..............................

Saturday, July 31, 2010

ကြံ့ဖွတ်စွပ်စွဲသကဲ့သို့ ‘မည်သည့်လက်နက်ကိုင်တပ်ဖွဲ့’ နှင့် မပတ်သက်ဟု ကျားဖြူပါတီ တုန့်ပြန်

Friday, 30 July 2010

ကချင်ပြည်သို့ မြို့နယ်ကော်မတီဖွဲ့ရန် စည်းရုံးရေးဆင်းသည့် ကျားဖြူ/သျှမ်းပါတီအား ‘တရားမ၀င် လက်နက်ကိုင် တပ်ဖွဲ့ နောက်ခံရှိ ပါတီ’ဟု ကြံ့ဖွတ် ပါတီဝေဖန် ပုတ်ခတ်သည့် အပေါ် မဟုတ်မှန်ကြောင်း ဥက္ကဌစိုင်းအိုက်ပေါဝ်း ကတုန့်ပြန် ပြောဆိုသည်။

“သူတို့ပြောနေတဲ့ စည်းရုံးရေးစကားတွေထဲမှာ ဒီကျားဖြူပါတီ/သျှမ်းပါတီဟာ တရားမ၀င် လက်နက်ကိုင် အဖွဲ့ အစည်းတွေရဲ့ နောက်ခံနဲ့ ဖွဲ့စည်းထားတယ်၊ သူတို့ပါတီတည်မြဲမှာ မဟုတ်ဘူး”- ဟု ဒေသခံ သျှမ်းအမျိုးသား တဦးကမိုးကောင်း မြို့နယ်အတွင်း ကြံ့ခိုင်ရေးပါတီ စည်းရုံးရေးဆင်းစဉ် ဝေဖန် ပုတ်ခတ်ခဲ့သည့် စကားအပေါ် ကိုးကားပြီး Network Media Group အင်တာနက် သတင်း စာမျက်နှာသို့ ပြော၏။

အဆိုပါကိစ္စအပေါ် သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ခေါ် ကျားဖြူပါတီ ဥက္ကဌ ဦးစိုင်းအိုက်ပေါဝ်းက‘လူထု တောင်းဆိုချက် အရ ဗဟိုအလုပ်အမှုဆောင် ကော်မတီ ၁၅ ဦးဖြင့် ကျားဖြူပါတီ စတင် ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း၊ မည့်သည့် လက်နက်ကိုင် အဖွဲ့စည်းနှင့်မျှ ပတ်သက်ခြင်း မရှိကြောင်း၊ အသင်းရန်ပုံငွေ ကိုလည်း ထို ၁၅ ဦးမှ မတည်ငွေဖြင့် စတင်ခဲ့ကြောင်း’ သျှမ်းသံတော်ဆင့်သို့ ပြောပြပါသည်။

“ရွေးကောက်ပွဲကော်မရှင် ချမှတ်ထားတဲ့ စည်းကမ်းအရ ပါတီတခုနဲ့တခု ဝေဖန်ပုတ်ခတ် ပြောဆိုခွင့် မရှိဘူး၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကိုယ်တိုင်လဲ ပါတီအချင်းချင်း မဝေဖန်ဖို့ ပြောဖူးတယ်၊ အခု ပြည်ခိုင်ဖြိုး လုပ်ဆောင်ချက်က ရွေးကောက်ပွဲ ကော်မရှင် ချမှတ်ထားတဲ့ စည်းမျဉ်းကို ဖေါက်ဖျက်တာဘဲ”- ဟု ကချင်ပြည်က သျှမ်းအမျိုးသား တဦးက ပြောပါ သည်။

ထို့အတူ မိုးကောင်း နှင့် နမ္မတီးမြို့နယ်အတွင်းသို့ ကော်မတီခွဲဖွဲ့ရန် ကွင်းဆင်း စည်းရုံးစဉ်ကလည်း ကျားဖြူ ပါတီဝင်များအား ဒေသခံ နအဖ စစ်တပ် ခမရ ၃၈၁ နှင့် ၃၈၂ တို့က ကိုယ်ရေး ရာဇ၀င်များ စစ်ဆေးမေးမြန်း ကြောင်း Network Media Group အင်တာနက် သတင်းစာမျက်နှာတွင် ဖေါ်ပြထားပါသည်။

ပါတီဥက္ကဌဦးစိုင်းအိုက်ပေါဝ်းက သျှမ်းပြည်တောင်ပိုင်းသို့ မြို့နယ်ကော်မတီ (ရုံးခွဲဖွဲ့ရန်) စည်းရုံးရေးဆင်းစဉ် များစွာ အဆင်ပြေကြောင်း ဒေသခံ အာဏာပိုင်များ ကိုယ်တိုင် အကူအညီ ပေးကြောင်း၊ ရွေးကောက်ပွဲ ကော်မရှင် ချမှတ်ထားသော စည်းမျဉ်းအရ ရောက်ရာအရပ်၌ လုပ်ဆောင်မည့် ကိစ္စများ အားလုံး ဆိုင်ရာ အာဏာပိုင်ထံ အကြောင်း ကြားသောကြောင့် အခက်အခဲ မရှိကြောင်း သျှမ်းသံတော်ဆင့်သို့ ပြောပြ၏။

ကျားဖြူပါတီသည် သျှမ်းပြည်အတွင်း မြို့နယ် ၄၀ အပြင် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ကချင်ပြည်၊ ကရင်နီပြည် နှင့် ရန်ကုန်တိုင်း တို့တွင်လည်း ယှဉ်ပြိုင်မည် ဖြစ်သည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

ကာကွယ်ရေးဌာန ကုန်ကျစရိတ် တနှစ် ၆ ထရီလီယံ ကျပ်ခန့်သုံး

အောင်သက်ဝိုင်း
Friday, July 30, 2010

စစ်အစိုးရသည် ကာကွယ်ရေး ၀န်ကြီး ဌာနအတွက် တနှစ်လျှင် ၆ ထရီလီယံ ကျပ် ခန့် အသုံးပြုနေကြောင်း သိရှိရသည်။

နိုင်ငံတွင်း ကောက်ခံရရှိသော ကုန်သွယ်လုပ်ငန်းခွန်၊ အကောက်ခွန်၊ အမြတ်ခွန်၊ ယစ်မျိုးခွန်

အပါအ၀င် အခွန်အတုပ်များနှင့် ၀န်ကြီးဌာနများ အပါအ၀င် စီးပွားရေး အဖွဲ့အစည်းများ ထံမှ ရရှိသော ၀င်ငွေမှာ တနှစ်လျှင် ကျပ် ထရီလီယံ ၂၀ ကျော် ရှိပြီး ကာကွယ်ရေး ၀န်ကြီးဌာနအတွက် ကျပ် ၆ ထရီလီယံ ခန့် အသုံးပြုခဲ့ကြောင်း စစ်အစိုးရ၏ ၂၀၀၈-၂၀၀၉ ဘဏ္ဍာရေးနှစ် စာရင်း ဇယားများတွင် ဖော်ပြထားသည်။

အဆိုပါ ၀င်ငွေစာရင်းတွင် ပြည်ပနိုင်ငံများသို့ ရေနံနှင့် သဘာဝဓာတ်ငွေ့ရောင်းရငွေများကို ထည့်သွင်း ဖော်ပြထားခြင်း မရှိပေ။

၂၀၀၈ ခုနှစ် အတွင်း ကာကွယ်ရေး ၀န်ကြီးဌာနအတွက် တနှစ် သာမန်သုံးငွေ အဖြစ် ကျပ် ၂.၇ ထရီလီယံကျော်၊ ငွေလုံး ငွေ ရင်း သုံးငွေအဖြစ် ၂.၈ ထရီလီယံကျော်၊ တပ်မြို့စည်ပင်သာယာရေး အဖွဲ့များ အတွက် ကျပ် ၂ ဘီလီယံကျော်၊ နောက်တိုး သုံးစွဲငွေ အဖြစ် ၉၆ ဘီလီယံကျော်၊ စုစုပေါင်း ၆ ထရီလီယံ ခန့် အသုံးပြုခဲ့ကြောင်း စာရင်းဇယားများ အရ သိရသည်။

ထို အသုံးစရိတ်များတွင် တပ်မတော်ရေးရာ အသုံးစရိတ်များ မပါဝင်ပေ။

တပ်မတော် အသုံးစရိတ်ဆိုသည်မှာ စစ်လက်နက်ပစ္စည်းများ ၀ယ်ယူသည့် စရိတ်၊ ပြည်ပနိုင်ငံများသို့ စစ်ပညာတော် သင်များ၊ နျူကလီးယား နည်းပညာ လေ့လာရေး ကဲ့သို့သော ငွေအရင်းအနှီး ကြီးမားသည့် အသုံးစရိတ်များ ဖြစ်ကြောင်း မြန်မာနိုင်ငံ ဗဟိုဘဏ်နှင့် နီးစပ်သည့် ဘဏ် လုပ်ငန်းကျွမ်းကျင်သူ တဦးက ရှင်းပြသည်။

“ကာကွယ်ရေး ၀န်ကြီးဌာနရဲ့ အသုံးစရိတ် သီးသန့်ချည်းပဲ နိုင်ငံဝင်ငွေ စုစုပေါင်းရဲ့ ၃၀ ရာခိုင်နှုန်း ရှိတယ်”ဟု ၎င်းက ဆို သည်။

မြန်မာနိုင်ငံရှိ လူဦးရေ သန်း ၆၀ နီးပါး၏ ကျန်းမာရေးအတွက် တနှစ်သုံးစွဲငွေမှာ ကျပ် ၅၂၃ ဘီလီယံ ကျော်သာ အသုံးပြုခဲ့ သည်ဟု သိရသည်။

ပြည်သူ့ ကျန်းမာရေးအတွက် တနှစ်သုံးစွဲငွေသည် ကာကွယ်ရေး ၀န်ကြီးဌာန တနှစ် သုံးစွဲငွေ၏ ၉ ရာခိုင်နှုန်းကျော်သာ ရှိ
ကြောင်း၊ ထို့ကြောင့် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍတွင် ချွတ်ယွင်း အားနည်းမှုများစွာ ဖြစ်ပေါ်နေကြောင်း လေ့လာသူ ပညာရှင်များက ထောက်ပြ ပြောဆိုသည်။

“ဆေးရုံတက်ရင် ဆေးထိုးအပ်၊ ဂွမ်းက အစ၊ ခွဲစိတ်ခ၊ ဆေးဝါး အဆုံး အစအရာရာ ကုန်ကျ စရိတ်တွေ ပြည်သူတွေ ကိုယ်တိုင် အကုန်အကျ ခံနေရတယ်။ ကျန်းမာရေး ကဏ္ဍအတွက် က ဘတ်ဂျက် သုံးငွေတော်တော် နည်းတယ်။ စစ်တပ်ကြီးတွေ ဘယ်လောက်ဖွဲ့ဖွဲ့၊ စစ်စခန်းကြီးတွေ ဘယ်လောက် ဆောက်ဆောက်၊ ပြည်သူ့ ကျန်းမာရေး မကောင်းရင် ခိုင်မာ တောင့်တင်းတဲ့ ကာကွယ်မှုမျိုး၊ လုံခြုံမှုမျိုး မရနိုင်ဘူး”ဟု ပြည်တွင်း သတင်းစာဆရာ တဦးက ဆိုသည်။

ပြည်ထဲရေးဝန်ကြီးဌာနအတွက် သုံးစွဲငွေမှာ ကျပ် ဘီလီယံ ၆၀၀ ကျော် ဖြစ်ပြီး အဆိုပါဌာန၏ သုံးစွဲငွေတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် အကျဉ်းဦးစီး ဌာန၏ သုံးစွဲငွေက များပြားကြောင်း စုံစမ်း သိရှိရသည်။

ပညာရေးကဏ္ဍ သုံးစွဲငွေမှာ ကျပ် ၁.၈၇ ထရီလီယံကျော် ရှိသော်လည်း အဓိကအားဖြင့် တက္ကသိုလ်၊ ကောလိပ် တည်ဆောက် ရေးတွင် ကုန်ကျစရိတ် များပြားကြောင်း သိရသည်။

ပြည်နယ်နှင့်တိုင်း အသီးသီးတွင် တက္ကသိုလ် ကောလိပ်များတိုးချဲ့တည်ဆောက်ခြင်းဖြင့် တမြို့တည်း၊ တနေရာ တည်းတွင်
ကျောင်းသားများ တစုတဝေးတည်း မဖြစ်စေရန် ဆောင်ရွက်ခြင်း ဖြစ်သောကြောင့် ပညာရေးတိုးတက်မှုအတွက် အထောက် အကူ မပြုနိုင်ဟု သတင်းသမား တဦးက ပြောဆိုသည်။

“ဆန္ဒပြပွဲတွေဖြစ်မှာစိုးလို့ ကျောင်းသားတွေ မစုစည်းမိအောင် တက္ကသိုလ်၊ ကောလိပ်ကျောင်းတွေ ခွဲပြီး မြို့စွန်၊ မြို့ဖျား နေရာတိုင်း ဆောက်နေတယ် ဆိုတာ အားလုံးအသိပဲ။ တက္ကသိုလ် ကောလိပ် ဆောက်ရုံနဲ့တော့ ပညာရေး မတိုးတက်နိုင်ဘူး”ဟု ၎င်း က ဆိုသည်။

စစ်အစိုးရသည် ၎င်းတို့အာဏာ တည်မြဲရေးအတွက် စစ်တပ်ကို တိုးချဲ့လျက်ရှိရာ နှစ်စဉ် ကာကွယ်ရေး အသုံးစရိတ် တိုးတက် နေမည်ဖြစ်ကြောင်း စီးပွားရေး ပညာရှင်များက သုံးသပ်သည်။

ပြီးခဲ့သည့် မေလ နောက်ဆုံးပတ် အတွင်း စစ်အစိုးရ က စစ်ရေး အသုံးစရိတ်အတွက် ငွေစာရင်း ခေါင်းစဉ် ဖော်ပြထားခြင်း မရှိသော ပုံမှန်ထက် ပိုမိုများပြားသည့် ဘတ်ဂျက် ချပေးမှုရှိခဲ့ကြောင်း စစ်တပ် အသိုင်းအ၀ိုင်းက ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံ ရသုံးမှန်းခြေ ဘတ်ဂျက်ရှင်းတမ်းကို ၁၉၈၈ မတိုင်ခင်က သတင်းစာများတွင် ဖော်ပြခဲ့သော်လည်း နောက်ပိုင်း စစ်အစိုးရ လက်ထက်တွင် တရားဝင် ထုတ်ပြန်ခြင်း ယနေ့အထိ မရှိကြောင်း တွေ့ရသည်။

ထို့အပြင် စစ်အစိုးရ ၏ စစ်ရေး အသုံးစရိတ်များကိုလည်း တရားဝင်ထုတ်ပြန်ခြင်း မတွေ့ရှိရပေ။

မြန်မာစစ်တပ်၏ စစ်အင်အား ၄ သိန်း ခန့်ရှိမည်ဖြစ်ကြောင်း လေ့လာသူများက ခန့်မှန်းကြသည်။

Ref: ဧရာဝတီ်

Read More...

ကြံ့ဖွံ့ပါတီက ကြိုတင်မဲကောက်ခံ

မျိုးချစ်သူ
၃၀ ဇူလိုင် ၂၀၁၀

ရန်ကုန်ဒေသခံများကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) က ကြိုတင်မဲများ ကောက်ခံ သွားမည် ဖြစ်ကြောင်း သိရသည်။

ကြိုတင်မဲများကို ပါတီဝင်များထံမှ ပထမဦးဆုံး ကောက်ခံမှု ပြုလုပ်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ကြံ့ဖွံ့ပါတီ စည်ရုံးရေး အဖွဲ့ဝင် တဦးက အတည်ပြု ပြောကြားသည်။

အစိုးရ၀န်ထမ်းများကို ပါတီဝင်ပြုလုပ်၍မရသောကြောင့် ၀န်ထမ်းမိသားစုများထဲမှ အသက် (၁၈) နှစ် ပြည့်ပြီးသည့် သူများကို ကြိုတင်မဲ ကောက်ခံရန် အတွက် ပါတီဝင်အဖြစ် စည်းရုံးထားပြီး ဖြစ်ကြောင်းလည်း မြို့နယ် ကြံ့ဖွံ့ စည်းရုံးရေးမှူးများ ထံမှ သိရသည်။

“ကြံ့ဖွံ့ပါတီဆိုတာ ကြံ့ဖွံ့အသင်းက ဖြစ်လာတာပဲလေ၊ အဲဒီအသင်းကလည်း အစိုးရက ဖွဲ့စည်းထားတာ ဖြစ်တယ်လေ။ ပါတီအနေနဲ့ ပြောင်းလိုက်တော့ အခု အစိုးရ၀န်ထမ်း မိသားစုတွေကို ကနဦး ပါတီဝင်တွေ လုပ်ပြီးတော့ ကြိုတင်မဲ ကောက်နေပြီ” ဟု မြို့နယ် စည်းရုံးရေးမှူး တဦးက ပြောသည်။

ရန်ကုန်တွင် ကြံ့ဖွံ့အသင်းဝင်ပေါင်း (၃) သန်းကျော်ရှိခဲ့ရာမှ ယခုအခါ ပါတီဝင် အဖြစ် ပြောင်းလဲရာတွင် အစိုးရ ၀န်ထမ်းများကို ဖယ်ထုတ် လိုက်ကြောင်း၊ သို့သော် ငါးကြင်းဆီနှင့် ငါးကြင်းကြော် သကဲ့သို့ ၀န်ထမ်း မိသားစုများကို ပါတီဝင်အဖြစ် ပြောင်းလဲ လိုက်ကြောင်း၊ ထို့အတွက် ပါတီဝင် အရေအတွက်မှာ ယခင်အသင်းဝင် အတိုင်း မဟုတ်သော်လည်း ယင်းအရေအတွက် နီးပါး ရှိနိုင်ကြောင်း ၎င်းကပြောသည်။

ရန်ကုန်တွင် ယခင်က ကြံ့ဖွံ့အသင်းအနေဖြင့်လုပ်နေသော လမ်းများခင်းခြင်း၊ ဆေးခန်းများဖွင့်ခြင်း စသည်တို့ကို ယခုအခါ ပါတီအမည် ပြောင်းကာ ပြုလုပ်နေကြောင်း ရန်ကုန်မြို့ခံများ ထံမှ သိရသည်။

အစိုးရ၀န်ထမ်းများအတွင်း အစိုးရက ဖွဲ့ထားသောပါတီကိုသာ မဲပေးလိုသူများ ရှိသကဲ့သို့ မလိုလားသူများလည်း ရှိနေကြောင်း ပညာရေး ၀န်ထမ်း မိသားစုများထံမှ သိရသည်။

“ကျမတို့ဒဂုံတက္ကသိုလ်မှာဆိုရင် အခု ဆရာဆရာမတွေကို ပါတီဝင်တော့လုပ်လို့မရဘူး။ ဒါပေမယ့် မဲတော့ ပေးခွင့် ရှိတဲ့အတွက် မဲပေးတဲ့အခါ ခြင်္သေ့ကိုပဲ မဲပေးဖို့တိုက်တွန်းတယ်လို့ ဌာနအလိုက် ပြောထားတာ ရှိတယ်။ ခက်နေတာက တချို့တွေကတော့ ကြောက်ကြ တယ်လေ။ ကြိုတင်မဲ ကောက်ရင်တော့ ထည့်ရမှာပဲလို့ ပြောနေတဲ့ သူတွေရှိတယ်။ အစိုးရက တရားမျှတတဲ့ ရွေးကောက်ပွဲသာ လုပ်လို့ကတော့ တမဲမှကို ရမှာမဟုတ်ဘူးလို့ ထင်တယ်။ အခုပဲကြည့်လေ ကြိုတင်မဲ ကောက်မယ်တဲ့၊ ဘာသဘောလဲ။ ကျမကတော့ မထည့်နိုင်ဘူးလို့ပဲ ပြောလိုက်မယ်” ဟု ဒဂုံတက္ကသိုလ် ပထ၀ီဝင်ဌာနမှ အချိန်ပိုင်းနည်းပြ ဆရာမတဦးက ပြောသည်။

မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီမှ အတွင်းရေးမှူး ဦးနေမျိုးဝေက ကြံ့ဖွံ့ပါတီသည် ၁၉၉၃ ခုနှစ်ကပင် အသင်းဖွဲ့ကာ စနစ်တကျ လုပ်ထားသော ပါတီဖြစ်သွားပြီး တစညပါတီသည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ကာလကပင် တည်ရှိ လာသည့်အတွက် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အင်အားအကြီးဆုံးနှင့် ငွေသုံးစွဲနိုင်မှု အများဆုံးပါတီတို့ ဖြစ်ကြောင်း ပြောဆိုသည်။

၎င်းက “သူတို့ပါတီတွေကတော့ အင်အားသုံးနိုင်တဲ့ပါတီတွေဖြစ်တယ်။ ခက်နေတာက တခြားပါတီတွေအနေနဲ့ အခုအချိန်မှာ ကန့်သတ်မှုတွေ အများကြီး ရှိနေတယ်၊ လူစုလူဝေးလုပ်ပြီး ဟောပြောစည်းရုံးတာက အစပေါ့ဗျာ။ သူတို့ကတော့ လူထုနဲ့ နီးနီးကပ်ကပ် လုပ်နိုင်တယ်။ ကြံ့ဖွံ့ပါတီဆိုရင် အစိုးရပဲလေ၊ ဘာပဲလုပ်လုပ် လုပ်နိုင်တာပဲ၊ အကန့်အသတ်မရှိဘူး။ အဲဒီတော့ အခုကပဲ ဘက်လိုက်နေပြီ။ ဒါဆိုရင်တော့ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်နိုင်မလား၊ မဖြစ်နိုင်ဘူးလားဆိုတာ ထုတ်ဖော်ပြောဆိုဖို့ မလိုဘဲ သိနိုင်ပါတယ်” ဟု ပြောသည်။

ကြံ့ဖွံ့ပါတီကို ဝန်ကြီးချုပ် ဦးသိန်းစိန်က ဦးဆောင်ထားပြီး ယခင်က ကြံ့ဖွံ့အသင်းဝင် တနိုင်ငံလုံးတွင် (၂၄) သန်းခန့် ရှိခဲ့ရာမှ အစိုးရ ၀န်ထမ်းများကို ဖယ်ထုတ်ကာ စိစစ်ပါက ယခုအခါ တနိုင်ငံလုံးတွင် အသင်းဝင်အင်အား (၁၀) သန်းခန့် ဆက်လက် ရှိနေသေးပြီး ယင်းကို ဆက်လက်စိစစ်ကာ ပါတီဝင်အဖြစ် ပြုလုပ်ထားကြောင်း ရန်ကုန်တိုင်း ကြံ့ဖံွ့ပါတီဝင်တဦးက ပြောသည်။

ကြံ့ဖွံ့ပါတီသည် ဧပြီ (၂၉) ရက်တွင် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်နှင့် (၂၆) ဦး ပါဝင်သော အစိုးရ ၀န်ကြီးများ၊ အရာရှိကြီးများက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ မှတ်ပုံတင်ခွင့် လျှောက်ထားခဲ့ရာ ပြီးခဲ့သည့် ဇွန် (၈) ရက်တွင် ပါတီ မှတ်ပုံတင်ခွင့် ကျထားပြီးဖြစ်သည်။

Ref: ခေတ်ပြိုင်

Read More...

Friday, July 30, 2010

လွတ်လပ်မှုကို အရယူကြပါ

ဦးမျိုး (ဥပဒေ)

ကြာသပတေးနေ့၊ ဇူလိုင်လ ၂၉ ရက် ၂၀၁၀

နိုင်ငံတိုင်း၏ ဖွဲ့စည်းတည်ဆောက်ပုံ အခြေခံ ဥပဒေထဲတွင် ဥပဒေပြုရေး အာဏာ၊ တရားစီရင်ရေး အာဏာ၊ အုပ်ချုပ်ရေး အာဏာတို့ကို အနေအထားအလိုက် အာဏာ ၃ ရပ် အဖြစ် ခွဲခြား ကန့်သတ် ထားချက်များကို တွေ့ရသည်။ လွတ်လပ်စွာ ခွဲခြား ကျင့်သုံးကြရသည်။ အချုပ်အခြာ အာဏာ တရပ်ဖြစ်သည့် တရားစီရင်ရေး အာဏာကို အခြားအာဏာပိုင် တရပ်ရပ်က ကွပ်ကဲထိန်းချုပ် လွှမ်းမိုးလိုက်မည်ဆိုပါလျှင် တရားစီရင်ရေးကို လွတ်လပ်စွာ အကောင်အထည်ဖော် ဆောင်ရွက်၍ မရနိုင်တော့ပါ။

လွတ်လပ်သော တရားစီရင်ရေး အခြေခံအုတ်မြစ်ကို အာဏာပိုင်းခြား သတ်မှတ်ခြင်း သဘော တရားတွင် အထင်အရှား တွေ့ရသည်။ အုပ်ချုပ်ရေး အာဏာနှင့် ဥပဒေပြုအာဏာတို့ကို လူတဦး သို့မဟုတ် လူတစု၏ လက်ဝယ်အတွင်း ထားရှိပါက အာဏာ ရရှိထားသော အုပ်ချုပ်သူတဦး သို့မဟုတ် တအုပ်စုက စိတ်တိုင်းကျ အုပ်ချုပ်ရန် အတွက် မတရား ဖိနှိပ်ချုပ်ချယ်သည့် ဥပဒေများကိုသာ ပြဋ္ဌာန်းပြီး အုပ်ချုပ်ပေမည်။ အင်မတန် အန္တရာယ် ကြီးမားလှပေသည်။

တရားစီရင်ရေးအာဏာကို ဥပဒေပြုနှင့် အုပ်ချုပ်ရေး အာဏာတို့မှ ကန့်သတ် ခွဲခြား မထားလျှင် လွတ်လပ်စွာ တရားစီရင်မှု ရရှိမည် မဟုတ်ပါ။ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အာဏာတို့ကို လူတဦး သို့မဟုတ် လူတစု တဖွဲ့တည်းက ကိုင်တွယ်ကျင့်သုံးလျှင်လည်း တရားလက်လွတ် နိုင်ထက် မင်းမူလာမည့် အာဏာရှင် စနစ်သို့ မုချရောက်စေမည့် အန္တရာယ်က ပိုမိုကြီးမားပေသည်။

ထို့ပြင် ဥပဒေပြုနှင့် တရားစီရင်ရေး အာဏာတို့ကို ပူးတွဲပြီး ထားပါကလည်း တရားသူကြီးသည် ဥပဒေပြုသူ ဖြစ်သွားပြီး တဖက်သတ် ဆုံးဖြတ်ချယ်လှယ်မှုကို ပြည်သူအများ ခံရပေလိမ့်မည်။ ထို့ကြောင့် အာဏာ ၃ ရပ် ခွဲခြားကျင့်သုံးရန် လိုအပ်ကြောင်းကို ဦးစွာ ရေးသားဖော်ထုတ်ခဲ့သူမှာ ပြင်သစ်ဥပဒေ ပညာရှင် မွန်တက်စကျူ့ ဖြစ်သည်။

သူ၏ The Spirit of Law (1734) စာအုပ်တွင် အချုပ်အချာ အာဏာပိုင်းခြားခြင်း ဆိုင်ရာ သဘော တရားကို ရေးသားထားသည်။

လွတ်လပ်သော တရားစီရင်ရေးအတွက် တရားသူကြီးများကို ရွေးချယ် ခန့်ထားခြင်းနှင့် တရားရုံးများ၏ အနှောင်အဖွဲ့ ကင်းရှင်းစွာ ရပ်တည်ခြင်းတို့သည် အထူး အရေးကြီးပါသည်။ ၁၉၄၇ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၊ အခန်း (၈) ပြည်ထောင်စု၏ တရားစီရင်ရေး။ ပုဒ်မ- ၁၄ဝ တွင် -
၁၄ဝ။ ။ (၁) ပါလီမန်ဆိုင်ရာ လွှတ်တော် နှစ်ရပ် တွဲဖက်အစည်းအဝေး၏ သဘောတူချက်ဖြင့်၊ နိုင်ငံတော် တရားဝန်ကြီးချုပ်ကို နိုင်ငံတော် သမ္မတသည် မိမိကိုယ်တိုင် လက်မှတ်ရေးထိုး တံဆိပ် ခပ်နှိပ်သော အမိန့်စာဖြင့် ခန့်ထားရမည်။

