..............................

Saturday, September 18, 2010

လာမည့် အစိုးရသစ်နှင့်လည်း တိုက်ရိုက် ညှိနှိုင်းဆောင်ရွက်ရေးမူဝါဒ အမေရိကန် ဆက်ကျင့်သုံးမည်

Friday, September 17, 2010

အမေရိကန် အစိုးရသည် ရွေးကောက်ပွဲ အပြီး တက်လာမည့် အစိုးရသစ်နှင့်လည်း တိုက်ရိုက် ညှိနှိုင်းဆောင်ရွက်ရေး မူဝါဒကို ဆက်လက် ကျင့်သုံးမည်ဟု သိရသည်။

စစ်အစိုးရနှင့် တိုက်ရိုက် ညှိနှိုင်းဆောင်ရွက်ရေး ၂ ကြိမ်စလုံး မအောင်မြင်ခဲ့သည့်တိုင် ရွေးကောက်ပွဲအပြီး တက်လာမည့် နိုင်ငံတကာက အသိ အမှတ်ပြုမည် မဟုတ်သော မြန်မာ အစိုးရသစ် အတွက်လည်း ယင်းမူဝါဒကို ဆက်လက် ကိုင်စွဲသွားခြင်း သာ အသင့် လျော်ဆုံးဖြစ်ကြောင်း အမေရိကန်အစိုးရ အဆင့်မြင့် အရာရှိတဦးက ယမန်နေ့က ပြောကြားသည်။

အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ကာ့တ် ကမ်းဘဲလ်က “မြန်မာအစိုးရနဲ့ နားလည်မှု ရရှိရေး ဆွေးနွေးပွဲ အတွက် ဆက်ပြီး တံခါးဖွင့်ထားဖို့ ရည်မှန်းချက်ကို ဒေသတွင်းက မိတ်ဆွေနိုင်ငံများနဲ့ အနီးကပ် တိုင်ပင် ဆွေးနွေးမှုတွေ လုပ်ပြီးပါပြီ။ နောက်လာမယ့် အစိုးရသစ်နဲ့ အလုပ်ဖြစ်ဖို့ကလည်း ခက်ခက်ခဲခဲ ရွေးစရာထဲမှာ တိုက်ရိုက် ညှိနှိုင်း ဆောင်ရွက်ရေး တခုပဲ ရှိပါတယ်” ဟု ဆိုသည်။

“အာရှ-ပစိဖိတ် ဒေသအတွင်း ညှိနှိုင်းဆောင်ရွက်ရေး နောက်ထပ်ခြေလှမ်းများ” ဟူသော မစ္စတာ ကမ်းဘဲလ်၏ မှတ်ချက်နှင့် ပတ်သက်၍ မြန်မာနိုင်ငံ နိုင်ငံဆိုင်ရာ အမေရိကန်သံရုံး ယာယီတာဝန်ခံဟောင်း မစ္စ ပရစ်စီလာ ကလပ်က နိုဝင်ဘာ ရွေးကောက်ပွဲအပြီး မြန်မာနိုင်ငံနှင့် ပတ်သက်၍ အိုဘားမား အစိုးရ၏ မူဝါဒကို မေးမြန်းရာမှ အထက်ပါအတိုင်း မစ္စတာ ကမ်းဘဲလ်က ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ကျနော်တို့ အကျပ်အတည်းတွေ ကြုံရပါတယ်။ လက်ရှိအခြေအနေတွေအရ စောင့်ကြည့် လေ့လာသူတွေကို လက်မခံ၊ နိုင်ငံတကာ စံနှုန်းတွေကို မလိုက်နာဘဲ လုပ်မယ့် နိုဝင်ဘာ ရွေးကောက်ပွဲကို နိုင်ငံတကာက အသိအမှတ် ပြုမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ရွေးကောက်ပွဲက လူသစ်၊ ပါဝါဆက်ဆံရေး အသစ်၊ တည်ဆောင်ပုံ အသစ်တွေ ပြည်တွင်းမှာ ဖန်တီးလာနိုင်ဖွယ် ရှိပါတယ်”ဟု ကမ်းဘဲလ်က ပြောသည်။

တိုးတက်မှု တစုံတရာရှိလာစေရန် ဖိအားပေးမှုနဲ့ မက်လုံးပေးမှုများ တပြိုင်တည်း လုပ်သွားရလိမ့်မည် ဖြစ်ကြောင်း၊ ထိုနည်းလမ်း နှစ်မျိုးစလုံးအတွက် ပြင်ဆင် ထားကြောင်း ကမ်းဘဲလ်က ဆက်လက်ပြောသည်။

မစ္စတာ ကမ်းဘဲလ်သည် အိုဘားမား အစိုးရ၏ မြန်မာပြည် မူဝါဒရေးရာအတွက် အကောင်အထည် ဖော်နေသူ ဖြစ်ပြီး စစ်အစိုးရ အပေါ် တွန်းအားပေးသည့် တိုက်ရိုက် ညှိနှိုင်းဆောင်ရွက်ရေးနှင့် စီးပွားရေး ပိတ်ဆို့ အရေးယူရေး မူဝါဒအရ ဆွေးနွေးမှု နှစ်ကြိမ်စလုံးကို ဦးဆောင် စီစဉ်ခဲ့သူဖြစ်သည်။

၂၀၀၉ ခုနှစ် နိုဝင်ဘာနှင့် ၂၀၁၀ ပြည့်နှစ် မေလတို့တွင် ကမ်းဘဲလ်သည် အမေရိကန် ကိုယ်စားလှယ် အဖွဲ့ကို ဦးဆောင်၍ မြန်မာနိုင်ငံသို့ လာရောက်ဖူးသည်။

“အိုဘားမား အစိုးရ တက်လာပြီးတဲ့နောက် မြန်မာပြည် အရေးကို အနီးကပ် အကဲခတ်ဖို့ ဆန္ဒ ရှိခဲ့ပါတယ်။ သက်ဆိုင်ရာ လုပ်ကိုင် ဆောင်ရွက် နေသူတွေ၊ ဒေသတွင်း တခုလုံးမှာရှိတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့တွေ၊ အစိုးရတွေနဲ့ တိုင်ပင် ဆွေးနွေးပြီးတော့ ကျယ်ကျယ် ပြန့်ပြန့် လေ့လာ သုံးသပ်ပြီးတဲ့နောက်မှာ အာဆီယံရဲ့ သဘောထားဖြစ်တဲ့ တိုက်ရိုက် ညှိနှိုင်း ဆောင်ရွက်ရေး မဟာဗျူဟာကို စစ်အစိုးရအပေါ် သုံးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမယ့် အဆိုးမြင်သဘောနဲ့ စီးပွားရေး ပိတ်ဆို့မှုလည်း မပြောင်းလဲစေဘဲ ချဉ်းကပ်ခဲ့တဲ့ အမေရိကန်ရဲ့ မူဝါဒဟာ မြန်မာပြည်တွင်း ပြောင်းလဲမှု ရည်မှန်းချက်ကို အကောင်အထည် မဖော်နိုင်သေးပါဘူး” ဟု ကမ်းဘဲလ်က ပြောသည်။

စစ်အစိုးရနှင့် တွေ့ဆုံဆွေးနွေးရေး အမေရိကန်အစိုးရမူဝါဒကို အပြည့်အဝ ဆက်လက် ထောက်ခံမည် ဖြစ်သော်လည်း ယထာဘူတ ကျကျ ပြောရလျှင် တိုက်ရိုက် ညှိနှိုင်း ဆောင်ရွက်ရေးသည် စိတ်ပျက်စရာ ရလဒ်များသာ ရသေးပြီး စိန်ခေါ်မှုများ ရှိနေဆဲဟု ကမ်းဘဲလ်က ဝန်ခံပြောကြားသည်။

အမေရိကန်ပြည်ထောင်စုသည် စစ်အစိုးရအနေဖြင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသား များကို လွှတ်ပေးရေး၊ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး၊ နိုဝင်ဘာ ရွေးကောက်ပွဲကို တရားမျှတရေးနှင့် အားလုံးပါဝင်နိုင်ရေးတို့ကို တိုက်တွန်းထားသည်။

ထို့အပြင် မြောက်ကိုရီးယား-မြန်မာ မဟာဗျူဟာမြောက် ဆက်ဆံရေးနှင့် ပတ်သက်၍လည်း အမေရိကန်၏ စိုးရိမ်မှုကို ထုတ်ဖော်ပြောဆိုထားပြီး ဖြစ်သည်။

“အစက ပြောခဲ့သလိုပဲ ဒီလုပ်ငန်းစဉ်တခုလုံးကို ရေတိုမှာ ဖြစ်မြောက်လာဖို့ မျှော်လင့်မထားပါဘူး။ ရေရှည်သွားရမယ့် ကိစ္စလို့ မြင်ပါတယ်။ ကျနော်တို့ ကတိတွေ အလွန်အကျွံ မပေးလိုပါဘူး။ ကျနော်တို့ လုပ်ကိုင်နေတာ ဘယ်အခြေအနေရောက်တယ်ဆိုတာ ပွင့်ပွင့်လင်းလင်းရှိဖို့ ကြိုးစားနေပါတယ်” ဟု ကမ်းဘဲလ်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရအပေါ် အမေရိကန်၏ တိုက်ရိုက် ညှိနှိုင်းဆောင်ရွက်ရေး မူဝါဒကို ထောက်ခံကြောင်း ပြီးခဲ့သည့် မေလက မြန်မာပြည်ခရီးစဉ်အတွင်း ကမ်းဘဲလ်နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်ဟု သိရသည်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျနော် ပထမဆုံး တွေ့ဆုံခွင့်ရစဉ်မှာ ဘာကြောင့် စစ်အစိုးရနဲ့ တွေ့ဆုံဆွေးနွေးတယ် ဆိုတာကို မိနစ် ၃၀ လောက် ဆွေးနွေးခဲ့ကြပါတယ်။ ဘာမှ မသေချာသေးဘူးဆိုပေမယ့် ပွင့်လင်းစွာ ပြောရရင် ရှေ့ဆက် ဆွေးနွေးဆဲပါပဲ” ဟု ကမ်းဘဲလ်က ဆိုသည်။

အနည်းဆုံးအားဖြင့် အဆိုးထဲမှ အကောင်းအဖြစ် မြန်မာ့အရေးနှင့် ပတ်သက်၍ အရှေ့တောင်အာရှ နိုင်ငံများနှင့် ဆွေးနွေးခွင့် ရခဲ့ကြောင်း၊ အမေရိကန် ကြိုးပမ်းမှုအတွက် အကူအညီ တောင်းနိုင်ခဲ့ကြောင်းနှင့် အမေရိကန်၏ အကျိုးစီးပွား အတွက် အကောင်းဆုံး နည်းဗျူဟာအဖြစ် သံတမန်နည်းကျ တိုက်ရိုက် ညှိနှိုင်းဆောင်ရွက်ရေး ရခဲ့ကြောင်း ကမ်းဘဲလ်က ပြောသည်။

တချိန်တည်းတွင်ပင် ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဝီလျံ ဟိဂ်ကလည်း မြန်မာနိုင်ငံ၏ အကွက်ကျကျ စီမံထားသော ရွေးကောက်ပွဲသည် “စစ်အစိုးရ အာဏာ ဆက်လက်ချုပ်ကိုင်ရေးအတွက် ဟန်ပြ စီမံထားချက်” ဖြစ်ကြောင်း ယနေ့တွင် ထုတ်ဖော် ပြောကြားလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အပါအဝင် ပါတီများ ဖျက်သိမ်း ခံရကြောင်း စစ်အစိုးရက ကြေညာပြီးနောက် ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီးက ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

မစ္စတာ ဝီလျံ ဟိဂ်၏ ထုတ်ပြန်ကြေညာချက်တွင် “မြန်မာနိုင်ငံ ရွေးကောက်ပွဲသည် စစ်အစိုးရက အာဏာကို ဆက်လက် ချုပ်ကိုင်ရန် စီမံချက်ဖြစ်ပြီး မြန်မာပြည်သူ လူထု၏ နိုင်ငံခေါင်းဆောင်များအား လွတ်လပ်စွာ ရွေးချယ်ခွင့်ကို ငြင်းပယ်ခြင်း ဖြစ်သည်” ဟု ဖော်ပြထားသည်။

ရွေးကောက်ပွဲသည် အမျိုးသားရင်ကြားစေ့ရေး၊ ဆယ်စုနှစ်နှင့် ချီ၍ ရှည်ကြာနေသည့် တိုင်းရင်းသား ပဋိပက္ခနှင့် မဖြစ်သင့်သည့် ဆင်းရဲနွမ်းပါးမှုများ ပပျောက်ရေးအတွက် အခွင့်အလမ်းသာ ဖြစ်သင့်ကြောင်း၊ ယခု ထိုအခွင့်အလမ်းသည် အချည်းနှီးဖြစ်နေကြောင်းလည်း ကြေညာချက်တွင် ရေးသားထားသည်။

နောက်ဆုံး အခြေအနေများသည် နိုင်ငံတကာ အသိုင်းအဝိုင်းအတွက် တုန်လှုပ်ခြောက်ခြား၊ ပြစ်တင်ပြောဆိုစရာ ဖြစ်နေပြီး၊ မြန်မာပြည်သူများဘက် ရပ်တည်ရေးအတွက် ဆက်လက်ဆုံးဖြတ်ရန်သာ ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

ဗြိတိန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ် မီလီဘန်းကလည်း “အခု မြန်မာ့ ရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတမှာ မဟုတ်ပါဘူး။ မြန်မာပြည်သူလူထုရဲ့ လည်မျိုကို စစ်အစိုးရက ပိုပြီး ညှစ်ဖို့ အတွက် ရွေးကောက်ပွဲပဲ ဖြစ်ပါလိမ့်မယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးအမြင်များကို ပိတ်ပင်ထားကြောင်း၊ ပြည်သူလူထုသည် မည်သို့မျှ ထုတ်ဖော်ပြောဆိုခွင့် မရှိသဖြင့် မိမိတို့က ကိုယ်စား ထုတ်ဖော်ပြောဆိုပေးရေးသည် အရေးပါကြောင်း မီလီဘန်းက ဆက်လက်ပြောသည်။

Ref: ဧရာဝတီ်

Read More...

