..............................

Saturday, October 17, 2009

ရွေးကောက်ပွဲ သပိတ်မှောက် ဆန့်ကျင်မှုများ ပေါ်ပေါက်နိုင် ဟု ဦးဝင်းတင် ပြောကြား

NEJ / ၁၆ အောက်တိုဘာ ၂၀၀၉

ရွေးကောက်ပွဲအကြိုကာလနှင့် ရွေးကောက်ပွဲလွန်ကာလများတွင် နအဖ အနေဖြင့် လုပ်ဆောင်ရမည့် ကိစ္စများကို မလုပ်ဆောင်ပါက ရွေးကောက်ပွဲ ဆန့်ကျင်မှုများ ပေါ်ပေါက် လာနိုင်သည်ဟု ဥရောပ သံတမန် အဖွဲ့ကို အန်အယ်လ်ဒီက ပြောကြားခဲ့ကြောင်း သိရသည်။

အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အဖွဲ့ဝင် (၆) ဦးနှင့် ဥရောပသမဂ္ဂ (အီးယူ) မှ ကိုယ်စားလှယ် (၂၀) ခန့် ပါဝင်သည့် ဥရောပ သံတမန် အဖွဲ့တို့ အောက်တိုဘာ (၁၄) ရက်တွင် ရန်ကုန်မြို့ အန်အယ်လ်ဒီ ရုံးချုပ်၌ တွေ့ဆုံရာတွင် ပြောကြားခဲ့ကြောင်း အန်အယ်လ်ဒီ ဗဟို အလုပ်အမှုဆောင် ကော်မတီ အဖွဲ့ဝင် တဦးဖြစ်သူ ဦးဝင်းတင်က ခေတ်ပြိုင်သို့ ပြောသည်။

ဥရောပသံတမန်အဖွဲ့က အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် ကော်မတီ အဖွဲ့ဝင်များနှင့် တွေ့ဆုံကာ လက်ရှိ မြန်မာနိုင်ငံ အခြေအနေနှင့် ပတ်သက်၍ မေးမြန်းခဲ့ရာတွင် အန်အယ်လ်ဒီ ပါတီ အနေဖြင့် လာမည့် ၂၀၁၀ ရွေးကောက်ပွဲ ကာလအတွက် ရှေ့ဘာဆက်လုပ်မည် ဆိုသည်ကိုလည်း ထည့်သွင်း မေးမြန်းခဲ့ကြောင်း ဦးဝင်းတင်က ပြောသည်။

၎င်းက “ကျနော်တို့ ပြောဆိုဆွေးနွေးတဲ့ထဲမှာ တခုပါတယ်ဗျ။ ခင်ဗျားတို့ ဘာလုပ်မှာလဲ ဆိုတာ ပါတယ်ဗျ။ ရွေးကောက်ပွဲ ကာလ ပေါ့ဗျာ။ မကြာခင်မှာ မှတ်ပုံတင် ကိစ္စ ပေါ်လာတော့မယ်၊ ရွေးကောက်ပွဲ ဥပဒေဆိုတာ ပေါ်မယ်။ နောက်တခုက ရှေ့မှာ ဘာရှိမလဲ ဆိုတော့ အခြေခံ ဥပဒေကို ပြောင်းပေး ပြင်ပေးဆိုတဲ့ လုပ်ငန်း တခု ရှိမယ်ပေါ့ဗျာ။ နောက်တခါ အဲဒါပြီးရင်တော့ ရွေးကောက်ပွဲပေါ့” ဟု ပြောသည်။

အထက်ဖော်ပြပါအဆင့်များတွင် ရွေးကောက်ပွဲမတိုင်မီ အကြို ကာလတွင် all inclusive ဆိုသည့် အနေအထားကြောင့် အန်အယ်လ်ဒီကို ဘေးဖယ် ထုတ်ခြင်းမျိုး၊ လက်မခံနိုင်သည့် ပါတီ မှတ်ပုံတင် ဥပဒေမျိုး ထုတ်လိမ့်မည်ဟု မယူဆကြောင်း တင်ပြခဲ့သည်ဟု ဦးဝင်းတင်က ပြောသည်။

“နောက်တခုက ဒေါ်စုကိုလည်း ရွေးကောက်ပွဲက ဖယ်မထုတ်ကြပါနဲ့၊ all inclusive ဆိုတာဟာ တကမ္ဘာလုံးက အော်နေတဲ့ တောင်းဆိုချက် ဖြစ်နေတဲ့ အတွက် ဒေါ်စုကိုလည်း ရွေးကောက်ပွဲ မ၀င်နိုင်အောင် အဲလို စည်းကမ်း ဥပဒေမျိုး ပါကောင်းမှ ပါလိမ့်မယ်လို့ ယူဆတယ် ပေါ့ဗျာ။ ဒါဆို နောက်တခုက အခြေခံ ဥပဒေ ပြင်ဆင်ရေး ကိစ္စ ရောက်မယ်။ သူတို့ကလည်း ကျနော်တို့ တောင်းသလို ပြင်ပေးပါ၊ ဖျက်ပေးပါ၊ ပြောင်းပေးပါတို့ ဆိုတာတွေကို သူတို့ မလုပ်ဘူးဗျ။ အဲလိုဆို လုပ်စရာလမ်းက ဘာတလမ်းပဲ ရှိသလဲဆိုရင် တွေ့ဆုံ ဆွေးနွေးရေး စားပွဲပေါ်ကို အဲဒီ ကိစ္စတွေ တင်ဖို့ပဲ ရှိတော့တယ်။ အခြေခံဥပဒေ ပြင်ဆင် ပြောင်းလဲရေး ကိစ္စကို တွေ့ဆုံ ဆွေးနွေးရေး စားပွဲပေါ် တင်ဖို့ပဲ ရှိတော့တယ်” ဟု ၎င်းက ပြောသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဥပေဒေပြောင်းလဲရေး ကိစ္စ တခုတည်း၊ အန်အယ်လ်ဒီ၏ ကိစ္စ တခုတည်း မဟုတ်ဘဲ အမျိုးသားရေး ကိစ္စများကို ဆွေးနွေးရမည် ဖြစ်ပြီး အမျိုးသား ပြန်လည် သင့်မြတ်ရေး တွေ့ဆုံ ဆွေးနွေးပွဲ ဖြစ်ရမည်ဟု ဦးဝင်းတင်က ပြောသည်။

တိုင်းရင်းသားကိစ္စများ၊ ငြိမ်းချမ်းရေးအဖွဲ့များ၏ ကိစ္စများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် နိုင်ငံရေး အကျဉ်းသား ကိစ္စများ၊
ပြည်သူ လူထုကြား ကြုံတွေ့နေရသည့် မတရားမှု၊ ဖိနှိပ်ချုပ်ချယ်မှု၊ ဥပဒေနှင့်ပိတ်ပင်မှု၊ သတင်းစာ လွတ်လပ်မှု စသည့် ရွေးကောက်ပွဲ အကြိုကာလတွင် လုပ်ရမည့်ကိစ္စများ ပါဝင်ရမည်ဟု ၎င်းက ဆက်လက်ပြောသည်။

“သို့သော် အဲဒီကိစ္စတွေကို လုံးဝမစဉ်းစားဘဲ တွေ့ဆုံ ဆွေးနွေးရေးလည်း မရှိဘဲနဲ့ ရွေးကောက်ပွဲကို အတင်း ဇွတ်ဆွဲခေါ်မယ် ဆိုရင် ဆိုပါတော့ဗျာ ကျနော်သုံးတဲ့ စကားဆိုရင် ရွေးကောက်ပွဲ တင်းကုပ်ကို ကျနော်တို့ကို နဖားကြိုးဆွဲလို့ ဖြစ်ဖြစ်၊ မြက်ကျွေးလို့ ဖြစ်ဖြစ် အတင်းခေါ်မယ် ဆိုရင်တော့ လူထုကလည်း ခံနိုင်မှာ မဟုတ်ဘူး။ ကျနော်တို့လည်း မခံနိုင်ဘူး။ အဲလိုဆိုရင်တော့ ကျနော်တို့ဟာ ရွေးကောက်ပွဲကို သပိတ်မှောက်တဲ့ ကိစ္စမျိုးတွေ သို့မဟုတ် လူထု အင်အားနဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ ဟာတွေ ပေါ်လာနိုင်တယ်လို့ ကျနော်တို့ တခုပြောပါတယ်။ ရွေးကောက်ပွဲ အကြို ကာလမှာပါ” ဟု ဦးဝင်းတင်က ရှင်းပြသည်။

အန်အယ်လ်ဒီက ရွေးကောက်ပွဲဝင်သည့်အနေအထားတွင် မရှိခြင်း၊ တရားဝင်ပါတီ အနေဖြင့် ရပ်တည်နိုင်ရေး မနိုင်ရေး ကိစ္စများ ရှိနေခြင်းကြောင့် ရွေးကောက်ပွဲလွန် ကာလတွင်လည်း ပေါ်ပေါက်လာမည့် လွှတ်တော်၊ အသက်ဝင်လာမည့် အခြေခံဥပဒေ စသည်တို့ကို ပြည်သူများ၊ ဒီမိုကရေစီ အင်အားစုများ၊ တိုင်းရင်းသား လူမျိုးစုများက လက်ခံနိုင်မည့် အနေအထား မရှိကြောင်း ၎င်းက သုံးသပ်ပြသည်။

“အဲလိုအခါမျိုးမှာလည်း ရွေးကောက်ပွဲအကြို ကာလတုန်းက သပိတ် လက်နက်တို့၊ လူထုဆန္ဒ ဖော်ထုတ်မှု တို့လို လှုပ်ရှားမှု သဏ္ဌာန်မျိုးနဲ့ ဆန့်ကျင်မှု စတာတွေတော့ ပေါ်နိုင်တယ်လို့ ပြောလိုက်တဲ့ အချက်ရှိပါတယ်” ဟု ဦ၀င်းတင်က ပြောသည်။

၎င်းကဆက်လက်ပြီး အန်အယ်လ်ဒီအနေဖြင့် စုစုစည်းစည်းဖြင့် ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို မမေ့ဘဲ၊ မစွန့်ပယ်ဘဲ ယင်းရလဒ်ကို ကိုင်စွဲပြီး ဆက်လက် တိုက်ပွဲ ၀င်သွားရန် လိုအပ်ကြောင်း ပြောကြားသည်။

“၁၉၉၀ ရွေးကောက်ပွဲကို မေ့လို့မရဘူး။ ဒါကိုလည်း ကျုပ်တို့က မမေ့နိုင်ဘူး၊ မပစ်ပယ်နိုင်ဘူး ဆိုတဲ့ သဘောနဲ့ အဲဒါကို မဏ္ဍိုင်ပြုပြီးတော့ လှုပ်ရှားမယ်လို့ ကျနော်ကတော့ ထင်နေတယ်ဗျ။ ပုံသဏ္ဌာန်အားဖြင့် ကျနော် မှန်းလို့ ရတာကတော့ ဆန္ဒပြမှုတွေ၊ သပိတ်တွေ၊ ကန့်ကွက်မှုတွေဟာ ရွေးကောက်ပွဲ အကြို ကာလမှာလည်း ပေါ်လာလိမ့်မယ်၊ ရွေးကောက်ပွဲ အလွန် ကာလမှာလည်း ပေါ်လာလိမ့်မယ် လို့တော့ ထင်မြင်မိတယ်။ ဒါကြောင့်လည်း အီးယူကို ပြောတဲ့ အထဲမှာ ဒီအချက် ပါပါတယ်” ဟု ဦးဝင်းတင်က ပြောသည်။

Ref: ခေတ်ပြိုင်

Read More...

