..............................

Friday, January 9, 2009

စစ်အစိုးရက နဖားကြိုးဆွဲခေါ်တိုင်း အန်န်အယ်လ်ဒီ မလိုက်နိုင်

09 January 2009

မြန်မာစစ်အစိုးရက ၂၀၁၀ ခုနှစ်မှာ ရွေးကောက်ပွဲပြုလုပ်ပေးမယ်ဆိုတဲ့အပေါ်မှာ ရွေးကောက်ပွဲဝင်ဖို့ စိုင်းပြင်း နေကြပြီး နိုင်ငံရေး ပါတီတွေလည်း တည်ထောင်ဖို့ ပြင်ဆင် နေကြပါတယ်။ ဒါပေမယ့် ပါတီ တည်ထောင်ခွင့်တို့၊ ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေတို့၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်းဆိုတာတွေ အခုအချိန်အထိ မြန်မာစစ်အစိုးရက ထုတ်ပြန်ခြင်း မရှိသေးပါဘူး။ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအတွင်းက အဓိက အတိုက်အခံပါတီကြီး တခုဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ အမြင်တွေကို ဗွီအိုအေ၀ိုင်းတော်သား ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းရာမှာ ပါတီခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဝင်းတင်က အခုလိုပြောပါတယ်။

“အခြေခံဥပဒေကို လက်မခံဘူးဆိုတာနဲ့ တပြိုင်တည်း ကျနော်တို့မှာ တခြားလည်းဘာမှ သိပ်ပြီးတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဘာမှစဉ်းစားစရာ မလိုသေးဘူးလို့ ကျနော် ယူဆတယ်။ ဒီအခြေခံဥပဒေ ဆိုတာက အတည်မဖြစ်သေးဘူး။ လွှတ်တော် ပေါ်ပေါက်လာတဲ့ အခါကြမှ အခြေခံဥပဒေက အတည်ဖြစ်မှာ။ အဲဒီ အတည်မဖြစ်ခင် အခြေခံဥပဒေကို ပြန်လည် သုံးသပ်ကြရအောင် ဆိုပြီး ကျနော်တို့က ကမ်းလှမ်းတယ်။ ဒီအခြေခံဥပဒေ ပြန်လည် သုံးသပ်ရေး ဆိုတဲ့ကိစ္စကို ဘာမှ တစုံတရာ အဖြေမပေးဘဲနဲ့၊ လက်ခံခြင်း မပြုဘဲနဲ့ ရွေးကောက်ပွဲ ဆိုတာကို ကျနော်တို့ကတော့ ဘာမှ စကားထဲကို ထည့်မပြောဘူး၊ အသိအမှတ်လည်း မပြုဘူး၊ စဉ်းလည်း မစဉ်းစားဘူး။ ဒါ ကျနော်တို့ရဲ့ လက်ရှိအခြေအနေပဲ။”

နိုင်ငံတကာကလည်း တောင်းဆိုနေပါတယ်။ လက်ရှိ ၂၀၁၀ ရွေးကောက်ပွဲကို လွတ်လပ်ပြီး မျှတအောင်ဆိုရင် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပါ၊ နိုင်ငံရေးအဖွဲ့အစည်း အားလုံးပါဝင်နိုင်တဲ့ အခင်းအကျင်းတခု ဖန်တီးပေးပါဆိုပြီး တောင်းနေပါတယ်။ ဒါပေမယ့် စစ်အစိုးရဘက်က ဘာကိုမှ ဂရုမစိုက်ဘဲ သူတို့လုပ်မယ့်ပုံစံကိုပဲ စိုက်လိုက်မတ်တပ် သွားမယ့်ပုံစံ မြင်နေရပါတယ်။ အကယ်၍ အဲဒီလိုပဲ သွားမယ်ဆိုရင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ လက်ရှိရပ်တည်ချက်နဲ့ ဆိုရင် ပါတီရပ်တည်ရေး အတွက် နောက်ပိုင်းမှာ တစုံတရာ ပြဿနာ ရှိမလာနိုင်ဘူးလား။

“ရှိနိုင်တာပေါ့ခင်ဗျာ။ ကျနော်တို့က နိုင်ငံရေးလုပ်တဲ့အခါကြတော့ တယူသန်ဖို့၊ ခေါင်းမာဖို့ဆိုတာ မဟုတ်ပါဘူး။ သို့သော် ကျနော်တို့ ဆုပ်ကိုင်ထားတဲ့ အခြေခံမူဝါဒတွေ၊ အခြေခံ သဘောတရားတွေကိုတော့ ကျနော်တို့က စွန့်လွှတ်ပြီး၊ ပစ်ပယ်ပြီး သူများ ခိုင်းတိုင်း၊ သူများခေါ်တိုင်း မသွားနိုင်ပါဘူး။ ထပ်ထပ်ပြီး အခြေအနေသစ်တွေ ပေါ်ပေါက်လာခြင်း မရှိဘဲနဲ့ ဆိုရင်တော့ ရှေ့ အလားအလာကလည်း အတော်တော့ မှုန်ဝါးနေတဲ့၊ မှေးမှိန်တဲ့ အနေအထားမှာ ရှိနေပါတယ်။ မှေးမှိန်မှာ ကြောက်တာ တခုတည်းနဲ့တော့ ကျနော်တို့တွေ အကုန်လုံးက သူတို့ ခြေသလုံးဖက်လို့တော့ မရတော့ဘူး။ ဒီလမ်းကို လျှောက်ဆိုပြီးတော့ ကျနော်တို့ကို နဖားကြိုးတပ် ဆွဲခေါ်တိုင်းလည်း ကျနော်တို့ မလိုက်နိုင်တော့ဘူး။ ဒါ ဦးကြည်မောင်စကားနဲ့ ပြောရရင်တော့ မောင်ခေါ်ရာ မယ် မလိုက်နိုင်ဘူးလို့ပဲ ပြောပြောပေါ့ဗျာ။ ဒါမှမဟုတ် ကျနော် စကားအသစ်နဲ့ ပြောရရင်တော့ ကျနော်တို့ နဖားကြိုး ဆွဲခေါ်တိုင်း မလိုက်နိုင်ဘူးလို့ပဲ ပြောရမှာပဲခင်ဗျ။”

Ref: VOA News

Read More...

ကေအန်ယူနှင့် ဒီကေဘီအေ ပြန်ပေါင်းထုတ်ဖို့ လမ်းမရှိ

NEJ/ ၈ ဇန်နဝါရီ ၂၀၀၉

မကြာခင်က နေပြည်တော်တွင် နအဖခေါင်းဆောင်များနှင့် ဒီကေဘီအေ ခေါင်းဆောင်များ၏ တွေ့ဆုံဆွေးနွေး သဘော တူညီချက်အရ ကရင် အမျိုးသား အစည်းအရုံး (ကေအန်ယူ) နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသားတပ်မတော် (ဒီကေဘီအေ) ပြန်လည် ပေါင်းစည်းရေးမှာ လုံးဝဖြစ်နိုင်စရာ အခြေနေမရှိတော့ဟု ဒီကေဘီအေမှ အရာရှိတဦးက ခေတ်ပြိုင်သို့ ပြောသည်။

ဒီကေဘီအေ (၉၉၉) အထူးတပ်ရင်းမှ အရာရှိတဦးက “ကေအန်ယူနဲ့ ဒီကေဘီအေ ပြန်လည် ရင်ကြားစေ့ရေး ကိစ္စကို ကရင်အမျိုးသား အများစုက လိုလားတာမှန်ပေမယ့် ဒီကိစ္စဖြစ်မြောက်အောင် ဘယ်သူမှ မဆောင်ရွက် နိုင်ခဲ့ဘူး။ ပြီးခဲ့တဲ့လက ဒီကေဘီအေက လူကြီးတွေနဲ့ အစိုးရလူကြီးတွေ နေပြည်တော်မှာ တွေ့ဆုံခဲ့ကြတယ်။ စရဖ ဗိုလ်ချုပ်ကြီး ရဲမြင့်လည်း ပါတယ်လို့ သိရတယ်။ သူတို့က ဒီကေဘီအေကို လက်နက်မဖြုတ်ဘူး။ ဒါပေမယ့် နအဖ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လာမယ့် ၂၀၁၀ ရွေးကောက်ပွဲပြီးရင် ဒီကေဘီအေအဖွဲ့ကို အသွင်ပြောင်းပြီး နယ်ခြားစောင့်တပ်ဖွဲ့အဖြစ်နဲ့ ရပ်တည်သွားရမှာဖြစ်တယ်။ အဲဒါကို ကျနော်တို့ လူကြီးတွေကလည်း သဘောတူ လိုက်ပြီဆိုတော့ ၂၀၁၀ ကျရင် ဒီကေဘီအေ ကနေ နယ်ခြားစောင့်တပ်ဖွဲ့ အနေနဲ့ အသွင်ပြောင်းမှာ ဖြစ်တယ်။ ဒါကြောင့် နောင်ဆိုရင် ဒီကေဘီအေဆိုတာ ရှိတော့မှာမဟုတ်ဘူး” ဟု ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ယခုလ (၄) ရက်နေ့ကလည်း ဒီကေဘီအေ (၉၉၉) တပ်ရင်း၌ ပြုလုပ်သည့် ကရင် အမျိုးသားများ ဆိုင်ရာ လူထုဟောပြောပွဲ တခုတွင် (၉၉၉) အခြေချ ဗျူဟာမှူး ဗိုလ်မှူးကြီး စောချစ်သူက သဘာပတိအဖြစ် ဆောင်ရွက်ပြီး အခမ်းအနား အပိတ် မိန့်ခွန်းတွင် အတည်ပြု ပြောကြားခဲ့သည်။

စောချစ်သူက “လာမယ့် ၂၀၁၀ ကျရင် ဖွဲ့စည်းပုံမူအရ ဒီကေဘီအေဟာ နယ်ခြားစောင့် တပ်ဖွဲ့အနေနဲ့ ဆက်လက် ရပ်တည်သွားရမှာ ဖြစ်တယ်။ အဲဒီအချိန်ကျရင် နိုင်ငံတော်အစိုးရနဲ့ တပ်မတော်ရဲ့ စည်းမျဉ်းစည်းကမ်း ဥပဒေအောက်မှာပဲ ရပ်တည်သွားမှာဖြစ်တယ်” ဟု ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဒီကေဘီအေတပ် အသွင်ပြောင်းမည့်ကိစ္စကို ဒီကေဘီအေတပ်ဖွဲ့များအတွင်း သဘောထားကွဲပြားမှုများ ရှိနေသော်လည်း ဗဟို၏ အမိန့်ဖြစ်သောကြောင့် လောလောဆယ် ဝေဖန်ထောက်ပြမှုများ မရှိသေးကြောင်း၊ အောက်ခြေတပ်ရင်း တပ်ဖွဲ့များ၏ သဘောထား အမှန်ကို မသိရှိနိုင်ကြောင်း တဖွဲ့လုံး အသွင်ပြောင်းမည့် ကိစ္စမှာ ဖြစ်နိုင်ခြေနည်းပြီး အချို့တောပြန်ခိုမည့် သူများပင် ရှိသည်ဟု သိရှိရကြောင်း ဘားအံမြို့နယ်မှ ဒီကေဘီအေ ကိုးကွယ်သည့် ကရင် ဘုန်းတော်ကြီးတပါးက မိန့်ကြားခဲ့သည်။

ဒီကေဘီအေနှင့် စီးပွားရေး ပူးတွဲလုပ်ကိုင်သည့် မြန်မာကုန်သည် တဦးဖြစ်သူ ကိုဆန်းမောင်က “ဒီကိစ္စ ကျနော်ရဲရဲကြီး ပြောရဲတယ်။ ဒီကေဘီအေတွေ ကေအန်ယူနဲ့ ပြန်ပြီးပေါင်းဖို့ဆိုတာ အခြေအနေအရ လုံးဝမဖြစ်နိုင်တော့ဘူး။ လက်ရှိ ကေအန်ယူ တဖွဲ့လုံး နယ်စပ်တကြောမှာ ခက်ခက်ခဲခဲ လှုပ်ရှားနေရတယ်။ ယိုးဒယားရဲ့ ဖိအားပေးမှုကလည်း ပိန်လိုက်ဖောင်းလိုက်နဲ့ အမျိုးမျိုး အခက်ခဲတွေကို ရင်ဆိုင်နေရတယ်။ အရင်လို ခေတ်မကောင်းတော့ဘူး။ ဒီကေဘီအေက အရာရှိတွေအားလုံး သူဌေးဖြစ်ကုန်ပြီ။ ဗဟိုအဆင့် ဆိုရင် အနည်းဆုံး သိန်းထောင်နဲ့ချီပြီး ချမ်းသာနေပြီ။ မြို့ပေါ်မှာ တိုက်နဲ့တာနဲ့ ကားနဲ့ ကောင်းကောင်းနေ၊ ကောင်းကောင်းစား မြဝတီ၊ ကော့ကရိတ်၊ ဘားအံ၊ မော်လမြိုင်၊ ရန်ကုန်အထိ အိမ်တွေ ဝယ်ထားကြတာရှိတယ်။ သားသမီးတွေကို နိုင်ငံခြားမှာ ကျောင်းထားတာ တပုံကြီးပဲ။ ဘန်ကောက်၊ အေပက်တက္ကသိုလ်မှာဆိုရင် တပုံ ကြီးပဲ။ စီးပွားရေးခွင်ကလည်း သစ်လုပ်မလား၊ ကုန်သွယ်ရေးလုပ်မလား၊ အခြား ပြောလို့မကောင်းတဲ့ စီးပွားရေး လုပ်ငန်းတွေလည်း အများကြီးရှိတယ်။ ဒီလောက် ကောင်းတဲ့ အခြေနေကို ဘယ်သူက ငတ်ငတ်ပြတ်ပြတ်နဲ့ နေရမယ့် တောထဲပြန်လာမှာလဲ။ စဉ်းစားကြည့်ပေါ့၊ ဒီအချိန်မှာ အစိုးရက လက်နက်အပ် ဆိုရင်လည်း အပ်မှာပဲ။ အသွင် ပြောင်းရုံမကလို့ ဘာပဲ ခိုင်းခိုင်း ခင်ဗျားဖြစ်ဖြစ်၊ ကျနော်ဖြစ်ဖြစ် ဘယ်ကောင်မှ ငတုံး မဟုတ်ဘူး” ဟု ခေတ်ပြိုင်သို့ ပြောသည်။

ကရင်ပြည်နယ်၊ မွန်ပြည်နယ်တွင် ဒီကေဘီအေနှင့်ပတ်သက်၍ သိထားသည်မှာ သစ်လုပ်ငန်းနှင့် ကုန်သွယ်ရေး လုပ်ငန်းများအပြင် တရားမဝင် မော်တော်ကားနှင့် ဆိုင်ကယ်များ တင်သွင်ခြင်းလုပ်ငန်းများ၊ မြန်မာနိုင်ငံမှ တင် သွင်းခွင့် ပိတ်ပင်သည့် ပစ္စည်းများ တင်သွင်းမှု လုပ်ငန်းများအပြင် အချို့တပ်ဖွဲ့များမှာ မူးယစ်ဆေးဝါးများ ရောင်းဝယ် ဖောက်ကားမှုနှင့် ပါဝင်ပတ်သက်သည်ဟု ဆိုသော်လည်း အဆိုပါ ပြောဆိုချက်များနှင့် ပတ်သက်၍ လုံးဝမဟုတ်ကြောင်းကို ဒီကေဘီအေမှ အစဉ်တစိုက် ငြင်းဆိုကာ အမျိုးဘာသာ၊ သာသနာအတွက်သာ လုပ်ဆောင်နေသည့် အဖွဲ့ဖြစ်သည်ဟု ဆိုသည်။

အသွင်ပြောင်းမည့်ကိစ္စနှင့် ပတ်သက်၍ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၇) တပ်မဟာမှူး ဗိုလ်မှူးချုပ် စောဂျော်နီက “ဒီကိစ္စ ဒီကေဘီအေကို တိုက်ရိုက် ကျွန်ဇာတ်သွင်းလိုက်တာပဲ။ အသွင် ပြောင်းခံမယ်ဆိုတော့ ပြည်စောင့်ရဲတို့၊ နယ်စပ်ရဲတို့ ဖြစ်မယ်။ အားလုံး နအဖရဲ့ လက်ကိုင်တုတ်ပဲ။ ကိုယ့် အမျိုးသားရေးအတွက် လုပ်မယ်ဆိုပြီး ကြွေးကြော်ထားတဲ့ လူတွေ အာဏာရှင် တွေရဲ့ လက်ကိုင်တုတ် ဖြစ်သွားမယ်ဆိုရင်တော့ သမိုင်း မကောင်းဘူးပေါ့။ ဒီအချိန်မှာ ကိုယ့်ကိုယ်ကိုယ် ကရင်မှန်း သိဖို့ အရေးကြီးတယ်။ ကျနော်တို့ကတော့ ဒီကေဘီအေပဲ ဖြစ်ဖြစ်၊ စောဌေးမောင် အဖွဲ့ပဲဖြစ်ဖြစ်၊ သူမူဟဲ အဖွဲ့ဖြစ်ဖြစ် ဘယ်အဖွဲ့မဆို အမြဲတမ်း တံခါးဖွင့် ကြိုဆိုနေပါတယ်။ အရေးကြီးရင် သွေးနီးရမယ်ဆိုတာကို အားလုံးသတိ ရှိစေချင်တယ်” ဟု ပြောသည်။

ဒီကေဘီအေအဖွဲ့ကို ၁၉၉၄ ခုနှစ် ဒီဇင်ဘာလ (၂၁) ရက်နေ့တွင် နဝတ၏ ကျောထောက်နောက်ခံဖြင့် စတင်ဖွဲ့စည်းခဲ့သည်။ လက်ရှိ အဖွဲ့၏ နယကဆရာတော်မှာ ဦးသုဇနဖြစ်ပြီး ဥက္ကဋ္ဌမှာ စောသာထူးကျော်ဖြစ်သည်။ ကေအန်ယူမှ စတင်ခွဲထွက်မှုကို ဦးဆောင်ခဲ့သည့် ဒု-အရာခံဗိုလ် စောကျော်သန်းသည် လက်ရှိ ဒီကေဘီအေ တပ်ဖွဲ့၏ စစ်ဦးစီးချုပ်ဖြစ်ပြီး ဌာနချုပ်ကို ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ မြိုင်ကြီးငူတွင် ဖွင့်လှစ်ထားပြီး ၎င်းတို့ အဆိုအရ လက်နက်ကိုင်တပ်ဖွဲ့ဝင် အင်အား (၄) ထောင်ခန့်ရှိသည်ဟု သိရှိရသည်။

Ref: ခေတ်ပြိုင်

Read More...

ဆူဒန်သမ္မတ ခုံရုံးတင်ရေး တရုတ် သဘောမကျ

09 January 2009

ဆူဒန်နိုင်ငံက ဒါဖောဒေသမှာ စစ်ရာဇ၀တ်မှု ကျူးလွန်ခဲ့ကြမှုအပေါ် တာဝန်ရှိတဲ့ ဆူဒန်သမ္မတ အိုမာ ဟတ်ဆန် အယ်လ်-ဘာရှီးယား (Omar Hassan al-Bashir) ကို နိုင်ငံတကာ ရာဇ၀တ်ခုံရုံး တင်မယ့်ကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံတော်တော် များများနဲ့ မိမိတို့ တွေ့ဆုံ ဆွေးနွေးနေတယ်လို့ တရုတ်အစိုးရက ပြောတဲ့အကြောင်း ဗွီအိုအေ သတင်းထောက် စတက်ဖ်နီ ဟိုး (Stephanie Ho) ဘေဂျင်းမြို့ ကနေ သတင်းပေးပို့ထားတာကို ဦးရော်နီညိမ်းက တင်ပြပေးထားပါတယ်။

တရုတ်နိုင်ငံဟာ ဆူဒန်ရဲ့ အကြီးဆုံးသော ရင်းနှီး မြှုပ်နှံနေတဲ့နိုင်ငံပါ။ အဲဒီလို နှစ်နိုင်ငံ စီးပွားရေးဆက်ဆံမှု ရှိနေတာကြောင့် ကမ္ဘာ ပေါ်မှာ ဆူဒန်အစိုးရရဲ့ ဒါဖောဒေသက အပြစ်အနာအဆာတွေကို မကြာခဏ ရှေ့နေ လိုက်ပေးနေတဲ့ ဆူဒန်ရဲ့ အကျိုးတော်ဆောင်ကြီး အဖြစ် တရုတ်နိုင်ငံကို တွေ့မြင်နေရပါတယ်။ ပြီးခဲ့တဲ့နှစ် ဇူလိုင်လက နိုင်ငံတကာ ရာဇ၀တ်ခုံရုံးက ဥပဒေအကျိုးဆောင် အရာရှိချုပ်က ဆူဒန်သမ္မတ အိုမာ ဟတ်ဆန် အယ်လ်-ဘာရှီးယားကို ဖမ်းဝရမ်းထုတ် ပေးဖို့ တရားသူကြီးတွေကို တောင်းဆိုခဲ့ပါတယ်။ ဥပဒေအကျိုးဆောင်ရဲ့ စွပ်စွဲချက်မှာ ဆူဒန် ဒါဖောဒေသက လူမျိုးနွယ်တုံး သတ်ဖြတ်မှုကြီးတွေကို ဆူဒန်သမ္မတ ဘာရှီးယား စီစဉ် ညွှန်ကြားခဲ့တယ်လို့ ပါဝင်ပါတယ်။

ဒါဖောဒေသက သူပုန်အုပ်စုတွေနဲ့ အစိုးရ ကျောထောက်နောက်ခံပေးထားတဲ့ ပြည်သူ့ စစ်အုပ်စုတွေကြားက စစ်ပွဲတွေအတွင်း လူပေါင်း ၂၀၀,၀၀၀ ကျော် သတ်ဖြတ်ခံခဲ့ကြ ရတယ်လို့ နိုင်ငံတကာက ဆူဒန် ဒါဖောအရေး လေ့လာသူတွေက ဆိုပါတယ်။

ဆူဒန် ဒါဖောအရေးအတွက် တရုတ်နိုင်ငံရဲ့ အထူးသံတမန် လျူ ဂွေဂျင်း (Liu Guijin) ဟာ အခုအခါမှာ ခါတွန်မြို့တော်မှာ ဆူဒန် အရာရှိတွေနဲ့ တွေ့ဆုံဆွေးနွေးနေပါတယ်။ ဆူဒန် သမ္မတကို စစ်ရာဇ၀တ်မှုတွေနဲ့ တရားစွဲဆိုခြင်းအားဖြင့် ဒါဖောဒေသ ပဋိပက္ခမှာပိုမို အန္တရာယ်ကြီးမားတဲ့ ထိခိုက်ဆုံးရှုံးမှုတွေနဲ့ တွေ့ကြုံရမှာဖြစ်တယ်လို့ တရုတ် သံတမန် လျူက ပြောကြားခဲ့တာကို ဒီ သီတင်းပတ် အစောပိုင်း နိုင်ငံတကာ သတင်းတွေမှာ ဖော်ပြခဲ့ကြပါတယ်။

ဒါဖောပြဿနာ ဖြေရှင်းရေးအတွက် နိုင်ငံတကာမှာ အချိန်ပိုမိုရရှိအောင် အခုလို ဆူဒန်သမ္မတကို တရားစွဲမယ့်ကိစ္စ ရွှေ့ဆိုင်း သင့်တယ်လို့လည်း လျူရဲ့ ပြောကြားချက်တွေကို သတင်းတွေမှာ ကိုးကားခဲ့ကြပါတယ်။ အကယ်၍သာ နိုင်ငံတကာ ရာဇ၀တ်ခုံရုံး (အိုင်စီစီ) မှာ ဆူဒန်သမ္မတ ဘာရှီးယားကို တရားစွဲဆို ရုံးတင်နိုင်ခဲ့ရင် ဒါဟာ လက်ရှိ အာဏာရှိနေတဲ့ နိုင်ငံခေါင်းဆောင် တယောက်ကို ပထမဆုံးအကြိမ် အိုင်စီစီမှာ ရုံးတင်နိုင်ခြင်း ဖြစ်မှာပါ။

ဘေဂျင်းမြို့မှာ ကြာသပတေးနေ့က ပြုလုပ်ခဲ့တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ ဆူဒန်ဆိုင်ရာ တရုတ် သံတမန် လျူရဲ့ ပြောကြားချက်တွေကို ပြောရေးဆိုခွင့်ရှိသူ ကျင်ဂန်း (Qin Gang) က အတည်မပြုခဲ့ပါဘူး။ ဒါပေမယ့် ဆူဒန်မှာ တည်ငြိမ်နေမှု ထိန်းသိမ်းထားရေးရဲ့ အရေးပါချက်ကို နိုင်ငံတကာ စစ်ရာဇ၀တ်ခုံရုံးက လျစ်လျူ မရှုထားသင့်ဘူးလို့ မစ္စတာ ကျင်ဂန်းက အခုလို ပြောဆိုပါတယ်။

“ဒါဖောဒေသဆိုင်ရာ ဘယ်တရားစီရင်မှုမဆို ဆူဒန်က ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို မထိခိုက်ရေး သဘောပေါက်ရမယ်” လို့ ကျင်ဂန်းက အလေးပေးပြောသွားပါတယ်။

တရုတ်ဟာ နောက်လှမ်းရမယ့်ခြေလှမ်းနဲ့ ဒါဖောအရေးအပေါ်မှာ အနာဂတ်ရပ်တည် ချက်တို့ကို တည်မှီပြီးတော့မှ ဆုံးဖြတ်ဖို့ ဆောင်ရွက် နေတယ်လို့လည်း သူက ဆိုပါတယ်။

ဆူဒန်ကိုမသွားခင် တရုတ်အထူးသံတမန် လျူဟာ ရုရှားကိုသွားပြီး ဆူဒန် ဒါဖောအရေး ရုရှားအရာရှိတွေနဲ့ ဆွေးနွေးခဲ့ပါသေးတယ်။ ရုရှားဟာလည်း တရုတ်နဲ့အတူ ကုလသမဂ္ဂ လုံခြုံရေးကောင်စီဝင် ဗီတိုအာဏာပိုင်ရှင် ဖြစ်နေတာကြောင့် အခုလို တရုတ်က သွားပြီး တိုင်ပင်ခဲ့ပုံရပါတယ်။

ဒီသီတင်းပတ် နှောင်းပိုင်းမှာတော့ တရုတ်အရာရှိတွေဟာ ဆူဒန်ရဲ့ အိမ်နီးချင်း အီသီယိုးပီးယားကိုလည်း သွားပြီး ဒါဖောဒေသ ပဋိပက္ခ အတွက် ဆွေးနွေးမှုတွေ လုပ်ဦးမယ်လို့ သိရပါတယ်။

Ref: VOA News

Read More...

