..............................

Saturday, June 12, 2010

စစ်အစိုးရ နျူကလီးယား စီမံကိန်း အမေရိကန် စုံစမ်း

စိုင်းဇွမ်ဆိုင်း
Friday, June 11, 2010

အမေရိကန် နိုင်ငံ၏ အာဆီယံရေးရာ သံအမတ် မစ္စတာ စကော့ မာရှယ်က နျူကလီးယား အရေးနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ အပေါ် အမေရိကန် အစိုးရက ဆက်လက်၍ လေ့လာ စုံစမ်းနေကြောင်း ပြောကြားလိုက်သည်။

“အဓိကထားပြီး စောင့်ကြည့်ရမယ့် အချက်နှစ်ချက် ရှိပါတယ်၊ ပထမ တချက်က အများ ပြောနေတဲ့ အတိုင်း ဒေသတွင်း တည်ငြိမ်မှုကို ခြိမ်းခြောက် နိုင်တဲ့ နျူကလီးယား စီမံကိန်း တကယ် ရှိ၊ မရှိ ဆိုတာနဲ့ တခြား စစ်လက်နက် ပစ္စည်းတွေ ပိုင်ဆိုင်နေမှု ရှိ၊ မရှိ ဆိုတာပါပဲ”ဟု မစ္စတာ စကော့ မာရှယ်က ယမန်နေ့တွင် အေအက်ဖ်ပီ သတင်းဌာနသို့ ပြောသည်။

ထိုသို့ သံသယ ဖြစ်နိုင်သည် ဆိုသည့် အချက်နှစ်ချက်ကို အမေရိကန် အစိုးရက အနီးကပ် စောင့်ကြည့်မည် ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

ဒုံးပျံ အင်ဂျင် အထူးပြုဘာသာရပ်နှင့် ရုရှားမှ ဘွဲ့ရခဲ့သူ ဗိုလ်မှူး စိုင်းသိန်းဝင်း က စစ်အစိုးရ၏ လျှို့ဝှက် နျူကလီးယား၊ ဒုံးကျည် နှင့် ဥမင်လိုဏ်ခေါင်း စီမံကိန်းများကို ဖော်ထုတ်ခဲ့ပြီးနောက် မြန်မာနိုင်ငံ အပေါ်ကို နိုင်ငံတကာမှ ယခုကဲ့သို့ စောင့်ကြည့် လေ့လာမှုများ ဖြစ်ပေါ်လာသည်။

စစ်အစိုးရက လျှို့ဝှက် နျူကလီးယား စီမံကိန်း၊ ဒုံးကျည်နှင့် ဥမင်လိုဏ်ခေါင်း စီမံကိန်းများကို မြောက်ကိုရီးယား နိုင်ငံမှ အကူအညီများဖြင့် အကောင်အထည် ဖော်နေခြင်းဖြစ်ကြောင်း အများက ပြောဆို နေကြသည်။

Ref: ဧရာဝတီ်

Read More...

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ပညာသင် စရိတ် ပေးဦးမည်

မင်းနိုင်သူ
Friday, June 11, 2010

ဒေါ်အောင်ဆန်းစုကြည်၏ ၆၅ နှစ်ပြည့် မွေးနေ့ပွဲတွင် နိုင်ငံရေး အကျဉ်းသားများ၏ သားသမီးများအား ပညာသင်စရိတ် ထောက်ပံ့ကြေး ထပ်မံ ပေးအပ်မည် ဖြစ်ကြောင်း သိရသည်။

“သံဃာတွေကို ဆွမ်းကပ်မယ်၊ နောက်ပြီး မွေးနေ့ရှင်ရဲ့ဆန္ဒအရ NLD အဖွဲ့ဝင်တွေ ၊ နိုင်ငံရေး အကျဉ်းသားတွေရဲ့ သားသမီး တွေကို ပညာသင် ထောက်ပံ့ကြေး ထပ်ပေးမယ်" ဟု NLD ဗဟို အလုပ်အမှုဆောင် ဦးအုံးကြိုင်က ပြောသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီသည် နိုင်ငံရေး အကျဉ်းသားများ၏ သားသမီးများ ပညာသင် ထောက်ပံ့ ကြေးကို ဒေါ်အောင်ဆန်း စုကြည် မွေးနေ့ ဖြစ်သည့် ဇွန်လ ၁၉ ရက်နေ့တိုင်း ပေးအပ်လေ့ ရှိသည်။

ယခုနှစ်တွင်မူ ပါတီရုံးချုပ်ကို မစွန့်ခွာမီ မေလ ၅ ရက်က ရန်ကုန်တိုင်း မြို့နယ် ၁၄ မြို့နယ်မှ နိုင်ငံရေး အကျဉ်းသားများ၏ သားသမီး ၁၂၇ ဦးအတွက် တဦးလျှင် ပညာသင်စရိတ် ၂၃၀၀၀ ကျပ်စီ ပေးအပ်ခဲ့ပြီး ယခု ထပ်မံ ထောက်ပံ့ ပေးခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ၆၅ နှစ်ပြည့်မွေးနေ့အခမ်းအနားကို မိုးကုတ်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်မေနှင်းကြည် ၏ ရန်ကုန် မရမ်းကုန်းမြို့နယ်ရှိ နေအိမ်၌ ကျင်းပမည်ဖြစ်ပြီး ပညာသင်စရိတ် ထောက်ပံ့ကြေး အစီအစဉ်ကိုလည်း ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

NLD လူငယ်များကမူ မြန်မာနိုင်ငံတ၀န်းလုံးတွင် သစ်ပင် နှစ် သောင်းကျော် စိုက်ပျိုး သွားမည်ဖြစ်ကြောင်း NLD ဗဟို ဦးစီး ကော်မတီ ၀င် မဖြူဖြူသင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် အသက် ၆၅ နှစ်ပြည့်ပြီး၍ ၆၆ နှစ်အတွင်း ၀င်လာသည့် အထိမ်းအမှတ် အဖြစ် မြို့နယ်တခုလျှင် ၆၆ ပင်နှုန်း ဖြင့် မြို့နယ်ပေါင်း ၃၁၈ မြို့နယ်တွင် သစ်ပင်များ စိုက်ပျိုးသွားမည် ဖြစ်ကြောင်းသိရသည်။

“ကျမတို့ ကရင်ပြည်နယ် အတွင်းမှာလည်း စိုက်ပျိုးသွားဖို့ ပြင်ဆင်ထားပါတယ် ၊ မွေးနေ့ မတိုင်မီနဲ့ မွေးနေ့အပြီး နောက်ရက်တွေ အထိ စိုက်ပျိုးသွားမှာပါ"ဟု ကရင်ပြည်နယ် စည်းရုံးရေး ကော်မတီဝင် ဒေါ်နန်းခင်ထွေးမြင့်က ပြောသည်။

မိတ္ထီလာမြို့နယ် စည်းရုံးရေးကော်မတီဝင် ဒေါ်မြင့်မြင့်အေးကလည်း"မိတ္ထီလာ ၊ သဲတော ၊ ၀မ်းတွင်း ၊ မလှိုင်မြို့နယ်တွေမှာ ၁၈ ရက်နေ့မှာ သစ်ပင် ၆၆ ပင်စိုက်မယ် ၊ ၁၉ ရက်နေ့မှာတော့ မန္တလေးမှာ သံဃာ ၆၆ ပါးပင့်ပြီး ဆွမ်းကပ်မယ် ၊ ကလေးတွေအတွက် ပညာသင် ထောက်ပံ့ကြေးလည်း ပေးမယ်"ဟု ပြောသည်။

မိတ္တီလာ NLD အဖွဲ့မှ မိတ္ထီလာထောင်နှင့် တောင်ကြီးထောင်ရှိ နိုင်ငံရေး အကျဉ်းသား ၂၀ နီးပါးထံသို့လည်း ငွေကျပ် ၅၀၀၀ စီနှင့် စားသောက် ဖွယ်ရာများ ပေးပို့သွားမည် ဖြစ်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်နိုင်ငံသား ဂျွန် ၀ီလျံ ယက်ထောက ပြီးခဲ့သည့်နှစ် သြဂုတ်လအတွင်း ၎င်း၏နေအိမ် အတွင်း တိတ်တဆိတ် ရေကူး ၀င်ရောက်ခဲ့ရာ နေအိမ် အကျုပ်ချုပ် ဖောက်ဖျက်သည်ဟု စွပ်စွဲခံခဲ့ရပြီး နအဖ စစ်အစိုးရက ထောင် ဒဏ် ၃ နှစ် ချမှတ်ခဲ့သည်။

ထို့နောက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်ဖြင့် ထောင်ဒဏ် ၁ နှစ် ခွဲ လျှော့ချ၍ ကျန်ပြစ်ဒဏ် တ၀က်ကို ဆိုင်းငံ့ပြစ်ဒဏ် နေအိမ် အကျယ်ချုပ် ချမှတ်ခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ကောင်းမွန်စွာ နေထိုင်လျှင် ကျန်ရှိသော ပြစ်ဒဏ် ၁၈ လကို လျှော့ပေါ့ပေးမည်ဟု ထုတ်ပြန် ထားရာ လာမည့် နိုဝင်ဘာလအတွင်း လွတ်မြောက်လာဖွယ် ရှိကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီသည် မတ်လ ၂၉ ရက်နေ့က ပါတီထပ်မံမှတ်ပုံ မတင်ရန် ဆုံးဖြတ်ထားခဲ့ပြီး ပါတီ၏ ဆုံးဖြတ်ချက်ကို လက်ခံ ကြိုဆိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုထားသည်။

Ref: ဧရာဝတီ်

Read More...

ပါတီစုစည်းမှုမပျက်သည့်အပေါ် ဒေါ်စု ဂုဏ်ယူ

ဆလိုင်း ဟံသာစန်း
သောကြာနေ့၊ ဇွန်လ ၁၁ ရက် ၂၀၁၀

နယူးဒေလီ (မဇ္ဈိမ)။ ။ ပါတီဖျက်သိမ်းခြင်းခံရပြီး အခက်အခဲကြုံနေရသော်လည်း ပါတီဝင်များ အနေဖြင့် စုစည်းမှုမပျက် ဆက်လက် လုပ်ဆောင်နေသည့် အပေါ် ဝမ်းမြောက်ဂုဏ်ယူကြောင်း မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်းဆန်းစုကြည်က ယနေ့ ပြောဆိုသည်။

နေအိမ်ခြံဝင်းးအတွင်းရှိ ယိုယွင်းပျက်စီးနေသော ပျဉ်ထောင်အိမ်ကို ဖျက်စီးပစ်ရန် စည်ပင်က ခွင့်မပြုသည့် ကိစ္စနှင့် ပက်သက်၍ တက္ကသိုလ် ရိပ်သာလမ်းရှိ သူမ၏ နေအိမ်တွင် ရှေ့နေဖြစ်သူနှင့် တွေ့ဆုံခွင့်ရစဉ် ယခုလို ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“အန်အယ်ဒီဟာ အခုလို ခက်ခဲတဲ့အချိန်မှာ လူငယ်တွေရော၊ အမျိုးသမီး အဖွဲ့တွေရော၊ အန်အယ်ဒီ အဖွဲ့ဝင်တွေရော ညီညီညွတ်ညွတ် လုပ်ကိုင် ဆောင်ရွက်နေတာကို တွေ့ရတဲ့ အတွက် ဝမ်းသာ ဂုဏ်ယူတယ်လို့ ပြောပါတယ်” ဟု သူမ၏ ရှေ့နေ ဦးဥာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး ‘’လူငယ်တွေကို ပြုစုပျိုးထောင်ပေးရမယ်။ အဲလိုပျိုးထောင်ပေးဖို့ အတွက် အစိုးရရော၊ နိုင်ငံရေး ပါတီတွေရော၊ ပြည်သူတွေမှာပါ တာဝန်ရှိတယ်။ အဲဒီလို ပျိုးထောင်တဲ့နေရာမှာ ရဲဘော်ရဲဘက် စိတ် ရှိရမယ်၊ သဘောထား ကြီးရမယ်တဲ့။ နောက်တခုက ပြည်သူတွေကို ဒီမိုကရေစီ သဘောတရားကို နားလည်အောင် လုပ်ရမယ်။ နားလည်အောင်လုပ်ဖို့ ပြည်သူတွေမှာလည်း တာဝန်ရှိတယ်၊ ပါတီမှာလဲ တာဝန်ရှိတယ်တဲ့။ အဲလို ပြောပါတယ်’’ ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေ ဦးဥာဏ်ဝင်း၊ အင်ဂျင်နီယာ ဦးခွန်သာမြင့်၊ အိမ်ပြင်ရေး ကိုယ်စားလှယ် ကိုထင်ကျော်တို့ ယနေ့ နေ့လည် ၁ နာရီမှ ၃ နာရီအထိ တွေ့ဆုံခွင့်ရခဲ့သည်။

ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်နေထိုင်သည့် ရန်ကုန်တိုင်း ဗဟနုးမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်း၊ အိမ်အမှတ် ၅၄ နှင့် ၅၆ နေအိမ်ခြံဝင်းတွင် အဆောက်အဦး အဖြစ် အိမ်မကြီး၊ ပျက်စီးနေသော ပျဉ်ထောင်အိမ်၊ ခြံပေါက် အဝင်ဝတွင် တဲတလုံးနှင့် အိမ်နောက်ဖေး ရေစပ်တွင် တဲတလုံး ရှိသည်။

ပျဉ်ထောင်အိမ်သည် အိမ်မကြီး၏ အရှေ့ဘက် ၂၅ ပေခန့် အကွာတွင် တည်ရှိပြီး အမှိုက်ပုံတခုကဲ့သို့ ချုံနွယ် ပိတ်ပေါင်းများ ဖုံးလွှမ်းနေသည်။ ထိုအဆောက်အဦကို ဖြိုဖျက်ရန် စည်ပင်သာယာကို လျှောက်ထားခဲ့ရာ ယခုလ ၄ ရက်နေ့က ခွင့်ပြု ခဲ့သော်လည်း ၅ ရက်နေ့တွင် ခွင့်မပြုပါဟု ပြန်လည် အကြောင်းကြားခဲ့ကြောင်း သိရသည်။

“ဒါက အမွေမှုဖြစ်နေတယ်။ ဖျက်လိုက်လို့ရှိရင် အိမ်ပုံသဏ္ဍာန်ပျက်သွားမယ်လို့ အကြောင်းပြချက် ပေးပါတယ်။ ပျဉ်ထောင်အိမ်က ပြင်လို့ မရတော့တဲ့ အခြေအနေ ရှိပါတယ်။ ဒါကို ဖျက်သိမ်းဖို့ စီစဉ်တာကို ခွင့်မပြုတာပါ” ဟု ဦးဥာဏ်ဝင်းက ပြောသည်။

ထို့ကြောင့် လာမည့်အပတ်အတွင်း ရန်ကုန်မြို့တော်ဝန်ထံသို့ စာဖြင့် တင်ပြ သွားမည်ဖြစ်သည်။

ထို့ပြင် ယခုလ ၁၉ ရက်နေ့တွင် ကျရောက်မည့် သူမ၏ ၆၅ နှစ်မြောက် မွေးနေ့ကို ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ၁ဝ မိုင်ကုန်းရှိ မိုးကုတ်မြို့နယ် အန်အယ်ဒီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မေနှင်းကြည်၏ နေအိမ်တွင်ကျင်းပရန် ညွှန်ကြား လိုက်ကြောင်း အန်အယ်ဒီပါတီ၏ ဗဟို အလုပ်အမှုဆောင်လည်း ဖြစ်သူ ရှေ့နေ ဦးဥာဏ်ဝင်းက ပြောဆိုသည်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှာကြားချက်အရ ကျနော်တို့ လက်လှမ်းမီသလောက် ရန်ကုန်တိုင်းအတွင်းမှာ ရှိတဲ့ မရှိဆင်းရဲတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို စာအုပ်၊ ခဲတံ လှူဒါန်းဝေငှမယ့် အစီအစဉ်တွေလဲ လုပ်နေပါတယ်” ဟု သူက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်းအတွင်းသို့ မဖိတ်ခေါ်ဘဲ ဝင်ရောက်လာခဲ့သူ အမေရိကန် နိုင်ငံသား ဂျွန်ယက်တောကို လက်ခံ ထားမှုဖြင့် အင်းလျားကန်စောင်းရှိ နေအိမ်တွင် ဆိုင်းငံ့ပြစ်ဒဏ် ၁၈ လ ကျခံနေရပြီး ၆၅ နှစ်မြောက် မွေးနေ့ကိုလည်း နေအိမ်အတွင်းမှ ဖြတ်သန်းရမည်ဖြစ်သည်။

ယမန်နှစ်ကလည်း ဂျွန်ယတ်တောကို လက်ခံထားမှုနှင့် ပက်သက်၍ တရားရင်ဆိုင်နေဆဲ ကာလဖြစ်သဖြင့် အင်းစိန် ထောင်အတွင်း သီးသန့် ဆောက်လုပ်ထားသော အထူးဆောင် အတွင်း၌ပင် သူမ၏ ၆၄ နှစ်မြောက်မွေးနေ့ကို ဖြတ်သန်းခဲ့ရသည်။

Ref: မဇ္ဈိမ

Read More...

Friday, June 11, 2010

ကမ္ဘာ့ဖလားပွဲ မစမီ ကားတိုက်မှုကြောင့် တောင်အာဖရိကသမ္မဟောင်း နယ်လ်ဆင်မင်ဒဲလား၏ မြေးမလေး သေဆုံး

NEJ / ၁၁ ဇွန် ၂၀၁၀

တောင်အာဖရိက သမ္မတဟောင်း နယ်လ်ဆင်မင်ဒဲလား၏ အချစ်ဆုံး မြေးမလေးဖြစ်သူ အသက် (၁၃) နှစ်အရွယ်ရှိ ဇီနာနီမင်ဒဲလားသည် ယနေ့ နံနက်အစောပိုင်းတွင် ဖြစ်ပွားသည့် ကားတိုက်မှုတခု၌ သေဆုံးခဲ့သည်။

ကြာသပတေးနေ့ညတွင် ဂျိုဟန်နက်စ်ဘတ်ဂ်မြို့ပြင်ရှိ ဆိုဝီတိုမြို့၊ အော်လန်ဒို အားကစားကွင်း၌ ကျင်းပပြုလုပ်သော ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအထိမ်းအမှတ် တေးဂီတဖျော်ဖြေပွဲမှ အိမ်သို့ ပြန်လာရာလမ်းတွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း နယ်လ်ဆင်မင်ဒဲလားဖောင်ဒေးရှင်းက အတည်ပြုပြောကြားသည်။

ကားတိုက်မှုတွင် ဇီနာနီမင်ဒဲလားမှလွဲ၍ မည်သူတဦးတယောက်မျှ သေဆုံးခြင်းမရှိကြောင်း ရဲအရာရှိက ပြောဆိုသည်။ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးရဲအရာရှိ တွမ်မီရှိုင်းက ဇီနာနီမင်ဒဲလား သေဆုံးမှုအတွက် ကားမောင်းသူကို လူသတ်မှုဖြင့် အမှုဖွင့်အရေးယူထားကြောင်း အတည်ပြုပြောကြားပြီး အသေးစိတ်ကိုမူ ပြောဆိုခြင်းမရှိပေ။

ဇီနာနီမင်ဒဲလားသည် သူမ၏ (၁၃) နှစ်ပြည့်မွေးနေ့အပြီး နှစ်ရက်အကြာတွင် ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး နယ်လ်ဆင်မင်ဒဲလား၏ မြေး (၉) ဦးအနက်မှ တဦးဖြစ်သည်။ ဇီနာနီမင်ဒဲလား ကွယ်လွန်သည့် သတင်းက ကျင်းပတော့မည့် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲအပေါ် အရိပ်သဖွယ် လွှမ်းမိုးသွားခဲ့သည်။

ဤကြေကွဲဖွယ် ဖြစ်ရပ်ဆိုးကြောင့် သမ္မဟောင်း နယ်လ်ဆင်မင်ဒဲလားအနေဖြင့် ယနေ့ ကျင်းပပြုလုပ်မည့် ၂၀၁၀ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်မည့် အစီအစဉ်ကို ဖျက်သိမ်းခဲ့ကြောင်း နယ်လ်ဆင်မင်ဒဲလား ဖောင်ဒေးရှင်းက ကြေညာချက်တစောင် ထုတ်ပြန်သည်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဆပ်ဘလတ္တာကလည်း ကားတိုက်မှုတွင် (၁၃) နှစ်အရွယ် မြေးမလေး သေဆုံးခဲ့ရမှုသည် ပြောမထွက်နိုင်လောက်အောင် ဆိုးရွားသည့် ကြေကွဲဖွယ်ဖြစ်ရပ်တခုဖြစ်ကြောင်း နယ်လ်ဆင်မင်ဒဲလားထံ စာတစောင် ရေးသားပေးပို့ခဲ့သည်။

တောင်အာဖရိကနိုင်ငံတွင် ၂၀၁၀ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ကျင်းပခွင့်ရရှိအောင် ကမကထပြု ဦးဆောင်မှုပေးခဲ့သည့် သမ္မဟောင်း နယ်လ်ဆင်မင်ဒဲလားသည် ဇူလိုင်လ (၁၈) ရက်နေ့တွင် အသက် (၉၂) နှစ်ပြည့်မည်ဖြစ်သည်။

Ref: ခေတ်ပြိုင်

Read More...

စစ်တွေ တက္ကသိုလ် ကျောင်းသား တစ်ဦးအား စစ်သားများ သတ်ဖြတ်မှု

မိုးမိုးကျော်
ဇွန် (၁၀)၊ ၂၀၁၀။

(၂၀၁၀) ဖေဖော်ဝါရီလ (၉) ရက်နေ့က စစ်တွေမြို့ ကျေးပင်ကြီး ရပ်ကွက်နေ(ဘ) ဦးလှမောင်(စာရေးဆရာ) (မိ) ဒေါ်ခင်ချို (မြို့နယ် ကြေးနန်းရုံး) တို့၏ သား မောင်အောင်ချို (၂၃ နှစ်) အား စစ်တွေမြို့ အခြေစိုက် ဆေးတပ်ရင်းမှ တပ်ကြပ် နှစ်ဦး ဖြစ်သော စိုးဝင်းနှင့် ချစ်စံသိန်းတို့က လက်ပြန်ကြိုး တုပ်ကာ စစ်တွေမြို့နယ် သင်ပုန်းတန်း ကျေးရွာ အနီး၌ ၀ိုင်းဝန်းရိုက်နှက် အသေ သတ်ဖြတ် ခဲ့ကြသည်။

အခင်းဖြစ်ပုံမှာ စစ်တွေ တက္ကသိုလ် ပထမနှစ်ကျောင်းသား မောင်အောင်ချိုသည် ထိုနေ့ညနေ (၇) နာရီ ခန့်တွင် သင်ပုန်းတန်း ကျေးရွာသို့ ရောက်ရှိနေစဉ် ၎င်းရွာ၌ ဈေးရောင်းနေသော လေထီးမောင် (ခ) ခင်မောင်၏ ဈေးဆိုင်တွင် မုန့်တစ်ခုကို ၀ယ်ယူ စားသောက်ရာမှ ဆိုင်ပိုင်ရှင်က သူခိုးဟု စွပ်စွဲကာ မောင်အောင်ချိုအား ကျေးရွာ ရယက ဥက္ကဌ ဦးလှခင်မောင်ထံသို့ ဆွဲခေါ် သွားခဲ့သည်။

ရယက ဥက္ကဌက စစ်ဆေး မေးမြန်းရာ မောင်အောင်ချိုက ၎င်းသည် ပထမနှစ် တက္ကသိုလ် ကျောင်းသားတစ်ဦး ဖြစ်ပါကြောင်း။ ၎င်း၏မိခင် ဒေါ်ခင်ချိုမှာလည်း အစိုးရမှုထမ်း ကြေးနန်းရုံး ၀န်ထမ်း တစ်ဦး ဖြစ်ပါ ကြောင်း၊ ၎င်းသည် သူခိုးလုံးဝ မဟုတ်ကြောင်း ရှင်းပြသည်။

သို့ရာတွင် ဆိုင်ရှင်မှ ကျေနပ်ခြင်းမရှိ၍ ရဲစခန်း၌ ဖြေရှင်းရန် သွားရောက်မည် ပြင်နေစဉ် ဆိုင်ရှင် လေထီးမောင်နှင့် ရင်းနှီးသူ တရွာတည်သား မောင်ပုလင်း(ခ) မောင်စံကျော်က တပ်မတော် (ဆေးတပ်ရင်း) မှ တပ်ကြပ်များ ဖြစ်သော စိုးဝင်းနှင့် ချစ်စံသိန်းကို ခေါ်လာကာ စစ်သားများက ရဲစခန်းသို့ သူတို့ ကိုယ်တိုင် သွားပို့မည်။ ဥက္ကဌ လိုက်စရာမလို ဟုဆိုကာ မောင်အောင်ချိုအား အဓမ္မ လက်ပြန်ကြိုးတုပ် ရိုက်နှက်လျှက် ည (၈) နာရီခွဲ ခန့်တွင် ရွာပြင်သို့ ဆွဲထုတ် သွားကြသည်။ ရွာပြင်သို့ ရောက်သော အခါ မောင်အောင်ချို၏ နာကျင် အောင်ဟစ်သံများ၊ စစ်သားများ၏ ကြိမ်းဝါး ရိုက်နှက်သံများကို ရွာသားများက မိုးလုံးပွက်မျှ ကြားကြ ရသည်။ သို့သော် စစ်တပ်ကို ကြောက်၍ မည်သူမျှ ထွက်မလာရဲကြပေ။

နောက်တနေ့ ဖေဖော်ဝါရီ (၁၀) ရက်နေ့ နံနက် (၅) နာရီ ခန့်တွင် အခင်း ဖြစ်ပွားရာ နေရာသို့ ရွာသားများ ရောက်သော အခါ စစ်သားများက ကောက်ရိုးဖြင့် ဖုံးအုပ် ထားခဲ့သော မောင်အောင်ချို၏ ရုပ် အလောင်းကို ဒဏ်ရာ ဗလပွနှင့် တွေ့ကြရသည်။ ရဲစခန်းသို့ အကြောင်းကြား ပြီးနောက် ရဲတပ်ဖွဲ့ဝင်များနှင့် အတူ အလောင်းအား စစ်တွေမြို့ ဆေးရုံ ကြီးသို့ ပို့ဆောင်ခဲ့ကြသည်။ ယင်းနေ့ နံနက် (၇) နာရီ အချိန်ရောက်မှ မိဘများက မိမိတို့၏သား အသတ်ခံရသည်ကို သိခဲ့ရသည်။

အဆိုပါ လူသတ်မှုတွင် ပါဝင်ခဲ့သော မောင်ပုလင်း (ခ) မောင်စံကျော်မှာ ထွက်ပြေး တိမ်းရှောင်လျှက်ရှိပြီး ဆိုင်ရှင် လေထီးမောင် ကိုမူ ခေတ္တ ဖမ်းဆီးကာ အာမခံနှင့် ပြန်လွှတ်ပေးခဲ့သည်။ သို့ရာတွင် ကိုယ်တိုင် ကိုယ်ကျ သတ်ဖြတ် ကျူးလွန်ခဲ့ သည့် စစ်သား နှစ်ဦးကိုမူ အရေးယူခြင်း တစုံတရာ မရှိပေ။ ရုံးတင် စစ်ဆေးခြင်းလည်း မရှိပေ။

ဤအမှုသည် ဗမာ စစ်သားတို့က ရခိုင် တိုင်းရင်းသားတို့ အပေါ် ကြက်၊ ငှက်များ ပမာ ဥပဒေမဲ့ သတ်ဖြတ်နေခြင်း ဖြစ်သည်ဟု ဒေသခံ ရခိုင် တိုင်းရင်းသားတို့ ကြားတွင် ပြင်းထန်စွာ ဒေါသ ထွက်လျှက် ရှိနေကြသည်။

Ref: Arakan Review

Read More...

