..............................

Friday, October 29, 2010

နအဖတပ် နယ်ထပ်ကျွံလာရင် နောက်မဆုတ်တမ်း ခုခံရန် အပစ်ရပ် SSA စစ်မိန့် ထုတ်ထား

Thursday, 28 October 2010

ပြည်သူ့စစ်လုပ်ရန်ငြင်းဆန်သည့် သျှမ်းပြည်တပ်မတော် မြောက်ပိုင်း တပ်မဟာ၁ ထိန်းချုပ် နယ်မြေသို့ တပ်အင်အား ဖြည့်တင်း ခဲ့သော နအဖ စစ်တပ်များ နယ် ထပ်ကျွံဝင်လာပါက မဆုတ်တမ်း ခုခံ တိုက်ခိုက်ရန် ဌာနချုပ်က တပ်လှန့် အမိန့်ပေးထားကြောင်း စုံစမ်း သိရှိရသည်။

“ဒီလ 20 ရက်နေ့ နောက်ပိုင်း နအဖတပ်တွေ တိုးဖြည့်ရတဲ့ အကြောင်းရင်းက ၃ ခုရှိတယ် ၁။ နယ်မြေ ကျွမ်းကျင် မှု ပိုရှိဖို့၊ ၂။ ကျေးလက် လူထုအပေါ် နအဖ စစ်တပ်သြဇာကို ဖြန့်ပြီး၊ တပ်မဟာ ၁ ရဲ့ သြဇာချေဖျက်ဖို့ ၃။ SSA တပ်မဟာ ၁ လက်နက်ချ လာအောင်(သို့) ပြည်သူ့စစ်အသွင် ပြောင်းလာအောင် ကျေးလက် လူထုကနေ ဖြောင်းဖြခိုင်းဖို့၊ စစ်ဖြစ်လာရင် လူထုကဘဲ စစ်ဒဏ် ခံရမှာမို့ နအဖကို အလိုလိုက်ပါ ဆိုပြီး SSA တပ်မဟာ ၁ ဆီိ အသနား ခံခိုင်းမယ်လို့ သတင်းတွေ ကြားနေရတယ်” - ဟု တပ်မဟာ ၁ မှ တပ်မှူးတဦးက ပြောသည်။

လွယ်လင်အခြေစိုက် ခလရ ၉ က အင်အား ၇၀ ဖြင့် တပ်မဟာ ၁ ဌာနချုပ်အနောက် တောင်ဘက် မိုင်းနန်း တိုက်နယ်နှင့် ၀မ့်ဇါတ်ဂျူတောင်း တိုက်နယ်ဘက်သို့ လည်းကောင်း၊ ကျေးသီး အခြေစိုက် ခလရ ၁၃၁ ကလည်းအင်အား ၆၀ ဖြင့် မိုင်း ကောဝ် နောင်ဆွမ်းတိုက်နယ် ပန်ယိမ်း ပန်မုန့် ရွာဘက်သို့လည်းကောင်း၊ ကွန်ဟိန်းဗျူဟာ လက်အောက်ခံ ခလရ ၂၄၆ က အောင်ဆန်းဦး ဦးဆောင်သည့် စစ်ကြောင်းကလည်း တပ်မဟာ ဌာနချုပ်တောင်ဘက် 7-8 မိုင်အကွာ ဟိုင်းပါတိုက်နယ် မိုင်းအတ်ရွာ၊ နမ့်ပူ၊ နမ့်ပုတ်၊ လွယ်ရွဲ၊ နောင်ခေတ် ရွာဘက်မှ လည်းကောင်း ဖြည့်တင်း လှုပ်ရှား လာသည်သည်ဟု ဆို၏။

“ကျနော်တို့ကို ဗမာစစ်သားတွေလာပြောတယ် - သူတို့ တက်လာတာက သျှမ်းတပ်ကို တိုက်ဖို့ မဟုတ်ဘူး။ သျှမ်းတပ်ဖွဲ့တွေ သွားလာလှုပ်ရှားတဲ့ လမ်းကြောင်းကို ပြောပေးပါ။ ပက်ပင်း တိုးမိရင် ပစ်မိ ခတ်မိမှာစိုးလို့ - တဲ့။ သျှမ်းတပ်ကတော့ နောက် မဆုတ်ရင် တိုက်မယ်လို့ ပြောတယ်” ဟု မိုင်းနန်းဒေသ ခံတဦးက ပြောသည်။

နအဖ၏ နည်းဗျူဟာကို ကြိုသိထားသော SSA တပ်မဟာ ၁ ဘက်ကလည်း ခုခံကာကွယ်ရန် ပြင်ဆင်မှုများ ပြုလုပ်ထားသည့် အပြင် တိုက်ပွဲ ဖြစ်ပွါးခဲ့ပါက တပ်ဆုပ်ခွင့် လုံးဝ မရှိကြောင်း ရှေ့တန်း တပ်မှူးများအား အမိန့် ထုတ်ထားသည်ဟုလည်း တပ်ရင်းမှူး တဦးကပြောပြသည်။

“နအဖတပ်ရုံးအဖွဲ့တွေ ရွာထဲမှာ စခန်းချတယ်။ ရွာထဲတောထဲကို တပ်စိတ်တွေ လွှတ်တယ်။ သူတို့မှာ GPS Global Position System လို့ခေါ်တဲ့ မြေပုံညွှန်း ကိရိယာတွေပါတယ်” - ဟု ၄င်းက ပြောပါသည်။

ပြီးခဲ့သည့် ၂၀ ရက်က တာ့ကော့အခြေစိုက် ခလရ ၂၉၆ မှ အင်အား ၇၀ ခန့်ရှိ တပ်ဖွဲ့တဖွဲ့ SSA တပ်မဟာ ၁ ထိန်းချုပ် နယ်မြေ လွယ်ဖာဇင်းမ်ရှိ ခေါက်စန့် တိုက်နယ်အတွင်း နယ်ကျွံဝင်ရာ ပြန်မဆုတ်ခွါပါက ပစ်ခတ်မည်ဟု SSA က ရာဇသံပေး တော့မှ နောက်ပြန် ဆုတ်သွားခဲ့သည် ဟုလည်း သိရ၏။

အဆိုပါကိစ္စနှင့်ပါတ်သက်၍ - တပ်မဟာ ၁ သတိဝိရိယ ရော့ရဲပြီး ပေါ့လျော့ သတိလစ်စေရန် ကစားနေခြင်း ဖြစ်ပြီး အချက်ပိုင် သည်နှင့် လျှပ်တပြတ် ၀င်ရောက် တိုက်ခိုက်နိုင်ရန် နည်းဗျူဟာ သုံးနေသည်ဟု SSA လွယ်တိုင်း လျဲန်းဌာနချုပ် အရာရှိတဦး က ကောက်ချက်ချ ပြောကြားပါသည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

မြန်မာရွေးကောက်ပွဲ ဟီလာရီ ကလင်တန် ပြင်းပြင်းထန်ထန် ဝေဖန်

ဦးအောင်လွင်ဦး
ကြာသပတေး, 28 အောက်တိုဘာ 2010

မြန်မာစစ်အစိုးရက မကြာခင် ကျင်းပပေးမယ့် ရွေးကောက်ပွဲဟာ လက်ခံနိုင်စရာ အခြေအနေတွေ မရှိတဲ့အပြင် ဒီမိုကရေစီ အခြေခံတွေ ကင်းမဲ့နေတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးက ပြစ်တင် ပြောဆို လိုက်ပါတယ်။ မြန်မာ့အရေးနဲ့ ပတ်သက်လို့ ဒေသတွင်း နိုင်ငံတွေနဲ့ ဆွေးနွေးပြောဆိုမှုတွေ တွေ့မြင်ရ လိမ့်မယ်လို့ မျှော်လင့်ထားကြတဲ့ အာရှခရီးစဉ် အစနေ့ အဖြစ် ကြာသပတေး နေ့ကပဲ ၀န်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က ပြောဆို လိုက်တာပါ။ မြန်မာ စစ်အစိုးရရဲ့ နိုဝင်ဘာလ ရွေးကောက်ပွဲ အပေါ် ပြည်တွင်းပြည်ပက ဝေဖန်မှုတွေထဲက အခုနောက်ဆုံး အမေရိကန် ပြည်ထောင်စုက သဘောထား မှတ်ချက် ပေးခဲ့တာကို ကိုအောင်လွင်ဦးက တင်ပြ ပေးထားပါတယ်။

ကျင်းပဖို့ ရက်ပိုင်းသာ လိုတော့တဲ့ ရွေးကောက်ပွဲဟာ အပြစ်အနာအဆာတွေနဲ့ လက်ခံနိုင်စရာ ရှိမှာ မဟုတ်ဘူးလို့ အမေရိကန် ပြည်ထောင်စုက ရှုမြင်တဲ့ အကြောင်း အာရှ၊ ပစိဖိတ် ဒေသဆိုင်ရာ အမေရိကန်ရဲ့ မူဝါဒ သဘောထားတွေကို ရှင်းပြရာမှာ ၀န်ကြီး ဟီလာရီ ကလင်တန်က ပြောဆို လိုက်တာပါ။ မြန်မာ့ အရေးနဲ့ ပတ်သက်လို့ ဒေသတွင်း နိုင်ငံတွေနဲ့ ဆွေးနွေး ပြောဆိုမယ်လို့ မျှော်လင့်ထားတဲ့ နိုဝင်ဘာလ ၈ ရက်နေ့အထိ အာရှ၊ ပစိဖိတ်ဒေသကို သွားရောက်မယ့် ခရီးစဉ်အစ အဖြစ် ဟာဝိုင်အီ ကျွန်းမှာ ကြာသပတေးနေ့က မိန့်ခွန်း ပြောကြားရာမှာ ထည့်သွင်း ပြောဆို လိုက်တာ ဖြစ်ပါတယ်။

“မြန်မာနိုင်ငံမှာ အင်မတန်မှကို အပြစ်အနာအဆာတွေ များလှတဲ့ ရွေးကောက်ပွဲ တခုကို ကျင်းပတော့မှာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်တွေအတွင်း ကျမတို့ သိနားလည် ထားတာကတော့ ဒီမိုကရေစီ ဆိုတာ ရွေးကောက်ပွဲ ဆိုတာထက် ပိုတယ် ဆိုတာပါပဲ။ မြန်မာနိုင်ငံက ခေါင်းဆောင်တွေ၊ အသစ်ရော အဟောင်းတွေ ကိုရော ကျမတို့ ရှင်းရှင်းလင်းလင်း ပြောချင်တာကတော့ အရင်က မူဝါဒတွေကနေ လမ်းခွဲထွက်ရမယ် ဆိုတာပါပဲ။”

မြန်မာစစ်အစိုးရကတော့ နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး အကြိမ်အဖြစ် နိုဝင်ဘာလ ၇ ရက်နေ့မှာ ရွေးကောက်ပွဲတွေ ကျင်းပ ပေးမယ် ဆိုပေမဲ့လည်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသား ၂,၂၀၀ လောက်ကို ဖမ်းဆီးထားဆဲ ဖြစ်တဲ့အတွက် နိုင်ငံရေး လွတ်လပ်ခွင့် အခြေအနေတွေ မရှိဘူးလို့ အများက မြင်နေကြတာ ဖြစ်ပါတယ်။

အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) နဲ့ ထိပ်သီး အစည်းအဝေးပွဲ အတွက် ဗီယက်နမ်နိုင်ငံမှာ ရောက်နေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) ကလည်း နိုင်ငံရေး အကျဉ်းသားတွေ လွှတ်မပေးဘဲ ကျင်းပတဲ့ ရွေးကောက်ပွဲဟာ တရားဝင်မှုနဲ့ အများက လက်ခံနိုင်မယ့် အခြေအနေတွေ ကင်းမဲ့စေလိမ့်မယ်လို့ AP သတင်းဌာနနဲ့ ကြာသပတေးနေ့က မေးမြန်းခန်း အတွင်း ပြောဆိုခဲ့တာပါ။

ဒါပေမဲ့လည်း ဗီယက်နမ်နိုင်ငံမှာ ကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးတွေရဲ့ အစည်းအဝေးပွဲ အတွင်း မှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲ အပြီးလောက်မှာ ပြန်လွှတ်ကောင်း လွှတ်ပေးမယ့် သဘောထားမျိုး မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက ပြောဆိုတဲ့အကြောင်း အသင်းရဲ့ အတွင်းရေးမှူးချုပ် ဆူရင်း ပစ်ဆူဝမ် (Surin Pitsuwan) က ပြောဆိုခဲ့တာပါ။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကလင်တန်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးတာ အပါအ၀င် မြန်မာနိုင်ငံက နိုင်ငံရေး၊ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်အောင် လုပ်ရမယ်လို့ တောင်းဆိုလိုက်ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့နဲ့ သူ့ကို ဖမ်းဆီးမှုတွေ အဆုံးသတ်ဖို့ ကျမတို့ တောင်းဆိုပါတယ်။ ကမ္ဘာပေါ်မှာ အာရှတိုက်ဟာ ထင်ရှားတဲ့ နိုဘယ်လ်ဆုရှင် ၃ ယောက်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဒလိုင်းလားမား (Dalai Lama) နဲ့ လျူရှောင်ဘို (Liu Xiaobo) တို့ကို နေအိမ် အကျယ်ချုပ် ချထားတာ၊ ထောင်ထဲ ထည့်ထားတာ ဒါမှ မဟုတ်ရင်လည်း ပြည်ပမှာ တိမ်းရှောင် နေကြရတ၊ တခုမဟုတ်တခု ဖြစ်နေရတဲ့ ဒေသတခု ဖြစ်နေတုန်းမို့ စိတ်မကောင်းစရာလည်း ဖြစ်ရပါတယ်။

“ဒီလိုကိစ္စရပ်တွေနဲ့ ပတ်သက်လို့ သဘောထား ကွဲလွဲမှုတွေ ရှိနေတဲ့ မိတ်ဘက် တိုင်းပြည်တွေနဲ့ ထိတွေ့ ဆက်ဆံမှုတွေကို နက်နက်ရှိုင်းရှိုင်း ဆောင်ရွက် လာတာနဲ့အမျှ အုပ်ချုပ်ရေးမှာ ပြုပြင်ပြောင်းလဲဖို့၊ လူ့အခွင့်အရေး အကာအကွယ် ပေးသွားဖို့နဲ့ နိုင်ငံရေး လွတ်လပ်ခွင့်တွေ တိုးတက်အောင် လုပ်ဖို့လည်း တောင်းဆိုသွားမှာ ဖြစ်ပါတယ်။”

မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တာဝန်ရှိသူတွေကို ဖော်ထုတ်နိုင်ဖို့ အမေရိကန် ပြည်ထောင်စု အနေနဲ့ ကုလသမဂ္ဂ ထဲက မဟာမိတ်တွေ၊ မိတ်ဆွေတွေ၊ တခြား လုပ်ဖော်ကိုင်ဘက် နိုင်ငံတွေနဲ့ တိုင်ပင်ဆွေးနွေးပြီး နိုင်ငံတကာ စုံစမ်း စစ်ဆေးရေး ကော်မရှင်တရပ် ဖွဲ့စည်း ဆောင်ရွက်တာကိုလည်း မြင်တွေ့လိုတဲ့ အကြောင်း ၀န်ကြီး ကလင်တန်က ပြောဆိုခဲ့တာပါ။

ရှေ့လာမယ့် နိုဝင်ဘာလကျရင် အာရှဒေသ ၄ နိုင်ငံကို ၁၀ ရက်ကြာ သွားရောက်ဖို့ရှိတဲ့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ရဲ့ ခရီးစဉ် အတွင်းမှာလည်း ဒေသတွင်း နိုင်ငံတွေနဲ့ မြန်မာ့အရေး ဆွေးနွေးဖွယ် ရှိတဲ့အကြောင်း အိမ်ဖြူတော် တာဝန်ရှိသူတွေက ဒီတပတ်ထဲမှာပဲ ပြောဆိုထားတာ ဖြစ်ပါတယ်။

Ref: VOA News

Read More...

မန္တလေးမီး လူဦးရေ ၁၂ဝ ကျော် အိုးအိမ်မဲ့

ဆလိုင်း ဟံသာစန်း
ကြာသပတေးနေ့၊ အောက်တိုဘာလ ၂၈ ရက် ၂၀၁၀

နယူးဒေလီ (မဇ္ဈိမ)။ ။ မန္တလေးတိုင်း အောင်မြေသာစံမြို့၌ လူဦးရေ ၁၂ဝ ကျော် အိုးအိမ်မဲ့ဖြစ်စေသည့် မီးလောင်မှု တရပ် ယမန်နေ့ ညနေတွင် ဖြစ်ပွားခဲ့သည်။

ညနေ ၃ နာရီ ၄၅ မိနစ်ခန့်တွင် အမဲရိုးတန်းရပ်ကွက်ရှိ နေအိမ်တလုံးမှ စတင်ခဲ့ရာ အိမ်ခြေ ၂၂ လုံး လောင်ကျွမ်းခဲ့ပြီး၊ နယ်မြေခံ မီးသတ်ကားများ ငြှိမ်းသတ်သဖြင့် မိနစ် ၃ဝ ခန့်အကြာ၌ မီးညွန့် ကျိုးခဲ့သည်။

“အိပ်ခန်းထဲမှာ ခြင်ဆေးခွေထွန်းပြီး ကလေးတွေနဲ့ ထားခဲ့တာ။ အဲဒီခြင်ဆေးခွေက စ လောင်တာ။ အိမ် ၂၂ လုံး ပါသွားတယ်။ ဆုံးရှုံးမှု တန်ဖိုးတော့ တွက်နေတုန်းပါပဲ” ဟု မန္တလေး ဗဟိုမီးသတ်ဌာနမှ တာဝန်ကျ အရာရှိတဦးက ပြောသည်။

အောင်မြေသာစံမှ ဒေသခံတဦးက “မီးလောင်တဲ့ နေရာက ကျမတို့နဲ့ နီးတယ်။ ဟိုဘက်ရပ်ကွက်ပေါ့။ အိမ် ၂၂ လုံး ပါသွားတယ်။ ရပ်ကွက်ကတော့ လက်လုပ်လက်စားတွေ အများစုနေကြတဲ့ ရပ်ကွက်ပါ” ဟု ပြောသည်။

မီးဘေးသင့် အိမ်ထောင်စု ၃၄ စုကို ၂၂ လမ်းနှင့် ၈၆-၈၇ လမ်းကြားရှိ ရွှေအံတော်ဘုရား ဓမ္မာရုံတွင် ယာယီ နေထိုင်ရန် ဒေသ အာဏာပိုင်များက ဒုက္ခသည်စခန်း ဖွင့်လှစ်ပေးထားသည်။

မီးလောင်မှုနှင့်ပတ်သက်၍ အသေးစိတ်သိရန် အောင်မြေသာစံ ရဲစခန်းသို့ မေးမြန်းကြည့်သော်လည်း ဖြေကြားခြင်း မရှိပါ။

၂ဝဝ၈ ခုနှစ် မတ်လ ၂၅ ရက်နေ့တွင် မန္တလေးမြို့ ၃၂ လမ်းနှင့် ၇၈ လမ်းထောင့်ရှိ ရတနာပုံဈေးကြီးတွင် ၁၂ နာရီကြာ မီးလောင်မှုကြီး ဖြစ်ပွားခဲ့ရာ အမေရိကန် ဒေါ်လာ သန်း ၅ဝ ဖိုးခန့် ပျက်စီး ဆုံးရှုံးခဲ့သည်။


Ref: မဇ္ဈိမ

Read More...

ကရင်ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင် ကြံ့ဖွံ့ပါတီမှ ၀င်ရောက် အရွေးခံမည်

ရဲရင့်
၂၈ အောက်တိုဘာ ၂၀၁၀

ကရင်ငြိမ်းချမ်းရေးအဖွဲ့ (ဘုရားကုန်း) ၏ ခေါင်းဆောင် ပဒိုအောင်ဆန်းသည် နအဖ ပြုလုပ်မည့် ၂၀၁၀ ရွေးးကောက်ပွဲတွင် ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ကိုယ်စားလှယ်လောင်း အဖြစ် ကရင်ပြည်နယ်၊ ဖားအံမြို့နယ် မဲဆန္ဒနယ်တွင် ၀င်ရောက်ယှဉ်ပြိုင် အရွေးခံမည်ဖြစ်ကြောင်း ၎င်း၏ ဆွေမျိုးတော်စပ်သူ တဦးက ပြောသည်။

ဘန်ကောက်နှင့်ရန်ကုန် သွင်းကုန်ထုတ်ကုန်လုပ်ငန်း လုပ်ကိုင်နေသည့် အဆိုပါပုဂ္ဂိုလ်က “ဒီ လာမယ့် ရွေးကောက်ပွဲမှာ ကျနော်တို့ အဖိုးကြီး ပြည်ခိုင်ဖြိုး ပါတီကနေ ၀င်ရမယ်။ သူ့ကို အထက်ကလည်း ၀င်ဖို့ တိုက်တွန်းထားတော့ ဘယ်လိုမှ ငြင်းလို့မရဘူး။ အခု မဲစည်းရုံးရေးတွေ စလုပ်နေပြီ၊ ပိုက်ဆံကတော့ သိန်းထောင်ချီပြီး ကုန်ဖို့ရှိတယ်” ဟု ပြောသည်။

ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းတဦးသည် မဲစည်ရုံးရေးအတွက် ကျပ်သိန်း (၁၀၀) သာ ရွေးကောက်ပွဲ ကော်မရှင်က သတ်မှတ် ပေးထားသော်လည်း ရွေးကောက်ပွဲ အောင်နိုင်ရေး အတွက် ပဒိုအောင်ဆန်း အသုံးပြုနေသည့် ငွေကြေး ပမာဏမှာ ယခုလ ရက်ပိုင်းအတွင်း ကျပ်သိန်း (၄၀၀) ကျော်သွားပြီ ဟုလည်း ၎င်းက ပြောသည်။

ကရင်ငြိမ်းချမ်းရေး အဖွဲ့အစည်းများကလည်း ပဒိုအောင်ဆန်း၏ လုပ်ရပ်နှင့်ပတ်သက်၍ ကျေနပ်မှု မရှိကြကြောင်း သိရသည်။

ဒီကေဘီအေအဖွဲ့မှ အသွင်ပြောင်းပြီးနောက် ဖွဲ့စည်းလိုက်သော ဦးသာထူးကျော် ဦးဆောင်သည့် ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုး တိုးတက်ရေးပါတီ (KSDDP) မှ ပါတီဝင် တဦးက “ပဒိုအောင်ဆန်းအနေနဲ့ ဘယ်လိုပဲဖြစ်ဖြစ် ကရင်ပါတီ တခုခုမှာ ၀င်လို့ရပါတယ်။ ကျနော်တို့ပါတီ အပါအ၀င်သူ့ကို တခြား ကရင်ပါတီတွေက ခေါ်ပါတယ်၊ သူလက်မခံဘူး။ သူ့လုပ်ရပ်နဲ့ ပတ်သက်ပြီး အားလုံး စိတ်ပျက် နေကြပေမယ့် ဘာတတ်နိုင်ကြမှာလဲ။ သူက အစိုးရပါတီကိုပဲ အထင်ကြီးတာကိုး” ဟု ပြောသည်။

ဒီကေဘီအေ ဥက္ကဌ ဦးသာထူးကျော်သည် ကရင်ပြည်နယ်ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး ပါတီ ကိုယ်စားလှယ် အဖြစ် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် အမှတ် (၁) တွင် ပြည်နယ်လွတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ၀င်ရောက် အရွေးခံမည် ဖြစ်သည်။

စောဌေးမောင် ဦးဆောင်သည့် ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့မှ ဗိုလ်မှူးချုပ်အဆင့်ရှိသူ တဦးက “ ဒီကေဘီအေက ပါတီ ထောင်ပြီး ရွေးကောက်ပွဲ ၀င်မယ့် သာထူးကျော် အဖွဲ့ပဲ ဖြစ်ဖြစ် ပဒိုအောင်ဆန်းပဲ ဖြစ်ဖြစ် အားလုံး အခွင့်အရေး သမားတွေကြီးပဲ။ အမျိုးသားအကျိုး လုံးဝမပါဘူး၊ ငါတို့အဖွဲ့ကတော့ ဒီရွေးကောက်ပွဲကို အရင်ထဲကကို လက်မခံခဲ့ဘူး၊ နယ်ခြားစောင့်တပ်လည်း မလုပ်ဘူး၊ ဌာနေပြည်သူ့စစ်လည်း မလုပ်ဘူးဆိုတာ အစထဲက ပြောထားပြီးသား” ဟု ခေတ်ပြိုင်သို့ ပြောသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ပဒိုအောင်ဆန်းထံသို့ မေးမြန်းရန် ဖုံးဖြင့်ဆက်သွယ်ခဲ့သော်လည်း ဖုံးလိုင်းများ ပိတ်ထားသဖြင့် ခေါ်ဆို၍မရပေ။

ပဒိုအောင်ဆန်းနှင့်အတူ ယခင်က ကေအန်ယူ ဗဟိုသစ်တောတွင် ပူးတွဲတာဝန်ယူခဲ့သည့် ကေအန်ယူမှ ပဒိုစောအားတိုးက “ကရင်အမျိုးသား အတွက် သူလုပ်နေတာ မဟုတ်ဘူး။ သူ့ကိုယ်ကျိုးအတွက် သူလုပ်နေတာ ဆိုတော့ ဒီလို လူမျိုးနဲ့ပတ်သက်ပြီး ဘာမှ အထွေအထူး ပြောဖို့ မရှိဘူး” ဟု ဆိုသည်။

ကရင်ပြည်နယ် ဖားအံ၊ ကော့ကရိတ်၊ မြ၀တီ၊ ကြာအင်းဆိပ်ကြီး၊ လှိုင်းဘွဲ စသည့် မြို့နယ်များတွင် ကြံ့ဖွံ့ပါတီ၊ တစညပါတီ၊ ဖလုံစဝေါ် ကရင်ပါတီနှင့် ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး ပါတီများ အဓိက ယှဉ်ပြိုင်ကြမည်ဟု ဖလုံစဝေါ် ကရင်ပါတီဝင် တဦးက ပြောသည်။

ပဒိုအောင်ဆန်းသည် ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တွင် သစ်တောရေးရာဝန်ကြီး အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး ၁၉၉၈ ခုနှစ်တွင် တပ်သား (၂၈) ဦးနှင့်အတူ ကေအန်ယူမှ ခွဲထွက်ကာ နအဖနှင့် သွားရောက် ပူးပေါင်းခဲ့သည်။ ဒီကေဘီအေ အဖွဲ့၏ နာယက ဆရာတော် ဖြစ်သည့် ဦးသုဇနမှာ ပဒိုအောင်ဆန်းနှင့် ညီအကိုဝမ်းကွဲ တော်စပ်သူလည်း ဖြစ်သည်။

ကရင်ပြည်နယ်အတွင်း ပဒိုအောင်ဆန်း ကြံ့ဖွံ့ပါတီမှ ၀င်ရောက်အရွေးခံမည် ဆိုသည်မှာ ဟုတ်မှန်ကြောင်း ထိုပါတီ၏ တာဝန်ရှိသူ တဦးက ပြည်တွင်း မီဒီယာများ မှတဆင့် သတင်း ထုတ်ပြန်ခဲ့သည်။

Ref: ခေတ်ပြိုင်

Read More...

