..............................

Friday, January 21, 2011

ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှာ အင်တာနက် တပ်ဆင်ခွင့်ရ

2011-01-20

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြည်တွင်းပြည်ပ ထောက်ခံသူတွေနဲ့ အလွယ်တကူ ဆက်သွယ်နိုင်ဖို့ အင်တာနက် တပ်ဆင်ခွင့် လျှောက်ထားခဲ့ရမှာ ဇန်န၀ါရီ (၂၀) ရက် ဒီကနေ့ ညနေမှာတော့ သူမရဲ့ နေအိမ်မှာ အင်တာနက် ဆက်သွယ် တပ်ဆင်ခွင့် ရသွားပြီလို့ သိရပါတယ်။

အင်တာနက် တပ်ဆင်ခွင့်ရနိုင်ဖို့ လွန်ခဲ့တဲ့ တစ်လ၀န်းကျင်ကတည်းက သက်ဆိုင်ရာကို လျှောက်ထား ခဲ့တာ ဖြစ်ပြီး ပြီးခဲ့တဲ့ (၃) ရက် လောက်ကမှ အာဏာပိုင်တွေရဲ့ ခွင့်ပြုမိန့် ကျလာတာကြောင့် NLD ပါတီတွင်းက ကွန်ပျူတာ ကျွမ်းကျင်သူတွေရဲ့ အကူအညီနဲ့ ဒီကနေ့ ညနေမှာ တပ်ဆင်လိုက်ပြီလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုံးအဖွဲ့မှူး ဦးဝင်းထိန်က ပြောပါတယ်။

လက်ရှိမှာ Facebook နဲ့ Twitter အဆင့်ကို လုပ်နိုင်အုန်းမှာ မဟုတ်ဘဲ သာမန် အင်တာနက်နဲ့ ဆက်သွယ်တဲ့ စနစ်ကိုသာ လုပ်သွားမှာ ဖြစ်တဲ့ အကြောင်း ဦးဝင်းထိန်က ပြောပါတယ်။

Twitter အင်တာနက် လူမှုကွန်ယက်က တဆင့် ပြည်တွင်းပြည်ပ လူငယ်တွေနဲ့ ဆက်သွယ်ပြီး လူငယ်တွေရဲ့ သဘောထားကို သိလိုကြောင်း နေအိမ် အကျယ်ချုပ်က ပြန်မလွတ်ခင် ကတည်းက ဒေါ်အောင်ဆန်းစုကြည် ပြောကြား ခဲ့ဖူးပါတယ်။

Ref: RFA News

Read More...

စစ်မှုထမ်း ဥပဒေမူကြမ်း မသမာမှု လမ်းဖွင့်နေဟု NLD ဝေဖန်

ဖနိဒါ
ကြာသပတေးနေ့၊ ဇန်နဝါရီလ ၂၀ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ အငြင်းပွားဖွယ်ရာ ပြည်သူ့စစ်မှုထမ်းဥပဒေမူကြမ်းမှာ မလွဲမသွေ စစ်မှုထမ်းရန် ဆင့်ခေါ်ရမည့် ဥပဒေတရပ် ဖြစ်နေသည့် အတွက် မသမာမှုများ ဖြစ်ပေါ်အောင် လမ်းဖွင့် ပေးနေကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဝေဖန်လိုက်သည်။

“ ဤဥပဒေ အတည်ပြုပြီးနောက် နည်းမျိုးစုံဖြင့် မသမာမှုများရှိလာစေရန် လမ်းဖွင့်ထား သကဲ့သို့ ဖြစ်ပါသည်။ ထို့အပြင် အဖက်ဖက်က ယိုယွင်းလျက် ရှိသော နိုင်ငံရေး၊ စီးပွားရေးနှင့် ပညာရေး စနစ်များကြောင့် ဒုက္ခမျိုးစုံ ကြုံတွေ့နေရသော အောက်ခြေ လူတန်းစား အတွက် ကြီးမားသော ဝန်ထုပ်ဝန်ပိုးတခု ဖြစ်လာနိုင်ဖွယ် ရှိသည်” ဟု NLD ၏ ယမန်နေ့ထုတ် ကြေညာချက်တွင် ပါရှိသည်။

ထို့ပြင် “၁၉၅၉ ခုနှစ် ပြည်သူ့စစ်မှုထမ်း အက်ဥပဒေတွင် စစ်မှုထမ်းရန် ဆင့်ခေါ်နိုင်သည်ဟု ပြဋ္ဌာန်းထားပြီး ယခု ၂ဝ၁ဝ ထုတ်ပြန် လိုက်သည့် ဥပဒေသည် မလွဲမသွေ စစ်မှုထမ်းရန် ဆင့်ခေါ်ရမည့် ဥပဒေဖြစ်ပါသည်” ဟုလည်း ယမန်နေ့ နေ့စွဲတပ် NLD ကြေညာချက်တွင် ပါရှိသည်။

မနှစ် နိုဝင်ဘာ ၇ ရက် နေ့စွဲဖြင့် အကန့်အသတ်ဖြင့် ဖြန့်ဝေသော စစ်မှုထမ်း ဥပဒေ မူကြမ်းမှာ နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဋ္ဌက အမိန့် ကြော်ငြာစာဖြင့် သတ်မှတ်သည့် နေ့ရက်တွင် စတင် အာဏာတည်မည်ဟု ပြန်တမ်းတွင် ပါရှိသည်။

ပြည်သူ့စစ်မှုထမ်း ဥပဒေ အတည်ဖြစ်လာလျှင် အသက် ၁၈ နှစ်မှ ၄၅ နှစ်အတွင်း အမျိုးသားတိုင်းနှင့် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသမီးတိုင်း ၂ နှစ်ထိ စစ်မှုထမ်းရမည် ဖြစ်သည်။ အစိုးရက အရေးပေါ် အခြေအနေ သတ်မှတ်ထားလျှင် ၅ နှစ်အထိ စစ်မှုထမ်း ကာလကို တိုးမြှင့်နိုင်သည်။

လွှတ်တော်တွင် ရှုထောင့်အစုံစုံမှ သုံးသပ်ဝေဖန်ပြီးမှ လွှတ်တော်က ဆုံးဖြတ်ပြဋ္ဌာန်းသင့်သည် ဟုလည်း NLD က ပြောသည်။

လွှတ်တော်တရပ်ပေါ်ပေါက်ခါနီးတွင် လွှတ်တော်က ဥပဒေပြု အာဏာကို အဓိက ကျင့်သုံးရမည့် အစား နအဖ က ပြဋ္ဌာန်းခြင်းမှာ ဆန့်ကျင်ဖက် ဖြစ်နေကြောင်းလည်း NLD က ဝေဖန်သည်။

စစ်မှုထမ်း စာရင်းပေးသွင်းရန် ပျက်ကွက်သူမှာ ထောင် ၃ နှစ် ကျနိုင်ပြီး ဟန်ဆောင် ရှောင်လွှဲလျှင် ၅ နှစ်အထိ အပြစ်ပေး ခံရမည် ဟုလည်း ဆိုထားသည်။

မြန်မာနိုင်ငံတွင် စစ်သည်အင်အား စုစုပေါင်း ၅ သိန်းခန့် ရှိသည်ဟု ဆိုသော်လည်း စစ်အစိုးရ တပ်ရင်းများတွင် သတ်မှတ်ထားသည့် တပ်အင်အားထက် လျော့နည်းနေသည်ဟု မြန်မာအရေး လေ့လာသူများက သုံးသပ်ကြသည်။


Ref: မဇ္ဈိမ

Read More...

စစ်တပ်ကရွေးတဲ့ ၂၅% နဲ့ ပြည်ခိုင်ဖြိုးပါတီ အမတ်တွေ ကာကွယ်ရေး ဦးစီးချုပ်ရဲ့ အမိန့် နာခံရဖို့ သေချာ

ဦးဝင်းမင်း
ကြာသပတေး, 20 ဇန်နဝါရီ 2011


မြန်မာနိုင်ငံမှာ ဒီလကုန်ပိုင်းရောက်ရင် ကျင်းပမှာဖြစ်တဲ့ လွှတ်တော်မှာ ပါဝင်ဖို့ စစ်တပ်က ခန့်ထားတဲ့ လွှတ်တော် အမတ် ၂၅% ရဲ့ စာရင်းတွေကို ရွေးကောက်ပွဲ ကော်မရှင်က မနေ့က ထုတ်ပြန် လိုက်ပါတယ်။ ဒီစာရင်းထဲမှာ စစ်တပ်ထဲက ဘယ်လိုအဆင့် ခေါင်းဆောင်တွေ ပါလာနိုင်ပါသလဲ၊ ပါလီမန်ထဲမှာရော ဘာတာဝန်တွေ ယူကြမှာလဲ၊ အမတ်နေရာ အများစု ရထားတဲ့ ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီနဲ့ ဆက်ဆံရေးမှာရော ဘယ်လို အခြေအနေ ရှိနိုင်သလဲ၊ အကြောင်းစုံ သိနိုင်အောင် အမေရိကန် နိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံရဲ့ ယာယီ သံရုံး တာဝန်ခံ အဖြစ် တာဝန်ယူခဲ့ဖူးတဲ့ စစ်ထောက်လှမ်းရေး အထက်တန်း အရာရှိဟောင်း ဦးအောင်လင်းထွဋ်ကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

ကိုအောင်လင်းထွဋ် ခင်ဗျား၊ စစ်တပ်ကခန့်တဲ့ လွှတ်တော်အမတ် စာရင်းကို ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန် လိုက်ပြီလို့ မြန်မာ့ အသံက မနေ့ညက ကြေညာခဲ့ပါတယ်။ အဲဒီလို ကြေညာတဲ့ အခါမှာ အထက်လွှတ်တော် ဖြစ်တဲ့ အမျိုးသား လွှတ်တော် အတွက် ၅၆ ဦး၊ အောက်လွှတ်တော် ဖြစ်တဲ့ ပြည်သူ့ လွှတ်တော်အတွက် ၁၁၀၊ ပြည်နယ်နဲ့ တိုင်းဒေသကြီး အဆင့်တွေ အတွက်တော့ ၂၂၂ ဦးလို့ ကြေညာ သွားတာ တွေ့ရပါတယ်။ အခုလို အရေအတွက်တွေကို ကြေညာ သွားပေမဲ့ စစ်တပ်က အမတ်တွေရဲ့ နာမည် စာရင်းကိုတော့ ထုတ်ပြန် ကြေညာ သွားတာ မရှိပါဘူး။ အဲဒီစာရင်းကို ဒီနေ့ သတင်းစာတွေမှာ ထုတ်ပြန် ကြေညာမယ်လို့ ဖော်ပြသွားတာ တွေ့ရပါတယ်။ အဲဒီတော့ အခုလို ခန့်အပ်လိုက်တဲ့ အမတ်တွေထဲမှာ စစ်တပ်က ဘယ်လို ရာထူး အဆင့်ရှိတဲ့ ခေါင်းဆောင်တွေ ပါလာနိုင်မယ်လို့ မှန်းဆကြည့်လို့ ရပါသလဲ။

“အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် ၂ ရပ်မှာတော့ တပ်မတော်ကနေ အနိမ့်ဆုံး ဗိုလ်မှူးကြီးအဆင့် အထက်ရှိတဲ့ လူတွေကို ရွေးချယ် တာဝန်ပေးမယ်လို့ ထင်ပါတယ်။ အဲဒီလို ရွေးချယ် တာဝန်ပေးတဲ့ အခါမှာ တိုင်းမှူးတွေရှိမယ်၊ တပ်မမှူးတွေရှိမယ်၊ ကာကွယ်ရေး ၀န်ကြီးဌာနက အထူးစစ်ဆင်ရေး အဖွဲ့မှူးတွေရှိမယ်၊ ဒီအဖွဲ့မှူးတွေ ကတော့ မပါမနေရ အနေနဲ့ ပြည်သူ့ လွှတ်တော်ထဲမှာ ပါလာ ပါလိမ့်မယ်။

“အလားတူ စစ်ရုံးမှာရှိတဲ့ စစ်ထောက်ချုပ်တို့၊ စစ်ရေးချုပ်တို့၊ ကျန်တဲ့ ညွှန်ကြားရေးမှူး ရုံးတွေမှာရှိတဲ့ ဗိုလ်ချုပ်တွေ ကလည်း ပြည်သူ့ လွှတ်တော်နဲ့ အမျိုးသား လွှတ်တော်တွေမှာ လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ ပါလာကြမှာ ဖြစ်ပါတယ်။”

အဲဒီတော့ နိုင်ငံတော်အဆင့်မှာ ပါလာမယ့် လူအများစုက ၄ လပတ် အစည်းအဝေးတွေမှာ ပါတဲ့ အဆင့်တွေနဲ့ရော သွားတူနိုင်လား။

“မှန်ပါတယ်ခင်ဗျ။ ၄ လပတ်အဆင့်မှာ ပါတဲ့သူတွေ အားလုံး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ ဖြစ်လာဖို့ များပါတယ်။”

ဟုတ်ကဲ့၊ နိုင်ငံတော်အဆင့်မှာပေါ့နော်။

“မှန်ပါတယ်ခင်ဗျ။”

အဲဒါဆိုရင် ပြည်နယ်နဲ့ တိုင်းဒေသကြီး အဆင့်တွေ အတွက်ရော။

“သက်ဆိုင်ရာ စစ်တိုင်းဌာနချုပ်တွေ လက်အောက်မှာ ဗိုလ်မှူးကြီးအဆင့် အမြင့်ဆုံးပေါ့လေ၊ အနိမ့်ဆုံး ဗိုလ်မှူး အဆင့်ပေါ့၊ ဒီပုဂ္ဂိုလ်တွေက တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ သူတို့ ရွေးချယ်ပါလိမ့်မယ်။ အဲဒီလို ရွေးချယ်တဲ့ အခါမှာ တိုင်းစစ်ဌာနချုပ်တွေက အလုပ်နည်းပါးတဲ့ စစ်ဦးစီး ပထမတန်းတွေ ရှိပါတယ်။ စစ်ဦးစီး ပထမတန်း (ရေး၊ ထောက်) အစရှိသဖြင့် ဒီလိုပုဂ္ဂိုလ်တွေက တိုင်းဒေသကြီး၊ ပြည်နယ်ရဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ ပါမှာဖြစ်ပါတယ်။”

အဲဒီအခါ အခုလို ပါလီမန်အမတ်တွေ ပါလီမန်ထဲမှာ လုပ်ပုံကိုင်ပုံ၊ လုပ်ထုံးလုပ်နည်း အရ ဘယ်လို ဖြစ်လာမယ်လို့ ခန့်မှန်းလဲ၊ မကြာသေးခင်က သင်တန်းတွေ ပေးထား တယ်လို့တော့ ကြားထားပါတယ်။ ကိုအောင်လင်းထွဋ်ရော အဲဒါနဲ့ ပတ်သက်ပြီး ဘယ်လို ထင်ပါသလဲ။

“သင်တန်းတွေပေးတဲ့ သတင်းတော့ ကျနော်လည်း ကြားပါတယ်။ သင်တန်းပေးတဲ့ ရည်ရွယ်ချက် ကတော့ လုပ်ထုံး လုပ်နည်း၊ လုပ်နည်း လုပ်ဟန်တွေ၊ လုပ်တတ် ကိုင်တတ်အောင် ခေါ်ပြီးတော့ ညှိနှိုင်းပေးတဲ့ သဘောပါ။ ရက်တိုသင်တန်း သဘောမျိုးလေးပဲ ဖြစ်ပါတယ်။ အဲတော့ ပါလီမန် တကယ် ထွက်လာတဲ့ အခါမှာ ရေးရာ ကော်မတီတွေ၊ ဆပ်ကော်မတီတွေ၊ အသီးသီး ရှိလာပါလိမ့်မယ်။ ဒီလို ရှိလာတဲ့အခါ အဲဒီ တာဝန်တွေကို ထမ်းဆောင်တဲ့ အခါ အရပ်သား လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ဆက်သွယ် ဆောင်ရွက်တဲ့ အခါမှာ လုပ်တတ် ကိုင်တတ်အောင်လည်း တပိုင်းပေါ့လေ။

“နောက်တခုကတော့ ခပ်ကြမ်းကြမ်းလေး ပြောရရင်တော့ မင်းတို့ လွှတ်လိုက်တဲ့ ၂၅% သော တပ်မတော် သားတွေက မင်းတို့ ကာကွယ်ရေး ဦးစီးချုပ်ရဲ့ လက်အောက်မှာ ရှိတယ်၊ မင်းတို့ ယူနီဖောင်း ၀တ်ထားတယ်၊ စစ်မှုထမ်းနေဆဲ ဖြစ်တယ်၊ စစ်မှုထမ်းနေဆဲ ဖြစ်တဲ့ အတွက် စစ်စည်းကမ်းကို လိုက်နာရမယ်၊ အမိန့်ပေးရင် အမိန့်ပေးတဲ့ အတိုင်း လုပ်ရမယ် ဆိုတာကို ခေါ်ပြောတာလည်း ဖြစ်နိုင်ပါတယ်။”

လွှတ်တော်ထဲမှာ ၂၅% ရှိလာတဲ့အခါကြတော့ ကျန်တဲ့ အများစု ရထားတဲ့၊ စစ်တပ်ခေါင်းဆောင် ဟောင်း အများစု ပါတဲ့ ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီက အမတ် အများစုနဲ့ ဘယ်လို ဆက်ဆံရေး အနေအထားမျိုး ရှိမယ်လို့ ထင်ပါသလဲ။

“ဆက်ဆံရေး ကြားထဲကတော့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ပဲ တိုက်ရိုက် ဆက်ဆံမယ့် အနေအထားမျိုး ရှိပါတယ်။ ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်တွေ အနေနဲ့လည်း ဗိုလ်ချုပ်ကြီးတွေ ဆိုသော်လည်း စစ်တပ်က ၂၅% ကို သူတို့ အမိန့်ပေးလို့ မရပါဘူး။ သူတို့ လိုလားချက်ကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ ညှိပြီး လုပ်ရပါမယ်။ ညှိနိုင်ဖို့ အတွက်ကလည်း အကြီးဆုံး နိုင်ငံ့ ဥသျှောင်ကြီးက ရှိနေပါမယ်။ သူ့ရဲ့ ညှိနှိုင်းပေးချက် အရပဲ အခု ၅ နှစ်သက်တမ်း လွှတ်တော်ကတော့ ရှိနေဦးမယ်လို့ ကျနော် မြင်ပါတယ်။”

ဦးအောင်လင်းထွဋ် ပြောပြသွားတာ ဖြစ်ပါတယ်။

Ref: VOA News

Read More...

မြောက်ပိုင်း SSA တပ် နှင့် ပါတီ အောင်မြင်စွာ ပြန်လည်ဖွဲ့စည်း

Thursday, 20 January 2011

ဒီဇင်ဘာလကတည်းက စတင်သော သျှမ်းပြည် တပ်မတော်မြောက်ပိုင်း ၀မ့်ဟိုင်း ဌာနချုပ် တပ်မဟာ ၁ ၏ အရေးပေါ် အစည်းအဝေး ယခုလ ၁၅ ရက်နေ့က ပြီးဆုံးသွားကြောင်း တပ်မဟာ ၁ သတင်းရပ်ကွက်က ဆိုပါသည်။

“Special Force အထူးတပ်ဖွဲ့၊ Heavy Weapon Unit လက်နက် ကြီးတပ်၊ Military Police တပ်ထိန်းတို့ ပါရှိတဲ့ စစ်ဖက် ဆိုင်ရာ ကော်မတီကနေ တပ်မဟာ ၅ ခု ဖွဲ့စည်းခဲ့တယ်။ တပ်မဟာ ၁၊ တပ်မဟာ ၂၇ တပ်မဟာ ၇၂ တပ်မဟာ ၃၆ နဲ့ တပ်မဟာ ၇၄။ အတိုင်ပင်ခံ အဖွဲ့ကို ဖွဲ့စည်းတယ်။ ပညာရေး၊ ကျန်းမာရေး၊ သတင်းဌာန စတဲ့ ဌာနတွေ အားလုံး ပြန်ဖွဲ့စည်းတယ်” ဟု ဆို၏။

အဆိုပါအစည်းအဝေးမှ တပ်ဖွဲ့စည်းမှု ၊ စစ်ဒေသ နှင့် တပ်မဟာများ အသစ်ပြန်လည် ဖွဲ့စည်းမှု အပြင် 1995 ကတည်းက လုပ်ငန်း လည်ပတ်မှု ရပ်နားခဲ့သော SSPP သျှမ်းပြည် တိုးတက်ရေး ပါတီကိုလည်း ပြန်လည် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

“၁၉၉၅ ကတည်းက ရပ်တန့် ငုပ်လျှိုးသွားတဲ့ သျှမ်းပြည် တိုးတက်ရေး ပါတီ SSPP ကို ပြန်လည် ဖွဲ့စည်းတယ်။ အလုပ်အမှုဆောင် တွေ ရွေးချယ်တယ်။ ဗိုလ်ချုပ်ပန်ဖှ ပါမယ်။ နောက်ပြီးတော့ စိုင်းတူး၊ စ၀်နော်မိုင်း၊ စ၀်မန်းဟုံ၊ စ၀်ပိုင်ဖှ၊ စ၀်ဆိုင်မိုင်း၊ စ၀်ခေးတိုင်း၊ စ၀်ငေါဝ်ဖှ၊ စိုင်းစိန်မိုင်း၊ စိုင်းဆိုင်ဖှ၊ စ၀်လောင်ဟေ၊ စ၀်ခွန်ဆိုင် တို့ပါတယ်။” ဟု တပ်မဟာ ၁ မှ တပ်မှူးတဦးက သျှမ်းသံတော် ဆင့်သို့ ပြောပြသည်။

Shan State Progress Party သျှမ်းပြည်တိုးတက်ရေးပါတီကို ၁၉၇၁ သြဂုတ်လ ၁၆ ရက်က စတင် ဖွဲ့စည်းခဲ့ပြီး ပါတီ၏ ပထမ ဆုံး ဥက္ကဌမှာ ဦးခွန်ကြာနု (ခေါ်) စ၀်ဆိုင်စစ် ဖြစ်သည်။ ပါတီ ဖွဲ့စည်း တည်ထောင်သူ တယောက်ဖြစ်သည့် ညောင်ရွှေစော်ဘွား စ၀်ရွှေသိုက်၏သား စ၀်ဇန့်ယောင်ဟွေ့က အထွေထွေ အတွင်းရေးမှူး တာဝန် ယူခဲ့သည်။ ဒုဥက္ကဌ ၁ မှာ စ၀်ပင်းတိုင်း ဖြစ်ပြီး ဒုဥက္ကဌ ၂ မှာ စ၀်ဆေခန် ဖြစ်သည်။ (ယခုအခါ အဆိုပါ ခေါင်ဆောင် ၄ ဦးစလုံး ကွယ်လွန်ခဲ့ပြီး ဖြစ်သည်။)

ပါတီ ဦးစီးဦီးဆောင်သူ ၅ ယောက်မြောက်ဖြစ်သော (ဥက္ကဌ စ၀်ဆိုင်စစ်၊ ဥက္ကဌ စ၀်ပင်းတိုင်း၊ နောက်ပိုင်း အမြင့်ဆုံး ရာထူး အထွေထွေ အတွင်းရေးမှူးချုပ် စ၀်ဆေလင်း၊ စ၀်ဆေနွံ၊ စ၀်စိုင်းလိတ်) စ၀်စိုင်းလိတ် ကွယ်လွန်ချိန် ၁၉၉၅ မှစ၍ သျှမ်းပြည်တိုး တက်ရေး ပါတီလည်း ငုပ်လျှိုး သွားခဲ့သည်။

ယခု သျှမ်းပြည်တိုးတက်ရေးပါတီကို ပြန်လည်ဖွဲ့စည်းရာတွင် သျှမ်းပြည် တပ်မတော် မြောက်ပိုင်း စစ်ဦးစီးချုပ် ဗိုလ်ချုပ်ပန်ဖှက SSPP ၏ အတွင်းရေးမှူး တာဝန် ယူထားသည်ဟုလည်း သိရသည်။ ၎င်း၏ မဟာမိတ်များနှင့် ကူးလူး ဆက်ဆံရေး တာဝန်မှာ စ၀်ပိုင်ဖှ က တာဝန် ယူထားသည်။

“Shan State Progress Party သျှမ်းပြည်တိုးတက်ရေးပါတီလေ၊ Shan State Progressive Party တိုးတက်သော ပါတီ မဟုတ်ဘူး။ ခွန်ဆာ့ နယ်မြေအတွင်း စ၀်စိုင်းလိတ် ကွယ်လွန် သွားပြီးနောက်ပိုင်း ပါတီ အနေနဲ့ ဘာမှ လုပ်ငန်း အကောင် အထည် မဖေါ် နိုင်ခဲ့ဘူး။ အခု ပါတီ အထွေထွေ အတွင်းရေးမှူး တာဝန်ကို SSA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ပန်ဖှကပဲ တာဝန် ယူတယ်လေ” ဟု ဆက်၍ ပြောပြပါသည်။

သျှမ်းပြည်တိုးတက်ရေးပါတီ SSPP သည် ပြီးခဲ့သည့်အပတ် ထိုင်းနယ်စပ်တနေရာ၌ တွေ့ဆုံ ဆွေးနွေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ (၆) ဖွဲ့ဖြင့် ဖွဲ့စည်းထားသော (Committee for Emergence Of Federal Union) ခေါ် ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး ကော်မတီတွင်လည်း ပါဝင်ခဲ့သည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

လယ်သိမ်းခံရမှု ဦးဆောင်တရားစွဲသူကို ဖမ်းဝရမ်းထုတ်

စိုင်းဇွမ်ဆိုင်း
Thursday, 20 January 2011

ကချင်ပြည်နယ် ဟူးကောင်း ဒေသတွင် ဒေသခံများ၏ လယ်မြေများကို အဓမ္မ သိမ်းယူခဲ့သည့် အမှုနှင့် ပတ်သက်ပြီး ဦးဆောင် တရား စွဲဆိုခဲ့သည့် ဒေါ်ဘောက်ဂျာကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) ၏ ညွှန်ကြားချက်ဖြင့် ဖမ်းဝရမ်း ထုတ်ထားကြောင်း သိရသည်။

မြေသိမ်းမှုများကို ယုဇနကုမ္ပဏီမှ ပြုလုပ်ခဲ့ပြီး ပိုင်ရှင်ဖြစ်သူ ဦးဌေးမြင့်သည် စစ်အစိုးရနှင့် နီးစပ်သူ စီးပွားရေး လုပ်ငန်းရှင် တဦး အဖြစ် လူသိများကာ စစ်အစိုးရ၏ ကျောထောက်နောက်ခံ ပါတီဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ဖွံ့ပါတီ) ၏ ကိုယ်စားလှယ် တဦးလည်းဖြစ်သည်။

ကချင်သတင်းဌာန၏ အယ်ဒီတာဖြစ်သူ ကိုနော်ဒင်းက ဒေါ်ဘောက်ဂျာကို ဖမ်းဆီးရန်အတွက် မပခ တိုင်းမှူး ဗိုလ်မှူးချုပ် ဇေယျာအောင်က ပြီးခဲ့သည့် တနင်္လာနေ့တွင် အာဏာပိုင်များအား ညွှန်ကြား လိုက်ကြောင်း ပြောဆိုသည်။

ကိုနော်ဒင်းက “ဒေါ်ဘောက်ဂျာရဲ့ အမျိုးတွေကို ဆက်သွယ်စုံစမ်းကြည့်တဲ့အခါမှာ မြေသိမ်းတဲ့ အမှုတွေမှာ ဒေသခံတွေကို ဦးဆောင်ပြီး တရား ပြန်စွဲတဲ့အတွက် အခုလို ဖမ်းဝရမ်း ထုတ်တယ်လို့ သိရပါတယ်။ ယုဇန ကုမ္ပဏီက မြေသိမ်းလိုက်တယ် ဆိုတာက အစိုးရ စီမံကိန်းလို ဖြစ်နေတာလေ။ အခု လောလောဆယ်တော့ ဒေါ်ဘောက်ဂျာလည်း တိမ်းရှောင်နေတယ်” ဟု ဆိုသည်။

ဗိုလ်မှူးချုပ် ဇေယျာအောင်က ဒေါ်ဘောက်ဂျာကို ဖမ်းဆီးရန် ညွှန်ကြားပြီး နောက်တနေ့တွင် ကချင်ပြည်နယ် ရဲတပ်ဖွဲ့ ဝင်များက သုံးဖွဲ့ခွဲကာ ဖားကန့်၊ တနိုင်း နှင့် မိုးညှင်းမြို့နယ်များရှိ ဒေါ်ဘောက်ဂျာ ရှိနိုင်မည့် နေရာများကို ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ကိုနော်ဒင်းက ပြောသည်။

