..............................

Friday, September 4, 2009

ကိုးကန့်ခေါင်းဆောင် အထူးကြေညာချက် ထုတ်ပြန်

ဗထူး
Thursday, 03 September 2009 11:37

ကိုးကန့်ခေါင်းဆောင်က ၎င်းတို့နယ်မြေ အတွင်း နအဖတပ်များ ၀င်ရောက် တိုက်ခိုက်ခြင်းနှင့် ပတ်သက်၍ အထူး ကြေညာချက် တစောင် ထုတ်ပြန်ခဲ့သည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီသို့ လိပ်မူကာ သြဂုတ်လ (၂၈) နေ့ နေ့စွဲဖြင့် ဥက္ကဌ ဖုန်ကြားရှင်က လက်မှတ် ရေးထိုး ထုတ်ပြန်ခဲ့သည့် အဆိုပါ ကြေညာချက်မှာ စာမျက်နှာ ၅ မျက်နှာ ပါရှိသည်။

စစ်အစိုးရအနေဖြင့် ၁၄ နှစ်ကြာ ကျင်းပ ပြုလုပ်၍ ၂၀၀၈ ခုနှစ်တွင် တဖက်သတ် အတည်ပြု ပြဌာန်းခဲ့သည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် တိုင်းရင်းသား ပြည်သူများ၏ စစ်မှန်သော သဘောထား မပါသည့်အတွက် တိုင်းရင်း သားလူမျိုးတို့က ထောက်ခံခြင်း မရှိသည့် အပြင် ညီလာခံတွင် တင်ပြခဲ့သည့် တိုင်းရင်းသား တို့၏ အခွင့်အရေးများ ကိုလည်း လိုက်လျှောခြင်း မရှိသည့်အတွက် များစွာသော တိုင်းရင်းသား လူမျိုးများ အနေဖြင့် လက်နက်စွဲကိုင် တောင်းဆိုရသော အခြေအနေသို့ ရောက်ရှိခဲ့သည်ဟု ကြေညာချက်က ဆိုသည်။

ဆက်လက်၍ စစ်အစိုးရတပ်များက သြဂုတ်လ (၂၇) ရက်နေ့၊ နံက်(၇) နာရီခွဲက တရုတ်-မြန်မာနယ်စပ်ရှိ ယန်ရုံကြိုက် ရွာတွင် စတင် ပစ်ခတ်ခဲ့သည့် အတွက် ၎င်းတို့စစ်သည် ၂ ဦး ဒဏ်ရာ ရရှိသွားသဖြင့် မတတ်သာသည့် အဆုံးတွင် နယ်မြေအတွင်း ကျူးကျော်လာသည့် နအဖ တပ်များအား ပြန်လည် တိုက်ခိုက်ခဲ့ရသည် ဟု ဖော်ပြထားသည်။

သြဂုတ်လ လကုန်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် နှစ်ဖက် ပစ်ခတ်မှုအတွင်း နအဖ စစ်အစိုးရ တပ်များ၏ ပစ်ခတ်မှုကြောင့် (၂၇)၊ (၂၈) ရက် နှစ်ရက် အတွင်း အပြစ်မဲ့ အရပ်သားပြည်သူ ၂၀၀ နီးပါး သေဆုံး သွားခဲ့ပြီး အပစ်ခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး သဘောတူညီချက်ကို နအဖ စစ်အစိုးရမှ စတင် ဖောက်ဖျက်ခဲ့ခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။

စစ်အစိုးရကမူ တရုတ်နိုင်ငံ၏ သတင်းပေးချက်အရ တရားမ၀င် လက်နက် စပ်ရုံ တည်ဆောက်ခြင်းကို ရဲတပ်ဖွဲ့ဝင်များက ဖော်ထုတ်ခဲ့ပြီး ကိုယ်တိုင် လာရောက်ဖြေရှင်းရန် ဆင့်ခေါ်ရာမှ ကိုးကန့် တပ်ဖွဲ့နှင့် ၎င်းတို့အကြား နှစ်ဖက် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု ပြောဆိုသည်။

ကိုးကန့်ခေါင်းဆောင်၏ ရှင်းလင်းချက်တွင်မူ စစ်အစိုးရက မူးယစ်ဆေးဝါးနှင့် လက်နက်ခဲယမ်း သိုလှောင်မှု စသည့် ဖန်တီးချက်များနှင့် တရားစွဲဆိုမှုသည် ကိုးကန့် တပ်ဖွဲ့နှင့် ပြည်သူများအပေါ် နိုင်ငံတကာမှ အထင်မှားအောင် လုပ်ကြံ ဖန်တီးခြင်းဖြစ်ပြီး နိုင်ငံတကာနှင့် နအဖ တာဝန်ရှိသူများ ရှေ့တွင် ကိုးကန့် နယ်မြေအား မူးယစ်ဆေးဝါး ကင်းရှင်းသွားပြီ ဖြစ်ကြောင်း ၂၀၀၂ ခုနှစ်က အတိအလင်း ကြေညာ ထားခဲ့သည်ဟု ဖော်ပြထားသည်။

ယခုအခါ စစ်အစိုးရအနေဖြင့် ကိုးကန့်လူမျိုးများ နေထိုင်ရာ လောက်ကိုင် ဒေသတွင် ပြန်လည် တည်ငြိမ် အေးချမ်းနေသည်ဟု ကြေညာ ခဲ့သော်လည်း တရုတ်-မြန်မာနယ်စပ် တလျှောက် ခြေလျှင်နှင့် ခြေမြန်တပ်ရင်း ၃၀ ခန့်ကို ဖြန့်ကျက်၍ နေရာ ချထားဆဲဖြစ်သည်။

စစ်အစိုးရ၏ မြ၀တီရုပ်သံကလည်း မိုင်းလားဒေသဖွံ့ဖြိုး တိုးတက် မှုများနှင့် ငြိမ်းချမ်းရေး ရယူခဲ့ပုံ မှတ်တမ်းတင် အစီအစဉ်ကို ယခု ရက်ပိုင်းအတွင်း နေ့စဉ် ထုတ်လွှင့် ပြသနေပြီး ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ် အတွင်းရှိ သက်ဆိုင်ရာ စစ်အစိုးရ အရာရှိများက ကိုးကန့် တပ်ဖွဲ့နှင့် မဟာမိတ် ပြုလုပ်ထားသည့် မိုင်းလား အထူးဒေသ (၄)၊ ကချင် လွတ်လပ်ရေး တပ်မတော်(KIA)၊ ရှမ်းပြည်မြောက်ပိုင်း (SSA-N) အဖွဲ့များသို့ သွားရောက်ကာ ကိုးကန့် တပ်ဖွဲ့အား တိုက်ခိုက်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းမှုများ ပြုလုပ်လျှက် ရှိသည်။

ကိုးကန့်ခေါင်းဆောင်၏ ယခုထုတ်ပြန်သည့် အထူးကြေညာချက်တွင် ကိုးကန့် တပ်ဖွဲ့ ၀င်များအား တိုက်ခိုက်ခဲ့သည့် လုပ်ရပ် အတိုင်း ကျန် မဟာမိတ် တပ်ဖွဲ့များကိုလည်း မကြာသော အချိန်ကာလ တခုအတွင်း တိုက်ခိုက် ၀ါးမျိုနိုင်သဖြင့် စစ်အစိုးရအား လက်တွေ့ ညီညွတ်စွာ ယနေ့မှစ၍ တိုက်ပွဲဝင်ရန် သတိပေး တောင်းဆိုထားသည်။

၂၀၁၀ ရွေးကောက်ပွဲ ပြုလုပ်ရန် စစ်အစိုးရက ပြင်ဆင်ဆိုင်းပြင်း လာချိန်နှင့် တပြိုင်တည်းတွင် အပစ်ခတ် ရပ်စဲထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအား အင်အားလျှော့ကာ ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ် အသွင် ပြောင်းလဲ ဖွဲ့စည်းရေး အတွက် ဖိအားပေး တောင်းဆိုလာခဲ့သည်၊

အဆိုပါတောင်းဆိုချက်ကို လက်မခံနိုင်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများအား နည်းလမ်း ပေါင်းစုံဖြင့် အကြပ်ကိုင် ဆောင်ရွက်၍ စစ်ရေးအရ တိုက်ခိုက်မှုနှင့် ပြင်ဆင်မှုများ ပြုလုပ်နေသည်ဟု အကဲခတ်သူများက ဝေဖန်လျက်ရှိသည်။

သြဂုတ်လအကုန်ပိုင်းတွင် လောက်ကိုင်ဒေသ၌ ဖြစ်ပွားခဲ့သည့် ကိုးကန့် တပ်ဖွဲ့နှင့် နှစ်ဖက် တိုက်ပွဲများအတွင်း စစ်တပ်နှင့် ရဲ အင်အား ၂၆ ဦးကျဆုံးကာ ၄၇ ဦး ဒဏ်ရာရရှိပြီး ကိုးကန့် တပ်ဖွဲ့ဝင် အလောင်း ၈ လောင်း တွေ့ရှိကြောင်း စစ်အစိုးရသတင်းစာတွင် ဖော်ပြခဲ့သည်။

Ref: ရိုးမ ၃

...

Read More...

ဝဒေသမြောက်ပိုင်းသို့ နအဖစစ်တပ် လာရောက် တပ်စွဲ ဒေသခံလူထု ထွက်ပြေး တိမ်းရှောင်

ခိုင်လင်း / ၃ စက်တင်ဘာ ၂၀၀၉

သြဂုတ်လကုန်ပိုင်းမှစ၍ မိတ္ထီလာအခြေစိုက် တပ်မ (၉၉) လက်အောက်ခံ တပ်ရင်းများ ဝဒေသမြောက်ပိုင်း၊ ဟိုပန်မြို့နယ် အတွင်းရှိ ကျေးရွာများနှင့် တပ်စခန်းများတွင် အင်အားဖြည့်တင်း တပ်ချထားသဖြင့် ဝပြည်သွေးစည်း ညီညွတ်ရေး တပ်မတော်နှင့် နအဖ တပ်များအကြား တိုက်ပွဲဖြစ်မည်ကို စိုးရိမ်ကာ ဒေသခံလူထု ထွက်ပြေး တိမ်းရှောင်မှုများ ရှိလာပြီး ဝ နယ်မြေ အတွင်း စီးပွားရေး လုပ်နေကြသည့် တရုတ် နိုင်ငံသားများလည်း ပြန်လည် ထွက်ခွာနေကြသည်။

ရှမ်းပြည်နယ်၊ အထူးဒေသ (၁) နယ်မြေအတွင်း ကိုးကန့် တပ်ဖွဲ့နှင့် နအဖ တပ်များ ယခင်လ (၂၇) ရက်နှင့် (၂၈) ရက်တို့တွင် အပြင်းအထန် တိုက်ပွဲ ဖြစ်ပွားနေစဉ် အတွင်း စစ်ကူအဖြစ် တပ်မ (၉၉) လက်အောက်ခံ တပ်ရင်း (၆) ခု ရောက်ရှိ လာစဉ် တိုက်ပွဲ ပြီးဆုံး သွားသောကြောင့် ဟိုပန်မြို့နယ် အတွင်းရှိ တပ်စခန်းများတွင် တပ်ချထားခြင်း ဖြစ်သည်ဟု ဝမြောက်ပိုင်းဒေသ တပ်မဟာ (၃၁၈) မှ အရာရှိ တဦးက ပြောသည်။

၎င်းက “သူတို့ပြောတာကတော့ စခန်း ခဏချလာ တာပေါ့။ လောက်ကိုင် ဘက်မှာ တပ်ချဖို့ အခက်ခဲ ရှိလို့ပေါ့။ စိုးရိမ်တာတွေ မရှိပါနဲ့ပေါ့။ ဒါက သူတို့အပြောပဲ။ အခုက အဲဒီက ကျေးရွာသားတွေ ကျနော်တို့ နမ့်တစ် အထူးမြို့နယ် ထဲကို ပြေးဝင်နေကြပြီ။ အချို့လည်း တရုတ် နယ်စပ်ဘက်ကို ပြေးနေကြတယ်။ ကျနော်တို့ ဆီက မိုင်းမောတို့၊ ပန်ဆန်းတို့ မှာလာပြီး စီးပွားရေး လာလုပ်နေတဲ့ တရုတ် နိုင်ငံသား တွေလည်း ပြန်နေကြပြီ။ ကိုးကန့်နယ်ထဲမှာ အရပ်သားတွေ သေကြ ကျေကြ၊ ပစ္စည်းတွေ ဆုံးရှုံးထားတော့ အဲလိုမျိုး ဖြစ်မှာကို ကြောက်ပြီး ပြေးနေကြတာ။ ဒေသ တည်ငြိမ်မှု ပျက်ပြားအာင် လုပ်နေသလို ဖြစ်နေတယ်” ဟု ပြောသည်။

ဝတပ်ဖွဲ့များအနေဖြင့် ၎င်းတို့၏ နယ်မြေအနီးရှိ တပ်စခန်း များတွင် နအဖ စစ်သားများ အင်အား အများအပြား လာရောက် တပ်ချထားမှု အပေါ် စစ်ရေးသတိဖြင့် စောင့်ကြည့်နေပြီး နအဖ တပ်ဘက်မှ စတင် တိုက်ခိုက်လာပါက ပြန်လည် ခုခံ ကာကွယ်သွားရန် အဆင်သင့် ပြင်ထားကြောင်း အဆိုပါ ဝတပ်ဖွဲ့ အရာရှိက ပြောသည်။

ပြီးခဲ့သည့် လကုန်ပိုင်းက ဖြစ်ပွားခဲ့သည့် ကိုးကန့်နယ်မြေ အတွင်း တိုက်ပွဲ များကြောင့် တရုတ် ပြည်တွင်းသို့ လူပေါင်း (၃၇,ဝဝဝ) ကျော် ၀င်ရောက် လာသည်ဟု တရုတ်နိုင်ငံ ယူနန်ပြည်နယ် အစိုးရဘက်မှ သတင်း ထုတ်ပြန်ထားခဲ့ပြီး ယနေ့ထုတ် နအဖပိုင် သတင်းစာ များတွင်မူ ယမန်နေ့ ညနေ (၆) နာရီအထိ တရုတ်ပြည်ဘက်မှ ပြန်လာ နေကြသည့် ဒေသခံပြည်သူ (၇,၈၄၈) ဦး ရှိပြီ ဖြစ်ကြောင်း ဖော်ပြထားသည်။

Ref: ခေတ်ပြိုင်

Read More...

ဒေါ်အောင်ဆန်းစုကြည် အယူခံတင်ပြီ

အေးလဲ
Thursday, 03 September 2009 18:11့ 

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား စစ် အစိုးရက ၁ နှစ်ခွဲ နေအိမ် အကျယ်ချုပ် စီရင်ချက် ချထားမှုနှင့် ပတ်သက်ပြီး ယနေ့ ရန်ကုန်တိုင်း တရားရုံးသို့ အယူခံ တင်ခဲ့ကြောင်း ရှေ့နေ ဦးဉာဏ်ဝင်းက ပြောသည်။

ယနေ့ နံနက် ၁၁ နာရီတွင် စတင် အယူခံ တင်ခဲ့သော်လည်း တရားရုံးက နေ့လယ် ၂ နာရီခန့်မှ လက်ခံရေး၊ လက်မခံရေး အတွက် ၄ ရက်နေ့ကို ရက်ချိန်း ပေးလိုက်သည်ဟု ဦးဉာဏ်ဝင်း က ပြောဆိုသည်။

“နက်ဖြန်ခါ လက်ခံရေး၊ လက်မခံရေး မနက် ၁၀ နာရီမှာ လျှောက်လဲချက် ပေးပါတဲ့၊ ကျနော်တို့ ကတော့ လက်ခံဖို့ လျှောက်လဲချက် ပေးမှာပေါ့၊ အဲဒါ ပေးပြီးတော့မှ လက်ခံတယ် မခံဘူး အမိန့်ချမယ်၊ ဒါ ပထမအဆင့် ပါ၊ တကယ်လို့ လက်မခံဘူး ဆိုရင်တော့ high court သွားရမှာပေါ့၊ လက်ခံတယ် ဆိုရင်တော့ ဒီရုံးမှာပဲ နောက်ထပ် နောက်ဆုံး လျှောက်လဲချက် ပေးရဦးမှာပေါ့”ဟု ၎င်းက ပြောသည်။

အဆိုပါ အယူခံလွှာတွင် ဥပဒေကြောင်းဆိုင်ရာ အချက် ၁၁ ချက် ပါဝင်သည်ဟု ဆိုသော်လည်း ထိုအချက် အလက်နှင့် ပတ်သက်ပြီး ပြောခွင့် မရှိကြောင်း ဦးဉာဏ်ဝင်းက ဆိုသည်။

“တရားရုံးမှာ လျှောက်လဲရမယ့် ကိစ္စကို မလျှောက်လဲခင် ကျနော်တို့ မပြောနိုင်ပါဘူး”ဟု ၎င်းက ပြောသည်။

ယနေ့ အယူခံတင်ရာတွင် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများ ဖြစ်သော ဦးဉာဏ်ဝင်း၊ ဦးကြည်ဝင်းနှင့် ဒေါ်ခင်ဌေးကြွယ်တို့ သွားရောက်ခဲ့ကြောင်း သိရသည်။

ထို့အပြင် သြဂုတ်လ ဒုတိယပတ်အတွင်းက ဒေါ်အောင်ဆန်း စုကြည်၏ ကျန်းမာရေးနှင့် ပတ်သက်ပြီး အာဏာပိုင် များက စီစဉ်ပေးသော ဆရာဝန် အမျိုးသမီးတဦးကို လက်မခံ လိုသောကြောင့် သူ၏ ပုံမှန် ဆေးကုသ စစ်ဆေး ပေးနေသည့် ဒေါက်တာ တင်မျိုးဝင်းနှင့် ဆက်လက် ကုသခွင့် ပေးရန်တောင်းဆို ထားသေးသည်။

ယင်း တောင်းဆိုချက်နှင့် ပတ်သက်ပြီး ဒေါက်တာ တင်မျိုးဝင်နှင့် ဆက်လက် ကုသခွင့် ပေးသည်၊ မပေးသည်ကို အာဏာပိုင်များက အကြောင်း ပြန်ကြားခြင်း မရှိသေးကြောင်း ကိုလည်း ဦးဉာဏ်ဝင်း ကပြောသည်။

စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ် ချထားသည့် သက်တမ်း ၆ နှစ်ပြည့်မည့် မေလ ပိုင်းတွင် အမေရိကန် နိုင်ငံသား မစ္စတာ ဂျွန် ဝီလျံ ယက်ထောက သူ၏ နေအိမ်သို့ တိတ်တဆိတ် ဝင်ရောက်မှုကို အကြောင်းပြုပြီး နေအိမ် အကျယ်ချုပ် ချိုးဖောက်မှုဖြင့် တရားဆွဲကာ အင်းစိန်ထောင်သို့ ပြောင်းရွှေ့လိုက်သည်။

သြဂုတ်လ ၁၁ ရက်နေ့၌ အင်းစိန်ထောင်တွင်း အထူး တရားရုံးက ဒေါ်အောင်ဆန်း စုကြည်အား ထောင်ဒဏ် ၃ နှစ် ချမှတ် လိုက်သည်ကို စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၏ အမိန့်ဖြင့် ထက်ဝက် လျှော့ချ၍ နေအိမ် အကျယ်ချုပ် ၁ နှစ်ခွဲဖြင့် ဆိုင်းငံ့ပြစ် ဒဏ်ချမှတ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ နေထိုင်သည့် ဒေါ်ခင်ခင်ဝင်း၊ ဒေါ်ဝင်းမမ တို့ သည်လည်း ထိုနည်းတူ တရားစွဲ ခံရသည်။ ကျူးကျော် ဝင်ရောက်ခဲ့သူ မစ္စတာ ယက်ထောကိုမူ ထောင် ၇ နှစ် စီရင်ချက် ချခဲ့ သော်လည်း ရက်ပိုင်းအတွင်း ပြန်လွှတ်ပေးခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်း အကြမ်းဖက် တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်း ခံနေရသည့် ၆ နှစ်ပြည့်ခါနီး အချိန်တွင် ယခုကဲ့သို့ တရားစွဲဆို ခံရခြင်းဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ်ကျော်ပြီ ဖြစ်သည်။


Ref: ဧရာဝတီ

....

Read More...

ကိုးကန့်ပဋိပက္ခနဲ့ တိုင်းရင်းသားများ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်

02 September 2009

ပထမဦးဆုံး ကိုးကန့်ဆိုတဲ့ လူမျိုးအမည် မြန်မာ တိုင်းရင်းသား အဖြစ် ကြားသိခဲ့တာ မြန်မာပြည်မှာ နဝတ တက်လာချိန် ၁၉၈၈ နောက်ပိုင်းမှ ဖြစ်ပါတယ်။ ဒါကြောင့် ကိုးကန့် လူမျိုးတွေဟာ ပြည်ထောင်စုနဲ့ ဘယ်တုန်း ကတည်းက ပတ်သက် နေခဲ့သလဲ၊ ဘယ်အချိန် ကတည်းက တည်ရှိ ခဲ့သလဲ၊ လက်နက်ကိုင် တပ်ဖွဲ့ ထားရှိရေး၊ ဗဟိုချုပ်ကိုင်မှု၊ ဖက်ဒရယ် ပြည်ထောင်စုနဲ့ အခြေခံဥပဒေ၊ လက်ရှိ စစ်ရေး ပဋိပက္ခ ဆိုင်ရာများကို ထိုင်းနိုင်ငံ အခြေစိုက် သျှမ်းသံတော်ဆင့် သတင်းဌာန အယ်ဒီတာချုပ် ဦးခွန်ဆိုင်း၊ အင်ဒီးယားနား တက္ကသိုလ်မှာ နိုင်ငံတကာ ဥပဒေ ပညာရပ်တွေကို လေ့လာနေသူ ချင်းအမျိုးသား အင်ဒရူး ငွေကျုံလျန် တို့နဲ့ ဦးကျော်ဇံသာက သုံးသပ်ဆွေးနွေး တင်ပြထားပါတယ်။

ဦးခွန်ဆိုင်း ။ ။ သက္ကရာဇ် ၁၆၀၀ ကျော်လောက်မှာ မင် မင်းဆက်တွေ ထီးနန်း ပြုတ်သွား ခဲ့ပြီးနောက် ယူနန်ဘက်ကို ပြေးလာ ခဲ့ချိန်မှာ ကိုးကန့် အမျိုးအနွယ်တွေလည်း ပါလာခဲ့ပါတယ်။ သူတို့ ပါလာခဲ့ပြီး အခု ရှမ်းပြည်နယ်လို့ ခေါ်တဲ့ အရှေ့မြောက်ပိုင်း ဘက်မှာ သူတို့ လာရောက် အခြေချပါတယ်။ အခြေချ လာခဲ့ရာမှ သူတို့ကို တရုတ်ဘက်က သူကောင်းပြုမှုကို ခံရပြီးမှ သူတို့နယ်နဲ့ သူတို့ပယ် မြို့စားအဆင့် အနေနဲ့ သူတို့ အုပ်ချုပ်ခဲ့ပါတယ်။ နောက်ပိုင်းကြတော့ သူတို့က အင်္ဂလိပ် ဝင်လာတဲ့အခါ သိန္နီ နယ်ထဲမှာ သိန္နီစော်ဘွား အောက်က မြို့စား အဖြစ် သူတို့ နေခဲ့ပါတယ်။ အဲဒီကနေ စပြီး မြို့စား အဆင့်ကနေ စော်ဘွား အဆင့်ထိ တက်လာပြီးတော့ ရှမ်းပြည်ထောင်စုရဲ့ ၃၄ ခုမြောက် စော်ဘွားနယ် တခု ပါဝင်ခဲ့ပါတယ်။ လွတ်လပ်ရေး ရတဲ့အခါမှာ သူတို့လည်း ပါလာကြပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ မြန်မာနိုင်ငံ စစ်အစိုးရနဲ့ သူတို့ ငြိမ်းချမ်းရေး၊ အခုတော့ ငြိမ်းချမ်းရေးလို့ စစ်အစိုးရက ခေါ်တာပေါ့လေ၊ အပစ်အခတ် ရပ်စဲရေး အဖြစ်နဲ့ သူတို့ လုပ်တဲ့အခါမှာ သူတို့ကို စစ်အစိုးရ ပေးခဲ့တဲ့ အာဏာရပ်တွေ အထဲမှာ သူတို့ လက်နက်ကိုင် တပ်ဖွဲ့ သီးခြား ထားရှိခွင့် ပေးခဲ့တယ်။ တကယ်တော့ ဖက်ဒရယ် ဆိုတဲ့ မြန်မာ တိုင်းရင်းသားတွေ တချိန်က တောင်းခဲ့ကြတဲ့ ဖက်ဒရယ် မပေးချင်လို့ စစ်တပ်က အာဏာ သိမ်းခဲ့တယ်လို့ ဆိုတယ်။ အဲဒီ ဖက်ဒရယ်မှာတောင် ဒီလို စစ်ရေးအားဖြင့် လွတ်လပ်ခွင့် military autonomy လို့ ခေါ်ရလေမလား၊ အဲဒါမျိုး မပေးခဲ့ပါဘူး ဆိုတော့ ကိုးကန့်တွေကို ပေးခဲ့တာ သိပ် excessive ဖြစ်နေတယ်၊ အလွန်အကျွံ အာဏာ ပေးခဲ့တယ်လို့ ဆိုနိုင်မလား၊ ပြည်ထောင်စုရဲ့ ဖွဲ့စည်းပုံ အခြေခံ ရှုထောင့်က ကြည့်မယ်ဆိုရင် ဒေါက်တာအင်ဒရူး ဘယ်လို သဘောရပါသလဲ။

အင်ဒရူး ။ ။ သူတို့ ကိုးကန့်တွေဖြစ်ဖြစ်၊ အခု ငြိမ်းချမ်းရေး ယူထားတဲ့ အဖွဲ့တွေကို သူတို့ လက်နက် ကိုင်ဆောင်ခွင့် ပေးထားတဲ့ အချက်နဲ့ ပတ်သက်ပြီးတော့ အာဏာ အလွန်အကျွံ ပေးထားတယ်လို့ ဆိုလို့ မရပါဘူး။ ဘာလို့ဆို တချို့ ဖက်ဒရယ် ပြည်ထောင်စု တိုင်းပြည်တွေကို ကြည့်လို့ရှိရင် သူတို့ ပြည်နယ်တိုင်းမှာ သူတို့ပြည်နယ်ရဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေ လွတ်လွတ်လပ်လပ် ထားရှိခွင့် ရှိပါတယ်။ ဒါပေမယ့် အခု ဗမာပြည်မှာ ဖြစ်နေတဲ့ ကိစ္စက နအဖရေးတဲ့ အခြေခံဥပဒေ ၃၃၈ ထဲက ရေးသား ထားတဲ့ဟာနဲ့ အရင်တုန်းက ဗိုလ်ချုပ်ကြီးခင်ညွန့် လက်ထက်တုန်းက ငြိမ်းချမ်းရေး ယူထားတဲ့ အဖွဲ့တွေ vote ယူပုံယူနည်း၊ အခုကြမှ ပြဿနာ စပြီးတော့ ဖြစ်နေတဲ့ ကိစ္စ ဖြစ်တယ်လို့ ကျနော် မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ကိုးကန့်မှာကြတော့ ဗိုလ်ချုပ်ခင်ညွန့်နဲ့ ပါတဲ့ လူတွေရဲ့ လက်နက်တွေကို နယ်စပ်မှာ ထားခဲ့ရတယ်လို့ ကြားပါတယ်။ ဦးခွန်ဆိုင်း ဒီကိစ္စကို ဘယ်လောက် သိပါသလဲ။

ဦးခွန်ဆိုင်း ။ ။ ဒီဥစ္စာက ငြိမ်းချမ်းရေး ယူပြီးတဲ့နောက်ပိုင်းမှာ သူတို့ရဲ့ ဆုံးဖြတ်ချက် အပိုင်းပါ။ ဥပမာ ဝမှာ ဆိုလို့ရှိရင် သူတို့က နအဖ ဘက်ကနေ ပန်ဆန်းမြို့ထဲမှာ နအဖရဲ့ စစ်တပ် တပ်ခွဲ တခွဲ နှစ်ခွဲ ထားခွင့် ပေးပါတယ်။ သတ်မှတ်ထားတဲ့ အတိုင်း ဖြစ်ပါတယ်။ ဒီထက်ပိုလို့ မရပါဘူး။

ဦးကျော်ဇံသာ ။ ။ အခုအခါမှာ ဖြစ်လာတဲ့ ပြဿနာကတော့ ဒီလို ကိုယ်ပိုင် လက်နက်ကိုင် တပ်ဖွဲ့တွေ ပေးထားတာကို မြန်မာနိုင်ငံ စစ်အစိုးရက ဗဟိုအစိုးရရဲ့ ချုပ်ကိုင်မှုအောက်ကို သွင်းချင်တယ်၊ အဓိက ကျနော် နားလည်တာက၊ အဲဒီလို ချုပ်ကိုင်မှုအောက်ကို သွင်းမယ့် ကိစ္စကို ဟိုလူတွေက လက်မခံချင်ဘူး။ ဘယ်လို ပုံစံမျိုးနဲ့ဖြစ်ဖြစ် သူတို့က အခုလောလောဆယ် လက်မခံသေးဘူး၊ ဖွဲ့စည်းပုံ အခြေခံပြီးမှ ကြည့်မယ်ဆိုပြီး ပြောကြတယ်။ ဒီလို လုပ်တာကို ဒေါက်တာအင်ဒရူး ဘယ်လိုမြင်ပါသလဲ။ ပြည်ထောင်စုဖွဲ့မယ်၊ ဖွဲ့စည်းပုံအတိုင်း ဆိုရင် ပြည်နယ် တပ်ဖွဲ့တွေဟာ ဗဟိုရဲ့ ချုပ်ကိုင်မှုအောက်မှာ မရှိသင့်ဘူးလား၊ ဗဟိုက မကိုင်သင့်ဘူးလား။

