..............................

Friday, November 27, 2009

တြိဂံဒေသ လားဟူပြည်သူ့စစ်များအား မဲခေါင်နယ်ခြား လုံခြုံရေးတပ်ရင်း အဖြစ် စတင်ဖွဲ့စည်း

ကြာသပတေးနေ့၊ 26 နိုဝင်ဘာလ 2009

နအဖ စစ်ရုံးချုပ်ညွှန်ကြားချက်အရ တာချီလိတ်မြို့နယ် တာလေမြို့နယ်ခွဲ ရွှေတြိဂံဒေသ လားဟူ ပြည်သူ့စစ် အဖွဲ့များ စုစည်း၍ မဲခေါင် နယ်ခြား လုံခြုံရေး တပ်ရင်း အဖြစ် စတင် ဖွဲ့စည်းလိုက်ကြောင်း တာချီလိတ်မြို့ခံ လားဟူ အသိုင်းအ၀ိုင်းက ပြောပါသည်။

“တာလေက ဂျကူးနီပြည်သူ့စစ်အဖွဲ့နဲ့ မိုင်းကိုး ကျေးရွာ အုပ်စု လားဟူပြည်သူ့စစ် တပ်ဖွဲ့ ပေါင်းခိုင်းတယ်။ မဲခေါင် နယ်ခြား လုံခြုံရေး တပ်ရင်းအဖြစ် စုဖွဲ့ လိုက်တယ်လေ။ တာချီလိတ်မြို့နယ် နားယောင်းကျေးရွာ အုပ်စုမှာ တပ်ရင်းရုံး စိုက်တယ်” - ဟု ဒေသခံ စိုင်းနွံနွဲ့ က ပြော၏။

နေပြည်တော်ညွှန်ကြားချက် အရ ယခုလလယ်ပိုင်းက ကြပ်ပြေး အရာရှိ အချို့နှင့် တြိဂံ စစ်တိုင်းရုံး စစ်အာဏာပိုင်များ တာလေ (မြို့နယ်ခွဲ) သို့ ရောက်ရှိပြီး အင်အား ၃၀၀ ခန့်ရှိ ဂျကူးနီ ပြည်သူ့စစ်နှင့် အင်အား ၁၀၀ ခန့်ရှိ မုံးကိုး လားဟူ ပြည်သူ့စစ်တို့ ပေါင်း၍ မဲခေါင် နယ်ခြား လုံခြုံရေး တပ်ရင်း အဖြစ် ဖွဲ့စည်း ပေးလိုက်ခြင်း ဖြစ်၏။

“အခုက ဗမာစစ်တပ်အတိုင်းဘဲ၊ ရာထူးရာခံအဆင့်ဆင့် အပြင် ထောက်လှမ်းရေး အဖွဲ့တွေလဲ ရှိတယ်။ လူဟောင်းတွေတော့ အများကြီး ထွက်မယ်၊ လူသစ်ကိုတော့ ပါလျော - ကျိုင်းလပ်ကနေ ဆမ်ပူးကျေးရွာ အုပ်စုဘက်အထိ မဲခေါင်မြစ်ဝှမ်း တလျှောက် အယောက် ၆၀ လောက် ထပ်ကောက်တာ တွေ့ရတယ်။ တပ်ရင်းမှူးကတော့ ဂျဆိုဗိုလ်ရဲ့သား ဆရာစိုင်းအွန် တဲ့။ သျှမ်း- လားဟူ ကပြား” - ဒေသခံ ၀န်ထမ်း တဦးက ပြောပြသည်။

စစ်အုပ်စုအဆိုအရ ၂၀၀၉ ဒီဇင်ဘာ အကုန် ပါလျော - ကျိုင်းလပ် မှ ရွှေတြိဂံဒေသ ဆမ်ပူး အထိ မဲခေါင်မြစ်ဝှမ်း အနောက် ဘက်တလွှား လှုပ်ရှားနေသည့် မြန်မာစစ်တပ်များ အကုန် ရုပ်သိမ်းပေးမည် ဖြစ်ကြောင်း၊ ဒေသခံ လားဟူများဖြင့် ဖွဲ့စည်းထားသည့် မဲခေါင်နယ်ခြား လုံခြုံရေး တပ်ရင်းမှ အစားထိုး နေရာယူမည် ဖြစ်ကြောင်း၊ အခြေခံလစာ တစ်ယောက် ကျပ်ငွေ နှစ်သောင်း စတင် ထုတ်ပေးမည် ဖြစ်ကြောင်း သိရသည်။

ဗမာ့တပ်မတော်သားများ နည်းတူ စစ်ဝတ်စုံ၊ စားနပ်ရိက္ခာ၊ လစာငွေအပြင် အခွင့်ထူးများပင် ရရှိမည် ဖြစ်ကြောင်း - “လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှား ကူးသန်း ရောင်းဝယ်လို့ ရမယ်လေ။ အဲ့ဒါကြောင့် အခု ပြည်သူ့စစ်တပ်ဖွဲ့ထဲ ၀င်ဖို့ ဘတ်ငွေ ၃၀၀၀၀ ပေးပြီး အသင်းဝင် (အမည်ခံ) တဲ့ လူတောင် ရှိတယ် ပြောတယ်” - ဟုလား ဟူအမျိုးသား တဦးက သျှမ်းသံတော်ဆင့်သို့ ပြောပြသည်။

ယခုဖွဲ့စည်းလိုက်သည့် မဲခေါင် နယ်ခြား လုံခြုံရေး တပ်ရင်းသည် ဟိုမိန်း (မြို့နယ်ခွဲ) နယ်ခြား ကာကွယ်ရေး တပ်ဖွဲ့ကဲ့သို့ အခြား သာမာန် ပြည်သူ့စစ် အဖွဲ့များထက် အခွင့်ထူးများ ပိုမည်ဟု သုံးသပ်သူများ ရှိ၏။

မဟာကြာဦးဆောင်သည့် ဟိုမိန်းနယ်ခြားကာကွယ်ရေး တပ်ဖွဲ့လည်း လူသစ် ထပ်ကောက်ပြီး ဒုတိယ အသုတ် စစ်သင်တန်း ပေးနေ၏။ မိုင်းဆတ် မြို့နယ် အတွင်းရှိ လားဟူ ပြည်သူ့စစ်များလည်း တပ်ရင်း အဆင့် တိုးချဲ့ရန် အတွက် သင်တန်းသား ခေါ်ယူ ခဲ့သော်လည်း ဘိန်းစားများသာ ပို့ပေးသောကြောင့် နေရပ် ပြန်ပို့ခြင်း ခံရကြောင်း မိုင်းဆတ် ပြည်သူ့စစ် အသိုင်းအ၀ိုင်းမှ ဆိုသည်။

ဂျူလိုင် ၇ ရက် ၂၀၀၉ ထုတ် NDD သုတေသန မှတ်တမ်းအရ - ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ညွှန်ကြားချက်က ကျေးရွာ အုပ်စုတခုလျှင် ပြည်သူ့စစ် တပ်ရင်းတရင်း တပြည်လုံးအနှံ့ ဖွဲ့စည်းရမည် ဟု ဆိုသည်။

မိုင်းတုံမြို့နယ်အတွင်းရှိ လားဟူပြည်သူ့စစ်များ စုပေါင်းပြီး တပ်ရင်းတရင်း ဖွဲ့စည်း ပေးလိုက်ပြီး ဖြစ်ကြောင်း နိုဝင်ဘာ လဆန်း ပိုင်းက သျှမ်းသံတော်ဆင့်မှ တင်ပြခဲ့ပြီး ဖြစ်သည်။

ကျေးရွာအုပ်စုတခု ပြည်သူ့စစ်တပ်ရင်းအဆင့်တိုးချဲ့ ဖွဲ့စည်းခိုင်းခြင်းသည် ရှေးဘုရင်ခေတ် ကဲ့သို့ လည်းကောင်း၊ တိုက်ပွဲ ဖြစ်ခဲ့လျှင် (Cannon Fodder လက်နက်ကြီး ဓါးစာခံ) ရှေ့ပြေး တပ်အဖြစ် လည်းကောင်း၊ ဗမာ့တပ်မတော် ကိုယ်စား အသေခံပေးရမည် ဖြစ်ကြောင်း လေ့လာသူများ ပြောဆို သုံးသပ်ကြပါသည်။

နအဖ ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၀၀၄ စစ်တမ်းတွင် သျှမ်းတွင် ခရိုင်ပေါင်း ၁၂ ခု၊ မြို့နယ်ပေါင်း ၅၅၊ မြို့နယ်ခွဲ ၂၀ ၊ မြို့ ၇၄ မြို့၊ ရပ်ကွက် ၄၁၅ ၊ ကျေးရွာ အုပ်စုပေါင်း ၁၆၃၃၊ ကျေးရွာပေါင်း ၁၅၄၂၁ ရှိသည်ဟု ဆို၏။ ကျေးရွာအုပ်စုတိုင်း ပြည်သူ့စစ် တပ်ရင်း တရင်းစီ ထားမည် ဆိုပါက (ဌာနေ/အမာခံ/အရန်) ပြည်သူ့စစ် တပ်ရင်း ၁၅၀၀ ရင်းထက် လျော့မည် မဟုတ်ပေ။

Ref: သျှမ်းသံတော်ဆင့်

Read More...

NDC ခွဲတမ်း ပြဿနာ အပိုင်း - ၎

ဗိုလ်ထက်မင်း
ကြာသပတေးနေ့၊ နိုဝင်ဘာလ 26 ရက် 2009

နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်ကို ၁၉၅၅ ခုနှစ်တုန်းက မင်္ဂလာဒုံ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်မှာ စတင် ဖွင့်လှစ် ခဲ့ပါတယ်။ အဲဒီနောက် ၁၉၅၈ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့မှာ ဖွဲ့စည်းပုံ W.E (B.A/437/1/58) နဲ့ ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ အစိတ်အပိုင်း တခုအဖြစ် ပြန်ဖွဲ့ခဲ့ပါတယ်။ အဲဒီနောက် နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်ရဲ့ နေရာကို မင်္ဂလာဒုံကနေ ကန်တော်လေး (၃၄/၃၉) ကြေးနန်း ဆက်သွယ်ရေး တပ်ဖွဲ့ဆီ ပြောင်းရွှေ့ခဲ့ပါတယ်။

အဲဒီကနေ ၁၉၆၆ ခုနှစ် မေလ ၅ ရက်နေ့မှာ အမှတ် (၄) အလံပြ ဘုရားလမ်း ဒဂုံ (၁) ကျောင်းအနီးဆီ ထပ်ရွှေ့ခဲ့ပြန်ပါတယ်။ ၁၉၇၆ ခုနှစ် ဧပြီလ ၂ဝ ရက်နေ့မှာ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် နေရာကို ၉ မိုင်ခွဲဆီ ပြောင်းရွှေ့ခဲ့ပြန်ပါတယ်။ ၁၉၉၁ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှာ ဖွဲ့စည်းပုံ (War Establishment – W.E) ကဖ ၁ဝ၆၊ ၂- ၉၁ နဲ့ ထပ်မံ ပြင်ဆင်ခဲ့ပါတယ်။ ၁၉၉၄ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာတော့ ၉ မိုင်ခွဲနေရာကနေ ရန်ကုန်တိုင်း စစ်ဌာနချုပ် ကုန်းမြင့်သာဆီ ပြောင်းပစ်ခဲ့ပါတယ်။ ကုန်းမြင့်သာကို စစ်ရုံးကြီး တခုလုံး ပြောင်းရွှေ့ လာချိန်မှာ နေရာ မဆန့်တာကြောင့် နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်ကို ၂ဝဝ၂ ခုနှစ် ဧပြီလ ၁၉ ရက်နေ့မှာ ကုန်းမြင့်သာ ကနေ ဒဂုံမြို့နယ်ရှိ စစ်ရုံး ရုံးဟောင်းဝင်းကြီး အတွင်း ထပ်ရွှေ့ခဲ့ပါတယ်။

နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်မှာ ၁၉၆၆ ခုနှစ်ကနေ ၁၉၇ဝ ခုနှစ်ထိ တပ်မှူးများ မွမ်းမံ သင်တန်း ၉ ခုကို ဖွင့်လှစ်ခဲ့ပြီး ၁၉၈၄ ခုနှစ်ကနေ ၁၉၈၈ ခုနှစ်ထိ ဥပဒေရက်တို မွမ်းမံသင်တန်း ၁ဝ ခု ဖွင့်လှစ်ခဲ့ပါတယ်။ စစ်တပ်က အာဏာသိမ်းပြီး ၁၉၉၂-၁၉၉၃ ခုနှစ်မှာ တပ်မှူးများ မွမ်းမံ သင်တန်း ၄ ခုနဲ့ အရာရှိကြီးများ အုပ်ချုပ်မှု သင်တန်း ၄ ခု ဖွင့်လှစ် သင်ကြားခဲ့ပါတယ်။ အဲဒီ သင်တန်းတွေ တုန်းက နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်ဟာ အဆင်သင့် မဖြစ်သေးတာကြောင့် မင်္ဂလာဒုံ ရန်ကုန်တိုင်း စစ်ဌာနချုပ် စုပေါင်းရိပ်သာ (ခရေပင်လမ်းခွဲ) မှာပဲ ဖုတ်ပူမီးတိုက် ဖွင့်လှစ် ခဲ့ရပါသေးတယ်။ အဲဒီနောက် ဗိုလ်မှူးကြီးအဆင့် ဗျူဟာမှူးတွေကို နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်မှာ လေ့ကျင့် သင်ကြားပေးတဲ့ သင်တန်းကို စတင် ဖွင့်လှစ်ခဲ့ရာ အမှတ်စဉ် ၁ ကနေ ၉ အထိ အရာရှိကြီး ဦးရေ ၅ဝဝ ဦးခန့် သင်ကြားပေးခဲ့ပြီး ဖြစ်တယ်လို့ သိရှိရပါတယ်။

နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်ရဲ့ မူဝါဒဆိုင်ရာ လမ်းညွှန် အဖွဲ့ အနေနဲ့ နာယက အဖြစ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်သန်းရွှေက ဆောင်ရွက်ပြီး ဥက္ကဋ္ဌ အဖြစ် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်မောင်အေးက ဆောင်ရွက်ပါတယ်။ အဖွဲ့ဝင်တွေ အဖြစ် ညှိနှိုင်း ကွပ်ကဲရေးမှူး ဗိုလ်ရွှေမန်း၊ စစ်ရေးချုပ်၊ စစ်ထောက်ချုပ်၊ စရဖချုပ်၊ လေကြောင်း ကာကွယ်ရေး အရာရှိချုပ်၊ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ်၊ ရေတပ် ဦးစီးချုပ်၊ လေတပ် ဦးစီးချုပ်နဲ့ အတွင်းရေးမှူး အဖြစ် ကျောင်းအုပ်ကြီးတို့ ပါဝင် ဖွဲ့စည်းထားတာ တွေ့ရပါတယ်။