ကေအိုင်အိုဋ္ဌာနချုပ်မှ အရေးကြီးပစ္စည်းများ ရွေ့ပြောင်း

Friday, 17 September 2010

တရုတ်နယ်စပ်အနီးရှိ ဋ္ဌာနချုပ်လိုင်ဇာမြို့မှ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO ပိုင် အရေးကြီး ပစ္စည်းများကို ယခင်ဌာန ချုပ်ဟောင်း လိုင်စင်စခန်းသို့ ယခုလ ၁၅ ရက်နေ့မှ စတင် ပြောင်းရွေ့နေကြောင်း ကေအိုင်အို သတင်းရပ်ကွက်မှ တဆင့် သိရသည်။

ယခင် လိုင်စင်စခန်း၌ ထားရှိသော ကေအိုင်အို ဋ္ဌာနချုပ်ရုံးကို နအဖ စစ်အစိုးရနှင့် ငြိမ်းချမ်းရေးယူပြီး နောက်ပိုင်း လိုင်ဇာ သို့ ရွေ့ပြောင်းခဲ့ခြင်းဖြစ်သည်။

ကေအိုင်အိုစစ်ရုံးချုပ်ရှိ ပစ္စည်းများကို ရွေ့ပြောင်းနေသော်လည်း လိုင်ဇာမြို့ အုပ်ချုပ်ရေးဋ္ဌာနများ ပြောင်းရွေ့မှု မရှိကြောင်း ကေအိုင်အိုနှင့် နီးစပ်သူ တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

စက်တင်ဘာလ ၁ ရက်နေ့က နအဖ၏ လက်နက်စွန့်ရေး ရာဇသံကို ကေအိုင်အိုက ငြင်းပယ်ပြီးနောက်ပိုင်း ယခုလ ဆန်းပိုင်းကစ၍ မြောက်ပိုင်းတိုင်း စစ်ဋ္ဌာနချုပ်က ကေအိုင်အို အဖွဲ့ဝင်များ၏ ခရီးသွားလာမှု များကို ကန့်သတ်လိုက်သည်။

ကေအိုင်အိုနှင့် နအဖ နှစ်ဘက်ကြား ဆက်ဆံရေး တင်းမာနေရာ နောက်ဆက်တွဲ မမျှော်မှန်း နိုင်သည့်စစ်ရေး ခြိမ်းခြောက်မှု အပေါ် ကြိုတင် ကာကွယ်သည့် အနေဖြင့် ယခုလို ပစ္စည်းများ ရွေ့ပြောင်းခြင်း ဖြစ်နိုင်ကြောင်း သူက ဆိုသည်။

ဒေသခံမျက်မြင်တစ်ဦးက “ စစ်တပ်ကုန်းပေါ်က ပစ္စည်းတွေ နေ့တိုင်းပဲ ကားတွေနဲ့ သယ်နေတာ ၃/၄ ရက် လောက်ရှိပြီ မနေ့က အထိပေါ့ ဒီကရုံး အထိုင်တွေပါ အကုန်ပြောင်းပစ်တာ ပရိဘောဂတွေရော သူတို့ကားတွေနဲ့ လိုင်စင်ကို ရွေ့နေတယ်” ဟု ဆိုသည်။

ယခုအခါ လိုင်ဇာမြို့ လုံခြုံရေးကို ပိုမိုတိုးမြှင့်ထားသော်လည်း အခြေအနေ ပုံမှန်ရှိကြောင်း သိရသည်။ “လိုင်ဇာမှာ ညတိုင်း ကင်းလှည့်နေတယ် အရပ်ဝတ်နဲ့ပေါ့ တစ်ခါတစ်ခါတော့ လက်နက်ကိုင်တွေ တွေ့ရတယ် ရဲတွေလည်း ညတိုင်း လှည့်နေတယ် မသင်္ကာရင်တော့ စစ်ဆေးတာပေါ့ အပြင်လူ အ၀င်အထွက် နည်းသွားတယ် အခြေအနေ ကတော့ ပုံမှန်ပါပဲ” ဟု စောစောက ဒေသခံက ဆက်ပြောသည်။

လက်နက်စွန့်ရေး ကေအိုင်အို ငြင်းပယ်လိုက်သည့်အပေါ် နှစ်ဘက်စစ်ရေးပဋိပက္ခ ဖြစ်လာမည်ကို စိုးရိမ်နေသည့် ဒေသခံများအား ကေအိုင်အိုမှ စစ်ရေး သြဇာကြီးမားသူ ဒုတိယ ဗိုလ်ချုပ်ကြီး အင်ဘန်လက လူထု ရှင်းလင်းပွဲ တစ်ရပ်ကို ယခုလ ၃ ရက်နေ့က လိုင်ဇာမြို့၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကေအိုင်အိုနှင့် နအဖစစ်အစိုးရတို့သည် ၁၉၉၄ ခုနှစ်က ငြိမ်းချမ်းရေးယူခဲ့ပြီး နအဖ၏ နယ်ခြားစောင့်တပ် ဖွဲ့ရေးနှင့် လက်နက် စွန့်ရေး အဆိုကို လက်မခံကြောင်း ကေအိုင်အိုက စက်တင်ဘာလ ၁ ရက်နေ့တွင် ကြေငြာထုတ် ငြင်းပယ်ခဲ့သည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

Friday, September 17, 2010

နိုဝင်ဘာ ၁၃ တွင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရမည်

Thursday, September 16, 2010

နေအိမ် အကျယ်ချုပ် ချခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက နိုဝင်ဘာ ၁၃ ရက်နေ့တွင် လုံးဝလွှတ်ပေး ရမည်ဟု အမေရိကန် နိုင်ငံ ဝါရှင်တန်မြို့ အခြေစိုက် Freedom Now ဥပဒေရေးရာအဖွဲ့က ယမန်နေ့တွင် ထုတ်ပြန်ကြေညာ လိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် ၂၁ နှစ်တာအတွင်း ၁၅ နှစ်ကြာမျှ အကျယ်ချုပ် ကျခံနေခဲ့ရသည်။

Freedom Now အဖွဲ့၏ ကြေညာချက်တွင် “မြန်မာအစိုးရရဲ့ ဥပဒေကြောင်းအရ ၂၀၁၀၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ လွတ်ရမှာ ဖြစ်တယ်” ဟု ဖော်ပြထားသည်။

စစ်အစိုးရ ကျင်းပမည့် နိုဝင်ဘာလ ၇ ရက်နေ့ ရွေးကောက်ပွဲ အပြီးတွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် ရမည် ဖြစ်ကြောင်း၊ ယခုနှစ် ဇန်နဝါရီလတွင် ပြည်ထဲရေးဝန်ကြီး ကိုယ်တိုင်ပြောခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်ကို “နိုဝင်ဘာတွင် လွှတ်ပေးမည်” ဟူသော လူသိရှင်ကြား ပြောထားသည့် စကားကို Freedom Now အဖွဲ့က ထောက်ပြထားသည်။

နေအိမ်အကျယ်ချုပ် ၆ နှစ်ကြာ ကျခံပြီး လွတ်မြောက်ရန် ၃ လ အလို ၂၀၀၉ ခုနှစ် သြဂုတ် ၁၁ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၃ နှစ် ထပ်မံ ချမှတ်ခဲ့ပြီး နောက်ပိုင်းတွင် စစ်အစိုးရက နေအိမ် အကျယ်ချုပ် ၁၈ လသို့ လျှော့ချခဲ့သည်။

“မဖိတ်ခေါ်ဘဲ နေအိမ်အတွင်းသို့ ရေကူးဝင်ရောက်လာသည့် အမေရိကန်နိုင်ငံသား ဂျွန် ယက်ထောကြောင့် ဒေါ်အောင်ဆန်း စုကြည်သည် ဥပဒေချိုးဖောက်သည်ဟု ဆိုကာ အကျယ်ချုပ် သက်တမ်း အတိုးခံရခြင်းဖြစ်သည်” ဟု Freedom Now က ဖော်ပြထားသည်။

တည်ဆဲ မြန်မာ ဥပဒေအရ ဒေါ်အောင်ဆန်းစုကြည် အပေါ် ချမှတ်သည့် အကျယ်ချုပ် သက်တမ်းသည် အင်းစိန်ထောင်သို့ လွှဲပြောင်းပေးသည့် ၂၀၀၉ ခုနှစ် မေလ ၁၄ ရက်နေ့မှစ၍ ရေတွက်ရမည်ဟု Freedom Now အဖွဲ့က ဆိုသည်။

“စစ်အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ် သက်တမ်းကို တိုးခြင်း၊ အသစ်ပြန်လည် အသက်သွင်းခြင်း မပြုလုပ်နိုင်ပါ။ နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီး လိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့် ဥပဒေ ပုဒ်မအရ သတ်မှတ်ထားသည့် နေအိမ် အကျယ်ချုပ် ချနိုင်သည့် အများဆုံး သက်တမ်း ၅ နှစ်ထက် ကျော်လွန်ကာ ဒေါ်အောင်ဆန်းစုကြည်သည် တနှစ်ပိုလွန်၍ ကျခံထားရပြီး ဖြစ်သည်။ ထိုမျှသာမက အသစ်ပြင်ဆင်ခြင်း၊ သက်တမ်းတိုးခြင်း မပြုဘဲ နေအိမ် အကျယ်ချုပ် ၁၈ လ ထပ်မံ ချထားခဲ့သေးသည်” ဟု Freedom Now က ဆိုသည်။

စစ်အစိုးရသည် ၁၉၈၈ တွင် အာဏာရယူပြီးနောက် ၁၉၇၄ အခြေခံဥပဒေကို ၂၀၀၈ အခြေခံဥပဒေဖြင့် အစားထိုး ခဲ့သည်။ သို့သော် ဒေါ်အောင်ဆန်း စုကြည်ကို စွဲဆိုရာတွင်မူ အခြေခံ ဥပဒေဟောင်းကို အသုံးပြုထားသဖြင့် တရားမဝင်ဟု Freedom Now က ထောက်ပြထားသည်။

ပထမအချက်အနေဖြင့် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီး လိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့် ဥပဒေသည် ကာကွယ်သည့် အနေဖြင့် ဖမ်းဆီး ထိန်းသိမ်း ထားခြင်းကို ခွင့်မပြုပေ။ “နိုင်ငံသား တဦးသည် နိုင်ငံတော်၏ အချုပ်အခြာ အာဏာနှင့် နိုင်ငံတော် လုံခြုံရေးကို ဖြစ်စေ၊ အများ ပြည်သူတို့၏ အေးချမ်း သာယာရေးကို ဖြစ်စေ ထိပါး အန္တရာယ် ဖြစ်စေမည့်” လူမျိုးကိုသာ ထိန်းသိမ်းခွင့် ရှိသည်။

ဒုတိယအနေဖြင့် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီး လိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့် ဥပဒေသည် အများဆုံး ၅ နှစ် ထိန်းသိမ်းခွင့်ရှိပြီး တနှစ်သာ သက်တမ်း တိုးခွင့်ရှိသည်။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရ ချမှတ်ထားသည့် အပြစ်ဒဏ်သည် ၂၀၀၈ ခုနှစ် မေလ ၃၀ ရက်နေ့ ကတည်းက လွတ်မြောက် သင့်ကြောင်း၊ သို့သော် စစ်အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားသည်မှာ ၆ နှစ်ကြာခဲ့ကြောင်း Freedom No က သုံးသပ် ပြထားသည်။

စက်တင်ဘာ ၁၄ ရက်နေ့တွင် စစ်အစိုးရ မီဒီယာများမှတဆင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) အပါအဝင် ပါတီ ၁၀ ပါတီကို ဖျက်သိမ်းကြောင်း ကြေညာခဲ့သည်။

NLD သည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံနိုင်သဖြင့် ပါတီ ဆက်လက် တည်ထောင်ခွင့် မလျှောက်ထားရန် ဆုံးဖြတ်ခဲ့ပြီး ဖြစ်သည်။

စစ်အစိုးရသည် ရွေးကောက်ပွဲ ဥပဒေများဖြင့် ပြစ်ဒဏ်ကျခံနေရသော ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲတွင် မပါဝင် နိုင်ရန်လည်း ပြုလုပ်ထားသည်။

Ref: ဧရာဝတီ်

Read More...

တိုင်းရင်းသား ဒေသများတွင် ပဲခူးလူသတ်မှုကဲ့သို့ ဖြစ်ရပ်များ အမြဲလိုပင် ဖြစ်

Thursday, September 16, 2010

ပဲခူးမြို့တွင် စစ်တပ်က လူငယ် ၂ ဦးကို ပစ်သတ်လိုက်မှုကြောင့် ဝေဖန်မှု များစွာထွက်ပေါ် လာသော်လည်း ထိုကဲ့သို့ အနိုင်ကျင့် သတ်ဖြတ်မှု များသည် အစွန်အဖျား တိုင်းရင်းသား နယ်မြေများ၌ အမြဲလိုပင် ဖြစ်ပျက်နေသော ရာဇဝတ်မှုများ ဖြစ်ကြောင်း တက်ကြွ လှုပ်ရှားသူများက ထောက်ပြသည်။

ပဲခူးမြို့ ဇိုင်းဂနိုင်းတောင်ပိုင်းရပ်ကွက်တွင် စက်တင်ဘာ ၄ ရက်နေ့၌ နယ်မြေခံ တပ်ရင်းမှ အရာရှိ၊ တပ်သားများနှင့် ပဲခူးမြို့ခံ လူငယ်များ အချင်းများရာမှ တပ်သားတဦး၏ ပစ်ခတ်မှုကြောင့် မောင်အောင်သူဟိန်း (၂၃ နှစ်) နှင့် မောင်စိုးပိုင်ဇော် (၁၉ နှစ်) သည် နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားသည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တာနာက ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ တင်သွင်းမည့် အစီရင်စာတွင် ပဲခူး လူသတ်မှုအကြောင်း ထည့်သွင်း ဖော်ပြသွားမည်ဟု ပြောကြားသည်။

ပဲခူး လူငယ်နှစ်ဦး အသတ်ခံရမှုသည် အပြစ်ပေး ကွပ်မျက်သည့် ပုံစံ ဖြစ်နေကြောင်း ဒေသခံများက ပြောသည်။ မောင်အောင်သူဟိန်းတွင် သေနတ်ဒဏ်ရာ ၆ ချက်နှင့် မောင်စိုးပိုင်ဇော်တွင် သေနတ်ဒဏ်ရာ ၄ ချက် ထိထားပြီး ခန္ဓာကိုယ်မှာ ဆန်ခါပေါက် ဖြစ်နေကြောင်း ဒေသခံ ဆရာဝန် တဦးက ပြောသည်။

ရှမ်းအမျိုးသမီး ရေးရာ ဆက်သွယ်လှုပ်ရှား ဆောင်ရွက်ရေး အသင်း (SWAN) မှ နန်းဆိုင်နောင့်က ပဲခူးကဲ့သို့သော မြို့ကြီး တခု၏ လမ်းပေါ်တွင် ပစ်သတ်ခံရမှု ဖြစ်သေးလျှင် တိုင်းရင်းသား ဒေသများကဲ့သို့ ဝေးလံသည့် နေရာများတွင် နအဖ စစ်တပ်က ဤကဲ့သို့သော ပြစ်မှုပေါင်း မည်မျှ ကျူးလွန်ခဲ့သည်ကို မသိနိုင်ကြောင်း ပြောသည်။

“စစ်အာဏာရှင်တွေ လက်အောက်မှာ ပြည်သူ့အတွက် မလုံခြုံပါဘူး။ အထူးသဖြင့် ဝေလံ ခေါင်သီတဲ့ နေရာတွေမှာ နေတဲ့ သူတွေဆို ပို မလုံခြုံပါဘူး။ သူတို့ဘဝက အန္တရာယ်များတယ်။ အမျိုးသမီးတွေက ပိုပြီး လူ့အခွင့်အရေး ချိုးဖောက် ခံနေရတယ် ဆိုတာ တကယ့် အမှန်တရားပါပဲ”ဟု နန်းဆိုင်နောင့်က ပြောသည်။

ထိုင်း-မြန်မာ နယ်စပ်တလျှောက် ကူညီစောင့်ရှောက်ရေး ညွန့်ပေါင်းအဖွဲ့ (TBBC) ၏ ၂၀၀၉ ခုနှစ် အောက်တိုဘာလ ထုတ် အစီရင်ခံစာတွင် မြောက်ပိုင်း ကရင်ဒေသနှင့် ရှမ်းပြည် တောင်ပိုင်း ဒေသများသည် မြန်မာနိုင်ငံတွင် လူ့ အခွင့်အရေး ချိုးဖောက်ခံရမှု အမြင့်ဆုံး ဒေသများဖြစ်ကြောင်း၊ သတ်ဖြတ်မှု၊ နှိပ်စက် ညှဉ်းပန်းမှု၊ ခြိမ်းခြောက်မှု၊ အဓမ္မ ရွှေ့ပြောင်းခိုင်းမှုနှင့် မြေယာ သိမ်းယူမှုများ ဖြစ်ပွားနေကြောင်း ဖော်ပြထားသည်။

ထိုင်း-မြန်မာ နယ်စပ်တလျှောက် ပြည်တွင်း ရွှေ့ပြောင်း ဒုက္ခသည် (IDP) များကို ကူညီနေသည့် TBBC ၏ အစီရင်ခံစာတွင် ၂၀၀၈ သြဂုတ်လနှင့် ၂၀၀၉ ဇွန်လအတွင်း ရွာပေါင်း ၁၂၀ ကျော် ပျက်စီး ခဲ့ရပြီး ဖြစ်ကြောင်း၊ ၁၉၉၆ ခုနှစ်မှစ၍ မြန်မာပြည် အရှေ့ ဘက်ပိုင်းတွင် အဓမ္မရွှေ့ပြောင်းမှုများနှင့် ဖျက်ဆီးမှုများကြောင့် ရွာပေါင်း ၃၅၀၀ ကျော် ပျက်စီးပြီး ဒေသခံ ရွာသားများ ထွက်ပြေး ပုန်းရှောင် ခဲ့ရကြောင်း ဖော်ပြထားသည်။

TBBC ၏ အစီရင်ခံစာအရ မြန်မာပြည်အရှေ့ပိုင်း ကျေးလက်ဒေသများတွင် ရွှေ့ပြောင်းခြင်းခံရသူ ၄ သိန်းခွဲနှင့် IDP ငါးသိန်းကျော် ရှိကြောင်း သိရသည်။

သတင်းအချက်အလက်ရရှိရန် ခက်ခဲခြင်းနှင့် မီဒီယာများ လက်လှမ်းမမီခြင်းကြောင့် နအဖစစ်တပ်က ကျူးလွန်သော လူ့ အခွင့်အရေး ချိုးဖောက်မှုများနှင့် ရာဇဝတ်မှုများကို မသိရှိရကြောင်း နန်းဆိုင်နောင့်က ပြောသည်။

