..............................

Friday, March 11, 2011

ဆင်းရဲသား အခမဲ့ဆေးကုနိုင်ခွင့် ပယ်ချခံရ

မျိုးသန့်
ကြာသပတေးနေ့၊ မတ်လ ၁၀ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ ဝင်ငွေနည်းပြည်သူများ ဆေးကုသခွင့် အာမခံချက်ရှိသည့် အမျိုးသား ကျန်းမာရေး စနစ် ထူထောင်ရန် ပြည်သူ့လွှတ်တော် အမတ်များက ကြာသပတေးနေ့ အစည်းအဝေး၌ တင်ပြခဲ့ရာ ကျန်းမာရေးဝန်ကြီး ဒေါက်တာ ကျော်မြင့်က စရိတ်မျှပေး ကျန်းမာရေးစနစ် ရှိသည်ဆိုသော အကြောင်းပြချက်ဖြင့် ပယ်ချလိုက်ကြောင်း အမတ်တဦးက ပြောသည်။

“ဆေးရုံကြီးမှာ ဆေးကုရတာ ဈေးကြီးတဲ့ အကြောင်းတွေဘာတွေပေါ့။ နောက်တခုက အလုပ် မရှိတဲ့သူတွေ ဘယ်လို ဆေးကုမလဲပေါ့၊ အဲဒါတွေကို ဆွေးနွေးပါတယ်။ ဒါပေမဲ့ ကျန်းမာရေး ဝန်ကြီးဌာကတော့ ထုံးစံ အတိုင်းပေါ့လေ။ သူ့ရဲ့ စရိတ်မျှပေး ကျန်းမာရေးဆိုတဲ့ အတိုင်းပေါ့လေ၊ ဆေးရုံက အကုန်လုံး လုပ်ထားတာ၊ ဆေးတွေလည်း အခမဲ့ ကုပေးနေတယ်ပေါ့လေ။ အဲဒီတည်းက ပြီးသွားပြီလေ” ဟု ယနေ့ ပြည်သူ့လွှတ်တော်တက် အမတ်တဦးက မဇ္ဈိမကို ပြောဆိုသည်။

အဆိုကို ရှမ်းအမျိုးသားများ တိုးတက်ရေးပါတီ SNDP မှ ဒေါက်တာကျော်အုန်းက တင်သွင်းခဲ့ကာ၊ ဦးစိုင်းသိန်းအောင် (SNDP ၊ တာချီလိတ်)၊ ဦးခင်မောင်ရီ (အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ၊ အလုံ) ဦးဋ္ဌေးဝင်း (ကြံ့ဖွံ့ပါတီ) တို့မှ ထောက်ခံ ဆွေးနွေးခဲ့သည်။

ဝန်ထမ်းများ လစာတိုးရေးနှင့် ပတ်သက်သည့် မေးခွန်းကို ဘဏ္ဍာရေးဝန်ကြီး ဦးလှမြင့်က ယတိပြတ် ငြင်းဆိုခြင်း မရှိဘဲ ဝန်ထမ်း အရေအတွက်နှင့် ဌာနဆိုင်ရာများ များပြားကြောင်း ပြောဆိုပြီး ကောင်းမွန်သော အစိုးရဖြစ်အောင် လုပ်မည်ဟုသာ ဖြေဆိုခဲ့သည်။

“လစာတွေက ဘယ်တုန်းကတည်းက ဘယ်လိုဘယ်လို တိုးပြီးပြီပေါ့။ မြန်မာပြည်မှာ အဲဒါမျိုးတွေ တော်တော် များနေပြီပေါ့။ ယတိပြတ် ငြင်းတာတော့ မဟုတ်ဘူး။ ဝန်ထမ်းတွေနဲ့ ဌာနတွေက များနေတယ်ပေါ့လေ။ အဲဒီသဘောမျိုး ပြောတာပေါ့။ Good Government ဖြစ်အောင် လုပ်ပါ့မယ်ပေါ့။ စီမံချက်တွေချပြီးတော့ ဆောင်ရွက်နေပြီ ဖြစ်တဲ့အကြောင်း အဲဒီလိုမျိုး ပြောသွားပါတယ်” ဟု လွှတ်တော် အမတ်တဦးက ပြောသည်။

ဆွံ့အနားမကြားသူများအတွက် အချက်ပြ ဟန်ပန်သုံး ဘာသာစကားကို ရုပ်မြင်သံကြားမှ တင်ပြပေးရန် အမေးကို ဆက်သွယ်ရေး ဝန်ကြီး ဦးကျော်ဆန်းက မြန်မာနိုင်ငံတွင် ထိုဟန်ပန်သုံး ဘာသာစကားကို ဖတ်တတ်သူ နည်းပါးပြီး အခြေအနေ ပေးပါက လုပ်ဆောင်ပေးရန်သာ ဖြေကြားခဲ့ကြောင်း အထက်ပါ အမတ်ကပင် ဆက်ပြောပြသည်။

ပြည်သူ့လွှတ်တော်တွင် တင်ပြသည့် အဆိုများနှင့် မေးခွန်းများကို သက်ဆိုင်ရာ ဝန်ကြီးများမှ ပြန်လည် ဖြေကြားချက်များ ရလဒ် မကောင်းသော်လည်း အမျိုးသား လွှတ်တော်ဘက်တွင် ပညာရေး ကျန်းမာရေးနှင့် ပတ်သက်သည့် အဆိုများကို ထောက်ခံခြင်း ဖြင့်သာ ပြီးဆုံးသွားသည်ဟု အမျိုးသားလွှတ်တော်အမတ် ဒေါ်ခင်ဝိုင်းကြည် အဆိုအရ သိရသည်။

“ပညာရေးနဲ့ ပတ်သက်တဲ့ အဆိုကိုတော့ ရန်ကုန်တိုင်းက ကိုဘုန်းမြင့်အောင်က ထောက်ခံ ဆွေးနွေးတာပေါ့နော်။ ရှမ်းပြည်နယ်က စိုင်းသန့်ဇင်၊ သူကလည်း ထောက်ခံကြောင်း ဆွေးနွေးတယ်။ နောက်တခါ ပေါ်လျှံလွင်ကပဲ ချင်းပြည်နယ်က ဆရာဝန်တွေလိုတဲ့ နေရာတွေကို ဆရာဝန်တွေချပေးဖို့၊ အဲဒါကို အဆိုတင်တာကို ဒေါက်တာ မြတ်ဥာဏစိုးက ထောက်ခံကြောင်း ဆွေးနွေးတယ်။ အဲဒီမှာတင် အဆိုတွေ ပြီးသွားတယ်” ဟု သူက ပြောသည်။

အမျိုးသားလွှတ်တော်တွင် လွှတ်တော်အမတ်များ ယနေ့မေးမြန်းသည့် မေးခွန်းများမှာ မြန်မာ ကမ်းရိုးတန်း များတွင် ရေတား တာတမံများ ဆောက်ပေးခြင်းနှင့် ပေါင်းတည် ရေလှောင်တမံ အပြီးသတ်ရေးဆိုင်ရာ မေးခွန်းများ ပါဝင်သည်။

ဆည်မြောင်းဆိုင်ရာ မေးခွန်းများကို လယ်/ဆည်ဝန်ကြီး ဦးဋ္ဌေးဦးက ဘဏ္ဍာတွေခွဲဝေမှု အရ လုပ်ဆောင်နေပြီး လာမည့် နှစ်တွင် ဆက်လက် ဆောင်ရွက်သည်ဟု ဖြေကြားခဲ့သည်။ ထို့အပြင် ဥရုချောင်းအတွင်း ရွှေတူးဖေါ်မှုကြောင့် မြစ်ကြောင်း တိမ်ကောမှုများ ထိန်းသိမ်းရန် ပြောဆိုချက်ကို သတ္တုတွင်းဝန်ကြီး ဦးအုန်းမြင့်က သဘာဝ ပတ်ဝန်းကျင် မထိခိုက်အောင် လုပ်ဆောင်မည်ဟု ပြန်လည် ဖြေကြားခဲ့သည်။

အမျိုးသားလွှတ်တော်တွင် မေးမြန်းသည့် အဆိုများကို သက်ဆိုင်ရာဝန်ကြီးများက ချက်ချင်း ဖြေကြားကြပြီး၊ အဆို တင်သွင်းမှုကို ထောက်ခံ ဆွေးနွေးကာ ပြည်ထောင်စုလွှတ်တော်တွင် ပြန်လည် သုံးသပ်ရန်ရှိကြောင်း ဒေါ်ခင်ဝိုင်းကြည်က ပြောသည်။

ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော်သည် နေ့လည် ၁ဝ နာရီမှစ၍ နေ့ခင်း ၂ နာရီခွဲတွင် ပြီးဆုံးကာ၊ အမျိုးသား လွှတ်တော်သည် မနက် ၁ဝ နာရီမှစ၍ နေ့လည် ၁၂ နာရီ ၁၅ မိနစ်တွင် ပြီးဆုံးခဲ့သည်။

Ref: မဇ္ဈိမ

Read More...

စုံစမ်းရေး ကော်မရှင်ဖွဲ့ဖို့ အဆိုပြုချက် ထောက်ခံ ၂ နိုင်ငံ တိုး

ဒေါ်ခင်မျိုးသက်
ကြာသပတေး, 10 မတ် 2011

မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ စစ်ဆေးဖို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်က မနှစ်တုန်းက အထွေထွေ ညီလာခံမှာ တောင်းဆို ခဲ့တာကို ဒီနှစ် အစီရင်ခံစာ ထဲမှာလည်း ထပ်မံ ထည့်သွင်း တောင်းဆို လိုက်ပါတယ်။ တချိန်တည်းမှာပဲ EU ဥရောပသမဂ္ဂ အဖွဲ့ဝင် ဒိန်းမတ်နဲ့ လတ်ဗီးယား နိုင်ငံတွေက ကုလသမဂ္ဂ ကော်မရှင်ဖွဲ့ စုံစမ်းစစ်ဆေးရေးကို ထောက်ခံ လိုက်တာမို့ အခု မစ္စတာ တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) ရဲ့ အဆိုကို လက်ခံတဲ့ နိုင်ငံဟာ စုစုပေါင်း ၁၆ နိုင်ငံ ရှိသွားပြီ ဖြစ်ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားက မြန်မာ စစ်အစိုးရဟာ လူမဆန်တဲ့ ရာဇ၀တ်မှုတွေနဲ့ စစ်ရာဇ၀တ်မှုတွေ ကျူးလွန်နိုင်ခြေ ရှိတာမို့ ကုလသမဂ္ဂက ကော်မရှင်တရပ် ဖွဲ့ပြီး စုံစမ်း စစ်ဆေးဖို့ ပြီးခဲ့တဲ့ နှစ်တုန်းက အကြံပြုခဲ့သလို ဒီနှစ်မှာလည်း ထပ်ပြီး တောင်းဆို လိုက်ပါတယ်။

“ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက နယူးယောက်ခ်မှာ ကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးမှာ ဒီအကြံပြုချက်ကို တင်ပြ ခဲ့ပြီးပါပြီ။ ဒီနှစ်ရဲ့ အစီရင်ခံစာမှာလည်း ဒါကို ဆက်ပြီး ကျနော် တိုက်တွန်းခဲ့တာက စိုးရိမ်ဖွယ်ရာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေလို့ပါ။ ကမ္ဘာတ၀န်းမှာ ဒီမိုကရေစီ ကူးပြောင်းရာမှာ လူ့အခွင့်အရေး ချိုးဖောက်မှု ပြဿနာကို အရင်ကိုင်တွယ် ဖြေရှင်းဖို့ လိုအပ်ပါတယ်။

“စစ်အာဏာရှင် စနစ်အောက် ရောက်ခဲ့တဲ့ ကျနော့်ရဲ့နိုင်ငံ အာဂျင်တီးနား အပါအ၀င် ကမ္ဘာ့နိုင်ငံတွေ အတော် များများမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေပါတယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းတဲ့ အခါမှာ တရားဥပဒေ စိုးမိုးရေးနဲ့ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအပေါ် တာဝန်ခံနိုင်ဖို့ သိပ်ကို အရေးကြီးပါတယ်။”

ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာထဲမှာ မစ္စတာ ကင်တားနားက မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေ အနေ တွေဟာ အထူးစိုးရိမ်ရတဲ့ အနေအထားမှာ ရှိနေဆဲပဲလို့ ဖော်ပြထားပါတယ်။ မြန်မာ စစ်အစိုးရ အနေနဲ့ ပြီးခဲ့တဲ့နှစ်မှာ ရွေးကောက်ပွဲ လုပ်ပြီး နိုင်ငံရေး ပြုပြင် ပြောင်းလဲချင်တဲ့ ဆန္ဒ ရှိတာကို ပြသခဲ့တာမို့ ဒါဟာ အကောင်းလက္ခဏာ ဆောင်ပေမဲ့ အခုထိ လူ့အခွင့်အရေး ဆိုင်ရာ တိုးတက်မှုတွေ မရှိသေးတဲ့ အတွက် ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင်တရပ် ထူထောင်ပြီး စုံစမ်း စစ်ဆေးရေးဟာ မြန်မာ စစ်အစိုးရ ပြောင်းလဲ လာစေမယ့် ရွေးချယ်စရာ နည်းလမ်းတခု ဖြစ်တယ်လို့လည်း ဆိုပါတယ်။

တချိန်တည်းမှာပဲ EU ဥရောပသမဂ္ဂ နိုင်ငံတွေထဲက ဒိန်းမတ်နဲ့ လတ်ဗီးယား နိုင်ငံတွေကလည်း မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် ထူထောင် စုံစမ်းဖို့ ထောက်ခံတာမို့ အခုဆိုရင် မစ္စတာ ကင်တားနားရဲ့ အဆိုပြုချက်ကို ထောက်ခံတဲ့ နိုင်ငံပေါင်း ၁၆ နိုင်ငံ ရှိသွားပြီလို့ ဗြိတိန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားတဲ့အဖွဲ့ Burma Campaign UK က တာဝန်ခံ မာ့ခ် ဖာမနာ (Mark Farminer) က ပြောပါတယ်။

“အခု နောက်ထပ် ၂ နိုင်ငံကပါ ထောက်ခံတာမို့ အခုဆိုရင် ထောက်ခံတဲ့နိုင်ငံ စုစုပေါင်း ၁၆ နိုင်ငံ ရှိသွားပါပြီ။ ဒီအထဲက နိုင်ငံ ၁၂ နိုင်ငံဟာ ဥရောပသမဂ္ဂထဲက နိုင်ငံတွေ ဖြစ်နေတာက ထူးခြားသလို အရေးလည်း ကြီးပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီနဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မြန်မာနိုင်ငံဆိုင်ရာ အဆိုပြုချက် မူကြမ်းကို တင်သွင်းတဲ့ အဖွဲ့က EU ဥရောပသမဂ္ဂပါ။ ဒါကြောင့် မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းရေး ကော်မရှင် တရပ်ကို ထူထောင်ဖို့ဆိုရင် ပထမဆုံး EU က ထောက်ခံပံ့ပိုးမှုရဖို့ လိုပါတယ်။”

ဥရောပသမဂ္ဂ နိုင်ငံပေါင်း ၂၇ နိုင်ငံထဲက ၁၂ နိုင်ငံက ထောက်ခံနေပြီမို့ နောက်ထပ် ၂ နိုင်ငံရဲ့ ထောက်ခံမှုကိုသာ ရရင် ထက်ဝက်ကျော် မဲနဲ့ EU ရဲ့ ထောက်ခံမှုကို ရဖို့ရှိတယ်လို့လည်း ပြောပါတယ်။ Burma Campaign UK က ကြာသပတေးနေ့မှာ EU နိုင်ငံတွေထဲက ထောက်ခံမှု မပေးသေးတဲ့ နိုင်ငံ ၆ နိုင်ငံရဲ့ ထောက်ခံမှုရအောင် ကြိုးစားခဲ့ပါတယ်။ ဒီအထဲက ဒိန်းမတ် သံအမတ်ကြီးက စာနဲ့ရေးသား ထောက်ခံကြောင်း ပြောကြားခဲ့သလို လတ်ဗီးယား နိုင်ငံဆိုင်ရာ သံရုံးကလည်း ထောက်ခံကြောင်း ပြောကြားခဲ့ပါတယ်။ ဆွီဒင်၊ လူဇင်ဘာ့ဂ်နဲ့ နော်ဝေ နိုင်ငံတွေကတော့ မကြာခင်မှာပဲ အကြောင်း ပြန်မှာဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

မစ္စတာ ကင်တားနားဟာ မနှစ်က ဖေဖော်ဝါရီလထဲမှာ မြန်မာနိုင်ငံကို သွားရောက်ပြီး လူ့အခွင့်အရေး အခြေ အနေ တွေကို ကိုယ်တိုင်ကိုယ်ကျ လေ့လာခွင့် ရခဲ့ပေမဲ့ ဒီနှစ်မှာတော့ မြန်မာအာဏာပိုင်တွေက လာရောက်ခွင့် မပေးခဲ့ပါဘူး။

မစ္စတာ ကင်တားနားဟာ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အစီရင်ခံစာကို မတ်လ ၁၄ ရက်နေ့မှာ ဂျီနီဗာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ ကိုယ်တိုင် တင်ပြဖို့ ရှိပါတယ်။

Ref: VOA News

Read More...

ရှေးဟောင်း အမွေအနှစ်များ စစ်အစိုးရ ဖျက်ဆီး

နရီလင်းလက်
Thursday, 10 March 2011

စစ်ကိုင်းမြို့ရှိ ရှေးဟောင်း အမွေအနှစ်တခု ဖြစ်သော ရာဇမဏိ စူဠာ ကောင်းမှုတော် စေတီကြီးသည် စစ်အစိုးရ လက်ထက်တွင် အဖျက် အဆီးခံ စေတီပုထိုး တဆူအဖြစ် ရောက်ရှိနေပြီ ဖြစ်ကြောင်း ဒေသခံများက ပြောကြသည်။

စစ်အစိုးရ လက်ထက်တွင် မြန်မာနိုင်ငံ တ၀န်းရှိ စေတီ ပုထိုးများကို ပြုပြင်ပြောင်းလဲမှု အများအပြား ပြုလုပ်ခဲ့သော်လည်း ဆိုးကျိုးများသာ ဖြစ်ပေါ်ခဲ့သည်ဟု ၎င်းတို့က ဆိုသည်။

ကောင်းမှုတော် ဘုရားကြီးကို ဇန်န၀ါရီ လမှ စတင်ကာ ၂ လအတွင်း ထုံးသင်္ကန်းမှ ရွှေသင်္ကန်းအဖြစ် ပြောင်းလဲ ပစ်ရန် ဗိုလ်ချုပ်မှူးကြီး၏ စေခိုင်းချက်အရ ပြုလုပ်ခဲ့ရာ ယခု စေတီတော်ကြီး တဆူလုံးနီးပါး ရွှေသင်္ကန်း အဖြစ် ပြောင်းလဲမှု ပြီးစီး သလောက် အခြေအနေတွင် ရှိနေပြီဟု သိရသည်။

ယင်းကဲ့သို့ ထုံးသင်္ကန်းမှ ရွှေသင်္ကန်းအဖြစ် ပြောင်းလဲခြင်းသည် ဗိုလ်ချုပ်မှူးကြီး ကတော် ဒေါ်ကြိုင်ကြိုင်၏ ယတြာ ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေခဲ့သည်။

အဆိုပါ ကိစ္စရပ်သည် သမိုင်းအမွေအနှစ် လက်ရာနှင့်အတူ ကြည်ညို သပ္ပာယ်စေမှု ကိုပါ ဖျက်ဆီးလိုက်ခြင်း ဖြစ်သည်ဟု မန္တလေး မြို့မှ ကဗျာဆရာ၊ စာရေးဆရာတဦးက ဧရာဝတီကို ပြောသည်။

အမျိုးသားရေးနှင့် ဆိုင်သည့် ကိစ္စဖြစ်သောကြောင့် တဦးတယောက်၊ အဖွဲ့အစည်း တခု၏ ဆုံးဖြတ်ချက်နှင့် လုပ်ဆောင် ခြင်းထက် ပြည်သူများ၊ ဆရာတော်ကြီးများ၊ ပညာရှင်များနှင့် တိုင်ပင် ညှိနှိုင်း လုပ်ဆောင်သင့်ကြောင်း၊ ယခု အခြေအနေမှာ လက်ညှိုးထိုး၍ ရွှေရောင်သုတ်၊ ငွေရောင်သုတ်၊ ထုံးသုတ်ဟု ခိုင်းစေသကဲ့သို့ ဖြစ်နေကြောင်း သူက ဆိုသည်။

“လမ်းဘေး စေတီတဆူကို သဒ္ဓါလို့ မြင်တဲ့လူက ရွှေချသွားတယ် ဆိုတာမျိုး ပေါ့ဗျာ။ အခုဟာက မြန်မာ တပြည်လုံးမှာ အထင်ကရ အနေနဲ့ ရှိနေတဲ့ ဘုရားကြီးလေ။ မြူစ မထင် အင်မတန် သန့်ရှင်းစင်ကြယ်ပြီး ကြည်ညိုဖွယ် အဆင်း ဆောင်တယ် ဆိုတဲ့ ဂုဏ်ပုဒ်က ဒီ ထုံးဖြူဖြူ စေတီတော်ကြီးကို ဖူးတွေ့လိုက်တိုင်း စိတ်ထဲမှာ ပေါ်လာစေပါတယ်” ဟု ၎င်းက ပြောသည်။

ခရစ်နှစ် ၁၆၃၆ ခုနှစ် သာလွန်မင်း လက်ထက်က တည်ထားခဲ့သော ကောင်းမှုတော် စေတီတော်ကြီးကို မြန်မာနိုင်ငံ၏ ထင်ရှားသော ရှေးဟောင်း အမွေအနှစ် ဘုရား စေတီတဆူ အဖြစ် သတ်မှတ်ထားကြသည်။

သို့သော် ယခုကဲ့သို့ ရွှေချလိုက်သည့် အခါတွင်မူ ရှေးလက်ရာများ ပျက်စီးကာ၊ မြန်မာနိုင်ငံ၏ အနုပညာ လက်ရာတခု လျော့သွားသည်ဟု သမိုင်း ဆောင်းပါးများ ရေးသားနေသူ စာရေးဆရာ ညီစေမင်းက ဧရာဝတီကို ပြောသည်။

“ကျနော့် သဘောအရတော့ အရင်အတိုင်းလေးပဲ ထားစေချင်တယ်။ မြန်မာဘုရင်တွေ ရွှေသင်္ကန်း မကပ်ခဲ့ဘူး ဆိုတာ မကပ်နိုင် လို့ မဟုတ်ဘူးလေ။ ရည်ရွယ်ချက် တခုနဲ့ မကပ်ဘဲ ထားခဲ့တာ။ ထုံးဖြူဖြူနဲ့ ကြည်ညိုဖွယ်ရာ၊ သပ္ပာယ်ဖွယ်ရာ ဖြစ်တာပဲ။ ရွှေမရှိတဲ့ ဘုရား လူမလေးစား ဆိုတာ မရှိပါဘူး” ဟု သူက ဆိုသည်။

ထို့အပြင် ပြည်ပ ခရီးသွားဧည့်သည်များကို ဆွဲဆောင်နိုင်သည့် ရှေးဟောင်း အနုပညာလက်ရာ တခု လျော့သွားပြီ ဖြစ်ကြောင်း၊ မူရင်းလက်ရာများ မပျက်စီးစေရန် Renovation (ပြန်လည်ပြုပြင်ခြင်း) ထက် Preservation (ထိန်းသိမ်းခြင်း) ကို လုပ်ဆောင် သင့်ကြောင်း စာရေးဆရာ ညီစေမင်းက ပြောပြသည်။

“နိုင်ငံခြားသားက မူရင်းလက်ရာကိုကြည့်ချင်လို့ လာမှာလေ။ အန်ကောဝပ် (ကမ္ဘောဒီးယားရှိ ရှေးဟောင်းဘုရား) ကို ဒီအတိုင်း ထားတာ မပြင်နိုင်လို့မှ မဟုတ်တာ။ အရင်ကဆို မန္တလေး၊ စစ်ကိုင်း တ၀ိုက်က ထင်ရှားတဲ့ ဘုရားတွေ လိုက်ပို့ပေးပြီး ရှင်းပြပေးနေတာ။ အခု အဲဒီဘုရား ရောက်ရင် ဘယ်လိုကြောင့် ရွှေသင်္ကန်း ပြောင်းလိုက်ရတယ် ဆိုတာတောင် မရှင်းပြ တတ်တော့ဘူး” ဟု မန္တလေးမြို့မှ ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသူ ဧည့်လမ်းညွှန်တဦးက ဆိုသည်။

အဆိုပါ ကောင်းမှုတော် စေတီတော်ကြီးကို ရွှေသင်္ကန်း ကပ်ရန် ဆောက်လုပ်ရေး ၀န်ကြီးနှင့် အမှတ် ၂ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ၀န်ကြီး ဦးခင်မောင်မြင့် တို့က သက်ဆိုင်ရာ ဘုရား ဂေါပကကို ညွှန်ကြားပြီးနောက် ရွှေတောင် လုပ်ငန်းစုမှ အလှူငွေ အများဆုံး ထည့်ဝင်ခဲ့သည်ဟု သိရသည်။

ရွှေတောင်လုပ်ငန်းက ကောင်းမှုတော် စေတီ ရွှေသင်္ကန်းကပ်လှူရန် အလှူငွေ အများဆုံး ထည့်ဝင်ခဲ့သည့် အတွက် စစ်ကိုင်းနှင့် အနီး တဝိုက်ရှိ ဓာတ်ဆီဆိုင်လုပ်ငန်း၊ လမ်း၊ တံတား၊ အဆောက်အအုံ ကန်ထရိုက်လုပ်ငန်း၊ တိုးဂိတ် ကန်ထရိုက် လုပ်ငန်းများလုပ်ပိုင်ခွင့် အားလုံး ရရှိခဲ့သည်ဟု အဆိုပါ လုပ်ငန်းစုနှင့် နီးစပ်သူ တဦးက ပြောသည်။

“ကောင်းမှုတော်နားမှာ အရင်ခေတ် အခေါ်အရဆို ဘုရားကျွန်တွေက ဟိုး ဘုရင်တွေ လက်ထက် ကတည်းက နေနေတာ ရှိတယ်။ ကောင်းမှုတော် ဘုရားကြီးရဲ့ ကိစ္စအ၀၀ကို ဒီရွာတွေကပဲ လုပ်ပေးနေတာ။ တင်းတိတ်၊ ဆွမ်းချက် ရွာတွေပေါ့။ အဲဒီရွာက လူတွေဆိုတော် တော်လေးကို မကျေနပ်ကြတာ။ ဒါပေမယ့် ဘာမှ လုပ်လို့ မရဘူးလေ” ဟု စစ်ကိုင်းမြို့ ဒေသခံတဦးက ရှင်းပြသည်။

နှစ်ပေါင်းရာချီသည့်တိုင်အောင် ထုံးအထပ်ထပ်သုတ်ထားသဖြင့် ထုတက်နေသည့် စေတီတော်ကြီး၏ မျက်နှာပြင်အား တူရွင်းများ၊ သံဆူးများနှင့် ထိုးခွာနေသည်ကို မြင်ရတိုင်း ခံစားရသည်ဟု အမရပူရမြို့နေ စာရေးဆရာ တဦးက ပြောသည်။

“သူများကတော့ ကုသိုလ် လုပ်တာပါပဲ။ ကိုယ်တွေကတော့ ခံစားရလို့ အကုသိုလ်တွေ ဖြစ်ဖြစ်ကုန်တယ်။ ထပ်ပြောရရင် မန္တလေးတောင် ခြေနားမှာ ကျောက်တော်ကြီး ဘုရားဆိုတာ ရှိတယ်။ အဲဒီမှာ နံရံဆေးရေး ပန်းချီတွေကို စာရေး ဆရာတွေ၊ ပန်းချီဆရာတွေ သွားလေ့လာကြ၊ ကူးကြပေါ့နော်။ အခု ထုံးသုတ်လိုက်တာ ဘာမှ မရှိတော့ဘူး” ဟု သူက ဆိုသည်။

လက်ရှိ မြန်မာနိုင်ငံရှိ တန်ခိုးကြီး ဘုရားတဆူဖြစ်သော မန္တလေး မဟာမြတ်မုနိ ဘုရားကြီး၏ တန်ဆောင်းများ ပြုပြင်လိုက် သောကြောင့် မန္တလေး ပန်းချီ လက်ရာများ ဆုံးရှုံးခဲ့ရသည်ဟု အဆိုပါ စာရေးဆရာက ပြောသည်။