လွှတ်တော်ခေါ်ပြီးမှ နအဖ ဆင်းနိုင်မယ်

ဖနိဒါ
ကြာသပတေးနေ့၊ အောက်တိုဘာလ ၂၈ ရက် ၂၀၁၀

ချင်းမိုင်(မဇ္စျိမ) ။ ။ ရွေးကောက်ပွဲအပြီး ပြည်သူ့လွှတ်တော်ခေါ်ချိန်အထိ လက်ရှိစစ်အစိုးရ ဆက်အုပ်ချုပ် သွားမည်ဟု လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဌေးဦးက ဗုဒ္ဓဟူးနေ့က ပြောကြားသွားသည်။

ရန်ကုန် ဗဟန်းရှိ ကြံ့ဖွံ့ပါတီရုံးတွင် ကျင်းပသော ပထမဆုံး သတင်းစာရှင်းလင်းပွဲ၌ ပါတီ အထွေထွေ အတွင်းရေးမှူး ဝန်ကြီး ဦးဌေးဦးက ပြောကြားခြင်း ဖြစ်သည်။

ရွေးကောက်ပွဲကျင်းပပြီး ရက်ပေါင်း ၉ဝ အတွင်းပထမအကြိမ် ပြည်သူ့လွှတ်တော် သက်တမ်း စတင်သည်ဟု ၂ဝဝ၈ အခြေခံ ဥပဒေက ပြဋ္ဌာန်းထားသည်။ ထို့ကြောင့် နောက်နှစ် ဖေဖော်ဝါရီလ လေးရက်နေ့ သို့မဟုတ် မတိုင်မီအထိ နအဖ စစ်အစိုးရ ဆက်လက် တည်ရှိနေမည် ဖြစ်သည်။

ဦးဌေးဦးစကားက ရွေးကောက်ပွဲအပြီး ရက် ၉ဝ အတွင်း ကြားဖြတ် အစိုးရသစ် တက်မည်ဆိုသော ကောလာဟလကို ချေဖျက် လိုက်သလို ဖြစ်သွားသည်။

ကြံ့ခိုင်ဖွံ့ဖြိုးရေး၏ သမ္မတလောင်းကို လျာထားပြီးဟုလည်း ပြည်တွင်းသတင်းထောက် များကို ဝန်ကြီးက ကြေညာသည်။

ထို့ပြင် စည်ပင်ငွေဖြင့် ကြံ့ဖွံ့က အမည်ခံ လမ်းခင်း လမ်းပြင်နေသည်ဟု လူထုဝေဖန်ပြောဆိုမှုများ အပေါ် ပူးတွဲ သတင်းစာ ရှင်းလင်းခဲ့သော ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်းက ဖြေရှင်းရန် တွန့်ဆုတ် နေခဲ့သည်ဟု ပွဲတက် အယ်ဒီတာတဦးက ပြောသည်။

ကြံ့ဖွံ့က အမတ်နေရာ ၁,၁၅၈ နေရာ ဝင်ပြိုင်မည်ဖြစ်ပြီး ပြိုင်ဘက်မရှိသော မဲဆန္ဒနယ်မြေ ၅၄ နေရာတွင် ယင်းတို့ ပါတီက ၅၂ နေရာ ရထားကြောင်းလည်း ဦးဌေးဦးက အတည်ပြုသည်။


Ref: မဇ္ဈိမ

Read More...

အန်ဒီအက်ဖ်၏ မဲဆွယ်ဆိုင်းဘုတ် ကြံ့ဖွံ့ဖြုတ်

ခိုင်လင်း / ၂၈ အောက်တိုဘာ ၂၀၁၀

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် ပြည်သူ့လွတ်တော်အမတ်နေရာအတွက် ဝင်ရောက် ယှဉ်ပြိုင်မည့် အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ (အန်ဒီအက်ဖ်) မှ ကိုယ်စားလှယ်လောင်း ဦးမာခါး၏ မဲဆွယ် ဆိုင်းဘုတ်ကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့) က ဖြုတ်ယူကြောင်း သက်သေများ ရရှိထားသဖြင့် ဦးမာခါးက ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်သို့ ယမန်နေ့က တိုင်ကြားလိုက်သည်။

မြစ်ကြီးနားမြို့နယ်၊ နောင်နန်းကျေးရွာအုပ်စု၊ (၁ဝ) မိုင်ကျေးရွာတွင် ချိတ်ဆွဲထားသည့် ဦးမာခါး၏မဲဆွယ် ဆိုင်းဘုတ်ကို ကြံ့ဖွံ့ပါတီ နောင်နန်းတိုက်နယ် တွဲဖက် စည်းရုံးရေးမှူးဖြစ်သည့် ဦးလှမြင့်နှင့် ဦးမျိုးဇော်ထွန်းတို့က အောက်တိုဘာ (၂၅) ရက်နေ့တွင် ဖြုတ်ယူသွားကြောင်း သက်သေများ ရရှိထားသဖြင့် ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်ထံသို့ စာတင် ထားသည်ဟု ဦးမာခါးက ပြောသည်။

၎င်းက “မနေ့ကပဲ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်ကို စာတင်လိုက်ပါတယ်၊ မိတ္တူကိုတော့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၊ ခရိုင် ကော်မရှင် အဖွဲ့ခွဲ၊ မြို့နယ်ကော်မရှင် အဖွဲ့ခွဲ၊ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ ဌာနချုပ်၊ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရဲ့ မြစ်ကြီးနားမြို့နယ်ရုံးနဲ့ ဦးလှမြင့်ဆိုတဲ့ ကျနော်ရဲ့ဆိုင်းဘုတ်ကို ပြုမူတဲ့သူ၊ သူတို့ကိုလည်း ပို့ထားတာပါ။

မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဌနဲ့ စကားပြောတဲ့ခါမှာ သူက “ခင်ဗျား အထက်ကို စာတင်ထားတဲ့ အတွက် အထက်က ညွန်ကြားမှု လာရင်တော့ ညွန်ကြားချက်တိုင်း ဆောင်ရွက် ပေးပါမယ်ဆိုပြီး ပြောခဲ့ပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။

အောက်တိုဘာ (၉) ရက်နေ့တွင် အန်ဒီအက်ဖ်ပါတီ ရုံးခွဲကို မြစ်ကြီးနားမြို့ ယုဇနရပ်ကွက်တွင် ဖွင့်လှစ်ခဲ့ပြီး နောက်ပိုင်းမှ စ၍ မဲဆွယ် ဆိုင်းဘုတ်များကို မြစ်ကြီးနား မြို့နယ်အတွင်း အရေအတွက် (၆ဝ) ခုခန့် ကပ်ထားခဲ့ရာ ပျောက်ဆုံးမှုနှင့် ဖျက်ဆီးခံရမှုများ ရှိနေကြောင်း ဦးမာခါးက ပြောသည်။

၎င်းက “ပြည်နယ်၊ ခရိုင်၊ မြို့နယ်ကော်မရှင် အဖွဲ့ခွဲတွေကို စာတင်ပြီး ခွင့်ပြုချက်နဲ့ ဆိုင်းဘုတ်တွေကို ကပ်ခဲ့တာပါ။ ဆိုင်းဘုတ် (၅ဝ) ကျော် (၆ဝ) လောက် ကပ်ထားတယ်။ လူတွေ မြင်တွေ့နိုင်တဲ့ နေရာတွေ၊ သစ်ပင်ပေါ်မှာ ခိုင်ခိုင်မာမာ လုပ်ထားတဲ့ ဟာတွေပါ။ အဲဒီထဲက (၂) ခု ဖျက်ဆီးခံရတယ်။ အားလုံး (၁ဝ) ခု ပျောက်ဆုံး နေတာပါ။ အမှန်ကတော့ မလုပ်ကောင်းတဲ့ အရာတွေပါ။ ပါတီ အနေနဲ့၊ လွှတ်တော် ကိုယ်စားလှယ်လောင်း အနေနဲ့ နည်းဥပဒေ အတိုင်း ဆောင်ရွက်နေတဲ့ အတွက် ဒီလို လုပ်ဆောင်တယ် ဆိုတာက လုံးဝ မဖြစ်သင့်တဲ့ အရာပဲလို့ မြင်ပါတယ်” ဟု ပြောသည်။

မဲဆွယ်ဆိုင်းဘုတ်ပေါ်တွင် မြစ်ကြီးနားမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမာခါးဆိုသည့် ခေါင်းစီး စာသား၊ ၎င်း၏ ဓာတ်ပုံနှင့်အတူ “တခါသေဖူး ပျဉ်ဖိုးနားလည် ဆိုသလို အတိတ်က သင်ခန်းစာယူပြီး အနာဂတ်အတွက် အကောင်းဆုံး ရွေးချယ် သင့်ပါတယ်”၊ “မင်းသားခေါင်း ဆောင်းထားပြီး ကိုယ်ပိုင်ဦးနှောက်နဲ့ အလုပ် မလုပ်တဲ့ ဒီပုတ်ထဲက ဒီပဲ မဖြစ်အောင် ကျွန်တော် ကြိုးစားသွားမယ်လို့ အာမခံပါရစေ” ဟု ရေးသား ဖော်ပြထားသည်။

ဦးမာခါးသည် အသက်(၂၇) နှစ်ရှိ လူငယ်ရှေ့နေတဦးဖြစ်ပြီး မြစ်ကြီးနားမြို့နယ် ပြည်သူ့လွှတ်တော် အမတ် နေရာအတွက် ကြံ့ဖွံ့ပါတီမှ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီး ဦးသိန်းဇော်၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ (တစည) မှ ဦးလနန်ဘောက်နှင့် ရှမ်းအမျိုးသား ဒီမိုကရေစီပါတီ (ကျားဖြူပါတီ) မှ ဦးစိုင်းအောင်ကျော်ဦး တို့နှင့်အတူ ယှဉ်ပြိုင် အရွေးခံမည်ဖြစ်သည်။

Ref: ခေတ်ပြိုင်

Read More...

ရွေးကောက်ပွဲပြီးမှ ဒေါ်စုကို လွှတ်မယ်ဆိုတာ သူရဲဘောကြောင်တဲ့ လုပ်ရပ်

ကြာသပတေး, 28 အောက်တိုဘာ 2010

နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက် ပွဲတွေ ပြီးရင် ပြန်လွှတ် ပေးမယ်လို့ မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက ပြောတဲ့အပေါ် အမေရိကန် နိုင်ငံခြားရေး ဌာနက ထူးထူးခြားခြားပဲ အပြင်းအထန် ဝေဖန် ပြောဆိုလိုက်ပါတယ်။

ဒါဟာ မြန်မာအာဏာပိုင်တွေ သူရဲဘောကြောင်ပြီး လှည့်ဖျား ကစားတာပဲ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဌာန ပြောရေးဆိုခွင့် ရှိသူ ပီဂျေ ခရိုလီ (P. J. Crowley) ကပြောပါတယ်။ တရားမျှတမှု၊ လွတ်လပ်မှု ဒါမှမဟုတ် ယုံကြည် ကိုးစားရမှုတွေ မရှိတဲ့ ရွေးကောက်ပွဲတွေ ပြီးတဲ့နောက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်မယ်လို့ သဲလွန်စပေး ပြောဆိုတာဟာ ဘယ်လောက် လွယ်လိုက်သလဲဗျာ လို့လည်း မစ္စတာ ခရိုလီက ဆိုပါတယ်။

ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့မှာ ကျင်းပမယ့် အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ (အာဆီယံ) ထိပ်သီး အစည်းအဝေး မတိုင်ခင် လုပ်တဲ့ ဗုဒ္ဓဟူးနေ့က သီးခြား ညစာစားပွဲ တခုအတွင်း မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်မယ့်ကိစ္စ ပြောခဲ့တာ ဖြစ်တယ်လို့ အာဆီယံ အတွင်းရေးမှူးချုပ် ဆူရင်း ပစ်ဆူဝမ် (Surin Pitsuwan) က ပြောပါတယ်။

အာဆီယံ ခေါင်းဆောင်တွေဟာ စီးပွားရေးနဲ့ ဒေသတွင်း ပေါင်းစပ်ရေး ကိစ္စတွေကို ဆွေးနွေးနေကြတာနဲ့ တချိန်တည်းမှာပဲ မြန်မာနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲတွေနဲ့ ပတ်သက်ပြီး စိုးရိမ်ချက်တွေကိုလည်း ပြောဆိုကြပါတယ်။

ဒီကနေ့ သောကြာနေ့မှာတော့ အာဆီယံ ခေါင်းဆောင်တွေဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) နဲ့ တွေ့ဆုံဖို့ ရှိပါတယ်။ မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေ အပေါ် သူ စိတ်ပျက်လက်ပျက် ဖြစ်ရတာကို ကုလ အတွင်းရေးမှူးချုပ် ကိုယ်တိုင်ကလည်း ထုတ်ပြောထားဖူးပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားလူတွေ မြန်မာ့နိုင်ငံရေးမှာ အပြည့်အ၀ ပါဝင်နိုင်ဖို့ ဖွင့်ပေးရမယ် ဆိုတာ မြန်မာ အာဏာပိုင်တွေ သိနားလည်ကြောင်း၊ နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးရမှာ ဖြစ်ကြောင်း၊ ပြီးတော့ မြန်မာ့ လူ့အဖွဲ့အစည်းက သက်ဆိုင်သူ အားလုံးနဲ့ အဓိပ္ပာယ်ရှိရှိ ဆွေးနွေးတာတွေ လုပ်ရမှာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ပီဂျေ ခရိုလီက ပြောသွားပါတယ်။

Ref: VOA News

Read More...

လမ်းခင်းတာ ကြံ့ဖွံ့မဟုတ်ပါဟု ဦးဌေးဦး ငြင်းဆို

မျိုးချစ်သူ
၂၈ အောက်တိုဘာ ၂၀၁၀

ရန်ကုန်လမ်းများကို ကြံ့ဖွံပါတီမှ ခင်းခြင်းမဟုတ်ဘဲ ရန်ကုန်စည်ပင်မှ ခင်းခြင်းသာ ဖြစ်ကြောင်း ကြံ့ဖွံ့ပါတီ အတွင်းရေးမှူး ဦးဌေးဦးက ပြောသည်။

၎င်းက “လမ်းတွေကို စည်ပင်က ခင်းတာလေ” ဟု ပြောသည်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဆရာစံပလာဇာအနီးရှိ ကြံ့ဖွံ့ပါတီရုံးချုပ်တွင် အောက်တိုဘာ (၂၇) ရက်၊ ယမန်နေ့ မွန်းလွဲ (၂) နာရီ ကျော်တွင် ကြံ့ဖွံ့ပါတီမှ အထွေထွေ အတွင်းရေးမှူး၊ လယ်ယာနှင့် ဆည်မြောင်း ၀န်ကြီး ဦးဌေးဦးနှင့် ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်းတို့က ပြည်တွင်းပြည်ပ သတင်းစာ ဆရာများနှင့် တွေ့ဆုံစဉ် ပြောကြားခြင်းဖြစ်သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့) က သတင်းမီဒီယာများနှင့် တွေ့ဆုံမှုကို ယမန်နေ့ မွန်းလွဲပိုင်း၌ ပါတီ ရုံးချုပ်တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ယင်းသို့တွေ့ဆုံမှုတွင် မီဒီယာများက ရန်ကုန်တွင် ခင်းနေသော လမ်းများကို ရန်ကုန်စည်ပင်မှ ခင်းခြင်းလော၊ ကြံ့ဖွံပါတီမှ ခင်းခြင်းလော ဆိုသည်ကို ကွဲကွဲပြားပြား သိလိုသောကြောင့် မေးမြန်းရာတွင် မြို့တော်ဝန်က မဖြေလိုကြောင်း ပြောသောကြောင့် ဦးဌေးဦးက မြို့တော်ဝန်အစား ပြောကြားလိုက်ခြင်း ဖြစ်သည်။

ရန်ကုန်မြို့နေရာအနှံ့ လမ်းများကို ကြံ့ဖွံပါတီက ရန်ကုန်စည်ပင်နှင့်ပေါင်းကာ ခင်းပေးလျက်ရှိပြီး လမ်းခင်းပြီးပါက လမ်းထိပ်တို့တွင် ကြံ့ဖွံ့ပါတီမှ ခင်းပေးကြောင်း ကမ္ဗည်း ထိုးထားသည်ကိုလည်း တွေ့ရကြောင်း ရန်ကုန်မြို့ခံတို့က ပြောသည်။

“လမ်းထိပ်တွေမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက အခမဲ့ခင်းပေးတယ် ဆိုတာပါတယ်၊ ကျမတို့ မြို့နယ်မှာ အများကြီးပဲ တွေ့တယ်၊ ပါတီ အမှတ်အသားနဲ့ သေသေချာချာ လုပ်ထားတာလေ၊ သူတို့က အဲဒါ မဲဆွယ်တာပေါ့” ဟု စမ်းချောင်းမြို့နယ် ဗဟိုလမ်းနေသူ တဦးက ပြောသည်။

ရန်ကုန်လမ်းများကို ရန်ကုန်စည်ပင်က ခင်းရမည့်အစား ကြံ့ဖွံပါတီက ခင်းပေးနေခြင်းသည် ပါတီ အနေဖြင့် ပြည်သူများအား မဲဆွယ် လို၍သာ ခင်းပေးနေခြင်း ဖြစ်ကြောင်း ရန်ကုန်မြို့ခံတို့က ပြောဆိုကြသည်။

“သူတို့က စေတနာနဲ့လုပ်တာမှ မဟုတ်တာ၊ အကျိုးလိုလို့ ညောင်ရေလောင်းတာပဲလေ၊ အမှန်ဆိုရင် ရန်ကုန် လမ်းတွေက ပျက်နေတာ ကြာပေါ့၊ စည်ပင်အလုပ်ကို စည်ပင်လုပ်ပေါ့၊ တသက်လုံးက မလုပ်ခဲ့တဲ့ လမ်းတွေကို အခုမှ လာပြီးတော့ ကြံ့ဖွံ့က လုပ်နေတယ် ဆိုတာ အဖြေက ရှင်းနေတာပဲ” ဟု ပုစွန်တောင်မြို့နယ် ရေကျော် လမ်းမတွင်နေသူ ပြည်သူတဦးက ပြောသည်။

ပြည်တွင်းထုတ် သတင်းဂျာနယ်တစောင်ဖြစ်သော မော်နီတာ သတင်းဂျာနယ်တွင် ပြီးခဲ့သည့် (၃) ပတ်ခန့်က ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်းက ရန်ကုန်ရှိ လမ်းများကို ပြည်ခိုင်ဖြိုး( ကြံ့ဖွံ့ပါတီ) ပါတီက ခင်းနေခြင်းဖြစ်ကြောင်း၊ ပါတီဝင်များက လုပ်အား ပေးကြကြောင်း၊ အခကြေးငွေ ပေးရန် မလိုကြောင်း၊ လမ်းခင်းရန် လိုအပ်သော ပစ္စည်းများကို ရန်ကုန်စည်ပင်က ကူညီကြောင်း ပြောဆိုထားမှုကို ဝေေ၀ဆာဆာ ဖော်ပြခဲ့သည်။

Ref: ခေတ်ပြိုင်

Read More...

Thursday, October 28, 2010

အာရှခရီးစဉ်အတွင်း မြန်မာ့အရေး အိုဘားမား ဆွေးနွေးဖွယ်ရှိ

Dan Robinson's Report in Burmese
ဗုဒ္ဓဟူး, 27 အောက်တိုဘာ 2010

အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ဟာ ရှေ့လထဲ အာရှ ၄ နိုင်ငံဆီ ခရီးထွက်ဖို့ရှိပြီး အဲဒီခရီးစဉ် အတွင်း မြန်မာနိုင်ငံ ကိစ္စ ဆွေးနွေးဖွယ် ရှိတယ်လို့ အမေရိကန် အစိုးရ အကြီးတန်း တာဝန်ရှိသူတွေက ပြောပါတယ်။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေ တိုးတက်လာဖို့ မရှိသေးသလို လာမယ့် နိုဝင်ဘာလ ရွေးကောက်ပွဲဟာလည်း လွတ်လပ်ပြီး တရား မျှတလိမ့်မယ်လို့ မယူဆတဲ့အကြောင်း အမေရိကန် တာဝန်ရှိသူတွေက ဆိုပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဗွီအိုအေ အိမ်ဖြူတော် သတင်းထောက် ဒန် ရော်ဘင်စင် (Dan Robinson) သတင်း ပေးပို့ထားတာကို မခင်ဖြူထွေးက တင်ပြ ပေးထားပါတယ်။

အနှစ် ၂၀ အတွင်း မြန်မာစစ်အစိုးရ ပထမဦးဆုံး ကျင်းပပေးတဲ့ ရွေးကောက်ပွဲကို နိုဝင်ဘာလ ၇ ရက်နေ့ ကျင်းပမှာ ဖြစ်ပါတယ်။ ဒါဟာ သမ္မတ အိုဘားမား အာရှနိုင်ငံ ခရီးစဉ်အတွင်း ၃ ရက်ကြာ ရပ်နားမယ့် အိန္ဒိယကို ဆိုက်ရောက်ပြီး နောက်တနေ့ ဖြစ်ပါတယ်။ အခုကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမယ့် ရွေးကောက်ပွဲ ဖြစ်မှာ မဟုတ်ဘူးလို့ လူအများက ခန့်မှန်း နေကြပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ကျော်ဟာလည်း မြန်မာ အကျဉ်းထောင်တွေထဲမှာ ရှိနေဆဲ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံကို သွားရောက်မယ့် သမ္မတ အိုဘားမားရဲ့ အာရှခရီးစဉ်အကြောင်း အဓိကထား ပြောဆိုခဲ့တဲ့ အိမ်ဖြူတော် သတင်းစာ ရှင်းလင်းပွဲအတွင်း သမ္မတ အိုဘားမား အိန္ဒိယ ၀န်ကြီးချုပ် မန်မိုဟန် ဆင်းဂ် (Manmohan Singh) နဲ့ တွေ့ဆုံတဲ့ အခါနဲ့ တခြား အာရှနိုင်ငံတွေကို ရောက်တဲ့အခါ လူ့အခွင့်အရေး ကိစ္စတွေကို ဆွေးနွေးဖို့ ရှိမရှိ အမေရိကန် ဒု-လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ၀ီလီယမ် ဘန်းစ် (William Burns) ကို သတင်းထောက်တွေက မေးမြန်း ခဲ့ပါတယ်။

“မြန်မာနိုင်ငံ အပါအ၀င် ဒေသတွင်း ပြဿနာတွေကို အိန္ဒိယနိုင်ငံနဲ့ ကျနော်တို့ ထိထိ ရောက်ရောက် ဆွေးနွေး ညှိနှိုင်း ခဲ့ကြပါတယ်။ ဒီတခါ အတိအကျ ဘာတွေ ဆွေးနွေးရမယ် ဆိုတာကိုတော့ ကျနော် မခန့်မှန်း နိုင်ပါဘူး။ ဒါပေမဲ့လည်း အာရှ၊ ပစိဖိတ်ဒေသ တလွှားက လူ့အခွင့်အရေး အခြေအနေတွေကို သမ္မတက အလေးအနက် ထားတယ် ဆိုတာကိုတော့ ခင်ဗျားတို့ တွေ့ကြ ရပါလိမ့်မယ်။”

မြန်မာနိုင်ငံမှာ နိုဝင်ဘာလ ၇ ရက် ကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှု ရှိလိမ့်မယ်လို့ မထင်တဲ့ အကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ချက်ချင်း ပြန်လွှတ်ပေးဖို့ အမေရိကန်က ထပ်မံ တောင်းဆိုကြောင်း သူက ပြောဆိုသွားပါတယ်။

သမ္မတ အိုဘားမားရဲ့ ခရီးစဉ်အတွင်း အိန္ဒိယနဲ့ တခြား အာရှနိုင်ငံတွေကို ရောက်တဲ့အခါ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေး ကိစ္စတွေကို အဓိက ဆွေးနွေးသွားမှာ ဖြစ်သလို မြန်မာနိုင်ငံအရေး ဆွေးနွေးဖွယ် ရှိတယ်လို့ အမျိုးသား လုံခြုံရေးကောင်စီရဲ့ မဟာဗျူဟာ ဆက်ဆံရေးဆိုင်ရာ လက်ထောက် အကြံပေး ဘန် ရုတ်ဒ်စ် (Ben Rhodes) က ပြောပါတယ်။

“အဲဒီရွေးကောက်ပွဲ ရလဒ်ကို ကျနော် ကြိုတင် မခန့်မှန်းနိုင်ပါဘူး။ ဒီကိစ္စအတွက် စိုးရိမ်မကင်းကြောင်း အာဆီယံမှာ ကျနော်တို့ ပြောခဲ့ပြီးပါပြီ။ ဒေသတွင်း အစိုးရတွေနဲ့ နှစ်ဦးချင်း ဆွေးနွေးပွဲတွေ မှာလည်း ပြောခဲ့ပါပြီ။ ရွေးကောက်ပွဲဟာ ကျနော်တို့ တွေ့မြင်ချင်တဲ့ ပုံစံအတိုင်း ဖြစ်မလာရင်တော့ ဒီခရီးစဉ်အတွင်း တခုခုတော့ ပေါ်ထွက် လာပါလိမ့်မယ်။ ဖြစ်လာမယ့် အလားအလာလည်း အခုထိ မတွေ့ရ သေးပါဘူး။”

အခုလို ပြောဆိုခဲ့တဲ့ အမေရိကန် အရာရှိတွေရဲ့ မှတ်ချက်စကားတွေဟာ သမ္မတ အိုဘားမားရဲ့ အာရှခရီးစဉ် အတွင်း မြန်မာနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲရဲ့ ရလဒ်တွေနဲ့ ပတ်သက်ပြီး သမ္မတ အိုဘားမား ပြောဆိုလေမလား ဆိုတဲ့ကိစ္စကို ပထမဆုံးအကြိမ် အရိပ်အငွေ့ ပြသလိုက်တာ ဖြစ်ပါတယ်။

Ref: VOA News

Read More...

