..............................

Wednesday, December 31, 2008

သုညဘဝ သာသနာ

ဂါမဏိ

အချိန်မှာ ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလ (၁၈) ရက်။

နေရာကား ယခင်က မေမြို့ဟုခေါ်သော ပြင်ဦးလွင်မြို့။

နံနက်ပိုင်း၌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် တပ်မတော်သာသနာပြု တက္ကသိုလ် ဗိုလ်လောင်း သင်တန်း အပတ်စဉ် (၁) သင်တန်းဆင်းပွဲသို့ တက်ရောက်ပြီး သင်တန်းဆင်းမိန့်ခွန်း ပြောကြားခဲ့သည်။ မိန့်ခွန်းမမြွက်ကြားမီ ဗိုလ်လောင်းများက ချီတက်အလေးပြုသည်ကို ခံယူပြီး စစ်ရေးပြ ဗိုလ်လောင်းများအား စစ်ဆေးကြည့်ရှုခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးက သင်တန်းဆင်းမိန့်ခွန်း ပြောကြားရာ၌ ယခု သင်တန်းဆင်းမည့် ဗိုလ်လောင်း များသည် မြန်မာနိုင်ငံတွင် သန့်ရှင်းစစ်မှန်သည့် ထေရဝါဒ ဗုဒ္ဓသာသနာ ထွန်းကားပြန့်ပွားရေးအတွက် အမာခံ တာဝန်ယူရမည့် ရဲဘော်များဖြစ်ကြောင်း၊ တာဝန်ချထားရာ နယ်မြေများရှိ ဘုန်းတော်ကြီးကျောင်းများ၌ ရဟန်းငယ် ဦးပဉ္ဇင်းများအဖြစ် စတင်တာဝန်ထမ်းဆောင်ပြီး နောင်တွင် ကျောင်းထိုင်ဘုန်းကြီးအဆင့်ထိ တက်လှမ်း တာဝန်ယူသွားရမည်ဖြစ်ကြောင်း၊ အမျိုး-ဘာသာ-သာသနာအကျိုးအတွက် တပ်မတော်သာ အမိ တပ်မတော်သာအဖ ဟူသည့် ခံယူချက်ဖြင့် သာသနာ သန့်ရှင်းတည်တံ့ပြန့်ပွားရေးကို ဆောင်ရွက်ရမည် ဖြစ်ကြောင်းစသည်ဖြင့် မှာကြားသွားသည်။

နေ့လည်ပိုင်းတွင် စစ်ရာထူးခန့်ချုပ်က သင်တန်းဆင်း ဗိုလ်လောင်းများအား ပြန်တမ်းဝင် ဒုဗိုလ်
များအဖြစ် ခန့်အပ်လွှာ အပ်နှင်းပြီးနောက် တဆက်တည်းတွင် တိုင်းနှင့်ပြည်နယ် အသီးသီးရှိ ကျောင်းတိုက်များသို့ တာဝန်ချ အမိန့်စာများ ပေးအပ်ခဲ့သည်။ ထို့နောက် နိုင်ငံတော်သံဃာ့ မဟာနာယက ဆရာတော်ကြီးများက ဝိနည်းနှင့်အညီ ရဟန်းပြုပေးခဲ့သည်။ ညနေပိုင်းတွင် ဘွဲ့နှင်းသဘင် အခမ်းအနား ကျင်းပပြီး ဘီအေ (ဓမ္မစာရိယ) (ဒီအက်စ်အေ)ဘွဲ့နှင့် ပထမပြန်ဘွဲ့များ ဆက်ကပ် ချီးမြှင့်ခဲ့သည်။

၂ဝဝ၈ ခုတွင် စတင်ခေါ်ယူခဲ့သည့် ယနေ့သင်တန်းဆင်း ဗိုလ်လောင်းမှာ (၅၄၅) ဦးရှိပြီး နောက်ပိုင်း အပတ်စဉ်များတွင် ဗိုလ်လောင်းအရေအတွက် တိုးမြှင့်ခေါ်ယူခဲ့သည်ဟု သိရှိရသည်။ မြန်မာတပြည်လုံးရှိ သံဃာများ၏ သုံးပုံ နှစ်ပုံကို တပ်မတော်သာသနာပြု တက္ကသိုလ်ဆင်း အရည်အချင်းပြည့် တပ်မတော် အရာရှိ သံဃာတော်များဖြင့် ဖြည့်ဆီးရန် နိုင်ငံတော်မှ (၁ဝ) နှစ် စီမံကိန်းချထားသည်။

တပ်မတော်သာသနာပြုတက္ကသိုလ်မှ ဗိုလ်လောင်းများ သင်တန်းဆင်းပြီးလျှင် ဓမ္မစက်နှင့် အာဏာစက် ပေါင်းစပ်မှု ပြီးပြည့်စုံသွားပြီး နိုင်ငံတော်၏ သာသနာရေး လုပ်ငန်းအားလုံးကို စည်းကမ်းတကျ စီမံခန့်ခွဲ နိုင်တော့မည် ဖြစ်သည်။ ရှင်ပြုရဟန်းခံ အလှူဒါန တရားဟော စာချ စသည့် ပဋိပတ် ပရိယတ် လုပ်ငန်းအားလုံးကို နိုင်ငံတော်မှ စီမံကိန်းရှိရှိ စနစ်တကျ စီမံခန့်ခွဲသွားနိုင်မည်ဖြစ်၍ ၂ဝ၁ဝ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲပြီးနောက် လက်ရှိကျင့် သုံးနေသော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ်ကို ကြီးမားစွာ အထောက်အကူပြုသွား မည်ဖြစ်သည်။

ဤအိပ်မက်ဆိုးမှာ နအဖ စစ်အာဏာရှင်တို့ သက်ဆိုးရှည်ခဲ့ပါက ကျနော်တို့တိုင်းပြည် တွေ့ကြုံရမည့် အနေအထားဖြစ်သည်။ ဇန်နဝါရီ (၁၃) ရက်က သာသနာ့ဥသျှောင် ဆရာတော်ကြီးများ ဖြစ်သော ပီနန်ဆရာတော် ဦးပညာဝံသနှင့် ဦးဥတ္တရတို့ မဲဆောက်မြို့သို့ကြွရောက် သြဝါဒ ချီးမြှင့်မှုကို ကြားနာခဲ့ရာမှ နအဖလက်အောက် ဗုဒ္ဓသာသနာ၏ အနာဂတ်ကို ဤသို့ ခြောက်ခြားဖွယ် ခံစားခဲ့ရသည်။
နအဖသည် ကျောင်းသားလှုပ်ရှားမှုကို ချေမှုန်းနိုင်ရန်အတွက် တက္ကသိုလ်နှင့် ကောလိပ်ကျောင်းများကို အရေအတွက် များစွာ ဖြန့်ခွဲပစ်၍ ဝေးလံလှသော မြို့ပြင်သို့ပို့ပြီး အဆောင်နေ ကျောင်းသားစနစ်ကို ဖျက်သိမ်း ခဲ့သည်။ ထို့အပြင် အင်အားပြန့်ကျဲသွားသော ကျောင်းသားများကို ကျောင်းဝင်းအတွင်းသို့ ကျောင်းသားမှတ်ပုံတင်ပြ၍ သတ်မှတ်ချိန်အတွင်း ဝင်ရောက်ကျောင်း တက်စေပြီး ပြင်ပလောကနှင့် အဆက်ဖြတ်ခံရသည်။ နေ့ကျောင်းတက်ဖို့စရိတ်ကို အကြီးအကျယ် မြင့်တက်သွားစေပြီး အဝေးသင် စနစ်ဖြင့် ဘွဲ့လက်မှတ်ကို ပေါပေါလောလော ဝယ်နိုင်အောင် အခြေအနေ ဖန်တီးပေးခဲ့သည်။

အလားတူ သံဃာ့အင်အားစုများကိုလည်း ဖြိုခွဲဖို့ ကြံစည်မည်မှာ သေချာပေါက်ဖြစ်သည်။ စစ်အုပ်စုသည် ၁၉၆၂ ခု အာဏာသိမ်း ပြီးနောက် မကြာမီ ၁၉၆၅ ခုမှစ၍ မြန်မာနိုင်ငံ၏ ဗုဒ္ဓ သာသနာအမာခံ သံဃာတော် များကို စစ်အာဏာအောက်၌ ထိန်းချုပ်နိုင်ရန် စတင်ကြိုးပမ်းခဲ့သည်။ ၁၉၈ဝ တွင် သံဂါယာနာအတု ကျင်းပပြီး သာသနာ့တံခွန်ကို ဦးနှိမ်ပစ်ခဲ့သည်။ သို့သော် သံဃာတော်တို့သည် ဘုရားသားတော်များ ဖြစ်မြဲဖြစ်နေသည်ကို ၂ဝဝ၇ စက်တင်ဘာတွင် တကမ္ဘာလုံးက ကြက်သီးမွှေးညှင်းထဖွယ် မျက်ဝါးထင်ထင် မြင်တွေ့သွားခဲ့သည်။

ဤသို့ဖြင့် မြန်မာနိုင်ငံမှ သံဃာတော်များ၏ လှုပ်ရှားမှုအားလုံး စစ်အာဏာရှင်တို့ လက်အောက် လုံးလုံး လျားလျား ကျရောက်အောင် ဘုန်းကြီးကျောင်းများကို အရေအတွက် လျှော့ချ ချိတ်ပိတ် ဖျက်သိမ်းကာ ရပ်ကွက် မြို့နယ် လူဦးရေအလိုက် သံဃာအရေအတွက် ကန့်သတ်၊ ရဟန်းခံ ရှင်ပြုမှု အားလုံးနှင့် ဆွမ်းလောင်း အလှူအတန်းမှအစ ဘာသာရေး ပွဲလမ်းသဘင်အားလုံး ရယက၊ မယက၊ ခယက၊ သက်ဆိုင်ရာ ရဲစခန်း၊ ကြံ့ဖွတ်၊ အက်စ်ဘီ၊ စရဖတို့ထံ အနည်းဆုံး (၆)လ ကြိုတင် လျှောက်ထား ခွင့်ပြုချက်ယူ၊ စာသင်တိုက်များကို ပိတ်ပစ်ပြီး အဝေးသင် ပရိ ယတ္တိပညာရေး ကျင့်သုံး၊ သံဃာများ၏ သွားလာမှုကို အဆင့်ဆင့် သတင်းပို့ ခွင့်ပြုချက်ယူ၊ စေတီပုထိုးနှင့် ကျောင်းကန်များသို့ ဝင်ထွက်သွားလာမှု အားလုံး မှတ်ပုံတင်ပြ ခွင့်ပြုချက် ကြိုတင် လျှောက်ထား၊ နောက်ဆုံးတွင် စစ်ဗိုလ် စစ်သားများကိုယ်တိုင် အထက်တွင် မှန်းဆကြည့်ခဲ့သလို ဗြောင်အတိအလင်း သင်္ဃန်းဝတ်ပြီး ဘာသာရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်၊ ဤသည်မှာ ၂ဝဝ၈ မေလ ဆန္ဒခံယူပွဲဖြင့် ညောင်နှစ်ပင် ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုလိုက်ပါက ပေါ်ပေါက်ဖြစ်တည်လာမည့် စစ်အာဏာရှင်စနစ်အောက်မှ အနာဂတ်သာသနာ၏ ရုပ်ပုံလွှာ ပင်ဖြစ်သည်။

ယခုအခါ ထေရဝါဒ ဗုဒ္ဒဘာသာ၏ ပြည်ပသာသနာပြုလုပ်ငန်းမှာ များစွာအောင်မြင်လျက်ရှိသည်။ မြန်မာ၊ ထိုင်း၊ သီရိလင်္ကာ၊ ကမ္ဘောဒီးယား၊ လော ဘုန်းတော်ကြီးများသည် ကမ္ဘာအရပ်ရပ်၌ ဗုဒ္ဓ သာသနာ ပြန့်ပွားအောင် စွမ်းဆောင်နိုင်ကြသည်။ အာဖရိကတိုက်မှာပင် ထေရဝါဒ ဗုဒ္ဓဘာသာ စတင်ခြေချလျက် ရှိသည်မှာ အများအသိပင်ဖြစ်သည်။ သို့ရာတွင် ယခုလို ပြည်ပတွင် မြတ်နေ သော်လည်း ပြည်တွင်း၌ သာသနာမှာ အကြီးအကျယ် ဖျက်ဆီးခံနေရသဖြင့် အရင်းရှုံးနေသည်ဟု ပီနန်ဆရာတော်ကြီးက သုံးသပ်ပြသည်။

၁၉၇၅ ခု ဧပြီလတွင် ခမာနီတို့က ကမ္ဘောဒီးယားခေါ် ကမ်ပူချားနိုင်ငံကို သိမ်းပိုက်လိုက်သည်။ “သုညသက္ကရာဇ်” ဟု ခမာနီတို့က ကင်ပွန်းတပ်ခဲ့သည့် ထိုအချိန်မှစ၍ နိုင်ငံ့လူဦးရေ၏ (၉ဝ) ရာခိုင်နှုန်း ကိုးကွယ်သော ထေရဝါဒ ဗုဒ္ဓသာသနာကို ပိတ်ပင်ခဲ့သည်။ သံဃာများကို အဓမ္မလူဝတ် လဲပစ်ခဲ့သည်။ လူဝတ်လဲရန် ငြင်းသည့် သံဃာများကို သတ်ပစ်ခဲ့သည်။ သံဃာအချို့သာ ထိုင်းနိုင်ငံသို့ ထွက်ပြေး လွတ်မြောက်ခဲ့ကြသည်။

ထိုစဉ်က မြန်မာနိုင်ငံသို့ပင် ကမ္ဘောဒီးယား ဆရာတော်ကြီးတပါး ထွက်ပြေးရောက်ရှိလာခဲ့သည်။ အသတ် မခံရသည့် သံဃာအချို့က လူဝတ်ဖြင့် လူများအကြား ရောနှောနေထိုင်ပြီး ဘာသာရေး ဓလေ့ထုံးတမ်း များကို လျှို့ဝှက်ဆောင်ရွက်ခဲ့သည်။ လျှို့ဝှက်စွာတရား အားထုတ်ခဲ့ကြသည်။

ခမာနီများထံ သတင်းပေါက်ကြားသွား၍ အသတ်ခံရသည့် လူဝတ်လဲ သံဃာများလည်း မနည်းလှ။ ဘုရားရှိခိုး နေသည်ကို ခမာနီတို့ တွေ့သွားသဖြင့်လည်းကောင်း၊ ထောက်လှမ်းရေး သတင်းပေးများက ခမာနီတို့ထံ သတင်းပေးသဖြင့်လည်းကောင်း အသတ်ခံရသည့် သာမန်အရပ်သား ပြည်သူ များမှာလည်း အများအပြားဖြစ်သည်။

အရေအတွက် (၂,၈ဝဝ) ရှိသော ဘုရားကျောင်းကန်များ အားလုံးကို ဖျက်ဆီးပစ်၊ သို့မဟုတ် ရိက္ခာစတိုများ၊ ဂိုဒေါင်များ၊ နွားခြံ ဝက်ခြံများ၊ စည်းဝေးခန်းမများ၊ အချုပ်ခန်းများအဖြစ် ပြောင်းလဲပစ်ခဲ့သည်။ ဆင်းတုတော်များကို ရိုက်ချိုးပြီး မြစ်ချောင်း အင်းအိုင်များထဲ ပစ်ချခဲ့သည်။ သို့မဟုတ် ထင်းအဖြစ် မီးဆိုက်ခဲ့သည်။ ဌာပနာများ၊ လှူဒါန်းထားသည့် ရွှေငွေရတနာများကိုလည်း ခမာနီတို့က နိုင်ငံတော် ဘဏ္ဍာအဖြစ် သိမ်းယူခဲ့သည်။

ခမာနီတို့ အာဏာမရမီက ကမ္ဘောဒီးယားတွင် သံဃာဦးရေ (၈ဝ,ဝဝဝ) ခန့် ရှိခဲ့သည်။ ၁၉၇၅-၇၉ ကာလတွင် သံဃာများ လုံးဝပျောက်ကွယ်သွားခဲ့ရာ ထိုင်း၊ အမေရိကန် စသည့် နိုင်ငံခြား တိုင်းပြည်များတွင် ခိုလှုံနေသော သံဃာ (၂,ဝဝဝ) ခန့်သာ ကျန်ရှိတော့သည်။ ဤကာလအတွင်း သေဆုံးသည့် ခမာ ပြည်သူများ အတွက် သရဏဂုံတင်ပေးမည့်ရဟန်း မရှိတော့။ သာသနာပိုင် ဂိုဏ်းချုပ် ဆရာတော်ကြီး များလည်း ဤကာလအတွင်း ပျံလွန်တော်မူခဲ့ရာ ပြန်လည်အစားထိုး နိုင်ခြင်းမရှိခဲ့။ ကမ္ဘောဒီးယား သံဃာ့ ဂိုဏ်းများအနက် သံမယုတ်ဂိုဏ်းမှာ ထိုင်းဘုရင်နှင့် ဆက်စပ်မှုရှိသဖြင့် ခမာနီတို့က ပို၍ပြင်းထန်စွာ နှိပ်ကွပ်ခြင်းကို ခံရသည်။
၁၉၇၆ ဒီမိုကရက်တစ် ကမ်ပူးချား ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပုဒ်မ (၂ဝ) ၌ ဘာသာရေး လွတ်လပ်ခွင့် ရှိသည်ဟု ဆိုထားသည်။ သို့သော် တဆက်တည်းတွင် “ဒီမိုကရက်တစ်ကမ်ပူးချားနှင့် ကမ်ပူးချား ပြည်သူများကို အကျိုးမဖြစ်စေသော ဖောက်ပြန်သည့် ဘာသာရေးအားလုံးကို တင်းကြပ်စွာတားမြစ်သည်” ဟု ကြေညာထားသည်။

ခမာနီအစိုးရက ဗုဒ္ဓရဟန်းများကို ကပ်ပါးများအဖြစ် သဘောထားပြီး အဓမ္မလူဝတ်လဲပစ်ကာ “ပြန်လည် ပညာပေးစခန်းများ” သို့ပို့၍ လုပ်အားပေး တပ်ဖွဲ့များအဖြစ် ဖွဲ့စည်းပစ်ခဲ့သည်။ ဆည်မြောင်းများတူးဖော်ခြင်း၊ လယ်ယာများ ထွန်ယက်ခြင်း လုပ်ခိုင်းသည်။ သံဃာ (၅ဝ,ဝဝဝ) ခန့် အသတ်ခံရ သို့မဟုတ် ပင်ပန်းဆင်းရဲမှု ဒဏ် ငတ်မွတ်ခြင်းဒဏ် ရောဂါဘယဒဏ် တို့ဖြင့် အသက် ဆုံးခဲ့သည်။ တချိန်က ရဟန်းဝတ်ခဲ့ဖူးသည့် ခမာနီခေါင်းဆောင် ပိုးလ်ပေါ့က သံဃာများသည် အသုံးမကျသည့် ခွေးလေ ခွေးလွင့်များဖြစ်သည်။ ခေတ်ဟောင်း ပဒေသရာဇ် အာဏာ၏ အစိတ် အပိုင်းများဖြစ်သည်ဟု ဆဲရေးရှုတ်ချခဲ့သည်။

ခမာနီတို့က ကမ္ဘောဒီးယားမွတ်ဆလင် ချမ်တိုင်းရင်းသား လူမျိုးစုများကို သေနတ်နှင့်ချိန်၍ ဇွတ်အတင်း ဝက်သား စားခိုင်းသကဲ့သို့ အဓမ္မ လူဝတ်လဲပေးထားသည့် သံဃာများကိုလည်း ခမာနီ တပ်များအတွက် ကြက်သတ် ဝက်သတ်ခိုင်းခြင်းသာမက 'သူလျှိုများ' 'ဖောက်ပြန်ရေးသမားများ' ဟု ၎င်းတို့ စွပ်စွဲ ထားသူများကိုပါ ကွပ်မျက် သတ်ဖြတ်ခိုင်းသည်။ ငါးပါးသီလ ရှစ်ပါးသီလ ဆယ်ပါးသီလများ၊ ဝိနည်းဓိုရ် များကို စနစ်တကျ ဖောက်ဖျက်ခိုင်းသည်။

ထိုင်းနိုင်ငံ၌ တောရဆောက်တည် တရားကျင့်နေသော မဟာဂေါသနန္ဒ မထေရ်ကြီးသည် ထိုင်း နယ်စပ်သို့ စတင်ရောက်ရှိလာသော ကမ္ဘောဒီးယားဒုက္ခသည်များထံ ၁၉၇၈ ခုတွင် ကြွချီလာပြီး တရားဓမ္မများ ဟောကြား သာသနာပြုခဲ့သည်။ ဤသည်မှာ ကမ္ဘောဒီးယား လူမျိုးများအနေဖြင့် နှစ်ပေါင်းများစွာအတွင်း ဗုဒ္ဓရဟန်းတပါးကို ပထမဆုံး ဖူးတွေ့ရခြင်းဖြစ်၍ ဒုက္ခသည်အများအပြားမှာ စိတ်မထိန်းနိုင်ဘဲ ငိုကြွေး ခဲ့ကြသည်။ ဆရာတော် မဟာဂေါသနန္ဒ၏ မိသားစုအားလုံးနှင့်တကွ မိတ်ဆွေများ ဒါယကာများမှာမူ သုညသက္ကရာဇ်များ အတွင်း ခမာနီတို့၏ သတ်ဖြတ်မှုကို ခံခဲ့ရသည်။

၁၉၇၉ ခုနှစ် ခမာနီတို့ ပြုတ်ကျချိန်တွင် ကမ္ဘောဒီးယားနိုင်ငံ၌ သံဃာတပါးမှမရှိတော့ဘဲ စေတီပုထိုး ဘုန်းကြီးကျောင်း အများစုမှာ ခြုံနွယ်ပိတ်ပေါင်းများ ဖုံးလွှမ်း ပျက်စီးပြိုကျနေကြသည်။ သို့သော်လည်း နောက်ဆုံးတွင် ခမာနီခေါင်းဆောင်များမှာ လက်လွတ်ခွက်ချွတ် အသေဆိုးနှင့် သေခဲ့ကြရသည်။ မသေသေးသူများလည်း မည်သို့မှ ဘဝမကောင်းတော့။ ခမာနီတစုံတယောက်မှ ဘုရားရိုက်ခြင်းမှ ပြေးမလွတ် နိုင်ခဲ့။ သို့သော် ထေရဝါဒ ဗုဒ္ဓသာသနာမှာမူ ယနေ့ကမ္ဘောဒီးယားတွင် ပြန်လည်ပွင့်လန်းလျက် ရှိနေလေပြီ။ အလားတူပင် သက်တမ်းနှစ်ပေါင်း ၂,၅ဝဝ ကျော်ခဲ့ပြီဖြစ်သည့် ဗုဒ္ဓသာသနာတော်ကို သက်တမ်းနှစ်ပေါင်း ၃-၄ဝ သာရှိသေးသည့် မြန်မာစစ်အာဏာရှင် ဝါဒက ယှဉ်နိုင်မည်လော။

သို့သော်ငြားလည်း သံဃာတော်တို့အလုပ်မှာ မေတ္တာပို့ခြင်း၊ နိဗ္ဗာန်ရောက်ကြောင်း တရားဟောကြား ပြသခြင်း၊ အားထုတ်ခြင်းသာဖြစ်သည်။ ဆွမ်းခံကြွလာသော ဘုန်းကြီးကို လိုက်ခတ်သည့် ကျွဲအား ခဲနှင့် ပေါက် ဒုတ်နှင့်ရိုက်၍ လက်ထိလက်ရောက် နှိမ်နင်းဖို့ရန်မှာ လူဝတ်ကြောင် ကပ္ပိယများ၊ ဒါယကာများ၏ အလုပ်သာဖြစ်သည်ဟု ပီနန်ဆရာတော်ကြီးက ဆက်လက်ဟောကြား အလင်းပြပေးခဲ့သည်။ သို့ဖြစ်၍ ကျွဲဆိုးကို မည်သည့်နည်းလမ်းဖြင့် နှိမ်နင်းရမည်မှာ သာမန်စဉ်းစား ဆင်ခြင်ဥာဏ်ရှိသူတို့ အဖို့ ခက်ခဲစွာ စဉ်းစားရမည့်အရာ မဟုတ်။

အကောင်အထည် မမြင်ရသော နိဗ္ဗာန်ကိုပင် အစွမ်းကုန် စွန့်လွှတ်ကျင့်ကြံပါက မလွဲမသွေ ရရှိမည်ဟု လုံးဝယုံကြည်ကြသူများအတွက် ဒီမိုကရေစီမှာ နိဗ္ဗာန်လောက် မခက်၊ နိဗ္ဗာန်လောက် မဝေးဟု သံဃာ့ဥသျှောင် အတွင်းရေးမှူး ဆရာတော်ဦးဥတ္တရက မဲဆောက်မြို့ သြဝါဒချီးမြှင့်ပွဲ၌ မြွက်ကြားခဲ့ လေသည်။

Read More...

မြန်မာ့ဒီမိုကရေစီရေး ဆန္ဒပြသူ ၉ ဦး ဖမ်းဆီးခံရ

30 December 2008

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် တောင်းဆိုခဲ့ကြတဲ့ အတိုက် အခံပါတီဝင် လူငယ်တချို့ကို အာဏာပိုင်တွေက ရန်ကုန်မြို့မှာ ဖမ်းဆီးလိုက်တယ်လို့ သူတို့နဲ့နီးစပ်တဲ့ တက်ကြွလှုပ်ရှားသူ လူငယ်တွေက ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် တောင်းဆိုခဲ့ကြတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်န်အယ်လ်ဒီ) ပါတီဝင် လူငယ် အနည်းဆုံး ၉ ဦးကို အာဏာပိုင်တွေက ဒီကနေ့ပဲ ဖမ်းဆီးလိုက်တာပါ။ ဒါနဲ့ပတ်သက်လို့ အကြောင်းစုံကို စုံစမ်းထားတဲ့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။



နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းခံနေရတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(အန်န်အယ်လ်ဒီ) ရဲ့ ခေါင်းဆောင် တဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ပါတီဝင်လူငယ်တွေ ရန်ကုန်မြို့က လမ်းတွေပေါ်မှာ တောင်းဆို ဆန္ဒပြကြရင်း အာဏာပိုင်တွေရဲ့ ဖမ်းဆီးတာကို ခံခဲ့ရတာပါ။ ရန်ကုန်မြို့မှာရှိတဲ့ အန်န်အယ်လ်ဒီ ရုံးချုပ်ကနေ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး တောင်းဆိုတဲ့ စာတန်းတခုကို ကိုင်ဆောင်ပြီး စတင်လှည့်လည်ခဲ့တာ နောက်ဆုံး လုံခြုံရေး အာဏာပိုင်တွေက ၀ိုင်းဝန်း ဖမ်းဆီးတာကို ခံလိုက်ရတာလို့ ဖမ်းဆီးခံရသူတွေရဲ့ လုပ်ဖော်ကိုင်ဖက် လူငယ် တဦးက ပြောပါတယ်။

“၉ ယောက်ပါသွားတယ်။ သူတို့က ဒီနေ့ လူငယ်ဟောပြောပွဲကနေ ပြန်ကြတာပေါ့။ အန်ကယ် ဦးခင်မောင်ဆွေရဲ့ ဟောပြောပွဲက ပြန်ကြတာ။ ပြန်ကြတော့ ပင်နီတိုက်ပုံတွေနဲ့၊ Free Daw Aung San Suu Kyi ဆိုပြီး ဆိုင်းဘုတ်ကိုင်သွားတယ်။ Free Daw Aung San Suu Kyi ဆိုပြီး အင်္ဂလိပ်လို ပိတ်စအဖြူပေါ်မှာ အနီစာလုံးနဲ့ ရေးထားတယ်။ အဲဒီဆိုင်းဘုတ်မှာပဲ ဘေးတဖက်စီမှာ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံတွေ ကပ်ထားတယ်။

“အဲဒီအတိုင်း အေးချမ်းစွာပဲ သူတို့ လမ်းလျှောက်သွားကြတယ်။ သူတို့ဘာသာ သူတို့ ဘာမှလည်း မပြောဘူး၊ ပင်နီ တိုက်ပုံလေးတွေနဲ့ ရင်ထိုးလေးတွေ ထိုးထားကြတယ်။ တချို့ကလည်း စံပယ်ပန်းလေးတွေ ချိတ်ထားတယ်၊ ရင်ဘတ်တွေမှာ။ အန်န်အယ်လ်ဒီ ရုံးရှေ့ကနေ ချီတက်သွားကြတာ။ မြေနီကုန်းကနေပြီး ပြည်လမ်းကနေ မြို့ထဲဘက် ပြန်ထွက်တာ၊ ပြည်သူ့ လွှတ်တော်ရှေ့ရောက်တော့ အရပ်ဝတ်နဲ့ အမည်မသိ လူတွေက ၀င်ပြီး ဖမ်းဖမ်းဖမ်းဆိုပြီး ၀င်ဆွဲကြတယ်။ အဲလို ဆွဲတဲ့အချိန်မှာပဲ ရဲကားတစီး ရောက်လာတယ်။ ပြီးတော့ တုတ်တွေနဲ့ ပြေးဆင်းပြီး ဆွဲကြ ရိုက်ကြတာပဲ။”

ဒီလို ထိန်းသိမ်းခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး တောင်းဆို လှုပ်ရှားခဲ့ကြတဲ့ လူငယ်တွေထဲက ဒီကနေ့ ဖမ်းဆီး ခံခဲ့ရတာဆိုရင် အနည်းဆုံး အန်န်အယ်လ်ဒီ ပါတီဝင် လူငယ် ၉ ဦး ပါတယ်လို့လည်း ဆိုပါတယ်။

“အားလုံးပေါင်း ၉ ယောက်ပေါ့။ ဘယ်သူတွေပါလဲဆိုတော့ ကိုထွန်းထွန်းဝင်း စမ်းချောင်းလူငယ်တာဝန်ခံ၊ ကိုထွန်းလင်း စမ်းချောင်း၊ ကိုပြည့်ပြည့် စမ်းချောင်း၊ သူက ဒဂုံတက္ကသိုလ်က ပထမနှစ် ဥပဒေ ကျောင်းသားတယောက်ပေါ့၊ ပြီးတော့ ကောင်းထက်လှိုင် စမ်းချောင်း၊ အောင်ဖြိုးဝေ စမ်းချောင်း၊ သက်မောင်ထွန်း စမ်းချောင်း၊ ထက်ထက်ဦးဝေ ရွှေပြည်သာ၊ ၀င်းမြင့်မောင် ခေါ် ပဲပြုတ် ခရမ်း၊ ကိုမင်းသိန်း သာကေတ တို့ဖြစ်တယ်။ သူတို့ကိုဆွဲတာတော့ ပြည်သူ့လွှတ်တော်ရှေ့မှာ ဆွဲသွားကြတာပဲ။ အရပ်ဝတ်တွေနဲ့ ၀င်ဆွဲတာ။ ဆွဲနေတဲ့အချိန်မှာပဲ ယူနီဖောင်းဝတ်တွေနဲ့ ရဲကားတစီးရောက်လာပြီး တုတ်တွေနဲ့ ပြေးဆင်းသွားကြပြီး ၀င်ဖမ်းကြတာပေါ့။”

ဒီလို ဆန္ဒပြလှုပ်ရှားမှုတွေ ဖြစ်တဲ့အခါ မြန်မာစစ်အစိုးရ အာဏာပိုင်တွေဘက်က ဖမ်းဆီးအရေးယူတာတွေနဲ့သာ တုံ့ပြန်လေ့ ရှိတဲ့ကြားကပဲ အခုလို လှုပ်ရှားမှုတွေကစပြီး လူထုအုံကြွမှုတွေ မြန်မာနိုင်ငံမှာ ပေါ်ပေါက်လေ့ရှိတာပါ။ ပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ်ထဲတုန်းက ကုန်ဈေးနှုန်းနဲ့ လောင်စာဆီဈေး ကျဆင်းရေး လှုပ်ရှားမှုတွေ၊ သံဃာတော်တွေရဲ့ မေတ္တာပို့ကြွချီ လှုပ်ရှားခဲ့ကြတဲ့ နေရာတွေမှာ ဆိုရင်လည်း နောက်ပိုင်းတွေမှာ တနိုင်ငံလုံး အတိုင်းအတာအထိ ရိုက်ခတ်ခဲ့တာတွေ ရှိခဲ့လို့လည်း အာဏာပိုင်တွေက သွေးထွက် သံယိုဖြစ်တဲ့အထိ ချေမှုန်းပြီး ကိုင်တွယ်ခဲ့တာတွေလည်း ရှိခဲ့တာဖြစ်ပါတယ်။

Ref: VOA News

Read More...

