..............................

Friday, April 20, 2012

အပြောင်းအလဲမှာ တပ်မတော် ပါဖို့ ချိန်တန်ပြီ

မောင်လူလေး
၂၀ ဧပြီ ၂၀၁၂

တပ်မတော်က ဘာကိုကာကွယ်ဖို့တာဝန်ရှိသလဲလို့ မေးခွန်းထုတ်လိုက်မယ်ဆိုရင် ချက်ချင်းတုံ့ပြန် ဖြေဆိုလာ နိုင်တာက “တပ်မတော်ဟာ တိုင်းပြည်နဲ့ လူမျိုးကို ကာကွယ်ဖို့ပဲ ဖြစ်တယ်” ဆိုတဲ့အဖြေ ဖြစ်နိုင်ပါတယ်။ ဒီအဖြေဟာ ငြင်းစရာ မလိုအောင် မှန်ကန်ပါတယ်။ ဒါပေမဲ့ ဒီစကားရပ်လောက်နဲ့ တပ်မတော်က တိုင်းပြည်နဲ့ လူမျိုးကို ကာကွယ်လို့ မရဘူး ဆိုတာက တော့ ကျနော်တို့ တပ်မတော်ရဲ့ သမိုင်းသက်သေက ပြခဲ့ပြီးပါပြီ။ ဒါကတော့ တိုင်းပြည်နဲ့လူမျိုးကို ကာကွယ်ပါ့မယ် ဆိုတဲ့ တပ်မတော်ဟာ ပြည်တွင်းစစ်ကို လွတ်လပ်ရေး ရကတည်းက ဆယ်စုနှစ် ခုနှစ်ခု နီးပါးလောက် သဲကြီးမဲကြီး တိုက်ခိုက် နေရတာကိုပဲ ကြည့်ပါ။ တကယ်တော့ ဒါကို သေချာဆန်းစစ်ကြည့်မယ်ဆိုရင် ဒီလိုဖြစ်ရတဲ့အကြောင်းရင်းက တပ်မတော် နဲ့မဆိုင်ပါဘူး။ တပ်မတော်ကို ကိုယ်ကျိုးအတွက် တလက်ကိုင် အသုံးချခဲ့ကြတဲ့ နိုင်ငံရေးသမား တချို့ရဲ့ အမြော်အမြင်မဲ့မှု အောက်မှာ နောက်ဆုံးမတော့ စစ်အာဏာရှင် ပေါ်လာပြီး သရဲမွေးသူလိုပဲ ကိုယ်မွေးတဲ့သရဲက ကိုယ့်ကို ပြန်စားသွားတဲ့ အဖြစ်မျိုးပါ။

အခုထိ ဒီဖြစ်စဉ်ကြီးထဲမှာ တပ်မတော်က ထဲထဲဝင်ဝင် အသုံးတော်ခံနေရတုန်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဖြစ်စဉ်ထဲကနေ ရုန်း ထွက်ဖို့ လမ်းစတော့ပေါ်လာနေပါပြီ။ ဒါကလည်း သက်တမ်းရင့်လှပီး မျိုးဆက်နဲ့ချီ ရှည်ကြာလှပြီ ဖြစ်တော့ တပ်မတော်ရဲ့ ၀ိဉာဉ်အစစ်ကို ပြန်မွေးယူဖို့ နှစ်ကာလအချို့ ပြန်ကြိုးပမ်း ကြရပါမယ်။ အာဏာရှင် စနစ်အောက်မှာ ကြာလှပီ ဖြစ်လို့ အမြစ် တွယ်ပူးဝင်နေတဲ့ သရဲဝိဉာဉ်ကို ပြန်မောင်းထုတ်ဖို့ ဆိုတာက စစ်မှန်တဲ့ ဒီမိုကရေစီ နိုင်ငံရေး စနစ်အောက်မှာမှ ဖြစ်နိုင်မယ်ဆို တာကို သိမြင်လာဖို့ ပထမဆုံးအဆင့် ၀ိုင်းဝန်းလုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ဒါမှသာ တပ်မတော်ဟာ တိုင်းပြည်နဲ့ လူမျိုးကို ကာကွယ်နိုင်တဲ့၊ ဗိုလ်ချုပ်တို့ ခေတ်ကလို ပြည်သူချစ်တဲ့ တပ်မတော်တရပ်၊ ပျိုတိုင်း ကြိုက်တဲ့နှင်းဆီခိုင် ပြန်ဖြစ်ပေါ်လာ မယ် ဆိုတာပါပဲ။

ဒါကိုလုပ်ဆောင်ဖို့ ကျနော်တို့နိုင်ငံမှာ ခေါင်းဆောင်ကောင်းတယောက် သေချာပေါက်ရှိနေပီ ဆိုတာ တပ်မတော် သားတိုင်း၊ တိုင်းရင်းသား ပြည်သူတိုင်း သိနေပါပြီ။ ဒီခေါင်းဆောင်ကတော့ အားလုံးချစ်တဲ့ ဗိုလ်ချုပ်သမီး အမေစုပဲဖြစ်ပါတယ်။ အမေ စုရဲ့ အမြော်အမြင်အောက်မှာ တပ်မတော်ကို စစ်မှန်တဲ့နိုင်ငံရေးစနစ်အောက် နေရာမှန်လူမှန် ပြန်လည်ရောက်ရှိဖို့ ကို တပ် မတော်တွင်း၊ တပ်မတော်ပ အားလုံး ၀ိုင်းဝန်းပါဝင် လုပ်ဆောင်ကြရမှာပါ။ ဒါမှလည်း တပ်မတော်တွင်းမှာ ပူးဝင်နေတဲ့ သရဲ ၀ိဉာဉ်တွေကို မောင်းထုတ်နိုင်မှာ ဖြစ်ပါတယ်။ တပ်မတော်သားတွေအနေနဲ့ကလည်း ဒီဝိဉာဉ်တွေကို မောင်းထုတ်ချင် နေတာ ကြာလှပြီဆိုတကာကို ၁၉၉၀ ခုနှစ် ရွေးကောက်ပဲရလဒ်နဲ့ အခု မကြာခင်ကပီးခဲ့တဲ့ ကြားဖြတ်ရွေး ကောက်ပွဲရလဒ် တွေအရ ကြည့်ရင် ရှင်းလှပါတယ်။

အခြေအနေမပေးသေးတာရယ်၊ ဦးစီးဦးဆောင် မဲ့နေတာရယ် စတဲ့အကြောင်း ရင်းခံ တွေ လိုအပ်နေလို့သာ ဖြစ်ပါတယ်။ အခုတော့ ချိန်ခါသင့်ပါပြီ။ အမေစု ရောက်လာပါပြီ။ အမေစုရဲ့ ဦးဆောင်မှု အောက်မှာ လွှတ်တော်တက်ခွင့်ရတဲ့ ၂၅% တပ်မတော်သား ကိုယ်စားလှယ်တွေ အနေနဲ့ တပ်တွင်း က တပ်မတော်သားတွေရဲ့ ခံစား ချက် အမှန်တွေကို သယ်ဆောင်လာပြီး လွှတ်တော်တွင်းမှာ အမေစုနဲ့ ပူးပေါင်း ပါဝင်ကြမယ်ဆိုရင် တပ်မတော်ဂုဏ် သိက္ခာ ကို ဖျက်ဆီးနေတဲ့ ဒီသရဲဝိဉာဉ်တွေကို အမြန်ဆုံးမောင်းထုတ်ဖို့ ဖြစ်နိုင်မယ် ဆိုတာကို မြင်တွေ့လာနေရပါပြီ။ ဒါက လွှတ်တော်တွင်းကနေ ငြိမ်းငြိမ်းချမ်းချမ်းနည်းနဲ့ တပ်မတော်ကို ပြုပြင် ပြောင်းလဲလို့ရမယ့် လမ်းစလို့ ကောက်ယူမယ်ဆိုရင် လည်း ရပါတယ်။ ဒီလိုမှမဟုတ်ဘဲ ဒီလမ်းကို လျှောက်လို့ မရဘူးဆိုရင်တော့ တပ်မတော်သားတွေရဲ့ အားတွေက ပြည်သူ တွေရဲ့အားတွေနဲ့ပေါင်းစုပြီး အမေစု ကိုဘယ်လို ၀ိုင်းရံမလဲ ဆိုတာတွေကိုလည်း ထဲ့သွင်းစဉ်းစားထားကြရမှာပါ။

လွတ်လပ်ရေး ကြိုးပမ်းမှုကာလက သခင်အောင်ဆန်းဦးဆောင်တဲ့ ရဲဘော်သုံးကျိပ် ဂျပန်ပြည်မှာ စစ်ပညာ သင်ကြားပြီး “ဗမာ့ လွတ်လပ်ရေး တပ်မတော်” ဖွဲ့စည်းခဲ့တာဟာ ကိုလိုနီနယ်ချဲ့စနစ်ကို တွန်းလှန်ဖြိုဖျက်ဖို့ ရည်သန်ပြီး ဖွဲ့တာပါ။ တိုင်း တပါးသား အင်္ဂလိပ်တွေကိုမုန်းလို့ မဟုတ်ပါဘူး။ အင်္ဂလိပ်တွေကသာ မြန်မာပြည်ကို အင်္ဂလန်လို သဘောထား အုပ်ချုပ်ခဲ့ မယ်ဆိုရင် သူတို့ကိုတိုက်ခိုက် မောင်းထုတ်ပစ်ဖို့ စိတ်ကူးခဲ့မှာမဟုတ်ပါ။ ဂျပန်တွေကိုလည်း ဒီအတိုင်းပါပဲ။ သူတို့ကြွေး ကြော်ထားတဲ့ “အာရှတိုက်သာတူညီမျှရေးမူ” အတိုင်း အင်္ဂလိပ်လက်ထဲက လွတ်လပ်ရေးအရယူဖို့ ကူညီခဲ့ရုံသက်သက် သာဆိုရင် မြန်မာပြည်သားများက ကိုရွှေဂျပန်တွေကို ကျေးဇူး တင်မဆုံးဖြစ်ခဲ့ရမှာပါ။ မတရား နယ်ချဲ့ ဂုတ်သွေးစုတ် စနစ်ကို ကိုယ်စား ပြုသူတွေဖြစ်ခဲ့လို့သာ အင်္ဂလိပ်နဲ့ဂျပန်ကို မြန်မာပြည်သူတွေနဲ့ တပ်မတော်လက်တွဲပြီး မြန်မာ့မြေပေါ်ကနေ တွန်းလှန် တိုက်ခိုက် မောင်းထုတ် ခဲ့ရတာပါ။ ဒါကြောင့် တိုင်းပြည်နဲ့ လူမျိုးကို ကာကွယ်တယ်ဆိုတဲ့ နေရာမှာ အကြောင်းမဲ့ သက်သက် မျိုးချစ်စိတ်တခုတည်းနဲ့ ကာကွယ်တာ မဟုတ်ပါဘူး။ ကောင်းကျိုး ချမ်းသာတွေ၊ လွတ်လပ်ခွင့်တွေ မျှဝေပေး တဲ့တိုင်းတပါးသားကို တွန်းလှန်တိုက်ခိုက်ပစ်တဲ့ တပ်မတော်..ကမ္ဘာမှာ မတွေ့ရသေးပါ။ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုး အတွက် အကျိုးယုတ်စေတဲ့ မိစ္ဆာအန္တရာယ်အဖြစ် ကွက်ကွက်ကွင်းကွင်း သိမြင်သဘောပေါက်လို့သာ တိုင်းပြည်နဲ့ လူမျိုး ကို ကာကွယ်ဖို့ ဆုံးဖြတ် လုပ်ကိုင်ကြတာပါ။

တပ်မတော်ဆိုတာ တိုင်းပြည်နဲ့ပြည်သူလူထုအကျိုးကိုဖော်ဆောင်ဖို့ ပြည်သူ့ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ အစိုးရ အဖွဲ့မှာ ဖွဲ့စည်းပါဝင်နေတဲ့ ကာကွယ်ရေးဝန်ကြီးဌာနအောက်က ယန္တရားတခုသာ ဖြစ်ပါတယ်။ သက်ဆိုင်ရာ အစိုးရက ကျင့်သုံးတဲ့ နိုင်ငံရေးစနစ်နဲ့ စီးပွားရေးပုံစံကို အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ လုံခြုံ ချောမွေ့မှုရှိဖို့၊ အဖျက် ပြည်ပ ကျူးကျော်မှု အန္တရာယ်က ကာကွယ်ပေးဖို့ တာဝန်ယူရပါတယ်။ အဲဒီလိုကာကွယ်တဲ့နေရာမှာ အစိုးရချမှတ်တဲ့ ပေါ်လစီ မူဝါဒတွေဟာ တိုင်းသူ ပြည်သားများအတွက် အမှန်တကယ်အကျိုးစီးပွားဖြစ်ထွန်းဖို့တော့ လိုအပ်ပါတယ်။ ဒါမှသာ ပြည် သူလူထုအကျိုးစီးပွားကို ကာကွယ်ပြီးသားဖြစ်မှာပါ။ ပြည်သူလူထုဘဝကို ဖွတ်မွဲပြာကျအထိ တွန်းပို့ခဲ့တဲ့ မဆလ ၊ န၀တ ၊ နအဖ ပေါ်လစီကို တပ်မတော်က ကျားကန် ကာကွယ်ပေးခဲ့လို့ တပ်မတော်ရဲ့ ဂုဏ်သိက္ခာ ထိခိုက်ခဲ့ရတာကို မမေ့သင့်ပါ။

ဖဆပလခေတ်ကတည်း စပြီး တပ်မတော်ဟာ မရင့်ကျက်တဲ့အစိုးရအဖွဲ့ဝင် အာဏာရ ပါတီတချို့က ခေါင်းဆောင် တချို့ရဲ့ မရင့်ကျက်မှု၊ တိုင်းကျိုးပြည်ကျိုး မကြည့်ဘဲ ကိုယ်ကျိုး ဂိုဏ်ဂဏတွေနဲ့ လုပ်ဆောင်မှုအောက်မှာ တစတစ တိုင်းပြည် နဲ့လူမျိုးအကျိုးစီးပွားကို ကျောခိုင်းပြီး အာဏာရတွေရဲ့ တလက်ကိုင် တပ်မတော်အဖြစ်အသုံးချခံခဲ့ရတာပါ။ မဆလခေတ် မှာ ဆိုရှယ်လစ်စနစ် မျက်နှာဖုံးနဲ့ ဗိုလ်ချုပ်နေ၀င်း အကျိုးစီးပွားကို ကာကွယ်ရတဲ့ တလက်ကိုင် တပ်မတော် ဖြစ်ခဲ့ရပါ တယ်။ ဒီနောက်ပိုင်းမှာတော့ သိတဲ့အတိုင်းပဲ တိုင်းပြည်မှာ နိုင်ငံရေးပါတီ၊ နိုင်ငံရေးစနစ်၊ ပြည်သူ့ကိုယ်စားလှယ် အစစ် အမှန်တွေနဲ့ အုပ်ချုပ်တဲ့ စနစ်တွေ မရှိတော့ဘဲ။ ဗိုလ်ချုပ်ကြီးတွေက တိုက်ရိုက် စိုးမိုး ချယ်လှယ်ခဲ့ကြတာ ဒီကနေ့အထိပါပဲ။ ဒီတော့ တိုင်းပြည် လူ့အဖွဲ့အစည်း တခုမှာ မလွဲမသွေရှိရမဲ့ တရားဥပေဒ စိုးမိုးမှုတွေပါ မှေးမှိန် ပျောက်ကွယ်သွားပီး ဓားပြလူ့ အဖွဲ့ အစည်းတခုလို ဖြစ်လာခဲ့ရ တော့တာပါပဲ။ ပြည်သူတွေရဲ့ နေတဓူဝ ဘ၀တွေ လုံခြုံမှု မရှိတော့ပါဘူး။ ဒါတွေကို မုချ မလွဲမသွေ ပြင်ဖို့ လိုအပ်နေပါပြီ၊ ဒါကြောင့် တပ်မတော်ရဲ့အခန်းကဏ္ဍဟာ အမေစုပြောသလို ဒီအပြောင်းအလဲမှာ မုချ ပါဝင်ဖို့ လိုအပ်နေပါပြီ။ သမိုင်းက တောင်းဆိုနေပါပြီ။

ပါတီစုံစနစ်ကျင့်သုံးတဲ့ ဒီမိုကရေစီနိုင်ငံတွေမှာတော့ ပြည်သူလူထုအများစုကြိုက်တဲ့ ပါတီက အစိုးရဖွဲ့တာပါ။ ဒီမိုကရေစီရဲ့ အခြေခံမူအရ နိုင်ငံရေး အယူအဆ မတူညီတဲ့ပါတီတွေ အသီးသီး ပေါ်ပေါက်လာပြီး ပြည်သူလူထုကို အပြိုင်မဲဆွယ် စည်း ရုံး၊ ရွေးကောက်ပွဲမှာ လူထုထောက်ခံမှု အရှိဆုံး ပါတီက အာဏာရပြီး အစိုးရဖြစ်လာပါတယ်။ သူတို့ ရွေးချယ်ထားတဲ့ အုပ် ချုပ်ရေးပုံစံ၊ စီးပွားရေးပုံစံတွေနဲ့ တိုင်းပြည်ရေးရာတွေ တရားဥပေဒ စိုးမိုးမှုဘောင်အောက်က စီမံခန့်ခွဲပါတယ်။ တပ်မတော် က တက်လာတဲ့ အစိုးရအဖွဲ့ရဲ့ လုပ်ငန်းဆောင်တာ လိုအပ်ချက်တွေကို ပြည်သူလူထုအကျိုးငှာ ဖြည့်ဆည်း ဆောင်ရွက်ပေး ရပါတယ်။ အစိုးရကို တာဝန်ခံတယ် ဆိုရာမှာ အစိုးရအာဏာတည်မြဲရေး သက်သက်ကို တာဝန်ခံတာ မဟုတ်ဘဲ ဒီမိုကရေစီ ကျင့်စဉ်အရ ပြည်သူ့ ဆန္ဒကို အကာအကွယ်ပြုခြင်းသာ ဖြစ်ပါတယ်။