ကမ္ဘာ့ဖလား နောက်ကွယ်မှ အကျည်းတန် အမှန်တရား

အဲလက်စ် ဒူးဗော စမစ်
Thursday, June 10, 2010

ခေတ် အဆက်ဆက် ကံမကောင်းခဲ့သော အာဖရိက တိုက်ကြီးတွင် သမိုင်းဝင် အပြောင်းအလဲ တခု ကြုံတွေ့ကြပြီ ဖြစ်သည်။ တခြားတော့ မဟုတ်၊ အာဖရိက မြေပေါ်တွင် ပထမဆုံး ကျင်းပသည့် ကမ္ဘာ့ဖလား ဘောလုံးပွဲကြီးပင်။

ဆင်းရဲသားများ၏ မြေပေါ်တွင် ချမ်းသာ ကြွယ်ဝသူများ သွားရောက် ယှဉ်ပြိုင်ကစားမည့် အပေါ် ဝေဖန်မှုများလည်း ပို၍ ထွက်ပေါ်လာနေသည်။ ဘောလုံးပွဲ ကျင်းပမည့် တောင်အာဖရိက နိုင်ငံ၏ မြို့အသီးသီးတွင် နောက်ဆုံး အချိန်အထိ ပြင်ဆင်မှုများ ပြုလုပ် နေကြသည်။

ထိုကွင်းများတွင် လာရောက်၍ ဘောလုံး ကန်ကြမည့် ကစားသမားတချို့သည် ကမ္ဘာကျော် ဘောလုံးသမားများ ဖြစ်သလို ဝင်ငွေ မြင့်မား သူများလည်း ဖြစ်သည်။ အာဖရိကတိုက်မှ ဘောလုံးသမားများ မမျှော်မှန်းနိုင်သည့် ပမာဏ အထိ ဝင်ငွေ မြင့်မားသူများဟုလည်း ဆိုနိုင်သည်။

ဘောလုံးအဖွဲ့ချုပ် ဖီဖာ၏ ဥက္ကဋ္ဌ ဆတ်ပ် ဘလတ္တာက ဘောလုံးပွဲများ ရုပ်သံ ရိုက်ပိုင်ခွင့် ရောင်းချခြင်းမှ ဒေါ်လာ ၃ ဘီလီယံ ကျော် ရမည်ဟု မျှော်မှန်းထားသည်။ ထိုငွေကို ဘောလုံးပွဲ ကျင်းပခွင့် ပြုသည့် တောင်အာဖရိက တိုက်၏ ပြည်သူများ အကျိုးအတွက် ပြန်လည် အသုံးချရန် သူက အပြင်းအထန် တိုက်တွန်းထားသည်။ ဖီဖာ အဖွဲ့ချုပ် ကလည်း ထိုငွေများကို အသုံးပြု၍ အာဖရိကတိုက် အတွင်း ဘောလုံး နည်းပညာသင် ကျောင်းပေါင်း ၂ဝ ဖွင့်ရန် ပြောဆိုထားသည်။

သို့သော်လည်း ဖီဖာသည် အာဖရိအတွက် အပြောသက်သက်ဖြင့်သာ ကူညီနေပြီး လက်တွေ့တွင် မည်သည့် အရာမျှ ဖြစ်လာလိမ့်မည် မဟုတ်ဟု သတင်းဆောင်းပါးရှင် တဦးဖြစ်သူ အန်ဒဲလ် မက်ဇီတန်မ ဆိုသူက ပြင်းထန်စွာ ဝေဖန်ထားသည်။ ဤဘောလုံးပွဲကြီး ကျင်းပခြင်း အတွက် ရေရှည်တွင် အာဖရိက၏ စီးပွားရေး အပြောင်းအလဲ အတွက် ထူးခြား လာလိမ့်မည်ဟု မထင်ကြောင်းလည်း ထောက်ပြ ထားသည်။ “ကမ္ဘာ့ ဖလားပွဲ ဆိုတာ ကတယ်တမ်းတော့ ကမ္ဘာပေါ်က လူချမ်းသာတွေနဲ့ တောင်အာဖရိက နိုင်ငံက အထက်တန်းလွှာ တသိုက်ရဲ့ ကိုလိုနီခေတ် ကစားပွဲလို့တောင် ပြောနိုင်ပါတယ်” ဟု သူက ရေးသား ဝေဖန်ထားသည်။

“အတိတ်တုန်းကလည်း ကျနော်တို့ဟာ သူတပါးရဲ့ အုပ်ချုပ်ခြင်းကို ခံရတယ်။ တောင်အာဖရိက အစိုးရဟာ အခုလည်း ကိုလိုနီ လုပ်ခဲ့သူများကို ထပ်ပြီး ဖိတ်ကြားတာလို့ပဲ ပြောလိုပါတယ်” ဟု ဆောင်းပါးရှင်က ထပ်မံ ဖြည့်စွက် ထားသည်။

တောင်အာဖရိက အစိုးရသည် ကမ္ဘာ့ဖလားပွဲ အတွက် မြို့ကြီး ၉ မြို့တွင် အဆောက်အအုံများ လမ်းများ ဆောက်လုပ်ခြင်းမှ အမေရိကန် ဒေါ်လာ ၄ ဘီလီယံ ကုန်ကျခဲ့ပြီးပြီဟု သူက ဆိုသည်။ ထိုငွေများအား အလုပ်အကိုင် ဖန်တီးသည့် နေရာများတွင် သုံးသင့်သည် ဟုလည်း ထောက်ပြထားသည်။

လတ်တလောတွင် အမြတ် မရသေးသော်လည်း လူအများ အလုပ်အကိုင် ရရှိခဲ့သည်ဟု သုတေသန ပြုလုပ် သူများက ထောက်ပြ ထားသည်။

“ဒီ ကမ္ဘာ့ ဖလားပွဲ ကျင်းပတာကြောင့် နိုင်ငံရဲ့နွမ်းပါးမှုကို လျှော့ချမပေးနိုင်ဘူး ဆိုတာ မှန်ပါတယ်။ သို့သော်လည်း ကမ္ဘာ့ဖလားပွဲ အတွက် ဆောက်လုပ်ရတဲ့ အဆောက် အအုံတွေကြောင့် အလုပ်အကိုင်ပေါင်း တသိန်းခွဲခန့် ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒီအတွက် စီးပွားကျနေတဲ့ ကာလအတွင်း တက်လာတဲ့ ဝင်ငွေဟာ ဝ.၂ ရာခိုင်နှုန်း က နေ ဝ.၅ ရာခိုင်နှုန်းအထိ တက်လာကို တွေ့ရပါတယ်”ဟု တောင်အာဖရိက နိုင်ငံ လူသားနှင့် သိပ္ပံဆိုင်ရာ သုတေသန ကောင်စီမှ အူဒက်ရှ် ပီလေ ဆိုသူက ပြောသည်။

တောင်အာဖရိကသည် ကမ္ဘာ့ဖလားပွဲ လက်ခံ ကျင်းပရန် အတွက် ကြီးမားအောင်မြင်သော စီးပွားရေး မရှိသေးပါ။ နိုင်ငံလူဦးရေ၏ ၄ဝ ရာခိုင်နှုန်းသည် အလုပ် လက်မဲ့များ ဖြစ်နေသည်။ လူဦးရေ၏ ၃ဝ ရာခိုင်နှုန်းသည် အလုပ် ရှိသော်လည်း ၎င်းတို့၏ ဝင်ငွေမှာ တလလျှင် ဒေါ်လာ ၁ဝဝ အောက်သာ ရှိကြသည်။ ကမ္ဘာ့ဖလားပွဲကို လက်ခံ ကျင်းပခဲ့သည့် နိုင်ငံများဖြစ်သော ဂျာမနီ၊ ကိုရီးယား၊ ဂျပန်နှင့် ပြင်သစ်တို့၏ စီးပွားရေးနှင့် နှိုင်းယှဉ်ပါက တောင် အာဖရိက နိုင်ငံ၏ စီးပွားရေးသည် အောက်ဆုံးအဆင့်မှာ ရှိသည်။

ဖီဖာ၏ လုံခြုံစိတ်ချရသော အင်တာနက်မှတဆင့် လက်မှတ်များ ရောင်းချသည့် စနစ်ကို ကြည့်မည်ဆိုပါက မေးခွန်း ထုတ်စရာ အများအပြား ရှိနေသေးသည်။ အာဖရိကနိုင်ငံ အများအပြားသည် အင်တာနက်မှ တဆင့် လက်မှတ် ဝယ်ယူနိုင်သည့် အခြေအနေမျိုး မရှိကြပေ။ Visa ကုမ္ပဏီသည် လက်မှတ်ရောင်းချခြင်းကို အဓိက စပွန်ဆာ ရပြီး ဧပြီလ ၁၅ ရက်နေ့အထိ အွန်လိုင်းမှ တဆင့် ရောင်းချခဲ့သည်။ ထိုကာလ အတွင်း လက်ခံ ကျင်းပမည့် အိမ်ရှင်နိုင်ငံက ၎င်းတို့ နိုင်ငံသားများအတွက် လက်မှတ်ရုံများ ဖွင့်ပြီး ရောင်းချပေးရန် ဖီဖာကို တွန်းအား ပေးခဲ့ရသည်။ ရလဒ်အားဖြင့် ကမ္ဘာ့ ဖလား ၀င်ခွင့်ရသည့် အာဖရိက နိုင်ငံ ၆ နိုင်ငံ ရှိသော်လည်း တောင်အာဖရိကနိုင်ငံ အပြင်ဘက်မှ အာဖရိက တိုက်သား ဘောလုံး ပရိသတ်အတွက် လက်မှတ်ပေါင်း ၁၁ဝဝဝ သာ ရောင်းနိုင်ခဲ့သည်။ ပြိုင်ပွဲဝင်မည့် ၆ နိုင်ငံမှာ တောင်အာဖရိက၊ ဂါနာ၊ အိုင်ဗရီကို့စ်၊ ကင်မရွန်း၊ နိုင်ဂျီးရီးယား နှင့် အယ်လ်ဂျီးရီးယားတို့ ဖြစ်သည်။

အားကစား ဆိုင်ရာ အရာရှိ ဒန်နီဂျော်ဒန်က အာဖရိကနိုင်ငံများ အတွင်း လက်မှတ် ရောင်းချခဲ့ပုံသည် အလွန် စိတ်ပျက် စရာ ကောင်းကြောင်း ဝန်ခံခဲ့သည်။

“လက်မှတ်တွေဟာ အမေရိကန်လို နိုင်ငံမျိုးမှာ ပိုလို့ ရောင်းကောင်းခဲ့တယ်။ အင်တာနက် စနစ်ကလည်း အဆင့် မြင့်တယ် ဆိုတော့ လက်မှတ် ဝယ်သူတွေ အတွက် သိပ်အဆင်ပြေတာကိုး။ အာဖရိက ဘောလုံး ဝါသနာရှင်တွေ အများစုက အကြွေးဝယ်ကတ် ဆိုတာလည်း ရှိမှ မရှိဘဲ။ ဒီကြားထဲ အင်တာနက် စနစ်ကလည်း မကောင်းဘူး။ ငွေ လက်ငင်းရှင်းတဲ့ စနစ်နဲ့သာ လက်မှတ်ကို ဝယ်နိုင်တာ ဆိုတော့ ဒီအင်တာနက်ကနေ ရောင်းတဲ့ စနစ်က အာဖရိကမှာ အလုပ် မဖြစ်ဘူး။ နောင်အတွက် သင်ခန်းစာပေါ့ဗျာ”ဟု သူက ပြောသည်။

ထိုသို့ အာဖရိက နိုင်ငံများ လက်မှတ် ဝယ်ယူရန် ခက်ခဲနေစဉ် အာဖရိကတိုက် မြောက်ပိုင်း နိုင်ငံများတွင်လည်း ကမ္ဘာလှည့် ခရီးသည်များ ၀င်ရောက်မှု လျော့ကျလာသည်။ ကမ္ဘာ့ဖလားပွဲသို့ စုပြုံသွားကြမည် ဖြစ်သောကြောင့် ခရီးသည် ၂ဝဝ ဝဝဝ အထိ လျော့သွားသည် ဟူ၏။

ထို ပမာဏသည် တောင်အာဖရိကနိုင်ငံ၏ နွေရာသီဖြစ်သော နိုဝင်ဘာနှင့် ဖေဖော်ဝါရီလအတွင်း ရောက်လာလေ့ ရှိသည့် ကမ္ဘာလှည့် ခရီးသည် အရေအတွက်နှင့်လည်း တူညီသည်။

ထိုအကျိုးဆက်များကြောင့် အာဖရိကမြောက်ပိုင်း နိုင်ငံများက ခရီးသွားတို့ကို ပြန်လည် ဆွဲဆောင်နိုင်ရန် လေယာဉ်ခ များနှင့် ဟိုတယ်ခ နှုန်းထားများကို လျှော့ချပစ်ကြသည်။ ဒေသခံ လုပ်ငန်းရှင်များလည်း စီးပွား ထိခိုက်သဖြင့် ညည်းညူ နေကြသည်။

နိုင်ငံတကာမှ လက်မှတ် မဝယ်ယူနိုင်သူများ အတွက် ဖီဖာနှင့် စပွန်ဆာ ပေးသူများက ဥရောပ မြို့တော်များတွင် မြင် ကွင်း ကျယ် ရုပ်သံစက်များဖြင့် ပြသရန် စီစဉ်နေသည်။ သို့သော်လည်း တောင်အာဖရိကနိုင်ငံမှလွဲ၍ အခြားသော အာဖရိကတိုင်းပြည်များတွင် အများပြည်သူ ကြည့်ရှုနိုင်ရန် ထိုသို့ စီမံ ဆောင်ရွက်ထားခြင်းမျိုး မရှိပေ။

ဖီဖာ အတွင်းရေးမှူး ဂျရုမ်း ဗဲကီက အာဖရိကရှိ အစိုးရ ရုပ်သံဌာနများကို ဘောလုံးပွဲစဉ်များ အခမဲ့ လွှင့်ခွင့် ပြုမည်ဟု ပြောသည်။

“အာဖရိကနိုင်ငံတွေက မြို့တော်တွေမှာ အများပြည်သူ ကြည့်ရှု အားပေးဖို့ ရုပ်မြင်သံကြား အကြီးစားတွေ တပ်ဆင်ပြီး အခမဲ့ ပြသခွင့် ရမှာ ဖြစ်ပါတယ်”ဟု သူက ဆိုသည်။

တောင်အာဖရိကနိုင်ငံ ကမ္ဘာ့ဖလားပွဲသည် အာဖရိကတိုက် တတိုက်လုံး အတွက် အကျိုးရှိမည်ဟု ယူဆသူ နည်းနေ ဟန် ရှိသည်။ အီသီယိုပီးယား နိုင်ငံ၏ မြို့တော် အဒစ်အဘာဘာရှိ စားသောက်ဆိုင် ပိုင်ရှင်တဦးဖြစ်သူ တက်ဂီနော ဂက်ရှ်ဟော ဆိုသူက သူ့ဆိုင်တွင် ရုပ်မြင်သံကြားကို အမြဲဖွင့်ထားမည် ဖြစ်ကြောင်း၊ ပရီးမီးယာ ဘောလုံးပွဲများကိုလည်း ဖွင့်နေကျ ဖြစ်ကြောင်း ပြောကြားသည်။

“အာဖရိက နိုင်ငံတခုမှာ ကမ္ဘာ့ဖလားပွဲ ကျင်းပမယ် ဆိုတော့ ဝမ်းသာတာပေါ့ဗျာ။ ဒါပေမယ့် စိုးရိမ်တာတော့ ရှိတယ်။ ရာဇဝတ်မှု အလွန်ထူတဲ့ နိုင်ငံ ဖြစ်တော့ လာတဲ့ ပရိသတ်တွေအတွက် ရာဇဝတ်မှု တွေနဲ့ ရင်ဆိုင်ရမယ်ဆိုရင် အာဖရိက တိုက်ကြီးတခုလုံး မျက်နှာမလှ ဖြစ်ရနိုင်တယ်”ဟု သူက ထင်မြင်ချက် ပေးသည်။

အနောက် အာဖရိကဘက်ခြမ်းမှ အရည်အချင်း ပြည့်မီသော ဘောလုံးအသင်း ၄ သင်း ကမ္ဘာ့ဖလားတွင် ပါဝင် ကစား မည်ဖြစ်သည်။ လူတိုင်းလည်း စိတ်လှုပ်ရှားနေကြသည်။ အိုင်ဗရီကို့စ် နိုင်ငံတွင် လူတိုင်းလိုလို လိမ္မော်ရောင် အင်္ကျီများ ဝတ်ဆင်ကြလိမ့်မည်။ လိမ္မော်ရောင် အစင်းနှင့် ဆင်ပုံများသည် ထိုနိုင်ငံ ကိုယ်စားပြု အမျိုးသားအရောင်နှင့် သင်္ကေတ ဖြစ်သည်။

လူတိုင်းလိုလို မျှော်လင့်ချက်ကြီးစွာ စောင့်စားနေကြသည်။ ချယ်လ်ဆီး အသင်းတွင် ကစားနေသည့် ဒီဒီရေး ဒရော့ဘာ နှင့် ၎င်း၏ ကစားဘက်များ အံ့ဖွယ်သရဲ ခြေစွမ်းပြချက်များကို တွေ့ရတော့မည်လော ဟုလည်း မျှော်လင့်နေကြသည်။

ကမ္ဘာ့ဖလား ပွဲစဉ်များကို အာဖရိကရှိ အလွန်ခေါင်သော ဒေသ ၂ ခုတွင်ပါ ကြည့်ရှုနိုင်ပေလိမ့်မည်။ သို့သော် ဖီဖာ ကို ထိုအတွက် ကျေးဇူးတင်စရာ မလိုပါ။ ကုလသမဂ္ဂက ဇမ်ဘီယာနိုင်ငံ နှင့် ရဝမ်ဒါ နိုင်ငံရှိ ဒုက္ခသည် စခန်းများအတွင်း မြင်ကွင်းကျယ် ရုပ်မြင်သံကြားများ စိုက်ထူ၍ ပြသမည် ဖြစ်သည်။

ဖီဖာက ဥပဒေများနှင့် ကန့်သတ်ထား၍ တောင်အာဖရိက လမ်းဘေး ပျံကျ ဈေးသည်များ အခက် တွေ့နေကြရသည်။ ထိုဥပဒေများသည် ဖီဖာက စပွန်ဆာပေးထားသည့် ကိုကာကိုလာ ကဲ့သို့သော ကုမ္ပဏီများကို ပြိုင်ဘက် ကုမ္ပဏီများ မယှဉ်နိုင်ရန် ကာကွယ် ပေးထားခြင်းသာ ဖြစ်သည်။ လတ်တလောတွင် တောင်အာဖရိက ကုမ္ပဏီများ၊ ရင်းနှီးမြုပ်နှံ ထားသူများအား အကာအကွယ် ပေးရန် လမ်းဘေး ဈေးသည်များကို လျှပ်တပျက် ဖမ်းဆီး အရေးယူမှုပေါင်း လေးရာ ကျော် ရှိနေပြီ ဖြစ်သည်။ ကိပ်တောင်းမြို့ ရဲအဖွဲ့တွင် အထူးတပ်ဖွဲ့ တခု ထားရှိပြီး လမ်းဘေး ဈေးသည်များကို ဂရင်းပွိုင့် အားကစားရုံ တဝိုက်တွင် ဈေးမရောင်းချ နိုင်ရေးအတွက် ဖယ်ရှား ရှင်းလင်းရန် ဖြစ်သည်။

နယ်လ်ဆင် မန်ဒဲလား ပါဝင်သည့် နိုင်ငံတကာ ခေါင်းဆောင်များ အဖွဲ့သည် ဖီဖာ၏ ဥပဒေများနှင့် ပတ်သက်၍ စိုးရိမ် မကင်း ဖြစ်မိကြောင်း ကြေညာာချက် ထုတ်ထားသည်။ အိုင်းရစ်ရှ် သမ္မတဟောင်း မေရီရော်ဘင်ဆင်က လမ်းဘေး ဈေးသည်များ လမ်းပေါ်မှ ဖယ်ရှားခြင်း ခံနေရကြောင်း ပြောကြားသည်။ ကမ္ဘာ့ဖလားပွဲ ကျင်းပသည့် အကျိုးဆက်ကြောင့် ပြည့်တန်ဆာ လုပ်ငန်း အတွက် လူကုန်ကူးမှုများ ဖြစ်လာနိုင်ခြေလည်း ရှိနေသည်။

ဤအတောအတွင်း အနုပညာရှင်တချို့က ဂျိုဟန်နက်စ်ဘတ်မြို့တွင် ပြုလုပ်မည့် စင်တင် ဂီတ ဖျော်ဖြေပွဲကို သပိတ် မှောက်ရန် လှုံ့ဆော်ထားရာ ထောက်ခံမှု အများအပြား ရရှိနေသည်။

ဖီဖာက ရုပ်သံ လွှင့်ခွင့် ရောင်းရငွေများနှင့် ဘောလုံးနည်းပြ ကျောင်း ၂ဝ အား အာဖရိကတိုက်အတွင်း တည်ထောင်မည့် သတင်း ကြားရသူ အပေါင်းက ဒေါသထွက်ကြသည်။ တချိန်တည်းတွင် တောင်အာဖရိက အစိုးရသည် နိုင်ငံ အတွင်း လျှပ်စစ်မီးအား မြှင့်တင်ရေး အတွက် ကမ္ဘာ့ဘဏ်မှ ငွေချေးရန် တင်ပြထားသည်။

လော့စ် အင်ဂ်ျလိစ် အခြေစိုက် အဖွဲ့တခုက စုစည်းတင်ဆက်မည့် စင်တင်ဂီတ ဖျော်ဖြေပွဲသည် အမေရိကန် လုပ်ဟန် သက်သက်သာ ဖြစ်ကြောင်း တောင်အာဖရိက အနုပညာရှင်များက ဝေဖန်ခဲ့သည်။ တောင်အာဖရိက ဖန်တီးမှု အလုပ် သမားများ သမဂ္ဂ ဥက္ကဋ္ဌဖြစ်သူ မဘူသိုကစ် စီသိုလီက“တောင်အာဖရိက နိုင်ငံက အနုပညာသည် တွေဟာ နိုင်ငံတကာ က ကျော်ကြားတဲ့ အနုပညာသည်တွေနဲ့ တန်းတူ အရည်အသွေး ရှိပါတယ်။ ဒီဒေသခံ အနုပညာရှင်တွေကို မဖြစ်မနေ ပါဝင် ဖျော်ဖြေခွင့် ပေးရပါလိမ့်မယ်”ဟု ပြောကြားခဲ့သည်။ ၎င်းတို့ သမဂ္ဂက ဒေသခံ အနုပညာသည် ၈ဝ ရာခိုင်နှုန်း ဖျော်ဖြေခွင့် ရရန် တောင်းဆိုခဲ့သော်လည်း ၃ ဦးသာ ပါဝင်ခွင့်ရခဲ့သည်ဟု သိရသည်။

အာဖရိကလူဖြူ အသိုင်းအဝိုင်းကလည်း ကမ္ဘာ့ဖလားပွဲကို လူမျိုးရေးအရ နိုင်ငံခြားသားကြောက်ရောဂါ တွယ်ကပ်နေ သော ပွဲတခုအဖြစ် ရှုမြင်ကြသည်။ သို့သော်လည်း ဒေသခံ သတင်းမီဒီယာများ၏ အဆိုအရ နောက်ဆုံး ဗိုလ်လုပွဲ အပြီး နောက်တနေ့ ဇူလိုင် ၁၂ ရက်နေ့၌ တောင်အာဖရိကနိုင်ငံတွင် နေထိုင်သောလူဖြူများ တိုက်ခိုက်ခံရဖွယ်ရှိသည့် သတင်းများ နယ်တွင် ပျံ့နေသည်ဟု သိရသည်။ တောင်အာဖရိကနိုင်ငံ ဒုက္ခသည်များနှင့် ရွှေ့ပြောင်း အခြေချသူများ ဆိုင်ရာအဖွဲ့ကြီးက ထို ခြိမ်းခြောက်မှုများကို သုံးသပ်နေသည်။

အလုပ် အများရဆုံးကိစ္စရပ်တခုမှာ သာမန် တောင်အာဖရိက နိုင်ငံသားများ အတွက် ပွဲတော်ရက် အတွင်း မြို့ပြင်မှ လူများအား မြို့တွင်းသို့ သယ်ယူ ပို့ဆောင်ရေးအတွက် ဘတ်စ်ကား လိုင်းများ တိုးချဲ့ဆောင်ရွက်ရသည့် လုပ်ငန်း ဖြစ်သည်။ ပြီးခဲ့သည့် မတ်လအတွင်းက ဂျိုဟန်နက်စ်ဘတ် မြို့တော်အတွင်း စတင် ပြေးဆွဲသည့် ဘတ်စ်ကား တစီး တိုက်ခိုက်ခံရသည်။ နိုင်ငံအတွင်းရှိ အင်အား ကောင်းသော ဘတ်စ်ကား လုပ်ငန်းရှင်များက ပွဲတော် ရက်များအတွင်း လမ်းပိတ်ဆို့မည်ဟုလည်း ခြိမ်းခြောက်ထားသည်။ နိုင်ငံ၏ သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းကို လက်ဝါးကြီးအုပ်ထား သည့် ၎င်းတို့နှင့် အစိုးရက မည်သို့မည်ပုံ သဘောတူညီချက် ရရှိထားကြောင်း ရှင်းရှင်းလင်းလင်း မသိရသေးပေ။

ဒေသခံ အားကစား ဆိုင်ရာ စည်းရုံးရေး ဥက္ကဋ္ဌ ဒန်နီဂျော်ဒန်က ပွဲစဉ်ပေါင်း ၆၄ ပွဲ ပါရှိသော ကမ္ဘာ့ဖလား ပွဲတော်ရက် သည် လနှင့်ချီ ကြာမည်ဟု ပြောသည်။ ဤပွဲတော်သည် နိုင်ငံတော် တည်ဆောက်ရေး အသွင်ဆောင်၍ နည်းများမဟူ ဝင်လာသည့် ငွေကြေးသည် တန်ဖိုးရှိသည်ဟု ဆိုသည်။ မည်သို့ပင်ဆိုစေ ကမ္ဘာ့ဖလား ပွဲတော်ကြောင့် အာဖရိက တိုက် ၏ အသံကို နိုင်ငံတကာက အရင်ကထက် ပိုပြီး ကြားလာရမည်ဟုလည်း သူက ပြောသည်။ တောင်အာဖရိက အစိုးရ သုံးစွဲခဲ့သည့် ဘီလီယံ ဒေါ်လာ ပမာဏရှိသည့် ငွေကြေးများသည် အကျိုးမဲ့မည် မဟုတ်ဟု သူက စောဒက တက်သည်။

“အသစ်ဆောက်ခဲ့တဲ့ အဆောက်အအုံတွေ၊ ဥပမာအားဖြင့် လမ်းတွေ၊ လေဆိပ်ကို ပြင်ဆင်တာတွေ၊ တယ်လီဖုန်း ဆက်သွယ်ရေး အတွက် ရင်းနှီးခဲ့တာတွေဟာ ကျနော်တို့ နိုင်ငံရဲ့ စီးပွားရေး တိုးတက်လာဖို့ အတွက် အကျိုး ရှိစေ ပါတယ်”ဟု မဘူသိုကစ် စီသိုလီ က ထောက်ပြသည်။

Alex Duval Smith ရေးသားသည့် The ugly truth about the beautiful game ကို ဆီလျော်အောင် ပြန်ဆိုသည်။

Ref: ဧရာဝတီ်

Read More...