ပါလက်စတိုင်း အပစ်အခတ်ရပ်စဲရေး ပြန်ထိန်းကြဖို့ ဘန်ကီမွန်းတိုက်တွန်း

30 December 2008

ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် မစ္စတာ ဘန်ကီမွန်းက အစ္စရေးနဲ့ ပါလက်စတိုင်းက Hamas စစ်သွေးကြွအုပ်စုအကြား တဘက်နဲ့ တဘက် အကြမ်းဖက် တိုက်ခိုက်မှုတွေကို ချက်ချင်း ရပ်တန်းကရပ်ဖို့ ဆော်ဩလိုက်ပါတယ်။ ဂါဇာ ကမ်းမြှောင်ဒေသ တ၀ှမ်းက အကြမ်းဖက် တိုက်ခိုက်မှုတွေကို လက်မခံနိုင်ဖွယ်မရှိဘူးလို့ မနေ့က New York က သတင်းစာ ရှင်းလင်းပွဲတခုမှာ မစ္စတာ ဘန်ကီမွန်က ပြောခဲ့တာပါ။ ဒီစစ်ရေး ပဋိပက္ခနဲ့ ပတ်သက်ပြီး နိုင်ငံတကာရဲ့  တုံ့ပြန်မှု အပေါ်မှာ လည်း မစ္စတာ ဘန်ကီမွန်းက ကဲ့ရဲ့ ပြစ်တင်ခဲ့ပါတယ်။

နှစ်ဘက် တွေ့ဆုံ စကားပြောရေးနဲ့  အဓွန့်ရှည်မယ့် အဖြေကို ရှာတွေ့ နိုင်ရေးအတွက် ကမ္ဘာ့ ခေါင်းဆောင်တွေအနေနဲ့ ဒီထက်ပိုပြီး ကြိုးပမ်း အားထုတ်သင့်တယ်လို့ ဆိုပါတယ်။ ဆက်လက်ပြီး မစ္စတာ ဘန်ကီမွန်းက ဂါဇာဒေသမှာ အရေးတကြီး လိုအပ်နေတဲ့ လူမှုကယ်ဆယ်ရေး အကူအညီတွေကို ၀င်ခွင့်ပေးဖို့ အစ္စရေး ခေါင်းဆောင်တွေက အာမခံပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

ရုရှား နိုင်ငံခြားရေး ၀န်ကြီး Sergei Lavrov က Hamas အုပ်စုကို Fatach အဖွဲ့ခွဲက ပါလစတိုင်း သမ္မတ Mahmoud Abbas နဲ့ တွေ့ဆုံ စကားပြောဖို့ ငြင်းဆိုတယ်ဆိုပြီး ကဲ့ရဲ့ ပြစ်တင်ခဲ့ပါတယ်။ ပါလက်စတိုင်း ပြည်သူတွေအနေနဲ့ သမ္မတ Abbas ရဲ့ ဦးဆောင်မှုကို လက်ခံရမှာ ဖြစ်တယ်လို့ လည်းပြောခဲ့ပါတယ်။ အစောပိုင်းတုန်းကလည်း ဂျာမဏီဝန်ကြီးချုပ် Angela Merkel ကလည်း ဂါဇာကမ်းမြှောင်ဒေသ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ ပတ်သက်ပြီး Hamas အုပ်စုကို ရှုတ်ချခဲ့ပါတယ်။

Ref: VOA News

Read More...

Tuesday, December 30, 2008

၂၀၀၉ ခုနှစ် မြန်မာနိုင်ငံကို လုံခြုံရေးကောင်စီ ပိုမိုဖိအားပေးနိုင်

ဇန္နဝါရီလ ၁ ရက်နေ့ကစပြီး လုံခြုံရေးကောင်စီမှာ ဂျပန်နဲ့ ယူဂန်ဒါတို့က အစားထိုး ဝင်ရောက်လာမှာ ဖြစ်လို့ လာမဲ့နှစ် လုံခြုံရေးကောင်စီရဲ့ ဖွဲ့စည်းပုံဟာ အနောက်နိုင်ငံက ပိုအလေးသာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဇန္နဝါရီလနောက်ပိုင်း ကျရင် မြန်မာ့အရေး ပိုမိုဖိအားပေး ဆောင်ရွက်လာနိုင်တယ်လို့ လျှို့ဝှက် အစီရင်ခံစာ တစ်စောင်မှာ သုံးသပ်ထားပါတယ်။

နယူးယောက်မြို့ အခြေစိုက် မြန်မာအမြဲတမ်း ကိုယ်စားလှယ် ဦးကျော်တင့်ဆွေရဲ့ နေပြည်တော်ကို အစီရင်ခံတဲ့စာ ဆိုပြီး အင်တာနက်မှာ ထွက်ပေါ်နေပါတယ်။

အဲဒီစာအရ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အကျိုးဆောင်မှု တိုးတက်မှု မရှိဘူးဆိုပြီး အနောက်နိုင်ငံတွေက် မစ္စတာ ဂမ်ဘာရီကို သူတို့ သြဇာညောင်းသူနဲ့ အစားထိုးလိုကြောင်း၊ ဒါပေမယ့် အာရှနဲ့ ရုရှားတို့က မထောက်ခံလို့ မအောင်မြင်ကြောင်း ဖေါ်ပြထားပါတယ်။

အာရှပါလီမန် အမတ်များ၊ နိုင်ငံရေးခေါင်းဆောင်ဟောင်းများက မစ္စတာ ဘန်ကီမွန်းကိုယ်တိုင် မြန်မာနိုင်ငံကို သွားရောက်ဖို့ တောင်းဆိုမှုတွေ နောက်ပိုင်း မြန်မာ့မိတ်ဆွေ နိုင်ငံများက တံခါးပိတ်အစည်းအဝေး လုပ်တဲ့ကိစ္စကို မစ္စတာ ဂမ်ဘာရီက အမြဲတမ်း ကိုယ်စားလှယ်ကို ခေါ်ယူပြောပြတဲ့ အချက်တွေလည်း အဲဒီစာထဲမှာ ပါဝင်ပါတယ်။

အခုပေါက်ကြားတာဟာ အစစ်မဟုတ် အတည်မပြုနိုင်ပေမယ့် ဦးကျော်တင့်ဆွေ လက်မှတ်ရေးထိုးတာကို မြင်ဖူးတဲ့ သံတမန် အသိုင်းအဝိုင်းကတော့ ပေါက်ကြားချက် ဖြစ်နိုင်တယ်လို့ ယူဆကြောင်း ဝါရှင်တန်ရှိ ဘီဘီစီ သတင်းထောက်က ပြောကြားသွားပါတယ်။

Ref: BBC

Read More...

အရူးလက်ထဲမှာသေနတ်ရှိတယ်

သူ့မြင်းသူ စိုင်းနေတယ်ဆိုပေမယ့်
စစ်ကိုင်းမှ မဟုတ်ဘူး
ဘယ်ကိုမှလည်း မရောက်ဘူး
သူပြောတော့ တဟုန်ထိုးဆိုပဲ
အနားသိပ်မကပ်နဲ့
အရူးလက်ထဲမှာ သေနတ်ရှိတယ်။

ဆုပ်လည်းဆူး စားလည်းရူးမယ့်ဒုက္ခ
အတ္တနဲ့ အတောမသတ်နိုင်တဲ့ လောဘ
လောကပါလ အောချရပါတဲ့
အိုဘယ့်... မဟာဥမ္မ...။
ဇရာလည်းထောင်းပြီ
ခန္ဓာလည်းညောင်းပြီ
သတိနဲ့ယှဉ် အသိဝင်မှ
မရဏကို ဘ၀ကူးကောင်းမယ်။

စိတ်မဆိုးကြပါနဲ့
ဗြောင်လိမ်တာ မဟုတ်ပါဘူး
သူ့ကိုယ် သူကိုမသိတော့တာ...။

စုန်းစုန်းမမြုပ်သရွေ့တော့
လှေကလှော်ကောင်းတုန်းပေါ့...
ပဲခူးပဲရောက်တော့မလိုလို
အမျိုးပဲမြင့်မြတ်သလိုလိုနဲ့
တန်ခိုးအာဏာတွေက
ကစားစရာကျနေတာပဲ။

ကိုလေးဖြူရေ... ယုံကြည်တာတွေကို
မြောင်းထဲလွှင့်ပစ်ဖို့လည်း မကြံဘူး
ယိုနေတာတွေကို
လက်ပိုက်ကြည့်နေတာလည်းမဟုတ်ဘူး
အဲဒီအရူးလက်ထဲမှာ သေနတ်ရှိတယ်။ ။

နွေဆူးလင်္ကာ

Read More...

ထိုင်းလွှတ်တော်ကို ဆန္ဒပြသူများဝိုင်း ထိုင်းအစိုးရသစ် ပေါ်လစီ မကြေညာနိုင်

NEJ/ ၂၉ ဒီဇင်ဘာ ၂ဝဝ၈

ထိုင်းဝန်ကြီးချုပ်ဟောင်း တပ်ဆင်ထောက်ခံသည့် အင်္ကျီအနီဝတ် ဆန္ဒပြသူများက ထိုင်းလွှတ်တော် ရုံးဝင်ပေါက်များကို ၀ိုင်းထားသည့်အတွက် လွှတ်တော်မှာ အစိုးရပေါ်လစီသစ် စတင်ကြေညာမည့် အစီအစဉ်ကို ၀န်ကြီးချုပ် အာဘီဆစ်က ရွှေ့ဆိုင်းလိုက်ရသည်။

ထိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေအရ အထက်လွှတ်တော်၊ အောက်လွှတ်တော် (၂) ရပ်လုံး စုံညီစွာ တက်ရောက်မည့် လွှတ်တော်တွင် အစိုးရပေါ်လစီသစ် ကြေညာချက်ကို မထုတ်ပြန်မချင်း ထိုင်းအစိုးရသစ် အနေဖြင့် တရားဝင်လုပ်ငန်းများ စတင်လုပ်ကိုင်ခွင့် မရှိပေ။

သောင်းနှင့်ချီသည့် တပ်ဆင်ထောက်ခံသူများ တနင်္ဂနွေနေ့က ဘန်ကောက်မြို့ ဆနမ်းလွမ် ကွင်းပြင်တွင် စုဝေးပြီး အာဘီဆစ် အစိုးရသစ်အား ဆန္ဒပြပြီးနောက် တနင်္လာနေ့မနက်ပိုင်းတွင် အစိုးရသစ်ပေါ်လစီ မကြေညာနိုင်အောင် လွှတ်တော်ကို ၀ိုင်းထားခဲ့ခြင်း ဖြစ်သည်။

အစိုးရဆန့်ကျင်သည့် အင်္ကျီအနီဝတ် ဆန္ဒပြသူများကိစ္စကို မစိုးရိမ်ကြောင်း ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ပရာဝပ်က ပြောသော်လည်း လိုအပ်လျှင် ဆန္ဒပြသူများအား လူစုခွဲရန်အတွက် ရဲနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဟု အမှတ် (၁) စစ်တိုင်း တပ်မှူး ဒု-ဗိုလ်ချုပ်ကြီး ကာနစ်က ပြောသည်။

ဝန်ကြီးချုပ် အာဘီဆစ်က အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် စီးပွားရေးနာလန်ထူအောင် လုပ်မည့် အစိုးရ ဖြစ်စေရမည်ဟု ကတိပေးသော်လည်း ထိုင်းနိုင်ငံ၏ စီးပွားရေးတိုးတက်မှုမှာ ၂၀၀၉ ခုတွင် (၀) ရာခိုင်နှုန်းနှင့် (၂) ရာခိုင်နှုန်းကြားသာ ရှိမည်ဟု ဘဏ္ဍာရေးဝန်ကြီး ကွန်း ချတ်တီကာဗန်းနစ်က မှန်းထားသည်။

Ref: ခေတ်ပြိုင်

Read More...

သုံးရက် ဆက်တိုက် အစ္စရေးလေကြောင်းတိုက်ခိုက်မှု၊ ပါလက်စတိုင်း ၃၀၀ကျော် သေဆုံး

29 December 2008

ဂါဇာ ကမ်းမြှောင်ဒေသရှိ ဟားမတ်စ်တို့ကို အစ္စရေးက လမ်းကြောင်းကနေ စစ်ဆင်တိုက်ခိုက်နေတာ တတိယနေ့ထဲကို ၀င်လာနေပြီး သေဆုံးသူ ပါလက်စတိုင်း လူဦးရေလည်း ၃၀၀ထက် မနည်းရှိသွားပါပြီ။ ဂါဇာရှိ ဆေးရုံနဲ့ ဆေးဘက်ဆိုင်ရာ သတင်းရပ်ကွက်များကို အခြေခံပြီး အရပ်သား ၅၁ ယောက်ထက် မနည်း သေဆုံးကြောင်း ကုလသမဂ္ဂ အေဂျင်စီ တခု က ဆိုပါတယ်။

ပါလက်စတိုင်း တာဝန်ခံများကလည်း ဟားမတ်စ် အဖွဲ့ဝင် ၁၈၀ သေဆုံး သွားကြောင်း ပြောဆိုကြပါတယ်။ ဂါဇာမြို့ရှိ ဟားမတ်စ် ပြည်ထဲရေး ဌာနကို အစ္စရေး တိုက်စစ်လေယာဉ်များက ဖျက်ဆီးပြစ်လိုက်ပြီး အစ္စလာမ် တက္ကသိုလ်ကိုလည်း ၅ ကြိမ်ထက်မနည်း ဗုံးကျဲ တိုက်ခိုက်ကြောင်း မျက်မြင်သက်သေများက ပြောကြားကြပါတယ်။

ဂါဇာကနေ အစ္စရေး နယ်မြေထဲကို ထပ်သလဲလဲ ပစ်ခတ်နေလို့ လက်တုန့်ပြန် တိုက်ခိုက် ရတာ ဖြစ်တယ်လို့ အစ္စရေး နိုင်ငံက ဆိုပါတယ်။ ဂါဇာ ကမ်းမြှောင်ဒေသကို ကန့်သတ် စစ်နယ်မြေ အဖြစ် အစ္စရေး စစ်တပ်က ကြေညာလိုက်ပြီမို့ အရင်တုန်းကလို မြေပြင်က ၀င်တိုက်မယ့် လုပ်ရပ်လို့ ဆိုကြပါတယ်။

ဟားမတ်စ်တို့ ဒုံးကျည်များနဲ့ ပစ်ခတ်လို့ အစ္စရေး ၁ ယောက်သေဆုံးပြီး ၈ ယောက် ဒဏ်ရာရသွားကြောင်း အစ္စရေး နိုင်ငံ တောင်ပိုင်း အက်ရှ်ကာလွန် မြို့တော်ဝန် က ပြောဆိုပါတယ်။

Ref: VOA News

Read More...

ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ ၃၀၀ကျော် ဘင်္ဂလား ပင်လယ်အော်မှာ ပျောက်ဆုံးနေ

29 December 2008

ဘင်္ဂလားပင်လယ်အော်အတွင်း ဘင်္ဂလားဒေရှ့်နဲ့ မြန်မာနိုင်ငံတို့က ထွက်ခွာလာကြတဲ့ လူ ၃၀၀ကျော်ဟာ ကပ္ပလီကျွန်းနဲ့ နီကိုဗာကျွန်းတို့ အနီးမှာ ပျောက်ဆုံးနေကြတယ်လို့၊ သူတို့ ရေနစ်ကုန်ကြပြီလို့လည်း စိုးရိမ်ရတယ်လို့ အိန္ဒိယ ကမ်းခြေစောင့်များက ပြောကြားကြပါတယ်။

ပင်လယ်ထဲမှာ သတင်း ၂ ပတ်အကြာအဲဒီ စက်လှေ မြောနေကြပြီး စက်လှေပေါ်မှာလည်း အစားအစာနဲ့ သောက်ရေ ပြတ်လို့ ရေထဲကို ခုန်ချတယ်။ အဲဒီထဲက ၁၀၀လောက်ကို ကယ်တင်နိုင်ပေမယ့် ၃၀၀ကျော်ကတော့ ပျောက်ဆုံးနေဆဲပဲလို့ သူတို့က ဆက်လက် ရှင်းပြပါတယ်။ အဲဒီ လူတွေထဲက အများစုဟာ မလေးရှားနိုင်ငံမှာ ဆက်လက် အလုပ်ရှာဖို့ ထွက်ခွာလာကြတာလို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ ၄၅ရက်လောက်က ဘင်္ဂလားဒေရှ့် နိုင်ငံကနေ စက်လှေ အသီးသီးနဲ့ ထွက်ခွာလာခဲ့ကြပြီး တနေရာမှာ သူတို့ စုပြီး စက်လှေ တစ်စင်းပေါ်ကို အဲဒီ လူ ၄၀၀ စုပြုံ တက်လာခဲ့ကြတာ၊ သောကြာနေ့မှာ အဲဒီလို ခုန်ချခဲ့ကြတာဖြစ်တယ်လို့ သတင်းများမှာ ရှင်းလင်းဖော်ပြထားပါတယ်။

Ref: VOA News

Read More...

ဦးသန့်ပုံ မျက်နှာဖုံးတွင် ခွင့်မပြု

29 December 2008

ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ ဓာတ်ပုံကို မြန်မာသစ် မဂ္ဂဇင်း မျက်နှာဖုံး အဖြစ် စာပေစိစစ်ရေးက ခွင့်မပြုကြောင်း ၎င်းမဂ္ဂဇင်းနှင့် နီးစပ်သည့် အသိုင်းအဝန်းမှ ကြားသိရသည်။

မြန်မာသစ်မဂ္ဂဇင်းတွင် ယခင်လက လယ်တီဆရာတော်ကြီး အကြောင်း၊ ယခင်လမတိုင်မီက ဦးမေအောင် အကြောင်း စသည်ဖြင့် ထင်ရှားသူ ရှေးမြန်မာများ၏ မျက်နှာဖုံးဓာတ်ပုံများနှင့်တကွ ဖော်ပြခဲ့ခြင်းဖြစ်သည်။ ယခုတပတ်တွင်မူ မြန်မာပြည်အတွက် ထင်ရှား ဂုဏ်ယူဖွယ် ဖြစ်သော ကုလအထွေထွေ အတွင်းရေးမှူး ချုပ်ဟောင်း ဦးသန့်နှင့်ပတ်သက်သည့် အကြောင်းအရာများကို ဆောင်းပါး ဝေဝေဆာဆာဖြင့် ဖော်ပြရန် ဖြစ်သော်လည်း မျက်နှာဖုံး ဓာတ်ပုံခွင့်ပြုချက်မရသဖြင့် တခြားပုံတပုံ လွှဲပြောင်းတင်ပြရတော့မည် ဖြစ်ကြောင်း သိရသည်။


ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း
ဦးသန့် (ဓာတ်ပုံ - UN/Grunbaum)

ဦးသန့်အကြောင်းနှင့် ပတ်သက်၍ ထုတ်ဝေမည့် ၄ ကြိမ်မြောက် မြန်မာသစ်မဂ္ဂဇင်း အတွက် ကဗျာစုစုပေါင်း ၁၀ ပုဒ် ရွေးချယ် တင်ပြ ထားရာ စိစစ်ရေးက ၇ ပုဒ်ပယ်ခဲ့ပြီး ဆောင်းပါး ၅ ပုဒ်ကိုပါ ဖြုတ်ပယ်ခံခဲ့ရသည်ဟု သိရသည်။

လာမည့် ၂၀၀၉ ဇန်နဝါရီ ၂၂ ရက်နေ့သည် ဦးသန့်၏ အနှစ် ၁၀၀ ပြည့်မွေးနေ့ဖြစ်ပြီး ဦးသန့် နှစ် ၁၀၀ ပြည့် အထိန်းအမှတ်အဖြစ် ကမ္ဘာ့ ကုလသမဂ္ဂ စာတိုက်၊ ဆက်သွယ်ရေးဌာနက တံဆိပ်ခေါင်းများ ထုတ်ဝေမည် ဖြစ်သည်။

ဦးသန့်သည် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ရာထူးကို ၁၉၆၁ ခုနှစ်မှ ၁၉၇၁ ခုနှစ်အထိ သက်တမ်း ၂ ခုစာ တာဝန် ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၎င်း တာဝန်ထမ်းဆောင်စဉ် ကျူးဘား ဒုံးပျံအရေးအခင်းနှင့် ကွန်ဂို ပြည်တွင်းစစ်ပြဿနာများ ဖြေရှင်းခဲ့သည်။

အာရှ၏ ပထမဆုံးသော ကုလအထွေထွေအတွင်းရေးမှူးချုပ်ဖြစ်ကာ မြန်မာပြည်အတွက် ဂုဏ်ယူဖွယ် ဦးသန့်၏ ဈာပန အခမ်းအနားကို ဦးနေဝင်းအစိုးရက ဖြစ်သလို ဆောင်ရွက်ခဲ့သဖြင့် ထိုစဉ်က တက္ကသိုလ်ကျောင်းသား များက ဦးသန့်ရုပ်အလောင်းကို လုကာ ရန်ကုန်တက္ကသိုလ်အတွင်း မြေချရန် ကြံစည်ရာမှစ၍ မြန်မာ့သမိုင်းတွင် ယနေ့တိုင် ထင်ရှားသော “ဦးသန့်အရေးအခင်း” ဖြစ်ပေါ်ခဲ့သည်။

ထိုစဉ်က အရေးအခင်းကို ဦးနေဝင်းအစိုးရက အပြင်းအထန် နှိမ်နင်းခဲ့သောကြောင့် ကျောင်းသား၊ ပြည်သူ ဒါဇင်ပေါင်းများစွာ ကျဆုံးသူများ၊ အရေးယူ ထောင်ချခံရသူများ ရှိခဲ့သည်။

ဦးသန့်အကြောင်း ဖော်ပြမည့် မြန်မာသစ်မဂ္ဂဇင်းသည် မြန်မာပြည်တွင် ထင်ရှားလူသိများကာ မြန်မာနိုင်ငံ၏ အကျိုးကို သယ်ပိုးခဲ့သူ ရှေးမြန်မာကြီးများ အကြောင်းကို တဦးချင်းစီ လစဉ်ဖော်ပြသွားမည့် မဂ္ဂဇင်းဖြစ်သည်ဟု အယ်ဒီတာအဖွဲ့နှင့် နီးစပ်သည့် အသိုင်းအဝန်းက ပြောပြသည်။

“ဒီမဂ္ဂဇင်းမှာ ရေးတဲ့သူတွေအားလုံးရဲ့ ကိုယ်ရေးအချက်အလက်တွေကိုပါ စိစစ်ရေးကို တင်ပြရတယ်” ဟု မြန်မာသစ် နှင့် နီးစပ်သူကပြောပြသည်။

မကြာသေးမီအချိန်က မဂ္ဂဇင်းများအားလုံးတွင် ရေးသားသူ စာရေးဆရာ၊ ကဗျာဆရာများ၏ ကိုယ်ရေးအချက် အလက်များကို စိစစ်ရေးသို့ တင်ပြရမည်ဟု သတင်းထွက်ပေါ်ခဲ့သော်လည်း တရားဝင်အကြောင်းမကြား သေးကြောင်း ရန်ကုန်မဂ္ဂဇင်း အသိုင်းအဝန်းမှ သိရသည်။

ယခုလက်ရှိ ရန်ကုန်အခြေစိုက် မဂ္ဂဇင်းများ၏ အနေအထားမှာ ပုံစံပြောင်းကာ တိုးတက်မှုရှိလာပြီး စာပေပုံသဏ္ဍန်မဂ္ဂဇင်းများ၊ ပညာပေးမဂ္ဂဇင်းများ သုံး၊ လေးလအတွင်း နေရာရလာသည်ကို တွေ့ရကြောင်း ရန်ကုန်အခြေစိုက် မဂ္ဂဇင်းအယ်ဒီတာ တဦးကပြောပြသည်။

ယခင်ကဆိုလျှင် စီးပွားရေးအရ တွက်ခြေကိုက်သည့် ပေါ့ပ် (Popular) မဂ္ဂဇင်းများကိုသာ ထုတ်ဝေကြသော် လည်း ယခုနောက်ပိုင်းတွင် လူထုကို အသိဥာဏ်၊ အတွေးအခေါ်၊ အနုပညာ မြှင့်တင်ပေးမည့် မဂ္ဂဇင်းပုံစံများအား စီးပွားရေးအရ အမြတ်အစွန်းမရှိသလောက်ဖြင့် ထုတ်ဝေလာသည်ကို တွေ့ရကြောင်း သူက ဆက်ပြောသည်။

သာဓက အနေဖြင့် မြန်မာသစ်၊ ပိတောက်ပွင့်သစ်၊ စတိုင်သစ်၊ နွယ်နီ၊ ရနံ့သစ်၊ လှိုင်းသစ် စသည့် မဂ္ဂဇင်းများ ဖြစ်သည်။

Ref: ဧရာဝတီ

Read More...