Friday, October 16, 2009

ပါတီညီလာခံကိစ္စ NLD ခေါင်းဆောင်များ သဘောထားကွဲ

15 October 2009

မြန်မာပြည်တ၀န်း NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တွေက နိုင်ငံလုံး ဆိုင်ရာ ပါတီ ညီလာခံ တရပ် ခေါ်ယူပေးဖို့ တောင်းဆို ထားကြပါတယ်။ ဒီအချိန်မှာ နိုင်ငံလုံးဆိုင်ရာ ပါတီ ညီလာခံ တရပ်ကို ခေါ်ယူဖို့ ဘာကြောင့် လိုအပ်တာပါလဲ၊ အဖွဲ့ချုပ် ခေါင်းဆောင် တချို့ရဲ့ ဒီအပေါ်မှာ သဘောထား ဘယ်လို ရှိလဲဆိုတာ မအေးအေးမာက ဆက်သွယ် မေးမြန်းပြီး တင်ပြ ပေးထားပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံ တရပ် ခေါ်ယူပေးဖို့ အတွက် တိုင်းနဲ့ ပြည်နယ် အသီးသီးက မြို့နယ်တွေရဲ့ တောင်းဆိုမှု တွေကို ဗဟို CEC က လက်ခံ ထားပေမဲ့ လက်ရှိ အခြေအနေ အရ မလိုအပ်သေးဘူးလို့ သုံးသပ်မှုတွေ ရှိသလို ဒါဟာ အမှန်တကယ် လိုအပ်ချက် ဖြစ်ကြောင်းကိုလည်း သုံးသပ်မှုတွေ ရှိနေပါတယ်။

CEC အဖွဲ့ဝင် တဦးဖြစ်တဲ့ ဦးခင်မောင်ဆွေကတော့ လက်ရှိ ကာလမှာ အခုလို နိုင်ငံလုံး ဆိုင်ရာ ညီလာခံတရပ် ခေါ်ဖို့ကိစ္စဟာ မလိုအပ် သေးဘူးလို့ ဆိုပါတယ်။

“သာမန်ကိစ္စတခုအပေါ်မှာ ကျနော်တို့ ခေါ်ပေးလို့ မရပါဘူး။ နိုင်ငံလုံးကျွတ် ညီလာခံကို သူတို့ အနေနဲ့ ဘာကြောင့် ခေါ်ချင်တယ် ဆိုတာလည်း ရေးသားထားတာ မရှိပါဘူး။ ဘာအတွက်ကြောင့် နိုင်ငံလုံးကျွတ် ညီလာခံကြီး ခေါ်ချင်တာလဲ ဆိုတဲ့ အကြောင်းအရာ မပါပါဘူး ခင်ဗျ။ ကျနော်တို့ နိုင်ငံရေးပါတီတွေ အနေနဲ့ နိုင်ငံရေး အလှည့် အပြောင်းကြီး တခုခု ဖြစ်တဲ့ အခါမျိုးမှသာ နိုင်ငံလုံးကျွတ် ညီလာခံကြီး ခေါ်ရတာ ဖြစ်ပါတယ်။ ခေါ်ချင်တိုင်း ခေါ်လို့ရတဲ့ အနေအထားမျိုးလည်း မဟုတ်ပါဘူး။ ဘာအကြောင်း အရာကြောင့် ခေါ်စေချင်တယ် ဆိုတာ မပါပါဘူး။

“နံပါတ် ၂ လုပ်နည်းလုပ်ဟန် မှားနေပါတယ်။ ဒီမိုကရေစီ ကျင့်စဉ်နဲ့ ညီညွတ်စွာ ပို့လာတာ မဟုတ်ပါဘူး။ နံပါတ် ၃ နိုင်ငံရေး အရ အရေးတကြီး လိုအပ်နေတဲ့ အချိန် မဟုတ်ပါဘူး။ ဒါကြောင့်မို့ ဗဟိုက သူတို့ တင်ပြတာတွေကို ကြားနာမှတ်သားပြီး လက်ခံထားပါတယ်။ ပယ်ချတာ မဟုတ်ပါဘူး။”

CEC အဖွဲ့ဝင် တဦးဖြစ်တဲ့ ဦးဝင်းတင်ကတော့ ဒါဟာ အမှန်တကယ် လိုအပ်ချက်လို့ ပြောဆို လိုက်ပါတယ်။

“ဒီကိစ္စဟာ ဒီလိုအချိန်အခါမျိုး၊ ဒီလိုအနေအထားမျိုးနဲ့ အရေးကြီးတဲ့ စဉ်းစားချက်၊ အရေးကြီးတဲ့ ခြေလှမ်းတခု ဖြစ်တယ် ဆိုတာတော့ သတ်မှတ် ရမယ်လို့ ကျနော်က ယူဆတယ်။ ဘာဖြစ်လို့ ယူဆလဲ ဆိုတော့ ဒီနေ့ ဒီအချိန်ဟာ အလွန့်ကို အရေးကြီး နေတယ်။ NLD အနေနဲ့ ကလည်း နှစ်ပေါင်းများစွာ ညီလာခံလိုဟာမျိုး မကျင်းပနိုင်ခဲ့တာ ကြာလှပြီ။

“၁၉၉၇ လောက်မှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့ နောက်ပိုင်း၊ ၉၆-၉၇ မှာ တခါ ကျင်းပတယ်။ တွေ့ဆုံပြီး ညီလာခံ တခု အနေနဲ့ သဘောထားပြီး သတ်မှတ်တယ် ပေါ့ဗျာ။ ညီလာခံအစစ် ဟုတ်ချင်မှလည်း ဟုတ်မယ်။ သို့သော် မြို့နယ်ပေါင်းစုံက ခေါင်းဆောင်တွေ ပါဝင်ပြီးတော့ စည်းဝေးခြင်း တခါ လုပ်နိုင်ခဲ့တယ်။ ၂၀၀၉ ခုနှစ် ဧပြီလ လောက်မှာ ကျင်းပတဲ့ ရွှေဂုံတိုင် အစည်းအဝေးကြီး ဆိုတာလည်း သာမန်အားဖြင့် ညီလာခံလို့ ခေါ်နိုင်တဲ့ အနေအထား မရှိဘူး။”

အခုဆိုရင် တိုင်းနဲ့ပြည်နယ် အသီးသီးက နိုင်ငံလုံးဆိုင်ရာ ညီလာခံ ခေါ်ပေးဖို့ တောင်းဆိုမှုဟာ ဘာကြောင့် လိုအပ်သလဲ ဆိုတာကိုတော့ မိတ္ထီလာခရိုင် ၉ မြို့နယ်ကိုယ်စား ခရိုင် အတွင်းရေးမှူး ဒေါ်မြင့်မြင့်အေးက အခုလို ပြောပါတယ်။

“အစည်းအဝေးကြီး ဘာလို့ ခေါ်ဖို့ လိုအပ်သလဲဆိုတော့ အောက်ခြေ ပါတီဝင် ထုဟာ ဗဟိုကို အားလုံး စည်းစည်း လုံးလုံး ညီညီ ညွတ်ညွတ်နဲ့ ၀ိုင်းရံကြဖို့ သိပ်ကို အရေးတကြီး လိုအပ်နေလို့။ မြို့နယ်တွေ ၀ိုင်းညှိပြီး ပါတီကို တည်ဆောက်ရမှာ ဖြစ်တယ်။ ပါတီက ပါတီနဲ့ တူလာမှ တိုက်ပွဲကို အောင်ပွဲရအောင် တိုက်နိုင်မှာ ဖြစ်တယ်၊ ခေါင်းဆောင်နိုင်မှာ ဖြစ်တယ်။ ဒီအချိန်မှာ တခြား ဟာတွေထက်ကို အရေးတကြီး လိုအပ်နေတယ်လို့ ကျမတို့က ယူဆတယ်။”

ညီလာခံခေါ်ပေးဖို့ ပဲခူးတိုင်း ၈ မြို့နယ်နဲ့ မန္တလေးတိုင်း မိတ္ထီလာခရိုင် ၉ မြို့နယ် တို့ကတော့ သူတို့ရဲ့ သဘောထား တွေကို တိုင်းကိုရော ဗဟိုကိုပါ ပို့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။ အလားတူပဲ မကွေးတိုင်း အတွင်းက မြို့နယ်တွေကလည်း ဗဟိုကို တင်ပြ ထားတယ်လို့လည်း ဆိုပါတယ်။ မြို့နယ်တွေရဲ့ သဘောထား ဆန္ဒတွေ များလာတယ် ဆိုရင်တော့ စဉ်းစားဖွယ် ရှိတယ်လို့ ဦးခင်မောင်ဆွေက ပြောပါတယ်။

“မြို့နယ်ပေါင်း ၄၀၀ ဆိုပါစို့၊ ရှိတဲ့အထဲမှာ ၂၀၀ ကျော်က ဒီလို ခေါ်ချင်ပါတယ် ဆိုရင်တော့ ကျနော်တို့ စဉ်းစားပြီး ဆုံးဖြတ်ကြရမှာ ဖြစ်ပါတယ်။”

ညီလာခံခေါ်ပေးဖို့ တောင်းဆိုတဲ့ တိုင်းနဲ့ပြည်နယ် မြို့နယ် အသီးသီးရဲ့ သဘောထား ဆန္ဒတွေကို လေးစားရမှာ ဖြစ်ပြီး လက်ရှိ အခြေအနေအရ အရေးကြီးတာကို တောင်းဆိုတယ်လို့ ယူဆကြောင်း ဦးဝင်းတင်ကတော့ ပြောဆိုသွားပါတယ်။

“ဒီအချိန်မှာ အောက်ခြေရဲဘော်တွေက နေပြီးတော့ ဒီလိုဟာမျိုး ပြောလာတဲ့ ဟာက ဌာနချုပ် ခေါင်းဆောင်များ အနေနဲ့ ဘယ်လို အဆုံးအဖြတ် ပေးနိုင်မလဲဆိုတာ ကျနော် မပြောနိုင်သေးပေမဲ့ ဘာပဲပြောပြော သူတို့ရဲ့ အရေးကြီးမှုကို သိမြင်ခြင်း၊ အရေးကြီးမှုကို သိမြင်စွာ တုံ့ပြန်ခြင်း၊ အရေးကြီးမှုကို သိမြင်စွာ တုံ့ပြန်ခြင်းနဲ့အတူ အကျိုးရလဒ် တခုကို ရှာဖွေခြင်းကိုတော့ လေးစားရပါမယ်။”

အခုအခါမှာ NLD အတွင်းမှာလည်း အောက်ခြေထု ဆန္ဒ သဘောထားတွေကို နားလည်တဲ့ ခေါင်းဆောင်တွေ ရှိသလို အောက်ခြေထုနဲ့ ကင်းကွာနေတဲ့ ခေါင်းဆောင်တွေလည်း ရှိနေတယ်လို့ မြို့နယ် အဖွဲ့ချုပ်ဝင်တွေက ပြောဆို နေကြသလို တိုင်းအတွင်းမှာလည်း မြို့နယ်တွေရဲ့ သဘောထားကို တင်ပြတဲ့ အခါမှာ ဗဟိုအထိ မရောက်ဘဲ ပယ်ချမှုတွေကို ကြုံနေရတယ် လို့လည်း ပြောပြကြပါတယ်။

NLD အဖွဲ့ဝင်တွေကြားမှာလည်း ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သဘောထား အမြင် အမျိုးမျိုးလည်း ရှိနေတာကြောင့် ဒီနှစ်အတွင်းမှာ ချမှတ်ခဲ့တဲ့ ရွှေဂုံတိုင် ကြေညာချက် သဘောထားတွေကို သွေဖည်သွားခြင်း မဖြစ်စေဖို့ အတွက် အောက်ခြေထုက နိုင်ငံလုံးဆိုင်ရာ ညီလာခံ ခေါ်သင့်ကြောင်း တောင်းဆိုခဲ့တာ ဖြစ်တယ်လို့လည်း ပြောကြပါတယ်။

NLD အနေနဲ့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်သွားဖို့ လိုအပ်တာကြောင့် မကွေးတိုင်းနဲ့ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း စတဲ့ နေရာ အသီးသီးက မြို့နယ် ခေါင်းဆောင်တွေ ကတော့ ညီလာခံခေါ်ဖို့ အတွက် သူတို့ရဲ့ သဘောထားတွေကို လက်မှတ် ရေးထိုးပြီး တင်ပြ ထားတယ်လို့လည်း ပြောပြပါတယ်။

Ref: VOA News

Read More...

