..............................

Friday, June 19, 2009

ဆင်ခေါင်း ခွေးမချီနိုင် ဖြစ်နေတဲ့ နအဖ စစ်အစိုးရ

ရဲဘော်ဖိုးသံချောင်း
၁၇ ဇွန် ၂၀၀၉

ဒီကာလအတွင်း ဗမာပြည် နိုင်ငံရေးအခြေအနေမှာ ပြောင်းလဲမှု တွေ့နေရပါတယ်။

ဗမာပြည်ရဲ့ ပတ်ဝန်းကျင် နိုင်ငံတကာခွင်မှာလည်း အပြောင်း အလဲတွေ ပေါ်နေပါတယ်။

ဘိန်းပစ်ပြီး ဆင်ဖဲနဲ့ ထောင်ချဖို့ စနစ်တကျပြင်ဆင်ထားတဲ့ ဒေါ်အောင်ဆန်း စုကြည်ကို ရုံးတင်တဲ့ ကိစ္စမှာ အဲဒီ ပြည်တွင်းပြည်ပ အပြောင်းအလဲတွေရဲ့ ဂယက်ရိုက်မှုတွေ တွေ့နေရပါတယ်။ အားလုံး သိတဲ့အတိုင်း နအဖစစ်အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်ကို တခြား နိုင်ငံရေး အကျဉ်းသားတွေ တုန်းကလိုပဲ ထောင်ထဲမှာ အကျဉ်းရုံး ပိတ်စစ်၊ အမြန်ဆုံး စီရင်ချက်ချဖို့ စီစဉ်ခဲ့တာပါ။ ဒါပေမယ့် အခုတော့ နအဖကိုယ်တိုင်က အမှုကို တမင်အချိန်ဆွဲ တာတွေ တွေ့လာနေရတော့ စဉ်းစားစရာတွေ အများကြီး ဖြစ်လာပါတယ်။

ဒီအမှုကို နအဖစစ်အစိုးရအနေနဲ့ သူတို့လက်ရာ မပေါ်အောင် သေသေချာချာ ပြင်ဆင်ပြီး ပိုင်ပြီဆိုမှ ရုံးတင် ခဲ့တာပါ။ အမြန်ပြီးသွားမယ့် တရားစီရင်မှုမှာ သူတို့ ဘာမှထပ်ပြီး ဝင်ပါဖို့ မလိုအောင် စီစဉ်ပြီး ဖြစ်မှာပါ။ ဒါပေမယ့် သူတို့ တွက်ထားတာနဲ့ ပြောင်းပြန် အခြေအနေတွေက ဗြောင်းဆန်အောင် ပြောင်းကုန်ပါတယ်။

ဂျွန်ယက်တောက သူဟာ မင်းကြီးတာက ထွက်လာတာ ဖြစ်ကြောင်း အစစ်ခံလိုက်တဲ့ အချိန်ကစပြီး တရားခွင်မှာ အခြေအနေတွေ တမျိုး ပြောင်းကုန်ခဲ့ပါတယ်။ တခါတည်း ဒီအမှုမှာ နအဖဟာ ခံစစ်လို ဖြစ်သွားပါတယ်။ ဒီတော့မှပဲ အမှုမှာ မျက်နှာ မပြဘူးဆိုတဲ့ နေပြည်တော်က ဗိုလ်ချုပ်တွေ အလုပ် ရှုပ်ကုန် ကြတော့တာပါ။ ဒီလိုနဲ့ တရားရုံး တရုံးအနေနဲ့ လုပ်ခဲလှတဲ့ တရားခံပြ သက်သေတွေကို ပယ်တယ်ဆိုတာ လုပ်လာရပါတယ်။ ပယ်တာမှ (၇၅) ရာခိုင်နှုန်းကို ပယ်တာပါ။ ဟန်မဆောင်နိုင်၊ မရှက်နိုင်တော့ပါဘူး။ ဒီမှာပဲ နအဖ ဗိုလ်ချုပ်တွေ မျှော်လင့် မထားတဲ့ ကိစ္စတွေ တခုပြီးတခု ပေါ်လာပါတော့တယ်။

အဲဒါတွေကတော့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ပြင်းထန်လှတဲ့ ဆန့်ကျင်မှုတွေ ဖြစ်ပါတယ်။ ဒီအကြိမ် ကြုံရတာဟာ ဘယ်တုန်းကမှ မကြုံဖူးတဲ့ ဆန့်ကျင်မှုမျိုးလို့ ပြောရင်တောင် ရပါတယ်။ တရုတ်၊ စင်ကာပူ၊ ထိုင်း စတာတွေအပါ သူတို့ ထင်မထားတဲ့ နိုင်ငံတွေရဲ့ ဆန့်ကျင်မှု ဖြစ်လို့ နအဖ တကယ်ပဲ ဖြုံသွားပါတယ်။ တချိန်တည်းမှာ အမေရိကန် သမ္မတ အိုဘားမား (၁၈ဝ) ဒီဂရီ ပြန်လှည့် သွားတာကိုလည်း တွေ့ကြရပါတယ်။

တခါ ပြည်တွင်းမှာကျတော့လည်း မကျေနပ်သံတွေ၊ မကျေနပ်ကြောင်း ဖော်ပြချက်တွေဟာ နေရာတကာမှာ နည်းမျိုးစုံနဲ့ ပေါ်ထွက် လာနေပါတယ်။ အင်းစိန်ထောင်ဘူးဝ ကနေ နိုင်ငံ့ အရှေ့ ဖျားက မူဆယ်၊ ဧရာဝတီ မြစ်ဝကနေ မြစ်ဖျားဖြစ်တဲ့ မြစ်ကြီးနား အထိ ပြန့်သွားပါပြီ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အပါ ပြည်တွင်း အင်အားစုတွေလည်း သက်ဝင် လှုပ်ရှားနေကြပါတယ်။ ဒါ့အပြင် နှစ်ပေါင်း နှစ်ဆယ်ကျော် အပစ်အခတ် ရပ်စဲထားတဲ့ အဖွဲ့တွေနဲ့လည်း ပစ်ရ ခတ်ရတော့မလို ဖြစ်လာနေပါတယ်။ သေသေချာချာ မသိနိုင်တာကတော့ သူတို့တပ်တွင်း၊ သူတို့ခေါင်းဆောင် တွင်းက အခြေအနေပဲ ဖြစ်ပါတယ်။ ဗိုလ်သန်းရွှေတို့ကို ထိုင်နေ အကောင်းသားလို့ အပြစ်တင်နေကြမှာ ကတော့ မလွဲပါဘူး။

ဒီလိုနဲ့ သက်သေတွေထဲက တဦးကို ထပ်ထွက်ဆိုခွင့် ပြုတယ်ဆိုတာ ဖြစ်လာပါတယ်။ သက်သေကိစ္စ အယူခံဝင်တော့ အယူခံကိစ္စကို နေ့လယ် (၁) နာရီလောက်မှာ (၁၇) ရက်နေ့ကို ရက်ချိန်ကြောင်း တရားဝင် ပြောပါတယ်။ ဒီလိုနဲ့ ညနေ (၄) နာရီလောက် ကျတော့ ရက် အကန့်အသတ် မရှိ ရွှေ့ဆိုင်းကြောင်း ဖြစ်သွားပါတယ်။ တရားသူကြီးက နေ့လယ် အိမ်ပြန် ထမင်းစားတော့ မိန်းမနဲ့အတူ ထမင်းစားရင်း ဒီလို ရက်အကန့်အသတ် မရှိ ရွှေ့ဆိုင်းဖို့ ခေါင်းထဲမှာ အကြံပေါ်လာပြီး ပြင်လိုက်တာတော့ မဟုတ်နိုင်ပါဘူး။ နေပြည်တော်က အမိန့်တွေ လာနေတာပါ။ ဒေါ်အောင်ဆန်း စုကြည်ရဲ့အမှုကို စီရင် ဆုံးဖြတ်နေတာဟာ အင်းစိန် ထောင်ထဲရှိ တရားရုံးက မဟုတ်ဘူး။ နေပြည်တော်ကနေ စီရင် ဆုံးဖြတ်နေတယ် ဆိုတာ ပို-ပို ရှင်းသွားပါတယ်။

အဲဒီလိုကနေ နအဖထိပ်သီးတွေ တရုတ်ပြည်ကို သွားတယ်ဆိုတာ ဖြစ်လာပါတယ်။ ပထမတော့ ဗိုလ်ရွှေမန်း သွားတယ်လို့ သတင်းထွက်တာပါ။ နောက်တော့ ဗိုလ်မောင်အေး တကယ်ပဲ သွားပါတယ်။

တိုက်ဆိုင်လိုက်တာ။
နအဖ ဒု-ဥက္ကဋ္ဌ ဗိုလ်မောင်အေး ဘာကြောင့် တရုတ်ပြည်ကို သွားတယ်ဆိုတာ သိဖို့ မလွယ်ပါ။ ထုံးစံကတော့ အခုလိုအချိန်မှာ သွားတာဟာ နအဖအနေနဲ့ ဒေသ တခုလုံးနဲ့ ဆိုင်တဲ့ ခြေလှမ်း တခုကို လှမ်းမလို့၊ ဒါမှမဟုတ် တရုတ်-ဗမာနယ်စပ်နဲ့ ဆိုင်တဲ့ ခြေလှမ်း တခုခုကို ယူမလို့ ဖြစ်တတ်ပါတယ်။ ဥပမာ ငြိမ်းအဖွဲ့တွေကို တိုက်မယ်ဆို တာမျိုး သူတို့ ဆုံးဖြတ်ရင် ဖြစ်ပါတယ်။ ဒါမှမဟုတ်လည်း တရုတ်နဲ့ ထိပ်တိုက်ဖြစ်နေတဲ့ နိုင်ငံတွေနဲ့ သဘောတူညီ မှုတွေ၊ စာချုပ်ချုပ်ဆိုမှုတွေ ရှိရင်လည်း သွားတတ်ပါတယ်။ ဒါပေမယ့် အခုအခါမှာ တရုတ်အဖို့ အဲဒီလို ထိပ်တိုက် ဖြစ်နေတဲ့ နိုင်ငံ မရှိပါဘူး။ ဒီလို အနေအထားအောက်မှာ အများအားဖြင့် ကိုယ့်ဘက်က ရှင်းပြစရာရှိရင်၊ ဒါမှမဟုတ် တောင်းဆိုချင်တာ ရှိရင် သွားကြလေ့ ရှိပါတယ်။

ဒီလိုမှမဟုတ်ဘဲ တရုတ်က လာစေချင်လို့၊ တနည်း- ခေါ်လို့သွားတာလား။ ဒါဆိုရင်တော့ ဒီနေ့ ဒီအခြေအနေမှာ ဒါဟာ နအဖအတွက် သိပ်ကောင်းတဲ့ ကိစ္စ မဖြစ်နိုင်ပါဘူး။ ဒီရက်ပိုင်း အတွင်းမှာပဲ တရုတ်ဟာ နိုင်ငံတကာ အရေးအခင်းတွေမှာ ထူးခြားတဲ့ ရပ်တည်ချက် နှစ်ခု ဖော်ပြခဲ့တယ် ဆိုတာကို အားလုံး သတိထားမိ ကြမှာပါ။ တခုက ဗမာ နိုင်ငံအရေးနဲ့ နောက်တခုက မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက် အရေးတို့ ဖြစ်ပါတယ်။ တကယ်လို့ တရုတ်က နအဖကို သူတို့ဘာလို့ အဲဒီလို ရပ်တည်ရတယ် ဆိုတာကို ရှင်းပြတာဆိုရင်တော့ နအဖအတွက် ပျော်စရာ ကောင်းမယ် မဟုတ်ပါဘူး။ သံတမန်နည်း၊ ပညာရှိ နည်းတွေနဲ့ ပညာပေးတာ၊ ဆုံးမတာတွေ ဖြစ်ပါလိမ့်မယ်။ သူတို့ဆီကို ခေါ်ပြောတာ ဆိုတော့ ပီကင်းက ပြောတာဟာ ဂိုချောက်ထောင် လောက်တော့ ရှင်းရှင်းပြတ်ပြတ် ဖြစ်ကောင်းမှ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ရွှေဖော့လုံးနဲ့ ရိုက်တာက ပိုဆိုးတယ် ဆိုတာမျိုး ဖြစ်နေရင်တော့ မပြော တတ်ပါ။ ဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုကို ရက် အကန့်အသတ် မရှိ ရွှေ့ဆိုင်းတာဟာ ဒီခရီးစဉ်နဲ့များ ဆက်နေသလားလို့လည်း တွေးတော စရာလည်း ဖြစ်လာပါတယ်။

ဒီလိုလှုပ်ရှား ပြောင်းလဲနေတဲ့ အခြေအနေမှာ နအဖအနေနဲ့ သူတို့အတွက် မလုပ်မဖြစ် အရေးကြီး လုပ်ငန်းစဉ်အဖြစ် ချမှတ်ထားတွေက များလွန်းနေပါတယ်။ ဒေါ်အောင်ဆန်း စုကြည်ကို စီရင်ချက် ချရေး၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကို ရွေးကောက်ပွဲ မတိုင်မီ နှိပ်ကွပ်ရေး၊ သို့မဟုတ် ဦးချိုးရေး၊ အပစ်အခတ် ရပ်စဲရေး အဖွဲ့တွေကို “စည်းကမ်းရှိတဲ့ ဒီမိုကရေစီ” ဘောင်ထဲကို ကျုံးသွင်းယူရေး၊ ရွေးကောက်ပွဲ ဥပဒေနဲ့ ပါတီတွေ မှတ်ပုံတင်တဲ့ ဥပဒေတို့ကို ပြဋ္ဌာန်းရေး၊ နောက်ပြီး သူတို့ရဲ့ အတုအယောင် ရွေးကောက်ပွဲကို ပိပိရိရိ ကျင်းပရေး၊ အချိန်က တနှစ်တောင် မကျန် တော့ပါဘူး။ နောက်ပြီး ဒီကိစ္စတွေအားလုံးက ဘယ်လိုမှ ရှောရှောရူရူ မဖြစ်နိုင်တဲ့ ကိစ္စတွေချည်း ဖြစ်ပါတယ်။ ကိစ္စ တခုချင်းမှာ သူတို့ကို ပြန်ထိခိုက်မယ့် အချင်းအရာတွေ ပြွမ်းတီးလို့ နေပါတယ်။ နောက်ပြီး ကိစ္စတိုင်း ကိုလည်း နိုင်ငံတကာက ဂရုစိုက် စောင့်ကြည့် နေကြတာပါ။ နအဖ ခေါင်းမီလောင် နေချိန်မှာ နိုင်ငံတကာ ဖိအားကလည်း မြွေပူရာ ကင်းမှောင့်လို ဖြစ်နေပါတယ်။ နောက်ပြီး ဟုတ်ပါရဲ့၊ လူပုံလယ်မှာ သူတို့ကို အရှက်ခွဲခဲ့တဲ့ ထိုင်းတို့၊ ကမ္ဘောဒီးယား တို့ကို အခွင့်သင့်ရင် ပြန်နှိပ်ဖို့ ကလည်း ရှိသေးတယ်။

ဒီနေ့ လက်တွေ့အခြေအနေကို အသေအချာ ပြန်ကြည့်လိုက်တော့ လား-လား၊ ဒေါ်အောင်ဆန်း စုကြည်ကို ချောက်ချမယ် ပြင်နေတဲ့သူတွေ အခု သူတို့ကိုယ်တိုင် ချောက်ကျနေပါတယ်။ အပစ်အခတ် ရပ်စဲရေးကို အကြီးအကျယ် ဂုဏ်ယူ ဝါဒဖြန့်နေတဲ့ စစ်ဗိုလ်တွေ အခု သူတို့ကစပြီး အပစ်အခတ် ရပ်စဲရေးကို ချိုးဖောက်ရတော့မယ့် ကိန်းဆိုက်နေ ပါပြီ။ ၂ဝ၁ဝ ရွေးကောက်ပွဲ ဆိုတာနဲ့ ပြည်တွင်း ပြည်ပမှာ ဝါဒဖြန့် မင်္ဂလာယူနေတဲ့ စစ်အာဏာရှင်တွေ အခု ရွေးကောက်ပွဲကို ကျင်းပရမလား၊ ရက်ရွှေ့ရမလား စဉ်းစားနေရပါပြီ။ “(၉၃) ရာခိုင်နှုန်း ထောက်ခံမှု ရခဲ့တဲ့” ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေကြီးနဲ့ မိန့်မိန့်ကြီး အစိုးရ လုပ်မယ်၊ သမ္မတ လုပ်မယ် တွေးထားတဲ့ ဗိုလ်ချုပ်တွေ အာဏာသိမ်းပွဲ ထပ်လုပ် ရမလား စဉ်းစား နေရပါပြီ။

ဒီတော့ ၂၁ ရာစုနှစ်ရဲ့ ပထမဆုံးဆယ်စုနှစ် ကုန်တော့မယ့်အချိန် ဒီတကွေ့မှာ နအဖ ဗိုလ်ချုပ်တွေ ဆင်ခေါင်းခွေးချီ နိုင်ပါ့မလား စောင့်ကြည့်ကြပါစို့။

ရဲဘော်ဖိုးသံချောင်း

Ref: ခေတ်ပြိုင်

Read More...

ဒေါ်စုမွေးနေ့ ကမ္ဘာတ၀န်း ကျင်းပ

19 June 2009

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ကျရောက်မယ့် သူ့ရဲ့ ၆၄ နှစ်မြောက် မွေးနေ့ကို ရန်ကုန်မြို့က အင်းစိန် အကျဉ်းထောင်ထဲမှာ ကျော်ဖြတ် ရမှာ ဖြစ်ပါတယ်။

မေလအစောပိုင်းမှာ အမေရိကန် နိုင်ငံသားတယောက် မဖိတ်ခေါ်ဘဲ ဒေါ်အောင်ဆန်း စုကြည်ရဲ့ နေအိမ် ခြံဝင်းထဲကို ရေကူး ၀င်ရောက်ခဲ့တာကြောင့် ဒေါ်အောင်ဆန်း စုကြည်ဟာ သူ့ကို နေအိမ် အကျယ်ချုပ် ဖမ်းဆီးထားတဲ့ စည်းကမ်း စည်းမျဉ်းတွေကို ချိုးဖောက် ခဲ့ပါတယ် ဆိုပြီး စစ်အစိုးရက တရားစွဲပြီး သူ့ကို အင်းစိန် အကျဉ်းထောင်ထဲမှာ ဖမ်းဆီး ထားတာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် နိုင်ငံတကာက နိုင်ငံ့ခေါင်းဆောင် တွေ၊ နိုင်ငံရေး သမားတွေ၊ အနုပညာ ရှင်တွေက လူထု အစည်းအဝေး ပွဲတွေ၊ ဆုတောင်း ပွဲတွေ၊ မိန့်ခွန်း ပြောကြားမှုတွေ ပြုလုပ် ခဲ့ကြပါတယ်။

www.64forsuu.com ဆိုတဲ့ ၀က်ဘ်ဆိုက်မှာလည်း ဒေါ်အောင်ဆန်းစုကြည် အတွက် မွေးနေ့ ဆုတောင်းတွေ ရေးသား ပေးပို့ကြတာ အခုဆိုရင် မွေးနေ့ ဆုတောင်းပေါင်း ၁၀,၀၀၀ ကျော်သွားပါပြီ။ အီးယူ ဥရောပ သမဂ္ဂက ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံကားချပ် အကြီးကြီးကို ဘရပ်ဆဲလ်မြို့တော် လူဇင်ဘတ်က အီးယူ ပါလီမန် အဆောက် အအုံမှာ ချိတ်ဆွဲမှာ ဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်မှာတော့ ဗြိတိသျှဝန်ကြီးချုပ် ဂေါ်ဒွန် ဘရောင်း (Gordon Brown) ရဲ့ ဇနီးဖြစ်သူ ဆာရာ ဘရောင်း (Sarah Brown) က ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ကြိုးပမ်းမှု အနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ရုပ်ရှင်တကား ပြသမှာ ဖြစ်ပါတယ်။ ဒီလို ၀န်ကြီးချုပ် နေအိမ်မှာ ရုပ်ရှင်ပြသမှု ပြုလုပ်တာဟာ ရာဇ၀င်မှာ ပထမဦးဆုံး ပြသမှု ဖြစ်ပါတယ်။

Ref: VOA News

Read More...