မန္တလေးထောင်မှ နိုင်ငံရေးအကျဉ်းသားတဦး သေဆုံး

29 December 2008

မြန်မာစစ်အစိုးရက ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ကျန်းမာရေး၊ နေရေးထိုင်ရေးတွေနဲ့ ပတ်သက်လို့ စိုးရိမ်မကင်း ဖြစ်သံတွေ ကြားနေရတဲ့ အချိန်မှာပဲ နိုင်ငံရေးအကျဉ်းသားတဦး ထောင်ထဲမှာပဲ ကျန်းမာရေး ဆိုးရွားလို့ ဆုံးပါးတဲ့အထိ ဖြစ်ခဲ့ရတယ်လို့ မိသားစုက ပြောပါတယ်။ နှစ်ရှည်ထောင်ဒဏ် ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုဋ္ဌေးလွင်ဦး ဟာ မန္တလေးထောင်တွင်းမှာ ကွယ်လွန်သွားခဲ့လို့ ဒီကနေ့ပဲ သူရဲ့ဈာပနကို မိသားစုက ကျင်းပခဲ့တာပါ။ အကြောင်းစုံကို ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) လူငယ်အဖွဲ့ဝင် ကိုဋ္ဌေးလွင်ဦး တယောက် ထောင်တွင်းဆိုးရွားတဲ့ အခြေအနေတွေ အောက်မှာ ကျန်းမာရေးကုသစောင့်ရှောက်မှုတွေလည်း လုံလုံလောက်လောက် မရနိုင်ပဲ ဖြစ်နေရာက အခုနောက်ဆုံး ကွယ်လွန် ဆုံးပါးတဲ့ အထိ ဖြစ်ရတာလို့ မိသားစုကပြောတာပါ။ လွန်ခဲ့တဲ့ ၂၀၀၃ ခုနှစ်ကတည်းက ထောင်ဒဏ် (၇) နှစ် ချမှတ်ခံထားရတဲ့ ကိုဋ္ဌေးလွင်ဦး ဟာ ထောင်တွင်းရောက်မှ နာတာရှည်ရောဂါတွေ စွဲကပ်လာရာက မနေ့တုန်းကပဲ ဆုံးပါးသွားခဲ့လို့ မိသားစုက ဒီကနေ့ပဲ မန္တလေးမြို့မှာ သဂြိုဟ်ခဲ့ရတယ်လို့ ဇနီးသည်ဖြစ်သူ မခင်လှမြင့် က ပြောပါတယ်။


“အမအမျိုးသားက မနေ့ ၂၈ရက် တနင်္ဂနွေနေ့ မနက် ၅နာရီနဲ့ ၅မိနစ်မှာ ဆုံးတယ်။ ဒီနေ့မနက် ၁၁နာရီမှာ ထောင်ကနေ ထုတ်ပေးတယ်။ အခု ၁၂နာရီမှာ သင်္ဂြုလ်တယ်။ ဘယ်လို ဖြစ်ပြီး ဆုံးသွားတာတုန်းဆိုရင် ၂၀၀၈ခုနစ်စမှာ တီဘီဖြစ်ပြီး သတိလစ်ပြီး တတ်တဲ့ရောဂါ ကနေပြီး သွက်ချာပါဒ ဖြန်းတယ်၊ ပါးတခြမ်းရွဲ့ပြီး ကိုယ်တခြမ်းသေသလိုဖြစ်သွားတယ်။ ဆေးရုံပေါ်မှာပဲ ထားတာ ၃လကျော် ၄လ လောက်ရှိပြီ။ ဆရာဝန်က သိပ်ပြီး ဘာဆေးဝယ်ဆိုပြီးတော့ ရေးပေတာ မရှိဘူး။ ဆေးဝါးလုံလုံလောက်လောက် မရဘဲ အနားတခြား ဆေးတခြားတွေ ဖြစ်ပြီး အခုလို ဖြစ်ရတာလို့ အမ ယူဆတယ်။”

ကိုဋ္ဌေးလွင်ဦး ဟာ ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ် (ILO) ကို ဆက်သွယ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီဝင် ၁၁ ဦးနဲ့အတူ အာဏာပိုင်တွေက ၂၀၀၃ ခုနှစ်ထဲမှာ ဖမ်းဆီးခဲ့တာပါ။ နောက်ပိုင်းမှာ သူ့ကို ထောင်ဒဏ် (၇) နှစ်အထိ ပြစ်ဒဏ်စီရင်ခံခဲ့ရပြီး ကွယ်လွန်ချိန်အထိ မန္တလေးထောင်မှာ ထိန်းသိမ်းခံခဲ့ရတာပါ။ ဒီလို ထိန်းသိမ်းခံနေရတဲ့ နေရာမှာ ကျန်းမာရေးယိုယွင်းလာရာက လုံလောက်တဲ့ ကုသမှုတွေလည်း မရလို့ ခုလို ကွယ်လွန် ဆုံးပါးတဲ့အဖြစ်အထိ ကြုံရလို့လည်း မိသားစုအနေနဲ့ ယူကြုံးမရ ဖြစ်နေရတယ်လို့လည်း ဇနီးသည်ဖြစ်သူက ဆိုပါတယ်။

“ထောင်မကျခင်က ဘာရောဂါမှမရှိဘူး။ အမနဲ့ အိမ်ထောင်သက် ၁၀နှစ် အတွင်းမှာ ဆေးတောင် မထိုးဖူးဘူး၊ ညောင်းတာလောက်ပဲ ရှိတယ်။ အနှိပ်တောင် မထောင်ဘူး၊ အပြင်မှာတော့ ၀၀ဖြီးဇြီးပဲ ရောဂါမရှိဘူး၊ အမရပူရနဲ့ မန္တလေးအသွားအပြန် ဘီးနင်းပြီး စာသင်ကျောင်းကို သွားတယ်။ ထောင်ထဲမှာတောင် ၄နှစ်မှာ ရောဂါမရှိဘူး၊ ၅နှစ်ထဲရောက်မှာ ရောဂါတွေတွေ့ရတယ်။ ကိုယ့်ယောင်္ကျားဖြစ်တော့ ဇနီးသည် တယောက်အနေနဲ့ ၀မ်းနည်းပေမယ့် သူဟာ အများအတွက် ကောင်းတာလုပ်တာပဲ ဆိုပြီး ဂုဏ်ယူပါတယ်။ သားအတွက် ၀မ်းနည်းတယ်။ သားကလည်း သူ့အဖေကို တွေ့ချင်နေတယ်။ သား ၃နှစ်သားမှာ ထောင်ကြသွားတော့ သိတတ်နေပြီလေ။ သူ့အဖေနဲ့ အပြင်မှာ အတူတူနေချင်တယ်။ သူ့အဖေကိုပဲ အမြဲတမ်းတွေ့ချင်နေတယ်။ အခုဆိုရင် ပိုတောင် ၀မ်းနည်းသေးတယ်။ သားရှင်ပြု အလှူလှည့် အပြန်မှာ ကိုဌေးလွင်ဦး သေတယ်ဆိုတော့ စဉ်းစားကြည့်ပါ၊ အမရင်ထဲ ဘယ်လို ခံစားသွားရသလဲ ဆိုတာ။”

မနေ့ကပဲ ဆုံးပါးသွားတဲ့ နိုင်ငံရေးအကျဉ်းသား ကိုဋ္ဌေးလွင်ဦး ရဲ့ ဇနီးသည် မခင်လှမြင့်ပါ။ မြန်မာစစ်အစိုးရ အာဏာပိုင်တွေက ဒီနှစ်ထဲမှာ ရာဂဏန်းရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို စွပ်စွဲချက်တွေ အမျိုးမျိုးနဲ့ ဖမ်းဆီးထောင်ချပြီး နောက်ဆက်တွဲ ဝေးလံ ခေါင်ဖျားပြီး မိသားစုလက်လှမ်းမမှီရာ ရာသီဥတု ကြမ်းတမ်းရာ အကျဉ်းထောင်တွေကို ပို့ဆောင်ခဲ့လို့ သူတို့အတွက် ကျန်းမာရေးကအစ စိုးရိမ် ပူပမ်မှုတွေလည်း ထွက်ပေါ်ခဲ့တာပါ။ ကိုဋ္ဌေးလွင်ဦး မတိုင်မီ ဒီနှစ်ထဲမှာပဲ မန္တလေးထောင်က နိုင်ငံရေးအကျဉ်းသား နောက်တဦးဖြစ်တဲ့ ကိုရာပြည့် ဟာဆိုရင်လည်း အလားတူ ကွယ်လွန်ဆုံးပါးခဲ့တာပါ။ ပြည်ပမှာ အခြေစိုက်ထားပြီး နိုင်ငံရေး အကျဉ်းသားတွေရဲ့ အခြေအနေတွေကို စောင့်ကြည့် လေ့လာနေတဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မှတ်တမ်းတွေ အရဆိုရင်လည်း ဒီမိုကရေစီရေး တောင်းဆိုအုံကြွခဲ့ကြတဲ့ ၁၉၈၈ ခုနှစ်ကစလို့ နိုင်ငံရေး အကျဉ်းသားတွေ အကျဉ်းထောင်တွင်း ဆုံးပါးခဲ့တာ အနည်းဆုံး ၁၃၈ ဦးအထိ ရှိနေပြီ ဖြစ်ပါတယ်ခင်ဗျာ။

Ref: VOA News

Read More...

Monday, December 29, 2008

အစ္စရေးလ်က ဒုတိယမြောက်နေ့ လေကြောင်းက ဆက်တိုက်ခိုက်၊ မြေပြင်တပ်များ ပြင်ဆင်နေ

29 December 2008

ဂါဇာ ကမ်းမြှောင်က ဟားမတ်စ် စစ်သွေးကြွ ပစ်မှတ်တွေကို အစ္စရေး စစ်တပ်က ဒုတိယနေ့ အဖြစ် လေကြောင်းက တိုက်ခိုက်ခဲ့ပြီး မြေပြင် တပ်ဖွဲ့တွေကလည်း ၀င်ရောက် တိုက်ခိုက်ဖို့ ပြင်ဆင်မှုတွေ ရှိနေပါတယ်။ ဂါဇာ ကမ်းမြှောင် တောင်ပိုင်းက အီဂျစ်နယ်စပ်နဲ့ ဆက်နေတဲ့ ဟားမတ်စ်တွေရဲ့ လက်နက်နဲ့ ရိက္ခာ ထောက်ပံ့ရေး လမ်းကြောင်း လိုဏ်ဂူတွေကို အစ္စရေး လေတပ်က တနင်္ဂနွေနေ့က အဓိက ဗုံးကျဲတိုက်ခိုက်ခဲ့တာပါ။ ဒါ့အပြင် ဂါဇာမြို့ထဲက ဗလီတခုကိုလည်း အစ္စရေး လေယာဉ်တွေက တိုက်ခိုက် ဖျက်ဆီးလိုက်ပြီး ဒီဗလီဟာ အကြမ်းဖက်သမားတွေရဲ့ ခြေတပ် စခန်းဖြစ်တယ်လို့ အစ္စရေးတို့က ဆိုပါတယ်။ အစ္စရေး စစ်တပ်က အရံတပ်ဖွဲ့ အင်အား ၆၅၀၀ ကိုလည်း ဆင့်ခေါ်ထားပါတယ်။ ၂ရက်ကြာ အစ္စရေးရဲ့ တိုက်ခိုက်မှုမှာ ပါလက်စတိုင်း ၂၉၀ ကျော် သေဆုံးပြီး အဲဒီအထဲမှာ ဟားမတ်စ် စစ်သွေးကြွ အနဲဆုံး ၁၈၀ ပါတယ်လို့ ဂါဇာက အရာရှိတွေက ပြောပါတယ်။

ဂါဇာ ကမ်းမြှောင်က တိုက်ခိုက်မှုတွေကို ချက်ခြင်းရပ်ဖို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက တောင်းဆိုလိုက်ပြီ ပဋိပက္ခတွေကို နိုင်ငံရေး အရ ဖြေရှင်းကြဖို့ အစ္စရေးနဲ့ ပါလက်စတိုင်းတို့ကို တိုက်တွန်းလိုက်ပါတယ်။ ပုပ်ရဟန်းမင်းကြီး ဗနဲဒစ် က ထိပ်တိုက်ရင်ဆိုင်မှုတွေနဲ့ အကြမ်းဖက်မှုတွေက တကယ့်အမှန်တရားကို ဆန့်ကျင်ဘက် ဖြစ်စေတယ်လို့ ပြောဆိုပြီး ၂ဘက် စေ့စပ်ညှိနှိုင်းကြဖို့ တောင်းဆိုလိုက် ပါတယ်။ ပြင်သစ်သမ္မတ ဆာကိုဇီက အခုလို အင်အားသုံး တိုက်ခိုက်မှုတွေဟာ မသင့်လျော်တဲ့ လုပ်ရပ်ဖြစ်ပြီး ရန်စ တိုက်ခိုက်မှုတွေက ဂါဇာကမ်းမြှောင်မှာ ပြဿနာတွေကို ကြီးထွားစေလိမ့်မယ်လို့ ဆိုပါတယ်။ အစ္စရေး လေကြောင်း တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ရာပေါင်းများစွာ နယ်စပ် ခြံစည်းရိုးကို ကျော်ပြီး အီဂျစ်ဘက်ကို ထွက်ပြေးဖို့ ကြိုးစားကြရာမှာ အ၀င်မခံဘဲ အီဂျစ် လုံခြုံရေးတပ်တွေက သေနတ်တွေနဲ့ ပစ်ခတ် ခြောက်လန့် မောင်းထုတ်ခဲ့ကြပါတယ်။ အရှေ့ အလယ်ပိုင်း နိုင်ငံတွေမှာတော့ အစ္စရေးကို ဆန့်ကျင်တဲ့ ဆန္ဒပြသမားတွေက အီဂျစ်၊ အီရက်၊ ဂျော်ဒန်၊ လယ်ဘနွန်၊ စီရီးယားစတဲ့နိုင်ငံတွေမှာ ထောင်နဲ့ ချီပြီး ဟားမတ်စ်တွေအပေါ် အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကို ဆန့်ကျင် ကန့်ကွက် ဆန္ဒပြနေကြပါတယ်။

Ref: VOA News

Read More...

ပါကစ္စတန် အသေခံဗုံးခွဲမှု ၃၀ ကျော် သေဆုံး

29 December 2008

ဆူပူမှုတွေဖြစ်နေတဲ့ ပါကစ္စတန် အနောက်မြောက်ပိုင်းဒေသမှာ မနေ့ တနင်္ဂနွေနေ့က အသေခံ ကားဗုံးထောင် ဖောက်ခွဲမှု တခု ဖြစ်ပွားခဲ့လို့ လူပေါင်း ၃၄ ယောက်ထက် မနည်း သေဆုံး ခဲ့ပြီးတော့ ၁၅ဦး ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ပါကစ္စတန် ရဲဘက်တွေက ပြောပါတယ်။ ဖောက်ခွဲမှုကြောင့် စွက်တောင်ကြားအနီး ဘူနဲ မြို့မှာ မဲရုံအဖြစ်နဲ့ အသုံးအဖြစ်နဲ့ အသုံးပြုထားတဲ့ စာသင်ကျောင်းတခု ပျက်စီးခဲ့ရသလို အနီးနားက ဈေးဆိုင်အတော်များများလည်း ပျက်စီးခဲ့ရတယ်လို့ အစိုးရအရာရှိတွေက ပြောပါတယ်။ ပါကစ္စတန် အမျိုးသားလွှတ်တော် ဆိုင်ရာ ကြားဖြတ်ရွေးကောက်ပွဲမှာ မဲပေးသူတွေ မဲလာပေးနေကြတုန်းမှာ ပေါက်ကွဲခဲ့တာပါ။ အခုလို တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် အဲဒီ ဒေသ တ၀ိုက် မဲပေးမှုကို ရွေးကောက်ပွဲ အရာရှိတွေက ယာယီ ရပ်ဆိုင်းထားပါတယ်။ ဆေးရုံ သတင်းတွေအရ တိုက်ခိုက်မှုအတွင်း ပြင်းပြင်းထန်ထန် ဒဏ်ရာရသူတွေ အများအပြား ရှိနေတာကြောင့် သေဆုံးမှုဦးရေ တိုးလာနိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။

တာလီဘန် စစ်သွေးကြွတွေက အမျိုးသား သုံးဦးကို အမေရိကန်နဲ့ ပါကစ္စတန် နိုင်ငံတို့ရဲ့ သူလျှိုတွေလို့ စွပ်စွဲ ခဲ့ပြီးတော့ သတ်ဖြတ်ခဲ့တဲ့အကြောင်း ပါကစ္စတန် အရာရှိတွေက ပြောပါတယ်။ အသတ်ခံရသူတွေရဲ့ အလောင်းတွေကို တနင်္ဂနွေနေ့က မြောက်ပိုင်း ၀ါဆီဝစ္စတန် ဒေသမှာ ရှာဖွေ တွေ့ရှိခဲ့တယ်လို့ အစိုးရ အရာရှိတွေက ပြောပါတယ်။ အလောင်း ၂လောင်းကို မာအလီမြို့ အနီးက တံတားတခုမှာ ကြိုးစွဲချထားတာကို ရှာတွေ့ခဲ့ပြီးတော့ ကျန်အလောင်း တလောင်းကိုတော့ မီယံရှား မြို့အနီးမှာ သေနတ် ကျည်ဆံရာတွေနဲ့ ရှာတွေ့ခဲ့တယ်လို့ အစိုးရ အရာရှိတွေက ပြောပါတယ်။

Ref: VOA News

Read More...

ဂါဇာကမ်းမြှောင်မှာ အပစ်အခတ်ရပ်စဲကြဖို့ ကုလ လုံခြုံရေးကောင်စီ တောင်းဆို

28 December 2008

အရှေ့အလယ်ပိုင်း ဂါဇာကမ်းမြှောင်မှာ သွေးထွက်သံယို တိုက်ခိုက်မှုတွေ ဖြစ်နေတာတွေကို ချက်ခြင်း ရပ်ဆိုင်းဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဒီကနေ့ပဲ တောင်းဆိုလိုက်ပါတယ်။ အစ္စရေးလ်နိုင်ငံက ဂါဇာမှာ လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ခဲ့လို့ လူပေါင်း ၂၂၅ ယောက်ကျော် သေဆုံးခဲ့ရအပြီး နောက်တနေ့မှာ အခုလို ပြောဆိုလိုက်တာပါ။ ဂါဇာမှာရှိတဲ့ စစ်သွေးကြွတွေက အစ္စရေးလ်ဖက်ကို ရော့ကတ်လောင်ချာတွေ၊ မော်တာတွေနဲ့ တိုက်ခိုက်မှုတွေ ရက်ပေါင်း အတော်ကြာလုပ်ခဲ့တဲ့နောက် အစ္စရေးလ်ဖက်က အခုလို တိုက်ခိုက်ခဲ့တာပါ။ အကြောင်းစုံကို ဗွီအိုအေ သတင်းထောက် Purnell Murdock သတင်းပေးပို့ထားတာကို ကိုအောင်လွင်ဦး က တင်ပြပေးပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ၄ နာရီကျော်ကြာ အရေးပေါ် ဆွေးနွေးမှုတွေ မနေ့ညပိုင်းက ပြုလုပ်ခဲ့ပြီးတော့ အစ္စရေးလ်နဲ့ ဂါဇာမှာရှိတဲ့ ဟာမတ်စ်တို့အကြား အပစ်အခတ်ရပ်စဲရေးကို ပြန်လည် ထိန်းသိမ်းဖို့ လိုအပ်တဲ့အကြောင်း အလေးထားဖော်ပြထားတဲ့ ကြေငြာချက်တစောင် ဒီကနေ့ ထွက်လာခဲ့တာပါ။ လက်ရှိလုံခြုံရေးကောင်စီ အလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ ခရိုအေးရှားနိုင်ငံ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး နက်ဗင် ဂျူရီဆာ (Neven Jurica) ကတော့ နှစ်ဖက်စလုံး သွေးထွက်သံယို တိုက်ခိုက်မှုတွေဖြစ်နေတာတွေကို ရပ်ဖို့လည်း တောင်းဆိုလိုက်တာပါ။

“တည်ငြိမ်မှုတွေ အပြည့်အ၀ ပြန်လည်ရရှိဖို့ လိုတယ်လို့ လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေက အလေးအနက် ထားကြပါတယ်။ ဒါမှလည်း ပါလက်စတိုင်းနဲ့ အစ္စရေးလ် နှစ်ဖက်အကြား ရှိနေတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နိုင်ငံရေး အဖြေရှာနိုင်ဖို့ လမ်းစပွင့်နိုင်မှာ ဖြစ်ပါတယ်။”

မနေ့တုန်းကတော့ ဟာမတ်စ် တပ်ဖွဲ့ဝင်သစ်တွေ ကျောင်းဆင်းပွဲ အခမ်းအနား ကျင်းပနေတဲ့ နေရာအပါအ၀င် ဂါဇာ ကမ်းမြှောင်မှာရှိတဲ့ စစ်သွေးကြွတွေရဲ့ လုံခြုံရေး အဆောက်အဦပေါင်း ၄၀ ကျော်ကို အစ္စရေးလ်က စစ်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေနဲ့ တိုက်ခိုက်ခဲ့တာပါ။

ဒီကနေ့လည်း လေကြောင်း တိုက်ခိုက်မှုတွေ ဆက်လုပ်နေတဲ့နေရာမှာ ဂါဇာမြို့မှာရှိတဲ့ ဗလီ ၀တ်ကျောင်းတခုကို တိုက်ခိုက်ခဲ့လို့ လူ နောက်ထပ် ၂ ဦးလည်း သေဆုံးခဲ့တာပါ။ အစ္စရေးလ် အစိုးရ တာဝန် ရှိသူတွေကတော့ ဒီ ဗလီဝတ်ကျောင်းဟာ အကြမ်းဖက် လှုပ်ရှားမှုတွေအတွက် အခြေခံ စခန်း တခုအဖြစ် အသုံးပြုနေတဲ့ နေရာတခုလို့ ဆိုပါတယ်။

အစ္စရေးလ် ကာကွယ်ရေးဝန်ကြီး ဧဟုဒ် ဘာရက်ခ် (Ehud Barak) ကတော့ ဟာမတ်စတွေကို လိုအပ်ရင် လိုအပ်သလို တိုးမြှင့် တိုက်ခိုက်သွားမယ်လို့ သတိပေး ပြောဆိုထားခဲ့သလို၊ မြေပြင် တိုက်ခိုက်မှုတွေအတွက် တပ်ဖွဲ့ ရာပေါင်းများစွာကိုလည်း ဂါဇာနယ်စပ် တလျှောက်မှာ အင်အား ဖြည့်ထားပါတယ်။ ဟာမတ်စ်တို့ဘက်ကလည်း တိုက်ခိုက်မှုအတွက် လက်စားချေဖို့ သန္နိဌာန် ချထားတယ်လို့ ပြောဆိုထားတာ ဖြစ်ပြီးတော့ ဒီကနေ့မှာ အစ္စရေးလ် တောင်ပိုင်းကို ရော့ကတ် လောင်ချာ အလုံး ၅၀ ကျော် ပစ်ခတ်ခဲ့လို့ လူတဦး သေဆုံးခဲ့ပါတယ်။ ကုလသမဂ္ဂရဲ့ ပါလက်စတိုင်းအရေး စောင့်ကြည့် လေ့လာနေသူ ရီယာဒ် မန်ဆွာ (Ryad Mansour) ကတော့ လုံခြုံရေး ကောင်စီ အနေနဲ့ အခုထုတ်ပြန်လိုက်တဲ့ ကြေငြာချက်က အပစ်အခတ် ရပ်စဲရေး ခပ်ရှင်းရှင်း တောင်းဆို လိုက်တာပဲလို့လည်း ဒီကနေ့ပဲ နယူးယောက်ခ်မြို့မှာ သတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။

“လုံခြုံရေး ကောင်စီက မလုပ်နိုင်ပဲ ဖြစ်နေရတဲ့နေရာမှာ၊ အခုအခြေအနေမှာ ပထမဆုံး သတင်းစကားတခုအဖြစ် တွေ့ရတာကတော့ ချက်ခြင်း အပစ်အခတ် ရပ်စဲရေးလုပ်ဖို့ တောင်းဆိုတာပဲလို့ ကျနော် ယူဆပါတယ်။ အပစ်အခတ် ရပ်စဲရေး ချက်ခြင်း လုပ်ဖို့ဆိုတဲ့ အဓိပ္ပါယ်ကတော့ ဂါဇာကမ်းမြှောင်က ပါလက်စတိုင်း လူထုအပေါ် အစ္စရေး စစ်ယန္တယားက အကြီးအကျယ် တရားလက်လွတ် ပြုမူနေတာတွေကို ရပ်တန့်ဖို့ ဆိုတာပါပဲ။”

အပစ်အခတ် ရပ်စဲရေးအတွက် လုံခြုံရေး ကောင်စီရဲ့ တောင်းဆိုချက်ကို အစ္စရေးလ်ဘက်က လိုက်နာမှု မရှိဘူးဆိုရင်တော့ တခြား အာရပ် နိုင်ငံတွေနဲ့ သူတို့ကို ထောက်ခံသူတွေက လုံခြုံရေးကောင်စီကို ထပ်လာပြီး ဖိအား ပေးကြလိမ့်မယ် ဆိုပြီးတော့လည်း သူက သတိပေး ပြောဆိုပါတယ်။ အစ္စရေးလ်နဲ့ ဟာမတ်စ်တို့အကြား ၆ လကြာ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်တွေ အခုလ အစောပိုင်းမှာ သက်တမ်းကုန်ဆုံးစဉ်ကစလို့ ၂ ဘက် အကြား တင်းမာမှုတွေ ကြီးထွားလာခဲ့တာပါ။ အစ္စရေးလ်ဘက်ကို စစ်သွေးကြွတွေက ရော့ကတ် လောင်ချာတွေ၊ မော်တာတွေနဲ့ တိုက်ခိုက်မှုတွေ ရက်အတော်ကြာလာတဲ့နောက် အခုနောက်ဆုံး အစ္စရေးလ်ဘက်က စီးနင်း တိုက်ခိုက်မှုတွေလည်း နောက်ဆက်တွဲ ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်ခင်ဗျာ။

Ref:VOA News

Read More...

စစ်တပ်မှဖယ်ရှားအနားယူသွားပြီဟု သတင်းထွက်ခဲ့သော ထိပ်ပိုင်း ခေါင်းဆောင်များ ပြန်လည် ပေါ်ထွက်လာ

28 December 2008

နာဂစ်မုန်တိုင်းအလွန် စစ်အစိုးရ၏ လေးလပတ်အစည်းအဝေးအပြီး တပ်မတော် ထိပ်ပိုင်းတာဝန်များယူထားသည့် ဒုတိယဗိုလ်ချုပ်ကြီး (၅) ဦးအနက် (၄) ဦးမှာ ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ပြန်လည်ပေါ်ထွက်လာသည်။

စစ်ရေးအကဲခတ်သူများအကြား အဆိုပါ (၅) ဦးအား အငြိမ်းစားပေးလိုက်ပြီဟု သတင်းများထွက်ပေါ်နေခဲ့ပြီး (၅) လအကြာ ၎င်းတို့ လှုပ်ရှားမှုများ ပျောက်ကွယ်နေပြီးနောက် (၄) ဦး၏ လှုပ်ရှားမှု စတင်ပေါ်ထွက်လာခြင်း ဖြစ်သည်။

"တပ်ထဲမှာလည်း မေးစရာတွေဖြစ်ခဲ့တယ်၊ တကယ်စာရင်းထွက်လာခဲ့ကတည်းက ဒုတိယဗိုလ်ချုပ်ကြီး ကျော်သန်းကို ကျန်းမာရေးအရ အနားပေးလိုက်တာဖြစ်ပြီး ကျန်တဲ့ (၄) ယောက်ကို ရန်ကုန်တိုင်းစစ်ဌာနချုပ် တွဲဘက်ဆိုပြီး ထွက်ခဲ့တာပါ" ဟု ရန်ကုန်တိုင်း စစ်ဌာနချုပ်လက်အောက်မှ တပ်မတော်အရာရှိတဦးက ပြောသည်။

သားဖြစ်သူမှာ မူးယစ်ဆေးဝါးရောင်းဝယ်မှုဖြင့် အကျဉ်းရုံးစစ်ဆေးခံခဲ့ရပြီးနောက် စီးပွားရေးလုပ်ငန်းရှင် မောင်ဝိတ်အား စစ်အစိုးရက မူးယစ်ဆေးဝါးရောင်းဝယ်မှုဖြင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့ရာ ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်ကိုလည်း အနားပေးလိုက်သည်ဟု တပ်တွင်း ပြန့်နှံ့နေခဲ့သော်လည်း အမှန်တကယ်မှာ အရေးယူခြင်းမရှိဟု အဆိုပါအရာရှိက ဆက်လက်ပြောဆိုသည်။

တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းအပတ်စဉ် (၁၀) သင်တန်းဆင်းပွဲကို ယမန်နေ့ကပြုလုပ်ခဲ့ရာ စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုယ်တိုင် တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပြီး ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့မှူးများဖြစ်ပြီး အနားယူသွားပြီဟု အများသုံးသပ်နေသော ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်၊ ဒုတိယဗိုလ်ချုပ်ကြီး မောင်ဘို၊ ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဝင်းနှင့် ဒုတိယဗိုလ်ချုပ်ကြီး မောင်ထွေးတို့ တက်ရောက်ခဲ့ကြသည်။

"ကျနော်သုံးသပ်တာတော့ လွှတ်တော်မှာ တပ်မတော်ကကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းလို့ သတ်မှတ်ထားတာမို့ သူတို့က အလိုလို အဲ့ဒီနေရာကို ဝင်လာပါလိမ့်မယ်၊ တပ်ချုပ်က သူ့ကို ရာသက်ပန်ကာကွယ်ပေးမဲ့သူတွေ လိုအပ်နေတာမဟုတ်လား"ဟု အဆိုပါ တပ်မတော်အရာရှိက ဆက်လက်ပြောဆိုသွားသည်။

Ref: ရိုးမ ၃

Read More...

