..............................

Saturday, September 12, 2009

“တစ်ခုတည်းသောတပ်မတော် (သို့မဟုတ်) တစ်ဦးတည်း ပိုင် တပ်မတော်”

အပိုင်း(၁)

09 September 2009
ဝေဟင် ( ပြည်တွင်းမှ တပ်မတော် (လေ) အရာရှိတစ်ဦး)

လောကကြီးမှာ လူတိုင်းဟာ ပြီးပြည့်စုံတဲ့ အတတ်ပညာကို သိရှိသူရယ်လို့ မရှိပါဘူး၊ အထူးသဖြင့် ကျွန်တော်တို့ နိုင်ငံလိုမျိုး နည်းပညာ ခေတ်မှာ မျက်ခြေပြတ် ကျန်နေခဲ့တဲ့ နိုင်ငံမှာ ပိုလို့တောင် မဖြစ်နိုင်ပါဘူး။

ဒါပေမယ့်လည်း “အရာရှိဟူသည် အရာရာတွင် တာဝန်ရှိသည်” “အကြပ်ကောင်းမှ တပ်ကောင်းမည်” ဟူသော မှတ်ချက်များ၊ “မီးနာမှ သံကောင်းမည်” ၊ “အရှေ့တောင် အာရှတွင် အကောင်းဆုံး တပ်မတော် ဖြစ်ရမည်” ဟူသော လေ့ကျင့်ရေး ကျောင်းများ၏ ဦးတည် ချက်များကို ချမှတ်ကာ အလောင်းမင်းတရား ဦးအောင်ဇေယျ သည်ပင် ယိုးဒယားအား ၀ါးရင်းတုတ်ဖြင့် အောင်နိုင်ခဲ့သည် ဟူသော အတွေးများဖြင့် အင်အား (၅၀) ခန့်နှင့် တပ်ရင်းသစ်များ ဖွဲ့ခြင်း၊ ဗိုလ်လောင်းများ အဆမတန် ခေါ်ကာ လက်ညှိးထိုး မလွဲသော Master ဘွဲ့၊ Ph. D ဘွဲ့ရများ ဖန်တီးခြင်း၊ တစ်ခုတည်းသော တပ်မတော်ဟု ကြားကောင်းအောင် ပြောကာ လေ၊ ရေနှင့် အခြား တပ်ဖွဲ့များ၏ လုပ်ပိုင်ခွင့် များကို ကန့်သတ်ခြင်းများကို ဆောင်ရွက် နေကြသော နအဖ ထိပ်သီး ခေါင်းဆောင်ကြီးများ အပေါ် လေတပ် အတွင်းမှ မကျေနပ်မှုများအား တင်ပြပါဦးမည်။

လေကြောင်းရန်ကာကွယ်ရေးနှင့် ပတ်သက်၍ နိုင်ငံတကာတွင် လေတပ်ကသာ ဦးစီးဆောင်ရွက်ပြီး နောက်ဆုံးအဆင့် Point Defense ကိုသာ အမြောက် တပ်ဖွဲ့၏ လေကြောင်းရန် ကာကွယ်ရေး လက်နက်များကို အသုံးချရကြောင်း အမှန် ပြောမိသူ ဒုဗိုလ်ချုပ်ကြီး ကျော်သန်းမှာ ဦးစီးချုပ်ဘ၀မှ ပစ္စည်းပင် မသိမ်းအားဘဲ စစ်ရုံးကို ကျောခိုင်း ခဲ့ရမှုကို တပ်မှူးအဆင့်ရှိ လေတပ်သားများ အမှတ်ရနေဆဲ ပင်ဖြစ်ပါသည်။

စစ်အာဏာရှင်တို့ အကြောင်းပြချက် အရ ဒုဗိုလ်ချုပ်ကြီး ကျော်သန်းကို ဖြုတ်ရခြင်းမှာ ခေတ်မှီ ရဟတ်ယာဉ်များ ရုရှားနိုင်ငံမှ ၀ယ်ယူခဲ့ပြီးနောက် န၀တ အတွင်းရေးမှူး (၂) ဒုတိယ ဗိုလ်ချုပ်ကြီး တင်ဦးနဲ့ အဖွဲ့ စီးနင်းသော ရုရှား ရဟတ်ယာဉ် MI-17 ပျက်ကျခဲ့သည့် ကိစ္စ၊ ရဟတ်ယာဉ် အပို ပစ္စည်းများ လိုအပ်နေမှုကိစ္စ၊ တရုတ်နိုင်ငံမှ ၀ယ်ယူခဲ့သည့် F-7 တိုက် လေယာဉ် (ကြည်း/လေ) ခြေလျင်တင့် ပူးပေါင်း စစ်ဆင်ရေးမှာ ထိရောက်စွာ ပျံသန်း တိုက်ခိုက်နိုင်ခြင်း မရှိမှုနှင့် မကြာခဏ ပျက်ကျနေမှုတို့အား အဓိပ္ပာယ် ကင်းမဲ့စွာ အကြောင်းပြသည်ဟု ယူဆရပါသည်။

အမှန်တကယ်မူ စစ်အာဏာရှင်များက ဒုဗိုလ်ချုပ်ကြီး ကျော်သန်းအား လေယာဉ်နှင့် ရဟတ်ယာဉ် ၀ယ်ယူနိုင်ရေး အတွက် ဘဏ္ဍာရေး ဘတ်ဂျက် နိုင်ငံခြားငွေအား လုံလောက်စွာ ချမပေးနိုင်သည့် အပြစ်ကို မသိယောင် ဆောင်နေကြပါသည်။ ဒုဗိုလ်ချုပ်ကြီး တင်ဦးအား MI-17 ပိုင်းလော့က သူ၏ရဟတ်ယာဉ် စက်ချို့ယွင်းနေကြောင်း အချိန်မီ သတင်းပို့ချက်၊ ရတခ တိုင်းမှူး ဗိုလ်ချုပ် သီဟသူရ စစ်မောင်က ကားဖြင့်သာ သွားရန် သတင်းပို့ချက်နှင့် ရုရှား စစ်ပညာရှင်များက MI-17၏ အားနည်းချက်ကြောင့် မဟုတ်ပဲ စက်အရန်ပစ္စည်း အချိန်မီ ပြုပြင် ထိန်းသိမ်းမှု အားနည်းချက်ကြောင့်ဟု ထောက်ပြချက်များကိုတော့ စစ်အာဏာရှင်များ ငြင်းနိုင်မည် မထင်ပါ။

လေတပ်၏ လှုပ်ရှားမှု မှန်သမျှကို ကြည်းစစ်ဆင်ရေးမှ မသိရှိပဲ ဘာမျှ မလုပ်ရဲအောင် ချုပ်ကိုင် ထားမှုကလည်း ၁၉၈၈ မတိုင်မီက လေတပ် ဦးစီးချုပ်တို့ ခေတ်နှင့် လွန်စွာမှ ခြားနားနေပါပြီ။ အဖျက်စွမ်းအားပြင်း ဗုံး/ ဒုံးများ တပ်ဆင်ထားသော လေယာဉ်များရှိပြီး ပြည်သူနှင့်လည်း နှလုံးသားချင်း နီးစပ်သော လေတပ်အား စစ်အာဏာရှင် ထိပ်သီးများက အလွန် စိုးရွံ့နေ ကြပုံရပါသည်။

စိုးရွံ့မည်ဆိုလည်း စိုးရွံ့လောက်ပါသည်။ ရှစ်လေးလုံး လူထု အရေးတော်ပုံကြီးတွင် တပ်မတော် (လေ) က ဦးစွာ ပြည်သူ လူထုနှင့် ပူးပေါင်းဖို့ ထွက်လာသလို အရေး အခင်းပြီးတဲ့ နောက်ပိုင်းမှာလည်း ဗိုလ်မှူးလှဝင်း (လေ) တို့က ဗိုလ်မှူးကြီး စိန်မြ( မဆလ ခေတ် ပြည်ထဲရေး ၀န်ကြီးဟောင်း)၊ တပ်သားသိန်းဖိုး( ကာကွယ်ရေး ပစ္စည်းစက်ရုံ အမှတ် - ၄)၊ ဗိုလ်မှူးကြီးစံသာ (ကက၀ယ် ညွန်ကြားရေးမှူးဟောင်း) တို့နဲ့ ပူးပေါင်းကာ ရန်ကုန်မြို့ အား ဗုံးကြဲ တိုက်ခိုက်ရန် အထိ ကြံစည် လှုပ်ရှားခဲ့ကြပါသည်။

ဗိုလ်မှူးလှဝင်းသည် တပ်မတော်(လေ) စတင် ဖွဲ့စည်းခဲ့စဉ် ကပင် ၀င်ရောက်ခဲ့ပြီး အရာခံဗိုလ် အဆင့်မှ ထူးချွန်၍ အရာရှိ အဆင့်သို့ တိုးမြှင့်ခြင်း ခံခဲ့ရသူ ဖြစ်ပါသည်။ ဗိုလ်မှူး လှဝင်းသည် တပ်မတော်(လေ) အတွက် ၀ယ်ယူ ဖြည့်တင်းပေးမည့် လေယာဉ်များကို နိုင်ငံခြားမှ သွားရောက် မောင်းနှင်ယူရန် လက်ရွေးစင် ရွေးချယ် စေလွှတ်ခံရသည့် လေသူရဲကောင်း တစ်ဦး ဖြစ်ပါသည်။ ဗိုလ်မှူးလှဝင်းသည် တရုတ်ဖြူများ ကျူးကျော်မှုကို နှိမ်နှင်းသည့် စစ်ဆင်ရေး များတွင်လည်း ထူးချွန်စွာ ပါဝင်ခဲ့သည့် နာမည်ကြီး လေသူရဲ တစ်ဦး ဖြစ်ပါသည်။ ဗိုလ်မှူးကြီး စံသာသည် စစ်လက်နက်ပစ္စည်း ၀ယ်ယူရေး ညွှန်ကြားရေးမှူးရုံး (ကက၀ယ်) ၌ တာဝန် ထမ်းဆောင်ခဲ့ သဖြင့် နိုင်ငံခြား အဆက်အသွယ် ရှိခဲ့ရာ ဗုံးများနှင့် လက်နက်များ ၀ယ်ယူရန် ကြိုးစားနိုင်သူ ဖြစ်ပါသည်။

သူတို့၏ လျှို့ဝှက်စစ်ဆင်ရေး အရ ရန်ကုန်မြို့ရှိ အချက်အခြာ ကျသော စစ်ရုံးနှင့် ဌာနဆိုင်ရာ အဆောက်အဦးများကို ဗုံးကြဲ တိုက်ခိုက်နိုင်ရန် ကြီးကျယ်သည့် မဟာဗျူဟာ စီမံကိန်း ချမှတ် ထားခြင်းပင် ဖြစ်ပါသည်။ စစ်အာဏာရှင်များက အဆိုပါ သတင်းကြောင့် စိုးရွံ့ ထိတ်လန့်သွားပြီး အသည်းအသန် ပိုက်စိတ်တိုက် လိုက်လံ ရှာဖွေခဲ့ပါသည်။ ထို့နောက် ထောက်လှမ်းရေးမှ လိုက်လံ ဖမ်းဆီး ရမိသွားပြီး ၁၉၉၀ ခုနှစ် ဖေဖေါ်ဝါရီလ (၁၀) ရက်နေ့တွင် စစ်ခုံရုံး အမှတ်(၅) မှ၊ ပုဒ်မ (၅) ည ၊ ပုဒ်မ (၁၇) (၁) (၂) တို့ဖြင့် ဗိုလ်မှူး ဂျွန်လှဝင်းအား ထောင်ဒါဏ် (၁၂) နှစ်၊ ဗိုလ်မှူးကြီး စံသာအား ထောင်ဒါဏ် (၁၅) နှစ်၊ တပ်သား သိန်းဖိုးအား ထောင်ဒါဏ် အနှစ် (၂၀)၊ ဗိုလ်မှူးကြီး စိန်မြသာ တစ်ဦးတည်း ထွက်ပြေး လွတ်မြောက်သွားခဲ့ရာ မျက်ကွယ်မှာ ထောင်ဒါဏ် အနှစ် (၂၀) အသီးသီး ချမှတ် နှိပ်ကွပ် စီရင်ခြင်း ခံခဲ့ရပါသည်။

အပိုင်း(၂)
ဝေဟင် ( ပြည်တွင်းမှ တပ်မတော် (လေ) အရာရှိတစ်ဦး)

လေယာဉ်မောင်းရန် လေယာဉ်ပြင်ဆင်ရန်သည် လေတပ်မှ အရာရှိ/ စစ်သည် တို့ တာဝန် ဖြစ်သကဲ့သို့ ဝေဟင်မှ ကျူးကျော်မှု မှန်သမျှကို ကာကွယ် တားဆီးရန်လည်း လေတပ်မှ အရာရှိ/ စစ်သည်တို့ သာ တာဝန် ရှိပါသည်။ နွားကို အမဲလိုက်ခိုင်း၍ မရသလို ခွေးကိုလည်း လယ်ထွန်ခိုင်းရန် မရနိုင်သည်မှာ သဘာဝပင် ဖြစ်ပါသည်။ လေ့ကျင့်ပေးက ရနိုင်သည်ဟု ဆိုနိုင်သော်လည်း သူ၏ စွမ်းရည်များသည် တလွဲတွေသာ ဖြစ်နေပါမည်။

ယခုတော့ လေတပ်မှ လေသူရဲများ၊ အင်ဂျင်နီယာများသည် ကြည်းတပ်၏ စစ်နည်း ဗျူဟာများဖြစ်သည့် (ခံ/ခွာ/ချီ/တိုက်) စစ်နည်း ဗျူဟာတွေ တတ်မြောက်မှ အဆင့် တိုးပေးမည်ဟု ဆိုသဖြင့် တိုက်ခိုက်ရေး ကျောင်းများတွင် ဘာမှ မဆိုင်သော သင်ကြားမှုများကို သွားလုပ် နေကြရပါသည်။

လေသူရဲတစ်ဦး အနေနှင့် လေယာဉ်မပျံပဲ တစ်လခွဲ ကျော်သွားပါက လက်မပျက် ပျံသန်းခြင်းခေါ် ပြန်လည် လေ့ကျင့်မှုအား နည်းပြ စစ်ဆေးမှုဖြင့် ပြန်လည် ဆောင်ရွက်ရ ပါသည်။ ထို့ကြောင့် (၄) လကျော် သင်တန်း သွားတက်ခဲ့သော လေသူရဲများ အတွက် ပြန်လည်လေ့ကျင့် ဆောင်ရွက် ပေးရမှုများသည် လေတပ်အတွက် ၀န်ထုတ် ၀န်ပိုးကြီးပမာ ဖြစ်နေရပါသည်။ အင်ဂျင်နီယာများ အတွက်လည်း ဖတ်မှတ်လေ့လာ ဆောင်ရွက်မှု များသည် အစမှ ပြန်လည် ဆောင်ရွက်နေရရာ ဘာအကျိုးမှ မရှိပါ။

ဤအချက်များကို တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ် ထိပင် သိရှိမည် မထင်ပါ။ တိုက်ခိုက်ရေး ကျောင်းသို့ သွားမတက်ပဲ လေတပ် အတွက် အကျိုးရှိမည့် သင်တန်းများ လေတပ်ထဲတွင်ပင် ဖွင့်ဖို့ တောင်းဆို ခဲ့ကြသော်လည်း အိပ်မက်မျှသာ ဖြစ်လာပြီး တကယ် ဖြစ်လာသည်က လေတပ်ထဲ မှာလည်း အခြား သင်တန်းတွေ ထပ်တက်ရကာ ၀န်ပိုလာခြင်းသာ ဖြစ်ပါသည်။ အရာရှိငယ်များ အတွက် အုပ်ခွဲမှူး သင်တန်း၊ စက်မှုလက်မှု အရာရှိ စီမံခန့်ခွဲမှု သင်တန်း၊ အရာရှိကြီးများ အတွက် စစ်ဦးစီး တက္ကသိုလ် မတက်မီ စစ်ဆင်ရေး ကွပ်ကဲရေးမှူး သင်တန်းများ ထပ်တိုးလာပါသည်။

လေသူရဲများ အနေနှင့် လေတပ်ထဲ ရောက်သည်နှင့် Pilot Course ၆ လ တက်ရောက်ရပြီး လေသူရဲ တောင်ပံရပြီးနောက် သက်ဆိုင်ရာ လေယာဉ် အုပ်များတွင် လွှဲပြောင်း သင်တန်းများ တက်ရောက်ရပါသည်။ လွှဲပြောင်း သင်တန်းဆိုရာတွင် လေယာဉ် အမျိုးအစား လွှဲပြောင်းသင်တန်း၊ နည်းပြ လွှဲပြောင်းသင်တန်၊ စစ်ဆင်ရေး ပစ်ခတ်မှု လွှဲပြောင်း သင်တန်းများကို ပျံသန်းချိန် အလိုက် စဉ်ဆက်မပြတ် ဆောင်ရွက်နေကြရ ပါသည်။

သို့မှသာ လေသူရဲ၏ အရည်အချင်း၊ အရည်အသွေး တိုးတက် မြင့်မားပါမည်။ အထူးသဖြင့် MIG-29, F-7, A-5 တို့ ကဲ့သို့ ဂျက်လေယာဉ် မောင်းနေသူများ အတွက် ပျံသန်းမှု လက်မပျက်ရန်မှာ ပိုအရေးကြီးပါသည်။ သင်တန်းများမှ ပြန်လာပြီး မူလ အခြေအနေ ပြန်ရောက်ရန် ပြန် လေ့ကျင့်ရသော လေသူရဲရော လေတပ် အတွက်ပါ အချိန်ကုန် လူပန်း နေရသဖြင့် စစ်အာဏာရှင်များ၏ အာဏာပြ လွှမ်းမိုးလာမှု အပေါ် မကျေနပ်ကြပါ။

လုပ်ငန်းသဘောအရ သီးခြားဆောင်ရွက်နေခဲ့ သော်လည်း ယခုအခါ သက်ဆိုင်ရာ တိုင်းမှူး တို့၏ ကွပ်ကဲမှု အောက်တွင် လှုပ်ရှား ဆောင်ရွက်နေရ၍ လေတပ်တွင် အဆင် မပြေမှုများ ရှိလာပါသည်။ တိုင်းမှူး၏ လုပ်ပိုင်ခွင့် အုပ်ချုပ်မှုအာဏာ စစ်ရေး/စစ်ထောက် ဆိုင်ရာ အခွင့်အရေးများကို တရားလွန် ချုပ်ကိုင်ထားရာ တိုင်းလက်အောက်ခံ ကြည်းတပ်၊ ရေတပ်၊ လေတပ် အားလုံး မှီခို နေကြရပါသည်။ အမှန်တကယ် အခွင့်အရေးတွင်တော့ တန်းတူ မရှိပဲ ကြည်းတပ်ကိုသာ မျက်နှာသာပေးပြီး ရေတပ်၊ လေတပ် တို့ကိုတော့ ခိုင်းစရာ ရှိမှသာ တစ်ခုတည်းသော တပ်မတော်ဟု အကြောင်းပြခြင်းကို လေတပ် အရာရှိ အများစုက မကျေနပ်ကြ သော်လည်း အောင့်အီး နေကြရပါသည်။ ကိုယ့်တာဝန်ကိုယ် ထမ်းဆောင်ပြီး ကိုယ့်တပ် အလုပ်သာ ကိုယ်လုပ်ကြခြင်းက ကောင်းပါလိမ့်မည်။

သမိုင်းကြောင်းကို ကြည့်မည်ဆိုလျှင် ပထမ မြန်မာနိုင်ငံတော်ကို အနော်ရထာ မင်းကြီးက စတင် တည်ထောင်ခဲ့ပြီး ဒုတိယ မြန်မာနိုင်ငံတော်ကို တပင်ရွှေထီးနှင့် ဘုရင့်နောင်တို့က ဆက်လက် တည်ထောင်ခဲ့ပါသည်။ ထို့နောက် တတိယ မြန်မာ နိုင်ငံတော်ကို အလောင်းမင်းတရားကြီးက ပြန်လည်စုစည်း ထူထောင်ခဲ့ကြောင်း မှတ်သား သိရှိခဲ့ရပါသည်။ သီပေါမင်း လက်ထက်တွင် အင်္ဂလိပ် နယ်ချဲ့များ၏ ကျူးကျော် သိမ်းပိုက်ခြင်းကို ခံခဲ့ရပြီး ထို့နောက်တဖန် ဖက်ဆစ်ဂျပန်တို့၏ လက်အောက်သို့ ကျရောက် ခဲ့ရပြန်သည်။ လွတ်လပ် သော ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်သော နိုင်ငံတော်သို့ ရောက်ရှိရန် မြန်မာ့တပ်မတော်ကို စတင် တည်ထောင်ခဲ့သည့် ဗိုလ်ချုပ် အောင်ဆန်းနှင့်တကွ အာဇာနည် မျိုးချစ် ပုဂ္ဂိုလ်များနှင့် တိုင်းရင်းသား ပြည်သူလူထု တရပ်လုံးက စတုတ္ထ မြန်မာနိုင်ငံတော် အတွက် အသက်၊ သွေးချွေး မြောက်မြားစွာ စတေးကာ ရယူပေးခဲ့ပါသည်။

လွတ်လပ်ရေး ရရှိခဲ့ပြီဖြစ်သော်လည်း ယနေ့ မြန်မာနိုင်ငံသည် အမှန်တကယ်တော့ မလွတ်လပ် ခဲ့ဘဲ တိုင်းတပါး နယ်ချဲ့ထက်ပင် ဆိုးဝါးသော မြန်မာပြည်သား စစ်အာဏာရှင်တို့၏ အနိုင်ကျင့်မှု အောက်တွင် ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ဖို့ လွတ်လွတ် လပ်လပ် ပြောဆို ဆွေးနွေးနိုင်ဖို့ နေနေသာသာ ဗိုလ်ချုပ် အောင်ဆန်း ပြောခဲ့တဲ့ ဟိုနိုင်ငံကြီး ဖြစ်နေခဲ့ ပါပြီ။ မြန်မာ့တပ်မတော်သည် ဗိုလ်နေ၀င်းပိုင် တပ်မတော်မှ ဗိုလ်သန်းရွှေပိုင် တပ်မတော် ဖြစ်နေခဲ့ပါပြီ။ လွတ်လပ်မှု၊ တရားမျှတမှုနှင့် တန်းတူရည်တူ ရှိမှုတို့ ဆိုသည်ကား မြန်မာ ပြည်သားများနှင့် လားလားမှ မဆိုင်သလို ဖြစ်နေခဲ့ပါပြီ။

“ကြည်း/ရေ/လေ ထု အားမာန်ပြု၍ တို့လက်မြဲမြဲ ခိုင်ခိုင်တွဲစို့” ဟု ဆိုခဲ့သော ရဲသုံးဘော်မှာလည်း တန်းပေါင်းစီ ကွင်းထိပ်မှ နေရာ ဖယ်ပေးခဲ့ရပြီး စစ်အာဏာရှင် မင်းတရားကြီးများမှ ထိပ်ပိုင်း နေရာတွေကို ယူခဲ့ကြပါပြီ။ ညီနောင်များ စဉ်းစားတွေးတော အဖြေရှာနိုင် ကြပါစေ။


Ref: ဖိုးတရုတ်

Read More...

Friday, September 11, 2009

မြန်မာပြည်သူများအတွက် ရွေးကောက်ပွဲ မလိုအပ် ဟု ဦးဝင်းတင်ပြော

NEJ / ၁၀ စက်တင်ဘာ ၂၀၀၉

စက်တင်ဘာ (၉) ရက်နေ့စွဲဖြင့် အမေရိကန် ပြည်ထောင်စုတွင် ထုတ်ဝေသည့် ၀ါရှင်တန်ပို့စ် သတင်းစာတွင် မြန်မာ လူထု မလိုအပ်သည့် ရွေးကောက်ပွဲ တခု ဟူသည့် ခေါင်းစဉ်ဖြင့် အန်အယ်လ်ဒီ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် တဦးဖြစ်သည့် သတင်းစာဆရာကြီး ဦးဝင်းတင်က ဆောင်းပါးတပုဒ် ရေးသားခဲ့သည်။

ယင်းဆောင်းပါးတွင် အမေရိကန် အထက်လွှတ်တော် အမတ် ဂျင်မ်ဝက်ဘ်က အနောက်နိုင်ငံများက မြန်မာနိုင်ငံ အပေါ် ပိတ်ဆို့ တားမြစ်မှုများ ချမှတ်ခဲ့မှုကြောင့် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ လွှမ်းမိုးမှုအောက် ရောက်သွား နိုင်သည်ဟု ပြောဆိုခဲ့မှုနှင့် အန်အယ်လ်ဒီ ပါတီအား လာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ရန် စဉ်းစားသင့်သည် ဆိုသည့် အဆိုပြုချက်များနှင့် ပတ်သက်၍ ပြန်လည် တုံ့ပြန် ရေးသားထားခြင်း ဖြစ်သည်။

ယင်းဆောင်းပါးတွင် ဦးဝင်းတင်က နိုင်ငံတကာ အသိုင်းအ၀ိုင်း အနေဖြင့် အဓိပ္ပာယ်ရှိရှိ ဆောင်ရွက်ကြမည် ဆိုရာတွင် ပထမဆုံး မစ္စတာ ၀က်ဘ်ကဲ့သို့ အရာရှိများသည် တရုတ်နိုင်ငံနှင့် ပတ်သက်ပြီး အကြောက်တရားပြ ပြောဆိုမှုများကို ရပ်တန့်သင့်သည်ဟု ဆိုထားသည်။ မစ္စတာဝက်ဘ် ပြောသည့် တရုတ်ကို ကာကွယ် တားဆီးနိုင်ရေး အတွက် မြန်မာ စစ်အစိုးရနှင့် အတူ ပူးတွဲ လုပ်ဆောင်ကြရမည် ဆိုသည့် ပြောဆိုမှုများသည် ခေတ်နောက်ကျနေပြီး လက်တွေ့ မကျသည့် အတွေးအခေါ်များ ဖြစ်ကာ ယင်းကဲ့သို့ အတွေးအခေါ်မျိုးကို ဒေါ်အောင်ဆန်း စုကြည်ကလည်း လက်မခံကြောင်း ရေးသား ဖော်ပြထားသည်။

“ကျမတို့က ဘယ်သူ့ကိုမှ အကြောက်တရားနဲ့ စိုးရိမ်ကြောင့်ကြ စိတ်ထားပြီး ဆက်ဆံမှာ မဟုတ်ဘူး၊ တရုတ်၊ အမေရိကန်၊ အိန္ဒိယ ဘယ်သူ့ ကိုမဆို ရင်းရင်းနှီးနှီး တန်းတူ ဆက်ဆံမှာ ဖြစ်တယ်။ ကျမတို့ အနေနဲ့ ကိုယ့်အိမ်နီးချင်းကို မရွေးချယ်နိုင်တဲ့ အတွက် တရုတ်နိုင်ငံနဲ့လည်း ကောင်းမွန်စွာ ဆက်ဆံဖို့ လိုအပ်တယ်ဆိုတာ နားလည်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်ကိုလည်း ဆောင်းပါးတွင် ထည့်သွင်း ဖော်ပြထားသည်။

ထို့အပြင် ဒုတိယအချက်အနေဖြင့် အန်အယ်လ်ဒီသည် အခြား နိုင်ငံများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများကို မြန်မာ စစ်အစိုးရ ခေါင်းဆောင်များနှင့် တွေ့ဆုံ ဆက်ဆံရန် အားပေး တိုက်တွန်းခဲ့ကြောင်း၊ ယင်းသို့ တိုက်တွန်းရသည်မှာ စစ်အစိုးရကို အန်အယ်လ်ဒီ အပါအ၀င် တိုင်းရင်းသား လူမျိုးစုများနှင့် ဆက်ဆံလာစေရန် တိုက်တွန်း ပေးစေလို၍ ဖြစ်ကြောင်း ဖော်ပြထားသည်။

“အမေရိကန်ပြည်ထောင်စုနဲ့ အခြားနိုင်ငံတွေက မြန်မာနိုင်ငံ အပေါ် ပိတ်ဆို့ တားမြစ်မှုတွေ လုပ်ထားပါတယ်။ ဒါဟာ ကျနော်တို့ အလွန်တရာ မြတ်နိုးတဲ့ ဒီမိုကရေစီရဲ့အနှစ်သာရအတွက် သူတို့တွေရဲ့ ဆုံးဖြတ်ချက် အပေါ် စည်းလုံး ညီညွတ်စွာနဲ့ အခိုင်အမာ ရပ်တည်ကြောင်း ပြသတာဖြစ်ပါတယ်။ အကယ်၍ စစ်အစိုးရဟာ အန်အယ်လ်ဒီနဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တွေနဲ့ စစ်မှန်တဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်မယ်၊ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို လွှတ်ပေးမယ်၊ တိုင်းရင်းသား လူမျိုးစုတွေအပေါ် အပစ်အခတ်တွေ ရပ်စဲပြီး စစ်မှန်တဲ့ ဒီမိုကရေစီ နိုင်ငံတော် ထူထောင်ဖို့ ခြေလှမ်းတွေ ထပ်လှမ်းလာမယ်ဆိုရင် ဒီလို ပိတ်ဆို့ အရေးယူမှုတွေဟာ အချိန်တန်ရင် ရုပ်သိမ်းသွားမှာ ဖြစ်ပါတယ်” ဟုလည်း ဦးဝင်းတင်က ပိတ်ဆို့ အရေးယူမှုနှင့် ပတ်သက်၍ ထောက်ပြထားသည်။

ယခုအချိန်တွင် အန်အယ်လ်ဒီ၏ ဆုံးဖြတ်ချက်အပေါ် မည်သို့မျှ သံသယ မထားစေ လိုကြောင်းနှင့် အန်အယ်လ်ဒီသည် မြန်မာ ပြည်သူ လူထုကြီးကို ကိုယ်စားပြုသည့် ပြည်သူ့ ပုံရိပ်ဖြစ်ကြောင်း၊ ဆိုးဝါးလှသည့် အပြစ် အနာအဆာများဖြင့် ပြည့်နှက်နေသည့် နိုင်ငံရေး အသွင်ကူးပြောင်းမှု ဖြစ်စဉ်တွင် ပါဝင်ရန် အန်အယ်လ်ဒီအား ခြောက်လှန့် အကျပ်ကိုင်၍ မရနိုင်ကြောင်းလည်း တင်ပြထားသည်။

အန်အယ်လ်ဒီသည် တွေ့ဆုံဆွေးနွေးရန် အသင့်ရှိနေပြီး ဒီမိုကရေစီရေး အနှစ်သာရ အတွက် ဆက်လက် ရုန်းကန် တိုက်ပွဲ ၀င်ကြရန်လည်း အဆင်သင့် ဖြစ်နေသည်ဟု ဆောင်းပါးတွင် ဖော်ပြထားသည်။

Ref: ခေတ်ပြိုင်

Read More...