သျှမ်းပြည်အလယ်ပိုင်း၌ ကြံ့ဖွံ့ စည်းရုံးရေးအရာမထင် မဲဆွယ်စာစောင်ကပ် သစ်ပင်ပါ ခုတ်လှဲခံရ

Wednesday, 27 October 2010

သျှမ်းပြည်အလယ်ပိုင်းမြို့နယ်အချို့ ပြည်ခိုင်ဖြိုးပါတီစည်းရုံးရေး အရာမထင်သည့် အပြင် ခြံဝင်း၊ နံရံ၊ ဓါတ်တိုင်၊ သစ်ပင် များ၌ လိုက်လံ ကပ်သော စည်းရုံးရေး စာစောင်များပင်လျှင် ဒေသခံများ၏ ဖျက်ဆီးမှု ခံရကြောင်း နယ် စပ်သတင်းရပ်ကွက် က ဆိုပါသည်။

“ ခြင်္သေ့တံဆိပ်နဲ့ မဲခြစ်တဲ့အကွက်ပါတဲ့ မဲဆွယ်စာစောင်တွေပေါ့။ ရပ်ကွက်သားတွေ လိုက်ဖျက် လိုက်ဖြဲ ဒုတ်နဲ့ ထိုးပစ်တယ်။ သစ်ပင် အမြင့်ပိုင်း တက်ကပ်တာတောင် သစ်ပင်ကိုပါ အရင်းကနေ ခုတ်ပစ်ကြတာ” ဟု တာချီလိတ်ရောက် မိုင်းကိုင် ဒေသခံ တဦးကပြောသည်။

ယခုလ ၁၅ ရက် မိုင်းကိုင်မြို့ ရပ်ကွက်တိုင်း၌ ပြည်ခိုင်ဖြိုးပါတီ၏ မဲဆွယ်စာစောင်အချို့ လိုက်လံ ဖျက်ဆီးကြခြင်း ဖြစ်သည်။ နောက်ပိုင်း ကျားဖြူပါတီ ကပ်သည့် မဲဆွယ် စာစောင်များကိုမူ ဖျက်ဆီးခြင်း မပြုကြဟုလည်း အဆိုပါ ဒေသခံကပြော၏။

အောက်တိုဘာ ၁၈ ရက်မိုင်းရှူးမြို့ကျေးလက်ပိုင်း ပြည်ခိုင်ဖြိုးပါတီ စည်းရုံးရေး ဆင်းရာတွင်လည်း တိုက်နယ် ဥက္ကဌနှင့် ရွာသူကြီးများက တာဝန် မယူနိုင်ကြောင်း ပြောသဖြင့် ခရီး မအောင်မြင် ခဲ့ကြောင်း မိုင်းရှူး ဒေသခံတို့ ပြောပြသည်။

“ဟိုင်းပါ အုပ်စုဘက် စည်းရုံးရေးဆင်းဖို့ လုံခြုံမှု ရှိ မရှိ အုပ်စု ဥက္ကဌကို ဆက်သွယ်တော့ ဟိုကလဲ အာမမခံဘူးလို့ ပြန်ဖြေတယ်။ ပြည်ခိုင်ဖြိုးလဲ မသွားရဲဘူး။ ၂၀ ရက်နေ့ကျတော့ ဟိုင်းပါဘက်ကိုဘဲ ကျားဖြူပါတီ ရောက်သွားတယ်။ ဘာမှ မဖြစ်ဘဲ စည်းရုံးရေးခရီး အောင်မြင်ခဲ့တယ်။ နောက် ၂၃ ရက် ရောက်တော့ မိုးရှူး မယက ဥက္ကဌ စိုင်းစံဝင်းက ဟိုင်းပါအုပ်စု ဥက္ကဌကို ခေါ်ဆူပါလေရော” - ဟု ရှင်းပြသည်။

တိုက်နယ်သားများကမူ ကြံ့ဖွံ့ပါတီဘက် ရပ်တည်သည့် စိုင်းစံဝင်း၏ ဘက်လိုက်မှုအပေါ် မကျေမနပ် ဖြစ်ကြကြောင်း ၄င်းက ပြောသည်။

ပြီးခဲ့သည့် ၂၃-၂၄ ရက်နေ့ကလည်း လွယ်လင်မြို့နယ်၊ မိုင်းပွန်မြို့နယ်ဘက် ကျားဖြူပါတီ စည်းရုံးရေး ဆင်းရာ ကျေနပ် အားရမှု ရှိကြောင်း အဖွဲ့ဝင်တဦးက ပြော၏။ လွယ်လင်မြို့အရှေ့ဘက် လွယ်မုံ့မိန်း အုပ်စုက ပအိုဝ်းရွာ ၄-၅ ရွာပင်လျှင် ကျားဖြူ ပါတီအား စောင့်မျှော်လျှက် ရှိသည်ဟု ဆို၏။ ပအိုဝ်းဒေသခံများမှာ ကြံ့ဖွံ့ပါတီ အတွက်ပါ မဲဆွယ်စည်းရုံးပေး သော ဦးအောင်ခမ်းထီ၏ PNO ပအိုဝ်းပါတီ ကို မထောက်ခံလိုကြဟု လွယ်လင်မြို့ခံ ပအိုဝ်းလူငယ် တဦးကပြောသည်။

လွယ်လင် မိုင်းပွန်ဘက်တွင်မူ တိုင်းရင်းသား သွေးစည်းညီညွတ်ရေး ပါတီ (တစည) လှုပ်ရှားမှု အားမကောင်းလှ ဟုလည်း ၄င်းက ပြော၏။ ထူးခြားချက်မှာ ပင်လုံမြို့နယ်အတွင်း စည်းရုံးသူ တဦးတည်းသော တစည EC အဖွဲ့ဝင် ဦးစိုင်းလုံ ( ၅၂ နှစ်) ဆိုသူက “ပင်လုံ လွယ်လင်မှာ ဘယ်ပါတီနိုင်နိုင် အဓိကကတော့ ကြံ့ဖွတ်ပါတီ မနိုင်ဖို့ဘဲ” ဟု အတည့်အလင်း ပြောဆို သည့်အပြင် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကို အထူး တိုက်ခိုက်ပြောဆိုရဲသူ အဖြစ် အဆိုပါ ပအိုဝ်းလူငယ်က ပြောပြသည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

ကချင်ရွာဥက္ကဋ္ဌအိမ်ထဲ KDA ဟောင်းက ဗုံးပစ်သွင်း၊ ၇ ဦးခန့်ဒဏ်ရာရ

Wednesday, 27 October 2010

ယခင် ကချင်ကာကွယ်ရေးတပ်မတော် KDA တပ်ဖွဲ့ဝင် ဟောင်းတစ်ဦးက သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့နယ် ကချင် နောင်ရှဲန်ရွာ ဥက္ကဋ္ဌ နေအိမ်အတွင်းသို့ လက်ပစ်ဗုံးပစ်သွင်းမှု ယမန်နေ့ည ၁၀ နာရီကျော်က ဖြစ်ပွားခဲ့သည်။

ရွာဥက္ကဋ္ဌ၏ ဇနီးအပါအ၀င် လူ ရ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း မူစယ် လုံခြုံရေး အသိုင်းအ၀ိုင်းက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ရွာဥက္က္ကဋ္ဌအိမ်ထဲကို KDA အဖွဲ့ဝင်ဟောင်းတစ်ဦးက လက်ပစ်ဗုံးနဲ့ ပစ်တာ ဥက္ကဋ္ဌရဲ့ ဇနီးက ပေါင်နဲ့တင်ပါးမှာ ကျန်လူ ၆ ယောက်လည်း အနည်းငယ်စီ ဒဏ်ရာရကြတယ်” လို့ လုံခြုံရေးနှင့် နီးစပ်သူက ပြောသည်။

အခင်းမဖြစ်မီ ညပိုင်းက နောင်ရှဲန်ရွာအတွင်းသေနတ့် ပစ်ဖေါက်နေသဖြင့် ၄င်းအား ရွာဥက္ကဋ္ဌက ခေါ်ယူ ဆုံးမခဲ့ရာ မကျေနပ် ၍ တိုက်ခိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

လွန်ခဲ့သည့်လဆန်းပိုင်းက ငွေကြေးကိစ္စနှင့်ပတ်သက်၍ အဆိုပါနောင်ရှဲန်ရွာ အလယ်တန်းပြ ဆရာမ တစ်ဦးအား ၄င်းတပ်ဖွဲ့ ၀င်ဟောင်းက ပြန်ပေး ဆွဲခဲ့သေးကြောင်း၊ ထိုအမှုဖြင့် အရေးယူ ခံထားရစဉ် ၄င်း၏ ဇနီးသည် ပျောက်ဆုံးသွားကြောင်း၊ ဇနီး သည် ပျောက်ဆုံးသည့် အပေါ် ပေါက်ကွဲကာ သေနတ်ပစ်ဖေါက်ခြင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ နောင်ရှဲန်ရွာတွင် ကချင်အပိုင်းနှင့် သျှမ်းအပိုင်းဟူ၍ ၂ ရွာရှိပြီး ကချင်ရွာတွင်း ယခု အခင်းဖြစ်ပွားခဲ့ကြောင်း သိရသည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

ခြစားမှု အများဆုံး နိုင်ငံစာရင်း မြန်မာ ဒုတိယချိတ်

ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ ၂၇ ရက် ၂၀၁၀

ချင်းမိုင် (မဇ္ဈိမ)။ ။ လာဘ်ပေးလာဘ်ယူ အနည်းအများ ၁၇၈ နိုင်ငံစာရင်းတွင် မြန်မာသည် အဆင့် ၁၇၆ ဖြင့် ဇယား အောက်ခြေတွင် ဆက်လက် တည်ရှိနေသည်။

နိုင်ငံတကာ လာဘ်ပေးလာဘ်ယူမှု လေ့လာရေးအဖွဲ့က ယမန်နေ့ ထုတ်ပြန်သည့် ၂ဝ၁ဝ လာဘ်ပေးလာဘ်ယူ အညွှန်း ကိန်းတွင် မြန်မာက အာဖဂန် နစ္စတန်နှင့်အတူ အဆင့် ၁၇၆ ဖြင့် ရှိနေကာ ၎င်းတို့နောက်တွင် အဆင့် ၁၇၈ ဖြင့် အရှေ့ အာဖရိကက ဆိုမာလီယာသာ ကျန်တော့သည်။

လာဘ်စားမှု အရှိဆုံးကို သုည သတ်မှတ်ပြီး လာဘ်ပေးလာဘ်ယူ အကင်းဆုံးကို ၁ဝ သတ်မှတ်ကာ အမှတ်ပေး စာရင်းပြုစုရာ နိုင်ငံ အရေအတွက် လေးပုံ သုံးပုံခန့်သည် ၅ မှတ်အောက်သာ ရရှိကြပြီး မြန်မာသည် ၂ နှစ် ဆက်တိုက် ၁.၄ မှတ်သာ ရရှိခဲ့သည်။

အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ထဲမှ စင်္ကာပူနှင့် ဘရူနိုင်းသာ ၅ မှတ်အထက် ရရှိပြီး အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယားနှင့် လာအိုတို့လည်း ၃ မှတ် အောက်တွင်သာ ရှိကြသည်။

လေ့လာချက်များအရ နိုင်ငံတနိုင်ငံ၏ အကြမ်းဖက် ရာဇဝတ်မှု ဖြစ်ပွားနှုန်းနှင့် ခြစားနှုန်း တိုက်ရိုက် အချိုးကျနေပြီး ယုံကြည်မှုများ ပြန်လည် တည်ဆောက်ရန်နှင့် လာဘ်စားမှုများ လျှော့ချရန် ပွင့်လင်းမြင်သာမှုနှင့် စာရင်း စစ်ဆေးနိုင်မှုတို့က အဓိက ကျသည်ဟု အစီရင်ခံစာက ဆိုသည်။

မြန်မာနိုင်ငံတွင် ပွင့်လင်းမြင်သာမှုနှင့် စာရင်းစစ်ဆေးနိုင်မှု မရှိသည့်အပြင် နိုင်ငံရေးလည်း မတည်ငြိမ် သဖြင့် လာဘ်ပေး လာဘ်ယူမှု ကြီးထွား လာရသည်။ မြန်မာနိုင်ငံကို စစ်တမ်း ကောက်ရာ ရင်းမြစ် ၁၃ ခုမှ ကောက်ရမည့်အစား ၃ နေရာမှသာ စာရင်း ကောက်နိုင်ခဲ့သည်။

နိုင်ငံတကာ လာဘ်ပေးလာဘ်ယူ လေ့လာရေးအဖွဲ့က လာဘ်ပေးလာဘ်ယူ အဆင့် သတ်မှတ်ရန် အချက်အလက် စုဆောင်းရာတွင် လွတ်လပ်၍ ယုံကြည်ရသော အဖွဲ့အစည်းများ ထံမှ ကွဲပြားသည့် အကဲဖြတ်ချက်နှင့် ခြုံငုံ သုံးသပ်ချက်များကို အခြေခံ စုဆောင်းခဲ့သည်။ အစိုးရ အရာရှိများ၏ လာဘ်စားမှု ပမာဏ၊ နိုင်ငံတော် ရန်ပုံငွေ အလွဲသုံးစား မှုများနှင့် လာဘ်ပေးလာဘ်ယူ တိုက်ဖျက်သည့် စနစ်များ ထိရောက်မှု ရှိမရှိတို့ကို အခြေခံ တွက်ချက် ထားသည်ဟု ဆိုသည်။

ဒိန်းမတ်၊ နယူးဇီလန် နှင့် စင်္ကာပူတို့က ၉.၃ ဖြင့် အမှတ်ပေးဇယားကို ဦးဆောင်ကာ လာဘ်ပေးလာဘ်ယူ အကင်းဆုံး နိုင်ငံများ အဖြစ် ရပ်တည်နေသည်။

Ref: မဇ္ဈိမ

Read More...

နိုင်ငံတဝန်း အင်တာနက်လိုင်းများ ပြတ်

ရန်ပိုင်
Wednesday, October 27, 2010

မြန်မာနိုင်ငံ အတွင်းသို့ ဂီရိဆိုင်ကလုန်း မုန်တိုင်း ၀င်ရောက်ခဲ့ပြီး နောက်ပိုင်း ရန်ကုန်မြို့နှင့် တခြား မြို့ကြီးများတွင် အင်တာနက် သုံးစွဲရန် ခက်ခဲနေကြောင်း သိရသည်။

ရန်ကုန်မြို့ခံလူငယ်တဦးက “မနေ့က မနက်ပိုင်း ခဏသုံးလို့ရသေးတယ်။ နောက်ပိုင်း မရဘူး။ အခုထိပဲ အားလုံး ပြတ်နေတယ်” ဟု ဧရာဝတီသို့ ပြောသည်။

မြန်မာနိုင်ငံသို့ မုန်တိုင်း ၀င်ရောက်လာချိန်တွင် လျှပ်စစ် ဓာတ်အားလိုင်း တချို့နှင့် အင်တာနက် လိုင်းများကို ဖြတ်တောက် ထားမည်ဟူသော သတင်းများလည်း ဆိုင်ကလုန်း မုန်တိုင်း မတိုက်မီ အစောပိုင်းက ထွက်ပေါ်ခဲ့သည်။

စစ်အစိုးရ တည်ထောင် ထားသည့် မန္တလေး အခြေစိုက် ရတနာပုံ ၀က်ဘ်ပေါ်တယ် (http://yatanarpon.com.mm/) ကို မုန်တိုင်းကြောင့် ရပ်ဆိုင်း ထားခဲ့ရာမှ ပြန်လည် လည်ပတ်ရန် မစတင်နိုင်သေးခြင်း ဖြစ်ကြောင်း ရတနာပုံ တယ်လီပို့ (YTP) နှင့် နီးစပ်သူ တဦးကလည်း ဧရာဝတီသို့ ပြောသည်။

ဘင်္ဂလား ပင်လယ်အော်မှ ဂီရိ ဆိုင်ကလုန်း မုန်တိုင်းသည် အောက်တိုဘာ ၂၂ ရက်နေ့တွင် ရခိုင်ပြည်နယ် ကျောက်ဖြူ မြို့နယ် သို့ ဖြတ်သန်း ဝင်ရောက်ခဲ့ပြီး မန္တလေးတိုင်း ဘက်သို့ အရောက်တွင် အားပျော့သွားသည်။ မုန်တိုင်းကြောင့် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်း တို့တွင် မိုးရွာသွန်းမှုများ ဖြစ်ပွားခဲ့သည်။

ရတနာပုံတယ်လီပို့ကို စစ်အစိုးရက မလေးရှားနိုင်ငံမှ နည်းပညာကုမ္ပဏီတခု၏ အကူအညီဖြင့် တည်ဆောက်ခဲ့ကြောင်း၊ ပြည်တွင်းရှိ ကွန်ပျူတာနှင့် နည်းပညာ တက္ကသိုလ်၊ ကောလိပ်များမှ ကျောင်းဆင်းလာသူများကို ၀န်ထမ်းအဖြစ် စုဆောင်းခဲ့ပြီး ၎င်းတို့သည် တယ်လီပို့ရှိ ရုံးအဆောက်အအုံ ၇ ခုတွင် အလုပ်လုပ်ကိုင်နေကြကြောင်း သိရသည်။

မန္တလေးမြို့ခံ စာနယ်ဇင်းသမားတဦးက ယခုကဲ့သို့ အင်တာနက်လိုင်းများ ပြတ်တောက်သွားခြင်းသည် မုန်တိုင်း တိုက်ခတ်မှုကြောင့် မဟုတ်နိုင်ဘဲ မုန်တိုင်းတိုက်ခတ်မှုကြောင့် ဖြစ်ပေါ်လာသည့် အပျက်အစီးသတင်းများကို ပြည်ပမှ သိရှိမည်ကို စိုးရိမ်သည့်အတွက် ဖြတ်တောက်ထားခြင်းလည်း ဖြစ်နိုင်ကြောင်း ပြောသည်။

လာမည့် နိုဝင်ဘာ ၇ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲ အကြိုကာလနှင့် ရွေးကောက်ပွဲကာလများတွင် စစ်အစိုးရသည် အင်တာနက်လိုင်းများကို ဖြတ်တောက်ခြင်း၊ နှေးကွေးရန် ပြုလုပ်ခြင်းများ လုပ်ဆောင်လိမ့်မည်ဟု လေ့လာသုံးသပ်သူများက ပြောသည်။

Ref: ဧရာဝတီ်

Read More...

အာဏာပိုင်များ ခွင့်ပြုချက် မရ၍ မြေပုံမြို့နယ် ဂီရိ ဒုက္ခသည်များထံ အကူအညီများ ဖြန့်ဝေနိုင်ခြင်း မရှိသေး

မောင်အေး
10/27/2010

မကြာသေးမီက ရခိုင်ပြည်နယ်တွင် တိုက်ခိုက်ခဲ့သည့် ဂီရိမုန်တိုင်းကြောင်း ဒုက္ခရောက်နေကြသည့် မြေပုံ မြို့နယ်မှ မုန်တိုင်း ဒုက္ခသည်များကို ကူညီ ထောက်ပံ့ ပေးရန် ရောက်ရှိနေသည့် ပစ္စည်းများကို အလှူရှင်များကို အာဏာပိုင်များမှ တိုက်ရိုက် လှူဒါန်းခွင့် မရ၍ ယနေ့တိုင် ဒုက္ခသည်များ အကူညီ မရရှိသေးကြောင်း သိရသည်။

ယခုကဲ့သို့ သက်ဆိုင်ရာမှတဆင့် လှူဒါန်းရမည်ဟု အာဏာပိုင်များ ပြောကြားသည့် အတွက် အလှူပစ္စည်းများ ရပ်တန့် နေကြောင်းကို မြေပုံသို့ ကူညီ ထောက်ပံ့ ပေးရန် ရောက်ရှိနေသူ တဦးက ယခုကဲ့သို့ ပြောသည်။

“တနင်္လာနေ့ကတည်းက နိုင်ငံခြား NGO တွေနဲ့ ပြည်တွင်းက အလှူရှင် အဖွဲ့အစည်း ခြောက်ခု စက်လှေတွေနဲ့ မြေပုံကို ရောက်နေတာ အခုဆို နှစ်ရက်ရှိပြီ ဖြစ်တယ်။ အာဏာပိုင်တွေက သူတို့ဆီက တဆင့် လှူရမယ်လို့ ပြောလို့ အခက် ကြုံနေရတယ်။ အလှူရှင် တွေကလည်း ဒုက္ခသည်တွေကို တိုက်ရိုက် လှူချင်တယ်။ ဒီလိုနဲ့ အခုထိ ပစ္စည်းတွေ မဝေငှရသေးဘူး။”

မြေပုံသို့ ကူညီထောက်ပံ့ရန် ရောက်ရှိနေသည့် အဖွဲ့အစည်းများမှာ မာတေဇ အန်ဂျီအို၊ မင်္ဂလာမြန်မာ၊ မေတ္တာ ဖောင်ဒေးရှင်း၊ ဂရုဏာ ဖောင်ဒေးရှင်းနှင့် MSF တို့ ပါဝင်ကြောင်း သိရသည်။

မုန်တိုင်းဒုက္ခသည်များအဓိက လိုအပ်နေသည့် ပစ္စည်းများမှာ အမိုးအကာ၊ ဆေးဝါး၊ သောက်ရေနှင့် အစားအစာ များဖြစ်ကြောင်း သူက ဆက်ပြောသည်။

လေဘေးသင့် ဒေသများတွင် ယခုအခါ ၀မ်းရောဂါစတင်ဖြစ်ပွားနေပြီး သေဆုံးမှုများ ရှိနေပြီ ဖြစ်ကြောင်း ကိုယ်တိုင် သွားရောက် ကူညီပေးနေသူ တဦးက ယခုကဲ့သို့ ပြောသည်။

“လွန်ခဲ့တဲ့ အင်္ဂါနေ့က တောင်ကြီးရင့်ကျေးရွာမှာ ၀မ်းရောဂါဖြစ်လို့ လူနှစ်ဦး သေဆုံး သွားပါတယ်။ တခြားလူ တွေလည်း ဖြစ်နေကြတယ်။ ဒီအတိုင်းဆိုရင် တခြား နေရာတွေကိုလည်း ၀မ်းရောဂါ ကူးသွားနိုင်တယ်။ နောက်ပြီး ဆေးရုံးမှာလည်း ဒဏ်ရာတွေနဲ့ လူနာ ၈၀ လောက်ရှိနေတယ် ဆေးဝါး မလုံမလောက်တာနဲ့ မနိုင်မနင်း ဖြစ်နေတယ်။ အခြေခံ ကျန်းမာရေး စောင့်ရှောက်မှု အရေးတကြီး လိုနေတယ်။”

ယခုကဲ့သို့ ၀မ်းရောဂါ စတင်ဖြစ်ပွားလာပြီ ဖြစ်သည့် အတွက် အလှူရှင်များကို တိုက်ရိုက်သွားရောက် လှူဒါန်း ခွင့်ကို အာဏာပိုင်များမှ ခွင့်ပြုသင့်ပြီ ဖြစ်ကြောင်း ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ဥက္ကဌ ဒေါက်တာ အေးမောင်က ယခုကဲ့သို့ ပြောသည်။

“အဓိက ကျွန်တော်တို့ပါတီက လိုလားတာကတော့ ပြည်သူလူထုထိခိုက်မှုတွေ အသက်သာဆုံး ဖြစ်အောင် အာဏာပိုင်တွေ တားဆီး ပိတ်ပင်နေတာတွေကို ကျွန်တော်တို့ မလိုလားဘူး။ အလှူရှင်တွေ နဲ့ လူထုကို တိုက်ရိုက်တွေ့ခွင့် ပေးပါ။ အဲဒီလို တွေ့ခွင့်ပေးတဲ့ အတွက် ဘယ်လောက်ထိ ပျက်စီး ထိခိုက် သွားတယ် ဆိုတာကို နိုင်ငံတကာကလည်း သိခွင့်ရမယ်။ ပြည်တွင်းက လူတွေလည်း သနား ကြင်နာမှု ပိုရနိုင်မှာဖြစ်တယ်။ ဒါကြောင်း သတင်း ပိတ်ပင်တာတို့ တားဆီးတာတို့ အခုကာလမှာ မလုပ်သင့်ဘူးလို့ ကျွန်တော်တို့ မြင်တယ်။”

ယခုကဲ့သို့ အာဏာပိုင်များမှ အလှူရှင်များအား တားဆီးပိတ်ပင်မှုများ ဆက်လက် ပြုလုပ်နေလျှင် သေဆုံးသူ အရေအတွက် ယခုထက် ပိုပြီး များလာနိုင်ကြောင်း ဒေါက်တာအေးမောင်မှ ပြောကြားသွားသည်။

Ref: နိရဉ္စရာ

Read More...

Wednesday, October 27, 2010

လူ့အဆင့်အတန်းဆိုတာ ဘာလဲ

လူထုစိန်ဝင်း

ရင်းနှီးတဲ့ မိတ်ဆွေတစ်ယောက်က ထူးခြားတဲ့ အကူအညီတစ်ခု လာတောင်းပါတယ်။ နိုင်ငံခြား ရောက်နေတဲ့ သူ့သားဆီကို အဲဒီ နိုင်ငံမှာနေတဲ့ တပည့်ရင်း တစ်ယောက်လောက် လွှတ်ပြီး နားချ ခိုင်းပေးစမ်းပါ ဆိုတဲ့ အကူအညီ ဖြစ်တယ်။

ပထမဆုံးကြုံဖူးတာ
သူ့စကားကြားတော့ တော်တော် အံ့အား သင့်သွားတယ်။ နိုင်ငံခြားသွားချင်လို့ အကြံတောင်းတာ၊ အကူအညီ တောင်းတာတွေ အမြဲ ကြုံတွေ့နေကျ ဖြစ်ပေမယ့် အခုလို နိုင်ငံခြားကသား ပြန်လာစေချင်လို့ အကူအညီ တောင်းတာမျိုးတော့ တစ်ခါမှ မကြုံဖူးဘူး။ ဒါ ပထမဆုံးပဲ။ သူ့သား နိုင်ငံခြား ထွက်သွားတာ သုံးနှစ်ရှိပါပြီ။ မြန်မာပြည်မှာ ဖွင့်ထားတဲ့ နိုင်ငံခြားသား အများစုသင်တဲ့ ကျောင်းကြီး တစ်ခုက အထက်တန်း ပြီးပြီးချင်း သွားလိုက်တာမို့ သွားစက ၁၈ နှစ်တောင် မပြည့်သေးပါဘူး။ ဟိုနိုင်ငံ ရောက်တော့ တက္ကသိုလ် ၀င်ခွင့် မရသေးဘဲ ၀င်ခွင့်သင်တန်း တစ်နှစ်ကြာအောင် တက်ရပါတယ်။ မြန်မာပြည်မှာ မိဘက မျက်စိအောက်က အပျောက်မခံအောင် ထိန်းသိမ်း စောင့်ရှောက်ခဲ့တာ ဆိုတော့ ၁၈ နှစ်ရွယ် သားလေးဟာ ဟိုနိုင်ငံရောက်တော့ ဇောင်းထဲက လွှတ်တဲ့မြင်းလို ဖြစ်ပြီး ပျော်ချင်တိုင်း ပျော်မြူး နေပါတော့တယ်။

ပြန်မလာတော့လို့
သုံးနှစ်သာ ကြာသွားတယ်။ ဘယ်တက္ကသိုလ်ကောလိပ်မှ မတက်ရပါဘူး။ ဒါပေမဲ့ ကျောင်းသားဗီဇာ ရနိုင်တဲ့ သင်တန်းတွေ တစ်ခုပြီးတစ်ခု ပြောင်းတက်ပြီး ဆက်နေပါတယ်။ သူတို့နိုင်ငံတွေမှာလည်း ပညာရေးဆိုတာ စီးပွားရေး လုပ်ငန်း အဖြစ် လုပ်ကြ ကိုင်ကြတာ ဆိုတော့ ကျောင်းလခ တစ်နှစ်စာသွင်းရင် ဗီဇာရအောင် လုပ်ပေးတဲ့ ကျောင်းတွေက အများသားကိုး။ ဒီက မိဘများက ပိုက်ဆံပို့နိုင်ရင် ပို့နိုင်သလောက် ဟိုမှာ ကျောင်းသားလုပ်ပြီး နေနိုင်ကြတယ်လေ။ သုံးနှစ်ကြာတော့ မိဘများက ပြန်လာဖို့ ခေါ်ပေမယ့် သားလေးက ပြန်မလာဘူး။ အကြောင်း အမျိုးမျိုးပြပြီး ငြင်းတယ်။ နောက်ဆုံး မတတ်သာတော့လို့ လာပြီး အကူအညီတောင်းတာ ဖြစ်ပါတယ်။

လူနေမှု အဆင့်အတန်းတဲ့
ရင်းနှီးတဲ့ မိတ်ဆွေဖြစ်တာကြောင့် သူအကူအညီတောင်းတဲ့အတိုင်း ဟိုမှာနေတာ နှစ်ပေါင်းနှစ်ဆယ်လောက် ရှိပြီ ဖြစ်တဲ့ တပည့်ရင်းချာ တစ်ယောက်ဆီကို အီးမေးလ်ပို့ပြီး အကူအညီ တောင်းပေးလိုက်ပါတယ်။ သားလိုဖြစ်နေတဲ့ တပည့်ကလည်း ချက်ချင်း ကတိပေးပြီး အလုပ် အားရက်မှာ ဖုန်းနဲ့ချိန်းပြီး သွားတွေ့ပါတယ်။ သူ့အိမ်ကိုခေါ်ပြီး မြန်မာ ထမင်းဟင်းတွေလည်း ကျွေးပါတယ်။ ရင်းနှီးအောင်လည်း ပေါင်းပါတယ်။ သုံးလလောက်ကြာတော့ တပည့်ဆီက လက်လျော့ လိုက်ရကြောင်း အကြောင်း ကြားပါတယ်။ ကလေးက ဘယ်လိုမှ တိုက်တွန်းလို့ မရတဲ့အကြောင်း၊ ဟိုမှာပဲ တစ်သက်လုံးနေဖို့ ကြံရွယ် ထားပုံရကြောင်း ပြောပြပါတယ်။ (Quality of Life) 'လူနေမှု အဆင့်အတန်း'ဆိုတဲ့ စကားကို ပါးစပ် ကမချအောင်ကို ပြောနေတယ် ဆရာရဲ့လို့လည်း ဖုန်းထဲက ပြောပြပါတယ်။

ဘယ်သူ့အပြစ်လဲ
အကျိုးအကြောင်း မိတ်ဆွေဖြစ်သူကို ပြောပြတော့ မျက်ရည်ကျရှာတယ်။ ကိုယ်တိုင်သွားခေါ်မှ ဖြစ်တော့မှာပဲလို့လည်း ညည်းညူ သွားပါတယ်။ ဒီကိစ္စကို ရက်ပေါင်း အတော်ကြာအောင် စဉ်းစားနေမိတယ်။ ဒီကလေးဟာ ဒီမှာလည်း ရွှေပေါ်မြတင် နေခဲ့ရတာပါ။ ဒေါ်လာနဲ့ ပေးပြီး တက်ရတဲ့ ကျောင်းမှာ အထက်တန်းကုန်တဲ့ အထိ တက်ခဲ့ရပါတယ်။ သူ့ဘ၀ တစ်လျှောက်လုံး မရှိဆိုတဲ့စကား မကြားခဲ့ဖူးဘူးလို့ ဆိုနိုင်လောက်တဲ့ အခြေအနေပါ။ ဒါတောင်မှ ဒီ'ကွာလတီအော့လိုက်ဖ်' ဆိုတဲ့ စကား ဘာကြောင့် နှုတ်ဖျားကမချ ဖြစ်နေရတာလဲ။ ကလေးရဲ့ အပြစ်လား၊ အလိုလိုက်တဲ့ မိဘများရဲ့အပြစ်လား။ ဒါမှမဟုတ် ဒါမှမဟုတ် . . .။

မျိုးချစ်ကြီးတွေ မဟုတ်ပေမယ့်
ဒီကိစ္စကို အပြန်ပြန်အလှန်လှန် ဝေဖန်စောကြော နေမိတယ်။ ကလေး မိဘများကလည်း ထူးကဲတဲ့ မျိုးချစ် ပုဂ္ဂိုလ်ကြီးတွေ မဟုတ်ပေမယ့် နိုင်ငံခြားကိုမှ အထင်ကြီး တတ်သူတွေ မဟုတ်ပါဘူး။ နိုင်ငံခြားမှာ သွားနေဖို့လည်း စိတ်ကူးတောင် ကြည့်ဖူးသူတွေ မဟုတ်ပါဘူး။ ဘိုးစဉ်ဘောင်ဆက် ကိုယ်ပိုင်စီးပွားရေး လုပ်ကိုင်လာကြပြီး တင့်တောင်းတင့်တယ် နေနိုင်ကြသူတွေ ဖြစ်ပါတယ်။ သားလေးကလည်း ဒေါ်လာ ပေးတက်ရတဲ့ ကျောင်းမှာ တက်ခဲ့တာ ဖြစ်ပေမယ့် ဟော့ဟော့ရမ်းရမ်း မဟုတ်ပါဘူး။ စာကြိုးစား ရှာပါတယ်။ ကျောင်းပိတ်ရက် တွေမှာလည်း အအားမနေပါဘူး။ သင်တန်းအမျိုးမျိုး တစ်ခုပြီး တစ်ခု တက်နေခဲ့တာပါ။ လူတွေရဲ့ ပျော်ရွှင်ချမ်းသာမှု ဆိုတာ ရုပ်ဝတ္ထု ပစ္စည်းတွေက ဖန်တီးပေးတာ မဟုတ်ဘူး စိတ်ချမ်းသာမှုရှိမှ အမှန်တကယ် ပျော်ရွှင်ရတယ် ဆိုတာ ကလေးတွေက ဘယ်လိုသိမှာလဲ။ စိတ်ချမ်းသာမှု ရှိဖို့အတွက် လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်းနဲ့ တရားမျှတမှု ရှိခြင်းတို့ကသာလျှင် ဖော်ဆောင်ပေးနိုင်တယ်ဆိုတာ . . .

