..............................

Friday, November 26, 2010

မဲမသမာမှုအတွက် ပါတီ ၂ ခု ရဲစခန်းတွင် အမှုဖွင့်

မင်းနိုင်သူ
Thursday, 25 November 2010

ရွေးကောက်ပွဲ ကော်မရှင် ရုံးခန်းများအတွင်း မမှန်မကန် လုပ်ရပ်များနှင့် စပ်လျဉ်း၍ ပါတီ ၂ ခု က သက်ဆိုင်ရာ ရဲစခန်းများတွင် ပြစ်မှုဆိုင်ရာ ဥပဒေအရ တရားစွဲဆို နေပြီဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေးအဖွဲ့ချုပ် (UMFNP) နှင့် အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီတို့က ယခု သတင်းပတ် အတွင်း သက်ဆိုင်ရာ ရဲစခန်းများတွင် အမှုဖွင့် တိုင်ကြားခဲ့ရာ ယမန်နေ့မှစတင်၍ အမှုကို လက်ခံစစ်ဆေး နေပြီ ဖြစ်ကြောင်း သိရသည်။

“ပေါက်ခေါင်း၊ ပြည်၊ ရွှေတောင်၊ အင်းမ ရဲစခန်းတွေမှာ တင်ထားတဲ့ အမှုတွေကို မနေ့က စတင် စစ်ဆေးနေပါပြီ။ ကျနော်တို့ တင်ပြတဲ့ သက်သေတွေကို စ စစ်ပါတယ်” ဟု UMFNP ပါတီခေါင်းဆောင် ဦးအေးလွင်က ပြောသည်။

ရန်ကုန်တိုင်း သုံးခွ၊ ခရမ်းနှင့် ကိုကိုးကျွန်း စသည့် ၃ မြို့နယ် မဲဆန္ဒနယ်တွင် ၀င်ရောက် ယှဉ်ပြိုင်ခဲ့သည့် NDF ပါတီမှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လောင်း ရှေ့နေ ဦးသိန်းဇော်ညွန့်၏ တိုင်တန်း ချက်ကိုလည်း သုံးခွမြို့နယ် ရဲစခန်းက ယမန်နေ့က စတင်စစ်ဆေးနေကြောင်း သိရသည်။

NDF ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေက “ဦးသိန်းဇော်ညွန့် တင်ထားတဲ့ အမှုတွေကို စစ်ဆေးနေပါပြီ။ ကျနော်တို့ ပါတီရဲ့ တခြား လွှတ်တော် ကိုယ်စားလှယ် လောင်းတွေလည်း သူတို့ ဆန္ဒသဘောအရ ရဲစခန်းမှာ အမှုဖွင့်ချင်တယ် ဆိုရင် ရုံးချုပ်ကနေ ဥပဒေ အကြံပေးမှုတွေ ပြုလုပ်ပေးဖို့ ရှိပါတယ်” ဟု ဆိုသည်။

NDF ပါတီ၏ တခြားသော လွှတ်တော် ကိုယ်စားလှယ်လောင်း ၅ ဦး ခန့်ကလည်း သက်ဆိုင်ရာ ရဲစခန်းများတွင် အမှုဖွင့်ကြမည့် အလားအလာ ရှိနေကြာင်း သိရသည်။

ယခုပါတီ ၂ ခုက ရွေးကောက်ပွဲဥပဒေ အခန်း (၁၃) ပါ ပြစ်မှုပုဒ်မခွဲ ၅၉၊ ပုဒ်မခွဲ ၆၄ တို့အရ အမှုဖွင့်နေ ကြခြင်းဖြစ်သည်။ ပြစ်မှု ထင်ရှားပါက မသမာမှု ပြုလုပ်ခဲ့သူများ အနေနှင့် ၁ နှစ်ထက် မပိုသော ထောင်ဒဏ် (သို့မဟုတ်) ကျပ် ၁ သိန်းထက် မပိုသော ငွေဒဏ် (သို့မဟုတ်) ဒဏ် ၂ ရပ်စလုံး ချမှတ် ခံရမည်ဖြစ်သည်။

သို့သော် အဆိုပါ ဥပဒေများဖြင့် အမှုဖွင့် တိုင်ကြားပါက ရွေးကောက်ပွဲ ကျင်းပနေစဉ်နှင့် ကျင်းပအပြီး ၁၅ ရက် အတွင်း၌သာ တိုင်တန်း နိုင်မည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ရွေးကောက်ပွဲဆိုင်ရာ မတရား မှုများနှင့်စပ်လျဉ်း၍ ရွေးကောက်ပွဲ ကျင်းပအပြီး ရက်ပေါင်း ၆၀ အတွင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ ငွေ ၁၀ သိန်းတင်၍ ကန့်ကွက်လွှာ တင်နိုင်ကြောင်း ရွေးကောက်ပွဲ ဥပဒေ အခန်း ၁၅ တွင် ဖော်ပြထားသည်။ သို့ရာတွင် လွှတ်တော် ကိုယ်စားလှယ် အများစုက ယင်းနည်းလမ်းကို ဆောင်ရွက်လိုခြင်း မရှိကြပေ။


Ref: ဧရာဝတီ်

Read More...

ဦးသုဝေတို့က ဒေါ်စုနှင့် ကျန်းမာ၊ ပညာ ပူးပေါင်းမည်

ကြာသပတေးနေ့၊ နိုဝင်ဘာလ ၂၅ ရက် ၂၀၁၀

ရန်ကုန် (မဇ္ဈိမ)။ ။ ပညာရေးနှင့် ကျန်းမာရေး လုပ်ငန်းများတွင် ဒေါ်ဆောင်ဆန်းစုကြည်နှင့် ပူးပေါင်း ဆောင်ရွက် သွားမည်ဟု ဒီမိုကရက်တစ် ပါတီ (မြန်မာ) က ယနေ့ ပြောဆိုသည်။

ဒီမိုကရက်တစ်ပါတီ (မြန်မာ) DPM ဥက္ကဋ္ဌ ဦးသုဝေ ခေါင်းဆောင်သော ၈ ဦးအဖွဲ့က ရန်ကုန်မြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်၌ ဒေါ်အောင်ဆန်းစုကြည်ကို ယနေ့နံနက် တွေ့ဆုံခဲ့ပြီး ပူးပေါင်း ဆောင်ရွက်ရေး သဘောတူခဲ့ခြင်း ဖြစ်သည်။

“ ကျနော်တို့ပါတီက ဦးနေဖူးဗဆွေက တနင်္သာရီတိုင်းမှာ ဝင်ပြိုင်ခဲ့တယ်။ အဲဒီတိုင်းမှာ ဖြစ်နေတဲ့ အနေအထားတွေကို သူက ဒေါ်အောင်ဆန်းစုကြည်ကို ပြောပြတယ်။ ဒါကြောင့် ပညာရေးနဲ့ ကျန်းမာရေးကို အရင်ဆုံး အကောင်အထည် ဖော်ကြဖို့ကို သဘောတူတာ ဖြစ်တယ်’’ ဟု ဦးသုဝေက မဇ္ဈိမကို ပြောသည်။

တနင်္သာရီတွင် ပညာရေးနှင့် ကျန်းမာရေး နိမ့်ကျမှုများကို ကိုယ်တိုင် တွေ့ခဲ့သူ ဦးနေဖူးဗဆွေ (ဝန်ကြီးချုပ်ဟောင်း ဦးဗဆွေ၏ သား) က ရှင်းလင်း ပြောကြားခဲ့ရာမှ ယင်းတိုင်းဒေသတွင် ကနဦး အကောင်အထည် ဖော်ရန် ဆုံးဖြတ်ခြင်း ဖြစ်သည်။

“အကောင်အထည် ဖော်မယ့် ကာလကတော့ တပတ် အတွင်းလို့ ပြောပါတယ်။ တနင်္သာရီတိုင်းမှာ NLD လူငယ်တွေ ရှိတယ်။ အခုလည်း သူတို့က ရန်ကုန်ကို ရောက်နေတယ်လေ။ ဒါ့ကြောင့် အဲဒီ တိုင်းဒေသကို အရင်ဆုံး လုပ်ဖို့ စီစဉ်တာ ဖြစ်မယ်။ ဘယ်လို ဆောင်ရွက်မယ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည်တို့ ဘက်က ပြန်ပြီး ဆက်သွယ်မှာပါ’’ ဟု ဦးသုဝေက ဆိုသည်။

NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်ကလည်း ''အဲဒီကိစ္စအတွက် ရက်ကိုတော့ အတိအကျ မသိရသေးဘူး။ အမြန်ဆုံး ဆောင်ရွက်ဖို့ လုပ်နေတယ်'' ဟု ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ယခုလ ၁၃ ရက်နေ့တွင် နေအိမ်အထိန်းသိမ်းခံမှ ပြန်လွတ်ပြီးနောက် DPM နှင့် တွေ့ဆုံမှုသည် ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီနှင့် စတင် တွေ့ဆုံခြင်း ဖြစ်သည်။

ဦးသုဝေနှင့်အတူ ဒေါ်သန်းသန်းနု၊ ဒေါ်ချိုချိုကျော်ငြိမ်း၊ ဒေါ်နေရည်ဗဆွေ၊ ဦးအောင်ငြိမ်း၊ ဦးနေဖူးဗဆွေ၊ ဦးလှဋ္ဌေးနှင့် ဦးထွန်းလှိုင် စသည့် DPM ခေါင်းဆောင်များ အန်အယ်ဒီရုံးသို့ သွားရောက်ခဲ့ပြီး၊ NLD ဘက်မှ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဥာဏ်ဝင်း၊ ဦးအုန်းကြိုင်နှင့် ပါတီခေါင်းဆောင်အချို့ တက်ရောက် ဆွေးနွေးခဲ့သည်။

ယခုလ ၁၉ ရက်နေ့တွင် ရွေးကောက်ပွဲဝင် တသီးပုဂ္ဂလ အမတ်လောင်း ၁၂ ဦးက ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခဲ့ရာ NLD ၏ လူမှုရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်း လုပ်ဆောင်ရန် ဆန္ဒရှိကြောင်း ပြောဆို ခဲ့ကြသေးသည်။

၂ဝ၁ဝ ရွေးကောက်ပွဲတွင် စုစုပေါင်း ၃၇ ပါတီ ဝင်ပြိုင်ရာ DPM သည် ပါတီဥက္ကဋ္ဌ ဦးသုဝေ သာမက အတွင်းရေးမှူးချုပ် ဒေါ်သန်းသန်းနု၊ အတွင်းရေးမှူးများဖြစ်သော ဒေါ်ချိုချိုကျော်ငြိမ်းနှင့် ဒေါ်နေရည်ဗဆွေတို့ပါ ရှုံးနိမ့်ခဲ့ကြသည်။ တိုင်းနှင့် ပြည်နယ်အတွက် အမတ်နေရာ ၃ နေရာ ရရှိခဲ့သည်။

Ref: မဇ္ဈိမ

Read More...

ရခိုင်ပါတီနှင့် ပူးပေါင်းလိုကြောင်း ဝန်ကြီးနှစ်ဦး ပြော

သိန်းဇော်
ကြာသပတေးနေ့၊ နိုဝင်ဘာလ ၂၅ ရက် ၂၀၁၀

နယူးဒေလီ (မဇ္ဈိမ)။ ။ ပြည်နယ်လွှတ်တော်ထဲတွင် ပူးပေါင်းဆောင်ရွက်လိုကြောင်း နအဖ ဝန်ကြီးနှစ်ဦးက RNDP ခေါ် ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ စစ်တွေမြို့ရှိ အမတ် ၃ ဦးကို ပြောခဲ့ကြောင်း RNDP က ပြောသည်။

အမှတ် ၁ စက်မှုဝန်ကြီး ဦးအောင်သောင်းနှင့် ပို့ဆောင်ရေးဝန်ကြီး ဦးသိန်းဆွေက အမတ် ၄၆-၄၇ ဦးရှိမည့် ပြည်နယ် လွှတ်တော် ထဲတွင် ၁၈ ဦးဖြင့် အများဆုံး နေရာရရှိသည့် RNDP မှ အမတ် ၃ ဦးကို ယခုလ ၂၂ ရက်နေ့တွင် စစ်တွေ၌ တွေ့ဆုံခဲ့ကာ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

’’သူတို့ပြောတာက လွှတ်တော်မှာ လိုအပ်တဲ့ဟာတွေကို ပူးပေါင်းလို့ လုပ်မယ်ဆိုပြီးတော့ ဆွေးနွေးတာပါ။ သူတို့ ဆွေးနွေးတာပါ။ သဘောတူညီမှု မရသေးဘူး။ မိတ်ဖြစ်ဆွေဖြစ် ဆွေးနွေးတာ။ ကျနော်တို့ အဖြေ မပေးလိုက်သေးဘူး။ အဖြေမပေး ဆိုတာက EC အစည်းအဝေး ထိုင်ပြီးမှ ဆုံးဖြတ်နိုင်မှာလို့ ပြန်ပြောလိုက်တယ်။ သူတို့က RNDP ဟာ ရခိုင်ပြည်မှာ အများဆုံး ရတာကြောင့် ဂုဏ်ယူတယ်လို့ ပြောတယ်’’ ဟု ကိုယ်တိုင် တွေ့ဆုံခဲ့သည့် RNDP ပြည်သူ့လွှတ်တော်အမတ် ဦးမောင်ညိုက မဇ္ဈိမကို ပြောသည်။

RNDP နှင့် ဝန်ကြီးများ တွေ့ဆုံနိုင်ရန်အတွက် ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်က စီစဉ်ပေးခဲ့သည်။ ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီကို ကိုယ်စားပြုကာ ပြည်သူ့ လွှတ်တော်အတွက် ဝန်ကြီး ဦးအောင်သောင်းသည် မန္တလေးတိုင်း တောင်သာမြို့နယ်မှ၎င်း၊ ပို့ဆောင်ရေး ဝန်ကြီး ဦးသိန်းဆွေမှာ ရခိုင်ပြည်နယ် အမ်းမြို့နယ်မှနေ၍ ရွေးကောက်ပွဲဝင်ခဲ့ရာ အနိုင် ရရှိခဲ့ကြသည်။

RNDP အမတ်များက ရခိုင်ပြည်နယ်သည် ကမ်းရိုးတန်းဒေသ ဖြစ်သဖြင့် မွေးမြူရေးနှင့် လျှပ်စစ် ထုတ်လုပ်ရေး လုပ်ငန်းများ တွင်ကျယ်လာလျှင် နိုင်ငံတကာ ဈေးကွက်သို့ ထိုးဖောက်ရန် အလားအလာရှိကြောင်း တင်ပြခဲ့သည်ဟု တွေ့ဆုံပွဲသို့ သွားရောက် ခဲ့သည့် RNDP ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က မဇ္ဈိမကို ပြောသည်။

“ ဖွံ့ဖြိုးမှုလုပ်ငန်းကို အလွယ်တကူနဲ့ အလျင်အမြန် လုပ်နိုင်တယ်။ ပင်လယ်ရေနက်ဆိပ်ကမ်း ရှိတယ်။ လျှပ်စစ် ဓာတ်အားကိုသာ ၂၄ နာရီ ရရင် ပင်လယ် ကမ်းနီးကမ်းဝေး ငါးဖမ်း လုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ စက်မှုဇုန်တွေ၊ မွေးမြူရေးဇုန်တွေ ပေါ်လာနိုင်တယ်၊ ဘင်္ဂလားဒေ့ခ်ျနဲ့ အိန္ဒိယ ဈေးကွက်တွေ ဝင်လာနိုင်တယ်လို့ တင်ပြခဲ့တယ်” ဟု သူက ပြောသည်။

ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများသာမက မည်သည့်ကိစ္စမဆို ရခိုင်ပြည်နယ်နှင့် ပြည်ထောင်စု အကျိုးအတွက် ထောက်ခံမည် ဖြစ်ပြီး၊ လူထုကို ထိခိုက်မည့် ကိစ္စမျိုးဖြစ်လျှင် ကန့်ကွက်သွားမည်ဟု RNDP က ဆိုသည်။

၂ဝ၁ဝ ရွေးကောက်ပွဲတွင် RNDP သည် ပြည်နယ်တဝှန်း မဲဆန္ဒနယ် ၄၄ နေရာ ဝင်ပြိုင်ခဲ့ရာ ၃၄ နေရာ အနိုင်ရခဲ့ရာ၊ အမျိုးသား လွှတ်တော်တွင် ၇ ဦး၊ ပြည်သူ့ လွှတ်တော်တွင် ၉ ဦး၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်တွင် ၁၈ နှင့် လူမျိုးစု လွှတ်တော်တွင် ၁ ဦး ရရှိခဲ့သည်။

ပြည်နယ်လွှတ်တော်တွင် RNDP က ၁၈ နေရာရရှိပြီး၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးကမူ ၁၃ နေရာ ရရှိသည်။

Ref: မဇ္ဈိမ

Read More...

ဒေါ်စု လွတ်မြောက်မှုကြောင့် မြန်မာပြည်ကို ခရီးသွားတွေ ပိုလာနိုင်

ဦးအောင်လွင်ဦး
ကြာသပတေး, 25 နိုဝင်ဘာ 2010


မကြာသေးခင်ကပဲ ဖမ်းဆီးထားရာက မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက် လာတာ၊ စစ်အစိုးရက နိုင်ငံရေး အပြောင်းအလဲတွေ အတွက် ရွေးကောက်ပွဲ ကျင်းပခဲ့တဲ့နောက် မြန်မာနိုင်ငံမှာ ၀င်ငွေ ရပေါက်ရလမ်း တခုဖြစ်တဲ့ ခရီးသွား လုပ်ငန်းတွေ ဖွံ့ဖြိုးလာလေမလား မျှော်လင့်မှုတွေလည်း ထွက်ပေါ်လာနေပါတယ်။ ဒေသတွင်းက နိုင်ငံတွေနဲ့ စာရင် နိမ့်ကျနေတဲ့ ခရီးသွားလုပ်ငန်းတွေ ပြန်လည် ဦးမော့လာလေမလား မျှော်လင့် နေကြတာပါ။ ဒီအကြောင်း ရိုက်တာစ် ရုပ်မြင်သံကြား သတင်းဆောင်းပါးကို ကိုအောင်လွင်ဦးက တင်ပြ ပေးထားပါတယ်။

လူ့အခွင့်အရေး၊ နိုင်ငံရေး အခြေအနေတွေ တိုးတက်အောင် မလုပ်နိုင်ဘူးဆိုပြီး မြန်မာစစ်အစိုးရ အပေါ် အနောက်နိုင်ငံတွေက ပိတ်ဆို့ ဒဏ်ခတ်မှုတွေနဲ့ အတူ ခရီးမသွားကြဖို့ လှုံ့ဆော်မှုတွေကြောင့် ချိနဲ့နေတဲ့ လုပ်ငန်းတွေဟာ နိုင်ငံရေး အပြောင်း အလဲတွေနဲ့ အတူ ဖွံ့ဖြိုး လာလေမလား မျှော်လင့် နေကြတာပါ။ အရေးယူ ဒဏ်ခတ်မှုတွေ ချမှတ်ထားတဲ့ ဥရောပနဲ့ အမေရိကန် ပြည်ထောင်စုလို နိုင်ငံတွေက တိုက်ရိုက် လေကြောင်းခရီးစဉ်တွေ မရှိတာ၊ မြန်မာနိုင်ငံကို အလည်အပတ် ပြည်ဝင်ခွင့်ဗီဇာ လျှောက်လွှာကို ၃ ရက်အထိ စိစစ်တဲ့ လုပ်ငန်းစဉ်တွေကလည်း ဒီလုပ်ငန်းမှာ အဟန့်အတားတွေ ဖြစ်နေတယ်လို့ ခရီးသွားလုပ်ငန်းက လူတွေက မြင်ကြပါတယ်။

ဒါပေမဲ့လည်း စစ်အစိုးရရဲ့ ရွေးကောက်ပွဲ ကျင်းပအပြီး တပတ်လောက်အကြာမှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာတဲ့ အတွက် အနောက် နိုင်ငံတွေက ကြိုဆို ခဲ့ကြတာမို့ အလားအလာတွေ ကောင်းလာတော့မလား မျှော်လင့် လာကြတာပါ။

အများစုက ဒေါ်အောင်ဆန်းစုကြည်ကို စိတ်ဝင်စားကြပါတယ်။ ဒါကြောင့်လည်း သူပြန်လွတ်လာတဲ့ အတွက် ခရီးသွားတွေလည်း ပိုပြီး လာကြ လိမ့်မယ်လို့ သူထင်တဲ့ အကြောင်း မြန်မာ ဧည့်လမ်းညွှန် ကိုစိုးရီက ပြောပြခဲ့ပါတယ်။

ဖမ်းဆီးရာက ပြန်လွတ်လာလာချင်း ဆိုသလို ဒေါ်အောင်ဆန်းစုကြည်ကတော့ အနောက် နိုင်ငံတွေရဲ့ ပိတ်ဆို့ အရေးယူမှု တွေနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ တိုင်းပြည်တွေနဲ့ ဆွေးနွေး လိုတယ်လို့လည်း ပြောခဲ့တာပါ။ မြန်မာနိုင်ငံကို ၁၀ ကြိမ်ကျော် ရောက်ဖူးတဲ့ ခရီးသွား လုပ်ငန်းက Marek Pietrowicz ကတော့ ခရီးသွားတွေ အသွားအလာ များလာတာနဲ့အမျှ အပြန်အလှန် အနေနဲ့ တိုင်းပြည် အတွက်လည်း အထောက်အကူ ဖြစ်မယ်လို့ မြင်ပါတယ်။

“အခုလက်ရှိ အခြေအနေတွေဟာ တိုင်းပြည် အနာဂတ်အတွက် အလွန်ကောင်းသလို ခရီးသွားတွေ အတွက်လည်း ကောင်းပါတယ်။ ဘကြောင့်လဲ ဆိုတော့ ခရီးသွားတွေ အနေနဲ့ သတင်းတွေကို ရမယ်၊ တိုင်းပြည်အနေနဲ့လည်း ပွင့်လင်းလာမယ် ဆိုရင် ဒီမိုကရေစီလည်း ပိုပြီး ထွန်းကား လာလိမ့်မယ်လို့ မျှော်လင့် ရပါတယ်။”

ဒါပေမဲ့လည်း ပစိဖိတ်-အာရှ ခရီးသွားလုပ်ငန်းအသင်း (PATA) လို ဒေသတွင်း ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ အဖွဲ့အစည်းတွေက အခြေအနေတွေဟာ သတိထားဖို့ လိုဦးမယ်လို့ မြင်ပါတယ်။ အသင်းရဲ့ ဒုတိယ အမှုဆောင် အရာရှိချုပ် John Koldowski ကတော့ မြန်မာနိုင်ငံဟာ ခရီးသွား လုပ်ငန်းအတွက် အလားအလာတွေ ရှိတဲ့ တိုင်းပြည်တခု ဖြစ်ပေမယ့် လက်ရှိ နိုင်ငံရေး၊ စီးပွားရေး အခြေအနေတွေဟာ တည်ငြိမ်တဲ့ အဆင့်ကို မရောက်သေးဘူးလို့ ဆိုပါတယ်။

“ဒီအခြေအနေကနေ ဘာတွေဖြစ်လာမလဲ စောင့်ကြည့်ကြရမှာပါ။ အခုအချိန်ဟာ ပြန်လည် ဆန်းစစ်ကြည့်ဖို့၊ ရင်းနှီး မြှုပ်နှံမှုတွေ ပြန်လုပ်ဖို့ လုပ်ကောင်းလုပ်ကြရမယ့် အချိန် ဖြစ်နိုင်ပါတယ်။ ဒါကြောင့်လည်း ကျနော်တို့ကတော့ မျှော်လင့်ချက် ထားပါတယ်၊ အပြုသဘောထားလည်း ရှိပါတယ်။ ဒါပေမဲ့လည်း လောလောဆယ်တော့ ကျနော်တို့ အနေနဲ့ စောင့်ကြည့်ချင်တဲ့ ဆန္ဒပဲ ရှိပါသေးတယ်။”

လတ်တလော အခြေအနေမှာတော့ အရေအတွက် များများစားစား မြန်မာနိုင်ငံကို ခရီးသွားနိုင်ဖို့ထက် အနည်း အကျဉ်းလောက်နဲ့ အစပျိုး လုပ်နိုင်တယ်လို့ သူက ပြောခဲ့တာပါ။ မြန်မာအစိုးရရဲ့ တရားဝင် ကိန်းဂဏန်းတွေကတော့ ပြီးခဲ့တဲ့ ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေး နှစ်အတွင်း ခရီးသွားပေါင်း ၃၀၀,၀၀၀ လောက် မြန်မာနိုင်ငံကို လာခဲ့တယ်လို့ ဖော်ပြပါတယ်။

ဒါပေမဲ့လည်း ဒီပမာဏဟာ ကမ္ဘာလှည့် ခရီးသွား ၁၄,၀၀၀,၀၀၀ ရောက်လာခဲ့တဲ့ ထိုင်းနိုင်ငံ၊ ခရီးသွား ၁,၀၀၀,၀၀၀ ရှိခဲ့တဲ့ လာအိုလို နိုင်ငံနဲ့စာရင် အများကြီး နည်းပါးနေဆဲ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သတင်း မီဒီယာတွေကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားတဲ့ မြန်မာနိုင်ငံက အခြေအနေတွေကို မျက်မြင်ကိုယ်တွေ့ သိလိုသူတွေ၊ စူးစမ်းလိုသူတွေ အတွက်ကတော့ အလည်အပတ်လာဖို့ စိတ်ထက်သန် နေကြဆဲ ဖြစ်ပါတယ်။

“ကျမရဲ့ ပုဂ္ဂိုလ်ရေး အမြင်အရကတော့ ဒီတိုင်းပြည်ကို လူတွေ လာရောက် လည်ပတ်သင့်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဒါဟာ စိတ်ဝင်စားစရာ တိုင်းပြည်တခုပါ။ လူတွေနဲ့လည်း ထိတွေ့ ဆက်ဆံနိုင်ပါတယ်။ ဒါဟာ နိုင်ငံရေး အခြေအနေ ဆိုတာထက် ပိုပါတယ်။”

မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းမှာ ၂၀၀၇ ခုနှစ် စက်တင်ဘာလထဲတုန်းက သံဃာတော်တွေရဲ့ ငြိမ်းချမ်းတဲ့ လှုပ်ရှားမှုတွေကို စစ်တပ်က ဖြိုခွင်းခဲ့တာ၊ ၂၀၀၈ ခုနှစ်မှာလည်း နာဂစ်ဆိုင်ကလုန်း မုန်တိုင်းဒဏ် ခံခဲ့ရတဲ့နောက် ကျဆင်းသွားခဲ့ ပေမဲ့ နောက်တနှစ်ဖြစ်တဲ့ ၂၀၀၉ ခုနှစ်ထဲမှာတော့ ၁၇% ပြန်တက် လာခဲ့ပါတယ်။ မကြာသေးခင်တုန်းက မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့နဲ့ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၊ ဟိုချီမင်းစီတီး မြို့တွေကနေ တိုက်ရိုက်လေကြောင်း ခရီးစဉ်တွေ တိုးချဲ့ ပြေးဆွဲ လာတာတွေကလည်း ခရီးသွား လုပ်ငန်းအတွက် အလားအလာကောင်းတွေ ဖြစ်မယ်လို့ မျှော်လင့်နေကြတာပါ။

ပစိဖိတ်-အာရှ ခရီးသွား လုပ်ငန်းအသင်း (PATA) ကတော့ ရှေ့လာမယ့် ၂၀၁၁ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အတွင်း ပျမ်းမျှ ၆% ကနေ ၇% ကြားအထိ ခရီးသွားလုပ်ငန်းမှာ တိုးတက် လာနိုင်တယ်လို့လည်း ခန့်မှန်းထားတာ ဖြစ်ပါတယ်။

Ref: VOA News

Read More...