Sunday, December 28, 2008

ဗမာပြည်ကို အမေရိကန်ဝင်မဝင် စစ်ရေးနည်းလမ်း သုံးသင့်မသင့်

ဂါမဏိ

အမေရိကန်က စစ်ရေးအရဝင်ရေးဆိုတာ အလွယ်သုံးစကား၊ အများနားလည်တဲ့စကားနဲ့ ပြောတာဖြစ်ပါ တယ်။ အတိအကျပြောရရင်တော့ အမေရိကန် (သို့) နေတိုး (သို့) ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းတပ် (သို့) ဒေသ ဆိုင်ရာ ငြိမ်းချမ်းရေးတပ် လို့ပြောရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဘာခေါင်းစဉ်ဘဲတပ်ထားတပ်ထား အမေရိကန်ရဲ့ ကမ ကထပြုမှု၊ ဒါမှမဟုတ် မီးစိမ်းပြမှုနဲ့ဘဲ ဝင်ရတာဖြစ်ပါတယ်။ အဲဒီအောက်က လွတ်ကင်း တာ ရှားပါတယ်။ ဟိုတုံးက ကမ္ဘောဒီးယားကို ဗီယက်နမ်ဝင်တိုက်တာ၊ အရှေ့ပါကစ္စတန် (ဘင်္ဂလားဒေ့ရှ်) ကို အိန္ဒိယဝင်တိုက်တာတွေက စစ်အေး ခေတ်ကာလ ဆိုဗီယက်ရုရှ မီးစိမ်းပြမှုနဲ့ ဝင်ခဲ့ကြတာဖြစ်ပါတယ်။

စစ်အေးခေတ်ဒီဘက်ပိုင်းမှာတော့ အားလုံးဟာ အမေရိကန်အပေါ်တည်နေပါတယ်။ အကြမ်းဖက်ဝါဒ ဆန့် ကျင်ရေးဆိုတာ ဒါလောက်ကြီးအရေးမပါပါဘူး။ အကျိုးစီးပွား (တိုက်ရိုက် နဲ့ သွယ်ဝိုက်) ဘဲ အဓိက ဖြစ် ပါတယ်။ အမေရိကန်တော်လှန်ရေးတုံးကလည်း ဂျော့ဝါရှင်တန်တို့၊ ဂျက်ဖာဆန်တို့ကို အင်္ဂလိပ်က အကြမ်း ဖက်သမားလို့ သတ်မှတ်ခဲ့သလို ဂန္ဓီကိုလည်း ဗြိတိသျှဝန်ကြီးချုပ်ချာချီက ဆူပူရေးသမားလို့ သတ်မှတ်ခဲ့ပါ တယ်။

အမေရိကန် (သို့) ကုလ ဝင်တဲ့အခြေအနေတွေက ဘာလဲ။ အဓိကကတော့ အကျိုးစီးပွားဖြစ်ပါတယ်။ အရှင်းဆုံးဥပမာကတော့ အီရတ်ကရေနံ၊ ပနားမားက တူးမြောင်းကြီးတို့ဘဲဖြစ်ပါတယ်။ ဒါတွေက တိုက်ရိုက် ဒြဗ်ရှိ အကျိုးစီးပွားတွေဖြစ်ပါတယ်။ ဒီတော့ သွယ်ဝိုက်ဒြဗ်မဲ့အကျိုးစီးပွားကြောင့် ဝင်တာလည်းရှိတယ်လို့ အဓိပ္ပာယ်ကောက် လို့ရပါတယ်။ တိုင်းပြည်တပြည်မှာ အကြီးအကျယ် အပြန်အလှန်သတ်ဖြတ်နေကြ ဆူပွက်လောင်ကျွမ်းနေကြရင် ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ကမ္ဘာကြီးတခုလုံးမဟုတ်ရင်တောင် ဒေသကြီး တခုရဲ့ တည်ငြိမ်မှုကို ထိခိုက်လာပါတယ်။ တည်ငြိမ်မှုထိခိုက်တယ်ဆိုတော့ ဂလိုဘယ်လိုက်ဇေးရှင်း အရင်း ရှင်စီးပွားရေးစနစ်ကို ထိခိုက်လာပါတယ်။ (ဂလိုဘယ် အရင်းရှင်စနစ်ထဲမှာ တရုတ်လဲပါပါတယ်။) ဒါကြောင့် ဒီလို သွယ်ဝိုက်ဒြဗ်မဲ့အကျိုးစီးပွား ထိခိုက်တာတွေကိုလည်း အမေရိကန် (သို့) အမေရိကန်က ခေါင်းခံခိုင်း တဲ့အင်အားစုတွေက စစ်ရေးအရ ဝင်ရောက်စွက်ဖက်တာ မလုပ်မဖြစ် လုပ်ရပါတယ်။ တရုတ်လည်း (သွယ် ဝိုက် ဒြဗ်မဲ့အကျိုးစီးပွားပါနေတာကြောင့်) ဒါကို ဆန့်ကျင်လို့မဖြစ်ပါ။

အီရန်၊ မြောက်ကိုးရီးယားတို့ နျူကလီးယားတွေနဲ့ ကမြင်းကြောထနေကြပေမဲ့ သူတို့ပြည်တွင်းမှာ ဆူပူ တိုက်ခိုက် အပြန်အလှန်သတ်နေတာ မရှိတော့ အမေရိကန်လည်း ဝင်မစွက်ပါဘူး။ လေနဲ့ဘဲ အမြောက် ဖောက် နေပါတယ်။ ဒီနျူကလီးယားတွေဟာ တကယ်ဘဲ ဂလိုဘယ်အရင်းရှင်စနစ်အကျိုးစီးပွားကို ခြိမ်း ခြောက်တဲ့ အခါကျမှ ဝင်စွက်မှာဖြစ်တယ်။ အီရတ်မှာ နျူကလီးယားလုပ်လို့ ဝင်တိုက်တယ်လို့ အမေရိကန် က အကြောင်းပြပေမဲ့ ကာ့ဒ်သူပုန်တွေ၊ ရှီအာသူပုန်တွေရဲ့ ဆဒ္ဒမ်ဟူစိန်ဆန့်ကျင်ရေးအခံရှိနေတာဟာ ရေနံ လိုဘဲ အရေးပါတဲ့အကြောင်း တချက်ဖြစ်ပါတယ်။ အီရန်မှာ ၁၉၇၉ ခု ဘာသာရေးအာဏာရှင်စနစ် စတင် ထူထောင်ကတည်းက အခုအချိန်ထိ နှစ် ၃၀ နီးပါးကာလတလျှောက်လုံး အဲဒီအာဏာရှင်စနစ်ကို ဆန့်ကျင် တဲ့ လက်နက်ကိုင်တိုက်ပွဲမရှိခဲ့ပါဘူး။

ဒါကြောင့် ပြင်ပကနေ စစ်ရေးအရဝင်စွက်ဖို့ဆိုတာ အထဲကအင်အားစုတွေ စစ်ရေးအရ ဆူပွက်သဲသန် မနေဘဲ မဖြစ်နိုင်ပါဘူး။ ဒါကို ၂၀ ရာစုအကုန်နဲ့ ၂၁ ရာစုအဆန်း နိုင်ငံခြားတပ်ဝင်ရောက်စွက်ဖက်မှုရှိခဲ့တဲ့ နိုင်ငံ အားလုံးက သက်သေပြနေပါတယ်။ ဒါဆိုရင် ဗမာပြည်ကို အမေရိကန်တပ်တွေ ဝင်သင့်မသင့်၊ ဝင်ဖို့အလားအလာ ရှိမရှိ၊ ဝင်အောင် ဘယ်လိုလုပ်ရမယ်ဆိုတာကို ဆက်စဉ်းစားလို့ ရမယ်ထင်ပါတယ်။

ဒီတော့ ပြည်တွင်းမှာ စစ်ရေးအရ ဆူပွက်သဲသန်ဖို့ ဘာလုပ်ကြမလဲ။ ရှိနေတဲ့ တော်လှန်ရေးတပ်တွေဟာ နှစ် ၂၀၊ နှစ် ၅၀ တိုက်ခဲ့ကြပေမဲ့ ဘာမှဖြစ်မလာခဲ့ပါဘူး။ အမျိုးမျိုးသော အကန့်အသတ်တွေကို မကျော်နိုင်တဲ့အတွက် ဖြစ်ပါတယ်။ ဒါကြောင့် အင်အားသစ်တွေက စစ်ရေးလမ်းသစ်ကို ထွင်ရမှာ ဖြစ်ပါတယ်။ နိပေါနိုင်ငံမှာ မော်ဝါဒီတွေက ရေဆန်လေဆန် လမ်းကြောင်းသစ်ဖောက်ခဲ့လို့ အောင်ပွဲခံ သွားပါတယ်။ (တရုတ်နဲ့ အိန္ဒိယ နှစ်နိုင်ငံစလုံးက ဗမာပြည်က နအဖကိုထောက်ခံသလိုမျိုး နီပေါဘုရင်ကို လက်နက်ထောက်ပံ့ပေးခဲ့တဲ့ကြားက အောင်ပွဲခံသွားတာ ဖြစ်ပါတယ်) ကိုဆိုဗိုမှာလည်း ကေအယ်လ်အေ သူပုန်တွေက မြို့တွင်းပြောက်ကျားလမ်းသစ်ဖောက်ခဲ့လို့ တိုင်းပြည်ရသွားတယ်။ (အမေရိကန်ဟာ ရုရှ သြဇာခံ ဆားဘီးယားသမတ မီလိုဆီဗစ်လက်ထက်မှာ ၁၉၉၆ ခုကနေ ၁၉၉၉ အထိ ကိုဆိုဗိုသူပုန်ကို အားပေးခဲ့ပေမဲ့ ၂၀၀၀ ခုနှစ်မှာ မီလိုဆီဗစ်ပြုတ်ပြီး အမေရိကန်လိုလားတဲ့အစိုးရ တက်လာတဲ့အခါမှာတော့ ကိုဆိုဗိုကိစ္စ အားပေးမခံရတော့ပါဘူး။ ဒီကြားထဲက ၂၀၀၈ မှာ လွတ်လပ်ရေးကြေညာ နိုင်ခဲ့တာ ဖြစ်ပါ တယ်။)

ရူမေးနီးယားနိုင်ငံမှာ တပ်မတော်က လမ်းသစ်ဖောက်လိုက်လို့ အာဏာရှင် ချောင်ချက်စကူး ကြိုးစင်ရောက် သွားတယ်။ ဖိလိပိုင်မှာတော့ ဗိုလ်ချုပ်ကြီးရားမို့စ်က လမ်းသစ်မဖောက်ရင် အကွီနိုတို့အတိုက်အခံတွေ မြေကြီးထဲ ရောက်သွားမှာဖြစ်ပါတယ်။ (ဗမာပြည်မှာတော့ ဗိုလ်ကြီးအုန်းကျော်မြင့်တို့ လမ်းသစ်ဖောက်ခဲ့ ပေမဲ့ အားနည်းချက်တွေ ရှိလို့ မအောင်မမြင်ဖြစ်ခဲ့တယ်)

ဂန္ဓီရဲ့ အကြမ်းမဖက်လမ်းစဉ်ကြောင့် အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရခဲ့တယ်လို့ အများနားလည်လက်ခံ ထားပေမဲ့ ဗြိတိသျှအစိုးရရဲ့ နှစ်ပေါင်း (၅၀)ကျော်လျှို့ဝှက်ထားတဲ့ စာရွက်စာတမ်းတွေကနေ သိရတာက ဒုတိယကမ္ဘာစစ်အစမှာ ဗြိတိသျှအင်ပါယာစစ်တပ်ကြီးထဲ ပါဝင်တိုက်ခိုက်ပေးတဲ့ ကိုလိုနီအိန္ဒိယတပ် အင်အား တသောင်းလောက် ဂျာမန် သုံ့ပန်းဖြစ်နေချိန် အိန္ဒိယလက်နက်ကိုင်တော်လှန်ရေးခေါင်းဆောင် ဆူဘတ်ချန်ဒရာဘို့စ် သုံ့ပန်းစခန်းတွေ လာစည်းရုံး တဲ့အခါ အိန္ဒိယစစ်သားတွေ ထောင်နဲ့ချီပြီး အိုင်အဲန်အေ (အိန္ဒိယအမျိုးသားတပ်မတော်)ထဲဝင်ဖို့ စာရင်းသွင်းခဲ့တာကို ဒုတိယကမ္ဘာစစ်ပြီးခါနီးမှာ ဗြိတိသျှအစိုးရ သိသွားလို့ စစ်ပွဲပြီးချိန်မှာ အိန္ဒိယကို ဆက်ထိန်းဖို့ မလွယ်တော့ဘူးဆိုတာ သဘောပေါက်ပြီး လွတ်လပ်ရေး ပေးရတာဖြစ်တဲ့အကြောင်းပါဘဲ။

လမ်းကြောင်းကို အသေထားလို့ အကျိုးမရှိပါဘူး။ ဗမာပြည်မှာ အရင်ကလမ်းကြောင်းတွေ အသေကိုင်ခဲ့ကြ တယ်။ ၈၈ မတိုင်ခင်က လက်နက်ကိုင်တော်လှန်ရေးလမ်းကြောင်း၊ ၈၈ နောက်ပိုင်းမှာ လူထုတိုက်ပွဲ လမ်း ကြောင်း၊ အကြမ်းမဖက်တိုက်ပွဲလမ်းကြောင်းစသဖြင့် အသေကိုင်ခဲ့ကြတယ်။ ဘယ်သူမှ အလုပ်မဖြစ်ခဲ့ပါ။ ဒါကြောင့် နီပေါနိုင်ငံက မော်ဝါဒီတွေ၊ သီရိလင်္ကာက တမီးကျားတွေ၊ ကိုဆိုဗိုက ကေအယ်လ်အေတွေရဲ့ လမ်းကြောင်းကို လေ့လာအတုယူဖို့လိုသလို ရူမေးနီးယား (၁၉၈၉)၊ ဖိလိပိုင် (၁၉၈၆)၊ ဘော့စ်နီးယား (၁၉၉၂ - ၉၅)၊ ပေါ်တူဂီ (၁၉၇၄) တို့က တပ်မတော်တွေရဲ့ လမ်းကြောင်းတွေကိုလည်း အတုယူ လျှောက်လှမ်းနိုင်အောင် ကြိုးစားရမှာဖြစ်ပါတယ်။

ဂါမဏိ

Read More...

Friday, December 26, 2008

မြေအောက်ရဲဘော် ဆောင်ရန် ရှောင်ရန်

နိုင်ငံရေး လှုပ်ရှားမှုများ ဆောင်ရွက်တဲ့အခါမှာ တိုက်ပွဲဝင် ပုံသဏ္ဍာန်မျိုးစုံနဲ့ လှုပ်ရှား ဆောင်ရွက်ကြပါတယ်။ ဒီလို လှုပ်ရှားမှုတွေထဲက မြေအောက်ယူဂျီနဲ့ ပတ်သက်တဲ့ ဆောင်ရန်ရှောင်ရန် အချက် တချို့ကို လေ့လာ ထားမိသမျှလေး တင်ပြပေးပါမယ်။ အဖွဲ့အစည်းတိုင်းမှာ သူ့အုပ်စုနဲ့သူ သီးခြား ညွှန်ကြားချက်တွေ ရှိပါတယ်။ အခု ဆောင်းပါးလေးမှာကတော့ ယေဘုယျ အချက်လေးများကို အကြံပြု ပြောကြားချင်ပါတယ်။

လုံခြုံရေးသည် ပထမ
ဘယ်လိုဆောင်ရွက်ချက်ကို လုပ်ဆောင်တဲ့အခါပဲ ဖြစ်ဖြစ် လုပ်ရန်ကိစ္စထက် မိမိလုံခြုံရေး၊ မိမိရဲဘော် လုံခြုံရေးကို ပထမဆုံး ထည့်စဉ်းစားဖို့ လိုအပ်ပါတယ်။ ဘေးပတ်ဝန်းကျင်ကို အစဉ်အမြဲ ဂရုစိုက်ပါ။ စာရွက်စာတမ်းများ၊ ပိုစတာများ ကိုယ်နဲ့ မကွာပါနေရင် သွားမယ့် လမ်းကြောင်းကို သေချာရွေးပါ။ လမ်းကြောင်း တခုတည်း အစဉ်အမြဲ သုံးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

စိတ်နေစိတ်ထား
ဘယ်လောက်အရေးကြီးတဲ့ အလုပ်ပဲဖြစ်နေပါစေ၊ ပုံမှန် လုပ်ငန်းဆောင်တာ တခုလိုပဲ စိတ်ထဲမှာ တွေးထားပါ။ မတော်တဆ အာဏာပိုင် ဘက်တော်သားများနဲ့ ထိပ်တိုက်တွေ့ရင် စကားပြောတဲ့ အခါမှာ မျက်လုံးကို လုံးဝ မကစားပါနဲ့။ ပြေပြေလည်လည်နှင့် ချေချေငံငံပြောပါ။ သူတိုအပေါ်တွင် ခံပြင်းနေသည့် မိမိစိတ်ကို မျက်လုံးမှာ မပေါ်ပါစေနဲ့။ အမြဲတမ်း cover story တခုကို ကြိုတင် ပြင်ဆင်ထားပါ။ စိတ်ထဲမှာလဲ ထိုဇာတ်လမ်းကို စွဲစွဲမြဲမြဲ ရှိနေစေရန် လေ့ကျင့်ထားပါ။ တယောက်ထက်ပို၍ ပါဝင်သော လုပ်ငန်း တာဝန်ဖြစ်ပါက ကြိုတင် ဇာတ်တိုက်ထားပါ။


အ၀တ်အစား
လှုပ်ရှားမယ့်နေရာရဲ့ အ၀တ်အစားဝတ်ဆင်ပုံကို အမြဲသတိပြုပါ။ လူအများကြားမှာ သတိထားမိ စေနိုင်တဲ့ အ၀တ်အစားများ လုံးဝမ၀တ်ပါနဲ့။ ပုဆိုးအ၀တ်များတဲ့ နေရာမှာ ဘောင်းဘီ မ၀တ်သွားပါနဲ့။ ဘောင်းဘီဝတ်များသော နေရာမှာ ပုဆိုး ၀တ်မသွားပါနဲ့။ ထင်ရှားတဲ့ တံဆိပ်ပါတဲ့ အကျီင်္တွေ၊ မြင်သာ မှတ်မိလွယ်သော အရောင်တွေကို မ၀တ်ဆင်ပါနဲ့။ လူအများကြားမှာ ပေါ်လွင်နိုင်တဲ့ ၀တ်စားဆင်ယင်မှုကို ရှောင်ကြဉ်ပါ။ ရှပ်အကျီင်္အဖြူနဲ့ ကချင်ပုဆိုး တွဲစပ် ၀တ်ဆင်ခြင်းကို သိပ်မလုပ်ပါနဲ့။

လှုပ်ရှားမှု
စိတ်လှုပ်ရှားမှုကို ပေါ်လွင်စေတဲ့ ကိုယ်ဟန်အမူအရာများကို တတ်နိုင်သမျှ ထိန်းချုပ်ပါ။ ဆိုင် တဆိုင်ဆိုင်မှာ တစုံတယောက်နဲ့ ချိန်းဆိုထားပါက အပေါက်ဝကို ခဏခဏ မျှော်မကြည့်ပါနဲ့။ ထိုင်နေကျ လက်ဖက်ရည်ဆိုင်၊ ကော်ဖီဆိုင်၊ အအေးဆိုင်များကို ပုံမှန်မထားပါနဲ့။ အိမ်မှထွက်ချိန်ကို တသမတ် မထားပါနဲ့။ ဆယ်မိနစ်၊ ဆယ့်ငါးမိနစ် တိုးလိုက်လျှော့လိုက် အမြဲလုပ်ပါ။

နောက်ယောင်ခံလာမှုကို သံသယရှိရင် ရုတ်တရက် ခြေလှမ်း မြန်လိုက်တာ မလုပ်ပါနဲ့။ သွားနှုန်းကို မသိမသာ မြှင့်ပါ။ လူအုပ်နှင့် ရောပါ။ ချိန်းထားတယ်ဆိုပြီး၊ စိတ်မလောပါနဲ့။ အခြေအနေ မကောင်းပါက ချိန်းဆိုထားမှုကို ပျက်ကွက်လိုက်ပါ။ ဘတ်စ်ကားစီးရင် အပေါက်ဝနဲ့ နီးတဲ့နေရာမှာ ထိုင်တာ၊ ရပ်တာလုပ်ပါ။ ခေါင်းလှည့်ပြီး ဟိုကြည့်ဒီကြည့် မလုပ်ပါနဲ့။ မျက်စိကိုပဲ မသိမသာ အသုံးပြုပါ။

မော်တော်ယာဉ်၊ ဆိုင်ကယ်များကို သုံးပါက နံပါတ်ပြားပြောင်းသုံးပါ။ သို့ပေမယ့် နံပါတ်ပြားများ သယ်ဆောင် သွားခြင်းကို ရှောင်ကြဉ်ပါ။ အိမ်(သို့) စိတ်ချရသော နေရာမှာ မထွက်ခင် ကတည်းက မှောင်ချိန်တွေမှာ ပြောင်းတပ်တာ လုပ်ပါ။

အစည်းအဝေး
တတ်နိုင်သမျှ လူအများနဲ့ လုပ်တဲ့အစည်းအဝေးများ လုပ်တာကို ရှောင်ပါ။ မိမိကလာဘ်စည်းနှင့် မိမိ သီးခြား ဆက်သွယ်မှုသာ လုပ်ပါ။ အိုဂျီ လုပ်ငန်းဆောင်တာများ ပြုလုပ်နေသော အဖွဲ့များရဲ့ အစည်းအဝေးများ၊ အခမ်းအနားများကို လုံးဝ သွားမတက်ပါနဲ့။

မဖြစ်မနေ အစည်းအဝေးလုပ်စရာရှိခဲ့ရင် နေရာကို သုံးယောက်ထက်ပိုပြီး အသိမပေးပါနဲ့။ လူတွေကို သီးသန့် နေရာတွေမှာ ခွဲချိန်းပါ။ နောက်ယောင်ခံတာ ရှိမရှိ သေချာဆန်းစစ်ပါ။ ပြီးမှ အသုတ်များခွဲပြီး ဆုံမှတ်နေရာကို သွားပါ။ တနေရာတည်းပုံမှန် ဘယ်တော့မှ မသတ်မှတ်ပါနဲ့။ ရက်တွေ အများကြီး ကြိုပြီး အချိန်ကို အသိမပေးထားပါနဲ့။

ဆက်သွယ်ရေး
“လိုင်းလုံးဝ၊ လုံးဝ မပူးပါနဲ့”။ မြေအောက်ရဲဘော်တယောက် အတွက် ဒီအချက်ဟာ အသက်တမျှ အရေးကြီးလှပါတယ်။ အိုဂျီအသွင် လှုပ်ရှားသူတွေနဲ့ လိုင်းသွားပူးမိလို့၊ ထောက်လှမ်းရေး နောက်ယောင်ခံ လိုက်ခံနေရတဲ့ လိုင်းတွေနဲ့ သွားပူးမိလို့၊ အချိန်မတန်ခင် ရန်သူ့လက်ထဲ ရောက်သွားရတဲ့ အဖြစ်အပျက်တွေ အများကြီးပါ။ အဖေနဲ့သားတောင် တလိုင်းတည်း မဟုတ်ရင် အချင်းချင်းဖွင့်ဟ မေးမြန်းတာတွေ မလုပ်ပါနဲ့။ ကိုယ့်သူငယ်ချင်း တယောက်က တယောက်ယောက်နဲ့ အဆက်အသွယ် ရှိနေမှန်း သိနေရင်တောင် မသိချင်ယောင် ဆောင်နေလိုက်ပါ။ လိုင်း လုံးဝမပူးပါနဲ့။

ပြည်ပမှာ နာမည်ကြီးနေတယ်ဆိုပြီးလဲ လိုင်းသွားမဆက်ပါနဲ့။ မလိုအပ်ပဲ လိုင်းသွားဆက်မိတဲ့ အခါ သူတို့ရဲ့ ဂျီတော့ခ်တွေကို စောင့်ကြည့် ခံနေရတာဆိုရင် ကိုယ့်အမည် ပေါက်ထွက်သွား နိုင်ပါတယ်။ မီဒီယာများနဲ့ ဆက်သွယ်တဲ့ အခါမှာလဲ ဒီလိုပါပဲ။ မိမိတာဝန်က သတင်းယူဂျီ မဟုတ်ပဲ၊ ကလာဘ်စည်း တည်ဆောက်ရေး၊ ရေရှည်မြှုပ်နှံရေး ဆိုရင် မီဒီယာများနဲ့ လုံးဝလိုင်းမပူးပါနဲ့။

ပြည်ပနဲ့၊ မီဒီယာနဲ့၊ အိုဂျီတွေနဲ့ သတင်းဆိုင်ရာ၊ ဆက်ဆံရေးဆိုင်ရာ တာဝန် ယူရတယ်ဆိုရင် သီးခြား အီးမေးလ်ကိုသုံးပါ။ ကိုယ့်ပြည်တွင်း ကလာဘ်စည်းများနဲ့ ဆက်သွယ်နေတဲ့ အီးမေးလ်ကို လုံးဝမသုံးပါနဲ့။ ဆက်သွယ်ရေး အီးမေးလ်ကို အမည်ရင်းများနဲ့ လုံးဝမဖွင့်ပါနဲ့။ အီးမေးလ် လိပ်စာရှေ့မှာ နာမည်တွေ ထည့်ထားတာ မလုပ်ပါနဲ့။ အီးမေးလ်လိပ်စာပဲ address book မှာ ထည့်ထားပါ။ လိပ်စာတွေကို တတ်နိုင်သမျှ BCC ထဲထည့်ပြီး ပို့ပါ။ မိမိအီးမေးလ် အဖောက်ခံရတယ်လို့ သံသယရှိရင် ဒီအီးမေးလ် လိပ်စာကို တခါတည်း ဖျက်ချပစ် လိုက်ပါ။ လုံးဝမထားပါနဲ့တော့။ မသိတဲ့ လူများက ဆက်သွယ်မိရင် သတင်း ပေါက်ကြား သွားတာတွေ ဖြစ်စေနိုင်ပါတယ်။ ကိုယ်ပိုင်ဘလော့ ရှိသူများ ဘလော့ဖွင့်ထားတဲ့ အီးမေးလ်လိပ်စာကို ပြည်တွင်း ပြည်ပ ဆက်သွယ်ရေးမှာ မသုံးပါနဲ့။

ပြည်တွင်းလှုပ်ရှားမှု ဓာတ်ပုံများပို့ရင် ဓာတ်ပုံတွေမှာ လူပုံတွေကို တတ်နိုင်သမျှ ဖျောက်ထားပါ။ လူပုံရိပ်တွေ ပါရင်တောင် ထင်ရှားတဲ့ အမှတ်အသားတွေ ပါတဲ့အထိ အနီးကပ် ဓာတ်ပုံ ရိုက်ပို့တာတွေ မလုပ်ပါနဲ့။ ကိုယ့်ရဲဘော် လုံခြုံရေးကို အမြဲဂရုပြုပါ။ သတင်းတပုဒ်လေး အတွက် ကိုယ့်ရဲဘော်ကိုယ် စတေးလိုက်မိတဲ့ အဖြစ်မျိုး လုံးဝမဖြစ်ပါစေနဲ့။

စာရွက်စာတမ်း
တတ်နိုင်သမျှ စာရွက်စာတမ်းတွေကို ကိုယ်နဲ့ နီးနီးကပ်ကပ် မထားပါနဲ့။ USB ထဲမှာ စာရွက်စာတမ်းတွေ ရှိနေတုန်း၊ ပိတ်ဖမ်းနေတာမျိုး ကြုံတဲ့အခါ၊ မလွတ်နိုင်တော့ဘူး ထင်ရင် USB ကို ချိုးဖဲ့ ဖျက်ဆီးပစ်လိုက်ပါ။ စာရွက် စာတမ်းတွေနဲ့ အမိ မခံပါနဲ့။

စာရွက်စာတမ်းတွေကို အိမ်မှာမထားပါနဲ့။ မလိုအပ်တာတွေကို သိမ်းမထားပါနဲ့။ အသုံးပြုစရာ မလိုတော့တဲ့ ပိုစတာဟောင်းတွေ၊ စာရွက်ဟောင်းတွေကို မီးရှို့ဖျက်ဆီး ပစ်လိုက်ပါ။ ကွန်ပျူတာ သုံးတယ်ဆိုရင် ကွန်ပျူတာထဲမှာ သိမ်းမထားပါနဲ့။ အလွယ်တကူ ရွှေ့ပြောင်းသယ်ယူနိုင်တဲ့ ပစ္စည်းလေးတွေထဲကို ပြောင်းထည့်လိုက်ပါ။ အီးမေးလ်ထဲက မလိုအပ်တော့တဲ့ မေးလ်တွေကို ဖျက်ပစ်လိုက်ပါ။ သိမ်းမထားပါနဲ့။ အထူးသဖြင့် ပြည်ပနဲ့ ဆက်သွယ်ထားတဲ့ chat တွေကို အကုန်ဖျက်ပစ်လိုက်ပါ။ လက်ဝယ်ရှိတဲ့ စာရွက် စာတမ်းတွေကို သိမ်းထားဖို့ လိုတယ်ဆိုရင် တခြား ကျောင်းမှတ်စုတွေ၊ အလုပ်မှတ်စုတွေနဲ့ ရောထားလိုက်ပါ။ ဖိုင်သီးသန့် ခွဲသိမ်းတာမျိုး မလုပ်ပါနဲ့။

မိတ်ဆွေများအတွက် တစုံတရာ အကျိုးရှိမယ် ယူဆပြီး၊ စေတနာနဲ့ အကြံပြုချက်များသာ ဖြစ်ပါတယ်။
တော်လှန်ရေးသစ္စာဖြင့်

Ref: ခင်မမမျိုး (၂၆၊ ၁၂၊ ၂၀၀၈)

Read More...