ဒေါ်ဘောက်ဂျာ ကမူ ၎င်းအား အာဏာပိုင်များက မည်သည့်အတွက်ကြောင့် ဖမ်းဆီးမည်ကို မသိရှိကြောင်း၊ သို့သော် ၎င်း ရှိနိုင်သည့် နေရာများသို့ အာဏာပိုင် အဖွဲ့များက ရှာဖွေ စစ်ဆေးမှုများ ပြုလုပ် နေသည်မှာ ၃၊ ၄ ရက်ခန့် ရှိနေပြီ ဖြစ်ကြောင်း၊ ၎င်းအား ဖမ်းဆီးမည့် အကြောင်းအရာကို စုံစမ်းပြီး အာဏာပိုင်များကို ရင်ဆိုင် သွားမည်ဖြစ်ကြောင်း ဘီဘီစီ သတင်းဌာနသို့ ပြောဆိုခဲ့သည်။

ဟူးကောင်းဒေသမှ မြေယာများကို ၂၀၀၇ ခုနှစ်တွင် စတင်သိမ်းယူခဲ့ပြီး ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်ဒေသရှိ ကျေးရွာများမှ မြေဧကပေါင်း ၁၃၀၀ ကျော်ကို မြေပိုင်ရှင် ၆၀၀ ကျော်ထံမှ သိမ်းယူခဲ့သည်။

အစိုးရ စိုက်ပျိုးရေး စီမံကိန်း များအတွက် သိမ်းယူခြင်း ဖြစ်သည်ဟု မြေပိုင်ရှင်တဦးက ဆိုသည်။

နစ်နာကြေးအနေဖြင့် ဒေသခံများ စိုက်ပျိုးရန်မြေယာများ အစားပြန်ပေးသော်လည်း ၎င်းတို့ ပြန်ပေးသည့် မြေများမှာ စိုက်ပျိုးရေး ပြုလုပ်ရန် လုံးဝ မဖြစ်နိုင်သည့် မြေ အမျိုးအစားများသာ ဖြစ်သဖြင့် ဒေသခံများအတွက် များစွာအခက်အခဲ ဖြစ်ရကြောင်း ၎င်းက ပြောသည်။

မြေသိမ်းခံရသူ ၆၀၀ ကျော်အနက်မှ ၂၁၄ ဦးတို့သည် အုပ်စု သုံးစုခွဲကာ ယုဇန ကုမ္ပဏီအား ပြီးခဲ့သည့် ဇူလိုင်လမှ စတင်ပြီး တရားစွဲခဲ့သည်။ မြေစတင် သိမ်းသည့်နှစ်မှ ယနေ့အချိန်ထိ ၎င်းတို့ မြေဆုံးရှုံးသဖြင့် ဒေသခံများက ကျပ်သိန်း ပေါင်း ၉၈၀၀ နစ်နာသည်ဟု ဆိုကာ အဆိုပါ နစ်နာကြေးကို ယုဇန ကုမ္ပဏီထံသို့ တရားရုံးမှတဆင့် တောင်းဆိုခဲ့ကြ ကြောင်း သိရသည်။

ယခုလ ၇ ရက်နေ့တွင် မြေသိမ်းခံ လယ်သမားများအား လယ်တဧကလျှင် ကျပ် ၈ သောင်း၊ ယာတဧက ကျပ် ၆ သောင်း၊ ဥယျာဉ်ခြံမြေ တဧက ၃ သောင်းနှင့် နေအိမ်တအိမ် ၁ သိန်းခွဲနှုန်းဖြင့် အစိုးရ၏ သတ်မှတ် နှုန်းထားများအတိုင်း ယုဇန ကုမ္ပဏီမှ ပေးချေရန် ကချင်ပြည်နယ် တရားရုံးက အမိန့်ချခဲ့ပြီး ယင်းဈေးနှုန်းကို မကျေနပ်သည့် မြေပိုင်ရှင်များက ထပ်မံ တရားစွဲဆိုခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ဥပဒေအတိုင်ပင်ခံဖြစ်သူ ရှေ့နေကြီး ဦးအောင်သိန်းကမူ ဥပဒေအရ တစုံ တယောက်အား ဖမ်းဆီးရန် အတွက် စစ်တပ်ဘက်မှ ဝရမ်း ထုတ်ပိုင်ခွင့် မရှိကြောင်း၊ မပခ နှင့် တိုင်းမှူးဖြစ်သူ ဗိုလ်မှူးချုပ် ဇေယျာအောင် တို့သည် ၎င်းတို့နှင့် မဆိုင်သည့် အလုပ်များကို လုပ်နေခြင်းဖြစ်ကြောင်း ဦးအောင်သိန်းက ပြောသည်။

မြစ်ဆုံရေကာတာ စီမံကိန်းကို ကန့်ကွက်သည့် လှုပ်ရှားဆောင်ရွက်မှုများတွင် ဒေါ်ဘောက်ဂျာ ပါဝင် နေခြင်းကလည်း အာဏာပိုင်များ အနေဖြင့် ဖမ်းဆီးရန် အကြောင်းပြချက် တခုဖြစ်သည်ဟု ကိုနော်ဒင်းက ပြောဆိုသည်။

ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ဒေါ်ဘောက်ဂျာသည် အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ကို ကိုယ်စားပြုပြီး ဖားကန့်မြို့နယ် မဲဆန္ဒနယ်တွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ ကြံ့ဖွံ့ပါတီ၏ ကိုယ်စားလှယ် စစ်ဗိုလ်ချုပ်ဟောင်း ဦးအုန်းမြင့်ကို ရှုံးနိမ့်ခဲ့သည်။

Ref: ဧရာဝတီ်

Read More...

တိုင်းရင်းသား ဒုသမ္မတ ပေါ်ထွက်ရေး ချင်းပါတီ တိုက်တွန်း

ထွန်းထွန်း
ကြာသပတေးနေ့၊ ဇန်နဝါရီလ ၂၀ ရက် ၂၀၁၁

နယူးဒေလီ (မဇ္ဈိမ) ။ ။ ဒုသမ္မတနှင့် ပြည်နယ်ဝန်ကြီးချုပ် နေရာများတွင် တိုင်းရင်းသားများ ပါတီများ ထဲမှ ခန့်အပ်ပါရန် ချင်းအမျိုးသား ပါတီ CNP က လွှတ်တော် အမတ်များကို တိုက်တွန်း လိုက်သည်။

CNP က ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ၊ မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီ ပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ် ပါတီတို့နှင့် ပူးတွဲ၍ ရွေးကောက်ခံ အမတ်များကို မေတ္တာ ရပ်ခံခဲ့သည့် ယခုလ ၁၆ ရက်နေ့ ပူးတွဲ ကြေညာချက်ကို ရည်ညွှန်း ပြောဆိုခြင်း ဖြစ်သည်။

“အခုဖြစ်လာမယ့် အစိုးရက ဘယ်သူတွေ ဝိုင်းပါချင်တဲ့ ဆန္ဒရှိတယ်ဆိုတာကို သူတို့ သတိ မထားမိမှာ စိုးရိမ်လို့ပါ။ ပါတီစုံစနစ် ဖြစ်တဲ့ အတွက်ကြောင့် အနိုင်ရတဲ့ ပါတီကပဲ နေရာ ယူတယ် ဆိုတဲ့ဟာ ကျနော်တို့ တိုင်းပြည်ရဲ့ အနာဂတ် အလားအလာ မကောင်းဘူး” ဟု CNP ဥက္ကဋ္ဌ ဦးဇိုဇမ်က မဇ္ဈိမကို ပြောသည်။

“သမိုင်းကြောင်း ပြန်ကြည့်ရင် တော်တော်နာကျည်းစရာကောင်းတဲ့ ဖြတ်သန်းမှုလေးတွေ ကြုံလာခဲ့ ပြီးပြီပေါ့ဗျာ။ ဆိုတော့ အနာဂတ် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးမှာ အဲဒီလို နာကျည်းချက်မျိုးတွေ နောက်တခါ ပြန်ပေါ်မလာဖို့ရန် အတွက် အခုကတည်းက အစပိုင်း သေချာမှ” ဟု သူက ဆက်ပြောသည်။

SNDP ပြောခွင့်ရပုဂ္ဂိုလ် ဦးစိုင်းဆောင်ဆီကလည်း “လွတ်လပ်ရေး တပြိုင်နက်ထဲ ယူမယ်ဆိုတဲ့ ကိစ္စကို ပင်လုံစာချုပ်၊ ပင်လုံ သဘောထားတွေနဲ့ အခြေခံပြီးတော့မှ တိုင်းရင်းသားတွေနဲ့ အပြန်အလှန် လေးစားမှုရှိ၊ အပြန်အလှန် ယုံကြည်မှု ရှိပြီး လျှောက်ခဲ့တာကိုး။ အန်ကယ်တို့ တိုင်းရင်းသားတွေကလည်း တကယ်တမ်း ကျရင်တော့ ပြည်ထောင်စု ကိစ္စမှာ တိုင်းရင်းသားတွေ မပါရင် ဘယ်လိုလုပ် သင့်တော်မလဲ” ဟု မဇ္ဈိမကို ပြောသည်။

၎င်းတို့ကြေညာချက်ထဲတွင် ဒုသမ္မတနှင့် ပြည်နယ်ဝန်ကြီးချုပ်များ သာမက ပြည်သူ့လွှတ်တော် သို့မဟုတ် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ/ဒုဥက္ကဋ္ဌ နေရာများ၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ/ဒုဥက္ကဋ္ဌနှင့် အချိုးကျ ပြည်နယ် ဝန်ကြီးများ အဖြစ် ခန့်အပ် တာဝန်ပေးရန် မေတ္တာ ရပ်ခံထားသည်။

၂ဝဝ၈ အခြေခံဥပဒေအရ သမ္မတရာထူးအတွက် အမျိုးသားလွှတ်တော်၊ ပြည်နယ် လွှတ်တော်နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ကိုယ်စားလှယ် တဦးကျစီ တင်သွင်းရမည်ဖြစ်ပြီး ထိုအထဲမှ လွှတ်တော် အမတ်များက သမ္မတကို မဲပေး ရွေးချယ်ကာ ကျန် ၂ ဦးမှာ ဒုသမ္မတ ဖြစ်မည်။

ပြည်နယ်ဝန်ကြီးချုပ် ရာထူးအတွက် သမ္မတက တိုက်ရိုက်ရွေးချယ်ခန့်အပ်မည် ဖြစ်ပြီး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော် သဘော တူညီချက်ဖြင့်သာ ခန့်အပ်နိုင်မည်။ ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ သို့မဟုတ် ဒုဥက္ကဋ္ဌကိုမူ ပြည်နယ် လွှတ်တော် အမတ်များက ရွေးကောက် တင်မြှောက်ရမည်။

ဖွဲ့စည်းပုံ၌ အရေးပေါ်ကာလတွင် အာဏာအရှိဆုံးမှာ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ ဖြစ်သည်။ ယင်းကောင်စီတွင် သမ္မတ၊ ဒုသမ္မတများ၊ ပြည်သူ့ လွှတ်တော်နှင့် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌများ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေး၊ နိုင်ငံခြားရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးများ အပါအဝင် ၁၁ ဦးဖြင့် ဖွဲ့စည်းထားသည်။

ထို့ကြောင့် တိုင်းရင်းသား လူမျိုးများထဲမှ ဒုသမ္မတများ ရွေးချယ်ခံရပါက ယင်းကဲ့သို့ အရေးပါသော ကောင်စီထဲတွင် အလိုလျောက် ပါဝင် သွားမည်ဖြစ်သည်။

’’သမ္မတပြီးရင် ဒုသမ္မတဆိုတော့ ဒီတိုင်းပြည်ကတော့ သမ္မတ အုပ်ချုပ်တဲ့ စနစ်ကိုး။ သမ္မတ အုပ်ချုပ်တဲ့ စနစ်ဆိုတော့ သမ္မတ နေရာမှာ မရရင် ဒုသမ္မတ ဆိုတော့ တိုင်းရင်းသားတွေရဲ့ ပုံရိပ်ပေါ့။ အရေးကြီးမှု၊ မကြီးမှုဆိုတာကတော့ သူ့ရဲ့ တာဝန်နဲ့ ဝတ္တရားနဲ့ သူ ရှိနေတာပဲလေ’’ ဟု ဦးစိုင်းဆောင်ဆီက ပြောသည်။

အခြေခံဥပဒေက သမ္မတ ပါဝင်သော လုံခြုံရေးကောင်စီကို အရေးပေါ်အခြေအနေ ထုတ်ပြန်ခွင့်နှင့် စစ်တပ်ကို အသုံးချခွင့် ပေးထားသည်။

ထို့အပြင် အရေးပေါ်ကာလ ပြဋ္ဌာန်းချက်အတွက် စည်းဝေးရာတွင် ကောင်စီဝင်အားလုံး မစုံညီလျှင်လည်း သမ္မတ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးနှင့် ပြည်ထဲရေး ဝန်ကြီးတို့ဖြင့် နိုင်ငံအဝှမ်း အရေးပေါ် အခြေအနေ ၁ နှစ်ထိ ထုတ်ပြန်နိုင်သည်။

CNP ပါ တိုင်းရင်းသား ၅ ပါတီသည် ပြည်သူ့လွှတ်တော်တွင် ၃၄ နေရာ၊ အမျိုးသား လွှတ်တော်တွင် ၁၉ နေရာ ရရှိထားသည်။

ပြည်သူ့လွှတ်တော်တွင် အမတ် ၄၄ဝ ဦး ရှိသည့်အနက် တပ်မတော် ကိုယ်စားလှယ် ၁၁ဝ ဦးနှင့် အမျိုသား လွှတ်တော်တွင် ၂၂၄ ဦး အနက် ၅၆ ဦး၊ ဒေသဆိုင်ရာ လွတ်တော်များတွင် ၂၂၂ ဦးဖြင့် ကာကွယ်ရေး ဦးစီးချုပ်က တိုက်ရိုက် ခန့်အပ်သော စစ်သား ဝေစုဖြစ်သည်။ အရပ်သား ဝေစု ဘက်တွင် စစ်အစိုးရ ကျောထောက်နောက်ခံပြု ကြံ့ခိုင်ရေး ပါတီသည် ပြည်သူ့ လွှတ်တော်တွင် ၅၉ ရာခိုင်နှုန်းနှင့် အမျိုးသား လွှတ်တော်တွင် ၅၇ ရာခိုင်နှုန်းဖြင့် လွှမ်းမိုးထားသည်။

ဒေသဆိုင်ရာ လွှတ်တော်များအပါအဝင် လွှတ်တော်အစည်းအဝေးများကို ယခုလ ၃၁ ရက်နေ့ မနက် ၈ နာရီ ၅၅ မိနစ်တွင် တပြိုင်တည်း ကျင်းပမည်ဟု စစ်အစိုးရက ကြေညာထားသည်။

Ref: မဇ္ဈိမ

Read More...

Thursday, January 20, 2011

ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်ပြီး NLD ကြေညာချက်ထုတ်ပြန်

2011-01-19

ပြည်သူ့ စစ်မှုထမ်း ဥပဒေဟာ အများပြည်သူနဲ့ တိုက်ရိုက် သက်ဆိုင်တဲ့ ဥပဒေ ဖြစ်တဲ့အတွက် ပြည်သူ လူထုရဲ့ သဘောထား ဆန္ဒကို ခံယူပြီးမှ ချမှတ်သင့်တဲ့ ဥပဒေတရပ် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဇန်နဝါရီ ၁၉ ရက် ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြ ထားပါတယ်။

ဒီလို ဥပဒေမျိုးကို လွှတ်တော်များ ဘက်ပေါင်းစုံကနေ အပြန်ပြန် အလှန်လှန် ဆွေးနွေးပြီး အများပြည်သူ သဘောထားနဲ့ အညီ ချမှတ် သင့်တယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့က ကြေညာချက်မှာ ဖော်ပြ ထားပါတယ်။

ကြေညာချက်နဲ့ ပတ်သက်ပြီး ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက အခုလို ပြောပြပါတယ်။

“ပြည်သူ့ စစ်မှုထမ်း ဥပဒေမှာက အဓိက ကျွန်တော်တို့ရဲ့ သဘောထားက အများပြည်သူနဲ့ တိုက်ရိုက် သက်ဆိုင်တဲ့ ကိစ္စ ဖြစ်တယ်။ ဒီလို ကိစ္စမျိုးဟာ အများပြည်သူရဲ့ သဘောထား ဆန္ဒတွေကို ယူဖို့ လိုအပ်တယ်။ ပြီးတော့ ပြည်သူ့ လွှတ်တော်ဟာ မကြာခင် ပေါ်ပေါက်တော့မှာ။ လွှတ်တော်မှာ ဥပဒေပြု အာဏာရှိတယ်။ ဒါကြောင့် ပြည်သူ့ လွှတ်တော်မှာ အပြန်အလှန် ဆွေးနွေး တိုင်ပင် ပြီးတော့မှ ထုတ်ပြန်သင့်တဲ့ ဥပဒေ ဖြစ်ပါတယ်လို့ ကျွန်တော်တို့ အဲဒီလို ဖော်ပြပါတယ်။”

ဒီ ပြည်သူ့ စစ်မှုထမ်းဥပဒေကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၇ ရက်နေ့က ဗိုလ်ချုပ်မှူးကြီး သန်းရွှေက လက်မှတ်ရေးထိုး ပြဌာန်းခဲ့တာ ဖြစ်ပါတယ်။ ဒီဥပဒေအရ အသက် ၁၈ နှစ်ပြည့်ပြီးသူ နိုင်ငံသားတိုင်း စစ်မှုထမ်းဖို့ ဆင့်ခေါ်ပါက စစ်မှုထမ်းရမှာပါ။

ဒါ့အပြင် ဒီ ဥပဒေပါ အချက်အလက်တခုမှာ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဋ္ဌက အမိန့် ကြော်ငြာစာဖြင့် သတ်မှတ်သည့် နေ့ရက်တွင် အတည် ဖြစ်စေရမည်လို့ ပါရှိတဲ့အတွက် လာမဲ့ လွှတ်တော်ဟာ ဥပဒေပြု အာဏာ အပြည့်အဝ မရှိတာကို ထင်ရှား စေတယ်လို့လည်း အန်အယ်ဒီက ထောက်ပြထား ပါတယ်။ တဆက်တည်းမှာ ၂၀၁၀ ခုနှစ် အောက်တိုဘာလ အတွင်း ထုတ်ပြန်ခဲ့သော စစ်အစိုးရရဲ့ ဥပဒေ နှင့် နည်းဥပဒေများနဲ့ ပတ်သက်ပြီး သီခြားကြေညာချက် တစောင်ကိုလည်း အန်အယ်ဒီက ထုတ်ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလအတွင်း ဥပဒေနဲ့ နည်းဥပဒေ ၂၆ ခုကို နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေး ကောင်စီက ထုတ်ပြန်ခဲ့ပေမဲ့ အများပြည်သူ သိရှိအောင် ကြေညာခဲ့ခြင်း မရှိဘူးလို့ အန်အယ်ဒီရဲ့ ကြေညာချက်မှာ ဖော်ပြ ထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ဒုတိယ အပတ်အတွင်း စာပေဗိမာန်ကနေ ဒီ ဥပဒေနဲ့ နည်းဥပဒေတွေကို ရောင်းချမှသာ သိရှိ ခဲ့ရကြောင်း၊ ဒါပေမဲ့ အဲဒီ ရောင်းချခဲ့တဲ့ စာအုပ်များအတွင်း ပြည်သူ့ စစ်မှုထမ်းဥပဒေ အပါအဝင် စစ်ဖက်ဆိုင်ရာ ဥပဒေများ ပါဝင်ခြင်း မရှိဘူးလို့ ဆိုပါတယ်။ နိုင်ငံတော် အေးချမ်း သာယာရေးနဲ့ ဖွံ့ဖြိုးရေး ကောင်စီကနေ အခုလို ဥပဒေတွေ ပြဋ္ဌာန်းနေတာဟာ လာမဲ့ လွှတ်တော်မှာ ဥပဒေပြု အာဏာ အပြည့်အဝ မရှိကြောင်း ထောက်ပြ နေသကဲသို့ ဖြစ်တယ်လို့ ဒီကနေ့ ထုတ်ပြန်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ကြေညာချက်တွေမှာ ဖော်ပြ ထားပါတယ်။

Ref: RFA News

Read More...

ဒေါ်စုနဲ့အတူ မြန်မာ့အရေး ဆောင်ရွက်ဖို့ ၀န်ကြီး ကလင်တန် ကတိပြု

ဗုဒ္ဓဟူး, 19 ဇန်နဝါရီ 2011

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဗုဒ္ဓဟူးနေ့က တယ်လီဖုန်းဆက်ပြီး မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီ ရရှိဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြိုးပမ်း အားထုတ်နေမှုကို အမေရိကန်နိုင်ငံက ထောက်ခံ အားပေးတဲ့ အကြောင်း ထပ်လောင်း ပြောဆို လိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၁၃ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်က လွတ်မြောက်ခဲ့တဲ့ အချိန်က စလို့ ဒီ တယ်လီဖုန်း ဆက်သွယ်မှုဟာ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ကလင်တန်နဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ၂ ဦးကြား ပထမဆုံး တိုက်ရိုက် စကားပြောဆို ဆက်သွယ်မှု ဖြစ်ပါတယ်။ နိုင်ငံခြားရေး ၀န်ကြီး ကလင်တန်က ဒီဇင်ဘာလ အစောပိုင်းကတော့ ဒေါ်အောင်ဆန်းစုကြည်ကို စာရေးသား ပေးပို့ခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးရဲ့ တယ်လီဖုန်း ဆက်သွယ်မှုကို နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပီ.ဂျေ ခရော်လီ (P.J Crowley) က Twitter လူမှုဆက်သွယ်ရေး အင်တာနက် စာမျက်နှာပေါ်မှာ သတင်းထောက်တွေကို ပထမဆုံး ထုတ်ဖော် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က ဒေါ်အောင်ဆန်းစုကြည်ကို ဒီနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီး မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အရေး တိုးတက်ဖို့နဲ့ အရပ်ဘက် လူမှု အဖွဲ့အစည်းတွေ ပိုပြီး ခိုင်မာ အားကောင်းလာအောင် ဆောင်ရွက်ဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ လက်တွဲ ဆောင်ရွက်ဖို့ အမေရိကန်နိုင်ငံ အနေနဲ့ ကတိ ပြုလိုက်ပါတယ်လို့ အဲဒီ အရာရှိကြီးက ပြောပါတယ်။

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန အဆင့်မြင့် အရာရှိကြီး တဦးက ဗွီအိုအေနဲ့ ပြောဆိုရာမှာ ၁၀ မိနစ်ခန့် ကြာတဲ့ အဲဒီ တယ်လီဖုန်း ပြောဆိုမှုဟာ ဒီဇင်ဘာလက နိုင်ငံခြားရေး ၀န်ကြီးရဲ့ စာရေးသား ဆက်သွယ်မှုနဲ့ ပြီးခဲ့တဲ့လက အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ဒုတိယ နိုင်ငံခြားရေး ၀န်ကြီး ဂျိုးဇက် ယွန်း (Joseph Yun) က ဒေါ်အောင်ဆန်းစုကြည်ထံ သွားရောက်ခဲ့တဲ့ တွေ့ဆုံမှု အပြီး နောက်ဆက်တွဲ ဆောင်ရွက်ချက် ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ အမေရိကန်သံရုံး သံတမန်တွေနဲ့ မြန်မာနိုင်ငံကို သွားရောက်မယ့် အမေရိကန် ပြည်ထောင်စုရဲ့ တခြား အဆင့်မြင့် အစိုးရ အရာရှိတွေ ဒေါ်အောင်ဆန်းစုကြည်နဲ့ နောက်ဆက်တွဲ တွေ့ဆုံမှုတွေ ရှိမှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ရှေ့ကို တိုးပြီး လုပ်ငန်း ဆောင်ရွက်နိုင်ဖို့ ကူညီပေးနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေမယ်လို့ အမေရိကန် ပြည်ထောင်စုက ဆုံးဖြတ်ချက် ချထား ပါတယ်လို့ နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်က ပြောဆိုတဲ့အကြောင်း အဲဒီ အဆင့်မြင့် အရာရှိက ပြောပါတယ်။

တဆက်တည်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်က သူမရဲ့ လက်ရှိ အနေအထားနဲ့ ဆောင်ရွက်ချက်တွေကို ၀န်ကြီး ကလင်တန်နဲ့ ဆွေးနွေးခဲ့ပြီး အသေးစိတ်ကိုတော့ သူ့အနေနဲ့ ပြောဆိုမှာ မဟုတ်ဘူးလို့ အမေရိကန် အဆင့်မြင့် အရာရှိကြီးက ပြောဆိုလိုက်ပါတယ်။


Ref: VOA News

Read More...

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှု ကိုမင်းကိုနိုင် ကြိုဆို

ရန်ပိုင်
Wednesday, 19 January 2011

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာခြင်းကို ထောင်ဒဏ် ၆၅ နှစ် ကျခံနေရသည့် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင် က ကြိုဆိုကြောင်း ပြောဆို လိုက်သည်ဟု မကြာသေးမီက သွားရောက် တွေ့ဆုံခဲ့သည့် မိသားစုဝင်က ပြောသည်။

အစ်မဖြစ်သူ ဒေါ်ကြည်ကြည်ညွန့်က“လက်ရှိ နိုင်ငံရေး အခြေအနေတွေကို သူသိတယ်၊ ဒေါ်စု လွတ်လာတာကို ကြိုဆိုတယ်၊ အား လုံး အတွက် ၀မ်းသာတယ်လို့ ပြောတယ်”ဟု ဆိုသည်။

ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံထောင်ရှိ ကိုမင်းကိုနိုင်အား ပြီးခဲ့သည့် သောကြာနေ့က သွားရောက် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

လက်ရှိ အခြေအနေမှာ အအေးဓာတ် ပိုမိုလွန်ကဲမှုကြောင့် ခြေလက် အရိုးအဆစ်များ ကိုက်ခဲခြင်း ဝေဒနာကို ပြင်းထန်စွာ ခံစားရပြီး မိသားစုမှ ဆေးဝါးနှင့် စောင်များ ပိုမို ပေးအပ် ခဲ့ရကြောင်း၊ ထောင်အာဏာပိုင်များက ရာသီဥတု ဆိုးရွားမှုနှင့် ပတ်သက်၍ မည်သည့် ကာကွယ် စောင့်ရှောက်မှုကိုမှ မပေးကြောင်း ၎င်းက ဆက်လက်ပြောပြသည်။

ကိုမင်းကိုနိုင်သည် ၁၉၈၉ ခုနှစ် ပထမအကြိမ် စစ်တွေထောင်၌ ထောင်ဒဏ် ၁၆ နှစ် ကျခံခဲ့ရစဉ်က ရရှိခဲ့သည့် အရိုးကျီးပေါင်း တက်သည့် ရောဂါကိုလည်း ခံစားနေရကြောင်း သိရသည်။

ကျိုင်းတုံထောင်တွင် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ မြန်မာနေးရှင်း ဂျာနယ်မှ ကိုစိန်ဝင်းမောင်၊ ဆရာတော် ဦးဣဿရိယ အပါအ၀င် နိုင်ငံရေး အကျဉ်းသား ၇ ဦးရှိသည်ဟု ဒေါ်ကြည်ကြည်ညွန့်က ပြောသည်။

ယခင်က ကိုမင်းကိုနိုင်အပါအ၀င် နိုင်ငံရေး အကျဉ်းသားများကို ထောင်ပရိဝုဏ် ကျဉ်းမြောင်းသည် ဟူသော အကြောင်း ပြချက်ဖြင့် လမ်းလျှောက်ခွင့် ပိတ်ပင် ထားသော်လည်း ယခုအခါတွင် လမ်းလျှောက်ခွင့် ပေးကြောင်းလည်း ၎င်းကဆိုသည်။

“အခုတော့ သုံးယောက်တတွဲ လေးယောက်တတွဲ ည၊ မနက် အချိန်ခွဲပြီး လျှောက်ခွင့်၊ လေ့ကျင့်ခန်း လုပ်ခွင့် ပေးတယ်”ဟု ဒေါ်ကြည်ကြည်ညွန့်က ပြောပြသည်။

ကျိုင်းတုံထောင်မှာ ဝေးလံသည့် အတွက် ကိုမင်းကိုနိုင်၏ မိသားစုမှာ သုံးလ တကြိမ်သာ ထောင်ဝင်စာ သွားရောက် တွေ့နိုင်သည်။

ကိုမင်းကိုနိုင် အပါအ၀င် ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုဂျင်မီ၊ ကိုမြအေး၊ ကိုမင်းဇေယျာ၊ ကိုပဏ္ဍိတ်ထွန်း စသည့် ကျောင်းသား ခေါင်း ဆောင် ၁၅ ဦးကို စစ်အစိုးရက ၂၀၀၇ ခုနှစ် သြဂုတ်လအတွင်း လောင်စာဆီနှင့် ကုန်ဈေးနှုန်း ကျဆင်းရေး လမ်းလျှောက် ဆန္ဒပြ ခဲ့ သည့်အတွက် ထောင်ဒဏ် ၆၅ နှစ်ဆီ အသီးသီး ချမှတ်ပြီး နယ်ဝေး ထောင်များသို့ ပို့ခဲ့သည်။

ထို့အတူ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦးဖြစ်သည့် ကိုကိုကြီးမှာလည်း ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းဆတ်ထောင်သို့ ပို့ဆောင်ခြင်း ခံရပြီး မိသားစု သွားရောက် မတွေ့ဆုံနိုင်သည်မှာ ၂ နှစ်ကျော် ရှိပြီ ဖြစ်သည်ဟု ညီဖြစ်သူ ကိုအောင်ထွန်းက ဧရာဝတီ သို့ပြောသည်။

“လူချင်းမတွေ့ရတာ ကြာပြီ၊ အအေးလှိုင်း ခဏခဏ ဖြတ်တယ် ဆိုတော့ စိုးရိမ်တယ်၊ ဒီနေ့ပဲ အနွေးထည်နဲ့ စားစရာ ဆေးဝါး ပါ ဆယ် ပို့လိုက်တယ်”ဟု ၎င်းကဆိုသည်။

ကိုကိုကြီးသည် အသည်းရောဂါ၊ အစာအိမ် ရောဂါများကို ခံစားနေရပြီး ယင်းရောဂါများ ပျောက်ကင်းရန် ဝေးလံ ခေါင်သီသည့် ဒေသများတွင် ကုသ၍ မဖြစ်နိုင်ကြောင်းလည်း ကိုအောင်ထွန်းက ဆက်လက်ပြောသည်။

ပြီးခဲ့သည်နှစ်က ဖောက်ခွဲရေးပစ္စည်းများ တွေ့ရှိသည်ဟု စွပ်စွဲချက်ဖြင့် ကလေးထောင်တွင် ထောင်ဒဏ် ၈ နှစ် ပြစ်ဒဏ် ကျ ခံနေရ သည့် မှော်ဘီမြို့နယ်မှ ကိုနိုင်လင်းသည်လည်း သွေးအားနည်းသည့် ရောဂါကြောင့် သွေးသွင်းရကြောင်း မကြာသေးခင် ရက်ပိုင်း က သွားရောက် တွေ့ဆုံခဲ့သည့် ဖခင် ဦးခင်မောင်ဝင်းက ပြောသည်။

ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီး နောက် နိုင်ငံရေး အကျဉ်းသား မိသားစု များနှင့် ၂ ကြိမ်တိုင်တိုင် တွေ့ဆုံ အားပေးခဲ့သည်။

မြန်မာနိုင်ငံတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသည့် နိုင်ငံရေး အကျဉ်းသားပေါင်း ၂၁၈၉ ဦး ရှိကြောင်း၊ ပြီးခဲ့သည့် ဒီဇင်ဘာလ အထိ လွတ်မြောက်လာသူ နိုင်ငံရေး အကျဉ်းသား ၁၆ ဦးရှိသည်ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း(AAPP) မှ ကြေညာချက် ထုတ်ပြန်ထားသည်။

Ref: ဧရာဝတီ်

Read More...