တောင်ဒဂုံက HIV ဝေဒနာရှင်များ ဧည့်စာရင်း တိုင်ခွင့်ရ

ဦးမိုးဇော်
ကြာသပတေး, 25 နိုဝင်ဘာ 2010


တောင်ဒဂုံမြို့နယ်မှာ ရှိနေတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူမှုအထောက်အကူပြု အဖွဲ့က ဖွင့်လှစ်ထားတဲ့ HIV/AIDS လူမှု စောင့်ရှောက်ရေး ဂေဟာမှာ ဆေးကုသမှု ခံယူနေကြတဲ့ လူနာ ၉၀ ကျော်ကို ဒီနေ့ညနေပိုင်းမှာ ရပ်ကွက် အာဏာပိုင်တွေက ဧည့်စာရင်း ထပ်ပြီး ထုတ်ပေး လိုက်ပါတယ်။ လွန်ခဲ့တဲ့ တပတ်က ဒီဂေဟာကို ဒေါ်အောင်ဆန်းစုကြည် သွားရောက် တွေ့ဆုံ အားပေးပြီးတဲ့ နောက်မှာ အာဏာပိုင်တွေက ဧည့်စာရင်း တိုင်ကြားတာကို လက်မခံဘဲ လူနာတွေကို အဲဒီနေရာကနေ ပြောင်းရွှေ့ဖို့ စေခိုင်းခဲ့တဲ့ အခြေအနေတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ အခု လတ်တလောမှာတော့ အေးအေးချမ်းချမ်းနဲ့ ပြေလည် သွားတယ်ဆိုတဲ့ အနေအထားမှာ ရှိနေပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က မဖြူဖြူသင်း ဦးဆောင် ဖွင့်လှစ်ထားတဲ့ HIV/AIDS လူမှု စောင့်ရှောက်ရေး ဂေဟာရဲ့ နောက်ဆုံး အခြေအနေတွေကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က မဖြူဖြူသင်းနဲ့ လူငယ်တွေ ဦးဆောင် ဖွင့်လှစ်ထားတဲ့ HIV/AIDS လူမှု စောင့်ရှောက်ရေး ဂေဟာကို ဒီလ ၁၇ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် သွားရောက် အားပေးစကား ပြောကြားပြီးတဲ့နောက် အာဏာပိုင်တွေ ဘက်က အဲဒီမှာရှိတဲ့ လူနာတွေကို ဧည့်စာရင်း ထပ်မံ ထုတ်မပေးတော့ဘဲ အဲဒီနေရာကနေ ပြောင်းရွှေ့ဖို့ အတွက် ဆွေးနွေး လာခဲ့ပါတယ်။

ဒီလ ၂၀ ရက်နေ့မှာတော့ တပတ်တခါ ထုတ်ပေးတဲ့ ဧည့်စာရင်းကို ထပ်မံ တိုးမပေးတော့ဘဲ အဲဒီဂေဟာမှာ ဒီလ ၂၅ ရက်နေ့အထိ ဆက်လက် နေထိုင်မယ် ဆိုရင် အရေးယူသွားမှာ ဖြစ်တယ်လို့ အာဏာပိုင်တွေ ဘက်က ပြောကြားခဲ့ပါတယ်။ နောက်ရက်တွေ မှာတော့ ကျန်းမာရေးဌာနက အရာရှိတွေက လူမှု စောင့်ရှောက်ရေး ဂေဟာက တာဝန်ရှိသူတွေကို ခေါ်ယူပြီး လူနာတွေကို အစိုးရက ဖွင့်လှစ်ထားတဲ့ သာကေတ ဆေးရုံကို ပြောင်းရွှေ့ဖို့ တိုက်တွန်းခဲ့သလို အစိုးရ သတင်းစာတွေမှာလည်း ဒီလို နေအိမ် တခုတည်းမှာ ဝေဒနာရှင်တွေ စုဝေး နေထိုင်တာကြောင့် ပတ်ဝန်းကျင်ကိုပါ ရောဂါကူးစက်နိုင်တယ် ဆိုတာမျိုး ဖော်ပြခဲ့ပါတယ်။

ဒီနေ့မှာတော့ ရပ်ကွက် အာဏာပိုင်တွေက ဂေဟာမှာ ကျန်းမာရေး စောင့်ရှောက်မှု ခံယူနေသူ ၉၀ ကျော်ကို ဧည့်စာရင်း ပြန်လည် ထုတ်ပေး လိုက်တယ်လို့ ဧည့်စာရင်း တိုင်ကြားရာမှာ ကိုယ်တိုင် ပါဝင်ခဲ့တဲ့ ကိုကျော်သီဟက အခုလို ပြောပါတယ်။

“ဧည့်စာရင်းက ပြန်ပေးလိုက်ပြီ။ သူတို့ ညှိနှိုင်းပြီးတော့ ၇ ရက်စာ ပေးလိုက်တယ်။ အရင်ကလည်း တပတ်စာပဲ ပေးတာလေ။ အခု အဲဒါ ၁ ရက်နေ့ အထိပေါ့။ အားလုံး ငြိမ်းငြိမ်းချမ်းချမ်းပါပဲ။ အကုန်လုံး ၀မ်းသာ နေတာပေါ့၊ လူနာတွေ အကုန်လုံး၊ ကျနော်တို့ရော အကုန်လုံးပေါ့။ အားလုံး ၉၀ ကျော်ပေါ့။”

လတ်တလော အခြေအနေမှာတော့ ဒီဂေဟာမှာ ဆေးကုသ ခံယူနေသူတွေဟာ တပတ် ဆက်လက်နေထိုင်ခွင့် ရကြမှာ ဖြစ်ပါတယ်။ အခုလို အာဏာပိုင်တွေဘက်က လိုက်လျောလာတဲ့ အပေါ်မှာ ဒီဂေဟာကို ဦးဆောင်ဖွင့်လှစ်သူ မဖြူဖြူသင်းက ကြိုဆို လိုက်ပါတယ်။ ဒါပေမဲ့ ဒါဟာ အာဏာပိုင်တွေနဲ့ သူတို့အကြားမှာ အပြည့်အ၀ နားလည်မှု ရရှိတာ ဟုတ်မဟုတ် ဆိုတာတော့ မသေချာဘူးလို့ ဆိုပါတယ်။

“အခုလို လိုက်လျောလိုက်တဲ့ အပေါ်မှာတော့ ကျမတို့ အနေနဲ့ ကြိုဆိုရမှာပါ။ ဘာကြောင့်လဲဆိုတော့ အခုဆို တော်တော် များများတော့ စိတ်သက်သာရာ ရတာပေါ့။ အရင်တုန်းကဆိုရင် ကျမတို့အားလုံး ပြည်သူလူထု တွေရော စိုးရိမ်နေကြတယ်။ ၀ိုင်းပြီး အားလုံးက စိုးရိမ်နေကြတယ်။

“ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ အစကတည်းကလည်း ကျမအနေနဲ့ မြင်တာတော့ မလုပ်သင့်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ လူနာတွေ ဆိုတာ နဂိုကတည်းကမှ အားနည်းနေတယ်။ ဒီလို ပြဿနာမျိုး၊ ဒီလိုဒုက္ခမျိုး ကြုံတယ်ဆိုရင် သူတို့မှာ ခံနိုင်ရည် မရှိပါဘူး။ အခုဖြစ်တဲ့ ကိစ္စကတော့ သက်ဆိုင်ရာ အာဏာပိုင် အဆင့်ဆင့်ပေါ့၊ အောက်ခြေ၀န်ထမ်း အဆင့်ဆင့်ရဲ့ လုပ်ကိုင် ဆောင်ရွက်မှုပေါ့၊ အားလုံးနဲ့ ပြေလည်မှု ရသလားဆိုတော့ ကျမတို့ အနေနဲ့ ပြောလို့ မရသေးပါဘူး။”

မဖြူဖြူသင်းကတော့ HIV/AIDS လူမှုစောင့်ရှောက်ရေး လုပ်ငန်းကို ဒီ့ထက် တိုးမြှင့်ဆောင်ရွက်ဖို့ ရည်ရွယ် ထားတာ ဖြစ်ပြီး ဒီရောဂါ ကူးစက် ပြန့်ပွား နေတာဟာ အမျိုးသားရေး ပြဿနာတရပ် ဖြစ်နေတာကြောင့် ပြည်သူတွေအားလုံး ပူးပေါင်းပါဝင်ဖို့ လိုအပ်တယ် လို့လည်း ပြောပါတယ်။

အခု ပြောင်းရွှေ့ခိုင်းနေတဲ့ တောင်ဒဂုံမြို့နယ်က HIV/AIDS လူမှုစောင့်ရှောက်ရေး ဂေဟာဟာ ၂၀၀၅ ခုနှစ် ကတည်းက ဖွင့်လှစ် ခဲ့တာဖြစ်ပြီး ဒီဂေဟာကို မြန်မာပြည်အနှံ့က HIV/AIDS ဝေဒနာရှင်တွေ လာရောက် ဆေးကုသမှု ခံယူနေတာ ဖြစ်ပါတယ်။ သူတို့တွေဟာ ကျန်းမာရေး စောင့်ရှောက်မှု ခံယူနေချိန်မှာ ရပ်ကွက် အာဏာပိုင်တွေဆီကနေ ဧည့်စာရင်း တိုင်ကြားပြီး နေထိုင်နေကြတာ ဖြစ်ပါတယ်။

Ref: VOA News

Read More...

မိဘ နှစ်ပါးအားပစ်သတ်၍ အသက် ၁၆ နှစ်ကလေးမအား နအဖ စစ်သားမုဒိန်းကျင့်

Thursday, 25 November 2010

သျှမ်းပြည်တောင်ပိုင်း လင်းခေအခြေစိုက် ခမရ ၅၇၈ နအဖ တပ်သားတဦးက နောင်လုံကျေးရွာ အုပ်စု ဟွေ့ဆင်မ် ရွာသူတဦး၏ မိဘနှစ်ပါးကို ပစ်သတ်၍ (၁၆ နှစ်အရွယ်) မိန်းခလေးအား မုဒိန်းကျင့်ပြီးခဲ့သည်ဟု စုံစမ်းသိရှိရ ပါသည်။

“စနေနေ့ကလေ ဗမာစစ်သားက ကောင်မလေးကိုဆွဲခေါ်သွားတော့ မိဘတွေဝင်တားလို့ အဲဒီစစ်သားက မိဘ နှစ်ယောက် စလုံးကို သေနတ်နဲ့ ပစ်တော့ ပွဲချင်းပြီးသေတာ။ ကောင်မလေးကို ဆွဲဖမ်းပြီး တခြားနေရာသွား မုဒိန်းကျင့်တယ်။ အဲ့ကောင် အိပ်ပျော် နေတုန်း ကောင်မလေးက ထွက်ပြေးပြီး ရွာလူကြီးတွေဆီ ငိုကြီးချက်မနဲ့ သွားတိုင်တယ်” - ဟု လင်းခေး ဒေသခံ ခေတ်ပညာတတ် လူငယ်တဦးက ပြောသည်။

နိုဝင်ဘာ ၂၁ ရက် လင်းခေးမြို့ပြင် (မိုင်းပန်အထွက်လမ်း) နမ့်အွန်ရွာ အခြေစိုက် ခမရ ၅၇၈ ရဲဘော်တဦး ဟွေ့ဆင်မ် ကျေးရွာနေ ဦးအာရိယ နှင့် ဒေါ်ခမ်းတို့၏ အိမ်ပေါ် ညအချိန် အတင်းတိုးဝင်၍ သမီး (အမည်မဖေါ်လို) ဖြစ်သူအား အဓမ္မပြုကျင့် ရန် ကြံစည်စဉ် ဖခင်က ၀င်တားရာ ဖခင်အား ဦးစွာ ပစ်သတ်ခဲ့ကြောင်း၊ ထို့နောက် မိန်းခ လေးငယ်အား အိမ်ပေါ်မှ ဆွဲခေါ်သဖြင့် မိခင်ဖြစ်သူက လိုက်ဆွဲရာ အိမ်အနီး ချောင်းဘေးတွင် မိခင်ကိုပါ ထပ်မံ ပစ်သတ်ခဲ့ကြောင်း လင်းခေး ဒေသခံများက ပြောပြပါသည်။

“အခု အဲ့ဒီ့ကလေးမ ရွာမှာရှိတဲ့ သူ့အဒေါ်အိမ်မှာဘဲ ရှိနေတယ်။ စိတ်ပိုင်းဆိုင်ရာ အရမ်း ထိခိုက်နေတယ်။ တပ်ဘက်သတင်း အရ အဲဒီ ဗမာစစ်သားက စိတ်မနှံ့ဘူးတဲ့။ နောက်ပြီးတော့ သူ့ကို သတ်ပစ်လိုက်ပြီ လို့လဲ ဆိုပြီး နအဖတပ်က အရပ်ထဲ သတင်း လွှင့်ထားတယ်” - အမည်မဖေါ်လိုသည့် လင်းခေး ဈေးသည်တဦးက ပြောပါသည်။

နိုဝင်ဘာ ၂၂ ရက် တွင်(ယခင်လင်းခေးဗျူဟာမှူးဟောင်း) မိုင်းပန် စကခ (၁၇) မှူး ဗိုလ်မှူးချုပ် တင်ရွှေက သတင်းမပေါက် ကြားရန် နစ်နာကြေး နှင့် အတူ နှုတ်ပိတ်ခ ကျပ် ငွေသိန်း ၂ ပေးသွားကြောင်း နီးစပ်သည့်သူ တဦးက ပြောပြပါသည်။ ထို့အတူ ရွာသားများ လင်းခေး ဈေးဆင်းဝယ်မှုကိုလည်း ပိတ်ပင် တားမြစ်ထားကြောင်း လင်းခေး ဒေသခံများက ပြောပြသည်။

မိန်းခလေး၏ ကျန်းမာရေးနှင့်ပတ်သက်၍ လင်းခေးမြို့ ဆေးရုံဆရာဝန်တဦးနှင့် ဆက်သွယ် မေးမြန်းရာ တစုံတရာ မှတ်ချက် ပေးပိုင်ခွင့် မရှိဟုဆိုကာ ဖုန်းချ သွားခဲ့ပါသည်။

အဆိုပါကလေးမ၏ မိဘနှစ်ပါးရုပ်အလောင်းအား ၂၃ ရက်နေ့က ဟွေ့ဆင်မ် ကျေးရွာသင်္ချိုင်း၌ မီးသဂြိုဟ် လိုက်ပြီ ဖြစ်ပြီး မုဒိန်းကျင့်ခံရသူ မိန်းခလေးမှာလည်း မိဘအတွက် ရက်လည်ဆွမ်း သွတ်ရန် ဆေးရုံမှဆင်းကာ ဆွေမျိုးများထံ သွားရောက် ခိုလှုံနေကြောင်း နီးစပ်သည့် အသိုင်းဝိုင်းက ပြောပြပါသည်။

အခုဖြစ်စဉ်သည် နိုဝင်ဘာ ၇ ရက်နေ့ ရွေးကောက်ပွဲအပြီး တလမပြည့်မှီ ဒုတိယအကြိမ် မုဒိန်းကျင့်မှုဖြစ်သည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

ကေအိုင်အိုဋ္ဌာနချုပ် လိုင်ဇာမြို့ ကုန်ကားအ၀င်ပိတ်ပြီ

Thursday, 25 November 2010

နယ်ခြားစောင့်တပ် လက်မခံသည့် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO ဋ္ဌာနချုပ် ရှိရာ တရုတ်နယ်စပ် အနီးရှိ လိုင်ဇာမြို့သို့ ကုန်တင်ယာဉ်များ သွားလာမှုကို နိုဝင်္ဘာ ၂၃ ရက်နေ့က စ၍ နအဖ စစ်တပ်က ပိတ်လိုက်ကြောင်း သိရသည်။

ထိုသို့ ကုန်ကား အသွားအလာ ပိတ်လိုက်သဖြင့် ယခုအခါ မြစ်ကြီးနားနှင့် ဗန်းမော်မြို့များမှ ကုန်ကားများ လိုင်ဇာမြို့သို့ လာရောက်မှု မရှိတော့ကြောင်း လိုင်ဇာမြို့ခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“လောလောဆယ် ကုန်ကားအ၀င်အထွက်က မရှိဘူး ပိတ်ထားတယ် မ၀င်ဘူးဖြစ်နေတာ ကုန်ပဲပိတ်တာပါ လူစီးတွေ ကတော့ သွားနေတုန်းပဲ လူစီးလည်း ကျဲသွားတာပေါ့ ဗန်းမော်ကား သိပ်မရှိဘူး တစ်နေကုန်နေမှ တစ်စီးနှစ်စီးတောင် မရှိဘူး ကုန်ကားကတော့ ကြိုကြား ကြိုကြား ကယ်ရီကဲ့တဲ့ ကားပဲရှိတော့တယ်” ဟု မြို့ခံက ပြောသည်။

ကားအ၀င်ပိတ်ရသည့် အကြောင်းအရင်းကို အတိအကျမသိရသော်လည်း ယနေ့လိုင်ဇာမြို့၌ ကေအိုင်အိုအဖွဲ့ ကရာချီရှိသည့် ဧည့်သည်များနှင့် အတူ လက်ဆုံကောက်သစ် စားပွဲ ကျင်းပနေရာ ထိုကိစ္စကြောင့် ပိတ်ခြင်းဖြစ် နိုင်ကြောင်း ဒေသခံ များက ယူဆနေသည်။

“ကေအိုင်အိုက ဧည့်သည်တွေ အများကြီး ဖိတ်ပြီးကောက်သစ်စားပွဲ လုပ်နေတယ် အဲဒါကြောင့် နအဖဘက် ကနေ ပိတ်လိုက်တာပေါ့ ဒါပြီးရင် ပြန်ဖွင့်ပေးမလား မသိဘူး” ဟု သူက ဆက်ပြောသည်။

နအဖ၏နယ်ခြားစောင့်တပ် အဆိုကို ကေအိုင်အိုက ငြင်းဆန်ပြီးနောက်ပိုင်း ကေအိုင်အိုနှင့် နအဖတို့ အကြား ဆက်ဆံရေး တစ်စတစ်စ တင်းမာလာနေရာ ယခုအခါ နှစ်ဘက်ဆက်သွယ်ရေး ပြတ်တောက်သည် အထိ တင်းမာလျှက်ရှိသည်။


ယခင် နှစ်ဘက်ဆက်ဆံရေးကောင်းမွန်စဉ်က တရုတ်နယ်စပ် လိုင်ဇာမြို့သည် ကုန်စည်ကူးသန်းမှု ကောင်းမွန်ပြီး မြစ်ကြီး နားနှင့် ဗန်းမော်မြို့များမှ နေ့စဉ် လာရောက်သည့် ကုန်ကားအစီးရေ ၅၀ ခန့်ရှိကြောင်း သိရသည်။

လယ်ပိုင်းခန့်မှစ၍ ကချင်ပြည်နယ်အတွင်း နအဖစစ်တပ်များ၏ စစ်ရေးလှုပ်ရှားမှုများ ပိုမိုတွေ့မြင်လာရပြီး ကချင်ပြည်နယ် အတွင်းရှိ မြို့များတွင် ဖွင့်လှစ်ထားသော ကေအိုင်အို ဆက်ဆံရေးရုံးများကို နအဖက ရုပ်သိမ်းရန် ညွန်ကြားခဲ့သည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

DKBA နှင့် KNU တပ်ဖွဲ့များက နအဖတပ် လာရာလမ်းကြောင်းတွင် ခြေကုပ်ယူထား

နိုဝင်ဘာလ ၂၅ရက်။ စောသိန်းမြင့်

အင်အား ၁၀၀နီးပါးရှိ နအဖ တပ်ဖွဲ့ဝင်များသည် ကရင်ပြည်နယ် မြ၀တီခရိုင် ဝေါ်လေဒေသရှိ နယ်မြေခံ တပ်များအား လစာ လာပေးရန်အတွက် ယနေ့မနက် ရောက်ရှိလာရာ ၎င်းတို့လာရာ လမ်းကြောင်းများကို ဒီကေဘီအေနှင့် ကေအဲန်ယူ တပ်ဖွဲ့များက ခြေကုပ် နေရာယူထားသောကြောင့် နအဖ စစ်တပ်များ တက်လာရန် အခက် ကြုံနေရသည်ဟု သိရသည်။

ဒီကေဘီအေ (၉၀၉) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောစတီးက “အခု သူတို့ (နအဖ) ဖလူးရွာကို ရောက်ပြီးလို့ သိရတယ်။ တပ်ရင်း တစ်ရင်းပဲတဲ့။ အင်အား (၇၀-၈၀)ကျော်လောက် ရှိတယ်။ အခုသူတို့ လာမယ့် လမ်းကြောင်းတလျှောက်မှာ ကျနော်တို့ လူတွေ အကုန်လုံး စောင့်နေတယ် ဆိုတော့ တက်လာဖို့ အခက် တွေ့နေတယ်။ ကျနော်တို့ နယ်မြေထဲကို ၀င်လာရင်တော့ ထိပ်တိုက်ပဲ။ လမ်းအခြေ အနေကို ကြည့်ရင်း လာရတယ် ဆိုတော့ ဒီည သူတို့ တပ်တွေ ရှိတဲ့နေရာကို ရောက်ချင်မှ ရောက်မယ်။”ဟု ပြောသည်။

ဝေါ်လေဒေသရှိ နအဖစစ်တပ် စကခ(၈) လက်အောက်ခံ တပ်ရင်းများနှင့် တိုင်းတပ်များအား ထုံးစံအတိုင်း လမကုန်ခင် လစာ လာပေးရန် အတွက် တနင်္သာရီတိုင်း အခြေစိုက် စကခ (၈) လက်အောက်ခံ ခလရ (၆၂) တပ်ရင်းသည် ဘုရားသုံးဆူ မြို့နယ် သံဖြူဇရပ်မှ မြ၀တီသို့ ယမန်နေ့က ရောက်ရှိလာပြီး ယနေ့ မနက်တွင် မြ၀တီမှတဆင့် ဝေါ်လေဒေသ ဖလူးကျေးရွာသို့ စစ်ကား ၃ စီးဖြင့် ရောက် ရှိလာသည်ဟု ဒီကေဘီအေဘက်က ပြောသည်။

လက်ရှိအချိန်တွင် အဆိုပါ နအဖစစ်တပ်များ တက်လာနိုင်မည့်လမ်းကြောင်းများဖြစ်သော ပလောတပို၊ တခေါ်ထူ၊ ကျောက်ခက်၊ ဘလယ်ဒို၊ သေဘောဘိုး၊ လေးဝေါ်၊ ဆုံဆည်းမြိုင်၊ အူကလေ့ထာ့ စသည့်နေရာများတွင် ကေအဲန်အယ်လ်အေနှင့် ဒီကေဘီအေ တပ်ဖွဲ့ဝင်များ ၀င်ရောက် နေရာယူထားပြီး ဖြစ်ကြောင်း သိရသည်။

ဝေါ်လေဒေသတွင် နအဖစစ်တပ်မှ လှုပ်ရှားတပ်များဖြစ်ကြသော စကခ(၈)လက်အောက်ခံ ခမရ (၄၀၁)၊ (၄၀၄)၊ (၄၀၉) တပ်ရင်း များနှင့် တိုင်းတပ်မှ ခလရ(၉၇) တပ်ရင်းတို့သည် ယခုလို ၀င်ရောက်လာသော ခလရ(၆၂) တပ်ရင်းအတွက် လုံခြုံရေး ယူပေးနိုင်ခြင်း မရှိကြောင်း ကေအဲန်အယ်လ်အေ တပ်ရင်း(၂၀၁)မှ တပ်ကြပ်ကြီး စောထီးခုက ယခုလို ပြောသည်။

“ဒီမှာရှိ နအဖ လှုပ်ရှားတဲ့တပ်တွေက လှုပ်ရှားတပ်ပဲ အမည်ခံပဲဖြစ်နေတယ်။ တချိန်လုံး စခန်းထဲမှာပဲ ပုန်းအောင်း နေတယ်။ သူတို့ အတွက်လည်း သူတို့က လုံခြုံရေး ယူထားရတယ် ဆိုတော့ အခု တက်လာတဲ့ တပ်ရင်းကို ဘယ်လို လုပ်လာပြီးတော့ လုံခြုံရေး လာယူပေးနိုင်မှာလဲ။”ဟု ကေအိုင်စီကို ပြောသည်။

ဝေါ်လေဒေသ ဘုရင့်နောင်ကုန်း၊ ကနဲလေး၊ မောခီးတို့တွင် လှုပ်ရှားနေသော နအဖ စကခ(၈)နှင့် တိုင်းတပ်မှ တပ်ရင်းများသည် ယခု လဆန်းပိုင်းက နအဖနှင့် ဒီကေဘီအေ တပ်ဖွဲ့တို့ကြား အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ထီးတပလယ်ကျေးရွာ တောင်ကုန်းရှိ ခလရ(၉၇) တပ်ရင်းသည် ရိက္ခာပြတ်လပ်မည့် အခြေအနေတွင် ရှိသည်ဟုလည်း သိရသည်။

Ref: KIC News

Read More...

SSA တောင်ပိုင်းနှင့် စစ်အစိုးရ တိုက်ပွဲဖြစ်၊ ၂ ဦး ကျဆုံး

သန်းထိုက်ဦး
Thursday, 25 November 2010

နအဖ စစ်တပ်နှင့် ရှမ်းပြည် တပ်မတော် တောင်ပိုင်း (SSA-S) တပ်ဖွဲ့ဝင်များ ယခုတပတ် အင်္ဂါနေ့ မနက်က တိုက်ပွဲ ဖြစ်ပွား ခဲ့ရာ နအဖ ဘက်က တပ်ကြပ်ကြီးအဆင့် အပါအ၀င် ၂ ဦး ကျဆုံး၍ ၂ ဦး ဒဏ်ရာ ရရှိသွားကြောင်း သိရသည်။

ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းတုံမြို့နယ်၊ ပုံပါကျင်မြို့နယ်ခွဲ ဒေသ တ၀ိုက်တွင် နအဖ၏ ခြေလျင်တပ် ရင်း (ခလရ) ၆၅ တပ် ဖွဲ့ဝင်များနှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

SSA-S တပ်သားများသည် ယင်း ဒေသ တ၀ိုက်တွင် ကင်းလှည့်နေစဉ် နအဖ တပ်ဖွဲ့ဝင်များနှင့် နာရီဝက်ခန့် အကြာ ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း SSA-S ၏ ပြောခွင့်ရ ပုဂ္ဂိုလ် စိုင်းလောင်ဆိုင်းက ဧရာဝတီသို့ ပြောသည်။

တိုက်ပွဲတွင် နအဖ ဘက်မှ ၂ ဦးကျဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ SSA-S တပ်သား ၁ ဦး ထိခိုက် ဒဏ်ရာ၍ သေဆုံးမှု မရှိကြောင်း ၎င်းက ဆိုသည်။

ယင်း တိုက်ပွဲဖြစ်ပွားခဲ့သော ဒေသသည် ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်၊ ချင်းဒေါင်းမြို့နယ်စပ်မှ ခန့်မှန်းခြေ ၈ မိုင်ခန့် အကွာအဝေး တွင် ရှိကြောင်း သိရသည်။ သို့သော် တိုက်ပွဲဖြစ်ပွားမှုကြောင့် ထိုင်းနိုင်ငံ ဘက်ကမ်းသို့ ဒေသခံများ ထွက်ပြေး တိမ်းရှောင်မှုကို မသိရှိရသေးပေ။

ထို့အပြင် ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမှ မိုင်းလားသို့ စားသောက်ကုန်ပစ္စည်းများ တင်ပို့ခွင့် မပြုရန် စစ်အစိုးရ ဘက်က ယခု ရက်ပိုင်း အတွင်း ညွန်ကြားထားကြောင်း သျှမ်းသံတော်ဆင့် သတင်းစဉ်မှ အယ်ဒီတာ ဦးစိန်ကြည်က ပြောသည်။

“မိုင်းလားနဲ့ ကျိုင်းတုံကြား ဆက်သွယ်ထားတဲ့ နမ့်လွေချောင်းကူး တံတားမှာ နယ်စပ်ဂိတ်ရှိတယ်၊ နအဖ ထိန်းချုပ် နယ်မြေနဲ့ မိုင်းလား ထိန်းချုပ် နယ်မြေ နယ်ခြား၊ အဲဒီ အ၀င်အထွက်ကို စားသောက်ကုန် ပစ္စည်းတွေ တင်တဲ့ ကုန်တင်ကားတွေဆို ၀င်ခွင့် မပေးဘူး၊ ခရီးသည်တင် ကားတွေ မပါဘူး”ဟု ၎င်းက ဆိုသည်။

ကုန်ပစ္စည်း တင်ပို့ခွင့် ပိတ်ထားခြင်းသည် မိုင်းလားအဖွဲ့ကို စစ်ရေးအရ ဖိအားပေးရန် စစ်အစိုးရဘက်က အစပျိုး လိုက်ခြင်း ဖြစ်သည်ဟု စစ်ရေးလေ့လာသူ တချို့က သုံးသပ် ပြောဆိုကြသည်။

SSA-S ပြောခွင့်ရ ပုဂ္ဂိုလ် စိုင်းလောင်ဆိုင်းကမူ“နယ်ခြားစောင့်တပ် အဖွဲ့ လက်မခံတဲ့ လက်နက်ကိုင် တပ်ဖွဲ့ အားလုံးကို သူတို့က (နအဖ) တရားဝင် အနေနဲ့ မတရားအသင်း ဆိုပြီးတော့ ထုတ်ပြန် ကြေညာတာ မရှိပေမယ့် သူတို့ စိတ်ထဲမှာတော့ အပစ် အခတ် ရပ်စဲရေး ယူထားတဲ့ လက်နက်ကိုင် အဖွဲ့တွေကို သူတို့က တရား မ၀င်တော့ဘူးလို့ပဲ သဘောထားတော့မယ် ထင်တယ်။ ဒါကြောင့်မို့ သူတို့ကလည်း နည်းလမ်း အမျိုးမျိုးကို သုံးပြီးတော့ ဖိအားပေးတာဖြစ်တယ်”ဟု ၎င်းက ဆိုသည်။

တရုတ်နိုင်ငံနှင့် နယ်မြေချင်း ထိစပ်လျက်ရှိသည့် မိုင်းလားမြို့သည် အပစ်ရပ် အဖွဲ့တဖွဲ့ဖြစ်သော မိုင်းလား တပ်ဖွဲ့ (NDAA) အထူးဒေသ (၄) အခြေစိုက်ရာ မြို့ဖြစ်ပြီး နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို ငြင်းဆန်ထားသည့် အဖွဲ့ဖြစ်သည်။

အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား အဖွဲ့များက စစ်အစိုးရ ထိန်းချုပ်မှုအောက်တွင် နယ်ခြားစောင့်တပ် ဖွဲ့ရန် ငြင်းဆန် ထားကြပြီး လက်ရှိ အခြေအနေအတိုင်း ဆက်လက် နေထိုင်ခွင့် ရရှိရန် ကြိုးပမ်းလျက် ရှိကြောင်း၊ ထိုသို့ ငြင်းဆန်မှုကြောင့် စစ်ရေးအရ တင်းမာမှုများ ပေါ်ပေါက်နေခြင်း ဖြစ်ကြောင်း သတင်း ဖော်ပြချက်များ အရ သိရသည်။

စစ်အစိုးရက အပစ်ရပ် တပ်ဖွဲ့များကို နယ်ခြားစောင့်တပ် ပြောင်းလဲဖွဲ့စည်းရေးအတွက် ၂၀၀၉ ခုနှစ် ဧပြီလကတည်းက စတင် အကောင်အထည် ဖော်ခဲ့သည်။ ၁၉၈၉ မှ ၁၉၉၅ အတွင်း အပစ်အခတ် ရပ်စဲပြီး ငြိမ်းချမ်းရေး ယူခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ စုစုပေါင်း ၁၇ ဖွဲ့ ရှိသည်ဟု စစ်အစိုးရ၏ ထုတ်ပြန်ချက်များ အရ သိရှိရသည်။

Ref: ဧရာဝတီ်

Read More...