ရင်ဆိုင်တိုက်ပွဲကြောင့် ဒီကေဘီအေ ၄ဦး သေဆုံး

စောသိန်းမြင့်(ကေအိုင်စီ)
အောက်တိုဘာလ ၁၅ရက်။

ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ ပိုင်ကျုံမြိ့နယ်ရှိ ကေအဲန်ယူ တပ်မဟာ (၇) နယ်မြေတွင် ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော်(ကေအဲန်အယ်လ်အေ) နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် (ဒီကေဘီအေ)တပ်ဖွဲ့ တို့ကြား ယမန် နေ့က ထိပ်တိုက် ရင်ဆိုင် တိုက်ပွဲ တခု ဖြစ်ပွားခဲ့ရာ ဒီကေဘီအေ ဘက်က တပ်သား (၄)ဦး ကျဆုံး ခဲ့သည်ဟု သတင်းရရှိသည်။

ယမန်နေ့ မနက်အစောပိုင်းတွင် ဒီကေဘီအေ (၉၉၉) တပ်မဟာ လုံခြုံရေး တပ်ဖွဲ့ တပ်ခွဲ(၂) ခွဲနှင့် (၉၉၉) တပ်ရင်း (၄)မှ တပ်ဖွဲ့ဝင်တို့ ပူးပေါင်းပြီး စုစုပေါင်း တပ်အင်အား (၆၀) ခန့်သည် နယ်မြေ ရှင်းလင်းရန် အတွက် ကေအဲန်အယ်လ်အေ တပ်ဖွဲ့များ၏ တည်ရှိရာ နေရာများကို လိုက်လံ ရှာဖွေခဲ့ရာမှ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ကေအဲန် အယ်လ်အေ တပ်ရင်း(၂၂) ဒုတပ်ရင်းမှူး ဗိုလ်မှူးစောဒီ့ကွယ်က ယခုလို ပြောသည်။

သူက “မနေ့မနက် (၄)နာရီမှာ တပ်ခွဲမှူး ဗိုလ်ကြီးမောင်လှသိန်း၊ ငြိမ်းအောင် ဦးစီးတဲ့ ဒီကေဘီအေ (၉၉၉) တပ်မဟာ လုံခြုံရေး တပ်ဖွဲ့ရယ်၊ ချားကလယ် ဦးစီးတဲ့ (၉၉၉) တပ်ရင်း(၄)က တပ်ဖွဲ့ရယ်ဟာ ကျနော်တို့ ဘက်က တပ်ခွဲမှူး ဗိုလ်ကြီးပေါလူ ဦးဆောင်တဲ့ တပ်ရင်း (၂၂)တပ်ဖွဲ့နဲ့ ပနွယ်ပူမှာ တိုက်ပွဲ ဖြစ်ခဲ့တယ်။ (၉၉၉)တပ်မဟာ လုံခြုံရေး တပ်ဖွဲ့က (၄)ယောက် သေတယ်။ ကျနော်တို့ ဘက်ကတော့ ကြိုစောင့်ပြီး ပစ်တဲ့အတွက် တယောက်မှ မထိဘူး”ဟု ပြောသည်။

မိနစ်(၂၀)ကြာ အပြန်အလှန် ပစ်ခတ်ခဲ့ကြသည့် အဆိုပါ ရင်ဆိုင် တိုက်ပွဲတွင် ဒီကေဘီအေ တပ်ဖွဲ့မှ အကျအဆုံးများ ရှိခဲ့ကြသော်လည်း နှစ်ဖက် တပ်ဖွဲ့များက လက်နက်ခဲယမ်း တစုံတခုမှ သိမ်းဆည်း ရမိခြင်း မရှိဟု ဗိုလ်မှူးစောဒီ့ကွယ်က ပြောသည်။

ထိုတိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ၎င်းဒီကေဘီအေပူးပေါင်း တပ်ဖွဲ့သည် မဲ့လာအားခီး၊ မဲ့လာအားထာ့၊ ကပေါ်လေး စသည့် ကျေးရွာများသို့် ပြန်လည် ၀င်ရောက်လာပြီး ရွာသားများ၏ ကြက်၊ ၀က်များကို ပိုင်ရှင်များအား တစုံတရာ အသိပေး အကြောင်းကြားခြင်း မရှိဘဲ အကြောင်းမဲ့ ပစ်သတ် ယူစားခဲ့သည်ဟု သိရသည်။

၎င်းတိုက်ပွဲဖြစ်ပွားရာ ဒေသသည် ပြီးခဲ့သည့် ဇွန်လတုန်းက နအဖ စစ်တပ်နှင့် ဒီကေဘီအေ တပ်မဟာ သုံးခု ပူးပေါင်းကာ ကေအဲန်ယူကို ထိုးစစ် ဆင်ခဲ့ရာ နယ်မြေများ ဖြစ်ပြီး ထိုးစစ်ကြောင့် ဒေသခံ ကရင်ပြည်သူ ၄,၀၀၀ကျော် ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ ထာ့ဆောင်ယန်းမြို့ နယ်သို့ ထွက်ပြေး ခိုလှုံခဲ့ကြရသည်။ု

တချိန်တည်းတွင် ယနေ့မနက် ၈း၁၀နာရီနှင့် ၁၀း၃၀နာရီ အချိန်တွင် ဒီကေဘီအေ (၉၉၉) တပ်ရင်း (၄)မှ တပ်ဖွဲ့ ၀င်များသည် မဲ့လာအားထာ့ ကျေးရွာတွင် မြေမြှုပ်မိုင်းများကို လိုက်လံ ရှင်းလင်းရာမှ နှစ်ဦး ထပ်မံ ထိခိုက် ဒဏ်ရာ ရရှိသည်ဟု သိရှိရသည်။

ကေအဲန်ယူ တပ်မဟာ(၇)နယ်မြေတွင် အောက်တိုဘာလလယ် အထိ ကေအဲန်အယ်လ်အေနှင့် ဒီကေဘီအေ တို့ကြား ပြောက်ကျား တိုက်ပွဲ ၅ကြိမ်၊ ရင်ဆိုင်တိုက်ပွဲ ၁ကြိမ် ဖြစ်ပွားခဲ့ရာ ဒီကေဘီအေ ဘက်က ၅ဦးသေဆုံး၍ ၁၅ဦး ထိခိုက်ဒဏ်ရာရပြီး ကေအဲန်ယူဘက်က ထိခိုက်သေဆုံးမှု မရှိကြောင်း ကေအဲန်ယူတပ်မဟာ (၇)ဌာနချုပ်၏ မှတ်တမ်းအရ သိရသည်။

Ref: Karen Information Center

Read More...

အငြင်းပွား ရေပိုင်နက်အနီး နှစ်နိုင်ငံ စစ်သင်္ဘောများ ရောက်ရှိ

ငြိမ်းချမ်း
ကြာသပတေးနေ့၊ အောက်တိုဘာလ 15 ရက် 2009

ဒါကာ (မဇ္ဈိမ)။ ။ ဘင်္ဂလား-မြန်မာ နှစ်နိုင်ငံအကြား အငြင်းပွား နေသော ပင်လယ် ရေပြင် အနီးသို့ နှစ်ဖက် စစ်သင်္ဘောများ မကြာသေးခင်က ရောက်ရှိလာသည်။

ဘင်္ဂလားဒေ့ရှ်ပိုင် St. Martin’s ကျွန်း၏ အနောက်တောင်ဘက် ရေမိုင် ၅၀ အကွာ အနီးသို့ ယခုလ ၁၂ ရက်နေ့တွင် မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ကျောက်ဖြူ အခြေစိုက် ရေတပ် စခန်း ဌာနချုပ်မှ စစ်သင်္ဘော ၅ စီးနှင့် ၁၃ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ် စစ်တကောင်း အခြေစိုက် စစ်သင်္ဘော ၄ စီး ရောက်ရှိလာခြင်း ဖြစ်သည်။

မကြာသေးခင်က ဘင်္ဂလားအစိုးရနှင့် တူးဖော်ခွင့် ကန်ထရိုက် ရထားသော အမေရိကန် ကုမ္ပဏီ ConocoPhillips က ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ရှာဖွေသဖြင့် ထိုသို့ မလုပ်ရန် မြန်မာဘက်က သတိပေး ကန့်ကွက် ခဲ့သေးသည်။

အိန္ဒိယ အပါအဝင် အိမ်နီးချင်း ၃ နိုင်ငံ အငြင်း ပွားနေသည့် အဆိုပါ ရေကြောင်း နယ်နိမိတ် အရေး ဖြေရှင်းပေးရန် ကုလ သမဂ္ဂ ခုံရုံးသို့ တိုင်တန်း သွားမည်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီး ဒီပူမိုနီ Dipu Moni က မြို့တော် ဒါကာတွင် ယခုလ ၈ ရက်နေ့တွင် ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ထိုသို့ ပြောအဆိုအပြီး ၄ ရက်အကြာမှ စတင်ကာ နှစ်နိုင်ငံ စစ်သင်္ဘောများ ရောက်ရှိလာခြင်း ဖြစ်သည်။
၂၀၀၇ ခုနှစ်တွင် ထိုနေရာသို့ မြန်မာက ရေနံရှာဖွေမှု ပြုလုပ်သဖြင့် ဘင်္ဂလားက ကန့်ကွက်ရာမှ ရေပိုင်နက် အငြင်းပွားမှု စတင်ခဲ့သည်။

Ref: မဇ္ဈိမ

Read More...