အကယ်ဒမီပွဲမတိုင်မီ ၂ ပတ်မှစ၍ ရုပ်ရှင်၊ ဗီဒီယို မရိုက်ရန်တားမြစ်

နရီလင်းလက်
Wednesday, 19 January 2011

နေပြည်တော်၌ ဇန်နဝါရီ ၂၃ ရက်နေ့တွင် ကျင်းပမည့် ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ပွဲ မတိုင်မီ ၂ ပတ်ခန့်မှ စတင်၍ ရုပ်ရှင်နှင့် ဗီဒီယို ရိုက်ကူးမှုများ မပြုလုပ်ရန် တားမြစ်ထားသည်ဟု သိရသည်။

စစ်အစိုးရ အခြေစိုက်ရာ နေပြည်တော်တွင် တတိယ အကြိမ်မြောက် ပြုလုပ်သည့် ရုပ်ရှင် ထူးချွန်ဆုပေးပွဲ မစည်ကားမည်စိုး သောကြောင့် ယခုကဲ့သို့ တားမြစ်ခြင်း ဖြစ်ကြောင်း ရုပ်ရှင်အစည်းအရုံးနှင့် နီးစပ်သူတဦးက ဆိုသည်။

၎င်းက ဆက်လက်၍ “တချို့ အနုပညာရှင်တွေက ဒီပွဲ မတက်ချင်တော့ ကားရိုက်ရှိလို့ဆိုပြီး မတက် တာမျိုးတွေ ရှိတယ်။ ဖိအားသုံးပြီး အနုပညာရှင် အားလုံး မတက်မနေရ ဆိုတာမျိုး မပြောဘဲ ဗီဒီယို၊ ရုပ်ရှင် ထုတ်လုပ်ရေးတွေကို သတ်မှတ်ထားတဲ့ ရက်မှာ ဘာကားမှ မရိုက်ရဘူးလို့ ပြောလိုက်တာ။ အနုပညာရှင်တွေလည်း အကြောင်းပြလို့ မရတော့ဘူး။ နေပြည်တော် အကယ်ဒမီ ပေးပွဲလည်း လူစည်မယ်လေ” ဟု သူက ပြောသည်။

ယခင်က အကယ်ဒမီ ထူးချွန်ဆုပေးပွဲ နီးကပ်လာပါက နယ်ထွက် ရိုက်ကူးခြင်းကို တားမြစ်ခဲ့ခြင်းများ ရှိခဲ့သော်လည်း ယခုကဲ့သို့ မည်သည့် နေရာတွင်မှ ရိုက်ကူးမှု မပြုလုပ်ရန် တားမြစ်ခြင်းမှာမူ ပထမဆုံး ဖြစ်သည်ဟု သူက ဆိုသည်။

ရုပ်ရှင်နှင့် ဗီဒီယို ထုတ်လုပ်ရေး ကုမ္ပဏီများသို့ ဇန်န၀ါရီ ၁၀ ရက်နေ့ မှ ၂၄ ရက်နေ့အထိ ရိုက်ကူးရေး လုပ်ငန်းများ မပြုလုပ်ရန် ရုပ်ရှင် အစည်းအရုံးမှ စာပို့ ထားသည်ဟု ဗီဒီယို ဇာတ်ကားများ ထုတ်လုပ် ဖြန့်ချိနေသည့် ကုမ္ပဏီ တခုမှ တာဝန်ရှိ သူတဦးက ပြောသည်။

“တချို့ ထုတ်လုပ်ရေးတွေ ကျတော့လည်း ဘယ်ရက်မှာ ကားပြီးရမယ်လို့ သတ်မှတ်ပြီး ရိုက်နေတော့ နည်းနည်း ကသီတာပေါ့။ သတ်မှတ်ထားတဲ့ ရက်ထက် နောက်ကျမှ ကားထွက်တာမျိုးတွေ ရှိသွားနိုင်တယ်။ အရင်နှစ်တွေက နယ် မထွက်ရဘူး ဆိုတာ သိထားတော့ ကိစ္စမရှိဘူး၊ မြို့တွင်း ပတ်ရိုက်လို့ ရတယ်ဆိုပြီး စီစဉ်ထားတာ။ အခု ဒီလို စာထုတ်ပြီး ပို့တော့ မြို့ထဲမှာတောင် ရိုက်လို့ မရတော့ဘူး” ဟု သူက ဆက်ပြောသည်။

၂၀၀၇ ခုနှစ် ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲမှစ၍ နေပြည်တော်တွင် ကျင်းပခဲ့ပြီး နေထိုင် စားသောက်ရန် စီစဉ် ပေးကာ တည်းခိုရန် အတွက် နေပြည်တော် စည်ပင်သာယာက စီစဉ်ပေးခဲ့သည်။

“ဒီနှစ်က ဟာသကားတွေ များတဲ့အပြင် အကယ်ဒမီ ရမယ်လို့ ခန်းမှန်းထားတဲ့ အနုပညာရှင်တွေ နည်းတယ်။ ဆုချိတ်မယ့် ဇာတ်ကား နည်းတော့ တက်မယ့်သူလည်း သိပ်မရှိဘူး။ တာဝန်ရှိသူတွေကတော့ အကုန် တက်စေချင်တယ်။ စည်စည် ကားကားဖြစ်လေ ပိုကြိုက်လေပေါ့။ လက်ရှိ ဗီဒီယို ကား ၂ ကား လက်ခံပြီး ရိုက်နေတာကိုတော့ ရပ်ထားတယ်” ဟု အမျိုးသမီး အနုပညာရှင် တဦးက ပြောသည်။

ရုပ်ရှင်နှင့်ဗီဒီယို သရုပ်ဆောင် အကယ်ဒမီ ကျော်သူက “အနုပညာလောကမှာ စာပေဆုပဲ ဖြစ်ဖြစ်၊ ဂီတ ဆုပဲဖြစ်ဖြစ်၊ ရုပ်ရှင် ဆုပဲ ဖြစ်ဖြစ် ချီးမြှင့်တဲ့ ပွဲကို အနုပညာ သမားက ကိုယ်နဲ့ တကယ် ပတ်သက်နေပါလား၊ ငါတို့ သွားမှ ဖြစ်မယ်ဆိုတဲ့ အသိမျိုး ရှိနေဖို့ပဲ လိုတယ်။ မတက် တက်အောင် ဖန်တီးတာမျိုး၊ မတက်မနေ ရလုပ်တာမျိုးတွေ မလုပ်သင့်ဘူး” ဟု ပြောသည်။

အကယ်ဒမီပေးပွဲသို့ သွားရောက်၍ သတင်းနှင့်ဓာတ်ပုံ ရယူမည့် ပြည်တွင်း သတင်း ဂျာနယ် တိုက်များကိုလည်း တနှစ်ထက်တနှစ် ကန့်သတ်မှုများ ပိုမို ပြုလုပ်လာကြောင်း သတင်းထောက် တဦးက ပြောသည်။

“မီဒီယာများကို စိစစ်ပြီးမှ တက်ခွင့်ပြုမယ် ဆိုတာကတော့ နှစ်တိုင်း ပြောနေကြ ဆိုပေမယ့် ဒီနှစ်မှာတော့ လျှောက်လွှာတင် ထားတယ် ဆိုပြီးတိုင်း တက်ရမယ် မထင်ပါနဲ့လို့ ပြောတယ်။ အဓိက ဘယ်ဂျာနယ်တိုက်က ဘယ်သူတွေ တက်မလဲ ဆိုတာ ကြည့်ပြီး သေချာ စိစစ်မယ် ပြောတယ်။ ပုံမှန် တိုက် တတိုက်ကို ၂ ယောက် တက်ခွင့် ပေးနေရာကနေ တယောက်တည်း ဖြစ်ချင်ဖြစ်မယ်ပေါ့။ သူတို့နဲ့ ပိုင်အောင် ပေါင်းထားတဲ့ လူတွေကတော့ ဘယ်လောက် ၀င်ဝင် ထွက်ထွက်ရတယ်။ နောက်တခု ဒီလိုလုပ်တာ မီဒီယာ သမားတွေကို နေရာ တကာမှာ မမြင်ချင်တာလည်း ပါမယ်ထင်တယ်” ဟု သူက ဆိုသည်။

ယခုကျင်းပမည့် ၂၀၀၉ ခုနှစ်အတွက် အကယ်ဒမီဆုပေးပွဲမှာ ၅၇ ကြိမ်မြောက်ဖြစ်ပြီး ရုံတင် ပြသခဲ့သည့် မြန်မာ ရုပ်ရှင် ဇာတ်ကား ၁၆ ကား အနက်မှ ရွေးချယ် ပေးအပ်မည်ဖြစ်ကာ ထို ရုပ်ရှင်ကားများ ထဲတွင် ဟာသ ဦးစားပေး ဇာတ်ကား ၁၀ ကား ပါဝင်သည်။

အဆိုပါ ဇာတ်ကားများထဲမှ “မိုးညအိပ်မက်မြူ” ဇာတ်ကားကို အကောင်းဆုံး ဇာတ်ကားဆု၊ အကောင်းဆုံး အမျိုးသားဆုများ ရရှိနိုင်သည်ဟု အနုပညာ အသိုင်းအ၀န်းတွင် ခန့်မှန်း ပြောဆိုနေကြသည်။

Ref: ဧရာဝတီ်

Read More...

ထပ်မံတိုးချဲ့မည့် စစ်တိုင်းရုံးသစ် ယခုလကုန်ရုံးစိုက်နိုင်ရန်ပြင်ဆင်

Wednesday, 19 January 2011

တိုးချဲ့မည့် အရှေ့အလယ်ပိုင်းတိုင်းသစ်သတင်းနှင့် အတူသျှမ်းပြည်စစ်တိုင်း ၃ တိုင်းအတွင်းရှိ ဒေသခံ တပ်ရင်း အသီးသီးမှ တတိုင်းလျှင် အင်အား အယောက် ၃၀၀ ရွေးထုတ်၍ ယခုလကုန်ပိုင်း ပို့ဆောင် တပ်ချ နိုင်ရန် ပြင်ဆင် နေကြောင်းတောင်ကြီး သတင်းရပ် ကွက်က ဆိုသည်။

စစ်တိုင်း ၁ တိုင်းလျှင် အင်အား ၃၀၀ ဖြင့် သျှမ်းပြည်စစ်တိုင်း ၃ တိုင်းမှ ရရှိလာမည့် စုစုပေါင်း အင်အား ၉၀၀ နှင့် နေပြည်တော်မှ အင်အား ၁၀၀ ဖြည့်ဆည်းပေးမည်ဖြစ်ပြီး အင်အား ၁၀၀၀ ဖြင့် အခြေချ ရုံးစိုက်ဖို့ ရှိကြောင်း စစ်တိုင်းရုံးနှင့် နီးစပ်သည့် တောင်ကြီး ဒေသခံတဦးက သျှမ်းသံတော်ဆင့်သို့ ပြောပြသည်။

“စကခလက်အောက်ခံတပ်တွေတော့ မကောက်ဘူးပေါ့။ တပ်ရင်းအသီးသီးက စိတ်ချရတဲ့ လူရင်းတွေ၊ အကြပ်တပ်မှူး ငယ်တွေလောက်ဘဲ ရွေးတယ်လို့ သတင်း တွေ ထွက်နေတယ်။ အရှေ့ အလယ်ပိုင်းတိုင်းလို့ နာမည် ထွက်ပေမယ့် အဲဒီ စစ်ဌာနချုပ်ရဲ့ တရားဝင် အဆင့်နဲ့ နာမည်ကိုတော့ မသိရသေးဘူး။ တိုင်း ၄ တိုင်းကို စစ်တိုင်းချုပ် ဒု ဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်က ကိုင်မယ်လို့လဲ ကြားနေရတယ်။” ဟု၎င်းကပြောသည်။

စစ်တိုင်းထပ်မံတိုးချဲ့မည့်သတင်းသိထားသော သျှမ်းပြည်အရှေ့ပိုင်းသားတချို့ နအဖက စစ်သားသစ် ကောက်ယူမည့် အရေး တွေးပူကာ မိမိတို့ သားသမီးများအား တခြားသို့ ပို့ဆောင်ရန် စီစဉ်နေကြကြောင်း သိရသည်။

မကြာသေးမီက ကျိုင်းတုံမြို့ ဆင်ခြေဖုံးတ၀ိုက် အခြေချနေထိုင်သည့် မိသားစုတခုက-“ ရွာမှာနေတုန်းက ၀ ၊ သျှမ်း၊ ပြည်သူ့စစ် တပ်ဖွဲ့တွေ စစ်သား ကောက်တာကို ရှောင်ရတယ်။ အခု မြို့ပေါ် ရောက်လာတာ စိတ်အေးရပြီ မှတ်တယ်။ ဘယ်ဟုတ်လို့လဲ။ ဗမာစစ် တပ်က စစ်မှုမထမ်း မနေရ ဥပဒေ အကောင်အထည် ဖော်တော့မယ် ဆိုတော့ ကျနော်တို့ ခလေးတွေ ထိုင်းကို ပို့လိုက်မှဘဲ အေးတော့မယ်” - ဟု ပြောသည်။

အလားတူ ကျိုင်းတုံ- တာချီလိတ်သို့ စီးပွါးရေးလုပ်ကိုင်ကြသောနိုင်ငံရေး အခြေခံ ရှိသူ၊ ရေဒီယိုသတင်း နားထောင်လေ့ ရှိသူ တချို့ ကလည်း- နအဖ၏ စစ်မှုမထမ်းမနေရ စနစ်မှာ တိုင်းပြည် ကာကွယ်ရန် အတွက် မဟုတ်ဘဲ၊ ပြည်တွင်း လက်နက်ကိုင် တော်လှန် ရေး တပ်ဖွဲ့များအား တိုက်ခိုက် ရှင်းလင်းရန် အတွက်သာ ဖြစ်သဖြင့် သားသမီးများအား စစ်မှု မထမ်းစေလိုကြကြောင်း၊ ထို့ကြောင့် တခြား ဒေသသို့ ပြောင်းရွှေ့ အလုပ်လုပ် ကိုင်ရန် (သို့မဟုတ်) ထိုင်းသို့ သွားရောက် အခြေချရန် တီးတိုး ပြောဆို တိုင်ပင်လာ ကြကြောင်း သိရသည်။

ထပ်မံတိုးချဲ့မည့် စစ်တိုင်းအသစ် အခြေစိုက်မည့် နေရာ အတိအကျ မသိရသေးသော်လည်း ပြီးခဲ့သည့် ဒီဇင်ဘာလက မြို့နယ်ခွဲ အဆင့် တိုးမြင့် လိုက်သော(နမ့်ဇန် မြို့နယ်) ခိုလမ်မြို့နယ်ခွဲ ၊ (ကွန်ဟိန်းမြို့နယ်) ကာလိမြို့နယ်ခွဲ နှင့် (မိုင်းရှူးမြို့နယ်) မိုင်းဇန်မြို့ နယ်ခွဲ ဒေသ တ၀ိုက်ဖြစ်နိုင်ကြောင်း သျှမ်းပြည် နိုင်ငံရေး၊ စစ်ရေးလေ့လာသည့် ပုဂ္ဂိုလ်များ ခန့်မှန်းကြသည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

ပိတ်ဆို့မှု နှစ်ရပ် ရုပ်သိမ်းရန် NDF ပြော

သဲသဲ
ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ ၁၉ ရက် ၂၀၁၁

နယူးဒေလီ (မဇ္ဈိမ) ။ ။ စစ်ခေါင်းဆောင်များကို ပစ်မှတ်ထား ပိတ်ဆို့မှုမှလွဲ၍ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှု ဒဏ်ခတ် ပိတ်ဆို့ရေးသည် ပြည်သူကို ထိခိုက်စေသဖြင့် ရုပ်သိမ်းသင့်ကြောင်း အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ NDF က ပြောဆိုသည်။

“ Sanctions မှာ ၃ မျိုး တွေ့တယ်။ ကုန်သွယ်ရေးပိတ်ဆို့မှု၊ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ပိတ်ဆို့မှု၊ နောက်တခုက ပစ်မှတ်ထား ပိတ်ဆို့မှုပေါ့။ ပုဂ္ဂိုလ် တဦးတယောက်၊ တဖွဲ့တသင်းကို ပစ်မှတ်ထားပြီး သူတို့ ဘဏ္ဍာငွေကြေးတွေကို နိုင်ငံတကာ ဘဏ်တွေမှာ ငွေစာရင်း ဖွင့်ထားခွင့် ပိတ်ပင်တာပေါ့။ အဲဒီမှာ ပထမ ၂ ခုက ပြည်သူတွေကို ထိခိုက်နေတယ်ဗျ” ဟု NDF ခေါင်းဆောင်တဦးဖြစ်သူ ဦးခင်မောင်ဆွေက မဇ္ဈိမကို ပြောသည်။

ဤပိတ်ဆို့မှုနှစ်ခုသည် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေး ဖြစ်ပေါ်ပြောင်းလဲမှု အတွက် မထိရောက်သည့် အပြင် နိုင်ငံ တိုးတက်မှု ကိုပါ နှောင့်နှေးစေသည်ဟု ဆိုသည်။

’’ပြည်သူကို မထိခိုက်ဘူးလို့ ပြောမရဘူး။ ကုန်သွယ်ရေးပိတ်ဆို့မှုကြောင့် အထည်အလိပ် လုပ်ငန်းတွေ၊ ရင်းနှီး မြှုပ်နှံမှုမှာ နိုင်ငံတကာက လာရောက် မလုပ်ကိုင်နိုင်တော့ နိုင်ငံရဲ့ စီးပွားရေးမှာ အတိုင်းအတာ တခုအထိ သက်ရောက်မှု ရှိနေတာပဲလေ။ စီးပွားရေး မတိုးတက်ရတဲ့ အကြောင်းတွေထဲမှာ Sanctions လည်း ပါတော့ နိုင်ငံရေး မပြောင်းလဲမချင်း Sanctions ပိတ်ထားမယ် ဆိုရင် ပြည်သူတွေကို မငဲ့ကွက်ရာ ရောက်နေပြီလို့ပဲ ပြောချင်ပါတယ်’’ ဟု ဦးခင်မောင်ဆွေက ပြောဆိုသည်။

NDF က ပိတ်ဆို့မှုနှစ်ရပ် ရုပ်သိမ်းရန် ပြောသော်လည်း ဝါ့ရင်နိုင်ငံရေးသမား ဦးသုဝေ ဦးဆောင်သည့် ဒီမိုကရက်တစ် ပါတီ (မြန်မာ) က မူ ပိတ်ဆို့မှုအားလုံး ရုပ်သိမ်းရန် လိုလားသည်။

စစ်ခေါင်းဆောင်များကို ပစ်မှတ်ထားရာမှာလည်း လူ့အခွင့်အရေး၊ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ၌ တစုံတရာ တိုးတက် ပြောင်းလဲမှု မရှိသဖြင့် ယင်းပိတ်ဆို့မှု ဖယ်ရှားလျှင် ပိုမို ကောင်းမွန်လာမည်ဟု မျှော်လင့်ထားသည်။

“လူ့အခွင့်အရေးတို့၊ နိုင်ငံရေးအကျဉ်းသားတွေ မလွှတ်တာတို့လည်း ဘာမှထူးခြားမလာဘူး ပေါ့နော်။ အကယ်၍ Sanctions တွေ ရုပ်သိမ်း လိုက်ရင် ပိုကောင်းလာမယ်လို့ ကျနော်တို့က ဒီလိုတွက်တာပါ’’ ဟု ဒီမိုကရက်တစ် ပါတီ (မြန်မာ) ဦးသုဝေက မဇ္ဈိမကို ပြောသည်။ ပိတ်ဆို့မှုအားလုံး ဖယ်ရှားပေးရန် ယခုလ ၄ ရက်နေ့တွင် ရန်ကုန်ရှိ သံရုံးများသို့ စာတမ်းတစောင် ပို့ခဲ့သည်ဟုလည်း ဆိုသည်။

စစ်အစိုးရ၏ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးချိုးဖောက်မှုကြောင့် အမေရိကန် အစိုးရက ၁၉၉၃ ခုနှစ်တွင် လက်နက် တင်ပို့မှုကို ပိတ်ပင်ခဲ့ကာ၊ ၁၉၉၇ ခုနှစ်တွင် မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှု အသစ်များ မပြုလုပ်ရန် တားမြစ်ခဲ့သည်။

ထို့အပြင် ၂ဝဝ၃ ခုနှစ်တွင် “မြန်မာနိုင်ငံ လွတ်လပ်ရေးနှင့် ဒီမိုကရေစီ ဥပဒေ (၂ဝဝ၃)” ကို ပြဋ္ဌာန်းလိုက်ရာ၊ ဥပဒေထဲတွင် အမေရိကန်ရှိ မြန်မာစစ်အစိုးရ အသိုင်းအဝိုင်း၏ ပိုင်ဆိုင်မှုများကို ထိန်းချုပ်ခြင်း၊ ခရီးသွားလာခွင့် ဗီဇာပိတ်ဆို့ခြင်းတို့ ပါဝင်သည်။ သို့သော် မြန်မာနိုင်ငံမှ ကျွန်းသစ်နှင့် ကျောက်မျက်ကို အခြားနိုင်ငံမှ တဆင့်ခံ တင်သွင်းခွင့် ပြုထားသည်။

အမေရိကန်သမ္မတ မစ္စတာအိုဘားမားကလည်း ပြီးခဲ့သည့်နှစ် မေလထဲတွင် စီးပွားရေးပိတ်ဆို့မှုကို ထပ်မံ၍ သက်တမ်း တိုးခဲ့သည်။

အလားတူ ဥပရောသမဂ္ဂ EU နိုင်ငံများကလည်း စစ်လက်နက်ပစ္စည်းများ လွှဲပြောင်းခြင်း (သို့မဟုတ်) ရောင်းချခြင်းကို ၁၉၉၆ ခုနှစ်တွင် တားမြစ်ခဲ့သည်။ စစ်ခေါင်းဆောင်များနှင့် ၎င်းတို့ မိသားစုဝင်များ၊ လုပ်ဖော် ကိုင်ဘက်များ၏ ပြည်ပတွင် တရားဝင် ထားရှိသော ပိုင်ဆိုင်မှုများကို ထိန်းချုပ်ကန့်သတ် လိုက်သလို ခရီးသွားလားခွင့် ပိတ်ဆို့မှုတို့ ပြုလုပ်ပြီး ဒဏ်ခတ် အရေးယူ ခဲ့သည်။

မြန်မာရဟန်းတော်များ၏ ၂ဝဝ၇ စက်တင်ဘာ လှုပ်ရှားမှုတွင် စစ်အစိုးရက အကြမ်းဖက် ဖြိုခွင်းမှုကြောင့် EU က လူသားချင်း စာနာမှု အကူအညီမှ လွဲပြီး နှစ်နိုင်ငံကြား အကူအညီများကို ရပ်ဆိုင်းလိုက်သည်။ ထို့အပြင် သစ်၊ ကျောက်မျက်နှင့် သတ္ထု တင်ပို့မှုကိုပါ တားမြစ် လိုက်သည်။

ဝါရှင်တန်အစိုးရနှင့် EU နိုင်ငံများ အရေးယူ ပိတ်ဆို့မှု စာရင်းတွင် ၂ဝ၁ဝ ရွေးကောက်ပွဲအနိုင်ရ ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ ခေါင်းဆောင်များလည်း ပါဝင်သည်။

ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ထောက်ခံသည်။

ဗိုလ်ချုပ်ကြီးတွေနဲ့ သူ့မိသားစုတွေကို ပစ်မှတ်ထားတဲ့ Sanction က တခု၊ သူတို့နဲ အပေါင်းအပါ လုပ်ငန်းရှင် သူဋ္ဌေးကြီး တွေကို ပစ်မှတ် ထားတဲ့ Sanction က တခု။ အဲဒါတွေက ကျနော်တို့နဲ့ မဆိုင်ဘူး။ စစ်ဗိုလ်တွေနဲ့ အရေးယူ ထားသူတွေရဲ့ ကိစ္စ၊ ပြည်သူတွေကို ထိခိုက်တယ်ဆိုရင် ထိခိုက်တဲ့ Sanction တွေဟာ ဘာတွေလဲ၊ ဘယ်လောက်ထိ ခိုက်သလဲဆိုတာ လေ့လာမယ်။ ပြီးရင်တော့ ပြင်သင့် ပြင်မယ်၊ ပြောင်းသင့် ပြောင်းမယ်” ဟု NLD ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်က မဇ္ဈိမကို ပြောသည်။

စီးပွားရေး ဖွံ့ဖြိုးမှု နှောင့်နှေးစေခြင်းသည် အနောက်နိုင်ငံများ အရေးယူပိတ်ဆို့မှုက အကြောင်းတရပ် အနေဖြင့် ပါဝင်သော်လည်း စီမံခန့်ခွဲမှု အားနည်းခြင်းက အကြောင်းတရား တခု ဖြစ်ကြောင်း စီးပွားရေးပညာရှင် ဦးခင်မောင်ညို (ဘောဂဗေဒ) က သုံးသပ်သည်။

“အဓိကတော့ မဟုတ်ပါဘူး။ အကြောင်းတရားတခုအနေနဲ့တော့ ပြောလို့ရတယ်။ နိုင်ငံအဆင့် စီးပွားရေး စီမံခန့်ခွဲမှုမှာ အတော်လေး အားနည်းတယ်။ Macro Economic Management မှာ အတော်လေး အားနည်းတယ်။ အပြောင်းအလဲမှာ ဒါလေးများ ဖြစ်လာမလားလို့ ဆရာတို့ မျှော်လင့်တယ်။ Sanctions ရုပ်သိမ်း လိုက်တာနဲ့ နေ့ချင်းညချင်း ပြောင်းလဲသွားမယ် လို့တော့ မယုံကြည်ပါဘူး” ဟု သူက မဇ္ဈိမကို ပြောသည်။

အလုံးစုံ ပိတ်ဆို့အရေးယူမှုထက် ပြည်သူများကို ထိခိုက်မှုနည်းသည့် ပစ်မှတ်ထားပိတ်ဆို့မှု၊ စစ်လက်နက် တင်ပို့ ရောင်းချရေး ပိတ်ဆို့မှု ကိုသာ ထိရောက်စွာ ဆောင်ရွက်သင့်ကြောင်း ထိုင်းနိုင်ငံရှိ ဗဟို ဖွံ့ဖြိုးမှုအဖွဲ့မှ ဦးအောင်သူငြိမ်းကလည်း ပြောသည်။

ပိတ်ဆို့အရေးယူမှုကို တိုက်ရိုက်လုပ်နေသည်မှာ အနောက်နိုင်ငံများ ဖြစ်သော်လည်း ရင်းနှီးမြှုပ်နှံမှု မလုပ်ချင်အောင် စီးပွားရေး ဝန်းကျင် ဖန်တီးနေသည်မှာ စစ်အစိုးရကိုယ်တိုင် ဖြစ်ကြောင်း မြန်မာ့စီးပွားရေး စောင့်ကြည့်လေ့လာရေး အဖွဲ့ဝင် တဦးဖြစ်သူ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ရှိ Macquarie တက္ကသိုလ် ဘောဂဗေဒဌာန တွဲဘက်ပါမောက္ခ ရှောင်တန်းနဲလ် က ပြီးခဲ့သည့် ၂ဝဝ၉ ခုနှစ်ထဲတွင် မဇ္ဈိမနှင့် ဆက်သွယ်မေးမြန်းခန်း တရပ်တွင် သုံးသပ် ပြောဆိုခဲ့ဖူးသည်။

အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ကလည်း မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ အရေးယူမှုများ ဖယ်ရှားရန် အင်ဒိုးနီးရှား နိုင်ငံတွင် ယခုလ ၁၆ ရက်နေ့ ကျင်းပခဲ့သော အစည်းအဝေး၌ တောင်းဆိုခဲ့သည်။

အလားတူပင် တိုင်းရင်းသားဒေသများ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးစေသဖြင့် နိုင်ငံတကာက စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှုကို ရုပ်သိမ်းပေးရန် ရွေးကောက်ပွဲဝင် ရှမ်း၊ ရခိုင်၊ မွန်၊ ချင်းနှင့် ဖလုံ-စဝေါ် စသည့် တိုင်းရင်းသား ပါတီများက ယခုလ ၁၆ ရက်နေ့တွင် ကြေညာချက်ထုတ်ကာ တောင်းဆိုခဲ့သည်။

Ref: မဇ္ဈိမ

Read More...