ကျောင်းတွေနဲ့ ဆိုင်သလား
၁၈ နှစ်အရွယ် ကလေးတစ်ယောက်ရဲ့ ခေါင်းထဲကို ဒီ 'ကွာလတီအော့လိုက်ဖ်' ဆိုတဲ့ စကားက ဘယ်လိုလုပ်ပြီး ရောက်သွား ခဲ့တာလဲ။ သူတက်ခဲ့တဲ့ ကျောင်းတွေ သင်တန်းတွေနဲ့များ ဆိုင်နေ လေသလား။ သူတက်ခဲ့တဲ့ ကျောင်းတွေမှာ နိုင်ငံခြားသားက အများစု ဖြစ်တယ်။ ကျောင်းသားတွေက လူမျိုးစုံသလို ဆရာတွေကလည်း နိုင်ငံစုံက လာကြတာ ဖြစ်တယ်။ နိုင်ငံခြားက သင်ရိုးတွေ အတိုင်းပဲ သင်တယ်။ မြန်မာ ကျောင်းတွေက သင်ရိုးတွေ မသင်ဘူး။ မြန်မာပြည်က စာမေးပွဲတွေ မဖြေဘူး။ အထက်တန်းပြီးရင် နိုင်ငံခြားသွား ကျောင်းဆက်တက်ကြမှာ။ ဒီအထိ ကိစ္စမရှိဘူး။ နိုင်ငံသားတိုင်း ကိုယ်ကြိုက်ရာကို လွတ်လပ်စွာ လုပ်ခွင့်ရှိတာပဲ။ နိုင်ငံခြားသွား ပညာသင်တာ မကောင်းတဲ့ကိစ္စမှ မဟုတ်တာ။

ကျောပိုးအိတ်သမားတွေလား
အဲဒီလိုကျောင်းတွေမှာ ရှိတဲ့ ဆရာတွေနဲ့များ ဆိုင်နေမလားလို့ စဉ်းစားမိတယ်။ ကျောင်းတချို့က ဆရာ ဆရာမတွေကို သေသေချာချာ စိစစ်ပြီး အရည်အချင်း ပြည့်မီသူတွေကိုသာ ခန့်ကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ တချို့တလေက စီးပွားရေးသမားလို ဈေးတွက်တွက်ပြီး 'ပေါချောင်ကောင်း' တွေရှာပြီး ငှားတာမျိုးလည်း ရှိတယ်။ အခုလို ကျောင်းမျိုးတွေ မပေါ်ခင် အချိန်က အင်္ဂလိပ် စကားပြော သင်တန်း ကျောင်းတစ်ခု ဖွင့်ခဲ့ဖူးတော့ တစ်ကိုယ်တော် ကျောပိုးအိတ် သမားတွေလာပြီး ဆရာအလုပ် လျှောက်တာ မကြာခဏ ကြုံဖူးတယ်။ သူတို့က ပိုက်ဆံမကုန်ဘဲ ကမ္ဘာအနှံ့လည်ရအောင် ရောက်ရာအရပ်မှာ ကြုံတဲ့အလုပ် ၀င်လုပ်ပြီး စရိတ်ရှာလေ့ ရှိကြတယ်။ နိုင်ငံတစ်နိုင်ငံမှာ အားရအောင် လည်ပတ်ပြီးတဲ့ အခါ နောက်တစ်နိုင်ငံ ကူးသွားကြတယ်။ ကြုံရာ ၀င်လုပ်ကြပြန်တယ်။

ပညာတတ်တိုင်း ဆရာမဖြစ်
အဲဒီလို ကျောပိုးအိတ်သမားတွေ ထဲမှာ တချို့က ကျောင်းသူကျောင်းသားတွေ ဖြစ်ပြီး တချို့က ကျောင်းဆရာတွေ ဖြစ်တယ်။ တချို့ကျတော့လည်း သိပ်ပညာ မတတ်တဲ့ အောက်ခြေ အလုပ်သမားတွေ ဖြစ်တယ်။ ကျောင်းဆရာ အလုပ်ဆိုတာ ပညာ တတ်တိုင်း လုပ်လို့ဖြစ်တာ မဟုတ်ပါဘူး။ ဆရာဖြစ် သင်တန်းအောင်မှ လုပ်နိုင်တဲ့ အလုပ်မျိုး ဖြစ်ပါတယ်။ တကယ်လို့ ဆရာလုပ်ဖို့ အရည်အချင်း မရှိသူတွေ ဆရာဝင်လုပ်နေကြတဲ့ ကျောင်းမျိုးဆိုရင် ကလေးတွေကို မှန်ကန်တဲ့ ပညာရပ်တွေ မှန်ကန်တဲ့ အတွေးအခေါ်တွေ ပေးနိုင်ပါ့မလား။

ပြင်ပသင်တန်းတွေ ပိုဆိုး
နောက်ပြီး ပြင်ပသင်တန်း ဆိုတာတွေက ပိုပြီးဆိုးသေးတယ်။ အင်္ဂလိပ်စာလေး နည်းနည်း ဖတ်တတ်တယ် ဆိုရုံလောက်နဲ့ နိုင်ငံခြားက စာအုပ်ကြီးတွေ ကိုင်ပြီး ဆရာဝင်လုပ်နေကြသူတွေ အများကြီး ရှိတယ်။ ဆရာဖြစ် လက်မှတ်ဆိုတာ ဝေးလို့ သူတို့ ဆရာကြီး တစ်ဆူလုပ်ပြီး သင်ကြားပေးနေတဲ့ ဘာသာရပ်ကိုတောင် ဘွဲ့ရအောင် သင်ယူဖူးခဲ့ကြတာ မဟုတ်ဘူး။ စာအုပ်ကြီးထဲက မှတ်စုထုတ်ပြီး ကြက်တူရွေးလို ရွတ်ပြနေကြတာ များတယ်။ အဲဒီလို သင်တန်းတွေကို အဟုတ်မှတ် ပြီး တက်ခဲ့ကြတဲ့ ကလေးတွေ အများစုက စကားပြောလိုက်ရင် အင်္ဂလိပ် စကားလုံးကြီးတွေ အတုံးလိုက် အတစ်လိုက်ပဲ။ ဘာဖြစ်ဖြစ် သူတို့က ဂလိုဘယ် ဆိုတာကြီးနဲ့ ကိုင်ပေါက် လိုက်ကြတယ်။ စတစ်ဂလစ်က ဘာပြောတယ်။ ဖရိုက်မင်းက ဘာပြောတယ်။ ဖူကူးရာမက ဘာပြောတယ် ဆိုတာတွေ အပ်ကြောင်း ထပ်နေတော့တယ်။ ပါးစပ်တွေမှာ အမြှုပ်တစီစီနဲ့။

အဆင့်အတန်းရှိတဲ့လူ
ဒီလိုကလေးမျိုးတွေကပဲ လူ့အဆင့်အတန်းဆိုတဲ့ စကားအများဆုံး ပြောကြတာ ဖြစ်တယ်။ အပ်ကစပြီး မော်တော်ကားထိ ၀ယ်လို့ရတဲ့ ကုန်တိုက်ကြီးတွေ နေရာတကာရှိပြီး၊ သုံးချင်တိုင်းသုံး၊ ဖြုန်းချင်တိုင်းဖြုန်း ပျော်ချင်တိုင်းပျော်လို့ရတဲ့ နိုင်ငံတွေ မှာနေမှ အဆင့်အတန်း ရှိတဲ့လူလို့ သတ်မှတ်တယ်လို့ ထင်နေကြပုံ ရပါတယ်။ သင်တန်းမှာ သူတို့ သင်ယူခဲ့ကြတဲ့ ဂျီဒီပီတွေ ဂျီအင်ပီတွေ လူတစ်ထောင်မှာ မော်တော်ကား ဘယ်နှစီး၊ တယ်လီဖုန်း ဘယ်နှလုံး ဆိုတဲ့ စာရင်းအင်း အချက်အလက်တွေ ကိုကြည့်ပြီး နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးရဲ့ အဆင့်အတန်းကို သတ်မှတ်ရတယ်လို့ပဲ ယူဆထားကြတာကိုး။

ဘယ်သူမပြုမိမိမှု
လူတွေရဲ့ပျော်ရွှင်ချမ်းသာမှုဆိုတာ ရုပ်ဝတ္ထုပစ္စည်းတွေက ဖန်တီးပေးတာ မဟုတ်ဘူး စိတ်ချမ်းသာမှု ရှိမှ အမှန်တကယ် ပျော်ရွှင်ရတယ် ဆိုတာ ကလေးတွေက ဘယ်လိုသိမှာလဲ။ စိတ်ချမ်းသာမှု ရှိဖို့အတွက် လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်းနဲ့ တရားမျှတမှု ရှိခြင်း တို့ကသာလျှင် ဖော်ဆောင်ပေးနိုင်တယ် ဆိုတာလည်း မသိရှာကြဘူး။ မြန်မာပြည်မှာမွေးပြီး မြန်မာပြည်မှာ လူဖြစ်ခဲ့ပေမယ့် မြန်မာ လူမျိုးတွေနဲ့က အနေ ဝေးကြတယ်လေ။ နိုင်ငံခြားသားတွေ သင်တဲ့ကျောင်းနဲ့ နိုင်ငံခြား စာတွေသင်တဲ့ သင်တန်းတွေပဲ တက်ပြီး ကြီးပြင်းလာခဲ့ကြတာ မဟုတ်လား။ ဒီတော့လည်း ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးကို ဘယ် အထင်ကြီးတော့မှာလဲ။ နိုင်ငံခြားမှာ နေမှပဲ လူ့အဆင့်အတန်း မြင့်တယ်လို့ ထင်နေကြတော့မှာပေါ့။ မိတ်ဆွေကြီး အတွက်တော့ စိတ်မကောင်းဘူး။ ဒါပေမဲ့ ဘာမှလည်း မတတ်နိုင်ဘူး။ ဘယ်သူမပြု မိမိမှုပဲလေ။

Ref: EMG

Read More...

ဒေါ်အောင်ဆန်းစုကြည်အမှု နေပြည်တော် တရားရုံးချုပ်မှာ ၂၉ ရက်နေ့ ကြားနာမည်

မသင်းသီရိ
အင်္ဂါ, 26 အောက်တိုဘာ 2010

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်အကျယ်ချုပ် ချထားတဲ့ အမှုအတွက် အထူးအယူခံလွှာကို လာမယ့် နိုဝင်ဘာလ ၂၉ ရက်နေ့ နေပြည်တော် တရားရုံးချုပ်မှာ ကြားနာတဲ့အခါ တရားဥပဒေ စိုးမိုးမှုဟာ အဓိက ကျသလို တရားရုံးက နိုင်ငံရဲ့ တရားဥပဒေ စိုးမိုးမှုကို ဘယ်လောက်ထိ လိုက်နာမလဲဆိုတာ ကြည့်ရှုရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆို လိုက်ပါတယ်။ ဒီကနေ့ နေအိမ်မှာ အထူး အယူခံလွှာ လျောက်လဲချက် အတွက် ရှေ့နေတွေနဲ့ တွေ့ဆုံစဉ်အတွင်း အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ အထူး အယူခံလွှာအမှု အတွက်ရော၊ လက်ရှိ နိုင်ငံရေး အခြေအနေတွေကိုပါ ဒေါ်အောင်ဆန်းစုကြည်က ဘာတွေ ပြောလိုက်သလဲဆိုတာ မသင်းသီရိက တင်ပြ ပေးထားပါတယ်။

နေအိမ်အကျယ်ချုပ် ချထားတဲ့ အမှုအတွက် အထူးအယူခံလွှာကို နေပြည်တော်က ၅ ဦးထိုင် တရားရုံးမှာ လာမယ့် အောက်တိုဘာ ၂၉ ရက် သောကြာနေ့မှာ ကြားနာမှာမို့ ရှေ့နေတွေ ဖြစ်ကြတဲ့ ဦးဉာဏ်ဝင်း၊ ဦးကြည်ဝင်းနဲ့အတူ ဒေါ်ခင်ဌေးကြွယ်တို့ ၃ ဦးဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နေအိမ်မှာ ၃ နာရီလောက် ဆွေးနွေးခဲ့ပါတယ်။ အထူးသဖြင့် ဒီအထူးအယူခံလွှာနဲ့ ပတ်သက်လို့ တရားရုံးဟာ နိုင်ငံတော်ရဲ့ တရားဥပဒေ စိုးမိုးမှုကို ဘယ်လောက်ထိ လိုက်နာဆောင်ရွက်မလဲ ဆိုတာ ကြည့်ရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြောင်း ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒါ တရားဥပဒေ စိုးမိုးရေးဟာ အဓိကပဲ။ ဒီအမှုမှာ တရားဥပဒေ စိုးမိုးရေးနဲ့ ပတ်သက်ပြီး ဘယ်လောက် လိုက်နာ နိုင်ကြသလဲ ဆိုတာ ကြည့်ရှုရမယ်လို့ အဲဒီလို ပြောပါတယ်။ သူ့အမှုနဲ့ ပတ်သက်ပြီး ကျနော်တို့နဲ့ ဆွေးနွေးတယ်၊ ဥပဒေ အချက်အလက်များ အားလုံးကို ကြည့်ပြီးတဲ့အခါ သူဟာ သူ့ကို အပြစ်မရှိ လွှတ်လိမ့်မယ်လို့ သူကိုယ်တိုင်လည်း ယူဆတယ်၊ ကျနော်တို့လည်း ယူဆတယ်။”

အခုလို အမှုအကြောင်း ဆွေးနွေးရင်းနဲ့ မကြာခင် ကျင်းပတော့မယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့လည်း လူထုဟာ ရွေးကောက်ပွဲမှာ မဲပေးတာ ဒါမှမဟုတ် မဲမပေးဘဲ နေတာတွေဟာ ကိုယ်ပိုင် ရွေးချယ်ခွင့် ဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“လာမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ အချို့ ပြောနေကြတယ်၊ သူတို့မှာ NLD မ၀င်တဲ့အတွက် ရွေးချယ်စရာ မရှိ ဖြစ်နေတယ်။ အဲဒီစကားနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ဒါ မမှန်ဘူး၊ ရွေးချယ်ခွင့်ဟာ အခုလည်း ရှိနေတယ်၊ နောင်လည်း ရှိမှာပဲ၊ ဘယ်သူမဆို မိမိကိုယ်တိုင် ရွေးချယ်ခွင့်တွေ၊ ကိုယ့်ကိုယ်ကို ရွေးချယ်ခွင့်တွေ ရှိပါတယ်။

“မဲပေးခြင်းဟာလည်း မိမိကိုယ်တိုင် ရွေးချယ်ခွင့်ပဲ။ မဲမပေးဘဲ နေတာလည်း ရွေးချယ်ခွင့်ပဲ။ ဒါ ကိုယ်တိုင် ရွေးချယ်ခွင့် ရှိပါတယ်လို့ အဲဒီလို ဆွေးနွေးပါတယ်။ အဖွဲ့ချုပ် ဗဟိုကနေ စဉ်းစားသုံးသပ်၊ ဆုံးဖြတ် ဆောင်ရွက်တာတွေ မှန်သမျှကို သူက ဒီမိုကရေစီကို ချစ်မြတ်နိုးတဲ့ လူတွေအနေနဲ့ အဖွဲ့ချုပ် ဗဟိုရဲ့ ဆုံးဖြတ်ချက်တွေကို သူလိုက်နာရမယ် ဆိုတာ ပြောလိုက်တယ်။”

ဒါ့အပြင် ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာရဲ့ မြန်မာ့အရေးအပေါ် စိတ်ဝင်စားမှုတွေ၊ မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်လို့ ပြောဆိုမှု တွေကို သူ ဂရုတစိုက် အမြဲနားထောင်နေသလို ကျေးဇူး တင်ကြောင်းကိုလည်း ပြောလိုက်တယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

တခါ ရခိုင်ကမ်းမြောင်ဒေသမှာ တိုက်ခတ်ခဲ့တဲ့ ဂီရိမုန်တိုင်းနဲ့ ပတ်သက်လို့လည်း ပြည်သူလူထုရဲ့ ဒုက္ခတွေကို သက်သာအောင် NLD ပါတီက ကူညီ ဆောင်ရွက်ဖို့ကိုလည်း တိုက်တွန်းလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကို အမေရိကန် နိုင်ငံသား ဂျွန်ယက်ထော ရေကူး ၀င်ရောက်လာတာကို ခဏတာ နားခိုခွင့် ပေးခဲ့တဲ့အတွက် ဆိုပြီး ဒေါ်အောင်ဆန်းစုကြည် အပေါ် ချထားတဲ့ ပြစ်မှုအတွက် အထူးအယူခံလွှာ လျောက်လဲချက် ပေးဖို့ အထူး တိုင်းတရားရုံးချုပ်က အောက်တိုဘာလ ၂၀ ရက်နေ့က လက်ခံခဲ့တာပါ။ မူလတရားရုံးနဲ့ ရန်ကုန်တိုင်း တရားရုံးတို့က ၂ ကြိမ် အယူခံလွှာကို ပယ်ချခဲ့ဖူးပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်တဲ့ ဥပဒေတွေဟာ ဒေါ်အောင်ဆန်းစုကြည် မပါဝင်နိုင်အောင် ကန့်သတ် ထားသလို တရားမျှတမှုလည်း မရှိတာကြောင့် ဆိုပြီး နိုဝင်ဘာလ ၇ ရက်နေ့မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲကို NLD ပါတီက ၀င်ရောက် ယှဉ်ပြိုင်မှာ မဟုတ်ဘူးလို့ ဆုံးဖြတ်ချက် ချခဲ့သလို ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကိုလည်း လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ဒီနေ့မှာလည်း ခမောက်တံဆိပ်ချင်း တူနေတဲ့ NDF အမျိုးသား ဒီမိုကရေစီ အင်အားစုနဲ့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ မပတ်သက်၊ မသက်ဆိုင်တဲ့ အကြောင်း ကြေညာချက် တစောင် ထုတ်ပြန်ခဲ့တယ်လို့ NLD ပါတီက ပြောပါတယ်။

Ref: VOA News

Read More...

ဒုတိယ ပင်လုံကို ကျောင်းသားလူငယ်များ ထောက်ခံ

ဖနိဒါ
အင်္ဂါနေ့၊ အောက်တိုဘာလ ၂၆ ရက် ၂၀၁၀

ချင်းမိုင် (မဇ္စျိမ) ။ ။ ဒုတိယအကြိမ် ပင်လုံညီလာခံ ကျင်းပရန် ဇိုမီးအမျိုးသားကွန်ဂရက် ZNC က ကြေညာ စာတမ်း ထုတ်ပြန်ခဲ့ရာ မြန်မာ ပြည်တွင်းမှ ဒီမိုကရေစီရေး လိုလားသူ မြေအောက် ကျောင်းသား လူငယ်များက ထောက်ခံကြောင်း ယနေ့ ပြောဆိုသည်။

ယခုလ ၂၄ ရက်နေ့တွင် ZNC ဖွဲ့စည်းထူထောင်သည့် ၂၂ zngနှစ်မြောက် အခမ်းအနားကို စစ်ကိုင်းတိုင်း ကလေးမြို့၌ ကျင်းပခဲ့ရာ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးနှင့် ပြည်ထောင်စု တည်ဆောက်ရေး အတွက် တွေ့ဆုံ ဆွေးနွေးရန် ဒုတိယ ပင်လုံညီလာခံ ခေါ်ယူရေး “ကလေးမြို့ ကြေညာစာတမ်း” ကို ကျောင်းသား လူငယ်များ ပါဝင်ထောက်ခံလာခြင်း ဖြစ်သည်။

“၂ဝ၁ဝ ရွေးကောက်ပွဲအပြီးမှာ မြန်မာတနိုင်ငံလုံး သူ့ကျွန်ဘဝကို ရာသက်ပန် ကျရောက် သွားတော့မယ့် အခြေအနေနဲ့ ရွေးကောက်ပွဲ အလွန်ကာလမှာ တိုင်းရင်းသား ပြည်သူ တရပ်လုံးက စည်းလုံး ညီညွတ်မှု တရပ်ကို စစ်အစိုးရကို ပြသဖို့ အချိန် ရောက်နေတယ်၊ ရှေ့မတိုး နောက်မဆုတ် ဖြစ်နေတဲ့ မြန်မာနိုင်ငံရေး အတွက် တိုင်းရင်းသားနဲ့ ပြည်သူတွေက တူညီတဲ့ လမ်းစဉ်တခုကို ချမှတ် လိုက်လို့ရှိရင် ထွက်ပေါက်တခု ဖြစ်နိုင်တယ်ဆိုပြီး ရှုမြင်လို့ ဒီကိစ္စကို ထောက်ခံတာပါ” ဟု ကျောင်းသားလူငယ် ၇ ဖွဲ့ဖြင့် ဖွဲ့စည်း ထားသည် ဆိုသည့် မြန်မာ့ဒီမိုကရေစီ တပ်ပေါင်းစုမှ အတွင်းရေးမှူး မပံသုစံက မဇ္ဈိမကို ပြောသည်။

“ပင်လုံညီလာခံဆိုတာက တန်းတူညီတူရေးကို ဦးစားပေးတယ်။ အခု စစ်အစိုးရ လုပ်နေတာတွေက တိုင်းရင်းသား အခွင့်အရေးတွေ ပါနေတာ မတွေ့ရတော့ ဒီ ဒုတိယ ပင်လုံ ညီလာခံဟာ ကျမတို့အတွက် အသက် သွေးကြောပဲ။ တကယ်ပဲ ထောက်ခံသင့်တယ် ဆိုပြီး ရည်ရွယ်ပြီးတော့ ထုတ်ရတာပါ” ဟု မပံသုစံက ဆိုသည်။ သူတို့ တပ်ပေါင်းစုတွင် နိုင်ငံတဝှန်းမှ အဖွဲ့ဝင် ဦးရေ ၇ဝဝ ခန့် ပါဝင်သည်ဟု ဆိုသည်။

ကြေညာစာတမ်းပါ ပင်လုံညီလာခံ ကျင်းပရေးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးတင်ဦးနှင့် ဦးဝင်းတင်၊ လွှတ်တော် ကိုယ်စားပြု ကော်မတီ အတွင်းရေးမှူး ဦးအေးသာအောင်၊ မွန်အမျိုးသား ခေါင်းဆောင် နိုင်ငွေသိန်း၊ နိုင်ထွန်းသိန်းနှင့် ဝါရင့် နိုင်ငံရေးသမားကြီး သခင်သိန်းမောင်၊ ဦးအုန်းမောင်၊ ဦးညွန့်သိန်းနှင့် ကျောင်းသားလူငယ် ခေါင်းဆောင်များ အပါအဝင် စုစုပေါင်း လူဦးရေ ၅ဝ ကျော်က သဘောတူ လက်မှတ် ရေးထိုးပြီး ဖြစ်သည်။

“၅ဝ ကျော်ပြီ။ အဓိကကျတဲ့ ပုဂ္ဂိုလ်တွေကို ထိုးဖို့ ပြင်ဆင်တာ။ ဒုတိယ ပင်လုံညီလာခံကို ခေါ်ဖို့ ပဏာမ ပြင်ဆင်မှု ဆုံးဖြတ်ချက်ပဲ။ Signature Campaign မဟုတ်ဘူး။ တူညီတဲ့ သဘောထားတွေ ပေါ့နော်။ ညီညွတ်ရေး၊ တွေ့ဆုံရေး၊ ပြည်ထောင်စု အရေးအတွက် ဆုံးဖြတ်ချက် ဖြစ်တယ်။ ဒီမူတွေကို သဘော တူကြတယ်ပေါ့နော်” ဟု ၈၈ ကျောင်းသားခေါင်းဆောင် တဦးဖြစ်သူ ဦးဖြိုးမင်းသိန်းက မဇ္စျိမကို ပြောသည်။

နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲပြီးပါက နိုင်ငံရေးပါတီများ၏ သဘောထားအမြင်များကိုပါ ဆွေးနွေး ညှိနိုင်း သွားမည်ဟု သိရသည်။

ဦးဖြိုးမင်းသိန်းက “သူတို့က အပြောင်းအလဲတခုကို မျှော်လင့်ပြီး ရွေးကောက်ပွဲ ဝင်တယ်ဆိုတော့ ရွေးကောက်ပွဲပြီး နောက်ပိုင်းမှာ ဒါ အပြောင်းအလဲ မဟုတ်ပါလားဆိုတာ သူတို့ သိလာတဲ့ တချိန်ကျရင် သူတို့နဲ့ ကျနော်တို့ ညှိနိုင်းဆွေးနွေးလို့ အဆင်ပြေသွားပြီလေ” ဟု ဆိုသည်။

ပြည်နယ်နှင့် တိုင်းများမှ နိုင်ငံရေးခေါင်းဆောင်များအနက် ကြေငြာစာတမ်းတွင် သဘောတူ လက်မှတ်ထိုးမည့် သူများလည်း ရှိသေးကြောင်း သိရသည်။

နိုဝင်ဘာလ ၇ ရက်နေ့ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်ကလည်း တိုင်းရင်းသားများ စည်းလုံး ညီညွတ်သင့်ပြီ ဖြစ်ကြောင်းနှင့် ဒုတိယ ပင်လုံညီလာခံ ကျင်းပရေး တောင်းဆိုချက်ကို ထောက်ခံကြောင်း ပြောဆိုသည်။

၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ရှမ်းပြည်နယ် ပင်လုံမြို့၌ ဗိုလ်ချုပ်အောင်ဆန်းနှင့် ကချင်၊ ချင်းနှင့် ရှမ်း တိုင်းရင်းသား ခေါင်းဆောင်များက တိုင်းရင်းသား ပေါင်းစုံ သွေးစည်း ညီညွတ်ရေးကို အခြေခံပြီး တိုင်းရင်းသား ပေါင်းစုံ တန်းတူညီမျှ အခွင့်အရေး အာမခံသည့် ပင်လုံစာချုပ်ကို လက်မှတ် ရေးထိုးခဲ့ကြသည်။

ZNC ၏ ၂၄ ရက်နေ့ အခမ်းအနားတွင် နှစ်စဉ် ချီးမြင့်ခဲ့သော အမျိုးသား ပြန်လည်သင့်မြတ်ရေး သူရဲကောင်းဆုကို ယခုနှစ် အတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ဝင် ဦးဝင်းတင်ကို ပေးအပ်ခဲ့သည်။ ZNC သည် ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ မဲဆန္ဒနယ်နေရာ ၂ နေရာတွင် အနိုင်ရခဲ့ပြီး၊ ယခုနှစ် ရွေးကောက်ပွဲကိုမူ တရားမျှတမှုမရှိဟုဆိုကာ ပါတီကို ပြန်လည် မှတ်ပုံတင်ခဲ့ခြင်း မရှိခဲ့ပါ။

Ref: မဇ္ဈိမ

Read More...

