..............................

Friday, July 31, 2009

ဒေါ်စုကို ထောင်ချလျှင် တိုက်ပွဲဝင်ရန် လှုံ့ဆော်စာများ ဖြန့်ကြဲ

ကြာသပတေးနေ့၊ ဂျူလိုင်လ 30 ရက် 2009 ခုနှစ် 21 နာရီ 51 မိနစ်

ရန်ကုန် (မဇ္ဈိမ)။ ။ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချလျှင် တိုက်ပွဲဝင်ရန် နိုးဆော်ထားသော စာများကို ရန်ကုန်မြို့ တာမွေမြို့နယ် အတွင်း ယနေ့ ညနေက ဖြန့်ကျဲ သွားခဲ့သည်ဟု တွေ့မြင် လိုက်သူများက ပြောသည်။

တိုက်ပွဲဦးဆောင် ကော်မတီ စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးနှင့် ဒီမိုကရေစီ တည်ဆောက်ရေး အဖွဲ့ချုပ်က ဖြန့်ချီခြင်း ဖြစ်သည်ဟု စာတွင် “၃၁ ရက်နေ့မှာ ဒေါ်စုကို ထောင်ချတော့မည် ဖြစ်ပါသဖြင့် ကျရာနေရာမှ တိုက်ပွဲဝင်ရန်” နိုးဆော်ထားသည်ဟု ဆိုသည်။

အနည်းဆုံးစာရွက် ၂၀ ခန့် ဖြန့်ကျဲသွားခဲ့ပြီး ရဲက သိမ်းဆည်း သွားခဲ့သည်ဟု ဆိုသည်။

မနက်ဖြန်တွင် ပြုလုပ်မည့် အင်းစိန်ထောင်တွင်း တရားခွင်က ဒေါ်အောင်ဆန်းစုကြည်ကို စီရင်ချက်ချကာ အပြစ်ပေးလျှင် လူထုအုံကြွမှု ဖြစ်မည်ကို စိုးရိမ်သဖြင့် လုံခြုံရေးများ တိုးမြှင့် ချထားသည့် ကြားမှ လှုံ့ဆော်မှုများ ထွက်ပေါ်လာခြင်း ဖြစ်သည်။

Ref: မဇ္ဈိမ

Read More...

ဒေါ်စုအပေါ် တရားစွဲဆိုမှု ရုပ်သိမ်းပြီး လွှတ်ပေးဖို့ ဘန်ကီ မွန်း တောင်းဆို

30 July 2009

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ကြားနာ စစ်ဆေးနေတဲ့ တရားခွင် အဆုံး သတ်တော့မယ့်အချိန် နီးကပ်လာတာနဲ့ အမျှ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀န်း ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ် ပေးဖို့ တောင်းဆို သံတွေ ထွက်ပေါ်လာ နေပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) ကလည်းပဲ ဒေါ်အောင်ဆန်းစုကြည်အပေါ် စွပ်စွဲချက်တွေကို ပယ်ဖျက်ပြီး ပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂ ရုံးချုပ်မှာ မနေ့တုန်းကပဲ တိုက်တွန်း ပြောဆို လိုက်တာပါ။ အကြောင်းစုံကို ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားစွဲဆို ကြားနာမှုတွေ ပြီးဆုံးလို့ အဆုံးသတ် စီရင်ချက် ချမှတ်ဖို့ မနက်ဖြန် သောကြာနေ့ မှာ ချိန်းဆိုထားတာမို့ ထွက်ပေါ်လာဖွယ်ရာ ရှိတဲ့ ရလဒ်တွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ အသိုင်းအ၀န်းက စိုးရိမ်မကင်းသံ တွေ လည်း ကြားနေရတာပါ။ ဒီအထဲမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အပါအ၀င် မြန်မာနိုင်ငံက နိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ဒီလ ဆန်းပိုင်းတုန်းကပဲ ၂ ရက်ကြာ မြန်မာနိုင်ငံကို ရောက်သွားတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းလည်း အပါအ၀င် ဖြစ်ပါတယ်။ နယူးယောက်ခ်မြို့ ကုလသမဂ္ဂ ရုံးချုပ်မှာ လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း သူ့အနေနဲ့ စိုးရိမ်မကင်း ဖြစ်မှုတွေ၊ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ ကိစ္စတွေကို ပြောခဲ့တာပါ။

“ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားစီရင်မှုတွေ ဆက်လုပ်နေတာနဲ့ ပတ်သက်လို့ ကျနော် စိုးရိမ်မကင်း ဖြစ်မိပါတယ်။ ကျနော် ရောက်တုန်းကလည်း ပြောပြီးပါပြီ၊ သူ့အပေါ် စွပ်စွဲချက်တွေကို ရုပ်သိမ်းပြီး ပြန်လွှတ်ပေးဖို့ ထပ်တလဲလဲ ပြောခဲ့ တာပါ။ ဒီအတွက်လည်း ဆက်ပြီး ဖိအားပေးသွားမှာပါ။”

အတွင်းရေးမှူးချုပ်ကတော့ နောက်ဆုံးအခြေအနေ တွေကို စောင့်ကြည့် နေတယ်၊ သူ့ခရီးစဉ် အပြီး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ အစီရင်ခံတုန်းက စစ်အစိုးရ ကိုယ်စားလှယ်က ကတိပြုထားတဲ့ အတိုင်း နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ ရှိတယ်ဆိုတဲ့ ကတိက၀တ်တွေ ကိုလည်း စောင့်ထိန်း သွားလိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောခဲ့တာပါ။ အတွင်းရေးမှူးချုပ်က ဒီလို မှတ်ချက်ပေး ပြောဆို လိုက်တာဟာဖြင့် မြန်မာနိုင်ငံက နိုင်ငံရေး ပြဿနာတွေရဲ့ အခြေခံတွေကို ဖြေရှင်းပေးဖို့ တိုက်တွန်း တောင်းဆိုချက် အဖြစ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အတိုက်အခံ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက လည်း ကြိုဆို လိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးဟာ နိုင်ငံရေး ပြဿနာတွေ ဖြေရှင်းဖို့ အခြေခံ လိုအပ်ချက်တွေ ဖြစ်တယ်လို့ NLD ပါတီ ပြောခွင့်ရသူ ဒေါက်တာဝင်းနိုင်က ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်မှာ အပြစ်မရှိဘူးဆိုတာလည်း ကျနော်တို့ ဘက်က ရှေ့နေတွေက အကြိမ်ကြိမ် ပြောပြီးပြီ။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း သူ့မှာ အပြစ် မရှိကြောင်း ရုံးတော်မှာ သူ တင်ပြပြီးပြီ။ ဘာပဲဖြစ်ဖြစ် အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ကျနော်တို့ တိုင်းပြည် အမှန်တကယ် ဖွံ့ဖြိုး တိုးတက် စေချင်တယ်၊ တကယ်ကို ဒီမိုကရေစီရေးကို ရှေးရှုမယ်ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်ကို ဒီအမှုက ရုပ်သိမ်းပြီး အမြန်ဆုံး ပြန်လွှတ်ပေးဖို့၊ ပြီးတော့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ပြန်လွှတ်ပေးဖို့ ကျနော်တို့ကတော့ လိုလားတယ်။

“ကျနော်တို့ရဲ့ ရွှေဂုံတိုင် ကြေညာစာတမ်းမှာလည်း ဒီကိစ္စတွေကို အဓိကထား ပြောထားတယ်။ နံပါတ်တစ်အချက် အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့၊ ပြီးရင် ဆုံးဖြတ်နိုင်တဲ့ Power ရှိတဲ့ ပုဂ္ဂိုလ်တွေ တွေ့ဆုံ ဆွေးနွေးဖို့၊ ပြီးရင် ဒီတွေ့ဆုံဆွေးနွေးပွဲက ရလဒ်တွေ အတိုင်း အတည်ပြုပြီး ဒီလမ်းကြောင်းအတိုင်း ဆက်လျှောက်ဖို့ဆိုပြီး ရွှေဂုံတိုင် ကြေညာစာတမ်း မှာလည်း ပြောထားတဲ့ အတွက် မစ္စတာဘန်ကီမွန်းရဲ့ တိုက်တွန်း တောင်းဆိုချက်ကို ကျနော်တို့က အပြည့်အ၀ ထောက်ခံပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးပြီး နိုင်ငံရေးအရ တိုးတက်မှုတွေ ရှိအောင် လုပ်ဖို့ တိုက်တွန်း တောင်းဆိုသံတွေ ထွက်ပေါ်နေပေ မဲ့လည်း ဒါဟာ ပြည်တွင်းရေး ကိစ္စကို ၀င်ရောက် စွက်ဖက်တာ၊ အချုပ်အခြာ အာဏာပိုင် နိုင်ငံတခုရဲ့ တရား စီရင်ရေး စနစ်ကို ၀င်ပါနေတာဆိုပြီး တုံ့ပြန် ပြောဆိုမှုတွေကို အစိုးရပိုင် သတင်းစာ တွေကတော့ ဖော်ပြနေကြတာပါ။ တကယ်တော့ နေအိမ်အကျယ်ချုပ် သက်တမ်း စေ့ကာနီးကြမှ အခုလို တရားစွဲဆို တာတွေနဲ့ ကြုံနေရတဲ့ အတွက် စစ်အစိုးရရဲ့ တရားစီရင်မှု အပေါ် အများက သံသယ ၀င်နေကြသလို ကြားနာ စစ်ဆေးမှုတွေလုပ် ရှေ့နေ ရှေ့ရပ်တွေနဲ့ ခုခံချေပခွင့် ပေးထားတယ် ဆိုပေမယ့်လည်း ဒေါ်အောင်ဆန်း စုကြည်အပေါ် အပြစ်ရှိကြောင်းသာ ဆုံးဖြတ်လိမ့်မယ် ဆိုပြီးတော့လည်း သံသယတွေ ရှိနေကြတာပါ။ အတွင်းရေးမှူးချုပ် ကတော့ ဒီလိုသာ ဆုံးဖြတ်ရင် စစ်အစိုးရ အနေနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်း ရဲ့ လိုလားချက်တွေကို ကျောခိုင်းရာ ရောက်လိမ့်မယ်လို့ ဆိုပါတယ်။

“မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာ့အသိုင်းအ၀န်းထဲကို အပြည့်အ၀ ပြန်လည် ၀င်ရောက်လာတာ၊ ဒေါ်အောင်ဆန်း စုကြည် လွတ်မြောက်လာတာ၊ ကမ္ဘာ ပေါ်က တခြားလူတွေလိုပဲ လွတ်လပ်တဲ့ အရသာကို ခံစားနိုင်တာကို မြင်တွေ့ လိုကြတဲ့ နိုင်ငံတကာက ဆန္ဒတွေ မျှော်လင့်ချက် တွေအပေါ် သစ္စာဖောက်သလို ဖြစ်ပါလိမ့်မယ်။”

ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်ပေး စီရင်ခဲ့မယ် ဆိုရင်တော့ စစ်အစိုးရ အနေနဲ့ နိုင်ငံတကာ အသိုင်း အ၀ိုင်းမှာ ၀င်ဆံ့ နိုင်မယ့် အခွင့်အလမ်းကောင်း တခုကို ဆုံးရှုံးရလိမ့်မယ် ဆိုပြီးတော့လည်း အတွင်းရေးမှူးချုပ်က သတိပေး ပြောဆိုခဲ့တာပါ။ ဒီလိုသာမက နိုင်ငံတကာက ဖိအားတွေ၊ အရေးယူ ဆောင်ရွက်မှုတွေသာ ပိုလာနိုင်တာမို့ တိုင်းပြည်အတွက် ဆိုးကျိုးတွေ သာ ထွက်ပေါ်လာစရာ ရှိတယ်လို့ ရှုမြင်သူကတော့ NLD ပါတီက ဒေါက်တာဝင်းနိုင် ဖြစ်ပါတယ်။