Wednesday, December 24, 2008

နအဖ ပြည်ထဲရေး ၀န်ကြီးရဲ့  ထိုးဖောက်မှု အစီအစဉ်

ပြည်ထဲရေး အရာရှိတဦး (၂၄-၁၂-၀၈)


နအဖ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦး၏ စီမံကွပ်ကဲမှုအရ ရဲမှူးသန်းထွန်း ဦးစီးသည့် အောက်ဖော်ပြပါ အဖွဲ့ဝင် (၂၀) ဦးဟာ ရန်ကုန်မှ မြ၀တီ၊ မြ၀တီမှ မဲဆောက်သို့ ဒီဇင်ဘာ (၁၉) ရက်နေ့တွင် ရောက်ရှိခဲ့သည်။ အဆိုပါအဖွဲ့၏ ဦးတည်ချက်များမှာ ပြည်တွင်းမှ လာရောက်မည့် နယ်စပ်ဒေသရှိ အတိုက်အခံ အဖွဲ့အစည်းများ တချို့ က ဖွင့်လှစ်မည့် သင်တန်းပေါင်းစုံ တက်ရောက်မည့်သူများအား ထောက်လှမ်းရန်၊ ရရှိသည့် အချက်အလက်များကို ပြည်တွင်းသို့ အချိန်မီ သတင်းပို့ရန်၊ သင်တန်းဖွင့်လှစ်မည့် အဖွဲ့အစည်းများ ရုံး၊ နေရာ၊ သင်တန်း ကျင်းပသည့် နေရာထိ ထိုးဖောက်သွားရေး စီမံဆောင်ရွက်ရန် ဖြစ်ပါသည်။

နောက်ဦးတည်ချက်မှာ နယ်စပ်ဒေသတွင် UG (Underground) လုပ်သူများ လျှို့ဝှက်စွာ ပြည်တွင်းသို့ ၀င်ရောက်မည့် အစီအစဉ်လမ်းကြောင်းနှင့် ရည်ရွယ်ချက်များကို ဖော်ထုတ် ထောက်လှမ်းသွားရန်၊ အတိုက်အခံ အဖွဲ့အစည်း ရုံးများတွင် ပြည်တွင်းက တရားမ၀င် လာရောက်လုပ်ကိုင်နေသူများ၏ လှုပ်ရှားမှု သတင်းများကိုပါ ဖော်ထုတ်သွားရန် စသည့် ဦးတည်ချက်များ ပါဝင်ကြောင်း သိရသည်။ ထိုးဖောက်ရေးအဖွဲ့၌ ပါဝင်သူများမှာ အောက်ပါအတိုင်း ဖြစ်သည်။

၁။ သန်းထွန်း
၂။ ဇော်မင်းထွန်း
၃။ တင်ထွန်းအောင်
၎။ ထွန်းထွန်းဝင်း
၅။ စောကျော်ထွေး
၆။ ညီမင်းသူ
၇။ မောင်ထွေး
၈။ အောင်ထွေး
၉။ နေလင်း
၁၀။ သူရအောင်
၁၁။ ကျော်နိုင်
၁၂။ စိုးစိုးထွေး
၁၃။ မိုးပပအောင်
၁၄။ မိအေးမာ
၁၅။ ဆွေဆွေဝင်း
၁၆။ သီသီအောင်
၁၇။ မသန်းအေး
၁၈။ နိုင်နိုင်ဇော်
၁၉။ သက်မာ
၂၀။ ဆင့်ဆင့်အေးတို့ ဖြစ်ကြသည်။

အဖွဲ့ခေါင်းဆောင် ရဲမှူးသန်းထွန်းဟာ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံတွင် တာဝန်ထမ်းဆောင်ခဲ့သော တပ်မတော် အရာရှိတဦးဖြစ်ပြီး မှော်ဘီ ရဲတပ်ရင်းသို့ ပြောင်းရွှေ့ခဲ့သူ ဖြစ်သည်။ ရဲမှူးသန်းထွန်းဟာ ထူးချွန်သူတဦး ဖြစ်ပြီး ဗိုလ်ချုပ်မြ၏ သားအငယ်ဆုံးကို စည်းရုံးနိုင်စွမ်း ရှိခဲ့သူ ဖြစ်ကာ DKBA အဖွဲ့၏ ပံ့ပိုးမှုဖြင့် မြ၀တီမှ မဲဆောက်ကို ထိုးဖောက်နိုင်အောင် စီစဉ်နေသူ ဖြစ်သည်။ ရဲမှူး သန်းထွန်းနှင့် အဖွဲ့ကို လှုပ်ရှားနိုင်ရန် အောက်ပါအတိုင်း နေရာချ စီမံဆောင်ရွက်ခဲ့ပါသည်။

၁။ မယ်တော်ဆေးခန်းတွင် တာဝန်ချထားသူ (၅) ဦး
၂။ စက်ရုံ အလုပ်ရုံများတွင် တာဝန်ချထားသူ (၃) ဦး
၃။ မဲဆောက်မြို့ ပေါ်တွင် တာဝန်ချထားသူ (၇) ဦး
၎။ မြ၀တီမြို့ တွင် အရေးပေါ် စစ်ဆင်ရေးအတွက် အရန်အင်အား (၅) ဦး

မယ်တော်ဆေးခန်း၊ စက်ရုံ အလုပ်ရုံနှင့် မဲဆောက်မြို့ ပေါ်တွင် တာဝန်ချထားသူ စုစုပေါင်း (၁၅) ဦးတို့ကို ထိုင်း လက်ကိုင်ဖုန်းများ ကိုယ်စီ ပေးထားပြီး မြ၀တီကို စဉ်ဆက်မပြတ် သတင်းပို့ဆက်သွယ်ရေးအတွက် အထူးမှာကြားထားခဲ့သည်ဟု သိရသည်။ သူတို့ကို မြ၀တီသို့ နေ့ချင်းပြန် မသွားခိုင်းဘဲ မဲဆောက်မြို့  တ၀ိုက်တွင် အခြေပြုကာ လှည့်လည်လှုပ်ရှားခိုင်းပါ သည်။ သူတို့ရဲ့  လုံခြုံရေးအတွက် နံမည်ဝှက်များကို အောက်ပါ အတိုင်း အသီးသီးပေး ထားသည်။

အဖွဲ့ခေါင်းဆောင် သန်းထွန်းအား (ဗိုက်ကြီး)၊ ထွန်းထွန်းဝင်းအား (ခေါင်းပြောင်)၊ ဇော်မင်းထွန်း အား (ဒီကေး)၊ တင်ထွန်းအောင်အား (ကုလားလေး) ၊ စောကျော်ထွေး အား (ကိုသွက်)၊ ညီမင်းသူ အား (မောင်ချွန်)၊ မောင်ထွေး အား (မယက)၊ အောင်ထွေး အား (ကိုရှုတ်)၊ နေလင်း အား (ဂျော်နီ)၊ သူရအောင် အား (သိန်းသိန်း)၊ ကျော်နိုင် အား (ကောက်ကောက်)၊ စိုးစိုးထွေး အား (ပေါက်စီ)၊ မိုးပပအောင် အား (ငကန်း)၊ မိအေးမာ အား (မမွန်)၊ ဆွေဆွေဝင်း အား (ဒေါ်ကြီး)၊ သီသီအောင် အား (ဒေါက်တို)၊ မသန်းအေး အား (ဒွေးလေး)၊ နိုင်နိုင်ဇော် အား (မိဇော်)၊ သက်မာ အား (ငကြောက်)၊ ဆင့်ဆင့်အေး အား (ဒေါ်အေး) ဟု အသီးသီး ဖုန်းထဲမှာ ခေါ်ပြောကြရန် မှာကြားထားသည်။

သူတို့ (၂၀) ဦးထဲမှာ ကရင်လူမျိုးများနဲ့ မွန်လူမျိုးများကို ထည့်ထားခြင်းကြောင့် နယ်စပ်ဒေသတွင် ရှိသော တိုင်းရင်းသား လူမျိုးစုထဲထိ ထိုးဖောက်ဝင်ရောက်မည် ဖြစ်ပြီး လိုအပ်ပါက ဘာသာစကား ကန့်သတ်ချက်ကို ကျော်လွှား ထောက်လှမ်းနိုင်မည် ဖြစ်သည်။ စိုးရိမ်စရာ ကောင်းသည့်အချက်တခုက မိန်းကလေး အင်အားစု တ၀က်နီးပါး ပါဝင်နေ၍ အတိုက်အခံ အဖွဲ့အစည်းများ အနေဖြင့် လျှော့တွက်ပြီး မိမိ၏ အတွင်းစည်းထဲကို အလွယ်တကူ ၀င်ခွင့်ပေးသွားမည့် အလားအလာ ဖြစ်နေသည်။

ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ် မောင်ဦး မှာထားချက်က အခု လွှတ်ထားသည့် ထောက်လှမ်းရေး အဖွဲ့အား အတိုက်အခံ အဖွဲ့အစည်းများက ရိပ်မိသိရှိသွားခဲ့ပါက ချက်ချင်း ပြန်လာခဲ့ရန် မှာကြားထားသည်ဟု သိရသည်။

ယခုအခါမှာ တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံး မရှိတော့သည့်အတွက် ပြည်ထဲရေး ၀န်ကြီးဌာနအနေဖြင့် SB (Special Branch) အထူးရဲတပ်ဖွဲ့ကို အမာခံထားကာ CID မှုခင်းတပ်ဖွဲ့နှင့် BSI အထူး စုံစမ်းစစ်ဆေးရေး ဦးစီးဌာနတို့မှ တပ်ဖွဲ့ဝင်များကို ထုတ်နုတ်ပြီး အပတ်တကုတ် ကြိုးပမ်းဆောင်ရွက်နေရသည်။

ထောက်လှမ်းရေးများက ၎င်းတို့၏ အမာခံ သတင်းပေးများနှင့် အချက်အလက်များကို ဖျက်ဆီးခဲ့ခြင်းကြောင့် စမ်းတ၀ါးဝါးဖြင့် မြေစမ်းခရမ်းပျိုး လုပ်နေရသည့် အနေအထား ရှိပါသည်။ လက်ရှိ လွှတ်လိုက်သည့် ထောက်လှမ်းရေး အဖွဲ့၏ အားထားရာ အမာခံ သတင်းပေးမှာ DKBA ဖြစ်ပြီး DKBA တို့၏ မဲဆောက်မြို့ အခြေစိုက် နေရာများကို အမှီပြုပြီး လှုပ်ရှားကြမည့် အနေအထားမျိုး ရှိပါသည်။

ပြည်ထဲရေး ၀န်ကြီးဌာနအနေဖြင့် ထောက်လှမ်းရေး တပ်ဖွဲ့ကဲ့သို့ လျှို့ဝှက်စွာ လုပ်ဆောင်နိုင်ခြင်း မရှိဘဲ ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီရုံး၏ ပါဝါကို အသုံးပြုပြီး မြ၀တီ မြို့ အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသို့ ကူညီပေးရေး ညွှန်ကြား တိုက်တွန်းထားသည်ကို တွေ့ရသည်။

မည်သို့ဆိုစေ အတိုက်အခံ အဖွဲ့အစည်းများအနေဖြင့် မဲဆောက်တခွင်တွင် ဖထီး ပဒိုမန်းရှာ လုပ်ကြံခံရမှုနှင့် မယ်ပတွင် (UG) ကိုရဲ အား ပြန်ပေးဆွဲခံရမှုများကို သင်ခန်းစာယူပြီး လုံခြုံရေးအထူးသတိဖြင့် အတွင်းစည်းကို တင်းကျပ်ကာ အဆိုပါ အဖွဲ့ဝင်များကို ဖော်ထုတ် ချေမှုန်းကြရန် စေတနာကောင်းဖြင့် တိုက်တွန်း ရေးသားလိုက်ရပါသည်။

Ref: ခေတ်ပြိုင်

Read More...

နေပြည်တော် နေ့စဉ်သတင်းစာ ထွက်တော့မည်

Tuesday, 23 December 2008

နေပြည်တော် နေ့စဉ်သတင်းစာ အမည်ရှိ သတင်းစာ တစောင်ကို လာမည့် ၂၀၀၉ ခုနှစ် ဇန်န၀ါရီလ အတွင်း စတင် ထုတ်ဝေတော့မည် ဖြစ်ကြောင်း နေပြည်တော် ပြန်ကြားရေး ၀န်ကြီး ဌာနမှ အရာရှိကြီး တဦးက ပြောကြားသည်။

အသစ်ထုတ်ဝေမည့် နေပြည်တော် သတင်းစာသည် မြန်မာ့အလင်း၊ ကြေးမုံတို့ကဲ့သို့ပင် အစိုးရ ခေါင်းဆောင်များနှင့် ပတ်သက်သော သတင်းများကို ဦးစားပေး ဖော်ပြမည်ဖြစ်ကာ တနိုင်ငံလုံး အတိုင်းအတာထိ ဖြန့်ချိ သွားမည်ဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲ ကာလအတွက် စစ်အစိုးရ၏ ၀ါဒဖြန့်ချိရေး သတင်းများကို ဆက်တိုက် ဖော်ပြသွားမည့် သတင်းစာတစောင် ဖြစ်လာဖွယ်ရှိကြောင်း သိရသည်။

“မြန်မာ့အလင်းတို့ ကြေးမုံတို့လိုပဲ နိုင်ငံတော် အစိုးရနဲ့ ပတ်သက်တဲ့ သတင်းတွေ ဦးစားပေး ထုတ်မှာ။ လာမယ့် ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ သတင်းတွေကို အချိန်နဲ့ တပြေးညီ ထုတ်ပြန်သွားဖို့ အဓိကပါ” ဟု လည်း ၎င်းကဆိုသည်။

နေပြည်တော် သတင်းစာသည် မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာ များထက်ပင် ပိုမို ကြီးကျယ်သော သတင်းစာကြီး တစောင် ဖြစ်လာနိုင်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာနနှင့် နီးစပ်သော အသိုင်းအ၀န်းမှ ကြားသိရသည်။

“အဲဒီသတင်းစာက စစ်အစိုးရ အခြေစိုက်တဲ့ မြို့တော်ကနေ ထုတ်မှာဆိုတော့ ရှိပြီးသား သတင်းစာ တွေထက် ပိုပြီး အရှိန်အ၀ါ ကြီးလာနိုင်တယ်” ဟု မန္တလေး စာနယ်ဇင်း အသိုင်းအ၀န်းမှ သတင်းစာ ဆရာကြီး တဦးက သုံးသပ်သည်။

မီဒီယာကို မီဒီယာနှင့် တိုက်မည်ဟူ၍ သတင်း မီဒီယာကို စစ်လက်နက် ပစ္စည်းသဖွယ် သဘောထား ပြောဆို ကြုံးဝါးလေ့ရှိသော ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်း လက်ထက်တွင် နေပြည်တော် သတင်းစာသည် ပြည်ပအခြေစိုက် မြန်မာမီဒီယာများကို တိုက်ခိုက်မည့် သတင်းစာ တစောင် ဖြစ်လာနိုင်ကြောင်း ရန်ကုန်အခြေစိုက် သတင်းသမား တဦးက ပြောသည်။

“သတင်းစာ တစောင် ထပ်တိုးလာတယ် ဆိုပေမယ့် ရှေ့က ထုတ်ဝေနေတဲ့ နောင်တော် သတင်းစာတွေလို အစိုးရ အာဘော်နဲ့ ပြည်ပမီဒီယာတွေကို တိုက်ခိုက် ဝေဖန်မယ့် ပုံစံမျိုးပဲ လာမှာပါ။ ပြည်သူတွေ အတွက်တော့ ဘာမှ သိပ်ထူးလာမှာ မဟုတ်ပါဘူး” ဟု ၎င်းက ဆိုသည်။

အစိုးရက ၀ါဒဖြန့် သတင်းစာများ ထပ်မံ ထုတ်ဝေ နေသကဲ့သို့ ပြည်တွင်း ပုဂ္ဂလိက သတင်း မီဒီယာများအပေါ် တင်းကျပ်သော မူဝါဒများနှင့် ချုပ်ကိုင် အရေးယူမှုများ ပြုလုပ်ကာ သတင်း သမားများ ကိုလည်း သတိကြီးစွာ စောင့်ကြည့် နေကြောင်း ပြည်တွင်း စာနယ်ဇင်း အသိုင်း အ၀န်းမှ သိရှိရသည်။

“အခု ၂၀၀၈ ခုနှစ် နာဂစ်ကာလမှာကော အခြေခံဥပဒေ ဆန္ဒခံယူပွဲမှာပါ ပြည်တွင်း သတင်း ဂျာနယ်တွေရဲ့ သတင်း ရေးသားမှုတွေကို အကြီးအကျယ် ဆင်ဆာ ဖြတ်တောက်ခဲ့တယ်။ ဒါ့အပြင် စာပေစိစစ်ရေး ပေါ်လစီကို ချိုးဖောက်ပြီး ကိုယ့်သဘောနဲ့ကိုယ် သတင်း ဖော်ပြရေးသားလာရင် ဂျာနယ်ပိတ်သိမ်းမယ်၊ လူကိုပါ ထောင်ချမယ်ဆိုတဲ့ ခြိမ်းခြောက်မှု မျိုးတွေကလည်း ရှိနေတယ်” ဟု မန္တလေးသား သတင်း အယ်ဒီတာ တဦးက ရှင်းပြသည်။

၂၀၁၀ ရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ အစိုးရအနေဖြင့် ပြည်တွင်း သတင်း မီဒီယာများ အပေါ် ပိုမို ထိန်းချုပ်လာဖွယ်ရှိပြီး ယခုထက် ပိုမိုတင်းကျပ်သော သတင်း ရေးသားခွင့် ပိတ်ပင် တားဆီးမှုမျိုး ရင်ဆိုင်ရဖွယ် ရှိကြောင်းနှင့် သတင်းသမားများအပေါ် အလွန် သတိကြီးစွာ စောင့်ကြည့် လာနိုင်ပြီး ထောင်ချ အရေးယူမှုများ ပြုလုပ်လာနိုင်ကြောင်း ပြည်တွင်း စာနယ်ဇင်း အသိုင်းအ၀န်းက သုံးသပ်သည်။

“ကင်မရာ၊ ကွန်ပျူတာရှိရင် အီလက်ထရွန်းနစ် အက်ဥပဒေအရ ဆိုပြီး ထောင်ချလို့ရတယ်။ အီးမေးလ်ရှိရင် တရားမ၀င် အဖွဲ့အစည်းနဲ့ ဆက်သွယ်တယ် ဆိုပြီး ထောင်ချလို့ ရတယ်။ ဒါ့အပြင် နိုင်ငံတော် အကြည်အညို ပျက်စေမှုဆိုပြီး သတင်းသမားတွေ အပေါ် ထောင်ချခဲ့တဲ့ ဥပမာတွေ ရှိနေလေတော့ သူတို့မျက်စိထဲမှာ ကြည့်မရတဲ့ သတင်းသမားကတော့ အချိန်မရွေး ပုဒ်မ တခုခုတပ်ပြီး ထောင်ထဲ ပို့လိုက်ရုံပဲ။ ၂၀၁၀ ရွေးကောက်ပွဲ နီးလာတာနဲ့ အမျှ သတင်း သမားတွေ အများကြီး သတိထားဖို့ လိုလာပါပြီ” ဟု မန္တလေးသား သတင်း အယ်ဒီတာက ပြောသည်။

စစ်အစိုးရသည် ပြည်တွင်း သတင်း ဂျာနယ်များ အပေါ် သတင်းရေးသား ဖော်ပြခွင့် တင်းကျပ် နေရုံမျှမက ၀န်ကြီးဌာန များကိုလည်း သတင်း ဂျာနယ်များနှင့် ဆက်သွယ် ဖြေကြားမှုများ မပြုလုပ်ရန် တားမြစ်မှုများ ရှိနေကြောင်း သိရှိရသည်။

“နာဂစ် နောက်ပိုင်း ၀န်ကြီးဌာန သတင်း လိုက်ရတာ တော်တော် ခက်လာတယ်။ သူတို့ပေးတဲ့ သတင်းလောက်ပဲ ရေးခွင့်ရှိတယ်” ဟု ရန်ကုန် အပတ်စဉ်ထုတ် သတင်းဂျာနယ် တခုမှ အလွတ် သတင်းထောက် တဦးက ပြောသည်။

မြန်မာနိုင်ငံတွင် ဦးဇော်သက်ထွေး၊ ဦးသက်ဇင်၊ ဒေါ်အိမ့်ခိုင်ဦး အပါအ၀င် ထောင်ချ ခံနေရသည့် စာနယ်ဇင်းသမား ဆယ်ဂဏန်း နီးပါးရှိနေပြီး အကျဉ်းကျ ခံရသူများမှာ နိုင်ငံတော် အစိုးရ အကြည်ညို ပျက်စေမှုပုဒ်မ၊ အီလက်ထရွန်းနစ် ပုဒ်မ၊ တရားမ၀င် အဖွဲ့အစည်းများနှင့် ဆက်သွယ်မှု အစရှိသည့် စစ်အစိုးရ စိတ်ကြိုက် ဥပဒေပုဒ်မများဖြင့် အနည်းဆုံး ထောင်ဒဏ် ၂ နှစ်မှ ထောင်ဒဏ် အနှစ် ၂၀ ကျော်အထိ ချမှတ်ခံကြရသည်။

Ref: ဧရာဝတီ

Read More...

နယ်စပ်၌ နအဖစစ်အင်အားတိုးချဲ့ ၀တပ်ဖွဲ့နှင့် အပြိုင်ဂိတ်ကြေးကောက်

အင်္ဂါနေ့၊ 23 ဒီဇင်ဘာလ 2008 သျှမ်းသံတော်ဆင့်

သျှမ်းပြည်တောင်ပိုင်း ထိုင်း-မြန်မာနယ်စပ်အမှတ် ၂ BP2 ၌ နအဖစစ်တပ် စစ်အင်အား တိုးချဲ့ချထားပြီး ၀တပ်ဖွဲ့ နှင့်အပြိုင် ထိုင်း-မြန်မာ အ၀င်အထွက် ခရီးသွားများထံမှ ဂိတ်ကြေးကောက်နေကြောင်း နယ်စပ်သတင်း ရပ်ကွက် က ဆိုပါသည်။

ယခုလ ၁၆ ရက်နေ့က နအဖစစ်တင်အားအယောက် ၃၀ ခန့် BP2 ၀ဂိတ်နှင့် ၄ ကီလိုမီတာခန့်အကွာ နမ့်လုအနီး တောင်ခြေတွင် ဂိတ်ဆောက်၍ အ၀င်အထွက် လူ - ဆိုင်ကယ်သမားများအား ဂိတ်ကြေးကောက်ကြောင်း၊ ထို မတိုင်ခင်ကလည်း နမ့်လု၌ ၀ တပ်ဖွဲ့နှင့် ၁၅ မိနစ်ခန့်အကြာ ပစ်ခတ်မှုရှိခဲ့ကြောင်း၊ မိမိနှင့်ပစ်ခတ်နေသူမှာ နအဖ စစ်တပ်ဖြစ်ကြောင်း သိလျှင်သိချင်း ၀တပ်ဖွဲ့က တပ်ဆုတ်ခဲ့ကြောင်း၊ တိုက်ပွဲတွင် သေကြေဒဏ်ရာရသူမရှိခဲ့ ကြောင်း နယ်စပ်ရောက် ဆိုင်ကယ်ကယ်ရီသမား တစ်ယောက်က ပြောပြသည်။ သို့သော် တိုက်ပွဲနှင့်ပါတ်သက်၍ သျှမ်းသံတော်ဆင့်အနေဖြင့် သီးခြားအတည်ပြုနိုင်သေးခြင်းမရှိပါ။

“ ၁၅ ရက်နေ့က ပုံပါကျင်အခြေစိုက် ဗျူဟာမှူး ဒုဗိုလ်မှူးကြီး ကျော်သူ လုံခြုံရေးအင်အား ၃၀ လောက်နဲ့ နအဖ လွယ်ပါခီးတပ်စခန်းကို ရောက်လာတယ်။ ဖိုးဝှီးကား ၄ စီးစာပေါ့။ အဲဒီမှာ အတတ်နိုင်ဆုံး ၀ တပ်ဖွဲ့တွေနဲ့ ပြဿနာ မဖြစ်အောင်နေပါလို့ မှာသွားတယ်- တဲ့။ ၁၆ ရက်နေ့ရောက်တော့ ၀မ့်မိုင်မူးဆေး(လားဟူရွာ) လွယ်ပါခီး ဂိတ်က လားဟူပြည်သူ့စစ်ဂိတ်စောင့်တွေကို နားကောင်းမူးပြန်သွားဖို့ ဖိအားပေးသေးတယ်ဆိုဘဲ။ အဲဒီဂိတ်မှာလဲ လားဟူပြည်သူ့စစ်ဂိတ်စောင့်တွေက တစ်ယောက် ဘတ် ၃၀၀ ကောက် တယ်။ ဆိုင်ကယ်တစ်စီး ဘတ် ၅၀၀ ကောက်တယ်။ ဒါပေမဲ့ နအဖတပ်စခန်းကို သူတို့တစ်ဝက်ပြန် ပေးရတယ်” ဟု အဆိုပါ ဆိုင်ကယ် ကယ်ရီကပြော ပြ၏။

လားဟူပြည်သူ့စစ်များ ကိုယ်တိုင်ကလည်း ဆိုင်ကယ်ကယ်ရီလုပ်နေသည်ဟု သိရ၏။

အတည်အခြေချခြင်းမရှိသေးသော်လည်း နအဖတပ်ဖွဲ့တို့ ကင်းတဲဆောက်အခွန်ကောက်သော ဂိတ်မှာ ထိုင်းနိုင်ငံ မိုင်းဖှန် အသွားလမ်း ( သျှမ်းပြည်တောင်ပိုင်း မိုင်းတုံမြို့အရှေ့တောင်ဘက် မိုင် ၃၀ ခန့်အကွာ) BP2 ၀ ဂိတ်နှင့် တစ်တောင်တည်းတွင်ရှိနေသဖြင့် ယခင်ကထက် ဂိတ်ကြေး ၂ ဆ ကုန်ကျသည်ဟုဆိုကာ ခရီးသွားများ သိသိသာသာ စဲသွားသည်ဟုဆို၏။

“ ရှိရင်းစွဲ BP2 ၀ ဂိတ်မှာ လူတစ်ယောက် ဘတ် ၃၀၀ ကောက်တယ်။ အခု အသစ်ရောက်လာတဲ့ နအဖဂိတ် ကလည်း လူတစ်ယောက်ဘတ် ၃၀၀ ကောက်ပြန်တယ် ဆိုတော့ BP2 ဂိတ်မှာ တင် လူတစ်ယောက်ဘတ် ၆၀၀ ကုန်ကျနေပြီ။ ဆိုတော့ အသွားအလာ တော်တော်လေးကိုစဲသွားတယ်ပြောရမှာပေါ့။ ဒီကိစ္စကို အခု လောလော ဆယ် နှစ်ဦးနှစ်ဘက် ဆွေးနွေးနေတုန်းဘဲတဲ့” ဟု ၄င်းက ဆက်ပြောပြ၏။

“ကြည့်ရတာ နအဖစစ်တပ်က ဂိတ်ကြေးတွေကို သူဘဲကောက်စားမယ်ဆိုတဲ့ပုံ။ အဲဒါကြောင့် ၀ တို့ လားဟူတို့ကို တပ်ဆုတ်ဖို့ လာပြောတာ” ဟု ၀တပ်ဖွဲ့နှင့် ရင်းနှီးကျွမ်းဝင်သူတစ်ဦးကပြောပြ၏။

ယခုလဆန်းပိုင်းက ၆ ဘီးကား ၃ စီးစာရှိ ခလရ ၂၇၇ မှ အင်အား ၇၀-၈၀ ခန့်ကလည်း ထိုင်းနိုင်ငံ ၀ိန်းဟိုင်မြို့ နယ် ပိန်းလုံ-လတ်တိုင် နှင့်မျက်နှာချင်းဆိုင် မိုင်းတော့- မိုင်းထားဘက်သို့ ဆင်းသွားရာ ကားတစ်စီးမှ ပြန်မလာ သေးကြောင်း ဒေသခံများထံမှ သိရသည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

Tuesday, December 23, 2008

အာဏာရှင်ကြီးများ၏ အတွင်းရေး - အပိုင်း(၇)

တိုက်ဆိုင်တာက အဲဒီအချိန်မှာ ဗိုလ်ချုပ်တင်ဦးနှင့် ထောက်လှမ်းရေးတပ်ကို သံယောဇဉ်ရှိတဲ့ လူကြီးတစ်ဦးက ရင်းနှီးသော ထောက်လှမ်းရေးအရာရှိများကို ပြောပြခဲ့ရာတွင် ဒုက္ခဆိုတာ တစ်ခုတည်းမလာတတ်ကြောင်း စုပြုံပြီး လာတတ်ကြောင်း ကံဆိုးမ သွားရာ မိုးလိုက်လို့ ရွာတာမျိုး ဖြစ်ကြောင်း၊ အခြေအနေအရ လူကြီးများအနေနှင့် ဆုံးဖြတ်ချက်တခုကို အများသဘောတူ ချခဲ့တာ ရှိကြောင်း၊ အဲဒါကတော့ တောင်ကိုရီးယားနိုင်ငံမှ သမ္မတ ချန်ဒူးဝှမ်နဲ့ ၀န်ကြီးများ မြန်မာပြည်သို့ လာလည်ရာမှာ ၀န်ကြီးအချို့  လုပ်ကြံခံရမှုတွင် ထောက်လှမ်းရေးတပ်က တာဝန်ပေါ့လျော့၍ ဖြစ်ရကြောင်း၊ ထောက်လှမ်းရေး တပ်၌သာ တာဝန်ရှိကြောင်းကို ဆုံးဖြတ်ပြီး ဗိုလ်နေ၀င်း ထံသို့ တင်ပြခဲ့ကြောင်းများကို စိတ်မကောင်းစွာ ပြောကြားခဲ့ပါတယ်။ ထိုသို့ မတင်ပြလျှင်လည်း မီးခိုးကြွက် လျှောက်လိုက်လျှင် လူကြီးများပါ တာဝန်ရှိနေ၍ ဖြစ်ကြောင်းကိုလည်း သိရှိခဲ့ရတယ်။ ထိုသို့ တိုက်ဆိုင်နေသော အကြောင်းများကြောင့် ဗိုလ်ချုပ်တင်ဦး မျှော်လင့်သလို ကွပ်မျက်သည့် အဖြစ်သို့ မရောက်ရှိဘဲ၊ ထောက်လှမ်းရေးတပ် များမှ အရာထမ်း အမှုထမ်း အားလုံးကို ထမင်းချက်နှင့် ယာဉ်မောင်းများပါမကျန် အလုပ်မှ ရပ်ဆိုင်းခြင်း ခံခဲ့ရပါတော့တယ်။