အဲ့ဒီအဖွဲ့ရဲ့ အမျိုးသား ကာကွယ်ရေး ရည်မှန်းချက် တာဝန်တွေထဲမှာ အမှတ် ၃ နဲ့ အမှတ် ၄ အချက်ကို သုံးသပ် တင်ပြလိုပါတယ်။ အမှတ် ၃ အရ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေကို ခံယူလိုက်နာပြီး အခြေခံဥပဒေအရ ပေါ်ထွန်းလာမယ့် ခေတ်မီ ဖွံ့ဖြိုးတိုးတက်ပြီး စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ နိုင်ငံတော်သစ်ကို အရှိန် အဟုန် မပျက် ဆက်လက် ဖွံ့ဖြိုး တိုးတက်စေရေး အတွက် ထိန်းသိမ်း ကာကွယ်ဖို့ ဆိုပြီး ပါရှိပါတယ်။ အမှတ် ၄ အရ အနာဂတ် နိုင်ငံတော်ရဲ့ အမျိုးသား နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍမှာ ပါဝင် ထမ်းဆောင်နိုင်ဖို့ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး အမြင်ရှိပြီး စွမ်းရည် ၃ ရပ် ထက်မြက် ပြည့်စုံတဲ့ ကာကွယ်ရေး အင်အားစုကြီးတရပ် လေ့ကျင့် ပျိုးထောင်ဖို့တို့ ပါရှိကြောင်း တွေ့ရပါတယ်။

ဒီအချက်တွေကို လေ့လာသုံးသပ်ရရင် ကျောင်းတော်ကြီးဟာ အနာဂတ် နိုင်ငံတော်သစ်မှာ အထက်ဖော်ပြပါ နိုင်ငံတော် မူဝါဒတွေနဲ့ အညီ အဂ္ဂမဟာ ဗျူဟာမြောက် အကောင်အထည် ဖော်နိုင်စွမ်း ရှိတဲ့ မျိုးဆက်သစ် ခေါင်းဆောင်ကောင်းတွေ တနည်းအားဖြင့် စစ်အာဏာရှင်တွေ အဖြစ် လေ့ကျင့် ပျိုးထောင်ပေးဖို့ ဆိုတဲ့ အဓိပ္ပာယ် ထွက်နေပါတယ်။ တနည်းအားဖြင့် ၂ဝ၁ဝ ရွေးကောက်ပွဲ ပြီးရင် စစ်တပ်က ချုပ်ကိုင်မယ့် အနေအထားကို ဆက်လက် အသက် သွင်းထားတာ ဖြစ်လို့ မူမမှန်တာကို တွေ့ရမှာ ဖြစ်ပါတယ်။

တဖန် အမျိုးသား ကာကွယ်ရေး မူဝါဒ အမှတ် ၂ ဖြစ်တဲ့ နိုင်ငံတော် တည်ငြိမ်ရေးနှင့် ရပ်ရွာ အေးချမ်း သာယာရေး၊ တရားဥပဒေ စိုးမိုးရေးတို့ အတွက် တိုင်းရင်းသား ပြည်သူတွေရဲ့ ပြည်တွင်း အင်အားစုတွေ အပေါ် အခြေတည်ကာ တပ်မတော်ကို မဏ္ဍိုင်ပြုပြီး အရန် ကာကွယ်ရေး အင်အားစုတွေ အဖြစ် ပေါင်းစပ်လို့ နိုင်ငံတော် ကာကွယ်ရေး တတ်နိုင်သမျှ ပြည်ပ အမှီခို ကင်းစွာ ကြိုးစား တည်ဆောက်ဖို့ ဆိုတဲ့ မူဝါဒကိုလည်း သုံးသပ် တင်ပြလိုပါတယ်။

ပြည်ပကနေ အဆင့်မြင့်တဲ့ နည်းပညာ၊ ခေတ်မီ စွမ်းရည် ထက်မြက်တဲ့ စစ်လက်နက်၊ ခဲယမ်း ပစ္စည်း မျိုးစုံ၊ ယာဉ်မျိုးစုံ၊ အရန် ပစ္စည်းတွေ စသဖြင့် ထောက်ပံ့ကူညီ ရယူမှုကို ခိုင်ခိုင်မာမာ တည်ဆောက်ခြင်းနဲ့ အခြေခံ ပြုစု လေ့ကျင့် ပျိုးထောင်ခြင်း မပြုနိုင်သေးဘဲ တပ်မတော်ကို ကိုယ့်နည်း ကိုယ့်ဟန် ကြိုးစား တည်ဆောက် ခိုင်းနေတာဟာ တပ်မတော် အင်အား ချိနဲ့အောင် လုပ်ခိုင်းနေသလို ဖြစ်နေတာကြောင့် မူဝါဒ မှားယွင်းနေကြောင်း သုံးသပ်ရပါတယ်။

မဆလခေတ်က နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်ဟာ တပ်မတော် စစ်သင်္ချိုင်းပမာ ဖြစ်ခဲ့ပြီး “မကောင်းကျောင်းပို့” ဆိုတဲ့ တပ် ဆိုရိုးစကားတောင် ရှိခဲ့ပါတယ်။ နအဖ ခေတ်ကျမှသာ တပ်ရဲ့ မူဝါဒ ပြောင်းလဲသွားပြီး နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်ကို ရှေ့တန်းတင် နေရာ ပေးလာပါတယ်။ မဆလခေတ်က နပခ တိုင်းမှူး ဗိုလ်မှူးချုပ် ဝမ်းတင်ဟာ ရခိုင်ပြည်နယ် ဘူးသီးတောင် - မောင်းတော အရေးအခင်းကြောင့် ပြဿနာဖြစ်ပြီး နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် ကျောင်းအုပ်ကြီး ဖြစ်ခဲ့ဖူးပါတယ်။ စစ်ဆင်ရေးမှာ ထူးချွန်တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းရီကတော့ ဒုတိယ ဗိုလ်ချုပ်ကြီး အေးကိုရဲ့ မနာလိုဝန်တို သွေးထိုးမှုကြောင့် အဲဒီ တက္ကသိုလ်ရဲ့ ကျောင်းအုပ်ကြီး အဖြစ် ခေတ္တ စံမြန်း ခဲ့ရပါတယ်။ ဒါပေမဲ့ ဦးနေဝင်းက ဖြစ်စဉ်အမှန် သိသွားခဲ့လို့ သူ့ကို နေရာ ပြန်ပေးချင်တာကြောင့် ကာကွယ်ရေး ဝန်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့မှူး ရာထူးအသစ်ကို စတင် တီထွင်ပြီး သူ့ကို ပေးအပ်ခဲ့ပါတယ်။

နဝတ ဖြစ်ခါစ မဲသဝေါ အရေးအခင်းနဲ့ ပတ်သက်ပြီး တပ်မ ၆၆ ကို စစ်အာဏာရှင် တွေက ကျေနပ်မှု မရှိဘဲ ဖြုတ်ထုတ်ချ အရေးယူ ခဲ့ပါတယ်။ တပ်မမှူးအား စစ်သံမှူး၊ ဒုတပ်မမှူးကို နယ်ဘက် အထွေထွေ မန်နေဂျာ၊ ဗျူဟာမှူးတွေ ဖြစ်ကြတဲ့ ဗိုလ်မှူးကြီး သူရစိုးအောင်နဲ့ ဗိုလ်မှူးကြီး တင်မောင်ဦးတို့ကို နယ်ဘက် ညွှန်ကြားရေးမှူးနဲ့ ရဲတပ်ရင်းများ ကွပ်ကဲရေးမှူးတွေ အဖြစ် နှိပ်ကွပ်ခဲ့သော်လည်း ဗျူဟာမှူး ဗိုလ်မှူးကြီး စန်းအောင်ကိုတော့ တိုက်ခိုက်ရေးကျောင်း ကျောင်းအုပ်ကြီး အဖြစ် တပ်ထဲမှာ ပြန်လည် နေရာ ပေးခဲ့ပါတယ်။

ဗိုလ်မှူးချုပ် စန်းအောင်ဟာ တပ်မ ၆၆ မှာ ရှိခဲ့စဉ်က ပြုတ်သွားခဲ့တဲ့ ဒုတပ်မမှူး ဗိုလ်မှူးကြီး ခင်အောင်ဗလ အပါအဝင် အခြား ဗျူဟာမှူးတွေနဲ့ နှိုင်းယှဉ်ရင် စစ်ရေးစစ်ရာ အင်မတန်မှ ညံ့ဖျင်းလှသူ ဖြစ်ပြီး၊ ဒေါသကြီး မောက်မာကာ အရာရှိတွေကို အသားလွတ် ထိုးကြိတ်ခဲ့သူ ဖြစ်ပါတယ်။ သူဟာ တိုက်ခိုက်ရေး ကျောင်းအုပ်ကြီးနဲ့ ပူးတွဲ တာဝန်ယူရတဲ့ ဗထူးတပ်နယ်မှူး ဘဝမှာလည်း ရွှေညောင် တည်းခိုခန်းတွေမှာ ညဥ့်ငှက်တွေနဲ့ ပျော်ပါးဖို့ ရောက်လာတဲ့ တပ်ခွဲမှူး၊ တပ်စုမှူး၊ သင်တန်းသား လူပျို အရာရှိတွေနဲ့ မကြာခဏ ဆုံတွေ့ကြရာက ပြဿနာ တက်ခဲ့ရတဲ့အထိ ကျော်မကောင်း ကြားမကောင်း ဖြစ်ခဲ့ပါတယ်။

DSA အပတ်စဉ် ၆ ဆင်း အဲဒီ ဗိုလ်မှူးကြီး စန်းအောင်ဟာ ဗိုလ်မှူးချုပ် ဖြစ်သွားပြီး၊ ထိုစဉ်က DSA အပတ်စဉ် ၁ ဆင်း ရပခ တိုင်းမှူး ဗိုလ်ချုပ် မောင်အေး ကို DSA ညီအကိုချင်း အလွမ်း သင့်ခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီး မောင်အေး ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နဲ့ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဖြစ်နေချိန်မှာတော့ ဗိုလ်မှူးချုပ် စန်းအောင်ကို နေရာပေးချင်လို့ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် ကျောင်းအုပ်ကြီး အဖြစ် ပြောင်းရွှေ့ပေးပြီး ဗိုလ်ချုပ် ရာထူးသို့ တိုးမြှင့် ပေးခဲ့ပြန်ပါတယ်။

တဖန် နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် ကျောင်းအုပ်ကြီး နောက်တဦး ဖြစ်တဲ့ ဗိုလ်ချုပ် မိုးဟိန်းကျတော့ တပ်မ ၅၅ မှာ ခေတ္တ တပ်မမှူး တာဝန်နဲ့ ဟိုမိန်း ဌာနချုပ်ကို တိုက်ခိုက်ခဲ့စဉ် ဘိန်းဘုရင် ခွန်ဆာရဲ့ အဖိုးတန် ကျောက်မျက် ရတနာ၊ ပရိဘောဂ ပစ္စည်းတွေ၊ အဆောက်အဦးတွေ သာမက အမိုး သွပ်ပါမကျန် ခွာယူပြီး ရန်ကုန်မြို့ ရန်ကင်း - ပါရမီရှိ သူ့ရဲ့ တိုက် ဆောက်လုပ်ရာမှာ ကိုယ်ကျိုး အတွက် မတရား သုံးစွဲခဲ့တာကြောင့် ထောက်လှမ်းရေး အစီရင်ခံစာ အရ တပ်မမှူး မဖြစ်တော့ဘဲ တိုက်ခိုက်ရေး ကျောင်းအုပ်ကြီး အဖြစ် လွှင့်သွား ခဲ့ရပါတယ်။ DSA – ၁ဝ ကျောင်းဆင်း ဗိုလ်ချုပ် မိုးဟိန်းလည်း ဗိုလ်ချုပ်ကြီး မောင်အေး ကို တပည့်ရင်းပီပီ အဖား တော်တာကြောင့် နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် ကျောင်းအုပ်ကြီး ဖြစ်ကာ မတန်မရာ ဗိုလ်ချုပ်ရာထူး ရယူ သွားနိုင်ခဲ့ပါတယ်။ ကျောင်းအုပ်ကြီး ၂ ဦးဟာ DSA ကျောင်းဆင်းတွေပီပီ DSA သင်တန်း သားတွေကိုပဲ မျက်နှာသာပေးပြီး ထိုးတင် ခဲ့တာကြောင့် တိုင်းမှူး အများစုမှာလည်း DSA တွေသာ ဖြစ်ကုန် ကြပါတယ်။ လူတော် OTS ကျောင်းသား ဘွဲ့ရနှင့် OTC အလုပ်သင်ဗိုလ် ဘွဲ့ရတွေ အနှိမ် ခံခဲ့ရပါတယ်။

နအဖရဲ့ မူဝါဒအရ ပြည်တွင်းစစ်များ လျော့နည်းလာပြီ ဖြစ်လို့ လေ့ကျင့်ရေးနဲ့ သင်တန်းတွေကို ဦးစား ပေးလာကာ အရာရှိတွေကို သင်တန်းတွေမှာ အမှတ် ကောင်းကောင်း ရမှ၊ သင်တန်း တက်ပြီးမှ ရာထူး တိုးပေးတဲ့ “မူ” ကို ချမှတ် လာပါတယ်။ ဒါပေမဲ့ ဗိုလ်သီဟသူရ စစ်မောင်နဲ့ ဗိုလ်သီဟသူရ တင်အောင်မြင့်ဦး တို့ဟာ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်ကျောင်း တက်ပြီးမှ ရာထူးတိုးခွင့် ရပေမယ့်လည်း သူတို့နဲ့ တပတ်စဉ်ထဲ သူငယ်ချင်း ဖြစ်သူ DSA ၁၂ ဆင်း ဗိုလ်စိုးဝင်း ကျတော့ ကျောင်းတောင် မတက် လိုက်ရဘဲ ဝန်ကြီးချုပ် ဖြစ်သွားပုံ၊ DSA ၁၅ ဆင်း ဗိုလ်ဥာဏ်ဝင်းလို အရာရှိကြီးတွေက ရေကုန်ရေခမ်း ကြိုးစားရကာ ကျောင်းတက်ပြီးမှ ရာထူး တက်ရပေမယ့် တပတ်စဉ်ထဲ သူငယ်ချင်းဖြစ်သူ (ယခင်) ရန်ကုန်တိုင်း တိုင်းမှူး ဗိုလ်မြင့်ဆွေကျတော့ အမျိုးတော်၊ အဖားတော် လွန်းလို့ စစ်အာဏာရှင် တွေက လုပ်ငန်း လိုအပ်ချက်အရ အရေးကြီးလို့ ဆိုတဲ့ အကြောင်း ပြချက်နဲ့ သင်တန်း ကင်းလွတ်ခွင့် ပေးသွား ခဲ့ပုံတွေ၊ စစ်ရုံးစခန်းမှူး ဗိုလ်လှအောင်သိန်း ကိုလည်း မရှိမဖြစ်လို့ ဆိုကာ သင်တန်း မတက်ခိုင်း၊ ရှေ့တန်း မဆင်းခိုင်းဘဲ အလိုလို ဗိုလ်ချုပ် ဖြစ်သွားပုံခဲ့တွေဟာ သူတို့ ချထားတဲ့ မူအရ မှားယွင်းနေကြောင်း သုံးသပ်ရပါတယ်။

အထက်ပါ သုံးသပ်တင်ပြချက်တွေကြောင့် နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်ရဲ့ အမျိုးသား ကာကွယ်ရေး ရည်မှန်းချက်နဲ့ မူဝါဒတွေဟာ မူမမှန်ခြင်းနဲ့ မှားယွင်းနေခြင်း၊ အုပ်ချုပ်သူ ကျောင်းအုပ်ကြီး တွေရဲ့ အရည်အသွေး ညံ့ဖျင်းကာ အကျင့် စာရိတ္တ ပျက်စီး နေခြင်းနဲ့ အဂတိ လိုက်စားခြင်း၊ DSA ကျောင်းဆင်းတွေ ကိုသာ ထိုးတင်နေခြင်း၊ စာတွေ့နဲ့ လက်တွေ့ သဟဇာတ မဖြစ်ခြင်း၊ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်ကို နဝတနဲ့ နအဖ ခေတ်မှာပဲ ၉ မိုင်ခွဲကနေ ကုန်းမြင့်သာ၊ ကုန်းမြင့်သာကနေ စစ်ရုံးဆီ အကြိမ်ကြိမ် ပြောင်းရွှေ့ခံရခြင်း၊ ပံ့ပိုးမှုနဲ့ ထောက်ပံ့ပေးမှု များစွာ လိုအပ်နေခြင်း စသည်တို့ကြောင့် မတည်မငြိမ်ဖြစ်ကာ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်ရဲ့ ခွဲတမ်း ပြဿနာတွေ တနေ့တခြား ကြီးထွား လာနေတာကလည်း မထူးဆန်း လှပါကြောင်း သုံးသပ် တင်ပြ လိုက်ရပါတယ်။

Ref: မဇ္ဈိမ

Read More...