သံဃာ ၃၀ ခန့် ဖမ်းဆီးခံရ

Thursday, 15 October 2009 18:50

ရွှေဝါရောင် တော်လှန်ရေး ၂ နှစ် ပြည့်မြောက်သည့် စက်တင်ဘာမှ စတင်၍ အာဏာပိုင်များက သံဃာ အပါး ၃၀ ခန့်ကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။

မိတ္ထီလာမြို့မှ သံဃာ ၁၃ပါး၊ ကျောက်ပန်းတောင်းမြို့မှ သံဃာ ၁၀ ပါးတို့ကို စက်တင်ဘာလ နှောင်းပိုင်းတွင် ဖမ်းဆီးခဲ့ကြောင်း သံဃာများနှင့် နီးစပ်သူများ၏ အဆိုအရ သိရသည်။ စစ်အစိုးရကို ဆန္ဒပြရန် လှုံ့ဆော်ခဲ့သည့် အတွက် ဖမ်းဆီးခံရခြင်း ဖြစ်သည်ဟု ၎င်းတို့က ယူဆနေကြသည်။

ဖမ်းဆီးခံရသူများထဲတွင် မိတ္ထီလာမြို့ နဂါးရုံကျောင်းမှ သံဃာများလည်း ပါဝင်ကြောင်း မိတ္ထီလာမြို့ရှိ အမည် မဖော်လိုသော အစိုးရ အရာရှိတဦးက ပြောသည်။

စက်တင်ဘာလတွင် အနည်းဆုံး သံဃာ ၁၂ပါး ထိန်းသိမ်း ခံရကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း(AAPP)က အတည်ပြု ပြောဆိုသည်။

AAPP တွဲဖက် အတွင်းရေးမှူး ကိုဘိုကြည်က “စက်တင်ဘာလ အတွင်းမှာ သံဃာတော် အပါး ၂၀ လောက် အဖမ်းခံရတယ်၊ မကြာခင်ကပဲ သံဃာတော် ၇ ပါး အဖမ်းခံရတယ်လို့ သတင်းရတယ်” ဟု ဧရာဝတီသို့ ပြောသည်။ အဆိုပါ ဖမ်းဆီးမှုများသည် ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းတို့တွင် ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ထိုင်းနိုင်ငံ အခြေစိုက် AAPP အဖွဲ့၏ စာရင်းပြုစုချက် အရ မြန်မာ ပြည်တွင် နိုင်ငံရေး အကျဉ်းသား အနည်းဆုံး ၂၁၁၉ ဦးရှိရာ သံဃာတော် ၂၂၄ ပါး ပါဝင်ကြောင်း သိရသည်။

မကြာသေးမီက လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည့် အကျဉ်းသား ၇၁၁၄ ဦးတွင် နိုင်ငံရေး အကျဉ်းသား ၁၂၇ ဦး ပါဝင်သည်။ ထိုအထဲတွင် သံဃာ ၄ ပါး ပါဝင်သည်။

မြန်မာနိုင်ငံ သံဃာ့တပ်ပေါင်းစုကလည်း ရွှေဝါရောင် တော်လှန်ရေး ၂ နှစ် ပြည့်ချိန်တွင် စစ် အစိုးရအား ဆက်လက်၍ သပိတ်မှောက် ကံဆောင်ရန် ပြည်တွင်းပြည်ပရှိ သံဃာများကို နှိုးဆော်ခဲ့သည်။

ထို့ကြောင့် သြဂုတ်လမှ စတင်၍ အာဏာပိုင်တို့က ဘုန်းကြီးကျောင်း များတွင် လုံခြုံရေးများ ချထားခြင်း၊ သံဃာများအား စောင့်ကြည့်ခြင်း တို့ကို ပိုမို ပြုလုပ်ခဲ့သည်။ ထို့အပြင် အနယ်နယ် အရပ်ရပ်ရှိ သံဃာများ၊ နိုင်ငံရေး လှုပ်ရှားမှု များတွင် ပါဝင်သည့် လူငယ်များကို ထိန်းသိမ်းခဲ့သည်။

ရွှေဝါရောင်တော်လှန်ရေးသည် ၂၀၀၇ ခုနှစ်က ဖြစ်ပွားခဲ့သည့် နာမည်ကျော် သံဃာ့ လှုပ်ရှားမှု ဖြစ်သည်။ ထိုနှစ် စက်တင်ဘာ ၅ရက်နေ့တွင် ပခုက္ကူမှ သံဃာ ၅၀၀ ကျော်က မေတ္တာပို့ လမ်းလျှောက် ဆန္ဒပြခဲ့ရာ လုံခြုံရေး တပ်ဖွဲ့ဝင်များက အကြမ်းဖက် ဖြိုခွဲခဲ့သည်။ သံဃာ ၃ ပါးကို ဓာတ်တိုင်တွင် တုပ်နှောင်ကာ ရိုက်နှက် ခဲ့သောကြောင့် မြန်မာပြည် အနှံ့အပြားမှ ရဟန်း ရှင်လူများ စိတ်ဆိုး ဒေါသ ထွက်ခဲ့ကြသည်။

ထိုဖြစ်ရပ်ကို စစ်အစိုးရက ပြန်လည် တောင်းပန်ခြင်း မပြုသဖြင့် နိုင်ငံအနှံ့မှ သံဃာ တော်များက ၂၀၀၇ စက်တင် ဘာ ၁၈ ရက်မှစ၍ အာဏာပိုင် တို့ကို ပတ္တနိက္ကုဇ္ဇန ကံဆောင် သပိတ်မှောက် ခဲ့သည်။ ထို့ပြင် သံဃာ တော်များ မေတ္တာပို့ ဆန္ဒပြ ကြွချီရာမှ လူထု လှုပ်ရှားမှု အသွင်သို့ ကူးပြောင်းခဲ့သည်။ အာဏာပိုင် တို့က စက်တင်ဘာ ၂၆ နှင့် ၂၇ ရက်နေ့တို့တွင် ရန်ကုန်မြို့ရှိ ဆန္ဒပြမှုများကို အကြမ်းဖက် ပစ်ခတ် ဖြိုခွင်း ကာ သံဃာနှင့် သီလရှင်များကို ဖမ်းဆီး တရားစွဲပြီး နှစ်ရှည် ထောင်ဒဏ်များ ချမှတ်လိုက်သည်။

Ref: ဧရာဝတီ

Read More...

Thursday, October 15, 2009

EU သံတမန်များ ဒီချုပ် ခေါင်းဆောင်များနှင့် တွေ့၊ ရွေးကောက်ပွဲ သဘောထား စုံစမ်း

မုံပီး
ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ 14 ရက် 2009

နယူးဒေလီ (မဇ္ဈိမ)။ ။ဥရောပသမဂ္ဂမှ သံတမန်များ ပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့ တဖွဲ့သည် မြန်မာနိုင်ငံ အတိုက်အခံ ပါတီ ဖြစ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ခေါင်းဆောင်များနှင့် တွေ့ဆုံကာ စစ်အစိုးရက ၂၀၁၀ ခုနှစ်တွင် ကျင်းပရန် ပြင်ဆင် ထားသည့် အထွေထွေ ရွေးကောက်ပွဲ အပေါ် ပါတီ၏ ရပ်တည်ချက် သဘောထားကို လာရောက် မေးမြန်းကြသည်။

သံတမန် ၂၀ ဦးပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့သည် အနောက် ရွှေဂုံတိုင် လမ်းရှိ ပါတီရုံးသို့ လာရောက်ကာ ဒေါ်အောင်ဆန်းစုကြည်က ပိတ်ဆို့မှုများ လျော့ပါးရေး အတွက် ပူးပေါင်း ဆောင်ရွက်နေမှုများ အပေါ် ဒီချုပ်က မည်သို့ မြင်ပါသလဲ၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံကို ပြန်လည် ပြင်ဆင်ပေးရန် စစ်အစိုးရကို တောင်းဆိုခြင်းဖြင့် စစ်အစိုးရနှင့် အာဏာ ခွဲဝေယူရေးကို ဒီချုပ်က လုပ်ဆောင် နေပါသလား စသည်ဖြင့် လာရောက် မေးမြန်း စုံစမ်းခဲ့ကြကြောင်း အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် ကော်မတီ ဦးခင်မောင်ဆွေကပြောသည်။

`အာဏာခွဲဝေရေးကို လိုချင်လို့ မဟုတ်ပါဘူး။ ၂၀၀၈ ဖွဲ့စည်းပုံကိုဘဲ ကျယ်ကျယ်ပြန့်ပြန့် အားလုံး ပါဝင်နိုင်တဲ့ နိုင်ငံရေး ဖြစ်စဉ်တရပ် ပေါ်ပေါက် လာရေးအတွက် ပြင်ဆင်ပေးဖို့ တောင်းဆိုနေတာလို့ ကျနော်တို့ ပြန်ဖြေခဲ့ပါတယ်´ ဟု ဦးခင်မောင်ဆွေက မဇ္ဈိမကို ပြောသည်။

`ကျနော်တို့က အာဏာတောင်းနေတာ မဟုတ်ပါဘူး။ ဖွဲ့စည်းပုံ ဥပဒေက ပြည်သူတွေရဲ့ အခွင့်အရေးကို အာမခံချက် ပေးထားတာ သေချာအောင် အစိုးရကို တောင်းဆိုနေတာပါ´ ဟု ဦးခင်မောင်ဆွေက မဇ္ဈိမကို ပြောသည်။

ဘန်ကောက်မြို့ရှိ ဆွီဒင်သံရုံး၊ ရန်ကုန်ရှိ ဗြိတိသျှ၊ အီတလီ၊ ဂျာမဏီနှင့် ပြင်သစ် သံရုံးတို့မှ သံတမန် များသည် မြန်မာနိုင်ငံ ဆိုင်ရာ ဥရောပ သမဂ္ဂ၏ ဘုံသဘောထား ရပ်တည်ချက် ချမှတ် နိုင်ရေးအတွက် ဤသို့ပင် ပါတီရုံးသို့ လာရောက်၍ သတင်း အချက်အလက်များ မေးမြန်းလေ့ ရှိသည်ဟု ဦးခင်မောင်ဆွေက ပြောသည်။

ဥရောပသမဂ္ဂကဲ့သို့ပင် အမေရိကန် နိုင်ငံကလည်း မြန်မာ စစ်အစိုးရ အပေါ် ပိတ်ဆို့ အရေးယူမှုကို ဆက်လက် ထားရှိဆဲဖြစ်ပြီး ဧပြီလ အတွင်းကပင် နောက်ထပ် တနှစ်သက်တမ်း ထပ်မံတိုးခဲ့သည်။

`အခုလို ပါတီရုံးကို လာရောက် လည်ပတ်တာဟာ အီးယူက မြန်မာပြည် ဒီမိုကရေစီ ရရှိရေး ကူညီ ဆောင်ရွက်ပေးဖို့ အတွက် လိုအပ်တဲ့ သတင်း အချက်အလက်တွေ ရယူဖို့ ကြိုးပမ်းတာဘဲလို့ ကျနော်တို့ ယုံကြည်ပါတယ်´ ဟု ဒီချုပ်ခေါင်းဆောင်က ပြောသည်။

အီးယူ ကိုယ်စားလှယ်အဖွဲ့ လာရောက် လည်ပတ်မှုသည် ပါတီရုံးသို့ အမေရိကန်၊ ယူကေ နှင့် သြစတြေလျား နိုင်ငံတို့မှ သံတမန်များ လာရောက် လည်ပတ်အပြီး ရက်အနည်းငယ် အကြာတွင် ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။

သောကြာနေ့က အမေရိကန်၊ ယူကေ၊ သြစတြေလျား နိုင်ငံတို့မှ သံတမန်များက ထိန်းသိမ်းခံ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံခဲ့ပြီး ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီများနှင့်လည်း တွေ့ဆုံခဲ့သည်။

ဦးခင်မောင်ဆွေက အီးယူ ကိုယ်စားလှယ်အဖွဲ့ လာရောက် လည်ပတ်ခြင်းကို ကြိုဆိုလိုက်ပြီး `အီးယူနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက မြန်မာပြည် ပြဿနာအပေါ် စိတ်ဝင်စားမှုရှိတာကို ကျနော်တို့ ဝမ်းသာပါတယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးအတွက် နောက်ထပ် အရေးယူ ဆောင်ရွက် ပေးဖို့လဲ ကျနော်တို့ အားလုံးကို တိုက်တွန်းလိုပါတယ်´ ဟု ပြောဆိုသွားသည်။

Ref: မဇ္ဈိမ

Read More...