(၂) ပါလီမန်ဆိုင်ရာ လွှတ်တော် နှစ်ရပ် တွဲဖက်အစည်းအဝေး၏ သဘောတူညီချက်ဖြင့် တရား လွှတ်တော်ချုပ်နှင့် တရား လွှတ်တော်ဆိုင်ရာ တရားဝန်ကြီး အားလုံးကို နိုင်ငံတော် သမ္မတသည် မိမိကိုယ်တိုင် လက်မှတ်ရေးထိုး တံဆိပ် ခပ်နှိပ်သော အမိန့်စာဖြင့် ခန့်ထားရမည် … ဟု ပြဋ္ဌာန်းထားသဖြင့် ဥပဒေပြု ဌာနနှင့် အုပ်ချုပ်ရေး ဌာနများ၏ ကွပ်ကဲ ထိန်းချုပ်မှုမှ ကင်းလွတ်၍ လွတ်လပ်သော တရား သူကြီးများ ခန့်အပ်ထားခြင်း၏ အရေးကြီးမှုကို တွေ့ရှိနိုင်ပါသည်။

ပုဒ်မ ၁၃၃။ ။ ပြည်ထောင်စု နိုင်ငံတဝှန်းလုံး၌ တရားစီရင်ရေးကိစ္စကို ဤအခြေခံဥပဒေအရ သော်၎င်း၊ တရားဥပဒေအရ သော်၎င်း တည်ထောင်ထားသော တရားရုံးများတွင် ဤအခြေခံ ဥပဒေနှင့် အညီ သို့တည်းမဟုတ် တရားဥပဒေနှင့် အညီ ခန့်ထားသော တရားသူကြီးများက စီမံ အုပ်ချုပ်ရမည် … ဟု တရားရုံးများ၏ ကိုယ်ပိုင် လွတ်လပ်စွာ ရပ်တည်မှုကို ဖော်ပြထားသည်။

ပုဒ်မ ၁၄၁။ ။ တရားသူကြီးအားလုံးသည် ဤအခြေခံဥပဒေနှင့် တရား ဥပဒေများကိုသာ လိုက်နာ၍ မိမိတို့၏ တရားစီရင်မှု အလုပ် ဝတ္တရားများကို လွတ်လပ်စွာ ဆောင်ရွက်နိုင်ရမည် … ဟုလည်း ပြဋ္ဌာန်း ထားသဖြင့် လွတ်လပ်သော တရားစီရင်ရေး အတွက် ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေက အာမခံ ထားသည်ကို တွေ့ရှိရပါသည်။ တပြည်ထောင် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် လွတ်လပ်သော တရား စီရင်ရေးကို အာမခံနိုင် သည့် တစုံတရာ ပြဋ္ဌာန်းချက် မပါရှိပေ။ ၁၉၄၇ ဖွဲ့စည်းပုံ ဥပဒေနှင့် ယှဉ်ထိုး ကြည့်နိုင်ပါသည်။ တရားစီရင်ရေးမှ လွတ်လပ်မှုမရှိလျှင် မည်သည့် နေရာတွင် တရားမျှတမှုကို ရှာဖွေရပါမည်နည်း။

ဥပဒေစနစ်ချင်းတူသည့် အိန္ဒိယနိုင်ငံကြီး၌ပင်လျှင် တရားစီရင်ရေး လွတ်လပ်မှုကို အလေးထား ဖော်ဆောင်ခြင်းဖြင့် ဒီမိုကရေစီကို မြှင့်တင်နိုင်ကြောင်း “အင်ဒီရာကို ကိုင်လှုပ်ခဲ့တဲ့ စီရင်ချက်” ဆောင်းပါးတွင် တွေ့ရှိရပါသည်။ ရွေးကောက်ပွဲဆိုင်ရာ လျှောက်ထားမှု ဖြစ်ပါသည်။

၁၉၇ဝ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် အောက်လွှတ်တော် (Lok Sabah) ရွေးကောက်ပွဲ ဖျက်သိမ်းပြီး၊ ၎င်းနောက်ပိုင်းတွင်မှ မစ္စစ် အင်ဒီရာ ဂန္ဒီက ကိုယ်စားလှယ်လောင်း အဖြစ် အရွေးခံရန် အခွင့်အရေး ယူခဲ့သည်။ ဤသည်ကို မကျေနပ်၍ ရွေးကောက်ပွဲဆိုင်ရာ လျှောက်ထားချက်ကို လျှောက်ထားသူ ရာ့ဂ်ျနာရိန်းက တိုင်ချက်ဖွင့် လျှောက်ထားသဖြင့် စစ်ဆေး ကြားနာခဲ့ရသော အမှုဖြစ်သည်။

၁၉၇၁ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့မှာ တိုင်ချက်ဖွင့်ခဲ့သည့် ရွေးကောက်ပွဲဆိုင်ရာ လျှောက်ထားချက်ကို ၁၉၇၅ ခုနှစ် ဇွန်လ ၁၂ ရက်နေ့မှာ တရားလွှတ်တော် တရားသူကြီး ဂျက်မိုဟန်-လား-ဆင်းဟာက သမိုင်းဝင် စီရင်ချက်အဖြစ် ထုတ်ပြန်ကြေညာခဲ့ပါသည်။

၁၉၇၁ ခုနှစ်က အောက်လွှတ်တော် (Lok Sabah) မှာ မစ္စစ် အင်ဒီရာ၏ ရွေးချယ် ခံရမှုသည် ပျက်ပြယ် (တရားမဝင်) ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။ ၁၉၅ဝ ခုနှစ် ပြည်သူ့ ကိုယ်စားပြုမှု အက်ဥပဒေ ပုဒ်မ ၁၂၃ (၇) အရ အကျင့်ပျက် ခြစားမှုများအတွက် အပြစ်ရှိကြောင်း ချမှတ်ခံရသည်။ နောင်လာမည့် ၆ နှစ်တာအတွက် ဥပဒေပြု လွှတ်တော်၌ လည်းကောင်း၊ ပါလီမန်အဖွဲ့ဝင် ဖြစ်ခြင်းမှ သော်လည်းကောင်း စည်းကမ်းချက်နှင့် မညီညွတ်သောကြောင့် ပယ်ချခံခဲ့ရပါသည်။

အထက်ပါ စီရင်ချက်ချမှတ်ပြီး ၁၃ ရက်အတွင်းတွင် တိုင်းပြည်အတွက် စိတ်မချမ်းမြေ့ဖွယ်ရာ ကြုံတွေ့ ရသည့် ပြည်တွင်း အရေးပေါ် အခြေအနေ ကြေညာချက်ကို ၁၉၇၅ ခုနှစ် ဇွန်လ ၂၅ ရက်နေ့တွင် ကြေညာခဲ့သည်။

၁၉၇၇ ခုနှစ် မတ်လမှာ မစ္စစ် အင်ဒီရာ ဂန္ဒီသည် ဗဟိုမှာ တောက်လျှောက် သူမ အုပ်ချုပ် လာခဲ့သည့် အာဏာကို စွန့်လွှတ်ခဲ့ရသည်။ သူ့ပါတီသည်လည်း ရွေးကောက်ပွဲတွင် အရှုံးကြီး ရှုံးနိမ့်ခဲ့သည်။ တရားမျှတမှု၊ လွတ်လပ်မှု၊ တန်းတူညီမျှမှု၊ သွေးစည်းညီညွတ်မှုနှင့် ဒီမိုကရေစီ အခွင့်အရေးများ အတွက် ပြည်သူလူထုမှ ပြင်းထန်စွာ အံ့သြလောက်အောင် ထပ်မံ တောင်းဆိုလာခဲ့ကြသည်။

နိုးကြားပြီး သတိဝိရိယရှိသည့် မဲဆန္ဒရှင်များက မစ္စစ် အင်ဒီရာ ဂန္ဒီကို အာဏာ လက်လွတ် ဖြစ်သွား စေခဲ့သည်။

ဤသည်မှာ တော်လှန်ရေး ဖြစ်သည်။ မဲပုံးများကို ဖြတ်သန်းပြီး ဖန်တီးနိုင်သည့် စွမ်းပကားကြောင့် အစိုးရကို အကြမ်း မဖက်ဘဲ၊ ငြိမ်းချမ်းစွာ ပြောင်းလဲ ပစ်ခဲ့ကြသည်။ ၁၉၇၇ ခုနှစ်မှာ Janata Dal ပါတီ အာဏာ ရလာသည်။ ဒီမိုကရေစီက အာဏာရှင်စနစ်နှင့် သက်ဦးဆံပိုင် စနစ်ကို ထူးကဲစွာ အောင်မြင်မှု ရလိုက်ခြင်း ဖြစ်သည်။

ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၊ တရားစီရင်ရေးစနစ်နှင့် ပြည်သူလူထု ခေါင်းစဉ်ဖြင့် ဒေလီမြို့ရှိ ဂျဝါဟာလာ နေရူး တက္ကသိုလ်တွင် တရားလွှတ်တော် တရားသူကြီး ဆင်းဟာ ဟောပြော ပို့ချခဲ့ပါသေးသည်။ “အိန္ဒိယ၌ ဒီမိုကရေစီ ဆက်လက် ရှင်သန်ရန် အတွက် ခိုင်မာ ပြတ်သားသည့် လွတ်လပ်သော တရားစီရင်ရေး စနစ်တရပ်ကို မက်မက်မောမော လိုချင် တပ်မက်ရမည်” ဟု ထောက်ပြ ခဲ့ပါသည်။

“လွတ်လပ်မှုကို ဆုံးရှုံးခံလိုက်ရသည့်၊ လွတ်လပ်မှုမရှိသည့် တရားစီရင်ရေး စနစ် ဖြစ်သွားလျှင် ကျနော်တို့၏ နိုင်ငံရေး စနစ်သည်လည်း ဒီမိုကရေစီနှင့် ဆန့်ကျင် ဖီလာသည့် အခြေအနေမျိုးသာ ဖြစ်လာလိမ့်မည်” ဟု မှတ်ချက်ပြုခဲ့သည်။

“အိန္ဒိယတွင် တရားစီရင်ရေး လွတ်လပ်မှု ရှိနေသင့်သည်။ လုပ်ထုံးလုပ်နည်းအရ အခက်အခဲ အတားအဆီး မှန်သမျှကို မှားယွင်း ချွတ်ချော်ပြီး မလုပ်အပ်ပါ။ ဖြားယောင်း သွေးဆောင်မှု၊ ခြိမ်းခြောက်မှု မှန်သမျှ မည်သည့် အပြုအမူကိုမဆို ရပ်ပစ်သင့်သည်။ ပြည်သူများ၏ ဘုရားသခင်အပေါ် သက်ဝင် ယုံကြည်မှုထက် မလျော့နည်းသည့် အရာမှာ တရားသူကြီးထံတွင် ကျမ်းကျိန်ထွက်ဆိုသည့် အထွတ်အမြတ် ယုံကြည်မှုပင် ဖြစ်သည်။ ဤအချက်ကို ဖြစ်သည့်နည်းဖြင့် ထိန်းသိမ်း ကာကွယ်ရမည်” ဟု အလေးအနက် ပြောကြားခဲ့သည်။

၁၉၇၅ ခုနှစ် ဇွန်လ ၁၂ ရက်နေ့က သူ၏ စီရင်ချက်သည် တရားစီရင်ရေးစနစ် တခုလုံးအတွက် ဂုဏ်ယူဖွယ်ရာ ဖြစ်စေခဲ့ပါသည်။ သူ၏ အနိုင်မခံ အရှုံးမပေးသော သတ္တိနှင့် တရားစီရင်ရေး ဆိုင်ရာ လွတ်လပ်မှုအား တောင်းဆိုချက်များက ဆက်လက်ဖွံ့ဖြိုး တိုးတက်စေမှာ ဖြစ်သည်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၏ အခြေခံ အုတ်မြစ်သည် လွတ်လပ်သည့် တရားစီရင်ရေးစနစ် ဖြစ်သည် ဟု သူအတည်ပြုခဲ့သည့် အတိုင်း မျက်မှောက်နှင့် အနာဂတ် မျိုးဆက်များ စဉ်ဆက်မပြတ် အမှတ်ရနေစေမှာ ဖြစ်သည်ဟူ၍ ဖော်ပြထားသော အိန္ဒိယနိုင်ငံ၏ တရားစီရင်ရေး လွတ်လပ်မှုကို လေ့လာမိပါသည်။ ရည်ညွှန်းလိုပါသည်။

ရွေးကောက်ပွဲဆိုင်ရာ လျှောက်ထားချက်များနှင့်စပ်လျဉ်း၍ တိုက်ဆိုင်စွာပင် ကိုယ့်နိုင်ငံ၏ အခြေအနေ အားလုံးကို သုံးသပ်ရန် လိုအပ်ပါသည်။ မြန်မာနိုင်ငံ၌ လက်ရှိ ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ ၁/ ၂ဝ၁ဝ ပုဒ်မ ၉ တွင် အောက်ပါကိစ္စရပ်များနှင့် စပ်လျဉ်း၍ ကော်မရှင်၏ ဆုံးဖြတ်ချက်နှင့် ဆောင်ရွက်ချက်များသည် အပြီးအပြတ် ဖြစ်စေရမည် -

(က) ရွေးကောက် တင်မြှောက်ခြင်းဆိုင်ရာ လုပ်ငန်းများ၊
(ခ) ရွေးကောက်ပွဲ ခုံအဖွဲ့များ၏ ဆုံးဖြတ်ချက်များ၊ အမိန့်များနှင့် စပ်လျဉ်းသည့် အယူခံမှုများနှင့် ပြင်ဆင်မှုများ၊
(ဂ) နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ ဆောင်ရွက်ချက်များ။ ဟုဖော်ပြချက်ကို တွေ့ရသည်။

ဤသည်မှာ ရွေးကောက်ပွဲဆိုင်ရာနှင့် နိုင်ငံရေးပါတီများဆိုင်ရာ အားလုံးကို စစ်အုပ်စု အုပ်ချုပ်ရေး မဏ္ဍိုင်အောက်ရှိ ရွေးကောက်ပွဲကော်မရှင်ကသာ စီရင်ဆုံးဖြတ်ရမည်ဟု ပြဋ္ဌာန်းလိုက်ခြင်း ဖြစ်သည်။

ရွေးကောက်ပွဲကော်မရှင်သည် တရားစီရင်ရေး မဏ္ဍိုင်၏ အမြင့်ဆုံး အာဏာပိုင် ဖြစ်သည့် တရား လွှတ်တော်ချုပ်၊ တရားသူကြီးချုပ်တို့၏ အထက်တွင် ရောက်ရှိ နေပါသည်။ တရားစီရင်ရေး လွတ်လပ်မှု တစုံလုံး ပျောက်ဆုံး သွားပါတော့သည်။

ကိုယ့်နိုင်ငံ၏ တရားစီရင်ရေး လွတ်လပ်မှုကို အရယူနိုင်ကြပါစေ။

(မစ္စစ် အင်ဒီရာ ဂန္ဒီ၏ အရေးပေါ်ကြေညာခဲ့သည့် ၃၅ နှစ်မြောက်နေ့ကို အမှတ်ရစေရန် ပြည်ထောင်စု ဝန်ကြီးဟောင်း စာရေးသူ ဆတ်ရာ-ပရာဒက် မလာဗိရာ ၏ The Pioneer (28 June 2010) တွင်ဖော်ပြသည့် Judgement that shook Indira ဆောင်းပါးကို ရည်ညွှန်းပါသည်။)


Ref: မဇ္ဈိမ

Read More...

နိုဝင်ဘာတွင် လွတ်မည်ဟု ဒေါ်စုမျှော်လင့်

ဆလိုင်း ဟံသာစန်း
ကြာသပတေးနေ့၊ ဇူလိုင်လ ၂၉ ရက် ၂၀၁၀

နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူမအပေါ် ချမှတ်ထားသည့် ပြစ်ဒဏ်ကာလ ကုန်ဆုံးသည့် နိုဝင်ဘာလတွင်း လွတ်မြောက်မည်ဟု မျှော်လင့်နေသလို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်များကလည်း မျှော်လင့်နေကြသည်။

အထူး အယူခံကိစ္စနှင့် နေအိမ်ပြင်ဆင်ရေး ကိစ္စများအတွက် ရန်ကုန် တက္ကသိုလ် ရိပ်သာလမ်းရှိ နေအိမ်တွင် ရှေ့နေများနှင့် ယမန်နေ့က တွေ့ဆုံခွင့်ရစဉ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခြင်း ဖြစ်သည်။

“နိုဝင်ဘာလမှာ သူ့ကို ပေးထားတဲ့ ပြစ်ဒဏ်က ကုန်သွားပြီ။ ဥပဒေ သဘောအရတော့ သူ့ကို ဆက်ပြီး ချုပ်နှောင်စရာ မရှိတော့ဘူး။ ဘာပြစ်မှုကိုမှ သူ ကျူးလွန်ခြင်းလည်း မရှိဘူး။ ဒါကြောင့် လွတ်မြောက်မယ်လို့ မျှော်လင့်တဲ့ အကြောင်း ပြောပါတယ်” ဟု သူမ၏ ရှေ့နေ ဦးဥာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေ ဦးဥာဏ်ဝင်း၊ ရှေ့နေ ဦးကြည်ဝင်းတို့ ယမန်နေ့ နေ့လည် ၁ နာရီမှ ၃ နာရီအထိ တွေ့ဆုံခွင့် ရရှိခဲ့သည်။

နေအိမ်အတွင်း တရားမဝင် ဝင်ရောက်လာသည့် အမေရိကန် နိုင်ငံသား ဂျွန်ယက်တောကို လက်ခံထားမှုဖြင့် ရန်ကုန်တိုင်း မြောက်ပိုင်းခရိုင် တရားရုံးက ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့သည့်နှစ် သြဂုတ်လ ၁၁ ရက်နေ့တွင် ၁၉၇၅ ခုနှစ် နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့် ဥပဒေ ပုဒ်မ ၂၂ ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့သည်။

သို့သော် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက နေအိမ်၌ပင် ဆိုင်းငံ့ပြစ်ဒဏ် ၁၈ လဖြင့် ထိန်းသိမ်းရန် ညွှန်ကြားခဲ့သည်။ ယင်းပြစ်ဒဏ်သည် ယခုနှစ် နိုဝင်ဘာလတွင် ပြည့်မြောက်မည် ဖြစ်သည်။

NLD ပါတီ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်က ယခုတကြိမ် ပြစ်ဒဏ်သည် တရားရုံးက ချမှတ်ထားခြင်း ဖြစ်သည့်အတွက် ယခင် ကာလများကဲ့သို့ သက်တမ်း တိုးခြင်း ပြုလုပ်နိုင်မည် မဟုတ်ဟု ယုံကြည်နေသည်။

“အခုက ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးပုဒ်မနဲ့ ထိန်းသိမ်းထားတာ မဟုတ်ဘူး။ သာမန်ပြစ်ဒဏ်နဲ့ အပြစ် ပေးထားတာ ဖြစ်တယ်။ အဲဒီတော့ သတ်မှတ်ကာလ ကုန်ဆုံးတဲ့အခါ လုံးဝကို လွှတ်ပေးရမှာ ဖြစ်တယ်။ ဒါကြောင့် လွတ်လာမယ်လို့ ယုံကြည်ထားတယ်” ဟု သူက ပြောသည်။

ပါတီ ဗဟိုအလုပ်အမှုဆောင်နှင့် ပြောရေးဆိုခွင့် ရှိသူလည်းဖြစ်သော ရှေ့နေ ဦးဥာဏ်ဝင်းက “ကျနော်တော့ လုံးဝ ယုံကြည်ပါတယ်။ လွှတ်ပေးရမှာပါ။ ဒီထက်စောပြီးတောင်မှ လွှတ်ပေးနိုင်ပါတယ်။ ဒါဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အမိန့်အပေါ် မူတည်ပြီး ကျနော် ပြောတာပါ” ဟု ပြောသည်။

နေအိမ် ပြန်လည်ပြင်ဆင်ခြင်းနှင့် ပတ်သက်၍ အိမ်မကြီး၏ ပျက်စီးသွားသော အစိတ်အပိုင်းများကို အင်္ဂတေဖြင့် ပြန်လည်၍ ဖာထေး ထားသဖြင့် ထိုနေရာများကို ဆေးသုတ်ရန်နှင့် ယိုယွင်းနေသည့် မှန်များ လဲလှယ် တပ်ဆင်ရန် ကျန်ရှိနေသေးပြီး ခြံဝင်း လုံခြုံရေး ယူထားသည့် အာဏာပိုင်များက ယခုလအတွင်း အပြီးသတ် လုပ်ဆောင်ရန် ပြောကြားထားသည်။

“ကျနော်တို့ကတော့ တတ်နိုင်သမျှ မြန်အောင်လုပ်တယ်။ ကျန်နေတဲ့ လုပ်ငန်းတွေ ပြီးဖို့ကတော့ နောက်ထပ် ၃ ပတ်လောက် လိုသေးတယ်။ အဲဒါကို ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ အင်ဂျင်နီ ယာအဖွဲ့ကို စေ့စေ့စပ်စပ် တွက်ချက်ပြီးတော့ ထပ်မံ စာတင်ဖို့ ညွှန်ကြားပါတယ်” ဟု ဦးဥာဏ်ဝင်းက ပြောသည်။

ထို့ပြင် အထူးအယူခံ တက်ထားသည့် ကိစ္စရပ်များနှင့် ပတ်သက်၍လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေများ ဆွေးနွေးခဲ့ကြပြီး လျှောက်လဲချက်ကို ရှင်းလင်းစွာ ရေးသား လျှောက်လဲရန် ညွှန်ကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က သူမအပေါ် ချမှတ်ထားသည့် ပြစ်ဒဏ်ပြင်ဆင်မှု အထူး အယူခံကို ပြီးခဲ့သည့် မေလ ၁ဝ ရက်နေ့တွင် ရန်ကုန် ဗဟိုတရားရုံးချုပ်သို့ တင်သွင်းခဲ့ရာ လက်ခံခဲ့သော်လည်း နှစ်ဖက်ရှေ့နေများ လျှောက်လဲရန် နေ့ရက်ကို တရားရုံးက ကြေညာခြင်း မရှိသေးပေ။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပါက မြန်မာပြည်သူများက သူမနောက်သို့ တခဲနက် လိုက်ပါကြမည်ဟု ယုံကြည်ကြောင်း ဦးဝင်းတင်က ပြောသည်။

“ကျနော်တို့ အပါအဝင် တခြားလူတွေ ထောင်က လွတ်လာတဲ့အခါ ဝမ်းသာကြတယ်၊ လက်ခုပ်သြဘာ ပေးကြတယ်။ သို့သော် ကျနော်တို့ လွတ်မြောက်ခြင်းဟာ ပန်းပင်တပင်ထဲကို ရေလောင်းတဲ့ သဘောလောက်ပဲ ရှိတယ်။ လန်းဆန်း သွားတယ်ပေါ့ဗျာ။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ခြင်း ကျတော့ မိုးကြီး ရွာချလိုက်တဲ့အခါ တလောကလုံး စိမ်းစို လန်းဆန်းသွားပြီးတော့ သစ်ပင် ပန်းမာလ်တွေက အကုန်လုံး ရုန်းကန် နိုးကြားလာသလိုပဲ မြန်မာပြည်ရဲ့ နိုင်ငံရေး နိုးကြားမှုတွေဟာ အလွန်မြင့်မားတဲ့ ပုံသဏ္ဍာန်နဲ့ လူထုကြီးက အုံကြွပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး ဦးဆောင်မှု နောက်ကို လူထုကြီးက တခဲနက် လိုက်ပါလိမ့်မယ်လို့ ယုံကြည်တယ်” ဟု သူက ပြောသည်။


Ref: မဇ္ဈိမ

Read More...

ကြံ့ဖွံ့ပါတီ၏ ရွေးကောက်ပွဲ အောင်နိုင်ရေး မဟာဗျူဟာ

ထက်အောင်
Thursday, July 29, 2010

“ရွေးကောက်ပွဲ အောင်နိုင်ရေးသည် ပထမ၊ ရွေးကောက်ပွဲ အောင်နိုင်ရေးသည် ဒုတိယ၊ ရွေးကောက်ပွဲ အောင်နိုင်ရေးသည် တတိယ”။ ယင်းသည် စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် ခေါင်းဆောင်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ၏ ရွေးကောက်ပွဲ အောင်နိုင်ရေး သန္နိဋ္ဌာန်ဖြစ်သည်။

“၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် လတ်တလော ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ” အမည်ရှိ USDP ပါတီ၏ ပညာရေးဌာနကြီးမှ ထုတ်ပြန်ချက်တွင် ရွေးကောက်ပွဲ မဲဆွယ်ကာလ တခုလုံးကို လွှမ်းမိုး ထားနိုင်ရေးနှင့် ရွေးကောက်ပွဲ နေ့တွင် အပြတ်အသတ် အောင်နိုင်ရေး လမ်းညွှန်ချက်မှာ ပါရှိသည်။

ယင်းညွှန်ကြားချက်၏ ထူးခြားချက်မှာ လက်ရှိနိုင်ငံရေးအပေါ် ဝေဖန်သုံးသပ်ထားပြီး USDP အနိုင် ရရှိနိုင်မှု အလားအလာ ကိုပါ တွက်ချက် ထားသည်။

“ယခုလက်ရှိတွင် မိမိတို့ပါတီနှင့် အဓိကယှဉ်ပြိုင်နိုင်သည့် ပါတီကြီး မရှိတော့ခြင်း၊ ကျန်ပါတီငယ်များမှာ မိမိတို့ပါတီကို ယှဉ်ပြိုင်နိုင်ရန် အဘက်ဘက်မှ ပြည်စုံမှုမရှိခြင်း၊ ကြိုတင်ပြင်ဆင်မှု မရှိခြင်း၊ မိမိတို့ပါတီမှာ အဆင့်ဆင့် စနစ်တကျ ဖွဲ့စည်းထားပြီး အင်းအား တောင့်တင်း စွာဖြင့် ပြည်သူ၏ လိုလား ထောက်ခံမှုကို ရရှိ ထားခြင်းတို့ကြောင့် အနိုင်ရရှိရန် အလားအလာ ကောင်းများ ပိုင်ဆိုင် ထားသည်” ဟု USDP သုံးသပ်ထားသည်။

ထို့အပြင် လွန်ခဲ့သော အနှစ် ၂၀ လုံးလုံး မကြားခဲ့ရသော ၁၉၉၀ ရွေးကောက်ပွဲရလဒ်အပေါ် စစ်ခေါင်းဆောင်များ၏ ဝေဖန် သုံးသပ်ထားချက်ကို USDP ၏ ဤရွေးကောက်ပွဲ အောင်နိုင်ရေး လုပ်ငန်းစဉ်တွင် တွေ့ရသည်။

“၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ၌ မဲရုံမှူးများ၏ ဘက်လိုက် ဆောင်ရွက်မှုများကြောင့် NLD ပါတီအများစု အနိုင် ရသွားသည့် ဖြစ်စဉ်အပေါ် သင်ခန်းစာယူပြီး ယခု ရွေးကောက်ပွဲ၌ ယင်းသို့သော မသမာမှုများ မလုပ်နိုင်အောင် ထိန်းသိမ်း ကာကွယ်ရမည်” ဟု ၁၉၉၀ ရွေးကောက်ပွဲကို ကျင်းပခဲ့သော ရွေးကောက်ပွဲ ကော်မရှင်ကို စွပ်စွဲထားသည်။

၁၉၉၀ ရွေးကောက်ပွဲနေ့ မတိုင်ခင် မဲဆွယ်စည်းရုံးရေးကာလတွင် ရွေးကောက်ပွဲကော်မရှင်သည် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ တဖြစ်လဲ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ (တစည) ကို မျက်နှာသာပေးခဲ့ပြီး စစ်တပ်နှင့် ရဲတို့က သွယ်ဝိုက်၍ အကာအကွယ် ပေးခဲ့သည်။

မြန်မာပြည်သူများ၏ ၁၉၉၀ ရွေးကောက်ပွဲ၌ လိမ္မာပါးနပ်မှုကို သိထားသော USDP ၏ စစ်ဗိုလ်ချုပ် တဖြစ်လဲ ပါတီခေါင်းဆောင် များသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်သူ့ဆန္ဒမဲများကို ကျုံးသွင်းရယူရန် ကြိုးစားနေသည်ဟု လေ့လာသူများက ထောက်ပြကြသည်။

ရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မတီများကို ဗဟိုအဆင့်မှစ၍ အဆင့်ဆင့် စနစ်တကျဖွဲ့စည်းထားပြီး ရပ်ကွက် ကျေးရွာ အဆင့်များတွင် စည်းရုံးရေး အကူအဖွဲ့၊ ဆော်သြရေးအဖွဲ့၊ သယ်ယူ ပို့ဆောင်ရေးအဖွဲ့၊ ဧည့်ခံ မဏ္ဍပ်နှင့် ဧည့်ခံ ကျွေးမွေးရေး အဖွဲ့၊ စောင့်ကြည့်လေ့လာ ကြပ်မတ်ရေးအဖွဲ့၊ မဲရုံ ကိုယ်စားလှယ်များ ဟူ၍ ဖွဲ့စည်းရန် USDP ၏ ရွေးကောက်ပွဲ အောင်နိုင်ရေး လုပ်ငန်းစဉ်တွင် ဖော်ပြထားသည်။

စည်းရုံးရေးအကူအဖွဲ့ကို ရပ်ကွက်ကျေးရွာတိုင်းတွင် မြို့နယ်အမှုဆောင်တဦး သို့မဟုတ် ပါတီကေဒါတဦး အပါအ၀င် အဖွဲ့ဝင် ၃ ဦးဖြင့် ဖွဲ့စည်း၍ တအိမ်တက်ဆင်း စည်းရုံးသည့် ဗျူဟာကို ချမှတ်ထားပြီး ကျေးရွာနှင့် ရပ်ကွက်ထဲမှ ရာဇ၀င် လူဆိုးများကို ပစ်မှတ်ထား စည်းရုံးခြင်းသည် ၎င်းတို့၏ အဓိက တာဝန်များထဲတွင် ပါဝင်သည်။

“လူဆိုးလူမိုက် စာရင်းဝင်များကိုပါ ထိတွေ့ စည်းရုံးထားကြရမည်။ မိမိတို့က မစည်းရုံးနိုင်ဘဲ အခြားပါတီများက ချဉ်းကပ်ပြီး ၎င်းတို့ကို အသုံးချလျက် မိမိတို့ကို ထောက်ခံသူများကို ရန်မူခြင်း၊ ခြိမ်းခြောက်ခြင်း၊ မိုက်ကြေးခွဲခြင်း၊ အနိုင်ကျင့်ခြင်းများ ရှိလာနိုင်သည်” ဟု ဆိုသည်။

ဆော်သြရေးအဖွဲ့ကို အဖွဲ့ဝင် ၂ ဦးဖြင့်ဖွဲ့စည်းပြီး မဲဆန္ဒရှင်တိုင်း မဲပေးရန်နှင့် ၎င်းတို့ပါတီကို မဲပေးရန် အဓိက လုပ်ဆောင်မည် ဖြစ်သည်။

ရွေးကောက်ပွဲနေ့တွင် ဆော်သြရေးအဖွဲ့၏ အဓိကတာဝန်မှာ “ကျေးရွာ ရပ်ကွက်များအတွင်းရှိ မဲဆန္ဒရှင် အားလုံးကို စုစည်းပြီး အိုးစည် ဒိုးပတ်ဝိုင်းများ၊ အကများ၊ အသံချဲ့စက်များဖြင့် ပြည်ခိုင်ဖြိုးပါတီ၏ အလံများ ကိုင်ဆောင်ပြီး သွားရောက် မဲပေးနိုင်အောင် စည်းရုံး ဆော်သြရမည်” ဟု ဖော်ပြထားသည်။

သယ်ယူပို့ဆောင်ရေး အဖွဲ့ကို အဖွဲ့ဝင် ၂ ဦးဖြင့် ဖွဲ့စည်းပြီး မဲဆန္ဒရှင်များကို မဲရုံသို့ ပိုဆောင်ရန် “ဆိုက်ကား၊ မြင်းလှည်း၊ နွားလှည်း၊ ဆိုင်ကယ်၊ ထော်လာဂျီနှင့် မော်တော်ကား” များ စီစဉ်ထားရန် တာဝန်ပေးထားသည်။ ထို့အတူ ဧည့်ခံမဏ္ဍပ်နှင့် ဧည့်ခံ ကျွေးမွေးအဖွဲ့ကို လူအင်းအား အလုံအလောက်ဖြင့် ဖွဲ့စည်းရန် ညွှန်ကြားထားပြီး မဲရုံတိုင်းတွင် မဏ္ဍပ်ထိုးရန် ဖြစ်သည်။

“မဲလာထည့်သော မဲဆန္ဒရှင်များ ခေတ္တထိုင်ပြီး အနားယူနိုင်ရန် ထိုင်ခုံ၊ ဖျာ၊ သောက်ရေသန့်၊ လက်ဖက်၊ အချိုရည်များဖြင့် အဆာပြေ ဧည့်ခံနိုင်အောင် ဆောင်ရွက်ရမည်” ဟု ထိုညွှန်ကြားလွှာက ဆိုထားသည်။

ယခု USDP ပါတီ၏ ရွေးကောက်ပွဲနေ့ လုပ်ငန်းစဉ်က ထွက်ရှိမလာသေးသော ရွေးကောက်ပွဲ ကော်မရှင်၏ မဲဆွယ်ခွင့် ဥပဒေကို ကြိုပြီး သိရှိနေသည့်အလား အသေးစိတ် ညွှန်ကြားထားသည်ကို တွေ့ရသည်။ နိုင်ငံတကာ ရွေးကောက်ပွဲများတွင် ရွေးကောက်ပွဲနေ့များ၌ ပါတီများ မဲဆွယ်စည်းရုံးခြင်းကို တားမြစ်လေ့ရှိသည်။

ရွေးကောက်ပွဲနေ့တွင် မဲရုံ အတွင်းနှင့်အပြင် အဖွဲ့နှစ်ဖွဲ့ ပူးပေါင်းလှုပ်ရှားရန် USDP က စီစဉ်ထားသည်။ ပါတီ၏ မဲရုံ ကိုယ်စားလှယ် နှစ်ဦးစီက မဲရုံအတွင်း ဖြစ်စဉ် အသေးစိတ်ကို မှတ်တမ်း တင်ရမည်ဖြစ်ပြီး မဲရုံပြင်ပတွင် စောင့်ကြည့်လေ့လာ ကြပ်မတ်ရေး အဖွဲ့က မဲရုံဝန်းကျင်တွင် ၎င်းတို့၏ အတိုက်အခံပါတီများ လှုပ်ရှားမှု အခြေအနေကို စောင့်ကြည့်ရန် ဖြစ်သည်။

မဲရုံ အတွင်းအပြင်တွင် ဖြစ်ပွားသော မဲမသမာမှုများကို အတွင်းအပြင်အဖွဲ့များ ပေါင်းစပ်ပြီး အထက် အဆင့်ဆင့်ကို အလျင်အမြန် သတင်းပို့ရန် ညွှန်ကြားထားသည်။

“လိုအပ်ပါက ဓာတ်ပုံ၊ ဗီဒီယိုမှတ်တမ်းများ ရယူထားနိုင်ရေးအတွက် နယ်မြေအလိုက် ဓာတ်ပုံကင်မရာ၊ ဗီဒီယိုကင်မရာများ အသုံးပြုပြီး မှတ်တမ်းတင် ဆောင်ရွက်ရမည်” ဟု USDP က ၎င်းတို့၏ စောင့်ကြည့် လေ့လာရေး အဖွဲ့များကို ညွှန်ကြားထားသည်။

ညွှန်ကြားလွှာ၏ အဆုံးတွင် “အမှိုက်က စ ပြာသာဒ်မီးလောင် မဖြစ်ရအောင်၊ မြင်းခွာသံမှို တချောင်းလိုသဖြင့် စစ်ပွဲကြီး တပွဲလုံး မရှုံးနိမ့်ရအောင်” ဟု ဆိုထားပြီး “ဆန့်ကျင်ဖက်အုပ်စုများ ပေါင်းမိသွားပါက မိမိတို့သည် အလိုလိုနေရင်း ၎င်းတို့၏ ဘုံရန်သူ ဖြစ်လာနိုင်သည်” ဟု ပါတီဝင်များကို သတိ ပေးထားသည်။ ပါတီဝင်များအကြား အနိုင်ရမည်မှာ သေချာသည်ဟု ယုံကြည်မှု လွန်ကဲခြင်း (Over Confidence) မဖြစ်ရန်လည်း သတိပေးထားသည်။

USDP သည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းကြီး (USDA) ကို အမွေခံထားခြင်းဖြစ်၍ ထိုကဲ့သို့ လူအင်အား၊ ငွေအင်းအားနှင့် လက်ရှိ စစ်အစိုးရ၏ အာဏာကို တိုက်ရိုက်တမျိုး သွယ်ဝိုက်တဖုံ အတားအဆီးမရှိ အသုံးချပြီး ရွေးကောက်ပွဲကို အပိုင်စီးရန် ယခု အောင်နိုင်ရေးမဟာဗျူဟာကို ချမှတ်ထားခြင်းက သက်သေပြနေသည်ဟု လေ့လာသုံးသပ်သူတချို့က ပြောဆိုသည်။

ဧပြီလ ၂၉ ရက်နေ့တွင် လက်ရှိ စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်နှင့် အစိုးရ၀န်ကြီး၊ အရာရှိကြီး ၂၆ ဦးတို့သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ USDP ပါတီကို တည်ထောင်ခွင့် လျှောက်ထားပြီး ဇွန်လ ၈ ရက်နေ့၌ ပါတီ မှတ်ပုံတင်ခွင့် ကျထားသည်။

ယခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီ ၄၆ ခုတို့က နိုင်ငံရေးပါတီ တည်ထောင်ခွင့်နှင့် ဆက်လက် တည်ထောင်ခွင့်တို့ကို လျှောက်ထားခဲ့ပြီး ပါတီမှတ်ပုံ တင်ခွင့် လျှောက်ထားသည့် ပါတီ ၄၀ အနက် ၃၉ ပါတီကို ရွေးကောက်ပွဲ ကော်မရှင်က မှတ်ပုံတင်ခွင့် ပြုပြီးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

၃၉ ပါတီ အနက် ယနေ့အထိ ပါတီဝင်အင်အားစာရင်း တင်ပြပြီးသည့် ပါတီမှာ ၁၀ ပါတီရှိပြီဖြစ်သည်။ USDP သည် ရွေးကောက်ပွဲ ကော်မရှင်သို့ ပါတီဝင်အင်အား တင်ပြသည်ကို ယနေ့အချိန်အထိ မတွေ့ရှိရ သေးပေ။

Ref: ဧရာဝတီ်

Read More...

နအဖ ရွေးကောက်ပွဲကို သတိထားရန် စာရေးဆရာ သန်းဝင်းလှိုင် ပြောကြား

ရဲရင့်
၂၉ ဇူလိုင် ၂၀၁၀

မြန်မာနိုင်ငံတွင် ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲသည် ဆိတ်ခေါင်းကို ချိတ်၍ ခွေးသားရောင်းမည့် အစီအစဉ် ဖြစ်သောကြောင့် အထူး သတိပြုသင့်သည်ဟု နာမည်ရ မြန်မာ စာရေးဆရာတဦး ဖြစ်သည့် သန်းဝင်းလှိုင်က ခေတ်ပြိုင်သို့ ပြောကြားသည်။

ယခုလဆန်းပိုင်းက ထိုင်း-မြန်မာနယ်စပ် လွတ်မြောက်နယ်မြေသို့ ရောက်ရှိလာသည့် ဆရာ သန်းဝင်းလှိုင်က “ဒီရွေးကောက်ပွဲက ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းမယ့် ဒီမိုကရေစီပဲ။ အဲဒါကြောင့် ခွေးသားမစားပါနဲ့ ကျနော်ပြောတယ်။ အဲဒါကို စားချင်သပ ဆိုရင်လည်း စားကြပေါ့။ သူတို့ ချထားတဲ့ ဥပဒေ စည်းကမ်းတွေ ဆိုတာကလည်း အပ်နဖါး ပေါက်ထဲကို ကုလားအုတ် ၀င်ခိုင်းသလိုပဲ။ ဘယ်လိုမှ သုံးလို့မရဘူး” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် လုံးချင်းစာအုပ် (၃၀) ထုတ်ဝေခဲ့ပြီး နောက်ထပ် ထုတ်ဝေမည့် ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်း အပါအ၀င် စာအုပ် (၁၅) အုပ်ကို စာပေစိစစ်ရေးက ထုတ်ဝေခွင့် မပြုတော့သည့်အပြင် စာရေးသူကိုပါ ပြန်လည် ဖမ်းဆီးမည့် အနေအထားများ ရှိသောကြောင့် လွတ်မြောက် နယ်မြေသို့ ထွက်လာခြင်း ဖြစ်သည်ဟု ဆရာ သန်းဝင်းလှိုင်က ပြောသည်။

၎င်းက “ထွက်လာတဲ့ ရည်ရွယ်ချက်ကတော့ ကျနော့်စာအုပ်တွေ အပိတ်ခံရတယ်။ စာပေနဲ့ ရပ်တည်လို့ မရဘူး။ အဲဒါကြောင့် လွတ်မြောက် နယ်မြေမှာ ကျနော် လွတ်လွတ်လပ်လပ် ရေးချင်တယ်။ ပြည်သူလူထုရဲ့ မှန်ကန်တဲ့ လိုအပ်ချက်ကို တနည်းအားဖြင့် ဖြည့်စွမ်းချင်တယ်။ နောက်ပြီး ဒီမိုကရေစီ တိုက်ပွဲမှာ တထောင့်တနေရာကနေ စာပေနဲ့ အကျိုးပြု လုပ်ချင်တယ်။ ဟိုမှာတော့ လုပ်လို့ မရဘူး။ ထပ်လည်း အဖမ်းမခံချင်ဘူး။ လုပ်ရင်းနဲ့ ကျသွားတာကတမျိုး၊ ဒါကြီးကို ကျမယ်မှန်း သိလျက်နဲ့ တိုးလိုက်ရင် ကိုယ်ပဲ နစ်နာမယ်။ အချိန်တွေ အကျိုးမဲ့ ထောင်ထဲမှာ ကုန်ဆုံးသွားမယ်။ အပြင်မှာ တတ်နိုင်သလောက် လုပ်ရင် တိုင်းပြည်အတွက် ပိုအကျိုးရှိမယ်လို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ထွက်လာပါ” ဟု ပြောသည်။

စာရေးဆရာ သန်းဝင်းလှိုင်သည် ပြည်တွင်းတွင် ထုတ်ဝေခွင့်မရသည့် ဗိုလ်ချုပ်အကြောင်း စာအုပ် (၅) အုပ်အပါအ၀င် စာအုပ်ရေ (၁၅) အုပ်ကို လွတ်မြောက်နယ်မြေတွင် ပြည်သူအတွက် ပြန်လည် ထုတ်ဝေဖြန့်ချိ သွားမည်ဟု ပြောသည်။

ဆရာရေးဆရာ သန်းဝင်းလှိုင်သည် ၁၉၉၇ ခုနှစ် နိုဝင်ဘာလထုတ် သင့်ဘ၀ မဂ္ဂဇင်းတွင် အနာဂတ် လွန်းပျံယာဉ် ဆောင်းပါး စတင် ရေးသားကာ စာပေနယ်ထဲသို့ ၀င်ရောက်ပြီး သုတ၊ ရသ၊ အားကစား ဆောင်းပါးပေါင်း (၅၀၀) ကျော်ကို မဂ္ဂဇင်းများတွင် ရေးသားခဲ့ပြီး လုံးချင်းစာအုပ် (၃၀) ကိုလည်း ထုတ်ဝေခဲ့ပြီးဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားဟောင်း တဦးလည်းဖြစ်သည့် ဆရာသန်းဝင်းလှိုင်သည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ကာလ၌ ထောင်အချုပ် (၁) လခွဲ ကျခံခဲ့ရပြီး ၂၀၀၀ ခုနှစ်တွင် “ရုပ်ထုမှပြောသော မြန်မာ့သမိုင်းဝင် ပုဂ္ဂိုလ်ထူးများစာအုပ်” ကို စာအုပ် ထုတ်ဝေသူက ခွင့်ပြုချက် မရရှိဘဲ ထုတ်ဝေခဲ့သဖြင့် ထောင်ဒဏ် (၇) နှစ် ထပ်မံ ကျခံခဲ့ရသည်။

Ref: ခေတ်ပြိုင်

Read More...

ကြံ့ဖွံ့ စည်းရုံးရေး မြို့ပေါ်တက်တော့မည်

ကျော်ခ
ကြာသပတေးနေ့၊ ဇူလိုင်လ ၂၉ ရက် ၂၀၁၀

ချင်းမိုင် (မဇ္ဈိမ)။ ။ မွန်ပြည်နယ်အတွင်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအနေဖြင့် ကျေးလက်များတွင် စည်းရုံးရေး လုပ်နေပြီး ဒုတိယ အဆင့် အဖြစ် မြို့ပေါ်သို့ ကူးပြောင်းမည် ဖြစ်ကြောင်း ကြံ့ဖွံ့ ပြည်နယ် အဆင့် ခေါင်းဆောင်တဦးက ရွေးကောက်ပွဲ စည်းရုံးရေး လုပ်ငန်းစဉ်ကို ပြောသည်။

နိုင်ငံရေး ပါတီ ၄၀ ကျော်အနက်မှ အထူးအခွင့်အရေး ရရှိနေသော ၀န်ကြီးချုပ် ဦးသိန်းစိန်၏ ကြံ့ဖွံ့သည် မွန်ပြည်နယ် အတွင်း ပါတီမဖြစ်ခင် ယခုနှစ် ဧပြီလပိုင်းကပင် ကျေးရွာများသို့ စည်းရုံးမှုများ လုပ်ဆောင် နေခဲ့သည်။

“အခုတော့ ရွာတွေမှာ ဖောင်ဖြည့် စာရင်းကောက်ယူ အဆင့်ပဲ။ ဒါပြီးရင်တော့ မြို့ပေါ် ကူးတော့မှာပါ။ သက်ဆိုင်ရာ မြို့နယ်အလိုက်၊ ခရိုင်အလိုက်၊ ကျေးရွာအလိုက်မှာ ကျနော်တို့ရဲ့ စည်းရုံးရေးတွေက အဆင့်ဆင့် ရှိပြီးသားဖြစ်တဲ့ အတွက် စည်းရုံးရေး ဆင်းတဲ့ အခါမှာလည်း ဘာအခက်အခဲမှ မရှိပါဘူး” ဟု ရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မတီဝင် တဦးက မဇ္ဈိမကို ပြောသည်။

၁၉၉၃ ခုနှစ်က တည်ထောင်ခဲ့ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နာယကဖြစ်သော လူမှုရေးကြံ့ဖွံ့အသင်းမှ ဇူလိုင်လ ၆ ရက်နေ့တွင် နိုင်ငံရေးပါတီ ကြံ့ဖွံ့အဖြစ် ပြောင်းလဲခဲ့ကာ ၀န်ကြီးချုပ် အပါအ၀င် လက်ရှိရာထူး ရယူထားသော စစ်ဗိုလ်ချုပ် ၁၇ ဦးသည် စစ်ဘက်မှ နုတ်ထွက်ပြီး ဦးဆောင်ထားသည်။

ကြံ့ဖွံ့အသင်းဖြစ်စဉ်က နိုင်ငံတ၀ှန်း ရုံးပေါင်း ၁၅၄၂၁ ရုံးရှိခဲ့ပြီး အသင်းဝင်ပေါင်း ၂၄ သန်းကျော် ရှိသည်ဟု ထုတ်ပြန်ခဲ့သည်။ သို့သော် ပါတီအဖြစ် ပြောင်းသောအခါ အသင်းဝင်အဖြစ် ခန့်ထားခဲ့သော ကျောင်းသူ ကျောင်းသားများ၊ အစိုးရ ၀န်ထမ်းများကို ပြန်လည် လျှော့ချရသည်။

ပါတီဝင် အရေအတွက်နှင့် ပတ်သက်၍ ၈ သန်း ရှိသည်ဆိုသော သတင်း ထွက်ပေါ်နေသော်လည်း တိုင်းအဆင့် ခေါင်းဆောင် တဦးကတော့ ”ခန့်မှန်းလို့ မရသေးဘူး” ဟု ဆိုကာ အတည်ပြုရန် ငြင်းဆန်ထားသည်။

ပါတီဝင်ကြေးကို ကျပ် ၁၀၀၀ အဖြစ် သတ်မှတ်ထားရာ ပါတီရန်ပုံငွေ ကျပ်သန်း ၈၀၀၀ ရရှိပြီးဟန် ဖြစ်စေရန် လုပ်ဆောင်ခြင်း ဖြစ်မည်ဟု ဝေဖန်သူများက ပြောသည်။

မွန်ပြည်နယ် ကြံ့ဖွံ့စည်းရုံးရေးမှူးဖြစ်သူ ဦးတင်စိုးမိုးနိုင်က လူထုအာရုံစိုက်မှု ပိုမိုရရှိလာနိုင်ရန် ပြည်နယ်အတွင်းရှိ မြို့ပေါ်များတွင် လမ်း၊ တံတားများ ခင်းကျင်းပြုပြင်ခြင်း အပါအဝင် လူမှုရေး ကိစ္စများတွင်လည်း ဆောင်ရွက်ပေးနိုင်ရန် လုပ်ဆောင် နေကြောင်းနှင့် အထက် အာဏာပိုင်များ၏ ချမှတ်မှုကို စောင့်ဆိုင်းနေကြောင်း ပြောသည်။

ယခုအခါ မွန်ပြည်နယ်ရှိ မြို့နယ်တိုင်း၊ ကျေးရွာတိုင်းတွင် အသင်းဆိုင်းဘုတ်များ ဖြုတ်ချပြီးစီးသွားပြီဖြစ်ကာ ပါတီ ဆိုင်းဘုတ် တင်ရန်သာ ကျန်ရှိတော့သည်ဟု သူက ဆိုသည်။

ဒေသအတွင်း အဓိက ပြိုင်ဘက်မှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီနှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရက်တစ် ပါတီတို့ ဖြစ်သည်ဟု ပါတီခေါင်းဆောင်များက ပြောသည်။

“ဒီပါတီတွေက အခုမှ မြေစမ်းခရမ်းပျိုးအဆင့်ပဲ ရှိသေးတာ။ ကျနော်တို့က အသင်းအနေနဲ့ ကတည်းက လုပ်လာတာ ကြာပြီဆိုတော့ လူထုက သိနေပြီလေ။ ဒါပေမဲ့လည်း လူထုရဲ့ စိတ်သန်ရာပေါ့ဗျာ။ တအိမ်ထဲနေတဲ့ မောင်နှမချင်းတောင် စိတ်ချင်းတူတာမှ မဟုတ်တာ” ဟု မြို့နယ် စည်းရုံးရေးမှူး တဦးက မဇ္ဈိမကို ပြောသည်။

ယခုလ ၂၀ ရက်နေ့က ဒုတိယ ပညာရေးဝန်ကြီး ဗိုလ်မှူးချုပ်အောင်မျိုးမင်းသည် ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ်မှ ကျောင်းသား ကျောင်းသူများကို သွေးထွက် သံယို မှုများဖြစ်ရန် မလိုလားသည့်အတွက် စစ်တပ်နှင့် ပတ်သက်သည့် ပါတီကို မဲထည့်ရန် ပြောသဖြင့် ထိုပွဲကို တက်ရောက်သူများ ဒေါသထွက်ခဲ့ရသည်။

ကြံ့ဖွံ့ပါတီကဲ့သို့ အာဏာပိုင်များကို အသုံးပြုနိုင်ခြင်း၊ ငွေကုန်ကြေးကျခံ၍ လမ်းခင်းခြင်း၊ တံတား ပြင်ခြင်းများ မပြုလုပ် ပေးနိုင်သော်လည်း မွန်ပြည်နယ်ရှိ ဒေသခံလူထု၏ ထောက်ခံမှု ရရှိမည်ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရက်တစ် ပါတီ ဥက္ကဋ္ဌ နိုင်ငွေသိန်းက ပြောသည်။

“သူတို့ လမ်းခင်းတယ် ဆိုတာကလည်း သူတို့ ပိုက်ဆံနဲ့ ခင်းနေတာမှ မဟုတ်ဘဲ။ ဒါမျိုးကိုတော့ သူတို့ကို ဘယ်ပါတီမှ မယှဉ်နိုင်ပါဘူး။ စည်းရုံးရေး ဆင်းရင်လည်း သူတို့ကတော့ လွတ်လပ်မှု ရှိတာပေါ့။ ကြိုက်တဲ့နေရာ သွားလို့ရတယ်။ ရယက ခေါ်ပြီးခိုင်းလို့ ရတယ်လေ။ တို့ကတော့ ကော်မရှင်က ချမှတ်ထားတဲ့ စည်းကမ်းအတိုင်း လိုက်နာ လုပ်ကိုင်တယ်” ဟု သူက ပြောသည်။

“တို့မှာကတော့ ရေတွင်းတူးပေးမယ်၊ လမ်းခင်းပေးမယ်၊ ဘာလုပ်ပေးမယ် ညာလုပ်ပေးမယ် မရှိဘူး။ တတ်လည်း မတတ်နိုင်ဘူး။ တို့ကတော့ ရွာတွေဆင်းမယ်ဆို ဘုန်းကြီးကျောင်းကို အရင်သွားတယ်။ ပြီးမှ ရွာထဲကို တအိမ်တက် တအိမ်ဆင်း ကျနော်တို့ ဘာလုပ်မယ်၊ ကျနော်တို့ မူက ဒါဆိုတာကို ချပြပြီး စည်းရုံးရေးဆင်းတယ်။ လူထုက လက်ခံပါတယ်” ဟု သူက ဆက်ပြောသည်။

ထိုင်းနိုင်ငံအခြေစိုက် NDD ခေါ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး အင်အားစုမှ ဥက္ကဋ္ဌ ဒေါ်ခင်ဥမ္မာက “USDP က ဘာကြောင့် တခြား ပါတီတွေထက် ဒီလို အခွင့်အရေးတွေ ရနေလဲဆိုရင် သူက လွတ်လပ်တဲ့ နိုင်ငံရေးပါတီတခု မဟုတ်ဘူး။ တကယ်တမ်းတော့ အရေခြုံ ထားတဲ့ နအဖ စစ်အာဏာရှင်ပဲ ဖြစ်တယ်။ ဒါကြောင့် သူတို့က လုပ်ချင်သလို လုပ်ခွင့်တွေ ရှိနေတာဖြစ်တယ်” ဟု သူက မဇ္ဈိမကို ပြောသည်။

NDD သည် စစ်အာဏာရှင်စနစ်၏ ဒေါက်တိုင်များ သို့မဟုတ် ပြည်ခိုင်ဖြိုး စာအုပ်ကို ၁၉၉၈ ခုနှစ်တွင် ထုတ်ဝေခဲ့သည်။

လွှတ်တော်တွင် ပြုပြင်ပြောင်းလဲယူမည်ဟူသည့် ရည်ရွယ်ချက်နှင့် ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင် ကြယှဉ်ပြိုင်ကြမည့် ပါတီများ အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံဥပဒေ မူကြမ်းနှင့် ၂၀၁၀ ရွေးကောက်ပွဲ ကော်မရှင် ဥပေဒေတို့တွင် စစ်အစိုးရက စိတ်ကြိုက် ဖန်တီးထားပြီးဖြစ်သဖြင့် စိတ်ကူးယဉ် အိမ်မက်သာ ဖြစ်မည်ဟု သူက ဆက်ပြောသည်။

Ref: မဇ္ဈိမ

Read More...

မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီး မြန်မာပြည် လည်ပတ်

Thursday, July 29, 2010

မြောက်ကိုရီးယား နိုင်ငံခြားရေး ၀န်ကြီး Pak Ui Chun သည် ၂၅ နှစ်တာ အတွင်း ပထမဆုံး အကြိမ် အဆင့်မြင့် အရာရှိအဖြစ် မြန်မာနိုင်ငံသို့ ယနေ့ အလည် အပတ် လာရောက်ကြောင်း သတင်းရရှိသည်။

အရှေ့တောင် အာရှ ၄ နိုင်ငံ အလည် အပတ် ခရီးစဉ် အတွင်း လာအို နိုင်ငံမှ တဆင့် မြန်မာ နိုင်ငံသို့ ရောက်ရှိ လာခြင်း ဖြစ်ကြောင်း သတင်းထောက်နှင့် သံတမန် အသိုင်း အဝိုင်းက ဆိုသည်။

မြောက်ကိုရီးယား နိုင်ငံခြားရေး ၀န်ကြီးသည် ပြီးခဲ့သည့် တပတ်က ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ကျင်းပ ပြုလုပ်ခဲ့သော အာဆီယံ ဒေသတွင်း ဆိုင်ရာ ဆွေးနွေးပွဲ (ARF) အစည်း အဝေးကို တက်ရောက် ခဲ့ပြီးနောက် အရှေ့တောင် အာရှ ၄ နိုင်ငံ ခရီးစဉ်ကို စတင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အာဆီယံ၏ နိုင်ငံခြားရေး ၀န်ကြီးများနှင့် တခြား နိုင်ငံများ တက်ရောက်သည့် မြောက်ကိုရီးယားသည် ARF အစည်းအဝေးကို မတက် ရောက်သည်မှာ ၂ နှစ်ခန့် ရှိပြီး ဖြစ်သည်။

မြန်မာ စစ်အစိုးရ ထိန်းချုပ်ထားသော မီဒီယာများနှင့် မြောက်ကိုရီးယား သတင်းဌာနများတွင် Pak Ui Chun ၏ ခရီးစဉ်နှင့် ပတ်သက်၍ အသေးစိတ် ထုတ်ဖော် ရေးသားမှုများ မတွေ့ရပေ။

ARF အစည်းအဝေးအပြီး၌ နိုင်ငံခြားရေး ၀န်ကြီး Pak Ui Chun သည် ဗီယက်နမ်၊ လာအို၊ မြန်မာနှင့် အင်ဒိုနီးရှား နိုင်ငံများသို့ သွားရောက်မည်ဟု မြောက်ကိုရီးယား အစိုးရပိုင် သတင်းဌာန Korean Central News Agency မှ ဇူလိုင်လ ၂၀ ရက်နေ့တွင် သတင်း အကျဉ်းချုပ်သာ ဖော်ပြခဲ့သည်။

မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးသည် နေပြည်တော်တွင် မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဥာဏ်ဝင်းနှင့် တခြား အဆင့်မြင့် အရာရှိများကို သွားရောက် မတွေ့ဆုံမီ ရန်ကုန်မြို့ရှိ ရွှေတိဂုံ စေတီတော်သို့ သွားရောက် ဖူးမျှော်ကြောင်း AP သတင်းဌာနတွင် ဖော်ပြထားသည်။

မြန်မာပြည် ခရီးစဉ် အပြီးတွင် မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးသည် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ သြဂုတ်လ ၃ ရက်မှ ၄ ရက်နေ့ အထိ ကျင်းပမည့် ထောင်စုနှစ် ဖွံ့ဖြိုးရေးဆိုင်ရာ ရည်မှန်းချက်များနှင့် ပတ်သက်၍ ၀န်ကြီးများအဆင့် အထူး အစည်းအဝေးသို့ ဆက်လက် တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

Pak Ui Chun သည် ၁၉၇၂ ခုနှစ်မှစ၍ မြောက်ကိုရီးယား သံအမတ်အဖြစ် အယ်လ်ဂျီးရီးယား၊ ဆီးရီးယားနှင့် ဘက်ဘနွန် နိုင်ငံများတွင် တာဝန် ထမ်းဆောင်ခဲ့သည်။ ၁၉၈၉ မှ ၂၀၀၇ အထိ ရုရှနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် တာဝန် ထမ်းဆောင်ပြီးနောက် နိုင်ငံခြားရေး ဝန်ကြီး ဖြစ်လာခဲ့သည်။

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မစ္စ ကလင်တန် က “မြောက်ကိုရီးယားက မြန်မာစစ်အစိုးရကို စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ နေတာကို အားလုံးက စိုးရိမ်နေကြတယ်” ဟု ARF အစည်းအဝေးအတွင်း ဗီယက်နမ် နိုင်ငံခြားရေး ၀န်ကြီးနှင့် တွေ့ဆုံ အပြီးတွင် ထုတ်ဖော်ပြောကြားခဲ့သည်။

၁၉၈၃ ခုနှစ်နှစ်တွင် မြန်မာနိုင်ငံသို့ အလည်လာရောက်သော တောင်ကိုရီးယား သမ္မတ ချန်ဒူးဝမ်နှင့် အဖွဲ့အား ရန်ကုန်မြို့အာဇာနည် ဗိမာန်တွင် မြောက်ကိုရီးယား ကွန်မန်ဒိုတို့က ဗုံးခွဲတိုက်ခိုက်ရာ သမ္မတ ချန်ဒူးဝမ် သေဆုံးခြင်း မရှိသော်လည်း ၀န်ကြီး ၄ ဦး အပါအ၀င် ၂၁ ဦး သေဆုံးပြီး နောက်ပိုင်း မြန်မာနှင့် မြောက်ကိုရီးယား သံတမန် ဆက်ဆံရေး ရပ်သွားခဲ့သည်။

ရန်ကုန် အာဇာနည် ဗိမာန် ဖောက်ခွဲမှုဖြစ်ပွားခဲ့ပြီး ၂၅ နှစ်အကြာတွင် မြောက်ကိုရီးယားသည် တရားဝင် လူသိရှင်ကြား တောင်းပန်ခြင်း မရှိသော်လည်း စစ်အစိုးရ၏ နျူကလီးယား ရည်မှန်းချက်ကြောင့် အာဏာရှင် နှစ်နိုင်ငံသည် သံတမန် ဆက်သွယ်ရေး သာမက စစ်ရေး ဆက်နွယ်မှုများ ပြုလုပ်လာသည်ကို တွေ့ရသည်။

မကြာသေးသော နှစ်များ အတွင်း တိတ်တဆိတ် ဆက်ဆံရေးများ ပြုလုပ်လာခဲ့ကာ ပြီးခဲ့သည့် ၂၀၀၇ ခုနှစ် ဧပြီလတွင် တရားဝင် ဆက်ဆံရေး ပြန်လည် စတင် ခဲ့ခြင်း ဖြစ်သည်။

မြောက်ကိုးရီယား နိုင်ငံအနေဖြင့် မြန်မာနိုင်ငံသို့ နောက်ဆုံး တရားဝင် လာရောက်မှုသည် ၂၀၀၈ နိုဝင်ဘာလ၌ ဖြစ်ပြီး မြောက်ကိုရီးယား ဒုတိယ နိုင်ငံခြားရေး ၀န်ကြီး ကင်ရန်အီနှင့် မြန်မာ အာဏာပိုင်တို့က ၂ နိုင်ငံ အစိုးရ အရာရှိကြီးများ အတွက် ဗီဇာကင်း လွတ်ခွင့်ကို သဘောတူခဲ့သည်။

၂၀၀၈ ခုနှစ် နိုဝင်ဘာလအတွင်း၌ပင် ဗိုလ်ချုပ်ကြီး သူရရွှေမန်း ခေါင်းဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် မြောက်ကိုရီးယားသို့ လျှို့ဝှက် သွားရောက်ခဲ့သော်လည်း နောက်ပိုင်းတွင် သတင်း ပေါက်ကြားခဲ့သည်။

လက်နက်များ တင်ဆောင်လာသည်ဟု ယူဆရသည့် မြောက်ကိုရီးယား သင်္ဘောတစီး မြန်မာပြည်သို့ ဦးတည် ခုတ်မောင်း နေသည်ဟူသော သတင်းက ၂၀၀၉ ခုနှစ် ဇွန်လတွင် ကမ္ဘာ့ မီဒီယာ၌ ထိပ်တန်းသို့ ရောက်ရှိခဲ့သည်။

စစ်အစိုးရ လျှို့ဝှက်လုပ်ဆောင်နေသော နျူကလီးယား လက်နက် ထုတ်လုပ်ရေး အစီအစဉ်ကို ယခုနှစ် ဇွန်လအတွင်း အယ်လ်ဂျာဇီးယား ရုပ်သံဌာနက ဖော်ပြခဲ့ပြီးနောက် စစ်အစိုးရက ထိုသတင်းသည် လီဆယ် လုပ်ကြံမှုသာ ဖြစ်သည်ဟု နိုင်ငံပိုင် မီဒီယာမှတဆင့် ငြင်းဆိုခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလက မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအီးလ်၏ မွေးနေ့ပွဲကို ရန်ကုန်မြို့ မြောက်ကိုရီးယား သံရုံးက စီစဉ် ကျင်းပရာ မြန်မာစစ်အစိုးရ ထိပ်ပိုင်း ခေါင်းဆောင်များ တက်ရောက်ကြသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကလည်း မွေးနေ့အတွက် သ၀ဏ်လွှာ တစောင် ထုတ်ပြန်ခဲ့သည်။

Ref: ဧရာဝတီ်

Read More...

ကြားဖြတ်အစိုးရ ဖွဲ့မည့် သတင်းများ ထွက်ပေါ်

ရန်ပိုင်
Thursday, July 29, 2010

ဝန်ကြီးချုပ် ဦးသိန်းစိန် အပါအ၀င် လက်ရှိ တာဝန် ထမ်းဆောင်ဆဲ ၀န်ကြီး အဖွဲ့ဝင်များ ရာထူးမှ နုတ်ထွက်ပြီး ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေ ဦးဆောင်သည့် ကြားဖြတ်အစိုးရ တရပ် ဖွဲ့စည်းမည် ဆိုသည့် ကောလာဟလ သတင်းများ စစ်တပ် အသိုင်းအ၀န်း ကြားတွင် ထွက်ပေါ် နေသည်။

ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့်“ပြည်ထောင်စုကြံ့ ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ”၀င်များသည် အစိုးရ အဖွဲ့ဝင် ၀န်ကြီးများ ဖြစ်နေသည့် အတွက် ရွေးကောက်ပွဲသည် တရားမျှတမှု မရှိနိုင်ဟု ပြည်တွင်းပြည်ပ ဝေဖန်မှုများကြောင့် အစိုးရ အဖွဲ့ဝင် ၀န်ကြီးများ ရာထူးမှ နုတ်ထွက်ပြီး ပါတီစည်းရုံးရေး လုပ်ငန်းများကို တရားဝင် လုပ်ဆောင်တော့မည်ဟု ပြောဆို နေကြကြောင်း နေပြည်တော် စစ်တပ် အသိုင်းအ၀ိုင်းနှင့် နီးစပ်သူတဦးက ဧရာဝတီသို့ ပြောသည်။

“ရွေးကောက်ပွဲဝင်မယ့် ပါတီတွေကရော နိုင်ငံတကာကပါ ဝေဖန်နေတယ် ဆိုတော့ ပိုပြီးတော့ တရားမျှတအောင် သန့်ရှင်းပါတယ် ဆိုပြီး လုပ်ပြမယ့် အနေအထားလို့ ထင်တယ်”ဟု ၎င်းကဆိုသည်။

လက်ရှိ အခြေအနေတွင်လည်း အဆိုပါ ကြံ့ဖွံ့ပါတီ၏ စည်းရုံးရေး လုပ်ငန်းများသည် လိုအပ်ချက်များ ရှိနေသေးကြောင်း၊ ထို့ကြောင့် စည်းရုံးရေး ကဏ္ဍကို လုပ်ကိုင်ရန်လည်း ဖြစ်နိုင်ကြောင်း ၎င်းက ဆက်လက်ပြောပြသည်။

ယင်းထွက်ပေါ်နေသည့် သတင်းများအရ ကြားဖြတ်အစိုးရတွင် စစ်ဘက်၊ အရပ်ဘက် အထူး လုံခြုံရေးအဖွဲ့ အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေက ၀န်ကြီးချုပ် အဖြစ်လည်းကောင်း၊ စစ်တိုင်းမှူးများက ၀န်ကြီး ရာထူးများကို တာဝန် ယူမည်ဟူ၍ လည်းကောင်း သိရသည်။

ရန်ကုန်မြို့ခံတဦးကလည်း ယင်းသတင်းများ ထွက်ပေါ်နေခြင်းမှာ ဟုတ်မှန်ကြောင်း၊ ၀န်ကြီးချုပ် ဦးသိန်းစိန်နှင့် ကြံဖွံ ပါတီဝင် ၀န်ကြီးများ၏ လက်ရှိ အနေအထားမှာ စစ်ဘက်ဆိုင်ရာ ရာထူးများမှ နုတ်ထွက်သော်လည်း အရပ် ဘက်ဆိုင်ရာ ရာထူးများတွင် တာဝန် ယူထားသောကြောင့် ရွေးကောက်ပွဲ အတွက် ပြောင်ပြောင် တင်းတင်း စည်းရုံးရေး ဆင်းလျှင် အဝေဖန် ခံရနိုင်သည့် အတွက် ဖြစ်နိုင်ကြောင်း ပြောဆိုသည်။

မကြာသေးမီကလည်း ဦးသိန်းစိန်အနေဖြင့် ပါတီခေါင်းဆောင်တာဝန်များကို ယူထားသည့် အပြင် ၀န်ကြီးချုပ် ဟူသည့် အစိုးရ တာဝန်များကို ယူထားခြင်းမှာ မသင့်လျော်ကြောင်း တိုင်းရင်းသား စည်လုံးညီညွတ်ရေး ပါတီ၏ ခေါင်းဆောင် တဦးဖြစ်သူ ဦးချစ်လှိုင်က VOA သတင်းဋ္ဌာနနှင့် တွေ့ဆုံ မေးမြန်းခန်း တခုတွင် တရားဝင် ထုတ်ဖော် ဝေဖန်ခဲ့သည်။

ဦးချစ်လှိုင်သည် ယခင် မြန်မာရေတပ်မတော်မှ ဗိုလ်မှူးချုပ်တဦးဖြစ်ပြီး မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပါတီအစိုးရတွင် နိုင်ငံခြားရေး ၀န်ကြီး အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

ဦးသိန်းစိန်နှင့် ၀န်ကြီးအဖွဲ့ လက်ရှိရာထူးများမှ နုတ်ထွက်ပြီး ရွေးကောက်ပွဲ ဥပဒေအရ အစိုးရပိုင်ငွေကြေး၊ နိုင်ငံတော်ပိုင် ပစ္စည်း ဥစ္စာများကို သုံးစွဲခြင်းမှ ကင်းလွတ်စွာဖြင့် ရပ်တည်ပြီး ပါတီအားလုံး လိုက်နာနေရသည့် ရွေးကောက်ပွဲ ဥပဒေဘောင် အတွင်းမှသာ လှုပ်ရှားမည် ဆိုလျှင် ကြိုဆိုကြောင်း အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီ ခေါင်းဆောင် တဦးဖြစ်သည့် ဦးခင်မောင်ဆွေ ကလည်း ပြောဆိုသည်။

မကြာသေးမီကလည်း ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံဖြိုးရေး ပါတီ သည် လာမည့် ရွေးကောက်ပွဲ အောင်နိုင်ရေးသည် ပထမ၊ ရွေးကောက်ပွဲ အောင်နိုင်ရေးသည် ဒုတိယ၊ ရွေးကောက်ပွဲ အောင်နိုင်ရေးသည် တတိယ ဆိုသည့် ကြွေးကြော်သံဖြင့် စည်းရုံးရေး လုပ်ငန်းများနှင့် အနိုင်ရရှိရေး အစီအစဉ်များကို ချမှတ်ထားကြောင်း သိရသည်။

Ref: ဧရာဝတီ်

Read More...

နအဖအား ဆန့်ကျင်သည့် ဒီကေဘီအေတပ်ဖွဲ့ကို ကေအန်ယူ ကြိုဆို

ရဲရင့်
၂၉ ဇူလိုင် ၂၀၁၀

နအဖကိုဆန့်ကျင်သည့် တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (ဒီကေဘီအေ) မှ တပ်ရင်း တပ်ဖွဲ့များအား မိမိတို့ နယ်မြေ အတွင်း အခြေချခွင့် ပြုမည်ဟု ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ) က ပြောကြားသည်။

ကရင်ပြည်နယ် ကော့ကရိတ်တွင် အခြေစိုက်ပြီး နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်းခြင်း လက်မခံသည့် ဒီကေဘီအေ တပ်မဟာ (၅) ကို နအဖ တပ်ရင်း၊ တပ်ဖွဲ့များက စစ်ရေးအရ ပြင်ဆင်မှုများ လုပ်နေသည့်အတွက် ကေအန်ယူ၏ အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန်က ပြောကြား လိုက်ခြင်းဖြစ်သည်။

၎င်းက “ဒီကေဘီအေအပေါ်မှာ ထားရှိတဲ့ ကေအန်ယူရဲ့မူအရ သူတို့ကို အခြေချခွင့်ပြုတာ ဖြစ်ပါတယ်။ သူတို့ကို ရန်သူဘက်က ထိုးစစ် ဆင်လာမယ် ဆိုရင်လည်း ကေအန်ယူက သူတို့ ဘက်ကနေ ကူပြီး တိုက်ခိုက် ပေးသွားမှာဖြစ်တယ်။ ဒါက အမျိုးသား ညီညွတ်မှုတရပ် ဖြစ်ပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

သို့သော် ခွဲထွက် ဒီကေဘီအေတပ်ဖွဲ့များအနေဖြင့် နအဖကို ဆန့်ကျင်ခြင်း မပြုဘဲ ကေအန်ယူ နယ်မြေအတွင်း ၀င်ရောက် အခြေချခွင့် ပြုမည် မဟုတ်ကြောင်း၊ ဘက်ပြောင်း၍ ပြန်လည်ပူးပေါင်းမည် ဆိုပါက ကြိုဆိုမည်ဖြစ်ကြောင်း ကေအန်ယူက ပြောကြားသည်။

နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းခြင်းကို ဆန့်ကျင်သည့် ဒီကေဘီအေ တပ်မဟာ (၅) ကို နအဖ စစ်တပ်များနှင့် နအဖ သစ္စာခံ ဒီကေဘီအေ တပ်ဖွဲ့များက ထိုးစစ်ဆင် တိုက်ခိုက်လာလျှင် ခွဲထွက် အဖွဲ့ဘက်မှ ကူညီ တိုက်ခိုက်ပေးရန် ပြင်ဆင် ထားသည်ဟု ၎င်းဒေသအနီး အခြေစိုက်သည့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် တပ်ရင်း (၂၀၁) ၏ တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး ဘူးဖောက ပြောသည်။

၎င်းက “ဒီကေဘီအေတပ်မဟာ (၅) က ကျနော်တို့နဲ့ မပူးပေါင်းလည်း ပြဿနာ မဟုတ်ဘူး။ သူတို့ နအဖကို ဆန့်ကျင်တာကို ကြိုဆိုတယ်။ သူတို့ဘက်က ရပ်တည်ဖို့ ကျနော်တို့ တပ်တွေအသင့်ပဲ” ဟု ပြောသည်။

ဒီကေဘီအေ တပ်မဟာ (၅) မှ တပ်မှူးတဦးကမူ “နယ်ခြားစောင့်တပ်ကို ငြင်းဆန်တဲ့အတွက် ဘယ်လိုမှ ညှိနှိုင်းလို့ မရတဲ့ အဆုံး နအဖက ကျနော်တို့ကို စစ်ရေးအရ ဖြေရှင်းဖို့ သူတို့တပ်ရင်းတွေ တိုးပြီးချထားတယ်။ ကျနော်တို့ကလည်း တပ်မဟာမှူးရဲ့ အမိန့် အတိုင်းပဲ စစ်ရေးအရ လက်ဦးမှုရအောင် ကြိုတင် ပြင်ဆင်ထားတယ်။ ကေအန်ယူနဲ့ ပြန်ပေါင်းဖို့တော့ လုံးဝမရှိဘူး၊ ဒီကေဘီအေရဲ့ နာမည်နဲ့ ဂုဏ်သိက္ခာကို လုံးဝ အပျက်မခံနိုင်ဘူး” ဟု ပြောသည်။

ယခုလ (၂၂) ရက်၌ ဒီကေဘီအေဌာနချုပ် မြိုင်ကြီးငူတွင် နယ်ခြားစောင့်တပ်ကိစ္စ ဆွေးနွေးရန် နအဖဘက်က ဆင့်ခေါ်ရာတွင် ဗိုလ်မှူးကြီး စောလားပွယ်က မသွားဘဲ ငြင်းဆန်ခဲ့ရာမှ စတင်ကာ ယခုကဲ့သို့ စစ်ရေး အခြေအနေများ တင်းမာလာခြင်း ဖြစ်သည်ဟု ယင်းတပ်မှူးက ပြောသည်။

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်အခြေစိုက် နအဖ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် စကခ (၈) မှ ဗိုလ်မှူးချုပ်သန်းစိုးက ဗိုလ်မှူးကြီး စောလားပွယ်အား နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် ငြင်းဆန်ပါက အင်အားသုံး၍ အပြီးအပြတ် တိုက်ခိုက်ချေမှုန်းခြင်း ခံရမည်ဟု ယခုလဆန်းပိုင်း၌ ပြောဆိုခဲ့ပြီး တပ်အင်အားကို တိုးမြှင့် ချထားခြင်းဖြစ်သည်ဟု သိရသည်။

ဒီကေဘီအေ တပ်မှူးများအနက် နယ်ခြားစောင့်တပ်ဖွဲ့ရေးကို လက်ခံချင်သူများ ရှိသကဲ့သို့ လက်မခံ နိုင်သူများလည်း ရှိကြောင်း၊ လုံးဝ လက်မခံနိုင်ကြောင်း ပွင့်ပွင့်လင်းလင်း ထုတ်ဖော် ပြောဆိုရဲသူမှာ ဒီကေဘီအေ တပ်မဟာ (၅) မှ တပ်မဟာမှူး ဗိုလ်မှူးကြီးစောလားပွယ် တဦးသာ ရှိကြောင်း အဆိုပါအဖွဲ့ မှ တပ်မှူးတဦးက ပြောသည်။

၁၉၉၄ ခု နှစ်ကုန်ပိုင်းတွင် ကေအန်ယူမှ ခွဲထွက်ကာ ဒီကေဘီအေအဖွဲ့ကို သီးခြားဖွဲ့စည်းခဲ့ပြီး လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူ အရပ်တွင် ဌာနချုပ်ကို အခြေစိုက်ကာ တပ်ဖွဲ့ဝင်အင်အား (၄) ထောင်ခန့် ရှိသည်။

ဒီကေဘီအေ ဥက္ကဋ္ဌမှာ စောသာထူးကျော်ဖြစ်ပြီး အဖွဲ့၏နာယက ဆရာတော်မှာ ဦးသုဇနဖြစ်ကာ ကေအန်ယူမှ ခွဲထွက်မှုကို ဦးဆောင်ခဲ့သည့် အရာခံဗိုလ် စောကျော်သန်းမှာ ဒီကေဘီအေ၏ စစ်ဦးစီးချုပ် ဖြစ်သည်။

Ref: ခေတ်ပြိုင်

Read More...

Thursday, July 29, 2010

ရှမ်းပါတီဝင်များ၏ ကိုယ်ရေးရာဇ၀င်များ စစ်တပ်က စစ်ဆေး

ဇော်ကြီး
ဇူလိုင်လ ၂၈ ရက်၊ ၂၀၁၀ ခုနှစ်။

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်အတွင်းတွင် ရှမ်းတိုင်းရင်းသား ဒီမိုကရေစီ ပါတီ (SNDP) ပါတီဝင်များ၏ နောက်ကြောင်း ရာဇ၀င်များအား ဒေသခံ တပ်ရင်းများက စစ်ဆေး မေးမြန်းမှုများ ပြုလုပ်နေသည်။

(SNDP) ပါတီဝင်များ၏ နောက်ကြောင်းရာဇ၀င်များကို နမ္မတီးဒေသ အခြေစိုက် ခမရ ၃၈၁ နှင့် ၃၈၂ တပ်ရင်း နှစ်ရင်းမှ တာဝန်ရှိသူများက ဒေသခံများထံ စစ်ဆေး မေးမြန်းနေသည်ဟု ဒေသခံ ရှမ်းခေါင်းဆောင် တစ်ဦးက ပြောသည်။

“ရွာမှာ အရာရောက်တဲ့ သြဇာရှိတဲ့သူတွေကို ခေါ်ပြီးတော့ မေးမြန်းတာတွေ ပြုလုပ်နေတာ တွေရှိတယ်။ အဲတာ ပါတီတွေရဲ့ စည်းရုံးရေး လုပ်ငန်းကို အနှောင့်အယှက် ဖြစ်စေတယ်။ နောက်ပြီးတော့ ပါတီရဲ့ အလုပ် လုပ်နေတဲ့ အပေါ်မှာ လူထုတွေ ကြောက်လှန့်အောင် ခြိမ်းချောက်ခြင်း နည်းတစ်မျိုးလို့ ကျနော်တို့ မြင်တယ်လေ။ အဲတာတွေက မဖြစ်သင့်ဘူး ဆိုတာ ကျနော်တို့ ပြောပြချင်တာ။”

ထို့အပြင် အစိုးရ ကျောထောက်နောက်ခံ ပြုထားသော ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအနေနှင့် လူထုအား စည်းရုံးရေး ဆင်းရာ၌ (SNDP) ပါတီအပေါ် စွပ်စွဲ ပြောဆိုမှုများ ရှိနေသည်ဟု ၎င်းက ဆက်ပြောသည်။

“သူတို့ပြောနေတဲ့ စည်းရုံးရေးစကားတွေထဲမှာ ဒီကျားဖြူပါတီ၊ ရှမ်းပါတီတွေဟာ တရားမ၀င် လက်နက်ကိုင် အဖွဲ့အစည်း တွေရဲ့ နောက်ခံနဲ့ လုပ်နေတာဖြစ်တယ်။ တည်မြဲမှာ မဟုတ်ဖူး။ ဒါကြောင့်မို့လို့ သူတို့ရဲ့ပါတီကို မဲထည့်ကြပါ။ သူတို့က နေပြီးတော့ မဲနိုင်လို့ရှိရင် ခင်ဗျားတို့ကို ဖွံ့ဖြိုးရေးတွေ လုပ်ပေးမယ်။ တိုးတက်ရေးတွေလုပ်ပေးမယ်။ ခင်ဗျားတို့ ရှမ်းကောင်းစားရေးတွေ လုပ်ပေးမယ်ဆိုပြီးတော့ ပြောတာတွေရှိတယ်။”

ကချင်ပြည်နယ်အတွင်း၌ ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ(USDP)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (SNDP)၊ စည်းလုံး ညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည် (UDPKS)နှင့် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ စသည့် မှတ်ပုံတင်ခွင့် ပြုထားသည့် ပါတီကြီး လေးခုရှိသည်။

ယင်းပါတီများအနက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ(USDP)နှင့် စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေ စီပါတီ (UDPKS) ပါတီ နှစ်ခုကသာ စည်းရုံးရေး လုပ်ငန်းများကို ပြုလုပ်နေကြပြီး ကျန်ပါတီ နှစ်ခုအနေနှင့် စည်းရုံးရေးလုပ်ငန်း လုပ်ဆောင် မှုမရှိသေးကြောင်း သိရသည်။

မိုးကောင်းမြို့နယ်အတွင်းရှိ ကျေးလက်ဒေသများတွင် ကြံ့ဖွံ့ပါတီသို့ ၀င်ရောက်ရန် အင်အား စုဆောင်းနေကြသည် ဟု ဆက်ပြောသည်။

“ကြံ့ဖွံ့က ပါတီထဲဝင်လို့ရှိရင် ငွေရေးကြေးရေး မထည့်ရတဲ့အပြင် လက်ရှိသူတို့ရဲ့ စည်းရုံးရေး အရှိန် အဟုန်က ပါတီဝင် လျှောက်လွှာတောင် မလိုဘူး။ အခုနောက်ပိုင်းဆိုရင် နာမည်စာရင်း ပေးရင်တောင် ရပြီ။ သူတို့က ပါတီဝင် ကဒ်ပြားတွေ ဘာတွေကအစ သူတို့ Free (အခမဲ့) လုပ်ပေးတဲ့ ပုံစံမျိုး။”

ကချင်တိုင်းရင်းသားပါတီများဖြစ်သည့် ကချင်ပြည်နယ်တိုးတက်ရေးပါတီ(KSPP)၊ ရှမ်းပြည် နယ် မြောက်ပိုင်း တိုးတက်ရေး ပါတီ(NSSPP)၊ စုပေါင်း ဒီမိုကရေစီပါတီ (ကချင်)နှင့် စည်းလုံး ညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ (UDPKS) စသည့် ပါတီများ မှတ်ပုံတင်ခွင့် လျှောက်ထား ခဲ့ရာ စစ်အစိုးရက (UDPKS) ပါတီတစ်ခုတည်းကိုသာ မှတ်ပုံတင်ခွင့် ချပေးထား သေးသည်။

ယနေ့အထိ နိုင်ငံရေးပါတီ တည်ထောင်ခွင့်နှင့် ဆက်လက်တည်ထောင်ခွင့် လျှောက်ထား သည့်ပါတီ (၄၆) ပါတီရှိပြီး နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့် လျှောက်ထားသည့် ပါတီ (၄၀) အနက် (၃၉) ပါတီအား မှတ်ပုံတင်ခွင့် ပြုထားပြီး မည်သည့်ပါတီမျှ တရားဝင် စည်းရုံးခွင့် မရရှိသေးပါ။

Ref: သတင်းနှင့်မီဒီယာ ကွန်ယက်

Read More...