အင်ဒရူး ။ ။ ပြည်နယ်တပ်ဖွဲ့တွေကို ဗဟိုက ကိုင်စရာ မလိုပါဘူး။ ပြည်နယ် အရေးအခင်းနဲ့ ပတ်သက်တဲ့ ပြည်နယ် လုံခြုံရေးနဲ့ ပတ်သက်တဲ့ ဟာတွေကို ပြည်နယ်ကပဲ ကိုင်သင့်ပါတယ်။ အဲဒါပဲ အစကတည်းက ဒီ ဗမာပြည်နယ်ရဲ့ ပြဿနာ အစကို ကျနော်တို့ ပြန်ကြည့်ရင်လည်း ကိုယ့်အရေး ကိစ္စကို ကိုယ်က လုပ်ပိုင်ခွင့် ရှိရမယ်၊ လုပ်နိုင်တယ် ဆိုလို့ရှိရင် လုပ်ပိုင်ခွင့် ရှိရမယ် ဆိုတဲ့ကိစ္စ အဲဒါက စတာပါ။ အခု ဒီ အခြေခံဥပဒေ ၃၃၈၊ ပုဒ်မ ၃၃၈ အရ အားလုံးဟာ ဗဟိုရဲ့ ဦးစီးချုပ်ကိုင်မှု အောက်ကို ရှိရမယ် ဆိုကတည်းက ဒီ အခြေခံ ဥပဒေက ဖက်ဒရယ်ကိုလည်း မရည်ညွှန်းဘူး၊ ဖက်ဒရယ် စနစ်ကိုလည်း မဖော်ဆောင်ဘူး။ မဖော်ဆောင်တဲ့ အပြင် တပြည်ထောင်စု ဗဟိုက အင်အားကြီးမားတဲ့ တပြည်ထောင် စနစ်ကို ပြန်ပြီးတော့ ဖော်ဆောင်သွားတယ်။ အဲဒီလို ဖော်ဆောင်နေသ၍ ဒီ ပြည်ထောင်စု မြန်မာနိုင်ငံရဲ့ တိုင်းရင်းသား ပြဿနာတွေ၊ အခြေခံဥပဒေ ပြဿနာ ဘယ်လိုနည်းနဲ့မှ ဖြေရှင်းစရာ အကြောင်း မရှိပါဘူး။

ဦးကျော်ဇံသာ ။ ။ တချိန်တုန်းက ရှမ်းနဲ့ဖြစ်ခဲ့တဲ့ ရှမ်းပြည်နယ် ကနေ ဖက်ဒရယ် ပြည်ထောင်စု အဖြစ်နဲ့ ဖွဲ့စည်းပုံ တင်တယ် ဆိုတုန်းက အဲဒီတုန်း ကရော လက်နက်ကိုင် ကိုယ်ပိုင်တပ် ထားရှိခွင့် ဘာညာဆိုတာ သူတို့ ထည့်သွင်း တောင်းဆို ခဲ့ပါသလား။

ဦးခွန်ဆိုင်း ။ ။ အဲဒီတုန်းကတော့ စော်ဘွားခေတ်၊ စော်ဘွားတွေမှာ သူတို့ရဲ့ လုံခြုံရေး တပ်ဖွဲ့ဆိုတာ အမြဲတမ်း ရှိပါတယ်။ အဲဒီတုန်း ကတည်းက ဒီလုံခြုံရေး တပ်ဖွဲ့တွေဟာ ရှမ်းပြည်မှာ လာပြီးတော့ ထားတဲ့ British တပ်ရင်း ၂ ရင်းနဲ့ ဘာမှ မဆိုင်ပါဘူး။ ပြည်တွင်းမှာ တပ်ရင်း ၂ ရင်းပဲ ရှိပါတယ်။ ဒီဥစ္စာက အင်မတန် Significant ပေါ့၊ စိတ်ဝင်စားစရာ အချက်ပေါ့။ ကျနော်တို့ ရှမ်းပြည်မှာ အခုဆိုရင် တပ်ရင်းပေါင်း ၁၆၀ လောက်ရှိတယ်။ ဒါပေမယ့် British ကတော့ ၂ ရင်းလောက်နဲ့ပဲ အုပ်ချုပ် လာနိုင်ခဲ့တာ ဒါ တော်တော်ကြီးကို ထူးဆန်းပါတယ်။ ကျနော်တို့ခေတ် ရောက်လာတဲ့အခါ ၁၆၀ လောက်နဲ့ လာနေတာတောင်မှ မငြိမ်းချမ်းဘူးဆိုတာ ဘာကြောင့်လဲလို့ မေးဖို့ ကောင်းပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲတော့ ဖက်ဒရယ်ပြည်ထောင်စု၊ ဖက်ဒရယ်မူ တင်ခဲ့ကြတယ်၊ ၁၉၆၀ ပြည့်လွန်နှစ် အစောပိုင်းတွေမှာ ဆိုတော့ အဲဒီတုန်းကရော ဘယ်အဆင့်ထိ တောင်းခဲ့ကြပါသလဲ ရှမ်းနိုင်ငံရေး သမားတွေက။ ဒီလို ကိုယ်ပိုင်စစ်တပ်၊ အခု ကိုးကန့်တို့ ၀တို့ ထောင်တဲ့ ကိုယ်ပိုင်စစ်တပ် ထောင်ခွင့်အထိ တောင်းခဲ့ပါသလား။

အင်ဒရူး ။ ။ ရှမ်းပြည်က တင်သွင်းတဲ့ ဖက်ဒရယ်ပြည်ထောင်စု မူကြမ်း ထဲမှာ စစ်တပ် ကိစ္စကို သေသေချာချာ ရေးသားထားတာ မရှိပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီတုန်းက စစ်တပ်က အဓိက ပြဿနာ မဟုတ်သေးဘူးဗျ။ စစ်တပ်က သူ့အလုပ်ပဲ လုပ်နေတယ်။ အဲဒါကြောင့် သူတို့က နိုင်ငံရေး စနစ်တွေ၊ အာဏာ ခွဲဝေရေးတွေကို ဦးစားပေးပြီး လုပ်တာ။ ၆၂ နောက်ပိုင်း စစ်တပ်က ၀င်လာတဲ့ အခါကြမှ အခုတော့ ပြည်နယ်ဆိုင်ရာ စစ်တပ်တွေ ကိစ္စက လုံးဝ ရှောင်လွှဲလို့ မရတဲ့ကိစ္စ ဖြစ်လာပါတယ်။

ဦးခွန်ဆိုင်း ။ ။ ခုန ဒေါက်တာအင်ဒရူး ပြောသလိုပါပဲ။ ကျနော်တို့ ဖက်ဒရယ်မူကို ရှမ်းပြည်နဲ့ ဒီ့ပြင်လူမျိုးတွေ ၀ိုင်းတင်တဲ့ အချိန်တုန်း ကတော့ ဥပမာ ကာကွယ်ရေးတို့၊ နိုင်ငံခြားရေးတို့၊ ငွေကြေး ထုတ်လုပ်မှုတို့ အဲဒါတွေဆိုရင် ဗဟိုနဲ့ပဲ ဆိုင်တယ်လို့ အဲဒီတုန်းကတော့ သတ်မှတ် ထားခဲ့ပါတယ်။ စစ်ရေးနဲ့ ပတ်သက်လို့ ဘာမှ ပြဿနာ မရှိဘူးပေါ့ဗျာ။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ နိုင်ငံကာကွယ်ရေးတို့ ဘာတို့က ဖက်ဒရယ် နိုင်ငံတွေမှာလည်း များသောအားဖြင့် ဗဟိုရဲ့ Jurisdiction အတွင်းမှာ ပါတယ်မလား။

အင်ဒရူး ။ ။ ဗဟိုရဲ့ Jurisdiction အတွင်းမှာ ပါပါတယ်။ အများအားဖြင့်တော့ ဟုတ်ပါတယ်။ ၆၁ တောင်ကြီး အဆိုပြုချက် မှာလည်း ပြည်ထောင်စု ကာကွယ်ရေး ဆိုတဲ့ ကိစ္စပါပဲ။ အခု ၆၂ နောက်ပိုင်း စစ်အာဏာရှင်တွေ တက်လာပြီးတော့ စစ်တပ်ဟာ အရာရာတိုင်းရဲ့ အထက်မှာ ရှိနေတဲ့ နောက်ပိုင်းမှာမှ ပြည်နယ်က မရှိမဖြစ် ကိုယ့်ကိစ္စ ကိုယ်အရေး လုပ်နိုင်ဖို့ အတွက်ဆိုပြီး ပြည်နယ် ကာကွယ်ရေး ကိစ္စတွေက ကြီးထွားလာတာ ဖြစ်ပါတယ်။ အဲဒီတုန်းက အဆိုပြု ထားခဲ့သလိုသာ စစ်တပ်က သူ့ရဲ့ ပြည်ထောင်စု ကာကွယ်ရေး သက်သက်ကိုပဲ လုပ်နေတယ်ဆိုရင် ပြည်နယ်တွေ အနေနဲ့လည်း ပြည်နယ် စစ်တပ်တွေ ကိစ္စကို တောင်းဆိုစရာ အကြောင်း မရှိပါဘူး။

ဦးကျော်ဇံသာ ။ ။ ဒီပြဿနာဟာ တကယ်တော့ ကိုးကန့်နဲ့ စဖြစ်တယ် ဆိုပေမယ့် ကိုးကန့် လူမျိုးစု တခုတည်းနဲ့ ဗဟို အစိုးရကြားမှာ ရှိတဲ့ ပြဿနာတော့ မဟုတ်ဘူးလို့ ထင်ပါတယ်။ မြန်မာနိုင်ငံမှာ ရှိသမျှ လူမျိုးစုတွေနဲ့ ဒီလိုပြဿနာမျိုးက ကြုံရမယ့် သဘောလို့ ကျနော် တွေးမိပါတယ်။ ဦးခွန်ဆိုင်း ဘယ်လို သဘောရပါသလဲ။

ဦးခွန်ဆိုင်း ။ ။ ဟုတ်ကဲ့၊ ဒီကိစ္စဟာ ကိုးကန့် တမျိုးတည်းနဲ့ မဆိုင်ပါဘူး။ ကိုးကန့် တခုတည်း ကိုပဲ သပ်သပ် ရည်မှန်းပြီး လုပ်တယ်ဆိုတာ မဖြစ်နိုင်ပါဘူး။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ ကိုးကန့်ကို သူတို့ စပြီးတော့ ဘာကြောင့် ဒီအချိန်မှာ ကိုင်ရပါသလဲ။ စစ်အစိုးရ ကတော့ ဒါ ကိုးကန့်က ဦးဖုန်ကြားရှင် တို့က တရားဥပဒေကို ချိုးဖောက်လို့ ဆိုပြီး ပြောတယ်။ ဘာဖြစ်လို့ အခုချိန်မှာ စကိုင်တယ်လို့ ဦးခွန်ဆိုင်း မြင်ပါသလဲ။

ဦးခွန်ဆိုင်း ။ ။ အခုဆိုရင် ၂၀၀၈ ခုနှစ်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြဋ္ဌာန်း ပေးလိုက်ပြီး နောက်ပိုင်း သူတို့ အပစ်အခတ် ရပ်စဲရေး အဖွဲ့တွေကို လက်နက်ချဖို့ ဆွေးနွေးပါတယ်။ ဒီ လက်နက်ချဖို့ ဆွေးနွေးတာကို သူတို့က လက်မခံတဲ့ အတွက်ကြောင့် ဧပြီလမှာ နယ်ခြားစောင့် တပ်တွေ လုပ်ဖို့ဆိုပြီး လာဆွေးနွေးတာ ဖြစ်ပါတယ်။ ဒီဆွေးနွေးတာကို အဖွဲ့တွေက လုံးဝ လက်မခံတဲ့ နောက်ပိုင်းမှာ ဒီကိစ္စ ပေါ်လာတာ ဖြစ်ပါတယ်။ ဒီကိစ္စ ပေါ်လာတဲ့ အခါကြတော့ အပစ်အခတ် ရပ်စဲရေး အဖွဲ့၊ အဓိက ကြည့်မယ်ဆိုရင် နယ်စပ်မှာ ရှိနေတာတွေ ဖြစ်တဲ့ ကိုးကန့်တို့၊ ၀တို့၊ မုံးလားတို့ သူတို့က မဟာမိတ်အဖွဲ့ အဖြစ် သဘောတူညီ ထားတယ်။ အဲဒီထဲမှာ အင်အား အနည်းဆုံးက ကိုးကန့်ဖြစ်တယ်။ ဒီလို အင်အား အနည်းဆုံး ကိုးကန့်ဖြစ်နေတဲ့ အခြေအနေမှာ သူတို့ဆီမှာ အတွင်းပြဿနာ ပေါ်လာတယ်။ ဆိုတော့ အတွင်းပြဿနာကို စောင့်နေတဲ့ နအဖအစိုးရ အနေနဲ့ အခွင့်ကောင်း ယူလိုက်ခြင်း ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အခုလောလောဆယ်တော့ သူတို့က ပြဿနာ ပြေလည်သွားပြီ၊ ကိုးကန့်ကိုလည်း ဖြေရှင်းပြီးပြီ၊ သူတို့ ပြန်လာကြပါ ဘာညာဆိုပြီး လုပ်နေတယ် ဆိုတော့ အင်ဒရူး ဘယ်လို မြင်ပါသလဲ၊ ဒါက တကယ် ငြိမ်သက် သွားတာလား၊ တကယ် စစ်မှန်တဲ့ နအဖရဲ့ အောင်မြင်မှု တရပ် ဖြစ်သွားပြီလို့ ဆိုနိုင်ပါသလား။ ဒီကိစ္စက ဘယ်လောက် ဆက်ပြီး ဖြစ်နိုင်မယ်လို့ မြင်ပါသလဲ၊ တခြား လူမျိုးစုတွေနဲ့။

အင်ဒရူး ။ ။ ကျနော့်အမြင်မှာတော့ ဒီကိစ္စက အခုမှ တကယ် စနေပြီလို့ ထင်ပါတယ်။ ပြီးဆုံး သွားတယ်လို့ မမြင်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ငြိမ်းချမ်းရေး ယူထားတဲ့ အဖွဲ့တွေ အားလုံးကို သူတို့က ၂၀၀၈ အခြေခံ ဥပဒေအတိုင်း ပြည်ထောင်စု ကာကွယ်ရေး တပ်ရဲ့ အောက်ကို သူ့ဟာနဲ့သူ အလိုအလျောက် ၀င်လာဖို့ သူတို့က ဖိတ်ခေါ်တယ်။ အဲဒါကြောင့် Border Guard လုပ်တယ်။ ဟိုဘက် ငြိမ်းချမ်းရေး ယူထားတဲ့ လူတွေကလည်း မ၀င်ဘူး။ နအဖကလည်း သူ့အခြေခံ ဥပဒေကို ၂၀၁၀ ရွေးကောက်ပွဲလုပ်ပြီး စတင် ကျင့်သုံးချင်တယ် ဆိုရင် ဒီကိစ္စကို မလွှဲမရှောင်သာ အခြေခံ ဥပဒေအတိုင်း ရှင်းလင်းရမှာ ဖြစ်တယ်။ အဲတော့ အခုဟာ အစပဲလို့ ကျနော်တော့ မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ တကယ်တော့ ဒီကိစ္စဟာ မြန်မာနိုင်ငံ စစ်အစိုးရက သူတို့ ရေးဆွဲခဲ့တဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအတိုင်း ဖန်တီးလိုတဲ့ ပြည်ထောင်စုကို တိုင်းရင်းသား လူမျိုးစု အများက လက်ခံ နိုင်ပါ့မလား၊ လက်မခံနိုင်ဘူး ဆိုရင် လက်ခံအောင် လက်လိမ်ချိုးလို့ ရမလားဆိုတာ စစ်အစိုးရက သွေးတိုး စမ်းကြည့်တယ်လို့ ဆိုရင်လည်း မှားမယ် မဟုတ်ပါဘူး။ တကယ်တော့ ဒီပြဿနာဟာ လွတ်လပ်ရေး ရပြီးကတည်းက မြန်မာနိုင်ငံ အစိုးရ အဆက်ဆက် ဖြေရှင်းလို့ မပြေလည် နိုင်ခဲ့တဲ့ တိုင်းရင်းသားများ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် ပြဿနာရဲ့ တစိတ် တဒေသမျှသာ ဖြစ်ပါတယ်လို့ ထင်မိပါတယ်။

.....

Ref: VOA News


Read More...

သံဃာလှုပ်ရှားမှု မဖြစ်ပေါ်ရန် အာဏာပိုင်များ တင်းကျပ်

သန်းထိုက်ဦး
Thursday, 03 September 2009

ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုကြီး (၂ ) နှစ်ပြည့် နီးကပ်လာချိန်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့ တပ်ပေါင်းစုက ကံဆောင်ရန် ပြင်ဆင်နေသည့် အတွက် ရန်ကုန်မြို့ရှိ စာသင်တိုက် တချို့မှ သံဃာတော်များကို စစ်အစိုးရ အာဏာပိုင်များက လုံခြုံရေး တင်းကျပ် ထားကြောင်း သိရသည်။

၂၀၀၇ ခုနှစ် သံဃာတော်များ ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သည့် ရန်ကုန်မြို့ရှိ စာသင်တိုက်များ အနီးအနား၌ ကြံ့ဖွံ့ နှင့် စွမ်းအားရှင် များကို လုံခြုံရေး ချထားပြီး ၎င်းကျောင်းတိုက်များမှ သံဃာများအား စောင့်ကြည့် လေ့လာနေသည် ဟု ရန်ကုန်မြို့တွင် သီတင်းသုံးသည့် စာချ ဆရာတော် တပါးက ဧရာဝတီသို့ မိန့်ကြားသည်။

“စာသင်တိုက်တွေအနီး အခုနောက်ပိုင်း ဆိုင်တွေပေါ်လာတယ်၊ ကွမ်းယာဆိုင်တွေ တည်လာတယ်၊ ကွမ်းယာ ဆိုင်တည်ပြီးတော့ ကွမ်းယာတွေ ၀ယ်စားတဲ့ ဘုန်းကြီးတွေနဲ့ စကားပြော၊ အဲဒီလို သတင်းယူတဲ့ ပုံစံမျိုး တော်တော် များများကို တွေ့ရတယ်”ဟု ၎င်းက မိန့်ဆိုသည်။

သံဃာတော်များက ကံဆောင်ရန် ပြင်ဆင်နေသည်ကို အာဏာပိုင်များ အနေနှင့် နည်းအမျိုးမျိုးဖြင့် သတင်းယူနေ သည့်အတွက် အတတ်နိုင်ဆုံး သတိထားရန် လိုအပ်သည်ဟုလည်း ၎င်း စာချ ဆရာတော်က မိန့်သည်။

ရန်ကုန်အခြေစိုက် သတင်းဂျာနယ် အယ်ဒီတာ တဦးကမူ“လုံခြုံရေး လှည့်တာကတော့ ရန်ကုန်မှာ ဖောက်ခွဲရေး သမားတွေ ဘာတွေ ရှိနိုင်တယ် ဆိုပြီးတော့ အာဏာပိုင်တွေဘက်က ပြောနေတယ်၊ ဒါပေမယ့် စက်တင်ဘာ လှုပ်ရှားမှု နှစ်ပတ်လည်နေ့ နီးလာတဲ့အတွက် ကြိုပြီးတော့ အင်အားပြထားတာ”ဟု ပြောဆိုသည်။

ထို့အပြင် မြင်းခြံ၊ မုံရွာနှင့် မန္တလေးတို့မှ နာမည်ကြီး ကျောင်းတိုက်များ အနီးတွင် စွမ်းအားရှင်များ၊ အရပ်ဝတ် ရဲများ ပုန်းလျှိုး၍ စောင့်ကြည့် မှုများ ရှိနေကြပြီး အခါအားလျော်စွာ ကျောင်းတိုက်တွင်း ၀င်၍ စစ်ဆေး မေးမြန်း နေသည်ဟု ဒေသခံများ ပြောပြချက်များ အရ သိရသည်။

လွန်ခဲ့သည့် သြဂုတ် ၃၁ ရက်နေ့တွင် မကွေးတိုင်း ရေနံချောင်းမြို့ရှိ စနေနံ ကျောင်းတိုက်မှ ကျောင်းထိုင် ဆရာတော် ဦးဝိမလနှင့် ရွှေစေတီ ပါဠိ တက္ကသိုလ် ကျောင်းတိုက်မှ လက်ထောက် ဆရာတော် ဦးဝါယမ တို့ကို အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။

ရေနံချောင်းမြို့ ဒေသခံ တဦးပြောပြချက်အရ ရွှေစေတီ ပါဠိတက္ကသိုလ် ကျောင်းတိုက်မှ လက်ထောက် ဆရာတော် ဦးဝါယမကို ပြန် မလွှတ်ပေး သေးကြောင်း၊ စနေနံ ကျောင်းတိုက်မှ ကျောင်းထိုင် ဆရာတော် ဦးဝိမလကိုမှု သံဃာတော် အများစုက တနယ်နှင့် တနယ် အဆက်အသွယ် လုပ်သည့် ကိစ္စများကို စစ်ဆေးမှုများ ပြုလုပ်၍ ပြန် လွှတ်ပေးခဲ့သည်ဟု ပြောသည်။

ရွှေစေတီ ပါဠိတက္ကသိုလ်ကျောင်းသည် ရေနံချောင်းမြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ အဖွဲ့ဝင်များက အထိမ်း အမှတ် နေ့များတွင် ဆွမ်းကပ်လေ့ ရှိသောကျောင်း ဖြစ်သည်ဟု သိရသည်။

ရဟန်းပျိုများသမဂ္ဂ နှင့် သံဃသာမဂ္ဂီအဖွဲ့တို့က တိုင်းနှင့် ပြည်နယ် အသီးသီးတွင် အဖွဲ့ခွဲများ ဖွဲ့ထားပြီး သံဃာ ထုက တတိယ အကြိမ် သပိတ် တိုက်ပွဲ ဆင်နွှဲမည် ဆိုသည့် သတင်းများ ထွက်ပေါ်လာပြီး နောက်တွင် သံဃာ ထုအပေါ် စောင့်ကြည့် စစ်ဆေးမှုများကို အာဏာပိုင်များက ပိုမို ပြုလုပ်လာကြခြင်း ဖြစ်သည်။

သံဃာအဖွဲ့များက အကျဉ်းကျ သံဃာတော်များကို ပြန်လွှတ်ရန်၊ လွန်ခဲ့သည့် ၂ နှစ်က မေတ္တာပို့ လမ်းလျှောက် ဆန္ဒပြခဲ့သော သံဃာတော်များ အပေါ် ပြုမူထားသည် များကို လာမည့် အောက်တိုဘာ ၂ ရက်နေ့ နောက်ဆုံး ထား၍ သံဃာထုကို တောင်းပန်ရန် အာဏာပိုင်တို့ကို တောင်းဆိုထားသည်။

တောင်းဆိုချက်များကို အာဏာ ပိုင်တို့က မလိုက်လျောပါက အောက်တိုဘာ ၃ ရက်နေ့မှ စ၍ ငြိမ်းချမ်းသော သံဃာ လှုပ်ရှားမှုများ ပြုလုပ်ပြီး ဆန္ဒပြ တောင်းဆိုသွားမည် ဟု ထုတ်ပြန် ကြေညာထားသည်။

စစ်အစိုးရဘက်က ဖိနှိပ်မှု ကြီးမားလွန်းသည့်အတွက် ဤကဲ့သို့ သံဃာတော်များ၏ သပိတ်မှောက် ကံဆောင်မှု အမှန်တကယ် ဖြစ်ပေါ်နိုင်ခြင်း ရှိ မရှိ ကို လေ့လာသူ များကလည်း ဝေဖန် ဆန်းစစ်မှုများ ရှိနေသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ(CRPP) အတွင်းရေးမှူး ဦးအေးသာအောင်ကလည်း သံဃာတော်များ ၏ သပိတ်မှောက် ကံဆောင်မှုနှင့် ပတ်သက်၍ အမှန်တကယ် ဖြစ်ပေါ်နိုင်သည့် အခြေအနေ နည်းပါးသည်ဟု ပြောသည်။

“အစိုးရကတော့ အဲဒီနေ့ မရောက်ခင်မှာ ကျောင်းတိုက်တွေ၊ အရေးကြီးတဲ့ နေရာတွေမှာ၊ လုံခြုံရေးကို ကြိုတင်ပြင် ဆင်တဲ့ အနေအထား တွေတော့ ရှိတယ်၊ ဒီလို ပြင်ဆင်ထားတဲ့ အပေါ်မှာတော့ လွန်ခဲ့တဲ့ စက်တင်ဘာလ တုန်းကလို လုပ်ဖို့တော့ ခက်လိမ့်မယ် ထင်တယ်၊ ဒါပေမယ့် ကျောင်းတွေမှာ နှစ်ပတ်လည်နေ့ အထိမ်း အမှတ်မျိုး လုပ်လိမ့်မယ် လို့ ထင်တယ်”ဟု ၎င်းက ပြောသည်။

၂၀၀၇ ခုနှစ် စက်တင်ဘာ ၅ ရက်နေ့တွင် ပခုက္ကူမှ သံဃာ ၅၀၀ ကျော်က မေတ္တာပို့ လမ်းလျှောက် ဆန္ဒပြခဲ့ရာ လုံခြုံရေး တပ်ဖွဲ့ဝင်များက အကြမ်းဖက် ဖြိုခွဲခဲ့သည်။ သံဃာ ၃ ပါးကို ဓာတ်တိုင်တွင် တုပ်နှောင်ကာ ရိုက်နှက် ခဲ့သောကြောင့် မြန်မာပြည် အနှံ့အပြားမှ ရဟန်း ရှင်လူများ ဒေါသထွက်ခဲ့ကြသည်။

ထိုဖြစ်ရပ်ကို စစ်အစိုးရက ပြန်လည် တောင်းပန်ခြင်း မပြုသဖြင့် နိုင်ငံအနှံ့မှ သံဃာတော်များက အာဏာပိုင်တို့ကို ပတ္တနိက္ကုဇ္ဖန ကံဆောင် သပိတ်မှောက်ခဲ့သည်။ ထို့ပြင် သံဃာတော်များ မေတ္တာပို့ ဆန္ဒပြ ကြွချီရာမှ လူထု လှုပ် ရှားမှု အသွင်သို့ ကူးပြောင်းခဲ့သည်။

စစ်အစိုးရက၂၀၀၇ ခုနှစ် စက်တင်ဘာ ၂၆ နှင့် ၂၇ ရက်နေ့များတွင် ရန်ကုန်မြို့ရှိ ဆန္ဒပြမှုများကို အကြမ်းဖက် ပစ်ခတ် ဖြိုခွင်းကာ သံဃာ နှင့် သီလရှင် ၂၀၀ကျော်ကို ဖမ်းဆီး တရားစွဲပြီး နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ခဲ့သည်။

Ref: ဧရာဝတီ


Read More...

Thursday, September 3, 2009

ကိုယ့်ကွင်းကိုယ် ပိုင်ပါ့မလား

September 3, 2009

လတ်တလော ကိုးကန့်ဒေသတွင် ဖြစ်ပွားခဲ့သော စစ်အစိုးရနှင့် ကိုးကန့် တပ်တို့၏ တိုက်ပွဲများကြောင့် လူပေါင်း သောင်းဂဏန်း တရုတ်ပြည် ဖက်သို့ ထွက်ပြေး တိမ်းရှောင် ခဲ့ကြသည်။ ထိုဖြစ်စဉ် အပေါ်တွင် မတူကွဲပြားသော သုံးသပ်ချက်များ ကောက်ချက်များလည်း ပေါ်ထွက်လာခဲ့သည်။

၁။ ကိုးကန့်အဖွဲ့သည်လည်း တရုတ်နွယ်ဖွားများ ဖြစ်သောကြောင့် တရုတ် အစိုးရမှ မြန်မာ စစ် အစိုးရအား ထိုကိစ္စ များနှင့် ပတ်သက်၍ ရှေ့၌ဖိအား ပေးမည်လော။

၂။ ထိုတိုက်ပွဲများကြောင့် တရုတ် အစိုးရနှင့် နယ်စပ်ဒေသတွင် တစုံတရာ နိုင်ငံရေး တင်းမာမှု ဖြစ်နိုင်သည်ကို သိသော်လည်း (နအဖ) စစ်အစိုးရဖက်မှ တမင်လုပ်ခြင်း ဖြစ်သလော။

၃။ ကိုးကန့်တပ်များသည် နယ်ခြားစောင့် တပ်အဖြစ် အသွင် ပြောင်းမည်ကို လက်မခံသော်လည်း အင်အား နည်းမှန်း သိ၍ ဂရုစိုက်စရာ မလိုဟု သဘောထားသောကြောင့် နအဖက ပြောင်ပြောင် တင်းတင်း ဝင်တိုက်ခြင်းလော။

၎။ ကိုးကန့်အဖွဲ့သည် ကချင်၊ ဝ၊ စသော တပ်များနှင့် စစ်ရေး မဟာမိတ် ဖွဲ့ထားသည်။ ထို့ကြောင့် တဖွဲ့ဖွဲ့ကို စစ် အစိုးရက တိုက်လာသည် ရှိသော် အချင်းချင်း အပြန်အလှန် ကူညီရန် သဘောတူထား ကြသည်။ အမှန်တကယ် တိုက်ပွဲ ဖြစ်ပါက တဦးနှင့်တဦး တကယ်ကူညီ မကူညီကို စမ်းသပ်လို၍ ကိုးကန့်ကို အရင်တိုက်၍ သွေးတိုးစမ်းခြင်း ဖြစ်သလော။ လက်တွေ့ တွင်လည်း ကိုးကန့်တပ်များ အတိုက်ခံရသော အခါ ကချင်တပ်များ ဝ တပ်များဖက်မှ အလုံး အရင်းဖြင့် ကူညီခြင်း မရှိသည်ကို၊ သေနတ်ပေါက်ခြင်း မရှိသည်ကိုလည်း တွေ့ရသည်။

၅။ ကိုးကန့်အဖွဲ့ကို တိုက်ခြင်းသည် လာမည့်နှစ် ရွေးကောက်ပွဲကို အချိန် ဆွဲလို၍ ကြိုတင်မီးမွှေး ထားခြင်းလော။ မကြာသေးမီ ကာလ ကလည်း ဘင်္ဂလားဒက်ရှ်ကို ပင်လယ်ပြင် နယ်နမိတ်နှင့် စပ်လျှဉ်း၍ (နအဖ) မှ ရန်စထား တာလည်း ရှိခဲ့သည်။ ပြည်တွင်းရန် ပြည်ပရန်များကြောင့် ရွေးကောက်ပွဲကို အချိန်ဆွဲလိုသည့် သဘောဟု တဖက်တွင်လည်း ဆိုမည်ဆိုက ဆိုနိုင်သေးသည်။
နောက်ထပ် တမျိုးလှည့်၍ စဉ်းစားမည်ဆိုပါက နအဖ စစ်အစိုးရသည် ကိုးကန့်ကို အခုလို ပြောင်ပြောင် တင်းတင်း ဝင်ရောက် တိုက်ခိုက်ခြင်းမှာ ပီကင်း၏ တိတ်တဆိတ် မီးစိမ်းပြမှု မပါဘဲ ဝင်တိုက် ရဲပါ့မည်လား ဟူသည့် အချက်ဖြစ်သည်။