ပန်းတော့၊ ပန်းရံ လက်ရာများဖြင့် အလှဆင်ထားသော မန္တလေး ကုသိုလ်တော် ဘုရား လေးဘက် လေးတန်ရှိ မုခ်ဦးနှင့် ပန်းကပ် လက်ရာများကို ယခင်က ဓာတ်ပုံ ဆရာများတကူးတက သွားရောက် ရိုက်ကူး ခဲ့ရသော်လည်း ယခု အဆိုပါ မုခ်ဝကို အနီရောင်နှင့် ရွှေရောင် ခြယ်လိုက်သောကြောင့် သမိုင်းဝင် အနုပညာများ ပျောက်ကွယ် သွားသည်ဟု မန္တလေးမြို့မှ မြန်မာမှု ဗိသုကာ ပညာရှင် တဦးက ဆိုသည်။

“မုခ်ဆိုတာ အလွန်ဆုံး ရှိမှ ပေ ၂၀၊ ၃၀ ရှိတဲ့ ဗိသုကာ။ ကောင်းမှုတော် စေတီတော် ဆိုရင်တော့ ပျက်စီးမှု ဘယ်လောက် များလဲ စဉ်းစားကြည့်ပေါ့။ စေတီ ပုထိုးကတော့ စေတီ ပုထိုးပါပဲ၊ ကြည်ညိုသူ စိတ်ထဲမှာတော့ ခံစားမှု အနည်းငယ်လောက် အကုသိုလ်စိတ် ၀င်တာမျိုးရှိမယ်” ဟု သူက ပြောသည်။

မြန်မာဗိသုကာ ပညာရှင်၊ ဒီဇိုင်းသုတေသီ ဦးအေးမြင့်က “ရွှေတိဂုံ စေတီတော်ရဲ့ ကောက်ကြောင်း ပုံသဏ္ဌာန်က “ကကြီး” လိုင်းလေးတွေ ရှိတယ်။ ဒီတော့ အပြာခံခံ၊ အနက်ခံခံ ကုန်းမို့မို့ပေါ်မှာ ရွှေစေတီကြီးက သပ္ပာယ်တာ မှန်ပါတယ်။ ကောင်းမှုတော် ကျတော့ ပျူ၊ သရေခေတ္တရာ ခေတ်က “ကကြီး” လိုင်းနဲ့ ပိုတူတယ်။ စစ်ကိုင်းတောင်ရိုး နောက်ခံ၊ ထုံးဖြုဖြူနဲ့ ဆိုတော့ ပိုကြည်ညိုစရာ ကောင်းတာပေါ့” ဟု ပြောသည်။

“ညောင်ဦး ရွှေစည်းခုံ ဘုရားမှာ ရှိတဲ့ သစ်သား ပန်းပုလက်ရာတွေက ရေနံချေးရောင် အိုအို ရင့်ရင့်နဲ့ ရှေးလက်ရာတွေ လိုက်ဖက် နေတာကို ရွှေစေးသုတ်လိုက်တော့ ရှေးလက်ရာတွေ ပျက်ကုန်တာမျိုးတွေ ရှိတယ်” ဟု သူက ဆိုသည်။

ပုဂံမြို့အနီး ဧရာဝတီမြစ်ကမ်းနဖူး၌ ပျူစောထီးလက်ထက်ကတည်းက ထုံးစေတီ အဖြစ် တည်ထားခဲ့သည့် ဗူးဘုရား သည်လည်း ယခု အချိန်တွင် ရှေးခေတ်လက်ရာ စေတီတော်အဖြစ် မတွေ့ရတော့ဘဲ ပြုပြင် မွမ်းမံထားသည့် မှန်စီရွှေချများဖြင့် ရွှေသင်္ကန်းကပ် စေတီ တဆူအဖြစ် ပြောင်းလဲသွားသည်။

ပုဂံခေတ် စေတီပုထိုးများကို ထုံးသုတ်ခြင်း၊ စေတီငယ် ထပ်တင်ခြင်း၊ နံရံဆေးရေး ပန်းချီများကို ထုံးသုတ်ခြင်း စသည့် စိတ်ကူးရသည့် အတိုင်း ပြုပြင်ပြောင်းလဲ မှုများကြောင့် အနုပညာလက်ရာများ ပျောက်ပျက် ကုန်သည့် အပြင် အာဏာ ပိုင်များက ၎င်းတို့ အာဏာရှိချိန် ပြုပြင်ပြီးခဲ့သည့် ဘုရားများကို ကိုယ်ပိုင်ဘုရားများသဖွယ် “ပြုပြင်သူ၏ ကောင်းမှု” ဟု ဘုရား အသီးသီးတွင် ကမ္ပည်း ထိုးထားကြသည်။

Ref: ဧရာဝတီ်

Read More...

လွှတ်တော်အမေးအဖြေ ကျေနပ်ဖွယ်မရှိ

ကျော်ကျော်သိန်း
ကြာသပတေး, 10 မတ် 2011


ကျင်းပဆဲ လွှတ်တော်အစည်းအဝေးတွေမှာ လွှတ်တော်အမတ်တွေရဲ့ မေးခွန်းတွေကို သက်ဆိုင်ရာ ၀န်ကြီးတွေက ဖြေကြား ခဲ့ကြသလို အဆိုတွေကိုလည်း ဆက်လက် ဆွေးနွေး ခဲ့ကြပါတယ်။ ၀န်ကြီးတွေရဲ့ အဖြေတွေဟာ ယေဘုယျသဘော ဆောင်ပြီး သိုင်းဝိုင်း ဖြေကြားခဲ့ကြသလို လိုချင်သလို အဖြေမျိုးတော့ မရဘူးလို့ ဆိုတဲ့ လွှတ်တော် ကိုယ်စားလှယ် ရှိသလို ပြန်ဖြေတဲ့ အပေါ် သိပ်မကြိုက်လှဘူး ဆိုရင်တောင် မေးတယ်၊ ပြန်ဖြေတယ်ဆိုတဲ့ အခြေအနေ ဖြစ်လာတာကတော့ အပေါင်းလက္ခဏာ ဖြစ်တယ်လို့ မြင်တဲ့ လွှတ်တော် ကိုယ်စားလှယ်လည်း ရှိပါတယ်။ ဒီကနေ့ လွှတ်တော် အစည်းအဝေးတွေထဲက အခြေအနေကို ဘန်ကောက်ကနေ စုံစမ်းထားတဲ့ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။

ဒီကနေ့ အမျိုးသားလွှတ်တော်မှာ မေးတဲ့ မေးခွန်းတွေကို လယ်ယာစိုက်ပျိုးရေး ၀န်ကြီး ဦးဌေးဦးနဲ့ သတ္တုတွင်း ၀န်ကြီး ဦးအုန်းမြင့်တို့က ပြန်လည် ဖြေကြားခဲ့ကြပြီး ပြည်သူ့ လွှတ်တော်မှာတော့ ပြန်ကြားရေး ၀န်ကြီး ဦးကျော်ဆန်းနဲ့ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာန ၀န်ကြီး ဦးလှထွန်းတို့က ပြန်လည် ဖြေကြားခဲ့ကြပါတယ်။

အမျိုးသားလွှတ်တော်က မေးခွန်းတွေကတော့ ဒီရေတား တမံရှည်ကြီးတွေ တည်ဆောက်ဖို့ ရှိ မရှိ၊ လယ်ယာမြေ တိုးမြှင့် ဖော်ထုတ်ရေး ကိစ္စ၊ ဖားကန့်မှာ ကျောက်စိမ်းတူးလို့ ချောင်းတိမ်ကောနေတဲ့ ကိစ္စတွေ ဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီက အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ရှင်းပြပါတယ်။ ၀န်ကြီးတွေက ပြန်ဖြေတာတွေ အပေါ် ဦးဖုန်းမြင့်အောင်က အခုလို မှတ်ချက်ပေးပါတယ်။

“ကိုယ်လိုချင်တဲ့ အဖြေတော့ မရဘူးပေါ့ဗျာ။ ကိုယ်လိုချင်တဲ့ အဖြေ မရလည်း သူတို့ အကျိုး အကြောင်းနဲ့ ပြောတဲ့ကိစ္စ ကိုယ်က ထပြီး ကန့်လန့်တိုက်ဖို့ အခြေအနေ မပေးဘူးပေါ့။ တရက်တရက် ပြောတာ ဆိုတာတွေတော့ များလာတယ်ပေါ့ဗျာ။ များလာပေမဲ့ ငြင်းကြ ခုံကြတဲ့ အဆင့်တော့ မရောက်ဘူးပေါ့ဗျာ။ ဒီကမေးတယ်၊ ၀န်ကြီးတွေက လှလှပပ၊ သိုင်းသိုင်းဝိုင်းဝိုင်း နိုင်ငံတော်ကြီးကို ဘယ်လို တည်ဆောက်ပြီး ဘယ်လို အကောင်အထည်ဖော် လုပ်ကိုင်နေတဲ့ အကြောင်း၊ ၀န်ကြီး ဦးဌေးဦးဆိုရင် လှေငယ်လေးနဲ့ လျှောက်သွားပြီးတော့ ကွင်းဆင်း စစ်ဆေးကြည့်ရှုတဲ့ အကြောင်းတွေ ဘာတွေ၊ ၀န်ကြီးတွေ စွမ်းစွမ်းတမံ လုပ်ဆောင်ချက်တွေ သူတို့ ထည့်ပြောသွားတာပေါ့။”

ပြည်သူ့လွှတ်တော်ဘက်မှာတော့ ပြန်ကြားရေးနဲ့ဆိုင်တဲ့ မေးခွန်းနှစ်ခု၊ ဘဏ္ဍာအခွန်နဲ့ ဆိုင်တဲ့ မေးခွန်း နှစ်ခုဆီကို သက်ဆိုင်ရာ ၀န်ကြီး ၂ ဦးက အသီးသီး ပြန်လည် ဖြေကြား ခဲ့ကြပါတယ်။ ပြစ်မှုဆိုင်ရာ ဥပဒေနဲ့ဆိုင်တဲ့ စာအုပ်တအုပ် ထုတ်ဝေခွင့် မရတဲ့ကိစ္စ၊ စကား မပြောနိုင်တဲ့ လူတွေအတွက် ကိုယ်ဟန် အမူအရာနဲ့ တင်ဆက်ပေးဖို့ အစီအစဉ် ရှိ မရှိ၊ ၀န်ထမ်းတွေနဲ့ ပင်စင်စားတွေ အတွက် လစာတိုးပေးဖို့ အစီအစဉ် ရှိ မရှိ၊ လာဘ်ပေးလာဘ်ယူကိစ္စ စတာတွေကို မေးမြန်း ခဲ့ကြတယ်လို့ သင်္ဃန်းကျွန်း မြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောပါတယ်။

အဖြေတွေအပေါ် အားရတာ မရတာထက် အခုလို ဖြစ်လာတာကို အပေါင်းလက္ခဏာလို့ သူက မြင်ပါတယ်။

“ဒီနေ့ သက်ဆိုင်ရာ ၀န်ကြီးတွေက မေးခွန်းတွေကို မနေ့ကရော၊ ဒီနေ့ရော တာဝန်ခံပြီး ဖြေကြား တာပေါ့ဗျာ။ ဒါကတော့ ထူးခြားမှုပေါ့။ မြန်မာပြည်မှာ ဒီဘက် အနှစ် ၂၀ မှာ မေးခွန်းမေးတာကို ပြန်ဖြေတာတို့၊ တာဝန်ခံမှု စနစ်တို့ စပေါ်လာတာပေါ့ဗျာ။ တချို့ သူတို့ ဖြေကြားခဲ့တာ ကျနော်တို့ ခံတွင်းတွေ့ချင်မှ တွေ့မှာပေါ့ဗျာ။ တွေ့ချင်လည်း တွေ့မယ်၊ မတွေ့ချင်လည်း မတွေ့ဘူးပေါ့ဗျာ။ ဒါပေမဲ့ ဒီလို မေးခွန်းတွေကို ပြန်ဖြေလာတဲ့ အခြေအနေသစ်မျိုး ပေါ်လာတာကတော့ ဒါ လွှတ်တော်နိုင်ငံရေးကို စတင်နိုင်ခဲ့တဲ့ အတွက်ကြောင့် ပေါ့ဗျာ။ ဒါကတော့ အပေါင်းလက္ခဏာပါ။”

ပြီးခဲ့တဲ့ရက်က တင်သွင်းထားတဲ့ သဘာဝ ဘေးအန္တရာယ်နဲ့ဆိုင်တဲ့ အဆိုတခုကတော့ သဘောတူညီချက် ရသွားပြီမို့ ဥပဒေ မူကြမ်း အထိ ဖြစ်သွားနိုင်တဲ့ အခြေအနေ ရှိသွားပြီလို့ ဦးသိန်းညွန့်က ပြောပါတယ်။ ကျန်းမာရေးနဲ့ ဆိုင်တဲ့ အဆို တခုကတော့ ကျန်းမာရေး ၀န်ကြီး ဒေါက်တာကျော်မြင့်က ပြန်လည် ရှင်းလင်း ပြီးတဲ့နောက် ပြန်ရုပ်သိမ်းပေးဖို့ တင်ပြတဲ့ အတွက် အဆိုတင်သွင်းသူက ပြန်ရုပ်သိမ်း ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒါကတော့ နန်းခမ်း မဲဆန္ဒနယ်က ဒေါက်တာစိုင်းကျော်အုန်း တင်သွင်းထားတဲ့ ၀င်ငွေနည်း ပြည်သူများအတွက် ဆေးကုသခွင့် အာမခံချက်ရှိတဲ့ အမျိုးသား ကျန်းမာရေး စနစ်တခု ထူထောင်ဖို့ဆိုတဲ့ အဆိုဖြစ်ပါတယ်။ အဲဒီအဆိုကို တခြား လွှတ်တော် ကိုယ်စားလှယ် ၃ ယောက် ထောက်ခံခဲ့တဲ့ အတွက် ကျန်းမာရေးဝန်ကြီး ဒေါက်တာကျော်မြင့်က ပြန်လည် ရှင်းလင်းခဲ့တာပါ။

“ကျန်းမာရေးဝန်ကြီး ဦးကျော်မြင့်ကတော့ ဆင်းရဲသားများအတွက် ဆေးရုံတွေမှာ အခမဲ့ ဆေးကုပေးတယ် ဆိုတဲ့ ဆိုင်းဘုတ်တွေ ထူထောင် ထားတယ် ဆိုတဲ့အကြောင်း၊ ဆေးပဒေသာပင်တွေ ဖွင့်ထားတယ် ဆိုတဲ့အကြောင်း၊ အလှူရှင်တွေရဲ့ လှူဒါန်းမှုကနေ ရတဲ့ ငွေကြေးကနေ ဆေးဝါးတွေ ထောက်ပံ့နေတယ် ဆိုတဲ့အကြောင်း၊ အခမဲ့ ၀န်ဆောင်မှု ပေးထားတယ် ဆိုတဲ့အကြောင်း၊ ထိုင်းနိုင်ငံမှာ ဘတ် ၃၀ နဲ့ ကျန်းမာရေး အာမခံချက် စနစ်ကလည်း အခု ပယ်ဖျက်ထားပြီး ဖြစ်တဲ့အကြောင်းပေါ့၊ အဲဒီလို ရှင်းပြပြီးမှ အဆိုကို ပြန်ရုပ်သိမ်းဖို့ တင်တာပေါ့ဗျာ။”

ဒါပေမဲ့ နောက်ဆုံးမှာ လွှတ်တော်ဥက္ကဋ္ဌက သူ့ရဲ့သဘောထား အနှစ်ချုပ် ပြောတဲ့ အခါမှာတော့ အလုပ်အကိုင် မရှိတဲ့လူတွေ၊ ရှိပေမဲ့ ၀င်ငွေနည်းတဲ့ လူတွေကို အလုပ်ရှင်တွေနဲ့ အစိုးရက ကူညီဖို့ဆိုတဲ့ အချက်ကိုတော့ သက်ဆိုင်ရာက အခြေအနေ ပေးသလို ဆောင်ရွက် သွားနိုင်ရေး ပေးပို့ဖို့ လွှတ်တော်က မှတ်သားထားမယ်လို့ ပြောဆိုခဲ့ကြောင်း ဦးသိန်းညွန့်က ပြောပါတယ်။

လွှတ်တော် အစည်းအဝေးတွေကို မတ်လ ၁၁ ရက်၊ သောကြာနေ့မှာ ဆက်လက် ကျင်းပမှာ ဖြစ်ပြီး မေးခွန်း မေးတာနဲ့ ပြန်လည် ဖြေဆိုတာတွေ၊ အဆို တင်သွင်းတာတွေနဲ့ ဆွေးနွေးတာတွေကို ဆက်လုပ် သွားကြမှာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ သီတင်းပတ်တွေတုန်းက ၁၅ မိနစ်လောက်ပဲ ကြာခဲ့တဲ့ လွှတ်တော်အစည်း အဝေး တွေဟာ ဒီရက်ပိုင်းတွေ မှာတော့ နာရီအတော် ကြာမြင့်လာပြီး ကြာသပတေးနေ့ အစည်းအဝေးတွေ ကတော့ စံချိန်တင် ကြာခဲ့တယ်လို့ လွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။

Ref: VOA News

Read More...

ရေကာတာ စီမံကိန်းကြောင့် ကရင်နီပြည်သူများ ဒုက္ခကြုံဖွယ်ရှိ

သန်းထိုက်ဦး
Thursday, 10 March 2011

ကယား ပြည်နယ်တွင် အသစ် တည်ဆောက်မည့် ရေကာတာ စီမံကိန်းများကြောင့် ရွာပေါင်း ၂၁၂ ရွာနှင့် လူဦးရေ ၃၇၀၀၀ ကျော် အခက် အခဲနှင့် ရင်ဆိုင်ရဖွယ် ရှိကြောင်း ကရင်နီ ဖွံ့ဖြိုးရေး သုတေသန အဖွဲ့ (KDRG )က ပြောသည်။

ရေကာတာ စီမံကိန်းဝန်းကျင်ရှိ ထောင်ဂဏန်းသာကျန်ရှိနေသော ကရင်နီလူမျိုးစု တခုဖြစ်သည့် ယင်းတလဲ လူမျိုးများလည်း ပျောက်ကွယ် သွားနိုင်ဖွယ်ရှိကြောင်း ယနေ့ ထိုင်းနိုင်ငံ တနေရာ၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် KDRG က ပြောကြား ခြင်းဖြစ်သည်။

“ဒီရေကာတာတွေ တည်ဆောက်ဖြစ်မယ်ဆိုရင် ဒီရေကာတာတွေက ကရင်နီလူမျိုးရဲ့ သွေးတွေနဲ့ စွန့်ထင်း ကုန်မယ်”လို့ KDRG အဖွဲ့မှ ခူးသောရယ်က ပြောသည်။

ကယားပြည်နယ်တွင် လျှပ်စစ် ဓာတ်အား မဂ္ဂါဝပ် ၆၀၀ ထုတ်လုပ်ပေးနိုင်သော ရွာသစ်ဆည်၊ မဂ္ဂါဝပ် ၁၃၀ ထုတ်လုပ် ပေးမည့် ပွန်ချောင်းနှင့် မဂ္ဂါဝပ် ၁၁၀ ထုတ်လုပ်ပေးနိုင်သော ရေကာတာများကို တရုတ်နိုင်ငံ ဒါးတန်း ကော်ပိုရေးရှင်းက မြန်မာ စစ်အစိုး ရနှင့် ၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလက နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးခဲ့သည်။

ဒါးတန်းကော်ပိုရေးရှင်း(Datang Corporation)သည် ကုလသမဂ္ဂ၏ Global Compact ခေါ် ကမ္ဘာ တ၀န်းလုံးက သဘော တူညီ လက်ခံ ထားကြသည့် လူ့အခွင့်အရေး၊ သဘာဝ ပတ်ဝန်းကျင်နှင့် လုပ်အား စံနှုန်းများ စသည့် မူဝါဒများကို လက်ခံလိုက်နာ မည်ဟု လက်မှတ် ရေးထိုးကာ အဖွဲ့ဝင်ထားသော စီးပွားရေးလုပ်ငန်း ကုမ္ပဏီတခု ဖြစ်သည်။

ယင်းလက်မှတ် ရေးထိုးခဲ့ပြီးနောက် အစိုးရ လက်နက်ကိုင်တပ်များနှင့် အင်ဂျင်နီယာ အဖွဲ့များက ဆည် တည်ဆောက်မည့် နေရာများတွင် တိုင်းတာ စစ်ဆေးမှုများကို လျှို့ဝှက်၍ ဆောင်ရွက်လျက်ရှိပြီး ရွာသားများကိုလည်း ယင်းနေရာများသို့ မသွားရန် ပိတ်ပင်ခြင်း များက ရေကာတာ စီမံကိန်း ဆောက်လုပ်ရန် သက်သေ အထောက်အထားများ ဖြစ်ကြောင်း KDRG က ပြောသည်။

“ဒေသမှာ ရေကာတာ ဆောက်လိုက်တာက ကျနော်တို့ လူမျိုးကို သတ်လိုက်သလိုပဲ၊ နေစရာမရှိတော့ဘူး၊ ကျနော်တို့ အတွက် ပြည်နယ်တခု သတ်မှတ်ထားပေမယ့် နေစရာမရှိဘူးဆိုရင် အလကားပဲ၊ ကရင်နီလူမျိုးအတွက် ၀မ်းနည်းစရာဖြစ်နေတယ်၊ လူဦးရေနည်းတဲ့ ကရင်နီပြည်နယ်မှာ စစ်အစိုးရက လုပ်ချင်ရာလုပ်တာ မကောင်းဘူး”ဟု KDRG အဖွဲ့ဝင် ခူးသောက ပြော သည်။

ပဋိပက္ခနှင့် မတည်ငြိမ်မှု ကြီးထွားလာနိုင်ခြင်း၊ သစ်တောများနှင့် ဇီဝသတ္တမျိုးကွဲထွေပြားမှုကို ခြိမ်းခြောက်နေခြင်း၊ စိုက်ပျိုးရေး ထုတ်လုပ်မှုကျဆင်းသွားရန် အကြောင်းရှိခြင်း၊ ဌာနေ တိုင်းရင်းသားများအပေါ် ခြိမ်းခြောက်နေခြင်း၊ ရေရုတ်တရက် မြင့်တက်ခြင်းနှင့် ရေပြတ်လပ်မှုများကို ကြုံတွေ့ရနိုင်ကြောင်း ၎င်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

“အဲဒီ ပတ်ဝန်းကျင်မှာရှိနေတဲ့ တိရတ္ဆန်မျိုးစိတ် အနည်းဆုံး ၅၀ လောက် မျိုးတုံးသွားနိုင်တယ်”ဟု ရှမ်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ကိုစိုင်းစိုင်းက ပြောသည်။

“လောပိတ ရေအားလျှပ်စစ် စီမံကိန်းတုန်းကလည်း တခေါက်ကြုံဖူးတယ်၊ လယ်ယာမြေတွေ အသိမ်းခံရတာ ဘယ်သူ့ကိုမှ
မပြောရဲဘူး”ဟု သောရယ်က ဆိုသည်။

မြန်မာနိုင်ငံတွင် ပထမဦးဆုံး တည်ဆောက်သည့် အကြီးစား ရေအားလျှပ်စစ် စီမံကိန်းဖြစ်သော လောပိတ ရေကာတာသည် ကယားပြည်နယ်တွင် တည်ရှိပြီး၊ ၎င်းတည်ဆောက်ရေး လုပ်ငန်းကြောင့် ပြည်သူပေါင်း ၁၂၀၀၀ ကျော် အခြေပျက်ပြောင်းရွှေ့ခဲ့ရကြောင်း၊ ရေကာတာကို အကြောင်းပြကာ အစိုးရတပ်စစ်သားများ ထောင်ချီ ရောက်ရှိလာပြီး ဒေသခံ ပြည်သူများ အပေါ် အဓမ္မအလုပ်ခိုင်းစေခြင်း၊ လိင်မှုဆိုင်ရာ အကြမ်းဖက်မှုများနှင့် ဥပဒေမဲ့ သတ်ဖြတ်ခြင်း ကဲ့သို့သော လူ့ အခွင့်အရေး ချိုးဖောက် မှုများ ဖြစ်ပေါ်ခဲ့သည်။

“လောပိတ ရေအားလျှပ်စစ်က သွယ်တန်းထားတဲ့ မီးကြိုးတွေက ရွာတွေပေါ်ကို ဖြတ်သွားပေမယ့် ရွာသားတွေက လျှပ်စစ်မီး မရဘူး”ဟု သောရယ်က ပြောသည်။

စစ်အစိုးရက တရုတ်နှင့် ထိုင်းနိုင်ငံရှိ ကုမ္ပဏီများ ပူးပေါင်း၍ သံလွင်မြစ်မကြီးနှင့် မြစ်လက်တက်များပေါ်တွင် ရေကာတာ ၇ ခု ကို တည်ဆောက်ရန် လျာထားလျက်ရှိသည်။

ရေကာတာ စီမံကိန်းများ တည်ဆောက်မည့် နေရာများသည် တိုက်ပွဲများ ဖြစ်ပွားနေဆဲ နေရာအတွင်း ကျရောက်နေပြီး ဒေသ ခံပြည်သူများ၏ မကျေနပ်မှုများ၊ ဒေသတွင်း မတည်ငြိမ်မှုများ တိုးပွားလာနိုင်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

KDRG အဖွဲ့မှ သောရယ်က“စစ်တပ်တွေက ဒီနားမှာ တိုက်ခိုက်နေကြတာ၊ လူတွေကလည်း အသက်နဲ့ရင်း ထွက်ပြေးနေကြရ တာ ဒီနေရာမှာ ပုံမှန်စီးပွားရေး ရင်းနှီးမြှုပ်နှံနိုင်မယ်လို့ ဘယ်လို ရင်းနှီးမြှုပ်နှံသူတွေက ယူဆနေကြမှန်း မသိဘူး၊ သူတို့ အခု ဆည်ဆောက် နေတဲ့ နေရာက အန္တရာယ်တွေကို သူတို့ သိရှိလာပြီး အခု လုပ်ငန်းတွေ အားလုံးကို ချက်ချင်း ရပ်ဆိုင်းသင့်ပါ တယ်”ဟု ဆိုသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလကလည်း သံလွင် ရေကာတာ တည်ဆောက်ရေး စီမံကိန်းအတွက်သွားနေသည့် အစီး၂၀ ခန့်ရှိ နအဖ ယာဉ်တန်းကို ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) တပ်ဖွဲ့ဝင်များက ခြုံခိုတိုက်ခိုက် ခဲ့သောကြောင့် နအဖ ဘက်မှ ၃ ဦး ကျဆုံးမှုဖြစ်ခဲ့သည်။

သံလွင်မြစ်ပေါ်တွင် ရေကာတာ တည်ဆောက်ရန် လွိုင်ကော်မြို့နယ်မှ ဖရှုးဆိုးဒေသသို့ အသွား လမ်းခုလတ် တနေရာတွင် ခြုံခို တိုက်ခိုက်ခံရခြင်း ဖြစ်သည်။

ကချင်၊ ရှမ်း၊ ကယားပြည်နယ်နှင့် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းတို့တွင် စစ်အစိုးရနှင့် တရုတ် ကုမ္ပဏီတို့က လျှပ်စစ် ဓာတ်အား ၃၅ ၆၄၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် ရေကာတာ ၂၁ ခု ဆောက်လုပ်ရန် ပြင်ဆင်လျက်ရှိသည်။

Ref: ဧရာဝတီ်

Read More...