ဟီလာရီ ကလင်တန်သို့ မစ္စတာ ဂျင်မ်ဝဘ်၏ အိတ်ဖွင့်ပေးစာ

သောမတ်စ်မောင်ရွှေ
ကြာသပတေးနေ့၊ ဇွန်လ ၁၀ ရက် ၂၀၁၀ ခုနှစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ အမေရိကန်ပြည်ထောင်စု ဆီနိတ်တာ အထက်လွှတ်တော် အမတ် မစ္စတာ ဂျင်မ်ဝဘ်သည် လွန်ခဲ့သည့် ရက်သတ္တပတ်က သူ၏ မြန်မာနိုင်ငံ ခရီးစဉ်ကို ရုတ်တရက် ဆိုင်းငံ့ထားခဲ့ပြီး မြန်မာနိုင်ငံသည် ကုလသမဂ္ဂ ဆုံဖြတ်ချက်အမှတ် ၁၈၇၄ ကို ချိုးဖောက်ကာ မြောက်ကိုရီးယား နိုင်ငံမှ လက်နက်များအား သဘောင်္ဖြင့် ပေးပို့စေခဲ့သည် ဟူသော စွပ်စွဲချက်များအား အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် အတွင်းရေးမှူးက စစ်ဆေးဆောင်ရွက်ရန် တောင်းဆိုသည့် အိတ်ဖွင့် ပေးစာတစောင်ကို အမေရိကန် အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်သို့ ပေးပို့ခဲ့သည်။

ဝါရင့် ဥပဒေပြု အမတ်တဦးဖြစ်ပြီး ပြီးခဲ့သည့်နှစ်က မြန်မာစစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကာ စစ်အစိုးရနှင့် တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှု လိုလားသူ မစ္စတာ ဂျင်မ်ဝဘ်က ပြီးခဲ့သည့်လက ဒေါက်တာ ကာ့တ်ကမ်းဘဲလ်၏ မြန်မာ စစ်အစိုးရ အပေါ် စွပ်စွဲချက်များသည် စစ်အစိုးရနှင့် ဆက်လက် စေ့စပ်ဆွေးနွေးရန် နောက်တွန့်စေခဲ့ကြောင်း ဝန်ခံပြောကြားခဲ့သည်။

အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ ဆီးနိတ် နိုင်ငံခြားရေး ဆပ်ကော်မတီ၏ ဥက္ကဋ္ဌ မစ္စတာ ဂျင်မ်ဝဘ်က သူနှင့် သူ၏ အဖွဲ့သည် ဒေါက်တာ ကာ့တ်ကမ်းဘဲလ်၏ စစ်အစိုးရအပေါ် စွပ်စွဲချက်နှင့် ပတ်သက်၍ အမေရိကန် အစိုးရအဖွဲ့မှ စုံစမ်းစစ်ဆေး၍ ရှင်းလင်းမှုများ ပြုလုပ်ရန် တောင်းဆို ခဲ့သော်လည်း အမေရိကန် အစိုးရအဖွဲ့က လုပ်ဆောင်ခြင်း မရှိခဲ့ဟု သူ၏ အိတ်ဖွင့်ပေးစာတွင် ရေးသားထားခဲ့သည်။

အာရှနှင့် ပစိဖိတ်ရေးရာ ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး စကော့ မာစီယယ်က မြန်မာနိုင်ငံအား ကုလသမဂ္ဂ ဆုံးဖြတ်ချက်အမှတ် ၁၈၇၄ ကို ချိုးဖောက်မှုနှင့် ပတ်သက်၍ စွပ်စွဲဝေဖန်မှုများတွင် အခြား မည်သည့်နိုင်ငံကမျှ အမေရိကန်နှင့် တရားဝင် ပူးပေါင်း ဆောင်ရွက်ခြင်း မရှိခဲ့ဟု မစ္စတာဂျင်မ်ဝဘ်နှင့် အဖွဲ့အား ဖွင့်ဟခဲ့သည်ဟု ဆိုသည်။

ဇွန်လ ၈ ရက် (အင်္ဂါနေ့) ရက်စွဲ တပ်ထားသော စာထဲတွင် မြန်မာနိုင်ငံသည် မြောက်ကိုရီးယား နိုင်ငံ၏ အကူအညီဖြင့် နျူကလီးယား ရရှိရေး ဆောင်ရွက်နေသည်ဟု ဒီမိုကရက်တစ် မြန်မာ့အသံ သတင်းဌာန (DVB) က သတင်း ထုတ်ပြန်မှုများကြောင့် မစ္စတာဂျင်မ်ဝဘ်သည် သူ၏ မြန်မာနိုင်ငံ ခရီးစဉ်အား သွားရောက်ရန် နာရီအနည်းငယ် အလိုတွင် ဖျက်သိမ်းခဲ့သည်ဟု ရေးသားထားသည်။ ထိုကိစ္စနှင့် ပတ်သက်၍ စစ်ဆေးမှုများ ပြုလုပ်ပေးရန်လည်း ဟီလာရီကလင်တန်အား တောင်းဆိုခဲ့သည်။

DVB မှ ရရှိခဲ့သော စွပ်စွဲချက်နှင့် ပတ်သက်သည့် အထောက်အထားများကို ကာတာ အခြေစိုက် အယ်လ်ဂျာဇီးယား သတင်းဌာနက နိုင်ငံတကာသုံး အင်္ဂလိပ်ဘာသာဖြင့် ထုတ်လွှင့်သွားခဲ့ပြီး အမေရိကန် ပြည်ထောင်စုတွင် ABC သတင်း ကွန်ယက်မှ ထပ်ဆင့် ထုတ်လွှင့်ခဲ့သည်။ ထိုအစီအစဉ်တွင် ပြည်ပသို့ တိမ်းရှောင်လာသော စစ်ဘက်မှ ပညာရှင် အရာရှိ တဦးဖြစ်သူ ဗိုလ်မှူး စိုင်းသိန်းဝင်းနှင့် အင်တာဗျူး အစီအစဉ် ပါဝင်ခဲ့ပြီး သူယူဆောင်လာခဲ့သော အထောက်အထားများ ဖြစ်သည့် စစ်အစိုးရ၏ နျူကလီးယားနှင့် ဒုံးလက်နက် ပိုင်ဆိုင်ရေး ကြိုးပမ်းမှုနှင့်ပတ်သက်သည့် စာရွက်စာတမ်း အထောက်အထားများကို တင်ပြခဲ့သည်။

ဗိုလ်မှူးစိုင်းသိန်းဝင်းသည် မြန်မာနိုင်ငံ တပ်မတော် အင်ဂျင်နီယာ တက္ကသိုလ်တွင် ပညာသင်ကြားခဲ့ပြီး နောက်ပိုင်းတွင် ရုရှားနိုင်ငံမှ နာမည်ကျော် ဗော်မန်မော်စကို နည်းပညာ တက္ကသိုလ် (Bauman Moscow State Technical University) မှ ဒုံးပျံအင်ဂျင် အထူးပြု ဘာသာရပ်နှင့် ဘွဲ့ရရှိခဲ့သူ ဖြစ်သည်။ ထို့နောက် မြန်မာနိုင်ငံသို့ ပြန်လာခဲ့ပြီး အထူး စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေး စက်ရုံတွင် ဒုံးကျည်ပုံစံငယ်များ စမ်းသပ်ပြုလုပ်ခြင်းနှင့် နျူကလီးယား အစီအစဉ်များတွင် ပါဝင်လုပ်ကိုင်ခဲ့ရသည်။

မြန်မာနိုင်ငံအတွက် အထူးသံတမန် ခန့်ရန် ဂျင်မ်ဝဘ်က တောင်းဆို

ဂျင်မ်ဝဘ်၏ စာထဲတွင် ၂၀၀၈ ခုနှစ်က ချမှတ်ထားခဲ့သည့် တွန်လမ်းတော့စ် မြန်မာ့ကျောက်မျက် ပိတ်ဆို့အရေးယူရေး ဥပဒေနှင့် အညီ ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် အဲရစ်ဂျွန်အား အမေရိကန် ပြည်ထောင်စု၏ မြန်မာနိုင်ငံဆိုင်ရာ ပေါ်လစီရေးရာ အထူး ကိုယ်စားလှယ် အဖြစ် ခန့်အပ်ကာ ဖြေရှင်း ဆောင်ရွက်ရန်လည်း တောင်းဆိုထားသည်။ တွန်လမ်းတော့စ် အက်ဥပဒေအရ ထိုကဲ့သို့ ခန့်အပ်ရန် အမေရိကန် သမ္မတသည် ဆီးနိတ်နှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည်။

ဆီနိတ်တာ အမတ်က ထိုင်းနိုင်ငံ၏ ‘လူကုန်ကူးမှု တိုက်ဖျက်ရေး’ အပေါ် နိုင်ငံခြားရေးဌာနမှ အဆင့်လျှော့ချ သတ်မှတ် ထားမှုကိုလည်း ဝေဖန်

မစ္စတာ ဂျင်မ်ဝဘ်၏ ပေးစာထဲတွင် သူ၏ ကော်မတီ ဥက္ကဋ္ဌ တာဝန်နှင့် စပ်လျဉ်းသည့် အခြား အရေးကြီးသော ကိစ္စများနှင့် ပတ်သက်၍လည်း သူ၏ ရပ်တည်ချက်များကို ဖော်ပြထားသည်။ အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေးဌာနက မကြာသေးမီက သတ်မှတ် ထုတ်ပြန်ခဲ့သည့် လူကုန်ကူးမှု တိုက်ဖျက်ရေးနှင့် ပတ်သက်သည့် စာရင်းတွင် ထိုင်းနိုင်ငံ၏ လူကုန်ကူးမှု တိုက်ဖျက်ရေး အားထုတ်မှုအား အဆင့်နှစ် (စောင့်ကြည့်အဆင့်) သို့ လျှော့ချ သတ်မှတ်ခဲ့မှုအပေါ်လည်း ဆန့်ကျင်ကြောင်း သူ၏ စာထဲတွင် ရေးသား ထားသည်။ မစ္စတာ ဂျင်မ်ဝဘ်၏ စာထဲတွင် ထိုကဲ့သို့ အဆင့်လျှော့ချ သတ်မှတ်မှုသည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး စံသတ်မှတ်ချက်များအရ ထိုင်းနိုင်ငံသည် အမေရိကန် ပြည်ထောင်စု၏ ပိတ်ဆို့အရေးယူ ခံရမှုတချို့နှင့် ရင်ဆိုင်ရနိုင်ဖွယ် ရှိသဖြင့် ထိုင်းနိုင်ငံအပေါ် အပျက်သဘောဆောင်သော အကျိုး သက်ရောက်မှုများ ဖြစ်ပေါ်စေလိမ့်မည်ဟု ရေးသားထားသည်။ ထိုင်းနိုင်ငံတွင် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေရချိန်နှင့် နိုင်ငံရေး တည်ငြိမ်မှု ရရှိရန် ကြိုးစားနေရချိန် ဖြစ်သည့်အတွက် အကူအညီများ လိုအပ်နေချိန်တွင် ထိုကဲ့သို့ အဆင့်လျှော့ချ သတ်မှတ်ခံခဲ့ရခြင်းဖြစ်သည်ဟု မစ္စတာဂျင်မ်ဝဘ်၏ စာထဲတွင် ရေးသားထားသည်။

မစ္စတာ ဂျင်မ်ဝက်၏ စာအပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။


ဇွန် ၈၊ ၂၀၁၀

လေးစားရပါသော မစ္စစ် ဟီလာရီ ရော့ဒမ် ကလင်တန်

အမေရိကန်အစိုးရအဖွဲ့ အတွင်းရေးမှူး

အမေရိကန် အစိုးရအဖွဲ့ရုံး

၂၂၀၁ C လမ်း၊ NW

ဝါရှင်တန် ဒီစီ၊ ၂၀၅၂၀


လေးစားရပါသော အတွင်းရေးမှူး မစ္စစ် လလင်တန် ခင်ဗျား

ကျနော်ဟာ အရှေ့ အာရှနှင့် ပစိဖိတ်ရေးရာ ဆီးနိတ် နိုင်ငံခြားရေး ဆပ်ကော်မတီရဲ့ ဥက္ကဋ္ဌ တယောက်အနေနဲ့ ပြီးခဲ့တဲ့ အပတ်က ကိုရီးယားနိုင်ငံနဲ့ ထိုင်းနိုင်ငံတွေကို အဲဒီ့နိုင်ငံတွေမှာ လောလောဆယ် ဖြစ်ပေါ်နေတဲ့ အကျပ်အတည်းတွေနဲ့ ဒေသတွင်း ကိစ္စတွေကို ဆွေးနွေးဖို့ အတွက် သွားရောက်ခဲ့ပါတယ်။ မြန်မာနိုင်ငံကိုလည်း သွားရောက်ဖို့ ရည်ရွယ် ထားခဲ့ပေမယ့် အောက်မှာ ဖော်ပြထားတဲ့ အကြောင်း အရာတွေကြောင့် မြန်မာနိုင်ငံ ခရီးစဉ်ကို ဆိုင်းငံ့ ထားခဲ့ရပါတယ်။

သက်ဆိုင်ရာ နိုင်ငံတွေရဲ့ အစိုးရကိုယ်စားလှယ်တွေ၊ စီးပွားရေးသမားတွေ၊ လူမှုအဖွဲ့အစည်း ခေါင်းဆောင်တွေ၊ အမေရိကန် သံကိုယ်စားလှယ် တွေနဲ့ တွေ့ဆုံ ဆွေးနွေးပွဲတွေ ကနေ ရရှိလာတဲ့ အချက်အလက်တွေနဲ့ အကြံပြုချက်တွေကို မစ္စစ် ကလင်တန်ထံ ဝေမျှ လိုပါတယ်။ ဒီအကြံပြုချက်တွေ ထဲက တချို့ဟာ အချိန်ပေါ်မူတည်ပြီး အပြောင်းအလဲတွေ ရှိနိုင်တာကိုလည်း မစ္စစ် ကလင်တန် အနေနဲ့ သတိ ထားမိပါလိမ့်မယ်။

၁။ အမေရိကန်- တောင်ကိုရီးယား လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူ စာချုပ်

တောင်ကိုရီးယား-အမေရိကန် လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူစာချုပ် (KORUS FTA) ကို အကောင်အထည် ဖော်နိုင်ခဲ့ရင် အမေရိကန်နဲ့ တောင်ကိုရီးယား နိုင်ငံတွေသာမက အရှေ့ အာရှနိုင်ငံတွေ အားလုံးပါ အကျိုးကျေးဇူး ခံစားရလိမ့်မယ်လို့ လေးလေးနက်နက် ယုံကြည်မိပါတယ်။ အဲဒီစာချုပ်ကို အတည်ပြုရေး အတွက် ကွန်ဂရက်မှာ ကြန့်ကြာနေမှာကိုတော့ အထူး စိုးရိမ်မိပါတယ်။

ဒီသဘောတူစာချုပ်ကို ၂၀၀၇ ခုနှစ် ဇွန်လ ၃၀ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ကြတာပါ။ အဲဒီစာချုပ်အရ ၃ နှစ် အတွင်း နှစ်နိုင်ငံ အပြန်အလှန် ကုန်သွယ်မှုရဲ့ ၉၅ ရာခိုင်နှုန်းရှိတဲ့ လူသုံးကုန်ပစ္စည်းတွေနဲ့ စက်ရုံထုတ် ပစ္စည်းတွေ အပေါ်မှာ အခွန် စည်းကြပ်မှုတွေကို ပယ်ဖျက်မှာ ဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စုရဲ့ စိုက်ပျိုးရေး ပို့ကုန် သုံးပုံနှစ်ပုံ အပေါ်မှာလည်း အခွန်စည်းကြပ်မှုတွေ ရှိတော့မှာ မဟုတ်ပါဘူး။ အမေရိကန် ပြည်ထောင်စု ကားထုတ်လုပ်သူတွေဟာ ကိုရီးယားမှာ ဈေးကွက်တိုးချဲ့နိုင်ရေးအတွက် ဒီသဘောတူ စာချုပ်ကို အကောင်အထည် ဖော်ရေး လုပ်ဆောင် စေချင်နေကြကာ စာချုပ်အတည်ပြုရေး နှောင့်နှေးမှာကို စိုးရိမ် နေကြပါတယ်။ ခြုံငုံပြီး သုံးသပ်ကြည့်ရင် ဒီစာချုပ်ကြောင့် ရရှိလာမယ့် အကျိုးကျေးဇူးတွေဟာ ဒီစာချုပ်ကြောင့် ဖြစ်လာမယ့် ဆုံးရှုံးမှုတွေထက် အများကြီး အလေးသာနေတာမို့ စာချုပ်ကို အကောင်အထည် မဖော်နိုင်ခဲ့ရင် ကောင်းကျိုးတွေကို လက်လွှတ်လိုက်ရမှာပါ။

ကိုရီးယားဟာ ဒီစာချုပ်ကို စံနမူနာထားပြီး တခြား လွတ်လပ်စွာ ကုန်သွယ်ရေး စာချုပ်တွေကိုလည်း ပြုလုပ်နေပါတယ်။ ဥရောပသမဂ္ဂ (EU) နဲ့ လွတ်လပ်စွာ ကုန်သွယ်ရေးစာချုပ်ကို ဒီဇွန်လထဲမှာ လက်မှတ်ရေးထိုးဖွယ် ရှိနေပြီး ဒီဇင်ဘာမှာ အီးယူ-ကိုရီးယား လွတ်လပ်စွာ ကုန်သွယ်ရေးစာချုပ်ကို အကောင်အထည်ဖော်ဖို့ ရှိနေပါတယ်။ ဒါကြောင့် အမေရိကန်အနေနဲ့ ကိုရီးယားနဲ့ လွတ်လပ်စွာ ကုန်သွယ်ရေးစာချုပ်ကို အတည်ပြုဖို့ နှောင့်နေးနေမယ်ဆိုရင် အမေရိကန် ပြည်ထောင်စုရဲ့ ကုန်စည်တွေဟာ ဈေးကွက်ထဲမှာ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေကို ရင်ဆိုင်ရကာ ရုန်းကန်ရဖွယ် ရှိနေပါတယ်။ အရေးကြီးတာကတော့ စာချုပ်ကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်ခဲ့မယ်ဆိုရင် အရှေ့အာရှ နိုင်ငံတွေဟာ အမေရိကန်ရဲ့ အရှေ့အာရှဒေသအပေါ် သဘောထားကို သံသယ ရှိလာနိုင်ပါတယ်။

ဒါကြောင့်မို့ မစ္စစ် ကလင်တန်အနေနဲ့ သမ္မတကို တောင်ကိုရီးယား-အမေရိကန် လွတ်လပ်စွာ ကုန်သွယ်ရေးစာချုပ်ကို နိုဝင်ဘာ ရွေးကောက်ပွဲများ မတိုင်မီ ကွန်ဂရက်မှာ တင်သွင်းဖို့ တောင်းဆိုသင့်ပါတယ်။ ဆီးနိတ်မှာတော့ ကျနော်က တတ်စွမ်းသလောက် ဒီစာချုပ် အတည်ပြုရေးအတွက် အစွမ်းကုန် အားထုတ်သွားမှာပါ။

၂။ ထိုင်းနိုင်ငံ၏ ဒီမိုကရေစီနိုင်ငံရေး တည်ငြိမ်မှု အတွက် ကူညီရေး

အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေးဌာနဟာ လူကုန်ကူးမှု တိုက်ဖျက်ရေးနဲ့ ပတ်သက်တဲ့ အစီရင်ခံစာ (TIP report) ကို ဇွန်လလယ်က ထုတ်ပြန်ခဲ့ပါတယ်။ ဘန်ကောက်မြို့မှာရှိတဲ့ အမေရိကန်သံရုံးဟာ အမေရိကန် နိုင်ငံခြားရေးဌာနက ထိုင်းနိုင်ငံရဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေး ဆောင်ရွက်မှုကို အဆင့် ၂ မှ အဆင့်၂ (စောင့်ကြည့်အဆင့်) သို့ လျှော့ချသတ်မှတ်ထားကြောင်း တင်ပြလာပါတယ်။ သံရုံးအနေနဲ့ အဲဒီ့သတ်မှတ်မှုကို လက်ခံဖို့ ခက်ခဲနေပြီး အဲဒီ့ အဆင့်လျှော့ချ သတ်မှတ်မှုကြောင့် မလိုလားအပ်တဲ့ အကျိုးဆက်တွေ ဖြစ်ပေါ်လာမှာကိုလည်း စိုးရိမ်နေပါတယ်။ အခုလို အဆင့်လျှော့ချ သတ်မှတ်လိုက်မှုဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး စံသတ်မှတ်ချက်တွေအရ ထိုင်းနိုင်ငံဟာ အမေရိကန် ပြည်ထောင်စုရဲ့ ပိတ်ဆို့အရေးယူ ခံရမှုတချို့နဲ့ ရင်ဆိုင်ရနိုင်စရာ ရှိနေလို့ ထိုင်းနိုင်ငံအပေါ်မှာ အပျက်သဘောဆောင်တဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ထိုင်းနိုင်ငံမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ပြီး နိုင်ငံရေး တည်ငြိမ်မှု ရရှိဖို့ ကြိုးစားနေရလို့ အကူအညီတွေ လိုအပ်နေချိန်မှာ ဒီလို အဆင့်လျှော့ချ သတ်မှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ လက်ရှိ ဥပဒေအရဆိုရင် အမေရိကန်သမ္မတအနေနဲ့ သက်ညှာခွင့် ပေးနိုင်ပေမယ့် အဲဒါဟာ အရေးယူ ပိတ်ဆို့မှု ကြေညာပြီးမှသာ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

မစ္စစ် ကလင်တန်အနေနဲ့ ထိုင်းနိုင်ငံမှာရှိတဲ့ အမေရိကန်သံရုံးရဲ့ ဆွေးနွေးချက်နဲ့ အကြုံပြုချက်ကို လက်ခံပြီးတော့ ထိုင်းနိုင်ငံအပေါ် လူကုန်ကူးမှု တိုက်ဖျက်ရေး အစီရင်ခံစာမှာ အဆင့်လျှော့ချ သတ်မှတ်မှုကို ပယ်ချလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ဒီကိစ္စဟာ အနှောင့်နှေးမခံတဲ့ အရေးတကြီး ကိစ္စဖြစ်လို့ မစ္စစ်ကလင်တန်နဲ့ မစ္စစ်ကလင်တန်ရဲ့ ဝန်ထမ်းတွေအနေနဲ့ ချက်ချင်း ဆောင်ရွက်ဖို့ လိုပါလိမ့်မယ်။

၃။ ကုလသမ္မဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် ၁၈၇၄

မြန်မာနိုင်ငံအနေနဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အမှတ် ၁၈၇၄ ကို ချိုးဖောက်ကာ မြောက်ကိုရီးယား နိုင်ငံကနေ စစ်လက်နက် ပစ္စည်းများ ပေးပို့မှုကို လက်ခံခဲ့တယ်လို့ ၂၀၁၀ ခုနှစ် မေလက အမေရိကန် အာရှနှင့် ပစိဖိတ်ဒေသရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့တ်ကမ်းဘဲလ်ရဲ့ စွပ်စွဲချက် ထွက်ပေါ်လာခဲ့ပါတယ်။ သူ့ရဲ့ အစီရင်ခံစာမှာ ရှင်းလင်းချက်တွေ မပါခဲ့ပေမယ့် ဒီကိစ္စကို အမေရိကန် နိုင်ငံခြားရေးဌာနအနေနဲ့ လူသိရှင်ကြား စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပြီး ရှင်းလင်းသွားအောင် ဆောင်ရွက်ဖို့ လိုတယ်လို့ ထင်မြင်မိပါတယ်။ ဒီကိစ္စကြောင့်လည်း မြန်မာအစိုးရနဲ့ စေ့စပ် ဆွေးနွေးမှုတွေ ဆက်လက် လုပ်ဆောင်ဖို့ အစီအစဉ်တွေ ဆိုင်းငံ့ ထားလိုက်ရတာပါ။

မကြာသေးခင်က အာရှခရီးစဉ် မတိုင်ခင်မှာ ကျနော်နဲ့ ကျနော့်ရဲ့ လက်ထောက်တွေဟာ မြန်မာ စစ်အစိုးရ အပေါ် စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး အမေရိကန် အစိုးရအနေနဲ့ စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် အမေရိကန် အစိုးရအဖွဲ့က လုပ်ဆောင်ခြင်း မရှိခဲ့ပါဘူး။ မြန်မာနိုင်ငံအပေါ် စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး တခြားနိုင်ငံတွေနဲ့လည်း ဆွေးနွေးခဲ့ပေမယ့် ကျနော် အာရှခရီးစဉ် ထွက်ခွာသွားသည်အထိ ဒီစွပ်စွဲချက်တွေ ရှင်းလင်းရေး အပေါ်မှာတော့ တခြားဘယ်နိုင်ငံကမှ အမေရိကန်နိုင်ငံနဲ့ တရားဝင် ပူးပေါင်းဆောင်ရွက်ခြင်း မရှိခဲ့ပါဘူး။ အမေရိကန် နိုင်ငံခြားရေးဌာန အနေနဲ့လည်း ယခုအချိန်အထိ ရှင်းလင်းဆောင်ရွက်မှု မရှိသေးပါဘူး။ အာရှနှင့် ပစိဖိတ်ရေးရာ ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး စကော့ မာစီယယ်ကလည်း မြန်မာနိုင်ငံကို ကုလသမဂ္ဂ ဆုံးဖြတ်ချက်အမှတ် ၁၈၇၄ ကို ချိုးဖောက်မှုနဲ့ ပတ်သက်ပြီးတော့ ဝေဖန်မှုတွေမှာ တခြား ဘယ်နိုင်ငံမှ အမေရိကန်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိသေးဘူးလို့ ကျနော့်ရဲ့ လက်ထောက်ဝန်ထမ်းတွေကို ပြောခဲ့ပါတယ်။

ကျနော့်ရဲ့ ခရီးစဉ် အချိန်ဇယားအရ မြန်မာနိုင်ငံကို သွားဖို့ နာရီပိုင်းအလိုမှာ မြန်မာ စစ်အစိုးရဟာ မြောက်ကိုရီးယား နိုင်ငံရဲ့ အကူအညီနဲ့ နျူကလီးယား ရရှိရေး ဆောင်ရွက်နေတယ်လို့ နိုင်ငံတကာ သတင်း ဌာနတွေမှာ သတင်းတွေ ထွက်ပေါ်လာပါတယ်။ ဒီစွပ်စွဲချက်တွေဟာ အမေရိကန်ရဲ့ ငွေကြေး အကူအညီနဲ့ လုပ်ငန်းဆောင်ရွက်နေတဲ့ ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) သတင်းဌာနကနေတဆင့် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ အဲဒီစွပ်စွဲချက်တွေကြောင့် မြန်မာနိုင်ငံ ခရီးစဉ်ကို စွပ်စွဲချက်တွေ ကျေလည်အောင် စုံစမ်းစစ်ဆေး ရှင်းလင်းပြီးသည်အထိ ဆိုင်းငံ့လိုက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ မစ္စစ်ကလင်တန်အနေနဲ့ ထိုကိစ္စတွေ ရှင်းလင်းသွားအောင် အချိန်မီ ဆောင်ရွက်ဖို့ တောင်းဆိုလိုက်ပါတယ်။ ဒါမှ အမေရိကန်အနေနဲ့ မြန်မာနိုင်ငံနဲ့ စေ့စပ်ဆွေးနွေးမှုတွေကို ဆက်လက်ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။


၎။ မြန်မာနိုင်ငံအတွက် အထူးသံတမန် ခန့်အပ်ရန်

၂၀၀၈ ခုနှစ် တွန်လမ်းတော့စ် မြန်မာ့ကျောက်မျက် ပိတ်ဆို့အရေးယူရေး ဥပဒေအရ အမေရိကန် သမ္မတအနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ ပေါ်လစီရေးရာ အထူးကိုယ်စားလှယ် ခန့်အပ်ဖို့ ဆီးနိတ်လွှတ်တော်ရဲ့ အကြံပြုချက်နဲ့ ခွင့်ပြုချက်ရရှိဖို့ လိုပါတယ်။

အဲဒီကိုယ်စားလှယ်ဟာ တခြားတာဝန်တွေအပြင် “နိုင်ငံပေါင်းစုံ ပူးပေါင်းပါဝင်သည့် ဘက်စုံပိတ်ဆို့အရေးယူရေး၊ အတိုက်အခံများနှင့်သာမက စစ်အစိုးရနှင့်ပါ တိုက်ရိုက်ဆွေးနွေးရေး၊ မြန်မာနိုင်ငံအတွင်းတွင် ရှိသော အန်ဂျီအိုများ အပါအဝင် မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများတွင် ရှိသည့် အန်ဂျီအို အဖွဲ့အစည်းများအား အကူအညီများပေးရေး၊ မြန်မာနိုင်ငံတွင် ဒီမိုကရေစီနည်းကျ အုပ်ချုပ်မည့် အရပ်သားအစိုးရ ပေါ်ပေါက်လာရေးနှင့် မြန်မာနိုင်ငံမှ ဒုက္ခသည်များအား လူသားချင်း စာနာထောက်ထားမှု အကူအညီများ အလျင်အမြန်ပေးရေး” စတဲ့ တာဝန်တွေကို ဆောင်ရွက်သင့်ပါတယ်။ ၂၀၀၈ ခုနှစ် တွန်လမ်းတော့စ် အက်ဥပဒေကို ချမှတ်ပြီးကတည်းက အဲဒီလို တာဝန်ယူ ဆောင်ရွက်ရမယ့် သံတမန်မျိုးကို ခန့်ထားခြင်း မရှိခဲ့ပါ။

မစ္စစ်ကလင်တန်အနေနဲ့ အဲဒီတာဝန်တွေ ဆောင်ရွက်ပေးမယ့် အထူးသံတမန်တဦး အလျင်အမြန် ခန့်ထားဖို့ သမ္မတကို တိုက်တွန်းလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ကျနော့်အနေနဲ့ကတော့ အဲဒီရာထူးနေရာအတွက် ထိုင်းနိုင်ငံမှာ တာဝန်ထမ်းဆောင်နေတဲ့ သံအမတ် အဲရစ်ဂျွန်ကို ခန့်ထားဖို့ လေးလေးနက်နက် အကြံပြုလိုပါတယ်။ သံအမတ် အဲရစ်ဂျွန်ဟာ အရှေ့အာရှ ဒေသမှာ နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့ပြီး မြောက်ကိုရီးယားအစိုးရနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ကာလကြာရှည်စွာ တာဝန်ယူ လုပ်ဆောင်ဖူးတာကြောင့် အခု မြန်မာနိုင်ငံနဲ့ ကိစ္စမှာလည်း အဆင်ပြေစွာ ဆောင်ရွက်နိုင်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်။

၅။ အရှေ့အာရှရေးရာ ဌာနအတွက် ရန်ပုံငွေ မြှင့်တင်ရေး

ကျနော့်အနေနဲ့ အရှေ့အာရှနှင့် ပစိဖိတ်ဒေသရေးရာဌာနရဲ့ ရန်ပုံငွေကို ဒေါ်လာ သန်း ၁၀၀ ထပ်ပြီး မြှင့်တင်နိုင်ဖို့ နိုင်ငံခြားဆက်ဆံရေး ခွင့်ပြုမှု အက်ဥပဒေကို ပြင်ဆင်ရေး မူကြမ်းကို ဧပြီလက တင်သွင်းခဲ့ပါတယ်။ အရှေ့အာရှ ဒေသဟာ လူဦးရေ များပြားပြီး နိုင်ငံရေး မတည်မငြိမ်မှုတွေ များပြားပေမယ့် အမေရိကန်ရဲ့ အရှေ့အာရှဌာနဟာ တခြားဒေသဆိုင်ရာ ဌာနတွေနဲ့ နှိုင်းယှဉ်ရင် ရန်ပုံငွေ နည်းနေပါတယ်။

အရှေ့အာရှဌာနဟာ ၂၀၁၁ ဘဏ္ဍာရေးနှစ်အတွက် နိုင်ငံရပ်ခြား အစီအစဉ်တွေမှာ သုံးစွဲဖို့အတွက် ရန်ပုံငွေ တောင်းခံမှု ဒေါ်လာ ၁၆၉ သန်းနဲ့ အနည်းဆုံး အနေအထားမှာ ရှိနေပါတယ်။ အရှေ့အာရှ ဒေသမှာ နိုင်ငံရေး မတည်မငြိမ် ဖြစ်မှုတွေ များပြားလာခဲ့ပေမယ့် နိုင်ငံအခြား အကူအညီ ရန်ပုံငွေခွဲတမ်းမှာတော့ အရှေ့အာရှအတွက် စီးပွားရေး အထောက်အကူပေးရေး ရန်ပုံငွေ (ESF) ဟာ ၂၀၁၀ ဘဏ္ဍာရေးနှစ်မှာ ဒေါ်လာ ၁၇၇.၉ သန်း ရှိခဲ့ရာကနေ ၂၀၁၁ ဘဏ္ဍာရေးနှစ်မှာ ဒေါ်လာ ၆၁.၃ သန်းအထိ ၆၅ ရာခိုင်နှုန်း ကျဆင်းလာခဲ့ပါတယ်။ အာဖဂန်နစ္စတန်နိုင်ငံအတွက် ၂၀၀၉ ဘဏ္ဍာရေးနှစ်နဲ့ ၂၀၁၀ ဘဏ္ဍာရေးနှစ် စီးပွားရေး အထောက်အကူပေးရေး ရန်ပုံငွေ (ESF) ဒေါ်လာ ၄.၈ ဘီလီယံနဲ့ နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။ ၂၀၁၀ ခုနှစ် မေလမှာ စုစုပေါင်း လျာထား ရန်ပုံငွေများ အနက်က ဒေါ်လာ ၂.၀၆ ဘီလီယံဟာ သုံးစွဲရခြင်း မရှိဘဲ ကျန်ရှိနေပါတယ်။ အဲဒီ ကျန်ရှိငွေတွေဟာ အရှေ့အာရှဒေသက ရရှိတဲ့ ရန်ပုံငွေ ခွဲတမ်းထက် အဆ ၃၀ ကျော် ပိုများနေပါတယ်။