Thursday, November 26, 2009

တရုတ်နယ်စပ်အင်အားကြီးတပ်ဖွဲ့များ နအဖကိုစိန်ခေါ်

ကြာသပတေးနေ့၊ 26 နိုဝင်ဘာလ 2009

နိုဝင်ဘာလလယ် တန့်ယန်းမြို့ တွေ့ဆုံဆွေးနွေးပွဲ၌ နအဖ၏ ထပ်မံ ဖိအားပေးခြင်း ခံရအပြီး နှစ်ဘက် သဘောတူညီမှု မရရှိဘဲ လိပ်ခဲ တည်းလည်း ဖြစ်လာသည့် နောက်ပိုင်း ယခုအခါ မိုင်းလား နှင့် ၀ တပ်ဖွဲ့ တပ်မှူး/အရာရှိများ အကြား ‘ပျားအုံကို ဒုတ်နဲ့ ထိုးရဲရင် ထိုးစမ်းကြည့်’- ဟူသော စိန်ခေါ်သံများ ထွက်ပေါ် နေကြောင်း ထိုင်းနယ်စပ် သတင်းက ဆိုပါသည်။

“နယ်ခြားစောင့်တပ်ဆိုတဲ့အမည်ကိုတော့ မူအားဖြင့် လက်ခံတယ်၊ အဲ့ဒါ ကျနော်တို့ဘက်က အလျှော့ ပေးလိုက်တာဘဲ။ သူတို့ဘက်က အလျှော့မပေးဘဲ တဆင့်တိုး အကြပ်ကိုင်လာရင် ‘ပျားအုံကို ဒုတ်နဲ့ ထိုးချင်လဲ စမ်းကြည့်ပေါ့’- ဟု ကြံးဝါး သံများ ထွက်ပေါ်နေကြောင်း မိုင်းလား တပ်မှူးတဦး၏ စကားကို ကိုးကားသည့် ဆိုစ့်က ပြောပါသည်။

ပန်ဆန်း ၀ ဌာနချုပ်၌ နိုဝင်ဘာ ၁၈ - ၂၁ ရက်နေ့အထိ ၄ ရက်ကြာ ကျင်းပသည့် UWSA – NDAA ထိပ်သီး အစည်းအဝေး သို့ မိုင်းလား တပ်ဖွဲ့မှ ဒုဥက္ကဌ ခွန်ဆန်လူ၊ ဥက္ကဌ စိုင်းလင်း၏ သားကြီး စိုင်းလုံ (ခေါ်) စိုင်းထိန်လင်း နှင့် စစ်ဦးစီးချုပ် လော်ဆန်းပေါဝ်းတို့ တက်ရောက်ကြကြောင်း - သိရ၏။

ဝ နှင့် မိုင်းလားတပ်ဖွဲ့ ၃ - ၄ ရက်ကြာ အစည်းအဝေး၌ မိမိတို့ နှစ်ဖွဲ့ နယ်မြေကို အထိမခံ ၀ိုင်းဝန်း ကာကွယ်ကြရန် ပိုမို ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် ယခင်ကထက် သွေးစည်း ညီညွှတ်မှု ခိုင်မာရေး အတွက် သဘောတူ ဆုံးဖြတ် ခဲ့သည်ဟု ဆို၏။ “ဗမာစစ် တပ်တွေ အပစ်ရပ် နယ်မြေ အတွင်း နယ်ကျွံ ၀င်လာရင်တော့ တွေ့ကြ သေးတာပေါ့ ” - ဟုလည်း တပ်မှူးအချို့ ပြောဆိုနေ ကြကြောင်း သိရသည်။

မိုင်းလား နှင့် ၀ တပ်ဖွဲ့ အရာရှိ/တပ်မှူးများ နအဖတပ် အပေါ် ကြုံးဝါး ကြခြင်းသည် တိုင်းချုပ် ဒုဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ပြောစကားကို ချေပ လိုသောကြောင့် ဖြစ်သည်ဟု ဆို၏။

နိုဝင်ဘာ ၇ ရက် ကျိုင်းတုံရောက်စဉ် တိုင်းချုပ် ဒုဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် က တြိဂံ စစ်တိုင်းရုံး၌ ပြောကြား ခဲ့သည်မှာ -
၁။ အပစ်ရပ်များသည် ခန္ဓာကိုယ်သာရှိပြီး ခေါင်းမရှိ။
၂။ တရုတ်နယ်စပ်အပစ်ရပ်များလည်းဗမာပြည် ကွန်မြူနစ် ပါတီ မှ ပုန်ကန် ခွဲထွက်သည့် သစ္စာဖေါက်များ ဖြစ်သည်။
၃။ ဤလက်နက်ကိုင်တပ်ဖွဲ့များသည် တိုင်းပြည်ကို ဖြိုခွဲ ဖျက်ဆီးသည့် အဖျက်အမှောင့် အကြမ်းဖက် သမား ဘ၀မှ လာကြသူများ ဖြစ်သည်။
၎။ ၎င်းတို့သည်မူးယစ်ဆေးဝါး ဂိုဏ်းများသာ ဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံ အတည်ပြုပြီး ချိန်မှစ၍ အပစ်ရပ် ငြိမ်းအဖွဲ့များ သက်တမ်းလုံးဝ ကုန်ဆုံးပြီ ဟု ပြောဆို၏။

“အပစ်ရပ်တွေဆိုရင် သူတို့မျက်နှာမပြောနဲ့ သူတို့ ကားနံပါတ်တောင် မမြင်ချင်ဘူး” - ဟု ဒုဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ပြောသည်ကို ကြားဖူးသဖြင့် အပစ်ရပ် အသိုင်းအ၀ိုင်းတို့ ဒေါသ ထွက်ခဲ့ကြသည်ဟု သိရသည်။

“သေနတ်သံ ညံနေတဲ့နယ်မြေကို အိုးစည်သံ ဗုံမောင်းသံ ဖြစ်လာအောင် ကျုပ်တို့ စွမ်းဆောင် နိုင်ခဲ့တယ်။ ငိုယိုသံ တွေကြား ပျော်ရွင် ကြည်နူးတဲ့ သီချင်းသံ ပျံ့လွှင့်လာအောင် စွမ်းဆောင် နိုင်ခဲ့တယ်။ မငြိမ်မသက် ဖြစ်နေတဲ့ နယ်မြေကို ဖွံ့ဖြိုးတိုးတက်တဲ့ ဒေသ ဖြစ်လာအောင် ကျုပ်တို့ ခေါင်းဆောင်တွေ စွမ်းဆောင် နိုင်ခဲ့တယ်။ ကျူးကျော်ရေးသမား လက်အောက်ခံ တိုင်းပြည် ဘ၀ ပြန်သွားဖို့ ကျုပ်တို့ အဖြစ် မခံနိုင်ဘူး။ အသက်နဲ့ ရင်းပြီး ကာကွယ်မှာဘဲ” - ဟု မိုင်းလား တပ်ဖွဲ့ကြား ပြောဆို နေကြကြောင်းလည်း သိရ၏။

ပန်ဆန်းပြန် ခေါင်းဆောင်ပိုင်းများက တပ်မဟာ (၈၉၆၊ ၉၁၁၊ ၃၆၉) သုံးခုမှ တပ်မဟာမှူး တပ်ရင်းမှူး နှင့် အရာရှိများ အား အစည်းအဝေး ခေါ်ယူပြီး နိုဝင်ဘာ ၂၃-၂၄ ရက်နေ့၌ ပြန်လည် ဆွေးနွေးဖလှယ် ရဲဆေးတင် ခဲ့ကြကြောင်း သိရသည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

Wednesday, November 25, 2009

ဝ နှင့် နအဖ ဆက်ဆံရေးနောက်ကွယ်၌ ပြိုင်တူ စစ်ရေး ထပ်ပြင်ဆင်

အင်္ဂါနေ့၊ 24 နိုဝင်ဘာလ 2009

ကိုးကန့်အရေးအခင်းပြီး သကာလ ၀ နှင့် နအဖ တွေ့ဆုံဆွေးနွေးခြင်း မရှိရာမှ အောက်တိုဘာလမှ စ၍ ပြန်လည် ဆက်ဆံမှု ပြုလာခဲ့ သော်လည်း သဘောတူညီမှု မရကြဘဲ နှစ်ဘက် စစ်အင်အား ဖြည့်တင်းမှု ပြင်ဆင်မှုများ လုပ်လာသည်ဟု မျက်မြင်များက ဆို၏။

“၁၉ ရက်နေ့က စစ်ကားကြီးတွေ ဘူဒိုဇာ/ဘက်ရိုးနဲ့ မြေထိုးစက်တွေ တင်ပြီး တာချီလိတ် ကနေ မြို့အနောက်ဘက် တောင်ပိုင်း ၀ ထိန်းချုပ် နယ်မြေဘက် တက်သွားတယ်” - ဟု တာချီလိတ် လန်မအိုး ဂိတ်စောင့် များနှင့် နီးစပ်သည့် ၀န်ထမ်း တဦးက ပြောပါသည်။

တောင်ပိုင်း ၀ ထိန်းချုပ်ဒေသဘက်၌ နအဖ တပ် ပြင်ဆင်မှု ပြုလုပ် နေသကဲ့သို့ ယခုလ ၂၀ ရက်နေ့ကလည်း တောင်ကြီးမှ ကွန်ဟိန်း - ကာလိဘက် ဖြတ်သန်းသွားသည့် စစ်လက်နက် ကိရိယာ ပစ္စည်းတင် နအဖ စစ်ကား ၁၀ စီး ထက်မနည်း သံလွင် အရှေ့ဘက်ခြမ်း သို့ ကူးခဲ့ကြောင်း ကွန်ဟိန်း ဒေသခံ မျက်မြင်တဦးက ဤကဲ့သို့ပြော၏။

“စစ်ကား ၁၅ စီးလောက် ရှိတယ်ဗျာ့၊ ဘာ အမိုးအကာမှ မရှိဘူး၊ အလေးအပင်တွေလို့ ယူဆရတဲ့ သေတ္တာကြီးတွေ အဆင့်ဆင့် တင်ထားတာ တွေ့ရတယ်၊ ဗမာစစ်သားတွေက ‘အားလုံး လက်နက်ခဲယမ်းတွေဘဲ’ လို့တောင် ကြွားလုံး ထုတ်လိုက် သေးတယ်”

ဗမာ့တပ်မတော်က စစ်အင်အား ဖြည့်တင်းသကဲ့သို့ ၀ ပြည် သွေးစည်းရေး တပ်မတော် UWSA ကလည်း ပန်ဆန်း ဌာနချုပ်၏ မြောက်ဘက်၊ အနောက်ဘက် နှင့် တောင်ဘက် ၁၅-၂၀ မိုင်အကွာ ၃ ဘက် ၃ တန်တွင် ကတုတ်ကျဉ်းများ ခံတပ် စခန်းများ ပြင်ဆင် တိုးချဲ့ခြင်း၊ လက်နက် ခဲယမ်းများ ဖြည့်တင်းခြင်း ရှိနေကြောင်း၊ စစ်ရေး လေ့ကျင့်မှုများ နေ့စဉ် ရက်ဆက် ရှိနေကြောင်း တန့်ယန်း ဒေသခံ တဦးက လည်းပြောပါသည်။

“ခွဲမှူး ရင်းမှူးအဆင့် ၀ တပ်အရာရှိအချို့ဆိုရင် ဗမာတပ်နဲ့ တိုက်ဖို့ အမြဲတမ်း အသင့်ဘဲ၊ ပစ်ချင် ခတ်ချင်တာ လက်တောင် ယားနေပြီ” - ဟု တောက် တခေါက်ခေါက် ကြုံးဝါး နေကြကြောင်းလည်း သိရသည်။

နိုဝင်ဘာ ၁၄ ရက် တန့်ယန်းမြို့တွေ့ဆုံပွဲ၌ ဗိုလ်ချုပ်ရဲမြင့်က - အသက် ၅၀ ကျော် ၀ အရာရှိများ ရာထူးမှ အနားယူရမည် ဟူသည့် အချက်အပေါ် အသက် ၆၀ အထိ အလျှော့ ပေးခဲ့ကြောင်း၊ သို့သော် နိုဝင်ဘာ ၂၂ နောက်ဆုံး ထား၍ လူသူလက်နက် စာရင်း ပေးပို့ရမည့် အချက်ကိုမူ UWSA ဘက်မှ တစုံတရာ အကြောင်းပြန်ခြင်း မရှိကြောင်း အပစ်ရပ် ခေါင်းဆောင်ပိုင်း မှ အရာရှိ တစ်ဦးက ပြောပြ၏။

မည်သို့ပင်ဆိုစေ ဒီဇင်ဘာလ နောက်ဆုံးထား၍ နယ်ခြားစောင့်တပ် BGF၊ ဒေသ ကာကွယ် ရေးတပ် HGF အဖြစ် အပြီး ပြောင်းရမည် ဖြစ်ကြောင်း ၀ တပ်ဖွဲ့ အပါအ၀င် အပစ်ရပ်အဖွဲ့အား ဗိုလ်ချုပ်ရဲမြင့်က ရာဇဒဏ် ပေးထားသည်။

စစ်အစိုးရမည်မျှပင် ဖိအားပေးစေကာမူ ၀ နှင့် မိုင်းလားတပ်ဖွဲ့က အဖွဲ့အစည်း နာမည် တခုတည်းသာ ပြောင်းရန် အားသန်ပြီး ‘တပ်ရင်းတခု ဗမာ့တပ်မတော် အရာရှိ ၃၀ ပါဝင်ရမည်၊ ဌာနဆိုင်ရာ ၀န်ထမ်းများ ချထားရမည်’ ဆိုသည့် အချက်များကိုမူ ၀ နှင့် မိုင်းတပ်တို့မှ လုံးဝ လက်မခံပေ။

Ref: သျှမ်းသံတော်ဆင့်

Read More...