၇ နှစ်သမီး အဓမ္မကျင့် အသတ်ခံရဟု ကရင်အဖွဲ့ပြော

08 January 2009

အဓမ္မကျင့်ပြီး ပစ်သတ် ခံခဲ့ရသော ပဲခူးတိုင်း အတွင်းမှ အသက် ၇ နှစ်အရွယ် ကရင် မိန်းကလေး တဦး၏ အမှုနှင့် ပတ်သက်၍ အရေးယူ အပြစ်ပေးရန် ကရင် အမျိုးသမီး အစည်းအရုံး (KWO) က တောင်းဆိုထားသည်။

ယခုလ ၂ ရက်နေ့က ထုတ်ပြန်ခဲ့သော KWO ၏ အရေးပေါ် ကြေညာချက်တွင် အဆိုပါအမှုမှာ ကရင် နှစ်သစ်ကူးနေ့ (ဒီဇင်ဘာ ၂၇ ရက်နေ့) က ညောင်လေးပင်မြို့နယ် မအူပင် ကျေးရွာတွင် ဖြစ်ပွားခဲ့သည်ဟု ရေးသားထားသည်။ ထိုရွာအနီး တပ်စွဲထားသည့် အမှတ် ၃၅၀ ခြေမြန်တပ်ရင်းမှ စစ်သားတဦး၏ လက်ချက် ဖြစ်ကြောင်း စွပ်စွဲထားသည်။


စစ်အစိုးရ အာဏာပိုင်များက KWO ၏ အဆိုပါ စွပ်စွဲချက်နှင့် ပတ်သက်၍ ယနေ့ အချိန်အထိ တစုံတရာ တုန့်ပြန်ခြင်း မရှိသေးပေ။

ကြေညာချက် ထုတ်ပြန်သည့် ထိုင်း-မြန်မာ နယ်စပ် အခြေစိုက် KWO အဖွဲ့က ဤအမှု အမှန်တကယ် ဖြစ်ပွားခဲ့ကြောင်း အခိုင်အမာ ပြောဆိုနေသည်။

KWO ၏ တွဲဖက် အထွေထွေ အတွင်းရေးမှူး နော်ဘလူးမင်းနိုက်ဇန်က “ညနေ ၅ နာရီလောက်မှာ ရဲဘော် တယောက်က သေနတ်နဲ့ ရွာထဲ ဝင်လာတာကို ရွာသားတွေက မြင်လိုက်တယ်တဲ့။ နောက်မကြာခင်မှာပဲ အော်သံ တခုကြားတယ်၊ ရွာက လူတွေကလည်း နားစွင့်နေကြတယ်။ မထွက်ရဲကြဘူး။ နောက်တော့ ကလေးမလေးရဲ့ ဦးလေးက ရွာက လူကြီးတွေကို အကြောင်းကြားတယ်၊ စစ်ဆေး ကြည့်လိုက်တော့ မုဒိန်းကျင့်ထားတာ တွေ့တယ်၊ သေနတ်နဲ့ သုံးချက်ပစ်ထားတာ တွေ့တယ်လို့ ပြောတယ်” ဟု ပြောပြသည်။

ရွာသား အချို့က ခမရ ၃၅၀ သို့ သွားရောက်ပြီး တိုင်ကြားခဲ့ရာ လက်ခံ နားထောင်ခြင်း မရှိခဲ့ကြောင်း၊ ယခင်ကလည်း စစ်သားများက ရွာအတွင်းသို့ မကြာခဏ ဝင်ရောက်လာပြီး လုပ်အားပေး ခိုင်းစေခြင်း၊ ရိက္ခာများ တောင်းယူခြင်း၊ အမျိုးသမီးများကို စော်ကားခြင်းများ ပြုလုပ်သည်ဟု သတင်းများ ရရှိထားကြောင်း နော်ဘလူးမင်းနိုက်ဇန်က ပြောသည်။

အလားတူပင် နိုဝင်ဘာလ အတွင်းကလည်း တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ အမယ် (Amae) ကျေးရွာတွင် အသက် ၁၇ နှစ်အရွယ် မွန်တိုင်းရင်းသူ တဦးကို စစ်သား ၇ ယောက်က အုပ်စုလိုက် မုဒိမ်းကျင့်မှုတခု ဖြစ်ပွားခဲ့ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် မွန်လူ့အခွင့်အရေးအဖွဲ့ HURFOM က ဆိုသည်။

HURFOM ၏ ဇန်နဝါရီ ၆ ရက်နေ့ ထုတ်ပြန်ချက်တွင် ရေဖြူမြို့နယ် အခြေစိုက် ခမရ ၁၀၇ မှ အရာရှိတဦးနှင့် စစ်သားများက ထိုအမှုကို ကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။

အစိုးရနှင့် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များ၏ တိုက်ပွဲများ ဖြစ်ပွားရာ နယ်စပ်ဒေသ တလျှောက်တွင် အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို လက်နက်သဖွယ် အသုံးပြုနေကြောင်း အမျိုးသမီး အဖွဲ့များက ထောက်ပြထားသည်။

၂၀၀၄ ခုနှစ်က ထုတ်ပြန်ခဲ့သော KWO ၏ အစီရင်ခံစာ တွင်လည်း ယင်းကဲ့သို့ ဖော်ပြထားပြီး ၁၉၈၈ မှ ၂၀၀၄ ခုနှစ်အတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပေါင်း ၁၂၅ မှု ဖြစ်ပွားခဲ့သည်ဟု စာရင်းပြုစုထားသည်။ ကျူးလွန်သူ ထက်ဝက်ခန့်သည် တပ်မတော် အရာရှိများ ဖြစ်ကြောင်း၊ အကြမ်းဖက်မှု ၄၀ ရာခိုင်နှုန်းမှာ အုပ်စုလိုက် မုဒိန်းကျင့်မှု ဖြစ်ကြောင်း၊ ၂၈ ရာခိုင်နှုန်းတွင် ကျူးလွန်ခံရသူ အမျိုးသမီးများ အသက်ဆုံးရှုံး ခဲ့ရကြောင်း ဖော်ပြထားသည်။

ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်ဖလှယ် လှုပ်ရှား ဆောင်ရွက်ရေး အသင်း (SWAN) ၏ “မုဒိန်းကျင့်ခွင့်လိုင်စင်” အမည်ရှိ အစီရင်ခံစာ (၂၀၀၂ ခုနှစ်) တွင် စစ်အစိုးရ တပ်များ ရှမ်းပြည်နယ် အတွင်း ကျူးလွန်ခဲ့သည်ဟု ဆိုသည့် မတော်မတရား မှုများကို ဖွင့်ချထားသည်။ ၁၉၉၆ မှ ၂၀၀၁ ခုနှစ်အထိ ငါးနှစ်ကြာ ကာလအတွင်း အမျိုးသမီး ၆၂၅ ဦးသည် မုဒိမ်းမှု၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှုများနှင့် ကြုံတွေ့ခဲ့ရသည်ဟု ဆိုသည်။

Ref: ဧရာဝတီ

Read More...

မုဒိမ်းကျင့် လူသတ်ရန် စစ်သား နှစ်ဦး ကြိုးစားခဲ့ဟု စွပ်စွဲခံရ

ဖနိဒါ
ဇန်နဝါရီလ 08 2009

ချင်းမိုင် (မဇ္ဈိမ)။ ။ ခရစ်ယာန် ကျမ်းစာသင်ကျောင်း တက်နေသူ အမျိုးသမီးတဦးကို စစ်သားနှစ်ဦးက အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ရန် ကြိုးစားခဲ့ကြောင်း ဆွေမျိုးများနှင့် မိတ်ဆွေများက စွပ်စွဲ ပြောကြားလိုက်သည်။

ကချင်ပြည်နယ် ဆားမှော်မြို့မှ အသက် ၂၁ နှစ်အရွယ် ကချင်တိုင်းရင်းသူကို ဒီဇင်ဘာ ၂၇ ရက်နေ့တွင် စစ်ဝတ်စုံ ၀တ်ဆင်ထားသူ နှစ်ဦးက ဓါးထောက် အဓမ္မပြုကျင့်ကာ ၀တ်ဆင်ထားသည့် အ၀တ်အစား၊ ရွှေဆွဲကြိုးနှင့် လက်စွပ်များ ဖြုတ်ယူကာ လည်ပင်းညှစ်ကာ သေစေရန် ကြိုးစားခဲ့သည်ဟု ဆွေမျိုးတော်စပ်သူ တဦးက ပြောသည်။

"သူက မန္တလာ မီးရထားနဲ့ ဆင်းလာတာ။ (ညနေ) ၆ နာရီမှာ ဆိုက်တယ်။ ဒါပေမဲ့ သူက ၁၁ နာရီမှာ အိမ်ရောက်လာတယ်လေ။ သူက ညမပြောပြဘူး။ မနက်ဖြန်မှ ပြောမယ်၊ ပစ္စည်းလည်း ပျောက်သွားတယ် ပြောလို့ နောက်မနက် မိုးလင်းတာနဲ့ ပစ္စည်းသွားရှာတယ်။ အတွင်းခံ ဘောင်းဘီနဲ့ ဦးထုပ်ပဲ တွေ့တော့တယ်" ဟု သူမက ပြောသည်။

အမျိုးသမီးသည် ပင်ထောင်မှသည် ဆားမှော်သို့ လာခဲ့ခြင်း ဖြစ်ပြီး မုဒိမ်းကျင့်သော စစ်သားနှစ်ယောက်လည်း ရထားတစီးထဲတွင် အတူပါလာခဲ့သည်။ သူမက ဆားမှော်ဘူတာ ရောက်ခါအနီးတွင် ရထားပေါ်မှ ခုန်ဆင်းလိုက်ရာ စစ်သားနှစ်ဦးလည်း လိုက်ပါလာပြီး ဓားမြှောင်ဖြင့် ချိန်ရွယ်ကာ မှောင်ရိပ်ခေါ်ပြီး ကျူးလွန်ခဲ့သည်။ သေပြီဟု ထင်မှတ်ကာ အ၀တ်အစားမဲ့ဖြင့် ထားရစ်ခဲ့သော သူမသည် ည ၁၁ နာရီခန့်တွင် သတိပြန်လည်ကာ နေအိမ်သို့ ရောက်ရှိခဲ့သည်ဟု ဆိုသည်။

သူမသည် ယနေ့အထိ မိုးကောင်းဆေးရုံတွင် ဆေးကုသမှု ခံယူနေရဆဲ ဖြစ်သည်ဟု သိရသည်။

"ဒီနေ့တော့ ထမင်းတောင် မစားတော့ဘူး။ ရင်တုန်ပြီး စိတ်မကောင်း ဖြစ်နေတယ်ထင်တယ်။ သူ ထမင်းလည်း မစားတော့ စိတ်ညစ်နေရတယ်။ အန်ပဲ အန်နေတယ်။ သူက ၃ နာရီလောက် ရေထဲမှာ ရှိနေတော့ ငှက်ဖျားတောင် ထတယ်။ ဦးနှောက်တောင် မကောင်းသလို ဖြစ်နေတယ်" ဟု သူမ၏ မိတ်ဆွေတဦးက ပြောသည်။

ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ဆားမှော်ဆေးရုံတွင် ဆေးကုသရန် ပြသသော်လည်း ဆရာဝန်များက မိုးကောင်း ပြည်သူ့ဆေးရုံသို့ လွှဲပြောင်းပေးခဲ့သည်။

ကျမ်းစာကျောင်းသို့ မဇ္ဈိမက ဆက်သွယ်မေးမြန်းရာ ''ကျနော်တို့က ဘာမှ မကြားရသေးဘူး။ ကျောင်းသားတွေလည်း အခုမှ ရောက်လာကြတာ ရှိတယ်။ ကချင်ပြည်နယ်နေ့ မနောပွဲတွေကလည်း တိုက်နေတော့။ တကယ်ဖြစ်တယ်ဆိုရင် သက်ဆိုင်ရာ အာဏာပိုင်တွေကို အဆင့်ဆင့် အကြောင်းကြားရမယ်။ တပ်တွေကို အဆင့်လိုက် တိုင်ကြားရတော့မယ်။ ဘာဖြစ်လို့ ဖြစ်လာတယ်ဆိုတာ အရေးယူသင့်၊ မသင့် အချက်အလက် အရင် စုဆောင်းရမယ်'' ဟု ဆရာတဦးက ပြောသည်။

မလွယ်ဂျာနှင့် နီးစပ်သူ ဒေသခံတဦးက "သူ့မိဘများက ဘယ်လို အရေးယူရမှန်း မသိလို့ ဆားမှော်က ယဉ်ကျေးမှု လူကြီးတွေကို တာဝန်ပေးထားတယ်လို့ သိရတယ်။ လွတ်လပ်သော အသင်းတော်မှ လူတယောက်ကလည်း တရားရုံးကို တင်ပြထားတာ။ သူတို့က စစ်သားတွေဆိုတော့ အရေးယူဖို့ ခက်နေတယ်" ဟု ပြောသည်။

Ref: မဇ္ဈိမ

Read More...

အာဆီယံ အစည်းအဝေးကို ထိုင်းတောင်ပိုင်းတွင် ကျင်းပမည်

သန်းထိုက်ဦး
ဇန်နဝါရီလ 08 2009

ချင်းမိုင် (မဇ္ဈိမ)။ ။ အရှေ့တောင် အာရှနိုင်ငံများ အသင်း၏ ထိပ်သီး အစည်းအဝေးကို ထိုင်းနိုင်ငံတောင်ပိုင်း ဟွေဟင်ကမ်းခြေ အပန်းဖြေစခန်းတွင် လာမည့် ဖေဖော်ဝါရီလအတွင်း ကျင်းပသွားမည် ဖြစ်သည်။

၁၄ ကြိမ်မြောက် အာဆီယံ အစည်းအဝေးကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှ မတ်လ ၁ နေ့အထိ ဘန်ကောက်မြို့မှ ကီလို ၁၅၀ ခန့် ကွာဝေးသော ဟွေဟင် (Hua Hin) တွင် လက်ခံ ကျင်းပသွားမည်ဟု ယမန်နေ့က အာဆီယံ နှစ်ပတ်လည် အစည်းအဝေးတွင် ထိုင်းဝန်ကြီးချုပ် အဖိဆစ် ဝေ့ခ်ျချာချီဝ Abhisit Vejjajiva က သတင်းထောက်များကို ယမန်နေ့က ပြောကြားခဲ့ခြင်း ဖြစ်သည်။

''အာဏာရှင် ဆန့်ကျင်သည့် ညီညွတ်သော ဒီမိုကရေစီ အင်အားစုများ United Front of Democracy against Dictatorship - UDD က အာဆီယံ အစည်းအဝေးကို အဟန့်အတား ဖြစ်စေရန် လုပ်မည့်ရန်ကြောင့် ပြောင်းရွှေ့ကျင်းပခြင်း ဖြစ်သည်။ ယခုလို ညီလာခံကို ဝေးလံသည့် နေရာသို့ ရွှေ့ပြောင်းဖို့ စဉ်းစားရခြင်းသည် ဘန်ကောက် လမ်းမတွေပေါ်မှာ ဆန္ဒပြလာမှာကို စိုးရိမ်၍ ဖြစ်သည်" ဟု အစည်းအဝေးအပြီးတွင် ၀န်ကြီးချုပ် အဖိဆစ်က ပြောကြားသွားခဲ့သည်။

အတိုက်အခံ Pheu Thai ပါတီက လက်ရှိ အစိုးရသည် တရားမ၀င်ဟုဆိုကာ အာဆီယံ အဖွဲ့ဝင်နိုင်ငံများထံ ထိုင်းကို သပိတ်မှောက်ရန် တိုက်တွန်းထားပြီး နိုင်ငံခြားရေး ၀န်ကြီးမှာလည်း လေဆိပ်များကို စီးနင်း ဆန္ဒပြခဲ့သည့် ဒီမိုကရေစီအတွက် ပြည်သူ့မဟာမိတ်များ People Alliance for Democracy နှင့် ပူးပေါင်းခဲ့သည့်အတွက် လူထုက လက်မခံနိုင်သဖြင့် အာဆီယံ အစည်းအဝေးကို ရွှေ့ဆိုင်းရန် ပြောဆိုထားကြသည်။

နောက်ဆုံး စီစဉ်လိုက်သည့် ဟွေဟင်မှာ အာဏာရပါတီ အားကောင်းသော နေရာဖြစ်သဖြင့် လုံခြုံစွာ ကျင်းပနိုင်မည်ဟု ထိုင်း လုံခြုံရေးများက ယုံကြည်နေကြသည်။

မတည်မငြိမ် ဖြစ်နေခဲ့သော ပြည်တွင်းနိုင်ငံရေးကြောင့် အာဆီယံ အစည်းအဝေး ကျင်းပရေး နေရာ ပြောင်းလဲ စီစဉ်သည်မှာ လေးခုမြောက်သွားပြီ ဖြစ်သည်။

ပြီးခဲ့သည့် နှစ်ကုန်ပိုင်းကတည်းက အစည်းအဝေးကို ဘန်ကောက်မြို့၌ ကျင်းပရန် စီစဉ်ခဲ့သော်လည်း ပြုတ်ကျသွားသော ယခင် ၀န်ကြီးချုပ်ဟောင်း ထပ်ဆင် ရှင်နာဝပ်ထရာကို ထောက်ခံသော ပြည်သူ့စွမ်းအားပါတီ People Power Party ကို ဆန့်ကျင်သည့် PAD များက ဆန္ဒပြမှုကြောင့် နိုင်ငံမြောက်ပိုင်း ချင်းမိုင်သို့ ပြောင်းရွှေ့ ကျင်းပရန် စီစဉ်ခဲ့သည်။

ထိုမှတဖန် စွပ်စွဲခံထားရသော ရွေးကောက်ပွဲတွင် မဲမသမာမှုပြုလုပ်ခဲ့သည်ဟု ဗဟိုတရားရုံးတော်က ဆုံးဖြတ်သဖြင့် PPP အပါအ၀င် ယခင်ညွှန့်ပေါင်းအစိုးရမှ ပါတီငယ် ခေါင်းဆောင်များပါ ရာထူးမှ နှုတ်ထွက်ပေးရပြီးနောက် ပါလီမန်တွင်း အစိုးရသစ် ရွေးချယ်ဖွဲ့စည်းရာ ဒီမိုကရက်တစ်တို့ အနိုင်ရခဲ့သည်။

အသစ်တက်လာသည့် ၀န်ကြီးချုပ် အဖိဆစ်အစိုးရက အစည်းအဝေး ကျင်းပရန် ပိုမိုသင့်တော်သော ဘန်ကောက်တွင် ပြုလုပ်ရန် ပြန်လည် ရွေးချယ်ခဲ့သည်။

အရှေ့တောင်အာရှ နိုင်ငံများအသင်း - Association of Southeast Asian Nations (ASEAN) အာဆီယံကို ၁၉၆၇ ခုနှစ် သြဂုတ်လ ၈ ရက်နေ့တွင် အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်္ကာပူနှင့် ထိုင်းနိုင်ငံက စတင် တည်ထောင်ခဲ့သည်။ နောက်ပိုင်းတွင် မြန်မာ၊ ဘရူနိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့ ပါဝင်လာခဲ့သည်။

Ref: မဇ္ဈိမ

Read More...

Thursday, January 8, 2009

ရွေးကောက်ပွဲမတိုင်မီ ၀န်ကြီးဌာန (၃) ခုကို ၀န်ကြီးတဦးတည်းက ကိုင်မည်

NEJ/ ၈ ဇန်န၀ါရီ ၂၀၀၉

နေပြည်တော်ဝန်ကြီးအချို့ နိုင်ငံရေးဘက်ကို ပြောင်းတော့မည် ဖြစ်သည့်အတွက် လစ်လပ်သည့် ၀န်ကြီးနေရာများကို အစာထိုးမခန့်တော့ဘဲ ၀န်ကြီးဌာန (၃) ခုကို ၀န်ကြီးတဦးတည်းက ပူးတွဲကိုင်တွယ်ရန် စစ်အစိုးရက စီစဉ်နေသည်။

နေပြည်တော် စက်မှု (၁) ၀န်ကြီးနှင့် အခြားဝန်ကြီးအချို့ကို နိုင်ငံရေးဘက်ပြောင်းခိုင်းမှာ ဖြစ်သည့်အတွက် စက်မှု (၁) ၀န်ကြီးဌာန၊ စက်မှု (၂) ၀န်ကြီးဌာနနှင့် အခြားဝန်ကြီးဌာနတခု စုစုပေါင်း ၀န်ကြီးဌာန (၃) ခုကို စက်မှု (၂) ၀န်ကြီး ဒု-ဗိုလ်ချုပ်ကြီး(ရေ) စိုးသိန်း တဦးတည်းကို တာဝန်ပေးမည်ဟု ၀န်ကြီးချုပ်ရုံးသတင်းရပ်ကွက်က ပြောသည်။

အသက်ကြီးသည့် ၀န်ကြီးများကို နိုင်ငံရေးဘက်ပြောင်းရန် စစ်အစိုးရက စီစဉ်နေရာ သစ်တောဝန်ကြီး ဗိုလ်မှူးချုပ် သိန်းအောင်ဆိုလျှင် နိုင်ငံရေးဘက် ပြောင်းတော့မည် ဖြစ်ကြောင်း ၎င်း၏ အရာရှိများအား မကြာခင်က တရားဝင် ပြောခဲ့ပြီး ဖြစ်သည်ဟု နေပြည်တော် အရာရှိ တဦးက ပြောသည်။ ဆောက်လုပ်ရေး ဝန်ကြီး ဗိုလ်ချုပ် စောထွန်းဆိုလျှင် အသက် (၇၃) နှစ်ရှိပြီဖြစ်သည်။ စွမ်းအင်ဝန်ကြီး ဗိုလ်မှူးချုပ်လွန်းသီ ဆိုလျှင်လည်း (၆၈) နှစ်ရှိ ပြီဖြစ်သည်။ စက်မှု (၁) ဝန်ကြီး ဦးအောင်သောင်းက (၇၂) နှစ်ရှိပြီဖြစ်သည်။

Ref: ခေတ်ပြိုင်

Read More...

နိုင်ငံရေး အကျဉ်းသားတွေ ထပ်ဆင့် ထောင်ပြောင်းရွှေ့ ခံနေရ

07 January 2009

မြန်မာစစ်အစိုးရက ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ အကျဉ်းထောင်တွေထဲမှာ ကြမ်းတမ်းတဲ့ အခြေ အနေ မျိုးတွေနဲ့ ကြုံနေကြရသလို၊ ထောင်တွေကို တထောင်ပြီးတထောင် ရွှေ့ပြောင်းနေလို့ မိသားစုတွေ သောကရောက် နေကြရပါတယ်။ အထူး သဖြင့်တော့ ထောင်တွင်းအခြေအနေတွေ ဆိုးလွန်းလို့ မကြာသေးခင်တုန်းကပဲ ကန့်ကွက်ဆန္ဒပြမှုတွေ ရှိခဲ့တဲ့အထိ ဖြစ်ခဲ့တဲ့ ပဲခူးထောင်ကနေ နိုင်ငံရေးအကျဉ်းသားတွေကို မိသားစုနဲ့ ပိုပြီးဝေးလံတဲ့ ထောင်တွေကို ပြောင်းပစ်နေတာပါ။ ဒီအကြောင်းကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

အစောပိုင်းမှာ ပဲခူးထောင်ကို ပို့ခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတဦးဖြစ်တဲ့ ကိုအောင်ကျော်ဦး ကို မိသားစုကိုတောင် အသိမပေးပဲနဲ့ မြန်မာနိုင်ငံ အထက်ပိုင်း ကချင်ပြည်နယ် ပူတာအို အကျဉ်းထောင်ကို ထပ်ပြီး ရွှေ့လိုက်တာပါ။ နိုင်ငံတော်အကြည်ညို ပျက်စေမှု ဥပဒေပုဒ်မ ၅၀၅ ခ အပါအ၀င် စွပ်စွဲချက်တွေနဲ့ ထောင်ဒဏ် ၁၃ နှစ်နဲ့ ၆ လ ချမှတ်ခံခဲ့ရပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်ပိုင်း ပဲခူးထောင်ကို ပြောင်းရွှေ့ခံခဲ့ရတုန်းကလည်း ကိုအောင်ကျော်ဦး ကို ထောင်အာဏာပိုင်တွေက ကိုယ်ထိလက်ရောက် အနိုင့်အထက် ပြုကျင့်ခဲ့တာတွေ ရှိခဲ့တယ်လို့ မိသားစုက ပြောထားတာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အာဏာပိုင်တွေကို ပြောဆိုထားတဲ့ကြားကပဲ အခုနောက်ဆုံးမှာတော့ မိသားစုတောင် မသိရပဲနဲ့ ဝေးလံခေါင်ဖျားတဲ့ ထောင်ကိုရွှေ့လိုက်ပြီဆိုတာ တခြားနိုင်ငံရေးအကျဉ်းသား အသိုင်းအ၀န်းက တဆင့်သိခဲ့ရတာလို့ ကိုအောင်ကျော်ဦး ရဲ့ ဇနီးသည်ဖြစ်သူ မအေးအေးမော် က ပြောပါတယ်။

“မနေ့က ကိုအောင်ကျော်ဦးကို ပူတာအိုမှာ တွေ့လိုက်တယ်လို့ ကိုအောင်တူးအိမ်က ပူတာအိုမှာ သွားတွေ့တုန်း ပြောတော့ ကျမ အရမ်း အံ့သြသွားတယ်။ ဘာကြောင့်လဲဆိုတော့ ကိုအောင်ကျော်ဦးက ပဲခူးမှာလေ။ ဒီနေ့ မနက်ကျတော့ ပဲခူးထောင်ကို ဖုန်းဆက်ကြည့်လိုက်တယ်။ ၅ညနဲ့ ရောက်နေတဲ့ ကိုအောင်ကျော်ဦး ပဲခူးမှာ ရှိသေးလားလို့ ဖုန်းဆက်လိုက်တော့ ကိုအောင်ကျော်ဦး မရှိတော့ပါဘူးတဲ့။ ကိုအောင်ကျော်ဦးကို ပို့လိုက်တာ တပတ်ရှိပါပြီတဲ့။ အဲလိုဆိုရင် ပို့တယ်ဆိုရင် ဘယ်ကို ပို့လိုက်သလဲပေါ့။ သူတို့က မြန်မာပြည်အထက်ပိုင်းကိုတဲ့၊ မြန်မာပြည်အထက်ပိုင်းဆိုတာ ဘယ်နေရာလဲ၊ အတိအကျသိချင်တယ်လို့ မေးလိုက်တော့ ကျွန်တော်တို့ မသိပါဘူး၊ အထက်က ညွှန်ကြားချက်အရတဲ့။ အာဏာပိုင်တွေက မသိဘူး။ ကျမတို့ ဖုန်းဆက်မေးတော့လည်း သူတို့က အတိအကျ မပြောဘူး။ ကျမတို့က ပူတာအိုဆိုတာ ကိုယ့်ဘာသာကို သိရတာ။ ဘာကြောင့်လဲ မသိဘူး။ ဘယ်လို ဒုက္ခတွေ ပေးနေသလဲ၊ ဘယ်လို အကြံဥာဏ်နဲ့ လုပ်နေသလဲဆိုတာ ကျမကတော့ မပြောတတ်တော့ဘူး။”

ထောင်တွင်း ဆိုးရွားတဲ့ အခြေအနေတွေနဲ့ ကြုံနေရလို့ နိုင်ငံရေး အကျဉ်းသားမိသားစုဝင်တွေ သောကရောက်နေကြတဲ့ နေရာမှာ မကြာသေးခင်ကစလို့ အခြေအနေတွေ တိုးတက်အောင်လုပ်ဖို့ ဆန္ဒပြတာမျိုးတွေ ဖြစ်ခဲ့တဲ့ ပဲခူးထောင် အခြေအနေကတော့ အဆိုးရွားဆုံးထဲက တခုဖြစ်နေတယ်လို့လည်း မိသားစုဝင်တွေက ပြောနေကြတာပါ။

“ပဲခူးမှာ ရောက်နေတဲ့ နိုင်ငံရေးအကျဉ်းသား တယောက်ဆို ဆေးကုသခွင့်မရလို့ သူ့ကိုယ်သူ သတ်သေတယ်။ ဒုတိယ တယောက်ကတော့ မထားထားသက်ဆိုရင် ဆေးလိပ်နံ့ မခံနိုင်လို့ အခန်းပြောင်းခိုင်းတဲ့ကိစ္စကို အခန်းကြီးကို ပြောင်းလိုက်တယ်။ ကိုအောင်ကျော်ဦးက ကျန်းမာရေးမကောင်းဘူးလေ။ အရမ်း စိုးရမ်တာပေါ့။ ပဲခူးမှာ ရောက်နေတဲ့ နိုင်ငံရေး အကျဉ်းသားတွေနဲ့ ထောင်ပိုင်၊ ထောင်မှူးတွေ ပြဿနာတတ်တဲ့အခါ တွေ့ရတဲ့ အချက်တွေကတော့ ထောင်ပိုင်၊ ထောင်မှူးတွေကို မပြောင်းဘဲနဲ့ နိုင်ငံရေးသမားတွေကိုပဲ ဒုက္ခရောက်မယ့် ခက်ခက်ခဲခဲနေရာတွေကို ပြောင်းနေတာကိုပဲ ကျမတော့ တွေ့ရတယ်။ မိသားစု ဒုက္ခရောက်အောင်၊ စိတ်ဆင်းရဲအောင်၊ ဘာမှမပြောပဲ ပြောင်းချင်တဲ့နေရာ ပြောင်းနေတယ်။ မိသားစုကို ခက်ခဲအောင် လုပ်နေတာတွေပေါ့နော်။”

မကြာသေးခင်ကပဲ ကချင်ပြည်နယ် ပူတာအိုထောင် ကို ထပ်ဆင့်ပြောင်းရွှေ့ခံလိုက်ရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုအောင်ကျော်ဦး ရဲ့ ဇနီးသည်ဖြစ်တဲ့ မအေးအေးမော် ပါ။

ပြီးခဲ့တဲ့ နှစ်ထဲကစလို့ နိုင်ငံရေးသမားတွေ တက်ကြွလှုပ်ရှားသူတွေ၊ ရဟန်းသံဃာတွေကစလို့ ဖမ်းဆီး ခံထားရ သူတွေကို ထောင်ဒဏ်ပြစ်ဒဏ်တွေ ချမှတ်ပြီး မိသားစုနဲ့ အလှမ်းဝေးရာ နယ်ထောင်တွေကို ပို့ဆောင်ခဲ့လို့လည်း မိသားစုဝင်တွေ အဖို့ သွားရေးလာရေး တွေ့ဆုံရေးအတွက် အခက်တွေကြုံနေကြရတာပါ။ နောက်ပြီးတော့လည်း ဒီလိုပို့လိုက်တဲ့ နယ်ထောင်တွေမှာ ကျန်းမာရေး စောင့်ရှောက်မှု အားနည်းတာတွေရှိနေလို့ စိုးရိမ် မကင်းဖြစ်သံတွေ ထွက်ပေါ်နေတဲ့ ကြားကပဲ ကိုဋ္ဌေးလွင်ဦး၊ ကိုရာပြည့် စတဲ့ နိုင်ငံရေး အကျဉ်းသားတွေ မန္တလေးထောင်တွင်းမှာ မကြာသေးခင်ကပဲ ကွယ်လွန် ဆုံးပါးတဲ့ အဖြစ်မျိုးအထိ ဖြစ်ခဲ့ရတာတွေလည်း ရှိခဲ့တာပါ။ ပြည်ပမှာ အခြေစိုက်ထားပြီး နိုင်ငံရေး အကျဉ်းသားတွေရဲ့ အခြေအနေတွေကို စောင့်ကြည့် လေ့လာနေတဲ့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မှတ်တမ်းတွေ အရဆိုရင်လည်း ဒီမိုကရေစီရေး တောင်းဆို အုံကြွခဲ့ကြတဲ့ ၁၉၈၈ ခုနှစ်ကစလို့ အကျဉ်းထောင်တွေထဲမှာ ဆုံးပါးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား အရေအတွက်ဟာ ဆိုရင်လည်း ၁၄၀ လောက်အထိ ရှိနေပြီ ဖြစ်ပါတယ်ခင်ဗျာ။

Ref: VOA News

Read More...