ကိုးကန့်အဖွဲ့အတွင်း ခေါင်းဆောင်အချင်းချင်း စီးပွားရေးပြိုင်ဆိုင် မှုကြောင့် ခေါင်းဆောင်များ အတွင်း သပ်ရှို၍ ဖြို ခွဲမည်။ နအဖ လိုလားသူ ခေါင်ဆောင်များ တက်လာပါက နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးမှာ ပို၍ လွယ်ကူ သွားမည်လည်း ဖြစ်သည်။ သပ်ရှိုဖြိုခွဲ၍ မရပါက နအဖဖက်နှင့် ပူးပေါင်းသူကို ပြောင် အကူအညီပေး၍ တဖက်ကို တိုက်ချလိုက်ရန်သာ ဖြစ်သည်။ ဤသို့ စီစဉ် စဉ်းစားမှုကိုလည်း နအဖက တရုတ်အစိုးရကို ကြိုတင် အသိပေး ထားနိုင်သည်။ နှစ်နိုင်ငံအစိုးရ လက်ဝါးခြင်း ရိုက်သည်ကို မည်သူ သိနိုင်မည်နည်း။ ကချင်နှင့် ဝတပ်များ သည်လည်း တရုတ်ဖက်မှ ခေါင်းခါ ပြနေသောကြောင့် ကိုးကန့်ဖက်မှ ဝင်မတိုက်ဘဲ ရပ်ကြည့် နေခြင်းလည်း ဖြစ်နိုင်သည်။ သေချာတာ တခုကတော့ တရုတ်နယ်စပ်တွင် ကပ်၍ ဖောင်းဖောင်း မည်အောင် ပြည်တွင်းစစ် ဖြစ်မှာကို တရုတ်က ယခုကာလတွင် လိုလားလိမ့်မည် မဟုတ်။

ဤကိစ္စများ၌ မေးစရာ ဖြစ်လာသည်က တရုတ် အစိုးရက မြန်မာ ဗိုလ်ချုပ်များနှင့် ဘာကြောင့် လက်ဝါးရိုက်ဖို့ လိုသနည်း ဆိုသည့် မေးခွန်းပင် ဖြစ်သည်။ အတိုဆုံး အဖြေကတော့ နှစ်နိုင်ငံ၏ အကျိုးစီးပွါးဟု ဖြေနိုင်သည်။

၁။ ရခိုင်ပြည်နယ်မှ ထွက်ရှိလာမည့် သဘာဝဓာတ်ငွေ့နှင့် တရုတ်သို့ ပိုက်လိုင်း သွယ်၍ ရောင်းချခြင်း။

၂။ အာဖရိကနှင့် အရှေ့အလယ်ပိုင်းမှ တရုတ် ဝယ်ယူနေသည့် ရေနံစိမ်းများကို အချိန် အကုန်ခံ ငွေအကုန်ခံ၍ မလက္ကာ ရေလက်ကြားကို ဖြတ်ခါ တရုတ်ပြည် အထိ တင်ပို့နေရသည်။ ထိုရေနံစိမ်းများကို ရခိုင်ပြည်နယ်မှ တဆင့် ပိုက်သွယ်၍ တရုတ်ပြည်ကို တိုက်ရိုက်ပို့မည့် အစီ အစဉ်လည်း ရှိနေသည်။

၃။ ဧရာဝတီမြစ်ဆုံကို ဆည်ပိတ်၍ လျှပ်စစ်ဓာတ်အား ထုတ်ခါ တရုတ်ပြည်သို့ ရောင်းချရန်လည်း ရှိနေသေးသည်။

၎။ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးတွင် တရုတ်ဖက်က ရသော အကျိုး အမြတ်သည် ကြီးမားသည်။ မြန်မာဖက်က တင်ပို့နေသည်မှာ ကုန်ချော မဟုတ်။ သဘာဝရင်းမြစ် ကုန်ကြမ်းများသာ ဖြစ်သည်။ တရုတ်ဖက်က အရည်အသွေး နိမ့်သော ကုန်ချောများကို မြန်မာတို့ဖက်မှ ပြန်လည် ဝယ်ယူနေရသည်။

၅။ တရုတ်နှင့် အိန္ဒိယ၏ စီးပွားရေး တိုးတက်လာနှုန်းကို အနောက် ကမ္ဘာကပါ သတိနှင့် စောင့်ကြည့် နေရသည့် ကာလ ဖြစ်သည်။

နောင်လာမည့် ဆယ်စုနှစ်များအတွင်း အိန္ဒိယနှင့် တရုတ် နှစ်နိုင်ငံ ကုန်သွယ်ရေးတွင် မြန်မာ နိုင်ငံသည် အချက်အခြာ ပို၍ ကျလာမည်။ ထို့ကြောင့် အခုကတည်းက တရုတ်ကုမ္ပဏီ မျိုးစုံ မြန်မာပြည်တွင် ခြေကုတ် ယူထားနေသည်။ အနောက်တိုင်း စီးပွားရေး သမားများက ထိုအချက်ကို မရှု့စိမ့် မနာလို ဖြစ်နေကြသည်။ သူတို့လည်း မြန်မာပြည်ကို ဝင်လိုနေသည်။ သို့သော် အနောက်ကမ္ဘာ၏ စီးပွါးရေး ပိတ်ဆို့မှု ဆိုသော အချက်ကြောင့် ဂွကျနေရသည်။

ပြန်ကောက်ရသော ကိုးကန့်ကိစ္စကို ကိုယ့်နည်း ကိုယ့်ဟန်ဖြင့် ရှင်း။ တရုတ်ဖက်က လူကြားကောင်းအောင် အနည်း အကျဉ်း လောက် ဝေဖန် တာမျိုး တိုက်တွန်း တာမျိုး လောက်တော့ရှိမည်။ ကိုးကန့် ကိစ္စသည် စစ်အစိုးရ အတွက် တရုတ်က ကျိတ်၍ သဘော တူထားသော ပထမခြေလှမ်း ဖြစ်နိုင်သည်။ ကျန်သည့် အပစ်ရပ်တွေလည်း တဖြေးဖြေးနှင့် တရုတ် ဖိအားကို သဘောပေါက်လာ ရတော့မည်။

ဗကပပြိုကွဲစဉ်အခါက တရုတ်အစိုးရသည် ဗကပဖက်ကို ဘာမှ အကူအညီ မပေးတော့ပါ။ ဗကပဖက်မှ ဗကပ ယူနီဖောင်း ဝတ်၍ ဝင်တိုက် ပေးတာမျိုးလည်း အရင်ကလို မလုပ်တော့ပါ။ အကျိုးစီးပွားဖြစ်စဉ်က ခေတ်နှင့်အတူ ရွေ့လျား သွားခဲ့ခြင်းကြောင့်ပင်။ ဗကပ ခေါင်းဆောင်များ ကိုတော့ ယခင်နိုင်ငံရေး ဆက်ဆံမှုအရ တရုတ်နိုင်ငံ ထဲတွင် နေထိုင်ခွင့် ပေးလိုက်သည်။ ထို့ထက်ပိုသော အကူအညီ တရုတ်ဆီက မရတော့ပါ။ ထို့ကြောင့် ကိုးကန့် တို့သည်လည်း အလားတူ ဖြစ်စဉ်ကို ရင်ဆိုင် ရတော့မည် လောဟု စဉ်းစားမိခြင်း ဖြစ်သည်။

ကချင်ခေါင်းဆောင်များနှင့် ဝခေါင်းဆောင်များကို တချိန်က တရုတ်မှ ပြောခဲ့ သည်က ကိုယ့်တိုင်းပြည် အတွင်းမှာ ဖြစ်နေတဲ့ ပြဿနာ အထုတ်စုပ်ကို နိုင်ငံတကာမှာ လယ်ပြီး ဖွင့်ပြ မနေကြပါတော့နှင့်။ ကိုယ့်အချင်းချင်း ကြိတ်၍ ဖြေရှင်းခြင်းကသာ ပို၍ အကျိုးရှိသည်ဟု ဆိုခဲ့ခြင်း ဖြစ်သည်။ သဘောကတော့ အထုတ်စုပ်ကို လယ်၍ဖွင့်ပြ နေပါက တရုတ်ဖက်မှ ဘာမှ အကူအညီ မပေးနိုင်တော့ဟု ဖိအားပေးခြင်းသာ ဖြစ်သည်။ ထိုအချိန်မှစ၍ လက်နက်ကိုင် တော်လှန်ရေးများ ထိုဒေသများတွင် နိဋ္ဌိတံ ခဲ့ရသည်။

အကျိုးစီးပွါးအရ တရုတ်အစိုးရသည် မြန်မာ စစ်ဗိုလ်ချုပ်များနှင့် တိုက်ရိုက် ဆက်ဆံမှာပဲ ဖြစ်သည်။ မြန်မာ စစ်အစိုးရနှင့် ပလဲနံပ မသင့်သည့် အုပ်စုများ အတွက် ရှေ့ရှောက် ကာကွယ်ပေးလိမ့်မည် မဟုတ်ပေ။ လူကြားကောင်းအောင် ဝတ္တရားအရ ပြောတာလောက်ပဲ ရှိတော့မည်။ တဖြည်းဖြည်းခြင်း နွမ်းလျသွားသည့် ပန်းပင်ကို ခုတ်မပစ် သော်လည်း ရေလောင်းခြင်း ပေါင်းသင်ခြင်း မြေသြဇာကျွေးခြင်း မရှိတော့ဘဲ ထိုင်ကြည့်နေသည့် သဘောသို့ ရောက်ရှိလာတော့မည်။

တဖက်တွင်လည်း မြန်မာစစ်အစိုးရသည် အမေရိကန်တို့နှင့် အဆင် ပြေချင်သည်ဟု တွက်ဆချက်များ ပေါ်ပေါက် လာသည်။ တရုတ်တွေ ဖက်မှလည်း သူတို့ကို မထိခိုက်ပါက အမေရိကန် အစိုးရနှင့် မြန်မာ စစ်အစိုးရတို့ အဆင် ပြေသည်ကို ဘာမှထူး၍ ဝေဖန် ပြောဆိုမည် မဟုတ်။ ထူးလာနိုင်သည် တခုကတော့ မြန်မာနိုင်ငံသည် အင်အားကြီး တရုတ်နှင့် အမေရိကန်တို့ ကစားမည့် ဘော်လုံးကွင်း ဖြစ်သွား မှာကတော့ မြန်မာနိုင်ငံသားတို့ အဖို့ စိုးရိမ်ဖွယ် ဖြစ်သည်။

စစ်အေးတိုက်ပွဲ ကာလများအတွင်းက အမေရိကန် အုပ်စုနှင့် ဆိုဗီယက် အုပ်စုတို့ အကြား မြေဇာပင် ဖြစ်ခဲ့ရသော နိုင်ငံငယ်များ မနည်းလှ။ ထိုနိုင်ငံငယ် များတွင် ဘယ်သူ အစိုးရ ဖြစ်ဖြစ် သူတို့စိတ်မဝင်စား။ စိတ်ဝင်စားသည်က ထိုအစိုးရများသည် ကိုယ့်လူဖြစ်ရင် ပြီးစတမ်း။ အာဏာရှင် မကလို့ မည်သူပဲ အုပ်ချုပ်အုပ်ချုပ် ဒါကို နိုင်ငံကြီး များက ဂရုမစိုက်ပါ။ ထိုစစ်အေး တိုက်ပွဲကြီး ကာလအတွင်း အမေရိကန်လူ ဆိုဗီယက်လူ ဆိုသည့် အုပ်စုများ လည်း ထိုနိုင်ငံငယ်များတွင် ပေါ်လာခဲ့ ဘူးသည်။ လူထုအတွက် နားနှင့် မျက်စေ့ဟု ဆိုနိုင်သည့် စာပေနှင့် မီဒီယာ လောကတွင်လည်း အုပ်စု ကွဲခဲ့ကြသည်ကို မမေ့သင့်။

ယနေ့ကာလကတော့ အရင်းရှင်နှင့် ကွန်မြူနစ် အားပြိုင်သော စစ်အေး တိုက်ပွဲခေတ် မဟုတ်တော့။ သို့သော် ဓန အတွက်တော့ နိုင်ငံကြီးတိုင်း ပြိုင်နေကြသည်မှာ လက်တွေ့ဖြစ်သည်။ မြန်မာဆိုသော ကွင်းအသစ်တွင် အမေရိ ကန်နှင့် တရုတ်တို့ ချစ်ကြည်ရေးပွဲ ကန်လိုက်၊ မိတ်ဆွေဖြစ် ကန်လိုက်၊ ကြေးပါသော်လည်း ကြေးမပါဟန် ကန်ကြမည့် ဘောပွဲတွေလည်း နောင်မှာ တွေ့ကောင်းတွေ့လာ နိုင်သည်။ ကွင်းပိုင်ရှင် ပြည်သူတွေကတော့ ဘယ်လောက် အကျိုးရှိမည် ဆိုတာ မပြောတတ်သေး။ ကွင်းကို ပွဲစားလုပ်နေသည့် စစ်ဗိုလ်ချုပ်များနှင့် သူတို့၏ စီးပွား ဖက်များကတော့ အသေအချာ အကျိုးရှိမှာ အမှန်ဖြစ်သည်။

အမေရိကန်နှင့် တရုတ်က သူတို့အကျိုးစီးပွားအတွက်လည်း ဤဒေသကြီး အတွင်း ဝေစုခွဲ နိုင်သေးသည်။ မြန်မာ နိုင်ငံကို တရုတ် လှုပ်ရှားရာ နယ်ဟု သတ်မှတ်၍ မြောက်ကိုရီးယား ကိုတော့ အမေရိကန် အရေးအရာ ပိုင်သော နယ်အဖြစ် ခွဲဝေ၍ လုပ်ကောင်း လုပ်နိုင်သည်။ သူတို့အချင်းချင်း လက်ကျိတ်ထိုးတာ မည်သူအတိ အကျ စွပ်စွဲ နိုင်မည်နည်း။

ညူကလီးယားသံများဖြင့် လှိုင်နေသော မြောက်ကိုရီးယားကို အမေရိကန် တို့ ပိုမို စွက်ဖက်ခြင်း အားဖြင့် တဖက် တွင် တရုတ် အစိုးရအား မြန်မာနှင့် တိဗက် ကိစ္စများတွင် စေလိုရာ စေနိုင်သည်ဟု နားလည်မှုများ ယူကောင်း ယူထား လာနိုင်သေးသည်။ ထို့အပြင် နောက်တခုကတော့ မြန်မာ့နိုင်ငံရေး လောကတွင်လည်း တရုတ်ထောက်ခံ သူ အမေရိကန် ထောက်ခံ သူ အုပ်စု များ ဟိုမှသည်မှ အရှိုအရှို ပေါ်လာဦးမည်ကို တွေ့နေရသည်။

သူတကာ လာကစားသော ကွင်းအဖြစ် မခံလိုပါက နည်းရှိပါသည်။ ကိုယ့်အချင်းချင်း ကျေကျေ လည်လည် စကား ပြော၍ တိုင်းပြည်ကို ပြန်လည် ထူထောင်ခြင်းသာ ဖြစ်သည်။ ကိုယ့်တဦးတည်း ကိုယ့်အုပ်စု တခုတည်း ကောင်းစားဖို့သာ ရည်မှန်းထားပါက တဖက်ဖက်ကို အသေကပ် ရတာ ဓမ္မတာဖြစ်သည်။ တဖက်ဖက်ကို ခြေစုံချ၍ အားကိုးပြီ ဆိုကတည်းက ခိုင်းဖတ် ဘဝသာ ရောက်ရမှာ မလွဲပါ။

ကိုယ့်ကွင်းကို ကိုယ်ပိုင်ဖို့ ကြိုးစားတာသာ မှန်ကန်သော အမျိုးသား နိုင်ငံရေး ဖြစ်သည်။ ကိုယ်မကန်ရဘဲ အသင်း တကာ အသင်း ဝင်ချင်တိုင်း ဝင်၍ ကန်သော ကွင်းမဖြစ်ဖို့ နားလည်ရန် အချိန်တန်ပေပြီ။

ဇော်မင်း (လူ့ဘောင်သစ်)

Read More...

အကောင်း အဆိုး သိကြလားဟေ့

September 3, 2009

ဗီယက်နမ်နိုင်ငံသည် ယနေ့ခေတ်တွင် ထိုင်းနိုင်ငံနှင့် အပြိုင် ကမ္ဘာတခွင်သို့ ဆန်တင်ပို့နေသော နိုင်ငံတခု ဖြစ်သည်။ ဗီယက်နမ် နိုင်ငံ၏ မြစ်ဝကျွန်းပေါ် ဒေသသည် တနိုင်ငံလုံး ဆန် အထွက်နှုန်း၏ တဝက် ကျော်ကျော်ကို ထုတ် လုပ်ပေးနေသော ဒေသလည်း ဖြစ်သည်။ တရုတ်ပြည်မှ စတင်၍ စီးဆင်းလာသော မဲခေါင်မြစ်သည် မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားတို့ကို ဖြတ်ကာ နောက်ဆုံးတွင် ဗီယက်နမ် နိုင်ငံ၌ အဆုံးသတ်၍ ပင်လယ်ထဲ သို့ စီးဝင်သွားသည်။ ထိုဒေသကား ဗီယက်နမ်၏ မြေသြဇာ ကြွယ်ဝသော နုန်းးတင်မြေနု မြစ်ဝ ကျွန်းပေါ်ဒေသ ဖြစ် တော့သည်။

သို့သော်လည်း ဗီယက်နမ်လူမျိုးတို့ ခေါင်းခဲစရာ ပူပန်စရာ ဖြစ်လာသည့် ပြဿနာ ကတော့ ကမ္ဘာကြီး ပူနွေးလာ၍ ပင်လယ်ရေပြင် တစတစ မြင့်တက်လာခြင်း ဆိုသည့် ကိစ္စပင် ဖြစ်သည်။ ဤအတိုင်းသာ ဆက်၍ ပင်လယ် ရေ မျက်နှာပြင် မြင့်တက် လာနေပါက နောင်လာမည့် အနှစ်လေးငါးဆယ်တွင် ဗီယက်နမ်နိုင်ငံ၏ မြစ်ဝကျွန်းပေါ် တစိတ်တပိုင်းသည် ပင်လယ် ရေအောက်သို့ ရောက်တော့မည်။ ထိုသို့ဆိုပါက ဆန်စပါး စိုက်ပျိုးမှု ကောင်းမွန်နေ သော မြစ်ဝကျွန်းပေါ် တစိတ် တဒေသသည် အမြဲတန်း ပင်လယ်ရေငံ ဖုံးအုပ်မှုကို ခံရတော့မည် ဖြစ်သည်။

ကျွမ်းကျင်သူများ အဆိုအရ ထိုမြစ်ဝကျွန်းပေါ်၏ တစိတ်ပိုင်း ပင်လယ်ရေအောက် ရောက်ရှိပါက ဗီယက်နမ် နိုင်ငံ၏ ဆန် အထွက်နှုန်းလည်း ကြောက်ခမန်း လိလိ ကျဆင်းလာမည်ဟု ဆိုကြသည်။ ထို့ကြောင့် မြစ်ဝကျွန်းပေါ်မှ လက်ရှိ ဆန် အထွက်နှုန်း၏ သုံးပုံတပုံ လျော့ပါးကျဆင်း သွားမည်ဟုလည်း တွက်ချက်ပြထားသည်။

စပါးစိုက်ပျိုးခြင်းဖြင့် အသက်မွေးနေသာ ဗီယက်နမ် မြစ်ဝကျွန်းပေါ် သားတို့ ဘာ ဆက်လုပ် ကြမည်နည်း။ ပင်လယ် ထဲ၌ ငါးဖမ်းခြင်း အလုပ်ကို ပြောင်း၍လုပ်ကိုင်ကာ ဆက်လက် အသက် မွေးမည်လော သို့မဟုတ် မြို့ပြ များသို့ ပြောင်းရွှေ့ကာ မြို့ပြ အခြေစိုက် အလုပ်သမားများ အဖြစ် အသွင်ပြောင်းမည်လော။ စဉ်းစားစရာပါပေ။ သေချာသည် တခုကတော့ ယခင်က ပိုင်ဆိုင်ခဲ့သော ၎င်းတို့၏ လယ်ယာများ ပင်လယ် ရေအောက်သို့ ရောက်ရတော့မည်။

ဗီယက်နမ် မြစ်ဝကျွန်းပေါ်၏ အစိတ်အပိုင်း တချို့ရေလွှမ်းခံရ သည့် အချိန်တွင် ပင်လယ်ရေသည် ဗီယက်နမ် နိုင်ငံ တခုထဲတွင်သာ အပျော်လွန်ပြီး တန့်၍ရပ်၍ နေမည်မဟုတ်။ ဒေသ တခုလုံးအတွင်း ထိုဆိုးကျိုးကို ခံစားကြ ရမည်လည်း ဖြစ်သည်။

ထိုင်းနိုင်ငံတွင် ဘန်ကောက်မြို့ကြီးသည် ပင်လယ်ရေ မျက်နှာပြင်အောက် နှစ်လက်မခန့် နိမ့်နေသည်ဟု ဆိုကြသည်။ အထူးသဖြင့် မိုးတွင်းကာလများ၌ ဘန်ကောက်မြို့အတွင်း နေရာ အတော်များများတွင် ရေကြီးလေ့ရှိသည်။ အကြီးစား ပန့်များကို သုံးကာ ရေများကို စုပ်ထုတ် ပြစ်ရသည်။ ဗီယက်နမ်၏ မြစ်ဝကျွန်းပေါ် ပင်လယ်ရေ လွှမ်းသောအခါ၌ ဘန်ကောက်တွင်လည်း ဘန်ကောက်သူ ဘန်ကောက်သားများ ဟိုဟိုသည်သည် လှေရောင်စုံ များဖြင့် သွားလာနေမည်ကို မြင်ယောင် မိသေးတော့သည်။ လှေဆိပ်သာ ရှိ၍ ကားဆိပ်များ ကားဂိတ်များ နိတ္ထိတံ ရတော့မည်။ တချိန်က အာရှတိုက်၏ ဗင်းနစ်မြို့တော် အဖြစ် တင်စားခံခဲ့ရသည့် ဘန်ကောက်သည် ထိုအချိန် တွင် ဒုတိယ ဗင်းနစ်မြို့တော် အဖြစ်သို့ ပီပီပြင်ပြင် ပြောင်းလဲရတော့မည်။

ဗင်းနစ်မြို့တော်လို အဖြစ်မခံလိုပါက ဘန်ကောက်မြို့ကို ပတ်၍ တမံတုပ်ဖို့သာ ရှိသည်။ နယ်သာလန်မှာလို ပင်လယ်ရေ မြင့်တက် လာခြင်းကို တမံတုပ်၍ ကာမည်လော။ ကာထားနိုင် သေးသည်။ ထိုင်းနိုင်ငံသည် ဓနကြွယ်ဝ လာနေသော နိုင်ငံတခု ဖြစ်သောကြောင့် ပင်လယ်ကမ်းရိုးတမ်း တခုလုံးကို တမံ မတုပ်နိုင်ဘူး ထားဦး။ ဘန်ကောက်မြို့ ကိုတော့ တမံများဖြင့် ပတ်ပတ်လည် ကာထားနိုင်သည်။

တချိန်တည်းတွင်လည်း မြန်မာနိုင်ငံဖက်ကို ပြန်ကြည့်လိုက် ပါက မြန်မာနိုင်ငံ၏ မြစ်ဝကျွန်းပေါ် ဒေသ တစိတ် တပိုင်းသည်လည်း ပင်လယ်ရေ လွှမ်းခြင်းကို ခံရမည်။ ဒေသအတွင်း မြင့်တက်လာသည့် ပင်လယ်ရေကို ငါ့ဖက် မလာနဲ့ဟု တား၍ မရစကောင်း။ မြစ်ဝ ကျွန်းပေါ်၏ စပါးစိုက်ပျိုးနေသော လယ်မြေပမာဏ ဆုံးရှုံးမှုသည်လည်း ကြီးမားပေလိမ့်မည်။ ပင်လယ်ရေ မြင့်တက် လာခြင်းကြောင့် မြန်မာနိုင်ငံ၏ မြစ်ဝကျွန်းပေါ်တွင် ဆုံးရှုံးရသော မြေ ယာ ပမာဏသည် ဗီယက်နမ်ထက် အဆပေါင်းများစွာ ဆိုးဝါးလိမ့်မည်။ ဘာ့ကြောင့် ဆိုတာ ဆက်၍ပြောပါမည်။

မေခ၊ မေလိခ မြစ်ဆုံနေရာကို ပိတ်၍ ဆည်ဆောက်ခါ လျှပ်စစ် ဓာတ်အား ထုတ်လုပ်၍ တရုတ်ပြည်ကို ရောင်းဖို့ ပြင်နေသည်မှာ အားလုံး အသိ။ မြစ်ဆုံဒေသည် ဧရာဝတီမြစ်ကြီး မူလအစဖြစ်သည်။ မြစ်ဆုံဒေသကို ပိတ်ဆို့ လိုက်ပါက အောက်ပိုင်းသို့ ဆက်လက် စီးဆင်းမည့်ရေများ တန့်၍သွားမည်။ ဤသို့ဆိုပါက အောက်အရပ် မြစ်ဝ ကျွန်းပေါ် ဒေသသို့ ဆက်လက် စီးဆင်းမည့် ရေပမာဏ နည်းသွားပေမည်။

နားလည် လွယ်အောင် ပြောရပါက ဥပမာအားဖြင့် မြစ်ဝကျွန်းပေါ်ရှိ မြစ်ကလေးများ ချောင်းကလေးများ၏ ရေ အနက်သည် ဆယ်ပေဟု ဆိုပါစို့။ ကချင်ပြည်နယ် မြစ်ဆုံတွင် ဆည် ပိတ်လိုက်သောကြောင့် စီးဆင်းရမည့် ရေ များတန့်ကာ ယခင်ကလို အောက်ဖက်သို့ အပြည့်အဝ မစီးဝင်နိုင်တော့။ ထို့ကြောင့် မြစ်ဝကျွန်းပေါ်ရှိ မြစ်ချောင်း များ၏ ရေအနက်သည် ငါးပေခန့်သာ နက်တော့မည်။ ရေအမြင့် မူလထက် ငါးပေနိမ့်သွားသည်။ စီးဆင်းလာရ မည့်ရေများ နောက်ပြန်ဆုတ် သွားရသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ပင်လယ်ရေ မြင့်တက်လာသော ကာလ တွင် ပင်လယ်ရေသည် ကမ်းရိုးတန်း တလျှောက်သာ မြင့်တက်ခြင်း မဟုတ်တော့ဘဲ အထက်ပိုင်း မိုင်သုံးလေး ဆယ်ခန့်အထိ တိုး၍ဝင်ရောက် လာနိုင်သည်။ မူလကဆိုလျှင် မြစ်ဝကျွန်းပေါ်သို့ အထက်မှ စီးဆင်းလာသော ရေများကြောင့် ပင်လယ်ရေများ အထက်ဖက်သို့ တိုးဝင်ခြင်တိုင်း တိုးဝင်၍ မရအောင် သဘာဝအလျှောက် ရေကို ရေခြင်း ဟန့်တား ကာထားပေးသည်။ ရေချိုနှင့် ရေငံ ဇလုတ်တိုက်၍ အပြန်အလှန် ထိန်းထားခြင်းမှာလည်း သဘာ ဝတရား ဖြစ်သည်။ သို့သော်လည်း မြစ်ရေနိမ့်ကျ သွားသောအခါ ပင်လယ်ရေငံများ အထက်ပိုင်း အထိပါ ဒလ ဟော တိုးဝင်လာတော့မည်။

ထိုရောအခါ၌ ယခင်က သဘာဝအတိုင်း မြေသြဇာ ကောင်းမွန်ခဲ့သော မြစ်ဝကျွန်းပေါ် ဒေသ တခုလုံး ဆားငံရေ များ အောက်သို့ ရောက်ခါ ဆန်စပါး စိုက်ပျိုးခြင်းသည်လည်း သေဆုံးရတော့မည်။ မြစ်ဝ ကျွန်းပေါ်သားများ အထက်ဖက် မိုင်သုံးလေး ဆယ်သို့ ပြောင်းနေ ရတော့မည်။ ထိုသို့ပြောင်း၍ မနေလိုပါက လှေများ ဆောက်ခါ လှေပေါ်တွင် နေထိုင်၍ ရသမျှ ပင်လယ်ငါးလေးများ ဖမ်းကာ လှေစီးလူသား မော်ဒန်ဆလုံ လူမျိုးများ အဖြစ် နေထိုင် ရုံသာ ရှိတော့သည်။ မြန်မာနိုင်ငံ၏ ဝမ်းပိုက်သည်လည်း နှစ်လေးငါးဆယ် အတွင်း ကွယ်ပျောက် ရတော့မည်။ နောင်အနှစ် လေးငါးဆယ် အတွင်း ဆန်ကို နိုင်ငံခြားမှ ပြန်၍ တင်သွင်းရတော့မည်။ အာဖရိက တိုက်တွင် မိုး ခေါင်သောကြောင့်၊ ဘာမှ မယ်မယ်ရရ စိုက်ပျိုးမရ၍ ငတ်ကြသည်။ မြန်မာနိုင်ငံမှာတော့ စပါးခင်းများတွင် ရေငံဖုံး သောကြောင့် အငတ်ဘေးကြီးကို ရင်ဆိုင် တွေ့ကြလိမ့်ဦးမည်။

ထိုအချိန်မတိုင်မီ လက်ဦးဆုံး ဆုံးရှုံးရမည့် သူများကတော့ မြစ်ဆုံဒေသ တဝိုက်တွင် ဘိုးစဉ် ဘောင်ဆက် လုပ်ကိုင် စားသောက် လာခဲ့သည့် ဒေသခံ တိုင်းရင်းသားများ ဖြစ်သည်။ သတင်းများအရ မြစ်ဆုံ ဆည်ပိတ်မည့် စီမံကိန်းကြောင့် ရွာပေါင်း ခြောက်ဆယ်ထက် မနည်း၊ လူဦးရေ သောင်းဂဏန်းကို စစ်အစိုးရက အတင်းရွှေ့ပြောင်း တော့မည်။ လိမ္မော်ခြံများ၊ လယ်ယာမြေများ ဆည်ရေအောက်သို့ ရောက်ရတော့မည်။ ထိုသူတို့၏ မူလဘဝနေ ထိုင်မှုများ ဆုံးရှုံးရမည်။ နေရာနှင့် ဝင်ငွေ ဆုံးရှုံးမှုတင် မက ကျန်းမာရေး၊ ပညာရေး၊ ဒေသဆိုင်ရာ ယဉ်ကျေးမှုတို့ပါ ဆုံးရှုံးရဦးမည်။ သဘာဝ ပတ်ဝန်းကျင်လည်း ပျက်စီးရဦးမည် ဖြစ်သည်။

ဆက်လက်၍ ဆုံးရှုံးရမည့် သူများကတော့ မြစ်ဆုံဆည်၏ အောက်ပိုင်း တလျှောက် မြစ်ဝ ကျွန်းပေါ် အထိ နေထိုင် ကြသည့် နိုင်ငံသားများ ဖြစ်တော့သည်။ ဧရာဝတီ မြစ်ကြီးသည် မြစိမ်းရောင် အသွင်ဖြင့် တငြိမ့်ငြိမ့် စီးဆင်းနေ သည့် အခြေအနေမှ ချောင်းသာသာ မြောင်းသာသာ အဖြစ်သို့ ရောက်ရတော့မည်။ ဧရာဝတီမြစ်ကြီး ကောပါက ဤနိုင်ငံ၏ သမိုင်းလည်း ကောတော့မည်။ ဧရာဝတီကြောင့်သာ မြန်မာနိုင်ငံဆိုတာ ဖြစ်လာခဲ့ရသည် မဟုတ်လော။