ပဲခူးမြို့အခြေစိုက် လမ်းပြကြယ်အဖွဲ့မှ ရှေ့နေကြီး ဦးအေးမြင့်က “လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ သူတွေရဲ့ အခြေ အနေက မျှော်လင့်ချက် မရှိပါဘူး။ အကူအညီ သွားတောင်းစရာလည်း မရှိဘူး” ဟု ဆိုသည်။

စစ်အစိုးရ ထိန်းချုပ်ထားသည့် သတင်းမီဒီယာများသည် ဗုံးကွဲမှုကဲ့သို့သော အကြမ်းဖက်မှုများကို ဖော်ပြပြီး အတိုက်အခံ များကို စွပ်စွဲလေ့ ရှိသော်လည်း နအဖ စစ်တပ် ကိုယ်တိုင်၏ ရာဇဝတ်မှုများကိုမှု တလုံးတပါဒမျှ ဖော်ပြလေ့မရှိဟု လေ့လာ အကဲခတ်သူများက ထောက်ပြသည်။

စက်တင်ဘာ ၁၃ ရက်နေ့ထုတ် The New Light of Myanmar သတင်းစာတွင် ပဲခူးတိုင်းအတွင်း ဗုံးပေါက်ကွဲမှု နှစ်ခုကြောင့် အရပ်သား နှစ်ဦး ဒဏ်ရာရကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင်များ လက်ချက်ဖြစ်ကြောင်း စွပ်စွဲ ဖော်ပြထားသည်။

ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းဈေးနှင့် ယောမင်းကြီးလမ်း (ယောက်လမ်း) တို့ကို ဆက်သွယ်ထားသည့် မီးရထားခုံးကျော် လူကူး သစ်သားတံတားတွင် တွေ့ရှိရသော ချိန်ကိုက်မိုင်းနှင့် မွန်ပြည်နယ် သထုံမြို့၊ ဒုံဝန်းကျေးရွာ အုပ်စုရှိ လျှပ်စစ် ဓာတ်အားလိုင်း တာဝါတိုင်တွင် တွေ့ရှိရသော မိုင်းများသည် ရွေးကောက်ပွဲ မအောင်မြင်စေရန် သွေးထိုး လှုံ့ဆော်ခြင်းဖြစ်သည်ဟု သတင်းစာတွင် ဖော်ပြထားသည်။

ထို့အပြင် ယင်းသို့ သွေးထိုးလှုံ့ဆော်ခြင်းသည် မကြာသေးမီက ပဲခူးမြို့တွင် စစ်တပ်က ပစ်သတ်မှုကြောင့် အရပ်သား လူငယ် ၂ ဦး သေဆုံးမှု ဖြစ်စဉ်တို့နှင့် အချိန်ကိုက် ချိတ်ဆက် လုပ်ဆောင်ခြင်း ဖြစ်သည်ဟု စက်တင်ဘာ ၁၁ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ရေးသားထားသည်။

ရှေ့နေကြီး ဦးအေးမြင့်ကမူ ထိုသို့ ဆက်စပ် စွပ်စွဲခြင်းသည် အခြေအမြစ်မရှိကြောင်း၊ မြန်မာပြည်မှ တက်ကြွ လှုပ်ရှား သူများက ပဲခူး လူသတ်မှု ကဲ့သို့သော ကိစ္စများကို ကမ္ဘာကသိရန် လုပ်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း စစ်အစိုးရ အပေါ် ထိုအပြုအမှုများ ရပ်တန့်သွားရန် ဖိအားပေးသင့်ကြောင်း ပြောသည်။

ကုလသမဂ္ဂသို့ အကြံပြုထားသည့် စစ်ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေး ကော်မရှင် (CoI) ဖွဲ့ရေးသည် မြန်မာ ပြည်သူများ အတွက် မျှော်လင့်ချက် ရောင်ခြည်ဖြစ်ကြောင်း ဦးအေးမြင့်က ဆက်လက်ပြောသည်။

စစ်အစိုးရ၏ စစ်ရာဇဝတ်မှုများနှင့် လူသား မျိုးနွယ် အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို စုံစမ်း စစ်ဆေးမည့် လွတ်လပ်သော ကုလသမဂ္ဂ စုံစမ်း စစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းရေးကို အဓိက တိုက်တွန်းသူမှာ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တာနာ ဖြစ်သည်။

CoI ဖွဲ့စည်းရေးကို သြစတြေးလျ၊ ချက်နိုင်ငံ၊ ဆလိုဗက်ကီးယား၊ ကနေဒါ၊ ဗြိတိန်နှင့် အမေရိကန်တို့ထံမှ ထောက်ခံမှု ရရှိပြီး ဖြစ်သည်။

မြန်မာပြည်အရှေ့ပိုင်းရှိ အဓမ္မ ရွှေ့ပြောင်းခံရမှုများ၊ IDP ဖြစ်ရန် တွန်းပို့ခံရခြင်းများသည် နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ရှိ အပြည်ပြည် ဆိုင်ရာ ရာဇဝတ်မှုခုံရုံး၏ “လူသား မျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ” စံသတ်မှတ်ချက်နှင့် အကျုံးဝင် ကြောင်း လေ့လာစောင့်ကြည့်သူများနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများက ပြောသည်။

တက်ကြွလှုပ်ရှားသူများက မြန်မာပြည်တွင် နအဖ စစ်တပ်က ကျူးလွန်နေသည့် လူသတ်မှု၊ အဓမ္မပြုကျင့်မှု ၊ နှိပ်စက် ညှဉ်းပန်းမှု၊ အဓမ္မ ရွှေ့ပြောင်းမှုများကို ဆူဒန်နိုင်ငံ ဒါဖာဒေသတွင် ဖြစ်ပွားခဲ့သည့် လူ ၃ သိန်း အသတ်ခံရပြီး ၂.၅ သန်း နေရပ်ဒေသကို စွန့်ခွာ ထွက်ပြေးနေရမှုနှင့် နှိုင်းယှဉ် ပြောဆိုကြသည်။

ပြည်ပရောက် မြန်မာနိုင်ငံ ရှေ့နေများ ကောင်စီမှ အထွေထွေ အတွင်းရေးမှူး ဦးအောင်ထူးက ဧရာဝတီနှင့် မေးမြန်းခန်း တခုတွင် “မြန်မာပြည်မှာ စစ်ရာဇဝတ်မှုတွေနဲ့ လူသား မျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ဖြစ်ပွားနေတယ်လို့ သေချာပေါက် ပြောလို့ရပါတယ်” ဟု ပြောထားသည်။

ကရင် လူ့အခွင့်အရေး အဖွဲ့မှ တာဝန်ရှိသူတဦးဖြစ်သည့် စောဖိုးရှမ်းက “IDP ဧရိယာတွေမှာ စစ်အစိုးရ တပ်တွေက ရွာသား တွေကို မြင်မြင်ကရာ ပစ်တာပါပဲ။ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေကို သစ္စာခံတယ်လို့ သံသယ ရှိရင် မသတ်ခင် နှိပ်စက် ခံရသေးတယ်”ဟု ပြောသည်။

ထိုကဲ့သို့သော နအဖ စစ်တပ်က ကျူးလွန်သည့် ရာဇဝတ်မှုများသည် ကရင်ပြည်နယ်တွင် မကြာခဏ ဖြစ်ပွားနေသည်ဟု ၎င်းက ဆက်လက်ပြောသည်။

Ref: ဧရာဝတီ်

Read More...

ရွေးကောက်ပွဲ မလုပ်နိုင်သော ဒေသများ ထွက်လာ

မဇ္ဈိမသတင်းဌာန
ကြာသပတေးနေ့၊ စက်တင်ဘာလ ၁၆ ရက် ၂၀၁၀

ချင်းမိုင် (မဇ္ဈိမ)။ ။ မြို့နယ်ပေါင်း ၃၂ ခုအောက်တွင် ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း ကော်မရှင်က နိုင်ငံပိုင် ရုပ်မြင် သံကြားမှတဆင့် ယနေ့ ထုတ်ပြန် လိုက်သည်။

ရွေးကောက်ပွဲ ကျင်းပနိုင်သော အခြေအနေ မရှိဟု ဆိုကာ ကချင်၊ ကယား၊ ကရင်၊ မွန် နှင့် ရှမ်းပြည်နယ်တွင်းရှိ မြို့နယ် ၃၂ မြို့နယ်အောက်မှ ဒေသအချို့တွင် ရွေးကောက်ပွဲ မလုပ်ကြောင်း မြန်မာ့ ရုပ်မြင်သံကြားက ကြေညာသွားသည်

ကချင်တွင် ၉ မြို့နယ်၊ ကယားတွင် ၂ မြို့နယ်၊ ကရင်တွင် ၇ မြို့နယ်၊ မွန်တွင် ၂ မြို့နယ်နှင့် ရှမ်းပြည်နယ်တွင် ၁၂ မြို့နယ်တို့ ဖြစ်ပြီး အချို့ မြို့နယ်များတွင် မြို့နယ် တခုလုံးတွင် ရွေးကောက်ပွဲ မလုပ်နိုင်ခြင်း ဖြစ်သည်။ အထူးသဖြင့် ဝ ပြည် သွေးစည်း ညီညွှတ်ရေး အဖွဲ့ ထိန်းချုပ်ရာ ဒေသများ ဖြစ်သည်။

ရွေးကောက်ပွဲ မလုပ်နိုင်သော ဒေသများတွင် အပစ်ခတ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ထိန်းချုပ်ထားသော ဒေသအများစု ပါဝင်သည်။ စစ်အစိုးရက နယ်ခြားစောင့်တပ် ပြောင်းရေး အစီအစဉ် မအောင်မြင်ခြင်း၏ နောက်ဆက်တွဲလည်း ဖြစ်သည်။

Ref: မဇ္ဈိမ

Read More...

Thursday, September 16, 2010

နအဖတပ်နှင့် ရှမ်းတပ်တို့အကြား တိုက်ပွဲဖြစ်

ခိုင်လင်း
၁၅ စက်တင်ဘာ ၂၀၁၀

ရှမ်းပြည်တပ်မတော် (SSA) မြောက်ပိုင်းအဖွဲ့နှင့် နအဖတပ်တို့သည် ယမန်နေ့၌ ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် အတွင်းတွင် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

ယမန်နေ့ ညနေ (၄) နာရီခန့်၌ သီပေါမြို့နယ်၊ တုန်လောကျန်းကျေးရွာ အနီးတွင် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) လက်အောက်ခံ ခလရ (၁၄၇) စစ်ကြောင်းနှင့် ရှမ်းပြည် တပ်မတော် (SSA) မြောက်ပိုင်း အဖွဲ့၏ တပ်မဟာ (၁) လက်အောက်ခံ စစ်ကြောင်းတို့ ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ရှမ်းတပ်ဖွဲ့နှင့် နီးစပ်သူတဦးက ပြောသည်။

၎င်းက “ဖြစ်တာက သီပေါခွင်ထဲမှာ၊ တုန်လောကျန်း ရွာနားမှာ ရင်ဆိုင်တွေ့ပြီး ပစ်ခတ်ကြတာ။ အဲဒီမှာ ရှမ်းအဖွဲ့က (၁) ယောက် ဒဏ်ရာ ရသွားတယ်။ နအဖဘက် စစ်ကြောင်းကလည်း လူ (၃ဝ၊ ၄ဝ) လောက် ရှိတယ်လို့ ခန့်မှန်းရတယ်တဲ့။ နအဖ ဘက်ကတော့ ဘယ်လောက် ထိတယ်ဆိုတာ မသိရဘူး” ဟု ပြောသည်။

ရှမ်းတပ်ဖွဲ့၏ တပ်မဟာ (၁) သည် ပြည်သူ့စစ်အဖွဲ့ လက်မခံသေးဘဲ ငြင်းဆန် နေသကဲ့သို့ ယနေ့ အချိန်အထိ ၎င်းတို့၏ ယူနီဖောင်းများကို ဆက်လက် ဝတ်ဆင်နေသဖြင့် ယခုကဲ့သို့ ရင်ဆိုင်တွေ့ကာ တိုက်ပွဲ ဖြစ်ပုံရသည်ဟု ရှမ်းတပ်ဖွဲ့နှင့် နီးစပ်သူက ပြောသည်။

၎င်းက “ဗိုလ်ချုပ် ပန်ဖရဲ့ တပ်မဟာ (၁) က ပြည်သူ့စစ် လက်မခံသေးဘူး၊ ယူနီဖောင်း ဝတ်ထားတုန်း။ တပ်မဟာ (၃) တို့ (၇) တို့ ကျတော့ နအဖက ပေးထားတဲ့ ဌာနေပြည်သူစစ် ဆိုတဲ့ ယူနီဖောင်းတွေ ဖြစ်နေကြပြီ။ ဒါကလည်း တပြေးညီ ဝတ်နေတာ မဟုတ်သေးဘူး။ တပ်မဟာ (၁) က လက်မခံတဲ့ ခါကျတော့ အခုထိ ပြည်သူ့စစ်ဆိုပြီး တရားဝင် မဖြစ်သေးဘူး။ အဲလိုအချိန်မှာ ရှမ်းယူနီဖောင်း တွေနဲ့ တွေ့တော့ ပစ်ကြတာ” ဟု ပြောသည်။

တိုက်ပွဲဖြစ်ပွားပြီး ယမန်နေ့ ညနေပိုင်းမှစ၍ ယနေ့အထိ ရမခလက်အောက်ခံ စစ်ကြောင်းများ ဒေသအတွင်း ပိတ်ဆို့ကာ ရှင်းလင်းမှုများ ပြုလုပ် နေကြောင်းနှင့် နောက်ဆက်တွဲ တိုက်ပွဲများ ပြန်ဖြစ်မဖြစ် မသိရသေးကြောင်း ၎င်းက ပြောသည်။

ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) အဖွဲ့သည် အပစ်ခတ်ရပ်စဲပြီးနောက် ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ စိန်ကျော့တွင် ဗဟိုဌာနချုပ် ဖွင့်လှစ်ထားသည့် အတွက် နယ်စပ်ရှိ အပစ်ရပ် အဖွဲ့များကဲ့သို့ နယ်ခြားစောင့်တပ် ဖွဲ့ခွင့် မရဘဲ ပြည်သူ့စစ် အဖြစ် အသွင်ပြောင်းရန် ဖိအားပေးခြင်း ခံရသည်။

ယခုနောက်ဆုံး ပြည်သူ့စစ်အဖွဲ့ကိုပင် ဖွဲ့ခွင့်မပေးတော့ဘဲ လက်နက်စွန့်ရန်အထိ နအဖ ဘက်က ပြောဆိုခဲ့ပြီး ဒေသအတွင်း နအဖ တပ်များ အင်အား တိုးမြှင့်ချထားကာ ဖိအား ပေးနေချိန်တွင် ယခုကဲ့သို့ တိုက်ပွဲဖြစ်ခြင်း ဖြစ်သည်။

Ref: ခေတ်ပြိုင်

Read More...