အရှေ့အာရှရေးရာဌာနရဲ့ နိုင်ငံတကာ စစ်ဘက် ပညာရေးနှင့် လေ့ကျင့်ရေး (IMET) အတွက် ရန်ပုံငွေဟာလည်း ဒေါ်လာ ၉.၃ သန်းသာ ရှိပြီး အခြားဒေသတွေနဲ့ နှိုင်းယှဉ်ရင် အများကြီး နည်းနေပါတယ်။ အဲဒီပမာဏဟာ ဒေသဆိုင်ရာ စစ်ဘက်ခေါင်းဆောင်တွေကို အင်္ဂလိပ်စာ သင်ကြားပေးရေး၊ ယုံကြည်မှု မြှင့်တင်ရေးနဲ့ အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံတွေနဲ့ စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအတွက် အတိမ်းအစောင်းမခံတဲ့ ငွေပမာဏပဲ ဖြစ်ပါတယ်။

အဲဒီလုပ်ငန်းတွေအတွက် မျှတတဲ့ ရန်ပုံငွေခွဲတမ်း မရရှိခြင်းဟာ အမေရိကန်နိုင်ငံနဲ့ အရှေ့အာရှ နိုင်ငံတွေရဲ့ ဆက်ဆံရေးမှာ အဟန့်အတားဖြစ်မှာကို ကျနော့်အနေနဲ့ အထူးစိုးရိမ်မိပါတယ်။ ဥပမာပြရရင် ထိုင်းနိုင်ငံဟာ မကြာသေးခင်ကမှ နိုင်ငံရေး အကျပ်အတည်းကနေ လွတ်မြောက်လာခဲ့ပြီး နိုင်ငံရေးအရ ပြန်လည်သင့်မြတ် ရင်ကြားစေ့ရေး လုပ်ဆောင်နေတဲ့ နေရာမှာ အမေရိကန်ရဲ့ အကူအညီ များစွာ လိုအပ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ မဟာမိတ် နိုင်ငံဖြစ်တဲ့ အမေရိကန်အနေနဲ့ ထိုင်းနိုင်ငံမှာ တည်ငြိမ်တဲ့ လူမှုအဖွဲ့အစည်း ပေါ်ပေါက်လာရေးနဲ့ နိုင်ငံရေး တည်ငြိမ်မှု ရရှိလာဖို့ အကူအညီပေးဖို့ တာဝန်ရှိနေပါတယ်။ ကျနော်တို့အနေနဲ့ သင့်တင့်တဲ့ ရန်ပုံငွေ ရရှိမှသာ အကူအညီပေးရေး ခြေလှမ်းများ စတင်နိုင်မှာဖြစ်ပြီး ကျနော်တို့ရဲ့ ကိုယ်စားလှယ်တွေ တာဝန်ထမ်းဆောင်နိုင်ရေးအတွက် လိုအပ်တဲ့ အရင်းအမြစ်တွေကို ပြည့်စုံစွာ ထောက်ပံ့နိုင်မှာ ဖြစ်ပါတယ်။

အရှေ့အာရှရေးရာ လုပ်ငန်းစဉ်တွေအတွက် ၂၀၁၁ ဘဏ္ဍာရေးနှစ်မှာ ရန်ပုံငွေ ပိုမိုရရှိဖို့ ကျနော်တို့ မျှော်လင့်ထားပါတယ်။ မစ္စစ်ကလင်တန်အနေနဲ့ ပမာဏ ခြေလှမ်းအဖြစ် ရန်ပုံငွေ တိုးဖို့ တောင်းဆိုချက်ကို ထောက်ခံလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ပြီးတော့ ၂၀၁၂ ဘဏ္ဍာရေးနှစ်အတွက် ဘတ်ဂျက်ရေးဆွဲတဲ့ နေရာမှာ အရှေ့အာရှဒေသရေးရာ ဌာနအတွက် မဟာဗျူဟာအရ ဦးစားပေးပြီး လက်ရှိရန်ပုံငွေထက် အနည်းဆုံး ဒေါ်လာ သန်း ၁၀၀ တိုးပေးဖို့ တောင်းဆိုချင်ပါတယ်။ ကျနော့်အနေနဲ့ကတော့ တတ်နိုင်သမျှ နည်းလမ်းတွေ သုံးပြီးတော့ အရှေ့အာရှရေးရာ ဌာနအနေနဲ့ လုပ်ငန်းတွေ ဆောင်ရွက်ဖို့ လိုအပ်တဲ့ ရန်ပုံငွေ ရရှိလာအောင် ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

အနှစ်ချုပ်ရရင် အမေရိကန် အစိုးရအဖွဲ့အနေနဲ့ အာရှဒေသနဲ့ ဆက်ဆံရေးတိုးမြှင့်ရေးကို အလေးထား ပြောဆိုနေကြပေမယ့် ရန်ပုံငွေ မလုံလောက်လို့ အကူအညီတွေ ထိထိရောက်ရောက် မပေးနိုင်ခဲ့ရင် အမေရိကန် ပြည်ထောင်စုအနေနဲ့ ပေးထားတဲ့ ကတိကဝတ်တွေကို ဖြည့်ဆည်းပေးနိုင်မှာ မဟုတ်ပါဘူး။ အဲဒါဆိုရင် တရုတ်နိုင်ငံလို နိုင်ငံတွေကို ဒေသတွင်းမှာ သြဇာညောင်းအောင် ပြုလုပ်ဖို့ လမ်းဖွင့်ပေးလိုက်သလို ဖြစ်သွားပါလိမ့်မယ်။

ဒီအကြံပြုချက်တွေကို ဖတ်ရှုစဉ်းစားပေးတဲ့အတွက် ကျေးဇူး အထူးတင်ပါတယ်။ မစ္စစ်ကလင်တန်ရဲ့ တုံ့ပြန်မှုနဲ့အတူ အထက်ဖော်ပြပါ အကြံပြုချက်များအတိုင်း ခြေလှမ်းစလှမ်းနိုင်ရေးအတွက် မစ္စစ်ကလင်တန်၊ အမေရိကန် နိုင်ငံခြားရေးဌာနတို့နဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ကို မျှော်လင့်စောင့်စားနေပါ့မယ်။


ရိုးသားစွာဖြင့်

ဂျင်မ်ဝဘ်

အမေရိကန် ဆီးနိတ်လွှတ်တော် အမတ်

Ref: မဇ္ဈိမ

Read More...

ဂျင်မ်ဝက်ဘ်၏ ပြောဆိုမှုများသည် တကောင်ကြွက်အသံဖြစ်ဟု ဦးဝင်းတင် ပြောကြား

NEJ / ၁၀ ဇွန် ၂၀၁၀

အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်၏ မြန်မာနိုင်ငံ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ပြောကြားမှုများသည် အမေရိကန်ရှိ နိုင်ငံရေး ပင်မရေစီးကြောင်းနှင့် တလွဲစီ ဖြစ်နေသည်ဟု အန်အယ်လ်ဒီ ဗဟို အလုပ်အမှုဆောင် တဦးဖြစ်သူ ဦးဝင်းတင်က ပြောဆို လိုက်သည်။

၎င်းက “သူ့ရဲ အထွေထွေ နိုင်ငံရေး အယူအဆ က အမေရိကန်မှာရှိတဲ့ နိုင်ငံရေး ပင်မ ရေစီးကြောင်းနဲ့ တလွဲစီ ဖြစ်နေတယ်လို့ ကျနော်တော့ ထင်တယ်။ ယေဘုယျအားဖြင့် ဒေါ်အောင်ဆန်းစုကြည်၊ အန်အယ်လ်ဒီ ဒါတွေကို ထောက်ခံမယ်။ တိုင်းရင်းသား လူမျိုးစုများရဲ့ ဒီမိုကရေစီရေး တောင်းဆိုချက်တွေကို ထောက်ခံမယ်၊ နောက်ပြည်ပမှာရှိတဲ့ အတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေရဲ့ လုပ်ငန်း လှုပ်ရှားမှုများကို အားပေးမယ်၊ ထောက်ခံမယ်ဆိုတဲ့ အမေရိကန်ရဲ့ နိုင်ငံရေး ပင်မ ရေစီးကြောင်းမှာ သူရဲ့ နိုင်ငံရေး အယူအဆ အများစုက အမြဲတမ်း ကွဲလွဲတဲ့ ဟာတွေပဲ ထွက်လာနေတယ်။ ဒါကြောင့် သူ့အသံတွေက အမေရိကန်ရဲ့ နိုင်ငံရေး ပင်မ ရေစီးကြောင်း တခုလုံးရဲ့ အသံတွေ မဟုတ်ဘူး။ သီးခြားကွဲလွဲတဲ့ တကောင်ကြွက်အသံတွေ ဖြစ်တယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

ဇွန်လ (၉) ရက်နေ့ ၀ါရှင်တန်ဒီစီရှိ အထက်လွှတ်တော်တွင် ကျင်းပခဲ့သည့် ကမ္ဘာလုံးဆိုင်ရာ အာရှအဖွဲ့ ဆွေးနွေးပွဲတွင် ဂျင်မ်ဝက်ဘ်က မြန်မာ စစ်အစိုးရသည် လာမည့် အောက်တိုဘာ (၁၀) ရက်တွင် ရွေးကောက်ပွဲ ကျင်းပ ပေးလိမ့်မည်ဟု မျှော်လင့်ရကြောင်း ပြောဆိုခဲ့ပြီး ရွေးကောက်ပွဲကို ထောက်ပံ့ကူညီရန် တိုက်တွန်း ပြောကြားခဲ့မှု အပေါ် ဦးဝင်းတင်က တုံ့ပြန် ပြောဆိုခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၌ ယခုပြုလုပ်မည့် ရွေးကောက်ပွဲသည် စစ်အစိုးရ ဆက်လက် တည်မြဲစေမည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ လုပ်ဆောင်မည့် ရွေးကောက်ပွဲ ဖြစ်သော်လည်း အတိုက်အခံ ပါတီအချို့ကို ရွေးကောက်ပွဲတွင် ပါဝင်ခွင့် ပြုလာပြီး လွှတ်တော်တွင် အမတ်နေရာ အချို့ ပေးရန် ခွင့်ပြုလာခြင်းသည် ရှေ့ကို ခြေတလှမ်း တိုးလိုက်ခြင်း ဖြစ်သည်ဟုလည်း မစ္စတာဝက်ဘ်က ပြောဆိုသွားကြောင်း သိရသည်။

ယင်းသို့ မစ္စတာဂျင်မ်ဝက်ဘ်က မြန်မာနိုင်ငံအရေးကို အများနှင့်ကွဲပြားစွာ ပြောဆိုနေခြင်းသည် အလွန် ဆိုးဝါးသည်ဟု ဦးဝင်းတင်က ပြောသည်။

“ရွေးကောက်ပွဲကို လက်မခံဘူးဆိုတာဟာ နိုင်ငံရေးပါတီထောင်တဲ့ ပါတီတွေကအပ သာမန်အားဖြင့် ကြည့်မယ် ဆိုရင် မြန်မာ နိုင်ငံရေး တခုလုံးက ရွေးကောက်ပွဲကို ငြင်းပယ်ကြတယ်။ ၂၀၀၈ အခြေခံဥပဒေကို ငြင်းပယ်တယ်။ မြန်မာနိုင်ငံရဲ့ အာဏာရှင် စနစ်ကို ငြင်းပယ်တယ် ဆိုတဲ့ ဖြစ်ရပ် သဘောမှန်ကြီးက ပေါ်လွင်နေပါတယ်။ ဒီလိုအချိန်မှာ ရွေးကောက်ပွဲဝင်ဖို့ တိုက်တွန်းတာတို့ ပြောတာမျိုးကို ကျနော်တို့ လက်မခံနိုင်ဘူး။ ဖြစ်ရပ်မှန် အခြေအနေမှန်တွေနဲ့ လုံးဝ ဆန့်ကျင်နေပါတယ်။ မြန်မာပြည်သူတွေ မြင်တွေ့နေတဲ့ အနေအထားက ရွေးကောက်ပွဲ ဆိုတာကို မယုံကြည်ဘူး။ လက်မခံဘူး။ မဲမပေးချင်ကြဘူး ဆိုတဲ့ အနေအထားတွေက မြင်သာ နေပါတယ်” ဟု ၎င်းက ပြောသည်။

မစ္စတာဂျင်မ်ဝက်ဘ်က တရုတ်တို့၊ ဗီယက်နမ်တို့တွင် ရွေးကောက်ပွဲ မရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင်မူ ယခု အလားအလာ ကောင်းများကို အထောက်အကူပြုသည့် ရွေးကောက်ပွဲ တခု ဖြစ်လာနိုင်ကြောင်းလည်း ပြောဆိုခဲ့သည်ဟု သိရသည်။

မြန်မာစစ်အစိုးရက ယခုနှစ်အတွင် ရွေးကောက်ပွဲ ပြုလုပ်ပေးမည်ဟု တရားဝင် ထုတ်ပြန် ပြောဆို ထားသော်လည်း ယခုအချိန်အထိ အတိအကျ ရက်သတ်မှတ် ပြောဆိုခြင်း မရှိသေးပေ။

မစ္စတာ ဂျင်မ်ဝက်ဘ်သည် မကြာသေးခင်က ကိုရီးယားနှင့် ထိုင်းနိုင်ငံတို့သို့ အလည်အပတ် ရောက်ရှိပြီးနောက် ဇွန် (၄) ရက်တွင် သွားရောက်မည့် မြန်မာနိုင်ငံခရီးစဉ်ကို အနီးကပ်မှ ရုတ်တရက်ရွှေ့ဆိုင်းခဲ့သည်။

ယင်းသို့ရွှေ့ဆိုင်းရခြင်းမှာ မြန်မာစစ်အစိုးရသည် မြောက်ကိုရီးယား အကူအညီဖြင့် နျူကလီးယား လက်နက်များ ထုတ်လုပ်ရန် စီစဉ်နေသည့်ဆိုသည့် သတင်းများ ထွက်ပေါ်ခဲ့သည့် အတွက် ဖြစ်သည်ဟု ၎င်းက ပြောဆိုသည်။

Ref: ခေတ်ပြိုင်

Read More...

ကျောက်မဲက အင်တာနက်ဆိုင် နှင့် ဗိုလ်မှူး စိုင်းသိန်းဝင်းမိသားစု ချုပ်ချယ် ကန့်သတ်ခံရ

Thursday, 10 June 2010

အာဏာရှင်စစ်အုပ်စု၏ နျူကလီးယားစီမံကိန်းအား ကမ္ဘာသိအောင် ဗိုလ်မှူး စိုင်းသိန်းဝင်း ထုတ်ဖေါ် ပြီးနောက်ယခု အပတ်အတွင်း ၎င်း၏ မိသားစု ချုပ်ချယ်ကန့်သတ် ခံလိုက်ရပြီး မြို့တွင်း အင်တာနက် ဆိုင်များလည်း စစ်ဆေး မေးမြန်းခြင်း ခံရကြောင်း ကျောက်မဲ သတင်းရပ်ကွက်မှ သိရပါသည်။

“ဗိုလ်မှူး စိုင်းသိန်းဝင်း ရဲ့ မိသားစုတွေလဲ ချုပ်ချယ် ကန့်သတ်ခံရတယ်။ နောက်တခုက ကျနော်တို့ ကျောက်မဲမှာ အင်တာနက်ဆိုင် ၂ ဆိုင်ဘဲ ရှိတယ်။ အခု ထောက်လှမ်းရေးတွေ အလုပ် ရှုပ်နေတာဘဲ၊ အင်တာနက် ပိုင်ရှင်ကို ဟိုမေးဒီမေး၊ ဘယ်သူတွေက ဘာဝက်ပ်ဆိုက်တွေ လာကြည့်လဲ စသဖြင့် စစ်ဆေးတယ်။ ဒါပေမယ့် သူတို့လဲ ပြည်ပမီဒီယာ သတင်းစာမျက်နှာတွေကို လာကြည့် သွားတယ်လို့ ပြောတယ်”- ဟု အမည်မဖေါ် လိုသည့် ကျောက်မဲသား တဦးက ပြောပါသည်။

ယခုတပတ်အတွင်း ကျောက်မဲမြို့ရှိ ဗိုလ်မှူးစိုင်းသိန်းဝင်း၏ မိသားစု မြို့ပြင်ထွက်ရန် ခက်ခဲကြောင်း၊ အစ်ကိုဖြစ်သူ စိုင်းစိုးလွင် အိခြူး စာအုပ်ဆိုင် အတွက် စာအုပ် အရောင်းအ၀ယ် စာရင်းရှင်းရန်ပင် မန္တလေး မဆင်းရကြောင်း၊ ထို့အတူ တခြား မြို့ကြီးသို့ ပညာသင် သွားသည့် စိုင်းသိန်းဝင်း၏ တူ၊ တူမ များကိုလည်း နေရပ် အမြန်ဆုံး ပြန်ရန် ထောက်လှမ်းရေးများက သတိပေးထားကြောင်း ၎င်းက ပြော၏။

“ မိသားစုဝင်တွေ အကျယ်ချုပ်သဘောတော့ မဟုတ်ဘူး၊ ထောက်လှမ်းရေးတွေ ဒေသခံ အာဏာပိုင်တွေရဲ့ မျက်ခြေမပြတ် စောင့်ကြည့်ခြင်း ခံနေရတဲ့ သဘော၊ မြို့တွင်း ဈေးဝယ်တာ လောက်တော့ ရပါတယ်” - ဟု တခြားကျောက်မဲသား တဦးက သျှမ်းသံတော်ဆင့်သို့ ပြောပြပါသည်။

ဖေဖေါ်ဝါရီလက ပြည်ပသို့ တိမ်းရှောင်သည့် ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်းတွင် ဖခင် မရှိတော့ကြောင်း၊ မိခင်လည်း အသက် ၇၀ နား နီးနေပြီဖြစ်ကြောင်း၊ မောင်နှမ ၄ ယောက်အနက် အကြီးဆုံးမှာ ကွယ်လွန်ပြီဖြစ်ကြောင်း၊ ၎င်းမှာ အငယ်ဆုံးဖြစ်ကြောင်း အသိုင်းအ၀ိုင်းနှင့် နီးစပ်သူ တဦးက ပြောပါသည်။

ဗိုလ်မှူး (ဟောင်း) စိုင်းသိန်းဝင်းသည် တပ်မတော် နည်းပညာ တက္ကသိုလ်မှ ၁၉၉၉ ခုနှစ်တွင် ကျောင်းပြီး၏။ ရုရှားမှ ဒုံးပျံအင်ဂျင် ဘာသာရပ် ဆိုင်ရာ ဘွဲ့ရရှိသူလည်း ဖြစ်၏။ မကွေးတိုင်း မြိုင်မြို့နယ် လျှို့ဝှက် စစ်လက်နက် ထုတ်လုပ်ရေး စက်ရုံ (မန္တလေးတိုင်း သပိတ်ကျင်း လျှို့ဝှက် စစ်လက်နက် အတွက် အထောက်အကူပြု စက်ရုံ) ဒု စက်ရုံမှူး တာဝန် ထမ်းဆောင်ခဲ့သည်။ စစ်သက် ၁၅ နှစ် တာဝန်ထမ်းကာ ယခုနှစ် ဖေဖေါ်ဝါရီလက ထိပ်တန်း လျှို့ဝှက် စာတမ်းနှင့် အတူ နျူကလီးယား လက်နက် တည်ဆောက်ရေး စီမံကိန်းဆိုင်ရာ သက်သေ ပစ္စည်းများ ယူဆောင်၍ ပြည်ပသို့ တိမ်းရှောင် ခိုလှုံခဲ့သည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

အလုပ်ဗန်းပြပြီး ပြည့်တန်ဆာအဖြစ် သွတ်သွင်းမှုများရှိ

မျိုးဝင်းဇော် / ၁၀ ဇွန် ၂၀၁၀

သီရိမင်္ဂလာဈေး၊ သိမ်ကြီးဈေး၊ ယုဇန ပလာဇာ စသည့် ဈေးတို့တွင် ဆိုင်အကူ အလုပ်ပေးမည်ဟု လိမ်လည် ခေါ်ယူကာ ပြည့်တန်ဆာ လုပ်ငန်း၌ သွတ်သွင်းမှုများ ရှိနေကြောင်း ကာယကံရှင်များ ထံမှ စုံစမ်းသိရသည်။

မကြာသေးခင်ကမှ ရန်ကုန် သိမ်ကြီးဈေး ဒီရုံ အပေါ်ထပ် အင်ပါယာ နိုက်ကလပ်တွင် ပြည့်တန်ဆာအဖြစ် သွတ်သွင်း လုပ်ကိုင်ခံရသူ အသက် (၂ဝ) ကျော်အရွယ် မိန်းကလေးတဦးက “ကျမက အိမ်ထောင်ပျက်ထားတဲ့ ကလေးတယောက် အမေပါ။ မြောက်ဥက္ကလာမှာ နေပါတယ်။ အရင်က အထည်ချုပ် စက်ရုံတခုမှာ လုပ်ဖူးပေမယ့် နောက်ပိုင်း အလုပ်က အဖြုတ်ခံရတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ပွဲစား တယောက်က တဆင့် အိမ်ကို အမျိုးသမီးကြီး တယောက်လာတယ်။ သီရိမင်္ဂလာဈေးမှာ အလုပ်ရမယ်၊ ဆိုင်အကူ၊ ညအိပ်ညနေ သူ့အိမ်မှာ လိုက်နေရမယ်၊ အိမ်ကို ကြိုတင်ငွေလည်း ပေးခဲ့မယ် ဆိုတာနဲ့ လုပ်ဖို့ လက်ခံလိုက်တာ။ အိမ်ကို သူက ကြိုတင်ငွေ (၂) သောင်းပေးခဲ့တယ်။ နောက် စမ်းချောင်းက သူငှားထားတဲ့ တိုက်ခန်းရောက်မှ ကျမလို မိန်းကလေးတွေ ပြည့်တန်ဆာ လုပ်နေကြတာ တွေ့ရတယ်။ သူတို့ အဓိက အလုပ်ဆင်းတာ သိမ်ကြီးဈေး ဒီရုံ အပေါ်ထပ်က အင်ပါယာ နိုက်ကလပ်မှာ၊ ပြည့်တန်ဆာထိန်း အဲဒီ အမျိုးသမီးကတော့ ပြောပါတယ်။ မလုပ်ချင်ရင် ပြန်သွားလို့ရတယ်တဲ့။ ဒါပေမယ့် သူပေးခဲ့တဲ့ ငွေ (၂) သောင်း၊ လူရှာပေးတဲ့ ပွဲစား (၂) ယောက်ကို ပေးခဲ့တဲ့ ငွေ (၃) သောင်း စုစုပေါင်း (၅) သောင်းတော့ ပြန်ဆပ်ပေးရမယ်လို့ ပြောတယ်။ ဒါနဲ့ ကျမလည်း ငွေပြန်ဆပ်ရ ခက်ခဲတာနဲ့ သူပြောသလိုပဲ လုပ်လိုက်တော့တယ်” ဟု ပြောသည်။

အဆိုပါ နိုက်ကလပ်တွင် အလုပ်လုပ်နေသူ ပြည့်တန်ဆာ အများစုသည် ဈေးရောင်း၊ ဆိုင်အကူ အလုပ်ရမည် ဆိုပြီး သိမ်းသွင်း ခံခဲ့ရသူများ ဖြစ်ပြီး ဆင်းရဲ လွန်းသဖြင့် မငြင်းသာတော့ဘဲ ပြည့်တန်ဆာများ ဖြစ်သွားကြကြောင်း၊ မလုပ်နိုင်သဖြင့် ပြန်သွားသူမှာ အလွန်နည်းကြောင်း အဆိုပါ မိန်းကလေးက ပြောသည်။

အဆိုပါ နိုက်ကလပ်မှ ပြည့်တန်ဆာ မိန်းကလေး အများစုသည် အသက် (၂ဝ) အောက်နှင့် (၂ဝ) အထက် ဆင်းရဲသည့် မိန်းကလေးများ ဖြစ်ကြပြီး ၎င်းတို့အနေဖြင့် အဖော်များနှင့် လိုက်ပါရန် အုပ်ထိန်းသူ အမျိုးသမီးကြီးနှင့် နိုက်ကလပ် ဝန်ထမ်းများက ဆောင်ရွက်ပေးကြသည်။

မိန်းကလေးတဦးလျှင် တည ခေါ်သွားခ ကျပ် (၁ဝ,ဝဝဝ) မှ (၃ဝ,ဝဝဝ) အထိ ဈေးအမျိုးမျိုးရှိပြီး ငွေကို အဆိုပါ အမျိုးသမီးကြီးက တခါတည်း လက်ခံရယူကြောင်း၊ ပြည့်တန်ဆာ မိန်းကလေးတဦးသည် ဖောက်သည် တဦးထံမှ ငွေကျပ် (၁ဝ,ဝဝဝ) ရရှိပါက (၅,ဝဝဝ) ကို အထိန်း အမျိုးသမီးကြီးက ယူပြီး နိုက်ကလပ်ဝန်ထမ်းကို ကျပ် (၁,ဝဝဝ) ခန့် ပေးရကြောင်း သိရသည်။

အဆိုပါ နိုက်ကလပ်နည်းတူ သိမ်ကြီးဈေး စီရုံအပေါ်ထပ်မှ နိုက်ကလပ်၊ မင်္ဂလာဈေးဝင်း မင်္ဂလာမွန်ဈေး အပေါ်ထပ်မှ ဂျေဂျေနှင့် နိုက်ကလပ်များ၊ ကာရာအိုကေ ခန်းများ၊ တာမွေ မှ ဒီဂျေ ကလပ်များသည်လည်း ပြည့်တန်ဆာများဖြင့် စည်ကားရာ ဈေးတန်းသဖွယ် ဖြစ်နေသည့်အပြင် အနော်ရထာလမ်းနှင့် ရွှေတိဂုံဘုရားလမ်းထောင့်၊ အနော်ရထာ လမ်းပေါ်မှ လသာ ကုန်ဈေးတန်း လမ်းထိပ် ညလုံးပေါက်ဖွင့် လက်ဖက်ရည်ဆိုင် တို့သည်လည်း ပြည့်တန်ဆာ ဈေးကွက်များ ဖြစ်ကြကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အောက်ခြေ လူတန်းစား ပြည်သူများ ဆင်းရဲတွင်း ပိုနက်လာခြင်း၊ ရဲနှင့် အာဏာပိုင် အဖွဲ့အစည်းများ အကျင့်ပျက် လာဘ်စားခြင်း၊ စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေးသမားများ အာဏာပိုင်တို့၏ အကာအကွယ်ယူပြီး နိုက်ကလပ်နှင့် ကာရာအိုကေ ဘားများကို စီးပွားဖြစ် ပိုမို ဖွင့်လှစ် လာကြခြင်းတို့သည် ပြည့်တန်ဆာ ပေါများလာစေခြင်း၏ အကြောင်းရင်း ဖြစ်ကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

Ref: ခေတ်ပြိုင်

Read More...