ပြည်သူ့စစ်ပိုင်ကား အမျိုးသမီး ၃ ဦးကို တစ်ပြိုင်တည်း ၀င်တိုက်

Wednesday, 19 January 2011

မူဆယ်မြို့နယ် ဖေါင်းဆိုင် ပြည်သူ့စစ်အဖွဲ့ဝင် မောင်းနှင်သည့် ဖိုးဝီးကား အမျိုးသမီးငယ် ၃ ဦးအား ၀င်တိုက်ခဲ့သည့် ဖြစ်ရပ် ယခုလ ၁၇ ရက်နေ့ ည ၇ နာရီခွဲခန့်က မူစယ်ခရိုင် ကြူကုတ် (ပန်ဆိုင်း) မြို့၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖေါင်းဆိုင် ပြည်သူ့စစ် အဖွဲ့ဝင် ကိုမိုးကြိုး မောင်းလာသည့် ဖိုးဝီးကားက ကြူကုတ်မြို့နယ် ကာစီနို လောင်းကစားရုံ အနီး ဆိုင်ကယ် ကိုယ်စီ မောင်းနှင်လာသည့် အမျိုးသမီးငယ် ၃ ဦးကို ၀င်တိုက်ခဲ့ခြင်း ဖြစ်သည်။

ယာဉ်တိုက်မှုကြောင့် အသက် ၂၀ ၀န်းကျင်အရွယ် ဒေသခံ အမျိုးသမီး ၃ ဦး စလုံး ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ပြီး ၂ ယောက်ကို တရုတ်ပြည် ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ကားဒရိုင်ဘာက မူးနေတယ်။ မူးယစ်ဆေးသုံးထားတာ။ လူ ၃ ယောက်ကို တစ်ခါတည်း တိုက်လိုက်တာ။ တစ်ယောက်က ရွေလီ ဆေးရုံ၊ တစ်ယောက်က မန်စီဆေးရုံ တင်ထားရတယ်။ တစ်ယောက်ကတော့ ခြေထောက် ကျိုးသွားတယ်။ သူတို့ စီးလာတဲ့ ဆိုင်ကယ် ၃ စီးစလုံး ပျက်သွားတယ်” လို့ သူက ပြောသည်။

ယခုအခါ တရုတ်ပြည် ရွေလီနှင့် မန်စီဆေးရုံများသို့ ပို့ဆောင်ထားသည့် အမျိုးသမီး နှစ်ယောက်နှင့် ၄င်းတို့၏ မိဘများကို ပြည်သူ့ စစ် အဖွဲ့က အဆက်အသွယ် ဖြတ်တောက် ထားသည်ဟု ဆိုသည်။

“ ဖေါင်းဆိုင်ပြည်သူ့စစ်အဖွဲ့က အဆက်အသွယ် ပေးမလုပ်ဘူး။ ဘယ်သူမှ ပေးမသိခိုင်းဘူး။ မိဘတွေကိုလဲ အခြေ အနေ ဘယ်လိုရှိတယ် ဆိုတာ ပြန်မပြောပေးဘူး။ သူတို့ မိဘတွေက အရမ်းစိတ်ပူနေတယ် ” ဟု ဆိုသည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

Wednesday, January 19, 2011

အလုပ်သမား အခွင့်အရေး ပြဋ္ဌာန်းချက် ILO သတိထားကြိုဆို

Ron Corben's Report in Burmese
အင်္ဂါ, 18 ဇန်နဝါရီ 2011


မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့ အလုပ်သမား သမဂ္ဂတွေကို ဖွဲ့စည်းခွင့် ဥပဒေ ပြဋ္ဌာန်းဖို့ ဆိုတဲ့ ကိစ္စဟာ အားရစရာ ကောင်းတယ် ဆိုပေမဲ့ ကလေးတွေကို အရပ်ဘက်နဲ့ စစ်တပ် အတွင်းမှာ အဓမ္မ သွင်းပြီး သုံးစွဲ နေတာကတော့ စိုးရိမ်နေရတဲ့ ကိစ္စ ဖြစ်နေတုန်းပဲလို့ ILO ကမ္ဘာ့ အလုပ်သမား အဖွဲ့ချုပ်က ပြောလိုက်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ရွန် ကော်ဘင် (Ron Corben) ဘန်ကောက်မြို့ကနေ သတင်း ပေးပို့ထားတာကို ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ အလုပ်သမား သမဂ္ဂတွေ တရားဝင် ဖွဲ့စည်းခွင့် ဥပဒေ ပြဋ္ဌာန်းဖို့ မြန်မာ စစ်အစိုးရက ပြင်ဆင် နေတယ်လို့ ILO ကမ္ဘာ့ အလုပ်သမား သမဂ္ဂ အဖွဲ့ချုပ်ရဲ့ မြန်မာပြည်ဆိုင်ရာ ကိုယ်စားလှယ် စတိဗ် မာရှဲလ် (Steve Marshall) က မနေ့တုန်းကပဲ သတင်းထောက်တွေကို ပြောလိုက်ပါတယ်။ ပြင်ဆင်နေတဲ့ အလုပ်သမား သမဂ္ဂဆိုင်ရာ ကိစ္စတွေထဲမှာ သပိတ်မှောက်ခွင့် ဆိုတာလည်း ပါဝင် ပါလိမ့်မယ်။ ဒီလုပ်ရပ်ဟာ စီးပွားရေး ပြုပြင် ပြောင်းလဲမှု အတွက် ရှေ့ကို တက်လာမယ့် ခြေလှမ်း တရပ်ရဲ့ လက္ခဏာ တွေပဲလို့ စတိဗ် မာရှဲလ်က ဆိုပါတယ်။

အလုပ်သမားသမဂ္ဂ ဖွဲ့စည်းရေးဆိုင်ရာ ဥပဒေ ပြဋ္ဌာန်းမှုဟာ အခုလကုန် ပိုင်းမှာ ကျင်းပမယ့် လွှတ်တော်မှာ တင်သွင်းဖို့ စီစဉ် ထားတာပါ။ ဒါဟာ မြန်မာပြည်ရဲ့ အလုပ်သမား အခွင့်အရေး ကိစ္စအတွက် ကြီးမားတဲ့ အဆင့် တခုပဲလို့ စတိဗ် မာရှဲလ်က ပြောပါတယ်။

“လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်းခွင့် ကိစ္စကတော့ အလုပ်သမားတွေရဲ့ အခွင့်အရေး အတွက် အကျိုးရှိမယ် ဆိုတာ သိပ်ရှင်းပါတယ်။ သပိတ်မှောက်ခွင့် အပါအ၀င် မကျေနပ်ချက်ကို တဘက်နဲ့တဘက် ညှိနှိုင်းတာ မျိုးတွေကို ပြည်သူတွေ အနေနဲ့ တင်ပြရေး ကိစ္စတွေမှာလည်း ထိရောက်မှုတွေ ရှိလာနိုင်ပါတယ်။ ဒီကိစ္စတွေကို ဥပဒေအဖြစ် အတည်ပြု ပြဋ္ဌာန်းခဲ့မယ် ဆိုရင်တော့ မြန်မာ့ လူ့ အဖွဲ့အစည်းဟာ ဖွံ့ဖြိုး တိုးတက် လာတော့မယ် ဆိုတဲ့ လမ်းကြောင်းကို ရောက်သွားမယ့် ကြီးမားတဲ့ ပြောင်းလဲမှုတခုပါ။” လို့ စတိဗ် မာရှဲလ်က ပြောသွားပါတယ်။

မြန်မာစစ်အစိုးရက ILO ကမ္ဘာ့အလုပ်သမား သမဂ္ဂ အဖွဲ့ချုပ်က ချမှတ်ထားတဲ့ နိုင်ငံတကာ စည်းမျဉ်းတွေနဲ့ အညီ အသင်း အဖွဲ့ ထူထောင်ခွင့်ကို အသိအမှတ်ပြုရေး တရားဝင် အတည်ပြု ထားပြီးသားပါ။ အလုပ်သမား သမဂ္ဂတွေ ဖွဲ့စည်းခွင့်ပေးမယ့် ကိစ္စဟာ မြန်မာပြည်က အလုပ်သမားဈေးကွက် တိုးတက်လာဖို့ ရှေ့တိုးလာမယ့် ခြေလှမ်းပဲလို့ ဆိုပေမဲ့ တစုံလုံး ပြောင်းလဲဖို့ကတော့ လိုနေသေးတယ်လို့ စတိဗ် မာရှဲလ်က ပြောပါတယ်။

မြန်မာပြည်ရဲ့ စီးပွားရေးနဲ့ နိုင်ငံရေးဘ၀ ပုံစံတခုဖြစ်တဲ့ အသင်းအဖွဲ့နဲ့ သမဂ္ဂတွေဟာ စစ်အစိုးရရဲ့ တင်းတင်း ကျပ်ကျပ် ကိုင်တွယ်မှုကို ခံနေခဲ့ရတယ်လို့ လူ့အခွင့်အရေး အုပ်စုတွေက ပြောကြပါတယ်။ အလုပ်သမား သမဂ္ဂအရေး လှုပ်ရှား ကြသူတွေကိုလည်း မြန်မာ စစ်အစိုးရက ဖမ်းဆီး ထားပါတယ်။ နိုင်ငံရေး အကျဉ်းသား ၂,၁၀၀ ကျော်ထဲမှာ အလုပ်သမား အရေး လှုပ်ရှားသူ ၄၄ ဦး လောလောဆယ် အဖမ်း ခံထားရတယ်လို့ ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း-မြန်မာနိုင်ငံ (AAPP) က ပြောပါတယ်။

ILO အဖွဲ့ အကြီးအကဲရဲ့ ရည်ရွယ်ချက်ကတော့ မြန်မာပြည်မှာ အတင်းအဓမ္မ ခိုင်းစေမှုတွေ အဆုံး သတ်ဖို့နဲ့ မြန်မာပြည်မှာ ဖွင့်ထားတဲ့ ILO ရုံးကို အလုပ်သမားရေး ဆိုင်ရာ မကျေနပ်ချက်တွေ တိုင်တန်းခွင့်ရှိရေး စစ်အစိုးရနဲ့ သဘောတူချက်တခု ရှိထားပါတယ်။ ပြီးခဲ့တဲ့ နှစ်တုန်းက မကျေနပ်ချက် တိုင်တန်းမှုပေါင်း ၃၇၀ ကို ရန်ကုန်မှာ ဖွင့်ထားတဲ့ ILO ရုံးက လက်ခံ ရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေတုန်းက တော်တော်ကို များခဲ့တာပါ။

ကလေးအလုပ်သမားကိစ္စနဲ့ ကလေးစစ်သားတွေ စုဆောင်းနေတဲ့ ကိစ္စတွေ ဆက်ဖြစ်နေတာ ကိုတော့ ILO အဖွဲ့ ချုပ်က စိုးရိမ် နေရတုန်းပဲ ဖြစ်တယ်၊ ဒီကိစ္စတွေ တိုးတက် ကောင်းမွန်လာရေး လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ လက်မှတ် ထိုးထားတာတွေ ရှိတယ်လို့လည်း စတိဗ် မာရှဲလ်က ပြောပါတယ်။

“ကလေးစစ်သား ကိစ္စတွေမှာ အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေလို့ အကြမ်းအားဖြင့် ဆိုလို့ ရတာတွေ ရှိပါတယ်။ ဥပမာ အားဖြင့် ပြီးခဲ့တဲ့ နှစ်တုန်းက ILO ဆီ ရောက်လာတဲ့ တိုင်တန်းချက်တွေ အရ စစ်သားအဖြစ် စုဆောင်းခံခဲ့ရတဲ့ ကလေး ၇၃ ဦးကို တပ်ကနေ ပြန်ပြီး နှုတ်ပေးနိုင်တဲ့ အခြေအနေတွေ ရှိခဲ့ပါတယ်။” လို့ ပြောသွားခဲ့တာပါ။

မြန်မာ့တပ်မတော်အတွင်းမှာ အမျိုးသမီးရော အမျိုးသားရော စစ်မှုထမ်းရမယ့် ပြည်သူ့ စစ်မှုထမ်း ဥပဒေဆိုတာ မကြာခင်ကပဲ ထွက်လာ ခဲ့ပါတယ်။ ဒီဥပဒေဟာ လာမယ့်နှစ် ၂၀၁၂ မှာ စပြီး အသက် ၀င်လာဖို့ ရှိနေပါတယ်။ မြန်မာ စစ်တပ်မှာ စစ်သား စုဆောင်းရေးနဲ့ တပ်ပြေး ကိစ္စတွေနဲ့ ဆိုင်တဲ့ ပြဿနာတွေ ကြုံနေရပါတယ်။ အလုပ်သမား ပွဲစားတွေကနေ တဆင့် အရွယ် မရောက်သေးတဲ့ လူတွေကို စစ်တပ်အတွက် စုဆောင်းတာတွေ ရှိနေပါတယ်။ အဲဒီ စစ်မှုထမ်း ဥပဒေက ကလေးစစ်သား စုဆောင်းမှုကို ရိုက်ခတ်မှုတွေ တိုက်ရိုက် ရှိလာနိုင်ပါတယ်။

မြန်မာပြည်မှာ ကလေးငယ် တော်တော်များများ စစ်တပ်ထဲ ရောက်လာရတဲ့ အချက်တွေထဲမှာ သူတို့ရဲ့ မိသားစုတွေက ဆင်းရဲပြီး ကလေးတွေ အတွက် ပညာသင် စရိတ် အကုန်အကျ မခံနိုင်တာလည်း ပါတယ်လို့ ဆိုပါတယ်။ အတင်းအဓမ္မ္မ လုပ်အားပေး ခိုင်းစေမှုတွေ ကတော့ မြန်မာပြည်တ၀န်းမှာ ကြုံတွေ့ နေရတုန်းဖြစ်တဲ့ အဓိက ပြဿနာ တခုပါ။ လမ်း ဖောက်လုပ်ရေးနဲ့ စစ်တပ်အတွက် လုပ်ပေးရတဲ့ ကိစ္စတွေကို ရွာသူရွာသားတွေ ကြုံတွေ့ နေရတယ်လို့ ဆိုပါတယ်။ အကျဉ်းသား တွေဟာလည်း အဓမ္မ လုပ်အားပေး အခိုင်းခံ နေရပါတယ်လို့ ဆိုပါတယ်။

မြန်မာပြည်က အလုပ်သမားသမဂ္ဂ ဖွဲ့စည်းခွင့် ဆိုင်ရာ ဥပဒေသစ်နဲ့ အလုပ်သမားရေး ဆိုင်ရာ ပြုပြင် ပြောင်းလဲရေး ကိစ္စတွေကို ILO အဖွဲ့ရဲ့ အလုပ်သမားရေး ကျွမ်းကျင် သူတွေက လေ့လာပြီး အခုလာမယ့် ဖေဖော်ဝါရီလမှာ ပြန်လည် သုံးသပ် ဆွေးနွေးမှုတွေကို ILO အဖွဲ့ကြီးက လုပ်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

Ref: VOA News

Read More...

အခမဲ့ ပညာဒါနကျောင်း တားမြစ်ခံရ

ဟိန်းသူ
Tuesday, 18 January 2011

အမေ့အိမ် ပညာဒါန အမည်ရှိ အခြေခံပညာအဆင့် အခမဲ့ ပညာသင်ကျောင်းကို ပညာရေး ၀န်ကြီးဌာန အခြေခံပညာ ဦးစီးဌာနမှ တားမြစ် သော်လည်း ဆက်လက် ဖွင့်သွားမည် ဖြစ်သည် ဟု ကျောင်း ဖြစ်မြောက်ရေးတွင် ပါဝင်သည့် ကိုဖြိုးမင်းသိန်း က ပြောသည်။

“ဖွင့်မယ့်နေ့ မတိုင်ခင်ကတည်းက ကျောင်းဖွင့်ဖို့ မလုပ်ဖို့ မြို့နယ် ပညာရေးဦးစီးဌာနက တဆင့် အကြောင်း ကြားပါတယ်။ ကျနော် တို့ကတော့ ဒါနမှုပြုတဲ့ သဘောအနေနဲ့ လုပ်သွားမှာပါ။ ကျနော်တို့ ကျောင်းက စာမေးပွဲ စစ်တာတွေ၊ ဘာတွေလည်း လုပ်မှာမဟုတ် တော့ ဆက်လုပ်သွားဖို့ ဆုံးဖြတ် ထားပါတယ်”ဟု ၎င်းက ပြောပြသည်။

လာမည့်နှစ်တွင် တရားဝင် ကျောင်းဖွင့်ခွင့် ရရှိရန်အတွက် မှတ်ပုံတင်ခြင်း လုပ်ငန်းများကိုလည်း ဆက်လက် လုပ်ဆောင် သွားမည် ဖြစ်ကြောင်းလည်း ကိုဖြိုးမင်းသိန်းက ဆိုသည်။

အမေ့အိမ် ပညာဒါန ကျောင်းကို လှိုင်သာယာမြို့နယ် ၁၄ ရပ်ကွက် မေခလမ်း အမှတ် ၅၄၈ ဦးမင်းလွင် ၏ နေအိမ်တွင် ဇန်န၀ါရီ လ ၁၇ ရက်နေ့က စတင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ယင်းကျောင်းကို ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်မှုဖြင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် လူငယ် ကွန်ရက်က ကမကထပြု ဖွင့် လှစ် ခြင်းဖြစ်ပြီး ဆင်းရဲနွမ်းပါးသည့် ကလေးငယ်များအတွက် အဓိက ရည်ရွယ်၍ ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါကျောင်း ဖြစ်မြောက်ရန်အတွက် ဦးဆောင်နေသည့် ဦးမင်းလွင်၊ ဦးဖြိုးမင်းသိန်း၊ ဦးအေးဘို တို့ကို ပညာရေး ဝန်ကြီးဌာန အမှတ်(၃) အခြေခံပညာ ဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ကိုယ်စား ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်ဝင်းမြင့်က ဘာသာရပ် ကိုယ်ပိုင်သင်တန်း ဥပဒေနှင့် လုပ်ထုံး လုပ်နည်းများအရ ကိုက်ညီမှု မရှိကြောင်းနှင့် ဖွင့်လှစ်ခွင့် မပြုကြောင်း စာ ပေးပို့ခဲ့သည် ဟု ကိုဖြိုးမင်းသိန်း က ပြောသည်။

ပညာရေးဝန်ကြီးဌာနမှ ပေးပို့သည့် စာတွင် ကလေးငယ်များအတွက် ကူညီပေးနေကြောင်း၊ ကျောင်း စာအုပ်များ ပေးသည့် အပြင် ကျောင်းလည်း အပ်ပေးနေကြောင်း ပါဝင်သော်လည်း လက်တွေ့တွင် မတူညီသည့် အတွက် မိမိတို့ကျောင်းမှ ကူညီရန် ကြိုးစားခြင်း ဖြစ်သည်ဟု ၎င်း က ရှင်းပြသည်။

ယခုဖွင့်လှစ်သည့် ကျောင်းမှာ မွန်းမံသင်တန်းကျောင်းသဘောမျိုးဖြစ်ကြောင်း၊ စာမဖတ်တတ် သေးသည့် ကလေးငယ်များ စာ ဖတ် တတ်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ ငွေကြေး ချို့တဲ့သည့် ကလေးငယ်ပေါင်း ၁၀၀ ခန့် သူငယ်တန်းမှ ပဉ္စမတန်း အထိ တက်ရောက်ရန် အတွက် စာရင်း ပေးသွင်းပြီး ဖြစ်ကြောင်းလည်း သိရသည်။

အမေ့အိမ် ပညာဒါန ကျောင်းအတွက် သင်ကြားပေးမည့် ဆရာ၊ ဆရာမ ၁၀ ဦးခန့် ရှိသည်ဟု ဆိုသည်။

အမေ့အိမ် ပညာဒါန ကျောင်း၌ နွေရာသီတွင် အင်္ဂလိပ်စာ အခြေခံ သင်းတန်းများ ဖွင့်လှစ်မည်ဖြစ်ပြီး လာမည့် မတ်လတွင် ၁၀ တန်း ကျောင်းသားများ အတွက် ဟောပြောပွဲများ ပြုလုပ်ရန် စီစဉ် နေကြောင်းလည်း သိရသည်။

Ref: ဧရာဝတီ်

Read More...

မြန်မာ့အရေး အမေရိကန်နဲ့ တရုတ် ပူးပေါင်းဆောင်ရွက်ဖွယ်ရှိ

ဦးသားညွန့်ဦး

အင်္ဂါ, 18 ဇန်နဝါရီ 2011


အမေရိကန် ပြည်ထောင်စုကို ချစ်ကြည်ရေးခရီး အလည်အပတ် ရောက်ရှိနေတဲ့ တရုတ်သမ္မတ ဟူကျင်တောင်း (Hu Jintao) နဲ့ အမေရိကန် အစိုးရ အာဏာပိုင်တွေ တွေ့ဆုံဆွေးနွေးပြီး ဒေသအရေး၊ ကမ္ဘာ့အရေး ဆွေးနွေးကြတဲ့ အခါ မြန်မာနိုင်ငံ အရေးကိုလည်း ထည့်သွင်း ပြောဆိုနိုင်တယ်လို့ သုံးသပ် ခန့်မှန်းမှုတွေ ရှိနေပါတယ်။ မြန်မာ့အရေး ကျွမ်းကျင်သူ အမေရိကန် ပြည်ထောင်စု ရပ်ဂျားစ် တက္ကသိုလ် (Rutgers University) က ပါမောက္ခ ဂျိုးဆက်ဖ် ဆေးလ်ဗားစတိုင်း (Josef Silverstein) ကတော့ မြန်မာ့ အရေးနဲ့ ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စုရော တရုတ်နိုင်ငံကပါ နှစ်ဘက်စလုံး နီးနီးကပ်ကပ် ပူးပေါင်း ဆောင်ရွက်လိုတဲ့ သဘောထားတွေ ရှိနေပြီလို့ သုံးသပ်ပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြ ပေးထားပါတယ်။

တရုတ်စီးပွားရေး အတော်များများကို ဦးဆောင်လာတဲ့ သမ္မတ ဟူကျင်တောင်းရဲ့ အခုခရီးစဉ်ဟာ ကုန်သွယ်ရေးနဲ့ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုကို အဓိက အသားပေးမယ့် ခရီးစဉ် ဖြစ်ဖွယ်ရှိပါတယ်။ ဒါပေမဲ့ ဒေသတွင်းမှာရော ကမ္ဘာမှာပါ အင်အားကြီးနိုင်ငံ တနိုင်ငံ ဖြစ်လာနေတဲ့ တရုတ်နိုင်ငံနဲ့ လက်ရှိ ကမ္ဘာ့အင်အားကြီး အမေရိကန် ပြည်ထောင်စုတို့ ကြားမှာ ဆွေးနွေးပြောဆိုစရာ ကမ္ဘာ့ရေးရာ ကိစ္စရပ်တွေ အတော်များများ ရှိမှာပါ။

လုံခြုံရေး ကိစ္စရပ်တွေ ပါနိုင်သလို လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ အကြောင်းရပ်တွေလည်း ပါလာနိုင်တယ်လို့ လေ့လာ သူတွေက သုံးသပ်ပါတယ်။ ဒီအထဲမှာ မြန်မာနိုင်ငံ အရေးကိုလည်း ဆွေးနွေးမယ်လို့ ယူဆကြပါတယ်။ အမေရိကန်နဲ့ တရုတ် နှစ်နိုင်ငံစလုံးဟာ မြန်မာနိုင်ငံ ကိစ္စမှာ ပိုပြီးတော့ နီးနီးကပ်ကပ် ဆက်ဆံလိုတဲ့ သဘောထားမျိုးတွေ တွေ့လာရတယ်လို့ ပါမောက္ခ ဂျိုးဆက်ဖ် ဆေးလ်ဗားစတိုင်းက သုံးသပ်ပါတယ်။

“အမေရိကန် ပြည်ထောင်စု အနေနဲ့ မြန်မာ့အရေးနဲ့ ပတ်သက်လာရင် မြန်မာနိုင်ငံနဲ့ ပတ်သက် နီးစပ်မှုရှိတဲ့ နိုင်ငံတွေနဲ့ ဆက်ဆံရေးသစ် ကိုလည်း တည်ဆောက်ဖို့ ကြိုးပမ်းနေပါတယ်။ တရုတ်ဟာ အမေရိကန်ပြီးရင် အင်အားအကြီးဆုံး ဖြစ်လာနေတော့ အတော်အရေးပါတဲ့ တိုင်းပြည်ပါ။ တရုတ်ဟာ ကျန်တဲ့ နိုင်ငံတွေနဲ့လည်း ကုန်သွယ်ရေးပိုင်း၊ ဆက်ဆံရေး ပိုင်းတွေမှာ မြန်မာနဲ့ ပိုနီးစပ်ပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အမေရိကန်ရော၊ တရုတ် နှစ်နိုင်ငံစလုံးကပါ နှစ်ဘက် ပိုပြီး နီးနီးကပ်ကပ် ပြောဆို ဆက်ဆံလိုတဲ့ သဘောတွေ တွေ့လာရပါတယ်။”