Wednesday, September 15, 2010

ပါတီ ဖျက်သိမ်းကြောင်း ရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်ကို NLD လက်မခံ

မိုးမခအထောက်တော် အမှတ် ဝဝ၁
စက်တင်ဘာ ၁၄၊ ၂၀၁၀

ရွေးကောက်ပွဲ မ၀င်သည့် NLD ပါတီကို ရပ်တည်ခွင့် မပြုတော့ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ယနေ့ ထုတ်ပြန်သည့် ကြေညာချက်မှာ တရားဝင်ခြင်း မရှိဟု NLD ခေါင်းဆောင် ဦးဉာဏ်ဝင်းက သတင်း ဌာနများကို ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲ အတွက် ကော်မရှင်တွင် မှတ်ပုံ မတင်သည့် NLD အပါအ၀င် သက်တမ်းရင့် နိုင်ငံရေး ပါတီ ၅ ခုကို နိုင်ငံရေး ပါတီ အဖြစ်မှ ပျက်ပြယ်ကြောင်း စစ်အစိုးရက ယနေ့ ညနေ ၆ နာရီတွင် ကြေညာခြင်းကို ပြန်လည် တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။

NLD ခေါင်းဆောင် ဦးဉာဏ်ဝင်း၏ တုံ့ပြန်ချက်များ

“ကော်မရှင်မှာ အဲဒီလို လုပ်ပိုင်ခွင့်၊ ကြေညာပိုင်ခွင့် မရှိဘူးလို့ဘဲ နားလည်တယ်။ ဒီကော်မရှင်က အခု မှတ်ပုံတင်ထားတဲ့ ပါတီကိုသာ လုပ်ပိုင်ခွင့်ရှိတယ်”

မဇ္ဈိမသတင်းဌာန

“ရွေးကောက်ပွဲ ကော်မရှင်က ပြန်လည် မှတ်ပုံမတင်တဲ့ ပါတီအတွက် အခုလို သတင်း ထုတ်ပြန်ဖို့၊ အခုလို ကြေညာချက် ထုတ်ဖို့ အာဏာ အပ်နှင်းထားတာ ကျနော် မတွေ့ဘူး။ ကြေညာချက် ထုတ်တယ်ဆိုတာ အာဏာ အပ်နှင်းမှ ထုတ်လို့ရတာ”

“ဒုတိယအချက်က NLD ရပ်တည်ခွင့်နဲ့ ပတ်သက်ပြီးတော့ တရားရုံး လုပ်ငန်းစဉ်တွေ မပြီးပြတ် သေးဘူး။ အဲဒီလို မပြီးပြတ်သေးတဲ့ အချိန်မှာ ကော်မရှင်က ကြားဖြတ်ပြီး ဒီလို ကြေညာတာဟာ တရားဥပဒေ စိုးမိုးရေးကို ထိခိုက်တယ်”

VOA သတင်းဌာန

ကြေညာချက်တွင် ပါဝင်သည့် ပါတီဟောင်း ၅ ခု၏ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရခဲ့သည့် မဲဆန္ဒနယ်မြေ စာရင်း
 

NLD ခေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် - ၃၉၂ နယ်မြေ

ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် - ၂၃ နယ်မြေ

ပြည်ထောင်စု ပအိုဝ်းအမျိုးသားများ အဖွဲ့ချုပ် - ၃ နယ်မြေ

ရှမ်းပြည် ကိုးကန့် ဒီမိုကရက်တစ် ပါတီ - ၁ နယ်မြေ

ဝ အမျိုးသား ဖွံ့ဖြိုး တိုးတက် ရေးပါတီ - ရွေးကောက်ခံရသော နယ်မြေ မရှိ

မကြာသေးမီက ဖွဲ့စည်းခဲ့သော ပါတီ တချို့သည်လည်း မဲဆန္ဒနယ် ၃ နယ်တွင် ၀င်ရောက် မယှဉ်ပြိုင်နိုင် သဖြင့် ဖျက်သိမ်းကြောင်း ကြေညာခံရသည်။ ထိုပါတီများ စာရင်းကို Eleven မီဒီယာ ၀က်ဆိုက်တွင် အောက်ပါအတိုင်း တွေ့ရသည်။

ကရင်အမျိုးသားများ အဖွဲ့ချုပ်

မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ

မြန်မာဒီမိုကရေစီ ကွန်ဂရက်ပါတီ

မြိုတိုင်းရင်းသားပါတီ

ဒေသဖွံ့ဖြိုး တိုးတက်ရေးပါတီ (ပြည်)

Ref: မိုးမခ

Read More...

ဒီမိုကရက်တစ်ပါတီနှင့် တသီးပုဂ္ဂလများ ပူးပေါင်းမည်

ခင်ဦးသာ
Tuesday, September 14, 2010

ရွေးကောက်ပွဲ ယှဉ်ပြိုင်ရန် ပြင်ဆင်နေသည့် ဒီမိုကရက်တစ်ပါတီ (မြန်မာ) နှင့် တသီးပုဂ္ဂလ လွှတ်တော် ကိုယ်စား လှယ်လောင်း တချို့တို့သည် ရွေးကောက်ပွဲ အောင်နိုင်ရေး အတွက် ပူးတွဲ ဆောင်ရွက် ကြမည် ဖြစ်ကြောင်း သိရသည်။

၎င်းတို့သည် နိုင်ငံရေးအရ ပူးပေါင်းခြင်း ဖြစ်ပြီး ရွေးကောက်ပွဲ အောင်နိုင်ရေး အတွက် အပြန်အလှန် အကူအညီ ပေးသွားကြရန် သဘောတူညီမှု ရရှိထားကြောင်း၊ ရွေးကောက်ပွဲ အပြီးကာလ လွှတ်တော်ထဲ၌ ဒီမိုကရေစီ အင်အားစု တရပ်ပေါ်ပေါက် လာရေးအတွက် အဓိက ဖြစ်ကြောင်း တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း တဦးဖြစ်သူ ဦးတင်ဆန်းက ဧရာဝတီသို့ ပြောသည်။

“ကျနော်တို့အဖွဲ့က ဒီ ပါတီအပြင် တခြားအဖွဲ့တွေ၊ ပါတီတွေ၊ တိုင်းရင်းသား အဖွဲ့တွေနဲ့လည်း ပူးပေါင်းသွားဖို့ ရှိပါတယ်။ လွှတ်တော်ထဲမှာ ဒီမိုကရေစီအင်အားစု တခုအဖြစ် ရပ်တည် ဆွေးနွေးသွားဖို့ပါ” ဟု သူက ဆိုသည်။

ဦးတင်ဆန်းသည် တာမွေမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေမှ ၀င်ရောက် ယှဉ်ပြိုင်မည်ဟု သိရသည်။

ဒီမိုကရက်တစ်ပါတီ (မြန်မာ) နှင့် ပူးပေါင်းဆောင်ရွက်မည့် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၈ ဦး မှာ ဒေါက်တာဖုန်းဝင်း၊ ဒေါ်ယုဇာမော်ထွန်း၊ ဦးတင်ဆန်း၊ ဦးစန်းမြင့်၊ ဦးဝင်းထိန်ဦး၊ ဦးဝင်းနိုင်၊ ဦးကျော်ကျော်မင်း၊ ဦးသိန်းတန်တို့ဖြစ်သည်။

“ဒီမိုကရက်တစ်ပါတီနဲ့ ကျမတို့က အမြင်တူတာရယ်၊ နောက်ပြီး တဦးတည်း လုပ်တာထက်စာရင် ပူးပေါင်း လုပ်တာက ပိုကောင်းမယ် ထင်လို့ပါ” ဟု တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း တဦးဖြစ်သူ ဒေါ်ယုဇာမော်ထွန်းက ဧရာဝတီသို့ ပြောသည်။

ဒေါ်ယုဇာမော်ထွန်းသည် လှိုင်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ ၀င်ရောက်ယှဉ်ပြိုင်မည်ဟု သိရသည်။ ဒေါ်ယုဇာ မော်ထွန်းသည် Myanmar Development Foundation မှ ဒါရိုက်တာ တဦး ဖြစ်ပြီး ၎င်း၏ ခင်ပွန်းဖြစ်သူ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဒေါက်တာ ဖုန်းဝင်းသည် မင်္ဂလာ မြန်မာမှ ဒါရိုက်တာ အဖွဲ့ဝင် တဦးဖြစ်သည်။

“ကျနော်တို့တွေက ရွေးကောက်ပွဲကာလမှာရော ရွေးကောက်ပွဲပြီးသွားတဲ့ အချိန်တွေမှာပါ ဒီမိုကရေစီ ကို ယုံကြည်တဲ့ လူတွေ စုပေါင်းပြီးတော့ လုပ်ဆောင်သွားမယ် ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ပူးပေါင်း လုပ်သွားကြဖို့ ဆွေးနွေးကြတာပါ” ဟု ဒီမိုကရက်တစ် ပါတီ (မြန်မာ) ၏ ဥက္ကဋ္ဌ ဦးသုဝေ ကပြောသည်။

ဒေါက်တာ ဖုန်းဝင်းကလည်း “ပူးပေါင်းရတာက ဒီမိုကရက်တစ်တွေ အချင်းချင်းညှိနှိုင်း တတ်အောင် အလေ့အကျင့် ရစေ ချင်တာလည်း ပါတယ်။ တယောက်တမျိုးစီ မဖြစ်စေချင်ဘူးပေါ့။ ဒီမို ကရက်တစ်တွေ အတွက်လည်း အင်အား တရပ် ဖြစ်စေချင်တယ်” ဟုပြောသည်။

ဒေါက်တာဖုန်းဝင်းသည် ကမာရွတ်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ ၀င်ရောက်အရွေးခံ မည်ဖြစ်ပြီး ပါတီများ၏ မူဝါဒများကို ကြိုတင် မသိခဲ့ခြင်းကြောင့် တသီးပုဂ္ဂလ အဖြစ် အရွေးခံရန် အတွက်သာ လျှောက်ထားခဲ့ခြင်း ဖြစ်ကြောင်းလည်း ပြောသည်။

ရွေးကောက်ပွဲ ကျင်းပရန် ၂ လ၀န်းကျင်သာ လိုတော့သည့်အတွက် ဒီမိုကရက်တစ် အင်အားစုများ အနေဖြင့် ပူးပေါင်း ဆောင်ရွက်မှုများ ပိုမို လုပ်ဆောင်ရန် အရေးကြီးကြောင်းလည်း ပါတီ ခေါင်းဆောင်များက ဆိုသည်။

ဒီမိုကရက်တစ် အင်အားစုများသည် အတူတကွ ပူးပေါင်းဆောင်ရွက်၍ ရွေးကောက်ပွဲ ၀င်မည်ဟု ဆိုနေသော်လည်း ၎င်းတို့ ၀င်ရောက် ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်တချို့၌ ကိုယ်စားလှယ် အရေအတွက် ထပ်နေကြောင်း သိရသည်။

“ရန်ကုန်တိုင်းက နေရာတချို့မှာ အတော် ထပ်နေပါတယ်။ ဒါတွေက ငွေမလုံလောက်မှု၊ အချိန် မလောက်င မှုတွေကြောင့်ပါ။ ကြိုတင်ညှိနှိုင်း ရလောက်အောင် အခြေအနေက မပေးဘူးဗျာ။ ပြည်သူတွေ အတွက် အများကြီး နစ်နာပါတယ်” ဟု အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ၏ ခေါင်းဆောင် တဦးဖြစ်သည့် ဦးခင်မောင်ဆွေက ပြောသည်။

ထိုကိစ္စများသည် ကိုယ့်သဘောနှင့်ကိုယ် လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်ပြီး ယခုအခါ လုပ်ဆောင်၍ မရတော့ကြောင်း၊ သို့သော် NDF အနေဖြင့် ပြည်ထောင်စု ဒီမိုကရေစီ ပါတီ (UDP)၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) တို့အတွက် မြို့နယ်တချို့တွင် နေရာ ဖယ်ပေး ထားကြောင်းလည်း ဦးခင်မောင်ဆွေက ဆိုသည်။

NDF အနေဖြင့် တသီးပုဂ္ဂလ ကိုယ်စားလှယ်များနှင့် လတ်တလောတွင် ပူးပေါင်းဆောင်ရွက်မှု မရှိသေးသော်လည်း၊ UDP နှင့် မိတ်ဘက် သဘောအရ ညှိနှိုင်းမှုတချို့ လုပ်ဆောင် နေသည်ဟုလည်း ဦးခင်မောင်ဆွေက ပြောသည်။

ဒီမိုကရက်တစ် အင်အားစု များသည် စစ်အစိုးရ ၀န်ကြီးချုပ် ဦးသိန်းစိန် ခေါင်းဆောင်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ( ကြံ့ဖွံ့ပါတီ )၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ(တ.စ.ည) တို့နှင့် အဓိက ယှဉ်ပြိုင်ရမည် ဖြစ်သည်။ ထိုပါတီ ၂ ခုသည် တနိုင်ငံလုံးရှိ မဲဆန္ဒနယ် အားလုံးနီးပါးတွင် ၀င်ရောက် ယှဉ်ပြိုင် အရွေးခံမည် ဖြစ်ပြီး ကိုယ်စားလှယ်လောင်း အရေအတွက် မှာလည်း အများဆုံး ဖြစ်သည်။

ဒီမိုကရေစီအင်အားစု များအနေဖြင့် လက်ရှိရရှိထားသော အခြေအနေ ပေါ်မူတည်ပြီး ရွေးကောက်ပွဲ၌ ပြည်သူများ၏ ထောက်ခံမှု ရရှိရန် ဆောင်ရွက်သွားမည် ဖြစ်ပြီး အနိုင်ရရှိသည့် ကိုယ်စားလှယ် အနေဖြင့် ဒီမိုကရေစီ မကျသော စစ်အစိုးရ ရေးဆွဲထားသည့် ဖွဲ့စည်းပုံပါ အကြောင်းအရာ တချို့ကို ပြင်ဆင်နိုင်ရန် တဖြည်းဖြည်း လုပ်ဆောင်သွားမည်ဟု ရွေးကောက်ပွဲ ၀င်ရန်ပြင်ဆင် နေကြသည့် ပါတီကိုယ်စား လှယ်လောင်းများက ဆိုသည်။

တိုင်းရင်းသား ပါတီခေါင်းဆောင် တချို့ကလည်း ၎င်းတို့၏ တိုင်းရင်းသား အရေး၊ ၎င်းတို့ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ တန်းတူ အခွင့်အရေးတို့ အတွက် လွှတ်တော်မှ တဆင့် တဖြည်းဖြည်း ဆောင်ရွက်သွားမည် ဟုပြောဆိုသည်။

“ဒီမိုကရေစီ အင်အားစုတွေ အနေနဲ့ လွှတ်တော်မှာ ဆွေးနွေးကြတဲ့အခါ အရေအတွက် နည်းတာ၊ များတာနဲ့ မဆိုင်ပါဘူး။ ကိုယ်စားလှယ်လောင်း အနေနဲ့ ပြောတတ် ဆိုတတ်မယ်၊ ပြောရဲဆိုရဲမယ်၊ ဗဟုသုတ ပြည့်စုံပြီး အကြောင်းပြချက် ကောင်းမယ် ဆိုရင် လူတွေက ထောက်ခံ လာမှာပါ။ ဥပဒေပိုင်း လုပ်ဆောင်တာ ကျတော့ အများစုက ထောက်ခံမှ ဖြစ်မှာပါ ” ဟု ဦးသုဝေက ပြောသည်။

စစ်အစိုးရ သည် ရွေးကောက်ပွဲအား ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပ မည်ဟု သြဂုတ်လ ၁၃ ရက်နေ့က တရားဝင် ကြေညာထားသည်။

ရွေးကောက်ပွဲ ကော်မရှင်သည် ကိုယ်စားလှယ်လောင်းများ စိစစ်မှုကို စက်တင်ဘာလ ၁၂ ရက်နေ့ နောက်ဆုံးထား၍ စိစစ်မည်ဟု ပါတီများကို အကြောင်းကြား ထားသော်လည်း၊ စိစစ် ရွေးချယ်ပြီး ကိုယ်စားလှယ်လောင်း စာရင်း အတိအကျကို မည်သည့်ရက်တွင် ထုတ်ပြန်မည်ဟု မသိရသေးကြောင်း ပါတီ ခေါင်းဆောင်းများက ပြောသည်။

ရွေးကောက်ပွဲ၌ ၀င်ရောက်ယှဉ်ပြိုင်ရန် ပါတီ ၄၂ ပါတီ မှတ်ပုံတင်ခွင့်ရရှိထားပြီး ပါတီဝင်အင်အား စာရင်းကို ရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပြ ထားသည့်ပါတီ မှာ ၃၃ ပါတီ ရှိကြောင်း စစ်အစိုးရ သတင်းများအရ သိရသည်။

Ref: ဧရာဝတီ်

Read More...