Thursday, March 10, 2011

လူထုနည်းသည် အကောင်းဆုံးဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

2011-03-09

နိုင်ငံအတွင်း အပြောင်းအလဲတွေ အတွက် လူထုကိုယ်တိုင် ပါဝင်တဲ့နည်းဟာ အစကောင်းတဲ့ နည်း၊ သေချာတဲ့ နည်း ဖြစ်တယ်လို့ ဒေါ်အောင်ဆန်း စုကြည်က မတ်လ ၉ ရက် ဒီကနေ့ NLD ပါတီ၊ ဧရာဝတီတိုင်း စည်းရုံးရေး ကော်မတီဝင် တွေကို ပြောကြား လိုက်ပါတယ်။

ဒီကနေ့ ပြုလုပ်တဲ့ ပြည်နယ်တိုင်း စည်းရုံးရေး ကော်မတီဝင်တွေနဲ့ တွေ့ဆုံပွဲမှာ NLD ပါတီရဲ့ အကြမ်းမဖက် နည်းနဲ့ တွေ့ဆုံ ဆွေးနွေးရေး ပေါ်လာအောင် ဆောင်ရွက်ချက်နဲ့ ပတ်သက်ပြီး နှစ်ပေါင်း ၂၀ ကျော်ခဲ့ပြီး ဖြစ်ပေမဲ့ ရလဒ် အပေါ် လူထုက အားမရ ဖြစ်နေတယ် ဆိုတဲ့ မေးခွန်းကို ဒေါ်အောင်ဆန်းစုကြည်က ခုလို ဖြေကြားခဲ့တာပါ။

အစည်းအဝေးမှာ ဧရာဝတီတိုင်းအတွင်း မြို့နယ်၂၀က ပါတီဝင် ကိုယ်စားလှယ် တွေက တိုင်းအတွင်း လူထု ကြုံတွေ့ နေရတဲ့ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး စတဲ့ အခက်အခဲ ပေါင်းစုံကို တင်ပြသလို မေးခွန်းတွေလည်း မေးခဲ့တာ ဖြစ်ပါတယ်၊ မေးမြန်းလာတဲ့ မေးခွန်းများနဲ့ တင်ပြချက်များကို ပါတီ ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းတင်တို့က ပြန်လည် ဖြေကြားခဲ့ပါတယ်။ ပါတီ ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုက်တွန်း ပြောကြားချက် တခုကို ခုလို ပြောပြပါတယ်။

“မြို့နယ်စည်းတွေက လူထုထဲကို ဆင်းပါ၊ ပြည်သူလူထုရဲ့ အခက်အခဲတွေကို လေ့လာပါ၊ လေ့လာ ပြီးတော့ ဘာကို ကူညီနိုင်သလဲ ဆိုတာကို နည်းလမ်း ရှာပြီးတော့ ကူညီကြပါလို့ အဲဒီလို တိုက်တွန်း လိုတဲ့အကြောင်း အဲဒီက နေပြီးတော့ပဲ ကျွန်တော်တို့ စည်းရုံးရေး အောင်မြင်အောင် လုပ်ဆောင်ပြီး ဒီမိုကရေစီ ရတဲ့အထိ ဆက်လက်ပြီး ဆောင်ရွက်သွားမယ် ဆိုတဲ့ အကြောင်း တိုက်တွန်း ပြောကြားတာ ဖြစ်ပါတယ်။”

ဒါ့အပြင် မြို့နယ်များက တင်ပြတဲ့ အခက်အခဲတွေ အနက် လယ်သမားတွေ ရင်ဆိုင် နေရတဲ့ အခြေအနေ အခက်အခဲ တွေနဲ့ ပတ်သက်ပြီး မနက်ဖြန် မတ်လ ၁၀ ရက်မှာ သီးခြား ဆွေးနွေးတာတွေ လုပ်ဖို့လည်း အစီအစဉ် ရှိတယ်လို့ သိရပါတယ်။

အစည်းအဝေးဟာ မနက် ၁၀ နာရီက စတင်ပြီး ညနေ ၃နာရီမှာ ပြီးဆုံးသွားပါတယ်။

Ref: RFA News

Read More...

ရခိုင် လက်နက်ကိုင်အဖွဲ့နှင့် နအဖတပ် တိုက်ပွဲဖြစ်

ခင်ဦးသာ
Wednesday, 09 March 2011

ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော် (ALA) နှင့် နအဖ အစိုးရတပ်များ အိန္ဒယ-မြန်မာနယ်စပ်၌ ယမန် နေ့ကစပြီး တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေကြရာ နအဖတပ်မှ အရာရှိတဦးနှင့် တပ်သားတချို့ ကျဆုံးကြောင်း သိရသည်။

ကျဆုံးသူများမှာ ဗိုလ်ကြီးအဆင့် တဦးနှင့် ရဲဘော်၂ ဦးဟု သိရကြောင်း၊ ဒဏ်ရာ ရသူလည်း ၂ ဦးရှိကြောင်း၊ အမည်နှင့် အသေးစိတ် အချက် အလက်များကို စုံစမ်းနေဆဲ ဖြစ်ကြောင်း ALA ၏ ပလက်ဝ မြို့နယ်ရောက် ရှေ့တန်း စစ်ကြောင်းမှ ဗိုလ်ကြီး စိုးနိုင်က ဧရာဝတီကို ပြောသည်။

တိုက်ပွဲသည် အိန္ဒိယ-မြန်မာနယ်စပ်ဖြစ်သော ရခိုင်နှင့်ချင်းပြည် နယ်စပ်ရှိ ပလက်ဝ မြို့နယ်၏ တရန်အိုင် ကျေးရွာ အနီး၌ ဖြစ်ပွား နေကြောင်း၊ ALA ဘက်မှ ပြောက်ကျား စနစ်ဖြင့် တိုက်ခိုက် နေကြောင်း၊ နအဖ ဘက်မှ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းများ ဖြစ်သော ခြေလျင်(ခလရ) တပ်ရင်း ၅၅၊ ခလရ ၂၃၂ နှင့် ခြေမြန် (ခမရ) တပ်ရင်း ၅၃၈ အပါအ၀င် တပ်ရင်း ၆ ရင်းတို့ဖြင့် ထိုးစစ် ဆင်နေပြီး ယနေ့ နံနက်ပိုင်းတွင် ခလရ ၂၆၃ ထပ်မံ စစ်ကူ ရောက်လာ၍ ALA ရှိရာ နေရာများကို လိုက်လံ တိုက်ခိုက်နေကြောင်း ဗိုလ်ကြီး စိုးနိုင်က ဆိုသည်။

“တိုက်ပွဲက မနေ့က တရက်တည်းမှာ သုံးကြိမ်ရှိနေပြီ၊ ဒီနေ့လည်း ဆက်တိုက်နေဆဲပါ၊ နအဖ ဘက်က ကျဆုံးတာကို အတိ အကျ ပြောနိုင်တာက အနီးကပ် စောင့်ကြည့်နေတဲ့ ကျနော်တို့ လူတွေဆီက သတင်းရတာ ဖြစ်ပါတယ်”ဟုလည်း ၎င်းက ပြော ဆိုသည်။

နအဖဘက်မှ တပ်သား ဦးရေ ထောင်ချီ၍ ထိုးစစ်ဆင်နေပြီး ALA ဘက်မှ ပြောက်ကျား စနစ်ဖြင့် ပြန်လည် ခုခံနေရရာ ယခု အချိန်အထိ ထိခိုက်ဒဏ်ရာ ရသူ မရှိသေးဟု ဗိုလ်ကြီးစိုးနိုင်က ဆက်လက် ပြောသည်။

တိုက်ပွဲဖြစ်ပွားရာ နေရာသို့ ပလက်ဝ မြို့နယ်အတွင်းမှ မြရိတ်ဝကျေးရွာ၊ စတင်ဝ၊ ပကာဝ၊ ပုန်ညင်းဝ၊ အုန်းသီဝ၊ ပေါက်တူဝ၊ ဖွေလိပ်ဝ စသည့် ကျေးရွာများမှ ဒေသခံများကို ပေါ်တာ အဖြစ် အဓမ္မ ခေါ်ယူ ပို့ဆောင်နေသည့် အပြင် နအဖ တပ်များ အတွက် ၄ ရက်စာ ရိက္ခာများကိုပါ သယ်ပေးရကြောင်း သိရသည်။

ယခုတိုက်ပွဲသည် ALA နှင့် နအဖ တပ်တို့အကြား ယခုနှစ်အတွင်း ဒုတိယ အကြိမ်ဖြစ်သည်။ ပြီးခဲ့သည့် ဇန်န၀ါရီလ ၃ ရက်နေ့က ပထမအကြိမ် ဖြစ်ပွားခဲ့သည်။

ပထမအကြိမ် တိုက်ပွဲ တိုက်ခိုက်ရခြင်းမှာ ဇန်န၀ါရီလ ၄ ရက်နေ့တွင်ကျရောက်မည့် လွတ်လပ်ရေး နေ့သည် စစ်အစိုးရ အတွက် သာဖြစ်ပြီး တခြားသော တိုင်းရင်းသားများ၊ ပြည်သူများအတွက် လွတ်လပ်ရေး မရသေး၍ တိုက်ခိုက်ရခြင်း ဖြစ်ကြောင်း ALA ၏ ဗဟိုအဖွဲ့ဝင် ကိုခိုင်သုခ က ပြောသည်။

ရခိုင်တိုင်းရင်းသားများအပြင် တခြားသောတိုင်းရင်းသား အားလုံးနှင့်ပူးပေါင်း၍ စစ်အာဏာရှင် စနစ် ကျဆုံးရေး၊ ကိုယ်ပိုင်လွတ် လပ်ခွင့် နှင့် တန်းတူ အခွင့်အရေးရရှိရေး တို့ကို ဆောင်ရွက် သွားမည်ဟုလည်း ၎င်းက ဆိုသည်။

ALA နှင့် နအဖ တပ်တို့သည် ပလက်ဝ မြို့နယ်အတွင်း၌ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

နအဖ တပ်များကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှစ၍ နယ်စပ် တလျှောက်၌ ဖြန့်ချ ထားကြောင်း၊ နယ်စပ်တွင် လှုပ်ရှား နေကြသော တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များကို အပြီးပြတ် ချေမှုန်းရန် ပြင်ဆင်နေခြင်း ဖြစ်ကြောင်း ဗိုလ်ကြီး စိုးနိုင်က ပြောသည်။

ALA သည် အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက်၌ အခြေပြုကာ စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်နေသည့် တခုတည်းသော ရခိုင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ ဖြစ်သည်။

ALA ကို ၁၉၇၃ ခုနှစ်တွင် ထိုင်း-မြန်မာ နယ်စပ်၌ တည်ထောင်ခဲ့ပြီး အိန္ဒိယနိုင်ငံ၌ အခြေစိုက်ကာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်နှင့် အိန္ဒယ နယ်စပ်တို့တွင် စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နေကြောင်း သိရသည်။

ကရင်ပြည်နယ်တွင်လည်း ၂၀၁၀ နိုဝင်ဘာ ၇ ရက် နှင့် ၈ ရက်နေ့များမှစ၍ မြ၀တီနှင့် ကော့ကရိတ်မြို့နယ်များ အတွင်း တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) နှင့် စစ်အစိုးရ တပ်များသည် တိုက်ပွဲများ ဖြစ်ပွားလျက် ရှိသည်။

ထို့အတူ တိုင်းရင်းသား ဒေသများဖြစ်သော ရှမ်းပြည်နယ် နှင့် ကချင်ပြည်နယ်များ၌လည်း နအဖ စစ်အစိုးရ တပ်များနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား စစ်ရေး တင်းမာမှုများ ရှိနေသည်။

စစ်အစိုးရ က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို အပြီးသတ်ချေမှုန်းရေး အတွက် စားနပ်ရိက္ခာ အရင်းအမြစ်ကို ဖြတ်တောက်ခြင်း၊ ဘဏ္ဍာငွေ အရင်းအမြစ် များကို ဖြတ်တောက်ခြင်း၊ သတင်း အရင်းမြစ်ကို ဖြတ်တောက်ခြင်းနှင့် တပ်ဖွဲ့ဝင်သစ် မစုဆောင်းနိုင်ရန် ဖြတ်တောက်ခြင်း ဆိုသည့် ဖြတ်လေးဖြတ် အစီအစဉ်ဖြင့် အကောင် အထည်ဖော်ရန် သက်ဆိုင်ရာ စစ်ဌာနချုပ်များသို့ ညွှန်ကြား ထားသည်ဟု စစ်ဘက်ဆိုင်ရာ သတင်းများအရ သိရသည်။

Ref: ဧရာဝတီ်

Read More...

ဒေါသထွက် မော်လမြိုင်ကျောင်းသားများ ဆူပူ

ကွန်းချမ်း
ဗုဒ္ဓဟူးနေ့၊ မတ်လ ၀၉ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေနေစဉ် လျှပ်စစ်မီး မရသဖြင့် ဒေါသ ထွက်နေသော မော်လမြိုင် တက္ကသိုလ် ကျောင်းသားများ အင်္ဂါနေ့ ညပိုင်းတွင် ဆူပူမှု ဖြစ်ပွားခဲ့သည်။

ည ၈ နာရီခန့်တွင် ကျောင်းသား ၅ဝ ကျော်က ဆိုင်ကယ် ကိုယ်စီဖြင့် ငန်းတေးရပ်ရှိ လျှပ်စစ် ဓာတ်အားပေး စက်ရုံနှင့် မန္တလေးရပ်ရှိ မြို့နယ် လျှပ်စစ် အင်ဂျင်နီယာရုံးရှေ့ ခဲများဖြင့် ပစ်ပေါက်ကြသည်။

“စာမေးပွဲ မဖြေခင် နှစ်ရက်ကတည်းက မီးမလာဘူး၊ အခုဖြေနေတာလည်း နှစ်ရက်ရှိပြီ။ မီးမလာတော့ ၁ဝ တန်း ကျောင်းသူ ကျောင်းသားတွေ တော်တော် ဒုက္ခရောက်တယ်။ ဒါ့ကြောင့် သူတို့ကိုယ်စား ကျနော်တို့ ဒီလိုလုပ်ရတာပါ” ဟု ဆန္ဒပြ ကျောင်းသား ခေါင်းဆောင် တဦးက မဇ္ဈိမကို ပြောသည်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲကို မတ်လ ၇ ရက်နေ့မှ နိုင်ငံတဝှန်းတွင် စတင်ခဲ့ပြီး မတ်လ ၁၇ ရက်နေ့တွင် ပြီးဆုံးမှာ ဖြစ်သည်။

ခဲပေါက်ခြင်းကြောင့် လျှပ်စစ်အင်ဂျင်နီယာရုံးမှ မှန်များ ကွဲသွားခဲ့ကြောင်း မန္တလေးရပ်မှ မျက်မြင်တွေ့ရှိသူ တဦးက ပြောသည်။

၂ဝဝ၉ ခုနှစ် မတ်လတွင်လည်း တက္ကသိုလ်ဝင်တန်း ကျောင်းသားများ စာမေးပွဲ မဖြေဆိုမီ ၄ ရက် ဆက်တိုက် မီးပျက် နေသဖြင့် တက္ကသိုလ် ကျောင်းသား ၁ဝဝ ခန့် ယခုလိုပင် ဆူပူ ဆန္ဒပြခဲ့အပြီး လျှပ်စစ်မီး ပြန်ရခဲ့သည်။

Ref: မဇ္ဈိမ

Read More...

လစ်ဗျားပဋိပက္ခ အဖြေရှာရေး နိုင်ငံတကာ ဆက်လက်ကြိုးပမ်း

ဗုဒ္ဓဟူး, 09 မတ် 2011

နိုင်ငံရပ်ခြား တိုင်းပြည်တွေနဲ့ စစ်ရေး မဟာမိတ်တွေဟာ လစ်ဗျားနိုင်ငံ အရေးအခင်းနဲ့ ပတ်သက်ပြီး ဘယ်လို တုံ့ပြန်ရမယ် ဆိုတာတွေကို အခုထိ ဆက်ပြီး ငြင်းခုန်ဆွေးနွေး နေကြတုန်း ဖြစ်ပါတယ်။

ကြာသပတေးနေ့မှာ နေတိုး မဟာမိတ်နိုင်ငံတွေက ကာကွယ်ရေး ၀န်ကြီးတွေ ဘရပ်ဆဲလ်စ်မှာ တွေ့ဆုံ ဆွေးနွေးတဲ့အခါ လစ်ဗျားအရေးနဲ့ ဒေသတွင်း အခြေအနေတွေကို အဓိကထား ဆွေးနွေးကြမယ်လို့ နေတိုး အကြီးအကဲ အန်းဒါးစ် ဖို့ခ်ျ ရပ်စ်မူဆန် (Anders Fogh Rasmussen) က ပြောပါတယ်။

ဒီအစည်းအဝေးကို အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ် ဂိတ်စ် (Robert Gates) လည်း တက်ရောက်မှာ ဖြစ်ပါတယ်။

လစ်ဗျားနိုင်ငံကို လူသားချင်း စာနာမှုဆိုင်ရာ ကယ်ဆယ်ရေး လုပ်ငန်းတွေ ပေးဖို့နဲ့ အရေးပေါ် စစ်ရေး တုံ့ပြန်မှုတွေ လုပ်ဖို့ လိုအပ် လာနိုင်တဲ့ အခြေအနေတွေ အတွက် ပြင်ဆင်ဖို့ တက်ရောက်လာမယ့် နေတိုး နိုင်ငံတွေက နိုင်ငံခြားရေး ၀န်ကြီးတွေနဲ့ မစ္စတာဂိတ်စ် ဆွေးနွေးမှာ ဖြစ်တယ်လို့ အမေရိကန် အကြီးတန်း အရာရှိတဦးက ပြောပါတယ်။

ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတွေကတော့ လစ်ဗျားနိုင်ငံအပေါ် ကုလသမဂ္ဂရဲ့ လေယာဉ် မပျံသန်းရဇုန် သတ်မှတ်ရေး အရေးယူ ဒဏ်ခတ်တဲ့ ဆုံးဖြတ်ချက် မူကြမ်းအတွက် ပြင်ဆင် နေကြပါတယ်။

လစ်ဗျားခေါင်းဆောင် မိုမာ ကဒါဖီ (Moammar Gadhafi) ကတော့ သူ့နိုင်ငံအတွက် လေယာဉ် မပျံသန်းရဇုန် သတ်မှတ် ပြစ်ဒဏ် မချဖို့ ပြင်းပြင်း ထန်ထန် သတိပေးခဲ့ပါတယ်။ တကယ်လို့ ဒီလို ဇုန်သတ်မှတ် ပြစ်ဒဏ်ချရင် လစ်ဗျားနိုင်ငံက အနောက် နိုင်ငံတွေကို လက်နက်နဲ့ ပြန်ပြီး တိုက်ခိုက်မယ်လို့ မစ္စတာ ကဒါဖီက ဗုဒ္ဓဟူးနေ့ တူရကီအစိုးရ ရုပ်သံရဲ့ မေးမြန်းခန်းမှာ ပြောကြားခဲ့ပါတယ်။

အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က သူ့ရဲ့ ထိပ်တန်း အကြံပေးတွေနဲ့ ဗုဒ္ဓဟူးနေ့မှာ တွေ့ဆုံပြီး လစ်ဗျား အရေးကို ဆွေးနွေးခဲ့ပါတယ်။

အီတလီနိုင်ငံကတော့ တချိန်က သူ့ရဲ့ လက်အောက်ခံနိုင်ငံ တနိုင်ငံ ဖြစ်ခဲ့ဖူးတဲ့ လစ်ဗျားအရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ၊ EU ဥရောပ သမဂ္ဂနဲ့ နေတိုး အဖွဲ့တွေက ဆုံးဖြတ်ချက် တစုံတရာ ချမှတ်မယ်ဆိုရင် သူလည်း အဓိကတဦး အဖြစ် ပါဝင်ချင်တယ်လို့ ဆိုပါတယ်။

Ref: VOA News

Read More...

လယ်သမားပြဿနာ ကူညီနိုင်ရေး NLD ဆွေးနွေး

မသင်းသီရိ
ဗုဒ္ဓဟူး, 09 မတ် 2011

ဧရာဝတီတိုင်း အတွင်းမှာ လယ်ယာမြေ အသိမ်းခံရမှုတွေ ပိုများလာတာနဲ့ ပတ်သက်ပြီးတော့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပိုမိုကူညီ ဆောင်ရွက်ပေးဖို့ စီစဉ်နေပါတယ်။ တခါ ဧရာဝတီတိုင်း အတွင်းက ရေငန်ဒေသတွေမှာ ကြုံနေရတဲ့ သောက်သုံးရေ ရှားပါးမှု ပြဿနာ အပါအ၀င် သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှု အခြေအနေတွေကို မနေ့က NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေနဲ့ ဧရာဝတီတိုင်း NLD စည်းရုံးရေးမှူးတွေ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြ ပေးထားပါတယ်။

မြန်မာနိုင်ငံရဲ့ ဆန်စပါး အဓိကထွက်ရာ ဒေသတခုဖြစ်တဲ့ ဧရာဝတီတိုင်း အတွင်းမှာ လယ်လုပ် သူတွေ လယ်ယာမြေ အသိမ်းခံ နေရတဲ့ကိစ္စ ပိုများလာတာ၊ လယ်သမားတွေ ကြွေးမြီဒဏ် ပိနေတဲ့ ကိစ္စတွေမှာ NLD က ပိုပြီး ကူညီနိုင်ဖို့ အတွက် NLD ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်တွေနဲ့ ဧရာဝတီတိုင်း NLD စည်းရုံးရေးမှူးတွေ တွေ့ဆုံ ဆွေးနွေးစဉ် အတွင်း အဓိက ဆွေးနွေး ခဲ့ကြပါတယ်။ ဒီပြဿနာတွေကို NLD ဥပဒေ အထောက်အကူပြု အဖွဲ့က ILO ကမ္ဘာ့ အလုပ်သမား အဖွဲ့ချုပ်နဲ့ ပူးပေါင်း ဖြေရှင်း သွားနိုင်ဖို့ စီစဉ်ထားတယ်လို့ NLD ပါတီရဲ့ ပြောခွင့်ရသူ ဦးအုန်းကြိုင်က ပြောပါတယ်။

“ကြိုတင် အသိပေးချက်လည်း မရှိ၊ နစ်နာကြေး တစုံတရာ ပေးဆောင်ခြင်းလည်း မရှိဘဲနဲ့ ဧရာဝတီတိုင်း ဘက်မှာ လယ်သမားများ ထံက လယ်ယာမြေတွေကို အသိမ်း ခံနေရတဲ့ ကိစ္စတွေက တနေ့ထက် တနေ့ များလာ နေပါတယ်။ ILO နဲ့ ဆက်သွယ်ပြီး ကူညီ ဆောင်ရွက် ပေးနေတဲ့ ဗဟိုဥပဒေ အထောက်အကူ အဖွဲ့ဆိုတာ ရှိပါတယ်။ တင်ပြတဲ့ လယ်သမားတွေကို မနက်ဖြန် ဗဟို ဥပဒေအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးက သီးခြား ထပ်ပြီး သူတို့နဲ့ Meeting လုပ်ပြီးတော့ ဘယ်လိုကူညီ ဆောင်ရွက်နိုင်မလဲ ဆိုတာ စီစဉ်ဖို့ ရှိပါတယ်။”

NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေနဲ့ တိုင်းနဲ့ပြည်နယ်က NLD စည်းရုံးရေးမှူးတွေ တွေ့ဆုံ ဆွေးနွေးပွဲ ကိုတော့ ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့ ကတည်းက ကျင်းပ လာတာဖြစ်ပြီး ဒီနေ့ ဧရာဝတီတိုင်း အဖွဲ့နဲ့ တွေ့တာ ဖြစ်ပါတယ်။ ဒီတွေ့ဆုံ ဆွေးနွေးမှု အတွင်းမှာ လယ်သမားတွေဟာ လယ်ယာမြေတွေ ဆုံးရှုံးသွားတဲ့ အထိ ကြုံနေရတဲ့ ကြွေးမြီ ကိစ္စတွေကိုလည်း ဧရာဝတီတိုင်း စည်းရုံးရေးမှူး တွေက တင်ပြ ခဲ့ကြပါတယ်။

“ကုမ္ပဏီတချို့၊ အဖွဲ့အစည်းတချို့က လယ်သမားများကို ထုတ်ချေးတဲ့ ငွေကလည်း ပြန်ပေး ဆပ်ရတဲ့ အခါ အရစ်ကျ စနစ် ဖြစ်ပေမဲ့ အသေအချာ စစ်ဆေးကြည့်တဲ့ အခါ တချို့အဖွဲ့ အစည်းတွေက ချေးတဲ့ အတိုးနှုန်းက ၃၆% လောက်အထိ ဖြစ်နေတယ်တဲ့။ အဲတော့ ကြွေးမြီဒဏ် ပိနေတာ လယ်သမားတွေမှာ တနေ့ထက် တနေ့ ဒုက္ခရောက်နေတယ်။ အဲဒီကြားထဲမှာ ရာသီဥတုက ဖောက်ပြန်လို့ သီးနှံ မထွက်တဲ့ အခါကျတော့ ငွေရှင်ရဲ့ ဖိအားပေးတာကို လိုက်ပြီး လုပ်နေရတော့ လယ်သမားတွေက မြေမဲ့ယာမဲ့ ဘ၀ ရောက်ကုန်တယ်။ တချို့လည်းပဲ ကိုယ်တသက်လုံး အခြေချ နေထိုင်လာခဲ့တဲ့ ရွာတွေကနေ ရွှေ့ပြောင်း ထွက်ပြေးရတဲ့ အထိ ရှိနေပါတယ်။”

ဧရာဝတီတိုင်း အတွင်းမှာ ပူပြင်းတဲ့ နွေရာသီ မရောက်ခင်ကတည်းက ကြုံနေရတဲ့ သောက်ရေရှားပါးမှု ပြဿနာ ကိုလည်း ဖြေရှင်း ပေးနိုင်ဖို့ စီစဉ်ခဲ့ကြပါတယ်။

“နာဂစ်ဒေသဘက်က သောက်ရေကိစ္စတွေကို၊ ရေငန်ဒေသတွေမှာ သောက်ရေက အခု ကတည်းက စပြီး ပြဿနာ ဖြစ်လာပြီတဲ့။ အဲတော့ အထွေထွေ အတွင်းရေးမှူးက ပြောပါတယ်၊ ရန်ပုံငွေ ရရှိလာတာနဲ့ အမျှ တိုးတက်ပြီး ဆောင်ရွက် ပေးပါ့မယ်တဲ့၊ လိုအပ်နေတာတွေ သိပါတယ်တဲ့၊ ဖြည့်ဆည်း ဆောင်ရွက်ပေးမှာပါတဲ့။”

ဧရာဝတီတိုင်း အတွင်းမှာ သဘာဝပတ်ဝန်းကျင် ပျက်စီးမှု ကြုံနေရတဲ့ အခြေအနေတွေအပြင် ဧရာဝတီ ဒေသခံတွေရဲ့ နိုင်ငံရေး အပေါ် စိုးရိမ်ချက်၊ စီးပွားရေးသောက စတဲ့ အခြေအနေတွေ အပေါ်မှာလည်း ဆွေးနွေး ခဲ့ကြပါတယ်။

“ဆည်တွေဆောက်၊ တမံတွေဆောက် လုပ်တဲ့အတွက်ကြောင့် တချို့နေရာတွေမှာ မြစ်ချောင်းတွေ တိမ်ကောမှု ဖြစ်ပြီးတော့ သောက်ရေ ရှားပါးမှု ပြဿနာတွေ ဖြစ်လာနေတယ်တဲ့။ တချို့နေရာတွေမှာ စက်ရုံတွေက နေပြီးတော့ ထုတ်လွှတ်တဲ့ ရေဆိုးတွေဟာ လယ်ယာမြေတွေ ထဲကို လျှောက် ပျံ့နှံ့ပြီးတော့ လယ်သမားတွေပါ အဲဒီ ဆိုးကျိုးတွေ ခံစားနေရတယ်။

“တချို့နေရာတွေမှာ ထွက်လာတဲ့ သဘာဝ ဆန်ထဲမှာ ဓာတုဗေဒ အရောင်အသွေး မျိုးတွေ ဖြစ်လာတဲ့ အတွက်ကြောင့် လယ်သမားတွေ စိုးရိမ်နေတဲ့ အကြောင်း၊ နောက် တချို့မြို့နယ်တွေမှာ ဆင်းရဲ ကျပ်တည်းလာရတဲ့ အထဲ လောင်းကစားဝိုင်းတွေကို တရားဝင်လို ခွင့်ပြုပေးထားတဲ့ အတွက်ကြောင့် စာရိတ္တ ပျက်ယွင်းမှုက တနေ့ထက်တနေ့ ဆိုးလာ နေတယ် ဆိုတာ အဲဒီကိစ္စတွေ တင်ပြတယ်။

“လစာတွေ ၃ ဆတိုးမယ်၊ ၄ ဆတိုးမယ် ဆိုတာကြောင့် ကုန်ဈေးနှုန်းတွေက အရင် တက်နေပါ တယ်တဲ့။ ကုန်ဈေးနှုန်းတွေ တက်ပြီးတော့ လက်လုပ် လက်စားတွေက စိုးတထိတ်ထိတ်နဲ့ နေထိုင် နေရပါတယ်၊ အဲဒါမျိုးတွေ တင်ပြသွားပါတယ်။”

NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးအုန်းကြိုင် ပြောပြသွားတာ ဖြစ်ပါတယ်။

ဒီဆွေးနွေးမှု အတွင်းမှာ NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကတော့ ဧရာဝတီတိုင်း NLD စည်းရုံးရေး မှူးတွေနဲ့ ဧရာဝတီတိုင်း NLD ပါတီ လူငယ်တွေကြားမှာ ချိတ်ဆက်အား ကောင်းကောင်းနဲ့ အလုပ် ပိုလုပ်ကြဖို့ တိုက်တွန်း ခဲ့ပါတယ်။

လူထုမှာ ထိတ်လန့်ကြောက်ရွံ့မှု ကြုံနေရတယ်ဆိုတဲ့ ကိစ္စဟာ သက်ဆိုင်ရာရဲ့ ဖိအားပေးမှု ဆိုတာထက် စိတ်ဓာတ် လှုပ်ရှားမှု အားနည်းလို့ အကြောက်တရား ကြီးစိုးနေတာမို့ အားလုံး အကြောက်တရား ကင်းအောင် ၀ိုင်းဝန်း ကြိုးစားကြဖို့ လိုသလို လူထု ယုံကြည်လောက်တဲ့ အကျိုးပြု လုပ်ငန်းတွေ လုပ်ပါမှ လူထုရဲ့ ယုံကြည်ချက်ကို ရမယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့ပါတယ်။

မွန်၊ ကရင်၊ တနင်္သာရီတိုင်းက NLD စည်းရုံးရေးမှူးတွေနဲ့ NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် တွေဟာ ဒီနေ့ ရုံးချုပ်မှာ တွေ့ဆုံဖို့ ရှိပါတယ်။

Ref: VOA News

Read More...