Thursday, November 25, 2010

အချိန်ကောင်း အခါကောင်း အခွင့်အရေးကောင်း

November 24, 2010

လူထု စိန်ဝင်း

နိုင်ငံခြားတိုင်း ပြည်တစ်ခုမှာ နှစ်ပေါင်း ငါးဆယ်နီးပါး နေထိုင်ခဲ့တဲ့ သူငယ်ချင်း တစ်ယောက် တစ်လောက
အလည် ပြန်လာရင်နဲ့ အိမ်ကို ရောက်ချလာပါတယ်။ ခုနှစ်ဆယ် အရွယ် အဘိုးကြီးနှစ်ယောက်
မင်းတစ်လုံး ငါတစ်လုံးနဲ့ စကားတွေ အားရ ပါးရ အကြာကြီး ပြောကြပါတယ်။

နန်းတော်တိုင် ဖက်မွေးသူ
သူက အများဆုံးပြောသူပါ။ ငယ်စရိုက်ကတော့ သေတဲ့အထိ ပျောက်မှာ မဟုတ်ပါဘူး။ ငယ်ငယ်တည်းကလည်း မောင်းကွဲ သံကြီးနဲ့ စကား တဖောင်းဖောင်း ပြောတတ်သူ ဖြစ်ပါတယ်။ “ဟေ့ကောင်ကြီး၊ ဗမာစကား ပြောတတ်သေးရဲ့လား” လို့ ကျီစယ်တော့ “နန်းတော်တိုင် ဖက်မွေးတဲ့ မန္တလေးသား စစ်စစ်ပါကွ၊ ဘယ်ရောက်နေနေ ဗမာဟာ ဗမာပါပဲ” လို့ မောင်းကွဲ သံကြီးနဲ့ ပြန်ဖြေတယ်။ နောက်တော့ ဗမာစကားတွေကို မြိန်ရေ ရှက်ရေနဲ့ မနားတမ်း ပြောပါတော့တယ်။ သူအသက်လည်း ခုနစ်ဆယ် ရှိပါပြီ။ အလုပ် ဆက်လုပ်နေ သေးတယ်လို့ ပြောပြတယ်။ သူက စိတ်အထူးကု ဆရာဝန်ကြီးပါ။ ဆေးရုံက အနားယူလိုက်ပြီ ကိုယ်ပိုင် ဆေးခန်းဖွင့်ပြီး ဆက်လုပ် နေတာဖြစ်တယ်။

နှစ်ငါးဆယ်ကွက်လပ်
ငယ်သူငယ်ချင်းတွေဆိုတော့ ပြောစရာတွေ မကုန်နိုင်ဘူး။ သူ့အကြောင်း ကိုယ်ကမေး။ ကိုယ့်အကြောင်း သူကမေးနဲ့ မပြီးနိုင်တော့ဘူး။ နှစ်ငါးဆယ်နီးပါး ကွက်လပ်ကြီး ဖြစ်နေခဲ့တာ မဟုတ်လား။ သူ့မှာ သားတစ်ယောက်၊ သမီးနှစ်ယောက် ရှိပြီး သုံးယောက်စလုံး၊ အလုပ်ကိုယ်စီ၊ အိမ်ထောင် ကိုယ်စီနဲ့ တစ်နေရာစီ နေကြလို့ အဘိုးကြီး၊ အဘွားကြီး နှစ်ယောက်တည်း ရှိနေတဲ့ အကြောင်း၊ မြန်မာပြည်ကို တစ်ခါတော့ အရောက်ပြန်မယ်လို့ ရည်မှန်းထားတဲ့ အတိုင်း လင်းမယား နှစ်ယောက် ထွက်လာခဲ့ကြတာ ဖြစ်ကြောင်း၊ ဒီနေရာရှိ၊ မရှိ မသေချာလို့ ဇနီးကို ဟိုတယ်မှာ ထားခဲ့ကြောင်း၊ နောက်တစ်ခေါက်မှ ခေါ်လာမယ် ဆိုတဲ့ အကြောင်းတွေလည်း ဆက်တိုက် ပြောသွားတယ်။ နည်းနည်းလေးမှ မောပုံပန်းပုံ မပေါ်ပါဘူး။

ရင်းနှီးမှုခံစားချက်
အဲဒီနေ့က သူသုံးနာရီလောက်ကြာနေပြီး စကားတွေ ဖောင်းနေအောင် ပြောသွားတယ်။ ပြန်ကာ နီးတော့“သူငယ်ချင်းကလည်း အရင်တိုင်းပဲ၊ ဘားမှ မပြောင်းလဲဘူး။ သူယ်ချင်း အိမ်ကလည်း ဘာမှ မပြောင်းလဲဘူး။ အဲဒါလေးကိုက ချစ်စရာ ကောင်းနေတာ” လို့ပြောသွားတယ်၊ ဟုတ်မှာပေါ့ သူတို့ ဆီကမှာတော့ နေစဉ်နဲ့ အမျှ တစ်ခုပြီးတစ်ခု ပြောင်းလဲ နေတာဆိုတော့ Homely atmosphere ဆိုတဲ့ ရင်းနှီး ကျွမ်းကျင်ဝင်မှု၊ ခံစားမှုမျိုး ဘယ်ရနိုင်မှာလဲ။ အိမ်နီး နားချင်းတွေ ဆိုတာလည်း ခဏခဏ အသစ် ဖြစ်နေကြမှာပေါ့။ တိုးတက် ဖွံ့ဖြိုးမှု နှေးကွေးတာ ကောင်းတဲ့ အချက်လည်းရှိတယ်။ ကိုယ့်အိမ်ကိုယ့်ရာ၊ ကိုယ့်ရပ်ကွက် ဆိုတဲ့ ရင်းနှီးမှု ခံစားချက်တွေ ပျောက်ကွယ် မသွားဘူး၊ ကျေနပ်ဖွယ် ဖြစ်တယ်။

အိမ်လွမ်းစိတ်တော့ ရှိမှာပါ
သူငယ်ချင်းက မန္တလေးသားဆိုတော့ တစ်ပြပတ်လည် ၀င်းကြီးတွေ ထဲမှာ တစ်အိမ်နဲ့ တစ်အိမ် ဆွေတွေမျိုးတွေလို ကူးလူး ဆက်ဆံနေခဲ့ကြပုံတွေကို မမေ့ဘူးထင်ပါတယ်။ မန္တလေးမှာတော့ သူ့အိမ်က ထမင်းဝိုင်း ၀င်နှိုက်လိုက်၊ ကိုယ့်အိမ်က ထမင်းဝိုင်း သူဝင်စားလိုက်နဲ့ ပျော်စရာကြီး မဟုတ်လား။ ကိုယ်တောင် ခဏခဏ မန္တလေးကို လွမ်းနေတာ၊ အဝေးကြီး ရောက်နေတဲ့သူဆို ပိုလွမ်းမှာပါ။ လွမ်းရင် ဘာဖြစ်လို့ ပြန်မလာဘဲ နေသလဲလို့ အပြစ် မတင်ချင်ပါဘူး။ ပျော်ရာမှာ မနေရ တော်ရာမှာ နေရဆိုတဲ့ စကား အရှိသားပဲ။ သူလည်း သူအကြောင်းနဲ့သူ ပြန်မလာနိုင်တာ ဖြစ်မှာပေါ့။ ပြန်မလာချင်ပေမယ့် အိမ်လွမ်းစိတ်တော့ ရှိနေမှာ သေချာတယ်။

နှစ်ငါးဆယ်အိပ်မက်
“ဘယ်နေရာရောက်နေနေ ဗမာာဟာ ဗမာပါပဲ” လို့ သူပြောခဲ့သလို၊ ဗမာစိတ် ကတော့ ပျောက်မသွား နိုင်ပါဘူး၊ ကိုယ့်ရပ် ကိုယ့်ရွာကို မပြန်ချင်တဲ့သူ ရှိပါ့မလား။ သူလည်း ပြန်ချင်မှာပါ။ မြန်မာနိုင်ငံကို အာရှတိုက်ရဲ့ အချမ်းသာဆုံး၊ အတိုးတက်ဆုံး နိုင်ငံအဖြစ် အမြန်ဆုံး ရောက်စေ ချင်ပါတယ်။ မဖြစ်နိုင်စရာ အကြောင်း ဘာမှ မရှိပါဘူး။ သယံဇာတ လူအင်းအား၊ ဥာဏ်ရည်ဥာဏ်သွေး ကျွန်တော်တို့မှာ အားလုံး ပြည့်စုံပါတယ်။

တစ်ခုတည်းသော ဆန္ဒ
ဒီနေ့ ဒီအချိန်မှာတော့ ပြီးခဲ့တဲ့ နှစ်ပေါင်း ခြောက်ဆယ်နဲ့ မတူတော့ဘူး။ တစ်တိုင်း ပြည်လုံးမှာ ရှိကြတဲ့ လှည်းနေ လှေအောင်း၊ မြင်းဇောင်းမကျန် လူကြီးလူငယ် အားလုံး၊ တိုင်းရင်းသား လူမျိုးစု အားလုံး တူညီတဲ့ လမ်းကြောင်း တစ်ခုတည်း အပေါ်မှာ ရပ်တည် နေမိကြပြီး၊ ဒီအခြေအနေမျိုး ဘယ်တုန်းကမှ မရှိခဲ့ဖူးဘူး၊ အခုအချိန်မှာ တစ်နိုင်ငံလုံးရဲ့ တစ်ခုတည်းသော ဆန္ဒက တိုင်းရင်းသား အားလုံး တန်းတူ ညီတူမျှ လွတ်လပ်ပြီး ချမ်းသာယာတဲ့ တရား ဥပဒေ စိုးမိုးမှုရှိပြီး ဗြဟ္မစိုရ်တရား ထွန်းကားတဲ့ ဒီမိုးကရေစီ နိုင်ငံတော်သစ် ထူထောင်ရေးသာ ဖြစ်တယ်။

လမ်းကြောင်းအမျိုးမျိုး လျှောက်ခဲ့ကြ
လွန်ခဲ့တဲ့ နှစ်ပေါင်းခြောက်ဆယ်အတွင်း တိုင်းရင်းသား လူမျိုးေ ပါင်းစုံတို့ဟာ ကိုယ့်ယုံကြည်ချက်နဲ့ ကိုယ် မတူညီတဲ့ လမ်းကြောင်း အမျိုးမျိုးကို လျှောက်လှမ်းခဲ့ကြတယ်။ အခုအချိန်မှာတော့ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးသာမက အုပ်ချုပ်တဲ့ အစိုးရ ကိုယ်တိုင်က ဒီမိုကရေစီ လမ်းကြောင်းကို လျှောက်လှမ်းမယ်လို့ အတိအလင်း ကြေညာ ထားခဲ့တယ်။ မရှိခဲ့ဖူးတာ အမှန်ဖြစ်တယ်။

အကျိုးမျှော်လို့
ဒီအခြေအနေဟာ တိုင်းပြည်အတွက် အခွင့်အရေးကောင်း တစ်ရပ်ဖြစ်တယ်။ နှစ်ငါးဆယ်လောက် ကာလအတွင်း မရစဖူးကို လွက်လွပ်မခံဘဲ တိုင်းရင်းသား လူမျိုးပေါင်းစုံနဲ့ လူတန်းစား အလွှား အသီးသီးတို့ရဲ့ ခိုင်မာ သိပ်သည်းပြီး တန်းတူညီမျှတဲ့ အမျိုးသား အင်းအားစုကြီး တစ်ရပ် ပေါ်ထွန်းလာအောင် တက်ညီ လက်ညီ ကြိုးပမ်း အားထုတ်ကြပါစို့လို အကျိုးမျှော်လို့ နှိုးဆော် လိုက်ရပါတယ်။



Read More...

လူကုန်ကူးမှု ပပျောက်ရေး ဒေါ်စု တိုက်တွန်း

ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ ၂၄ ရက် ၂၀၁၀

နယူးဒေလီ (မဇ္ဈိမ)။ ။ လူကုန်ကူးမှု ပပျောက်ရေး ဝိုင်းဝန်း လုပ်ဆောင်ရန် ဒေါ်အောင်ဆန်းစုကြည်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် - အန်အယ်ဒီ တိုင်းနှင့် ပြည်နယ် အမျိုးသမီး ခေါင်းဆောင်များကို ယနေ့ တိုက်တွန်းလိုက်သည်။

ကယားနှင့် ချင်းပြည်နယ်တို့မှလွဲ၍ တိုင်းနှင့် ပြည်နယ် ၁၂ ခုမှ အမျိုးသမီးအဖွဲ့ဝင် ၂ဝဝ ခန့်ကို ရန်ကုန် အန်အယ်ဒီ ရုံးချုပ်၌ ၃ နာရီကြာ တွေ့ဆုံ ဆွေးနွေးခဲ့စဉ် ဒေါ်အောင်ဆန်းစုကြည်က ထိုကဲ့သို့ တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။

“နယ်စပ်ဒေသတွေမှာရှိတဲ့ အမျိုးသမီးရေးရာ အဖွဲ့တွေကို တိုင်ပေမယ့် မထိရောက်ဘူး။ အဲဒီအတွက် အန်အယ်ဒီဆီ ရောက်လာတယ်။ လူကုန်ကူးမှု ပပျောက်ရေး ကိစ္စတွေကို အိုင်အယ်အိုကို တိုင်ပေးတဲ့ စမ်းချောင်းမြို့နယ် ကိုသက်ဝေ ခေါ် ကိုပေါက်စက ထိထိ ရောက်ရောက် ကူညီပေးတာတွေ ရှိတယ်လို့ ပြောပါတယ်။ အမျိုးသမီး အဖွဲ့ဝင်တွေ အနေနဲ့ ဆက်ပြီးတော့ ဝိုင်းဝန်း ကူညီပေးကြဖို့ ညွှန်ကြားပါတယ်” ဟု ရန်ကုန်တိုင်း အန်အယ်ဒီ အမျိုးသမီး အဖွဲ့ တာဝန်ခံ ဒေါ်မေဝင်းမြင့်က မဇ္ဈိမကို ပြောသည်။

မြန်မာစစ်အစိုးရက ဦးဆောင်ကာ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်ကို ၂ဝဝ၄ ခုနှစ်၌ ဖွဲ့စည်းထူထောင်ခဲ့ပြီး အမျိုးသမီးများ လူကုန်ကူး ခံရမှုကို တားဆီးနှိမ်နင်းရန် ရည်ရွယ်ချက် ပါရှိသည်။

ထို့အပြင် ၂ဝဝ၄ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့က မဲခေါင်မြစ်ဝှမ်း ဒေသရှိ လာအို၊ မြန်မာ၊ ကမ္ဘောဒီးယား၊ တရုတ်၊ ထိုင်းနှင့် ဗီယက်နမ် စသည့် ၆ နိုင်ငံမှ ဝန်ကြီးများက ဒေသအတွင်း လူကုန်ကူးမှု တိုက်ဖျက်ရေး ဆိုင်ရာ နားလည်မှု စာချွန်လွှာ (COMMIT MoU) ကို ရန်ကုန်မြို့၌ လက်မှတ် ရေးထိုးခဲ့ကြသေးသည်။

သို့သော် ပြည်ပရှိ မြန်မာအမျိုးသမီး အခွင့်အရေးဆိုင်ရာနှင့် လူ့အခွင့်အရေး အဖွဲ့အစည်းများကမူ စစ်အစိုးရ အနေဖြင့် အမှန်တကယ် ထိရောက်စွာ တားဆီးနိုင်ခြင်း မရှိဘဲ၊ တရုတ်နှင့် ထိုင်းနိုင်ငံသာမက အရှေ့တောင်အာရှ နိုင်ငံအချို့သို့ပါ ဆက်လက်၍ အမျိုးသမီးများ လူကုန်ကူး ခံနေရကြောင်း ထောက်ပြ ဝေဖန်ဆဲဖြစ်သည်။

ယနေ့ အန်အယ်ဒီ အမျိုးသမီးခေါင်းဆောင်များ ဆွေးနွေးပွဲသို့ ဗဟိုအမျိုးသမီး လုပ်ငန်းအဖွဲ့ဝင်များ ဖြစ်သည့် ဒေါ်မေဝင်းမြင့်၊ ဒေါ်မေနှင်းကြည်၊ ဒေါ်နှင်းနှင်းယု၊ ဒေါ်ခင်စန်းလှိုင်၊ ဒေါ်ခင်ဋ္ဌေးကြွယ်၊ ဒေါ်လဲ့လဲ့၊ ဒေါ်ခင်မာကြည်၊ ဒေါ်အေးအေးမာနှင့် မဖြူဖြူသင်း အပါအဝင် တိုင်းနှင့် ပြည်နယ်များမှ အမျိုးသမီး ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။

ဆွေးနွေးပွဲတက်သူ အမျိုးသမီးများက ဒုတိယမျိုးဆက် လူငယ်များ၏ ပညာရေးနှင့် အသိပညာ တိုးတက်ရေး အတွက် ဦးဆောင်ပေးရန် တင်ပြခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က တတ်နိုင်သမျှ လုပ်ကိုင်ပေးမည်ဟု တုံ့ပြန် ပြောဆိုခဲ့သည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်၏ အသက်အန္တရာယ်ကို စိုးရိမ်ကြောင်းနှင့် ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်း ကဲ့သို့ အဖြစ်ဆိုးမျိုး မကြုံတွေ့စေရန် လုံခြုံရေးကို အထူးဂရုစိုက်သင့်ကြောင်း သတိပေးစကား ပြောဆို ခဲ့ကြသေးသည်။

Ref: မဇ္ဈိမ

Read More...

၂၁ ရာစုပင်လုံညီလာခံ အချိန်မတိုင်သေးဟု ကျားဖြူမှ စဝ်ယွမ်းပိုင်ပြော

ဖနိဒါ
ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ ၂၄ ရက် ၂၀၁၀

ချင်းမိုင်(မဇ္စျိမ) ။ ။ ဒေါ်အောင်ဆန်းစုကြည်၏ ၂၁ ရာစု ပင်လုံညီလာခံ ခေါ်ယူရေး အစီအစဉ်မှာ အချိန် စောနေသေးကြောင်း ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ် ပါတီမှ စဝ်ယွမ်းပိုင်က ဝေဖန် လိုက်သည်။

“ ဒီကဏ္ဍက သိပ်ပြီးတော့ စောလွန်းသေးတော့ ပြောလို့မရဘူး။ မဖြစ်နိုင်ဘူးဆိုတာက လောလောဆယ် ဆုံးဖြတ်လို့ အင်မတန်မှ ခက်ခဲတဲ့ လုပ်ငန်းပါ။ ပြည်ထောင်စု အစစ်အမှန်နဲ့ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးကို အဓိက ထားပါတယ်။ အင်မတန် ကောင်းပါတယ်” ဟု ကျားဖြူ ခေါ် ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီမှ ရှမ်းပြည်တောင်ပိုင်း တာဝန်ခံ စဝ်ယွမ်းပိုင်က ပြောသည်။

ကျားဖြူပါတီ ရှမ်းပြည်တောင်ပိုင်း အထွေထွေ အတွင်းရေးမှူး စိုင်းမောင်တင်၊ ပင်လုံမှ ဗဟိုအလုပ် အမှုဆောင် စောစိုင်မိန်၊ ပါတီ အဖွဲ့ဝင် ဦးလှရဲထွတ်၊ စဝ်ယွမ်းပိုင်တို့ မတူ ကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီမှ ကိုနေမျိုးဝေနှင့် ယနေ့ ဆွေးနွေးအပြီး ဝေဖန်သံ ထွက်လာသည်။

“ ဒုတိယ ပင်လုံညီလာခံနဲ့ ပတ်သက်ပြီးတော့ မပါဖို့။ ပါမယ်ဆိုရင် အန္တရာယ်များတယ်။ ကျနော်တို့လဲ လက်မခံသေးဘူး။ လုံးဝ လက်မခံတာက မဟုတ်ဘူးနော်။ ဥပဒေ အပြင်ဘက် ဆိုရင် ဖြစ်မှာ မဟုတ်ဘူးလေ”ဟု စဝ်ယွမ်းပိုင်က ပြောသည်။

သို့သော် ကျားဖြူပါတီ သဘောထားအဖြစ် သတ်မှတ်၍ မရသေးကြောင်းလည်း သူက ဆက်ပြောသည်။

ရွေးကောက်ပွဲတွင် ကြံ့ခိုင်ဖွံ့ဖြိုးရေးနှင့် တစညပါတီများနောက် ၅၇ ဦးဖြင့် ကျားဖြူက တတိယ အများဆုံး နိုင်ထားသည်။

ကလေးမြို့ ကြေညာစာတမ်း အပိုဒ် ၂ အရ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ၂ဝ၁ဝ ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ် မပြုကြောင်း ပါသဖြင့် ဒုတိယညီလာခံ ခေါ်ယူရေးကိစ္စ ဖြစ်မြောက်နိုင်မည် မဟုတ်ကြောင်း ကိုနေမျိုးဝေက သုံးသပ်သည်။

“ဒီစာတမ်းက ပဋိပက္ခလမ်းကြောင်းဘဲ။ ပြုပြင်ပြောင်းလဲရေးမှာ ဒါမပါဘူး။ ဒေါ်အောင်ဆန်းစုကြည်သာ ဦးဆောင်ပြီး လုပ်ခဲ့မယ် ဆိုရင် သူအပါအဝင် ပါဝင်တဲ့ ပုဂ္ဂ္ဂိုလ်တွေပါ ဖမ်းဆီး ထိန်းသိမ်း ခံရနိုင်တယ်။ အဲဒီလို ပဋိပက္ခဖြစ်ပြီးတော့ အကျိုးဆက်က တယောက် အဖမ်းခံရလျှင် တထောင် ပျောက်သွားတယ်။ မြန်မာ့နိုင်ငံရေး သေသွားနိုင်ပါတယ်”ဟု သူက မဇ္စျိမကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူလူထုနှင့် နှစ်ပေါင်းများစွာ ကင်းကွာခဲ့သဖြင့် ပြည်သူလူထု၏ နိုင်ငံရေး အခြေအနေ၊ တုံ့ပြန်မှုများကို မှန်ကန်စွာ သိနိုင်ရန် တာဝန်အရ နိုင်ငံရေးပါတီများကို လိုက်လံ နှိုးဆော်နေကြောင်း ကိုနေမျိုးဝေက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ ၂၁ ရာစုအမြင်၊ တန်ဖိုးများနှင့် ကိုက်ညီသော ၂၁ ရာစု ပင်လုံညီလာခံဟု သတ်မှတ် ခေါ်ဆိုထားသည်။

တိုင်းရင်းသားလူမျိုးစုများ တန်းတူရေးနှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်အတွက် အာမခံသော ဒုတိယ ပင်လုံညီလာခံ ခေါ်ယူရေးကို ယခုလ ၂ဝ ရက်က ဇိုမီးအမျိုးသား ကွန်ဂရက် ဥက္ကဋ္ဌ ပူကျင့်ရှင်းထန်က ဒေါ်အောင်ဆန်းစုကြည်အား လွှဲပြောင်းပေးခဲ့သည်။

အောက်တိုဘာ ၂၄ ရက်က ဇိုမီးအမျိုးသားကွန်ဂရက် တည်ထောင်သည့် နှစ် ၂ဝ ပြည့် အခမ်းအနားကို စစ်ကိုင်းတိုင်း ကလေးမြို့တွင် ကျင်းပစဉ် အမျိုးသား ရင်ကြားစေ့ရေးနှင့် ပြည်ထောင်စု ဒုတိယ ပင်လုံညီလာခံ ခေါ်ယူရေး “ကလေးမြို့ ကြေညာစာတမ်း”ကို ထုတ်ပြန်ကာ ပူကျင့်ရှင်းထန်၊ မွန်ခေါင်းဆောင် နိုင်ငွေသိန်း၊ ကရင်အမျိုးသား ကွန်ဂရက် စောဟာရီ၊ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဦးအေးသာအောင်၊ ရခိုင်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးသာဘန်း၊ ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ စိုင်းရွှေကြူးနှင့် ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီ အဖွဲ့မှ ဦးထောင်ခိုထန်း အပါအဝင် စုစုပေါင်း ၁ဝ၉ ဦးခန့် သဘောတူ လက်မှတ် ရေးထိုးခဲ့သည်။

၁၉၄၇ ဖေဖော်ဝါရီ ၁၂ ရက်က ရှမ်းပြည် ပင်လုံမြို့၌ ဗိုလ်ချုပ်အောင်ဆန်းနှင့် ကချင်၊ ချင်း၊ ရှမ်း တိုင်းရင်းသား ခေါင်းဆောင်များ တန်းတူညီမျှ တိုင်းရင်းသား အခွင့်အရေးများကို အာမခံသည့် စာချုပ်ကို လက်မှတ် ရေးထိုးခဲ့ရာက ပင်လုံစာချုပ် ခေါ်တွင်ခဲ့သည်။

Ref: မဇ္ဈိမ

Read More...

အမျိုးသား ပြန်လည်သင့်မြတ်ရေး တစည လိုလား

ဦးဇော်ဝင်းလှိုင်
ဗုဒ္ဓဟူး, 24 နိုဝင်ဘာ 2010


ပြီးခဲ့တဲ့ နိုဝင်ဘာ ရွေးကောက်ပွဲမှာ အမတ်နေရာ စုစုပေါင်း ၆၄ နေရာ အနိုင်ရခဲ့တဲ့ တစည တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီက အမျိုးသား ရင်ကြားစေ့ရေး ကိစ္စတွေအတွက် ပါတီအားလုံးနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ အဆင်သင့်ပဲလို့ ပြောပါတယ်။ အမျိုးသား ရင်ကြားစေ့ရေး ဖြစ်ပေါ်ဖို့ ဘယ်ပါတီ အဖွဲ့အစည်းနဲ့ မဆို ပူးပေါင်းလုပ်ဆောင်ဖို့ အဆင်သင့် ရှိတဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပြီးနောက် တစည ပါတီကလည်း အခုလို ပြောလိုက်တာပါ။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြ ပေးထားပါတယ်။

အမျိုးသား ရင်ကြားစေ့ရေး ကိစ္စတွေအတွက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အပါအ၀င် ဘယ်လိုပါတီမျိုးနဲ့ မဆို လက်တွဲ လုပ်ဆောင်ဖို့ သူ့ဘက်က အဆင်သင့်ရှိတဲ့ အကြောင်း နေအိမ် အကျယ်ချုပ်ကနေ ပြန်လွတ်လာပြီး နောက်ပိုင်း လူထုကို ပြောကြားတဲ့ မိန့်ခွန်း ထဲမှာရော သတင်းဌာနတွေနဲ့ ပြုလုပ်တဲ့ မေးမြန်းခန်းတွေမှာပါ ဒေါ်အောင်ဆန်းစုကြည်က အကြိမ်ကြိမ် ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ လွှတ်တော် ရွေးကောက်ပွဲတွေမှာ အမတ်နေရာ အများဆုံး အနိုင်ရခဲ့ပြီး အစိုးရ ဖွဲ့မယ်လို့ အများက မျှော်လင့်ထားတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက ဒီကိစ္စနဲ့ ပတ်သက်လို့ တစုံတရာ တုံ့ပြန်ပြောဆိုခြင်း မရှိသေး ပေမဲ့လည်း စစ်အစိုးရနဲ့ နီးစပ်မှု ရှိတယ်လို့ အများက ယူဆထားတဲ့ တစညပါတီကတော့ နိုင်ငံရေး ပါတီတိုင်းကို လုပ်ဖော် ကိုင်ဘက်လို သဘောထားပြီး အမျိုးသား ရင်ကြားစေ့ရေး ကိစ္စ အပါအ၀င် တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ရေး ကိစ္စတွေကို လက်တွဲလုပ်ဆောင်ဖို့ အဆင်သင့်ပဲလို့ ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဟန်ဆွေက ပြောပါတယ်။

“ကျနော်တို့ပါတီ အနေနဲ့ ရှိနေတဲ့ နိုင်ငံရေး ပါတီတွေကို တန်းတူရည်တူ သဘောထားမယ်၊ ဒီနိုင်ငံရေး ပါတီတွေကလည်း အားလုံး ဒီမိုကရေစီ ခရီးလမ်းမှာ တလှေတည်းစီး၊ တခရီးတည်းသွားတဲ့ ပုဂ္ဂိုလ်တွေဖြစ်တယ်၊ လုပ်ဖော် ကိုင်ဘက်တွေ ဖြစ်တယ် စသဖြင့်။ နောက်တခါ နိုင်ငံတော်ရဲ့ အကျိုးစီးပွား၊ တမျိုးသားလုံးရဲ့ အကျိုးစီးပွား အတွက် ဖြစ်လာမယ်ဆိုရင် ကျနော်တို့ပါတီ အနေနဲ့ကလည်း ဘယ်ပါတီနဲ့ ဖြစ်ဖြစ် ပူးပေါင်းပြီး ဆောင်ရွက်သွားမယ် ဆိုတဲ့ဟာ ကျနော်တို့ထားတဲ့ သဘောထား ရှိပါတယ်။

“တကယ်လို့ ရည်ရွယ်ချက် လုပ်ငန်း မတူရင်လည်း ကိုယ့်ပါတီ အသီးသီး ကိုယ့်ဘာသာ ဆောင်ရွက်သွားကြမယ်၊ တူညီတယ် ဆိုရင်တော့လည်း အားလုံး ပူးပေါင်းပြီးတော့ ဆောင်ရွက်ကြမယ် ဆိုတဲ့ သဘောထားဟာ ရှေးဦး မဆွကတည်းက ကျနော်တို့ပါတီ အနေနဲ့ ချမှတ်ထားတဲ့ နိုင်ငံရေး ပါတီတွေနဲ့ ပတ်သက်တဲ့ သဘောထား ဖြစ်ပါတယ်။ လောလောဆယ်တော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တရားဝင်ပါတီ ဟုတ်တယ်၊ မဟုတ်ဘူး ဆိုတာကတော့ ကျနော်တို့လည်း ဥပဒေပညာရှင် မဟုတ်တော့ ပြောလို့မရတဲ့ အခြေအနေတော့ ရှိပါတယ်။”

တစညပါတီ အနေနဲ့လည်း ရွေးကောက်ပွဲနောက်ပိုင်း လုပ်ဆောင်ဖို့ ချမှတ်ထားတဲ့ လုပ်ငန်းစဉ်တွေ ထဲမှာ အမျိုးသား ရင်ကြားစေ့ရေး ကိစ္စ ပါဝင်တယ်လို့ ဦးဟန်ဆွေက ဆက်ပြောပါတယ်။

“ကျနော်တို့မှာလည်း မူအနေနဲ့ကတော့ ကျနော်တို့ ပါတီက ရွေးကောက်ပွဲအလွန် ကာလမှာ ဆောင်ရွက် သွားမယ့် လုပ်ငန်းစဉ် ၃ ရပ် ချမှတ်ထားတာ ပထမလုပ်ငန်းက တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပေါ့ဗျာ၊ ကျနော်တို့က ဒီလို သုံးနှုန်းပါတယ်၊ အမျိုးသား ရင်ကြားစေ့ရေး ဆိုတာလည်း အနှစ်သာရ အတူတူပါပဲ။ ကျနော်တို့က တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ဆောင်ရွက်သွားမယ် ဆိုပြီးတော့ ခံယူပြီးတော့ ရွေးကောက်ပွဲအလွန် ကာလမှာ ဆောင်ရွက်မယ့် လုပ်ငန်းအဖြစ်နဲ့ ကျနော်တို့ရဲ့ ရွေးကောက်ပွဲ ကြေညာ စာတမ်းမှာ အတိအလင်း ဖော်ပြခဲ့ပါတယ်။

“ဒါနဲ့ပတ်သက်လို့ ကျနော်တို့ပါတီရဲ့ သဘောထားက ပါတီစုံစနစ်ကို သွားမယ် ဆိုကတည်းက ပါတီစုံစနစ်နဲ့ ပတ်သက်တဲ့ နိုင်ငံရေး ပါတီတွေ အပေါ်မှာ ထားတဲ့ သဘောထားကို ချမှတ်ထားပြီး ဖြစ်ပါတယ်။”

အမျိုးသား ရင်ကြားစေ့ရေးပဲပြောပြော၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပဲ ပြောပြော တစညပါတီ အနေနဲ့ကတော့ ရှေ့လုပ်ငန်း စဉ်တွေမှာ ၂၀၀၈ ဖွဲ့စည်းပုံက ပြဋ္ဌာန်း ထားတာတွေနဲ့အညီ ဆက်လုပ်သွားဖို့ ရည်ရွယ်ထားတယ်လို့ ဦးဟန်ဆွေက ပြောပါတယ်။

“ကျနော်တို့ အနေနဲ့ကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မဏ္ဍိုင်ထားပြီးတော့ သွားတဲ့ နိုင်ငံရေးကို လက်ခံတာကိုး။ လက်ခံတဲ့ အခါကျတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေက ထားတဲ့ လမ်းကြောင်း အတိုင်းပဲ လိုက်ပါ ဆောင်ရွက်သွားမယ့် အနေအထား ရှိတယ်လို့ ပြောချင်ပါတယ်။ သို့သော် တဘက်ကလည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေက ပြည်သူက ဆန္ဒမဲပေးပြီး အတည်ပြုထားတော့ ဘယ်လို အခြေအနေပဲ ဖြစ်ဖြစ် ဒီအနှစ်သာရက ရှိနေတာကိုး။ ရှိနေတော့ ကျနော်တို့က အဲဒီကို မဏ္ဍိုင်ပြုတဲ့ နိုင်ငံရေးပဲ သွားရလိမ့်မယ်လို့ ယူဆပါတယ်။”

ရက်ပေါင်း ၉၀ အတွင်း လွှတ်တော်အသစ် ခေါ်ယူတဲ့ အခါမှာတော့ တူညီတဲ့ လုပ်ငန်းတွေကို လွှတ်တော် အတွင်းမှာ ရှိတဲ့ နိုင်ငံရေး ပါတီတွေနဲ့ ပူးပေါင်း လုပ်ဆောင် သွားမယ်လို့ ဦးဟန်ဆွေက ပြောပါတယ်။

Ref: VOA News

Read More...