ဒါပေမဲ့ ပါတီစုံစနစ်မှာ ဒီမိုကရေစီဆိုတဲ့ ဝေါဟာရဟာ တပါတီ၊ အဖွဲ့အစည်းတခုပိုင်မဟုတ်ဘဲ အားလုံးသော ပါတီ အဖွဲ့ အစည်း တွေကသာ “လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်” ဆိုတဲ့ ဒီမိုကရေစီ အခြေခံပေါ်မှာ ရည်တည်နေတာ ဖြစ်ပါတယ်။ ဒါ ကြောင့် ပါတီ တခုခုက ( အထူးသဖြင့် အာဏာရ ပါတီက) အခြားပါတီတွေရဲ့ လွတ်လပ်မှု အခြေခံကို ထိပါး စော်ကားလာ ပြီဆိုရင်လည်း ဒီမိုကရေစီစနစ်ကို ဖောက်ဖျက်ကျူးလွန်ရာ ရောက်တဲ့ အတွက် အစိုးရပင် ဖြစ်လင့်ကစား အဲဒီပါတီရဲ့ လုပ် ရပ်ကို ထောက်ခံ ကာကွယ်ပေးဖို့ မလိုပါ။ အဓိကကျတာက တိုင်းပြည် လူ့အဖွဲ့အစည်း တခုမှာ တရားဥပဒေ စိုးမိုးမှုကို အသက် ၀ိဉာဉ်လို ထိန်းသိမ် စောင့်ရှောက် ကာကွယ်ကြရမယ် ဆိုတာ တပ်မတော်သားတိုင်း မဖြစ်မနေ လိုက်နာ လုပ်ဆောင် ရမယ် ဆိုတာပါပဲ။ ဒါကြောင့် ဒီတရားဥပေဒ စိုးမိုးမှုဆိုတဲ့ အသက်ဝိဉာဉ် ကိုသာ ကာချုပ်ဦးစီးတဲ့ တပ်မတော်က လေးစားလိုက်နာ စောင့်ရှောက် ကာကွယ်ရမှာ ဖြစ်ပါတယ်။ တရားဥပဒေအထက်မှာ တပ်မတော်မရှိရသလို သမတလည်းမရှိရပါဘူး။ ဘယ် သူမှ မရှိရပါဘူး။ ဒီ စိတ်နေ သဘောထားတွေကို တပ်မတော်သားတွေဟာ စစ်ရေးပြလျှောက်သလို မုချ အသားတကျ ဖြစ် နေကြရပါမယ်။

အာဏာရအစိုးရ ဆိုတာကလည်း တပ်မတော်ရဲ့အကူအညီမရဘဲ ထင်ရာစိုင်းအနိုင်ကျင့်ဖို့ မဖြစ်နိုင်ပါ။ တပ်မတော်က (ပြည်ခိုင်ဖြိုး၊ တစည၊ NLD) ဘယ်ပါတီပဲ အစိုးရဖြစ်ဖြစ် ဘက်လိုက် အကာအကွယ်ပေးဖို့ မလိုပါ။ ပြည်သူက ရွေးချယ် တင်မြှောက် လိုက်တဲ့ အစိုးရရဲ့ တရားဥပေဒ စိုးမိုးမှုအောက်က ပြည်သူ့အကျိုးပြု လုပ်ရပ်တွေကိုသာ ကူညီကာကွယ် စောင့် ရှောက်ပေးဖို့ ဖြစ်ပါတယ်။

တိုင်းပြည်တခုရဲ့ ခေတ်ကာလအခြေအနေနဲ့ အုပ်ချုပ်တဲ့အစိုးရပုံစံကိုမူတည်ပြီး တပ်မတော်ရဲ့ အခန်းကဏ္ဍ ဟာလည်း ကွဲပြား ခြားနားမှု ရှိပါတယ်။ ကိုလိုနီ လွတ်မြောက်ရေး လှုပ်ရှားမှုကာလမှာ တိုင်းတပါးနယ်ချဲ့ ရန်ကို တွန်းလှန် တိုက်ထုတ်ရေး ဟာ တပ်မတော်ရဲ့ အဓိက ဦးစားပေး ကဏ္ဍဖြစ်လို့ တိုင်းပြည်နဲ့လူမျိုးကို ကာကွယ်တဲ့ သဘောက ရှင်းလင်း မြင်သာပါတယ်။

ဒီကနေ့ ကာလမှာတော့ ဒီမိုကရေစီစနစ်ကို မယိုင်မလဲအောင် အကာအကွယ်ပြုပေးခြင်းဟာ တိုင်းပြည်နဲ့လူမျိုးရဲ့ အကျိုး စီးပွားကို အကာအကွယ်ပြုပေးခြင်းပါပဲ။ ဒီမိုကရေစီစနစ်ကို ကာကွယ်တာဟာ ပါတီအဖွဲ့အစည်းတခုရဲ့အကျိုးကို အကာ အကွယ်ပေးတာ လုံးဝမဟုတ်ပါ။ ဒီမိုကရေစီအခြေခံမူတွေ ခိုင်မြဲအသက်ဝင်မှသာ တိုင်းပြည် စုစည်း ညီညွှတ်မှုရှိမှာ ဖြစ်ပါ တယ်။ အေးချမ်းသာယာပြီး ဖွံ့ဖြိုးမှာ ဖြစ်ပါတယ်။ တိုင်းရင်းသားလူမျိုးပေါင်းစုံ တန်းတူရည်တူခွင့် ရှင်သန်လာတဲ့အခါ တပ် မတော်သားတွေ ပြည်တွင်းစစ် တိုက်စရာမလိုတော့ပါ။ လူထုလူတန်းစား သမဂ္ဂတွေ ဖွဲ့စည်းခွင့်၊ ပြည်သူတွေရဲ့ လိုလား ချက်တွေကို ငြိမ်းချမ်းစွာ စုဝေးဆန္ဒထုတ်ဖော်ခွင့်ရှိလာတဲ့ အချိန်မှာ တပ်မတော်က အရေးအခင်းတွေ နှိမ်နင်းပေးဖို့ မလို တော့ပါ။ ဒီအချက်တွေဟာ ဒီမိုကရေစီအခြေခံကောင်းတွေ ဖွံ့ဖြိုးခိုင်မာလာတဲ့ အလျောက် ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေ တွေ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီမိုကရေစီ ရှင်သန်နေခြင်းဟာ တပ်မတော်သားတွေ အတွက်လည်း အကျိုးမျှတူ ဖြစ်ပါ တယ်။

လက်ရှိမြန်မာ့လူ့အဖွဲ့အစည်းဟာ ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်နေချိန်ဖြစ်တာနဲ့အညီ တပ်မတော် ဟာလည်း ဒီမိုကရေစီကို အကာအကွယ်ပြုတဲ့ တပ်မတော်အဖြစ် ဂုဏ်သိက္ခာရှိရှိ ရပ်တည်သွားဖို့ တာဝန်မှ တပါး အခြား မရှိကြောင်းပါ။

(နေမင်းသူရဲ့ “တပ်မတော်က ဘာကို ကာကွယ်ဖို့ တာဝန်ရှိသလဲ” ဆောင်းပါးကို ခံစား ဖြည့်စွက် တင်ပြပါတယ်။)

Read More...

NLD တင်ပြချက် အခြေခံဥပဒေခုံရုံးက ပြင်ဆင်ခြင်းမပြု

2012-04-19

လွှတ်တော်ကိုယ်စားလှယ်တွေ ကျမ်းသစ္စာ ကျိန်ဆိုတဲ့အခါ အခြေခံဥပဒေကို ထိန်းသိမ်းကာကွယ် စောင့်ရှောက် ပါမည် ဆိုတဲ့ စကားရပ်နဲ့ ကျိန်ဆိုရမှာကို အခြေခံဥပဒေကို လေးစား လိုက်နာပါမည် ဆိုတဲ့ စကားရပ်နဲ့ ပြင်ဆင်ပေးဖို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အစိုးရကို တင်ပြထားတဲ့ ကိစ္စနဲ့ ပတ်သက်လို့ နေပြည်တော် အခြေခံဥပဒေ ခုံရုံးက ဒီစကားရပ်ကို ပြန်လည် ပြင်ဆင် ရေးသားဖို့ မလိုတဲ့အကြောင်း NLD ကို ဒီနေ့ ခေါ်ယူပြောဆိုလိုက်ပါတယ်။

အခြေခံဥပဒေခုံရုံးက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ဖိတ်ခေါ်ပြီး ရှင်းပြခဲ့တဲ့အတွက် NLD ပါတီ အတွင်းရေးမှူး ဦးဥာဏ်ဝင်း သွားရောက် ခဲ့တဲ့ နောက်မှာ NLD ရဲ့ တင်ပြချက် အဆင်မပြေသေးကြောင်း သိရတာပါ။ ဒါနဲ့ ပတ်သက်လို့ ဦးဥာဏ်ဝင်းက RFA ကို အခုလို ပြောပါတယ်။

"ဆောင်ရွက်နေတာ အဆင်မပြေသေးဘူးပေါ့လေ။ Interpretation လိုင်းကိုတင်ပြတော့ ဒါကို မဆိုင်ဘူးဆိုတဲ့ အကြောင်း သူက ရှင်းပြတာ။ အဲဒါပါပဲ။ ပြင်ပေးရန် အကြုံးမ၀င်ဘူးပေါ့။ ပြင်ပေးလို့ မရဘူး မဟုတ်ဘူး။ ဒီရုံးအနေနဲ့ ပြောတာပေါ့နော်။ အခြေခံ ဥပဒေ ခုံရုံးပါ။"

အခုပြောဆိုချက်ဟာ အခြေခံဥပဒေခုံရုံးရဲ့ သဘောထားတစ်ခုပဲ ဖြစ်သေးတဲ့အတွက် သမ္မတအပါအဝင် အစိုးရ တစ်ဖွဲ့လုံးရဲ့ သဘောထား မဟုတ်သေးဘူးလို့ ဦးဥာဏ်ဝင်းက ပြောပါတယ်။

အခုလို အခြေခံဥပဒေခုံရုံးက ပြောဆိုလိုက်တာကြောင့် လာမယ့် ၂၃ ရက်နေ့မှာ ပြန်လည် ကျင်းပမယ့် လွှတ်တော် အစည်းအဝေးတွေကို NLD ကိုယ်စားလှယ်တွေ တက်ရောက်နိုင်ဖို့ ဖြစ်နိုင်ခြေ မရှိသေးဘူးလို့လည်း ဦးဥာဏ်ဝင်းက ပြောပါတယ်။

နိုင်ငံရေးပါတီ တည်ထောင်လိုသူတွေ အနေနဲ့ အခြေခံဥပဒေကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက် ပါမည်လို့ ကတိ ပြုရတာကို အခြေခံ ဥပဒေကို လေးစား လိုက်နာပါမည် ဆိုတဲ့ စကားရပ်နဲ့ ရွေးကောက်ပွဲကော်မရှင် ဥပဒေမှာ ပြင်ဆင်ပေးခဲ့တဲ့အတွက် NLD အနေနဲ့ ပါတီမှတ်ပုံပြန်တင်ပြီး ရွေးကောက်ပွဲ ဝင်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် လွှတ်တော်ကိုယ်စားလှယ်တွေအဖြစ် ရွေးချယ်တင်မြှောက်ခံရတဲ့ အခါမှာလည်း ဒီစကားရပ်နဲ့ ကျမ်းကျိန်ရမှာ ဖြစ်တဲ့ အတွက် အခြေခံဥပဒေ ပြင်ဆင်နိုင်ဖို့ ရည်ရွယ်ထားတဲ့ NLD အနေနဲ့ ကာကွယ် စောင်ရှောက်ပါမည် ဆိုတဲ့ စကားရပ်ကို ပြင်ဆင်ခွင့် တင်ပြထားတာ ဖြစ်ပါတယ်။

Ref: RFA News

Read More...

ဒေါ်အောင်ဆန်းစုကြည် အောင်မြင်မှု နိုဘဲလ် ငြိမ်းချမ်းရေး ဆုရှင်များ ချီးကျူး

မေငြိမ်း
ကြာသပတေး, 19 ဧပြီ 2012

ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကိုယ်စားလှယ်တွေ ဧပြီလ တစ်ရက်နေ့က ကျင်းပခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲမှာ အများစုကြီး အနိုင်ရပြီး လွှတ်တော်ထဲ ရောက်ရှိ သွားမယ့် အောင်မြင်မှုကို နိုဘဲလ်ဆုရှင်များနဲ့ နိုင်ငံ့ ခေါင်းဆောင်ဟောင်းတွေ ပါဝင် ဖွဲ့စည်းထားတဲ့ The Elders အဖွဲ့ကြီးက ချီးကျူး ဂုဏ်ပြုလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီဟာ လွှတ်တော်ရဲ့ နေရာ အနည်းစုကိုသာ ရတယ်ဆိုပေမဲ့ အတိုက်အခံပါတီတွေအဖြစ် ရှေ့လျှောက် ဒီမိုကရေစီ လမ်းစဉ်ကို ဖော်ဆောင်ရာမှာ အပြုသဘောဆောင်တဲ့ ပထမခြေလှမ်းကို လှမ်းနိုင်လိမ့်မယ် လို့လည်း သူတို့က မျှော်လင့်ကြပါတယ်။

The Elders အဖွဲ့ရဲ့သဘာပတိဖြစ်တဲ့ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ဘုန်းတော်ကြီး Desmond Tutu က ပြောဆို ရာမှာတော့ ကျနော့် အနေနဲ့ ကျနော့်ရဲ့ ညီမငယ်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လုံးဝ လေးစားပါတယ်၊ သူ့ရဲ့လွှတ်တော် ရွေးကောက်ပွဲ အနိုင်ရမှုက မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီ လမ်းစဉ်ကို ထိတွေ့ခွင့်ရတဲ့ အချိန်ပဲ ဆိုတာကို ကမ္ဘာက ဘယ်တော့မှ မေ့တော့မှာ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း အမှန်ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ NLD ပါတီအပြင် တခြား နိုင်ငံရေး ပါတီတွေ လိုအပ်နေတာက လွှတ်တော်ထဲမှာ အဓိပ္ပာယ်ရှိတဲ့ နေရာကနေ လှုပ်ရှားဆောင်ရွက်ခွင့် နေရာတွေ ရဖို့ပဲ ဖြစ်ပါတယ်။ တကယ်လို့ အဲဒီလိုသာ မဖြစ်ခဲ့ဘူးဆိုရင်တော့ ဒါဟာ မြန်မာနိုင်ငံသူ နိုင်ငံသားတွေ အတွက်ရော ကျနော်တို့ အားလုံးအတွက်ပါ ဒါက သိပ်ကို စိတ်ပျက်စရာ ဖြစ်လာပါလိမ့်မယ်လို့ ဘုန်းတော်ကြီးက ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ သမ္မတ ဦးသိန်းစိန် ၂၀၁၁ ခုနှစ် မတ်လမှာ တက်လာပြီးနောက်ပိုင်း နိုင်ငံရေး အကျဉ်းသားတွေ ရာနဲ့ချီပြီး လွှတ်ပေးခဲ့တာ အပါအ၀င် အလုပ်သမားဥပဒေတွေကို ပြင်ဆင်တာ၊ မီဒီယာ တင်းကျပ်မှုတွေကို ဖြေလျှော့တာနဲ့ NLD ကို ပြန်လည် မှတ်ပုံတင်ခွင့်ပြုခဲ့တာတွေကိုလည်း The Elders အဖွဲ့က ကြိုဆိုခဲ့ပါတယ်။ ဒီလို အပြုသဘောဆောင်တဲ့ ပြုပြင်ပြောင်းလဲရေး ခြေလှမ်းတွေ ပိုအားကောင်းစေဖို့ အတွက် ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုလည်း ခြွင်းချက်မရှိ ထပ် လွှတ်ပေးဖို့နဲ့ လွှတ်ပေးထားတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေကိုလည်း လွတ်လပ်စွာ ပြောဆို လှုပ်ရှားခွင့် ပြုဖို့တွေကိုလည်း The Elders အဖွဲ့က တိုက်တွန်းထားပါတယ်။

ဒါ့အပြင် တိုင်းရင်းသားအဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းတဲ့လုပ်ငန်းစဉ်မှာ အမျိုးသားပြန်လည် သင့်မြတ်ရေး ပန်းတိုင်ထိ ရောက်အောင်သွားဖို့လည်း တိုက်တွန်းထားပါတယ်။

နိုင်ငံတကာကို အကြံပေးရာမှာတော့ မြန်မာအစိုးရဘက်က တိုင်းပြည် ပြန်လည်တည်ဆောက်ရေး လုပ်နေတာကို ပိုပြီး အကူအညီ ပေးနိုင်မယ့် နည်းလမ်းတွေရှာဖို့နဲ့ အစိုးရကို လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တိုက်ရိုက်ညှိနှိုင်းဆောင်ရွက်ရေး တိုက်တွန်းသွားဖို့နဲ့ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ နည်းပညာအကူအညီအတွက် လိုအပ်ချက်တွေကို ထောက်ပံ့ပေးသွားဖို့နဲ့ နိုင်ငံမှာ လိုအပ်နေတဲ့ စာနာထောက်ပံ့ရေးတွေအတွက် အကူညီပေးသွားဖို့လည်း The Elders အဖွဲ့က အကြံပေးထားပါတယ်။

Ref: VOA News

Read More...