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ သစ်ပင် ၂ သောင်းကျော် စိုက်မည်

ဖနိဒါ
ကြာသပတေးနေ့၊ ဇွန်လ ၁၀ ရက် ၂၀၁၀

ချင်းမိုင် (မဇ္ဈိမ) ။ ။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၅ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်အဖြစ် ပြည်နယ်နှင့် တိုင်းများ၌ သစ်ပင်ပေါင်း ၂၀၀၀၀ ကျော်အား အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် အန်အယ်ဒီ လူငယ်များက ယနေ့မှ စတင်၍ စိုက်ပျိုးသွားကြမည်ဟု သိရသည်။

အန်အယ်ဒီရုံးခွဲ မရှိသော ကယားပြည်နယ်မှလွဲရင် မြန်မာနိုင်ငံတဝှမ်း မြို့နယ် ၃၁၈ မြို့နယ်တွင် တမြို့လျှင် သစ်ပင် ၆၆ ပင်ကျစီ စိုက်ပျိုး၍ ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်မည်ဖြစ်သော ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အတွက် လက်ဆောင် ပေးသွားရန် လူငယ်များက စီစဉ်ထားသည်။

ဗမာလူမျိုး၏ အစဉ်အလာတခုအရ ၆၅ နှစ် ပြည့်မြောက်သည့် မွေးနေ့တွင် အသက် ၆၆ နှစ်ထဲ ဝင်ရောက်သည်ဆိုသော အယူဖြင့် သစ်ပင် ၆၆ ပင် စိုက်ပျိုးခြင်းဖြစ်သည်။

ဇွန် ၁၉ ရက်နေ့အထိ ပြုလုပ်မည်ဖြစ်သော သစ်ပင် ၂၀၉၈၈ ပင် စိုက်ပျိုးမည့် အစီအစဉ်မှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအား ပြည်သူအများ ပိုမိုသိရှိစေရန်လည်း ဖြစ်သည်ဟု အန်အယ်ဒီ ဗဟိုဦးစီးအဖွဲ့ဝင် မဖြူဖြူသင်းက ပြောသည်။

ရန်ကုန်တိုင်း တောင်ဒဂုံ၊ လှိုင်သာယာ၊ တောင်ဥက္ကလာမြို့နယ်များတွင် အန်အယ်ဒီအဖွဲ့ဝင်များက မိမိနေအိမ်ဝန်းများ အတွင်းနှင့် ပုဂ္ဂလိကပိုင် မြေများ၊ ဘုန်းကြီးကျောင်း၊ ဘုရားကျောင်းတွင် ပိတောက်၊ ကန့်ကော်၊ ခရေ၊ ကုက္ကိုလ်၊ ဗန်ဒါ စသည့် အရိပ်ရ အပင်များ ယနေ့ စိုက်ပျိုးကြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မဖိတ်ဘဲရောက်လာခဲ့သူ အမေရိကန်နိုင်ငံသား ဂျွန်ဝီလျံ ယက်တောကို ဧည့်ခံမှုဖြင့် နေအိမ်တွင် ချုပ်နှောင်သော ၁၈ လထောင်ဒဏ်မှာ နိုဝင်ဘာလတွင် ကုန်ဆုံးမည်ဖြစ်၍ ယခုကျရောက်မည့် မွေးနေ့မှာ နေအိမ်တွင်းမှာသာ ကုန်ဆုံးရမည် ဖြစ်သည်။ ‘ကောင်းမွန်စွာ နေထိုင်လျှင်’ ကျန်ရှိသော ၁၈ လ ပြစ်ဒဏ်ကို လျှော့ပေါ့ပေးမည်ဟု စစ်အစိုးရက ထုတ်ပြန်ထားသည်။

ပဲခူးမြို့တွင် လာမည့် ၁၉ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့တွင် စိန်ပန်းပင် ၆၆ ပင်ကို စိုက်ပျိုးမည်ဟု အန်အယ်ဒီ ပဲခူးမြို့နယ် ဥက္ကဋ္ဌ ဦးမြတ်လှက ပြောသည်။

ရန်ကုန်အခြေစိုက် သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်း FREDA ဒုဥက္ကဋ္ဌ ဦးအုန်းက သစ်ပင်များကို တောတောင်နှင့် တောင်ကတုံးများတွင် “အင်နှင့် အားနှင့်” စိုက်ပျိုးသင့်သည်ဟု တိုက်တွန်းသည်။

“သစ်ပင်စိုက်တာတော့ ကောင်းတယ်။ ရှိပြီးသားသစ်ပင်တွေကို ထိန်းသိမ်းတာက ပိုကောင်းတယ်။ သစ်ပင်တပင်ကို ခုတ်ပြီး သစ်ပင် ပြန်စိုက်တယ် ဆိုတာက သဘာဝ အနေအထားတွေ ပျက်သွားတယ်။ သစ်တောက ရွာသမျှ မိုးရေကို စုတ်ထားတာ။ ရာသီဥတု မျှတတယ်။ သစ်တောမရှိတော့ မြေဆီလွာ တိုက်စားမှုတွေဖြစ်ပြီး ရာသီဥတု ဖျောက်ပြန်လာတယ်” ဟု ဦးအုန်းက ပြောသည်။

FREDA အဖွဲ့အနေဖြင့် ၁၉၉၉ ခုနှစ်မှစ၍ သစ်ပင်စိုက်ပျိုးခြင်းကို လုပ်ဆောင်လာခဲ့ပြီး နာဂစ်မုန်တိုင်းပြီးနောက် ဧရာဝတီတိုင်း ဖျာပုံခရိုင် အတွင်း၌ ဧက ၃၀၀၀ ကျော် စိုက်ပြီးဖြစ်သည်ဟုလည်း ဆိုသည်။

မြန်မာနိုင်ငံ၏ စုစုပေါင်း အကျယ်အဝန်းမှာ စတုရန်းကီလိုမီတာ ၆၅၆ ၅၇၇ အနက် ၁၉၇၅ ခုတွင် သစ်တောဖုံးလွှမ်း ဧရိယာ ၆၀ ရာခိုင်နှုန်း ရှိသော်လည်း ယခုနှစ်တွင်မူ ၄၁ ရာခိုင်နှုန်းသာ ရှိတော့သည်ဟု ကုလ အစားအစာနှင့် စိုက်ပျိုးရေးအဖွဲ့ကြီး FAO က ယခုနှစ် ဧပြီလအတွင်းက ထုတ်ပြန်ထားသည်။

Ref: မဇ္ဈိမ

Read More...

နှစ်ပေါင်းနှစ်ထောင်ကျော် စစ်ဖြစ်နေသော ဒေသ

ဖိုးသံချောင်း
Wednesday, June 09, 2010

မကြာသေးမီက ပါလက်စတိုင်းတို့၏ ဂါဇာဒေသတွင် လူပေါင်း ထောင်နှင့်ချီ၍ ရက်ရက်စက်စက် သတ်ဖြတ်ခြင်း ခံခဲ့ရသည်။ ဆက်လက် သတ်ဖြတ်ဆဲလည်း ဖြစ်သည်။ ဆေးရုံတွေ၊ ကျောင်းတွေ ဗုံးကြဲခံနေရသည်။ သာမန်အရပ်သား လူနေရပ် ကွက်များအပေါ်သို့ ပိတ်ပင် ထားသော အင်မတန် လူမဆန် သည့် ဖော့စ်ဖရပ်စ် ဗုံးများလည်း ကြဲချသည်။ လူ့အခွင့်အရေး အော်သံများ ကြားရသည်မှာ နည်းလှ ချေကလား။ လူ့အခွင့်အ ရေးဆိုရာတွင် ပါလက်စတိုင်းများ၏ အခွင့်အရေးများ မပါဝင် လေရော့သလား။

အစ္စရေးလ်ကျူးလွန်သမျှကို အနောက်တိုင်း မီဒီယာအများ အပြားက ဘာကြောင့် နှုတ်ပိတ်နေကြသလဲ ဆိုခြင်းမှာ စိတ်ဝင် စားစရာ ကောင်းသည်။ စောကြော သင့်ပါသည်။ ဘယ်လိုအ ကြောင်းတွေကြောင့် အစ္စရေးလ် နိုင်ငံဟာ ဒါလောက် “ကင်းလွတ်ခွင့်” တွေ ရနေကြသလဲ ဆိုတာ စဉ်းစားစရာ ဖြစ်ပါသည်။ ပြန်စဉ်းစား လိုက်တော့ စစ်အေးခေတ် ကာလတုန်းကလည်း အစ္စရေးလ်တို့ ထင်ရာစိုင်းခွင့် ရခဲ့သည် မဟုတ်ပါလော။

အစ္စရေးလ် သတင်းဌာနများ၏ အဆိုအရဆိုရင် ၂ဝဝ၈ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့က စတင်ခဲ့သော တိုက်ခိုက်မှုကို အစ္စရေးလ် အစိုးရက ခြောက်လကျော် တင်ကြိုပြီး စေ့စေ့စပ်စပ် ပြင်ဆင်ခဲ့သည်။ ပြင်ဆင်တာမှ စစ်ရေးနဲ့ မီဒီယာ ဝါဒဖြန့်ချိရေး ဆိုပြီး တိတိပပပြင် ဆင်ခဲ့ပါသည်။ ထို့ပြင် သူတို့သည် ၂ဝဝ၆ ခုနှစ် လီဘာနွန်နိုင်ငံကို ကျူးကျော် ဝင်ရောက် တိုက်ခိုက်စဉ်က အတွေ့အကြုံနှင့် သင်ခန်းစာများကို အသေအချာ သုံးသပ် နိဂုံးချုပ်ခဲ့ပါသည်။ သူတို့ အမြင်တွင် လီဘာနွန်တုန်းက သူတို့ဖက်က ပြင်ဆင်မှု ညံ့ဖျင်းခဲ့သည်၊ ဝါဒဖြန့် ချိမှုလည်း မလုံလောက်ခဲ့။ ထို့ကြောင့် ယခုအကြိမ် စတင် တိုက်စစ်ဆင်ရာတွင် ရွေးချယ်သည့် နေရာနှင့် အချိန်ကိုပဲ ကြည့်ပါ။ ဂါဇာမြို့၏ လူအထူထပ်ဆုံး နေရာမှာမှ ကျောင်းလွှတ်ချိန်၊ လမ်းပေါ်တွင် ကလေးတွေ ပုရွက်ဆိတ် လေးတွေလို အုံလိုက် ကျင်းလိုက် ရှိနေချိန်၊ လူ ၂၂၅ ယောက်သေပြီး ၇ဝဝ ကျော် ဒဏ်ရာရစေရန် မိနစ်အနည်းငယ်သာ အသုံးပြုလိုက်ရသည်။

ပါလက်စတိုင်းဖက်ကပြောရလျှင်မူ စင်စစ် ဤဒေသတခုလုံး မှာ သူတို့၏ နယ်မြေသာ ဖြစ်သည်။ ဟာမာ့ဇ်တို့က ဒုံးပျံနှင့် ပစ်သဖြင့် အစ္စရေးလ်က ဆုံးမရပါသည် ဆိုသော ဒေသမှာ လည်း ၁၉၆၇ ခုနှစ် နောက်ပိုင်းတွင်မှ စစ်ဖြစ်ပြီး အစ္စရေးလ်က လုယူသွားသော နယ်မြေများ ဖြစ်ပါသည်။

တကယ်တော့ အစ္စရေးလ်တွေက ပါလက်စတိုင်းတွေ အပေါ် ပြုမူနေသည်များမှာ လူမျိုးတုန်းအောင် သတ်ဖြတ်ခြင်း ဖြစ်သည်ဟု ပြောနေကြသည်မှာ ကြာလှပေပြီ။ ဂျူးလူမျိုးတဦး ဖြစ်သည့် Ilan Pappe ရေးသော “ပါလက်စတိုင်းများကို လူမျိုးတုန်း သတ်ဖြတ်မှု” (The Ethnic Cleansing of Palestine) ဆိုသော စာအုပ်မျိုးပင် ပေါ်ထွက်ခဲ့သည်။ ဤအချက်ကို မနည်းလှသော အစ္စရေးလ် ခေါင်းဆောင်များ ကလည်း ဝန်ခံကြသည်။ သူတို့က ဤနေရာ (ပါလက်စတိုင်းတိုင်းပြည်) တွင် လူမျိုးနှစ်မျိုးနေဖို့ ဆိုသည်မှာ မဖြစ်နိုင်ဟု ဗြောင်ပြောကြသည်။ ထို့ကြောင့် သူတို့သည် အစီအစဉ် ရှိရှိ လူမျိုးရေး အရ သန့်စင်ရေး (ethnic purity)၊ တဆက်တည်းတွင် ဘာသာရေးအရ သန့်စင်ရေးတို့ကို ထူထောင် နေကြခြင်း ဖြစ်သည်။

ထို့ကြောင့် ဤပြဿနာကို အစချီလိုက်သည်နှင့် ဤဒေသကို ဘယ်သူ ပိုင်သနည်း ဆိုသည်ကို မပြောမဖြစ် ပြောကြရသည်။ ဟီဘရူး လူမျိုးများ၏ အစ္စရေးလ် ဟူသော နိုင်ငံကို ခရစ်မပေါ်မီ ၁ဝ၂ဝ ခုနှစ်တွင် ဤဒေသ၌ တည်ထောင်ခဲ့ပါသည်။ တည်ထောင် သူမှာ ဆော်လ် (Saul) ဆိုသော ဘုရင်ဖြစ်သည်။ ဟီဘရူးမင်းများ အနက် ဆော်လမွန် ဘုရင်မှာ လွန်စွာမှ ဘုန်းတန်ခိုး ကြီးသော မင်းအဖြစ် ထင်ရှားခဲ့ ပါသည်။

ဘီစီ ၅၃၆ တွင် ဘေဘီလွန်နိုင်ငံ (ယခုအီရတ်နိုင်ငံနေရာ) က ဟီဘရူးတို့၏ နယ်မြေကို သိမ်းပိုက်လိုက်သည်။ ယင်းနောက် သမိုင်း တလျှောက်တွင် ဤဒေသကို ပါရှား၊ ဂရိ၊ ရောမ၊ ဘိုင်ဇင်တင်း အင်ပါယာ၊ အစ္စလမ်နှင့် ခရစ်ယံ ခရူးဆိတ်တပ်များ၊ အော်တိုမန် အင်ပါယာ နှင့် ဗြိတိသျှ အင်ပါယာတို့က အဆက်ဆက် သိမ်းပိုက် ခဲ့ကြပါသည်။ စုစုပေါင်း နှစ်ပေါင်း ၂၅ဝဝ ကျော်သည့် တဆက် တစပ်တည်း ကာလကြီး ဖြစ်ပါသည်။ ၁၈၉၇ ခုနှစ်တုန်းက သန်းခေါင်စာရင်း အရ ဆိုလျှင် ဤဒေသတွင် ၉၃% မှာ ပါလက်စတိုင်း အာရပ်လူမျိုး၊ မူဆလင် က ၈၈%၊ ခရစ်ယံက ၁ဝ% ရှိပါသည်။ သို့သော်…

ဒုတိယကမ္ဘာစစ်ပြီးသည့်နောက်တွင် ကိုလိုနီ နိုင်ငံများတခုပြီး တခု လွတ်လပ် လာကြသည်။ တနည်း ပြောရလျှင် ကိုလိုနီ နယ်ချဲ့များက တနိုင်ငံပြီး တနိုင်ငံ လက်လွှတ် ကြရသည်။ ထို အထဲတွင် ရေနံ ကြွယ်ဝသော အရှေ့အလယ်ပိုင်း ဒေသနှင့် အာရပ် နိုင်ငံများလည်း ပါသည်။ အာရပ်နိုင်ငံများ စုစည်းမိမှာကို မလိုလားသော၊ အလယ်ခေတ်က ခရစ်ယံ ခရူးဆိတ်တို့၏ ရန် ညှိုးများကို မစွန့်လွှတ်နိုင်သော ဗြိတိသျှ ကိုလိုနီ သခင်များသည် ဤဒေသကို ပစ်ရမှာလည်း အဆီနဲ့ တဝင်းဝင်းဟုသာ ရှုမြင်ကြသည်။ ထို့ကြောင့် သူတို့ လွတ်လပ်ရေး ပေးရာတွင် လုပ်လေ့ရှိသည့် အတိုင်း သပ်တချောင်း လျှိုထားခဲ့ရန် စီစဉ်တော့၏။ ယင်းမှာ အခြားမဟုတ်၊ လွန်ခဲ့သော ထောင်စုနှစ် ၂ ခုခွဲ ကျော် ကတည်းက ပျောက်ကွယ် သွားသော အစ္စရေးလ် နိုင်ငံကို ဖန်တီးကာ ပြဿနာ ဖော်ခဲ့ခြင်း ဖြစ်ပါသည်။

ဗြိတိသျှတို့သည် ပထမ ကမ္ဘာစစ် အပြီးတွင် ပါလက်စတိုင်း ဒေသကို အော်တိုမန် အင်ပါယာ လက်မှ ရယူ လိုက်နိုင်ခဲ့သည်။ ထိုအချိန်မှစ၍ သူတို့သည် ယင်းဒေသကို ရေရှည် ချုပ်ကိုင်နိုင်ရေး အတွက် အစီအစဉ်တရပ် ချမှတ်ခဲ့သည်။ ဗြိတိသျှတို့သည် နိုင်ငံ အနှံ့အပြားရှိ ဂျူး ဘာသာဝင်တွေကို ပြန်လာချင်အောင် အမျိုးမျိုး ဆွဲဆောင်ကာ သူတို့ ချုပ်ကိုင်ထားသော ပါလက်စတိုင်း ဒေသတွင် နေရာ ချထားပေးသည်။ ထို့နောက် ပါလက်စတိုင်းတွေကို ဘိုးဘွားပိုင်မြေများမှ မောင်းထုတ် ရွေ့ပြောင်းစေခဲ့သည်။ ပုံပြင်ထဲက ကုလားအုပ်ကြီးက အာရပ်ကြီး၏ တဲထဲဝင်ပုံမျိုးပင် ဖြစ်ပါသည်။ သို့ဖြင့် ၁၉၄၈ ခုနှစ်တွင် ပါလက်စတိုင်းများနှင့် ဂျူးများအကြား ကပြဿနာကို ကုလသမဂ္ဂက ဖြေရှင်း လိုက်ပါသည် ဆိုပြီး ပါလက်စတိုင်း နယ်မြေနှင့် ဂျူးနယ်မြေများကို ခွဲလိုက်သည့် အခါတွင် ဂျူးတို့၏ နယ်မြေမှာ ၈ဝ% တိုးများလာ တော့သည်။ သည့်အရင်က ဂျူးပိုင်နယ်မြေမှာ နယ်မြေတခုလုံး၏ ၇% သာရှိရာမှ ၅၅% ဖြစ်လာသည်။ ပါလက် စတိုင်းလူမျိုး ၈ သိန်း တို့မှာ မိမိတို့ အိမ်ယာများမှ ဖယ်ပေး ခဲ့ကြရသည်။

ဤနေရာတွင် ဖြတ်ပြောလိုသော အချက်တချက် ရှိပါသည်။ ဂျူးဆိုသော စကား၏ အဓိပ္ပာယ် ဖြစ်ပါသည်။ ဂျူးဆိုသည်မှာ လူမျိုး ဟုတ် ပါ၏လော ဆိုသည်ကို မြန်မာနိုင်ငံသားများ စဉ်းစားဖူးကြ ပါသလား။ ကျွန်တော်တို့ ငယ်စဉ်က ရုရှားဂျူးများ၊ ပိုလန်ဂျူးများ၊ ဟန်ဂေရီဂျူး များ စသည့် အခေါ်အဝေါ် အသုံးအနှုန်းများကို မကြာခဏ တွေ့ကြရပါသည်။ သို့သော် ထိုစဉ်က ကျွန်တော် သိပ်နက်နက် ရှိုင်းရှိုင်းမစဉ်း စားခဲ့ပါ။ လူလတ်ပိုင်း ဝင်တော့မှ ရုရှားနိုင်ငံသား ဂျူးတယောက်ရေးသော ကိုယ်ရေး အတ္ထပ္ပတ္တိတွင် သူက ဂျူးဆိုသည်မှာ လူမျိုး မဟုတ်ကြောင်း၊ ဘာသာတခုကို ယုံကြည်သူများ ဖြစ်သည်ဟု ရေးထားသည်ကို ဖတ်လိုက်ရသည်။ ကျနော် အလွန်တရာမှ အံ့သြ သွားခဲ့ပါသည်။ ဤအမှန်တရားမှာ အစ္စရေးလ် နိုင်ငံကို အတင်း ဖန်တီး တည်ဆောက်သော ဇီယွန်ဝါဒီနှင့် ဗြိတိသျှ ကိုလိုနီ ဝါဒီများကြောင့် ဖုံးကွယ် နေရခြင်း ဖြစ်ပါသည်။ ၂ဝ ရာစု နှစ်ထဲ ရောက်ပြီးတော့မှ ဇီယွန်ဝါဒီ ဂျူးများကြောင့် ပေါ်လာသည့် အယူအဆနှင့် သမိုင်းသစ် ဖြစ်ပါသည်။ သူတို့က နိုင်ငံသစ်၊ အမျိုးသားသစ်နှင့် သမိုင်းသစ်ကိုပါ ဖန်တီး တည်ထောင် ခဲ့ကြပါသည်။ ထို့ကြောင့် ယနေ့ကမ္ဘာတွင် သမိုင်းကို အမှန်အတိုင်း ရေးခွင့် မပြုသည့် အစိုးရများထဲတွင် လူမျိုးသစ်ကို ဖန်တီထားသော အစ္စရေးလ် အစိုးရနှင့် ဒုတိယ ကမ္ဘာစစ်၏ အမှန်တ ရားများကို ထိန်ချန်လိုသည့် ဂျပန် အာဏာရ အလွှာထဲမှ လက်ျာဂိုဏ်းသားများ ထိပ်တန်းက ပါသည်ဟု ဆိုရပါမည်။

သို့တိုင်အောင် အစ္စရေးလ်နိုင်ငံ၏ ပထမဆုံးခေါင်းဆောင်သော ဝန်ကြီးချုပ်ဖြစ်သည့် ဒေးဗစ် ဘင်ဂူရီယံ (David Ben Gurion) အပါအဝင် ခေါင်းဆောင် ဟောင်းများက ယနေ့ ပါလက်စတိုင်း လူမျိုးများမှာ ယခင် ရှေးတုန်းက ဤဒေသရှိ ဟီဘရူးများက ဆင်းသက်လာ သူများဖြစ်သည်၊ နောင်ကျမှ အစ္စလမ် ဘာသာထဲ ကူးပြောင်းသွားကြခြင်း ဖြစ်သည်ဟု ယုံကြည်ကြောင်း ဖော်ပြခဲ့ကြပါသည်။ (ယခင် ဟီဘရူး အင်ပါယာကြီးမှ ဟီဘရူး လူမျိုးများ ဘယ်ရောက် သွားကုန်ကြသလဲ ဆိုသည်မှာ သမိုင်းဆရာ အချို့အဖို့ ကျေနပ်လောက်သည့် အဖြေမတွေ့ သေးသော ပဟေဠိ ဖြစ်မြဲ ဖြစ်နေပါသည်။)။

ပြောသင့်သည့်နောက်တချက်မှာ ဂျူးလူမျိုးတို့၏ ထူးခြားသော စွမ်းရည်၊ တိုက်ခိုက်စွမ်းကြောင့် ဤကဲ့သို့ အစ္စရေးလ် နိုင်ငံကို တည်ထောင် နိုင်ခဲ့ခြင်း၊ ကာကွယ် နိုင်ခြင်းဖြစ်သည်ဟု အမွှန်း တင်နေကြသည့် အချက် ဖြစ်ပါသည်။ ဤသည်ကို ဇီယွန်ဝါဒီများက အတော်ပင် အသားယူကြသည်။ တကယ်တော့ ဤလုပ်ငန်းကြီး တခုလုံးကို ထိုစဉ်က ကမ္ဘာ့ အင်အား အကြီးဆုံးနိုင်ငံ ဖြစ်သည့် ဗြိတိန်က ဖက်စုံ ချယ်လှယ် လုပ်ကိုင်ပြီး အကာအကွယ် ပေးနေသောကြောင့်သာ ဖြစ်ပါသည်။ အင်္ဂလိပ် ကိုလိုနီ ဝါဒ သမားများသည် သူတို့ ဆွဲသွင်းလာသော ဂျူးအခြေချ နေထိုင်သူများကို ၁၉၂ဝ ခုနှစ်တွင် စစ်လေ့ကျင့်ပေးခြင်း၊ စီးပွားရေး အထောက် အပံ့ပေးခြင်း၊ အာရပ်များထက် လစာ ပိုပေးခြင်း စသည်များ ပြုလုပ်ခဲ့ပါသည်။ ထို့ပြင် ၁၉၃ဝ စုနှစ်များအတွင်း ပေါ်ပေါက်ခဲ့သော အာရပ်များ၏ လွတ်လပ်ရေး လှုပ်ရှားမှုများ ကို ယင်းအခြေချသူများဖြင့် ဖြိုခွဲခဲ့ပါသည်။

သို့ဖြင့်ပင် ကိုလိုနီများကိုစွန့်လွှတ်ရပြီးနောက် ရေနံပေါကြွယ်ဝသော၊ ဆူးအက်တူးမြောင်း အနားတွင်ရှိသော၊ လူ့ယဉ်ကျေးမှု သမိုင်း ရှည်ကြာသော၊ ဘာသာသုံးမျိုးတို့၏ အထွတ်အမြတ် နေရာဖြစ်သော၊ အနောက်တိုင်း လူဖြူများနှင့် သမိုင်းနှင့်ချီ ရန်စရှိခဲ့သော အာရပ် များ၏ အရှေ့အလယ်ပိုင်း ဒေသတွင် အနောက်အုပ်စု အတွက် စိတ်ချရသော ခံကတုတ်တခု တည်ဆောက်ပြီး ဖြစ်သွားပါလေ တော့သည်။

၁၉၅၆ ခုနှစ်။ အရှေ့အလယ်ပိုင်းဒေသတွင် ထူးခြားသောနှစ်၊ အင်္ဂလိပ်နှင့် ပြင်သစ် ကိုလိုနီသခင်များ အဖို့ ဘယ်တော့မှ မမေ့နိုင်သည့် နှစ်။ ဆူးအက် တူးမြောင်းကို အီဂျစ်က ပြည်သူပိုင် သိမ်းလိုက်သောနှစ်။ ဤနှစ်၊ ဤအရေးအခင်းမှ စ၍ အမေရိကန်က အင်္ဂလိပ်နှင့် ပြင်သစ် တို့ကို ဤဒေသမှ မောင်းထုတ်ပြီး သူသည် ကမ္ဘာ့နံပတ်တစ် ဖြစ်ကြောင်း တံခွန်စိုက်ထူ ပြလိုက်သည်။ တဆက်တည်း မှာပင် အိမ်ဖြူတော်သည် အစ္စရေးလ်ကို တိုက်ရိုက် သြဇာ လွှမ်းသူ ဖြစ်လာလေတော့သည်။ ထို့နည်းတူ လှိုင်း (ပင်လယ်) များကို စိုးမိုးသော ဗြိတိသျှ အင်ပါယာကြီးမှာလည်း ထိုအချိန်မှစ၍ စူးအက်တူးမြောင်း၏ အရှေ့ဖက်ကို မျက်စောင်းပင် မထိုးနိုင်တော့ချေ။

ယင်းနောက်တွင် ၁၉၆၇ ခုနှစ် ဇွန်လက ၆ ရက်တာစစ်ပွဲ၊ ၁၉၇၃ ခုနှစ်က ‘အောက်တိုဘာစစ်ပွဲ’၊ ၁၉၇၈ ခုနှစ် ဂျော်ဒန်ကို ဝင်တိုက်သည့် စစ်ပွဲ၊ ၁၉၈၁ ခုနှစ်က ဆီးရီးယားနှင့် ဖြစ်သည့်စစ်ပွဲ၊ ၁၉၈၂ ခုနှစ် လီဘာနွန်ကို ဝင်တိုက်သည့် စစ်ပွဲ စသည့် အစ္စရေး၏ စစ်ပွဲ မှန်သမျှကို အမေရိကန်က စစ်ရေး၊ လျှို့ဝှက်သတင်း၊ ငွေကြေး စသဖြင့် အစစအရာရာ အထောက်အပံ့များ ပေးခဲ့သည်။ သို့ဖြင့် အစ္စရေးလ်သည် အာရပ်များ အလည်တွင် ငပွကြီးလုပ်ရင်း အမေရိကန် အတွက် သတင်းရရှိရေး ကိစ္စ အပါအဝင် အလွန် အဖိုးတန်သော “မဟာမိတ်” ဖြစ်လာ ခဲ့ပါသည်။

သို့သော် စီးပွားရေးအရ၊ စစ်ရေးအရ၊ နိုင်ငံရေးအရ အချက်အခြာ ကျလှသော ဤဒေသတွင် နိုင်ငံရေး အပြောင်းအလဲတွေ မြန်ဆန်၊ များပြား၊ ရှုတ်ထွေး လှသလို ဆန်းကြယ်မှုများလည်း တွေ့ရသည်။ ကိစ္စတခုကို ထောက်ပြရလျှင် အချက်အခြာ အလွန်ကျသော နေရာတွင် ရောက်ရှိနေသော အစ္စရေးလ်ကို အမေရိကန်က အလုံးစုံ ချုပ်နိုင်စွမ်း လျော့ပါးလာခြင်း ဖြစ်သည်။ တဖက်တွင်လည်း အမေရိကန်၏ စီးပွားရေးတွင် ဂျူးလူမျိုးများ၏ အခန်းကဏ္ဍ ကြီးမားလာသည်နှင့် အမျှ အမေရိကန် နိုင်ငံရေးကိုလည်း ဂျူးများက ချယ်လှယ် လာကြခြင်းက ရှိနေသည်။ ထို့ကြောင့်ပင် အိမ်ဖြူတော်မှာ ဘယ်သူပဲ တက်တက် ဂျူးပြဿနာ၊ ပါလက်စတိုင်း ပြဿနာနှင့် ပတ်သက်လျှင် တစ်သံတည်းလိုလို ထွက်ကြသည်။ အပြောင်းအလဲဟု ကြွေးကြော်သော အိုဘားမားလည်း ချွင်းချက် မဟုတ်ပါ။

ရှေ့ကိုမျှော်ကြည့်လိုက်လျှင် ဤဒေသတည်ငြိမ်အေးချမ်းရေးမှာ အပုံကြီး ဝေးနေသေးသည်ကို အလွယ်ပင် တွေ့မြင်နိုင်ပါသည်။ သမိုင်း ရာစုများက ဘီစီနှစ်များဟု ခေါ်သော ခရစ်မပေါ်မီ နှစ်ထောင်နှင့်ချီသည့် ကာလများအထိ ဆက်စပ်လို့ရသည်။ ဘာသာရေး အာဃာတ၊ လူမျိုးရေး အာဃာတများလည်း ကြီးမားပါသည်။ ပို၍စိုးသည်မှာ ဤဒေသကို မိမိသြဇာခံ နယ်မြေအဖြစ် ဖန်တီးလိုသည့် နိုင်ငံကြီးများက လက်မလွှတ်လိုခြင်းပင် ဖြစ်ပါသည်။

ဖိုးသံချောင်း

Ref: နေ့သစ်

Read More...