နယ်စပ် ပိတ်မှု ဘတ် သန်း ၇၀၀၀ ကျော် ထိခိုက်

သန်းထိုက်ဦး
Tuesday, October 26, 2010

မြန်မာ စစ်အစိုးရက ထိုင်း-မြန်မာ နယ်စပ် မဲဆောက်- မြ၀တီ နှစ်နိုင်ငံ ချစ်ကြည်ရေး တံတားဂိတ်ကို ၃လကျော်ကြာ ပိတ်ထား သောကြောင့် ထိုင်းနိုင်ငံ အနေဖြင့် ဘတ်ငွေ သန်း ၇၂၀၀ ခန့် ထိခိုက်နစ်နာကြောင်း တာ့ခ်ခရိုင် ကုန်သည်ကြီးများ အသင်း ဥက္ကဋ္ဌ Bunpot Kokiatcharone က ယနေ့ ဧရာဝတီသို့ ပြောသည်။

“ရွေးကောက်ပွဲပြီးရင် ပြန်ဖွင့်နိုင်တယ်လို့ တချို့ပြောနေကြတယ်၊ စောင့်တော့ စောင့်ကြည့်ရမယ်၊ ဒါပေမယ့် ဘယ်သူမှ အတည် မပြုနိုင်ကြသေးဘူး” ဟု ၎င်းက ဆိုသည်။

ထိုင်း-မြန်မာ နယ်စပ်ရှိ မဲဆောက်- မြ၀တီ နှစ်နိုင်ငံ ချစ်ကြည်ရေး တံတားမှတဆင့် တင်ပို့နေသော ထိုင်း ကုန်ပစ္စည်း များကို မြန်မာ အာဏာပိုင်များက ပြီးခဲ့သော ဇူလိုင်လ ၁၈ ရက်နေ့မှ စတင်၍ ပိတ်ထားခဲ့ရာ တရက်လျှင် ဘတ် သန်း ၈၀ ခန့် နစ်နာမှု ရှိသောကြောင့် ၃ လကြာ ခန့်မှန်းခြေ ထိုင်းဘတ် ငွေ သန်း ၇၂၀၀ ခန့် ဆုံးရှုံး နစ်နာနေခြင်း ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံရှိ နယ်စပ်ဂိတ်များ အနက် မဲဆောက် - မြ၀တီ ချစ်ကြည်ရေး တံတားဂိတ်သည် နှစ်နိုင်ငံ ကုန်ပစ္စည်းများ အပြန် အလှန် တင်ပို့နေသည့် ကုန်စည် စီးဆင်းမှု အကြီးဆုံးဂိတ် တခုဖြစ်သည်။

နှစ်နိုင်ငံ ချစ်ကြည်ရေး တံတားကို နိုဝင်ဘာလတွင် ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲ ပြီးသည့် အချိန်အထိ ပိတ်ထားမည်ဟု မျှော်လင့်ရကြောင်း ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဌာနမှ အရာရှိ များကို ကိုးကား၍ ဘန်ကောက်ပို့စ် သတင်းစာတွင် ယနေ့ ဖော်ပြ ထားသည်။

နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကဆစ် ပီရုမ်းကလည်း ပြီးခဲ့သည့် သောကြာနေ့က မဲဆောက် ခရီးစဉ်တွင် နယ်စပ် ပြန်လည်ဖွင့် လှစ်ရေး ကိစ္စများကို နှစ်ဘက် တာဝန် ရှိသူများနှင့် ဆွေးနွေးခဲ့သည်။

မြန်မာနိုင်ငံ၏ ပြည်တွင်း လုံခြုံရေး အခြေအနေ တည်ငြိမ်အေးချမ်းမှသာလျှင် နယ်စပ်ဂိတ်ကို ပြန်လည် ဖွင့်လှစ်နိုင်မည် ဖြစ်ကြောင်း မျှော်လင့် ရသည်ဟု ဆိုသည်။ ထိုင်း အာဏာပိုင်များကလည်း နိုဝင်ဘာလ ၇ ရက် ရွေးကောက်ပွဲ ပြီးမှသာလျှင် ပြန် လည် ဖွင့်လှစ်နိုင်ဖွယ် ရှိသည်ဟု ယူဆထားကြသည်။

အောက်တိုဘာလ ၁၁ ရက်နေ့တွင် ထိုင်းနိုင်ငံ ၀န်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝသည် မြန်မာပြည်သို့ တရက်ကြာ ခရီးစဉ်သွား ရောက်ကာ နယ်စပ်တံတား ပြန်လည် ဖွင့်လှစ်ရန် အတွက် ဆွေးနွေးခဲ့ သော်လည်း မဆင်မပြေခဲ့ကြောင်း သိရသည်။

မြန်မာ စစ်အစိုးရ၏ အဆိုအရ ပြည်တွင်း ပြဿနာများကို ဖြေရှင်းပြီးမှသာလျှင် နယ်စပ်တံတား ပြန်လည် ဖွင့်လှစ်နိုင်မည် ဖြစ်ကြောင်း၊ လတ်တလောတွင် ဖြေရှင်းနိုင်မည် မဟုတ်ကြောင်း ထိုင်းဝန်ကြီးချုပ် အဖိဆစ်က ပြောကြားခဲ့သည်။

နယ်စပ်ဂိတ်များကို မြန်မာဘက်က ပိတ်ထားသော်လည်း ညပိုင်း အချိန်တွင် နှစ်နိုင်ငံ ကုန်ပစ္စည်းများကို အပြန်အလှန် တင်သွင်း လျက်ရှိကြောင်းလည်း သိရသည်။

တာ့ခ် ခရိုင်အတွင်းရှိ သောင်ရင်းမြစ် ကမ်းပါး တလျှောက်တွင် ထိုင်းဘက်အခြမ်းက ကမ်းထိန်း တမံများ ဆောက်လုပ် နေခြင်းအား မြန်မာ အာဏာပိုင်များက ကန့်ကွက်သည့် အနေဖြင့် ကုန်စည် စီးဆင်းမှုများကို ပိတ်ပင်ခဲ့ခြင်း ဖြစ်သည်။

ထိုင်းဘက် အခြမ်းမှ ကမ်းပါး အကာအကွယ် တမံများ ဆောက်လုပ်မှုကြောင့် ရေကြောင်းပြောင်းလဲပြီး မြန်မာဘက် ကမ်းပါး တိုက်စား နိုင်သည့်အတွက် မြန်မာအစိုးရက ကန့်ကွက်ခဲ့သည်ဟု သတင်းများအရ သိရသည်။ သို့သော် တံတား ပိတ်ရခြင်း၏ အကြောင်း အရင်းကိုမှု မြန်မာ အာဏာပိုင်များက တရားဝင် ထုတ်ပြန်ခြင်း မရှိသေးပေ။

Ref: ဧရာဝတီ်

Read More...

မွန်ပြည်သစ်ရုံး ဆိုင်းဘုတ်များကို အာဏာပိုင်တို့ ဖြုတ်ခိုင်း

ဝီရ
၂၆ အောက်တိုဘာ ၂၀၁၀

ပါတီ တရားဝင်ခြင်း မရှိတော့ဟု အကြောင်းပြ၍ မြို့များ၌ ချိတ်ဆွဲထားသော မွန်ပြည်သစ် ပါတီရုံး ဆိုင်းဘုတ် များကို သက်ဆိုင်ရာ အာဏာပိုင်တို့က ဖြုတ်ခိုင်း လိုက်ကြောင်း စုံစမ်းသိရှိရသည်။

မွန်ပြည်သစ် ဗဟိုကော်မတီဝင်တဦးက “မွန်ပြည်သစ်ဟာ တရားဝင်ပါတီ၊ တရားဝင် လက်နက်ကိုင် အဖွဲ့အစည်း မဟုတ်တော့ဘူး။ ဒါကြောင့် ရုံးတွေကို သာမန် နေအိမ်တွေလိုပဲ အာဏာပိုင်တွေက သဘောထားတယ်တဲ့။ မြို့ပေါ်က ရုံးဆိုင်းဘုတ်တွေ ဖြုတ်ပေးပါလို့ လာပြောတယ်။ ရုံးစောင့်တွေကလည်း အဲဒါကို ဖြုတ်ပေးလိုက်တယ်။ ဒါက မွန်ပြည်သစ်ရဲ့ မြို့ပေါ်ရုံးတွေ၊ လုပ်ငန်းတွေ၊ လှုပ်ရှားမှုတွေကို အသိအမှတ် မပြုတော့ဘူး ဆိုတာ ပြလိုက်တာပါပဲ” ဟု ပြောသည်။

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ပေါ်ရှိ မွန်ပြည်သစ်၏ ဆက်ဆံရေးရုံးနှင့် စီးပွားရေးရုံး ဆိုင်းဘုတ်များမှ လွဲ၍ ပြည်တွင်း မော်လမြိုင်၊ သံဖြူဇရပ်၊ ရေးမြို့တို့ရှိ ပါတီ ရုံးဆိုင်းဘုတ်များကို စစ်အစိုးရ အာဏာပိုင်တို့က ပြီးခဲ့သည့် ရက်ပိုင်းအတွင်းတွင် ဖြုတ်ခိုင်းခဲ့ခြင်း ဖြစ်သည်။

လာမည့် ရွေးကောက်ပွဲကို အသိအမှတ်ပြုမည် မဟုတ်ကြောင်းနှင့် ပြည်သူများအနေဖြင့် မတရားသော ရွေးကောက်ပွဲကို ဆန့်ကျင် ကန့်ကွက်ကြရန် မွန်ပြည်သစ်ပါတီက ပြီးခဲ့သည့် အောက်တိုဘာ (၁၈) ရက်နေ့၌ ကြေညာချက် ထုတ်ပြန် ခဲ့ပြီးသည့်နောက် ပါတီအပေါ် ယခုကဲ့သို့ ဖိအားပေးလာခြင်း ဖြစ်သည်။

“မွန်ပြည်သစ်ကို မတရားအသင်းလို့ အတိအလင်း ကြေညာတာ မရှိသေးပါဘူး။ ကျန်ခဲ့တဲ့ ရုံးတွေကို သိမ်းတာလည်း မရှိသေးပါဘူး။ စစ်ရေးအရ နှစ်ဖက်အခြေအနေ တင်းမာလာတာမျိုးလည်း မရှိသေးပါဘူး။ ဒါပေမယ့် ကျနော်တို့ရုံးတွေရဲ့ ဆိုင်းဘုတ်တွေကို အခုလို ဖြုတ်ဖို့ ပြောလာတော့ အခြေအနေက အဆိုးဘက်ကို ဦးတည်သွားတယ်လို့ မြင်ပါတယ်” ဟု အထက်ပါ ဗဟိုကော်မတီဝင်က ခေတ်ပြိုင်သို့ ပြောသည်။

မြို့ပေါ်ရုံးများကို စောင့်ရှောက်နေသူများအား ခြိမ်းခြောက်ခြင်း၊ နှင်ထုတ်ခြင်း မရှိသော်လည်း အဆိုပါ ရုံးများသို့ လာရောက် တည်းခိုသူများအား ဧည့်စာရင်း တိုင်ကြားရန် သက်ဆိုင်ရာ အာဏာပိုင်တို့က ပြောကြား ထားကြောင်းလည်း သိရသည်။

မွန်ပြည်သစ် ခရိုင်ကော်မတီဝင်တဦးက “တိုက်ဆိုင်တာ တခုက မဲရုံကိုမသွားဘဲ သပိတ်မှောက်ဖို့၊ မဖြစ်မနေ သွားရမယ် ဆိုရင်လည်း ပယ်မဲတွေ ဖြစ်အောင် လုပ်ပြီး ဒီရွေးကောက်ပွဲကို ဆန့်ကျင်သွားဖို့ ပါတီက ကြေညာချက် ထုတ်ခဲ့တယ်။ အဲဒီနောက်ပိုင်း အာဏာပိုင်တွေက ဒီလိုလုပ်လာတာပဲ” ဟု ပြောသည်။

မွန်ပြည်သစ် ထိန်းချုပ်နယ်မြေရှိ ပြည်သူများသည် လာမည့် နိုဝင်ဘာ (၃) ရက်နေ့မှစ၍ ကြိုတင်မဲ ထည့်နိုင်ကြောင်း၊ မဲထည့်နိုင်ရန် စီစဉ်ပေးမည် ဖြစ်ကြောင်း စစ်အစိုးရ အာဏာပိုင်တို့၏ ကမ်းလှမ်းမှုကို ပါတီက အဆိုပါ ကြေညာချက်ဖြင့် တုန့်ပြန်ခဲ့ခြင်း ဖြစ်သည်ဟု ယင်း ခရိုင်ကော်မတီဝင်က ပြောသည်။

ကြေညာချက်တွင် “မိမိတို့အခွင့်အရေးဟု ယူဆ၍ မိမိတို့စိတ်ကြိုက် မဲပေးခြင်းကိုမူ မွန်ပြည်သစ်ပါတီ အနေဖြင့် ဟန့်တားခြင်း ပြုမည် မဟုတ်ကြောင်း” ပါရှိသည်။

မွန်ပြည်သစ်ပါတီအနေဖြင့် ဌာနေပြည်သူ့စစ် လက်ခံ မခံဆိုသည်ကို စက်တင်ဘာ (၁) ရက်နေ့ နောက်ဆုံးထား၍ အကြောင်းပြန်ရန်၊ ထိုသို့ လက်မခံပါက နဂိုမူလအတိုင်း လက်နက်ကိုင် သောင်းကျန်းသူ အဖြစ် သတ်မှတ်မည်ဖြစ်ပြီး ဥပဒေအရ တရားဝင် ဆက်ဆံမှု ပြုလုပ်တော့မည် မဟုတ်ကြောင်း စစ်အစိုးရဘက်က သတိပေးခဲ့သည်။

ထို့နောက် မွန်ပြည်သစ်ပါတီက ၎င်းတို့၏ မြို့ပေါ်ရုံးတာဝန်ခံများကို ပြန်လည်ရုပ်သိမ်းခဲ့ပြီး ထိန်းချုပ်နယ်မြေ အတွင်း၌သာ နေထိုင်ကြရန် ၎င်းတို့၏ ပါတီဝင်များကို အမိန့် ထုတ်ထားသည်။ ရန်ကုန်မြို့ရှိ မွန်ပြည်သစ် ရုံးများကိုမူ နှစ်ဖက် အခြေအနေ တင်းမာခဲ့သည့် ယခုနှစ် ဧပြီလကုန်ပိုင်း ကတည်းက ရုပ်သိမ်းခဲ့ပြီးဖြစ်သည်။

နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် ငြင်းဆန်နေသည့် အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အနက်မှ တခုဖြစ်သည့် ကချင်ပြည် လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ) ကိုလည်း ယခုလ (၁၃) ရက်နေ့၌ ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ အစိုးရ သတင်းစာများက သတင်းဖော်ပြရာတွင် “ကေအိုင်အေ သောင်းကျန်းသူ” ဟု သုံးနှုန်း ရေးသားခဲ့သည်။


Ref: ခေတ်ပြိုင်

Read More...

Tuesday, October 26, 2010

ဦးဝင်းတင်ကို အမျိုးသား ပြန်လည်သင့်မြတ်ရေး သူရဲကောင်းဆု ချီးမြှင့်

2010-10-25

အောက်တိုဘာ ၂၄ ရက် မနေ့ က စစ်ကိုင်းတိုင်း ကလေးမြို့မှာ ကျင်းပပြီးစီးသွားတဲ့ ဇိုမီး အမျိုးသား ကွန်ဂရက် တည်ထောင်ခြင်း ၂၂ နှစ်မြောက် အခမ်းအနားမှာ NLD ပါတီ က ဗဟို ကော်မတီဝင် ဦးဝင်းတင်ကို အမျိုးသား ပြန်လည် သင့်မြတ်ရေး ဆောင်ရွက်သူ သူရဲကောင်းအဖြစ် ဂုဏ်ပြုလိုက်တယ်လို့ စုံစမ်း သိရှိရပါတယ်။

ဒီဆုကို ဦးဝင်းတင်ကိုယ်စား ချင်းပြည်နယ် စည်းရုံးရေးခရီးစဉ် သွားရောက်တဲ့ NLD ပါတီဝင်တွေက လက်ခံ ယူခဲ့ပါတယ်။

ဒီဆုချီးမြှင့်ရတာနဲ့ ပတ်သက်ပြီး ဇိုမီးအမျိုးသား ကွန်ဂရက်က ဥက္ကဋ္ဌ ဦးပူကျင်ရှင်းထန်က ခုလိုပြောပါတယ်။

“ကျွန်တော်တို့ အဓိက ရည်ရွယ်ချက်က ဒီခေတ်ဒီချိန်မှာ ကျွန်တော်တို့ အခြေခံ ဥပဒေလည်း ကျွန်တော်တို့ ပြည်သူ လူထုအတွက် ဘာမှ အကြောင်းထူးမှာ မဟုတ်ဖူး။ ဒါ စစ်အာဏာရှင် စနစ်ကို တည်မြဲဖို့ပဲ ဖြစ်တယ်။ အခု ရွေးကောက်ပွဲ ဆိုတာလည်းပဲ အဲဒီ အခြေခံဥပဒေကို အတည်ပြုဖို့ ဖြစ်နေတော့ အကြောင်းထူးမှာ မဟုတ်ဖူး။ တကယ် အကြောင်းထူးဖို့ လိုတာက အမျိုးသား ပြန်လည် သင့်မြတ်ရေး လုပ်ဖို့က အရေးအကြီးဆုံးပဲ။ အဲဒီမှာ အဓိက ကျွန်တော်တို့ အားကိုး အားထားရတဲ့ လူတွေက ဦးဝင်းတင်တို့၊ ဦးတင်ဦးတို့ ပြည်သူလူထုကို စည်းရုံးနိုင်တယ် ဆိုပြီးတော့ အဲဒီ အမြင်နဲ့ သူ့ကို ဒီဆုကို အပ်နှင်းတာပါ။”

ဇိုမီးအမျိုးသား ကွန်ဂရက်အနေနဲ့ အလားတူဆုကို NLD ပါတီ ဒုတိယဥက္ကဋ္ဌ ဦးတင်ဦိးကိုလည်း ချီးမြှင့် ခဲ့ဘူးပါတယ်။ ဦးတင်ဦး နေအိမ် အကျယ်ချုပ်က လွတ်လာတဲ့ အချိန်က ဝါရင့် နိုင်ငံရေး သမားကြီးများ အဖွဲ့နဲ့ တိုင်းရင်းသား အဖွဲ့များက ကြိုဆိုပွဲ လုပ်ခဲ့ကြောင်း၊ အဲဒီနေ့က ချင်းအမျိုးသားနေ့နဲ့ တိုက်ဆိုင်တာကြောင့် ဦးတင်ဦးကိုလည်း အမျိုးသား ပြန်လည် သင့်မြတ်ရေး သူရဲကောင်းဆုကို ဇိုမီး အမျိုးသား ကွန်ဂရက်က ပထမဆုံး ချီးမြှင့်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

Read More...

ပအိုဝ်းပါတီ တပ်အင်အားသုံးမဲဆွယ် MTA ဟောင်း မကျိုင်းတပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်

Monday, 25 October 2010

သျှမ်းပြည်တောင်ပိုင်း နမ့်ဇန်မြို့နယ်အတွင်း USDP ပါတီအတွက် စည်းရုံးရေးဆင်းသည့် ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်က လက်နက်ကိုင် တပ်ဖွဲ့ အင်အားသုံး နယ်ကျွံ မဲဆွယ်သဖြင့် ယခင် MTA ဟောင်း မကျိုင်းဒေသ ဖွံ့ဖြိုးရေး တပ်ဖွဲ့နှင့် တိုက်ပွဲ ဖြစ်ပြီး အနည်းဆုံးလူ ၄ ဦး သေဆုံးကြောင်း စုံးစမ်း သိရှိရပါသည်။

“ပထမ အကြိမ်က USDP ပါတီအတွက် ပအိုဝ်းပါတီ လာရောက်စည်းရုံးတယ်၊ ဒေသခံတွေက ကျားဖြူ ပါတီကို ထောက်ခံတယ်။ မလာတော့နဲ့လို့ ဒေသခံတွေ ပြောလဲမရဘူး။ နောက်တရက် PNO စည်းရုံးရေး အဖွဲ့ လုံခြုံရေး တပ်အင်အားနဲ့ လာတော့ ဒီဘက်ကလဲ တပ်နဲ့ စောင့်ထားတာပေါ့”- ဟု နားယိုင်း ရောက် တောင်ကြီး ဒေသခံ တဦးက ပြောပါသည်။

အောက်တိုဘာ ၁၇ ရက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် က သျှမ်းပြည်တောင်ပိုင်း နမ့်ဇန်မြို့အနောက် တောင်ဘက် မိုင်းဇစ် ကျေးရွာအုပ်စု (မကျိုင်းဒေသ ဖွံ့ဖြိုးရေးတပ်ဖွဲ့) ဘက် စည်းရုံးရေး ဆင်းခဲ့ကြောင်း၊ ဒေသခံများက ကျားဖြူ ပါတီကိုသာ ထောက်ခံသောကြောင့် စည်းရုံးရေး ဆင်းရန် မလိုအပ် တော့ကြောင်း ပြောရာမှ နှစ်ဘက် အချေအတင် စကားများခဲ့ရကြောင်း သိရပါသည်။

အောက်တိုဘာ ၁၈ ရက် ပအိုဝ်းပါတီက ဗိုလ်မှူးကျော်တင်ဦး ဦးဆောင်သည့် အင်အား ၁၅၀ ကျော် စစ်ကြောင်း တခုအား လုံခြုံရေးတပ်ဖွဲ့ အဖြစ် ခေါ်ဆောင်သွားသောကြောင့် နှစ်ဘက် တိုက်ပွဲဖြစ်ပွား ခဲ့ရကြောင်း အမည်မဖေါ်လိုသည့် နမ့်ဇန်မြို့သား တဦးက ပြောပါသည်။

“ပအိုဝ်းပြည်သူ့စစ်အဖွဲ့ကို ခေါ်လာပြီး ပအိုဝ်းပါတီက ပြန်လစ်သွားတယ်၊ မကျိုင်းတပ်ဖွဲ့က ရှေ့မတိုးနဲ့ တိုးရင်ပစ်မယ် လို့ ပြောတယ်။ ပအိုဝ်းတပ်ကလဲ တပ်စခန်းကို တက်ဝိုင်းတယ်၊ ၁၈ ရက်နေ့မှာဘဲ 3 နာရီကြာ တိုက်ခိုက်ကြတယ်။ မကျိုင်းအဖွဲ့ က MTA တပ်ဖွဲ့ဝင်ဟောင်းတွေ ဆိုတော့ တိုက်ရည်ခိုက်ရည် ရှိကြတယ်တဲ့။ သူတို့ဘက်က တယောက်ဘဲ ဒဏ်ရာရတယ်။ ပအိုဝ်းဘက်က ၄ ယောက်သေ၊ ၂ ယောက် ပျောက်နေတယ်” - ဟု ပအိုဝ်းအသိုင်း အ၀ိုင်းနှင့် နီးစပ်သည့် လွယ်လင်သား တစ်ဦးက ပြောပြ ပါသည်။

မကျိုင်းတပ်ဖွဲ့၏ ဆိုင်းငင်း နမ့်ပွန်း အနီးတောင်ကုန်းပေါ်တွင် ဗိုလ်ကြီးမိုခေး ခေါင်းဆောင်သော တပ်ဖွဲ့ အင်အား ၂၀ ခန့် တပ်စိုက် ထားကြောင်း၊ တိုက်ပွဲအတွင်း ပအိုဝ်းဘက်မှ ဗိုလ်ကြီးငွေ ဆိုသူပါ ကျဆုံးကြောင်း နီးစပ်သည့် ကုန်သည် တဦးက ပြောပါသည်။

“နမ့်ဇန်မြို့အနောက်တောင်ဘက် မိုင်းဇစ်အသွားလမ်းမှာ မကျိုင်းတပ်ဖွဲ့ဌာနချုပ် ရှိတယ်။ ဌာနချုပ် ရဲ့ အနောက်မြောက် ဘက် ၈ မိုင် အကွာလောက်မှာ ဆိုင်းငင်းနဲ့ နမ့်ပွန်းရွာ။ အဲ့ဒီရွာတွေရဲ့ အနောက်ဘက် ဟိုယန်းအုပ်စုက ပအိုဝ်းတပ်ဖွဲ့ ထိန်းချုပ် နယ်မြေနဲ့ နယ်နိမိတ်ချင်း ထိစပ်တယ်။ ဟိုယန်းအုပ်စု အနောက်ဘက်က တောင်ကျောကို ဖြတ်ကျော်ရင်တော့ မိုင်းပွန် မြို့နယ် ဖြစ်သွားပြီ” ဟု ဆို၏။

အောက်တိုဘာ ၂၂ ရက် နှစ်ဘက်ကိုယ်စားလှယ်များက တောင်ကြီးအခြေစိုက် ရပခ တိုင်းမှူးထံ အခြေအနေ တင်ပြရာ တိုင်းမှူးက - “တိုက်ပွဲချက်ချင်းရပ် - ပစ်ခတ် တိုက်ခိုက်နေတဲ့ သူကို ရှင်းပစ်မယ်” ဟု ပြောမှ တိုက်ခိုက်မှု ရပ်နားခဲ့ကြကြောင်း နီးစပ် သည့် အသိုင်းအ၀ိုင်းက ပြောပါသည်။

နမ့်ဇန်မြို့နယ်အတွင်း တိုက်ခိုက်ကြသည့် လက်နက်ကိုင် တပ်ဖွဲ့ နှစ်ဖွဲ့မှာ နအဖ လက်အောက်ခံ ပြည်သူ့စစ် တပ်ဖွဲ့များ ဖြစ်၏။ ပအိုဝ်း လက်နက်ကိုင် တပ်ဖွဲ့မှာ ပြည်သူ့စစ် အသွင် ပြောင်းရန် လက်ခံထားသော ဦးအောင်ခမ်းထီ (PNO ) ၏ လက်အောက်ခံ PNA တပ်ဖွဲ့ ဖြစ်သည်။ မကျိုင်းဒေသ ဖွံ့ဖြိုးရေး တပ်ဖွဲ့မှာမူ ၁၉၉၆ က ဦးခွန်ဆာနှင့် အတူ လက်နက် ချခဲ့သည့် MTA တပ်ဖွဲ့ဝင်ဟောင်းများ ဖြစ်ပြီး စိုင်းလိုင်းဆိုင်က ဦးဆောင်သည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

မုံးကိုးပြည်သူ့စစ်စခန်းကို အမည်မသိအဖွဲ့က စီးနင်းတိုက်ခိုက်

Monday, 25 October 2010

သျှမ်းပြည် (မြောက်ပိုင်း) မူစယ်ခရိုင် မုံးကိုးမြို့နယ်ခွဲအတွင်းရှိ နအဖစစ်တပ် ကျောထောက်နောက်ခံ ပြုထားသည့် ပြည်သူ့ စစ်စခန်း တစ်ခုအား အမည်မသိ လက်နက်ကိုင် တစ်ဖွဲ့က ယမန်နေ့မနက် အစောပိုင်း၌ စီးနင်း တိုက်ခိုက်ခဲ့ရာ သေဆုံးမှုများ ရှိကြောင်း သိရသည်။