ထောက်လှမ်းရေးတပ်များမှ အမှုထမ်းများမှာ တသက်လုံး သစ္စာကြီးစွာ ကြိုးစားလုပ်ဆောင်ခဲ့ခြင်းများကို မထောက်ထားဘဲ ရက်စက်စွာ ဖြုတ်ချခံရသဖြင့် ဒုက္ခအမျိုးမျိုး ရောက်ခဲ့ရပါတယ်။ ရဲဘော်အများအပြားဟာ ဂျိုးဖြူရေပိုက်ကြီး၌ ၀ါးလုံးများတင်၍ သစ်ကိုင်းများ ခုတ်မိုးပြီးလည်းကောင်း၊ မင်္ဂလာဒုံ တပ်များအနီးမှ လျှိုမြောင်များကို ရှင်းလင်း၍ လည်းကောင်း၊ ဖြစ်သလို နေထိုင်ကြရသူများ အများအပြား ရှိခဲ့ပါတယ်။ သစ္စာ ရှိသူချင်း အတူတူ သစ္စာရှိခြင်းရဲ့  အကျိုးကို မခံစားရဘဲ လူ့အခွင့်အရေး ဆုံးရှူံးခြင်းကိုလည်း လည်စင်းခံရသည့် အကျိုးသာ ခံစားခဲ့ကြရပါတယ်။ ၀န်ထမ်းများကို ၀န်ထမ်းစည်းကမ်းအရ အရေးယူရန် ဖြစ်ပေမဲ့ တစ်ပါတီ အာဏာရှင် စနစ်ရဲ့  ဆိုးကျိုးကြောင့် ဘာမှ စောဒက တက်ပိုင်ခွင့် မရှိဘဲ ခေါင်းငုံ့ခံခဲ့ ကြရပါတယ်။ သက်ဦးဆံပိုင် ဘုရင်များ ခေတ်ထက်ပင် ဆိုးဝါးစွာ ခံစားခဲ့ကြရပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း နိုင်ငံရေး နယ်မြေသို့ ပြောင်းသွားသောအခါတွင် ဗိုလ်နေ၀င်းအား ဗမာ့ တပ်မတော်ကို ဦးဆောင်ရန် တာဝန်ပေးခဲ့ပါတယ်။ ဂျပန်တော်လှန်ရေး အပြီး တပ်မတော်ကို ပြန်လည် ဖွဲ့စည်းခဲ့ရာတွင် အင်္ဂလိပ်လက်ထက်က စစ်သည်ဟောင်းများလည်း ပြန်လည် ပါဝင်လာခဲ့ပါတယ်။ အထူးသဖြင့် လေတပ်နှင့် ရေတပ်များတွင် အင်္ဂလိပ်ကပြားများ အတော်များများ ကျန်နေခဲ့ပါတယ်။ ဗိုလ်နေ၀င်းဟာ ဂျပန်ခေတ် ဗမာ့တပ်မတော်လက်ထက်က အရာရှိများအား ကြည်းတပ်သာမက ရေတပ်နှင့် လေတပ်တို့တွင်ပါ ထည့်သွင်း ထားခဲ့ပါတယ်။ ပြည်တွင်းသောင်းကျန်းသူများကို နှိမ်နင်းရေးအတွက် စစ်ရဲတပ်နှင့် ဘီတီအက်(ဖ်) တပ်များ ဖွဲ့စည်းရာတွင်လည်း တပ်မတော်မှ အရာရှိများဖြင့် ဦးဆောင်၍ ဖွဲ့စည်းခဲ့ပါတယ်။ ဂျပန်ခေတ်အပြီးတွင် ဗမာ့သေနတ်ကိုင် တပ်ရင်း(၄) ဟာ ၄င်း၏ လက်စွဲတော် တပ်ရင်းဖြစ်ခဲ့ပါတယ်။ ထို့ကြောင့် တပ်ရင်း (၄) မှ အရာရှိများနှင့် အခြားအဆင့်များဟာ ဗိုလ်နေ၀င်းနှင့် အနီးစပ်ဆုံး တပည့်ရင်းများ ဖြစ်ခဲ့ကြပါတယ်။

၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက်တွင် သောင်းကျန်းသူ ရောင်စုံ သူပုန်များ ပေါ်ပေါက်ခဲ့ပြီး၊ ၁၉၄၉ ခုနှစ်တွင် တပြည်လုံး အနှံ့အပြားတွင် သောင်းကျန်းသူများ၏ စိုးမိုးမှုကို ခံခဲ့ကြရပြီး၊ “ ရန်ကုန်အစိုး” “ရှစ်မိုင် အစိုးရ” ဟုပင် အခေါ်ခံခဲ့ရတဲ့အထိပင် ဖြစ်ခဲ့ပါတယ်။ ထိုအခါတွင် ဗိုလ်နေ၀င်းအား ၀န်ကြီးအဖွဲ့အတွင်း နေရာပေး၍ သောင်းကျန်းသူ နှိမ်နင်းရေးကို တာဝန်ပေးအပ်ခဲ့ပါတယ်။ ထိုအချိန်တွင် တနိုင်ငံလုံးတွင် အဆက်အသွယ်များ ပြတ်တောက်သွားခဲ့ရပြီး တပ်မတော်ဟာလည်း သက်ဆိုင်ရာ နယ်မြေဒေသအလိုက် လက်နက်ကိုင် အဖွဲ့အစည်း အသီးသီးနှင့် သောင်းကျန်းမှု နှိမ်နင်းရေးကို ဆောင်ရွက်ခဲ့ရပါတယ်။ နယ်မြေဒေသ အလိုက် ကာကွယ်ရေး အတွက် ဖွဲ့စည်းခဲ့ကြသော ရပ်ရွာ ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပတ်သက်ပြီး ဗိုလ်နေ၀င်းက မှတ်ချက်ပြုခဲ့တာက “ကာကွယ်ရေးတပ်ဖွဲ့တွေ အနေနဲ့ လေ့ကျင့်မှုကို စနစ်တကျ မရရှိခဲ့ကြတော့ စည်းကမ်းပိုင်းမှာ လျော့နည်းတာတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ စွန့်စွန့်စားစား တိုက်တဲ့ ခိုက်တဲ့နေရာမှာတော့ ဂုဏ်ပြုလောက်အောင်ကို စွန့်စားတိုက်ခိုက်ခဲ့ကြတာတွေ ရှိခဲ့တယ်။ တချို့ နေရာတွေမှာဆို သောင်းကျန်းသူ သတင်းရလို့ တို့တပ်က စုစည်းပြင်ဆင်တုန်း ရှိသေးတယ်၊ သူတို့က ထွက်တိုက်ပြီးလို့ သေကြကြေကြ သောင်းကျန်းသူတွေ ထွက်ပြေးကြ ဖြစ်ကုန်ပြီ” ဟူ၍ ဖြစ်ပါတယ်။

၁၉၅၈ ခုနှစ်တွင် ဖဆပလ အစိုးရ ကွဲသွားပြီးနောက် အိမ်စောင့်အစိုးရ တာဝန်ကို ပေးအပ်ခြင်း ခံခဲ့ရပါတယ်။ ဗိုလ်နေ၀င်းဟာ နိုင်ငံရေးပါတီများအား ရွေးကောက်ပွဲ ပြန်လည်ပြုလုပ်ပေးခဲ့ရာ သန့်ရှင်း ဖဆပလ အဖွဲ့က အနိုင်ရပြီး ဦးနု၏ အစိုးရ အဖွဲ့တက်ရောက်ခဲ့တယ်။ ၁၉၆၂ ခုနှစ်တွင် ဗိုလ်နေ၀င်းဟာ အာဏာသိမ်း၍ တော်လှန်ရေး ကောင်စီဖွဲ့စည်းပြီး စတင်အုပ်ချုပ်ခဲ့ပါတယ်။ ဗိုလ်နေ၀င်း အာဏာမသိမ်းမီက တပ်မတော် အရာရှိကြီးတစုက အာဏာသိမ်းရန် ကြံစည်ခဲ့ခြင်းကို ဗိုလ်နေ၀င်းက ဖြိုခွဲပစ်ခဲ့ပါတယ်။ ထိုအရာရှိကြီးများကို တပ်မှ ထွက်ခိုင်းပြီး အရေးယူခဲ့ပါတယ်။

ထိုသို့ အရေးယူခဲ့ခြင်းနှင့်ပတ်သက်၍ မကျေနပ်သော အရာရှိများ၏ ပြောပြချက်မှာ “တော်တော် ရက်စက်နိုင်တဲ့လူပါ၊ နိုင်ငံရေးပါတီတွေကို ရွေးကောက်ပွဲပြန်မလုပ်ပေးမီကဆိုရင် တပ်က အရာရှိကြီးတွေကို တည်မြဲ ဖဆပလကို အားပေးစေလိုတဲ့ သဘောပြောခဲ့တယ်။ ဦးနုက နိုင်သွားတော့ တပ်ကိုလည်း သူ့အဖွဲ့က ဘယ်ကျေနပ်ကြမလဲ၊ ပြန်တွယ်ကြတာပေါ့၊ ဒါကို သူက နာရမဲ့အစား ဦးနုကို မျက်နှာလုပ်ဖို့ ကိုယ့် ရဲဘော်ရဲဘက်တွေကို ရက်ရက်စက်စက် ပြန်ချခဲ့တယ်” ဟူ၍ ဖြစ်ပါတယ်။

Ref: ဖိုးတရုတ်
...

Read More...

တခါသုံး ဖုန်းကတ်များ ဈေးနှုန်း အဆမတန်မြင့်တက်

22 December 2008
အောင်သက်ဝိုင်း

ရန်ကုန်နှင့် မန္တလေးမြို့ များတွင် ရောင်းချနေသာ တခါသုံး GSM လက်ကိုင်ဖုန်း Prepaid Card များသည် ၀ယ်ယူသူ များပြားနေပြီး ဈေးကွက် အတွင်း ဈေးအဆမတန် မြှင့်တင်၍ တဆင့်ပြန်လည် ရောင်းချမှုများ ရှိနေကြောင်း ရန်ကုန် စီးပွားရေး အသိုင်းအ၀န်းမှ သတင်းရရှိသည်။

ဦးတေဇပိုင် စင်ထရယ်မားကတ်တင်း ကုမ္ပဏီနှင့် စစ်အစိုးရတို့အကျိုးတူပူးပေါင်းရောင်းချသည့် ယင်း တခါသုံး ဖုန်းကတ်များမှာ စတင်ရောင်းချသည့်အချိန်ကပင် ၀ယ်လိုအားအထူးများပြားပြီး ဖုန်းကတ်များ ပြတ်လတ်မည့် အခြေအနေကြောင့် မှောင်ခိုဈေးကွက်ဖြစ်ပေါ်ကာ ဈေးနှုန်းအမြင့်ဖြင့် ၀ယ်ယူအသုံးပြုနေရကြောင်း ရန်ကုန် စီးပွားရေး သမားတဦးက ပြောသည်။

FEC ၂၀ တန် ဖုန်းကတ်တကတ်၏ ဈေးနှုန်းအမှန် မြန်မာငွေ ကျပ် ၂၄၀၀၀ ၀န်းကျင် ဖြင့်ရောင်းချရမည် ဖြစ်သော်လည်း တဆင့်ပြန်လည်ရောင်းချသည့် ဈေးကွက်တွင် တကတ်လျှင် ကျပ် ၄၀၀၀၀ ခန့်ဖြင့် ရောင်း ၀ယ်နေကြကြောင်း၊ FEC ၁၀ တန်ဖုန်းကတ်တကတ်၏ဈေးနှုန်းအမှန် ၁၂၀၀၀ ၀န်းကျင်ကိုလည်း ကျပ် ၂၀၀၀၀ ခန့် ဖြင့်ရောင်းနေသည်ဟုလည်း ဆိုသည်။

"FEC ၂၀ တန်ဖုန်းကတ်ကို ကျပ် ၄၀၀၀၀၊ ၁၀ တန်ဖုန်းကတ်ကို ၂၀၀၀၀ နဲ့ ရောင်းတယ်။ အဓိက ကတော့ ၀ယ်လို အား များပြီး ပစ္စည်း နည်းနေတော့ မှောင်ခိုဈေးပုံစံဖြစ်ကုန်တာ" ဟု ရန်ကုန်ဖုန်း Handset အရောင်းဆိုင် ပိုင်ရှင်တဦးကဆိုသည်။

FEC ၂၀ တန်တခါသုံး GSM Prepaid Card ကို ကျပ် ၄၃၀၀၀ ဖြင့် ယုဇနပလာဇာ ဖုန်းအရောင်းဆိုင် တခုမှဝယ် ယူ ခဲ့သူ ရန်ကုန်သား တဦးကလည်း ၄င်းအနေဖြင့် ၂၀ တန်တခါသုံး ဖုန်းကတ် ၀ယ်ယူရန် ရန်ကုန်မြို့ရှိ မိုဘိုင်းလ် ဖုန်းအရောင်းဆိုင်များကို သွားရောက်ခဲ့သော်လည်း ဖုန်းကတ်များကုန်နေသည့်အတွက် မှောင်ခိုဈေးဖြင့် ၀ယ်ယူ ခဲ့ရကြောင်း ရှင်းပြသည်။

ယုဇနပလာဇာ၊ ရွှေဂုံတိုင် အပါအ၀င် ရန်ကုန်မြို့ရှိ ဖုန်းHandset အရောင်းဆိုင်များတွင် မှောင်ခိုဈေးဖြင့် တခါသုံး ဖုန်းကတ်များရောင်းချသကဲ့သို့ ပွဲစားများလည်း ရှိလာကြောင်းသိရသည်။

"ရွှေဂုံတိုင်ဆက်သွယ်ရေးရုံးရှေ့မှာလည်း တခါသုံးဖုန်းကတ်တွေ မှောင်ခိုဈေးနဲ့ ရောင်းတယ်။ ပြီးတော့ ဖုန်း Handset ဆိုင်အသေးစားလေးတွေမှာလည်း ရောင်းတယ်။ မတန်တဆ ဈေးပေမယ့်ဝယ်တဲ့လူကများတယ်" ဟု မင်္ဂလာတောင်ညွှန့် မြို့နယ်မှ ဖုန်း Handset နှင့် ကွန်ပျူတာပစ္စည်းများရောင်းချသည့် ဆိုင်ပိုင်ရှင်တဦးကပြော သည်။

ဒီဇင်ဘာလ ၁၂ ရက်နေ့မှ ၁၆ ရက်နေ့ထိ လေးရက်တာအတွင်း တခါသုံး GSM Prepaid Card နှစ်သောင်း နီးပါး ရောင်းချနေရပြီး ရန်ကုန်နှင့် မန္တလေးရှိ မိုဘိုင်းလ်ဖုန်းအရောင်းဆိုင်များသို့ ယင်းတခါသုံးကတ်များကို လက်ကား ဈေးနှုန်းဖြင့် ဖြန့်ဖြူးနေပြီဖြစ်ကြောင်း၊ ၂၀၀၉ နှစ်ဆန်းပိုင်းတွင် ဖုန်းကတ်များကို နိုင်ငံတ၀န်းမြို့ကြီးများရှိ မိုဘိုင်းလ်ဖုန်းအရောင်းဆိုင်များ၊ စူပါမားကတ်များနှင့်ကုန်တိုက်များတွင်ပါ ရောင်းချမည်ဖြစ်ကြောင်းစင်ထရယ် မားကတ်တင်းကုမ္ပဏီနှင့် နီးစပ်သူ တဦးက ပြောဆိုသည်။

တခါသုံးဖုန်းကတ်များ ရောင်းအားမြင့်တက်နေခြင်းနှင့်အတူရန်ကုန်မြို့တွင် ဈေးနှုန်းချိုသာသည့် တရုတ်နိုင်ငံလုပ် မိုဘိုင်းလ်ဖုန်းများ အလွန်ဝယ်လိုအား များပြားနေပြီး ဈေးကွက်တွင်ပစ္စည်းပြတ်လပ်သည်အထိရောင်းချ နေရ ကြောင်း ရန်ကုန် မိုဘိုင်းလ်ဖုန်းဈေးကွက်မှစုံစမ်း သိရှိရသည်။

"အခုဈေးကွက်မှာ အရောင်းရဆုံးက ကျပ် ၅၀၀၀၀ ပတ်ဝန်းကျင်ဈေးရှိတဲ့ SecondHand ဖုန်း တွေနဲ့ ၄၀၀၀၀ ၀န်းကျင်ပဲရှိတဲ့ တရုတ်လုပ်ဖုန်းတွေပဲ။ အရမ်းရောင်းရတယ်။ ဒီပုံစံအတိုင်းဆက်ရောင်းသွားရင် တရုတ်လုပ်ဖုန်း တွေဈေးကွက်မှာ ပြတ်သွားနိုင်တယ်"ဟု ရန်ကုန် ယုဇနပလာဇာရှိ မိုဘိုင်းလ်ဖုန်း အရောင်းဆိုင် မန်နေဂျာ တဦးကပြောသည်။

ဈေးကွက်အတွင်း ၀ယ်လိုအားများပြားနေသည့် တခါသုံး ဖုန်းကတ်များကိုမြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း မှ ပမာဏ အများအပြားထပ်မံထုတ်လုပ်ဖြန့်ချိရန်ရှိကြောင်း၊ ယခုရောင်း ချနေသော ဖုန်းကတ်များသည် ၂၀၀၉ မတ်လ မတိုင်မီအသုံးပြုရောင်းချနိုင်သည့် ဖုန်းကတ်များဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အရာရှိကြီး တဦးက ပြောပြသည်။

"တခါသုံး ကတ်တွေအရမ်းရောင်းရတာ လူတွေအတွက်ဆက်သွယ်ရေးလိုအပ်ချက်ကြီးရှိနေတယ်။ ဒီ ဆက်သွယ် ရေးလိုအပ်ချက်ကြီးက အရမ်းကြီးမားနေတယ် ဆိုတာသိသာ ထင်ရှားပါတယ်" ဟု မန္တလေးမြို့ခံဝါရင့် သတင်းစာ ဆရာ တဦးက သုံးသပ်ပြောဆိုသည်။

စင်ထရယ်မားကတ်တင်းကုမ္ပဏီအနေနှင့် လာမည့် ၂၀၀၉ ခုနှစ် အတွက် ယင်း GSM Prepaid Card များဖြန့်ချိရောင်းချနိုင်ရန်စီစဉ်နေကြောင်းလည်း သိရှိရသည်။

လက်ရှိ ဈေးကွက်တွင်း ရောင်းချနေသည့် တခါသုံးကတ်များသည် ပြည်တွင်းအ၀င်ခေါ်ဆိုမှု လက်ခံ တမိနစ် FEC ၀.၀၅ (ကျပ် ၆၀ ၀န်းကျင်)၊ ပြည်တွင်း အထွက်ခေါ်ဆိုလျှင် FEC ၀.၃ (ကျပ် ၃၆၀၀န်းကျင်)၊ ပြည်ပအထွက် ခေါ်ဆို လျှင် တမိနစ် FEC ၁.၅ ကျသင့် ပြီး ၁၀ တန်ကတ်မှာအသုံးပြုနိုင်သည့်သက်တမ်း ၁၄ ရက်၊ ၂၀ တန် ကတ်မှာ အသုံးပြုနိုင်သည့်သက်တမ်း ရက် ၃၀ ဖြစ်သည်။

အဆိုပါ တခါသုံး ဖုန်းကတ်များ၏ ဖုန်းနံပါတ်မှာ ၀၉၄၄ ဖြင့် စပြီး ဂဏန်း ၁၀ လုံးပါဝင်ကြောင်းလည်း သိရသည်။

Ref: ဧရာဝတီ

Read More...

ယာယီနှင်းများ

ရေးသူ-ခင်လွန်း

နှင်းတွေ။

လာရာကို ကျောခိုင်းလို့
တံတိုင်းခြားခံလိုက်ရတဲ့ တောင်တန်းတွေအောက်
ညှို့ကွင်းမိ သားကောင်တွေ
ထောင်ချောက်မိနေတာ မဟုတ်ဘူး။

ဒါ.....
စစ်ပန်းသွားတဲ့ ခေါဘဏီတပ်ကြီး
နားနေတာလည်း မဟုတ်ဘူး။

အိပ်မက်ကိုယ်စီပျိုးလို့
အရိုးကို ဆံထိုးလုပ်လိုသူတွေနဲ့
ကမ်းလွန်ရွှေမုဆိုးတို့ရဲ့
စခန်းထောက်ရာလို့ဆိုဆို
ကိုလံဘတ်အလိုအရ ပြောရရင်
သူတို့အာငွေ့နဲ့ ရွက်လွှင့်ထွက်ခွါရာ ဆိပ်ကမ်း။

သေချာတာက
အမေတခြား သားတခြား
အိပ်ရာတခြား အိမ်တခြား
ချစ်သူတခြား ပါးတခြား
အဓိပ္ပါယ်ထွေထွေပြားပြားမှာ
နတ်နေကိုင်းသားတွေ အများသားရှိရာက လာတဲ့
တတိယကမ္ဘာသားတွေပါ။

ဒီလိုဆောင်းဆိုရင်
ဒုက္ခကိုရှေ့တင် ကစားကြရတဲ့ပွဲမှာ
အသားငတ်တာကလွဲလို့
စကားငတ်တာကလွဲလို့
အသားပတ်တဲ့ ဆောင်းဟာ
ချောင်းတဟွတ်ဟွတ် ဆိုးပြီဆိုရင်
ထုံးဓါတ်များတဲ့ ရေကို
ထင်းမီးဖိုနဲ့ နာနာကြိုပြီ။

ဒီလိုဆောင်းဆိုရင်
နှင်းဝေေ၀ကြား
အပေါစား ဗွီဒီယိုကားရဲ့
ဖြစ်ကတတ်ဆန်း ဆက်တင်ထဲကလို
ပုဆိုးခြုံ ဆေးလိပ်တဖွားဖွားနဲ့
ထင်းကောက်သူကောက်
ဘေထုပ်ထည် တဖါးဖါးနဲ့
လမ်းလျှောက်သူတွေကလျှောက်
တချို့ တောပန်းလေးတွေကောက်လို့
တချို့ကျ ထင်းမီးပုံတဖွားဖွားဘေး
သိုက်စာဖတ်ရာ နားထောင်ငေးလို့။

သည်လို တောခန်းတောင်ခန်း
တထောက်စခန်းပဲ ဆိုဆို
စင်တင်ကဇာတ်ထဲက ပြဇာတ်မင်းသားဆန်နေသူတွေဟာ
အချီအချ ဒိုင်ယာလော့ခန်းဆိုရင်
ကိုယ့်လူများက ခေ, သူတွေမဟုတ်
တချို့ မြန်မာပြည်အရေး
သူတို့ သွေးနဲ့ရေးခဲ့တဲ့အကြောင်း
တချို့သူတို့အသက်
တိုင်းပြည်အတွက် စွန့်လွှတ်ထားခဲ့ပုံအကြောင်း
တချို့မိပစ်ဘပစ် ချစ်သူပစ်ပြီး
နိုင်ငံကိုချစ်စိတ်နဲ့ အတိတ်ကို ဖြတ်သန်းလာခဲ့ကြောင်း
.........
.........
.........
အကြောင်းကြောင်းတွေ ဟောင်းနွမ်းကြွေလဲ
သွေးထဲသားထဲ နှုတ်ဖျားစွဲကာ သေရာပါလေ။

အင်း.....
သူ့အကြောင်းပြောရင်
ကိုယ့်အကြောင်းလဲ ပြောပြန်ကြလိမ့်မယ်
ထားတော့။

တငွေ့ငွေ့လောင်သွားတဲ့ ရက်တွေလို
နောက်ဆုံး အံသွားနဲ့ခဲထားတဲ့ ပေါ့လိပ်တိုကို
စက္ကူပတ် ခွါလိုက်ချိန်
"သုခိတာ" တဲ့
(ဒုတိယ ဘာသာစကားအောက် ဒို့တွေခိုလှုံနေရပုံများ)
သုခိတာ ဟောန္တု ဒုက္ခာ မ စ္ဆ န္တု
ဆင်းရဲ ဒုက္ခ အပေါင်းမှ လွတ်မြောက်ကြစေသတည်း။

ခင်လွန်း။

Ref: မာယာ

Read More...

ကျောင်းသားခေါင်းဆောင် ကိုသက်ဇော် အစာငတ်ခံ ဆန္ဒပြ

ဒီဇင်ဘာလ 22 2008

နယူးဒေလီ (မဇ္ဈိမ)။ ။ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုသက်ဇော်သည် မော်လမြိုင်ထောင် အာဏာပိုင်များက ဖိနှိပ်နေသည့်အပေါ် မကျေနပ်သဖြင့် အစာငတ်ခံ ဆန္ဒပြနေသည်။

မွန်ပြည်နယ် မော်လမြိုင်ထောင်တွင်း၌ အာဏာပိုင်များက သူ့ကို သံခြေကျင်း ခတ်ထားသည့်အပေါ် မကျေနပ်သဖြင့် အစာငတ်ခံ ဆန္ဒပြနေသည်မှာ ၄ ရက်ရှိနေပြီဖြစ်ကြောင်း သိရခြင်းဖြစ်သည်။

"မော်လမြိုင်ထောင်မှာ ရောက်နေတဲ့ ကိုသက်ဇော် အစာငတ်ခံ ဆန္ဒပြနေတယ်လို့ သိရတယ်။ ထောင်အာဏာပိုင်တွေကို မကျေနပ်လို့ ဆန္ဒပြနေတယ်လို့ ကြားတယ်။ အကြောင်းစုံကိုတော့ ကျနော်တို့ တိတိကျကျ မသိရသေးပါဘူး" ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ အဖွဲ့ချုပ် ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး ''ဒီဇင်ဘာလ ၁၉ ရက်နေ့က စပြတယ်လို့ ကြားတယ်။ သူ့အဖေက ၂ ကြိမ် တွေ့ခဲ့ပြီးပြီ။ ကျနော် သူနဲ့ တွေ့လို့ မေးကြည့်တော့၊ လာမယ့် စနေနေ့မှာ ထပ်တွေ့ဖို့ ကြိုးစားနေတယ်" ဟု ပြောသည်။

လောင်စာဆီဈေးနှုန်း ကျဆင်းရေး ဆန္ဒပြမှုနှင့် စပ်လျဉ်း၍ ပြီးခဲ့သည့်နှစ် သြဂုတ်အတွင်းက ကိုသက်ဇော် အပါအ၀င် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ၁၃ ဦး စတင်ဖမ်းဆီးခံခဲ့ရသည်။

ယခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် အင်းစိန် သီးသန့်တရားရုံးက ကျောင်းသားခေါင်းဆောင် ၃၅ ဦးအား ထောင်ဒဏ် ၆၅ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့သည်။ ထို့နောက် နယ်စွန်နယ်ဖျား ဒေသများရှိ အကျဉ်းထောင်သို့ ပြောင်းရွှေ့ခဲ့ရာတွင် ကိုသက်ဇော်သည် မော်လမြိုင်ထောင်သို့ ရောက်ရှိသွားခဲ့သည်။

ဆန္ဒပြနေသည့် အခြေအနေ အသေးစိတ်ကို ပိုမိုသိရှိနိုင်ရန် ဖခင်ဖြစ်သူထံ ဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ်၍ မရခဲ့ပါ။

Ref: မဇ္ဈိမ

Read More...