ဒေါ်အောင်ဆန်းစုကြည် သားငယ်နှင့်အတူ ရွှေတိဂုံစေတီကို သွားရောက် ဖူးမြော်

Wednesday, 24 November 2010

ယနေ့ နံနက် ၇ နာရီ ဝန်းကျင်က ဒေါ်အောင်ဆန်းစုကြည်နှင့် သားငယ် ကိုထိန်လင်း (ခေါ်) ကင်မ်အဲရစ္စ တို့သည် NLD လူငယ်များနှင့် အတူ ရွှေတိဂုံ ဘုရားကို သွားရောက် ဖူးမြော်ခဲ့သည်။

မြောက်ဘက် မုခ်မှ တဆင့် ဘုရားဖူးရန် လာရောက်မည့် ဒေါ်အောင်ဆန်းစုကြည်နှင့် သားငယ်တို့၏ သတင်းကို ရယူရန် သတင်း ထောက်များမှာ နံနက် ၅ နာရီကတည်းက လာရောက် စောင့်ဆိုင်း နေကြပြီး အရပ်ဝတ် ရဲများနှင့် ဘုရား လုံခြုံရေး များလည်း အဆင်သင့် စောင့်ဆိုင်း နေသည်ကို တွေ့ရသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် သားငယ် ကိုထိန်လင်းတို့ နှစ်ဦး မြောက်ဘက်မုခ်မှ တဆင့် NLD လူငယ်များ ဝန်းရံကာ ဘုရား ရင်ပြင်ပေါ်သို့ တက်လာကြသည်။

ဒေါ်အောင်ဆန်းစုကြည်က အညိုရောင် အင်္ကျီနှင့် ကြက်သွေးရောင်နှင့် အညိုရောင်စပ် ထဘီ ကို ၀တ်ဆင်ထားပြီး ပုခုံးပေါ်တွင် ယောဂီပ၀ါ တထည် တင်ထားသည်။ ကိုထိန်လင်းက အဖြူရောင် လည်ကတုံး အင်္ကျီနှင့် အပြာရောင်ပုဆိုးကို ဝတ်ထားကြောင်း တွေ့ရသည်။

ဘုရားပေါ်ရောက်ရှိနေသော ဘုရားဖူးပြည်သူများက ဒေါ်အောင်ဆန်းစုကြည်နှင့် သားငယ်ကို ဝိုင်းအုံ နေကြ သောကြောင့် “ကျနော်တို့ ခေါင်းဆောင် ဘုရားမဖူးရတာ ကြာပါပြီဗျာ။ အေးအေးဆေးဆေးလေး ဘုရား ဖူးခွင့်ပေးပါ” ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် လူငယ်များက ပြောကြသည်။

မြောက်ဘက်မုခ်မှ ဘုရားရင်ပြင်ပေါ်ရောက်ချိန် အမျိုးသမီးကြီး တဦးက ဒေါ်အောင်ဆန်းစုကြည်၏ ပုခုံးပေါ်သို့ ၎င်း၏ အနီရောင် ပဝါကို တင်ပေးလိုက်သည်။ ဒေါ်အောင်ဆန်းစုကြည်က ထိုအမျိုးသမီးကို လက်ဆွဲနှုတ်ဆက် လိုက်သည်။

“ဘုရားဖူးတွေ တိုက်မိမယ်။ ဘုရားဖူးတွေတိုက်မိမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်သည်။ ရင်ပြင်တော် ပေါ်တွင် လမ်းလျှောက်ရင်း ကင်မရာ သမားများ တိုက်ခိုက် မိသောကြောင့် အနှောင့်အယှက် ဖြစ်ရသော ဘုရားဖူးများ ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က လိုက်လံ တောင်းပန်သည်။

ဒေါ်အောင်ဆန်းစုကြည်က မျက်နှာက ပြုံးရယ်နေသော်လည်း ၎င်း၏ သားငယ်ကိုမူ မရယ်မပြုံး ပုံစံဖြင့် တွေ့ရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ အင်္ဂါထောင့်တွင် သားအမိနှစ်ဦး ၃ မိနစ်ခန့် ဘုရား ဝတ်ပြုကြပြီး ဗိုလ်ချုပ်အောင်ဆန်း၏ နေ့နံ ဖြစ်သော စနေထောင့်ကို ဆက်လက် ထွက်ခွာ သွားကြသည်။ စနေထောင့် ဂြိုဟ်တိုင် ဘုရားတွင် သားအမိနှစ်ဦး ဝတ်ပြု ကြပြီးနောက် ကိုထိန်လင်းက စနေဂြိုဟ်တိုင် ဘုရားကို ရေသပ္ပာယ်သည်။

အမျိုးသမီးငယ်များက ဒေါ်အောင်ဆန်းစုကြည်ကို ပန်းများ လက်ဆောင် ပေးကြသည်။

ယမန်နေ့ မနက်က ရန်ကုန်သို့ ရောက်ရှိလာသော ကိုထိန်လင်းကို စစ်အစိုးရက ဗီဇာ ၁ လ ပေးထားသည်ဟု သိရသည်။ ၎င်း မြန်မာပြည်တွင် နေစဉ်အချိန် အတွင်း ပဉ္ဇင်း တက်ရန် စီစဉ် ထားကြောင်းလည်း သိရသည်။ မည်သည့်ရက် မည်သည့် နေရာတွင် ပဉ္ဇင်း တက်မည်ကိုမူ မသိရသေးပေ။ ကိုထိန်လင်းသည် ဒေါ်အောင်ဆန်းစုကြည်၏ မိခင် ဒေါ်ခင်ကြည် မကွယ်လွန်မီ အချိန်က ဘခင်၊ အစ်ကိုဖြစ်သူတို့နှင့် အတူ သင်္ကန်းဆီးခဲ့ဖူးသေးကြောင်း သိရသည်။

လာမည့် ဒီဇင်ဘာ ၆ ရက်နေ့ တန်ဆောင်းမုန်း လကွယ်နေ့တွင်လည်း ဒေါ်အောင်ဆန်းစုကြည်သည် သံဃာတော် အများ အပြားကို ကထိန်သင်္ကန်း ကပ်လှူဦးမည် ဖြစ်ကြောင်း ကြားသိရသည်။

ဒေါ်အောင်ဆန်းစုကြည်တွင် သားနှစ်ဦးရှိပြီး ကိုထိန်လင်းက သားငယ်ဖြစ်သည်။ သားကြီးဖြစ်သူ အလက်ဇန္ဒား အဲရစ္စ (ကိုမြင့်ဆန်းအောင်) သည် အမေရိကန်နိုင်ငံတွင် နေထိုင်လျက်ရှိပြီး အသက် ၃၃ နှစ်အရွယ် ရှိပြီဖြစ်သော ကိုထိန်လင်းသည် လက်သမား အလုပ်ဖြင့် အသက်မွေးနေသူ ဖြစ်သည်။ ၎င်းတွင် သားသမီး ၂ ဦး ထွန်းကား နေပြီဖြစ်ကြောင်း သိရသည်။

Ref: ဧရာဝတီ်

Read More...

သျှမ်းပြည်တပ်မတော်နှင့် နအဖတပ်တို့အကြား တိုက်ပွဲစိပ်

Wednesday, 24 November 2010

ရွေးကောက်ပွဲလွန်ကာလ သျှမ်းပြည်တပ်မတော် တောင်ပိုင်း တပ်ဖွဲ့နှင့် နအဖ တပ်တို့အကြား တိုက်ပွဲ ဆက်တိုက် ဖြစ်ပွား ခဲ့သည်ဟု သိရှိရပါသည်။

“ ပြီးခဲ့တဲ့ အပတ်ထဲက သျှမ်းတပ်ဖွဲ့နဲ့ ပစ်ကြခတ်ကြလို့ မိုင်းပန်၊ လင်းခေး ကနေ တောင်ကြီး သွားဖို့ ကားဆရာတွေ တောင် ခပ်လန့်လန့် ဖြစ်ကြတယ်။ ဒီတပတ်ထဲတော့ ပုံမှန် ပြန်ဖြစ်သွားပြီ”- ဟု မိုင်းပန် ဒေသခံ ကားဆရာတဦး ကပြောသည်။

ယခုလ ၁၇ ရက် မိုးနဲနှင့် လင်းခေးအကြား ပန်ဆတ် အခြေစိုက် အမြောက်တပ် တပ်ရင်းမှူးနှင့် ဇနီးက နောက်လိုက် နောက် ပါ ၅ ယောက်နှင့် အတူ လင်းခေးမြို့မှ ဈေးဝယ် အပြန် လမ်းတ၀က်တွင် သျှမ်းတပ် နယ်လှည့် စစ်ကြောင်း တခုက ခြုံခို တိုက်ခိုက်ခဲ့ သဖြင့် ၄င်းတို့ ကားတစီး ချောက်ထဲ ထိုးကျသွားပြီး အားလုံး သေဆုံးကြောင်း - အမည်မဖေါ်လိုသည့် ကျန်းမာရေး ၀န်ထမ်း အသိုင်းဝိုင်းက ပြောပါသည်။

ထို့အတူ နိုဝင်ဘာ ၂၃ ရက် ယမန်နေ့ကလည်း သံလွင်အရှေ့ခြမ်း ပုံပါကျင် အရှေ့ဖက် (ထိုင်းနယ်စပ် အနောက်ဖက် ၈ မိုင် အကွာ) ၀မ့်အောင့်လောင့် နှင့် နမ့်ဟူးခွန် ကြား၌ သျှမ်းပြည် တပ်မတော်နှင့် နအဖ စစ်တပ်တို့ မိနစ် ၂၀ ကြာ ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားခဲ့ပါ သေးသည်။

“ မနေ့က မနက်ပိုင်း ၇း၃၀ နာရီကျော်ကျော် လောက်မှာ တိုက်ပွဲဖြစ်တယ်။ သျှမ်းတပ် ဘက် ၁ ယောက် ဒဏ်ရာရ တယ်၊ ဗမာ တပ် ဘက်က ၂ ယောက်သေ ၂ ယောက် ဒဏ်ရာ ရတယ်။ သျှမ်းဘက်က အင်အား ၁၀ ယောက်လောက်နဲ့ ဗမာဘက် က အင်အား အယောက် ၃၀ လောက်ရှိမယ် ” ဟု သျှမ်းပြည် တပ်မတော် အသိုင်း အ၀ိုင်းက ပြောသည်။

မိုးနဲ လင်းခေးအကြားတိုက်ပွဲ သတင်းနှင့်ပတ်၍ သတင်းနှင့် မီဒီယာကွန်ယက် NMG ဌာနအား သျှမ်းပြည် တပ်မတော် ပြော ခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူးလောဝ် ဆိုင်က နအဖ ဗိုလ်မှူးကြီး အဆင့်နှင့် ရဲဘော် စုစုပေါင်း ၄ ယောက် သေဆုံးသည်ဟု ဖေါ်ပြထား ပါသည်။

သီးခြားအတည်မပြုနိုင်သေးသည့် ဒေသခံသတင်းအရ လင်းခေး - မိုးနဲကြားအမှတ် ၃၆၁ ပန်ဆတ် အမြောက်တပ်ရင်း တပ်ရင်းမှူး အမှတ်မထင် ပစ်သတ် ခံရပြီးနောက်ပိုင်း အင်အား ၃၀ ကျော်ပါ နအဖ စစ်ကြောင်း တကြောင်း သျှမ်းပြည် တပ်မတော် နယ်လှည့် စစ်ကြောင်းအား နောက်ယောင်ခံ လိုက်ရာ ထပ်မံ တိုက်ပွဲဖြစ်ပွားပြီး နအဖ တပ်သားများ သေဆုံးရခြင်း ဖြစ်သည်ဟုဆို၏။

လွန်ခဲ့သည့်အပတ်အတွင်း သံလွင်အရှေ့ခြမ်း မိုင်းတုံမှ တရုတ်လုပ် တုန်းဖုန်း စစ်ကား ၆ စီး စစ်သား အပြည့် တင်ကာ မိုင်းတော့ - မိုင်းထားဘက် အားဖြည့်ရန် တက်သွားသည်ဟု နယ်စပ်နေ စစ်ရေး လေ့လာသူ တဦးကပြောသည်။ ထို့ပြင် ရွေးကောက်ပွဲ နောက်ပိုင်းမှ ယနေ့ထိ နအဖနှင့် သျှမ်းပြည် တပ်မတော်ကြား တိုက်ပွဲပေါင်း ၁၀ ကြိမ်ထက်မနဲ ဖြစ်ပွါးခဲ့ပြီဖြစ်ကြောင်း SSA ပြောခွင့်ရပုဂ္ဂိုလ် စိုင်းလောင်ဆိုင်က ပြောသည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

အထူးဒေသ ၄ အ၀င်ဂိတ် ပိတ်ထားရန် တြိဂံတိုင်းမှူးညွှန်ကြား

မွေခေါဝ်
Wednesday, 24 November 2010

အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်ပေါင်းစု-သျှမ်းပြည်အရှေ့ပိုင်း NDAA-ESS မိုင်းလား အထူးဒေသ (၄)နှင့် သျှမ်း အရှေ့ မြို့တော် ကျိုင်းတုံသို့ ဆက်သွယ်ထားသော နမ့်လွေမြစ် တံတား နယ်ခြား တာ့ပင်းဂိတ်ကို နအဖ ဘက်မှ ပိတ်လိုက်ကြောင်း စုံစမ်း သိရှိရပါသည်။

“မနေ့ မနက်ကစပြီး တာ့ပင်းတံတားဂိတ်ကို နအဖဘက်ကပိတ်လိုက်ပြီ။ ကုန်ရောင်း ကုန်ဝယ် ပစ္စည်းတင်ကား အားလုံး သွားလာခွင့် ပိတ်ထားတယ်။ ဂိတ်မှာ ကား ၁၀ စီးလောက် တန်းစီနေတာ ကျော်လို့ မရတော့ လှည့်ပြန် လာခဲ့ရတယ်” ဟု ကျိုင်းတုံ ကားသမား တစ်ဦးက ပြောပါသည်။

ကျိုင်းတုံ-မိုင်းလားကားလမ်းပေါ်ရှိ မိုင်းလားနယ်ဝင် တာ့ပင်းဂိတ်၌ ကုန်တင်ကား သွားလာမှု ပိတ်ရန် တြိဂံတိုင်း စစ်ဌါနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထွန်းဦးက ညွှန်ကြား ခဲ့ခြင်းဖြစ်သည်ဟု အာဏာပိုင်များက ပြောဆိုကြောင်း ၎င်းက ဆက်လက်ပြောပါသည်။

“တာချီလိတ်ကနေ မိုင်းလားကိုသွားမဲ့ ကုန်တင်ကားတွေလဲ ပိတ်ထားတယ်လို့ ကြားတော့ လှည့်ပြန် လာကြတယ်” ဟု တာချီလိတ် ကားသမားတစ်ဦးကလည်း ပြောပါသည်။

တဖက်၌လည်း ၀ နယ်နှင့် မိုင်းလားနယ်အကြား နအဖထိန်းချုပ်နယ်မြေဖြစ်သော မိုင်းယန်းမြို့တွင်း နယ်မြေ (မြို့ပြင် မြောက်ဘက်ခြမ်း ၀ နယ်၊ တောင်ဘက်ခြမ်း မိုင်းလား နယ်မြေ) အား ည ၇ နာရီ မှမနက် ၆ နာရီ နေ၀င်မီးငြိမ်း အမိန့် ယနေ့တိုင် ထုတ်ပြန် ထားသည်ဟုဆို၏။

“ညမထွက်ရအမိန့်တော့ ပြီးခဲ့တဲ့ ဧပြီလကတည်းကစခဲ့တာ။ အခုထက်ထိဘဲ။ ဒီအမိန့် ကာလရှည်ကြာ ထုတ်ပြန် ထားတော့ ပြည်သူတွေလဲ စိတ်ညစ်တာပေါ့။ ကြောက်တဲ့သူကကြောက်။ တချို့လဲ စစ်ဖြစ်လာနိုင်တယ်လို့ ထင်ပြီး တခြား ဒေသ ပြောင်းရွှေ့ဖို့ စီစဉ်နေကြတာလဲ ရှိတယ်” ဟု တာချီလိတ်ရောက် မိုင်းယန်း ဒေသခံ တစ်ဦးက ပြောပါသည်။

၂၀၁၀ စက်တင်ဘာ ၁ ရက်နေ့ နောက်ဆုံးထား၍ နယ်ခြားစောင့်တပ် ပြောင်းလဲ မဖွဲ့လျှင် မတရားအသင်း ဖြစ်သွား မည်ဟု နအဖက ခြိမ်းခြောက် ထားသော်လည်း ၀ နှင့် မိုင်းလား တပ်ဖွဲ့က လက်မခံသဖြင့် ယနေ့တိုင် နှစ်ဖက်အခြေအနေ တင်းမာလျှက်ရှိသည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

Wednesday, November 24, 2010

“လူနာတွေကို အဓမ္မလုပ်လာရင် လုံးဝ လက်မခံဘူး”

Tuesday, 23 November 2010

မဖြူဖြူသင်းသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) လူမှု အထောက်အကူပြု အဖွဲ့ဝင်တဦး ဖြစ်ပြီး လွန်ခဲ့သည့် ၁၀ နှစ် ဝန်းကျင်မှ စ၍ HIV/ AIDS ဝေဒနာရှင်များကို စောင့်ရှောက် ခဲ့သူဖြစ်သည်။ ယခုအခါ ၎င်း စောင့်ရှောက်ထားသော ဝေဒနာရှင် ၈၀ ကျော်တို့မှာ ရန်ကုန်မြို့ တောင်ဒဂုံရှိ အိမ်တအိမ်တွင် နေထိုင်လျက်ရှိသည်။ လွန်ခဲ့သည့် နိုဝင်ဘာ ၁၇ ရက်နေ့က အဆိုပါ လူနာများထံသို့ ဒေါ်အောင်ဆန်းစုကြည် သွားရောက် အားပေးခဲ့ပြီး နောက်တနေ့တွင် အာဏာ ပိုင်များက လူနာ ၅၀ ကျော်ကို သာကေတရှိ ဆေးရုံတရုံသို့ ပြောင်းရွှေ့ရန် ဖိအားပေး ပြောဆိုခဲ့ပြီး ထိုလူနာများ အတွက် ဧည့်စာရင်း တိုင်ခွင့် မပေးတော့ကြောင်း သိရသည်။

မေး။ ။ မဖြူဖြူသင်းတို့ စောင့်ရှောက်ထားတဲ့ HIV လူနာတွေကို ဖိအားပေး ပြောင်းရွှေ့ခိုင်းတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဘာတွေ ထပ်ထူးခြား ပါသေးလဲ။

ဖြေ။ ။ မထူးခြားသေးဘူး။ မထူးခြားဘူး ဆိုတာက ဒီကိစ္စနဲ့ ပတ်သက်ပြီး ဥပဒေကြောင်း အရ လူနာတွေက ဧည့်စာရင်း တိုင်ပြီး နေပိုင်ခွင့် ရှိတယ်။ ဒါ နိုင်ငံသား အခွင့်အရေးဖြစ်တယ်။ ဒါက ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုယ်တိုင် လက်မှတ် ရေးထိုးထားတဲ့ နိုင်ငံသား အခွင့်အရေးပဲ။ အဲဒီတော့ နေပိုင်ခွင့် ဆိုတာ ရှိပြီးသား ဖြစ်တယ်။ အဲဒါကို ကျမတို့ လူနာ တဦးက ရပ်ကွက်ရုံးကို စာရေးပြီး သွားတင် ထားတယ်။ ဒါပေမယ့် လက်မခံဘူးလို့ ပြောတယ်။ ဘာကြောင့်လဲ ဆိုတော့ နိုဝင်ဘာ ၂၅ ရက်နေ့အထိ နောက်ဆုံးပိတ် သတ်မှတ်ထားတဲ့ အတွက် ၂၅ မှာ ဘာဖြစ်မယ်ဆိုတာ သိပြီးမှ သူတို့ ဆုံးဖြတ်မယ်တဲ့။

မေး။ ။ အဲဒါဆို ၂၅ ရက်နေ့ အပြီးရွှေ့ရမှာလား။

ဖြေ။ ။ ရွှေ့တော့ မရွှေ့ပေးဘူး။ ဒါပေမယ့် ခြိမ်းခြောက်ထားတယ်။ ၂၅ ရက်နေ့ နောက်ပိုင်းဆိုရင် ဖမ်းဆီး အရေးယူ ခံရနိုင်တယ် ဆိုပြီး ပြောတယ်။

မေး။ ။ လူနာတွေကို ပြောင်းရွှေ့ဖို့ ဘယ်လို လာပြောတာလဲ။

ဖြေ။ ။ ဆေးရုံမှာ နေဖို့ ထိုင်ဖို့ လူနာတွေအတွက် အကုန်စီစဉ် ပေးထားတယ်ပေါ့၊ အစိုးရပိုင်းက စီစဉ်ထားတာ ရှိတယ် ဆိုပြီး ပြောတာ။ အဲဒီ သာကေတက ဆေးရုံ တရုံလုံးမှာ လူနာ ၆ ယောက်ပဲ ရှိတယ်လို့ ပြောသံကြားတယ်။ ဒါပေမယ့် သူတို့က ခြိမ်းခြောက်ပြီးတော့ ဆေးရုံကို ရွှေ့ကို ရွှေ့ရမယ်ဆိုပြီး ပြောတာပေါ့နော်။ ဒီမှာလည်း ဆက်နေဖို့ မပေးတော့ဘူးလို့ ပြောတယ်။ ဒါပေမယ့် လူနာတွေက မသွားချင်ကြဘူး။ လူနာတွေက ဒီမှာပဲ နေချင်ကြတယ်။ ဒါကလည်း သူတို့ နေချင်တဲ့ နေရာမှာ နေပိုင်ခွင့် ရှိပြီးသားလေ။ လောလော ဆယ်မှာတော့ အကုန်လုံး ပြောင်းဖို့ အစီအစဉ်တော့ မရှိသေးဘူး ပေါ့နော်။

နောက်တခါ ရပ်ကွက်ထဲမှာ ဒီလိုမထားသင့်ဘူး၊ ဒါဟာ ကူးစက် ရောဂါဖြစ်တယ် ဆိုပြီး ရပ်ကွက်ထဲက လူတွေကိုလည်း လက်မှတ် လိုက်ထိုးခိုင်းတယ်။ ဒါပေမယ့် ရပ်ကွက်ထဲက ပြည်သူလူထုက မနာခံဘူး၊ လက်မှတ် မထိုးပေးကြဘူး။

မေး။ ။ ပြောင်းရွှေ့ရမယ့် ဆေးရုံအခြေအနေကို သွားကြည့်တော့ကော ဘယ်လိုတွေ့ရလဲ။

ဖြေ။ ။ အဲဒီမှာ လူနာကတော့ ၆ ယောက်ပဲ ရှိတာပေါ့နော်။ လူနာတွေကို အသားပေးမယ် ပြောတယ်။ တနေ့စာ ဘယ်လောက်ပေါ့။ ကိုယ့်ဟာကိုယ် ချက်ပြုတ်စား ပေါ့နော်။ ရေတွေ ဘာတွေတော့ ဝယ်သောက်ရတယ်။ တကယ်က ပေးတဲ့ အသားကလည်း သိပ်မရှိပါဘူး။ စေတနာ အမှန်နဲ့ လူနာကို ကူညီချင်တာ မဟုတ်ဘဲနဲ့ မဖြစ်နိုင်ဘူးလေ။ အဲဒါတွေ သိတဲ့ အခါကျတော့ လူနာတွေ တော်တော်များများက မသွားချင်ကြတာ။ သူတို့ မသွားနိုင်ဘူးပဲ ပြောကြတယ်။

မေး။ ။ အခုလိုမျိုး လာပြောင်းရွှေ့ခိုင်းတာ၊ ရပ်ကွက်က လူတွေကို လက်မှတ်ထိုးခိုင်းတာ ဘယ်တုန်းကလဲ။

ဖြေ။ ။ ဒေါ်အောင်ဆန်းစုကြည် လူနာတွေကို လာကြည့်တာက ၁၇ ရက်နေ့က၊ သူတို့ ဒီစာကို ထုတ်တာက ၁၈ ရက်နေ့၊ ၁၉ ရက်နေ့ကျတော့ ရပ်ကွက်ထဲမှာ လက်မှတ် လာထိုးခိုင်းတယ်။

မေး။ ။ အရင်တုန်းကကော အခုလို လူနာတွေကို နှောင့်ယှက်တာတို့၊ ရွှေ့ခိုင်းတာတို့၊ လာပြီး ကြည့်ရှုတာမျိုး ရှိခဲ့လား၊ ကူးစက်ရောဂါ ပြန့်ပွား နိုင်တယ်လို့ လာပြောတာမျိုးကော ရှိပါသလား။

ဖြေ။ ။ အရင်တုန်းကလည်း လုပ်ခဲ့တာရှိတယ်။ အဲဒါဘာလဲဆိုတော့ အိမ်ငှား နေခဲ့တာဆိုတော့ အိမ်ရှင်ကို ဒီလူနာတွေ ဒီအတိုင်းထားရင် ဖမ်းမယ် ဆီးမယ် ဆိုတာမျိုးပေါ့။ အဲဒီလို လုပ်တဲ့ အခါကျတော့ အိမ်ရှင်တွေ ထွက်ပြေး ရတာမျိုး ကြုံဖူးတယ်။ အိမ်ရှင်က ဒီ လူနာတွေကို ထားချင်တယ်။