မုံးကိုးမြို့တွင်းရှိ နအဖတပ်ရင်းရုံး အပြင်စည်းလုံခြုံရေးယူထားသော ပြည်သူ့စစ် အင်အား ၇ ယောက်ခန့် ရှိသည့် တပ်စခန်း တိုက်ခိုက်ခံခဲ့ရာ ပြည်သူ့စစ် ၁ ဦး သေဆုံးပြီး လက်နက်အချို့ ဆုံးရှုံးမှု ရှိကြောင်း တရုတ်နယ်စပ် အခြေဆိုက် စစ်ရေး/ နိုင်ငံ ရေး လေ့လာသူ ဦးအောင်ကျော်ဇောက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“မနေ့ကဝေလီဝေလင်းအချိန်ပေါ့ ပြည်သူ့စစ် ၆/၇ ယောက်လောက် ထိုင်ထားတဲ့ စခန်းတစ်ခု အတိုက်ခံရတယ် ပြည်သူ့စစ် ၁ ယောက် သေပြီး လက်နက်ငယ် ၃ လက်နဲ့ ကျည်ဆံတွေ ပါသွားတယ် ပစ်ခတ်ချိန်က ၁၀ မိနစ်လောက် ဆိုတော့ တပ်ကူ ချက်ခြင်း မလာနိုင်ဘူး” ဟု သူက ဆိုသည်။

မုံးကိုးမြို့၌ ခလရ ၁၄၅ တပ်ရင်း တာဝန်ယူထားပြီး တိုက်ပွဲဖြစ်အပြီး ယမန်နေ့ညနေပိုင်းတွင် နောက်ထပ် တပ်ရင်း တစ်ရင်း အင်အား ထပ်ဖြည့်လိုက်ကြောင်း သိရသည်။

ယခုဖြစ်ရပ်သည် မုံးကိုးကာကွယ်ရေးတပ် MDA အတွင်း အာဏာလုမှု ဖြစ်ပွားခဲ့သည့် ၁၀ နှစ်ပြည့်ချိန်နှင့် တိုက်ဆိုင်နေပြီး နိုဝင်ဘာလ ၇ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် အစည်းအဝေးခေါ်ယူ သည့် နေ့၌ တိုက်ခိုက် ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

“အခုဖြစ်တာက မုံးကိုးအရေးအခင်း ၁၀ နှစ်မြောက်ချိန် နောက်ပြီး ရွေးကောက်ပွဲ အတွက် အစည်းအဝေး ခေါ်တဲ့ အချိန်မှာ ဖြစ်တာဆိုတော့ ဖြစ်နိုင်ခြေတွေတော့ အများကြီးရှိတာပေါ့ ဘယ်အဖွဲ့က လုပ်တယ် ဆိုတာတော့ အတိအကျ ပြောဖို့ခက်တယ်” ဟု သူက ဆိုသည်။

၂၀၀၀ အောက်တိုဘာဆန်းပိုင်းက မုံးကိုးကာကွယ်ရေးတပ်ဖွဲ့ ဥက္ကဋ္ဌ မုံဆာလထံမှ လီနင်မင် ဦးဆောင်သည့် အဖွဲ့ များက အာဏာ သိမ်းခဲ့ရာ ဒီဇင်ဘာ လဆန်းပိုင်းတွင် နအဖစစ်တပ်က ၂ ဖွဲ့စလုံးအား တိုက်ခိုက် ချေမှုန်းပြီး မုံးကိုးဒေသ တစ်ခုလုံး ထိန်းချုပ်လာခဲ့သည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

နိုဝင်ဘာတွင် မုန်တိုင်း လာရန်ရှိသေးဟု ဒေါက်တာထွန်းလွင် ပြော

တက်လူ
၂၅ အောက်တိုဘာ ၂၀၁၀

ရွေးကောက်ပွဲ ပြုလုပ်မည့် နိုဝင်ဘာလတွင် မုန်တိုင်းတခု ထပ်ဖြစ်ရန်ရှိနေကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားသည်။

၂၀၁၀ ပြည့်နှစ်နှင့် သဏ္ဍာန်တူနှစ်များ (analogueyears) ရွေးချယ်လေ့လာမှုအရ နိုဝင်ဘာလအတွင်း မုန်တိုင်း ဖြစ်ရန် အလားအလာ တွေ့ရှိချက်မှာ (၆၀) ရာခိုင်နှုန်း ရှိနေကြောင်း ဒေါက်တာထွန်းလွင်က ပြောသည်။

၎င်းက “နှစ်တွေအားလုံးက ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်း (၆) ကြိမ် ဖြစ်ခဲ့တယ်လို့ ဖော်ပြနေပါတယ်။ ပြီးခဲ့တဲ့ ဂီရိ အပါအ၀င်မှာ ဒီနှစ်ထဲ မုန်တိုင်းက (၄) ကြိမ်သာ ဖြစ်ပါသေးတယ်” ဟု ပြောသည်။

လတ်တလော ဘင်္ဂလားပင်လယ်အော်အခြေအနေမှာ လေထုမငြိမ်သက်မှုများဖြစ်နေကာ ပင်လယ်ရေ အပူချိန် ပြန်လည် မြင့်တက်နေကြောင်း၊ ကပ္ပလီ ကျွန်းစုဧ။် တောင်ဖက်အစွယ်တွင် ပင်လယ်ရေ အပူချိန်များ တက်နေသည်ကို အထူးဂရုပြု စောင့်ကြည့်ရန် လိုနေကြောင်းလည်း ၎င်းကပြောသည်။

“မိုးလေ၀သ သတင်းတွေကို အမှန်အတိုင်း ပြည်သူတွေသိနိုင်ဖို့ ကျနော်ထွန်းလွင်ကလည်း အင်တာနက်မှာ သတင်းတွေကို အချိန်နဲ့ တပြေးညီ တင်ပြနေပါတယ်” ဟု ဒေါက်တာထွန်းလွင်က ပြောသည်။

နိုဝင်ဘာလသည် မြန်မာ့မုန်တိုင်းသမိုင်းတွင် မုန်တိုင်းများဖြစ်တတ်သောလ ဖြစ်ပြီး ထိုလတွင် မြန်မာနိုင်ငံ ကိုလည်း မုန်တိုင်း ၀င်တတ်သောလ ဖြစ်ကြောင်း၊ ထို့ကြောင့် အရေးကြီးကြောင်း ၎င်းက ဆက်လက်ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၀၆ ခုနှစ်ကစကာ နှစ်စဉ်ဆက်တိုက် မုန်တိုင်းဖြတ်နေပြီး အောက်တိုဘာ (၂၂) ရက်နေ့က ရခိုင်ပြည်နယ်ကို ၀င်ခဲ့သော မုန်တိုင်းနှင့် ဆိုပါက မုန်တိုင်း (၅) လုံးရှိကြောင်း သိရသည်။

၂၀၀၈ခု နှစ်ကတိုက်ခဲ့သော ဆိုင်ကလုန်းနာဂစ်ကြောင့် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းအတွင်း လူပေါင်းများစွာ သေဆုံး ခဲ့ရသည်။

ပြီးခဲ့သည့် အောက်တိုဘာ (၂၂) ရက်နေ့က ရခိုင်ပြည်နယ် ကျောက်ဖြူမြို့အနီးမှ ဖြတ်သွားသော ဆိုင်ကလုန်း ဂီရိကြောင့် ကျောက်ဖြူ၊ မြေပုံမြို့များ အပျက်စီးများကာ ယင်းမုန်တိုင်းနှင့် ပတ်သက်ပြီး နအဖက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

Ref: ခေတ်ပြိုင်

Read More...

လိုင်ဇာဈေးမီး ကျပ်သိန်း ၃ သောင်းကျော် ဆုံးရှုံး

ဖနိဒါ
တနင်္လာနေ့၊ အောက်တိုဘာလ ၂၅ ရက် ၂၀၁၀

ချင်းမိုင် (မဇ္စျိမ) ။ ။ တရုတ်-မြန်မာနယ်စပ် ကချင်ပြည်နယ် လိုင်ဇာမြို့ရှိ အမှတ် ၁ ဈေး ယနေ့နံနက် မီးလောင်ခဲ့ရာ ကျပ်သိန်း ၃ သောင်းကျော် ဆုံးရှုံးကြောင်း ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) အဆိုအရ သိရသည်။

အထည်အလိပ်၊ အလှပြင် ပစ္စည်းများ၊ ဆေးဆိုင်များ၊ အိုးခွက်ရောင်းဆိုင်နှင့် ရွှေဆိုင်များ အပါအဝင် ဆိုင်ခန်းပေါင်း ၁ဝ၆ ခန်း လောင်ကျွမ်းသွားပြီး၊ လူနေအိမ် ၉ လုံးနှင့် ရပ်ကွက် (၂) ရယက ရုံးတရုံး မီးထဲပါသွားသည်ကို ဒေသဆိုင်ရာ အာဏာပိုင် ကေအိုင်အိုက ဆုံးရှုံးမှုတန်ဖိုးကို ခန့်မှန်းပြောဆိုခြင်း ဖြစ်သည်။

’’ဆုံးရှုံးမှု တန်ဖိုးက ဗမာငွေ ကျပ် သိန်းပေါင်း ၃ သောင်းကျော်လောက်လို့ ကျနော်တို့ ခန့်မှန်းထားတယ်’’ ဟု လိုင်ဇာမြို့ အုပ်ချုပ်ရေးမှူးနှင့် မီးဘေးကယ်ဆယ်ရေး ကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးကြီး နော်အောန်က မဇ္ဈိမကို ပြောသည်။

ယမန်နေ့ည သန်းခေါင်ယံ ၁၂ နာရီခွဲမှ ယနေ့နံနက် ၃ နာရီအထိ မီးလောင်ခဲ့ရာ ဒေသတွင်း မီးသတ်ကားများ လာရောက် ငြှိမ်းသတ်ခဲ့ကြသည်။

တရုတ်ဇနီးမောင်နှံ၏ အထည်အလိပ်ဆိုင်ခန်း နံပါတ် C-7 မှ စတင်မီးလောင်ကြောင်း မီးဘေးသင့် ဆိုင်ရှင်များက ပြောဆိုကြသည်။

“တရုတ်လင်မယားနှစ်ယောက်က အမွှေးတိုင်ထွန်းထားတာ။ အမွှေးတိုင်ကနေ ကူးစက်ပြီးတော့ မီးလောင်တယ်လို့ ကျနော်တို့ သိထားတယ်” ဟု လိုင်ဇာ ဒေသခံတဦးက ပြောသည်။ သို့သော် မဇ္ဈိမအနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။

တရုတ်နိုင်ငံသားဖြစ်သူ ၎င်းဇနီးမောင်နှံမှာ ထွက်ပြေးတိမ်းရှောင်သွားသဖြင့် ဖမ်းဆီး အရေးယူပေးရန် တရုတ်နိုင်ငံခြား ဆက်ဆံရေးရုံး၊ အုပ်ချုပ်ရေးရုံး၊ နယ်စပ်ကုန်သွယ်ရေး ရုံးများသို့ ကေအိုင်အိုက အကြောင်းကြားခဲ့သည်။

မီးဘေးဒုက္ခသည်များ ခိုလှုံမည့်နေရာနှင့် ကျန်းမာရေးဆိုင်ရာ အကူအညီပေးရန်အတွက် ကေအိုင်အိုက ကယ်ဆယ်ရေး ကော်မတီ တရပ်ကို ယနေ့ ဖွဲ့စည်းသည်။

ဆိုင်များ၌ပင် နေထိုင်သဖြင့် လူပါ မီးဘေးဒုက္ခသည်ဖြစ်သူ ၆၇ ဦးကို လိုင်ဇာဟိုတယ်၊ ကချင်နှစ်ချင်း ခရစ်ယာန် ဘုရား ကျောင်းဝင်းနှင့် လိုင်ဇာမြို့ အထက်တန်းကျောင်းတွင် ကယ်ဆယ်ရေး စခန်းများ ဖွင့်ထားပြီး ကေအိုင်အိုက ကျပ်သိန်း ၁ဝဝဝ ထောက်ပံ့မည်ဟု ဆိုသည်။

မီးလောင်မှုနှင့် တိုက်ဆိုင်စွာပင် ယနေ့တွင် ကေအိုင်အို၏ နှစ် ၅ဝ ပြည့် အခမ်းအနားကို လိုင်ဇာမြို့ မနောကွင်းရှိ ဆင်ပရောမဂျွယ် Sinpraw Majoi ခန်းမ၌ ကျင်းပရာ အဖွဲ့ ဥက္ကဋ္ဌ မိန့်ခွန်းကို ပညာရေးဌာနမှ ဆရာကြီး ခွန်နောင်က ဖတ်ကြားခဲ့သည်။

ကေအိုင်အိုသည် စစ်အစိုးရနှင့် ၁၉၉၄ ခုနှစ်တွင် အပစ်ရပ်စဲခဲ့သော်လည်း နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို လက်မခံခဲ့သဖြင့် “သောင်းကျန်းသူ” အဖြစ် ယခုလ ၁၅ ရက်နေ့ထုတ် မြန်မာအလင်း သတင်းစာတွင် စစ်အစိုးရက ကေအိုင်အိုကို ခေါ်ဝေါ် သုံးစွဲခဲ့သည်။

Ref: မဇ္ဈိမ

Read More...

ဂီရိကြောင့် မြေပုံတွင် ၃၅ ဦးထက်မနည်း သေဆုံး

ခိုင်စု၊ သိန်းဇော်
တနင်္လာနေ့၊ အောက်တိုဘာလ ၂၅ ရက် ၂၀၁၀

နယူးဒေလီ (မဇ္ဈိမ) ။ ။ ဂီရိ ဆိုင်ကလုန်း မုန်တိုင်းဒဏ်ကို ယခုလ ၂၂ ရက်နေ့တွင် အများဆုံး ခံခဲ့ရသည့် ရခိုင်ပြည်နယ် မြေပုံမြို့နယ်၌ အနည်းဆုံး ၃၅ ဦး သေဆုံးခဲ့ကြောင်း ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ RNDP အဆိုအရ သိရသည်။

မြေပုံမြို့နယ်တွင် ငါးရွီတောင်၊ အမျက်ထွက်၊ ပြိုင်ချောင်၊ ကြိုင်သာ၊ ပြင်ဝန်း၊ တောင်ဆိပ်၊ ကြက်ဟင်းခါး၊ ကြာအင်းတောင်၊ ငါးပသုန်နဲ့ ကျွန်းသာယာတို့မှ သေဆုံးခဲ့ခြင်း ဖြစ်သည်။

“တချို့ရွာလုံးကျွတ် (မြေပုံမြို့နယ်)ပျောက်သွားတာ ရှိပါတယ်။ ဒါကြောင့် သေဆုံးသူ အရေအတွက် တိုးလာ နိုင်ပါတယ်” ဟု ၂ဝ၁ဝ ရွေးကောက်ပွဲ ဝင်ရောက်မည့် RNDP ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က မဇ္ဈိမကို ပြောသည်။

ကျောက်ဖြူ၊ စစ်တွေ၊ မန်အောင်၊ မြေပုံ၊ ပေါက်တော၊ မင်းပြားတွင် ထိခိုက်ပျက်စီးခဲ့သည်ဟု ရန်ကန်ုရှိ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ပူးပေါင်း ညှိနှိုင်းရေးအဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ပေါက်တောမြို့နယ် ငါးရွီကျိုင်၊ ငါးရပွက်ကျိုင်၊ မောင်းဆွဲ စသည်တို့တွင် ရေလွှမ်းမိုးသဖြင့် ၉ ဦးထက်မနည်း သေဆုံးကာ တဦး ပေါင်ကျိုးသွားသည်ဟု ဒေါက်တာ အေးမောင်က ဆိုသည်။

“ဒီမှာတော့ အိမ်တွေ ရေမြုပ်သွားလို့ အိမ်အသုံးဆောင် ပစ္စည်းတွေအားလုံး ပျက်စီးတယ်။ တော်တော် ဒုက္ခ ရောက်နေကြပြီ။ ပုစွန်ကန်တွေမှာ လုပ်နေတဲ့ အလုပ်သမားတွေ ပျောက်နေတယ်။ လူအသေ အပျောက်တော့ ၅ ယောက်ပဲ ရသေးတယ်” ဟု မြေပုံမြို့နယ် ကမ်းထောင်းကြီး တိုက်နယ်မှ ဒေသခံ တဦးကလည်း မဇ္ဈိမကို ပြောသည်။

မြေပုံသည် ရေလုပ်ငန်း အဓိကလုပ်ကိုင်သည့် မြို့နယ်ဖြစ်ရာ မုန်တိုင်းကြောင့် ရေလုပ်ငန်း အများအပြား ဆုံးရှုံးသဖြင့် ယခုနှစ်တွက် ဝမ်းစာဖူလုံမှု မရှိမည်ကို ဒေသခံများအကြား စိုးရိမ်နေကြသည်။

လေဘေးသင့်ရာ ဒေသများတွင် နေအိမ်များ ပျက်စီးခြင်း၊ အစားအသောက်နှင့် အဝတ်အထည်များသို့ ဆားငန်ရေများ ဝင်ရောက်ခြင်းကြောင့် ဒေသခံများ အရေးပေါ် အကူအညီ လိုအပ်နေကြောင်း သိရသည်။

လူဦးရေ ၂ သိန်းကျော်ရှိ ကျောက်ဖြူမြို့နယ်တွင် အာဏာပိုင်များက ဘုန်းတော်ကြီးကျောင်းများ၌ လေဘေး စခန်း ၃ ခု ဖွင့်ထားသည့် အပြင် အကူအညီ အဖြစ် ရွက်ဖျင်တဲ ၂ဝဝဝ နှင့် ဆန်အိတ် ၁ဝ၅ဝ ပို့ခဲ့ကြောင်း ရန်ကန်ုရှိ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ OCHA ၏ ယခုလ ၂၃ ရက်နေ့ အစီရင်ခံစာတွင် ဖော်ပြသည်။

၂၄ ရက်နေ့ OCHA သတင်းထုတ်ပြန်ချက်၌ ကျောက်ဖြူမှ ရွာပေါင်း ၅ ရွာမှ အိမ်ထောင်စု ၁၁ဝဝ (လူဦးရေ ၄၅ဝဝ) ခန့် မုန်တိုင်းဒဏ် သင့်ကာ တဦး သေဆုံးကြောင်းနှင့် မန်အောင်မြို့နယ်တွင် လူဦးရေ ၇ဝဝ ခန့် မုန်တိုင်း သင့်ခဲ့ပြီး ကျန်မြို့နယ်များ၏ အပျက်အစီး စာရင်းကို မရရှိသေးဟု ဆိုသည်။ ရန်ကုန်ရှိ ကုလ လက်အောက်ခံ အဖွဲ့အစည်း တခုသို့ မဇ္ဈိမက ဆက်သွယ်မေးမြန်းရာ အသေးစိတ် အချက်အလက်များ ထပ်မံ မရရှိသေးကြောင်း တာဝန်ရှိသူက ဖြေကြားသည်။

မကွေးတိုင်း ပွင့်ဖြူမြို့နယ်တွင် လူဦးရေ ၄၄ ဦးနှင့် စစ်ကိုင်းတိုင်းရှိ ရွာပေါင်း ၁၅ ရွာတွင် ၂ဝ၅၅ ဦး မုန်တိုင်း သင့်ခဲ့သည်ဟု ဆက်လက် ဖော်ပြထားသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဦးမောင်မောင်ဆွေ၊ ပြည်ထဲရေး ဒုဝန်ကြီး ဦးဘုန်းဆွေ၊ ပို့ဆောင်ရေးဝန်ကြီး ဦးသိန်းဆွေနှင့် ဒေသအာဏာပိုင်များက ကျောက်ဖြုရှိ မုန်တိုင်းသင့် ပြည်သူများကို ယခုလ ၂၄ ရက်နေ့တွင် အလှူငွေနှင့် ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ခဲ့ကြောင်း ယနေ့ထုတ် ကြေးမုံ သတင်းစာက ဖော်ပြထားသည်။

ရန်ကုန်ရှိ ရခိုင်မိသားစုဝင်များနှင့် ဖွဲ့စည်းထားသော ရခိုင်သဟာယ အသင်းကလည်း ’’ဂီရိလေဘေး ကယ်ဆယ်ရေး မိသားစု’’ ခေါင်းစဉ်ဖြင့် ရန်ကုန်တွင် ရုံးခန်းဖွင့်ကာ မုန်တိုင်းသင့်များ အတွက် အလှူငွေ ကောက်ခံရာ ကျပ်သိန်း ၆ဝ ကျော် ရရှိခဲ့ရာ ယမန်နေ့တွင် ကျောက်ဖြူသို့ ဆန်အိတ် ၁ဝဝ လှူဒါန်း လိုက်ကြောင်း အဖွဲ့ခေါင်းဆောင် တဦးဖြစ်သူ ဦးခင်မောင်စိုးက မဇ္ဈိမကို ပြောသည်။

ပြည်နယ်မြို့တော် စစ်တွေရှိ နာရေးကူညီမှုအသင်း၊ ကြက်ခြေနီအသင်း၊ လူမှုဝန်ထမ်းဌာန တို့ကလည်း လေဘေးသင့် ဒေသများသို့ အရေးပေါ် အကူအညီများ သွားရောက် လှူဒါန်းရန် စီစဉ်နေသည်။

ထို့အပြင် ဂီရိသင့် မြို့နယ်များအနက် အဆိုးရွားဆုံး ခံရသည့် မြေပုံမြို့နယ်သို့ ဆန်အိတ် မိုးရေကာဖျင်စ၊ ရေသန့်ဘူး စသည့် အရေးပေါ် လိုအပ်သည့် ပစ္စည်းများ မနက်ဖြန်တွင် RNDP က သွားရောက် လှူဒါန်းမည်ဟု ဆိုသည်။

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းကလည်း အဝတ်အထည်၊ မီးဖိုချောင်သုံး ပစ္စည်း၊ မိုးကာစများ ပါသည့် အထုပ်အပိုး ၁၅ဝဝ ကို ယင်းဒေသများသို့ ပေးပို့ ထားသည်ဟု သတင်း ထုတ်ပြန်သည်။ ကုလသမဂ္ဂ ကလေးသူငယ်များ အရေးပေါ် ရန်ပုံငွေအဖွဲ့ UNICEF ကလည်း မိသားစုများအတွက် အရေးပေါ်သုံး ပစ္စည်းများ ပေးပို့ခဲ့သည်။

ရခိုင်ပြည်နယ် မြောက်ပိုင်း၌ ယခုနှစ် ဇွန်လတွင် မိုးကြီးမြေပြိုမှုကြောင့် လူပေါင်း ၆၃ ဦး သေဆုံးကာ လူပေါင်း ၇ဝဝဝဝ ကျော် အိုးအိမ်မဲ့ ဖြစ်ခဲ့ရပြီး၊ အတည်တကျ ဖြစ်လာချိန်တွင် ဂီရိ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခြင်း ဖြစ်သည်။ မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှု သေဆုံးမှု စာရင်း အတိအကျကို ယခုချိန်ထိ အာဏာပိုင်များက ထုတ်ပြန် ကြေညာခြင်း မရှိသေးပါ။


Ref: မဇ္ဈိမ

Read More...

ပခုက္ကူအနီး ရေနံပိုက်လိုင်းပေါက်၊ အနည်းဆုံး ၁၄ ဦး သေဆုံး

ဇာနည်မာန်
Monday, October 25, 2010

မကွေးတိုင်း ပခုက္ကူမြို့အနီးတွင် ရေနံပိုက်လိုင်းပေါက်ပြီး မီးလောင်သောကြောင့် အနည်းဆုံး ဒေသခံ ၁၄ ဦး သေဆုံး၍ ၁၀၀ ကျော် ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။

ယခု သေဆုံး ဒဏ်ရာရသူများမှာ ရေနံပိုက်လိုင်းမှ ယိုစိမ့်နေသော ရေနံများကို ခံယူနေသည့် ဒေသခံ ရွာသားများဖြစ်ပြီး တနင်္ဂနွေနေ့က မတော်တဆ ပိုက်လိုင်းပေါက် မီးလောင်မှုကြောင့် ဖြစ်ကြောင်း အစိုးရ အရာရှိ တဦးကို ကိုးကား၍ AFP သတင်းတွင် ယနေ့ ဖော်ပြထားသည်။

ရေနံပိုက်လိုင်းပေါက်သည့်နေရာမှာ ပခုက္ကူခရိုင် မြစ်ခြေတိုက်နယ် ညောင်လှရွာနှင့် ၄ မိုင်အကွာရှိ ကျောက်ခွက်နှင့် အရာတော် ကို ဆက်သွယ်ထားသော ပိုက်လိုင်းတွင် ဖြစ်ကြောင်း ဒေသခံများက ဧရာဝတီသို့ ပြောသည်။

“မနေ့ညက ဖြစ်တာ။ ပိုက်ကပေါက်ပြီး ရေနံတွေထွက်လာတယ် အဲဒါတွေကို သွားခပ်တာကနေ မီးလောင်ပြီး ဖြစ်တာ။ ၈ ယောက် သေတယ်။ အယောက် ၇၀ ဒဏ်ရာရတယ်။ အခုတော့ သက်ဆိုင်ရာက ပိုက်ကို ပိတ်ထားပြီးပြီ။ အဲ့ဒီနား ဘယ်သူ မှ မသွားရဘူး”ဟု ဒေသခံတဦးက ပြောဆိုသည်။

မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ အများစုမှာ ကျွန်းချောင်းနှင့် မြစ်ခြေကြားရှိ ရွာများမှ ဒေသခံများဖြစ်သည်ဟု လည်း ၎င်းက ဆိုသည်။

ရေနံပိုက်လိုင်း ဖြတ်သန်းသွားရာ ဒေသများရှိ ဒေသခံများသည် ပိုက်လိုင်းများကို ဖောက်ယူ၍ ရေနံ ထုတ်ယူခြင်းများ ပြုလုပ် လေ့ရှိရာ ယခု ဖြစ်ရပ်သည်လည်း ရေနံ ဖောက်ယူခြင်းကြောင့် ဖြစ်နိုင်ကြောင်း ဒေသခံများက ပြောဆိုကြသည်။

သေဆုံးသူ၏ မိသားစုများနှင့် ဒဏ်ရာရသူအများစုမှာ ဖမ်းဆီးခံရမည်ကို စိုးရိမ်သောကြောင့် သက်ဆိုင်ရာ သို့လည်း အကြောင်း မကြားရဲကြသကဲ့သို့ ဆေးရုံသို့ သွားရောက်ကုသရန်လည်း မ၀ံ့ရဲဖြစ်နေကြကြောင်း ဒေသခံ တဦးက ဆိုသည်။

၎င်းက“ရေနံသွားခပ်တာကနေ ဖြစ်တာဆိုတော့ သွားကုရင်၊ သွားပြောရင် တမှုက နှစ်မှုဖြစ်မှာ စိုးရိမ်နေကြတော့ မသွားရဲ ကြဘူး။ ဒီအတိုင်း ကြိတ်ပြီး နေကြတယ်”ဟု ပြောသည်။

မြစ်ခြေဆေးရုံသို့ ဆက်သွယ်မေးမြန်းခဲ့ရာ မီးလောင်ဒဏ်ရာရသူ ၂၁ ဦးနှင့် သေဆုံးသူ ၂ ဦး ဆေးရုံသို့ ရောက်ရှိလာပြီး တချို့မှာ ပခုက္ကူဆေးရုံသို့ သွားကြကြောင်း တာဝန်ကျ ဆရာဝန်တဦးက ပြောဆိုသည်။

ပခုက္ကူမြို့နယ်ရဲစခန်းမှ အရာရှိတဦးကလည်း မီးလောင်မှုဖြစ်သည်မှာ ဟုတ်မှန်ကြောင်းနှင့် အသေးစိတ် အချက်အလက် များကို စုံစမ်းဆဲဖြစ်ကြောင်း ဖြေကြားခဲ့သည်။

ပိုက်လိုင်းဖောက်ယူရာတွင် အိမ်သုံးရန်အတွက် တနိုင်တပိုင် ဖောက်ယူခြင်းများ ရှိသကဲ့သို့ တခါတရံ ရေနံ ပေပါ တ၀က်မှ တပေပါ အထိ ဖောက်ယူတတ်ကြပြီး စီးပွားဖြစ် ဒီဇယ်ဆီ ချက်ယူခြင်း၊ ရေနံစိမ်းလိုက် ပြန်လည်ရောင်းချခြင်းများ ပြုတတ် ကြသည်ဟု ဒေသခံများက ဆိုသည်။

“တထမ်းစာလောက်ကနေ ပေပါလိုက်ယူတာတွေရှိတယ်။ တချို့ဆို ကမ်းနားကပိုက်တွေကို လှေတွေနဲ့လာပြီးဖောက်သယ် ကြတာ။ ရေနံစိမ်းချည်းတိုင်းဆိုရင် ပေပါလိုက်ကို ကျပ် သိန်းနဲ့ချီ ရတတ်ကြတယ်”ဟု မြစ်ခြေဒေသခံ တဦးက ပြောသည်။

၎င်းကဆက်၍ “အရင်တခါ ကမ္မ နားမှာ ဒီလို ပေါက်သေးတယ်။ ဒါပေမယ့် မီးလောင်တာ ဘာညာမဖြစ်ဖူးဘူး။ ဒီလိုပဲ သွား ခပ်ကြတာ။ အခုက ဂက်စ်ပါလို့ မီးလောင်သွားတာထင်တယ်”ဟု ဆိုသည်။

သတင်းပေးပို့ချိန်အထိ အသက်အန္တရာယ် စိုးရိမ်ဖွယ်ရာ ဒဏ်ရာပြင်းထန်သူများလည်း ရှိနေသည်ဟု သိရသည်။

နောက်ဆုံး အခြေအနေအရ ပခုက္ကူ ဆေးရုံသို့ ရေနံပိုက်လိုင်းပေါက်၍ မီးလောင်သည့် လူနာ ၇၀ ခန့် ရောက်ရှိလာပြီး သေဆုံးသူများလည်း ရှိကြောင်း သတင်းရရှိသည်။

ယခင်က ရေနံခိုးထုတ်သူ၊ ခပ်ယူသူများ၏ ဆေးလိပ်မီးကဲ့သို့ ပေါ့ဆမီးများကြောင့် မီးလောင်မှုများ ဖြစ်ပွားဖူးသော်လည်း ယခုကဲ့သို့ ထိခိုက်မှု အများဆုံးဖြစ်ပွားမှုမျိုး မကြုံဖူးသေးကြောင်း ဒေသခံများကဆိုသည်။

မြန်မာနိုင်ငံ အလယ်ပိုင်းရှိ အရာတော်ရေနံမြေ၊ မန်းရေနံမြေ၊ ချောက်ရေနံမြေ စသည့်ဒေသများမှ ရေနံပိုက်လိုင်း များကို ဒေသခံများက ဖောက်၍ ရေနံခိုးယူခြင်း၊ ပိုက်လိုင်းပေါက်သည့်နေရာများမှ ရေနံများကို ခပ်ယူခြင်းများ မကြာခဏ ဖြစ်ပွား လေ့ရှိပြီး ရေနံခိုးယူခြင်း၊ ရေနံခပ်ယူခြင်းများ ပြုလုပ်ပါက ထောင်ဒဏ်နှင့် ငွေဒဏ်များ ကျခံရမည်ဖြစ်ကြောင်း အာဏာပိုင် များက ထုတ်ပြန်ထားသည်။

Ref: ဧရာဝတီ်

Read More...