ဓာတ်ငွေ့ ရောင်းရငွေ ဒေါ်လာသန်း ငါးထောင်နီးပါး မြန်မာ ဗိုလ်ချုပ်များ ခိုးဖွက်ထား

ဖိုးဇော်
ကြာသပတေးနေ့၊ စက်တင်ဘာလ 10 ရက် 2009 ခုနှစ်

ချင်းမိုင်။ ။ စစ်အစိုးရသည် သဘာဝဓာတ်ငွေ့ ရောင်းရငွေမှ အမေရိကန် ဒေါ်လာ သန်းပေါင်း ၄၈၀၁ သန်းကို စာရင်းဖျောက်ပြီး စင်္ကာပူရှိ ဘဏ်နှစ်ခုတွင် လျှို့ဝှက် သိမ်းဆည်း ထားသည်ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့က ပြောဆို လိုက်သည်။

ထိုင်းနိုင်ငံ အခြေစိုက် Earth Rights International အဖွဲ့က ထုတ်ပြန်သော စာမျက်နှာ ၁၁၀ ပါ Total Impact: The Human Rights, Environmental, and Financial Impacts of Total and Chevron’s Yadana Gas Project in Military-Ruled Burma (Myanmar) အစီရင်ခံစာက မြန်မာစစ်အစိုးရသည် ဓာတ်ငွေ့ ရောင်းချရ ငွေများကို စာရင်းလျော့ပြပြီး စင်္ကာပူနိုင်ငံ Overseas Chinese Banking Corporation (OCBC) ဘဏ်နှင့် DBS Group တို့တွင် အပ်နှံထားသည်ဟု ဆိုသည်။

ရတနာသဘာဝဓာတ်ငွေ့လုပ်ငန်းက မြန်မာနိုင်ငံအတွက် အမေရိကန် ဒေါ်လာ ၄.၈၃ ဘီလီယံ (ကျပ်ငွေ သန်းပေါင်း ၄.၅၆ သန်းခန့်) ရရှိပြီး ဖြစ်သော်လည်း စစ်အစိုးရက နိုင်ငံတော်ဘဏ္ဍာ ဝင်ငွေ စာရင်း ပြသရာတွင် ဒေါ်လာ ၂၉ သန်းသာ ပြထားသည် အစီရင်ခံစာတွင် ပါရှိသည်။

“ကျနော်တို့ ရရှိတဲ့ အချက်အလက်တွေက ခိုင်လုံတိကျမှု မရှိဘဲနဲ့ ကျနော်တို့ သတင်းတွေ တင်ရဲမှာ မဟုတ်ပါဘူး” ဟု ERI မှ ပြာရေး ဆိုခွင့်ရှိသူ ဦးနိုင်ထူးက မဇ္စျိမကို ပြောသည်။

"ဒီဂက်စ် (သဘာဝဓာတ်ငွေ့) က ရတဲ့ငွေတွေကို မြန်မာပြည်ရဲ့ ဝင်ငွေထဲမှာ မဖော်ပြခဲ့ဘူး။ အဲဒါကို သူတို့ရဲ့ နှစ်စဉ် အစီရင်ခံစာ ထဲမှာ ရှာဖွေ တွေ့ရှိခဲ့တယ်။ ဒီဟာကို ပြန်ပြီး စစ်ဆေးလိုက်တဲ့ အခါကျတော့ ဒီပိုက်ဆံတွေက စကာင်္ပူက ဘဏ်နှစ်ခုထဲ ရောက်နေတယ်။”

ERI အနေဖြင့် ၂ နှစ်ကြာ သုတေသန လုပ်ထားခဲ့ပြီး အစီရင်ခံစာကို ရေးသားထားခြင်း ဖြစ်ကာ "ယုံကြည် စိတ်ချရသော သတင်း အရင်းအမြစ်တခု” ကို ကိုးကားပြီး ဖော်ထုတ်ခြင်း ဖြစ်သည်ဟု ဆိုသည်။

ရတနာသဘာဝဓာတ်ငွေ့စီမံကိန်းကို ၁၉၉၂ ခုနှစ်မှ စတင်ခဲ့ပြီး ပြင်သစ်နိုင်ငံ Total ကုမ္ပဏီနှင့် အမေရိကန်နိုင်ငံ Chevron တို့က ဦးဆောင်ကာ ထိုင်းနိုင်ငံပိုင် PTT ကုမ္ပဏီနှင့် မြန်မာ့ ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ရေး လုပ်ငန်းတို့ ပါဝင်သည်။

ပြဿနာများဖြင့် ရှုပ်ထွေးအငြင်းပွားစရာ ဖြစ်နေခဲ့သည့် ပိုက်လိုင်း စီမံကိန်းသည် မြန်မာနိုင်ငံ အတွက် ပထမဆုံး အကြိမ် နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု အများဆုံးလည်း ဖြစ်ခဲ့သည်။

ပိုက်လိုင်းဖောက်လုပ်ရာ လမ်းတလျှောက် ဒေသခံများကို စစ်တပ်က အတင်း အဓမ္မ လုပ်အားပေး ခိုင်းစေခြင်း၊ လယ်မြေခြံမြေများ သိမ်းဆည်းခြင်းနှင့် ရွှေ့ပြောင်းခြင်းများ ရှိနေခဲ့သည်ဟု လူ့အခွင့်အရေး စောင့်ကြည့် လေ့လာသည့် လှုံ့ဆော်သူများက ပြောသည်။

မြန်မာ့စစ်တပ်က ပိုက်လိုင်းလုံခြုံရေး ယူထားပေးပြီး အာဏာပိုင်များက လုပ်အားပေး ဆင့်ခေါ်ခြင်းများ ဆက်လက် ရှိနေသေးသည်ဟု လှုံ့ဆော်သူများက ပြောသည်။ ပြီးခဲ့သည့်လက Total က လုပ်အားပေး စေခိုင်းမှုများ မရှိတော့ဟု ငြင်းဆိုထားသည်။

တနင်္သာရီတိုင်း မြန်မာ့ကမ်းလွန် မုတ္တမပင်လယ်ကွေ့မှ ထွက်ရှိသော သဘာဝဓာတ်ငွေ့ကို ကီလိုမီတာ ၄၁၂ ကီလို ရှည်လျားသော ပိုက်လိုင်းဖြင့် ထိုင်းနိုင်ငံ ရတ်ချဘူရီ ခရိုင်အတွင်းသို့ သွယ်တန်း ရောင်းချထားသည်။

အစီရင်ခံစာတွင် မြန်မာစစ်အစိုးရသည် သဘာဝဓာတ်ငွေ့ ရောင်းရငွေကို အမေရိကန် တဒေါ်လာလျှင် မြန်မာကျပ်ငွေ ၆ ကျပ်နှင့် ညီသည်ဆိုသော အမှန်တကယ် အလုပ် မဖြစ်တော့သော တရားဝင် နိုင်ငံခြားငွေလဲနှုန်းကို အသုံးပြုကာ နိုင်ငံတော် ဝင်ငွေတွင် ပြသ ထားသည်ဟု ဆိုသည်။ ယခုလက်ရှိ ပြင်ပငွေလဲနှုန်းမှာ တဒေါ်လာလျှင် ၁၀၀၀ ကျပ် ခန့်ဖြစ်သည်။

၆ ကျပ်နှုန်းဖြင့် တွက်ချက်ကာ စာရင်းသွင်းလိုက်သဖြင့် ၂၀၀၇-၂၀၀၈ ဘဏ္ဍာငွေ စာရင်းတွင် သဘာဝ ဓာတ်ငွေ့မှ ရရှိသော ဝင်ငွေသည် ၁ ရာခိုင်နှုန်းအောက် ရောက်သွားတော့သည်။ ပြင်ပ ပေါက်ဈေးနှင့်သာ တွက်လျှင် ၅၇ ရာခိုင်နှုန်းပင် ရှိသည်ဟု ပါရှိသည်။

စစ်အစိုးရက သဘာဝဓာတ်ငွေ့ရောင်းချခြင်းမှ ရသော ဝင်ငွေကို ၄.၈၃ ဘီလီယံ ဒေါ်လာဟု ပြသရမည့် အစား ဒေါ်လာ ၂၉ သန်းဟုသာ စာရင်း သွင်းထားသည် ဟု အစီရင်ခံစာတွင် ပါရှိသည်။

"ဝင်ငွေများ၏ အကျိုးဆက်မှာ Total နှင့် Chevron တို့မှ နအဖ စစ်အစိုးကို ခေါင်းမာ လာစေရန် အားပေး အားမြှောက် ပြုလုပ်ရာတွင် အဓိက ပါဝင်သည်သာမက နအဖ စစ်အစိုးရ အပေါ် နိုင်ငံတကာနှင့် ပြည်တွင်းတို့၏ ဖိအားပေးမှုများကို ထိရောက်မှု မရှိလာသည့် အပေါ် အဓိက အကြောင်းရင်းတခု ဖြစ်သည်” ဟု ERI ကြေညာချက်တွင် ပါရှိသည်။

“အခုသူတို့မှာက ဒီပိုက်ဆံတွေ လက်ထဲမှာရှိနေတော့ သူတို့ ဘာလုပ်လုပ်၊ လုပ်လို့ ရတယ်လေ။ အဲဒီတော့ ဒီပိုက်ဆံတွေကို စင်္ကာပူ အစိုးရတို့၊ သက်ဆိုင်ရာ နိုင်ငံတကာ အသိုင်းအဝိုင်း တွေက အဲဒီ ပိုက်ဆံတွေကို ရပ်တန့် ထားနိုင်မယ်ဆိုရင် ပြုပြင် ပြောင်းလဲမှုတခု ဖြစ်လာမယ်လို့ ထင်ပါတယ်” ဟု ဦးနိုင်ထူးက ပြောသည်။

Ref: မဇ္ဈိမ

Read More...

နယ်ခြားစောင့်အရေးကချင်နှင့် စစ်အစိုးရ ကိုယ်စားလှယ် ထပ်မံဆွေးနွေး

ဖနိဒါ
ကြာသပတေးနေ့၊ စက်တင်ဘာလ 10 ရက် 2009 ခုနှစ်

ချင်းမိုင်(မဇ္ဈိမ)။ ။ နယ်ခြားစောင့် တပ်ဖွဲ့စည်းရေး ငြင်းဆိုနေသော ကချင်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (KIO) မှ ထိပ်ပိုင်း ခေါင်းဆောင်များနှင့် စစ်အစိုးရ ကိုယ်စားလှယ်များ အကြား ယမန်နေ့က ထပ်မံ ဆွေးနွေးခဲ့သည်။

စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့် အဖွဲ့နှင့် ဒုဥက္ကဌ ဦးဂေါင်ရီဇော်ဆိုင်းက ဦးဆောင်သည့် KIO ကိုယ်စားလှယ် ၈ ဦးတို့ ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားရှိ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ရုံးတွင် ဆွေးနွေးကြခြင်း ဖြစ်သည်။

“အသွင်ကူးပြောင်းရေး transformation နဲ့ ပတ်သက်ပြီးတော့ ထပ်ဆွေးနွေး ကြတယ်။ ၉ နာရီ လောက်ကနေ ၁၁ နာရီမှာ ပြီးသွားတယ်” ဟု တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သူ KIO အရာရှိတဦးက မဇ္ဈိမကို ပြောသည်။

သို့သော် ကေအိုင်အို ဗဟိုဌာနချုပ်မှ တာဝန်ရှိသူများကို ပြန်လည် ရှင်းပြရခြင်း မရှိသေးသဖြင့် ဆွေးနွေးမှုနှင့် ပတ်သက်၍ အသေးစိတ်ကိုမူ ဖြေကြားခြင်း မရှိပါ။

စစ်အစိုးရက အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအား နယ်ခြားစောင့်တပ် BGF အဖြစ် ပြန်လည် ဖွဲ့စည်းရန် တွန်းအားပေး နေပြီး ကချင် KIO အဖွဲ့က လက်မခံနိုင်ကြောင်း ယခုနှစ် ဇူလိုင်လကတည်းက နေပြည်တော်သို့ အကြောင်းကြားထားပြီး ဖြစ်သည်။

သို့သော် စစ်အစိုးရကမူ သဘောထား ပြောင်းလိုဟန် မရှိပဲ နယ်ခြားစောင့်တပ် အဖြစ် ပြင်ဆင် ဖွဲ့စည်းရန် လာမည့်လ နောက်ဆုံးထား ဆုံးဖြတ်ရန် KIO အား သတိပေးထားသည်။

ယခုလ ၅-၆ ရက်နေ့များတွင် ကချင်ပြည်နယ် လိုင်ဇာမြို့တွင် ကျင်းပသည့် ကချင်လူထု ကိုယ်စားလှယ် ၃၂၄ ဦးနှင့် ကေအိုင်အို ခေါင်းဆောင်များ တက်ရောက်သော အစည်းအဝေး ကလည်း စစ်အစိုးရ၏ ထိန်းချုပ်မှု ခံရမှာ ဖြစ်သော တပ်အသွင် ပြောင်းရေးကို ပယ်ချခဲ့သည်။

ယင်းအစည်းအဝေးက ၂၀၁၀ ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမှု ရှိရန် လိုလားကြောင်း၊ ရွေးကောက်ပွဲ ပြီးပါက ဖြစ်ပေါ် လာမည့် ကချင်ပြည်နယ် အစိုးရနှင့် KIO အကြား ပြုပြင်ပြောင်းလဲရေး ကိစ္စများ ဆွေးနွေးမည် ဖြစ်ကြောင်း သဘောတူကြသည်။

အသစ်ဖြစ်ပေါ်လာမည့် ကချင်ပြည်နယ်အစိုးရ ၌လည်း KIO ကိုယ်စားလှယ်များ အနေဖြင့် ရွေးကောက်ပွဲ မဝင်ပဲ ပါဝင်လိုကြောင်း၊ ထို့အပြင် KIO ၏ လက်နက်ကိုင်တပ် KIA ကိုလည်း ကချင်ဒေသ လုံခြုံရေးတပ် Kachin State Guard Force အဖြစ် ပြည်နယ်အစိုးရ လက်အောက်တွင် ဖွဲ့စည်း လိုကြောင်း ဆုံးဖြတ် လိုက်ကြသည်။

ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် ကေအိုင်အိုတို့ ယခုလ ၆ ရက်နေ့က မြစ်ကြီးနားမြို့၌ နှစ်ဖက် တွေ့ဆုံရန် စီစဉ် ခဲ့သော်လည်း ကချင် ကိုယ်စားလှယ်များ ထဲတွင် ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ဂွမ်မော် မပါသဖြင့်ဟု ဆိုကာ စစ်အစိုးရဘက်မှ ရက်ရွေှ့ဆိုင်းခဲ့ပြီး ယမန်နေ့မှသာ တွေ့ဆုံခဲ့ခြင်း ဖြစ်ကြောင်း KIO နှင့် နီးစပ် သူများကပြောသည်။

ဒု-ဗိုလ်ချုပ်ကြီးရဲမြင့်သည် ၂၀၁၀ခု ရွေးကောက်ပွဲဝင်ရန် ပါတီ ထောင်မည့် KIO မှ ဒုဥက္ကဌ တာဝန်ယူခဲ့သူ ဒေါက်တာ တူးဂျာနှင့်လည်း ယနေ့ နံနက်ပိုင်းတွင် တွေ့ဆုံခဲ့ကြောင်း ဒေါက်တာတူးဂျာက မဇ္ဈိမကို ပြောသည်။ သို့သော် မကြာမှီ ဖွဲ့စည်းရန်ရှိသည့် ကချင်ပြည်နယ် တိုးတက်သော ပါတီ Kachin State Progressive Party (KSPP) နှင့် ပတ်သက်ပြီး ဆွေးနွေးခြင်း မရှိကြောင်း သူက ဆက်ပြောသည်။

ဒေါက်တာတူးဂျာ အပါအဝင် KIO ခေါင်းဆောင် (၆) ဦးတို့သည် စစ်အစိုးရ ကျင်းပမည့် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်နိုင်ရန် ယခုလ ၂ ရက်နေ့၌ KIO ၏ စည်းမျဉ်းနှင့် အညီ အဖွဲ့မှ နှုတ်ထွက်ခဲ့ ကြသည်။

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဒု-ဗိုလ်မှူးကြီးသက်ပုံ နှင့်အဖွဲ့သည် ကိုးကန့် ဒေသကို မကြာသေးမီက တိုက်ခိုက် ရခြင်းသည် မူးယစ်ဆေးနှင့် လက်နက် ထုတ်လုပ်မှု တို့ကြောင့်ဖြစ်ကြောင်း သြဂုတ်လ ၂၉ ရက်နေ့က ကေအိုင်အို ဌာနချုပ်ရှိရာ လိုင်ဇာမြို့သို့ လာရောက် ရှင်းပြခဲ့သည်။

ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်သည် KIO အဖွဲ့အား တွေ့ဆုံပြီးနောက်" ဝ" ပြည် သွေးစည်း ညီညွတ်ရေး အဖွဲ့ (UWSA) ဌာနချုပ်ရှိရာ ပန်ဆန်းမြို့တွင် "ဝ" ခေါင်းဆောင်များနှင့် တွေ့ဆုံကြမည် ဖြစ်ကြောင်း "ဝ" အဖွဲ့နှင့် နီးစပ်သည့် သတင်းရပ်ကွက်မှ သိရသည်။

Ref: မဇ္ဈိမ

Read More...

ငြိမ်းအဖွဲ့နယ်မြေမှ ထွက်ခွာရန် သတ်မှတ်ရက် ကုန်ဆုံး

ကြာသပတေးနေ့၊ 10 စက်တင်ဘာလ 2009

တရုပ်အာဏာပိုင်များက ငြိမ်းအဖွဲ့နယ်မြေများရှိ တရုပ် နိုင်ငံသားများ၏ နောက်ဆုံး ထွက်ခွာရက်အား သတ်မှတ် ထားသည်မှာ ယမန်နေ့က ကုန်ဆုံးသွားပြီ ဖြစ်ကြောင်း သိရသည်။

သြဂုတ်လကုန်ပိုင်းက သျှမ်းပြည် (မြောက်ပိုင်း) အတွင်း၌ နအဖနှင့် ကိုးကန့် အဖွဲ့တို့ လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားခဲ့ အပြီးတွင် ၀ပြည် သွေးစည်း ညီညွတ်ရေး ပါတီ UWSP နှင့် အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် NDAA ငြိမ်းအဖွဲ့ ထိန်းချုပ် နယ်မြေများမှ တရုပ်လူမျိုးများ ထွက်ခွာရက်ကို ယခုလ (၈) ရက်နေ့ နောက်ဆုံး သတ်မှတ်ခြင်း ဖြစ်သည်။

အဆိုပါ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားခဲ့ရာ နေရာသည် ယခု ငြိမ်းအဖွဲ့ နှစ်ဖွဲ့ ထိန်းချုပ်ရာ နေရာများနှင့် ပထ၀ီအနေ အထားအရ နယ်မြေခြင်း တဆက်တည်း တည်ရှိနေခြင်းလည်း ဖြစ်သည်။

တရုပ်နယ်စပ်ရှိ တရုပ်အာဏာပိုင်များနှင့်နီးစပ်သူတစ်ဦးက “ တရုပ်ဘက်က နေပြီး ၀နဲ့ မိုင်းလားမှာ ရှိတဲ့ တရုပ် လူမျိုးတွေကို (၈) ရက်နေ့ နောက်ဆုံးထား ထွက်လာဖို့ သတ်မှတ်ထားတယ် သူတို့ သတ်မှတ်ရက် ကတော့ ကုန်သွားပြီ ဘာတွေပြန်ဖြစ် လာမလဲ ဆိုတာတော့ စောင့်ကြည့်ရအုံးမှာပဲ ” လို့ သူက ပြောသည်။

UWSAအဖွဲ့ကလည်း ယခုလ (၅) ရက်နေ့တွင် ၄င်းတို့ ထိန်းချုပ်ရာ နယ်မြေအတွင်း ပြင်ပမှ လာရောက် နေထိုင်သူများနှင့် ပတ်သက်၍ ကြေငြာချက်တစ်စောင် ထုတ်ပြန်ထားသည်။

၎င်းတို့နယ်မြေအတွင်း၌ နိုင်ငံတကာအဖွဲ့ အစည်းများမှ တာဝန်အရ နေထိုင်သူများသာ ဆက်လက် နေထိုင်ခွင့် ပြုပြီး တရုပ်ပြည်ဘက်မှ လာရောက်၍ စီးပွား ရှာသူများအား နေရပ် ပြန်ကြရန် ပြောဆိုထားသည်။

ယခုအခါ UWSA ထိန်းချုပ်ရာ ပန်ဆန်းမြို့နှင့် NDAA ထိန်းချုပ်ရာ မိုင်းလား မြို့များတွင် နေထိုင်ကြသည့် တရုပ် စီးပွားရေး လုပ်ငန်းရှင်များနှင့် ၀န်ထမ်း အများအပြားသည် ထိုဒေသအား စွန့်ခွာသွားပြီ ဖြစ်ကြောင်း ငြိမ်းအဖွဲ့များ နှင့်နီးစပ်သူ နောက်တစ်ဦးက ပြောသည်။

“မိုင်းလားမှာရောပန်ဆန်းမှာရောပဲ တရုပ်ဘက်က လာတဲ့ စီးပွားရေး သမားတွေ အကုန်လုံး ပစ္စည်းတွေရော ကားတွေရော ယူပြီး ထွက်သွားကြပြီ မိုင်းလားမှာ လောင်းကစားဝိုင်းတောင် ပိတ်ထားလိုက်ပြီ” လို့ သူကပြောသည်။

ပြောင်းရွေ့လာသည့် တရုပ်လူမျိုးအချို့သည် တရုပ်-မြန်မာ နယ်စပ် ရွှေလီမြို့ အထိပင် ရောက်ရှိလာ ကြကြောင်း ကိုယ်တိုင် တွေ့ခဲ့ရသူ ရွှေလီ ဒေသခံ တစ်ဦးက ပြောသည်။

“ အဲဒီဝနဲ့မိုင်းလားဘက်က ပြောင်းလာတဲ့ တရုပ်တွေ ရွှေလီမှာ ရောက်လာတာရှိတယ် တချို့က စီးပွားရေး လုပ်ဖို့ ဆိုင်ခန်းတွေ ၀ယ်နေကြတယ် သူတို့ ပြောတာကတော့ သူတို့ ဟိုဘက်မှာ အခြေအနေ မကောင်းတော့လို့ ဒီမှာ စီးပွားရေး လုပ်ဖို့ ပြောင်းလာတယ်ပေါ့ ” လို့ သူကပြောသည်။

ယခုလို တရုပ်လူမျိုးများအား ထွက်ခွာစေရသည့် အဓိက ကျသော အကြောင်း တစ်ခုမှာ နအဖ စစ်တပ်က ကျန်ရှိ နေသည့် ငြိမ်းအဖွဲ့များ အပေါ် ထိုးစစ်ဆင် တိုက်ခိုက် လာနိုင်သောကြောင့် ဖြစ်ကြောင်း အကဲခတ်များက ဆိုသည်။

နအဖပိုင် မီဒီယာများတွင် ကိုးကန့်ဒေသအတွင်း ဖြစ်ပွားခဲ့သည့် လက်နက်ကိုင် တိုက်ခိုက် မှုများကြောင့် ထွက်ပြေး တိမ်းရှောင် သွားသူများ နေရပ်ရင်း ပြန်လာ၍ ဒေသတွင်း အခြေအနေ တည်ငြိမ်မှု ရရှိနေကြောင်း ပြောဆို ရေးသား နေချိန်တွင် နယ်မြေခြင်း ထိစပ်နေသည့် UWSA နှင့် NDAA ဒေသများရှိ တရုပ်စီးပွားရေး လုပ်ငန်းရှင်များက အခြေအနေ မကောင်း၍ နေရပ်သို့ ပြန်ကြရသည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

လောက်ကိုင်မြို့တွင် စစ်အစိုးရ သတင်းစာရှင်းလင်းပွဲလုပ်

ရန်ပိုင်
Thursday, 10 September 2009 16:43

စစ်အစိုးရ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ဘုန်းဆွေ နှင့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ် တို့က နိုင်ငံခြား သံရုံးများမှ သံအမတ်များ စစ်သံမှူးများနှင့် သတင်းထောက်များအား ကိုးကန့် ဒေသတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲ တခုကို လောက်ကိုင်မြို့တွင် ယမန်နေ့က ပြုလုပ် ခဲ့သည်။

ယင်းသတင်းစာရှင်းလင်းပွဲတွင် ဦးဖုန်ကြားရှင် နှင့် မိသားစုဝင်များ၏ အိမ်မှ သိမ်းဆည်း ရမိသော မူးယစ်ဆေးဝါးများ၊ လက်နက်စက်ရုံ နှင့် ရန်လုံကျိုင်းရှိ ရဲတပ်ဖွဲ့ ၀င်များအား ကိုးကန့် တပ်ဖွဲ့များက သတ်ဖြတ်ခဲ့သည့် နေရာများကို ပြသခဲ့ ကြောင်းသိရသည်။

“မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီးတော့လည်း ပြထားတယ်၊ လက်နက် စက်ရုံကတော့ တော်တော် ကြီးတယ်၊ လက်နက်ကြီး မပါဘူး၊ AK 47 ပုံစံ ပြောင်းတွေ နဲ့ 9.mm ပစ္စတိုတွေပဲ ပါတယ်” ဟု သတင်းထောက်များ နှင့် နီးစပ်သူတဦးက ဧရာဝတီသို့ ပြောသည်။

စက်ရုံအကျယ်အ၀န်းမှာ ပေ၂၀၀ ပတ်လည်ခန့် ရှိကြောင်း၊ စက်ရုံထဲတွင် အဆောင် ၈ ဆောင်ခန့် ရှိပြီး သံရည်ကျိုစက်များ ၊ တွင်ခုံများ ၊ သေနတ်ဒင် လုပ်သော စက်ရုံများ ရှိကြောင်းသိရသည်။

ကြီးမားပြီး လက်နက်များစွာ ထုတ်လုပ်သော စက်ရုံတရုံကို နေ့ချင်းညချင်း တည်ဆောက်၍ မရနိုင်ကြောင်း ၊ ဤကဲ့သို့ စက်ရုံမျိုး တည်ရှိနေမှုနှင့် မူးယစ်ဆေးဝါးများ ထုတ်လုပ်နေသည်ကို အစိုးရအနေဖြင့် မသိရှိခြင်းအပေါ် သံတမန် တဦးက မေးခွန်း ထုတ်ကြောင်း၊ “ အစိုးရအနေဖြင့် မသိပါဘူး၊ တရုတ်နိုင်ငံမှ သတင်း ပေးသောကြောင့်သာ သိရကြောင်း” ဟု ပြည်ထဲရေး ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ဘုန်းဆွေ က ဖြေကြားကြောင်း ၎င်းကပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၃ ရက်နေ့တွင် အာဏာပိုင်တို့က ကိုးကန့် ခေါင်းဆောင် ဦးဖုန်ကြားရှင်၏ အိမ်တွင် လက်နက်စက်ရုံ ရှိသည်ဟု အကြောင်းပြပြီး ၀င်ရောက် စီးနင်းခဲ့သည်။

ထို့နောက် ကိုးကန့် အပစ်ရပ်အဖွဲ့ အတွင်း စစ်အစိုးရ အကူအညီဖြင့် ဒု ဥက္ကဋ္ဌ တာဝန် ယူခဲ့သူ ပယ်စောက်ချိန် ဦးဆောင်၍ အာဏာသိမ်းခဲ့ပြီး ယာယီ ဦးစီးကော်မတီကို အသစ် ဖွဲ့စည်းခဲ့သည်။

ခေါင်းဆောင်ဟောင်း ဦးဖုန်ကြားရှင်သည် ၎င်း၏ တပ်ဖွဲ့များနှင့် အတူ ၀ နယ်ဘက်သို့ ရှောင်တိမ်းသွားကြောင်း သိရသည်။

ထို ကိုးကန့်ဒေသ ယာယီဦးစီးကော်မတီ ခေါင်းဆောင် ဦးပယ်စောက်ချိန်က စစ်အစိုး၏ နယ်ခြားစောင့်တပ် အသွင် ပြောင်းရေးကို သဘောတူပြီး၊ ၂၀၁၀ ခုနှစ်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲ ကိုလည်း စစ်အစိုးရ စီစဉ်မှုဖြင့် ၀င်ရောက်မည် ဖြစ်ကြောင်း သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက်များကို ပြောဆိုခဲ့သည်။

“ဦးပယ်စောက်ချိန်က မြန်မာစကား သိပ်မပြောတတ်တော့ ပြန် မဖြေနိုင်ဘူး၊ အစိုးရရဲ့ အစီအမံ အတိုင်းပဲလို့ ပြောတယ်၊ ဒု ၀န်ကြီးတို့ တိုင်းမှူးတို့ကလည်း မေးတာကို သိပ်မကြိုက်ဘူး” ဟု ပြောဆိုကြောင်း သတင်းစာ ရှင်းလင်းပွဲ သွားရောက်ခဲ့သည့် သတင်းထောက် အသိုင်းအဝိုင်းက ပြောသည်။

သံတမန်များနှင့် သတင်းထောက်များကို လောက်ကိုင်မြို့အား လှည့်လည် ပြသရာတွင် လက်နက်စက်ရုံ ၊ မူးယစ်ဆေး ထုတ်လုပ်သော စက်ရုံ၊ ဖုန်ကြားဖူးအိမ် နှင့် ရဲတပ်ဖွဲ့ ၀င်များအား အသတ် ခံရသော အချုပ်ခန်း နေရာများကိုသာ ပြသကြောင်း သိရသည်။

“အဲ့ဒီ နေရာတွေကိုပဲ ပြတယ်၊ ကျန်တာကတော့ ကားပေါ်ကနေပြီး အမြန်ပြသွားတယ်၊ ခရီးစဉ်တခုလုံးမှ ၃ နာရီ ကျော်ကျော် ကြာတယ်တဲ့” ဟု သတင်းထောက် တဦးက ပြောသည်။

ယနေ့ထုတ် အစိုးရသတင်းစာတွင် ကိုးကန့်ဒေသ နယ်မြေ တည်ငြိမ်လာပြီး ဒေသခံပြည်သူ ၁၇၁၁၄ ဦး ပြန်လည် ၀င်ရောက် လာသည်ဟု ဖော်ပြထားသော်လည်း၊ စီးပွားရေး လုပ်ငန်းများဖြစ်သည့် ဈေးဆိုင်များ၊ စတိုးဆိုင်များနှင့် ကာစီနို လောင်းကစားဝိုင်းများ ဖွင့်လှစ် ထားသည်ကို မတွေ့ရသေးကြောင်း လောက်ကိုင်မြို့သို့ ရောက်ရှိခဲ့သည့် ၎င်း က ပြောပြသည်။

သတင်းစာ ရှင်းလင်းပွဲ၌ ဗိုလ်မှူးချုပ်ဘုန်းဆွေက ဤဖြစ်စဉ်များနှင့် ပတ်သက်ပြီး သတင်းစာများနှင့် ရေဒီယိုများတွင် ဖော်ပြထားပြီး ဖြစ်သည်ဟု ပြောဆိုကြောင်း၊ ဖြစ်စဉ် အသေးစိတ်ကို မြန်မာအင်္ဂလိပ် နှစ်ဘာသာဖြင့် ရေးထားသော စာရွက်များအား တခြားသော အစိုးရ တာဝန်ရှိသူများက လိုက်လံ ဝေငှခဲ့ ကြောင်း၊ အသေးစိတ် မေးမြန်း၍ မရကြောင်းလည်း ဆိုသည်။

ဤသတင်းစာရှင်းလင်းပွဲသို့ သံတမန်များနှင့် ပြည်တွင်းပြည်ပ သတင်းထောက်များ စုစုပေါင်းဦးရေ ၆၀ ခန့် လိုက်ပါတက် ရောက်ခဲ့ပြီး ပြည်တွင်း စာနယ်ဇင်း များမှာ လျှပ်တပြက်ဂျာနယ်၊ မြန်မာတိုင်းမ် ဂျာနယ်၊ ရန်ကုန်တိုင်းမ်ဂျာနယ်၊ Weekly Eleven ဂျာနယ် နှင့် ဖလားဝါးနယူးစ် ဂျာနယ်တို့ ပါဝင်သည် ဟုသိရသည်။

Ref: ဧရာဝတီ

Read More...