ပိတ်ဆို့မှုထက် ရွေးကောက်ပွဲက ပိုအရေးကြီးနေဟု ဦးဝင်းတင် ပြောဆို

ဆလိုင်းဟံသာစန်း
အင်္ဂါနေ့၊ နိုဝင်ဘာလ 24 ရက် 2009

နယူးဒေလီ (မဇ္ဈိမ)။ ။ စစ်အစိုးရအတွက် ၂၀၁၀ ရွေးကောက်ပွဲသည် စီးပွားရေး ပိတ်ဆို့မှု အခန်း ကဏ္ဍထက် ပိုမို အရေးပါနေသဖြင့် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေးရန် ရာခိုင်နှုန်း အားဖြင့် နည်းပါးကြောင်း အန်အယ်ဒီ ဗဟို အလုပ်အမှုဆောင် ဦးဝင်းတင်က ပြောဆို လိုက်သည်။

အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နအဖ ကောင်စီနှင့် ပူးပေါင်း ဆောင်ရွက်လိုကြောင်း ယခုလ ၁၁ ရက်နေ့တွင် စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ စာရေး တင်ပြခဲ့ပြီးနောက် ရက်သတ္တ နှစ်ပတ်ခန့် ကြာမြင့် လာသော်လည်း တစုံတရာ တုံ့ပြန်မှု မပြသသည့် အပေါ် ပြောဆို လိုက်ခြင်း ဖြစ်သည်။

“ရွေးကောက်ပွဲဟာ စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းရေး၊ အမေရိကန်နဲ့ စေ့စပ် ညှိနှိုင်းရေး တို့ထက် ပိုအရေးကြီး နေလို့ ဒီလို အချိန်မျိုးမှာ ဒေါ်အောင်ဆန်း စုကြည်လို အတိုက်အခံမျိုးနဲ့ တွေ့ဆုံ ဆွေးနွေးခြင်း အားဖြင့် သူတို့အတွက် သိပ်ပြီးတော့ အကျိုးရှိမယ်လို့ ထင်မှာ မဟုတ်ဘူး။ ဒီအခြေအနေကို ထောက်ရင် တွေ့ဆုံ ဆွေးနွေးပွဲ ဆိုတာက မဖြစ်နိုင်ဘူးလို့ မပြောနိုင်ပေမယ့် တော်တော် အချိန်ဆွဲ ထားပြီးကာမှ ဖြစ်လိမ့်မယ်။ တခါတည်း ဗြုန်းစားကြီး ပေါ်ပေါက် လာလိမ့်မယ်လို့တော့ မထင်ဘူး” ဟု ဦးဝင်းတင်က မဇ္ဈိမကို ပြောသည်။

''စီးပွားရေးပိတ်ဆို့မှုကြောင့် အခက်အခဲတွေရှိပေမယ့် အဲဒါက ငွေရေး ကြေးရေးနဲ့ ချိန်တွက် ကြည့်ရင် ပြဿနာ သိပ်မရှိဘူး။ ရင်းနှီး မြှုပ်နှံမှုတွေကလည်း တရုတ်တို့၊ အိန္ဒိယတို့၊ အာဆီယံတို့လည်း ရှိနေတဲ့ အခါကျ ပိတ်ဆို့မှုက အကြောင်း မထူးလှဘူး။ ပိတ်ဆို့မှုရဲ့ ပြဿနာက စီးပွားရေး ပြဿနာက နည်းနည်းရယ်။ တကယ့်က လူတော မတိုးဘူးဗျာ။ ကမ္ဘာနဲ့ ဆက်ဆံရာမှာ အဟန့်အတားတွေ ဖြစ်နေတဲ့ အတွက် ဒါကို ရုပ်သိမ်း ပေးစေချင်တဲ့ သဘော ဖြစ်တယ်။ သို့သော် ရွေးကောက်ပွဲနဲ့ ယှဉ်လိုက်တဲ့ အခါ ရွေးကောက်ပွဲက ပိုအရေးကြီး နေတယ်ဗျ'' ဟု သူက ဆိုသည်။

ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းကလည်း အန်အယ်ဒီ အနေဖြင့် ဒေါ်အောင်ဆန်း စုကြည်၏ ကမ်းလှမ်း ချက်နှင့် ပတ်သက်၍ ရလဒ်ကောင်း ပေါ်ထွက်လာရန် မျှော်လင့် ထားသော်လည်း မည်သည့် အချိန်တွင် တုံ့ပြန် လာမည်ကို မခန့်မှန်းနိုင်ကြောင်း မဇ္ဈိမကို ပြောဆိုသည်။

အနောက်နိုင်ငံများက ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများ လျော့ပါး သက်သာရေး အတွက် သူမ အနေနှင့် ကူညီ ဆောင်ရွက်ပေးရန် ဆန္ဒ ရှိကြောင်း ပြီးခဲ့သည့် စက်တင်ဘာလ ၂၅ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ စာတစောင် ပေးပို့ ခဲ့သေးသည်။

စာထဲတွင် မြန်မာနိုင်ငံအပေါ် ထားရှိသည့် ပိတ်ဆို့ အရေးယူရေး မူဝါဒများနှင့် အကျိုးဆက်များကို ရှာဖွေရန် အမေရိကန်၊ ဗြိတိန်နှင့် သြစတြေးလျား သံတမန်တို့ကို တွေ့ဆုံခွင့် တောင်းဆိုခဲ့ရာ အောက်တိုဘာ ၉ ရက်နေ့တွင် ရန်ကုန်မြို့ အစိုးရ ဧည့်ဂေဟာ၌ တွေ့ဆုံခွင့် ရရှိခဲ့သည်။

တွေ့ဆုံပွဲတွင် ၎င်းနိုင်ငံများမှ မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော ပိတ်ဆို့ အရေးယူမှု ရပ်တည်ချက်များ၊ အရေးယူမှု ပြုလုပ်သည့် အရာများ၊ ထိုအရေးယူမှု များ၏ သက်ရောက်မှု စသည်တို့ကို မေးမြန်းနိုင်ခဲ့သည်။

ပေးစာကို တုံ့ပြန်သည့်အနေဖြင့် အောက်တိုဘာ လဆန်းတွင် စစ်အစိုးရ ဆက်ဆံရေး ဝန်ကြီး ဦးအောင်ကြည်က သူမကို နှစ်ကြိမ် တွေ့ဆုံ ခဲ့သေးသည်။ ထို့အပြင် အောက်တိုဘာလ ၄ ရက်နေ့တွင် အမေရိကန်နိုင်ငံ အာရှနှင့် ပစိဖိတ်ဆိုင်ရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီးနှင့် အရှေ့တောင်အာရှ နိုင်ငံများ အသင်းဆိုင်ရာ အမေရိကန် သံတမန်ကြီးနှင့် တွေ့ဆုံခွင့် ရခဲ့ပြန်သည်။

ထို့နောက် မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားမှုများကို ရုပ်သိမ်းရေး ကိစ္စ နောက်ဆက်တွဲ တင်ပြခြင်း ဟူသည့် ပေးစာကို ဒေါ်အောင်ဆန်း စုကြည်က ယခုလ ၁၁ ရက်နေ့တွင် ဗိုလ်ချုပ်မှူးကြီးထံ လိပ်မူကာ ပေးပို့ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စာထဲတွင် နိုင်ငံတော်အတွက် အခြား အကျိုးကျေးဇူး ရှိမည့် လုပ်ငန်း များကိုလည်း ကျမအနေဖြင့် နအဖ နှင့် ပူးပေါင်း ဆောင်ရွက် နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်းနှင့် ဆောင်ရွက်မည့် လုပ်ငန်းများနှင့် စပ်လျဉ်းပြီး ဗိုလ်ချုပ်မှူးကြီးနှင့် တွေ့ဆုံ တင်ပြခွင့် ပြုပါရန် အထူး မေတ္တာရပ်ခံ အပ်ပါကြောင်း ပါရှိသည်။

လွန်ခဲ့သည့် ၂ လအတွင်း ပေါ်ပေါက်လာသည့် ဤဖြစ်စဉ်များသည် အမေရိကန် အစိုးရက မြန်မာပြည် ဆိုင်ရာ မူဝါဒ အပြောင်း အလဲများ ပြုလုပ်သွားမည်ဟု ထုတ်ဖော် ပြောဆိုမှုများ နောက်ပိုင်း မကြာခင် စတင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

စက်တင်ဘာလ ၂၈ ရက်နေ့တွင်မူ အမေရိကန်က စစ်အစိုးရနှင့် တိုက်ရိုက် ဆက်ဆံ သွားမည်ဖြစ်ပြီး လက်ရှိ ပိတ်ဆို့ အရေးယူမှု များကို ဆက်ထားမည့် အပြင် တရုတ်နှင့် အိန္ဒိယ အပါအဝင် ဒေသဆိုင်ရာ နိုင်ငံများနှင့်ပါ မြန်မာပြည်တွင်း အပြောင်းအလဲများ ဖြစ်ပေါ်ရေး အတွက် တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း တရားဝင် ထုတ်ဖော် ကြေညာခဲ့သည်။

အရှေ့အာရှနှင့် ပစိဖိတ်ရေးရာဗျူရို လက်ထောက် အတွင်းရေးမှူး ကာ့တ် အမ် ကမ့်ဘဲလ် Kurt M. Campbell ကလည်း စစ်အစိုးရ ကျင်းပမည့် ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ ရွေးကောက်ပွဲ ဆိုင်ရာ ကိစ္စများကို လေ့လာ အကဲဖြတ်နိုင်မှု၊ အတိုက်အခံနှင့် တိုင်းရင်းသား အဖွဲ့များ ရွေးကောက်ပွဲတွင် ပါဝင်နိုင်ခွင့် ရှိမရှိတို့ အပေါ် မူတည်ပြီး အမေရိကန်က တိုင်းတာ ချဉ်းကပ်မှုများ ပြုလုပ် သွားမည်ဟု ပြောဆိုခဲ့သည်။

ဦးဝင်းတင်က ''ဒီ ရွေးကောက်ပွဲက သူတို့အတွက် အာမခံချက်နဲ့ လုပ်မယ့် ရွေးကောက်ပွဲဗျ။ ၂ဝဝ၈ အခြေခံ ဥပဒေအတိုင်း ၂ဝ၁ဝ ကို လုပ်မယ်။ နောက်ပေါ်ပေါက်လာမယ့် လွှတ်တော်တို့၊ အစိုးရတို့ ဆိုတာကိုလည်း ဒီ ဥပဒေနဲ့ ချုပ်ကိုင် ထားမှာ ဆိုတော့ သူတို့ရဲ့ စစ်အာဏာစက်ဟာ နောက်ထပ် နှစ်ပေါင်းများစွာ အုပ်ချုပ်သွားနိုင်ဖို့ အာမခံထားတဲ့၊ ကာကွယ် ပေးထားတဲ့ အခြေခံဥပဒေဗျာ'' ဟု ပြောသည်။

Ref: မဇ္ဈိမ

Read More...

Tuesday, November 24, 2009

တပ်ပြေး များပြားလွန်းသဖြင့် ဖွဲ့စည်းပုံမပြည့်

လင်းနိုင်ဦး
၂၃ နိုဝင်ဘာ ၂၀၀၉

မကြာသေးမီက ဖွဲ့စည်းပြီးသွားသည့် ကချင်အထူးဒေသ (၁) နယ်ခြားစောင့် တပ်ဖွဲ့တွင် တပ်ပြေးများ အလွန် များနေခြင်းကြောင့် မူလ ဖွဲ့စည်းပုံ၏ တဝက်ပင် အင်အား မရှိတော့ကြောင်း အဆိုပါ တပ်ဖွဲ့မှ တပ်ဖွဲ့ဝင် တဦးက ပြောသည်။

မြစ်ကြီးနား ပျဉ်ထောင်တွင် စစ်သင်တန်းတက်ရန် ရောက်ရှိနေသည့် အဆိုပါ တပ်ဖွဲ့ဝင်က “ကျနော်တို့ တပ်ရင်း (၂) ရင်း စစ်သင်တန်း တက်ဖို့ မြစ်ကြီးနား ပျဉ်ထောင်ကို လာကြတယ်။ စုစုပေါင်း (၆ဝဝ) လောက် လာတာမှာ တပ်သားတွေ ထွက်ပြေး ကုန်ကြလို့ တပ်ရင်း (၂) ရင်းစာမှာ (၂၇၆) ယောက်ပဲ ပါလာတယ်။ ဒါတောင် တပ်သားတွေ မရှိလို့ ပြည်သူ့စစ်တွေ ခေါ်ထည့် လာတာက တဝက် နီးပါးလောက် ရှိတယ်။ ခု ဒီမြစ်ကြီးနား မှာတော့ စည်းကမ်း တင်းကျပ်ထားတော့ ပြေးလို့ မရဘူး။ သင်တန်းပြီးလို့ ကိုယ့်ဒေသကိုယ် ပြန်ရောက်ရင် ပြေးကြဦးမယ်။ လူတောင် ကျန်ပါ့ဦးမလား မသိဘူး” ဟု ပြောသည်။

ကချင်အထူးဒေသ (၁) မှ အန်ဒီအေ (ကချင်) တပ်ဖွဲ့သည် နအဖ စစ်အစိုးရ တောင်းဆိုသည့် အတိုင်း နယ်ခြားစောင့်တပ် အဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့ပြီး တပ်ရင်းအမှတ် (၁ဝဝ၁၊ ၁ဝဝ၂၊ ၁ဝဝ၃) ဟူသော တပ်ရင်း (၃) ရင်းကို တရင်းလျှင် လူ (၃ဝဝ) စီဖြင့် ဖွဲ့စည်းခဲ့သည်။

စတင်ဖွဲ့စည်းရန် ပြင်ဆင်စဉ်ကတည်းက မူလ အန်ဒီအေ တပ်သား အများစုက နယ်ခြားစောင့် တပ်တွင် ဆက်လက် ပါဝင်လိုခြင်း မရှိဘဲ ထွက်ကြခြင်းကြောင့် တပ်သားသစ်များ အလျင်အမြန် စုဆောင်းခဲ့ရသည်။

တောင်ပေါ် ကျေးလက်ဒေသတို့မှ အဓိကထား စုဆောင်းထားသည့် တပ်သားသစ်များသည် တပ်ရင်း စခန်း ရောက်ရောက်ချင်း ည၌ပင် ပြန်ထွက်ပြေး ကြခြင်း မျိုးလည်း မကြာခဏ ဖြစ်ပွားခဲ့ကာ မြန်မာပြည်ထဲမှ လော်ဝေါ်၊ လချိတ် တိုင်းရင်းသား များက ၎င်းတို့ မူလ ကျေးရွာများနှင့် ကေအိုင်အေ တပ်များဘက်သို့ ထွက်ပြေးကြပြီး တရုတ် သွေးပါသူများက တရုတ်ပြည်ဘက် ထွက်ပြေးကြသည်။

တပ်ရင်း (၁ဝဝ၁) ၏ တပ်ရင်းမှူးဖြစ်လာမည့် ဘုမ်လန်းလည်း နယ်ခြားစောင့် တပ်တွင် ဆက်လက် ပါဝင်လိုခြင်း မရှိဘဲ တပ်မှ ထွက်သွား၍ သူ့နေရာတွင် ဒယ်တန်ခေါင်လွန်းကို အစားထိုး ခန့်အပ်ခဲ့ရကြောင်း သိရသည်။

ယခုကဲ့သို့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ဖြစ်လာမည့် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး ကိစ္စကို ကချင်အထူး ဒေသ (၁) ဥက္ကဋ္ဌ ဦးဆခုံတိန့်ယိန်းမှ လွဲပြီး အခြားခေါင်းဆောင်များက ထောက်ခံမှု မရှိခြင်းကြောင့်လည်း နဂိုတပ်ဖွဲ့ဝင်များ တပ်ထဲ ဆက်မပါဝင် ကြဘဲ တပ်မှ ထွက်ပြေး ကြခြင်းဖြစ်ကြောင်း အန်ဒီအေ (ကချင်) ခေါင်းဆောင်ဟောင်း တဦးက ပြောသည်။