အဲဒီလို အိမ်ရှင်ကို ဒုက္ခပေးတာမျိုး ရှိလာတော့ ကျမတို့ပဲ ပြောင်းရွှေ့ ပေးလိုက်ရတယ်။ တချို့ နေရာမှာဆိုလည်း အိမ်ရှင်နဲ့ စာချုပ် ၆ လ ချုပ်တယ် ဆိုရင် ၃ လ၊ ၄ လ လောက် နေပြီးပြီဆိုရင် အတင်း ဖိအားပေးပြီး ပြောင်းရွှေ့ခိုင်းတယ်။ အိမ်ရှင်ကတော့ ဘယ်ပြောင်း စေချင်မလဲ။ သူတို့က စေတနာရှိတယ်လေ။ ထားချင်တယ်။ ဒါပေမယ့် အတင်း ဖိအားပေးတဲ့ အခါမှာကျတော့ သူတို့ဘက်က လာပြီး တောင်းတောင်း ပန်ပန်နဲ့ သူတို့က မပြောင်း စေချင်ပါဘူး၊ ဒါပေမယ့် ဒီလိုဒီလို ဖြစ်လို့ပါဆိုပြီး လာပြော ကြရတယ်လေ။ အဲဒီလိုမျိုး ဆိုတော့လည်း ကျမတို့က အိမ်ရှင်ကို ဒုက္ခ မရောက်စေချင် ဘူးပေါ့။ အိမ်ရှင် ဒုက္ခရောက်မှာမို့ ပြောင်းပေး လိုက်ရတာမျိုးတွေ ရှိတယ်။ နောက်တခါ လူနာတွေကို အတင်းကို ဆေးရုံပေါ် တင်လိုက်တာမျိုး လုပ်တယ်။ သက်ဆိုင်ရာက ခေါ်တင်ခိုင်းတယ် ဘာညာဆိုပြီး ဆွဲတင်သွားတာပဲ။ အဲဒီလိုမျိုး ခဏ ခဏ ကြုံဖူးတယ်။

အခု အိမ်ကတော့ ငှားတာ မဟုတ်ဘူး။ ကိုယ်ပိုင် အိမ်ဖြစ်နေတယ်။ ဒီတော့ အိမ်ရှင်ကိုလည်း ပြဿနာ ရှာလို့မရတော့ လူနာတွေကို ခြိမ်းခြောက်တာပေါ့။ လူနာတွေကတော့ ခြိမ်းခြောက် ပေမယ့်လည်း ဒီမှာပဲ နေမယ် ဆိုတာမျိုးပဲ ပြောနေတာပေါ့။

မေး။ ။ အဲဒီလို လူနာတွေကို ဆေးရုံ တက်ခိုင်းတဲ့ အခါမှာ လူနာတွေ အတွက်ကော ပိုပြီး အဆင်ပြေလား။ ဆေး ရရှိမှု အခြေအနေက အစပေါ့။

ဖြေ။ ။ အဲဒါပြောစရာရှိတယ်။ စက်တင်ဘာတော်လှန်ရေး ဖြစ်တော့ ကျမ မရှိဘူး။ သံဃာတွေ ဖမ်းဟယ် ဆီးဟယ် လုပ်ကြရော။ အဲဒီအချိန် ဘုန်းကြီးကျောင်းတွေမှာ လူနာတွေ ရှိနေတယ်။ အဲဒီက အမျိုးသား တယောက် အမျိုးသမီး တယောက်ကို ဆေးရုံ တင်လိုက်တယ်။ ဆေးရုံရောက်တော့ တာဝန် မယူနိုင် ပါဘူး ဆိုပြီးတော့ ချက်ချင်းပဲ ညတွင်းချင်း ကားစီစဉ်ပြီး သူတို့ရွာကို ပြန်ပို့လိုက်တယ်။ ရွာလည်း ပြန်ရောက်ရော သိပ်မကြာခင် သေဆုံး သွားကြတယ်။ အဲဒီလိုမျိုးတွေ ရှိခဲ့ဖူးတယ်။ လူနာတွေ အနေအထားက ပြန်လာလို့လည်း မလွယ်ဘူး။ တော်တော်လေး ကျန်းမာရေး အခြေအနေက ဆိုးနေတော့ ပြန်မလာ နိုင်တော့ဘူးပေါ့။ သူတို့ဆီ ရောက်သွားရင်တော့ အဆင်ပြေသွားတယ် ဆိုတာ မကြုံဖူးဘူး။ အဆင်ပြေ သွားတာတွေ မရှိဘူး။

မေး။ ။ အဲဒီလို အဖြစ်အပျက်တွေကို လူနာတွေက သေသေချာချာ သိလား။

ဖြေ။ ။ သိတယ်။ လူနာတွေ တော်တော်များများ ကတော့ အကုန်လုံး အပ်ကအစ ဝယ်ရတာလေ။ အားလုံး သူတို့ဆီမှာ ဘာမှ အလကား ရတာမရှိဘူး။ အဲဒီတော့ အခု လူနာတွေက သူတို့ကို အကုန်လုံးက အဲဒီလိုမျိုးကြီး ကူညီပေးမယ်၊ ဘာလုပ်ပေးမယ် ဆိုတဲ့ ဟာမျိုးကို လုံးဝ မယုံကြည်ကြဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ ကိုယ်တိုင်က ဒါမျိုးတွေကို ကြုံခဲ့ပြီးပြီလေ။ လူနာ တော်တော်များများက ဆေးရုံက ဆင်းခဲ့ကြတဲ့ သူတွေချည်းပဲ။ သူတို့ ကိုယ်တိုင်က ဒီလို အတွေ့အကြုံ မျိုးတွေ ရှိတဲ့ အခါကျတော့ သူတို့ဘယ်လိုပဲ ကောင်းအောင် လုပ်ပေးမယ် ပြောပြော သူတို့ မယုံကြည်ကြဘူး။ ကျမ အနေနဲ့ကလည်း သူတို့ကို ပြောပါတယ်။ အဆင်ပြေမယ် ဆိုရင် သွားပေါ့။ ဒါပေမယ့် ကျမကလည်း အဆင်မပြေမယ့် နေရာမျိုးကို သိပ်ပြီး မထိုးထည့် ချင်ဘူး။ လူနာတွေ ဒုက္ခ ရောက်တာမျိုး တွေကိုတော့ မဖြစ်စေချင်ဘူး။ သူတို့ရဲ့ ဆုံးဖြတ်ချက်ကလည်း ဘယ်သူမှ မသွားချင်ဘူး။ သူတို့ကလည်း တော်တော်လေး သိနေကြတယ်။

မေး။ ။ လူနာတွေက အဲဒီလို အစိုးရရဲ့ ဆေးရုံကို မသွားချင်တဲ့ အကြောင်းရင်းက မယုံကြည်တာ တခုပဲလား၊ တခြား အကြောင်းတွေ ဘာရှိသေးလဲ။

ဖြေ။ ။ အဲဒါတော့ အကြောင်းစုံ ရှိတာပေါ့နော်။ လူနာတွေက ကျမတို့တွေထားတဲ့ ပုံစံကတော့ သီးသန့်ကြီး မဟုတ်ဘူးပေါ့။ ဟိုသပ်သပ်၊ ဒီသပ်သပ် မဟုတ်ဘူးပေါ့နော်။ အားလုံးက တစုတဝေးတည်း၊ အကုန်လုံးက တကယ့်ကို ညီအစ်ကို မောင်နှမလို နေကြတာ။ အဲဒီလို နေကြတဲ့ အခါကျတော့ သူတို့က အဲဒီအပေါ်မှာ နှစ်သက်တယ်နဲ့ တူပါတယ်။ ခံစားရတယ်နဲ့ တူပါတယ်။ ကျမတို့ ကိုယ်တိုင်ကိုက လူနာတွေနဲ့ နေတဲ့အခါမှာ တကယ့်ကို ပွင့်ပွင့်လင်းလင်းနဲ့ ပြောစရာရှိရင် ပြောတာပဲ။ ပြောရမယ် ဆိုရင်တော့ သူတို့ မိသားစု ကိစ္စကအစ၊ သူတို့ ခံစားချက်ကအစ နားထောင် ပေးတယ်။ တတ်နိုင်သလောက် ဝိုင်းဖြေရှင်း ပေးတယ်။ ကိုယ်လုပ်ပေးနိုင်တာ လေးတွေပေါ့နော်။ သူတို့ ကိုယ်တိုင်က ယုံလည်း ယုံကြည်တယ်။ အဲဒါတွေလည်း ပါတာပေါ့။

ဒီမှာ တွေ့ရတာတော့ လူနာတွေရဲ့အခက်အခဲတွေ တော်တော် များများ၊ စီးပွားရေး အခြေအနေတွေ ဘာတွေက အစ သူတို့ ရင်ဖွင့်ကြတယ်။ စီးပွားရေး မဆင်မပြေဘဲနဲ့ လာတဲ့လူ များတယ်လေ။ အဲဒီလိုမျိုးတွေကို ကျမတို့ အကုန် နားထောင်ပေး ရတာကိုး။

မေး။ ။ မဖြူဖြူသင်းတို့ဆီမှာ လူနာက ဘယ်နှယောက် ရှိနေပြီလဲ။

ဖြေ။ ။ အားလုံး ၁၀၀ ကျော်တယ်။ နေရေးထိုင်ရေးကတော့ သိပ် အဆင်တော့ မပြေဘူး။ ဒါပေမယ့် ဖြစ်တာတော့ ဖြစ်ပါတယ်။

မေး။ ။ အခုလိုမျိုး လူနာတွေကို ရုတ်တရက် လာရွှေ့ခိုင်းတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ မဖြူဖြူသင်း အနေနဲ့ ဘယ်လို ထင်လဲ။ ဘာကြောင့်မို့လို့ အခုလို လာရွှေ့ခိုင်းတယ်လို့ ထင်လဲ။

ဖြေ။ ။ ဘာကြောင့် အခုလို ရုတ်တရက် လာရွှေ့ခိုင်းတာလဲ ဆိုတော့ တိုက်ဆိုင်မှုတခုလို့ပဲ ဆိုရမှာပေါ့။ ကျမတို့က ဒီလို ကိစ္စမျိုးတွေ မကြာခဏ ကြုံတွေ့ နေရတာပဲလေ။ ဒါပေမယ့် အခုနေရာကျတော့ တမျိုးပေါ့နော်။ အခု ကတော့ ဒေါ်အောင်ဆန်းစုကြည်က ၁၇ ရက်နေ့က လာတယ်။ ၁၈ ရက်နေ့မှာ သူတို့ စာထုတ်တယ်။ ကျမ မြင်တာကတော့ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်း တွေက သူတို့ လုပ်ပိုင်ခွင့်ရှိတယ်၊ သူတို့ လုပ်နိုင်တယ်ဆိုပြီး အာဏာကို အလွဲသုံးစား လုပ်တယ်လို့ မြင်တာပေါ့။

ကျမရဲ့ အမြင်ကတော့ ပြည်သူလူထုအပေါ်မှာ ဘာပဲပြောပြော ဖိအားပေးစရာ မလိုဘူးပေါ့နော်။ အဓိကက သူတို့မှာ ဒီရောဂါ ရှိတော့ ပိုပြီး အားငယ်တာပေါ့။ အားငယ်နေတဲ့ လူတွေကို ကူညီဖို့ လိုပါတယ်။ ပူးပေါင်း ဆောင်ရွက်ဖို့ လိုပါတယ်။ ကျမအနေနဲ့ NGOs နဲ့ပဲ ဖြစ်ဖြစ် အစိုးရပိုင်းနဲ့ပဲ ဖြစ်ဖြစ် ပူးပေါင်း ဆောင်ရွက်ချင်ပါတယ်။ အဲဒီလို ပူးပေါင်း ဆောင်ရွက်တဲ့ နေရာမှာလည်း စေတနာ မှန်ဖို့ လိုပါတယ်။ အခုဟာက ကျမမြင်တာတော့ စေတနာလုံးဝ မမှန်ဘူး။ နောက်တခုက ကျတော့ ဒီလူနာကို ကူညီရမယ် နှစ်သိမ့်ရမယ် အားပေးရမယ် ဆိုတာထက် သူတို့က ခြိမ်းခြောက်မှုနဲ့ သူတို့က အာဏာရှင်၊ ငါတို့ လုပ်ချင်တာ လုပ်လို့ရတယ် ဆိုတဲ့ ပုံစံမျိုးပေါ့။ အဲဒါကတော့ အာဏာရှင် ဆန်ဆန် လုပ်တယ်ဆိုတဲ့ သဘောတွေ့ရတယ်။

မေး။ ။ အဲဒီတော့ ဒီကိစ္စကို ဒေါ်အောင်ဆန်းစုကြည်ကော သိပြီးပါပြီလား။ သူက ဘယ်လို ထင်မြင်ချက်တွေ ပေးသေးလဲ။

ဖြေ။ ။ သိတယ်၊ အကုန်သိပါတယ်။ အဲဒီအတွက်ကြောင့်လည်း ကျမတို့က တရားဥပဒေ အရ ရင်ဆိုင်ဖို့ အားလုံး စီစဉ် ပြီးသားပါ။

အန်တီကတော့ လူနာတွေ အတွက်ကို တော်တော် စိတ်မကောင်းဖြစ်နေတယ်။ ဘာကြောင့်လဲဆိုတော့ လူနာတွေ အတွက် အများကြီး မျှော်လင့် ထားတယ်။ အများကြီး လုပ်ပေးမယ် ဆိုတဲ့ အစီအစဉ်ရှိတယ်။ လူနာတွေရဲ့ နေရေး ထိုင်ရေးကိစ္စက အစ သူအများကြီး ကြိုးစားပေးပါ့မယ် ဆိုတာကို လူနာတွေကို ပြောခဲ့တယ်လေ။ ဆေးဝါးတွေ ရရှိဖို့ တတ်နိုင် သလောက် သူ့အနေနဲ့ အစစ အရာရာ ကြိုးစား သွားမယ်လို့လည်း ပြောခဲ့တယ်။ အဲဒီလိုမျိုး သူက ကြိုးစားမယ်ဆိုပြီး အင်အား တက်ကြွပြီး ပြောထားတဲ့ အချိန်မှာမှ လူနာတွေကို နှင်ထုတ်လိုက်တယ် ဆိုတော့ သူ တော်တော်လေး စိတ်မကောင်း ဖြစ်တာပေါ့။

အန်တီ့ကိုတွေ့တော့ လူနာတွေအားလုံးကလည်း အရမ်းကို တက်ကြွနေကြတာ ပေါ့နော်။ အကုန်လုံး ဝမ်းသာတာပေါ့။ အန်တီ့ကို သူတို့က မျှော်လင့် နေကြတယ်။ လူနာတွေ အနေနဲ့ အများကြီး မျှော်လင့်ကြတယ်။ အားလည်း ကိုးကြတယ်။

မေး။ ။ တကယ်လို့ သူတို့ဘက်က မရွှေ့မနေရ အတင်းအကျပ် ရွှေ့ခိုင်းရင် မဖြူဖြူသင်းတို့ ဘက်က ဘာလုပ်လို့ ရမလဲ။

ဖြေ။ ။ ကျမတို့ဘက်က ဘာလုပ်မလဲဆိုတော့ အစစအရာရာ ပြင်ဆင်ထားတယ်လေ။ ဥပဒေကြောင်း အရ ပြင်ဆင် ထားတယ်။ အတင်းအကျပ် လုပ်လာမယ် ဆိုရင် ကျမ လူနာတွေကို လုံးဝ အထိအခိုက် ခံမှာမဟုတ်ဘူး။ သူတို့အနေနဲ့ လူနာတွေ အပေါ်မှာ အဓမ္မ လုပ်ရင် ကျမ လုံးဝ လက်မခံဘူး။ ဘာကြောင့်လဲ ဆိုတော့ သူတို့ ဒီလို မတရား လုပ်ခဲ့တာတွေ တလျှောက်လုံး ကျမ ကြုံခဲ့ရပြီးပြီ။ ကြုံခဲ့တဲ့ တလျှောက်လုံး ကျမတို့တွေက လူနာရှင် ဘက်ကနေ မားမားမတ်မတ် ရပ်တည်ပြီး လူနာတွေ ထိခိုက်မှု မရှိအောင် ကျမတို့ ကြိုးစားခဲ့တယ်။ အခု ဒီတခေါက်လည်း လူနာတွေကို တခုခု လုပ်မယ်ဆိုရင် ကျမ လူနာတွေကို အထိအခိုက် လုံးဝမခံပါဘူး။ သူတို့ ဘက်ကနေ ရပ်တည် သွားမှာပါ။

လူနာတွေရဲ့ သဘောထားအတိုင်းပဲ ဖြစ်ရမှာပါ။ အခုကလည်း သူတို့သဘောာထား သိနေပြီ။ သူတို့ကလည်း ပြတ်ပြတ် သားသားပဲ။ မရွှေ့နိုင်ဘူးပဲ ပြောနေကြတယ်။ ။

Ref: ဧရာဝတီ်

Read More...

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြိုးပမ်းမှုကို ထောက်ခံကြောင်း ဖိလစ်ပိုင် သမတပြော

2010-11-23

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပေါ်ထွန်းရေး ကြိုးပမ်းမှုကို သူ့အနေနဲ့ ထောက်ခံ သွားမယ်လို့ ကတိ ပေးခဲ့ကြောင်း သမတ ဘီနစ်နို အာကွီနိုက ဒီနေ့  ပြောဆိုပါတယ်။

မနေ့က ဒေါ်အောင်ဆန်းစုကြည် နဲ့ တယ်လီဖုန်းနဲ့  စကားပြောစဉ်မှာ အဲဒီလို ကတိ ပေးခဲ့တာလို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံ တည်ငြိမ်ရေးဟာ ဒေသတွင်း တည်ငြိမ်ရေးအတွက် အရေးကြီးတာ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ရရှိရေးကို ကူညီသွားမယ်လို့ ဆုံးဖြတ်ကြောင်း သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကလည်း ဖိလစ်ပိုင် သမ္မတက ဒီမိုကရေစီအရေး ကူညီသွားမယ် ဆိုတာကို ကျေးဇူးတင်ကြောင်း ပြန်လည် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ဖိလစ်ပိုင်နိုင်ငံဟာ အာဆီယမ်အဖွဲ့ဝင် ၁၀ နိုင်ငံထဲမှာ မြန်မာနိုင်ငံ ဒီမိုကရေစီအရေး ၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် တစိုက်မတ်မတ် တောင်းဆိုနေတဲ့ နိုင်ငံဖြစ်ပါတယ်။

Ref: RFA News

Read More...

ဒေါ်အောင်ဆန်းစုကြည်နှင့် သားငယ် တွေ့ဆုံခွင့်ရ

ဖနိဒါ
အင်္ဂါနေ့၊ နိုဝင်ဘာလ ၂၃ ရက် ၂၀၁၀

ချင်းမိုင် (မဇ္စျိမ)။ ။ ဒေါ်အောင်ဆန်းစုကြည်က ၁ဝ နှစ်ကျော် ကွဲကွာခဲ့သော သားငယ် ကိုထိန်လင်း ခေါ် ကင်မ် အဲရစ်ကို ရန်ကုန်မြို့ မင်္ဂလာဒုံ လေဆိပ်၌ ယနေ့ နံနက် သွားရောက် ကြိုဆိုခဲ့သည်။

၃၃ နှစ်အရွယ် ကိုထိန်လင်းသည် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးသို့ ယခုလ ၈ ရက်နေ့တွင် ပြည်ဝင်ခွင့် ဗီဇာ တောင်းဆို ခဲ့ပြီးနောက် ယမန်နေ့က မြန်မာနိုင်ငံ ပြည်ဝင်ခွင့် ဗီဇာရရှိခဲ့ခြင်း ဖြစ်သည်။

သားနှင့် တွေ့ဆုံခွင့်ရသည့်အပေါ် မည်သို့ ခံစားရပါသလဲဟု သတင်းထောက် တဦး၏ အမေးကို ဒေါ်အောင်ဆန်းစုကြည်က “ပျော်ပါတယ်” ဟု ပြန်လည် ဖြေကြားခဲ့သည်။

ကိုထိန်လင်းက သူ၏ ဘယ်ဘက်လက်မောင်းတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ အလံပုံကို ဆေးမင်ကြောင် ထိုးထားကြောင်း မိခင်ကို ပြသရာ ဒေါ်အောင်ဆန်းစုကြည်က ပြုံး၍ ကြည့်ခဲ့သည်။

အာဏာပိုင်များက လေဆိပ် အထူးလုံခြုံရေး နေရာမှနေ၍ ဒေါ်အောင်ဆန်းစုကြည်ကို စောင့်ဆိုင်း စေခဲ့သည်။ သူမကို အန်အယ်ဒီ လုံခြုံရေး လူငယ် ၂ဝ ခန့်က လေဆိပ်သို့ လိုက်ပါ ပို့ဆောင်ခဲ့သည်။


ကိုထိန်လင်းသည် မိခင်နှင့်အတူ ရန်ကုန် တက္ကသိုလ် ရိပ်သာလမ်းရှိ နေအိမ်၌ နေထိုင် သွားမည် ဖြစ်သည်။ ရွှေတိဂုံ ဘုရားသို့ သားအမိနှစ်ဦး ဘုရားဖူး သွားရန် စီစဉ်ထားသော်လည်း မည်သည့် နေ့တွင် သွားရောက်မည်ကို မသိရသေးကြောင်း အန်အယ်ဒီ ပြန်ကြားရေး အဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန်နိုင်ငံသား မိုက်ကယ်လ် အဲရစ္စနှင့် ၁၉၇၂ ခုနှစ်တွင် လက်ထပ်ခဲ့ရာ သား ၂ ဦး မွေးဖွား ခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် နာမကျန်း ဖြစ်နေသော မိခင် ဒေါ်ခင်ကြည်ကို ပြုစုရန် ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်သို့ ပြန်လာခဲ့ရာ နိုင်ငံတဝှန်း လူထု အုံကြွမှုကြီးနှင့် ကြုံပြီး လူထုခေါင်းဆောင် ဖြစ်လာခဲ့သည်။

၁၉၉၉ ခုနှစ် ကင်ဆာဝေဒနာ ခံစားနေရသော ခင်ပွန်းသည် မစ္စတာ မိုက်ကယ်လ်အဲရစ်က မကွယ်လွန်မီ ဇနီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် ပြည်ဝင်ခွင့် ဗီဇာ တောင်းဆိုခဲ့သော်လည်း စစ်အစိုးရက ငြင်းဆန်ခဲ့သည်။

Ref: မဇ္ဈိမ

Read More...

ခလရ ၇၇ တပ်သား အဓမ္မမှု စစစ်ပြီ

ကိုဝိုင်း
အင်္ဂါနေ့၊ နိုဝင်ဘာလ ၂၃ ရက် ၂၀၁၀

ချင်းမိုင် (မဇ္ဈိမ) ။ ။ ရေနံချောင်းတွင် အမျိုးသမီးတဦးကို အဓမ္မပြုမှုဖြင့် စွပ်စွဲခံရသော ခလ၇ ၇၇ မှ တပ်သား မောင်မောင်ချေ၏ အမှုကို တပ်တွင်းတွင် ယနေ့ စတင် စစ်ဆေးခဲ့သည်။

အဓမ္မကျင့်ခံရသူ မိန်းကလေးမိဘများနှင့် မျက်မြင်သက်သေ သုံးဦးပါ တပ်တွင်း ဆင့်ခေါ် စစ်ဆေး ခဲ့သည်ဟု ကာယကံရှင်၏ အမက ပြောသည်။

ဆင့်ခေါ်စာထဲတွင် “စစ်စည်းကမ်းဖောက်ဖျက်မှု၊ မူးယစ်ရမ်းကားမှု” ဟု တပ်ထားကြောင်းလည်း သူက ပြောသည်။

နိုဝင်ဘာ ၁၂ ရက်ညနေက ၁၉ နှစ်အရွယ် အမျိုးသမီး အိမ်နှင့် ကိုက် ၅ဝ ခန့်အကွာ ကွင်းအတွင်း နွားကျောင်းနေစဉ် အရက် မူးနေသော တပ်သား မောင်မောင်ချေက အဓမ္မ ကျင့်ခဲ့သည်ဟု တရားလိုများက စွပ်စွဲထားသည်။

အခင်းဖြစ်ပွားစဉ် အတူရှိသည့် ၅ နှစ်သမီး တူမဖြစ်သူက အော်ဟစ်သဖြင့် ရပ်ကွက်သားများ ဝိုင်းဝန်း ဖမ်းဆီး နိုင်ခဲ့သည် ဆိုသည်။ ထို့နောက် ရဲစခန်းသို့ အပ်လိုက်ကြသည်။

အခင်းဖြစ်သည့် နေ့မှာပင် ခလရ ၇၇ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး တင်မောင်ဦး တပ်သား မောင်မောင်ချေကို ရဲစခန်းမှ လာခေါ်ထုတ် သွားသည်ဟု ညောင်လှ ရဲစခန်းမှ တာဝန်ကျ ရဲတပ်ကြပ် တင်ထွန်းက အတည်ပြု ပြောကြားသည်။ စစ်တပ်နှင့် ဆိုင်သော အမှုဖြစ်၍ ရဲက ကိုင်တွယ်ရလေ့ မရှိပါ။

မကွေးခရိုင် ဆေးရုံသို့ ဆက်သွယ်မေးမြန်းရာ တာဝန်ကျ ကျန်းမာရေး ဝန်ထမ်းတဦးက ဆေးစာ ရေးပေးလိုက်ကြောင်း ပြောသော်လည်း အသေးစိတ် ဖြေရန် ငြင်းဆိုသည်။

ခလရ ၇၇ အရာရှိများက ငွေလျော်ပြီး ကျေအေးရန် ညှိနှိုင်းခဲ့သော်လည်း ကာယကံရှင်များက လက်မခံခဲ့ကြောင်း ဆွေမျိုး တဦးက ပြောသည်။

ရေနံချောင်းတွင် မနှစ် သင်္ကြန်ကလည်း ခလရ ၇၇ နှင့် ညောင်လှရဲစခန်းမှ ရဲသားများ ခိုက်ရန် ဖြစ်ပွားကာ ဒုရဲအုပ် တဦး ဒဏ်ရာ ရခဲ့သော်လည်း ရဲက ပြန်အရေး မယူနိုင်ခဲ့ကြောင်း မြို့ခံ တယောက်က ပြောသည်။

Ref: မဇ္ဈိမ

Read More...