“တိုင်းပြည်ရဲ့ ရှေ့အနာဂတ်ကို ပုံဖော်ပြီး တဖက်က နအဖအနေနဲ့ လက်တွဲ သွားနိုင်မယ့် ခေါင်းဆောင် တယောက်ကို ဒီလိုသာ အပြစ်ဒဏ် ချခဲ့မယ်ဆိုရင် ရှေ့အလားအလာ ကတော့ တိုင်းပြည် အနေနဲ့ ရင်လေးစရာပဲ။ ဘာဖြစ်လို့လဲဆိုတော့ အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေး ဆိုတာကို တည်ဆောက် နိုင်ဖို့က တော်တော် ခဲယဉ်းသွားမယ်။ ကျနော်တို့ မျှော်မှန်းနေတဲ့ ရှေ့ တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ရေးတို့၊ ဒီမိုကရေစီရေးတို့ ဆိုတဲ့ အလားအလာ တွေကလည်း မှေးမှိန်သွား လိမ့်မယ်။

“ဒါ့အပြင် နိုင်ငံတကာ မိသားစုက မျှော်လင့်ထားတဲ့ မျှော်လင့်ချက် တခုက ပျောက်ကွယ် သွားမယ် ဆိုရင်တော့ နိုင်ငံတကာ မိသားစု အနေနဲ့ ကလည်း ဒီအပေါ်မှာ စိတ်ပျက်မယ်၊ ဒေါသဖြစ်မယ်၊ အဲဒီအတွက် သူတို့ကလည်း တုံ့ပြန်ကြမှာပဲ။ အဲတော့ ဘာပဲဖြစ်ဖြစ် မြန်မာနိုင်ငံကို လာမယ့် စီးပွားရေး အလားအလာတွေ၊ အကူအညီတွေ ဆိုတာ ကျနော်တို့ မြန်မာနိုင်ငံ ပြည်သူ ပြည်သားတွေ ခံစားရဖို့ဆိုတာ တော်တော် ခဲယဉ်းသွားမယ်။ တိုင်းပြည်ရဲ့ စီးပွားရေး ပြဿနာတွေ၊ စီးပွားရေး ပိတ်ဆို့မှု တွေကလည်း ပိုဆိုးလာမယ်၊ နိုင်ငံရေး ပြဿနာတွေ ကလည်း ပိုနက်ရှိုင်း သွားလိမ့်မယ်လို့ ကျနော်တို့တော့ မြင်တယ်။”

NLD ပါတီ ပြောခွင့်ရသူ တဦးဖြစ်တဲ့ ဒေါက်တာဝင်းနိုင် ပြောပြသွားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ သဘောထားတွေကို ပြန်ပြောင်း သုံးသပ်နေတဲ့ အမေရိကန် ပြည်ထောင်စု ကတော့ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်မှု ရှိအောင် မလုပ်နိုင်တာကြောင့် စစ်အစိုးရအပေါ် ပိတ်ဆို့ ဒဏ်ခတ် အရေးယူမှု တွေ လုပ်ဆောင်ဖို့ ချမှတ်ထားတဲ့ ဥပဒေကို နောက်ထပ် ၃ နှစ် သက်တမ်းတိုးဖို့ သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က အင်္ဂါနေ့တုန်းကပဲ လက်မှတ်ရေးထိုး အတည်ပြု လိုက်ပါတယ်။ အဖိုးတန် ကျောက်မျက်တွေ အပါအ၀င် မြန်မာနိုင်ငံက ကုန်ပစ္စည်းတွေ အမေရိကန်နိုင်ငံထဲ တင်ပို့မှုတွေကို တားမြစ်တဲ့ မြန်မာ့ လွတ်လပ်ရေးနဲ့ ဒီမိုကရေစီရေး ၂၀၀၃ ခုနှစ် ဥပဒေကို အထက်နဲ့ အောက် လွှတ်တော် ၂ ရပ်က ပြီးခဲ့တဲ့ ရက်သတ္တပတ် တွေမှာ အတည်ပြု မဲပေးပြီး သမ္မတက လက်မှတ်ရေးထိုး သက်တမ်း တိုးလိုက်တာ ဖြစ်ပါတယ်။

Ref: VOA News

Read More...

တိုင်းရင်းသားဘာသာဖြင့် ရေဒီယိုလိုင်းအသစ် နေပြည် တော်မှ ထုတ်လွှင့်

ဝီရ / ၃၀ ဇူလိုင် ၂၀၀၉

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် လာမည့် ၂၀၁၀ ရွေးကောက်ပွဲ အတွက် ပညာပေး အစီအစဉ်များနှင့် စည်းရုံးရေး ဆိုင်ရာ စစ်အစိုးရ အာဘော်များကို တိုင်းရင်းသား ဘာသာ စကားများဖြင့် ထုတ်လွှင့်သည့် ရေဒီယို လိုင်းသစ် တခုကို ယခု တပတ်အတွင်း စတင် တင်ဆက်နေသည်။

ယခုထုတ်လွှင့်နေသည့် ရေဒီယိုလိုင်းသစ်ကို နေပြည်တော် တိုင်းရင်းသား ရေဒီယိုဟုသာ ကြေညာထားပြီး တိုင်းရင်းသား လူမျိုး တမျိုးစီ အတွက် တရက်လျှင် အနည်းဆုံး တနာရီစီ အသံလွှင့် နေကြောင်း မော်လမြိုင် မြို့ခံ တဦးက ပြောသည်။

၎င်းက “မွန်ဘာသာအတွက် မနက်ပိုင်းဆိုရင် (၆) နာရီခွဲကနေ (၇) နာရီခွဲအထိ လွှင့်နေတယ်။ ညနေပိုင်း (၅) နာရီကနေ (၆) နာရီအထိက ဘာသာ တမျိုးစီ အလှည့်ကျ ထုတ်လွှင့်သေးတယ်။ ခေတ်ပေါ် တိုင်းရင်းသား သီချင်း (၃) ပုဒ်၊ (၄) ပုဒ်ရယ်။ စစ်အစိုးရရဲ့ အခြေခံ ဥပဒေနဲ့ ရွေးကောက်ပွဲ အတွက် စည်းရုံးရေး၊ ပညာပေးတာနဲ့ ဆိုင်တဲ့ ဆောင်းပါး အာဘော်တွေကို မွန်ဘာသာနဲ့ ထုတ်လွှင့်နေတယ်။ ကျနော် သတိထားမိတာက ဒီအပတ် တနင်္လာနေ့ကမှ စတာ” ဟု ပြောသည်။

ယခုလွှင့်သည့် ရေဒီယိုအစီအစဉ်သစ်သည် ပိတောက်မြေနှင့် နေပြည်တော် မြန်မာ့အသံတို့ ထုတ်လွှင့်နေသည့် စစ်အစိုးရ အာဘော်များအား တိုင်းရင်းသား ဘာသာစကားဖြင့် ထုတ်လွှင့်ခြင်းဖြစ်သည်။

အစီအစဉ်များထဲတွင် တိုင်းရင်းသား ဘာသာစကားဖြင့် သီချင်း တောင်းဆို နိုင်သောကြောင့် စိတ်ဝင်စားသူ များပြားကြောင်း မုဒုံမြို့နယ်မှ ရွာသားတဦးက ပြောသည်။

၎င်းက “အခု သူတို့လွှင့်နေတာက တိုင်းရင်းသားအသံ သက်သက်ဆိုတော့ ဒီအနား တဝိုက်က ရွာတိုင်းက နားထောင် နေကြတယ်။ ပြီးတော့ သီချင်းတွေကိုလည်း တောင်းဆို နိုင်သေးတယ်။ နေပြည်တော်က သီချင်း တောင်းနိုင်တဲ့ ဖုန်းနံပါတ် တွေကိုပါ ကြေညာ ပေးထားတော့ တိုင်းရင်းသား ဘာသာနဲ့ပဲ တောင်းဆိုရတယ်။ တိုက်ရိုက် မဟုတ်ပေမယ့် ဘယ်ရွာ၊ ဘယ်နယ်က၊ ဘယ်သူက တောင်းဆိုတယ် ဆိုတာပါ ကြေညာပေးတော့ လူငယ်တွေလည်း စိတ်ဝင်စား ကြတယ်။ သီချင်းထုတ်လွှင့်တဲ့ အပိုင်းကိုပေါ့။ ကျန်တဲ့ ပညာပေးတာတို့၊ ရွေးကောက်ပွဲ အကြောင်းတွေကို စိတ်ဝင်စားသူက နည်းတယ်။ အဲဒီအထဲက ကျနော်ကြိုက်တဲ့ အစီအစဉ် တခုက မိုးလေဝသ ကြေညာချက်ပါ။ တိုင်းရင်းသားစကားနဲ့ ကြေညာပေးတာ” ဟု ပြောသည်။

နေပြည်တော် တိုင်းရင်းသားရေဒီယိုလိုင်းသစ်အား နေပြည်တော် မြန်မာအသံနှင့် ပိတောက်မြေ ရေဒီယိုတို့ ကဲ့သို့ ထုတ်လွှင့် နေသည့် လှိုင်းတို မီတာနှင့် လှိုင်းလတ်မီတာ တို့တွင် နားဆင်နိုင်သည်။

အဆိုပါနေပြည်တော် တိုင်းရင်းသားရေဒီယို လိုင်းသစ်အား ၂၀၀၉ ခုနှစ် ဇူလိုင်လ အစောပိုင်း ကတည်းက စမ်းသပ်ကာလ အဖြစ် စတည် ထုတ်လွှင့်ခဲ့ပြီး တိုင်းရင်းသားလူမျိုး တမျိုးစီ အတွက် ဌာနေစကား တတ်မြောက်သူ ဘွဲ့ရ (၄) ဦးစီ ထပ်မံ ခေါ်ယူရန် စီစဉ် နေကြောင်း MRTV4 အစီအစဉ်အား ထုတ်လွှင့်နေသည့် Forever Group ကုမ္ပဏီမှ ဝန်ထမ်းတဦးက အတည်ပြု ပြောကြားသည်။

နေပြည်တော် မြန်မာအသံကို ၂၀၀၇ ခုနှစ် ဧပြီလတွင် စတင်ထုတ်လွှင့်ခဲ့ပြီး ပိတောက်မြေ ရေဒီယို အစီအစဉ်ကိုလည်း နေပြည်တော် မြန်မာအသံမှ ထုတ်လွှင့်နေသည့် လှိုင်းလတ် မီတာတွင်ပင် တထပ်တည်း ထုတ်လွှင့် နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် တိုင်းရင်းသားသီချင်းများ ထုတ်လွှင့်သည့် FM ရေဒီယို လိုင်းသစ်များ အနေဖြင့် ပဉ္စဝတီ (ရခိုင်ပြည်နယ်)အား စတင် ထုတ်လွှင့်ခဲ့ပြီး ရွှေ FM (မြန်မာပြည်တောင်ပိုင်း) နှင့် ချယ်ရီ FM (တောင်ကြီး) တို့အား ထုတ်လွှင့်နိုင်ရန် စိုင်းပြင်းနေကြောင်း သိရသည်။

Ref: ခေတ်ပြိုင်

Read More...