နယ်ခြားစောင့်တပ်ဖွဲ့စည်းပုံအရ တပ်ရင်းတွင် လာပူးပေါင်းမည့် နအဖစစ်တပ်မှ အမြင့်ဆုံးလူမှာ ဗိုလ်မှူး ရာထူး ရှိသူဖြစ်ပြီး နယ်ခြားစောင့် တပ်ရင်း၏ အမြင့်ဆုံးရာထူး တပ်ရင်းမှူးကိုလည်း ဗိုလ်မှူးရာထူးပဲ ပေးထားခြင်းကြောင့် နယ်ခြားစောင့် တပ်ရင်းမှူး ဗိုလ်မှူးသည် နအဖ စီနီယာ ဗိုလ်မှူး၏ အမိန့်ကို နာခံရမည့် သဘော ဖြစ်သည်ဟု ၎င်းက ပြောသည်။

တပ်ရင်းအတွက် အရေးကြီးသည့် ထောက်ပံ့ရေးနှင့် ဆက်သွယ်ရေး တာဝန်များကို နအဖ တပ်ဖွဲ့ဝင်များက ရယူချုပ်ကိုင် ထားကြောင်း၊ ထောက်ပံ့ရေး ဌာနသည် စစ်လက်နက် ပစ္စည်းများကိုလည်း ကိုင်တွယ် ထိန်းသိမ်းရသည့် ဌာန ဖြစ်ခြင်းကြောင့် တပ်ရင်း ဖွင့်လှစ်ပွဲများ လုပ်စဉ် ကာလကတည်းက တပ်သား မပြည့်၍ ပြည်သူ့စစ် အများအပြားက တပ်သား အဖြစ် ယာယီဝင်ရောက် ဖွဲ့စည်း ပေးထားရခြင်း ဖြစ်ကြောင်း၊ ယခု မြစ်ကြီးနား ပျဉ်ထောင်တွင် စစ်သင်တန်း တက်ရန် ကိစ္စကိုလည်း တိုင်းမှူးနှင့် ခေတ္တ တွေ့ဆုံရုံသာ ဆိုပြီး ခေါ်ဆောင် လာခြင်းဖြစ်ကြောင်း အချို့ တပ်သားများက ပြောကြသည်။

ကချင် အထူးဒေသ (၁) တွင် တပ်ရင်း (၃) ရင်းရှိသည့် အနက် တပ်ရင်း (၁ဝဝ၂) ကို ဒေသစောင့် အဖြစ် ထားခဲ့ပြီး ကျန်တပ်ရင်း (၂) ရင်းက အခြေခံ စစ်သင်တန်း လာတက်ကြခြင်း ဖြစ်ကာ တပ်ပြေးများ၍ တပ်ရင်း (၁ဝဝ၁) တွင် (၁၆၆) ယောက်၊ (၁ဝဝ၂) တွင် (၁၁ဝ) ယောက်သာ ပါလာကြပြီး ကြီးကြပ်သူ ဒေသခံ အရာရှိအချို့လည်း ပျဉ်ထောင်ကို လိုက်ပါလာကာ တပ်ရင်း (၂) ရင်းမှ ကျန်အရာရှိများမှာမူ ဗထူးတပ်မြို့၌ အရာရှိ သင်တန်း သွားတက် နေကြကြောင်း စုံစမ်း သိရသည်။

Ref: ခေတ်ပြိုင်

Read More...

ကချင်ကာကွယ်ရေးတပ် ပြည်သူ့စစ်အဖွဲ့ ၅ ဖွဲ့ အထိ ဖွဲ့မည် လက်နက်ကိုင်များ အသွင်ပြောင်းရာတွင် အခွင့်အရေး တန်းတူ မရှိသည်ကိုတွေ့နိုင်

တနင်္လာနေ့၊ 23 နိုဝင်ဘာလ 2009

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ကောင်းခါး ကျေးရွာတွင် အခြေပြု ထားသော ဦးမထုနော် ခေါင်းဆောင်သည့် ကချင် ကာကွယ်ရေးတပ် ခေါ် KDA အဖွဲ့အား ကောင်းခါး ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းလဲ ဖွဲ့စည်းလျှက် ရှိကြောင်း သိရသည်။
ယခုနှစ် ဧပြီလ ၂၈ ရက်နေ့က စတင်၍ လက်နက်ကိုင် ငြိမ်းချမ်းရေး အဖွဲ့အားလုံး နယ်ခြားစောင့် တပ်ဖွဲ့ အသွင် ပြောင်းလဲ ဖွဲ့စည်းရန် အဆိုပြု ထားခဲ့ရာ နယ်စပ် ဒေသများတွင် အခြေပြုထားသည့် အဖွဲ့အစည်းများက နယ်ခြားစောင့်တပ် ဖွဲ့စည်းရမည် ဖြစ်ပြီး အတွင်းပိုင်းရှိ အဖွဲ့များက ယခုလို ပြည်သူ့စစ် အဖြစ် ဖွဲ့စည်း နေကြခြင်း ဖြစ်သည်။

နအဖစစ်အာဏာပိုင်များထံ ကေဒီအေအဖွဲ့မှ တပ်ဖွဲ့ဝင် အင်အား ၈၀၀ ကျော် စာရင်း တင်ထားသည့် အနက်မှ အင်အား ၄၀၀ ကျော် ခန့်အား ကောင်းခါး ၁ ၊ ၂ ၊ ၃ ၊ ၄ ၊ ၅ ဟူ၍ ပြည်သူ့စစ် ၅ ဖွဲ့ ဖွဲ့စည်းမည် ဖြစ်ကြောင်း ၎င်းအဖွဲ့နှင့် နီးစပ်သူများ ထံမှ သိရသည် ၊၊

ထိုသို့ဆိုလျှင် တစ်ဖွဲ့လျှင် အင်အား ၉၀ ၀န်းကျင်ခန့်ပါဝင် နိုင်ပြီး ကျန် အင်အားများအား အခြား အမည်များဖြင့် ဖွဲ့စည်းနိုင်ကြောင်း တရုတ်နယ်စပ်မှ စစ်ရေး နိုင်ငံရေး အကဲခတ် ဦးအောင်ကျော်ဇောက သျှမ်းသံတော်ဆင့်သို့ ပြောသည် ၊၊

“စာရင်းတင်ထားတာ ဂ၀၀ ရှိတယ်လို့ သိရတယ် ၅ ဖွဲ့ ဆိုတော့ အင်အားက ၉၀ ၀န်းကျင် လောက်တော့ ရှိမှာပေါ့ သူတို့ ပေးတာကတော့ ၃ ချိုး ၁ချိုးပဲ ပေးတယ် ကျန်တဲ့ အင်အားတွေ ကိုတော့ အခြားအမည်တွေနဲ့ ထပ်ဖွဲ့နိုင်တယ်” လို့ သူကပြောသည်။

အလားတူ နိုဝင်ဘာ ၁၄ ရက်နေ့က လားရှိုးမြို့တွင် နအဖစရဖ အရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် အတွင်းပိုင်း၌ အခြေ ပြုထားသော ရှမ်းပြည် တပ်မတော် (မြောက်ပိုင်း) အဖွဲ့တို့ ဆွေးနွေးရာတွင် ၄င်းအဖွဲ့က ပြည်သူ့စစ် ဖွဲ့စည်းရန် အင်အား ၂၀၀ စာရင်း တင်ခဲ့ကြောင်း သိရသည်။

နအဖက သျှမ်းပြည်မြောက်ပိုင်းတပ်ဖွဲ့အား သျှမ်းပြည် အလယ်ပိုင်း နမ့်လန် ၊ ကာလိ နှင့် မြောက်ပိုင်းရှိ ရွှေလီ ချိုင့်ဝှမ်း ဒေသ ၃ နေရာတွင် အင်အား အနည်းငယ် ကိုသာ ပြည်သူ့စစ် အဖြစ် ဖွဲ့စည်းခွင့် ပြုထားကြောင်း သတင်း ရရှိသည်။

ရွှေလီချိုင့်ဝှမ်း ဒေသဟု ခေါ်သော မူဆယ် ၊ နမ့်ခမ်း ၊ ကြူကုတ် - ပန်ဆိုင်း ဒေသများတွင် ၎င်းအဖွဲ့မှ မူလရှိရင်း အင်အား ၁၃၀ ၀န်းကျင် ရှိသော်လည်း အင်အား ၃၀ ခန့်သာ ပါဝင် ဖွဲ့စည်းခွင့် ပြုခဲ့ကြောင်း အကဲခတ်တို့က ဆို သည်။

တရုတ်နယ်စပ် လက်နက်ကိုင်အဖွဲ့များတွင် ကိုးကန့် အဖွဲ့ နှင့် ကချင် ဒီမိုကရေစီသစ် တပ်မတော် တို့သည် နယ်ခြားစောင့်တပ် အဖြစ် အသွင် ပြောင်းလဲ ဖွဲ့စည်းခဲ့ပြီး ဖြစ်သည်။

ထိုအဖွဲ့နှစ်ခုတို့၏ နယ်ခြားစောင့်တပ် ဖွဲ့စည်းပုံများကို နှိုင်းယှဉ် လေ့လာပါက တစ်ဖွဲ့နှင့် တစ်ဖွဲ့ အခွင့်အရေး တန်းတူ ရရှိခြင်း မရှိသည်ကို တွေ့နိုင်ကြောင်း ၎င်းအရေး လေ့လာသူများက ဆိုသည်။

ကချင်ဒီမိုကရေစီသစ်တပ်မတော်သည် အင်အား ၄၀၀ ၀န်းကျင်သာ ရှိသော်လည်း နယ်ခြားစောင့် တပ်ရင်း ၃ ရင်းအထိ ဖွဲ့စည်းခွင့် ရခဲ့ပြီး အင်အား ဂ၀၀ ခန့်ရှိသည့် ကိုးကန့် အဖွဲ့သည် နယ်ခြားစောင့် တပ်ရင်း တစ်ရင်းသာ ဖွဲ့ခွင့် ရခဲ့သည်။

ကချင်ကာကွယ်ရေးတပ်မတော်သည် သျှမ်းပြည် မြောက်ပိုင်း တပ်ဖွဲ့ထက် စာလျှင် အင်အား နည်းသော်လည်း ပြည်သူ့စစ်အဖွဲ့ ၅ ဖွဲ့ အထိ ဖွဲ့စည်းခွင့် ရနေသည်။

ကချင်ဒီမိုကရေစီသစ် တပ်မတော်နှင့် ကချင်ကာကွယ်ရေး အဖွဲ့တို့သည် နအဖ အလိုကျ ကျောထောက် နောက်ခံ ပြုထားခံရသည့် အထူး လုပ်ပိုင်ခွင့်ရ စီးပွားရေး အဖွဲ့အစည်းများ အဖြစ် လေ့လာသူများက ရှုမြင် ထားကြသည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

Monday, November 23, 2009

အမေရိကန်၏ မြန်မာမူဝါဒ အပြောင်းအလဲမှာ

အမေရိကန် ပေါ်လစီနှင့် မြန်မာရေးရာ
ကျော်လင်းဦး
ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ 23 ရက် 2009

အမေရိကန်နိုင်ငံမှာ ဒီမိုကရက်သမ္မတ အိုဘာမား အာဏာရလာ ပြီးကတည်းက မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ပေါ်လစီကို ပြောင်းလဲဖို့ လေသံပစ် လာခဲ့ပါတယ်။ အမေရိကန်ရဲ့ နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က မြန်မာ့နိုင်ငံနဲ့ ပတ်သက်ပြီး ပိတ်ဆို့ရေး ပေါ်လစီဟာ အလုပ်မဖြစ်သလို ဆက်ဆံရေး ပေါ်လစီကလည်း အကျိုး မရှိဘူးလို့ တရားဝင် ထုတ်ဖော် ပြောဆိုပြီးတဲ့နောက်မှာ အမေရိကန်ရဲ့ မြန်မာပြည်ဆိုင်ရာ မူဝါဒ ပြောင်းလဲဖို့ ကိစ္စဟာ ပိုပြီး သိသာ ထင်ရှားလာ ပါတော့တယ်။

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း ထိုင်းနိုင်ငံ ဖူးခက်ကမ်းခြေမှာ ကျင်းပတဲ့ အာဆီယံ ဒေသဆိုင်ရာ အစည်းအဝေးကို တက်ရောက်ယင်း ကလင်တန်က မြန်မာပြည်ဆိုင်ရာ မူဝါဒကို ပြန်လည် သုံးသပ်နေရာမှာ နအဖ ရဲ့ ဒေါ်အောင်ဆန်းစုကြည် အပေါ် စွဲဆိုထားတဲ့ စွပ်စွဲချက်တွေနဲ့ သူမရဲ့ တရားစီးရင်နေမှု ရလဒ်ဟာ အဓိက အချက်တွေအဖြစ် ပါဝင်နေတယ်လို့ ဆိုပါတယ်။

ဒီလိုပြန်လည်သုံးသပ်နေမှုဟာ အချိန်ဘယ်လောက်ကြာမယ်ဆိုတာ မသိရသေးပေမယ့် မကြာခင် အမေရိကန်က ထားမယ့် မြန်မာနိုင်ငံဆိုင်ရာ ပေါ်လစီဟာ အပြောင်းအလဲ ဖြစ်လာတော့မယ်ဆိုတာက အသေအချာပါပဲ။

ဒီလို အပြောင်းအလဲ ဖြစ်လာမယ့် အနီးစပ်ဆုံး အချိန်ကတော့ လာမယ့်နှစ် ၂၀၁၀ မှာ ကျင်းပမယ့် ရွေးကောက်ပွဲ တွေအပြီး နောက်အစိုးရ တက်လာမယ့် အချိန်အတွင်းမှာ ဖြစ်နိုင်ချေ ပိုများပါတယ်။ ဒါကြောင့် အမေရိကန်က မြန်မာနိုင်ငံ ပေါ်လစီရေးရာ ကျွမ်းကျင်သူတွေဟာ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ စစ်အစိုးရရဲ့ လုပ်ဆောင်ချက်တွေ ဖြစ်တဲ့ အကျဉ်းသားများ ပြန်လည် လွတ်မြောက်လာခြင်းနဲ့ ရွေးကောက်ပွဲ ဥပဒေတို့အပြင် ရွေးကောက်ပွဲ မတိုင်မီ နိုင်ငံရေးပါတီတို့ရဲ့ လွတ်လပ်စွာ မဲဆွယ်နိုင်မှု ရှိမရှိကိုပါ အရေးတယူ စောင့်ကြည့်နေဦးမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲအတွင်း သမာသမတ် ရှိမှုတွေကိုပါ ထည့်သွင်း စဉ်းစားပြီးမှ အမေရိကန်ရဲ့ အပြုသဘောဆောင်တဲ့ ပေါ်လစီတရပ်ကို ချမှတ်ကာ နောက်တက်လာမယ့် အစိုးရသစ်နဲ့ အပြန်အလှန် အကျိုးရှိတဲ့ ဆက်ဆံရေးကို ထူထောင် လိမ့်မယ်လို့ ယူဆရပါတယ်။