ကေအိုင်အေ ကချင်တပ်ဖွဲ့နဲ့ ၀တပ်ဖွဲ့တွေ စစ်ရေးလေ့ကျင့် ပြင်ဆင်

18 June 2009

ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) ကို နယ်ခြားစောင့်တပ် အဖြစ် အသွင် ပြောင်းရေး အတွက် မြန်မာ စစ်အစိုးရက တောင်းဆို လိုက်တဲ့နောက်မှာ ကေအိုင်အေက သူတို့နယ်မြေ အတွင်းမှာ စစ်ရေး လေ့ကျင့်တာတွေ ပိုမိုလုပ်ဆောင်လာ သလို မြန်မာ စစ်အစိုးရရဲ့ တပ်တွေ ဘက်ကလည်း လှုပ်ရှားမှုတွေ ရှိလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအခြေအနေမှာ ကချင်ပြည်နယ်က လူထုတွေက ၁၉၉၄ အပစ်အခတ် မရပ်စဲခင် ကာလကလို တိုက်ပွဲတွေ ပြန်ဖြစ်မှာကို စိုးရိမ်နေပါတယ်။ ဒီအကြောင်း အပြည့်အစုံကို ထိုင်း အခြေစိုက်သတင်းထောက် ကိုမိုးဇော်က တင်ပြ ထားပါတယ်။

ကေအိုင်အေနဲ့ မြန်မာစစ်တပ်တွေရဲ့ စစ်ပြင်ဆင်မှု အခြေအနေကို ကချင်ပြည်နယ်က ဒေသခံတွေက အခုလို ပြောပါတယ်။

“ပြင်ဆင်တာတော့ ရှိပါတယ်။ ဒီ စစ်သင်တန်းတွေ ပိုပြီးမှ ရက်တွေ ပြန်တိုးချဲ့၊ အဲလိုမျိုး တွေပေါ့။ အခုတလော တောထဲဝင်ပြီးတော့ လေ့ကျင့်တာတွေလည်း လုပ်နေကြပါတယ်။ ကေအိုင်အေ တပ်မဟာ ၂ ဘက်မှာပေါ့။ အရင်ကတည်းက လုပ်လာတာတော့ မရှိဘူး။ အခုမှလုပ်တာ။ ဒီစစ်သားတွေ စုဆောင်းတာလည်း ပိုပြီးမှ စုဆောင်း တာပေါ့နော။ လေ့ကျင့်ရေးစခန်းမှာဆို စစ်သားတွေ ခါတိုင်းထက် အဆမတန် များနေတာပေါ့။ ရွာတွေ ဘာတွေဆိုရင်လည်း တချို့ စစ်သားမလုပ်ချင်တဲ့လူဆို မြို့မှာပဲနေပြီးမှ ရွာတောင် မပြန်လာဘူး။ ဘာဖြစ်လို့လဲ ဆိုရင် ရွာရောက်ရင် စုဆောင်းခံရမှာ စိုးလို့ပေါ့။

ဒီ နအဖဘက်က စစ်တပ်တွေတောင်မှ ကေအိုင်အေတွေက ဒီလို ကျင့်တော့ သူတို့လည်း မြို့ထဲမှာ သေနတ် တွေပစ်၊ အဲလိုမျိုး သူတို့လည်း လေ့ကျင့်နေတယ်။ နှစ်ဖက်စလုံး အပြိုင်အဆိုင် လေ့ကျင့် နေတာပေါ့။ ဒီ တနိုင်းဘက်မှာ။”

“အခုက ပြင်ဆင်တာပါပဲ။ လိုအပ်လာလို့ ရှိရင် ဆိုတဲ့ အခြေအနေမျိုး ပြင်ဆင်တာပါပဲ။ ကြားတာ ကတော့ နအဖ အစိုးရ ဘက်ကလည်း အဆင်သင့်ပဲ။ အခုတောင် ကျမတို့ ကြားတာ အဲဒီ ဗန်းမော်နဲ့ လွယ်ဂျယ် လမ်းပေါ့နော်၊ အဲဒီ လမ်းဘက်မှာ ညညဆိုရင် စစ်အစိုးရ ကားကြီးတွေ လက်နက် သယ်တယ်လို့၊ သူတို့က ညမှပဲ ဖြတ်တယ်၊ အဲဒီ ကားတွေက ဘယ်မှာ ရပ်သွားလဲဆို ဆင်ဒုံမှာ။ ဗန်းမော်ကိုလည်း မကျော်ဘူး။ လွယ်ဂျယ်ကနေ ဆင်ဒုံကို ရောက်တယ်။ ဆင်ဒုံမှာက သူတို့ရဲ့ဗျူဟာလို့ ပြောလို့ရမယ့် စစ်တပ်ရှိတော့ လက်နက်တွေ အဲဒီမှာပဲ စုတယ်လို့ အားလုံးက သုံးသပ်နေတယ်။ ရွာကလူတွေ၊ ရွာသား ပြည်သူတွေပေါ့။”

နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေးအတွက် မြန်မာ စစ်အစိုးရက တောင်းဆို ထားတာကို ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ (ကေအိုင်အို) က လူထုဆီက သဘောထား ရယူပြီး အကြောင်း ပြန်မယ်လို့ ဆိုခဲ့ပါတယ်။ ဒီလို သဘောထား ရယူရာမှာ ကချင် ပြည်သူတွေနဲ့ ကေအိုင်အေ တပ်ဖွဲ့ဝင် အတော်များများက နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်းရေးကို လက်မခံကြောင်း စာတွေ ရရှိပြီးတဲ့ နောက်မှာ အခုလို စစ်ရေးအရ ပြင်ဆင်တာတွေ ဆောင်ရွက် လာတာ ဖြစ်ပါတယ်။ ကေအိုင်အေနဲ့ မြန်မာစစ်တပ် ကြားမှာ တိုက်ပွဲတွေ ပြန်ဖြစ် လာမှာကိုတော့ ကချင်လူထု အများစုက မလိုလားကြောင်း ဒေသခံ ကချင် အမျိုးသမီးက အခုလို ဆက်ပြောပါတယ်။

“အကယ်၍သာ ပြန်ပြီးတင်းမာလာမယ်၊ ပစ်ကြမယ် ခတ်ကြမယ် ဆိုရင်တော့ ပညာရေး က အစ၊ လုပ်ကိုင် စားသောက်တဲ့ စီးပွားရေး လုပ်ငန်းက အစ၊ အခြေခံ ပြည်သူ လူထုတွေ ကတော့ အများကြီး ဒုက္ခ ရောက် နိုင်တယ်။ နအဖ ဘက်ကလည်း ဘယ်နားမှာ ဘာရှိတယ်၊ ဘယ်သူတွေနဲ့ ဘယ်သူတွေ ဆက်သွယ်တယ် ဆိုတာက သူတို့ အကုန်လုံး သိနေပြီးသားလေ။ မြို့မှာပဲဖြစ်ဖြစ်၊ တောမှာပဲဖြစ်ဖြစ် ပြည်သူတွေ အားလုံးက အရင်ကထက် စာရင် ပိုပြီးတော့ ဒုက္ခရောက်မယ်၊ တိုက်မလား မတိုက်ဘူးလား ဆိုတာက အများကြီး ပြန်စဉ်းစားဖို့ လိုပြီလို့ ဒီမှာ ဆုံကြတဲ့လူတွေ ဆွေးနွေးကြတာပေါ့။”

ကချင်ပြည်နယ်တောင်ပိုင်း မိုးညှင်း မိုးကောင်းဒေသက ရှမ်းအမျိုးသား တယောက် ကလည်း သူ့အမြင်ကို အခုလို ပြောပါတယ်။

“စစ်ဖြစ်တယ်ဆိုတာကတော့ မကောင်းဘူးပေါ့ဗျာ။ တကယ်ပြောမယ် ဆိုရင် ပြည်သူတွေ နာတယ်လေဗျာ။ စစ်မဖြစ်ဘဲနဲ့ ရှောင်လွှဲတဲ့ နည်းနဲ့ စေ့စပ် ဆွေးနွေးနိုင်ရင်တော့ ကောင်းတာပေါ့ဗျာ။ အပစ် မရပ်ခင် တုန်းကတော့ ဒါကတော့ နှစ်ဖက်ပေါ့ဗျာ၊ တဖက် ကလည်း ကေအိုင်အေကို ထောက်ပံ့တယ်၊ ပံ့ပိုးတယ် ဘာညာဆိုပြီးမှ အစိုးရဘက် ကလည်း သံသယ မကင်းဘဲနဲ့ ချော၊ ပေါ်တာ ဘာညာ ခေါ်တာတမျိုး၊ ဖမ်းဆီးနှိပ်စက် ခံရတာတမျိုး။ တခါ ဟိုဘက်ကလည်း ထိုနည်း လည်းကောင်း အတိုင်းပဲ၊ ဒါတွေဟာ အစိုးရသူလျှို ဘာညာ ဆိုပြီးမှ လုပ်တာတမျိုး၊ နှစ်ဖက်စလုံး ပါပဲ။ ခံရတော့ ပြည်သူလူထု ခံရတာပါပဲ။ အဲဒါတွေ ဖြစ်ခဲ့တာပါပဲ။”

ကေအိုင်အေနဲ့ မြန်မာစစ်တပ် အပစ်ရပ်ပြီးတဲ့နောက်မှာ ပြည်သူတွေ အေးအေး ချမ်းချမ်း နေရတာကို မပျက်စီးလိုဘူးလို့ သူက ဆက်ပြောပါတယ်။

ကေအိုင်အိုအဖွဲ့က ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဗိုလ်မှူးကြီး ဂျိမ်းလွန်ဒေါင်း ကတော့ စစ်ရေး ပြင်ဆင်မှုတွေ လုပ်နေတယ်ဆိုတာနဲ့ စစ်ပွဲတွေ ပြန်ဖြစ်လာမယ် ဆိုတဲ့ သတင်းတွေကို လက်မခံပါဘူး။ ကေအိုင်အေကို အသွင်ပြောင်းရေးနဲ့ ပတ်သက်လို့ မြန်မာ စစ်အစိုးရနဲ့ ကေအိုင်အေ ကြားမှာ ညှိနှိုင်းလို့ ရနိုင်မယ်လို့ ယုံကြည် ထားပါတယ်။

“နအဖကနေ ဒီလိုတင်ပြလာတာ ဒါ သဘာဝကျပါတယ်။ ဒါပေမယ့် လက်တွေ့ ပိုင်းမှာကြ ဒီ Military ကို Reform လုပ်တာကို နောက်မှထားပါ၊ ရွေးကောက်ပွဲကို ပထမထားပါ။ အဲဒီ အစီအစဉ်ကိုလည်း အရှေ့ကဟာ အနောက်ထားလိုက်၊ အနောက်ကဟာ အရှေ့ထားလိုက်၊ အဲဒါပဲဟာ။ ဒါလည်း ကျနော်တို့ ဆွေးနွေးလို့ ရနိုင်တဲ့ဟာ၊ ဖြစ်လိမ့်မယ်လို့ ကျနော်တို့ ယုံကြည်တယ်။”

ဗိုလ်မှူးကြီး ဂျိမ်းလွန်ဒေါင်းက ပြည်သူတွေ တင်မြှောက်တဲ့ အစိုးရ တက်လာပြီးရင် ပြည်သူတွေ အတွက် အာမခံချက် အပြည့်အ၀ ရပြီဆိုရင်တော့ ကေအိုင်အေဟာ အစိုးရ တပ်မတော် ဖြစ်လာနိုင်တယ်လို့ ဆက်ပြော ပါတယ်။

မြန်မာစစ်အစိုးရက ကေအိုင်အေ အပါအ၀င် အပစ်ရပ်အဖွဲ့တွေကို နယ်ခြားစောင့်တပ် အသွင် ပြောင်းရေးနဲ့ ပတ်သက်ပြီး ဧပြီလကုန်ပိုင်းက စတင် အကြောင်းကြား ခဲ့ပါတယ်။ ကေအိုင်အေဟာ လူထု သဘောထား ရယူပြီး ဒီလပိုင်း အတွင်းမှာ မြန်မာစစ်အစိုးရနဲ့ ထပ်မံဆွေးနွေး ဖြစ်မယ်လို့ ခန့်မှန်း ထားပါတယ်။

ဒါကတော့ ကချင်ပြည်နယ်အတွင်းက အခြေအနေတွေ ဖြစ်ပါတယ်။ ရှမ်းပြည်နယ် အတွင်းမှာလည်း ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းတုံ မိုင်းဆတ်နယ်မှာ အခြေစိုက်တဲ့ ၀ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် တောင်ပိုင်းကလည်း ကချင်တပ်ဖွဲ့တွေလို စစ်ရေး လေ့ကျင့်တာတွေ လုပ်ဆောင် လာနေတယ်။

တချိန်တည်းမှာလည်း မြန်မာ စစ်အစိုးရ ဘက်ကလည်း တပ်အင်အား တိုးမြှင့် ချထားတာတွေ ရှိနေတယ်လို့ ထိုင်း-မြန်မာ နယ်စပ်က ဒေသခံ တယောက်က အခုလို ပြောပါတယ်။

“အခုက နအဖနဲ့ ၀ သိပ်အယုံအကြည် မရှိကြတော့ဘူး။ အဲဒါကြောင့် နယ်စပ် ဒေသမှာ ရှိတဲ့ ၀ အဖွဲ့အစည်း ကလည်း သူတို့ ဒီ မြန်မာပြည် ထိုင်းနယ်စပ်မှာ နီးနီးလေး နေရာမှာ အဲဒီမှာ စစ်ရေးတွေ တအား လေ့ကျင့်နေပြီ အခုက။ ဒီ မိုင်းကျွတ်မှာ မိုင်းတုံ အနောက် ပိုင်းက တပ်စခန်း အဲဒီနေရာကို စစ်ရေး လေ့ကျင့်နေတယ် အခုက။ နအဖကလည်း သံလွင်မြစ်ကမ်း နားမှာတော့ တပ်မ ၂ခု ချထားတယ်တဲ့၊ ၆၆နဲ့ ၈၈။ အဲဒီတပ်မ ၂ခုက သံလွင်မြစ် အဲဒီဘက်က နေရာယူထားတယ်တဲ့။ တာဆန်းတံတားနား ဒီဘက်ပိုင်းပေါ့။ တပ်မ ၈၈နဲ့ ၆၆က သူတို့ကလည်း အင်အား အပြည့်နဲ့ သံလွင်မြစ် ဒီဘက်က ကျော်လာ ပြီးပြီပေါ့။ ဒီဘက် ကျနော်တို့ ပြောတဲ့နေရာတော့ သိပ် မဝေးကြဘူးပေါ့။ မြို့နယ်တခု အတွင်းမှာပဲ။ ဒါဆို ဒီမှာလည်း စစ်ရေး တအားလေ့ကျင့်နေတယ်။ ဟိုမှာလည်း စစ်အင်အားနဲ့ လာတယ်ဆိုတော့ သူတို့က ဘာလုပ်ကြမှန်း မသိသေးဘူးလေ။”

ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော်ရဲ့ ဌာနချုပ်ကတော့ တရုတ်-မြန်မာနယ်စပ် ပန်ဆန်းမှာ အခြေစိုက်တာ ဖြစ်ပါတယ်။

သူတို့ရဲ့ တောင်ပိုင်းတပ်ဖွဲ့ဟာ မိုင်းတုံ မိုင်းဆတ် နယ်မြေမှာ အခြေစိုက် ထားတာ ဖြစ်ပါတယ်။ မြန်မာ စစ်အစိုးရဘက်က နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး ကမ်းလှမ်းတာကို ၀တပ်ဖွဲ့က ငြင်းပယ်လိုက်တဲ့ နောက်မှာ တောင်ပိုင်း ၀တပ်ဖွဲ့တွေကို တရုတ်-မြန်မာ နယ်စပ်ဘက် ပြောင်းရွှေ့ဖို့ မြန်မာ စစ်အစိုးရဘက်က တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်မှာ အခုလို တင်းမာမှုတွေ ဖြစ်လာတာပါ။

Ref: VOA News

Read More...

ကရင်တပ်များ ဆုတ်ခွာနေရ

လာရီဂျေဂင်
ကြာသပတေးနေ့၊ ဇွန်လ 18 2009

မဲဆောက် (မဇ္ဈိမ)။ ။ အစိုးရတပ်နှင့် သူတို့၏ ပြိုင်ဘက် ပြောက်ကျား တပ်များအကြား အလွန် ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားပြီးနောက် မြန်မာနိုင်ငံ၏ အကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့သည် ထိုင်း-မြန်မာ နယ်စပ်ရှိ ၎င်းတို့၏ အမာခံ စခန်းများကို စွန့်ခွာနေရပြီ ဖြစ်သည်။

ကရင်အမျိုးသားအစည်းအရုံး - KNU ၏ လက်နက်ကိုင် တပ်ဖွဲ့ဖြစ်သော ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် - KNLA သည် ယခုအခါ မြန်မာနိုင်ငံ အရှေ့ပိုင်းရှိ သူတို့၏ အခြေခံ စခန်းများကို အသက်ပေါင်း များစွာ စတေး၍ ခုခံ ကာကွယ်နေသည်ထက် ပြောက်ကျား နည်းဗျူဟာသို့ ပြောင်းလဲ တိုက်ပွဲ ဝင်သွားမည်ဟု KNLA တပ်မှူး ဂျော်နီက ကြာသပတေးနေ့က ပြောသည်။

''ကျနော်တို့ရဲ့ တပ်မဟာ ၇ အခြေခံ စခန်းကနေ ဆုတ်ခွာရလို့ ကျနော်တို့ ရှုံးသွားတာ မဟုတ်ပါဘူး။ ဒါ နည်းဗျူဟာ အရ ပြန်လည်နေရာယူ တပ်စွဲတာ ဖြစ်ပါတယ်။ ကျနော်တို့က ကိုယ့် ကရင် အချင်းချင်း ဒီစစ်ပွဲမှာ မသတ်ချင်ပါဘူး'' ဟု သူက ပြောသည်။

သို့သော် လေ့လာသုံးသပ်သူ အများအပြားကမူ ယင်းသည် မြန်မာအစိုးရကို လွတ်လပ်ရေးနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့် အတွက် နှစ်ပေါင်း ၆၀ မျှ တိုက်ပွဲ ဝင်လာခဲ့သော KNLA အတွက် နိဂုံး၏ နိဒါန်း ဖြစ်နိုင်ကြောင်း ပြောဆို နေကြသည်။

မည်သို့ပင်ဖြစ်စေ KNU နှင့် KNLA ခေါင်းဆောင်များကမူ တိုက်ပွဲ အဆုံးသတ် သွားရန် အဝေးကြီး လိုသေးကြောင်း ပြောကြသည်။

''ကျနော်တို့ နောက်ဆုံး ခါးသီးတဲ့ အဆုံးသတ်ထိ တိုက်ပွဲဝင်သွားမယ်။ ကျနော်တို့မှာ တခြား ရွေးချယ်စရာလမ်း မရှိဘူး။ ဆက်တိုက်ရမှာပဲ။ နယ်မြေ အစိတ်အပိုင်းတိုင်းကို ဆက်ထိန်းသွားမယ်'' ဟု KNU ပြောရေး ဆိုခွင့်ရှိသူ ဒေးဗစ်သာကပေါက မဇ္ဈိမကို ပြောသည်။

''ဘာတွေ အန္တရာယ်ကျရောက်တော့မယ်ဆိုတာ ကျနော်တို့ သိတယ်။ ကျနော်တို့သာ ဆက် မခုခံရင် မြန်မာစစ်တပ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ကျူးလွန်မယ်၊ ကျနော်တို့ နယ်မြေတွေကို သိမ်းမယ်၊ ကျနော်တို့ သယံဇာတတွေကို ထိန်းချုပ်ထားမယ်'' ဟု သူက ဆက်ပြောသည်။

မြန်မာစစ်တပ်က ကရင်လက်နက်ကိုင်များအပေါ် တိုက်ခိုက်မှုများ တိုးမြှင့် ပြုလုပ်လာသည့် အတွက် တိုင်းရင်းသား ကရင် ရွာသူရွာသား ထောင်ပေါင်းများစွာသည် လွန်ခဲ့သော ရက်သတ္တပတ် အနည်းငယ်က နယ်စပ် ဖြတ်ကျော်ကာ ထိုင်းနိုင်ငံအတွင်းသို့ ထွက်ပြေး ခိုလှုံခဲ့ကြရသည်။

မြန်မာစစ်တပ်က ထိုင်းနယ်စပ်အနီး စိန်ပြောင်းများဖြင့် ဆက်တိုက် ပစ်ခတ်နေခြင်း၊ ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားနေခြင်းတို့ကြောင့် တိုင်းရင်းသား ကရင်ကျေးရွာသား ၄၀၀၀ ကျော်သည် သူတို့၏ လုံခြုံမှုအတွက် ထွက်ပြေး လာခဲ့ကြရသည်ဟု ဒေသတွင်းရှိ အကူအညီပေးရေး လုပ်သားများ၏ အပြောအရ သိရသည်။

လွန်ခဲ့သော နှစ်ပတ်က မြန်မာစစ်တပ်နှင့် အစိုးရအား ထောက်ခံသော တပ်ဖွဲ့ဖြစ်သည့် ဒီမို ကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော် - DKBA တို့သည် KNLA ကို အပြီးသတ် ဖျက်ဆီးရန် နောက်ဆုံး ကြိုးပမ်းသည့် အနေဖြင့် ထိုင်းနယ်စပ် တနေရာတွင် အဓိက ထိုးစစ်ဆင် တိုက်ခိုက်မှုကြီး တရပ် ပြုလုပ်ခဲ့သည်။

လွန်ခဲ့သော ရက်အနည်းငယ်အတွင်း မြန်မာစစ်တပ်သည် KNU ၏ လက်နက်ကိုင် တပ်ဖွဲ့ ဖြစ်သော KNLA ကို ထိုးစစ် အရှိန်မြှင့် ပြုလုပ်ခဲ့ရာ ယင်း၏ အားအကောင်းဆုံး တပ်ဖွဲ့ဖြစ်သော တပ်မဟာ ၇ ကို အဓိကထား တိုက်ခိုက် ခဲ့သည်။

ဤသို့ ဘက်ပေါင်းစုံမှ ထိုးစစ်ဆင်လာသည်ကို တပ်မဟာ ၇ သည် ရက်သတ္တပတ်ပေါင်း များစွာ ပြန်၍ ခုခံ တိုက်ခိုက် နိုင်ခဲ့သည်။ သို့သော် ယခုအခါ မဟာဗျူဟာ ဆက်ဆံရေးမှာ ပြောင်းလဲ သွားရတော့မလို ဖြစ်နေသည်။ ''ကျနော်တို့ ကျနော်တို့နယ်မြေကို ထိန်းမထား နိုင်တော့ဘူးဆိုရင် ခွာပေးရမှာပဲ။ မလိုအပ်ဘဲ ကျနော်တို့ ရဲဘော်တွေ အသေမခံနိုင်ဘူး'' ဟု သာကပေါက အလေးပေး ပြောကြားသည်။

ယခုရက်သတ္တပတ်ကုန်တွင် ကရင်ပြည်နယ်မြို့တော် ဘားအံမှ နောက်ထပ် အင်အား ၃၀၀ ကို DKBA တပ်ဖွဲ့များက ခေါ်ယူ အင်အား ဖြည့်တင်းထားသည်။ ယခုလောလောဆယ် မြန်မာစစ်တပ်နှင့် တွဲတိုက်နေသော DKBA တပ်ဖွဲ့အင်အားမှာ ၆၀၀ ရှိသည်ဟု မြန်မာနိုင်ငံတွင်းရှိ ကရင် သတင်းရပ်ကွက်များက ပြောသည်။

''KNLA ကို အခြေပြုတ်သွားအောင် နှစ်ဖက်ညှပ်တိုက်ဖို့ သူတို့ ရည်ရွယ်တာ'' ဟု အမည် မဖော်လိုသူ ထိုင်းစစ်ထောက်လှမ်းရေး အရာရှိတဦးက မဇ္ဈိမကို ပြောသည်။ ''ဒီတိုက်ပွဲထဲမှာ ဝင်တိုက်နေတာ မြန်မာစစ်တပ်က တပ်ရင်း ၆ ရင်း ရှိတယ်။ အင်အား ၂၀၀၀ လောက်က တဝက်စီခွဲပြီး တပ်မဟာ ၇ နယ်မြေရဲ့ မြောက်ဘက်စွန်းနဲ့ တောင်ဘက်စွန်း ကနေ တိုက်နေတာ'' ဟု သူက ဆိုသည်။

''ဒါပေမဲ့ အင်အား ၉၀၀ ရှိတဲ့ DKBA တပ်ဖွဲ့က ဒီတိုက်ပွဲမှာ အခံရဆုံးပဲ။ သူတို့က ရှေ့ကနေ ဦးဆောင် တိုက်ရတာ။ ဗမာစစ်တပ်က တဖက်တချက်က ထောက်ပို့ အကူအညီပဲ ပေးတာ'' ဟု သူက ဆက်ပြောသည်။

တပ်မဟာ ၇ သည် KNLA ၏ အင်အားအကြီးမားဆုံးနှင့် လေ့ကျင့်မှု အကောင်းဆုံးတပ် ဖြစ်သည်။ ပို၍ အရေးပါသည်မှာ KNLA တောင်ပိုင်းနှင့် မြောက်ပိုင်း တပ်ဖွဲ့များအကြား ရှည်လျား၍ မဟာဗျူဟာ ကျသော နယ်မြေကို ထိန်းထားသည့် တပ်ဖြစ်နေခြင်း ဖြစ်သည်။

ယခု သူတို့ ဆုတ်ခွာသွားရလျှင် အခြား ကရင်အမာခံ နယ်မြေ နှစ်ခုမှာ တသီး တခြားစီ အဖြတ်ခံ ထားလိုက်ရမည် ဖြစ်ပြီး အလွယ်တကူ အဝိုင်းခံရမည့် အန္တရာယ် ရှိနေသည်ဟု ဒေသတွင်းရှိ စစ်ရေး လေ့လာသူများက ပြောသည်။

KNU သည် လွတ်လပ်ရေးအတွက် မြန်မာနိုင်ငံအရှေ့ဘက် တောင်ကုန်းများ ပေါ်တွင် တိုက်ခိုက် နေသော အဖွဲ့ဖြစ်ပြီး ကမ္ဘာ့သက်တမ်း အရှည်ဆုံး တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ ဖြစ်သည်။ စစ်အစိုးရနှင့် ငြိမ်းချမ်းရေး စာချုပ် မချုပ်ဆိုရသေးသည့် လက်တဆုပ် စာမျှသာ ကျန်သော လက်နက်ကိုင် တပ်ဖွဲ့များ အနက် တခုဖြစ်သည်။

''စစ်အစိုးရက DKBA ရဲ့ အကူအညီနဲ့ နယ်စပ်တလျှောက်ကို KNU လက်ထဲကနေ လုယူပြီး ထိန်းချုပ် နိုင်တော့မှာက သံသယ ဖြစ်စရာ မရှိပါဘူး'' ဟု မြန်မာ့စစ်ရေး ကျွမ်းကျင်သူ ဦးဝင်းမင်းက မဇ္ဈိမကို ပြောသည်။