Thursday, July 30, 2009

စစ်သားကောင်း ပီသကြပါစေ

ဗိုလ်ထက်မင်း
၃၀ ဇူလိုင် ၂၀၀၉

ရုရှားနိုင်ငံကို သွားရောက်ပညာဆည်းပူး ခဲ့တဲ့ DSA ကျောင်းဆင်း ညီတော်တွေကို အရင်ခေတ် တပ်မတော် အရာရှိတွေရဲ့ စိတ်ဓာတ်နဲ့ ခံယူချက် ထားရှိပုံတွေကို ရှင်းပြလိုပါတယ်။ တို့တတွေ ကျောင်းဆင်းလာတော့ ပခုံးပေါ်မှာ တင်ထားတဲ့ တပွင့်တည်းသော ကြယ်ပွင့် လျှောကျ သွားမှာစိုးလို့ ဆွဲဆွဲ တင်နေလိုက်ရတာ အမောပဲ ဆိုတာကို ရှင်းပြလိုတာပါ။ ပြီးတော့ တို့တိုင်းပြည် အတွက် ဘာလုပ်မယ် ညာလုပ်မယ် ဆိုပြီးတော့ လက်သီးလက်မောင်း တန်းရင်း ကြိမ်းဝါး မိတာလည်း ရှိပါသေးတယ်။

အရာရှိအချင်းချင်း နောက်ပြောင်ပြောဆို နေကြပုံက အဲဒီအပွင့်ကို ညှစ်လိုက်ရင် ချွေးတွေ၊ သွေးတွေ ကျလာရမယ်။ ရှေ့တန်းမှာ မတိုက်ရဘဲ နောက်တန်းမှာ နှပ်နေရတာမျိုး၊ သင်တန်းတွေပဲ လှိမ့်တက် နေရတာမျိုးနဲ့ ရတဲ့ အရာရှိရဲ့ အပွင့်ကိုတော့ ညှစ်လိုက်ရင် ‘ပဲ’ တွေပဲ ကျလာမယ် အထင် မကြီးဘူးလို့လည်း ရိတိတိ ပြောတတ် ခဲ့ကြပါတယ်။

တပ်ရင်းကို ရောက်သွားတော့လည်း တို့တတွေဟာ ကာဘိုင်သေနတ်ကို ရွေးရတာ ခေါင်းအကိုက်ရ ဆုံးပါပဲ။ ရန်သူနဲ့ တွေ့ရင် ပြန်ပစ် နိုင်ဖို့ရာ Zero inch ဖြောင့်တန်းမှု ရယူထားတဲ့ ကာဘိုင်ကို အလိုချင်ကြဆုံး ဖြစ်ပါတယ်။ တချို့တပ်ခွဲ တပ်ကြပ်ကြီးတွေရဲ့ ကာဘိုင်ဒင် သစ်သားပိုင်းက ပေါလစ်သုတ်ထားလို့ ပြောင်နေတာကို တွေ့ရင် အရာရှိ ပေါက်စတွေက ရင်သပ်ရှုမော ကိုင်တွယ် ကြည့်ကြတာ ညီတော်တို့ သိစေချင်ပါတယ်။

Equipment လို့ခေါ်တဲ့ စစ်ချပ်ဝတ် တန်ဆာ အပိုင်းမှာ ခါးပတ်နဲ့ ရေဘူးဆိုရင် အမေရိကန်ထုတ် ခါးပတ်၊ ရေဘူးမှ ၀တ်ဆင် ကြပါတယ်။ အရာရှိတဦး US Equipment အပြည့်အစုံ ၀တ်ထားပြီဆိုရင် ကျန်တဲ့ အရာရှိတွေက ရင်သပ်ရှုမောနဲ့ ဘယ်လောက် ပေးရလဲ ဘယ်မှာဝယ်လဲ စသဖြင့် အလုအယက် မေးမြန်း လာကြတာလည်း တွေ့ရပါတယ်။ အဲဒီအရာရှိတွေ တပ်ပြောင်း ခဲ့ရင် US Equipment ကို အမှတ်တရ လက်ဆောင်အဖြစ် သိမ်းပိုက်ဖို့ ကြံစည်ကြတဲ့ အထိ အရာရှိတွေက မက်မက်မောမော ရှိကြပါတယ်။

ကျောင်းဆင်းအရာရှိတွေဟာ တပ်ရင်းရှိ တပ်စုတစုကို ကိုင်တွယ်ဖို့ တပ်ခွဲမှူးက အပ်နှံခဲ့ရင် ဖြစ်စေ၊ တပ်စု တပ်ကြပ်ကြီး တဦးက ၎င်းတပ်စုကို သတိဆွဲကာ မိမိထံသို့ အလေးပြုပြီး သတင်းပို့ခဲ့ရင် ဖြစ်စေ အဲဒီအချိန်မှာ ရင်ထဲမှာ ငါဟာ လူ (၃၀) ကို အုပ်ချုပ်ရတဲ့ အရာရှိပေါက်စ တဦး မကြာခင် ဖြစ်တော့ မှာပါလားဆိုတဲ့ ရင်ထဲက ပီတိကို ညီတော်တွေအား မျှဝေပေးချင်ပါတယ်။

ရှေ့တန်းရောက်ရင် တပ်စုတပ်ကြပ်ကြီးလုပ်သူ ဆရာကြီးက နယ်မြေနဲ့ ရန်သူ သတင်းတွေကို စိတ်ရှည် လက်ရှည် ရှင်းပြပုံ၊ ရွာတွေ ရောက်ခဲ့လို့ အိမ်တွေမှာ ညအိပ်ခဲ့ရင် ကိုယ့်ထက် အသက်ကြီးတဲ့ တပ်စု တပ်ကြပ်ကြီးက အိမ်အောက်မှာ အနစ်နာခံ အိပ်ခဲ့ပုံ၊ မိမိကိုတော့ အိမ်ပေါ်မှာ ဇိမ်ကျကျ အိပ်ခွင့် ပေးခဲ့ပုံ … စသဖြင့် အတူတူစား အတူတူ သွားလာကြတဲ့ သံယောဇဉ်နဲ့ ရဲဘော်ရဲဘက် စိတ်တွေ ကြီးမား လှပုံကို ပြောပြချင်ပါတယ်။

တပ်ခွဲမှူးကိုဆိုရင် ကိုယ့်ရဲ့ အကိုကြီး တယောက်လို ခင်တွယ်မိကာ ထမင်းလက်ဆုံ စားကြတဲ့ အခါမျိုး စစ်နည်းဗျူဟာ တွေကို လက်တွေ့ နယ်ပယ်မှာ အပ်ကျမတ်ကျ သင်ကြား ပေးခဲ့ပုံတွေက အစ နောက်ဆုံး ညီတော်တွေ ပိုက်ဆံ မရှိလို့ နောင်တော်တွေက မုန့်ဖိုးအဖြစ် ပေးသုံး ခဲ့ပုံတွေ၊ ရန်သူနဲ့ နင်လား ငါလား တိုက်ပွဲတွေ ဖြစ်လာရင် တပ်ခွဲမှူးက အတွေ့အကြုံ နည်းတဲ့ ကျောင်းဆင်း မိမိတို့ တပ်စုမှူးတွေကို ချေမှုန်းရေး တပ်စုမှာ မထားဘဲ တပ်ခွဲမှူးရုံးရဲ့ အနီးကပ် တပ်စု အဖြစ် စိုးရိမ် ကြောင့်ကြစွာ ပြောင်းလဲ ထားခဲ့ပုံတွေ ဒါတွေကိုလည်း အခုခေတ် ညီတော်တွေ သိစေချင်တယ်။

နောက်တန်းပြန်ရောက်လို့ လူပျိုအရာရှိရိပ်သာရောက်ပြီဆိုရင် စီနီယာ နောင်တော် တပ်ခွဲမှူး ဗိုလ်ကြီးတွေက ဦးဆောင်ပြီး စားသောက် ဖွယ်ရာတွေ အပါအ၀င် အထွေထွေ ကုန်ကျစရိတ် အားလုံး အကုန်အကျ ခံပုံတွေ၊ သူတို့ကိုယ်တိုင်က မင်းတို့ တပ်စုမှူးတွေ ပိုက်ဆံရှိကြတာ မဟုတ်ဘူး၊ ငါတို့အကြီးတွေပဲ ပေါင်းပြီး ရှင်းပေးလိုက်မယ် ဆိုတဲ့ ကြင်နာမှု စကားသံတွေ၊ မြို့ထဲကို ကားတစီးနဲ့ ထွက်လည်ကြလို့ စားသောက်ဆိုင်ကို ရောက်ပြီး ရှင်းကြပြီဆိုရင်လည်း စီနီယာ အရာရှိတွေက ကျနော်တို့ ဂျူနီယာ အရာရှိတွေကို လက်ကာပြီး သူတို့ပဲ ရှင်းပေးကြပုံတွေ၊ အကိုကြီး အဖအရာ ဆိုသလို တပ်ထဲမှာ နေထိုင်ပြုမူ ကျင့်ကြံပုံ၊ ဆိုင်ရာတွေကို ဆိုဆုံးမ ပုံတွေဟာ ယနေ့ထက်တိုင် ရင်ထဲ အသည်းထဲ စွဲမြဲနေပါတယ်။

တိုက်ပွဲမှာ တပ်ခွဲမှူးဖြစ်ဖြစ်၊ တပ်စုမှူးဖြစ်ဖြစ် ထိခိုက်ဒဏ်ရာ ရလို့ဖြစ်စေ ပိတ်ဆို့ ခံရလို့ဖြစ်စေ ဘယ်လိုမျိုး အခက်အခဲတွေ ကျရောက် နေပါစေ ညီတော် နောင်တော်တွေက မဖြစ်ဖြစ်အောင် ဖောက်ထွက်ပြီး ကူညီဖေးမ ကယ်တင်တတ်တဲ့ ရှေ့တန်းရဲ့  ရဲရဲတောက် သံမဏိ စိတ်ဓာတ် တွေကိုလည်း ညီတော်တွေ သိစေချင်ပါတယ်။ အခုတော့ ဒါတွေဟာ ပုံပြင်တွေလို ဖြစ်နေပြီး တို့တပ်မတော်ဟာ ရာထူး အာဏာ မက်မောမှုနဲ့ အတူ စီးပွားရေး၊ နိုင်ငံရေးမှာ ထဲထဲဝင်ဝင် ပတ်သက် ချုပ်ကိုင်လာတာနဲ့ အမျှ တိုင်းပြည်နဲ့ လူမျိုးအတွက် ဆိုတာဟာ တပ်မတော်နဲ့ ဘာမှ မသက်ဆိုင်တော့တဲ့ အထိ ရာဇ၀င် ရိုင်းခဲ့ပြီ ဖြစ်ပါတယ်။

တို့ ကျောင်းဆင်းပြီးပြီးချင်း ရှေ့တန်းမှာ (၉) လ ဆက်တိုက် ကြာသွားတော့ မိခင်ဖြစ်သူက တပ်ရင်းမှူးဆီ စာရေးပြောတယ်။ အဲဒီအခါကျမှ တပ်ရင်းမှူးက သတိရပြီး ခွင့်ခေါ်ပေးလို့ မိခင်အိမ်ကို ပြန်ခွင့်ရပါတယ်။ ဒါပေမယ့် ရှေ့တန်းမှာ ရုန်းရင်း ကန်ရင်း ပေပေတေတေ နေလိုက်တာ ပင်ပန်းရမှန်း မသိဘဲ အချိန်ကုန် သွားခဲ့တာဖြစ်တယ်။ တပ်ရင်းမှူးက ခွင့်ခေါ်ပေးမှသာ (၉) လ ကြာပြီ ဆိုတာကို သိရတာဖြစ်တယ်။

ရှေ့တန်းမှာက တပ်ခွဲမှူးက အစစအရာရာ ကျွေးမွေးနေတော့ ဘာကုန်ကျမှုမှ မရှိဘူး။ ဒါကြောင့် အိမ်ပြန်တဲ့အခါ ဘဏ် (၆) မှာ လစာကို တလုံးတခဲတည်း ထုတ်ရတယ်။ အဲဒီအချိန်မှာ ခံစားခဲ့ရတဲ့ ပီတိ၊ အဲဒီလစာတွေ ထဲက မိခင်ကို ကန်တော့လိုက်ရတဲ့ ပီတိ၊ အရင်က ကျောင်းနေဖက် သူငယ်ချင်းဖြစ်ခဲ့တဲ့ RIT ကျောင်းသား သူငယ်ချင်းထံ သွားပြီး သူ့ကို RIT ကင်တင်း ရိပ်သာမှာ ကိုယ်ရတဲ့ လစာနဲ့ ကျွေးမွေး ပြုစုရတဲ့ ပျော်ရွှင်မှုပီတိ ခံစားချက်တွေကို ငါ့ညီတော်တွေ သိစေချင်တယ်။