ကုလသမဂ္ဂ ညီလာခံသို့ ဗိုလ်ချုပ်ကြီးသိန်းစိန် တက်ရောက် မည်

Thursday, 10 September 2009 18:08 ကိုထွေး

အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့တွင် လာမည့် စက်တင်ဘာ ၁၅ ရက်နေ့ ကျင်းပမည် ဖြစ်သော ၆၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါညီလာခံတွင် ၀န်ကြီးချုပ် သိန်းစိန်အနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲနှင့် စစ်အစိုးရ၏ ဒီမိုကရေစီ ဖော်ဆောင် ရေးလုပ်ငန်းများကို အဓိကထား ဆွေးနွေးသွားမည် ဖြစ်ကြောင်း အမေရိကန်ရှိ မြန်မာ သံတမန် အသိုင်း အ၀န်းကို ကိုးကား၍ ဘီဘီစီ သတင်းဌာနက ထုတ်လွှင့်ထားသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ခေါင်းဆောင် တဦးဖြစ်သည့် ဦးဝင်းတင် ကလည်း ယင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်၏ အမေရိကန် ခရီးစဉ်သည် ရွေးကောက်ပွဲနှင့် ပတ်သက်၍ အဓိကထား ဆွေးနွေးရန် ဖြစ်နိုင်ကြောင်း ဧရာဝတီသို့ ပြောသည်။

“အမေရိကန်နဲ့ဆက်ဆံရေး ပြေလည်အောင် ဒီခရီးမှာ ခရီးသွား ဟန်လွဲ ကြိုးစား နိုင်သလို ရွေးကောက်ပွဲ ကိစ္စကို ကမ္ဘာ့အလယ်မှာ ရှင်းပြကောင်း ရှင်းပြလိမ့်မယ်၊ အဲဒီမှာ ပြည်သူဆီက ဆန္ဒကို ခံယူဖို့ ဒါမှ မဟုတ်ရင်လည်း စစ်အစိုးရက အရပ်သား အသွင် ပြောင်းဖို့ ဆိုတာတွေ ပြောမှာပဲ၊ အဲဒါပြောဖို့ အဓိက သွားတယ်လို့ ပြောချင်တယ်၊ ရွေးကောက်ပွဲ ဖြစ်မှ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက အတည် ဖြစ်မှာပါ” ဟု ဦးဝင်းတင်က ပြောသည်။

ယမန်နေ့က အမေရိကန်နိုင်ငံထုတ် ၀ါရှင်တန် ပို့တ်စ် သတင်းစာတွင် ဖော်ပြထားသော ဦးဝင်းတင် ရေးသားသည့် “ရွေးကောက်ပွဲ အလို မရှိသော မြန်မာလူထု” ဟူသော ဆောင်းပါးတွင် ရွေးကောက်ပွဲ ၀င်ရန် တိုက်တွန်းခဲ့သည့် အမေရိကန် အထက်လွတ်တော် အမတ် မစ္စတာ ဂျင်မ်ဝက်ဘ် ၏ သဘောထားကို ပယ်ချခဲ့ပြီး စေ့စပ် ဆွေးနွေးရန် အသင့် ရှိကြောင်းနှင့် စစ်မှန်သော ဒီမိုကရေစီ အတွက် ဆက်လက် တိုက်ပွဲဝင် သွားရန်ရှိကြောင်း ရေးသား ထားသည်။

ဘီဘီစီ သတင်းတွင် အမေရိကန် အစိုးရက မြန်မာ စစ်ခေါင်းဆောင် များကို ပြည်ဝင်ခွင့် ပိတ်ပင်ထားမှုများ အပါအဝင် အရေးယူ ဆောင်ရွက်မှုများကို လျှော့ပေါ့ မပေးပါက ၀န်ကြီးချုပ် သိန်းစိန် အနေဖြင့် ကုလသမဂ္ဂရုံး ရှိရာ နယူးယောက် မြို့နှင့် ၂၅ မိုင် ပတ်လည် အတွင်းသာ သွားလာ နေထိုင်ခွင့် ရှိမည် ဖြစ်ကြောင်း၊ ယခင် နိုင်ငံ ခြားရေး ၀န်ကြီးသာ တက်ရောက်လေ့ရှိသော ယင်းအစည်းဝေးကို ၀န်ကြီးချုပ် တက်ရောက်ခြင်းမှာ ထူးခြား ကြောင်းလည်း ပါရှိသည်။

ယမန်နေ့က လူ့အခွင့်အရေး လေ့လာ စောင့်ကြည့်ရေးအဖွဲ့ (HRW) ကလည်း အမေရိကန် အစိုးရ အနေနှင့် မြန်မာပြည် နှင့် ပတ်သက်သော မှုဝါဒကို ပြန်လည် စဉ်းစား သုံးသပ်ရာတွင် သံတမန်ရေး၊ ကူညီထောက်ပံ့ရေး၊ ဒဏ်ခတ် ပိတ်ဆို့ တားမြစ် အရေးယူမှုများနှင့် ပတ်သက်၍ ပိုမို ထိရောက်သည့် မှုဝါဒကို ဖော်ဆောင်သင့်ကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန် ထံသို့ စာရေးသား ပေးပို့ တောင်းဆို ထားသည်။

အဆိုပါ စာတွင် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသော သံတမန်ရေး၊ ကူညီထောက် ပံ့ရေး၊ ဒဏ်ခတ် ပိတ်ဆို့ တားမြစ် အရေးယူမှု များနှင့် ပတ်သက်သော အခြေအနေ များကိုလည်း ရေးသား ဖော်ပြထားသည်။

Ref: ဧရာဝတီ

Read More...

Thursday, September 10, 2009

၂၀၁၀ ရွေးကောက်ပွဲဝင်ရန် မွန်နိုင်ငံရေး ပါတီသစ်ဖွဲ့

Wednesday, 09 September 2009 18:13

စစ်အစိုးရ ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲကို မွန်ပြည်သစ် ပါတီ ခေါင်းဆောင် ဟောင်းများက ပါတီထောင်၍ ၀င်ရောက် ယှဉ်ပြိုင်မည်ဟု သိရသည်။

၂၀၁၀ ရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်ရန် မွန်ပြည်သစ်ပါတီ ဗဟို ကော်မတီဝင် ဟောင်းများဖြစ်သော နိုင်မြင့်ဆွေ၊ နိုင်လ ရီဂါကောင်၊ နိင်တင်အောင် နှင့် နိုင်စိုးမြင့် အပါအ၀င် အခြားသော မွန်လူမှုရေး အဖွဲ့ခေါင်းဆောင် ၁၀ ဦး ခန့်ပါဝင်သည့် ရွေးကောက်ပွဲ လုပ်ငန်း ကော်မတီ ကို ဖွဲ့စည်းထားသည် ဟု နီးစပ်သူများက ဧရာဝတီကို ပြောသည်။

ပြီးခဲ့သည့် ဇွန်လအတွင်းက မော်လမြိုင်မြို့ရှိ မွန်ပြည်သစ် ပါတီရုံးတွင် အဆိုပါ မွန်ခေါင်းဆောင်များ တွေ့ဆုံ ဆွေးနွေးခဲ့ပြီး စစ်အစိုးရ၏ နိုင်ငံရေး ပါတီများ တရားဝင် မှတ်ပုံတင်ခွင့်နှင့် ရွေးကောက်ပွဲ ဥပဒေ ထုတ်ပြန်လာပါက ပါတီ မှတ်ပုံတင် မည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ ၀င်မည့် ခေါင်းဆောင်များလည်း မွန်ပြည်သစ် ပါတီမှ နုတ်ထွက်ရန် ပြင်ဆင်ထားကြောင်း သိရသည်။

စစ်အစိုးရကပြုလုပ်သည့် ရွေးကောက်ပွဲအား ပါဝင်ယှဉ်ပြိုင်မည် မဟုတ်ဟု ယခုနှစ် စောစောပိုင်းက ကြေညာ ထားသော်လည်း ပါတီ ခေါင်းဆောင် တချို့ကို အဖွဲ့ဝင် အဖြစ်မှ နုတ်ထွက်ပြီး ရွေးကောက်ပွဲ ၀င်ရန် ခွင့်ပြုထားသည် ဟု မွန်ပြည်သစ် ပါတီ နှင့်နီးစပ်သည့် အသိုင်းအ၀ိုင်းက ပြောဆိုသည်။

ရွေးကောက်ပွဲလုပ်ငန်းကော်မတီနှင့် မွန်ပြည်သစ်ပါတီ ခေါင်းဆောင် တချို့သည် လာမည့် ရွေးကောက်ပွဲ အတွက် ပူးပေါင်း ဆောင်ရွက်မှုများ ရှိသည်ဟုလည်း ဆိုသည်။

“မွန်လူထုကလာမေးတယ်၊ ရှေ့ဆက်ပြီး ဘာလုပ်ဖို့ အစီအစဉ်ရှိလဲ၊ ရှေ့လုပ်ငန်းစဉ် ဘာလဲလို့ လာလာပြီး မေးကြတယ်၊ လူထုက တော်တော်လေး စိတ်ဝင်စားတယ်”ဟု အဆိုပါ ရွေးကောက်ပွဲ လုပ်ငန်း ကော်မတီဝင် တဦးက ပြောသည်။

သို့ရာတွင် ရွေးကောက်ပွဲ လုပ်ငန်းကော်မတီ အနေဖြင့် အသေးစိတ် မပြောနိုင် သေးကြောင်း ၊ရွေးကောက်ပွဲ ဥပဒေကို စောင့်နေကြကြောင်း သိရသည်။

“မွန်ပြည်သစ်ပါတီက ဆက်ပြီး လက်နက် ကိုင်ထားမယ်၊ ကျနော်တို့ ကတော့ ရွေးကောက်ပွဲ ၀င်မယ်လို့ ဗျူဟာ ချထားတယ်၊ ဒီလမ်းကြောင်းက အမှန်ဆုံးပဲ”ဟု နိုင်တင်အောင်က ပြောသည်။

ယခုကဲ့သို့ လာမည့် ၂၀၁၀ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ပြင်ဆင်မှု များသည် မွန်ပြည်သစ် ပါတီ ခေါင်းဆောင်ပိုင်းတွင် အမြင် မတူမှုများ ရှိလာနေပြီ ဖြစ်ကြောင်း နိုင်ငံရေး အကဲခတ်များက သုံးသပ်သည်။

၂၀၁၀ ရွေးကောက်ပွဲသည် သန့်ရှင်းပြီး တရားမျှတသော ရွေးကောက်ပွဲ ဖြစ်လာလိမ့်မည် မဟုတ်ဟုလည်း မွန်ပြည်သစ် ပါတီအတွင်းရှိ တချို့သော ခေါင်းဆောင်များက ယူဆနေကြသည်။

မွန်ပြည်သစ်ပါတီ အတွင်ရေးမှူး နိုင်ဟံသာကမူ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်သည် တိုင်းရင်းသား လူမျိုးစုများ၏ အခြေခံ အခွင့်အရေးများ မပါရှိကြောင်း၊ စစ်တပ် အုပ်စိုးမှုကိုသာ ဆက်လက် ခွင့်ပြုထားခြင်းသာ ဖြစ်ကြောင်း ပြောသည်။

အရှေ့တောင်တိုင်းမှူး ဗိုလ်ချုပ် သက်နိုင်ဝင်းက မွန်ပြည်သစ် ပါတီကို နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးနှင့် ပတ်သက်ပြီး ဇွန်လ နောက်ပိုင်းတွင် ပြန်လည် အကြောင်းပြန်ရန် ပြောဆိုပြီးချိန်မှ စ၍ မွန်ပြည်သစ် ပါတီက ၎င်းတို့ ၏ တရားရုံးများကို ထိန်းချုပ်ရာ ပိုင်နက် ဒေသများသို့ ပြောင်းရွှေ့ခဲ့ကြောင်း သိရသည်။

ပါတီဝင် အများစုအနေဖြင့် ၁၉၉၅ ခုနှစ်က စစ်အစိုးရနှင့် သဘော တူညီခဲ့သည့် အပစ်အခတ် ရပ်စဲရေး သဘော တူညီချက်ကိုလည်း မပျက်ပြား စေချင်သကဲ့သို့ မွန်ပြည်သစ် ပါတီ ၏ တပ်ဖွဲ့ဝင်များအား စစ်အစိုးရ၏ နယ်ခြားစောင့်တပ် အဖြစ် အသွင် ပြောင်းရေးကိုလည်း သဘောမတူ ဟုသိရသည်။

မွန်ပြည်သစ်ပါတီတွင် အင်အား ၇၀၀ခန့် ရှိသည်ဟု သိရသည်။

Ref: ဧရာဝတီ

Read More...

ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် ၀တပ်ဖွဲ့ခေါင်းဆောင်များ တွေ့ဆုံမည်

ခိုင်လင်း / ၉ စက်တင်ဘာ ၂၀၀၉


စစ်ဖက်ရေးရာအရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် ၀ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် ခေါင်းဆောင်များ မကြာမီရက်ပိုင်း အတွင်း ၀တပ်ဖွဲ့ ဌာနချုပ်ရှိရာ ပန်ဆန်းမြို့တွင် တွေ့ဆုံ ဆွေးနွေးရန်ရှိသည်။

ဒေသအတွင်း စစ်မက်ဖြစ်ပွားပြီး တရုတ်နယ်စပ်တွင် မတည်မငြိမ် ဖြစ်လာမည်ကို စိုးရိမ်သည့် တရုတ် အစိုးရ၏ ကြားဝင်စေ့စပ် ပေးမှုဖြင့် နှစ်ဖက် တွေ့ဆုံမည် ဖြစ်သည်ဟု ၀အရာရှိ တဦးက ပြောသည်။

၎င်းက “ဗိုလ်ချုပ်ရဲမြင့် အခုရက်ပိုင်းလာမယ်ဆိုပြီး သိထားတယ်လေ။ ရက် အတိအကျတော့ မသိဘူး။ ကျနော်တို့ ခေါင်းဆောင်တွေနဲ့ ဒီပန်ဆန်းမှာ ဆွေးနွေးကြမှာ။ တရုတ် အာဏာပိုင်တွေက ကြားက စေ့စပ်ပေးတယ်လို့ ကြားရတယ်။ စစ်ပွဲဖြစ်ရင်၊ ဒေသ မတည် မငြိမ်ဖြစ်ရင် တရုတ်ပြည်ဘက်ကိုလည်း ထိခိုက်တာတွေ ရှိတော့ သူတို့လည်း စိုးရိမ်နေပုံရတယ်” ဟု ပြောသည်။

ပြီးခဲ့သည့်လကုန်ပိုင်းက ရှမ်းပြည်နယ် အထူးဒေသ (၁) ကိုးကန့် နယ်မြေအတွင်း ကိုးကန့် တပ်ဖွဲ့နှင့် နအဖ တပ်အကြား တိုက်ပွဲများကြောင့် တရုတ်ပြည်ဘက်သို့ စစ်ပြေး ဒုက္ခသည် (၃၇,၀၀၀) ကျော် ထွက်ပြေးလာခဲ့ကြောင်း၊ တရုတ်ပြည်အတွင်း အမြောက်ကျည် (၃) လုံးပေါက်ကွဲခဲ့ရာ တရုတ်နိုင်ငံသား တဦး သေဆုံးခဲ့ပြီး (၂) ဦး ဒဏ်ရာရရှိခဲ့ကာ မြန်မာဘက်ခြမ်းတွင် တရုတ်နိုင်ငံသား (၁) ဦးသေဆုံးပြီး (၁၃) ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု ယူနန် ပြည်နယ်ရဲချုပ် Meng Sutie က သြဂုတ် (၃၀) ရက် သတင်းစာ ရှင်းလင်းပွဲတွင် တရားဝင် ထုတ်ဖော်ပြောကြားခဲ့သည်။

ယခုလ (၆) ရက်၌ စစ်ဖက်ရေးရာအရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ (ကေအိုင်အို) ကိုယ်စားလှယ်တို့ တွေ့ဆုံရန် စီစဉ်ခဲ့သော်လည်း နအဖဘက်က ရက်ရွှေ့ဆိုင်းခဲ့ပြီး ယနေ့တွင် မြစ်ကြီးနား၌ နှစ်ဖက် တွေ့ဆုံမှုများ လုပ်နေသည်ဟု ကေအိုင်အို အဖွဲ့နှင့် နီးစပ်သည့် သတင်းရပ်ကွက်က ပြောသည်။

ယခုတွေ့ဆုံမှု ကိစ္စနှင့် ပတ်သက်၍ အတည်ပြုချက် ရယူရန် ကေအိုင်အိုသို့ ဆက်သွယ်၍ မရခဲ့ပါ။

အပစ်ခတ်ရပ်အဖွဲ့များနှင့် နအဖတပ်များအကြား တဖက်နှင့်တဖက် စစ်ရေး အသင့်ပြင်ကာ စစ် လှုပ်ရှားမှုများ ရှိနေချိန်တွင် ယခုကဲ့သို့ နှစ်ဖက် တွေ့ဆုံမှုသတင်းများ ပေါ်ထွက်လာခြင်းဖြစ်သည်။

Ref: ခေတ်ပြိုင်

Read More...

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကြေညာချက်အမှတ်- ၂၅ / ၀၉ / ၀၉




26 09 2009.jpg

Read More...

တရားဝင် နိုင်ငံရေးပါတီများ စည်းရုံး လှုပ်ရှားခွင့် ပြုရေး အန်အယ်လ်ဒီ က ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံစာပို့

NEJ / ၉ စက်တင်ဘာ ၂၀၀၉

တရားဝင်ရပ်တည်နေသော နိုင်ငံရေးပါတီများအား စည်းရုံး လှုပ်ရှားခွင့်ပြုရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဥက္ကဋ္ဌက နအဖ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ စက်တင်ဘာ (၄) ရက်တွင် စာရေးသား ပေးပို့ခဲ့သည့် စာပါ အချက်အလက် များကို အန်အယ်လ်ဒီမှ ယမန်နေ့ ရက်စွဲဖြင့် ကြေညာချက် တစောင် ထုတ်ပြန်သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ စာရေးသားပေးပို့ရခြင်းနှင့် ပတ်သက်၍ အန်အယ်လ်ဒီမှ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက “စာထုတ်ရတဲ့ အကြောင်းက ပါတီ မှတ်ပုံတင်ဥပဒေ မရှိသေးဘဲနဲ့ တရားဝင် မှတ်ပုံတင်လည်း မရှိသော ပါတီတွေကို ပခုက္ကူမှာ ဆိုင်းဘုတ်လည်း တင်ခွင့် ရတယ်၊ အစည်းအဝေးတွေလည်း လုပ်ခွင့်ရတယ်။ အဲဒီ အခြေအနေပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့က ဗိုလ်ချုပ်မှူးကြီး သန်းရွှေဆီကို စာရေးတာ။ တရားဝင် ပါတီဖြစ်သော အန်အယ်လ်ဒီကို ရုံးခန်းတွေ ဖွင့်ပေးဖို့၊ စည်းရုံး လှုပ်ရှားခွင့်ပေးဖို့ အဲဒါ အကြောင်းကြားတာပါ” ဟု ပြောသည်။

အန်အယ်လ်ဒီပါတီသည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့် အညီ တရားဝင် ရပ်တည်နေသော နိုင်ငံရေးပါတီ အဖွဲ့အစည်း တခုဖြစ်ကြောင်း၊ ပါတီ၏ အဆင့်ဆင့်သော ရုံးခွဲများကို အာဏာပိုင်တို့က ခေတ္တဟုပြောဆိုကာ ယနေ့တိုင် ချိတ်ပိတ် ထားကြောင်း၊ နိုင်ငံရေး ပါတီတခု၏ လုပ်ပိုင်ခွင့်များဖြစ်သော စုဝေးခြင်း၊ စည်းဝေးခြင်း၊ စည်းရုံးခြင်း၊ ဆိုင်းဘုတ်တင်ခြင်း စသည့် လုပ်ငန်း များကိုလည်း ကန့်သတ် ပိတ်ပင်ထားခြင်း ခံနေရကြောင်း စင်တင်ဘာ (၈) ရက်ထုတ် ကြေညာချက်တွင် ဖော်ပြထားသည်။

သို့သော် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့်အညီ မှတ်ပုံတင်ထားခြင်း မရှိသော အဖွဲ့အစည်းများ ဥပမာ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေး အဖွဲ့ချုပ် ဆိုသည့် အဖွဲ့အစည်းက ၁၉-၈-၂၀၀၉ နေ့တွင် ပခုက္ကူမြို့၌ ဆိုင်းဘုတ်တင်ခြင်း၊ အစည်းအဝေး ကျင်းပခြင်းတို့ ပြုလုပ်ခွင့် ရသည့် အတွက် တရား မျှတခြင်း မရှိကြောင်း ထောက်ပြထားသည်။

ထို့အပြင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအသစ် ပြဋ္ဌာန်းထားခြင်း မရှိသေးသည့် အတွက် တရား မ၀င် လုပ်ဆောင်နေခြင်း ဖြစ်သည်ဟုလည်း ကြေညာချက်တွင် ပါရှိသည်။

“ပခုက္ကူမှာ ဆိုင်းဘုတ်တင်တာကိုတော့ ကျနော်တို့ ဓာတ်ပုံ မှတ်တမ်းနဲ့ တကွတွေ့လို့ အဲဒီ ဓာတ်ပုံ မှတ်တမ်းပါ တွဲပြီးတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဆီ စာရေးတာပါ” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

မြန်မာတနိုင်ငံလုံးရှိ အန်အယ်လ်ဒီပါတီရုံးများကို ၂၀၀၃ ခုနှစ် မေလ (၃၁) ရက်မှ စတင် ပိတ်ထားသည်မှာ ယနေ့တိုင် ဖြစ်သည်ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ထို့ကြောင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့်အညီ တရားဝင် ရပ်တည် နေသော နိုင်ငံရေး ပါတီများအား ရုံးခန်းများ ပြန်လည် ဖွင့်လှစ်ပေးပြီး စည်းရုံး လှုပ်ရှားခွင့် ပေးရန် အကြောင်းကြားခြင်း ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြပါရှိသည်။

Ref: ခေတ်ပြိုင်

Read More...