စီးပွားရေး အားကောင်းလာတဲ့ အာရှဒေသလိုမျိုးနဲ့ ဆက်ဆံတဲ့ နေရာမှာ အထူးသဖြင့် နှစ်နိုင်ငံ ကုန်သွယ်ရေး ကိစ္စတွေ၊ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု ကိစ္စတွေ၊ ကုန်သွယ်ရေးမှာ အငြင်းပွားစရာ ဖြစ်နေတဲ့ ငွေကြေးတန်ဖိုး ကိစ္စတွေကြောင့် အခု မစ္စတာဟူနဲ့ အမေရိကန် အာဏာပိုင်တွေ တွေ့ဆုံ ဆွေးနွေးတဲ့ အခါမှာ မြန်မာနိုင်ငံ ကိစ္စလိုမျိုး လူ့အခွင့်အရေး အကြောင်းရပ် တွေဟာ မှေးမှိန် သွားလေမလား စိုးရိမ်မှုတွေလည်း ရှိပါတယ်။

ပါမောက္ခ ဂျိုးဆက်ဖ် ဆေးလ်ဗားစတိုင်းကတော့ မြန်မာနိုင်ငံ အရေးကိစ္စဟာ မှေးမှိန်စရာ ဘာမှမရှိဘူးလို့ သူက ယူဆပါတယ်။

“အမေရိကန် ပြည်ထောင်စု အနေနဲ့ သူ့မူဝါဒဟာ မှန်ကန်တဲ့ မူဝါဒ ဖြစ်တဲ့အကြောင်း သူ့အမြင်တွေကို တရုတ်ကို ဖော်ပြဖို့ ကြိုးစားမှာပါ။ နှစ်နိုင်ငံ စလုံးဟာ မြန်မာနိုင်ငံအပေါ်မှာ အတော်လေး သြဇာညောင်းနိုင်တဲ့ အနေအထား ရှိပါတယ်။ နှစ်နိုင်ငံကြားမှာ တူညီတဲ့ အခြေခံတခု ရမယ်ဆိုရင် နှစ်နိုင်ငံအကြား ဆက်ဆံရေး ပိုအား ကောင်းလာနိုင်သလို တခြား နိုင်ငံတွေကိုလည်း ဂယက်ရိုက်သွားမှာပါ။”

ဒါပေမဲ့ တဘက်မှာတော့ လူ့အခွင့်အရေး အကြောင်းရပ်ဟာ တရုတ်တို့အတွက် အထိအရှမခံတဲ့ ကိစ္စရပ် ဖြစ်နေတုန်းပါ။ တရုတ်နိုင်ငံ အနေနဲ့က သူ့ရဲ့ ပြည်တွင်းရေး ကိစ္စရပ်တွေနဲ့ပါ ပတ်သက်နေပါတယ်။ မကြာခင်ကပဲ ဖမ်းဆီးခံထားရတဲ့ အတိုက်အခံ လှုပ်ရှားသူ လျူရှောင်ဘို (Liu Xiaobo) ကို ကမ္ဘာက နိုဘယ်လ် ငြိမ်းချမ်းရေးဆု ချီးမြှင့်လိုက်တဲ့ အပေါ်မှာ တရုတ်အစိုးရ အနေနဲ့ အတော်လေး အကဲဆတ်ခဲ့ပါတယ်။

မြန်မာနိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ပတ်သက်ပြီးတော့ တရုတ်အစိုးရရဲ့ တရားဝင် ဖော်ပြ သုံးနှုန်းမှုတွေ မှာလည်း မြန်မာနိုင်ငံက ဒေါ်အောင်ဆန်းစုကြည်ရဲ့ နာမည်ကို သတိထားပြီး ရှောင်သုံးတာ တွေ့ရသလို မြန်မာနိုင်ငံ ပြဿနာကို ပြည်ပက ၀င်ရောက် စွက်ဖက်တာမျိုး မလုပ်ဖို့ နိုင်ငံတကာကို သတိပေးတာမျိုးတွေလည်း ရှိခဲ့ပါတယ်။

ဒါပေမဲ့ မကြာခင်က ၀ီကီလိခ်စ်မှာ ဖောက်ထုတ်လိုက်တဲ့ သံတမန် မှတ်တမ်းတွေမှာတော့ တရုတ် အစိုးရဟာ သူ့နည်း သူ့ဟန်နဲ့တော့ မြန်မာ့ နိုင်ငံရေး အပြောင်းအလဲ အတွက် မြန်မာ စစ်အစိုးရကို နားချ စည်းရုံးတာတွေ လုပ်ခဲ့ဖူးတယ်ဆိုတဲ့ အချက်တွေ ပါသလို မြန်မာ စစ်အစိုးရရဲ့ လုပ်ဟန်အချို့ အပေါ်မှာလည်း စိတ်ပျက်လက်ပျက် ဖြစ်မိကြောင်း ဖော်ထုတ် ပြောဆိုမှုတွေလည်း တွေ့ရပါတယ်။

Ref: VOA News

Read More...

ရန်ကုန် ၃၃ လမ်း တိုက်ခန်းနေသူများ အင်အားသုံး ဖယ်ရှားခံရ

ဟိန်းဇော်
Tuesday, 18 January 2011

ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ၃၃ လမ်း (အထက်) ရှိ သုံးထပ်တိုက်တွင် နေထိုင်သူများကို အမှတ် (၁) စက်မှု ဝန်ကြီးဌာန သားရေ စက်ရုံမှ စက်ရုံမှူး ဦးထင်ကျော် အမိန့်ဖြင့် အင်အားသုံး ဖယ်ရှား ခိုင်းခဲ့ကြောင်း နေထိုင်သူများထံမှ သိရသည်။

၃၃ လမ်း အမှတ် ၁၈၄/ ၁၈၅၊ Umbrella House အမည်ရှိ အဆောက်အအုံ၏ အခန်း ၁၂ ခန်းတွင် နေထိုင်သော မိသားစု ၁၁ စုအား ယနေ့ နံနက် ၁၀ နာရီခန့်က တိုက်ခန်းမှ ပစ္စည်းများကို ဆွဲချကာ ဖယ်ရှားခိုင်းခဲ့ကြောင်း အဆိုပါ တိုက်ခန်း အနီးတွင် နေထိုင်သူ တဦးက ပြောသည်။

“ဒုတိယထပ်မှာ တိုက်ခန်း ၀ယ်ပြီး နေတဲ့ လူတွေက တံခါးဖွင့်မပေးတော့ အတင်းပဲ တံခါးတွေ ရိုက်ဖွင့်မယ် ဆိုပြီး အချေအတင် ဖြစ်ကြတယ်။ ရဲတွေလာပြီး ဖယ်ခိုင်းတာပါ” ဟု ၎င်းက ဆိုသည်။

ယင်း တိုက်တွင် နေထိုင်သူများကို ဇန်န၀ါရီလ ၁၃ ရက်နေ့က ပြောင်းရွှေ့ရန် စာပို့ထားပြီး မပြောင်းရွှေ့ပါက ၁၈ ရက်နေ့ နံနက် ၁၀ နာရီတွင် အင်အားသုံးကာ ဖယ်ရှားမည်ဟု စာထဲတွင် ပါရှိကြောင်း၊ အဆိုပါ ပြောင်းရွှေ့စာ ပေးပို့ပြီး ၅ ရက်အတွင်း ဖယ်ရှားခိုင်းခြင်းသည် နေထိုင်သူများ အတွက် မဖြစ်နိုင်သော လုပ်ရပ်တခု ဖြစ်ကြောင်း၊ နေထိုင် သူများထဲတွင် ငွေကြေး အခက်အခဲကြောင့် ပြောင်းရွှေ့ရန် မဖြစ်နိုင်သူများ ပါဝင်ကြောင်း အဆိုပါ တိုက်တွင် နှစ်ပေါင်း ၃၀ ကျော်ကြာ နေထိုင်ခဲ့သူ တဦးက ပြောသည်။

“နေဖို့ အိမ်တလုံး ရှာတယ်ဆိုတာ အရမ်းကို ခက်ခဲပါတယ်။ ကျမကတော့ ပစ္စည်းတွေ ပျက်စီးမှာ စိုးလို့ ငါတို့ဘာသာ ဖယ်ပေး ပါမယ်လို့ ပြောရတယ်။ ပစ္စည်းတွေကို အတင်းပဲ အောက်ကို ပစ်ချတာလေ” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် ပြန်လည်ညှိနှိုင်းမှုကို မယက က ဆောင်ရွက် ပေးနေသောကြောင့် အဆိုပါ တိုက်တွင် နေထိုင်သူများသည် ပစ္စည်းများကို တိုက်ရှေ့တွင် ပုံထားပြီး တိုက်ခန်းပေါ်တွင် ပြန်လည် နေထိုင် နေကြသည်။

“လာပြီး ဖယ်တဲ့ရဲတွေက အမိန့်စာမှာ ဆွဲချဖို့ ပါပြီးသားဆိုပြီး အတင်းဆွဲချတာ။ နောက်တော့ မယက ပါ ရောက်လာပြီး ညှိနှိုင်းဖို့ လုပ်နေတယ်” ဟု အဆိုပါ တိုက်တွင် နေထိုင်သူ တခြားတဦးက ပြောသည်။

အဆိုပါ လေးခန်းတွဲ သုံးထပ်တိုက်ကို ၁၉၅၅ ခုနှစ်က တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး မြေညီထပ် ၄ ခန်းကို စက်မှု (၁) ဝန်ကြီးဌာနမှ ၀န်ထမ်းများအား လစာဖြင့် ငှားရမ်းထားကာ ကျန်ဒုတိယထပ်နှင့် တတိယထပ် ၈ ခန်းကို ကန်ထရိုက်မှ အရောင်းအ၀ယ် စာချုပ် ချုပ်ဆိုပြီး ရောင်းချခဲ့သည်။

“ဒီကနေ ဖယ်ခိုင်းနေတာ ကျနော်တို့ကို တိုက်ခန်း အစားပြန်ပေးဖို့လည်း အစီအစဉ် မရှိဘူး။ ၇၅ ကျပ် ကတည်းက လစာ ပေးပြီး ငှားနေလာ ခဲ့တာ။ အခုအချိန်ထိ လစာ ပေးနေတာ။ အခုလို လုပ်တော့ ဒုက္ခများကုန်တယ်” ဟု အဆိုပါ တိုက်တွင် နေထိုင်သူ စက်မှု ၁ ၀န်ထမ်း တဦးက ဆိုသည်။

Ref: ဧရာဝတီ်

Read More...

Tuesday, January 18, 2011

နိုင်ငံရေး အကျဉ်းသား ကူညီထောက်ပံ့ရေး NLD ဆောင်ရွက်

ဦးဇော်ဝင်းလှိုင်
တနင်္လာ, 17 ဇန်နဝါရီ 2011

နိုင်ငံရေး အကျဉ်းသားတွေနဲ့ သူတို့မိသားစုဝင်တွေကို တတ်နိုင်တဲ့ဘက်က ကူညီ ထောက်ပံ့ပေးနိုင်ဖို့ ပြီးခဲ့တဲ့ လွတ်လပ်ရေး နေ့တုန်းက မဲနှိုက်ခဲ့ကြတာမှာ ဒေါ်အောင်ဆန်းစုကြည်က သူမ မဲပေါက်ခဲ့တဲ့ နိုင်ငံရေး အကျဉ်းသား အပြင် အဲဒီလူနဲ့ အမှုတွဲ တတွဲတည်း ဖြစ်ကြတဲ့ တခြား နိုင်ငံရေး အကျဉ်းသား ၅ ယောက်ကိုပါ တပါတည်း ကူညီ ထောက်ပံ့ ပေးမယ်လို့ ဆိုပါတယ်။ အဲဒီ နိုင်ငံရေး အကျဉ်းသား မိသားစုဝင်တွေနဲ့ မနေ့က NLD ရုံးချုပ်မှာ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခဲ့ပါတယ်။ အပြည့်အစုံကို ကိုဇော်ဝင်းလှိုင်က တင်ပြ ပေးထားပါတယ်။

NLD အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ကူညီဖို့ မဲပေါက်သူကတော့ လှိုင်သာယာမြို့နယ်က နိုင်ငံရေး အကျဉ်းသား ကိုစိုးမင်းမင်း ဖြစ်ပါတယ်။ ဒါပေမဲ့ ကိုစိုးမင်းမင်း အပြင် သူနဲ့ အမှုတွဲ တတွဲတည်းဖြစ်တဲ့ လှိုင်သာယာ မြို့နယ်ကပဲ တခြား နိုင်ငံရေး အကျဉ်းသား ၅ ယောက်ကိုပါ တပါတည်း ကူညီဖို့ ဒေါ်အောင်ဆန်းစုကြည်က ဆုံးဖြတ်ပြီး အဲဒီ နိုင်ငံရေး အကျဉ်းသား မိသားစုဝင်တွေနဲ့ တွေ့ဆုံခဲ့တဲ့ အကြောင်း NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က ပြောပြပါတယ်။

“ကိုစိုးမင်းမင်း မဲပေါက်ပြီးတဲ့နောက် အထွေထွေ အတွင်းရေးမှူးက ကိုစိုးမင်းမင်းနဲ့ အမှုတွဲများဖြစ်တဲ့ ကိုသန့်ဇင်မျိုး၊ မလှလှမော်၊ ဦးတင်ယု၊ ဦးကျော်စိုးဝင်း၊ ကိုဝင်းမြင့် စတဲ့ အဲဒီ နိုင်ငံရေး အကျဉ်းသားတွေကိုပါ သူက အမှုတွဲ အားလုံးကို တာဝန်ယူပြီး ကူညီဖို့ ဆုံးဖြတ် လိုက်ပါတယ်။ အဲဒီ နိုင်ငံရေး အကျဉ်းသား ၆ ဦးရဲ့ မိသားစုတွေ၊ လှိုင်သာယာကပဲ ဖြစ်ပါတယ်။ အဲဒီ မိသားစုတွေက ဒီနေ့ ရုံးကိုလာပြီး အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူးက သူတို့ကို လက်ခံ တွေ့ဆုံပါတယ်။”

အဲဒီလို တွေ့ဆုံတဲ့အထဲ နိုင်ငံရေး အကျဉ်းသား ၆ ဦးရဲ့ မိသားစုဝင် ၂၅ ယောက်လောက် အပြင် NLD ဗဟိုလူမှု အထောက် အကူပြု အဖွဲ့က တာဝန်ခံ ဦးနိုင်းနိုင်းနဲ့ တခြား ဗဟို အလုပ်မှုဆောင် အဖွဲ့ဝင်တွေ တက်ရောက် ကြတယ်လို့ ဆိုပါတယ်။

နိုင်ငံရေး အကျဉ်းသားတွေရဲ့ ကျန်းမာရေး အခြေအနေ၊ ထောင်ဝင်စာ တွေ့နိုင်ရေး ကိစ္စနဲ့ အကျဉ်းကျ နေသူတွေရဲ့ သားသမီးတွေ ပညာ သင်ကြားနိုင်ရေး ကိစ္စတွေကို ဆွေးနွေးပြီး ဒေါ်အောင်ဆန်းစုကြည်က သူတို့ကို အားပေးစကား ပြောကြား ခဲ့တယ်လို့ ဆိုပါတယ်။

“အဲဒီမှာ အထွေထွေ အတွင်းရေးမှူးက နိုင်ငံရေး အကျဉ်းသား တဦးစီရဲ့ ကျန်းမာရေး အခြေအနေ၊ ထောင်တွင်း နေထိုင်ရတဲ့ အခြေအနေနဲ့ နောက် ထောင်ဝင်စာ သွားရောက်နိုင်တဲ့ အခြေအနေတွေ၊ သွားရေးလာရေး အခက်အခဲ အခြေအနေတွေကို မေးပါတယ်။ မေးပြီးတော့ သူတို့တွေ ထောင်ဝင်စာ ပုံမှန် သွားနိုင်ဖို့ အတွက် ဘယ်လို ပံ့ပိုး ကူညီရမလဲဆိုတာ သူတို့ မိသားစုတွေနဲ့ ညှိနှိုင်းပါတယ်။ အဲဒီ ထောင်ကျ နိုင်ငံရေး အကျဉ်းသားတွေရဲ့ သားသမီးတွေ ပညာရေးကိုလည်း စိတ်ဝင်တစား မေးပါတယ်။ မေးပြီးတော့ ကလေးတွေကို ပညာ ကြိုးစားကြဖို့ ဆုံးမ သြ၀ါဒ ပေးပါတယ်။

“အဲဒီနောက် အခုလို ထောင်ကျနေတဲ့ အတွက်ကြောင့် ဘာမှ အားငယ်စရာ မရှိတဲ့အကြောင်း၊ ဒါဟာ တကယ့် အများ အကျိုးအတွက် ဆောင်ရွက်ရင်း အခုလို ဖြစ်သွားတဲ့ အတွက် ဂုဏ်ယူရမှာတောင် ဖြစ်ကြောင်း၊ အဲဒါတွေ ပြောပြီးတော့ မိသားစုကို အားပေးစကား ပြောပါတယ်။”

NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင် ပြောပြခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံရေးကြောင့် အကျဉ်းကျနေသူတွေနဲ့ သူတို့မိသားစုဝင်တွေကို ရုပ်ဝတ္ထုပစ္စည်း၊ ဒါမှမဟုတ် စိတ်ပိုင်း ဆိုင်ရာ အကူအညီတွေ ပေးနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ နိုင်ငံရေး အကျဉ်းသားများ ကူညီထောက်ပံ့ရေး အစီအစဉ်တခုကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင်ပြီး ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၄ ရက်နေ့ လွတ်လပ်ရေးနေ့က စတင် အကောင်အထည် ဖော်လိုက်တာပါ။

နိုင်ငံရေး အကျဉ်းသားတွေရဲ့ ဓာတ်ပုံနဲ့ ကိုယ်ရေးရာဇ၀င် အကျဉ်းချုပ်ပါတဲ့ ရင်ထိုးတွေကို ကူညီချင်သူ စေတနာရှင် တွေက မဲနှိုက် တာဝန် ယူကြတဲ့ အစီအစဉ် ဖြစ်ပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေကို ရုပ်ဝတ္ထုပစ္စည်း ကူညီမှ မဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာ ကူညီတာဟာလည်း သူတို့လုပ်နေတဲ့ လုပ်ငန်းတွေကို ထောက်ခံ အားပေးရာ ရောက်တယ်လို့ ဆိုပါတယ်။

ဒီနှစ် နှစ်သစ်ကူးချိန်မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က စစ်မှန်တဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ လိုအပ်တဲ့ အကြောင်း မြန်မာ စစ်အစိုးရကို တိုက်တွန်း ထားပါတယ်။

ဒါ့အပြင် ဇန်န၀ါရီ ၃၁ ရက်နေ့မှာ စတင်မယ့် လွှတ်တော်သစ်ကို တက်ကြမယ့် NDF ပါတီက ကိုယ်စားလှယ်တွေ ကလည်း လွှတ်တော်ထဲ ရောက်တာနဲ့ အကျဉ်းသားတွေ လွတ်ငြိမ်း ချမ်းသာခွင့်ပေးဖို့ ဦးစားပေး တောင်းဆိုမယ်လို့ ပြောပါတယ်။

အခုရက်ပိုင်းအတွင်း နိုင်ငံရေး အကျဉ်းသားတွေ အနေနဲ့ ကျန်းမာရေး ဆိုးရွားတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင် နေကြရတယ်လို့ မိသားစုဝင် တွေက ပြောပါတယ်။ အထူးသဖြင့်တော့ ဝေးလံ ခေါင်ဖျားတဲ့ ဒေသတွေကို အပို့ ခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေဟာ ရာသီဥတု ဒဏ်ကို ခံစားရတဲ့အပြင် လုံလောက်တဲ့ ဆေးဝါးကုသမှုလည်း မရကြဘူးလို့ ဆိုပါတယ်။

NLD ကတော့ နိုင်ငံရေး အကျဉ်းသားတွေနဲ့ သူတို့မိသားစုဝင်တွေကို ကူညီ ထောက်ပံ့နိုင်ဖို့ အတွက် ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၂ ရက်နဲ့ ၃ ရက်နေ့တွေမှာ လွတ်လပ်ရေးနေ့ အကြို ရန်ပုံငွေ ဈေးရောင်းပွဲ ကျင်းပခဲ့တာမှာ ကျပ် သိန်း ၁၀၀ လောက် ရခဲ့တယ်လို့ ဆိုပါတယ်။

Ref: VOA News

Read More...

တိုးချဲ့မည့် အရှေ့အလယ်ပိုင်းတိုင်းသို့ ပို့ရန်နယ်မြေခံ တပ်ရင်းများမှ စစ်အင်အား အချို့ ရွေးထုတ်နေ

Monday, 17 January 2011

ထပ်မံတိုးချဲ့မည့် အရှေ့အလယ်ပိုင်းတိုင်းသို့ ပို့ရန် သျှမ်းပြည်မြောက်ပိုင်း သိန္နီနှင့် လားရှိုး ရှိနယ်မြေခံ တပ်ရင်းများမှ တပ် အင်အားများ ရွေးထုတ် စုဆောင်း ထားပြီးဖြစ်ကြောင်း သိန္နီ သတင်းရပ်ကွက် ထံမှ ကြားသိရသည်။

“ဒီလကုန်ရင် စစ်တိုင်းချုပ် ဒု ဗိုလ်ချုပ်ကြီးအောင်သန်းထွဋ် တောင်ကြီးကို လာထိုင် တော့မှာတဲ့။ အရှေ့ အလယ်ပိုင်း ပါရင် စစ်တိုင်း ၄ တိုင်းရဲ့ တိုင်းချုပ်ကြီး ဖြစ်တော့မှာပေါ့ ” ဟု စစ်တပ် အသိုင်းအ၀ိုင်းနှင့် နီးစပ်သည့် လားရှိုးဒေသခံ အမျိုးသမီး တဦးက သျှမ်းသံတော်ဆင့်သို့ ပြောပြသည်။

၁ တပ်ရင်း အင်အား ၆၀ ဖြင့် သိန္နီ စကခ ၁၆ လက်အောက်ခံ ခလရ ၆၉၊ ခလရ ၂၄၀၊ ၂၄၁၊ လားရှိုး ခမရ ၅၀၇ နှင့် ခလရ ၆၈ နှင့် ၄၁ တို့အပြင် အင်္ဂျင်နီယာတပ် ၉၀၂ ထဲမှလည်း ရွေးထုတ် ထားကြောင်း သိရသည်။

“ဆန္ဒအပြည့်ဝမ်းသာအယ်လဲနဲ့ သွားတဲ့ အရာရှိ တယောက်မှမရှိဘူး။ အရှေ့အလယ်ပိုင်းတိုင်း ထပ်တိုးမယ် ဆိုတာက တိုက်ဖို့ ခိုက်ဖို့ ရှေ့တန်းတက်ဖို့ အဓိကဘဲ ဆိုတော့ သေမှာ ကြောက်ကြတာလေ။ တချို့တောင်မှ ထွက်ခွင့် နားခွင့် တောင်းထားတယ် လို့တောင် ကြားရတယ်” ဟု အဆိုပါ အမျိုးသမီး နှင့် အမျိုးတော်စပ်သည့် စစ်တပ် အရာရှိကတော် တစ်ဦးကလည်း ပြောပြသည်။

ယခင်သျှမ်းပြည်တပ်မတော် ကေဒါဟောင်းတဦးက-“ စစ်တိုင်းတတိုင်းဆိုရင် အမှန်က ၂၅ တပ်ရင်း ရှိရ မယ် ။ အခုက သိန္နီနဲ့ လားရှိုးဘဲ ကြားရသေးတယ်။ အင်အားပြည့်ဖို့ တပ်သားသစ် ကောက်မယ့် ပြသနာ ရှိလာဦးမယ်။ ဒါပေမယ့် အရင်က အခြေအနေ ကို ပြန်ကြည့်ရင် နအဖ စစ်တပ်က ဘယ်လောက်ဘဲ တပ်သားသစ်တွေ ထပ်ကောက်ကော် တပ်အင်အားက သိသိသာသာ တိုးလာတာ မတွေ့ရဘူး။ ဘာလို့လဲ ဆိုတော့ လတိုင်း ထွက်ပြေးနေကြတာလေ။ နှစ်တိုင်း ထောင်ချီ ရှိတယ်လို့ သိရတယ်” ဟု သျှမ်းသံတော်ဆင့်အား ပြောပြသည်။

လားရှိုးအခြေစိုက် ယခင် ခလရ ၆၈ တွင် အိမ်ထောင်သည်လိုင်း စစ်တန်းလျား ၂၅ ခု အတွင်း လူပြည့်ခဲ့ ဖူးသော်လည်း ယခုအခါ လူနေသည့် အိမ်ထောင်သည်လိုင်း ၂-၃ ခုသာ ကျန်တော့ကြောင်း အဆိုပါ တပ်ရင်း၌ နေထိုင်ခဲ့ဖူးသူ တပ်မိသားစုဝင် တဦးက ပြောသည်။

“ ၁၉၉၀ လောက်တုန်းက ကျနော် ၆၈ မှာနေဖူးတယ်။ အောက်လိုင်းလို့ခေါ်တဲ့ အကြပ်တပ်သား အိမ်ထောင်သည်လိုင်း စစ်တန်းလျား ၂၅ တန်းက အပြည့်ဘဲ။ တတန်းလျားမှာ ၈ ခန်းရှိတယ်။ အပေါ်လိုင်းလို့ခေါ်တဲ့ အရာရှိလိုင်းတော့ လူမပြည့်ဘူး။ ၂၀၀၅ - ၂၀၀၆ တုန်းက တပ်ထဲ ပြန်သွားလည်တော့ လူပြည့်တဲ့ အောက်လိုင်းက ၂ တန်းဘဲ ကျန်တော့တယ်။ ကျန်တာ တွေ လူမရှိလို့ စုတ်ပြတ်သပ် ပေါက်ပြဲကုန်ပြီ။ စစ်ရေး လေ့ကျင့်မှု သင်တန်းလဲ ၁၉၈၈ အရေးအခင်း မတိုင်ခင် တုန်းက နှစ်တိုင်း တနှစ် ၂ သုတ် ရှိတယ်။ အဲ့တုန်းက တသုတ်မှာလူ ၃၀၀ လောက်နဲ့ သင်တန်းကာလ ၆ လ ကြာတယ်။ ၁၉၉၀ လောက် ရောက်တော့ သင်တန်းမှာ လူ ၆၀ လောက်ဘဲ ရှိတော့တယ်။ သင်တန်းကာလလဲ ၃ လဘဲ လုပ်တော့တယ်။ ၁၉၉၉ မှာတော့ စစ်ရေးလေ့ကျင့်မှု (ရဲဘော်သစ်သင်တန်း) ဆိုတာ မရှိတော့ဘူး” - ဟု ၎င်း၏ ကိုယ်တွေ့ ဖြစ်ရပ်ကို ပြောပြသည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

ကရင်ပြည်နယ် တိုက်ပွဲ နအဖ လက်နက်ကြီးများ ဆက်သုံး

Monday, 17 January 2011

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် အတွင်း ပြင်းထန်စွာ ဖြစ်ပွားနေသော တပတ်ကျော်ရှိ တိုက်ပွဲများတွင် နအဖ တပ်များက လက်နက်ကြီး များကို အသုံးပြု၍ ဆက်လက် ပစ်ခတ်နေကြောင်း တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်မဟာ ၅ နှင့် ကရင် အမျိုးသား အစည်းအရုံး (KNU) တပ်ဖွဲ့ဝင်များက ပြောသည်။

ပြီးခဲ့သည့် နှစ်ရက်အတွင်း KNU ဌာနချုပ် အဟောင်းဖြစ်သည့် ကရင်ပြည်နယ် မာနယ်ပလော ဒေသ အပါအ၀င် ကစောဝါးလေး၊ နုဒေး၊ ဝေါ်လေနှင့် ဖလူး ဒေသများ၌ နအဖ တပ်များနှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု DKBA အရာရှိ တဦးက ပြောပြသည်။

ထိုသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ထိုင်း-မြန်မာ နယ်စပ်ရှိ မယ်လဦး ဒုက္ခသည် စခန်းအနီးသို့ လက်နက်ကြီး ကျည်များ ကျရောက်သည့် အတွက် စခန်းတွင်းရှိ ဒုက္ခသည်များ အထိတ်တလန့် ဖြစ်ကြရကြောင်း သိရသည်။

“မနေ့ ညက ၉ နာရီ ခွဲလောက်ကနေ ၁၀ နာရီ ခွဲလောက်အထိ လက်နက်ကြီး ကျည်တွေ ဒုက္ခသည် စခန်းအနီးကို ကျပြီး ပေါက်ကွဲတယ်၊ ဒါပေမယ့် ဒဏ်ရာရတဲ့လူတော့ မကြားဘူး၊ ဒုက္ခသည်တွေ ကတော့ အဲဒီ ကျည်တွေ ပေါက်ကွဲရင် ရှောင်ဖို့ အဆင်သင့် ထုပ်ပိုး ထားကြတယ်”ဟု DKBA အရာရှိက ဆိုသည်။

DKBA က ၎င်းတို့ကို စစ်ကူပေးရန် တောင်းသည့်အတွက် KNLA တပ်မဟာ ၅ ကို စစ်ကူပို့ပေးမည် ဟုလည်း KNU က ပြောသည်။

လက်နက်ကြီးကျည် ပေါက်ပွဲမှုကြောင့် ဒဏ်ရာရ သေဆုံးစာရင်းကို အတည်ပြု၍ မရသေးကြောင်း၊ နအဖ ဘက်က ဒဏ်ရာ ရသူများကို ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ဖြတ်ပြီး မြန်မာနိုင်ငံ မြ၀တီမြို့ဘက်သို့ သယ်ယူသည်ဟု သိရကြောင်း KNU က ဆိုသည်။

တချိန်တည်းတွင်ပင် ယမန်နေ့က ကော့ကရိတ်မြို့နယ် ဖလူး ဒေသကို ဖြတ်သွားသည့် ရှေ့တန်းသို့ ပို့ရန် စစ်လက်နက် ပစ္စည်းများနှင့် အထောက်အပံ့များ သယ်ဆောင်လာသော နအဖ တပ်မှ ကား၂ စီးကို DKBA က မိုင်းခွဲ တိုက်ခိုက်ခဲ့သေးသည်ဟု ဒေသခံများက ပြောသည်။

တိုက်ပွဲဖြစ်ပွားရာ ရှေ့တန်း စစ်မျက်နှာသို့ ပြီးခဲ့သည့် ကြာသပတေးနေ့က စတင်၍ နအဖ တပ်များ ထပ်မံ ပို့ဆောင်နေကြောင်း လည်း အရှေ့တောင်တိုင်း စစ်ဌာနချုပ်နှင့် နီးစပ်သူ တဦးက ဆိုသည်။

“ကား အစီး ၅၀ လောက်ရှိမယ်၊ ကြာသပတေးနေ့ကတည်းက ကော့ကရိတ်ကို ပို့တာ၊ ရခိုင်ဘက်က တပ်တွေလို့ သိရတယ်၊ တပ်မ ၄၄ လက်အောက်ခံ တပ်တွေတဲ့” ဟု ၎င်းက ဆိုသည်။

နအဖ က တပ်များကို ယခုကဲ့သို့ ရွှေ့ပြောင်းမှု ပြုလုပ်နေခြင်းအား နားမလည်နိုင်ကြောင်း KNU အရာရှိ တဦးက ပြောဆိုသည်။

“အခုလို နအဖ ဘက်က စစ်ကူတပ်တွေပို့နေတာဟာ DKBA တပ်တွေကို အပြီးသတ် ရှင်းလင်းဖို့လား၊ ဒါမှ မဟုတ် လုပ်ရိုး လုပ်စဉ် အတိုင်း တပ်တွေ အပြောင်းအလဲ လုပ်တာလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် တိုက်ပွဲကာလအတွင်း နအဖ တပ်များက DKBA တပ်များ ရှိနိုင်သည့် နေရာများသို့ လက်နက်ကြီးကျည် ရာနှင့်ချီ၍ ပစ် ခတ်ရာ ထိုင်းနိုင်ငံ နယ်နိမိတ်အတွင်း လက်နက်ကြီး ကျည်များ ကျရောက် ပေါက်ကွဲသည့် အတွက် ဇန်န၀ါရီလ ၁၁ ရက်နေ့က မြန်မာ စစ်အစိုးရကို ထိုင်းအာဏာပိုင်များက ကန့်ကွက်စာ ပေးပို့ထားသည်။

ရွေးကောက်ပွဲ ကျင်းပနေစဉ် ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၇ ရက် နှင့် ၈ ရက်နေ့က မြ၀တီမြို့နယ် အပါအ၀င် ဘုရားသုံးဆူ မြို့နှင့် ကြာ အင်းဆိပ်ကြီး မြို့နယ်များတွင် စစ်အစိုးရ တပ်နှင့် DKBA တပ်မဟာ ၅ တို့ တိုက်ပွဲများ စတင် ဖြစ်ပွားခဲ့ပြီးနောက် နေ့စဉ် နီးပါး တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားလျက် ရှိသည်။

Ref: ဧရာဝတီ်

Read More...