ဤသို့ KNLA ကို တိုက်ခိုက်သည့် စစ်ရေးလှုပ်ရှားမှု အသစ်များ ဖြစ်ပေါ်လာရခြင်းသည် စစ်အစိုးရက နောက်နှစ်တွင် ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲများ ကြောင့်နှင့် နယ်စပ်တလျှောက် ထားရှိမည့် နယ်ခြားစောင့် တပ်ဖွဲ့များကြောင့် ဖြစ်သည်။ အဆိုပါ နယ်ခြားစောင့် တပ်ဖွဲ့များကို စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ရယူထားသည့် တိုင်းရင်းသား အပစ်ရပ် အဖွဲ့များကို လက်နက်ဖြုတ်ပြီး ဖွဲ့စည်းမည် ဖြစ်သည်။

သို့သော် စစ်အစိုးရ၏ အစီအစဉ်ကို တိုင်းရင်းသားအဖွဲ့ အများစုက ပယ်ချထားကြပြီး၊ DKBA ကမူ ထိုသို့ နယ်ခြားစောင့် တပ်ဖွဲ့အဖြစ် အသွင်ပြောင်းလဲရန် မူအားဖြင့် သဘောတူထားပြီး ဖြစ်သည်။

KNLA လှုပ်ရှားနယ်မြေဖြစ်သော ထိုင်းနယ်စပ်တလျှောက် တပ်စခန်း ၁၀၀ အနက် ၃၀ ခန့်ကို မြန်မာစစ်တပ်က DKBA သို့ လွှဲမပေးမီ လွန်ခဲ့သော လအနည်းငယ် အတွင်း ပိတ်ပစ်နိုင်ခဲ့ပြီ ဖြစ်ကြောင်းဖြင့် မြန်မာနိုင်ငံအတွင်း လှုပ်ရှားနေသော ဖရီးဘားမား ရိန်းဂျားအဖွဲ့က ပြောသည်။

''သူတို့က KNU ကို အပြတ်ရှင်းပစ်ချင်တာ။ ဘာလို့လဲဆိုတော့ ကျနော်တို့က ကရင်တွေ အားလုံး ရွေးကောက်ပွဲ ကို သပိတ်မှောက်ဖို့ ပြောတာကိုး'' ဟု သာကပေါက ခန့်မှန်းပြောဆိုသည်။ ''သူတို့ မလိုချင်ဆုံးက တိုင်းရင်းသား အဖွဲ့အစည်းတွေ အားလုံး ကျနော်တို့ ခေါင်းဆောင်မှုနောက်ကို ပါသွားမှာကိုပဲ'' ဟု သူက ဆိုသည်။

နောက် ရက်အနည်းငယ်အတွင်း မြန်မာစစ်တပ်က သူတို့၏ စစ်ဆင်ရေးကို အရှိန်မြှင့် ပြုလုပ် လာနိုင်သဖြင့် မြန်မာနိုင်ငံ နယ်စပ်တလျှောက်ရှိ ကျေးရွာသားများမှာ နောက်ထပ် စစ်ပွဲများ ဖြစ်လာမှာကိုနှင့် အမြောက်ကျည်များ ကျလာမည့် အရေး ပူပန်နေကြရသည်။

တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေလျှင် ကရင်ဒုက္ခသည်များ လုံခြုံရာ ထိုင်းဘက်ခြမ်းသို့ ထွက်ပြေး ခိုလှုံလာရမည်မှာ သေချာပေါက်ပင် ဖြစ်သည်။ ယခုထိ စစ်ဆင်ရေး နယ်မြေအတွင်းရှိ ကျေးရွာပေါင်း ၇ ရွာမှ ဒုက္ခသည်များ ထွက်ပြေး ခိုလှုံလာခဲ့ပြီး ဖြစ်သည်။ သို့သော် လက်ရှိ တိုက်ခိုက်မှုများအတွင်း ကျရောက်၍ ဘေးအန္တရာယ် ရှိနေသော ကျေးရွာပေါင်းမှာ ၄၀ ကျော် ရှိသည်။

''တိုက်ပွဲတွေသာ ဆက်ဖြစ်ရင် အနည်းဆုံး ရွာသား ၈၀၀၀ ကျော် နယ်စပ်ဖြတ်ပြီး ပြေးလာရ ဦးမှာပဲ။ ဒါမှမဟုတ်ရင် စစ်သားတွေ လက်ထဲမှာ သေမှာပဲ'' ဟု KNU အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန်က မဇ္ဈိမကို ပြောသည်။

Ref: မဇ္ဈိမ

Read More...

Thursday, June 18, 2009

BGF အဖြစ်ပြောင်းလဲရန် လက်မခံသော အဖွဲ့များကို နအဖမှ နည်းပြောင်း စည်းရုံး မည်ဟု ပစ်ခတ် အဖွဲ့များဆို

ကွန်းဟဒေ့
Wed 17 Jun 2009,

၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင် အပစ်ခတ်ရပ်စဲအဖွဲ့များကို နယ်ခြားစောင့်တပ် အဖြစ် ပြောင်းလဲ ဖွဲ့စည်းရန် လက်မခံသော အဖွဲ့များကို နအဖမှ နည်းပြောင်း စည်းရုံးရန် ရှိသည်ဟု လက်ရှိ နအဖနှင့် ပစ်ခတ်နေသော သျှမ်းပြည် တပ်မတော် တောင်းပိုင်းနှင့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ ခေါင်းဆောင်များက ဆိုသည်။

“နယ်ခြားစောင့်တပ်အသွင်ပြောင်းဖို့ လက်မခံအဖွဲ့တွေကို နည်းပြောင်း စည်းရုံး သိမ်းသွင်းမယ် ဒါမဟုတ် တိုက်မယ် ဆိုတဲ့ နည်းပေါ့နော်၊ ဘာဖြစ်လို့လဲဆိုတော့ သူတို့အခြေခံ ဥပေဒေထဲ မှာလည်း နိုင်ငံတော်မှာ တပ်မတော် တစ်ခုတည်းပဲ ရှိရမယ်ဆိုတော့ ဖြစ်အောင် လုပ်မယ်လို့ ကျနော်မြင်တယ်” ဟု သျှမ်းပြည် တပ်မတော် တောင်ပိုင်း ပြောရေးဆိုခွင့်ရှိသူ ဆိုင်မိန်းက လွတ်လပ်သော မွန်သတင်း အေဂျင်စီကို ပြောပြခဲ့သည်။

အပစ်ခတ်ရပ်စဲအဖွဲ့များကို တကယ်တိုက်ဖျက်ရန် အတွက်သာ နအဖ ရည်ရွယ်သောကြောင့် ထိုရည်ရွယ်ချက် အတိုင်း အပြတ်တိုက်မည် ဖြစ်သည်။ အခုလောလောဆယ် အပစ်ခတ် ရပ်စဲ အဖွဲ့များကို နယ်ခြားစောင့်တပ် အဖြစ် ပြောင်းရန် စည်းရုံးနေသည်မှာ အနုနည်း သဘောနှင့် အချောသတ် နေခြင်းသာ ဖြစ်သည်ဟု ၄င်းက ဆက်ပြောသည်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ အတွင်းရေးမှူး ခူဦးဒယ်ကမူ “စည်းရုံးလို့ မရတဲ့ အဖွဲ့တွေကို မရ ရတဲ့ နည်းနဲ့ လုပ်မှာပဲလို့ ကျနော်မြင်တယ်။ နောက်ဆုံး စည်းရုံးလို့ မရတဲ့အဖွဲ့တွေကို စစ်ရေးအရ အကျပ်အကိုင် ဖြေရှင်းမယ်လို့ ကျနော်မြင်တယ်” ဟု သူက ပြောသည်။

သို့သော် ကေအင်ယူဒုဥက္ကဌ ဒေးဗစ်တာကဘောကမူ လက်မခံသော အဖွဲ့များကို နအဖက စစ်ရေးနှင့် တိုက်ဖျက် ဖြေရှင်းမည်ကို ၄င်းအနေဖြင့် မမြင်ကြောင်း ပြောသည်။ အဘယ်ကြောင့် ဆိုသော် နိုင်ငံတကာ အဖွဲ့အစည်း ဖိအားရှိနေခြင်းနှင့် ကေအင်ယူ တစ်ဖွဲ့တည်းကို နအဖမှ နိုင်အောင် မတိုက်နိုင်ပဲ ကျန်သော အဖွဲ့များကို တိုက်ရန်မှာ မလွယ်ကူဟု ပြောသည်။

စစ်အစိုးရ၏ နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် အပစ်အရပ်အဖွဲ့ ၁၇ ဖွဲ့ကို စည်းရုံးနေ သည်မှာ အများစုက နအဖ ဆန္ဒအတိုင်း လိုက်လျောနိုင်မည် မဟုတ်ဟု ၄င်းအနေဖြစ်လည်း မြင်ကြောင်း KNPP အတွင်းရေးမှူး ခူဦးဒယ်က ပြောသည်။

Ref: မွန်သတင်းအေဂျင်စီ

Read More...

ကချင်အဖွဲ့ စစ်အင်အား တိုးချဲ့

အေးလဲ့
Wednesday, 17 June 2009

ငြိမ်းချမ်းရေး ယူထားသည့် ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) က စစ်သား စုဆောင်းရေးကို တိုးချဲ့ လုပ်ဆောင် နေကြောင်း KIA နှင့် နီးစပ်သူများက ပြောသည်။

“အခု KIA က တပ်ပြေးတွေရော၊ တပ်ဖွဲ့ဝင်ဟောင်းတွေကိုပါ ပြန်ခေါ်တယ်၊ သူတို့ကို အပြစ်မပေး၊ အရေး မယူဘဲ တပ်ထဲ ပြန်လာဖို့ ခေါ်တယ်” ဟု KIA နှင့် နီးစပ်သူ တဦးက ပြောသည်။

တရုတ် - မြန်မာ နယ်စပ် ဒေသခံများကလည်း KIA သည် ကချင်ပြည်နယ်မှ လူငယ်များကို ခေါ်ယူ စုဆောင်းပြီး စစ်ရေး ဆိုင်ရာ သင်တန်းများ တက်ရောက် ခိုင်းနေကြောင်း ဧရာဝတီကို ပြောပြသည်။

ဤသို့ စစ်သားစုဆောင်းနေခြင်းသည် KIA အား နယ်ခြားစောင့် တပ်ဖွဲ့ အဖြစ် အသွင် ကူးပြောင်းရန် မြန်မာ စစ်အစိုးရက ဖိအားပေးနေခြင်းနှင့် ဆက်စပ်မှု ရှိနိုင်သည်ဟု အကဲခတ်များက သုံးသပ်နေကြသည်။

နယ်ခြားစောင့်တပ်ဖွဲ့ အဖြစ် အသွင် ကူးပြောင်းရေးနှင့် ပတ်သက်ပြီး KIA ၏ နိုင်ငံရေး ဦးဆောင် အဖွဲ့ ဖြစ်သော ကချင် အမျိုးသား လွတ်လပ်ရေး အဖွဲ့ (KIO) ခေါင်းဆောင်များသည် မြောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် စိုးဝင်း နှင့် ၂ ကြိမ် တွေ့ဆုံ ခဲ့ပြီးဖြစ်သည်ဟု သိရသည်။ ဧပြီလ ၂၈ ရက်နေ့ နှင့် မေလ ၂၁ ရက်နေ့တို့တွင် တွေ့ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ဒုဗိုလ်ချုပ်ကြီး ဂေါ်ရီ ဇော်ဆိုင်း၊ ဒေါက်တာ လဂျာ၊ ဗိုလ်မှူးချုပ် ဂွမ်မော်၊ ဗိုလ်မှူး ဂေါ်လုလအောင်၊ ဒုဗိုလ်မှူးကြီး လဖိုင်လအောင်၊ ဒုဗိုလ်မှူးကြီး လဇိန်ဂျီးနော်၊ ဦးကွမ်ထတ်ထိန်နန် စသည့် KIO ဗဟို ကော်မတီ အဖွဲ့ဝင်များ ပါဝင်သည့် ကော်မတီ တခုကို ဖွဲ့စည်းထားကြောင်း၊ ထိုကော်မတီက ကချင်လူထု နှင့် မြန်မာ စစ်အစိုးရကြား ကြားနေ ဆွေးနွေးပေးမည် ဖြစ်ကြောင်း သိရသည်။

လာမည့် စနေနေ့၌ ထိုကော်မတီသည် ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့် နှင့် မြစ်ကြီးနားမြို့တွင် တွေ့ဆုံ ဆွေးနွေးမည်ဟုလည်း သိရသည်။ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်သည် အပစ်အခတ် ရပ်စဲရေး အဖွဲ့များကို နယ်ခြားစောင့်တပ် အဖြစ် ပြောင်းလဲ နိုင်ရေးအတွက် လိုက်လံ ဆွေးနွေးနေသူ ဖြစ်သည်။

နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေး ကိစ္စကို KIO ခေါင်းဆောင်များက ယခုလ နောက်ဆုံးထားပြီး ကချင် လူထု အကြား ဆန္ဒခံယူသွားမည် ဟု သိရသည်။ ကချင် ပြည်နယ် ဒေသခံ အများစုက ထိုသို့ အသွင် ကူးပြောင်းရေးကို လက်မခံကြကြောင်း အကဲခတ်များက ပြောသည်။

“ကချင်လူထု အများစုက ဒီ နယ်ခြားစောင့်တပ်ကို လက်မခံကြဘူး၊ ကချင် အမျိုးသား အတိုင်ပင်ခံ ကောင်စီ ကလည်း လက်မခံပါဘူး” ဟု KIA နှင့် နီးစပ်သူတဦးက ပြောသည်။

“ကျနော်တို့ကတော့ အခုလို နိုင်ငံရေး အခြေအနေ ဆိုးနေတဲ့ အချိန်မှာ တပ်ပြောင်းဖို့ ကို လက်မခံနိုင်ဘူး၊ နိုင်ငံရေး ပြဿနာကို အရင် မဖြေရှင်းဘဲနဲ့ လက်နက်ဖြုတ်၊ တပ်ပြောင်းဖွဲ့တာမျိုး လက်မခံနိုင်ပါဘူး” ဟု ၎င်းက ဆက်လက် ပြောပြသည်။

KIO ခေါင်းဆောင်တချို့ကလည်း ရှမ်းပြည်မြောက်ပိုင်းရှိ ကချင် တိုင်းရင်းသားတို့၏ သဘောထားကို သွားရောက် မေးမြန်း နေသည်ဟုလည်း သိရသည်။

“ KIO ရဲ့ ဒုတိယ ဥက္ကဋ္ဌ (၁) ဒေါက်တာ လဂျာက ရှမ်းပြည်နယ် မြောက်ပိုင်း တပ်မဟာ ၄ ဘက်မှာ လူထု သဘောထား ကောက်ယူဖို့ သွားပါတယ်၊ အများစုက လက်မခံကြဘူး” ဟု အထက်ပါ KIA နှင့် နီးစပ်သူက ပြောသည်။

KIO အဖွဲ့သည် ၁၉၉၄ ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ပြုလုပ်နိုင်ခဲ့သည်။

ဤအဖွဲ့ကို ၁၉၆၁ ဖေဖော်ဝါရီ ၅ ရက်နေ့တွင် ကချင် ကျောင်းသား ခေါင်းဆောင် ဇော်တူး နှင့် ဇော်ဆိုင်းတို့ နှစ်ဦးက စတင် ဖွဲ့စည်းကာ ကချင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးကို စတင်ခဲ့ခြင်း ဖြစ်သည်။

KIA တွင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း အခြေစိုက် တပ်မဟာ ၅ ခု ရှိပြီး စစ်သည် အင်အား ၄၀၀၀ ခန့် ရှိသည်ဟု သိရသည်။ KIO ဌာနချုပ် ရှိရာ တရုတ် မြန်မာ နယ်စပ်မြို့ လိုင်ဇာတွင်လည်း စစ်သင်တန်းကျောင်း၊ အရာရှိ လေ့ကျင့်ရေး သင်တန်းကျောင်း၊ ရွှေ့ပြောင်း တပ်တို့် ရှိကြောင်း သိရသည်။

Ref: ဧရာဝတီ

Read More...

ဗဟိုတရားရုံးမှ တရားခံပြ သက်သေများကို လက်ခံရန် ပြင်ဆင်မှု လက်ခံ

မုံပီး
ဗုဒ္ဓဟူးနေ့၊ ဇွန်လ 17 2009

နယူးဒေလီ (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက တင်ပြသော တရားခံပြသက်သေ ၂ ဦး ကို လက်ခံရန် လျှောက်ထားမှုကို ဗဟိုတရားရုံးက ယနေ့ လက်ခံလိုက်ပြီ ဖြစ်သည်။ သူတို့သည် အင်းစိန်ထောင်ရှိ အောက်ရုံးနှင့် ရန်ကုန်တိုင်း တရားရုံးတို့က ပယ်ချခဲ့သည်။

အဆိုပါ တရားခံပြသက်သေ ၂ ဦးကို ပယ်ချခဲ့သည့် အောက်ရုံးဖြစ်သည့် ခရိုင်ရုံး၏ အမိန့်ကို ပြင်ဆင်ပေးရန် ဗဟို တရားရုံးတွင် ပြင်ဆင်မှု တင်သွင်းခဲ့ကာ ယနေ့ လျှောက်လဲချက် ပေးခဲ့သည်ဟု ဒေါ်အောင်ဆန်း စုကြည်၏ ရှေ့နေ တဦးဖြစ်သော ဦးဉာဏ်ဝင်းက ပြောသည်။

''သူတို့ ဒီအမှုကို လက်ခံလိုက်တယ်လို့ ဗဟိုတရားရုံးက ပြောပါတယ်။ ဒါကြောင့် ခရိုင်ရုံးရဲ့ အမိန့်ကို ပြင်ဆင်ဖို့ စဉ်းစားမှာ ဖြစ်ပါတယ်'' ဟု ဦးဥာဏ်ဝင်းက ပြောသည်။

သူတို့အနေဖြင့် လျှောက်လဲချက်ကို ယနေ့ ဒေသစံတော်ချိန် ၁ဝ နာရီက ဗဟို တရားရုံးတွင် ပေးနိုင်ခဲ့ပြီး ဤအမှုကို လက်ခံကြောင်း ဗဟို တရားရုံးက ဒေသစံတော်ချိန်တွင် မွန်းလွဲ ၂ နာရီတွင် အမိန့် ချခဲ့သည်ဟု ဦးဉာဏ်ဝင်းက ပြောသည်။

အဆိုပါ သက်သေ ၂ ဦးကို လက်ခံထိုက်၊ မထိုက် နှစ်ဖက်ရှေ့နေများ လျှောက်လဲချက် ပေးရန် နေ့စွဲကို ဗဟိုတရားရုံး ကြော်ငြာ သင်ပုန်းတွင် ကပ်ထားမည် ဖြစ်ကြောင်း သူက ဆက်ပြောသည်။ ဤသို့ နှစ်ဖက် လျှောက်လဲချက် ပေးပြီးမှ နောက်ဆုံးအမိန့် ချမှတ်မည်ဖြစ်သည်။

အစောပိုင်းကလည်း တရားခံဘက်မှ လျှောက်ထားချက်ကို ရန်ကုန်တိုင်း တရားရုံးက လက်ခံကြားနာခဲ့ပြီး နောက်ထပ် သက်သေ တဦးဖြစ်သည့် ဒေါ်ခင်မို့မို့ကို လက်ခံကြောင်း အမိန့်ချမှတ်ခဲ့သည်။ နောက်ထပ် သက်သေ ၂ ဦးဖြစ်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် ကော်မတီဝင်နှင့် ဝါရင့် သတင်းစာဆရာဖြစ်သူ ဦးဝင်းတင်နှင့် ဒီချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦးတို့ကိုမူ အောက်ရုံးဖြစ်သည့် ခရိုင်ရုံးတွင် သက်သေအဖြစ် ထွက်ဆိုခွင့် မပေးဘဲ ပယ်ချခဲ့သည်။ ဦးတင်ဦးသည်လည်း နေအိမ် အကျယ်ချုပ် ကျခံနေရသူ ဖြစ်သည်။

တရားခံပြသက်သေ ဒေါ်ခင်မို့မို့ကို စစ်ဆေးရန် ဇွန်လ ၂၆ ရက်နေ့ကို ချိန်းဆို လိုက်ကြောင်း အင်းစိန်ထောင်ရှိ ခရိုင်ရုံးက ဇွန်လ ၁၂ ရက်နေ့တွင် ရက်ချိန်းပေးခဲ့သည်။ သို့သော် ''တရားရုံးရက်ချိန်းက ဗဟိုတရားရုံးရဲ့ ဆုံးဖြတ်ချက်ပေါ် မူတည်ပြီး ပြောင်းနိုင် ပါသေးတယ်။ ဗဟိုတရားရုံးက အမိန့် မချနိုင်သေးရင် နောက်ထပ် ထပ်ပြီး ရက်ရွှေ့ရ ဦးမှာပါ'' ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ဤအမှုသည် နောက်ထပ် ဇူလိုင် သို့မဟုတ် သြဂုတ်လအထိ ကြာသွား နိုင်ကြောင်းနှင့် တဖြည်းဖြည်း တိုးပွား လာနေသော နိုင်ငံတကာ ဖိအားနှင့် ပြည်တွင်း မငြိမ်မသက်မှုများ လျော့ပါး သွားသည်အထိ စစ်အစိုးရက စောင့်နေလိုကြောင်း တရားခံဘက်မှ အဆိုပြု တင်ပြထားသည့် သက်သေ တဦးဖြစ်သည့် ဦးဝင်းတင်က အစောပိုင်းက မဇ္ဈိမကို ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်ထောင်ဝင်းအတွင်း ထိန်းသိမ်းထားပြီး သူမသည် သူမနှင့် အတူ နေထိုင်သူ ပါတီဝင် နှစ်ဦး၊ အမေရိကန် နိုင်ငံသား ဂျွန်ဝီလျံ ယက်တောနှင့်အတူ အင်းစိန်ထောင်ရှိ အထူး တရားရုံးတွင် အမှုရင်ဆိုင်နေရသည်။

သူမ၏ အင်းယားကန်ဘေးနေအိမ်တွင် အဆိုပါ အမေရိကန် နိုင်ငံသားကို လာရောက် လည်ပတ်ခွင့် ပေးခဲ့၍ဟုဆိုကာ နေအိမ်အကျယ်ချုပ် စည်းကမ်း ဖောက်ဖျက်မှုဖြင့် တရားစွဲဆို ခံနေရသော ဒေါ်အောင်ဆန်းစုကြည်သည် ပြစ်မှု ထင်ရှားသည်ဟု စီရင်ဆုံးဖြတ်ခံရပါက ထောင်ဒဏ် ၅ နှစ်အထိ ကျခံရနိုင်သည်။

Ref: မဇ္ဈိမ

Read More...