ပဲခူးနာရီစင်တွင် မပေါက်ကွဲသေးသည့် အသံမိုင်းတလုံး တွေ့ရှိ

မြတ်ခိုင်ဦး
၁၄ စက်တင်ဘာ ၂၀၁၀

ယနေ့နံနက်က ပဲခူးမြို့နာရီစင်အနီးတွင် မပေါက်ကွဲသေးသော အသံမိုင်းတလုံး တွေ့ရှိ ရသည်ဟု သိရသည်။

အဆိုပါ မိုင်းဗုံးသည် ကပ်ခွာ အမျိုးအစားဖြစ်ပြီး ခွာလိုက်လျှင် ထပေါက်သည့် အမျိုးအစားဟု ဒေသခံတဦးက ပြောကြားသည်။

၎င်းက “ဟုတ်ပါတယ် ထောင်ထားတာ။ ဒါပေမယ့် မကွဲလိုက်ပါဘူး။ ပိုစတာ ကပ်ခွာဗုံးလို့ ပြောကြတယ်ဗျ။ ခွာလိုက်တာနဲ့ ပေါက်ကွဲကောတဲ့။ ဒါပေမယ့် မပေါက်ဘူး” ဟု ဆိုသည်။

အဆိုပါမိုင်းဗုံးသည် နာရီစင်အနီး လမ်းညွှန်ဆိုင်းဘုတ် အပေါ်တွင် ဗီနိုင်းပိုစတာလို ကပ်ထား၍ ပိုစတာ အပေါ်တွင် မြန်မာပြည် အလံအား ခြေထောက်များဖြင့် နင်းထားသည့် ပုံများ ပါရှိကာ ရွေးကောက်ပွဲ ဆန့်ကျင်စာများ ပါရှိသည်ဟု ပဲခူးမြို့ခံ တဦးက ပြောသည်။

အဆိုပါသတင်းကို အထူးရဲတပ်ဖွဲ့ (အက်စ်ဘီ) မှ သတင်းရ၍ နံနက် (၁၁း၃၀) ခန့်တွင် ထိုပိုစတာအား လာရောက် ခွာယူရာမှ မိုင်းဗုံးကို တွေ့ရှိခြင်း ဖြစ်သည်။ ထို့နောက် ပေါက်ကွဲမှု အရှိန်လျှော့သွားအောင် အချိန်ယူ ခွာသည့် အတွက် မပေါက်ကွဲခြင်း ဖြစ်ကြောင်း၊ ဤအမျိုးအစားသည် ယခင်က မတွေ့ဖူးဘဲ ယခုမှ ပထမဆုံး တွေ့ရသည့် အမျိုးအစား ဖြစ်ကြောင်း ရဲဝန်ထမ်း တဦး၏ ရှင်းပြချက်ကို ကိုးကား၍ ယင်းဒေသခံက ဆက်လက် ရှင်းပြသည်။

ပဲခူးမှ အခြားဒေသခံတဦးကလည်း “အလကား မထိတထိ သွားစနေတယ်လို့ မြင်ပါတယ်။ ချမယ့်ချ ထိအောင်ချမှာပေါ့။ အခုဟာက တကယ် တွေ့တယ်ဆိုရင် ဒါ သူတို့ လုပ်ချင်တာ လုပ်ဖို့အတွက် အကွက်ဆင် ပေးတာပဲဖြစ်မှာ၊ ရိုးနေပါပြီ။ သူတို့လုပ်ချင်တာ လုပ်တော့မယ်ဆို ဗုံးတွေ ထွက်လာတာပဲလေ” ဟုဆိုသည်။

ဗုံးတွေ့ရှိမှုနှင့်ပတ်သက်၍ ပဲခူးမြို့ အထူးရဲတပ်ဖွဲ့ (အက်စ်ဘီ) သို့ ဖုန်းဆက်သွယ် မေးမြန်းရာတွင် ဖုန်းဖြေကြားသူ တဦးက “အဲဒါတော့ ကျနော်တို့ သေသေချာချာ ပြောလို့ မရသေးပါဘူး ခင်ဗျ။ ကျနော်တို့ အဖွဲ့တွေ သွားနေတာ ပြန်မလာသေးပါဘူး ခင်ဗျ။ သူတို့ ပြန်လာမှပဲ သိရမှာပါ” ဟု ဖြေကြားပြီး ဖုန်းချသွားသည်။

Ref: ခေတ်ပြိုင်

Read More...

ဝ တပ်ဖွဲ့ နယ်မြေအနီး နအဖတပ်များ ချဉ်းကပ်

ပေါက်ပေါက်
၁၄ စက်တင်ဘာ ၂၀၁၀

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲအခြေစိုက် အမှတ် (၁) စစ်ဆင်ရေးကွပ်ကဲမှု စစ်ဌာနချုပ် (စကခ) လက်အောက်ခံ တပ်ရင်း (၃) ခုသည် တန့်ယန်းမြို့၌ စက်တင်ဘာ (၁၂) ရက်တွင် လာရောက် တပ်စွဲထားပြီး သံလွင်မြစ် အရှေ့ဘက်ခြမ်း ဝ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ဝတပ်ဖွဲ့ ထိန်းချုပ်နယ်မြေ အနီးသို့ ချဉ်းကပ် လှုပ်ရှားလျက်ရှိသည်။

တန့်ယန်းဗျူဟာလက်အောက်ခံ တပ်ရင်းများအပြင် စကခ (၁) တပ်ရင်းများသည် သံလွင်အရှေ့ခြမ်း၊ နအဖ ရှေ့တန်း တပ်စခန်း လွယ်ပန်လုံတွင် အခြေပြုပြီး အနီးရှိ ဝ တပ်ဖွဲ့ ထိန်းချုပ်ရာ မန်းရှာ ဒေသအတွင်း တိုက်ပွဲ ဖော်ကောင်း ဖော်လာနိုင်သည်ဟု ဝ တပ်ဖွဲ့နှင့် နီးစပ်သူ စစ်ရေး အကဲခတ် ဦးအောင်ကျော်ဇောက ပြောသည်။

၎င်းက “တန့်ယန်းဗျူဟာ နယ်မြေထဲမှာ တပ်ရင်း (၇) ခုလောက်ရှိနေပြီ။ ကျန်တဲ့ တပ်တွေကိုလည်း စစ်ထွက်နိုင်အောင် ပြင်ဆင် ထားတာလည်း ရှိသေးတယ်။ လွယ်ပန်လုံက နအဖ တပ်တွေက နဂိုကတည်းက သိမ်းထားပြီးသား။ အဲဒီ အရှေ့က မန်းရှာကို တိုက်လို့ရတယ်။ ဝ ဒေသကို အကန့်အသတ်နဲ့ တိုက်လာနိုင်တယ်။ အဲဒီ မန်းရှာက တရုတ် နယ်စပ်နဲ့လည်း ဝေးတယ်” ဟု ပြောသည်။

နအဖဘက်က ဝတပ်ဖွဲ့အပါအဝင် အပစ်ရပ်အဖွဲ့များအား နယ်ခြားစောင့်တပ်အသွင် ပြောင်းရေးအတွက် ယမန်နှစ် ဧပြီလအတွင်း ဖိအားပေးစဉ် ကတည်းက စ၍ ဝ တပ်ဖွဲ့က စစ်ရေး သတိဖြင့် ရှိနေခဲ့သည်။

ယခုကဲ့သို့ နအဖတပ်များ ချဉ်းကပ်လှုပ်ရှားလာမှုအပေါ် ဒေသခံတို့အနေဖြင့်လည်း စစ်ပွဲများနှင့် ပတ်သက်၍ စိုးရိမ် ထိတ်လန့်မှုများ မကြာခဏ ဖြစ်နေရသဖြင့် မည်သို့မျှ ထူးထူးခြားခြား ဖြစ်မလာတော့ကြောင်း ပန်ဆန်း ဒေသခံတဦးက ပြောသည်။

၎င်းက “နယ်ခြားစောင့်ကိစ္စ ပေါ်ကတည်းက ဝရဲဘော်တွေ ဟိုသွား၊ ဒီသွားနဲ့ ရှိလာတယ်။ ကိုးကန့်နယ်မှာ တိုက်ပွဲတွေ ဖြစ်ပြီးတော့ ဒီဘက်မှာ တရုတ်ဘက် ပြေးရတာတွေလည်း ရှိတယ်။ တိုက်ပွဲတွေ ဖြစ်မှာကို စိုးရိမ်တာပေါ့။ အစိုးရ ဝန်ထမ်းတွေ ပြန်တာတောင် (၂) ကြိမ်ရှိနေပြီ။ အဲဒါတွေ ခဏခဏဖြစ်နေတော့ ရိုးလာနေပြီ။ ဟိုတခေါက်တုန်းကလို ပစ္စည်းတွေ ရွှေ့ပြောင်းတာ မရှိသေးဘူး။ တကယ်ဖြစ်မှပဲ ရွှေ့ရင် ရွှေ့တော့မယ်” ဟု ပြောသည်။

နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် ဝတပ်ဖွဲ့က ငြင်းဆိုခဲ့သဖြင့် နအဖဘက်က တိုက်ပွဲ ဖြစ်လာမည်ကို စိုးရိမ်ပြီး ဝ ဒေသအတွင်း တာဝန် ထမ်းဆောင်နေကြသည့် နယ်စပ်ဒေသ တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးမှု ဝန်ကြီးဌာန (နတလ) လက်အောက်ခံ ဝန်ထမ်းများနှင့် အန်ဂျီအိုများအား ယခုနှစ် ဧပြီလအတွင်း၌ ၀ ဒေသအတွင်းမှ ပြန်လွှတ်ခဲ့သည်။

စက်တင်ဘာ (၁) ရက် နောက်ဆုံးထားပြီး လက်နက်စွန့်ရန် နအဖဘက်က ပြောဆိုမှုကို ဝ တပ်ဖွဲ့က ငြင်းဆိုခဲ့သဖြင့် ဝ ဒေသ အတွင်းရှိ နအဖ ဆက်ဆံရေးရုံး လုံခြုံရေး တာဝန်ကျ စစ်သားများနှင့် နတလ ဝန်ထမ်းများကိုလည်း စက်တင်ဘာ ပထမပတ် အတွင်းက နအဖက ပြန်ခေါ်ယူသွားခဲ့သည်။

မကြာသေးမီက နအဖစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ တရုတ်ပြည်ခရီးစဉ် အတွင်း နယ်စပ် ဒေသများတွင် တည်ငြိမ် အေးချမ်းရေးအတွက် ပူးပေါင်း ဆောင်ရွက်ကြရန် တရုတ်နှင့် မြန်မာအကြား ဆွေးနွေးမှုများ ရှိခဲ့သေးသည်။

Ref: ခေတ်ပြိုင်

Read More...

NLD အပါအဝင် ၉၀ ပြည့်နှစ် ၅ပါတီဖျက်သိမ်းခံရ (Update)

အင်္ဂါနေ့၊ စက်တင်ဘာလ ၁၄ ရက် ၂၀၁၀

ဖနိဒါ (ချင်းမိုင်) ။ ။ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ယနေ့မှစ၍ တရား မဝင်တော့ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ညနေ ၆ နာရီ မြန်မာ့ ရုပ်မြင်သံကြား သတင်းတွင် ကြေညာသွားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စု ပအိုဝ်းအမျိုးသားများ အဖွဲ့ချုပ်၊ ရှမ်းပြည် ကိုးကန့် ဒီမိုကရက်တစ်ပါတီ ၊ 'ဝ' အမျိုးသား ဖွံ့ဖြိုး တိုးတက် ရေးပါတီ တို့ကို ဖျက်သိမ်းကြောင်း ပါရှိသည်။

“ကော်မရှင်မှာ အဲဒီလို လုပ်ပိုင်ခွင့်၊ ကြေညာပိုင်ခွင့် မရှိဘူးလို့ဘဲ နားလည်တယ်။ ဒီကော်မရှင်က အခု မှတ်ပုံတင်ထားတဲ့ ပါတီကိုသာ လုပ်ပိုင်ခွင့် ရှိတယ်။ ဒါဟာ အထူးအဆန်း မဟုတ်သလို လုပ်ပိုင်ခွင့် မရှိဘဲ လုပ်တယ်လို့ပဲ မြင်တယ်” ဟု NLD ဗဟိုအလုပ်မှုဆောင် ဦးဉာဏ်ဝင်းက ပြောသည်။

“ပါတီဝင်အားလုံးက ညီညီညွတ်ညွတ်နဲ့ အေးအေးဆေးဆေး လုပ်နေတာဆိုတော့ မအံ့သြကြပါဘူး” ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦးက ဆိုသည်။

ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျခံနေရပြီး တရားမျှတမှု ကင်းသည့် ဥပဒေ များကြောင့် ရွေးကောက်ပွဲကို NLD က သပိတ်မှောက် ထားသည်။

မဇ္ဈိမက ဆက်သွယ် မေးမြန်းခဲ့သည့် NLD ပါတီဝင်များကမူ ရွေးကောက်ပွဲမဝင်ရန် ဆုံးဖြတ်ခဲ့သည့် ပါတီကို ဖျက်သိမ်းမည်ဟု ကြိုတွက် ထားခဲ့ကြောင်း ဆိုကြသည်။

........................................................................

ချင်းမိုင် (မဇ္ဈိမ)။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီသည် ယနေ့မှစ၍ တရားမဝင်တော့ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ညနေ ၆ နာရီ မြန်မာ့ရုပ်မြင်သံကြား သတင်းတွင် ကြေညာသွားသည်။

“မြန်မာ့အသံ ၆ နာရီသတင်းမှာ ပြောသွားတယ်။ NLD နဲ့ တခြားပါတီ ၅ ခုဟာ ဒီနေ့က စပြီး တရားမဝင်တော့ဘူး ဆိုပြီးတော့ ကော်မရှင်က ကြေငြာတယ်လို့ ဆိုတယ်” ဟု NLD ပါတီဝင်တဦးက တယ်လီဖုန်းမှ တဆင့် ပြောကြားသည်။

“နောက်ပြီးတော့ ရွေးကောက်ပွဲ ဝင်မယ့် ပါတီတွေကို မြန်မာ့အသံတို့ မြဝတီတို့၊ နိုင်ငံပိုင် သတင်းစာတွေက နေပြီးတော့ တရားဝင် မဲဆွယ်ခွင့်ပေးမယ်။ ဒါပေမဲ့ မဲဆွယ်ခွင့် ပေးတဲ့နေရာမှာလဲ ကန့်သတ်ချက်တွေ အများကြီးဘဲ” ဟု သူက ထပ်ပြောသည်။

မဇ္ဈိမက ဆက်သွယ် မေးမြန်းခဲ့သည့် NLD ပါတီဝင်များကမူ ရွေးကောက်ပွဲမဝင်ရန် ဆုံးဖြတ်ခဲ့သော ပါတီကို ဖျက်သိမ်းမှာ ကြိုတင် တွက်ထားခဲ့ကြောင်း ဆိုသည်။

အသေးစိတ် ဆက်လက်စုံစမ်းလျှက်ရှိပြီး ထပ်မံ သတင်းပေးပို့မည်။

Ref: မဇ္ဈိမ

Read More...

ဖုန်းလိုင်းများ ကြားဖြတ်နားထောင်ခံရ

မြင့်မောင်
အင်္ဂါနေ့၊ စက်တင်ဘာလ ၁၄ ရက် ၂၀၁၀

နယူးဒေလီ (မဇ္ဈိမ)။ ။ ရွေးကောက်ပွဲ နီးလာသည်နှင့် အမျှ ဖုန်းလိုင်းများကို ယခုအခါ ကြားဖြတ် နားထောင်မှု ရှိနေကြောင်း ထင်ရှားသော နိုင်ငံရေး သမားများက ပြောသည်။

“အသံဖမ်းထားရင် အသံတိုးတာတို့၊ ဖုန်းလိုင်းတွေက တခါတလေ ကိုယ့်အသံကို ကိုယ်ပြန်ကြားတာတို့၊ လိုဏ်သံတွေ ပါတယ်။ တခြား ဖုန်းတွေနဲ့ မတူဘူး။ အသံက တမျိုးဖြစ်နေတယ်။ သာမန် ဖုန်းတွေလို မဟုတ်ဘူး။ အမျိုးမျိုး ဖြစ်နေတယ်။ အရင်က ကြားဖြတ် နားထောင်တယ်၊ အခုလည်း နားထောင်တာတွေ ရှိတယ်။ အန်ကယ်တို့က ပြောစရာရှိရင် ဒီဖုန်းနဲ့ပဲ ပြောရတယ်။ မီဒီယာတွေကိုလည်း ဒီဖုန်းတွေနဲ့ ပြောနေရတာပဲ” ဟု လွှတ်တော်ကိုယ်စားပြု ကော်မတီ CRPP အတွင်းရေးမှူး ဦးအေးသာအောင်က မဇ္ဈိမကို ပြောသည်။

မကြာခဏ အဝင်အထွက် ဖုန်းလိုင်းများ ခေါ်ဆိုနားထောင်၍ မရဘဲ၊ ထောက်လှမ်းရေး ညွှန်ချုပ် ဗိုလ်ချုပ်ကြီးခင်ညွန့် လက်ထက် ကတည်းက တယ်လီဖုန်း အိတ်ချိန်းရုံးများက ကြားဖြတ် နားထောင်ခဲ့ကြောင်း အိတ်ချိန်း တာဝန်ရှိသူများက ပြန်ပြောပြခဲ့သည်ဟု သူက ဆိုသည်။

ကျားဖြူပါတီ ခေါ် သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်း၏ လက်ကိုင်ဖုန်း ကိုလည်း ကြားဖြတ် နားထောင် ခံနေရကြောင်း မကြာသေးခင်က မဇ္ဈိမ ဆက်သွယ် မေးမြန်းမှု တရပ်တွင် သူက ပြောဆိုခဲ့သေးသည်။

ရန်ကုန်မြို့ရှိ မီဒီယာ လုပ်ငန်းရှင် တဦးကမူ “နာမည်ရှိတဲ့ အတိုက်အခံပါတီတွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေ၊ စာနယ်ဇင်း အသိုင်းအဝိုင်းက လူတွေရဲ့ ဖုန်းတွေကို စောင့်ပြီး နားထောင်တာတွေ ရှိတယ်။ ရှင်းရှင်းပြောရရင် မြန်မာနိုင်ငံကို ဝင်တဲ့၊ ထွက်တဲ့ ဖုန်းအားလုံးကို စောင့်ပြီး အသံဖမ်းထားတယ်” ဟု ပြောသည်။

၂ဝ၁ဝ ရွေးကောက်ပွဲ နီးလာသည်နှင့်အမျှ လွှတ်တော် အမတ်လောင်းများနှင့် ပါတီခေါင်းဆောင်များ၏ ဖုန်းလိုင်း များကို ကြားဖြတ် နားထောင်မှု ပိုမိုပြုလုပ်လာဖွယ် ရှိကြောင်း ပြည်တွင်းရှိ နိုင်ငံရေး သမားများက ခန့်မှန်းကြသည်။

Ref: မဇ္ဈိမ

Read More...