Thursday, June 10, 2010

နအဖ စစ်အစိုးရရဲ့ငပွကြီးနိုင်ငံခြားရေးဝါဒ

ရဲဘော်ဖိုးသံချောင်း

09 June 2009

ဒီတလော နအဖ စစ်ဗိုလ်ချုပ်တွေ ပြည်ပကို ထွက်တယ်ဆိုတိုင်း… ခွေးရူး လမ်းထွက်တဲ့ အခါ တွေ့တဲ့ လူတိုင်းက ခဲနဲ့ပစ်၊ တုတ်နဲ့ရိုက်တာ ခံရသလို ဝိုင်းဝန်းပြစ်တင်၊ ဆုံးမ၊ တောင်းဆိုတာ တွေနဲ့ချည်း ကြုံတွေ့ နေရပါတယ်။ ဒါတွေနဲ့အတူ သူတို့ရဲ့ တာဝန်ရှိသူတွေက ရှက်ရမ်းရမ်းတာ၊ မျက်စိ စုံမှိတ်ငြင်းတာ၊ သူခိုးက ‘လူ လူ’ဟစ်တာ၊ အပြန်အလှန် လက်ညှိုးထိုးတာ စတာတွေ ကိုလည်း မကြာခဏ တွေ့နေရပါတယ်။ ဒီအထဲမှာ ရုပ်အပျက်ဆုံး တခုလို့ ဆိုရမှာကတော့ ပြီးခဲ့တဲ့ အာစမ် (ASEM)ခေါ် အာရှ ဥရောပ တွေ့ဆုံ ဆွေးနွေးပွဲမှာ ဖြစ်ပျက်ခဲ့တာပါပဲ။ အဲဒီမှာ သူတို့ကို ချောင်ပိတ်ဝေဖန်တာ ခံနေရသလိုဖြစ်တော့ နအဖစစ်ဗိုလ် ဒုနိုင်ငံခြားရေးဝန်ကြီး မောင်မြင့်က ‘ကုလားမနိုင် ရခိုင်မဲ’ ဆိုသလို တခြား နိုင်ငံကြီးတွေကို ပြန်မပြောရဲတာနဲ့ ထိုင်းကို ကတ်ကတ်လန် ရန်တွေ့ခဲ့တာ မှတ်မိ ကြပါလိမ့်မယ်။

ပြီးခဲ့တဲ့ လကုန်ပိုင်းက ကမ္ဗောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မှာ ကျင်းပခဲ့တဲ့ အစည်းအဝေးမှာ နှာခေါင်း ကျည်ပွေ့ တွေ့ခဲ့တဲ့ ဒီ နအဖ ဒုနိုင်ငံခြားရေး ဝန်ကြီးဟာ ထိုင်းနိုင်ငံအတွင်း တလောက ဖြစ်ပေါ်ခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း တာ့ခ်ဆင် ထောက်ခံသူတွေနဲ့ ဆန့်ကျင်သူတွေ အကြားက ပဋိပက္ခကို ထောက်ပြပြီး သူ့ရဲ့ ရှက်ဒေါသတွေ ပေါက်ကွဲပြခဲ့ပါတယ်။ ဒုဝန်ကြီးရဲ့ စကားက… ထိုင်းနိုင်ငံသာပဲ သူတို့ နိုင်ငံအတွင်းမှာ ဖြစ်ပေါ် နေတာတွေအတွက် ရင်ကြားစေ့ရေးတွေ လုပ်သင့်တယ် ဆိုတာပါပဲ။ ဦးမောင်မြင့်ဟာ သံတမန် ဂုဏ်သိက္ခာတွေ ရှေ့တန်း ထားနေရတဲ့ အစည်းအဝေးမှာ စကားနိုင် လုသလို ပြောနိုင်ခဲ့ပါတယ်။ ဒီလို ဆွေးနွေးပွဲတွေမှာ ဒါမျိုးကိစ္စတွေကို အခြေအတင် ပြောနေကြတာ မဟုတ်ပါဘူး။ ဒါပေမယ့် ဗမာပြည် ပြည်သူလူထု ကတော့ သူ့စကားရဲ့ အမှားများနဲ့ စောဒက တက်စရာတွေကို မပြောဘဲနေလို့ မဖြစ်ပါဘူး။

နအဖ ဒုဝန်ကြီးက ထိုင်းကို ပြန်အပြစ်တင်ရာမှာ… ဗမာပြည်တွင်းက အခြေအနေဟာ ထိုင်းက ‘အင်္ကျီနီ’ – ‘အင်္ကျီဝါ’ ပဋိပက္ခလို မဆိုးဘူး၊ သွေးထွက်သံယိုမှု မရှိဘူးလို့ မာမာတင်းတင်း ပြောခဲ့ပါတယ်။ သူပြောတဲ့ အဓိပ္ပါယ်က… သူတို့ကြောင့်မို့ ဗမာပြည်အတွင်းမှာ ဘယ်လောက်တောင် ‘ငြိမ်-ဝပ်-ပိ-ပြား’နေတယ်လို့ ဆိုချင်တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီစကား ဘယ်လောက်မှန်တယ် ဆိုတာကို ဒီပဲယင်း အရေးအခင်း၊ စက်တင်္ဘာ သံဃာ့ အရေးအခင်း စတာတွေကို တွေ့ကြုံဖူးနေတဲ့ ဗမာပြည်သားတွေက ကောင်းကောင်း သိကြပါတယ်။

တကယ်ကျတော့ အခုတလော ကြားနေရတဲ့ ဗမာပြည်နဲ့ ပတ်သက်တဲ့ သတင်းတွေမှာ မငြိမ်သက်မှု တွေဟာ ထိပ်ဆုံးက ရောက်နေတာပါ။ နအဖရဲ့ စစ်ဖက်ရေးရာ လုံခြုံရေးတာဝန်ခံ ဗိုလ်ရဲမြင့် တယောက် ရဟတ်ယာဉ်ကို အိမ်လုပ်ပြီး ပြည်နယ်တကာမှာ လနဲ့ချီပြီး သွားလာနေရတာဟာ ‘ငြိမ်-ဝပ်-ပိ-ပြား’ နေလို့လား။ ‘ငြိမ်း’တွေ မငြိမ်တော့လို့ပဲ မဟုတ်ပါလား။ ရန်ကုန်မှာ ကြံ့ဖွတ်တွေ ဒါးသွေး၊ လောက်လေးခွ ပြင်နေကြတာကရော ‘ငြိမ်-ဝပ်-ပိ-ပြား’ နေလို့ပါလား။ အင်းစိန် ထောင်ဗူးဝတွေမှာ လူတွေစု၊ စာရွက်တွေ နေရာတကာမှာ ကြဲချနေလို့ပဲ ဖြစ်ပါတယ်။ ဗမာပြည်ရဲ့ အခြေအနေဟာ ‘ငါ့စကော - ငါ့စကော’လို့ ဟစ်ရာကနေ စစ်ဖြစ်သွားတယ် ဆိုတဲ့ အနေအထားမျိုး အချိန်မရွေး ရောက်သွားနိုင်ပါတယ်။

တဖက်မှာလည်း အခုလို ဒေါ်အောင်ဆန်းစုကြည်ကို အမှုဆင်ဖမ်း၊ ထောင်ချဖို့ လုပ်လာတော့ ပြည်သူတွေ အဖို့ မိမိတို့ရဲ့ ကံကြမ္မာ ဘယ်လိုဖြစ်တော့မယ် ဆိုတာ ပို သတိပြုမိ လာပါတယ်။ နအဖရဲ့ လမ်းပြ မြေပုံကြီးကို တိုးလုပ်လေ၊ ဖမ်းဆီး ထောင်ချမှုတွေနဲ့ သွေးထွက်သံယိုမှုတွေ ပိုများလေ ဖြစ်တော့မယ် ဆိုတာကို ထင်ထင်ရှားရှား တွေ့လာနေရပါတယ်။ မေတ္တာပို့နေတဲ့ သံဃာတော်တွေကို သတ်ဖြတ်တဲ့၊ ဒီပဲယင်းလမ်းမမှာ လူအုပ်နဲ့ အနိုင်ကျင့် သတ်ဖြတ်တဲ့ ‘စည်းကမ်းရှိတဲ့ ဒီမိုကရေစီ’ ကြီး ရောက်လာတော့မယ် ဆိုတော့ လူတိုင်း ဘာလုပ်ကြမလဲလို့ စဉ်းစား ကြတော့တာပါပဲ။

ပြည်သူတွေအနေနဲ့ အကြမ်းမဖက်ရေးလမ်းက ပိတ်နေရင် ဖောက်ထွက်ကြတော့မှာ ဖြစ်ပါတယ်။ လမ်းပေါင်းစုံ ရှာကြတော့မှာပါ။ ဒါကလည်း နေရာမှာတင် တန့်နေလို့ကတော့ ကြံ့ဖွတ်တွေ ရိုက်တာနဲ့ပဲ သေကုန် ကြရမယ်ဆိုတာ ရှင်းနေလို့ ဖြစ်ပါတယ်။

ဒီလိုပြည်တွင်းအခြေအနေတွေဟာ နအဖရဲ့ နိုင်ငံခြားရေးဝါဒအပေါ် တိုက်ရိုက်သက်ရောက်မှု ရှိနေပါတယ်။ တဖက်က ပြန်ပြောရရင် နိုင်ငံတကာ အသိုင်းအဝိုင်းက အခုလို နအဖ အစိုးရကို သွားလေရာ ငြိနေတဲ့ ဆူးလှည်းကြီး အဖြစ် ကြည့်မြင် နေကြတာဟာလည်း ဒီ ပြည်တွင်း အခြေ အနေတွေကြောင့် ဖြစ်ပါတယ်။ ဘယ်တိုင်းပြည်မဆို ကိုယ့်နိုင်ငံရဲ့ ဓနအင်အား၊ နိုင်ငံရေးအင်အား၊ စစ်ရေးအင်အား စတာတွေအပေါ် အခြေခံပြီး နိုင်ငံခြားရေးဝါဒကို ချမှတ်ကြတာချည်းပါပဲ။ နိုင်ငံရေး အင်အား ဆိုတာမှာ ပြည်တွင်း သွေးစည်း ညီညွတ်မှု၊ ကိုယ့်ပြည်သူလူထုရဲ့ ထောက်ခံမှု၊ နိုင်ငံ တည်ငြိမ်မှု စတာတွေ ပါဝင်ပါတယ်။ နအဖ စစ်အစိုးရလည်း ဒီတရားတွေကို မလွန်ဆန် နိုင်ပါဘူး။ သူတို့ရဲ့ နိုင်ငံခြားရေး မူဝါဒဟာ သူတို့ရဲ့ လက်ရှိ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး အင်အားတို့ အပေါ်မှာ အဓိက မူတည်ပြီး ချမှတ် လုပ်ဆောင် နေတာဖြစ်ပါတယ်။ နအဖအဖို့ တခြားအချက်တွေထက် ပြည်တွင်း မတည်ငြိမ်မှု၊ အမျိုးသား သွေးစည်း ညီညွတ်ရေး ပျက်ပြားမှု၊ လူထုကြီးရဲ့ ဆန့်ကျင်မှုကို တလျှောက်လုံး ရင်ဆိုင်နေရမှု ဆိုတာကိုပဲ ထိပ်တိုက် ရင်ဆိုင်နေရတော့ သူတို့ရဲ့ နိုင်ငံခြားရေး ဝါဒဟာ အခုလို ‘ငပွကြီး’ နိုင်ငံခြားရေးဝါဒ ဖြစ်လာတော့တာပါပဲ။

ဒါနဲ့တဆက်ထဲမှာ သူတို့တတွေ အကြပ်အတည်းတွေ့ရလေ၊ တခြားနိုင်ငံတွေကို ကော်ဆဲလေ ဖြစ်လာနေတာကိုလည်း တွေ့နေ ကြရပါတယ်။ ကြာလေ အထီးကျန် ဖြစ်လိုက်လာနေတဲ့ နအဖ စစ်ဗိုလ်တွေ နောင်ဆိုရင် ပြည်ပကိုတောင် ထွက်ရဲပါဦးမလား စဉ်းစားစရာ ဖြစ်နေပါတယ်။ အခုကိုပဲ ဗိုလ်သန်းရွှေတယောက် ဘယ်ကိုမှ သိပ်မထွက်ဝံ့တဲ့ အခြေအနေ ရောက်နေပါပြီ။

လက်တွေ့ကျကျ ပြောရရင် ဒီနေ့ နအဖစစ်အစိုးရရဲ့ နိုင်ငံခြားရေးဝါဒ အကြပ်အတည်းဟာ ရှစ်လေးလုံး ကာလ နောက်ပိုင်းမှာ အဆိုးရွားဆုံး အကြပ်အတည်း ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ ဒီ အကြပ်အတည်းမျိုးကို ဗိုလ်နေဝင်းလည်း မကြံဖဲ့ဖူးပါဘူး။ စစ်အေး ကာလတုန်းက အရှေ့နဲ့ အနောက်အကြား ပဋိပက္ခကို အသုံးချပြီး ဗိုလ်နေဝင်း အနေချောင်ခဲ့သလို နအဖ စစ်အုပ်စုကလည်း တရုတ်နဲ့ အမေရိကန် အကြား ခလောက်ဆန် ကစားပြီး ပြည်တွင်းမှာ သူတို့လုပ်ချင်ရာ လုပ်မယ်လို့ စဉ်းစားခဲ့ကြပါတယ်။ ဒါပေမယ့် ခေတ်က မတူတော့ပါဘူး။ တရုတ်နဲ့ အမေရိကန်ဟာ ရုရှားနဲ့ အမေရိကန် တုန်းကလို သူဖြူရင် ငါမဲမှလို့ လုပ်နေကြတာ မဟုတ်ပါဘူး။ ကမ္ဘာ့ အခင်းအကျင်း အပြောင်းအလဲကို သူတို့က ကောင်းကောင်း သတိထားမိ ပါတယ်။ ဒါကြောင့်မို့ တချို့ကိစ္စတွေမှာ သူတို့ချင်း အပြန်အလှန် ပြောဆို တိုက်ခိုက်တာတွေ ရှိသလို၊ တချို့ကိစ္စတွေမှာ ကျတော့လည်း သူတို့ချင်း အမြင်တူ၊ တသံထဲလို ထွက်တတ်ကြပါတယ်။ အခု ဗမာပြည် ကိစ္စမှာ သူတို့ နှစ်နိုင်ငံအကြား တူညီတဲ့ လေသံတွေ တွေ့လာနေရပြီ မဟုတ်ပါလား။

အခုအခါမှာ စီးပွားရေးအကြပ်အတည်းကြီးကို ရင်ဆိုင်နေရတဲ့အတွက် နိုင်ငံတိုင်းဟာ ဗမာပြည် ပြဿနာကို နိုင်ငံတကာ စားပွဲဝိုင်းတွေပေါ်ကနေ ဖယ်ရှား ပစ်ချင်နေကြတယ် ဆိုတာ နအဖ ဗိုလ်ချုပ်တွေ သတိထားမိရဲ့လား မသိဘူး။ ဗမာပြည်ပြဿနာ တက်လာတိုင်း သခွတ်ပင်က မီးတကျည်ကျည်လို့ပဲ ယူဆ ကြတော့မှာပါ။ ဒါပေမယ့် တာဝန်သိတဲ့ နိုင်ငံ့ခေါင်းဆောင်တို့တာ မီးတကျည်ကျည်မို့ ပေယျာလကံ ပြုထား လိုက်တော့မယ်လို့ ဆုံးဖြတ်မှာ မဟုတ်ပါဘူး။ မြန်မြန် ဆန်ဆန် ပြီးပြတ်သွားအောင် တခုခု ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။

ဒီလို ဘေးကြပ်နံကြပ် ကြုံတွေ့နေရတဲ့အခါမှာ နအဖ ဒုနိုင်ငံခြားရေးဝန်ကြီးက အခုလို ဝါးလုံးရှည်နဲ့ သိမ်းရမ်းလို့ကော သူတို့အဖို့ အန္တရာယ်တွေက လွတ်ကရောတဲ့လား။ နောင်မှာလည်း နိုင်ငံတကာ အစည်းအဝေးတွေ ပေါ်လာတိုင်း နအဖ ခေါင်းဆောင်တွေအဖို့ ဒီလို ချောင်ပိတ်ခံရတဲ့ အဖြစ်မျိုးတွေ ကြုံနေရဦးမှာပဲ ဖြစ်ပါတယ်။ သူတို့အဖို့တော့ စောစောတုန်းက သူများတွေက ‘မောင်မောင်’လို့ ခေါ်နေတုန်း ‘ဗျာ’မထူးခဲ့တာ အမှားကြီး မှားသွားတာပါပဲ။ ။

ရဲဘော်ဖိုးသံချောင်း


ooooo0000

Read More...

ယာယီနိုင်ငံကူးလက်မှတ်ရုံး ဖွင့်လှစ်ရေး ထိုင်းနှင့် မြန်မာဆွေးနွေး

မြတ်ခိုင်ဦး / ၁၀ ဇွန် ၂၀၁၀

မြန်မာရွှေ့ပြောင်း အလုပ်သမားများအား ထိုင်းဘက်ခြမ်းတွင် ရုံးခန်းဖွင့်၍ ယာယီ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေး အတွက် ထိုင်း-မြန်မာ အာဏာပိုင်များ ယနေ့ တွေ့ဆုံ ဆွေးနွေးသည်။

ထိုင်းအစိုးရဘက်မှ တောင်းဆိုထားသော မြန်မာရွှေ့ပြောင်း အလုပ်သမားများအား ယာယီနိုင်ငံကူး လက်မှတ် ထုတ်ပေးရေး အစီအစဉ်ကို ထိုင်းဘက်ခြမ်းတွင် ရုံးခန်း ဖွင့်လှစ် ဆောင်ရွက်ရေး အတွက် ထိုင်းနှင့်မြန်မာ အာဏာပိုင်တို့ ယနေ့နေ့လယ် (၁၁) နာရီက ရနောင်းခရိုင်၊ ရနောင်းမြို့၊ ရနောင်းဌာနီ ရပ်ကွက်ရှိ ထိနိဒီး ဟိုတယ်တွင် ပြုလုပ်သည်။

အစည်းအဝေးသို့ ထိုင်းအလုပ်အကိုင် ခန့်ထားရေးဌာနညွှန်ချုပ် ဂျီယာဆတ်ဆူကွန်သာချတ်၊ ဒုညွှန်ချုပ် ဆူပတ်ဂူအမ်၊ ရနောင်း ခရိုင် ဒုခရိုင်မှူး ခွန်နီရီဝတ်ဖွန်နာခန်၊ ရနောင်းမြို့တော်ဝန်တို့မှ ထိုင်းကိုယ်စားလှယ် အဖွဲ့ကို ဦးဆောင်ပြီး မြန်မာ ကိုယ်စားလှယ် အဖွဲ့အား ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်သိန်း၊ အထူး ရဲတပ်ဖွဲ့ လက်ထောက် ဒါရိုက်တာ ဦးမြင့်သိန်းနှင့် ကော့သောင်း ခရိုင်မှူး ဦးအံ့မောင်တို့မှ ဦးဆောင်သည်။

ဆွေးနွေးပွဲတွင် ယာယီပတ်စပို့စ် ထုတ်ပေးရေးရုံးနေရာကိစ္စ၊ ဝန်ထမ်းများ၏ လုံခြုံရေး တာဝန် ယူပေးနိုင်မှု အနေအထားများကို အဓိကထား ဆွေးနွေးသွားကြပြီး ယာယီ ရွေးချယ်ထားသော နေရာ (၃) နေရာကို ဆက်လက် ကြည့်ရှု သုံးသပ်ကြသည်ဟု သိရသည်။ မနက်ဖြန်တွင် ဖန်ငမြို့၌ အစည်းအဝေးပွဲကို ဆက်လက် ကျင်းပမည်ဖြစ်သည်။

ယာယီရွေးချယ်ထားသော နေရာများမှာ နိပွန်မော်တာ ကုမ္ပဏီလီမိတက်၊ ကိုမော့ အဆောက်အဦ၊ ရနောင်း ငါးဖမ်းဆိပ်ကမ်း အနီး ဖယ်ပလာတို့ ဖြစ်ကြသည်။

ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရေး အစီအစဉ်ကို ထိုင်းဘက်ခြမ်းတွင် ရုံးခန်းဖွင့်လှစ် ဆောင်ရွက်ရန် ပြီးခဲ့သည့်လ (၂၇) ရက်က မြန်မာနိုင်ငံ နေပြည်တော်တွင် အာဏာပိုင်များက အစည်းအဝေး ပြုလုပ်ကာ တရားဝင် ထုတ်ဖော် ပြောကြားပြီး ဖြစ်သည်။

ထိုင်းအစိုးရ ရနောင်းခရိုင်ဝန်ကလည်း သတင်းမီဒီယာများနှင့် တွေ့ဆုံရာတွင် မိမိတို့၏ တိုက်တွန်းချက်အရ ထိုင်းဘက် အခြမ်းတွင် ရုံးခန်းများ ဖွင့်လှစ်ရန် အခွင့်အလန်းများ လမ်းပွင့်လာပြီဟု ဆိုသည်။

မြန်မာအာဏာပိုင်များက ပြောင်းရွှေ့ဖွင့်လှစ်မည့် အကြောင်းရင်းကို ဖော်ထုတ်ပြောကြားရာ၌ မြန်မာနိုင်ငံသားများ မိုးတွင်းကာလ ရေကြောင်းမှ ဖြတ်သန်း သွားလာရေး အခက်အခဲကို ဖြေရှင်းရန်ဟု ဆိုသည်။

သို့သော် မြန်မာရွှေ့ပြောင်း အလုပ်သမားများက ဤသို့ ရုံးပြောင်းရွှေ့ ဖွင့်လှစ်ခြင်းအားဖြင့် ကြားခံပွဲစား ကုမ္ပဏီများ၏ မတန်တဆ တောင်းခံနေမှုများ လျှော့ပါးကာ မိမိတို့အတွက် အချိန်ကုန် သက်သာပြီး အလုပ်ပျက်ရက် သက်သာမည်ဟု မျှော်လင့်ကြသည်။

Ref: ခေတ်ပြိုင်

Read More...

စစ်အစိုးရက ၁ဝ၊ ၁ဝ၊ ၂ဝ၁ဝ နေ့တွင် ရွေးကောက်ပွဲ ကျင်းပမည်ဟု ဂျင်မ်ဝက်ဘ် ခန့်မှန်း

ဇွန် ၁ဝ၊ ၂ဝ၁ဝ

မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲသည် လာမည့် အောက်တိုဘာ ၁ဝ ရက်နေ့တွင် ပြုလုပ်ဖွယ် ရှိသည်ဟု အမေရိကန် အထက် လွှတ်တော် အမတ် ဂျင်မ် ဝက်ဘ်က ဗုဒဟူးနေ့တွင် ခန့်မှန်းလိုက်သည်။ စစ်အုပ်စုက ဒီမိုကရေစီ အတိုက်အခံများကို ဖယ်ထုတ် ထားသော်လည်း ထိုရွေးကောက်ပွဲတွင် မဲထည့်ကြရန်လည်း ဂျင်မ်ဝက်ဘ်က တိုက်တွန်းလိုက်သည်။

ဂျင်မ်ဝက်ဘ်သည် စစ်အစိုးရနှင့် ညှိနှိုင်း ဆွေးနွေးနေသည့် ထိပ်တန်း အမေရိကန် လွှတ်တော်အမတ် ဖြစ်သည်။ ပြီးခဲ့သည့်လက မြန်မာပြည်သို့ သွားရောက်ရန် ပြင်ဆင် ထားသော်လည်း မြောက်ကိုရီးယားက မြန်မာပြည်တွင် နျူကလီးယား လက်နက် တပ်ဆင်ပေးရန် ကူညီနေသည်ဟူသော သတင်းများ ပေါ်ပေါက်လာသဖြင့် ခရီးစဉ် ဖျက်ခဲ့သည်။

မြန်မာနိုင်ငံတွင် ယခုနှစ်ကုန်ပိုင်း ရွေးကောက်ပွဲ ကျင်းပရန် ပြင်ဆင်နေသည်။ အနှစ် ၂၀ အတွင်း ပထမဆုံးအကြိမ် ပြုလုပ်မည့် ရွေးကောက်ပွဲ ဖြစ်သည်။ သို့သော်လည်း စစ်အစိုးရက ရက်အတိအကျ သတ်မှတ်ခြင်း မရှိသေးပေ။

“ကျနော် ကြားနေရတာကတော့ သူတို့ ၁ဝ-၁ဝ-၁ဝ ရက်နေ့မှာ လုပ်လိမ့်မယ်” ဟု ဂျင်မ်ဝက်ဘ်က ပြောသည်။

ထိုရွေးကောက်ပွဲကို စစ်အစိုးရ စိတ်ကြိုက် စီစဉ်ထားသည်ကို သဘောပေါက်ကြောင်း ဂျင်မ်ဝက်ဘ်က ပြောသည်။ သို့သော်လည်း အတိုက်အခံ ခေါင်းဆောင် တချို့ လွှတ်တော်တွင် နေရာရဖွယ် ရှိသဖြင့် တိုးတက်သည့် ခြေလှမ်းဟု သူက ဆိုသည်။

“အရှေ့တောင် အာရှမှာ အနာဂတ်ကို တည်ဆောက်ဖို့ ဆိုရင် တဆင့်ချင်း သွားရမယ်လေ” ဟု ဂျင်မ်ဝက်ဘ်က ပြောသည်။

“တရုတ်ပြည်မှာ ဘယ်တုန်းက နောက်ဆုံး ရွေးကောက်ပွဲ လုပ်ခဲ့သလဲ၊ ဗီယက်နမ်မှာရော ရွေးကောက်ပွဲ နောက်ဆုံး လုပ်ခဲ့တာ ဘယ်တုန်းကလဲ” ဟု သူက မေးခွန်း ထုတ်လိုက်သည်။

မစ္စတာဝက်ဘ်၏ မူဝါဒများကို မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားသူများက စိတ်ပျက်လက်ပျက် ဖြစ်နေကြသည်။ ၎င်းတို့က ရွေးကောက်ပွဲသည် ဒေါ်အောင်ဆန်းစုကြည်ကို တရားမဝင်ဖြစ်အောင် လုပ်မည့် ခြေလှမ်းဖြစ်သည်ဟု ယုံကြည်ကြသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပါတီ NLD သည် ၁၉၉ဝ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည်။ သို့သော်လည်း သူသည် အာဏာ လွှဲအပ်ခြင်း မခံခဲ့ရဘဲ ပြီးခဲ့သည့်နှစ် အများစုတွင် နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံထားရသည်။

Ref: မိုးမခ

Read More...