နအဖ နောက်ခံပြု နိုင်ငံရေးပါတီတွင် ဒေါက်တာ စိုင်းခမ်းလိတ် မပတ်သက်

မွေခေါဝ်
Wednesday, 28 July 2010

နိုင်ငံကျော်တေးရေးဆရာ ဒေါက်တာစိုင်းခမ်းလိတ်အား ၂၀၁၀ ရွေးကောက်ပွဲတွင် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် လောင်း (သို့) ရွေးကောက်ပွဲ ကော်မရှင်၌ ပါဝင်ပြီး နိုင်ငံရေး လှုပ်ရှားရန် မန္တလေးကြံ့ဖွံ့ အကြီးအကဲများနှင့် နအဖ အာဏာပိုင်များ အကြိမ်ကြိမ် ကမ်းလှမ်းသော်လည်း လက်မခံကြောင်း စုံစမ်း သိရှိရသည်။

“အသက်အရွယ်ထောက်လာတဲ့အတွက် ခါးမကောင်းတာကြောင့် လက်မခံ ပါရစေနဲ့လို့ ဆရာ့ ဇနီးဒေါက်တာ ဒေါ်နွဲ့နွဲ့တင်က တောင်းပန်ပြီး ပြောလိုက်တယ်။ ခါးနာနေတော့ အမြဲတမ်း ကုသနေရတယ်လေ” ဟု သျှမ်းပြည်မြောက် ပိုင်းသား တပည့်ဖြစ်သူ တစ်ဦးက ပြောပြပါသည်။

ဒေါက်တာစိုင်းခမ်းလိတ်အား မန္တလေးကြံ့ဖွံ့ပါတီ အကြီးအကဲများနှင့် ဒေသခံ အာဏာပိုင် တို့က ကြံ့ဖွံ့ပါတီ အတွက် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်/ရွေးကောက်ပွဲ ကော်မရှင်တွင် ပါဝင်ရန် အကြိမ်ကြိမ် တောင်းဆိုသော်လည်း လက်မခံနိုင်ကြောင်း လိမ္မာ ပါးနပ်စွာငြင်းဆို၏။

သို့သော်ဆိုင်ရာအာဏာပိုင်တို့က အကြိမ်ကြိမ်ဖုန်းဆက်လာနေသေးကြောင်း၊ ဇနီးဖြစ်သူ ဒေါက်တာ ဒေါ်နွဲ့နွဲ့တင်ကလည်း “အသက်အရွယ် ထောက်လာပြီ ဖြစ်သဖြင့် ဘုရားတရား အလုပ်ကိုသာ လုပ်ခိုင်း စေလိုကြောင်း” ဖြေကြားခဲ့သည် ဟု ၎င်းက သျှမ်းသံတော်ဆင့်သို့ ပြောပြပါသည်။

ဒေါက်တာစိုင်းခမ်းလိတ်သည် ကျန်းမာရေးဝန်ကြီး ဒေါက်တာကျော်မြင့်နှင့်လည်း ပုဂ္ဂိုလ်ရေးအရ ရင်းနှီး သိကျွမ်းသူ ဖြစ်၏။

စက်မှု ၁ ၀န်ကြီး ဦးအောင်သောင်းက မန္တလေး ပြင်ဦးလွင်နှင့် မိုးကုတ်သို့ သျှမ်းလူမျိုးများနှင့် တွေ့ဆုံ စည်းရုံးစဉ် ဒေါက်တာ စိုင်းခမ်းလိတ်အား နိုင်ငံရေး ပါတီဖြစ်လာမည့် ကြံ့ဖွံ့ဖက်မှနေ၍ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် အဖြစ် ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက် အရွေးခံရန် တောင်းဆို ထားသည်ဟု ဆို၏။

ထို့အတူပင် မန္တလေးမြို့နေ လက်ရှိသျှမ်းသာရေးနာရေး ဒုဥက္ကဋ္ဌ (AD.1 ဟိုတယ်နှင့် ဂဠုန်နဂါး သင်္ကန်းတိုက်ပိုင်ရှင်) စိုင်းနွမ်၊ ရွှေပျားမင်း ဘော်ဒါပိုင်ရှင်(နမ့်ခမ်းပါတီကောင်စီခေတ် လူကြီးဟောင်း) စိုင်းကျော်အေးဝင်းနှင့် မိုးကုတ် သျှမ်းစာပေနှင့် ယဉ်ကျေးမှုဥက္ကဋ္ဌ (သျှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းမြို့ဇာတိ) စိုင်းနော် (လက်ရှိကျားဖြူပါတီဝင်) တို့လည်း တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် အဖြစ် ချဉ်းကပ် ဖြောင်းဖြခြင်း ခံခဲ့ရသည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

သံဃာတော်များ နှင်ထုတ်၊ ကျောင်းများ ချိတ်ပိတ်

ကျော်ခ
ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၂၈ ရက် ၂၀၁၀

ချင်းမိုင် (မဇ္ဈိမ) ။ ။ ရွှေတိဂုံဘုရား ဝတ္တကနယ်မြေအတွင်းရှိ ဘုန်းကြီးကျောင်း ၃ ကျောင်းမှ သံဃာတော်များကို အာဏာပိုင်များက ထိန်းချုပ် ထားသော ဘုရားဂေါပက အဖွဲ့က နှင်ထုတ် ချိတ်ပိတ်လိုက်ရာ ကျောင်းတိုက်များ လူသူကင်းမဲ့ပြီး ခြောက်ကပ်လျက် ရှိသည်။

ဒေါ်လှဆင်ပိဋကတ်တိုက်၊ ရွှေဟင်္သာ ပိဋကတ်တိုက်နှင့် ညောင်တုန်း ပိဋကတ်တိုက်တို့တွင် ရဟန်းနှင့် လူ ရောနှော နေထိုင်သည်ဟု စွပ်စွဲကာ ပြီးခဲ့သည့် ဇွန်လ ၃ဝ ရက်နေ့ နောက်ဆုံးထားကာ ကျောင်းတိုက်မှ ထွက်ခွာသွားရန် ဂေါပကအဖွဲ့က ညွှန်ကြားခဲ့ပြီး ယခုလ ၂၅ ရက်နေ့က အပြီး ပြောင်းရွှေ့ခိုင်းလိုက်ပြီ ဖြစ်သည်။

စွပ်စွဲချက် မဟုတ်မှန်ကြောင်း သံဃာတော်များက ရွှေတိဂုံစေတီတော် ဘက်စုံပြုပြင် မွမ်းမံ တည်ဆောက်ရေး ကော်မတီ ဥက္ကဋ္ဌ ရန်ကုန်တိုင်း စစ်ဌာနချုပ် ဒုတိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းထံ စာရေးသား ဖြေရှင်းခဲ့သော်လည်း လျစ်လျူရှု ခံရသဖြင့် သံဃာတော်များ အားလုံး ပြောင်းရွှေ့ သွားခဲ့ရသည်။

“ဘုန်းကြီးတွေ တပါးမှ မရှိတော့ဘူး။ အခု ကျောင်းကိုလည်း သော့တွေခတ်ပြီး ပိတ်ထားတယ်။ ဘယ်နေရာတွေကို ပြောင်းသွား ကြတယ်တော့ မသိဘူး။ လုံခြုံရေးတွေ ဘာတွေ ချထားတာမျိုးတော့ မရှိဘူး။ နှစ်ပေါင်းများစွာ နေသွားခဲ့တဲ့ ကျောင်းဆိုတော့ စိတ်ထဲမှာ မကောင်းဘူး။ ဆရာတော်တွေ ဒီမှာရှိတုန်းကတော့ ဘာပြဿနာမှတော့ မရှိပါဘူး” ဟု ဒေါ်လှဆင် ကျောင်းအနီးတွင် နေထိုင်သူ တဦးက မဇ္ဈိမကို ပြောသည်။

ကျောင်း ၃ ကျောင်းတွင် သတင်းသုံးနေသော သံဃာတော်များအနက် ဓမ္မာစရိယ ကျမ်းပြုဆရာတော် ၁၆ ပါး ပါရှိပြီး ဝါတွင်းကာလ ဖြစ်သည့် ယခုအခါ ကျောက်မြောင်း မင်္ဂလာသုခ ဘုန်းကြီးကျောင်းသို့ ရွှေ့ပြောင်း သီတင်းသုံးနေရသည်ဟု စုံစမ်း သိရှိရသည်။

မဇ္ဈိမက မိတ္တူလက်ခံရရှိထားသော ဒေါ်လှဆင် ပိဋကတ်တိုက်မှ သံဃာတော်များက ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းထံ ပေးပို့ခဲ့သည့် စာ၌ ရဟန်းသံဃာများမှာ လောကီ ဥပဒေများအရ သော်လည်းကောင်း၊ ဗုဒ္ဓဝိနည်းတော်အရ သော်လည်းကောင်း၊ အညီအညွတ် နေထိုင် သတင်းသုံး နေထိုင်ကြပါလျက်နှင့် “နှင်ထုတ်” ခြင်း ခံရသည်မှာ များစွာ စိတ်မကောင်း ဖြစ်နေကြရသည်ဟု ပါရှိသည်။

ကျောင်းတိုက်မှ ချက်ချင်းထွက်ခွာရန် ပြင်းထန်သည့် အမိန့်ချမှတ် ခံရခြင်းမှ ဗုဒ္ဓသာသနာ ရာဇဝင်တွင် အစွန်းထင်း ခံရသည်သို့ ဖြစ်နေသည်ဟုလည်း ပါရှိသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီးက ယခုလ ၂၃ ရက်နေ့က နိုင်ငံတော် သံဃာ့မဟာ နာယက ဆရာတော်ကြီးများ ထံသို့ ကျောင်းအဖျက် ခံရပါက ထိုကျောင်းတွင် သတင်းသုံး နေကြသော ရဟန်းသံဃာများ အခက်အခဲ ဒုက္ခအမျိုးမျိုး ရောက်ရှိမည် စိုးသဖြင့် တားမြစ်ပေးပါရန် လျှောက်တင် ခဲ့ကြသေးသည်။

ရွှေတိဂုံဘုရား ဝတ္တက နယ်မြေအတွင်း၌ ရွှေပိဋကတ်တိုက်၊ ရဲပိဋကတ်တိုက်၊ ကရင်ပိဋကတ်တိုက်၊ ဒေါ်ငွေညွန့် ပိဋကတ်တိုက်၊ ဦးအုန်းခင် ပိဋကတ်တိုက်၊ ဦးစံချိန် ပိဋကတ်တိုက်နှင့် မြေစာရင်းဌာန ပိဋကတ်တိုက်တို့လည်း ရှိကြသည်။ ဒေါ်လှဆင် ပိဋကတ် ကျောင်းတိုက်ဆိုလျှင် ၇၆ နှစ်ကျော် သက်တမ်း ရှိနေပြီ ဖြစ်သည်။

“ဒါဟာ အာဏာကိုသုံးပြီး အတင်းအားဓမ္မလုပ်တဲ့ ကိစ္စပါ။ အာဏာပိုင်တွေအနေနဲ့ လူပုဂ္ဂိုလ်တွေ ကိုတောင် ဒီလိုမျိုး မလုပ်သင့်တဲ့ ကိစ္စ၊ အခု ဘုရားသားတော် ရဟန်းသံဃာတွေကို မောင်းထုတ်နေပြီ။ ဒီကာလဟာ ဝါတွင်းကာလဆိုတာ ဗုဒ္ဓဘာသာတိုင်း သိနေကြပေမယ်လို့ သူတို့က ဒါတွေ ဂရုမစိုက်ပါဘူး။ အခု ဒီကိုယ်တော်တွေ ဝါတွင်း ကာလမှာ ဒုက္ခ ရောက်ကြရတော့မှာပါ” ဟု ရွှေတိဂုံဘုရား ကုန်းမြေတွင် ကျန်ရှိနေသည့် ပိဋကတ်တိုက်မှ ဆရာတော်တပါးက မဇ္ဈိမကို မိန့်သည်။

ရွှေတိဂုံဂေါပက အဖွဲ့က သတင်းစာ ရှင်းလင်းပွဲပြုလုပ်ပြီး ဖြေကြားသွားမည်ဟု မဇ္ဈိမ၏ မေးမြန်းချက်ကို တုံ့ပြန်သည်။

“ပြောင်းခိုင်းတာကို မပြောင်းရင်တော့ တနည်းနည်းနဲ့ ပြောင်းခိုင်းရမှာပေါ့၊ သူတို့ကို သိန်း ၃ဝ လည်း ပေးပြီးပြီလေ။ အခုတော့ လူတွေ ပါနေလာကြတာ ဆိုတော့ ခက်နေတယ်။ အမြင် မတင့်တာတွေ ဖြစ်လာတယ်။ လူတွေက ဒါကို မမြင်ဘူး” ဟု ဂေါပက တဦးက မဇ္ဈိမကို ပြောသည်။

ဂေါပကက ပြည်ပအခြေစိုက် မြန်မာသတင်းဌာနများ၏ လှုံ့ဆော်တင်ပြမှု ဖြစ်သည်ဟုလည်း ပြစ်တင် ပြောဆိုသည်။

“သူတို့က ဒီကျောင်းတွေကို ၂ဝဝ၇ ခုနှစ်ကတည်းက လူစုလူဝေးလုပ်တယ်။ နိုင်ငံရေးနဲ့ မကင်းဘူးဆိုပြီး မောင်းထုတ်ဖို့ ပြင်နေ တာလေ။ ပူပူနွေးနွေး လုပ်လိုက်ရင် ပြဿနာ ပိုတက်မှာစိုးလို့ သူတို့မလုပ်တာ” ဟု အခင်းဖြစ်ပွားသော ကျောင်းတိုက်များ အနီး သီတင်းသုံး နေထိုင်သော သံဃာတော် တပါးက မိန့်ဆိုသည်။

ထိုကျောင်းများ ပိတ်သိမ်းခံရသည့်အခါ ရဟန်းသံဃာများပါမက ၎င်းကျောင်းများသို့ အမှီပြု နေထိုင်ကြသူများ ဖြစ်သည့် လူပုဂ္ဂိုလ်များပါ ပါဝင်ပြီး ထိုသူများပါ ရုတ်ချည်း ဆင်းပေးခဲ့ရသည်။

မဇ္ဈိမ သတင်းဌာနမှရရှိထားသော

ဒေါ်လှဆင် ပိဋကတ်တိုက်၌ ဆက်လက် သီတင်းသုံး နေထိုင်ခွင့်ပြုပါရန် မေတ္တာရပ်ခံခြင်း မူရင်းစာ

Ref: မဇ္ဈိမ

Read More...

တပြည်လုံး၌ ကြံ့ဖွံ့ပါတီရုံးများ ဖွင့်တော့မည်

မျိုးချစ်သူ
၂၈ ဇူလိုင် ၂၀၁၀

သြဂုတ်လဆန်းပိုင်းတွင် မြန်မာတနိုင်ငံလုံး၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ ရုံးခန်းများကို စတင် ဖွင့်လှစ်တော့မည် ဖြစ်ကြောင်း သိရသည်။

လူမှုရေးလုပ်ငန်းများ လုပ်ရန်ဟုဆိုကာ အစိုးရမဟုတ်သောအသင်းအဖြစ် ၁၉၉၃ ခုနှစ်၌ ဖွဲ့စည်းခဲ့သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ဆိုင်းဘုတ်များကို ရန်ကုန်မြို့နှင့် မြန်မာနိုင်ငံ အနှံ့တွင် ယခုလ လဆန်းပိုင်းက စတင် ဖြုတ်ချနေကြောင်း ယင်းပါတီ၏ တာဝန်ရှိသူတဦးက ပြောသည်။

၎င်းက “အခုမြန်မာနိုင်ငံအနှံ့ ဒေသတွေမှာ စည်းရုံးရေး ဆင်းနေတယ်။ ပါတီရုံးခန်းတွေလည်း ဖွင့်ရော ပါတီဝင် အင်အားတွေလည်း အတင့်သင့် ဖြစ်အောင် လုပ်ထားတဲ့ သဘောပေါ့။ အသင်းတုန်းက အသင်းဝင်တွေကို ပါတီဝင်အဖြစ် ပြောင်းလိုက်တာလည်း ရှိတယ်။ ဒါပေမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေ အရတော့ အစိုးရ ၀န်ထမ်းတွေကို ပါတီဝင် မလုပ်ခိုင်းပါဘူး။ တခုတော့ရှိတာပေါ့၊ သူတို့က မဲပေးလို့ ရတယ်။ မဲပေးတဲ့ အခါ ခြင်္သေ့ (ကြံ့ဖွံ့ပါတီ) ကို မဲပေးဖို့ စည်းရုံးထားပါတယ်” ဟု ပြောသည်။

ရန်ကုန်ရှိ မြန်မာ့မီးရထားမှ ၀န်ထမ်းတဦးက ၎င်းတို့ မီးရထားမိသားစုများကို ရန်ကုန်မြို့တော်ဝန်က မဲဆွယ်နေကြောင်း ပြောသည်။

မင်္ဂလာတောင်ညွန့် မီးရထားဝန်ထမ်းအိမ်ရာများသည် လိုင်းအခန်းများ ဖြစ်သည့်အတွက် အိမ်သာကအစ ဘုံအိမ်သာကို သုံးရသဖြင့် သန့်ရှင်းမှု မရှိခြင်း၊ လမ်းများ ဆိုးဝါးခြင်း၊ ကျောင်းများ ပြိုကျပျက်စီးနေခြင်း စသဖြင့် ယိုယွင်း ပျက်စီးမှုများ ရှိနေကြောင်း မီးရထား ၀န်ထမ်း တဦးက ပြောသည်။

၎င်းက “တကယ်ဆိုရင် ကျမတို့က အစိုးရ၀န်ထမ်းတွေ ဖြစ်တဲ့အတွက် အရင်ကပဲ သေသေချာချာ လုပ်ထား ပေးသင့်တာပေါ့။ အခုမှ အဲဒီမှာ ရှိတဲ့ကျောင်း၊ ကျောင်းအိမ်သာ၊ လမ်း စတာတွေကို ပြင်ပေးမယ်၊ သူတို့ပါတီကို မဲပေးပါလို့ ပြောလာတယ်လေ။ ကျမတို့ကလည်း ဟုတ်ကဲ့ ပြောရတာပေါ့။ ကျမ သိသလောက်တော့ မဲထည့်ချင်တဲ့သူ မရှိဘူး။ အစိုးရက ၀န်ထမ်းတွေကို မထောက်မပံ့ ပစ်ထားခဲ့ပြီး အခုမှ ပါတီထောင် အရွေးခံတော့မယ် ဆိုမှ ပြင်ပေးမယ် ဆိုတာ လုံးဝ သဘာဝမကျဘူး” ဟု ပြောသည်။

၁၉၉၃ ခုနှစ်တွင် ကြံ့ဖွံ့အသင်း နာယက နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ပါဝင်သော နအဖ၀န်ကြီးများ၊ အစိုးရ ၀န်ထမ်းများ ပါဝင် ဖွဲ့စည်းထားသည့် လူမှုရေးအသင်းဖြစ်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း (ကြံ့ဖွံ့) အား ဖျက်သိမ်းခဲ့ကာ ပါတီအဖြစ် ပြောင်းလဲခဲ့ခြင်းဖြစ်သည်။

ကြံ့ဖွံ့ပါတီကို ရွေးကောက်ပွဲကော်မရှင်တွင် ဧပြီ (၂၉) ရက်၌ မှတ်ပုံတင်ခဲ့ပြီး ဇွန် (၈) ရက်၌ မှတ်ပုံတင်ခွင့် ကျကာ ပါတီကို နအဖ ၀န်ကြီးချုပ် ဦးသိန်းစိန်နှင့် အပေါင်းအပါ ၀န်ကြီးများက ဦးဆောင်လျက်ရှိသည်။

ရန်ကုန်တွင် ကြံ့ဖွံ့ပါတီ အသင်းရုံးချုပ်ကို ယခင် ကြံ့ဖွံ့ပါတီ အသင်းရုံးချုပ်နေရာတွင်ပင် ဆက်လက် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ကြံ့ဖွံ့စည်းရုံးရေး အဖွဲ့ဝင် တဦးက ပြောသည်။ ယင်းရုံးချုပ် နေရာသည် ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ဆရာစံ ရပ်ကွက်တွင် တည်ရှိသည်။

Ref: ခေတ်ပြိုင်

Read More...

ရွေးကောက်ပွဲနေ့ရက် မကြေညာတာ ဒေါ်စု ဝေဖန်

မသင်းသီရိ
ဗုဒ္ဓဟူး, 28 ဇူလိုင် 2010

၂၀၁၀ ရွေးကောက်ပွဲကို ဦးစီးကျင်းပပေးမယ် ဆိုတဲ့ မြန်မာစစ်ခေါင်းဆောင်တွေ အနေနဲ့ အခုအချိန်ထိ ရွေးကောက်ပွဲ ကျင်းပမယ့် ရက်ကို မကြေညာ သေးတာဟာ ၀င်ရောက် ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေး ပါတီတွေ အပေါ်မှာ တရားမျှတမှု မရှိရာ ရောက်တယ်လို့ နေအိမ်မှာ ထိန်းသိမ်း ခံထားရတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ဒီကနေ့ နေ့လယ်ပိုင်းက သူ့ရဲ့နေအိမ်မှာ အမှုကိစ္စတွေ အတွက် သွားတွေ့ ခဲ့ကြတဲ့ အကျိုးဆောင် ရှေ့နေတွေကို ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောလိုက်တာပါ။ အပြည့်အစုံကို မသင်းသီရိက တင်ပြ ပေးထားပါတယ်။

ဒီကနေ့ နေ့လယ် နေအိမ်မှာ သွားတွေ့ခဲ့ကြတဲ့ ရှေ့နေကြီး ဦးဉာဏ်ဝင်း၊ ဦးကြည်ဝင်းတို့ ၂ ဦးနဲ့ အမှုကိစ္စ အတွက် ပြောဆိုကြစဉ် ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲ အခြေအနေနဲ့ ပတ်သက်လို့ သုံးသပ် ပြောဆို လိုက်တာပါ။ အထူးသဖြင့် ဒီနှစ်ထဲမှာ ကျင်းပ ပေးမယ်ဆိုပြီး အခုချိန်ထိ ရွေးကောက်ပွဲ ပြုလုပ်မယ့် ရက်ကို အတိအကျ ထုတ်ပြန် ပြောဆိုခြင်း မရှိသေးတာဟာ ၀င်ရောက် ယှဉ်ပြိုင်ကြမယ် ဆိုတဲ့ နိုင်ငံရေးပါတီတွေ အတွက် တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲရဖို့ အခြေအနေ မရှိနိုင်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က သုံးသပ်ကြောင်း ဒီကနေ့ နေအိမ်မှာ သွားရောက် တွေ့ဆုံခဲ့သူ ရှေ့နေ ဦးဉာဏ်ဝင်းက ပြောပြပါတယ်။

“လက်ရှိ နိုင်ငံရေး အခြေအနေက ၂၀၁၀ ရွေးကောက်ပွဲ ဆိုတာကြီးက အခုချိန်ထိ မကြေညာ သေးတာ ရွေးကောက်ပွဲ ၀င်သူတွေ အတွက် တရားမျှတမှု ရဖို့၊ ညီမျှသော ယှဉ်ပြိုင်မှုဖြစ်ဖို့ အခြေအနေ မရှိဘူး။ ဘာဖြစ်လို့ ဒီလို ကြန့်ကြာ နေရလဲ ဆိုတာနဲ့ ပတ်သက်ပြီး သူ စဉ်းစားနေတယ် ဆိုတဲ့အကြောင်း ပြောပါတယ်။ အချိန်နည်းနေတဲ့ အတွက် တရားမျှတတဲ့ ရွေးကောက်ပွဲ Free and Fair ဆိုတာကိုတော့ ဘယ်လိုမှ စဉ်းစားလို့ မရဘူးလို့ ပြောပါတယ်။”

တခါ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေး ကိစ္စတွေမှာလည်း အာဏာပိုင်တွေဆီက ရှင်းလင်း ပြတ်သားတဲ့ စည်းမျဉ်း စည်းကမ်းတွေ မတွေ့ရတဲ့ အတွက် နိုင်ငံရေးပါတီတွေ အခက်အခဲ ဖြစ်နေတာကို တွေ့ရတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်လို့ ဦးဉာဏ်ဝင်းက ပြောပြပါတယ်။

“ဒေါ်စုပြောတာက ဒီရွေးကောက်ပွဲ စည်းရုံးရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ အာဏာပိုင် အဖွဲ့အစည်းက သော်လည်းကောင်း၊ ကော်မရှင်က သော်လည်းကောင်း ရှင်းလင်း ပြတ်သားတဲ့ စည်းမျဉ်း စည်းကမ်းတွေ မတွေ့ရသေးတဲ့ အကြောင်း၊ ဒါတွေ ရှင်းရှင်းလင်းလင်း မရှိဘဲနဲ့ အခုမှ ပါတီဖွဲ့၊ ရွေးကောက်ပွဲ ၀င်မယ့် သူတွေအတွက် အများကြီး အခက်အခဲတွေ ဖြစ်နေမှာပဲလို့ အဲဒီလို ပြောပါတယ်။ ရွေးကောက်ပွဲ ၀င်မယ်ဆိုတဲ့ ပါတီတွေရဲ့ အခြေအနေကို သူနားထောင်တာ အသံတွေက အရှိန်အဟုန် ကျနေတယ်လို့ သူ အဲဒီလို နားလည်တယ် ဆိုတာကို ပြောပါတယ်။”

၂၀၁၀ ရွေးကောက်ပွဲဝင်ဖို့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံမတင်ဖို့ NLD ပါတီက ဆုံးဖြတ်ခဲ့ပေမဲ့ NLD ပါတီ မရှိတော့ဘူး ဆိုတာကို လုံးဝ လက်မခံကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်တယ် လို့လည်း ဆိုပါတယ်။

“NLD ရဲ့ ရပ်တည်ချက်နဲ့ ပတ်သက်ပြီးတော့ NLD ပါတီ မရှိတော့ဘူးဆိုတာ သူ လုံးဝ လက်မခံဘူး ဆိုတဲ့အကြောင်း၊ ဘာကြောင့်လဲ ဆိုတော့ NLD ဟာ နဂိုကတည်းက ရှိပြီးသားပါတီ၊ အခုလို မေလ ၆ ရက်နေ့မှာ ထပ်မံ မှတ်ပုံမတင်ရင် အလိုအလျောက် ပျက်ပြယ်တယ် ဆိုတဲ့ အချက်ကို လက်မခံနိုင်ကြောင်း၊ လက်မခံနိုင်တာကိုလည်း ပြောနေတာသက်သက် မဟုတ်ဘူး၊ တရားဥပဒေ လမ်းကြောင်းနဲ့ ဆောင်ရွက်နေတယ် ဆိုတဲ့အကြောင်း အဲဒါတွေကို ပြောပါတယ်။”

ဒီကနေ့ နေ့လယ် ၁ နာရီကနေ ၃ နာရီလောက်ထိ တွေ့ဆုံစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုကိစ္စ အတွက် အထူးအယူခံ လျှောက်ထားမှု လျှောက်လဲချက် ပေးဖို့အပြင် အိမ်ပြင်ဆင်ရေး ကိစ္စတွေကိုပါ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

“ကျနော်တို့ နောက်ဆုံးအဆင့် အယူခံပေါ့၊ လုပ်ထုံးလုပ်နည်းအရ အဆင့် ၂ ဆင့်ရှိတယ်။ ပထမတဆင့်က အထူးအယူခံ ၀င်ခွင့်ပြုဖို့ လျှောက်ထားခြင်းပေါ့။ နောက်တခုကတော့ အထူး အယူခံပေါ့။ ပထမ အဆင့်ဖြစ်တဲ့ အထူး အယူခံဝင်ဖို့ ခွင့်ပြုတယ်၊ မပြုတယ် အတွက်ကို သီးခြား လျှောက်လဲချက် ပေးရပါမယ်။ အဲဒီ သီးခြား လျှောက်လဲချက် ပေးဖို့ ရက်ချိန်း စောင့်မျှော်နေတာ အခုထိ မရသေးပါဘူး။ အဲဒါအတွက် ပြင်ဆင်တဲ့ လုပ်ငန်းကို ထပ်ပြီးတော့ ဆွေးနွေးတာပါ။

“နေအိမ်ပြင်ဆင်ရေး ကိစ္စအတွက် ဒီလအကုန်ထိပဲ အချိန်ရနိုင်မယ်ဆိုပြီး အာဏာပိုင်တွေက ပြောထားတာ ရှိတယ်။ အဲတော့ ဒီလအကုန်မှာ အရေးကြီးတဲ့ အကြမ်းထည် ပြုပြင်မှုတွေ အားလုံး ပြီးနိုင်တယ်။ အချောသတ်တွေက မပြီးနိုင်သေးဘူး။ အဲဒါကြောင့် ဘယ်လောက် အချိန် အတိုင်းအတာ ထပ်လိုမယ်၊ အခြေအနေ အသေးစိတ် ပြုစုပြီးတော့ တင်ပြဖို့ စာကြမ်းပြုစုရန် ဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြားပါတယ်။”

ဒီကနေ့ နေအိမ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တဲ့ ရှေ့နေကြီး ဦးဉာဏ်ဝင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

Ref: VOA News

Read More...