Wednesday, September 9, 2009

အလကားကောင်ရဲ့ ငြိမ်းချမ်းရေး (ဖင်မနိုင်ဘဲ ပဲကြီးဟင်း သောက်ခြင်း)

September 9, 2009
ဂါမဏိ

၂ဝ၁ဝ ရွေးကောက်ပွဲပြီးလို့ နအဖ အခြေခံဥပဒေ အသက် ဝင်လာတဲ့အခါ နိုင်ငံတော် အေးချမ်း သာယာရေးနဲ့ ဖွံ့ဖြိုးရေး ကောင်စီဆိုတဲ့ နအဖ စစ်ကောင်စီကို ဖျက်သိမ်းမှာ ဖြစ်ပါတယ်။ အဲဒီအခါ တနိုင်ငံလုံးကို အကြွင်းမဲ့ ချုပ်ကိုင်နေတဲ့ စစ်ကောင် စီနေရာမှာ ရွေးကောက်ပွဲ ကနေ တက်လာမယ့် ပြည်ထောင်စု လွှတ်တော်နဲ့ ပြည်ထောင်စု အစိုးရတို့က တိုင်းပြည်ကို ၇၅ ရာခိုင်နှုန်း ဟန်ပြ ဒီမိုကရေစီနဲ့ တကယ်ပဲ ချုပ်ကိုင် ဦးစီးတော့မှာလား။ လက်တွေ့မှာတော့ နအဖ အခြေခံ ဥပဒေအရ လွှတ်တော်တွေ၊ အစိုးရတွေ အထက်မှာ အာဏာကို အကြွင်းမဲ့ ချုပ်ကိုင် ထားမှာက “အလကားကောင်” လို့ခေါ်တဲ့ “အမျိုးသား လုံခြုံရေးနဲ့ ကာကွယ်ရေး ကောင်စီ” ပဲ ဖြစ်ပါတယ်။

၂ဝဝ၈ အခြေခံဥပဒေ ပုဒ်မ ၂ဝ၁ မှာ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီလို့ တရားဝင် နာမည်ပေးထားတဲ့ "အလကားကောင်" မှာ အဖွဲ့ဝင် ၁၁ ယောက်ပါပြီး အနည်းဆုံး ၆ ယောက် (တပ်ချုပ် ၁၊ ဒုတပ်ချုပ် ၁၊ ဒုသမတ ၁၊ ကာကွယ်ရေး ဝန်ကြီး ၁၊ ပြည် ထဲရေးဝန်ကြီး ၁၊ နယ်စပ်ရေးရာ ဝန်ကြီး ၁) ကို စစ်တပ်က သပိတ်ဝင် အိပ်ဝင် နေရာ ယူထားမှာ ဖြစ်ပါတယ်။ အရပ်သား အများ ဆုံး ၅ ယောက် (သမတ ၁၊ ဒုသမတ ၁၊ နိုင်ငံခြားရေးဝန်ကြီး ၁ နဲ့ လွှတ်တော် ဥက္ကဋ္ဌ ၂) အထိသာ ပါနိုင်တဲ့ ကောင်စီထဲမှာ “စည်းကမ်းပြည့်ဝ တဲ့ ဒီမိုကရေစီ စနစ်” အရ ရွေးကောက်ခံ မဟုတ်တဲ့ အများစုကို နာခံရမှာ ဖြစ်ပါတယ်။ အဲဒီ အများစု ၆ ယောက်ဟာ စစ်ထုံးစံအရ တပ်ချုပ်ကို အကြွင်းမဲ့ နာခံရတာ ဖြစ် ပါတယ်။ ဒီတော့ အရပ်သား သမတဖြစ်စေ၊ အရပ်သား လွှတ်တော်ဥက္ကဋ္ဌတွေ ဖြစ်စေ၊ ရွေးကောက် ခံရတာဖြစ်စေ အလိုအလျောက် တပ်ချုပ်ကို အကြွင်းမဲ့ နာခံရတော့မှာ ဖြစ်ပါတယ်။

ဒီတော့ကာ အလကားကောင်ဟာ တိုင်းပြည်မှာ ဘာလုပ်မှာလဲ၊ ဘယ်လောက် အာဏာရှိမလဲ။ ပုဒ်မ ၂ဝ၁ မှာတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ သော်လည်းကောင်း၊ ဥပဒေ တရပ်ရပ်အရ သော်လည်းကောင်း တာဝန်များ ထမ်းဆောင်မယ်လို့ ရေးထားပါတယ်။ ၇၅ ရာခိုင်နှုန်း ဟန်ပြ ဒီမိုကရေစီ ရှိမယ့် လွှတ်တော်ဆိုတာက အလကားကောင်ကို အာဏာ ပေးမယ့်ဥပဒေ မပြဋ္ဌာန်းရင်လည်း အနိမ့်ဆုံး အနေနဲ့ ၂ဝဝ၈ အခြေခံ ဥပဒေမှာ ပုဒ်မ ၂ဝ၄ လွတ်ငြိမ်း ချမ်းသာခွင့်၊ ပုဒ်မ ၂ဝ၆ နိုင်ငံခြားရေး၊ ပုဒ်မ ၂၁၃ စစ်ရေး၊ ပုဒ်မ ၃၄ဝ အဓမ္မလုပ်အား ပေးခိုင်းခွင့်၊ ကလေးစစ်သား ကောက်ခွင့် အပါအဝင် လုပ်ချင်ရာ လုပ်ခွင့်၊ ပုဒ်မ ၃၄၂ တပ်ချုပ်ခန့်ခွင့် နဲ့ အဓိကအားဖြင့် အခန်း ၁၁ အရ အရေးပေါ် အခြေအနေ ကြေညာ အာဏာသိမ်းခွင့် အာဏာ ထိန်းခွင့် တွေကတော့ ရပြီးသား ဖြစ်ပါတယ်။

လုံခြုံရေးနဲ့ကာကွယ်ရေး နာမည်ခံထားတဲ့ အလကားကောင် လက်ထက်မှာ လုံခြုံရေးနဲ့ ကာကွယ်ရေး မီးသေနိုင်ဖို့ လက်ရှိ ငြိမ်းချမ်းရေး အဖွဲ့တွေကို မနည်းထိန်းရ ချော့ရ ဖိအား ပေးနေရပေမဲ့ ဖင်မနိုင်တဲ့ အခြေအနေ ရောက်နေတာ မြင်မကောင်း ရှုမကောင်း တွေ့နေ ရပါတယ်။

အင်အားတောင့်တဲ့ ငြိမ်းအဖွဲ့တွေ၊ မျိုးချစ်စိတ်ထက် သန်တဲ့ ငြိမ်းအဖွဲ့တွေ ကတော့ ပါတီ၊ တပ်နဲ့ နယ်မြေကို မလိမ့် တပတ်နဲ့ အပိုင်စီးမယ့် နအဖရဲ့ နယ်ခြားစောင့်တပ် အကြံကို ခတ်ရှင်းရှင်းဘဲ ပယ်ချ ကြတယ်။ ဝပြည်သွေးစည်း ညီညွတ်ရေး ပါတီ၊ မြန်မာပြည် အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (ကိုးကန့်)၊ မြန်မာပြည် အမျိုးသား ဒီမိုကရေစီ တပ်မတော် (ရှမ်းအရှေ့ အထူး ၄)၊ ရှမ်းပြည်တပ်မတော်၊ မွန်ပြည်သစ် ပါတီ၊ ကချင်ပြည် လွတ်လပ်ရေး အဖွဲ့၊ ကယန်းပြည်သစ် ပါတီ၊ ကချင် ကာကွယ်ရေးတပ် (မထုနော်အဖွဲ့) တို့ဟာ ငြိမ်းချမ်းရေး စလုပ်တုံးက သဘောတူထားတဲ့၊ နောင်တချိန်မှာ နိုင်ငံရေး ကိစ္စတွေ ဆွေးနွေးခွင့် ရရေးကို ကိုင်စွဲ ထားပါတယ်။

နယ်ခြားစောင့်တပ်လုပ်မယ်ပြောတဲ့ ငြိမ်းအဖွဲ့ တွေကလည်း တဖက်မှာ မဖြစ်နိုင်တဲ့ တောင်းဆို ချက်တွေ ပြန်လုပ် နေပါတယ်။ လွှတ်တော်ထဲ ရွေးကောက် မခံဘဲ အမတ်လုပ်မယ့် စစ်တပ် ခွဲတမ်း ၂၅ ရာခိုင်နှုန်းထဲမှာ ငြိမ်းအဖွဲ့တွေ ပါခွင့်၊ ပါတီ အဖွဲ့အစည်းနဲ့ နယ်မြေ ဖျက်သိမ်းပြီး အသက် ၅ဝ အောက် တပ်ဖွဲ့ဝင်တွေကိုဘဲ နယ်ခြားစောင့်တပ် လုပ်မယ်လို့ နအဖ က ပြောနေတဲ့ ကြားက ပြည်နယ် တခုလုံးမှာ ရှိတဲ့ နယ်ခြား ဂိတ်တွေ အကုန်လုံးကို လုံးဝ လက်ဝါးကြီးအုပ် အခွန်ကောက်ခွင့်၊ နယ်ခြားစောင့် တပ်ရင်း အဆင့်တင် မဟုတ်ဘဲ နယ်ခြားစောင့် တပ်မဟာ နယ်ခြားစောင့် တပ်မ နယ်ခြားစောင့် ကွပ်ကဲမှု ဌာနချုပ် ဖွဲ့ခွင့်၊ အသက် ၅ဝ ကျော် ငြိမ်းအဖွဲ့ ဗဟိုကော်မတီတွေ အနေနဲ့ နယ်ခြားစောင့် တပ်မဟာမှူး နယ်ခြားစောင့် တပ်မမှူး နယ်ခြားစောင့် တိုင်းမှူးအဆင့် ရခွင့်တွေ တောင်းနေကြပါတယ်။

တချိန်တုံးကရှိခဲ့တဲ့ ကရင်သေနတ်ကိုင် တပ်ရင်း၊ ကချင် သေနတ်ကိုင် တပ်ရင်း၊ ချင်း သေနတ်ကိုင် တပ်ရင်း စတဲ့၊ ဗိုလ်ချုပ်အောင်ဆန်း ထူထောင်ပေးခဲ့တဲ့ တိုင်းရင်းသား သေနတ်ကိုင် တပ်ရင်းတွေကို နဝတ-နအဖ လက်ထက်မှာ အပြီးအပိုင် ဖျက်သိမ်းခဲ့ပြီးမှ အခုတခါ တိုင်းရင်းသား တပ်မဟာတွေ၊ တိုင်းရင်းသား တပ်မတွေကို ဗိုလ်ချုပ်သန်းရွှေ၊ ဗိုလ်ချုပ်မောင်အေး တို့က ခွင့်ပြုမယ်လို့ စိတ်ကူးယဉ်နေရင် လုံးလုံး မှားပါလိမ့်မယ်။ လူ ၃ဝဝ ကျော် တပ်ရင်းမှာ အရေးကြီးတဲ့ နေရာ ၃ဝ လောက်ကို ဗမာစစ်တပ်က ကိုင်ထားနိုင်တဲ့ အတွက် နယ်ခြားစောင့် တိုင်းရင်းသား တပ်မဟာတွေ တပ်မတွေအထိ ဖွဲ့ခွင့်ပေးဖို့ အလကားကောင် တို့က မစဉ်းစားပါဘူး။

ဒီနေရာမှာ အလကားကောင်ရဲ့ အရင်းခံ အတွေးအခေါ်ကို ဆန်းစစ်ကြည့်ဖို့ လိုပါတယ်။ အလကားကောင်လို ဖက်ဆစ်တွေရဲ့ အတွေး အခေါ်က နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အရာရာကို အကြွင်းမဲ့ လက်ဝါးကြီး အုပ်ရေး ဖြစ်ပါတယ်။ အပြင်းထန်ဆုံး၊ အစွန်းအရောက်ဆုံး အတ္တ ကိုယ်ကျိုး ကြည့်မှုဟာ အလကားကောင်လို ဖက်ဆစ်တွေမှာ ခြေဆုံး ခေါင်းဆုံး ပြည့်နှက် နေပါတယ်။ ဒါ့ကြောင့် သူတို့ဟာ အဲဒီ လက်ဝါးကြီးအုပ် အကျိုးစီးပွားကို ထိခိုက်စေမယ့် အရာ အားလုံးကို အပြင်းအထန် မုန်းတီး ဆန့်ကျင်ကြပါတယ်။ ဖက်ဆစ်တွေ၊ ကျဉ်းမြောင်းတဲ့ အစွန်းရောက် တွေရဲ့ ဒဿနဟာ လောဘကို အခြေခံတဲ့ အဘိဇ္ဈာဝါဒ၊ မစ္ဆရိယ စိတ်ဓာတ် နဲ့ အမုန်းတရား ဒဿန Hate ideology or Hate philosophy ဖြစ်ပါတယ်။ မိမိတို့ရဲ့အတ္တ၊ မိမိတို့ရဲ့ ကိုယ်ကျိုးကို ထိခိုက် ခြိမ်းခြောက်တာ မှန်သမျှကို စိတ္တဇ ရောဂါ ဖြစ်နေသလိုမျိုး ကြောက်စရာ ကောင်းလောက်အောင် ပြင်းထန် ကြမ်းတမ်းလှတဲ့ မုန်းတီးမှု ဖြစ်ပါတယ်။

ဒါကြောင့် ဒီအမုန်းတရားအခြေခံအောက်မှာ ကိုယ့်လူမျိုး အချင်းချင်း ဖြစ်ပစေ၊ လူမျိုးကွဲ ဖြစ်ပစေ၊ ကျောင်းသား ဖြစ်ပစေ၊ ရွာသားဖြစ် ပစေ၊ ရဟန်းသံဃာ ဖြစ်ပစေ ရက်ရက် စက်စက် သတ်ဖြတ်ဖို့၊ လက်စတုံး ရှင်းပစ်ဖို့ လုံးဝ ဝန်မလေးပါဘူး။ ဂျာမန် ဖက်ဆစ်ခေါင်းဆောင် ဟစ်တလာ က ဂျူးလူမျိုး ၆ သန်းကျော်ကို သွေးအေးအေး သတ်ပစ်ခဲ့တာ လူသိများပါတယ်။ ဒါပေမဲ့ ဟစ်တလာက (ဗမာပြည်က ကြံ့ ဖွတ်-စွမ်းအားရှင်နဲ့ သဏ္ဍာန်တူတဲ့) သူ့နာဇီ ပါတီဝင် ဂျာမန်လူမျိုး ရှပ်ညို တပ်ဖွဲ့ဝင်တွေကို ရာနဲ့ချီပြီးသတ်၊ ထောင်နဲ့ချီပြီး ထောင်ချ ပစ်ခဲ့တာက ဖက်ဆစ်တွေရဲ့ လက်ဝါးကြီး အုပ်ဝါဒ အဘိဇ္ဈာဝါဒကို ပိုပြီး ထင်ထင်ရှားရှား ပြနေပါတယ်။

ဗမာပြည်မှာကြည့်ရင်လည်း ၈၈ မတိုင်မီမှာ မဆလပါတီဟာ စစ်တပ်ကို ပြိုင်ဖက်ဖြစ်လာ ပုခုံးချင်း ယှဉ်လာလို့ ၈၈ အာဏာသိမ်းပွဲ ကျတော့ ဗိုလ်နေဝင်းနဲ့ ဗိုလ်စောမောင်တို့က မဆလပါတီကို အမှိုက်ပုံးထဲ ထည့်လိုက်တာလည်း အားလုံး အသိပါဘဲ။ ဒီကနေ့ ၂ဝ၁ဝ ရွေးကောက်ပွဲကို ရှေ့နေ လိုက်ထောက်ခံ ပေးနေတဲ့ တင်မြ၊ ချမ်းအေး အစရှိတဲ့ ကွန်မြူနစ် ပျက်တွေဟာလည်း ၁၉၇၄ ရွေးကောက်ပွဲကို အားတက်သရော ထောက်ခံခဲ့ပေမဲ့ ၁၀ နှစ်တောင် မကြာဘဲ နေဝင်းက ပြတ်ပြတ်သားသား ကန်ထုတ်လိုက်တာ ခံခဲ့ရ ရှာပါတယ်။ သန်းရွှေက နေဝင်း ဂိုဏ်းသားတွေကို အပြတ်ရှင်းတာ၊ ခင်ညွန့်နဲ့ ထောက်လှမ်းရေး အဖွဲ့တွေကို ကျူပင်ခုတ် ကျူငုတ်မကျန် ရှင်းတာ တွေလည်း အထင်အရှား ရှိပါတယ်။ တပ်မဟာ ၇ စစ်ဆင်ရေးမှာ ခေါင်းဆောင်ခဲ့သူ (ကရင် ဂျိမ်းစဘွန်းလို့ မြှောက်စား ခံခဲ့ရတဲ့) လက်မရွံ့ ပါးကွက်သားကို နောက်တန်း အပြန်လမ်းမှာ ရှင်းပစ် လိုက်တာဟာ ဖက်ဆစ်တွေရဲ့ ထူးသော်လည်း မဆန်းလှတဲ့ ထုံးတမ်းစဉ်လာ လုပ်ကွက်တွေ ဖြစ်ပါတယ်။

အရာကိစ္စတိုင်းကို အမုန်းတရား အခြေခံ စဉ်းစားတဲ့ အတွက် ဖက်ဆစ်တွေရဲ့ အဘိဓာန်မှာ အပေးအယူ အလျှော့အတင်းလုပ် စေ့စပ် ဖြေရှင်းခြင်း ဆိုတဲ့ ဝေါဟာရ မရှိပါဘူး။ “နိုင်နေတုံး ရှုံးဖို့ မချန်တာ”၊ “သေတာသွားတယ် ချီးပန်းမရပ်တာ” ဟာ ဖက်ဆစ် လက္ခဏာပဲ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ပေါ်ခဲ့ဖူးတဲ့ ဖက်ဆစ် အာဏာရှင် မှန်သမျှ စေ့စပ်ဆွေးနွေး နှလုံးရည် တိုက်ပွဲ ဆင်ခံရလို့ ပလ္လင်ပေါ်က ဆင်းသွားတာ တယောက်မှ မရှိခဲ့ပါဘူး။

ဒါပေမဲ့ အလကားကောင်ရဲ့ ဗမာပြည်နဲ့ ဟစ်တလာရဲ့ ဂျာမဏီပြည် မတူတဲ့ အချက်တွေ ကြီးကြီးမားမား ရှိနေပါတယ်။ လွန်ခဲ့တဲ့ နှစ် ပေါင်း ၇ဝ ကျော်က ဟစ်တလာ လက်ထက် ဂျာမဏီပြည်မှာ နာရီ တိုက်ချင်ရင် ဘူတာရုံမှာ မီးရထား ဆိုက်တဲ့ အချိန်နဲ့ နာရီ တိုက်နိုင်တယ်လို့ နာမည်ကြီးတဲ့ အထိ ကမ္ဘာ့ထိပ်တန်း အဆင့် စီမံ ခန့်ခွဲမှုစွမ်းရည် ရှိခဲ့ပါတယ်။ ၂ဝ၁ဝ အလကားကောင် ဆီမှာတော့ အရပ်ဘက် ဌာနဆိုင်ရာတွေ မပြောနဲ့၊ လေတပ် ရေတပ်တွေတောင် လေယာဉ်ဆီ ထုတ်ရောင်း သင်္ဘောဒီဇယ် ဖောက်ရောင်း ဘဝမျိုးဆိုတော့ နယ်ခြားတပ် စီမံကန်းတင်မက နျူကလီးယား စီမံကိန်း၊ တိုက်ချင်းပစ် ဒုံးပျံစီမံကိန်းတွေ လုပ်ဦးမယ်ဆိုရင် ‘ရှေ့ ၄ နောက် ၆ ငါပါ ၁၁ ယောက်’ ဘဲဖြစ်မှာ အောက်ကြေးကတောင် လောင်းရဲပါရဲ့။

ဂါမဏိ


Read More...

သံဃာတော်များနှင့် မွန်လူငယ်များက ၂၀၁၀ ရွေးကောက် ပွဲကို ကန့်ကွက်သည့် မီးပုံးပျံလွှတ် ပွဲတော် ပြုလုပ်

မင်းအာသံ
Tue 08 Sep 2009,

မွန်ပြည်နယ်အတွင်းရှိ မွန်ကျေးရွာအချို့သည် မြန်မာ စစ်အစိုးရ ပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲကို မလိုလားသောကြောင့် ကျေးရွာ သံဃာတော်များနှင့် မွန်လူငယ်များ စုပေါင်းကာ မီးပုံးပျံလွှတ် ပွဲတော် ကျင်းပခဲ့သည်ဟု သိရပါသည်။

မြန်မာစစ်အစိုးရ စိတ်တိုင်းကျ ရေးဆွဲထားသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် အရေးပါသည့် အခန်းကဏ္ဍ ၂၅ ရာခိုင်နှုန်းကို စစ်အစိုးရမှ အလို အလျောက် နေရာယူထားပြီး ဖြစ်သောကြောင့် တရားမျှတမှု မရှိသည့် လာမည့် ၂၀၁၀ ရွေးကောက်ပွဲကို ကျေးရွာ ဒေသခံတို့က ဆန့်ကျင် ကန့်ကွက် သွားရန်အတွက် သံဃာတော်များ နှင့် မွန်လူငယ်များက ယခုကဲ့သို့ စုပေါင်းပြီး မီးပုံးပျံ လွှတ်ရခြင်း ဖြစ်သည်ဟု မွန်ပြည်နယ်မှ သံဃာတော် တစ်ပါးက မိန့်ကြားခဲ့သည်။

“ဦးဇင်းတို့မှာလည်း မီးပုံးပျံ လွှတ်တယ်။ မီးပုံမှာတော့ စာပါ ရေးထားတယ်။ စာထဲမှာတော့ ‘နယ်ခြားစောင့်တပ် အလိုမရှိ၊ ကျွန်ဘဝ အဖြစ် မခံနိုင်’ ၊ ‘ရက်စစ် ကြမ်းကြုတ်သော စစ်ဖိနပ်အောက် ကျဉ်းကြပ် လွန်းလှတယ်’ ဆိုတဲ့ အဓိပ္ပာယ်ကို မွန်လို ရေးထားတယ်။ မွန်အမျိုးသားတို့ အတွက် မိမိကံကြမ္မာ မိမိဖန်တီးပိုင်ခွင့် မရသရွေ့ သံဃာတော်များနှင့် မွန်လူငယ်များတို့က စစ်အစိုးရကို ဆက်လက် အတိုက်အခံ ပြုလုပ် နေဦးမယ်” ဟု အထက်ပါ သံဃာတော်က ဆက်ပြီ မိန့်ကြားသည်။

မြန်မာစစ်အစိုးရ၏ လုပ်ရပ်မှာ မွန်အမျိုးသား လွတ်မြောက်ရေး အတွက် အကျိုး မရှိကြောင်း မွန်လူငယ် အသီးသီးက ပြောကြသည်။

မွန်လူငယ်တစ်ဦး၏ ပြောပြချက်အရ “ကျနော်တို့အခုလို မီးပုံးကြီးကြီး ထဲမှာ စာတွေရေးပြီး လွှတ်တယ် ဆိုတာ အာဏာရှင် စနစ် လက်အောက်က လွတ်မြောက် သွားအောင်ရယ်။ ဒီလာမည့် ၂၀၁၀ ရွေးကောက်ပွဲက တရားဝင် မဟုတ်ကြောင်းနဲ့ ရွေးကောက်ပွဲက သူတို့ဘာသာ သူတို့လုပ်ယူတဲ့ ရွေးကောက်ပွဲ တစ်ရပ်ဖြစ်တယ် ဆိုတာကို ထည့်ရေးထားတယ်။ နောက်ပြီး ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အကြောင်းကို မသိသေးတဲ့ ကျေးရွာ ဒေသခံတွေကို သိသွားစေလိုတဲ့ ဆန္ဒနဲ့ လုပ်တာပါ” ဟု ၄င်းက ဆက်ပြောသည်။

ပြုလုပ်ကျင်းပခဲ့သော တော်သလင်းလပြည့် မီးပုံးပျံလွှတ် ပွဲတော်သည် မွန်လူမျိုးတို့၏ ရိုးရာဓလေ့ အထိမ်းအမှတ် တရပ်ပင် ဖြစ်သော်လည်း သံဃာတော်များ နှင့် မွန်လူငယ်တို့က ၂၀၁၀ ရွေးကောက်ပွဲ နှင့်ပတ်သက်သော ဖြစ်ရပ်ကို ထင်ဟပ်စေလို၍ ယခုကဲ့သို့ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် မွန်လူငယ် အများစု၏ ပြောပြချက်အရ သိရပါသည်။

Ref: မွန်သတင်းအေဂျင်စီ

Read More...

ဗိုလ်ချုပ်မှူးကြီးမြေး၏ အမိန့်အရ ဗိုလ်ချုပ်ကြီးသား ၏ ကော်ဖီဆိုင်ကို ဖျက်ဆီး

မိုးမခ အထောက်တော်၊ ရန်ကုန်
စက်တင်ဘာ ၈၊ ၂၀၀၉

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏မြေး ဖိုးလပြည့်က ရန်ကုန်မြို့တော်၊ ဗဟန်းမြို့နယ်ရှိ ကော်ဖီဆိုင် တဆိုင်ကို မှန်များ ရိုက်ခွဲ ဖျက်ဆီးရန် သူ၏ လုံခြုံရေး တာဝန်ယူသူ ဗိုလ်မှူးအား စေခိုင်း ခဲ့ပြီးနောက် အဆိုပါ ကော်ဖီဆိုင်မှာ ယခု ပိတ်သိမ်း လိုက်ရသည်။

ဆိုင်သည် ဗဟန်းမြို့နယ်၊ ကမ္ဘာအေး ဘုရားလမ်း၊ ချင်းချောင်းနန်းတော် ရှေ့ရှိ ယဉ်ကျေးမှု ၀န်ကြီးဌာနပိုင် မြေတွင် မကြာမီ လပိုင်းကမှ ငှားရမ်း ဖွင့်လှစ်ထားသည့် Seven Corners ကော်ဖီဆိုင် ဖြစ်သည်။ စားသုံးသူများ ကြိုးမဲ့ အင်တာနက် အသုံးပြုနိုင်သည့် ကော်ဖီဆိုင်လည်း ဖြစ်သည်ဟု ဆိုသည်။

ပြီးခဲ့သည့် သီတင်းပတ် ၃ ပတ်ခန့်က ဖိုးလပြည့်က ဆိုင်ရှိ ပစ္စည်းနှင့် မှန်များကို ရိုက်ခွဲရန် စေခိုင်းခဲ့ခြင်း ဖြစ်သည် ဟု သိရှိရသည်။

ထိုသို့ရိုက်ခွဲစဉ် “နိုင်ငံတော် အတွင်းရေးမှူး တာဝန် ယူထားတဲ့ သူတွေရဲ့ သားသမီးတွေက ဒီလို နိုင်ငံတော်ပိုင် မြေပေါ်မှာ စီးပွားရေး လုပ်စားရသလား” ဟုပါ ပြောဆိုရန် မြေးဖြစ်သူက ညွှန်ကြား ခဲ့သည်ဟု အရာရှိဟောင်း တဦးက ပြောကြားသည်။

ထိုသို့ ရိုက်ခွဲ ဖျက်ဆီးခိုင်းသည့် ကိစ္စမဖြစ်မီ ရက်ပိုင်း အလိုတွင် အဆိုပါ ဆိုင်သို့ ဖိုးလပြည့် ရောက်ခဲ့ပြီး ကျပ် ၅ထောင်တန် ကော်ဖီ သောက်လိုကြောင်း မှာကြားခဲ့သည်ဟု ဆိုသည်။

ဝန်ထမ်းများက ဆိုင်တွင် ၃ထောင်ကျော်တန် ကော်ဖီသာ ရှိကြောင်း ရှင်းပြခဲ့ပြီး ထို ဈေးအကြီးဆုံး ကော်ဖီကိုသာ ရောင်းချ ပေးခဲ့သည်ဟု ဆိုသည်။ ဖိုးလပြည့်က ကျပ် ၅ထောင် ပေးချေပြီး ထွက်ခွာ သွားခဲ့သည်ဟု သိရသည်။ ထိုအဖြစ်အပျက် နောက်ပိုင်းတွင် ဆိုင်ကို ဖျက်ဆီးမိန့် ပေးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ဆိုင်ရှိမှန်များ ရိုက်ခွဲခံရပြီးနောက်တွင် ဆိုင်ပိတ် ထားသည်ကို တွေ့ရသည်။ ပြီးခဲ့သည့် သီတင်းပတ် ကုန်တွင် ဆိုင် အဆောက်အဦး ကိုပါ အမြန် ဖျက်သိမ်းလျက် ရှိသည်ကို တွေ့ရသည်။

ဆိုင်ကို နအဖအဖွဲ့ အတွင်းရေးမှူး ၁ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး ၏ သား၊ အမျိုးသား စီမံကိန်း နှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ၀န်ကြီး ဦးစိုးသာ၏သား တို့ အပါအ၀င် ၅ဦး အစုစပ် ဖွင့်လှစ်ကြခြင်း ဖြစ်သည်ဟု သိရသည်။

အခြား သီးခြား အတည်မပြုနိုင်သည့် သတင်း တရပ် အရ ဗိုလ်ချုပ်မှူးကြီး မြေးဖြစ်သူနှင့် ဆက်နွယ်သည့် ကုမ္ပဏီက ကုန်ပစ္စည်း တင်သွင်းခွင့် ပါမစ် လျှောက်ထားရာတွင် ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးက ပယ်ချသည့် အတွက် ယခုလို လုပ်ဆောင်ရန် စေ့ဆော်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ယခု အဖြစ်အပျက်သည် မကြာသေးမီ နှစ်များက ဗိုလ်ချုပ်ကြီးဟောင်း နေ၀င်း၏ နာမည်ကျော် မြေးဖြစ်သူ ကျော်နေ၀င်းနှင့် အပေါင်း အပါများ ရန်ကုန်မြို့ရှိ ကလပ်များတွင် ရမ်းကားခဲ့သည့် အဖြစ် အပျက်များကို ပြန်လည် သတိရစေပြီး၊ ဗိုလ်ချုပ်မှူးကြီး မြေးဖြစ်သူက အဆိုပါ ကျော်နေ၀င်းတို့၏ နေရာကို ၀င်ယူသည့် သဘော ဖြစ်နေသည်ဟု ရန်ကုန်မြို့မှ သတင်းထောက် တဦးက ဝေဖန် ပြောဆိုသည်။

နအဖ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး၏ သားသမီးများ ပိုင်ဆိုင်သည့် စီးပွားရေး လုပ်ငန်းများ ရန်ကုန်မြို့တွင်ပင် များစွာ ရှိနေသည်။ အလားတူပင် ဒုတိယတန်း ခေါင်းဆောင်များ ဖြစ်သည့် ဗိုလ်ချုပ်ကြီးများ၊ ဒုတိယ ဗိုလ်ချုပ်ကြီးများ၏ သားသမီးများလည်း နယ်ပယ် အသီးသီးတွင် စီးပွားရေး လုပ်ကိုင်လျက် ရှိကြသည်ကို စီးပွားရေး နယ်ပယ်မှ လုပ်ငန်းရှင်များက သိရှိကြသည်။

J Donuts ကော်ဖီဆိုင်ဆိုလျှင် ဗိုလ်ချုပ်မှူးကြီး၏ မယားပါသား ဦးထွန်းနိုင်ရွှေ ပိုင်ဆိုင်ပြီး၊ ရန်ကုန်မြို့ စူပါမားကက် နယ်ပယ်တွင် အအောင်မြင်ဆုံး ဖြစ်သည့် စီးတီးမတ် အုပ်စုမှာလည်း ဗိုလ်ချုပ်မှူးကြီး၏ သားသမီးများက ရှယ်ယာ အများစုကို ပိုင်ဆိုင်သည်ဟု အမည် မဖေါ်လိုသည့် အကောက်ခွန် ၀န်ထမ်းဟောင်း တဦးက ပြောဆိုသည်။

အဆိုပါ ၀န်ထမ်းက အခြားစီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် ပြည်ပမှ ဇိမ်ခံပစ္စည်း၊ အစားအသောက်များ တင်သွင်းရန် ခက်ခဲချိန်တွင် စီးတီးမတ်အတွက် ကုန်ပစ္စည်းများကို စစ်တပ် အမည်ခံ ထားသည့် ကုန်သေတ္တာများဖြင့် တင်သွင်းခဲ့ပြီး မည်သည့် အကောက်ခွန်၊ ထောက်လှမ်းရေးမှ ဖွင့်ကြည့် စစ်ဆေးရန် မ၀ံ့ရဲကြဟု ဆိုသည်။

Ref: မိုးမခ

Read More...