ဒီကေဘီအေ နယ်စပ်စောင့်ရမည်

07 January 2009

ဒီကေဘီအေဟု ခေါ်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တခုသည် နယ်ခြားစောင့် ပြည်သူ့စစ်များ အဖြစ် အသွင်ပြောင်း ရတော့မည်ဟု ထိုင်း - မြန်မာနယ်စပ် သတင်း ရပ်ကွက်မှ သိရှိရသည်။

တပ်မဟာ ၉၉၉ ဗျူဟာမှူး ဗိုလ်မှူးကြီးစောချစ်သူက ကရင်ပြည်နယ် မြ၀တီမြို့နယ်၊ ရွှေကုက္ကိုကျေးရွာတွင် မကြာသေးမီက ပြုလုပ်သော လွတ်လပ်ရေးနေ့အခမ်းအနားတွင် ယင်းသို့ပြောကြားလိုက်ခြင်းဖြစ်သည်ဟု ဒီကေဘီအေနှင့် နီးစပ်သည့် ကုန်သည်တဦးက ဆိုသည်။

“၂၀၁၀ ရွေးကောက်ပွဲပြီးရင် မြန်မာ့တပ်မတော်က တခုပဲ ရှိလာမယ်။ ဒါကြောင့် (ဒီကေဘီအေကို) လက်နက်တော့ မသိမ်းဘူး၊ နယ်ခြားစောင့်အဖြစ် ထားမယ်”ဟု အဆိုပါ ကုန်သည်က ရှင်းပြသည်။ သို့သော်လည်း ထိုသို့ ပြောင်းလဲမည်ကို ဒီကေဘီအေခေါင်းဆောင်အချို့က နှစ်သက်ခြင်းမရှိဟု သိရကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

ဤအကြောင်းအရာနှင့် ပတ်သက်၍ ကရင်ပြည်နယ်မြို့တော် ဘားအံရှိ ဒီကေဘီအေရုံးသို့ ဆက်သွယ်မေးမြန်းရာတွင် “မသိဘူး၊ ကျနော်တို့ မသိပါဘူး”ဟု ပြန်လည် ဖြေကြားခဲ့သည်။

ဒီကေဘီအေသည် ၁၉၉၄ ခုနှစ်တွင် လက်နက်ကိုင်အဖွဲ့ကြီးတခုဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး (KNU) ထံမှ ခွဲထွက်ခဲ့ပြီး ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့တွင် အခြေစိုက် လှုပ်ရှားနေသည်။ ဒီကေဘီအေ၏ အမှတ် ၉၉၉ တပ်မဟာသည် မြန်မာစစ်အစိုးရ တပ်များနှင့် ပူးပေါင်းပြီး ကရင်ပြည်နယ်အတွင်းရှိ KNU စခန်းများကို တိုက်ခိုက်လျက်ရှိသည်။

ပြီးခဲ့သည့်လကုန်ပိုင်းမှစ၍ ၉၉၉ တပ်မဟာလက်အောက်မှ တပ်ဖွဲ့အချို့သည် မွန်ပြည်နယ် ဘုရားသုံးဆူဒေသတွင် စတင် ခြေကုပ်ယူလာသည်ဟု အပစ်အခတ်ရပ်စဲထားသည့် မွန်ပြည်သစ်ပါတီမှ အရာရှိတဦးက ပြောသည်။

မွန်ပြည်သစ်ပါတီမှ ဗိုလ်မှူးကြီးဉာဏ်ထွန်းက “မြန်မာစစ်အစိုးရတပ်တွေလည်း ဘုရားသုံးဆူဘက်မှာ လာချထားတယ်။ ဒီကေဘီအေ ကိုးသုံးလုံးတပ်တချို့လည်းလာပြီ ဆိုတော့ ဒီဘက်မှာရှိတဲ့ KNU စခန်းတွေကို တိုက်ဖို့ဖြစ်မယ်လို့ ယူဆရတယ်” ဟု ဧရာဝတီသို့ ပြောပြသည်။ ။

Ref: ဧရာဝတီ

Read More...

ဝတ်မှုန်ရွှေရည်သတင်း Weekly Eleven သာ ဖော်ပြခွင့်ရ

NEJ/ ၇ ဇန်န၀ါရီ ၂၀၀၉

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏မြေး နည်းပညာတက္ကသိုလ် ဒုတိယနှစ်ကျောင်းသား ဖိုးလပြည့်က မေမြို့ကို ခေါ်ဆောင်သွားခဲ့သူဆိုပြီး အနုပညာသည်လောကနှင့် ပြည်သူများကြား ရေပန်းစားနေသည့် မော်ဒယ် ဝတ်မှုန်ရွှေရည်၏ သတင်းနှင့် ဓာတ်ပုံကို အခြား ပုဂ္ဂလိက မဂ္ဂဇင်းနှင့် ဂျာနယ်များတွင် ဖော်ပြခွင့် ပိတ်ပင်ထားသော်လည်း ဒီဇင်ဘာ (၃၁) ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တခုတည်းသာ ဖော်ပြခွင့်ရခဲ့ကြောင်း ရန်ကုန်မြို့ခံ စာနယ်ဇင်းအသိုင်းအဝန်းက ပြောပြကြသည်။

ပုဂ္ဂလိက ဂျာနယ် အယ်ဒီတာတဦးက “ကျနော်တို့ ဂျာနယ်မှာလည်း နှစ်ချုပ် ထင်ရှားကျော်ကြားတဲ့သူ စာရင်းမှာ သူ့ကို ဖော်ပြဖို့ ထည့်တယ်။ စာပေစိစစ်ရေးကိုတင်တော့ သူတို့က ဖြုတ်ချလိုက်တယ်။ အလားတူ အခြားဂျာနယ် မဂ္ဂဇင်းအချို့မှာလည်း ဖော်ပြဖို့ တင်ပြကြတယ်။ ဒါပေမယ့် အားလုံးကို ဖော်ပြခွင့်ပိတ်ပင်ထားတယ်။ ခု Weekly Eleven ဂျာနယ်မှာ ဖော်ပြတာ ပထမဦးဆုံးပဲ” ဟု ပြောသည်။

ဂျာနယ်အယ်ဒီတာများ၏ ပြောပြချက်အရ မော်ဒယ် ဝတ်မှုန်ရွှေရည်သည် တိုင်းရင်းသူ မော်ဒယ်တဦးဖြစ်ပြီး မြန်မာနိုင်ငံ၌ ထင်ရှားကြော်ကြားသည့် အဆိုတော်၊ သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်၏ ချစ်သူဖြစ်ကြောင်း၊ စိုင်းစိုင်းခမ်းလှိုင်ကိုယ်တိုင် သတင်းစာမျက်နှာများတွင် အမည်မဖော်ပြဘဲ ဖြေကြားထားသည်များ ရှိကြောင်း၊ ၎င်းတို့နှစ်ဦး၏ ဓာတ်ပုံများ၊ ဗီဒီယိုဖိုင်များကို အင်တာနက်စာမျက်နှာများပေါ်တွင် အများအပြားရှိကြောင်း၊ ၎င်းတို့နှစ်ဦးကိစ္စဆိုပါက သာမန် သတင်းသာ ဖြစ်ကြောင်း ပြောပြသည်။

သို့သော် ပြီးခဲ့သည်လက ဝတ်မှုန်ရွှေရည်ကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏မြေး ဖိုးလပြည့်က မေမြို့အထိ ခေါ်ဆောင်သွားသည့်သတင်းများထွက်ပြီးနောက်ပိုင်း အဆိုပါကိစ္စ သတင်းဂျာနယ်များက အမည်မဖော်ပြဘဲ ရေးသားကြသော်လည်း စာပေစိစစ်ရေးက အားလုံးပိတ်ပင်ခဲ့သည်။ စာပေစိစစ်ရေးက နိုင်ငံရေး၊ စီးပွားရေး သတင်းများအပြင် ယခုကဲ့သို့ အာဏာရှင်အသိုင်းအဝန်းနှင့် သက်ဆိုင်သည့် လူမှုရေးသတင်းများကိုလည်း စောင်းပါးရိပ်ခြေမျှပင် ရေးသားခွင့်မပြုဘဲ ပိတ်ပင်လျက်ရှိကြောင်း ပြောပြကြသည်။

မော်ဒယ်ဝတ်မှုန်ရွှေရည်ကို ဖိုးလပြည့်က မေမြို့ကို ခေါ်ဆောင်သွားခဲ့သည် ဆိုသည့်သတင်းနှင့်ပတ်သက်၍ ၎င်းနှင့် တနှစ်တည်း တက်နေသူ နည်းပညာတက္ကသိုလ် ဒုတိယနှစ် ကျောင်းသားတဦးကို မေးမြန်းကြည့်ရာ “သတင်းဖြစ်ပေါ်တဲ့နေ့က ဖိုးလပြည့်ကို ကျောင်းမှာ မတွေ့ရကြောင်း၊ ကျောင်းအနီးက ကျောင်းနားချိန် ၎င်းအပန်းဖြေရန် ဆောက်လုပ်ပေးထားတဲ့ ဇိမ်ခံအိမ်ကြီးမှာလည်း မတွေ့ရကြောင်း၊ ဒါပေမယ့် ဝတ်မှုန်ရွှေရည်ကို ခေါ်သွားတယ်လို့တော့ တပ်အပ်မပြောနိုင်ကြောင်း” ပြောပြသည်။

ဒီဇင်ဘာ (၃၁) ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင်မူ ဝတ်မှုန်ရွှေရည်နှင့် စိုင်းစိုင်းခမ်းလှိုင်အကြောင်းများ ကို ဘေးချင်းယှဉ် ဖော်ပြထားပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ မြေး ဖိုးလပြည့်နှင့် ပတ်သက်သည့်ကိစ္စကိုများမူ ကောလာဟလ ဖြစ်ပေါ်မှုအဖြစ် မေးမြန်းထားပြီး ဝတ်မှုန်ရွှေရည်က ငြင်းဆိုထားခြင်း မရှိပေ။

ရန်ကုန် စစ်တပ်အသိုင်းအ၀ိုင်း၏ ပြောဆိုချက်အရ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏မြေး ဖိုးလပြည့် တက်ချင်သည်ဆိုသည့်အတွက် အင်းစိန်ကြို့ကုန်းရှိ အာအိုင်တီစက်မှုတက္ကသိုလ်ကို ပြန်ဖွင့်ပေးတော့မည်ဆိုသည့် သတင်းများ ထွက်ပေါ်နေသည်။ ဖိုးလပြည့်၏ လုံခြုံရေးအတွက် အာအိုင်တီဝန်းကျင်တွင် စစ်တပ်တတပ် ချထားမည်ဆိုသည့် သတင်းလည်း ထွက်ပေါ်နေသည်။ သို့သော် အဆိုပါသတင်းများကို ခေတ်ပြိုင်မှ သီးခြားအတည်ပြုချက် မရရှိသေးပေ။

Ref: ခေတ်ပြိုင်

Read More...

အစ္စရေးရောက် မြန်မာများ ဘေးရန်ကင်းဟု သံရုံးကပြော

ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ 07 2009

နယူးဒေလီ (မဇ္ဈိမ)။ ။ ပါလက်စတိုင်း ၆၄၀ ခန့် သေဆုံးပြီးဖြစ်သည့် ဂါဇာကမ်းမြှောင်ရှိ ဟားမက်စ်တို့အပေါ် စစ်ဆင်နေသော အစ္စရေးနိုင်ငံရှိ မြန်မာနိုင်ငံသားများ ဘေးရန်ကင်းစွာ ရှိနေကြောင်း မြန်မာသံရုံး အပြောအရ သိရသည်။

အစ္စရေးတွင် ပညာသင်ကြားနေသူနှင့် အလုပ်လုပ်နေသော မြန်မာနိုင်ငံသားများမှာ စစ်ဖြစ်ရာအရပ်နှင့် ဝေးကွာကြောင်း မြို့တော် တဲလ်အဗစ်ရှိ မြန်မာသံရုံး အရာထမ်းတဦးက ပြောသည်။

"အဲဒီ စစ်ပွဲက နည်းနည်းလေး လှမ်းပါတယ်။ ဒီဘက်မြို့တွေမှာ ဘာမှမဖြစ်ပါဘူး။ သူဟာနဲ့သူ ဂါဇာမှာ ဖြစ်နေတာပါ။ ဒီဘက် မြန်မာနိုင်ငံသားတွေ ရှိတဲ့ဘက်နဲ့ ဝေးပါသေးတယ်။ ဝေးတဲ့အတွက် ဘာမှ မဖြစ်သေးပါဘူး" ဟု အမည်မဖော်လိုသူ အရာရှိက မဇ္ဈိမကို ပြောသည်။

အစ္စရေးနိုင်ငံတွင် သင်တန်းတက်ရောက်နေသူ မြန်မာနိုင်ငံသား ၅၀ ခန့်ရှိပြီး နိုင်ငံ၏ မြောက်ပိုင်းတွင် နေထိုင်ကြသည်။ သင်တန်းသားများမှာ စိုက်ပျိုးရေးအတွက်ဖြစ်ပြီး အစိုးရက စေလွှတ်သူနှင့် တသီးပုဂ္ဂလလာရောက် သင်ကြားသူများ ပါဝင်သည်။ ထို့အပြင် တရားဝင် သွားရောက်အလုပ်လုပ်ကိုင်နေသူ ၂၀ ခန့်ရှိသည်။

"အသွားအလာပုံမှန်ပါပဲ။ ဒီဘက်မြို့တွေ လူနေရပ်ကွက်တွေမှာ အားလုံး ပုံမှန်ပါပဲ။ ဘာမှ မရှိပါဘူး" ဟု သံအရာရှိက ပြောသည်။

ပါလက်စတိုင်း ဆေးဘက်ဆိုင်ရာ သတင်းရပ်ကွက်များကို ကိုးကား၍ စီအန်အန်က ဖော်ပြရာတွင် ဒီဇင်ဘာ ၂၇ ရက်နေ့က စတင်သော ဂါဇာဒေသ စစ်ပွဲကြောင့် အမျိုးသမီးနှင့် ကလေးငယ် ၁၀၀ ခန့်အပါအ၀င် ပါလက်စတိုင်း ၆၄၀ ခန့် သေဆုံးခဲ့ပြီး ဖြစ်သည်ဟု ပါရှိသည်။

ဂါဇာကို ထိမ်းချုပ်ထားသော ပါလက်စတိုင်း အဖွဲ့ကွဲတခုဖြစ်သည့် ဟားမက်စ်ကလည်း ဒုံးလက်နက်ဖြင့် ပြန်လည် ပစ်ခတ်နေခဲ့သည်။ ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက ဒုံးလက်နက် ငါးခု အစ္စရေး ပိုင်နက်သို့ ကျရောက်ခဲ့ပြီး အင်္ဂါနေ့က ၃၅ ခု ကျခဲ့သည်ဟု အစ္စရေးရဲက စီအန်အန်ကို ပြောသည်။

ဗုဒ္ဓဟူးနေ့ တိုက်ခိုက်မှုကြောင့် သေကြေ ပျက်စီးမှုသတင်း မထွက်လာသေးသော်လည်း အင်္ဂါနေ့ တိုက်ခိုက်မှုကြောင့် ဂါဇာနှင့် ၂၄ မိုင် အကွာအဝေးရှိ ဂီဒီရာအရပ်မှ ၃ လသားအရွယ် ကလေးငယ်တဦး ဒဏ်ရာ ရသွားခဲ့သည်ဟု သတင်းက ဆက်လက် ဖော်ပြသည်။

အစ္စရေး၏ စစ်ဆင်ရေး ၁၂ ရက်မြောက်တွင် စစ်လေယာဉ်များနှင့် တိုက်ခိုက်ရေး ရဟတ်ယဉ်များက ညလုံးပေါက်တွင် အကြိမ် ၃၀ တိုက်ခိုက်ခဲ့ပြီး ကြည်းကြောင်းမှလည်း အမြောက်များဖြင့် ပစ်ခတ်ကာ စစ်သင်္ဘောများမှ ပါလက်စတိုင်း တိုက်ခိုက်ရေးသမားများကို ပစ်ခတ်လျှက် ရှိခဲ့သည်။

ဂါဇာတွင် ရေ၊ အစားအသောက်၊ ဆေးဝါးနှင့်လျှပ်စစ်မီး ပြတ်တောက်မှုများ ဖြစ်ပေါ်နေကြောင်း သတင်းများ တောက်လျှောက်ထွက်ပေါ်နေခဲ့ပြီးနောက် ပြင်သစ်၊ အီဂျစ်တို့က ဦးဆောင်၍ နိုင်ငံတကာ အသိုင်းအ၀ိုင်းက လူသားချင်း စာနာထောက်ထားသည့် အနေဖြင့် အကူအညီပေးရေး အဖွဲ့များကို ၀င်ခွင့်ပြုရန် အစ္စရေးသို့ တောင်းဆိုလာကြသည်။

မြန်မာသံရုံးအနေဖြင့် အခြေအနေကို အဆက်မပြတ်စောင့်ကြည့်ကာ မြန်မာနိုင်ငံသားများထံ အဆက်အသွယ် ပြုလုပ်နေသည်ဟု ဆိုသည်။

Ref: မဇ္ဈိမ

Read More...

ရန်ကုန်မှာ အက်ဖ်အီးစီဈေးကျ

NEJ/ ၇ ဇန်န၀ါရီ ၂၀၀၉

အစိုးရပိုင် ဓာတ်ဆီ၊ ဒီဇယ် ရောင်းချသည့်ဆိုင်များတွင် အက်ဖ်အီးစီဖြင့် ဝယ်ယူမှုနည်းပါးလာသောကြောင့် ပြီးခဲ့သည့်လများကထက် အက်ဖ်အီးစီဈေးနှုန်း (၂ဝ) ရာခိုင်နှုန်းနီးပါး ကျဆင်းသွားကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။

ဆူးလေဘုရားလမ်း မှောင်ခို နိုင်ငံခြားငွေလဲလှယ်ရေး ဒိုင်ပိုင်ရှင်တဦးက “အစိုးရက လောင်စာဆီတွေကို အက်ဖ်အီးစီနဲ့ ဝယ်ယူခွင့်ပြုလိုက်တုန်းက အက်ဖ်အီးစီ ဝယ်လိုအားတွေ တက်လာပြီး ဈေးနှုန်းလည်း မြင့်လာတယ်။ နဂိုက အက်ဖ်အီးစီ တယူနစ် ကျပ် (၈ဝဝ) ကနေ (၉ဝဝ) နီးပါး ရှိရာကနေ (၁,၀၀၀) ကျော်၊ နောက်ပိုင်း ဒေါ်လာဈေးနဲ့ မတိမ်းမယိမ်း (၁,၂၅ဝ) ကျပ် လောက်အထိ ရောက်ခဲ့တယ်။ ခု ပြင်ပ ဓာတ်ဆီ၊ ဒီဇယ်ဆီ ပေါက်ဈေးဟာ အစိုးရဆိုင်မှာ အက်ဖ်အီးစီနဲ့ ဝယ်တဲ့ဈေးထက် အများကြီး သက်သာနေတာကြောင့် အက်ဖ်အီးစီလဲပြီး လောင်စာဆီ ဝယ်တဲ့သူ မရှိသလောက် နည်းသွားတယ်။ ဒါကြောင့် အက်ဖ်အီးစီ ဝယ်လိုအားနည်းသွားပြီး ဒီနေ့ (၇-၁-ဝ၉) ပေါက်ဈေးဆို တယူနစ် (၁,ဝ၃ဝ) ကျပ်လောက်ပဲ ရှိတော့တယ်” ဟု ရှင်းပြသည်။

အက်ဖ်အီးစီ ဈေးနှုန်းများသည် တက်သွားသည့် ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက (၂ဝ) ရာခိုင်နှုန်းနီးပါး ကျသွားသော်လည်း လက်ရှိ ဒေါ်လာပေါက်ဈေးနှင့် နှိုင်းယှဉ်လျှင် (၁ဝ) ရာခိုင်နှုန်းခန့်သာ ကွာခြားနေကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ နာဂစ်လေမုန်တိုင်းဒဏ်ခံရပြီး နိုင်ငံတကာ အကူအညီ အထောက်အပံ့များ ပြည်တွင်းသို့ ပို့ပေးရာတွင် ဒေါ်လာငွေကို ဘဏ်မှတဆင့် လွှဲပေးရပြီး ပြည်တွင်းတွင်မူ အက်ဖ်အီးစီကိုသာ ပြန်လည်ထုတ်ယူ သုံးစွဲရသည်။

ထို့ကြောင့် အက်ဖ်အီးစီ အဝင်သာရှိပြီး သုံးစွဲရမည့်နေရာ များများစားစား မရှိသောကြောင့် ဒေါ်လာ ပြင်ပပေါက်ဈေးနှင့် နှိုင်းယှဉ်ပါက (၂ဝ) မှ (၂၅) ရာခိုင်နှုန်း ဈေးနှုန်းကွာခြားခဲ့ပြီး နိုင်ငံတကာအလှူငွေ သန်းပေါင်းများစွာ နစ်နာ ဆုံးရှုံးခဲ့ရသည်။ ထို့ကြောင့် စစ်အစိုးရက လောင်စာဆီကို အက်ဖ်အီးစီနှင့် ဝယ်ယူခွင့်ပြုသည့် အစီအစဉ် လုပ်ခဲ့သည့်အတွက် အက်ဖ်အီးစီဈေးနှုန်း တရိပ်ရိပ် ပြန်တက်လာပြီး ဒေါ်လာဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက (၃) ရာခိုင်နှုန်းမှ (၅) ရာခိုင်နှုန်းအထိသာ ကွာသွားခဲ့သည်။

ယခု လောင်စာဆီ ဝယ်ယူရာတွင် အက်ဖ်အီးစီကို သိပ်မသုံးတော့သည့်အတွက် ဈေးနှုန်း ပြန်လည် ကျဆင်းသွားရခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းကလည်း ဦးတေဇပိုင် ကုမ္ပဏီက ရောင်းချမည့် တခါသုံး ဂျီအက်စ်အမ် ပရီပေးဆင်းကတ်များကို အက်ဖ်အီးစီဖြင့်သာ ရောင်းချရန် စစ်အစိုးရ ဆက်သွယ်ရေးဝန်ကြီးဌာနက ညွှန်ကြားခဲ့သည်။

အက်ဖ်အီးစီ (၁ဝ) တန်နဲ့ ၂ဝ တန် ကတ် (၂) သောင်းကျော် ရောင်းချခဲ့ရ၍ အက်ဖ်အီးစီတန်ဖိုး အနည်းငယ် မြင့်တက်ခဲ့သော်လည်း နောက်ပိုင်း အဆိုပါကတ်များသည် စတင်အသုံးပြုသည်နှင့် (၁၄) ရက် သို့မဟုတ် (၁) လ အတွင်း သက်တမ်းကုန်ဆုံးမည် ဖြစ်ခြင်း၊ နောက်ထပ် ဝယ်ယူအသုံးပြုပါကလည်း နံပါတ် မတူတော့ခြင်း၊ အဝင်ခေါ်ဆိုခအတွက် ငွေပေးရသည့်အပြင် ဆက်သွယ်ခ ဈေးနှုန်းကြီးမြင့်ခြင်း စသည့်အချက်များကြောင့် အဝယ်မလိုက်ဘဲ အက်ဖ်အီးစီ ဝယ်လိုအားလည်း ကျဆင်းသွားခဲ့ခြင်းဖြစ်သည်။

နအဖစစ်အစိုးရက ပြည်တွင်း၌ အမေရိကန် ဒေါ်လာအပါအဝင် မည်သည့်နိုင်ငံခြားငွေကိုမှ တရားဝင် ကိုင်ဆောင်ခွင့် မပေးဘဲ ကိုင်ဆောင် လက်ဝယ်တွေ့ရှိပါက ထောင်ဒဏ်ချမှတ်နိုင်သည့် ဥပဒေ ပြဌာန်းထားပြီး အမေရိကန် ဒေါ်လာနှင့် တန်ဖိုးညီမျှသည်ဆိုသည့် အက်ဖ်အီးစီများကိုသာ ထုတ်ဝေ အသုံးပြုစေသည်။

ယခုကဲ့သို့ အက်ဖ်အီးစီ တန်ဖိုး ကျဆင်းပြီး အမေရိကန်ဒေါ်လာ တန်ဖိုးနှင့် ပြန်လည်ကွာခြားလာခြင်းကြောင့် လေဘေးသင့်ဒေသ အပါအဝင် မြန်မာနိုင်ငံတွင်းသို့ ဒေါ်လာငွေဖြင့် အကူအညီပေးပြီး ပြည်တွင်းမှာ အက်ဖ်အီးစီနှင့် ပြန်လည်ထုတ်ယူ သုံးစွဲရမည့်ကိစ္စများတွင် နစ်နာမှုများ ယခင်ကဲ့သို့ ပြန်လည် ကြုံတွေ့ရမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။

Ref: ခေတ်ပြိုင်

Read More...