ဗိုလ်ချုပ်မှူးကြီးအလှူ ပြယုဂ်သာဖြစ်ဟု သံဃာတော်များ မိန့်ဆို

မင်းနိုင်သူ
Wednesday, July 28, 2010

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အိန္ဒိယနိုင်ငံ ခရီးစဉ်အတွင်း ဗုဒ္ဓဂယာ မြန်မာ ဘုန်းတော်ကြီး ကျောင်းတိုက်၌ ဇူလိုင် ၂၆ ရက်တွင် ကျင်းပသော ၀ါဆိုသင်္ကန်း ကပ်လှူပွဲတွင် မြန်မာ စာသင်သား ရဟန်း တပါးအတွက် ရူပီး ၆၀ (မြန်မာငွေ ၃၀၀၀) ခန့် ကပ်လှူ ခဲ့ကြောင်း သိရသည်။

အလှူငွေ လက်ခံခဲ့သည့် စာသင်သား ရဟန်းတော် တပါးက “ဗာရာဏသီ၊ မာဂဓနဲ့ နာလန္ဒာ တက္ကသိုလ် တွေမှာ မြန်မာ စာသင်သား ရဟန်း အပါး ၁၀၀ လောက်စီ ရှိတယ်၊ သူလှူခဲ့တာက ဒေါ်လာ ၂၀၀ ဆိုတော့ ဦးပဉ္ဇင်းတို့ ကြွရောက်ဖို့ ငှားရတဲ့ ကားခတွေ ဘာတွေ နုတ်လိုက်ရင် တပါး ရူပီး ၅၀၊ ၆၀ လောက်စီပဲ ပြန်ကပ် နိုင်တယ်” ဟု ဧရာဝတီသို့ မိန့်ကြားသည်။

၎င်းက ဆက်လက်ပြီး ယခု ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၏ အလှူသည် ထိရောက်မှု မရှိသော ပြယုဂ်သက်သက် အလှူ ဖြစ်သည်ဟု လည်း ဆိုသည်။

“ဒီမှာ မဇ္ဈိမဒေသဖွံ့ဖြိုးရေးအသင်းဆိုတာ ရှိတယ် ၊ အဲဒီအတွက် ရူပီး ၁ သန်းဆိုပြီး ဗိုလ်ချုပ်မှူးကြီးက သံအမတ်ကြီးကို ပေးသွားတယ်၊ အဲဒီအသင်းက ငွေတွေကို ဘဏ်မှာ အပ်ထားပြီး သံဃာတွေကို ကထိန်ခင်းချိန်မှာ လှူတာပေါ့ ၊ အဲဒီ အချိန်မှာတော့ စာသင်သားရဟန်း တပါးကို ရူပီး ၁၀၀၀ လောက်ရတယ် ၊ ဒါပေမယ့် အိန္ဒိယမှာ စာသင်သား ရဟန်းတပါး အတွက် တနှစ် ကုန်ကျ စရိတ်က ဒေါ်လာ ၁၀၀၀ လောက် ရှိနေတော့ သူတို့ လှူတယ် ဆိုတာလည်း ပြယုဂ်သက်သက် ဆင့်ပါးစပ် နှမ်းပက်ပါပဲ၊ အဓိကက ကိုယ့် ဒကာ ဒကာမတွေက လှူနေကြရတာပါ” ဟု အလှူငွေ လက်ခံခဲ့သည့် စာသင်သား ရဟန်းတော်က မိန့်သည်။

ထိုလှူဒါန်းပွဲတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အိန္ဒိယနိုင်ငံရှိ မြန်မာ ဘုန်းတော်ကြီးကျောင်း ၂၂ ကျောင်းကို ပြုပြင်ရန် ဒေါ်လာ ၂၀၀၀ စီ လှူဒါန်းသွားခဲ့ပြီး စာသင်သား ရဟန်းတော်များ အတွက် ဆိုကာ တက္ကသိုလ် တခု အတွက် ဒေါ်လာ ၂၀၀ လှူဒါန်း သွားခဲ့ကြောင်း သိရသည်။

ဗိုလ်ချုပ်မှူးကြီး၏ အလှူပွဲသို့ တက်ရောက်ရခြင်းမှာ နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) သိမ်းဆည်းခံရမည် စိုးရိမ်၍ ဖြစ်ကြောင်း တက်ရောက်ခဲ့သည့် စာသင်သား ရဟန်းတော် တပါးက မိန့်ဆိုသည်။

“ဦးပဉ္ဇင်းတို့က ပတ်စ်ပို့ ကိုင်ထားရတာ ဆိုတော့ သူတို့ ပင့်လို့ မလာရင် လေဆိပ် အ၀င်အထွက်တွေမှာ ပတ်စ်ပို့ သိမ်းလိုက်ရင် ပညာရေး အရမ်းနစ်နာသွားမှာ စိုးလို့ မသွားမဖြစ် သွားခဲ့ကြရတာပါ ၊ ကြိုက်တာကတော့ လုံးဝမကြိုက်ဘူး"ဟု ရဟန်းတော်က မိန့်သည်။

အဆိုပါလှူဒါန်းပွဲသို့ တက်ရောက်ရန် အိန္ဒိယမြန်မာသံရုံးက ဗာရာဏသီ ၊ နာလန္ဒာနှင့် မာဂဓ တက္ကသိုလ်များတွင် တက်ရောက် နေသည့် မြန်မာ စာသင်သား ရဟန်းတော်များ အပါအ၀င် သံဃာတော် ၂၇ ပါးကို ပင့်ဖိတ်ခဲ့ကြောင်း သိရသည်။

“တက္ကသိုလ်တခုစီက စာသင်သား ရဟန်းကိုယ်စားလှယ် တပါးစီ ပင့်ဖိတ်တယ် ၊ မတက်တဲ့ ကိုယ်တော်တွေလည်း ရှိတယ် ၊ သူတို့ အစားတော့ ဗုဒ္ဓဂါယာ ကျောင်းတိုက်က သံဃာတွေက ၀င်ထိုင် ပေးရတာပေါ့ ၊ ဦးပဉ္ဇင်းကတော့ သူ့ကျန်းမာရေး အခြေ အနေကို မျက်မြင် မြင်ချင်တာလည်း ရှိတော့ ကြွလိုက်တယ်"ဟု ကြွရောက်ခဲ့သည့် ရဟန်းတော်က မိန့်သည်။

အဆိုပါရဟန်းတော်က "သူက လမ်းတော့လျှောက်နိုင်သေးတယ် ၊ အထိုင်အထတော့ သူမလုပ်နိုင်တော့ ၊ ဗုဒ္ဓဂယာ ဆရာတော်ကို ၀တ္ထုငွေ ကပ်တော့မယ် လုပ်တော့ သူ့ကို လူ ၂ ယောက်က ဆွဲထူရတယ် ၊ အဲဒီအချိန်မှာ သူတို့နဲ့ ပါလာတဲ့ ဗွီဒီယို သမားတွေက သူ့ကို မရိုက်ဘဲ သံဃာတွေ ဘက်ကို ကင်မရာ လှည့်ထားတယ် ၊ သူရပ်မိပြီ ဆရာတော်ကို ၀တ္ထုငွေ ကပ်ပြီဆိုမှ သူ့ကို ရိုက်ကြရတာ တွေ့တယ် ၊ ကျန်းမာရေးကတော့ မကောင်းတော့တာ သေချာတယ်"ဟု ဆက်လက် မိန့်ဆိုသည်။

၂၀၀၇ ခုနှစ်အတွင်း သံဃာတော်များကို အကြမ်းဖက် ချေမှုန်းခဲ့သော နအဖ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို သံဃာတော်များက ပတ္တနိက္ကုဇ္ဇနကံ ဆောင်ထားကြရာ ယခု ခရီးစဉ်အတွင်း ယင်းကံဆောင်မှု ပျက်ပြားစေရန် အားထုတ်ခြင်း တရပ်သာ ဖြစ်ကြောင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ စာသင်သား ရဟန်းတော် တပါးက မိန့်ဆိုသည်။

“သူက အခုနောက်ပိုင်း သူ့ရဲ့ နိုင်ငံခြားခရီးစဉ်တွေမှာ စာသင်သားရဟန်းတွေကို လှူတယ် ၊ သံဃာတွေကလည်း လက်ခံတယ် ဆိုတာကို နိုင်ငံတကာကို ပြချင်တယ် ၊ ၂၀၀၉ ခုနှစ် နှစ်ကုန်ပိုင်းက သီရိလင်္ကာ လာသွားတုန်းကလည်း စာသင်သား ရဟန်းတွေ ကို လှူတယ်ဆိုပြီး လုပ်တယ် ၊ အခုလည်း ဗုဒ္ဓဂယာမှာ လုပ်တယ် ၊ ဒီလိုလုပ်တာကို သံဃာတော်တွေ အနေနဲ့ ဘယ်လိုအကြောင်း ကြောင့်ပဲ ဖြစ်ဖြစ် လက်မခံသင့်ပါဘူး ၊ လက်ခံလိုက်ရင် ၂၀၀၇ စက်တင်ဘာလှုပ်ရှားမှုဟာ သူတို့ ပြောသလို သံဃာအတု အယောင်တွေက လုပ်ဆောင်တာ ဖြစ်တယ်လို့ အသိအမှတ် ပြုပေးလိုက်သလို ဖြစ်မယ် ၊ တကယ် လှူဒါန်းနေတာက ကိုယ့်ဒကာ ဒကာမတွေပါ ၊ ဘာမှမဟုတ်တဲ့ သူတို့ အလှူငွေလေးအတွက် ကံမပျက် စေချင်ကြပါနဲ့"ဟု အဆိုပါရဟန်းက မိန့်သည်။

သံဃာ့ဥသျှောင်အဖွဲ့ ထိုင်းနိုင်ငံ မဲဆောက်ရုံး တာဝန်ခံ ဦးဇ၀နကလည်း "သူ့အနေနဲ့ကတော့ သူ့ကို လက်ခံတဲ့ သံဃာတွေလည်း ရှိတယ် ဆိုတာကို ပြဖို့အတွက် အလှူအတန်း လုပ်မှာပဲလေ ၊ ဘုန်းကြီးတွေ လှူတယ် ဆိုတာကလည်း တကယ် စေတနာရှိလို့မှ မဟုတ်ဘဲ ၊ ပြယုဂ်လုပ်ဖို့ သက်သက်ပဲ ၊ တကယ်တမ်းက အိန္ဒိယမှာ ရှိတဲ့ မြန်မာသံဃာ ၄၀၀ လောက်မှာ သူ့ကို လက်ခံတာ ဘယ်နှစ်ပါးမှ ရှိမှာ မဟုတ်ပါဘူး"ဟု မိန့်ကြားသည်။

Ref: ဧရာဝတီ်

Read More...

ပြည်ထောင်စု ဒီမိုကရေစီပါတီ စာစောင် ထုတ်ဝေ

မျိုးဝင်းဇော်
၂၈ ဇူလိုင် ၂၀၁၀

မြန်မာနိုင်ငံတွင် အတိုက်အခံများ၏ အာဘော်ကို ထင်ဟပ်သည့် ပါတီ စာစောင်တခု ထွက်ပေါ်လာကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

ပြည်တွင်းမှ ဂျာနယ်အယ်ဒီတာတဦးက “ပြည်ထောင်စု ဒီမိုကရေစီပါတီက ထုတ်ဝေတဲ့ The Union ဆိုတဲ့စာစောင် ဝယ်ပြီး ဖတ်ရတယ်။ အဓိကကတော့ ပြည်ထောင်စု ဒီမိုကရေစီပါတီရဲ့ အာဘော်လို့ ဆိုနိုင်ပေမယ့် အကြောင်းအရာမျိုးစုံ ဖော်ပြထားတယ်။ ထူးခြားတာကတော့ လက်ရှိ စစ်အစိုးရနဲ့ သဘောထားခြင်း ကွဲလွဲတာ အများကြီး ဖော်ပြထားတယ်။ တရားဝင် ထုတ်ဝေခွင့်ရတဲ့ စာစောင်တခုမှာ ရွေးကောက်ပွဲဟာ တရားမျှတ လွတ်လပ်မှု မရှိနိုင်ဘူး ဆိုတာမျိုး အပါအဝင် စစ်အစိုးရနဲ့ သဘော မတူတာတွေ ဖော်ပြခွင့် ရတာ ဒါ ပထမဦးဆုံး အကြိမ်ပဲ။ ကျနော်တို့ ပြည်တွင်းထုတ် ဂျာနယ်တွေ အားလုံးကတော့ စစ်အစိုးရက သူနဲ့ သဘောထား ကွဲလွဲတာတွေ ဖော်ပြရင် အကုန် ပိတ်ပင်ပစ်တယ်။ ဦးသုဝေ၊ ကိုဖြိုးမင်းသိန်း၊ ဒေါ်သန်းသန်းနု ဘယ်သူပြောပြော သဘောထားခြင်း မတူတာဆိုရင် ပိတ်ပင်ပစ်တယ်” ဟု ပြောသည်။

အဆိုပါ စာစောင်သည် နိုင်ငံရေးပါတီများကို ကင်းလွတ်ခွင့် ပြုထားသည့် နသ ဝဝ၅ မှတ်ပုံတင်ဖြင့် ထုတ်ဝေခြင်း ဖြစ်ပြီး (၁ဝ) လက်မခွဲ၊ (၁၅) လက်မ ဂျာနယ်ဆိုက် ဖြစ်သည်။

ပြည်ထောင်စုဒီမိုကရေစီ ပါတီဥက္ကဋ္ဌ ဦးဖြိုးမင်းသိန်းက “(၂၇) ရက်နေ့က စတင်ဖြန့်ချိပါတယ်။ အဲဒီနေ့ကပဲ စာပေ စိစစ်ရေးကိုလည်း (၁၀) စောင် ပေးလိုက်ပါတယ်။ ကျနော်တို့က စာပေ စိစစ်ရေးကိုတော့ မတင်ပါဘူး။ ကျနော်တို့က ထုတ်ပြီးမှ တင်တာပါ။ ပြည်တွင်းမှာ ထုတ်တဲ့ စာစောင်တွေ အတော်များများက တင်ပြီးမှ ထုတ်တာပါ။ ကျနော်တို့က နိုင်ငံရေးပါတီတွေ လိုက်နာရမယ့် စာပေ စိစစ်ရေးရဲ့ ကြေညာချက် (၄၂) ရှိတယ်လေ။ အဲဒီ (၄၂) မူဘောင်ထဲကနေ ထုတ်တာပါ။ ဒီဘောင်ထဲက မကိုက်ညီဘူးလို့ သူတို့ ပြောလာမယ်ဆိုရင် ကျနော်တို့က ငွေ (၅) သိန်း စဘော် တင်ထားရတယ်လေ။ အဲဒီငွေထဲက သူတို့ ဖြတ်မယ်ပေါ့ဗျာ။ ဒါမှမဟုတ်လည်း နသ သိမ်းမယ်ပေါ့” ဟု ပြောကြားသည်။

The Union စာစောင်ကို ကျပ်ငွေ (၅ဝဝ) ဖြင့် ရောင်းချပြီး ပထမဆုံး အနေဖြင့် စောင်ရေ (၁,၅၀၀) ထုတ်ဝေကာ ပါတီ ဗဟိုအလုပ်အမှုဆောင်များ အနေဖြင့် ပါတီရုံးမှတဆင့် နီးစပ်ရာများသို့ ဖြန့်ချိ ရောင်းချသွားမည် ဖြစ်ကြောင်း၊ အမှတ်စဉ်နှင့် ထုတ်ဝေခြင်း ဖြစ်သည့်အတွက် အလျဉ်းသင့်သလို ထုတ်ဝေမည် ဖြစ်သော်လည်း (၁၅) ရက်တကြိမ် ထုတ်ဝေရန် ကြိုးစား သွားမည်ဟု ၎င်းက ပြောသည်။

စာစောင်ထုတ်ဝေရခြင်းနှင့်ပတ်သက်၍ ဦးဖြိုးမင်းသိန်းက “အဓိက စာစောင်ထွက်တဲ့ ရည်ရွယ်ချက်ကတော့ ကျနော်တို့ ပြည်ထောင်စု ဒီမိုကရေစီ ပါတီနဲ့ ပြည်သူလူထုနဲ့ နီးကပ်စေဖို့အတွက် ကျနော်တို့ပါတီက ဆောင်ရွက်နေမှု အခြေအနေတွေကို ပြည်သူလူထု သိနိုင်ဖို့ ထုတ်တာပါ။ နောက်တခုကတော့ ကျနော်တို့ ပါတီရန်ပုံငွေ အတွက် အထောက်အကူ ဖြစ်စေဖို့ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

The Union စာစောင်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အားနည်းချက်များကို ဝေဖန်ထောက်ပြ ထားပြီး စစ်အစိုးရနှင့် ကြံ့ဖွံ့ပါတီ စည်းခြားရန်၊ ကြံ့ဖွံ့အသင်းနှင့် ကြံ့ဖွံ့ပါတီ စည်းခြားရန်၊ နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရန်၊ သတင်း မီဒီယာများကို လွတ်လပ်ခွင့်ပြုရန် စသည်တို့ကို တောင်းဆိုထားသည်။

အဆိုပါစာစောင် မထုတ်ဝေမီက တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီက တလတကြိမ် ထုတ်ဝေသည့် တိုင်းရင်းသား သတင်းလွှာ စာစောင်ရှိပြီး စာမျက်နှာ (၈) မျက်နှာ ပါရှိသည်။

ယင်းစာစောင်တွင်မူ တစည ပါတီခေါင်းဆောင်များနှင့် ပါတီလှုပ်ရှားမှုတို့ကို စစ်အစိုးရ သတင်းစာ ဆန်ဆန် ရိုက်နှိပ်ထားပြီး လက်ရှိ အစိုးရနှင့် သဘောထားခြင်း ကွဲလွဲမှု မရှိသည့် ပါတီ မူဝါဒများသာပါပြီး ပါတီဝင် အများစုထံသို့သာ ဖြန့်ဝေသည့် အတွက် ပြည်သူလူထုထံ သိပ်မရောက် သကဲ့သို့ ဖတ်ရှုရသည့် ပြည်သူများကလည်း စိတ်ဝင်စားမှု မရှိကြပေ။

အလားတူ ကရင်ပြည်သူ့ပါတီက နိုင်ငံရေးကင်းလွတ်ခွင့်ဖြင့် ထုတ်ဝေသည့် စာစောင်ငယ်တွင်လည်း စစ်အစိုးရနှင့် သဘော ကွဲလွဲသည့် စစ်အစိုးရ ငြိုငြင်စေမည့် အကြောင်းအရာများ မပါဝင်ပေ။

လက်ရှိနိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုချက် ရရှိပြီးဖြစ်သည့် ပါတီများသည် နိုင်ငံရေးဆိုင်ရာ ကင်းလွတ်ခွင့် မှတ်ပုံတင် လျှောက်ထားပြီး စာပေစိစစ်ရေးသို့ မတင်ပြဘဲ စာစောင် ထုတ်ဝေခွင့် ရရှိသော်လည်း ပါတီအချို့မှာ စာစောင် မှတ်ပုံတင်ကြေး (၁) သိန်းနှင့် အာမခံကြေး ကျပ် (၅) သိန်း မတတ်နိုင်သဖြင့် လိုင်စင်လျှောက်ထားခြင်း မပြုနိုင်ကြကြောင်း သိရသည်။

နအဖစစ်အစိုးရသည် နိုင်ငံရေးပါတီများနှင့် ပတ်သက်သည့် သတင်းဆောင်းပါးများကို ပြည်တွင်းထုတ် ဂျာနယ်တို့တွင် ပိတ်ပင် တားမြစ်နေသည့် အတွက် ယခုကဲ့သို့ နိုင်ငံရေးပါတီ စာစောင်တခု ထွက်လာခြင်းကို ပြည်တွင်း ဂျာနယ် အယ်ဒီတာ သတင်းထောက်များက ကြိုဆိုကြကြောင်း သိရသည်။

Ref: ခေတ်ပြိုင်

Read More...

မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံ သွားမည်

မဇ္ဈိမသတင်းဌာန
ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၂၈ ရက် ၂၀၁၀

ချင်းမိုင် (မဇ္ဈိမ) ။ ။ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ပတ်ဝေ့ချွန်း Pak Ui-Chun သည် မြန်မာနိုင်ငံသို့ လေးရက်ကြာ ခရီးစဉ်အဖြစ် မနက်ဖြန်တွင် စတင်၍ သွားရောက် လည်ပတ်မှာ ဖြစ်သည်။

ဟနွိုင်းတွင် ဒေသတွင်း လုံခြုံရေးဆိုင်ရာ အစည်းအဝေး တက်ရောက်နေသော မစ္စတာ ပတ်ဝေ့ချွန်း ခေါင်းဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ရန်ကုန်သို့ ကြာသပတေးနေ့ နံနက်တွင် ထိုင်းလေကြောင်း လိုင်းဖြင့် ရောက်ရှိမှာဖြစ်ပြီး ခရီးစဉ်အတွင်း နေပြည်တော်သို့လည်း သွားမှာဖြစ်သည်။

နေပြည်တော် သတင်းရပ်ကွက်က မြောက်ကိုရီးယား ဝန်ကြီးသည် မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဥာဏ်ဝင်းနှင့် တွေ့ဆုံမည်ဟု အတည်ပြု ပြောသည်။ အတည် မပြုနိုင်သေးသော်လည်း သီးခြား သတင်းရပ်ကွက် တခုက စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကပါ လက်ခံတွေ့ဆုံဖွယ် ရှိသည်ဟု ပြောသည်။

ခရီးစဉ်က မြန်မာနိုင်ငံနှင့် သံတမန် အဆက်သွယ် ပြန်လည် ထူထောင်ပြီး ၃ နှစ်အကြာတွင် မြောက်ကိုရီးယား နိုင်ငံမှ အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့၏ ပထမအကြိမ် လည်ပတ်မှု ဖြစ်လာပါလိမ့်မည်။

တောင်ကိုရီးယား သမတ ချန်ဒူးဝှမ် ခေါင်းဆောင်သော ဧည့်သည်တော်များအား ရန်ကုန်မြို့ အာဇာနည် ကုန်းတွင် ဗုံးခွဲ တိုက်ခိုက်မှုကို မြောက်ကိုရီးယားက လုပ်ဆောင်မှုဖြင့် ၁၉၈၃ ခုနှစ်တွင် မြန်မာက သံတမန် အဆက်သွယ် ဖြတ်တောက်ခဲ့သည်။ ဗုံးကြောင့် တောင်ကိုရီးယား ဝန်ကြီးများ အပါအဝင် လူ ၂၁ ဦး သေဆုံးခဲ့ရသည်။ သို့သော် အနောက်နိုင်ငံများက ပိတ်ဆို့ အရေးယူခြင်း ခံရသော ဘဝတူ နှစ်နိုင်ငံမှာ ၁၉၉၉ ခုနှစ်တွင် နှစ်နိုင်ငံ တိတ်တဆိတ် ဆက်သွယ်မှုများ ပြန်လည်ပြုလုပ်ပြီး မြောက်ကိုရီးယားမှာ မြန်မာ စစ်တပ်အတွက် လက်နက် ရောင်းချခြင်းနှင့် နည်းပညာ အကူအညီပေးမှုများ ပေးနေသော နိုင်ငံတခုလည်း ဖြစ်လာသည်။

မြန်မာနိုင်ငံသည် နူကလီးယား လက်နက် ထုတ်လုပ်ရန် ကြိုးပမ်းနေသည်ဆိုသော သတင်းများ ထွက်ပေါ်နေပြီး မြောက်ကိုရီးယား၏ စစ်ဘက် အထောက် အပံ့များနှင့် ပတ်သက်၍ မြန်မာ့ ဒီမိုကရေစီ အရေးကို ထောက်ပံ့နေသော နိုင်ငံတခုဖြစ်သည့် အမေရိကန်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီရိုဒမ် ကလင်တန်က လွန်ခဲ့သည့် သီတင်းပတ်တွင်းက ဗီယက်နမ်တွင် ပြုလုပ်သော အရှေ့တောင်အာရှ နိုင်ငံများအသင်း ဒေသဆိုင်ရာဖိုရမ် ARF အစည်းအဝေးတွင် ပြောကြားသွားသည်။

”မြောက်ကိုရီးယားကနေ နူကလီးယား စီမံကိန်းနဲ့ ပတ်သက်ပြီးရအောင် မြန်မာက အထောက်အပံ့ ရှာဖွေကောင်း ရှာဖွေနေတယ် ဆိုတဲ့ သတင်းတွေကြောင့် ကျမတို့မှာ ဆက်ပြီး စိုးရိမ်နေရတယ်” ဟု ကလင်တန်က ပြောသွားခဲ့သည်။

မြောက်ကိုရီးယား ဝန်ကြီးသည် ရန်ကုန်ရှိ ရွှေတိဂုံဘုရား၊ အမျိုးသားပြတိုက်တို့ကို နေပြည်တော်သို့ ၃ဝ ရက်နေ့တွင် မသွားရောက်မှီ သွားရောက် လည်ပတ်မှာဖြစ်ကာ သြဂုတ် ၁ ရက်နေ့တွင် မြန်မာနိုင်ငံမှ ပြန်လည် ထွက်ခွာမှာ ဖြစ်သည်။ လာအိုနှင့် အင်ဒိုနီးရှားတို့ကို ဆက်လက် သွားရောက် လည်ပတ်ပါလိမ့်မည်။

အိန္ဒိယနိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသော နအဖအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ၂၉ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိမှာ ဖြစ်သည်။

ယခုအချိန်သည် တောင်နှင့် မြောက်ကိုရီးယား နှစ်နိုင်ငံ၏ ဆက်ဆံရေး တင်းမာမှု မြင့်မားနေချိန်လည်း ဖြစ်သည်။ မတ်လ အတွင်းက တောင်ကိုရီးယား စစ်သင်္ဘောတစင်း တော်ပီဒိုထိမှန် နစ်မြုပ်၍ လူ ၄၆ ဦး သေဆုံးခဲ့ရာ မြောက်ကိုရီးယား၏ လက်ချက်ဟု နိုင်ငံတကာ စုံစမ်း စစ်ဆေးရေးအဖွဲ့က ထုတ်ပြန်ထားသည်။

Ref: မဇ္ဈိမ

Read More...