တောင်ပိုင်း ၀ တပ်ဖွဲ့နှင့် ပြဿနာတက်စေရန် လားဟူ ပြည်သူ့စစ် ကို လက်ကိုင်တုတ်အဖြစ်သုံး

အင်္ဂါနေ့၊ 08 စက်တင်ဘာလ 2009


တောင်ပိုင်း ၀ တပ်ဖွဲ့နှင့် ပြဿနာဖြစ်စေရန် လားဟူပြည်သူ့စစ် အဖွဲ့အား ဒေသခံ အစိုးရ စစ်တပ်က အင်အား ဖြည့်တင်း ပေး၍ ၀ တပ်ဖွဲ့ ထိန်းချုပ် နယ်မြေ အတွင်း ကျူးကျော် နယ်လှည့် ခိုင်းသည့် အပြင် ၀ တပ်ဖွဲ့နှင့် ပြဿနာ တက်လျှင် ချက်ချင်း ပူးပေါင်းတုန့်ပြန် ကူတိုက်မည်ဟု ပြောထားကြောင်း မိုင်းတုံမြို့နယ် လားဟူ အသိုင်းအ၀ိုင်းက ပြောပါသည်။

“အရင်က ဂျပီးကွယ် ဦးဆောင်တဲ့ နားကောင်းမူး လားဟူပြည်သူ့စစ် တပ်ဖွဲ့မှာ လူသူ လက်နက် အင်အား ၄၀ လောက်ရှိတယ်။ အခု လက်နက် အပြည့်အစုံနဲ့ ၂၀ ထပ်ဖြည့်ပေးတယ်၊ ပြီးတော့ ၀ နယ်ထဲ စစ်ကြောင်း လှည့်ခိုင်းတယ်၊ ၀ ကိုသွားရန် စခိုင်းသလိုပေါ့။ ၀ ဘက်က စပစ်ရင် ဗမာ စစ်တပ်က ချက်ချင်း ကူတိုက်မယ်လို့ ပြောထားတယ်” - ဟု အမည်မဖေါ် လိုသည့် လားဟူ အမျိုးသား တဦးက ပြောပါသည်။

ကိုးကန့်အရေးအခင်းပြီးနောက်ပိုင်း တောင်ပိုင်း ၀ တပ်ဖွဲ့ နှင့် စစ်အစိုးရ အကြား တင်းမာမှု ဖြစ်ပွား လာခဲ့ပြီး မိုင်းတုံ - မိုင်း ဆတ် - တာချီလိတ် တလျှောက် နအဖတပ် လမ်းကင်းများက ၀ တပ်ဖွဲ့ဝင်များ၏ အသွားအလာ အပေါ် အထူးတင်းကြပ် စစ်ဆေးကြောင်း၊ မိုင်းဆတ်မြို့ အရှေ့တောင်ဖက် တွင်လည်း သံချပ်ကာကား အကြီးအသေး ၁၀ စီးခန့် ချထားသည့် အပြင် တပ်အင်အား ၂၀၀ ကျော် ၃၀၀ ခန့်လည်း ထပ်ဖြည့်ထားကြောင်း - မိုင်းဆတ်မြို့ခံ ကုန်သည် တဦးက ပြော၏။

စက်သေနတ် နှင့် အမြောက် တပ်ဆင်ထားသည့် (အသေးစား) တိုက်ပွဲဝင် သံချပ်ကာ ကားမှာ စစ်သား ၃-၄ ယောက် လိုက်ပါနိုင်ပြီး အကြီးစားတွင် ၇-၈ ယောက် ၀င်နိုင်သည်ဟု ဆို၏။

“အခုဆို ၀ အရာရှိတွေ ဟိုဟိုဒီဒီသွား/လာချင်ရင် ဗမာစစ်တပ် အာဏာပိုင်ကို - နာမည်၊ ရာထူး၊ လက်နက် အမျိုးအမည် လူစာရင်း ၃-၄ ရက် ကြိတင် အကြောင်းကြား ထားရတယ်။ ၀ အရာရှိတွေလဲ ဗမာအာဏာပိုင် တွေနဲ့ မရှုပ်ချင်တော့ ဒရိုင်ဘာ ငှားပြီး သွားတယ်၊ အရင်က ကားမောင်းခ ၁ ရက် ဘတ် ၂၀၀-၃၀၀ ကနေ အခု ဘတ် ၁၀၀၀ - ၁၅၀၀ အထိ ခုန်တက်သွားတယ်” - ဟု အမည် မဖေါ်လိုသည့် တာချီလိတ် ကားဆရာ တဦးက သျှမ်းသံတော်ဆင့်သို့ ပြောပြပါသည်။

စစ်အစိုး၏ ပစ်မှတ်သည် မိုင်းတုံ - နားကောင်းမူး - ပုံပါကျင် - (ထိုင်းနယ်စပ်) ဘီပီဝမ်း ကားလမ်း အနောက် ဘက်ခြမ်းရှိ တောင်ပိုင်း ၀ ဌာနချုပ် မိုင်းကျွတ်ဘက် ဖြစ်ကြောင်း၊ ၀ တပ်ဖွဲ့အား ထိုးစစ်ဆင်လျှင် လားဟူ ပြည်သူ့စစ် တပ်ဖွဲ့ကို ရှေ့ပြေးတပ် အဖြစ် အသုံးချမည် ဖြစ်ကြောင်း၊ ထိုင်းနယ်စပ် တလွှားအခြေချ နအဖ တပ်များတွင်လည်း လူသူလက်နက် အင်အား အများအပြား ဖြည့်တင်း ထားကြောင်း - ပုံပါကျင် အခြေစိုက် ဗျူဟာမှူး ဗိုလ်မှူးကြီးကျော်သူနှင့် ရင်းနှီးသည့် ကားဆရာ တဦးက ပြောပြပါသည်။

“၅ ရက်နေ့က ဗမာတပ် အင်အား ၅၀ လောက် မိုင်းတုံ - ပုံပါကျင် ကားလမ်း နောက်ဘက် ထိုင်းနယ်စပ်နား နမ့်လုတ် တောင်ပေါ် ၀ တပ်စခန်း အထိ ကျူးကျော် ၀င်ရောက် သွေးထိုး စမ်းကြည့်တယ်။ ၀ တပ်နား မရောက်ခင် ၀ တပ်ဘက်က သေနတ် ပစ်ဖေါက် ခြိမ်းခြောက်တဲ့ အတွက် သူတို့ အားလုံး ပြန်ဆုတ် လိုက်ရတယ်” - ၀ တပ်မှူး တဦးနှင့် ရင်းနှီးသည့် ပုံကျင်မြို့ သားတဦးက ပြောပြ၏။

Ref: သျှမ်းသံတော်ဆင့်

Read More...

Tuesday, September 8, 2009

စစ်ရေးနည်းဖြင့် မဖြေရှင်းချင်ဟု ၀ခေါင်းဆောင်ပြောဆို

ရန်ပိုင်
Monday, 07 September 2009 19:17

ဝတိုင်းရင်းသား အပစ်ရပ်အဖွဲ့ ခေါင်းဆောင် ဦးပေါက်ယူချမ်းက တရုတ် မြန်မာ နယ်စပ်တွင် စစ်ရေး လှုပ်ရှားမှုများ ဖြစ်ပေါ် နေသောကြောင့် စစ်အစိုးရနှင့် ငြိမ်းချမ်းရေးကို အချိန်ယူ တည်ဆောက်ရန် လိုအပ်သည်ဟု ပြောဆို လိုက်ကြောင်း သိရသည်။

ယမန်နေ့က ထုတ်လွှင့်သွားသည့် တရုတ် ရုပ်မြင်သံကြား Phoenix TV နှင့် တွေ့ဆုံ မေးမြန်းခန်း တခုတွင် ဦးပေါက်ယူချမ်းက ထိုသို့ ပြောကြား လိုက်ခြင်း ဖြစ်ပြီး အသွင် ကူးပြောင်းရေး အတွက် အခက်အခဲများကို စစ်ရေးနည်းဖြင့် ဖြေရှင်း၍ မရနိုင်ဟုလည်း ပြောလိုက်သည်။

“တပ်များ အသွင် ကူးပြောင်းရေးကို လက်ခံတယ်၊ လက်တွေ့ လုပ်ငန်းများ လုပ်ကိုင်တဲ့ အခါ နှစ်ဦးနှစ်ဘက် အသေးစိတ် အပြန်အလှန် ညှိနှိုင်း ဆွေးနွေးဖို့ လိုတယ်၊ အချိန်ယူရမယ်။ တပ်တွေကို ဖျက်သိမ်းတဲ့ ပုံမျိုးတော့ မလုပ်ဘူး၊ စစ်ရေးအရ ဖြေရှင်းလာမယ် ဆိုရင်တော့ ခုခံကာကွယ် ရမှာပဲ” ဟု ဝ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) အကြီးအကဲ ဦးပေါက်ယူချမ်းက ပြောကြားသည်ဟု သိရသည်။

UWSA အပြင် ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) ကလည်း ထိုသို့သော သဘောထား ရှိနေကြောင်း တရုတ်မြန်မာ နယ်စပ်ရှိ စစ်ရေးနိုင်ငံရေး လေ့လာသူ ဦးအောင်ကျော်ဇောက ပြောသည်။

“KIA ရော ၀ ကပါ နယ်ခြားစောင့်တပ် ကိစ္စကို ယေဘုယျအားဖြင့် မူအရ သဘောတူတယ်လို့ ပြောတယ်၊ ဒါပေမဲ့ ဒီအချိန်မှာ ဘယ်လို ညှိနှိုင်းမယ် ဆိုတာကိုတော့ မပြောဘူး သူတို့ပြောတဲ့ အောက်တိုဘာလမှာတော့ လုပ်နိုင်မယ် မထင်ဘူး၊ ဒီလို တရားဝင် ပြောတာဟာ တရုတ် ဖိအား ပေးတာလို့ ထင်တယ်” ယခင် ဗမာပြည် ကွန်မြူနစ် ပါတီဝင် တဦးဖြစ်သူ ဦးအောင်ကျော်ဇောက သုံးသပ်လိုက်သည်။

စစ်ဘက်ဆိုင်ရာ လုံခြုံရေး အရာရှိချုပ် ဗိုလ်ချုပ်ကြီး ရဲမြင့်က UWSA ကို တိုက်ခိုက်မည် မဟုတ်ကြောင်း စာဖြင့် ထပ်မံ ကတိပေး ထားသည်ဟု ၀တပ်ဖွဲ့ အရာရှိ တချို့ကို ကိုးကားပြီး ဦးအောင်ကျော်ဇောက ရှင်းပြသည်။

သို့သော်လည်း ၀ ဒေသတွင် စစ်အစိုးရတပ်များ ချထားပြီး စိတ်ဓာတ် စစ်ဆင်ရေး ပုံစံ လုပ်ကိုင်နေကြောင်း၊ လက်နက်ကြီးများဖြင့် ခြိမ်းခြောက်မှုများ လုပ်ကိုင်နေကြောင်း ထိုဒေသအရေးကို အထူးပြု လေ့လာနေသူ စာနယ်ဇင်းသမား တဦးက ပြောသည်။

“တပ် တချို့ကိုတော့ ဖျောက်ထားတယ်လို့ ကြားတယ်၊ လက်နက်ကြီးတွေ ပါတယ်၊ တခါမှ မမြင်ဘူးဘူး တဲ့” ဟု ထိုင်းနိုင်ငံ အခြေစိုက် သျှမ်းသံတော်ဆင့် သတင်းစဉ်မှ အယ်ဒီတာ ဦးစိန်ကြည်က ပြောသည်။

UWSA သည် ဗမာပြည် ကွန်မြူနစ် ပါတီ၏ လက်နက်ကိုင် အင်အားစု အဖြစ်မှ ၁၉၈၉ ခုနှစ်တွင် ခွဲထွက်ခဲ့ပြီး၊ ယခုအခါ စစ်သည်အင်အား နှစ်သောင်း မှ နှစ်သောင်းခွဲကြားတွင် ရှိသည်ဟု သိရသည်။

တရုတ်မြန်မာ နယ်စပ် အနီးရှိ KIA တပ်ဖွဲ့ကလည်း ပြီးခဲ့သည့် စနေ နှင့် တနင်္ဂနွေနေ့ တို့တွင် လူထု အစည်းအဝေး ခေါ်ယူ ကျင်းပရာ စစ်အစိုးရက ကမ်းလှမ်းထားသည့် နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်းရေး အကြောင်းအရာကို ဆွေးနွေးခဲ့သည်။

နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို ယခင်ကတည်းကပင် မူအားဖြင့် သဘောတူညီကြောင်း၊ နယ်ခြားစောင့်တပ် အဖြစ် မဟုတ်ဘဲ ကချင် လုံခြုံရေးတပ် အဖြစ်သာ ဖွဲ့လိုကြောင်း၊ ငြိမ်းချမ်းရေး နည်းဖြင့် ဆောင်ရွက်သွားမည် ဖြစ်ပြီး စစ်ရေးနည်းဖြင့် ဆောင်ရွက်မှုကို ဆန့်ကျင်ကြောင်း လူထု အစည်းအဝေးပွဲတွင် ဆုံးဖြတ်ခဲ့သည်။

ရှမ်းပြည်နယ် ကိုးကန့်ဒေသတွင် ပြီးခဲ့သည့် လကုန်ပိုင်းက ၃ ရက်ကြာ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ထိုဒေသ နှင့် အနီးတ၀ိုက်တွင် အခြေစိုက်သော အပစ်ရပ် တိုင်းရင်းသား အဖွဲ့များ ထိန်းချုပ်ရာ ဒေသမှ အရပ်သား အများအပြား တရုတ် နိုင်ငံဘက်သို့ တိမ်းရှောင်လျက် ရှိသည်။

ကိုးကန့်ဒေသ တိုက်ပွဲများ အပြီးတွင် ကာကွယ်ရေး ၀န်ကြီးဌာနမှ ဒုတိယ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် နှင့် စစ်ခေါင်းဆောင် တချို့သည် ကိုးကန့်ဒေသ လောက်ကိုင်မြို့သို့ သွားရောက်ပြီး ဒေသ တည်ငြိမ်ရေးကို ဆောင်ရွက် နေကြကြောင်း စစ်အစိုးရ သတင်းစာများတွင် ရေးသားထားသည်။

ကိုးကန့်ဒေသမှ တရုတ်နိုင်ငံဘက်သို့ တိမ်းရှောင်သွားသူ ဒုက္ခသည် သုံးသောင်းကျော် အနက်မှ တသောင်းကျော် နေရပ်ရင်းသို့ ပြန်ခဲ့ပြီး ဖြစ်သည်ဟု သိရသည်။

Ref: ဧရာဝတီ

Read More...

UWSA ကို တိုက်လျှင် လက်နက်ကြီး/ စစ်လေယာဉ် သုံးမည် ဟု နေပြည်တော် အရာရှိပြော

တနင်္လာနေ့၊ 07 စက်တင်ဘာလ 2009

ဝ နှင့် မိုင်းလားအဖွဲ့တို့အား တိုက်ခိုက်ပါက လက်နက်ကြီးများနှင့် တိုက်လေယာဉ်များ အသုံးပြုမည်ဟု မိုင်းယန်းမြို့ရောက် နေပြည်တော် အဆင့်မြင့်အရာရှိက ရပ်ရွာ လူထုခေါင်းဆောင်၊ ဌာနဆိုင်ရာ ၀န်ထမ်းများနှင့် တွေ့ဆုံစဉ် ပြောကြား ခဲ့ကြောင်း ကျိုင်းတုံကုန်သည် သတင်းရပ်ကွက်က ပြောပါသည်။

စစ်အစိုးရ၏ဘဏ္ဍာရေးနှင့် စီမံကိန်းဝန်ကြီးဌာနမှ ဗိုလ်မှူးကြီး ကျော်ကျော်က မိုင်းခတ် ဗျူဟာမှူး ဗိုလ်မှူးကြီး နေလင်းနှင့် အတူ လိုက်ပါ၍ မိုင်းယန်းမြို့ ဌာနပေါင်းစုံ ၀န်ထမ်းများ၊ ဒေသခံ ရပ်ကွက် ဥက္ကဌများအား ဆင့်ခေါ် အစည်းအဝေးတရပ် ကျင်းပ ခဲ့ပါသည်။

“နေပြည်တော်က လာတဲ့ အရာရှိ ဗိုလ်မှူးကြီးကျော်ကျော် ဆိုတာက ပြီးခဲ့တဲ့ ၅-၆ နှစ်က မိုင်းယန်း ခလရ ၂၆၉ တပ်ရင်းမှူး ဖြစ်ခဲ့ဖူးတယ်။ အဲဒါကြောင့် စည်းရုံးရေး အတွက် သူ့ကို လွတ်လာတာ နေမှာပေါ့” - ဟု အမည် မဖေါ်လိုသည့် မိုင်းယန်းမြို့ခံ တဦးက ပြောပါသည်။

အစည်းအဝေးတွင် ဗိုလ်မှူးကြီးကျော်ကျော်က အစိုးရ စစ်တပ်နှင့် မိုင်းလား တပ်ဖွဲ့၊ ၀ တပ်ဖွဲ့တို့ စစ် မဖြစ်နိုင်ကြောင်း၊ ထို့ကြောင့် ထွက်ပြေး တိမ်းရှောင်ကြသည့် ဒေသခံများ ၀န်ထမ်းများ အားလုံး မိမိ နေရပ်ပြန်လာပြီး ပုံမှန် အတိုင်းနေထိုင် သွားရန် မှာကြားခဲ့ကြောင်း ပြောဆိုသည့်အပြင် -

“ကောဠာဟာဠ သတင်းတွေကြောင့် တိမ်းရှောင်နေတဲ့ ၀န်ထမ်းတွေ အမြန်ဆုံး ပြန်လာပါ၊ အချိန်မှီ အလုပ် လာမလုပ်ရင် ရာထူး ကနေ ဖြုတ်ချ ခံရမယ်။ ကြီးလေးတဲ့ ပြစ်ဒဏ်ပေး ခံရမယ်၊ အခု အခြေအနေမှာ တပ်မတော် အဖို့ ၀ နဲ့ မိုင်းလားကို တိုက်ဖို့ အကြောင်း မရှိဘူး၊ တိုက်မယ်ဆိုရင် တပ်ရင်း ဆယ်နဲ့ချီ တွေ့ရမှာပေါ့၊ တိုက်လေယာဉ်တွေ၊ လက်နက်ကြီးတွေ တွေ့ရမှာပေါ့၊ အရင်ကလို လူအင်အား များများစားစား သုံးတော့မှာ မဟုတ်ဘူး၊ အခု ဒီဒေသမှာ ထူးခြားတဲ့ ပြင်ဆင်မှုတွေ မတွေ့ရတာကိုက လုံးဝ တိုက်ပွဲဖြစ်မှာ မဟုတ်ဘူး ကျနော် အာမခံတယ်” ဟု ပြောကြား ခဲ့သေးကြောင်း အမည် မဖေါ်လိုသည့် ၀န်ထမ်း တဦးက ဆိုပါသည်။

ပြီးခဲ့သည့်လက စစ်အစိုးရက အင်အားသုံး၍ ကိုးကန့်ဒေသအား ၀င်ရောက် သိမ်းပိုက် လိုက်ခြင်းကြောင့် တရုပ်နယ်စပ် ဒေသခံ လူထုက မိမိလုံခြုံရေး အတွက် အခြားဒေသသို့ တိမ်းရှောင် ခဲ့ကြသည်။

“စီးပွားရေးသမားတွေ၊ တရုပ်နိုင်ငံသားတွေ ကိုးကန့် အရေးအခင်း ကတည်းက မိုင်းလားဒေသ၊ ၀ ဒေသ အတွင်း မနေရဲ တော့ဘူး။ အရင်က ပန်ဆန်း-တန့်ယန်း ကားခ ၆ သောင်း လောက်ကနေ အခု ၁ သိန်း ၂ သောင်းဖြစ်သွားပြီ၊ ပြီးခဲ့တဲ့အ ပတ်က တစ်သိန်းခွဲ အထိ တက်တယ်။ တရုပ်ပြည်သား တွေလဲ ပြန်ကုန်ပြီ၊ မိုင်းလား နဲ့ ပန်ဆန်းမှာ ကာစီနိုရုံလဲ မရှိတော့ဘူး၊ ည ၈ နာရီဆို စားသောက်ဆိုင်တွေ ပိတ်ကုန်ပြီ”- အမည် မဖေါ်လိုသည့် ပန်ဆန်း ကုန်သည် တဦးက ပြောပြသည်။

မိုင်းယန်း၌ နေပြည်တော်အရာရှိက စစ်မဖြစ်နိုင်ကြောင်း ဒေသခံ လူထုအား ရှင်းလင်း ပြောကြား သကဲ့သို့ ပန်ဆန်း ၀မြို့တော်၌လည်း စစ်ဖြစ်ခဲ့ပါက အနည်းဆုံး ၃ လမှ အများဆုံး ၅-၆ လ အချိန်ယူမှသာ ဌာနချုပ်သို့ ပျံ့နှံ့လာနိုင်မည် ဖြစ်ကြောင်း နံရံကပ် စာစောင်များ ကပ်၍ ဒေသခံ လူထုအား နေရင်းပြန်လာရန် ခေါ်သောကြောင့် တချို့တ၀က် ပြန်လာနေပြီဟု အဆိုပါ ကုန်သည်က ပြောပြသည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

ကိုးကန့်အရေး နဲ့ စစ်အစိုးရ လှည့်ကွက်

06 September 2009

မကြာသေးခင်ကဘဲ စစ်အစိုးရတပ်များရဲ့  ချေမှုန်းခြင်းကို ခံလိုက်ရတဲ့ ဖုန်ကြားရှင် ဦးဆောင်တဲ့ MMDAA (Myanmar National Democratic Alliance Army) ကိုးကန့် တပ်ဖွဲ့တွေဟာ အနီးအနားမှာ ရှိတဲ့ တခြား အပစ်ရပ် အဖွဲ့တွေဖြစ်တဲ့ UWSA (United Wa State Army) 'ဝ' တပ်ဖွဲ့၊ မုန်လာတပ်ဖွဲ့၊ SSA (Shan State Army) သျှမ်းပြည်တပ်မတော် (မြောက်ပိုင်း) စတဲ့ အဖွဲ့တွေနဲ့ PDF (Peace and Democracy Front) လို့ ခေါ်တဲ့ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ မဟာမိတ်အဖွဲ့ကို ဖွဲ့စည်း ထားခဲ့ပါတယ်။ မဟာမိတ် သဘောတူညီချက် အရ အဖွဲ့တဖွဲ့ကို ပြည်ပရန်သူက ထိပါးလာရင် ကျန်တဲ့အဖွဲ့တွေက ဝိုင်းပြီး ကာကွယ် ပေးရမယ် ဆိုပေမဲ့ အခု လောလောဆယ် အချိန်အထိတော့ ဖုန်ကြားရှင် နဲ့ တပ်ဖွဲ့ဝင် တချို့ ကို UWSA 'ဝ' နယ်မြေထဲမှာ ခိုလှုံခွင့် ပေးထားတာက လွဲလို့ တခြား တစုံတရာ ထိရောက်တဲ့ ကူညီ ရိုင်းပင်မှုတွေကို မတွေ့ရ သေးပါဘူး။ မြန်မာပြည် အရှေ့ တောင်ပိုင်း ထိုင်းနယ်စပ် ဖက်မှာ ဖွဲ့စည်းထားတဲ့ NDF (National Democratic Front) လို့ ခေါ်တဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေရဲ့  အမျိုးသား ဒီမိုကရက်တစ် တပ်ဦး မဟာမိတ်အဖွဲ့ရဲ့  အတွင်းရေးမှုးဟောင်း ဖြစ်ပြီး အခုလက်ရှိ စစ်ရေး တာဝန်ခံ တဦးဖြစ်တဲ့ ပအိုဝ်း ပြည်သူ့ လွတ်မြောက်ရေး အဖွဲ့ (PPLO - PaO People's Liberation Organization) ခေါင်းဆောင် ဗိုလ်မှုးကြီး ခွန်ဥက္ကာ, ကို ဗွီအိုအေ မြန်မာသတင်း ဌာနမှုး ဦးသန်းလွင်ထွန်း က ဆက်သွယ် မေးမြန်း ဆွေးနွေး တင်ပြ ထားပါတယ်။

ဗိုလ်မှူးကြီးခွန်ဥက္ကာ ။ ။ ပထမအချက်အနေနဲ့တော့ မြောက်ပိုင်းမှာ ရှိတဲ့ အပစ်ရပ် အဖွဲ့တွေ ဖွဲ့ထားတဲ့ လုံခြုံရေး၊ စစ်ရေး မဟာမိတ် သဘောကတော့ စစ်ရေးအရ ကျူးကျော် တိုက်ခိုက်လာရင် စုပေါင်း ခုခံကာကွယ်ဖို့ ဖြစ်တယ်၊ အခြေခံ အဖြစ်တော့ နိုင်ငံရေး အခြေခံနဲ့ ဖြစ်ပါတယ်။ သို့သော် နအဖ တကယ် ကျူးကျော်တဲ့ အခါကြတော့ စစ်ရေး သော်လည်းကောင်း၊ နိုင်ငံရေး သော်လည်းကောင်း မပြောဘဲနဲ့ ရာဇဝတ်အကြောင်း ရဲ အရေးယူ ပိုင်နိုင်တဲ့ ပြစ်မှုတွေရှိတယ်။ ဒါကြောင့် ရာဇဝတ်အကြောင်း၊ တရားဥပဒေ အကြောင်းနဲ့ ပြပြီးတော့ ရဲ ရဲ့  လုပ်နည်း လုပ်ထုံးအရ ဝင်လာပြီးတော့ အဲဒီအပေါ်မှာ တပ်ပေါင်းစုကလည်း ခုခံကာကွယ်ဖို့ ဥပဒေကို လေးစား လိုက်နာရမယ် ဆိုရင် ဒါက လုပ်လို့ မရတော့ဘူး သဘောမျိုး ဖြစ်လာတဲ့ အခါဖြစ်တော့ အခွင့်ကောင်း ယူပြီးတော့ နအဖက ဝင်ရောက် လာတာဖြစ်တယ်လို့ ကျနော် သုံးသပ်တယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒါပေမဲ့လည်း ဒီအထဲမှာ ဥပမာအားဖြင့် တဖက်နဲ့တဖက် အရင်စ ပစ်ခတ်မှုတွေ မလုပ်ဘူးဆိုတဲ့ သဘော တူညီချက်တွေ တချို့ ရှိတာမို့လည်း နည်းနည်းလေး မရှင်းလင်းတဲ့ အချက်တွေ သေချာ သတ်မှတ်ထားတဲ့ မရှင်းလင်းတဲ့ အချက်တွေကြောင့် ဝ, တပ်ဖွဲ့တွေအနေနဲ့ ကူညီနိုင်မှု မရှိတာလို့ ကြားသိရတယ်။ အဲဒါနဲ့ ပတ်သက်လို့ ပြောပြပေးပါ။

ဗိုလ်မှူးကြီးခွန်ဥက္ကာ ။ ။ အဲဒါလည်း မှန်ပါတယ်။ နအဖ က ဝင်လာပြီးတော့ စစ်ရေးအရ ကျူးကျော်တယ်၊ စစ်ရေးအရ တိုက်ခိုက်တယ် ဆိုရင်တော့ ချက်ချင်း ခုခံကြမှာပဲ။ သို့သော် အခုဝင်လာတာက စစ်ရေးမပါဘူး၊ ရဲတွေက ရာဇဝတ် အကြောင်းအရ စစ်ဆေးမယ်၊ ရဲတွေက နေပြီးတော့ ရာဇဝတ်အမှု ထုတ်ပြီးတော့ တရားခံလို့ ယူဆရတဲ့ လူတွေကို ဆင့်ခေါ်မယ်။ အဲဒီပုံစံနဲ့ ဝင်လာတဲ့ အခါကြတော့ ဒီ အလှဲ့အပြောင်း တခုကို ငြိမ်းချမ်းရေး အဖွဲ့ မြောက်ပိုင်းက နားမလည်တဲ့ အခါကြတော့ ဒါကို လှည့်ကွက် လုပ်ပြီးတော့ နအဖ က အင်အားကို သုံးလာတာ ဖြစ်တယ်။ အဲဒီအပေါ်မှာ သူမပစ်ရင် ကိုယ်က စ မပစ်ဘူးလို့ ပြောပေမယ့် ရဲ လုပ်ပိုင်ခွင့်အရ ဝင်ပြီး နယ်မြေ သိမ်းပိုက်ပြီးတော့ အင်အား သုံးတဲ့ အခါကြတော့ အဲဒီမှာ သူတို့ ရှုံးသွားတာလို့ ကျနော်တို့ အကဲခတ်နိုင်တယ်။

ဦးသန်လွင်ထွန်း ။ ။ ဒီနေရာမှာ ရဲလို့ဆိုပေမယ့်လည်း တချို့  အကဲခတ်တွေရဲ့  အဆိုအရ ကတော့ ဒီ နယ်မြေထဲမှာ မူလ အစက မြန်မာနိုင်ငံက ရဲတပ်ဖွဲ့ဝင်တွေ ဒီလောက် အထိ မရှိခဲ့ဘူးလို့ ဆိုပါတယ်။ အထူးသဖြင့် ဖုန်ကြားရှင် ရဲ့  နေအိမ်ကို ဝင်စီးတဲ့ နေရာမှာ မြန်မာ စစ်တပ်က စစ်သားတွေကို ရဲ အသွင်ပြောင်းပြီး ရဲ ယူနီဖောင် ဝတ်ပြီးတော့ ဝင်စီးခိုင်းတယ်လို့ စွပ်စွဲမှုတွေ ရှိနေပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ ဦးခွန်ဥက္ကာတို့ ဘာကြားသလဲ။

