..............................

Friday, September 16, 2011

ပုသိမ်လယ်သမားများ ၀န်ကြီးရုံးသို့ ချီတက်

ဇာနည်မာန်
Thursday, 15 September 2011

ပုသိမ်ခရိုင် ငွေဆောင်မြို့နယ် ပတ်ဝန်းကျင် ရွာများမှ လယ်သမား ၁၅၀ ကျော်သည် အသိမ်း ခံထားရသော မြေဧက ၂၀၀၀ ကျော် အရေး ညှိနှိုင်းမှုရရန် အတွက် ယနေ့နံနက်က ဧရာဝတီတိုင်း အစိုးရအဖွဲ့ ၀န်ကြီးရုံးသို့ စီတန်း လမ်းလျှောက် တောင်းဆိုခဲ့ကြောင်း သတင်းရရှိသည်။

လုပ်ငန်းရှင်များနှင့် စစ်တပ်က သဇင်ရွာမ၊ ဂျိုင်လယ်၊ မျှင်တိုး၊ သဇင်မှော်၊ ဖုန်းမောင်ကြိုင် စသည့် ကျေးရွာ အုပ်စုတို့မှ လယ်၊ ယာ၊ ဥယျာဉ် ခြံမြေများကို သိမ်းဆည်းပြီး နောက်ပိုင်း အလုပ်လက်မဲ့ ဖြစ်သွားသည့် ၎င်းတို့၏ အခက်အခဲများ ဖြေရှင်းပေးရန် ရေးသား တောင်းဆို ထားသောစာကို ၀န်ကြီးရုံးသို့ ပေးအပ်ခဲ့သည်ဟု ဆိုသည်။

“တိုင်းဝန်ကြီးချုပ် ဦးသိန်းအောင်က ကောင်းကောင်းမွန်မွန်ပါပဲ။ လူချင်း ခေါ်တွေ့ပြီး ၃ ရက်အတွင်း ကွင်းဆင်း စစ်ပေးပါ့မယ်၊ ပြေလည်အောင်၊ အကောင်းဆုံး ဖြစ်အောင် ညှိနှိုင်း ဖြေရှင်းပေးပါ့မယ်ပဲလို့ ပြောတယ်။ ပြန်ရမလား၊ လျော်ကြေး ပေးမလားကတော့ သူတို့ ဘယ်လို လုပ်ပေးမလဲဆိုတာ စောင့်ကြည့်ရမှာပေါ့” ဟု ဖုန်းမော်ကြိုင်ရွာမှ လယ်ပိုင်ရှင် တဦးက ပြောသည်။

၂၀၀၀ ပြည့်နှစ်နှောင်းပိုင်းတွင် ယုဇနကုမဏီက ထိုဒေသမှ လယ်မြေများ သိမ်းဆည်းခဲ့ပြီး၊ ကာလ ပေါက်ဈေးထက် လွန်စွာ နည်းပါးသော ငွေကိုသာ လျော်ကြေးအဖြစ် ပေးခဲ့သည်ဟု ဆိုသည်။

“အဲ့ဒီတုန်းက စက်နဲ့ထိုးပစ်မယ် ဘာညာနဲ့ ခြိမ်းခြောက် မောင်းထုတ်တော့ ကြောက်တာရော၊ နားမလည်တာရောနဲ့ သူတို့ ပေးသလိုပဲ ယူခဲ့တာ။ လယ်တွေတော့ ပြန်လိုချင်တာပေါ့။ ဒါပေမယ့် သူတို့က ငါးကန်၊ ပုစွန်ကန်ကြီးတွေ တူးထားတော့ ဘယ်လိုလုပ်ရမလဲ မသိဘူး” ဟု လယ်ပိုင်ရှင်က ပြောသည်။

၂၀၀၆ ခုနှစ်တွင် အမှတ် (၁) လေကြောင်းရန်ကာကွယ်ရေးတပ်က သဇင်မှော်ရွာမှ ဒေသခံ ၂၅ ဦးတို၏ ခြံမြေဧက ၁၀၀ ကျော်ကို သိမ်းလိုက်သည်ဟု ခြံပိုင်ရှင်များက ဆိုသည်။