မြ၀တီ ကုန်သွယ်ရေးဇုန် ပိတ်

ခင်ဦးသာ
Wednesday, July 28, 2010

ထိုင်း-မြန်မာ နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်ရေး လုပ်ငန်းများကို စီမံခန့်ခွဲမှုပြုလုပ်နေသော မြ၀တီ ကုန်သွယ်ရေးဇုန်အား ယနေ့ မနက်ပိုင်းမှစ၍ ကုန်သွယ်မှုခေတ္တ ပိတ်ထား လိုက်ပြီဖြစ်ကြောင်း ကုန်သွယ်ရေး ဇုန်နှင့် နီးစပ်သူ တဦးက ဧရာဝတီသို့ ပြောကြားသည်။

မြ၀တီကုန်သွယ်ရေးဇုန်တွင် ကုန်အ၀င်အထွက်ဆောင်ရွက်မှု လုပ်ငန်းများကို ဇူလိုင်၂၈ ရက်နေ့မှစ၍ မလုပ်ဆောင်ရဟု အထက်က ညွှန်ကြားစာ ပို့ထားကြောင်း ၎င်းက ဆိုသည်။

“ဒီနေ့မနက်ကပဲ ကုန်သွယ်ရေးဇုန်ကို လုံးဝ ပိတ်လိုက်တာပါ၊ ဘာကြောင့်ပိတ်တာ၊ ဘယ်လောက် အထိ ပိတ်မယ်ဆိုတာတွေ ကိုတော့ မညွှန်ကြား သေးပါဘူး” ဟု မြ၀တီမှ မြန်မာ အဏာပိုင် အဖွဲ့ဝင် တဦးကလည်း အတည်ပြု ပြောကြားသည်။

ထိုင်း-မြန်မာ ၂ နိုင်ငံ ဆက်သွယ်ထားသည့် နယ်စပ်တံတားအား ဇူလိုင်လ ၁ရ ရက်နေ့မှ စ၍ပိတ်ထားခဲ့ပြီး ယခုတဖန် ကုန်သွယ်ရေး ဇုန်အား ထပ်မံ ပိတ်ခြင်းဖြစ်သည်။

မြ၀တီ-မဲဆောက်ဆက်သွယ်ထားသည့် တံတားပိတ်ထားမှုကြောင့် ထိုင်းကုန်သည်များ နစ်နာမှု များသကဲ့သို့ မြန်မာ ကုန်သည်များ၊ အလုပ် သမားများ၊ လက်လီလက်ကား ဈေးသည် အများအပြား နစ်နာ ဆုံးရှုံးမှုများ ဖြစ်နေကြောင်း မြ၀တီမြို့ခံ မြန်မာ ကုန်သည် တဦးက ပြောကြားသည်။

“တံတားပိတ်ရုံမက ကုန်သွယ်ရေးဇုန်ပါ ပိတ်တော့ ရန်ကုန်က ပုစွန်တွေ၊ ငါးတွေ၊ ကဏန်းတွေ ဇုန်မ၀င်ရတော့ ကုန်သည်တွေ အတော် ဒုက္ခ ရောက်ကုန်တယ်၊ ဈေးတွေလည်း ထပ်တက်ဦးမှာ သေချာတယ်၊ ဘယ်လောက်အထိ ပိတ်မယ် ဆိုတာ မသိတော့ ပိုဆိုးတယ်” ဟု ၎င်းက ဆိုသည်။

နယ်စပ် ကုန်သွယ်ရေးကို ဖြတ်တောက်လိုက်ခြင်းကြောင့် ထိုင်းနိုင်ငံမှ တင်သွင်းသည့် ကုန်ပစ္စည်းများမှာ ဈေးနှုန်း ဆက်တိုက် တက်နေပြီး အချိုမှုန့် ၊ ကြက်သားမုန့် နှင့် စားသုံးဆီ တချို့ကို ဈေးများတွင် ရောင်းချမှု မပြုလုပ်ရကြောင်း၊ မရောင်းရသည့် အကြောင်းပြချက်မှာ ကျန်းမာရေးနှင့် မညီညွတ်ဟု ဆိုကြောင်း ပြည်တွင်း ဂျာနယ်တချို့တွင် ရေးသားသည်။

“ထိုင်းကတင်သွင်းတဲ့ စားသုံးဆီတွေကို မန္တလေးဘက်မှာ ပြီးခဲ့တဲ့လက စဖမ်းခဲ့တာပါ၊ ရန်ကုန်မှာတော့ ဒီလထဲ နေရာ တချို့ မှာ ဖမ်းသံတော့ကြားတယ်၊ ဒါပေမယ့် ထိထိရောက်ရောက် ဖမ်းဆီးတာမျိုးတော့ မတွေ့ရသေးပါဘူး၊ ပြည်တွင်း စားသုံးဆီဈေး ကတော့နိုင်ငံတကာနှင့် ယှဉ်ရင်အများကြီး မြင့်နေသေးတယ်”ဟု ရန်ကုန်မှ ဆီကုန်သည် တဦးက ပြောကြားသည်။

နယ်စပ်ဂိတ်များ ပိတ်ထားခြင်းကြောင့် တရားမ၀င်ဆီ မှောင်ခိုတင်သွင်းသည့် လုပ်ငန်းများ၊ ဆိုင်ကယ်မှောင်ခို တင်သွင်းမှုများ အားလုံး ရပ်ဆိုင်း သွားကြောင်းလည်း သိရသည်။

တရားမ၀င် လုပ်ငန်းများ ရပ်ဆိုင်းစေသည့် အပြင်တရားဝင် ကုန်သွယ်ရေးလုပ်ငန်းများရပ်ဆိုင်းနေမှုမှာ ၁၀ ရက်ကျော် လာပြီ ဖြစ်၍ ၂ နိုင်ငံ စလုံးအတွက် ဒေါ်လာ သန်းချီ၍ ဆုံးရှုံးနေပြီဖြစ်ကြောင်း ထိုင်း အာဏာပိုင်များကို ကိုးကား၍ သတင်း မီဒီယာများတွင် ရေးသားကြသည်။

ထိုင်း ကုန်သည်များအနေဖြင့် တနေ့လျှင် ဘတ်သန်း တစ်ရာ ခန့် ဆုံးရှုံးနေကြောင်းလည်း သိရသည်။

ထိုင်းနှိင်ငံမှ မြန်မာနိုင်ငံသို့ တင်ပို့သည့် ကုန်ပစ္စည်းတန်ဖိုးမှာ တလလျင် ဘတ် သန်းတစ်ထောင် (ကျပ် သန်း ၃၀၀၀ ) ၀န်းကျင် ရှိပြီး မြန်မာနိုင်ငံမှ ထိုင်းသို့ ပို့ကုန်တန်ဖိုးမှာ ဘတ် သန်း ဆယ်ဂဏန်း (ကျပ် သန်း ၃၀၀ ) ၀န်းကျင် ရှိကြောင်း သိရသည်။

မြန်မာဘက်မှ ထိုင်းနိုင်ငံသို့ တင်ပို့သည့် အဓိကပို့ကုန်ပစ္စည်းများမှာ ဆန် ၊ကြက်သွန် ၊သစ် ၊ကျွဲ ၊နွား ၊ဆိတ် စသည့် တိရစ္ဆာန် များနှင့် ကျောက်စိမ်းတို့ ဖြစ်ကြောင်း ကုန်သည်များက ဆိုသည်။

ဇူလိုင် ၂၈ ရက်မှ စတင်၍ ယာယီ ပိတ်လိုက်သော မြ၀တီကုန်သွယ်ရေးဇုန်သည် ထိုင်း-မြန်မာ ကုန်သွယ်ရေး လုပ်ငန်းများကို အဓိက စီမံ ခန့်ခွဲမှု ပြုသော စီးပွားရေး ဇုန်သာမက ၂၀၁၅ တွင်ပေါ်ထွက်လာမည့် အာဆီယံ Free Trade ဧရိယာ ကုန်သွယ်ရေး လမ်းကြောင်း တွင်လည်း အရေးပါလာမည့် စီးပွားရေးဇုန် တခုဖြစ်ကြောင်း သိရသည်။

မြ၀တီ စီးပွားရေး ဇုန်အား ၂၀၀၇ တွင် လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၀၈-၂၀၀၉ ဘဏ္ဍာရေးနှစ်မှစ၍ ကုန်သွယ်ရေး လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့ကြောင်း မြ၀တီမှ ကုန်သည်တဦးက ပြောသည်။

မြ၀တီကုန်သွယ်ရေးဇုန်နှင့် ပိတ်ထားသည့် တံတားပြန်ဖွင့်ရေး ကိစ္စများကို ဇူလိုင်လ ၃၀ ရက်နေ့တွင် ၂ နိုင်ငံ တာဝန်ရှိသူများ တွေ့ဆုံ ဆွေးနွေးရန် ရှိပြီး ယင်းနောက်ပိုင်းတွင်မှ ပြန်ဖွင့်မည့် ရက်ကို သိရမည်ဟု မြ၀တီမှ မြန်မာအာဏာပိုင် တဦးက ပြော သည်။


Ref: ဧရာဝတီ်

Read More...

Wednesday, July 28, 2010

ကြံ့ဖွံ့တွေ ပြောဖန်များတော့ စကားထဲက ဇာတိပြတယ်


ရဲဘော်ဖိုးသံချောင်း
၂၈ ဇူလိုင် ၂၀၁၀

ကြံ့ဖွံ့အသင်းဆိုတာကနေ ကြံ့ဖွံ့ပါတီဆိုတာ ဖြစ်သွားပြီပေါ့။ အရင်က ထောင်ထောင် ထောင်ထောင်နဲ့ နေရာ တကာမှာ တွင်ကျယ်နေတဲ့ အမျိုးသမီးရေးရာ ဆိုတာဟာလည်း အခုတော့ ကြံ့ဖွံ့ အမျိုးသမီး အဖွဲ့ရယ်လို့ ဖြစ်သွား ပါပြီ။ (၁၀) နှစ်ကျော် အရေခြုံ ထားတာတွေ ခွာချ လိုက်ကြပြီလို့ ဆိုရင် ရမလားပါပဲ။ ဒီနေ့လို ရွေးကောက်ပွဲ ဗိန်းမောင်းသံ၊ လေးခင်းသံတွေ ပေါ်ထွက်လာတဲ့ အခါမှာ နအဖ စစ်အုပ်စုရဲ့ အမာခံတွေဟာ အပေါ်က အ၀တ်အစားကိုခွာပြီး လက်ဝှေ့ဝိုင်းထဲကို ၀င်လာ၊ လက်ဝှေ့ရေး ပြကြသလား အောက်မေ့ ရပါတယ်။ လက်ခမောင်း တဖောင်ဖောင်နဲ့ပါ။ သွားလေရာ ညောင်မြစ် တဖြာဖြာ ဆိုတာလို သူတို့ “စည်းရုံးရေး” သွားတဲ့ နေရာတိုင်းမှာ ပြဿနာတွေလည်း တက်ချင်တိုင်း တက်နေ ပါတော့တယ်။ ဒါကြောင့်လည်း တချို့နေရာတွေမှာ သူတို့ကို လက်နက်ကိုင် တပ်နဲ့တောင် အစောင့်အရှောက် ပေးနေတာ တွေ့ရပါတယ်။ တချိန်တည်းမှာ မြင်တွေ့ရတာ တခုကတော့ နဂို အမျိုးသမီးရေးရာ ထဲက ဟန်ရေး ပြရုံလောက်သာ အသုံးဝင်တဲ့ ဗိုလ်ချုပ် ကတော်တွေဟာ ဒီအဆင့်မှာ ဘေးထွက် ထိုင်လိုက်ကြတာပါပဲ။

ဒါပေမယ့် ဒီကတော်တွေလိုပဲ အရင်က ကြံ့ဖွံ့ အဖွဲ့ဝင်တွေ ဖြစ်ခဲ့ကြပေမယ့် အထွက်မှာတော့ ကတော်တွေလို မဟုတ်ဘဲ ကန်ထုတ်ပစ်တာ ခံလိုက်သူတွေကတော့ နဂိုက ကြံ့ဖွံ့ထဲကို အတင်း မ၀င်မနေရ ဆွဲသွင်းထားတဲ့ ၀န်ထမ်းတွေနဲ့ ကျောင်းသူ ကျောင်းသားတွေ ဖြစ်ပါတယ်။ အသုံးမ၀င်၊ အလို မရှိတော့ပြီမို့ အခုတော့ သူတို့ကို စစ်ဗိုလ်တွေက စာရင်းထဲ မထည့်တော့ပါဘူး။ နဂိုက (၂၃) သန်းကျော် ရှိတယ်လို့ ဗိုလ်သန်းရွှေ ပါးစပ်က ကြွားနေတဲ့ ကိန်းဂဏန်းကနေ တနေ့ကတော့ ကြံ့ဖွံ့မှာ ပါတီဝင် (၈) သန်း ရှိသေးတယ်လို့ ကြုံးဝါးတာ ကြားလိုက်ရပါတယ်။ ဒါဆိုရင် နဂို ကြံ့ဖွံ့အဖွဲ့ဝင် (၁၅) သန်းလောက်ကို ခါထုတ် ပစ်လိုက်တဲ့ အဓိပ္ပာယ် ဖြစ်နေပါတယ်။

တချိန်ကတော့ နိုင်ငံတကာပါတီပေါင်းစုံအစည်းအဝေးတွေ၊ အမျိုးသမီး အစည်းအဝေးတွေ တက်ခဲ့တဲ့၊ ပြည်တွင်းမှာ ညီလာခံတွေ အချီချီ လုပ်ခဲ့တဲ့ အဖွဲ့ကြီးတွေဟာ ဘာညီလာခံ၊ ဘာအစည်းအဝေး၊ ဘာဆုံးဖြတ်ချက်မှ မချဘဲ ချက်ချင်း အသွင်ပြောင်း ကုန်ကြပါတယ်။ အံ့သြစရာ မကောင်းဘူးလား။ မျက်လှည့် ဆရာက လက်ဖျောက် တချက်တီးလိုက်တာနဲ့ ဖားကနေ ဖွတ်ဖြစ်၊ ဖွတ်ကနေ ဖားဖြစ် ဆိုတာမျိုးတွေပါ။ ပြီးခဲ့တဲ့ နအဖ စစ်တပ် ထိပ်သီးတွေရဲ့ လေးလပတ် အစည်းအဝေး ဆုံးဖြတ်ချက်အရ ကွေးသောလက် မဆန့်မီ ဆုံးဖြတ် အသွင် ပြောင်းလိုက်ရတာ ဖြစ်ပါတယ်။ အဖွဲ့ဝင် သန်းပေါင်း (၂၀) ကျော် ရှိတယ် ဆိုတဲ့ အဖွဲ့ကြီးတခုဟာ ပျောက်သွားတယ် ဆိုတော့လည်း ရေပေါ်မှာ ရေးထားတဲ့ အရုပ်လိုပါပဲ။ ဗိုလ်သန်းရွှေက ပေါ်ဆိုပေါ်၊ ပျောက်ဆိုပျောက်။ အင်း၊ ပြန်စဉ်းစား လိုက်တော့ သူတို့ ပေါ်လာတုန်းကလည်း ဒီလိုပဲ ပေါ်လာခဲ့တာပဲ မဟုတ်ပါလား။ အရှင်မွေးမို့ နေ့ချင်းကြီးခဲ့သလို အရှင်က မလိုတော့လည်း နေ့ချင်းပဲ ပျောက်ရ ပါတော့တယ်။ တဆက်တည်း ဆက်တွေးမိတာက အခု အသစ်ဖွဲ့စည်းကြတဲ့ ရွေးကောက်ပွဲ ၀င်မယ်ဆိုတဲ့ ပါတီ အဖွဲ့အစည်းတွေရော၊ နအဖဆီက ‘ပျောက်စေ’ ဆိုတဲ့ အမိန့်မျိုး ထွက်လာရင် ဆက်တည်ရှိ နေပါ့မလား ဆိုတာပါ။ လောလောဆယ် မှာတော့ ပါတီ အသစ်ဖွဲ့ချင်သူတွေကို မဖွဲ့စေရ ဆိုတဲ့ တချက်လွှတ် အမိန့်ကြောင့်မို့ မဖွဲ့နိုင်ဘဲ ဖြစ်နေတာတွေ တွေ့နေရပြီ။ အဲဒီကနေ တဆင့်တက် တွေးလိုက်ရင် နောင် ရွေးကောက်ပွဲလွန် လို့ လွှတ်တော် ဆိုတာတွေ ဘာတွေ ပေါ်လာရင်ရော။ ဒီတချက်လွှတ် အမိန့်ပေးတဲ့ အာဏာကြီးဟာ (ဘယ်လို ပုံစံနဲ့ပဲဖြစ်ဖြစ်) တည်ရှိနေဦးမှာလား။ မတည်ရှိတော့ပါဘူး လို့တော့ အာမ မခံရဲ ကြဘူး မဟုတ်ပါလား။

အဲဒါကို တချို့က နောင်ခါလာနောင်ခါဈေးလို့ ပြောကောင်း ပြောကြပါလိမ့်မယ်။ လောလောဆယ် မှာတော့ အဲဒီ ကြံ့ဖွံ့ မဟုတ်သူတွေ ခေါင်းခဲနေတဲ့ ကိစ္စဟာ ကြံ့ဖွံ့က ဒီလို နိုင်ငံတော်ရဲ့ အရင်းအနှီး၊ အထောက် အကူတွေနဲ့ မတော်မတရား ရွေးကောက်ပွဲ ၀င်တော့မယ်ဆိုတာ သေချာ သထက် သေချာလာတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ အခုအချိန်ကျမှတော့ ‘အစက ငါမပြောလား’ လို့ သူတို့ကို အပြစ် တင်နေလို့လည်း အပိုပဲ ဖြစ်မှာပါ။ ကျားနဲ့သမင် လယ်ပြင်မှာ တွေ့ကြတာကို စောင့်ကြည့် ကြရုံပဲရှိပါတယ်။ ဒီလိုနဲ့ အခုတလော ပြည်ပရေဒီယို အသံလွှင့်ချက်တွေမှာ နအဖရဲ့ရွေးကောက်ပွဲမှာ ချစ်တီးခေါင်းသန်းရှာ သလို စပေ့စ် ရှာပုံတော်ဖွင့်မယ့် အဖွဲ့တိုင်း နီးပါးဟာ မီဒီယာတွေက မေးတိုင်း မကျေမနပ်တွေ ပြောထွက် နေကြတာကို နေ့တိုင်းလိုလို ကြားနေရပါတယ်။ ဒါပေမယ့်လည်း တဆက်တည်း သတိ ထားမိတာက ကြံ့ဖွံ့ကို ဒီလို အခွင့်အရေးတွေ တဖက် သတ်ပေးထားတာဟာ မတရားဘူး လောက်ပဲ ပြောရဲပါတယ်။ ဒီရွေးကောက်ပွဲဟာ ဒါကြောင့် မတရားဘူး၊ ဒါတွေအတွက် ဘယ်သူ့မှာ တာဝန်ရှိတယ် ဆိုတာမျိုးတော့ မပြောဝံ့ကြပါဘူး။

ဒီလို အားလုံးက တရားမျှတခြင်းမရှိဘူးလို့ ကန့်ကွက်ပြောဆိုနေကြချိန်မှာပဲ နအဖဟာ လက်နက်သစ် တခုကို ထုတ်သုံး လာခဲ့ပါတယ်။ အဲဒါကတော့ ဘာသာရေး လက်နက်ဖြစ်ပါတယ်။ နအဖဟာ သာသန နုဂ္ဂဟ အသင်းဆိုတာကို ဖန်တီးပေးပြီး ကြံ့ဖွံ့အတွက် မဲရှာဖို့ လုပ်ပါတော့မယ်။ ဒါကိုကြည့်ပြီး နအဖ စစ်အစိုးရဟာ နိုင်ငံရေး လောကမှာ ရှေးအကျဆုံး မသမာမှုတခု ဖြစ်တဲ့ ဘာသာရေးကို ခုတုံးလုပ်တဲ့ နည်းကိုလည်း ချန်မထားဘူးလို့သာ မှတ်ချက် ချရပါတော့တယ်။ မြန်မာနိုင်ငံက ဗိုလ်ချုပ်တွေဟာ (၂၁) ရာစုနှစ်ထဲမှာ ကိုပဲ (၁၂) ရာစု နှစ်တုန်းက ခရူးဆိတ် စစ်ပွဲ ဆင်နွှဲ နေတုန်းပါလားလို့ စိတ်မကောင်း ဖြစ်ရပါတယ်။

အခုနောက်ဆုံးကြားနေရတဲ့ ကြံ့ဖွံ့တွေရဲ့မဲဆွယ်ရာမှာ လက်သုံးစကား တခုကတော့ ‘နောက်တခါ အာဏာသိမ်းတာ မတွေ့လိုရင် ကြံ့ဖွံ့ကို မဲပေးကြ’ ဆိုတာပါပဲ။ သူတို့အနေနဲ့ မဲဆွယ်ရာမှာ ချော့မြှူတဲ့နည်း၊ ခြိမ်းခြောက်တဲ့နည်း စသဖြင့် နည်းမျိုးစုံ အသုံးပြုနေရာမှာ အခုနောက်ဆုံး ကြားရတဲ့ နည်းတခုကတော့ ချော့မြှူတာလား၊ ခြိမ်းခြောက်တာလား အတော်ကို စဉ်းစားရ ကြပ်ပါတယ်။ ဒီစကားသာ မှန်ခဲ့ရင် ကြံ့ဖွံ့တွေ အနေနဲ့…

- စစ်တပ်က အာဏာသိမ်းတယ်ဆိုတာ မကောင်းဘူးလို့ အသိအမှတ် ပြုတာလား။
- နအဖစစ်တပ်ဟာ ရွေးကောက်ပွဲမှာ သူတို့လိုလားတဲ့ အဖြေမထွက်ရင် အာဏာ သိမ်းလိမ့်မယ်လို့ အပိုင် ပြောနေတာလား။
- သူတို့ကို မဲမပေးရင် စစ်တပ်ကို အာဏာသိမ်းခိုင်းနိုင်စွမ်း သူတို့မှာရှိတယ်လို့ ၀န်ခံတာလား။
- ဒါမှမဟုတ် သူတို့နောက်မှာ စစ်တပ်ရှိနေတယ်လို့ ကြေညာတာလား။

ဒင်းတို့အလဟဿ ပြောနေတာတော့ ဟုတ်ဟန်မတူပါ။ အကြောင်းရှိမှာပါ။ ဒါတွေကို ကြားတော့ “ပေးနေတုန်းမှာ ပေးတာလေးတွေ ယူထားလိုက်ကြ” လို့ နအဖရဲ့စည်းကမ်းရှိတဲ့ ဒီမိုကရေစီကို အဓိပ္ပာယ် ဖွင့်သူတွေ၊ “ဒီရွေးကောက်ပွဲကို ဆန့်ကျင်တယ် ဆိုသူတွေဟာ ပြည်တွင်း အခြေအနေကို ဘာမှမသိဘဲ ပြည်ပကနေ ရမ်းပြောနေတယ်” လို့ လှမ်းရမ်းနေသူတွေကို သတိရမိပါတယ်။ ပြည်တွင်းမှာ နေတဲ့ သူတို့တတွေ ဒီအခြေ အနေတွေကို တကယ် မသိတာလားလို့။ သူတို့ပြောတာ နောက်တခွန်း ရှိပါသေးတယ်။ အဲဒါက “ဒီမိုကရေစီကို နောက်တော့မှ တဖြည်းဖြည်း တိုးချဲ့ သွားကြတာပေါ့” တဲ့။ အာဏာ မသိမ်းသေးရင် ပေါ့လေ။

Ref: ခေတ်ပြိုင်

Read More...

အိန္ဒိယသမ္မတက မြန်မာအာဏာရှင်ကို လက်ခံတွေ့ဆုံ

အင်္ဂါနေ့၊ ဇူလိုင်လ ၂၇ ရက် ၂၀၁၀

နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို အိန္ဒိယ သမ္မတ Pratibha Patil က သမ္မတ အိမ်တော်ဝင်း၌ ယနေ့ နံနက်ပိုင်းတွင် လက်ခံ တွေ့ဆုံခဲ့သည်။

၅ ရက်ကြာ အလည်အပတ် ခရီးစဉ်အတွက် ဗုဒ္ဓဂါယာရှိ မဟာဗောဓိစေတီတော်တွင် ဘုရားဖူးပြီးနောက် တနင်္လာနေ့ညက အိန္ဒိယမြို့တော် နယူးဒေလီသို့ ရောက်ရှိလာခြင်း ဖြစ်သည်။

“ဒီနေ့ မနက် ၉ နာရီမှာ သမ္မတ Pratibha Patil ဗိုလ်ချုပ်မှူးကြီးကို သမ္မတ အိမ်တော်ဝင်းမှာ လက်ခံတွေ့ဆုံ ခဲ့ပါတယ်” ဟု အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိတဦးက မဇ္ဈိမကို ပြောသည်။

ယနေ့ ညနေပိုင်းတွင် အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်း Manmohan Singh နဲ့ တွေ့ဆုံမှာဖြစ်ပြီး နှစ်နိုင်ငံ သဘောတူညီချက်များ ရေးထိုးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

အိန္ဒိယသမ္မတနှင့် တွေ့ဆုံခဲ့ပြီးနောက် အသက် ၇၇ နှစ်အရွယ် စစ်ခေါင်းဆောင်သည် အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီး S.M. Krishna နှင့် ဆွေးနွေးခဲ့သည်။

ယနေ့ ညနေ ၄ နာရီခွဲတွင် ဝန်ကြီးချုပ် Man Mohan Singh နှင့် အိန္ဒိယဂိတ်အနီးရှိ နိုင်ငံတကာ ခေါင်းဆောင်များကို လက်ခံတွေ့ဆုံသည့် အစိုးရ ဧည့်ဂေဟာ (Hydrabad House) ၌လည်းကောင်း၊ အိန္ဒိယ ဒုသမ္မတ Shri M.Hamid Ansari နှင့် အတိုက်အခံ BJP ပါတီ ခေါင်းဆောင် Sushma Swaraj တို့က ယနေ့ ညနေ ၃ နာရီခွဲတွင် Sardar Patel Marg အရပ်ရှိ ITC Maurya ဟိုတယ်၌ လည်းကောင်း၊ အသီးသီး တွေ့ဆုံသွားမည်ဖြစ်သည်။

အိန္ဒိယအရှေ့မြောက်ဒေသ နှစ်နိုင်ငံ နယ်စပ်ရှိ သူပုန်များ ပူးပေါင်းနှိမ်နှင်းရေးအတွက် နားလည်မှု စာချွန်လွှာများကို ပထမ ဦးစားပေး လက်မှတ် ရေးထိုးဖွယ် ရှိသည်ဟု အိန္ဒိယရှိ NDTV ရုပ်မြင်သံကြား သတင်းဌာနက ဖော်ပြထားသည်။

နှစ်နိုင်ငံပူးပေါင်း၍ နယ်စပ်ဖြတ်ကျော်မှုခင်းများ၊ အကြမ်းဖက်မှုနှိမ်နင်းရေး၊ မူးယစ်ဆေးဝါးနှင့် ငွေဖြူလျှော်ဖွတ်မှုနှင့် လက်နက် ခဲယမ်း မီးကျောက်များ မှောင်ခို တင်သွင်းနေမှုတို့ကို တိုက်ဖျက်ရန် လက်မှတ်ရေးထိုး လိမ့်မည်ဟုလည်း ပါရှိသည်။

ထိပ်သီးအစည်းအဝေးများအပြီး အိန္ဒိယက စွမ်းအင်၊ သယ်ယူပို့ဆောင်ရေးနှင့် အခြေခံအဆောက်အဦးပိုင်း ဆိုင်ရာ ရင်းနှီး မြှုပ်နှံမှုတို့ လုပ်လိမ့်မည်ဟုလည်း မျှော်လင့် ထားကြသည်။

ယနေ့ ညပိုင်းတွင် အိန္ဒိယ သမ္မတက ၎င်း၏ အိမ်တော်တွင် မြန်မာကိုယ်စားလှယ်အဖွဲ့ကို ညစာဖြင့် တည်ခင်း ဧည့်ခံမည်။ ညစာ စားပြီးနောက် မြန်မာ စစ်ခေါင်းဆောင်၏ နယူးဒေလီခရီးစဉ် ပြီးဆုံးမည်ဖြစ်ကာ၊ မနက်ဖြန် နံနက် ၉ နာရီတွင် အိန္ဒိယရှိ အကြီးဆုံး စက်မှု ကုမ္ပဏီဖြစ်သည့် Tata တည်ရှိရာ ဟိုက်ဒရာဘတ်မြို့သို့ လေကြောင်းဖြင့် သွားရောက်မည်ဖြစ်သည်။

Ref: မဇ္ဈိမ

Read More...