Wednesday, March 9, 2011

စစ်တပ် နှင့် အမိန့်နာခံမှု - အပိုင်း (၇)

ရော်နီညိမ်း
တနင်္ဂနွေ, 06 မတ် 2011

တပ်မှူးတပ်သား ပြောစကား (၀၅၀)

ဒီကနေ့ မြန်မာ့တပ်မတော်မှာ အမိန့်မနာခံလိုတော့တဲ့ ဒုတိယ အတွေး (second thought) ၀င်သွား ခဲ့ကြသူ အရာရှိတွေ ထဲက၊ ၀န်ကြီးချုပ်ရုံး ၀န်ကြီးဌာန ကနေ နှုတ်ထွက် လာခဲ့သူ ပြင်ပ အသံလွှင့် ဆောင်းပါးရှင် ဗိုလ်မှူးဟောင်း ဦးမြတ်နိုး နဲ့ မြန်မာ စစ်အစိုးရရဲ့ နျူးကလီးယား လျှို့ဝှက်စီမံကိန်း ဆိုင်ရာ သတင်း အချက်အလက် တချို့ကို ယူဆောင်ပြီး ပြည်ပကို ထွက်လာခဲ့တဲ့ ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်းတို့ရဲ့ အတွေ့အကြုံ ပြောစကားတွေ ကို ဒီသီတင်းပတ်ရဲ့ “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ် ကဏ္ဍမှာ တင်ပြ ထားပါတယ်။ ဦးရော်နီညိမ်းက “စစ်တပ် နှင့် အမိန့်နာခံမှု - အပိုင်း (၇)” ခေါင်းစဉ်နဲ့ စီစဉ် တင်ဆက်ထားပါတယ်။

ဦးရော်နီညိမ်း။ ။ ပြင်ပအသံလွှင့် ဆောင်းပါးတွေ ရေးသားနေတဲ့ ဗိုလ်မှူးဟောင်း ဦးမြတ်နိုးကို ကျနော်တို့ သိထားတာက၊ ၀န်ကြီးချုပ် ရုံးမှာ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး ခင်ညွှန့် လက်ထက်မှာ နိုင်ငံတကာ ဆက်ဆံရေး ဌာနမှာ တာဝန်ထမ်း ဆောင်နေရာ ကနေ ပြီးတော့မှ တပ်မတော်ကနေ ထွက်ခွါလာတယ်။ နိုင်ငံ့ဝန်ထမ်း အဖြစ်ကနေ ထွက်ခွါလာတယ် ဆိုတော့ ….

ဦးမြတ်နိုး။ ။ ကျနော်တို့ အဲဒီ ၀န်ကြီးချုပ်ရုံး လက်အောက်မှာရှိတဲ့ International Affairs and Public Relation ဆိုတဲ့ section လေး ကတော့ ဗျာ၊ အဲဒီတုန်းက ရည်ရွယ်ချက် ကောင်းကောင်းနဲ့ ဖွဲ့စည်းခဲ့တာပါ။ နိုင်ငံတကာကို ကျနော်တို့ ပိုပြီး ပွင့်ပွင့်လင်းလင်း ဆက်ဆံမယ်။ သတင်းစာ ရှင်းလင်းပွဲတွေ ကျနော်တို့ လုပ်မယ်။ အဲဒီကနေ ပိုပြီးတော့ သတင်း အချက်အလက်တွေ ထုတ်ပြန်နိုင်မယ်။ ပွင့်ပွင့်လင်းလင်း ဆက်ဆံနိုင်မယ်။ နိုင်ငံတကာနဲ့ ပိုပြီး တိုးမြှင့် ဆက်သွယ်ဖို့ အနေအထားမျိုးနဲ့ တိုးချဲ့ ဖွဲ့စည်းခဲ့တာပါ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ အဲဒီတော့ ဗိုလ်ကြီးစိုင်းဝင်းကျော် ကတော့ ရှစ်လေးလုံး ကာလမှာ သူဟာ ဒုတိယ အတွေး ၀င်သွားစေတဲ့ breaking point ကို သူက ရောက်သွားတယ်။ ကိုယ်ပါဝင်နေတဲ့ အဖွဲ့အစည်း အပေါ်မှာ ယုံကြည်မှု ကျိုးပေါက် ပျက်စီးပြီးတော့ သူ အဲဒီမှာ ဒုတိ ယအတွေး second thought ၀င်သွားတယ်။ ဗိုလ်မှူးဟောင်း ဦးမြတ်နိုးက ရှစ်လေးလုံး ကာလမှာ အဲဒီ အချိန်တုန်းကတော့ အေးချမ်းတဲ့ နယ်မြို့ လေးတစ်မြို့မှာ ရှိနေတဲ့ အတွက်ကြောင့်မို့ breaking pointကို မရောက်ခဲ့ဘူး။ second thought လည်း မ၀င်ခဲ့ဘူး။ ကျနော်တို့က second thought ကို ဘာ့ကြောင့် ပြောရသလဲ ဆိုတော့ second thought က သိပ်ကြောက်ဖို့ ကောင်းတယ်။ second thought ၀င်သွားပြီးရင် ဘယ်လိုမှ first thought ကို ပြန်မလာဘူး။ ဒါကို သုတေသန လုပ်ထားချက်တွေ အရ တွေ့ရတယ်။ အဲဒါကိုလည်း ဒီ leadership အကြောင်းကို နားလည်တဲ့ စစ်ခေါင်းဆောင်တွေ အကုန်လုံးက သိတယ်။ သူတို့ကလည်း အဲဒါကို သိပ်ကြောက်တယ်။ သူတို့ လက်အောက် ငယ်သားတွေ second thought ၀င်သွားမှာကို။ အဲဒီတော့ second thought ၀င်သွားပြီးဆိုရင်၊ နောက်ထပ် တတိယ အတွေးလည်း မလာဘူး။ ပထမ အတွေးကိုလည်း ပြန်မလှည့်ဘူး။ အဲဒီ ဒုတိယ အတွေးဟာ အလွန် ခိုင်မာတယ်။ အဲဒီဟာကို သိပ်ကြောက်တယ်။ အဲဒါကြောင့်မို့ ဗိုလ်မှူးဟောင်း ဦးမြတ်နိုး ဘယ်လို second thought ရပါသလဲ ဆိုတာ ကျနော် သိချင်ပါတယ် ခင်ဗျ။

ဦးမြတ်နိုး။ ။ ဟုတ်ကဲ့၊ မထင်မှတ်ဘဲနဲ့ ဘာဖြစ်သလဲ ဆိုတော့ ၂၀၀၃ မေလမှာ ဒီပဲယင်း အရေးအခင်း ဖြစ်ခဲ့တယ်။ ဒီပဲယင်း အရေးအခင်း ဖြစ်ခဲ့တော့ စစ်အစိုးရ အနေနဲ့ နိုင်ငံတကာကို ပြန်ပြီး ဖာဖာထေးထေး လုပ်တဲ့အနေနဲ့၊ သူတို့ ရှေ့ဆက် သွားမယ့် လမ်းပြမြေပုံ ထုတ်ပြန် လိုက်ရတယ်။ မထုတ်ပြန်ခင် သူတို့ လာပြီး preparation လုပ်ကတည်းက ကျနော် ကြည့်လိုက်ရတဲ့ အချက် အလက်တွေ ပေါ့ဗျာ၊ ဗိုလ်ချုပ်ကြီးခင်ညွန့် တရားဝင် မကြေညာခင် အဲဒီထဲက အချက် အလက်တွေ ကျနော် သိနေခဲ့တာရှိတယ် ခင်ဗျ။

ဦးရော်နီညိမ်း။ ။ တခု ဖြတ်ပြီး ကျနော်မေးချင်တာက၊ လမ်းပြမြေပုံ(၇)ချက်က ဒီပဲယင်း မဖြစ်ခင် တုန်းကတော့ မရှိဘူးပေါ့။ ဒီပဲယင်းဖြစ်တော့ မှ ဗိုလ်မှူးတို့ရုံးကို ဒီကိစ္စ ကောက်ကာ ငင်ကာ ရောက်လာတာလား ခင်ဗျ။ အဲဒါ သိချင်ပါတယ်။

ဦးမြတ်နိုး။ ။ ကျနော် သိသလောက် ဒီပဲယင်း မဖြစ်ခင်တုန်းက အဲဒီအစီအစဉ် ကျနော် မကြားမိဘူး ခင်ဗျ။ ဒီပဲယင်း မဖြစ်ခင် တုန်းက သူတို့ ရသလောက် ဆက်ထိန်းထားဖို့ သူတို့ အကြံအစည် ရှိချင်ရှိမယ်။ ဒီပဲယင်း ဖြစ်ပြီးတော့ နိုင်ငံတကာကို ဒါမျိုး ထုတ်ဖော် ပြောပြဖို့ လိုတဲ့ အချိန်ကျ တော့ ဒီ အစီအစဉ်က ပေါ်လာတယ်လို့ ကျနော် ယူဆပါတယ်။ ဗိုလ်ချုပ်ကြီးခင်ညွန့် တရားဝင် မကြေညာခင် ကတည်းက အဲဒီ(၇)ချက်က ဘာ တွေဆိုတာ ကျနော်တို့က သိနေပြီ။ သူတို့ပြောမယ့် အချက်တွေကို ကျနော်တို့ အဲဒီတုန်း ကတည်းက တီးတိုး ဝေဖန်မှုတွေ ရှိနေခဲ့တယ်။ ဒီဥစ္စာ ကိုလည်း ကျနော်တို့ သဘော မကျဘူး။ ဒါ အဖြေမှန် မဟုတ်ဘူး ဆိုတာလည်း ကျနော်တို့ သိတယ်။ လမ်းပြမြေပုံ(၇)ချက် ကြေညာပြီးတော့ ကျနော်တို့ section ဌာနလေးလည်း ၀န်ကြီး ကိုင်ထားတဲ့ ဥစ္စာကလည်း၊ ကျနော်တို့ကို သီးခြား တာဝန်ပေးတာတွေ ရှိတယ်။ နိုင်ငံတကာနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ပြည်တွင်းနဲ့ ပတ်သက်တဲ့ သတင်း အချက်အလက်တွေ ပေးလာတာ ရှိတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ အဲဒီတုန်းက ၀န်ကြီးချုပ်ရုံး ၀န်ကြီးက ဘယ်သူပါလဲ ခင်ဗျ။

ဦးမြတ်နိုး။ ။ အဲဒီတုန်းက ဦးတင်ဝင်း ပါ ခင်ဗျ။ အမေရိကန်မှာ သံအမတ်ကြီး လုပ်သွားတဲ့ ဦးတင်ဝင်း ပါ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အလုပ်သမား ၀န်ကြီးဌာနလည်း ကိုင်တယ်။

ဦးမြတ်နိုး။ ။ ဟုတ်ကဲ့ ခင်ဗျ၊ နှစ်ခုတွဲပြီး ကိုင်တာ ခင်ဗျ။

ဦးရော်နီညိမ်း။ ။ အဲဒီတော့ သူက အဲဒါတွေ လုပ်ရတယ်ပေါ့၊ အဲဒါ ပြောပါဦး။

ဦးမြတ်နိုး။ ။ သူ တိုက်ရိုက်ကိုင်တာခင်ဗျ။ အဲဒီအချိန်မှာ တိုင်းပြည်မှာ ပြဿနာတွေ ဖြေရှင်းမယ့် အဖြေမှန် မဟုတ်ဘူး ဆိုတာ ကျနော်တို့ ခံစား မိတယ်။ သူတို့ အစိုးရအဖွဲ့ ပိုင်းထဲက တချို့ လူကြီးတွေ အပါအ၀င် ပြည်သူ လူထုကလည်း ယုံကြည် လက်ခံမှု မရှိဘူး ဆိုတာ ကျနော်တို့ သိတယ်။

ဦးရော်နီညိမ်း။ ။ ဒီဟာကို မပြောခင်မှာ အငြင်းပွါးမှုတွေ မရှိဘူးလား။ ဒီ ဥစ္စာကြီးက ၀ါဒဖြန့် သက်သက်ပဲ ဆိုတာ။

ဦးမြတ်နိုး။ ။ အဲဒီ ၀ါဒဖြန့်သက်သက်ကလည်း ကျနော်တို့ အဲဒီတုန်းက ဖွဲ့ထားတဲ့ အဖွဲ့က ခုန ကကလှမ်း (ကာကွယ်ရေး ၀န်ကြီးဌာန တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံး) အဖွဲ့တွေရယ်၊ နောက် တက္ကသိုလ်ဘက်က အဖွဲ့တွေ နောက် ကျနော်တို့ တပ်ဘက်က စာရင်းအချက် အလက်အဖွဲ့တွေ၊ ဒါ အကုန် ပေါင်းပြီးလုပ်တာ။ ဒီလို ဝေဖန်မှုနဲ့ က အချင်းချင်း ဝေဖန်မှု အဖြစ်ပဲ ရှိပါတယ်။ တရားဝင် သူတို့ကို ထောက်ပြပြောဆို ပြီး ဝေဖန်နိုင်တဲ့ အနေအထားတော့ အဲဒီတုန်းက မရှိဘူး။ ရှိရင်လည်း အဲဒီတုန်းက ချက်ချင်း အရေးယူခံရမှာပါ။ ဒါပေမယ့် ကျနော်တို့ ဘာလုပ် ခဲ့သလဲဆိုတော့ သူတို့ လုပ်ခဲ့တဲ့ ဥစ္စာကို ကျနော်တို့ အယုံအကြည် မရှိဘူး။ မရှိတဲ့ အတွက် နောက်ပိတ်ဆုံး ၀န်ကြီးရုံးက ပေးလာခဲ့တဲ့ ကျနော် တို့နဲ့ပတ်သက်တဲ့ တာဝန်တွေကို ကျနော်တို့က မထမ်းဆောင်နိုင်ဘူး ဆိုပြီးတော့ ငြင်းဆိုလိုက်တဲ့ အတွက် ၀န်ကြီးက အလုပ် ထုတ်လိုက်တယ်။

ဦးရော်နီညိမ်း။ ။ အဲဒါက ဗိုလ်မှူးအနေနဲ့ ဒီပဲယင်းကိစ္စနဲ့ ပတ်သက်ပြီး လမ်းပြမြေပုံ (၇) ချက်ကို ဗိုလ်မှူးတို့ရဲ့ ရုံးကနေ လာပြီးတော့ စီစဉ်ပြီး တော့၊ လူရှေ့မှာ ဗိုလ်ချုပ်ခင်ညွန့် ထွက်ပြောရမယ့် အခြေအနေ ရောက်လာတဲ့ အချိန်မှာ ဗိုလ်မှူးရဲ့ ဒါ ဒုတိယ အတွေး ရောက်ရှိ သွားတာပေါ့ နော်။ ဒါက second thought ၀င်သွားတယ်။ ဗိုလ်ချုပ်ခင်ညွန့် လူရှေ့ထွက်ပြီး လာပြောရတဲ့ အချိန် ဦးမြတ်နိုးတို့ ရှိပါသေးလား။

ဦးမြတ်နိုး။ ။ ရှိပါတယ်ခင်ဗျ။ ကျနော်တို့က အဲဒီမှာ တာဝန်ကျတဲ့ လူအနေနဲ့ပဲ ရှိပါတယ်။ ဒါပေမယ့် အဲဒီ မတိုင်ခင် ကတည်းက ကျနော်တို့ သတိထားမိတာ သူတို့ မျက်နှာ မကောင်းပါဘူး။

ဦးရော်နီညိမ်း။ ။ မျက်နှာမကောင်းဘူးဆိုတာ ဒီဟာကို လာပြီးတော့ ဒီကိစ္စကို လမ်းပြမြေပုံ (၇) ခုကို လုပ်ဖို့ ပထမ ပိုင်းမှာ တာဝန် ပေးအပ်လို့ စီစဉ်နေရတဲ့ ကကလှမ်းက လူတွေ ကိုယ်နှိုက်ကိုက၊ သဘော မတွေ့တာမျိုးကို တွေ့ရတာလား။

ဦးမြတ်နိုး။ ။ ဘာလို့လဲဆိုတော့ ကျနော်တို့မှာ တချို့သူငယ်ချင်းတွေ ရှိတယ် သူတို့ အနားမှာ။ အဲဒီလူတွေ ကိုယ်တိုင်က သိပ် ဟက်ဟက်ပက် ပက် မရှိဘူး။ မျက်နှာ မကောင်းဘူး။ ဒါ ကျနော်တို့ တွေ့ပါတယ်။ ကျနော်တို့ ပထမ ကြားတဲ့ ဥစ္စာမှာ ကျနော်တို့က ဒါ အကုန် တွေ့ဆုံ ဆွေးနွေးရမယ့် တိုင်းရင်းသား အရေး ဖြစ်တယ်။ အားလုံး ပြေလည်အောင် ဖြေရှင်းရမယ်။ အကုန်လုံး စားပွဲဝိုင်းမှာ ဆွေးနွေးပြီးတော့ ပြေလည်အောင်ဖြေရှင်း မယ်။ ပြီးရင် ဒါ တိုင်းပြည် စီးပွါးရေး၊ ပညာရေး၊ ကျန်းမာရေး တိုးတက်အောင် အကုန်ဝိုင်းဝန်း လုပ်ဆောင်ရမယ့် စနစ်မျိုး ချမှတ်ဖော်ဆောင်ရ မယ် ဆိုပြီးတော့၊ အဲလိုသွားမယ့် အသံမျိုး ထွက်လာတော့ လူတွေက အကုန် ၀မ်းသာကြပါတယ်။ ဒါပေမယ့် တကယ်တမ်း ထွက်လာတဲ့ အချိန်မှာ သူတို့ ရှေ့ဆက် ကိုင်သွားမှာ မျိုးနဲ့ပဲ လုပ်ပြီးတော့၊ အဲဒီမှာ အမျိုးသားညီလာခံ ပြန်စတာပေါ့ဗျာ။ အဲဒီတော့ ဒီဇာတ်လမ်း အရှည်ကြီးက ပြန် ဖြစ်လာပြီး၊ အခု ဒီ ၂၀၁၁ မှာ ဘာတွေ ဖြစ်လဲဆိုတာ မြန်မာပြည်သူ လူထုကော အစိုးရ အရာထမ်း အမှုထမ်းတွေကော မြင်ပြီး နေပါပြီ။ အခုဆိုရင် အဖြေက ပေါ်သွားပါပြီ ခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ အဲဒီတော့ ဗိုလ်မှူးတို့ အဲဒီတုန်းက လမ်းပြမြေပုံ(၇) ချက် ဆိုတာမျိုးကြီးနဲ့ လုပ်လာတာကို သဘော မတွေ့လို့ ၀န်ကြီး ချုပ်ရုံးရဲ့ ၀န်ကြီးရုံးကနေ ပြီးတော့ ထွက်စာတင်တဲ့ အခါမှာ၊ ဘာများ အခက်အခဲ တွေ့ရပါ သလဲ။ ဘာများ အရေးယူ ခံရတာမျိုး ရှိပါသလဲ ခင်ဗျ။

ဦးမြတ်နိုး။ ။ ကျနော့်ရဲ့ ကိုယ်ပိုင်ခံစားချက်နဲ့ ကျနော်က အဲဒီတုန်းက သူတို့ပေးတဲ့ တာဝန်ကို သဘော မကျဘူး။ မထမ်းဆောင် နိုင်ဘူး။ မထမ်းဆောင် နိုင်တဲ့ အတွက် တာဝန်ကို ငြင်းဆိုတယ်။ ငြင်းဆိုတော့ ၀န်ကြီးက ခေါ်တွေ့တယ်။ ခေါ်တွေ့ပြီးတော့ သူ့နှုတ်မိန့်နဲ့ ထုတ်ပစ်လိုက် တယ်။ (လမ်းပြမြေပုံ) ကို အယုံကြည် မရှိဘူးဗျ။ အယုံကြည် မရှိတာက အဓိကပေါ့ဗျာ။ နောက် second thought ၀င်လာတယ်။ second thought ၀င်လာပြီးတော၊့ ကျနော် ဒီပေးတဲ့ တာဝန် မထမ်းဆောင် နိုင်ပါဘူးလို့ ပြောတဲ့အချိန်မှာ “အေး မင်း မထမ်းဆောင်နိုင်ရင် ထုတ်တယ်” ဆိုပြီးတော့ ထုတ်ပစ်လိုက်တယ်။ ဒါပါပဲ ခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဗိုလ်မှူးစိုင်းသိန်းဝင်းကတော့ ဒီ ရှစ်လေးလုံး လူထုအုံကြွမှုကြီး ဖြစ်တဲ့ အချိန်မှာ ကျနော်တို့ သိထား ရသလောက် အလယ်တန်း ကျောင်းသား ငယ်လေး တစ်ယောက်ပဲ ရှိနေသေးတဲ့ အတွက်၊ ဗိုလ်ကြီး စိုင်းဝင်းကျော်တို့ ဗိုလ်မှူးဟောင်း ဦးမြတ်နိုး တို့လို ဒီလိုမျိုး မကြုံခဲ့ရ ဘူးပေါ့ နော်။ ဒါပေမယ့် ဗိုလ်မှူးစိုင်းသိန်းဝင်းမှာ ထူးခြားတာက၊ RIT ဆင်း အင်ဂျင်နီယာ အရာရှိတွေဟာ အရပ်သားတွေက လာတာမို့ မယုံကြည် ရတဲ့ အတွက်ကြောင့်၊ ပိုပြီး ယုံကြည်ရတဲ့ လူငယ်လေးတွေ ဆယ်တန်း အောင်ကာစ လေးတွေက နေပြီး စုဆောင်းပြီး တော့မှ၊ recruit လုပ်ပြီးတော့ မှ အင်ဂျင်နီယာ အရာရှိတွေ မွေးထုတ်မယ် ဆိုပြီး ထောင်ခဲ့တဲ့ DSTA (Defence Services Technical Academy) ပထမဆုံး အပတ်စဉ်က နေ ဗိုလ်သင်တန်း ဆင်းတဲ့ အရာရှိ ဖြစ်နေတယ်။ အဲဒီ ထူးခြားချက် ရှိတယ်ပေါ့နော်။ ဒါပေမယ့်လည်း ဗိုလ်မှူးစိုင်း သိန်းဝင်းမှာလည်း ခုန ဗိုလ်ကြီး စိုင်းဝင်းကျော် တို့လို ဦးမြတ်နိုးတို့လို second thought ၀င်သွားခဲ့တာ၊ ကျနော်တို့ တွေ့ရတယ်။ ကိုယ့်ခေါင်းဆောင်တွေ အပေါ်မှာ မယုံကြည်မှု၊ ကိုယ်ပါဝင်နေရတဲ့ တပ်မတော် ဆိုတဲ့ အဖွဲ့အစည်း ပေါ်မှာ ယုံကြည်မှု ပျက်ပြားသွားရတဲ့ ဒုတိယအတွေးကို ဖြစ်ပေါ်စေတဲ့ စေ့ဆော်မှုဟာ ဘာဖြစ် တယ်လို့ အခုအချိန်မှာ ပြန်ပြီး သုံးသပ်လို့ ရပါသလဲခင်ဗျ။

ဗိုလ်မှူးဟောင်းစိုင်းသိန်းဝင်း။ ။ အဲဒါကတော့ အလုပ်ပဲဗျ။ ကျနော် အတွေးအခေါ် ပြောင်းတာ ကတော့ အလုပ်ထဲ စရောက် ကတည်းကိုက ပြောင်းတယ်လို့ပဲ ကျနော် ပြန်တွေးမိတယ် ခင်ဗျ။ ကျနော် အလုပ်ထဲကို ရောက်သွားတဲ့ အချိန်မှာ အရာရှိ ဖြစ်လာတဲ့ အခါကျတော၊ ပိုပြီးတော့ ထဲထဲဝင်ဝင် သိလာတာပေါ့ဗျာ။ ကျနော့် mother unit ကပစ (၃) (ကာကွယ်ရေး ပစ္စည်း စက်ရုံ - အမှတ် ၃) မှာ တာဝန်ကျတဲ့ အချိန် စက်ရုံတရုံ လုံးမှာ သွားနေတဲ့ လုပ်ငန်း အဆင့်ဆင့်ကို လိုက်ပြီး စစ်ဆေး ရတာလေးတွေ ရှိတယ်။ ပြီးတော့ စက်ရုံပြင်ပမှာ တွေ့နေတာ လေးတွေလည်း ရှိ တယ်။ စက်ရုံပြင်ပမှာ ဘာတွေ့သလဲ ဆိုတော့ လ္ဘက်ရည်ဆိုင်မှာ သံထိုင်ခုံလေးတွေ၊ နောက်ပြီးတော့ စက်ဘီးက အပို ပစ္စည်းလေးတွေကို ကျနော်တို့ တပ်က ရဲဘော်တွေက တပ်ထဲက သံတွေ ခိုးပြီးတော့ အဲဒီလိုမျိုး လုပ်ပေး နေတာပေါ့ဗျာ။ outside money ပေါ့။ ဆိုတော့၊ ကျနော် သိထားတာက ကျနော်တို့ မြန်မာနိုင်ငံမှာ အဲဒီ အချိန်ကတည်း ကိုက sanction က ရှိနေပြီကိုး။ လက်နက်နဲ့ ပတ်သက်တာ အားလုံးက ဘာမှ ၀ယ်လို့မရဘူး။ အကုန်လုံး ဈေးကြီးပေး ၀ယ်နေရတယ်။ မှောင်ခိုဈေးကနေ ၀ယ်နေရတယ်။ Fritz Warner (၁၉၆၂ ခုနှစ်က စပြီး၊ ကပစ စက်ရုံ များအတွက် လိုအပ်သမျှ ဆောင်ရွက်ပေးသည့် ဂျာမန်ကုမ္ပဏီ) ကလည်း၊ မြန်မာပြည်က ထွက်သွားပြီ။ တတိယ နိုင်ငံကနေ ကြားခံ ပွဲစားတွေနဲ့ ခက်ခက်ခဲခဲ ၀ယ်လာခဲ့ရတဲ့ ဒီ material တွေကို၊ အဲဒီလို အလွဲသုံးစား လုပ်တယ် ဆိုတော့၊ ကျနော် တော်တော်ကို စိတ်ပျက် သွားတာပေါ့။ ပြီးတော့ အဲဒီ ရဲဘော်တွေကိုလည်း ကျနော်က လိုက်ဖမ်းတယ်ဗျ။ ဒီရဲဘော်တွေက ဒါ ဖြုန်းတီးတယ်ပေါ့။ ဒါ အလေအလွင့်ပဲ ဆိုပြီး လိုက်ဖမ်းတဲ့ အချိန်မှာ၊ ရဲဘော်တွေကလည်း သူတို့က ချမ်းသာအောင် ဆိုပြီးတော့ လုပ်နေတာ မဟုတ်ဘူးဗျ။ စားမလောက်လို့ ဒါ လုပ်နေရတဲ့ ဥစ္စာ၊ သူတို့ အဲဒီလို ခိုးဝှက် နေတာတောင်မှ သူတို့ဘ၀မှာ စားမလောက်ဘူး။ သူတို့ရဲ့ အခြေအနေတွေကို ကျနော် သွားမြင်တဲ့ အခါကျတော့ ဒါကို ကျနော် လက်မခံနိုင်ဘူးပေါ့ ဗျာ။ ဘာလို့ ဒီလို ဖြစ်နေရတာလဲ ဆိုတာပေါ့။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အဲဒီတုန်းက ဗိုလ်မှူးက ဒီဟာတွေ မြင်ရတဲ့ အခါမှာ၊ ကိုယ်သိထားတဲ့ အသိနဲ့ လွဲချော် နေတာကို တွေ့ရတဲ့ အချိန် မှာ ဗိုလ်သင်တန်း ဆင်းပြီးကာစ ဆိုတော့၊ အသက်အားဖြင့် ဘယ်လောက်လောက် ရှိနေပြီလဲ။