ထုလုပ်ဆဲ ဗုဒ္ဓဆင်းတုတော်၏ ဦးခေါင်းတော်တွင် လူ ဦးနှောက် ပုံသဏ္ဍာန် ပေါ်ထွက်လာ

NEJ / ၁၇ ဇွန် ၂၀၀၉

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်ရှိ သစ္စဝေဒဂူ မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာဝင်း အတွင်းတွင် ထုလုပ်နေသော လျောင်းတော်မူ ဗုဒ္ဓ ဆင်းတုတော်၏ ဦးခေါင်းတော်နေရာ၌ လူ၏ ဦးနှောက်ပုံသဏ္ဌာန် ပေါ်ထွက် လာသောကြောင့် လူအများအပြား သွားရောက် ဖူးမြော်လျက် ရှိကြသည်။

ပြီးခဲ့သည့်မေလအတွင်း လေပြင်းတိုက်သဖြင့် လဲကျသွားသည့် ကုက္ကိုပင်ကြီးကို ဘုရား ဆင်းတုတော် ထုလုပ် နေခြင်းဖြစ်ပြီး ယင်းသို့ ဆင်းတုတော် ထုလုပ်နေသည့် ကုက္ကိုပင်ကြီး၏ ပင်စည် အတွင်းတွင် ထူးဆန်းစွာ အမြစ်များဝင်ရောက် ဆန်တက်နေကြကာ အမြစ်များက လူဦးနှောက်ပုံ ဖြစ်နေခြင်း ဖြစ်ကြောင်း မျက်မြင်
ကိုယ်တွေ့ ဖူးမြော်ခဲ့ရသူ ပုသိမ်ကြီးမြို့ခံတဦးက ရှင်းပြသည်။

မန္တလေးသားတဦးကလည်း “ကျနော်တို့ကတော့ ဦးနှောက် ပေါ်တယ်ဆိုလို့ သွားတယ်။ တကယ်လည်း ကြည်ညိုစရာ ကောင်းတယ်။ ပန်းပုထုနေသူတွေကတော့ မကြာခင် ပြီးမယ် ပြောပါတယ်” ဟု ပြောသည်။

အသက် (၆၀) အရွယ်ရှိ ပန်းပုဆရာတဦးက “ဒီအပင်က လွန်ခဲ့တဲ့ မေလတွင်းက လေပြင်း တိုက်တော့ မန္တလေး အောင်မြေသာဇံရပ်၊ ယွန်းဝင်းဓမ္မာရုံဝင်းအတွင်းမှာ လဲကျသွားတဲ့ အပင်ကြီးပဲ။ အနှစ် (၁၀၀) ကျော်လောက်ပြီ။ ထူးဆန်းတာက အမြစ်က မြေကြီးမှာပဲ ရှိရမှာ ဖြစ်ပေမယ့် အခုက အမြစ်တွေ အားလုံး အပင်ရဲ့ အတွင်းထဲမှာပဲ ပြန်ဝင်နေကြတယ်။ ဆန်တက်နေကြတဲ့ သဘောပေါ့။ လောကီ သဘောအရတော့ ဒီလိုဖြစ်စဉ်မျိုးကို အကောင်း သဘောပြတယ်။ ဒါ့ကြောင့် လောကီသားတွေ အနေနဲ့ အဆောင်လို အသုံးပြုဖို့ကို အားသန်ကြတယ်” ဟု ပြောသည်။

အနှစ် (၃၀) ခန့်  ပန်းပုထု အတွေ့အကြုံရှိသူတဦးက “ဒီလို ကိစ္စမျိုးဆိုတာက သဘာဝအရ ဖြစ်တတ်တယ်။ ဒါပေမယ့် တွေ့ဖို့က ခဲယဉ်းတယ်။ အသက် (၈၀) လောက် လူတွေတောင် ဒီလို ဖြစ်ရပ်မျိုးကို မကြုံဖူးကြဘူး။ ပန်းပုဆရာတွေ ဆိုရင်လည်း ဒီအတိုင်းပါပဲ။ မန္တလေးမှာကတော့ မကြုံဖူးကြတာ အမှန်ပါ” ဟု ပြောသည်။

ယခုအခါ အဆိုပါ ဘုရားဆင်းတုတော် ထုလုပ်နေသော ပင်စည်အတွင်းသို့ ဆန်တက် နေသော အမြစ်တို့အား မန္တလေးမြို့ ကြံ့ဖွံ့ အဖွဲ့အစည်းတို့က လာရောက် ကြည့်ရှုကြကြောင်း၊ ဗုဒ္ဓ ဆင်းတုတော်နဲ့ ပတ်သက်၍ မည်သို့ ညွှန်ကြားမည်ကို မသိရသေးကြောင်း ဘုရား ထုလုပ်နေသူများနှင့် နီးစပ်သူများထံမှ သိရသည်။

“အခု ကြံ့ဖွံ့တွေ လာတယ်လေ။ အဆောင်လိုမျိုး ဆောင်ဖို့အတွက် အမြစ်တွေကို လိုချင်သူတွေ ရှိနေတယ်လို့ သိရတယ်။ ရာထူး၊ အာဏာတွေ တည်မြဲရေးအတွက်ကျတော့ ဒီလိုဖြစ်ရပ်တွေက လောကီ အယူအဆ အရတော့ အဆောင်ကောင်း တခုပါပဲ” ဟု မန္တလေး မဟာမြတ်မုနိ ဘုရားကြီးအနီးမှ ဗေဒင်ဆရာ တဦးက ပြောသည်။

စစ်ဖက်ဆိုင်ရာ အာဏာပိုင်များအနေဖြင့် အပေါ်သို့ ဆန်တက်သော အမြစ်အား အဆောင်အဖြစ် ယူလိုဟန် ရှိပြီး ဗုဒ္ဓ ဆင်းတုတော်အားလည်း တနေရာတွင် ပင့်ဆောင် ပူဇော်လိမ့်မည်ဟု ဒေသခံများက ယူဆနေကြသည်။

Ref: ခေတ်ပြိုင်

Read More...

အပစ်ရပ်များ အကြားနားယောင်စေရန် စစ်အစိုးရ သပ်လျှိုစည်းရုံး

ဗုဒ္ဓဟူးနေ့၊ 17 ဇွန်လ 2009

ဧပြီလနှောင်းပိုင်းမှစ၍ ဂျွန်လဆန်းပိုင်းအထိ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး အတွက် ဗိုလ်သန်းရွှေ၏ သံတမန် ဗိုလ်ရဲမြင့် က အပစ်ရပ် ခေါင်းဆောင်များနှင့် သီးခြားစီ တွေ့ဆုံ စည်းရုံး ဖြောင်းဖျစဉ် အပစ်ရပ်အဖွဲ့ အချင်းချင်း နားလည်မှု လွဲစေရန်လည်း လံကြုပ် ပရိယာယ်များ သုံးခဲ့သည်ဟု အပစ်ရပ် SSA (မြောက်ပိုင်း) တပ်ဖွဲ့နှင့် ရင်းနှီးသည့် ဆို့စ်က ဆိုသည်။

သျှမ်းပြည်တပ်မတော် SSA (မြောက်ပိုင်း) ခေါင်းဆောင်များအား လားရှိုး ရမခ တိုင်းရုံး၌ ခေါ်တွေ့စဉ် နယ်ခြားစောင့် တပ် ကိစ္စကို မိုင်းလား ခေါင်းဆောင်များ လက်ခံဖို့ သဘောတူထားကြောင်း ပြောပြသကဲ့သို့ မိုင်းလားသို့ ရောက်သွား စဉ်ကလည်း SSA-N က အကောင်းမြင် ထောက်ခံထားကြောင်း တစ်စိတ်ကို တအိတ် လုပ်ခဲ့သည်ဟု - မြောက်ပိုင်း သျှမ်း အပစ်ရပ် ခေါင်းဆောင် တဦး ပြောပြချက်အရ အဆိုပါဆိုစ့်က ဆို၏။

မြောက်ပိုင်းသျှမ်းအပစ်ရပ်အဖွဲ့လည်း မိုင်းလားအဖွဲ့နည်းတူ ဂျွန် ၁၀ နှင့် ၁၁ ရက်များ၌ တပ်မဟာ ၁ ဌာနချုပ် ၀မ့်ဟိုင်း (ကျေးသီးမြို့နယ်) ၌ လည်းကောင်း၊ ၁၃ နှင့် ၁၄ ရက်က တပ်မဟာ ၇ ဌာနချုပ် ကာလိ (ကွန်ဟိန်းမြို့နယ်) ၌ လည်းကောင်း တပ်အသွင် ပြောင်းရေး ကိစ္စလက်ခံ/မခံ စစ်ကြောင်းမှူး၊ တပ်မဟာမှူး၊ တပ်မှူး နှင့် ဌာနအကြီး အကဲများအား အစည်းအဝေး ခေါ်ယူ ရှင်းလင်းပြီး ဆန္ဒ ကောက်ယူခဲ့ကြောင်း သိရသည်။

မိုင်းလားအဖွဲ့ဒေသအသီးသီး တွင်လည်း ၂ ရက်မှ ၆ ရက်နေ့အထိ ကေဒါ တပ်သားထုနှင့် လူထုအကြား ဆန္ဒမေးမြန်း ခဲ့ပြီး ၉၅ % က လက်မခံကြောင်း ပြောပါသည်။

“ကျနော်တို့ လက်နက်ကိုင်လာတာ အမျိုးဘာသာအတွက်၊ တန်းတူ အခွင့်အရေးရဖို့ တော်လှန်ရေး လုပ်ခဲ့တာဘဲ။ အကြောင်း အမျိုးမျိုး ကြောင့်သာ အပစ်ရပ်ခဲ့ရတာ။ အသွင်ပြောင်းဖို့ လက်ခံ/မခံ မေးနေစရာတောင် မလိုဘူး” - ဟု SSA အပစ်ရပ်အဖွဲ့ အရာရှိ တစ်ယောက်က ပြောပါသည်။

ဂျွန် ၃ ရက်၌ စစ်အစိုးရ၏ နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး ဖေါ်ဆောင်မှု ကော်မတီ အကြီးအကဲ/ စရဖ ချုပ် ဗိုလ်ရဲမြင့် - အပစ်ရပ် SSA ဥက္ကဌ စ၀်လွယ်မောဝ်၊ ဒုဥက္ကဌ စ၀်ကိုင်ဖ တို့နှင့် လားရှိုး၌ တွေ့စဉ် SSA ခေါင်းဆောင်များက -“ကျနော် တို့ အောက်ခြေ အရာရှိတွေ အသွင်ပြောင်းဖို့ နားမလည် သဘော မတူချင်ကြသေးတဲ့ အတွက် အချိန်ယူ သိမ်းသွင်း ဖြောင်းဖျ ရဦးမယ်။ ဒီကိစ္စကို ၂၀၁၀ ရွေးကောက်ပွဲ အပြီး အစိုးရသစ် ဖွဲ့စည်းပြီးမှသာ ပြန်လည် ဆွေးနွေးစေချင် ပါတယ်” - ဟု ပြောဆို ခဲ့ကြောင်း သိရပါသည်။

သျှမ်းပြည်အရေးလေ့လာသူတဦးက- “စစ်အစိုးရပြောစကားအရ အပစ်ရပ်တွေ ဂျွန်လကုန်မှာ သက်တမ်း ဆုံးပြီလို့ ပြောထား တဲ့အတွက် အင်မတန် အရေးကြီးတဲ့ အချိန်ဖြစ်တယ်။ တဘက်ထဲကို နားမထောင်ဘဲ အဘက်ဘက် သတင်းမှန် ရဖို့ သတိကြီး ထား နားစွင့် နေရမှာဖြစ်တယ်။ နို့မို့ရင် စစ်အစိုးရရဲ့ မုသား ကျော့ကွင်းထဲ လုံးလုံး ကျရောက်သွားမယ်” - ဟုဆို၏။

Ref: သျှမ်းသံတော်ဆင့်

Read More...

Wednesday, June 17, 2009

ကျွဲပါးစောင်းတီးလို့ မရတော့ပါ

မောင်သြ
၁၂ ဇွန် ၂၀၀၉

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်မလား၊ မလွှတ်ဘူးလား…?

ဤမေးခွန်းကို နအဖစစ်အစိုးရဟာ ယနေ့အချိန်တွင် အကြီးအကျယ် စဉ်းစားရတော့မယ်။ ဖြေဆို ရတော့မယ်။

အဖြေကောင်းရင် အောင်မှတ်ရမယ်။

အဖြေမကောင်းရင် အရှက်တကွဲ အကျိုးနည်းနဲ့ ရင်ဆိုင်ရမယ်။

ဒီမေးခွန်းအတွက် နအဖစစ်အစိုးရ ငယ်ထိပ်မြွေပေါက် ခေါင်းမီးတောက်.. ဖင်ကြား ခဲညှပ်နေပြီ။

မကောင်းကြံ ယုတ်မာပက်စက်တဲ့ အကုသိုလ် ဒေါသမီးဟာ ကိုယ်ရင်ထဲ ပြန်လောင်နေပြီ။

မရဲဘဲ ကျွဲပြဲစီးမိနေပြီ။

တရွာနဲ့ တယောက်၊ တကမ္ဘာလုံးနဲ့ တနိုင်ငံ အထီးကျန် ငပွကြီး ဖြစ်နေပြီ။ ဟီရိသြတ္တပ္ပ အရှက် အကြောက် တရား ရှိတတ်ရင် ကိုယ့်လည်ပင်း ကြိုးကွင်းစွပ် မြစ်ထဲခုန်ဆင်း သတ်သေသင့်ပြီ။

ဗုဒ္ဓဘာသာ အရေခြုံပြီး မြန်မာပြည်တနံတလျား ဘုရားတည်၊ ကျောင်းဆောက် ထီးတော်တင် လုပ်ခဲ့ကြတာ သူတို့ပဲ။

ဘုန်းကြီးကျောင်း၊ သီလရှင်တိုက်တွေကို ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်၊ ပစ္စည်းငါးပါး ဒါယကာ လုပ်တာလည်း သူတို့ပဲ။

သံဃာတော် ဆရာတော်ကြီးတွေကို ဘွဲ့တံဆိပ်တော်တွေ လှူဒါန်းဆက်ကပ် တာလည်း သူတို့ပဲ။

မြန်မာပြည်သူလူထုကို ဘာသာရေး မှိုင်းတိုက်ပြီး၊ သူတို့ကိုယ် သူတို့ ဗုဒ္ဓဘာသာဝင် စစ်စစ်ကြီးတွေ အဖြစ်၊ သူတို့ရဲ့ သတင်းစာတွေ ထဲမှာ ဓာတ်ပုံကြီးတွေနဲ့ ဟန်ဆောင် သရုပ်ပြ ပြုလုပ် ကြတာလည်း သူတို့ပါပဲ။

နောက်ဆုံးတော့ ဒီဟန်ပြသရုပ်ဆောင်မှုတွေဟာ ၂၀၀၇ ခုနှစ် စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးမှာ ဘွင်းဘွင်းကြီး ဗူးပေါ်သလို.. မှောက်ထားသော ခွက်ကို လှန်တိုက်သကဲ့သို့ ထင်ထင်ရှားရှား ပေါ်ခဲ့တာပဲ မဟုတ်လား။

အေးချမ်းစွာ မေတ္တာပို့ ဆုတောင်းလမ်းလျှောက်ကြတဲ့ သံဃာတော်များနဲ့ ကျောင်းသား ပြည်သူတွေကို အကြမ်းဖက် တိုက်ခိုက်၊ ရိုက်နှက်၊ သတ်ဖြတ်၊ ဖမ်းဆီး ထောင်ချ၊ သွေးမြေကျခဲ့ကြရတာဟာ ဗုဒ္ဓဘာသာဝင်တွေမှ ဟုတ်ကြရဲ့လား။

တနိုင်ငံလုံး တကမ္ဘာလုံးက ဒီလို ရက်စက်ကြမ်းကြုတ်တဲ့ ရွှေဝါရောင်တော်လှန်ရေး ဇာတ်လမ်းကြီးကို ဒီဗွီဘီကရော၊ ဗီဒီယို မှတ်တမ်း ခွေတွေကပါ ကြည့်ခဲ့ရလို့၊ နအဖ စစ်အစိုးရရဲ့ ရက်စက်ယုတ်မာမှုကို သိနေကြပြီ။ ဒါတွေက ဘယ်တော့မှ မပျောက်။ နအဖရဲ့ အမဲစက် သမိုင်းမှတ်တမ်း အဖြစ် တင်ကျန်နေဦးမှာ။

ယခုလည်း နအဖစစ်အစိုးရရဲ့ အချိန်ပြည့် အမှားထွင်… ကလိမ်စေ့ ငြမ်းဆင်နေတာကြီးက ကိုယ့်အသည်းကို ငရဲမီး ပက်ခံရသလို ပူလောင်နေပြီ။

ဒေါ်အောင်ဆန်းစုကြည်…

-မြန်မာပြည်ရဲ့ တဦးတည်းသော ဒီမိုကရေစီ လူထုခေါင်းဆောင်။

-လွတ်လပ်ရေး ဗိသုကာ၊ တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး၊ ပညာတတ် ထက်မြက်သူ။

-မြန်မာပြည်သူတွေအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံပြီး ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေး တိုက်ပွဲဝင် သူရဲကောင်း။

-နိုင်ငံတကာမှ လေးစားချစ်ခင်ရသော ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်။

-မြန်မာပြည်ရဲ့ အကျပ်အတည်းကို ဖြေရှင်းစွမ်းဆောင်နိုင်သူ။

ဒီလို ပုဂ္ဂိုလ်ထူးကိုမှ မကောင်းမြင်၊ အာဃာတ၊ အငြိုးထား အမုန်းတရားတွေနဲ့ ပြစ်ဒဏ်ချချင် လိုကြတဲ့ နအဖ စစ်အစိုးရ အခုတော့ ကိုယ်မွှေးတဲ့ မီးနဲ့ ကိုယ်ပြန်လောင် နေရပြီ။

* ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်တွေ…
* အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ကြီး ILO မှ ထုတ်ပြန်တဲ့ တိုက်တွန်းတောင်းဆိုမှု ကြေညာချက်တွေ..
* လူ့အခွင့်အရေး အဖွဲ့အစည်းနှင့် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့များမှ ကြေညာချက်တွေ…
* အာဆီယံ အီးယူက ပူးတွဲထုတ်ပြန်တဲ့ ကြေညာချက်တွေ…
* အာဆီယံ ဥက္ကဋ္ဌ ထိုင်းဝန်ကြီးချုပ်မှ ထုတ်ပြန်တဲ့ ကြေညာချက်တွေ…

၎င်းပြင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းနှင့် လက်ထောက် မစ္စတာ ဂန်ဘာရီ၊ အမေရိကန် ပြည်ထောင်စုမှ သမ္မတ အိုဘားမား၊ နိုင်ငံခြားရေးဝန်ကြီး မစ္စစ် ဟီလာရီကလင်တန်၊ ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ်၊ ဗြိတိန်၊ ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ စင်ကာပူ၊ မလေးရှား၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ အရှေ့တီမော၊ တောင်အာဖရိက စသည့်တို့မှ နိုင်ငံ ခေါင်းဆောင်တွေရဲ့ ဖိအားပေး တောင်းဆိုမှုတွေက နအဖရဲ့ အူထဲ အသည်းထဲမှာ ၀င်ရောက်ခြောက်လှန့် မွှေနှောက်နေပြီ။ စစ်ခေါင်းဆောင်ကြီးတွေ ခေါင်းခဲပြီး စားမ၀င် အိပ်မပျော်၊ နှလုံးခုန် သွေးတိုး နေလောက်ပြီ။ သတင်းစာထဲက ဟန်ပြ အပြုံးရိပ်တွေ မချိပြုံးတွေ တွေ့နေရပြီ။

ကဲ.. ဒီတော့ နအဖစစ်အစိုးရ ဘာလုပ်မလဲ.. ဘယ်လဲ။

ဘယ်လမ်းရွေးမလဲ။ လတ်တလော ပူပူနွေးနွေး ဇွန်လ (၃) ရက်မှ (၅) ရက်နေ့အထိ မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ ဂျပန်နိုင်ငံ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး (အထူးသံကိုယ်စားလှယ်) နဲ့ တွေ့ဆုံဆွေးနွေးစဉ် တိုက်တွန်း ပြောကြားချက်တွေ နှင့် ဇွန်လ (၉) ရက်နေ့က ချစ်ကြည်ရေးခရီး ရောက်ရှိလာတဲ့ စင်ကာပူ သမ္မတနိုင်ငံ ၀ါရင့်ဝန်ကြီးချုပ် ဂိုချောက်တောင် နှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်တို့နှင့် သီးခြားတဦးစီ တွေ့ဆုံပြီး မြန်မာ နိုင်ငံအရေးနှင့် အန်အယ်လ်ဒီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် ကိစ္စ ဆွေးနွေးအကြံပြု ပြောဆိုချက်တွေကို နအဖစစ်အစိုးရ အလေးထား ဂရုစိုက်ရတော့မည်။

ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့တဲ့ မိန့်ခွန်းထဲကလို “ဟိုလူလာ မျက်နှာချိုသွေးရ၊ ဒီလူလာ မျက်နှာချို သွေးရနဲ့ ကြာရင် …(..) နိုင်ငံကြီး ဖြစ်သွားမယ်” ဆိုတဲ့ ကိန်းဆိုက်နေပြီ။ ခွေးတကောင်ကို ချောင်ပိတ်ရိုက်တဲ့ အဖြစ်မျိုးလည်း မဖြစ်ချင်ပါ။ ထွက်ပေါက် ပေးချင်ပါတယ်။ ဒီထွက်ပေါက်က ဘာလဲ။

- လက်ရှိ နအဖရဲ့ ကလိန်စေ့ငြမ်းဆင် လုပ်ကွက်ဇာတ်ရုပ်ကြီးကို ရုပ်သိမ်းပါ။

- ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသား အားလုံး ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးပါ။

- အန်အယ်လ်ဒီ ခေါင်းဆောင်များ၊ တိုင်းရင်းသားခေါင်းဆောင်များ (ရွေးကောက်ပွဲမှ အနိုင်ရ တိုင်းရင်းသား ခေါင်းဆောင်များ အပါအ၀င်) နှင့် နအဖ တပ်မတော် ခေါင်းဆောင်များ သုံးပွင့်ဆိုင်၍ အမျိုးသား ရင်ကြားစေ့ရေး၊ ပြန်လည် သင့်မြတ်ရေး အမြန်ဆုံး ဆွေးနွေးရန်။

- ဒီမိုကရေစီ မကျတဲ့ အခြေခံဥပဒေပါ အချက်များ ပြန်လည် သုံးသပ် ပြင်ဆင်ရန်နှင့်

- နောက် ကျင်းပမည့် ရွေးကောက်ပွဲအတွက် နိုင်ငံတကာမှ လေ့လာကြီးကြပ် ကွပ်ကဲမှုများ ခွင့်ပြု ပေးရန်တို့ ဖြစ်ပေသည်။

နအဖ စစ်အစိုးရအနေနှင့် ယနေ့အချိန်တွင် ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းများနှင့် နိုင်ငံတကာ အစိုးရများနှင့်ပါ လက်တွဲ ပူးပေါင်း ဆောင်ရွက်သွားရန် လမ်းတလမ်းသာ ရှိပါတော့သည်။ ကျွဲပါးစောင်းတီး ဖြစ်နေရမည့် အချိန် မဟုတ်တော့ပါ။

Ref: ခေတ်ပြိုင်

Read More...