စာပေကင်ပေတိုင် ညွှန်ကြားချက်သစ် ဥပေဒများကို မရေးရဲအောင်ဖြစ်

ဖနိဒါ
အင်္ဂါနေ့၊ ဇူလိုင်လ ၂၇ ရက် ၂၀၁၀

ချင်းမိုင် (မဇ္ဈိမ) ။ ။ စာပေစိစစ်ရေးဌာန၏ ပြည်တွင်းဂျာနယ်များအပေါ် အခြေခံဥပဒေနှင့် ရွေးကောက်ပွဲ ဥပဒေများကို ကိုးကားမှု ဆိုင်ရာ ညွှန်ကြားချက်က သတင်းစာဆရာများကို ရေးသား မဖော်ပြရဲအောင် ဟန့်တားသကဲ့သို့ ဖြစ်သွားတော့သည်။

ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ခံ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနက ဇူလိုင် ၂ဝ ရက် ရက်စွဲဖြင့် ထုတ်ပြန်သော ”ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ နည်းဥပဒေပါ အချက်များ ပြည့်စုံမှန်ကန်စွာ ထည့်သွင်းဖော်ပြရေး” ညွှန်ကြားချက်တွင် မှားယွင်း ဖော်ပြပါက ဂျာနယ်ထုတ်ဝေခွင့် ပိတ်သိမ်းသည်အထိ အရေးယူ ဆောင်ရွက်သွားမည်ဟု ပါရှိသည်။

”ပြည်ထောင်စု မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အချက်များကိုလည်းကောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ပြန် ထားရှိသည့် ဥပဒေ၊ နည်းဥပဒေများနှင့် ပတ်သက်၍လည်းကောင်း စာမူဆောင်းပါး၊ သတင်းများ ကောက်နုတ် ဖော်ပြရာတွင် အထူးအလေးထား စိစစ် တည်းဖြတ် ဆောင်ရွက်ရန် သက်ဆိုင်ရာဂျာနယ် ထုတ်ဝေသူ၊ စာတည်းအဖွဲ့များ အနေဖြင့် တာဝန်ရှိပါသည်” ဟု ပါရှိသည်။

”မှားယွင်းဖော်ပြမှုမျိုး ဖြစ်ပွားပါက ဂျာနယ်ထုတ်ဝေခွင့် ပိတ်သိမ်းသည်အထိ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အကြောင်းကြားပါသည်” ဟု ထပ်မံ ပါရှိသည်။

အပတ်စဉ်ထုတ် ဂျာနယ်တခုမှ ဝါရင့် အယ်ဒီတာတဦးက “ဥပဒေရေးရာ သုံးနှုန်းထားတာတွေက သာမန် ပြည်သူတွေ နားလည်ခက်မယ်။ အခြေခံဥပဒေပါ အချက်အလက်တွေကတော့ ဘာတွေပါဆိုပြီးတော့ ပြည်သူနားလည်အောင် ပြန်ပြီး ရှင်းပြလို့ မဖြစ်တော့ဘူး။ ကျနော်တို့က ပြည်သူနားလည်စေချင်လို့ ရှင်းပြပေမယ့် မှားပါတယ်ဆိုရင် ကိုယ်ပဲ ဒုက္ခရောက်မှာ စိုးလို့ မရေးတော့ဘူး” ဟု မဇ္ဈိမကို ပြောသည်။

The Voice ဂျာနယ် အတွဲ ၆၊ အမှတ် ၃၄ တွင် ပါရှိသော ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဝေဖန် သုံးသပ်ထားသည့် ဆောင်းပါးရှင် အောင်ထွဋ်၏ “Concept နှင့် Process” နိုင်ငံရေး ဆောင်းပါးကြောင့် ဂျာနယ်ထုတ်ဝေမှု နှစ်ပတ် ပိတ်ခံခဲ့ရပြီးနောက် ဆင်ဆာဘုတ်၏ တားမြစ်မှု ထွက်လာခြင်းလည်း ဖြစ်သည်။

စာပေစိစစ်ရေးက အတည်ပြုပေးခဲ့သော်လည်း ဈေးကွက်အတွင်း ဖြန့်ချိပြီးမှ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အဓိပ္ပာယ် လွဲမှားစေသည်ဟု တရားရုံးချုပ်က ဝင်စွက်ဖက်ပြီး ဂျာနယ်ကို ပိတ်ပင်ခဲ့သည်။

သတင်းဂျာနယ် အယ်ဒီတာတဦးက “ကျနော်တို့ သီအိုရီအရ ဥပဒေတွေက နည်းနည်းရှုပ်တဲ့ သဘောရှိတယ်၊ သာမန်လူတွေ နားလည်ဖို့ ခက်တယ်။ လူတွေက ဖတ်လိုက်တာနဲ့ လွယ်လွယ်ကူကူနဲ့ သိသွားအောင်ဆိုပြီး ဒီအခြေခံ ဥပဒေနဲ့ ပတ်သက်တဲ့ အသုံးအနှုန်းတွေက ရှင်းပြရမယ်လေ။ ဒါပေမဲ့ အခုတော့ ရေးဖို့ ခက်သွားတာပေါ့” ဟု ပြောသည်။

အလားတူ ယခင်တပတ်ထုတ် Flower News ဂျာနယ်တွင် “ဥပဒေရေးရာ သိမှတ်ဖွယ်” ဟူ၍ ဥပဒေ သုံးသပ်ချက်များ ရေးသား ထားသည်ကို တရားရုံးချုပ်က ကန့်ကွက်စာ ပို့သဖြင့် ယင်းဥပဒေ သုံးသပ်ချက်ကို ဖြုတ်လိုက်သည့် အပြင် အမှားပြင်ဆင်ချက် ပြန်ထည့်ရကြောင်း ယင်းဂျာနယ်တိုက်နှင့် နီးစပ်သူ အယ်ဒီတာ တဦးက ပြောသည်။

ထို့ပြင် ဂျာနယ်ပိတ်ပင်ခံရလျှင် စာပေစိစစ်ရေး လက်ချက်မဟုတ်သကဲ့သို့ ဟန်ဆောင်ရမည့် ကိစ္စတခုမှာ ပိတ်ပင်ခံရသည့် ဂျာနယ်များ အနေဖြင့် မိမိဘာသာ ရပ်နားကြောင်း စာဖြင့် ထုတ်ပြန်ရန် စာပေ ကင်ပေတိုင်ဟု သတင်းစာ ဆရာများက လှောင်ပြောင်သည့် ဌာနက စကားဖြင့် ညွှန်ကြားထားသည်ဟု စုံစမ်းသိရှိရသည်။

ဗိုလ်မှူးတင့်ဆွေသည် ဒုညွှန်ကြားရေးမှူးချုပ်အဖြစ် ရာထူးတိုးကာ ပြန်ကြားရေးဝန်ကြီးဌာနအောက်ရှိ အခြားသော ဌာနသို့ မကြာမီ ပြောင်းရွှေ့ရမည်ဖြစ်ပြီး သူ၏ နေရာသို့ ရေတပ်မှ ဒုတိယဗိုလ်မှူးကြီး မျိုးမြင့်မောင်ကို ခန့်အပ်မည် ဖြစ်သည်။

ပြီးခဲ့သည့် မေလအတွင်းက စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနမှ ရေတပ်မှ ဒု ဗိုလ်မှူးကြီး မျိုးမြင့်မောင်က တာဝန်ယူသည့် နောက်ပိုင်း ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေများ ဝေဖန်၊ သုံးသပ်ထားသည့် နိုင်ငံရေးပါတီဝင်တချို့ အင်တာဗျူး၊ သတင်း၊ ဆောင်းပါးများကို ပိုမို စိစစ် ဖြတ်တောက်ခဲ့သည်။

ထို့ပြင် Envoy နှင့် ပေါ်ပြူလာ ဂျာနယ်များတွင် သရုပ်ဆောင်များ၏ ဝတ်စားစီရင်မှုသည် မြန်မာ့ယဉ်ကျေးမှုနှင့် မကိုက်ညီဟု ဆိုကာ ဂျာနယ် ထုတ်ဝေခွင့် တပတ် ရပ်နားခဲ့သည်။

Ref: မဇ္ဈိမ

Read More...

ထက်ထက်မိုးဦး အမှု ဆက်လက်ကြားနာ၊ သတင်းထောက်များ တရားခွင် ၀င်ခွင့်မရ

မင်းနိုင်သူ Tuesday, July 27, 2010

ရုပ်ရှင် သရုပ်ဆောင် ထက်ထက်မိုးဦးနှင့် သတင်းထောက် အေးသူစံ အမှုအတွက် တရားလို ထွက်ဆို ချက်များအား ရန်ကင်းမြို့နယ် တရားရုံးက ယနေ့ စတင်ကြားနာ ခဲ့သော်လည်း သတင်းထောက်များကို တရားခွင် အတွင်း ၀င်ရောက်ခွင့် မပေးခဲ့ကြောင်း သတင်းထောက် တဦး က ဧရာဝတီသို့ ပြောသည်။

ယနေ့တရားခွင်သို့ ၎င်းအပါအ၀င် ဂျာနယ်တိုက် ၅ တိုက်မှ သတင်းထောက်များ သွားရောက်ခဲ့ရာ ၀င်ရောက်ခွင့် မရခဲ့ကြောင်း သတင်းထောက် တဦးက ဧရာဝတီသို့ ပြောသည်။

“အရင် အခေါက်တွေ တုန်းကလည်း တရားခွင်ထဲ ၀င်ရောက်ခွင့် မပေးဘူး၊ ဒီနေ့လည်း မပေးဘူး၊ တရားခွင်ထဲမှာ မအေးသူစံနဲ့ သူ့ရှေ့နေ ဦးသန်းထွန်းအောင်၊ ထက်ထက်မိုးဦး ဘက်က သူ့အမျိုးသားနဲ့ သူ့ရှေ့နေ ဦးစိန်မြင့်၊ တရားသူကြီး ဒါပဲရှိတယ်၊ ကျနော်တို့က အပေါက်ဝကပဲ နားထောင်ရတယ်၊ ဘာတွေ မေးတယ် ဆိုတာလည်း သဲသဲကွဲကွဲ မကြားကြရဘူး"ဟု တရားခွင်သို့ သွားရောက်ခဲ့သည့် သတင်းထောက်က ပြောသည်။

လွန်ခဲ့သည့် မေလ ၁၉ ရက်နေ့က ဆီဒိုးနား ဟိုတယ်တွင် ပြုလုပ်သော ကုန်စည်ပြပွဲ တခု၌ ထက်ထက်မိုးဦးနှင့် 7day News ဂျာနယ် သတင်းထောက် မအေးသူစံတို့ အင်တာဗျူး တခု ပြုလုပ်ခဲ့ ပြီးနောက် ထက်ထက်မိုးဦးက သတင်းထောက်ကို ကိုယ်ထိ လက်ရောက် ပြုမူခဲ့သဖြင့် ရန်ကင်းမြို့နယ် တရားရုံးတွင် တရား ရင်ဆိုင်နေရခြင်း ဖြစ်သည်။

“ဒီနေ့ မအေးသူစံကို တရားသူကြီးက စတင်စစ်မေးပါတယ် ၊ ထက်ထက်မိုးဦးကတော့ ကိုယ်တိုင် မလာပါဘူး ၊ သူ့အမျိုးသားနဲ့ သူ့ ရှေ့နေတို့ လာပြီး ကျန်းမာရေးကြောင့် မလာရောက်နိုင်ကြောင်း တရားရုံးကို တင်ပြသွားတယ်"ဟု ရုံးချိန်းရောက်ခဲ့သည့် 7Day ဂျာနယ် အယ်ဒီတာ တဦးကလည်း ပြောသည်။

အဆိုပါ အမှုကို ရန်ကင်းတရားရုံးက မေလ၂၄ ရက်နေ့တွင် စတင်လက်ခံခဲ့ပြီး ဇွန် ၃ ရက်တွင် နာကျင်စေမှု ပုဒ်မ ၃၂၃၊ ခြိမ်းခြောက်မှု ပုဒ်မ ၅၀၆ တို့ ဖြင့် ထက်ထက်မိုးဦးကို တရားစွဲတင်ခဲ့သည်။

အမှုစွဲတင်ခဲ့အပြီး တတိယမြောက်ရုံးချိန်းဖြစ်သော ဇူလိုင် ၁၃ ရက်နေ့တွင်မှ ထက်ထက်မိုးဦးသည် သူမ၏ ရှေ့နေ ဦးစိန်မြင့်နှင့် အတူ ရန်ကင်း တရားရုံးသို့ လာရောက်ခဲ့ပြီး ယခုရုံးချိန်းတွင် ကျန်းမာရေး မကောင်းသဖြင့် တရားရုံးသို့ မတက်ရောက်နိုင်ကြောင်း လျှောက်ထားခဲ့ခြင်းဖြစ်သည်။

ယနေ့တရားခွင်သို့ သွားရောက်ခဲ့သည့် တခြားသော သတင်းထောက်တဦးက "ထက်ထက်မိုးဦးရဲ့ အမျိုးသား ဇူးမြတ်ထက်က ဆေးထောက်ခံစာတွေ ယူလာပြီး တင်ပြတော့ တရားသူကြီးက တရားရုံး လုပ်ထုံး လုပ်နည်း ပုဒ်မ ၂၀၅ အရ တရားလိုဘက်ကို စစ်ဆေးနေစဉ် အတွင်း ထက်ထက်မိုးဦး မလာရောက်ရင်လည်း ရကြောင်း ၊ တရားရုံးက လိုအပ်လို့ ခေါ်တဲ့ အချိန်မှာတော့ လာရောက်ဖို့ ဆိုပြီး ပြောလိုက်တယ်လို့ ပြန်သိရတယ်"ဟု ပြောသည်။

ဇူလိုင် ၁၃ ရက် တရားခွင်တွင် တရားသူကြီးက ထက်ထက်မိုးဦး၏ ကိုယ်ရေးရာဇ၀င်ကို တောင်းယူခြင်း ၊ အမှု စွဲတင်ထားမှုကို ဖတ်ပြခြင်းတို့ ပြုလုပ်ခဲ့ပြီး ထက်ထက်မိုးဦး ဘက်မှ ငွေကျပ် ၁၀ သိန်းဖြင့် အာမခံ ရယူထားသည်။

ထက်ထက်မိုးဦးအပေါ် စွဲဆိုထားသည့် ပုဒ်မ ၃၂၃ မှာ နာကျင်စေမှုဖြစ်ပြီး အများဆုံး ထောင်ဒဏ် ၁ နှစ် သို့မဟုတ် အများဆုံး ငွေဒဏ် ၁၀၀၀ ကျပ် သို့မဟုတ် ပြစ်ဒဏ် ၂ ရပ်စလုံးကို ကျခံစေနိုင်ကြောင်း၊ ပုဒ်မ ၅၀၆ မှာ ခြိမ်းခြောက်မှုဖြစ်ပြီး အများဆုံး ထောင်ဒဏ် ၂ နှစ် သို့မဟုတ် ကန့်သတ် မထားသော ငွေဒဏ် သို့မဟုတ် ပြစ်ဒဏ် ၂ ရပ်စလုံး ချမှတ်နိုင်ကြောင်း ပြစ်မှုဆိုင်ရာ ဥပဒေတွင် ပြဌာန်းထားကြောင်း ရန်ကုန် အခြေစိုက် ရှေ့နေတဦးက ပြောသည်။

မင်းသမီးနှင့် သတင်းထောက်အမှုကို စာနယ်ဇင်းအသိုင်းအ၀န်းက စိတ်ဝင်တစား စောင့်ကြည့်နေကြပြီး အဆိုပါ အမှုကို ငွေဒဏ်ဖြင့်သာ အဆုံးသတ်မည်ဟု ယူဆမိကြောင်း ရန်ကုန် အခြေစိုက် ဂျာနယ် အယ်ဒီတာ တဦးက ပြောသည်။

“နိုင်ငံရေးအမှုတွေမှာ ထင်သာမြင်သာဖြစ်ဖို့ ၊ အများနားထောင်နိုင်တဲ့ တရားခွင်ဖြစ်ဖို့မပြောနဲ့ အခု သတင်းထောက်ကို မင်းသမီးက ရိုက်နှက်မှုမှာတောင် ဘယ်သူမှ ၀င်ခွင့်မရဘူး ၊ ဒါ့ကြောင့် ဒီအမှုမှာ စာနယ်ဇင်းသမား ဘယ်လောက်ပဲ စော်ကားခံခဲ့ရ ခံခဲ့ရ နောက်ဆုံးတော့ ငွေဒဏ်နဲ့ပြီးမှာပဲ၊ ဒါကို စာနယ်ဇင်းသမားတွေ ဘာလုပ်ကြမလဲ ဆိုတာ စဉ်းစားကြဖို့ လိုပြီ ထင်ပါတယ်"ဟု ၎င်းက ဆိုသည်။

Ref: ဧရာဝတီ်

Read More...

အန်ဒီအေ (ကချင်) တပ်မှူးဟောင်းများ မည်သည့် လုပ်ပိုင်ခွင့်မျှ မရှိ

လင်းနိုင်ဦး
၂၇ ဇူလိုင် ၂၀၁၀

နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းခြင်းကို လက်ခံလိုက်သည့် အန်ဒီအေ (ကချင်) နယ်မြေ အတွင်းတွင် တပ်မှူး ဟောင်းများသည် လုပ်ပိုင်ခွင့်နှင့် ရပိုင်ခွင့် လုံးဝ မရှိတော့သည့်အတွက် စိတ်ဓာတ် ကျဆင်းနေကြကြောင်း သိရသည်။

အချို့ အန်ဒီအေ အရာရှိဟောင်းများသည် မိမိကိုယ်မိမိ သတ်သေမှုများပင် ရှိနေကြောင်း ကမ်ပိုင်တီနယ်မြေမှ တပ်မှူးဟောင်း တဦးက ပြောသည်။

၎င်းက “အရင်တော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့ လူဟောင်းတွေ အခု ဘာသြဇာ၊ ဘာ လုပ်ပိုင်ခွင့်မှ မရှိတော့ဘူး။ တချို့ ဆင်းလည်း ဆင်းရဲ ကြတယ်။ အရာရာကို နယ်ခြားစောင့်တပ်နဲ့ မြောက်ပိုင်းတိုင်း စစ်ဗျူဟာကပဲ ခြယ်လှယ်နေတော့ စိတ်ဆင်းရဲ နေကြတယ်။ ပြီးခဲ့တဲ့ အပတ်ကဆို အရင် တော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့ အန်ဒီအေ ကမ်ပိုင်တီ စစ်ဦးစီးဌာနက လဇွန်ဟောင်းခေါင် ကိုယ့်ကိုယ်ကိုယ် သေနတ်နဲ့ ပစ်သတ် သေသွားတယ်။ အလားတူ ဂျွန်ဖောက်လည်း ဒီပုံစံ သေသွားတယ်။ လက်ရှိ ဒေသခံ တပ်မှူးဟောင်းတွေ အားလုံး စိတ်ဓာတ် ကျနေကြတယ်” ဟု ပြောဆိုသည်။

စစ်အစိုးရ နယ်ခြားစောင့်တပ်နှင့် ပြည်သူ့စစ်ရေးရာဌာနမှ ဗိုလ်ချုပ်မောင်မောင်ဦး ရောက်လာပြီးနောက် အခြေအနေ ပိုမို ဆိုးဝါးလာကြောင်း အဆိုပါ တပ်မှူးဟောင်းက ရှင်းပြသည်။

ဗိုလ်ချုပ်မောင်မောင်ဦးက နယ်ခြားစောင့် တပ်ဖွဲ့ဝင်များအား တပ်ဝင်ငွေရရန် စီးပွားရေး လုပ်ရန်လိုအပ်ပြီး တရားဝင် လုပ်ငန်းဖြစ်စေ၊ တရားမဝင် လုပ်ငန်းဖြစ်စေ လုပ်ပိုင်ခွင့် ရှိကြောင်း၊ ဒေသတွင်း လုပ်ကိုင်နေသည့် သစ်တောလုပ်ငန်း၊ သတ္တု တူးဖော်ရေးလုပ်ငန်း၊ ကုန်သွယ်ရေးလုပ်ငန်း၊ လောင်းကစား လုပ်ငန်းတို့သည် တရားဝင်သည်ဟု မရှိကြောင်း၊ ထို့ကြောင့် တပ်ရန်ပုံငွေ ရရေး ရဲရဲတင်းတင်း လုပ်ကိုင်ကြရန် ပြောဆို သွားကြောင်း ၎င်းက ပြောကြားသည်။

ထို့နောက်ပိုင်း နယ်ခြားစောင့်တပ်သည် နယ်မြေခံ ယခင် ခေါင်းဆောင်ဟောင်းများ၏ အမိန့်ကို မနာခံရုံ သာမက ဘာလုပ်လုပ် ၎င်းတို့ထံ ခွင့်တောင်းရမည်ဟု အမိန့် ထုတ်ခြင်းများပင် ရှိလာကြောင်း သိရသည်။

အန်ဒီအေ တပ်ရင်းမှူးဟောင်းတဦးက “နယ်ခြားစောင့်တပ်က ဒေသခံ ရဲဘော်တွေကလည်း အစိုးရ စစ်ဗျူဟာက အမိန့်ပဲ နာခံ နေတော့တယ်။ ဒီဒေသအတွက် တိုက်ပွဲဝင်ခဲ့တဲ့ ခေါင်းဆောင်ဟောင်းတွေလည်း မသိ၊ တပ်သားဟောင်းတွေ ဆိုလည်း ဂရုမစိုက်တော့ဘူး။ ဦးဆခုံတိန့်ယိန်းကို လုံခြုံရေး ယူပေးနေတဲ့ တပ်ဖွဲ့တောင် သူ့ကို သိပ်စေတနာ မပါတော့ဘူး” ဟု ပြောဆိုသည်။

မြစ်ကြီးနားမြို့တွင် နေထိုင်သည့် အန်ဒီအေ (ကချင်) ခေါင်းဆောင်ဟောင်းတဦးကမူ လက်ရှိ အန်ဒီအေ ဒေသသည် သဘာဝ သယံဇာတများလည်းကုန်၊ တော်လှန်ရေးကာလ သေသည့်သူများလည်း သေ၊ မသေဘဲ ကျန်ရစ်သူများလည်း လုပ်ပိုင်ခွင့်၊ ခံစားခွင့်တို့ မရှိဘဲ စစ်အစိုးရ လက်အောက် ကျရောက်သွားသဖြင့် အခြား လက်နက်ကိုင် ငြိမ်းအဖွဲ့များ အနေဖြင့် ဦးဆခုံတိန့်ယိန်းကဲ့သို့ စစ်အစိုးရ အလိုကျ တပ်ကို မလုပ်သင့်ကြောင်း ပြောကြားသည်။

Ref: ခေတ်ပြိုင်

Read More...

နအဖကို DKBA ဘက်မှ ကူတိုက်မည်ဟု KNU ပြော

စိုင်းဇွမ်ဆိုင်း
Tuesday, July 27, 2010

တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) ကို နအဖတပ်များ တိုက်ခိုက်လာပါက DKBA ဘက်မှ ကူ၍ တိုက်ခိုက် သွားမည်ဟု ကရင်အမျိုးသား အစည်းအရုံး (KNU) က ပြောဆို လိုက်သည်။

DKBA တပ်မဟာ ၅ မှ ဗိုလ်မှူးကြီး နှုတ်ခမ်းမွေး (စောလားပွယ်) ၏ တပ်များနှင့် နအဖ စစ်အစိုးရ တပ်များအကြား နယ်ခြားစောင့် တပ် ဖွဲ့စည်းရေးနှင့် ပတ်သက်၍ တင်းမာမှုများ ဖြစ်ပွားခဲ့ ပြီးနောက် KNU ဘက်မှ ယခုကဲ့သို့ ပြောဆို လိုက်ခြင်း ဖြစ်သည်။

“DKBA ကိစ္စတွေဆိုရင် သက်ဆိုင်ရာ နယ်မြေ အလိုက်က တပ်မဟာ တွေကပဲ စဉ်းစား ကြတယ်လေ၊ အခုကိစ္စမှာ ကျနော်တို့ စဉ်းစား ကြတာက နှုတ်ခမ်းမွေးက မှန်တယ်၊ ဒါကြောင့်မို့လို့ တခုခု ဖြစ်လာရင် နှုတ်ခမ်းမွေး ဘက်က ကူတိုက် မယ်လို့ ဆုံးဖြတ် လိုက်ကြတာပါ”ဟု KNU ဒု ဥက္ကဋ္ဌ ဒေးဗစ် သာကပေါက ဧရာဝတီသို့ ပြောသည်။

ယခုလ ၂၁ ရက်နေ့တွင် နအဖ ဘက်မှ စစ်ဖက်ရေးရာ လုံခြုံရေး(စရဖ) အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်က နယ်ခြား စောင့်တပ် ဖွဲ့စည်းရေးကို ထပ်မံ ကမ်းလှမ်းခဲ့သော်လည်း ဗိုလ်မှူးကြီး နှုတ်ခမ်းမွေးက ငြင်းပယ်ခဲ့ကြောင်း ကရင် သတင်းစဉ် (KIC) တွင် ဖော်ပြ ထားသည်။

“ကိုယ့်ရဲ့တပ်တွေကို နယ်ခြားစောင့်တပ်ဖွဲ့ပြီး သူများကို အုပ်ချုပ်ခိုင်းတာကို ဘယ်သူကမှ ကျေနပ်နိုင်မှာ မဟုတ်ပါဘူး”ဟု ဒေးဗစ် သာကပေါက ဆက်ပြောသည်။

နယ်ခြားစောင့်တပ်ဖွဲ့စည်းရေး ကမ်းလှမ်းချိန်တွင် ဒေသအတွင်း၌ နအဖ ဘက်မှ စစ်တပ်အင်အား ဖြည့်တင်းခြင်း၊ စစ်ရေး လှုပ်ရှားမှု တိုးလာခြင်း များလည်း ရှိသည်ဟု ဒေးဗစ် သာကပေါ က ဆိုသည်။

ဗိုလ်မှူးကြီး နှုတ်ခမ်းမွေးကလည်း ယခုတပတ်အတွင်း နအဖ တပ်များနှင့် တိုက်ပွဲများဖြစ်လာနိုင်သည် ဟု ဆိုကာ ဒေသခံ ရွာသားများကို သတိ ပေးထားခဲ့သဖြင့် ဇူလိုင်လ ၂၅ ရက်နေ့တွင် ကရင်ပြည်နယ်၊ မြဝတီမြို့နယ် အတွင်းရှိ ဝေါ်လေ၊ ထီးပဲလေ၊ ပေါ်ကလော်၊ ထီးဝါးမယ်ထာ၊ ဒိုဝါ့၊ သေးဘောဘိုး စသည့် ရွာများမှ ဒေသခံများသည် ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ ဖုတ်ဖရ မြို့နယ်သို့ ထွက်ပြေး တိမ်းရှောင် လာခဲ့ကြသည်။

တိမ်းရှောင်လာသူများမှာ စုစုပေါင်း ၇၀၀ ခန့်ရှိကြောင်း သို့သော်လည်း ထိုင်းအာဏာပိုင်များက ပြန်ခိုင်းသည့် အတွက် ယမန်နေ့မှ စတင်ကာ မိမိတို့ နေရပ်များကို ပြန်သွားကြကြောင်း ကရင် လူ့အခွင့်အရေးအဖွဲ့ (KHRG) က ပြောသည်။

“တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူးက ရွာသားတွေကို သွားတွေ့ပြီး တိုက်ပွဲတွေမဖြစ်သေးဘူးဆိုရင်တော့ ပြန်သွားကြပါ၊ တိုက်ပွဲ ဖြစ်မှ ပြန်လာပြီး ခိုလှုံကြပါလို့ ပြောတယ်”ဟု KHRG ပြောရေးဆိုခွင့်ရှိသူ တဦးက ပြောသည်။

ကရင်ပြည်နယ် မယ့်အော်ဘိုးရွာမှ ရွာသားတဦးကလည်း“တော်တော်များများတော့ ကိုယ့်ရွာကိုယ် ပြန်သွားကြပါပြီ၊ မပြန်နိုင်တဲ့ ကလေးတွေနဲ့ မိခင်တွေလောက်ပဲ ကျန်ပါတော့တယ်”ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။

ထွက်ပြေးလာသူများကို ထိုင်းအာဏာပိုင်များဘက်မှ အစားအသောက်နှင့် သောက်သုံးရေများ ထောက်ပံ့ ခဲ့သည်ဟုလည်း သိရှိရသည်။

နောက်ဆုံးရသတင်းများအရ ဗိုလ်မှူးကြီး နှုတ်ခမ်းမွေး၏ တပ်များနှင့် နအဖ တပ်များအကြား တင်းမာမှုများ ဆက်လက် မြင့်မားနေပြီး ပစ်ခတ်မှု တစုံတရာ မရှိသေးကြောင်း သိရသည်။

Ref: ခေတ်ပြိုင်

Read More...

အပေါ်သို့