ပြင်ပလောင်စာဆီဈေးနှုန်း ကျသော်လည်း အစိုးရထုတ်ဈေး မပြောင်းလဲ

ဇာနည်
ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ 07 2009

ချင်းမိုင် (မဇ္ဈိမ)။ ။ ပြင်ပ လောင်စာဆီဈေးနှုန်းများမှာ လွန်ခဲ့သည့် ၄ လမှ စတင်ကာ တရွေ့ရွေ့ ကျဆင်းလာသော်လည်း အစိုးရထုတ်ဈေးမှာမူ မပြောင်းလဲဘဲ တန့်နေသည်။

ပြင်ပ လောင်စာဆီဈေးကွက်တွင် ဒီဇယ်ဆီ တဂါလံသည် ၆၀၀၀ ၀န်းကျင်ရှိခဲ့ရာမှ ယခုအခါ တဂါလံ ပေါက်ဈေး ၂၅၀၀ ကျပ်နှင့် ဓာတ်ဆီ တဂါလံ ပေါက်ဈေး ၃၀၀၀ ကျပ်ဖြစ်ပြီး၊ အစိုးရထုတ်ဈေးမှာ ဒီဇယ် တဂါလံလျှင် ၃၀၀၀ ကျပ်နှင့် ဓာတ်ဆီတဂါလံလျှင် ၂၅၀၀ ကျပ်အတိုင်း မပြောင်းမလဲ ရှိနေခြင်းဖြစ်သည်။

"ဒီဇယ်ဈေးက ပိုကွာသွားတာပေါ့နော်။ တိုင်ဈေးက ၃၀၀၀၊ အပြင်မှာက ၂၅၀၀ လောက်နဲ့ ရနေတော့ တိုင်မှာ သွားမထုတ်ချင်ကြတော့ဘူး။ အထူးသဖြင့် ဆီထုတ်စားတဲ့သူတွေက မထုတ်ကြတော့ဘူး" ဟု ရန်ကုန်မြို့မှ ကားပိုင်ရှင် တဦးဖြစ်သူ ကိုတူးတူးက မဇ္ဈိမကို ပြောသည်။

စက်တင်ဘာလဆန်းက ပြင်ပတွင် ဒီဇယ်ဆီ တဂါလံမှာ ပေါက်ဈေး ၆၀၀၀ ကျပ်ခန့်ရှိခဲ့ရာမှ ကမ္ဘာ့လောင်စာဆီဈေး ကျဆင်းမှုနှင့်အတူ တဖြည်းဖြည်း ကျဆင်းလာပြီး ယခုအခါ ၂၆၀၀ ကျပ်ဝန်းကျင်သာ ရှိတော့ရာ ထက်ဝက်နီးပါးဖြစ်၍ ၄ လတာခန့်အတွင်း အနိမ့်ဆုံး ဈေးနှုန်းလည်း ဖြစ်နေသည်။

သူက ဆက်ပြီး "အပြင်မှာက ပိုသက်သာတယ်ဆိုပေမယ့်၊ အစိုးရဈေးနဲ့က ၂ရက်တခါတော့ ပုံမှန်တော့ သွားထုတ်ရတာပေါ့။ မထုတ်ရင်နာမှာပေါ့။ ဆီက ပိုတာကို အပြင်ကို ပြန်ရောင်းရင် တဂါလံ ၂၀၀၀ ကျော်လောက်ပဲ ဈေးပြန်ရတယ်။ ရောင်းရအောင်ကလည်း ပိုနေတယ်ဆိုတာထက် လိုနေတာက များပါတယ်" ဟု ဆိုသည်။

အစိုးရထုတ်ဈေးနှင့် ပြင်ပဈေးကွာဟမှုကြောင့် ဒီဇယ်ဆီကို အများအားဖြင့် အသုံးပြုသော အဝေးပြေး လိုင်းကားများမှာ ပြင်ပဆီကိုသာ ၀ယ်ယူလိုမှု ပိုများနေသည်။

ရန်ကုန်-မန္တလေး ပြေးဆွဲနေသော ယာဉ်လိုင်းတခုမှ ကားပိုင်ရှင်တဦးက "ဈေးကကွာနေတော့ မကိုက်တော့ဘူးဗျ။ တိုင်ဆီကို မယူမနေရဆိုပြီး ပြောတော့ ဒီလိုပဲ ယူရတာပဲ။ တိုင်ဆီ မယူရင် လိုင်းမဆွဲရဘူး။ တချို့လည်း ဒီလိုပဲ တိုင်ဆီနဲ့ မှေးဆွဲရတာပေါ့ဗျာ" ဟု မဇ္ဈိမကို ပြောပြသည်။

ကိုယ်ပိုင်ယာဉ်ပိုင်ရှင်အချို့ကမူ အစိုးရထုတ်ဈေးဖြင့် အသုံးလိုသလောက်သာ ၀ယ်ယူကြပြီး ပိုလျှံသော ဆီများကို ပြင်ပ ထုတ်ရောင်းခြင်း မပြုကြတော့ကြောင်း ပြောဆိုကြသည်။

အစိုးရမှ ယာဉ်တစီးအတွက် တရက်လျှင် ၂ ဂါလံနှုန်းဖြင့် တလအတွက် ဂါလံ ၆၀ နှုန်း သတ်မှတ်ကာ လောင်စာဆီများကို ရောင်းချပေးနေသည်။

ရန်ကုန်မြို့ခံ ကားပိုင်ရှင်တဦးက "အသုံးလိုသလောက်ပဲ ထုတ်တာ။ ဆီစာအုပ် မသေအောင်ပေါ့။ တိုင်မှာ ၀ယ်ရင်က တဂါလံ ၃၀၀၀ လေ၊ အပြင်မှာက သက်သာတာကိုးဗျ" ဟု ဆိုသည်။

သူက ဆက်ပြီး "ဆီထုတ်စားတဲ့ သူတွေကျတော့ မကိုက်တော့ဘူးဗျ။ အစိုးရဈေးက ၃၀၀၀ ဆိုပြီး ပြန်ရောင်းရင် အများဆုံးမှ ၂၆၀၀ လောက်ရတော့လေ" ဟု ပြောသည်။

ယခုကာလသည် လျှပ်စစ်မီးများ ပြတ်တောက်သော အချိန်ဖြစ်၍ မီးစက်များကို ပိုမိုအားထားနေရသဖြင့် မှောင်ခိုဒီဇယ်ဈေး ကျသည်ကို ၀မ်းသာကြောင်း ရန်ကုန်မြို့ခံများက ဆိုသည်။

မီးစက်ကို အားကိုး၍ လည်ပတ်နေရသော ရန်ကုန်ရှိ အင်တာနက်ဆိုင်တခုက "ဆီဈေးကျတော့ ကောင်းတာပေါ့။ ဆီဈေးအတွက် အသုံးစရိတ်က တော်တော်သက်သာသွားတယ်။ ဒီမှာက မီးစက် အမြဲသုံးနေရတော့လေ။ မကုန်ဘူးဆို တရက်ကို တဂါလံလောက်ကတော့ သုံးနေရတာဆိုတော့လေ" ဟု မဇ္ဈိမကို ပြောသည်။

လောင်စာဆီများ ဈေးကျလာမှုကြောင့် ကုန်စည်များဈေးကျမှုမှာ အထွေအထူးကျဆင်းမှု မရှိဘဲ၊ မီးဖိုချောင်သုံး စားသောက်ကုန်နှင့် ဟင်းသီးဟင်းရွက်များမှာမူ ဈေးအတန်ငယ် လျော့ကျလာသည်။

မန္တလေး ဈေးချိုရှိ ကုန်စုံဆိုင်ပိုင်ရှင်တဦးက "သယ်ပို့စရိတ် နည်းနည်းသက်သာသွားလို့ လျော့သွားတာပါ။ အများကြီးတော့ မဟုတ်ပါဘူး။ ပဲ၊ နှမ်းလို ကုန်မာတွေကတော့ မလျော့ဘူးပေါ့။ အရောင်းအ၀ယ်ကတော့ အေးပါတယ်။ ကောင်းလာတယ်လို့တော့ မရှိပါဘူး" ဟု ပြောသည်။

မန္တလေး မြို့ခံတဦးကလည်း "လ္ဘက်ရည်ဈေးကတော့ ၂၀၀ က မကျသေးဘူးပေါ့။ မုန့်ကတော့ ထပ်တရာတခုကို ၃၅၀ ကနေ အခုက ၃၀၀ လောက်နဲ့ ထမင်းဆီဆမ်းတပွဲကို ၅၀၀ ရောင်းတာကနေ ၄၀၀ ဖြစ်သွားတယ်လေ" ဟု ပြောပြသည်။

Ref: မဇ္ဈိမ

Read More...

မူးယစ်ဆေးသယ်သူ စစ်ဗိုလ်တဦး ဖမ်းဆီးခံရ

Wednesday, 07 January 2009

ပြီးခဲ့သည့် လကုန်ပိုင်းက ရန်ကုန်တိုင်း မှော်ဘီ အခြေစိုက် ခြေမြန် တပ်ရင်း ၇၀၁ မှ ဒုအရာခံ ဗိုလ်တဦး မူးယစ်ဆေးဝါး သယ်ဆောင် မှုဖြင့် ဖမ်းဆီး ခံရကြောင်း ရန်ကုန်တိုင်း စစ်ဌာနချုပ် သတင်း ရပ်ကွက်မှ သိရသည်။

“သူက မူးယစ်ဆေး ရောင်းတာတော့ မဟုတ်ဘူး။ ရောင်းတဲ့သူတွေဆီ ရောက်အောင် ကယ်ရီ လုပ်ပေးတာပါ”ဟု ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ စစ်သားတဦးက ပြောပြသည်။ ရရှိသည့် လစာမှာ မိသားစုရပ်တည်ရေးအတွက် လုံလောက်မှုမရှိသဖြင့် ထိုသို့ လုပ်ကိုင်ရခြင်း ဖြစ်သည်ဟု ဆိုသည်။

ရန်ကုန်-မန္တလေး လမ်းမပေါ်ရှိ စစ်ဆေးရေးဂိတ်တခုတွင် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု သိရသည်။ သယ်ဆောင်သည့် မူးယစ်ဆေးအမျိုးအစားကို မသိရပေ။

“တပ်ရိက္ခာလည်း မရဘူးဆိုတော့ အိမ်အတွက် မိသားစုအတွက် အစားအစာ အသုံးအဆောင် ၀ယ်ဖို့အတွက် ပိုက်ဆံက လိုလာပြီ”ဟု ခမရ ၇၀၁ မှ တပ်ကြပ်ကြီးတဦးက ပြောပြသည်။

တပ်မတော်သားများသည် ဆက်ကြေးတောင်းခြင်း၊ မူးယစ်ဆေးဝါးသယ်ဆောင်ခြင်း အပါအ၀င် ဥပဒေနှင့် ငြိစွန်းသည့် လုပ်ငန်းများဖြင့် အပိုဝင်ငွေ ရှာနေရကြောင်း စစ်တပ်အသိုင်းအ၀ိုင်းတွင် ပြောဆိုနေကြသည်။

တပ်ရင်းမှူးများသည် တပ်ရင်းရန်ပုံငွေရရှိရန်အတွက် စိုက်ပျိုးမွေးမြူရေး၊ အုတ်လုပ်ငန်း၊ သစ်လုပ်ငန်း စသော ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နေကြသည်။ သို့သော်လည်း ရရှိလာသည့် တပ်ရင်းရန်ပုံငွေများမှာ တပ်တွင်းမိသားစုများအတွက် လုံလောက်ခြင်းမရှိဟု ဆိုသည်။

စစ်တပ်မှ အခြားအဆင့်စစ်သည်များမှာ အရာရှိငယ်များရရှိသည့် လစာနှုန်း၏ ထက်ဝက်သာ ရရှိသည်။ သာမန်ရဲဘော်တဦး၏ လစာမှာ ကျပ် ၂၁၀၀၀ (၁၆ ဒေါ်လာ) ဖြစ်ပြီး အရာခံဗိုလ်တဦး၏လစာမှာ ကျပ် ၅၀၀၀၀ (ဒေါ်လာ ၄၀) ဖြစ်သည်။

“ကျနော်တို့က ရှေ့တန်းမှာမဟုတ်ဘူး ဆိုပေမယ့် တပတ်ကို ၆ ရက် အလုပ်ဆင်းရတယ်ဗျာ၊ လစာလည်း ပိုနည်းတယ်” ဟု တပ်ကြပ်ကြီးက ပြောပြသည်။

“ပိုက်ဆံကိုရတဲ့နည်းနဲ့ ရှာနေရတာပဲ။ တရားတာ မတရားတာ ကြည့်မနေနိုင်တော့ဘူး”ဟု အခြား တပ်ကြပ်ကြီးတဦးက ပြောပြသည်။ ယနေ့ကာလတွင် သူ၏ ကလေးများကို ပြုစုပျိုးထောင်ရန် ငွေကြေး လိုအပ်သည်ဟု ဆိုသည်။

စစ်သားများ၊ စစ်ဗိုလ်ချုပ်တို့၏သားသမီးများ မူးယစ်ဆေးဝါးမှုနှင့် ပတ်သက်ဆက်နွယ်သည့် သတင်းများမှာ အဆန်းတကြယ် မဟုတ်တော့ပေ။

ပြီးခဲ့သည့် မေလအတွင်းကလည်း ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့်၏ သားဖြစ်သူ ကိုအော်ဇော်ရဲမြင့်သည် သေနတ် ၆ လက်နှင့် မူးယစ် ဆေးဝါးများ တရားမ၀င် ကိုင်ဆောင်မှုဖြင့် ဖမ်းဆီးခံခဲ့ရဖူးသည်။ အာဏာပိုင်တို့က ကိုအောင်ဇော်ရဲမြင့်ကို မူးယစ်ဆေး စွဲသူများအား ပြန်လည်ပျိုးထောင်ပေးရာဌာနတခုဖြစ်သော ၀က်ထီးကန်စခန်းသို့သာ ပို့ဆောင်ခဲ့သည်။ တရားစွဲ ထောင်ချခြင်းမရှိပေ။

ကိုအောင်ဇော်ရဲမြင့်သည် အာဏာပိုင်တို့၏ သားသမီးအချို့ အပါအ၀င် ချမ်းသာကြွယ်ဝသည့် လုပ်ငန်းရှင်အချို့၊ ရုပ်ရှင်သရုပ်ဆောင်အချို့အတွက် မူးယစ်ဆေးများ ဖြန့်ဖြူးပေးသူအဖြစ် ထင်ရှားသည်။ ။

Ref: ဧရာဝတီ

Read More...

Wednesday, January 7, 2009

အာဏာရှင်ကြီးများ၏ အတွင်းရေး - အပိုင်း(၈)

ဒုဗိုလ်မှူးကြီး ကြည်ဆွေရဲ့  အာဏာရှင်ကြီး၏ အတွင်းရေး စာအုပ်ပါ အရေးအသားတင်ပြချက်များအပေါ် စစ်ဖက်နီးစပ်သူများက ထပ်မံ အကြံပြု ဖြည့်စွက် ရေးသားထားလို့ တပ်မတော်အာဏာရှင်တွေရဲ့  သမိုင်းကြောင်း ပြည့်ပြည့်စုံစုံ စာဖတ်သူများအား ကျွန်တော် ကိုဖိုးတရုတ်မှ တင်ပြပေးလိုက်ရပါတယ်။

အဖြစ်မှန်ကို လူကြီးဟောင်းများရဲ့  ပြောကြားချက်အရ သိရှိရတာက ရွေးကောက်ပွဲ မပြုလုပ်မီ တပ်မှ အရာရှိကြီးများအား ဗိုလ်နေ၀င်းက ပြောလေ့ရှိခဲ့တာမှာ ဦးနုနဲ့ ဦးဗဆွေ တို့ဟာ လူကောင်းများ ဖြစ်ကြကြောင်း၊ နိုင်ငံရေးမှာ သန့်ရှင်းမှု ရှိသူများ ဖြစ်ကြကြောင်း၊ ဘာသာရေးကိုသာ စိတ်ဝင်စားကြောင်း၊ လူတွေ စိတ်ချမ်းသာ ကိုယ်ချမ်းသာရှိဖို့လောက်သာ လိုလားပြီး ရှိအောင် မလုပ်တတ်ကြောင်း၊ ဦးဗဆွေနဲ့ ဦးကျော်ငြိမ်းတို့ဟာ နိုင်ငံရေး ရည်မှန်းချက်ရှိကြောင်း၊ တပ်နဲ့လည်း နီးစပ်မှုရှိကြောင်း၊ နိုင်ငံရေး ခံယူချက်ရှိကြပြီး ဖဆပလ ကွဲတဲ့အခါမှာ ဦးနုရဲ့  နောက်သို့လိုက်မဲ့ ခေါင်းဆောင်မရှိဘဲ သူတို့ရဲ့  နောက်သို့သာ ခေါင်းဆောင်အများစု လိုက်ပါသွားခဲ့ခြင်း ဖြစ်ကြောင်းများကို ပြောကြားခဲ့ကြောင်း သိရပါတယ်။

အရာရှိကြီးများက “ကျွန်တော်တို့ ဘယ်လို ရပ်တည်ရမှာလဲ” လို့ အမိန့်နာခံဖို့ မေးတဲ့အခါမှာ ရှင်းလင်း ပြတ်သားစွာ အမိန့်မပေးဘဲ “မင်းတို့လည်း နိုင်ငံရေး အခြေအနေ သိတာပဲ ဒို့တပ်ကို မထိခိုက်အောင်သာ ကြည့်လုပ်ကြပေါ့ကွာ” လို့ ပြောခဲ့ကြောင်း သိရပါတယ်။ သူ့ရဲ့  ပြောနေကျ စကားများအရ တည်မြဲ ဖဆပလဟာ တပ်နဲ့ ပိုနီးစပ်တဲ့ ယူဆချက်ဖြင့် တပ်တွေအနေနဲ့ ဖြစ်နိုင်ရင် တည်မြဲဘက်ကိုသာ မဲပေးအောင် လက်သိပ်ထိုး လုပ်ခဲ့ကြသည်များ ရှိကြောင်း သိရပါတယ်။ အဲဒီနောက် သန့်ရှင်း အမတ်များက ပါလီမန်မှာ တပ်မတော်အရာရှိများအား ပုတ်ခတ်ပြောလာတဲ့အခါ ဗိုလ်နေ၀င်းဟာ ထုံးစံအတိုင်း အလွန်ဒေါပွခဲ့ကြောင်း သိရပါတယ်။ အဲဒီအခါ တိုင်းမှူးနဲ့ တပ်မဟာမှူးများက အာဏာသိမ်းရန် နည်းလမ်းတစ်ခုတည်းသာ ရှိတော့ကြောင်းကို တင်ပြခဲ့ကြရာ ဘာမှ တိကျတဲ့ အမိန့်မပေးခဲ့ကြောင်း၊ ဒါပေမဲ့ နှစ်ရှည်လများ တာဝန်ထမ်းဆောင်ခဲ့ကြသူများ ဖြစ်လို့ ဗိုလ်နေ၀င်းရဲ့  သဘောကို သိတာကြောင့် အာဏာသိမ်းသင့်က သိမ်းရန် ပြင်ဆင်ခဲ့ကြကြောင်း၊ ဒီအခါမှာ တပ်တွေဆီကို ဗိုလ်နေ၀င်း ဆင်းလာကြောင်း၊ သူတို့ကို ကျေနပ်အောင် ချွေးသိပ်ခဲ့ကြောင်း၊ နောက်မကြာမီမှာပဲ တပ်က ထွက်ခိုင်းကြောင်း၊ အကြီးအကျယ် ဒေါပွကြပေမဲ့ ငုံ့ခံခဲ့ကြရကြောင်းများကိုပါ သိရပါတယ်။ ဒါကို ဗိုလ်နေ၀င်းက ဖဆပလပါတီတွေကြားမှာ အရောင်အသွေး ကင်းအောင် နေပြတဲ့ သဘောနဲ့ ပါတီဘက် ယိမ်းတဲ့ သူများလို့ စွပ်စွဲပြီး ဖြုတ်ခဲ့တာ တွေ့ရပါတယ်။ တပည့်တွေကို ခုတုံးလုပ်ပြီး အမှတ်ယူတဲ့ သဘောပေါ့။

ကွက်ကျော် ရိုက်ခဲ့တဲ့နေရာမှာတော့ ဗိုလ်နေ၀င်းဟာ ဘယ်သူ့ကိုမျှ မထောက်ထားခဲ့ကြောင်းများကို လူဟောင်းကြီးများက ပြောလေ့ရှိပါတယ်။ “ခိုင်းတော့ သေအောင်ခိုင်းတာပဲ၊ တစ်ခုခု ဖြစ်လာရင်တော့ ကာကွယ်ပေးလိမ့်မယ် မထင်နဲ့” လို့လည်း ပြောကြပါတယ်။ အသေးအဖွဲ ကိစ္စများက စပြီး သူများကို လှည့်ပတ်ဖို့ အနိုင်ယူဖို့လည်း ၀န်မလေးကြောင်း၊ ဗိုလ်နေ၀င်းဟာ တချိန်က မြင်းပွဲကို အလွန်ဝါသနာ ပါခဲ့ကြောင်း၊ မြင်းပွဲနဲ့သာ အချိန်ဖြုန်းခဲ့ကြောင်း၊ မြင်းသမားလောကမှ သတိပြုလာတဲ့အထိ ဖြစ်ခဲ့ကြောင်း၊ တချိန်က သူ့ရဲ့  ကိုယ်ရေးအရာရှိ ဗိုလ်ကြီးသန်းဝင်းက ရှိစုမဲ့ စုငွေလေးစုပြီး မြင်းလောင်းရန် လုပ်ခဲ့ကြောင်း၊ ဗိုလ်နေ၀င်းက သိပြီး ဘယ်မြင်းကို လောင်းမှာလဲ လို့ မေးတဲ့အခါ “ဘဇူကာ” ကို လောင်းမယ်လို့ ဗိုလ်ကြီးသန်းဝင်းက ပြောရာ သူ့အတွက်ပါ လောင်းပေးလို့ ခိုင်းခဲ့ကြောင်း၊ သူရဲ့ ကိုယ်ရေးအရာရှိက လောင်းသဖြင့် ဘေးမှ စောင့်ကြည့်သူများကလည်း “ဘဇူကာ” ကိုပစ်ပြီး လောင်းကြတော့ကြောင်း၊ မြင်းပြေးတဲ့အခါမှာ “ဘဇူကာ” ဟာ ဘိတ်ဆုံးဖြစ်ကြောင်း၊ ဗိုလ်ကြီးသန်းဝင်းဟာ အကြီးအကျယ် စိတ်ပျက်ပြီး မှိုင်တွေချနေခဲ့ကြောင်း၊ ဗိုလ်နေ၀င်းကတော့ ဘဇူကာကို မထိုးဘဲ အခြားမြင်းကို ထိုးခဲ့လို့ အနိုင်ရခဲ့တာကြောင့် အလွန်ရွှင်မြူးနေပြီး သန်းဝင်း ဘယ်လောက် ရှုံးလဲလို့ မေးကြောင်း၊ ဗိုလ်ကြီးသန်းဝင်းကလည်း စိတ်မပါတပါဖြင့် လေးရာကျော် ရှုံးကြောင်း ပြောတဲ့အခါ ငွေ ရှစ်ရာ ထုတ်ပေးခဲ့ကြောင်း သိရပါတယ်။

တော်လှန်ရေး ကောင်စီတက်ပြီးနောက် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အဦးအား ဖြိုချ ဖျက်ဆီးပစ်ခဲ့ပါတယ်။ ထိုသို့ ဖျက်ဆီးပစ်ခဲ့ခြင်းကို ဗိုလ်နေ၀င်းက အလွန်ကျေနပ်ခဲ့ပြီး အလျဉ်းသင့်တိုင်း ဂုဏ် ယူပြောကြားခဲ့ကြောင်း သိရပါတယ်။ အလယ်ရိုးမကို သိမ်းပိုက်ခြင်း၊ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဝင်များ ကျဆုံးခြင်း၊ ပီကင်းပြန်များ ကျဆုံးခြင်း၊ မြစ်ဝကျွန်းပေါ်တွင် အောင်ပွဲရခဲ့ခြင်းများနှင့် ပတ်သက်၍ တင်ပြကြသောအခါ အလွန်ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ပြီး မြေပေါ်ဌာနချုပ်ဖြစ်သော တ-က-သ ကို ဖြိုပြီးဖြစ်၍ သောင်းကျန်းသူများဟာ နယ်စွန်နယ်ဖျား ထွက်ပြေးပြီး အင်္ဂလိပ်ခေတ်က အင်္ဂလိပ်နယ်ချဲ့ ကို ဆန့်ကျင်သူများ လုံးပါးပါးသကဲ့သို့ ပါးသွားမည်ဖြစ်ကြောင်း ပြောခဲ့တာလို့ သိရပါတယ်။

ဗိုလ်နေ၀င်းဟာ စိတ်မြန်သူ ဖြစ်ပြီး စိတ်လည်း အလွန် တိုတတ်ပါတယ်။ အပြောင်းအလဲလည်း အလွန်များတတ်ပါတယ်။ ဒေါ်နီနီမြင့်နှင့် အိမ်ထောင်ကျပြီးနောက်ပိုင်း တခါက ဖြစ်ပါတယ်။ ပုဂံညောင်ဦး ဘက်သို့ သွားခဲ့ပြီး သီရိပစ္စယာဟိုတယ်တွင် တည်းခိုနေစဉ် တနေ့ ညဦးပိုင်း၌ ဒေါ်နီနီမြင့် နှင့် စကားပြောနေကြပြီး အေးအေးဆေးဆေး ရှိနေရာမှ နောက်ပိုင်းတွင် တရှုးရှုး တရှားရှား ဖြစ်ကာ ဆူညံ နေခဲ့ပါတယ်။ ထိုသို့ဖြစ်ပြီးနောက် တော်လှန်ရေး ကောင်စီက သက်ဆိုင်သူများအား တကသ အဆောက်အဦး အား ဖြိုတဲ့ကိစ္စတွင် ၄င်း ပါဝင်ခြင်းမရှိကြောင်းကို ပေါ်လွင်အောင် ရေးကြရန် ညွှန်ကြားခဲ့ပါတယ်။ ထိုစဉ်တွင် ဗိုလ်ချုပ်ကြီးဟောင်းတင်ဦးလည်း အတူ ရှိနေကြောင်း သိရပါတယ်။ ဒေါ်နီနီမြင့်ဟာ သမိုင်းဆရာဖြစ်၍ လွတ်လပ်ရေး ကြိုးပမ်းမှု၏ အထိမ်းအမှတ်ဖြစ်သော တကသ အဆောက်အဦး ဖြိုခြင်းဟာ သမိုင်းတွင် ဆိုးဝါးသော မှတ်တိုင်တခု ဖြစ်တော့မည်၊ ဗိုလ်နေ၀င်းအား သမိုင်း တရားခံ သမဂ္ဂ အဆောက်အဦး ဗုံးခွဲသူ အဖြစ် သတ်မှတ်တော့မယ်ဟု ဗိုလ်ချုပ်ကြီးအား ပြောခဲ့ပုံရကြောင်း ထင်မြင်ခဲ့ကြပါတယ်။

များမကြာမီပင် ဗိုလ်နေ၀င်း၏ ညွှန်ကြားချက်ကို အကောင်းဆုံးဖြစ်အောင် လိုက်နာလုပ်ဆောင်ခဲ့ကြသော ဗိုလ်မှူးကြီး ကျော်စိုးတို့အား အရေးယူခဲ့ပါတယ်။ ဗိုလ်မှူးကြီး ကျော်စိုးကို ဗဟိုနိုင်ငံရေးတက္ကသိုလ် ကျောင်းအုပ်ကြီး အဖြစ် ပြောင်းရွှေ့ ခဲ့ပါတယ်။

Ref: ဖိုးတရုတ်
...