သျှမ်းသူပုန်နှင့် လျှို့ဝှက်ဆက်သွယ်သူဟု စွပ်စွဲ၍ ဒေသခံ အမျိုးသမီးအား ဖမ်းချုပ်

မွေခေါဝ်
Tuesday, 23 November 2010

သျှမ်းပြည်တပ်မတော် တောင်ပိုင်း တပ်သားသစ်စုဆောင်းချိန်တွင် ဒေသခံများအား ခေါ်ဆောင်နိုင်ရန် သျှမ်းသူပုန်အား အစီအစဉ်ချ လမ်းပြ ပေးခဲ့သည်ဟု စွပ်စွဲပြီး ဒေသခံ အမျိုးသမီး တစ်ဦးအား ဖမ်းချုပ်ထားကြောင်း နယ်စပ် သတင်းများအရ သိရှိရပါသည်။

“SSA တောင်ပိုင်းက ၀မ့်မိုင်-ဟွေဆိုင်းကျေးရွာမှာ ဒေသခံတွေကို စစ်သားအဖြစ်ခေါ်ဆောင် သွားနိုင်အောင် သူမက လမ်းပြ ပေးခဲ့တယ်လို့ စွပ်စွဲပြီး မိုင်းတုံ ဗျူဟာမှူးက ရဲတွေကို ဖမ်းခိုင်းထားတာ တစ်လကျော်လောက် ရှိပြီ” ဟု မိုင်းတုံ ဒေသခံ တစ်ဦးက ပြောပါသည်။

ဖမ်းချုပ်ခံရသူအမျိုးသမီးမှာ မိုင်းတုံမြို့နယ် ၀မ့်ကတ်နေ လုံးအောဇေယျနှင့်ပါ့မွန်းတို့၏ သမီး အသက် ၃၈ နှစ်ရှိ နန်းကော် ဖြစ်ကြောင်း၊ သူမသည် အထက်တန်း အောင်မြင်ပြီး ကုန်သည်တစ်ဦး ဖြစ်ကြောင်း၊ သူမအား အောက်တိုဘာ ၂၁ ရက်၌ ဖမ်းဆီး ခဲ့ကြောင်း သိရှိရသည်။

“နေ့ပိုင်းဆို ရဲစခန်းမှာ၊ ညပိုင်းဆို ခလရ ၆၅ (တပ်ရင်းဟောင်း) မှာ ဖမ်းချုပ်ထားတယ်။ သူမ အလိုတူ အလိုပါ ဆိုတာ ဘာသက်သေမှလဲ မရှိဘူး။ ဒီနေ့ထိ တရားစီရင်တာ ဘာတခုမှလဲ မရှိဘူး။ ဘယ်သူကမှလဲ သွားပြီး အာမမခံရဲကြသေး ဘူး” ဟု ၎င်းက ဆက်လက် ပြောပါသည်။

အောက်တိုဘာ ၁၆ ရက်ည မိုင်းတုံမြို့အနီးရှိ ၀မ့်မိုင်ဟွေဆိုင်းကျေးရွာမှ ရွာသား ၁၂ ဦးနှင့် မိုင်းတုံသား ၄ ဦးတို့အား SSA တောင်ပိုင်းက စစ်သားသစ် အဖြစ် ခေါ်ဆောင်သွားခဲ့သည့် နောက်ပိုင်း နအဖက မိုင်းတုံ ဒေသခံများအား ယနေ့ထိ ညနေ ၆ နာရီမှ မနက် ၆ နာရီထိ အပြင်မထွက်ရ နေ၀င်မီးငြိမ်း အမိန့် ထုတ်ထားသည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

Tuesday, November 23, 2010

မတူညီတဲ့ တုန့်ပြန်မှုတွေနဲ့ ၀န်ကြီးဌာနတွေရဲ့ သဘောထား

ဦးဝင်းတင်နဲ့ မေးခွန်းများ

နိုဝင်ဘာ ၂၃၊ ၂၀၁၀

(ဆက်လက်ဖော်ပြခြင်း)
ဆရာနဲ့ ဆက်လက်မေးမြန်းဖြစ်တဲ့ကိစ္စကတော့ အင်န်အယ်ဒီရဲ့ လူမှု အထောက်ကူ လုပ်ငန်း တခုဖြစ်တဲ့ ဖြူဖြူသင်း ဦးစီးတဲ့ HIV AIDS လူနာများ စောင့်ရှောက်ရေး ဂေဟာကို စစ်အစိုးရက ဖျက်သိမ်းရန် ကြိုးပမ်းနေတဲ့ ကိစ္စ၊ ပြီးတော့ ကျန်းမာရေး ၀န်ကြီးဌာနနဲ့ ကူးစက်ဆေးရုံက တာဝန်ရှိသူတို့က ၀င်ရောက် ဆောင်ရွက်ပေးနေတဲ့ အခြေအနေ စသည်တို့ကို ဆက်လက် မေးမြန်းဖြစ်ပါတယ်။ ဆရာက ဆက်လက်ပြောဆိုရာမှာ -

“အေအိုင်ဒီအက်စ်လူနာတွေကို စောင့်ရှောက်တယ် ဆိုတဲ့ ကိစ္စဆိုတာက နိုင်ငံတကာ အတိုင်းအတာနဲ့ ပရိုဂျက် အကြီးကြီးတွေကို ဒို့က ပြောနေတာ မဟုတ်ဘူး။ ဒါက အစိုးရက ကိုင်တွယ် ဆောင်ရွက်သွားမှာ။ အခုဟာက လူတွေကြားထဲမှာ ရှိနေတဲ့ လူနာတွေကို ပြုစု စောင့်ရှောက်နိုင်ဖို့ ဆိုတဲ့ လုပ်ငန်း ကလေးတွေကို ပြောတာပါ။ ဥပမာ ဖြူဖြူသင်းတို့ ဆောင်ရွက်နေတဲ့ လူနာပြုစု စောင့်ရှောက်ရေး ဂေဟာလိုမျိုးပေါ့။

အခုအချိန်မှာ လူထုကြားထဲက လူနာစောင့်ရှောက်ပြုစုရေး ဂေဟာလေးတွေ၊ ရိပ်သာလေး တွေကို ၀ိုင်းဝန်း အားပေး ကူညိကြဖို့ လိုအပ်နေချိန်မျိုးမှာ စစ်အစိုးရက ဖျက်သိမ်းဖို့ လူနာတွေကို ကန့်သတ်ဖို့ လုပ်လာတာကို ပြောတာ ဖြစ်တယ်။

အခုအချိန်မှာ ကျနော်တို့က ကျန်းမာရေးဝန်ကြီးဌာနတို့၊ ပြည်ထဲရေးဝန်ကြီးဌာနတို့နဲ့ တွေ့ဆုံ ဆွေးနွေးကြရမှာ ကတော့ တပိုင်းပေါ့လေ။ သည်နေရာမှာ ကိုကျော်သူတို့ နာရေး ကူညီရေး အသင်းက လာရောက် အားပေးတယ်။ နောက် ဖြိုးမင်းသိန်း တို့လို လူငယ်တွေကလည်း လိုအပ်တဲ့ နေရာက ဘာတွေ ဆောင်ရွက်ပေးရမလဲ ၀ိုင်းလာကြတယ်။

ကျန်းမာရေးဝန်ကြီးဌာနကနေပြီးတော့ လာရောက်ညှိနှိုင်းတာကတော့ ကျေနပ်အားရစရာ ရှိတယ်လို့ ပြောနိုင်ပါတယ်။ သူတို့ ဆေးရုံမှာလည်းပဲ လူနာတွေကို လာရောက် အပ်နှံထားရှိပါ။ ဆေးကုသမှု ပြုစု စောင့်ရှောက်မှုတွေကို ရိပ်သာလိုပဲ သဘောထားပြီး လက်တွဲပြီး လာရောက် လုပ်ကိုင် နိုင်ပါတယ်လို့ ကမ်းလှမ်း လာကြတယ်။ ၀န်ကြီး ညွှန်ကြားချက်နဲ့ ညွန်ကြားရေးမှူးတို့ ဘာတို့က ပြောလာတာ မျိုးတွေ ဖြစ်လာတယ်။

ဒါပေမယ့် တဖက်က ကြည့်ပြန်တော့လည်း မ၀တတို့လို မြို့နယ်အုပ်ချုပ်ရေး အဖွဲ့တွေကတော့ ၂၅ ရက်နေ့ နောက်ဆုံး ထားပြီး ဧည့်စာရင်း လက်မခံတော့ဘူး။ ဖယ်ကြရမယ်လို့ ပြောတယ်။ ဖြူဖြူသင်းတို့ စင်တာကို အရင်းကနေ ခုတ်ပစ်ဖို့ ကြိုးစားနေတယ်။ ဒါက ပြည်ထဲရေး ၀န်ကြီးဌာနဖက်က တင်းမာတဲ့ သဘောထားကို ပြနေတယ်လို့ ပြောရမလို ဖြစ်နေတယ်။

ဒီဖက်က လူနာတွေဖက်က စင်တာမှာ ကြည့်ပြန်တော့လည်း တချို့လူကြီးပိုင်း ခေါင်းဆောင်ပိုင်း ကလည်း တင်းတင်း မာမာ ပြန် တုန့်ပြန်မယ်လို့ ပြောတာရှိသလို လူနာတွေဖက်ကလည်း သဘောထား မပျော့ပြောင်းတဲ့ သဘောနဲ့ တုန့်ပြန် တာမျိုးတွေ ရှိလာတယ်။ ဥပမာ အရင်တုန်းက ဆိုရင် အစိုးရ ဆေးရုံ ဆေးခန်းတွေက အခုလို HIV AIDS လူနာတွေကို ကောင်းကောင်း မွန်မွန် ဆက်ဆံတာ၊ ပြုစုတာ၊ ဆေးဝါး စောင့်ရှောက်မှု ပေးတာတွေ မရှိခဲ့ဘူး၊ မကြုံခဲ့ကြဘူး။ ဒီတော့ ဆေးရုံမှာတော့ အသေမခံဘူး၊ ရပ်ရွာပြန်ပြီးပဲ သေတော့မယ် ဆိုတာမျိုး သဘောထားတွေ ပြောလာတာ ရှိတယ်။ ဒါက လူနာ ၈၀ လောက်ရဲ့ သဘောထား။

ဒီတော့ လူနာတွေရဲ့ သဘောထားက တခု၊ ဒါဆိုရင် လူကြီးတွေဖက်က ဒေါ်စုတို့ဖက်က ခေါင်းဆောင်တွေက ဘယ်လို သဘောထားမျိုး ရှိသလဲ၊ ဘယ်လို ဦးဆောင်မှု မျိုးပေးမလဲ ဆိုတာ ကြည့်ကြ ရမှာပေါ့ကွာ။ သို့သော်လည်း အခုအချိန်မှာ ဆေးရုံ ဆေးခန်းတွေကလည်း ဒီဖက်က စင်တာတွေ၊ ရိပ်သာတွေလိုမျိုး ဒို့ဖက်ကလည်းပဲ ဒို့ရဲ့ မူလစင်တာတွေလို ရိပ်သာတွေလို သဘောထားပြီး ၀ိုင်းဝန်း လုပ်ဆောင်ပေးကြပါလို့ ကမ်းလှမ်းလာတယ်၊ မလုံလောက်တာ၊ လိုအပ်တာတွေ ရှိရင်လည်း ဒို့ဖက်က လိုအပ်သလို ပြုစု စောင့်ရှောက်တာတွေ လုပ်ပေးနိုင်တယ်၊ ရုံးခန်းတွေ ဘာတွေ ဖွင့်ခွင့်ပေးနိုင်တယ် ဆိုရင် အကောင်းဖက်၊ အကျိုးရှိတဲ့ဖက်ကို ကျနော်တို့က ညှိနှိုင်းဖို့ ဆောင်ရွက်ကြရမယ်။

ဥပမာ လူနာ ၈၀ လုံးကို မလွှတ်ဘဲနဲ့ လူနာ ၁၀ ဦးလောက်က ဆေးရုံမှာ သွားပြီး ခိုလှုံကြမယ်။ သူတို့ တုန့်ပြန်မှုကို စောင့်ကြည့်မယ်။ ကောင်းတဲ့ ရလဒ်ပေါ် မူတည်ပြီးတော့ နောက်တသုတ်ပြီး တသုတ် ဆေးရုံကို ရွှေ့ကြမယ် ဆိုရင်လည်း ဒါက ကောင်းတဲ့ တပိုင်းပေါ့ကွာ။ သို့သော် တပိုင်းဖက်ကလည်း မ၀တ ဖက်ကလည်း မြို့နယ် အာဏာပိုင်တွေ ဖက်ကလည်း ဧည့်စာရင်း တိုင်တာကို အဆင့်ဆင့် ခွင်ြ့ပုသွားတာမျိုး လုပ်လာအောင် သူတို့ကိုလည်း ညှိနှိုင်း သင့်တာပေါ့ကွာ။ ဒါဆိုရင် ဖြူဖြူသင်းတို့ ရိပ်သာမှာ အခုကာလ အပြီး လူနာတွေ ရှင်းသွားမယ်။ သို့သော် ဒီရိပ်သာလေးဟာ နောက်လူနာ အသစ်တွေအတွက် ကြားစခန်းလိုမျိုး ဆေးရုံ ဆေးခန်းတွေမျာ စောင့်ရှောက် ပြုစုမှု မရခင်စပ်ကြားမှာ ဧည့်စာရင်း တိုင်ပြီးတော့ နေထိုင်ခွင့် ဆောင်ရွက်ခွင့် ရလာမယ် ဆိုရင်လည်း အားလုံး အဆင်ပြေတဲ့ အဖြေတခု ရနိုင်တယ်လို့ ပြောချင်တယ်။

ဒါ့အပြင် ဒီရိပ်သာကို အဆင်ြ့မင့်ပြီးတော့ နိုင်ငံတကာနဲ့ ဆက်သွယ်ပြီး လိုအပ်တဲ့ ပညာပေးရေးတွေ၊ နယ်ဒေသတွေနဲ့၊ လူနာတွေနဲ့ ဆက်ဆံရေးတွေ တည်ဆောက်နိုင်အောင်၊ ဆက်လက်ပြီး အင်စတီ ကျူးရှင်း ဖြစ်လာအောင် ဆောင်ရွက်နိုင်ရမယ်လို့ စဉ်းစားတယ်။ ဒီလိုမျိုး အကိုင်း အခက်လေးတွေ ထွက်လာအောင် ဆက်လုပ်ရမယ်လို့ ပြောချင်ပါတယ်။

ဆရာပြောတဲ့ အချက်တွေအရ ကြည့်ရင်တော့ ၀န်ကြီးဌာနအလိုက်၊ ဌာနဆိုင်ရာတွေအလိုက် တချို့သော ကိစ္စတွေမှာ မတူညီတဲ့ ကွဲပြားတဲ့ အရေးယူမှုတွေ လုပ်လာတယ်လို့ ပြောနိုင်တယ် ထင်ပါတယ်။ ဥပမာ - စာပေ စိစစ်ရေးဌာနက နေပြီးတော့ စာနယ်ဇင်းက ဂျာနယ် ၁၀ စောင်လောက်ကို စာပေ စိစစ်ရေး ခွင့်ပြုချက် မပါဘဲ ဒေါ်စုသတင်း၊ ဓာတ်ပုံတွေ ထည့်လို့ သတိပေးတယ်၊ ယာယီပိတ်ပြီး အရေး ယူတာမျိုး၊ သို့သော်လည်း နိုင်ငံခြားရေး ၀န်ကြီး ဌာနဖက်ကတော့ ဒေါ်စုရဲ့ သားဖြစ်သူ ကင်မ် ခေါ် ကိုထိန်လင်းကို ပြည်ဝင်ခွင့် ပေးလိုက်တာမျိုး၊ အခုလို ကျန်းမာရေး ၀န်ကြီးနဲ့ ဌာနဆိုင်ရာတွေက လူနာတွေကို ပြေလည်အောင် ဖြေရှင်းဖို့ ကြိုးစားနေချိန်မှာ မြို့နယ် အုပ်ချုပ်ရေး အဖွဲ့တွေက ဧည့်စာရင်း ကိစ္စနဲ့ အရေးယူဖို့ လုပ်တာတွေကို ကြည့်ရင် ၀န်ကြီးဌာန အလိုက်၊ ဦးဆောင်သူတွေ၊ ခေါင်းဆောင်တွေ အသီးသီးမှာ မတူညီတဲ့ တုန့်ပြန်မှု သဘောထားတွေ ရှိကြတယ်လို့ ဆိုနိုင်မယ် ထင်ပါတယ်။

Ref: မိုးမခ

Read More...

မေတ္တာ အရင်းခံပါပဲ...

ကြည်ဝေ
Monday, 22 November 2010

အသားလတ်လတ်၊ ကိုယ်ဟန်သွယ်နွဲ့နွဲ့ဖြင့် အသက်၈၀ အရွယ် အမေနု က သူ့ကို ရွှေတွေငွေတွေ ပုံပေးပါစေ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ရုံးချုပ် အဆောက်အအုံ ကိုတော့ ဒေါ်အောင်ဆန်းစုကြည် နေလိုသေးသရွေ့ ငှားခြင်း၊ ရောင်းခြင်း ပြုလုပ်မည် မဟုတ်ကြောင်း ပြောပြသည်။

“ဒီနေရာကို ဈေးကောင်းပေးပြီး လာဝယ်ကြတယ်၊ နည်းမျိုးစုံနဲ့ ခြိမ်းခြောက်ပြီးတော့လည်း လာပြောကြတာ ရှိတယ်၊ အမေ မရောင်းဘူး၊ ဒေါ်အောင်ဆန်းစုကြည် နေလိုသရွေ့ နေပါစေ ဆိုတဲ့ သွားလေသူရဲ့ စကားလည်း ရှိတယ်၊ အမေကလည်း ကိုယ်တတ်နိုင်တာလေ၊ ကူညီ အားပေးချင်တယ်”ဟု NLD ရုံးနေရာ ပိုင်ရှင်ဖြစ်သော အမေနုက မှုန်သီသီ မျက်လုံးများဖြင့် ကြည့်ပြီး ဖြည်းဖြည်းခြင်း ပြောသည်။

အမေနု၏ ခင်ပွန်းဖြစ်သူ ဦးထွန်းကြိုင်က သူပိုင်ဆိုင်သော အဆောက်အအုံအား NLD ရုံးချုပ် အဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၈၉ ခုနှစ်ပိုင်း ကတည်းက စတင်ငှားရမ်း ပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

NLD ရုံးကို စတင်တည်ထောင်စဉ်က ရုံးချုပ်နေရာမှာ ရွှေဂုံတိုင်တွင် မဟုတ်ဘဲ တက္ကသိုလ် ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည် ခြံ နှင့် မလှမ်းမကမ်း ခြံဝန်း တခုတည်းတွင် စတင် ဖွင့်လှစ်ခဲ့ကြသည်။

သို့သော်လည်း ၁၉၈၉ ခုနှစ်အတွင်းမှာပင် ထိုခြံရှင်အား စစ်အစိုးရက ဖိအားပေးသောကြောင့် ခြံရှင်မှာ ဆက်မငှားရဲ တော့သည့် အတွက် ဒေါ်အောင်ဆန်းစုကြည်မှာ ရုံးခန်းဖွင့်ရန် ရှာဖွေခဲ့ရကြောင်း၊ ထိုကာလမှာပင် ဦးထွန်းကြိုင်က ဒေါ်အောင်ဆန်းစုကြည် ကသာ သူ့အိမ်ကို လိုချင်တယ်ဟု ပြောလျှင် ငှားပေးပါမည်ဟု ပြောခဲ့သည့်အတွက် NLD ရုံးချုပ်မှာ လက်ရှိ ရုံးချုပ်နေရာ ရွှေဂုံတိုင် တွင် ပြောင်းလဲ ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ဦးထွန်းကြိုင် တိမ်းပါးသွားသည့် အခါမှာလည်း အမေနုက ထိုကတိကို ဆက်လက် ထိန်းသိမ်းခဲ့ပြီး ဦးထွန်းကြိုင်၏ ဇနီးအမေနုနှင့် သမီး အမေချောကလည်း ဒေါ်အောင်းဆန်းစုကြည်က နေချင်သေးသရွေ့တော့ သူတို့ဘက်မှ ကတိကို ပျက်စေမှာ မဟုတ် ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို ကူညီ အားပေးခြင်းမှာ တိုင်းပြည်ကို ကူညီ အားပေးခြင်းသာ ဖြစ်သည်ဟု လက်ခံထားကြောင်း အမေချောက သူ့သဘောထားကို ပြောပြသည်။

“အဖေ့ဆန္ဒက ဒေါ်အောင်ဆန်းစုကြည်တို့ နေလိုသရွေ့ ဘယ်တော့မှ မဖယ်ခိုင်းပါနဲ့တဲ့၊ ပြီးတော့ ဘာအကြောင်း ကြောင့်မှလည်း ဒီကတိကို မပျက်ပါစေနဲ့လို့ တဖွဖွ မှာခဲ့တာပဲ၊ ကြီးကြီးလည်း ကတိပေးခဲ့တယ်၊ တည်စေရမယ် စိတ်ချပါလို့”ဟု အမေချော က ဆိုသည်။ အမေချောက ဖခင်၏ စကားကိုနားထောင်ပြီး ဖခင် ကတိစကားကို မြဲရန် စောင့်ရှောက်နိုင်ခဲ့သူ ဖြစ်သည်။

သေးသေးသွယ်သွယ် ဖျပ်ဖျပ်လတ်လတ်နှင့် အသက် ၆၀ အရွယ် အမေချောကို စစ်အစိုးရက NLD အား ရုံးခန်း ငှားပေးသည့် အတွက်ဟု ဆိုကာ ဒီပဲယင်း အကြမ်းဖက်မှု အပြီး ဖမ်းဆီးကာ စစ်ဆေး မေးမြန်းခဲ့ပြီး လွန်ခဲ့ သော ၂ နှစ်ခန့်ကလည်း NLD ရုံးကို မငှားတော့ရန် ဖိအားပေးခဲ့ကြောင်း သိရသည်။

“ကြီးကြီးကလည်း ပြောလိုက်တာပေါ့၊ ဒီရုံးကို စငှားခဲ့တာ အဖေက ငှားခဲ့တယ်၊ အဖေက ဒေါ်အောင်ဆန်းစုကြည်နဲ့ ငှားခဲ့ စာချုပ် ခဲ့ကြတယ် ဆိုတော့ ဒီစာချုပ်ကို ကျမတို့ ဘက်ကတော့ ဖျက်လို့ မဖြစ်နိုင်ဘူးလို့။ အဖေက ဖျက်ဆိုမှပဲ ဖျက်နိုင်တော့မယ်လို့ ပြော လိုက်တာပဲ”ဟု အမေချောက ပြောသည်။

အသက် ၈၀ ကျော် အမေနုနှင့် အသက် ၆၀ ၀န်းကျင်အရွယ် အမေချောတို့အား အာဏာပိုင်များက မည်ကဲ့သို့ ဖိအား ပေးစေကာမူ ဒေါ်အောင်ဆန်းစုကြည် ရုံးခန်းဖွင့်နိုင်ရေး အတွက် ဆက်လက် ငှားရမ်းပေးနေဦးမှာပဲ ဖြစ်ကြောင်း၊ ထိုကဲ့သို့ ငှားရမ်း ပေးနေခြင်းမှာ ဖခင်၏ ဆန္ဒဖြစ်သကဲ့သို့ ကိုယ်တိုင်လည်း အားပေးကူညီလိုသည့် စိတ်ကြောင့် ဖြစ်ကြောင်း အမေချောက ပြောဆိုသည်။

“အစ်မက ဒီအိမ်ရှင်တွေရဲ့ ကျေးဇူးကိုအမြဲ အသိအမှတ်ပြုထားတယ်၊ ဒီနေရာက ဈေးသိပ်ကောင်း ပါတယ်၊ အမေချော တို့က သူတို့ ပိုင်တာလေးတွေကို ဖဲ့ဖဲ့ ရောင်းနေပေမယ့် ဒီနေရာလေး ကိုတော့ မရောင်းရှာဘူး၊ ပြီးတော့သူတို့ကို နည်းမျိုးစုံနဲ့ ခြောက်လှန့် ပြော ဆိုရင်လည်း အမေချောတို့က တင်းခံပြီး နေတာပဲ”ဟု NLD ဗဟိုဦးစီး အဖွဲ့ဝင်တဦး က ပြောပြသည်။

ရုံးခန်းပိုင်ရှင်များဖြစ်ကြသော အမေနုနှင့် အမေချောအား ဒေါ်အောင်ဆန်းစုကြည်က လွတ်မြောက်ပြီး မကြာခင် နိုဝင်ဘာလ ၁၅ ရက်နေ့မှာပင် သွားရောက် ဂါရ၀ ပြုခဲ့ကြောင်း သိရသည်။

“ဒေါ်အောင်ဆန်းစုကြည်ကို အခုလို အပြင်မှာ မြင်နေရရင်ကို အမေတို့က ကျေနပ်ဝမ်းသာနေတာပါ၊ အမေတို့ ဘက်ကတော့ လုပ် ပေး နိုင်တာ မှန်သမျှ လုပ်ပေးဖို့ပါပဲ”ဟု အမေချောက ဆိုသည်။

မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးအတွက် ဆောင်ရွက်လျက်ရှိသော ဒေါ်အောင်ဆန်းစုကြည်ကို တတ်နိုင်သရွေ့ ကူညီပံ့ပိုးရန်
ကြိုစား နေသူများထဲတွင် အမေနုတို့၊ အမေချောတို့ ကဲ့သို့ ပြည်သူများလည်း ပါဝင်လျက် ရှိသကဲ့သို့ ဒေါ်လှကြည် ကဲ့သို့သော အသက် ၈၀ ကျော် အမယ်အိုကြီးလည်း ပါဝင်သည်ကို တွေ့မြင်ရသည်။

“ဒေါ်အောင်ဆန်းစုကြည် အင်းစိန်ထောင်ထဲမှာ နေတော့ နေ့တိုင်း ထောင်ရှေ့ကို သွားကြည့်တယ်၊ မေတ္တာ ပို့ပေးတယ်။ အခု ဒေါ်အောင်ဆန်းစုကြည် လွတ်လာတော့ အဘွားက သူ့ကို တွေ့ချင်၊ အားပေးချင်တာ အိပ်မပျော် စားမ၀င်တောင် ဖြစ်တယ်”ဟု
ရွှေဂုံတိုင် ရုံးသို့နေ့စဉ် လာစောင့်နေခဲ့သော ဒေါ်လှကြည်က ပြောပြသည်။

ငွေရောင် ဆံပင်၊ မျက်နှာအရေးအကြောင်း တွဲလျက်၊ တလှမ်းခြင်းဖြည်းဖြည်းမျှသာ သွားလာ နိုင်တော့သော ဇရာ ထောင်းနေသည့် အသက် ၈၀ ကျော်အရွယ် အမယ်အို ဒေါ်လှကြည်က ဒေါ်အောင်ဆန်းစုကြည်အား လာကြည့်ကြသူ ပြည်သူ အများထဲ တိုးဝှေ့ရင်း ရုံးပေါက်ဝ အထိ အရောက်လာကာ ဇွဲကြီးကြီးဖြင့် စောင့်ကြည့်ခဲ့သူ ဖြစ်သည်။

နိုဝင်ဘာလ ၁၆ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် ရုံးမှ ထွက်ခါနီး လူအုပ်ထဲမှ ဒေါ်လှကြည်ကို ဖျပ်ခနဲ တွေ့လိုက်သောကြောင့် ဒေါ်လှကြည် အနားအထိ သွားခဲ့ပြီး “အမေ နေကောင်းတယ် နော်”ဟု လက်ကိုဆွဲကာ တရင်းတနှီး နှုတ်ဆက်ခဲ့ကြောင်း ဒေါ်လှကြည် က ပြောပြသည်။

“အဲလို နှုတ်ဆက်တော့ အမေ့မှာ ၀မ်းသာလွန်းလို့ မျက်ရည်တောင် ကျတယ်၊ အမေကို သူ မှတ်မိတယ်၊ မမေ့ဘူး ပေါ့နော်” ဟု စို့လာသော မျက်ရည်တို့ကို သုတ်ရင်း ပြောပြသည်။

ဒေါ်အောင်ဆန်းစုကြည် ၏ မိခင်နှင့် ဟိုစဉ် ဗိုလ်ချုပ်အောင်ဆန်း နိုင်ငံရေးသမား ဘ၀ကတည်းက ခင်မင် သိကျွမ်း ခဲ့ဖူးကြောင်း ဒေါ်လှကြည်က ပြောပြသည်။

ဗိုလ်ချုပ်အောင်ဆန်းမှာ သခင်အောင်ဆန်း ဘ၀ ကတည်းကပင် ချွေတာခဲ့သူ ဖြစ်ကြောင်း၊ ဗိုလ်ချုပ် ဘ၀မှာလည်း ချွေတာခဲ့ ကြောင်း၊ ခြံထဲရှိ ရေကန်တွင် ကန်စွန်းရွက် စိုက်၊ ဖရုံသီးများ စိုက်ကာ ဟင်းလုပ် စားခဲ့သူ ဖြစ်ကြောင်း ဒေါ်လှကြည်က ရှေးဟောင်း နှောင်းဖြစ်တို့ကို ပြောပြသည်။

“မမကြည်က အစ ပဲရေပွနဲ့ ငါးပိရည်ကို မြေအိုးနဲ့ချက်ပြီးတော့ စားတယ်၊ သူတို့ ဆန်ကောင်းတွေ၊ ဟင်းကောင်းတွေ မစားခဲ့ဘူး။ ပြည်သူတွေ စားသလိုပဲ သူတို့ မိသားစုလည်း စားတယ်၊ ဗိုလ်ချုပ် ဖြစ်တော့တောင် ငစိန်ဆန်ပဲ စားခဲ့ကြတယ်၊ ဟင်းဆိုလည်း ခြံထဲ က ကန်စွန်းရွက်တို့၊ ကင်းမွန်ရွက်တို့နဲ့ စားကြတယ်၊ အမေတို့ ဒါတွေ အကုန်သိခဲ့ မြင်ခဲ့ရတယ်၊ အခုလည်း ဒီကလေးက အမေ အဖေ ရဲ့ ကောင်းမွေတွေ အကုန်ရခဲ့တဲ့ သူတော်ကောင်းမလေး သူ့ကို ထောက်ခံ ပေးရမယ်”ဟု ဒေါ်လှကြည်က ပြောသည်။

၁၉၈၈ ခုနှစ်မှ စပြီး ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံအားပေးခဲ့သည့် အတွက် သူတို့ မိသားစုပိုင် လှယမင်းနှင့် မြယမင်း ဆို သော စာပုံနှိပ် စက်တွေကို အစိုးရက ချိတ်ပိတ်လိုက်ကြောင်း သိရသည်။

“အမေတို့ လုပ်ငန်းတွေကို ချိတ်ပိတ်လိုက်ကြတယ်၊ အမေတို့က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံ အားပေး နေလို့တဲ့။ ဒါပေမယ့် အမေ မကြောက်ဘူး၊ ငတ်ချင်လည်း ငတ်တော့လို့ အမေ စိတ်မာတယ်၊ ဒီကလေးကိုတော့ အားပေးရမယ်၊ ထောက်ခံ ရမယ်ပေါ့၊ သူက တိုင်းပြည်ကို ကောင်းတာ လုပ်တာ ဆိုတာ အမေသိတယ်၊ ယုံတယ်လေ”ဟု ဒေါ်လှကြည်က ဆိုသည်။

ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံအားပေးရန် ထွက်လာခဲ့၍ အဖမ်းခံခဲ့ရ လျှင်လည်း အိမ်မှာ ကျန်ခဲ့သော သားကို ထောင်ဝင်စာသာ လာတွေ့ဟု မှာခဲ့ပြီး ဖြစ်ကြောင်း၊ သားဖြစ်သူကလည်း အမေ အဖမ်းခံရရင် ကျနော် ထောင်ဝင်စာ လာတွေ့မယ်၊ ကျနော် အဖမ်းခံရရင် အမေလာတွေ့နော်ဟု ဆိုကာ သားအမိ နှစ်ယောက်၊ တယောက်တလှည့်စီ NLDရုံးသို့ လာနေကြခြင်း ဖြစ်ကြောင်း အမယ်အို ဒေါ်လှကြည်က ပြောပြသည်။

Ref: ဧရာဝတီ်

Read More...