မြန်မာနှင့် အာဆီယံအရေး ထိုင်းဝန်ကြီးချုပ်နှင့် အမေး အဖြေ

Haseenah Koyakutty
အင်္ဂါနေ့၊ ဇွန်လ 16 2009

အရှေ့တောင်အာရှ သတင်းထောက် Haseenah Koyakutty သည် အလွတ် သတင်းထောက် တဦးဖြစ်ပြီး မကြာသေးမီက ထိုင်းဝန်ကြီးချုပ် အဖိဆစ် ဝေ့ခ်ျချာချိဝ (Abhisit Vejajjiva) နှင့် တွေ့ဆုံ မေးမြန်းမှု ပြုလုပ်ခဲ့ပါသည်။ ဤအင်တာဗျူးတွင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်နှင့် နိုဘယ် ငြိမ်းချမ်းရေး ဆုရှင်ကို မကြာသေးမီက တရားစွဲဆို တင်ပို့မှုအပြီး အရှေ့တောင် အာရှ အဖွဲ့ကြီး (အာဆီယံ) က မြန်မာ စစ်အစိုးရကို မည်သို့မည်ပုံ ကိုင်တွယ်သင့်သည် ဆိုသော ကိစ္စများကို အဓိက မေးမြန်း တင်ဆက် ထားပါသည်။ အောက်တွင် ဖော်ပြထားသည်များမှာ အင်တာဗျူး ကောက်နှုတ်ချက် ဖြစ်ပါသည်။

မေး။ မြန်မာ့အရေး ပြဿနာကို ကိုင်တွယ်ရာမှာ အာဆီယံ အဖွဲ့ကြီးဟာ ထိရောက်မှု မရှိဘူးဆိုတဲ့ ယူဆချက်တွေ ရှိပါတယ်။ အာဆီယံအဖွဲ့ကြီးရဲ့ ဥက္ကဋ္ဌ တယောက်အနေနဲ့ ခင်ဗျား ဘာများ ပြောချင်ပါသလဲ။

ဖြေ။ ဒီကိစ္စမှာ အာဆီယံ တဖွဲ့တည်း လုပ်နေတာ မဟုတ်ပါဘူး။ နိုင်ငံတကာ အသိုင်းအဝိုင်း တခုလုံးက ဝိုင်းဝန်း ဆောင်ရွက်နေတာပါ။ မအောင်မြင်တော့မှ အာဆီယံ အဖွဲ့ကြီး တခုတည်းကို ကွက်ပြီး ပြောတာဟာ မျှတမှု မရှိဘူးလို့ ကျနော် ထင်ပါတယ်။ ဘာလို့ အာဆီယံ အဖွဲ့ကြီး တခုတည်းကို ကွက်ပြီး ပြောတာပါလဲ။ အဲဒီလို ပြောနေတာနဲ့ ဆန့်ကျင်စွာဘဲ အခြေအနေတွေကို ဖြေရှင်းနိုင်ဘို့ ဖြစ်နိုင်တဲ့ လမ်းကြောင်း မှန်သမျှကို ကူညီ ဆောင်ရွက်ပေးလျက် ရှိပါတယ်။ ရှေ့မှာလဲ ဒီအတိုင်းဘဲ ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကုလ အတွင်းရေးမှူးချုပ် အနေနဲ့လဲ တခန်းတကဏ္ဍ ဆောင်ရွက် နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကျနော်တို့ကလဲ လွယ်ကူ ချောမွေ့အောင် လုပ်ပေးနိုင်တာ လေးတွေကို လုပ်ပေးသွားပါမယ်။

မေး။ ခင်ဗျားက ဘာလို့ အာဆီယံတဖွဲ့တည်းကို ကွက်ပြောတာလဲလို့ မေးတယ်နော်။ အာဆီယံဟာ မြန်မာနိုင်ငံကို ဒီအဖွဲ့ထဲ သွင်းလာခဲ့တာ။ ခင်ဗျားတို့မှာ ဒီနိုင်ငံအပေါ် သြဇာ အရှိန်အဝါ ရှိတယ်လို့ ယူဆစရာ ရှိရက်နဲ့ သူတို့အပေါ်ကို မလွှမ်းမိုးနိုင်ဘူး။ အဲဒါ ဘာကြောင့်ပါလဲ။

ဖြေ။ ခင်ဗျား သေချာစဉ်းစားကြည့်ပါဦး။ ကျနော်တို့သာ မြန်မာနိုင်ငံကို အထီးကျန် ထားခဲ့မယ်၊ ကင်းကွာအောင် လုပ်ခဲ့မယ်ဆိုရင် အခြေအနေတွေက ခုထက် ပိုကောင်းလာမယ်လို့ ကျနော်တော့ သံသယရှိတယ်။ ဒီတော့ မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ဝင် ဖြစ်တယ်၊ ဒါပေမဲ့ အခြေအနေတွေက လူတွေ လိုချင်သလို တိုးတက် မလာသေးဘူး၊ ဒါကြောင့် ဒါဟာ အာဆီယံရဲ့ အပြစ်ဘဲလို့ ပြောတာဟာ မှားတယ်လို့ ကျနော်ထင်တယ်။ ကျနော်တို့ တာဝန်ရှိမှုကိုတော့ ကျနော်တို့ လက်ခံပါတယ်၊ ကျနော်တို့ လုပ်နိုင်တာကို လုပ်နေပါတယ်။

မေး။ ဒေါ်အောင်ဆန်းစုကြည် လွတ်လာလိမ့်မယ်လို့ ခင်ဗျား ဘယ်လောက်များ ယုံကြည်မှု ရှိနေပါသလဲ။

ဖြေ။ ဒါပြောဘို့ ခက်ပါတယ်။ ဘယ်သူမဆို ဒီကိစ္စကို သေချာပေါက်ပြောဘို့ ခက်ပါတယ်။ ကျနော်တို့နဲ့ တခြား နိုင်ငံတကာ့ အသိုင်းအဝိုင်း တခုလုံးက ထုတ်ပြောလာကြတဲ့ ခံယူချက် သဘောထားတွေဟာ မြန်မာအစိုးရ ရှေ့ ဘာဆက်လုပ်မလဲ ဆိုတာ ဆုံးဖြတ်တဲ့ နေရာမှာ တစုံတရာ သက်ရောက်မှုတော့ ရှိမှာပါ။ ဒါက ဘာဖြစ်လို့လဲ ဆိုရင် ဒီကိစ္စက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိစ္စတခုထဲ မဟုတ်ဘူး။ တစုံလုံး အနေနဲ့ နိုင်ငံရေး ဖြစ်စဉ်ကြီး တခုလုံး ရှေ့ဆက်သွားရာမှာ လက်ခံနိုင်ဖွယ် ရှိမရှိ ဆိုတဲ့ ကိစ္စဘဲ။ မြန်မာနိုင်ငံဟာ (ဒီမိုကရေစီ) လမ်းပြ မြေပုံကို ရေးဆွဲရာမှာ အချိန်တွေ အများကြီး ယူပြီး ကြိုးပန်း ခဲ့ရပါတယ်။ သူတို့ ဒါကို အောင်မြင်တာ မမြင်ချင်ဘူးလို့တော့ ကျနော် မထင်ဘူး။

မေး။ တကယ်လို့ သူမကို ဆက်ပြီး ထိန်းသိမ်းထားမယ်ဆိုရင် ဘာတွေ ဖြစ်လာနိုင်ပါသလဲ။ အာဆီယံ နဲ့ ထိုင်းနိုင်ငံက ဘယ်လို တုံ့ပြန်ပါမလဲ။

ဖြေ။ ကျနော်တို့ တိုင်ပင်ရပါဦးမယ်။ ဒါပေမဲ့ သေချာတာတခုက ဒီကိစ္စမှာ ကျနော်တို့ရဲ့ သဘောထား ရပ်တည်ချက်က အရင်ကလဲ ပြောခဲ့ပြီ၊ ရှေ့မှာလဲ အမြဲတမ်း ဒီလိုဘဲ ဖြစ်မှာပါ။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ဖြစ်စဉ်နဲ့ အစီအစဉ်ဟာ အားလုံး ပါဝင်နိုင်ရမယ်၊ နိုင်ငံတကာ အသိုင်းအဝိုင်းက လက်ခံနိုင်တဲ့၊ လေးစား အသိအမှတ် ပြုနိုင်တဲ့ ဖြစ်စဉ်ဖြစ်ရမယ်။ ဒီလိုမှ မဟုတ်ရင် သူမအပေါ်မှာရော၊ အာဆီယံအဖွဲ့ကြီး အပေါ်မှာရော အများက ယုံကြည် လက်ခံနိုင်မှုဟာ မလွှဲ မရှောင်သာ ထိခိုက်သွားမှာပါ။

မေး။ ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံရဲ့ နီးစပ်တဲ့ အိမ်နီးချင်းပါ။ နိုင်ငံတကာ အသိုင်းအဝိုင်းက အတော်များများက မြန်မာ ဗိုလ်ချုပ်ကြီးတွေ အပေါ် ဘယ်လောက် ထဲထဲဝင်ဝင် ရှိတယ်ဆိုတာ သိချင်နေကြလိမ့် မယ်လို့ ကျနော် ထင်ပါတယ်။

ဆိုင်ကလုံး နာဂစ် လေမုန်တိုင်း တိုက်တုံးကအကြောင်း ခင်ဗျားပြန် သတိရရင် ရှင်းပါတယ်။ ကျနော်တို့မှာ ဆက်သွယ်ရေး လမ်းကြောင်းတွေ ရှိပါတယ်။ ဒီဟာနဲ့ သူတို့နဲ့ ကျနော်တို့ ဆက်စပ်လို့ ရခဲ့ပါတယ်။

မေး။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအကြောင်း ခင်ဗျား ကျနော်တို့ကို ဘာများ ပြောပြနိုင်ပါသလဲ။

ဖြေ။ ဒီအချိန်မှာ အများကြီး ကျနော် ပြောနိုင်လိမ့်မယ်လို့တော့ မထင်ဘူး။ ကျနော်တို့ အခု ပိုစိတ်ဝင်စား နေတာ သန်းရွှေနဲ့ မြန်မာ ခေါင်းဆောင်ပိုင်းက ဘယ်လမ်းကြောင်း လိုက်မလဲ ဆိုတာပါဘဲ။ ဒီကိစ္စကလဲ လက်ရှိ တရားစစ်ဆေးမှု ဘယ်လို အဖြေ ထွက်လာမလဲ ဆိုတာနဲ့ဘဲ စမှာပါ။ ဒါကြောင့် ဒီကိစ္စကို ကျနော်တို့ စောင့်ကြည့် နေပါတယ်။

မေး။ စစ်အစိုးရနဲ့ ထိုင်းနိုင်ငံရဲ့ စီးပွါးရေး ဆက်ဆံမှုတွေ ဘယ်လောက် ခရီးရောက် နေပါသလဲ။ ခင်ဗျားရဲ့ ခေါင်းဆောင်မှု အောက်မှာ ဒီကိစ္စ ဘာတွေ အပြောင်းအလဲ ရှိခဲ့ပါသေးသလဲ။

ဖြေ။ ကျနော်တို့က အိမ်နီးချင်း နိုင်ငံတွေပါ။ ဒီတော့ စွမ်းအင်ကိစ္စ အဆက်အစပ်ရှိတာ ရှင်းပါတယ်။ ဒါပေမဲ့ အနောက် နိုင်ငံတွေက စီးပွါးရေးလုပ်ငန်း အများအပြားလည်း မြန်မာနိုင်ငံမှာ ရှိနေတာပါဘဲ။ ကျနော်တို့မှာ အလွန်ရှည်လျားတဲ့ နှစ်နိုင်ငံကြား နယ်နိမိတ် ရှိတယ်။ ဒီတော့ နယ်စပ် ကုန်သွယ်ရေးလဲ ရှိတာပေါ့။ မြန်မာနိုင်ငံက စွမ်းအင် ကျနော်တို့ ဝယ်တာဟာ တခြား ကျနော်တို့ရဲ့ အိမ်နီးချင်း နိုင်ငံတွေက ဝယ်တာနဲ့ အတူတူပါဘဲ။ ကျနော်တို့ ပြည်သူတွေ အတွက် စွမ်းအင်နဲ့ လုံခြုံမှု စိတ်ချရအောင် ကျနော်တို့ လုပ်မှာဘဲ။ ဒါကြောင့် ဒီကိစ္စတွေဟာ သိပ်ကို ထူးထူး ဆန်းဆန်းကြီး၊ အံ့အား သင့်စရာကြီး လို့တော့ ကျနော် မထင်ပါဘူး။ ဘာဘဲဖြစ်ဖြစ် ကျနော်တို့ မြင်ချင်တဲ့ မြန်မာ့နိုင်ငံရေး အပြောင်းအလဲ ဆိုတဲ့ ရည်မှန်းချက်ကနေ ကျနော်တို့ လမ်းလွဲ မသွားသင့်ဘူးလို့ ထင်ပါတယ်။

မေး။ ဒီစီးပွါးရေး လုပ်ငန်းတွေဟာ စစ်အစိုးရကို သက်ဆိုးရှည်အောင်လုပ်ပေးထားတယ်လို့ ခင်ဗျား ထင်ပါသလား။

ဖြေ။ ကျနော်တော့ ဒီလိုတော့မထင်ပါဘူး။ ဒီလို ကောက်ချက် ဆွဲတာဟာ မှန်ကန်တယ်လို့ ကျနော် မထင်ပါဘူး။ ကျနော် ပြောခဲ့ သလိုပါဘဲ။ မြန်မာအစိုးရနဲ့ စီးပွားရေး အဆက်အဆံရှိတဲ့ အစိုးရတွေ အများကြီး၊ စီးပွါးရေး လုပ်ငန်းတွေ အများကြီးပါ။ ဒါ အရေးကြီးတဲ့ အချက်လို့ ကျနော် မထင်ပါဘူး။

မေး။ လူအများအပြားအတွက် ပိုစိုးရိမ်စရာ ကောင်းတဲ့ ကိစ္စက အရှေ့တောင် အာရှမှာ အာဏာရှင် စနစ် အမြစ်တွယ်နေတဲ့ ကိစ္စပါ။ စစ်တပ်က နိုင်ငံရေးက ထွက်သွားဘို့ ဘာလို့ ဒီလောက် ခက်နေတယ်လို့ ခင်ဗျား ထင်ပါသလဲ။

ဖြေ။ ဟုတ်ကဲ့၊ ကျနော် ထင်ပါတယ်။ ဒါစစ်တပ်တင်ဘဲလား။ ကျနော် တွေ့နေတာ ကမ္ဘာတဝှမ်းလုံး က ခေါင်းဆောင် အတော်များများဟာ အာဏာကို စွန့်လွှတ်ဘို့ အတော် ခက်နေကြတာဘဲ။

မေး။ အထူးသဖြင့် စစ်ခေါင်းဆောင်တွေကို ပြောချင်တာပါ။ သူတို့က ပါဝါအမာ ရှိတဲ့သူတွေ မဟုတ်လား။

ဖြေ။ သူတို့က စနစ်တခုထဲနဲ့ အသားကျနေတာ။ အသွင်ကူးပြောင်းရေး လုပ်ဘို့ဆိုတာ ဘယ်တုံးကမှ မလွယ်တာ ခင်ဗျားလဲ သိပါတယ်။ တခြား နေရာတွေမှာလဲ မလွယ်ပါဘူး၊ ဒါကြောင့် ဒီမှာမလွယ်လို့ သိပ်တော့ အံ့အားသင့်စရာ မဟုတ်ပါဘူး။

မေး။ အခုထိုင်းမှာ ခင်ဗျားကတော့ မြန်မာနိုင်ငံအတွက် အတုယူစရာ နမူနာတော့ မဟုတ်တာ သေချာပါတယ်။ ဘာလို့လဲဆို ခင်ဗျားက အာဏာသိမ်းမှုတွေ တခုပြီးတခု ကြုံနေရတာကိုး။ ခင်ဗျားက တိတ်တိတ် ဆိတ်ဆိတ် အာဏာသိမ်းတာလဲ ကြုံခဲ့ရတယ်။ တရားစီရင်ရေး စနစ်က အာဏာသိမ်းတာ၊ သိပ် တိတ်တိတ်ဆိတ်ဆိတ် မဟုတ်တဲ့ အာဏာသိမ်းတာ၊ အရောင်မျိုးစုံနဲ့ အာဏာ သိမ်းတာတွေ ကြုံခဲ့ရတယ်။ မြန်မာနိုင်ငံသာ ပိုပြီး အရပ်သားဆန်တဲ့ အစိုးရ စနစ်ကို တံခါး ဖွင့်ပေးလိုက်မယ် ဆိုရင် မြန်မာနိုင်ငံလဲ ဒီလမ်းကြောင်း အတိုင်း ဖြစ်သွားလိမ့်မယ်လို့ ခင်ဗျား ထင်ပါသလား။ ထိုင်းနိုင်ငံဟာ ဒီပုံစံအတိုင်း အတိအကျ မဟုတ်တဲ့ အတွက်ကော ခင်ဗျား ဘယ်လောက် အထိ စိုးရိမ်မှု ရှိပါသလဲ။

ဖြေ။ အပြောင်းအလဲ တချို့ကိုပြပြီး ဒါကို အာဏာသိမ်းတယ် ဆိုတဲ့ စကားလုံးသုံးဘို့ ကြိုးစားတာတော့ တိကျတယ်လို့ ကျနော် မထင်ဘူး။ တခြား ဒီမိုကရေစီ နိုင်ငံတွေ လုပ်သလို ကျနော် လုပ်နိုင်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ သိထား သင့်တာက အနည်းဆုံးတော့ ထိုင်းနိုင်ငံမှာ ဖြစ်ခဲ့တဲ့ တကယ့် အာဏာသိမ်းမှုတွေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ပက အပြောင်းအလဲတွေ ဖြစ်ပါတယ်။ ကျနော်တို့ အတွေ့ အကြုံက ရှင်းပါတယ်။ အခုတော့ ကျနော်တို့ ဒီမိုကရေစီ စနစ်ကို ပြန်သွားနေပါပြီ၊ ရွေးကောက်ပွဲတွေ အမြန်ဆုံး ကျင်းပပါမယ်။ အာဏာသိမ်းခဲ့တဲ့ သူတွေ ကိုယ်တိုင်တောင် ဒီမိုကရေစီ တောင်းဆိုချက်တွေ အပေါ်မှာ သူတို့ ဆတ်ဆတ်ထိ မခံကြပါဘူး။ ဥပမာ ပြောရရင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေး ဖြစ်စဉ်မှာတောင် ဆန္ဒခံယူပွဲက တဆင့် သွားဘို့ ဆိုတာမျိုးပေါ့။ သူတို့ အာဏာ ရှိနေစဉ်မှာတောင် အထူးအာဏာတွေ မသုံးမိဘို့ သူတို့ သိပ်ဂရုစိုက်ကြပါတယ်။

မေး။ ဒါပေမဲ့ အမေရိကန် သောတရှင်တွေက အထူးသဖြင့် သိချင်နေတာက ဘာလို့များ ထိုင်းနိုင်ငံရေး သမားတွေဟာ အမေရိကန် နိုင်ငံက လေ့ကျင့် မွေးမြူပေးထားသူတွေ၊ အမေရိကန်က သြဇာရှိတဲ့ သူတွေ ဖြစ်ပါရက်နဲ့ အမေရိကန်ရဲ့ သြဇာ တကယ်တမ်းကျ မရှိတာကိုပါ။ ထိုင်းနိုင်ငံမှာ အာဏာသိမ်းမှုတွေ တခုပြီးတခု ဖြစ်နေတာက အခု တကယ့် ခေတ်သစ် နိုင်ငံရေးပါဘဲ။

ဖြေ။ ကျနော်တို့ ဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့တာ နှစ်ပေါင်း ၈၀ ကျော်ဘဲ ရှိပါသေးတယ်။ တခြား ဒီမိုကရေစီနိုင်ငံ အမြောက်အမြားက ရာစုနှစ်ပေါင်း များစွာ ရှိပါပြီ။ သူတို့ဟာ ပြည်တွင်းစစ် တွေကို ဖြတ်သန်း ခဲ့ရပါတယ်။ အခု ထိုင်းနိုင်ငံမှာ ဖြစ်နေတာထက် သွေးထွက် သံယိုတွေ ပိုများခဲ့ပါတယ်။ ဒါကြောင့် ရင့်ကျက်မှု ဖြစ်စဉ်ဆိုတာကို ခင်ဗျားသိပါတယ်။ ဒီမိုကရေစီ စနစ်တရပ် ရင့်ကျက်မှု ရှိလာတယ် ဆိုတာ အမြဲတမ်း ချောမွေ့ ဖြောင့်ဖြူးနေတာ မဟုတ်ဘူး။ ဒါပေမဲ့ ကျနော် ယုံကြည်တာ ဒီမိုကရေစီစနစ် တရပ်ဟာ ခုလို လမ်းကြောင်း အတိုင်း တရွေ့ရွေ့ ပြောင်းလဲဖြစ်ပေါ်ခဲ့တာ ဆိုရင် ပိုပြီး ခိုင်မာတယ်လို့ ထင်ပါတယ်။

မေး။ ထိုင်းနိုင်ငံ အမှတ်တံဆိပ် ဒီမိုကရေစီဆိုတာ ဘယ်လိုဆိုတာ ပုံပေါ်အောင် ခင်ဗျား ပရိသတ်ကြီးကို ပြောပြနိုင်မလား။

ဖြေ။ ကျနော်တို့ဟာ လစ်ဘရယ် ဒီမိုကရေစီ နိုင်ငံပါ။ ဒါပေမဲ့ ကျနော်တို့ ဒီမိုကရေစီဟာ ရင့်ကျက်မှုရှိတဲ့၊ ကြီးထွားလာနေတဲ့ ဒီမိုကရေစီ စနစ်ပါ။ နာကျင်မှုတွေ အများကြီးရှိတဲ့ ခေတ်တွေကိုလဲ ကျနော်တို့ ဖြတ်သန်းလာခဲ့ရပါတယ်။

(အယ်ဒီတာ။ ။ Far Eastern Economic Review ပါ Haseenah Koyakutty ၏ Thai PM Abhisit on Burma and Asean ကို ဆီလျော်အောင် ဘာသာပြန် တင်ပြပါသည်။)

Ref: မဇ္ဈိမ

Read More...

ဒေါ်အောင်ဆန်းစုကြည်အိမ်ကို လွတ်လပ်ခွင့်ပေး

မင်းနိုင်သူ / ၁၆ ဇွန် ၂၀၀၉
နေအိမ်အကျယ်ချုပ်အမိန့်ရုပ်သိမ်းပြီးသော်လည်း အာဏာပိုင်များက ဆက်လက် ထိန်းသိမ်း ထားခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်ကို ပြီးခဲ့သည့် စနေနေ့တွင် လွတ်လပ်စွာ ၀င်ထွက်ခွင့် ပြုလိုက်ပြီ ဖြစ်ကြောင်း ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောသည်။



“ကျနော်တို့နဲ့ အာဏာပိုင်တွေနဲ့ ပြီးခဲ့တဲ့သောကြာနေ့က တွေ့ခဲ့ကြပါတယ်။ အဲဒီမှာ သူတို့က တဦးနဲ့တဦး အထင်လွဲတာပါ။ ကျနော်တို့ ကန့်သတ်ထားတာ၊ တားဆီးထားတာ မရှိပါဘူး။ နားလည်မှု လွဲတာပါလို့ ပြောပါတယ်။ နောက်ရက် စနေနေ့မှာတော့ လွတ်လပ်စွာ ၀င်ထွက်ခွင့် ရခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မေ (၂၆) တွင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ် အမိန့် ရုပ်သိမ်းကြောင်း နအဖ ရဲချုပ်က အကြောင်းကြား ခဲ့ပြီးသည့်နောက် ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ နေအိမ် ရှင်းလင်းပေးရန် စေလွှတ်သူများ၏ နေအိမ်အ၀င် အထွက်ကို အာဏာပိုင်များက မေးမြန်းစစ်ဆေး ကန့်သတ် တားဆီးမှုများ ပြုလုပ်ခဲ့သည်။

ထို့ကြောင့် ယင်းလုပ်ရပ်မှာ ဥပဒေနှင့် မညီသည့် လုပ်ရပ်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေများကို ပြောကြား ခဲ့ခြင်းဖြစ်သည်။

ယခုအခါ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ကို အတားအဆီး မရှိ လွတ်လပ်ခွင့် ပေးလိုက်ပြီ ဖြစ်သော်လည်း နအဖ စစ်အစိုးရက အိမ်ရှင် ဒေါ်အောင်ဆန်းစုကြည်ကိုမူ နေအိမ် အကျယ်ချုပ် ဖောက်ဖျက်မှု ပုဒ်မ (၂၂) အမှုကြီး အမှတ် (၄၇/၂၀၀၉) ဖြင့် တရားစွဲဆို ထားပြီး အင်းစိန်ထောင် အတွင်း ထိန်းသိမ်းထားဆဲ ဖြစ်သည်။

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရ အန်အယ်လ်ဒီပါတီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်သည် (၁၉) နှစ်ကျော် ကာလ အတွင်း (၁၃) နှစ်ကျော်ကြာ နေအိမ် အကျယ်ချုပ်ဖြင့် နေခဲ့ရသည်။

Ref: ခေတ်ပြိုင်

Read More...