ဖွဲ့စည်းပုံမပြင်လျှင် ရွေးကောက်ပွဲမဝင်ဟု ရခိုင်နိုင်ငံရေး ခေါင်းဆောင် ကြေညာ

ဘစောတင်
Wednesday, 14 October 2009 16:54

စစ်အစိုးရက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ဆင်ပါလျှင်၂၀၁၀ ရွေးကောက်ပွဲကို ပါဝင် ယှဉ်ပြိုင်မည် မဟုတ်ကြောင်း ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) က ပြောကြားလိုက်သည်။

ပြီးခဲ့သည့် တင်္နလာနေ့က ရန်ကုန်မြို့ ပုဇွန်တောင် မြို့နယ်တွင် ကျင်းပသော ALD ပါတီ ၂၁ နှစ်မြောက် နှစ် ပတ်လည် အခမ်းအနားတွင် ALD အတွင်းရေးမှူး ဦးအေးသာအောင်က ထိုသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

ဦးအေးသာအောင်က“ဒီမိုကရေစီ စနစ်ကိုသွားချင်ရင် ဒီမိုကရက်တစ် ဆန်ရမယ်၊ ဒီမိုကရေစီမှာ ရွေးကောက်ပွဲ ဆိုတာကို မလွဲမသွေ ဖြတ်သန်းရမယ် ဆိုတာကို နားလည်တယ်၊ ဒါပေမယ့် ဒီမိုကရက်တစ် အခင်းအကျင်း မပါတဲ့ ရွေးကောက်ပွဲကိုတော့ အန်ကယ်လ်တို့က လက်မခံနိုင်ဘူး၊ အန်ကယ်လ်တို့ ပါတီ အနေနဲ့ကတော့ ဒီကိစ္စမှာ ပြတ်ပြတ်သားသားပဲ ပြောလိုပါတယ်၊၂၀၀၈ အခြေခံဥပဒေကို ပြန်လည် မပြင်ဆင်ရင်၂၀၁၀ ရွေး ကောက်ပွဲကို မ၀င်ဘူး”ဟု ဧရာဝတီသို့ ပြောသည်။

ထို့အပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ သည် ပြည်နယ်များ တိုင်း ဒေသကြီးများ သတ်မှတ် ထားသော်လည်း အရေးပါသော လုပ်ပိုင်ခွင့် များကို စစ်တပ်ကသာ လက်ဝါးကြီး အုပ်ထားသောကြောင့် ဒီမိုကရေစီ စနစ်ကို ဖော်ဆောင်ရန် မဖြစ်နိုင်သော ဖွဲ့စည်းပုံ ဥပဒေသာ ဖြစ်ကြောင်းလည်း ၎င်းက ဝေဖန် ထောက်ပြသွားသည်။

“၂၀၀၈ခုနှစ်က တဖက်သတ်ပြဌာန်းထားတဲ့ အခြေခံဥပဒေကို ပြန်လည် ပြင်ဆင်ဖို့ မစဉ်းစားဘူး ဆိုရင် နအဖက ပြုလုပ်မယ့် ၂၀၁၀ ရွေးကောက်ပွဲကို ၀င်ဖို့ ကျနော်တို့ရဲ့ မိတ်ဆွေ ညီအစ်ကိုတွေ ဖြစ်တဲ့ အခြား တိုင်းရင်းသား ပါတီတွေကလည်း မစဉ်းစားဘူး ဆိုတာ ပြောပြီးသားပါ၊ အလားတူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း ရွေဂုံတိုင် ကြေညာချက်ကို ထုတ်ပြန်ပြီး အတိအလင်း သဘောထား ထုတ်ပြန်ပြီးသားပါ” ဟု ဦးအေး သာအောင်က ဆက်ပြောသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ ချုပ်(ALD)ကို ၁၉၈၈ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့တွင် ရှစ်လေးလုံး အရေးတော်ပုံ ကာလက ဦးဆောင် လှုပ်ရှားခဲ့ကြသော ထင်ရှားသည့် ရခိုင် ခေါင်းဆောင်များဖြင့် ဖွဲ့စည်း တည်ထောင် ခဲ့ခြင်း ဖြစ်သည်။

ALD သည် ၁၉၉၀ ပြည့်နှစ်က ကျင်းပသော အထွေထွေရွေးကောက်ပွဲတွင် တနိုင်ငံလုံး အတိုင်းအတာ အရ အမတ် နေရာ ၁၁ နေရာဖြင့် တတိယ အများဆုံး အနိုင်ရရှိခဲ့သည့် ပါတီဖြစ်ပြီး ရခိုင်ပြည်နယ် တွင်လည်း အမတ်ဦးရေ အများဆုံး အနိုင်ရခဲ့သော ပါတီဖြစ်သည်။

ALD အနေဖြင့် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (န၀တ) ၏ ၁/၉၀ ကြေညာချက်ကို ဆန့်ကျင် ကန့်ကွက် သောကြောင့် ၁၉၉၃ ခုနှစ်တွင် တရားဝင်ပါတီ အဖြစ်မှ ဖျက်သိမ်းခြင်း ခံခဲ့ရသည်။

ဦးအေးသာအောင်က“ကျနော် တို့ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ကို စစ်အစိုးရက အကြောင်း အမျိုးမျိုး ပြပြီးတော့ ဖျက်သိမ်း လိုက်ပေမယ့် ကွယ်လွန်သွားပြီ ဖြစ်တဲ့ ဥက္ကဌကြီး ဒေါက်တာ စောမြအောင်နဲ့ အခြားပါတီ ခေါင်းဆောင်များက ကြုံလာတဲ့ နိုင်ငံရေး မုန်တိုင်းတွေကို ကြံ့ကြံ့ ခံပြီးတော့ ပါတီရဲ့ လမ်းစဉ် မူဝါဒတွေကို တစိုက် မတ်မတ် လုပ်လာခဲ့ပါတယ်၊ တိုင်းရင်းသား ပါတီတွေနဲ့ရော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီနဲ့ပါ လက်တွဲ ပြီး ချီတက်လာတာ အခု ၂၁နှစ် ရှိခဲ့ပါပြီ၊ ကျနော်တို့ ပါတီကို ရခိုင်ပြည်သူ တရပ်လုံးက ကိုယ်စားပြုပါတီ အဖြစ် ရွေးချယ် ထားတာမို့ ကျနော်တို့ဟာ ပြည်သူတွေ ပေးအပ်ထားတဲ့ တာဝန်ကို ဆက်လက်ပြီး ထမ်းရွက်သွားမှာ ပါလို့ ပြည်သူလူထုကို ပြောချင်ပါတယ်”ဟု ဆိုသည်။

ထို့အတူ ပြည်ပအခြေစိုက် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ပြည်ပ- ဗဟို)မှ ဥက္ကဌ ဦးထွန်းဝင်း ကလည်း “နအဖရဲ့ ၂၀၀၈ ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ ဥပဒေဟာ ဒီမိုကရေစီ နည်းကျ ပြဌာန်းတာ မဟုတ်လို့ ကျနော်တို့ ဆန့်ကျင် သလို အဲဒီ ဥပဒေနဲ့ ကျင်းပမယ့် ၂၀၁၀ ရွေးကောက်ပွဲ ကိုလည်း ကျနော်တို့ ပါတီအနေနဲ့ လက်မခံပါဘူး၊ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို ကျနော်တို့ ဆက်လက် ဆုပ်ကိုင်ပြီး ရခိုင် ပြည်သူတွေက ပေးအပ်ထားတဲ့ တာဝန်ကို ထမ်းဆောင် သွားမယ်လို့ ပြောလိုပါတယ်” ဟု ပြောဆိုသည်။

ဦးထွန်းဝင်းသည် ရခိုင်ပြည်နယ် မင်းပြားမြို့ နယ် အမှတ် (၂) မဲဆန္ဒနယ်မှ ရွေးကောက်ခံ ကိုယ်စားလှယ်ဖြစ်သည်။ ယခုအခါ ၎င်းသည် ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်(ပြည်ပ) ကို ဦးဆောင်နေသူ ဖြစ်ပြီး ပြည်ထောင်စု မြန်မာ နိုင်ငံ အမျိုးသား ညွန့်ပေါင်း အစိုးရ(NCGUB) ၏ ပညာရေး ၀န်ကြီးလည်း ဖြစ်သည်။

တနင်္လာနေ့က ကျင်းကသည့် ရခိုင်ဒီမိုကရေစီအဖွဲ့ ချုပ် ၂၁ နှစ်မြောက် နှစ်ပတ်လည် အခမ်း အနားသို့ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များ ရခိုင် နိုင်ငံရေးသမားများ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးဝင်းတင်နှင့် ဦးစော နိုင်းနိုင်း၊ ဇိုမီးအမျိုးသား ကွန်ဂရက်မှ ဦးပူကျင့်ရှင်းထန်၊ မွန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးနိုင်ငွေသိန်း၊ ချင်းနိုင်ငံရေး ခေါင်းဆောင် ဦးထောင်ကိုထန်းနှင့် မကြာမီက သရက်ထောင်မှ ပြန်လည် လွတ်မြောက် လာသည့် ရခိုင် နိုင်ငံရေးသမား ကိုခိုင်ကောင်းစံ အစရှိသူများ တက်ရောက် ခဲ့ကြောင်း သိရသည်။

Ref: ဧရာဝတီ

Read More...

ကရင်ငြိမ်းချမ်းရေးအဖွဲ့အချင်းချင်း ပြဿနာဖြစ်ပွား

ရဲရင့်
၁၄ အောက်တိုဘာ ၂၀၀၉

တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) အဖွဲ့က ကရင် အမျိုးသား အလံတော်နှင့် အလံတိုင်ကို ရိုက်ချိုး ဖျက်ဆီးပြီး မြစ်ထဲ မြောလိုက်သဖြင့် ကရင် ငြိမ်းချမ်းရေး အဖွဲ့များကြားတွင် အခြေအနေ တင်းမာလျက် ရှိသည်။

ပြီးခဲ့သည့်တနင်္ဂနွေနေ့ နံနက်ပိုင်းက မြ၀တီမြို့မှ (၂) မိုင်အကွာ မဲ့ထော့တလေး ကမ်းနားရှိ ကေအန်ယူ/ ကေအန်အယ်လ်အေ ငြိမ်းချမ်းရေး ကောင်စီ အဖွဲ့၏ လုံခြုံရေး ဂိတ်ကို ဒီကေဘီ အေတပ်ရင်း (၉၀၇) မှ ဗိုလ်ရှိန် ဦးဆောင်သည့် အဖွဲ့က ၀င်ရောက် စီးနင်းပြီး တပ်ဖွဲ့ဝင် (၁၃) ဦးကို ဖမ်းဆီးကာ အဖွဲ့ ဆိုင်းဘုတ်နှင့် အလံတိုင် (၂) ခုကို ရိုက်ချိုး ဖျက်ဆီးပြီး သောင်ရင်းမြစ်တွင်း ပစ်ချ လိုက်ခြင်းဖြစ်သည်။