အင်န်အယ်ဒီလူငယ်နဲ့ လူငယ်ကွန်ယက်

ဦးဝင်းတင်နဲ့ မေးခွန်းများ

နိုဝင်ဘာ ၂၃၊ ၂၀၁၀

ယမန်နေ့က အင်န်အယ်ဒီလူငယ်များနှင့် ဒေါ်အောင်ဆန်းစုကြည်တို့တွေ့ဆုံသည့် လူငယ်များ မျက်နှာစုံညီ အစည်းအဝေးကို ကျင်းပခဲ့သည်။ ထို တွေ့ဆုံဆွေးနွေးရာတွင် အင်န်အယ်ဒီ လူငယ်တို့ အနေဖြင့် ခေတ်နှင့် အမီလိုက်ရန် ဆက်သွယ်ရေးနှင့် နည်းပညာကို ယခုထက်ပိုပြီး တိုးတက် အသုံးချကြဖို့ ဆွေးနွေး ပြောဆိုကြသည်ဟု ဆိုသည်။

ဆရာဦးဝင်းတင်က ပြောကြားရာတွင်
“အခုအချိန်မှာ အင်န်အယ်ဒီလူငယ်တွေက စည်းဝေးကြ၊ ဆွေးနွေးကြတယ်။ အဲဒီမှာ ပတ်ဝန်းကျင်ကို ကြည့်လိုက်ရင် အခြား လူငယ်တွေ၊ အခြား မျိုးဆက်တွေကလည်း လှုပ်ရှား တက်ကြွ နိုးကြား နေကြတာကိုလည်း တွေ့နေရတယ်။ ဥပမာ - အသက် ၄၀ ကျော်နေပြီ ဖြစ်တဲ့ ၈၈ မျိုးဆက်တွေရှိတယ်၊ လူငယ်တွေထဲမှာလည်း Generation Waves လို့ ဆိုတာတွေ၊ အများကြီး ရှိနေပြီ ဖြစ်တယ်။ သူတို့တတွေနဲ့ ကျန်တဲ့ တပြည်လုံးက လူငယ်တွေ၊ လူငယ် အစုအဖွဲ့တွေနဲ့ အင်န်အယ်ဒီလူငယ်တွေ ဆက်စပ်ကြပြီးတော့ အားလုံး ပါဝင်နိုင်တဲ့ လူငယ် ညီလာခံကြီးတခု လုပ်နိုင်ကြရင် ကောင်းလိမ့်မယ်လို့ ဆွေးနွေး တိုင်ပင်ကြတယ်။ ဒါကတော့ ထူးခြားတာ တခုပေါ့။

ဒါက နိုင်ငံရေးတွေ ထားလိုက်ဦး၊ ဒါက လူငယ်တွေ အားလုံးရဲ့ နိုးကြားမှု၊ အသိဉာဏ် စိတ်ဓာတ် တိုးတက် မှုတွေအတွက်၊ အမျိုးသားစိတ် တက်ကြွမှုနဲ့ ပတ်သက်ပြီးတော့ အရေးကြီးတဲ့ လုပ်ငန်းစဉ်တခု ဖြစ်တယ်လို့ မြင်မိတယ်။ ဒါကို စစ်အစိုးရက ဘယ်လိုမျိုး အဆိုးမြင်ပြီးတော့ နှောက်ယှက်မှာလဲ ဆိုတာကတော့ တပိုင်းပေါ့ကွာ။ သို့သော် ဒီအချက်ဟာ ဒေါ်စုပြောတဲ့ Networking – Network for Democracy လိုပဲ၊ လူငယ် နက်ဝပ်ကြီး အဖြစ် ဦးတည်လာ မလား။ ဒါက စဉ်းစားစရာ အချက်တခု ပေါ့ကွာ။
ဒါက ဘာကြောင့်ပြောရသလဲ ဆိုတော့ - ရန်ကုန်က ဌာနချုပ်မှာကတော့ စာဖတ်ဝိုင်းတွေ ရှိတယ်။ သင်တန်းတွေ၊ ဟောပြောပွဲတွေ၊ ဆွေးနွေးပွဲတွေ ရှိတယ်။ ဒါပေမယ့် နယ်တွေမှာ ကျတော့ အလွှာမျိုးစုံက လူငယ်တွေ ရှိတယ်။ အင်န်အယ်ဒီ လူငယ်တွေ ရှိတယ်။ သူတို့က ကျတော့ ဒါတွေနဲ့ အလှမ်းဝေးသွားပြီ။ သူတို့ အချင်းချင်းမှာ အသိပညာတွေ၊ သတင်း အချက်အလက်တွေ ဖလှယ်တာ၊ ဆွေးနွေးတာ၊ ပြောဆိုတာတွေ အတွက် အခြေအနေတွေ၊ အခွင့် အလမ်းတွေက နည်းနည်း သွားပြီ။ ဆက်စပ် ပတ်သက်မှုက ရန်ကုန်က လှိုင်သာယာတို့၊ ဘာတို့ထက် ဆိုရင်တောင် အဆက် ပြတ်သွားကြပြီ။ နယ်တွေမှာ နက်ဝပ်ကင်း ပုံသဏ္ဍာန် ရှာဖို့ဆိုတာ လိုအပ်လာပြီ။

ဒါ့အပြင် အခြားမျိုးဆက်တွေ အစုအဖွဲ့တွေ ရှိတယ်။ ဥပမာ ၈၈ မျိုးဆက်တွေဆို အတော်ကြီးသွားပြီ။ အငယ်ထဲက ဆိုရင် ၂၀၀၇ မျိုးဆက်တွေ ဘာတွေ ရှိလာပြီ။ အဲဒါတွေနဲ့ လူငယ်တွေ အားလုံး ဆက်စပ်ကြမယ်၊ စုစည်းကြမယ်။ ဘယ်လိုမျိုး လုပ်ကြမလဲ ဆိုတာကလည်း စစ်အစိုးရရဲ့ ဖိနှိပ် ဖြတ်တောက် ကန့်သတ်ထားမှု အောက်မှာ လမ်းစ မပေါ်နိုင်ဘူး ပေါ့ကွာ။ ဒါတွေ ရှိတယ်။

နောက်ပြီး သူတို့လို မျိုးဆက်တွေဆိုတဲ့ အစုအဖွဲ့တွေဆိုတာကလည်း အဖွဲ့အစည်း ရယ်လို ရပ်တည်မှု မရှိတဲ့ အတွက် လှုပ်ရှားဖို့ ခက်နေတယ်။ အဲသည် အင်အားစုတွေဟာ အခုလို အနည်းဆုံးတော့ ဘာပဲပြောပြော တရားဝင် အဖွဲအစည်း အနေနဲ့ ရပ်တည်နေတဲ့ အင်န်အယ်ဒီ လူငယ်တွေနဲ့ ဆက်စပ် ပတ်သက်လာကြမယ် ဆိုရင် လူငယ်တွေရဲ့ နိုင်ငံရေးအသိ နိုးကြားတာတွေ၊ စည်းရုံးလှုပ်ရှားတာတွေ အရှိန် မြင့်လာ နိုင်မယ်လို့ မျှော်လင့်တယ်။

အင်န်အယ်ဒီကိုလည်း အပြင်က ဝေဖန် ခံနေရတယ်လေ။ လူကြီးတွေရဲ့ လောင်းရိပ် မိတယ်တို့၊ လှုပ်ရှားမှု မရှိဘူးတို့ ပြည်တွင်းမှာ အတော်လေး ဝေဖန် ခံရတာတွေ ရှိတယ်။ ဒါပေမယ့် အခု ၂၀၁၀ ရွေးကောက်ပွဲ သပိတ် ကာလမှာတော့ အင်န်အယ်ဒီ လူငယ်တွေဟာ အထူးကို တက်ကြွ လှုပ်ရှားကြတာကို တွေ့နိုင်ပါတယ်။ ဒါကို အသိအမှတ် ပြုရမယ်။

သို့သော် သာမန်အချိန်တွေကျရင် အင်န်အယ်ဒီ လူငယ်တွေရဲ့ လှုပ်ရှားမှုဟာ အားနည်းတယ်လို့ ပြောကြတယ်။ အခုမှာ ဒေါ်စု လွတ်မြောက် လာချိန်မှာ အင်န်အယ်ဒီ ပြည်နယ်နဲ့ တိုင်းပေါင်းစုံက လူငယ်များက စုဝေးပြီးတော့ အခုလို စည်းဝေးပွဲ လုပ်လိုက်နိုင်တာဟာ တိုးတက်တဲ့ ခြေလှမ်း စလိုက်တာလို့ ပြောရင် ရပါတယ်။ နောက်ထပ် လူငယ်ပေါင်းစုံ ညီလာခံကြီးသာ ပေါ်ထွန်းလာမယ် ဆိုရင်တော့ ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုကြီး ဖြစ်လာမယ်လို့ ကျနော်တို့က တွက်ပါတယ်။

(ဆက်လက်ဖော်ပြပါမည်)

Ref: မိုးမခ

Read More...

ဒုတိယပင်လုံညီလာခံ ဖြစ်မြောက်ရေး ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် မိန့်ခွန်းအပြည့်အစုံ (၂၀-၁၁-၂၀၁၀)

ဒုတိယပင်လုံညီလာခံ ဖြစ်မြောက်ရေးနှင့် ပတ်သက်၍ ၀ါရင့်နိုင်ငံရေးသမားကြီးများအား ပူဇော်ကန်တော့ပွဲတွင်
ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် မိန့်ခွန်းအပြည့်အစုံ (၂၀-၁၁-၂၀၁၀)

ကျမကို ဒီလိုတာဝန်ပေးတဲ့အတွက် အများကြီးပဲ ဂုဏ်ယူပါတယ်။ နောက်ပြီးတော့ တာဝန်ဆိုတာ အမြဲပဲ ကြီး မားတဲ့ ကိစ္စတခုပါ။ တာဝန်ကို ထမ်းရတယ်။ ထမ်းရတယ် ဆိုကတည်းက လေးတယ်ဆိုတဲ့ အဓိပ္ပာယ်တော့ ရှိတာပေါ့။ တာဝန်သေးသေး ဆိုရင်တော့ ခပ်ပေါ့ပေါ့ပဲ ထမ်းရမယ်။ ဒီဟာကတော့ တာဝန်ကြီးကြီး ဖြစ်လို့ ကျမ အင်မတန်မှ လေးလေးနက်နက် စိတ်ထဲမှာထားလို့ တာဝန် ကျေပွန်အောင် ကြိုးစားပါ့မယ်။ ဒါပေမယ့် ဒီလို ကျမ တာဝန်ကျေပွန်အောင် လုပ်တဲ့အချိန်မှာ ကျမကို ၀န်းရံပြီးတော့ ကူညီပေးဖို့ လိုပါတယ်။ ကျမတို့ လူကြီးတွေ ကလည်း အကြံဉာဏ်ပေးဖို့၊ ဆုံးမစရာရှိတာ ဆုံးမဖို့၊ ကျမတို့ အထူးသဖြင့် ကျမတို့ တိုင်းရင်းသား တွေဟာ ကျမတို့ လုပ်ဖော် ကိုင်ဖက်ဟုတ်ရဲ့လား ဆိုတာကို ကျမတို့ကို ပြဖို့၊ တချိန်လုံး တယောက်နဲ့ တယောက် တဘက်နဲ့ တဘက် စကားပြော ဆွေးနွေးပြီးတော့ ဒီတာဝန်တွေကို ထမ်းဆောင် သွားရမှာပါ။ ကျမတယောက်တည်း ကျမ သဘောနဲ့ ထမ်းဆောင်သွားလို့ မဖြစ်ပါဘူး။

အခု ဒီမှာရောက်နေတာက မျိုးဆက်တွေကလည်း စုံတယ်။ လူကြီးတွေ ... ကျမတို့ အခု လာကန်တော့နေတဲ့ ဘဘတို့ရဲ့မျိုးဆက်တွေ၊ ကျမတို့ရဲ့ မျိုးဆက်တွေ၊ ကျမတို့ထက် ငယ်တဲ့ ၈၈ မျိုးဆက်တွေ၊ ၈၈ ထက် ငယ်တဲ့ လူငယ်တွေ မျိုးဆက်တွေပေါ့နော် … ဒီမျိုးဆက်တွေ မျိုးဆက်တွေဟာ ဒီတာဝန်တွေကို ဆက်ပြီးတော့ ထမ်းဆောင် သွားရမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျမတို့ အခုက အရေးကြီးတာက ကျမရဲ့အမြင်ကို ကျမ ပြောတာ ပေါ့နော်၊ ညီလာခံ တခုထက် အရေးကြီးတာက စိတ်ဓာတ်ပဲ။ အဲဒီတော့ ကျမတို့ဟာ ပင်လုံ စိတ်ဓာတ်ကို ဆက်ပြီးတော့ ရှင်သန် နေအောင်လုပ်သွားဖို့ဟာ နောင်မျိုးဆက် တွေမှာလည်း တာဝန်ရှိတယ်။ အလုပ်တခုက ညီ လာခံ တခုနဲ့ ပြီးသွားတာ မဟုတ်ဘူး။ ဒီညီလာခံက နေပြီးတော့ အကောင်အထည် ဖော်လိုက်တဲ့ ကိစ္စတွေကို အဓိပ္ပာယ်ရှိရှိနဲ့ ဆက်ပြီးတော့ ကျမတို့နိုင်ငံ အတွက် ရပ်တည် သွားနိုင်ဖို့ဆိုတာ အားလုံးရဲ့ တာဝန်ဖြစ်တယ်။ ဒီမျိုးဆက် တခုတင် မပြီးသွားဘူး။ မျိုးဆက်တွေ မျိုးဆက်တွေ ဆက်ပြီးတော့ လုပ်ရမယ်။ တိုင်းရင်းသားတွေ အားလုံး ညီညီညွတ်ညွတ်နဲ့ လုပ်ရမယ်။

အခု ကျမတို့ ဒီလိုဝါရင့်နိုင်ငံရေးသမားကြီးများကို ကန်တော့ပူဇော်ပွဲမှာ ဒီလိုကိစ္စမျိုးနဲ့ ဆုံစည်းပြီးလုပ်တာ အင်မတန်မှ သင့်တော်တယ်လို့ ကျမ ထင်ပါတယ်။ တနည်းအားဖြင့် ဆိုလို့ရှိရင် ကျမတို့ ၀ါရင့် နိုင်ငံရေးသမားကြီးများ၊ ကျမတို့ လူကြီးများက ကျမတို့ကို လက်ဆင့် ကမ်းပြီးတော့ တာဝန် ပေးအပ်တဲ့ သဘောပါ။ အဲဒီတော့ ကျမ တို့ကလည်း အခုကတည်းက ဘွတ်ကင် လုပ်ထားရမှာပေါ့ (ရယ်လျက် …)။ ကျမတို့ပြီးလို့ ရှိရင် လူလတ်ပိုင်း၊ လူလတ်ပိုင်းကနေ လူငယ်ပိုင်း အဆင့်ဆင့် လုပ်သွားရမှာပါ။ ဘယ်တော့မှ နိုင်ငံရေးဆိုတာ ပြီးတယ်လို့ မရှိပါဘူး။ နိုင်ငံရေးဆိုတာ လူတိုင်းနဲ့ ဘယ်သူနဲ့မှလည်း ကင်းတယ်လို့ မရှိဘူး။ ဘယ်တော့မှလည်း ပြီးဆုံးသွားတယ် လို့မရှိဘူး။

အဲဒီတော့ ကျမတို့ ဒုတိယပင်လုံလို့ပဲ ပြောပြောပေါ့နော်၊ ကျမ ၂၁ ရာစုနှစ်ပင်လုံလို့ ပြောချင်တာက ၂၁ ရာစု အမြင်တွေ နဲ့လည်း ကိုက်အောင် ၂၁ ရာစုနှစ်မှာ ကျမတို့ရမယ့် အခွင့်အရေးတွေ လုပ်ပုံ လုပ်နည်းပေါ့နော် … လမ်းကြောင်းတွေနဲ့ ကိုက်အောင် ဆိုပြီးတော့ ကျမက သုံးလိုက်တာပါ။ လူကြီးတွေပြောတဲ့ ဒုတိယပင်လုံဆို တဲ့ စကားကို ဖယ်ရှားတဲ့ သဘောလည်း မဟုတ်ပါဘူး။ ထပ်ပြီးတော့ ဖြည့်ဆည်းပေးတဲ့ သဘောလို့ပဲ ကျမ မြင် စေချင်ပါတယ်။ ကျမတို့နိုင်ငံဟာ တကယ့် ပြည်ထောင်စု စစ်စစ် ဖြစ်ဖို့ဟာ လူတိုင်းရဲ့ တာဝန်ဖြစ်တယ်။

အဲဒီမှာတော့ ကျမတော့ ပြောရမှာပဲ။ ကျမတို့ ... ကျမက ဗမာဆိုတော့ ဒီလို အခြေအနေမှာ ပြောလို့လည်း ကောင်းပါတယ်။ လူများစုဖြစ်တဲ့ ဗမာတွေက ပိုပြီးတော့ ကြိုးစားရမယ်။ ဟို ... ငါတို့က လူများစုဆိုတာ အခွင့် အရေးယူဖို့ မဟုတ်ဘူး။ ပိုပြီးတော့ တာဝန်ယူဖို့။ အဲဒီလိုပဲမြင်ပါ။ ကိုယ့်မှာ အင်အား ပိုပြီးတော့ များလို့ရှိရင် တာဝန်ပိုပြီးတော့ ယူရမယ်။ အခွင့်အရေးကို လျှော့ပြီးတော့ ယူရမယ်။ ဒါမှ လူ့သိက္ခာနဲ့ ညီညွတ်တယ်။ ဒါမှ ကျမ တို့နိုင်ငံအတွက် ကောင်းတဲ့ အစဉ်အလာတွေ ဖြစ်နိုင်မှာပါ။ ကျမ ဟို ... ဘဘ ဦးတင်ဦးလို စီကာ ပတ်ကုံးမပြော တတ်ဘူး (ရယ်လျက် ...)။ အဲဒီတော့ တိုတိုပဲ ပြောပါရစေ။

ကျမတို့ တော်လှန်ရေးဆိုတဲ့ … တော်လှန်ရေး သမားဆိုတဲ့ အဓိပ္ပာယ်ကို ကျမ ခေါ်ဆိုတဲ့ အခါမှာ တခါလည်း ပြောဖူးပါတယ်။ ဆရာကြီး မင်းသုဝဏ်ရဲ့ ‘သူ့မှာတမ်း’ ဆိုတဲ့ ကဗျာပေါ်ကို အခြေခံပြီး ကျမ ပြောလေ့ ရှိပါတယ်။ တော်လှန်းရေး သမားရဲ့ စိတ်ဓာတ်ဆိုတာ နောက်ဆုံးတိုင် ... နောက်ဆုံးဆုံးတိုင် … အဲဒီကဗျာကို မှတ်မိတဲ့ ဖတ်ဖူးတဲ့သူတွေ မှတ်မိတဲ့ သူတွေဆို သိပါလိမ့်မယ်။ ဒီတော်လှန်ရေး သမားလေးဟာ တော်လှန်ရေး မပြီးခင် ကျဆုံးသွားတဲ့ အခါကျတော့ သူက တောင်းပန် သွားတယ်။ အားနာပါတယ် ပေါ့နော်။ နောက်ဆုံး အချိန်ထိ မနေခဲ့တာ ပေါ့နော်။ အဲဒီလိုပဲ ဖြစ်ရမယ်။ ကိုယ်က ဘယ်လောက် လုပ်ပေးပါတယ် ဆိုတာကို ပြောမယ့်အစား ကိုယ် ဒါ့ထက်ပိုပြီးတော့ မလုပ်ပေးနိုင်တာကို မကျေနပ် နိုင်ပါဘူး။ မလုပ်ပေးနိုင်လို့ တောင်းပန်ပါတယ် ဆိုတဲ့ စိတ်ဓာတ် ကျမတို့ အားလုံးမှာ ရှိရမယ်။ အဲဒီလို စိတ်ဓာတ်နဲ့ လုပ်သွားမယ် ဆိုလို့ရှိရင် … တကယ်တော့ နိုင်ငံတနိုင် ငံရဲ့ တော်လှန်ရေး ဆိုတာ ... အခုဆိုရင် ကမ္ဘာကြီးမှာ သူတို့က အခုနောက်ဆုံး တော်လှန်ရေးကို IT တော်လှန် ရေးပေါ့နော်။ ဒီလို သူတို့ ခေါ်ကြတယ်။ နည်းပညာတော် လှန်ရေးပေါ့နော်။ အရင်တုန်းက စက်မှု တော်လှန်ရေးလည်း ရှိခဲ့တယ်။ တကယ့် ပြင်သစ် တော်လှန်ရေး… တော်လှန်ရေးဆိုတာ အမျိုးမျိုးပေါ့။ တော်လှန်ရေး ဆိုတာဟာ အပြောင်းအလဲကြီး တခုပဲ။ သိသာတဲ့ အပြောင်းအလဲကြီး တခုပဲ။ အဲဒီလို အပြောင်းအလဲတွေဟာ ကျမတို့ ကမ္ဘာကြီး တည်သရွေ့ ဒီလို အပြောင်းအလဲတွေက ရှိနေမှာပဲ။ အဲဒီတော့ ကျမတို့ အားကိုးမှာ တော်လှန်ရေး စိတ်ဓာတ်မွေးတယ် ဆိုတာ အဲဒါကို ပြောတာ။ ခေတ်နဲ့အညီ ကိုယ့်ရဲ့တာဝန်ကို ဆုံးခန်းတိုင်အောင် ဆက်ပြီးတော့ ထမ်းဆောင်သွားချင်တဲ့ စိတ်။

အဲဒီတော့ အခု ကျမတို့ဟာ ခေတ်နဲ့အညီ ဒီပြည်ထောင်စု စိတ်ဓာတ်တွေကို ဘယ်တော့မဆို ခိုင်မြဲသထက် ပို ပြီးတော့ ခိုင်မြဲအောင် လုပ်သွားရမှာက အဆုံးရှိမှာ မဟုတ်ဘူး။ ဘယ်တော့မှ အဆုံးရှိမှာ မဟုတ်ဘူး။ ဒီ ... ပင် လုံညီလာခံ ဒုတိယ ပင်လုံ ညီလာခံ ခေါ်ပြီးလို့ရှိရင် ပြီးပြီဆိုတာလည်း မဟုတ်ဘူး။ ပင်လုံ ညီလာခံက ဆုံးဖြတ် ချက်တွေကို အကောင်အထည် ဖော်ရမယ်။ ဆက်ပြီး ဆက်ပြီးတော့ ဒီပင်လုံ စိတ်ဓာတ်တွေကို ပိုပြီးတော့ ခိုင်မာ အောင်လို့ ပိုပြီးတော့ ကျယ်ပြန့်အောင်လို့ ကျမတို့ ဆက်ပြီးတော့ ကြိုးစား သွားရမယ်။ အဲဒီတော့ ကျမဒီမှာ ခပ် တိုတိုနဲ့ပဲ ပြောပါရစေ။ ပေးအပ်ခဲ့တဲ့ … အခုပေးတဲ့ တာဝန်တွေကို ကျေပွန်အောင်လို့ ကျမ ကြိုးစားပါ့မယ်။ ဒီလို ကြိုးစားတဲ့နေရာမှာ ၀ိုင်းပြီးတော့ ကူညီပေးကြပါ။ အကြံဉာဏ် ပေးကြပါ။ သဘောမတူရင်လည်း သဘောမတူ ဘူးလို့ ပြောကြပါ။ နောက်ပြီးတော့ ဘာဖြစ်လို့ သဘော မတူတာလဲ။ ကျမ လုပ်ပုံကိုင်ပုံကို သဘောမတူလို့ဆို ရင် ဘာဖြစ်လို့ သဘော မတူတာလဲ ဆိုတာကို ပြောကြပါ။

ကျမက အဲဒီဘာဖြစ်လို့ဆိုတဲ့ဟာ ... မေခွန်းက အင်မတန် အရေးကြီးတယ်လို့ ထင်ပါတယ်။ မကြိုက်ဘူးလို့ ပြောရုံနဲ့ မရဘူး။ ကြိုက်တယ်လို့ ပြောရုံနဲ့လည်း မရဘူး။ ကိုယ့်မှာ အကြောင်းအချက် ခိုင်ခိုင်မာမာ ရှိရမယ်။ အဲ ဒီတော့မှလည်း တဘက်က နားလည်နိုင်မယ်။ ဘယ်လို ပြုပြင်ရမလဲ၊ ဘာဖြစ်လို့ ပြုပြင် သင့်သလဲ ဆိုတာကို သ ဘောပေါက်မယ်။ အဲဒီတော့ ဒီတာဝန် ထမ်းဆောင်ဖို့ အတွက် ကျမတို့ ၀ါရင့် နိုင်ငံရေးသမားကြီးများ ဖြစ်ကြတဲ့ လူကြီးများ၊ ကျမတို့ရဲ့ အသက်အရွယ် ကျမနဲ့ တမျိုးဆက်တည်း ဖြစ်တဲ့ ပုဂ္ဂိုလ်များ၊ နောက်ပြီးတော့ ကျမတို့ ထက်ငယ်တဲ့ ၈၈ မျိုးဆက်လို့ပဲ ဆိုပါတော့ လူလတ်ပိုင်း၊ နောက်ပြီးတော့ တက်သစ်စ ဖြစ်တဲ့ လူငယ်ပိုင်းတွေ ဟာ အားလုံးဝိုင်းပြီးတော့ ကူညီကြပါ။ အားလုံးဝိုင်းပြီးတော့ လုပ်ကြပါ။ အားလုံးရဲ့တာဝန်ဟာ တယောက်ချင်း တယောက်ချင်းရဲ့ တာဝန် ဖြစ်တယ်ဆိုတဲ့ စိတ်ဓာတ်ကို ထားစေချင်တယ်။

ကျမတို့မှာ အားနည်းချက်တွေရှိလို့ရှိရင် အားနည်းချက်ဟာလည်း လူတိုင်းနဲ့ ဆိုင်တယ်။ အောင်မြင်မှုဟာ လည်း လူတိုင်းနဲ့ ဆိုင်တယ်ဆိုတဲ့ စိတ်ကို ထားချင်ပါတယ်။ တချို့ကျတော့ အားနည်းချက် ဆိုရင်တော့ ငါနဲ့ မ ဆိုင်ဘူး။ အောင်မြင်မှု ဆိုတော့ ဒို့ပဲ ... ဒို့ပဲဆိုတာ အဲဒါကြီးကတော့ မဖြစ်ဘူးနော်။ အဲဒီ စိတ်ဓာတ်ကိုတော့ ကျ မတို့ ဖယ်ရှားရမယ်။ ဒါဟာ ပုဂ္ဂိုလ် တဦးတယောက်ချင်း ဟာလည်း ဒီလို စိတ်ဓာတ် ထားရမယ်။ အဖွဲ့အစည်းတ ခုချင်းကလည်း အဲလိုစိတ်ဓာတ် ထားရမယ်။ အဲတော့ ကျမတို့ လုပ်တာ အောင်မြင်ရင် ဒို့ အန်အယ်လ်ဒီကွလို့ အဲလိုပြောတာဟာ အင်မတန်မှ မှားတယ်။ ဒါပေမယ့် တချို့ကျတော့လည်း ကျမတို့ ဒီ နိုင်ငံရေးနဲ့ ပတ်သက် လို့ လုပ်တာတွေဟာ သိပ်အားမရဘူး ဆိုရင် အဲဒါ အန်အယ်လ်ဒီပဲ ဆိုပြီးတော့ လက်ညိုး ထိုးတာလည်းရှိတယ်။ အဲဒီနှစ်ခုစလုံးက မမှန်ဘူး။ မမှန်ဘူး။ အားလုံးတကယ်ပဲ ကျမတို့ ဒီတိုင်းပြည်မှာ စစ်မှန်တဲ့ စိတ်ဓာတ်တော် လှန်ရေးကြီးကို အောင်အောင်မြင်မြင် လုပ်ချင်တယ်ဆိုရင် အားနည်းချက်တွေကိုလည်း အားလုံးနဲ့ ဆိုင်တယ် ဆိုတဲ့ စိတ်ဓာတ် ထားရမယ်။ အောင်မြင်ချက်တွေကိုလည်း အားလုံးနဲ့ ဆိုင်တယ် ဆိုတဲ့ စိတ်ဓာတ်ကို ထားရမယ်။ ဒါဟာ တကယ့်ကို ညီညွတ်ရေးရဲ့ အခြေခံပါပဲ။

ဒီတော့ ကျမတို့ ပင်လုံစိတ်ဓာတ်ကို ထူထောင်နိုင်ရင် ကျမတို့ တိုင်းရင်းသားအားလုံး ... ကျမ တိုင်းရင်းသားထဲ မှာ ဗမာကိုပါ ထည့်ပြီးတော့ ပြောလိုက်မယ်။ ဗမာနဲ့ တိုင်းရင်းသား ဆိုတာ ဒါ ပြောစရာ မလိုဘူး။ ကျမတို့လည်း တိုင်းရင်းသား လူမျိုးပဲ။ ဒီထဲက တိုင်းရင်းသား တစုပဲ။ အဲဒီတော့ ကျမတို့ တိုင်းရင်းသား အားလုံးရဲ့ လုပ်ဆောင် ချက်ကြောင့် အောင်မြင်တယ် ဆိုတာကိုပဲ ကျမတို့ ရှေ့ရှုပြီးတော့ ကြိုးစား သွားပါ့မယ်လို့ … ကျမ … ကတိပြုတယ်ပဲ ပြောပါရစေ။ ကျမ … ကျမကတိ သိပ်ပြီးတော့လည်း မပေးချင်ဘူး။ ကတိဆိုတာ သေချာ တည်နိုင်တယ် ဆိုတဲ့ဟာကို အာမခံချက်ရှိမှ။ အဲဒီတော့ ကျမ လုပ်နိုင်သလောက် လုပ်သွားပါ့မယ်။ ကျမ တတ်နိုင်သ လောက် ဒီတာဝန်ကို ကျေပွန်အောင် လုပ်သွားပါ့မယ် လို့ပဲ ပြောပါရစေ။ အားလုံးကို ကျေးဇူး တင်ပါတယ်။ (လက်ခုပ်သံများ ....)

မှတ်ချက် - အသံကူးယူမှု ချွတ်ယွင်းချက်ကြောင့် စာသားအဖြစ် ပြောင်းလဲရေးသားရာတွင် အကျအပေါက်တချို့ ကျန်ရှိနိုင်ပါတယ်။


Ref: ဒေါက်တာလွဏ်းဆွေ

Read More...