ပြည်သူအများစု ကျပ် (၁ဝဝ) တန်မီး အားကိုးနေရဆဲ

မျိုးဝင်းဇော်
၁၄ စက်တင်ဘာ ၂၀၁၀

ရေအားလျှပ်စစ်စီမံကိန်းများ အကောင်အထည် ဖော်နေသည်ဟု စစ်အစိုးရက ပြောကြား နေသော်လည်း ရန်ကုန်တိုင်း အတွင်းတွင် ပြည်သူ အများစုသည် မီးတပွင့်လျှင် တရက် ကျပ် (၁ဝဝ) ပေးရသည့် ပုဂ္ဂလိက လျှပ်စစ်မီးကို အားကိုး နေရဆဲဖြစ်ကြောင်း တောင်ဒဂုံ၊ မြောက်ဥက္ကလာပ၊ သာကေတ၊ လှိုင်သာယာ မြို့ခံများထံမှ စုံစမ်းသိရသည်။

ရပ်ကွက်နေ ပြည်သူအများစုမှာ မီးတာဘောက်တပ်ဆင်ခ မတတ်နိုင်ကြသည့် အတွက် ပုဂ္ဂလိက မီးစက်မောင်းသူများ ရောင်းသည့် တည ကျပ် (၁၀၀) တန်မီးကို သုံးစွဲ နေကြခြင်းဖြစ်သည်။

မြောက်ဥက္ကလာ (၂) ရပ်ကွက်ဈေး မာဃလမ်းတွင် နေထိုင်သူ အမျိုးသမီးတဦးက “မီတာဘောက် တလုံးတပ်ရင် ကျပ် (၆) သောင်းခွဲ၊ ဓာတ်တိုင်ကနေ ကိုယ့်အိမ်အရောက် ကြိုးသွယ်တာ၊ ကိုယ့်အိမ်ထဲမှာ မီးကြိုးတွေ တပ်ဆင်တာ၊ လက်ခ အားလုံးပေါင်းလိုက်ရင် ကျပ် (၁) သိန်းကျော် ကျမယ်။ ဓာတ်တိုင်နဲ့ ဝေးရင် ဒီ့ထက် ပိုကျမယ်။ ရပ်ကွက်ထဲက လူအများစုဟာ တနေ့စာတနေ့ ရှာစား နေရသူတွေဆိုတော့ မီတာဘောက်ဖိုး အဲဒီလောက် မတတ်နိုင်တော့ တရက် (၁ဝဝ) ပေးရတဲ့ မီးကိုပဲ သုံးနေကြတယ်” ဟု ပြောသည်။

ပုဂ္ဂလိက မီးရောင်းစားသူများက နေအိမ်အရောက် လျှပ်စစ်မီးကြိုးဖြင့် (၂) ပေ မီးချောင်း သွယ်တန်း ပေးကာ ညနေ (၆) နာရီမှ ည (၁၁) နာရီ အထိ မီးစက်မောင်းပေး၍ နေ့စဉ် ငွေ (၁၀၀) ကောက်ခံ နေခြင်းဖြစ်သည်။

ရန်ကုန်တိုင်း လျှပ်စစ်အင်ဂျင်နီယာရုံးမှ အရာရှိတဦးက “လျှပ်စစ်ဝန်ကြီးဌာနအနေနဲ့ တနိုင်ငံလုံး အတိုင်းအတာနဲ့ လျှပ်စစ် ဓာတ်အား ဖြန့်ဖြူး ပေးရာ အရပ်က နေအိမ်တိုင်းကို မီတာဘောက် ချပေးနေတယ်။ မီတာဘောက် တလုံးအတွက် ကျပ် (၆) သောင်းခွဲနဲ့ မီးကြိုးဖိုး တပ်ဆင်ခတော့ ကုန်မှာပေါ့။ ဒီလောက် ငွေကြေး မတတ်နိုင်တဲ့သူတွေ မီတာဘောက် မလျှောက်ကြတာတော့ မတတ်နိုင်ဘူး” ဟု ပြောသည်။

ယခုကဲ့သို့ မီတာဘောက် မရှိသည့် နေအိမ်၊ ရပ်ကွက်၊ ကျေးရွာများကို မီးစက်မောင်းပြီး လျှပ်စစ်မီးပေးသည့် လုပ်ငန်းမှာ ရန်ကုန်တိုင်း ဆင်ခြေဖုံး မြို့နယ်များသာမက မြန်မာနိုင်ငံ အနယ်နယ် အရပ်ရပ်တွင်လည်း အမြောက်အမြား ရှိကြောင်း ပြန်ပြည့်မြဲ စွမ်းအင်အဖွဲ့မှ အဖွဲ့ဝင် တဦးက ပြောသည်။

စစ်အစိုးရသည် ပြီးခဲ့သည့် သြဂုတ်လကုန်ပိုင်း၌ ရခိုင်ပြည်နယ် ဘင်္ဂလားဒေ့ရှ် နယ်စပ် ကော့ဘဇား ဒေသအနီးတွင် (၅ဝဝ) နှင့် (၇၅) မီဂါဝပ်ရှိသည့် ရေအား လျှပ်စစ်စက်ရုံ (၂) ရုံ တည်ဆောက် ပြီးစီးရာမှ ရရှိသည့် လျှပ်စစ် ဓာတ်အားကို ဘင်္ဂလားဒေ့ ရှ်နိုင်ငံသို့ ရောင်းချရန် သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အလားတူ လျှပ်စစ်ဓာတ်အားများကို တရုတ်နိုင်ငံသို့ ရောင်းချရန် ဧရာဝတီ မြစ်ဆုံနှင့် မေခ၊ မလိခ မြစ်များပေါ်တွင် ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံများ တည်ဆောက်နေသကဲ့သို့ ရှမ်းပြည်နယ် သံလွင်မြစ် အထက်ပိုင်းတွင်လည်း တရုတ်နိုင်ငံ အတွက် လျှပ်စစ် ဓာတ်အား (၂,၄၀၀) ကီလိုဝပ် ထုတ်လုပ်နိုင်မည့် ရေအားလျှစ်စစ် စီမံကိန်းတခု တည်ဆောက်ရန် တရုတ်နှင့် သဘောတူ စာချုပ် ချုပ်ဆိုထားသည်။

ရတနာနှင့်ရဲတံခွန် သဘာဝဓာတ်ငွေ့မြေမှ ထိုင်းနိုင်ငံသို့ နေ့စဉ် သဘာဝ ဓာတ်ငွေ့ကုဗပေ (၁) ဘီလီယံကျော် ပို့လွှတ် ရောင်းချ ပေးလျက်ရှိကြောင်း တရားဝင် ထုတ်ပြန်ချက်များ အရ သိရသည်။

မြန်မာနိုင်ငံ ရတနာနှင့်ရဲတံခွန် သဘာဝဓာတ်ငွေ့စီမံကိန်းမှ ထွက်သည့် သဘာဝဓာတ်ငွေ့များကို ထိုင်းနိုင်ငံသို့ ရောင်းချနေပြီး ရခိုင်ကမ်းလွန်မှ ထွက်မည့် သဘာဝဓာတ်ငွေ့ကိုမူ တရုတ်နိုင်ငံကို ရောင်းချရန် သဘောတူ စာချုပ် ချုပ်ထားသည်။

မြန်မာနိုင်ငံတွင် သဘာဝအရင်းအမြစ်နှင့် သဘာဝဓာတ်ငွေ့ ကြွယ်ဝသော်လည်း နိုင်ငံအတွင်းရှိ တိုင်းရင်းသားများ နေထိုင်ရာ ပြည်နယ်များ သာမက တိုင်းများအတွင်းမှ ကျေးရွာတို့တွင်လည်း လျှပ်စစ်မီး လုံလောက်အောင် မရရှိကြပေ။

မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဟု ခေါ်တွင်နေသည့် ရန်ကုန်မြို့ ဆင်ခြေဖုံး ရပ်ကွက်များတွင်လည်း လျှပ်စစ်မီး မရရှိကြသည့် အတွက် ယခုကဲ့သို့ တည ကျပ် (၁ဝဝ) တန်မီး သွယ်တန်း အသုံးပြု နေကြခြင်းဖြစ်ကြောင်း သိရသည်။

Ref: ခေတ်ပြိုင်

Read More...

တောင်ကျော်တဲ့ ချင်းအမတ်လောင်း အပယ်ခံရ

ဆလိုင်းထွန်း
အင်္ဂါနေ့၊ စက်တင်ဘာလ ၁၄ ရက် ၂၀၁၀

နယူးဒေလီ (မဇ္ဈိမ) ။ ။ တရားမဝင် ပြည်ပထွက်ခွာမှုကြောင့် ချင်းအမျိုးသားပါတီ CNP မှ အမတ်လောင်း တဦးကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပယ်ချလိုက်သည်။

ပြည်နယ်လွှတ်တော်အတွက် မင်းတပ်မြို့နယ် အမှတ် ၂ မဲဆန္ဒနယ်မြေ၌ ယှဉ်ပြိုင်ရန် CNP က အမည်စာရင်း တင်ထားသည့် ပူးဟုန်နိုင် (Hung Naing) ထုတ်ပယ် ခံရကြောင်း မင်းတပ်ခရိုင် ရွေးကောက်ပွဲ ကော်မရှင်က ယနေ့ အကြောင်းကြားသည်။

ကော်မရှင်က ပို့သည့်စာထဲတွင် ပြည်ပသို့ တရားမဝင် သွားရောက် နေထိုင်ခြင်းကြောင့် ရွေးကောက်ပွဲ ယှဉ်ပြိုင်ခွင့်မှ ထုတ်ပယ်ကြောင်း ပါရှိသည်။

၂ဝဝ၅ တွင် မလေးရှားသို့ ကုန်းကြောင်းမှ တရားမဝင် သွားရောက်ကာ ကားဝပ်ရှော့၌ လုပ်ကိုင်ခဲ့ပြီး ၂ဝဝ၈ တွင် မြဝတီမှနေ၍ ပူးဟုန်နိုင် ပြန်ဝင်လာခဲ့သည်။

“ကျနော့်ကို မနာလိုတဲ့ သူတွေက တိုင်တာပါ။ ဝင်ပြိုင်ခွင့် မရတော့တာကို စိတ်နာတယ်။ CNP က ချင်းအမျိုးသား အတွက် လှုပ်ရှားတာ ဆိုတော့ အတားအဆီး ဖြစ်လာတာကို စိတ်မကောင်းဘူး။ ဒီနယ်မြေမှာ CNP က ဘယ်သူမှ ဝင်ပြိုင်လို့ မရတော့ဘူး” ဟု သူက ပြောသည်။

အမတ်လောင်းအဖြစ်မှ ပူးဟုန်နိုင်ကို ပယ်ချခြင်းသည် CNP အတွက် နစ်နာရုံတင်မက ချင်းအမျိုးသားများ အတွက် နစ်နာမှုဟု CNP ဥက္ကဋ္ဌ ပူးဇိုဇမ် က ဆိုသည်။

“မင်းတပ်ဘက်မှာ ကျနော်တို့ ရင်းနှီးခဲ့ရတာ နည်းနည်းနောနော ကုန်ကျတာမှ မဟုတ်ဘဲ။ အပယ်ခံရတယ် ဆိုရင် တအား နစ်နာတာပေါ့။ လူထုအတွက် တကယ်လုပ်နိုင်သူ၊ လူထုနဲ့ တကယ်နီးစပ်တဲ့ လူထု ကိုယ်စားလှယ်တွေကို ရွေးတာ။ ပါတီတခုတည်း မဟုတ်ဘူး။ ချင်းအမျိုးသား အားလုံးအတွက် နစ်နာမှုပဲ” ဟု သူက မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး “သူ့ကို CNP က အားကိုးအားထားရတဲ့ ပုဂ္ဂိုလ်တယောက်ပါ။ လူထုကလည်း သူ့ကို သဘောကျပါတယ်။ အမတ်ဦးရေ ပြည့်ရုံ မဟုတ်ပဲ အရည်အချင်းကို အဓိကထား ရွေးတာပါ” ဟု ပြောသည်။

ဤမဲဆန္ဒနယ်တွင်ပင် ချင်းပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်မှူးချုပ် ဟုန်းငိုင်က ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ပြိုင်ရန် ပြီးခဲ့သည့် လထဲက နေပြည်တော်သွားပြီး စစ်ဘက်ရာထူး စွန့်ခဲ့သည်ဟု ပူးဟုန်နိုင်က ဆိုသည်။ ပယက ဥက္ကဋ္ဌကလည်း မင်းတပ်သား ဖြစ်သည်။

ပူးဟုန်းငိုင် ရွေးကောက်ပွဲဝင်ရေးနှင့် ပတ်သက်၍ ချင်းမြို့တော် ဟားခါးရှိ ပယကရုံးကို မေးမြန်းခဲ့သော်လည်း တာဝန်ကျ အရာရှိက ဖြေကြားရန် ငြင်းဆိုကာ ဖုန်းချသွားသည်။

ယင်းမဲဆန္ဒနယ်တွင် အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ်မှ ပူးထရွယ်ရမ် (Thawi Yaing) နှင့် တစည အမတ်လောင်း တဦးတို့လည်း ယှဉ်ပြိုင်ကြမည်ဟု သိရသည်။

CNP သည် ချင်းပြည်နယ် ၉ မြို့နယ်တွင် ရွေးကောက်ပွဲဝင်ရန် မူလက ရည်ရွယ်ခဲ့သော်လည်း အချိန်နှင့် ငွေကြေး အခက် အခဲကြောင့် ဖလမ်း၊ ဟားခါး၊ ထန်တလန်၊ တီးတိန်၊ ကန်ပက်လက်နှင့် မင်းတပ်မြို့နယ်၌သာ ယှဉ်ပြိုင်တော့မည်။

“အဲဒီ ငွေ ၅ သိန်းဟာ ကျနော်တို့အတွက် တော်တော်ကြီးတဲ့ ပမာဏ ဖြစ်နေတယ်။ အမတ်စာရင်း တင်သွင်းရမယ့် အချိန် မလုံလောက်ဘူး။ ၉ မြို့နယ်လုံး မပြိုင်နိုင်တာ ဝမ်းနည်းမိတယ်” ဟု CNP အထွေထွေ အတွင်းရေးမှူး ပူးကျဲအိုဘစ်ခ်ထောင်း (Ceu Bik Thawng)က ပြောသည်။

CNP တွင် အမတ်လောင်း ၂၂ ဦးသာ ကျန်တော့ပြီး ပြည်နယ်လွှတ်တော်အတွက် ၉ ဦး၊ ပြည်သူ့လွှတ်တော် အတွက် ၆ ဦးနှင့် အမျိုးသား လွှတ်တော်အတွက် ၇ ဦး ဖြစ်သည်။

Ref: မဇ္ဈိမ

Read More...