ငါတို့ဟာ တက္ကသိုလ်ကျောင်းသားဘ၀က လာခဲ့တာမို့ ကျောင်းသားတွေရဲ့ ဘ၀ကို ပြန်လည် တမ်းတမိရင်း အတူတူ လက်တွဲခဲ့တဲ့ တက္ကသိုလ် ကျောင်းသားတွေနဲ့ ရှေ့တန်းမှာ မသေလို့ ပြန်လည် ဆုံတွေ့ခဲ့ရတဲ့ ငါတို့ရဲ့  အမှတ်တရ ပွဲလေးကို ဘယ်တော့မှ မေ့ပျောက်မှာ မဟုတ်သလို ကျောင်းသားတွေရဲ့ တန်ဖိုးနဲ့ ရဲစွမ်းသတ္တိကိုလည်း ခံစားနားလည်တယ်။ တို့တပ်တွေမှာ အရင်က ရှေ့တန်းမှာ ပင်ပန်း ဆင်းရဲလွန်းအား ကြီးပြီ ဆိုရင် သင်တန်းတခုခု တက်ခွင့်ရတာကိုပဲ အနားယူတဲ့ သဘောလို့ ယူဆကြတယ်။

အခုညီတော်တွေကျတော့ အဲဒီလိုဖြတ်သန်းမှုမျိုး မရှိခဲ့လို့ တပ်မတော်ရဲ့ သံမဏိ စိတ်ဓာတ်ဆိုတာ ဘာမှန်းမသိ၊ ရဲဘော်ရဲဘက် စိတ်ဓာတ်ဆိုတာ ဘာကို ဆိုလိုရမှန်း မသိ ဖြစ်နေကြတယ်။ အဆိုးဆုံးက စစ်တပ်ကို လက်ကိုင်တုတ် သဖွယ် အသုံးချနေတဲ့ တပ်မတော် သမိုင်းကို ဖျက်ဆီးနေသူ အာဏာရှင် ထိပ်ပိုင်းတစုရဲ့ လုပ်ရပ်တွေကြောင့် ညီတော်တွေဟာ သန်လျက်ကို ရေထင်၊ ရွှေသမင် အလိုက်မှား နေကြတယ်။

ညီတော်တွေဟာ DSA သုံးနှစ် ကျောင်းဆင်းပြီး ကတည်းက ခြေလျင်တပ်ကို ရောက်ရှိ သတင်းပို့တာနဲ့ ရှေ့တန်းမှာ ကျောပူအောင် လမ်း မလျှောက်ကြရတော့ဘဲ MSC ဆိုတဲ့ (၂) နှစ် သင်တန်းကြီးကို မဖြစ်မနေ ဆက်လက် တက်ရောက်ကြပုံတွေ၊ အဲဒီကမှ တဆင့် အဆင့်မီလို့ ရုရှားကို ပညာဆည်းပူးခွင့် ဆက်လက် တက်ရောက်ခွင့် ရကြပုံတွေ၊ ပြန်လာကြတော့လည်း ပြင်ဦးလွင်မှာ ကွန်ပျူတာနဲ့ နပန်းလုံးပြီး ဒီမိုကရေစီ ဘက်တော်သား ၀က်ဆိုက်တွေကို အဖျက်အမှောင့် လုပ်ခဲ့ပုံတွေ ကြားသိရတော့ ညီတော်တွေရဲ့ ကျပ်မပြည့်တဲ့ စစ်သား တပိုင်း ဘ၀ကို သနားမိပါတယ်။

အခုတော့ ညီတော်တွေထဲက အရာရှိတဦးကို DSA မှာ နည်းပြအဖြစ် ရောက်နေတဲ့ ရုရှားနည်းပြ အမျိုးသမီးလှလှ တဦးက အပြာ ဇာတ်လမ်းတွေနဲ့ မှတ်ကျောက် တင်ပေးလိုက်တယ်လို့ ကြားသိရလို့ စိတ်မကောင်း ဖြစ်မိတယ်။ စစ်သားရဲ့ မှတ်ကျောက် တင်မှုဟာ ရှေ့တန်း စစ်ဆင်ရေး နယ်မြေသာ ဖြစ်လို့ ညီတော်တွေရဲ့ မှတ်ကျောက်ကို ဘယ်နေရာမှာ တင်ရမလဲ ဆိုတာ စဉ်းစားလို့ မရအောင်ကို ဖြစ်ရတယ်။

မင်းတို့သိပြီးသား တို့တတွေရဲ့ “ဆောင်ပုဒ်” ရှိပါတယ်။ ပြန်ပြောပြမယ်။ “ဘာလုပ်နေလဲ - လေ့ကျင့်နေတယ်၊ ဘာလုပ်ဖို့လဲ - တိုက်ပွဲဝင်ဖို့၊ ဘယ်သူ့အတွက်လဲ - ပြည်သူ့အတွက်၊ ဘာစိတ်ဓာတ်လဲ - သံမဏိစိတ်ဓာတ်” ဆိုပြီး ငါတို့ ဆိုရတဲ့ ဆောင်ပုဒ် ရှိပါတယ်။ အခုတော့ ညီတော်တွေခေတ်မှာ အဲဒီဆောင်ပုဒ်ကို ပြင်ရမလို ဖြစ်နေပါတယ်။

“ဘာလုပ်နေလဲ - ဒီမိုဝက်ဆိုက် ဖျက်ဆီးနေတယ်၊ ဘာလုပ်ဖို့လဲ - ရာထူးအာဏာ မတရားယူဖို့၊ ဘယ်သူ့ အတွက်လဲ - နအဖ စစ်အာဏာရှင်တွေ အတွက်၊ ဘာစိတ်ဓာတ်လဲ - မစ္ဆရိယ စိတ်ဓာတ်” လို့ ပြင်ရမလို ဖြစ်နေတယ်။

ညီတော်တွေရဲ့ ခံယူချက်၊ စိတ်ဓာတ်တွေဟာ ယခင်နောင်တော်တွေရဲ့ ခံယူချက် စိတ်ဓာတ်တွေနဲ့ မိုးနဲ့မြေလို ကွာခြားတာနဲ့ အမျှ တပ်မတော်ရဲ့ အနာဂတ်ဟာလည်း မဲမှောင်လျက်သာ ရှိနေမှာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

Ref: ခေတ်ပြိုင်

Read More...

ကတိနဲ့အညီ အကျဉ်းသားတွေ လွှတ်ဖို့ အတွင်းရေးမှူးချုပ် စစ်အစိုးရကို တိုက်တွန်း

30 July 2009

မြန်မာ စစ်အစိုးရကိုယ်တိုင် လုံခြုံရေးကောင်စီကို ပြီးခဲ့တဲ့ ရက်ပိုင်းက တရားဝင် ပေးထားတဲ့ ကတိအတိုင်း နိုင်ငံရေး အကျဉ်းသားတွေကို လွတ်ငြိမ်း ချမ်းသာခွင့် ပေးမယ်လို့ မျှော်လင့်တဲ့ အကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောပါတယ်။ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပေါ် စွဲဆိုထားတဲ့ အမှုကို လာမယ့် သောကြာနေ့မှာ တရားရုံးက စီရင်ချက် ချမယ်လို့ ကြေညာထားနဲ့ ပတ်သက်ပြီး ဗုဒ္ဓဟူးနေ့က ကုလသမဂ္ဂ ဌာနချုပ်မှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောဆိုသွားတာပါ။ စစ်အစိုးရဘက်က ကတိ က၀တ်အတိုင်း လိုက်နာ ဆောင်ရွက်မယ်လို့ မျှော်လင့်တဲ့ အကြောင်း သတင်းထောက် တွေကို ပြောဆို သွားပါတယ်။

မြန်မာစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အပေါ် ဆက်ပြီး တရားစွဲဆို နေတဲ့အပေါ် သူ့ အနေနဲ့ စိုးရိမ်မိတဲ့ အကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ အမှုတွေကို ရုတ်သိမ်းပြီး ချက်ခြင်း လွှတ်ပေးဖို့ မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ ခရီးစဉ် အတွင်း စစ်အစိုးရကို သူ ရှင်းရှင်းလင်းလင်း အကြောင်းကြားထားပြီး ဖြစ်တယ်လို့လည်း အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောပါတယ်။ ဒီတောင်းဆိုချက်ကို စစ်အစိုးရဘက်က လိုက်လျောလာအောင် သူ့ဘက်က ထပ်ပြီး တိုက်တွန်း တောင်းဆို သွားမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံ အတွင်း ဖြစ်ပျက်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ ခရီးစဉ်က ပြန်လာခဲ့ ကတည်းက မျက်ခြေမပြတ် စောင့်ကြည့်နေတဲ့ အကြောင်းလည်း အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

Ref: VOA News

Read More...

ဒေါ်အောင်ဆန်းစုကြည် ထောင်ကျလိမ့်မည်ဟု ဦးဝင်းတင် ထင်မြင်ယူဆ

NEJ / ၂၉ ဇူလိုင် ၂၀၀၉

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်း စုကြည်သည် ထောင်ကျမည့် အလားအလာ ရှိသည်ဟု အန်အယ်လ်ဒီ ဗဟို အလုပ်အမှုဆောင် တဦးဖြစ်သူ ဦးဝင်းတင်က ပြောသည်။

နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှုဖြင့် တရားစွဲဆို စစ်ဆေးခြင်း ခံနေရသော ဒေါ်အောင်ဆန်း စုကြည်အား လာမည့် သောကြာနေ့တွင် စီရင်ချက် ချမည်ဟု အင်းစိန် အထူးတရားရုံး တရားခွင်မှ ယမန်နေ့က ရုံးချိန်းပေးထားသည်။

နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံနေရသော ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် ခြံဝင်းအတွင်း အမေရိကန် နိုင်ငံသား မစ္စတာ ယက်တော ၀င်ရောက်ခဲ့မှု အတွက် နအဖစစ်အစိုးရက မေ (၁၈) ရက်တွင် နေအိမ် အကျယ်ချုပ် ဖောက်ဖျက်မှု ပုဒ်မ (၂၂) ဖြင့် အင်းစိန် အထူးတရားရုံး၌ ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ဦးဝင်းတင်က “ထောင်ကျနိုင်မယ် ဆိုတာက နဂိုကတည်းက ထောင်ချချင်လို့ လုပ်တာပဲ။ ထောင်ချချင်လို့ လုပ်တာ မဟုတ်ရင် ဒီကိစ္စ ပေါ်စရာ အကြောင်းမရှိဘူး။ တရားဥပဒေ အရပဲ ကြည့်ကြည့်၊ နိုင်ငံရေး အရပဲ ကြည့်ကြည့် ပေါ်စရာအကြောင်း မရှိဘူး” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အား သာမန်အားဖြင့် လာမည့်နိုဝင်ဘာ (၂၇) တွင် လွှတ်ပေးရမည် ဖြစ်သည့်အတွက် ယင်းအချိန်ထိ မစောင့်ဘဲ ပြီးခဲ့သည့် မေလကပင် လုပ်ကြံ အမှုဆင်ဖမ်းခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

“အဲဒီရည်ရွယ်ချက်ကိုက ထောင်ချဖို့ ရည်ရွယ်တာပဲ။ ဒါပေမယ့် သူတို့မထင်ဘဲ ကမ္ဘာတခုလုံးကနေ အကြီးအကျယ် ဆူပွက်ပြီး ဒေါ်စုဘက်ကနေ ၀ိုင်းဝန်းပြီး ဒေါ်စုလွှတ်ရေးကို တောင်းဆိုလာတဲ့ အခါကျ သူတို့မှာ လုပ်ရကိုင်ရတော့ ခက်သွားတာပေါ့။ ကျနော်ကတော့ ဘယ်လို တွက်လည်းဆိုတော့ ဒေါ်စုထောင်ကျမှာပဲလို့ ယုံတယ်။ ကျနော့် တဦးချင်းသဘောပေါ့ဗျာ” ဟု ဦးဝင်းတင်က ပြောသည်။

သို့သော် စစ်အစိုးရဘက်ကမူ ဆင်နိုင်သည့် အကွက်များ ရှိသေးကြောင်း၊ ယခုတရားရုံး အဆင့်သည် ခရိုင်ရုံး အဆင့်သာ ဖြစ်သဖြင့် ယင်းအဆင့်တွင် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးလိုက်ပြီး တိုင်းအဆင့်တွင် အယူခံ ၀င်နိုင်ကြောင်းလည်း ဦးဝင်းတင်က ရှင်းပြသည်။