လူသားကပ်ဘေး ကျရောက်မှု ၁၀ နိုင်ငံစာရင်းထဲ မြန်မာနိုင်ငံ ပါဝင်

22 December 2008

Medical Sans Frontiers နယ်ခြားမဲ့ဆရာဝန်များအဖွဲ့ကနေ လူမှုကပ်ဘေးကျရောက်နေတဲ့ အဆိုးဆုံး ၁၀ နိုင်ငံစာရင်းကို ထုတ်ပြန်တဲ့နေရာမှာ အဲဒီအထဲ မြန်မာနိုင်ငံကိုပါ ထည့်သွင်းထားပါတယ်။ မြန်မာနိုင်ငံမှာ ပြည်သူတွေရဲ့ ကျန်းမာရေးပြုစု စောင့်ရှောက်မှုတွေကို လျစ်လျူရှုခံနေရပြီး လူမှုကပ်ဘေးဆိုက်ရောက်တဲ့ အခြေအနေဆိုးကို ရင်ဆိုင်နေရတယ်လို့ MSF က ပြုစုတဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။ ဘာကြောင့် အခုလို MSF က ပြောရတာလဲဆိုတာ ဆက်သွယ်မေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

အခု MSF နယ်ခြားမဲ့ဆရာဝန်များအဖွဲ့ရဲ့ စာရင်းထဲမှာ ကမ္ဘာပေါ်က လူသားကပ်ဘေး အဆိုးဆုံးနိုင်ငံ ၁၀ နိုင်ငံထဲမှာ မြန်မာနိုင်ငံဟာ အခြား အာဖရိကနိုင်ငံတွေဖြစ်တဲ့ ဇင်ဘာဘွေ၊ ကွန်ဂို၊ ဆူဒန်၊ အီသီယိုပီးယား နိုင်ငံတွေနဲ့ စစ်မက်ဖြစ်နေတဲ့ အီရတ်နိုင်ငံတို့နဲ့ အတူ ထည့်သွင်း ခံထားရတာပါ။ အဓိကအချက်ကတော့ အခုနှစ်ဆန်းပိုင်း တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုံး မုန်တိုင်းဒဏ်ကြောင့် မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ် ဒေသမှာ ပြည်တွင်းပြည်ပ အကူအညီတွေ ရပေမယ့် ပြန်လည်ထူထောင်ရေးလုပ်ဖို့ လိုအပ်ချက်တွေ အများအပြား လိုနေတဲ့ ကိစ္စကို ထောက်ပြပါတယ်။

ဒါ့အပြင် အခြေခံကျန်းမာရေး စောင့်ရှောက်မှုစနစ် အားနည်းတာတွေကြောင့်လည်း အခုလို ၁၀ နိုင်ငံစာရင်းထဲမှာ မြန်မာနိုင်ငံကိုပါ ထည့်သွင်းထားတာလို့ ဆိုပါတယ်။ နှစ်ဆန်းပိုင်းက မုန်တိုင်းသင့်ခဲ့တဲ့ မြစ်ဝကျွန်းပေါ်ဒေသမှာ နေထိုင်သူ မြန်မာပြည်သူ တွေဟာ နိစ္စဓူဝ အကျပ်အတည်းတွေ အခုအချိန်အထိ ရင်ဆိုင်နေရတယ်လို့ ရန်ကုန်မြို့က မြန်မာနိုင်ငံဆိုင်ရာ MSF ဒုတိယ ဌာနေတာဝန်ခံ လုခ် အာရန်းဒ် (Luke Arend) ပြောပါတယ်။

အခုနှစ် မေလဆန်းပိုင်းက တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုံးမုန်တိုင်းကြောင့် ကြေကွဲစရာ အခြေအနေတွေကို အရေးပေါ် တုံ့ပြန် ဆောင်ရွက်တဲ့ လုပ်ငန်းတွေ ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသမှာ ဆောင်ရွက်နေပါတယ်။ အဲဒီမှာရှိနေသူတွေ နေ့စဉ်လိုလို သူတို့ဘ၀ အခြေအနေတွေကို ရင်ဆိုင်ဖို့ အားနည်းနေပါတယ်။ အကူအညီပေးရေးအဖွဲ့တွေကလည်း နေ့စဉ်တော့ ကူညီနေပါတယ်။ ဒါပေမယ့်လည်း ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေအတွက်တော့ အထောက်အပံ့၊ အကူအညီတွေ အများကြီးလိုအပ်နေတုန်းပါပဲ။”

မြန်မာနိုင်ငံတွင်း လူသားကပ်ဘေး အကျပ်အတည်း ကြုံနေရတဲ့ကိစ္စဆိုတဲ့နေရာမှာ မြစ်ဝကျွန်းပေါ် ဒေသတွေမှာတင် မဟုတ်ဘဲ အခြား မြန်မာနိုင်ငံ ဒေသတွေမှာ ကျန်းမာရေး စောင့်ရှောက်မှု အားနည်းတာကြောင့်လည်း ဖြစ်တယ်လို့ လုခ်က အခုလိုပြောပါတယ်။

“MSF အဖွဲ့ရဲ့ စိုးရိမ်ချက်က ဒီ မြစ်ဝကျွန်းပေါ်ဒေသတင် မဟုတ်ဘဲနဲ့ အခြား မြန်မာနိုင်ငံ နေရာအတော် များများမှာ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ပတ်သက်လို့ လိုအပ်ချက်တွေ ရှိနေတာပါ။ HIV/AIDS ရောဂါနဲ့ပတ်သက်လို့ ကျန်းမာရေးစောင့်ရှောက်မှု အလွန်အမင်း လိုအပ်နေပါတယ်။ အခြား အသက်အန္တရာယ်ပြုနေတဲ့ ရောဂါတွေကလည်းရှိပါတယ်။ ငှက်ဖျားရောဂါ၊ တီဘီ အဆုတ်ရောဂါတွေ ဖြစ်ပါတယ်။”

MSF အဖွဲ့အနေနဲ့ မြန်မာနိုင်ငံတွင်းမှာ HIV/AIDS တိုက်ဖျက်ရေးလုပ်ငန်းတွေကို အထူး အလေးပေး ဆောင်ရွက်နေတာပါ။ မြန်မာနိုင်ငံတွင်း ရောဂါသည် ၈၀% လောက်ကို လက်ခံပြုစုပေးနေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း ကုလသမဂ္ဂ ကိန်းဂဏန်း အရ အခုနှစ်အတွင်း မြန်မာနိုင်ငံမှာ HIV/AIDS ကြောင့် သေဆုံးသူဟာ ၂၅,၀၀၀ ၀န်းကျင် အနည်းဆုံးရှိမယ်လို့ ခန့်မှန်းထားပါတယ်။

မြန်မာနိုင်ငံတွင်း ARV ဆေးပြားရရှိဖို့ အခက်အခဲတွေရှိတာကြောင့် ရောဂါသည်တွေဟာ လာမယ့်နှစ်မှာလည်း အလားတူ အရေအတွက်အတိုင်း သေဆုံးဖို့ရှိတယ်လို့ MSF ကပဲ အခု ပြီးခဲ့တဲ့လက ထုတ်ပြန်ခဲ့ဖူးပါတယ်။ ဒီလို ကျန်းမာရေးစောင့်ရှောက်မှု အားနည်းနေတဲ့ အပေါ်မှာ လက်ရှိ မြန်မာအစိုးရကိုချည်း ပြောလို့မဖြစ်ဘဲ နိုင်ငံတကာ အသိုင်းအ၀ိုင်းအပေါ်မှာလည်း တာဝန်ရှိတယ်လို့ လုခ်က အပြစ်တင်ခဲ့ပါတယ်။

“တကယ်လို့သာ ဒီလူတွေ ARV အသက်ကယ်ဆေး သုံးစွဲနိုင်မယ်ဆိုရင် အသက်ရှင်နေဦးမှာပါ။ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ပတ်သက်လို့ ရင်းနှီးဆောင်ရွက်မှုက မရှိသလောက်ပါ။ ဒီကိစ္စမှာ အစိုးရကိုချည်း တာဝန်အရှိဆုံးလို့ ပုံချလို့မရပါဘူး။ နိုင်ငံတကာ
အသိုင်းအ၀ိုင်းမှာလည်း တာဝန်ရှိပါတယ်။ မြန်မာနိုင်ငံကိုပေးတဲ့ နိုင်ငံတကာက အကူအညီ၊ အထောက်အပံ့တွေဟာ ကမ္ဘာပေါ်မှာ အနိမ့်ဆုံးပါ။ ယေဘုယျအားဖြင့်ဆိုရင် တဦးကို ၃ ဒေါ်လာပဲ ထောက်ပံ့ပေးတယ်လို့ ဆိုနိုင်ပါတယ်။

“ဖွံ့ဖြိုးဆဲနိုင်ငံတွေက HIV/AIDS တိုက်ဖျက်ရေး အစီအစဉ်တွေကို ဆောင်ရွက်ပေးနေတာ နိုင်ငံတကာအလှူရှင်တွေ ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာတော့ ဒီလိုမဟုတ်ပါဘူး။ ကုလသမဂ္ဂရဲ့ ထောင်စုနှစ်စီမံကိန်းကို ကြည့်မယ်ဆိုရင်လည်း ၂၀၁၀ ခုနှစ် တကမ္ဘာလုံးမှာ ARV အသက်ကယ်ဆေးတွေ ရရမယ်ဆိုတဲ့ ရည်မှန်းချက်ရှိပါတယ်။ ဒါက မြန်မာပြည်သူတွေအဖို့တော့ အလှမ်းဝေးနေတုန်းပါ။ ဒီအတွက် ပြည်တွင်းရော ပြည်ပကပါ လုပ်စရာတွေ အများကြီးပါ။”

အခြားတဖက်မှာတော့ မြန်မာနိုင်ငံတွင်း နိုင်ငံတကာက ကူညီရေးလုပ်သားတွေ ကြုံနေရတဲ့ ပြဿနာကတော့ မြန်မာနိုင်ငံတွင်း နေရာအချို့ကို လွတ်လွတ်လပ်လပ် သွားလို့မရတဲ့ ပြဿနာပါ။ MSF ကတော့ သူတို့လုပ်နေတဲ့ မြစ်ဝကျွန်းပေါ်ဒေသ ကယ်ဆယ်ရေး လုပ်ငန်း အတော်များများအတွက် လွတ်လွတ်လပ်လပ် သွားရောက်ခွင့် အာဏာပိုင်တွေက ခွင့်ပြုပေမယ့် အချို့အဖွဲ့အစည်းမှာတော့ အခြား မြန်မာနိုင်ငံဒေသ တွေကို သွားရောက်ဖို့ အကန့်အသတ်တွေ ကြုံနေရတယ်လို့ ၀န်ခံထားပါတယ်။

Ref: VOA News

Read More...

မင်းသား ကျော်သူ ၀ါဒဖြန့် ဇာတ်ကားများ မရိုက်တော့

ဒီဇင်ဘာလ 22 2008

နယူးဒေလီ (မဇ္စျိမ)။ ။ ရွှေဝါရောင် တော်လှန်ရေးတွင် ပါဝင်ခဲ့သည့် ရုပ်ရှင်သရုပ်ဆောင်နှင့် နာရေး အခမဲ့ ကူညီပေးနေသူ ဦးကျော်သူက စစ်အစိုးရ ၀ါဒဖြန့်ဇာတ်ကားများ ရိုက်ကူးတော့မည် မဟုတ်ကြောင်း ယနေ့ ပြောဆိုသည်။

သံဃာတော်များ ဦးဆောင်ဆန္ဒပြရာတွင် ဆွမ်းကပ်နှင့် ရေ ကပ်လှူခဲ့သဖြင့် အာဏာပိုင်များက ရက်သတ္တပတ် ၃ ပတ်ကြာ ထိန်းသိမ်းခံခဲ့ ရသူ သူက လူထုအကျိုးပြု ရုပ်ရှင်ကားများကိုသာ ရိုက်ကူးသွားမည်ဖြစ်ကာ၊ အစိုးရ ၀ါဒဖြန့် ရုပ်ရှင်ဇာတ်လမ်းများအတွက် ရိုက်ကူးတော့မည် မဟုတ်ကြောင်း ပြောဆိုခြင်းဖြစ်သည်။

"အစိုးရ ၀ါဒဖြန့် ဇာတ်ကားတွေဆို လုံးဝ မရိုက်တော့ဘူး။ အနုပညာကို ပီပြင်ပုံဖော်နိုင်တဲ့ ဇာတ်လမ်းတွေ၊ လူထုကို အကျိုးပြုနိုင်မယ့် ဇာတ်လမ်းမျိုး၊ သမိုင်းနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကိုပဲ ရိုက်တော့မယ်။ မဟုတ်ရင်တော့ မရိုက်တော့ဘူး" ဟု သူက ပြောသည်။

၂၀၀၇ ခုနှစ် စက်တင်ဘာ ၂၄ ရက်နေ့က ရွှေတိဂုံဘုရားပေါ်တွင် ဆန္ဒပြသံဃာတော်များကို ရေနှင့် ဆွမ်း ကပ်လှူခဲ့ရာ ဦးဆောင်သူ အမျိုးသားရေး ဦးဝင်းနိုင် အပါအ၀င် ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူ၊ လူရွှင်တော် ဇာဂနာနှင့် စာရေးဆရာများ ပါဝင်ခဲ့သည်။

၃ ပတ်ကြာ ဖမ်းဆီးထိန်းသိမ်းပြီးနောက် ပြန်လွတ်လာရာတွင် သူ ပါဝင်ရိုက်ကူးခဲ့သည့် ရုပ်ရှင်ကားကြီး ၂ ကား အပါအ၀င် ဗွီဒီယိုကားပေါင်း ၂၀ ခန့်ကို ရုံတင်ပြသခွင့် ပိတ်ပင်ခဲ့သည်သာမက၊ HIV ပညာပေး ဇာတ်လမ်းဖြစ်သည့် 'အကြွင်းမဲ့ လုံခြုံရာ' ဇာတ်လမ်းကိုပါ ဆင်ဆာအဖွဲ့မှ ပြသခွင့် ပိတ်ပင်ခဲ့သည်။

အစိုးရ ၀ါဒဖြန့် ရုပ်ရှင်ဇာတ်လမ်းများတွင် ရိုက်ကူးတော့မည် မဟုတ်သော်လည်း ရုပ်ရှင်လုပ်ငန်းမှ အပြီးအပိုင် ထွက်ခွာသွားမည် မဟုတ်ကြောင်းနှင့် စစ်အာဏာပိုင်များက ရိုက်ကူးခွင့်ပေးပါက လွတ်လပ်သည့် ရုပ်ရှင်ရိုက်ခွင့်၊ ဆင်ဆာတင်းကျပ်မှုများ မရှိမှသာ ရိုက်ကူးတော့မည်ဖြစ်ကြောင်း သူက ပြောသည်။

"အပြီးအပိုင် ထွက်မယ်ဆိုတာတော့ မဟုတ်ပါဘူး။ ရိုက်ခွင့် ဖွင့်ပေးခဲ့ရင်တောင် ကျနော် ရိုက်ချင်မှ ရိုက်တော့မယ်။ ရုပ်ရှင်ဇာတ်လမ်းတွေ လွတ်လွတ်လပ်လပ် ရိုက်ခွင့်ရတဲ့အခါ၊ ဆင်ဆာတင်းကျပ်မှုတွေ မရှိတော့မှဘဲ ရိုက်တော့မယ်" ဟု ဦးကျော်သူက ပြောသည်။

သူက ဆက်ပြီး "နာရေးကူညီမှုအသင်း လုပ်ငန်းကိုပဲ ကျနော် လုပ်သွားမယ်။ အဲဒါတွေကိုပဲ ဇောက်ချ လုပ်သွားမယ်" ဟု သူက ပြောသည်။

အသက် ၄၈ နှစ်အရွယ်ရှိ ဦးကျော်သူသည် အားလပ်ရက်များတွင် ပန်းချီဆွဲလာခဲ့ရာ ယခုဆိုလျှင် ပန်းချီကားပေါင်း ၁၈ ကား ရေးဆွဲပြီးခဲ့ပြီဖြစ်သည်။

Ref: မဇ္စျိမ

Read More...

Monday, December 22, 2008

ဇင်ဘာဘွေအာဏာခွဲဝေရေး အမေရိကန်အယုံအကြည်မရှိ

22 December 2008

ဇင်ဘာဘွေသမ္မတ Robert Mugabe ကို သမ္မတအဖြစ် ဆက်ထားမယ့် အာဏာခွဲဝေ အုပ်ချုပ်ရေးအစီအစဉ်ကို မထောက်ခံ နိုင်တော့ဘူးလို့ အမေရိကန်နိုင်ငံက ပြောလိုက်ပါတယ်။ အမေရိကန်အစိုးရရဲ့ အစီအစဉ်ကို အာဖရိကဆိုင်ရာ ထိပ်တန်းအရာရှိ Jendayi Frazer က တောင်အာဖရိကနိုင်ငံ Pretoria မြို့မှာ ပြောလိုက်တာပါ။

မစ္စတာ မူဂါးဘေးအနေနဲ့ အာဏာခွဲဝေ အုပ်ချုပ်မယ် ဆိုတဲ့ အပေါ် အမေရိကန်နိုင်ငံက အယုံအကြည်မရှိတော့ဘူးလို့ Frazer က ပြောပါတယ်။ မစ္စတာ မူဂါးဘေးဟာ သူရခဲ့တဲ့ အခွင့်အရေးကို အသုံးမချခဲ့တဲ့ အပြင် လက်ရှိ ဖြစ်ပေါ်နေတဲ့ အမှန်တရားနဲ့လည်း ကင်းကွာ နေတယ်လို့ ဖရေးဇားက ပြောပါတယ်။

မစ္စတာ မူဂါးဘေးအပေါ် ပိုမို ဖိအားပေး လုပ်ဆောင်ကြဖို့ ဇင်ဘာဘွေရဲ့ အိမ်နီးချင်းနိုင်ငံတွေကို တောင်းဆို ထားတယ်လို့လည်း မစ္စ ဖရေးဇားက ပြောပါတယ်။ ဒါပေမယ့် မစ္စတာ မူဂါးဘေးရဲ့ ပါတီနဲ့ အတိုက်အခံအကြား ညီညွတ်တဲ့အစိုးရဖွဲ့စည်း အုပ်ချုပ်တာက ဇင်ဘာဘွေအတွက် အကောင်းဆုံးနည်းလမ်း ဖြစ်တဲ့တယ်လို့ တောင်အာဖရိက နိုင်ငံက ပြောပါတယ်။

Ref: VOA News

Read More...

အကြမ်းဖက်တိုက်ခိုက်ခံရတဲ့ မွန်ဘိုင်းမြို့ဟိုတယ်ပြန်ဖွင့်ပြီ

22 December 2008

အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့မှာ လက်နက်ကိုင် စစ်သွေးကြွတွေ ၃ရက်ကြာ စီးနင်း သိမ်းပိုက်တဲ့ ဖြစ်ရပ်တွေကြုံခဲ့ရတဲ့ ဇိမ်ခံ ဟိုတယ်ကြီး ၂ခုကို ပိတ်ထားရာကနေ အခု ပြန်ဖွင့်လိုက်ပြီ ဖြစ်ပါတယ်။ အခုလို ဒီဟိုတယ်ကြီးတွေကို ပြန်ဖွင့် လိုက်တာဟာ မြို့တော်ရဲ့ စီးပွားရေး လုပ်ငန်းတွေ ပုံမှန်ပြန်ဖြစ်လာပြီဆိုတဲ့ သဘောကို ပြသလိုက်တာ ဖြစ်တယ်လို့ VOA သတင်းထောက် Anjana Pasricha နယူးဒေလီကနေ သတင်းပေးပို့ထားပါတယ်။

တနင်္ဂနွေနေ့က ဟော်တယ် ၀န်ထမ်းတွေ ဟော်တယ် တာဝန်ခံလူကြီးတွေ နဲ့အတူ ဒေသဆိုင်ရာ ခေါင်းဆောင်ပိုင်းတွေက အစ ဧည့်သည်တွေပါ မကျန် စုပေါင်းပြီး ဆုတောင်းပွဲ တခုပြုလုပ်ခဲ့သလို ဟော်တယ် တံခါးကို ပြန်ဖွင့်လိုက်ပါတယ်။
Tai Mahal ဟော်တယ်နားက မျှော်စင်ဘက်ခြမ်း ဟော်တယ်ခန်းကို ပြန်ဖွင့်လိုက်တဲ့ အချိန်မှာပဲ တည်းခိုမယ့် ဧည့်သည် တစ်ထောင် နီးပါးလောက် ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့လက Tai ဟော်တယ်ရယ် Trident – Oberoi ဟိုတယ် ၂ခုကို အစ္စလာမ် စစ်သွေးကြွ လက်နက်ကိုင်တွေ အကြမ်းဘက် စီးနင်း သိမ်းပိုက်ခဲ့တဲ့ ဖြစ်ရပ်တွေမှာ လူ ၁၇၀နီးပါး သေဆုံးမှုတွေ ဖြစ်ခဲ့ရတာပါ။ ဟော်တယ်နားမှာ အခြေအနေကို စောင့်ကြည့်သူတွေကလည်း ပြောတာကတော့ လက်နက်ကိုင် အကြမ်းဖက်သမားတွေနဲ့ ရဲတွေဟာ နာရီပေါင်း ၆၀ နီးပါးလောက် အပြန်အလှန် ပြစ်ခတ်မှုတွေ ဖြစ်ခဲ့တယ်လို့လည်း ဆိုပါတယ်။ ဒီလို တိုက်ခိုက်မှုတွေအတွင်း ဟိုတယ်မှာတည်းနေကြတဲ့ ဧည့်သည်တွေနဲ့ ဟော်တယ် ၀န်ထမ်းတွေလည်း သေဆုံးခဲ့ကြရပါတယ်။ သေနတ်သံတွေ ဧည့်ခန်းဆောင်တွေ အခန်းတွေ အတွင်းက ပေါက်ကွဲမှုတွေနဲ့ အတူ ဟော်တယ်တွင်းမှာ သွေးချောင်စီးတဲ့ ဖြစ်ရပ်တွေနဲ့လည်း ကြုံခဲ့ရပါတယ်။

Trident ဟော်တယ်ဥက္ကဌ Rattan Keswani ကတော့ ဘယ်သူမှ ဒီဖြစ်ရပ်ဆိုးကြီးကို မေ့ပြစ်နိုင်ကြမှာ မဟုတ်ပေမယ့် လုပ်စရာရှိတာတဲ့ အလုပ်တွေကိုတော့ ဆက်လုပ်သွားဖို့ ဆုံးဖြတ်ချက် ချထားပါတယ်လို့ ပြောပါတယ်။

အခုလို လပိုင်းအတွင်း ဒီဟိုတယ်တွေကို ပြန်ဖွင့်တယ်ဆိုတာက ဒီလို ဖြစ်ရပ်တွေကို ကြုံခဲ့ရပေမယ့် သတ္တိရှိကြောင်း ပြသတာ ဖြစ်သလို အိန္ဒိယနိုင်ငံရဲ့ ဘဏ္ဍာရေး ဗဟိုကျတဲ့ မြို့တော်ရဲ့ ခံနိုင်ရည်ရှိမှုတွေကို ပြသလိုက်တာ ဖြစ်တယ်လို့ ဟော်တယ် ၂ခုစလုံးက ထိပ်တန်း တာဝန်ခံ က ပြောပါတယ်။ ကျန်တဲ့ အဆောက်အဦပိုင်းတွေကိုလည်း ပြန်ဖွင့်ဖို့ကတော့ အချိန်လိုနိုင်ပါသေးတယ်။ လွန်ခဲတဲ့ နှစ် ၁၀၀ လောက် ကတည်းက ထင်ရှားတဲ့ ရှေးဟောင်း အမွေအနှစ် အဆောက်အဦ ဖြစ်တဲ့Tai ဟိုတယ်ရယ် Oberoi ဟိုတယ်တွေက နေရာ တချို့ကို ပြန်ဖွင့်နိုင်ဖို့ကတော့ လအနည်းငယ် ကြာနိုင်သေးပါတယ်။

အခုတော့ ဟော်တယ်နဲ့ ဟော်တယ် ပတ်ဝန်းကျင် နားတွေမှာ အနံခံခွေးတွေနဲ့ ရဲတွေ ထူထူထပ်ထပ် ချထားသလို လူခြုံရေး အထူးစောင့်ကြပ်နေတာလည်း တွေ့ရပါတယ်။ ဟော်တယ် ဧည့်သည်တွေရဲ့ ခရီးဆောင်အိတ်တွေကို ဟော်တယ်အ၀င်ဝမှာ X ray ရောင်ခြည်ဖြတ် စစ်ဆေးတဲ့ စက်တွေနဲ့ စစ်ဆေးတာတွေလည်း ပြုလုပ်နေပါတယ်၊ ဟော်တယ် အခန်း ကြိုတင်မှာသူတွေ ဟော်တယ်က စားသောက်ဆိုင်မှာ စားဖို့ ကြိုတင်နေရာမှာသူတွေဟာ တဖွဲဖွဲ လာနေကြတယ်လို့ ဟော်တယ်တာဝန်ရှိသူတွေက ပြောပါတယ်။

လာတည်းကြတဲ့ ဧည့်သည်တွေ အလိုကျ ဟော်တယ် ၀န်ထမ်းတွေက အတတ်နိုင်ဆုံး ဧည့်ဝတ်ကျေဖို့ ဟော်တယ် ၀န်ထမ်းတွေ ကြိုစားနေတာ တွေရတယ်လို့လည်း လာတည်းတဲ့ ဧည့်သည်တဦးက ပြောပါတယ်။

ဟော်တယ်မှာ လာတည်းတဲ့ ဧည့်သည်တဦး ပြောပြခဲ့တာပါ။ ပြီးခဲ့တဲ့ လက မွန်ဘိုင်းမြို့က အ ကြမ်းဖက် တိုက်ခိုက်ခဲ့တဲ့ ဖြစ်ရပ်တွေဟာ လွန်ခဲ့တဲ့ နှစ် ၂၀တွင်း လက်နက်ကိုင်စစ်သွေးကြွတွေရဲ့ အကြမ်းဖက်မှုတွေတွင်း အဆိုးဝါးဆုံးနဲ့ အထိနာဆုံး ဖြစ်ရပ်ကြီး ဖြစ်ခဲ့တယ်လို့ VOA သတင်းထောက် Anjana Pasricha က နယူးဒေလီကနေ သတင်း ပေးပို့ခဲ့ပါတယ်ရှင်။

Ref: VOA News

Read More...

Thursday, December 18, 2008

စစ်အစိုးရ ကတိမတည်လို့ ဘန်ကီမွန်း စိတ်ပျက်

18 December 2008

မြန်မာစစ်အစိုးရဟာ ဒီမိုကရေစီရေးအပြောင်းအလဲတွေ လုပ်ချင်တဲ့ဆန္ဒရှိပုံမရဘူးလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောလိုက်ပါတယ်။ ၂၀၀၈ ခုနှစ်ထဲမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ နောက်ဆုံး သတင်းစာရှင်းလင်းပွဲကို မနေ့က လုပ်ခဲ့တဲ့ အတောအတွင်း မစ္စတာဘန်ကီမွန်းက ပြောသွားတာပါ။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။

အမေရိကန် ပြည်ထောင်စု၊ နယူးယောက်မြို့၊ ကုလသမဂ္ဂ ဌာနချုပ်မှာ တနာရီကြာ လုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲရဲ့ အဖွင့်နားမှာကိုပဲ မြန်မာနိုင်ငံ ကိစ္စကို မစ္စတာ ဘန်ကီမွန်းက ထည့်ပြောသွားတာပါ။ မြန်မာနိုင်ငံနဲ့ ဟေတီနိုင်ငံတို့ အပါအ၀င် ကမ္ဘာတ၀န်းက သဘာဝ ဘေးအန္တရာယ် ကျရောက်ရာ ဒေသတွေမှာ ကုလသမဂ္ဂက တုန့်ပြန် လုပ်ဆောင်ခဲ့တဲ့ အပေါ် သူ့အနေနဲ့ ကျေနပ်မိတဲ့ အကြောင်း မစ္စတာ ဘန်ကီမွန်းက ဆိုပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံက တခြား အခြေအနေတွေ အပေါ်မှာတော့ သူ စိတ်ပျက်လက်ပျက် ဖြစ်ရပါတယ်တဲ့။

“ဒီမိုကရေစီရေး တွေ့ဆုံ ဆွေးနွေးပွဲတွေ လုပ်ဖို့နဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို လွှတ်ပေးဖို့ ပေးထားတဲ့ ကတိတွေကို မြန်မာအစိုးရက အကောင်အထည် ဖော်ချင်ပုံ မရတဲ့အပေါ် ကျနော် စိတ်ပျက်မိပါတယ်။”

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ကိုယ်တိုင် မြန်မာနိုင်ငံကို သွားပြီး ဒီနှစ်ကုန်မှာ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက် လာအောင် မြန်မာ စစ်အစိုးရနဲ့ ဆွေးနွေးပြောဆိုဖို့ ကမ္ဘာ့ ခေါင်းဆောင်ဟောင်းတွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေ စသည်ဖြင့် ၀ိုင်းပြီး တိုက်တွန်း ကြတာတွေ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ဆက်တိုက်လို ထွက်ပေါ်ခဲ့ပါတယ်။ ဒီ့အပေါ် ကုလသမဂ္ဂဘက်က တုန့်ပြန်ချက် တွေကိုလည်း တောက်လျှောက်လို တွေ့ခဲ့ကြရပါတယ်။ ဒီဇင်ဘာလ ၁၆ ရက်နေ့မှာပဲ အတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ မီရှဲလ် မွန်းတာ့စ်က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အနေနဲ့ မြန်မာနိုင်ငံကို ချက်ခြင်း လက်ငင်းသွားဖို့ အစီအစဉ် မရှိသေးဘူးလို့ ပြောခဲ့တဲ့အတွက် ဒီနှစ်ကုန်မှာ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်လာဖို့ ကုလသမဂ္ဂဘက်က တိုက်တွန်း တောင်းဆို သော်ငြား ထူးခြားမှု ရှိမလာနိုင်တော့မယ့် ပုံပါပဲ။

မစ္စတာ ဘန်ကီမွန်းက တနာရီကြာ သတင်းစာ ရှင်းလင်းပွဲအတွင်း မြန်မာနိုင်ငံ ကိစ္စကို အစပိုင်းမှာ အထူးအလေးထား ပြောကြားခဲ့တဲ့ အတွက် လာမယ့် ၂၀၀၉ ခုနှစ်မှာလည်း မြန်မာနိုင်ငံအရေးဟာ ကုလသမဂ္ဂရဲ့ ဦးစားပေး အရေးကိစ္စ တွေထဲမှာ ပါဝင်နေမယ်လို့ တော့ ခန့်မှန်းနိုင်ပါတယ်။ ဒါပေမယ့်လည်း များပြားလှတဲ့ ကမ္ဘာ့ရေးရာတွေ အကြား၊ မြန်မာနိုင်ငံထက် ပိုပြီးဆိုးရွားတဲ့ တခြားနိုင်ငံတွေရဲ့ အရေးကိစ္စတွေ အကြား မြန်မာ့အရေးကို ကုလသမဂ္ဂက ဘယ်လောက် တွန်းတွန်းတိုက်တိုက် လုပ်မှာလဲ ဆိုတဲ့အပေါ်မှာ တော့ မေးခွန်းတွေ ရှိနေဆဲပါ။

၂၀၀၈ ခုနှစ်အတွင်း ကမ္ဘာတ၀ှမ်း ပဋိပက္ခ အခြေအနေတွေ၊ အထူးအလေးထား ကိုယ်တွယ်ခဲ့ရ၊ ကိုင်တွယ်နေရဆဲ အခြေအနေ တွေကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ရွေးထုတ်ပြီး ပြောသွားခဲ့ပါတယ်။ ဒီကိစ္စတွေဟာ ၂၀၀၉ ခုနှစ် မှာလည်း ကုလသမဂ္ဂက အထူးအလေးထားပြီး ဆက်ဆောင်ရွက် သွားမယ့် ကိစ္စတွေလို့ ယူဆနိုင်မှာပါ။ အဲဒါတွေထဲမှာ မြန်မာနိုင်ငံ ကိစ္စအပြင် ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံက အကြမ်းဖက်မှုတွေ ကိစ္စ၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့် အရေး ကြေညာ စာတမ်း နှစ် ၆၀ ပြည့်ခဲ့ပြီး ဖြစ်ပေမယ့် ကမ္ဘာတ၀န်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ရှိနေသေးတဲ့ ကိစ္စ၊ ဆူဒန် နိုင်ငံ ဒါးဖောဒေသ ပဋိပက္ခ၊ စားနပ်ရိက္ခာ ဖူလုံဖို့ ကိစ္စ၊ ကိုဆိုဗိုအရေး၊ အရှေ့ အလယ်ပိုင်း အရေး၊ အီရတ်၊ ဇင်ဘာဘွေ၊ ဆိုမာလီယာ နဲ့ အာဖဂန်နစ္စတန်ပဋိပက္ခတွေကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ရွေးထုတ်ပြီး အထူး အလေးထား ပြောသွားခဲ့ပါတယ်။

လာမယ့် ၂၀၀၉ ခုနှစ်မှာ ရင်ဆိုင်ရမယ့်အခက်အခဲတွေဟာ ၂၀၀၈ ခုနှစ်ထက် လျော့နည်းသွားစရာ မရှိတဲ့အကြောင်းနဲ့ ၂၀၀၈ ခုနှစ်ဟာဖြင့် အကျပ်အတည်း မျိုးစုံတဲ့နှစ် ဖြစ်ပါတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ပြောသွားခဲ့ပါတယ်။

Ref: VOA News

Read More...