ဗိုလ်မှူးဟောင်းစိုင်းသိန်းဝင်း။ ။ ကျနော်က အဲဒီတုန်းက ၂၂ နှစ်ရှိပြီ အဲဒီတုန်းက။ Lieutenant စဖြစ်တဲ့ အချိန်မှာ။

ဦးရော်နီညိမ်း။ ။ အဲဒီတော့ ဗိုလ်သင်တန်းဆင်းပြီးကာစ အသက်(၂၀)ကျော် လောက်မှာပဲ ဒုတိယ အတွေး ၀င်တော့မယ့် အလားအလာတွေ ရှိလာနေပြီပေါ့ နော်။ ဒီလိုမျိုးတွေ ကြုံလာတယ်။ ဒါပေမယ့် ဗိုလ်မှူးက ထူးချွန်သူဖြစ်တဲ့ အတွက်ကြောင့်မို့ ရုရှနိုင်ငံကို ပထမဆုံး အကြိမ် ပညာ သင်ကြားဖို့ စေလွှတ်ခြင်း ခံရတဲ့ အရာရှိ တဦးလည်း ဖြစ်ခဲ့တယ်။ ဆိုတော့ ခုနက ကျနော်တို့ ပြောတဲ့ ဒုတိယအတွေး ၀င်လာရာက နေပြီးတော့ breaking point ကို ဘယ်အချိန်မှာ ရောက်သွားလဲ ခင်ဗျ။ လုံးဝ တခါတည်းကို ဒီအဖွဲ့အစည်းနဲ့ ကိုယ်နဲ့ စခန်းပြတ် လမ်းပြတ် ဘယ်အချိန်မှာ ရောက်သွား သလဲခင်ဗျ။ ဘာအကြောင်းကြောင့် ရောက်သွားပါသလဲ။

ဗိုလ်မှူးဟောင်းစိုင်းသိန်းဝင်း။ ။ breaking point ကိုရောက်တယ် ဆိုတာလည်း တဖြည်းဖြည်းနဲ့ pressure ဖြစ်လာ တာပေါ့ဗျာ။ ကျနော်က ဒါကို လက်ခံလို့ မရဘူး။ ကိုယ်ကိုယ်တိုင်ကလည်း အဲဒီလို outside money ဆိုတာမျိုးကို လုံးဝ စိတ်လည်း မ၀င်စားဘူး။ ရဖို့ အတွက်လည်း ကြိုးလည်း မကြိုးစား ခဲ့ဖူးဘူး။ ပြီးတော့ နိုင်ငံက ဆင်းရဲ နေတယ် ဆိုတာကို ကျနော်က မြင်တယ်။ တဖြည်းဖြည်းချင်း ပေါ့ ဗျာ၊ အခု ဖြစ်လာတာ ပြည်သူတွေက ငတ်ပြတ်လာတဲ့ အခါ အဲဒီ ပြည်သူတွေထဲမှာ ဘယ်သူတွေ ပါလဲ ဆိုတော့ ကျနော့် မိဘတွေ ပါတယ်။ ကျနော့် ညီအစ်ကို မောင်နှမ တွေပါနေတယ်။ ကျနော့်အမ အကြီးဆုံး ဆိုရင် သူ့လစာ မလောက် မငှနဲ့ ကလေးသုံးယောက်နဲ့ သူ ကိုယ့်ကိုယ်ကို သတ်သေ သွားတယ်ဗျာ။ ကျနော့်မှာ လစာကောင်းတယ်။ ကျနော် ထောက်ပံ့ ထားရင်ကော မဖြစ်နိုင်ဘူးလား ဆိုတော့ ဒါ အဓိပ္ပါယ် မရှိဘူးဗျ။ တိုင်းပြည် တပြည်မှာ လူတွေ အားလုံးက သူ့လုပ်ခ၊ သူ့လစာနဲ့သူ စားလောက် နေရမယ်။ အဲဒါကို စီမံ ခန့်ခွဲပေးနိုင်ခြင်း မရှိရင် ဘာလို့ ဒီအာဏာကို ယူထားဦးမှာလဲ ဆိုတဲ့ဥစ္စာ ကို၊ ကျနော်က စဉ်းစား မိတာပေါ့ဗျာ။ နောက်ဆုံးမှာ ဒီ nuclear စီမံကိန်းဆိုတဲ့ ဥစ္စာကြီးကလည်း အဓိပ္ပါယ်မရှိ လိမ်ညာထားတဲ့ ဥစ္စာတွေ၊ ကျနော်အများကြီး သွားတွေ့တယ်။

ဦးရော်နီညိမ်း။ ။ သောတရှင်များ ခင်ဗျာ။ စစ်တပ်နှင့် အမိန့်နာခံမှု အပိုင်း (၈) ကိုတော့ နောက်သီတင်းပတ် စနေ နေ့ မနက်နဲ့ ညနေခင်း ဗီအိုအေ မြန်မာပိုင်း အစီအစဉ် “တပ်မှူးတပ်သား ပြောစကား” ကဏ္ဍမှာ ဆက်ပြီး ထုတ်လွှင့်ပေး သွားမှာ ဖြစ်ပါတယ်။ စောင့်မျှော် နားဆင်ကြပါ။ ကျနော် ရော်နီညိမ်း ပါ။


Ref: VOA News

Read More...

ထောက်လှမ်းရေး တပ်ဖွဲ့ တိုးချဲ့ရန် ပြင်ဆင်နေ

ဝေမိုး
Tuesday, 08 March 2011

အာရပ်နိုင်ငံများတွင် ဖြစ်ပွားနေသော လူထုလှုပ်ရှားမှု ဂယက်များ မြန်မာနိုင်ငံသို့ ကူးစက် လာပါက နှိမ်နှင်းရန် အတွက် ထောက်လှမ်းရေး တပ်ဖွဲ့များ တိုးချဲ့ရန် စစ်အစိုးရက ပြင်ဆင်လျက် ရှိသည်။

အရှေ့အလယ်ပိုင်း ဒေသတွင် ဖြစ်ပွားနေသော လှုပ်ရှားမှုများက တရုတ်နိုင်ငံ အထိ ကူးစက် လာသည့် အတွက် အမျိုးသား ထောက်လှမ်းရေး တပ်ဖွဲ့ (NIB) ကို ပြန်လည် ဖွဲ့စည်းရန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် အခြား ထိပ်တန်း စစ်ခေါင်းဆောင် ၆ ဦး တို့က ဆွေးနွေး ဆုံးဖြတ်ခဲ့ကြောင်း စစ်တပ် အသိုင်းအ၀န်းက ဆိုသည်။

ယခင် NIB ဖွဲ့စည်းပုံအတိုင်း စစ်ဖက်ရေးရာ လုံခြုံရေး အဖွဲ့၊ အထူး သတင်းတပ်ဖွဲ့ နှင့် ပြည်ထဲရေး ၀န်ကြီး လက်အောက် ခံ အထူး စုံစမ်း စစ်ဆေးရေး ဦးစီးဌာန (စစစ) များ အပြင် အခြား ၀န်ကြီးဌာန အုပ်ချုပ်ရေး ပိုင်းနှင့် လုံခြုံရေး အဖွဲ့များလည်း ပါဝင် မည်ဖြစ်သည်။

လူထုတရပ်လုံးပါဝင်သည့် အမျိုးသားကွန်ရက် ဖွဲ့စည်းထူထောင်ရန် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ ကြိုးပမ်းမှုသည် လူထုအုံကြွမှု တရပ်အဖြစ် အသွင် ပြောင်းလဲသွားမည်ကို စစ်ခေါင်းဆောင်များက စိုးရိမ်မှုဖြင့် NIB ကိုပြန် လည်ဖွဲ့စည်းရန် ဆုံးဖြတ်ခြင်း ဖြစ်ကြောင်း သိရသည်။

၂၀၀၄ ခုနှစ်တွင် ဗိုလ်ချုပ်ကြီး ခင်ညွန့်ကို ရာထူးမှ ဖြုတ်ချခဲ့ပြီးနောက်ပိုင်း NIB အဖွဲ့ကိုလည်း ဖျက်သိမ်း ခဲ့ခြင်း ဖြစ်သည်။

အရှေ့အလယ်ပိုင်း နိုင်ငံများ၏ လူထုလှုပ်ရှားမှု ဖြစ်ပွားခဲ့ပြီးနောက် ပြည်တွင်း ပြည်ပမှ မြန်မာ့အရေး တက်ကြွ လှုပ်ရှားသူများက အင်တာနက် လှုမှုကွန်ရက် စာမျက်နှာများမှ တဆင့် အာရပ်နိုင်ငံများရှိ လူထု လှုပ်ရှားမှုမျိုး လုပ်ဆောင်ရန် လှုံ့ဆော်မှုများ ပြုလုပ် လာကြသည်။

ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ဖြစ်သော ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ဖေ့စ်ဘွတ် (Face Book) အင်တာနက် စာမျက်နှာ များမှ တဆင့် Just Do It လှုံ့ဆော်မှု တခုကို စတင်ခဲ့သည်။ ယင်းလှုပ်ရှားမှု စတင်ခဲ့ပြီး တပတ်အကြာ စစ်အစိုးရက အင်တာနက် ၀န်ဆောင်မှုကိုလည်း ယခင်ထက် ပိုမို ထိန်းချုပ်ခဲ့သည်။

“၂၀၀၇ နောက်ပိုင်း အင်တာနက် အသုံးပြုမှုတွေကို စစ်ဆေးနေတာက ဖြစ်နေကြပါ၊ ဒါပေမယ့် ဒီရက်ပိုင်း အတွင်းမှာ အင်တာနက်ဆိုင် တော်တော်များများနဲ့ ရတနာပုံ ဆိုက်ဘာစီးတီးကို ပိုပြီး စစ်ဆေးတာတွေ လုပ်နေတယ်”ဟု ရတနာပုံ ဆိုက်ဘာ စီးတီးမှ အိုင်တီ ပညာရှင်တဦးက ပြောသည်။

နိုင်ငံရပ်ခြားတွင် သံတမန် တာဝန်ကို ထမ်းဆောင်နေကြသည့် သံတမန်များ နေရာတွင် စစ်ဘက် ဆိုင်ရာမှ လူများဖြင့် အစားထိုးရန် စီစဉ်နေခြင်းသည် အာရပ် ဒေသတွင် ဖြစ်ပွားနေသည့် အရေးအခင်း များအတွင်း သံတမန် အများအပြား သက်ဆိုင်ရာ အာဏာရှင်များကို ဆန့်ကျင်ကြသည့် ဂယက်၏ အကျိုးသက်ရောက်မှု တခုဖြစ်ကြောင်း လည်းသိရသည်။

“နိုင်ငံခြားရေး ၀န်ကြီးဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ အရပ်သားတွေ အတွက်တော့ သတင်းဆိုး တခုပေါ့၊ ဒါကို ကြည့် ရတာက ဒီဝန်ကြီးဌာန အတွင်းမှာ အရပ်သားတွေကို ရာထူး ထပ်မတိုးတော့မယ့် သဘောပဲ”ဟု နိုင်ငံခြားရေး ၀န်ကြီးဌာနမှ အရာရှိ တဦးကပြောသည်။

ထို့အပြင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်ပါဝင်သော နိုင်ငံ့ဥသျှောင်အဖွဲ့ ဖွဲ့စည်းပြီး ဖြစ်ကြောင်းနှင့် ရုံးခန်းကို နေပြည် တော်ရှိ ဥပ္ပါတသန္တိ စေတီ အနီးတွင် ဖွင့်လှစ် ထားကြောင်းလည်း နေပြည်တော်မှ လာသော သတင်းများအရ သိရသည်။

သမ္မတ ဦးသိန်းစိန်ကို အစိုးရ အုပ်ချုပ်ရေး အာဏာလွှဲပေးမည် ဖြစ်သော်လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင် ပါဝင် သော နိုင်ငံ့ဥသျှောင် အဖွဲ့ ဖွဲ့က အုပ်ချုပ်ရေး ယန္တရားကို ကြီးကြပ် ကွပ်ကဲမည် ဖြစ်သည်။

နိုင်ငံ့ဥသျှောင်အဖွဲ့တွင် အဖွဲ့ဝင် ၈ ဦး ပါဝင်မည်ဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး၊ ဗိုလ်ချုပ်ကြီး ဟောင်းနှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း၊ သမ္မတ ဦးသိန်းစိန်၊ ဒု သမ္မတ သီဟ သူရ ဦးတင်အောင်မြင့်ဦး၊ ဒု ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးနှင့်အတူ တခြားအဆင့်မြင့် စစ်အရာရှိဟောင်း ၂ ဦး ပါဝင်မည်ဖြစ်ကြောင်းလည်း ဆိုသည်။

“အစိုးရသစ်ဖွဲ့ပြီးတော့ ဗိုလ်ချုပ်တွေအကြားမှာ အာဏာ ပြိုင်ဆိုင်မှုတွေ မဖြစ်လာနိုင်အောင် နိုင်ငံ့ဥသျှောင်ကို ဖွဲ့တာပါ၊ အစိုးရ အဖွဲ့မှာ သမ္မတ၊ ဒု သမ္မတ စတဲ့ ရာထူးတွေ ကွဲနေပေမယ့် နိုင်ငံ့ဥသျှောင် အဖွဲ့မှာတော့ အတူတူပါပဲ” ဟု နေပြည်တော် ရှိ စစ်ဘက်ဆိုင်ရာ အရာရှိတဦးက ဆိုသည်။

ရန်ကုန်အခြေစိုက် ဧရာဝတီ သတင်းထောက်များ ပါဝင် ရေးသားသည်။

Ref: ဧရာဝတီ်

Read More...

မြန်မာလူငယ်တွေ ပညာရေး ၀ိုင်းဝန်းပံ့ပိုးဖို့ ဒေါ်စုတိုက်တွန်း

ဦးသားညွန့်ဦး
အင်္ဂါ, 08 မတ် 2011

ဒီမိုကရေစနစ် ဆိုတာဟာ ပြည်သူလူထုအပေါ် ယုံကြည်မှုထားခြင်း ဖြစ်တယ်လို့ ဒေါ်အောင်ဆန်း စုကြည်က ပြောဆို သွားပါတယ်။ အမေရိကန် ပြည်ထောင်စုနဲ့ အခြား ကမ္ဘာ့နိုင်ငံ အချို့က ကျောင်းသား လူငယ် ၄၀၀ ကျော်ကို အင်တာနက် ဗွီဒီယိုကဆင့် တိုက်ရိုက် အမေးအဖြေ လုပ်စဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားသွားတာပါ။ အမေရိကန် ပြည်ထောင်စု အတွင်း စာသင်ကြားခွင့်ရတဲ့ မြန်မာ ကျောင်းသားတွေ အနေနဲ့လည်း မြန်မာနိုင်ငံထဲက လူငယ်တွေရဲ့ ပညာရေးအတွက် ပြန်ပြီး လှည့်ကြည့်ကြဖို့လည်း ဒေါ်အောင်ဆန်း စုကြည်က တိုက်တွန်း သွားပါတယ်။ အကြောင်းစုံကို ကိုသားညွန့်ဦးက တင်ပြ ပေးထားပါတယ်။

အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ဘာကလေ တက္ကသိုလ် ကျောင်းသားတွေက ဦးဆောင် ပြီးတော့ လုပ်တဲ့ အဲဒီ ဆွေးနွေးပွဲကို ဘာကလေ တက္ကသိုလ် ကျောင်းဆောင် ထဲမှာပဲ မတ်လ ၇ ရက်နေ့ ညပိုင်းက ပြုလုပ်ခဲ့တာပါ။ တနာရီနီးပါး ကြာတဲ့ အဲဒီဆွေးနွေးပွဲ အတွင်းမှာ ကျောင်းသူ ကျောင်းသားတွေရဲ့ မေးမြန်းချက် တွေကို မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က စိတ်ရှည်လက်ရှည် ရှင်းလင်းခဲ့သလို မြန်မာနိုင်ငံ ဒီမိုကရေစီ လှုပ်ရှားမှုကို သိရှိ နားလည်အောင် ကြိုးစားပေးကြဖို့လည်း ကျောင်းသား လူငယ်တွေကို တိုက်တွန်း သွားပါတယ်။

“ပထမဆုံးက မြန်မာနိုင်ငံတွင်းက အခြေအနေတွေကို သတိပြု သတိထား စောင့်ကြည့် ကြဖို့ပါ။ ဒုတိယ အနေနဲ့တော့ မြန်မာ နိုင်ငံမှာ ဘာကြောင့် ဒီမိုကရေစီ ရချင်သလဲ ဆိုတာကို သိအောင်လုပ်ဖို့ပါ။ ဒီမိုကရေစီ ဆိုတာ လောကနိဗ္ဗာန် မဟုတ်ပါဘူး။ ဒါကို အမေရိကန်က လူတွေကတော့ သိပြီးဖြစ်မှာပါ။ ဒီမိုကရေစီဆိုတာ ကိုယ်ရင်ဆိုင်နေရတဲ့ ပြဿနာ၊ ကိုယ်ရင်ဆိုင် နေရတဲ့ ကိစ္စမျိုးတွေကို ကိုယ်တိုင် ကိုင်တွယ် ဖြေရှင်းနိုင်တဲ့ အခွင့်အရေးတွေ ဖြစ်ပါတယ်။

“ဘယ်လိုစိန်ခေါ်ချက်တွေကို မဆို ရင်ဆိုင်နိုင်ဖို့နဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ရဖို့ အတွက် မြန်မာ နိုင်ငံမှာ ဒီမိုကရေစီကို လိုလားကြတာ ဖြစ်ပါတယ်။ လွတ်လပ်မှု အတိုင်းအတာ တစုံတရာနဲ့ အသိဉာဏ် ပိုင်ဆိုင်မှု ရှိထားမှ ဒီစိန်ခေါ်ချက်တွေကို ကိုယ်တိုင် ဖြေရှင်း ကိုင်တွယ်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ မြန်မာလူထုက သူတို့အနေနဲ့ ဘယ်လို အုပ်ချုပ်ရေးမျိုးကို လိုချင်တယ်၊ ဘယ်လို တိုင်းပြည်မျိုး လိုချင်တယ် ဆိုတာမျိုးတွေနဲ့ အဲဒီအတွက် သူတို့ ဘာတွေ လုပ်နေကြတယ် ဆိုတာမျိုးကို အမေရိကန် ပြည်ထောင်စုနဲ့ အခြား ကမ္ဘာ့နိုင်ငံတွေက လူငယ်တွေ သိစေချင်ပါတယ်။”

မြန်မာနိုင်ငံတွင်းမှာ လူငယ်တွေကို အဓိက အားထားပြီး ပြည်သူ့ကွန်ရက် တည်ဆောက်နေတဲ့ ရည်ရွယ်ချက် ကိုလည်း ဒေါ်အောင်ဆန်း စုကြည်က အသေအချာ ရှင်းပြသွားပါတယ်။ မိမိရဲ့ လူ့အသိုင်း အ၀ိုင်းကို ပြောင်းလဲချင်စိတ် ဖြစ်အောင် အရင်ဆုံး စလုပ်ရမှာ ဖြစ်ပြီး ဒီ့အတွက် အခွင့်အလမ်း လိုအပ်ချက်ဟာ ဒီမိုကရေစီပဲ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

“ဒီမိုကရေစီ ဆိုတာဟာ ပြည်သူလူထုကို ယုံကြည်ခြင်း ဖြစ်ပါတယ်။ ဒီနေရာမှာ ပြည်သူလူထု ကိစ္စက အရင်ကျပါတယ်။ ဒုတိယကျမှ ဒီမိုကရေစီပါ။ ဒါကြောင့်လည်း ဒီမိုကရေစီ အတွက် ပြည်သူ့ ကွန်ရက်တရပ် ထူထောင်ဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ ဒီမိုကရေစီ ဆိုတာ ဘာလဲ၊ ဘာကြောင့် ဒီမိုကရေစီ လိုချင်တာလဲ၊ ဒါကို ပြည်သူတွေ နားလည်အောင် လုပ်နိုင်ဖို့ပါ။

“ဒီတော့ ပြည်သူလူထု အနေနဲ့ ကနဦးအဆင့် သူ့ လူ့အသိုင်းအ၀ိုင်း အတွင်းမှာ ပြောင်းလဲမှုတွေ ဖြစ်လာအောင် စတင် လုပ်ကြရပါမယ်။ အဲဒီကနေ နောက်တဆင့် လွတ်လပ်မှုတွေ ရှိလာဖို့နဲ့ အပြောင်းအလဲအတွက် အခွင့်အလမ်း ကိစ္စတွေကို ရှာဖွေရပါမယ်။”

အခုဆွေးနွေးပွဲမှာ ကယ်လီဖိုးနီးယားပြည်နယ် အတွင်းမှာရှိတဲ့ မြန်မာ့ဒီမိုကရေစီရေး တက်ကြွ လှုပ်ရှားသူ အချို့နဲ့ ဘာကလေ တက္ကသိုလ်မှာ စာသင်ကြားနေတဲ့ မြန်မာလူငယ် အချို့လည်း တက်ရောက်သလို ဒေါ်အောင်ဆန်းစုကြည်ကိုလည်း မေးခွန်းတွေ ကိုယ်တိုင် ထုတ်ခဲ့ကြပါတယ်။ ပြည်ပရောက် မြန်မာလူငယ်တွေ အနေနဲ့ မြန်မာနိုင်ငံတွင်းက လူငယ်တွေရဲ့ အခြေအနေကို မမေ့ကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့ပါတယ်။

“ဒီလိုတိုင်းပြည်မျိုးမှာ ကြီးပြင်းခွင့်ရတာ ဒီအတွေ့အကြုံတွေနဲ့ ကိုယ့်ဘ၀ကို ရင့်ကျက် စေပါတယ်။ ဒီလို တိုင်းပြည်တွေမှာ ကြီးပြင်း နေထိုင်ခွင့် ရတဲ့အတွက် အဲဒီ တိုင်းပြည်တွေကိုလည်း သစ္စာရှိရပါမယ်။ တချိန်တည်းမှာပဲ မြန်မာနိုင်ငံကိုလည်း မမေ့စေချင်ပါဘူး။ မြန်မာပြည်သူတွေရဲ့ ပညာရေးနဲ့ လူမှုဘ၀ တိုးတက်ရေး ကူညီနိုင်ဖို့ အတွက်လည်း ဒီလူတွေ လိုအပ်ပါတယ်။ မြန်မာပြည်က လူငယ်တွေ အနေနဲ့ နိုင်ငံခြားမှာ ရောက်နေတဲ့ လူငယ်တွေလောက် အခွင့်အလမ်းတွေ မရကြပါဘူး။

“ဒါကြောင့် မြန်မာလူငယ်တွေ ပညာရေး တိုးတက်လာဖို့အတွက် အာရုံထားပြီး အမေရိကန် ပြည်ထောင်စုရောက် မြန်မာ လူငယ်တွေ လုပ်ပေး နိုင်ကြမယ် ဆိုရင် ကျမ အင်မတန် ကျေးဇူးတင်ပါတယ်။ ဥပမာ ပညာရေး ရန်ပုံငွေတရပ် ထူထောင်တာမျိုး ဖြစ်ဖြစ်ပေါ့။”

အခုဆွေးနွေးပွဲ အတွင်းမှာတော့ ကိုယ်တိုင် တက်ရောက်လာသူ ကျောင်းသားလူငယ် ၃၀၀ လောက်ရှိပြီး ဂျပန်၊ သြစတြေးလျနဲ့ ထိုင်းနိုင်ငံက ကျောင်းသား ၁၅၀ ကျော်ဟာလည်း အင်တာနက်က တဆင့် ပါဝင်နားထောင် ဆွေးနွေး ခဲ့ကြပါတယ်။ ကျောင်းသား လူငယ်တွေ ဘက်ကတော့ သူတို့အနေနဲ့ မြန်မာပြည် လွတ်မြောက်ရေးနဲ့ သူတို့ ဘယ်လို အကူအညီ ပေးနိုင်မလဲဆိုတဲ့ မေးမြန်းချက်တွေနဲ့ အတူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုဂ္ဂိုလ်ရေးဘ၀ အချို့ကိုလည်း မေးမြန်းခဲ့ကြပါတယ်။

အခုဆွေးနွေးပွဲဟာ နိုင်ငံတကာရှိ ကျောင်းသားလူငယ်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် အကြား အင်တာနက်က တဆင့် တိုက်ရိုက် ဆွေးနွေးခွင့်ရတဲ့ ရှားရှားပါးပါး အခြေအနေတခု ဖြစ်သလို ဒီဆွေးနွေးပွဲကို ဘာကလေ တက္ကသိုလ် ကျောင်းသားတွေ ဘက်က ဦးဆောင် ကမကထ လုပ်ခဲ့တာလို့လည်း သိရပါတယ်။

Ref: VOA News

Read More...

ဖြတ်လေးဖြတ်ကြောင့် ဒေသခံများ တိမ်းရှောင်

သန်းထိုက်ဦး
Tuesday, 08 March 2011

ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSA-N) ထိန်းချုပ် ဒေသများတွင် စစ်အစိုးရ၏ ဖြတ်လေးဖြတ် အစီအစဉ်နှင့် တပ်များ ထပ်မံ တိုးချဲ့ နေခြင်းကြောင့် ဒေသခံများ ကြောက်ရွံ့စိုးရိမ်ကာ နယ်စပ် ဒေသများသို့ ဦးတည် ထွက်ခွာ နေကြောင်း စစ်ရေး လေ့လာသူ များက ပြောသည်။

အဆိုပါ SSA မြောက်ပိုင်း ၀မ်ဟိုင်းဒေသရှိ ငွေကြေး ချမ်းသာသူ တချို့က ယင်း ဒေသများမှ တဆင့် မြို့ကြီးများသို့ ထွက်ခွာနေ ခြင်းဖြစ်ကြောင်း သျှမ်းသံတော်ဆင့် သတင်းစဉ်မှ အယ်ဒီတာ ဦးစိန်ကြည်က ဧရာဝတီသို့ ပြောသည်။

SSA-N တပ်မဟာ ၁ ထိန်းချုပ်ထားသော နယ်မြေ မိုင်းရှုးမြို့နယ် ၀မ်ဟိုင်းဒေသ တ၀ိုက်တွင် စစ်အစိုးရတပ်များ အနေဖြင့် တပ် အင်အား တိုးချဲ့ထားခြင်းသည် ဖြတ်လေးဖြတ် အတွက် စတင်ကျင့်သုံးနေခြင်း ဖြစ်ကြောင်း သိရသည်။

“SSA မြောက်ပိုင်း တပ်မဟာ ၁ ဘက်ကလည်း သူတို့တပ်တွေကို စစ်ရေးအရ ပေါ့ပေါ့ ပါးပါးနဲ့ လျှင်မြန် ဖြတ်လပ်စွာ လှုပ်ရှား နိုင် အောင်တော့ ပြင်ဆင်ထားတယ်”ဟု ဦးစိန်ကြည်က ဆက်ပြောသည်။

နအဖ စစ်အစိုးရက ဖြတ်လေးဖြတ် ပြုလုပ်ရန် ညွန်ကြားချက်ထွက်ပေါ်ချိန်တွင် ဖေဖော်ဝါရီလ အတွင်းက SSA မြောက်ပိုင်း ၀မ်ဟိုင်း ဌာနချုပ် ဘက်သို့ ဖြတ်သန်း သွားလာနေသော ခရီးသည်တင် ကားနှင့် ကုန်တင်ကား ကြီးများကို သွားလာခွင့် ပိတ်ပင်မှုများနှင့် တိုက်ဆိုင်နေသည်။

ဝမ်ဟိုင်း ဒေသသည် ရှမ်းပြည်နယ် မိုင်းရယ်မြို့နှင့် မိုင်းရှုးမြို့နယ် ကြားတွင်ရှိပြီး ယင်းဒေသ အနောက်ဘက် ခြမ်းတွင် ကျောက် မဲ မြို့အခြေစိုက် စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ) ၁ နှင့် လွိုင်လင် အခြေစိုက် (စကခ) ၂ လက်အောက်ခံ တပ်ရင်းများ နှင့် သံချပ်ကာကား တချို့ကိုလည်း ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းပိုင်းက တိုးချဲ့ ချထားကြောင်း သိရသည်။

နအဖ တပ်အင်အားတိုးချဲ့ထားခြင်းနှင့် ပတ်သက်၍ ဦးစိန်ကြည်က “တစ်အချက်က နအဖ ဘက်က အရင်ပစ်တယ် အရင် တိုက်တယ်၊ နံပါတ် နှစ်က သူတို့ သတ်မှတ်ထားတဲ့ ခွင်ထဲကို နယ်ထဲကို နအဖတပ်က ကျူးကျော်ဝင်လာတယ် ဆိုရင် ဒီနှစ်ခု က တိုက်ပွဲဖြစ်ဖို့ အလားအလာ များတယ်”ဟု ပြောသည်။

တိုက်ပွဲ ကြီးကြီးမားမားတော့ ဖြစ်မည် မဟုတ်ကြောင်း၊ လျှပ်တပြက် တိုက်ပွဲမျိုးသာ ဖြစ်နိုင်ခြေ ရှိကြောင်း ၎င်းက ဆိုသည်။

အလားတူပင် ရှမ်းပြည်နယ် နမ့်ဇန်မြို့နယ် အတွင်းရှိ ရွာသုံးရွာမှ အိမ်ခြေ ၂၀၀ ခန့် ကိုလည်း နမ့်ဇန်မြို့နယ်ခွဲသို့ ပြောင်းရွှေ့ နေထိုင်ရန် နယ်မြေခံ စစ်အစိုးရ တပ်က ဖိအား ပေးနေကြောင်း သိရသည်။

၁၉၇၀ ပြည့်နှစ်များတွင် ဗမာပြည် ကွန်မြူနစ်ပါတီနှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) တို့ အပေါ် ဗိုလ်ချုပ်ကြီး နေဝင်း၏ မဆလ ခေတ် အစိုးရ ဆင်နွှဲခဲ့သည့် စစ်ဆင်ရေးများတွင် ဖြတ်လေးဖြတ် အစီအစဉ်များ စတင်ကျင့်သုံးခဲ့သည်။

ဖြတ်လေးဖြတ်အစီအစဉ်မှာ လက်နက်ကိုင်အဖွဲ့များ၏ စားနပ်ရိက္ခာအရင်းအမြစ်ကို ဖြတ်တောက်ခြင်း၊ ဘဏ္ဍာငွေ အရင်း အမြစ် များကို ဖြတ်တောက်ခြင်း၊ သတင်းအရင်းမြစ်ကို ဖြတ်တောက်ခြင်းနှင့် တပ်ဖွဲ့ဝင်သစ် မစုဆောင်းနိုင်ရန် ဖြတ်တောက်ခြင်းတို့ ဖြစ်သည်။

ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသများတွင် ယင်းဖြတ် လေးဖြတ် အစီအစဉ်ကို အကောင်အထည်ဖော်ရန် စစ်အစိုးရက သက်ဆိုင်ရာ စစ်ဌာနချုပ်များသို့ ညွှန်ကြားထားကြောင်း စစ်ဘက် ဆိုင်ရာ အသိုင်းအဝိုင်းမှ သိရသည်။

ဖြတ်လေးဖြတ်အပြင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ အချင်းချင်း ဆက်သွယ် ရေး လမ်းကြောင်း များကိုပါ ဖြတ်တောက်မည့် အစီအစဉ်လည်း ထပ်တိုးထားသည်ဟု စစ်ဘက်ဆိုင်ရာ သတင်းများက ဆိုသည်။


Ref: ဧရာဝတီ်

Read More...