စစ်ခေါင်းဆောင်များအား ပစ်မှတ်ထား ပိတ်ဆို့မှု NLD ဆက်လက်ထောက်ခံ

ခင်ဦးသာ
Monday, 17 January 2011

မြန်မာ စစ်အစိုးရ ခေါင်းဆောင်များနှင့် ၎င်းတို့၏ အပေါင်းအပါများကို ပစ်မှတ်ထား ပိတ်ဆို့မှု ဆက်လက် ဆောင်ရွက်ရန် ထောက်ခံသော်လည်း စီးပွားရေးနှင့် သက်ဆိုင်သည့် တခြား ပိတ်ဆို့မှုများ ရုပ်သိမ်းရေး အတွက် တောင်းဆိုရန် ပြန်လည် စဉ်းစား နေသည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ပြောသည်။

“ကျနော်တို့ NLD အနေနဲ့လည်း စုံစမ်းဖို့ ပြင်ဆင်နေပါတယ်။ ပြည်သူတွေကို တကယ် ထိခိုက်တာတွေရှိရင် ပိတ်ဆို့မှုတွေကို ရုပ်သိမ်းပေးဖို့ ကိစ္စကို ကျနော်တို့လည်းပဲ တောင်းဆိုရမယ်” ဟု NLD ခေါင်းဆောင် တဦးဖြစ်သူ ဦးဝင်းတင်က ဆိုသည်။

မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ အရေးယူထားမှုကို ရုပ်သိမ်းပေးရန် အာဆီယံအဖွဲ့၏ တောင်းဆိုမှုသည် ရိုးသားမှု မရှိသဖြင့် မထောက်ခံဟု ဦးဝင်းတင်က ပြောသည်။

“အာဆီယံ အဖွဲ့က တောင်းဆိုတာတွေဟာ စစ်အစိုးရရဲ့ အလိုကျ လိုက်ပြီးတော့ တောင်းဆိုတာသာ ဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

အင်ဒိုနီးရှားနိုင်ငံ Lombok ကျွန်း၌ ကျင်းပနေသော အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေး အပြီးတွင် အာဆီယံ၏ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူထားသူ အင်ဒိုနီးရှားနိုင်ငံခြားရေး ၀န်ကြီး Marty Natalegawa နှင့်အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများက မြန်မာနိုင်ငံ အပေါ် အမေရိကန်နှင့် အနောက်နိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့ အရေးယူမှု ရုပ်သိမ်းပေးရန် မနေ့က တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

အာဆီယံ၏ တောင်းဆိုမှုသည် အခြေအမြစ်မရှိသော လုပ်ရပ်သာဖြစ်ကြောင်း၊ အမေရိကန်နှင့် အနောက်နိုင်ငံများက စီးပွားရေး ပိတ်ဆို့မှုသည် ပြည်သူများအား ထိခိုက်မှု မရှိဘဲ စစ်အစိုးရနှင့် အပေါင်းပါများကိုသာ ထိခိုက်ကြောင်း၊ စီးပွားရေး ပိတ်ဆို့မှုသည် မြန်မာ့နိုင်ငံရေး အပြောင်းအလဲ အတွက် လိုအပ်သော အရာဖြစ်ကြောင်း ဦးဝင်းတင်က ပြောသည်။

စီးပွားရေးပိတ်ဆို့ထားမှုသည် လူ့အခွင့်ရေးချိုးဖောက်ခြင်း၊ ပြည်သူများအား ဖိနှိပ်ခြင်း စသည့် အကြောင်း အရာ များကြောင့် ကမ္ဘာ့ ထုံးစံအတိုင်း လုပ်ဆောင်ခြင်းသာ ဖြစ်ကြောင်း၊ ၎င်းတို့ အနေဖြင့် ဖိတ်ခေါ်ထားခြင်း မဟုတ်ကြောင်း၊ စစ်အစိုးရ အနေဖြင့် မြန်မာ့နိုင်ငံရေးကို လက်တွေ့ကျကျ အပြောင်းအလဲ လုပ်ဆောင်ပါက စီးပွားရေး ပိတ်ဆို့မှုသည် တောင်းဆိုစရာ မလိုဘဲ ကွယ်ပျောက်သွားမည့် အရာသာ ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“ပိတ်ဆို့မှုတွေကြောင့် ဒီမိုကရေစီနဲ့ ပတ်သက်လို့ ထိရောက်တာတွေရှိတယ်။ ဒါကြောင့် ကျနော်တို့က လက်ခံတာပါ” ဟုလည်း ဦးဝင်းတင်က ပြောသည်။

မြန်မာနိုင်ငံသည် ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် လုပ်ဆောင်နေသည့်အပြင် နိုင်ငံရေး အခြေအနေ ပြောင်းလဲ တိုးတက်မှု များရှိလာ၍ စီးပွားရေး ပိတ်ဆို့ထားမှု ဖယ်ရှားရေး၊ လျှော့ပေါ့ရေး တို့ကို လုပ်ဆောင်ပေးရန် အမေရိကန် အစိုးရနှင့် အနောက် နိုင်ငံများကို အာဆီယံအဖွဲ့က တောင်းဆိုခဲ့သည်။

အာဆီယံအဖွဲ့က မြန်မာ့နိုင်ငံရေးလုပ်ငန်းစဉ်များ၌ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပါဝင် နိုင်ရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး တို့ကို အဓိကထား လုပ်ဆောင်ရန်အတွက် နအဖ စစ်အစိုးရအား တောင်းဆို ထားသည်။

အာဆီယံအဖွဲ့ကဲ့သို့ပင် ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသားပါတီများကလည်း ကြေညာချက်တခု ထုတ်၍ စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့ ထားမှုကို ရုပ်သိမ်းပေးရေး အတွက် ဇန်န၀ါရီလ ၁၅ ရက်နေ့က တောင်းဆိုခဲ့သည်။

“ပိတ်ဆို့ထားတဲ့ အထဲက စီးပွားရေးနဲ့ ပတ်သက်တာတွေကို ရုပ်သိမ်းပေးဖို့ ကြေညာချက် ထုတ်တာပါ။ စီးပွားရေး ရင်းနှီး မြှုပ်နှံတာတွေက ပြည်သူတွေကို ထိခိုက်လို့ တောင်းဆိုတာပါ” ဟု ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (SNDP) ခေါ် ကျားဖြူပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးစိုင်းဆောင်ဆီ က ဧရာဝတီကို ပြောသည်။

တောင်းဆိုခဲ့ကြသည့် တိုင်းရင်းသားပါတီများမှာ ရွေးကောက်ပွဲဝင်ခဲ့ကြသည့် SNDP၊ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ (RNDP)၊ မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP)၊ ဖလုံ-စဝေါ်ပါတီ နှင့် ချင်းအမျိုးသား ပါတီ တို့ဖြစ်သည်။

စီးပွားရေးပိတ်ဆို့ထားမှု ဖယ်ရှားရေးသည် စစ်အစိုးရ အပေါ်၌ အဓိကမူတည်နေကြောင်း၊ ထို့ကြောင့် ၎င်းတို့ ကိုယ်တိုင် ဒီမိုကရေစီ ကျသော လမ်းစဉ်ကို လက်တွေ့ ကျင့်သုံးရန် လိုကြောင်း၊ လာမည့် လွှတ်တော်သည် ယူနီဖောင်းချွတ် စစ်ဗိုလ်များ၏ အမိန့်အတိုင်း မဖြစ်သင့်တော့ကြောင်း၊ ဒီမိုကရေစီ လမ်းစဉ်ကို လိုက်နာသော လွှတ်တော်သာ ဖြစ်သင့်ကြောင်း မွန် ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီ ပါတီ၏ ဥက္ကဋ္ဌ နိုင်ငွေသိန်းက ဆိုသည်။

ရွေးကောက်ပွဲအနိုင်ရ ပါတီများအနေဖြင့် စီးပွားရေးပိတ်ဆို့မှုကြောင့် မည့်သည့် အရာများက ပြည်သူများအား တိုက်ရိုက်ထိခိုက် နစ်နာစေသည် ဆိုသည့် အချက်ကို ဦးစွာ လုပ်ဆောင်သင့်ကြောင်း၊ ပြည်သူများအတွက် ကြီးမားသော ထိခိုက်နစ်နာမှု များရှိပါက အချက် အလက်များကို စနစ်တကျ ပြုစု၍ တောင်းဆိုသင့်ကြောင်း ဦးဝင်းတင်က ပြောသည်။

Ref: ဧရာဝတီ်

Read More...

ဒေါ်အောင်ဆန်းစုကြည် ညွှန်ကြားချက်ဖြင့် အခမဲ့ကျောင်း ဖွင့်

အောင်မြတ်စိုး
တနင်္လာနေ့၊ ဇန်နဝါရီလ ၁၇ ရက် ၂၀၁၁

မဇ္ဈိမ (ဘန်ကောက်) ။ ။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ညွှန်ကြားချက်ဖြင့် ပထမဆုံး အခြေခံပညာ အဆင့် အခမဲ့ ပညာသင်ကျောင်းကို ရန်ကုန်ုတိုင်း လှိုင်သာယာ မြို့နယ်တွင် ယနေ့မနက် ဖွင့်လှစ်လိုက်သည်။

အမေ့အိမ်၊ ပညာဒါန (အခမဲ့) အမည်ရှိ ကျောင်းအား လှိုင်သာယာ ၁၃ ရပ်ကွက် မေခလမ်းရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီဝင် တဦး၏ နေအိမ်ခြံဝင်း အတွင်း ယနေ့ ဖွင့်လှစ်ရာ ပါတီ ဒုဥက္ကဋ္ဌ ဦးတင်ဦးနှင့် ဗဟို အလုပ်အမှုဆောင်ဝင် ဦးဝင်းတင်က တက်ရောက် ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်သည်။

“လှိုင်သာယာမှာက ကျောင်းမနေနိုင်တဲ့ ကလေးတွေ၊ ကျောင်းအတန်း ရှိပေမယ့် စာရေးစာဖတ် ကောင်းကောင်း မရသေးတဲ့ ကလေးတွေ အတွက် ပညာဒါန အခမဲ့ လှူတဲ့ သဘောပါ။ တကယ် လိုအပ်တဲ့ နေရာတွေအတွက် လုပ်ဖို့ လိုအပ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ကျနော်တို့ကို မှာကြားခဲ့လို့ပါ” ဟု ကျောင်းဖြစ်မြောက်ရေး စီစဉ်သူများထဲတွင် ပါဝင်သည့် ကိုဖြိုးမင်းသိမ်းက မဇ္ဈိမကို ပြောသည်။

အမေ့အိမ်တွင် တက်ရောက်ရန် ငွေကြေးချို့တဲ့သဖြင့် ကျောင်းမနေနိုင်သူနှင့် အစိုးရ မူလတန်း ကျောင်းတွင် တက်ရောက်နေသူ ဒေသတွင်းရှိ ကလေးငယ် ၁၀၀ ကျော် စာရင်းပေးသွင်းပြီး ဖြစ်သည်။

မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ ဘာသာရပ်များကို အစိုးရကျောင်းသင်ရိုး အတိုင်း သင်ကြားမည်ဖြစ်ရာ ကျောင်း ဖြစ်မြောက်ရေး စီစဉ်သူ တဦးဖြစ်သည့် လှိုင်သာယာ အန်အယ်ဒီ ပါတီဝင် ကိုအေးဗိုလ်နှင့်အတူ ကိုဥာဏ်ဝင်းအောင်၊ ကိုညီညီမင်း၊ ကိုကျော်သူရ၊ မစပယ်၊ မခင်မြတ်သူနှင့် မမြင့်မြင့်အေး စသည့် လူငယ်တစုက တာဝန်ယူ ပို့ချသွားမည်။

“ကျန်းမာရေးပိုင်းနဲ့ဆိုင်လို့ HIV လူနာစောင့်ရှောက်ရေးကို မဖြူဖြူသင်းတို့ လုပ်နေသလို၊ တခြားဘက်က ပညာရေးပိုင်း အနေနဲ့ NLD အဖွဲ့ဝင် တွေကော ဖြန့်ကျက်ပြီးတော့ ပြင်ဆင်နေတဲ့ ကွန်ယက် အဖွဲ့ဝင်တွေလည်း ပါပါတယ်။ ဒီကွန်ယက်က လူငယ်ဆိုလည်း လူငယ် ကွန်ယက် အနေနဲ့ ပါမယ်။ တခြား civil society အုပ်စုတွေလည်း ပါမယ်။ ပြီးတော့ ဝါရင့် နိုင်ငံရေး သမားကြီးတွေ၊ ပြီးတော့ ၇၄-၇၅ တွေ၊ အဲလို ဖြန့်ကျက်ပြီး လုပ်နေတာပါ။ အလုပ်သမား၊ လယ်သမား ကွန်ယက်တွေလည်း ပါမယ်ပေါ့ဗျာ’’ ဟု ယခင်က ပြည်ထောင်စု ဒီမိုကရေစီပါတီ ဥက္ကဋ္ဌဟောင်းလည်းဖြစ်သူ ကိုဖြိုးမင်းသိမ်းက ဆိုသည်။

မနက် ၉ နာရီတွင် အစိုးရကျောင်း၌ ညနေပိုင်းတက်သူ ကျောင်းသားများနှင့် နေ့လည်တွင် အစိုးရ ကျောင်း၌ မနက်ပိုင်း တက်သူ ကျောင်းသားများကို သင်ကြားပေးမည် ဖြစ်သည်။

ထို့ပြင် ၁ဝ တန်း ကျောင်းသားများအတွက်ပါ အနီးကပ် သင်ကြားပေးမည်ဖြစ်ကာ၊ နွေရာသီ ကာလတွင် အင်္ဂလိပ်စာ သင်တန်းများ ဖွင့်လှစ်နိုင်ရန် ရည်မှန်းထားသည်။

လှိုင်သာယာမြို့သည် ရန်ကုန်ဧရိယာကို ခွဲခြားသတ်မှတ်ထားသော လှိုင်မြစ် တဖက်ကမ်း၌ တည်ရှိပြီး၊ ဆင်းရဲချို့တဲ့သူ အများအပြား နေထိုင်ကာ ကျောင်းမနေနိုင်သည့် ကလေးဦးရေ များစွာ ရှိနေသည်။

Ref: မဇ္ဈိမ

Read More...

သင်္ဘောသား ပြန်ပေး နောက် ၁၁ ယောက်

ကျော်ခ
တနင်္လာနေ့၊ ဇန်နဝါရီလ ၁၇ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာသင်္ဘောသား ၁၁ ဦးလိုက်ပါသည့် Samho Jewelry ကိုရီးယား ကုန်တင်သင်္ဘော စနေနေ့က အာရပ် ပင်လယ်ထဲတွင် ဆိုမာလီ ဓားပြများ ပြန်ပေးဆွဲ ခံလိုက်ရကြောင်း မြန်မာ နိုင်ငံ ပင်လယ်ကူး သင်္ဘောသားများ အသင်းက ပြောသည်။

ပြန်ပေးဆွဲခံရချိန်တွင် သင်္ဘောပေါ်တွင် ဓာတု ပစ္စည်း တန်ချိန် ၁ သောင်းကျော်နှင့် မြန်မာ သင်္ဘောသား ၁၁ ဦး အပါအဝင် ကိုရီးယား ၈ ဦးနှင့် အင်ဒိုနီးရှား ၂ ဦး စုစုပေါင်း ၂၁ ဦး ပါသွားသည်။

“ကျနော်တို့ ရတဲ့ အချက်တွေအရတော့ ပြီးခဲ့တဲ့ စနေနေ့က အဖမ်းခံရတယ်။ ရန်ကုန် Samho Shipping ကုမ္ပဏီ ရုံးခွဲက ပို့တဲ့ မြန်မာ ၁၁ ယောက်လဲ ပါတယ်။ ဒီကိစ္စကိုတော့ သူတို့ ထုတ်ပြန် မထားဘူး။ မိသားစုဝင် တွေကိုတော့ ပြောပြ ထားမှာပေါ့”ဟု မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသားများအသင်း ဗဟိုဦးစီးအဖွဲ့ဝင် ဦးဌေးအောင်က ပြောသည်။

ဓာတုပစ္စည်းများတင်ဆောင်လာသည့် အဆိုပါ သင်္ဘော အာရပ်စော်ဘွားများ ပြည်ထောင်စု UAE မှ သီရိလင်္ကာသို့ ဦးတည် ခုတ်မောင်းနေစဉ် ပြန်ပေးဆွဲ ခံရသည်။

ယခုအခါ ဆိုမာလီဓားပြများ ပြန်ပေးဆွဲခံထားရသူ မြန်မာသင်္ဘောသား ၃၄ ဦး ရှိသွားပြီ ဖြစ်သည်။

ယခင်လ ၁ဝ ရက်က မြန်မာသင်္ဘောသား ၂၃ ဦးပါ MV. Panama လိုင်ဘေးရီးယား ကုန်တင် သင်္ဘော တန်ဇန်နီးယား နိုင်ငံ ဒါရက်စ်လမ်းမှ မိုဇမ်ဘစ်နိုင်ငံ ဘိုင်ယာအသွား လမ်းတွင် ဆိုမာလီ ဓားပြ ၅ ဦးက ပြန်ပေးဆွဲသွားသည်။

အဆိုပါ မြန်မာသင်္ဘောသား ၂၃ ဦးမှာ ကျန်းမာလျက်ရှိပြီး မိသားစုနှင့် ဖုန်းအဆက်အသွယ် ရကြောင်း သင်္ဘောကုမ္ပဏီ ရန်ကုန်ရုံးခွဲ တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။

Ref: မဇ္ဈိမ

Read More...

Monday, January 17, 2011

မြန်မာစစ်အစိုးရ၏ နျူးကလီးယားစီမံကိန်း နှင့် ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်း - အပိုင်း (၄)

တပ်မှူးတပ်သား ပြောစကား (၀၄၃)