ဗိုလ်မှူးကြီးခွန်ဥက္ကာ ။ ။ ဟုတ်ကဲ့ အဲဒါတော့ ကျနော်လည်း သိပါတယ်။ ကြားလည်း ကြားပါတယ်။ နအဖ က တကယ့် ရည်မှန်းချက် တစ် ကတော့ နယ်မြေ ထိန်းချုပ်ဖို့၊ လက်နက် အင်အားသုံးပြီးတော့ ဝင်ဖို့ပါ။ ဒါပေမဲ့ အဲဒါကို အပေါ်ယံ ဖုံးတဲ့ အနေနဲ့ ရာဇဝတ်ကြောင်း ဖြစ်တယ်၊ ဥပဒေကြောင်း ဖြစ်တယ် ဆိုတဲ့ဟာ၊ ဒေါ်အောင်ဆန်းစုကြည် ကို အရေးယူတဲ့ သဘောမျိုးပေါ့။ ဒါ လူ့အခွင့်အရေး မဟုတ်ဘူး၊ ရာဇဝတ်အမှု ဖြစ်တယ်၊ ဥပဒေကိစ္စ ဖြစ်တယ် ဆိုတဲ့ ဖုံးကွယ်ပြီးတော့ ကိုးကန့်ကို ဝင်တာဖြစ်တယ်။ ဒါကြောင့် ဒီလို ဖုံးကွယ်ဝင်တဲ့ နေရာမှာ အလိမ်အလှည့်ကို ခံရပြီးတော့ ဒီ မြောက်ပိုင်း အင်အားစုတွေက အနည်းငယ် အခက်အခဲ ဖြစ်သွားခဲ့တယ်။ တဖက်ကလည်း တရုတ်ပြည်က နယ်စပ် ကပ်နေတော့ တရုတ်ပြည်ရဲ့  အကြံပေးချက်တွေ၊ ရှင်းရှင်း ပြောရရင်တော့ လွမ်းမိုးမှု တွေကိုလည်း အဲဒီက အဖွဲ့အစည်း တွေက နာခံရမယ် ဖြစ်တော့ ဘယ်လိုပဲ လှည့်လှည့် တို့ကိုထိရင် မခံဘူးဆိုပြီး ဝိုင်းတိုက်ကျမယ်လို့ ပြောရင်လည်း တရုတ်ပြည် ကတော့ ဆူဆူပူပူ မလုပ်ကြပါနဲ့ ကချင်လည်းနေပါ၊ ဝ လည်းနေပါ၊ ကိုးကန့် ပြဿနာကတော့ ကျနော်တို့ ကြားကနေ ကြည့်ရှင်းပေးမယ် ဆိုပြီးတော့ တရုတ်ကိုယ်တိုင် ဟန့်တားလို့ ရှိရင်တော့ ဒီ မဟာမိတ်တွေ ကတိကဝတ်နဲ့ ကူညီရမယ့် ကိစ္စမှာ နည်းနည်းတော့ အဟန့်အတား ဖြစ်သွားနိုင်တယ်လို့ ကျနော် သုံးသပ်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အစပိုင်းမှာ စွပ်စွဲချက်က ဦးဖုန်ကြားရှင်ရဲ့  နေအိမ် အတွင်းမှာ လက်နက် စက်ရုံ ရှိတယ်၊ လက်နက်တွေ ထုတ်လုပ် နေတယ်၊ တရားမဝင် လက်နက်တွေ သိုလှောင် ထားတယ် ဆိုပြီးတော့ စွပ်စွဲထားတာ ရှိတယ်။ ဒါပေမဲ့လည်း တကယ်တမ်း ကြတော့ ဒီ ကိုးကန့် အဖွဲ့ ကိုယ်တိုင်ကလည်း လက်နက်ကိုင် အဖွဲ့အစည်း တခု အနေနဲ့ သူရဲ့  ရှိနေတဲ့ လက်နက်တွေကို ပြုပြင်ဖို့ မွှမ်းမံဖို့ ထုတ်လုပ်ဖို့ အထူးသဖြင့် စက်ရုံတွေ ပြုပြင် မွှမ်းမံရေး လုပ်ငန်းတွေ ထားပိုင်ခွင့် မရှိဘူးလား။

ဗိုလ်မှူးကြီးခွန်ဥက္ကာ ။ ။ တကယ်တော့ ဒီကိစ္စတွေ ဒီလိုဖြစ်တယ် ဆိုတာ နအဖ သိပါတယ်။ သူတို့ အနှစ် (၂၀) လုံးလုံး ငြိမ်းချမ်းရေး ပထမဦးဆုံး ရတဲ့ အဖွဲ့အနေနဲ့ ဦးစားပေးပြီးတော့ လုပ်ချင်တာလုပ် နေချင်သလိုနေ ထားပြီးသားပါ။ သို့သော် အခုလက်ရှိ အခြေအနေမှာ တစုံတရာ ၂၀၁၀ ရွေးကောက်ပွဲကို ကာတဲ့ အနေနဲ့ ဒီလို မနာခံတဲ့ အမိန့် မနာခံတဲ့ အပစ်ရပ်တွေကို ဆုံးမမယ် အပြင် ဦးဖုန်ကြားရှင် အဖွဲ့ကတော့ တစ်၊ ကိုးကန့်ဆိုတဲ့ နယ်မြေအရ လူမျိုးစုက တရုတ် မျိုးနွယ်စုတွေ ဖြစ်တော့ အမျိုးသားရေး ရှု့ ထောင့်ကနေ ကြည့်ရင် အပျော့ဆုံး ဖြစ်တယ်။ နောက် နိုင်ငံရေး ခံယူချက်ဖက်က ကြည့်ရင်လည်း အပျော့ဆုံးဖြစ်တယ်။ အင်အားဖက်က ကြည့်ရင်လည်း အပျော့ဆုံးဖြစ်တယ်။ ဒါကြောင့် အပျော့ဆုံး နေရာကို အရင်နှိက်တဲ့ သဘောမျိုးနဲ့ နအဖ က ထိုးစစ်ဆင်တာ ဖြစ်တယ်လို့ ကျနော် ပြောနိုင်တယ်။

ဦးသန်းလွင်ထွန်း ။ ။ ဟုတ်ကဲ့ အခုနောက်ဆုံး ဒီ ဗမာသတင်းစာတွေရဲ့  ပြောကြားချက် အရဆိုရင် အစောပိုင်း ကတော့ ဒါ တရားမဝင် လက်နက် စက်ရုံ ရှိတယ် ဆိုပြီးတော့ စွပ်စွဲတာမျိုးပဲ ကျနော်တို့ ကြားရတယ်။ ဒါပေမဲ့ အခုတဆင့် တက်လာတာက ဦးဖုန်ကြားရှင် က မှုးယစ် ဆေးဝါး လုပ်ငန်းတွေ ပတ်သက်နေပါတယ် ဆိုပြီးတော့ အခု ပထမဦးဆုံး ထူးထူးခြားခြား ပြန်ပြီး စွပ်စွဲလာတာကို တွေ့ရတယ်။ တကယ်တမ်း ကြတော့ ဦးဖုန်ကြားရှင်ဟာ ပြင်ပနိုင်ငံရေး လေ့လာသူတွေ နဲ့ ပြင်ပ စောင့်ကြည့် နေသူတွေရဲ့  သိရှိထားတာက သူက မှုးယစ်ဆေးဝါးမှာ ပတ်သက်နေတယ် ဆိုပြီး နယူးယော့ (New York) တရားရုံးက သူကို ဆင့်ခေါ်ထားခြင်း ခံနေရသူ တဦးဖြစ်တယ်။ ဒါပေမဲ့လည်း အဲဒါကို တချိန်လုံး မြန်မာ စစ်အစိုးရက ငြင်းပယ်နေခဲ့ပြီး အထူးသဖြင့် ၂၀၀၅ ခုနှစ်က ဦးဖုန်ကြားရှင် နဲ့ ပေါင်းပြီးတော့ ဒီ ကိုးကန့် နယ်မြေမှာ ပထမဦးဆုံး မှုးယစ်ဆေး ကင်းလွတ်နယ်မြေ အဖြစ် တရားဝင် ကြေညာထားခဲ့ပြီးမှ အခုမှ သူတို့ ဘာလို ဒီလို စွပ်စွဲမှုတွေ ထပ်လုပ်လာတာလဲ။ တခြား အဲဒီ ဒေသအတွင်းမှာ အဖွဲ့အစည်းတွေ ဖြစ်တဲ့ အထူးသဖြင့် UWSA, ဝ အဖွဲ့လို အဖွဲ့အစည်း တွေလည်း ဒီလိုမျိုး ရာဇဝတ် ကြောင်းတွေနဲ့ စွပ်စွဲ လာစရာတွေ မရှိလာနိုင်ဘူးလား။

ဗိုလ်မှူးကြီးခွန်ဥက္ကာ ။ ။ သေချာပေါက်ပေါ့ဗျာ။ ရာဇဝတ်မှုနဲ့ စွပ်စွဲနိုင်တယ် အကြောင်းတွေက အများကြီးပါ။ အဲဒီ မြောက်ပိုင်း အဖွဲ့တွေ မပြောခင်မှာ ကျနော်တို့ တောင်ပိုင်းမှာရှိတဲ့ ပအိုဝ်းအနီလို့ ခေါ်တဲ့ ရလဖ ကို ကြည့်လိုက် အင်အား မရှိပါဘူး။ သူတို့ လေးငါးရာ။ သို့သော်လည်းဘဲ ရလဖ ကို အခွင့်အရေး ပေးပြီးတော့ တကယ်တမ်း ချုပ်ကိုင်တော့မယ် အခါကြတော့ ရလဖ အထဲက အဲဒီ မှုးယစ် ဆေးဝါးအမှု၊ အမှုတခုခုပေါ့ ရာဇဝတ်မှု မကင်းသော အမှုတွေကို ကိုင်တွယ်ပြီးတော့ ဖမ်းဆီးထောင်ချ၊ ဖြုတ်ပစ်တယ်ဟာ အများကြီး ပေါ်လာတယ်။ ပေါ်တဲ့ အခါကြတော့ အဲဒီ ခြိမ်းခြောက်မှု အပေါ်မှာ ရလဖ မှာ လေးစုလေးဖွဲ့ ကွဲပြီးတော့ တခါတည်း ပုံပျက်ပန်းပျက် ဖြစ်သွားခဲ့တယ်။ အခုဆိုရင် မရှိတော့ဘူး။ အဲဒီ ပုံစံမျိုးက အခု ကိုးကန့်ကို သွားပြန်သုံးတယ်လို့ ကျနော်တို့ တွေ့ရှိရတယ်။ ကိုးကန့် မှာလည်း တကယ်တော့ ဒီ ဖုန် အမျိုးအနွယ် အုပ်စု နဲ့ ရန် အမျိုးအနွယ်စု တို့က ကြာပါပြီ။ ကိုးကန့်ရဲ့  သမိုင်းကြောင်းအရ။ အဲဒါကို ညီညီညွှတ်ညွှတ် အဖက် တဖက်ကဖြစ်တယ် တဖက်က ညီညီညွှတ်ညွှတ်နဲ့ ပြန်နေကြတယ်။ ဒါကို ပြန်ပြီး အစဖော်ပြီးတော့ နအဖ က ရန် အုပ်စုကို မြှောက်ပေးပြီးတော့ တို့က အာဏာသိမ်းတဲ့ဖက် လိုက်မယ် ဆိုပြီးတော့ ခုတုံး လုပ်လိုက်တဲ့ အပေါ်မှာ ကိုးကန့်ရဲ့  ပထမဦးဆုံး အုပ်စု အကွဲအပြဲ ကို ခုတုံးလုပ်တယ်။ ဒုတိယကတော့ မူလ အနှစ် (၂၀) လုံးလုံး ခွင့်ပြုပြီးတော့ မမြင်ရောင် ဆောင်နေတဲ့ လုပ်ငန်းတွေကို အခုမှ ရာဇဝတ်မြောက်တယ်၊ ရဲ အရေးယူပိုင်ခွင့် ရှိတယ်။ ဒါ ပြည်ထဲရေး ဌာနရဲ့  လုပ်ငန်း ဆိုပြီးတော့ ပြည်ထဲရေး ဌာနရဲ့  ဒု တာဝန်ခံ ကိုယ်စားလှယ် တရုတ်ကို သွားပြီးတော့ အရေးဆို လုပ်တဲ့ဟာကတော့ နအဖရဲ့  တမျိုးတဖုံ လှည့်လိုက်တဲ့ လှည့်ကွက်လို့ ပြောနိုင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အထူးသဖြင့် မှုးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ ရာဇဝတ် အမှုတွေဟာ ပြင်ပ ကမ္ဘာ့ နိုင်ငံတွေရဲ့  စွပ်စွဲမှုတွေ အရ ဆိုရင် မြန်မာ စစ်အစိုးရကလည်း တနည်းတဖုံနဲ့ မျက်နှာလွှဲထားတဲ့ သဘောမျိုး၊ အားပေး အားမြောက် လုပ်ထားတဲ့ သဘောမျိုး ပုံစံမျိုးတွေပါ ရှိနေတာဆိုတော့ အခုလို တဖက်ကို လက်ညိုးထိုးလာရင် တဖက်ကလည်း မြန်မာစစ်အစိုးရ ခေါင်းဆောင်ပိုင်း တချို့ ရဲ့  ပါဝင်ပတ်သက် လာမှုတွေကို ဖော်ထုတ်လာမှာကို သူတို့အနေနဲ့ စိုရိမ်မှု မရှိဘူးလား။

ဗိုလ်မှူးကြီးခွန်ဥက္ကာ ။ ။ အဲဒါလည်း ပါကောင်းပါနိုင်တာပေါ့။ ဒါပေမဲ့ ဒီ ဗမာ အစိုးရ ခေါ်ခေါ် နအဖ အစိုးရ ခေါ်ခေါ် ဒီပုဂ္ဂိုလ်တွေက အပစ်ရပ် ခေါင်းဆောင်တွေ အဖွဲ့အစည်းတွေက လုပ်ပိုင်ခွင့် ရှိတဲ့လူတွေကို သူတို့က မက်လုံးပေးပြီးတော့ စီးပွားရေးတွေလုပ်၊ မှုးယစ်ဆေးဝါးပဲ လုပ်လုပ်၊ မတရား မတော်မတရား ရာဇဝတ်မှု မကင်းတဲ့ အလုပ်ပဲ လုပ်လုပ် ကြည့်ထားတယ်။ မှတ်တမ်း ယူထားတယ်။ တနေ့တချိန်မှာ လက်နက်သဖွယ် အသုံးပြုပြီးတော့ ဒီလူတွေကို ပြန်ပြီးတော့ ရိုက်ချိုးဖို့၊ နှိပ်ကွက်ဖို့ အပြည်ပြည်ဆိုင်ရာရဲ့  အမြင် သဘောထားမှာ တရားနည်းလမ်း ကျတယ်ဆိုတဲ့ အမြင်ကို ကိုင်ဖို့ သူတို့က ပြင်ထားတာပေါ့။ ဒါကြောင့် အခုလို နအဖ က စနစ်တကျ စုဆောင်းပြီးတော့ အချိန် ကျလာတဲ့ အခါကြတော့ ပြင်ဆင်ထားတဲ့ အတိုင်း ကိုင်တွယ်တဲ့ အခါကြတော့ ရာဇဝတ် အမှုတွေ ဖြစ်လာတယ်။ ဒါကို ကျနော်တို့ တိုင်းရင်းသား ခေါင်းဆောင်တွေက ပထမ အခွင့်အရေးရတုန်း မြောပြီးတော့ ယူခဲ့ လိုက်ခဲ့ ပါခဲ့တဲ့ ဟာကို သူတို့က ပြန်ကိုင်တယ် သဘောမျိုးဖြစ်တယ်။ ဒါကတော့ နည်းပရိယာယ် ကောင်းကောင်းနဲ့ အမြစ်ဖြုတ်မယ့် စနစ်လို့ ပြောလို့ရပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒါဆိုလို့ရှိရင် အခု မြောက်ပိုင်းက မဟာမိတ် အဖွဲ့ရဲ့  အခြေအနေ အကြောင်းကို ပြန်မေးရမယ် လို့ဆိုရင် ဒီ မဟာမိတ် အဖွဲ့အနေနဲ့ ဝ နယ်ထဲမှာ ဖုန်ကြားရှင်တို့ကို လက်ခံထားတာကို ဟုတ်ပါတယ်။ ဒါပေမဲ့လည်း အခု ကိုးကန့် နယ်မြေမှာ ပယ်ဆောင့်ချိန်တို့ ဦးဆောင်တဲ့ ဗဟို ကော်မတီ အသစ်လည်း ပေါ်လာပြီဆိုတော့ ဒီ မဟာမိတ်အဖွဲ့ အနေနဲ့ ကိုးကန့်နယ်ထဲမှာ အသစ်ပေါ်လာတဲ့ အဖွဲ့အစည်းကို အသိအမှတ်ပြုပြီး ပြန်ပြီးတော့ ဆက်ဆံသွားဖို့ အလားအလာရှိလား။ ဒီ မဟာမိတ်အဖွဲ့ရဲ့  နောက်ပိုင်း အလားအလာက ဘယ်လိုရှိသလဲ။

ဗိုလ်မှူးကြီးခွန်ဥက္ကာ ။ ။ ကျနော်ထင်တယ် အခု အသစ်ပေါ်တဲ့ အဖွဲ့က ရုပ်သေး ဖြစ်တယ်။ ရုပ်သေး သဘောဆောင်တဲ့ အခါကြတော့ သူမှာ ဘာမှ မှန်ကန်တဲ့ လုပ်ပိုင်ခွင့် မရှိဘဲနဲ့ လောက်ကိုင် အခြေစိုက် တကစ ကပဲ သူ့ကို ကိုင်ထားပြီးတော့ ပြောချင်တာ ခိုင်းချင်တာ ခိုင်းပြီး ကိုးကန့် လူမျိုးကိုလည်း ကိုယ်စားပြုမှာ မဟုတ်သလို၊ တိုင်းရင်းသားတွေရဲ့  အခွင့်အရေးကိုလည်း ကိုယ်စားပြုမှာ မဟုတ်ဘူး။ မဟုတ်တဲ့ အခါကြတော့ ဒီ တကယ့် တိုင်းရင်းသား အခွင့်အရေး၊ ပြည်နယ် အခွင့်အရေးတွေ ကိုယ်ပိုင် အခွင့်အရေးတွေ သို့တည်းမဟုတ် ပြည်ထောင်စု တကယ် တည်ဆောက်ချင်တဲ့ လူတွေ အတွက်ကတော့ အခု ကိုးကန့်မှာရှိတဲ့ ရုပ်သေး နအဖတပ်တွေက ခန့်ထားတဲ့ လူတွေကိုတော့ အယုံအကြည် ရှိမှာမဟုတ်ဘူး။ အသိအမှတ် ပြုမယ်လို့တော့ ကျနော်မထင်ဘူး။ အခု နအဖ ဖွဲ့ပေးတဲ့ ကိုးကန့်အဖွဲ့ က ဥပမာပေးရင်တော့ ကေအန်ယူ ကနေ ခွဲထွက်သွားခဲ့တဲ့ ဒီကေဘီအေ လို ဖြစ်လာမယ်။ ကိုးကန့် အချင်းချင်းကို တိုက်ဖို့ခိုက်ဖို့ သေဖို့ကြေဖို့ လုပ်ထားတဲ့ နအဖ ရဲ့  စီမံချက် ဖြစ်တယ်။

Ref: VOA News

Read More...

Monday, September 7, 2009

“ကိုးကန့်အထူးဒေသ(၁) ဥက္ကဋ္ဌ၊ ဦးဖုန်ကြားရှင်မှ ကုလ သမဂ္ဂ လုံခြုံရေး ကောင်စီသို့ ထုတ်ဖော်ရှင်းလင်းချက်”

September 7, 2009












-------

Read More...

ဆိုးဝါးလှသော ပြည်ထဲရေးကိစ္စများ

September 7, 2009

အဝေးရောက် သံတမန်တဦး

အင်းဝခေတ်တွင် ဘုရင်မင်းခေါင်နန်းတက်သည့်အခါ ပညာရှိအမတ်ကြီး စည်းတပစ် ကိုခေါ်တော်ပြီး “အဘိုး၊ အဘယ်သို့ ကျင့်သော် ပြည်ထဲ ငြိမ်းချမ်း သာယာ ဝပြောအံ့နည်း” ဟူ၍မေးတောမူ၏။ ပညာရှိအမတ်ကြီးက ပြည်ကြီး၏ အရှင် ဖြစ်တော်မူသော မင်းတို့သည်။

၁။ ပြည့်တံခွန်ကို မလှဲရာ။
၂။ ပြည့်ဦးကင်းကို မနှိမ်ရာ။
၃။ ပြည့်စွယ် ပြည့်သွားကို မချိုးရာ။
၎။ ပြည့်မျက်လုံးကို မနှိုက်ရာ။
၅။ ပြည်မျက်နှာကို မဖျက်ရာ။
၆။ ပြည့်ခြေပြည့်လက်ကို မဖြတ်ရာ။
၇။ ပြည့်ဝမ်းကို မဖောက်ရာ။
၈။ ပြည့်ကျေးဇူးကို မထိမ်ရာ။

စသည်တို့ကို ကျင့်တော်မူရာသည်ဟု အကြံပြု လျှောက်ထားခဲ့ပါသည်။


အဆုံးသို့

Read More...

စစ်မှန်တဲ့ ငြိမ်းချမ်းရေးဟာ အပေါင်း လက္ခဏာ၊ အတု အယောင် ငြိမ်းချမ်းရေး ဆိုတာကတော့ အနှုတ် လက္ခဏာ



(ကိုးကန့် ပြဿနာနှင့် ပတ်သက်ပြီး)

မျိုးဇေ
၃၁ - ၈ - ၀၉ (၂၀၀၉ ခုနှစ် သြဂုတ်လ ၃၁ ရက်)

အဆုံးသို့


--------

Read More...

“အနီးကပ် ဆက်ဆံမှု” ဝါဒကို အပြုသဘောအရ ဝေဖန်ခြင်း

September 7, 2009

ဒေါက်တာ ဇာနည်

မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်တဲ့ မူဝါဒကို လက်မခံတော့တဲ့ အတိုက်အခံ တဦးအနေနဲ့ အမေရိကန် အထက် လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ် ကျနော်တို့ နိုင်ငံကို လူသိရှင်ကြား သွားရောက်ခဲ့တာကို ကြိုဆိုပါတယ်။

ကျနော် ကိုယ်နှိုက်ကလည်း လက်ရှိစစ်အစိုးရနဲ့ “အနီးကပ် ဆက်ဆံမှု” မူဝါဒ (သို့) ဗျူဟာကို သက္ကရာဇ် ၂၀၀၃ ကတည်းက ကြိုးစားကြည့်ပါတယ်။ အောင်မြင်တယ်၊ ဆုံးရှုံးတယ် ဆိုတာတော့ မေးခွန်းသတ်သတ် ထုတ်ရမှာပါ။

Track II ခေါ် “လိုင်စင်မဲ့ သံတမန်လုပ်ခြင်း” ဆိုတဲ့ တွေ့ဆုံ ဆွေးနွေးမှုများကို စစ်အစိုးရနဲ့ ကျနော် ပြုလုပ် ခဲ့ဖူးပါတယ်။ အောင်မြင်မှု မရှိပါ။ ကျနော့် ကြိုးစားမှု မအောင်မြင်ပေမယ့် “အနီးကပ် တွေ့ဆုံဆက်ဆံမှု” မူဝါဒ လမ်းစဉ်ဟာ စနစ်တကျ ကြိုးစားမယ်၊ ကြံစည်မယ်ဆိုရင် နိုင်ငံရေး ဗျူဟာ တခုအနေနဲ့ အောင်မြင်မှု၊ ထိရောက်မှု အလားအလာတွေ ရှိပါတယ်။ ဒီလိုကြိုးစားတဲ့ အခါမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှုအောက်က အတိုက်အခံ လှုပ်ရှားမှု၊ တိုင်းရင်းသားများရဲ့ နိုင်ငံရေး၊ စစ်ရေး ကြံ့ကြံ့ခံ တော်လှန်မှုများကို အားသစ်လောင်းတဲ့ အသွင်ဆောင်ပြီး ၎င်းတို့ အင်အားကို ချိနဲ့စေတာ မျိုးတော့ မဖြစ်သင့်ပါဘူး။

အထူးသဖြင့် မြန်မာ့နိုင်ငံရေးကို ရှေ့တလှမ်း တိုးဖို့နဲ့ ပြည်သူ တရပ်လုံးရဲ့ စားဝတ်နေရေးကို ကူညီ ဖြေရှင်းဖို့ ကိစ္စရပ်ကြီး (၂) ခုမှာ အမေရိကန် နိုင်ငံရဲ့ စစ်အစိုးရနဲ့ “အနီးကပ် ဆက်ဆံရေး” ဗျူဟာ ထိရောက်စေရေး အတွက် ထည့်သွင်း စဉ်းစားရမယ့် အချက်တွေ ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး နောက်ခံသမိုင်း / မဟာဗျူဟာ ကျကျ စဉ်းစား သုံးသပ်မှု၊ လက်ရှိ ဖြစ်ပျက်နေတဲ့ မြန်မာပြည်ရဲ့ ပြဿနာ ရပ်များကို လေးလေးနက်နက် ထည့်သွင်း စဉ်းစားမှုတွေရှိဖို့ လိုပါတယ်။ ယခု ကျနော် ထောက်ပြမယ့် အချက်အလက်များကို မြန်မာပဲဖြစ်ဖြစ် နိုင်ငံခြားသားပဲ ဖြစ်ဖြစ် မြန်မာ့အရေး သုံးသပ်သူ အများစုအနေနဲ့ လူထုကြား ချပြပြီး ဆွေးနွေးတာ မရှိသေးပါဘူး။

စစ်အစိုးရနဲ့ “အနီးကပ်ဆက်ဆံမှု” ဝါဒကို ထောက်ခံ တိုက်တွန်း နေကြတဲ့ မြန်မာ့အရေး စာရေးသူများ၊ သုံးသပ်ဝေဖန် သူများ၊ ပညာရှင်များကြားမှာ မိမိကိုယ်မိမိ ဆင်ဆာ လုပ်မှုဟာ ပလိပ်ရောဂါ တခုလို ပြန့်ပွားနေပါတယ်။ တချို့က စစ် အစိုးရရဲ့ နှိပ်ကွပ်မှု ခံရမှာစိုးတာကြောင့် ကလောင်နဲ့လျှာ ဘရိတ်အုပ်သလို တချို့ကျပြန်တော့ ပြည်ဝင်ဗီဇာ မရမှာ ကြောက်လို့ မြန်မာ့ရေးရာမှာ အရေးကြီးတဲ့ အချက်တွေအပေါ် တေမိဇာတ် ခင်းနေကြတာ တွေ့ရပါတယ်။

ဒါတင်ပဲလား … မဟုတ်ပါဘူးခင်ဗျား။ “အနီးကပ် ထိတွေ့ဆက်ဆံမှု” ဝါဒ မိတ်ဆွေကြီး များဟာ တချို့ဆိုရင် ရင်တွေ သိပ်ခုန်ပြီး တရားဟော ဆရာ တပိုင်း နိဗ္ဗာန်ဆော် တပိုင်း ဘဝကို ကူးပြောင်းပြီး ငါ့စကားနွားရ ရေးကြ ပြောကြ ဟောကြတာ အလျှံ အပယ်ပါပဲ။

ကျနော်ကတော့ “အနီးကပ်ထိတွေ့ဆက်ဆံမှု”ကို ပါးစပ်ပြောရုံတင် မက ကိုယ်တိုင် ကိုယ်ကျ ယုံယုံ ကြည်ကြည် လုပ် ကြည့်ခဲ့ပါတယ်။ ငါးနှစ်အရွယ် ကျနော့်သမီးကို သူ့မိခင် အမေရိကန်သူ လက်ထဲ အပ်ထားခဲ့၊ လူအများ တပ်မက်တဲ့ အမေရိကားမှာ အမြဲ နေထိုင်ခွင့်ပြုတဲ့ နိုင်ငံရေး ခိုလှုံခွင့်ကို လိုလိုလားလား ပြန်အပ်ခဲ့ပြီးမှ ပြည်တော် ပြန်ခဲ့တာပါ။

ဗိုလ်ချုပ်ကြီးခင်ညွန့်ရဲ့ အဖွဲ့နဲ့ရော သူတို့အဖွဲ့ကို ဖြုတ်ပစ် လိုက်တဲ့ စစ်ခေါင်းဆောင် များနဲ့ပါ နားလည်မှု တည်ဆောက်ရေး ကိစ္စများပါမက အနှစ်သာရပါတဲ့ လုပ်ငန်းတွေကိုပါ လုပ်ဖို့ ကျနော့်ဘက်က စေတနာမှန်စွာ စိတ်သန့်ရှင်းစွာ ကြိုးစား ကြည့်ပါတယ်။ ဆယ်စုနှစ် တခုနီးနီး ပေါ့လေ။

စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှုကို ဆက်ထောက်ခံတဲ့ အတိုက် အခံများနဲ့ မြန်မာ့အရေး လုပ်စားတဲ့ နိုင်ငံရေး NGO များအနေနဲ့ အသိခေါက်ခက် ဖြစ်နေတဲ့ အကြောင်းအရာ တခုရှိပါတယ်။ အဲဒါကတော့ တရုတ်၊ အိန္ဒိယ၊ ရုရှားနဲ့ ထိုင်းနိုင်ငံများဟာ မြန်မာပြည်မှာရှိတဲ့ သူတို့ အကျိုးစီးပွားတွေကို လျစ်လျူရှုပြီး အတိုက်အခံတွေ ဝိုင်းတောင်းတဲ့ ပိတ်ဆို့မှု၊ ဖိအားပေးမှုတွေကို လုပ်ဖို့ အလားအလာ မရှိဘူး ဆိုတာပါပဲ။

အလားတူပဲ “အနီးကပ်ထိတွေ့ဆက်ဆံရေး” နိုင်ငံရေး အခါတော် ပေးကြီးများ ကျပြန်တော့လည်း မြန်မာ စစ်အစိုးရဟာ ဘယ် အတိုက်အခံ နိုင်ငံရေး အင်အားစု၊ ပါတီနဲ့မှ အဓိပ္ပာယ်ရှိတဲ့ ရင်ကြားစေ့မှု၊ သင်ပုန်းချေမှု လုပ်ဖို့ လုံးဝ ဆန္ဒမရှိဘူး ဆိုတဲ့အချက်ကို လျစ်လျူရှုပြီး မျက်ကန်းတောတိုး ဇာတ်ခင်း နေကြတယ်ခင်ဗျား။