အန်အယ်ဒီ စိတ်ပညာသင်တန်းပေး

သဲသဲ
အင်္ဂါနေ့၊ မတ်လ ၀၈ ရက် ၂၀၁၁

နယူးဒေလီ (မဇ္ဈိမ) ။ ။ အတိုးမဲ့ ချေးငွေယူသော ခေါင်းရွက်ဗျတ်ထိုး ဈေးသည်များ လောင်းကစား ကင်းဝေးရန် ကြိုးပမ်းချက် တခုအနေဖြင့် ဈေးသည်များနှင့် အတိုင်ပင်ခံ ဆွေးနွေးပေးသူများ ဖြစ်လာမည့် အမျိုးသမီး ခေါင်းဆောင်များကို စိတ်ပညာ သင်တန်းပေးမှု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တွင် ပြုလုပ်လျက်ရှိသည်။

ခေါင်းရွက်ဗျတ်ထိုး ဈေးရောင်းကာ စီးပွားရှာသော်လည်း တရားမဝင် ချဲထီ၊ ၂ လုံးထီ လောင်းကစား လုပ်မှုများ ရှိနေသည်ကို တွေ့ရှိရပြီးနောက် NLD အမျိုးသမီး ခေါင်းဆောင်များမှ တဆင့် ပညာပေး နှစ်သိမ့်နိုင်ရန် စိတ်ပညာ ဆရာဝန်များက ယခုတပတ် တနင်္လာမှစ၍ သင်တန်းပို့ချနေခြင်း ဖြစ်သည်။

“လွန်ခဲ့တဲ့ တလလောက်ကစပြီး အသေးစား အတိုးမဲ့ ငွေချေးတဲ့ လုပ်ငန်းကို လုပ်ကိုင်တယ်။ အဲဒီမှာ ခေါင်းရွက် ဗျတ်ထိုး ဈေးသည်တွေက တဖက်ကလည်း စီးပွား ရှာပေမယ့်၊ တဖက်မှာက ၂လုံး၊ ၃ လုံးတွေ ထိုးပြီး သူတို့ရှာတာကို ပြန်ဖြုန်း ပစ်နေတာတွေ ရှိနေတော့ ဒါတွေ မဖြစ်အောင် ဒေါ်အောင်ဆန်းစုကြည်က ဒီအမျိုးသမီး တွေကို ပြန်လည် ဆင့်ပွားပေးဖို့ အတွက် အန်တီတို့ စိတ်ပညာ သင်တန်း တက်ရတာပေါ့” ဟု NLD ဗဟို အမျိုးသမီး လုပ်ငန်း ဖော်ဆောင်ရေး တာဝန်ခံ ဒေါ်မေဝင်းမြင့်က မဇ္ဈိမကို ပြောသည်။

ပုဇွန်တောင်မြို့နယ် ၅၁ လမ်းရှိ ဒေါက်တာတင်မျိုးဝင်း၏ ရုံးခန်းတွင် သင်တန်းဖွင့်ပြီး၊ စိတ်ပညာ ဆရာဝန် ဒေါက်တာ ခိုင်ခိုင်မာက အပျော်တမ်း လောင်းကစားနှင့် လောင်းကစား စွဲခြင်းအကြောင်း ဘာသာရပ်များ ယမန်နေ့က ပို့ချပေးခဲ့ခြင်း ဖြစ်သည်။ ၆ ရက်ကြာ သင်တန်းကို ရန်ကုန်တိုင်း မြို့နယ် ၁ဝ ခုမှ ပါတီဝင်အမျိုးသမီး ၁၁ ဦး တက်ရောက်နေသည်။

“အခုဆို အိမ်ရှင်မတွေပါ ဈေးဖိုးထဲကနေ ... ဘောလုံးပွဲတွေပါ လောင်းနေကြပြီ။ ကလေးတွေ ဆိုလည်း မုန်းဖိုး ပေးရင် မစားဘဲ ၂ လုံးထိုး၊ ပေါက်ရင် သူတို့ လိုချင်တာလေးတွေဝယ်၊ အဲဒါမျိုးတွေ ဖြစ်နေတာ။ ဒါကို မလုပ်ဖို့ အမိန့်ပေးတာ၊ တားတာမျိုး မဟုတ်ဘဲ၊ သူတို့ဆီက ပြောတာတွေကို နားထောင်ပေးမယ် အချောင်ရတဲ့ ငွေကြေးနောက်ကို မလိုက်ဖို့ Counseling လုပ်ပေးသွားမှာပါ” ဟု ဒေါက်တာမေဝင်းမြင့်က ပြောသည်။

တလုံး၊ နှစ်လုံး၊ သုံးလုံး ဟု လူသိများသော ဘောလုံးနှင့် ထီနံပါတ် လောင်းကစားများမှာ တရား မဝင်ဟု ဆိုသော်လည်း မြန်မာနိုင်ငံ တဝှန်း ကျယ်ပြန့်စွာ ဖြစ်ထွန်းလျက်ရှိကာ ဒေသအာဏာပိုင် အများစုအတွက် လာဘ်ငွေရရာ လမ်းကြောင်းကြီး တခု ဖြစ်နေသည်။

NLD က အတိုးမဲ့ အသေးစား ငွေချေးလုပ်ငန်းကို ပြီးခဲ့သည့်လမှစ၍ ပြုလုပ်ခဲ့ရာ တာမွေမြို့နယ် ရာပြည့် ဈေးရှိ ခေါင်းရွတ်ဗျတ်ထိုး ဈေးသည် ၅ဝ ကို တဦးလျှင် ကျပ် ၂ဝဝဝဝ နှုန်းဖြင့် ထုတ်ချေးပြီး တရက်လျှင် ၇ဝဝ ကျပ် အရစ်ကျ ပြန်လည် ပေးဆပ်စေသည်။ ခေါင်းရွက်ဗျတ်ထိုး ဈေးသည်ဖြစ်ပါက အမျိုးသား၊ အမျိုးသမီးမရွေး ငွေချေးနိုင်ပြီး အိမ်ထောင်စုစာရင်း မိတ္တူကိုသာ လက်ခံအဖြစ် ယူထားသည်။

၂ဝ၁၁ ဇန်နဝါရီ ၁၈ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် NLD အမတ် ဦးတင်မောင်ဝင်း (ခရမ်း) ၏ အသုဘ နှစ်ပတ်လည် ပွဲသို့ ဒေါ်အောင်ဆန်းစုကြည် သွားရောက်စဉ် ဗဟန်းအမျိုးသမီး ထုနှင့် တွေ့ဆုံခဲ့ရာ ၎င်းတို့ အခက်အခဲများကို သိပြီးနောက် ကူညီနိုင်ရန် NLD အမျိုးသမီးအဖွဲ့၏ အသေးစား အတိုးမဲ့ ငွေချေးလုပ်ငန်း စတင်ခဲ့ခြင်း ဖြစ်သည်။

NLD ဗဟိုအမျိုးသမီးလုပ်ငန်း ဖော်ဆောင်ရေးအဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်ပြီး၊ အဖွဲ့တာဝန်ခံမှာ ဒေါ်မေဝင်းမြင့်နှင့် အဖွဲ့ဝင် ၅ ဦး ဖြစ်သည်။

Ref: မဇ္ဈိမ

Read More...

မြဝတီ ဗုံးကွဲ၊ အသေအပျောက် မရှိ

ကျော်ခ |
အင်္ဂါနေ့၊ မတ်လ ၀၈ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ လူအသေအပျောက် မရှိသည့် ဗုံးပေါက်ကွဲမှုတရပ် ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့၌ မတ်လ ၅ ရက်နေ့တွင် ဖြစ်ပွားခဲ့ကြောင်း မြို့ခံများက ပြောသည်။

ကရင်ပြည်နယ် မြဝတီမြို့လယ်ရှိ အာရှလမ်းမကြီးဘေး ရဲစခန်းအနီး ဓာတ်ဆီဆိုင်၌ ည ၁ဝ နာရီ ၄၅ မိနစ်ခန့်တွင် ပေါက်ကွဲခဲ့ပြီး၊ ဆိုင်ပိတ်ချိန် ဖြစ်သဖြင့် တဦးတယောက်မျှ မထိခိုက်သလို ဆိုင်လည်း ပျက်စီးမှု မရှိခဲ့ပေ။

“လူတွေ ဘာတွေတော့ မထိပါဘူး။ ပလက်ဖောင်း နည်းနည်း ထိသွားရုံပဲ။ သူတို့ တွက်တာကတော့ DKBA (တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်) က မြို့ပေါ်ကို လာခြိမ်းခြောက်တယ် လို့ပဲ တွက်နေကြတယ်” ဟု မြို့နယ် ရဲစခန်းနှင့် နီးစပ်သူ မြို့ခံတဦးက မဇ္ဈိမကို ပြောသည်။ အခင်းဖြစ်ရာသို့ ရဲများ ရောက်ခဲ့သော်လည်း ယခုထိ ဖောက်ခွဲသူကို မဖော်ထုတ် နိုင်သေးဟု ဆိုသည်။

ဗုံးကွဲပြီးနောက် ယခုအခါ နယ်ခြားစောင့်တပ်များ၊ စစ်အစိုးရတပ်များဖြင့် မြို့လုံခြုံရေး တင်းကျပ်နေပြီး၊ မသင်္ကာသည့် ကား၊ ဆိုင်ကယ်နှင့် လူများကို တားမြစ်စစ်ဆေးသလို ညဘက်တွင် အာရှလမ်းမပေါ်၌ ရှောင်တခင် စစ်ဆေးမှုများ ရှိနေသည်။

ပြီးခဲ့သည့် ၉ ရက်နေ့တွင်လည်း အာရှလမ်းမကြီးထိပ် ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား ယာဘက်ခြမ်းရှိ 7 Star လက်ဖက်ရည် ဆိုင်တွင် ဗုံးပေါက်ခဲ့ရာ လူ ၂ ဦး ပွဲချင်းပြီး သေဆုံးကာ ၂ ဦး ဒဏ်ရာရခဲ့သည်။

“ကျနော်တို့ဆီမှာကတော့ အကိုရယ် ဝုန်းခနဲအသံကြားရင် တိုက်ပွဲတွေ ဖြစ်ပြီးလားပဲ ထင်နေတော့ ထွက်တောင် မစပ်စုရဲဘူး။ ကိုယ့်အိမ်မှာကိုယ် ပုန်းနေရတယ်” ဟု မြဝတီမြို့သား တဦးက ပြောသည်။

မြဝတီတွင် စစ်အစိုးရတပ်များ၊ DKBA နယ်ခြားစောင့်တပ်များအပြင် အရပ်သားအသွင် နေထိုင်သည့် နယ်ခြားစောင့်တပ် ငြင်းဆန်ဆဲ DKBA တပ်ဖွဲ့ဝင်များ၊ ကရင်အမျိုးသား အစည်းအရုံး KNU တပ်ဖွဲ့ဝင်များ၊ ဟောင်သရော ငြိမ်းချမ်းရေးတပ်ဖွဲ့ KPF အဖွဲ့ဝင်များ လှုပ်ရှားနေသည်။

Ref: မဇ္ဈိမ

Read More...

လစ်ဗျား အကြမ်းဖက်မှု အဆုံးသတ်ရေး နိုင်ငံတကာ စတင်ကြိုးပမ်း

အင်္ဂါ, 08 မတ် 2011

လစ်ဗျားအပေါ် တုံ့ပြန်နိုင်မယ့် ဖြစ်နိုင်ခြေတွေ အားလုံး ဆောင်ရွက်ဖို့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) နဲ့ ဗြိတိန် ၀န်ကြီးချုပ် ဒေးဗစ် ကမ်မရွန်း (David Cameron) တို့ သဘောတူလိုက် ကြပါတယ်။

အဲဒီ တုံ့ပြန်နိုင်မယ့် ကိစ္စတွေထဲမှာ လက်နက်ပိတ်ဆို့ အရေးယူတာ၊ မပျံသန်းရဇုန် သတ်မှတ်တာ၊ လူသားချင်း စာနာ ထောက်ထားမှု ကယ်ဆယ်ရေး လုပ်ငန်းတွေနဲ့ စောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းတွေ ပါဝင်ကြပါတယ်။

ခေါင်းဆောင် ၂ ယောက်က အင်္ဂါနေ့က တယ်လီဖုန်းကနေ စကားပြောခဲ့ကြတာ ဖြစ်ပါတယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။

နှစ်နိုင်ငံလုံးရဲ့ ဘုံရည်မှန်းချက်က အကြမ်းဖက်တာကို လစ်ဗျားက အဆုံးသတ်ရေးဖြစ်ပြီး အာဏာကနေ မြန်နိုင်သမျှ အမြန်ဆုံး ကဒါဖီ ထွက်သွားရေး ဖြစ်တယ် ဆိုတာကို သဘော တူခဲ့ကြကြောင်း အိမ်ဖြူတော်က ပြောပါတယ်။

ကဒါဖီရဲ့ တပ်တွေက သူပုန်တွေအပေါ် လေကြောင်းက တိုက်ခိုက်မှု တိုးမြှင့် လာတာနဲ့အမျှ လေယာဉ် မပျံသန်းရဇုန် သတ်မှတ်ဖို့ နိုင်ငံတကာက တောင်းဆို လာကြတာပါ။ သေဆုံးသူ အရေအတွက်ကလည်း ရာချီရာက ထောင်ချီအထိ များလာခဲ့ပါတယ်။

လေယာဉ် မပျံသန်းရဇုန် သတ်မှတ်ရာမှာ လစ်ဗျား လေကြောင်းရန် ကာကွယ်ရေး စနစ်ကို ဗုံးကြဲ တိုက်ခိုက်ဖို့ လိုအပ်လာစရာ ရှိတယ်လို့ အမေရိကန်စစ်တပ် တာဝန်ရှိသူတွေက ပြောကြပါတယ်။ ဒါကြောင့် အမေရိကန်က အဲဒီလို သတ်မှတ်ဖို့ သူ့ မဟာမိတ်တွေနဲ့ နှိုင်းယှဉ်လိုက်ရင် စိတ်အားထက်သန်မှု သိပ်မရှိခဲ့တာ ဖြစ်ပါတယ်။

ဗြိတိန်နဲ့ ပြင်သစ်တို့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် မူကြမ်းတရပ်ကို ရေးဆွဲနေပြီး ဒီအပတ် အစောပိုင်းမှာ လုံခြုံရေး ကောင်စီကို တင်ပြဖို့ အကြောင်း ရှိနေပါတယ်။

Ref: VOA News

Read More...

Tuesday, March 8, 2011

စည်းရုံးရေးလုပ်ငန်း အားစိုက်လုပ်ဖို့ NLD ဆုံးဖြတ်

2011-03-07

မြို့နယ်တွေမှာ ပါတီစည်းရုံးရေး လုပ်ငန်းတွေကို ပိုပြီး အားသွန် ဆောင်ရွက်ဖို့ မတ်လ ၇ ရက် တနင်္လာနေ့က ကျင်းပတဲ့ NLD ဗဟို အလုပ် အမှုဆောင် အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်၊

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ ကျင်းပတဲ့ ပုံမှန် ဗဟို အလုပ်အမှုဆောင် အစည်းအဝေးမှာ ခုလို ဆုံးဖြတ်ခဲ့တာ ဖြစ်ကြောင်း ပါတီ ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က ခုလိုပြောပါတယ်။

“ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦး၊ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၊ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်များ ဖြစ်ကြတဲ့ ဦးဝင်းတင်၊ နောက် ဦးသန်းထွန်း၊ ဦးညွန့်ဝေ၊ ဦးလှဖေ၊ ဦးဉာဏ်ဝင်းတို့၊ ကျွန်တော်တို့ပေါ့ဗျာ၊ ဒေါ်မေဝင်းမြင့်တို့၊ ဦးဝင်းမြင့်တို့၊ ဦးဟံသာမြင့်တို့၊ CEC တွေ စုံစုံညီညီ တက်ရောက် ကြတယ်၊ ဆွေးနွေးတာကတော့ ပါတီတွင်း ပြည်နယ်၊ တိုင်းတွေနဲ့ ဆွေးနွေးနေတဲ့ အချက်တွေ၊ စည်းရုံးရေး လုပ်ငန်းတွေ တိုးတက်ဖို့ ကိစ္စတွေ ဘာတွေ အဲဒီ ကျွန်တော်တို့ ပါတီတွင်း နိုင်ငံရေး လုပ်ငန်းတွေ တိုးချဲ့ဖို့ ကိစ္စတွေ၊ အဲဒါတွေပဲ ဆွေးနွေးကြပါတယ် ခင်ဗျ။”

ဒေါ်အောင်ဆန်းစုကြည်ဟာ အင်္ဂါနေ့မှာ နိုင်ငံတကာ တက္ကသိုလ် တချို့က ပါမောက္ခတွေ အပါအဝင် ကျောင်းသား ကျောင်းသူတွေရဲ့ တယ်လီဖုန်းက တဆင့် ဆက်သွယ် မေးမြန်း ချက်တွေကို ဖြေဆိုဖို့ ရှိတယ်လို့လည်း သိရပါတယ်။

Ref: RFA News

Read More...

မြန်မာနိုင်ငံမှာ ဥပဒေမဲ့ ဖမ်းဆီးမှု ကုလမှတ်တမ်းတင်မှု အားနည်း

ဦးသားညွန့်ဦး
တနင်္လာ, 07 မတ် 2011

တရားမဲ့ ဖမ်းဆီးထိန်းသိမ်းခံရမှု ဆိုင်ရာ ကုလသမဂ္ဂ အလုပ်အဖွဲ့က အခုကျင်းပနေတဲ့ ၁၆ ကြိမ်မြောက် လူ့အခွင့်အရေး ညီလာခံကို အစီရင်ခံစာ တင်သွင်းရာမှာ မြန်မာနိုင်ငံတွင်းက နိုင်ငံရေး အကျဉ်းသား အချို့ စာရင်းလည်း ပါဝင်ပါတယ်။ မြန်မာနိုင်ငံက အကျဉ်းထောင်တွေထဲ နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ကျော်ထဲကမှ ဘယ်လို သတ်မှတ်ချက်မျိုး၊ ဘယ်လို အခြေအနေ မျိုးကြောင့် ဒီစာရင်းထဲမှာ တချို့ပဲ ပါဝင်နေသလဲ ဆိုတာကိုတော့ ကိုသားညွန့်ဦးက စုံစမ်းမေးမြန်းပြီး တင်ပြ ပေးထားပါတယ်။

တရားမဲ့ ဖမ်းဆီးထိန်းသိမ်းခံရမှု ဆိုင်ရာ ကုလသမဂ္ဂ အလုပ်အဖွဲ့ အနေနဲ့ ပြီးခဲ့တဲ့နှစ် ဇန်န၀ါရီလ ကနေ နိုဝင်ဘာလ အထိ နိုင်ငံပေါင်း ၂၃ နိုင်ငံက တရားမဲ့ ဖမ်းဆီး ချုပ်နှောင်ခံရသူ ၉၈ ဦးကို စာရင်းပြုစု တင်ပြခဲ့ရာမှာ မြန်မာနိုင်ငံက ၅ ဦး ပါဝင်ပါတယ်။ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ၉၀ ခုနှစ် ရွေးကောက်ခံ အမတ် ၂ ဦးဖြစ်တဲ့ ဒေါက်တာ တင်မင်းထွဋ်နဲ့ ဦးညီပု၊ အမေရိကန် နိုင်ငံသား ကျော်ဇောလွင် ခေါ် ကိုညီညီအောင်နဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေးတို့ ဖြစ်ကြပါတယ်။ ၉၈ ဦး စာရင်းထဲက ၃ ဦး လွတ်မြောက် လာခဲ့တယ်လို့ တရားမဲ့ ဖမ်းဆီး ထိန်းသိမ်း ခံရမှု ဆိုင်ရာ အလုပ်အဖွဲ့ ခေါင်းဆောင် အယ်လ် ဟတ်ဒ်ဂျီ မာလစ်ခ် ဆိုး (El Hadji Malikc Sow) က လူ့အခွင့်အရေး ကောင်စီကို အစီရင်ခံခဲ့ပါတယ်။

“ဥပဒေမဲ့ ဖမ်းဆီးထိန်းသိမ်းခံရတယ်လို့ အလုပ်အဖွဲ့ကနေ ထုတ်ပြန်ထားတဲ့ စာရင်းထဲက ၃ ဦး လွတ်မြောက်ခဲ့တဲ့ အပေါ်မှာတော့ ကြိုဆိုပါတယ်။ အီသီယိုးပီးယားနိုင်ငံက မဒမ် ဘာတူကန် မီဒက်ဆာ (Birtukan Mideksa)၊ မစ္စတာ သေဒီယို ငုယန် ဗန် လေး (Thadeus Nguyen Ven Lay) နဲ့ မြန်မာနိုင်ငံက ဒေါ်အောင်ဆန်းစုကြည်တို့ ဖြစ်ကြပါတယ်။”

တရားဥပဒေနဲ့ မညီညွတ်ဘဲ အတင်းအကျပ် ချုပ်နှောင်ခံရတဲ့ စာရင်းကို ပြုစုရာမှာတော့ သက်ဆိုင်ရာ နိုင်ငံတွေရဲ့ တရား စီရင်ရေးစနစ် လွတ်လပ်မှု ဘယ်လောက်ရှိ မရှိကိုလည်း ဆန်းစစ် ထားပါတယ်။ မြန်မာနိုင်ငံတွင်း နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ကျော်ထဲကမှ အခု အစီရင်ခံစာ ထဲမှာ ၅ ဦးပဲ ပါဝင်တဲ့ ကိစ္စကတော့ တရားရုံးဆိုင်ရာ လိုအပ်တဲ့ အထောက် အထားတွေနဲ့ မိသားစု ၀င်တွေရဲ့ စနစ်တကျ တိုင်ကြားမှု အားနည်းတာ ကြောင့်လို့ ALRC အာရှဒေသ ဥပဒေရေးရာ အဖွဲ့က မြန်မာရှေ့နေ ကိုမင်းလွင်ဦးက ရှင်းပြပါတယ်။

“အဓိကထားကြည့်တာကတော့ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး စနစ်မှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေနဲ့အညီ စစ်ဆေး စီရင်ပြီး ပြစ်ဒဏ်ပေးတာမှာ။ အဲဒီလိုမှ မဟုတ်ဘဲနဲ့ ဥပဒေနဲ့ မညီဘဲ စစ်ဆေး စီရင်ပြီးတော့ ပြစ်ဒဏ်တွေ ပေးထားတယ် ဆိုရင်တော့ သူတို့က Arbitrary Detention လို့ သတ်မှတ်ပြီးတော့ အရေးယူ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။”

ဒီလူတွေ ကြည့်တဲ့အခါမှာ ပြည်တွင်းဥပဒေအရ ဥပဒေနဲ့ ညီညွတ်တယ် ဆိုပြီးတော့ အစိုးရက အမိန့်ချခဲ့တာ မဟုတ်ဘူးလား ခင်ဗျ။

“စစ်အစိုးရကတော့ ပြည်တွင်းမှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေကို ချိုးဖောက်လို့ အရေးယူ အပြစ်ပေး ထားရတယ်လို့ သူတို့ အနေနဲ့ အမြဲတမ်း နိုင်ငံတကာကို ထုတ်ဖော် ပြောဆိုလေ့ ရှိပါတယ်။ သို့သော်လည်း ဒီအမှုတွေကို စစ်ဆေး စီရင်တဲ့ အခါမှာ ဥပဒေမှာ ပြဋ္ဌာန်း ထားတဲ့ ပြဋ္ဌာန်းချက်တွေနဲ့ အညီ စစ်ဆေးစီရင်ခြင်း ရှိမရှိ ဆိုတာကိုတော့ သူတို့အနေနဲ့ ထုတ်ပြန် ပြဋ္ဌာန်းခြင်း မရှိဘူး။

“ဒီအမှုတွေမှာ ဥပဒေနဲ့မညီ စစ်ရေး စီရင်ထားတယ် ဆိုတာတွေကို စီရင်ချက်တွေအရ၊ အမိန့်တွေအရ ပြစ်ဒဏ်တွေ ပေးထားတဲ့ဟာကို သူတို့ ဥပဒေနဲ့ ကိုက်ညီမှု ရှိမရှိ သုံးသပ်ပြီးတဲ့ အခါမှာ သူတို့တွေ့ရှိတဲ့ တွေ့ရှိချက်တွေ အပေါ်မှာ မူတည်ပြီးတော့ အခုလိုမျိုး ဥပဒေမဲ့ ဖမ်းဆီး ချုပ်နှောင်ထားတယ်လို့ သူတို့အနေနဲ့ ထုတ်ဖော် ပြောဆိုခြင်း ဖြစ်ပါတယ်။”

အခု ဥပဒေမဲ့ မြန်မာနိုင်ငံမှာ ဖမ်းဆီး ချုပ်နှောင်ခံရတဲ့လူတွေ စာရင်းကို ထုတ်ပြန်ရာမှာ နိုင်ငံရေး အကျဉ်းသား တော်တော်များများ မတွေ့ရပါဘူး။ မြန်မာနိုင်ငံမှာ တကယ်ဆို နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ကျော် ရှိပါတယ်။ အခုက သူတို့ စာရင်းအရ ဆိုရင် ဆယ်ဂဏန်း လောက်ပဲ ရှိတဲ့အခါကျတော့ ဒါက ဘယ်လိုဖြစ်တာပါလဲ။

“တရားရုံးတွေရဲ့ မိတ္တူတွေ ရဖို့လိုတယ်။ ပြီးတော့ ကာယကံရှင် ကိုယ်တိုင်ကသော် လည်းကောင်း၊ ဒါမှမဟုတ် မိသားစုဝင်က သော်လည်းကောင်း တင်ပြ တိုင်တန်းတာတွေ ရှိမှသာ ဒါတွေကို ဆောင်ရွက်နိုင်မှာ ဖြစ်တယ်။ ကျနော်တို့ ရှစ်လေးလုံး ကျောင်းသား ခေါင်းဆောင်တွေ ထဲက တချို့ပါတယ်၊ တချို့ မပါဘူးဆိုတဲ့ ကိစ္စမှာလည်း ကိုမြအေးကတော့ သမီးဖြစ်သူက နေပြီးတော့ ဦးစီးဦးဆောင် လုပ်ပြီးတော့ တိုင်ကြားထားတဲ့ အတွက် အခုလို ပါလာရတာ ဖြစ်တယ်။ ကျန်တဲ့ ရှစ်လေးလုံး ခေါင်းဆောင်တွေ ရှိပါသေးတယ်။ သူတို့ရဲ့ အမှုတွဲတွေက အမိန့်စီရင်ချက်နဲ့ တကွ ရရှိလာခြင်း မရှိတဲ့အတွက် တင်ပြနိုင်ခြင်း မရှိသေးပါဘူး။”

ALRC က ရှေ့နေ ဦးမင်းလွင်ဦး ပြောပြသွားတာ ဖြစ်ပါတယ်။

ALRC အနေနဲ့လည်း မနေ့က လူ့အခွင့်အရေးကောင်စီ အစည်းအဝေးကို တင်ပြတဲ့ အထဲ မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံအချို့မှာ ရှိနေတဲ့ နှိပ်စက်ညှင်းပန်းမှုနဲ့ လူ့အခွင့်အရေး ကျူးလွန်တဲ့ အာဏာပိုင်အချို့ ဥပဒေ ကင်းလွတ်ခွင့် ရနေတဲ့ အခြေအနေတွေကို ထောက်ပြခဲ့ပါတယ်။


Ref: VOA News

Read More...