တရုတ်အပါအဝင် အိမ်နီးချင်း နိုင်ငံများကတော့ ရသလောက် ယူမှာဘဲ ဖြစ်သည်။ ခင်ဗျားတို့ မြန်မာနိုင်ငံဟာ တကယ်ဆိုရင် သေးသေးလေး။ သဘာဝ အရင်းအမြစ်တွေကို ရှိရှိသမျှ အလျှင်စလို ထုတ်မသုံးပါနဲ့ဟု သူတို့ကတော့ အကြံပေးမည် မဟုတ် ပြောမည် မဟုတ်။

အဆင်အခြင်မဲ့သော လုပ်ရပ်ကို ဘယ်သူတွေက ထောက်ပြ ဝေဖန် သနည်း။ မြန်မာနိုင်ငံ ပြင်ပမှာ နေနေသည့် အဖွဲ့အစည်း အချို့က ထောက်ပြ ကြသော်လည်း မြန်မာနိုင်ငံ အတွင်းမှာ ရှိနေသည့် မည်သည့် အဖွဲ့အစည်း များကမှ ဤကိစ္စကို ဗိုလ်ချုပ်ကြီးများ ထံသို့ မတင်ပြရဲကြ။ ကြောက်နေကြရ သောကြောင့် ဖြစ်သည်။ သာမန် အဖွဲ့ အစည်းများကို နားလည် ပေးနိုင်ပါသည်။ သို့သော် သူတို့ကိုယ် သူတို့ နိုင်ငံရေးအရ တတိယလှိုင်းဟု ဆိုနေသော သူများလည်း ဒီလိုကိစ္စမျိုးတွင် မြန်မာ စစ်ဗိုလ်ချုပ်များကို နားမချနိုင်ကြောင်း တွေ့ရသည်။ တတိယလှိုင်း တို့က ဆိုထားသည် မို့လား။ မြန်မာပြည် ဒီမိုကရေစီ အပြောင်းအလဲ အတွက် စစ်ဗိုလ်များကို တဖြည်းဖြည်း နားချ၍ ပူးပေါင်းဆောင်ရွက်မည်ဟု ပြည်တွင်းထုတ် စာစောင်ဂျာနယ် အချို့မှာ ပြောနေတာ အခုအထိ ဖြစ်သည်။ နိုင်ငံ တကာ ကွန်ဖရင့်တွေ မှာတောင် ဒီဖော်မြူလာကို ရွှန်းရွှန်းဝေအောင် တင်ပြခဲ့ကြလို့ နိုင်ငံခြားသားများ အလယ်မှာ လည်း မော်ဒရိတ်တွေ (အစွန်းမရောက်သူတွေ) ဆိုပြီး ရေပန်းစားနေသည် မဟုတ်လော။

တတိယလှိုင်းတို့ ပြောရမှာက ဗိုလ်ချုပ်ကြီးတို့ခင်ဗျား လောလောဆယ် အာဏာ ထိုင်ခုံက ဆင်းမပေးချင်လည်း နေပါ။ သို့သော် မြစ်ဆုံ၌ ဆည် တည်ဆောက်မည့် ကိစ္စကတော့ ရေရှည်မှာ နောင်လာ နောက်သားတို့ အတွက် ဆိုးကျိုးတွေ သယ်ဆောင်လာမှာ ဖြစ်သောကြောင့် မလုပ်သင့်ပါဟု ရဲရဲတင်းတင်း ပြောရမှာ ဖြစ်သည်။ သို့သော် လက်တွေ့ မှာတော့ တတိယလှိုင်း သမားတို့ မပြောရဲရှာပါ။ အာဏာ အပြောင်း အလဲကို အသာထား သဘာဝ ပတ်ဝန်းကျင် ပျက်သုဉ်းမည့် ကိစ္စလောက်မှ ဗိုလ်ချုပ်များကို နားမချနိုင်ပါက သည့်ထက် ကြီးမားသော ကိစ္စများ အပြောင်းအလဲများကို တတိယလှိုင်းတို့ နားချနိုင်စွမ်း ရှိလိမ့်မည် ဆိုတာက သံသယဖြစ်စရာပါ။

လူမိုက်များ၊ လူကောင်းယောင် ဆောင်နေသူများ၊ အစွန်း မရောက်သူဟု ကြေငြာနေသူများ ထိုသူတွေ အားလုံးသည် တကယ်တော့ မိမိအုပ်စု ကောင်းစားရေး အတွက်သာ လုပ်နေသူတွေသာ ဖြစ်ကြောင်း မြစ်ဆုံကိစ္စ တခု တည်းနှင့်ပင် ကွက်ကွက် ကွင်းကွင်း မြင်လိုက်ရ တော့သည်။

ဇော်မင်း (လူ့ဘောင်သစ်)

Read More...

နေးရှင်းရုပ်မြင်သံကြား(Nation News Talk, Channel 9) မှထုတ်လွှင့်ခဲ့သော ‘နေးရှင်းသတင်းစာ’နှင့် ဒေါ်အောင်ဆန်း စုကြည် တွေ့ဆုံ မေးမြန်းခန်း

(၁၉၉၅ ခုနှစ် သြဂုတ်လ (၁) ရက်နေ့)

September 3, 2009



People are more important
လူထုရဲ့ အခန်းကဏ္ဍက ပိုပြီး အရေးကြီးပါတယ်

၁၉၉၅ ခုနှစ် ဇူလိုင်လ (၁ဝ) ရက်တွင် ဒေါ်အောင်ဆန်းစုကြည် ပထမအကြိမ် နေအိမ် အကျယ်ချုပ်မှ ပြန်လည် လွတ်မြောက် လာပြီးနောက် ဇူလိုင်လတွင် ထိုင်းနိုင်ငံ ဘန်ကောက် အခြေစိုက် ‘နေးရှင်းသတင်းစာ’ နှင့် တွေ့ဆုံ မေးမြန်းခန်းတခု ပြုလုပ်ခဲ့ပါသည်၊၊ နေးရှင်းသတင်းစာ အယ်ဒီတာချုပ် ဆူသီချိုင်းယွန် နှင့် အယ်ဒီတာ သက်ချိုင်းယုံတို့ နှစ်ဦးက အစောင့်များ ထူထပ်စွာ ချထားသော ဒေါ်အောင်ဆန်းစုကြည် ၏ နေအိမ်တွင် ရှားရှားပါးပါး ပြုလုပ် နိုင်ခဲ့သော အင်တာဗျူး ဖြစ်ပါသည်၊၊ ထို အင်တာဗျူးကို ၁၉၉၅ ခုနှစ် သြဂုတ်လ (၁) ရက်နေ့ ည (၉) နာရီတွင် နေးရှင်း ရုပ်မြင်သံကြားမှ ထုတ်လွှင့် ခဲ့ပါသည်၊၊ ယခု ၂ဝဝ၉ ခုနှစ်တွင် (၁၄) နှစ်ကြာခဲ့ပြီ ဖြစ်သော်လည်း သမိုင်းဝင် တွေ့ဆုံ မေးမြန်းခန်း ဖြစ်သဖြင့် ယခု ဒေါ်အောင်ဆန်းစုကြည်၏ နှစ် (၆၄) ပြည့် မွေးနေ့တွင် အမှတ်တရ ဂုဏ်ပြု သော အားဖြင့် “ချိုးလင်းပြာ” တွင် ဘာသာပြန်ဆို ဖေါ်ပြလိုက်ခြင်း ဖြစ်ပါသည်၊၊ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာ ချမ်းသာ၍ အသက် ရာကျော် ရှည်ပါစေဟု ဆန္ဒ ပြုလိုက်ပါသည်၊၊

(ဇင်လင်း ဘာသာပြန်သည်)

မေး၊၊ ငြိမ်းချမ်းတဲ့နည်းနဲ့ ဒီမိုကရေစီ တိုက်ပွဲ ဝင်ခဲ့တဲ့ အတွက် ဒေါ်အောင်ဆန်း စုကြည်ကို ထမာဆတ် တက္ကသိုလ်က ‘နိုင်ငံရေးသိပ္ပံ ဒေါက်တာဘွဲ့ ’ချီးမြှင့်ထားပါတယ်၊၊ အဲဒီဆု လက်ခံရယူနိုင်ဖို့ အတွက် ဘန်ကောက်ကို ခရီးသွားဖို့ ရှိပါသလား၊၊

ဖြေ၊၊ ကျမ သိပ်လာချင်ပါတယ်၊၊ ဘယ်တော့လောက် လာနိုင်မယ် ဆိုတာလည်း လောလောဆယ် ကျမ မပြောနိုင် သေးပါဘူး၊၊

မေး၊၊ မြန်မာပြည်ပြင်ပကို လတ်တလော ခရီးသွားဖို့ အစီအစဉ် မရှိသေးဘူးလို့ ဆိုလို ပါသလား၊၊

ဖြေ၊၊ လောလောဆယ် ခရီးမသွားနိုင်ပါဘူး၊၊ ဒီမှာလုပ်စရာတွေ အများကြီး ရှိနေလို့ပါ၊၊ အဖွဲ့အစည်း ကိစ္စ အာရုံစိုက် လုပ်စရာ တွေကလည်း အများကြီး ရှိနေတယ်လေ၊၊

မေး၊၊ ငြိမ်းချမ်းရေးနိုဘယ်လ်ဆု ယူဖို့ အော်စလိုကို သွားစရာရှိတယ်လို့ စောစောပိုင်းက ပြောခဲ့ဘူးတယ် ထင်ပါတယ်၊၊

ဖြေ၊၊ နော်ဝေနိုင်ငံ သံအမတ်ကြီးက အော်စလိုကို လာဖို့ ကျမကို ဖိတ်ခေါ် ထားတာတော့ မှန်ပါတယ်၊၊ ပုဂ္ဂိုလ်ရေး သဘောထားကို ပြောရရင် ကျမ ပထမဦး ဆုံးသွားချင်တဲ့ နိုင်ငံက နော်ဝေပါပဲ၊၊ ဘာကြောင့်လဲ ဆိုရင် နော်ဝေဟာ ကျမတို့ကို ပြတ်ပြတ်သားသား ခိုင်ခိုင်မာမာ ထောက်ခံတဲ့ နိုင်ငံဖြစ်လို့ ပါပဲ၊၊ ဒါကို ကတိတခု လို့လည်း ဆိုနိုင်ပါတယ်၊၊ သဘောကတော့ အခွင့်အရေး ရတာနဲ့ တပြိုင်နက် ကျမ နော်ဝေကို သွားဖို့ ကြိုးစားမှာ ဖြစ်လို့ပါပဲ၊၊

မေး၊၊ နော်ဝေကို အသွား၊ ဘန်ကောက်ကို ဝင်ဖြစ်ဦးမှာလား၊၊

ဖြေ၊၊ အပြန်မှာတော့ ဝင်ဖြစ်နိုင်စရာ ရှိပါတယ်၊၊ ကျမ နော်ဝေကို ပထမဦးဆုံး သွားဖို့ ကတိရှိထားလို့ပါ၊၊

မေး၊၊ ထိုင်းနိုင်ငံနဲ့ ခင်ဗျားနဲ့ ကြားမှာရော ဘယ်လို ဆက်နွယ်မှုမျိုး ရှိပါသလဲ၊၊ ခင်ဗျားရဲ့ ဖခင်ဟာ ၁၉၄၁ ခုနှစ်တုံးက ဗမာ့ လွတ်လပ် ရေးတပ်မတော်ကို ဘန်ကောက်မှာ ဖွဲ့စည်းသွားခဲ့ ဘူးပါတယ်၊၊ ခင်ဗျားအနေနဲ့ ဆိုရင်လည်းပဲ အခေါက်ပေါင်းများစွာ ဘန်ကောက်ကို ဖြတ်ပြီး သွားခဲ့ လာခဲ့ဖူးမှာပါ၊၊ မိတ်ဆွေတွေလည်း ဘန်ကောက်မှာ ရှိမှာပါ၊၊

ဖြေ၊၊ ကျမမှာ ဝန်ခံစရာတခုတော့ ရှိပါတယ်၊၊ လွန်ခဲ့တဲ့ (၆)နှစ်တာ ကာလ အတောအတွင်း ‘နေးရှင်း’လို သတင်းစာမျိုးတွေ အပါအဝင် ဘန်ကောက်မှာ ထုတ်ဝေတဲ့ စာအုပ် စာတန်းတွေကို ကျမ ဖတ်ဖြစ်ပါတယ်၊၊ ဒီ စာအုပ် စာတန်းတွေဟာ အတော်ကလေး အထောက်အကူ ဖြစ်ပါတယ်၊၊ အဲဒီမှာ ကျမတို့ သိရတာက ထိုင်းနိုင်ငံမှာ ကျမတို့ အခြေအနေကို မှန်မှန်ကန်ကန် နားလည်တဲ့ လူတွေ ရှိနေတယ်ဆိုတဲ့ အချက်ပါပဲ၊၊ အဲဒီပုဂ္ဂိုလ် များဟာ ကျမတို့ကို တကယ် လိုလိုလားလား ကူညီချင်ကြတယ် ဆိုတာလဲ သိရပါတယ်၊၊ ဒီအချက်ဟာ ကျမအဖို့တော့ အလွန်တရာ အားတက်စရာ ကောင်းတဲ့ ကိစ္စပါပဲ၊၊ ကျမတို့ နိုင်ငံအရေး ကိစ္စအတွက် ထိုင်းနိုင်ငံမှာ အကူအညီ ရနိုင်စရာတွေ အများကြီး ရှိနေပါတယ်၊၊ ရှင်တို့ ‘နေးရှင်း’သတင်းစာ ဆောင်းပါးတွေဆိုရင် ရေးသမျှ သားသမျှ အကြောင်းအရာ အတော် များများမှာ ရဲရဲရင့်ရင့် ခိုင်ခိုင်မာမာ ရေးထားတာ တွေ့ရတယ်၊၊ တခါတရံ ရှင်တို့ အရေး အသားတွေကို ပျော့ပျော့ ပြောင်းပြောင်း ရေးဖို့ ခေါ်ယူ သတိပေး တာတွေတောင် ရှိတယ်လို့ ကျမကြားရတယ်၊၊ ဒါပေမယ့် ရှင်တို့ အရေးအသားတွေ ကတော့ အားရှိ ခိုင်မာ နေဆဲပါပဲ၊၊ ထိုင်းနိုင်ငံက သတင်းစာတွေဟာ မြန်မာ နိုင်ငံ အရေးကိစ္စ အပေါ် အမြဲ စိတ်ဝင်တစား ရှိနေတာ တွေ့ရပါတယ်၊၊ ကျရဲ့ ယေဘုယျအမြင် ကိုပြောရရင် ထိုင်းနိုင်ငံဟာ ခင်မင်စရာလည်းကောင်း အထောက်အကူလည်း ရတဲ့ နိုင်ငံမျိုး ဖြစ်ပါတယ်၊၊ တဖက်မှာ ပြဿနာတွေလည်း ရှိနေမှာပါပဲ၊၊ ကျမတို့ရဲ့ ဒီမိုကရေစီ အင်အားစုတွေ ကတော့ ထိုင်းအစိုးရ ပေါ်လစီ မူဝါဒတွေ အပေါ် ဝေဖန် အရေးဆိုတာတွေ ရှိနေပါတယ်၊၊ ဒုက္ခသည် စခန်းတွေနဲ့ ပတ်သက်တဲ့ ပြဿနာ အခက်အခဲ တွေလည်း ရှိနေပါတယ်၊၊ ဒီလို ကိစ္စမျိုး ဆိုတာ သမားရိုးကျ ဖြစ်ရိုးဖြစ်စဉ်လို့ ပြောနိုင်ပါတယ်၊၊ ဘာကြောင့်လဲ ဆိုတော့ ဒုက္ခသည်တွေ ရှိရင် ဒေသခံတွေနဲ့ မကျေနပ်မှု အချင်းများမှု ဆိုတာမျိုးကတော့ ရှိနေမှာပဲ၊၊ ဒါပေမယ့် ယေဘုယျ ခြုံငုံကြည့်ရင်တော့ ထိုင်း ပြည်သူများဟာ လူ လူချင်းစာနာတတ် ကူညီတတ်တဲ့ သူများ ဖြစ်တယ်လို့  ပြောရမှာပါ၊၊

မေး၊၊ ထိုင်းအစိုးရနဲ့ ပတ်သက်လို့ရော ဘာများ ပြောစရာရှိပါသလဲ၊၊

ဖြေ၊၊ ထိုင်းအစိုးရပေါ်လစီ မူဝါဒနဲ့ ပတ်သက်လို့ ကျမတို့ အရင်က ဝေဖန် ပြစ်တင်တာတွေ လုပ်ခဲ့ပြီးပါပြီ၊၊ ထိုင်းအစိုးရ အနေနဲ့ မြန်မာပြည်သူ လူထုကို ပထမဦးစားပေး စဉ်းစားဖို့ ကျမ တောင်းဆိုချင်ပါတယ်၊၊ ပြည်သူ လူထုဟာ အစိုးရထက်ပိုပြီး အရေးပါ ပါတယ်၊၊ အစိုးရ ကိုယ်တိုင် ကလည်း သူ့ကိုယ်သူ လူထုထက် ပိုပြီး အရေးပါ အရာရောက်တယ်လို့ ပြောလိမ့်မယ် မထင်ပါဘူး၊၊ သေချာတာကတော့ ပြည်သူ လူထုဟာ ပိုပြီး အရေးပါတယ် ဆိုတာပါပဲ၊၊

မေး၊၊ လူထုက အစိုးရထက် ပိုပြီး အရေးပါတယ်ဆိုတာ ဘာကိုဆိုလိုပါသလဲ၊၊

ဖြေ၊၊ ကျမဆိုလိုတာက လူထုရဲ့ စိတ်ကူးစိတ်သန်းတွေ၊ မျှော်လင့်ချက်တွေ၊ လူထုဘဝ အခြေအနေ တွေကို အလေးထား စဉ်းစားစေချင် တဲ့သဘောပါ၊၊ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့ ၊ အကူအညီတွေ ပေးဖို့  ရှင်တို့ စဉ်းစားတဲ့ အခါ၊ သာမန် ဆင်းရဲသား ပြည်သူလူထု အတွက် ဘယ်၍ ဘယ်မျှ အတိုင်းအတာ အထိ အထောက်အပံ့ ဖြစ်သလဲ ဆိုတာကို အမှန်တကယ် စဉ်းစားသင့်တယ်လို့ ဆိုလိုတာပါ၊၊ ချမ်းသာတဲ့ လူတွေ ကို ပိုပြီးချမ်းသာစေဖို့ လုပ်တဲ့ ရင်းနှီး မြှုပ်နှံမှုမျိုးကို ကျမတို့ လုံးဝ စိတ်မဝင်စားဘူး၊၊ အဲဒီလို ရင်းနှီးမြှုပ်နှံမှု မျိုးဟာ ရေများရာမှာ မိုး အထပ်ထပ် ရွာတာမျိုး ဖြစ်တယ်ဆိုတာ ရှင်တို့ နားလည် သဘောပေါက်မယ် ထင်ပါတယ်၊၊ တချိန်တည်းမှာ ဆင်းရဲသားတွေ ခမြာမှာတော့ သူတို့ဘဝ အခြေအနေတွေ တိုးတက် ပြောင်းလဲဖို့  လမ်းမမြင် ကမ်းမမြင် ဖြစ်နေရပါတယ်၊၊

မေး၊၊ အခု ဒေါ်စု နေအိမ်အကျယ်ချုပ်က လွတ်မြောက် လာတာဟာ ထိုင်းအစိုးရရဲ့ ‘အပြုသဘော ဆက်ဆံရေး မူဝါဒ’ တစုံတရာ အောင်မြင်ခြင်း ရလဒ်ကြောင့်လို့ ထိုင်းအစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်တချို့က ထင်နေကြပါတယ်၊၊ ဘယ်လို မြင်ပါသလဲ၊၊

ဖြေ၊၊ ပွင့်ပွင့်လင်းလင်းပြောရရင် ‘အပြုသဘော ဆက်ဆံရေး’ နဲ့ ‘နိုင်ငံတကာ ဖိအားပေးမှု’ တွေဟာ ဘယ်၍ ဘယ်မျှအတိုင်း အတာ အထိ အောင်မြင်မှု ရှိခဲ့သလဲ ဆိုတာတော့ ကျမ မသိပါဘူး၊၊ ဒါပေမယ့် သေချာတာကတော့ ဖိအားပေးမှုကြောင့် သူတို့ အလျော့ပေး အညံ့ခံ လိုက်ရပါတယ်လို့ ဘယ်သူကမှ တရားဝင် ဝန်ခံ ပြောကြားမှာ မဟုတ်ပါဘူး၊၊ ဒါကြောင့် ‘အပြုသဘော ဆက်ဆံရေး’ ဘယ် အတိုင်းအတာ အထိ အောင်မြင်ခဲ့သလဲ ဆိုတာ သိနိုင်ဖို့ အစိုးရ အတွင်းစည်းထဲမှာ ဘာတွေ ဖြစ်ပျက်ခဲ့သလဲ ဆိုတာ သိဖို့ လိုပါလိမ့်မယ်၊၊ အဲဒီလို သိနိုင်ဖို့ အတွက် ကျမတို့ နှစ် အနည်းငယ် အချိန်ယူ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်၊၊

မေး၊၊ ဒေါ်စု အကျယ်ချုပ် ကျနေတုန်းကရော ‘အပြုသဘော ဆက်ဆံရေး မူဝါဒ’ကို ကြားခဲ့ဖူး ပါသလား၊၊

ဖြေ၊၊ ကြားဖူးပါတယ်၊၊ တချိန်လုံး လိုလို ကြားနေရပါတယ်၊၊

မေး၊၊ ‘အပြုသဘောဆက်ဆံရေး မူဝါဒ’ အကြောင်း ပထမဆုံး စတင် ကြားသိတဲ့ အချိန်မှာ ဘယ်လို ခံစားတုန့် ပြန်မိပါသလဲ၊၊

ဖြေ၊၊ အတော်ကလေး အံ့အားသင့်မိတယ်လို့ ပြောရမယ် ထင်ပါတယ်၊၊ ပထမဆုံး ခံစားချက်ကို ပြောရရင်၊ ဒါမျိုးက ဖြစ်လာ နိုင်စရာ ရှိတဲ့ ကိစ္စတရပ်ပဲလို့ ကျမ မျှော်လင့် ထားပြီးသားပါ၊၊ ကျမ စိုးရိမ်မိတာက ဒီမူဝါဒကို အတိုင်းအရှည် မရှိ သူတို့ စွဲကိုင်ထားမယ့် အရေးပါပဲ၊၊ အဲဒီလို ဖြစ်ခဲ့ရင် ဒီမိုကရေစီ တိုးတက်ဖြစ်ပေါ်ရေး ကိစ္စအတွက် အန္တရာယ် ရှိပါတယ်၊၊

မေး၊၊ ‘အပြုသဘောဆက်ဆံရေး မူဝါဒ’ ဟာ ဘယ်လောက်များ အပြုသဘော ဆောင်စွမ်း ရှိမယ် ထင်ပါသလဲ၊၊

ဖြေ၊၊ ပြဿနာက ဘယ်သူ့ကို အပြုသဘော ဆက်ဆံမှာလဲ ဆိုတဲ့ မေးခွန်းကို အဖြေရှာရမှာ ဖြစ်ပါတယ်၊၊ ဒီမိုကရေစီ အင်အားစုတွေ အတွက် အပြုသဘောလား၊ သာမန် ပြည်သူလူထု အတွက် အပြုသဘောလား၊ စီးပွားရေး လုပ်ငန်းရှင် အဝန်းအဝိုင်း အတွက် အပြုသဘောလား၊ ဒါမှမဟုတ် နဝတ အဖွဲ့အတွက် အပြုသဘောလား၊ ဘယ်သူ့ အတွက် အပြုသဘောလဲ၊ ပြဿနာက ဒါပါပဲ၊၊

မေး၊၊ ဒီမိုကရေစီအင်အားစုတွေ ဒါမှမဟုတ် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် အတွက် အပြုသဘော သက်ရောက် တာမျိုး ရှိခဲ့ဖူးပါသလား၊၊

ဖြေ၊၊ တချို့က ‘အပြုသဘောဆက်ဆံရေး မူဝါဒ’ ကြောင့် ကျမ လွတ်မြောက် လာတာလို့ ပြောကြပါတယ်၊၊ ဒါပေမယ့် ခုချိန်အထိတော့ ခိုင်လုံတဲ့ အထောက်အထား မတွေ့ရ သေးပါဘူး၊၊ ဘယ်အကြောင်းကြောင့် ကျမ လွတ်မြောက် လာရတယ် ဆိုတာကိုလည်း ဘယ်သူ မှ ဂဃနဏ မသိကြပါဘူး၊၊ ဒီတော့ ‘အပြုသဘော ဆက်ဆံရေး’ ကြောင့် ကျမလွတ်လာတာလို့ မပြောနိုင်ပါဘူး၊၊

မေး၊၊ မြန်မာပြည်ကို အာဆီယံမိသားစုဝင် နိုင်ငံအဖြစ် လက်ခံပြီးပါပြီ၊၊ အာဆီယံ အနေနဲ့ မြန်မာ ပေါ်လစီကို ဘယ်လို ပြောင်းသင့်တယ် လို့ ထင်ပါသလဲ၊၊

ဖြေ၊၊ အာဆီယံမိသားစုဝင်နိုင်ငံတွေ အနေနဲ့ မြန်မာနိုင်ငံမှာ ရှိတဲ့ သာမန် ပြည်သူလူထု အတွင်းက အခြေ အနေတွေကို အနီးကပ် လေ့လာ ကြည့်ရှု စေချင်ပါတယ်၊၊ ရန်ကုန်နဲ့ မန္တလေး ကွက်ကွက်လောက်ကို ကြည့်တာမျိုး မဖြစ်စေချင်ဘူး၊၊ ရန်ကုန်မှာတောင်မှ စည်ပင်ဖွံ့ ဖြိုး နေတယ်လို့ ထင်ရတဲ့နေရာတွေ ရှိတယ် ဆိုပေမယ့်၊ အရင် ၁၄-၅ နှစ်က အတိုင်း ဘာမှ မပြောင်းလဲသေးတဲ့ နေရာတွေ ရှိနေတုန်းပါပဲ၊၊ နှစ်အတန် ကြာက အခြေအနေ အတိုင်း မပြောင်းသေးတဲ့ နေရာတွေ ရှိနေတယ်ဆိုတာ ကျမ ပြောနိုင်ပါတယ်၊၊ အာဆီယံကို ကျမဖြစ်စေချင်တာ ကတော့ မြန်မာနိုင်ငံနဲ့ ရေရှည် ဆက်ဆံရေးကို ကြည့်စေချင်တယ်၊၊ မြန်မာပြည် ရေရှည် ဖွံ့ဖြိုး တိုးတက်မှုကို ကြည့်စေ ချင်တယ်၊၊ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှု မရှိရင် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ဆိုတာလဲ မရှိနိုင်ဘူးဆိုတဲ့ အချက်ကိုလည်း စဉ်းစားစေချင်တယ်၊၊

မေး၊၊ အာဆီယံအဖွဲ့ ဝင်ဖို့ လုပ်နေတဲ့ မြန်မာအစိုးရကို ဘယ်လိုအကြံမျိုး ပေးချင်ပါသလဲ၊၊

ဖြေ၊၊ မြန်မာနိုင်ငံဟာ တနေ့မှာ အာဆီယံအဖွဲ့ဝင် ဖြစ်လာဖို့ ကျမတို့ မျှော်လင့်ထားတဲ့ အကြောင်း၊ အမျိုးသား ဒီမိုကရစီ အဖွဲ့ချုပ် မူဝါဒကြေညာ စာတမ်းမှာ ဖေါ်ပြထားပါတယ်၊၊ ဒေသဆိုင်ရာ နိုင်ငံများအဖွဲ့ ကို ကျမ ယုံကြည်မှု ရှိပါတယ်၊၊ ဒီလို အဖွဲ့အစည်းမျိုး ရှိဖြင်းဟာ ဒေသအတွက် တင်မက ကမ္ဘာတခုလုံး အတွက်ပါ အလွန် ကောင်းပါတယ်၊၊ ဒါကြောင့် တနေ့မှာ မြန်မာနိုင်ငံဟာ အာဆီယံ အဖွဲ့ဝင် ဖြစ်လာဖို့အတွက် ကျမ အလွန် မျော်လင့် ထားပါတယ်၊၊ ဒါပေမယ့် ကျမ နားလည်ထားတာက မြန်မာနိုင်ငံ အနေနဲ့ အာဆီယံ အဖွဲ့ဝင်နိုင်ငံ ဖြစ်မလာခင် နှစ်အတန်ကြာ အချိန်ယူပြီး ပြင်ဆင်စရာ ရှိတာတွေ ပြင်ဆင်ရဦးမယ် ဆိုတာပါပဲ၊၊ လွန်ခဲ့တဲ့ လအနည်းငယ် တုံးက စင်္ကာပူ ဝန်ကြီးချုပ်ဟောင်း လီကွမ်ယူးက အဲဒီသဘောပြောခဲ့ ဖူးပါတယ်၊၊

မေး၊၊ ဒီ ဒေသဆိုင်ရာအဖွဲ့ထဲကို မြန်မာနိုင်ငံ ဝင်လိုက်တဲ့ အတွက် ဒီမိုကရေစီ ရရှိဖို့ အရှိန် မြင့်တက်လာမယ် ထင်ပါသလား၊၊

ဖြေ၊၊ ဒီကိစ္စကိုတော့ ကျမ အတတ်မပြောနိုင်ပါဘူး၊၊ မြန်မာပြည်တွင်း အပြောင်း အလဲ ဖြစ်ရေး အတွက် အာဆီယံ နိုင်ငံတွေရဲ့ ဖျောင့်ဖျ မှုက ဘယ်လောက် ထိရောက်မှု ရှိနိုင်မှာလဲ ဆိုတာတောင် ကျမ မသိပါဘူး၊၊ ‘အပြုသဘော ဆက်ဆံရေး’ ကို ရှေ့တန်း တင်နေချိန်မှာ အာဆီယံ နိုင်ငံတချို့က သူများပြည်တွင်းရေး ဝင်ရောက် မစွက်ဖက်ဘူးလို့လည်း သတိထားပြီး ပြောနေကြတာကိုတော့ ကျမ သတိပြုမိပါတယ်၊၊ သူများပြည်တွင်းရေး ဝင်ရောက် မစွက်ဖက်ဘူး ဆိုရင် ကျမတို့ နိုင်ငံ အပြောင်းအလဲ ဖြစ်အောင် သူတို့ ဘယ်လောက် ကူညီနိုင်မှာလဲ၊၊