ဂီရိ မုန်တိုင်းကြောင့် အသေအပျောက်နှင့် ပျက်စီးဆုံးရှုံးမှု အစိုးရမီဒီယာ မဖော်ပြ

မိုးယံ
Monday, October 25, 2010

ရခိုင်ပြည်နယ်တွင် ဂီရိ ဆိုင်ကလုန်း မုန်တိုင်းဒဏ်ခံခဲ့ရသော ဒုက္ခသည်များအတွက် ကူညီလှူဒါန်းရန် ကြော်ငြာများကို အစိုးရ မီဒီယာများ၌ ထည့်သွင်း ဖော်ပြခွင့် မပြုကြောင်းနှင့် လူအသေအပျောက် ၊ ပျက်စီး ဆုံးရှုံးမှုများနှင့် ပတ်သက်သော သတင်း အချက် အလက်များကိုလည်း ယနေ့အထိ ဖော်ပြခြင်း မရှိသေးကြောင်း သိရသည်။

အောက်တိုဘာ ၂၂ ရက်နေ့ ညက တိုက်ခတ်ခဲ့သော ယင်းမုန်တိုင်းဒဏ် ခံခဲ့ရသည့် ဒုက္ခသည်များ ကူညီ ကယ်ဆယ်ရေး လုပ်ကိုင်ရန် အတွက် အလှူငွေ ကောက်ခံသည့် ကြော်ငြာကို အစိုးရ မြန်မာ့ အလင်းသတင်းစာ နှင့် ကြေးမုံ သတင်းစာ တိုက်များသို့ အောက်တိုဘာ ၂၃ ရက်က သွားရောက် ထည့်သွင်းရာ ပိတ်ပင်ခံရသည်ဟု ရခိုင် သဟာယအသင်း(ရန်ကုန်) ဥက္ကဌ က ပြောသည်။

“ဆိုင်ကလုန်းမုန်တိုင်း ဂိရီ လေဘေးကယ်ဆယ်ရေး ဆိုပြီး ရခိုင်အမျိုးသားတွေအတွက် ကယ်ဆယ်ရေးတွေ လုပ်ဖို့ အလှူငွေတွေ ကောက်ခံတဲ့ ကြော်ငြာ သွားထည့်တာ ထည့်ခွင့် မရခဲ့ဘူး”ဟု အဆိုပါ အသင်း၏ အတွင်းရေးမှုး တဦးကလည်း ဆိုသည်။

မုန်တိုင်း ဖြစ်ပေါ်မည့်သတင်း ကြိုတင် သတိပေးချက်နှင့် ကာကွယ်ရေး ပြုလုပ်နိုင်ရန် နှိုးဆော်ချက်များကို အစိုးရ မီဒီယာများနှင့် FM ရေဒီယိုများတွင် ကြေညာ ဖော်ပြခဲ့သော်လည်း မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုနှင့် လူအသေအပျောက် စာရင်းကို ယခုအချိန် အထိ ထုတ်ပြန်ခြင်း မရှိသေးကြောင်း ၎င်းက ပြောဆိုသည်။

အောက်တိုဘာ ၂၄ရက်နေ့ထုတ် မြန်မာ့အလင်း နှင့် ကြေးမုံသတင်းစာများတွင်မူ စစ်အစိုးရ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေးဝန်ကြီး ဦးမောင်မောင်ဆွေ တက်ရောက်သော ဂီရိ မုန်တိုင်းဒဏ်သင့် ပြည်သူများ အတွက် အလှူငွေ များနှင့် ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်း သတင်းကို ဖော်ပြထားသည်။

မုန်တိုင်းဒဏ်ကြောင့် ရခိုင်ပြည်နယ် စစ်တွေမြို့နှင့် ကျောက်ဖြူမြို့ကြားရှိ မြေပုံမြို့သည် ထိခိုက် ပျက်စီးမှု များပြားကြောင်း စစ်တွေ ဒေသခံတဦးက ပြောသည်။

"ဘယ်နေရာမှာ ဘယ်လောက်အထိဖြစ်လဲဆိုတာ သတင်းမရသေးဘူး။ လောလောဆယ် အစားအသောက်နဲ့ ရေ အခက်အခဲဆုံး ဖြစ်နေတာ၊ လေဘေး ကယ်ဆယ်ရေးတွေ မလာနိုင် ကြသေးဘူး"ဟု ၎င်းက ပြောဆိုသည်။

အဆိုပါ မုန်တိုင်းကြောင်း စစ်တွေ၊ မြေပုံ၊ ကျောက်ဖြူ၊ အမ်း စသော မြို့နယ်များရှိ စပါးခင်းများ ၈၀ ရာခိုင်နှုန်းကျော် ပျက်စီးသွားခဲ့ကြောင်း ကျောက်ဖြူ ဒေသခံတဦးက ဆိုသည်။

ယင်း စစ်တွေ၊ မြေပုံနှင့် အမ်းမြို့နယ်များရှိ လေဘေး ဒုက္ခသည်များအတွက် အစားအသောက်၊ အ၀တ်အထည်၊ ရေနှင့် ဆေးဝါး များကို ရခိုင်သဟာယ အသင်းမှ သွားရောက် လှူဒါန်းမည် ဖြစ်ကြောင်း အသင်းဝင် တဦးက ပြောပြသည်။

အဆိုပါ ဂီရိ ဆိုင်ကလုန်း မုန်တိုင်း သည် ဘင်္ဂလား ပင်လယ်အော်တွင် စတင် ဖြစ်ထွန်းခဲ့ပြီး တဖြည်းဖြည်း အားကောင်းလာကာ ရခိုင်ကမ်းရိုးတန်းသို့ ၀င်ရောက်လာခြင်း ဖြစ်သည်။

အောက်တိုဘာ ၂၂ ရက်က ရခိုင်ကမ်းရိုးတန်းကို ဖြတ်သန်း တိုက်ခတ်ခဲ့သည့် ဂီရိ မုန်တိုင်းသည် လေတိုက်နှုန်း တနာရီ ၉၁ မိုင် နှုန်း ရှိပြီး ၇၀ ရာခိုင်နှုန်းခန့် အပျက်အစီး များခဲ့ကြောင်း မိုးလေ၀သ လေ့လာရေး အဖွဲ့ကို ဦးဆောင်နေသူ မိုးလေ၀သနှင့် ဇလဗေဒ ဦးစီးဌာန၏ အငြိမ်းစား ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ထွန်းလွင်က ပြောကြားသည်။

Ref: ဧရာဝတီ်

Read More...

Monday, October 25, 2010

ထိပ်တိုက်တွေ့နေတဲ့ တွေးခေါ်မှုနှစ်ရပ်

ရဲဘော်ဖိုးသံချောင်း

၂၂ အောက်တိုဘာ ၂၀၁၀

ဒီနေ့ မြန်မာပြည်နိုင်ငံရေးဇာတ်ခုံမှာ တွေးခေါ်မှုနှစ်ရပ်နဲ့ ပဋိပက္ခကို အထင်ရှား တွေ့နေရပါတယ်။

လူ့အဖွဲ့အစည်းထဲမှာ ပဋိပက္ခဆိုတာ အများကြီးရှိတာကတော့ အမှန်ပါပဲ။ ဒါပေမယ့် အချိန်အခါလိုက်လို့ တခုသော ပဋိပက္ခဟာ အဓိက ရှေ့တန်း ရောက်နေတတ်ပါတယ်။ ဒါဟာ တရားပါ။ အခုလည်း မြန်မာပြည် နိုင်ငံရေး တွေးခေါ်မှုတွေ ထဲမှာ အဓိက ရှေ့တန်း ရောက်နေတဲ့ ပဋိပက္ခတွေထဲမှာ စစ်အုပ်စု အုပ်စိုးမှုအောက်မှာ ဆက်လက်လုပ် ကိုင်သွားရင်း တိုင်းပြည်ကို တိုးတက် ကောင်းမွန်အောင် လုပ်လို့ ရတယ်ဆိုတဲ့ တွေးခေါ်မှုနဲ့ စစ်အုပ်စု အုပ်စိုးမှုအောက်မှာ ဆက်ပြီး သွားနေလို့ကတော့ တိုင်းပြည်ဟာ တိုးတက် ကောင်းမွန်လာမှာ မဟုတ်ဘူးဆိုတဲ့ တွေးခေါ်မှုတို့ရဲ့ ပဋိပက္ခဟာ အဓိက ဆုံချက်ဖြစ်ပါတယ်။

မှန်ပါတယ်။ ဒီနေ့တည်ရှိနေတဲ့ ပါတီအဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တွေဟာ အထက်မှာပြောဆို ခဲ့တဲ့ စကားလုံးတွေ အတိုင်း ဒီအတွေး အခေါ်တွေကို ဖော်ပြတာ၊ ပြောဆိုတာ မဟုတ်ပါဘူး။ ကိုယ့်နည်းနဲ့ကိုယ် ဖော်ပြကြတာ ဖြစ်ပါတယ်။ တချို့က ဒီအတိုင်း တိုက်ရိုက်ပြောမယ်၊ တချို့က ကွေ့ပတ်ပြောမယ်၊ တချို့က သကာလူးပြီး ပြောမယ်၊ တချို့က စောင်းပါးရိပ်ခြေ ပြောမယ်။ အလားတူပဲ နအဖ စစ်အစိုးရရဲ့ ဒီမိုကရေစီ အောက်မှာ ဒုတိယ အမျိုးအစား အတွေးအခေါ် ရှိသူတွေကတော့ ကိုယ့်အနေအထားနဲ့ကိုယ် သတိထား ပြောကြရပါတယ်။ သဘာဝကျစွာပဲ ပြည်တွင်းမှာ နေသူနဲ့ ပြည်ပမှာ နေသူတို့ဟာလည်း ပြောကြားပုံ၊ တင်ပြပုံတွေ ခြားနားကြပါတယ်။

စစ်အစိုးရလက်အောက်မှာ ဆက်လက်လုပ်ကိုင်သွားရင်း တိုင်းပြည်ကို တိုးတက်ကောင်းမွန်အောင် လုပ်သွားနိုင်မယ် ဆိုတဲ့ တွေးခေါ်နည်းကို ကိုင်စွဲထားသူတွေ ထဲမှာ “အမျိုးသား နိုင်ငံရေးမှာ တပ်မတော်၏ ဦးဆောင်မှုအခန်း” ဆိုတာကို တင်နေကြသူတွေ၊ “၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ ဒီမိုကရေစီ အတွက် အာမခံချက်တွေ အပြည့်အစုံ မပါပေမယ့် တဖြည်းဖြည်းချင်း ပြုပြင်ယူသွားမယ်” လို့ဆိုသူတွေ၊ “ခြေတလှမ်းရရ၊ နှစ်လှမ်းရရ ယူထားရမယ်” လို့ ဆိုသူတွေ၊ “ဒီအချိန်မှာ လူထု တိုက်ပွဲစကား ပြောသူတွေဟာ မိုက်ရူးရဲတွေ၊ နိုင်ငံရေး သူငယ်နာ မစင်သူတွေ” လို့ ပြောနေသူတွေ၊ “အခြား အစားထိုးစရာ နည်းလမ်းတွေ မရှိဘဲ ရွေးကောက်ပွဲကို ဆန့်ကျင်ခြင်းသည် လေလုံးထွားခြင်းသာ ဖြစ်သည်” လို့ဆိုသူတွေ၊ လေမတူသော်လည်း အခြေခံ စိတ်သဘောထား တူသူတွေ အားလုံး ပါဝင်ပါတယ်။ ဒီနေရာမှာ စိတ်သဘောထား ဆိုတာက လာတော့မယ့် ရွေးကောက်ပွဲကို ထောက်ခံတာကို ဆိုလာတာဖြစ်ပါတယ်။

တဖက်မှာကတော့ နအဖ ဒီလိုလုပ်နေပုံမျိုးကို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုတာရဲ့ အောက်မှာဖြစ်စေ၊ ရွေးကောက်ပွဲက တဆင့်ပဲဖြစ်စေ၊ တခြား ဘယ်နည်းနဲ့ပဲဖြစ်စေ ဆက်လက် လုပ်ဆောင်သွားတာကို ဆန့်ကျင်သူတွေ ဖြစ်ပါတယ်။ မြန်မာပြည်ကို စစ်အုပ်စုရဲ့ အရိပ်သြဇာ အောက်က လုံးဝ လွတ်ကင်းတဲ့ အစိုးရတရပ် ပေါ်ထွက်ရေး အတွက် လုံးပန်းရမယ်လို့ ဆိုသူတွေ ပါဝင်ပါတယ်။ ဒါပေမယ့် ဒါကို ပြည်ပမှာ နေထိုင်သူတွေသာ ဒီအတိုင်း တိုက်ရိုက် ပြောဆို နိုင်ကြပါတယ်။ ပြည်တွင်းမှာ နေတဲ့ လူတွေကတော့ အမြီးရှိတဲ့လူတွေ ရိပ်မိကြနော် ဆိုတာမျိုးလောက်ပဲ အလွန်ဆုံး ပြောနိုင်ပါတယ်။

အခုတင်ပြနေတာဟာ တွေးခေါ်မှုပြဿနာဖြစ်ပါတယ်။ သာမန်အယူအဆတခုကိစ္စကို ပြောတာ မဟုတ်ပါဘူး။ ပိုမိုနက်ရှိုင်းစွာ အမြစ် တွယ်နေတဲ့ဟာ ဖြစ်ပါတယ်။ နောက်ပြီး အယူအဆ အားလုံးတို့ရဲ့ အခြေခံ အစပြုရာလည်း ဖြစ်ပါတယ်။ လူရဲ့ တွေးခေါ်မှု ဆိုတာ သူချည်းသီးခြား တည်ရှိနေတာ မဟုတ်ပါဘူး။ နောက်ခံသမိုင်း၊ မြစ်ဖျားခံရာ စသဖြင့် ရှိပါတယ်။ ဒီနေရာမှာတော့ အဲဒီအထိ တင်ပြဆွေးနွေးဖို့ မသင့်သေးဘူးထင်ပါတယ်။ ဒါကြောင့် ဖြစ်ပေါ်နေတာတွေကိုပဲ တင်ပြသွားပါမယ်။

ဒီတွေးခေါ်မှုနှစ်မျိုးရဲ့ ဆုံချက်နေရာဟာ နအဖရဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ၂၀၁၀ ရွေးကောက်ပွဲ ဖြစ်ပြီး အယူအဆအရ အခြေခံအားဖြင့် ညှိမရတာဟာ မြန်မာပြည် နိုင်ငံရေးမှာ စစ်တပ်ရဲ့အခန်းကဏ္ဍဆိုတာ ဖြစ်ပါတယ်။ ဒါတွေဟာ ဒီနေ့ နိုင်ငံရေးရဲ့စံ၊ မှတ်ကျောက်လို့ ဆိုရင် မမှားဘူး ထင်ပါတယ်။

အခုအခါမှာ အဖွဲ့အစည်းဖြစ်စေ၊ လူပုဂ္ဂိုလ်တဦးချင်းဖြစ်စေ နိုင်ငံရေးစကားတွေ ဝေအောင်ပြော နေကြပါတယ်။ လူကြား ကောင်းမယ့် ဝေါဟာရ မှန်သမျှလိုလိုကို အသုံးပြု နေကြတာပါ။ “တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ ဈေးကွက် စီးပွားရေး၊ ဒီမိုကရေစီရေး” စတာတွေကို လိုလား ထောက်ခံပါကြောင်း အဖွဲ့အစည်းတိုင်း၊ လူတိုင်းလိုလိုပဲ ပြောကြ ရေးကြပါတယ်။ ဒါပေမယ့် အဲဒီ အသံရှင်တွေကို အထက်က စံ-မှတ်ကျောက်နဲ့ တင်ကြည့်လိုက်ရင် ဘီလူးစည်း လူ့စည်း ကွဲသွားတာ တွေ့ရပါမယ်။ အဲဒီကိစ္စတွေအပေါ် ဘယ်လို သဘောထားသလဲလို့ ဖြေခိုင်းလိုက်ရင် ရပ်တည်ချက်အမှန်ဟာ ပေါ်ထွက်လာမှာပါ။

မြန်မာပြည်နိုင်ငံရေးမှာက နိုင်ငံရေးဝေါဟာရတွေကို လက်တလုံးခြားအသုံးချကြတဲ့ အစဉ်အလာ သာမက လူနာမည်၊ အမှတ်အသား စတာတွေကိုလည်း ကိုယ့်အတွက်၊ ကိုယ့်ပါတီအတွက် အသုံးချလေ့ ရှိတာဟာ လွတ်လပ်ရေးရပြီး ကတည်းကလို့ ဆိုရမလိုပါပဲ။ ဖဆပလတွေဟာ ရွေးကောက်ပွဲ ၀င်တဲ့ အခါမှာ မဲပုံးပေါ်မှာ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံကို တင်ထားပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံကို အသုံးချပြီး မဲတောင်းတာပါ။ ဒါကြောင့်မို့ အဲဒီတုန်းက သင်္ကြန်တခုမှာ သံချပ် ထိုးကြတော့ “ဗိုလ်ချုပ်အောင်ဆန်း သနားစရာ-သူ့ခမျာ မဲပုံးတံဆိပ်” လို့ အော်တာ ကြားခဲ့ရဖူးပါတယ်။ အလားတူပဲ ဒီတခါ နအဖရဲ့ ရွေးကောက်ပွဲမှာလည်း ခမောက်တံဆိပ်ကို မောင်ပိုင် စီးချင်တာ၊ မြန်မာ တမျိုးသားလုံးက ပိုင်ဆိုင်တဲ့ ခွပ်ဒေါင်း အလံကိုတောင်မှ ကိုယ်မဲရရေး အတွက် မဲပုံးတံဆိပ်အဖြစ် အသုံးချချင်တာ စတဲ့ မရိုးသားတဲ့ ကြံစည်မှုတွေကို တွေ့ရတယ် မဟုတ်ပါလား။ ဒါတင်မက တချို့ဆိုရင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ လမ်းခွဲခဲ့ပြီး တာတောင်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နာမည်နဲ့ ဂုဏ်ကို အသုံးချနိုင်အောင် ပြောဆိုနေတာလည်း ကြားရပါတယ်။ ဒီတော့ သူတို့ဘာသာသူတို့ ဘာခမောက်ပဲ ဆောင်းဆောင်း၊ ဘာအလံပဲထူထူ အထက်ကကိစ္စတွေ အပေါ် ဘယ်လို သဘောထားသလဲလို့ မေးလိုက်ရင် သဲကွဲသွားမှာပါ။

ထပ်ပြောပါမယ်။ ပထမအမျိုးအစားတွေးခေါ်မှုကို နအဖစစ်အုပ်စုထိပ်သီးတွေက လက်ခံသဘောကျ ပါတယ်။ ဒါပေမယ့် ဒုတိယ အမျိုးအစား တွေးခေါ်မှုကိုတော့ သူတို့က အကြီးအကျယ် မုန်းတီး ဆန့်ကျင်ပါတယ်။ ဒီလို နအဖ ထိပ်သီးတွေရဲ့ သဘောထားကိုက ဒီ စံ၊ မှတ်ကျောက်ကို အတည်ပြု နေတာလို့ပြောရင် ရမယ်ထင်ပါတယ်။

စိတ်ပျက်စရာကောင်းတာက ပထမအမျိုးအစား တွေးခေါ်မှုရှိသူတချို့က ဒီနေ့နိုင်ငံရေးမှာ ပြည်သူလူထုကို လိမ်လို့ ရနိုင်မယ်လို့ ထင်နေကြတာပါပဲ။ လိမ်လို့မရမှန်း သူတို့သိတဲ့ အခါကျတော့ ကိစ္စတွေက နောက်ကျကုန်ပြီ ဆိုတာကို တွေ့ကြရပါလိမ့်မယ်။

Ref: ခေတ်ပြိုင်

Read More...

ပြည်သူအများ ဘာမှ မသိဘဲ မဲပေးကြရမည်

လင်းနိုင်ဦး
၂၂ အောက်တိုဘာ ၂၀၁၀

လာမည့် နိုဝင်ဘာ (၇) ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ပြည်သူအများစုသည် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ဘာမျှ မသိဘဲ မဲပေးကြရမည့် အခြေအနေ ရှိကြောင်း ပြည်တွင်းမှ ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်သူများက သုံးသပ်ကြသည်။

ရန်ကုန်မြို့မှ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူ တဦးက “အဓိက ကတော့ ပြည်သူတွေ အနေနဲ့ သတင်း အချက်အလက် တွေကို ဘယ်ကမှ လွယ်လွယ်ကူကူ မရကြဘူး။ ပြည်တွင်းထုတ် ဂျာနယ်တွေ ဝယ်ဖတ်ဖို့ဆိုတာ တစောင် ကျပ် (၅ဝဝ) ဆိုတော့ မတတ်နိုင်တဲ့ သူများတယ်။ အဲဒီ ဂျာနယ်တွေ ထဲမှာလည်း သူတို့နဲ့ တိုက်ရိုက်ဆိုင်တဲ့ သတင်း အချက်အလက်တွေက သိပ်မပါဘူး။ နယ်က ပြည်သူတွေ ဆိုရင်တော့ ပိုဆိုးတယ်။ ဘာမှ မသိကြဘူး။ ဒီလိုနည်းနဲ့ ဘာမှမသိဘဲ မဲပေးတဲ့ နေ့ရောက်ပြီး အစိုးရက ဖိအားပေးရင် မဲသွားပေးကြရတော့မယ်” ဟု ရှင်းပြသည်။

ဥပမာအားဖြင့် လှိုင်သာယာတွင် နေထိုင်သူတဦးဖြစ်သည်ဆိုပါက ပြည်သူ့လွှတ်တော်အတွက် လူ (၈) ယောက်ထဲမှ (၁) ဦး၊ အမျိုးသား လွှတ်တော်အတွက် လူ (၄) ယောက်ထဲမှ (၁) ဦး၊ ရန်ကုန်တိုင်း လွှတ်တော်အတွက် လူ (၄) ယောက်ထဲမှ (၁) ဦး စသဖြင့် လူ (၁၆) ယောက်ထဲမှ (၃) ဦးကို ရွေးချယ်မဲပေးရမည် ဖြစ်ကြောင်း၊ ယခုကဲ့သို့ ရွေးချယ်ရာတွင် အဆိုပါ သူများသည် မည်ကဲ့သို့ လူများဖြစ်ကြောင်း သတင်း အချက်အလက်များကို မည်သည့်နေရာကမှ မရနိုင်သည့် အတွက် ဘာမျှ မသိဖြစ်နေကြောင်း အဆိုပါ ရွေးကောက်ပွဲ လေ့လာသူတဦးက ပြောသည်။

“ဒါတင်မက မဲစာရင်းတွေကို သွားမကြည့်ထားကြလို့ မဲပေးခွင့် ရှိမရှိ ဆိုတာလည်း မသိကြဘူး။ မဲရုံက များပြီး ဘယ်မဲရုံကို မဲသွားပေးရမယ် ဆိုတာကိုလည်း မသိကြဘူး” ဟု၎င်းက ဆက်လက်ရှင်းပြသည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ တာဝန်ရှိသူတဦးကလည်း ၎င်းတို့ပါတီမှ ကျေးရွာများသို့ ဆင်းသည့်အခါ မဲစာရွက်ပုံ ကပ်ပြား အကြီးကြီး လုပ်ပြီး မည်ကဲ့သို့ မဲပေးရမည်ကို အဓိက ပညာပေးနေရကြောင်း ခေတ်ပြိုင်သို့ ပြောသည်။

၎င်းက “တကယ့်တကယ် ပြည်သူတွေ မဲရုံထဲရောက်သွားရင် မဲကဒ်ပြား အနည်းဆုံး (၃) ခု တွေ့ရမှာဖြစ်ပြီး အလွဲလွဲ အမှားမှား ဖြစ်နိုင်တယ်၊ ဒါမှမဟုတ် မဲရုံတာဝန်ရှိသူတွေက ဒီ နေရာမှာ ဖြည့်ဆိုပြီး လမ်းညွှန်လိုက်တာကို လိုက်လုပ်မှာကိုလည်း စိုးရိမ်ရတယ်” ဟု ပြောသည်။

နအဖ စစ်အစိုးရအနေဖြင့် ပြည်သူများ မည်သို့မဲပေးရမည်ဆိုသည်ကို ရုပ်မြင်သံကြားမှ အချိန်အနည်းငယ် လွှင့်ပြရုံနှင့် မလုံလောက်ဘဲ အစိုးရ နေ့စဉ်သတင်းစာမှ နေ့စဉ်ရက်ဆက် ဖော်ပြ ပေးရမည်ဖြစ်ကြောင်း ပြည်တွင်း သတင်း အယ်ဒီတာ တဦးက ပြောသည်။

၎င်းက “ဒါတင်မက နေ့စဉ်ထုတ် ပုဂ္ဂလိက သတင်းစာမရှိတဲ့ ဒီတိုင်းပြည်မှာ တတိုင်းပြည်လုံးက ကိုယ်စားလှယ် တွေရဲ့ အချက် အလက်တွေနဲ့ ပတ်သက်ပြီး ပြည်သူတွေ သိရှိနားလည်ဖို့ ဆောင်ရွက်ပေးဖို့က ကော်မရှင်ရဲ့ တာဝန်ဖြစ်တယ်၊ ကော်မရှင်က ဘာသတင်း ထုတ်ပြန်မှုမှ မလုပ်တဲ့အတွက် ရွေးကောက်ပွဲ ဖြစ်စဉ်တလျှောက်လုံး ပြည်သူတွေ သတင်း အချက်အလက် မှန်မှန်ကန်ကန် မရကြဘူး” ဟုပြောသည်။

တပြည်လုံး မဲဆန္ဒနယ် စုစုပေါင်း (၁၁၅၉) နေရာ ကျင်းပမည် ဆိုသည်ကိုပင်လျှင် ပြီးခဲ့သည့် (၁၈) ရက်၊ နေပြည်တော် သတင်းစာ ရှင်းလင်းပွဲနေ့ကျမှ သတင်းထောက်များ၊ နိုင်ငံရေးပါတီများ၊ ပြည်သူများနှင့် နိုင်ငံတကာက သိရခြင်းဖြစ်ကြောင်း၊ ပြည်သူများ မည်သည့် သတင်း အချက်အလက်မှ မရဘဲ မဲပေးကြရမည့် အတွက် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဟု မပြောနိုင်ကြောင်း အဆိုပါ သတင်းအယ်ဒီတာက ဆက်လက်ရှင်းပြသည်။

မန္တလေး၊ မြစ်ကြီးနား၊ မော်လမြိုင်၊ ပုသိမ် အစရှိသည့် မြို့ကြီးအချို့မှ ပြည်သူအချို့ထံ ခေတ်ပြိုင်မှ လက်လှမ်းမီသမျှ ဆက်သွယ် မေးမြန်းရာတွင် အများစုက ရွေးကောက်ပွဲ မဲစာရင်းတွင် မိမိတို့အမည် ပါမပါ သွားမကြည့်ကြကြောင်း၊ မည်သူ ပါဝင်အရွေးခံ၍ မည်သူ့ကို မဲပေးရန် မသိရှိသူက များနေပြီး မဲသွားပေး မပေးဆိုသည်မှာ အခြေအနေအရ ဟုသာ ဖြေကြားကြသည်။

နှစ်ပေါင်း (၂ဝ) ကြာ ရွေးကောက်ပွဲ မရှိခဲ့သည့် မြန်မာနိုင်ငံအနေနှင့် ယခု စစ်အစိုးရက ကျင်းပပေးမည့် ရွေးကောက်ပွဲ ပုံစံသည် ယခင် အချိန်များကနှင့်မတူ ပိုမိုရှုပ်ထွေးပြီး ပြည်သူများသည် လွှတ်တော် (၃) ရပ်အတွက် လူ (၃) ဦးကို တပြိုင်တည်း ရွေးချယ်မဲ ပေးရမည့်အပြင် တိုင်းရင်းသား လူမျိုးဖြစ်ပြီး မဲစာရင်းထဲ ကိုယ့်နာမည်ပါပါက တိုင်းရင်းသားမဲ တမဲကိုပါ ထပ်ပေးရဦးမည် ဖြစ်သည်။

ယခုကဲ့သို့ မဲပေးပုံ ရှုပ်ထွေးခြင်းကြောင့် သက်ဆိုင်ရာမြို့နယ် ရပ်ကွက်ကော်မရှင် အဖွဲ့ခွဲများ ကိုယ်တိုင် ယနေ့ထိ မဲရုံ သင်တန်းများ ပေးနေရဆဲဖြစ်ကြောင်း သိရသည်။

Ref: ခေတ်ပြိုင်

Read More...