မြန်မာ အတွက် ဂျပန် ဖွံ့ဖြိုးရေး အကူအညီ ပြန်ပေးတော့မည်

ကျော်ကျော်သိန်း
ကြာသပတေး, 19 ဧပြီ 2012

ဂျပန်နိုင်ငံက မြန်မာနိုင်ငံအတွက် ချေးငွေ အထောက်အပံ့တွေ ပြန်ပေးနိုင်ရေးကိစ္စ မြန်မာနဲ့ ဂျပန်နိုင်ငံ တို့က သက်ဆိုင်ရာ တာဝန်ရှိသူတွေ ဆွေးနွေး နေကြတာဟာ နောက်ဆုံးအဆင့် ရောက်နေပါပြီ။ သောကြာနေ့ စတင်မယ့် သမ္မတ ဦးသိန်းစိန်ရဲ့ ဂျပန်နိုင်ငံ ခရီးစဉ်အတွင်း ဒီကိစ္စကို အပြီးသတ် ဆွေးနွေးဖို့ ပြင်ဆင် ထားကြပါတယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲ တွေကနေ မြန်မာလူထု အကျိုးကျေးဇူး ခံစားရ စေဖို့အတွက် ဒီအကူအညီတွေ ပြန်ပေးဖို့ လိုအပ်ပါတယ်လို့ ဂျပန် နိုင်ငံခြားရေးဌာန၊ တာဝန်ရှိသူ တဦးက ဗွီအိုအေကို ပြောပါတယ်။

ဂျပန်နိုင်ငံကနေ မြန်မာနိုင်ငံကို နှစ်ပေါင်းများစွာ ပေးခဲ့ပြီး ရပ်ဆိုင်းထားခဲ့တဲ့ ODA ခေါ် ပင်လယ်ရပ်ခြား ဖွံ့ဖြိုး တိုးတက်ရေး အထောက်အပံ့ ချေးငွေတွေ၊ ရန်ပုံငွေ အထောက်အပံ့တွေ နဲ့ နည်းပညာပိုင်း ဆိုင်ရာ အကူအညီတွေကို ပြန်ပေးဖို့အတွက် မြန်မာနဲ့ ဂျပန်တို့က တာဝန်ရှိသူတွေ ဆွေးနွေးနေကြတာပါ။ ဒီလိုပြန်ပေးရေးကိစ္စမှာ အဓိကရှိနေတဲ့ ကိစ္စတခုကတော့ မြန်မာနိုင်ငံက ဂျပန် နိုင်ငံကို ပြန်ပေးဆပ်ဖို့ ရှိနေတဲ့ ချေးငွေတွေကို ဘယ်လို ပြန်ပေးဆပ်မလဲ ဆိုတဲ့ ကိစ္စပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံက ပေးဆပ်ဖို့ရှိနေတဲ့ ချေးငွေစုစုပေါင်းက ဒီကနေ့ ဈေးကွက် ပေါက်ဈေးနဲ့ဆိုရင် အမေရိကန် ဒေါ်လာ သန်းပေါင်း ၃,၃၀၀ ကျော် ရှိပါတယ်။

မြန်မာနိုင်ငံကို အထောက်အပံ့ ပေးရေး ဂျပန်နိုင်ငံရဲ့ လက်ရှိမူဝါဒကို ပြန်လည် သုံးသပ်နေပြီး ချေးငွေ ပြန်လည် ပေးဆပ်ရေး ဆိုင်ရာ ပြီးပြည့်စုံတဲ့ အဖြေတခုရဖို့ အစီအစဉ် တခုလုံးအတွက် နောက်ဆုံးအဆင့် ပြင်ဆင်မှုတွေ လုပ်နေပါပြီလို့ ဂျပန်နိုင်ငံခြား ရေးဌာနရဲ့ ဒုတိယ ပြောရေးဆိုခွင့်ရှိသူ မစ္စတာ မဆရု ဆတို့ (Masaru Sato) က ဗွီအိုအေကို ပြောပါတယ်။

“မြန်မာနိုင်ငံမှာဖြစ်နေတဲ့ အပြုသဘောဆောင် ပြုပြင်ပြောင်းလဲရေးတွေကို အပြည့်အ၀ အရှိန်မြှင့်နိုင် ဖို့အတွက် ဆိုရင် အခြေခံ အဆောက်အအုံတွေ တိုးတက် ကောင်းမွန်ဖို့က အရေးကြီးတယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ အဲဒီလို လုပ်နိုင်ဖို့အတွက် ODA ချေးငွေတွေကို ပြန်ပေးဖို့ လိုအပ်ပါတယ်။” လို့ မဆရု ဆတို့က ပြောပါတယ်။

ဒီနှစ်အကုန်ထိဆိုရင် ဂျပန်နိုင်ငံကနေ မြန်မာနိုင်ငံအတွက် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အထောက်အပံ့ တွေနဲ့ နည်းပညာ ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုတွေ အတွက် အမေရိကန်ဒေါ်လာ သန်း ၆၀ အထိ ရန်ပုံငွေ ကို တိုးမြှင့်ဖို့ ရည်ရွယ် ထားတယ်လို့ သူက ဆိုပါတယ်။ အဲဒီထဲမှာ ODA ချေးငွေပမာဏ မပါသေးပါဘူး။ နောက်ထပ်ချေးငွေတွေ ထပ်ပေးဖို့ ကိစ္စက အရင်ပေးဆပ်ဖို့ ကျန်နေ သေးတဲ့ချေးငွေတွေကို ဘယ်လို ပြန်ဆပ်မလည်းဆိုတာ အရင်ပြေလည်ဖို့ လိုပေမဲ့ ODA ပြန်ပေးဖို့က အင်မတန် အရေးကြီးပါ တယ်လို့ မစ္စတာ မဆရုက ပြောပါတယ်။

“မြန်မာနိုင်ငံက အပြောင်းအလဲတွေကို အထောက်အပံ့ပြုဖို့အတွက်ရာ ဂျပန်နိုင်ငံရဲ့ အကူအညီကို အပြည့်အ၀ တိုးချဲ့ပြီး ODA ချေးငွေတွေကို ပြန်ပေးဖို့ ကိစ္စဟာ အင်မတန်ကို အရေးကြီးပါတယ်။” လို့ မစ္စတာမဆရုက ပြောပါတယ်။

မြန်မာနိုင်ငံမှာ မကြာသေးခင်ကာလတွေအတွင်း ဖြစ်ပေါ်ခဲ့တဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနဲ့ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲ ရေးဆိုင်ရာ အခြေအနေတွေ၊ ရေရှည်ခိုင်မြဲတဲ့ တိုးတက်မှု ဖြစ်စေရေး ကိစ္စတွေ၊ မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲရေးတွေကို ဂျပန်နိုင်ငံ ကထောက်ခံပါတယ်ဆိုတာတွေကို သောကြာနေ့ မှာစတင်မယ့် သမ္မတဦးသိန်းစိန်ရဲ့ ဂျပန်နိုင်ငံခရီးစဉ်အတွင်း ဆွေးနွေး ပြောဆို ကြပါမယ်လို့ မစ္စတာ မဆရုကပြောပါတယ်။

ချေးငွေပြန်ဆပ်ရေးဆိုင်ရာ ပြည့်စုံတဲ့အစီအစဉ်ကို ဂျပန်အစိုးရအဖွဲ့အတွင်းမှာရော၊ မြန်မာနိုင်ငံ ကတာဝန်ရှိသူတွေနဲ့ပါ အပြင်း အထန်ဆွေးနွေးနေပြီး စနေနေ့မှာ နှစ်နိုင်ငံခေါင်းဆောင်တွေ တွေ့ဆုံ ဆွေးနွေးကြတဲ့ အခါ တင်ပြဖို့ နောက်ဆုံးအဆင့် ပြင်ဆင် နေတာပါလို့လည်း သူကပြောပါတယ်။ အစည်းအဝေးတွေ ပြီိးတဲ့အခါမှာတော့ အစီအစဉ်ကို ထုတ်ပြန် ကြေညာသွားမယ်လို့ ဆိုပါတယ်။

ဂျပန်နိုင်ငံဟာ အစဉ်အလာအားဖြင့် မြန်မာနိုင်ငံကို အကူအညီ အထောက်အပံ့ တွေ ပေးလာခဲ့တဲ့ နိုင်ငံ ဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ် နောက်ပိုင်း စစ်တပ်က အာဏာသိမ်းအုပ်ချုပ်ခဲ့တဲ့ ကာလတွေ မှာတောင်မှပဲ ပေးနေ ခဲ့တာပါ။ ဒါပေမဲ့လည်း ၂၀၀၇ ခုနှစ် ရွှေဝါရောင် အရေးတော်ပုံ ကာလမှာ ဗုဒ္ဓဘာသာ သံဃာတော် တွေကို ရက်ရက်စက်စက် ပစ်ခတ် နှိမ်နင်းခဲ့တဲ့ထဲ ဂျပန်နိုင်ငံသား သတင်း ထောက်တဦးပါ သေဆုံးခဲ့ ရပြီးတဲ့ နောက် အကူအညီ အတော်များများကို ရပ်ဆိုင်းထားခဲ့ပါတယ်။

အခုအခါမှာတော့ ပြီးခဲ့တဲ့နှစ်ကစလို့ မြန်မာနိုင်ငံမှာ အင်မတန့်ကို အပြုသဘောဆောင်တဲ့ လမ်းကြောင်းသွား နေတာ တွေ့ခဲ့ရတဲ့ အတွက် အကူအညီတွေ ပြန်ပေးဖို့ လုပ်လာတာ ဖြစ်ပါတယ်လို့ မစ္စတာမဆရု က ပြောပါတယ်။

“မြန်မာလူထုအနေနဲ့ အပြောင်းအလဲတွေကို တကယ့်ကိုခံစားရစေဖို့အတွက် နှစ်နိုင်ငံ ခေါင်းဆောင်တွေ အကြား ပူးပေါင်းဆောင်ရွက်ရေးကို ပိုမို ကောင်းမွန်အောင် လုပ်ဆောင်ရမယ်လို့ အစဉ်အလာအားဖြင့် မြန်မာနိုင်ငံရဲ့ မဟာမိတ်ဖြစ်တဲ့ ဂျပန်နိုင်ငံအနေနဲ့ အခိုင်အမာ ယုံကြည်ပါတယ်။ အဲဒါကြောင့်လည်းပဲ ကျင်းပမယ့် ထိပ်သီး အစည်းအဝေးအတွက် ပြင်ဆင်မှုတွေကို အပြီးသတ်နိုင်ဖို့ ဂျပန်နိုင်ငံ က အပြင်းအထန် လုပ်ဆောင်နေတာပါ။” လို့ ဂျပန်နိုင်ငံခြားရေးဌာန၊ ဒုတိယပြောရေးဆိုခွင့်ရှိသူ မဆရု ဆတို့က ပြောသွားပါ တယ်။

သမ္မတဦးသိန်းစိန်ဟာ ဂျပန်နိုင်ငံကို သောကြာနေ့မနက်ပိုင်းမှာ ရောက်မှာဖြစ်ပြီး လေးကြိမ်မြောက် ဂျပန်-မဲခေါင် ထိပ်သီး အစည်းအဝေးကို စနေနေ့မနက်ပိုင်းမှာ တက်ရောက်မှာဖြစ်ပါတယ်။ အဲဒီနောက်မှာ ဂျပန် ၀န်ကြီးချုပ်နဲ့ သီးခြား တွေ့ဆုံပြီး

နှစ်နိုင်ငံကိစ္စရပ်တွေ ဆွေးနွေးကြပြီးတဲ့နောက် အကူအညီပေးရေးဆိုင်ရာ သဘောတူညီချက် လက်မှတ်ရေး ထိုးပွဲရှိပါတယ်။ ထိပ်သီး ဆွေးနွေးပွဲပြီးရင်တော့ သတင်းထုတ်ပြန်ချက် တရပ် ထွက်ဖို့ရှိပြီး သမ္မတ ဦးသိန်းစိန်ဟာ ဂျပန်နိုင်ငံကနေ ဧပြီလ ၂၄ ရက်၊ အင်္ဂါနေ့မှာ ပြန်လည်ထွက်ခွာမှာဖြစ်တယ်လို့ မစ္စတာမဆရုကပြောပါတယ်ခင်ဗျား။

Ref: VOA News

Read More...

Thursday, April 19, 2012

ဒေါ်အာင်ဆန်းစုကြည် နော်ဝေးနဲ့ ဗြိတိန်ကို ဇွန်လအတွင်းသွားမည်

သားညွန့်ဦး
ဗုဒ္ဓဟူး, 18 ဧပြီ 2012

မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၄ နှစ်တာအတွင်း ပထမဆုံးအကြိမ် မြန်မာပြည်ပ ခရီးစဉ် ထွက်ဖို့ စီစဉ် ထားပါတယ်။ ငြိမ်းချမ်းရေး နိုဘဲလ်ဆု ရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့်ဇွန်လထဲ နော်ဝေးနိုင်ငံကို သွားရောက်ဖို့ အစီအစဉ် ရှိတယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း အတည်ပြုပါတယ်။ ဒါနဲ့ပတ်သက်လို့ VOA ဘန်ကောက်ရုံးကနေ Danielle Bernstein က သတင်းရေးသား ပေးပို့ထားပါတယ်။ ကိုသားညွန့်ဦးက တင်ဆက်ပေးပါမယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အင်္ဂလန်မှာရှိတဲ့ သူ့နေအိမ်ကနေ နာမကျန်းဖြစ်နေတဲ့ မိခင်ဖြစ်သူ ဒေါ်ခင်ကြည် ရှိရာရန်ကုန်မြို့ကို ၁၉၈၈ ခုနှစ် လာရောက် ပြီးကတည်းက မြန်မာပြည်ကနေ ပြန်မထွက် ဖြစ်တော့တာပါ။ ဒီနောက်ပိုင်း ၁၉၈၈ ခုနှစ် လူထု လှုပ်ရှားမှု အတွင်းကနေ လူထုခေါင်းဆောင် ဖြစ်လာပြီး ဒီမိုကရေစီပြယုဒ် အဖြစ်နဲ့ ကမ္ဘာကျော်ခဲ့ပါတယ်။

အဲဒီအချိန်ကတည်းက သူဟာ ပြည်ပမထွက်တော့ဘဲ မြန်မာပြည်ထဲမှာပဲ နေခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူ အင်္ဂလန်မှာ ကင်ဆာရောဂါ ခံစား နေရချိန်မှာတောင် ပြည်ပ မထွက်ဖြစ်ခဲ့ပါဘူး။ ပြည်ပ ထွက်သွားပြီး တဲ့နောက် မြန်မာ စစ်အာဏာပိုင်တွေ ဘက်က သူမကို ပြန်ပြီး ပြည်ဝင်ခွင့် မပေးမှာ စိုးရိမ် ခဲ့တာကြောင့်ပါ။

မကြာခင်က နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေနဲ့ ကြားဖြတ် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အပြတ်အသတ် အနိုင်ရပြီးတဲ့ နောက်ပိုင်း ပြည်ပ ခရီးထွက်ဖို့ အစီအစဉ် ဖြစ်လာတာပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ မကြာခင် ဇွန်လထဲ နော်ဝေးနိုင်ငံထဲကို လာရောက်ဖို့ အစီအစဉ်ရှိတယ် လို့ နော်ဝေး နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရသူ Svein Michelsen က ပြောပါတယ်။

“ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက နော်ဝေးနိုင်ငံခြားရေး ၀န်ကြီးဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြော ဆိုပြီး ဒေါ်အောင်ဆန်းစုကြည် နော်ဝေးကို အလည်အပတ် လာနိုင်ဖို့ ဆွေးနွေး ခဲ့တယ်ဆိုတာကို အတည်ပြု ပေးနိုင်ပါတယ်။ လာမယ့် ဇွန်လထဲ ဒေါ်အောင်ဆန်းစုကြည်ကို နော်ဝေးမှာ ဧည့်ခံဖို့ ကျနော်တို့ အခု စီစဉ်နေပါတယ်။ သူ နော်ဝေး အလည်အပတ် လာဖို့ ကျနော်တို့ အများကြီး မျှော်လင့် ထားတာပါ။”

ဒေါ်အောင်ဆန်းစုကြည်ဟာ အင်္ဂလန်ကိုလည်း သွားရောက်မယ်လို့ မျှော်လင့်ရပါတယ်။ ကွယ်လွန်သူ ခင်ပွန်းသည် Michael Aris တွေ့ဆုံခဲ့တဲ့ အင်္ဂလန်မှာ လက်ရှိတော့ သူရဲ့ သားနှစ်ဦး နေထိုင်နေပါတယ်။ ပြီးခဲ့တဲ့ သတင်းပတ် တုန်းက ရန်ကုန်ကို လာရောက်သွားတဲ့ ၀န်ကြီးချုပ် ဒေးဗစ် ကမ်မရွန်နဲ့လည်း အင်္ဂလန် သွားမယ့် ခရီးစဉ်ကို ဆွေးနွေး ခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ပြောခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရသူ ဦးဉာဏ်ဝင်းကလည်း ဒီသတင်းကို ဗွီအိုအေကို အတည်ပြုပါတယ်။

“ဒေါ်စုကပြောပါတယ်၊ ဇွန်လထဲမှာ နိုင်ငံခြားခရီးသွားဖို့ စီစဉ်ထားတယ်၊ နော်ဝေးကို သွားဖြစ်မယ်၊ UK ကို သွားဖြစ်မယ်။ အဲဒီလို ပြောပါတယ်။ အသေးစိတ်ကိုတော့ ကျနော်မသိဘူး။ ဒါပေမယ့် ဒေါ်စုပြောတဲ့ ထဲမှာ အောက်စ်ဖို့မှာ နှစ်စဉ် ကျင်းပနေတဲ့ အစည်းအဝေး၊ အဲဒီအစည်းအဝေး တက်ဖို့ အစီအစဉ်ရှိတယ် လို့တော့ ပြောတယ်။”

ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ်ခံနေရချိန် ၁၉၉၁ ခုနှစ်မှာ နိုဗယ်ငြိမ်းချမ်းရေးဆု ချီးမြှင့် ခံခဲ့ရပါတယ်။ နိုင်ငံတကာ ဆုကို လက်ခံယူဖို့ အာဏာပိုင်တွေက တားမြစ်တာမျိုး မရှိပေမယ့် ပြည်ပ သွားပြီးရင် မြန်မာပြည် ပြန်ဝင်ခွင့် မရမှာ စိုးတာကြောင့် ပြည်ပက သူ့ကို ပေးတဲ့ဆုတွေကို ကိုယ်တိုင် သွားရောက် မယူနိုင်ခဲ့ပါဘူး။ ဒီလို အခြေအနေကြောင့် အစဉ်အလာလို ဖြစ်တဲ့ နော်ဗယ်ဆုရှင်ရဲ့မိန့်ခွန်း စကားကို ဒေါ်အောင်ဆန်းစုကြည် မပြောနိုင်ခဲ့တာ အခုအချိန်အထိ ပါပဲလို့ Nobel Institute က Sigrid Langebrekke က ပြောပါတယ်။

“အခုဇွန်လ ၂၅ ရက်နေ့ သီတင်းပတ်မှာဖြစ်မယ်လို့ ကျမတို့ ပြောနေကြတာပါပဲ။ ဒါပေမယ့် ဘယ်ရက် အတိအကျ ဖြစ်မယ် ဆိုတာနဲ့ သူဘက်က အတည်ပြုချက် မရသေးပါဘူး။ သူ့ကို အကြိမ်ပေါင်းများစွာ ကျမတို့ ဖိတ်ကြားခဲ့ပါတယ်။ ပြည်ပ ထွက်လာဖြစ်ရင် နော်ဝေးနိုင်ငံကို ပထမဆုံး လာဖြစ်မယ်လို့ သူဘက်က အဖြေပဲ ရပါတယ်။ အခုတော့ နော်ဝေးကို သူ လာပါတော့မယ်။ နိုဗယ်ဆုရှင် မိန့်ခွန်းစကား ကြားရတော့မှာပါ။”

အခုလာမယ့် ဧပြီ ၂၃ ရက်မှာ ပြည်သူ့လွှတ်တော်ခေါ်ယူမှာမို့ ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ တဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်တွေ လွှတ်တော် တက်ရောက်ဖို့ ရှိပါတယ်။ ဒါဆိုရင်တော့ စစ်တပ် ကိုယ်စားလှယ်နဲ့ စစ်တပ်က နောက်ခံပေးထားတဲ့ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ် အများစုပါဝင်တဲ့ လွှတ်တော်ထဲမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ အဓိက အတိုက်အခံ နိုင်ငံရေး ပါတီဖြစ်လာဖို့ ရှိပါတယ်။

Ref: VOA News

Read More...

မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံရေး အခွင့်အလမ်းနဲ့ စိန်ခေါ်မှုများ

အောင်လွင်ဦး
ဗုဒ္ဓဟူး, 18 ဧပြီ 2012

မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ ပွင့်လင်းလာတာနဲ့အမျှ စီးပွားရေးမှာ ဖွံ့ဖြိုးမှု အလားအလာတွေ ရှိနေပေမဲ့ သတိ ထားစရာတွေ အများအပြား ရှိနေတယ်လို့ နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့ အစည်းက တာဝန်ရှိသူတွေ နဲ့ မြန်မာ့ အရေး ကျွမ်းကျင် သူတွေရဲ့ဆွေးနွေးပွဲက ပြောလိုက်ပါတယ်။ ပွင့်လင်း မြင်သာမှုတွေ၊ တာဝန်ခံ မှုတွေနဲ့အတူ စီးပွားရေး တိုးတက်မှုတွေကို ခွဲဝေ ခံစားနိုင်မယ့် အခြေအနေတွေ ဖန်တီးပေးဖို့ လိုမယ်လို့ ၀ါရှင်တန်မြို့တော် ကမ္ဘာ့ဘဏ်ရုံးချုပ် နှီးနှော ဖလှယ်ပွဲမှာ ပြောသွား ကြတာပါ။ အပြည့်အစုံကိုတော့ ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ ကိုအောင်လွင်ဦး က ပြောပြပေးမှာ ဖြစ်ပါတယ်။

နိုင်ငံတကာဘဏ္ဍာရေး အဖွဲ့အစည်းတွေ မြန်မာနိုင်ငံနဲ့ ပြန်လည် ထိတွေ့ဆက်ဆံရာမှာ အခွင့်အလမ်းတွေနဲ့ စိန်ခေါ်မှုတွေ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးကြတဲ့ အတိုင်း မြန်မာနိုင်ငံက နိုင်ငံရေး၊ စီးပွားရေး တိုးတက် လာနိုင်တဲ့ အလားအလာ တွေကို ပြောခဲ့ကြသလို သတိထားရမယ့် ပြဿနာတွေ အများအပြား ရှိနေတာကိုလည်း ထောက်ပြ လိုက်ကြတာပါ။ နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့အစည်းတွေ ဖြစ်ကြတဲ့ နိုင်ငံ တကာ ငွေကြေး ရန်ပုံငွေအဖွဲ့ (IMF)၊ ကမ္ဘာ့ဘဏ်နဲ့ အာရှ ဖွံ့ဖြိုးရေးဘဏ် (ADB) တာဝန် ရှိသူတွေနဲ့ မြန်မာ့ အရေး လှုပ်ရှားသူတွေ မျှော်လင့်ချက်တွေ၊ စိုးရိမ်မှုတွေကို နှီးနှောဖလှယ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီ အထဲက မြန်မာ့စီးပွားရေး အခြေအနေကို တစိုက်မတ်မတ် စောင့်ကြည့် အကဲခတ်နေတဲ့ သြစတြေးလျနိုင်ငံ Macquarie တက္ကသိုလ်က စီးပွားရေးပညာရှင် ပါမောက္ခ Sean Turnell ကတော့ မြန်မာနိုင်ငံမှာ စီးပွားရေး ဖွံ့ဖြိုးမှုအတွက် အခြေခံကျကျ အပြောင်းအလဲတွေ လိုအပ်နေတာလို့ ပြောခဲ့တာပါ။

“လတ်တလောရှိနေတဲ့ ဥပဒေတွေနဲ့ လုပ်ထုံးလုပ်နည်းတွေ အားလုံးကို ပြန်လည်သုံးသပ်ဖို့ ဦးစားပေးရ လိမ့်မယ်လို့ ထင်ပါတယ်။ ဒါတွေ အတော်များများဟာ ဆိုရှယ်လစ်အစိုးရ လက်ထက် ကတည်းက ရှိနေတာတွေ ဖြစ်ပါတယ်။ ဒါတွေကို မဖယ်ရှားခင် မှာလည်း လုပ်ဖို့လိုတာက မြန်မာနိုင်ငံမှာ စီးပွားရေးအရ လွတ်လပ်ခွင့် ရှိဖို့ပါ။ ဒါမှလည်း လူတွေ စီးပွားရေး လုပ်နိုင်ကိုင်နိုင်၊ စိတ်ချလက်ချ ရင်းနှီးမြုပ်နှံ နိုင်ကြပြီး ဖွံ့ဖြိုး တိုးတက်လာမှာ ဖြစ်ပါတယ်။ တကယ်တော့ ဒီထဲက တချို့ဟာ လုပ်မယ်ဆိုရင် သိပ်လည်း မခဲယဉ်း ပါဘူး။ ငွေကြေးလည်း ကုန်ကျစရာ မလိုသလို အဖွဲ့အစည်းတွေမှာ လုပ်နိုင်စွမ်းရည်တွေတောင် တက်လာ ဦးမှာပါ။ ကျနော်တို့ ပြောနေတာက အစိုးရကနေ အကုန် လျှောက်လုပ် နေတာတွေကို ရပ်ဖို့ပါ။”

စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ အနက် အထင်ရှားဆုံး အဖြစ်နဲ့ကတော့ အမျိုးမျိုးဖြစ်နေတဲ့ ငွေလဲနှုန်းကို ဧပြီ လဆန်းပိုင်းမှာ ပြောင်းလဲ သတ်မှတ် လိုက်တာကို ဆွေးနွေးသူတွေ အသိအမှတ်ပြု ပြောခဲ့ကြပေမဲ့လည်း ကန့်သတ်ထိန်းချုပ်မှုတွေအောက်မှာ ရှိနေဆဲဖြစ်တယ် လို့လည်း သတိပေးခဲ့ကြတာပါ။ နှုန်းရှင်အဖြစ် ဗဟိုဘဏ်က သတ်မှတ်တဲ့စနစ်မှာ အားနည်းချက်တွေ ရှိနေဆဲ ဖြစ်သလို ပို့ကုန် သွင်းကုန် လုပ်ငန်းတွေက လိုင်စင်ထုတ်ပေးရာမှာ ပွင့်လင်းမြင်သာမှု မရှိတာတွေကိုလည်း တွေ့နေရတုန်းပဲလို့ ပြောကြပါတယ်။

စီးပွားရေး ပညာရှင် တာနဲလ် ကတော့ ဘယ်အပိုင်းတွေမှာ ငွေကြေးသုံးစွဲနေသလဲ ဆိုတာတွေကို ခြေရာခံ ကြည့်ရ လိမ့်မယ်လို့ အကြံပြုခဲ့ တာပါ။ ဘဏ္ဍာရေး ရ/သုံးမှန်းခြေကို နှစ်ပေါင်းများစွာအတွင်း လွှတ်တော်မှာ ပထမဆုံးအကြိမ် ဆွေးနွေး ဆုံးဖြတ် နိုင်တာမျိုးဟာ ဖွံ့ဖြိုးမှုအတွက် ခြေလှမ်းကောင်း တရပ် ဖြစ်ပေမဲ့လည်း စစ်တပ်အတွက် အသုံးစရိတ်တွေ လျော့မလာဘဲ တခြား အရေးကြီးတဲ့ ကျန်းမာရေး၊ ပညာရေးစတဲ့ ကဏ္ဍတွေမှာတော့ လိုအပ်ချက်ထက် နည်းပါးနေတာတွေဟာလည်း ရေရှည် ဖွံ့ဖြိုးမှုအတွက် မကောင်းတဲ့ လက္ခဏာတွေလို့ ပါမောက္ခ တာနဲလ်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ အစိုးရကတော့ စီးပွားရေးမှာ လွတ်လပ်ခွင့်တွေပေးမယ်လို့ ကတိပေးပြီး တဲ့နောက် ပြုပြင် ပြောင်းလဲရေး လုပ်ဖို့ အကူအညီတွေ တောင်းခံလာရာက ဆယ်စုနှစ်တွေနဲ့ ချီပြီး မြန်မာနိုင်ငံနဲ့ အဆက်အဆံ မရှိခဲ့တဲ့ IMF ကမ္ဘာ့ဘဏ်နဲ့ ADB တို့လို ဘဏ္ဍာရေး အဖွဲ့အစည်းတွေ မကြာသေးခင် နှစ်တွေကစလို့ ပြန်လည် ထိတွေ့ ဆက်ဆံလာကြတာပါ။ မြန်မာနိုင်ငံက လက်တွေ့ အခြေအနေတွေကို အကဲဖြတ်ဖို့၊ အစိုးရကို အကြံပေးဖို့နဲ့ အနာဂတ် စီးပွားရေးဆိုင်ရာ မဟာဗျူဟာတွေ ချမှတ်နိုင်ဖို့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကစလို့ ADB နဲ့ IMF တို့ မြန်မာနိုင်ငံကို သွားခဲ့ ကြပါသေးတယ်။ ဒါပေမဲ့လည်း တိုင်ပင် ဆွေးနွေးမှု တွေဟာ သက်ဆိုင်ရာ လူမှုအသိုင်းအ၀ိုင်းက လူတွေနဲ့ ထိတွေ့ ပြောဆိုနိုင်ဖို့ အရေးကြီးတယ် လို့လည်း နှီးနှောဖလှယ်ပွဲမှာ ပင်တိုင် ဆွေးနွေးသူ တဦးအဖြစ် ပါဝင်ခဲ့တဲ့ မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်သူများ အဖွဲ့က မခင်ဥမ္မာက ပြောပါတယ်။

"ကျမတို့မြင်တာက အခုလို ဘဏ်တွေပေါ့နော်- နိုင်ငံတကာက ငွေကြေးရန်ပုံငွေအဖွဲ့တွေ၊ ကမ္ဘာ့ ဘဏ်တွေ၊ အာရှ ဖွံ့ဖြိုးရေး ဘဏ်တွေက ဝင်လာမယ်ဆိုရင် သူတို့ကလည်း သူတို့ ဝင်လာတဲ့ အချိန်မှာ ငွေထုတ်ကြီး ပိုက်လာပြီးတော့မှ ကျမတို့ ပြည်သူတွေကို ရေတွင်းတူးမလား၊ မြောင်းဖောက် မလား၊ ကျောင်းဆောက် မလားဆိုတာမျိုး မဟုတ်ဘဲနဲ့ ကျမတို့ ပြည်သူတွေ လိုချင်တဲ့ ဖွံ့ဖြိုးရေး ဆိုတာ ဘာလဲဆိုတာကို ပြည်သူ့ဆီ က မှန်ကန်တဲ့အသံ ကြားဖို့အတွက် လမ်းဖွင့်ပေးရမယ်။"

မြန်မာနိုင်ငံမှာ မကြာသေးခင် အချိန်တိုအတွင်း အပြောင်းအလဲတွေ တွေ့မြင်ခဲ့ရတဲ့ အပေါ်မှာတော့ နိုင်ငံ တကာ ဘဏ္ဍာရေး အဖွဲ့ အစည်းတွေရဲ့ တာဝန်ရှိသူတွေက အားတက်စကား ပြောခဲ့ကြတာပါ။ ဒါပေမဲ့လည်း အကျင့်ပျက် ခြစားမှုတွေ ကြီးကြီးမားမား ရှိနေတဲ့ မြန်မာနိုင်ငံမှာ ပွင့်လင်း မြင်သာမှုတွေ၊ တာဝန်ခံမှုတွေ ရှိဖို့လည်း လိုမယ်လို့ သတိပေးခဲ့ကြတာပါ။ အပြောင်းအလဲတွေနဲ့ အတူ ပြည်ပက ရင်းနှီးမြုပ်နှံမှုတွေ ၀င်ရောက်လာနိုင်မယ့် မျှော်လင့်ချက်တွေလည်း ရှိနေတာမို့ ဒီလို စီးပွားရေး လုပ်ငန်းတွေ ၀င်လာတဲ့ အခါ ဒေသခံ လူမှု အသိုင်းအ၀ိုင်းတွေနဲ့ ပတ်ဝန်းကျင် ထိခိုက် နစ်နာမှုတွေ မဖြစ်ရလေအောင် အစီအမံတွေ လည်း လိုမယ်လို့ ဆွေးနွေး သူတွေက တညီတညွတ်တည်း ပြောခဲ့ကြတာ ဖြစ်ပါတယ်။

Ref: VOA News

Read More...

ကျမ်းသစ္စာ စကားရပ် ပြင်ဆင်နိုင်လိမ့်မယ်လို့ ဒေါ်အောင်ဆန်းစုကြည် မျှော်လင့်

2012-04-18

လာမယ့် ဧပြီလ ၂၃ ရက်နေ့ အမျိုးသားလွှတ်တော်မှာ ကျမ်းသစ္စာ ကျိန်ဆိုတဲ့အခါ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကာကွယ် စောင့်ရှောက်ပါမည် ဆိုတဲ့ စကားရပ်အစား လေးစား လိုက်နာပါမည်လို့ မပြင်ဆင်သေးသရွေ့၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ်တွေ လွှတ်တော် မတက်နိုင်သေးကြောင်း ပြည်တွင်း ပြည်ပ သတင်း မီဒီယာတွေမှာ ဖော်ပြ ခဲ့ကြပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အာအက်ဖ်အေရဲ့ ဒီမိုကရေစီခရီးကြမ်း ကဏ္ဍမှာ ဒေါ်အောင်ဆန်းစုကြည် ပြောကြား ခဲ့တာကတော့ -

"ဒီလိုပါ။ လွှတ်တော်မတက်ဘူးလို့ ကျွန်မတို့က ပြောတာ မဟုတ်ပါဘူး။ ဒီကျမ်းသစ္စာ ဆိုပြီးမှ လွှတ်တော် တက်မယ်။ ဒီကျမ်း သစ္စာမှာ ဒီစကားပြောင်းဖို့ ဆိုတာလည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ကိုက်ညီပါတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲက စာသား အတိုင်းပဲ ဖြစ်ပါတယ်။ အဲဒီတော့ အခက်အခဲ မရှိဘူးလို့တော့ မျှော်လင့်ပါတယ်။"

ဒီကိစ္စနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုကော်မင်္တီဝင် ဦးဥာဏ်ဝင်းဟာ ဒီကနေ့ နေပြည်တော်ကို သွားရောက်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် အစိုးရအဖွဲ့တွင်းနဲ့ လွှတ်တော်တွင်းမှာ အပြောင်းအလဲကို မလိုလားသူတွေ ရှိနေတယ်ဆိုတဲ့ အပြော အဆိုတွေ ပေါ်ပေါက် နေတာကြောင့် လွှတ်တော်တွင်း ၀င်ရောက်တဲ့အခါ ဘယ်လို ရင်ဆိုင်မလဲလို့ အာအက်ဖ်အေက မေးမြန်းရာမှာ -

"ပြုပြင်ပြောင်းလဲရေးကို ဘာဖြစ်လို့ မလိုလားလဲ ဆိုတဲ့ မေးခွန်းကို ကျွန်မတို့ ပထမ အဖြေရှာဖို့ လိုပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အကြောင်းတော့ ရှိရမှာပေါ့။ ဒီအကြောင်းကို မသိဘဲနဲ့ ဒီဟာကို ဘယ်လို ကိုင်တွယ်မလဲ ဆိုတာ ပြောဖို့ ခက်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်မတို့က လွှတ်တော်ထဲ ရောက်သွားတယ် ဆိုလို့ရှိရင် အမျိုးမျိုးသော အမြင်တွေနဲ့ ထိတွေ့ နိုင်ခွင့်ရှိမယ်လို့ မျှော်လင့် ထားတယ်။ ဒါမှလည်း ဘယ်လို အဖြေတွေကို မှန်မှန်ကန်ကန် ရှာလို့ရမလဲ ဆိုတာ ဆုံးဖြတ်လို့ ရမှာပါ။"

ဒါ့အပြင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှာ လူငယ်တွေရဲ့ အခန်းကဏ္ဍ ကြီးကြီးမားမား ရှိနေကြောင်း၊ ကြားဖြတ် ရွေးကောက်ပွဲမှာ ပြည်တွင်း သတင်း မီဒီယာတွေရဲ့ ကျေးဇူးကလည်း အတော်ကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

Ref: RFA News

Read More...