မေး၊၊ မြန်မာ့ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်အပေါ် အာဆီယံနိုင်ငံ တနိုင်ငံက ဝေဖန်ရေး စပြီးလုပ်လာရင်၊ အဲဒါကို စွက်ဖက်မှု အဖြစ် စဉ်းစားမှာလား၊၊

ဖြေ၊၊ ကျမကတော့ အဲဒီလို မယူဆဘူး၊၊ ကမ္ဘာကြီးက တနေ့တခြား သေးငယ် လာနေပြီလေ၊၊ အတိုင်းအတာ တခုအထိ နိုင်ငံတကာ အမြင်၊ နိုင်ငံတကာ သြဇာ သက်ရောက်မှုကနေ လွတ်ကင်းတဲ့ နိုင်ငံရယ်လို့ မရှိနိုင်ဘူး ဆိုတဲ့ အချက်ကို ကျမတို့ လက်ခံရလိမ့်မယ်၊၊ တကယ်တော့ နိုင်ငံတခုရဲ့ ပြည်တွင်းရေးမှာ ဘယ်အတိုင်းအတာ အထိ ဝင်ရောက် စွက်ဖက်ခွင့်ပြုတယ် ဆိုတဲ့ ကန့်သတ်ချက်က ရှိပြီးသား ဖြစ်ပါတယ်၊၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့  ပြည်တွင်းရေး စွက်ဖက်ဖို့ ဒါမှမဟုတ် အချုပ်အခြာ အာဏာကို ထိပါးဖို့ ဆိုတာမျိုးတော့ ဘယ်သူမှ မမျှော်လင့် ကောင်းပါဘူး၊၊ ဒါပေမယ့် ကျမတို့ အနေနဲ့ ဒေသ တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးကို ဂရုစိုက်တယ်ဆိုရင် ဒေသတွင်း နိုင်ငံတွေမှာ ဘယ်လို အစိုးရ အမျိုးအစားတွေ ရှိနေတယ် ဆိုတာကိုတော့၊ ကျမတို့ ဂရုစိုက် သင့်ပါတယ်၊၊

မေး၊၊ ဒဏ်ခတ်အရေးယူမှုတွေကို သဘောတူပါသလား၊၊

ဖြေ၊၊ ဒဏ်ခတ်အရေးယူမှုနဲ့ ပတ်သက်လာရင် ကျမ လက်ခံထားတဲ့ သဘောထား တရပ် ရှိပါတယ်၊၊ အဲဒါက ဒီ ဒဏ်ခတ်မှုဟာ သာမန် ပြည်သူများကို ထိခိုက် နစ်နာမှု မရှိစေဖို့ပဲ ဖြစ်ပါတယ်၊၊ ဒဏ်ခတ် အရေးယူဖို့ စဉ်းစားတဲ့ အခါ ဘယ်လို ဒဏ်ခတ်မှုမျိုးကို အကောင်အထည် ဖေါ်ဖို့ ဖြစ်ဖြစ် စေ့စေ့စပ်စပ် သေသေချာချာ လေ့လာပြီးမှ လုပ်သင့် ပါတယ်၊၊ ကျမ နားလည် သဘောပေါက်တဲ့ အတိုင်း ပြောရရင် လွန်ခဲ့တဲ့ (၆)နှစ် အတွင်း စီးပွားရေး ပြောင်းလဲမှုရဲ့ အကျိုး သက်ရောက်မှုဟာ အခြေခံ လူထုဆီအထိ မရောက်ခဲ့ပါဘူး၊၊ ဒီတော့ ဒဏ်ခတ်အရေးယူမှု ဟာလည်း လူထုကို ထိခိုက်လိမ့်မယ်လို့ မဆိုနိုင်ပါဘူး၊၊

မေး၊၊ မြန်မာပြည်အပေါ် ပြင်ပကဖိအားပေးမှုတွေနဲ့ ပတ်သက်လို့ စစ်အစိုးရက ဘယ်လိုများ တုန့်ပြန်ပါသလဲ၊၊

ဖြေ၊၊ ပြင်ပက ဖိအားပေးမှုကို စစ်အစိုးရက သိပ်ပြီး ဂရုစိုက်ပုံ မရပါဘူး၊၊ ဒါပေမယ့် လုံးဝ ကျောခိုင်းပစ်ပယ် ထားတာမျိုးတော့လည်း မဟုတ်ဘူး၊၊ သူတို့ နိုင်ငံတကာနဲ့ ပိုပြီးထိတွေ့ ဆက်ဆံလာတာ တွေ့ရတဲ့ အတွက် တဖြည်းဖြည်းတော့ ရင့်ကျက် လာမယ်လို့ မျှော်လင့်ပါတယ်၊၊ နိုင်ငံတကာရဲ့ သဘောထား အမြင်တွေကိုလည်း ပိုပြီး လေးစား လာလိမ့်မယ် ထင်ပါတယ်၊၊

မေး၊၊ သူတို့ ရင့်ကျက်လာပြီလို့ ထင်ပါသလား၊၊

ဖြေ၊၊ ဒါတော့ ကျမ မပြောနိုင်ပါဘူး၊၊ သူတို့ထဲက တချို့ ကတော့ ကျမကို အရင်ထက် ပိုပြီး ရင့်ကျက်လာပြီလို့ ပြောကြတယ်၊၊ သူတို့က ကျမကို အဲဒီလို ပြောခြင်းဟာ၊ သူတို့ကိုယ်တိုင်နဲ့ နှိုင်းယှဉ်ပြောတာ ဖြစ်ပါစေလို့  မျှော်လင့် မိပါတယ်၊၊

မေး၊၊ စစ်တပ်က အရပ်ဖက် အစိုးရကို အာဏာလွှဲပေးမယ့် အရိပ် လက္ခဏာများ မြင်မိပါသလား၊၊

ဖြေ၊၊ ဒီကိစ္စက ပြောဖို့ သိပ် စောပါသေးတယ်၊၊ ခုအချိန်မှာ ကိစ္စတချို့ကို တိုးတိုး တိတ်တိတ် လုပ်ရတာ ကျမတို့ ပိုပြီး သဘောကျတယ်၊၊ တိုးတက် ဖြစ်ထွန်းမှု နှုန်းထားနဲ့ ပတ်သက်လို့ ဝေဖန်သင့်တဲ့ အချိန်ရောက်ရင် ကျမတို့ ဝေဖန်မှာပါ၊၊ တွေ့ဆုံဆွေးနွေးပွဲ အောင်မြင်ဖို့ ကျမတို့ရဲ့ ကြိုးပမ်းချက်တွေနဲ့ ပတ်သက်လို့လည်း၊ အချိန်ကျရင် ပြောစရာ ရှိတာကို ကျမတို့ ပြောမှာပါ၊၊

မေး၊၊ လက်ဆုပ်လက်ကိုင်ပြစရာ ရလဒ်တွေ ရလာတဲ့ အထိ တစုံတရာ ကြေညာချက် မထုတ်ပြန်ဘဲ၊ အစိုးရနဲ့ ပြောဆို ဆွေးနွေးမှုတွေ ရှိနေမယ်လို့ ဆိုလို ပါသလား၊၊

ဖြေ၊၊ ကျမဆိုလိုတာက လောလောဆယ် အခြေအနေမှာ သူတို့ ဘယ်တော့လောက် စကားပြောလာမယ်၊ ဆွေးနွေးပွဲ ဖြစ်ထွန်းလာမယ်၊ ဆိုတာ အတိအလင်း ထင်ကြေး မပေးလိုဘူးလို့ ဆိုလိုတာပါ၊၊ တကယ်လို့ ကျမတို့မှာ ကြိုတင် မျှော်မှန်းထားတာတွေ သိပ်များ လွန်းနေရင် လက်တွေ့ အလုပ်သဘော ဆက်ဆံရတဲ့ အခါ ကိုယ်မှန်းထားတာ ထက် မလျော့နိုင်မှာ စိုးရတယ်၊၊ ဒါကြောင့် တွေ့ဆုံဆွေးနွေးပွဲ အဆင်ပြေပြေ ဖြစ်လာရေး အတွက် ၊ သတင်း မထွက်ဘဲ တိုးတိုးတိတ်တိတ် စကားပြောရမယ့် အချိန် ကာလ တရပ် ရှိဖို့လည်း လိုအပ်ပါတယ်၊၊

မေး၊၊ လောလောဆယ် တိကျတဲ့ ရည်မှန်းချက် မရှိသေးဘူးလို့ ဆိုလို ပါသလား၊ ကျေနပ်လောက်တဲ့ ညှိနှိုင်း သဘောတူညီမှု ရ မရ မသေချာသေး သရွေ့ ဆက်ပြီး စကား ပြောနေရဦးမယ်လို့ ဆိုလိုတာလား၊၊

ဖြေ၊၊ ကျမ အဲဒီလောက် ရှည်ရှည်ဝေးဝေးကြီး တွက်ဆပြီး ပြောနေတာ မဟုတ်ပါဘူး၊၊ ဘယ်တော့လောက် ဆွေးနွေးပွဲ စဖို့ မျှော်လင့် နိုင်မလဲ ဆိုတဲ့ သေချာရေရာတဲ့ ရည်မှန်းချက် ကလေးတောင်မှ ကျမတို့မှာ မရှိသေးဘူးလို့ ဆိုလိုတာပါ၊၊

မေး၊၊ ခင်ဗျားရဲ့တွေ့ဆုံ မေးမြန်းခန်းတချို့မှာ ‘နယ်လ်ဆင်မန်ဒဲလား’ကို ဖေါ်ညွှန်း ပြောဆိုတာ တွေ့ရပါတယ်၊၊ မြန်မာ့ အရေးကို တောင်အာဖရိက နည်းနာနဲ့ ဖြေရှင်းရမယ်လို့များ ကြိုတင် မြင်ထားပါသလား၊၊

ဖြေ၊၊ ကျမတို့ မြန်မာနိုင်ငံဟာ တောင်အာဖရိက မဟုတ်တဲ့ အတွက် တောင်အာဖရိက နည်းနာနဲ့ တထပ်တည်း ဖြေရှင်းလို့ မရနိုင်ပါဘူး၊၊ တောင်အာဖရိကကို ဥပမာပေး သုံးစွဲရတဲ့ အကြောင်းက၊ ‘တွေ့ဆုံဆွေးနွေး အဖြေရှာရေး’ နည်းနဲ့ ကျမတို့ ပြဿနာ ဖြေရှင်းနိုင်တယ်လို့ ဆိုလိုတာပါ၊၊ ‘တွေ့ဆုံဆွေးနွေး အဖြေရှာရေး’ နည်းနဲ့ ပြဿနာ ဖြေရှင်းနိုင်တယ် ဆိုတာကို ဘယ်သူမှ အယုံအကြည် မရှိခဲ့တဲ့ ကာလ တခု ရှိခဲ့ဖူးတယ် မဟုတ်လား၊၊ တောင်အာဖရိက ဥပမာကို ကျမ သဘော ကျမိတာက ယူဂို ဆလားဗီးယား အခြေအနေမျိုးကို သဘောမကျကြောင်း ပြောချင်လို့လည်း ဖြစ်ပါတယ်၊၊ ယူဂို ဆလားဗီးယားက လူတွေဟာ စားပွဲဝိုင်းမှာ ထိုင်ပြီး အဖြေ မရှာခဲ့ကြတဲ့ အတွက် အရာခပ်သိမ်း ပျက်သုဉ်းတာပဲ အဖတ်တင်ပြီး၊ ဘယ်သူမှ အကျိုးအမြတ် မရရှိခဲ့ကြဘူး၊၊ တောင်အာဖရိကမှာ ကျတော့ နယ်လ်ဆင် မန်ဒဲလားတို့ တတွေဟာ တချိန်က အသားအရောင် ခွဲခြားမှု ပြဿနာ အပေါ် ပြင်းပြင်းထန်ထန် တက်တက်ကြွကြွ ဆန့်ကျင်ခဲ့ကြပေမယ့်၊ နှစ်အတန် ကြာပြီးတဲ့နောက် သူတို့အမြင်တွေ ပျော့ပျောင်း လာခဲ့တယ်၊၊ တွေ့ဆုံ ဆွေးနွေးတဲ့ နည်းကလွဲလို့ တခြားလမ်း မရှိဘူးလို့ ဆုံးဖြတ် နိုင်ခဲ့ကြတယ်၊၊

မေး၊၊ မြန်မာနိုင်ငံမှာ နောက်တဆင့်တက်ပြီး နိုင်ငံရေး အဖြေရှာကြတဲ့ အခါ ခင်ဗျားရဲ့ အခန်း ကဏ္ဍကို ဘယ်လို ခန့်မှန်းပါသလဲ၊၊

ဖြေ၊၊ ကျမရဲ့ အခန်းကဏ္ဍ အနေနဲ့ပြောရရင် ဒီမိုကရေစီ အင်အားစုတွေ စည်းလုံး ညီညွတ်ရေးနဲ့ လွန်ခဲ့တဲ့ ခြောက်နှစ်အတွင်း ခြိမ်းခြောက် ခံခဲ့ရတဲ့ ဒီမိုကရေစီ လှုပ်ရှားမှု အင်္ဂါ အစိပ်အပိုင်းတွေ ပြန်လည် ရှင်သန်လာဖို့ တကျော့ပြန် ဆောင်ရွက်ရမယ်လို့ ခံစား မိပါတယ်၊၊

မေး၊၊ ‘နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး’ ကိစ္စကို အခြေခံ သတ်မှတ်ချက် တခု အဖြစ် တောင်းဆိုဖို့ ရှိပါသလား၊၊

ဖြေ၊၊ ကျမရဲ့ ပထမဆုံးကြေညာချက်မှာ နိုင်ငံရေး အကျဉ်းသားများကို မြန်နိုင်သမျှ မြန်မြန် လွှတ်ပေးဖို့ အာဏာ ပိုင်များကို တိုက်တွန်း ထားပါတယ်၊၊ ဒါပေမယ့် အခြေခံ သတ်မှတ်ချက်တွေ သတ်မှတ် တောင်းဆိုတာ မျိုးနဲ့ ကျမတို့ အစပျိုးမှာ မဟုတ်ပါဘူး၊၊ အားလုံး စားပွဲဝိုင်းမှာ ဝိုင်းထိုင်ကြဖို့ဆိုတဲ့ ရှင်းလင်း ပြတ်သားတဲ့ ရည်မှန်းချက်နဲ့ အစပျိုး နေတာပါ၊၊ စကားဝိုင်း စနိုင်မှ သတ်မှတ်ချက်ကိစ္စ ဆွေးနွေး နိုင်မှာပေါ့၊၊


ဖြေ၊၊ မပြောဖြစ်သေးပါဘူး၊၊ ရှင်တို့မြင်တဲ့ အတိုင်းပဲလေ၊ အခု ရှင်တို့နဲ့ ကျမ ထိုင်နေသလို ‘စားပွဲဝိုင်းမှာ ကျမတို့ ကတော့ ထိုင်နေတာပဲ’၊၊

မေး၊၊ သူတို့ ဘက်က စကားပြောချင်ပုံရော ရရဲ့လား၊၊

ဖြေ၊၊ သူတို့ ဘက်က စကားပြောချင် သလား မပြောချင်ဘူးလား ဆိုတာတော့ ကျမလည်း မပြောတတ်ဘူး၊ လတ်တလော အနေ အထားကတော့ စကားပြောချင်တဲ့ လက္ခဏာ မတွေ့ရသလို၊ မပြောချင်တဲ့ လက္ခဏာလည်း မပြဘူး၊၊ အခြေအနေက နည်းနည်း စောနေသေးတဲ့ ပုံပါပဲ၊၊

မေး၊၊ လက်ရှိအခြေအနေမှာ ဆက်သွယ်ရေး လမ်းကြောင်း ဖွင့်ထားတာရော ရှိပါသလား၊၊

ဖြေ၊၊ လမ်းကြောင်းတခုတော့ ရှိပါတယ်၊ ခြံတခါးဝမှာ ထောက်လှမ်းရေး အစောင့်တွေ ချထားတာ ရှိပါတယ်၊၊ ဒီတော့ အာဏာပိုင်များ နဲ့  အဆက်အသွယ် ပြတ်နေတယ်လို့ မဆိုနိုင် ဘူးပေါ့၊၊

မေး၊၊ ခင်ဗျားက ခင်ဗျားကို အားပေးထောက်ခံကြသူတွေ အနေနဲ့ သိပ်အများကြီး မျှော်လင့်မထားဖို၊့ သိပ်မြန်မယ် လို့လည်း မထင်ကြဖို့ ပြောတာ တွေ့ရပါတယ်၊၊ သူတို့ရဲ့ လက်ရှိ မျှော်မှန်းချက်တွေက ဘာတွေပါလဲ၊၊

ဖြေ၊၊ ကျမ ဘာကို ဆိုလိုတယ် ဆိုတာ သူတို့ သဘောပေါက် ကြပါတယ်၊၊ မြန်မာနိုင်ငံမှာ ဝမ်းနည်းစရာ အကောင်းဆုံး ကိစ္စ တခုရှိနေတယ်၊၊ အဲဒါက ကျမကို ထောက်ခံသူတွေ အနေနဲ့ အာဏာပိုင်တွေ အပေါ်မှာ အယုံအကြည် မရှိဖြစ်နေတဲ့ အချက်ပါပဲ၊၊ မြန်မာနိုင်ငံ တဝှမ်းလုံးမှာ သံသယတွေ ဖုံးလွှမ်းနေတယ်၊၊ လူတိုင်း လူတိုင်းက ဘယ်သူဟာ စစ်တပ် သတင်းပေးလဲလို့ သံသယတွေ များနေကြတယ်၊၊ ယုံကြည်မှု ပတ်ဝန်းကျင်တခု တည်ဆောက်ရေးဟာ ဒီနေ့ ကြုံတွေ့နေရတဲ့ အခက်ခဲဆုံး အလုပ်တွေထဲက တခုပဲ၊၊ လူထုကို သိပ်အမြင့်ကြီး မမျှော်မှန်းနဲ့၊ သိပ် အလျင်မလိုနဲ့လို့ ကျမက ပြောတဲ့အခါ၊ သူတို့ ပြည့်ပြည့်ဝဝ သဘောပေါက် ကြပါတယ်၊၊ တကယ်တော့ သူတို့ ထဲက အတော်များများက ကျမကို သတိရှိဖို့ ပြောနေကြတာပါ၊၊ ဘာကြောင့်လဲ ဆိုတော့ ကျမကို အာဏာပိုင်တွေက အမှန်တကယ် လွှတ်ပေးတယ်လို့ သူတို့တကယ် မယုံကြလို့ ပါပဲ၊၊

မေး၊၊ ခင်ဗျားကို ထောက်ခံသူတွေကတောင် အာဏာပိုင်တွေကို မယုံပဲနဲ့၊ ခင်ဗျားက အာဏာပိုင်တွေကို ယုံနေ သလား၊၊

ဖြေ၊၊ သူတို့ဟာ ယုံကြည် စိတ်ချထိုက်သူတွေ ဖြစ်ကြောင်း လူထုက ပြသဖို့ လိုတယ်၊၊ သူတို့ကို စိတ်ချ လက်ချ မယုံနိုင်ခင်၊ သူတို့ ဟာ ယုံကြည်လောက် သူတွေ ဖြစ်ကြောင်း အရိပ်လက္ခဏာ ပြသဖို့ လိုပါတယ်၊၊ ဒါဟာ အသွားရှိမှ အပြန်ရှိတဲ့ သဘော၊ အပြန်အလှန် ဖြစ်စဉ် သဘောပါပဲ၊၊

မေး၊၊ ခင်ဗျားအပေါ်မှာရော အာဏာပိုင်တွေက ယုံကြည်မှုရှိကြရဲ့လား၊၊

ဖြေ၊၊ ဒီမေးခွန်းက သူတို့ကို တိုက်ရိုက်မေးရမယ့် မေးခွန်း ဖြစ်ပါတယ်၊၊ ကျမကိုယ်တိုင်လည်း ဒီအဖြေကို သိချင်ပါတယ်၊၊ သူတို့ ကျမနဲ့ အဆက်အဆံ လုပ်လာခဲ့တာ ခြောက်နှစ်တောင် ရှိပြီဆိုတော့၊ ကျမအကြောင်း ကောင်းကောင်း သိနေကြပါပြီ၊၊ ‘ခင်ဗျားတို့ သူ့ကို ယုံကြည်မှု ရှိပါရဲ့လား’ လို့ ရှင်တို့ မေးပေးမယ်ဆိုရင် ကျမ ရှင်တို့ကို ကျေးဇူး တင်နေမှာပါ၊၊

မေး၊၊ ခင်ဗျားကို ဖမ်းဆီး ထိမ်းသိမ်းခဲ့သူတွေ အပေါ်မှာ ခင်ဗျားက ဒေါသလည်း မဖြစ် ၊ အာဃာတလည်း မထားလို့ သိရတော့ လူအတော်များများက အံ့သြ ကြတယ်လို့ ဆိုပါတယ်၊၊

ဖြေ၊၊ ဒါကို အံ့သြကြသတဲ့လား၊၊ အင်းစိန်ထောင် နဲ့ တခြားထောင်တွေထဲမှာ ကျမထက် ပိုဆိုးတဲ့ အခြေအနေ အောက်မှာ နေခဲ့ရတဲ့ လူအများစုကလည်း ကျမလိုပဲ အာဃာတ မထားကြပါဘူး၊၊ ကျမရဲ့ လုပ်ဖေါ် ကိုင်ဖက် အားလုံးဟာ စိတ်ကောင်း နှလုံးကောင်းရှိပြီး၊ ဂုဏ်ပြု ထိုက်တဲ့ ပုဂ္ဂိုလ်တွေဖြစ်တဲ့ အတွက် ကံကောင်းတယ်လို့ ဆိုရပါမယ်၊၊ သူတို့ဟာ အမြဲ ရှေ့အနာဂတ်ကိုသာ မျက်နှာမူ ထားကြပြီး၊ အတိတ်ကို ပြန်ပြီး ကြည့်နေကြသူတွေ မဟုတ်ပါဘူး၊၊ သူတို့ဟာ ယုံကြည်ချက် ခိုင်မာသူတွေ ဖြစ်ယုံမက၊ ကိုယ့်ကိုယ် ကိုလည်း ယုံကြည်မှု ရှိသူတွေ ဖြစ်ပါတယ်၊၊ ဒါကြောင့်လည်း လွန်ခဲ့တဲ့ ခြောက်နှစ်အတွင်း ဒုက္ခတွေကို ခါးစည်းပြီး ခံခဲ့ကြရပေမယ့်၊ သူတို့မှာ အာဃာတ မရှိကြတာ ဖြစ်ပါတယ်၊၊

မေး၊၊ ခြောက်နှစ်တာ နေအိမ်မှာ ဖမ်းဆီး ထိန်းသိမ်းခံရတဲ့ အတွက် ‘ဒီမိုကရေစီ ရရှိရေး သဘောထား ရပ်တည်ချက် ’ ပြောင်းလဲမှုများ ရှိပါ သေးသလား၊၊

ဖြေ၊၊ ကျမတင်မကပါဘူး၊ ကျမရဲ့ လုပ်ဖေါ်ကိုင်ဖက် တွေလည်း ဒီနှစ်တွေ အတော အတွင်း အတော် ဒုက္ခ ရောက်ပါတယ်၊၊ ကျမက ကိုယ့်အိမ်မှာတင် အကျဉ်းကျတာပါ၊ ကျမရဲ့ ရဲဘော်များကတော့ အကျဉ်း ထောင်ထဲမှာ နေခဲ့ကြရတာပါ၊၊ ဒါပေမယ့် အမုန်းအတေးတွေ မထားဘဲ သူတို့ပြန်ထွက် လာနိုင်ကြတဲ့ အတွက် ကျမ အတော် ဝမ်းသာ မိပါတယ်၊၊ ကျမအိမ်က ကမ္ဘာပေါ်မှာ အလှပဆုံး ဆိုတဲ့ အိမ်တော့ မဟုတ်ပါဘူး၊၊ ဒါပေမယ့် အင်းစိန်ထောင် အပါအဝင် မြန်မာနိုင်ငံက ဘယ်ထောင်တွေထက် မဆို၊ ကျမအိမ်က အများကြီး သက်တောင့် သက်သာ ရှိပါသေးတယ်၊၊ ထောင်တွေ ထဲမှာ နေရထိုင်ရတဲ့ အခြေ အနေက အတော်ကို ဆိုးရွား လှပါတယ်၊၊ ဒါပေမယ့် သူတို့ အာဃာတ မထားဘဲ ပြန်ထွက်လာ ခဲ့ကြပါတယ်၊၊ သူတို့ တောင်မှ အာဃာတ မထားဘဲ ထွက်လာ နိုင်ကြ သေးရင်၊ ကျမကရော ဘာလို့ အာဃာတ ရှိရမှာလဲ၊၊ ကျမတို့ အားလုံးမှာ တူညီတဲ့ စိတ်ထားတွေ ရှိနေကြပါတယ်၊၊

မေး၊၊ သူတို့ အပေါ်မှာ ခင်ဗျားက အာဃာတ မထားရှိဘူး ဆိုတာကို သူတို့ သိရော သိရဲ့လား၊၊

ဖြေ၊၊ သူတို့ သိမယ် ထင်ပါတယ်၊၊ အာဃာတ မထားရေးကို သူတို့လည်း အတုယူ သင့်ပါတယ်၊၊

မေး၊၊ စစ်တပ်က ခင်ဗျားကို ဘယ်လိုနိုင်ငံရေး အခန်းကဏ္ဍမှာ ပါစေချင်တာလဲ၊၊

ဖြေ၊၊ သူတို့အားလုံးရဲ့ အမြင်တွေက တူကြမှာတော့ မဟုတ်ဘူး၊၊ စစ်ဗိုလ်တချို့က ကျမကို ဒီ အခန်း ကဏ္ဍမှာ ပါစေချင်ပေမယ့်၊ ကျန်တချို့က မပါစေချင်ပြန်ဘူး၊၊ ကျမအနေနဲ့ သူတို့အကြိုက် လိုက်ပြီး မပြောနိုင်ဘူး၊၊ သူတို့က ကျမ နိုင်ငံရေး ဝင်မလုပ်နိုင်အောင် တားဆီးဖို့ ကြိုးပမ်းကြတယ်၊၊ ကျမကို တိုင်းပြည်ကနေ လွတ်လပ်စွာ ထွက်ခွာ သွားဖို့လည်း ကမ်းလှမ်းကြတယ်၊၊ ဒါမျိုး ကျမဘယ်တော့မှ လက်မခံဘူး၊၊ ဒီကိစ္စနဲ့ ပတ်သက်လို့ ဇန္နဝါရီလ ကြေညာချက်မှာ ကျမ ရှင်းရှင်းလင်းလင်း ပြောထားပြီးပါပြီ၊၊ ကြေညာချက်မှာ ကျမ ရည်ရွယ်ချက်က နိုင်ငံရေး တက်တက် ကြွကြွ ဆက်လုပ်သွားမယ်လို့  ပြောထားပါတယ်၊၊

မေး၊၊ စစ်ခေါင်းဆောင်ပိုင်းမှာ အုပ်စုကွဲနေတယ်လို့  ဆိုလိုပါသလား၊၊

ဖြေ၊၊ ကျမအဲဒီလို မထင်ပါဘူး၊ ကျမကို ဘာလုပ်စေချင်တယ် ဆိုတာနဲ့ ပတ်သက်လို့ မတူညီတဲ့ သဘောထား အမြင်တွေ ရှိနိုင်ပါတယ်၊ ဒါပေမယ့် ကျမသာ နိုင်ငံရေးက ထွက်သွားမယ်ဆိုရင် အကောင်းဆုံး ဖြစ်မယ်လို့ သူတို့ အားလုံး သဘောတူကြပါတယ်၊၊ အခု သူတို့ဖြစ်စေ ချင်သလို ကျမက ဖြစ်မလာတော့၊ ကျမကို ဘယ်လို လုပ်ကြမလဲ ဆိုတဲ့ ထင်မြင်ချက် အသစ်တွေ ပေးလာတာပါ၊၊ ဒါပေမယ် ကျမ ရည်ရွယ်ချက်က နိုင်ငံရေး အခန်းကဏ္ဍမှာ တက်တက် ကြွကြွ ဆက်လုပ်သွားမယ်လို့  ပြောထားပြီးသားပါ၊၊

မေး၊၊ အခု ခင်ဗျားကို ကြိုတင် စည်းကမ်း သတ်မှတ်ချက် လုံးဝမရှိဘဲ ပြန်လွှတ် ပေးတာလား၊၊

ဖြေ၊၊ မရှိပါဘူး၊ ဘယ်လို ကြိုတင်စည်းကမ်းချက်မျိုးကို မဆို ကျမ လက်မခံဘူး ဆိုတာ သူတို့ သိပါတယ်၊၊

မေး၊၊ တိုင်းပြည်ထဲက ထွက်ခွာသွားပြီးရင် ပြန်ဝင်ခွင့် မပေးမှာ ခင်ဗျား စိုးရိမ် နေပါသလား၊၊

ဖြေ၊၊ ဟုတ်ပါတယ်၊ ဒါကြောင့် ထမာဆတ် တက္ကသိုလ်ကို ကျမ ချက်ချင်း မလာနိုင်တာ ဖြစ်ပါတယ်၊၊

မေး၊၊ ခင်ဗျား နိုင်ငံက ထွက်ခွာရေး ကိစ္စနဲ့ပတ်သက်လို့ စစ်အာဏာ ပိုင်တွေက တစုံတရာ ပြောဖူးတာ ရှိပါသလား၊၊

ဖြေ၊၊ မပြောဘူးပါဘူး၊ ဒီကိစ္စနဲ့ပတ်သက်လို့ စကားလည်း မပြောဘူးပါဘူး၊ နိုင်ငံ့အပြင် ထွက်ရေး ကိစ္စက ကျမ ဘာသာ ဆုံးဖြတ်ရမှာပါ၊ ကျမ ထွက်သွားမှာ မဟုတ်ဘူး ဆိုတာလည်း သူတို့ သိတယ် ထင်ပါတယ်၊၊

မေး၊၊ ဆွေးနွေးနိုင်မယ့် နည်းလမ်း ကြိုးစားရှာဖွေဖို့ အတွက် ခင်ဗျားဒီမှာ ဆက်နေတာလို့ ဆိုလိုတာလား၊ ဒါမှလည်း အဖြေတခု ထွက်မှာ မဟုတ်လား၊ ခင်ဗျားမှာ အချိန်ဇယားတခု မှန်းထားတာများ ရှိပါသလား၊၊

ဖြေ၊၊ လောလောဆယ် မရှိပါဘူး၊၊ ဒါပေမယ့် တနေ့မဟုတ် တနေ့မှာ ပိုမို တိုးတက်တဲ့ အခြေအနေ အချိန်အခါကို ကျမတို့ ရောက်ချင်ပါတယ်၊၊ ဒါပေမယ့် အဲဒီလို အချိန်ကို လွယ်လွယ်နဲ ရောက်လိမ့်မယ်လို့တော့ ကျမ မထင်မိဘူး၊၊