ဒေါ်အောင်ဆန်းစုကြည် သတင်းကြောင့် ဂျာနယ် ၉ စောင် အရေးယူခံရ

Monday, 22 November 2010

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ပတ်သက်သော သတင်းများ အားလုံးကို ဂျာနယ်များတွင် ဖော်ပြခွင့် ပိတ်ပင်လိုက်ပြီ ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ် လွတ်မြောက်သည့် သတင်းကို စာပေစိစစ်ရေး ခွင့်ပြုသည်ထက် ကျော်လွန် ဖော်ပြကြသည့် ဂျာနယ် ၉ စောင်ကို ထုတ်ဝေခွင့်များ ရပ်ဆိုင်းလိုက်ကြောင်း သတင်းရရှိသည်။

ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံကို ခွင့်ပြုသည်ထက် ပုံကြီးချဲ့ ဖော်ပြခဲ့ကြသော The Voice၊ 7 Day News၊ Venus၊ ပြည်သူ့ခေတ်၊ မြန်မာပို့စ်၊ လျှပ်တပြက်၊ Myanmar Newsweek တို့ကို ထုတ်ဝေခွင့် ၁ ပတ် ပိတ်ပင်လိုက်ပြီး First Eleven အားကစား ဂျာနယ်၊ Hot News ဂျာနယ်တို့ကို ထုတ်ဝေခွင့် ၂ ပတ် ပိတ်ပင်လိုက်ကြောင်း ဗဟန်းမြို့နယ် ၀င်္ကပါလမ်းရှိ စာပေ စိစစ်ရေး ရုံးတွင် နိုဝင်ဘာလ ၂၁ ရက်နေ့စွဲဖြင့် ကြေညာချက် ထုတ်ပြန် ထားသည်။

“၁ ပတ်ပိတ်တဲ့ ဂျာနယ်တွေကတော့ အချပ်ပို ဓာတ်ပုံကို ဂျာနယ် မျက်နှာဖုံးအနေနဲ့ ထုတ်ဝေ လိုက်လို့ပါ။ Eleven အားကစား ဂျာနယ်နဲ့ Hot News ဂျာနယ်ကတော့ စာပေ စိစစ်ရေးမတင်ဘဲ သတင်း အချက်အလက်တွေ ဖော်ပြခဲ့လို့လို့ သိရတယ်” ဟု ဂျာနယ် အယ်ဒီတာတဦးက ပြောသည်။

တချို့သော သတင်းဂျာနယ်များကိုမူ ဒေါ်အောင်ဆန်းစုကြည် သတင်း ဖော်ပြမှုနှင့် ပတ်သက်ပြီး ခေါ်ယူ၍ ပြင်းပြင်းထန်ထန် သတိပေး ပြောကြား ခဲ့ကြောင်း၊ နောက်နောင် စာပေ စိစစ်ရေးက ညွှန်ကြားသည့် အတိုင်း လိုက်နာပါမည် ဆိုသော ၀န်ခံလက်မှတ်များ ရေးထိုး စေခဲ့ကြောင်း၊ ဂျာနယ် ထုတ်ဝေခွင့်ကိုမူ ဆက်လက် ခွင့်ပြုခဲ့ကြောင်း သတင်း ဂျာနယ် အသိုင်းအ၀န်းမှ သိရှိရသည်။

“ညွှန်ကြားရေးမှူး ဗိုလ်မှူးတင့်ဆွေက ခေါ်ဆူတာ။ ခင်ဗျားတို့တွေက စိတ်တိုင်းကို မကျနိုင်ကြဘူးလို့ ပြောပါတယ်” ဟု သတင်း အယ်ဒီတာ တဦးက ဆိုသည်။

စာပေစိစစ်ရေး၏ အရေးယူမှု မခံခဲ့ရသော သတင်းဂျာနယ်များ အားလုံးတွင် ဒေါ်အောင်ဆန်းစုကြည် နှင့် ပတ်သက်သော သတင်းနှင့် ဓာတ်ပုံများကို လုံးဝ ဖော်ပြခွင့် မပြုတော့ပေ။

စာပေစိစစ်ရေးက အောက်တိုဘာ ၂၂ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သော သတိပေး ကြေညာချက် ကို ဂျာနယ်များ လိုက်နာခြင်း မရှိဟုဆိုကာ နိုဝင်ဘာ ၂၁ ရက်နေ့ ရက်စွဲဖြင့် ထပ်မံ ထုတ်ပြန်လိုက်ပြီး ထို ကြေညာချက်များကို လိုက်နာခြင်း မရှိပါက ဂျာနယ်ကို ရာသက်ပန် လုံးဝ ပိတ်သည်အထိ အရေးယူမည်ဟု ပြောခဲ့ကြောင်း သိရသည်။

နောက်ဆက်တွဲ သတင်းနှင့် ဓာတ်ပုံများကို ကိုယ်တိုင် စိစစ်၍ ရုံးမတင်ဘဲ ဖြန့်ချိခွင့်ပြုစေချင်ကြောင်း၊ ထိုသို့ ကိုယ်တိုင်စိစစ် ဖြန့်ချိရာမှ တစုံတရာ မှားယွင်း လွဲချော်သွားလျှင် ဂျာနယ်ကို ပိတ်သည်အထိ အရေးယူ ခံမည်ဖြစ်ကြောင်း သတင်းဂျာနယ် များက တောင်းဆို ခဲ့သော်လည်း ထို တောင်းဆိုချက်ကို ညွှန်ကြားရေးမှူး ဗိုလ်မှူးတင့်ဆွေက တာဝန်မယူကြောင်း စာပေစိစစ်ရေးက ခေါ်ယူသည့် အစည်းအဝေးသို့ တက်ရောက်ခဲ့သူ အယ်ဒီတာတဦးက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီး နောက်တွင် ပြည်တွင်း သတင်းမီဒီယာများက ဒေါ်အောင်ဆန်းစုကြည် သတင်းနှင့် ဓာတ်ပုံများကို ဝေဝေဆာဆာ ဖော်ပြလိုကြ သော်လည်း စာပေ စိစစ်ရေးက ဓာတ်ပုံအသေး တပုံနှင့် ၎င်းတို့ ခွင့်ပြုသော သတင်းသာ ဖော်ပြခွင့် ပြုခဲ့သည်။ ထို့အပြင် မျက်နှာဖုံးတွင်လည်း အဆိုပါ သတင်းနှင့် ဓာတ်ပုံများကို ဖော်ပြခွင့် မပြုခဲ့ပေ။

သို့ရာတွင် ဂျာနယ် တချို့က ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံကို အချပ်ပို စာမျက်နှာတွင် မျက်နှာပြည့် ဖော်ပြခဲ့ရာ ဂျာနယ် လက်ပွေ့ ရောင်းချသူများက အဆိုပါ အချပ်ပိုကို ဂျာနယ်မျက်နှာဖုံးတွင် တင်၍ ရောင်းချကြသောကြောင့် ရောင်းအား တက်ခဲ့ကြောင်း သိရသည်။

First Eleven အားကစား ဂျာနယ် မျက်နှာဖုံးတွင်လည်း “စု လွတ်ပြီ စည်းလုံးခြင်းနှင့် မျှော်လင့်ချက် ပန်းတိုင်ကို တက်လှမ်း ကြစို့” ဟူသည့် အဓိပ္ပာယ် ရသော အင်္ဂလိပ် စာသားကို ထည့်သွင်းဖော်ပြခဲ့သည်။

ထိုသို့ ဒေါ်အောင်ဆန်းစုကြည် သတင်းများ၊ ဓာတ်ပုံများကို ပြည်တွင်း ဂျာနယ်များတွင် ဖော်ပြခဲ့ပြီးနောက် အဆိုပါ ဂျာနယ်များမှာ ဈေးကွက်တွင် လက်ကျန် မရှိသလောက် ၀ယ်ယူသူ အရေအတွက် မြင့်တက်ခဲ့ကြောင်း၊ ပြည်သူလူထုက သတင်း ဂျာနယ်များကို ယုံကြည် ကိုးစားမှု တိုးမြင့်လာပြီး ဂုဏ်သိက္ခာလည်း မြင့်တက်ခဲ့ကြောင်း သတင်းဂျာနယ် အသိုင်း အဝန်းက ဆိုသည်။

ယင်းနောက်တွင် စာပေစိစစ်ရေးက ဂျာနယ်များကို ခေါ်ယူ သတိပေးကြိမ်းမောင်းခြင်း၊ ပိတ်ပင် အရေး ယူခြင်းများ ဖြစ်လာသည်ဟု သိရသည်။

ယခုကဲ့သို့ သတင်းဂျာနယ်များ အစုအလိုက်၊ အပြုံလိုက် အရေးယူ ခံရခြင်းသည် ရုပ်ဆိုး အကျည်းတန်လှပြီး ပြည်တွင်း သတင်း မီဒီယာ သမိုင်းတွင် စစ်အစိုးရ၏ ဖိနှိပ်မှုကို အဆိုးရွားဆုံး ကြုံတွေ့ ခံစားလိုက်ရခြင်း ဖြစ်ကြောင်း ပိတ်ပင် ခံလိုက်ရသော သတင်းဂျာနယ် တစောင်မှ အယ်ဒီတာက ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံတွေ ပြည်သူတွေအကြားမှာ ပျံ့နှံ့သွားပြီး သူ့ကို လူထုက ပိုထောက်ခံ၊ ပိုပြီး ချစ်လာမှာကို နေပြည်တော်က စစ်ဗိုလ်ချုပ်တွေက မနာလို လို့ အခုလို သတင်း ဂျာနယ်တွေကို အရေးယူတာပဲ ဖြစ်မယ်” ဟု ရန်ကုန် အခြေစိုက် သတင်းထောက် တဦးက ဆိုသည်။

မကြာမီ ပေါ်ပေါက်လာမည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) အစိုးရ လက်ထက်တွင် ပြည်တွင်း
သတင်း မီဒီယာများ ယခုထက် ဆိုးရွားသော အခြေအနေများ ကြုံတွေ့ လာရမည် ဖြစ်ပြီး သတင်း လွတ်လပ်ခွင့် လုံးဝ ရရှိလိမ့်မည် မဟုတ်ကြောင်း သတင်းဂျာနယ် အသိုင်းအ၀န်းက သုံးသပ်နေကြသည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာခဲ့ပြီး နိုဝင်ဘာ ၁၄ ရက်နေ့က NLD ရုံးချုပ်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ၎င်း၏ သတင်းများကို ဂျာနယ်များတွင် လွတ်လပ်စွာ ဖော်ပြခွင့် မရှိပါက ရွေးကောက်ပွဲ ပြီးဆုံးသွား ခဲ့သော်လည်း မည်သို့မျှ ထူးခြားလာခြင်း မရှိနိုင်ဟု ပြောဆိုခဲ့သည်။

နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) မှ ထုတ်ပြန်သည့် မှတ်တမ်းများအရ မြန်မာနိုင်ငံ၏ သတင်း လွတ်လပ်ခွင့် အဆင့်သည် ၁၇၈ နိုင်ငံအနက် ၁၇၄ နေရာတွင်ရှိပြီး သတင်းလွတ်လပ်ခွင့် မရှိဆုံး ၅ နိုင်ငံတွင် တနိုင်ငံအဖြစ် ပါဝင်ကြောင်း သိရသည်။

Ref: ဧရာဝတီ်

Read More...

ရွေးကောက်ပွဲကော်မရှင်၏ အမှားပြင်ဆင်ချက်များ လူရယ်စရာဖြစ်နေ

Monday, 22 November 2010

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လွှတ်တော်ကိုယ်စားလှယ်တဦးချင်းစီ၏ ဆန္ဒမဲရရှိမှု အခြေအနေများ ကြေညာ ရာတွင် ကိန်းဂဏန်း အချက်အလက်များ မှားယွင်း ဖော်ပြခဲ့သဖြင့် အမှား ပြင်ဆင်ချက်များ နေ့စဉ် ထုတ်ပြန် နေသောကြောင့် ဖတ်ရှုရသည့် ပြည်သူများမှာ ဟာသ အဖြစ် ပြောဆို ရယ်မောနေကြကြောင်း ကြားသိရသည်။

စစ်အစိုးရပိုင် သတင်းစာများတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဆန္ဒမဲပေးနိုင်သူ အရေ အတွက်များ မှားယွင်း ဖော်ပြခြင်း၊ ပယ်ဖျက် ထားသော မဲဆန္ဒနယ် များတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ၏ လွှတ်တော် အမတ် လောင်းများက ပြိုင်ဘက်မရှိ အနိုင်ရသည့် ပုံစံ ထည့်သွင်း ဖော်ပြခြင်း၊ မဲဆန္ဒနယ် တချို့တွင် မဲပေးသူ ၁၀၀ ရာခိုင်နှုန်း ကျော် ရှိသည်ဟု ဖော်ပြခဲ့ခြင်း အပါအ၀င် အမှားအယွင်းများ ဆက်တိုက် ကြေညာ၍ အမှား ပြင်ဆင်ချက်များကို ပြန်လည် ထည့်သွင်းခဲ့သည်။

“ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဆိုတာ နိုင်ငံတော်ရဲ့ အစိုးရ တရပ် အသစ်ပေါ်ထွန်းဖို့ ပဲ့ကိုင် ပေးနေရတဲ့ အဖွဲ့အစည်း။ အဲဒီ အဖွဲ့အစည်းက အချက်အလက် အလွဲအမှားတွေ ကြေညာတယ် ဆိုတာ သူတို့ မဟုတ်တာ လုပ်တယ် ဆိုတာတွေကို ပေါ်လွင် စေတာပေါ့” ဟု နိုင်ငံရေးပါတီတခု မှ ရွေးကောက်ပွဲတွင် ရှုံးနိမ့်ထားသည့် လွှတ်တော် ကိုယ်စားလှယ်လောင်း တဦးက ပြောသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာလ ၁၆ ရက်နေ့ထုတ် အစိုးရပိုင် သတင်းစာများ ထဲတွင် တောင်ငူ မဲဆန္ဒနယ် ၁ ၌ မဲဆန္ဒရှင်ဦးရေ ၇၄၆၄၅ ဦး၊ ၁၀၂. ၀၉ ရာခိုင်နှုန်းဟု မှားယွင်း ဖော်ပြခဲ့ပြီးမှ နောက်တနေ့တွင် မဲဆန္ဒရှင် ဦးရေ အမှန်မှာ ၇၆၅၃၅ ဦး ဖြစ်ကြောင်း၊ ရာခိုင်နှုန်းမှာလည်း ၉၉. ၅၇ ဖြစ်ကြောင်း ပြင်ဆင် ဖတ်ရှုပါရန် ပြန်လည် ဖော်ပြခဲ့သည်။

အလားတူ တောင်ငူမဲဆန္ဒနယ် ၂ တွင်လည်း မဲဆန္ဒရှင်ဦးရေ ၈၄၅၃၇ အစား ၈၂၆၄၇ ဟုလည်းကောင်း၊ မဲပေးသူ ရာခိုင်နှုန်း ၈၇.၆၀ အစား ၈၅.၆၄ ဟုလည်းကောင်း ပြင်ဆင် ဖတ်ရှုပါရန် ကြေညာထားသည်။

“ရွေးကောက်ပွဲကော်မရှင်က လိမ်တာတောင် ယုတ္တိရှိရှိ မလိမ်တတ်ဘူး။ မဲပေးသူ ရာခိုင်နှုန်းက ၁၀၀ ရာခိုင်နှုန်းထက် ကျော်နေတယ်။ မဲပေးသူ အားလုံး မဲလာပေးတဲ့ အပြင် ပိုတောင် ပိုနေသေးတယ်လို့ ပြောနေသလိုပဲ။ တော်တော် ဟာသ မြောက်တယ်” ဟု ရန်ကုန် ဒေသခံတဦးက ပြောသည်။

အလားတူ နိုဝင်ဘာလ ၁၇ နေ့ထုတ် သတင်းစာ များတွင်လည်း အမ်း မဲဆန္ဒနယ် ၁ တွင် မဲဆန္ဒရှင်ဦး ရေ ၂၆၀၆၅ အစား ၃၇၈၈၆ ဟု လည်းကောင်း၊ မဲပေးသူ ရာခိုင်နှုန်း ၁၀၄.၂၈ အစား ၇၁.၇၄ ဟုလည်းကောင်း၊ ကျောက်ပန်းတောင်း မဲဆန္ဒနယ်
မဲဆန္ဒရှင် ဦးရေ ၁၅၂၆၁၄ အစား ၂၀၅၇၈၅ ဟုလည်းကောင်း၊ မဲပေးသူ ရာခိုင်နှုန်း ၁၀၀ အစား ၇၄.၁၆ ဟုလည်းကောင်း၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မဲဆန္ဒနယ် ၁ မဲဆန္ဒရှင် ဦးရေ ၁၀၈၂၄၄၅ အစား ၁၀၈၁၉၇ ဟုလည်းကောင်း၊ မဲပေးသူ ရာခိုင်နှုန်း
၆.၅၁ အစား ၆၅.၀၉ ဟု လည်းကောင်း၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မဲဆန္ဒနယ် ၂ မဲဆန္ဒရှင်ဦးရေ ၈၆၇၉၅၆ အစား ၁၀၂၈၆၄ ဟုလည်းကောင်း၊ မဲပေးသူ ရာခိုင်နှုန်း ၈.၁၅ အစား ၆၈.၇၉ ဟုလည်းကောင်း ပြင်ဆင် ဖတ်ရှုပါရန် ဖော်ပြထားသည်။

ထို့အပြင် ကချင်ပြည်နယ်ရှိ ပယ်ဖျက်ထားသည့် အင်ဂျန်းယန် မဲဆန္ဒနယ် ၂ တွင် ကြံ့ဖွံ့ပါတီ အမတ်လောင်း ဦးဘရန်ရှောင်နှင့် ပယ်ဖျက် မဲဆန္ဒနယ် ဆွမ်ပရာဘွမ် မဲဆန္ဒနယ် ၂ တွင် ကြံ့ဖွံ့ပါတီ အမတ်လောင်း ဦးမုန်ပေါန်နော် တို့က ပြိုင်ဘက်မရှိ အနိုင်ရကြောင်း ရေးသား ဖော်ပြထားသည်ကိုလည်း တွေ့ရသည်။

“ကြံ့ဖွံ့ပါတီက ပြည်လုံးကျွတ် လွှတ်တော်နေရာ အများစုမှာ နိုင်တဲ့အပြင် ရွေးကောက်ပွဲ မကျင်းပနိုင်လို့ ပယ်ဖျက်ထားတဲ့ မဲဆန္ဒနယ် တွေမှာပါ အနိုင်ရ ဗိုလ်စွဲတယ်လို့ ပြောရမလိုပဲ” ဟု ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) မှ ဗဟို အလုပ်အမှုဆောင် တဦးက ပြောသည်။

ရန်ကုန် တက္ကသိုလ် ကျောင်းဆရာတဦးကမူ “ကြံ့ဖွံ့ပါတီရဲ့ အောင်မြင်မှုက အံ့မခန်းပဲ။ နိုင်ငံတကာနဲ့ ယှဉ်ရင် ဂင်းနစ် စံချိန် တင်လောက်တယ်။ ပြီးတော့ ဘယ်နိုင်ငံမှာမှ မရှိတဲ့ ကြိုတင်မဲပေး စနစ်မျိုး ဒီမှာ ရှိနေတာကလည်း အရမ်း ထူးခြားတယ်။
ကမ္ဘာ့ အံ့သြဖွယ် ရွေးကောက်ပွဲနဲ့ မယုံကြည်နိုင်လောက်သော အောင်မြင်မှုတွေပဲ။ ပါတီ တာဝန်ရှိသူတွေက ဂင်းနစ် မှတ်တမ်းဝင်အောင် ဆက်သွယ် လုပ်ဆောင်ကြပါလို့ အကြံပြုချင်ပါတယ်” ဟု ဆိုသည်။

ကြံ့ဖွံ့ပါတီသည် ရွေးကောက်ပွဲတွင် မဲလိမ်မဲခိုးမှုများ၊ ကြိုတင်မဲများဖြင့် အမတ်နေရာ အများဆုံး အနိုင် ရရှိခဲ့ပြီးနောက် နိုင်ငံရေး ပါတီ တချို့က မဲမသမာမှုများကို ဖော်ထုတ်ပြီး ကြံ့ဖွံ့ပါတီနှင့် ရွေးကောက်ပွဲ ကော်မရှင်ကို ဥပဒေကြောင်း အရ တရားစွဲဆိုရန် ပြင်ဆင်လျက် ရှိကြောင်း သိရသည်။

Ref: ဧရာဝတီ်

Read More...

သျှမ်းသူပုန်နှင့် ဆက်သွယ်သည်ဟုဆိုပြီး ကျားဖြူပါတီဝင် တချို့အား ဖမ်းဆီး ရိုက်နှက်

မွေခေါဝ်
Monday, 22 November 2010

သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မိုင်းပါးကျေးရွာအုပ်စုရှိ ကျားဖြူပါတီဝင်များအား သျှမ်းသူပုန်နှင့် အစည်းအဝေး ပြုလုပ်သည်ဟု စွပ်စွဲပြီး စရဖ တပ်ကြပ်ကြီး အဖွဲ့က ဖမ်းဆီး ခေါ်ဆောင်ကာ ရိုက်နှက် စစ်ဆေး မေးမြန်းခဲ့သည်ဟု စုံစမ်း သိရှိရပါသည်။


“မိုင်းပါးကျားဖြူပါတီက သျှမ်းသူပုန်နဲ့ အစည်းအဝေးလုပ်တယ်လို့ စွပ်စွဲပြီး ကျားဖြူပါတီဝင်တွေကို ဖမ်းဆီး ရိုက်နှက်စစ် ဆေးတယ်။ ကြံ့ဖွံ့ပါတီဝင် တစ်ယောက်လဲပါတယ်၊ သူ့ကို ကြံ့ဖွံ့မှန်း မသိလို့” ဟု သိန္နီသား တစ်ဦးက ပြောပါသည်။

သိန္နီမြို့နယ် စရဖတပ်ကြပ်ကြီး မိုးကျော်မောင်၊ ရဲတပ်ဖွဲ့ တစ်ဖွဲ့နှင့် လားဟူပြည်သူ့စစ်တို့ ပူးပေါင်းတပ်ဖွဲ့က နောင်တော် ရွာနေ ကျားဖြူပါတီ ဥက္ကဋ္ဌ စိုင်းစံမွန်း နေအိမ်သို့ နိုဝင်ဘာ ၁၃ ရက် နံနက် ၄း၀၀ နာရီ၌ ရောက်ရှိလာကာ ရှာဖွေ မွှေနှောက် ကြကြောင်း၊ စိုင်းစံမွန်းအိမ်၌ မအိပ်သည့်အတွက် ညီဖြစ်သူ စိုင်းဆိုင်ထီး အား ၀မ့်လုံရှိ နအဖတပ်စခန်း သို့ ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိန္နီဒေသခံ နောက်တစ်ဦးက ပြောပါသည်။

“အဲဒီနေ့ နံနက်ပိုင်းမှာဘဲ မောက်စလီကျေးရွာအုပ်စု နောင်ကော်ကျေးရွာနေ ကြံ့ဖွံ့ပါတီဝင် စိုင်းကျော်စံကို သွားဖမ်း လာတယ်။ သူက ကြံ့ဖွံ့ပါတီဝင်ကဒ် ပြပေမဲ့ သူတို့အဖွဲ့က ဂရုမစိုက်ဘူး။ သူ့ကို တိုင်မှာ ကြိုးနဲ့တုတ်ပြီး ရိုက်နှက်စစ်ဆေးလို့ ငိုသံတွေတောင် ကြားရတယ်” ဟု ၎င်းက ဆက်လက်ပြောပါသည်။

ထိုနေ့ နေ့လည်ပိုင်း၌ စိုင်းစံမွန်းနှင့် ကျားဖြူပါတီဝင် ၂-၃ ယောက်အား လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားကာ စစ်ဆေး မေးမြန်းကြောင်း၊ နောက်တစ်နေ့၌ ဝမ့်လုံ တပ်စခန်းမှ ပိန်းဆာကျေးရွာ နမ့်အွန်ဂိတ်အနီးရှိ လားဟူပြည်သူ့စစ် တပ်စခန်းသို့ ပြောင်းရွှေ့ ထိန်းသိမ်းကာ စစ်ဆေး မေးမြန်းကြောင်း သိရှိရသည်။

အကြောင်းရင်းမှာ နိုဝင်ဘာ ၂ ရက် ကျားဖြူအလုပ်အမှုဆောင်အဖွဲ့ မဲရုံစောင့်ရှာရန်အတွက် အစည်းအဝေး ပြုလုပ်နေချိန် တစ်ရွာတည်းသား စိုင်းငဲ (သီပေါကုန်သည်) နှင့် တပည့်တ စ်ယောက်တို့က ထော်လာဂျီ ဝယ်ယူရန် DT ဆိုင်ကယ်ဖြင့် ရွာသို့ ရောက်လာခဲ့သည်ဟု လားရှိုး တက္ကသိုလ်ကျောင်းသား သိန္နီဒေသခံ နောက်တစ်ဦးကလည်း ပြောပါသည်။

“စိုင်းငဲတို့နှစ်ယောက်က စိုင်းစံမွန်းနဲ့ လုံးခမ်းတို့အိမ်မှာ တည်းတယ်။ ဒါကို ရွေးကောက်ပွဲပြီး ၂-၃ ရက် အကြာ ဝမ့်လုံရွာမှာ နေတဲ့ မိုင်းပါး ရယကဥက္ကဋ္ဌ လုံးဆန်ထွန်းနဲ့ ဇနီး ပါ့ရွှေလင်း (အမျိုးသမီးရေးရာအဖွဲ့ဝင်) တို့က ကျားဖြူပါတီ က သျှမ်းသူပုန်လို့ ထင်ရတဲ့ မျက်နှာစိမ်း နှစ်ယောက်နဲ့ အစည်းအဝေး လုပ်တယ်။ မျက်နှာစိမ်း နှစ်ယောက်မှာ သေနတ်လည်း ပါလာတယ်။ စိုင်းစံမွန်းတို့ အိမ်မှာ ဝှက်ထားတယ်လို့ ပုလိပ်ကို မဟုတ်မမှန်ဘဲ သွားတိုင်တယ်။ ဒါကြောင့် ပုလိပ်တွေလည်း လာဖမ်းတာပေါ့” ဟု ၎င်းက ဆက်လက်ပြောပါသည်။

စိုင်းကျော်စံ ဖခင် က မျက်နှာစိမ်းနှစ်ယောက်မှာ သျှမ်းသူပုန်မဟုတ်ကြောင်း၊ ကုန်သည်သာ ဖြစ်ကြောင်းကို သက်သေပြရန် စိုင်းငဲကို ခေါ်လာ ခဲ့ရကြောင်းကို ၎င်းနှင့် ဆွေမျိုးတော်စပ်သူ တစ်ဦးက ဤကဲ့သို့ ပြောပါသည်။

“စိုင်းကျော်စံရဲ့အဖေက စိုင်းငဲကိုသွားခေါ်လာပြီး လားဟူပြည်သူ့စစ်တပ်စခန်းမှာ သက်သေပြ အာမခံချက် ပေးရတယ်။ စိုင်းငဲကိုလဲ တစ်ည ဖမ်းဆီး မေးမြန်းတယ်။ သူတို့ထင်သလို ကျားဖြူပါတီဟာ သျှမ်းသူပုန်နဲ့ အစည်းအဝေး လုပ်တယ် ဆိုတာ မဟုတ်မှန်း သိသွားတော့ အားလုံးကို နိုဝင်ဘာ ၁၆ ရက် မှာ ပြန်လွှတ်ပေးခဲ့တယ်”

“ ကြံ့ဖွံ့ပါတီလွှတ်တော်ကိုယ်စားလှယ်လောင်း လုံးစိုင်းစံအေး (ရယကဥက္ကဟောင်း) ကို မိုင်းပါး ပြည်သူတွေက ထောက်ခံမဲ မပေးချင်ကြဘူး။ ကျားဖြူပါတီကိုဘဲ ပေးချင်ကြတယ်။ ဒါကြောင့် လုံစိုင်းစံအေးက ကျားဖြူပါတီကို အပြစ်ရှာချင်တဲ့ အတွက် တပည့်ဖြစ်တဲ့ လက်ရှိ ဥက္ကဋ္ဌကို အသုံးချ လိုက်တာ ဖြစ်မယ်လို့ ပြည်သူတွေက ထင်ကြေး ပေးနေကြတယ်” ဟု ၎င်းက ဆက်လက်ပြောပါသည်။

ဖမ်းဆီးရိုက်နှက်စစ်ဆေးခြင်းခံရသူများမှာ ကျားဖြူပါတီမှ စိုင်းစံမွန်း၊ စိုင်းဆိုင်ထီး၊ လုံးခမ်း၊ အမည်မသိ ကျားဖြူပါတီ ၀င်တစ်ဦးနှင့် ကြံ့ဖွံ့ပါတီဝင် စိုင်းကျော်စံတို့ ဖြစ်ကြသည်။

အမည်မဖေါ်လိုသည့် သျှမ်းပြည်မြောက်ပိုင်းနေ နိုင်ငံရေးသမားဟောင်းတဦးက ယခုလုပ်ရပ်ပေါ် “အစိုးရသစ် တက်လာလဲ ဘာမှ ထူးလာမှာ မဟုတ်ဘူးဆိုတာ ဒါသက်သေဘဲ။ ထင်တိုင်း ထပ်ကျဲ နေဦးမှာဘဲ။ ဒါကြောင့် ဒီရွေးကောက်ပွဲက အလကားဘဲ၊ ဘာအပြောင်းအလဲမှ မရှိပါဘူး” ဟု သျှမ်းသံတော်ဆင့်သို့ သုံးသပ်ပြပါသည်။

ထိုင်းနယ်စပ်တွင်လှုပ်ရှားနေသော သျှမ်းပြည်တပ်မတော် တောင်ပိုင်းသည် ၂၀၁၀ ရွေးကောက်ပွဲကို မထောက်ခံ ကြောင်း၊ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကိုသာ လက်ခံကြောင်း မေလ ၂၆ ရက် ကတည်းက ကြေငြာခဲ့ပြီး ဖြစ်သည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

အပေါ်သို့