ဒေါ်အောင်ဆန်းစုကြည် ဥပမာထား ၀ ခေါင်းဆောင်များ အသွင်ပြောင်းရေး ငြင်းဆန်

အင်္ဂါနေ့၊ 16 ဇွန်လ 2009

ဂျွန်လဆန်းပိုင်းက ဒုဗိုလ်ချုပ်ကြီးရဲမြင့် သျှမ်းပြည်တလွှား အပစ်ရပ် ခေါင်းဆောင်များ သဘောထား ပျော့ပြောင်း လာစေရန် ထပ်မံ ကျောသပ် ဖြောင်းဖြရန် နယ်လှည့် စည်းရုံးစဉ် ပန်ဆန်း ၀ ခေါင်းဆောင်များက အသွင်ပြောင်းဖို့ မဖြစ်နိုင်ကြောင်း ဒေါ်အောင်ဆန်း စုကြည်ကို ဥပမာထား၍ အကျယ်တ၀င့် ရှင်းပြခဲ့ကြောင်း ၀ ခေါင်းဆောင်ပိုင်းနှင့် ရင်းနှီးသည့် ဆိုစ့်က ဆိုပါသည်။

“ဗိုလ်ရဲမြင့် နဲ့အဖွဲ့ ပန်ဆန်းမှာ ၂ ည အိပ်တယ်။ ဥက္ကဌကြီး ပေါက်ယူရှဲန်နဲ့ ၆ ရက်နေ့မှာ တွေ့တော့ ဥက္ကဌကြီးက - ဆိုင်ရာ တာဝန်ရှိ လူကြီးတွေနဲ့ တွေ့ဖို့ ကျနော် အာဏာကုန် လွှဲထားပြီးပြီ၊ ဆွေးနွေးလိုရာ ဆွေးနွေးပါ - လို့ ပြောလိုက်တယ်၊ ၇ ရက် နေ့မှာ ထိပ်ပိုင်း ခေါင်းဆောင် တချို့နဲ့ဘဲ တနေကုန် အခြေအတင် ပြောဆို ဆွေးနွေးခဲ့တယ်” ဟု အဆိုပါဆိုစ့်က သျှမ်းသံတော်ဆင့်သို့ ပြောပြ၏။

တွေ့ဆုံဆွေးနွေးပွဲတွင် အမည်မဖေါ်လိုသည့် ၀ အရာရှိကြီး တဦးက - နယ်ခြားစောင့်တပ် အသွင်ပြောင်းပြီး တပ်ရင်း တရင်း အင်အား ၃၂၆ ယောက် ထားဖို့ကိစ္စ လိုက်လျောဖို့ မဖြစ်နိုင်ကြောင်း - ဤကဲ့သို့ စပြောပါသည်။

“တချိန်က ခင်ဗျားတို့ယုံကြည်အားထားတဲ့ ခင်ဗျားတို့ရဲ့ အကြီးအကဲ ဖြစ်ပါတယ် ဆိုတဲ့ ဗိုလ်ချုပ် ခင်ညွန့်နဲ့ ကျနော်တို့ နက်နက်ရှိုင်းရှိုင်း သဘောတူ ထားတာရှိတယ်၊ အဲဒီ ကတိတွေကို ခင်ဗျားတို့ လွယ်လွယ်နဲ့ ဖျက်လိုက်တဲ့ သဘောလား။ တကယ်တမ်း ကျနော်တို့က ခင်ဗျားတို့ ဆန္ဒအတိုင်း လိုက်လျောရင် - ကျနော်တို့ တမျိုးသားလုံးရဲ့ အနာဂတ် ကံကြမ္မာ ဘယ်လောက် ယုံကြည် စိတ်ချရမလဲ” ဟု ပြန်လည် ဆွေးနွေးသည့် အပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် ခိုင်းနှိုင်း၍လည်း ဤကဲ့သို့ ဆက်ပြောသည်ဟုဆို၏။

“တကမ္ဘာလုံးက အသိအမှတ်ပြု လေးစားခံရတဲ့ ဗမာပြည်ရဲ့ လွတ်လပ်ရေး ဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးတောင်မှ ခင်ဗျားတို့ အဲလောက်အထိ လုပ်ရက် နိုင်သေးတယ်။ ကျနော်တို့က ခင်ဗျားတို့နဲ့ သွေးမတော် သားမစပ် လူမျိုး/ဘာသာ စကားလဲ မတူဘူး၊ ကျနော်တို့ အလားအလာက သူမထက် ပိုဆိုးသွားနိုင်တယ်။ အကယ်လို့ ကျနော်တို့ ခေါင်းညိတ် လိုက်မယ်ဆိုရင် နောင်တချိန် အစွယ်ကျိုး အဆိပ်မဲ့ ဖြစ်သွားတဲ့ ကျုပ်တို့ကို ခင်ဗျားတို့ ဖမ်းမယ်ဆီးမယ် လုပ်လာရင် အကျဉ်းထောင် မပြောနဲ့ ကြက်တွေ ၀က်တွေလို လှောင်တဲ့ ခြင်း/တောင်း တောင် လောက်မှာ မဟုတ်ဘူး။ အဲဒါတွေကို သတိချပ်မိလို့ ခင်ဗျားတို့ ဆန္ဒကို မလိုက်လျောနိုင်တာဖြစ်တယ်” ဟု ပြောကြောင်း အဆိုပါဆိုစ့်က ပြောပါသည်။

တောင်ပိုင်းအခြေစိုက် ၀ ထိန်းချုပ်နယ်မြေမှ ရုပ်ခိုင်းရေး သည်လည်း မဖြစ်နိုင်ကြောင်း ထိုစခန်းများ အတွက် ၀ တပ်မတော် သားများထောင်ချီ အသက်ပေးပြီး ခွန်ဆာ MTA တပ်ဖွဲ့ထံမှ တိုက်ယူရကြောင်း၊ “ခင်ဗျားတို့ အကြီးအကဲ ဗိုလ်ချုပ်ကြီး မောင်အေးကို မေးကြည့်ပါ၊ သူအသိဆုံး။ တိုက်ပွဲကြောင့် မိုင်းဖြတ်ဆေးရုံမှာ ကျနော်တို့ တပ်သားတွေ တင်ထားတုန်းက သူကိုယ်တိုင် လာပြီး အားပေးစကား ပြောခဲ့တယ် ပုဝါတွေ ပေးကမ်းတယ် ၊ မူးယစ်ရာဇာ ခွန်ဆာလက်ထဲက တိုက်ယူနိုင်ရင် စိတ်တိုင်းကျ နေပါ - လို့တောင် ပြောသွား သေးတယ်၊ အဲဒီကတိ သစ္စာစကားတွေ ဘယ်ရောက် သွားကုန်ပြီလဲ” ဟု အဆိုပါ ၀ အကြီးအကဲက ဗိုလ်ရဲမြင့်တို့ အဖွဲ့အား ထပ်ဆင့် ထောက်ပြခဲ့ကြောင်း ဆိုပါသည်။

စစ်အစိုးရဖိအားပေးမှုကြောင့် ခွန်ဆာတပ်အား တိုက်ခိုက်စဉ် ၀ တပ်သား ထောင်ချီ သေကျေ ဒဏ်ရာ ရခဲ့ကြောင်း၊ လွန်ခဲ့သည့် ၂၀၀၂/၂၀၀၅ တုံးကလည်း SSA-S စ၀်ယွက်စစ် အဖွဲ့အား သွားတိုက်ရန် ဖိအား ထပ်ပေးလာသဖြင့် သွားတိုက်ခဲ့ရကြောင်း၊ “ခင်ဗျားတို့ သွန်လိုသွန် မှောက်လိုမှောက် အကုန်လိုက်လုပ်ရမယ် ဆိုတာတော့ မဟုတ်တော့ဘူး ထင်တယ်” ဟုပြောကြား ကြောင်း ဆိုပါသည်။

အဆိုပါ ၀ ခေါင်းဆောင်ပြောကြားချက်နှင့်ပတ်သက်ပြီး ဗိုလ်ချုပ်ရဲမြင့်က - “ ကျနော့အနေနဲ့ ဘာတခုမှ ဆုံးဖြတ်ချက် ချလို့ မရပါဘူး။ ကျနော်တို့ရဲ့ နိုင်ငံတော် အကြီးအကဲ ညွန်ကြားချက်အရ လာရောက် ပြောကြားရတာ ဖြစ်တယ်” - ဟုသာ ပြန်လည် ပြောကြား သွားကြောင်း ဆို၏။

ဂျွန်လ ၃ ရက်မှ ၉ ရက်နေ့ အထိ ဒုဗိုလ်ချုပ်ကြီး ရဲမြင့်သည် မြောက်ပိုင်း SSA-N တပ်ဖွဲ့ ခေါင်းဆောင်၊ ကိုးကန့် ဒုဥက္ကဌ၊ ၀ ခေါင်းဆောင်ပိုင်းများ၊ မိုင်းလား ဥက္ကဌ ဦးစိုင်းလင်းတို့နှင့် တကူးတက သွားရောက် ဖြောင်းဖျ ခဲ့သော်လည်း လက်ချည်း ဗလာ ပြန်လှည့် ခဲ့ရကြောင်း သျှမ်းပြည်အရေး လေ့လာသူများက သုံးသပ်ကြပါသည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

ဒေါ်စုအမှု တရားမျှတဖို့ ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ် တောင်းဆို

16 June 2009

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုကို ကြားနာ စစ်ဆေးရာမှာ တရားစီရင်ရေး အခြေခံ စံနှုန်းတွေကို လျစ်လျူရှုပြီး စစ်ဆေးနေတာ တွေ့ရတယ်လို့ ကုလသမဂ္ဂ စုံစမ်း စစ်ဆေးမှူးတွေက ပြောဆို လိုက်ပါတယ်။

အခုချိန်ထိ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုကို ကြားနာ စစ်ဆေးရာမှာ လုပ်ထုံး လုပ်နည်းအရ ရပိုင်ခွင့်တွေကို ပြောင်ပြောင် တင်းတင်း အကြီးအကျယ် ချိုးဖောက်နေတာ တွေ့ရတယ်လို့ တရားသူကြီးများ နဲ့ ရှေ့နေများဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် လီယန်ဒရို ဒက်စ်ပရီ (Leandro Despouy) က ဒီကနေ့ ပြောဆိုလိုက်တာပါ။

တရားပြိုင် ဒေါ်အောင်ဆန်းစုကြည် ဘက်က တင်ပြတဲ့ သက်သေတွေ အားလုံးကိုလည်း တရားရုံးမှာ ထွက်ဆိုခွင့် ပေးဖို့ နဲ့ နိုင်ငံခြား သတင်းမီဒီယာ တွေကို တရားခွင်မှာ လွတ်လပ်စွာ သတင်းရယူခွင့် ပြုဖို့နဲ့ တရားမျှတစွာ ကြားနာ စစ်ဆေး ပေးရေး အာမခံချက် ရှိဖို့အတွက် မြန်မာ စစ်အစိုးရကို ကုလသမဂ္ဂ စုံစမ်း စစ်ဆေးမှူးတွေက ဒီကနေ့ တောင်းဆို လိုက်ကြပါတယ်။

တရားဥပဒေ စိုးမိုးတဲ့ ဘယ်နိုင်ငံရဲ့ အစိုးရမဆို ဥပဒေနဲ့အညီ တရားမျှတစွာ ပွင့်ပွင့် လင်းလင်းနဲ့ အမှုတွေကို ကြားနာ စစ်ဆေးရတာ ဖြစ်ပါတယ်လို့ မစ္စတာ လီယန်ဒရို ဒက်စ်ပရီ က ပြောဆိုလိုက်တာပါ။

Ref: VOA News

Read More...

ANC အတွင်းရေးမှူးနှင့် NUPA ဒုဥက္ကဌ ပါတီ တာဝန်များမှ ရပ်ဆိုင်းခံရ

6/16/2009

ရခိုင်ပြည်အမျိုးသားကောင်စီ (ANC) အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်နှင့် ရခိုင်ပြည် အမျိုးသား ညီညွတ်ရေးပါတီ (NUPA) ဒုဥက္ကဌ ဒေါက်တာ ခင်မောင်တို့အား ၎င်းတို့ ထမ်းဆောင်နေသော တာဝန်များမှ အသီးသီး ရပ်ဆိုင်းလိုက်ပြီ ဖြစ်သည်ဟု အဆိုပါ အဖွဲ့များ၏ ထုတ်ပြန် ကျေညာချက်များ အရ သိရသည်။

NUPA ၏ ဇွန်လ ၁၄ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်သော အရေးပေါ် ကျေညာချက်တွင် ၂၀၀၉ ခုနှစ် မေလ ၂၈ ရက်နေ့တွင် ပြုလုပ်သော ပါတီ ဗဟိုကော်မီတီများနှင့် တပ်မှူးကြီးများ ပါဝင်သော အစည်းအဝေးမှ ဒုဥက္ကဌ ဖြစ်သူ ဒေါက်တာခင်မောင်မှာ NUPA ပါတီ၏ ဖွဲ့စည်း အုပ်ချုပ်ပုံနှင့် မကိုက်ညီသော၊ အမျိုးသား စည်းလုံး ညီညွတ်ရေးကို ဆန့်ကျင်သော လုပ်ရပ်များကို လုပ်ဆောင်နေသည့် အပြင် ပါတီ ဥက္ကဌ ဖြစ်သူကို ပါတီမှ ဖယ်ထုတ်ပြီး နိုင်ငံရေး လုပ်ကြံမူကို ဖန်တီးသဖြင့် ပါတီ၏ ဒုဥက္ကဌ နေရာမှ အကန့်အသတ် မရှိ ရပ်ဆိုင်းလိုက်ကြောင်း ဖေါ်ပြပါရှိသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ဒေါက်တာ ခင်မောင်အား နိရဉ္စရာမှ ဆက်သွယ် မေးမြန်းရာ “သက်ဆိုင်ရာ ကာယကံရှင် မရှိဘဲ ကွယ်ရာမှာ တရားစီရင် ဆုံးဖြတ်တာဟာ (လုံးဝ) တရား မ၀င်ပါဘူး။ တရားမျှ တမှုလည်း မရှိပါဘူး။ ဒီလုပ်ရပ်က လုံးဝ နိုင်ငံရေး လုပ်ကြံမှု ဖြစ်ပါတယ်။ ဒီလုပ်ရပ်ကို ဘယ်သူက လုပ်တယ်ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမယ့် အချိန် မကျသေးတဲ့ အတွက် ထုတ်မပြောတော့ ပါဘူး။ ဒီလို ပါတီထဲမှာ ၀င်ရှုပ်တဲ့ အတွက် ဒီပီအေ ပါတီလည်း ပျက်စီး သွားခဲ့ပါပြီ။ နောက်ထပ် NUPA ကိုလာရှုပ် နေတာပါ။ ဒါကြောင့် ပါတီတွင်း ညီညွတ်မှုကို တည်ဆောက်ကြပါလို့ဘဲ ကျွန်တော် ပြောချင်ပါတယ်”ဟု ပြောသည်။

အဆိုပါ အရေးပေါ် ကျေညာချက် ထုန်ပြန်ချက်နှင့် ပတ်သက်ပြီး လက်ရှိပါတီ ဥက္ကဌဖြစ်သူ ဦးပတီးဖြူနှင့် အထွေထွေ အတွင်းရေးမှူး ဦးခိုင်ပန်းအောင်ကို ဆက်သွယ် မေးမြန်းရန် ကြိုးစားသော်လည်း ခရီး လွန်နေသဖြင့် ဆက်သွယ်၍ မရရှိခဲ့ပါ။

အလားတူ ရခိုင်အမျိုးသားကောင်စီ အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်အားလည်း သူ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်ကို အကန့် အသတ် မရှိ ရပ်ဆိုင်းလိုက်ကြောင်း ဇွန်လ ၁၅ ရက် နေ့စွဲဖြင့် ANC က ထုတ်ပြန် ကျေညာသည်။

၂၀၀၉ ခုနှစ် ဇွန်လ ၁၅ ရက်နေ့တွင် ပြုလုပ်သော ANC ဗဟို အစည်းအဝေးတွင် ဦးမောင်မောင်အား ANC ဖွဲ့စည်းပုံနှင့် မကိုက်ညီသော ပြစ်မူ (၉) ခုကို ကျူးလွန် နေသည်ကို တွေ့ရှိရသဖြင့် ယခုကဲ့သို့ အထွေထွေ အတွင်းရေးမှူး တာဝန်မှ အကန့်အသတ် မရှိ ရပ်ဆိုင်း လိုက်ရခြင်း ဖြစ်ကြောင်း ဖေါ်ပြသည်။

ဦးမောင်မောင်အား ဆက်သွယ် မေးမြန်းရာ သူက “ အခု ပြုလုပ်နေတဲ့ ANC ဗဟို အစည်းအဝေးကို သူ့အနေနဲ့ အသိအမှတ် မပြုနိုင်ကြောင်း၊ သူ့ကို အစည်းအဝေးသို့ မဖိတ်သလို တခြား ဗဟို ကော်မီတီဝင်များ ကိုလည်း မဖိတ်ကြား၍ ဖြစ်ကြောင်း၊ သူတို့၏ စွပ်စွဲချက် များကိုလည်း ဖြေရှင်းစရာ မလိုကြောင်း၊ ယခုလုပ်ရပ်မှာ သူ့ နေရာကို လိုသူများ၏ လက်ချက်သာ ဖြစ်ကြောင်းနှင့် ANC ပျက်ပြိုရန် သေချာသွားပြီ ဖြစ်ကြောင်းဖြင့်” ပြောကြားသွားသည်။

ယခု ANC အတွင်းရေးမှူးနှင့် NUPA ဒုဥက္ကဌတို့အား တာဝန်မှ ရပ်စဲကြောင်း ကျေညာချက်များမှာ တပြိုင်နက်တည်း ထွက်ပေါ် လာသဖြင့် ယခုလုပ်ရပ်မှာ ANC အတွင်း ဂိုဏ်းဂန အုပ်စု များ၏ အားပြိုင်ပွဲ တရပ်အဖြစ် အများက မြင်နေကြသလို ANC သည်လည်း ယခင့် ယခင် နောင်တော် တပ်ပေါင်းစု ပါတီများကဲ့သို့ လမ်းဆုံးသို့ များမကြာခင် ရောက်ရှိ သွားနိုင်ကြောင်းဖြင့် သုံးသပ် ဝေဖန်သူများက ပြောဆို နေကြသည်ဟု စုံစမ်း သိရှိရသည်။

Ref: နိရဉ္စရာ

Read More...

Tuesday, June 16, 2009

“အရူးကို မီးဝိုင်းနေပါပြီ”

အဝေးရောက် သံတမန်တဦး
16၊ 6၊ 09

မြန်မာလူမျိုးများအနေဖြင့် အရူးကိုမီးဝိုင်းနေပါပြီ ဆိုသောစကားကို အများတကာ သဘောပေါက် နေကြပြီး ဖြစ်ပါသည်။ မီးများပတ်ပတ်လည် ဝိုင်းရံခံနေရသော အရူးသည် ပြေးပေါက်လည်း မရှိ။ ထွက်ပေါက်လည်း မရှိတော့ပါ။ ကယ်သူမရှိ။ ကူသူ မရှိလျှင်တော့ သေပွဲဝင်ရန်သာ ရှိပါတော့သည်။

အရူး ဆိုသည်ကိုလည်း အကျယ်တဝင့် ရှင်းပြရန်ပင် မလိုပါ။ ၁၉၆၂ခုနှစ်ကပင် အမိမြန်မာ နိုင်ငံတော်တွင် ပြည်သူ အပေါင်း၏ ချွေးနည်းစာ အခွန်အတုတ်များဖြင့် တိုင်းပြည်နှင့် လူမျိုးကို ကာကွယ်ရန် အတွက် တည်ထောင်ဖွဲ့စည်း ထားသော စစ်တပ်ကြီးမှ အာဏာရူးကြီးများ ပေါ်ပေါက် လာခဲ့သည်ကို အားလုံး အသိပင်ဖြစ်ပါသည်။ အာဏာရူးကြီးများတွင် ဗိုလ်နေဝင်းက ပထမဖြစ်ပြီး ဗိုလ်နေဝင်းနှင့် အတူ ရူးဖော်ရူးဘက် ဗိုလ်စန်းယု ဗိုလ်စိန်လွင် ဗိုလ်စောမောင် ဗိုလ်ခင်ညွန့်နှင့် ယခုလက်ရှိ ဗိုလ်သန်းရွှေတို့ပင် ဖြစ်ပါသည်။

အာဏာရူး စစ်ဗိုလ်များထဲတွင် သွက်ချာပါဒ အရူးဆုံးကတော့ ယခုလက်ရှိ ဗိုလ်သန်းရွှေပင် ဖြစ်ပါသည်။ တရားတော်အရ ဆိုရပါလျှင် လောဘ ဒေါသ မောဟနှင့် မာန်မာနများသည် လူ့စိတ် လူ့ခန္ဓွာကို လောင်မြိုက် စေတတ်သော အကုသိုလ် မီးပွါးများပင် ဖြစ်ပါသည်။ အာဏာရူး ဗိုလ်သန်းရွှေသည် တရား ဥပဒေကို မျက်ကွယ်ပြုကာ မိန်းမသား တဦးဖြစ်သော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပေါ် မတရားသဖြင့် ချုပ်နှောင်ထားခြင်း။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို လိုလားသူ ရဟန်းရှင် လူအပေါင်းတို့ အားလည်း နှစ်ရှည် ထောင်ဒဏ်ချမှတ်ကာ ညှဉ်းပန်း နှိပ်စက်လျှက် ရှိနေပါသည်။

ဓမ္မေ ဟဝေ ဟတော ဟန္တိ ။ လူတဦးသည် တရားကိုသတ်၏။ ထိုသူအား သေကြေ ပျက်စီး စေတတ်သော တရားက ပြန်သတ်၏။ ဟု ဘုရား တရားတော်တွင် ပါရှိသည်။ တရားသတ်၍ အာဏာရူးများ ဖြစ်သော ဗိုလ်နေဝင်းနှင့် ဗိုလ်စောမောင်တို့သည် ခွေးသေ ဝက်သေ သေဆုံး သွားခဲ့ကြပြီး ဖြစ်ပါသည်။

အာဏာရူးများကို ဝိုင်းအုံနေသော မီးတောက်မီးလျှံများ

ထပ်မံ၍ဆိုရသော် ဗုဒ္ဓွ ဘာသာ နိုင်ငံတော်တွင် ဗုဒ္ဓွ ဘာသာ တရားတော်အရ ဆိုပါမူ အာဏာရူး စစ်ဗိုလ်များ၏ စိတ်သဏ္ဍန်တွင် ရှိသော အတော မတတ်နိုင်သည့် လောဘစိတ် ဒေါသစိတ် မောဟစိတ်နှင့် မာန်မာန စိတ်များသည်ပင်လျှင် အာဏာရူး ပါဝါရူး စစ်ဗိုလ်များကို ဝိုင်းအုံနေသော မီးတောက် မီးလျှံများလည်း ဖြစ်ပါသည်။ ဥပမာအားဖြင့် ၁၉၈၈ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံတွင် အသက်အရွယ် (၇၇)နှစ် ရှိနေပြီ ဖြစ်သော ဗိုလ်နေဝင်းက “စစ်တပ်ဆိုတာ မိုးပေါ်ထောင်ပြီး မပစ်ဘူး။ လူအုပ်ထဲ တည့်တည့်ပစ်တာ”ဟု ဆိုခဲ့ပါသည်။ တည့်တည့် ပစ်ခဲ့၍လည်း အပြစ်မဲ့သော ပြည်သူပြည်သား သုံးထောင်ကျော် လမ်းမပေါ်တွင် သေဆုံး ခဲ့ကြရပါသည်။ လက်ရှိအာဏာရူး ဗိုလ်သန်းရွှေ သည်လည်း လူပုဂ္ဂိုလ်များကို သာမက ဘုရားသားတော် ရဟန်း သံဃာတော်များကို ရင်ဝ တည့်တည့် ပစ်စေပါသည်။ အုပ်စိုးသူ အာဏာရူးများ တရားပျက်၍ တိုင်းပြည်ကြီးလည်း ပျက်စီး ယိုယွင်းလျှက် ရှိနေပါသည်။