တပ်ခွဲမှူး ဗိုလ်ရှိန်က “ဒါ မင်းတို့နေရာ မဟုတ်ဘူး ငါတို့နေရာ၊ မင်းတို့ မပြန်ရင် မင်းတို့ကို ပစ်ဖို့ အမိန့် ရထားပြီးပြီ” ဟု ဆိုကာ ဂိတ်ကို ၀င်ရောက် သိမ်းယူခြင်း ဖြစ်ကြောင်း မျက်မြင်တဦးက ပြောသည်။

နောက်ပိုင်းတွင် ဖမ်းထားသူများကို ပြန်လွှတ်ပေးကာ ငြိမ်းချမ်းရေး ကောင်စီ အဖွဲ့ဝင်များကို စခန်းမှ ထွက်ခွာ သွားစေပြီး ယင်းနေရာတွင် ဒီကေဘီအေ အဖွဲ့က စခန်းထိုင်ပြီး လုံခြုံရေး ယူလိုက်သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ငြိမ်းချမ်းရေး ကောင်စီမှ ဗဟိုအဆင့် ခေါင်းဆောင် တဦးဖြစ်သူ ဗိုလ်ချုပ် ယဉ်နုက ဒီကေဘီအေ နာယက ဆရာတော် ဦးသုဇနထံသို့ အကြောင်းကြားစာ ပေးပို့ ကန့်ကွက်မည်ဟု ပြောသည်။

၎င်းက “ဒီလုံခြုံရေးဂိတ်ကို သူတို့နဲ့ညှိနှိုင်းပြီးမှ သဘောတူပြီး လုပ်ခဲ့ကြတာ ဖြစ်တယ်၊ ဒီလိုလုပ်တာ လက်မခံနိုင်ဘူး။ ဒီကိစ္စ ဖြေရှင်းရမယ်” ဟု ပြောသည်။

ကရင်ဘုန်းတော်ကြီးတပါးက “ဗမာနဲ့ငြိမ်းချမ်းရေးယူတဲ့ ကရင် အဖွဲ့ အချင်းချင်းတောင် ဝေစု မတည့်ဘဲ ကြီးနိုင်ငယ်ညှဉ်း သခင်အားရ ကျွန်ပါးဝ ဆိုတော့ အစွယ်လိုသူကတော့ လက်ခုပ်တီးပြီး အားပေးမှာ သေချာတယ်။ ကိုယ့်အမျိုးသား အလံတောင် ပြန်ဖျက်ဆီးတဲ့ အဆင့်ဆိုတော့ အနေအထားက အတော့်ကို စိုးရိမ်နေရပြီ်” ဟု မိန့်ကြားသည်။

ငြိမ်းချမ်းရေးကောင်စီမှ ဒီကေဘီအေ ဗဟိုသို့ ကန့်ကွက်လွှာ ပေးပို့ရာတွင် ကရင့် အမျိုးသား အလံတော် ဖျက်ဆီး ခံရမှုနှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သူကို ထိရောက်စွာ အရေးယူပေးရန် ပါရှိသည်ဟု ရုံးအဖွဲ့ဝင်တဦးက ပြောသည်။

အခင်းဖြစ်ပွားစဉ် ဂိတ်ဝင်းထဲရှိ အရပ်သားတဦးဖြစ်သူ ဦးလှလေးကို ဒီကေဘီအေ တပ်ဖွဲ့ ၀င်များက အကြောင်းမဲ့ သေနတ်ဒင်များဖြင့် ၀ိုင်းထောင်း ခဲ့ကြသဖြင့် ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့သည်ဟု ဆွေမျိုး တော်စပ်သူ တဦးက ပြောသည်။

ယင်းဒေသအခြေစိုက် ဒီကေဘီအေ ကလို့ထူးဘောမှ ဒု-ဗျူဟာမှူး ဗိုလ်မောသိုသည် အခင်းဖြစ်ပွားသည့် နေရာသို့ ရောက်ရှိ လာသော်လည်း တစုံတရာ ဖြေရှင်းမှု မလုပ်ဘဲ ငြိမ်းချမ်းရေး ကောင်စီ အဖွဲ့ဝင်များကို လေချိုသွေး၍ အဆိုပါ ဂိတ်မှ ထွက်သွား စေခဲ့သည်ဟု အဖွဲ့ဝင်တဦးက ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) မှ ခွဲထွက်ပြီးနောက် ဒီကေဘီအေသည် ၁၉၉၄ ခုနှစ် နှောင်းပိုင်း တွင်လည်းကောင်း၊ ကေအန်ယူ/ ကေအန်အယ်လ်အေ ငြိမ်းချမ်းရေး ကောင်စီသည် ၂၀၀၇ ခုနှစ်တွင် လည်းကောင်း မြန်မာ စစ်အစိုးရနှင့် ပူးပေါင်းခဲ့သည်။

Ref: ခေတ်ပြိုင်

Read More...

Tuesday, October 13, 2009

သားအတွက် သတင်းမေးသွားသူ ဖခင်ကို ရဲက ရိုက်နှက်လို့ သေဆုံး

ဖနိဒါ
တနင်္လာနေ့၊ အောက်တိုဘာလ 12 ရက် 2009

မဇ္ဈိမ(ချင်းမိုင်) ။ ။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး လက်မှတ်ထိုး ကန်ပိန်း လှုပ်ရှားသော သားငယ် ဖမ်းဆီးခံထားရ၍ သတင်းမေး သွားသူ ဖခင်ကို ရဲက ရိုက်နှက်၍ သေဆုံးမှုတခု မြောက်ဥက္ကလာပ မြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သေသူ၏ မိသားစုဝင်များက ပြောသည်။

ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ် ရဲစခန်းတွင် ဖမ်းခံထားရသူ မောင်သက်ဦးမောင် အတွက် သွားရောက် စုံစမ်းသူ အမှတ် ၂ ရပ်ကွက်နေ ဦးကျော့မောင် (အသက် ၅၆ နှစ်)ကို ရဲတပ်သား ပန်းသီးနှင့် ရယက ရာအိမ်မှူးဟောင်း ကိုဝင်းချိုတို့က သုမာလာ လမ်းဆုံ အနီးတွင် အောက်တို ဘာလ ၈ ရက်နေ့ မွန်းလွဲတွင် ဝိုင်းရိုက်ခဲ့ရာမှ သေဆုံး သွားခဲ့ခြင်း ဖြစ်သည်ဟု မိသားစုဝင်က ပြောသည်။

အာဏာပိုင်များက ရန်မူမှာစိုး၍ မဇ္ဈိမနှင့် ဆက်သွယ်ရရှိသူ ဆွေမျိုးရင်း တဦးက အမည် မသုံးရန် မေတ္တာ ရပ်ခံခဲ့သည်။

ဦးကျော့မောင်သည် ကိုယ်ပိုင်ကားဖြင့် ကျောင်းကားပြေးဆွဲနေသူ ဖြစ်ပြီး သူ၏ မောင်သက်ဦးမောင်သည် ဒေါ်အောင်ဆန်း စုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး အတွက် အင်္ဂါနေ့ ဆုတောင်းမှုတွင် ပါဝင်ခဲ့ဖူးသူလည်း ဖြစ်သည်။

“အဖေက ခေါင်းထဲ သွေးခဲပြီး ဆုံးသွားတယ်လို့ ဆရာဝန်က ပြောပါတယ်။ မြောက်ဥက္ကလာ ဆေးရုံ တင်လိုက်ရတာက ၈ ရက်နေ့ ည ၁၀ နာရီလောက်က တင်လိုက်တာ။ ဆရာဝန်က ဦးနှောက်နဲ့ အာရုံကြော ရန်ကုန် ဆေးရုံကို ပို့ရမယ် ပြောတယ်။ မပို့ခင် ၉ ရက်နေ့ မနက် ၆ နာရီ ၄၅ မိနစ်မှာ ဆုံးသွားတာပါ” ဟု ဆွေမျိုးရင်းဖြစ်သူက မဇ္ဈိမကို ပြောသည်။

ရိုက်နှက်ခဲ့သည်ဟု စွပ်စွဲခံရသူ ကိုဝင်းချိုကို မြောက်ဥက္ကလာ ရဲစခန်းက ဖမ်းဆီး ထားသော်လည်း ရဲတပ်သား ပန်းသီး ကမူ လွတ်မြောက်နေဆဲ ဖြစ်သည်။

မြို့နယ်အတွင်း ဟိုလေးတကြော် ဖြစ်နေသည့် အခင်းဖြစ်ပွားမှုနှင့် ပတ်သက်၍ သေသူ၏ မိသားစုနှင့် ရင်းနှီးသူ တရပ်ကွက်ထဲနေ မျက်မြင် တဦးက “သုမာလာ လမ်းဆုံနား ရောက်တော့ ကိုဝင်းချိုနဲ့ ရဲက လက်ထိပ် ခတ်လိုက်တယ်။

သူက (ဦးကျော့မောင်က) ဘာလို့ လက်ထိပ်ခတ်တာလဲလို့ ပြောတော့။ ရဲက အမှတ်တမဲ့ ပါးစပ်ကို ထိုးချလိုက်တော့ ပစ်လဲသွားတယ်။ နောက် လည်ပင်းကို တက်နင်းတယ်။ ဗိုက်ကို ကန်လိုက်တော့ သတိ လစ်သွားတယ်။ ဆံပင်ကို ကောက်ဆွဲပြီးတော့ လွှဲချလိုက်တယ်။ ခေါင်းကို ကတ္တရာလမ်းနဲ့ စောင့်ရိုက်သလို ဖြစ်သွားတယ်” ဟုပြောသည်။

ကိုယ်ထူကိုယ်ထ လမ်းပြုပြင်ရေးကော်မတီ ဥက္ကဌဖြစ်သော ဦးကျော့မောင်၏ မိသားစု ဝင်များက မြောက်ဥက္ကလာ ရဲစခန်းတွင်ပင် လူသတ်မှုဖြင့် ရဲတပ်သားနှင့် ရယကဟောင်းကို အမှုဖွင့်ထားသည်။

ဆေးရုံရှိ ဦးကျော့မောင်၏ ရုပ်အလောင်းကို သေမှုသေခင်း စစ်ဆေးခဲ့ကြပြီး မနက်ဖြန် အင်္ဂါနေ့တွင် ရေဝေး သုသာန်သို့ ပို့ဆောင်၍ သဂြိုလ်မည် ဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။

ပြီးခဲ့သည့် ၇ ရက်နေ့က မြောက်ဥက္ကလာမှ မြင့်မြတ် လက်ဖက်ရည်ဆိုင် ရှေ့၌ မြောက်ဥက္ကလာ အထက်တန်းကျောင်း တကျောင်းမှ ၉ တန်း ကျောင်းသားများ ရန်ဖြစ်မှုတွင် ပါဝင်သည်ဟု ဆိုကာ မောင်သက်ဦးမောင် အား ရဲစခန်းက ဖမ်းဆီးထားခဲ့သည်။

ကွယ်လွန်သူ ဦးကျော့မောင်တွင် ဇနီးသည်၊ သားဖြစ်သူ ကိုသက်ဦးမောင်နှင့် သမီး ၂ ဦး ကျန်ရစ်ခဲ့ သည်။

Ref: မဇ္ဈိမ

Read More...