ဒါပေမယ့်လည်း မြန်မာနိုင်ငံအတွင်းက တိုးတက်မှုတွေဟာ တိုးတက်မှုအသွင်ကို မဆောင်ဘဲ ထိန်းချုပ်မှုတွေ ကြီးကြီးမားမား ဆက်ရှိနေဦးမယ် ဆိုရင်တော့ မြန်မာ့နိုင်ငံအတွက် အမေရိကန် ပေါ်လစီဟာ အကောင်းဘက်ကို ပြောင်းလဲဖို့ အခက်အခဲတွေ ရှိနေပါလိမ့်ဦးမယ်။ ဒါကြောင့် အထက်လွှတ်တော် အမတ် ဂျင်မ်ဝက်ဘ် အပါအဝင် ထိပ်တန်း ဒီမိုကရက်အမတ်တွေက မြန်မာနိုင်ငံဆိုင်ရာ ပေါ်လစီကို အပြောင်းအလဲတွေ လုပ်ဖို့ တိုက်တွန်းနေပေမယ့် မြန်မာနိုင်ငံအတွင်းက နိုင်ငံရေး အခြေအနေတွေ တိုးတက်မှု ရှိမလာမှာကိုလည်း စိုးရိမ်ပုံ ရပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံအတွက် အမေရိကန်ရဲ့ ပေါ်လစီတွေ အပြောင်းအလဲ ဖြစ်လာဖို့အတွက် နအဖ စစ်အုပ်စုက ပြည်တွင်းမှာ ဒီမိုကရေစီရေး ဖော်ဆောင်မှုတွေ ဆက်တိုက် လုပ်လာဖို့ လိုအပ်ပါတယ်။ နအဖရဲ့ ခြေလှမ်းတွေ နှေးကွေးနေခဲ့ရင် အမေရိကန်နဲ့ အစိုးရရဲ့ ပေါ်လစီ အပြောင်းအလဲ ဖြစ်လာမယ့် အချိန်လည်း နောက်ဆုတ်သွားမှာ ဖြစ်ပါတယ်။ ဒီလိုတိုးတက် ဖြစ်ထွန်းမှုတွေ မတွေ့သရွေ့ကတော့ အိုဘားမား အစိုးရဟာလည်း အရင် သမ္မတဘုရှ် လက်ထက်က ကျင့်သုံးခဲ့တဲ့ ပေါ်လစီတွေကိုပဲ ဆက်လက် စွဲကိုင်နေဦးမယ့် သဘောပါပဲ။

အမေရိကန်နဲ့ အပြန်အလှန် လေးစားမှုရှိတဲ့ ဆက်ဆံရေးတရပ် ပြန်လည် ဆန်းသစ်လာခြင်းအားဖြင့် နအဖ စစ်အစိုးရ အတွက်ရော၊ နောက်တက်လာမယ့် စစ်တပ် ကျောထောက် နောက်ခံပြုထားမယ့် အစိုးရအတွက်ပါ အကျိုးကျေးဇူးတွေ ရှိလာမှာ ဖြစ်ပါတယ်။ အမေရိကန် အစိုးရသစ်ဟာ အာဆီယံဒေသတွင်းမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်လာမယ့်အပြင် နွေးထွေးတဲ့ ဆက်ဆံမှုတွေ ထားရှိလာမှာ ဖြစ်တဲ့အတွက် အာဆီယံအဖွဲ့ဝင် မြန်မာနိုင်ငံ အတွက်လည်း အကျိုးရှိစေမှာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း မြန်မာ စစ်အစိုးရအနေနဲ့ နိုင်ငံတကာက တွေ့ချင်မြင်ချင်တဲ့ တိုးတက်မှုတွေကို မဆောင်ကြဉ်း ပေးနိုင်ရင် မြန်မာနိုင်ငံဆိုင်ရာ ပေါ်လစီဟာ အပြောင်းအလဲတွေ ဖြစ်ဖို့ ဝေးနေဦးမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ အမေရိကန် အစိုးရဘက်ကလည်း ဟိုအရင် အစိုးရအဆက်ဆက် စွဲကိုင်ခဲ့တဲ့ ဂုဏ်သိက္ခာပိုင်း (Moral) ဆိုင်ရာ တန်ဖိုးတွေကို ပြောင်းလဲ သတ်မှတ်လာမှာ ဖြစ်ပါတယ်။ ဟိုအရင်ကတော့ ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာရေးနဲ့ ၁၉၉၀ ရွေးကောက်ပွဲရလဒ် အသိအမှတ်ပြုရေးလို စစ်အစိုးရအတွက် လိုက်လျောဖို့ ခက်ခဲစေမယ့် တောင်းဆိုချက်မျိုးနဲ့ သူ့ရဲ့ပေါ်လစီကို ချည်နှောင်ထားတာမျိုးကိုလည်း ဂရုစိုက် စဉ်းစားလာမှာ ဖြစ်ပါတယ်။

ဒါကြောင့် မြန်မာစစ်အစိုးရနဲ့ အမေရိကန်အစိုးရ အဆက်ဆက်ကြားမှာ ကွာဟနေတဲ့ လူ့ဂုဏ်သိက္ခာပိုင်းဆိုင်ရာ တန်ဖိုးထားမှုတွေနဲ့ နိုင်ငံရေးဆိုင်ရာ စံနှုန်းများအပေါ်မှာ အိုဘားမားရဲ့ အစိုးရသစ်က ပြောင်းလဲ ချဉ်းကပ်ဖို့ ကြိုးစားနေချိန်မှာ မြန်မာ စစ်အစိုးရကလည်း အဓိပ္ပာယ်ရှိစွာနဲ့ နိုင်ငံရေး ဖွံ့ဖြိုးတိုးတက်ရေးကို အားစိုက်လုပ်ဆောင်ဖို့ လိုအပ်လာပါပြီ။

ကမ္ဘာ့သမိုင်းထဲက နိုင်ငံတကာ နိုင်ငံရေး ရေစီးကြောင်းကို သိနားလည်သူတွေသာ ပြည်တွင်းနိုင်ငံရေးမှာ အောင်မြင်မှုကို ရရှိတတ်ကြတာ တွေ့ရပါတယ်။ ၁၉၃၀ ကမ္ဘာ့စီးပွားပျက်ကပ်ကြောင့် စစ်ရှုံး ဂျာမဏီနိုင်ငံမှာ ဟစ်တလာ အာဏာရလာသလို ဝင်ရိုးတန်းနိုင်ငံတွေနဲ့ မဟာမိတ်နိုင်ငံတွေအကြား တနေ့တခြား ကြီးထွားလာတဲ့ စစ်ရေးအရှိန်ကို အသုံးချပြီး၊ မြန်မာနိုင်ငံထဲက အင်္ဂလိပ်တွေကို မောင်းထုတ်နိုင်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့၊ တခါ အင်္ဂလိပ်ကို အသုံးချပြီး ဂျပန်ကို ပြန်လည်မောင်းထုတ်ခဲ့တဲ့ လုပ်ရပ်တွေဟာ နိုင်ငံတကာ နိုင်ငံရေး ရေစီးကြောင်းတွေကို မှန်မှန်ကန်ကန် အသုံးချခဲ့လို့ ပြည်တွင်း နိုင်ငံရေးမှာ အောင်မြင်မှုတွေ ဖြစ်ပါတယ်။

အခုတခါလည်း အမေရိကန် အစိုးရသစ်က ပြောင်းလဲလာတော့မယ့် မြန်မာနိုင်ငံဆိုင်ရာ ပေါ်လစီအပေါ် အသုံးချပြီး မြန်မာ့ နိုင်ငံရေး အင်အားစုတွေ အနေနဲ့လည်း ညီညွတ်ရေးတရပ် တည်ဆောက်ကာ ကမ္ဘာပေါ်က နိုင်ငံတိုင်းနဲ့ သင့်မြတ်အောင် နေထိုင်ဖို့ အရေးကြီးလှပါတယ်။

(စာရေးသူ ကျော်လင်းဦးသည် ထိုင်းနိုင်ငံ ရမ်းခမ်းဟင် တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံ မဟာဘွဲ့ကို ရရှိခဲ့သူ ဖြစ်သည်။)

Ref: မဇ္ဈိမ

Read More...

သမိုင်းသင်ကြားချက်တွေထဲက သတိပြုစရာတခု

ရဲဘော်ဖိုးသံချောင်း
၂၀ နိုဝင်ဘာ ၂၀၀၉

တလောလေးကပဲ ပထမကမ္ဘာစစ်ပြီးဆုံးတာ အနှစ် (၉ဝ) မြောက်တဲ့ အခမ်းအနားများကို ဥရောပ အနှံ့အပြားမှာ ခမ်းခမ်းနားနား ကျင်းပ ခဲ့ကြတာ တွေ့ရပါတယ်။ ဗြိတိသျှ ဘုရင်မကြီး အပါအဝင် နိုင်ငံ အများအပြားက ထိပ်သီးတွေ တက်ရောက်ကြပါတယ်။ ဒါပေမယ့် လူ့ အသက်ပေါင်း (၈၇) သိန်းကျော် ချုပ်ငြိမ်း စေခဲ့တဲ့ ဒီစစ်ပွဲကြီး ပြီးသွားတာ ကြာပြီ ဖြစ်လို့လားမသိ၊ ဒီ အခမ်းအနား မှာရော၊ ဒီကာလ အတွင်း မီဒီယာ တွေမှာရော ဒီစစ်ကြီး ပေါက်ဖွားလာပုံ၊ အဆုံးသတ်သွား ပုံတွေနဲ့ ပတ်သက်လို့ သိပ်မပြော ကြတော့ပါဘူး။ ပြောရတာများလို့ မောသွားကြတာလား၊ သဗ္ဗေသတ္တာ အဝေရာဟောန္တုပဲ လုပ်လိုက်ကြတာလား မပြောတတ်ပါ။ ဒီနေရာမှာတော့ အဲဒီအထဲက မမေ့သင့်တဲ့ သင်ခန်းစာ တခုကို ပြန်ထောက်ပြ ချင်ပါတယ်။

ဒုတိယကမ္ဘာစစ်နဲ့ ပထမကမ္ဘာစစ်တို့ ဆက်နေပုံကို မှတ်မိကြ လိမ့်အုန်းမယ်လို့ ထင်ပါတယ်။ ကမ္ဘာစစ်ကြီး တခုပြီးလို့ အနှစ် (၂ဝ) မရှိခင်မှာဘဲ နောက်ကမ္ဘာစစ်ကြီး တခု အတွက် ပြင်ဆင်ကြတာ၊ ခြေပုန်းခုတ်ကြတာ၊ တကယ်လည်း ပေါက်ကွဲ ထွက်လာတာ စတဲ့ ကိစ္စတွေဟာ မတော်တဆ တိုက်ဆိုင်မှုတွေ မဟုတ်ပါဘူး။ အထူးသဖြင့် ဒုတိယ ကမ္ဘာစစ်ကြီးမှာ စတင် စစ်ခင်းသူဟာ ပထမ ကမ္ဘာစစ်ကြီး တုန်းက စစ်ရှုံးခဲ့သူ ဖြစ်တယ် ဆိုတဲ့ အချက်ဟာ သတိမပြုဘဲ မနေသင့်ပါဘူး။

ပထမကမ္ဘာစစ် ဘယ်လိုအဆုံးသတ်ခဲ့တယ် ဆိုတာကို ပြန်စဉ်းစား ကြည့်ပါ။ စစ်ရှုံးသူ ဂျာမဏီ အပေါ်မှာ ဗာဆိုင်းစာချုပ်- The Treaty of Versailles (၂၈-၆-၁၉) ၊ လော်ဇန်းစာချုပ် The Treaty of Lausanne (၂၄-၇-၂၃ ခု)၊ စိန့်ဂျာမိန်း စာချုပ် The Treaty of St. Germain (၁ဝ-၉-၁၉) စတဲ့ စာချုပ်တွေ အများကြီး ချုပ်ဆိုပြီး စစ်ရှုံးသူတွေကို ဖိထားခဲ့တာ ဖြစ်ပါတယ်။ ဗာဆိုင်း စာချုပ်ကို ဆိုရင် ဗြိတိန် နိုင်ငံကတောင်မှ ဂျာမဏီ အပေါ်မှာ တောင်းဆိုတာ သိပ်ပြင်းထန် လွန်းတယ်လို့ ပြောခဲ့ပါတယ်။ ဒီစာချုပ် ကြောင့်မို့ ဂျာမဏီ နိုင်ငံဟာ စစ်မဖြစ်မီက ရှိခဲ့တဲ့ သူ့နယ် မြေဧရိယာရဲ့ (၁၃.၅) ရာခိုင်နှုန်း (လူဦးရေ ၇ သန်း) ကို ဆုံးရှုံး သွားခဲ့ပါတယ်။ နောက်ပြီး ပြည်ပမှာရှိတဲ့ သူတို့ ကိုလိုနီတွေ အားလုံးကိုလည်း လက်လွှတ် လိုက်ရပါတယ်။ တခါ တူရကီဟာ ဆိုရင်လည်း လော်ဇန်း စာချုပ်ကြောင့် သူ့ရဲ့ အော်တိုမန် အင်ပါယာ ဆိုတာကို လုံးဝ လက်လွှတ် လိုက်ရပြီး နယ်မြေတွေ အများကြီးဆုံး ရှုံးသွားပါတယ်။ ဟက်ဘ်စဘဂ် အင်ပါယာ (Habsburg empire) ကို ဆုံးရှုံး လက်လွှတ် လိုက်ရတဲ့ သြစထရီးယား နိုင်ငံဟာလည်း သူ့နဂိုဒေသတွေ ခွဲထုတ်ပေးပစ်ရ၊ သူ့တပ်ကို (၃) သောင်းအထိ လျှော့ချရ စသဖြင့် တသက် အခဲမကျေစရာတွေ ခံစား ခဲ့ရပါတယ်။

ဒီလိုမတရားတဖက်သတ်ကျတဲ့ စစ်ပြေငြိမ်း စာချုပ်တွေကြောင့်မို့ ဒုတိယ ကမ္ဘာစစ်ကြီး ပေါ်ပေါက်တယ် ဆိုတာကို ကမ္ဘာ့သမိုင်း ပညာရှင်တွေနဲ့ စွယ်စုံကျမ်း အတော်များများကပဲ အသိအမှတ် ပြုကြပါတယ်။ မတရား အချုပ်ချယ် ခံခဲ့ရတဲ့ နိုင်ငံတွေမှာ အမျိုးသားရေး စိတ်ဓာတ်နဲ့ လူထုကို စည်းရုံးလို့ အကောင်းဆုံးလည်း ဖြစ်ခဲ့ပါတယ်။ စစ်ပွဲကြီး တပွဲပြီးတယ် ဆိုတိုင်း ငြိမ်းချမ်းရေး အတွက် အာမခံချက် ရတာ မဟုတ်ကြောင်း ဒီခေတ် လူသားတွေကို ဒီသမိုင်းက ဖော်ပြနေပါတယ်။ နောက်ပြီး ပဋိပက္ခတွေကို တဖက်သတ် ဖြေရှင်းတဲ့ နည်းနဲ့ ဖြေရှင်းလို့ မရကြောင်းလည်း သင်ခန်းစာ ယူသင့်ပါတယ်။