တရားသူကြီးဦးဘဦး ရေးသည့် “မြန်မာ့အုပ်ချုပ်ရေးပညာ” အမည်ရှိကျမ်း၌ “မြန်မာတို့ တရားမပျက် စောင့်စည်း ကျင့်ကြံ ကြသော အခါများတွင် တိုင်းပြည် အခြေအနေ သိသိသာသာ တိုးတက်၍ မြန်မာတို့ တရားမဲ့ အဓမ္မြပု ကျင့်ကြသော အခါများတွင်သော်ကား တိုင်းပြည် အခြေအနေ ဆုတ်ယုတ်ပျက်ပြား ကြလေသည်”ဟု ဖော်ပြထားပါသည်။

ယနေ့ မြန်မာနိုင်ငံတော်တွင် အုပ်ချုပ်သည့် အာဏာရူး စစ်ဗိုလ်များကြောင့် အုပ်ချုပ်ရေး ယန္တရားကြီး ပျက်စီး ယိုယွင်းနေပါသည်။ စစ်သား ရဲသား မီးသတ်သမား အရပ်သား ဝန်ထမ်း ကျေးရွာ ရပ်ကွက် ကောင်စီ ဝင်များကအစ အထက်အရာရှိ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအထိ အကျင့်စာရိတ္တ ပျက်ပြားကာ အဓမ္မ ဝါဒီများ မင်းမူနေပါသည်။ အုပ်ချုပ်သူများသည် ပြည်သူ ပြည်သားများထံမှ နည်းမျိုးစုံဖြင့် ငွေကောက်ခံလျှက် သားဝ မယားဝ ဝါဒကို ကျင့်သုံး နေရပါသည်။ အအုပ်ချုပ်ခံ ပြည်သူများက နည်းမျိုးစုံဖြင့် အာခံ တော်လှန်နေသည့် မီးတောက်ကလည်း အာဏာရူး စစ်ဗိုလ်များအား ဝိုင်းလျှံ နေပြီ ဖြစ်ပါသည်။

တရားစီရင်ရေးမဏ္ဍိုင်တွင်လည်း အဂတိလိုက်စားမှုများ လွှမ်းမိုးနေသည်။ တရားရုံးများတွင် ဆန္ဒာ ဒေါသ ဘယာ မောဟ အဂတိလေးပါး ဖုံးလွှမ်းနေပါသည်။ မှန်ကန်သော တရားစီရင်ရေး စနစ် မထွန်းကား၍ ပြည်သူ ပြည်သားများ၏ စိတ် လုံခြုံမှု မရှိပါ။ စိတ်ချမ်းမြေ့မှု မရှိပါ။ အချင်းချင်း စည်းလုံးညီညွတ်မှု မရှိကြပါ။ အစိုးရကိုလည်း ယုံကြည်အားကိုးမှု မရှိသလို တရားရုံးများကိုလည်း ယုံကြည် အားကိုးမှု မရှိကြတော့ပါ။ အာဏာရူးများ တရားပျက်၍ အများတကာ အမျက်ဒေါသကလည်း ပေါက်ကွဲလုလု မီးတောင်ကြီး တခုပမာ ဖြစ်နေပါသည်။ အာဏာရူးများ၏ ကိုယ့်ရှူး ကိုယ်ပြန်ပတ်သည့် သာဓက တခုကို ဖော်ပြပါမည်။

အများတကာကို နှိပ်စက် ညှဉ်းပန်းခဲ့သော ထောက်လှမ်းရေးမှူး ဝန်ကြီးချုပ်ပြုတ် ဗိုလ်ချုပ်ကြီး ခင်ညွန့်သည် လာဘ်စားမှုဖြင့် ထောင် နှစ်ပေါင်းများစွာ ပြစ်ဒဏ် ခံရ၍ အချိန်ပြည့် ပေါက်ကွဲနေသဖြင့် သူ့အား စိတ်ငြိမ် အမြုံဆေး ထိုးရသည်ဟု ဆိုပါသည်။ ဇနီးဖြစ်သူ ဒေါက်တာ ခင်ဝင်းရွှေက ဒီဆေးမျိုးတော့ မထိုးကြပါနှင့်ဟု အော်၍ ငိုကြွေးသော်လည်း အာဏာရူး စိတ်ဓါတ် အမြစ်ပြုတ်စေပြီး အာဏာအတွက် ပုန်ကန် ထကြွမည်ကို မလိုလား၍ နေပြည်တော်က အမိန့်အရ ဆေးထိုးရခြင်း ဖြစ်သည်ဟု ဆိုပါသည်။ “အစက ဂန်ဒူး၊ နောက်များတော့ မြုံသွားပြီ၊ အကိုမှားပါပြီကွယ်၊ မိမွေးတဲ့ ဘမွေးတဲ့ဘဝ ဆုံးပါပြီ” ဟုသာ တေးစပ်ရမလို ဖြစ်သွားပါသည်။

ဘာသာရေး စီးပွါးရေး ပညာရေး လူမရေး နယ်ပယ် အားလုံးတွင်လည်း ကမ္ဘာပေါ်တွင် အလွန့်အလွန် နိမ့်ကျနေသော လူမျိုးမှာ မြန်မာလူမျိုး ဖြစ်နေပါသည်။ အမျိုး ဘာသာ သာသနာတော်အတွက် မခံမရပ်နိုင် ဖြစ်နေကြသော ပြည်သူပြည်သားများ၏ အမျက် ဒေါသကလည်း အာဏာရူးများအား ဝိုင်းလျံနေသော မီးတောက် မီးလျှံပမာ ဖြစ်နေပါသည်။ ကိုယ့်လူမျိုးကိုယ် နှိပ်စက် ညှဉ်းပန်းမှုကြောင့် အမေရိကန် ပြည်ထောင်စု အပါအဝင် ဥရောပသမဂ္ဂဝင် နိုင်ငံပေါင်းစုံက စီးပွါးရေး ပိတ်ဆို့ အရေးယူခြင်း ပြည်ဝင်ပြည်ထွက် ဗီဇာ ကန့်သတ်ထားခြင်း ငွေဝင်ငွေထွက် ကန့်သတ်ထား၍ အာဏာရူး စစ်ဗိုလ်များနှင့် မိသားစု၏ လောဘမီးကလည်း ပေါက်ကွဲ နေပါသည်။

အာဏာရူးများထွက်ပေါက် ၂ဝ၁ဝ ရွေးကောက်ပွဲလား

အာဏာရူး စစ်ဗိုလ်များသည် ၁၉၈၈ခုနှစ်ကပင် စစ်တပ်ကို ခုတုံးလုပ်ပြီး စစ်တပ်မှ တိုက်ရိုက် အုပ်ချုပ်ခဲ့ပါသည်။ နိုင်ငံရေးနိယာမ သဘောတရားတွင် စစ်တပ်က ကြာရှည်စွာ အုပ်ချုပ်နေခြင်းသည် မသင့်လျော်တော့သည့် အခြေအနေ ဆိုက်ရောက်လာ သောအခါ တပ်မတော်သား စစ်ဗိုလ်များအား အရပ်သား အရေခြုံပြီး အုပ်ချုပ်ခြင်းနှင့် စစ်ဗိုလ်များကို လိုလားသော နိုင်ငံရေးပါတီကို ရုပ်သေး ရုပ်အစိုးရ အဖြစ် တင်မြှောက်ပြီး နောက်ကွယ်မှ ကြိုးဆွဲ ချယ်လှယ် အုပ်ချုပ်ခြင်း စသည်များကို ပြုလေ့ရှိပါသည်။ သို့ရာတွင် ယခုလက်ရှိ နအဖ စစ်ကောင်စီအနေဖြင့် ၎င်းတို့ စိတ်ကြိုက် ရေးဆွဲထားသော နိုင်ငံတော် ဖွဲ့စည်းပုံ ဥပဒေတွင် “နိုင်ငံတော်၏ အမျိုးသား နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင် ထမ်းဆောင်နိုင်ရေးကို အစဉ်တစိုက် ဦးတည်သည်”ဟု ဖော်ပြထားပါသည်။

တဘက်လှည့်ဖြင့် လူထုထောက်ခံမရရှိသော စစ်တပ်အစိုးရ ပုံစံမျိုး ဖြစ်လိုခြင်းသာ ဖြစ်သည်။ အာဏာရူး ဗိုလ်သန်းရွှေ အနေဖြင့် ခဝါချကာ တရားဝင် အစိုးရ ဖြစ်လိုသော်လည်း အရူးမီးဝိုင်း ခံနေရသည့် ဘဝက ထွက်ပေါက်ရရန် အလှမ်းဝေးလျှက် ရှိနေပါသည်။

ပြည်သူလူထုကို လူစာရင်းမသွင်းဘဲ ဖွဲ့စည်းပုံ ဆန္ဒခံယူပွဲတွင် ကြိုတင်မဲဆန္ဒများ ကောက်ယူသွားသည်ဟု ဆိုကာ ကာယကံရှင် ခွင့်ပြုချက် မရဘဲ မဲအမြောက်အများ ခိုးယူခဲ့ပါသည်။ ၂ဝ၁ဝ ရွေးကောက်ပွဲတွင်လည်း လူထုမဲကို နည်းမျိုးစုံဖြင့် ခိုးဝှက်၍ ရနိုင်ပါသည်။ သို့ရာတွင် အာဏာရူးများ၏ ဖွဲ့စည်းပုံ အခန်း(၇) တပ်မတော် ကဏ္ဍ ပုဒ်မ ၃၃၈တွင် “နိုင်ငံတော် အတွင်းရှိ လက်နက်ကိုင် အဖွဲ့အစည်း အားလုံးသည် တပ်မတော်၏ ကွပ်ကဲမှု အောက်တွင် ရှိရမည်” ဟု ဆိုပါသည်။ အပစ်အခတ် ရပ်စဲထားသော သောင်းဂဏန်းကျော် ရှိနေသော လူမျိုးစု လက်နက်ကိုင် အဖွဲ့များကို လူသုံးထောင်အထိ လျှော့ချကာ နယ်ခြားစောင့် တပ်ဖွဲ့များ ဖွဲ့စည်းရေး ကိစ္စသည် အငြင်းပွါးစရာ ဖြစ်နေပါသည်။ ကိုယ့်တိုင်းရင်းသားများ ကိုယ်ပိုင် အုပ်ချုပ်ရေး တန်းတူညီမျှသော ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းရေးအတွက် အသက်ပေါင်း မြောက်များစွာ စတေးခြံပီး လက်နက်ကိုင် တိုက်ပွဲ ဝင်လာသော တိုင်းရင်းသား လူမျိုးများအား ကျေးလက်စောင့် ရွာစောင့် နယ်ခြားစောင့် ခွေးများသဖွယ် ဖွဲ့စည်းလိုသော သန်းရွှေ၏ ပုဇွန်ဆိတ် ဦးနှောက်မျှသာရှိသော ဦးနှောက်ထဲက ပေါ်လစီတခုကို အောက်တွင် ဖေါ်ပြပါသည်။

၁၉၉၄ ခုနုနှစှစ် နိုဝင်ဘာလ(၈)ရက်နေ့က ထိုင်းနိုင်ငံမှ လာရောက်သော ရဲဘော် သုံးကျိပ်ဝင် ဗိုလ်မင်းရောင်၏သား ကိုဌေးဝင်းနှင့် စာရေးသူတို့သည် အင်္ဂလန်နိုင်ငံ ဘာမင်ဂန်မြို့တွင် သီတင်းသုံးနေသော ဆရာတော် ဦးရေဝတ ကျောင်းသို့ ရောက်ရှိ သွားခဲ့ပါသည်။ ဆရာတော်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် အာဏာရူး ဗိုလ်ချုပ်မှုးကြီး သန်းရွှေတို့အကြား စေ့စပ်ရေးလုပ်၍ အင်္ဂလန် နိုင်ငံသို့ ပြန်ရောက်ပြီးချိန် ဖြစ်ပ်ပါသည်။ ဆရာတော်က်က သူ့အား ဗိုလ်သန်းရွှေ ဗိုလ်မောင်အေးနှင့် ဗိုလ်ခင်ညွန့်တို့ သုံးဦး ထိုင်ကန်တော့ နေသည့် ဓါတ်ပုံကိုလည်း ထုတ်ပြခဲ့ပါသည်။ ထို့ပြင် ဆရာတော် ပါးစပ်က “ဒီကောင်မလေး အောင်ဆန်းစုကြည် တော်တော်မိုက်တယ် ဘုန်းကြီးက သူ့ကို ညွှန်ကြားရေးမှုးချုပ် ရာထူး လက်ခံဖို့ ပြောပေးတာ လက်မခံဘူး” ဟု ဆိုပါသည်။ မြန်မာ့ ဒီမိုကရေစီ အရေးတော်ပုံနှင့် ၁၉၉ဝပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် လူထုအသည်းစွဲ လူထု ခေါင်းဆောင်ကြီး တဦးအား အစိုးရ ဌာနတခု၏ ညွှန်ကြားရေးမှုးချုပ် ရာထူးပေးကာ သိမ်းသွင်းကြသော ဗိုလ်သန်းရွှေနှင့် အပေါင်းပါ စစ်ဗိုလ်များအား လည်းကောင်း။ အာဏာရူး စစ်ဗိုလ်များနှင့် အပေါင်းအသင်း ဖြစ်ရ၍ ဘဝင်မြင့်သွားသော ဆရာတော် ဦးရေဝတအား အတော် အံသြသင့်မိ ပါသည်။ အထင်အမြင်လည်း အလွန့်အလွန် သေးမိပါသည်။

ယခုလက်ရှိ တိုင်းရင်းသားများအား နယ်ခြားစောင့်တပ်ဖွဲ့ ဖွဲ့ပေးရန် ကြံစည်နေသော မြန်မာ အာဏာရူးများ၏ အဆင့် အတန်းသည် ဘယ်တိုင်းပြည် ဘယ်နိုင်ငံတွင်မှ ရှိလိမ့်မည် မဟုတ်ပါ။ ဇင်ဘာဘွေနိုင်ငံက ကမ္ဘာ့ အဆိုးဆုံး အာဏာရှင် မစ္စတာ မူဂါဘီ ပင်လျှင် သူ၏ပြိုင်ဘက် အတိုက်အခံ ခေါင်းဆောင်အား ဝန်ကြီးချုပ် ရာထူးပေးကာ ပြေရာပြေကြောင်း ဆောင်ရွက်ခဲ့ပါသည်။

အချုပ်ဆိုရသော် အာဏာရူး ဗိုလ်သန်းရွှေနှင့် အပေါင်းပါ စစ်ဗိုလ်တစုအား ဘုရား တရားတော်အရ ဆိုပါမူ လောဘမီး ဒေါသမီး မောဟမီးနှင့် မာန်မာန မီးများက ဝိုင်းလျှက် ရှိနေပါသည်။ ထို့အပြင် အသိပညာ အတတ်ပညာ မရှိသော အာဏာရူး စစ်ဗိုလ်များ၏ လွဲမှားသော လုပ်ရပ်များကြောင့် မြန်မာနိုင်ငံတွင် အုပ်ချုပ်ရေး လူမရေးနှင့် ဘာသာရေး စသော မဏ္ဍိုင် အသီးသီးတွင် မီးတောက် မီးလျှံများသည် အာဏာရူးများအား ဝိုင်းနေပြီ ဖြစ်ပါသည်။ အာဏာရူးများ၏ စစ်တပ်က ထာဝရ အုပ်ချုပ်လိုသော ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲကြီးကို ထောက်ခံ အားပေးပါက မြန်မာပြည်သူ အပေါင်းသည် ဆင်းရဲမွဲတေမှု အောက်မှ ဘယ်တော့မှ လွတ်မြောက်ကြမည် မဟုတ်ကြောင်း ကိုလည်း စေတနာ မေတ္တာဖြင့် တင်ပြအပ်ပါသည်။

အရူးကို မီးဝိုင်းနေပါပြီ။ စစ်အာဏာရှင် စနစ်ဆိုးကြီးကိုလည်း ညီညီညွတ်ညွတ် တွန်းလှန် တိုက်ပွဲဝင်ကြပါစို့။ ။

Read More...

နအဖ၏ပြောဆိုချက်များ အခြေအမြစ်မရှိဟု ကေအန်ယူ ပြန်လည် တုံ့ပြန်

NEJ / ၁၅ ဇွန် ၂၀၀၉

နအဖနှင့်ဒီကေဘီအေ ထိုးစစ်များကြောင့် ကရင်ရွာသားများ ထိုင်းဘက် ထွက်ပြေး နေရသဖြင့် ထိုးစစ် ချက်ချင်းရပ်ရန် ယခုလ (၁၁) ရက်၌ ဥရောပသမဂ္ဂ (အီးယူ) ၏ တောင်းဆိုမှုကို မြန်မာ ဘက်က ပယ်ချ လိုက်မှုနှင့် ပတ်သက်၍ နအဖ၏ ပြောဆိုချက်များသည် လိမ်လည် ပြောဆိုမှု များသာ ဖြစ်သည်ဟု ကေအန်ယူက ပြောသည်။

အီးယူ၏တောင်းဆိုမှုကို မြန်မာနိုင်ငံခြားရေး ဌာနမှ ပယ်ချခဲ့ပြီး သောင်းကျန်းသူများ ထံမှ ရရှိသည့် သတင်းကို အခြေခံပြီး ထုတ်ပြန်ခြင်းသာ ဖြစ်သည်ဟု ပြောကြားခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ) ဒု-ဥက္ကဋ္ဌ ဗဒို ဒေးဗစ် သကဘောက “အီးယူက ထုတ်တဲ့ ကြေညာချက်ဟာ သူပုန်ဆီက ရတဲ့ သတင်း ဖြစ်တယ်လို့ နအဖပြောတာ လုံးဝ မဟုတ်ဘူး။ အခု တပ်မဟာ (၇) မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေမှာ ဒီကေဘီကေနဲ့ နအဖစစ်တပ် ခလရ -၈၁၊ ခမရ -၂၀၁၊ ၂၀၂၊ ၂၀၃၊ ၂၀၅၊ ၂၁၀ တပ်တွေ ပူးပေါင်းပါဝင် တိုက်ခိုက်နေတာ ဖြစ်တယ်ဆိုတာကို ထွက်ပြေးလာတဲ့ ရွာသားတွေဆီမှာ လွတ်လပ်တဲ့ သတင်းထောက်တွေ၊ ပညာရှင်တွေ၊ ကိုယ်တိုင်သွားရောက် သတင်းယူတာ ဖြစ်တယ်။ နိုင်ငံတကာသံရုံး အချို့ ကလည်း ပါတယ်။ အဲ့တာကို အီးယူက အခြေခံပြီး ထုတ်တာပါ။ နအဖရဲ့ ပြောဆိုမှုတွေဟာ အခြေအမြစ် မရှိ လိမ်လည် ပြောဆိုတာပဲဖြစ်တယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၇) ဒေသအတွင်း လက်ရှိ ဖြစ်ပွားနေသည့် တိုက်ပွဲများ သည် ကေအန်ယူနှင့် ဒီကေဘီအေတို့ အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများသာ ဖြစ်ပြီး မြန်မာစစ်တပ်မှ တစုံတရာ ပါဝင်ပတ်သက်ခြင်း မရှိဟု နအဖ နိုင်ငံခြားရေး ဌာနမှ ပြောကြားခဲ့ပြီး ထိုင်းဘက် ထွက်ပြေး လာသူများသည် ရွာသားများ မဟုတ်ဘဲ ကေအန်ယူအဖွဲ့၏ ဆွေမျိုး သားချင်းများသာ ဖြစ်သည်ဟု ပြောသည်။

တိုးတက်သော ကရင်ဗုဒ္ဓဘာသာအဖွဲ့(ဒီကေဘီအေ) မှ အရာရှိငယ် တဦးက “တပ်မဟာ (၇) မှာ အခုဖြစ်နေတဲ့ တိုက်ပွဲတွေမှာ ထိပ်တိုက် တက်ရတာက ဒီကေဘီအေ အဖွဲ့တွေပဲ။ ဗမာစစ်တပ်က အနောက်ကနေ ၀န်းရံပြီး လက်နက်ကြီးနဲ့ ကူပစ်ပေးတယ်။ (၈၁) မမ မော်တာကို ဗမာစစ်တပ်ကပဲ ပစ်ပေးတယ်။ ဒီကေဘီအေက ပစ်ခွင့် မရှိဘူး။ မင်းတို့ပစ်ရင် ထိုင်းဘက် ကျနိုင်တယ်ဆိုပြီး ပေးမပစ်ဘူး။ သူတို့ပစ်တော့လည်း ထိုင်းဘက် ကျတာတွေ အများကြီး ရှိတယ်။ ဒီကေဘီအေ အဖွဲ့ကိုင်ရတာ အကြီးဆုံးဟာ (၆၀) မမ မော်တာပဲ။ ဒီကိစ္စ အားလုံး ဗမာစစ်တပ် ခိုင်းသလို လုပ်နေရတာပါ။ ကျနော်ဒီလောက်ပဲ ပြောလို့ရမယ်” ဟု ပြောသည်။

ရက်သတ္တ (၂) ပတ်ကြာမြင့်ခဲ့ပြီးဖြစ်သည့် တပ်မဟာ (၇) ဒေသ ထိုးစစ်ကြောင့် ဒေသတွင်း ကရင်ရွာသား (၄,၀၀၀) ခန့် စစ်ပြေး ဒုက္ခသည်များ အဖြစ် လူသားချင်း စာနာ ထောက်ထားသည့် အနေဖြင့် ထိုင်းဘက်ခြမ်းတွင် ယာယီလက်ခံ ထားပြီး နယ်မြေ အေးချမ်း သွားပါက ၎င်းတို့အား နေရပ်သို့ ပြန်ပို့မည်ဟု ထိုင်းအမှတ် (၃) စစ်တိုင်းမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ထနွန်စာ အဖိလာ့ယိုထင်က ပြောသည်။

ဖြစ်ပွားနေသည့် တိုက်ပွဲများဂယက်ကြောင့် ထိုင်းနိုင်ငံဘက်သို့ မြန်မာစစ်တပ်မှ ပစ်ခတ်သည့် လက်နက်ကြီး ကျည်များ ထိုင်းဘက်ခြမ်း မဲ့စလေ ကျေးရွာသို့ မကြာခဏ ကျရောက်ခဲ့သဖြင့် လွန်ခဲ့သည့် စနေနေ့က ထိုင်းအမှတ် (၃) စစ်တိုင်းမှူး လာရောက်ပြီး နယ်စပ် အခြေအနေကို စစ်ဆေးကာ စာသင်ကျောင်းကို ပိတ်ပြီး ထိုင်းနိုင်ငံသားများနှင့် မြန်မာ စစ်ပြေးဒုက္ခသည် (၂,၀၀၀) ခန့်ကို ဘေးလွှတ်ရာသို့ ပို့ဆောင်ပေးခဲ့သည်။

မြန်မာဒုက္ခသည်များ၏အခြေအနေမှန်ကို သိရှိရန်အတွက် ထိုင်းနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်နှင့် အဖွဲ့သည် ယနေ့နံနက်က ဒုက္ခသည်များရှိရာ တာ့ခ်ခရိုင် ထာ့ဆောင်ရန်း မြို့နယ်သို့ သွားရောက် ကြည့်ရှုခဲ့သည်။

Ref: ခေတ်ပြိုင်

Read More...