ဆွမ်းကပ်သူ အတိုက်အခံ အမျိုးသမီး ၄ ဦး အဖမ်းခံရ

မြင့်မောင်
တနင်္လာနေ့၊ အောက်တိုဘာလ 12 ရက် 2009

နယူးဒေလီ (မဇ္ဈိမ)။ ။ သံဃာတော်များကို သီတင်းကျွတ်နေ့တွင် ဆွမ်းကပ် ခဲ့သည့် ရန်ကုန်မှ တက်ကြွ လှုပ်ရှားသူ အမျိုးသမီး ၄ ဦးအား အာဏာပိုင်များက ဖမ်းဆီး ခဲ့ပြီးနောက် ယခုအခါ အင်းစိန်ထောင်တွင် ပုဒ်မ ၅ ည ဖြင့် ချုပ်နှောင် ထားကြောင်း သိရသည်။

ယခုလ ၃ ရက်နေ့က ဒဂုံမြို့သစ်တောင်ပိုင်း မကွေး ပရိယတ္တိ စာသင်တိုက်တွင် ဆွမ်းကပ်ပြီး ပြန်လာသည့် ဒေါ်နော်အုန်းလှ (မှော်ဘီ)၊ မမြင့်မြင့်စန်း (ဒလ)၊ မချိုချိုလွင်က (သင်္ဃန်းကျွန်း) နှင့် မချို (တောင်ဒဂုံ) ကို အထူးရဲ သတင်း တပ်ဖွဲ့က လမ်းတွင် ဖမ်းဆီးကာ စစ်ကြောရေး စခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။

၆ ရက်နေ့တွင်မူ နိုင်ငံရေးသမားများအား စွဲဆိုလေ့ရှိသည့် အရေးပေါ် စီမံချက် ပုဒ်မဖြင့် စတင် ချုပ်နှောင်ကြောင်း ယနေ့တွင် ထောင်ဝင်စာ တွေ့ခဲ့သူ မိသားစုဝင်များ အဆိုအရ သိရခြင်း ဖြစ်သည်။

“ဒီနေ့ တွေ့ခွင့်တော့ ရတယ်။ သူတို့ကို ကျောက်တန်း စစ်ကြောရေး စခန်းကနေ အင်းစိန်ထောင်ကို ပို့လိုက်တာ။ ပုဒ်မ ၅ ညနဲ့ ရမန် ယူထားတယ်။ ချုပ်လို့ရအောင် ရမန်ယူထားတဲ့ သဘောပေါ့၊ ၂ ပတ်ပေါ့။ ၆ ရက်နေ့ကနေ စပြီး ရမန် ယူထားတာ ဆိုတော့ လာမယ့် ၁၉ ရက်နေ့မှာ ရမန်ပြည့်မယ်“ ဟု မချိုချိုလွင်၏ မိသားစုဝင်တဦးက မဇ္ဈိမကို ပြောသည်။

“သီးသန့် တွေ့ခွင့်တော့ ရပါတယ်။ တွေ့ရတဲ့အခါ သူ့ဘက်မှာလည်း ရဲမေ တယောက်၊ ကျနော့် ဘက်မှာလည်း ရဲမေ တယောက်။ ပြောတာတွေကို မှတ်ယူတယ်။ သိပ်ပြီးတော့ ပြောရဆိုရတာ မလွတ်လပ်ပါဘူး” ဟု သူက ဆက်ပြောသည်။

ဒေါ်နော်အုန်းလှနှင့် မမြင့်မြင့်စန်း၏ မိသားစုဝင်များသည် ဝေးလံသည့် အတွက် လာရောက် နိုင်ခြင်း မရှိဘဲ၊ မချိုချိုလွင်နှင့် မချို၏ မိသားစုဝင်များသာ ထောင်ဝင်စာ တွေ့ဆုံပြီး၊ အားလုံး အတွက် လိုအပ်သည့် ပစ္စည်းများ ပေးသွင်းခွင့် ရခဲ့သည်။

အဖမ်းခံရသည့်နေ့သည် သီတင်းကျွတ် လပြည့်နေ့ ဖြစ်သကဲ့သို့၊ သံဃာများက စစ်အစိုးရ အာဏာပိုင်များအား ဘာသာရေး အရ အဆက်အဆံ မပြုရန် စတင်လိုက်သော တတိယမြောက် ပတ္တနိကုဇ္ဇန ကံဆောင်သည့်နေ့ ဖြစ်သဖြင့် ယခုလို ထိန်းသိမ်း ချုပ်နှောင်ခြင်း ဖြစ်နိုင်ကြောင်း မိသားစုဝင်များက ခန့်မှန်းကြသည်။

၎ ဦးစလုံးမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး အတွက် ရွှေတိဂုံ ဘုရားတွင် အင်္ဂါနေ့တိုင်း ဝတ်ပြု ဆုတောင်းခဲ့ သူများလည်း ဖြစ်သည်။

ပြီးခဲ့သည့် သြဂုတ်လမှ စတင်ကာ ယခုလ ၇ ရက်နေ့အထိ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများ ၁၀၀ နီးပါး အဖမ်း ခံခဲ့ရပြီး၊ မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျဉ်းသား ၂၁၁၉ ဦး အကျဉ်းကျနေဆဲ ဖြစ်ကြောင်း ထိုင်းအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) – AAPP (B) က ထုတ်ဖော်ပြောဆိုခဲ့သည်။

Ref: မဇ္ဈိမ

Read More...

တိုင်းမှူးအမိန့်အရ ရွာမီးရှို့မှု၌ ဓါးစားခံအဖြစ် စကခမှူး စစ်ခုံရုံး တင်ခံရ

တနင်္လာနေ့၊ 12 အောက်တိုဘာလ 2009
E-mail Print
သျှမ်းပြည်အလယ်ပိုင်း လဲချား - မိုင်းနောင် အခြေစိုက် အမှတ် ၂ စကခ သို့ စကခမှူး အဖြစ် ဗိုလ်မှူးကြီး ကျော်ဇံမြင့် ရောက်ရှိ တာဝန် ထမ်းဆောင်သည့် ကာလအတွင်း လူထု စည်းရုံးရေး ညံ့ဖျင်းခြင်း၊ လူသူ လက်နက် အများအပြား ဆုံးရှုံးခြင်း တို့ကြောင့် စစ်ခုံရုံး တက်ရန် ဆင့်ခေါ် ခံရသည်ဟု သျှမ်းပြည် အလယ်ပိုင်း သတင်းရပ်ကွက် ပြောပါသည်။

“တောင်ကြီး တိုင်းမှူး ဗိုလ်ချုပ်ရာပြည့်က သျှမ်းရွာမီးရှို့မှုမှာ သျှမ်းပြည် တပ်မတော် ခွဲထွက် မိုင်းဇင့် အဖွဲ့နာမည်နဲ့ ရှို့ခိုင်းတယ် ပြောတယ်။ ဒါပေမဲ့ DVB. RFA VOA တို့က သတင်းမှန် ထုတ်လွှင့် လိုက်တော့ စစ်အစိုးရ အတွက် မျက်နှာပျက်တယ် ပေါ့ဗျာ၊ သူ့မှာ တာဝန်ရှိတယ်၊ ထိန်းထိန်းသိမ်းသိမ်း မလုပ်တတ်ဘူး ဆိုပြီးတော့ စစ်ခုံရုံး တင်ခံရတာ ဖြစ်တယ်” - ဟု မိုင်းကိုင်မြို့ ရှိ ၀န်ထမ်းတဦးက ပြောပြသည်။

အမည်မဖေါ်လိုသည့် စစ်တပ်အသိုင်းအ၀ိုင်းနှင့် နီးစပ်သည့် မိုင်းကိုင် ၀န်ထမ်း တဦး ပြောပြချက် အရ ဗိုလ်မှူးကြီး ကျော်ဇံမြင့် စစ်ခုံရုံး တင်ခံရခြင်း အဓိက အကြောင်းရင်း ၃ - ၄ ခုရှိကြောင်း -

၎င်းရောက်ရှိ တာဝန်ထမ်းဆောင်သည့် ကာလအတွင်း လူထု စည်းရုံးရေး ညံ့ဖျင်းချင်း၊လူသူ လက်နက် အများအပြား ဆုံးရှူံးခြင်း၊ ကျေးလက် လူထု နေအိမ် မီးရှို့မှုတွင်လည်း သျှမ်းပြည် တပ်မတော် ခွဲထွက် လက်နက်ချ မိုင်းဇင့် အဖွဲ့ ရှို့သည်ဟု အကွက်ဆင် ထားသော်လည်း ဗမာ့ တပ်မတော် နာမည်ဖြင့်သာ သတင်းမှန် ထွက်သွားခြင်းတို့အပြင် မီးရှို့ခံရသည့် ရွာများမှ ပျဉ်ထောင်အိမ် တစ်ရာကျော် ပြန်လည် ထူထောင်ရေး ဆောက်လုပ်ရေး လုပ်ငန်း၌လည်း စက်တင်ဘာလ အတွင်း ပြီးစီးအောင် မလုပ်နိုင်ခြင်း တို့ကြောင့် ဖြစ်သည်ဟု သျှမ်းသံတော်ဆင့်သို့ ပြောပြပါသည်။

“အမှန်တော့မီးရှို့မှုက တိုင်းမှူးဗိုလ်ချုပ်ရာပြည့်ကိုယ်တိုင် အမိန့် ပေးခဲ့တာဘဲ၊ သူက ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့လူ၊ တိုင်းမှူး ရာထူးလဲ ဗိုလ်ချုပ်မှူးကြီး ကိုယ်တိုင် ပေးထားတယ်လေ။ အပြစ် အနာအဆာ အားလုံးကို အမှတ်၂ စကခ မှူးဗိုလ်မှူးကြီး ကျော်ဇံမြင့် ခေါင်းပေါ် ပုံချပြီး ခေါင်းရှောင် လိုက်တဲ့တဘော” - ဟု ဆက်ပြောပြ၏။

စစ်ခုံရုံးတက်ရန်အတွက် ဗိုလ်မှူးကြီးကျော်ဇံမြင့်သည် လွန်ခဲ့သည့် ရက် ၂၀ လောက် ကတည်းက လဲချားမှ တောင်ကြီးသို့ ထွက်သွားခဲ့ပြီ ဖြစ်ကြောင်း၊ တချို့ကလည်း နေပြည်တော်သို့ ပို့လိုက်ပြီဟု သတင်း ဖြစ်နေကြောင်း ကံမကောင်းလျှင် ထောင်ကျနိုင်ကြောင်း၊ တာဝန်၊ ရာထူး ပြုတ်မည်မှာ သေချာကြောင်း သတင်းရပ်ကွက်က ဆိုသည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

Monday, October 12, 2009

ဝ နှင့် အစိုးရ စစ်တပ်အင်အား စံနှုန်း ပြည့်မှီသလား?