အမေရိကန်ပိတ်ဆို့မှု လျှော့ချရေးတုံ့ပြန်မှု မြန်မာအစိုးရ၊ NLD နဲ့ NGO ကြိုဆို

ကျော်ကျော်သိန်း
ဗုဒ္ဓဟူး, 18 ဧပြီ 2012

မြန်မာနိုင်ငံအပေါ် အမေရိကန်ပြည်ထောင်စုက ချမှတ်ထားတဲ့ ငွေရေးကြေးရေးဆိုင်ရာ ဒဏ်ခတ် အရေးယူမှု တချို့ကို ရုပ်သိမ်း ပေးလိုက်တဲ့အပေါ် အဓိက နိုင်ငံရေး ပါတီကြီးဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က ကြိုဆိုလိုက်သလို သမ္မတ အကြံပေး ပုဂ္ဂိုလ် တဦးကလည်း ဒါဟာ ကောင်းမွန်တဲ့ ကိစ္စဖြစ်တယ်လို့ ပြောပါတယ်။ ဒီလို ဖြေလျှော့ ပေးလိုက်တဲ့ အတွက် မြန်မာနိုင်ငံ အတွင်း လူသားချင်း စာနာမှုဆိုင်ရာနဲ့ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ လုပ်ငန်းတွေမှာ အများကြီး အထောက်အကူ ဖြစ်စေမယ် လို့ ပြည်တွင်း အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတခုရဲ့ တာဝန်ရှိသူ တဦးကလည်း ပြောပါတယ်။ အပြည့်အစုံကို ဘန်ကောက်ကနေ ဆက်သွယ် မေးမြန်းထားတဲ့ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ ထားပါတယ်။

အမေရိကန်အခြေစိုက် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေအနေနဲ့ မြန်မာနိုင်ငံက လူထုအခြေခံ လိုအပ်ချက် ဆိုင်ရာ ဒါမှမဟုတ် ဒီမိုကရေစီ မြှင့်တင်ရေး ဆိုင်ရာ စီမံကိန်းတွေကို အကောင်အထည်ဖော် လုပ်ဆောင်မယ် ဆိုရင် ဘဏ္ဍာ ငွေကြေး ဆိုင်ရာ ကန့်သတ်ချက်တွေကို ဖြေလျှော့ သက်သာ ပေးတော့မယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပင်လယ်ရပ်ခြား ပိုင်ဆိုင် ပစ္စည်းများ ထိန်းချုပ် ကွပ်ကဲရေးဆိုင်ရာ ရုံးကနေ အင်္ဂါနေ့မှာ ကြေညာခဲ့တာပါ။

ဒီလိုဖြေလျှော့ပေးလိုက်တဲ့အပေါ် NLD ရဲ့သဘောထားကို ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက အခုလို ပြောပါတယ်။

"ကျနော်တို့အမြင်ကို ပြောရရင်တော့ ကြိုဆိုတယ်။ သို့သော် ဒီလို ဆောင်ရွက်ခြင်း၊ မဆောင်ရွက်ခြင်းသည် သက်ဆိုင်ရာ နိုင်ငံရဲ့ အဆုံးအဖြတ်သာ ဖြစ်ပါတယ်လို့ ပြောချင်ပါတယ်။"

သမ္မတဦးသိန်းစိန်ရဲ့ အကြံပေးပုဂ္ဂိုလ်တဦးဖြစ်သူ ဒေါက်တာနေဇင်လတ်ကလည်း လုပ်နေတဲ့ အပြောင်းအလဲ တွေကို အထောက်အကူ ဖြစ်စေမယ်လို့ မြင်ပါတယ်။

"နံပါတ်တစ်၊ အလွန်ကောင်းတာပေါ့ဗျာ-နော်၊ နံပါတ်နှစ်ကတော့ ကျနော်တို့က democratization လုပ်နေတဲ့ အချိန်မှာ အထောက် အကူတွေ အများကြီးရတာပေါ့။ လိုချင်တဲ့ ခရီးကို စောစောလေး ရောက်တာပေါ့ဗျာ။"

ဘဏ္ဍာငွေကြေးပိုင်းဆိုင်ရာ အခုလျှော့ပေါ့ပေးလိုက်တာတွေထဲမှာ အကျုံးဝင်တဲ့လုပ်ငန်းတွေ ကတော့ ပြည်တွင်းမှာ အိုးအိမ်စွန့် ထွက်ပြေး ပုန်းအောင်း နေရသူတွေအတွက် အ၀တ်အထည်၊ အစားအစာနဲ့ ဆေးဝါးတွေ ကူညီ ထောက်ပံ့တာ အပြင် အင်္ဂလိပ် ဘာသာစကား လေ့လာ သင်ယူရေးနဲ့ စာမတတ်သူ ပပျောက်ရေး ဆိုင်ရာ အစီအစဉ်တွေ ပါဝင်ပါတယ်။ ဒါ့အပြင် ကောင်းမွန်တဲ့ အုပ်ချုပ်ရေးကို အထောက်အပံ့ ဖြစ်စေတဲ့ စီမံကိန်းတွေ၊ ကျန်းမာရေး၊ ပညာရေးနဲ့ အားကစား ကဏ္ဍဆိုင်ရာ စီမံကိန်းတွေ အတွက်လည်း အကျုံးဝင်ပါတယ်။

ဒီိစီမံကိန်းတွေအတွက်ဆိုပြီး လျှော့ပေါ့ပေးလိုက်တာဟာ ဖွံဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့ ဖြစ်စေမယ်လို့ ဦးဉာဏ်ဝင်းက ယုံကြည်ပါတယ်။

"ကျနော်တို့မြင်တာကတော့ ဒီ လုပ်ငန်းရဲ့ အသေးစိတ်ကဏ္ဍတွေကပေါ့- အခုသွားနေတဲ့ ပြုပြင် ပြောင်းလဲမှု က အတိုင်းအတာ တစ်ခုအထိ သွားနေတယ် ဆိုတာကို လက်ခံတဲ့ အနေနဲ့ အတိုးအလျှော့ လေးနဲ့ ရုပ်သိမ်းတဲ့ သဘောပါပဲ၊ အဲဒီတော့ လူမှုရေး ကိစ္စတွေ၊ ကောင်းမွန်သော အုပ်ချုပ်ရေး ကိစ္စတွေဆိုတာ အများကြီးပါ။ လုပ်ငန်းတွေ အများကြီးပါ။ ဒီလုပ်ငန်းတွေ အများကြီး အပေါ်မှာ လျှော့လိုက်တော့ ဖွံ့ဖြိုး တိုးတက်ရေးမှာ အထောက်အကူ ဖြစ်တယ်လို့ ကျနော်တော့ ယုံကြည်ပါတယ်။"

မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ နိုင်ငံတကာရဲ့ ဒဏ်ခတ်အရေးယူမှုတွေဟာ ဒီရက်ပိုင်းတွေ အတွင်းမှာပဲ ဆက်တိုက် ဆိုသလို ဖြေလျှော့ လာတာဖြစ်ပါတယ်။ မကြာခင်မှာလည်း ဥရောပ နိုင်ငံတွေဘက်က ဒဏ်ခတ် အရေးယူမှုတွေ လျှော့ချတော့မယ့် အသံ တွေကိုလည်း ကြားနေရပါတယ်။ ဒဏ်ခတ် အရေးယူမှုတွေ မကြာခင် ကာလအတွင်းမှာ ထပ်ပြီး ဖြေလျော့လာဖို့ မြင်ချင်ပါတယ်လို့ ဒေါက်တာ နေဇင်လတ်က ဆိုပါတယ်။

"အခုဟာက လူတစ်ယောက်ပြေးနေတဲ့အခါမှာ အပေါ်မှာ ဆန်အိတ်ထမ်းပြီးတော့ မလိုအပ်တဲ့ အလေး အပင်တွေနဲ့ ပြေးနေ ရတာပေါ့ဗျာ၊ ဆိုတော့..ခရီးက မြန်မြန်ထက်ထက် မရောက်ဘူးပေါ့။ ဒဏ်ခတ် အရေးယူမှု လျော့ကျ သွားမယ်ဆိုရင် ကျနော်တို့ ကျောပေါ်မှာ ရှိနေတဲ့ အလေးကလည်း ကျသွားမှာပေါ့ဗျာ။ ကျသွားတယ်ဆိုရင် သွားသလောက်ခရီးက ရောက်မှာပေါ့။"

သမ္မတရဲ့ အကြံပေးပုဂ္ဂိုလ်တဦးဖြစ်သူ ဒေါက်တာနေဇင်လတ်ပါ။

ဒေါက်တာခင်ဇော်ဝင်းကတော့ ပြည်တွင်းမှာအခြေစိုက်တဲ့ တမ္ပာဒီပအင်စတီကျူဆိုတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း NGO တခုက ညွှန်ကြားရေးမှူးပါ။ ဘဏ္ဍာငွေကြေးပိုင်း ဆိုင်ရာ အရေးယူ ဒဏ်ခတ် မှုတွေကြောင့် ဆိုခဲ့ပါ စီမံကိန်းတွေ အကောင်အထည် ဖော်ရေးမှာ အခက်အခဲ အဟန့်အတားတွေ အများအပြား ကြုံတွေ့ခဲ့ရတဲ့အတွက် အခုလို ဖြေလျှော့ ပေးလိုက်တာဟာ အချိန်ကြာမြင့်စွာ ကတည်းက လုပ်သင့်ခဲ့တဲ့ ကိစ္စ ဖြစ်ပါတယ်လို့ သူက ပြောပါတယ်။

"ကျနော်ဆိုလို့ရှိရင် ဖွံ့ဖြိုးရေးလောကမှာလည်း ကြာပြီလေ။ NGO လည်း လုပ်နေတယ်ပေါ့။ ကျနော်တို့ အခက်အခဲတွေ အများကြီး တွေ့ရတယ် ခင်ဗျ။ ဗမာပြည်က လိုအပ်ချက် တွေကလည်း များတယ်။ ကိုယ့် donor တွေ၊ fun တွေက နိုင်ငံခြားကနေ သွင်းမယ်ဆိုရင် အခက်အခဲတွေ အများကြီး တွေ့ရပါတယ်။ တခြား INGO (International NGO) တွေလည်း ပါတာပေါ့ဗျာ။ ကျနော်ကတော့ local NGO ပဲပေါ့။ အခုလို လုပ်ခြင်း အားဖြင့် မြန်မာပြည်မှာ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီ၊ တခြား လိုအပ်ချက်တွေ၊ ဖွံ့ဖြိုးမှု လုပ်ငန်းတွေအတွက် အများကြီး အထောက်အကူ ဖြစ်နိုင်ပါတယ်။ အခုဟာ ပြောမယ် ဆိုရင်တော့ sanction ကို ရွေးပြီးတော့ လျှော့လိုက်တာပေါ့။ အဲဒါကတော့ အများကြီးပဲ အကျိုးရှိပါတယ်။ ပြောရမယ် ဆိုလို့ရှိရင် လုပ်သင့်နေတာ တော်တော်ကို ကြာပါပြီ။"

မြန်မာနိုင်ငံအပေါ် နိုင်ငံတကာကနေ ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်ထားတာမှာ အမေရိကန်ပြည်ထောင်စုက ချမှတ် ထားတာဟာ အများဆုံးနဲ့ အရှုပ်ထွေးဆုံးလို့ ဆိုရမှာပါ။ ဒီအချက်ကို အမေရိကန် တာဝန်ရှိသူတွေ ကိုယ်တိုင်ကလည်း အသိအမှတ်ပြု ပြောဆို ထားပါတယ်။ အရေးယူထားတာ အားလုံးကို တပြိုင်တည်းမှာ ချက်ခြင်းရုပ်သိမ်းဖို့ မဖြစ်နိုင်ဘူး ဆိုပေမဲ့လည်း အခုလို တဆင့်ချင်း ဖြေလျှော့ ပေးတာတွေကိုတော့ သိပ်မကြာခင် အနာဂတ်ကာလ အတွင်းမှာ နောက်ထပ် ဆက်တိုက်လို တွေ့လာ ကြရဖို့ ရှိပါတယ်ခင်ဗျား။

Ref: VOA News

Read More...

မြန်မာအစိုးရနှင့် အပစ်ရပ်ရေး ဆွေးနွေးရန် နာဂ NSCN (K) ပြင်ဆင်

နေမျိုး
ဗုဒ္ဓဟူးနေ့၊ ဧပြီလ ၁၈ ရက် ၂၀၁၂

နယူးဒေလီ (မဇ္ဈိမ) ။ ။ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ NSCN (K) နှင့် မြန်မာ အစိုးရတို့ အကြား ဧပြီ လကုန်ပိုင်းတွင် အပစ်အခတ် ရပ်စဲရေး ဆွေနွေးရန် ပြင်ဆင်မှုများ ရှိနေကြောင်း သိရသည်။

၃၂ နှစ်ကျော်ကြာ နာဂတိုင်းရင်းသားအရေး လက်နက်ကိုင် လှုပ်ရှားနေသည့် NSCN (K) အနေဖြင့် ပထမဆုံး အကြိမ် မြန်မာ အစိုးရနှင့် အပစ်ရပ်ရေး ဆွေးနွေးရန်အတွက် လိုအပ်သည့်ပြင်ဆင်မှုများ ပြုလုပ်ရန် ဧပြီလ ၂ဝ ရက်နေ့တွင် ၎င်းတို့ ဌာနချုပ်ရှိရာ စစ်ကိုင်းတိုင်း အထက်ပိုင်း နာဂတောင်တန်း တနေရာတွင် ထိပ်ပိုင်း ခေါင်းဆောင်များ တွေ့ဆုံကြမည် ဖြစ်သည်။

သို့သော် မည်သည့်အကြောင်းအရာများ ဆွေးနွေးမည်ဆိုသည်ကိုမူ သတင်းထွက်ပေါ်မှု မရှိသေးကြောင်း နာဂ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးစောစ က မဇ္စျိမကို ပြောသည်။

“သူတို့ အပစ်အခတ်ရပ်စဲရေးကို လုပ်ဖို့ စိုင်းပြင်းနေကြတာ ကြာလှပြီလေ။ လောလောဆယ် အနေအထား ကတော့ အပစ်အခတ် ရပ်စဲတာပဲ လုပ်ကြမယ်။ လောလော ဆယ်တော့ ဘယ်အချက်တွေ ဆွေးနွေးမယ်ဆိုတာ မသိရသေးဘူး။ တဖြေးဖြေးနဲ့ နိုင်ငံရေး ဆွေးနွေးကြမယ် ဆိုရင်လည်း ကောင်းပါတယ်” ဟု ပြောသည်။

ထိုအစည်းအဝေးသို့ တက်ရောက်ရန် နာဂခေါင်းဆောင်များ မြန်မာပြည်သို့ လမ်းကြောင်း နှစ်ခုခွဲ၍ ထွက်ခွါ သွားကြပြီ
ဖြစ်ပြီး မဟာဗျူဟာနှင့် အပစ်ရပ်ရေး အတွက် စံချိန်စံညွှန်းများကို ဆွေးနွေး ချမှတ်ကြမည်ဖြစ်ကြောင်း နာဂလန်း ပို့စ်တွင်
ဖော်ပြ ထားသည်။

S.S.Khaplang ဦးဆောင်သည့် NSCN (K) အဖွဲ့သည် ယခုအခါ အင်အား ၅ဝဝ ခန့်ရှိပြီး မြန်မာပြည် နာဂ တောင်တန်း
ဒေသ၊ စစ်ကိုင်းတိုင်း လဟယ် မြောက်ခြမ်းဒေသနှင့် နန်းယွန်းမြို့နယ် များတွင် အခြေစိုက် လှုပ်ရှားနေကြောင်း သိရသည်။

မူလ NSCN ကို ၁၉၈ဝ ခုနှစ် ဇန်နဝါရီလ ၃ဝ ရက်နေ့က စတင်ဖွဲ့စည်းပြီး အိန္ဒိယ အရှေ့မြောက် ပြည်နယ် များတွင် အခြေချ နေထိုင်သည့် နာဂမျိုးနွယ် စုများနှင့် မြန်မာနိုင်ငံ စစ်ကိုင်းတိုင်း အတွင်းရှိ နာဂ မျိုးနွယ်စုများ ပြန်လည် သွေးစည်း ညီညွှတ်ရေး၊ နာဂ အမျိုးသားများ လွတ်လပ်ရေး အတွက် လက်နက်ကိုင် လှုပ်ရှား ခဲ့ကြသည်။

၁၉၈၈ ခုနှစ်တွင် NSCN အဖွဲ့သည် S.S.Khaplang ဦးဆောင်သည့် NSCN (K) နှင့် Isak Chisi Swu နှင့် Thuingaleng Muivah တို့ ဦးဆောင်သည့် NSCN (IM) ဟူ၍ နှစ်ခြမ်း ကွဲသွားခဲ့သည်။ IM အဖွဲ့မှာ အိန္ဒိယ နယ်မြေတွင် အခြေစိုက်ကာ K အဖွဲ့မှာ မြန်မာ နယ်မြေတွင် အခြေစိုက် လှုပ်ရှားနေကြခြင်းဖြစ်သည်။

၂ဝ၁၁ ဧပြီလ ၂၈ ရက်နေ့က NSCN (K) အဖွဲ့သည် အိန္ဒိယအစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ် ရေးထိုး ထားပြီး ဧပြီလ မကုန်မီ သက်တမ်းထပ်မံ တိုးမြင့်ရန်ရှိသည်။

မြန်မာနိုင်ငံ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံတွင် နာဂတောင်တန်းဒေသ လေရှီး၊ လဟယ်၊ နန်းယွန်းမြို့နယ်များကို စုစည်းကာ နာဂ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် ဖော်ပြထားပြီးနောက် ၂ဝ၁ဝ ခုနှစ်တွင်းမှစ၍ မြန်မာ အစိုးရနှင့် NSCN (K) တို့အကြား တိုက်ခိုက်မှုများ မရှိခဲ့ကြောင်း သိရသည်။

Ref: မဇ္ဈိမ

Read More...