Read More...

တစည စည်းရုံးရေး စတော့မည်

Wednesday, 07 January 2009
အေးချမ်းမြေ့

ယခင်အာဏာရ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) ကို အသွင်ပြောင်း ထားသည့် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ (တစည) က လာမည့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ တွင် ဝင်ရောက် အရွေးခံရန် စည်းရုံး လှုံ့ဆော်မှုများ စတင်ပြုလုပ်တော့မည် ဖြစ်ကြောင်း ယခုတပတ်ထုတ် သစ္စာ (True News) အပတ်စဉ် ဂျာနယ်တွင် ဖော်ပြထားသည်။

တစည ပါတီ၏ ဥက္ကဌ ဦးထွန်းရီက ပါတီဝင်များသို့ပေးပို့သော ၆၁ နှစ်မြောက်လွတ်လပ်ရေးနေ့ သဝဏ်လွှာတွင် ၂၀၀၉ ခုနှစ်အတွင်း “နိုင်ငံရေး၊ စည်းရုံးရေး စွမ်းရည် မြင့်မားသည်ထက်မြင့်မားအောင် ကြိုးပမ်း၍ စည်းရုံးလှုံ့ ဆော်မှုများကို တိုးမြှင့်လုပ်ဆောင် သွားမည်” ဟု ရေးသားထားကြောင်း သစ္စာ ဂျာနယ်၏ မျက်နှာဖုံးတွင် ဖော်ပြ ထားခြင်းဖြစ်သည်။

ဤသတင်းမှာ ၂၀၁၀ ပြည့်နှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် စည်းရုံးလှုံ့ဆော်မှုနှင့် ပတ်သက်သည့် ပထမဆုံး သတင်းဖြစ်ပြီး ဂျာနယ်မျက်နှာဖုံးသတင်းအဖြစ် ဖော်ပြခြင်းမှာလည်း ပထမဆုံး အကြိမ် ဖြစ်ကြောင်း ရန်ကုန်အခြေစိုက် သတင်းဂျာနယ် အသိုင်းအဝန်းမှကြားသိရသည်။

တစည ပါတီနှင့် ပတ်သက်သည့် သတင်းကို သက်ဆိုင်ရာအာဏာပိုင်များက ဖိအားပေးသောကြောင့် ထည့်သွင်းရခြင်း ဖြစ်ကြောင်း ရန်ကုန်သတင်းဂျာနယ် လောကမှ ပြောဆိုနေကြသော်လည်း သစ္စာမဂ္ဂဇင်းမှ အမည်မဖော်လိုသူ တဦးကမူ ၎င်းတို့ ဆုံးဖြတ်ချက်နှင့် ထည့်သွင်းဖော်ပြခြင်းသာ ဖြစ်သည်ဟုဆိုသည်။

တစည ပါတီမှ တာဝန်ရှိသူများကိုမူ ဧရာဝတီမဂ္ဂဇင်းမှ အဆက်အသွယ်မရခဲ့ပေ။

တစည တဖြစ်လဲ မဆလ ပါတီသည် မြန်မာပြည်ကို ၁၉၆၂ ခုနှစ်မှစတင်၍ ဗိုလ်ချုပ်နေဝင်း ခေါင်းဆောင်သော စစ်တပ်ဖြင့် ၂၆ နှစ်တာ အုပ်စိုးခဲ့သည်။

၁၉၈၈ ခုနှစ် မြန်မာတပြည်လုံးပါဝင်သည့် ၈ လေးလုံး လူထုအုံကြွမှုကြီးကို နှိမ်နင်းကာ ၎င်းနှစ် စက်တင်ဘာ ၁၈ ရက်နေ့က စစ်အစိုးရ အာဏာသိမ်းလိုက်သည့် နောက်တွင်မှ မဆလပါတီ၏ အခန်းကဏ္ဍ လုံးဝ ရပ်စဲသွား ခြင်းဖြစ်သည်။

၁၉၉၀ ပြည့်နှစ်က ကျင်းပခဲ့သော ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲတွင် မဆလပါတီက တစည ဟု အမည် ပြောင်းလဲကာ ရွေးကောက်ပွဲဝင်ခဲ့ပြီး မဲအရေအတွက် ၇၉ သိန်းကျော်နှင့် ပထမနေရာ ရရှိသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ၏ နောက်မှ မဲအရေအတွက် ၂၈ သိန်းကျော်ဖြင့် ဒုတိယ နေရာရရှိခဲ့သည်။

ထိုစဉ်အခါက လွှတ်တော်အမတ်နေရာ စုစုပေါင်း ၄၈၅ နေရာ ရှိသည့်အနက် အန်အယ်လ်ဒီ ပါတီက ၃၉၂ နေရာ ရရှိခဲ့ပြီး တစညက ၁၀ နေရာသာ ရရှိခဲ့သော်လည်း ထိုစဉ်က စစ်အစိုးရသည် ယခင်အာဏာရ ပါတီဖြစ်သော တစည ၏ နောက်တွင် ပွင့်လင်းစွာ ရပ်တည်ပေးခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။

ယခုတပတ်အတွင်း ပြည်တွင်းအပတ်စဉ်ထုတ် ဂျာနယ်တိုင်းတွင် အန်အယ်လ်ဒီခေါင်းဆောင် ဦးဝင်းတင်နှင့် ဦးခင်မောင်ဆွေတို့က မြှောက်ပေး သောကြောင့် အန်အယ်လ်ဒီလူငယ်များ ဆန္ဒထွက်ပြကာ လမ်းလျှောက်ခြင်း ဖြစ်သည်ဟူသော အစိုးရ ပေါ်လစီ ဆောင်းပါးကို ထည့်သွင်းကြရပြီး နောက်တပတ်ထွက်မည့် ဂျာနယ်များတွင် လည်း ထိုဆောင်းပါးကိုသာ ဆက်လက် ထည့်သွင်းဖော်ပြရဦးမည်ဖြစ်ကြောင်း ကြားသိရသည်။

ပြည်တွင်း အပတ်စဉ်ထုတ် ဂျာနယ်တိုင်းတွင် စာပေစိစစ်ရေးက ချမှတ်ပေးသော အစိုးရ ပေါ်လစီဆောင်းပါး များကို မဖြစ်မနေထည့်သွင်းကြရလေ့ရှိသည်။

သစ္စာဂျာနယ်သည် ထိုင်းနိုင်ငံ ဖူးခက်ဒေသ ဆောက်လုပ်ရေး လုပ်ငန်းခွင်တခု တွင်အလုပ်လုပ်နေသော မြန်မာပြည်သား ကလေးအလုပ်သမား ဓာတ်ပုံကို ဖော်ပြခဲ့သဖြင့် ၂၀၀၈ ခုနှစ်အတွင်းက ဂျာနယ်ထုတ်ဝေခွင့် တလ ရပ်ဆိုင်းခံခဲ့ရသောကြောင့် တစည သတင်းကို စာပေစိစစ်ရေးက ကျေနပ်မှုရှိရန် ထည့်သွင်းဖော်ပြခြင်း ဖြစ်သည်ဟု ရန်ကုန် ဂျာနယ်အသိုင်းအဝန်းက သုံးသပ်ကြသည်။ ။

Ref: ဧရာဝတီ

Read More...

၂၀၀၈ ခု ၀န်ကြီးဌာနပေါင်းစုံ အဂတိလိုက်စားမှု (၅၀၀) နီးပါးရှိ

NEJ/ ၇ ဇန်န၀ါရီ ၂၀၀၉

၂၀၀၈ ခုနှစ် ဇန်န၀ါရီမှ စက်တင်ဘာထိ (၉) လအတွင်း စစ်အစိုးရ ၀န်ကြီးဌာနပေါင်းစုံမှ အဂတိလိုက်စားသည့် အမှုပေါင်း (၄၄၈) မှုရှိသည်ဟု ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က ပြောသည်။

မြန်မာစစ်အစိုးရ ၀န်ကြီးဌာနပေါင်းစုံ၌ အဂတိလိုက်စားမှုများရှိနေကြောင်း မြန်မာစစ်အစိုးရဘက်မှ ပထမဆုံးအကြိမ် တရားဝင် ထုတ်ဖော်ပြောဆိုခြင်းဖြစ်သည်။

အဂတိလိုက်စားမှုပေါင်း (၄၄၈) မှုအနက် အရေးယူပြီးသည့် အမှုပေါင်း (၃၀၀) ရှိပြီး စစ်ဆေးနေဆဲအမှု (၁၄၈) မှုရှိသည်ဟု ၃၈/၂၀၀၈ နေပြည်တော် ၀န်ကြီးအဖွဲ့အစည်းအဝေးတွင် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က ပြောဆိုခဲ့ခြင်း ဖြစ်သည်။

သို့သော် ထိုအဂတိလိုက်စားသည့် အမှုကျုးလွန်သူများ၏ အမြင့်ဆုံး ရာထူးအဆင့်ကို ဖော်ပြထားခြင်း မရှိသည့်အတွက် ၀န်ကြီးနှင့်အထက် ရာထူးယူထားသူများကို အဂတိလိုက်စားမှုကြောင့် အရေးယူထားခြင်း မရှိဆိုသည့်သဘော ရှင်းပြသွားသည့်အတွက် ၀န်ကြီးအဖွဲ့အစည်းအဝေးမှတ်တမ်း ဖတ်ရသူ အရာရှိများက မကျေမနပ်ဖြစ်နေကြသည်။

“အမှန်တကယ် အဂတိလိုက်စားမှုကို ဖော်ထုတ်မယ်ဆိုရင် ၀န်ကြီးတယောက်မကျန် အရေးယူရမယ်ဆိုတာ လူတိုင်းသိပါတယ်။ ၀န်ကြီးတယောက် ဘယ်လောက် လာဘ်စားသလဲဆိုတာ သက်ဆိုင်ရာဝန်ကြီးဌာနတွေက ၀န်ထမ်းတွေ အသိဆုံးပါ။ ဒါပေမယ့် ၀န်ကြီးတွေက ဗိုလ်ချုပ်တွေဆိုတော့ ဘယ်အရေးယူပါ့မလဲ။ ဝေစားမျှစား တွေပေါ့။ ၀န်ကြီး ဦးအောင်သောင်းလိုလူမျိုး မတရားသဖြင့် လာဘ်စားတာ စက်မှု (၁) ၀န်ကြီးဌာနတခုလုံး ၀န်ထမ်းတိုင်း သိတာပဲ။ သူ့အောက်က ဦးဆောင်ညွှန်မှူးတွေ ညွှန်ချုပ်တွေကို အောင်သောင်းက ရှယ်ယာပေးပြီး လာဘ်စားခိုင်းတာ။ အောင်သောင်းနဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေ ရိုက်စားနေတာ အားလုံးသိတာပဲ။ ဒီလိုဝန်ကြီးတွေ၊ အရာရှိကြီးတွေကျတော့ (၄၄၈) မှုထဲမှာ ၀န်ကြီးချုပ်က ဘာကြောင့်မထည့်သလဲ မေးချင်တာပေါ့ဗျာ။ ခုတော့ အောက်ခြေက ဘာမဟုတ်တဲ့ ၀န်ထမ်းတွေ နှစ်ပြားတပဲစားတာကို ပုံကြီးချဲ့ပြောနေတယ်” ဟု အရာရှိတဦးက ရင်ဖွင့်သည်။

နေအိမ်အကျယ်ချုပ်ကျခံနေရသည့် ဗိုလ်ချုပ်ခင်ညွန့်ကို ဖမ်းဆီးပြီးနောက် အဂတိလိုက်စားမှုနှင့် စွဲချက်တင်ခဲ့သော်လည်း မည်သည့်ကိစ္စများတွင် အဂတိလိုက်စားခဲ့သည်ကို စစ်အစိုးရဘက်က ယခုထိ တိုင်းပြည်သို့ ထုတ်ပြန်နိုင်ခဲ့ခြင်းမရှိပေ။

စစ်အစိုးရ၏ ၀န်ထမ်းများ အဂတိလိုက်စားမှု ပပျောက်ရေး စီမံချက်တွင် ၀န်ထမ်းများနှင့် မထိတွေ့စေရန် အွန်လိုင်းမှ အခွန်ဆောင်ရေးကိစ္စပါသည့်အတွက် အခွန်ဦးစီးဌာနမှ အရေးယူခံရသူ များပုံရသည်ဟု ၀န်ထမ်းများကြား ပြောဆိုနေကြသည်။

Ref: ခေတ်ပြိုင်

Read More...

ကွယ်လွန်သူ ဦးစောမြအောင်နေရာ အစားထိုးမည် ပါတီလှုပ်ရှားမှုရပ်မသွားဟု ဦးအေးသာအောင်ပြော

မင်းနိုင်သူ/ ၇ ဇန်န၀ါရီ ၂၀၀၉

စစ်အစိုးရက ၁၉၉၂ ခုနှစ်တွင် ဖျက်သိမ်းခဲ့သော ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှ ဥက္ကဋ္ဌဦးစောမြအောင် ကွယ်လွန်ပြီး ဥက္ကဋ္ဌနေရာ လစ်လပ် သွားသော်လည်း ဥက္ကဋ္ဌနေရာ ပြန်လည်တင်မြှောက်ကာ ဒီမိုကရေစီရေးလှုပ်ရှားမှုများကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ယင်းအဖွဲ့ အထွေထွေအတွင်းရေးမှူး ဦးအေးသာအောင်က ခေတ်ပြိုင်သို့ ရှင်းလင်းပြောဆိုသည်။

“ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှာ ဥက္ကဋ္ဌလည်းဆုံးပြီ။ ဒု-ဥက္ကဋ္ဌနှစ်ယောက်လည်း ဆုံးပြီဆိုတော့ ဒါတွေကို အစားထိုးဖို့ကတော့ ရခိုင်ပြည်နယ်မှာ ရှိတဲ့ စီအီးစီတွေနဲ့ တွေ့ဆုံဖို့ လိုပါတယ်။ သူတို့နဲ့ တွေ့ဆုံဖို့ဆိုတာလည်း တော်တော်လေး အခက်အခဲရှိတယ်။ လောလောဆယ်တွေ့ဆုံညှိနှိုင်းမှုတွေ မလုပ်နိုင်သေးပေမယ့် လုပ်ဆောင်သွားဖို့တော့ ရှိပါတယ်။ အခုချိန်တော့ ရန်ကုန်မှာရှိတဲ့ ဦးသာဘန်းတို့လို စီအီးစီတွေ၊ ဒီမိုကရေစီအင်အားစုတွေနဲ့ လက်တွဲလုပ်ဆောင်နေပါတယ်” ဟု ၎င်းက ပြောသည်။

ကွယ်လွန်သွားသော ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌသည် ပြည်သူ့လွှတ်တော်ကိုယ်စားပြု ကော်မတီ (စီအာပီပီ) မှာလည်း ဥက္ကဋ္ဌနေရာ ယူထားသည့်အတွက် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှ အသစ်ပြန်လည်တင်မြှောက်မည့် ဥက္ကဋ္ဌသည် စီအာပီပီတွင် မည်သည့် အခန်းကဏ္ဍမှ တာဝန်ယူမည် ဆိုသည်မှာမူ စီအာပီပီမှဖြစ်စေ ၊ ထို့ထက်ကျယ်ပြန့်သော အစည်းအဝေးတခုမှဖြစ်စေ စဉ်းစား ဆုံးဖြတ်ကြရမည် ဖြစ်ကြောင်း ဦးအေးသာအောင်က ရှင်းလင်းပြောဆိုသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ၁၉၉၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်အတွင်း မဲဆန္ဒနယ်(၁၁) ခု၌ အနိုင်ရ ရွေးကောက် တင်မြှောက်ခံခဲ့ရ သော်လည်း ၁၉၉၂ ခုနှစ် မတ်လတွင် စစ်အစိုးရ၏ ဖျက်သိမ်းခြင်းခံခဲ့ရသည်။

“သူတို့က ဖျက်သိမ်းလိုက်တယ်ဆိုပေမယ့် အန်ကယ်တို့က လက်မခံဘူး။ ဘာကြောင့်လည်းဆိုတော့ အန်ကယ်တို့ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်က ၁၉၉၀ ရွေးကောက်ပွဲမှာ ရခိုင်ပြည်သူအများစုက မဲဆန္ဒပေးထားတဲ့ အဖွဲ့ကြီးတခုဖြစ်နေသေးတယ်။ ရခိုင်ပြည်နယ်မှာ မဲဆန္ဒအများစုကို ရထားတဲ့ ပါတီတခုဖြစ်တဲ့အတွက် ဥက္ကဋ္ဌ၊ အတွင်းရေးမှုး၊ စီအီးစီတွေက လက်မခံဘူး။ ဒီတိုင်းပဲ ဆက်လုပ်ခဲ့တယ်လေ။ အခုလည်းပဲ ဒီလိုပဲ ဆက်လုပ်မှာပဲ။ ရံဖန်ရံခါ အစည်းဝေးတွေလုပ်တယ်။ ပြီးတော့ ပြည်နယ်မှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံတာတွေ အရင်ကလုပ်ခဲ့ပါတယ်။ နောက်လည်း အခါအားလျော်စွာ လုပ်သွားမှာပါ” ဟု အဖွဲ့အနေဖြင့် ဆက်လက် လုပ်ဆောင် သွားဖွယ်များကို ၎င်းက ထုတ်ဖော်ပြောဆိုလိုက်သည်။

ယင်းအဖွဲ့မှ စီအီးစီအဖွဲ့ဝင်တဦးဖြစ်သည့် ဦးသာဘန်းကလည်း “တို့က အဖျက်သိမ်းခံလိုက်ရပေမယ့် စုစည်းမှုက ရှိနေတာပဲလေ။ လုပ်ခဲ့တဲ့လူတွေ စုစည်းပြီးလှုပ်ရှားတယ်။ ၁၉၉၈ မှာလည်း ရွေးကောက်ခံ ကိုယ်စားလှယ်တွေ စုစည်းပြီး လွှတ်တော်ခေါ်ယူဖို့ လုပ်ခဲ့ကြတာပဲလေ။ အဲဒီနောက်မှာလည်း စီအာပီပီတို့၊ အန်အယ်လ်ဒီတို့ တိုင်းရင်းသားလူမျိုးစုတွေ ပူးပေါင်းပြီး လွှတ်တော် ခေါ်ယူရေး ကော်မတီဖွဲ့တယ်။ ဒါမျိုးတွေ လှုပ်ရှားနေခဲ့ကြ တာပဲလေ။ လက်ရှိမှာလည်း အန်အယ်လ်ဒီနဲ့ ပူးပေါင်းလှုပ်ရှားနေတာပဲလေ” ဟု ဆိုသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်နှင့် စီအာပီပီအဖွဲ့တို့၏ ဥက္ကဋ္ဌ ဦးစောမြအောင်သည် ဇန်န၀ါရီ (၅)ရက်တွင် ၎င်းနေအိမ်၌ ကွယ်လွန်သွားခဲ့ပြီ ဖြစ်သည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ဥက္ကဋ္ဌနေရာကို မည်သည့်အချိန်တွင် ပြန်လည်အစားထိုး တင်မြှောက်သွားမည်ကို အတိအကျ ပြောနိုင်ခြင်း မရှိသေးသော်လည်း ပြန်လည် အစားထိုးတင်မြှောက်မှု ပြုလုပ်ကာ ဒီမိုကရေစီရေး လှုပ်ရှားမှုများကို ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းတို့နှစ်ဦးက တညီတညွတ်တည်း ပြောကြားသည်။

Ref: ခေတ်ပြိုင်

Read More...

ပြည်တွင်းရေကြောင်း သင်္ဘောများ ပြင်ပဒီဇယ်ဆီဖြင့် ဆွဲမည်

NEJ/ ၇ ဇန်န၀ါရီ ၂၀၀၉

အစိုးရ စွမ်းအင်ဝန်ကြီးဌာနမှ ရောင်းချပေးသည့် ဒီဇယ်ဆီဈေးနှုန်းက ပြင်ပပေါက်ဈေးထက် များစွာ မြင့်မားနေခြင်းကြောင့် ပြည်တွင်း ရေကြောင်းပို့ဆောင်ရေး ကော်ပိုရေးရှင်း ရန်ကုန်တိုင်း၊ မြစ်ဝကျွန်းပေါ် ဌာနခွဲသည် ပုဂ္ဂလိက ကုန်သည်များထံမှ ဝယ်ယူ သုံးစွဲတော့မည် ဖြစ်ကြောင်း ဝါးတန်းလမ်းရုံးမှ အရာရှိတဦးက ပြောသည်။

၎င်းက “စွမ်းအင်ဝန်ကြီးဌာနက ကျနော်တို့ဝယ်ရတာ ဒီဇယ်တဂါလန် ကျပ် (၃,ဝဝဝ)၊ အခု ပြင်ပပေါက်ဈေးက တပီပါကို ကျပ် (၁၃ဝ,ဝဝဝ)၊ တဂါလန်ကို ကျပ် (၂,၆ဝဝ) ပဲ ကျတော့ ပြင်ပကနေ ဝယ်သုံးဖို့ ဝန်ကြီးဌာနကို တင်ပြတာ ခွင့်ပြုချက်ရတယ်။ ဒီတော့ ပြီးခဲ့တဲ့ ဇန်နဝါရီ (၁) ရက်နေ့ကပဲ ပထမ အသုတ် ပီပါ (၁,ဝဝဝ) ဝယ်ဖို့ ပုဂ္ဂလိက ဒီဇယ်တင်သွင်းသူတွေနဲ့ စာချုပ်ချုပ်လိုက်တယ်။ နောက်ထပ်လလည်း ဆက်ပြီး ဝယ်သွားဖို့ ရှိနေတယ်” ဟု ပြောသည်။

၎င်း၏ ပြောပြချက်အရ ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေးသမိုင်းတွင် အစိုးရ လောင်စာဆီကို မဝယ်ဘဲ ပြင်ပ ပုဂ္ဂလိက ကုမ္ပဏီများမှ ဝယ်ယူသုံးစွဲခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ရန်ကုန်မြို့မှ ဧရာဝတီတိုင်းသို့ သွားလာသည့် ခရီးစဉ်အများစု၌ ပြည်သူများသည် ဈေးနှုန်းချိုသာသည့် ပြည်တွင်းရေကြောင်းပိုင် သင်္ဘောများကို အဓိကထား အသုံးပြုနေကြခြင်းဖြစ်သည်။ သို့သော် ပြီးခဲ့သည့် (၂) နှစ်မှစပြီး နိုင်ငံတကာ လောင်စာဆီ ဈေးနှုန်းများ တရိပ်ရိပ် မြင့်တက်လာခြင်းကြောင့် စစ်အစိုးရက ပြည်တွင်းရေကြောင်းပိုင် သင်္ဘောပြေးဆွဲမှုများစွာကို ရပ်ဆိုင်းခဲ့ပြီး သင်္ဘောများကိုလည်း ရန်ကုန်အနီး၌ အတွဲလိုက် ကျောက်ချ ရပ်နားထားခဲ့သည်။ ထို့အပြင် ယခင်က နေ့စဉ် ပုံမှန် ပြေးဆွဲနေသည့် ခရီးစဉ်များကိုလည်း တပတ် (၂) ခေါက်၊ (၃) ခေါက်အဖြစ် လျော့နည်း ပြေးဆွဲခဲ့သည်။

ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ကော်ပိုရေးရှင်းတွင် တပြည်လုံးစာရင်းအရ စက်ရှိစက်မဲ့ သင်္ဘော အစင်း (၄၇ဝ) ကျော် ရှိပြီး ရန်ကုန် အခြေစိုက် မြစ်ဝကျွန်းပေါ်ဌာနခွဲနှင့် ကုန်စည်ပို့ဆောင်ရေးဌာန၌ပင် အစီးရေ (၃၄ဝ) နီးပါး ရှိသည်။ ပြီးခဲ့သည့် (၄) လတာကာလ ခရီးသည် (၁ဝ) သန်းကျော် ပို့ဆောင်ခဲ့ပြီး ဝင်ငွေ ကျပ် (၂.၄) ဘီလီယံကျော် ရရှိခဲ့သော်လည်း များစွာ အရှုံးပေါ်နေဆဲဖြစ်ကြောင်း၊ ပြည်သူများ လမ်းပန်းဆက်သွယ်မှု အဆင်ပြေစေရေးအတွက် ယခုကဲ့သို့ အရှုံးခံ ပြေးဆွဲနေရခြင်းဖြစ်ကြောင်း မြစ်ဝကျွန်းပေါ်ဌာနခွဲမှ တာဝန်ရှိသူတဦးက ရှင်းပြသည်။

နအဖစစ်အစိုးရ စွမ်းအင်ဝန်ကြီးဌာနသည် ၎င်းတာဝန်ယူ ဖြန့်ဖြူးနေသည့် လောင်စာဆီဈေးနှုန်းများကို နိုင်ငံတကာ ပေါက်ဈေးများအတိုင်း လျှော့ချပေးခြင်း မရှိသည့်အတွက် ပြည်တွင်း သယ်ယူပို့ဆောင်ခ များသည်လည်း သိသိသာသာ ကျဆင်းလာခြင်း မရှိသေးပေ။

ပြည်တွင်းရေကြောင်း ကော်ပိုရေးရှင်း ကိုယ်တိုင် ဈေးသက်သာသည့် ပြင်ပ ဒီဇယ်ဆီ ဝယ်ယူ ပြေးဆွဲနေ သော်လည်း သင်္ဘောစီးခများကိုမူ လျော့ချသတ်မှတ်ခြင်း မရှိသေးကြောင်း ခရီးသည်များထံမှ စုံစမ်းသိရသည်။

Ref: ခေတ်ပြိုင်

Read More...