သောကြာနေ့၊ 09 အောက်တိုဘာလ 2009

၂၀၀၀ ပြည့်နှစ်ကတည်းက စ၍ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ အားလုံး အပြုတ်တိုက်ရန် စွန်ရဲ စစ်ရေး လေ့ကျင့်မှုကို စစ်အစိုးရ နှစ်စဉ် ပြုလုပ်လာခဲ့သည်။ လူအားထက် လက်နက်အား ပိုမို အားထားရန်သာ ရှိသော်လည်း မြန်မာ့ တပ်မတော်တွင် စစ်အင်အား ၄ သိန်း ရှိကြောင်း ဂုဏ်ယူ ၀င့်ကြွားလေ့ ရှိသည်။ ဗမာ့ တပ်မတော်ပြီးလျှင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များထဲ၌ ၀ ပြည် သွေးစည်းရေး တပ်မတော် UWSA မှာ အင်အား အတောင့်တင်းဆုံး ဖြစ်သည်။

စစ်အစိုးရ မကြာခဏ ထုတ်ပြန်ကျေငြာချက် အရ အပစ်ရပ် တပ်ဖွဲ့ ၁၇ ဖွဲ့ရှိသည်ဟု ဆို၏။ လက်နက်ချရန် အတွက် ဖိအား အမျိုးမျိုး ပေးခံရသဖြင့် ၂၀၀၅ တွင် ပလောင်ပြည် လွတ်မြောက်ရေး တပ်မတော် PSLA နှင့် သျှမ်းပြည် အမျိုးသား တပ်မတော် SSA အချို့ လက်နက် ချခဲ့ရသည်။ ၂၀၀၇ တွင် သျှမ်းပြည် လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေး တပ်ဦး SNPLO ထိန်းချုပ် နယ်မြေအား စစ်အစိုးရ အင်အားသုံးပြီး ၀င်ရောက်သိမ်း ပိုက်သကဲ့သို့ ယခုနှစ် သြဂတ်စ် နောက်ဆုံးပတ် ကလည်း ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ် နယ်မြေအား ၀င်ရောက် သိမ်းပိုက်ခဲ့သည်။

ကိုးကန့်အရေးအခင်းနောက်ပိုင်း စစ်အစိုးရ ပစ်မှတ်ထားသည့် အဖွဲ့မှာ ၀ ပြည် သွေးစည်းရေး တပ်မတော် UWSA မှာ ဖြစ်နိုင်ခြေ အများဆုံး ဖြစ်၏။

ဝ ပြည်သွေးစည်းရေးတပ်မတော် UWSA ၏ လူသူလက်နက် အင်အား ၂၅,၀၀၀-၃၅,၀၀၀ အထိ ရှိပြီး လက်နက်ကိုင် ပြည်သူ့စစ် အင်အား ၄၀,၀၀၀ ရှိသည်ဟု အကဲခတ်များ သုံးသပ်ကြ၏။ ဗမာ့ တပ်မတော်တွင် အင် အား ၄၉၀,၀၀၀ ရှိကြောင်းနှင့် အရှေ့တောင် အာရှ၌ ဒုတိယ အင်အားအကြီးဆုံး တပ်မတော် ဖြစ်ကြောင်း စစ်အစိုးရ ပြောသော်လည်း ပြည်တွင်းမှ လေ့လာ သူတဦးက -

“သျှမ်းပြည်မြောက်ပိုင်းလားရှိုးအခြေစိုက် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်း တပ်ဖွဲ့ အင်အား ခြေလျင် ခြေမြန် တပ်ရင်း ၄၆ ရင်း၊ ထောက်ပို့တပ် ၈ ရင်း၊ အမြောက်တပ် ၁၁ ရင်း၊ သံချပ်ကာတပ် ၁ ရင်း နှင့် တင့်ကား တပ်ရင်း ၁ ရင်း ရှိသည်ဟု ဆို၏။ UWSA ၀ တပ်ဖွဲ့၏ မြောက်ပိုင်း နှင့် အလယ်ပိုင်း လူသူ လက်နက် အင်အား ၅,၀၀၀ ခန့် ရှိသည်ဟု နအဖ တပ်က ဆိုပါသည်။

အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ထိန်းချုပ်နယ်မြေ နှင့် မျက်နှာချင်းဆိုင် ၀ တပ် ထိန်းချုပ် နယ်မြေ အတွင်းရှိ မြောက်ပိုင်း အလယ်ပိုင်း လူသူ လက်နက် အင်အားမှာ - ဌာနချုပ် ပန်ဆန်း နှင့် ပန်ဝိုင်တွင် ၅၀၀ ခန့်၊ ပန်ဆန်းရှိ လက်နက်ကြီး တပ်ရင်း တွင် ၉၀၀ ခန့်၊ မြောက်ပိုင်း မိန်းမိုင် နမ့်တစ်ရှိ တပ်မဟာ ၃၁၈ တွင် ၁,၅၀၀ ခန့်၊အနောက် ဘက်ခြမ်း ၀ နယ် တပ်မဟာ ၄၁၈ ထိန်းချုပ် နယ်မြေ အလယ်ပိုင်းတွင် အင်အား ၁၅၀၀ ခန့် ရှိကြောင်း ရမခစာရင်း ဇယားက မှတ်ယူသည်ဟု ဆိုသည်။

သံလွင်အရှေ့ခြမ်း ကျိုင်းတုံအခြေစိုက် တြိဂံတိုင်းစစ်ဌာနချုပ် ထိန်းချုပ် နယ်မြေနှင့် မျက်နှာခြင်းဆိုင်(ကျိုင်းတုံ မြောက်ဘက်) မိုင်းပေါက် အခြေစိုက် တပ်မဟာ ၄၆၈ ၀ တပ်အင်အား များကိုမူ ထည့်တွက်ခြင်း မရှိပေ။

မိုင်းဆတ် မိုင်းတုံမြို့နယ်အတွင်း ထိုင်းနယ်စပ် တလျှောက် အခြေစိုက် တောင်ပိုင်း ၀ တပ်ဖွဲ့ အမှတ် ၁၇၁ စစ်ဒေသ၏ တပ်မဟာ ၇၇၂ ၊ ၇၇၅ ၊ ၇၇၅ ၊ ၅၁၈ နှင့် ၂၄၈ တို့လည်း ရှိသေး၏။ တပ်မဟာ တခု ပျှမ်းမျှအင် အား ၁,၅၀၀ ရှိပါက ၀ တပ်ဖွဲ့၏ စုစုပေါင်း အင်အားမှာ ၁၅,၀၀၀ ထက် ပိုမည် မဟုတ်ဟု နအဖ ဘက်မှ မှတ်ယူ ပုံရသည်။

နအဖ စစ်တပ်တွင်လည်း တပ်ရင်းတရင်း၌ ရှိရမည့် အင်အား စံနှုန်း နှင့် လုံးဝ ပြည့်မှီခြင်း မရှိဟု လေ့လာ သူများက ပြောပါသည်။

၂၀၀၅ တတိယ- လေးလပတ် အစည်းအဝေးတွင် စစ်ရေးချုပ် ဒုဗိုလ်ချုပ်ကြီး သိန်းစိန် (ယခု နအဖ ၀န်ကြီးချုပ်) က - မြန်မာ့ တပ်မတော်တွင် တပ်ရင်းပေါင်း ၅၅၀ ရှိသည့် အနက် ၂၈၄ ရင်းမှာ တစ်ရင်းလျှင် လူအင်အား ၂၀၀ ပင် မပြည့်ကြောင်း၊ ကျန်သည့် တပ်ရင်း ၂၂၀ ရင်းတွင်လည်း ၂၀၀ နှင့် ၃၀၀ ကြားသာ ရှိကြောင်းတင်ပြ ခဲ့ဖူး၏။ သို့သော်လည်း စင်စစ် တပ်ရင်းတိုင်းတွင် အင်အား ၁၅၆ ယောက် ထက် မပိုကြောင်း၊ တပ်ရင်း တစ်ရင်း၏ တိုက်ခိုက်ရေး အင်အား ၁၂၀ - ၁၅၀ ရှေ့တန်း သွားနိုင်သည့် အင်အားမှာ ၆၀-၈၀ ခန့်သာ ရှိကြောင်း ဆိုပါသည်။

ထိုစဉ်က ဗိုလ်သိန်းစိန်၏ အစီရင်ခံချက် အရ လက်နက်ထက် လူသစ် ရှာရ ပိုခက်သောကြောင့် တိုက်ပွဲတွင် လူအားထက် ခေတ်မှီ လက်နက် အင်အား ပိုမို အသုံးပြု သွားရမည် ဖြစ်ကြောင်း ထည့်သွင်း တင်ပြခဲ့သည်။ ထို့အတူ တောင်ကြီးမှ SB ရဲမှူးတဦး၏ ထုတ်ဖေါ်ချက်ကို ကိုးကားဖူးသည့် လားရှိုးကုန်သည် တယောက်က -“အပစ်ရပ်တွေနဲ့ တိုက်ပွဲ ဖြစ်လာရင် မြောက်ကိုးရီးယားက ရလာတဲ့ လက်နက်ဆန်းတွေ ထုတ်သုံးမယ်။ လူတွေတော့ များများ သေလိမ့်မယ်” ဟု မေလ လယ်ပိုင်း က ခြိမ်းခြောက် ပြောဆို ဖူးသည်။

နယ်စပ်ရှိ အပစ်ရပ်တပ်ဖွဲ့များအားလုံး နယ်ခြားစောင့်တပ် အဖြစ် အသွင် ပြောင်းရန် အတွက် အချိန်ပေးထားသည်မှာ အောက်တိုဘာလကုန် နောက်ဆုံး သတ်မှတ်ရက် ဖြစ်သောကြောင့် စစ်အစိုးရ နှင့် ၀ ဆက်ဆံရေးလည်း မကြာတော့သော အချိန်တွင် ထူးခြား ပြောင်းလဲမှုများ ပိုရှိလာနိုင်ကြောင်း အကဲခတ်များ သုံးသပ် ပြောဆို နေကြပါသည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

Sunday, October 11, 2009

ဒေါ်အောင်ဆန်းစုကြည်နှင့် အနောက်တိုင်းသံတမန်များ တွေ့ဆုံ

NEJ / ၉ အောက်တိုဘာ ၂၀၀၉

နေအိမ်အကျယ်ချုပ်ကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် အနောက်နိုင်ငံမှ သံတမန်များ တွေ့ဆုံဆွေးရန် နအဖ စစ်အစိုးရက ယနေ့ ခွင့်ပြုလိုက်ကြောင်း သိရသည်။

မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူ ပိတ်ဆို့တားမြစ်မှု ကိစ္စနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် ပြည်ထောင်စု၊ ဗြိတိန်နှင့် သြစတြေးလျ သံရုံးတို့မှ သံတမန် အကြီးအကဲ တို့နှင့် အစိုးရ ဧည့်ရိပ်သာတွင် တွေ့ဆုံ ဆွေးနွေးကြောင်း အစိုးရ အရာရှိများကို ကိုးကား၍ နိုင်ငံခြား သတင်းဧဂျင်စီ များက ဖော်ပြသည်။

အန်အယ်လ်ဒီ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်း စုကြည်နှင့် နအဖ ဆက်ဆံရေး ၀န်ကြီး ဦးအောင်ကြည်တို့ ယခုလ (၇) ရက်နေ့နှင့် (၃) ရက်နေ့တို့တွင်လည်း စိမ်းလဲ့ကန်သာ ဧည့်ရိပ်သာတွင် တွေ့ဆုံခဲ့သည်။

တွေ့ဆုံသည့် အကြောင်းအရာအသေးစိတ်ကို သတင်းထုတ် ပြန်ပြောဆိုခြင်း မရှိသေး သော်လည်း စက်တင်ဘာ (၂၅) ရက်တွင် ဒေါ်အောင်ဆန်း စုကြည်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ အရေးယူ ပိတ်ဆို့ တားမြစ်မှုများ ရုပ်သိမ်း ပယ်ဖျက်ရေး ကိစ္စနှင့် ပတ်သက်ပြီး စာပို့ခဲ့သည့် ကိစ္စနှင့် ပတ်သက်သည်ဟု ထင်မြင်ကြောင်း အန်အယ်လ်ဒီမှ ဦးဉာဏ်ဝင်းက ပြောကြားခဲ့သည်။

Ref: ခေတ်ပြိုင်

Read More...

အပေါ်သို့