ဝန်ကြီး ဦးအောင်မင်း၏ နော်ဝေ ခရီးစဉ် အတိုင်းထက်အလွန် အောင်မြင်ဟုဆို

မျိုးသန့်
ဗုဒ္ဓဟူးနေ့၊ ဧပြီလ ၁၈ ရက် ၂၀၁၂

ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာအစိုးရ ဝန်ကြီးတဦး၏ ပထမဆုံးသော နော်ဝေနိုင်ငံ ခရီးစဉ်အဖြစ် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ရထားဝန်ကြီး ဦးအောင်မင်း နော်ဝေ အစိုးရ ဝန်ကြီးများနှင့် အော်စလိုမြို့သို့ သွားရောက် တွေ့ဆုံ ဆွေးနွေးခဲ့ရာ အလွန်အောင်မြင်သည့် ခရီးစဉ် ဖြစ်ခဲ့သည်ဟု ခရီးစဉ်အတွင်း လိုက်ပါသွားခဲ့သူ ဒေါက်တာ ကျော်ရင်လှိုင်က ပြောသည်။

ဦးအောင်မင်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် နော်ဝေ နိုင်ငံခြားရေးဝန်ကြီး Jonas Gahr Støre နှင့် ဒေသတွင်း ဖွံ့ဖြိုးရေးဝန်ကြီး Liv Signe Navarsete တို့နှင့် အင်္ဂါနေ့က တွေ့ဆုံရာတွင် မြန်မာပြည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၊ စစ်ပြေးဒုက္ခသည် အရေးတို့တွင် နော်ဝေမှ အဓိကထား ကူညီသွားမည်ဖြစ်ပြီး ဖွံ့ဖြိုးရေး လုပ်ငန်းများ တွင် ကူညီမှုများ ပြုလုပ် သွားနိုင်ရန် ဆွေးဆွေး ခဲ့ကြသည်ဟုလည်း ဒေါက်တာ ကျော်ရင်လှိုင်က မဇ္ဈိမကိုပြောသည်။

မြန်မာကိုယ်စားလှယ်အဖွဲ့တွင် ဦးအောင်မင်း နှင့်အတူ ငြိမ်းချမ်းရေးအကျိုးဆောင်များ ဖြစ်ကြသည့် ဦးတင်မောင်သန်း၊ ဦးလှမောင်ရွှေ၊ ဒေါက်တာ ကျော်ရင်လှိုင် တို့အပါအဝင် ကိုယ်စားလှယ် ခြောက်ဦး လိုက်ပါသွားခဲ့ကြသည်ဟု သိရသည်။

ဗုဒ္ဓဟူးနေ့တွင်လည်း နော်ဝေနိုင်ငံရှိ NGO များမှ တာဝန်ရှိသူများနှင့် မြန်မာကိုယ်စားလှယ် အဖွဲ့တို့ ဖွံ့ဖြိုးရေး လုပ်ငန်းများ အတွက် အကူအညီ ပေးနိုင်ရန် ဆွေးနွေးလျက် ရှိသည်။ မြန်မာ ကိုယ်စားလှယ် အဖွဲ့သည် သောကြာနေ့တွင် မြန်မာနိုင်ငံသို့ ပြန်လာကြမည် ဖြစ်သည်။

နော်ဝေ အစိုးရ ဝန်ကြီးများနှင့် မြန်မာကိုယ်စားလှယ်တို့ ဆွေးနွေးခဲ့သည်များနှင့် ခရီးစဉ် အကြောင်းကို သိရှိနိုင်ရန် ဒေါက်တာ ကျော်ရင်လှိုင် အား မဇ္ဈိမ သတင်းထောက် မျိုးသန့် က မေးမြန်းထားသည်။

ဆွေးနွေးပွဲမှာ ဆရာတို့ ဘာတွေ ဆွေးနွေးခဲ့တယ်၊ နော်ဝေအစိုးရဘက်က ဘာတုန့်ပြန်တယ်ဆိုတာ ပထမဆုံး သိချင်ပါတယ်။


“နော်ဝေအနေနဲ့ကတော့ အစိုးရကို သူတို့အနေနဲ့ တတ်နိုင်တဲ့ဘက်က ထဲထဲဝင်ဝင် ကူညီပေးချင်တယ်ပေါ့။ သူတို့ ကတော့ ငြိမ်းချမ်းရေးကို ဦးဆောင်နေတဲ့ ဝန်ကြီး ဦးအောင်မင်းကို သူတို့က သေသေချာချာ ပြောတယ်။ ဦးအောင်မင်း ကလည်း စစ်ပြေး ဒုက္ခသည်တို့၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအတွက်ကို အကူအညီတွေ အများကြီးလိုမှာ ဆိုတဲ့ အခါကျတော့ ကိုယ်တိုင် လာပြီးတော့ လိုအပ်မယ့် အကူအညီတွေကို ရှင်းပြတာပါ။ ကျနော်တို့ အဓိကပြောဖြစ် တာကတော့ တိုင်းရင်းသား လက်နက်ကိုင်တွေ Peace Process တွေကို အဓိက ပြောဖြစ်ပါတယ်။ နော်ဝေက အခုဆိုရင် မြန်မာနိုင်ငံ အပေါ်ကို ထားတဲ့ စီးပွားရေး ပိတ်ဆို့မှု အကုန်လုံးလောက် နီးပါးပေါ့လေ ရုတ်သိမ်း ပေးလိုက်တယ်။”

မြန်မာဘက်ကတော့ ဦးအောင်မင်း ဦးဆောင်တယ်ပေါ့။ နော်ဝေဘက်ကကော ဘယ်သူတွေ ပါပါသလဲ။ နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်ဖို့ အတွက် တခြား ဆွေးနွေးမှုတွေ ရှိခဲ့သေးလား။

“ကျနော်တို့ နိုင်ငံခြားရေးဝန်ကြီးနဲ့လည်း တွေ့တယ်၊ ဖွံ့ဖြိုး တိုးတက်ရေး ဝန်ကြီးနဲ့လည်း မနေ့က တွေ့ဖြစ်တယ်ပေါ့။ တနေ့ညမှာ တုန်းကတော့ နိုင်ငံခြားရေး ဝန်ကြီး၊ ဒုဝန်ကြီး၊ ဖွံ့ဖြိုးရေးဝန်ကြီး ဒုဝန်ကြီးတို့နဲ့ တွေ့ဖြစ်ပါတယ်။ နော်ဝေနဲ့ မြန်မာနိုင်ငံနဲ့က နော်ဝေ ဘက်ကသာ လာတာရှိတယ်။ မြန်မာနိုင်ငံဘက်က အစိုးရလူကြီး တယောက်အနေနဲ့ ဒါဟာ ပထမဆုံး အကြိမ် လာလည်တဲ့ အကြိမ်လည်း ဖြစ်ပါတယ်။ ဦးအောင်မင်းကလည်း ပြောပြပါတယ်၊ သမ္မတကြီး အနေနဲ့ လည်း အဲဒါတွေကို ဖြစ်စေချင်တဲ့ အတွက် သူ့ကို တာဝန်ပေးပါတယ် ဆိုတဲ့အကြောင်း ပြောပါတယ်။”

ဆရာတို့ ခရီးစဉ်အတွင်းမှာပဲ နော်ဝေက ပိတ်ဆို့မှုတချို့ ရုတ်သိမ်းကြောင်း ကြေညာတယ်။ ဆရာတို့ ခရီးစဉ်နဲ့ ဘယ်လို ပတ်သက်မှု ရှိပါသလဲ။

“နော်ဝေ နိုင်ငံခြားရေးဝန်ကြီးကလည်း ဦးအောင်မင်းကို ပြောပါတယ်။ သူတို့ ဒီလိုလုပ်ဖို့ အစီအစဉ် ရှိထားပြီးသား။ ဒါပေမယ့် အဲဒီဟာကို နော်ဝေနိုင်ငံကို ဝန်ကြီးဦးအောင်မင်း လာလည်တာကို ကြိုဆိုဂုဏ်ပြုတဲ့ အနေနဲ့ ဝန်ကြီးရောက်တဲ့ နေ့ပေါ့။ ရောက်ပြီး ၆ နာရီ ဝန်းကျင်လောက် အကြာမှာ နိုင်ငံခြားရေး ဝန်ကြီး ကိုယ်တိုင် ပိတ်ဆို့မှု ရုပ်သိမ်းကြောင်း ကြေညာပါတယ်။ နော်ဝေ နိုင်ငံခြားရေး ဝန်ကြီးကလည်း ပွင့်ပွင့်လင်းလင်းကို ပြောပါတယ်။ ဝန်ကြီးလာမယ့်နေ့ကို တမင်လုပ်တာပါလို့ ပြောပါတယ်။”

ပိတ်ဆို့မှု ရုပ်သိမ်းရတဲ့ အကြောင်းရင်းကကော ဘာဖြစ်မလဲ။

“မြန်မာနိုင်ငံအနေနဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု လုပ်တာတွေ အားလုံးကိုလည်း သူတို့ အသိအမှတ် ပြုတယ်။ ဦးအောင်မင်းနဲ့ အစိုးရ အဖွဲ့ဝင် လူကြီးတွေ၊ အစိုးရအဖွဲ့ဝင်တွေ ငြိမ်းချမ်းရေး အတွက် ဆောင်ရွက် နေတာကိုလည်း အားရတယ်ပေါ့။ ကြိုဆိုတယ်ပေါ့။ ဒါတွေအတွက်ကို အသိအမှတ်ပြုတဲ့ အနေနဲ့ ပိတ်ဆို့မှုတွေ ရုပ်သိမ်း ပေးတယ်ပေါ့။ ရှေ့ဆက်ပြီးတော့ ရင်းနှီး မြှုပ်နှံမှုတွေနဲ့ ပတ်သက်လို့ အစိုးရ အတွင်းမှာရှိတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်တဲ့နေရာတွေမှာ သူတို့ တတ်နိုင်တာ တွေကိုဝင်ပြီး ကူညီပေးဖို့အတွက် လုပ်မယ်လို့လည်း ပြောပါတယ်။”

ခုနပြောတဲ့ ငြိမ်းချမ်းရေး ကိစ္စ၊ စစ်ပြေးဒုက္ခသည်တွေကိစ္စ နော်ဝေက ဘယ်လိုကူညီဖို့ရှိလဲ ခင်ဗျာ့။


“အခုလောလောဆယ် ကျနော်တို့ ငြိမ်းချမ်းရေးတွေ လုပ်နေကြတယ်။ စစ်ပြေး ဒုက္ခသည်တွေ ပြန်ခေါ်ဖို့ကိစ္စ ရှိတယ်ပေါ့။ အစိုးရ ဘက်ကလည်း တတ်နိုင်သလောက် လုပ်မယ်ဆိုပေမယ့် ကျနော်တို့ တိုင်းပြည် အခြေအနေအရ ဘဏ္ဍာရေး လိုအပ်ချက်တွေ ရှိနေတဲ့ အခါကျတော့ နော်ဝေ အနေနဲ့ ဘယ်လို ကူညီပေးမလဲ ဆိုတောတွေ ဆွေးနွေး ကြပါတယ်။ နောက်ပြီး နော်ဝေက ဒီကိစ္စတွေနဲ့ ပတ်သက်လို့ အတွေ့အကြုံတွေ အများကြီးရှိတော့ ဘယ်လို အကောင်းဆုံးဖြစ်မယ် ဆိုတဲ့ဟာကို အစိုးရနဲ့ ပေါင်းပြီးတော့ Road Map တခုကို လုပ်မယ်ဆိုတာလည်း ဆွေးနွေးကြတာ တွေ့ရပါတယ်။ ရေတို လုပ်ငန်းကတော့ စစ်ပြေး ဒုက္ခသည်တွေကို ပြန်ခေါ်ဖို့ လုပ်တော့မယ်။ ရွာတွေ ပြန်ဆောက်ဖို့ သူတို့အတွက် နေရာထိုင်ခင်း အဆင်ပြေဖို့ အတွက် စားဝတ်နေရေး အဆင်ပြေဖို့၊ အလုပ်တွေ ဘာတွေ ခေါ်ဖို့ အကူအညီပေးဖို့အတွက် သဘောတူညီချက်တွေ ရထားပြီးပါပြီ။”

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်ပြီးတော့ကော ဆွေးနွေးမှုတွေ ရှိသေးလား။


“နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်လို့ အခွန်တွေ ဘာတွေ ကောက်မယ်ဆိုရင် ဘယ်လိုပုံစံနဲ့ ကောက်သင့် သလဲ။ အခွန်နဲ့ ပတ်သက်လို့ ပြုပြင်ပြောင်းလဲဖို့ တည်ဆောက်ရေး လုပ်ငန်းတွေ၊ ဆက်သွယ်ရေး လုပ်ငန်းတွေ၊ ခရီးသွား လုပ်ငန်းတွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ အနေနဲ့ တိုင်းပြည် အခြေအနေနဲ့ ဒေသတွင်း အခြေအနေကို ကြည့်ပြီးတော့ ဘယ်လို လုပ်မလဲ ဆိုတာကို သူတို့ ဘက်ကလည်း အကြံပြုချက်တွေ ပေးမယ်လို့လည်း ပြောပါတယ်။”

ဒါတွေကတော့ သူ့ဘက်က ပေးမှာတွေပေါ့လေ။ ကိုယ့်ဘက်က ပြန်ပေးရတာကော မရှိနိုင်ဘူးလား။


“နော်ဝေ ဝန်ကြီး နှစ်ပါးလုံး ပြောတဲ့အထဲမှာ ကောင်းတဲ့အချက်က ဘာလဲဆိုတော့ သူတို့က သူငယ်ချင်း တယောက် အနေနဲ့ အတွေ့အကြုံကို ဖလှယ်မယ်၊ ဝေမျှမယ်၊ မြန်မာအစိုးရ ဘက်က တောင်းဆိုလာတဲ့ အကြံဉာဏ်တွေကို သူတို့ဘက်က တတ်နိုင်သလောက် ကူညီမယ်ပေါ့။ ဟိုတုန်းက အနောက် နိုင်ငံကြီးတွေက ကူညီကြပြီ ဆိုရင် နိုင်ငံငယ်တွေ အပေါ်မှာ သူတို့ ဖြစ်စေချင်တာတွေကို ဇွတ်အတင်း လုပ်ခိုင်းတာတွေကို နော်ဝေက ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူးဆိုတာလည်း ပြောသွားပါတယ်။”

ဆရာ ခုနပြောတဲ့ တည်ဆောက်ရေး လုပ်ငန်းတွေ၊ ဆက်သွယ်ရေး လုပ်ငန်းတွေ၊ ခရီးသွား လုပ်ငန်း တွေကကော ဘယ်တော့လောက် အကောင်အထည် ဖေါ်ဖို့ ရှိလဲ။


“အသေးစိတ်ကတော့ ကျနော်တို့ ဒီမှာ ဆွေးနွေးဖို့ အချိန်မရှိဘူးလေ။ ရင်းနှီးမြှုပ်နှံမှုတွေ အတွက် အကောင်းဆုံး ဘယ်လို လုပ်ရမလဲ ဆိုတာကို ဦးစားပေးပြီးတော့ လုပ်မလဲ ဆိုတာမျိုးကိုပဲ ပြောပါတယ်။ သူတို့ ရှေ့ဆက်ပြီးတော့ ဘယ်လိုလုပ်မလဲ ဆိုရင်တော့ မြန်မာပြည်မှာ ရှိပြီးသား စနစ်တွေကို ဘယ်လို ကောင်းအောင်လုပ်မလဲ ဆိုတာမျိုးတွေ ကိုတော့ သူတို့ အကြံပေးဖို့ရှိတယ်။ သူတို့ရဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက ကိုယ်စားလှယ်တွေကို မြန်မာနိုင်ငံကို လွှတ်ပြီးတော့ ဆွေးနွေး တိုင်ပင် ကြပါလိမ့်မယ်။ တချို့ ဟာတွေက ကျနော်ပြောရတာခက် သူတို့ Date တွေ ဘာတွေတော့ ပြောနေပြီ ဒါပေမယ့် သေသေချာချာ ချမှတ်ထားတာ မဟုတ်တဲ့ အတွက် ကျနော် မပြောချင်ဘူး။ ဒါပေမယ့် ပြောနိုင်တာ တခုက သူတို့ အမြန်ဆုံး ဆက်ပြီး ဆောင်ရွက်နိုင်အောင် သူတို့ လုပ်ကြလိမ့်မယ်။ နော်ဝေက ဝန်ကြီးတွေ ကလည်း မကြာခင်အချိန်မှာ မြန်မာနိုင်ငံကို သွားနိုင်အောင် သူတို့ ကြိုးစားမယ် ဆိုပြီးတော့ ပြောလာပါတယ်။”

မြန်မာ ကိုယ်စားလှယ်အဖွဲ့ကကော ဘာတွေ တင်ပြခဲ့ပါသေးလဲ။
“ကျနော်တို့ဘက်ကတော့ ဒီအချိန်မှာ အစိုးရက ပြုပြင်ပြောင်းလဲမှုတွေကို လုပ်နေတယ်။ နော်ဝေလို နိုင်ငံမျိုးက စီးပွားရေးလည်း အရမ်းကို အောင်မြင်နေတယ်။ ပို့ဆောင်ရေး လုပ်ငန်းတွေလည်း အရမ်းကို စနစ်တကျနဲ့ သွားနေ တယ်။ ထိုနည်းတူစွာပဲ တည်ငြိမ်တဲ့ ဒီမိုကရေစီ နိုင်ငံတတခု ဖြစ်တဲ့ အခါကျတော့ မြန်မာနိုင်ငံ အနေနဲ့ နော်ဝေနိုင်ငံ ဆီကနေ သင်ခန်းစာတွေ အများကြီး ယူလို့ရမယ်။ ဒါတွေနဲ့ ပတ်သက်ပြီးတော့ ခင်ခင်မင်မင် ရင်းရင်းနှီးနှီးနဲ့ လုပ်ပေးဖို့ အဓိကထား ပြောပါတယ်။ နော်ဝေအနေနဲ့ မြန်မာနိုင်ငံကို တခြားနိုင်ငံတွေက ဘယ်လိုကူညီသင့်တယ်ဆိုတာကို ဝိုင်းပြောပေးဖို့ ပြောပါတယ်။”

နော်ဝေက မြန်မာနဲ့ ဆက်ဆံရေးတိုးမြှင့်ဖို့ ဆရာပြောခဲ့တာ ရှိတယ်။ ဆိုတော့ ဒါကိုကော ဘယ်လို ဆက်လုပ် သွားမလဲ။