အီးယူ ကြေညာချက် အခြေအမြစ်မရှိဟု စစ်အစိုးရက ပြောဆို

နန်းဒေဝီ
တနင်္လာနေ့၊ ဇွန်လ 15 2009

နယူးဒေလီ (မဇ္စျိမ)။ ။ ကရင်လူမျိုးများအား အစိုးရတပ်က ထိုးစစ် ဆင်နွှဲနေကြောင်း ဥရောပ သမဂ္ဂက ထုတ်ပြန် ကြေညာသည့် အပေါ် မှန်ကန်မှု မရှိဘဲ၊ အခြေအမြစ် မရှိသော ထုတ်ပြန်ချက် ဖြစ်သည်ဟု မြန်မာ စစ်အစိုးရ နိုင်ငံခြားရေး ဝန်ကြီးဌာနက ယမန်နေ့ထုတ် အစိုးရ သတင်းစာမှ တဆင့် တုံ့ပြန် ပြောဆိုလိုက်သည်။

ယခုလ ၁၁ ရက်နေ့ထုတ် ဥရောပသမဂ္ဂ - အီးယူ ကြေညာချက်တွင် စစ်အစိုးရ တပ်နှင့် ၎င်း၏ မဟာမိတ် တပ်က ကရင်များအပေါ် ထိုးစစ်ဆင်နေသဖြင့် စိုးရိမ်မိကြောင်း ထုတ်ပြန်ခဲ့သည့် အပေါ် တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။

ဥရောပသမဂ္ဂ၏ ကြေညာချက်သည် စစ်အစိုးရအပေါ် ထိခိုက်မှု ရှိသဖြင့် ယခုလို ပြန်လည် တုံ့ပြန်ခြင်း ဖြစ်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး အင်အားစု - NDD မှ သုတေသနဌာနမှူး ဦးဌေးအောင်က ပြောသည်။

“နအဖက သူတို့ကို ဝေဖန်ထောက်ပြတာမျိုး ဆိုရင် အခုလို တုံ့ပြန်နှုတ်လှန်ထိုးတာမျိုး အမြဲတမ်း လုပ်တယ်။ အီးယူ (ဥရောပသမဂ္ဂ) ထုတ်ပြန်ချက်က သူတို့ကို ထိခိုက်တဲ့ ထုတ်ပြန် ကြေညာချက်မျိုး ဖြစ်နေတယ်။ ဒီကေဘီအေ ကို နအဖ က နောက်ကနေ ပံ့ပိုးပေးနေတယ် ဆိုတာ ပြလိုက်တာ” ဟု သူက ပြောသည်။

တရုတ်နယ်စပ် အခြေစိုက် မြန်မာ့အရေးကျွမ်းကျင်သူ ဦးမြမောင်ကလည်း “ဒါကတော့ ရှင်းတယ်။ နအဖက ချောင်ပိတ်နေတာ။ တရုတ်နဲ့ ရုရှားက သူ့ကို ထောက်ခံရင် ပြီးရောလို့ တွက်ထားခဲ့တာ။ အခုတော့ အီးယူ ထပြောတော့ သူက ပြန်ပြီးတော့ ငါ သေနတ် ကိုင်ထားတယ်၊ ငါလုပ်ချင်တာ လုပ်တယ် ပြတာ” ဟု ပြောသည်။

စစ်အစိုးရ သတင်းစာထဲတွင် တိုက်ပွဲများသည် “ကေအန်ယူ/ ကေအန်အယ်အေ တပ်ဖွဲ့ ဝင်များနှင့် ဒီကေဘီအေ တပ်ဖွဲ့များ အချင်းချင်း တိုက်ခိုက်ခြင်းသာ ဖြစ်ပြီး အဆိုပါ လက်နက်ကိုင် ပဋိပက္ခများ အတွင်း မြန်မာ့တပ်မတော် တပ်ဖွဲ့ဝင်များ အနေဖြင့် မည်သို့သော အခန်းကဏ္ဍမှ ပါဝင် ပတ်သက်ခဲ့ခြင်း မရှိကြောင်း” ဆိုထားသည်။

သို့သော် ကေအန်ယူ အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်က လတ်တလော တိုက်ပွဲများတွင် ဒီကေဘီအေ တပ်ဖွဲ့ကို စစ်အစိုးရ ခြေလျင်တပ်ရင်း ၄ ခုထက်မနည်းက ခြံရံထားပြီး လက်နက်ကြီးများဖြင့် ကူညီ ပံ့ပိုးနေကြောင်း ပြောသည်။

သူက “အစိုးရက လိမ်နေတာ။ ခလရ ၁၈၊ ၂ဝ၂၊ ၂ဝ၃၊ ၂ဝ၅၊ ၂၁ဝ က စစ်တပ်တွေ ပါတယ်။ လက်နက်ကြီးတွေနဲ့ ကူပစ်ပေးတယ်။ ကျမတို့မှာ အထောက်အထားတွေ ရထားတာ ရှိပါတယ်” ဟု ပြောသည်။

ဦးဌေးအောင်က “အမှန်တော့ ဒီစစ်အစိုးရက ငါးကြင်းဆီနဲ့ ငါးကြင်းကြော် လုပ်ချင်နေတာ။ အခု စစ်ပွဲမှာလည်း အရှေ့တောင်တိုင်း စစ်ဌာနချုပ်တွေ ပါတယ်။ သထုံ အခြေစိုက် တပ်မက ပါတယ်။ နောက်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ပြီးတော့ စစ်တပ်က အကူပေးနေတာ” ဟု ပြောသည်။

သူက “နယ်စပ်ဒေသတွေကို သိမ်းနိုင်ရင် နယ်ခြားစောင့်တပ်တွေ အဖြစ် ပေးမယ်၊ စီးပွားရေး လုပ်ကိုင်ခွင့်တွေ ပေးမယ်ဆိုတဲ့ မက်လုံးတွေကြောင့် ဒီကေဘီအေ အဖွဲ့တွေက စစ်ဆင်ရေးတွေ လုပ်တယ်။ နောက်ကနေ စစ်အစိုးက ကိုယ်တိုင်ပဲလေ” ဟု ဆက်ပြောသည်။

ယခုလို စစ်တပ်အကူဖြင့် ထိုးစစ်ဆင်နေခြင်းကြောင့် ကရင်ပြည်နယ်၊ ဘားအံခရိုင်ရှိ မဲလာအားခီး၊ ပနွဲ့ပူ၊ စေဖိုးခီး၊ ထီးဘော်ဒေး၊ ခလဲ့ကာ၊ ဟောသူခီး အစရှိသည့် ကျေးရွာပေါင်း ၁ဝ ရွာကျော်မှ ဒေသခံ ကရင် တိုင်းရင်းသား ၄ဝဝဝ ကျော်သည် ထိုင်းနိုင်ငံအတွင်း ထွက်ပြေး ခိုလှုံလာကြသည်။

ထောင်နှင့်ချီရှိသည့် ကရင် ဒုက္ခသည်များသည် ထိုင်း-မြန်မာနယ်စပ်တွင် ခိုလှုံ ရောက်ရှိနေကြောင်း ထိုင်းအစိုးရက ပြောဆိုခဲ့သည်။

သို့သော် စစ်အစိုးရ သတင်းစာကမူ ဥရောပသမဂ္ဂ၏ ကြေညာချက်တွင် ဖော်ပြထား သကဲ့သို့ အရပ်သား အမြောက်အမြား နယ်စပ်ကျော်ကာ ထွက်ပြေး တိမ်းရှောင်ခြင်း မရှိကြောင်းနှင့် သူတို့မှာ အရပ်သား ပြည်သူများ မဟုတ်ဘဲ ကေအန်ယူ/ကေအန်အယ်အေ အဖွဲ့ဝင်များနှင့် မိသားစု ဝင်များသာ ဖြစ်ကြောင်း ဆိုထားသည်။

နော်စီဖိုးရာက “အခုထွက်ပြေးလာတဲ့ ကရင်လူမျိုးတွေဟာ ပြည်သူတွေပါ။ လယ်ယာ လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ သူတွေ ဖြစ်တယ်။ လူမှု အဖွဲ့အစည်းတွေက သူတို့ကို အင်တာဗျူး လုပ်တဲ့အခါမှာ သူတို့ ပြောတာတွေ ရှိပါတယ်” ဟု ပြောသည်။

ထို့အပြင် စစ်ပွဲဖြစ်ပွားရာ ဒေသများကို ရှောင်ရှားနိုင်ရန် ဒေသခံများသည် ထိုင်းနိုင်ငံ အတွင်း ဝင်ရောက်ရာ လမ်းကြောင်းများကို မြန်မာစစ်တပ်များနှင့် ဒီကေဘီအေ တပ်ဖွဲ့ဝင်များက ဟန့်တား နှောင့်ယှက်မှုများ ရှိနေကြောင်း သိရသည်။

စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ဥရောပ သမဂ္ဂကို “မြန်မာနိုင်ငံ၏ သောင်းကျန်းသူ ပြဿနာအား ဂဃနဏ လေ့လာသုံးသပ်ခြင်း မပြုဘဲ၊ နိုင်ငံရေးအရ ထိုးနှက်ရန် ဦးတည်ချက်ဖြင့် ထုတ်ပြန်သည့် ဥရောပ သမဂ္ဂ ဥက္ကဋ္ဌ၏ ကြေညာချက်အပေါ် များစွာ စိတ်ပျက်မိပါသည်” ဟု ရေးသားထားသည်။

“သောင်းကျန်းသူ အုပ်စုများထံမှ ရရှိသည့် တိကျခိုင်လုံမှု မရှိသော အချက် အလက်များနှင့် ဘက်လိုက် ဖော်ပြသည့် သတင်းများကို အခြေပြုကာ ထုတ်ပြန်ခဲ့သည့် မှန်ကန်မှု မရှိသော အီးယူဥက္ကဋ္ဌ၏ ကြေညာချက်ကို နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြတ်သားစွာ ပယ်ချလိုက်ကြောင်း” လည်း ဆိုထားသည်။

ဦးဌေးအောင်က “ဥရောပသမဂ္ဂ တခုလုံးက ဒီကြေညာချက်ကို ထုတ်တယ် ဆိုကတည်းက အဖွဲ့ဝင် နိုင်ငံတွေက ဒီအချက်အလက်တွေ တာဝန်ယူလို့၊ မှန်ကန်တယ်လို့ သူတို့ ဆုံးဖြတ်လို့ ထုတ်တာပေါ့” ဟု ပြောသည်။

ဥရောပသမဂ္ဂတွင် ပြင်သစ်၊ ဂျာမဏီ၊ ဗြိတိန်၊ ချက်နိုင်ငံ၊ အီတလီ အစရှိသည့် နိုင်ငံများအပြင် အဖွဲ့ဝင် နိုင်ငံပေါင်း ၂၇ နိုင်ငံနှင့် ပါဝင်ကြသည်။ လက်ရှိတွင် မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှု သက်တမ်း ၁ နှစ် ထပ်တိုးထားသည့် အဖွဲ့ကြီးလည်း ဖြစ်သည်။

Ref: မဇ္ဈိမ

Read More...

ခွဲထွက်အဖွဲ့ ပြန်ပူးပေါင်းရန် SSA (တောင်ပိုင်း) က ပြော

မျိုးကြီး
တနင်္လာနေ့၊ ဇွန်လ 15 2009

ရွှေလီ (မဇ္ဈိမ) ။ ။ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) တပ်ဖွဲ့က ၎င်းထံမှ ခွဲထွက်ခဲ့သည့် တပ်ဖွဲ့တဖွဲ့အား မိခင် အဖွဲ့အစည်းနှင့် ပြန်လည် ပူးပေါင်းပါရန် မကြာသေးခင်က တိုက်တွန်းလိုက်သည်။

၂၀၀၆ ခုနှစ်အတွင်း အင်အား ၁၀၀ ကျော်ဖြင့် မြန်မာစစ် အစိုးရထံ လက်နက် ချခဲ့သည့် တပ်မဟာမှူး ဗိုလ်မှူးကြီး မိန်းစင်၏ ၇၅၈ တပ်ဖွဲ့အား ဇွန်လဆန်းပိုင်းက စ၍ စတင်ကာ SSA (S) က တိုက်တွန်းလိုက်ကာ၊ ယခုလကုန်တွင် နောက်ဆုံးထား ပူးပေါင်းရန် ဖိတ်ခေါ်ထားသည်။

ဤသည်မှာ ပြီးခဲ့သည့်လ ၂၄ ရက်နေ့က ၇၅၈ တပ်မဟာမှူး ဗိုလ်မှူးကြီး မိန်းစင်သည် ရှမ်းပြည် တပ်မတော် (တောင်ပိုင်း) – SSA (S) တပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်မှုကြောင့် သေဆုံး သွားခဲ့အပြီး ကျန်ရှိသည့် တပ်ဖွဲ့ဝင်များကို ပြန်လည် ကြိုဆိုကြောင်း အဖွဲ့ပိုင် Taifreedom ဝဘ်ဆိုဒ်တွင် ကြေညာထားခြင်း ဖြစ်သည်။

“ကြေညာချက် ထုတ်တာက ကျန်တဲ့ သူ့လက်အောက်က တပ်သားတွေပေါ့၊ ခင်ဗျားတို့မှာ ဘာမှ အပြစ် မရှိဘူးပေါ့၊ မိန်းစင်နဲ့ အကုန်လုံး ပါသွားပြီးပြီ၊ အဲဒါကြောင့် ကောင်းကောင်း မွန်မွန် ပြန်လာပါ၊ ဒါပေမဲ့ ဇွန်လအတွင်းကို လာဖြစ်အောင် လာပါလို့ အဲလို ရေးထားပါတယ်” ဟု ထိုင်းနိုင်ငံ အခြေစိုက် သျှမ်းသံတော်ဆင့် လက်ထောက် အယ်ဒီတာ ဦးစိန်ကြည်က ပြောသည်။

အဖွဲ့ထံ ပြန်လည်လာရောက်ပါက ရာထူးတာဝန် အဆင့်များကို ယခင်အတိုင်း ပြန်လည် အပ်နှင်းသွားမည်ဟု ကြေညာချက်တွင် ပါရှိသည်။ ခွဲထွက်အဖွဲ့ကို ပြန်လည်ပူးပေါင်းရန် ပြောဆိုသည်မှာ ကောင်းမွန်သော လုပ်ရပ် ဖြစ်သော်လည်း တလအတွင်း ပြန်လာရန် ရက်သတ်မှတ်သည့် အပေါ် ဝေဖန်မှုများလည်း ရှိနေသည်။

ဦးစိန်ကြည်က “ပြည်ပမှာ ရှိနေတဲ့ ရှမ်းခေါင်းဆောင်တွေကတော့ ဒီလိုကိစ္စက ကောင်းပါတယ်။ ဒါပေမဲ့ တလထဲနဲ့ အချိန်ပေးလို့တော့ မသင့်တော်ဘူးပေါ့၊ စည်းရုံးပြီးမှ ဖြည်းဖြည်းချင်း လုပ်သွားတာက ကောင်းတယ်လို့ ဒီကိစ္စကို ဝေဖန်တဲ့သူတွေလည်း တော်တော်များများ ရှိတယ်” ဟု ဆိုသည်။

ခွဲထွက် တပ်မဟာ ၇၅၈ သည် ဗိုလ်မှူးကြီးမိန်းစင် သေဆုံးသွားပြီးနောက် ဗိုလ်မှူး အဆင့်ရှိသူ ခေါင်းဆောင် ၂ ဦးက ဆက်လက် ဦးဆောင်ကာ ရှမ်းပြည်တောင်ပိုင်း လဲခြားနှင့် မိုင်းကိုင်မြို့နယ်တွင် အခြေချ လှုပ်ရှားနေသည်။

Ref: မဇ္ဈိမ

Read More...

ဘူးသီးတောင် ထောင်မှ ထောင်ပိုင် ထောင်မှူးများ အလုပ် ဖြုတ်ခံရ

6/15/2009

ခိုင်သိန်း(နိရဉ္စရာ) ရခိုင်ပြည်နယ် ဘူးသီးတောင် အကျဉ်းထောင်မှ ထောင်ပိုင်၊ ထောင်မှူး အပါအ၀င် အရာရှိ ၄ ဦးကို ထောင်တွင်းမှ သတင်းများ အပြင် ပေါက်ကြားမှုကြောင့် အလုပ်မှ ထုတ်ပယ်လိုက် သည်ဟု ဘူးသီးတောင် မြို့ခံ တဦးကပြောသည်။

“ အလုပ်က ဖြုတ်ခံရတဲ့ သူတွေထဲမှာ ထောင်ပိုင် ဦးတင်ထွန်း၊ ထောင်ဆရာဝန် ဦးဌေးဝင်း၊ ထောင်မှူး ၀င်းမောင်နဲ့ တခြား ထောင်အရာရှိ တဦးတို့ ဖြစ်ကြပါတယ်။”

ယခုကဲ့သို့ အလုပ်ဖြုတ်လိုက်ခြင်းမှာ ထောင်ထဲမှ သတင်းများ အပြင်သို့ ပေါက်ကြား၍ ဖြစ်သည်ဟု သူက ပြောသည်။

“ ဘူးသီးတောင် ထောင်နဲ့ ပတ်သက်တဲ့ သတင်းတွေကို ပြည်ပ သတင်းဌာနတွေ အပါအ၀င် ရေဒီယိုတွေက ထွက်လာတာဟာ ထောင်အာဏာပိုင်တွေရဲ့ ပေါ့ဆမူကြောင့် ဖြစ်တယ် ဆိုပြီး ပြည်ထဲရေးဝန်ကြီးက ထောင်အာဏာပိုင် ၄ ဦးကို အလုပ်က ထုတ်ပယ်လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။”

များမကြာမှီက ဘူးသီးတောင်ထောင်နှင့် ပတ်သက်ပြီး ပြည်ပ အခြေစိုက် ရေဒီယိုများက သာမက အွန်လိုင်း သတင်း ဌာနများကလည်း သတင်းများကို ဖေါ်ပြခဲ့ကြသည်။

အဆိုပါ ထောင်အရာရှိ ၄ ဦးကို အလုပ်မှ ထုတ်ပယ်လိုက်သည် သာမက ယခုအခါ ထောင် လုံခြုံရေး ကိုလည်း အာဏာပိုင်များက အထူး တင်းကျပ် လိုက်သည်ဟု သိရသည်။

စစ်တွေမှ အမည် မဖေါ်လိုသူ တဦးကလည်း “ ထောင် လုံခြုံရေးကို သူတို့က အထူး တင်းကျပ် ထားပါတယ်။ ကျွန်တော့်ညီကို ထောင်ဝင်စာ သွားတော့ တွေ့ခွင့် မရခဲ့ပါဘူး၊ ပေးချင်တဲ့ ပစ္စည်းတွေကို နာမည်နဲ့ အခန်းနံပတ်ကို ပေးပြီး ပစ္စည်းတွေကို ထောင်ဝန်ထမ်းတွေကို ပေးထား ခဲ့ရပါတယ်။ ပစ္စည်းတွေ လက်ခံ ရရှိသလား မရရှိဘူးလား ဆိုတာကိုတော့ မသိပါဘူး။”ဟု ပြောသည်။

တခြား ရဟန်းတော် တပါးကလည်း “တွေ့ခွင့်မရခဲ့ဘူး တကာကြီး။ အထဲက ရဟန်းတော် တပါးအတွက် ငွေ လေးထောင်ကို ထောင်က အရာရှိတဦးကို ပေးခဲ့ပြီး ငွေလေးထောင်ထဲက တထောင်ကို တကာကြီး ယူပါဆိုပြီး ပေးထားခဲ့ရတယ်” ဟု ပြောသည်။

ထောင်တာဝန်ရှိသူ ၄ ဦးမှာ ယခုလ လဆန်းပိုင်းက အလုပ် အဖြုတ် ခံခဲ့ရပြီး သူတို့ အလုပ်ဖြုတ်ခံရ ခြင်းမှာ ထောင်ထဲရှိ ထောင်သားများကို ရိုက်ယူထားသော ဗွီဒီယို အခွေများနှင့် ဓါတ်ပုံများအား အာဏာပိုင်များက ဖမ်းဆီး ရမိသွားခဲ့သဖြင့် ဖြစ်သည်ဟု စစ်တွေက လာသော သတင်းတရပ်တွင် ဖေါ်ပြထားသည်။

ယခုကဲ့သို့ ထောင်လုံခြုံရေးကို တင်းကျပ်လိုက်သဖြင့် နိုင်ငံရေး အကျဉ်းသားများနှင့် ထောင်ဝင်စာ တွေ့ရန်မှာ ယခင်ကထက် ပိုမို ခက်ခဲသွားသည်ဟု သိရသည်။

ဘူးသီးတောင် ထောင်ထဲတွင် ကိုဌေးကြွယ်နှင့် ဦးအိသရိယ အပါအ၀င် နိုင်ငံရေး အကျဉ်းသား ၂၅ ဦးရှိပြီး အများစုမှာ ကျန်းမာရေး နှင့် ပတ်သက်ပြီး ထိခိုက် ခံစားနေရသည်ဟု သိရသည်။

Ref: နိရဉ္စရာ

Read More...

အီရန်အတိုက်အခံတွေ တားမြစ်မိန့်ကြားက ဆန္ဒပြ

15 June 2009

အီရန်သမ္မတ ရွေးကောက်ပွဲမှာ ၀င်ပြိုင်ခဲ့သူ ပြုပြင်ပြောင်းလဲရေး ၀ါဒီ မီ ဟူစိန် မိုဆာဗီ ကို ထောက်ခံသူ ထောင်ပေါင်းများစွာ တို့က အစိုးရက ပိတ်ပင်ထားတာကို အံတုပြီး တီဟီရန် မြို့တော်မှာ အငြင်းပွားဖွယ်ရာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ကန့်ကွက် ဆန္ဒပြနေကြပါတယ်။

ဒီကနေ့ အဲဒီလို ဆန္ဒပြပွဲ ပြုလုပ်တဲ့ မြို့လယ်ခေါင်မှာ အဓိကရုဏ်းထိန်း ရဲများကို အစိုးရက ချထားပေမယ့် ရဲတွေက ဟန့်တားခြင်းတော့ မရှိပါဘူး။ ဆန္ဒပြပွဲမှာ လူတွေ အေးအေးဆေးဆေး ရှိဖို့ သူကိုယ်တိုင် သွားရောက်မယ်လို့ မစ္စတာ မိုဆာဗီကလည်း ပြောဆိုပါတယ်။
အီရန်သမ္မတ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေကို တရားဥပဒေ ကြောင်းကပဲ လုပ်ဆောင်ပါလို့ ဘာသာရေး ခေါင်းဆောင်ကြီး အယာတိုလာ အာလီဟာမီ က မစ္စတာ ဟူစိန် မိုဆာဗီကို ပြောကြောင်း အီရန် နိုင်ငံပိုင် ရုပ်သံလွှင့်က သတင်း ထုတ်ပြန်ပါတယ်။

သောကြာနေ့ ရွေးကောက်ပွဲမှာ လက်ရှိသမ္မတ မာမွတ် အမာဒီနီဂျက် အနိုင်ရရှိကြောင်း ကြေညာလိုက်လို့ ပြိုင်ဘက် မိုဆာဗီ ကို ထောက်ခံသူများက ၂ ရက်ကြာ ဆူပူ ကန့်ကွက် ခဲ့ပြီးတဲ့နောက် အဲဒီသတင်း ထွက်လာတာပါ။ ရွေးကောက်ပွဲ ဟာ လွတ်လပ်ပြီး တရား မျှတပါတယ်လို့ မစ္စတာ အမာဒီနီဂျက် က ပြောဆိုပါတယ်။

Ref: VOA News

Read More...

အပေါ်သို့