၎င်းက “တိုင်းအဆင့်ကျမှ ဒေါ်အောင်ဆန်းစုကြည် လွတ်လာတဲ့အပေါ်မှာ လူတွေက ဘယ်လို လှုပ်ရှားသလဲ၊ ဒေါ်အောင်ဆန်းစုကြည် ဘယ်လို လှုပ်ရှားသလဲ၊ ဘာတွေဖြစ်သလဲ ဆိုတဲ့အပေါ်မှာ နိုင်နင်းနိုင်မယ့် အနေအထားရှိရင် တိုင်းရုံးမှာ သူတို့ဘက်က ပြန်ပြီး အယူခံတင်မယ်။ ပြီးမှ တိုင်းရုံးကနေ ထောင်ချပစ်နိုင်တယ်” ဟု ပြောသည်။

ထိုကဲ့သို့ ပြောဆိုရခြင်းမှာ ၁၉၉၀ ရွေးကောက်ပွဲကာလအတွင်း၌ ဒေါ်အောင်ဆန်း စုကြည်ကို ပြည်သူ့ လွှတ်တော် ရွေးကောက်ပွဲတွင် ပါဝင်ရန် အန်အယ်လ်ဒီက ဆုံးဖြတ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အား အမတ် လောင်းလျှောက်လွှာ တင်သွင်းခဲ့ရာတွင် မြို့နယ်ရုံးက လက်ခံကာ ရွေးခံခွင့် ပေးခဲ့ပြီးမှ တိုင်းအဆင့်တွင် ပယ်ချခဲ့သည့် သာဓက ရှိကြောင်း ဦးဝင်းတင်က ကိုးကားပြောဆိုသည်။

“ကျနော်တဦးတည်းသဘောအရ ပြောရရင်တော့ ဒေါ်စုကို ထောင်ချမှာပဲ။ တခုပဲရှိတယ်၊ (၅) နှစ်ချလိုက်ရင် လူထုက ဒေါသဖြစ်မှာစိုးလို့ လျော့လျော့ပေါ့ပေါ့ (၃) နှစ်လောက်ချရင် ချမယ်ပေါ့ဗျာ။ နောက်တခါ ဒေါ်စုကို အိမ်မှာပြန်နေခွင့် ပေးထားမယ်၊ ထောင်ထဲ မပို့ဘူးဆိုတဲ့ အလျော့အပေါ့ အခင်းအကျင်းတွေနဲ့ လုပ်ပြီးတော့ ထောင်ချမယ်လို့ထင်တယ်” ဟု ၎င်းက ပြောသည်။

၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ် အကျယ်ချုပ်ဖြင့် (၁၃) နှစ်ကျော်ကြာ စစ်အစိုးရ၏ ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရပြီး ယခုအမှုဖြင့် တရားစီရင်ခြင်း ခံရပါက ထောင်ဒဏ် (၅) နှစ်အထိ ကျခံရဖွယ်ရှိသည်။

Ref: ခေတ်ပြိုင်

Read More...

ကကကြည်းက တရုတ်ခရီးသွားများ ပြည်ဝင်ခွင့် ထိန်းချုပ်

မျိုးကြီး
ဗုဒ္ဓဟူးနေ့၊ ဂျူလိုင်လ 29 ရက် 2009

ရွှေလီ (မဇျွိမ) ။ ။ မြန်မာနိုင်ငံသို့ နယ်စပ်မှတဆင့် လာရောက်လည်ပတ်မည့် တရုတ် နိုင်ငံသားများသည် ကာကွယ်ရေး ဦးစီးဌာန (ကြည်း) - ကကကြည်း၏ ခွင့်ပြုချက်ဖြင့်သာ ပြည်ဝင်ခွင့် ရရှိတော့သည်။

ယခုလ ၁၆ ရက်နေ့မှ စတင်၍ မြန်မာပြည်တွင်း ခရီးသွားမည့် တရုတ် နိုင်ငံသားများသည် ကကကြည်းသို့ အကြောင်းကြားကာ ခွင့်ပြုချက် ယူရသည်။

''တရုတ်တွေ မြန်မာပြည် သွားမယ်ဆိုလို့ရှိရင် ကကကြည်းကို အကြောင်းကြားစာ ပို့ပြီးမှ သွားခွင့်ရမယ်။ သွားလို့ရှိရင်လည်း သူတို့ကို ခေါ်သွားတဲ့ ဂိုက် (လမ်းပြ) က လားရှိုးအထိ တာဝန်ယူပြီးမှ ခေါ်သွားရမယ်။ သတ်မှတ်ထားတဲ့ ရက်မှာ ပြန်ထွက်လာတဲ့ စာရင်း ဇယားထဲမှာ မတွေ့ဘူးဆိုရင် တာဝန်ခံ ခေါ်သွားတဲ့ ဂိုက်(ဧည့်လမ်းညွှန်) ကို ပြန်ပြီး စစ်ဆေးမယ်ပေါ့နော်။ ဂိုက်က နေပြီးမှပဲ တာဝန်ခံ လုပ်ခွင့်ပြုပြီးမှ ဝင်ရမယ်ပေါ့နော်'' ဟု ကုန်သည်များနှင့် နီးစပ်သူတဦးက မဇ္ဈိမကို ပြောသည်။

မူဆယ်မြို့ရှိ မြပတ္တမြားခရီးသွားလာရေး အေးဂျင့်မှ တာဝန်ရှိသူတဦးနှင့် တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ အဝင်အထွက် ဂိတ်အနီး ကပ်လျက် တည်ရှိသည့် တရုတ်နိုင်ငံ ကြယ်ဂေါင်မြို့တွင် နေထိုင်သူ မြန်မာ တဦးကလည်း ပြည်ဝင်ခွင့် အခြေအနေ ထိုကဲ့သို့ ပြောင်းလဲ သွားကြောင်း အတည်ပြု ပြောဆိုကြသည်။

တရုတ်နိုင်ငံသားများသည် မြန်မာနယ်စပ်ရှိ လူဝင်မှုကြီးကြပ်ရေးဌာန (လဝက) မှတဆင့် နေပြည်တော်ရှိ ကကကြည်းထံသို့ စာရင်းပေးပို့ ပြသရပြီးနောက် ခွင့်ပြုချက်ရမှသာ ဝင်ရောက်ခွင့် ရရှိမည်။ ယခင်ကမူ နှစ်နိုင်ငံ နယ်စပ်ရှိ ခရီးသွားစင်တာများ ပူးပေါင်း ဆောင်ရွက်မှုဖြင့် သွားလာနိုင်ခဲ့သည်။

ပြည်ဝင်ခွင့် တင်းကျပ်လာခြင်းမှာ အလည်အပတ် ခရီးသွားဗီဇာဖြင့် မြန်မာနိုင်ငံအတွင်း ဝင်ရောက်သွားသည့် တရုတ်နိုင်ငံသား အချို့သည် တားမြစ် နယ်မြေများကို သွားလာမှုများ ရှိနေခြင်းကြောင့် ဖြစ်သည်ဟု တရုတ် ကုန်သည်များနှင့် နီးစပ်သူက ဆိုသည်။

''အရင်တုန်းကတော့ ရိုးရိုးခရီးသွားလက်မှတ်နဲ့ မန္တလေးဆိုပြီး ဝင်သွားတယ်။ ဖားကန့်လည်း ရောက်ချင်ရောက်တယ်။ ရွှေကျင်းလည်း ရောက်ချင် ရောက်တယ်။ သူတို့ သွားချင်တဲ့နေရာ သွားကြတာပေါ့နော်။ အခုကတော့ အဲလို သွားခွင့် မပြုတော့ဘူး ဆိုတဲ့ အနေအထားမျိုးပေါ့'' ဟု သူက ပြောသည်။

သို့သော်လည်း မျက်မြင်ကုန်သည်များ ပြောဆိုချက်အရ လက်ရှိတွင် တရုတ် ကျောက်စိမ်း ကုန်သည်များမှာမူ မြန်မာနိုင်ငံသို့ ဝင်ထွက် သွားလာမှုများ ဆက်ရှိနေကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ အခြားသော အကြောင်းအရာများဖြင့် ဝင်ရောက်လိုပါက သက်ဆိုင်ရာ ကုမ္ပဏီများ၊ ဌာနများ၏ ဖိတ်ခေါ်စာများ လိုအပ်မည်ဖြစ်သည်။

''မြန်မာနိုင်ငံလာပြီးတော့ သတ္ထုတူးဖော်ဖို့ သွားကြည့်တာတို့၊ လေ့လာစုံစမ်းဖို့ သွားတာတို့၊ ကုမ္ပဏီက မြေကွက် သွားကြည့်တာတို့၊ စီးပွားရေး ဆွေးနွေးပွဲ အဲလို ခေါင်းစဉ်တပ်ထားပြီး မြန်မာနိုင်ငံက သက်ဆိုင်တဲ့ ဋ္ဌာနတခုခုက ဖိတ်ခေါ်ရင်တော့ တယောက်ဖြစ်ဖြစ်၊ အုပ်စုလိုက် ဖြစ်ဖြစ် ရတယ်ဗျ။ အဲဒါမျိုးက သံရုံးကို ဗီဇာ လျှောက်ပြီးတော့မှ ရတယ်။ နယ်စပ် အလည်အပတ် ခရီး ကျတော့ အဲဒါတွေ မလိုတော့ဘူး။ ဟိုဘက်ဒီဘက် Tourism တွေ ပေါင်းပြီး ကြည့်လုပ်ကြတာပါပဲ'' ဟု သူက ဆက်ပြောသည်။

ထို့အပြင် ယခုလဆန်းပိုင်းမှ စတင်၍ နယ်စပ်လမ်းများမှ တရားမဝင် တရုတ်ကုန် တင်သွင်းခြင်းကို ပိတ်ပင် ထားကြောင်း သိရသည်။

Ref: မဇ္ဈိမ

Read More...

Wednesday, July 29, 2009

ဒေါ်အောင်ဆန်းစုကြည် ထွက်ပြေးရန် ကြိုးစားခဲ့ဟု သတင်းစာတွင် ရေးသား

ဇာနည်ဝင်း
Wednesday, 29 July 2009 19:54

ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ် အကျယ်ချုပ် ကျခံရစဉ် ရုပ်ဖျက်ပြီး ထွက်ပြေးရန် ကြိုးစားခဲ့ဖွယ် ရှိသည်ဟု ယနေ့ထုတ် စစ်အစိုးရ သတင်းစာ များတွင် ရေးသားထားသည်။

“ဥပဒေကို ချိုးဖောက်လျှင်ဖြင့်” အမည်ရှိ ဆောင်းပါးတွင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ ဂျွန်ဝီလျံ ယက်ထော ယူဆောင် သွားသည့် ဝတ်ရုံနှစ်ခုကို ဥပမာပေးပြီး ထောက်ပြထားသည်။

“ခေါင်းမြီးခြုံ ကုလားမ ဝတ်စုံ နှစ်စုံနှင့် ပစ္စည်းအချို့၏ ရည်ရွယ်ချက် အမှန်ကိုသာ တွင်းတူး ဖော်ထုတ်မည် ဆိုလျှင် ဟောလီးဝုဒ် ရုပ်ရှင် ဇာတ်လမ်းကောင်း တစ်ပုဒ် ဖြစ်လာပေလိမ့်မည်။ လျှို့ဝှက်သည်းဖို၊ ရုပ်ဖျက် ထွက်ပြေး လွတ်မြောက်သည့် ဇာတ်လမ်း တစ်ပုဒ် ကြည့်ရဖွယ် ရှိသည်” ဟု ဆောင်းပါးတွင် ရေးသားထားသည်။

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့် ဥပဒေပုဒ်မ ၂၂ အရ တရားစွဲဆိုထားရာ “တားဆီးမိန့်ကို ဆန့်ကျင်လျှင် သော်လည်းကောင်း၊ ဖောက်ဖျက်လျှင် သော်လည်းကောင်း၊ မလိုက်နာလျှင် သော်လည်းကောင်း ပြစ်ဒဏ် စီရင်ခြင်း ခံရစေမည့် ပြဌာန်းချက် ဖြစ်ကြောင်း” ယနေ့ထုတ် သတင်းစာများတွင် ပါရှိသော တရားစီရင်မှု သတင်းတွင် ဖော်ပြထားသည်။