စစ်အစိုးရဟာ ဘာနဲ့တူသလဲဆိုရင် ငါးမျှားချိတ်လွတ်အောင် ငါးစာကို လှည့်ပတ် စားနိုင်တဲ့ ငါးလည် တကောင်နဲ့ တူလာတယ် ဆိုတာ အားလုံးက သတိမူဖို့ လိုပါတယ်။

အနောက်အုပ်စုရဲ့ “အနီးကပ်ထိတွေ့ဆက်ဆံမှု” ဗျူဟာ၊ ဝါဒ သစ်ဟာ မြန်မာ အတိုက်အခံများ ကျားကုပ်ကျားခဲ တွန်းနေတဲ့ နိုင်ငံရေး၊ စီးပွားရေးစနစ် ပြောင်းလဲမှုများကို ထိရောက်စွာကူပြီး တွန်းနိုင်ဖို့လိုပါတယ်။ အင်အားကြီး အရင်းရှင် နိုင်ငံ ဖြစ်လာတဲ့ တရုတ်ရဲ့သြဇာ ကျယ်ပြန့်လာမှုကို ပိတ်ဆို့ဖို့ဆိုတဲ့ အမေရိကန်နဲ့ ဗျူဟာအမြင် တခုတည်းနဲ့တော့ အမေရိကန်ရဲ့ “အနီးကပ် ထိတွေ့ဆက်ဆံမှု” ဗျူဟာဟာ မြန်မာ့ ဒီမိုကရေစီအရေး အတွက် အထောက်အမ ဖြစ်ဖို့ အလား အလာ မရှိပါဘူး။

တရုတ်သြဇာကြီးလာတာကို စိုးရိမ်မိတာနဲ့ အမေရိကန် ပြန်ဝင်လာမယ့် မူဝါဒမျိုးဟာ မကြာခင် အချိန်မှာ ဒေါ်အောင် ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသား ၂,၀၀၀ ကျော်နဲ့ တိုင်းရင်းသား လူမျိုးစုများရဲ့ ဖိနှိပ်ခံဘဝတွေကို အပေါ်ယံမူဝါဒ သဘောလောက် (သို့မဟုတ်) ကန်ရဲ့အကျိုးစီးပွားအတွက် ဆူးငြောင့်ခလုတ်တွေပဲလို့ စဉ်းစားသုံးသပ်မှုမျိုးတွေ ပေါ် လာမှာပါ။ အမေရိကန်တွေ ဒီလိုတွေး ဒီလိုကြံပြီး ဒီလမ်းလျှောက်တော့မယ် ဆိုရင် တခြား အနောက်နိုင်ငံတွေလဲ ကန်နောက်က တကောက်ကောက် ပါလာမှာပါ။

မတူညီတဲ့ အကျိုးစီးပွား၊ သဘောထား အမြင်တွေ အပေါ်မှာ အခြေခံတဲ့ ပဋိပက္ခတွေ ပေါ်လာမယ်ဆိုတာ ခန့်မှန်းလို့ ရပါတယ်။ ခုတောင် ပဋိပက္ခရဲ့ အရိပ်အယောင်တွေကို စမြင်ရပါပြီ။ ဗိုလ်ချုပ်ကြီးများက လွှတ်တော်အမတ် ဝက်ဘ်ရဲ့ မြန်မာပြည် အရေးကြီး ခရီးစဉ်ကို “အောင်မြင်မှုကြီး တရပ်”လို့ ခရုသင်းမှုတ်ပြီး တိုင်းသိပြည်သိ ကမ္ဘာသိ အော်နေတဲ့ အချိန်မှာ ဒေါ်အောင်ဆန်းစုကြည် အနေအထားက အမေရိကန် အစိုးရ ၊ စစ်အစိုးရနဲ့ ကိုးလိုးကန့်လန့် ဖြစ်လာနိုင်ပါ တယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်ပြည်အပေါ် ထားတဲ့ သဘောထားနဲ့ သုံးသပ်ချက်ဟာ လာလည်တဲ့ အမတ် ဝက်ဘ်နဲ့ သူ့နိုင်ငံ အစိုးရရဲ့ တရုတ်ပြည်ပေါ် အမြင်နဲ့ လုံးဝ မတူတာကို တွေ့ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က တရုတ်နိုင်ငံကို “မိတ်ဆွေ အိမ်နီးချင်း”လို့ မြင်ကြောင်း ပြောတယ်။ အမတ်ဝက်ဘ်က တရုတ်ဟာ ရန်မူလာနိုင်တဲ့ အင်အားကြီး နိုင်ငံလို့ သဘောထားပါတယ်။

ဒီ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်နိုင်ငံအပေါ် သုံးသပ်မှုနဲ့ “အနီးကပ် ထိတွေ့ ဆက်ဆံရေး” ဝါဒသစ်ကို တွန်းနေတဲ့ တခြား အထင်ကရ မြန်မာတချို့ရဲ့ အမြင်တွေဟာ ပြဒါးတလမ်း သံတလမ်း ဖြစ်နေကြပါတယ်။

ဥပမာပေးရမယ်ဆိုရင် ကွယ်လွန်သူ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဦးသန့်ရဲ့ မြေးဖြစ်သူ သန့်မြင့်ဦးဟာ အမေရိကန် နိုင်ငံရဲ့ “အနီးကပ် ထိတွေ့ဆက်ဆံမှု” ဝါဒ မသုံးဘူးဆိုရင် ၅၅ သန်းရှိ မြန်မာ ပြည်သူတွေဟာ တရုတ်လူမျိုး ၁.၃ ဘီလီယံရဲ့ကိုလိုနီအသွင် ဆန်တဲ့ ဘဝကို ရောက်ဖို့ အလားအလာ များလာပြီလို့ သြဂုတ်လ (၁၆) ရက်ထုတ် Washington Post ပါ သူ့ရဲ့ဆောင်းပါးထဲမှာ သတိပေး ရေးသားထားတာ တွေ့ရပါတယ်။

ဝါရှင်တန်ရဲ့ တရုတ်ကွန်မြူနစ်ကို ဟန့်တား ထိန်းချုပ်မှု မူဝါဒကို ကောင်းကောင်း အမြတ်ထုတ် နိုင်ခဲ့တဲ့ စစ်အာဏာရှင် နေဝင်း အစိုးရလက်အောက်မှာ (၂၆) နှစ်လုံးလုံး နေလာခဲ့တဲ့ ကျနော့်အဖို့ ဒီလေသံ သစ်တွေဟာ စိတ်ပူစရာပါပဲ။

“အချုပ်အခြာ အာဏာပိုင်လို့ မူအရ ပြောရင်ရတဲ့ မြန်မာပြည်သူလူထု” ဟာ ဝါရှင်တန်နဲ့ ဗမာ စစ်အစိုးရရဲ့ ဗျူဟာ တန်း ညှိတဲ့ ကိစ္စမှာ ပေါချောင်ကောင်း ဘဝနဲ့ ရောင်းစား ခံရဖို့ အလားအလာ ရှိပါတယ်။ ကျနော့်အနေနဲ့ အခြေ အမြစ်မရှိတဲ့ စကားပြောတာ မဟုတ်ပါဘူး။ အနောက် နိုင်ငံတွေမှာ မြန်မာ့ရေးရာ မူဝါဒများကို ကျနော်ကိုယ်တိုင် ခရေစေ့တွင်းကျ ဝင်တွန်း ဝင်လုပ်ခဲ့ဖူးတော့ မြန်မာ့ ဒီမိုကရေစီ အရေးတို့ လူ့အခွင့်အရေး မြှင့်တင်ရေးတို့ ဆိုတာတွေဟာ အနောက်နိုင်ငံ အစိုးရတွေ အတွက် တကယ့် အရေးကြီးတဲ့ မူဝါဒ ပန်းတိုင်များ မဟုတ်ပါဘူး။

ကျနော်ကိုယ်တိုင် ဝင်လုပ်ရင်း သိလာတဲ့ ခါးသီးတဲ့ အသိတရပ် ရှိပါတယ်။ အဲဒါကတော့ ဘယ် အနောက် နိုင်ငံတွေကမှ (အမေရိကန်၊ ပြင်သစ်၊ အင်္ဂလန်၊ ကနေဒါ၊ သြစတြေးလျ၊ အီတလီ၊ ဂျာမနီ၊ ဂျပန်၊ ဥရောပအဖွဲ့ စသဖြင့်ပေါ့) ၎င်းတို့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ စွမ်းအင် စီးပွားရေး အကျိုး စီးပွားတွေကို ကျနော်တို့ ဒီမိုကရေစီ ရဖို့ ဘယ်တော့မှ စတေးပေးမှာ မဟုတ်ပါဘူး။ တချိန်တည်းမှာပဲ ဒီအနောက်နိုင်ငံတွေ ကပဲ တရုတ်၊ အန္ဒိယ၊ ရုရှား၊ အာဆီယံ စီးပွားရေးသမားများ အစိုးရများ စွမ်းအင်စီးပွား ရှာနေတာကို လက်ညှိုး ငေါက်ငေါက်ထိုးပြီး ဝေဖန်တာ တွေ့ရပါတယ်။

ပြင်သစ်သမ္မတ ဆာကိုဇီကို ကြည့်ပေါ့။ သူ့အစိုးရဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်လာရင် တင်းမာတဲ့ မူဝါဒကိုင်ခဲ့ပြီး အပြည်ပြည် ဆိုင်ရာ အစည်း အဝေးတွေမှာ မဏ္ဍပ်တိုင် တက်ပြပါတယ်။ တကယ်ကတော့ မြန်မာပြည်မှာ စွမ်းအင် အကျိုးစီးပွား ရှာနေတဲ့ ပြင်သစ်ရဲ့ Total ကုမ္ပဏီကြောင့် ပြင်သစ်အစိုးရကို ဝေဖန်မှာတွေကို ကြိုတင် ဟန့်တားတာ ထက် မပိုပါဘူး။

အလားတူပဲ အမေရိကန် သမ္မတ သုံးဦးဟာ မြန်မာနိုင်ငံကို “စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှု” ဥပဒေကို တနှစ်တခါ လက် မှတ်ထိုးပြီး အသက် သွင်းပေးတာ ၁၉၉၈ ခုနှစ် ကတည်းကပါပဲ။ ဒါပေမယ့် အမေရိကန် ရေနံကုမ္ပဏီ Chevron ကတော့ မြန်မာပြည်ကရတဲ့ စွမ်းအင်အကျိုးစီးပွား ဒေါ်လာ သန်းပေါင်းများစွာကို ကုမ္ပဏီ ဌာနချုပ်ရှိရာ ကယ်လီဖိုးနီးယား ပြည်နယ် ရစ်ခ်ျမွန်းမြို့ကို အတားအဆီး အခက်အခဲမရှိ သပိတ်ဝင် အိတ်ဝင် ပို့ပေးနေဆဲပါ။

ဒီ စွမ်းအင်အကျိုးအမြတ်ကို ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကုမ္ပဏီကြီးများက စစ်အစိုးရနဲ့ ဝေစား မျှစားလုပ်ပြီး စွမ်းအင် လုပ်ငန်းနဲ့ ဒေသမှာရှိတဲ့ နယ်ခံ ပြည်သူများကိုတော့ အရိုးအရင်းလောက်ပဲ ပစ်ပေးတာပေါ့။ ဒါတောင် “ကုမ္ပဏီကြီးများ ရဲ့ လူမှုအသိစိတ်နဲ့ လူမှုတာဝန် ထမ်းဆောင်ခြင်း” ဆိုတဲ့ နာမည်ကောင်း ယူပါတယ်။ ဘဏ်တိုက်ဖောက်လာပြီး လမ်း မှာတွေ့တဲ့ သူတောင်းစား၊ ဆင်းရဲသားတွေကို နှစ်ပြားတပဲစွန့်ကြဲတဲ့ စေတနာမျိုးပေါ့။

သြဂုတ်လ ၂၀ ရက်ထုတ် ဧရာဝတီ မဂ္ဂဇင်းမှာပါတဲ့ “မြန်မာ ဗိုလ်ချုပ်ကြီးများရဲ့ ရည်မှန်းချက် ပန်းတိုင်၊ အရှေ့တောင် အာရှ အင်အား အကြီးဆုံး စစ်တပ်ကြီး ထူထောင်ရေး” ဆိုတဲ့ ဆောင်းပါးထဲက ထောက်ပြထားသလို စစ်အစိုးရဟာ ရသမျှစွမ်းအင်နဲ့ တခြားဝင်ငွေ သန်းပေါင်းများစွာကို လက်နက်သစ်များ ထုတ်လုပ်ရေး စီမံကိန်းကြီးတွေမှာ ဖြုန်းတီးပစ် ပါတယ်။ ကူပြီး ဖြုန်းပေးတဲ့ နိုင်ငံတချို့ကတော့ တရုတ်၊ တောင်နဲ့မြောက် ကိုးရီးယား၊ စင်ကာပူနဲ့ ရုရှားတို့ပဲ ဖြစ်ပါတယ်။

“စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှု” လှုပ်ရှားမှု အစောပိုင်းကာလ များမှာ တရုတ်၊ အိန္ဒိယ နိုင်ငံများဟာ သူတို့ရဲ့ စီးပွားရေး၊ နိုင်ငံရေး အင်အားတွေကို ပြည်ပမှာ ထိထိ ရောက်ရောက် သုံးနိုင်တဲ့ အနေအထား မရှိသေးပါဘူး။ ဒါပေမဲ့ အဲဒီတုန်းက လည်း အနောက် အုပ်စုနိုင်ငံ အစိုးရများဟာ စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှုကို ပြင်းပြင်း ထန်ထန်သုံးပြီး NLD နဲ့ အတိုက် အခံများရဲ့ နိုင်ငံရေး အင်အားကို မြှင့်တင်ပေးတာ မရှိခဲ့သလို လက်နက်ကိုင် တော်လှန်ရေး အတွက်လဲ ဘာမှရေရေ ရာရာ ပံ့ပိုးပေးခဲ့တာ မရှိပါဘူး။

တချိန်တည်းမှာပဲ အမေရိကန်နဲ့ အနောက်နိုင်ငံ မဟာမိတ်များဟာ ရေနံကြွယ်ဝပြီး ဗျူဟာ အရ အရေးပါတဲ့ အီရတ်လို နိုင်ငံကို ဝက်ဝက်ကွဲအောင် ဗုံးတွေကြဲပြီး ကျူးကျော်စစ် တိုက်တာတော့ လုပ်လာတယ်။ ဒါကတော့ ရေနံတွင်းတွေနဲ့ ဗျူဟာကျနယ်တွေကို ထိန်းချုပ်ဖို့ဆိုတာ ကမ္ဘာကမြင်ပါတယ်။ လူ့အခွင့်အရေးထက် စွမ်းအင်အရေး က မူဝါဒအရ ပိုပြီး အဓိက အရေးပါ ပါတယ်။

စေ့စပ်ညှိနှိုင်းရေးဆရာများ သတိပြုစရာ အချက်ကြီး ၆ ချက်

ပထမ။ ။ “မြန်မာစစ်အစိုးရဟာ အထီးကျန်ဘဝမှာ ရပ်တည်နေရတယ်” ဆိုခြင်းပဲ ဖြစ်ပါတယ်။ မြန်မာစစ်အစိုးရ အနေနဲ့ရော ၎င်းတို့ရဲ့ စီးပွားရေး လက်ဝေခံ မြန်မာ စူဇကာ အကြီးစားများဟာ စစ်အေးတိုက်ပွဲလွန် ကမ္ဘာကြီးမှာ ပြင်ပနိုင်ငံများနဲ့ အဆက် အသွယ်ပြတ်ပြီး အထီး ကျန်တယ်လို့ ပြောတာကတော့ ယုံတမ်းစကားကို အမှန်လုပ်ပြီး ပြောခြင်းပဲ ဖြစ်ပါတယ်။ တကယ်တော့ ၎င်းတို့ဟာ “ဂလိုဘယ် လိုက်ဇေးရှင်း” မဟုတ်ဘဲ “ခေတ်နောက်ပြန်ဆွဲ ဂလို ဘယ်လိုက်ဇေးရှင်း” ဆိုတဲ့ ရေစီးကြောင်း ဂယက်ထဲမှာ မျှောလိုက်နေတဲ့ သတ္တဝါတွေလို့ ပြောရင်ရပါတယ်။

သေသေချာချာလဲ စဉ်းစားကြပါဦး။
စစ်အစိုးရဟာ မျက်မှောက်ကမ္ဘာရဲ့ ဘီလူးနိုင်ငံကြီးများ ဖြစ်ကြတဲ့ တရုတ်၊ ကုလား၊ ရုရှားတို့က စစ်ရေး၊ စီးပွားရေး၊ နိုင်ငံရေး ထောက်ခံမှုများ ပီပီပြင်ပြင်ရထားတဲ့ အစိုးရတဖွဲ့၊ အာရှတတိုက်လုံးရှိ အစိုးရပေါင်းစုံဆီက လိုတာအကုန်ရနေ တဲ့အဖွဲ့၊ ဒါတင်မကဘူး၊ အာရှအပါအဝင် တကမ္ဘာလုံးမှာရှိတဲ့ သယံဇာတ၊ စွမ်းအင်များ ထုတ်လုပ်တဲ့ အပြည် ပြည်ဆိုင်ရာ စွမ်းအင်ကုမ္ပဏီကြီးများနဲ့ ပလဲနံပသင့်ပြီး ငွေဒေါ်လာ သန်းရာထောင် ချီပြီးရနေတဲ့ အစိုးရဖြစ်တယ် ဆိုတာ လယ်ပြင်မှာဆင်သွားသလို ထင်းခနဲ မြင်နိုင်ပါတယ်။ ဒါကိုမှ ဒီအစိုးရကမှ အထီးကျန် အစိုးရလို့ ပြောဟော ရေးသားနေကြတာကတော့ သာမန်ပြည်သူနဲ့ စာဖတ်ပရိတ်သတ်များရဲ့ ဆင်ခြင်သုံး သပ်နိုင်စွမ်းကို နလပိန်းတုံး တွေလို့ သဘောထားပြီး စော်ကားခြင်းတမျိုးပဲလို့ မြင်ပါတယ်။

ဒုတိယ။ ။ စစ်အစိုးရရဲ့ မူဝါဒ၊ ဦးစားပေးမှုများ အပြုအမူ အတွေး အခေါ်နဲ့ လက်တွေ့ လုပ်ငန်းများကို ကြည့်မယ် ဆိုရင် မြန်မာပြည်ရဲ့ လက်ရှိ နိုင်ငံရေး အဆောက်အဦဟာ စစ်ဝါဒီ လွှမ်းမိုးတဲ့ လက်နက် နိုင်ငံကြီးသာ ဖြစ်တယ်ဆိုတာ သတိမူဖို့ လိုပါတယ်။ ဒီလက်နက် နိုင်ငံကြီးကို တွေ့သမျှ သတ်စားတဲ့ သတ္တဝါဆိုးကြီး တကောင်လို့ မြင်ကြည့်မယ် ဆိုရင်လဲ မမှားပါဘူး။ လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်က သူနဲ့ “စစ်ခေါင်းဆောင်” ဗိုလ်သန်းရွှေ တွေ့ဆုံ ဆွေးနွေးတုန်း က မသိကျိုးကျွံ ပြုခဲ့တဲ့ အကြောင်းအရာ တခုရှိပါတယ်။ အဲဒါကတော့ အမေရိကန်နိုင်ငံရဲ့ “စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ် မှုဝါဒ” လို့ ပြော ပါတယ်။

ဒါပေမဲ့ ပိုပြီးအရေးကြီးတဲ့ အကြောင်းအရာကြီး တခုကိုတော့ အမတ် ဝက်ဘ် သတိတောင် ထားမိပုံမရပါဘူး။ အဲဒါက တော့ လက်ရှိမြန်မာပြည်ရဲ့ “စစ်ဝါဒီ လွှမ်းမိုးနေတဲ့ လက်နက် နိုင်ငံကြီး” ပါ။

လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေမှာကို လက်တွေ့တိုင်းတာမှုနဲ့ပဲ မြင်မြင် သမိုင်း အရပဲ စစ်စစ်၊ ၁၉၆၂ ကတည်းက ဗိုလ်ချုပ်ကြီးများ လက်အောက် ကျရောက်သွားတဲ့ မြန်မာနိုင်ငံ အုပ်ချုပ်မှု အဖွဲ့အစည်းကြီးဟာ ရောင်းလို့ရတဲ့ တိုင်းပြည်ရဲ့ မြေပေါ် မြေအောက် သယံဇာတ ပစ္စည်းအားလုံးကို အထိန်းအကွပ်၊ အမြော်အမြင်မရှိ ရောင်းစားနေတာ ဖြစ်ပါတယ်။ ဒီသယံဇာတ အရင်း အမြစ် အများစုဟာ တိုင်းရင်းသား တွေရဲ့ဘိုးဘွားပိုင် နယ်မြေဒေသမှာ အလျှံအပယ် ထွက်နေတာပါ။ ဒီလက်နက် နိုင်ငံကြီးဟာ လိုသမျှ ပြည်သူ့မြေကို သိမ်း၊ ပြည်သူ့ လုပ်အားတွေကို အဓမ္မညှစ်ထုတ် နေတာ တွေ့ရပါတယ်။ “စစ်ရေးသည် နိုင်ငံရေး၏ အဆုံးစွန်သောလမ်းကြောင်း” ဆိုတဲ့ အပြည်ပြည်ဆိုင်ရာ အမြင် ရှုထောင့်ကို ထော်လော် ကန့်လန့်လုပ်ပြီး မြန်မာ စစ်အစိုးရကတော့ “နိုင်ငံရေးသည် စစ်ရေး၏ အစွယ်အပွား တခုသာ” ဆိုသည့် သံဃာစင်ပါ မှောက်မယ့်အမြင်ကို ၎င်းတို့ လက်နက် နိုင်ငံကြီးရဲ့ စစ်ဓမ္မ၊ စစ်တရား အနေနဲ့ ကျင့်သုံးနေပါ တယ်။

တတိယ။ ။ လက်ရှိ မြန်မာပြည်ရဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးပဲ ကြည့်ကြည့်၊ လူမျိုးရေးနဲ့ပဲ ကြည့်ကြည့် တိုင်းရင်း သား ပြည်သူလူထု တရပ်လုံးနဲ့ စစ်အုပ်ချုပ်သူ လူတန်းစား၊ စစ်အစိုးရနဲ့ ဆက်ဆံရေးဟာ “ပြည်တွင်း ကိုလိုနီ ဆက်ဆံရေး” သာ ဖြစ်ပါတယ်။

ပြည်သူတွေကိုရော ပြည်သူ့ဝန်ထမ်းများကိုပါ လက်အုပ်ချီ ဒူးတုပ်ပြီး ဂါရဝ ပြုခိုင်းတဲ့ စစ်ဗိုလ်ချုပ်ကြီးများဟာ ပြည်သူ တွေရဲ့ “သခင်ကြီးလက်သစ်” “မာစတာလက်သစ်” များ ဖြစ်လို့နေပါတယ်။ သံဃာတော်များကို ပါးရိုက်၊ နားရိုက်၊ ခြေနဲ့ကန် စော်ကားပြီး အာဏာရူး၊ ဥစ္စာရူး ဗိုလ်ချုပ်တွေကို ပစ္စေကဗုဒ္ဓါပေါက်စလေးတွေလို လက်အုပ်ချီ ခိုင်း၊ ပိုပြီး အော့နှလုံးနာစရာ ကိစ္စက ဗိုလ်ချုပ်ကြီးများဟာ သူတို့ကိုယ်သူတို့ ရှေးစစ်ဘုရင်ကြီးများ အရိုက်အရာခံ ဘုရားဆုပန်၊ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ကြီးများ ယောင်ယောင် အာရုံဝင်နေပုံ ရတာပါပဲ။

ပဒေသရာဇ်ခေတ် နန်းတက်ပွဲတွေဟာ အများအားဖြင့် သွေးချောင်းစီး အာဏာ လုပွဲတွေရဲ့ ရလဒ်၊ စစ်ရေး အနိုင်ကျင့်မှု၊ ကြီးနိုင်ငယ်ညှဉ်း လုပ်မှုတွေရဲ့ ရလဒ်များသာ ဖြစ်တယ် ဆိုတာကို မြန်မာ အမျိုးသားရေး ဝါဒီတွေရဲ့ သမိုင်း စာအုပ်တွေမှာ ဖော့ပြီး ရေးထားတာကို တွေ့ရပါလိမ့်မယ်။

စတုတ္ထ။ ။ စစ်အရာရှိများကို သုံးသပ်ပြန်ရင်လဲ စစ်သားကလွဲရင် “ဘယ်ခွေးမှ လူမထင်” ဘူးဆိုတဲ့ အမြင်နဲ့ လက်နက် နိုင်ငံတော်ကြီး ထူတောင်နေတဲ့ ပုံစံပါပဲ။ တပ်မတော်သားတွေ တဦးချင်း စိတ်ကောင်း နှလုံးကောင်း ရှိကြမယ်၊ ရှိကြတယ် ဆိုတာ လက်ခံလို့ရပေမယ့် ဒီစနစ်ဆိုးကြီးထဲမှာ သူတို့ဟာ မျှောပြီးလိုက်နေကြတာမို့ တိုင်းပြည် ငါးပါးမှောက်မယ့် “လက်နက်နိုင်ငံတော်ကြီးသည်သာ အဓိက” ဆိုတဲ့ ဝါဒဆိုးကြီးကို လက်ခံကျင့်သုံးတာ တွေ့ရပါတယ်။

စစ်တပ်က နိုင်ငံတော် အဖွဲအစည်းအားလုံးကို လက်ဝါးကြီးအုပ် သိမ်းပိုက်ထားတာ အနှစ် (၅၀)လောက် ရှိသွားပါပြီ။ ဒီအချက်က စစ်အရာရှိ၊ အရာခံများကို “လက်နက်နိုင်ငံတော်” ဆိုတဲ့ အမြင်မှားတွေကို လက်ခံကျင့်သုံးဖို့ ဦးတည်ပေး နေတာ ဖြစ်ပါတယ်။ ၎င်းတို့ အားလုံးရဲ့ အမြင်မှာ တိုင်းပြည်တခုရဲ့ အချုပ်အခြာ အာဏာပိုင်ဆိုသည်မှာ ပြည်သူလူထု၊ မြို့မိမြို့ဘများ မဟုတ်တော့ဘဲ “စစ်ခေါင်းဆောင်” လုပ်တဲ့ စစ်ဗိုလ်ချုပ်သာ ဖြစ်တယ်ဆိုတဲ့ အတွေးအမြင်တွေ၊ ပြည်သူ့ တပ်ထဲမှာ အမြစ်တွယ်လာတာကို ဝမ်းနည်းစွာ သုံးသပ်မိပါတယ်။

ဒါရဲ့ အကျိုးဆက်ကတော့ ယနေ့ မြန်မာ့တပ်မတော်ဟာ “စစ်ခေါင်းဆောင်” ဆိုတဲ့ ဗိုလ်ချုပ် အမိန့်ပေးသမျှနဲ့ သူ့ရဲ့ အကျိုးစီးပွား၊ သူ့ရဲ့ အမြင်ဝါဒကလွဲရင် ဘယ်ပြည်သူ့မျက်နှာမှမထောက်၊ မငဲ့ညှာဘဲ “ဗိုလ်တေ” မာရင်ပြီးရောဆိုတဲ့ လုပ်ရပ်တွေ လုပ်နေတာ တွေ့ရပါတယ်။

တိုင်းပြည်ရဲ့ ပြဿနာများ၊ သဘောထား၊ အမြင်ကွဲလွဲမှုများကို လူလို သူလို မေတ္တာ ရှေ့ထားပြီး ရင်ကြားစေ့ဖို့၊ သင်ပုန်း ချေဖို့၊ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရဖို့ မလိုဘူးလို့ သဘောထားကြပုံ ရပါတယ်။ ဂေါတမ ဘုရား သားတော်တွေကိုတောင် စော်ကား မော်ကားနဲ့ ရက်ရက် စက်စက် နှိပ်ကွပ်တာ ဒီခေတ်သစ် ဒေဝဒတ် အမြင်ကြောင့်ပေါ့။

ဒီနေရာမှာ ကြီးနိုင်ငယ်ညှဉ်း စစ်ဝါဒနဲ့ စစ်ဝါဒီများကို ရွံရှာစက်ဆုပ်တာပါ။ စစ်သား စစ်ဗိုလ်တွေကို မုန်းဖို့ မလိုပါဘူး၊ မမုန်းသင့်ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ NLD ဦးကြည်မောင်၊ ဦးတင်ဦးတို့ကအစ ဗိုလ်ချုပ်ခင်ညွန့်တို့ ဗိုလ်ကြီးအုန်း ကျော်မြင့်တို့လို မျိုးချစ်စစ်သားတွေ အများကြီး ရှိခဲ့ပါတယ်၊ ရှိနေဆဲပါ။ စံနမူနာထားရမယ့် မျိုးချစ်တပ်မတော်သား တွေပါ။

ပဉ္စမ။ ။ စစ်တပ်အရာရှိများကို အနောက်နိုင်ငံများနဲ့ တွေ့ထိ ဆက်ဆံမှု အပေါ်ယံကျော ပေါင်းသင်းမှုမျိုး လုပ်ရုံနဲ့ စစ်အစိုးရရဲ့ ဉာဉ်နဲ့ ဗီဇ ပြောင်းလာမှာ မဟုတ်ပါဘူး။ ဒီလို အယူအဆမျိုးကို ကိုင်တွယ်ပြီး မြန်မာ့ရေးရာ ပေါ်လစီပြောင်းဖို့ တွန်းနေသူ၊ နိုင်ငံရေး နိဗ္ဗာန်ဆော်များ အနေနဲ့ အတိတ်မမေ့သင့်ဘူး လို့ ပြောချင်ပါတယ်။