မေး၊၊ ခင်ဗျားနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ဒီမိုကရေစီ ရရှိလိုတဲ့ အတွက် အကယ်၍ အမျိုးသား ညီလာခံတက်ဖို့  ဖိတ်ခေါ်လာရင် တက်ရောက် နိုင်မှာလား၊၊

ဖြေ၊၊ ဒီကိစ္စက အာဏာပိုင်များ အပေါ်မှာ အများကြီး မူတည်ပါတယ်၊ သူတို့က ကျမတို့နဲ့ တွဲလုပ်ချင်ရဲ့လား၊ ဒါမှမဟုတ် တခြား လူတွေနဲ့ တွဲလုပ် ချင်တာလား၊ ပြီးတော့ ညီလာခံရဲ့ ဦးတည်ချက်က ဘယ်လဲ၊ အမျိုးသား ညီလာခံဆိုတာ သတ်မှတ်ချက် တခုသာ ဖြစ်ပါတယ်၊ ဘယ်လို အမျိုးသား ညီလာခံ အမျိုးအစားကို တက်ရောက်ဖို့ ကျမတို့ကို ဖိတ်မှာလဲ ဆိုတဲ့ အပေါ်မှာလည်း အများကြီး မူတည်ပါတယ်၊၊

မေး၊၊ ရန်ကုန်တခွင်မှာ အဆောက်အဦး အသစ်တွေ အများအပြား ဆောက်နေတာ တွေ့ရပါတယ်၊ အများဆုံး ကတော့ ဟိုတယ် အသစ်တွေ ဖြစ်ပါတယ်၊၊ ဒါဟာ မြန်မာပြည် အတွက် ဘယ်လို အဓိပ္ပါယ် သက်ရောက် ပါသလဲ၊၊

ဖြေ၊၊ ဟိုတယ် အသစ်တွေ ဆောက်နေတာလား၊ ဒါဟာ မြန်မာပြည်ရဲ့ ပုံသဏ္ဍာန်ကို အတိအကျ ဖေါ်ပြနေတာ ဖြစ်ပါတယ်၊ ကျမလည်း ဟိုတယ်တွေချည်း ဆောက်နေတာနဲ့ ပတ်သက်လို့ နားမလည်နိုင်အောင် ဖြစ်မိပါတယ်၊ ပွင့်ပွင့်လင်းလင်း ပြောရရင် စိတ်မသက်မသာလည်း ဖြစ်မိပါတယ်၊ ကျမတို့ မြင်ချင်တွေ့ ချင်တာက ကျောင်းအသစ် ဆေးရုံအသစ် ကလေးသူငယ် စောင့်ရှောက်ရေး ဂေဟာအသစ် စာကြည့်တိုက် အသစ် စာအုပ်ဆိုင် အသစ်တွေ ဖြစ်ပါတယ်၊၊ ဒါပေမယ့် နေရာတကာမှာ ဟိုတယ်တွေချည်း ဆောက်နေတဲ့ အတွက် စိတ်မသက်မသာ ဖြစ်မိတာပါ၊၊

မေး၊၊ နေအိမ်အကျယ်ချုပ် ခြောက်နှစ်ကြာ နေခဲ့ရပြီး လွတ်မြောက် လာချိန်မှာ ဒီအဆောက်အဦး အသစ်တွေကို မြင်ရတော့ ခင်ဗျား တအံ့တသြ ဖြစ်မိပါသလား၊၊

ဖြေ၊၊ တကယ့်ကို မအံ့သြမိပါဘူး၊ ကျမက ဒီထက်မက အပြောင်းအလဲတွေကို မျှော်လင့်ထားတာ၊ ရန်ကုန်မှာ ဘာမှ အပြောင်းအလဲ မရှိသေးတဲ့ နေရာတွေ အများကြီးပါပဲ၊၊ ရှင်ကားတစီးနဲ့ လှည့်ပတ် ကြည့်မယ်ဆိုရင် ရန်ကုန်မြို့ရဲ့ နေရာ အများစုကြီးမှာ ဘာတခုမှ အပြောင်းအလဲ မရှိတာ တွေ့ရပါလိမ့်မယ်၊၊ ကျမက ရေဒီယို သတင်းတွေကို နားထောင်ပြီး ရန်ကုန်မြို့ကြီး အတော် ပြောင်းလဲ နေပြီလို့ ထင်နေ မိတာ၊၊ တကယ်တော့ လုံးဝ မဟုတ်ဘူး၊ ကျမသွားလေရာ နေရာတိုင်းမှာ ဟိုတယ် မိုတယ် တည်းခိုခန်း ဆိုတာတွေချည်း တွေ့နေ ရတယ်၊၊ ကျမ အမြင် အရတော့ ဟိုတယ်တွေ ဒီလောက် များနေတာဟာ အချိုးအစား မညီမျှဘူးလို့ ထင်ပါတယ်၊၊

မေး၊၊ ဒါကို အချိုးအစားညီသွားအောင် ဘယ်လို ဆောင်ရွက်ရင် ကောင်းမလဲ၊၊

ဖြေ၊၊ ဒီကိစ္စက မြန်မာပြည်ကို အကူအညီ ပေးချင်နေတဲ့ လူတွေ စဉ်းစားရမယ့် ကိစ္စပါ၊ တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ရေး ကိစ္စကို စဉ်းစားတဲ့ အခါ ပိုမိုကျယ်ပြန့်တဲ့ လူသားများ ဖွံ့ဖြိုး တိုးတက်ရေး ကိစ္စကို အလေးထား စဉ်းစား သင့်ပါတယ်၊၊ စီးပွားရေးဖွံ့ ဖြိုးတိုး တက်ရေး အတွက် ဆိုပြီး ရင်းနှီး မြှုပ်နှံမှု ပိုမို ရရှိရေးတို့၊ ကမ္ဘာလှည့် ခရီးသည် တိုးလာရေးတို့၊ ဟိုတယ်တွေ တိုးဆောက်ရေးတို့ ဆိုတဲ့ ကျဉ်းမြောင်းတဲ့ ဝေါဟာရ နယ်ပယ်ထဲမှာပဲ စဉ်းစား နေတာမျိုး မဖြစ်သင့်ဘူး၊၊

မေး၊၊ မြန်မာနိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင် အခြေအနေ ဟာလည်း အန္တရာယ် ကြုံနေရပြီ ထင်ပါတယ်၊ ထိုင်းနိုင်ငံနဲ့ တခြားနိုင်ငံ တွေမှာလည်း အလားတူ အတွေ့ အကြုံ မျိုးတွေ ကြုံခဲ့ရတာ ကျနော်တို့ သိထားပါတယ်၊၊

ဖြေ၊၊ မြန်မာနိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင် အခြေအနေဟာ အန္တရာယ် ရှိနေပြီလို့ ကျမ ကြားထားပါတယ်၊၊ ဒါပေမယ့် အမှန်ပြောရရင် မျက်စေ့နဲ့ တပ်အပ်တော့ မမြင်ရသေးပါဘူး၊၊

မေး၊၊ ဒီ နိုင်ငံမှာ သဘာဝပတ်ဝန်းကျင် ဆုံးရှုံးမှုတွေ ဖြစ်နေပြီလား၊၊

ဖြေ၊၊ ကျွန်းသစ်တောတွေ အများအပြားရှိတဲ့ နယ်စပ် ဒေသ တလျောက်မှာ သဘာဝ ပတ်ဝန်းကျင် ဆုံးရှုံးမှုတွေ ဖြစ်နေတယ်လို့ ကျမ ကြားပါတယ်၊၊ ရန်ကုန်မှာတောင် ဟော်တယ်တွေ ဆောက်ဖို့ သစ်ပင်တွေ ခုတ်လှဲပစ် နေကြတယ်လေ၊၊

မေး၊၊ ခင်ဗျားအနေနဲ့ အဖွဲ့ချုပ် ခေါင်းဆောင်တွေနဲ့ ထောက်ခံသူတွေကို ဒီ အကြောင်းတွေ ပြောပြ ဖြစ်ပါသလား၊၊

ဖြေ၊၊ နေ့တိုင်းလောက် ပြောဖြစ်ပါတယ်၊၊ ကျမတို့ ပုံမှန် ထိတွေ့မှု ရှိပါတယ်၊၊

မေး၊၊ သူတို့ရဲ့ သဘောထား ရပ်တည်ချက်တွေနဲ့ ပတ်သက်လို့ ခင်ဗျား အားတက် မိပါသလား၊၊

ဖြေ၊၊ အားတက်မိပါတယ်၊ လွန်ခဲ့တဲ့ ခြောက်နှစ်တုံးက အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်ဟာ ခြေကုန် လက်ပမ်း ကျပြီး နိုင်ငံရေး ပါတီတခု လို့တောင် မပြောနိုင်တော့ဘူး ဆိုတဲ့ ဝေဖန်သံတွေကို ရှင်တို့လည်း ကြားမိမှာပါ၊ ဒါကို မှန်တယ်လို့ ကျမ မထင်ပါဘူး၊ လွန်ခဲ့တဲ့ ခြောက်နှစ် ကာလ အတွင်းမှာ ကန့်သတ် ချုပ်ချယ်မှု အမျိုးမျိုးကြောင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်ဟာ တော်တော်လေး အားနည်း သွားခဲ့တာတော့ မှန်ပါတယ်၊၊ ဒါပေမယ့် ကျမတို့ ဒီနေ့အထိ လူထု ထောက်ခံမှုကို ရရှိနေပါတယ်၊၊

မေး၊၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ အရင်က ရရှိခဲ့တဲ့ ထောက်ခံမှု ရေချိန်မျိုး အခု ရနေပါသလား၊၊

ဖြေ၊၊ အရင်ကလို ဗြောင်ကျတဲ့ ထောက်ခံမှုမျိုးတော့ မဟုတ်တော့ပါဘူး၊ ကျမတို့ အဖွဲ့ဝင် အများအပြားဟာ ထုတ်ပယ် ခံခဲ့ကြရပါတယ်၊ ကျမ ကိုယ်တိုင်လည်းပဲ ထုတ်ပယ် ခံခဲ့ရပါတယ်၊၊ တချို့ကတော့ ကြောက်လို့ ထွက်သွား ကြတာပါ၊၊ မကွယ်မဝှက် ပြောရရင် ရွေးကောက်ပွဲ မတိုင်မီက လောက်တော့ ထောက်ခံမှု မများတော့ဘူးလို့ ပြောနိုင် ပါတယ်၊၊ ဒါပေမယ့် ဒီကနေ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ပါတီ တခု အနေနဲ့ မဟုတ်ဘဲ၊ ဒီမိုကရေစီ လှုပ်ရှားမှုကြီး အဖြစ်နဲ့ လူထုကြားမှာ ထောက်ခံမှု ရနေဆဲဖြစ်ပါတယ်၊၊ ၁၉၉ဝ မတိုင်မီကထက် လူထု ထောက်ခံမှု ပိုရနေပါတယ်၊၊

မေး၊၊ အနာဂတ်မှာ ဘယ်လို ဆုံးဖြတ်ချက်မျိုးကို ခင်ဗျားတို့ လက်ခံသည်ဖြစ်စေ၊ စစ်တပ်ဟာ တခန်း တကဏ္ဍ ကနေ ပါဝင်သင့်တယ် လို့ ခင်ဗျား ယူဆပါသလား၊၊

ဖြေ၊၊ စစ်တပ်ဟာ နိုင်ငံအတွက် တခန်းတကဏ္ဍ ကနေ မလွဲမသွေ ပါဝင်ရမှာပါ၊ ကိစ္စ အားလုံး ပြေလည် သွားပြီးရင် ကျမတို့  ‘တပ်မတော်’ တရပ် လိုအပ်ပါတယ်၊၊

မေး၊၊ နိုင်ငံရေးအခန်းကနေ ပါဝင်မယ် ဆိုရင်ရော၊၊

ဖြေ၊၊ ဒီကိစ္စကို လူထုက ဆုံးဖြတ်မှာပါ၊၊ နိုင်ငံအတွင်းမှာ ဘယ်အင်အားစုကို ဘယ်လို တာဝန်မျိုး ပေးချင်တယ် ဆိုတဲ့ ကိစ္စကို ဆုံးဖြတ်ရမှာက လူထု ဖြစ်ပါတယ်၊၊

မေး၊၊ စစ်တပ်ဟာ ဘယ်လို အခန်းကဏ္ဍ ကနေ ပါဝင် သင့်တယ်လို့ ထင်ပါသလဲ၊၊ ခင်ဗျားရဲ့ ပုဂ္ဂလိက အမြင်ကို သိပါရစေ၊၊

ဖြေ၊၊ ကျမအမြင်ကို ကျမအမြဲပဲ ပြောပါတယ်၊ စစ်တပ်ကို ဂုဏ်သိက္ခာရှိတဲ့ တပ်မတော် တရပ် ဖြစ်စေချင်ပါတယ်၊၊ ဘာကြောင့်လဲ ဆိုတော့ ဂုဏ်သိက္ခာရှိတဲ့ တပ်မတော် ဖြစ်မှသာ မိမိ အကျိုးစီးပွားနဲ့ အတူ တိုင်းပြည် အကျိုး စီးပွားကိုလည်း ကာကွယ်နိုင်မှာ ဖြစ်လို့ပဲ၊၊ ဒါပေမယ့် တကယ် အရေးကြီးတဲ့ အချက်က စစ်တပ်ရဲ့ အခန်းကဏ္ဍကို လူထုက ဘယ်လို ရှုမြင်သလဲ ဆိုတာပါပဲ၊၊ နိဂုံးချုပ်ပြီး ပြောရရင် ဘယ်အဖွဲ့ အစည်းကို ဘယ် အခန်းကဏ္ဍမှာ တာဝန်ပေးပေး၊ လူထုရဲ့ အတည်ပြုချက် ရှိမှသာ အဲဒီ အဖွဲ့အစည်းဟာ ရေရှည် ရပ်တည် ရှင်သန်နိုင်မှာ ဖြစ်ပါတယ်၊၊

မေး၊၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရေးဆွဲ နေတဲ့ အမျိုးသား ညီလာခံကို ခင်ဗျား ဝေဖန်ခဲ့တာ တွေ့ရပါတယ်၊၊ ဖွဲ့စည်းပုံ ရေးဆွဲနေမှု အခြေအနေဟာ လက်ရှိ အနေအထားရ လမ်းကြောင်းမှန်ပေါ်မှာ ရှိပါသလား၊၊

ဖြေ၊၊ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ မူကြမ်းဟာ တကယ့်ကို ဒီမိုကရေစီဆီ ဦးတည်မှု မရှိပါဘူး၊၊ ဒါကြောင့် သူတို့ အနေနဲ့ ဆွေးနွေးပွဲ တံခါးကို ဖွင့်ပေး သင့်တယ်လို့ ကျမထင်ပါတယ်၊၊

မေး၊၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေမှာ ခင်ဗျားအနေနဲ့ ဘယ်လို အခြေခံ စည်းမျဉ်းတွေ ပါဝင်တာ မြင်လို ပါသလဲ၊၊

ဖြေ၊၊ စစ်မှန်တဲ့ဒီမိုကရေစီ အစိုးရတိုင်း အတွက် အခြေခံ စည်းမျဉ်းကတော့ ‘တိုင်းပြည်ရဲ့ ဦးစီး ပဲ့ကိုင် နေရာမှာ ဘယ်သူ့ကို တာဝန် ယူစေချင်သလဲ’ ဆိုတဲ့ အချက်နဲ့ ပတ်သက်လို့ လူထုမှာ ဆုံးဖြတ်ပိုင်ခွင့် ရှိသင့်တယ်၊ ဘယ်အချိန်မှာ သူတို့ကို ဖယ်ရှားမှာလဲ ဆိုတာလည်း လူထုက ဆုံးဖြတ်ပေးရမှာ ဖြစ်တယ်၊၊ စစ်မှန်တဲ့ ဒီမို ကရေစီ အစိုးရ တိုင်းမှာ လူထုက အပ်နှင်းတဲ့ အခွင့်အာဏာ (Mandate) ရှိရမယ်၊ ဒီအခွင့် အာဏာကို လူထုက အပ်နှင်းကြောင်း အာမခံနိုင်တဲ့ လူအများ လက်ခံတဲ့ အဖွဲ့အစည်းတွေလည်း ရှိရမှာဖြစ်တယ်၊၊

မေး၊၊ အခုခင်ဗျားလွတ်မြောက်လာပြီ ဆိုတော့ နိုင်ငံတကာ မိသားစုက မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ဘယ်လို ရပ်တည် ပေးစေ ချင်ပါသလဲ၊၊

ဖြေ၊၊ ပထမဦးဆုံးအနေနဲ့ တခြား နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက် စေချင်ပါတယ်၊၊ လွန်ခဲ့တဲ့ သီတင်း သုံးပတ်အတွင်းမှ ကျမဟာ တဦးတည်းသော လွတ်မြောက်လာသူ ဖြစ်ပါတယ်၊၊ တခြား ဖမ်းဆီး ထိန်းသိမ်း ခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အမြောက် အမြား ကျန်နေပါ သေးတယ်၊၊ ဒုတိယ အနေနဲ့ တွေ့ဆုံ ဆွေးနွေးရေး၊ ညှိနှိုင်း အဖြေရှာရေး ဖြစ်မြောက်ဖို့ တိုက်တွန်း ချင်ပါတယ်၊၊ ဒါဟာ မြန်မာပြည် တခုတည်း အတွက် သက်သက်တင် မကပါဘူး၊ ‘ပြဿနာတွေကို ညှိနှိုင်းဆွေးနွေး အဖြေရှာနိုင်တယ်’ ဆိုတဲ့ ‘နိုင်ငံတကာ ကျင့်ဝတ်နှုန်းစံ’ တရပ် စိုက်ထူဖို့လည်း ဖြစ်ပါတယ်၊၊ အကယ်၍သာ ပြဿနာတွေကို အနိုင်အထက် ဖြေရှင်းတာမျိုး မဟုတ်ဘဲ၊ လူသား အချင်းချင်း အတူထိုင်ပြီး ဆွေးနွေး ညှိနှိုင်း အဖြေရှာကြတာ ဆိုတဲ့ ထုံးတမ်း အစဉ်အလာ တခု ချပေးနိုင်ခဲ့ရင် ဒါဟာ နိုင်ငံတိုင်း အတွက် အကျိုးကျေးဇူး ရှိမယ်လို့ ယူဆပါတယ်၊၊

မေး၊၊ ကူညီဖို့ ခြေလှမ်းပြင်နေတဲ့ နိုင်ငံတွေနဲ့ ရင်းနှီးမြှုပ်နှံ လိုသူတွေကို “ဆန္ဒမစောကြဖို့ အလျင်မလို ကြဖို့” ခင်ဗျား သတင်းပါး ချင်ပါသလား၊၊

ဖြေ၊၊ သိပ်အလျင်မလိုကြပါနဲ့ဦး၊ စကားပြောနိုင်မယ့် ညှိနှိုင်း ဆွေးနွေးနိုင်မယ့် ရေခံ မြေခံ ပတ်ဝန်းကျင်ကလေး ဖြစ်လာအောင် ဝိုင်းဝန်း တိုက်တွန်းပေးကြဖို့ မေတ္တာ ရပ်ခံ ချင်ပါတယ်၊၊

မေး၊၊ တကယ်လို့ စစ်အာဏာပိုင်တွေက ခင်ဗျားကို လျစ်လျူ ပြုထားမယ် ဆိုရင် ခင်ဗျား ဘာဆက်လုပ်မလဲ၊၊ သူတို့က ခင်ဗျားကို သတင်းစာနဲ့ စကားပြောခွင့် ပေးမယ်၊ လူထုနဲ့ စကားပြောခွင့် ပေးမယ်၊ ဒါပေမယ့် သူတို့ကတော့ ဘာမျှ မလုပ်ဘဲ နေမယ် ဆိုရင်ပေါ့၊၊

ဖြေ၊၊ သူတို့ ရှိရာကို ကျမတို့ သွားတဲ့အခါ တံတားတွေတော့ ဖြတ်ကျော်ရမှာပေါ့၊၊

မေး၊၊ စိတ်ပျက်စရာတွေ အတွက်ရော ကြိုပြင် ထားပါသလား၊၊

ဖြေ၊၊ သေသေချာချာပြင်ထားပါတယ်၊၊ ဒါပေမယ့် ကျမတို့က ကျမတို့ရဲ့ နည်းဗျူဟာ အားလုံးကိုတော့ ဘယ် ချပြပါ့မလဲ၊၊ ဒီလို အချိန်မျိုးမှာ ကျမတို့ရဲ့ ဖဲချပ် အားလုံးကို စားပွဲပေါ်မှာ ဘယ်ခင်းပြမှာလဲ၊၊

မေး၊၊ ခင်ဗျား အဆုံးစွန်အထိ ပြင်ဆင်ထားပြီးပြီပေါ့၊၊

ဖြေ၊၊ “အကောင်းဆုံးကို မျှော်လင့်ပြီး၊ အဆိုးဆုံး အတွက် ပြင်ဆင်ထား” ဆိုတာ ကျမဖေဖေရဲ့ လက်သုံး စကားပဲ၊ ကျမ အမြဲတမ်း အဲဒီ အဆိုအမိန့် အတိုင်း နေထိုင်ပါတယ်၊၊

မေး၊၊ ခင်ဗျားအနေနဲ့ ကိုယ်တိုင် ‘သမ္မတ’ သို့မဟုတ် ‘ဝန်ကြီးချုပ်’အဖြစ် တာဝန်ယူပြီး တိုင်းပြည် အရေး ကိစ္စကို စီမံ ကွပ်ကဲဖို့ပြင်ဆင် ထားပါသလား၊၊

ဖြေ၊၊ ဒီမိုကရက်တစ်ပါတီ တခုမှာ အဖွဲ့ဝင်တဦး ဖြစ်ခွင့်ရတဲ့ အားသာချက်က၊ ရှင့်ကိုယ်ရှင် တသီးတသန့် ပုဂ္ဂိုလ် အဖြစ် အဲဒီလို ရာထူးရာခံမျိုး အတွက် ကြိုတင် ပြင်ဆင်တာမျိုး လုပ်စရာ မလိုပါဘူး၊၊ ဘာကြောင့်လဲ ဆိုတော့ ရှင်ဟာ အာဏာရှင် တယောက် ဖြစ်လာအောင် လုပ်မှာ မဟုတ်လို့ဘဲ၊၊ ရှင်ဟာ အဖွဲ့ အစည်း တရပ်ရဲ့ အစိပ်အပိုင်း တခုအဖြစ် တာဝန်ယူ ဆောင်ရွက် နေရလို့ပဲ၊၊ ပြီးတော့ ကျမတို့မှာ ကောင်းမွန်တဲ့ အဖွဲ့တခု ရှိနေပါတယ်၊၊ ဒါကြောင့် သီးသန့်ရာထူး တခုခု အတွက် ပြင်ဆင်ဖို့ ကျမ စဉ်းစားမှာ မဟုတ်ပါဘူး၊၊ ကျမတို့မှာ တိုင်းပြည်က ယုံကြည် အားထားတဲ့ အဖွဲ့အစည်း တရပ် ရှိနေလို့ ပါပဲ၊၊ လူထုက ပေးအပ်တဲ့ ဘယ်လို တာဝန်မျိုးကို မဆို ထမ်းရွက်နိုင်တဲ့ အရည်အချင်း ကျမတို့ အဖွဲ့မှာ ရှိပါတယ်၊၊

မေး၊၊ တိုင်းရင်းသား အစုအဖွဲ့တွေကို ဆွေးနွေးရေး စားပွဲဝိုင်းဆီ ရောက်အောင် ခေါ်ဖို့ စစ်ခေါင်းဆောင် တွေဟာ လမ်းကြောင်း အမှန်ပေါ် မှာ ရှိပါရဲ့လား၊၊

ဖြေ၊၊ အပစ်အခတ်ရပ်ရေးဆိုတာ ကောင်းတဲ့ စဉ်းစားချက် ပါပဲ၊၊ အပစ်ရပ်ရေး လုပ်ရခြင်းဟာ လူသားတွေရဲ့ ဆင်းရဲ ဒုက္ခ ခံစားရမှုကို အတိုင်းအတာ တခုအထိ ဖေါ်ပြ လိုက်တာ ဖြစ်ပါတယ်၊၊ ဒါပေမယ့် ဒါဟာ အမြဲတမ်း ငြိမ်းချမ်းရေး အတွက် ဖြေရှင်းချက် မဟုတ်ပါဘူး၊၊ လူတိုင်း ဝန်ခံရမယ့် အချက်က အပစ်ရပ်တာဟာ အပစ်ရပ်တာ သက်သက်ပါပဲ၊၊ ငြိမ်းချမ်းရေး ရတာ မဟုတ်ပါဘူး၊၊ အပစ်ရပ်တာဟာ ငြိမ်းချမ်းဖို့ အတွက် ဆောင်ရွက်ရမယ့် အဆင့် တဆင့်ပါပဲ၊၊ ကျမတို့ အနေနဲ့ တကယ့် ငြိမ်းချမ်းရေး ရရှိရေး အတွက် ဆက်ပြီး လုပ်ကြရမှာ ဖြစ်ပါတယ်၊၊ ကျမတို့ အလေးအနက်မျှော်လင့် တာက အပစ်အခတ် ရပ်စဲရေး သဘော တူညီမှုတွေကို မချိုးဖေါက် ကြဖို့၊ အရင်က အခြေအနေဆိုးဆီ ပြန်မရောက်ဖို့ ပါပဲ၊၊

မေး၊၊ တိုင်းရင်းသားလူမျိုးစုတွေရဲ့ ပြဿနာကို ခင်ဗျားသာ ဆိုရင် ဘယ်လို ကိုင်တွယ် ဖြေရှင်းမလဲ၊ အထူးသဖြင့် ထိုင်းမြန်မာ နယ်စပ် တလျောက်က ပြဿနာတွေ ဆိုပါတော့၊၊

ဖြေ၊၊ နောက်ဆုံးမှာတော့ တွေ့ဆုံ ဆွေးနွေး အဖြေရှာ ကြရမှာပါပဲ၊၊ သူတို့ စကားပြော ကြရမှာပါ၊၊ ပဋိက္ခကို ဖြေရှင်းဖို့က နည်းလမ်း နှစ်ခုပဲ ရှိပါတယ်၊ တဦးနဲ့တဦး အပြန်အလှန် ပစ်ကြ ခတ်ကြ မှာလား၊ ဆွေးနွေး ကြမှာလား၊ ကျမကတော့ တွေ့ဆုံ ဆွေးနွေးတာကို ပိုပြီး သဘောကျပါတယ်၊၊

မေး၊၊ စစ်မှန်တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံကို အမှန်တကယ် ထူထောင်မယ် ဆိုရင် ဘယ်လို လျော်ကန် သင့်မြတ်တဲ့ မူဘောင် ချရမှာလဲ၊၊

ဖြေ၊၊ ပထမဦးဆုံး ‘ယုံကြည်မှုပတ်ဝန်းကျင်’ တခု တည်ဆောက် ကြရမှာပါ၊၊ ဒီ ‘ယုံကြည်မှု’ဟာ မြန်မာနိုင်ငံမှာ ကွယ်ပျောက် နေတဲ့ အရာ ဖြစ်ပါတယ်၊၊ ယုံကြည်မှု ပတ်ဝန်းကျင် တခု မတည်ဆောက် နိုင်သေးသမျှ ‘ထိရောက်မှု ရှိတဲ့ ဆွေးနွေးပွဲ’ မျိုး ကျမတို့ စတင်နိုင်မှာ မဟုတ်ပါဘူး၊၊ ဆွေးနွေးရေး စားပွဲမှာ ဝိုင်းထိုင်လိုက်ဖို့ ဆိုတာ ကတော့ လွယ်ပါတယ်၊၊ ဒါပေမယ့် လူတိုင်းက တဦးအပေါ် တဦး သံသယတွေ ပွားနေကြရင် အများ လက်ခံနိုင်တဲ့ သဘောတူညီမှု တခု ရရှိအောင် ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး၊၊ ဒါကြောင့် တိုင်းရင်းသားတွေ ယုံကြည် စိတ်ချနိုင်တဲ့ အစိုးရ တရပ် ရှိတယ်ဆိုတာ ကျမတို့ အနေနဲ့ ပြသဖို့လိုပါတယ်၊၊ အဲဒီ အစိုးရဟာ တိုင်းရင်းသား များရဲ့ မျှော်မှန်း ချက်တွေနဲ့ ပြဿနာတွေကို စာနာ ထောက်ထား ကြောင်းလည်း ပြသရ ပါလိမ့်မယ်၊၊ ပြဿနာကို အဲဒီကနေ စပြီး ကိုင်တွယ်ရမယ် ထင်ပါတယ်၊၊ တချို့ တိုင်းရင်းသား အင်အားစုတွေ အနေနဲ့ ‘ထိရောက်မှုရှိတဲ့ ဆွေးနွေးပွဲ’ တွေမစတင်မီ သူတို့ ဖြစ်စေချင်တဲ့ မူဘောင် ဆိုင်ရာ အကြံပြုစရာတွေ ရှိပြီး ဖြစ်နိုင်ပါတယ်၊၊ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ မူဘောင် တခု ရရှိဖို့အတွက် ညိနှိုင်း ဆွေးနွေးကြမယ် ဆိုရင်လည်း ဖြစ်နိုင်ပါတယ်၊၊

မေး၊၊ စစ်ခေါင်းဆောင်များနဲ့ ဆွေးနွေးတဲ့အခါ တိုင်းရင်းသား လူမျိုးစုများရဲ့ ပြဿနာကို ဦးစားပေး ကိစ္စ အဖြစ် ခင်ဗျား သဘောထား နိုင်ပါမည်လား၊၊

ဖြေ၊၊ ပထမဆုံးလုပ်ရမှာက အပြန်အလှန် စကားစတင် ပြောနိုင်ကြဖို့ ဖြစ်ပါတယ်၊၊ အဲဒီနောက်မှာ အမှန်အတိုင်း ပြောရရင်၊ ဆွေးနွေးပွဲမှာ တိုင်းရင်းသားတွေ ပါဝင်လာဖို့ ဖြစ်ပါတယ်၊၊ တိုင်းရင်းသားတွေ မပါဝင်ခဲ့ရင် အရှည် တည်တန့် တဲ့ငြိမ်းချမ်းရေးကို ကျမတို့  မရနိုင်ပါဘူး၊၊ ဒါကြောင့် ဆွေးနွေးပွဲမှာ တိုင်းရင်းသားတွေ မုချ ပါဝင်ရမှာပါ၊၊

မေး၊၊ စစ်ခေါင်းဆောင်တွေနဲ့ ဆွေးနွေးတဲ့အခါ ဘယ် ကိစ္စတွေကို ဦးစားပေး ဆွေးနွေး မှာလဲ၊၊

ဖြေ၊၊ ဒါကတော့ ဆွေးနွေးပွဲ ဘယ်အချိန်မှာ စဖြစ်မလဲ ဆိုတဲ့ အပေါ်မှာ တည်ပါတယ်၊၊

မေး၊၊ တကယ်လို့ နောက် သီတင်းပတ်မှာ ဆွေးနွေးမယ် ဆိုရင်ရော၊၊

ဖြေ၊၊ နောက် သီတင်းပတ်မှာ စမယ်ဆိုရင်၊ နိုင်ငံရေး အကျဉ်းသားတွေ အရင်ဆုံး လွှတ်ပေးဖို့ တောင်းဆို ရမှာပဲ၊၊