ထိုပုဒ်မသည် ငွေဒဏ် ကျပ် ၅ဝဝဝ သို့မဟုတ် ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ် ချမှတ် နိုင်သည့် ပုဒ်မ ဖြစ်သည်။

စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလိမ့်မည်ဟု မည်သူကမျှ ယူဆ မထားကြပေ။

“မှန်းဆတာကတော့ ထောင်သုံးနှစ် ချမယ်၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး ဖြစ်တဲ့ အတွက် ညှာတာတဲ့ အနေနဲ့ ဆိုပြီး မင်္ဂလာ ယူမယ် ပေါ့ဗျာ၊ ချပြီးရင် သူ့ရဲ့ ဒုက္ခ တစုံတရာ သက်သာအောင် ဆိုတဲ့ အကြောင်းပြချက်နဲ့ နေအိမ် အကျယ်ချုပ်ပဲ ပြန်ထားမယ်လို့ ထင်တယ်” ဟု လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ တွဲဖက် အထွေထွေ အတွင်းရေးမှူး ကိုငွေလင်းက ပြောသည်။

တရားရုံး၏ ဆုံးဖြတ်ချက်မှာ ထောင်ဒဏ် ၃ နှစ် ဖြစ်ဖွယ်ရှိသည်ဟု နိုင်ငံရေး အကျဉ်းသားများ အရေး ဆောင်ရွက်နေသူ တဦးကလည်း ခန့်မှန်းသည်။

“ငွေဒဏ်တော့ ဖြစ်မှာ မဟုတ်ဘူး၊ သေချာတာကတော့ ထောင်ချမယ်။ ၃ နှစ်လောက် ဖြစ်နိုင်တယ်။ ရွေးကောက်ပွဲ မှာတော့ သူ့ကို မရှိစေချင်တာ အမှန်ပဲ။ ထောင်ချပြီးရင် ဗိုလ်ချုပ်ခင်ညွန့်ကို လုပ်သလို ဆိုင်းငံ့ထောင်ဒဏ် ဆိုတဲ့ ပုံစံမျိုး ချနိုင်တယ်။ အပြင်ထွက်လို့ မရဘူး၊ အိမ်ထဲမှာပဲ နေ ဆိုပြီး လုပ်နိုင်တယ်” ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း အတွင်းရေးမှူး ကိုတိတ်နိုင်က ဧရာဝတီကို ပြောသည်။

တရားခွင်သို့ သွားရောက်ခွင့်ရခဲ့သူ သံတမန်များအနက်မှ တဦးဖြစ်သူ မြန်မာနိုင်ငံ ဆိုင်ရာ ဗြိတိသျှ သံအမတ်ကြီး မာ့က် ကန်းနင်း (Mark Canning) က ဒေါ်အောင်ဆန်း စုကြည်ကို စစ်အစိုးရက ထောင်ချလိမ့်မည်ဟု ယူဆကြောင်း ပြောဆိုခဲ့ဖူးသည်။

“ရလဒ်မကောင်းနိုင် တာကို ဝမ်းနည်းစွာနဲ့ ကြိုပြောလို့ ရနိုင်ပါတယ်” ဟု သံအမတ်ကြီးက ပြောခဲ့သည်။

၁၉၈၈ ခုနှစ် အာဏာသိမ်းပြီးချိန်မှစ၍ စစ်အစိုးရသည် နိုင်ငံရေး လှုပ်ရှားမှုများတွင် ပါဝင်သူများကို ပုဒ်မ အမျိုးမျိုးတပ်ပြီး ထောင်ဒဏ် အသီးသီး ချမှတ်ခဲ့သည်။ ယခုအချိန်တွင် အကျဉ်းထောင် အသီးသီးတွင် နိုင်ငံရေး အကျဉ်းသား ၂ဝဝဝ ကျော် ရှိနေသည်ဟု သိရသည်။

ထိုအကျဉ်းသားများထဲတွင် ဒေါ်အောင်ဆန်းစုကြည်လည်း တဦး အပါအ၀င် ဖြစ်သည်။ ယခုအခါ အင်းစိန်ထောင် အတွင်း ရုံးဖွင့် ထားသည့် “ရန်ကုန် မြောက်ပိုင်းခရိုင် တရားရုံး” တွင် အမှု ရင်ဆိုင်နေရသည်။

ထိုတရားရုံးမှာ ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက မင်းကိုနိုင်၊ ကိုကိုကြီး စသည့် ထင်ရှားသည့် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ၁၄ ဦးကို ထောင်ဒဏ် ၆၅ နှစ်စီ ချမှတ်ခဲ့သည့် တရားရုံးမှာလည်း ဖြစ်သည်။

ဤ ထောင်တွင်း တရားရုံးသို့ ရောက်သွားသည့် မည်သည့် နိုင်ငံရေးသမားကို မဆို အမှုမှ လွတ်မြောက်သွားခြင်း မရှိဘဲ ကြီးလေးသည့် ထောင်ဒဏ် များကိုသာ ရရှိသွားကြောင်း ရန်ကုန်မှ ရှေ့နေများက ပြောသည်။

ဤအမှုမှာ လွန်ခဲ့သည့် ၂ လကျော်က ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ လျှို့ဝှက် ဝင်ရောက်သွားသည့် အမေရိကန် နိုင်ငံသား မစ္စတာ ဂျွန်ဝီလျံ ယက်ထောကို ဖမ်းဆီး မိခဲ့ပြီးနောက် ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ အိမ်တွင် နေထိုင်သည့် ဒေါ်ခင်ခင်ဝင်း၊ မဝင်းမမ တို့သည်လည်း ယခုအခါ အင်းစိန် အကျဉ်းထောင်တွင် ရောက်ရှိနေသည်။ ဒေါ်အောင်ဆန်းစုကြည် ကဲ့သို့ ၎င်းတို့ ၂ ဦး နှင့် မစ္စတာ ယက်ထောတို့သည် နေအိမ် အကျယ်ချုပ် ဖောက်ဖျက်မှုဖြင့် လာမည့် သောကြာနေ့တွင် စီရင်ချက် ချခံရမည် ဖြစ်သည်။

မစ္စတာ ယက်ထော ရောက်ရှိလာခြင်းနှင့် ပတ်သက်ပြီး သတင်းပို့ရန် ပျက်ကွက်သည်ဟု အာဏာပိုင်တို့က ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန် ပြောဆိုခဲ့သည်။

“လုံခြုံရေး တာဝန်ကျများကို အသိ မပေးဘဲ လျှို့ဝှက် လက်ခံ ထားခြင်းမှာ - - ဥပဒေနှင့် မငြိပေဘူးလား” ဟု အာဏာပိုင်တို့ ချုပ်ကိုင် ထားသည့် သတင်းစာများတွင်လည်း ယနေ့ ရေးသားထားသည်။

“ဥပဒေ ချိုးဖောက်မိလျှင် တရားဆိုင်၊ တရားရုံး အဆုံးအဖြတ် နာခံကြရုံသာ ရှိသည်။ ဤသို့မှလည်း နိုင်ငံတွင် ဥပဒေ စိုးမိုးကာ ရပ်ရွာ အေးချမ်း သာယာပေမည်” ဟု ယနေ့ထုတ် သတင်းစာ ဆောင်းပါးတွင် ရေးထားသည်။

Ref: ဧရာဝတီ

Read More...

စစ်အစိုးရ ဖိအားကြောင့် လားဟူပြည်သူ့စစ် အဖွဲ့ တော ပြန်ခိုမည့် အလားအလာများ

အင်္ဂါနေ့၊ 28 ဇူလိုင်လ 2009

စစ်အစိုးရ၏ သွေးခွဲအုပ်ချုပ်၊ ဖဲ့ထုတ်စည်းရုံးမှုအပေါ် အနာဂတ်အမျိုးသားရေး အတွက် ဆက်လက် ရပ်တည်နိုင်ရန် ၀န်လေးမိကြောင်း၊ ထို့ကြောင့် လားဟူ လက်နက်ကိုင် တပ်ဖွဲ့များ အချို့ တောခို လာနိုင်ကြောင်း လားဟူ အသိုင်းအ၀ိုင်းက ဆိုသည်။

၂၀၁၀ ရွေးကောက်ပွဲအကြိုကာလ မိုင်းဆတ်မြို့နယ်အတွင်း စည်းရုံးရေး ဆင်းသည့် စစ်အစိုးရ တပ်မှူးတဦးက - “ပြည်ထောင်စု အပေါ် သစ္စာမဖေါက်တာ လားဟူတို့ဘဲ ရှိတယ်၊ နိုင်ငံတော် အကြီးအကဲ လမ်းညွှန်တဲ့အတိုင်း အားသွန်ခွန်စိုက် ဆက်လက် ကြိုးပမ်း သွားမယ်ဆိုရင် ၂၀၁၀ ရွေးကောက်ပွဲပြီးရင် ထိုက်တန်တဲ့ ရာထူးရာခံတွေ ချီးမြှင့်ပေးမယ်” - ဟု ပြောဆို စည်းရုံးချက် အပေါ် အနာဂတ်အတွက် စိတ်ပူမိသည်ဟု လားဟူ ဒီမိုကရက်တစ် အစည်းအရုံး LDU အဖွဲ့ ခေါင်းဆောင်ပိုင်း များ၏ ပြော ကြားချက်အရ သိရပါသည်။

“နိုင်ငံတော်အကြီးအကဲလမ်းညွှန်ချက်အတိုင်း ဆက်လက်ကြိုးပမ်းသွားမယ် ဆိုရင် - ဆိုတဲ့ အဓိပ္ပါယ်က ၂၀၁၀ မတိုင်ခင် စစ်အစိုးရကို ဆန့်ကျင်တဲ့ အပစ်ရပ် အဖွဲ့တွေ၊ တော်လှန် တိုက်ခိုက်နေဆဲ ဖြစ်တဲ့ သျှမ်းပြည် တပ်မတော်တို့တွေကို တိုက်ခိုက် နှိမ်နင်းဖို့အတွက် သူ့တို့ ရှေ့ပြေးတပ် အဖြစ် လားဟူ ပြည်သူ့စစ်ကို မုချ အသုံးချမှာဘဲ ၊ KNU ကိုတိုက်ဖို့ DKBA ကို အသုံးချ သလိုပေါ့”- ဟု LDU Lahu Democratic Union က နာဗီးဘို က ဆိုသည်။

လားဟူအမျိုးသားလက်နက်ကိုင်အဖွဲ့သည် လွတ်လပ်ရေးရပြီး ချိန်မှ ယနေ့တိုင် သူတပါး အကျိုးအတွက်တာ တိုက်ပွဲ ဆင်နွဲ လာခဲ့ရပြီး အသက်ပေါင်းများစွာ သေကျေ ဆုံးရှုံးရကြောင်း၊ အနာဂတ်မှာ သူတပါးအတွက် အသက်ပေးဆပ်ရမည့် စစ်ပွဲမျိုး မဆင်နွှဲ လိုတော့ဘဲ မိမိ အမျိုးသား ဘိုးဘွားဘီဘင် ပေးအပ်ခဲ့သည့် ရေမြေဒေသကို ကာကွယ်မည့် စစ်ပွဲမျိုးသာ ဆင်နွှဲ လိုကြောင်း LDU အဖွဲ့ဝင် စောလမွန်က ပြောပါသည်။

“ကိုမင်တန်ခေတ်ကလဲ ကွန်မြူနစ်ကိုတိုက်ရတယ်။ နောက်ပိုင်း ဗမာတပ်ဘက် နေပြီး ဗမာပြည် ကွန်မြူနစ်ပါတီကို ထပ်တိုက် ပေးရတယ်။ အခုခေတ်မှာလည်း စစ်အစိုးရ ဘက်နေပြီး မိမိနဲ့အတူ အေးအတူ ပူအမျှ နေထိုင်လာတဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကို ထပ်တိုက်ပေးရမယ် ဆိုတော့ မဟုတ်တော့ဘူး။ အမျိုးအတွက် တကယ်တိုက်ပွဲ ၀င်ရမယ့် အချိန်ရောက် ပြီ”- ဟု ပြောပြ၏။