လေယာဉ်ပျက်ကျ သေဆုံးသူများ ရုပ်အလောင်း ပြန်သယ်မည်

လင်းသန့်
Monday, 07 March 2011

ရုရှားနိုင်ငံ၌ ပြီးခဲ့သည့် စနေနေ့က လေယာဉ်ပျက်ကျ၍ သေဆုံးသွားသော မြန်မာ လေတပ် အရာရှိ၂ ဦး၏ ရုပ်အလောင်း များကို ယခု ရက်ပိုင်းအတွင်း မိသားစုများထံသို့ ပြန်လည် သယ်ယူ လာမည်ဖြစ်ကြောင်း သိရသည်။

ထိုအရာရှိ ၂ ဦးမှာ ဒုတိယ ဗိုလ်မှူးကြီး ထိန်လင်းအောင် နှင့် ဗိုလ်မှူး ဇော်ထွန်းအောင်တို့ ဖြစ်သည်ဟု မိသားစု ၀င်များက ပြောဆိုသည်။ မြန်မာပြည် အတွက် ၀ယ်ယူထားသည့် Antonov-An148 အမျိုးအစား ရုရှားလုပ် အဆိုပါ လေယာဉ်သည် ရုရှားနိုင်ငံ အနောက်ဘက် မော်စကိုမြို့တောင်ဘက် မိုင် ၃၇၀ ခန့်ရှိ Belgorod ဒေသ၌ အမောင်းသင်ရင်း ပျက်ကျသွားရာမှ ရုရှား နိုင်ငံသား လေယာဉ် ၀န်ထမ်း ၄ ဦးနှင့်အတူ မြန်မာလေတပ် အရာရှိ၂ ဦးလည်း သေဆုံး ခဲ့ခြင်း ဖြစ်ကြောင်း ရုရှားနိုင်ငံ အရေးပေါ် အခြေအနေများ ကိုင်တွယ် ဖြေရှင်းရေး ၀န်ကြီဌာနအား ကိုးကား၍ Itar-Tass သတင်း၌ ဖော်ပြထားသည်။

ကွယ်လွန်သူ ဒုတိယ ဗိုလ်မှူးကြီး ထိန်လင်းအောင်၏ မိသားစုဝင် တဦးက “တရားဝင် လာပြောတာက နောက်ကျတယ်၊ ဖုန်းတွေနဲ့ အရင် ၀င်လာတာပေါ့၊ ဒီမှာ ကြားတာနဲ့ သူ့အမေက ဆေးရုံ တင်ထား လိုက်ရတယ်၊ ရုပ်အလောင်းတွေ ဒီရက် ပိုင်းတော့ ရောက်မယ်၊ ရက်တော့ အတိအကျ မသိရသေးဘူး”ဟု ပြောသည်။

အငြိမ်းစား လေတပ် အရာရှိကြီးတဦးက မြန်မာ့လေတပ် အတွက် တရုတ်နှင့် ရုရှားတို့မှ ၀ယ်ယူခဲ့သည့် လေယာဉ်များ မကြာခဏ ပျက်ကျမှုများ ရှိသောကြောင့် ထူးချွန်သော လေသူရဲများ အသက်ပေးဆပ် နေကြရသည်ဟု ဆိုသည်။

“တို့လေတပ်မှာက တပတ်ရစ် နှစ်ပတ်ရစ်တွေကို ပြန်မွမ်းမံပြီး အရောင်းခံရတဲ့ လေယာဉ်တွေနဲ့ လေသူရဲ ကောင်းတွေ ဆုံးရှုံး နေတာ ဆက်တိုက်ပဲ၊ အခု ဗိုလ်ထိန်လင်းအောင်က ထူးချွန် ပြောင်မြောက်တဲ့ လေသူရဲ တဦးပဲ၊ သူက စခန်းမှူးဖြစ်ဖို့ အထိ ရည်မှန်းထားတာ”ဟု အဆိုပါ အရာရှိကြီးက ဧရာဝတီသို့ ပြောသည်။

ယခု ပျက်ကျသည့် လေယာဉ်ကို အကြိမ် ၃၀ ကျော် စမ်းသပ် ပျံသန်း စစ်ဆေးခဲ့ပြီး ဖြစ်ကြောင်းလဲ သတင်းများတွင် ဖေါ်ပြ ထားသည်။ မြန်မာနိုင်ငံသို့ မောင်းနှင် သယ်ဆောင် လာရမည့် အစီအစဉ် အတွက် နောက်ဆုံး စမ်းသပ် ပျံသန်းမှုဟုလည်း သိရှိရသည်။ Antonov လေယာဉ်စက်ရုံ ကလည်း ပျက်ကျ သွားသည့် Antonov-An148 အမျိုးအစား လေယာဉ်များကို မြန်မာနိုင်ငံ တင်ပို့ရန် ရှိကြောင်း သတင်းများ၌ ဖော်ပြထားသည်။

အဆိုပါလေယာဉ်အမျိုးအစားသည် လွန်ခဲ့သည့် ၂ နှစ်ခန့်က ဈေးကွက်သို့ ၀င်ရောက်လာပြီး လူရော၊ ကုန်ပါ တင်နိုင်သည့် အတွက် ရေပန်းစား လာသည့် အမျိုးအစား ဖြစ်ကြောင်း၊ သို့သော် လေယာဉ် အင်ဂျင်နီယာ ပညာရှင်များကမူ စက်ပိုင်းဆိုင်ရာတွင် အားနည်းချက် ရှိကြောင်း ထောက်ပြထားသည်ဟု သိရသည်။

မြန်မာနိုင်ငံက ယင်း Antonov-An148 အပါအ၀င် တိုက်လေယာဉ်များ၊ စစ်လက်နက် ပစ္စည်းများ၊ ခဲယမ်းများနှင့် တခြား စစ်သုံး ပစ္စည်းများကို မကြာခဏ ၀ယ်ယူခဲ့သည်။ မြန်မာ အစိုးရ အနေဖြင့် စစ်လက်နက် ပစ္စည်းများကို အမေရိကန်နှင့် ဥရောပ နိုင်ငံများမှ စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်ထားသော (Sanctions) ဥပဒေများကြောင့် ရုရှား၊ တရုတ်၊ မြောက်ကိုးရီးယား တို့မှ အဓိက ၀ယ်ယူနေခြင်း ဖြစ်သည်။

မြန်မာ့တပ်မတော်(လေ) အဆင့်မြှင့် တိုးချဲ့ရေးအတွက် ၁၉၉၅ ခုနှစ်ခန့်က စတင် စီစဉ် လာခဲ့သော်လည်း ကုန်ကျ စရိတ် မြင့်မား သောကြောင့် သော်လည်းကောင်း၊ ပညာတတ်များသော လေတပ်အတွက် ကျည်းတပ် အင်အားစုထက် အရေးပေးမှု အားနည်း ခဲ့သည်ဟုလည်း တပ်မတော်(လေ) အသိုင်းအ၀ိုင်းက ပြောသည်။

ထို့အပြင် ရုရှားနိုင်ငံ တက္ကသိုလ် ၁၁ ခုတွင် မြန်မာနိင်ငံမှ ကျောင်းသား ၂၈၀၀ ကျော် ပညာ သင်ကြားလျက် ရှိပြီး အထူးသဖြင့် အဏုမြူ စီမံကိန်းနှင့် တာဝေးပစ် ဒုံးကျည်ဆိုင်ရာ သင်ခန်းစာများကို သင်ယူ နေကြကြောင်း၊ လွန်ခဲ့သည့်နှစ် အနည်းငယ် ကတည်းက စတင်ပြီး ရုရှားနိုင်ငံသို့ မြန်မာ့ တပ်မတော် အရာရှိငယ်များကို စေလွှတ် ပညာသင်စေခဲ့ရာ အဆို ပါ အစီအစဉ်များကို ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့် ယခင် သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဟောင်း ဦးသောင်း တို့က တာဝန် ယူထားကြောင်း သိရသည်။

ရုရှား နှင့် တရုတ် နိုင်ငံများမှ စစ်လက်နက်၊ ခဲယမ်း၊ လေယာဉ် အစရှိသည် ၀ယ်ယူရေးတွင် ယခု နောက်ပိုင်း၌ စစ် အစိုးရနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင် ဦးတေဇက အဓိက ဆောင်ရွက်ပေးနေကြောင်း နီးစပ်သူတဦးက ပြောသည်။

Ref: ဧရာဝတီ်

Read More...

Monday, March 7, 2011

ပြည်ထောင်စု မြန်မာနိုင်ငံတော်ပြန်တမ်း

Myanmar Government Gazette (ဘဏ္ဍာရေး)

Read More...

တိုင်းပြည်အတွက် အရေးကြီးတဲ့အချိန် ညီညွတ်ကြဖို့ ဒေါ်စု တိုက်တွန်း

မသင်းသီရိ
တနင်္ဂနွေ, 06 မတ် 2011


မြန်မာနိုင်ငံဟာ အရေးကြီးတဲ့ လမ်းဆုံလမ်းခွကို ရောက်နေတာမို့ အားလုံးဟာ ခိုင်မာတဲ့ တာဝန် ယူမှုနဲ့ အတူ ညီညွတ်ဖို့ လိုအပ်တယ်လို့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း လိုက်ပါတယ်။ မှန်ကန်တဲ့ ပြောင်းလဲမှုကို ရဖို့ တောင်းဆို နေရုံနဲ့ မပြီးဘဲ တိုးတက်မှု ရှိအောင်ပါ လုပ်ဆောင်ဖို့ လိုတယ်လို့လည်း ပြောကြားပါတယ်။ အမေရိကန်နိုင်ငံ အင်ဒီးယားနား ပြည်နယ် ဖို့ဝိန်းမြို့မှာ ပြုလုပ်တဲ့ နိုင်ငံတကာရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုတွေရဲ့ ညီလာခံအတွက် ပြောကြားတဲ့ အမှာစကားမှာ အခုလို တိုက်တွန်းခဲ့တာပါ။ အပြည့်အစုံကို မသင်းသီရိက တင်ပြ ပေးထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ပြောင်းလဲမှုတွေရဖို့၊ တောင်းဆိုမှုတွေ တိုးတက်လာဖို့ အတွက် အားလုံးဟာ ညီညွတ်ဖို့ လိုတယ်ဆိုတဲ့ အချက်ကို မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အင်ဒီးယားနားပြည်နယ် ဖို့ဝိန်းမြို့မှာ ပြုလုပ်တဲ့ မြန်မာ့ ဒီမိုကရေစီ အင်အားစုတွေရဲ့ ညီလာခံမှာ အဓိက တိုက်တွန်း ခဲ့တာပါ။ မတ်လ ၅ ရက်နေ့ကနေ ၆ ရက်နေ့ထိ ၂ ရက်ကြာ ဖို့ဝိန်းမြို့မှာ ပြုလုပ်တဲ့ နိုင်ငံတကာရောက် မြန်မာ့ ဒီမိုကရေစီ အင်အားစုတွေရဲ့ ညီလာခံကို ဒေါ်အောင်ဆန်းစုကြည်က ဗွီဒီယို အခွေနဲ့ သူ့ရဲ့ နှုတ်ဆက် အမှာစကားအတွင်း အခုလို တိုက်တွန်း ခဲ့ပါတယ်။

“မြန်မာနိုင်ငံရဲ့ အခြေအနေဟာ အခုအချိန်မှာ အရေးကြီးတဲ့ လမ်းဆုံလမ်းခွကို ရောက်နေပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ စနစ်တရပ် ပွင့်လင်း လာပြီ ဆိုတဲ့ အမြင်တွေ ရှိနိုင်သလို စစ်မှန်တဲ့ လုပ်ရပ်တွေပေါ်မှာ ပွင့်လင်းမှု မရှိသူတွေနဲ့ လှည့်ဖြား သူတွေက တားဆီးဖို့ လိုတယ်ဆိုတဲ့ ယုံကြည်မှုတွေနဲ့ အမြင်တွေလည်း ရှိနိုင်ပါတယ်။ ဒီတော့ ဒီလို အခြေအနေတွေ အမျိုးမျိုး အပေါ်မှာ ကျမတို့ အားလုံးဟာ သတိရှိရှိ၊ တာဝန်ယူမှု အပြည့်နဲ့ အမှန်တရား အတွက် မြင်နိုင်ရပါမယ်။ အမှန်တရား အတွက် ကြိုးစား ရပါမယ်။” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့မှာ ၂ ရက်ကြာ ကျင်းပနေတဲ့ ဒီမိုကရေစီ အင်အားစုတွေရဲ့ အစည်းအဝေး အတွင်းမှာ လက်ရှိ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေတွေ အပြင် အမေရိကန် အစိုးရရဲ့ မြန်မာ့အရေး အပေါ် လုပ်ဆောင်ချက်၊ တခါ နိုင်ငံတကာရဲ့ ဖိအားပေးမှုတွေ ဘယ်လိုရအောင် လုပ်ကြမလဲ ဆိုတဲ့ အကြောင်းအရာ တွေကိုပါ ဆွေးနွေးဖို့ စီစဉ် ထားကြပါတယ်။ ဒီလို ပြည်တွင်း ပြည်ပက မြန်မာ့အရေး ဆွေးနွေးမှုတွေမှာ တိုးတက်တဲ့ အပြောင်းအလဲ တွေနဲ့ အတူ အောင်မြင်မှုတွေ ရဖို့အတွက် ညီညွတ်ကြဖို့ အရေးကြီးတယ် လို့လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပါတယ်။

“မြန်မာနိုင်ငံ အခြေအနေတွေနဲ့ ပတ်သက်လို့ မတူကွဲပြားတဲ့ အမြင်တွေ အမျိုးမျိုး ရှိနိုင်ပေမဲ့ ညီညွတ်ရေးဟာ အားလုံး အတွက် အခုအချိန်မှာ အရေးကြီးပါတယ်။” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားတာပါ။

ညီညွတ်မှုအား ပိုကောင်းလေလေ တိုးတက်တဲ့ ပြောင်းလဲမှုတွေကို အလျှင်အမြန်ရမှာ ဖြစ်သလို မတူကွဲပြားတဲ့ အမြင်တွေနဲ့ လှုပ်ရှားမှုတွေ အားလုံးရဲ့ နောက်ဆုံး ကြိုးပမ်းချက်ဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေး ဆိုတဲ့အမြင် တသားတည်း ဖြစ်သင့်တဲ့ အတွက် ညီညွတ်ကြဖို့ကိုလည်း အဓိက ပြောသွားပါတယ်။ အသစ်အဆန်း မဟုတ်တဲ့ စကားတခုကို ထပ်ပြောရရင် အောင်မြင်မှုတွေရဖို့ ညီညွတ်မှု လိုသလို ညီညွတ်မှုမရှိရင် အောင်မြင်မှုဆိုတာ အလှမ်းဝေးနေမှာပဲလို့လည်း ပြောပါတယ်။

“အပြောင်းအလဲကို လိုချင်ရင် အပြောင်းအလဲ ဖြစ်လာအောင် လုပ်ဖို့လိုပါတယ်။ တိုးတက်မှု ရှိအောင် မလုပ်နိုင်ဘူး ဆိုရင် လိုချင်တဲ့ အပြောင်းအလဲလည်း ဖြစ်လာမှာ မဟုတ်ပါဘူး။ မှန်ကန်တဲ့ တိုးတက်မှုတွေ ရဖို့ တောင်းဆိုရုံ သက်သက် မဟုတ်ဘဲ တိုးတက်မှုတွေ ရအောင် လုပ်ဖို့လိုတယ်။” လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

မြန်မာ့အရေးအတွက် ကြိုးပမ်းလာကြတာ ဆယ်စုနှစ်နဲ့ချီ ကြာလာပြီ ဖြစ်ပေမဲ့ ဇွဲမလျှော့ကြဖို့နဲ့ တာဝန်ယူမှု တွေနဲ့ အတူ ကြိုးစား လုပ်ဆောင် ကြဖို့ကိုလည်း တိုက်တွန်း ခဲ့သလို ဒီညီလာခံအတွင်း မြန်မာနိုင်ငံ အတွက် သူနဲ့အတူ ရပ်တည်နေကြသူ အားလုံးကိုလည်း ကျေးဇူးတင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ နှုတ်ဆက်စကားထဲမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

ဒီအခမ်းအနား အတွင်းမှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှုတ်ဆက် အမှာ စကားနဲ့ အတူ NLD ပါတီ ထိပ်တန်း ခေါင်းဆောင် သတင်းစာ ဆရာကြီး ဦးဝင်းတင်ရဲ့ နှုတ်ဆက်စကား ဗွီဒီယို အခွေကိုလည်း ဒီညီလာခံအတွင်း ပြသခဲ့ပါတယ်။


Ref: VOA News

Read More...

ဗိုလ်ချုပ်မှူးကြီး အထူး ဘတ်ဂျက်သုံးစွဲခွင့် အာဏာ မိမိကိုယ်ကိုယ် အပ်နှင်း

ဝေမိုး
Friday, 04 March 2011

ရွေးကောက်ပွဲ ကျင်းပပြီးစီး၍ လွှတ်တော်များ ခေါ်ယူကျင်းပ နေသည်မှာ တလရှိသည့် တိုင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ဥပဒေများ ပြဋ္ဌာန်းရန် အကြွင်းမဲ့ အာဏာကို ချုပ်ကိုင်ထားဆဲ ဖြစ်သည်။

မကြာသေးမီက ထုတ်ပြန်သည့် ဥပဒေများအနက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကိုယ်တိုင် လက်မှတ် ရေးထိုးပြီး ဇန်နဝါရီလ ၂၇ ရက်နေ့စွဲဖြင့် ထုတ်ပြန်ပြီး ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် အစိုးရ ဌာနများသို့ ဖြန့်ဝေသည့် “အထူးရန်ပုံငွေ ဥပဒေ” တွင် တိုင်းပြည်၏ ဝင်ငွေများကို နိုင်ငံတော် အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲရေး ခေါင်းစဉ် အောက်တွင် ကာကွယ်ရေး ဦးစီးချုပ် အနေဖြင့် စိတ်ကြိုက် သုံးစွဲခွင့် ပြုထားသည်။ လက်ရှိ ကာကွယ်ရေး ဦးစီးချုပ်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကိုယ်တိုင်ပင် ဖြစ်သည်။

ဧရာဝတီက လက်ခံရရှိသည့် စာမျက်နှာ ၂ မျက်နှာပါ အဆိုပါ ဥပဒေအရ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် အထူး ရန်ပုံငွေကို ပြည်တွင်းသုံးငွေ သို့မဟုတ် နိုင်ငံခြား သုံးငွေဖြင့် အစစ်အဆေး အမေးအမြန်းမရှိ သုံးစွဲနိုင်ကြောင်း သိရသည်။

အခန်း (၃) အပိုဒ် (၅) ပါ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ လုပ်ပိုင်ခွင့်၌ တို့တာဝန် အရေးသုံးပါး အတွက် တာဝန်များ ထမ်းဆောင်ရာတွင် “အထူးရန်ပုံငွေ သုံးစွဲခြင်းနှင့် စပ်လျဉ်း၍ မည်သည့်ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းကမျှ မေးမြန်းခြင်း၊ တင်ပြခြင်း၊ စာရင်းစစ်ခြင်း ခံယူရန် မလို” ဟု ဖော်ပြထားသည်။

မတ်လကုန်တွင် ကျရောက်လေ့ရှိသော ဘဏ္ဍာရေး နှစ်ကုန်မှသာ နှစ်စဉ် အထူးရန်ပုံငွေ အသုံး စရိတ်ကို နိုင်ငံတော် သမ္မတထံ ရှင်းလင်း တင်ပြရမည်ဟု ဥပဒေက ဆိုသည်။

အထူးရန်ပုံငွေဆိုသည်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်ရန်၊ ပြည်တွင်းပြည်ပ အန္တရာယ်များမှ ကာကွယ်ရန်နှင့် အထူး လိုအပ်သည်များကို သုံးစွဲရန် ဖြစ်ကြောင်း သိရသည်။

အဆိုပါ အထူးရန်ပုံငွေဥပဒေအရ ကာကွယ်ရေး ဦးစီးချုပ်နှင့် စစ်တပ်သည် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် အစိုးရ အသုံးစရိတ် စုစုပေါင်းမှ ကာကွယ်ရေး အသုံးစရိတ် အဖြစ် ၂၅ ရာခိုင်နှုန်းကျော်ကို သုံးစွဲလိမ့်မည် ဖြစ်သည်။

မတ်လ ၁ ရက်နေ့က ထုတ်ပြန်သည့် နိုင်ငံတော် ပြန်တမ်းအရ ယခုဘဏ္ဍာရေးနှစ် အတွက် လျာထားချက်တွင် စစ်သုံး စရိတ်မှာ ကျပ် ၁.၈ ထရီလီယံ (အမေရိကန် ဒေါ်လာ သန်း ၂ ထောင်) ဖြစ်ပြီး စုစုပေါင်း ဘတ်ဂျက်၏ ၂၃.၆ ရာခိုင်နှုန်းအထိ ရှိသည်။

ကျန်းမာရေးအသုံးစရိတ်မှာ ကျပ် ၉၉.၅ ဘီလီယံ (ဒေါ်လာ သန်း ၁၁ဝ) သာရှိပြီး ၁.၃ ရာခိုင်နှုန်းသာ ရှိသည်။ ပညာရေး အသုံးစရိတ်မှာ ဒေါ်လာ သန်း ၃၅၀ လျာထားပြီး ၄.၁၃ ရာခိုင်နှုန်းဖြစ်သည်။

၂၀၁၁-၂၀၁၂ တွင် နအဖအစိုးရ ရုံးစရိတ်အတွက် ကျပ် ဘီလီယံ ၂၀ (ဒေါ်လာ ၂၂ သန်း) လျာထား သောကြောင့် အစိုးရသစ် ပေါ်ပေါက် လာသည့်တိုင် နအဖ အဖွဲ့ကို ဖျက်သိမ်းမည် ဟုတ် မဟုတ် မေးခွန်း ထုတ်စရာ ဖြစ်နေကြောင်း လေ့လာ အကဲခတ် သူများက ပြောသည်။

ယခုကျင်းပနေသည့် လွှတ်တော်များတွင်လည်း စစ်တပ်မှ စေလွှတ်သော ကိုယ်စားလှယ် များနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ဖွံ့ပါတီ) တို့ကသာ လွှမ်းမိုးထားသည်။

လွှတ်တော်အသီးသီးတွင် ဥပဒေကြမ်း ကော်မတီ၊ ပြည်သူ့ ငွေစာရင်းကော်မတီ၊ လွှတ်တော် အခွင့် အရေး ကော်မတီနှင့် အစိုးရ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီ ဟူ၍ ဖွဲ့စည်းသွားမည်ဖြစ်ပြီး ကော်မတီ တခုလျှင် အဖွဲ့ဝင် ၁၅ ဦး သတ်မှတ်ထားပြီး ကြံ့ဖွံ့ပါတီမှ ၁၀ ဦးနှင့် တခြားပါတီမှ ၅ ဦး ပါဝင်မည်ဖြစ်သည်။

ယနေ့အထိ ဥပဒေကြမ်းကော်မတီနှင့် ငွေစာရင်းကော်မတီတို့ကို ဖွဲ့စည်းပြီး ဖြစ်ကြောင်း သိရသည်။

“လုံခြုံရေးကလည်း တင်းကျပ်တယ်။ ပြည်ခိုင်ဖြိုး အမတ်တွေတောင် အကျယ်ချုပ် ကျနေသလို ခံစားရတယ်လို့ ပြောကြတယ်” ဟု မန္တလေးမှ ကြံ့ဖွံ့ပါတီ ကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ် တဦးက ပြောသည်။

Ref: ဧရာဝတီ်

Read More...

မင်းအောင်လှိုင် ဗိုလ်ချုပ်ကြီး ဖြစ်ပြီ

Friday, 04 March 2011

ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ခန့်အပ်ခံရမည်ဟု ရေပန်းစားနေသော ဒုတိယ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို ယခုအပတ် အတွင်း ဗိုလ်ချုပ်ကြီး ရာထူးသို့ တိုးမြှင့်ပေး လိုက်ကြောင်း သတင်းရ ရှိသည်။

စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အပတ်စဉ် ၁၉ ကျောင်းဆင်း ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် ယခု မတ်လ အတွင်း ကာကွယ်ရေး ဦးစီးချုပ်အဖြစ် တာဝန် ထမ်းဆောင်ရန် ရှိပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အနီးကပ် သင်ကြား ပို့ချမှုများကို ခံယူနေရကြောင်း နေပြည်တော် စစ်တပ် အသိုင်းအဝန်းက ပြောသည်။

“ဗိုလ်ချုပ်မင်းအောင်လှိုင်က တပ်ချုပ်ကြီး အိမ်ကို နေ့တိုင်းလိုလို သွားနေရတယ်။ တပ်တွင်း စကားတွေ အရတော့ သြ၀ါဒ ခံယူရတာလို့ ပြောတယ်” ဟု နေပြည်တော် စစ် အရာရှိတဦးက ပြောသည်။

ကာကွယ်ရေး ဦးစီးချုပ်ဖြစ်လာမည့် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်သော နိုင်ငံ့ ဥသျှောင်အဖွဲ့၊ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် အမျိုးသား လုံခြုံရေးကောင်စီ အပါအ၀င် လုံခြုံရေးနှင့် ပတ်သက်သော အဖွဲ့အစည်း များတွင် ပါဝင်ရမည် ဖြစ်သည်။

ကာကွယ်ရေး ၀န်ကြီးအဖြစ် ခန့်အပ်သည်ကို လက်သင့် မခံဘဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား စောဒကတက် ပြောဆိုခဲ့သော ဒုတိယ ဗိုလ်ချုပ်ကြီး သူရမြင့်အောင် တပ်မှ ထုတ်ပယ် ခံရပြီးနောက် ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို ခန့်အပ်မည့် အပေါ် စစ်တပ် အရာရှိ အသိုင်းအ၀န်းက လိုလားခြင်း မရှိကြောင်း သိရသည်။

“ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သာ ကာကွယ်ရေး ဦးစီးချုပ်ဖြစ်လာရင် တပ်မတော်ထဲမှာ အကွဲ အပြဲတွေ ရှိလာ နိုင်ပါတယ်” ဟု နေပြည်တော် စစ်အရာရှိ တဦးက ဆိုသည်။

နေပြည်တော် စစ်တပ် အသိုင်းအ၀န်း၏ အဆိုအရ ကာကွယ်ရေး ဦးစီးချုပ် ခန့်အပ်ရေးနှင့် ပတ်သက်ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့အကြား သဘောထား ကွဲလွဲမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

Ref: ဧရာဝတီ်

Read More...