“သူတို့ ကားတွေနဲ့ ၀င်လာ၊ အဆောက်အအုံတွေ လာဆောက်တယ်။ စသိမ်းကတည်းက ခြံထဲကို ၀င်ခွင့် လုံးဝ မရတော့ဘူး။ အခုဆို တနေ့ ၁၅၀၀ နဲ့ နေ့စားအလုပ် လုပ်ပြီး မိသားစု စားဝတ် နေရေးအတွက် ဖြေရှင်းနေရတာ။ ခြံတွေ ဆိုတာလည်း ပေါင်းသင်တာ မလုပ်နိုင်ဘဲ ပစ်ထားရတော့၊ ပြန်ရလည်း ကျနော်တို့ဘာမှ လုပ်စားလို့ မရတော့ဘူးဗျ။ ကျနော်တို့ကတော့ ထိုက်တန်တဲ့ လျော်ကြေးငွေ လိုချင်ပါတယ်” ဟု ထိုရွာမှ သီဟိုဠ်ခြံပိုင်ရှင် တဦးက ပြောသည်။

ဒေသခံများ အစဉ်အဆက် လုပ်ကိုင် စားသောက်လာသော လယ်ယာမြေများ ဆုံးရှုံးသွားရပြီး စားဝတ်နေရေး ခက်ခဲ နေကြကြောင်း လယ်သမား တို့ကို ကူညီပေးနေသည့် လူ့အခွင့်အရေး စောင့်ကြည့် ကာကွယ်ရေး ကွန်ရက်အဖွဲ့ (HRWDN) က ဆိုသည်။

“ဆယ်စုနှစ် တနှစ်လောက် ရှိနေပြီဗျာ။ မတရား သိမ်းခံထားရတာ။ သူတို့မှာ လယ်ပိုင်ရှင်ဘ၀ကနေ လယ်မဲ့ယာမဲ့နဲ့ လယ်ကူလီ ဘ၀ ပြန်ရောက် နေကြပြီး ဆင်းရဲ ကျပ်တည်းစွာနဲ့ လုပ်ကိုင် စားသောက် နေကြရတာ အရမ်း သနားဖို့ ကောင်းတယ်။ ဒါမျိုးတွေက မဖြစ်သင့်ဘူး” HRWDN မှ ကိုမြင့်နိုင်က ပြောသည်။

လယ်ယာမြေ သိမ်းဆည်းမှု၊ လယ်မြေ ပြန်ရလိုဖြင့် တရားစွဲဆိုသူတို့ကို အကျဉ်းချမှု၊ မြေအသိမ်း ခံရမှု ကူညီသူတို့အား အရေး ယူမှုများ နိုင်ငံအနှံ့ ဖြစ်ပေါ်နေသည်ဟု သူက ဆိုသည်။

HRWDN မှ ကိုထွန်းထွန်းဦးကလည်း “တောင်သူလယ်သမားတွေက ကျနော်တို့နိုင်ငံအတွက် ကျေးဇူးရှင် ဦးကြီးများဗျ။ ဒီတောင်သူ လယ်သမားတွေရဲ့ ဘ၀ကို တနိုင်ငံလုံးက ပြည်သူတွေက စာနာရမယ်။

ထောက်ထားရမယ်။ အစိုးရအနေနဲ့ကလည်း မြန်မာနိုင်ငံက စိုက်ပျိုးရေးနိုင်ငံ ဖြစ်တဲ့ အတွက် သူတို့ရဲ့ ဘ၀ မြှင့်တင် ပေးရေးကို စိတ်ဝင် စားရမယ်။ ဒီလိုမျိုးတွေ လုပ်နေတာကတော့ လယ်သမားတွေ အပေါ် တရားမျှတမှု မရှိတာပဲဗျ” ဟု ပြောဆိုသွားသည်။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့