Tuesday, September 14, 2010

“အပြင်မှာ တကယ်မြင်ရတာတွေကို မယုံနဲ့ ...”

September 14, 2010



ကာတွန်း ဘီရုမာ - ဧရာဝတီဝက်ဘ်ဆိုက်

Read More...

တိုင်းရင်းသားတွေနဲ့ စစ်အစိုးရ ပြေလည်ဖို့ တရုတ်လိုလား

ဦးဝင်းမင်း
တနင်္လာ, 13 စက်တင်ဘာ 2010

မြန်မာနယ်စပ်မှာ အစိုးရကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေကို တရုတ်အစိုးရက ထောက်ခံမှာ မဟုတ်ဘူးလို့ တရုတ် သမ္မတက ပြောကြား လိုက်တာဟာ တိုင်းရင်းသား အင်အားစုတွေ အပေါ်မှာ စစ်အစိုးရ အနေနဲ့ ထင်သလို နှိပ်ကွပ်ဖို့ မီးစိမ်း ပြလိုက်တာလို့ မယူဆနိုင်တဲ့ အကြောင်း မြန်မာ့နိုင်ငံရေး ကျွမ်းကျင်သူ ပါမောက္ခ ဒေးဗစ် စဆိုင်းဘာ့ဂ် (David Steinberg) က ပြောကြား လိုက်ပါတယ်။ ပြီးခဲ့တဲ့ အပတ်က တရုတ်နိုင်ငံကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သွားရောက်ခဲ့စဉ် အတွင်း တရုတ်သမ္မတက အဲဒီလို ပြောကြားခဲ့တယ် ဆိုပြီး မြန်မာစစ်အစိုးရ သတင်းစာတွေ ထဲမှာ အထင်အရှား ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ပါမောက္ခ စတိုင်းဘတ်ကို ဆက်သွယ် မေးမြန်းထားတဲ့ ဦးဝင်းမင်းက တင်ပြ ပေးထားပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ တရုတ်ခရီးစဉ် အပြီးမှာ တရုတ်အစိုးရ ဘက်က နယ်စပ်ရှိ မြန်မာအစိုးရ ဆန့်ကျင်သူများကို လက်ခံမှာ မဟုတ်ဘူးလို့ ပြောကြား ခဲ့တယ်လို့ အစိုးရ သတင်းစာတွေမှာ ဖော်ပြခဲ့ပါတယ်။ တနင်္ဂနွေနေ့ထုတ် မြန်မာ့ အလင်းနဲ့ ကြေးမုံ သတင်းစာတွေ ထဲမှာ တရုတ်သမ္မတ ဟူကျင်တောင်း (Hu Jintao) က နယ်စပ် ဒေသတွေမှာ မြန်မာ အစိုးရကို ဆန့်ကျင်မယ့် လှုပ်ရှားမှုများနဲ့ နှစ်နိုင်ငံ ဆက်ဆံရေးကို ထိခိုက်စေမယ့် လုပ်ရပ်တွေကို လုပ်မယ့် ဘယ်အဖွဲ့ အစည်းကိုမဆို လက်ခံမှာ၊ ထောက်ခံမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ကြောင်း ဖော်ပြထားပါတယ်။

အခုလို မြန်မာ ထိပ်ဆုံးခေါင်းဆောင်ရဲ့ တရုတ်ပြည် ခရီးစဉ်မှာ တရုတ်၊ မြန်မာ နယ်စပ်ဒေသက အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ အကြောင်း သတင်းစာရဲ့ ခေါင်းကြီးပိုင်းမှာ ဖော်ပြတာက ဖြစ်တောင့်ဖြစ်ခဲ ဖြစ်ပါတယ်။ ဘာကြောင့်မို့ အခုလို အလေးအနက် ထားပြီး ဖော်ပြရပါလဲလို့ အမေရိကန်နိုင်ငံ ဂျော့ခ်ျတောင်း တက္ကသိုလ်က မြန်မာ့အရေး ကျွမ်းကျင်သူ ပါမောက္ခ ဒေးဗစ် စတိုင်းဘာ့ဂ်ကို မေးကြည့်ခဲ့ပါတယ်။ သူက အခုလို ဖော်ပြရတာဟာ နယ်စပ်က အဖွဲ့တွေကို သူတို့အနေနဲ့ တရုတ်ကို အားကိုးလို့ မရဘူးလို့ သတိပေးလိုက်တာလို့ အခုလို ပြောပါတယ်။

“မြန်မာအစိုးရဘက်က ဒီသတင်းကို သူတို့ရဲ့ သတင်းစာထဲမှာ ဖော်ပြ လိုက်တာဟာ တိုင်းရင်းသား တပ်ဖွဲ့တွေ အနေနဲ့ မြန်မာ အစိုးရနဲ့ သဘောတူညီမှု မရရင် တရုတ်အစိုးရရဲ့ အကူအညီရဖို့ အားကိုးလို့ မရဘူး ဆိုတာ ပြောချင်လို့ ဖြစ်ပါတယ်။”

အခုလို သတိပေးလိုက်တာဆိုရင် မြန်မာအစိုးရရဲ့ နယ်ခြားစောင့်တပ်ဖွဲ့ရေး အစီအစဉ်ကို လက်မခံတဲ့ အပစ်အခတ်ရပ် တိုင်းရင်းသား အဖွဲ့တွေကို မြန်မာအစိုးရ အနေနဲ့ လုပ်ချင်တိုင်း လုပ်လို့ရတယ်လို့ တရုတ်အစိုးရက မြန်မာအစိုးရကို အားပေး လိုက်တယ်လို့ ယူဆ နိုင်ပါသလားလို့ မေးခဲ့ပါတယ်။ ပါမောက္ခ စတိုင်းဘာ့ဂ်က အဲဒီလို သူ မထင်ဘူး၊ တရုတ်သမ္မတက အခုလို ပြောလိုက်တာက တရုတ် နယ်စပ်မှာ တည်ငြိမ်မှုရှိဖို့ အဓိက ပြောလိုတာ ဖြစ်တယ်လို့ အခုလို ပြောပါတယ်။

“တရုတ်အနေနဲ့ သူ့နယ်စပ်မှာ တည်ငြိမ်မှုရှိဖို့ လိုတယ်။ ဒီနယ်စပ်မှာ ၀၊ အထူးသဖြင့် ကချင်တို့ရဲ့ လှုပ်ရှားမှုတွေ ဖြစ်လာရင် တရုတ်ရဲ့ အကျိုးစီးပွားကို ထိခိုက် သွားနိုင်တယ်။ မြောက်ကိုရီးယား မှာရော မြန်မာပြည်မှာပါ တရုတ်ရဲ့ အကျိုးစီးပွားဟာ အတူတူပါပဲ။ အဲဒါက တည်ငြိမ်ရေးပါ။ ဒုက္ခသည်တွေ ထွက်လာတာ မလိုချင်ဘူး။ ဒီတည်ငြိမ်မှု ရှိဖို့က တရုတ်အတွက် အရမ်း အရေးကြီးပါတယ်။

“မြန်မာနယ်စပ်ကနေ ပိုက်လိုင်း ၂ ခု ဖြတ်ဖို့ ရှိပါတယ်။ ကချင်မှာဆို ဆည်တွေ တည်ဆောက်ဖို့ ရှိပါတယ်။ တိုင်းရင်းသား ပြဿနာကြောင့် မတည်ငြိမ်မှုတွေ ဖြစ်လာရင်၊ တိုက်ပွဲတွေ ပြန်ပြီး ဖြစ်လာရင် ဒီလုပ်ငန်းတွေကို ထိခိုက်သွားနိုင်တယ်။ ဒါကြောင့် ဒီလို မတည်မငြိမ် ဖြစ်လာမှာကို တရုတ်အစိုးရက လုံးဝ မလိုလားပါဘူး။”

အဲဒီလို တည်ငြိမ်မှုရအောင် တရုတ်က ဘယ်လို ကြိုးစားနေပါသလဲ ဆိုတာကိုတော့ တရုတ် အနေနဲ့ ကြားထဲက ၀င်ပြီး ညှိနှိုင်းထားတဲ့ အဖြေတခုရဖို့ ကြိုးစားနေတယ်လို့ ပါမောက္ခ စတိုင်းဘာ့ဂ်က ဆက်ပြောပါတယ်။

“ကျနော်နဲ့ အဆက်အသွယ်ရှိတဲ့ တရုတ်သတင်းရပ်ကွက်တွေ အဆိုအရတော့ တရုတ်အစိုးရ အနေနဲ့ မြန်မာ အစိုးရနဲ့ တိုင်းရင်းသား တပ်တွေ အကြား အပေးအယူ ညှိနှိုင်းထားတဲ့ သဘောတူညီချက်မျိုး ရလာဖို့ ကြားက၀င် ကြိုးစား ပေးနေတယ် ဆိုတဲ့ အချက်ပါပဲ။”

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကိုယ်တိုင် အိန္ဒိယလို အိမ်နီးချင်း အင်အားကြီးနိုင်ငံ တခုကို လည်ပတ်အပြီး မကြာခင်မှာပဲ အခု တရုတ်လို အင်အားကြီးတဲ့ နိုင်ငံတခုကို ထပ်လည်ပတ် လိုက်တာဟာ ပထမဆုံး အကြိမ် ဖြစ်ပါတယ်။ အခုလို လည်ပတ်တာဟာ မြန်မာနိုင်ငံမှာ နိုဝင်ဘာ ၇ ရက် လုပ်မယ့် ရွေးကောက်ပွဲ မလုပ်ခင်နဲ့လည်း တိုက်ဆိုင်နေတာမို့ ရွေးကောက်ပွဲကို တရုတ်နိုင်ငံ အနေနဲ့ ထောက်ခံပေးဖို့ ဗိုလ်ချုပ်မှူးကြီးက ကြိုးစားခဲ့ပုံ ရပါတယ်။ တရုတ်ဘက်ကတော့ နိုင်ငံတကာ အနေနဲ့ ရွေးကောက်ပွဲကို မဝေဖန်ကြဖို့ တရားဝင် ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အပြောင်းအလဲကို မြန်မာအစိုးရ အနေနဲ့ အဆင်ပြေ အောင်မြင်အောင် ဆောင်ရွက် နိုင်မယ်လို့ တရုတ် သမ္မတက ယုံကြည်ကြောင်း မြန်မာအစိုးရ သတင်းစာမှာ ဆက်ဖော်ပြခဲ့ပါတယ်။ မနေ့က မြန်မာ အစိုးရထုတ် သတင်းစာတွေ ထဲမှာလည်း တရုတ်ဝန်ကြီးချုပ် ၀မ်ကျားပေါင် (Wen Jiabao) နဲ့ တွေ့ရာမှာ နှစ်နိုင်ငံ စီးပွားရေး လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုမရှိအောင် လုပ်ဆောင်သွားမယ်လို့လည်း သဘော တူညီခဲ့ကြောင်း ထုတ်ပြန် ထားပါတယ်။

အခုလိုပြောတာကို ဘယ်လို ယူဆနိုင်ပါသလဲလို့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆောင်ရွက်နေတဲ့ Earth Rights International အဖွဲ့က ကိုကဆောဝါးကို မေးကြည့်တော့ သူက ပါးစပ်က အခုလိုပြောတာတော့ ကောင်းပါတယ်၊ ဒါပေမဲ့ လက်တွေ့မှာတော့ စောင့်ကြည့်ရမယ့် ကိစ္စပါလို့ ဆိုပါတယ်။

“တရုတ်အစိုးရရော၊ မြန်မာပြည် အစိုးရရော ဒီလိုအမြင်တွေ ရှိတာက ကျနော်တို့အတွက် ကောင်းတယ်လို့တော့ ယူဆပါတယ်။ ဒါပေမဲ့ ဒေသတခုမှာ သူတို့က သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှု လုပ်ငန်းတွေ လုပ်သွားမယ်၊ သဘာဝ ပတ်ဝန်းကျင် မပျက်စီးအောင် သူတို့ ကြိုးစား သွားမယ်လို့ ပြောရုံသက်သက်ပဲ ရှိပြီးတော့ လက်တွေ့မှာ မလုပ်ခဲ့တာကိုလည်း ကျနော်တို့ တွေ့မြင် နေရပါတယ်။ ကချင်ပြည်နယ်မှာပဲ ဖြစ်ဖြစ်၊ တခြား ဒေသမှာပဲ ဖြစ်ဖြစ် သူတို့လုပ်ခဲ့တာ သဘာဝ ပတ်ဝန်းကျင်ကို ဂရုစိုက်မှု မရှိဘဲ သဘာဝ ပတ်ဝန်းကျင် ပျက်စီးနေတာ ကျနော်တို့ မြင်တွေ့ရပါတယ်။”

တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုတွေဟာ ၁၉၉၀ နှစ်တွေနဲ့စာရင် အခု အဆပေါင်းများစွာ တိုးတက်ခဲ့တာ ဖြစ်ပါတယ်။

Ref: VOA News

Read More...

အန်အယ်ဒီ ရွေးကောက်ပွဲသပိတ် ၃၁ မြို့နယ် ထောက်ခံ

ဆလိုင်း ဟံသာစန်း
တနင်္လာနေ့၊ စက်တင်ဘာလ ၁၃ ရက် ၂၀၁၀

နယူးဒေလီ (မဇ္ဈိမ) ။ ။ ရွေးကောက်ပွဲ သပိတ်မှောက်ရေးကို လက်ရှိ ခရီးစဉ်အတွင်း မြို့နယ်ပေါင်း ၃၁ မြို့နယ်မှ ပါတီဝင်များက ထောက်ခံကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ယနေ့ ပြောဆိုသည်။

ဗဟို အလုပ်အမှုဆောင်ဝင် ဦးအုန်းကြိုင်နှင့် အဖွဲ့က ယခုလ ၉-၁၂ ရက်နေ့အတွင်း မန္တလေးတိုင်း ၂၅ မြို့နယ်နှင့် ရှမ်းပြည် မြောက်ပိုင်း လားရှိုး အပါအဝင် အခြား ၆ မြို့နယ်တို့မှ အောက်ခြေ ပါတီဝင်များနှင့် တွေ့ဆုံရာ ဗဟို ဆုံးဖြတ်ချက်ဖြစ်သည့် ၂ဝ၁ဝ ရွေးကောက်ပွဲ သပိတ်မှောက်ရေးကို ထောက်ခံ ခဲ့ကြခြင်း ဖြစ်သည်။

“သပိတ်မှောက်မယ်လို့ ဆုံးဖြတ်တဲ့အပေါ် ပါတီဝင်ထုရော၊ အန်အယ်ဒီရဲ့ မဲဆန္ဒရှင်အဖြစ် တသမတ်တည်း ရှိနေတဲ့ သူတွေကရော ထောက်ခံပါတယ်လို့ ပြောကြပါတယ်” ဟု ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

ဦးအုန်းကြိုင်နှင့်အတူ ဗဟိုအလုပ်အမှုဆောင်ဝင် ဒေါ်ခင်ဋ္ဌေးကြွယ်နှင့် ဗဟိုဦးစီးအဖွဲ့ဝင် ဒေါ်နန်းခင်ထွေးမြင့်၊ ဦးကြည်ဝင်းနှင့် လူငယ် တာဝန်ခံ ဦးမျိုးညွန့်တို့ လိုက်ပါလျက် ရှိသည်။ ပြီးခဲ့သည့် သောကြာနေ့က မန္တလေးမြို့ရှိ ပါတီဝင်များနှင့် တွေ့ဆုံခဲ့ပြီးနောက် မန္တလေး အဖွဲ့ချုပ်ဝင်များ ထပ်မံ ဖြည့်တင်းကာ လားရှိုးမြို့ရှိ ပါတီဝင်များနှင့် ယမန်နေ့က တွေ့ဆုံခဲ့သည်။

ယခု ခရီးစဉ်တွင် အဖွဲ့ချုပ်အနေဖြင့် ရွေးကောက်ပွဲ သပိတ်မှောက်ရသည့် အကြောင်းရင်းများ၊ ဒေါ်အောင်ဆန်းစုကြည်၏ မှာကြားချက်များ၊ ရွေးကောက်ပွဲတွင် မဲပေးခြင်းဆိုင်ရာ အခွင့်အရေးအရ မဲမပေးဘဲ နေနိုင်သည့် အကြောင်းများကို ဥပဒေ အထောက်အထားများနှင့်တကွ ပါတီဝင်များကို ဗဟိုခေါင်းဆောင်များက ရှင်းလင်းတင်ပြခဲ့ကြသည်။