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ လက်နက်ငယ်တွေမှာ ဆိုရင်လည်း ပြဿနာတွေက engineering အနေနဲ့ ပြောမယ် ဆိုရင်တော့ interchangeability (အစိတ်အပိုင်း အချင်းချင်း ဖလှယ်တပ်ဆင်နိုင်မှု) မရှိတာပေါ့။ (အမှတ်စဉ် နံပါတ်တခုနှင့် ထုတ်လုပ် ထားသော သေနတ် တလက်၏ မောင်းတုံးကို အမှတ်စဉ်နံပါတ် မတူညီသော အမျိုးအစားတူ သေနတ်တလက် ထဲသို့ ပြောင်းရွှေ့ထည့်သွင်း မရနိုင်သည့် စနစ်နှင့် မြန်မာ့ တပ်မတော်တွင် သေနတ်များ ထုတ်လုပ်နေခြင်းကို ဆိုလိုသည်) ကျနော်တို့ ဒီသေနတ်လေး တစ်လက်မှာ အစိတ်အပိုင်း ပေါင်း(၁၆၃)ခု ရှိတယ်ဆိုရင်၊ ဒါ စက်ရုံက ထွက်လာတာတွေကို ကျနော်တို့ ကောက်တပ်လိုက်မယ် ဆိုရင်၊ အားလုံးဟာ သူ့နေရာနဲ့သူ အံဝင်ခွင်ကျ ဖြစ်သွားရ မယ်။ အခုဖြစ်နေတာက အဲဒီ အစိတ်အပိုင်းပေါင်း (၁၆၃)ခုဟာ တစ်ခုနဲ့တစ်ခု အံဝင်ခွင်ကျ မဖြစ်ဘဲနဲ့ တချို့နေ ရာတွေ တံစဉ်း(file) နဲ့ တိုက်ရ တာတွေ ရှိတယ်။ တချို့ နေရာတွေကျတော့ တူနဲ့ ရိုက်နှက်ပြီးတော့ ထည့်ရတာတွေ ရှိတယ်။ ဆိုတော့ ကျနော်တို့ ထုတ်လုပ်တဲ့ လုပ်ငန်း စဉ်မှာ နှေးကွေး ကြန့်ကြာတာတွေ ရှိတယ်။ ပိုက်ဆံ ပိုပြီး ကုန်ကျတာတွေ ရှိတယ်။ ပြီးတော့ အဲဒီ သေနတ်တွေက ထုထောင်း ရိုက်နှက်ပြီးတော့ ဒါကို သေနတ် တလက်အဖြစ် ပုံစံသွင်းလိုက်ရတဲ့ အခါမျိုးကျတော့ ဒီ လက်ဖြစ်သေနက် တူးမီးလောက်တောင်မှ အဆင့် မရှိဘူး ဆိုတဲ့ သဘောမျိုး တွေလည်း ရှိပါတယ်။ သေချာပါတယ် ဗျာ။ နိုင်ငံခြား သေနတ် ကိုင်ထားတဲ့ သူပုန်နဲ့ ကျနော်တို့ မြန်မာ့ တပ်မတော်က အမ်အေ (Myanmar Army အမည်နှင့် သေနတ်များ) ကိုင်ထားတဲ့ စစ်ဗိုလ် ယှဉ်ပစ်မယ်ဆိုရင် ကိုယ့်စစ်ဗိုလ်က သေဖို့ သေချာနေပါတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ ဒီလောက်တောင်ဖြစ်နေတာ ကိုယ်အသုံးပြုနေတဲ့ လက်နက်ငယ်၊ လက်နက်ကြီး၊ ဗုံးသီး၊ အမြောက် ကျည်ဆံ အဲဒါတွေကအစ ဒီလိုတွေ ဖြစ်နေပြီးတော့ တပ်တွေမှာလည်း တပ်ပြေးဆိုတာ လတိုင်းမှာ တစ်လကို ဘယ်လောက်ပဲ အပေါ်ကို စာရင်းတင်ရင် များလွန်း အားကြီးလို့ စာရင်းလျှော့ ပြနေရတယ်။ ပြေးကြတဲ့ အထဲမှာ အကြောင်း အမျိုးမျိုးနဲ့ပေါ့ နော်၊ အခု အရာရှိတွေ ဆိုတာ အများကြီးပါလာ ပြီ။ အဲဒီတော့ ဒီလောက် ဖြစ်ပျက်နေတဲ့ ကြားထဲကပဲ တပ်မတော်ကြီးဟာ အင်မတန်ကို အင်အား ခိုင်မာ တောင့်တင်းပြီးတော့ တိုင်းပြည်အတွက် ကာကွယ်ရေး စွမ်းရည် အပြည့်နဲ့ ရှိနေပါတယ် ဆိုပြီးတော့၊ စစ်ကျောင်းကြီးတွေရဲ့ ဗိုလ်သင်တန်း ဆင်းပွဲတွေ၊ တပ်မတော် အခမ်းအနား၊ ဟိုအခမ်း အနား ဒီအခမ်းအနားတွေမှာ တပ်မတော် ခေါင်းဆောင်တွေက ပြောဆို ပေးနေတာတွေ အပေါ်မှာ တပ်မတော်သားတွေ အနေနဲ့ ယုံကြည်မှု ရှိနိုင် ပါ့မလား ခင်ဗျ။ အခု ဗိုလ်မှူးတို့လို ကိုယ်တိုင်ကြုံတွေ့ နေရတဲ့လူ၊ ကိုယ်ထုတ်လုပ် လိုက်တဲ့ စစ်လက်နက် ပစ္စည်းဟာ ရှေ့တန်းမှာ တိုက်ခိုက်နေရ တဲ့ တပ်မတော်သားတွေ အတွက် ဒုက္ခပဲရောက်ဖို့ ရှိနေတယ်ဆိုတာ ကိုယ့်ဘာသာလည်း သိနေတယ်။ သိသိကြီးနဲ့ပဲ အကုန်လုံး လုပ်နေကြတယ်။ ဆိုတော့ အဲဒီလို အနေအထားမျိုးနဲ့ ဘက်စုံ ကဏ္ဍစုံ၊ တတိုင်းပြည်လုံးမှာ ဘယ်ကဏ္ဍမှ ဖွံ့ဖြိုးမှုကဏ္ဍ မကျန်အောင် လုပ်ဆောင် နေပါတယ်လို့ ဟိုတနေ့က ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ပြောသွားတယ်။ ကိုယ့်တပ်မတော်၊ ကိုယ့်ကဏ္ဍ၊ ကိုယ့်ကာကွယ်ရေး ကဏ္ဍမှာတောင် အဲဒီလောက်တွေ ဖြစ်ပျက်နေတာ သူတို့ အထိတော့ ထားပါတော့၊ အဆင့်ဆင့်ကကော သိကြရဲ့လားခင်ဗျ။ သိလျှက်သားနဲ့ ဒီအတိုင်းပဲ နေနေကြတာလား။ ဒါ ကြီးကို ရှင်းလို့မရလို့ "ဒီအတိုင်းပဲ ထားလိုက်ကြ၊ ငါ့လက်ထဲမှာ မဖြစ်ရင်ပြီးတာပဲ" ဆိုတဲ့ အနေအထားနဲ့ သွားနေတာလား ခင်ဗျ၊ ဗိုလ်မှူးရဲ့ အတွေ့အကြုံအရ ဘယ်လိုရှိပါသလဲ၊ ဘယ်လိုမြင်ပါသလဲ ခင်ဗျ။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ကျနော်ကတော့ ဒီ တပ်မတော်ကို အုပ်ချုပ်နေတဲ့လူတွေ တပ်မတော် တင်မက နိုင်ငံတော်ပါ အုပ်ချုပ် နေတဲ့ လူတွေက စေတနာ မမှန်ဘူးလို့ပဲ မြင်ပါတယ်။ စစ်လက်နက် ပစ္စည်းတွေကို ထုတ်လုပ်ရာမှာ တင်မက လမ်းတံတားတွေ ဖောက်တဲ့ နေရာမှာ ဆိုရင် လည်း သူက ဖောက်တယ်သာ ပြောတယ်လေ၊ တံတားတစ်စင်းက ဘယ်လောက်ကြာကြာ ခံမလဲဆိုတာ သူတို့မှ ထည့်မပြောတာ။ ပြီးတော့ ဒီ တံတားတစ်စင်း ဖောက်လိုက်လို့ သူတို့အိတ်ထဲကို လာဘ်လာဘတွေ ဘယ်လောက် ၀င်သွားမလဲ ဆိုတာ လူတိုင်းက အကုန်သိနေတာပဲ။ သူတို့ လုပ်နေတဲ့ ကိစ္စတွေကိုတော့ အောက်ခြေ တပ်မတော်သားတွေက အယုံအကြည် မရှိပါဘူး။ အကုန်လုံးက ကြောက်လို့သာ ငြိမ်နေကြတာပါ။ သူ တို့ရဲ့ လုပ်ပုံ ကိုင်ပုံတွေကို အယုံအကြည် မရှိတာ အထူးသဖြင့် ကျနော်တို့ စစ်တပ်ထဲမှာ နေကြတဲ့လူတွေက ကျနော်တို့ စစ်သား စကားပေါ့ဗျာ၊ ခပ်ရိုင်းရိုင်းပဲ ပြောကြပါတယ်။ “လုပ်တော့ လက်တန်း၊ တိုင်းတော့ မျက်မှန်း ၊ ပြောတော့ေ_ာက်သရမ်း” ဆိုတာ ဒီ "လူကြီး"တွေ (လက်ရှိ မြန်မာ့တပ်မတော် စစ်ခေါင်းဆောင်တွေ) လုပ်နေတဲ့ ဥစ္စာကို ကျနော်တို့ စစ်သားတွေ ပြောနေကျ စကားပါပဲ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ခင်ဗျ၊ အခု မကြာသေးခင်က ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေ ကြည့်မယ်ဆိုရင်၊ ဝေါလေ တိုက်ပွဲ။ ဝေါလေ တိုက်ပွဲကို အခု အမေရိကန် တပ်မတော်က ပြန်သုံးသပ်ထားတာ၊ သူတို့ကတော့ အပေါ်က နေပြီးတော့ လေကြောင်း aerial photo (ကောင်းကင်ဓါတ်ပုံ) တွေ ဘာတွေနဲ့ ကြည့်ပြီး၊ သူတို့ပြောတာက သူတို့ ထင်တောင် မထင်ဘူး။ ဒီ ဝေါလေကို မြန်မာ စစ်တပ်က နေပြီးတော့ ခံစစ်စည်းချတာ တကယ့် အခြေခံ လုပ်ရမယ့် ဟာတောင်မှ အခြေခံအတိုင်း မသွားဘူး။ chopper (ရဟတ်ယာဉ်) ထားရမယ့် နေရာနဲ့ command center (အမိန့်ပေးနေရာ) နဲ့ နေရာလွဲတာတို့ ဘာတို့၊ အဲဒါကြောင့်မို့ အခု ဒီ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ တက်သိမ်းတဲ့ အခါမှာ အလွယ်တကူနဲ့ သူတို့ ကျ သွားတယ်။ တပ်စခန်းတစ်ခုကို ဘယ်လို ကာကွယ်ရမလဲ ဆိုတဲ့ ဟာမျိုးတောင်မှ နော်၊ သူတို့ မလုပ်နိုင်တော့ဘူး ဆိုတော့ အခု အဖက်ဖက်က နေ ဒီလိုမျိုး ချွတ်ချုံကျနေတာ လက်နက် ခဲယမ်းပိုင်းကော၊ စိတ်ဓါတ်ရေးရာ အရကော၊ အရာရှိတွေကော စစ်သည်တွေကော တပ်ပြေးတွေ ဒီ လောက်များတာကော၊ တိုက်ပွဲတစ်ပွဲကို နိုင်အောင် မတိုက်နိုင်တော့ဘူး။ ဆိုတော့ အဲဒါမျိုးတွေ ဖြစ်လာတဲ့ဟာ တကယ်တမ်း ပြည်ပရန်နဲ့ ကြုံ ရင် ဒီတပ်မတော်က ဒီတိုင်းပြည်ကို ကာကွယ် နိုင်ပါဦးမလား။ ဗိုလ်မှူးရဲ့ အတွေ့အကြုံအရ ဘယ်လိုမြင်လဲ။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ အစောက ပြောတဲ့ ဝေါလေ တိုက်ပွဲမှာ chopper တွေကို ဒီ ဗျူဟာကုန်းရဲ့ အနောက်မှာ ထားတယ် ဆိုတာက ဗျူဟာမှူး အနေနဲ့ ပူပန်မှုတွေ ရှိပါတယ်။ နိုင်ငံတကာက နေပြီးတော့ သုံးသပ်မယ်ဆိုရင်၊ မြန်မာ့ တပ်မတော်က အရာရှိတွေကို အင်မတန် ထူးဆန်း တယ်လို့ပဲ သုံးသပ်ကြမှာပဲ၊ ဘာလို့လဲဆိုတော့ မြန်မာ့ တပ်မတော်က အရာရှိတွေက စက်ယန္တယားတွေကို လူထက် ပိုပြီး တန်ဘိုး ထားကြပါတယ်။ ဒီ chopper တွေကို ဗျူဟာကုန်းရဲ့အနောက်မှာ ထားရတယ် ဆိုတာကလည်း မတော်တဆ ပျက်စီး သွားမှာစိုးလို့ ရဲဘော်တွေကို အရှေ့မှာခံပြီး chopper တွေကို အနောက်မှာ ထားရတာ ဖြစ်ပါတယ်။ ဒီ ရဟတ်ယဉ် တစ်စီး ပျက်ကျသွားမယ် ဆိုရင် အဲဒီ ဗျူဟာမှူးက စုံ/ခုံ (စုံစမ်းစစ်ဆေး ရေးခုံရုံး) တက်ရမှာ ဖြစ်ပါတယ်။ အဲဒီ ပြဿနာလေးတွေ ရှိပါတယ်။ ကျနော်တို့ တပ်မတော်မှာ။

ဦးရော်နီညိမ်း။ ။ ဒါဆိုလို့ရှိရင် ဒါ သေနင်္ဂဗျူဟာအခြေခံအရ တောင်ကုန်းတစ်ကုန်းကို ခံစစ်စည်း (၃) စည်း လုပ်တဲ့ နေရာမှာ၊ အလယ် ဒုတိယ စည်းမှာ ဒီ chopper တွေက ထားရမယ်၊ command က နောက်ဆုံးစည်းမှာ ထားရမယ် ဆိုတာ လူတိုင်း သိပြီးသားပဲ၊ တပ်မှာပေါ့နော်။ ဒါပေမယ့် သူတို့ က chopper တွေကို နောက်ပို့ရတဲ့ အကြောင်းအရင်းက chopper တွေများ တစ်ခုခု ထိခိုက် ပျက်စီးခဲ့မယ် ဆိုရင် စစ်ခုံရုံး တက်ရမှာစိုးလို့ ဆိုတဲ့ အပေါ်မှာ ဖြစ်ရတယ်လို့ ဗိုလ်မှူးက အခုပြောပြတယ်။ အဲဒီတော့ ဒီလိုမျိုး လွဲချော်နေတဲ့ ဟာက ခုနက ဗိုလ်မှူးပြောသလို ပစ္စည်းက လူထက်ပိုပြီး တန်ဘိုး ရှိနေလို့ ဒါကို ကာကွယ်ရတာ ဖြစ်တယ် ဆိုတော့ စစ်သဘောတရား အရ အမှားကြီးကို သူတို့ လုပ်တဲ့ဟာက အခု ဒီမှာ အပေါ်က aerial photo နဲ့ ကြည့်တဲ့ လူတောင်မှ သိနေတဲ့ ကိစ္စ။ ဆိုတော့ အဲဒါတွေက အထက်ကို ပြန်တင်ပြ လို့မရဘူးလား၊ ဒီ တိုက်ပွဲဟာ ကိုယ်က မကျဖို့ အရေးကြီး တာပေါ့။ အခုတော့ ဒီ chopper တွေကတော့ လွတ်ထွက်သွားပါရဲ့၊ ခုနက ပြောသလို နောက်ဆုံးမှာ ထားလို့၊ ဒါပေမယ့် ဒီတောင်ကုန်း ကတော့ ကျသွားတယ်။ ဆိုတဲ့ဟာက၊ နောက် အများကြီးလည်း ကိုယ့်ဘက်က သေတာပေါ့။ ဒါမျိုးကို ပြန်ပြီး တော့ တင်ပြလို့ မရဘူးလား။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ မရနိုင်ပါဘူး ခင်ဗျာ၊ ဒါကတော့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ အဲဒီ ရှေ့တန်း အပို့ခံရတဲ့ ဗျူဟာမှူး ဆိုတာလည်း အမြင်ကပ်လို့ အပို့ခံရတဲ့ ဗျူဟာမှူးတွေပဲ ဖြစ်ပါတယ်။ သူတို့မှာ "ရှေ့တိုးလည်း ထမ်းပိုး နောက်ဆုတ်လည်း လှည်းတုတ်" ဆိုတဲ့ အဖြစ်မျိုးပါ။ သူတို့ ဖြစ်နေတဲ့ ပြဿနာကလည်း များသောအားဖြင့် အလုပ်သင်က ဖြစ်တဲ့ (အလုပ်သင် ဗိုလ်သင်တန်းကျောင်းဆင်း) ဗျူဟာမှူးတွေ ကိုပဲ အဲဒီ လိုမျိုး အနှိမ်ခံ ဗျူဟာမှူးတွေကိုပဲ ရှေ့တန်းကို ပို့တာရှိတယ်။ DSA ဆင်းဆိုရင်လည်း တော်တော်ကြီးကို သူတို့ မျက်မုန်း ကျိုးတဲ့ လူတွေကိုပဲ ပို့ တာရှိတယ်။ အဲဒီတော့ ခုန ဗျူဟာမှူးက လက်တွေ့အကျဆုံး အလုပ်ကို သူ လုပ်သွားတာပါပဲ။ လူတွေ အသေခံပြီးတော့ ရဟတ်ယာဉ်တွေကို ကာကွယ်သွားရတဲ့ အနေအထားမျိုး ဖြစ်ပါတယ်။ ပြီးတော့ အဲဒီ ဗျူဟာမှူးက ပြီးရင် စစ်ခုံရုံး တက်ရမှာပါပဲ၊ ဘယ်လိုပဲ ဖြစ်ဖြစ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ DSTA ပေါ့နော်၊ "တပ်မတော်နည်းပညာတက္ကသိုလ်"ဆိုတာက ပြောမယ်ဆို စစ် အင်ဂျင်နီယာ တက္ကသိုလ်ပေါ့၊ စစ်အင်ဂျင်နီယာ ဆိုတာ ဟိုခေတ်က B.Sc Engineering နောက် R.I.T ဆင်း၊ အဲဒါကို O.T.S တက်ပြီးတော့မှ ရွေးပြီးခေါ်တယ်။ အခု အဲဒါ ကို မဟုတ်ဘူး (၁၆)နှစ် (၁၇)နှစ်သားကတည်းက လူငယ် ဘ၀ကတည်းက စစ်ထဲ ၀င်လာတဲ့ ကိုယ်ယုံ ကြည်စိတ်ချရတဲ့ လူမျိုးကိုမှ DSA ပုံစံမျိုး နဲ့ ရွေးထုတ်ပြီးမှ မွေးမြူမယ် ဆိုတဲ့ ဟာမျိုးနဲ့ သူတို့လုပ်လာတာ။ DSTA ကော DSMA လည်းရှိသေးတယ်။ "တပ်မတော် ဆေးတက္ကသိုလ်"၊ ဆိုတော့ အဲဒီလိုမျိုး သူတို့ ယုံကြည်ပါတယ် ဆိုပြီးတော့ ငယ်ငယ်လေး ကတည်းက မွေးပြီးတော့မှ ထောင်လာတဲ့ တက္ကသိုလ်က ထွက်တဲ့ ဗိုလ် မှူးဆိုရင် ဒါ DSTA အပတ်စဉ် (၁)က ထွက်တာ၊ အဲဒီတော့ အဲလို ဗိုလ်မှူးတောင်မှ ဒီလိုမျိုး သူတို့ လုပ်နေတဲ့ အပေါ်မှာ ကိုယ်သဘောမတွေ့တဲ့ ကိစ္စဖြစ်လာတော့ အဲဒီ DSTA ကို တက်ဖြစ်တဲ့ အကြောင်းနဲ့ နောက် ရုရှ သွားပြီးတော့ ပညာသင်ရတဲ့ အကြောင်းကို ချုံငုံပြီး ပြောပေးပါခင်ဗျ။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ DSTA ကို join တာကတော့ စစ်ထဲဝင်လိုက်တယ် ဆိုတာထက် ကိုယ်က တက္ကသိုလ် တစ်ခုကို တက်လိုက်တဲ့ သဘောပဲ ရှိပါတယ်။ ဒါပေမယ့် စစ်သားစိတ် ပေါက်သွားတယ် ဆိုတာကတော့ ကျနော်တို့ စစ်သင်တန်း တက်ပြီးတဲ့ အချိန်မှာ သူငယ်ချင်းတွေနဲ့ အတူတူသွားတယ်။ အတူတူစားတယ်။ အဲဒီလို နေလာတဲ့ အခါကျမှသာ ကျနော်တို့က စစ်သားစိတ် ဆိုတာ ဖြစ်လာပါတယ်။ စစ်သားစိတ်ဖြစ် လာတဲ့ အခါမှာလည်း ကျနော်တို့က ဒါ တိုင်းပြည်ကို ကာကွယ်ဖို့၊ ပြည်ထောင်စုသား အားလုံးကို ကာကွယ်ဖို့ ကျနော်တို့ တိုင်းပြည်ထဲမှာ ရှိနေ တဲ့ ပြည်ထောင်စုသား ဆိုရင် ကျနော်တို့ ကာကွယ်ရမယ်။ ဒါပေမယ့် နောက်ပိုင်း ကိုယ့်ရဲ့ ခံယူချက်တွေ ကိုယ့်ရဲ့ယုံကြည်ချက်တွေက အလွဲသုံး စား လုပ်ခံရတယ် ဆိုတာကတော့ မြင်လာတယ်ဗျ။ ကျနော့်အနေနဲ့ ပိုပြီးတော့ သိသာ မြင်သာတာကတော့ ဒီ "လူကြီး" တွေရဲ့ လုပ်ပုံကိုင်ပုံဟာ စေတနာ မမှန်တာကို ကျနော်တို့က သိတော့ သိလာတယ်။ ဒါပေမယ့် အဲဒီ အချိန်မှာ ယူနီဖောင်း တစ်ရောင်တည်း ၀တ်ထားတဲ့ လူအနေနဲ့ ၊ ပြီးတော့ ကိုယ်အလေးပြု နေတဲ့ လူအနေနဲ့ ကျနော်တို့ဟာ ဘာမှ ပြန်ပြီး ဝေဖန်ဖို့ အတွက် စိတ်ကူး မရှိခဲ့ဘူးပေါ့ ဗျာ။ ရဲရဲမတွေးရဲဘူးပေါ့၊ အဲဒီ အချိန်မှာ နောက်ပိုင်းမှာ ရုရှကို ပညာတော်သင် သွားရတယ်။ အဲဒီမှာ ကျနော်တို့ ပိုပြီးတော့ လွတ်လပ် ပွင့်လင်းသွားတယ်။ ပထမဦးဆုံး အင် တာနက်ကို စသုံးလာရတယ်။ အဲဒီမှာ ကျနော်တို့ ပိုပြီးတော့ တခြားစာပေတွေ လေ့လာခဲ့တာရှိတယ်။ တခြား မိတ်ဆွေ အပေါင်းအသင်း တွေ့ ကြုံလာတာရှိတယ်။ အဲဒါပြောဆို ဆွေးနွေးရင်းနဲ့ ကမှ ပိုပြီးတော့ မျက်စိပိုပွင့် လာပြီးတော့မှ၊ နောက်ဆုံး တိုင်းပြည်အတွက် အကျိုးရှိမယ်ထင်တဲ့ အလုပ်တစ်ခုကို ကျနော် လုပ်ခဲ့တာပါ။

ဦးရော်နီညိမ်း။ ။ ဗိုလ်မှူးကို ဗိုလ်မှူးမဖြစ်သေးဘဲနဲ့ ကိုယ့်ကိုယ်ကို ဗိုလ်မှူးလို့ ပြောတယ် ဘာညာ သူတို့ သတင်းစာတွေက ရေးတယ်။ ကျနော်တို့ သိထား သလောက်ကတော့ officiating (တစ်နှစ် အစမ်းခန့်) ဗိုလ်မှူးဆိုရင်၊ ဒါ အပွင့်မတင်သေးခင် စပ်ကြားမှာ တပ်ထဲမှာ လူတိုင်း က ဗိုလ်မှူးလို့ပဲ ခေါ်ရတယ်။ အဲဒီအခါကျတော့ ကျနော်တို့က ဗိုလ်မှူးပဲ ခေါ်တယ်။ ဘာကြောင့်လဲ ဆိုတော့ သူတို့တောင်မှ ဒီမှာ အသက် (၈၀) နားနီးနေပြီ။ တပ်မတော် အက်ဥပဒေနဲ့ ဆိုရင် ကျနော်တို့ ကြားဖူးတာ ပုဒ်မ (၆၅) " စစ်စည်းကမ်းကျနမှု" ကို ဖောက်ဖျက်ပြီး ကိုယ်ကတော့ အငြိမ်းစား မယူဘဲနဲ့ သူများကို အသက်(၆၀) မှာ အငြိမ်းစားယူခိုင်းပြီး သူတို့ လုပ်နေတယ်။ ဗိုလ်မှူးက officiating မစေ့ခင်မှာ ထွက်လာတဲ့ဟာ ကို သူတို့က ဘာပဲပြောပြော ကျနော်တို့ကတော့ ဗိုလ်မှူးကို ဗိုလ်မှူးလို့ပဲ မြင်ပါတယ်။ နောက်တခါ ကျတော့ ဗိုလ်မှူးက ဒီအတိုင်းပဲ နေသွားရင် လည်းပဲ officiating ပြည့်ပြီး ဗိုလ်မှူးဖြစ်၊ နောက် မကြာခင်မှာပဲ ဒုဗိုလ်မှူးကြီးပေါ့ နော်၊ ဒုဗိုလ်မှူးကြီးဆိုတာ ပထမတန်း First Grade ထဲက ဒါ တံခါးဝပဲ။ အဲဒီတော့ ဒီတံခါးဝကို ဗိုလ်မှူးက ရောက်ခါနီးနေတဲ့အချိန်မှာတောင်မှ၊ ဒီကိစ္စကို ငါ ရအောင်လုပ်မှ ဖြစ်မယ်ဆိုတဲ့ ဟာမျိုး ဘယ်အ ကြောင်း အရာကစေ့ဆော်ပြီး ဘယ်လိုဖြစ်သလဲ ဆိုတာ ကျနော်တို့ကို ပြောပြပေးပါ ခင်ဗျ။

(မှတ်ချက်။ ။ မြန်မာ့တပ်မတော်တွင် အရာရှိများအား ဒု-ဗိုလ် မှ ဗိုလ်ကြီး အထိ Third Grade အရာရှိ၊ ဗိုလ်မှူးအား Second Grade အရာရှိ၊ ဒု-ဗိုလ်မှူးကြီးနှင့်အထက် အရာရှိကြီးများအား First Grade အရာရှိ ဟု ခွဲခြား သတ်မှတ်ထားသည်။)

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ မြန်မာပြည်ကို ဘယ်သူမှလည်း လာပြီး ကျူးကျော်စရာ မရှိဘူး။ သူတို့က တချိန်လုံး ဒါ ပြည်ပ ကျူးကျော်စစ်ကို ကာကွယ်ဖို့ ဆိုတဲ့ ရည်မှန်းချက်ကြီးနဲ့ပဲ တောက်လျှောက် လုပ်နေပါ တယ်။ အဲဒီမှာ ကျန်တဲ့ ကဏ္ဍတွေ အားလုံးက ယုတ်လျော့သွားတယ်။ "တပ်မတော် အင်အားရှိမှ တိုင်းပြည် အင်အားရှိမည်" ဆိုတဲ့ဟာကို ကျနော်က လက်မခံပါဘူး။ ကျနော်က "တိုင်းပြည် အင်အားရှိမှ တပ်မတော် အင်အားရှိမည်" ဆိုတာကိုပဲ လက်ခံပါတယ်။ အဲဒါကြောင့်မို့ တိုင်းပြည် အင်အား ယုတ်လျော့စေတဲ့ ဒီကိစ္စကို ကျနော် လုံးဝ လက်မခံတာပါ။ ဒီ နျူးကလီးယား စီမံကိန်းဆိုတာ ကျနော်တို့ မြန်မာပြည် အတွက် လုံးဝ မလိုအပ်တဲ့ ကိစ္စပါ။ မလိုအပ်တဲ့ ကိစ္စဆိုတာ သူတို့ရဲ့ paranoia ပေါ့ ကိုယ့်ကိုယ်ကို ကြောက်နေတာ၊ တစ်တီတူး ခြေထောက်မိုးပေါ် ထောင်ပြီး အိပ်သလိုမျိုး ဖြစ်နေပါတယ်။ ဆိုလိုတဲ့ သဘောက ဒီဥစ္စာကြီးက ပြည် သူ့ဘဏ္ဍာငွေတွေ ဖြုန်းတီးနေယုံတင် မကဘဲ ကျနော်တို့ လူငယ်တွေရဲ့ ဘ၀တွေကိုပါ ဖြုန်းတီး ပစ်နေတယ်။ လူ အရင်းအမြစ်၊ ပစ္စည်းအရင်းအ မြစ်မရှိဘဲနဲ့ technology အရင်းအမြစ် မရှိဘဲနဲ့ ဘယ်လိုမှ မဖြစ်နိုင်တဲ့ ကိစ္စကို နိုင်ငံတကာနဲ့လည်း ပွင့်ပွင့်လင်းလင်း ဆက်ဆံပြီးတော့ လုပ်တာ လည်း မရှိဘူး။ ကျနော် ဒီကိစ္စကို ဖော်ထုတ် ရတဲ့ အကြောင်းအရင်း အဓိက ကတော့ ဒီ မအောင်မြင်နိုင်တဲ့ အဓိပ္ပါယ် မရှိတဲ့ "ရူးနှမ်းနှမ်း စီမံ ကိန်းကြီး"ကို ကျနော်က ဖျက်ချင်တာ၊ ဒီစီမံကိန်းကြီးကို ကျနော်က ရပ်တန်းက ရပ်စေချင်တဲ့ သဘောနဲ့ လုပ်တာပါ။ တပ်မတော်သားတွေ အနေနဲ့ သစ္စာ စောင့်သိခြင်းမှာ အတွေးအခေါ်နဲ့ ယှဉ်ပြီး သစ္စာစောင့်သိတာက ပိုပြီး တော့ကောင်းမယ်လို့ ကျနော်ထင်ပါတယ်။ တပ်မတော်သား တွေဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ခါးပုံစကို ဆွဲပြီးတော့ သစ္စာ ဆိုလာကြတာ မဟုတ်ပါဘူး။ နိုင်ငံတော်အလံကို ကိုင်ပြီးတော့ သစ္စာဆိုလာကြ တာပါ။

ဦးရော်နီညိမ်း။ ။ မြန်မာစစ်အစိုးရဟာ နျူကလီးယားလက်နက်တွေ လျှို့ဝှက်ထုတ်လုပ်ဖို့ စီမံကိန်း တွေရှိနေတယ် ဆိုတဲ့ အထောက်အထား တစ်ချို့ကို ယူဆောင်ပြီး ပြည်ပကို ထွက်ခွါလာသူ ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်းရဲ့ ပြောစကား စတုတ္ထပိုင်း၊ နောက်ဆုံးပိုင်းကို တင်ဆက် ပေးခဲ့တာဖြစ်ပါတယ် ခင်ဗျာ။ ကျနော် ရော်နီညိမ်းပါ။

Ref: VOA News

Read More...

တူနီးရှား စစ်တပ်က အာဏာပြန်သိမ်းဖို့ ကြိုးစားတဲ့ သမ္မတကိုယ်ရံတော် တပ်ကို ချေမှုန်းပြီ

January 17, 2011

နိုင်ငံကို ၂၃ နှစ်ကြာ အုပ်ချုပ် ခဲ့သည့် အာဏာရှင် သမ္မတ ဘင်အလီ ရဲ့ ကိုယ်ရံတော် တပ်တွေကို ဒီနေ့ မြို့တော် တူနစ်က သမ္မတ နန်းတော် နဲ့ ဗဟိုဘဏ် အနီး ၎င်းတို့ တပ်စွဲ ထားရာမှ စတင် ချေမှုန်း နေပြီ ဖြစ်ပါတယ်။ အစိုးရ အဖွဲ့အစည်း သစ် စတင် ဖွဲ့စည်းတာကို ဆန့်ကျင်ပြီး အာဏာရှင် သမ္မတ ကို သစ္စာ ခံတဲ့ အတွက် စစ်တပ် က ၎င်း တို့ဘာသာ တာဝန်သိ စိတ် နဲ့ ချေမှုန်းနေတာ ဖြစ်ပါတယ်။ နောက်ဆုံးရ သတင်းတွေ အရ ယခင်ပြည်ထဲရေး ၀န်ကြီး နဲ့ ကိုယ်ရံတော် တပ်ရဲ့ တပ်မှုး ဖြစ်သူကို စစ်ရဲ တပ်ဖွဲ့က ၎င်းရဲ့ အိမ်ကနေ သမ္မတ နန်းတော် ကို အလာမှာ ဖမ်းဆီး လိုက်ပါတယ်။

ကိုယ်ရံတော် တပ်ဖွဲ့ ခေါင်းဆောင် အလီ ဆီရီယာတီ နဲ့ အခြား စစ်တပ် အရာရှိ လေးဦးနဲ့ ထောက်လှမ်းရေး အရာရှိ သုံးဦး ကို အဏာ ပြန်သိမ်းရန် ကြိုးပမ်းမှု နဲ့ ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။

ကိုယ်ရံတော် တပ်ဖွဲ့မှာ ခောတ်မှီ လက်နက် တွေရှိပြီး၊ တပ်ဖွဲ့ဝင် ခြောက်ရာကျော်လောက် ရှိပါတယ်။ ဒီတပ်ဖွဲ့ ၀င်တွေ ဟာ သာမန် စစ်သားတွေထက် လစာ ပိုရပါတယ်။ ဘင်အလီ ကတော့ ဇန်န၀ါရီလ ၁၄ ရက်နေ့မှာ နိုင်ငံက ထွက်ပြေး သွားပြီ ဖြစ်ပါတယ်။

Ref: Freedom News Group

Read More...