ကလေးစစ်သားဘ၀ (၁၀) နှစ်ကြာနေခဲ့ရသူ အိုင်အယ်လ်အိုကြောင့် ပြန်လွတ်

မြင့်မိုးဇော်/ ၇ ဇန်န၀ါရီ ၂၀၀၉

တပ်ပြေးမှုဖြင့် ဖမ်းဆီးထောင်ချပြီး မုပ္ပလင်ရဲဘက်စခန်းသို့ ပို့ဆောင်ခြင်းခံခဲ့ရသူ ကိုထွဋ်ဆန်းမင်းအား ထောင်အာဏာပိုင်များက ၀န်ခံကတိ (၄၀၁) အား လက်မှတ်ရေးထိုးခိုင်းပြီး ပြန်လွှတ်ပေးလိုက်ကြောင်း သတင်းရရှိသည်။

ကိုထွဋ်ဆန်းမင်းသည် ၁၉၉၉ ခုနှစ်က သူငယ်ချင်းများနှင့်ရေသွားကူးပြီးအပြန်လမ်း အင်းစိန်ဖော့ကန် အရောက်တွင် စစ်တပ်၏အတင်းခေါ်ဆောင်သွားခြင်းခံပြီး စစ်သင်တန်းပေးကာ စစ်တပ်သို့ အတင်းဝင်ရောက်ရန် ခိုင်းစေခြင်းခံခဲ့ရကြောင်း သိရှိရသည်။


ထိုသို့ စစ်တပ်သို့ အတင်းအဓမ္မသွတ်သွင်းခံရစဉ်က ကိုထွဋ်ဆန်းမင်း၏အသက်မှာ (၁၂) နှစ်အရွယ်သာ ရှိသေးသည်ဟု ကိုထွဋ်ဆန်းမင်း ပြန်လည်လွတ်မြောက်ရေးအတွက် အိုင်အယ်လ်အိုအဖွဲ့ကြီးနှင့်အတူ လိုက်ပါဆောင်ရွက်ခဲ့သူ လူငယ်တဦးက ပြောသည်။

အဆိုပါလူငယ်က “အိုင်အယ်လ်အိုအဖွဲ့ရဲ့ မူအရဆိုရင် ဒါဟာလည်း ကလေးစစ်သားကိစ္စထဲမှာ အကျုံးဝင်ပါတယ်။ လက်ရှိမှာ သူ့အသက်က ဘယ်လောက်ပဲ ရှိနေနေ သူ့ကို တပ်ထဲ ၀င်ရောက်ခိုင်းစဉ်က အသက်မပြည့်သေးရင် ဒါဟာ ကလေးစစ်သားပါပဲ” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

“ကျနော့်ကို တပ်ထဲခေါ်သွားစဉ်က ကျနော့်အသက်က (၁၂) နှစ်ပဲရှိပါသေးတယ်။ မှတ်မှတ်ရရဆိုရင် ၁၉၉၉ ခုနှစ်ကပေါ့။ ရေကူးပြီးအိမ်အပြန် ဖော့ကန်အရောက်မှာ ကျနော့်ကို အမည်မသိလူနှစ်ဦးက ဖမ်းဆီးခဲ့ပြီး မင်းစစ်တပ်ထဲဝင်မလား၊ ထောင်ထဲသွားမလားလို့ မေးခဲ့ပါတယ်။ ကျနော်လည်း ထောင်ကျမှာကို ကြောက်ပြီးတော့ စစ်ထဲဝင်မယ်လို့ ပြောခဲ့ပါတယ်” ဟု ကိုထွဋ်ဆန်းမင်းက ခေတ်ပြိုင်သို့ ပြောကြားသည်။

ထို့နောက် မင်္ဂလာဒုံလေ့ကျင့်ရေးသင်တန်းကျောင်းသို့အပို့ခံရကာ စစ်သင်တန်းတက်ခဲ့ရချိန်မှစ၍ သင်တန်းဆင်းပြီး ပြည်မြို့ရှိ တပ်ရင်း (၂) တွင် တာဝန်ချထားခံရချိန်အထိ အိမ်နှင့်အဆက်အသွယ်မရခဲ့ကြောင်း၊ (၂) နှစ်ကျော် (၃) နှစ်ခန့်ကြာပြီးနောက် တောင်ငူသို့ တပ်ပြောင်းရွှေ့ခံရကာ အဆိုပါတောင်ငူတပ်၌ တနှစ်ခန့်ကြာပြီး အကြပ်ကြီးသင်တန်းတက်ရန် ရန်ကုန်သို့ စေလွှတ်စဉ် တက်မှ ထွက်ပြေးခဲ့ခြင်းခြင်းဖြစ်ကြောင်း ကိုထွဋ်ဆန်းမင်းက ပြောသည်။

တပ်မှထွက်ပြေးပြီး ရန်ကုန်မြို့နေအိမ်၌ ပြန်လည်နေထိုင်နေစဉ် ရပ်ကွက်အာဏာပိုင်များက “မင်းစစ်ထဲပြန်မသွားရင် ထောင်ထဲကို ဖမ်းပို့လိုက်မယ်” ဟု ပြောဆိုခြိမ်းခြောက်ခဲ့သဖြင့် နောက်တကြိမ် စစ်တပ်ထဲပြန်သွားခဲ့ရကြောင်း ပြောဆိုသည်။
ထို့နောက် စစ်တပ်ထဲတွင် မပျော်သည့်အတွက် ၂၀၀၃ ခုနှစ်တွင် နောက်ဆုံးထွက်ပြေးပြီး အိမ်သို့မပြန်ဘဲ တနေရာ၌ ရှောင်းပုန်းခဲ့ပြီးနောက် အိုအယ်လ်အိုအဖွဲ့ကြီးနှင့် အဆက်အသွယ်ရကာ ထပ်မှထွက်ခွင့်ရရန် လုပ်ဆောင်ခဲ့ကြောင်း၊ အိုင်အယ်အိုအဖွဲ့က ရပ်ကွက်ထောက်ခံစာယူခိုင်းသည့်အတွက် ထောက်ခံစာ သွားယူစဉ် ဖမ်းဆီးထောင်ချခြင်းခံခဲ့ရပြီး မုပ္ပလင်ရဲဘက်စခန်းသို့ အပို့ခံခဲ့ရကြောင်း ကိုထွဋ်ဆန်းမင်းက ပြောသည်။

အဆိုပါ မုပ္ပလင်ရဲဘက်စခန်း၏ နှိပ်စက်ညှဉ်းပန်းခံရမှုများနှင့် ပတ်သက်၍ ကိုထွဋ်ဆန်းမင်းက “အဲဒီမှာ အကျဉ်းသားတွေဟာ ကျောက်ထု၊ ကျောက်ခွဲခြင်းလုပ်ငန်းတွေကို အပြင်းအထန်လုပ်ကြရပါတယ်။ အကျဉ်းသားတွေဟာ အလုပ်ပင်ပန်းစွာ လုပ်ရပေမယ့်လည်း အစားအစာကို ၀လင်အောင်မစားကြရပါဘူး။ သတ်မှတ်ထားတဲ့လုပ်ကွက်မပြည့်ရင်၊ အလုပ်ချိန်မှာ ခိုကပ်တယ်လို့မြင်ရင် အစောင့်တွေက နောက်ကနေ ရိုက်တာကိုလည်း ခံရပါတယ်။ ကျနော်ရှိနေစဉ်မှာ ထောင်ဝန်ထမ်းတွေရဲ့ ရိုက်နှက်မှုကြောင့် သေဆုံးခဲ့သူတဦး ရှိပါတယ်။ ဘယ်သူတွေက ရိုက်ပြီး ဘယ်သူ သေဆုံးတယ်ဆိုတာ ကိုတော့ ကျနော် မသိရှိခဲ့ပါဘူး” ဟု ပြန်လည်ပြောပြသည်။

ကိုထွဋ်ဆန်းမင်းအား မုပ္ပလင်ရဲဘက်စခန်းမှ ပြီးခဲ့သည့်လပိုင်းအတွင်း၌ ထောင်အာဏာပိုင်များက ၀န်ခံကတိ (၄၀၁) အား လက်မှတ်ထိုးပြီး ပြန်လည်လွှတ်ပေးစဉ် ထောင်ထွက်ဝရမ်းနှင့်အတူ တပ်ထွက်လက်မှတ်ကိုလည်း တပါတည်းပေးခဲ့သည်။ သို့သော် ရန်ကုန် နေအိမ်ပြန်ရောက်သည့်တိုင် ရဲဘက်စခန်းတွင် ကျောက်စများ ထိမှန်ပြီး အနာများဖြစ်ကာ ကျန်းမာရေးမှာလည်း ကောင်းမွန်ခြင်း မရှိကြောင်း သိရသည်။

Ref: ခေတ်ပြိုင်

Read More...

ထိုင်းရှိ မြန်မာလုပ်သားများ လုပ်ကိုင်ခွင့်သက်တမ်း တနှစ် ထပ်တိုးပေးမည်

ကိုဝိုင်း
ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ 07 2009

ချင်းမိုင် (မဇ္ဈိမ)။ ။ ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများ၏ အလုပ်လုပ်ခွင့် သက်တမ်းအား ၁ နှစ် ထပ်တိုးပေးသွားမည် ဖြစ်သည်။

ထိုင်းအစိုးရ အလုပ်သမားဝန်ကြီးဌာနက ထိုကဲ့သို့ အလုပ်လုပ်ခွင့် သက်တမ်း ၁ နှစ် ထပ်တိုးသွားမည် ဖြစ်သော်လည်း အလုပ်သမား လက်မှတ်အသစ်များ ပြုလုပ်ပေးခြင်းအတွက်မူ ဖြစ်နိုင်ချေနည်းကြောင်း ထိုင်းနိုင်ငံ ရွှေ့ပြောင်း အလုပ်သမား စီမံခန့်ခွဲရေးရုံးရှိ အလုပ်သမားရှာဖွေရေးဌာနမှ အရာရှိတဦး၏ အဆိုအရ သိရခြင်း ဖြစ်သည်။

“ဒီလ ၂၀ ရက်နေ့မှာ သက်တမ်းကုန်မယ့်သူတွေကို အရင်ဆုံး လုပ်ပေးပြီးတော့ ကျန်တာကို တဖြေးဖြေး လုပ်ပေးသွားပါမယ်။ လူသစ်တွေကို လက်မှတ်သစ်လုပ်ပေးဖို့ အရင် နှစ်ကုန်ခါနီးလောက်က အစီအစဉ် ရှိခဲ့တယ်။ ဒါပေမဲ့ အခု ၀န်ကြီးချုပ်အသစ် တက်လာတော့ ဒီကိစ္စကို မတင်ပြရသေးဘူး။ မလုပ်ပေးဖို့ များတယ်။ ဒါပေမဲ့ သတင်းတွေကိုတော့ စောင့်ပြီး နားထောင်ပါ” ဟု အမည်မဖော်လိုသူ အဆိုပါ အရာရှိက မဇ္ဈိမကို ပြောသည်။

လက်မှတ်အသစ် ပြုလုပ်မပေးသေးခြင်းမှာ ထိုင်းစီးပွားရေး ကျဆင်းနေသဖြင့် အလုပ်ထုတ်ခံရသည့် ထိုင်းနိုင်ငံသား ဦးရေ များလာပြီး အလုပ်လက်မဲ့ တိုးပွားနေခြင်းနှင့် ဆက်စပ်သည်ဟု ထိုင်းနိုင်ငံရှိ မြန်မာ အလုပ်သမားများအရေး ဆောင်ရွက်နေသူများက ယူဆသည်။

လက်မှတ်သက်တမ်း တိုးမည့်သူများသည် ယမန်နှစ်ကတည်းက မှတ်ပုံတင် (သက်တမ်းတိုး) ပြီးသူများ ဖြစ်ရမည်ဖြစ်ကာ၊ အလုပ်ရှင်တဦးတည်းတွင်သာ လုပ်ကိုင်နေသူဖြစ်ရမည်။ အလုပ်ရှင် ပြောင်းသွားသူသည် သက်တမ်းမတိုးမီ သက်ဆိုင်ရာသို့ ကြိုတင် အကြောင်းကြားရမည် ဖြစ်သည်။

ယခုလ ၂၀ ရက်တွင် လက်မှတ်သက်တမ်း ကုန်ဆုံးမည့် သူများသည် ယခုလ ၅ ရက်မှ ၂၀ ရက်အကြား၊ ဖေဖော်ဝါရီလ ၂၈ ရက်တွင် သက်တမ်းကုန်မည် ဆိုပါက ဖေဖော်ဝါရီလ ၁၀ ရက်မှ ၂၈ ရက်၊ မတ်လ ၁၄ ရက်တွင် သက်တမ်းကုန်မည်ဆိုလျှင် ဖေဖော်ဝါရီလ ၁၃ ရက်မှ မတ်လ ၁၄ ရက်၊ ဇွန်လ ၃၀ ရက်တွင် သက်တမ်းကုန်လျှင် ဇွန်လ ၁ ရက်နေ့မှ ၃၀ ရက်နေ့အကြား သက်တမ်းတိုးနိုင်သည်ဟု ရွှေ့ပြောင်းအလုပ်သမားများ ကြီးကြပ်ရေးအဖွဲ့မှ ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေသည့် အဖွဲ့များထံ အကြောင်းကြားထားသည်။

သက်တမ်းတိုးရာ၌ ယာယီ နိုင်ငံကူးလက်မှတ်ဖြင့် အလုပ်လုပ်ခွင့် မရသေးဘဲ အလုပ်သမား လက်မှတ်ဖြင့်သာ လုပ်ကိုင်နေသော လာအို၊ ကမ္ဘောဒီးယားနိုင်ငံသားများလည်း အကျုံးဝင်သည်။

ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်း နိုင်ငံခြားသားအလုပ်သမား ၂ သန်းခန့်တွင် အများစုသည် မြန်မာနိုင်ငံသားများ ဖြစ်သည်။

ထို့အပြင် တရားဝင် မှတ်ပုံတင်ထားသည့် နိုင်ငံခြားသား အလုပ်သမားပေါင်းမှာ ၅ သိန်းကျော်သာရှိကြောင်း သုတေသနစာတမ်းများအရ သိရသည်။

Ref: မဇ္ဈိမ

Read More...

စက်မှု (၁) ၀န်ထမ်းများနှင့် လိမ် (၄) လိမ် ဆောင်ပုဒ်

NEJ/ ၆ ဇန်န၀ါရီ ၂၀၀၉

နေပြည်တော် စက်မှု (၁) ၀န်ကြီးဌာန လက်အောက်ရှိ လုပ်ငန်းဌာနကြီး (၆) ခုမှ အရာထမ်း၊ အမှုထမ်းများမှာ ၀န်ကြီး ဦးအောင်သောင်း အလိုကျ လိမ်ပေးနေရသည့်အတွက် “လိမ် (၄) လိမ်” နှင့် အလုပ်လုပ်နေရသည်ဆိုပြီး ၀န်ထမ်းများကြား ပြောဆိုနေကြသည်။

အဆိုပါ လိမ်(၄)လိမ်မှာ-
-ကုန်ပစ္စည်းများ မထုတ်ဘဲ အထုတ်ပြပြီး လိမ်နေရခြင်း၊
-မမြတ်ဘဲနှင့် မြတ်ပါသည်ဆိုပြီး လိမ်၍ အမြတ်ပြရခြင်း၊
-ဌာနငွေ မသုံးဘဲနှင့် သုံးပါသည်ဆိုပြီး လိမ်နေရခြင်း၊
-လက်ကျန်မရှိပါဘဲ ရှိပါသည်ဆိုပြီး လိမ်နေရခြင်းတို့ဖြစ်သည်ဟု စက်မှု (၁) စက်ရုံဝန်ထမ်းတဦးက ပြောသည်။

“စလေဦးပုညကတော့ သိကြားကို တရစ်လိမ် ညစ်တဲ့မာဃိန်လို့ စပ်ခဲ့တာ ကြားဖူးပါတယ်။ စလေဦးပုညသာ မသေရင် ၀န်ကြီး ဦးအောင်သောင်းဟာ မာဃထက် ပိုလိမ်မယ့်သူဆိုပြီး သိကြားမင်းတောင် လိမ်လို့ရောင်း ညစ်တဲ့အောင်သောင်းလို့ စာချိုးလောက်တယ်ဆိုပြီး ၀န်ထမ်းတွေကြား ပြောကြပါတယ်” ဟု စက်ရုံအရာထမ်းတဦးကလည်း ပြောသည်။

Ref: ခေတ်ပြိုင်

Read More...

Tuesday, January 6, 2009

အနှစ်သာရပျက်၊ တန်ဖိုးမဲ့လာသော သမိုင်းဝင်နေ့

မင်းအောင်နိုင်-06 2009

ရုံးပိတ်ရက်မို့ စောစောမထသေးဘဲ အိပ်ရာထဲနှပ်နေသော ကိုမျိုးတယောက် လမ်းထဲက ရ၀တ ရုံးမှ လော်စပီကာအော်သံက နားထဲ ကန့်လန့်ဝင်လာသဖြင့် ဒေါသထောင်းထောင်း ထသွားသည်။

"လမ်းထဲမှကား …. ကလေးငယ်များအပြေး … ခေတ္တ အပြင်ထွက်ပေးပါရန်…."။ အိပ်ချင်မူးတူးစိတ်တို့ မပြေသေးသဖြင့် ဘာအော်သွားမှန်း သဲသဲကွဲကွဲ မကြားရ။ နောက်တခေါက် ထပ်အော်ပြန်သည်ကို သေချာနားစိုက်ထောင်ကြည့်မှ …
"လမ်းထဲမှ ကားပိုင်ရှင်များခင်ဗျား၊ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကလေးငယ်များ အပြေးပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများ ကျင်းပမည်ဖြစ်ပါ၍ ခေတ္တ အပြင်ထွက်ပေးပါရန် မေတ္တာရပ်ခံ နှိုးဆော်အပ်ပါသည် ခင်ဗျား"။ သဲသဲကွဲကွဲ ကြားရတော့မှ ဒေါသအမျက်တို့က ပို၍ ထောင်းထောင်းထလာတော့သည်။ ကားရွှေ့ပေးရမှာကြောင့် မဟုတ်။ သူ့မှာ ကားဆို၍ ကလေး ကစားစရာကားပင် မရှိသောကြောင့် ဒီကိစ္စက ပြဿနာမဟုတ်။ ဒီနေ့က ၆၁ နှစ်မြောက် လွတ်လပ်ရေးအောင်ပွဲ နှစ်ပတ်လည်နေ့၊ ပုံမှန် ရုံးပိတ်ရက် တနင်္ဂနွေနေ့နှင့် အစိုးရမှတ်တမ်းဝင် ရုံးပိတ်ရက်က လာထပ်နေ၍ စိတ်ညစ်ရသည့်အထဲ ဒီလိုမျိုး ပေါက်တတ်ကရ လုပ်နေကြသူတွေကြောင့် ဒေါသထွက်ရခြင်းဖြစ်သည်။

ဒီလို သမိုင်းဝင်မော်ကွန်းတင် နေ့ထူးနေ့မြတ်တွေ ရောက်လာတိုင်း ကိုမျိုး စိတ်တိုဒေါသထွက်ခဲ့ရတာ အနှစ် ၂၀ ရှိခဲ့ပေပြီ။ ပြည်ထောင်စု တိုင်းရင်းသား တရပ်လုံး တန်ဖိုးထားရမည့် အမျိုးသားရေး လက္ခဏာရပ်တွေကို တန်ဖိုးသေးသိမ်အောင် လုပ်ပုံများက ဖျက်ဆီးကာ၊ သမိုင်းတွင်ဖြစ်ရပ်များ အဖြစ်မှနေ၍ ဖျောက်ဖျက်လာသည့် စစ်အစိုးရ၏ လုပ်ရပ်များက ကြာလေ ခက်လေ။

အခုလည်းကြည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်၊ လမ်းပိတ်ပြီးလုပ်မယ့် အားကစားပြိုင်ပွဲများ၊ ကလေးတွေ စိတ်ထဲ ဒါကြီးက ကြာလာရင် အရိုးစွဲတော့မည်။

လွတ်လပ်ရေးနေ့၏ အမှန်တကယ် ပြည့်ဝလှသော အနှစ်သာရနှင့် သမိုင်းမော်ကွန်းဝင် အဖြစ်တို့က ကြာလေ မှုံရီေ၀၀ါးလာလေ ဖြစ်နေသည်။ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် အမျိုးသားရေး လက္ခဏာများ ထွန်းကားရေး တဖွဖွပြောနေကြသော သူများသည် ဤ နေ့ထူး နေ့မြတ်များကိုဖြင့် ညစာစားပွဲတရပ် ခင်းကျင်းရုံမျှသာ တန်ဖိုးထားတော့သည်။

တိုင်းနှင့်ပြည်နယ်အနှံ့ ကျင်းပကြသည့် လွတ်လပ်ရေးနေ့ နှစ်ပတ်လည် အခမ်းအနားများကလည်း ကျင်းပသည် ဆိုရုံမျှသာ။ ဘာအနှစ်သာရ၊ ဘာအဓိပ္ပာယ်မှ မပါတော့ပေ။

သမိုင်းဝင် လွတ်လပ်ရေးနေ့အကြောင်း စဉ်းစားရင်း သူတို့ ငယ်ငယ်က နွှဲခဲ့ကြုံခဲ့၊ ဖြတ်သန်းခဲ့ရသော လွတ်လပ်ရေးနေ့ နှစ်ပတ်လည် အခမ်းအနားများကို ပြန်မြင်ယောင်သတိရလာမိသည်။

မူလတန်း ကျောင်းသားအရွယ်ကဆိုလျှင် လွတ်လပ်ရေးနေ့ ကျောင်းပိတ်ရက် မတိုင်ခင် နေ့တွင် ကျောင်းခန်းမထဲမှာ ဆရာ ဆရာမများက လွတ်လပ်ရေးနေ့ ပေါ်ပေါက်လာပုံ၊ လွတ်လပ်ရေးကို မည်သို့ ရယူခဲ့ရပုံတွေကို စိတ်ဝင်စားဖွယ် ပြောပြခဲ့ကြသည်။ နောက်နေ့ လွတ်လပ်ရေးနေ့မှာ မြို့နယ်ကျောင်းပေါင်းစုံ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရေးပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲတွေ မြို့နယ်ခန်းမမှာ လုပ်သလို အားကစားပြိုင်ပွဲ၊ ပျော်ပွဲရွှင်ပွဲတွေကို မြို့နယ်အားကစားကွင်းတွင် ကျင်းပခဲ့ကြသည်များကို သတိတရ လွမ်းမိတော့သည်။ အထက်တန်း ကျောင်းသားအရွယ်၊ တက္ကသိုလ် ကျောင်းသားအရွယ်တွေမှာလည်း ဤသို့ပင် ဖြတ်သန်းခဲ့ကြရသည်။ အခု သူ့အသက် ၄၀ နား နီးလာချိန်တွင်တော့ နောင်လာနောက်သား ကလေးငယ်များ သူတို့တုန်းကလို မကြုံဖူး၊ မခံစား ရဖူးတော့သည်မှာ စနစ်ဆိုးအောက် ရောက်နေ၍သာဟု ရင်နာနာနှင့် ဆိုရပေတော့မည်။

လွတ်လပ်ရေးနေ့ အထိမ်းအမှတ်များဖြင့် ဇန်န၀ါရီလ ၄ ရက်နေ့က ထွက်လာသည့် သတင်းဂျာနယ်တစောင်ပါ "အမှတ်တရ လွတ်လပ်ရေး အတွေးအမြင်" ဆိုသည့် ခေါင်းစဉ်အောက်တွင် လွတ်လပ်ရေးအပေါ် အမြင်များ၊ အတွေ့အကြုံများကို ဆွေးနွေးထားသည်များ ဖတ်ရသည်မှာ စိတ်မကောင်းစရာပေ။ ၉ ဦး၏ အမြင်များတွင် အများလေးစားခဲ့ရသည့် စာရေးဆရာကြီး ၂ ဦးက ပြောသွားသည့် စကားများက မှတ်သားစရာမပါဘဲ စိတ်မကောင်းဖြစ်စရာသာ ကျန်ခဲ့သည်။ ဤလို သမိုင်းကို သိမီသူ ဆရာကြီးများပင် လွတ်လပ်ရေးနေ့ထူးအပေါ် ပေါ့ပေါ့မြင်တော့လျှင် နောင်လာနောက်သား လူငယ်များအဖို့မူကား မတွေးဝံ့တော့ပေ။

"ဟေး - ပြေး ပြေး ပြေးထား .."၊ ညာသံပေးအော်ဟစ်သံများ ကြားရတော့မှ အတွေးစ ရှည်နေသော ကိုမျိုးတယောက် သတိပြန်ဝင်လာသည်။ ၀ရံတာထွက်ကြည့်တော့ လွတ်လပ်ရေးအရသာ အပြည့်အ၀ ခံစားနေကြသော လမ်းထဲမှ လူကြီးနှင့် ကလေး တပြုံကြီးကို တွေ့လေတော့သည်။ ခါတိုင်းဆို လမ်းထဲမှာ ပြည့်နေသော ကားတန်းက တစီးမှ မရှိတော့။ မဖယ်ပေးလျှင်လည်း ကိုယ့်တမင်း ကိုယ်စားပြီးသူများ သောက်မြင်ကတ်ခံရမှာမို့ ဖယ်ပေးကြရခြင်းဖြစ်မည်။ လမ်းထိပ် အ၀င်အထွက်တွေမှာလည်း ၀ါးလုံးတန်းတွေနှင့် လမ်းပိတ်ထားလေသည်။

လူကြီးတွေက တရုန်းရုန်း၊ ကလေးတွေက တ၀ုန်းဝုန်းနှင့် ထင်တိုင်း သောင်းကျန်းနေကြသော လွတ်လပ်ရေး နေ့ထူးနေ့မြတ်ကြီးပင်။ (ကျား) သက်ငယ် အပြေးပြိုင်ပွဲ၊ (မ) သက်ငယ် အပြေးပြိုင်ပွဲ၊ ထုပ်စည်းတိုးပွဲ၊ ဂိုးကျဉ်းဘောလုံးကန်ပွဲ၊ မုန့်စားပြိုင်ပွဲများဖြင့် မြိုင်မြိုင်ဆိုင်ဆိုင်ကြီး လွတ်လပ်ရေး ပျော်ပွဲကြီး ဆင်နွှဲနေကြသည်။ ကိုယ့်သားသမီးကို အားပေးနေကြသော မိဘတွေထဲတွင် လွန်ခဲ့သော နှစ် ၆၀ ကျော်က လွတ်လပ်ရေးအောင်ပွဲ၏ တကယ့်အနှစ်သာရ အမှန်ကို ပြန်ပြောင်းပြောပြသူ ဘယ်နှဦးများ ရှိလေမည်လဲ၊ ကိုမျိုးစိတ်ထဲ အတွေးစ ၀င်မိသည်။

လွတ်လပ်ရေးရခဲ့သည့် သမိုင်းဝင်နေ့ဖြစ်သော ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၄ ရက်မတိုင်ခင် နှစ်ပေါင်း ၁၀၀ ကတည်းက ကိုလိုနီနယ်ချဲ့ လက်အောက်မှ လွတ်မြောက်ရေး၊ ဖက်ဆစ် စနစ်ဆိုးအောက်မှ လွတ်မြောက်ရေးအတွက် ဘိုးဘေးဘီဘင်တို့ အသက်သွေးချွေး မြောက်မြားစွာ ရင်းနှီးပေးဆပ်ကာ တိုက်ပွဲဝင်ရယူခဲ့ရခြင်း ဖြစ်သည်။ မျိုးဆက် တဆက်ထဲမဟုတ်၊ မျိုးဆက်အဆင့်ဆင့် လက်ဆင့်ကမ်း အမွေယူကာ တိုက်ယူရင်း တောင်းခဲ့ရသော လွတ်လပ်ရေးပါ။ 'ရော့' 'အင့်' နှင့် လွယ်လွယ်ရလာခဲ့သော လွတ်လပ်ရေးမဟုတ်ပေ။ ဤမျှ တန်ဖိုးကြီးမားလှသော အနှစ်သာရ ပြည့်ဝလှသည့် သမိုင်းမော်ကွန်းဝင် နေ့တနေ့သည် တဖြေးဖြေး တန်ဖိုးမဲ့လာသော အနေအထားအား ကိုမျိုးတယောက် အမှန်ပင် ၀မ်းနည်းနာကြည်း ဒေါသဖြစ်ရတော့သည်။

မင်းအောင်နိုင်

Ref: မဇ္ဈိမ

Read More...