ဒါနဲ့တဆက်တည်း၊ မကြာသေးမီကမှ ပြီးဆုံးသွားတဲ့ စစ်အေးစစ်ပွဲ ကိစ္စကိုလည်း ပြန်စဉ်းစားစရာ သင့်ပါတယ်။ စစ်အေးစစ်ပွဲ ဆိုတာကြီးဟာ သေနတ်သံ တချက် မကြားရဘဲ ပြီးသွားတယ်လို့ ပြောရင်ရပါတယ်။ ဘယ်လို စစ်ပြေငြိမ်း စာချုပ်၊ အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးတာတွေ မရှိဘဲ သိန်းနဲ့ချီတဲ့ ဝါဆောစာချုပ် တပ်ဖွဲ့ ဆိုတဲ့ ဧရာမ စစ်တပ်တွေလည်း ပျောက်ကွယ် သွားပါတယ်။ ဒါပေမယ့် အဲဒီလို ဖြစ်သွားတဲ့ အတွက် အဲဒီဒေသတွေမှာ တကယ် တမ်းငြိမ်းချမ်းရေး ရခဲ့ပါသလား။ မနည်းလှတဲ့ နိုင်ငံတွေမှာ ဒုတိယကမ္ဘာစစ် ပြီးတဲ့နောက် အကြီးမားဆုံး ပြိုကွဲမှုတွေနဲ့ ပထမဆုံး သေနတ်သံတွေ ပြန်ကြားလာရတယ် မဟုတ်ပါလား။ ပြောရရင် ဝါဆော စစ်အုပ်စု မရှိတော့တဲ့ အတွက် နေတိုး စစ်အုပ်ရဲ့ တည်ရှိမှုဟာလည်း အဓိပ္ပာယ် မရှိတော့ပါဘူး။ တရားအရဆိုရင် သူလည်း တဖြည်းဖြည်း ပျောက်ကွယ် ရတော့မှာပါ။ ဒါပေမယ့် အခုတော့ အဲဒီလို မဟုတ်ဘဲ နေတိုးကို တိုးချဲ့ လာလိုက်တာ ရုရှားနဲ့ နယ်စပ်ချင်း ကပ်နေတဲ့ နိုင်ငံတွေကိုတောင် ရောက်လာပါပြီ။ ဒီလိုနဲ့ ပူတင်တို့ ဘက်ကလည်း အခုအခါ အမျိုးသားရေး ကြွေးကြော်သံတွေကို တင်ပြီး စစ်အင်အား တိုးချဲ့တာ၊ ဖြည့်ဆည်းတာတွေ လုပ်လာလို့ ဒုတိယ စစ်အေးစစ်ပွဲကို ပြန်ရောက်လာ အုန်းမှာလားလို့ တွေးစရာ၊ မေးစရာ ဖြစ်လာနေပါတယ်။ တပါတည်း ဗမာပြည် နိုင်ငံရေးရဲ့ အခုနောက်ဆုံး ဖြစ်ပေါ်မှုတွေဟာ အဲဒီ မပေါ်ပေါက်သေးတဲ့ ဒုတိယ စစ်အေးစစ်ပွဲနဲ့များ ဆက်နေသလားလို့တောင် တွေးစရာ ဖြစ်လာနေတယ် မဟုတ်ပါလား။

ကမ္ဘာစစ်တခုပြီးတော့ နောက်ကမ္ဘာစစ်တခု။ စစ်အေးစစ်ပွဲတခုပြီးတော့ နောက်စစ်အေး စစ်ပွဲတခု။

ဒီလိုပါပဲ။ သမိုင်းမှာ တဖက်စီးနင်းဆုံးဖြတ်ခဲ့၊ လုပ်ကိုင်ခဲ့တာတွေဟာ တကယ်တမ်း ပြီးပြတ် သွားတာ မဟုတ်ပါဘူး။ တန်ပြန်တဲ့ အကျိုးဆက် တွေနဲ့ ကြုံရတတ်ပါတယ်။ ဒီကနေ့ ဗမာနိုင်ငံမှာ ဒီနေ့ ဖြစ်ပျက် နေတာတွေကို ကြည့်ပြီး အရာရာကို နအဖ စစ်အုပ်စုက ထင်သလို ခြယ်လှယ် လုပ်ကိုင်နိုင်နေပြီ၊ နအဖ စစ်အစိုးရဟာ သင်္ခါရတရားနဲ့ ကင်းလွတ် နေသူတွေဖြစ်တယ်၊ ကျန်တဲ့ တနိုင်ငံလုံး၊ ပြည်သူ တရပ်လုံးဟာ သူတို့ ပေးသနားတဲ့ စပေ့စ်လေး ထဲမှာပဲ လှုပ်ရှား ကြပေတော့လို့ ဆိုပြီး ၂ဝ၁ဝ ရွေးကောက်ပွဲကို တခုတည်းသော တလမ်းသွား လမ်းကြောင်းလို ပြောသူတွေက ပြောနေကြပါတယ်။ ဒီလို အနေအထား အောက်မှာ နအဖ ဗိုလ်ချုပ်တွေဟာလည်း နေမြင့်လေ အရူးရင့်လေ ဆိုသလို အဲဒီလို မြှောက်ပြောတာတွေကို နားထောင်ရင်း စိတ်ကြီး ဝင်သထက်ဝင်၊ အတိုက်အခံတွေကို ရှိတယ် လို့တောင်မှ သဘောမထားဘဲ လုပ်ချင်တာ လုပ်နေကြပါတယ်။

၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲမှာ ပြည်သူတွေက တခဲနက် မဲပေးထားတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ရန်ကုန်မှာသာ တမြို့တည်းမှာသာ ဆိုင်းဘုတ် တင်ခွင့်ပေး၊ သူတို့ကို ဖားနေတဲ့ “ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေး အဖွဲ့ချုပ်” ဆိုတဲ့ အဖွဲ့လို ဟာတွေကိုတော့ တိတ်တိတ် ထောက်ပံ့ကြေးတွေ ပေးပြီး တပြည်လုံးမှာ လှုပ်ရှား ခိုင်းထားပါတယ်။ ဒီလိုပဲ ဗမာပြည် နိုင်ငံရေးမှာ ဘုရားကား အောက် မျောက်ကား အထက် ဖြစ်နေတာ ကြာပါပြီ။

စစ်အာဏာရှင်တွေရဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲနဲ့နီးလာလေလေ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ရွေးကောက်ပွဲ မဝင်ရင် ဖျက်သိမ်းပစ်မယ်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ထဲမှာ ရွေးကောက်ပွဲ ဝင်ဖို့ ဆုံးဖြတ်ချက် ကျပြီးပြီ စတဲ့ ကောလာဟလတွေ အကျယ် အပြန့် ကြားလာ ရပါတယ်။ ဘယ်သူက လွှင့်တယ် ဆိုတာတော့ မသိရပါဘူး။ ဒါပေမယ့် ကြက်တူရွေးထက် ကဲနေတဲ့ မယ်ဘော်တွေ ကတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ဖျက်သိမ်း ပစ်ခံချင်သလား လို့တောင် မောက်မောက်မာမာ၊ မိုက်မိုက်ရိုင်းရိုင်းတွေ ရေးနေကြပါတယ်။ သူတို့အနေနဲ့ ဒီလို ရေးလိုက်ခြင်း အားဖြင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကိုလည်း မခြောက်လှန့်နိုင်ဘူး၊ ပြည်သူလူထုကိုလည်း မျက်စိလည်အောင် မလုပ်နိုင်ဘူးဆိုတာ သူတို့သိပါတယ်။ တကယ်က ဆရာလုပ်တာ အကျင့်ပါနေတဲ့ သူတို့ဟာ နအဖ စစ်ဗိုလ်ချုပ်တွေကို “ချလိုက်ပါတော့လား” ဆိုတာမျိုး အကြံပေး တိုက်တွန်းနေတာသာ ဖြစ်ပါတယ်။

အထက်မှရေးခဲ့သလိုပဲ သမိုင်းဆိုတာ အသာစီးရနေတုန်း တဖက်သတ် လုပ်ခဲ့တာတွေ နဲ့ချည်း ပြီးသွားတာ မဟုတ်ပါဘူး။ တန်ပြန် ကိစ္စတွေ ပေါ်ထွက် လာနိုင်ပါတယ်။ တန်ပြန်တယ် ဆိုရင် ပိုတောင်ပြင်းထန်၊ ပိုတောင် သဲသန်တတ်တယ် ဆိုတာကိုလည်း မမေ့သင့်ပါဘူး။

Ref: ခေတ်ပြိုင်

Read More...

NDC နဲ့ ခွဲတမ်းပြဿနာ အပိုင်း - ၃

ဗိုလ်ထက်မင်း
စနေနေ့၊ နိုဝင်ဘာလ 21 ရက် 2009

နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် တက်ရောက်ကြတဲ့ သင်တန်းသား ဗိုလ်မှူးကြီးများ အနေနဲ့ သင်တန်းမှာ တနှစ်ပတ်လုံး နီးပါး စာအုပ်နဲ့ မျက်နှာ မခွာဝံ့ဘဲ တကုပ်ကုပ်နဲ့ မွန်းကြပ်စွာ ဘယ်လို ဘာသာရပ်တွေအား သင်ယူရတယ်၊ ဘယ်လိုမျိုး ဆွေးနွေး နှီးနှော ဖလှယ်ပွဲတွေ တက်ရောက် ဆွေးနွေးရတယ်၊ ဘယ်လို စာတမ်းတွေ ပြုစုရတယ် ဆိုတာ တွေကို အသေးစိတ် ရှင်းလင်း တင်ပြသွားပါမယ်။

သိပ္ပံပညာ ထွန်းကားမှုကြောင့် စစ်မှုအတတ်ပညာ (Military Technology) လည်း ပြောင်းလဲ တိုးတက်နေရာ စစ်မှုအတတ် ပညာ တိုးတက်မှုနှင့် အညီ စစ်နည်းဗျူဟာ၊ စစ်မဟာဗျူဟာနှင့် စစ်အခြေခံ သဘော တရားများလည်း စဉ်ဆက်မပြတ် ပြောင်းလဲလျက် ရှိပါတယ်။ ဒါကြောင့် ခေတ်နှင့်အညီ ရင်ပေါင်တန်း နိုင်ဖို့ ဗိုလ်မှူးကြီး အဆင့် စစ်ခေါင်းဆောင်များအား လေ့လာ ဆည်းပူး လေ့ကျင့် ပွားများနေရန် နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်က အပိုင်း (၁၁) ပိုင်း ခွဲခြားပြီး ပို့ချခဲ့ပါတယ်။

သင်တန်းသားများကို တဦးချင်းရော၊ အဖွဲ့လိုက်ပါ ဆောင်ရွက်စေတဲ့ လုပ်ငန်းများ ရှိပါတယ်။

သင်တန်းသား တဦးချင်း အနေနဲ့ ဘာသာရပ်သုံးသပ်ခြင်း (ရေးသားမှု)၊ ဘာသာရပ် သုံးသပ်ခြင်း (ဟောပြောတင်ပြမှု)၊ ပထမ အကြိမ် ကိုးကားရမဲ့ စာအုပ်စာတမ်း လေ့လာ သုံးသပ်ခြင်း၊ ဒုတိယ အကြိမ် ကိုးကားရမဲ့ စာအုပ် စာတမ်းများ လေ့လာ သုံးသပ်ခြင်း၊ ဟောပြော တင်ပြခြင်း (မြန်မာဘာသာ)၊ ဟောပြော တင်ပြခြင်း (အင်္ဂလိပ်ဘာသာ)၊ ဘွဲ့ယူ စာတမ်း ပြုစု တင်ပြခြင်းတို့ ပါဝင်ပါတယ်။ အဖွဲ့လိုက် အနေနဲ့ အဖွဲ့လိုက် ဆွေးနွေးခြင်း၊ အဖွဲ့ဖြင့် ပြဿနာ အဖြေရှာခြင်း၊ မြန်မာနိုင်ငံ အကြောင်း သိကောင်းစရာ နှီးနှောဖလှယ်ပွဲ၊ စီးပွားရေးရာ နှီးနှော ဖလှယ်ပွဲ၊ မဟာဗျူဟာ လေ့လာရေး စာတမ်း ပြုစုခြင်း စသည်တို့ ပါဝင်ပါတယ်။

သင်တန်းပို့ချရာမှာ အပိုင်း(၁) ဖြစ်တဲ့ နိုင်ငံ့စွမ်းအားကို သတ်မှတ် ပေးနိုင်သော အရင်းခံ အကြောင်းရပ်များ ခေါင်းစဉ်ကြီးမှာ (၁)နိုင်ငံ့ စွမ်းအား အဓိပ္ပါယ် ဖွင့်ဆိုချက်၊ (၂)သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ အရင်းခံများ၊ (၃) နိုင်ငံရေး ဆိုင်ရာ အရင်းခံများ၊ (၄) စစ်အင်အားကို ဖြစ်စေသော အရင်းခံများ၊ (၅) စီးပွားရေး ဆိုင်ရာ အရင်းခံများ၊ (၆)အုပ်ချုပ်ရေး ဆိုင်ရာ အရင်းခံများ၊ (၇)လူမှုရေး ဆိုင်ရာ အရင်းခံများ၊ (၈)ခေါင်းဆောင်မှုနှင့် နိုင်ငံ ဦးဆောင်မှု ဆိုင်ရာ အရင်းခံများ၊ (၉)သံတမန်ရေး ဆိုင်ရာ အရင်းခံများ ဆိုတဲ့ ခေါင်းစဉ်ငယ်များ ပါဝင်ပါတယ်။

အပိုင်း (၂) ဖြစ်တဲ့ နိုင်ငံတော်၏ စီးပွားရေးအခြေခံ အဆောက် အအုံများကို လေ့လာခြင်း ခေါင်းစဉ်ကြီးမှာ (၁) စီးပွားရေး ဆိုင်ရာ အခြေခံ သဘောတရားများ၊ (၂)စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု၊ ဖွံ့ဖြိုးရေး မူဝါဒနှင့် ဆောင်ရွက်ချက်များ၊ (၃)ဖွံ့ဖြိုး တိုးတက်မှု အတွေ့ အကြုံများ၊ (၄)မြန်မာ နိုင်ငံ၏ နိုင်ငံတော် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ လေ့လာချက်များ ဆိုတဲ့ ခေါင်းစဉ်ငယ်တို့ ပါဝင်ပါတယ်။

အပိုင်း (၃) ဖြစ်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာ ဥပဒေ၊ နိုင်ငံတကာ ဆက်ဆံရေးနှင့် သံတမန်နည်းများ ခေါင်းစဉ်ကြီး အောက်မှာတော့ (၁)မျက်မှောက်ခေတ် နိုင်ငံတကာ ဆက်ဆံရေး အခြေအနေ၊ (၂) နိုင်ငံ အချင်းချင်း အကျိုးတူ ပူးပေါင်း ဖွဲ့စည်းမှုနှင့် ဆောင်ရွက်မှုများ၊ (၃)မဟာဗျူဟာ လက်နက် လျှော့ချရေးနှင့် ကန့်သတ်ရေး ဆွေးနွေးပွဲများ၊ (၄)စစ်အေးလွန် ကာလ ကုလသမဂ္ဂ၏ အခန်းကဏ္ဍ၊ (၅)ကုလသမဂ္ဂနှင့် မြန်မာနိုင်ငံ၊ (၆)အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ (ILO)၊ (၇)ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ ကော်မတီနှင့် တနှစ်အတွင်း လှုပ်ရှားမှု၊ (၈)ငွေကြေး ဆိုင်ရာ သီးခြား အဖွဲ့အစည်းများ၊ (၉)နိုင်ငံတကာ ဆက်ဆံရေး၊ (၁ဝ)နိုင်ငံခြားရေး ဝါဒများကို လေ့လာခြင်း၊ (၁၁) မျက်မှောက် ခေတ် အမျိုးသားရေး ဝါဒ၊ (၁၂)မျက်မှောက်ခေတ် နိုင်ငံတကာ အရေးအခင်း များကို ဖြေရှင်းမှုများ၊ (၁၃)ဘက်မလိုက် လှုပ်ရှားမှု စတင် ပေါ်ပေါက်လာပုံနှင့် ဖြစ်ပေါ် တိုးတက်မှုများ၊ (၁၄)အပြည်ပြည်ဆိုင်ရာ ဥပဒေ၊ (၁၅)အပြည်ပြည်ဆိုင်ရာ ပင်လယ်ပြင် ဥပဒေ၊ (၁၆)အပြည်ပြည်ဆိုင်ရာ လေကြောင်း ဥပဒေ၊ (၁၇)အပြည်ပြည်ဆိုင်ရာ ဥပဒေ ကျင့်သုံးမှုကို လေ့လာခြင်း၊ (၁၈)သံတမန် နည်းနာ (Course in Diplomacy) တို့ ပါဝင်ပါတယ်။