သမ္မတကြီး ဦးသန်းရွှေ ဖြစ်လာမလား

Friday, 14 January 2011

နောက်တက်မည့် အစိုးရအဖွဲ့တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သမ္မတအဖြစ် တာဝန်ယူမည်ဟု နေပြည်တော်ရှိ စစ်အစိုးရ အသိုင်း အ၀န်းတွင် ပြောဆို နေကြကြောင်း ဧရာဝတီမှ သိရသည်။

ဒု သမ္မတနေရာအတွက် အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ကြီးဟောင်း သီဟသူရ ဦးတင်အောင်မြင့်ဦး၊ ပြည်ထောင်စု လွှတ်တော် ဥက္ကဋ္ဌ နေရာတွင် ဗိုလ်ချုပ်ကြီးဟောင်း ဦးရွှေမန်း၊ လက်ရှိ ဝန်ကြီးချုပ် ဦးသိန်းစိန်မှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ၏ ဥက္ကဋ္ဌနှင့် ၀န်ကြီးချုပ် အဖြစ် ဆက်လက်ရှိနေမည်ဟု ပြောဆိုမှုများ ရှိနေသည်။

စစ်ဖက်ဆိုင်ရာ ရာထူးနေရာနှင့် ပတ်သက်၍ ကာကွယ်ရေး ဦးစီးချုပ် နေရာတွင် ဒု ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်၊ ဒု ကာကွယ်ရေး ဦးစီးချုပ်နေရာတွင် ဗိုလ်ချုပ် စိုးဝင်း၊ ဒု ဗိုလ်ချုပ်ကြီး သူရမြင့်အောင်မှာမူ ကာကွယ်ရေး ၀န်ကြီး ဖြစ်လာမည်ဟု သတင်း ထွက်ပေါ်နေသည်။

ဒု ဗိုလ်ချုပ်ကြီး ကိုကိုမှာ ပြည်ထဲရေး ၀န်ကြီးအဖြစ် တာဝန်ယူမည် ဖြစ်ပြီး ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးမှာမူ အနား ယူတော့မည် ဟု ဆိုသည်။

ပြီးခဲ့သည့်နှစ် သြဂုတ်လအတွင်းက စစ်တပ်ရာထူး အပြောင်းအလဲများ ပြုလုပ်ခဲ့ရာ ဒု ဗိုလ်ချုပ်ကြီး မြင့်ဆွေ၊ ဒု ဗိုလ်ချုပ်ကြီး သာအေး အပါအ၀င် ဒု ဗိုလ်ချုပ်ကြီးများအား အငြိမ်းစားပေးခဲ့ပြီး ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်စေခဲ့သည်။

သို့သော် စီးပွားရေးဦးပိုင် လီမိတက်၏ ယခင် ဥက္ကဋ္ဌ ဒု ဗိုလ်ချုပ်ကြီးဟောင်း တင်အေးမှာမူ ရွေးကောက်ပွဲ ၀င်ရောက်ခြင်း မရှိခဲ့ပေ။

Ref: ဧရာဝတီ်

Read More...

တူနီးရှား နိုင်ငံတွင် အရေး ပေါ်အခြေအနေ ကြေငြာ၊ သမ္မတ ပြင်သစ် နိုင်ငံသို့ ထွက်ပြေး

Tunisian Putout Strong Man
President Zine El Abidine Ben Ali has left the country and the army has taken control

Freedom News Group ၏ တိုက်ရိုက် တင်ဆက်မှု (LIVE Updates)

သမ္မတဟောင်း ဘင်အလီ စီးနင်းလိုက်ပါလာသည့်လေယာဉ် ဆော်ဒီအာရေးဗျ နိုင်ငံသို့ ဂျက်ဒါ သို့ ရောက်ရှိ

အစိုးရအဖွဲ့ကို ဖျက်သိမ်းပြီး နောက် သမ္မတဟောင်း ဘင်အလီ ၏ ပိုင်ဆိုင်မှု များ နှင့် ၎င်း၏ ဆွေမျိုး သားချင်းများ ၏ လုပ်ငန်း အချို့ကို သိမ်း

ထွက်ပြေးသည့် သမ္မတ စီးနင်းလိုက် ပါလာ သည့် လေယာဉ် မော်(လ)တာ တွင် ဆီဖြည့်ရန် ရပ်နားသည်ကို မော်(လ)တာ အစိုးရ က လက်မခံ

ယာယီ သမ္မတ က အစိုးရ အဖွဲ့ကို ဖျက်သိမ်းပြီး ရွေးကောက် ပွဲကို ခြောက်လ အတွင်း ပြုလုပ်ပေးရန် ကြေငြာ

၂၃ နှစ်ကြာနိုင်ငံအာဏာကို သိမ်းပိုက် ထားသည့်အာဏာရှင် သမ္မတ နိုင်ငံမှထွက်ပြေး

အာဏာရှင် သမ္မတ ဘင်အလီ က ၂၀၁၄ ခုနှစ် သမ္မတသက်တမ်း ကုန်ဆုံးရင် ရာထူးက နှုတ်ထွက် ပေးမယ်လို့ မနေ့က ကြေငြာ ခဲ့ပေမယ့် ချက်ခြင်း နှုတ်ထွက်တာ ကို လိုချင် တဲ့ တူနီးရှား ပြည်သူတွေ က ယမန်နေ့ ညကစလို့ မြို့တော် တူနစ်မှ ဆက်လက် အုံကြွ ခဲ့တာကြောင့် သမ္မတ က နိုင်ငံကို အရေးပေါ် အခြေအနေ ကြေငြာ ခဲ့ပါတယ်။ တက္ကသိုလ် ကျောင်းသားတွေ ၊ အလုပ်သမား ခေါင်းဆောင် တွေ နဲ့ ပြည်သူတွေဟာ မြို့ တော် တူနစ်မှာ မရပ်မနား ဆန္ဒပြနေကြပြီး သမ္မတ ဇင်အယ် အဘီဒင် အလီ ရဲ့  ရုပ်တုတွေ၊ ဓာတ်ပုံတွေ ကို ရိုက်ချိုး ဖျက်ဆီး ခဲ့ကြပါတယ်။

လက်နက်ကိုင် အဖွဲ့နဲ့ အစိုးရ အဖွဲ့ တွင်းမှာ လည်း ဘင်အလီ ကို ကျောထောက် နောက်ခံ မပြုတဲ့သူတွေ များလာတယ်လို့ ဂျာမန် သတင်းစာ ဒါစပီဂယ်မှာ ဖော်ပြ ထားပါတယ်။

ဘင်အလီ နဲ့ ဆက်ဆံရေး ကောင်းတဲ့ ပြင်သစ် နိုင်ငံက ဆန္ဒပြပွဲက ပြည်သူတွေ ဘက်ကနေရ ပ်တည်ပေးဖို့ နှုတ်ဆိတ် နေတယ်လို့ ဝေဖန် ခံရပါတယ်။

Updated

နောက်ဆုံးရရှိတဲ့ သတင်းတွေ အရ သမ္မတ ဘင်အလီ ဟာ ပြင်သစ် နိုင်ငံ မှ ခိုလှုံရောက်ရှိ နေပြီး နိုင်ငံ့ အာဏာကို ၀န်ကြီးချုပ် မိုဟာမက် ဂါနုချီ ကလွှဲပြောင်း ရယူထားပါတယ်။

နိုင်ငံမှ ယနေ့ ထွက်ပြေးသွားတဲ့ သမ္မတ ဟာ ၁၉၈၇ ခုနှစ် ထဲက နိုင်ငံအာဏာကို ချုပ်ကိုင် ထားတာ ဖြစ်ပြီး သူ့ရဲ့ အာဏာသက် ၂၃ နှစ် အတွင်း နိုင်ငံရေး သမားတွေ၊ အတိုက်အခံတွေ တတ်သိပညာရှင် တွေကို ဖမ်းဆီး ထောင်ချခြင်း၊ နှိပ်စက် ညှင်းပန်း သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့သည်။

ယမန်နေ့က နိုင်ငံပိုင် ရုပ်သံမှ တစ်ဆင့် သက်တမ်း ကုန်လျှင် ရာထူးမှ နှုတ်ထွက်မယ်လို့ သမ္မတက ကြေငြာ ခဲ့ပေမယ့် ကြာသပတေး ညနဲ့ သောကြောနေ့ မနက် မှ ပြည်သူတွေက သမ္မတ နှုတ်ထွက်ဖို့ ဆက်လက်ပြီး ဆန္ဒပြရာမှ သမ္မတ ဖြစ်သူ နိုင်ငံမှ ထွက်ပြေးရခြင်း ဖြစ်သည်။

လက်ရှိ ကြားဖြတ် အစိုးရ အဖွဲ့ ခေါင်းဆောင် အဖြစ် တာဝန် ယူထားတဲ့ တူနီးရှား ၀န်ကြီးချုပ်မှခြောက်လ အတွင်း ရွေးကောက် ပွဲ ကျင်းပပေးမယ် ဟု ပြည်သူများ ကို ကတိ ပြုခဲ့သည်။

Read More...

မြန်မာအပေါ် ဒဏ်ခတ်အရေးယူမှု ရုပ်သိမ်းဖို့ အာဆီယံ တိုက်တွန်း

တနင်္ဂနွေ, 16 ဇန်နဝါရီ 2011

မြန်မာစစ်အစိုးရအပေါ် အမေရိကန် ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂ (EU) တို့က ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေ ချမှတ် ထားတာတွေကို ပြန်လည် ရုပ်သိမ်းပေးဖို့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) က တိုက်တွန်း လိုက်ပါတယ်။

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက ရွေးကောက်ပွဲတွေ ကျင်းပခဲ့တာ၊ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ် ပေးခဲ့တာတွေလို ဖြစ်ထွန်းမှုတွေ အပေါ် နိုင်ငံတကာ အသိုင်းအ၀န်းက တုံ့ပြန်တဲ့ အနေနဲ့ ဒဏ်ခတ်မှုတွေကို လျှော့ပေါ့တာမျိုး လုပ်ဖို့ လိုတယ်လို့ အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးတွေရဲ့ အင်ဒိုနီးရှားနိုင်ငံ Lombok ကျွန်းက အစည်းအဝေး အတွင်း အင်ဒိုနီးရှား နိုင်ငံခြားရေး ၀န်ကြီး မာတီ နာတာလီဂါဝါ (Marty Natalegawa) က ဒီကနေ့ပဲ ပြောဆိုခဲ့တာပါ။

အာဆီယံအသင်း အနေနဲ့လည်း မြန်မာနိုင်ငံမှာ နိုင်ငံရေး တိုးတက်မှုတွေရအောင် ဒီနှစ်ထဲမှာ ဖိအားပေး ဆောင်ရွက် သွားမယ်လို့ ၂၀၁၁ ခုနှစ်မှာ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်လာတဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ နိုင်ငံခြားရေး ၀န်ကြီးက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့လည်း မြန်မာ့နိုင်ငံရေး လုပ်ငန်းစဉ်မှာ ပါဝင်ခွင့်ရဖို့ လိုတယ်၊ သူဟာ အဖြေရှာရာမှာ တစိတ်တပိုင်း ဖြစ်တယ်၊ ပြဿနာတရပ် မဟုတ်ပါဘူးလို့ အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးတွေရဲ့ အစည်းအဝေးပွဲ အတွင်း ပြောဆို လိုက်တာပါ။

ဖွံ့ဖြိုးတိုးတက်မှုတွေကို တခုချင်းစီ ခွဲခြားလို့ မရဘူးလို့လည်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ ရှေ့လာမယ့် ၂၀၁၄ ခုနှစ်အတွက် အလှည့်ကျဥက္ကဋ္ဌ တာဝန်ကို မြန်မာနိုင်ငံက ထမ်းဆောင်ဖို့ ဆန္ဒ ရှိနေတယ်လို့ အသင်းရဲ့ အတွင်းရေးမှူးချုပ် ဆူရင် ပစ်ဆူဝန် (Surin Pitsuwan) က ပြောဆို လိုက်ပါတယ်။

ဒါပေမဲ့လည်း ဒီလိုဆောင်ရွက်ဖို့အတွက် မြန်မာနိုင်ငံမှာ တည်ငြိမ်မှု ရှိတယ်လို့ နိုင်ငံတကာက လက်ခံ ယုံကြည်မှုတွေ လိုအပ် လိမ့်မယ်လို့လည်း နိုင်ငံခြားရေး ၀န်ကြီးတွေရဲ့ အစည်းအဝေးပွဲအ တွင်း အတွင်းရေးမှူးချုပ်က ပြောဆိုခဲ့တာပါ။

လွန်ခဲ့တဲ့ ၂၀၀၆ ခုနှစ်တုန်းက အာဆီယံအသင်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူဖို့ အလှည့်ကျစဉ်မှာတော့ နိုင်ငံရေး၊ လူ့အခွင့်အရေး တိုးတက်မှု မရှိတဲ့အပေါ် ဝေဖန် ပြစ်တင်ခံရမှုတွေနဲ့ အတူ မြန်မာစစ်အစိုးရက တာဝန်ယူဖို့ ရှောင်ရှားခဲ့တာ ဖြစ်ပါတယ်။

Ref: VOA News

Read More...

NLD အထူးအယူခံကို လက်ခံ

ကျော်ခ
သောကြာနေ့၊ ဇန်နဝါရီလ ၁၄ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကို တရားဝင်ပါတီတခုအဖြစ် တည်ရှိနေကြောင်း ဆုံးဖြတ်ဖို့ တင်သွင်းသည့် အထူး အယူခံကို နေပြည်တော် တရားရုံးချုပ်က မနေ့က လက်ခံလိုက်ပြီ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လက်မှတ်ထိုးသည့် အဆိုပါ အထူးအယူခံကို NLD ဗဟိုအထောက် အကူပြု အဖွဲ့ဝင် ရှေ့နေ ဦးဉာဏ်ဝင်း၊ ဦးကြည်ဝင်းနှင့် ဦးကျော်ဟိုးတို့ ၃ ဦး မနေ့က နေပြည်တော် တရားရုံးချုပ်သို့ သွားရောက် တင်သွင်းခဲ့သည်။

“မနေ့ကကျနော်တို့သွားတော့ ၂ နာရီလောက် စောင့်ခိုင်းပြီးမှ ဒီအမှုကို လက်ခံလိုက်တယ်။ ပြီးတော့ အမှုနံပါတ် ပေးတယ်။ နောက်ပြီးတော့ လက်ခံဖို့ သင့်မသင့် ၂ ဘက် လျှောက်လွှဲချက် ကြားနာဖို့ သူတို့ အကြောင်းကြားမယ်ပေါ့လေ။ တရားရုံးက အဲဒါပါပဲ” ဟု ရှေ့နေ ဦးကျော်ဟိုးက မဇ္ဈိမကိုပြောသည်။

NLD တရားဝင်ပါတီအဖြစ် ဆက်လက်တည်ရှိခွင့် ရှိကြောင်း ပထမ အကြိမ် တင်သွင်းခဲ့သည့် အထွေထွေ အယူခံကို နေပြည်တော် တရားရုံးချုပ်က မနှစ် နိုဝင်ဘာ ၂၂ ရက်က ပယ်ချခဲ့သော်လည်း အထူး အယူခံတင်ခွင့် ရှိသဖြင့် နောက်ဆုံးအဆင့် အထူး အယူခံ တင်သွင်းခြင်းဖြစ်သည်။

မနှစ်နိုဝင်ဘာက ကျင်းပသည့် စစ်အစိုးရ ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲ ဥပဒေများကြောင့် NLD က ဝင်မပြိုင် ခဲ့သည့်နောက် ယင်း ဥပဒေများကြောင့်ပင် NLD ပါတီ တရားဝင် ရပ်တည်ခွင့် မရှိတော့သလို ဖြစ်နေသဖြင့် လျှောက်ထားရခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD ပါတီသည် ၁၉၉ဝ ရွေးကောက်ပွဲတွင် လွှတ်တော် အမတ်နေရာ ၈၂ ရာခိုင်နှုန်းကျော်နှင့် အနိုင်ရခဲ့သည်။

NLD မပါသည့် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် လက်ရှိအာဏာရ စစ်အစိုးရ ကျောထောက် နောက်ခံ ပေးထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (ကြံ့ဖွံ့) ပါတီက လွှတ်တော် သုံးရပ်ပေါင်း မဲဆန္ဒနယ် ၁,၁၅၄ အနက် ၈၈၂ နေရာ (၇၆.၅ ရာခိုင်နှုန်း) ဖြင့် အနိုင် ရခဲ့သည်။ သို့သော် မဲမသမာမှု များကြောင့် ယခုထိ ပြိုင်ဘက် ပါတီများ၏ တိုင်တန်းခြင်းကို ရင်ဆိုင်နေရဆဲ ဖြစ်သည်။

Ref: မဇ္ဈိမ

Read More...

နာမည်ကြီး အနုပညာရှင်များ လူမှုရေးလုပ်ငန်းတွင် ပိုမိုစိတ်ဝင်စားလာ

ဟိန်းသူ
Friday, 14 January 2011

ရုပ်ရှင်၊ ဂီတ အသိုင်းအ၀န်းမှ နာမည်ကြီး အနုပညာရှင်များသည် ယခုနှစ်ပိုင်းအတွင်း လူမှုရေး လုပ်ငန်းများကို ပိုမို စိတ်ဝင်စား လာပြီး တိုးတက် လုပ်ကိုင် လာကြကြောင်း တွေ့ရှိရသည်။

ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်တွင် သရုပ်ဆောင် ပြေတီဦးက ပြေတီဦးပညာရေး ဖောင်ဒေးရှင်းဟူ၍ ထူထောင်ခဲ့ သကဲ့သို့ သရုပ်ဆောင် ရဲတိုက် ကလည်း ယခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှစ၍ ရဲတိုက် ဖောင်ဒေးရှင်းကို ထူထောင်ကာ သဘာဝ ဘေးဒဏ် ကယ်ဆယ်ရေး လုပ်ငန်းများ၊ လေလွင့် ကလေးငယ်များ စောင့်ရှောက်ရေး လုပ်ငန်းများ လုပ်ကိုင်တော့မည်ဟု သိရသည်။

တေးရေးတေးဆို စိုးသိင်္ခ၊ မေခလာ၊ နှင်းဧကရီ၊ စိုးပိုင်၊ မေရွက်ဝါ၊ အနဂ္ဃ၊ ဂျေမီ၊ ချမ်းအေးဝင်း၊ ဂျီတုန်း၊ သုတ (Cyclone)၊ ကိုရဲလွင်(မဇ္ဈိမလှိုင်း)၊ တေးရေး ကိုနေ၀င်း၊ ဆောင်းဦးလှိုင်၊ သားထွေး၊ ကောင်းပြည့်၊ ကျားပေါက် (Big Bag)၊ နိုင်ဇော် (Lazy Club)၊ စသည့် ဂီတ အနုပညာ ရှင်များသည်လည်း လူမှုရေး လုပ်ငန်းများတွင် အင်တိုက်အားတိုက် ပါဝင်လာသည်ကို တွေ့ရသည်။

ပြေတီဦး၊ ရဲတိုက်စသည့် အနုပညာရှင်များ ဖောင်ဒေးရှင်း တည်ထောင်၍ လူမှုရေး လုပ်ငန်းများ ဆောင်ရွက် နေခြင်းနှင့် အနုပညာရှင်များ လူမှုရေး လုပ်ငန်းများတွင် စိတ်ပါဝင်စားလာခြင်းကို နာရေး ကူညီမှုအသင်း ထူထောင်ထားသူ သရုပ်ဆောင် ဦးကျော်သူက ထောက်ခံသည်ဟု ပြောသည်။

“အနုပညာရှင်ဆိုတာ ပြည်သူလူထုက အာရုံစိုက်နေတာ။ တိုင်းပြည်ရဲ့ မျက်နှာဖုံးလို့ ခေါ်မယ်ဆိုလည်း ရတယ်။ လူမှုရေး ကိစ္စတွေကို ထိထိ ရောက်ရောက်လေး လုပ်ပေးနိုင်တယ် ဆိုရင်တော့ အကောင်းဆုံးပါပဲ” ဟု ၎င်းက ပြောသည်။

ရုပ်ရှင် သရုပ်ဆောင် ဦးကျော်သူသည် ၂၀၀၁ ခုနှစ် ဇန်န၀ါရီလတွင် နာရေးကူညီမှု အသင်းကို စာရေးဆရာ၊ ဒါရိုက်တာကြီး ဦးသုခ၏ လမ်းညွှန်မှုဖြင့် ဦးစီး တည်ထောင်ခဲ့ပြီး ၂၀၀၇ ခုနှစ် မတ်လတွင် သုခကုသိုလ်ဖြစ် ဆေးခန်း တိုးချဲ့ ဖွင့်လှစ်ခဲ့သည်။

ဦးကျော်သူက လူမှုရေးလုပ်ငန်းများ၌ အကူအညီပေးရာတွင်လည်း ငွေကြေး စာရင်းဇယား တိကျရုံ သာမက၊ အမှန်တကယ် အကူအညီ လိုအပ်ပြီး ဒုက္ခရောက်သူများဆီ ထိထိရောက်ရောက် ပံ့ပိုးနိုင်ရန် အရေးကြီးကြောင်း၊ တခြား အဖွဲ့အစည်း များက ကြားမှ လှူပေးသည့် ကိစ္စမျိုး မဖြစ်သင့်ကြောင်း အကြံပြုသည်။

သရုပ်ဆောင် ရဲတိုက်သည် မတည်ငွေ ကျပ် သိန်း ၇၀ ဖြင့် ရဲတိုက်ဖောင်ဒေးရှင်းကို ထူထောင်လိုက်ပြီ ဖြစ်သည်။

ရဲတိုက်ဖောင်ဒေးရှင်းတွင် ကော်မတီဝင်အဖြစ်ပါဝင်သော ဦးရဲနိုင်မိုးက “နာဂစ်ဖြစ်တဲ့ ၂၀၀၈ ကတည်းက ရဲတိုက်က အခုလို လုပ်ချင်တယ်လို့ ပြောခဲ့ဖူးတယ်။ အဲဒီတုန်းကလည်း သူကိုယ်တိုင် လိုက်ကူညီတာတွေ ရှိတယ်။ အခုလ ၁ ရက်နေ့မှာ ကိုယ့်အဖွဲ့တွေချည်းပဲ အစည်းအဝေးလေး လုပ်ပြီး တည်ထောင်ဖြစ် သွားတာပါ” ဟု ပြောသည်။

သဘာဝ ဘေးအန္တရာယ် ကျရောက်ပါက အမြန်ဆုံးကူညီနိုင်ရန်၊ လေလွင့်ကလေးငယ်များ ဘ၀ ပြန်လည် ထူထောင်ရန်နှင့် ပညာရေး၊ ကျန်းမာရေး ကူညီမှုများ ပေးရန် ရဲတိုက် ဖောင်ဒေးရှင်းကို တည်ထောင်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ရဲတိုက် ဖောင်ဒေးရှင်းကို အသိပေး မိတ်ဆက်သည့် အခမ်းအနားအား လာမည့် ဇန်န၀ါရီလ ၁၇ ရက်နေ့တွင် ကုန်သည်ကြီးများ ဟိုတယ်၌ ကျင်းပရန် စီစဉ်ခဲ့သော်လည်း အစီအစဉ်ပျက်ခဲ့ပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ရွှေ့ဆိုင်း ကျင်းပမည်ဟု ဦးရဲနိုင်မိုးက ရှင်းပြသည်။

ရဲတိုက်ဖောင်ဒေးရှင်း ကော်မတီအဖွဲ့ဝင်များအဖြစ် စာရေးဆရာ ကျော်ရင်မြင့်၊ ဆာတိုရီ ဗီဒီယို ထုတ်လုပ်ရေးမှ ဒါရိုက်တာ ရီဇော်၊ အောင်သမာဓိ ရွှေဆိုင်မှ ဦးအောင်၊ သတင်းစာဆရာ ဦးရဲနိုင်မိုး၊ ဂရပ်ဖစ်ဒီဇိုင်း ပညာရှင် ဦးစိုးဝင်းငြိမ်းတို့ ပါဝင် ဆောင်ရွက်နေသည်။

“အောင်သမာဓိ ရွှေဆိုင်ပိုင်ရှင်ကိုတော့ ရဲတိုက်ဖောင်ဒေးရှင်းရဲ့ ဘဏ္ဍာရေးမှူး အဖြစ် သတ်မှတ် ထားပါတယ်” ဟု ဦးရဲနိုင်မိုးက ပြောသည်။

သရုပ်ဆောင်ရဲတိုက်သည် ရခိုင်ပြည်နယ်သို့ ကားရိုက် သွားနေရသည်ဟု သိရပြီး ဧရာဝတီနှင့် ဖုန်းအဆက်အသွယ် မရရှိပေ။

နာမည်ကြီး သရုပ်ဆောင် ပြေတီဦးသည် ပြေတီဦး ပညာရေး ဖောင်ဒေးရှင်းကို ၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့၊ ၎င်း၏အသက် ၃၁ နှစ်ပြည့် မွေးနေ့တွင် မတည်ငွေ ကျပ် သိန်း ၁၀၀ ဖြင့် စတင် တည်ထောင်ခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၀ နိုဝင်ဘာလ ၃၀ ရက်နေ့က စတင်ကာ ၂၀၁၀ - ၁၁ ပညာသင်နှစ်တွင် ဆေးတက္ကသိုလ် တက်ရန် အခက်အခဲ ရှိသည့် ကျောင်းသား၊ ကျောင်းသူ ၅၁ ဦးထဲမှ ၁၀ ဦးအား ရွေးချယ်၍ ကျောင်းပြီးသည် အထိ တလလျှင် ကျပ် ၅ သောင်းနှုန်းဖြင့် တဦးစီကို ထောက်ပံ့ ပေးလျက် ရှိသည်။

ပညာရေး ထောက်ပံ့ကြေး ပေးသည့်နေရာတွင်လည်း ကြားပွဲစားများရှိကြောင်း၊ အမှန်တကယ် ဆင်းရဲပြီး ပညာရေးကို လိုလားသည့် ကျောင်းသား၊ ကျောင်းသူများကို ထောက်ပံ့နိုင်ရန်နှင့် သေချာစွာ ကွင်းဆင်း လေ့လာရန် လိုအပ်ကြောင်း ဦးကျော်သူက ပြောသည်။

ပြေတီဦး ပညာရေးဖောင်ဒေးရှင်းက ထောက်ပံ့ကြေးရသည့် ကျောင်းသား၊ ကျောင်းသူများသည် စာမေးပွဲကျရှုံးခြင်း မရှိရဘဲ တနှစ်တတန်း မှန်မှန် အောင်မြင်ရမည်ဖြစ်သည်။

ကျရှုံးခဲ့လျှင် ကျရှုံးသည့် နှစ်မှ စပြီး ထောက်ပံ့ငွေ ရပ်ဆိုင်း ခံရမည်ဖြစ်ကာ၊ ကျောင်းခေါ်ကြိမ် မပြည့်၍ စာမေးပွဲ မဖြေရ သူများကိုလည်း ထောက်ပံ့ငွေ ရပ်ဆိုင်းမည်ဟု သိရသည်။

ထို့ပြင် ထောက်ပံ့ငွေရသည့် ကျောင်းသား၊ ကျောင်းသူများသည် ကျောင်းမပြီးခင် အိမ်ထောင်ပြုခြင်းကို ခွင့်မပြုသည့် အပြင် ပါတီနိုင်ငံရေးများ မလုပ်ရန်လည်း တားမြစ်ထားသည်။

ထောက်ပံ့ကြေးဖြင့် ဘွဲ့ရသည်အထိ ပညာသင်ခဲ့ပါက မြန်မာနိုင်ငံအတွင်း အနည်းဆုံး ၅ နှစ် ဆေးဝါး ကုသပေးရမည် ဖြစ်သည်။ ၅ နှစ်အတွင်း ပြည်ပနိုင်ငံများသို့ ထွက်ခွာသွားခြင်း မရှိရဟု စည်းကမ်းများ ထုတ်ထားသည်။

“NGO လို့ အမည်ခံပြီး အစိုးရလက်အောက်ခံ ဖြစ်နေမယ်ဆိုရင်တော့ အလကားပဲ” ဟု ဦးကျော်သူက ပြောသည်။

ယခုလ ၂၃ ရက်နေ့တွင် ကျင်းပ ပြုလုပ်မည့် အကယ်ဒမီပေးပွဲ၌ ဆုရရှိရန် ရေပန်း အစားဆုံး ဖြစ်နေသော သရုပ်ဆောင် နေတိုး ကလည်း သရုပ်ဆောင်များ ယခုကဲ့သို့ ဖောင်ဒေးရှင်းများ တည်ထောင်ကာ လူမှုရေး လုပ်ငန်းများ လုပ်ဆောင်ခြင်း အတွက် ဂုဏ်ယူသည်ဟု ပြောသည်။

“ကျနော့်အနေနဲ့တော့ ဖောင်ဒေးရှင်းကြီး တည်ထောင်ပြီး လုပ်သွားဖို့ မရှိပါဘူး။ ကျနော် သဒ္ဒါတရားနဲ့ ညီမျှတဲ့ အတိုင်း အချိန်အခါနဲ့ ဖြစ်ပေါ်လာတဲ့ အခြေအနေပေါ် မူတည်ပြီး လူမှုရေး လုပ်ငန်းတွေ လုပ်သွားဖို့ပဲ ရှိပါတယ်” ဟု ၎င်းက ဆိုသည်။

Ref: ဧရာဝတီ်

Read More...

အပေါ်သို့