စစ်တိုင်းမှူး (၃) ဦးကို ပြည်နယ်တိုင်း ၀န်ကြီးများအဖြစ် ထူးထူးခြားခြားခန့်

NEJ/ ၁၇ ဒီဇင်ဘာ ၂၀၀၈

မြန်မာစစ်အစိုးရသည် စစ်တိုင်းမှူး (၃) ဦးအား ၎င်းတို့နယ်မြေများ၌ စီးပွားရေး၊ လူမှုရေး စသည့် လုပ်ငန်းများကို စစ်အစိုးရကိုယ်စား စီမံခန့်ခွဲ အုပ်ချုပ်နိုင်ရန်အတွက် ဆိုပြီး နိုဝင်ဘာ (၂၀) ရက်နေ့စွဲဖြင့် ဌာနလက်ကိုင်မရှိသည့် ပြည်နယ်တိုင်း ၀န်ကြီးများအဖြစ် ခန့်အပ်လိုက်သည်။

ဌာနလက်ကိုင်မရှိသည့် ပြည်နယ်တိုင်းဝန်ကြီးများအဖြစ် ခန့်အပ်ခြင်းခံရသည့် ၀န်ကြီး (၃) ဦးမှာ (မန္တလေး) လပခတိုင်းမှူး ဗိုလ်ချုပ်တင်ငွေ၊ (ပုသိမ်) နတခတိုင်းမှူး ဗိုလ်ချုပ်ကျော်ဆွေနှင့် (မုံရွာ) နမခ တိုင်းမှူး ဗိုလ်ချုပ် မြင့်စိုးတို့ ဖြစ်သည်ဟု နိုဝင်ဘာ (၂၀) ရက်နေ့စွဲဖြင့် ထုတ်ပြန်သည့် အမိန့်စာတွင် ဖော်ပြထားသည်။

ထိုအမိန့်စာကို နအဖအတွင်းရေးမှူး (၁) ဒု-ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးက လက်မှတ်ထိုး ထုတ်ပြန်ထားခြင်း ဖြစ်သည်ဟု အမိန့်စာ ဖတ်ရှုရသည့် နေပြည်တော် အရာရှိများက ပြောသည်။

ပုသိမ်အခြေစိုက် လပခ တိုင်းမှူး ဗိုလ်ချုပ်တင်ငွေကို နိုဝင်ဘာ (၁) ရက်နေ့စွဲဖြင့် ၀န်ကြီး ခန့်အပ်ခြင်းဖြစ်ပြီး နတခတိုင်းမှူး ဗိုလ်ချုပ် ကျော်ဆွေကို နိုဝင်ဘာ (၇) ရက်နှင့် နမခ တိုင်းမှူး ဗိုလ်ချုပ် မြင့်စိုးကို နိုဝင်ဘာ (၁၄) ရက်နေ့စွဲအသီးသီးဖြင့် ၀န်ကြီးများ ခန့်အပ်ခဲ့သည်။ ၀န်ကြီးခန့်သည့် အမိန့်စာပါ အဆိုပါ တိုင်းမှူး (၃) ဦး၏ ရာထူးများကို မူလ ဗိုလ်မှူးချုပ်ရာထူးဖြင့် မဟုတ်ဘဲ ဗိုလ်ချုပ်ရာထူးတိုးပြီး ၀န်ကြီးပေးခဲ့ခြင်းဖြစ်သည်။

စစ်တိုင်းမှူးများကို ဌာနလက်ကိုင်မရှိသည့် ပြည်နယ်နှင့် တိုင်းအလိုက် ၀န်ကြီးများ ခန့်အပ်ခြင်းမှာ ပထမဆုံး အကြိမ်ဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ တပ်ထဲမှ ပထုတ်လိုသည့် အရာရှိအချို့ကို အချိုသပ် ဘေးထုတ်လိုက်ခြင်း ဖြစ်နိုင်သလို အရပ်ဘက် အုပ်ချုပ်ရေးကို အဆိုပါ စစ်တိုင်းမှူးများနှင့် စမ်းသပ်ခြင်းလည်း ဖြစ်နိုင်သည်ဟု ရန်ကုန် နိုင်ငံခြား သတင်းထောက်အချို့က ယူဆသည်။

အဆိုပါ တိုင်းမှူးများအား ဌာနလက်ကိုင်မရှိသည့် ပြည်နယ်နှင့်တိုင်းအလိုက် ၀န်ကြီးများအဖြစ် ခန့်အပ်ခြင်းကို မည်သည့်အတွက် တိုင်းပြည်သို့ မကြေညာသေးသည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

Ref: ခေတ်ပြိုင်

Read More...

Wednesday, December 17, 2008

အမှတ် (၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဖြန့်ဖြူးရေးလုပ်ငန်း ဦးတေဇအား ပေးတော့မည်

မြင့်မိုးဇော်/ ၁၇ ဒီဇင်ဘာ ၂၀၀၈

ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် နှီးစပ်သူဟု နာမည်ကြီးနေသည့် Air Bagan လေကြောင်းလိုင်း ပိုင်ရှင် ဦးတေဇသည် အမှတ်(၂) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၏ ဖြန့်ဖြူးရေးအပိုင်းအား ၂၀၁၀ တွင် ၀ယ်ယူမည်ဟု စုံစမ်းသိရှိရသည်။


အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ EPC မှ ၀န်ထမ်းတဦးက “၂၀၁၀ မှာ ဦးတေဇက အမှတ် (၂) လျှပ်စစ်စွမ်းအားဌာနကို ၀ယ်မယ်ပေါ့နော်။ ၀ယ်ပြီးရင် လူဟောင်းတွေ အကုန်ဖြုတ်ပြီး လူငယ် လူသစ်တွေနဲ့ အစားထိုးမယ်လို့ ပြောတယ်။ အရင်လူဟောင်းထဲက လူငယ်တွေက စာမေးပွဲပြန်ဖြေ၊ လူတွေ့စစ်တာတွေ လုပ်ပြီး အောင်မှ အလုပ်ပြန်ရမယ်တဲ့။ အဲဒီအခါကျရင် (၁) သိန်းခွဲလောက် ရမယ်ကြားတယ်။ ခုရတာက (၂၇,၀၀၀) ပဲရတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

အဆိုပါစီမံကိန်း ၂၀၁၀ တွင် စတင်မည်ဖြစ်သော်လည်း စမ်းသပ်ကာလအနေဖြင့် လာမည့်နှစ် ၂၀၀၉ ထဲ၌
မြို့နယ်အချို့ကို စမ်းသပ်ပြီး လျှပ်စစ်ဖြန့်ဖြူးလုပ်ကိုင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းကိုလည်း EPC ၀န်ထမ်းတဦးက ပြောသည်။

၎င်းက “၂၀၀၉ မှာ သူကစမှာဗျ။ ဘယ်လိုစမလဲဆိုတော့ သူ (ဦးတေဇ) က ရှုံးမလား၊ မြတ်မလား သိချင်တော့ အရင်ဆုံး သူက downtown (၆) မြို့နယ်ရယ်၊ ရွှေပြည်သာ၊ ဒဂုံ၊ လှိုင်သာယာတို့လို စက်မှုဇုန်ရှိတဲ့ မြို့နယ် တွေကို အရင်ဝယ်ပြီး အရှုံးအမြတ်တွက်ဦးမှာဗျ။ ပြီးမှ ၂၀၁၀ မှာ အပြီးသတ်ဝယ်မှာပေါ့နော်” ဟု ပြောသည်။

ထိုသို့ မြန်မာ့လျှပ်စစ်စွမ်းအားဌာနဖြန့်ဖြူးရေးအပိုင်းကို ဦးတေဇ၀ယ်ယူပြီးနောက် လက်ရှိအစိုးရအမှုထမ်း ၀န်ထမ်းများ ကြုံတွေ့ကြရမည့် အခက်အခဲများကိုလည်း အမည်မဖော်လိုသူ EPC ၀န်ထမ်းတဦးက “ကျနော်ကတော့ စာမေးပွဲ ၀င်ဖြေကြည့်မယ်ဗျာ၊ အောင်သွားတော့ အဲ့ဒီမှာ ပြန်လုပ်ရုံပေါ့။ ကိုယ့်မှာ အတွေ့အကြုံလည်း ရှိပြီးသား ဆိုတော့ အဆင်ပြေတာပေါ့။ နောက်လခလည်း ကောင်းတယ် ဆိုတော့လေ။ ဒါပေမယ့် သူ့လူနဲ့သူ နေရာတွေ ပြည့်သွားတာမျိုးဆိုရင်တော့ အောက်ခြေ၀န်ထမ်းတွေ သေပြီပေါ့ဗျာ” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

အဆိုပါဝန်ထမ်းက ဆက်လက်၍ “၀န်ထမ်းတွေကိုလစာကောင်းကောင်းပေးမယ်ဆိုတော့ မီတာခတွေကို တိုးကောက်မယ်လေ။ ဒါပေမယ့် မီးလာတာမလာတာတော့ မကျိန်းသေပါဘူး” ဟု ပြောကြားသည်။

ထိုသို့မြန်မာ့လျှပ်စစ်စွမ်းအားဌာနကို ပုဂ္ဂလိကပိုင်ပြုလုပ်ရန် သတင်းများ ထွက်ပေါ်လာစဉ်အတွင်း မြန်မာနိုင်ငံ၌ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူး နိုင်မှုသည် မြို့နယ်များအလှည့်ကျစနစ်ဖြင့်သာ လျှပ်စစ်မီးရရှိနေကြောင်းကို ပြည်သူတဦးက ပြောသည်။

၎င်းက “အခုဆိုရင် မီးလာတဲ့အချိန်ထက် မလာတဲ့အချိန်က ပိုများနေတယ်။ ဘာမှကိုလုပ်လို့ မရတာ။ ပုဂ္ဂလိက ကကိုင်မယ်ဆိုရင်လည်း မီတာခတွေ တိုးလာတာပဲရှိမယ်။ မီးလာတာကတော့ ပြောင်းလာမှာမဟုတ်ဘူးလို့ ထင်ကြေးပေးနေကြတယ်” ဟု ပြောသည်။

Ref: ခေတ်ပြိုင်

Read More...

နေပြည်တော်တွင် တရုတ်သံရုံးအတွက် မြေ (၁၅) ဧကထိ ခွဲတမ်းတိုးပေးထား

NEJ/ ၁၆ ဒီဇင်ဘာ ၂၀၀၈

ရန်ကုန်မှ နိုင်ငံခြားသံရုံးများ နေပြည်တော်ပြောင်းလာစေရေးအတွက် သံရုံးများအတွက် မြေခွဲတမ်းချပေးရန် ကမ်းလှမ်းထားရာ တရုတ်သံရုံးက စစ်အစိုးရပေးသည့် မြေဧရိယာထက် ပိုတောင်းသည့်အတွက် ခွင့်ပြုလိုက်ရသည်ဟု ၀န်ကြီးချုပ်ရုံးနှင့် နီးစပ်သည့် သတင်းရပ်ကွက်က ပြောသည်။

ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများ၊ ကုလသမဂ္ဂရုံးများအား ၂၀၀၇ ခုနှစ်အတွင်း နေပြည်တော် ပြောင်းရွှေ့လိုပါက မြေဧက (၅) ဧကစီ ပေးမည်ဟု စစ်အစိုးရက ကမ်းလှမ်းခဲ့သော်လည်း တရုတ်သံရုံးက တိုးတောင်းသည့်အတွက် (၁၅) ဧကထိ ပေးခဲ့ခြင်းဖြစ်သည်။ ရုရှသံရုံးကလည်း မြေတိုးတောင်းသည့်အတွက် (၅) ဧကထက် ပိုပေးထားရသည်ဟု စုံစမ်းသိရသည်။

မြန်မာစစ်အစိုးရက ပေကျင်းတွင် သံရုံးဖွင့်ထားသည့်အပြင် ကူမင်း၌လည်း မြန်မာကောင်စစ်ဝန်ရုံး ဖွင့်ထားသည့်အတွက် မြန်မာ စစ်ခေါင်းဆောင်များဘက်က အပြန်အလှန် လိုက်လျောခဲ့ခြင်းဖြစ်နိုင်သည်ဟု သံတမန်တဦးက ယူဆသည်။

ကူမင်းမြန်မာကောင်စစ်ဝန်ရုံးအပြင် ရွှေလီ၌လည်း နောက်ထပ် မြန်မာကောင်စစ် ၀န်ရုံးသစ် ဖွင့်ရန်အလားအလာရှိသော်လည်း မသေချာသေးဟု နိုင်ငံခြားရေး အရာထမ်းတဦးက ပြောသည်။ သို့သော် တရုတ်သံရုံး မည်သည့်အချိန် နေပြည်တော် စတင် ပြောင်းမည်မှာ ရှင်းရှင်းလင်းလင်း မရှိသေးပေ။

ရန်ကုန်အနောက်တိုင်း သံတမန်တဦးအား နေပြည်တော် ပြောင်းရွှေ့ရန် ရှိမရှိ ခေတ်ပြိုင်ကမေးရာ “နိုက်ဂျီးရီးယားနိုင်ငံ စစ်အစိုးရလက်ထက်တုန်းကလည်း အဘူဂျာမြို့တော်သစ်ကို ပြောင်းတော့ စစ်အာဏာရှင်ရှိနေသမျှ မြို့တော်သစ်ကို မပြောင်းဘူးလို့ လေးဂို့စ်မြို့က နိုင်ငံခြားသံရုံးတွေ ဆုံးဖြတ်ခဲ့ပြီး သံရုံးအဆင့်အတန်း လျှော့ချခဲ့တဲ့ သာဓကရှိပါတယ်” ဟုသာ ဖြေကြားခဲ့သည်။

အမေရိကန်သံရုံးကမူ နေပြည်တော် မပြောင်းဘဲ ရန်ကုန်မြို့တွင်သာ ဆက်လက်ရုံးစိုက်သွားမည်ဟု ပြောထားသည့်အတွက် ကျန်အနောက်တိုင်း သံရုံးများလည်း အမေရိကန်သံရုံးနည်းတူ ရန်ကုန်တွင်သာ ဆက်နေမည့် အလားအလာရှိသည်။

မြန်မာစစ်အစိုးရသည် ရန်ကုန်မြို့ရှိ ၀န်ကြီးဌာန (၃၀) ကို ရန်ကုန်မှနေပြည်တော်သို့ ၂၀၀၅ ခု အောက်တိုဘာမှ ၂၀၀၆ ခု ဧပြီထိ (၆) လအတွင်း စစ်သုံးယာဉ် (၃,၉၀၃) စီးနှင့် ပြောင်းရွှေ့ခဲ့သည်။ မူလက ၂၀၀၆ ခု မေလ (၂၀) ရက်နေ့အပြီး ၀န်ကြီးဌာနများအားလုံး ပြောင်းရွှေ့ရန် စီစဉ်ခဲ့သော်လည်း အဆင်မပြေခဲ့ပေ။ ထို့ကြောင့် ၂၀၀၆ ခု မေလမှ စက်တင်ဘာထိ (၄) လအတွင်း နောက်ထပ် စစ်သုံးယာဉ် (၁,၃၃၆) စီးဖြင့် ကျန်ဝန်ကြီးဌာနများကို ထပ်မံပြောင်းရွှေ့ပေးခဲ့ရသည်။

Ref: ခေတ်ပြိုင်

Read More...

စစ်ခေါင်းဆောင်ထံ တင်ပြသော စာကို ဖတ်မှုဖြင့် ထောင်ချခံရ

သဲသဲ
ဒီဇင်ဘာလ 17 2008

နယူးဒေလီ (မဇ္ဈိမ)။ ။ရွှေဝါရောင် တော်လှန်ရေးကြောင့် ထိမ်းသိမ်းခံနေရသည့် ညီဖြစ်သူထံ ထောင်ဝင်စာ လာတွေ့စဉ် နိုင်ငံရေး အကျဉ်းသားများအား ထောင်တွင်း ဆေးကုသခွင့်ပြုရန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ တင်ပြတောင်းဆိုထားသည့်စာကို ဖတ်ပြမှုဖြင့် လူတဦးကို ထောင်၆ လ ချမှတ်လိုက်သည်။

ထောင်၁၉ နှစ် ချမှတ်ခံရသော လှိုင်သာယာ NLD အဖွဲ့ဝင် ကိုသန့်ဇင်မျိုး၏ အကို ကိုသန့်ဇင်ဦးသည် ပြီးခဲ့သော ဇန်န၀ါရီလ ၁၄ ရက်နေ့က ဗိုလ်ချုပ်မှူးကြီး သန်းရွှေအပါအ၀င် ကမ္ဘာ့ကြက်ခြေနီ၊ ကုလသမဂ္ဂ ဒုက္ခသည်များ မဟာမင်းကြီးရုံးနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သို့ ပေးပို့သောစာကို ညီဖြစ်သူကို ထောင်ဝင်စာတွေ့စဉ် ဖတ်ပြ၍ အဖမ်းခံခဲ့ရသည်။

အင်းစိန် အကျဉ်းထောင်မှူးမှ (ထောင်လက်စွဲ ဥပဒေ ပုဒ်မ ၄၂ ) ထောင်တွင်းသို့ ခွင့်မပြုသည့် စာရွက်စာတမ်း ယူဆောင်မှုဖြင့် ပြီးခဲ့သော ဇန်န၀ါရီလ ၃၁ ရက်နေ့က တရားစွဲဆိုပြီး အင်းစိန်မြို့နယ် တရားရုံးမှ ယခုလို ထောင်ဒဏ် ချမှတ်ခံရခြင်း ဖြစ်သည်ဟု ကိုသန့်ဇင်ဦး၏ မိတ်ဆွေတဦးက ပြောသည်။

"ဖတ်ပြတဲ့ ၂၂ ရက်နေ့က ထောင်မှူး ကိုယ်တိုင် လာရှင်းတယ် ဘာပြဿနာမှ မရှိဘူး၊ ၃၁ ရက် နေ့ကျမှ လာဖမ်းပြီး အာမခံနဲ့ ပြန်လွှတ်ထားတာ ထောင်ဥပဒေ ပုဒ်မ ၄၂ နဲ့လို့ ပြောတယ်"ဟု သူကပြောသည်။

သို့သော်လည်း ထောင်ဝင်စာတွေ့စဉ် ဖတ်ပြရန် ယူဆောင်သွားစဉ် အဆင့်ဆင့် စစ်ဆေးခံပြီးမှ ခွင့်ပြု၍ ထောင်အာဏာာပိုင်များရှေ့တွင် ဖတ်ပြခဲ့ခြင်း ဖြစ်သည်။

တရားလို သက်သေဖြစ်သည့် ထောင်ဝန်ထမ်း ၄ ဦးမှ တဦးက အဆိုပါ စာရွက်အား ထောင်တွင်းသို့ သယ်ယူရန် ခွင့်ပြုခဲ့ကြောင်း ထွက်ဆိုခဲ့သည်။

ယခုစွဲဆိုထားသော အမှုကို ထိရောက်စွာ အရေးယူရန် ပြည်ထဲရေး ၀န်ကြီးဌာနမှ မှတ်ချက် ရေးသားပေးပိုထားသည့် စာကို အင်းစိန် မြို့နယ်တွဲဘက် တရားသူကြီး ဒေါ်ဘေဘီက မတ်လ ၂၈ ရက် နေ့တွင် အမှုစစ်ဆေးသည့်အခါ တရားရုံးထဲ၌ မှားယွင်းစွာ ဖတ်ကြားခဲ့ကြောင်း အတိုက်အခံ နိုင်ငံရေး အသိုင်းအ၀ိုင်းက ပြောသည်။

ယခုအခါ ကိုသန့်ဇင်ဦးအား အင်းစိန် အကျဉ်းထောင်တွင် ချုပ်နှောင်ထားသည်။

Ref: မဇ္ဈိမ

Read More...

အသက်ဝင်လာတော့မည့် စက္ကူကျား

16 December 2008
ဇာနည်ဝင်း

အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) သည် ဖွဲ့စည်းပုံ စည်းမျဉ်းမရှိဘဲ ၄၁ နှစ်ကြာ ရပ်တည်ခဲ့သည်။ ယခုအခါ အာဆီယံ၏ ရည်မှန်းချက်များ၊ စည်းမျဉ်းများ ပါဝင်သည့် ဖွဲ့စည်းပုံ ပဋိညာဉ်စာတမ်း (အာဆီယံချာတာ) ကို ပထမဆုံး အကြိမ် သဘောတူ ပြဌာန်းလိုက်သည်။

လက်ရှိကျင်းပနေသည့် အာဆီယံနိုင်ငံများ၏ ၀န်ကြီးအဆင့်ဆွေးနွေးပွဲကာလတွင် ထုတ်ပြန်လိုက်သည့် အဆိုပါပဋိညာဉ်စာတမ်းတွင် ဒေသတွင်း လွတ်လပ်သည့်ကုန်သွယ်မှုဇုန်တည်ထောင်ရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ နျူကလီးယားလက်နက် ကင်းစင်ရေး စသည့်အချက်များလည်း ပါဝင်သည်။

ဤဖွဲ့စည်းပုံ ပဋိညာဉ်စာတမ်းကြောင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးကို အရှိန်အဟုန်မြင့် အားသွန်ခွန်စိုက် လုပ်ကိုင်နိုင်မည်ဟု အင်ဒိုနီးရှား သမ္မတ ဆူစီလိုဘန်ဘန်း ယူဒိုယိုနိုက အာဆီယံဝန်ကြီးအဆင့် အစည်းအဝေးမိန့်ခွန်းတွင် ထည့်သွင်းပြောကြားလိုက်သည်။

“အင်အားလျော့ရဲသည့် အာဆီယံအဖွဲ့မှ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မည့် အာဆီယံအဖွဲ့ကြီးအဖြစ် အသွင်ပြောင်းလဲရေးအတွက် အသုံးပြုနိုင်မည့် ပဋိညာဉ်စာတမ်းဖြစ်သည်” ဟု ၎င်းကဆိုသည်။

မြန်မာစစ်အစိုးရကလည်း ဤပဋိညာဉ်စာတမ်းကို ကြိုက်နှစ်သက်ကြောင်း ၀မ်းသာအားရ ပြောခဲ့ဖူးသည်။ ပြီးခဲ့သည့်နှစ်က အေပီသတင်းဌာနနှင့်ဆက်သွယ်မေးမြန်းခန်းတခုတွင် စစ်အစိုးရ၏ အဆင့်မြင့်သံအရာရှိတဦးဖြစ်သူ ဦးအောင်ဘွားက “အင်မတန်ကောင်းမွန်တဲ့ ပဋိညာဉ်စာတမ်းတခု ကျနော်တို့မှာ ရှိနေပြီ။ ကျနော်ထင်ပါတယ်၊ အားလုံး ကျေနပ်အားရကြပါလိမ့်မယ်။ အင်မတန်ကို မျှမျှတတ ရေးထားတဲ့ ပဋိညာဉ်စာတမ်းတခုဖြစ်ပါတယ်”ဟု ဆိုသည်။

လူဦးရေ သန်း ၅၀၀ နေထိုင်သော အာဆီယံဒေသကြီးအတွက် ပဋိညာဉ်စာတမ်းရေးဆွဲသူများမှာ အစိုးရများဖြစ်သည်။ အာဆီယံနိုင်ငံအစိုးရများ ရေးဆွဲလိုက်သော ပြဌာန်းချက်များကို အာဆီယံအစိုးရခေါင်းဆောင်များ၊ ကိုယ်စားလှယ်များက လှိုက်လှိုက်လှဲလှဲ ထောက်ခံနေကြသည်။ သို့သော်လည်း ပညာရှင်များ၊ အကဲခတ်သမားများ၊ လူမှုအဖွဲ့အစည်းခေါင်းဆောင်များက အဆိုပါ ပဋိညာဉ်စာတမ်းကို စက္ကူစုတ်သာသာ မြင်နေကြသည်။

ပြီးခဲ့သည့်နှစ်က အဆိုပါပဋိညာဉ်စာတမ်းကို ရေးဆွဲနေကြစဉ် စင်္ကာပူနိုင်ငံ အရှေ့တောင်အာရှရေးရာတက္ကသိုလ်မှ သုတေသနပညာရှင် ဒေါက်တာတင်မောင်မောင်သန်းက “အထိအခိုက်မခံသော ကိစ္စရပ်များနှင့် ပတ်သက်ပြီး သက်ဆိုင်ရာအစိုးရ များက လိုသလိုအဓိပ္ပာယ်ဖွင့်နိုင်မည့်ေ၀၀ါးပြီး ယေဘုယျကျသော အချက်အလက်များလည်း ပါဝင်ကောင်း ပါဝင်နိုင် ပါသည်” ဟု ကြိုတင်ဟောကိန်းထုတ်ခဲ့သည်။

“အာဏာရှင်နိုင်ငံများဖြစ်ကြသည့် CLMV (ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်) နိုင်ငံများက ၎င်းတို့ အစိုးရများ၏ လုံခြုံရေးကို ထိခိုက်စေနိုင်သော ကိစ္စများနှင့် ရေရှည် အမျိုးသားအကျိုးစီးပွားကို ထိခိုက်စေနိုင်သည့် ကိစ္စရပ်များကို လက်ခံနိုင်ရန် ခဲယဉ်းပါလိမ့်မည်။”ဟု ဧရာဝတီမဂ္ဂဇင်းတွင် ဖော်ပြခဲ့သည့် “အာဆီယံချာတာ သို့မဟုတ် စီးပွားဖက်များ ပေါင်းစည်းမိကြခြင်းလော၊ သေဖော်ညှိခြင်းလော” သုံးသပ်ချက်ဆောင်းပါးတွင် ဒေါက်တာတင်မောင်မောင်သန်းက ထည့်သွင်းရေးသားခဲ့သည်။

အခြားပညာရှင်များကလည်း အဆိုပါ ပဋိညာဉ်စာတမ်းကို ‘ကိုက်စရာသွားမပါတဲ့ခွေးတကောင်’၊ ‘လိုအပ်ချက်များပါဝင်ခြင်းမရှိသည့် သဘောတူညီချက်’ စသဖြင့် မှတ်ချက်ပြုခဲ့ကြသည်။

အာဆီယံအဖွဲ့ကြီးကို ကွန်မြူနစ်ဆန့်ကျင်ရေးရည်ရွယ်ချက်ဖြင့် ကမ္ဘာ့စစ်အေးကာလအတွင်း တည်ထောင်ခဲ့သည်။ ၁၉၆၇ ခုနှစ်တွင် အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ ထိုင်း စသည့် ငါးနိုင်ငံဖြင့် အစပြုခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းတွင် ဘရူနိုင်း၊ ဗီယက်နမ်၊ လာအို၊ မြန်မာ၊ ကမ္ဘောဒီးယားတို့ဖြင့် တိုးချဲ့ဖွဲ့စည်းခဲ့သည်။

မကြာသေးမီက အာဆီယံအဖွဲ့ဝင်မြန်မာနိုင်ငံတွင် လူမှုရေး၊ နိုင်ငံရေး၊ စာနယ်ဇင်း လုပ်ငန်း လုပ်ကိုင်သူ ၂၀၀ ကျော်ကို အကျဉ်းချခဲ့သည်။ အချို့မှာ ထောင်ဒဏ် ၆၅ နှစ်အထိ ချမှတ်ခြင်းခံရသည်။ အခြားသော လူ့အခွင့်အရေးချိုးဖောက်မှု၊ အနိုင်ကျင့်မှု မျိုးစုံလည်း အဆက်မပြတ် ဖြစ်ပွားနေသည်။

မြန်မာနိုင်ငံကဲ့သို့ အာဏာရှင်နိုင်ငံများဖြင့် ဖွဲ့စည်းထားသည့် အာဆီယံ၏ ဖွဲ့စည်းပုံပဋိညာဉ်စာတမ်းတွင် ဒေသတွင်း လူ့အခွင့်အရေးအခြေအနေများကို မြှင့်တင်ပေးမည်ဟု ထည့်သွင်းရေးဆွဲထားသည်။

သံတမန်ဟောင်း ဝါရင့်နိုင်ငံရေးသမားကြီးတဦးဖြစ်သူ သခင်ချန်ထွန်းကမူ “(အာဆီယံပဋိညာဉ်စာတမ်းထဲမှာ) စည်းကမ်းဖောက်ဖျက်ရင် ဘယ်လိုအရေးယူမယ်ဆိုတာ ဘာမှမပါဘူး။ ဒီတော့ အာဏာရှင်နိုင်ငံတွေကတော့ လုပ်ရိုးလုပ်စဉ်အတိုင်း လုပ်သွားမှာပဲလို့ ဒီလိုပဲ မြင်ပါတယ်” ဟု ဧရာဝတီသို့ ရှင်းပြခဲ့သည်။

အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်ခြင်းမပြုရေးမူကို စွဲကိုင်ထားသော အာဆီယံ၏ ပဋိညာဉ်စာတမ်းမှာ လူကြိုက်နည်းလှသည်။ အာဆီယံ၏ ဤခြေလှမ်းသစ်တွင် ၂၀၁၅ ခုနှစ် လွတ်လပ်သည့် ကုန်သွယ်မှုဇုန်တည်ထောင်ရေးဟူသည့်အချက်လည်း ပါဝင်သည်။

“ကျနော်တို့ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးအခြေအနေတွေ ဖွံ့ဖြိုးတိုးတက်မှု မရှိဘဲနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို လုပ်လို့မရဘူး” ဟု ထိုင်းနိုင်ငံ လူ့အခွင့်အရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း၊ အထွေထွေအတွင်းရေးမှူး ဆုမ်ချိုင်းဟုမ်လာက ဧရာဝတီသို့ ပြောပြသည်။ “ဒါပေမယ့် အနာဂတ်ကာလ အာဆီယံနိုင်ငံတွေမှာ လူထုအခြေပြုလူ့အဖွဲ့အစည်းတွေ ဘယ်လောက်အားရှိမလဲ ဆိုတဲ့ အပေါ်မှာ မူတည်ပါတယ်။ အားကောင်းမယ်ဆိုရင်တော့ ပဋိညာဉ်စာတမ်းချိုးဖောက်သူတွေနဲ့ ပတ်သက်ပြီး တာဝန်ယူဖို့ အစိုးရတွေကို တိုက်တွန်းနိုင်မှာ ဖြစ်ပါတယ်” ဟု ဆိုသည်။

Ref: ဧရာဝတီ

Read More...

အပေါ်သို့