ဦးတေဇ နှင့် ကြံ့ဖွံ့ ကုမ္ပဏီ ဆက်သွယ်ရေးလုပ်ငန်း လက်ဝါးကြီး အုပ်ရန် ကြံ

နရီလင်းလက်
Friday, 04 March 2011

ဦးတေဇနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း (ကြံ့ဖွံ့ )ပိုင် ကုမ္ပဏီ၂ ခု ပူးပေါင်း၍ FTTX စနစ် ၀န်ဆောင်မှုကို လက်ဝါးကြီး အုပ်ရန် စီစဉ်နေသောကြောင့် အဆိုပါ ၀န်ဆောင်မှုကို လုပ်ခွင့်ရရှိထားသည့် ကုမ္ပဏီများကြား မကျေနပ်မှုများ ဖြစ်ပွားနေသည်ဟု သိရသည်။

FTTX စနစ်သည် ဖိုက်ဘာ ဆက်ကြောင်းဖြင့် အင်တာနက်၊ ရုပ်မြင်သံကြားလိုင်း ၊ တယ်လီဖုန်းလိုင်း ၃ မျိုး အသုံး ပြုနိုင်သော ၀န်ဆောင်မှုဖြစ်ပြီး ရန်ကုန် ၊ မန္တလေးမြို့ကြီးများတွင် လုပ်ကိုင်ခွင့်ရသည့် ကုမ္ပဏီများမှ နယ်မြေဇုန် အလိုက် မြို့နယ်များ သတ်မှတ်ကာ ၀န်ဆောင်မှု စတင် ပေးနေသည်။

အဆိုပါ ၀န်ဆောင်မှုကို အာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် နည်းပညာ ကုမ္ပဏီများ စုပေါင်း ဖွင့်လှစ်ထားသော ရတနာပုံ တယ်လီပို့ ကုမ္ပဏီတွင် ပါဝင်သည့် ကုမ္ပဏီများကို BOT စနစ်ဖြင့် စက်တင်ဘာလက စာချုပ် ချုပ်ဆို၍ စတင် လုပ်ကိုင်ခွင့် ပြုခဲ့ သည်။

Elite ကုမ္ပဏီ ၊ Red Link ၊ High the Princess ၊ Fortune International ၊ MDS ၊ Kinetic Myanmar ၊ Sky Net ၊ Fisca စသည့် ကုမ္ပဏီများ လုပ်ကိုင်ခွင့်ရထားသည်။

ဦးတေဇ ပိုင် Elite ကုမ္ပဏီ နှင့် ကြံ့ဖွံ့ ကျောထောက်နောက်ခံပြု တည်ထောင် ထားသည့် ITCS ကုမ္ပဏီ ပူးပေါင်း၍ ရန်ကုန် ဈေးကွက် တခုလုံးကို အဓိက လုပ်ကိုင်မည် ဖြစ်သောကြောင့် လက်ရှိ လုပ်ကိုင်နေ သည့် ကုမ္ပဏီများအား လုပ်ငန်း ရပ်ဆိုင်းရန် နှင့် နယ်မြို့များသို့ ပြောင်းရွှေ့လုပ်ကိုင်ရန် ပြောဆို လိုက်သောကြောင့် မကျေနပ် မှုများဖြစ်ပေါ်နေသည်ဟု ရတနာပုံ တယ်လီပို့ အသိုင်းအ၀န်းမှ သိရသည်။

“စာချုပ်တွေလဲချုပ်ပြီး ၄၊ ၅ လလောက်ပိုက်ဆံ အများကြီး အကုန်ခံ လုပ်ငန်းပြီးသလောက်ရှိမှ ဆက်မလုပ်ဖို့ ခေါ်ပြောတယ်။ ဒီလို အခု စာချုပ်တွေ ချုပ်ပြီး လုပ်ခွင့်ပြုလိုက်၊ တော်တော်လေး ကြာလို့ "ထူး" လိုကုမ္ပဏီကြီး တခုက လုပ်ချင်လာရင် ချက်ချင်း ရပ်ခိုင်းလိုက်၊ ဒီလိုစီးပွားရေး ပေါ်လစီမျိုး နဲ့ကတော့ ဘယ်လောက် စီးပွားရေး ဖွင့်ဖွင့် ဘယ်နိုင်ငံခြား ကုမ္ပဏီမှမလာဘူး”ဟု လုပ်ငန်း ရပ်ဆိုင်း ခံရသည့် နည်းပညာကုမ္ပဏီ တခုမှ တာဝန်ရှိသူတဦးက ပြောသည်။

သူက ဆက်၍“ရန်ကုန်မြို့တွင်း နယ်မြေခွဲပြီး ကုမ္ပဏီ အလိုက် ဥပမာ- Red Link ကတော့ ဘယ်မြို့နယ်မှာ ၀န်ဆောင်မှုပေး။ လိုအပ်တဲ့ ဆက်သွယ်ရေး ၊ လိုင်းချိတ်ဖို့ အဲဒီကုမ္ပဏီက တာဝန်ယူတပ်ဆင် အကုန်လုပ်။ ဒီအတွက် ကုမ္ပဏီတွေ အသီးသီးက ကျပ် သိန်း ထောင်ချီပြီး ရင်းနှီး မြှပ်နှံ လုပ်ကိုင်နေကြတာ”ဟု ဆိုသည်။

“ကျနော်တို့ အားလုံးကို စာချုပ်ထဲက ပါတဲ့အတိုင်း ၅ နှစ်ပေးလုပ်မယ်ပြောထားတာ။ အခု ရန်ကုန်မှာရှိတဲ့ မြို့နယ်တွေ အကုန်လုံး Elite နဲ့ ITCS ကပဲ လုပ်တော့မယ်။ ကျန်တဲ့လူတွေ နယ်ဘက်တွေ ဆင်းလုပ်ဆိုတော့ ကျနော်တို့ ရင်းထားတာတွေ အကုန်လုံး ဘာသွားလုပ်တော့မှာလဲ။ လုပ်ငန်း စ နေတာ အခု တ၀က်တပျက် ရပ်ရမယ့် အနေအထား ဖြစ်နေတယ်”ဟု Sky Net ကုမ္ပဏီ ၀န်ထမ်းတဦးက ပြောသည်။

၎င်းက ဆက်လက်ပြီး“Elite ကိုယ်တိုင်လည်း လုပ်ခွင့်ရတဲ့ထဲမှာ ပါတာပဲ။ တခုလုံးကို သူပဲ လုပ်ချင်နေတာမျိုး ကတော့ ၀န်ကြီးနဲ့ ပိုင်တယ်ဆိုပြီး သဘောကျ လက်ညှိးထိုးသလို ၊ လုပ်ချင်သလို လုပ်ခွင့် ရနေတာမျိုးကတော့ မဖြစ်သင့်ဘူး”ဟု ပြောသည်။

လက်ရှိတွင် ရန်ကုန်မြို့၌ Wi-Fi ဇုန် ဧရိယာ ၁၃ ခုရှိပြီး အဆိုပါ FTTX စနစ် အကောင်အထည် ပေါ်လာပါက Wi-Fi ဇုန် ဧရိယာ များလည်း တိုးပွား လာမည်ဖြစ်သည်။ FTTX စနစ်သည် ယခင်ပုံမှန် အသုံးပြုနေသော ဆက်သွယ်ရေး နည်းပညာနှင့် မတူဘဲ မြန်နှုန်းမြင့် နည်းပညာများဖြင့် အချက်အလက် အင်တာနက် ဝန်ဆောင်မှုများကို မြေအောက် ဖိုက်ဘာ ဆက်ကြောင်း များမှ တဆင့် တပ်ဆင်သွားမည်ဟု အာဏာပိုင်များက ပြောဆိုထားသည်။

ယင်း ပြဿနာများဖြစ်ပွားနေသောကြောင့် ၀န်ဆောင်မှု လုပ်ငန်းများ တ၀က်တပျက် ဖြစ်ကာ နှောင့်နှေးမှုလည်း ဖြစ်သွားသည် ဟု Red Link ကုမ္ပဏီမှ တာဝန်ရှိသူတဦးက ပြောပြသည်။

“ကုမ္ပဏီတွေ အားလုံးက တော်တော်မကျေမနပ်ဖြစ်နေတယ်။ ညီတူညီမျှ မရှိတာ တော်တော် ဆိုးတယ်။ ဒီ ၀န်ဆောင်မှုက ရန်ကုန်မှာ ဆိုလည်း လူတော်တော် သိလာတော့၊ ဒီ ဈေးကွက် တခုလုံးကို လိုချင်တော့ Elite က သူပဲ လုပ်မယ်ဆိုပြီး ၀န်ကြီးကို ပြောတယ် ကြားတယ်။ ဒါကြောင့်လည်း အခုလို ဖြစ်လာတာပဲ”ဟု ၎င်းက ပြောသည်။

ဆက်လက်၍“အခုအခြေအနေက ကျနော်တို့ဘက်က အာဏာပိုင်နဲ့ပတ်သက်နေတော့ ပြောသလို လုပ်ရမယ့် အနေအထား ဖြစ်နေတယ်။ မကျေနပ်လည်း မတတ်နိုင်ဘူးပေါ့။ ဒါပေမယ့် ကျနော်တို့ထဲမှာ ပါတဲ့ ကုမ္ပဏီ တခုကတော့ တန်အောင် ပိုက်ဆံပေးရင် ထွက်ပေးမယ် ပြောတယ်။ ဘာမှတော့ သူတို့ဘက်က တုံ့ပြန်တာ မရှိသေးဘူး”ဟုလည်း ဆိုသည်။

လုပ်ငန်းရပ်ဆိုင်းရန် ပြောဆိုပြီးနောက်တွင် ကုမ္ပဏီများအား ကုန်ကျစရိတ် မည်မျှရှိသည်ဟု အာဏာပိုင်များက မေးမြန်း ခဲ့သော်လည်း ယခုအချိန် ငွေကြေးပြန် အလျော်ပေးခြင်းများ မရှိသေးဟု အဆိုပါ ကုမ္ပဏီများမှ သိရသည်။

ITCS သည် ပုဂ္ဂလိကပိုင်ကုမ္ပဏီတခုဟုကြေညာထားသော်လည်း အာဏာပိုင်များနှင့် ကြံ့ဖွံ့ အသင်းဝင်များ ပါဝင်လုပ်ကိုင် နေသော အဖွဲ့အစည်းကြီး တခုဖြစ်ပြီး ရတနာပုံ တယ်လီပို့၏ စီမံခန့်ခွဲမှုပိုင်းတွင် အရေးအကြီးဆုံး အခန်းကဏ္ဍမှ ပါဝင်နေသည်ဟု ကုမ္ပဏီ များထံမှ သိရသည်။

ထို့အပြင် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းနှင့် ပူးပေါင်းကာ Prepaid Card (ကြိုတင်ပေးငွေပေးကတ်) များ၊ တယ်လီဖုန်း ဟန်းဆက်များ ထုတ်လုပ် ရောင်းချနေသည်။

ဦးတေဇပိုင် ထူး ကုမ္ပဏီ၏ လက်အောက်ခံ ကုမ္ပဏီတခုဖြစ်သော Elite ကုမ္ပဏီသည် ဖိုက်ဘာ ဆက်ကြောင်း အွန်လိုင်း ၀န်ဆောင်မှု အပြင် အိုင်တီ နည်းပညာ ဆက်စပ် ပစ္စည်းများ ထုတ်လုပ်ခြင်း၊ ဖုန်းဟန်းဆက်များ ထုတ်လုပ် တင်သွင်း ရောင်းချခြင်း၊ ကျပ် ၅ သိန်းတန် CDMA ဖုန်းလိုင်းများ ရောင်းချခြင်း၊ ၅ သိန်းတန်ဖုန်း ငွေဖြည့်သွင်းကတ်များ ဖြန့်ချိ ရောင်းချခြင်း လုပ်ငန်းများကို မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းနှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်လျက် ရှိသည်။

Ref: ဧရာဝတီ်

Read More...

အောင်သိန်းလင်း ကို ဖမ်းထားတယ်လို့ သတင်းတွေ ထွက်ပေါ်နေ

March 6, 2011

ရန်ကုန်မြို့တော်ဝန်ဟောင်း အောင်သိန်းလင်း ကို ဖမ်းဆီးထားတယ်လို့ နေပြည်တော်မှာ သတင်းတွေ ပြန့်နေပါတယ်။

နောက်ထက်ဆက်လက် ရရှိသော သတင်းအရ အောင်သိန်းလင်း ဟာ လွန်ခဲ့တဲ့ တနှစ်က သူမြေးနဲ့ အတူ ကားတိုက်မှုဖြစ် တုန်းက သူသားနဲ့ ချွေးမတို့ဟာ ဒဏ်ရာ အပြင်းအထန် ရခဲ့ကြတယ်။ သူတို့ကို စင်္ကာပူမှာ သွားရောက် ဆေးကုသ ပေးခဲ့ရစဉ် ရန်ကုန်မြို့ မြူနီစပယ် ဖွံ့ဖြိုးမှု ကော်မတီ (Yangoon City Development Committee) ပိုင်ငွေ ဒေါ်လာ ၇ သောင်း ကို ယူသုံးခဲ့တယ်။ ဒီငွေကိစ္စနဲ့ သူ့ကို ဆွဲထားတာလို့ သိရှိရတယ်။

အောင်သိန်းလင်း ဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ သန်းရွှေ အာဏာတည်မြဲရေး အတွက် အစွမ်းကုန် ကြိုးပမ်း ပေးခဲ့ရ ပေမယ့်လဲ ရွေးကောက်ပွဲပြီးလို့ အာဏာ ခွဲဝေချိန်မှာတော့ သန်းရွှေက နေရာကောင်း မပေးဘဲ ချောင်ထိုး ထားတဲ့ အတွက် သန်းရွှေကို စိတ်ကောက်ပြီး ကတုံးကတိုက် လုပ်မိခဲ့တာ ပြောမိခဲ့တာတွေ ရှိတယ်။ သန်းရွှေ အတွင်းစည်းကနေ ကန် ထုတ်ခံရတဲ့ အတွက် သူက စိတ်နာနေသူ ဖြစ်ပါတယ်။ တင်အေး၊ မြင်အောင့် တို့နဲ့  ၀င်ရိုးတန်းဖွဲ့ မိတယ်လို့ သိရတယ်။ ဒီအတွက် သန်းရွှေ အဖွဲ့ရဲ့ စောင့်ကြည့်ခြင်းကို ခံရသူ ဖြစ်လာပါတယ်။

နောက် အကြီးဆုံးအမှားကို သူကျူးလွန်မိတာ တခုကတော့ သူဟာ အိန္ဒြာကျော်ဇင် မင်္ဂလာဆောင်မှာ သူနဲ့ သူမိန်းမလည်း တက်ရောက် ခဲ့တယ်။ ဒါကလည်း သန်းရွှေမိသားစုရဲ့ အမြက်သိုခြင်းကို ခံခဲ့ရတယ်လို့ ဆိုပါတယ်။ ရုပ်ရှင်မင်းသ မီး အိန္ဒြာကျော်ဇင်ရဲ့ မင်္ဂလာဆောင် ဟာလည်း လူပြောစရာ ဖြစ်ခဲ့တယ်။ အဓိကကတော့ လူထုတွေ ငတ်မွတ် ခေါင်းပါးနေ ချိန်မှာ မင်္ဂလာဆောင် ၆ ပွဲကို သန်းရွေ သမီးနဲ့ အပြိုင်သာအောင် ဂုဏ်တုဂုဏ်ပြိုင် လုပ်ခဲ့တဲ့အတွက် လူအများ ကဲရဲ့ ပြစ်တင်ခြင်းကို ခံနေရပါတယ်။

ဒီမင်္ဂလာဆောင်မှာ အောင်သိန်းလင်း မိန်းမ ခင်ဆန်းနွယ် ကလည်း စိန်တွေ ညွတ်အောင် ၀တ်ပြီး တက်ရောက် ချီးမြှင့်ခဲ့တာက သန်းရွှေ အတွင်းစည်းက လူတွေ မျက်စိစပါးမွှေး ဆူးစေခဲ့တယ်လို့ ဆိုပါတယ်။ အဓိ က အချက်အနေနဲ့ တပ်ချုပ်ကြီး မိသားစုက မနာလို ဖြစ်နေတာပါလို့ အောင်သိန်းလင်း မိန်းမ ကလည်း ပြန်လည် ထိုးနှက်ပါတယ်။

ဘာပဲဖြစ်ဖြစ် နအဖ ထိပ်သီးအတွင်းမှာ အကျိုးစီးပွားခွဲဝေပုံ မညီမျှမှုတွေက အက်ကွဲကြောင်းရာ ပေးနေပြီ ဖြစ်ပါတယ်။ ဒီလို ဖမ်းဆီးမှုတွေ၊ ခေါ်ယူ မေးမြန်းမှုတွေ၊ တာဝန်မှ ရပ်ဆိုင်းတာတွေ အားလုံးကို လူထုကို တရားဝင် အသိပေးမှု မရှိခဲ့ပါဘူး။ ခိုင်လုံတဲ့ သတင်းရပ်ကွက် အဆိုအရတော့ အောင်သိန်းလင်းကို နေပြည်တော်မှာ ခေါ်ယူ မေးမြန်နေတယ်။ တချို့ က ဖမ်းလိုက်ပြီ၊ သူရဲ့ ပိုင်ဆိုင်မှုတွေကို ပြန်လည် သိမ်းဆည်းဖို့ စရင်းပြုစုနေပြီလို့ သတင်းတွေ ထွက်ပေါ်လျက် ရှိပါတယ်။



Ref: wfww

Read More...

တိုင်းရင်းသား တပ်ဖွဲ့များကို ဖြတ်လေးဖြတ် အစီအစဉ်ဖြင့် ချေမှုန်းမည်

သန်းထိုက်ဦး
Saturday, 05 March 2011

နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးကို လက်မခံသော တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ ထိန်းချုပ် ဒေသများကို ဖြတ်လေးဖြတ် အစီအစဉ်ဖြင့် ချေမှုန်းရန် စစ်အစိုးရ ခေါင်းဆောင်များက ညွှန်ကြား ထားကြောင်း သိရသည်။

၁၉၇၀ ပြည့်နှစ်များတွင် ဗမာပြည် ကွန်မြူနစ်ပါတီနှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) တို့ အပေါ် ဗိုလ်ချုပ်ကြီး နေဝင်း၏ မဆလခေတ် အစိုးရ ဆင်နွှဲခဲ့သည့် စစ်ဆင်ရေးများတွင် စတင် ကျင့်သုံးခဲ့သော ဖြတ်လေးဖြတ် အစီအစဉ်မှာ လက်နက်ကိုင် အဖွဲ့များ၏ စားနပ်ရိက္ခာ အရင်းအမြစ်ကို ဖြတ်တောက်ခြင်း၊ ဘဏ္ဍာငွေ အရင်းအမြစ်များကို ဖြတ်တောက်ခြင်း၊ သတင်း အရင်းမြစ်ကို ဖြတ်တောက်ခြင်းနှင့် တပ်ဖွဲ့ဝင်သစ် မစုဆောင်းနိုင်ရန် ဖြတ်တောက်ခြင်း တို့ဖြစ်သည်။

ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသများတွင် ယင်း ဖြတ်လေးဖြတ် အစီအစဉ်ကို ပြန်လည် အကောင်အထည် ဖော်ရန် စစ်ရုံးက သက်ဆိုင်ရာ စစ်ဌာနချုပ်များသို့ ညွှန်ကြား ထားကြောင်း စစ်ဘက်ဆိုင်ရာ အသိုင်းအဝိုင်းမှ သိရသည်။

အဆိုပါ စစ်ဘက်ဆိုင်ရာ သတင်းများအရ ဖြတ်လေးဖြတ်အပြင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ အချင်းချင်း ဆက်သွယ်ရေး လမ်းကြောင်းများကိုပါ ဖြတ်တောက်မည့် အစီအစဉ်လည်း ထပ်တိုးထားသည်ဟု ဆိုသည်။

တရုတ်-မြန်မာနယ်စပ် အခြေစိုက် စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇော်က ဖြတ်လေးဖြတ် အစီအစဉ်သည် ကုန်းအတွင်းပိုင်း ဒေသများ၌ ကျင့်သုံး အောင်မြင်ခဲ့ကြောင်း၊ သို့သော် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များသည် နယ်စပ် ဒေသများတွင် အခြေစိုက် လှုပ်ရှားသောကြောင့် ထိရောက်နိုင်ဖွယ် မရှိကြောင်း ပြောသည်။

“ဖြတ်လေးဖြတ် အစီအစဉ်က ကုန်တွင်းပိုင်းမှာ လက်နက်ကိုင် တပ်ဖွဲ့တွေကို စစ်ရေးဆင်နွှဲဖို့ စီမံထားတဲ့ မဟာဗျူဟာပါ။ အထူးသဖြင့် ပဲခူးရိုးမမှာ လှုပ်ရှားနေတဲ့ ဗမာပြည်ကွန်မြူနစ် ပါတီနဲ့ KNU ကို တိုက်ဖို့ပါပဲ။ ဒါပေမယ့် အခု ပစ်မှတ် ထားနေတဲ့ တိုင်းရင်းသား အုပ်စုတွေက တရုတ်-မြန်မာနယ်စပ်၊ ထိုင်း-မြန်မာနယ်စပ်တွေမှာ လှုပ်ရှားနေကြတာ” ဟု ဦးအောင်ကျော်ဇောက ပြောသည်။

လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ကွပ်ကဲမှု နယ်မြေအလိုက် ဆက်သွယ်ရေး လမ်းကြောင်းများအား ဖြတ်တောက် ပိတ်ပင်ခြင်း၊ လူနှင့် စားသုံးကုန် ပစ္စည်းများ မ၀င်ရောက်စေရန် တားဆီးခြင်း၊ ကွပ်ကဲမှု နယ်မြေများ အလိုက် အ၀င်အထွက် လမ်းများတွင် တပ်၊ ရဲ၊ ပြည်သူ့စစ် (ပသစ) တို့ ပူးပေါင်း၍ ပိတ်ဆို့ ရှာဖွေ တားဆီးခြင်းနှင့် လက်နက်ကိုင် အဖွဲ့အစည်း အချင်းချင်း ဆက်သွယ်နိုင်မည့် လမ်းကြောင်း များကိုလည်း ဖြတ်တောက် ပိတ်ဆို့ခြင်းများ ပြုလုပ် သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ထို့အပြင် လက်နက်ကိုင်အဖွဲ့များ ၀င်ထွက်သွားလာနိုင်သော နေရာများကို လှုပ်ရှား စစ်ကြောင်း များဖြင့် နယ်မြေ စိုးမိုးရန်နှင့် ကင်းပုန်းဝပ်ခြင်း၊ ကွပ်ကဲမှု နယ်မြေအလိုက် သတ်မှတ် နယ်မြေအတွင်း လူသစ် စုဆောင်းခြင်း၊ ဆက်ကြေး ကောက်ခံခြင်း၊ သတင်းအား ရယူခြင်း၊ ရန်သူ့ အမာခံများကို ရှင်းလင်း ဖော်ထုတ် ဖမ်းဆီးခြင်းလည်း ပါဝင်ကြောင်း သိရသည်။

ဖြတ်လေးဖြတ် အစီအစဉ်ကြောင့် တိုင်းရင်းသားဒေသများတွင် အဓမ္မ လုပ်အားပေး ခိုင်းစေခြင်း၊ ရွာမီးရှို့ခြင်း၊ သတ်ဖြတ်ခြင်း စသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ပိုမိုမြင့်တက်လာနိုင်ကြောင်း လေ့လာ အကဲခတ်သူများက ပြောသည်။

စစ်အရာရှိဟောင်း ဗိုလ်ထက်မင်းက “စစ်အစိုးရက ဖြတ်လေးဖြတ် အစီအစဉ်ကို ပြန်ပြီး မွမ်းမံ ထားတာပါ။ ကျနော် တပ်ထဲမှာ ရှိတုန်းကဆို ဒီလို သံသယရှိတဲ့ ရွာသားတွေကို မောင်းထုတ်ပြီး ရွာတွေကို မီးရှို့ပစ်တာကို တံမြက်စည်း လှည်းတယ် လို့ ခေါ်ပါတယ်” ဟု ပြောသည်။

ယခု အမေရိကန်ပြည်ထောင်စုတွင် နိုင်ငံရေး ခိုလှုံနေသော ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်က မြန်မာပြည် အရှေ့ဘက်ခြမ်းတွင် အကြီးအကျယ် ပြောင်းရွှေ့ နေရာ ချထားခြင်းများသည် ဖြတ်လေးဖြတ် အစီအစဉ်နှင့် ပတ်သက်နေကြောင်း၊ ၁၉၉၀ နှစ်များ အတွင်းက စစ်ရုံးမှ တိုက်ရိုက် ညွှန်ကြားသည့် အကုန်ရှင်းရေး မူဝါဒ (No Man’s Land Policy) ဖြစ်ကြောင်း ပြောသည်။

No Man’s Land Policy ဆိုသည်မှာ စစ်ဆင်ရေး ဧရိယာအတွင်းတွင် တွေ့ရသော ကလေးလူကြီး မကျန်ကို သတ်ဖြတ် ပစ်ရန် ညွှန်ကြားခြင်း ဖြစ်ကြောင်း သိရသည်။

နအဖ စစ်အစိုးရက ဖြတ်လေးဖြတ် ပြုလုပ်ရန် ညွန်ကြားချက် ထွက်ပေါ်ချိန်တွင် ဖေဖော်ဝါရီလ အတွင်းက ရှမ်းပြည် တပ်မတော် (SSA) မြောက်ပိုင်း ၀မ်ဟိုင်း ဌာနချုပ် ဘက်သို့ ဖြတ်သန်း သွားလာနေသော ခရီးသည်တင် ကားနှင့် ကုန်တင် ကားကြီးများကို သွားလာခွင့် ပိတ်ပင်မှုများနှင့် တိုက်ဆိုင်နေသည်။

ဝမ်ဟိုင်း ဒေသသည် ရှမ်းပြည်နယ် မိုင်းရယ်မြို့နှင့် မိုင်းရှုးမြို့နယ် ကြားတွင်ရှိပြီး ယင်းဒေသ အနောက်ဘက် ခြမ်းတွင် ကျောက်မဲမြို့ အခြေစိုက် စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ) ၁ နှင့် လွိုင်လင် အခြေစိုက် (စကခ) ၂ လက်အောက်ခံ တပ်ရင်း ၇ ရင်းနှင့် သံချပ်ကာ ကား ၂၀ ကျော်ကို ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းပိုင်းက တိုးချဲ့ ချထားကြောင်း သိရသည်။

မိုင်းလား တပ်ဖွဲ့ အထူး ဒေသ (၄) အမျိုးသား ဒီမိုကရေစီမဟာမိတ် တပ်မတော် (NDAA) နှင့် “ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) တို့သည် စစ်အစိုးရ၏ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်မခံဘဲ ငြင်းဆန်ထားသည်။

UWSA ငြိမ်းချမ်းရေး ယူပြီးနောက်တွင် လက်နက်ကိုင် အဖွဲ့ ၁ဝ ဖွဲ့ထက် မနည်း ငြိမ်းချမ်းရေး ယူခဲ့ကြသည်။ ၁၉၈၉ မှ ၁၉၉၅ အတွင်း အပစ်အခတ် ရပ်စဲပြီး ငြိမ်းချမ်းရေး ယူခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ စုစုပေါင်း ၁၇ ဖွဲ့ ရှိသည်ဟု စစ်အစိုးရ၏ ထုတ်ပြန် ချက်များအရ သိရှိရသည်။

စစ်အစိုးရက အပစ်ရပ် တပ်ဖွဲ့များ နယ်ခြားစောင့်တပ် ပြောင်းလဲဖွဲ့စည်းရေးကို ၂၀၀၉ ခုနှစ် ဧပြီလ ကတည်းက စတင် အကောင်အထည် ဖော်ခဲ့သည်။

အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား အဖွဲ့များက စစ်အစိုးရ ထိန်းချုပ်မှု အောက်တွင် နယ်ခြားစောင့် တပ်ဖွဲ့ရန် ငြင်းဆန်ကာ လက်ရှိ အခြေအနေအတိုင်း ဆက်လက် နေထိုင်ခွင့်ရရှိရန် ကြိုးပမ်းလျက် ရှိကြောင်း၊ ထိုသို့ ငြင်းဆန်မှုကြောင့် စစ်ရေးအရ တင်းမာမှုများ ပေါ်ပေါက်နေသည်။

Ref: ဧရာဝတီ်

Read More...

အပေါ်သို့