မေး၊၊ နေအိမ်မှာ ခြောက်နှစ် ထိန်းသိမ်းခံရတဲ့ အတွက် စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရှိခဲ့ ပါသလား၊၊

ဖြေ၊၊ အိမ်မှာချုပ်နှောင်ထားတာနဲ့ ပတ်သက်မှု မရှိဘူးလို့ ပြောရင်လည်း ရပါတယ်၊ ရုပ်ပိုင်းဆိုင်ရာ အရ ပြောရရင် ကျမလည်ပင်းမှာ ပြဿနာ ရှိပါတယ်၊ ဘာကြာင့်လဲ ဆိုတော့ အချိန် အများစုမှာ ကျမက စာဖတ် နေတာကိုး၊၊ စိတ်ပိုင်း ဆိုင်ရာ ခံစားမှုအရ ပြောရရင် ချုပ်နှောင်ထားတဲ့ အတွက် စိတ်ဓါတ် ပိုပြီးကြံ့ခိုင် လာတယ်လို့ ထင်ပါတယ်၊၊ ဒါဟာ လွန်ခဲ့တဲ့ ခြောက်နှစ် အတွင်း ထောင်ထဲမှာ နေခဲ့ရတဲ့ ကျမတို့ အားလုံးရဲ့ တွေ့ရှိချက် ပါပဲ၊၊ စိတ်ဓါတ်ကျတဲ့လူ မဆိုစလောက် ရှိပေမယ့် ကျမတို့ အများစုကြီး ကတော့ စိတ်ဓါတ် ပိုမိုခိုင်မာ ပြတ်သား လာပါတယ်၊၊ ကျမတို့ ဆက်လက် ရှင်သန် သွားနိုင်ရေး အတွက် ခွန်အားတွေ ရရှိခဲ့ပါတယ်၊၊ ဒီအတွက် စစ်အာဏာပိုင်များ ကိုတောင် ကျမတို့ ကျေးဇူး တင်ရပါလိမ့်မယ်၊၊

မေး၊၊ ခင်ဗျားမိသားစုနဲ့ ဝေးကွာနေရတဲ့ အတွက် ခင်ဗျားရဲ့ သန္နိဋ္ဌာန်ကို ယိမ်းယိုင် စေပါသလား၊၊

ဖြေ၊၊ မယိမ်းယိုင်ပါဘူး၊ မိသားစုကြောင့် ကျမရဲ့ သန္နိဋ္ဌာန် ယိမ်းယိုင် မသွားခဲ့ပါဘူး၊ တခုတော့ ဝန်ခံ ရမှာပေါ့လေ၊ မိသားစု အကြောင်း သိပ်မတွေး ဖြစ်အောင်တော့ လေ့ကျင့် ရတာပေါ့၊၊ ဒီကိစ္စက ကိုယ်လည်း ဘာမှ တတ်နိုင်တဲ့ ကိစ္စ မဟုတ်ဘူးလေ။ ကိုယ်မလုပ်နိုင်တဲ့ ကိစ္စကို မစဉ်းစားမိဖို့ ဆိုတာ ကျမရဲ့ စည်းကမ်း သတ်မှတ်ချက် တခုပါ၊၊

မေး၊၊ နေအိမ်အကျယ်ချုပ် ကာလ ဘယ်လောက်ကြာမယ် ဆိုတာ ၊ ခင်ဗျား လုံးဝ ခန့်မှန်း ကြည့်လို့ မရဘူးလား၊၊

ဖြေ၊၊ ခန့်မှန်းမရပါဘူး၊၊ စပြောတုံးက တနှစ်လို့ ပြောတယ်၊ နောက်တော့ သုံးနှစ်လို့ ပြောပြန်တယ်၊ နောက်တော့ သူတို့ ဥပဒေရဲ့ အနက်ဖွင့် ဆိုချက်က ခြောက်နှစ်လို့ ဖြစ်ပြန်ရော၊၊ ဒီနောက်တော့ ကျမလည်း အချိန် သတ်မှတ်ချက် မထားတော့ဘူး၊ ကြာချင်သလောက် ကြာပါစေ ကျမ ရင်ဆိုင်သွားမယ်လို့ သန္နိဋ္ဌာန် ချလိုက်တယ်၊၊

မေး၊၊ ခင်ဗျားရဲ့ နေ့စဉ် ဘဝ နေထိုင်မှုကို သိပါရစေ၊၊

ဖြေ၊၊ မနက် ၄ နာရီခွဲမှာ အိပ်ယာထတယ်၊ တနာရီလောက် တရားထိုင်တယ်၊ ပြီးရင် နာရီ အနည်းငယ် ရေဒီယို နားထောင်ပါတယ်၊ အသံ လွှင့်ရုံတွေ ကတော့ အမျိုးမျိုးပေါ့၊ ဘီဘီစီ နိုင်ငံတကာ အစီအစဉ်၊ ဗွီအိုအေ မြန်မာပိုင်း၊ ဒီမိုကရက်တစ် မြန်မာ့အသံ တို့လို ရေဒီယိုတွေကို နားထောင်ပါတယ်၊၊ ဒီနည်းနဲ့ ပြင်ပကမ္ဘာမှာ ဘာတွေ ဖြစ်နေသလဲ ဆိုတာကို ပြည့်ပြည့်စုံစုံ သိရပြီးတဲ့ နောက် ကျမရဲ့ တနေ့တာကို စတင်ခဲ့တယ် ဆိုပါတော့၊၊ ကျန်တဲ့ အချိန်တွေ ကိုတော့ စာဖတ်တာရယ် အိမ်မှု ကိစ္စတွေရယ် အချိန်မျှပြီး လုပ်ပါတယ်၊၊ ဒီအတိုင်း ကျမ အသားကျ နေပါပြီ၊၊

မေး၊၊ နေအိမ်အကျယ်ချုပ် ကာလမှာ အဆိုးဆုံးလို့ ဆိုရမယ့် ဘဝ အစိပ်အပိုင်းကို သိပါရစေ၊၊

ဖြေ၊၊ ကျမရဲ့ လုပ်ဖေါ်ကိုင်ဖက်တွေ နေထိုင်မှ ကောင်းကြရဲ့လား၊ သူတို့ မိသားစုတွေ ဘယ်လိုများ နေကြပါလိမ့် စသဖြင့် စိုးရိမ် ပူပန်နေရတဲ့ အချိန်တွေပါပဲ၊၊

မေး၊၊ အကောင်းဆုံးလို့ ဆိုရမယ့် အပိုင်းလည်း သိပါရစေ၊၊

ဖြေ၊၊ အကောင်းဆုံးလို့ ပြောရမယ့် အပိုင်းကတော့ စာဖတ်ချိန် အများကြီး ရခဲ့တာပါပဲ၊၊

မေး၊၊ ခြောက်နှစ်အတွင်းမှာ စာတွေ လက်ခံ ရရှိတာရော ရှိပါသလား၊၊

ဖြေ၊၊ အစပိုင်းမှာတော့ ကျမမိသားစု ဆီက စာတွေကို သူတို့ ခွင့်ပြုလို့ ရရှိခဲ့ ပါတယ်၊၊ ၁၉၉ဝ ဇူလိုင်(၂ဝ) နောက်ပိုင်း ကျတော့ ကျမရဲ့ အကျယ်ချုပ် ကာလကို တိုးမြှင့် လိုက်ပါတယ်၊၊ ဒါဟာ ၁၉၉ဝ ရွေးကောက်ပွဲ ရလဒ်ကို သူတို့ လေးစားမှု မရှိကြောင်း ပြလိုက်တာလည်း ဖြစ်ပါတယ်၊၊ အဲဒီနောက်မှာ ကျမ မိသားစုဆီက စာနဲ့ ပစ္စည်းတွေ မရတော့ပါဘူး၊၊

မေး၊၊ အချိန်မရွေး အန္တရာယ် ကျရောက်လာနိုင်တယ်လို့ ခံစားခဲ့ရ ပါသလား၊၊

ဖြေ၊၊ မခံစားခဲ့ရပါဘူး၊ ကျမ စိုးရိမ်သောက မဖြစ်ခဲ့ဘူးလို့ဘဲ ပြောပါရစေ၊ ပကတိ အရှိအတိုင်း ပြောရရင် ကျမရဲ့ လုံခြုံရေးက တည်းတည်းကလေး လို့ ပြောရမယ့် အနေအထား ဆိုတာ၊ ကျမ သတိ ပြုမိပါတယ်၊၊ သူတို့ ကျမကို အချိန်မရွေး ကြိုက်သလို လုပ်နိုင်ပါတယ်၊၊ ကျမအတွက် အကြီးမားဆုံး အကာအကွယ် ကတော့ ပြည်သူ လူထုရဲ့ မေတ္တာနဲ့ ထောက်ခံမှုပဲ ဖြစ်ပါတယ်၊၊ နိုင်ငံတကာ မိသားစုရဲ့ အကာအကွယ် ပေးမှုလည်း ရပါတယ်၊၊ ဒါပေမယ့် အချုပ်အားဖြင့် ပြောရရင် မြန်မာနိုင်ငံ ပြည်သူလူထုရဲ့ မေတ္တာနဲ့ ထောက်ခံမှု၊ ကျမဖခင် အပေါ်မှာ ထားရှိတဲ့ လူထုရဲ့ လေးစား ချစ်ခင်မှုများဟာ ကျမအတွက် အကောင်းဆုံး ကာကွယ် စောင့်ရှောက်မှု ဖြစ်ခဲ့ပါတယ်၊၊

မေး၊၊ ရန်ကုန်မြို့ တခွင်မှာ သွားရ လာရတာ ကရော လုံခြုံမှု ရှိတယ်လို့ ခံစား မိပါသလား၊၊

ဖြေ၊၊ တကယ်ပဲ ကျမ လုံခြုံမှု ရှိရဲ့လား ဆိုတာ၊ စဉ်းစားတော့ နေမိတာပဲ၊ ဒါပေမယ့် ကျမလည်း မပြောတတ်ဘူး၊ ကျမ လုံခြုံရေးကို ကျမကိုယ်တိုင်မှ အာမ မခံနိုင်တာပဲ၊၊

မေး၊၊ ‘အဂတိလိုက်စား အကျင့်ဖေါက်ပြားမှု’ ဖြစ်စေတာ ‘အာဏာ’ကြောင့် မဟုတ်၊ ‘အာဏာကို လက်လွှတ် ဆုံးရှုံးရမှာ ကြောက်ရွံ့ ခြင်း’ ကြောင့် ဖြစ်တယ်လို့ ခင်ဗျားရေးတဲ့ ‘ကြောက်ရွံ့ ခြင်းမှ ကင်းလွတ်ရေး’ စာအုပ်မှာ ရေးထားတာ တွေ့ရပါတယ်။ ခင်ဗျားကိုယ်တိုင်ရော မျက်မှောက်ကာလမှာ ဘာကို ကြောက်ရွံ့ ပါသလဲ၊၊

ဖြေ၊၊ ကျမအပေါ်မှာ ယုံကြည် အားထား နေကြတဲ့ ပြည်သူလူထုကို၊ ကျမက စိတ်ပျက်အောင် လုပ်မိမှာ အကြောက်ဆုံး ပါပဲ၊၊ လူထုကို စိတ်ပျက်အောင် လုပ်မိမှာထက်၊ ကျမကိုယ်တိုင်က အရည်အချင်း ကျဆင်းသွားတာ ဖြစ်ဖို့က ပိုများပါတယ်၊၊ သူတို့ ဖြစ်ချင်တဲ့ အရာတိုင်းကို ကျမအနေနဲ့ လုပ်မပေးနိုင်ပေမယ့်၊ သူတို့ စိတ်ပျက် အောင်တော့ ကျမ လုပ်မှာ မဟုတ်ပါဘူး၊၊ ဒါပေမယ့် သူတို့ကို တခုခု လုပ်ပေးမယ်လို့ ကျမ ကတိ ပေးထားတာတော့ မရှိသေးပါဘူး၊၊ ကျမ အကောင်းဆုံး ကြိုးပမ်း ဆောင်ရွက်ပါ့မယ်လို့  ရိုးရိုးသားသား ပြောထားတာပဲ ရှိပါတယ်၊၊

မေး၊၊ လူထုရဲ့ မျှော်မှန်းချက်တွေကို အကောင်အထည် ဖေါ် မပေးနိုင်မှာ ခင်ဗျား စိုးရိမ် နေပါသလား၊၊

ဖြေ၊၊ မစိုးရိမ်ပါဘူး၊ ဒီအတွက် စိုးရိမ်စရာ အကြောင်း တစုံတရာ မရှိဘူးလို့ ကျမ ထင်ပါတယ်၊၊ ကျမ အကောင်းဆုံး ကြိုးပမ်းဆောင် ရွက်သွားမှာပါ၊၊ လူပုဂ္ဂိုလ် တဦးတယောက် အတွက် လူထုကို ပြင်းပြတဲ့ ခံစားချက် ဖြစ်ပေါ်လာအောင် အားပေးတာမျိုး မလုပ်သင့်ဘူးလို့ ကျမထင်တယ်၊၊ ဒီလို ခံစားချက်မျိုး ကြီးမားလာအောင် မလုပ်ဖို့ ကျမ အမြဲပြောပါတယ်။ ဒီလိုလုပ်တာဟာ ဒီမိုကရေစီ အကျိုးစီးပွားနဲ့ ဖီလာ ဖြစ်ပါတယ်၊၊

မေး၊၊ ခင်ဗျား အပြင်ထွက်ပြီး လူထုနဲ့ တွေ့တဲ့အခါ သူတို့ကို ဘယ်လို စကားလက်ဆောင် ပါးပါသလဲ၊၊

ဖြေ၊၊ သူတို့ရဲ့ အားပေး ထောက်ခံမှုကို လိုချင်တဲ့ အကြောင်း ပြောပါတယ်၊၊ သူတို့ရဲ့ ထောက်ခံ အားပေးမှုနဲ့ သူတို့ မျှော်မှန်းတဲ့ ပန်းတိုင်ကို ရောက်အောင် ကျမ သွားနိုင်လိမ့်မယ်လို့ ယုံကြည်တဲ့ အကြောင်း သူတို့ကို ပြောဖြစ် ပါတယ်၊၊ လူထုရဲ့ ထောက်ခံမှုကိုသာ မရရင် မျှော်မှန်းချက် အတိုင်း ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး၊၊


Ref: ဂျိုးလင်းပြာ

Read More...

မွန်ပြည်သစ်နှင့် စစ်တိုင်းမှူး ထပ်မံတွေ့ဆုံ

ဖနိဒါ
ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ 02 ရက် 2009 ခုနှစ်


ချင်းမိုင် (မဇ္ဈိမ)။ ။ အပစ်အခတ်ရပ် မွန်ပြည်သစ်ပါတီ၏ တပ်များကို နယ်ခြားစောင့် အဖြစ် ပြောင်းလဲရေး ဖိအားပေးမှု အပေါ် စစ်အစိုးရ ကိုယ်စားလှယ်နှင့် မွန်ခေါင်းဆောင်များ ထပ်မံ ဆွေးနွေးကြသည်။

အရှေ့တောင်ပိုင်းတိုင်းမှူး ဗိုလ်ချုပ် သက်နိုင်ဝင်းက မွန်ပြည်သစ် ပါတီမှ ဒုတိယ ဥက္ကဋ္ဌ နိုင်ရော့စ၊ တွဲဘက် အတွင်းရေးမှူး နိုင်ချမ်းတွဲ့၊ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် နိုင်ဒလညီ တို့ကို ရတခ စစ်ဌာနချုပ် ရုံးတွင် သြဂုတ်လ ၂၈ ရက်မှ စတင်၍ တွေ့ဆုံ ဆွေးနွေးခြင်း ဖြစ်သည်။

“အရင်တခေါက်တွေ့တုန်းက ကျနော်တို့က နယ်ခြားစောင့် တပ်ဖွဲ့ဖို့ လက်ခံဖို့ ခက်ခဲတာကို အဖြေပေးခဲ့တယ်။ အခု တကြိမ်ကတော့ အဲဒီ ဆွေးနွေးချက်ကို ပြန်ဆွေးနွေးမယ်” ဟု မွန်ပြည်သစ် ပါတီ ဌာနချုပ်မှ အမည် မဖော်လိုသူ အရာရှိ တဦးက ပြောသည်။

ဆွေးနွေးပွဲသွားသည့် မွန်ခေါင်းဆောင်များ နေရင်းသို့ ပြန်လည် ရောက်ရှိလာခြင်း မရှိသေးသည့် အတွက် စစ်အစိုးရ ဘက်၏ တုံ့ပြန်ချက်ကို မသိရသေးကြောင်း သူက ဆက်ပြောသည်။

ပါတီဌာနချုပ်ရှိရာ ရေးမြို့နယ် ရေးချောင်းဖျားတွင် ဇူလိုင်လ ၂၇ ရက်မှ သြဂုတ်လ ၁ ရက်နေ့အထိ ၆ ရက်ကြာ ကျင်းပခဲ့သည့် ဗဟိုကော်မတီ၏ ဆုံးဖြတ်ချက်များကို ဗိုလ်ချုပ် သက်နိုင်ဝင်းထံ ပြီးခဲ့သည့် သြဂုတ်လ ၅ ရက်နေ့က ပေးပို့ ခဲ့ပြီးနောက် ယခုလို ထပ်မံ တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

မွန်အမျိုးသားများအတွက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အာမခံချက် မရှိဘဲ ပါတီနှင့် တပ်ခွဲထားခြင်း သို့မဟုတ် ဖျက်သိမ်းခြင်းများ လက်ခံမည် မဟုတ်ကြောင်းနှင့် နယ်ခြားစောင့်တပ် အဖြစ် အသွင် ပြောင်းရေးအား လက်မခံကြောင်း မွန်ပြည်သစ်က စစ်အစိုးရကို တုံ့ပြန်ထားသည်။

ထို့အပြင် အပစ်အခတ်ရပ်စဲရေးကို ဆက်လက်၍ ထိန်းသိမ်း သွားမည် ဖြစ်ကာ တွေ့ဆုံ ဆွေးနွေးခြင်းဖြင့် နိုင်ငံရေး ပြသာနာကို ဖြေရှင်းသွားရန် လက်ရှိ အစိုးရနှင့် နောင်တက်လာမည့် အစိုးရထံ တောင်းဆို သွားမည်ဟု ပါရှိသည်။

အပစ်အခတ်ရပ်အဖွဲ့များ၏ တပ်များကို မြန်မာ့တပ်မတော်အောက် သွတ်သွင်းရေး အစီအစဉ်ကို နအဖ က လုံးပမ်း နေခဲ့သော်လည်း မွန်ပြည်သစ် အပါအဝင် အင်အားကြီး အပစ်ရပ် ငြိမ်းအဖွဲ့များက ငြင်းဆန် ထားကြသည်။

နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ကိစ္စအတွက် စစ်တိုင်းမှူးနှင့် မွန်ခေါင်းဆောင်များ တွေ့ဆုံမှုသည် မတ်လမှစတင်လျှင် ၄ ကြိမ် မြောက်သွားပြီ ဖြစ်သည်။

၁၉၉၅ ခုနှစ် သြဂုတ်လတွင် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲပြီး ၂၀၀၄ ခုနှစ်တွင် အမျိုးသား ညီလာခံကို တက်ရောက် ခဲ့သော်လည်း နောက်နှစ်တွင် စစ်အစိုးရ၏ လုပ်ထုံး လုပ်နည်းများ အပေါ် သဘော မတူသဖြင့် အဆင့်လျှော့ကာ လေ့လာသူ အဖြစ်သာ ဆက်လက် တက်ရောက်ခဲ့သည်။


Ref: မဇ္ဈိမ


Read More...

ကိုးကန့်ဂယက် ဝ ဒေသကို ရိုက်ခတ်

2009-09-02

ဝအထူးဒေသ ပန်ဆန်းမှာ တရုတ်ပြည်တွင်းက စီးပွားရေး လာလုပ်နေတဲ့ တရုတ် ကုန်သည်တွေနဲ့ ဈေးဆိုင် ပိုင်ရှင် ထက်ဝက် နီးပါးဟာ ဒေသ မတည်ငြိမ်မှာကို စိုးရိမ်ပြီး တရုတ်ပြည်ဖက်ကို ပြန်နေကြတယ်လို့ သိရပါတယ်။ ကိုးကန့် ဒေသမှာ တိုက်ပွဲတွေ ပြီးစီးသွားပေမယ့် တရုတ်မြန်မာ နယ်စပ် တောင်ပိုင်းက ဝ အထူးဒေသ ဖက်ကို စစ်အစိုးရ တပ်တွေ လာမှာစိုးလို့ ဈေးဆိုင်တွေ ပိတ်ပြီး တရုတ်ပြည်ဖက်ကို ပြန်နေကြတယ်လို့ ပန်ဆန်းမှာ အခြေစိုက်တဲ့ ဒေသခံ တွေက ပြောပါတယ်။ ရန်ကုန်ကနေ ဝဒေသ ဖွံ့ဖြိုးရေး အတွက် လာရောက် လုပ်ကိုင် နေကြတဲ့ NGO တွေနဲ့ ကုလသမဂ္ဂ အဖွဲ့အစည်း တွေက ဝန်ထမ်းတွေကိုလည်း ရန်ကုန်ရုံးချုပ်တွေက တိုက်ရိုက် ဆက်သွယ်ပြီး အခြေအနေ တင်းမာလာရင် ဒေသထဲက အမြန် ထွက်ခွာနိုင်ဖို့ အကြောင်းကြား ထားတယ်လို့ အမည်မဖော်လိုတဲ့ ပန်ဆန်းရောက် NGO ဝန်ထမ်းတဦးက RFA ကို ပြောပါတယ်။

စစ်ရေး နိုင်ငံရေး လေ့လာသူတွေ ကတော့ မြန်မာ စစ်အစိုးရ အနေနဲ့ ဝ ဒေသထဲက ပန်ဆန်းထက် တောင်ပိုင်း ထိုင်းမြန်မာ နယ်စပ် မိုင်းပေါက်ဒေသကို ပိုစိတ်ဝင်စားဖို့ ရှိတယ်လို့ သုံးသပ်ကြပါတယ်။ တောင်ပိုင်းဒေသ တပ်တွေကို မြောက်ပိုင်းနဲ့ပေါင်းပြီး ဝ နယ်တခုတည်း ထားရှိဖို့ မြန်မာ စစ်အစိုးရက တောင်းဆို ထားခဲ့တာကို ဝ တပ်တွေက ငြင်းဆိုထားဆဲ ဖြစ်ပါတယ်။

နယ်စပ်ဒေသ စစ်ရေးလေ့လာသူ တဦးဖြစ်တဲ့ ရှမ်းသံတော်ဆင့် သတင်းစာ အယ်ဒီတာချုပ် ဦးခွန်ဆိုင်း ကတော့ စစ်အစိုးရဖက်က အသုံးပြုနေတဲ့ နည်းလမ်း ၂ ခုကို အခုလို သုံးသပ် ပြောပြပါတယ်။

ဦးခွန်ဆိုင်း။ ။ “အရင်ဆုံး သူတို့ ဝ အထက်ပိုင်းကို ပိတ်မယ်၊ ပိတ်ပြီးလို့ ရှိရင်တော့ ဒီ ဝ အောက်ပိုင်းကို ရန်ရှာတာတော့ ဖြစ်နိုင်တာပေါ့ဗျာ။ အခု လောလောဆယ် ကတော့ သူတို့ ဝ တောင်ပိုင်းကို ဆွဲဆောင်နေဖို့ ကြိုးစား နေကြတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဝတောင်ပိုင်းရဲ့ တပ်မှူး အကြီးဆုံးက ဝေရှောင်ကမ်း ဖြစ်တယ်။ သူက ဟုန်ပန်း ကုမ္ပဏီကို ပိုင်ပြီးတော့မှ ဒီ မြန်မာပြည် အနှံ့မှာ သူက အရင်းအနှီးတွေ မြှုပ်နှံထားတာ များတယ်။ ဒါကြောင့်မို့လို့ သူ့ကို ဆွဲဆောင်နိုင်ဖို့ သူတို့ ကြိုးစားနေကြတယ်။ ကျွန်တော်တို့နဲ့ တိုက်ပွဲဖြစ်မယ် ဆိုလို့ရှိရင်တော့ ခင်ဗျားရဲ့ အရင်းတွေလည်း ရှုံးပါလိမ့်မယ် ပေါ့နော်၊ အရင်းလည်း မရှုံးအောင် ခင်ဗျား ကျွန်တော်တို့နဲ့ နားလည်မှုယူပါ၊ အဲလို ပေါ့ဗျာ။”

ကိုးကန့်တိုက်ပွဲ ဖြစ်ကတည်းက ဝတောင်ပိုင်းက တပ်မှူးတွေ အနေနဲ့ မြန်မာ စစ်အစိုးရ အရာရှိတွေနဲ့ အထိအတွေ့ အဆက်အဆံ မလုပ်ဖို့ ဝ ခေါင်းဆောင်ပိုင်းက ညွှန်ကြား ထားတယ်လို့လည်း သိရပါတယ်။

ဝ အထူးဒေသ အပစ်ရပ်အဖွဲ့ဖြစ်တဲ့ ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် UWSA ဟာ စစ်အစိုးရ တပ်တွေနဲ့ တိုက်ပွဲဖြစ်ခဲ့တဲ့ ကိုးကန့်တပ် MNDAA နဲ့ မဟာမိတ်တွေ ဖြစ်သလို စစ်အစိုးရ ကမ်းလှမ်းထားတဲ့ ဝနယ် တဒေသတည်း ဖြစ်ရေးနဲ့ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ကိစ္စတွေကို အကြိမ်ကြိမ် ငြင်းဆိုထားတဲ့ အဖွဲ့ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလကစပြီး ကနေ့အချိန်အထိ ဝ ခေါင်းဆောင်တွေ အနေနဲ့ စစ်အစိုးရ အဆင့်မြင့် အရာရှိတွေ ၄ ကြိမ်ထက်မနည်း ဆွေးနွေးခဲ့ ပေမယ့် ဝ ဖက်က ရှေးမူလ သဘောတူညီချက် အတိုင်းပဲ အခြေအနေ မပျက်ပဲ ငြိမ်းငြိမ်းချမ်းချမ်း နေလိုကြောင်း တရားဝင် တင်ပြထားခဲ့ပါတယ်။

Ref: RFA

Read More...