သျှမ်းပြည် သံလွင်အရှေ့ခြမ်းတွင် လားဟူတိုင်းရင်းသား အများအပြား နေထိုင်ကြောင်း၊ ၀ နယ် ၀ိန်းကောဝ် နှင့် မိုင်းပေါက် ခရိုင် အတွင်းတွင်လည်း အများအပြား ရှိကြောင်း၊ လားဟူပြည်သူ့စစ် အဖွဲ့များသည် ကရင်အမျိုးသား အစည်းအရုံး KNU ကို တိုက်နေသည့် DKBA ကဲ့သို့ သမရိုးကျ စစ်မျိုး တိုက်နိုင်သည့် အစဉ်အလာ မရှိကြောင်း၊ လားဟူတပ်သည် ပြောက်ကျား စစ်ဖြင့် ၎င်းတို့ နယ်ထဲ ကျွံလာသည့် ရန်သူကိုသာ ခုခံ တိုက်ခိုက်သည့် အစဉ်အလာသာ ရှိကြောင်းဆိုပါသည်။

“အခြားတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကို တိုက်ဖို့ စစ်အစိုးရက လားဟူ တပ်ကို အသုံးချမယ် ဆိုရင်၊ ဆန့်ကျင် တိုက်ခိုက်နေတဲ့ အုပ်စုနဲ့ ပူးပေါင်းမယ့် အပိုင်းတွေ တော်တော်များများ တွေ့ရတယ်” - ဟု စောလမွန်က သျှမ်းသံတော်ဆင့်သို့ ဆက်ပြော၏။

အခြားသျှမ်းပြည်ဘွား တိုင်းရင်းသား ညီအစ်ကို လက်နက်ကိုင် တပ်ဖွဲ့အား -“ လားဟူ လက်နက်ကိုင် တပ်ဖွဲ့တွေကို ဗမာစစ် အစိုးရရဲ့ လက်ကိုင်ဒုတ် အဖြစ် မမြင်သင့်ကြောင်း၊ တကယ်လို့ သူတို့ ထိန်းချုပ်နယ်မှ တောခိုလာပါက လက်ကမ်းကြိုဆို အားပေးပါရန် မေတ္တာရပ်ခံ လိုပါတယ်”- ဟု အဆိုပါ ပုဂ္ဂိုလ်က ဆက်ပြောပါသည်။

လားဟူအမျိုးသားတို့သည် ၁၉၇၃ ဇန္န၀ါရီလ ၁၀ ရက်တွင် ပူကျောင်းလုံ ဦးဆောင်ကာ သံလွင် အရှေ့ခြမ်း မိုင်းဆတ်မြို့ကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး၊ ၁၁/၁/၁၉၇၃ ရက်နေ့တွင် မိုင်းတုံမြို့ကို ဆက်လက် သိမ်းပိုက်ကာ တော်လှန်ရေးခရီး စတင်ခဲ့သည်။ ထိုစဉ်က မိုင်းဆတ်တွင် ခလရ ၄၉ နှင့် မိုင်းတုံ တွင် ခလရ ၆၅ သာရှိပြီး ထိုနောက်ပိုင်း စစ်အစိုးရ တပ်ရင်းများ တိုးချဲ့လာရာ ယနေ့ဆိုလျှင် ထိုနှစ်မြို့နယ် အတွင်း တပ်ရင်းပေါင်း ၁၀ ရင်းရှိကြောင်း၊ အမြောက်တပ် သံချပ်ကာတပ် နှင့် အခြား တပ်ရင်းများ မပါသေးကြောင်း ဆို၏။

စစ်အစိုးရ၏ နားဂစ်ဖွဲ့စည်းပုံတွင် သျှမ်းပြည်ရှိ ကိုးကန့်၊ ၀၊ ဓနု နှင့် ပအိုဝ်း တိုင်းရင်းသားများ အတွက် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရ ဒေသ/တိုင်း ပေးထားသော်လည်း သံလွင် အရှေ့ခြမ်းတွင် လူဦးရေ သိန်းချီရှိသည့် လားဟူ အမျိုးသားများ အတွက်မူ ထည့်သွင်း ဖေါ်ပြထားခြင်း မရှိပေ။

သံလွင်အရှေ့ခြမ်းတွင် လားဟူအဖွဲ့ တဖွဲ့လျှင် အင်အား ၁၀ ယောက်ကျော်မှ ၂၀၀ ကျော် ၃၀၀ ၀န်းကျင် ရှိသည့် အဖွဲ့ကြီး/ ငယ်ပေါင်း ၂၀ ဖွဲ့ခန့် ရှိကြောင်း၊ အင်အားစု အားလုံးပေါင်းလျှင် ၁၀၀၀ ခန့် ရှိနိုင်ကြောင်း၊ စစ်အစိုးရ အထောက်အပံ့ဖြင့် လွတ်လပ်သည့် ထိန်းချုပ် နယ်မြေနှင့် ကိုယ်ပိုင် မူးယစ်ဆေးဝါး ချက်ရုံရှိသည့် အဓိက အင်အားကြီးတပ်ဖွဲ့ ၃ ဖွဲ့(ဂျငွဲ့ ဦးဆောင်သည့် ပူနားကိုအဖွဲ့၊ ဂျတယ်အဖွဲ့ နှင့် နမ့်ပုံအဖွဲ့)တို့ ပါဝင်ကြောင်း ဆိုပါသည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

တပ်သားသစ်ကို ဆန်နှင့် ဖလှယ်ပြီး စုဆောင်း

7/29/2009

ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် ရှေ့တန်း စစ်စခန်းများမှ တပ်သားသစ်များကို စုဆောင်းရာတွင် ဆန်နှင့် ဖလှယ်ပြီး စုဆောင်းနေသည်ဟု သတင်းရရှိသည်။

အိန္ဒိယ- မြန်မာ နယ်စပ်ရှိ ပလက်ဝမြို့နယ်တွင် အစားအစာ ရှားပါးမူနှင့် ရင်ဆိုင်နေရသဖြင့် နအဖ စစ်တပ် အရာရှိများမှ အဆိုပါ အခွင့်အရေးကို ယူပြီး စစ်တပ်ထဲသို့ ၀င်သူများကို ဆန်ထုတ်ပေးမည်ဟု ဆိုကာ ဆန်နှင့် ဖလှယ် စုဆောင်းနေခြင်း ဖြစ်သည်။

သို့အတွက် ပလက်ဝမြို့နယ် ပြင်တိုင်းကျေးရွာမှ လူငယ် (၃) ဦးမှာ မိသားစု အတွက် ဆန်ရမည် ဆိုသဖြင့် လွန်ခဲ့သော အပတ်က စစ်တပ်ထဲသို့ ၀င်ရောက်သွားသည်ဟု ဒေသခံ တဦးက ပြောသည်။

ဝင်ရောက်သွားသော လူငယ် (၃) ဦးမှာ ဦးကိုးရစ် (ကွယ်လွန်) ၏သား ပြိုအောင် (အသက် ၂၁ နှစ်)၊ ဦးအိုလံ (ကွယ်လွန်) ၏သား ထွန်းလင်း (၁၉ နှစ်) နှင့် ဦးကြီးဒေါင်၏သား ရာမူ ( ၂၀) တို့ ဖြစ်သည်။

အဆိုပါ လူငယ်များမှာ အဖမရှိသူ ခမီး လူငယ်များ ဖြစ်ပြီး ခလရ ၃၄ ထဲသို့ ၀င်ရောက်သွားခြင်း ဖြစ်သည်။

သူတို့ စစ်တပ်ထဲသို့ ၀င်ရောက်သွားသဖြင့် တဦးစီကို ကျပ်ငွေ တသိန်းနှင့် ရွာတွင် ကျန်ခဲ့သော မိသားစုများအတွက် ဆန်၊ ဆီ၊ ဆားနှင့် ငါးပိမှ အစ စစ်တပ်က ထောက်ပံ့ပေးခဲ့သည်ဟု သိရသည်။

ထိုကဲ့သို့ ထောက်ပံ့ပေးခြင်းမှာ ဒေသအတွင်းရှိ တောင်ပေါ်သား လူငယ်များအား စစ်တပ်ထဲဝင်ရန် မက်လုံးပေးသည့် အနေဖြင့် ပေးကမ်းခြင်း ဖြစ်သည်ဟု သတင်းများက ဖေါ်ပြသည်။ သို့သော်လည်း အများစု လူငယ်များမှာ စစ်တပ်ထဲသို့ ၀င်ရောက်ရန် ကမ်းလှမ်းမူကို လက်မခံဘဲ ရှိနေကြသည် သိရသည်။

ယခုအခါ နအဖ စစ်တပ်အတွင်း တပ်သားသစ် ၀င်ရောက်မူနုန်း အလွန်ကျဆင်းနေရာ ပလက်ဝ မြို့နယ်မှ အသက် ၁၇ နှစ်နှင့် ၂၅ နှစ်အကြား တောင်ပေါ်သား ခမီး၊ ချင်းနှင့် မြို လူငယ်များကို စာမတတ်သော်လည်း တပ်ထဲသို့ ၀င်ရောက်ရန် အတင်းစည်းရုံး သိမ်းသွင်း နေသည် ဟု သတင်းရရှိသည်။

Ref: နိရဉ္စရာ

Read More...

ဗိုလ်ချုပ်မှူးကြီး၏သားက လုပ်ငန်းကြီးတခုကို သိမ်းပိုက်

ရန်ပိုင်
Tuesday, 28 July 2009

ရန်ကုန်မြို့ ဗားကရာ ဆိပ်ကမ်းရှိ သစ်အတင်အချ လုပ်ကိုင်နေသော ပုဂ္ဂလိက လုပ်ငန်း တခုကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏သား ဦးကြိုင်ဆန်းရွှေက လုယူခဲ့ကြောင်း သိရသည်။

ထိုလုပ်ငန်းသည် နိုင်ငံခြားတင်ပို့မည့် သစ်လုံးများကို ဝန်ချီစက်ကြီးများဖြင့် အတင် အချ ပြုလုပ်ပေး နေသော လုပ်ငန်း ဖြစ်ကြောင်း၊ သောကြာနေ့ (ဇူလိုင်လ ၂၄ ၇က်နေ့)က လုပ်ငန်း ပိုင်ရှင်များ ဖြစ်သည့် ဦးရဲထွန်းနိုင်နှင့် အခြား အစု ရှယ်ယာဝင် ၄ ဦးတို့သည် ထိုလုပ်ငန်းမှ အပြီးတိုင် နှုတ်ထွက်ပေးခဲ့ရကြောင်း သိရသည်။

အဆိုပါ ကုမ္ပဏီမှာ အမည် ပေးထားခြင်း မရှိပေ။

“ဗားကရာမှာ သစ်လုံးသယ်တဲ့ ကရိန်းတွေ ရှိတယ်၊ မြန်မာပြည်မှ သုံးခုပဲ ရှိတယ် အကြီးဆုံးတွေပေါ့၊ ရင်းနှီး မြှုပ်နှံမှုလည်း များတယ်၊ တလကို အမြတ်ငွေ သိန်း၂ဝဝ (ဒေါ်လာ ၁၉ဝဝဝ ကျော်) လောက် ဝင်တယ်၊ လုပ်ငန်းက ခိုင်တော့ ဦးကြိုင်ဆန်းရွှေက မျက်စိကျတာ” ဟု အဆိုပါ လုပ်ငန်းအုပ်စု နင့် နီးစပ်သူ တဦးက ပြောကြားသည်။

ယင်းလုပ်ငန်း၏ အကျိုးအမြတ်ကို မျက်စိကျနေသော ဦးကြိုင်ဆန်းရွှေက အလှည့်ကျ လုပ်ကိုင်ရန် လွန်ခဲ့သော တလခန့်က စတင် ကမ်းလှမ်းခဲ့ကြောင်း၊ ဦးရဲထွန်းနိုင် တို့က လက်မခံသောကြောင့် လုပ်ငန်း တခုလုံးကို လုယူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဗားကရာ ဆိပ်ကမ်းရှိ ၎င်းတို့၏ ရုံးသို့ ဧရာဝတီက ဆက်သွယ် မေးမြန်းခဲ့သော်လည်း ပြန်လည် ဖြေကြားခဲ့ခြင်း မရရှိပေ။