ဟားမတ်စ်ကို အစ္စရေး ထိုးစစ်ဆင်နေတာ ၁၀ ရက် မြောက်သွားပြီ

06 January 2009

အစ္စရေးက ကြည်းတပ်၊ လေတပ်နဲ့ ရေတပ်တို့သုံးပြီး အလုံးအရင်းနဲ့ ဂါဇာကမ်းမြှောင်ဒေသ အတွင်းပိုင်းကို ထိုးဖောက်ဝင်ရောက်ပြီး ဟားမတ်စ် အဖွဲ့ရဲ့ ပစ်မှတ်တွေကို တိုက်ခိုက်နေပါတယ်။ တနင်္လာနေ့က သေဆုံးသွားခဲ့တဲ့ အရပ်သား ၁၁ ယောက် အပါအ၀င် လွန်ခဲ့တဲ့ ၁၀ ရက်လောက်က စတင်ခဲ့တဲ့ တိုက်ခိုက်မှုတွေကြောင့် လူပေါင်း ၅၄၀ လောက် သေဆုံးခဲ့ပြီး ဖြစ်တယ်လို့ ဂါဇာမှာရှိတဲ့ ကျန်းမာရေးဝန်ထမ်း တွေက ပြောပါတယ်။

မြေပြင်စစ်ဆင်ရေးအတွင်း အစ္စရေးစစ်သားတယောက် သေဆုံးခဲ့ပြီး ၃၀ လောက် ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ အစ္စရေးဘက်က ပြောပါတယ်။ အစ္စရေးနိုင်ငံတောင်ပိုင်းမှာ နေထိုင်သူတွေ စိတ်ချလုံခြုံတဲ့အဆင့် ရောက်တဲ့အထိ ဒီထိုးစစ်ဆင်မှုကို ဆက်လက် ပြုလုပ်သွားမယ်လို့ အစ္စရေးကာကွယ်ရေးဝန်ကြီး အီဟွတ်ဒ် ဘာရတ်ခ် (Ehud Barak)က တနင်္လာနေ့မှာ ပြောခဲ့ပါတယ်။

အစ္စရေးက အခုလို ဘက်ပေါင်းစုံက ထိုးစစ်ဆင်နေတဲ့ကြားကပဲ ဟားမတ်စ် အဖွဲ့ကလည်း အစ္စရေးနယ်နိမိတ်ထဲကို ဒုံးကျည်တွေနဲ့ ပြန်လည် ပစ်ခတ်နေတဲ့အတွက် အစ္စရေး ၄ ယောက် သေဆုံးခဲ့ပါတယ်။ အဲဒီထဲက ၃ ယောက်ဟာ အရပ်သားတွေလို့ ဆိုပါတယ်။

ဒီအတောအတွင်း ဂါဇာမှာရှိတဲ့ အရပ်သားတွေအတွက် အကူအညီ၊ အထောက်အပံ့တွေ ပေးကြဖို့ ကမ္ဘာတလွှားက အစိုးရတွေနဲ့ ကယ်ဆယ်ရေး အေဂျင်စီတွေက တောင်းဆို နေကြပါတယ်။ ဂါဇာကို အ၀င်အထွက်မလုပ်ဖို့ အစ္စရေးက ပိတ်ပင်ထားတာကို ပြန်ဖွင့် နိုင်ဖို့အတွက် အာရပ်အစိုးရတွေက ကြိုးပမ်းနေကြတယ်လို့ ပါလက်စတိုင်း အုပ်ချုပ်ရေးအဖွဲ့ နိုင်ငံခြားရေးဝန်ကြီး ရီယတ်ဒ် အယ်လ်မာလ်ကီး (Riyad al-Malki) က ပြောပါတယ်။

Ref: VOA News

Read More...

၂၀၀၈ ပထမကိုးလအတွင်း မြန်မာ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နှစ်ဆနီးပါးတိုး

06 January 2009

၂၀၀၈ ခုနှစ် ပထမကိုးလအတွင်း မြန်မာနိုင်ငံမှာ နိုင်ငံခြားက လာရောက်ရင်းနှီးမြှုပ်နှံမှု နှစ်ဆနီးပါး တက်ခဲ့တယ်လို့ စစ်အစိုးရက အသစ် ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေမှာ ဖော်ပြထားပါတယ်။ အဲဒီမှာ မိုင်းနဲ့ တွင်းထွက်ပစ္စည်း ရှာဖွေတူးဖော်ရေး လုပ်ငန်းတွေမှာ ရင်းနှီး မြှုပ်နှံမှုက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုရဲ့ ၈၈% ပါဝင်တယ်လို့ အမျိုးသားစီမံကိန်းနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

၂၀၀၇ ခုနှစ် ဇန်န၀ါရီလကနေ စက်တင်ဘာလအကြား ရင်းနှီးမြှုပ်နှံမှု ငွေကြေးပမာဏ အားဖြင့် အမေရိကန်ဒေါ်လာ ၅၀၃ သန်း ရှိခဲ့ရာက ၂၀၀၈ ခုနှစ် ဇန်န၀ါရီလနဲ့ စက်တင်ဘာလ အကြားမှာတော့ အမေရိကန်ဒေါ်လာ ၉၇၅ သန်းအထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။ ရေနံနဲ့ တွင်းထွက်ပစ္စည်း ရှာဖွေတူးဖော်ရေးလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိကန်ဒေါ်လာ ၈၆၁ သန်း ရှိခဲ့ရာက တရုတ်နိုင်ငံက အဲဒီအထဲမှာ ၈၅၅ သန်း ရင်းနှီးမြှုပ်နှံခဲ့ပြီး ရုရှားနဲ့ ဗီယက်နမ်နိုင်ငံတို့က ရေနံနဲ့ သဘာဝဓာတ်ငွေ့ တူးဖော်ရေး လုပ်ငန်းတွေမှာ ကျန်ငွေ ပမာဏတွေကို ရင်းနှီးမြှုပ်နှံခဲ့ကြတာပါ။

အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂတို့က ပိတ်ဆို့အရေးယူထားတဲ့ ကြားကပဲ အခုလို မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံခဲ့ကြတာ ဖြစ်ပါတယ်။

ဒီအတောအတွင်း မြန်မာနိုင်ငံမှာ နာဂစ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်အပြီး ၆ လအကြာ စစ်အစိုးရက ရန်ကုန်တိုင်းကနေ ဆန်တွေ ပြည်ပကို လွတ်လွတ်လပ်လပ် တင်ပို့ရောင်းချခွင့် ပြုလိုက်တယ်လို့ ဆိုပါတယ်။ မကြာခင်မှာ တခြားဒေသတွေက ပိုလျှံနေတဲ့ ဆန်တွေကိုလည်း ပြည်ပပို့ခွင့်ပြုမယ်လို့ ကူးသန်းရောင်းဝယ်ရေး ၀န်ကြီး ဌာနက ပြောကြောင်း ၀ိကလီး အလဲဗင်း (Weekly Eleven) ဂျာနယ်မှာ ကိုးကားဖော်ပြ ထားပါတယ်။

Ref: VOA News

Read More...

မင်္ဂလာဒုံလေဆိပ်ကို ဘန်ကောက်လေဆိပ်ကဲ့သို့ အစီးမခံရအောင် နအဖ ၀န်ကြီးချူပ် ညွှန်ကြား

NEJ/ ၆ ဇန်န၀ါရီ ၂၀၀၉

ထိုင်းနိုင်ငံ ဘန်ကောက် ဆူဝမ်နဖုန် လေဆိပ်ကို ပီအေဒီ ဆန္ဒပြသူများ ၀င်စီးသည့်အဖြစ်မျိုးမှ ကာကွယ်နိုင်ရေးအတွက် ရန်ကုန် မင်္ဂလာဒုံလေဆိပ်ကို လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားရန် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က ညွှန်ကြားလိုက်သည်။

မကြာခင်က နေပြည်တော်မှာ ကျင်းပပြီးစီးခဲ့သည့် ၀န်ကြီးအဖွဲ့အစည်းအဝေးတွင် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က ရန်ကုန် မင်္ဂလာဒုံ လေဆိပ်ကို ဘန်ကောက် ဆူဝမ်နဖုန် လေဆိပ်အဖြစ်မျိုး ၀င်အစီးမခံရ အောင် ကြိုတင်ကာကွယ်ရန် ညွှန်ကြားခဲ့ခြင်းဖြစ်သည်ဟု ၀န်ကြီးချုပ်ရုံးနှင့် နီးစပ်သည့် သတင်းရပ်ကွက်က ပြောသည်။

“ခုလို ရန်ကုန် မင်္ဂလာဒုံလေဆိပ်ကို ၀င်အစီးမခံရအောင် ညွှန်ကြားတဲ့ သဘောက ၂၀၀၉ ခုနှစ်ထဲမှာလည်း ဆန္ဒပြမှုတွေ ဖြစ်လာနိုင်တယ်လို့ စစ်အစိုးရက မှန်းထားတဲ့သဘောလို့ တွက်လို့ရပါတယ်။ ကျနော်တို့ ၀န်ထမ်းတွေကတော့ အဲလိုပဲ နားလည်ကြပါတယ်။ ၂၀၀၉ မှာလည်း ခပ်ကြမ်းကြမ်း ကိုင်မယ့်သဘောလို့လည်း ပြောနိုင်ပါတယ်။ တဖက်ကတွက်ရင်လည်း စစ်အစိုးရအနေနဲ့ အကြမ်းဖက် အုပ်ချုပ်နေတဲ့တိုင် သူတို့ကိုယ်သူတို့ မလုံခြုံဘူးဆိုတာ ပြနေတာပါ” ဟု အမည်မဖော်လိုသည့် နေပြည်တော် ၀န်ထမ်းတဦးက ပြောသည်။

မြန်မာစစ်အစိုးရသည် ထိုင်းနိုင်ငံရေးဖြစ်စဉ်ကို သတိထားစောင့်ကြည့်သော်လည်း တချိန်က ဘန်ကောက်မြန်မာသံရုံး အစီးခံထားရသည့် ကိစ္စ ဒီမိုကရက်ပါတီကိုင်တွယ်ပုံ မကျေနပ်သည့်အတွက် လက်ရှိ ထိုင်းအစိုးရသစ်သတင်းများကို အစိုးရမီဒီယာများ၌ အမှောင်ချထားသည်။

ဒီမိုကရက်သမိုင်းကြောင်းအရ အာဘီဆစ်အစိုးရသည် မြန်မာစစ်အစိုးရအပေါ် တပ်ဆင်နှင့် လက်ဝေခံ အစိုးရများကဲ့သို့ အောက်ကျခံ ဆက်ဆံမည်မဟုတ်ဘဲ မြန်မာနှင့်ဆက်ဆံရေးပေါ်လစီကို ခပ်တင်းတင်းထားမည့် အစိုးရဖြစ်သည်ဟု The Nation သတင်းစာက ထောက်ပြသည်။

Ref: ခေတ်ပြိုင်

Read More...

Monday, January 5, 2009

အရှေ့အလယ်ပိုင်း ပဋိပက္ခ ဟားမတ်စ် ကို သမ္မတဘုရှ် အပြစ်တင်

03 January 2009

အရှေ့အလယ်ပိုင်း ပဋိပက္ခနဲ့ပတ်သက်ပြီး အမေရိကန်သမ္မတ ဂျော့ ဘုရှ် (George Bush) က ပထမဆုံးအကြိမ် မိန့်ခွန်း ပြောကြားပါတယ်။ ဂါဇာကမ်းမြှောင်ဒေသ အပစ်အခတ်ရပ်စဲဖို့ လိုအပ်ချက်တွေကို သမ္မတဘုရှ် က သူ့ရဲ့ အပတ်စဉ် ရေဒီယို မိန့်ခွန်းထဲမှာ ထည့်သွင်းပြောကြားသွားတာပါ။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် ပေါ်လာ ဝေါ့ဖ်ဆင်န် (Paula Wolfson) ၀ါရှင်တန်ကနေ သတင်းပေးပို့ထားတာကို ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဟာ အဓိပ္ပါယ်ပြည့်ဝပြီး နှစ်ဖက်စလုံးက လေးစားလိုက်နာတဲ့ အပစ်အခတ် ရပ်စဲရေးမျိုး ဖြစ်သင့်တယ်လို့ သမ္မတဘုရှ် က ပြောပါတယ်။

အစ္စရေးကို ဒုံးကျည်နဲ့ တိုက်ခိုက်တဲ့ပုံအဆင့် ရောက်လာခဲ့တဲ့ အရင် အပစ်အခတ်ရပ်စဲရေးမျိုးကို လက်မခံသင့်ဘူး။ ဟားမတ်စ် အဖွဲ့ရဲ့ နှုတ်ကတိတွေနဲ့တင် မလုံလောကဘဲ ဂါဇာမှာရှိတဲ့ အကြမ်းဖက်သမားတွေထံကို တရားမ၀င် လက်နက်တွေ ၀င်လာနေတာကို ဟန့်တားမယ့် နည်းလမ်းတခု ထားရှိဖို့ လိုအပ်တယ်လို့ သမ္မတ ဘုရှ် က ပြောပါတယ်။

သူ့ရဲ့ အပတ်စဉ် ရေဒီယိုမိန့်ခွန်းကို တရက်စော ပြောကြားပြီး အခု ဂါဇာကမ်းမြှောင်ဒေသမှာ ဖြစ်နေတဲ့ အကြမ်းဖက်မှုတွေကို ဟားမတ်စ် အဖွဲ့က စတင်ခဲ့တဲ့အကြောင်း သမ္မတ ဘုရှ် က ထပ်လောင်း ပြောကြားပါတယ်။

“အခု အကြမ်းဖက်မှုတွေကို ဟားမတ်စ်အဖွဲ့က စတင်ခဲ့တာဖြစ်ပြီး အစ္စရေးနိုင်ငံ ပျက်ဆီးရေးကိုလိုလားတဲ့ ပါလက်စတိုင်း အကြမ်းဖက် အဖွဲ့တွေကို အီရန်နဲ့ ဆီးရီးယား နိုင်ငံတို့က ထောက်ပံ့ပေးနေတာ ဖြစ်တယ်။”

ဟားမတ်စ် စစ်သွေးကြွအဖွဲ့ဟာ ဂါဇာကမ်းမြှောင်ဒေသကို အာဏာသိမ်းပိုက် ရယူထားတာဖြစ်ပြီး အီဂျစ်နိုင်ငံက ကြားဝင် စေ့စပ်ပေးခဲ့တဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို အကြိမ်ကြိမ် ချိုးဖောက်ပြီး ဒုံးကျည်တွေနဲ့ အစ္စရေး ပိုင်နက်ထဲကို ပစ်ခတ်ခဲ့တယ်လို့ သမ္မတ ဘုရှ် က ပြောပါတယ်။

အစ္စရေးနဲ့ ချုပ်ဆိုထားတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ဒီဇင်ဘာလ ၁၉ ရက်နေ့က ဟားမတ်စ် အဖွဲ့က ဖျက်သိမ်းလိုက်ပြီး အစ္စရေး နိုင်ငံထဲကို ဒုံးကျည်တွေနဲ့ စတင်ပစ်ခတ်ခဲ့တဲ့ လုပ်ရပ်ကို ပါလက်စတိုင်း လူထုက ရွေးကောက် တင်မြောက်ထားတဲ့ သမ္မတ မာမွတ် အာဘတ်စ် (Mahmound Abbas) ကိုယ်တိုင်က ဆန့်ကျင် ကန့်ကွက်ထားတယ် လို့လည်း သမ္မတဘုရှ်က ပြောပါတယ်။

အကြမ်းဖက်မှုတွေ ချုပ်ငြိမ်းရေးအတွက် အမေရိကန်ပြည်ထောင်စုအနေနဲ့ ကြိုးစားလုပ်ဆောင်သွားမယ့်အကြောင်း သမ္မတဘုရှ် က အလေးထား ပြောကြားသလိုပဲ ပါလက်စတိုင်း သမ္မတ မာမွတ် အာဘတ်စ်၊ အစ္စရေးဝန်ကြီးချုပ် အီဟွတ် အိုမာ့တ် (Ehud Olmert) အပါအ၀င် အီဂျစ်၊ ဂျော်ဒန်နဲ့ ဆော်ဒီအာရေးဗီးယား နိုင်ငံတို့က ခေါင်းဆောင်တွေနဲ့ ပြောဆို ဆွေးခဲ့တဲ့အကြောင်း သမ္မတဘုရှ် က ပြောပါတယ်။

ဒီတိုက်ခိုက်မှုတွေကြောင့် ဂါဇာကမ်းမြှောင်ဒေသမှာ ကြုံတွေ့နေရတဲ့ လူသားဒုက္ခဟာ အားလုံးအတွက် စိုးရိမ်သောက ရောက်စရာကိစ္စ ဖြစ်တယ်လို့ မစ္စတာ ဘုရှ် က ပြောပေမယ့် အစ္စရေးဘက်က အပစ်အခတ် ရပ်စဲဖို့ကိုတော့ သူ့ရဲ့ မိန့်ခွန်းထဲမှာ တောင်းဆိုခဲ့ခြင်း မရှိပါဘူး။

ဂါဇာကမ်းမြှောင်ဒေသက အခြေနေတွေ ပြေလည်စေဖို့ ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ အချိန်ပြည့် ပြောဆို ဆွေးနွေးနေတဲ့ နိုင်ငံခြားရေး ၀န်ကြီး ကွန်ဒိုလီဇာ ရိုက်စ် (Condoleezza Rice) နဲ့ သောကြာနေ့ မနက်တုန်းက သမ္မတဘုရှ် ဆွေးနွေး တိုင်ပင်ခဲ့ပေမယ့် နိုင်ငံခြားရေးဝန်ကြီး အနေနဲ့ လောလောဆယ် အရှေ့အလယ်ပိုင်းဒေသကို သွားရောက်ဖို့ အစီအစဉ်တော့ မရှိသေးပါဘူး။

လက်ရှိ အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ နောက်ဆုံးအခြေနေတွေကို ရွေးကောက်ခံ သမ္မတ အိုဘားမား ကိုလည်း တင်ပြ အစီရင်ခံနေတဲ့အကြောင်း သမ္မတ ဘုရှ်က ပြောပါတယ်။

“ရွေးကောက်ခံသမ္မတနဲ့ သူ့ရဲ့အဖွဲ့ကို ကျနော့် အစိုးရက အစီရင်ခံ တင်ပြနေမှာပါ။ အရှေ့အလယ်ပိုင်း ဒေသအပေါ်ထားတဲ့ အမေရိကန်ရဲ့ ရည်မှန်းချက်ဟာ ရှင်းပါတယ် - ကျနော်တို့ရဲ့ မဟာမိတ် အစ္စရေးနိုင်ငံ လုံခြုံရေး ငြိမ်းချမ်းရေး ရရှိဖို့ ကျနော်တို့ လုပ်ဆောင်သွားမယ်၊ ပါလက်စတိုင်း လူထုနဲ့ အိမ်နီးချင်း ဒေသတွေကို လေးစားပြီး ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ နည်းကျတဲ့ ပါလက်စတိုင်းဒေသ ဖြစ်ပေါ်လာရေးကို ကျနော်တို့ လိုလားပါတယ်။”

ဒီအတောအတွင်း ဂါဇာကမ်းမြှောင်ဒေသကို အစ္စရေးက ဆက်လက် ထိုးစစ်ဆင်နေသလိုပဲ ဟားမတ်စ် အဖွဲ့ကလည်း ဒီတိုက်ခိုက်မှုတွေအပေါ် ပြန်လည် လက်စားချေမယ်လို့ ပြောဆိုထားပါတယ်။

အစ္စရေးရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကြောင့် ပါလက်စတိုင်း လူမျိုး ၄၂၀ ကျော် သေဆုံးခဲ့ပြီး ၂,၀၀၀ ကျော် ထိခိုက် ဒဏ်ရာရခဲ့ပြီး ဖြစ်ပါတယ်။ ဟားမတ်စ် ဘက်က ဒုံးကျည်တွေနဲ့ ပစ်ခတ် တိုက်ခိုက်မှုတွေကြောင့် အစ္စရေး အရပ်သား ၄ ယောက် သေဆုံးခဲ့ပါတယ်။

Ref: VOA News

Read More...

ဦးသန့် အဆိုအမိန့် မျက်နှာဖုံးတွင် ပါရှိသည့် မြန်မာသစ် မဂ္ဂဇင်း ထုတ်ဝေခွင့် မကျသေး

နန်းဒေ၀ီ-05 2009

နယူးဒေလီ (မဇ္ဈိမ)။ ။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့် ဓာတ်ပုံဖြင့် မျက်နှာဖုံး ခွင့်ပြုချက် ပယ်ချခံရပြီးနောက် ယခုလထုတ် မြန်မာသစ်မဂ္ဂဇင်းကို မျက်နှာဖုံးပြောင်းကာ စာပေစိစစ်ရေးသို့ ထပ်မံ တင်ပြခဲ့သော်လည်း ယနေ့တိုင် ခွင့်ပြုချက် မကျသေးကြောင်း ရန်ကုန် စာပေအသိုင်းအ၀ိုင်းက ပြောသည်။

ဦးသန့် ရာပြည့် အထိမ်းအမှတ်အဖြစ် ယခုလတွင် ထုတ်ဝေမည့် မြန်မာသစ်မဂ္ဂဇင်းကို ဦးသန့်ဓာတ်ပုံ မျက်နှာဖုံး ထားရှိရာ ခွင့်မပြုသည့်အတွက် မျက်နှာဖုံးဓာတ်ပုံ ပြောင်းလဲ၍ စာပေစိစစ်ရေးသို့ တင်ပြခဲ့သည်မှာ ရက်သတ္တတပတ်ခန့် ကြာမြင့်ပြီဖြစ်သော်လည်း ယခုထိ ထုတ်ဝေခွင့် မကျသေးခြင်း ဖြစ်သည်။

"မထွက်နိုင်သေးဘူးခင်ဗျ။ ဒီနေ့ စိစစ်ရေးကို ဖုန်းဆက်မေးတော့ စစ်ဆေးနေတုန်းလို့ ပြောတယ်။ တင်ထားတာ တပတ်ကျော်ပြီ" ဟု မဂ္ဂဇင်း တာဝန်ခံ အယ်ဒီတာ ကိုဘုန်းသက်ပိုင်က မဇ္ဈိမကို ပြောသည်။

မျက်နှာဖုံးတွင် ဦးသန့် ဓာတ်ပုံအစား ဦးသန့်၏ အဆိုအမိန့်တခုဖြစ်သည့် 'မယဉ်ကျေးသေးတဲ့ နိုင်ငံသားချင်း ဘယ်လောက်ပဲ ကွဲလွဲချက်ရှိနေပါစေ၊ ယဉ်ကျေးပြီးဖြစ်တဲ့ အာရှတိုက်သားတယောက်ဟာ ယဉ်ကျေးပြီးဖြစ်တဲ့ ဥရောပတိုက်သားနဲ့ပဲဖြစ်ဖြစ်၊ အမေရိကန်တယောက်နဲ့ပဲဖြစ်ဖြစ် ဘာမှ မတူညီစရာ၊ ကွဲလွဲစရာ မရှိနိုင်ပါဘူး' ဟူသည့် စာတမ်းနှင့် ကမ္ဘာ့ကုလသမဂ္ဂတံဆိပ်ကို ယခုတင်ပြသည့် မျက်နှာဖုံး၌ ထည့်သွင်းဖော်ပြထားသည်။

ဦးသန့် ဓာတ်ပုံနှင့် မျက်နှာဖုံးကို စိစစ်ရေးက ပယ်ချခဲ့သည့်အပြင် ဦးသန့် ရေးသားခဲ့သည့် ဆောင်းပါး ၂ ပုဒ်၊ ဦးသန့်အကြောင်း ပြန်လည်ပြောပြသည့် အိန္ဒိယနိုင်ငံ ငြိမ်းချမ်းရေးနှင့် အကြမ်းမဖက်ဝါဒီ မဟတ္တမဂန္ဓီ၏ မိန့်ခွန်းတို့ကိုပါ အဖြုတ်ခံခဲ့ရသည်။

ထို့အပြင် ကဗျာ ၁၅ ပုဒ်အနက် ၆ ပုဒ်ကိုသာ စာပေစိစစ်ရေးက ခွင့်ပြုခဲ့သည်။

အလားတူ ယခုတပတ်ထုတ် ဂျာနယ်များတွင် စစ်အစိုးရ၏ ၀ါဒဖြန့် သတင်းဆောင်းပါးဖြစ်သည့် "အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD မှ ဦးဝင်းတင်နှင့် ဦးခင်မောင်ဆွေတို့ မှိုင်းတိုက် မြှောက်ပေးမှုကြောင့် လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြသည်ကြောင့် NLD လူငယ် ၉ ဦးကို သက်ဆိုင်ရာက ထိန်းသိမ်းခဲ့ရ" ကို NLD ဆန္ဒပြလူငယ် ၉ ဦး၏ ဓာတ်ပုံနှင့်တကွ မထည့်မနေရဟူ၍ စာပေစိစစ်ရေးက ညွှန်ကြားထုတ်ဝေစေခဲ့သည်။

Ref: မဇ္ဈိမ

Read More...