စစ်အစိုးရ ကျူးလွန်မှုများ ကုလကော်မရှင်ဖွဲ့ စုံစမ်းရေး ထောက်ခံမှုတိုး

ဒေါ်ခင်မျိုးသက်
ဗုဒ္ဓဟူး, 09 ဇွန် 2010

မြန်မာစစ်အစိုးရက လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုနဲ့ စစ်ရာဇ၀တ်မှုတွေ ကျူးလွန်မှု ရှိမရှိ ကုလသမဂ္ဂ ကော်မရှင်တရပ် ဖွဲ့ပြီး စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) ရဲ့ အကြံပြုချက်ကို ဆလိုဗက်ကီးယားနိုင်ငံက ထောက်ခံတဲ့အကြောင်း အင်္ဂါနေ့က ကျင်းပတဲ့ ၁၄ ကြိမ်မြောက် လူ့အခွင့်အရေး ကောင်စီ အစည်းအဝေးမှာ ကြေညာခဲ့ပါတယ်။ အမေရိကန် ပြည်ထောင်စုကလည်း ဒီကြေညာချက်ကို ထောက်ခံဖို့ စဉ်းစားနေတယ်လို့ ပြောကြားခဲ့ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေကို ကိုယ်တိုင်သွားရောက် စုံစမ်းခဲ့တဲ့ မစ္စတာ တောမတ်စ် အိုဟေး ကင်တားနားက မြန်မာ စစ်အစိုးရကို လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေနဲ့ စစ်ရာဇ၀တ်မှုတွေ ကျူးလွန်မှု ရှိမရှိ စုံစမ်းရေး ကော်မရှင်တရပ် ဖွဲ့ပြီး စုံစမ်း စစ်ဆေးပေးဖို့ အတွက် မတ်လထဲမှာ ဂျနီဗာရုံးချုပ် လူ့အခွင့်အရေး ကောင်စီကို တင်ပြခဲ့ပါတယ်။

ဒီအဆိုပြုချက်ကို သြစတြေးလျနိုင်ငံ၊ ချက်သမ္မတနိုင်ငံနဲ့ ဗြိတိန်နိုင်ငံတွေက ထောက်ခံခဲ့ကြပြီး အခု ၁၄ ကြိမ်မြောက် အစည်းအဝေး မှာတော့ ဆလိုဗက်ကီးယား နိုင်ငံကပါ ထောက်ခံတယ်လို့ ဆလိုဗက်ကီးယား နိုင်ငံဆိုင်ရာ သံအမတ်ကြီး မစ္စတာ ဖီဒေါ ရိုစိုချာ (Mr. Fedor Rosocha) က ပြောပါတယ်။

“မြန်မာစစ်အစိုးရ အနေနဲ့ မြန်မာနိုင်ငံ အတွင်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စနစ်တကျ အကြီးအကျယ် ချိုးဖောက်ခဲ့တာတွေ စုံစမ်းစစ်ဆေးဖို့ ကော်မရှင်တရပ် ဖွဲ့စည်းရေးအတွက် ဆလိုဗက်ကီးယား နိုင်ငံက ထောက်ခံပါတယ်။”

မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၂၀ ကြာမှ ပထမဆုံး ကျင်းပပေးမယ့် ရွေးကောက်ပွဲဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ လူ့အခွင့်အရေး လေးစားမှု ရှိရေးနဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို ဦးတည်မှုတွေ ဖြစ်ရမယ့်အစား မြန်မာစစ်အစိုးရ ထုတ်ပြန်ခဲ့တဲ့ ရွေးကောက်ပွဲ ဥပဒေတွေဟာ နိုင်ငံတကာ စံနှုန်းနဲ့ကြည့်ရင် သိပ်ကို နိမ့်ကျနေတာ တွေ့ရပြီး လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ စုဝေးခွင့်နဲ့ နိုင်ငံရေး အမြင်အပေါ် အခြေခံပြီး ခွဲခြားဆက်ဆံမှုတွေ တွေ့နေရတယ်လို့လည်း မစ္စတာ ရိုဆိုချာက ပြောပါတယ်။

ဗြိတိန်နိုင်ငံဆိုင်ရာ သံအမတ်ကြီး မစ်စ် ရီဘက်ကာ စေဂါ (Ms. Rebecca Sagar) ကတော့ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေတွေဟာ သိပ်ကို ဆိုးဝါးနေတယ်လို့ ထောက်ပြခဲ့ပါတယ်။

“မြန်မာနိုင်ငံသားတွေ အခုထိ ဆက်ပြီး စိတ်မချမ်းမြေ့စရာ ကောင်းလောက်အောင် လူ့အခွင့်အရေး ချိုးဖောက်ခံနေရတာမို့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေဟာ သိပ်ကို ဆိုးဝါးနေပါတယ်။ မြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေရဲ့ အခြေခံ ရပိုင်ခွင့် ချိုးဖောက် ခံနေရတာ အပါအ၀င် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စစ်အစိုးရက စနစ်တကျ ကျူးလွန်နေတယ်လို့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေကို စစ်ဆေးတဲ့ အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားက မတ်လတုန်းက ကောင်စီကို တင်ပြခဲ့ပါတယ်။

“မြန်မာစစ်အစိုးရ ဒီနှစ်ထဲ ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲအတွက် ထုတ်ပြန်ခဲ့တဲ့ ဥပဒေတွေကို ကြည့်ရင်လည်း လွတ်လပ်မှု၊ တရားမျှတမှု မရှိတဲ့အတွက် ဒီရွေးကောက်ပွဲဟာ စစ်မှန်တဲ့ ရွေးကောက်ပွဲမျိုး ဖြစ်မလာနိုင်ပါဘူး။”

မြန်မာနိုင်ငံရဲ့ ပြဿနာဟာ ရေရှည်ပြဿနာမို့ ဒါကို ဖြေရှင်းဖို့အတွက် မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေး ရဖို့ လိုအပ်နေပြီး ပထမဆုံး တိုင်းရင်းသားတွေနဲ့ နိုင်ငံရေးပါတီ အဖွဲ့အစည်း အားလုံး ပါဝင်တဲ့ စစ်မှန်တဲ့ ဆွေးနွေးပွဲတွေ ကျင်းပပေးဖို့ လိုအပ်ကြောင်းနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို ချက်ချင်း လွှတ်ပေးဖို့အတွက် ဗြိတိန်နိုင်ငံက ထပ်လောင်း တောင်းဆိုခဲ့ပါတယ်။

ဒေသတွင်းနိုင်ငံ တနိုင်ငံဖြစ်တဲ့ ဂျပန်နိုင်ငံကလည်း မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲက အကျဉ်းသားတွေရဲ့ အခြေအနေတွေကို စိုးရိမ်ကြောင်း တင်ပြခဲ့ပြီး နိုင်ငံရေး အကျဉ်းသားတွေကို အမြန်ဆုံး ပြန်ပြီး လွှတ်ပေးဖို့ အစည်းအဝေး တက်ရောက်လာတဲ့ ဂျပန်နိုင်ငံဆိုင်ရာ သံအမတ်ကြီး မစ္စတာ အာကီယို အိစို့မတ်တ (Mr. Akio Isomata) က ပြောပါတယ်။

“မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသား အားလုံးကို တတ်နိုင်သမျှ အမြန်ဆုံး ပြန်ပြီး လွှတ်ပေးဖို့ ဂျပန် အစိုးရက မြန်မာအစိုးရကို ထပ်ပြီး တောင်းဆိုပါတယ်။ ဒါ့အပြင် အခု ကျင်းပဖို့ ပြင်နေတဲ့ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတမှု ရှိစေဖို့နဲ့ နိုင်ငံတကာ စံနှုန်းတွေနဲ့အညီ ကျင်းပပေးဖို့ ခိုင်မာတဲ့ လုပ်ဆောင်မှုတွေ လုပ်ပေးဖို့ကိုလည်း တောင်းဆိုပါတယ်။”

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေဟာ အခုထိ ဆိုးဝါးနေတာမို့ နိုင်ငံတကာက တတ်နိုင်သမျှ ၀ိုင်းဝန်း ကူညီကြဖို့ လိုအပ်နေပြီလို့ အမေရိကန်နိုင်ငံက ယုံကြည်ကြောင်း အမေရိကန် နိုင်ငံဆိုင်ရာ သံအမတ်ကြီး မစ်စ် အီလိန်း ချိန်ဘာလိန် ဒိုနာဟရူး (Ms. Eileen Chamberlain Donahoe) က ပြောပါတယ်။ မြန်မာနိုင်ငံ ငြိမ်းချမ်းသာယာပြီး နိုင်ငံသားတွေ လူ့အခွင့်အရေး သေသေချာချာ ခံစားရစေဖို့အတွက် မစ္စတာ ကင်တားနားရဲ့ အဆိုပြုချက်ကို ထောက်ခံ ပံ့ပိုးပေးဖို့ အမေရိကန်နိုင်ငံက စဉ်းစား နေတယ်လို့လည်း ပြောပါတယ်။

“ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စုံစမ်း စစ်ဆေးရေးမှူး တောမတ်စ် အိုဟေး ကင်တားနား ထောက်ခံ အကြံပြုထားသလိုပဲ မြန်မာ စစ်အစိုးရက နိုင်ငံတကာ လူလူချင်း စာနာမှု အကူအညီပေးရေး ဆိုင်ရာ ဥပဒေတွေကို ချိုးဖောက်မှု ရှိမရှိ စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် ဖွဲ့စည်းရေး အဆိုကို ထောက်ခံဖို့ အမေရိကန် ပြည်ထောင်စုက စဉ်းစားနေပါတယ်။”

တကယ်လို့ အမေရိကန်နိုင်ငံသာ ပါဝင် ထောက်ခံရင် မြန်မာစစ်အစိုးရ လူသားမျိုးနွယ်တွေအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေနဲ့ စစ်ရာဇ၀တ်မှုတွေ ကျူးလွန်မှု ရှိမရှိ စုံစမ်း စစ်ဆေးပေးဖို့ ထောက်ခံတဲ့နိုင်ငံဟာ ၅ နိုင်ငံ ရှိလာတော့မှာ ဖြစ်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေကို အထူးစိုးရိမ်ကြောင်း နယူးဇီလန်၊ ဆွီဒင်နဲ့ အိုင်ယာလန် နိုင်ငံတွေသာ မက ကနေဒါ နိုင်ငံကလည်း အင်္ဂါနေ့က ကျင်းပတဲ့ ၁၄ ကြိမ်မြောက် အစည်းအဝေးမှာ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

Ref: VOA News

Read More...

KIO နှင့် ဆက်နွှယ်မှုရှိ၍ ကချင်ပါတီ ဝေဖန်ခံရ

Wednesday, June 09, 2010

ကချင်ပြည်နယ်မှ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း (USDA) တာဝန်ခံက ကချင်ပြည်နယ် တိုးတက်ရေး ပါတီ (KSPP) နှင့် အပစ်အခတ် ရပ်စဲထားသော ကချင်ပြည် လွတ်မြောက်ရေး အဖွဲ့ (KIO) တို့ အကြား ဆက်နွှယ်မှုကို ဝေဖန် ပြစ်တင်လိုက်ကြောင်း ကချင် သတင်းရပ်ကွက်မှ သိရသည်။

“KSPP နဲ့ KIO ဟာ အတူတူပဲ။ ပြီးတော့ အစိုးရကို ဆန့်ကျင်ရာမှာလည်း သူတို့ ရပ်တည်ချက်က အတူတူပဲ” ဟု ကချင်ပြည်နယ် USDA တာဝန်ခံနှင့် ကချင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌဖြစ်သူ ဒူးဝါး မဒိုင်းဇုန်တင်က ဇွန်လ ၂ ရက်နေ့၌ ကျင်းပသော USDA နှစ်ပတ်လည် အစည်းအဝေးတွင် ပြောကြားခဲ့ကြောင်း တက်ရောက်ခဲ့သူ တဦးက ပြောသည်။

ဒူးဝါး မဒိုင်းဇုန်တင်သည် စစ်အစိုးရ ဗိုလ်ချုပ်ကြီးများနှင့် နီးစပ်သူဖြစ်ပြီး ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားတွင် သြဇာ ညောင်းသူလည်း ဖြစ်သည်။ ၎င်းသည် USDA ကို ဦးဆောင်၍ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကိုယ်စား ကချင်ပြည်နယ်တွင် စည်းရုံးရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်ဟု ဒေသခံများက ဆိုသည်။

“သူက ရွေးကောက်ပွဲအတွက် စည်းရုံးတဲ့ အခွင့်အလမ်းကို အသုံးချပြီး KSPP ကို တိုက်ခိုက်တာပါ။ ကချင်စာပေနဲ့ ယဉ်ကျေးမှု ကော်မတီ ဥက္ကဋ္ဌလည်း ဖြစ်လေတော့ သူ့စကားတွေက KSPP ကို ထိခိုက်စေတာ အမှန်ပါပဲ” ဟု ထိုင်းအခြေစိုက် ကချင် သတင်းဌာန အယ်ဒီတာ လဖိုင်နော်ဒင်းက ပြောသည်။

“KSPP နဲ့ KIO က အတူတူပဲလို့ ပြောရခက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ KSPP ခေါင်းဆောင်တွေက KIO ကနေ နုတ်ထွက်ပြီး ဖြစ်လို့ပါ။ ဒါပေမယ့် သူတို့ အာဏာပိုင်တွေ ကတော့ KSPP ကို KIO လို့ပဲ မြင်ကြတယ်” ဟု လဖိုင်နော်ဒင်းက ဆက်လက် ပြောကြားသည်။

KSPP ကို ၂၀၀၉ ခုနှစ် မတ်လတွင် KIO ဒုဥက္ကဋ္ဌဟောင်း ဒေါက်တာ မနန်တူးဂျာက ဦးဆောင်ဖွဲ့စည်းခဲ့ပြီး ဇူလိုင်လတွင် နိုင်ငံရေး ပါတီအဖြစ် တရားဝင် ထုတ်ပြန် ကြေညာခဲ့ခြင်းဖြစ်သည်။

KSPP အနေနှင့် လာမည့် ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ရန်အတွက် ဧပြီလ ၅ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ မှတ်ပုံတင်ခွင့် လျှောက်ထားခဲ့သော်လည်း ယခုအချိန်ထိ ခွင့်ပြုချက် မရသေးပေ။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ အခန်း (၃)၊ အပိုဒ် ၁၂ (က)၊ အပိုဒ်ခွဲ (၃) ၌ နိုင်ငံရေးပါတီတရပ် အနေဖြင့် နိုင်ငံတော်အား လက်နက်ကိုင် ဆန့်ကျင်နေသော သောင်းကျန်းသူ အဖွဲ့အစည်း သို့မဟုတ် မတရားအသင်းအဖြစ် ကြေညာ ခံထားရသော အဖွဲ့အစည်းနှင့် ပတ်သက်မှုရှိပါက နိုင်ငံရေးပါတီအဖြစ် ဆက်လက် ရပ်တည်ပိုင်ခွင့် မရှိဟု ဆိုထားသည်။

ဒူးဝါး မဒိုင်းဇုန်တင် အနေဖြင့် KSPP နှင့် ပတ်သက်၍ ပြောဆိုရာတွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို တိုက်ရိုက် ရည်ညွှန်းမှု မရှိသော်လည်း ရွေးကောက်ပွဲ ကော်မရှင်က KSPP မှတ်ပုံတင်ခွင့် ချမပေးခြင်းသည် စစ်အစိုးရက KIO ကို နယ်ခြားစောင့်တပ် အဖြစ် အသွင်းပြောင်းရန် ဖိအားပေးခြင်း ဖြစ်သည်ဟု လေ့လာ စောင့်ကြည့်သူများက ပြောကြသည်။

နယ်ခြားစောင့်တပ်ကိစ္စနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးမှုများ ရှိသော်လည်း စစ်အစိုးရက KIO ကို ယခုအချိန်ထိ မစည်းရုံး နိုင်သေးကြောင်း၊ ယင်းကိစ္စကြောင့်ပင် နှစ်ဘက်တင်းမာမှုများ ပိုတိုးလာကြောင်း သိရသည်။

ရွေးကောက်ပွဲ ကော်မရှင်က KSPP မှတ်ပုံတင်မှုကို အတည်ပြုရန် နှောင့်နှေးနေခြင်းသည် KIO က နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်းရန် ငြင်းဆန် ၍ ဖြစ်နိုင်ကြောင်း၊ ကော်မရှင် အနေဖြင့် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို အသုံးပြု၍ KSPP ၊ ရှမ်းပြည်မြောက်ပိုင်း တိုးတက်ရေး ပါတီနှင့် ညီညွတ်သော ဒီမိုကရေစီ ပါတီ (ကချင်ပြည်နယ်) တို့ကို နိုင်ငံရေးပါတီ လျှောက်ထားခွင့် ပယ်ချနိုင်ကြောင်း နိုင်ငံတကာ ပဋိပက္ခ လေ့လာရေးအဖွဲ့ (International Crisis Group - ICG) က မေလ ၂၇ နေ့တွင် ပြောကြားခဲ့သည်။

“ရွေးကောက်ပွဲ ကော်မရှင်က KSPP မှတ်ပုံတင်တာကို အတည်ပြုဖို့ ကြန့်ကြာနေရတဲ့ အဓိက အကြောင်းရင်း နှစ်ခုရှိတယ်။ တခုက KIO က နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်းဖို့ ငြင်းတာနဲ့ နောက်တခုကတော့ KSPP ထဲမှာ KIO ခေါင်းဆောင်ဟောင်း တချို့ပါနေလို့ပဲ ဖြစ်တယ်” ဟု တရုတ်-မြန်မာနယ်စပ်တွင် နေထိုင်သူ ကချင်တိုင်းရင်းသား ကိုအောင်ဝါက ဆိုသည်။

“အာဏာပိုင်တွေအနေနဲ့ KSPP ကို နောက်ဆုံးအချိန်လောက်မှ အတည်ပြုကောင်း ပြုနိုင်တယ်။ ဒါမှမဟုတ်လည်း KIO ခေါင်းဆောင်တွေကို ထုတ်ပစ်ဖို့ ပါတီကို ဖိအားပေးတာလည်း ဖြစ်နိုင်တယ်” ဟု လဖိုင်နော်ဒင်းက ပြောသည်။

နယ်ခြားစောင့်တပ်ကိစ္စကို ရွေးကောက်ပွဲအပြီး တက်လာမည့် ဒီမိုကရေစီ အစိုးရသစ်နှင့် ဆွေးနွေးမည်ဟု KIO ခေါင်းဆောင်များက ပြောသော်လည်း မည်သည့်အချိန်တွင် ဆွေးနွေးမည်ကိုမူ ထုတ်ဖော် ပြောဆိုခြင်း မရှိပေ။

KSPP သည် မြစ်ကြီးနားတွင် ရုံးဖွင့်ထားပြီး ပါတီတည်ထောင်ချိန်မှစ၍ ကချင်ပြည်နယ်တွင် စည်းရုံးရေး လုပ်ငန်းများ ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်ခဲ့ကြောင်း၊ သို့ရာတွင် ပါတီမှတ်ပုံတင်ပြီး နောက်ပိုင်းမှစ၍ စည်းရုံးရေး လုပ်ငန်းများ ရပ်ဆိုင်းထားကြောင်း သိရသည်။ ယခုအချိန်တွင် ကချင်ပြည်နယ်အတွင်း USDP တခုတည်းသာ စည်းရုံးရေး လုပ်ငန်းများ လုပ်နေကြောင်းလည်း သိရသည်။

ရွေးကောက်ပွဲ ကော်မရှင်ထံ၌ နိုင်ငံရေးပါတီ တည်ထောင်ခွင့်နှင့် ဆက်လက် တည်ထောင်ခွင့် လျှောက်ထားသော ပါတီ ၄၂ ပါတီ ရှိပြီး ပါတီ မှတ်ပုံတင်ခွင့် လျှောက်ထားသည့် ၃၃ ခုအနက် ၃၂ ပါတီကို မှတ်ပုံတင်ခွင့် ပြုခဲ့ပြီ ဖြစ်သည်။

Ref: ဧရာဝတီ်

Read More...

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုလိုက်ပြီ

Wednesday, 9 June 2010No
ဇွန်လ ၉ရက်။ စောခါးစူးညား (ကေအိုင်စီ)

စစ်အစိုးရ ၀န်ကြီးချုပ် ဦးသိန်းစိန် ဦးဆောင်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ယူအက်စ်ဒီပီ)ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံတင်ခွင့် ပြုလိုက်သည်ဟု ယနေ့ထုတ် စစ်အစိုးရပိုင် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

စစ်အစိုးရ၏ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ အခန်း(၂) အပိုဒ်(၄)အရ ပါတီတည်ထောင် လိုသူများသည် နိုင်ငံ့ဝန်ထမ်း မဖြစ်ရဟု ပါရှိသော်လည်း ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်က ဌာနဆိုင်ရာ ၀န်ကြီး ၂၃ ဦးနှင့်အတူ စစ်ဘက်ဆိုင်ရာ ရာထူးမှ ဧပြီလ ၂၆ ရက်နေ့တွင် နှုတ်ထွက်၍ (ယူအက်စ်ဒီပီ)ကို ဦးဆောင်ခဲ့သည်။

၎င်းနောက် ဧပြီလ ၂၉ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံသို့ နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့် လျှောက်ထားပြီး နောက် (၁)လကျော် အကြာတွင် ယခုလို ပါတီမှတ်ပုံတင်ခွင့် ရရှိခြင်းဖြစ်သည်။

ယူအက်စ်ဒီပီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင် ခွင့်ပြုလိုက်ခြင်းအပေါ် ရှုတ်ထွေးမှုများ ဖြစ်ပေါ်စေသည်ဟု ထိုင်းနိုင်ငံအခြေ စိုက် မြန်မာ့အရေး လေ့လာ သုံးသပ်သူ ကိုအောင်သူငြိမ်းက ယခုလို ကောက်ချက်ချ ပြောဆိုလိုက်သည်။

“အစိုးရက ထောင်လိုက်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဟာ အရင်တုန်းက ရှိခဲ့တဲ့ လူမှုရေး လုပ်မယ် ဆိုတဲ့ အသင်း (ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်း)နဲ့ ကြားထဲမှာ ဘယ်လို အချိတ်အဆက်တွေ ရှိမလဲ။ အဲဒါတွေက တော်တော် ရှုတ်ရှုတ်ထွေးထွေး ဖြစ်တယ်။ ဒါ မရှင်း မရှင်းနဲ့ ရွေးကောက်ပွဲကို သွားမှာပဲ။” ဟု သူက ဆိုသည်။

ဆက်လက်၍ သူက “ဒီပါတီ(ကြံ့ဖွံ့အသင်း) မထောင်ခင်က နအဖ ၀န်ကြီးအများစုဟာ ချက်ချင်းပဲ စစ်တပ်ကနေပြီးတော့ ရာထူးကို စွန့်တယ်။ စွန့်ပြီးတော့မှ တရားဝင် မှတ်ပုံတင်တယ်။ စသဖြင့် ဒီလို ဖွတ်ပူမီးတိုက် လုပ်တဲ့ ကိစ္စကတော့ သံသယဖြစ် စရာတွေ အများကြီးပဲ။ တကယ်ဆိုရင် စစ်တပ်ကထွက်တဲ့ ခေါင်းဆောင်တွေပဲဖြစ်ဖြစ်၊ ၀န်ထမ်းတွေပဲဖြစ်ဖြစ် တရားဝင် ရွေး ကောက်ပွဲ ၀င်ကြတယ်။ လူထုက ရွေးလို့ အစိုးရတက်လုပ်လည်း ဘာမှမဖြစ်ဘူး။ ဒါပေမယ့် တခြား နိုင်ငံရေးပါတီတွေလည်း သူ့ လို တန်းတူ အခွင့်အရေး ရသင့်တယ်”ဟု ပြောသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအား ပါတီမှတ်ပုံတင်အမှတ် (၃၂) ဖြင့် မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၉နှင့်အညီ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အတွင်းရေးမှူး ၀င်းကို၏ အမိန့်ဖြင့် ၂၀၁၀ပြည့်နှစ်၊ ဇွန်လ ၈ရက်နေ့က မှတ်ပုံတင်ခွင့် ပြုလိုက်ကြောင်း မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြပါရှိသည်။

ထို့အပြင် (ယူအက်စ်ဒီပီ) ပါတီရုံးချုပ်ကို နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၊ ရာဇသင်္ဂဟလမ်းနှင့် “စီ”လမ်းထောင့်၊ မြေကွက်အ မှတ်(၅)တွင် ဖွင့်လှစ်ထားသည်ဟုလည်း ဖော်ပြထားသည်။

လက်ရှိ စစ်အစိုးရ ၀န်ကြီးချုပ် ဦးသိန်းစိန် ဦးဆောင်သည့် ယူအက်စ်ဒီပီကို ပါတီအဖြစ် မပြောင်းလဲမီ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး အသင်းအဖြစ် ၁၉၉၃ခုနှစ်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဖွဲ့စည်းခဲ့ပြီး အသင်းဝင် ၂၄ သန်း ရှိသည်ဟု တရားဝင် ထုတ်ပြန်ချက်များ အရ သိရသည်။

Ref: KIC News

Read More...

မြန်မာနိုင်ငံ၌ နျူကလီးယားလက်နက် မလိုအပ်ဟု NLD ပြော

ဖနိဒါ | အင်္ဂါနေ့၊ ဇွန်လ ၀၈ ရက် ၂၀၁၀

ချင်းမိုင် (မဇ္ဈိမ)။ ။ စစ်အစိုးရအနေဖြင့် နျူကလီးယားလက်နက် စီမံကိန်းအစား ပြည်သူများ လက်တွေ့ ခံစားနေရသည့် ဒုက္ခများကို ဖြည့်ဆည်း ပေးသင့်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဒုဥက္ကဌ ဦးတင်ဦးက ပြောသည်။

“အမှန်ကတော့ လူတွေ ငတ်ပျက်နေတာ။ မီးရေမလာတာတွေ ဖြည့်ဆည်း ပေးစမ်းပါဗျာ။ အဲဒါတွေ လုပ်ပေးရင် သူတို့ကို လေးစား ဂုဏ်ယူမှာပါ” ဟု ကာကွယ်ရေး ဝန်ကြီးဟောင်း ဦးတင်ဦး က မဇ္ဈိမကို ပြောသည်။

ထို့ပြင် မြန်မာနိုင်ငံသည့် ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံမဟုတ်ခြင်း၊ ကျွမ်းကျင်သည့် သိပ္ပံပညာရှင်များ မရှိ သေးခြင်းတို့ကြောင့် အန္တရာယ် ရှိလာနိုင်သည်ဟု ဆိုသည်။

“အိမ်နီးချင်းနိုင်ငံတွေ ဆိုရင်လည်း ချစ်ခင်ရင်းနှီးနေတာဘဲဗျာ။ မလိုဘူး ထင်ပါတယ်။ သိပ္ပံနည်းတွေ ကျွမ်းကျွမ်းကျင်ကျင် လုပ်နိုင်မှ စဉ်းစားရမဲ့ ကိစ္စပါ။ ကျနော်တို့ နိုင်ငံက ပေါတီးပေါ့စ လုပ်တတ်တာ တွေရှိတော့ မတော်တဆ ဖြစ်ရင်လည်း သိပ်အန္တရာယ် ကြီးမားပါတယ်” ” ဟု သူက ပြောသည်။

စစ်အစိုးရသည် နျူကလီးယား နည်းပညာဆိုင်ရာ သင်တန်းများ တက်ရောက်ရန် စစ်တပ်မှ ရွေးချယ်၍ ရုရှနိုင်ငံသို့ စေလွှတ်သည်မှာ ၁ဝ နှစ်ခန့် ရှိပြီ ဖြစ်သောကြောင့် “အထိုက်အလျောက်” တတ်မြောက် လာပြီး လက်နက် ထုတ်လုပ်နိုင်ရေး စတင် လုပ်ဆောင် နေပုံရသည်ဟု သူက သုံးသပ်သည်။

ယခု နှစ် ဖေဖော်ဝါရီလ၌ ပြည်ပသို့ထွက်လာသူ မကွေးတိုင်း မြိုင်မြို့နယ်အတွင်းရှိ လျို့ဝှက်လက်နက် ထုတ်စက်ရုံမှ အကြီးအကဲ တဦးဟု ဆိုသူ ဗိုလ်မှူးစိုင်းသိန်းဝင်းက စာရွက်စာတမ်းနှင့် ဓာတ်ပုံ အထောက်အထားများကို နော်ဝေ အခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ DVB သို့ လွှဲပြောင်းခဲ့ခြင်းဖြစ် သည်။ ယင်းကို အယ်လ်ဂျာဇီးယား ရုပ်မြင်သံကြားမှ ယခုလ ၄ ရက်နေ့က ထုတ်လွှင့် သွားသည်။

ကမ္ဘာ့နျူကလီးယားဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများကို စောင့်ကြည့် ကြတ်မတ်နေသော နိုင်ငံတကာ အနုမြူ စွမ်းအင် အေဂျင်စီ IAEA အဖွဲ့ကြီး၏ ဒါရိုက်တာဟောင်း ရောဘတ် ကယ်လီကလည်း ယင်း အထောက်အထားများအရ စစ်အစိုးရသည် နျူကလီးယား လက်နက်အတွက် လိုအပ်သော ယူရေနီ ယမ်သတ္တု ပြုလုပ်ရန် ကြိုးစားနေကြောင်း ထင်ရှားသည်ဟု ဆိုသည်။

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ နျူကလီးယား လက်နက်ကင်းရှင်းရေးဇုံ Treaty on South East Asia Nuclear Weapon Free Zone (SEANWFZ) ကို ၁၉၉၅ ခု ဘန်ကောက်တွင် ကျင်းပသည့် ASEAN အစည်းအဝေး၌ လက်မှတ်ထိုးထားသည်။

နောက်ဆုံးထွက်လာသည့် အစီရင်ခံစာနှင့် ပတ်သက်၍ IAEA က လေ့လာမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး လိုအပ်ပါက စစ်အစိုးရအား မေးမြန်း စုံစမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

Ref: မဇ္ဈိမ

Read More...