ဒါတွေအားလုံးကို အဆင်ပြေနိုင်ဖို့ မြန်မာနိုင်ငံမှာ သံရုံးအကြီးတော့မဟုတ်သေးဘူး ယာယီသံရုံးတခု စပြီး ဖွင့်တော့မယ်။ အဲဒါမျိုး သူတို့လုပ်ဖို့ ဆုံးဖြတ်ပြီးသွားပါပြီ။ ဦးအောင်မင်းကို ပြောပြီးပါပြီ။ တဖြည်းဖြည်းနဲ့တော့ ဆက်ဆံရေးက ပိုပြီးမြင့်လာဖို့ အလားအလာတွေ ရှိတာပေါ့။

ဆရာတို့ ခရီးစဉ် အောင်မြင်တယ်လို့ ပြောနိုင်မလား။


“အတိုင်းထက်အလွန်ပါပဲခင်ဗျာ့။ ကျနော်တို့ ရောက်လာတယ်။ ကျနော်တို့က ငြိမ်းချမ်းရေး ကိုယ်စားလှယ် အနေနဲ့ အခုကလည်း ငြိမ်းချမ်းရေး ကိစ္စတွေကို ဆွေးနွေးမှာ ဆိုတော့ ကျနော် လိုက်လာဖြစ်တာပါ။ အရင်တုန်းက ဆိုရင်တော့ ဒီလို ခရီးစဉ်မျိုးကို ကျနော် ကိုယ့်ဟာကိုယ် လာဖူးပါတယ်။ အဲဒီအခါတွေမှာ ကြည့်လိုက်ရင် ပွင့်ပွင့်လင်းလင်း ပြောရရင် မျက်နှာငယ်ရတဲ့ အပိုင်းပေါ့။ ဒါပေမယ့် အခုကျတော့ ပြောင်းပြန် ဖြစ်သွားပြီ။ ကျနော်တို့ မြန်မာနိုင်ငံက အစိုးရလူကြီး တယောက်နဲ့ စကားပြောခွင့်ရတယ် ဆိုတာကိုတည်းက သူတို့က ဂုဏ်ယူစရာ ဖြစ်နေတယ်။ NGO ခေါင်းဆောင်တွေက အစပေါ့။ သမ္မတကြီးကော ဘယ်တော့ လာမှာလဲ။ ဒါမျိုးတွေက အစ သူတို့ မေးလာကြတယ်။ အန်တီ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း သူတို့ ဖိတ်ချင်တယ် ဒါမျိုးတွေ ပြောတယ်။ ဟိုတုန်းက ပြောတယ်ဆိုရင် အန်တီ့ အကြောင်းကိုပဲ အဓိက ထားပြီးပြောတယ်။ အစိုးရ အကြောင်းကို ဘယ်သူမှလည်း မပြောချင်ဘူး။ အခုက မြန်မာနိုင်ငံရဲ့ ခေါင်းဆောင်တွေပဲ ဆိုပြီးတော့ အားလုံး အုပ်စုတစုထဲမှာ ထားပြီးတော့ ပြောတာ တွေ့ရတဲ့ အတွက်
နိုင်ငံရဲ့ Image ဟာ တော်တော်ကြီးကို ကောင်းလာတယ်။ မြန်မာဆိုတာ ဖြစ်ရတာ မျက်နှာငယ်စရာ မရှိတော့ဘူး ဆိုတဲ့ ဟာကို သူတို့အနေနဲ့ ကွက်ကွက်ကွင်းကွင်း မြင်တဲ့အတွက် အဲဒါကိုတော့ အောင်မြင်မှုတခုလို့ ကျနော် မြင်ပါတယ်။”

“ရေရှည်မှာ ကျနော်တို့ တိုင်းပြည် ပြုပြင်ပြောင်းလဲရေးတွေ လုပ်တဲ့အခါမှာ လိုအပ်မယ့် အကူအညီ တွေကတော့ နော်ဝေလို နိုင်ငံကနေ ရဖို့ဆိုတာကတော့ တော်တော်ကြီး သေချာသလောက် ရှိပါတယ်။”

Ref: မဇ္ဈိမ

Read More...

အစိုးရထံ လက်နက်ချသွားသူများမှာ ပြည်သူ့စစ်များဟု KIA ပြော

ဖနိဒါ
ဗုဒ္ဓဟူးနေ့၊ ဧပြီလ ၁၈ ရက် ၂၀၁၂

ချင်းမိုင်(မဇ္စျိမ) ။ ။ မြန်မာအစိုးရထံသို့ လက်နက်ဖြင့် ဝင်ရောက်သွားသူများမှာ ကချင်လွတ်လပ်ရေး တပ်မတော် KIA တပ်ဖွဲ့ဝင်များ မဟုတ်ဘဲ အရပ်သား ပြည်သူ့စစ် အဖွဲ့ဝင်များဖြစ်ကြောင်း KIA ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်က ပြောသည်။

ဗုဒ္ဓဟူးနေ့ထုတ် နိုင်ငံပိုင် ကြေးမုံသတင်းစာတွင် ပါရှိသည့် “ကေအိုင်အေ တပ်ဖွဲ့ဝင် ၄၂ ဦး လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ် ဝင်ရောက်” ဟူသည့် သတင်းအား KIA မှ တုန့်ပြန်လိုက်ခြင်း ဖြစ်သည်။

“ကျနော်တို့ အမြဲတမ်းစစ်သားတွေ မဟုတ်ပါဘူး။ ကျေးရွာအုပ်ချုပ်ရေးနဲ့ တိုက်နယ် အုပ်ချုပ်ရေး ဌာနမှာ ဖွဲ့စည်း ထားတဲ့ ပြည်သူ့စစ် အဖွဲ့ဝင်တွေ ဖြစ်ပါတယ်။ သူတို့ အဖွဲ့ အချင်းချင်း၊ သူတို့ခေါင်းဆောင်နဲ့ သင်္ကြန်ကာလ အတွင်းမှာ ခွင့်တောင်းတာကို ခွင့်မရလို့ စကားများကြပြီးတော့ အဲဒီ နီးစပ်တဲ့ စခန်းကို လက်နက်နဲ့ ဝင်သွားတာ ဖြစ်ပါတယ်”ဟု ဗိုလ်မှူးချုပ် ဂွမ်မော် က မဇ္စျိမကို ပြောသည်။

ကြေးမုံသတင်းစာတွင် ဧပြီလ ၁၆ ရက်နေ့က KIA တပ်မဟာ ၅ မှ တပ်ကြပ်အဆင့်ရှိ ကျော်ဆန်း ဦးဆောင်သော တပ်သား ၃၅ ဦးက လက်နက်မျိုးစုံ ၂၃ လက်နှင့်အတူ မြစ်ကြီးနားမြို့နယ် တာလောကြီး စခန်းသို့ လည်းကောင်း၊ ဧပြီလ ၁၇ ရက်နေ့တွင် မြစ်ကြီးနား တပ်စခန်းသို့ ကေအိုင်အေ တပ်ဖွဲ့ဝင်နှစ်ဦးနှင့် တာလောကြီး တပ်စခန်းသို့ ကေအိုင်အေ တပ်ဖွဲ့ဝင် ငါးဦးက လည်းကောင်း လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ် ဝင်ရောက်လာခဲ့ကြောင်း ဖော်ပြ ထားသည်။

“သင်္ကြန်မှာ အထက်ကို ခွင့်တောင်းတဲ့ကိစ္စကို သင်္ကြန်ဆိုပေမယ့် လုံခြုံရေးအရ အခက်အခဲ ရှိတယ် ဆိုပြီးတော့ စကား များကြတယ်။ စကားများတာက တပ်ဖွဲ့မှူးနဲ့ ဖြစ်တယ်လို့ ပြောတယ်။ စကားများပြီး အဲဒီအဖွဲ့က နီးစပ်ရာစခန်းကို ဝင်သွားတာပါ။ ကျနော်တို့ အဲဒီ တပ်ဖွဲ့မှူးကို ရှာနေတာ သူကလည်း သူ့တပ်တွေ အဲဒီလို ဖြစ်တော့ စိုးရိမ်ပြီးတော့ ရှောင်နေတာနဲ့ ကျနော်တို့ ရှာလို့ မရသေးဘူး”ဟု ဗိုလ်မှူးချုပ် ဂွမ်မော် က ဆက်ပြောသည်။

KIO တွင် မြို့နယ်အဆင့် လက်အောက် ကျေးရွာအလိုက် ပြည်သူ့စစ်အင်အား ၄ သောင်းနီးပါး ဖွဲ့စည်း ထားရှိသည်ဟု ဗိုလ်မှူးချုပ် ဂွမ်မော်က ပြောသည်။

ယခုကဲ့သို့ ပြည်သူ့စစ်တပ်ဖွဲ့များ အစိုးရတပ်များသို့ ဝင်ရောက်သွားခြင်းမှာ ပြည်သူ့စစ် ခေါင်းဆောင်ပိုင်း အုပ်ချုပ်မှု အားနည်း နေခြင်းကြောင့် ဖြစ်ပြီး အဆိုပါ ပြဿနာအား သက်ဆိုင်ရာ တပ်ဖွဲ့များ စုံစမ်းရန် တာဝန်ပေးထားပြီး ဖြစ်ကြောင်း သိရသည်။

KIA တပ်မဟာ ၂၊ ၃၊ ၄၊ ၅ နယ်မြေများတွင် အစိုးရတပ်များနှင့် တိုက်ပွဲများ ဖြစ်ပွားနေဆဲ ဖြစ်သည်ဟု KIA က ဆိုသည်။ အစိုးရဘက်မှ KIA တပ်မဟာ ၂ နယ်မြေအတွင်း ပြီးခဲ့သည့် သင်္ကြန်ရက်များ အတွင်း စစ်ကိုင်းတိုင်း အခြေစိုက် နမခ မှ အနည်းဆုံး တပ်ရင်း ၃ ရင်း ခန့်က ချင်းတွင်းမြစ်မှ ဝင်ရောက် လာနေသည်ဟု ဗိုလ်မှူးချုပ် ဂွမ်မော်က ပြောသည်။

“တိုက်ပွဲက အရင်လောက် မဖြစ်ဘူး။ ဒါပေမယ့် တပ်လှုပ်ရှားမှုတွေ များလာပြီးတော့ အခုက စစ်ကိုင်းတိုင်း နမခ တပ်တွေက ကျနော်တို့ တပ်မဟာ ၂ ဂွင်ထဲကို ဝင်လာတာ ရှိတယ်။ ချင်းတွင်းမြစ် အထက်ပိုင်း ဟူးကောင်းချိုင့်ဝှမ်း ဒေသ၊ ခန္တီးအထက် တနိုင်းမြို့ရဲ့ အောက်ဘက်မှာ ဗျူဟာအလိုက် ဝင်လာတာပါ။ ချင်းတွင်း မြစ်ကြောင်းကနေ ကားနဲ့ရော စစ်လှေတွေနဲ့ ဝင်လာတယ်”ဟု သူက ပြောသည်။

မြန်မာအစိုးရအနေဖြင့် နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးမှု ပုံစံမဟုတ်ဘဲ အပစ်အခတ် ရပ်စဲရေးကိုသာ ဖော်ဆောင်ရန် အတွက် ဖိအား ပေးခြင်း ဖြစ်သည်ဟု KIO က ယူဆနေသည်။ ယနေ့ထိ အစိုရး၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များ ဘက်မှ ထပ်မံ ဆွေးနွေးရန် အကြောင်းကြားလာခြင်း မရှိသေးကြောင်း သိရသည်။

ဗုဒ္ဓဟူးနေ့ထုတ် ကြေးမုံသတင်းစာတွင်မူ ကချင်ပြည်နယ် တည်ငြိမ်အေးချမ်းမှု ညှိနှိုင်းရေးအဖွဲ့နှင့် ကေအိုင်အို/ ကေအိုင်အေ တို့အကြား ၂ဝ၁၁ ခုနှစ် ဇွန်လမှ သြဂုတ်လအတွင်း သုံးကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပြီး ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့နှင့် ကေအိုင်အို/ကေအိုင်အေတို့ အကြား ကေအိုင်အို/ကေအိုင်အေ ဘက်မှ တောင်းဆို သည့်အတိုင်း ရွှေလီမြို့တွင် သုံးကြိမ် တိုင်တိုင် တွေ့ဆုံ၍ ထာဝရငြိမ်းချမ်းရေးနှင့် အပစ်အခတ်ရပ်စဲရေး ညှိနှိုင်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ဟုဆိုသည်။

သို့သော် ထာဝရငြိမ်းချမ်းရေး အလှမ်းကွာဝေးနေရသည်မှာ “တဖက်သတ် သဘောထားအမြင် တင်းမာ ကြသည့် ကေအိုင်အို/ ကေအိုင်အေ ခေါင်းဆောင်ပိုင်း အချို့ကြောင့်” ဟု ကြေးမုံသတင်းစာတွင် ရေးသား ဖော်ပြထားသည်။

Ref: မဇ္ဈိမ

Read More...

Wednesday, April 18, 2012

မြန်မာအပေါ် အမေရိကန် အရေးယူမှု လျှော့ပေါ့ရေး စတင်

အင်္ဂါ, 17 ဧပြီ 2012

မြန်မာနိုင်ငံမှာ လူသားချင်း စာနာမှုဆိုင်ရာ လုပ်ငန်းတွေနဲ့ ဖွံ့ဖြိုးရေး စီမံကိန်းတွေအတွက် အထောက် အကူ ဖြစ်စေမယ့် ငွေကြေး လွှဲပြောင်းမှုတွေကို ခွင့်ပြုတာလို အရေးယူဒဏ်ခတ်မှု တချို့ကို အမေရိကန်ပြည်ထောင်စုက လျှော့ပေါ့ ပေးသွားမယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ကြေညာ လိုက်ပါတယ်။

မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေအပေါ် တုံ့ပြန်တဲ့အနေနဲ့ ပိတ်ဆို့ ဒဏ်ခတ် မှုတွေ လျှော့ပေါ့ ပေးသွားမယ့် အစီအစဉ် တစိတ်တပိုင်း အဖြစ် အမေရိကန် ဘဏ္ဍာရေး ၀န်ကြီးဌာနက အင်္ဂါနေ့မှာ ကြေညာလိုက်တာပါ။

ကောင်းမွန်တဲ့အုပ်ချုပ်ရေး၊ ကျန်းမာရေး၊ ပညာရေးနဲ့ အားကစားတို့လို ကဏ္ဍတွေမှာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း တွေရဲ့ စီမံကိန်းတွေ အတွက် ငွေကြေး လွှဲပြောင်းမှုတွေကို အမေရိကန် ဘဏ္ဍာရေး ၀န်ကြီး ဌာနရဲ့ ပြည်ပပိုင်ဆိုင်မှု ကြီးကြပ်ရေး ဌာနက ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်လို့ အမေရိကန်နိုင်ငံခြားရေး ဌာနပြောခွင့်ရ Mark Toner က အင်္ဂါနေ့ကပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

မြန်မာနဲ့ အမေရိကန် လူထုကြား ပူးပေါင်းဆောင်ရွက်မှုတွေ အားကောင်းလာစေဖို့ ရည်ရွယ်ပြီး အမေရိကန် ပုဂ္ဂလိက အဖွဲ့အစည်းတွေ လူပုဂ္ဂိုလ်တွေကို ပရဟိတ လုပ်ငန်းတွေမှာ ၀င်ရောက်လုပ်ကိုင်လာအောင် အားပေးလိုတာကြောင့် အခုလို ဆောင်ရွက်ရတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဧပြီလတစ်ရက်နေ့ မှာ မြန်မာအစိုးရက လွှတ်တော်ကြားဖြတ် ရွေးကောက်ပွဲတွေ ကျင်းပခဲ့တဲ့နောက် အမေရိကန်အပါအ၀င် အရေးယူဒဏ်ခတ်မှုတွေ ချမှတ်ထားတဲ့ နိုင်ငံတွေက ပိတ်ဆို့ထားတာတွေကို လျှော့ပေါ့လာခဲ့ကြတာ ဖြစ်ပါ တယ်။

ဥရောပသမဂ္ဂ (EU) ကလည်း မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်မှုတွေကို ဒီသီတင်းပတ်ကုန် ပြန်ပြောင်း သုံးသပ်ဖို့ ရှိနေရာမှာ လျှော့ပေါ့ပေးမယ့် အရိပ် အယောင်တွေ ပြသနေပါတယ်။ အစိုးရအရာရှိတွေ အပေါ် ပြည်ဝင်ခွင့် ဗီဇာ ပိတ်ပင်ထားတာတွေ ဇန်န၀ါရီလမှာ ဖယ်ရှား ပေးလိုက်ပြီးတဲ့နောက် ဒီလကုန်ပိုင်းမှာ နောက်ထပ် ထပ်မံ လျှော့ပေါ့ပေးဦးမှာ ဖြစ်တယ်လို့လည်း EU နိုင်ငံခြားရေးရာ အကြီးအကဲ Catherine Ashton က အင်္ဂါနေ့မှာ ပြောလိုက်တာ ဖြစ်ပါတယ်။

Ref: VOA News

Read More...