၁၉၆၂ ခုနှစ် ဗိုလ်နေဝင်း ဒုတိယအကြိမ် အာဏာသိမ်းတုန်း ကတည်းက စပြီး ၈ လေးလုံး အရေးအခင်းကြီး ဖြစ်တဲ့အထိ အနောက်အုပ်စု နိုင်ငံများဟာ မြန်မာ့ တပ်မတော် နဲ့ စစ်ခေါင်းဆောင်များကို စစ်ရေး၊ နည်းပညာရေး၊ ငွေရေး အကူ အညီ အများကြီး ပေးခဲ့ပါတယ်။ မဆလ ဘုန်းမီးနေလ တောက်စဉ် ကာလက ဆိုရင် မြန်မာပညာရှင်များ၊ စစ်အရာရှိများ အများဆုံး လွှတ်ခဲ့တာ အနောက်အုပ်စု နိုင်ငံများကိုပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ခေတ်သစ် နိုင်ငံရေးသမိုင်းမှာ ဘယ်မြန်မာ ဗိုလ်ချုပ်မှ ဗိုလ်နေဝင်းလောက် အနောက်အုပ်စု နိုင်ငံများနဲ့ ပလူးပလဲ နေခွင့် မရခဲ့ပါဘူး။ ၁၉၆၂ အာဏာသိမ်းပွဲ အပြီးမှာတောင် ဗိုလ်နေဝင်းကို အမေရိကန် သမ္မတ အိမ်ဖြူတော်မှာ ကြိုဆိုမှု ရှိခဲ့ပါတယ်။ လန်ဒန် မှာလည်း အဲလဇ္ဇဘက် ဘုရင်မ ဗိုလ်နေဝင်းနဲ့ လက်ဖက်ရည် အတူသောက် စကားပြောဧည့်ခံတာ အားလုံး သိကြပါတယ်။ ဒီအာဏာရှင် စစ်ဗိုလ်ကြီးဟာ ဈေးကြီးတဲ့ ဝင်ဘယ်လ်တန်မှာ အိမ်ဝယ်ထား၊ စကော့တလန်မှာ ဂေါက်ကစား၊ လန်ဒန်က အကောင်းဆုံး ဆေးခန်းတွေမှာ တနှစ်တခါ နှာစေးချောင်းဆိုးစစ်၊ နောက် ဗီယင်နာမှာ စိတ်ရောဂါ အထူး ကု ဆရာဝန်ကြီးနဲ့ သူ့စိတ်ရူးကို ပြပြီးကု၊ ဂျနီဗာမှာထားတဲ့ သူ့ဘဏ်စာရင်းတွေကို ဝင်စစ်၊ လုပ်လေ့ရှိပါတယ်။

ဆဋ္ဌမ။ ။ နောက်ဆုံးနဲ့ ဆဋ္ဌမ ပြောရမယ့် အချက်ကတော့ ကျနော်တို့ မြန်မာ့လူ့အဖွဲ့အစည်း ယဉ်ကျေးမှု တရပ် လုံးနဲ့ ဆိုင်ပါတယ်။ ကိုယ့်ပေါင် ကိုယ်လှန်ထောင်း ရတာတော့ စိတ်မကောင်းပါဘူး။ ကျနော်တို့ ယဉ်ကျေးမှု စရိုက် ထဲမှာ အထက်နဲ့အောက် ဆက်ဆံရေးမှာ အထက်ဖား အောက်ဖိဆိုတဲ့ ဉာဉ်ဆိုးတွေ သိပ်များပါတယ်။ အတွေးအခေါ် လွတ်လပ်မှုကို သည်းမခံဘူး။ တန်ဖိုးမထားဘူး။ လူမျိုးရေးအစွန်းရောက်ဝါဒနဲ့ ကျဉ်းမြောင်းသေးသိမ်တဲ့ လူမျိုးရေး ယဉ်ကျေးမှု အမြင်တွေ တော်တော်များများ လူတွေမှာ တွေ့ရတယ်။ အဲဒီနောက် ပဒေသရာဇ်ရဲ့ နို့နံ့မစင်သေးတာတွေ ပဒေသရာဇ်ရဲ့ အပုပ်အသိုး အနံ့ဆိုးတွေ ကျနော်တို့ လူမှုအမြင်မှာ ဟောင်နေတုန်းပါပဲ။ ဒါတွေကို ပြတ်ပြတ်သားသား မြင်ဖို့လိုပါတယ်။

မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ဒေသမှာရှိတဲ့ ရိုဟင်ဂျာ လူမျိုးစုနဲ့ ပတ်သက်ပြီး အလွန်အမင်း အကျည်းတန်တဲ့ လူမျိုးရေး ရှုတ်ချမှု စကားတွေကိုပဲ နားထောင်ကြည့်ကြည့်၊ ပင်ကို အရည်အချင်းပေါ်ကျော်ပြီး မိသားစု၊ အဖေ၊ အမေ၊ အဘိုး၊ အဘွား မျိုးရိုးနာမည်ကို ပုံကြီးချဲ့ ဦးစားပေးတဲ့ ခေတ်နောက်ပြန်ဆွဲ ပဒေသရာဇ် ဉာဉ်နဲ့ ပြုမူပုံတွေကိုပဲ ကြည့်ကြည့် ကျနော်တို့ လူမှုအဖွဲ့အစည်းကြီးဟာ ယဉ်ကျေးမှုရေပုပ်၊ ရေသိုးတွေ ဆက်လက် သောက်သုံးနေသလိုပါပဲ။

ဒါကိုပြောင်းဖို့ဆိုတာ ပြင်ပကမ္ဘာနဲ့ ဒေသဝန်းကျင်မှာရှိတဲ့ ပွင့်လင်း တိုးတက်တဲ့ ယဉ်ကျေးမှု လူ့အဖွဲ့အစည်းများနဲ့ ထိတွေ့ဆက်ဆံမှုများကို နှစ်ရှည်လများ လုပ်မှပဲ ဖြစ်ပါလိမ့်မယ်။

မြန်မာနိုင်ငံရဲ့ ပြဿနာပေါင်း သောင်းခြောက်ထောင်ဟာ လူအများသိပြီး ဖြစ်ပါတယ်။ ပြည်သူတွေ ဆင်းရဲမွဲတေပြီး နိုင်ငံရေး နင်းပြားဘဝရောက်၊ နှိပ်စက်ခံနေရတာလဲ သက်သေသက္ကာယနဲ့ မှတ်တမ်းတွေ ရှိပါတယ်။

ကျနော်အပါအဝင် အတိုက်အခံ အများစုရဲ့ ထိထိရောက်ရောက် ဗျူဟာကျကျ မစဉ်းစားဘဲ တွန်းခဲ့တဲ့ “စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှု” လုပ်ရပ်ဟာ အနှစ် ၂၀ ရှိသွားပါပြီ။

အနောက်နိုင်ငံတွေရဲ့လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေး ကျယ်ကျယ် လောင်လောင် အော်တဲ့နောက် နားယောင်ပြီး လုပ်ခဲ့တာ တကြောင်းမို့ ယနေ့ ပြဿနာတွေရဲ့ အခြေအနေဟာ နိုင်ငံရေးနဲ့ စီးပွားရေးအရ နင်းပြားဘဝကို ရောက်လာ ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ ကာလမှာတော့ “လက်တွေ့ကျကျ လုပ်ဆောင်ခြင်း၊ ပြောဆို ရေးသားခြင်း သည်သာ စစ်မှန်သော တော်လှန်ရေး” လို့ အော်နေကြတာကို ကြားရမှာပါ။ ဒီရွှေဥာဏ်တော် အသစ်နဲ့ “မိမိသာမှန်၏၊ ပြည်သူ့ စီးပွားရေး ပြေလည် စေ၏” ဆိုပြီး ဗိုလ်ချုပ်ကြီးများ နိုင်ငံရေး ပလ္လင်ပေါ် ဆက်ထိုင်နိုင်အောင် ဘိသိက်ကူ သွန်းပေးပြီး “Reform” ခေါ် ပြုပြင် ပြောင်းလဲ ရေးလုပ် ဖို့ တွန်းနေသူ ခေတ်သစ် အခါတော်ပေးများ မှိုလိုပေါက်လာတာ တွေ့ရပါတယ်။ အနှစ် ၅၀ လုံးလုံး နိုင်ငံ ထူထောင်ဖို့ဆိုပြီး စစ်ဗိုလ်ချုပ်များ ပလ္လင်ပေါ် တက်ထိုင်ခဲ့တဲ့ ရလဒ်ကတော့ တိုင်းပြည် ချွတ်ခြုံကျပြီး သယံဇာတ တွေ ကုန်တာကလွဲရင် ဘာမှ အကောင်းပြစရာ မရှိဘူးဆိုတာ ဒီနိုင်ငံရေး အခါတော်ပေးကြီးများ မေ့နေပုံရပါတယ်။

ဒီစစ်ခေါင်းဆောင်များကို “ပြုပြင်ပြောင်းလဲရေးသမား” များ အထင်မှတ်ပြီး ပုခုံးငှားတွေနဲ့ ပလ္လင်ပေါ် တွန်းတင်နေကြ တာ တိုင်းပြည်ကို ရေတိမ်ရော ရေနက်မှာပါ မြှုပ်သတ်တာနဲ့ အတူတူပါပဲ။

လက်ရှိ နိုင်ငံရေး ရေပေါ်စီ လူတစုရဲ့ အပေါ်စီးက တွန်းပေးနေတဲ့ အနီးကပ် ဆက်ဆံတွေ့ထိမှု မူဝါဒသစ် ဗျူဟာသစ် ဟာ စဉ်းစားမှုဘောင် ကျဉ်းကျဉ်းလေးထဲက လာတာဖြစ်ပါတယ်။ အဆိုးဆုံးကတော့ ဒီဗျူဟာထဲမှာ အာဏာရှင်တွေနဲ့ အာဏာရှင်စနစ်တွေ ဘယ်လိုပြောင်းလဲတယ်။ ဘယ်လို ဇာတ်သိမ်းကြတယ်ဆိုတာကို မျက်ကွယ်ပြုထားတဲ့ အချက် ပါ။

ဒီပုံစံမျိုး၊ ဒီလိုအတွေးအခေါ်မျိုးနဲ့ ယခုကာလမှာ ပေါ်ပင်ဖြစ်လာတဲ့ “အနီးကပ် ထိတွေ့ ဆက်ဆံမှု” ဗျူဟာနဲ့ ဝါဒဟာ ပြည်သူကို စီးပွားရေး ပြာပုံထဲက ထုတ်နိုင်ဖို့အလားအလာ မရှိသလို နိုင်ငံရေး အရလည်း တိုးတက်မှုအတွက် အထောက်အကူ မပြုစေပါဘူး။

တဖက်သတ် စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှုကို ကျားလို့ သဘောထားရင် ဖုတ်ပူမီးတိုက် ဖော်မြူလာထုတ်ထားတဲ့ “အနီးကပ် ထိတွေ့ဆက်ဆံမှု” ဗျူဟာနဲ့ဝါဒသစ်ကို ရှင်ကြီးလို့ သဘောထားသင့်ပါတယ်။ ကျနော်တို့ မြန်မာပြည်သူ တွေကို ရှင်ကြီးကြောက်လို့ ကျားကိုး ရှင်ကြီး ကျားထက်ဆိုးဆိုတဲ့ အနေအထား ရောက်အောင် ဦးပုည လက်သစ်များ မလုပ်သင့်ကြောင်း ဒီနေရာက သတိပေးလိုက်ပါတယ်။ ဒါပါပဲ။




Read More...

KIO ထိပ်တန်းခေါင်းဆောင် ၅ဦး တာဝန်မှနားပြီး ပါတီသစ် ထောင်မည်

06 September 2009

ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (KIO)က ထိပ်ပိုင်း ခေါင်းဆောင် ၅ဦးဟာ ၂၀၁၀ မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ဖို့ အတွက် ပါတီ ဖွဲ့စည်းကြမှာ ဖြစ်တာကြောင့် KIOအဖွဲ့ကနေ နှုတ်ထွက်ခွင့် ပြုလိုက်ပါတယ်။ ဒေါက်တာ တူးဂျာ အပါအ၀င် ကေအိုင်အို ခေါင်းဆောင်ဟောင်း တွေဟာ ကချင်ပြည်နယ်က အခြားနိုင်ငံရေး အဖွဲ့အစည်းတွေ၊ နိုင်ငံရေး စိတ်ဝင်စားသူတွေနဲ့ ပူးပေါင်းပြီး နိုင်ငံရေး ပါတီတရပ် ထူထောင်သွားမှာ ဖြစ်ပါတယ်။ သတင်း အပြည့်အစုံကို ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြတာဖြစ်ပါတယ်။
KIOအဖွဲ့ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ နှုတ်ထွက်လိုက်တဲ့ အကြောင်းကို မနေ့က KIO ဌာချုပ် လိုင်ဇာမြို့မှာ ကျင်းပတဲ့ လူထု အစည်းအဝေးမှာ တရားဝင် ကြေညာခဲ့တာ ဖြစ်ပါတယ်။

KIO လူကြီး၅ယောက်ဟာ ပါတီနိုင်ငံရေးကို ပါဝင်ဆောင်ရွက် လိုတာကြောင့် နှုတ်ထွက်ခွင့် ပေးတာ ဖြစ်တယ်လို့ ဒေါက်တာ တူးဂျာ က အခုလို ပြောပါတယ်။

"ကျွန်တော်တို့က မြို့ပေါ်ထွက်ပြီးတော့ မြို့ပေါ် နိုင်ငံရေးကို လွတ်လွတ် လပ်လပ် လုပ်ချင်လို့ ကျွန်တော်တို့ အဖွဲ့ အစည်းက ထွက်ခွင့် တောင်းတာပါ။ အဲဒါကို လူကြီးတွေက လက်ခံခဲ့ပြီး ခွင့်ပြုတာပေါ့။ အဲဒါ ထုတ်ပယ်လိုက်တဲ့ သဘော၊ အဲဒီလို အဓိပ္ပာယ်မျိုးတော့ မဟုတ်ဘူးဗျ၊ ကျွန်တော်တို့ရဲ့ တောင်းဆိုမှုပေါ်မှာ သူတို့က စဉ်းစားပေးခဲ့တာပါ ခင်ဗျ။ ကျွန်တော်တို့ ၅ယောက် အခု လောလောဆယ်တော့။ တရားဝင်ကတော့ မြို့ပေါ်က လူကြီးတွေ အားလုံး ၃၀၀ကျော် ပေါ့ဗျာ၊ အစည်းအဝေး လုပ်တယ်။ အဲဒီမှာ တရားဝင် ကြေညာ ပေးလိုက်တာပေါ့။"

အခုလို နှုတ်ထွက်သူတွေ ကတော့ ဒုတိယ ဥက္ကဋ္ဌ(၂) ဒေါက်တာတူးဂျာ၊ တွဲဘက် အထွေထွေ အတွင်းရေးမှုး ဦးအင်ဂျာနော်ရစ်၊ ဦးမွန်ခေါင်၊ ဦးဇောင်ဖန်းနဲ့ ဦးလဇွန်တန်တို့ ဖြစ်ပါတယ်။

အခုလို နှုတ်ထွက်လိုက်တဲ့ KIO ခေါင်းဆောင်တွေဟာ အခြား ကချင်ပြည်နယ် အတွင်းက နိုင်ငံရေး အင်အားစုတွေနဲ့ ပူးပေါင်းပြီး ကချင်ပြည်နယ် တိုးတက်ရေး ပါတီကို ဖွဲ့စည်းဖို့ ပြင်ဆင်နေပြီ ဖြစ်တယ်လို့ ဒေါက်တာတူးဂျာက ဆက်ပြော ပါတယ်။

"ကျွန်တော်တို့ မြို့က လူတွေနဲ့ အားလုံး သွားပြီး ပေါင်းပြီး ပါတီတရပ် ထူထောင်ဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ ကချင် ပြည်နယ် တိုးတက်ရေးပါတီ ဆိုတာကို ထူထောင်ဖို့ အခု ပြင်ဆင်နေတာပေါ့။ ကချင်ပြည်နယ် တိုးတက်ရေး ပါတီမှာတော့ လူမျိုးဘာသာ မခွဲခြားပေါ့ဗျာ ပါဝင်လို့ ရတာပေါ့။ အဲဒီမှာ NDA-K အဖွဲ့ကလည်း သူတို့ ကျွန်တော်တို့လို အဖွဲ့အစည်းက ထွက်ပြီး ပါမယ်ဆို ပါလို့ရတယ်။ ဘယ်အဖွဲ့အစည်းက မဆို မိခင် အဖွဲ့အစည်းကနေ ထွက်ပြီးတော့ အရပ်သား တယောက် အနေနဲ့ ပါဝင်လို့ရတယ်။ ကျွန်တော်တို့ အဖွဲ့အစည်း ကိုယ်စားလှယ် အနေနဲ့တော့ မရဘူးခင်ဗျ။ "

ယခုဖွဲ့စည်းဖို့ ပြင်ဆင်နေတဲ့ ကချင်ပြည်နယ် တိုးတက်ရေး ပါတီကို ၂၀၁၀ ရွေးကောက်ပွဲ အတွက် ပါတီတွေ ဖွဲ့စည်းခွင့် ပြုတဲ့ အချိန်ကျမှ တရားဝင် မှတ်ပုံတင် ဖွဲ့စည်းသွားမှာ ဖြစ်ပါတယ်။

ကချင်ပြည်နယ်တိုးတက်ရေး ပါတီဟာ KIO၊ NDA-K ခေါ် ဒီမိုကရေစီသစ် တပ်မတော်- ကချင် နဲ့ ကချင် အတိုင်ပင်ခံ ကောင်စီ အဖွဲ့ဝင်တွေ ပူးပေါင်းပြီး အရင်နှစ် ဇွန်လအတွင်းက ဖွဲ့စည်းခဲ့တဲ့ ကချင်ပြည်နယ် အသွင် ကူးပြောင်းရေး ကာလ နိုင်ငံရေး ဦးဆောင်အဖွဲ့ကို အခြေခံ ဖွဲ့စည်းမှာ ဖြစ်ပါတယ်။

ဒေါက်တာတူးဂျာနဲ့ အဖွဲ့က ဒီလို နိုင်ငံရေး ပါတီဖွဲ့စည်းဖို့ ပြင်ဆင် နေချိန်မှာ KIO အဖွဲ့ မြန်မာ စစ်အစိုးရက ကမ်းလှမ်းထားတဲ့ နယ်ခြားစောင့်တပ်ဖွဲ့ အဖြစ် အသွင် ကူးပြောင်းရေးနဲ့ ပတ်သက်ပြီး မနေ့က သူတို့ ဌာနချုပ် လိုင်ဇာမြို့မှာ လူထု အစည်းအဝေး တရပ် ကျင်းပခဲ့ပါတယ်။ ဒီအစည်းအဝေးကို ဒေသအသီးသီးက ဘာသာရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့အစည်းတွေက ခေါင်းဆောင် ၃၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။

ဒီလူထုစည်းဝေးပွဲမှာတော့ ကချင်ပြည် လွတ်လပ်ရေး တပ်မတော်(KIA) အသွင် ကူးပြောင်းရေးကို မူအားဖြင့် လက်ခံကြောင်း၊ ဒီလို အသွင်ပြောင်းရင် KIA စစ်တပ်ကို သာမက ပါတီနဲ့ ဌာနဆိုင်ရာတွေကို အသွင်ပြောင်းဖို့ လိုလားကြောင်းနဲ့ ဒီလို အသွင် ကူးပြောင်းတာကို ၂၀၁၀ ရွေးကောက်ပွဲ အပြီး ဖြစ်ပေါ်လာတဲ့ အစိုးရနဲ့ အပြီးသတ် ညှိနှိုင်း ဆွေးနွေးလိုကြောင်း ဆုံးဖြတ်ခဲ့တယ်လို့ ဒေါက်တာတူးဂျာက ပြောပါတယ်။ နောက် ဒီအစည်းအဝေးကို တက်ရောက် လာသူတွေနဲ့ KIO အဖွဲ့ဝင်တွေက ငြိမ်းချမ်းရေးကို ဆက်လက် ထိန်းသိမ်းပြီး ညှိနှိုင်း ဆွေးနွေး သွားလိုကြောင်း ဆန္ဒ ထုတ်ဖော်ခဲ့ပါတယ်။

KIO ကိုယ်စားလှယ်တွေနဲ့ မြန်မာစစ်တပ်က ကိုယ်စားလှယ်တွေက KIA ကို နယ်ခြားစောင့်တပ် အသွင် ပြောင်းရေးနဲ့ ပတ်သက်ပြီး ဒီကနေ့ မြစ်ကြီးနားမြို့မှာ တွေ့ဆုံ ဆွေးနွေးဖို့ ပြင်ဆင်ခဲ့ပေမဲ့ မြန်မာ စစ်အစိုးရဘက်က နောက်တပတ်အတွင်း တွေ့ဆုံဖို့ ရက်ရွှေ့ပြောင်းခဲ့ပါတယ်။

KIAကို နယ်ခြားစောင့်တပ်အသွင် ပြောင်းရေးနဲ့ ပတ်သက်ပြီး KIO နဲ့ မြန်မာ စစ်အစိုးရ အကြား ၇ကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ဖြစ်ပေမဲ့ ပြီးပြတ်တဲ့ သဘောတူညီချက်တော့ မရသေးပါဘူး။

Ref: VOA News



Read More...

Sunday, September 6, 2009

တိုက်ပွဲများ ဖြစ်လာနိုင်ကြောင်း KNU ပြောဆို

ကျော်ခ
စနေနေ့၊ စက်တင်ဘာလ 05 ရက် 2009 ခုနှစ် 19 နာရီ 23 မိနစ်

မဇ္ဈိမ (ချင်းမိုင်)။ ။ DKBA တပ်နှင့် နအဖ စစ်အစိုးရတပ်များ နေရာ ချဲ့ထွင်လာပြီး KNU တပ်မဟာ ၆ နယ်မြေ၌ အခိုင်အမာ နေရာချရန် စီစဉ် နေခြင်းကြောင့် တိုက်ပွဲများ ဖြစ်လာနိုင်ကြောင်း KNU အဆိုအရ သိရသည်။

ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေအတွင်းရှိ မဲ့ကသာရွာတွင် ယခုလ ၂ ရက်နေ့က ဗိုလ်အေဝမ်းနှင့် ဗိုလ်စိုးမိုး ခေါင်းဆောင်သည့် အင်အား ၄ဝ ကျော်ရှိ DKBA တပ်များ ဝင်ရောက် နေရာယူခဲ့ကြပြီး ၎င်းတို့ကို ထောက်ကူရန် ဗိုလ်မှူးမြတ်ထွန်းအေး ဦးဆောင်သည့် အင်အား ၅ဝ ခန့်ရှိ ခလရ ၂၈၃ လည်း လိုက်ပါလာကြောင်း သိရခြင်း ဖြစ်သည်။ ဗိုလ်အေဝမ်း ခေါင်းဆောင်သည့် DKBA တပ်ဖွဲ့ဝင်များသည် မဲ့ကသာရွာသို့ ရောက်ရှိလာပြီး ရွာသားများအား လုပ်အားပေး ခေါ်ဆောင်၍ စစ်တိုက်ရာတွင် အသုံးပြုသည့် ခံတုတ်ကျင်းများ တူးခိုင်းနေသည်။

“ဒီတခါတော့ သူတို့ ခံတုတ်ကျင်းတွေ တူးပြီးတော့ အခိုင်အမာ တည်မယ့်ပုံ ရှိတယ်။ တကယ်လို့ သူတို့ အဲဒီမှာ အခိုင်အမာ ယူမယ်။ ရန်သူတပ်ကလည်း နောက်က ပါလာမယ် ဆိုရင်တော့ သူတို့ ထိုးစစ် လုပ်လာတဲ့ အပေါ်မှာ ကျနော်တို့ ဘက်ကတော့ တန်ပြန်ပြီးတော့ ပြောက်ကျားနဲ့ ခုခံပစ်မယ်။ အခွင့်သာရင် သာသလိုပေါ့ဗျာ။ ချေမှုန်းစစ် လုပ်မှာပေါ့” ဟု KNU အတွင်းရေးမှူး (၁) ဗိုလ်မှူး စောလှငွေက မဇ္ဈိမကို ပြောသည်။

မဲ့ကသာဒေသ တဝိုက်တွင် တန်းဖိုးကြီး သဘာဝဘေးမဲ့ သစ်တောများရှိပြီး စစ်အစိုးရက DKBA တပ်မှူး ဗိုလ်နှုတ်ခမ်းမွှေးအား သစ်တန်ချိန် ၅ဝဝဝ ထုတ်လုပ်ခွင့် ပေးသည့်သတင်း ကြားရကြောင်း သူက ပြောသည်။

KNU တပ်မဟာ ၆ အတွင်း၌ ယင်းကဲ့သို့ စစ်ပြင်နေမှုများ မပြုလုပ်မီ ပြီးခဲ့သည့်လ ၃၁ ရက်နေ့တွင် ဘားအံခရိုင် တပ်မဟာ ၇ နယ်မြေ အတွင်း၌ KNU နှင့် DKBA တပ်များအကြား တိုက်ပွဲ ဖြစ်ပွားခဲ့ရာ DKBA ဘက်မှ ၁ ဦးကျဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့ကြောင်း DKBA တပ်ရင်းမှူး တဦးက ဆိုသည်။

DKBA အနေဖြင့်မူ ထိုးစစ်ဆင်ရန် အထက်အမိန့် မရသေးသော်လည်း KNU ဘက်က စစ်ရေးသိက္ခာ ပြန်ဆယ်လိုသည့် အနေဖြင့် နယ်မြေ စိုးမိုးရေး တိုက်ပွဲများ ပြန်ဆင်လာနိုင်ကြောင်းနှင့် လက်ရှိ အနေအထားတွင် စစ်ရေးအရ တင်းမာမှုများ ရှိနေကြောင်း သူက ဆက်ပြောသည်။

“သူတို့ ပိုပြီးလှုပ်ရှားနိုင်တယ်လို့ ယူဆတယ်။ သူတို့ကလည်း နယ်မြေ လက်လွှတ် ဆုံးရှုံးရတယ်လေ။ အဲဒီ ဆုံးရှုံးရတဲ့ နယ်မြေကို တနည်းနည်းနဲ့ ပြန်တိုက်ချင်တဲ့ သဘော ရှိတာပေါ့။ ဒါပေမဲ့ ကျနော်တို့ အရင် စပြီးတော့ ပြန်ပြီး လုပ်ဖို့တော့ အထက်က အမိန့် ဘာမှ မလာသေးဘူး” ဟု DKBA တပ်ရင်းမှူးက မဇ္ဈိမကို ပြောသည်။

KNU တပ်မဟာအမှတ် ၇ နှင့် ၆ အား စစ်အစိုးရတပ်က DKBA နှင့် ပူးပေါင်း၍ တိုက်ခိုက်နှိမ်နှင်းနိုင်ရန် ကြိုးစားနေခြင်းသည် နိုင်ငံရေးရည်ရွယ်ချက်လည်း ပါဝင်ကြောင်း ဗိုလ်မှူးစောလှငွေက ပြောသည်။

“ဒါက ၂ဝဝ၈ ဖွဲ့စည်းပုံကို အတည်ဖြစ်စေမယ့် ၂ဝ၁ဝ ရွေးကောက်ပွဲမှာ သူတို့ အပိုင်အနိုင် ရဖို့ဆိုရင် သူတို့ ဖွဲ့စည်းပုံထဲမှာ ရေးထားတဲ့ အတိုင်းပေါ့ဗျာ။ သူတို့ကို မနှောင့်ယှက်နဲ့ပေါ့ဗျာ။ အဓိက အင်အားစု တွေကိုတော့ ဆိုက်ဝါး Psy*-*War အရရော၊ လက်တွေ့အရရော ပိုပြီးတော့ မလှုပ်နိုင်အောင် သူတို့က လုပ်မှာပဲ။ ဒါကတော့ နိုင်ငံရေး ရည်ရွယ်ချက်လို့ ပြောရမှာပဲ” ဟု သူက ပြောဆိုသည်။

ကရင်အမျိုးသားအစည်းအရုံး KNU မှ ဦးသာထူးကျော် ခေါင်းဆောင်သည့် ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် DKBA သည် ၁၉၉၄ ခုတွင် ခွဲထွက်ခဲ့ပြီး လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူရွာတွင် အခြေစိုက်ထားသည်။

KNU အတွင်းသို့ လာရောက်ပူးပေါင်းမည့် DKBA တပ်ဖွဲ့ဝင်များအား ၎င်းတို့၏ ရာထူး တာဝန်များ အတိုင်း တာဝန် ထမ်းဆောင်ခွင့် ပေးနိုင်ရေး အတွက် တပ်မဟာ ၆ နယ်မြေဖြစ်သည့် ကရင်ပြည်နယ် ဒူပလာယာ ခရိုင်အတွင်းရှိ KNU ၏ တပ်မတော် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA တပ်ရင်း ၁၆ နှင့် ၁၇ ရှိ တပ်မှူးအချို့ အကြား ဆက်သွယ် ညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း ပြီးခဲ့သည့်လ ၁၈ ရက်နေ့တွင် KNLA အရာရှိတဦးက မဇ္ဈိမကို ပြောဆိုခဲ့သည်။

Ref: မဇ္ဈိမ

Read More...

အပေါ်သို့