ALP တွင် လက်နက်ချသွားသူ စစ်သား ၆ ဦးကို ရှင်းပစ်ရန် ထောက်လှမ်းရေးများကို ဘင်္ဂလာဒေခ်ျ့သို့ စေလွတ်ထား

မောင်အေး
6/9/2010

ရခိုင်ပြည်လွှတ်မြှောက်ရေး ပါတီ ALP တွင် လက်နက်ချသွားသော စစ်သား ၆ ဦးကို ရှင်းပစ်ရန်အတွက် အရပ်ဝတ် ထောက်လှမ်းရေး များကို စေလွှတ်ထားကြောင်း အမည်မဖေါ်လိုသူ စစ်တပ်နှင့် နီးစပ်သူ တဦးက ပြောသည်။

“သူတို့က စစ်ရေး အရ အရေးယူနိုင်အောင် အိန္ဒိယ နယ်မြေထဲထိ ၀င်ရောက်လူပ်ရှားမူတွေ အများကြီး လုပ်ခဲ့တယ်။ ALP ဌာနချုပ်ကို သူတို့ စီးနှင်း တိုက်ခိုက်ဖို့ထိ သူတို့ လုပ်ဆောင်ခဲ့တယ်။ ဒါပေမယ့် စစ်ရေးအရ ၀င်းရှင်းဖို့ မလွယ်ကူတဲ့ အတွက် အခုအခါ ထောက်လှမ်းရေး တွေကို အရပ်ဝတ်နဲ့ ဘင်္ဂလာဒေခ်ျ့ နိုင်ငံထဲကို စေလွတ်ထားတာ ဖြစ်တယ်။”

နအဖ စစ်တပ်သည် အဆိုပါ စစ်သား ၆ ဦး လက်နက် အမြောက်အမြားဖြင့် ALP ထံ လက်နက် ချသွားပြီးနောက် အိန္ဒိယ နိုင်ငံထဲရှိ ရခိုင်ကျေးရွာ အများအပြားကို ညဥ့်အချိန်တွင် ၀င်ရောက် စီးနှင်းမူများ ပြုလုပ်ခဲ့သည်။ ၎င်းအပြင် အိန္ဒိယ နိုင်ငံထဲထိ ၀င်ရောက်ပြီး ကင်းပုန်း ၀ပ်ကာ စစ်ရေးအရ လက်စားချေ တိုက်ခိုက်ရန် ကြိုးပမ်းခဲ့သည်။

သို့အတွက် အိန္ဒိယ နိုင်ငံထဲရှိ တက်ပုတ်ချေ၊ ကာကီရွာနှင့် ရွာသစ်ကျေးရွာများတွင် နေထိုင်နေသော ရခိုင် ကျေးရွာသားများမှာ ထွက်ပြေး တိမ်းရှောင် နေခဲ့ကြရသည်။

အဆိုပါ စစ်ရေးအရ ဆောင်ရွက်မူ မအောင်မြင် သဖြင့် နောက်ပိုင်းတွင် ယခုကဲ့သို့ ထောက်လှမ်းရေများကို အရပ်ဝတ်ဖြင့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံထဲသို့ စေလွှတ်ထားခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာ နိုင်ငံသား တဦးက “ သိပ်တော့ မလွယ်ဘူးထင်ပါတယ်။ ဒါပေမယ့်လည်း သူတို့ရဲ့ သတင်းပေးတွေ၊ ထောက်လှမ်းရေး တွေက ကော့ဘဇား ထိတောင် ရှိနေတယ် ဆိုတော့ သူတို့ လုပ်ကောင်း လုပ်နိုင်ပါတယ်။ ဖြစ်နိုင်ခြေ ရှိတာကတော့ ဘင်္ဂလာဒေခ်ျ့ ဘက်ကို ၀င်ရောက်ပီး အဲဒီ စစ်သားတွေ ဘင်္ဂလာနိုင်ငံထဲကို ရောက်မရောက် စုံစမ်းနိုင်တဲ့ အနေအထားတော့ ရှိပါတယ်။ လက်နက်နဲ့ ၀င်းရှင်းဖို့ ဆိုတာကတော့ သိပ်မဖြစ်နိုင်ဘူးလို့ မြင်ပါတယ်” ဟု ပြောသည်။

အဆိုပါ စစ်သား ၆ ဦးသည် စစ်တွေ အခြေစိုက် ခမရ ၂၃၂ တပ်ရင်းမှ ဖြစ်ပြီး အိန္ဒိယ- မြန်မာ နယ်စပ်တွင် တာဝန် ကျနေစဉ် မေလ ၁၆ ရက်နေ့က မြိတ်ဝ စခန်းမှ စခန်းမှူး ဗိုလ်ကြီး ထက်အောင်ထွန်းကို ပစ်သတ်ပြီး လက်နက်မျိုးစုံ ၁၁ လက် အပါအ၀င် တခြား ခဲယမ်း မီးကျောက် အများအပြားနှင့် အတူ ALP ထံ လက်နက်ချ ပူးပေါင်းခဲ့သည်။

သူတို့ လက်နက်ချသွားသဖြင့် ယာယီ တပ်ရင်းမှူး ဗိုလ်မှူး ကျော်မိုးဟိန်းမှာ အရေးယူ အပြစ်ပေး ခံထားရကြောင်း သိရသည်။

Ref: နိရဉ္စရာ

Read More...

Wednesday, June 9, 2010

ဝ နယ်အတွင်း ကျွံဝင်ထောက်လှမ်းသည့် နအဖ ပုလိပ် အဖမ်းခံရ

Tuesday, 08 June 2010

ဝ နယ်အတွင်း ၀င်ရောက်ထောက်လှမ်းသည့် သျှမ်းပြည်အရှေ့ပိုင်း မိုင်းယန်းအခြေစိုက် ပုလိပ်အား ၀ အာဏာပိုင်က ဖမ်းဆီး ထိန်းသိမ်း လိုက်ကြောင်း စုံစမ်း သိရှိရပါသည်။

“အဲဒီလူတွေကိုမသင်္ကာဘူး၊ ၀ တပ်စခန်းတွေကို လိုက်မေးတယ်၊ ဟိုစပ်စု ဒီစပ်စု လုပ်တော့ ရပ်ကွက်၊ ကျေးရွာ ၀ အာဏာပိုင်တွေက ဖမ်းဆီးပြီး စစ်ဆေးတယ်၊ မိုင်းယန်းက ပုလိပ်မှန်း သေချာတော့ ၀ စစ်တပ်ဆီကို ပြီးခဲ့တဲ့ အပတ်က အပ်နှံ လိုက်ပြီလို့ သိရတယ်” - ဟု တရုတ်နယ်စပ် နေထိုင်သူ သျှမ်းအမျိုးသား တဦးကပြောပါသည်။

ဝ အာဏာပိုင်က ဖမ်းဆီးချုပ်နှောင်သည့် ရဲတပ်သား ၂ ဦးအနက် တဦးမှာ ကျိုင်းတုံဇာတိ သျှမ်းအမျိုးသားဖြစ်ပြီး ကျန်တဦးမှာ စိုင်းကျော် အမည်ရှိ ၀ အမျိုးသားတဦး ဖြစ်သည်ဟု မိုင်းဖျဲန် ဒေသခံ တဦးက ပြောပါသည်။

ဝ တပ်ဖွဲ့ စစ်ဆေးမေးမြန်းချက် အရ အဆိုပါ ရဲသားနှစ်ဦးသည် နအဖ စစ်တပ် စေခိုင်းချက်အရ ၀ တပ်ဖွဲ့ တပ်စခန်း တည်နေရာ၊ အင်အား တိုးချဲ့ ပြင်ဆင်မှု အခြေအနေ နှင့် ၂၀၀၉ နှစ်လည်ပိုင်းက ၀ နယ်အတွင်း ပျောက်သွားသည့် ဗမာ့ တပ်မတော်သား ၂ ဦး၏ သတင်း လိုက်လံစုံစမ်းရန် ၀ နယ်အတွင်း ၀င်ရောက်ခြင်း ဖြစ်သည်ဟု ထွက်ဆို ခဲ့ကြောင်း အဆိုပါ ဒေသခံကပြောပါသည်။

“အခုသူတို့ ၂ ယောက်ကို မိုင်းပေါက် ၀ တပ်ဖွဲ့က ထိန်းချုပ်ထားတယ်။ ဌာနချုပ်ကို ပို့မလား၊ ဘာလုပ်မလဲတော့ မသိဘူး” - ၀ အာဏာပိုင် နှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းက ပြောပါသည်။

၂၀၀၉ နှစ်ကုန်ပိုင်းကလည်း မိုင်းခတ်အခြေစိုက် ခမရ ၃၂၇ မှ လက်နက် အပြည့် တပ်ဆင်ထားသည့် အင်အား ၆ ယောက်ပါ အဖွဲ့ တဖွဲ့ ၀ ထိန်းချုပ် နယ်မြေသို့ ကျွံဝင်ခဲ့သော်လည်း ၀ တပ်ဖွဲ့က တစုံတရာ အရေးမယူဘဲ ပြန်လွှတ်ပေးလိုက်သည်။

၂၀၁၀ မေလဆန်းပိုင်း လားရှိုးတိုင်းမှူး ဗိုလ်ချုပ်အောင်သန်းထွဋ်က ၀ တပ်ဖွဲ့ ဥက္ကဌ ပေါက်ယူချမ်းအား တွေ့ဆုံရန် ဖိတ်ခေါ် ခဲ့သော်လည်း ၀ တပ်ဖွဲ့ ငြင်းဆန်ခဲ့သည့် နောက်ပိုင်း ကနေ့တိုင် ထပ်မံ ကမ်းလှမ်းခြင်း တစုံတရာ မရှိခဲ့ပေ။

“အခုလိုမျိုး နအဖနဲ့အေးအေးကျဲကျဲမနေဖို့၊ ကချင် တပ်ဖွဲ့လို မကြာခဏ ၀င်ထွက် ဆွေးနွေးဖို့ လိုတယ်၊ အပေါင်းလက္ခဏာ ဆောင်တာ မဆောင်တာ အပထား နှစ်ဘက်စလုံး သွားလာ ၀င်ထွက်ဖို့ အရေးကြီးတယ်” - ဟု တရုတ် အာဏာပိုင် များက ပြောဆို တိုက်တွန်းထားကြောင်း နယ်စပ်နေ အဆိုပါ သျှမ်းအမျိုးသားက ပြောပါသည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

မြန်မာ နျူကလီးယားဆိုင်ရာ အထောက်အထား IAEA စိစစ်

ခက်ထန်
Tuesday, June 08, 2010

မြန်မာ နျူကလီးယား လျှို့ဝှက် စီမံကိန်းနှင့် ပတ်သက်၍ အသစ် ထွက်ပေါ်လာသော အထောက် အထားများကို ကြည့်ရှု စစ်ဆေး နေကြောင်း နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) အကြီးအကဲ ယူကိယ အာမာနိုက ပြောကြားသည်။

“မီဒီယာက တဆင့် ထွက်ပေါ် လာတဲ့ သက်ဆိုင်ရာ သတင်းနဲ့ ဆောင်းပါး တွေကို ကြည့်ပြီးပါပြီ။ အချက် အလက်တွေကို စိစစ် နေပါတယ်။ လိုအပ်ရင် မြန်မာအစိုးရ ဆီကနေ ရှင်းလင်းချက် တောင်းပါမယ်”ဟု ယူကိယ အာမာနိုက IAEA ၏ ၃၅ နိုင်ငံ ပါဝင်သော ဘုတ်အဖွဲ့ အစည်းအဝေးတွင် ယမန်နေ့က ပြောကြား သွားသည်။

ဇွန်လ ၄ ရက်မှ ၆ ရက်နေ့ အထိ စင်ကာပူ နိုင်ငံတွင် ကျင်းပသော ရှန်ဂရီလာ ဒိုင်ယာလော့ဂ် (Shangri-La Dialogue) ဆွေးနွေးပွဲ ခေါ် ၉ ကြိမ်မြောက် အာရှလုံခြုံရေး ထိပ်သီး ဆွေးနွေး ပွဲတွင် မြန်မာ နျူကလီးယား အရေးနှင့် ပတ်သက်၍ တံခါးပိတ် ဆွေးနွေးပွဲတခု ပြုလုပ်ခဲ့ကြောင်း နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေးဌာန (IISS) မှ လက်နက် မပြန့်ပွားရေး ဆိုင်ရာ အကြီးတန်း သုတေသီ မာ့ခ် ဖစ်ဇ်ပက်ထရစ်ကို ကိုးကား၍ My Paper သတင်းဌာနက ဖော်ပြသည်။

စင်္ကာပူ အခြေစိုက် My Paper သတင်းဌာနက ထိပ်သီးဆွေးနွေးပွဲ အပြီး စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးဝင်းမြင့်ကို နျူကလီးယား အထောက်အထား သစ်များ အကြောင်း မေးမြန်းခဲ့ရာ “မမှန်ပါဘူး။ ကျနော်တို့ နိုင်ငံကို ဇွတ် ပုံစံသွင်းနေတာပါ” ဟု ဖြေသွားသည်။

“နျူကလီးယား ထုတ်ဖို့ဆိုရင် ကျနော်တို့မှာ အခြေခံ ပစ္စည်းပစ္စယနဲ့ နည်းပညာတွေ လိုအပ်ပါသေးတယ်”ဟု ဦးဝင်းမြင့်က ဆက်လက် ပြောသည်။

ဒုတိယ ကာကွယ်ရေး ဝန်ကြီး ဗိုလ်ချုပ် အေးမြင့်သည် ရှန်ဂရီလာ ဒိုင်ယာလော့ဂ် ထိပ်သီး ဆွေးနွေးပွဲသို့ တက်ရောက်ရန် စီစဉ်ပြီးမှ အစီစဉ်ကို ဖျက်သိမ်းလိုက်ပြီး သံအမတ်ကြီး ဦးဝင်းမြင့်သာ တက်ရောက်ခဲ့သည်။

အာရှနှင့် ပစိဖိတ် ဒေသတွင်း ကာကွယ်ရေးနှင့် လုံခြုံရေး မူဝါဒများ ဆွေးနွေးရန်အတွက် ကာကွယ်ရေး ၀န်ကြီးများ၊ လုံခြုံရေး ကျွမ်းကျင် သူများနှင့် ပညာရှင်များက ယင်းဆွေးနွေးပွဲသို့ တက်ရောက် ခဲ့ကြသည်။

ဗိုလ်ချုပ် အေးမြင့် မတက်ရောက်ခြင်းနှင့်ပတ်သက်၍ My Paper သတင်းဌာနက မေးမြန်းခဲ့ရာ တရုတ် ဝန်ကြီးချုပ် ဝမ်ကျားပေါင် လာရောက်မည် ဖြစ်၍ တက်ရောက်မည့် အစီအစဉ်ကို ဖျက်သိမ်းခြင်း ဖြစ်သည်ဟု ဦးဝင်းမြင့်က ဖြေကြားခဲ့သည်။

ရုရှားမှ ဒုံးပျံအင်ဂျင်ပညာနှင့် ဘွဲ့ရခဲ့သည့် ဗိုလ်မှူး စိုင်းသိန်းဝင်းက ရာနှင့် ချီသော လျှို့ဝှက် အထောက်အထား စာရွက်စာတမ်း နှင့် ဓာတ်ပုံများကို ယူဆောင်ကာ ပြည်ပသို့ တိမ်းရှောင် လာပြီးနောက် စစ်အစိုးရ၏ နျူကလီးယား စီမံကိန်းဆိုင်ရာ အချက် အလက်သစ်များ ထွက်ပေါ်လာခြင်းဖြစ်သည်။

နော်ဝေအခြေစိုက် ဒီမိုကရက်တစ် မြန်မာ့ အသံ (DVB) နှင့် အယ်လ်ဂျာဇီးယား သတင်းဌာနတို့က ရရှိလာသော အထောက် အထား ပေါ်မူတည်၍ ပြီးခဲ့သည့် သတင်းပတ်တွင် သတင်းမှတ်တမ်း အဖြစ် ထုတ်လွှင့် ပြသခဲ့သည်။

ဗိုလ်မှူး စိုင်းသိန်းဝင်း ယူဆောင်လာသော အချက်အလက်များကို နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) ၏ ညွှန်ကြားရေးမှူးဟောင်း ရောဘတ် ကယ်လီက လနှင့်ချီ၍ လေ့လာ ဆန်းစစ်ပြီးနောက် စာရွက်စာတမ်းနှင့် ဓာတ်ပုံ အထောက်အထားများတွင် ပါရှိသော စက်ယန္တရား ပစ္စည်းများသည် နျူကလီးယား ဆိုင်ရာ လက်နက်များ ထုတ်လုပ်ရန် အသုံး ဝင်သည်ဟု မှတ်ချက်ချကြောင်း သိရသည်။

ဗိုလ်မှူး စိုင်းသိန်းဝင်းက“သူတို့ တကယ် လိုချင်တာက အဏုမြူဗုံးပဲ။ အဲဒါ သူတို့ရဲ့ အဓိက ရည်မှန်းချက်ပဲ။ ဒုံးကျည်တွေ နျူကလီးယား ထိပ်ဖူးတွေ ပိုင်ဆိုင်ချင်တယ်”ဟု အယ်လ်ဂျာ ဇီးယား သတင်းဌာန၏ ထုတ်လွှင့်မှုတွင် ပြောကြားထားသည်။

ယင်းထုတ်လွှင့်ပြသမှု မတိုင်ခင်တွင် အမေရိကန် အထက်လွှတ်တော် အမတ် ဂျင်မ် ဝက်ဘ်က မြန်မာပြည် ခရီးစဉ်ကို မြောက်ကိုရီးယားနှင့် နျူကလီးယား ဆက်ဆံရေးကြောင့် ဟုဆိုကာ ဇွန်လ ၃ ရက်နေ့တွင် ရုတ်တရက် ဖျက်သိမ်းလိုက်သည်။

စစ်အစိုးရသည် အရှေ့တောင်အာရှ ဒေသတွင်း အဏုမြူလက်နက် ကင်းစင်သောဇုန်နယ် အဖြစ် သတ်မှတ်ရေး သဘောတူညီချက် (ဘန်ကောက် သဘောတူညီချက်) ကို ၁၉၉၅ ခုနှစ်တွင် လက်မှတ် ရေးထိုးခဲ့သည်။ နောက်တနှစ် အကြာတွင် ဘက်စုံ အဏုမြူ စမ်းသပ်မှုများ တားမြစ်ရေး သဘောတူညီချက်ကိုလည်း လက်မှတ်ရေးထိုး ခဲ့သေးသည်။

Ref: ဧရာဝတီ်

Read More...

နိုင်ငံရေးပါတီများ ဝက်ဘ်ဆိုက်တင်လာကြ

နရီလင်းလက်
Tuesday, June 08, 2010

၂၀၁၀ ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်မည့် နိုင်ငံရေး ပါတီများသည် ၎င်းတို့ ပါတီနှင့် မဲဆန္ဒရှင်များ အကြား ဆက်သွယ်ရေး နည်းလမ်း တခုအဖြစ် အင်တာနက် စာမျက်နှာများ၊ ဘလော့ဂ်များ ပြုလုပ်လာကြကြောင်း တွေ့ရသည်။

“ကျနော်တို့ ပါတီရဲ့ လှုပ်ရှားမှုတွေကို နိုင်ငံတကာက ကျယ်ကျယ်ပြန့်ပြန့် သိရအောင်၊ ဒီမိုကရေစီ လိုလားတဲ့ ပြည်ပရောက် သူငယ်ချင်းတွေ၊ မိတ်ဆွေတွေ အနေနဲ့ ကျနော်တို့ ပါတီက ဆောင်ရွက် နေတာတွေကို ပွင့်လင်းမြင်သာအောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အခုလို ၀က်ဘ်ဆိုက် ထောင်လိုက်တာပါ” ဟု ပြည်ထောင်စု ဒီမိုကရေစီ ပါတီ ဥက္ကဋ္ဌ ဦးဖြိုးမင်းသိန်းက ပြောသည်။

နိုင်ငံရေး ပါတီများသည် ပါတီ၏ မူဝါဒ၊ သဘောထား ရပ်တည်ချက်၊ မဲဆွယ် စည်းရုံးရေးဆိုင်ရာ အကြောင်းအရာများကို စာရွက် စာတမ်း၊ စာအုပ်နှင့် လက်ကမ်း စာစောင်များပုံနှိပ်၍ ဖြစ်စေ၊ အင်တာနက် စာမျက်နှာများတွင် ဖြစ်စေ ဖော်ပြနိုင်ရန် စာပေစိစစ်နှင့် မှတ်ပုံတင် ဌာနတွင် မှတ်ပုံတင်ကြေး ကျပ် ၁ သိန်းနှင့် အာမခံကြေး ကျပ် ၅ သိန်းကို ပေးသွင်းကာ ပုံနှိပ် ထုတ်ဝေခွင့်လိုင်စင် လျှောက်ထားရန် လိုအပ်သည်ဟု သိရသည်။

“ပါတီ ဝက်ဘ်ဆိုက် ရှိပေမယ့် အခုလောလောဆယ်တော့ ခဏရပ်ထားတယ်။ ထုတ်ဝေခွင့် မကျသေးဘူး။ ရတာနဲ့ ပြန်တင်နိုင်ဖို့ လုပ်သွားမှာပါ။ ခဏရပ်ထားတယ် ဆိုတာကလည်း ခွင့်ပြုချက်မရခင် တင်နေတယ်ဆိုပြီး အရေးယူတာတွေ၊ ကိုယ့်ပါတီရဲ့ လှုပ်ရှားမှုတွေကို ဟန့်တား နှောင့်ယှက်တာတွေ ဖြစ်လာမှာစိုးလို့ နည်းနည်း သတိထားနေတာပါ” ဟု ဦးဖြိုးမင်းသိန်းက ဆက်လက် ပြောပြသည်။

မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၏ အတွင်းရေးမှူး ဦးနေမျိုးဝေကလည်း မဲဆန္ဒရှင်များနှင့် ပါတီအကြား ဆက်ဆံရေးကို ဥပဒေ ဘောင်အတွင်းမှ ကြိုးစား လုပ်ဆောင် နေရကြောင်း၊ ယခုကဲ့သို့ ပါတီနှင့် ပတ်သက်သည့် မူဝါဒများ၊ အကြောင်းအရာများ ကို လွတ်လပ်စွာ ရေးသားခွင့် ရသင့်ကြောင်း ပြောသည်။

“အခု ကျနော်တို့ဘက်က ထိန်းပြီး လုပ်ကြည့်တယ်၊ သူတို့ ဘက်ကလည်း နားလည် ပေးဖို့ လိုတယ်။ ပါတီဝက်ဘ်ဆိုက် လျှောက်ဖို့ ၆ သိန်း အတွက် အခု အလှူ လိုက်ခံနေတယ်။ လျှောက်တာကတော့ ၃ ရက်အတွင်း ရမယ်လို့ စာပေစိစစ်ရေး ညွှန်ကြားရေးမှူး ဗိုလ်မှူးတင့်ဆွေက ပြောတယ်” ဟု ဦးနေမျိုးဝေက ဆိုသည်။

ကဗျာဆရာ၊ စာရေးဆရာ ဝေမှူးသွင် ထူထောင်ထားသည့် မြန်မာဒီမိုကရေစီ ကွန်ဂရက် ပါတီကလည်း ဘလော့ဂ် စာမျက်နှာများ ဖွင့်လှစ်ကာ ပါတီနှင့် ပတ်သက်သည့် အကြောင်းအရာများ၊ ဆောင်းပါးများ ဖော်ပြသွားမည်ဟု သိရသည်။

အကယ်၍ နိုင်ငံရေးပါတီများက စစ်အစိုးရကို မဆန့်ကျင်ရန်၊ စစ်တပ်ကို မပုတ်ခတ်ရန်၊ ထုတ်ပြန်ထားသော အမိန့်များကို မဆန့်ကျင်ရန် စသည့် သတ်မှတ်ချက်များကို ဖောက်ဖျက်ပါက အာမခံကြေး တစိတ်တဒေသ ဖြစ်စေ၊ အားလုံးကို ဖြစ်စေ သိမ်းယူ ခံရမည်ဖြစ်ပြီး ဥပဒေနှင့် အညီ ထိရောက်စွာ အရေးယူမည်ဟု မတ်လ ၁၇ ရက်နေ့ ရက်စွဲဖြင့် ပြန်ကြားရေး ၀န်ကြီး ဌာန၏ ညွှန်ကြားချက်တွင် ဖော်ပြထားသည်။

မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၏ အင်တာနက် စာမျက်နှာကို အောက်ပါလင့်ခ်တွင် ကြည့်ရှုနိုင်သည်။

http://www.myanmarpdp.com

Ref: ဧရာဝတီ်

Read More...

နယ်ခြားစောင့်တပ်ကိစ္စ DKBA ကို ပြင်းထန်စွာ သတိပေး

ဘစောတင်
Tuesday, June 08, 2010

စစ်အစိုးရက တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်မဟာ ၅ ကို လာမည့် သြဂုတ်လ ၁၀ ရက်နေ့ နောက်ဆုံး ထား၍ နယ်ခြားစောင့် တပ်ဖွဲ့ရန် ပြီးခဲ့သော စနေနေ့တွင် ပြင်းပြင်းထန်ထန် သတိပေးလိုက်ကြောင်း သတင်းရရှိသည်။

ကရင်ပြည်နယ် ကြာအင်း ဆိပ်ကြီးမြို့ နယ် အခြေစိုက် စစ်အစိုးရ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ) (၈) မှ ဗိုလ်မှူးချုပ် သန်းစိုးက DKBA တပ်မဟာ ၅ မှ တပ်မဟာမှူး ဗိုလ်မှူးကြီး နှုတ်ခမ်းမွေးကို သတိပေး ပြောကြားခဲ့ခြင်း ဖြစ်သည်ဟု တပ်မဟာ ၅ မှ အရာရှိတဦး က ဧရာဝတီသို့ ပြောသည်။

သတိပေး ပြောကြားရာတွင် စစ်အစိုးရ တောင်းဆိုသည့် နယ်ခြားစောင့် တပ်မဖွဲ့ပါက လက်နက် ဖြုတ်သိမ်းမည်၊ လက်နက် ဖြုတ်သိမ်း သည်ကို လက်မခံပါက အင်အားသုံး၍ အပြီးပြတ် တိုက်မည်ဟု ပါရှိကြောင်း သိရသည်။

ယင်းသို့ နအဖ က သတိပေးသည်ကို တပ်မဟာ ၅ မှ အရာရှိအများစုက လိုက်နာရန် ဆန္ဒမရှိကြောင်း အထက်ပါ အရာရှိက ဆက်လက် ပြောဆိုသည်။

“နအဖ အနေနဲ့ နယ်ခြားစောင့်တပ်ကို အတင်းဖွဲ့ စည်းခိုင်းတယ်၊ ကျနော်တို့က မဖွဲ့စည်းချင်ဘူး၊ နအဖ ဘက်က စတင်ပြီး ငြိမ်းချမ်းစွာ မဖြေရှင်းဘဲ အကြမ်းဖက် ဖြေရှင်းမယ်ဆိုရင် ကျနော်တို့ ဘက်ကလည်း ခုခံရင်ဆိုင်ဖို့ အဆင်သင့် ပြင်ဆင်ထားပါတယ်”ဟု ၎င်း က ဆိုသည်။

နအဖ တောင်းဆိုသော နယ်ခြားစောင့် တပ်ဖွဲ့ ရန်ကိစ္စကို DKBA တပ်မှူးများထဲမှ လက်ခံချင်သူများ ရှိသကဲ့သို့ ငြင်းဆန် လိုသူများလည်း ရှိကြောင်း သိရသည်။ DKBA ၏ အရေးအကြီးဆုံး ခေါင်းဆောင်ဖြစ်သော ဆရာတော် ဦးသုဇန သည်လည်း နယ်ခြားစောင့် တပ်ကို လက်မခံဟု DKBA အဖွဲ့ဝင်တချို့က ဆိုသည်။

သို့သော် DKBA ဥက္ကဌ နှင့် စစ်ဦးစီးချုပ်ကြားတွင် သဘောထား အနည်းငယ် ကွဲလွဲလျှက်ရှိကြောင်း၊ ဥက္ကဌ ဦးသာလူးကျော်က နယ်ခြားစောင့်တပ် ဖွဲ့စည်းခြင်းကို လက်ခံနိုင်သော်လည်း နအဖ အရာရှိများ နှင့် ရောယှက် ဖွဲ့စည်းရမည်ကို လက်မခံနိုင်ကြောင်း၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကျော်သန်းကမူ နအဖ အလိုကျ ဖွဲ့စည်းခြင်းကို လက်ခံကြောင်း ထိုင်း-မြန်မာ နယ်စပ် သတင်းရပ်ကွက်များ က ပြောဆိုကြသည်။

ယင်းသို့ DKBA အဖွဲ့ အစည်းအတွင်း ထိပ်ပိုင်းခေါင်းဆောင်များ ကြားတွင်လည်းကောင်း၊ အထက်နှင့် အောက် အဆင့်များကြားတွင် လည်းကောင်း နယ်ခြားစောင့်တပ် ဖွဲ့ခြင်းကို အကြောင်းပြု၍ သဘောထား ကွဲလွဲနေစဉ် နအဖက အခွင့်ကောင်း ယူကာ ယခုကဲ့သို့ တပ်မဟာ ၅ ကို သတိပေးဟန်တူကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) ပြောရေးဆိုခွင့် ရှိသူက သုံးသပ်သည်။

“DKBA က နယ်ခြားစောင့်တပ်ဖွဲ့ ဖို့ ဖိအားပေးနေတာကို အရင်လတွေကလည်း ကြားနေရတယ်၊ ဒါပေမယ့် အခုလောက်ထိတော့ ပြင်းပြင်း ထန်ထန် မဟုတ်ခဲ့ဘူး၊ အခုလို DKBA အတွင်းမှာ သဘောထား ကွဲလွဲမှုတွေ အထက်တမျိုး အောက်တမျိုး ဖြစ်နေတဲ့ အနေ အထားတွေ၊ နအဖ အရာရှိတွေ အောက်မှာ မလုပ်ချင်တဲ့ အနေအထားတွေ၊ ဒါတွေကတော့ နအဖ အတွက် အကွက်ပဲ၊ ပွဲလန့်တုန်း ဖျာခင်း ဆိုသလို ထိုးခွဲ လိုက်ရုံပဲလေ၊ ကိုယ်ပိုင် ပြဌာန်းခွင့်ကို လိုလားသူတွေ အတွက်ကတော့ ကိုယ့်ကိုယ်ကိုယ် ခုခံ ကာကွယ်ဖို့က လွဲပြီး ရွေးစရာလမ်း ဘယ်ရှိတော့မလဲ”ဟု KNU ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးစောလှငွေက ပြောသည်။

DKBA သည် ၁၉၉၅ ခုနှစ်တွင် KNU မှ ခွဲထွက်ပြီးနောက် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲကာ တဖြည်းဖြည်း အင်အား ကြီးမားလာသည့် လက်နက်ကိုင် အဖွဲ့ဖြစ်သည်။

စစ်အစိုးရက အပစ်ရပ်အဖွဲ့များကို နယ်ခြားစောင့်တပ် ပြောင်းလဲဖွဲ့စည်းရေး အတွက် ၂၀၀၉ ခုနှစ် ဧပြီလ ကတည်းက စတင်ခဲ့ သော်လည်း ယခုအချိန် အထိ NDA-K ၊ ကယားပြည်နယ် အထူးဒေသ၂ (ကလလတ)၊ ကိုးကန့် အထူးဒေသ ၁ အဖွဲ့များသာ နယ်ခြား စောင့်တပ် အဖြစ် ပြောင်းလဲခဲ့သည်။

တောင်းဆို ထားသည့် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ပျက်ကွက်ပါက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို စစ်အစိုးရက မတရားအသင်း အဖြစ် ကြေညာနိုင်ကြောင်း သတင်းများလည်း ထွက်ပေါ်နေသည်။

၁၉၈၉ ခုနှစ်မှစတင်၍ စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ပေါင်း ၁၇ ဖွဲ့ရှိသည်။

Ref: ဧရာဝတီ်

Read More...

အပေါ်သို့