အဆိုပါလုပ်ငန်းသည် အငြိမ်းစား စစ်အရာရှိများ စုပေါင်း၍ လုပ်ကိုင်ထားသည့် လုပ်ငန်း ဖြစ်သည်။ ဦးရဲထွန်းနိုင်သည် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ဌာနသို့ ပြောင်းရွှေ့ခဲ့သည့် အငြိမ်းစား ဗိုလ်ကြီး တဦး ဖြစ်သည်။

ယခုအခါ လုပ်ငန်းရှင် ဦးရဲထွန်းနိုင် အပါအဝင် အစုရှယ်ယာဝင် ငါးဦးသည် ၎င်းတို့ပိုင် လုပ်ငန်းသုံး ပစ္စည်းများကို ထုခွဲ ရောင်းချရန် စီစဉ် နေပြီး အလုပ်သမား ၅ဝ ခန့် ကိုလည်း လျော်ကြေး အဖြစ် မြန်မာငွေ ကျပ်၂သောင်းခွဲစီ ပေးလျော်ခဲ့ရကြောင်း အဆိုပါ လုပ်ငန်းအုပ်စု နှင့် နီးစပ်သူများက ဧရာဝတီကို ပြောပြသည်။

ဦးကြိုင်ဆန်းရွှေသည် စစ်အစိုးရ ချုပ်ကိုင်ထားသော စီးပွားရေးလောကမှ ဦးတေဇ၊ ဦးဇော်ဇော်၊ ဗိုလ်ချုပ်ကြီး ရွှေမန်း၏ သား ဦးအောင်သက်မန်း တို့ကဲသို့ နာမည်ကြီး စီးပွားရေး သမား မဟုတ်ပေ။ သို့သော်လည်း ကုမ္ပဏီများတွင် အစုရှယ်ယာ အဖြစ် ငွေကြေး ထည့်ဝင်ခြင်း မရှိဘဲ အကျိုး အမြတ် ရယူသူဟုလည်း ရန်ကုန်မှ စီးပွားရေး လုပ်ငန်းရှင် တချို့က ပြောသည်။

Ref: ဧရာဝတီ

Read More...

Tuesday, July 28, 2009

လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ဒေါ်အောင်ဆန်းစုကြည်ကို ဆုချီးမြှင့်

ကိုဝိုင်း
တနင်္လာနေ့၊ ဂျူလိုင်လ 27 ရက် 2009

မဇ္ဈိမ (ချင်းမိုင်)။ ။ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ - AI က အင်းစိန်ထောင် အတွင်း ထိန်းသိမ်း ခံနေရသော မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား အမှန်တရားနှင့် လွတ်လပ်စွာ ယုံကြည်ခွင့်ကို ကိုယ်စားပြုသူ တဦးအဖြစ် ယနေ့ ဂုဏ်ပြုဆု ပေးအပ်လိုက်သည်။

AI ၏ အမြင့်ဆုံးဆုတခုဖြစ်သော Ambassador of Conscience ဆုကို ၂၀၀၉ ခုအတွက် ပေးအပ်ခြင်းဖြစ်သည်။

AI အထွေထွေအတွင်းရေးမှူး Irene Khan က အကျဉ်းကျနေသည့် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတကာ အတွက် အားကျဖွယ်၊ အတုယူဖွယ် ခေါင်းဆောင်တဦး ဖြစ်ကြောင်း ပြောသည်။

“နှစ်ကာလတွေရှည်ကြာပြီး များသောအားဖြင့် အခက်အခဲ၊ အတားအဆီးများကို ရင်ဆိုင် နေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မျှော်လင့်ချက်များ၊ ယုံကြည်မှုနဲ့ လူ့အခွင့်အရေး ကာကွယ် မြှင့်တင်တဲ့နေရာမှာ မြန်မာနိုင်ငံသားတွေ အတွက် သာမက တကမ္ဘာလုံး အတွက် အတုယူစရာ သင်္ကေတ တခုဖြစ်ပါတယ်” ဟု သူက ပြောကြားကြောင်း အေအက်ပီ သတင်းတွင် ဖော်ပြထားသည်။

ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် နှစ် ၂၀ ခန့်အတွင်း ၁၄ နှစ်ကျော်မှာ ဖမ်းဆီး၊ ထိန်းသိမ်းခြင်း ခံရသူ ဖြစ်သည်။

သူမ လွတ်မြောက်ရေးအတွက် ဖျော်ဖြေရေး အစီအစဉ်များ လုပ်လေ့ရှိသည့် အိုင်ယာလန် တေးဂီတ အဖွဲ့ဖြစ်သော U2 တေးဂီတ အဖွဲ့က ယနေ့ည အိုင်ယာလန်နိုင်ငံ ဒဗ်လင်မြို့ရှိ Croke Park အားကစားရုံကြီးတွင် ကျင်းပမည့် ၎င်းတို့၏ တေးဂီတပွဲမှတဆင့် တရားဝင် ကြေညာပေးမည် ဖြစ်သည်။

U2 အဖွဲ့သည် ၂၀၀၅ ခုနှစ်အတွက် AI ကပေးသည့် Ambassador of Conscience ဆုရရှိထားသည့် အဖွဲ့လည်း ဖြစ်သည်။

ဆုကို ၂၀၀၃ ခုနှစ်တွင် စတင်ပေးအပ်လာခြင်းဖြစ်ပြီး၊ ယင်းနှစ်အတွက် ချက်သမ္မတနိုင်ငံ သမ္မတဟောင်း ဗားကလဗ် ဟာဗေးက ရရှိခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် စုစုပေါင်း ၇ ကြိမ် ပေးအပ်ခဲ့ပြီးဖြစ်သည်။ ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီး မေရီ ရောဘင်ဆန်နှင့် ဂွာတီမာလာနိုင်ငံ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူ Hilda Morales Trujillo တို့နှစ်ဦးကို ၂၀၀၄ ခုနှစ်အတွက် ပူးတွဲချီးမြှင့်ခဲ့သည်။

၂၀၀၆ ခုနှစ်အတွက် တောင်အာဖရိက လူဖြူလူမဲ တိုက်ဖျက်ရေး ခေါင်းဆောင် နယ်ဆန်မန်ဒဲလား၊ ၂၀၀၈ ခုနှစ်အတွက် ဂီတပညာရှင် Peter Gabriel ကို ပေးအပ်ခဲ့သည်။

Ref: မဇ္ဈိမ

Read More...

Monday, July 27, 2009

တြိဂံတိုင်းကိုယ်စားလှယ်များ မိုင်းလားအဖွဲ့ဌာနချုပ် သို့ လူသူ လက်နက် စာရင်းသွားကောက်

တနင်္လာနေ့၊ 27 ဇူလိုင်လ 2009

ကျိုင်းတုံ တြိဂံတိုင်းစစ်ဌာနချုပ်မှ ဒုတိုင်းမှူး နှင့်အဖွဲ့ အထူးဒေသ ၄ မိုင်းလား ဌာနချုပ်သို့ သွားပြီး လူသူလက်နက် အင်အား စာရင်းအားလုံး ပေးအပ်ရန် ပြောကြားခဲ့သည်ဟု တရုပ်နယ်စပ် သတင်းရပ်ကွက်က ဆိုသည်။

“ဒုတိုင်းမှူး ဗိုလ်မှူးချုပ်ဝေလင်း နဲ့ ဂျီဝမ်း ဒုဗိုလ်မှူးကြီး သန်းထွဋ်သိန်း တို့ အဖွဲ့လာတယ်။ မိုင်းလား အဖွဲ့ရဲ့ လူ/လက်နက် စာရင်း လာကောက်တယ် ပြောတယ်”- ဟု အမည် မဖေါ်လိုသည့် မြောက်ပိုင်း ၀ ဒေသ ကုန်သည် တဦးကဆို၏။

၂၁/၀၇/၂၀၀၉ ရက်နေ့ ဒုတိုင်းမှူးဗိုလ်ချုပ်ဝေလင်းနှင့် အဖွဲ့က မိုင်းလားအဖွဲ့ ခေါင်းဆောင် ပိုင်းများ အားလုံး နီးပါးနှင့် တွေ့ဆုံကြောင်း၊ လူသူလက်နက် အင်အား၊ ရာထူးမှ အနားယူမည့် အသက် ၅၀ ကျော် အရာရှိကြီးများ စာရင်း အားလုံးပေးအပ်ရန် တောင်းဆိုရာ မိုင်းလားအဖွဲ့ တာဝန်ရှိ ပုဂ္ဂိုလ်များက ပြည်သူလူထုနှင့် အောက်ခြေအဆင့် အရာရှိများ/ ခေါင်းဆောင်ပိုင်း များ၏ ဆန္ဒအရ စာရင်းများ ပေးအပ်ဖို့ မဖြစ်နိုင်သေးကြောင်း ပြန်လည် ပြောကြားခဲ့သည်ဟု ဆိုသည်။

“စာရင်းပေးအပ်ဖို့ မဖြစ်နိုင်သေးဘူးလို့ ခေါင်းခါ ငြင်းဆန် လိုက်ပေမဲ့ သူတို့လူ အားလုံးအတွက် လက်ဆောင်တွေတော့ စီစဉ် ပေးလိုက်တယ်။ အဲဒီ့နေ့ ညနေပိုင်းမှာဘဲ သူတို့ ကျိုင်းတုံကို ပြန်သွားတယ်”- ဟု အဆိုပါ ကုန်သည် က ပြောပါသည်။

ကျိုင်းတုံဒေသခံတဦးက-“မကြာသေးခင်က တြိဂံတိုင်းရုံးမှာ အစည်းအဝေး လုပ်သွားတယ်။ သူတို့ ဆုံးဖြတ်ချက်က မိုင်းလား အကြီးအကဲ တွေရဲ့ အိမ်နေရာ၊ ဌာနချုပ်နေရာ၊ လက်နက်ခဲယမ်း မီးကျောက် သိုလှောင်ရုံ အခြေစိုက် အခြေချ လှုပ်ရှား တပ်တွေရဲ့ တပ်စခန်း အားလုံးရဲ့ တည်နေရာ မြေပုံ အတိအကျ လုပ်ထားဖို့ တာဝန်ရှိသူတွေကို မှာကြားခဲ့သေးတယ်”- ဟု ဆို၏။

နှစ်ဘက်ဆက်ဆံရေးကောင်းမွန်စေရန်၊ အထင်အမြင် လွဲမှုများ မရှိစေရန် စစ်အစိုးရ တပ်ပြေးများအား စစ်ဆေးရန် အတွက်ဟု ဆိုကာ နယ်ခြားဂိတ် အ၀င်အထွက် အားလုံး၌ လူဝင်လူထွက် ဧည့်စာရင်းများ၊ ထောက်ခံစာများ၊ မှတ်ပုံတင်များ အထူးကြပ်မတ် စစ်ဆေးသည် ဟုလည်း ဆိုသည်။ စာရွက်စာတမ်း ထောက်ခံချက် အပြည့်အ၀ မရှိပါက အခက်အခဲများ ကြုံတွေ့ရကြောင်း ခရီးသွား တဦးကလည်း ဆိုသည်။

NDD ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး အင်အားစု၊ သုတေသနနှင့် မှတ်တမ်းတင် ဌာနမှ ထုတ်ဝေသည့် (၂၅၊ ၀၇၊ ၀၉ စာစောင်ပါ ) အပါတ်စဉ် ပြည်တွင်းသတင်း သုံးသပ်ချက် အရ မြန်မာ စစ်အစိုးရနှင့် အပစ် ရပ်ထားသည့် လက်နက်ကိုင် အဖွဲ့ ၁၇ ဖွဲ့ အနက် ၈ ဖွဲ့သည် စစ်အစိုးရ၏ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး အစီအစဉ်ကို လက်ခံရန် ခေါင်းခါ ငြင်းဆန်ခဲ့သည် ဟု ဆိုသည်။

မိုင်းလားအဖွဲ့သည်လည်း လက်မခံနိုင်ကြောင်း မေလနှောင်းပိုင်း၌ စစ်အစိုးရထံ တရားဝင် အကြောင်း ပြန်ခဲ့သည့် အဖွဲ့ ဖြစ်သည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

အပေါ်သို့