ဒေါ်စု မိခင်ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း အလှူ ကော့မှူးမှာ မဲဖောက်

ကျော်ကျော်သိန်း
အင်္ဂါ, 17 ဧပြီ 2012

ဧပြီလ ၁၆ ရက်နေ့ကမှ ထူထောင်လိုက်တဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဒီကနေ့မှာတော့ ကော့မှူး မြို့နယ် မှာ ဒေသ ဖွံ့ဖြိုးရေး အတွက် ရန်ပုံငွေကို မဲဖောက် လှူဒါန်းခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် သွားရောက်ပြီးတော့ မြန်မာ့ ရိုးရာ နှစ်သစ်ကူး အခမ်းအနား တခုနဲ့အတူ ရန်ပုံငွေတွေ မဲဖောက်ပေး ခဲ့တာပါ။ ရန်ပုံငွေ မဲပေါက်တဲ့ ကျေးရွာတွေအနေနဲ့ သူတို့ရွာရဲ့ လိုအပ်ချက်ကို ကိုယ့်ဘာသာ စုစည်းတိုင်ပင်ပြီး ဘာလုပ်မယ်ဆိုတာကို ဆုံးဖြတ်ကြရမှာဖြစ်တယ်လို့ ခရီးစဉ်မှာ ပါဝင်သွားတဲ့ NLD တာဝန်ရှိသူ တဦးက ဗွီအိုအေကိုပြောပါတယ်။ အပြည့်အစုံကို ဘန်ကောက်ကနေ ဆက်သွယ်မေးမြန်း ထားတဲ့ ကိုကျော်ကျော်သိန်း က သတင်း ပေးပို့ထားပါတယ်။

ကွယ်လွန်သူ မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည်ရဲ့ အသက် ၁၀၀ ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ကမကထ ပြုပြီးတော့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို ထူထောင်ခဲ့တာဖြစ်ပြီး ဖောင်ဒေးရှင်းရဲ့ ပထမဆုံး အလှူဒါနကို မြန်မာနှစ်ဆန်း တရက်နေ့ ကော့မှူးမြို့နယ် မှာ သွားလုပ်ခဲ့တာပါ။ ဒီခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည် နဲ့ အတူ နာမည်ကျော် ရုပ်ရှင် သရုပ်ဆောင်တွေ၊ အဆိုတော်တွေလည်း လိုက်ပါသွားခဲ့ပြီး လူထုကို ဖျော်ဖြေ ခဲ့ကြပါတယ်။

အခမ်းအနားအဖွင့်မှာ ဒေါ်အောင်ဆန်းစုကြည်က အနုပညာရှင်တွေရဲ့ အခန်းကဏ္ဍနဲ့ပတ်သက်ပြီး အခုလို ပြောခဲ့ပါတယ်။

- အနုပညာရှင်များ ကျမတို့ရဲ့ လုပ်ငန်းမှာ ပါဝင်လာတာဟာ ကျမတို့နိုင်ငံအတွက် အင်မတန်ကောင်း တဲ့ လက္ခဏာ ဖြစ်ပါတယ်။ အနုပညာရှင်ဆိုတာဟာ ရိုးရိုးစကားနဲ့ အဓိပ္ပါယ်ဖော်ရမယ်ဆိုရင် အနုအယဉ် အလှကို ဖော်ဆောင်ပေးတဲ့ သူတွေ ဖြစ်ပါတယ်။

ဒီကနေ့လုပ်ခဲ့တဲ့အစီအစဉ်အသေးစိတ်၊ နှစ်သစ်ကူးအခမ်းအနား နဲ့ ရန်ပုံငွေ မဲဖောက်ပေးခဲ့တဲ့ အကြောင်းတွေ ကို ဒေါ်အောင်ဆန်း စုကြည် ရဲ့ လုံခြုံရေး တာဝန်ခံ ဦးခွန်သာမြင့်က ဗွီအိုအေကို ရှင်းပြ ပါတယ်။

- ကော့မှူးကို မနက်က ရောက်ရောက်ချင်းမှာတော့ ဘုန်းကြီးကျောင်း သွားတယ်၊ ဘုန်းကြီးကို သက်န်း ကပ်ပါတယ်၊ ငါးပါးသီလ ခံပါတယ်။ နောက် ဘုန်းကြီးကျောင်းနဲ့ ကပ်လျက် လယ်ကွင်းထဲမှာ ထိုးထားတဲ့ စင်၊ အရင် မဲဆွယ်စည်းရုံးစဉ် ကာလတုန်းက ထိုးထားတဲ့ ကွင်းပါပဲ၊ နေရာတော့ မတူ ဘူးပေါ့။ ပြီးတော့ အခမ်းအနားဖွင့်ပြီး ဒေါ်အောင်ဆန်းစုကြည်က အမှာစကား ပြောပါတယ်။ သွားတဲ့ ရည်ရွယ်ချက်လေး ပြောပြတယ်။ အဆိုတော်တွေ ရုပ်ရှင်မင်းသား မင်းသမီးတွေ ပါပါတယ်။ သူတို့က သီချင်း ဆိုပြီးတော့ နှစ်သစ်ကို ကြိုတယ်ပေါ့ဗျာ။ အဲဒါပြီးတော့ မဲနှိုက်တဲ့ အစီစဉ်ပေါ့။ မဲနှိုက်နေတုန်းမှာ အဆိုတော်တွေက ဖျော်ဖြေတယ်။ ပြီးတော့ ကြေညာတယ်။ အဆိုတော်တွေက ဆက်ဖျော်ဖြေ တယ်။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ပါ စင်ပေါ်တက် နှုတ်ဆက်ပြီးတော့ အခမ်းအနား ပိတ်လိုက်ပါ တယ်။

ပထမဆုက ကျပ် ၁၇၅ သိန်း၊ ဒုတိယဆုက ကျပ် ၇၅ သိန်းနဲ့ တတိယဆုက ကျပ်သိန်း ၅၀ အသီးသီး သတ်မှတ် ထားတဲ့ ရန်ပုံငွေ အလှူ မဲဖောက်ရာမှာတော့ ကော့မှူးမြိ့နယ်၊ ၀ါးဘလောက်သောက် ကျေးရွာ အုပ်စုထဲက သမာမတ်ကျေးရွာက ပထမဆုမဲကို ပေါက်သွားတဲ့ အကြောင်း ဦးခွန်သာမြင့်က ဆက်ပြော ပါတယ်။

- ပထမဆုံးဖောက်တဲ့ တတိယဆုက ပုပ္ပါးကျေးရွာအုပ်စု၊ အဲဒီကျေးရွာအုပ်စုမှာလည်း ပုပ္ပါးက တရွာ တည်း ရှိပါတယ်။ ပုပ္ပါးရွာ ရတယ်။ ဒုတိယကတော့ စရိုင်မွတ်၊ စရိုင်မွတ်ကလည်း တရွာတည်းရှိတယ်။ ဒုတိယဆုရတယ်။ နောက်ဆုံး ပထမဆုကိုတော့ ၀ါးဘလောက်သောက် ကျေးရွာအုပ်စု ပေါက်ပါတယ်။ အဲဒီထဲကမှ သမာမတ်ဆိုတဲ့ ရွာ။ အဲဒီရွာက ပထမဆု ရသွားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဧပြီလ ၁ ရက်နေ့က ကျင်းပ ခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲ မှာ ကော့မှူးမြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်ကနေ ၀င်ရောက် ယှဉ်ပြိုင်ပြီး ရွေးကောက် တင်မြှောက် ခံခဲ့ရတာ ဖြစ်ပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲကျင်းပတဲ့နေ့မှာ ကော့မှူးမြို့နယ်က မဲဆန္ဒရှင်တချို့နဲ့ ဗွီအိုအေက တွေ့ဆုံမေးမြန်း ခဲ့တာမှာ ဒေသဖွံ့ဖြိုး တိုးတက်ရေး အတွက် ဒေါ်အောင်ဆန်းစုကြည် လုပ်ဆောင်ပေးနိုင်မယ် လို့ မျှော်လင့် ထားတဲ့ မဲဆန္ဒရှင်မျိုးကိုလည်း တွေ့ခဲ့ရဖူးပါ တယ်။ အခုလို ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေအလှူ မဲဖောက်ပေးပြီးတော့ ဆုမဲပေါက်တဲ့ ရွာတွေက ရွာသားတွေကိုယ်တိုင် ဘာလုပ်မယ် ဆိုတာကို ရွေးချယ် ဆုံးဖြတ်ကြရမှာပါလို့ ဦးခွန်သာမြင့်က ပြောပါတယ်။

- ခုဟာက ရွာသားတွေကို သူတို့ကိုယ်ပိုင် သူတို့ ဆုံးဖြတ်ချက် ပြဋ္ဌာန်းချက်အတိုင်း လုပ်ဖို့ လေ့ကျင့်ပေးတဲ့ သဘော၊ ကျနော်တို့က မြင်ချင်တာပေမဲ့ သူတို့လိုတာ ဖြစ်ချင်မှ ဖြစ်နေမှာပေါ့၊ အဲတော့ သူတို့ ဆုံးဖြတ်ပါလိမ့်မယ်။ ဒေသခံ NLD က ကိုယ်စားလှယ်တယောက်တော့ ပါမှာပေါ့။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးတာဝန်ခံ ဦးခွန်သာမြင့်ပါ။

ဖောင်ဒေးရှင်းတခုကို နာမည်နဲ့တကွ ထူထောင်ပြီး ဂုဏ်ပြုခံရတဲ့ မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည်ဟာ မြန်မာ့ လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဇနီးဖြစ်သလို ပထမဆုံး အမျိုးသမီး သံအမတ်ကြီး လည်း ဖြစ်ခဲ့သူပါ။ အသက် ၇၇ နှစ်အရွယ်၊ ၁၉၈၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ လေဖြတ်တဲ့ဝေဒနာ ကို ဒုတိယအကြိမ် ခံစားရပြီး ကွယ်လွန် သွားခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်က ဗြိတိန်နိုင်ငံမှာ မိသားစုနဲ့ အတူ နေထိုင်နေခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နာမကျန်းဖြစ်နေတဲ့ မိခင်ကြီးကို ပြုစုဖို့ မြန်မာနိုင်ငံ ဆီ ပြန်လာပြီးတဲ့နောက် ၈ လေးလုံး လူထုလှုပ်ရှားမှုကြီးနဲ့ ကြုံတွေ့ရပြီး မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားမှု ရဲ့ ခေါင်းဆောင် ဖြစ်လာခဲ့တာပါ။

Ref: VOA News

Read More...

ကေအိုင်အေတပ်သား ၃၅ ယောက် အစိုးရထံ လက်နက်ချ

မိုးဇော်
အင်္ဂါ, 17 ဧပြီ 2012

ကချင်လွတ်လပ်ရေးတပ်မတော် KIAက အကြပ်တပ်သား ၃၅ယောက်က လက်နက်မျိုးစုံ ၂၃ လက်နဲ့ အတူ ပြီးခဲ့တဲ့ သင်္ကြန် အတက်နေ့က ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် တာလောကြီးရွာမှာ အခြေချနေတဲ့ အစိုးရ တပ် စခန်းကို လာရောက် လက်နက် ချခဲ့ပါတယ်။ ဒေသခံတွေကတော့ ဒီလို လက်နက် ချလာ သူတွေ ဟာ KIAက အဓမ္မ တပ်သားသစ် စုဆောင်းခံရ သူတွေ ဖြစ်တာကြောင့် ပြန်လာတာ ဖြစ်ကြောင်း ပြောဆိုပြီး KIA ဘက်ကို ဆက်သွယ် မေးမြန်းရာမှာတော့ ဒီသတင်း မကြားသိသေးကြောင်း နဲ့ အတင်းအကျပ် ကောက်ယူတာ မရှိကြောင်း ငြင်းဆို ထားပါတယ်။ ဒီသတင်း အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးမှာ ဖြစ်ပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIAက တပ်ကြပ်ကျော်ဆန်း ဦးဆောင်တဲ့ အဖွဲ့ဝင် ၃၅ယောက် ဟာ မြစ်ကြီးနား မြို့နယ် တာလောကြီး ကျေးရွာမှာ အခြေချနေတဲ့ ခလရ ၃၇ တပ်စခန်းကို ဒီလ ၁၆ရက်နေ့ မနက်ပိုင်း က လက်နက်ချ ၀င်ရောက်လာတာ ဖြစ်ပါတယ်။

ဒီလို ၀င်ရောက်လာသူတွေကို ခလရ ၃၇က ဒုရင်းမှုးက လက်ခံပြီး နေရာချထားပေးတယ်လို့ တာလောကြီး ရွာသား တယောက်က ပြောပါတယ်။

- သူတို့က သူတို့ကို ဦးဆောင်ခဲ့တဲ့ စစ်ကြောင်းမှုးကိုတော့ မပါလာဘူး။ သူက ကချင်လေ။ သူနဲ့ အပြန်အလှန် ဖြစ်ပြီးမှ သူတို့ တပ်စိတ်မှုးတွေပဲ အချင်းချင်း ညှိနှိုင်းပြီးမှ ဒီဘက် ထွက်ခဲ့ကြတာ။ သူတို့ ၃၅ ယောက်။ လက်နက်မျိုးစုံ ၂၃ လက် ပါတယ်။ အားလုံး အမှတ် ၃၇ သူတို့ တူးအိုင်စီ ကိုယ်တိုင် အဲဒီ ကိစ္စကို နေရာ ချထားပေးတယ်။ ကောင်းကောင်းမွန်မွန်ပဲ။

ပြန်လည်ဝင်ရောက်လာသူတွေဟာ ရှမ်း၊ ဗမာနဲ့ ကချင် လူမျိုးတွေဖြစ်တယ်လို့ လည်း ပြောပါတယ်။

အခုလို ပြန်လည်ဝင်ရောက်လာသူတွေဟာ သူတို့ စိတ်ဆန္ဒမပါဘဲ အမှုထမ်းရသူတွေဖြစ်တာကြောင့် ပြန် လာတာ ဖြစ်တယ်။ ဒီလို ပြန်လာတာကြောင့် သူတို့ ရွာလုံခြုံရေး ထိခိုက်မှာလည်း စိုးရိမ် နေရတယ်လို့ တာလောကြီး ရွာသားက ဆက်ပြောပါတယ်။

- သူတို့က KIA တွေ ပေါ်တာဆွဲပြီး ဖမ်းသွားတာတွေ၊ နောက်တခါ ဖိအားပေးပြီး စာနဲ့ ဆင့်ပြီး ခြိမ်းခြောက် ခေါ်ခံရသူတွေ၊ နောက်ဆုံး လုပ်ငန်းခွင်မှာ အဖမ်းအဆီး ခံရတဲ့ ကလေးတွေ ချည်း ပဲ။ ပြဿနာတော့ ရှာမှာပဲ။ အရင့်အရင် ဒါမျိုး ထွက်ခဲ့သူတွေကို မိသားစုကို ရန်ရှာတာတို့၊ သူတို့ ဆွေမျိုးတော်စပ်သူကို ရန်ရှာတာတို့ အစဉ်အလာ ရှိခဲ့ဖူးတယ်။ အခုလည်း ပြောလို့ မရဘူးလေ။ သူတို့ လုပ်ရိုး လုပ်စဉ်တွေ ဆိုတော့ ရှာဖို့တော့ များပါတယ်။ အစိုးရက ဘယ်လောက်ထိ ကာကွယ်ပေးနိုင် မလဲ ဆိုတော့ ဒီလုပ်ငန်းခွင် မှာတော့ တာဝန်ယူကာကွယ်လို့ မရပေမဲ့ ကျေးရွာ တခုလုံး လုံခြုံမှုကိုတော့ အမှတ် ၃၇ ကနေ တာဝန်ယူပြီး စောင့်ရှောက် ပေးနေတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး ကချင်လွတ်လပ်ရေးအဖွဲ့ KIOက ပြောရေးဆိုခွင့် ရှိသူတွေကို ဆက်သွယ်ရာ မှာတော့ ဖုန်း ခေါ်ဆိုလို့ မရခဲ့ပါဘူး။

KIA အဆင့်မြင့် အရာရှိတယောက်ကတော့ လက်နက်ချတဲ့သတင်းကို အတိအကျ မသိ ရသေးကြောင်း ပြောပါတယ်။ ဒေသခံတွေ ပြောသလို KIA က အတင်းအကျပ် စစ်သား စုဆောင်း ကောက်ယူ သလား ဆိုတာကိုတော့ KIA အရာရှိက အခုလို ဖြေပါတယ်။

- မူဝါဒတော့ အဲလို မရှိဘူး။ ဒါမျိုးတော့ မရှိဘူးလေ ကျနော်တို့က။ ဟိုဘက် ရောက်သွားရင်တော့ အဲလိုပဲ ပြောရမှာပေါ့ကွာ။ အဲလို မပြောရင်တော့ သက်သာမှာ မဟုတ်ဘူးလေ။

လောလောဆည်မှာတော့ ကချင်ပြည်နယ် ၀ိုင်းမော်ဒေသ၊ မိုးမောက်ဒေသနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ဘက်တွေမှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။

KIA နဲ့ မြန်မာအစိုးရတပ်တွေအကြားမှာ ၁၇နှစ်ကြာ အပစ်အခတ်ရပ်စဲခဲ့ရာက တိုက်ပွဲတွေ ပြန်လည် စတင် နေတာ အခုဆိုရင် ၁၀ကျော်လာပြီ ဖြစ်ပါတယ်။

ဒီတိုက်ပွဲပြန်စခဲ့တဲ့ အစောပိုင်း ၂လတာ ကာလအတွင်းမှာ အစိုးရတပ်တွေက အမျိုးသမီးနဲ့ မိန်းကလေး ငယ် ၃၇ ယောက်ကို အဓမ္မ ပြုကျင့်ခဲ့ပြီး ၁၃ယောက်သတ်ဖြတ်ခဲ့တယ်လို့ ကချင်အမျိုးသမီးအဖွဲ့က အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။

အစိုးရပိုင်သတင်းစာတွေကတော့ KIA အဖွဲ့တွေက လမ်း၊ တံတားတွေ၊ မီးရထားသံလမ်းတွေကို မိုင်းခွဲ ဖျက်ဆီး ခဲ့ကြောင်း နဲ့ အဓမ္မ လူသစ်ကောက်ယူစုဆောင်းနေကြောင်း သတင်းစာတွေမှာ ဖော်ပြခဲ့ကြပါတယ်။

အခုလက်ရှိအချိန်မှာတော့ လောလောဆည်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒုက္ခသည် ၆သောင်းလောက် ဟာ ကချင်ပြည်နယ်အတွင်း မြို့ကြီးတွေနဲ့ တရုတ်မြန်မာနယ်စပ်ဒေသဘက်တွေကို ထွက်ပြေး တိမ်းရှောင်နေ ရ ပါတယ်။

KIO ကိုယ်စားလှယ်တွေနဲ့ မြန်မာအစိုးရရဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးကိုယ်စားလှယ်တွေအကြားမှာ ကချင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးရရှိဖို့ အနည်းဆုံး ၃ကြိမ်ဆွေးနွေးခဲ့ပေမဲ့ ဒီကနေ့အထိတော့ မအောင်မြင်သေးပါဘူး။

Ref: VOA News

Read More...

အပေါ်သို့