ရခိုင်လေဘေးကြောင့် ပျက်စီးဆုံးရှုံးမှု ကြီးမား

မခွာညို
တနင်္ဂနွေ, 24 အောက်တိုဘာ 2010

ဒီသီတင်းပတ်ထဲမှာပဲ ဘင်္ဂလား ပင်လယ်အော်မှာ ဗဟိုပြုပြီး မြန်မာနိုင်ငံထဲကို ဆိုင်ကလုံး မုန်တိုင်း ပြင်းပြင်း ထန်ထန် ၀င်ရောက် တိုက်ခတ်ခဲ့တဲ့ အတွက် ပျက်စီး ဆုံးရှုံးမှုတွေ ရှိခဲ့ပါတယ်။ အောက်တိုဘာလ ၂၂ ရက်နေ့ ည ၈ နာရီလောက်က တနာရီ မိုင် ၁၀၀ ကျော်နှုန်းနဲ့ တိုက်ခတ်သွားခဲ့တဲ့ ဂီရိမုန်တိုင်းဟာ မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ် ဘက်ကနေပြီး နိုင်ငံအလယ်ပိုင်းထိ ရိုက်ခတ် သွားခဲ့တာပါ။

မြန်မာအာဏာပိုင်တွေရော၊ မြန်မာ့ကြက်ခြေနီ တပ်ဖွဲ့ဝင်တွေကပါ မုန်တိုင်းဘေးသင့် ဒုက္ခသည်တွေ အတွက် ကူညီ ကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆောင်ရွက်ပေးနေပါပြီ။ ဒီမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုတွေ အများအပြား ရှိခဲ့ပြီး အသေအပျောက် တချို့လည်း ရှိတယ်လို့ သတင်းတွေမှာ ဖော်ပြနေကြပေမဲ့ အခုထိ အသေအပျောက် စာရင်းကိုတော့ တိတိကျကျ ထုတ်ပြန်နိုင်ခြင်း မရှိသေးကြောင်း နိုင်ငံတကာ ကြက်ခြေနီနဲ့ လခြမ်းနီအဖွဲ့က ကြေညာချက်မှာ ဖော်ပြ ထားပါတယ်။ ဒီမုန်တိုင်းနဲ့ ပတ်သက်တဲ့ နောက်ဆက်တွဲ အခြေအနေတွေကို မခွာညိုက တင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ အများဆုံး ထိခိုက်ပျက်စီးခဲ့ရတဲ့ ဒေသတွေကတော့ ကမ်းရိုးတန်း ဒေသတွေဖြစ်ပြီး အထူးသဖြင့် ကျောက်ဖြူ၊ မင်းပြား၊ မာန်အောင်၊ မြေပုံ၊ ပေါက်တော စတဲ့ ဒေသတွေက စက်ရုံ အလုပ်ရုံတွေ၊ အဆောက်အဦးတွေနဲ့ အိမ်တွေ ပျက်စီး သွားခဲ့ပါတယ်။ ကျောက်ဖြူမြို့နယ်ထဲမှာ အိုးမဲ့အိမ်မဲ့ ဖြစ်သွားတဲ့ ဒုက္ခသည်ပေါင်း ၅,၀၀၀ လောက်ရှိပြီး အခု ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေမှာ ခိုလှုံနေကြရကြောင်း ဒေသခံ ဦးဘရှင်က အခုလို ပြောပါတယ်။

“သံဖြူကျောင်း ဘုန်းကြီးကျောင်းမှာ ဒုက္ခသည် ၈၀၀ ကျော်လောက်ရှိတယ်။ မူလာဒွာရ ဘုန်းကြီးကျောင်းမှာလည်း ဒုက္ခသည် ၇၀ လောက်ရှိတယ်။ မူလာရာမ ဘုန်းကြီးကျောင်းမှာ ဒုက္ခသည် ၂၀၀ ကျော်လောက်ရှိတယ်။ အထက ၂ မှာ ဒုက္ခသည် ၁,၅၀၀ လောက်ရှိတယ်။ စိန်ပန်း ဆရာတော်ကျောင်းမှာ ဒုက္ခသည် ၁၀၀ လောက်ရှိတယ်။

“ဘုရားကြီးကျောင်း ဘုန်းကြီးကျောင်းမှာ ဒုက္ခသည် ၅၀ လောက် ရောက်နေတယ်။ အလက ၄ မှာ ၁၀၀ နီးပါးလောက် ရောက်နေတယ်။ ကရင်တော အမကမှာ လူ ၁၀၀ လောက် ရှိတယ်။ ပရဟိတ ဆရာတော်ကျောင်းမှာ ၇၀ လောက် စာရင်းရထားပါတယ်။ ကလပါတောင် မူလတန်းကျောင်းမှာ ၁၁၀၊ သိမ်တောင်ကျောင်း ဘုန်းကြီးကျောင်းမှာ လူ ၆၀ လောက်ရှိပါတယ်။ နောက် အထက ၁ မှာ မိသားစု ၅၀ လောက် ရှိပါတယ်။ ပြင်ဖူမော်ဆိုတဲ့ ရေမြုပ်နေတဲ့ရွာမှာ ဒုက္ခသည်က ၈၀၀ လောက်ရှိတယ်။”

ကျောက်ဖြူမြို့ဟာ လူဦးရေ ၂၀၀,၀၀၀ နီးပါးရှိပြီး မုန်တိုင်းကြောင့် အိမ်ခြေစုစုပေါင်းရဲ့ ၇၅% လောက် ပျက်စီး သွားခဲ့ကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ လူဦးရေ ၁၂၀,၀၀၀ ကျော် နေထိုင်ရာ မြေပုံမြို့နဲ့ ပတ်ဝန်းကျင် ရွာတွေမှာလည်း လူနေအိမ်ခြေတွေဟာ ဆိုးဆိုးဝါးဝါး ပျက်စီးသွားခဲ့တာပါ။ အခုလောက်ထိ ဆိုးဆိုးဝါးဝါး ဖြစ်ခဲ့ရတာကတော့ အားပြင်းတဲ့ မုန်တိုင်းဒဏ်ကြောင့် ကျောက်ဖြူမြို့ကို ပတ်ထားတဲ့ တာဘောင် ကျိုးသွားတဲ့အတွက် ဖြစ်ကြောင်း အခုလို ဆက်ပြီး ပြောပြပါတယ်။

“မြို့ပတ်ထားတဲ့ တာဘောင် ကျိုးသွားတော့ တာဘောင်ကိုကျော်ပြီး ရေကြီးတဲ့အခါ ရေ၀င်သွားတယ်။ ဒီရေက ပြန်မထွက် နိုင်တော့ဘူး။ အဓိက အချက်ကတော့ ကျောက်ဖြူမြို့ကို ပတ်ပတ်လည် ဆယ်ထားတဲ့ တာဘောင်၊ အဲဒီတာဘောင် ကျိုးသွားတာကို ပြန်လုပ်နိုင်ဖို့ အရေးကြီးတယ်။ တာဘောင်ဆိုတာက ဆည်မြောင်းဦးစီးဌာန ပိုင်တဲ့ဟာ၊ ဆည်မြောင်း ဦးစီးဌာနက လုပ်မှရမှာ။ ဦးလေးတို့ လုပ်လို့မရဘူး။”

ရခိုင်ပြည်နယ်ထဲက မုန်တိုင်းသင့် ပြည်သူတွေအတွက် ဘေးလွတ်ရာကို ရွှေ့ပြောင်းနေထိုင်ဖို့ အရေးပေါ် ကယ်ဆယ်ရေး နေရာ ၆ ခုကိုလည်း ဖွင့်လှစ် ပေးထားပါတယ်။

ရခိုင်ပြည်နယ်ကတဆင့် မကွေး၊ မန္တလေးနဲ့ စစ်ကိုင်းတိုင်းတွေဆီကို ဆက်ပြီး ဦးတည် ရွေ့လျားသွားခဲ့တဲ့ မုန်တိုင်း ဂီရိကြောင့် လမ်း၊ တံတားတွေ၊ လျှပ်စစ်၊ ကြေးနန်းနဲ့ ဆက်သွယ်ရေးဌာန အဆောက်အဦး တွေလည်း ထိခိုက် ပျက်စီးခဲ့ရပြီး တယ်လီဖုန်း လိုင်းနဲ့ လျှပ်စစ်ဓာတ်အား ပေးမှုတွေလည်း ပြတ်တောက် ကုန်ခဲ့ရပါတယ်။ မုန်တိုင်းကြောင့် ရေတိုးပြီး ဆည်ကျိုးကျခဲ့လို့ မကွေးတိုင်း၊ စလင်းမြို့နယ်ထဲက ကျေးရွာပေါင်း ၁၅ ရွာကို ရေလွှမ်း သွားခဲ့ပါတယ်။ ထို့နည်းတူပဲ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ထဲက ကျေးရွာပေါင်း ၁၅ ရွာကျော်လည်း အကြီးအကျယ် ပျက်စီး ဆုံးရှုံးမှုတွေ ရှိခဲ့ပါတယ်။

ပျက်စီးဆုံးရှုံးမှု ပမာဏကို အမှန်အတိုင်း တိုင်းတာ တွက်ချက်နိုင်ဖို့အတွက် မြန်မာ အာဏာပိုင်တွေနဲ့ လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ အဖွဲ့အစည်းတွေက ကူညီရေး အဖွဲ့တွေကို မုန်တိုင်းသင့် ဒေသဆီ စတင် စေလွှတ်နေပါပြီ။ NDPCC လို့ခေါ်တဲ့ အမျိုးသား သဘာဝ ဘေးအန္တရာယ် တားဆီး ကာကွယ်ရေး ကော်မတီကို ၀န်ကြီးဌာန အတော်များများနဲ့ လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အဖွဲ့ငယ်တခုတို့ ပူးပေါင်း ဖွဲ့စည်းလိုက်ကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီအဖွဲ့ရဲ့ သတင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၂၀၀၈ ခုနှစ် မေလဆန်းတုန်းက ဧရာဝတီတိုင်းကို တနာရီ မိုင် ၁၂၀ နှုန်းနီးပါးနဲ့ တိုက်ခတ်သွားခဲ့ ဆိုင်ကလုန်း နာဂစ်ကြောင့် သေဆုံး ခဲ့ရသူပေါင်းကတော့ ၁၃၀,၀၀၀ ကျော် ရှိခဲ့ပါတယ်။

Ref: VOA News

Read More...

အလံသစ်တင်ခြင်းကို နိုင်ငံရေးပါတီများ ဝေဖန်

ရန်ပိုင်
Friday, October 22, 2010

စစ်အစိုးရသည် နိုင်ငံတော်အလံအသစ် ပြောင်းလဲသုံးစွဲခြင်းကို ရွေးကောက်ပွဲအပြီး လွှတ်တော် ခေါ်ယူပြီးမှသာ အသုံးပြုသင့် သည်ဟု နိုင်ငံရေး ပါတီများက ဝေဖန်ကြောင်း သိရသည်။

ဒီမိုကရက်တစ် ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေက “လွှတ်တော်ခေါ်ပြီးမှပဲ လုပ်ရမှာ။ အခု နည်းဥပဒေတွေ ဘာတွေနဲ့ ကြားဖြတ် အမြန်လုပ်လိုက်တာ ဗေဒင်အရလား၊ အထက်ဆရာကြီးတွေ အမိန့်အရလားတော့ မသိဘူး” ဟု ပြောသည်။

အလံအသစ်လွှင့်ထူခြင်းကို အစိုးရဌာနများတွင် ယမန်နေ့က ပြုလုပ်ခဲ့ပြီး နိုင်ငံရေးပါတီများသို့ အလံသစ် လွှင့်တင်ရန် အာဏာပိုင်များက တိုက်တွန်းခြင်း မရှိသေးဟု ဦးသုဝေက ပြောသည်။

နိုင်ငံတော်အလံသစ်ကို ယမန်နေ့ ညနေ ၃ နာရီတွင် လွှင့်တင်ခဲ့ပြီး အလံဟောင်းကိုလည်း မီးရှို့သည် ဟူသော သတင်းများလည်း ထွက်ပေါ်ခဲ့သည်။

ထိုသို့ မီးရှို့ခြင်းသည် ဗေဒင်ယတြာသဘောမျိုး ပိုဆန်ကြောင်း၊ တကယ်မီးရှို့သည်ဆိုလျှင်လည်း နိုင်ငံတော် အလံအား မလုပ်သင့်သည့် အပြုအမူ တခုဖြစ်ကြောင်း ဦးသုဝေက ဝေဖန်သည်။

ယနေ့ထုတ် စစ်အစိုးရ သတင်းစာတွင် အဆိုပါ အလံသစ်လွှင့်တင်ခြင်း အခမ်းအနားကို နေပြည်တော်ရှိ နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံဖြိုးရေး ကောင်စီရုံးတွင် ပြုလုပ်ရာ ၀န်ကြီးချုပ် ဦးသိန်းစိန် တက်ရောက် အလေးပြုကြောင်း၊ ထို့အပြင် နိုင်ငံတော် အလံ၊ အထိမ်းအမှတ်တံဆိပ်၊ နိုင်ငံတော်သီချင်းနှင့် ပတ်သက်သည့် ဥပဒေ၊ နည်းဥပဒေများကို ထုတ်ပြန်ကြောင်း ဖော်ပြထားသည်။

အမျိုးသား ဒီမိုကရေစီအင်အားစု (NDF) ပါတီ ခေါင်းဆောင်တဦးဖြစ်သည့် ဦးခင်မောင်ဆွေ ကလည်း လက်ရှိ အနေအထားတွင် NDF ပါတီအနေဖြင့် နိုင်ငံတော် အလံဟောင်းကိုသာ လွှင့်တင်ထားကြောင်း၊ ရွေးကောက်ပွဲ ကော်မရှင်ကလည်း တရားဝင် အမိန့်တစုံတရာ အကြောင်းကြားခြင်း မရှိကြောင်း ပြောသည်။

“တရားဝင်အမိန့်နဲ့ ညွှန်ကြားလာရင်တော့ တင်ရမှာပေါ့။ ကျနော်တို့ အားလုံးက ဒီဥပဒေအောက်မှာ ရှိနေတာပဲ” ဟု ၎င်းက ပြောသည်။

တရားဝင် လုပ်ထုံးလုပ်နည်းအရ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် ရွေးကောက်ပွဲအပြီး ဖြစ်ပေါ် လာမည့် ပြည်ထောင်စု လွှတ်တော်က အတည် ပြုပြီးမှသာ အသက် ၀င်မည်ဖြစ်၍ နိုင်ငံတော် အလံကိစ္စကိုလည်း ထိုအခါမှသာ ပြဋ္ဌာန်းသင့်သည်ဟု ဦးခင်မောင်ဆွေက ထောက်ပြသည်။

ထိုအလံသစ်သည် ပြည်ထောင်စုသဘော မဆောင်သည့်အပြင် ငြိမ်းချမ်းခြင်း၊ ညီညွတ်ခြင်း လက္ခဏာများလည်း မပါကြောင်း၊ ယခုသွားမည့် ဒီမိုကရေစီအရေးကို ရှေးရှုသည့် အသွင်လည်း မဆောင်ကြောင်း၊ ထို့အပြင် ကြယ်ဖြူ ဆိုသည်မှာ တော်လှန်ရေး အသွင်ကို ဆောင်သည့်အတွက် ယခုခေတ်နှင့် ကိုက်ညီခြင်း မရှိကြောင်း ဦးခင်မောင်ဆွေက ဝေဖန်ပြောဆိုသည်။

ယခု အသစ်ပြဋ္ဌာန်းလိုက်သည့် အလံသည် နောက်ခံ အဝါရောင်၊ အစိမ်းရောင်၊ အနီရောင် သုံးရောင်ခြယ် အပေါ်တွင် ကြယ်ဖြူကြီး တလုံး ပါဝင်သည်။ သုံးရောင်ခြယ်အလံသည် ယခင် အင်္ဂလိပ် ကိုလိုနီခေတ် လွတ်လပ်ရေး ကြိုးပမ်းစဉ်က ဦးဆောင်ခဲ့သည့် “တို့ဗမာ အစည်းအရုံး” ၏ အလံအရောင်ဖြစ်ပြီး ကြယ်ဖြူသည်လည်း ဂျပန်ကို တော်လှန်ခဲ့သည့် တော်လှန်ရေး သင်္ကေတ အမှတ်တံဆိပ် ဖြစ်သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်ကလည်း အခြေခံဥပဒေ အတည်ပြု အသက် ၀င်မှသာလျှင် အလံနှင့် နိုင်ငံတော် သီချင်းတို့သည် တရားဝင်သည်ဟု သတ်မှတ်ရမည် ဖြစ်ပြီး အလံသစ်သည် တရား မ၀င်သေးကြောင်း၊ အလံတော်နှင့် ပတ်သက်၍ နိုင်ငံတော် အလံ သာမက အဖွဲ့အစည်း တခု၏ အလံတော်တွင်ပင် စည်းကမ်း ဥပဒေများ ရှိကြောင်း ပြောသည်။

“အသက်မ၀င်သေးဘဲနဲ့ အလံထောင်ခွင့် မရှိဘူး။ မြန်မာပြည်မှာ တရုတ်နိုင်ငံအလံ လွှင့်ချင်ရင်တောင် သတ်မှတ်တဲ့ နေ့မှသာ ထူခွင့် ရှိတယ်လို့ ပြဋ္ဌာန်းချက်ရှိတာ” ဟု ဦးဝင်းတင်က ပြောသည်။

၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်ကို ပြဋ္ဌာန်းပြီး နိုင်ငံတော်အလံသစ်ကို လွှင့်ထူစဉ်ကပင် ပြည်သူ လူထု၏ ဆန္ဒကို အသေအချာ တောင်းခံပြီးမှ အတည်ပြုခြင်း ဖြစ်ကြောင်း၊ ထိုစဉ်က ပြဋ္ဌာန်းခဲ့သည့် အလံသည်ပင် ထိုင်ဝမ်နိုင်ငံ၏ အလံနှင့် ဆင်တူသည့် အတွက် ကန့်ကွက်မှုများပင် ရှိခဲ့သည်ဟု ဦးဝင်းတင်က ရှင်းပြသည်။

မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) လက်ထက်က ၁၉၇၄ ခုနှစ် ဇန်န၀ါရီလ ၃ ရက်နေ့ကို ဖွဲစည်းပုံ အခြေခံ ဥပဒေနေ့ဟု တရားဝင် သတ်မှတ်ပြီးမှ ဇန်န၀ါရီလ ၄ ရက်နေ့ (လွတ်လပ်ရေးနေ့) တွင် အလံတော် အသစ်ကို တရားဝင် လွှင့်ထူခြင်း ဖြစ်သည်ဟု သိရသည်။

ယခင် နိုင်ငံတော်အလံဟောင်းကို သမ္မတ ဦးနေ၀င်း ဦးဆောင်သည့် မဆလ က ၁၉၇၄ ခုနှစ်တွင် အခြေခံ ဥပဒေ အသစ်နှင့်အတူ ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။

၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့တွင် မဆလ အစိုးရထံမှ စစ်တပ်က အာဏာသိမ်းခဲ့သည်။

မဆလပါတီကို အမည်ပြောင်းထားသည့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) ၏ ပြောရေးဆိုခွင့် ရှိသူ ဦးဟန်ရွှေကမူ အစိုးရ ထုတ်ပြန်သည့် ဥပဒေကို လိုက်နာရမည် ဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် အလံဟောင်းကို ဆက်လက် လွှင့်ထူခြင်း မရှိတော့ကြောင်း ပြောဆိုသည်။

မြန်မာနိုင်ငံတွင် ရှေးမြန်မာဘုရင်များခေတ် ကဒေါင်းအလံ၊ ဒေါင်းရုပ်ပါ တို့ဗမာအစည်းအရုံး သုံးရောင်ခြယ် အလံ၊ တူတံစဉ်ပါ တို့ဗမာ အစည်းအရုံး သုံးရောင်ခြယ် အလံ၊ ယူနီယံဂျက်နှင့် ဒေါင်းရုပ်ပါအလံ၊ ဂျပန်ခေတ် ဘီဒီအေအလံ၊ ဂျပန်ခေတ် တော်လှန်ရေး အလံ၊ လွတ်လပ်ရေး ရပြီးခေတ် အလံနှင့် ယခု ဖျက်သိမ်း လိုက်သော မဆလခေတ် အလံတို့ကို ခေတ်အဆက် ဆက် အသုံးပြုခဲ့ကြသည်။

Ref: ဧရာဝတီ်

Read More...

ကြံဖွံ့ကို မဲပေးခိုင်းသော်လည်း မပေးလိုကြ

၂၂ အောက်တိုဘာ ၂၀၁၀

ရန်ကုန်မြို့တော်ဝန်က စည်ပင်ဝန်ထမ်းများအား ခြင်္သေ့အမှတ်တံဆိပ်ကိုသာ မဲပေးကြရန် တိုက်တွန်း ပြောကြား နေသည်ဟု သိရသည်။

“မနေ့က ကျနော်တို့ စည်ပင်က ဌာနအလိုက် အရာရှိတွေကို ခေါ်တယ်။ ဌာနမှူး၊ ဒုဌာနမှူး၊ လက်ထောက်ဌာနမှူး၊ ဌာနစုမှူး အစရှိသဖြင့်ပေါ့။ စည်ပင်မှာရှိတဲ့ ဌာန (၂၀) မှာဆိုရင် အဲဒီလို အရာရှိတွေက အများကြီးလေ၊ စုစုပေါင်းအယောက် (၃၀၀) လောက်ရှိတယ်။ အမျိုးသား အမျိုးသမီး အစုံပဲ၊ အားလုံးကို ပြောတယ်၊ ၀န်ထမ်းတွေအနေနဲ့ မဲပေးတဲ့အခါ ပြည်ခိုင်ဖြိုးကိုပဲ ပေးပါ ဆိုတာကို ပြောတယ်။ မြို့တော်ခန်းမ စီးတီးဟော ခန်းမကြီးမှာ ခေါ်ပြောတာပါ” ဟုစည်ပင်သာယာမှ အကြီးတန်း စာရေးကြီးတဦးက ခေတ်ပြိုင်သို့ ပြောသည်။

မြို့တော်ဝန်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(ပြည်ခိုင်ဖြိုး/ကြံ့ဖွံ့) ကိုမဲပေးကြရန် ၀န်ထမ်းးများအား ခေါ်ယူ ပြောဆိုသော်လည်း မဲမပေးလိုသည့် ၀န်ထမ်းများ ရှိနေကြောင်းလည်း သိရသည်။

စည်ပင်မှ ဘတ်ဂျက်နှင့် ငွေစာရင်းဝန်ထမ်းတဦးက “သူကသာ သူ့ပါတီကို မဲပေးပါ ပြောနေတာ၊ သူက ၀န်ထမ်းတွေ အပေါ်မှာ ဘယ်လောက်များ ကောင်းလို့လဲ၊ သိတတ်လို့လဲ၊ လူဆိုတာ မေတ္တာ ရောင်ပြန်ဟတ်တယ်၊ သူက ကိုယ့်ကို မေတ္တာထားမှ ကျနော်တို့ကလည်း သူ့ကို မေတ္တာထားမှာပေါ့၊ အခုတော့ ရောင်ပြန်ပဲ” ဟု ပြောသည်။

ရန်ကုန်စည်ပင်တွင် ၀န်ထမ်းပေါင်း ထောင်နှင့်ချီရှိရာ ယင်းတို့အနေဖြင့် ကြံ့ဖွံ့ပါတီကို မဲပေးရန် သက်ဆိုင်ရာ ၀န်ထမ်း အရာရှိများ မှတဆင့် ပြောဆိုရန်လည်း မြို့တော်ဝန်က တိုက်တွန်းထားကြောင်း သိရသည်။

“ကျနော်တို့ ဌာနမှာတော့ ဘယ်သူ့ကို ပေးပါ၊ မပေးနဲ့ မပြောဘူး။ လူဆိုတာ သူ့သဘော သူဆောင်တာ၊ တသက်လုံး အာဏာတွေ အောက်မှာ နေရတာ၊ မဲတခါ ပေးခွင့်ရတာတောင် အာဏာအောက်မှာ နေပြီးတော့ ပေးရမယ်ဆိုတာ မဟုတ်သေးဘူး” ဟု အခွန်ဌာနမှ ၀န်ထမ်းတဦးက ပြောသည်။

မြို့တော်ဝန် ဦးအောင်သိန်းလင်းသည် ဗိုလ်မှူးချုပ်ဟောင်းဖြစ်ပြီး ရန်ကုန်တိုင်း ကြံ့ဖွံ့အသင်း တာဝန်ခံတဦး ဖြစ်ကာ လာမည့် နိုဝင်ဘာ (၇) ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် တောင်ဥက္ကလာပမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း တဦး ဖြစ်သည်။

Ref: ခေတ်ပြိုင်

Read More...

အပေါ်သို့