“ရှင်းလင်းချက်တွေကို မြို့နယ်ခေါင်းဆောင်တွေနဲ့ အကြေအလည် ဆွေးနွေးပြီးတဲ့ အခါကျတော့ သူတို့က ပါတီဝင်ထုကို ဆက်လက် ရှင်းပြမယ်။ ပါတီဝင် ထုကနေ ပြည်သူလူထုကို ဆက်လက် ရှင်းပြမယ်လို့ ပြောကြပါတယ်” ဟု ဦးအုန်းကြိုင်က ပြောသည်။

၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ၂ဝ၁ဝ ရွေးကောက်ပွဲ ကော်မရှင် ဥပဒေများသည် မြန်မာနိုင်ငံ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ရရှိရေး အတွက် ဦးမတည်စေသည့် အတွက် ၂ဝ၁ဝ ရွေးကောက်ပွဲကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် - အန်အယ်ဒီက သပိတ်မှောက်ရန် ပြီးခဲ့သည့်လ ၁၉ ရက်နေ့က ဆုံးဖြတ်ခဲ့သည်။

ထို့နောက်တွင် ပါတီဒုဥက္ကဋ္ဌ ဦးတင်ဦးနှင့် အဖွဲ့သည် ဧရာဝတီတိုင်းရှိ မြို့နယ် ၆ မြို့နယ်သို့ သွားရောက် ခဲ့ရာတွင်လည်း ပါတီဝင်များနှင့် ဒေသခံလူထုက ရွေးကောက်ပွဲ သပိတ် မှောက်ခြင်းကို ထောက်ခံ ခဲ့ကြသေးသည်။

ယခု ခရီးစဉ်သည် ရွေးကောက်ပွဲ သပိတ်မှောက်ပြီးနောက် အန်အယ်ဒီ၏ ဒုတိယမြောက် ခရီးစဉ်ဖြစ်သည်။

ရွေးကောက်ပွဲ မဝင်ရောက်သည့် အကြောင်းကို ယခုနှစ် ဇွန်လ ၁၂ ရက်နေ့မှ သြဂုတ်လဆန်းပိုင်းအထိ ကချင်၊ ကရင်၊ မွန်၊ ရခိုင်၊ ရှမ်းပြည်နယ် တောင်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း စသည့် တိုင်းနှင့် ပြည်နယ်များရှိ မြို့နယ်ပေါင်း ၂ဝဝ ခန့်တွင် ပါတီဝင်များနှင့် တွေ့ဆုံကာ ရှင်းလင်း တင်ပြခဲ့ကြသေးသည်။

“အခုလို ဗဟိုကနေ မြို့နယ်တွေအထိ၊ အောက်ခြေအထိ လိုက်ဆင်းပြီး တကူးတက တွေ့တာဟာ အင်မတန်မှ ကောင်းပါတယ်။ အဖွဲ့ချုပ်က နိုင်ငံရေးအရ ရပ်တည်မှု မဟုတ်ဘဲနဲ့ လူမှုရေးအရ ရပ်တည်မှု ပုံစံနဲ့ သွားမယ်ဆိုပြီး နောက်ပိုင်းမှာ အခုက နိုင်ငံရေး ပုံသဏ္ဍာန်နဲ့ ဆောင်ရွက်လာတဲ့ အပိုင်းမှာ ကျနော်တို့နဲ့ ထိတွေ့နေတဲ့ မြို့နယ် အဖွဲ့ဝင်တွေက တော်တော်များများ သဘောကျတယ်ဗျ” ဟု မန္တလေးတိုင်းစည်း အဖွဲ့ဝင်ဖြစ်သူ ကိုမျိုးနိုင်က ပြောသည်။

မနက်ဖြန်တွင် စစ်ကိုင်းတိုင်း ရွှေဘိုမြို့သို့ သွားရောက်ပြီး အနီးနားမြို့နယ်များမှ ပါတီခေါင်းဆောင်များနှင့် တွေ့ဆုံကာ ရှင်းလင်း တင်ပြကြမည်။ ထို့နောက် ယခုခရီးစဉ် ပြီးဆုံးမည်ဖြစ်ကာ ရန်ကုန်သို့ ပြန်ကြမည် ဖြစ်သည်။

ဗဟိုအလုပ်အမှုဆောင်ဝင် ဒေါက်တာ ဒေါ်မေဝင်းမြင့် ဦးဆောင်သည့် အဖွဲ့လည်း ရခိုင်ပြည်နယ်သို့ ခရီးထွက်မည်ဟု ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေ ဦးဥာဏ်ဝင်းက ပြောသည်။

Ref: မဇ္ဈိမ

Read More...

ရန်ကုန်နှင့် သထုံ မိုင်းဗုံး ပဲခူးလူသတ်မှုနှင့် မဆိုင်

ရန်ပိုင်
Monday, September 13, 2010

ရန်ကုန်မြို့နှင့် သထုံမြို့တွင် ချိန်ကိုက်မိုင်းများ တွေ့ရှိမှုသည် ရွေးကောက်ပွဲကို ပျက်ပြားစေရန်နှင့် ပဲခူးမြို့ အရပ်သား နှစ်ဦး ပစ်သတ်ခံမှုတို့နှင့် အချိန်ကိုက် လုပ်ဆောင်ခြင်း ဖြစ်သည်ဟု စစ်အစိုးရ၏ သတင်းစာမှ စွပ်စွဲမှုများသည် အခြေအမြစ် မရှိကြောင်း လေ့လာ အကဲခတ်သူများက ပြောသည်။

ရန်ကုန်မြို့ လူစည်ကားသည့် ဗိုလ်ချုပ်အောင်ဆန်းဈေးနှင့် ယောမင်းကြီးလမ်း (ယောက်လမ်း) တို့ကို ဆက်သွယ်ထားသည့် မီးရထား ခုံးကျော် လူကူး သစ်သားတံတားတွင် ချိန်ကိုက်မိုင်း တလုံးကိုလည်းကောင်း၊ မွန်ပြည်နယ် သထုံမြို့၊ ဒုံဝန်းကျေးရွာ အုပ်စုရှိ လျှပ်စစ် ဓာတ်အားလိုင်း တာဝါတိုင်တွင် မိုင်းများကို လည်းကောင်း အသီးသီး တွေ့ရှိရကြောင်း၊ ယင်းတွေ့ရှိမှုသည် ရွေးကောက်ပွဲ မအောင်မြင်စေရန် အကြမ်းဖက်ခြင်းနှင့် မကြာသေးမီက ပဲခူးမြို့တွင် စစ်တပ်က ပစ်သတ်မှုကြောင့် အရပ်သား လူငယ် ၂ ဦး သေဆုံးမှု ဖြစ်စဉ်တို့နှင့် အချိန်ကိုက် ချိတ်ဆက် လုပ်ဆောင်ခြင်း ဖြစ်သည်ဟု စက်တင်ဘာ ၁၁ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ရေးသားထားသည်။

ပဲခူးမြို့အခြေစိုက် လမ်းပြကြယ်အဖွဲ့မှ ရှေ့နေကြီး ဦးအေးမြင့်က “ပဲခူးမှာ ဖြစ်တာက ရန်ပွဲကနေ သေနတ်နဲ့ ရမ်းရမ်းကားကား ပစ်လို့ ဖြစ်တာ။ အခုဟာက ဘယ်ကထောင်တဲ့ ဗုံးမှန်းမှ မသိတာ။ အစိုးရ စွပ်စွဲသလို ရွေးကောက်ပွဲနဲ့ မဆိုင်ဘူး ထင်တယ်” ဟု ဧရာဝတီသို့ ပြောသည်။

ချိန်ကိုက်မိုင်းတွေ့ရှိခြင်းနှင့် ပဲခူးလူသတ်မှု အဖြစ်အပျက်များသည် ရွေးကောက်ပွဲနှင့် ဆက်စပ်မှုရှိသည်ဟု မထင်ကြောင်း၊ စစ်တပ်မှ ပစ်သတ်ခဲ့သည့် လူငယ် ၂ ဦး၏ ဈာပနကို လူပေါင်း ၂၀၀၀ ကျော်ခန့် လာရောက်သော်လည်း အားလုံး စည်းကမ်းတကျ ပို့ဆောင်ခဲ့ကြောင်း၊ မည်သူမျှ ဆူပူမှု မရှိကြောင်း ဦးအေးမြင့်က ဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၄ ရက်နေ့ ညက စစ်တပ်အရာရှိများနှင် ပဲခူးမြို့ ဇိုင်းဂနိုင်းရပ်ကွက် (တောင်ပိုင်း) နေ အရပ်သားများ ခိုက်ရန် ဖြစ်ပွားခဲ့ရာ စစ်တပ်မှ သေနတ်ဖြင့် ပစ်ခတ်သည့်အတွက် မောင်အောင်သူဟိန်း (၂၃ နှစ်) နှင့် မောင်စိုးပိုင်ဇော် (၁၉ နှစ်) တို့ ၂ ဦး သေဆုံးခဲ့သည်။

ဆက်လက်၍ စစ်အစိုးရ သတင်းစာတွင် နိုင်ငံရေး အမြတ်ထုတ်လိုသည့် ဆန့်ကျင်ဘက် အုပ်စုများနှင့် အဖျက်အမှောင့် သမားများက ၂၀၁၀ ရွေးကောက်ပွဲကြီးကို မအောင်မြင်စေရန် သွေးထိုး လှုံ့ဆော်မှုများ၊ ဗုံးထောင် မိုင်းခွဲမှုများကို တိုးမြှင့် ဆောင်ရွက်နေခြင်း ဖြစ်သည်ဟု ရေးသား ထားသည်။

ဒုံဝန်းကျေးရွာအုပ်စုရှိ လျှပ်စစ် ဓာတ်အား တာဝါတိုင်တွင် မိုင်းရှင်းလင်းသူ တဦး ဆက်စပ် မိုင်းကြောင့် ညာခြေကျင်းဝတ် ပြတ်တောက် သွားသည်ဟု ဖော်ပြထားသော်လည်း စစ်အစိုးရ သတင်းစာတွင် မည်သည့် အဖွဲ့အစည်း၏ လက်ချက် ဖြစ်ကြောင်းကိုမူ ဖော်ပြထားခြင်း မရှိပေ။

ဝါရင့်နိုင်ငံရေး သမားကြီး သခင်ချန်ထွန်းက ပဲခူးမြို့တွင် ဖြစ်ပွားခဲ့သည့် လူသတ်မှုသည် ဒေါသ အလျောက် ဖြစ်ပွားခြင်းဖြစ်ပြီး အစိုးရ သတင်းစာများတွင် ရေးသားသကဲ့သို့ ရွေးကောက်ပွဲနှင့် မည်သို့မျှ မပတ်သက်ကြောင်း၊ ယခု ဗုံးများသည် မည်သူမည်ဝါ လက်ချက်ဟု ထည့်သွင်း ပြောဆိုခြင်းမရှိဘဲ ရွေးကောက်ပွဲကို နှောင့်ယှက် လိုသူများဟုသာ ဖော်ပြသည့် အတွက် နိုင်ငံရေး အဖွဲ့များကို သိက္ခာချလိုခြင်း ဖြစ်နိုင်သည်ဟု ဧရာဝတီသို့ ပြောသည်။

ယခုနှစ်ဆန်းပိုင်း သင်္ကြန် အတက်နေ့တွင် ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုနှင့် ထိုရက်ပိုင်းအတွင်းက ဖြစ်ပွားခဲ့သည့် ကချင်ပြည်နယ် မြစ်ဆုံရေကာတာ စီမံကိန်းအတွင်း ဗုံးပေါက်ကွဲမှုများတွင် တရားခံ မည်သူမည်ဝါ ဖြစ်သည်ကို စစ်အစိုးရ အနေဖြင့် ယနေ့အထိ ရေရာစွာ ဖော်ထုတ်နိုင်ခြင်း မရှိပေ။

Ref: ဧရာဝတီ်

Read More...

ဗုံးသတင်းကြောင့် လုံခြုံရေးများချထား

၁၃ စက်တင်ဘာ ၂၀၁၀

ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းဈေးအနီး ရထားလမ်း ခုံးကျော်တံတားတွင် ပြီးခဲ့သည့် စက်တင်ဘာ ( ၁၁ ) ရက်၌ ချိန်ကိုက်မိုင်းဗုံး တလုံး တွေ့ရှိကြောင်း နအဖ သတင်းစာတွင် အကျယ်တ၀င့် ဖော်ပြခဲ့ပြီးသည့်နောက် ရန်ကုန်မြို့ လူထူထပ်သော နေရာများ၌ လုံခြုံရေးများ ချထားသည်။

“ရွေးကောက်ပွဲ ကာလကလည်း နီးနေပြီလေ။ နောက်လတွေဆို လုံခြုံရေးက ပိုယူရတော့မယ်၊ ရွေးကောက်ပွဲ လုပ်ပြီးသွားဖို့ပဲ လိုတာ” ဟု ရန်ကုန်တိုင်း ရဲရုံးမှ အရာရှိတဦးက ပြောသည်။

လုံခြုံရေးရဲများက ညပိုင်းတွင် ယာဉ်များကိုပါ ရပ်တန့် စစ်ဆေး ရှာဖွေကြောင်း၊ ပြည်လမ်း၊ ကမ္ဘာအေးလမ်းနှင့် ဦးဝိစာရလမ်း တလျှောက် အပါအ၀င် မြေနီကုန်းမီးပွိင့်၊ လှည်းတန်းမီးပွိုင့်၊ သမိုင်းလမ်းဆုံနှင့် မြို့တွင်း လမ်းမကြီးများ ဖြစ်သော ဆူးလေ ဘုရားလမ်း၊ ဗိုလ်ချုပ်လမ်း၊ အနော်ရထာ လမ်းတို့တွင် ပြုလုပ်နေခြင်း ဖြစ်ကြောင်း တက္ကစီမောင်း တဦးက ပြောသည်။

တာဝန်ကျရဲများနှင့်အတူ မြို့နယ်ကြက်ခြေနီများ ရယကများလည်း စစ်ဆေးရာတွင် ပါဝင်ကြကြောင်း ရန်ကုန်မြို့ ကမ္ဘာအေး ဘုရားလမ်းတွင် နေသူတဦးက ပြောသည်။

“ထစ်ကနဲဆိုရင် ရယက ပါတယ်။ ဗုံးတွေ့တယ်ဆိုရင် လုံခြုံရေးချပြီ။ ဗုံးတလုံးပဲ တွေ့တွေ့၊ နှစ်လုံးပဲတွေတွေ့ တယောက်ယောက်ရဲ့ လက်ချက်လို့ ပြောတော့မယ် ဆိုတာကိုပါပဲ” ဟု ၎င်းက ပြောသည်။

ပြည်တွင်း စာနယ်ဇင်းသမားတဦးကမူ ဗုံးတွေ့သည်ဟု သတင်းစာမှ ကြေညာသော ရက်မှာ ပဲခူးမြို့မှ လူငယ် (၂) ဦးကို စစ်တပ်မှ သေနတ်ဖြင့် ပစ်ခတ်ပြီး တပတ် ကာလတွင် ဖြစ်ကြောင်း၊ ယခု ကာလသည် မြန်မာနိုင်ငံတွင်း ပြည်သူတို့ အနေဖြင့် မိမိတို့၏ ဆန္ဒကို ဖော်ထုတ်ခွင့် ရတော့မည့် ရွေးကောက်ပွဲကာလ နီးနေပြီ ဖြစ်သည့်အတွက် မိမိ ပတ်ဝန်းကျင် အနေအထား၊ သတင်း စကားများကို မျက်ခြည်မပြတ်ကြရန် လိုကြောင်း ပြောကြားသည်။

၎င်းက “အခုက သတိနဲ့နေရမယ့် အချိန်ဖြစ်တယ်။ အစိုးရက လိုရင်တမျိုး၊ မလိုရင်တမျိုး လုပ်မယ့်သူ။ လုံးဝ ယုံကြည်လို့ မရတဲ့ အဖွဲ့အစည်း။ မြန်မာနိုင်ငံမှာ ပြည်သူတွေက နေရတာ မလုံခြုံဘူး။ ပြည်သူတွေ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ရမယ့် တပ်မတော်က ပြည်သူတွေကို မသင်္ကာတဲ့ အကြည့်နဲ့ စောင့်ကြည့် နေတယ်ဆိုတာ ပြည်သူတွေ သိဖို့လိုတယ်” ဟု ပြောဆိုသည်။

Ref: ခေတ်ပြိုင်

Read More...

အပေါ်သို့