တရုတ်-မြန်မာ နယ်စပ်တလျှောက် စစ်ရေးလှုပ်ရှားမှုများ ထပ်မံ တိုးမြှင့်နေ

Wednesday, 02 September 2009 19:52

တရုတ်-မြန်မာ နယ်စပ်တလျှောက်ရှိ ကိုးကန့်ဒေသတွင် တိုက်ပွဲများ ပြီးဆုံး သွားသော်လည်း စစ်ရေး ပြင်ဆင်မှုများ ထပ်မံ တိုးမြှင့်လျက် ရှိကြောင်း စစ်တပ်နှင့် နီးစပ်သော အသိုင်းအ၀န်းက ပြောသည်။

တပ်ဖွဲ့ အင်အားများ ထပ်မံတိုးမြှင့်နေခြင်းမှာ မြန်မာနိုင်ငံ လူမျိုးစု ဒီမိုကရေစီ မဟာမိတ် တပ်ပေါင်းစု (ကိုးကန့်) ခေါ် (MNDAA) တပ်ဖွဲ့ကို အပြီးသတ် ချေမှုန်းနိုင်ရေးအတွက် အမှတ်(၂) စစ်ဖက်ရေးရာ လုံခြုံရေး အကြီးအကဲ ဒု ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်၏ စီစဉ် ညွန်ကြားမှု ဖြစ်ကြောင်း ၎င်း အသိုင်းအ၀န်းက ဆိုသည်။

ယင်းဒေသတွင် ယခင်က တပ်ရင်း ၁၀ ရင်းသာ တပ်စွဲ ထားသော်လည်း ယခုအခါ လောက်ကိုင်မြို့ တောင်ဘက်နှင့် မြောက်ဘက်တွင် ရှမ်းပြည် မြောက်ပိုင်း သိန္ဒီ အခြေစိုက် အမှတ်(၁၆) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် လက်အောက်ခံ တပ်ရင်း ၁၀ ရင်းကို လည်းကောင်း၊ စစ်ကိုင်းတိုင်းရှိ ခြေလျင် တပ်မ (၃၃) မှ တပ်ရင်း ၁၀ ရင်းကို လည်းကောင်း ထပ်မံ ဖြန့်ကျက်ထားသဖြင့် စုစုပေါင်း တပ်ရင်း ၃၀ ရှိသွားပြီ ဖြစ်သည်။

တရုတ်-မြန်မာ နယ်စပ်မှ စစ်ရေးနိုင်ငံရေး အကဲခတ် ဦးအောင်ကျော်ဇောက “ ဒီဒေသက စတုရန်း ကီလိုမီတာ ၁၀၀၀၀၀ ကျော်လောက်ပဲ ကျယ်တာပါ၊ ခုခံတိုက်ခိုက်ဖို့ တပ်ရင်း ၃၀ ကတော့ များလွန်းပါတယ်၊ ဒီနေရာမှာ ရေရှည် တပ်စွဲထားမယ့် သဘောရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ထို့အပြင် မိတ္ထီလာ အခြေစိုက် ခြေလျင် တပ်မ ၉၉ ကိုလည်း တပ်လှန့်ထားကြောင်း၊ ရှမ်းပြည်နယ် တရုတ်-မြန်မာ နယ်စပ် တလျှောက်ရှိ စစ်တပ်များကိုလည်း အသင့် အနေအထား ပြင်ဆင် ထားရန် အမိန့်ပေးထားကြောင်း စစ်တပ်နှင့် နီးစပ်သော အသိုင်း အ၀န်းက ဆိုသည်။

ကိုးကန့်ဒေသတွင် တာဝန်ကျ တပ်ဖွဲ့များကိုလည်း ကိုးကန့်၏ အဓိက ခေါင်းဆောင် ၄ ဦးကို ပစ်မှတ်ထား ဖမ်းဆီးရန် ဒု ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က အမိန့်ပေး ထားကြောင်း သိရသည်။

အဆိုပါ ပုဂ္ဂိုလ်များမှာ ဦးဖုန်ကြားရှင်၊ ဦးဖုန်ကြားဖူး၊ ဦးဖုန်တာရွှင်နှင့် ဦးဖုန်တာလီတို့ ဖြစ်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ က စစ်ဆေးဖော်ထုတ် သိမ်းပိုက်ခဲ့သည့် တရားမ၀င် လက်နက် ခဲယမ်း ထုတ်လုပ် ရောင်းချသော စက်ရုံနှင့် ပတ် သက်၍ တာဝန်ရှိသူများ ဖြစ်သည်ဟု အစိုးရ သတင်းစာများတွင် ရေးသားထားသည်။

ကိုးကန့်ဒေသတွင် ဖြစ်ပွားခဲ့သော ကိစ္စရပ်များသည် ယင်းပုဂ္ဂိုလ် ၄ ဦးနှင့်သာသက်ဆိုင်ပြီး ကိုးကန့် လက်နက် ကိုင် တပ်ဖွဲ့ဝင်များအား ဥပဒေဘောင် အတွင်း ပြန်လည် ၀င်ရောက်နေထိုင်ခွင့် ပြုကြောင်း စစ်အစိုးရ က ကြေညာချက် တစောင်ကို သြဂုတ်လ ၃၁ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

သြဂုတ်လ ၃၁ ရက်နေ့တွင်ပင် ယင်းကိုးကန့်ဒေသတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့်ပတ်သက်၍ မိုင်းလား အထူးဒေသ ( ၄ ) သို့ စစ်အစိုးရ၏ တြိဂံဒေသတိုင်း စစ်ဌာနချုပ်မှ စစ်ဦးစီး(ပ) ဒုတိယဗိုလ်မှုးကြီး သန်းထွဋ္ဋ်သိန်း၊ စစ်ဖက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ မှ ဗိုလ်မှုး ရန်နောင်စိုးတို့ သွားရောက် ရှင်းလင်းပြောခဲ့သည် ဟုသိရသည်။

အလားတူ ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ဌာနချုပ်ရှိရာ လိုင်ဇာမြို့သို့ ကိုးကန့်အရေးနှင့် ပတ်သက်၍ ရှင်းလင်းရန် သြဂုတ်လ ၂၉ ရက်နေ့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှုးကြီးသက်ပုံ ရောက်ရှိလာကြောင်း သိရသည်။

ထိုသြဂုတ်လ ၂၉ရက်နေ့တွင် ကိုးကန့်တပ်ဖွဲ့ဝင် အင်အား ရာနှင့်ချီ၍ တရုတ်နိုင်ငံယူနန်ပြည်နယ် အတွင်းသို့ ၀င်ရောက်ပြီး တရုတ်အစိုးရထံတွင် လက်နက်အပ်ခဲ့သည်။

သြဂုတ်လ ၂၈ရက်နေ့ကလည်း ကျေးသီး မန်စံ အခြေစိုက် ရှမ်းပြည်မြောက်ပိုင်း (SSA-N ) တပ်မဟာ ၁ ဒု တပ်မဟာမှုး ဗိုလ်မှုးကြီး ခူးတိုင်း ကို မိုင်းနောင်၊ လဲချား အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၂ )မှ ဗိုလ်မှူးကြီး ကျော်ဇံမြင့် က ခေါ်ယူတွေဆုံခဲ့ပြီး ကိုးကန့် ကိစ္စနှင့် ပတ်သက်၍ ရှင်းပြခဲ့သည် ဟု သျှမ်းသံတော်ဆင့် သတင်းစဉ်မှ အယ်ဒီတာ ဦးစိန်ကြည်ကပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၃ ရက်နေ့တွင် အာဏာပိုင်တို့က ကိုးကန့် ခေါင်းဆောင် ဦးဖုန်ကြားရှင်၏ အိမ်ကို ၀င်ရောက်စီးနင်းခဲ့သည်။

ထို့နောက် ကိုးကန့် အပစ်ရပ်အဖွဲ့ အတွင်း စစ်အစိုးရ အကူအညီဖြင့် အာဏာသိမ်းခြင်း ဖြစ်ပွားခဲ့ပြီးနောက် ခေါင်းဆောင်မှု ကော်မတီ အသစ် ဖွဲ့စည်းလိုက်ပြီး ခေါင်းဆောင်ဟောင်း ဦးဖုန်ကြားရှင်က ၎င်း၏ တပ်ဖွဲ့များနှင့် အတူ ၀ နယ်ဘက် သို့ ရှောင်တိမ်းသွားခဲ့ရာမှ စစ်အစိုးရတပ်များနှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

သြဂုတ်လ ၈ ရက်နေ့တွင် ဦးဖုန်ကြားရှင် နှင့် အဖွဲ့၏ တရားမ၀င် လက်နက်စက်ရုံကို တဖက်နိုင်ငံ၏ သတင်းပေး ချက်အရ စစ်အစိုးရ ရဲတပ်ဖွဲ့က စစ်ဆေး ဖော်ထုတ်ခဲ့ကြောင်း၊ ၎င်းတို့အဖွဲ့ကို ကိုယ်တိုင်လာရောက် ဖြေရှင်းရန် ဆင့်ခေါ်ရာမှ တိုက်ပွဲများ စတင်ခဲ့ခြင်း ဖြစ်ကြောင်း စစ်အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။

ဦးဖုန်ကြားရှင် ဦးဆောင်သော ကိုးကန့် အဖွဲ့သည် ၁၉၈၉ ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ပြုလုပ်ထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ဖြစ်သည်။

အဆိုပါ ကိုးကန့်ဒေသ စစ်ရေးတိုက်ခိုက်မှုများနှင့် ပတ်သက်၍ တရုတ်မြန်မာနယ်စပ် တည်ငြိမ်ရေးကို ထိန်းသိမ်း ဆောင်ရွက်ရန် မြန်မာစစ်အစိုးရအား တရုတ်နိုင်ငံခြားရေး ၀န်ကြီး ဌာနက တိုက်တွန်းပြောကြားထားသည်။

ကိုးကန့်ဒေသတွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများကြောင့် တရုတ်နိုင်ငံဘက်သို့ စစ်အစိုးရတပ်မှ ပစ်ခတ်သော လက်နက်ကြီး ကျည်များ ကျရောက်ပေါက်ကွဲ၍ တရုတ်လူမျိုးတဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာ ရရှိသည်ဟုလည်း သိရသည်။

ကိုးကန့်ဒေသ မှ တရုတ်နိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးသွားသော ဒုက္ခသည်ပေါင်း ၃၇၀၀၀ အတွက် တရုတ် အစိုးရက လူသားချင်းစာနာမှု အရ တရုတ်ယွမ်ငွေ ၁၀ သန်း (အမေရိကန်ဒေါ်လာ ၁.၄ သန်းခန့်) သုံးစွဲခဲ့သည် ဟု သြဂုတ်လ ၃၁ ရက်နေ့ ကဆင်ဟွာ သတင်းဌာနတွင် ဖော်ပြထားသည်။

ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ ထုတ်ပြန်သော တရားဝင် စာရင်းအရ တိမ်းရှောင် သွားသူပေါင်း ၃၀၀၀၀ ခန့် ရှိ သည်ဟု သိရသည်။ ယင်းသို့ တရုတ်နိုင်ငံဘက်သို့ ခိုလှုံသွားသူများထဲမှ ၅၈၁၁ ဦး လောက်ကိုင် ဒေသသို့ ပြန်လည် ဝင်ရောက်လာကြကြောင်း ယနေ့ထုတ် အစိုးရ မြန်မာ့လင်း သတင်းစာတွင် ဖော်ပြထားသည်။


Ref: ဧရာဝတီ

Read More...

ခေတ်ဝန်ကိုထမ်း၍ ခေတ်လမ်းကို လျှောက်ခြင်း

2009-02-06

ထောင်ဒဏ် ၁၉ နှစ် ကျခံခဲ့ရပြီး မနှစ်က ၂၀၀၈ ခုနှစ်မှာ ပြန်လွတ်လာခဲ့တဲ့ NLD ဗလို အုပ်အမှုဆောင် အဖွဲ့ဝင် ဟံသာဝတီသတင်းစာ အယ်ဒီတာချုပ်ဟောင်း ဦးဝင်းတင်ရဲ့ ဘဝအတွေ့အကြုံနဲ့ ခံစားမှုတွေကို “ခေတ်ဝန်ကိုထမ်း၍ ခေတ်လမ်းကို လျှောက်ခြင်း” ခေါင်းစဉ်နဲ့ RFA မှာ ကြာသာပတေးနေ့ ညတိုင်း တင်ဆက်နေပါတယ်။

အပိုင်း(၁)မှ(၃၀)အထိ

အပိုင်း(၁)
ဦးဝင်းတင် မြို့မကျောင်းကို စတင်တက်ရောက်ခဲ့စဉ်က အတွေ့အကြုံ


အပိုင်း(၂)
နိုင်ငံရေးသမားများနှင့် စတင်ထိတွေ့ခွင့် ရခဲ့ပုံ


အပိုင်း(၃)
စစ်ကိုမုန်းတီးတဲ့ စိတ်နဲ့ ကဗျာစာပေအပေါ် ချစ်ခင်တွယ်တာစိတ်တွေ စတင်ပေါ်ပေါက်ခဲ့ပုံ


အပိုင်း(၄)
ဂျပန်ခေတ်အတွင်း အာရှလူငယ်အဖွဲ့မှာ ပါဝင်လှုပ်ရှားခဲ့ပုံနဲ့ ဗိုလ်ချုပ်အောင်ဆန်းကို ပထမဆုံး တွေ့ကြုံခဲ့ပုံ


အပိုင်း(၅)
ဖက်ဆစ်ဂျပန်တော်လှန်ရေးခရီး ထွက်လာခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တွေ့ဆုံခွင့်ရခဲ့ပုံ


အပိုင်း(၆)
တက္ကသိုလ်ကျောင်းသားဘဝ


အပိုင်း(၇)
ရန်ကုန်တက္ကသိုလ်ကျောင်းသားဘဝ


အပိုင်း(၈)
ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေ ဗမာ့တပ်မတော်ထဲ ဝင်ကြတဲ့အကြောင်း


အပိုင်း(၉)
ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေကို ဗိုလ်သင်တန်းကျောင်းပို့နေချိန်မှာ စစ်ထဲမဝင်ဖြစ်တော့ပဲ တက္ကသိုလ်နယ်မြေ ပြန်ရောက်သွားတဲ့ အကြောင်း


အပိုင်း(၁၀)
ရန်ကုန်တက္ကသိုလ် တက်နေစဉ်ကာလအတွင်း သတင်းစာလောကကို စတင် အခြေချခဲ့တဲ့ အကြောင်း


အပိုင်း(၁၁)
သတင်းစာသမားဘဝ ရောက်ခဲ့ပုံ


အပိုင်း(၁၂)
ရန်ကုန်တက္ကသိုလ်မှာ ကျောင်းတက်ရင်း စာပေဗိမာန်၊ သတင်းဌါနနဲ့ အိုးဝေမဂ္ဂဇင်းသမား ဘဝနဲ့ ကျင်လည်ခဲ့ပုံ


အပိုင်း(၁၃)
လူထုဒေါ်အမာနှင့် ပထမဦးဆုံးအကြိမ် တွေ့ဆုံခဲ့ပုံ


အပိုင်း(၁၄)
ဘာသာပြန်ဆိုမှုရဲ့ အရေးကြီးပုံနဲ့ နယ်သာလန်နိုင်ငံက စာပေထုတ်ဝေရေး လုပ်ငန်းတခုမှာ အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့ပုံ


အပိုင်း(၁၅)
နယ်သာလန်နိုင်ငံက စာပေထုတ်ဝေရေးလုပ်ငန်း အယ်ဒီတာဘဝ အတွေ့အကြုံ


အပိုင်း(၁၆)
၁၉၅၅-၅၆ ခုနှစ် အရှေ့ဥရောပမှာ အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ စတင်ဖြစ်ပေါ်ခဲ့ပုံ


အပိုင်း(၁၇)
သတင်းစာသမားဘဝနဲ့ တိုင်းပြည်တာဝန်ထမ်းဆောင်ဖို့ ဆုံးဖြတ်ခဲ့ပုံ


အပိုင်း(၁၈)
ကြေးမုံသတင်းစာ အယ်ဒီတာဘဝနဲ့ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်များ


အပိုင်း(၁၉)
၁၉၅၇ ကြေးမုံသတင်းစာ အယ်ဒီတာ ဘဝမှာ အိမ်စောင့်အစိုးရ တက်လာချိန် ခြိမ်းခြောက်ခံရပုံ


အပိုင်း(၂၀)
ဗိုလ်ချုပ်နေဝင်း အိမ်စောင့်အစိုးရလက်ထက် ကြေးမုံသတင်းစာတိုက် ချိတ်ပိတ်ခံရပုံနဲ့ ကြေးမုံသတင်းစာတွေ အကြောင်း


အပိုင်း(၂၁)
ကြေးမုံသတင်းစာ ချိတ်ပိတ်ခံထားရစဉ် ဆရာဦးညိုမြ ရောက်ရှိလာပြီး အိုးဝေသတင်းစာ အယ်ဒီတာချုပ်အဖြစ် တာဝန်ယူဖို့ မေတ္တာရပ်ခံတဲ့ အကြောင်း


အပိုင်း(၂၂)
အိုးဝေသတင်းစာ အယ်ဒီတာချုပ်အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပုံ


အပိုင်း(၂၃)
ပြည်သူ့ အိုးဝေသတင်းစာ အောင်မြင်လာခဲ့ပုံ


အပိုင်း(၂၄)
အိုးဝေသတင်းစာ အယ်ဒီတာချုပ်ဘဝ အတွေဲအကြုံနဲ့ ကြေးမုံသတင်းစာ ပြန်လည်ဖွင့်လှစ်ခဲ့ပြီးနောက် ပြန်ကြားရေးဝန်ကြီးနဲ့ ထိပ်တိုက်တွေ့ခဲ့တဲ့အကြောင်း


အပိုင်း(၂၅)
အိုးဝေသတင်းစာ အယ်ဒီတာဘဝမှာ နိုင်ငံရေးခေါင်းဆောင်တွေကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ခဲ့တဲ့အကြောင်း


အပိုင်း(၂၆)
၁၉၆၀ ခုနှစ် ကြေးမုံသတင်းစာ ပြန်လည်ဖွင့်လှစ်ပြီးနောက် ပြန်လည်လုပ်ကိုင်ပုံတွေ


အပိုင်း(၂၇)
ကချင်ပြည်နယ်ခရီးစဉ်နဲ့ ပတ်သတ်ပြီး ဦးဝင်းတင် ဖမ်းဝရမ်းထုတ် ခံခဲ့ရပုံ


အပိုင်း(၂၈)
၁၉၆၂ ခုနှစ်တဝိုက် အာရှနိုင်ငံတွေရဲ့ အခြေအနေ


အပိုင်း(၂၉)
အာရှခရီးစဉ် အတွေ့အကြုံများ


အပိုင်း(၂၉)
ဦးဝင်းတင် ပါဝင်တဲ့ မြန်မာသတင်းစာဆရာ ကိုယ်စားလှယ်အဖွဲ့ ရုရှားနိုင်ငံ သွားရောက်ခဲ့တဲ့ အတွေ့အကြုံ



Ref: http://www.rfa.org/burmese/program_2/u_win_tin_feature_story-02062009103056.html">RFA News

Read More...

Wednesday, September 2, 2009

၂၀၁၀ ရွေးကောက်ပွဲအကြို လှုပ်ရှားတာတွေ

ရဲဘော်ဖိုးသံချောင်း
၁ စက်တင်ဘာ ၂၀၀၉

ဗမာပြည်မှာ နိုင်ငံရေးလေရူးတွေ စတိုက်လာနေပါပြီ။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ အကြို ဖျာခင်းကြ၊ တောခြောက်ကြ၊ မီးရှူး မီးပန်းတွေ လွှတ်ကြ၊ တချို့လူတွေ အကြီးအကျယ် အလုပ်တွေ ရှုပ်နေကြပါတယ်။ နအဖရဲ့ မေတ္တာစေတနာကို ဘုန်းတော်ဘွဲ့တွေ ရေးကြ၊ လျှာကုဋေနဲ့ ချီးကျူးကြ။ သူတို့ပြောတာ လက်မခံချင် သူတွေကို ပြင်းပြင်းထန်ထန် ထိုးနှက်ကြ၊ သူတို့ အချင်းချင်းထဲမှာ တော့ လက်ပံပင် ဆက်ရက်ကျသလို သောသောကို ညံလို့ပါ။ ဒါပေမယ့် ဒီအချိန်မှာ ပြည်သူလူထု ကတော့ သူတို့နဲ့ သူတို့ရဲ့ လုပ်ရပ်တွေကို မျက်စောင်းတောင်မှ ထိုးမကြည့်ပါဘူး။ အိပ်ရေးပျက် မခံကြပါဘူး။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတဲ့အဆိပ်ကို သကာလူးပြီး ပေးလာတာမှာ နအဖ စစ်အစိုးရ က ပေးသမျှ သကာကို ယူထားရမယ်လို့ ဆိုနေ ကြပါတယ်။ ကျန်တဲ့ အဆိပ် (၉၀) ရာခိုင်နှုန်း မျိုရတာကိုတော့ ဘာမှ မဖြစ်သလိုတွေ ပြောနေကြတယ်။ အဲဒီလို ရသမျှ ယူထားလို့ ပြောတဲ့လူတွေထဲမှာ တော်တော် များများဟာ ရသမျှ ကိုယ့်အတွက် အမြတ်ပဲ ဆိုတဲ့ သဘောနဲ့ ပြောနေကြတာလို့ ယူဆရပါတယ်။ သူတို့ရမှာတွေထဲမှာ နအဖ စစ်ဗိုလ်တွေရဲ့ မျက်နှာသာပေးမှု၊ ဆုလာဘ်တွေလည်း ထည့်တွက်မှာ ကတော့ မလွဲပါဘူး။

တိုက်ဆိုင်ချင်တော့ ဒီအချိန်မှာ နိုင်ငံတကာလေ ထုထဲမှာလည်း လေကြောင်း အပြောင်းအလဲတွေ တွေ့နေရပါတယ်။ ပြည်ပက လေသံပြောင်း လာတာနဲ့ ပြည်ပရောက် တချို့ကလည်း ချက်ချင်း လေသံပြောင်းကုန်ကြတာကို အံ့သြစရာ တွေ့ရပါတယ်။ ကိုးကန့် ဒေသမှာ သေနတ်သံတွေ ပြန်မြည်နေချိန်မှာ တချိန်က “တပ်မတော်ကြီး” တခု တည်ထောင်မယ် တကဲကဲ ပြောနေသူ တွေဟာ “စစ်ဗိုလ် တမတ်သား ကိုလည်း လက်ခံမှာပဲ” လို့ ပြောတာကို ကြားရတာဟာ ဗမာပြည် နိုင်ငံရေးရဲ့ ၀မ်းနည်းစရာ ဟာသ တခုပဲလို့ ဆိုရ ပါလိမ့်မယ်။ တကယ်တော့ သူတို့ အရင်က ပြောခဲ့တဲ့၊ အခုနဲ့ လုံးဝ ဆန့်ကျင်ဘက် ဖြစ်တဲ့ စကားတွေဟာ ပဲ့တင်လှိုင်း ထဲမှာပဲ ရှိပါသေးတယ်။ တချို့ဝက်ဘ်ဆိုက် တွေရဲ့ မျက်နှာဖုံး စာမျက်နှာပေါ်မှာပဲ ရှိပါသေးတယ်။

ဗမာပြည်ရဲ့စီးပွားရေးကို တရုတ်အုပ်စီးသွားမှာ စိုးရိမ်ရတယ်။ ဗမာပြည်ဟာ တရုတ် သြဇာအောက် ရောက်သွား လိမ့်မယ်။ ဒါကြောင့်မို့ အမေရိကန်က အစောတလျင် ၀င်ရမယ်လို့ ဗြောင်ပြောခဲ့တဲ့ ဂျက်ဝက်ဘ်ဆိုတဲ့ အမတ်ဟာ နအဖရဲ့လက်ထဲက သူတို့နိုင်ငံသား ဂျွန်ယက်တောကို ခေါ်ထုတ်သွားပြီး ဗမာပြည် ဒီမိုကရေစီ လှုပ်ရှားမှုထဲ ကိုတော့ သပ်ကြီးတချောင်း စိုက်ထားခဲ့ပါတယ်။ သူ့ကြောင့်မို့ နယူးယောက်က လေဘာတီ ကျောက်ရုပ်ကြီးရဲ့ မီးရှူးတိုင်ဟာ စည်းကမ်းရှိတဲ့ ဒီမိုကရေစီကို ဖော်ပြ နေတာလားလို့ မေးရမလိုတောင် ဖြစ်သွား ပါတယ်။ တကယ်က ၀က်ဘ်လိုလူဟာ နအဖနဲ့ စီးပွားရေး လုပ်နိုင်ဖို့ အတွက် နအဖကို ဘယ်လို ထုံးသုတ် ရွှေချပေးရမလဲ စဉ်းစားနေတာသာ ဖြစ်ပါတယ်။ ဘာပဲပြောပြော သူဟာ ဒီနေ့ ဗမာပြည်နိုင်ငံရေးရဲ့ အခရာကျတဲ့ ပြဿနာမှာ ဘက်တဘက်ကို ခြေစုံပစ် ၀င်ရပ်လိုက်ပါပြီ။ ဒါဟာ ဗမာပြည် နိုင်ငံရေးထဲကို အတိအလင်း ၀င်ခလောက်ဆန်တာပါပဲ။

ပြောရရင် ဗမာပြည်သူတွေဟာ နိုင်ငံရေးအရဆိုရင် နိုင်ငံကြီး ပေါင်းစုံနဲ့ ဆက်ဆံ ဖူးခဲ့ပါပြီ။ ရှင်ကြီးဝမ်းလည်း ၀င်ဖူး၊ ရှင်ငယ်ဝမ်းလည်း ၀င်ဖူးလို့ ဆိုနိုင်ပါတယ်။ ရှင်တရှင် တည်းရဲ့ ၀မ်းထဲကိုသာ ၀င်ဖူးသူတွေသာ အဲဒီအရှင်က သဘောထားပြောင်းပြီ ဆိုတဲ့ အခါမှာ သူတို့လည်း လိုက်ပြီး ပြောင်းကြတာပါ။ ဒါပေမယ့် ထူးခြားတာက ဒီလို ပြောင်းလိုက်တော့ သူတို့ကိုယ်သူတို့ ကိုယ့်ပြည်သူတွေနဲ့ တဖက်စီ ရပ်လျက် ဖြစ်နေတာကို တွေ့ရတာပါပဲ။ တပါတည်းမှာ သူတို့တွေ့ရမှာက သူတို့ဟာ ဒေါ်အောင်ဆန်းစုကြည် ကိုရော၊ တခြား နိုင်ငံရေး အကျဉ်းသမား တွေကိုပါ ချောင်ထိုးလိုက်ပြီ ဆိုတဲ့ အဖြစ်ပါပဲ။ နိုင်ငံရေး သမားတွေ အဖို့မှာ ဒီတကွေ့မှာ ရပ်တည်ချက်ဟာ သူ့တဘ၀လုံးကို အဆုံးအဖြတ် ပေးနိုင်တယ် ဆိုတာ မမေ့သင့်ပါဘူး။

အခုကြားနေရတဲ့အသံတခုက ရွေးကောက်ပွဲကိုဝင်ပြီး နောက်မှ နအဖကို တဖြည်းဖြည်း ပုံပြောင်းယူမယ် ဆိုတာပါ။ အခုလို တရားမ၀င် အာဏာသိမ်းပြီး မင်းလုပ်နေတာကိုတောင် ပြောင်းလဲလို့ မရဘဲ ဖွံ့စည်းပုံ အခြေခံ ဥပဒေမှာ ပြဋ္ဌာန်းပြီး “တရားဝင်” မင်းလုပ်နေမယ့် ဗိုလ်ချုပ်တွေကို တဖြည်းဖြည်းချင်း ပြောင်းလဲယူမယ် ဆိုတာကကော ဖြစ်နိုင်ပါ့မလား။ ဖြစ်နိုင်တယ်လို့ ပြောသူကို သူ့အရိပ်ကတောင် ရယ်ပါလိမ့်မယ်။ ကိုယ်က သူ့ပြောင်းမှာလား၊ သူက ကိုယ့်ပြောင်းမှာလား ဆိုတာ ဖိုးသူတော်ဖြစ်မှ သိပါလိမ့်မယ်။ အမှန်ပြောရရင် ဒီလိုပြောသူဟာ ရေရှည် အနာဂတ်အတွက် တာဝန် မယူရာ ကျလွန်းတယ်လို့ ထင်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကိစ္စ၊ တိုင်းပြည်ရဲ့ ကံကြမ္မာ တခုလုံးနဲ့ ဆိုင်နေတဲ့ ကိစ္စတွေမှာ နောင်ခါလာ နောင်ခါဈေးလို့ သဘောထားတာဟာ တိုင်းပြည်ကို ရောင်းစားနည်း တမျိုးသာ ဖြစ်ပါတယ်။ ဗမာပြည်ရဲ့ ဒီနေ့ အနေအထားမှာ ဆိုရင် ဒါဟာ စစ်ဗိုလ်တွေ လက်ထဲကို ရောင်းစားတာသာ ဖြစ်ပါတယ်။

ဒီတလော ပြည်ပက မီဒီယာတွေထဲက ဗမာပြည်နဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေ ထဲမှာ “ဗမာပြည်မှာ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲပြီးရင် ဘယ်သူက အာဏာကို ချုပ်ကိုင်ထားမလဲ” ဆိုတဲ့ အကြောင်းကို အတော်လေးရေကြ၊ ဆွေးနွေးကြတာ တွေ့ရပါတယ်။ အဲဒီ ဆောင်းပါးတွေ ထဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ ရွေးကောက်ပွဲ ၀င်သင့် မ၀င်သင့် ဆိုတာအပါ တချို့ကိစ္စတွေမှာ အမြင်ကွဲချင် ကွဲမယ်၊ ဒါပေမယ့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ ပြီးရင်လည်း ဗမာပြည်ရဲ့အာဏာကို ဗိုလ်ချုပ်တွေကပဲ ချုပ်ကိုင်ထားမယ် ဆိုတဲ့ အချက်ကိုတော့ ဘယ်သူမှ မငြင်းကြတာကို တွေ့ရပါတယ်။ နောက်ပြီး အဲဒီအခါကျရင် စစ်တပ်က ချုပ်ကိုင်ထားတဲ့ အစိုးရကို ပြောင်းယူ နိုင်လိမ့်မယ်လို့လည်း ဘယ်သူကမှ ဟောကိန်း မထုတ်တာ သတိထားစရာပါပဲ။

နောက်အံ့သြစရာအချက်တချက်ကတော့ နအဖဗိုလ်ချုပ်တွေက အမျိုးသား ရင်ကြားစေ့ရေး စကား တခွန်းမှ မပြောဘဲနဲ့လည်း ဗိုလ်သန်းရွှေက ဒေါ်အောင်ဆန်းစုကြည်ကို အိမ်ချုပ် တနှစ်ခွဲ ချလိုက်တာဟာ အမျိုးသား ရင်ကြားစေ့ရေး အတွက် အလားအလာကောင်း ဖြစ်တယ်လို့ ပြောကြတာပါပဲ။ ဒီလို ဒေါ်အောင်ဆန်းစုကြည် အိမ်ချုပ် ထပ်ချခံရတာကို ဂျင်ဝက်ဘ်ကလည်း သူ့ခရီးစဉ် အောင်မြင်တယ်လို့ သုံးသပ်တာလည်း မမေ့နိုင်ပါဘူး။

တချို့သော ရွှေပြည်အေးတရား ဟောသူများကတော့ ကျေအေးသင့်ပြီ ဆိုတာမျိုး လူလိမ္မာစကား ပြောကြပါတယ်။ ဒီနေရာမှာ ကြေအေးချင်တယ် ဆိုတာ တဖက်တည်းက ကြေအေးလို့ ရတာ မဟုတ်ဘူးဆိုတာ မမေ့သင့်ပါဘူး။ ၁၉၅၈ ခုနှစ်တုန်းက ဗိုလ်နေ၀င်းနဲ့ ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ကြီးတို့ အာဏာသိမ်းတဲ့ အခါမှာ ဦးနု စကားနည်းရန်စဲ လုပ်လိုက်တာဟာ တိုင်းပြည်လည်း ငါးပါးရော သံဃာစင်ပါ မှောက်ရုံမက သူကိုယ်တိုင်လည်း အကြီးအကျယ် ဒုက္ခ ရောက်ခဲ့ပါတယ်။ ဒါဟာ တဖက်သတ် ကြေအေးလို့ မဖြစ်ဘူး ဆိုတာရဲ့ အထင်ရှားဆုံး သာဓကတခု ဖြစ်ပါတယ်။

သူတို့ရဲ့အမြင်မှာ အတိုက်အခံတွေ၊ ပြည်သူတွေဘက်က မျှော်လင့်ချက် မရှိတော့ဘူး၊ နအဖကပဲ ထင်သလို လုပ်နိုင်နေတယ်၊ ဒါကြောင့်မို့ အလျှော့သာ ပေးလိုက်ပါ ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ ဟုတ်ပါတယ်။ တိုင်းပြည် တပြည်မှာ အာဏာ ရနေတဲ့လူက ပိုပြီး လုပ်နိုင်ကိုင်နိုင်တာ၊ ဥပဒေဆိုတဲ့ စကားလုံးကို သုံးပြီး ထင်တိုင်းလုပ်တာတွေ လုပ်နိုင်တာ အမှန်ပါပဲ။ ဒါပေမယ့် အဲဒီတဖက်တည်း ကိုသာမြင်ပြီး ကျန်တဖက်ရဲ့လုပ်ကိုင်မှုနဲ့ အလားအလာတွေကို ထည့်မတွက်ရင် မှားပါတယ်။ ပဋိပက္ခတခုမှာ ဘက်နှစ်ဖက် ရှိတယ်ဆိုတာ မမေ့သင့်ပါဘူး။ ဘက်တဖက်ကချည့် အမြဲအသာရနေ၊ နိုင်နေတာမဟုတ်ပါဘူး။ အခြားတဖက်က ပြန်လှန်တုံ့ပြန်တာ၊ ဆန့်ကျင်တာ မရှိရင် အဲဒီနှစ်ဖက်ရဲ့ တပြိုက်နက်တည်းရှိမှုကို ပဋိပက္ခလို့တောင် ခေါ်တော့မှာမဟုတ်ပါဘူး။ ပဋိပက္ခလို့ ဆိုလိုက်တာနဲ့ ဘက်နှစ်ဖက်ထဲမှာ အားသာနေတဲ့ ဘက်ဆိုတာကို အမြဲလိုရှိနေတာ တွေ့ရမှာပါ။ ဒါပေမယ့် အဲဒီဘက်အားသာမှု၊ အထက်စီးရမှုဟာ တသက်လုံး တည်ရှိတာ မဟုတ်ဘူးဆိုတာ ဘယ်ပဋိပက္ခမှာ မဆို တွေ့နေရတဲ့ နိယာမပါ။ နောက်ဆုံးမှာ အသစ်ကို နေရာ ပေးရတာချည်းပါပဲ။

အရေးကြီးတာက အဲဒီပဋိပက္ခမှာ ကိုယ်က ဘက်ဘက်က ပါမလဲဆိုတာပါပဲ။

Ref: ခေတ်ပြိုင်


Read More...

အပေါ်သို့