အပိုင်း (၄) ဖြစ်တဲ့ ခေတ်သစ်စစ်ပွဲများတွင် စစ်မှုသိပ္ပံနှင့် နည်းပညာများ ခေါင်းစဉ်ကြီး အောက်မှာ (၁)ခေတ်သစ် စစ်ပွဲများတွင် မိုင်းစစ်ဆင်ရေး သဘောတရားများ၊ (၂)နျူကလီးယား၊ ဇီဝ၊ ဓါတု စစ်ဆင်ရေးနှင့် ခြိမ်းခြောက် တားဆီးမှု မဟာဗျူဟာ၊ (၃)ခေတ်သစ် စစ်ပွဲများတွင် ဥမင်လှိုဏ်ခေါင်း စစ်ဆင်ရေး သဘောတရားများ၊ (၄)အီလက်ထရောနစ် စစ်ဆင်ရေး၊ (၅)စိတ်ဓါတ် စစ်ဆင်ရေး၊(၆) ရေဒါ နည်းပညာနှင့် စစ်ဘက်ဆိုင်ရာ အတွက် အသုံးပြုမှု၊ (၇) ခေတ်မီ ဆက်သွယ်ရေး နည်းပညာနှင့် ကွန်ယက် ဗဟိုပြုစစ်ပွဲ၊ (၈)ဂြိုလ်တု နည်းပညာနှင့် ဝေဟင် အာကာသစစ်၊ (၉)ဒုံးလက်နက် မဟာဗျူဟာ၊ (၁ဝ)သတင်း အချက်အလက် စစ်ဆင်ရေး၊ (၁၁)နိုင်ငံတော် ကာကွယ်ရေး အတွက် သိပ္ပံနှင့် နည်းပညာ။ (၁၂)အနာဂတ် စစ်ရေး မဟာဗျူဟာ အပေါ် လွှမ်းမိုး လျက်ရှိနေမည့် နည်းပညာ၏ အခန်းကဏ္ဍ၊ (၁၃)သိပ္ပံနည်းပညာ၊ သတင်းနှင့် အမျိုးသား လုံခြုံရေး စတဲ့ ခေါင်းစဉ်ငယ်များ ပါဝင်ပါတယ်။

အပိုင်း (၅) ဖြစ်တဲ့ စီမံခန့်ခွဲမှု ခေါင်းစဉ်ကြီးအောက်မှာ (၁) စီးပွားရေး လုပ်ငန်း စီမံခန့်ခွဲမှု (Business Administration) (၂)စစ်ဘက် ဆိုင်ရာ စီမံခန့်ခွဲမှု (Defense Management System)၊ (၃)နယ်ဘက် ဆိုင်ရာ စီမံခန့်ခွဲမှု (Public Administration or Public Management) တို့ ပါဝင်ပါတယ်။

အပိုင်း (၆) ဖြစ်တဲ့ တိုက်ပွဲဖြစ်စဉ်များအပေါ် လေ့လာသုံးသပ်ခြင်း ခေါင်းစဉ်ကြီး အောက်မှာ (၁)ကြည်း၊ ရေ၊ လေ ပူးပေါင်း စစ်ဆင်ရေးနှင့် ပတ်သက်သော တိုက်ပွဲများကို လေ့လာ သုံးသပ်ခြင်း၊ (၂) လေကြောင်းစွမ်းအား အသုံးပြုတိုက်ပွဲ ဖြစ်စဉ်များ အပေါ် လေ့လာ သုံးသပ်ခြင်း၊ (၃)ရေကြောင်းစွမ်းအား အသုံးပြု တိုက်ပွဲ ဖြစ်စဉ်များ အပေါ် လေ့လာ သုံးသပ်ခြင်း၊ (၄)ခေတ်သစ် စစ်၏ သဘော သဘာဝနှင့် ခေတ်သစ် စစ်ပွဲကို ရင်ဆိုင် အံတု နေသော စစ်ပွဲများကို လေ့လာ သုံးသပ်ခြင်း၊ (၅)ကန့်သတ်မဲ့ စစ်ဆင်မှုများ၏ သဘော သဘာဝနှင့် သမားရိုးကျ စစ်ပွဲများကို ရင်ဆိုင် အံတုနေသော ၂ဝ ရာစု နောက်ပိုင်း ကန့်သတ်မဲ့ စစ်ပွဲများကို လေ့လာ သုံးသပ်ခြင်းတို့ ပါဝင်ပါတယ်။

အပိုင်း (၇) ဖြစ်တဲ့ စစ်အတွေးအခေါ်များ၊ စစ်မဟာဗျူဟာ၊ ခေတ်သစ် စစ်ဆင်ရေးနှင့် ကာကွယ်ရေး မူဝါဒများ ခေါင်းစဉ်ကြီး အောက်မှာ (၁)စစ် အတွေးအခေါ်များ၊ (၂)စစ် မဟာဗျူဟာများ၊ (၃)ခေတ်သစ် စစ်ဆင်ရေး၊ (၄)၂၁ ရာစု စစ်ပွဲ အသွင်အပြင်များ၊ (၅)လေကြောင်းရန် ကာကွယ်ရေး၊ (၆)ခေတ်သစ် စစ်ပွဲနှင့် ပြည်သူ့စစ် မဟာဗျူဟာ၊ (၇)ကာကွယ်ရေး မူဝါဒများ ရေးဆွဲရာတွင် စဉ်းစားရမည့် အခြေခံများ (Fundamentals of Defense Policy Documents) ဒေသတွင်း နိုင်ငံများ၏ ကာကွယ်ရေး မူဝါဒ ရေးဆွဲမှု အပေါ် နှိုင်းယှဉ် လေ့လာချက်၊ (၈)အခြား နိုင်ငံများ၏ ကာကွယ်ရေး မူဝါဒများ ရေးဆွဲမှု အတွေ့ အကြုံများ၊ (Development of Defense Policy-Case Studies) တို့ ပါဝင်ပါတယ်။

အပိုင်း (၈) ဖြစ်တဲ့ မဟာဗျူဟာအမြင်ဖြင့် နိုင်ငံများကို လေ့လာခြင်း ခေါင်းစဉ်ကြီး အောက်မှာ (၁)နိုင်ငံများ အပေါ် မဟာဗျူဟာ အမြင်ဖြင့် လေ့လာခြင်း၊ (၂)မဟာ အင်အားကြီး နိုင်ငံ၊ (၃)အင်အားကြီး နိုင်ငံများ၊ (၄)အလယ်အလတ် အင်အားကြီး နိုင်ငံများ၊ (၅)ကျန်ကမ္ဘာ့ နိုင်ငံများ၊(၆)အိမ်နီးချင်း နိုင်ငံများတို့ ပါဝင်ပါတယ်။

အပိုင်း (၉) ဖြစ်တဲ့ နိုင်ငံတော်၏ အမျိုးသားရေး အကျိုးစီးပွားနှင့် မူဝါဒများ ခေါင်းစဉ်ကြီး အောက်မှာ (၁)ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ အမျိုးသားရေး အကျိုးစီးပွား ဆိုင်ရာ အခြေခံများ၊ (၂) ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ အမျိုးသားရေး ရည်မှန်းချက်များ၊ (၃) ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ အမျိုးသားရေး အကျိုးစီးပွား မျှော်မှန်းချက် ဆိုင်ရာ အခြေခံ အချက်များ၊ (၄)နိုင်ငံတော်အဆင့် ဆုံးဖြတ်ချက်များ ချမှတ်ခြင်းဆိုင်ရာ ယေဘုယျ အဆင့်များ၊ (၅)နိုင်ငံတော် မူဝါဒများ ဖော်ထုတ် ချမှတ်ခြင်းဆိုင်ရာ ယေဘုယျ အဆင့်များ၊ (၆) နိုင်ငံတော် အာဏာပိုင် အဖွဲ့အစည်းများနှင့် လုပ်ငန်း ဆောင်ရွက်မှုများ၊ (၇)အမျိုးသား ညီလာခံ ကျင်းပရေး လုပ်ငန်းများ၊ (၈)ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ လုပ်ငန်းများ၊ (၉) ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ၊ (၁ဝ) မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ၊ (၁၁)သုတေသန စာတမ်း တင်သွင်းခြင်းနှင့် စစ်ဆေး ခံယူခြင်းတို့ ပါဝင်ပါတယ်။

အပိုင်း (၁ဝ) ဖြစ်တဲ့ နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေး ခေါင်းစဉ်ကြီး အောက်မှာ (၁) နိုင်ငံတော် လုံခြုံရေးနှင့် ကာကွယ်ရေး ဆိုင်ရာ အဓိပ္ပါယ် ဖွင့်ဆိုချက်နှင့် အယူအဆများ၊ (၂)နိုင်ငံတော် လုံခြုံရေး (National Security) (၃)နိုင်ငံတော် ကာကွယ်ရေး (National Defense) တို့ ပါဝင်ပါတယ်။

အပိုင်း (၁၁) ဖြစ်တဲ့ နိုင်ငံတော်၏ အနာဂတ် အမျိုးသားရေး မဟာဗျူဟာကို လေ့လာစူးစမ်း ဖော်ထုတ်ခြင်း ခေါင်းစဉ်ကြီး အောက်မှာ (၁) တပ်မတော် အကြီးအကဲများ၏ သြဝါဒများ၊ (၂)မဟာဗျူဟာ စာတမ်း၊ ပြုစု ရေးသား တင်ပြခြင်းတို့ ပါဝင်ပါတယ်။

အဆိုပါ အပိုင်း (၁၁) ပိုင်းထဲမှာ စစ်ရေးပိုင်းဆိုင်ရာ (၄) ပိုင်း၊ မူဝါဒနဲ့ သြဝါဒပိုင်း ဆိုင်ရာ (၂) ပိုင်း၊ နိုင်ငံတကာ ရေးရာ ဆိုင်ရာ (၂) ပိုင်း၊ စီမံခန့်ခွဲရေး ဆိုင်ရာ (၁) ပိုင်း၊ စီးပွားရေး ဆိုင်ရာ (၁) ပိုင်း၊ နိုင်ငံ့စွမ်းအား ဆိုင်ရာ (၁) ပိုင်း ပါဝင်နေတာကို ခြုံငုံ လေ့လာ သိရှိရပါတယ်။

နောက်ဆုံးမှာတော့ သင်တန်းသားတွေဟာ အပိုင်း (၁၁) ဖြစ်တဲ့ နိုင်ငံတော်၏ အနာဂတ် အမျိုးသားရေး မဟာဗျူဟာ စာတမ်းကို ပြုစုရေးသား တင်ပြကြရပြီး ကာကွယ်ရေးဦးစီးချုပ် (ကြည်း) စစ်ဆင်ရေး ခန်းမကြီးမှာ စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ အဖွဲ့ကို သင်တန်းသားတွေ ကိုယ်တိုင် အသီးသီး ရှင်းလင်း တင်ပြရပြီးနောက် သင်တန်း ဆင်းသွား ကြရပါတယ်။

သင်တန်းသားတွေခမျာ အမှန်အတိုင်း မတင်ပြရဲကြဘဲ လိမ်လည်ကာ မျက်စေ့မှိတ် တင်ပြနေရပါတယ်။ ဥပမာ- အပိုင်း (၂) စီးပွါးရေး ကဏ္ဍမှာဆိုရင် တိုးတက်မှုတွေကိုသာ သင်ကြားပြသရပြီး အမှန်တကယ် ကိန်းဂဏန်းများ ကိုတော့ ဖုံးကွယ် နေကြပါတယ်။ ပို့ချတဲ့ ဘာသာရပ်တွေဟာ ခက်ခဲ နက်ရှိုင်းပြီး တချို့  ဘာသာရပ်တွေဆိုရင် လက်တွေ့ ကွင်းဆင်း ပြသမှ ဂဃဏန သိရှိနားလည်မှာ ဖြစ်ပါတယ်။

ဒါပေမဲ့ နည်းပညာပိုင်းနဲ့ ပစ္စည်း ကိရိယာများ စုံလင်မှု မရှိတာကြောင့် လက်တွေ့ မပြနိုင်ဘဲ စာတွေ့သာ ကျက်မှတ်ရလို့ သင်တန်း သားတွေဟာ မကြီးမငယ်နဲ့ နှုတ်တိုက် အာဂုံ အလွတ် ဆောင်ရပါတယ်။ အမှန်တကယ်တော့ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် အဆင့်ဟာ စာတွေ့လက်တွေ့ သင်ကြားနိုင်ဖို့ လိုအပ်တဲ့ ထောက်ပံ့နိုင်မှု၊ ပံ့ပိုးပေးမှု၊ လက်တွေ့ကျကျ လေ့လာစေမှုမှာ များစွာအားနည်း လိုအပ်နေပါတယ်။ လက်တွေ့ နယ်ပယ်မှာ စမ်းသပ် ကြည့်ခိုင်းတဲ့ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် အပတ်စဉ် တခု ဆိုရင် ဟိုမိန်း ဌာနချုပ်သို့ သွားရောက် လေ့လာခိုင်းပြီး အပြန်လမ်းမှာ ရန်သူမှ ခြုံခို ချလိုက်လို့ သင်တန်းသား ဗိုလ်မှူးကြီးများ ခမျာ ဘုရားစာ ရွတ်ခဲ့ ရတယ်လို့ သိရပါတယ်။ လမ်းကင်း လုံခြုံရေး တာဝန်ကျတဲ့ ဗျူဟာမှူး ဗိုလ်မှူးကြီး ဝင်းကြည်ခမျာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့  နှိပ်ကွပ်မှုကြောင့် ဦးဆောင် ညွှန်ကြားရေးမှူးတောင် မဖြစ်လိုက်ရှာဘဲ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနသို့ ညွန်ကြားရေးမှူး အဖြစ်နဲ့သာ ရောက်ရှိ သွားခဲ့ပါတယ်။

နိုင်ငံတကာရှိ တက္ကသိုလ်များနဲ့ နှိုင်းယှဉ်ရင် မိုးနဲ့မြေလို ကွာခြားတာမို့ အမှန်တကယ် အရည်အသွေး တောက်ပြောင်တဲ့ စစ်ခေါင်းဆောင် မွေးထုတ်လာဖို့ လိုအပ် နေပါသေးကြောင်း တင်ပြလိုက် ရပါတယ်။

နောက်အပိုင်းမှာတော့ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် ကျောင်းတော်ကြီးနဲ့ ကျောင်းအုပ်ကြီး တို့ရဲ့  အခြေအနေ သုံးသပ်ချက်များနဲ့ တကွ နိဂုံးချုပ် တင်ပြသွားပါမယ်။

Ref: မဇ္ဈိမ

Read More...

အပေါ်သို့