UWSA က အုပ်ချုပ်ရေးနယ်မြေကို အမည်ပြောင်း

ကိုဝိုင်း-5 2009

ချင်းမိုင် (မဇ္ဈိမ)။ ။ ဝ' ပြည် သွေးစည်းညီညွတ်ရေးပါတီက သူတို့၏ အုပ်ချုပ်ရေးနယ်မြေကို မြန်မာနိုင်ငံ ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ (၂) အမည်အစား မြန်မာနိုင်ငံတော် ဝ' ပြည်နယ် အစိုးရ အထူး အုပ်ချုပ်ရေးဒေသ အဖြစ် ယခုလ ၁ ရက်နေ့မှ စတင်ကာ ပြောင်းလဲ ခေါ်ဝေါ်လိုက်သည်။

အုပ်ချုပ်ရေးနယ်မြေကို ယခုလို အမည်အသစ်ဖြင့် ပြောင်းလဲသတ်မှတ်ခြင်းကို မြန်မာစစ်အစိုးရထံ အကြောင်းကြားပြီးဖြစ်ကြောင်း အနီးကပ် လေ့လာစောင့်ကြည့်နေသူများ အဆိုအရ သိရခြင်းဖြစ်သည်။

"စာတင်တာ မဟုတ်ဘူးနော်။ သူတို့က အကြောင်းကြားတာ။ ခွင့်ပြုချက်တောင်းတာ မဟုတ်ဘူး။ ကျုပ်တို့ ဒီလိုလုပ်မယ်ဆိုတာကို အကြောင်းကြားတာ။ အခုက နာမည်ပြောင်းခေါ်မှာ၊ မြန်မာနိုင်ငံတော် ဝ' ပြည်နယ် အစိုးရ အထူးအုပ်ချုပ်ရေး ဒေသဆိုပြီး'' ဟု တရုတ်-မြန်မာနယ်စပ်မှ မြန်မာ့အရေးလေ့လာနေသူ ဦးအောင်ကျော်ဇောက ပြောသည်။

သူက ဆက်ပြီး ''ဝ' ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်နဲ့ ဝ' ပြည် သွေးစည်းညီညွတ်ရေးပါတီက မပြောင်းပါဘူး။ ဒေသဆိုင်ရာ အုပ်ချုပ်မှုကို နာမည်ပြောင်းပြီးတော့ သုံးမှာ။ seal (တံဆိပ်) တွေ ဘာတွေလည်း အကုန် ရိုက်ပြီးသွားပြီ။ သက်ဆိုင်ရာ ဒေသတွေမှာလည်း နာမည်ပြောင်းလုပ်ထားတဲ့ ဆိုင်းဘုတ်တွေ ဘာတွေ လုပ်ပြီးသွားပြီ" ဟု ပြောသည်။

ရှမ်းပြည်နယ်အရေး အထူးပြု ဖော်ပြလေ့ရှိသော ထိုင်းနိုင်ငံ အခြေစိုက် သျှမ်းသံတော်ဆင့် သတင်းဌာနမှ လက်ထောက် အယ်ဒီတာ ဖြစ်သူ ဦးစိန်ကြည်ကလည်း အဆိုပါ သတင်းကို ကြားသိရကြောင်း ပြောဆိုသော်လည်း အသေးစိတ်ကိုမူ ဆက်လက် စုံစမ်းဆဲဖြစ်ကြောင်း မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့်လ ၂၆-၂၇ ရက်နေ့များတွင် ကျိုင်းတုံအခြေစိုက် တြိဂံတိုင်း တိုင်းမှူး ဗိုလ်ချုပ်ကျော်ဖြိုးက ဝ' တပ်မဟာ (၄၁၇) နှင့် ဝ' တောင်ပိုင်းဒေသ အုပ်ချုပ်ရေးအတွင်း ပါဝင်သည့် မိုင်းယောင်း၊ မိုင်းဆတ်၊ မိုင်းတုံမြို့နယ်များကို အခြေခံသော အမှတ် (၁၇၁) ဝ' စစ်ဒေသအတွင်းမှ စစ်ရေးနှင့် အုပ်ချုပ်ရေး အရာရှိများကို ကျိုင်းတုံ၌ ခေါ်ယူတွေ့ဆုံခဲ့သည်ဟု သူက ဆိုသည်။

ထိုတွေ့ဆုံပွဲတွင် ဝ' တပ်ဖွဲ့များ အသွင်ပြောင်းရေး အပါအ၀င် အခြေခံ ဥပဒေသစ်နှင့်အညီ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် ပြောကြားခဲ့ပြီးနောက် ယခုကဲ့သို့ ဝ' အဖွဲ့၏ အကြောင်းကြားစာကိစ္စ ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း သူက ပြောသည်။

ဝ' တောင်ပိုင်းနှင့် မြောက်ပိုင်းဒေသ ၂ ခုလုံးကို အကြုံးဝင်သည့် ဝ' ဗဟိုမှ နအဖ စစ်အစိုးရထံ ယခုလို အကြောင်းကြားစာ ပေးပို့မှုသည် မြန်မာနိုင်ငံ၌ ဖွဲ့စည်းအုပ်ချုပ်ပုံ အကျပ်အတည်း ဖြစ်ပေါ်နေသည်ကို ပြသရာရောက်သလို၊ နအဖ အနေဖြင့် ယခုစာနှင့်ပတ်သက်၍ သဘောမကျသည့်တိုင် ဝ' အဖွဲ့ကို စစ်ရေးအရ အရေးယူရန် အခက်အခဲရှိကြောင်း ဦးအောင်ကျော်ဇောက ယခုလို သုံးသပ်ပြောဆိုသည်။

"နိုင်ငံတကာမျက်နှာစာမှာ အဖွဲ့အစည်းတွေကို ငြိမ်းချမ်းရေး လုပ်ထားနိုင်တယ် ဆိုတာကလွဲပြီး ဘာမျက်နှာမှ မရှိဘူး။ ဒီလို နိုင်ငံတကာဖိအား ကြီးနေတဲ့အချိန်မှာ သူ (နအဖ) က ထပ်ပြီး ဒါကို အသံထွက်တဲ့အထိ အဖြစ်မခံနိုင်ဘူး။ နောက်ပြီး လူထုကလည်း ၈၇-၈၉ ရာခိုင်နှုန်းက ဝ' တွေပဲ။ အဲဒီလို နေရာမျိုးကို ဗမာအစိုးရက စိတ်ကူးယဉ်ပြီး သွားလုပ်မယ်ဆိုရင် အုတ်နံရံကို ခေါင်းနဲ့ ဆောင့်သလို ဖြစ်နေမယ်" ဟု သူက ပြောသည်။

သူက ဆက်ပြီး "လက်နက်ကိုင် အဖွဲ့အစည်းတွေဟာ ဒီကနေ့ ရေးဆွဲတဲ့ ဖွဲ့စည်းပုံကို လုံးဝ လက်မခံဘူး။ နည်းသဏ္ဍာန် မျိုးစုံနဲ့ ဖော်ပြကြတာပဲ။ ၂၀၀၇ ခုနှစ်မှာ သံဃအရေးတော်ပုံအပြီး အောက်တိုဘာ ၁၀ ရက်နေ့မှာ ဝ' တွေ ထုတ်ပြန်ခဲ့တာ ရှိတယ်။ သူတို့နဲ့ပတ်သက်တာ ပါတယ်။ ကျနော်တို့ကို မူလက ကတိခံထားသကဲ့သို့ လက်ရှိ ရေးဆွဲတဲ့ ဖွဲ့စည်းပုံထဲမှာ ကျနော်တို့ကို အထူးဒေသ အဖြစ် ဆက်လက်တည်ရှိခွင့် ပြုပါရန်ဆိုတာ ပါတယ်" ဟု ပြောသည်။

ဝ' ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် (UWSA) အဖွဲ့နှင့် အဖွဲ့မှ ထိပ်တန်းတပ်မှူးများဖြစ်သည့် ဝေရှောက်ခန်၊ ဝေရှောက်လုံ၊ ဝေရှောက်ယင်နှင့် UWSA စစ်ဦးစီးချုပ် ပေါက်ယိုချန်၊ ဟော်ချွင်းထင်၊ ဆစ်ကော်နန် အပါအဝင် လူပုဂ္ဂိုလ် ၂၆ ဦးနှင့် ကုမ္ပဏီ ၁၇ ခု၏ ပိုင်ဆိုင်မှုများကို ထိန်းချုပ်မည်ဟု အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်ရှိ နိုင်ငံခြားပိုင်ဆိုင်မှု ထိန်းချုပ်ရေးဌာန (OFAC) က ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၁၃ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

Ref: မဇ္ဈိမ

Read More...

၂၀၀၉ ခုအတွင်း ဆန္ဒပြပွဲများ ထပ်မံပေါ်ပေါက်လာမည်ဟု ဦးဝင်းတင်ခန့်မှန်း

မင်းနိုင်သူ/ ၅ ဇန်န၀ါရီ ၂၀၀၉

အန်အယ်လ်ဒီလူငယ်ပါတီဝင် (၉) ဦး စမ်းချောင်းမြို့နယ်အတွင်း ဆန္ဒပြမှုသည် (အန်အယ်လ်ဒီ) ဦးဝင်းတင်နှင့် ဦးခင်မောင်ဆွေတို့၏ ၀ါဒမှိုင်းတိုက် မြှောက်ပင့်ပေးမှုကြောင့်ဟု ပြည်တွင်းဂျာနယ်အချို့တွင် စွပ်စွဲထားချက်နှင့် ပတ်သက်၍ အထူးတလည် ဖြေရှင်းရန် မလိုကြောင်းနှင့် ၂၀၀၉ ခုနှစ်အတွင်း အလားတူ ဆန္ဒပြမှုများ ထပ်မံ ပေါ်ပေါက်လာမည်ဖြစ်ကြောင်း အန်အယ်လ်ဒီ ဦးဝင်းတင်က ပြောသည်။

“ဒီလိုမဟုတ်တမ်းတရားတွေပြောပြီး စွပ်စွဲတာမျိုးတွေကို ပြန်ပြီးတော့တောင် ဖြေရှင်း မနေချင်တော့ပါဘူး။ စာနယ်ဇင်း မျက်စိနဲ့ ကြည့်မယ် ဆိုရင် တစ်ကဘာလဲဆိုတော့ ၀ါဒမှိုင်းတိုက်တယ်ဆိုတာ ဘာတိုက်တာလဲ။ ဘယ်တုန်းကတိုက်တာလဲ။ ဘယ်သူတွေကို တိုက်တာလဲ။ ဘာကြောင့်တိုက်တာလဲ။ ဒီလိုအကြောင်းတွေကို ထည့်ရေးရမယ်၊ ပြောရမယ်ဗျာ။ အခုဟာ ဒါတွေတခုမှ မပါဘူး၊ ရေးမထားဘူး ဆိုတော့ ငြင်းဆိုခြင်းဆိုတာ လုပ်ဖို့တောင် ထိုက်တန်တဲ့ သတင်းတန်ဖိုးမရှိဘူးပေါ့။ ဆန္ဒပြလူငယ်တွေကို ဖမ်းတယ် ဆိုတာလောက်ထိက သတင်းရေးလို့ရတယ်။ ဘာမဟုတ်ဘဲနဲ့ ကျနော်တို့ကို ဆွဲထည့်ရုံ ထည့်တာသက်သက်နဲ့တော့ ကျနော်တို့က သာမန်အားဖြင့် ပြန်ဖြေရှင်းနေဖို့တောင် ထိုက်တန်တဲ့ သတင်းမဟုတ်ဘူးလို့ပဲ ပြောလို့ရတယ်” ဟု ဦးဝင်းတင်က ခေတ်ပြိုင်သို့ ရှင်းပြသည်။

အဆိုပါစွပ်စွဲရေးသားထားသော သတင်းကို True News၊ နံနက်ခင်းဂျယ်နယ် စသည့် ပြည်တွင်းသတင်းဂျာနယ်အချို့အား စာပေ စိစစ်ရေးရုံးက ဖိအားပေးထည့်ခိုင်းခဲ့ခြင်းဖြစ်ကြောင်း ပြည်တွင်းအယ်ဒီတာတဦးက ပြောဆိုသည်။ ပြည်တွင်းဂျာနယ်များတွင် ဦးဝင်းတင်နှင့် ဦးခင်မောင်ဆွေတို့အား ၀ါဒမှိုင်းတိုက်သူများအဖြစ် ဖော်ပြခဲ့ပြီး အန်အယ်လ်ဒီလူငယ်များကိုလည်း ကလေ က၀များသဖွယ် ရေးသားထားမှုမျိုးကို မိမိတို့အနေဖြင့် ပြုလုပ်မည်မဟုတ်ဘဲ ဖိအားများကြောင့်သာ ဖော်ပြခဲ့ကြရကြောင်း ၎င်းက ထပ်မံ ရှင်းလင်းပြောဆိုသည်။

အဆိုပါသတင်းတွင်း စွပ်စွဲမှုကို အထမြောက်စေနိုင်သည့် အကြောင်းပြချက် တစုံတရာမတွေ့ရှိရဘဲ ဖြစ်စဉ်အစဟုဆိုကာ ဒီဇင်ဘာ (၃၀)ရက်တွင် အန်အယ်လ်ဒီ ရုံးချုပ်၌ ဦးခင်မောင်ဆွေ ဟောပြောခဲ့သော “ပြည် သူနှင့် လွတ်လပ်ရေး’’ ဟောပြောမှုကို လူငယ်များ တက်ရောက်နားထောင်ခဲ့ကြောင်းသာ ဖော်ပြနိုင်သည်။ ဦးဝင်းတင်နှင့် စပ်လျဉ်းပြီး သတင်းအတွင်း ထည့်သွင်းရေးသားခြင်းမရှိသော်လည်း သတင်းခေါင်းစဉ်တွင်မူ ဦးဝင်းတင်အား ရှေ့တင် စွပ်စွဲရေးသားထားသည်။

“ကျနော့်ကို ခေါင်းစဉ်တင်ပြီး စွပ်စွဲထားပေမယ့် အကြောင်းပြမှု မရှိ၊ ဘာမရှိနဲ့ဆိုတော့ဗျာ ကျနော့်အတွက်က တော့ ဖြေရှင်း နေစရာတောင် မလိုပါဘူး။ ဆရာဦးခင်မောင်ဆွေရဲ့ ဟောပြောချက်တွေကို စွပ်စွဲတယ်ဆိုလည်းဗျာ။ ဦးခင်မောင်ဆွေရဲ့ လှုံ့ဆော်ချက်တွေက ဒါ့ထက်မက ကျယ်ပြန့်မယ်ဗျာ။ ဒါ့ထက်မက ထိရောက်မယ်။ ဒီဟောပြောပွဲကို တက်တဲ့လူက နှစ်ရာကျော် သုံးရာရှိတာ။ ဒီဆန္ဒပြတဲ့လူ လေးငါးရှစ်ယောက်တင် ဘယ်ကမလဲ။ အားလုံး ထွက်သွားတော့မှာပေါ့။ နောက်တခုက သူ့ ဟောပြောချက်မှာလည်း ဆန္ဒပြဖို့တို့ ဘာတို့နဲ့ ပတ်သက်တာမပါဘူး။ ကိုယ့်တိုင်းပြည်ကို ချစ်ဖို့ လွတ်လပ်ရေး အရသာ၊ လွတ်လပ်ရေးရဲ့ အကျိုး သက်ရောက်မှု ဒါတွေကိုပဲ ဆရာပြောသွားတာပဲဗျ ” ဟု ဦးဝင်းတင်က တုံ့ပြန်သည်။

“ဒါပေမယ့် ဒီသတင်းက နိုင်ငံရေးလှုပ်ရှားသူတွေကို ထောင်ဒဏ်နှစ်ရှည်တွေချ၊ ဝေးလံခေါင်ဖျားတဲ့ ထောင်တွေကို ပို့နေပေမယ့် ဒါတွေကို မကြောက်မရွံ့ဘဲ သူတို့ ဆန္ဒရှိတဲ့အတိုင်း ၊ သူတို့ရဲ့ နိုင်ငံရေးအမြင် အတိုင်း ဖော်ထုတ်ရဲတဲ့ လူငယ်တွေ ရှိသေးတယ်ဆိုတာကို လူထုသိအောင် message ပေးသွားတယ်လို့ ပြောလို့ရမယ်။ ဒီသတင်းတခုတည်းရဲ့ မက်ဆေ့ခ်ျက ဒါပဲဗျ။ လူတွေဟာ မကြောက်ဘူးဗျ။ ဒီလူငယ်တွေလို ဒီအစိုးရကို အန်တုလိုတဲ့စိတ်၊ မခံချင်တဲ့စိတ်၊ ဆန့်ကျင်လိုတဲ့ စိတ်ကတော့ လူအတော်များများမှာ ရှိနေတယ်ဗျ။ အံ့သြစရာကောင်းတယ်။ ၈၈ ကာလတုန်းက လူတွေရဲ့ စိတ်ခံစားမှုတွေ ဖြစ်နေကြတာ တွေ့ရတယ်။ အကြောင်း ကြောင်းကြောင့်သာ အန်တုနိုင်ခြင်းတို့ ၊ ဆန္ဒဖော်ထုတ်နိုင်ခြင်းတို့ မရှိတာ။ ဒါပေမယ့် ဒါတွေက အချိန်မရွေး ပေါ်ပေါက်လာနိုင်တယ်ဗျ’’ ဟု ၎င်းက ထပ်မံသုံးသပ်ပြောဆိုသည်။

နအဖစစ်အစိုးရအနေဖြင့် ၎င်းတို့၏ ၀ါဒဖြန့်ချိမှု၊ အတိုက်အခံများအား ရှုတ်ချနှိပ်ကွပ်မှုများကို ၎င်းတို့ပိုင် သတင်းစာများတွင်သာမကဘဲ ပုဂ္ဂလိက ဂျာနယ်များတွင်ပါ ဆောင်းပါးများ မထည့်မနေရ ထည့်သွင်းစေရာမှ ယခုအခါ ပုဂ္ဂလိက ဂျာနယ်များမှ ဖော်ပြသည့်အသွင် သတင်းပုံစံဖြင့်ပါ ဖော်ပြလာခြင်းဖြစ်သည်။

ယင်းကဲ့သို့သော မတရားလုပ်ရပ်များနှင့် ပြည်တွင်း စီးပွားရေး ကျဆင်းလာနေခြင်း တို့ကြောင့် လူထုအတွင်း မကျေနပ်မှု များပြားနေရာ ၂၀၀၉ ခုနှစ်အတွင်း ဆန္ဒပြပွဲများထပ်မံ ဖြစ်ပွားလာလိမ့်မည် ဖြစ်ကြောင်း ဦးဝင်းတင်က သုံးသပ်လိုက်သည်။

Ref: ခေတ်ပြိုင်

Read More...

လိုင်စင်သက်တမ်း မတိုးသည့် စာနယ်ဇင်းများ ရပ်ဆိုင်း

နန်းဒေ၀ီ-05 2009

နယူးဒေလီ (မဇ္ဈိမ)။ ။ ထုတ်ဝေခွင့် လိုင်စင်သက်တမ်း ပြန်မတိုးသည့် အပတ်စဉ်ထုတ် ဂျာနယ်နှင့် မဂ္ဂဇင်းများကို စာပေစိစစ်ရေးက လုံးဝ ရပ်ဆိုင်းလိုက်ကြောင်း ရန်ကုန် စာနယ်ဇင်း အသိုင်းအ၀ိုင်းက ပြောသည်။

ပြန်ကြားရေး ၀န်ကြီးဌာန လက်အောက် စာပေစိစစ်ရေးဌာနတွင် တရားဝင် ထုတ်ဝေခွင့် မှတ်ပုံတင်ထားပြီး ၆ လ သို့မဟုတ် ၁ နှစ်သက်တမ်း ကုန်ဆုံးခဲ့ပြီဖြစ်သော်လည်း ထပ်မံ၍ သက်တမ်းမတိုးတော့သည့် ဂျာနယ် ၁၁ စောင်နှင့် မဂ္ဂဇင်း ၂၀ ခန့်ကို ရပ်ဆိုင်းလိုက်ခြင်း ဖြစ်သည်။

"ငွေကြေး အခက်အခဲတချို့ ရှိတယ်။ တချို့ဆိုရင် မထွက်နိုင်တာ ၂ နှစ်ကျော်၊ တနှစ်ကျော်တွေရှိပြီ။ တချို့ကျတော့လည်း မဂ္ဂဇင်း တအုပ်လောက်ပဲ ထုတ်ပြီး ရပ်လိုက်တာ" ဟု ရန်ကုန်ရှိ အပတ်စဉ်ထုတ် ဂျာနယ်တိုက်တခုမှ အယ်ဒီတာ တဦးက မဇ္ဈိမကို ပြောပြသည်။

သူက ဆက်ပြီး "Trend ဂျာနယ်ဆိုရင် ပိတ်ထားတာ ၂ နှစ်နီးပါး ရှိပြီ။ ပိတ်လိုက်တဲ့အထဲမှာ အစိုးရနဲ့ ငြိစွန်းပြီး ပိတ်တာ မရှိပါဘူး" ဟု ပြောသည်။

စိစစ်ရေးက ထုတ်ဝေခွင့် ရပ်ဆိုင်းလိုက်သည့် ဂျာနယ် ၁၁ စောင်တွင် Trend၊ Viva sport နှင့် မဟာ ဂျာနယ်အပြင် မဂ္ဂဇင်းတိုက် ၂၀ ပါဝင်ကြောင်း စာနယ်ဇင်းအသိုင်းအ၀ိုင်းက ပြောဆိုသော်လည်း အသေးစိတ်ကိုမူ မသိကြသေးပါ။

ယခုအခြေအနေကို အသေးစိတ် သိနိုင်ရန်အတွက် စာပေစိစစ်ရေးကို မေးမြန်းရာတွင် သူက ဖြေကြားရန် ငြင်းဆန်ခဲ့သည်။

ပြန်ကြားရေး ၀န်ကြီးဌာနလက်အောက် ထုတ်ဝေခွင့်မှတ်ပုံတင်ရထားသည့် မဂ္ဂဇင်း၊ ဂျာနယ်များအနေဖြင့် ယာယီ ထုပ်ဝေခွင့် ကိုင်ဆောင်သူများသည် ၆ လလျှင် တကြိမ်နှင့် အမြဲတမ်းထုတ်ဝေခွင့် ကိုင်ဆောင်သူများသည် တနှစ်လျှင် တကြိမ် ထုတ်ဝေခွင့် သက်တမ်း တိုးရသည်။

ယာယီထုတ်ဝေခွင့်ကဒ် ကိုင်ဆောင်သူများအနေဖြင့် တနှစ်အတွက် ကျပ်ငွေ ၁ သိန်း ပေးဆောင်ရပြီး၊ အမြဲတမ်း ထုတ်ဝေခွင့်ကဒ် ကိုင်ဆောင်သူများအနေဖြင့် တနှစ်အတွက် ကျပ် ၅ သောင်းကို ပြန်ကြားရေး ၀န်ကြီးဌာနအား ပေးဆောင်ကြရသည်။

ပြန်ကြားရေး ၀န်ကြီးဌာနလက်အောက် တရားဝင် မှတ်ပုံတင်ထားသည့် အပတ်စဉ်ထုတ် ဂျာနယ်သည် ၁၇၅ စောင်ထက်မနဲ ရှိနေပြီး၊ မဂ္ဂဇင်း အရေအတွက်မှာ ၂၀၀ ကျော်ရှိသည်။

Ref: မဇ္ဈိမ

Read More...

စစ်တွေကျောင်းသား ၅၀၀ ခန့် သွားလာရေးခက်ခဲလို့ လမ်းလျှောက်ကန့်ကွက်

05 January 2009

ကမ္ဘာတ၀န်းမှာ ဓာတ်ဆီဈေးတွေ ကျဆင်းနေသလို မြန်မာနိုင်ငံတွင်းမှာလည်း အစိုးရက ထုတ်ပေးတဲ့ ဓာတ်ဆီဈေးနှုန်းနဲ့ မှောင်ခို လောကက ဓာတ်ဆီဈေးနှုန်းဟာ သိပ်ပြီးမကွာတော့ဘူးလို့ သိရပါတယ်။ ဒါကြောင့် ကျပ်တည်းနေတဲ့ စားဝတ်နေရေး ပြဿနာကို ဖြေရှင်းတဲ့ အနေနဲ့ အပိုဝင်ငွေ ရှာကြသူတွေအတွက် တွက်ခြေမကိုက် ဖြစ်ကြရပါတယ်။ ဒီဂယက်ဟာ စစ်တွေက တက္ကသိုလ် ကျောင်းသားတွေ အတွက် ပြေးဆွဲနေတဲ့ ကျောင်းအကြိုအပို့ ကားတွေအပေါ် ရိုက်ခတ်ခဲ့ပြီး အဲဒီကျောင်းကားတွေ မထွက်တော့လို့ စစ်တွေ တက္ကသိုလ်ကျောင်းသား ၅၀၀ လောက် လမ်းလျှောက် ကန့်ကွက်ခဲ့ကြတယ်လို့ သိရပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာက ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

စစ်တွေတက္ကသိုလ်က ကျောင်းသားတွေအတွက် ပြေးဆွဲနေတဲ့ ဘတ်စ်ကားအစီး၂၀ ခန့်ဟာ အစိုးရကပေးတဲ့ ဓာတ်ဆီ လုံလောက်မှု မရှိတာကြောင့် တက္ကသိုလ်ကျောင်းသားတွေရဲ့ ကားခကို ၅၀ ကနေ ၁၀၀ ထိ တိုးတောင်းခဲ့ပါတယ်။ ကျောင်းသားတွေက မပေး နိုင်တာကြောင့် ဒီနေ့မနက်ပိုင်းကစပြီး ပြေးဆွဲနေတဲ့ကားများ ရပ်ဆိုင်းခဲ့ပါတယ်။ ကျောင်းသား မိဘတဦး ပြောပြတာက …

“အဲဒီကားသမားတွေကို ဓာတ်ဆီတဂါလံပေးတယ်။ ပြီးတော့ ကျောင်းသား တယောက်စီကနေ ၅၀ ကျပ် ကောက်ခံခွင့်ရှိတယ်၊ သူတို့က။ အခု ဆီဈေးက အပြင်မှာလည်း ၃,၀၀၀ ပဲ၊ အစိုးရဈေးလည်း ၃,၀၀၀ ပဲ။ အဲဒါကြောင့် ကားသမားတွေကလည်း ဘယ်လိုမှ မကိုက်ဘူး ဆိုပြီး သူတို့လည်း တစီးမှ မလာကြဘူး။ ဟိုတုန်းက သူတို့လည်း ကိုက်တယ်၊ အစိုးရဈေးက ၃,၀၀၀ ဆိုရင် အပြင်မှာ ၆,၀၀၀၊ ၇,၀၀၀ အဲဒီလိုရှိတယ်။ ကုန်တာက ဆီ ၃ ပုလင်း၊ ဂါလံဝက်လောက်ပဲကုန်တယ်။ ကျန်တဲ့ဟာ သူတို့ ရောင်းစားလို့ ရတယ်။

“အခုက အစိုးရဈေးကလည်း တဂါလံကို ၃,၀၀၀၊ အပြင်မှာလည်း ၃,၀၀၀ ပဲဆိုတော့၊ ကျောင်းသူကျောင်းသားဆီက တဦးကို ၁၀၀ ကောက်မယ် ဆိုပြီး လုပ်တယ်။ ကျောင်းသားတွေကလည်း မပေးနိုင်ကြဘူး။ အဲတော့ ကားတွေလည်း တစီးမှ မလာကြဘူး။ ကျောင်းသား မိဘတွေမှာလည်း သားသမီးတယောက်ကို ၅၀၀၊ ၁,၀၀၀ အဲလောက်ပဲ ပေးနိုင်တာ။ အဓိကကတော့ ဆီဈေးပဲ။ ဆီဈေးက အစိုးရဈေးနဲ့ အပြင်ဈေး အတူတူဖြစ်နေလို့။ အစိုးရက ဈေးမလျှော့ဘူး၊ အပြင်မှာက ဈေးကျနေတယ်။”

နောက်ဆုံးမှာတော့ စစ်တွေမြို့လမ်းတလျှောက် ကျောင်းသား ၅၀၀ လောက် စုဝေးခဲ့ကြပြီး လမ်းလျှောက်တာတွေ လုပ်လာတဲ့ အခါမှာတော့ ရဲတွေရောက်လာပြီး ကြုံတဲ့ ကားတွေကို ချောဆွဲပြီး ကျောင်းသားတွေကို ပို့ပေးခဲ့တယ်လို့ ပြောပြပါတယ်။

“တစီးမှမရောက်လာတော့ ကျောင်းသားတွေက တဖြည်းဖြည်း များများလာတာပေါ့။ ကားမရှိတော့ တဖြည်းဖြည်း ဆူလာကြတာပေါ့။ ပြီးတော့ လမ်းလျှောက်သွားမယ် ဆိုပြီးဖြစ်တာ။ အဲတော့ ရဲတွေက နေ့ထိုင်းထိုးနေတဲ့ကားတွေကို ခေါ်လို့မရတော့ ကြုံရာကား၊ ဂိတ်က ကားတွေကို ခေါ်ပြီးတော့မှ ပို့ခိုင်းလိုက်တယ်။”

စစ်တွေတက္ကသိုလ်က စစ်တွေမြို့နဲ့ ၇ မိုင်၊ ၈ မိုင်ခန့် ဝေးတဲ့နေရာမှာ တည်ထားတာ ဖြစ်ပါတယ်။ ကျောင်းသားတွေ အနေနဲ့ ကျောင်းကား ကြို နောက်ကျမှုတွေ၊ ကျောင်းကားတွေ မကြိုနိုင်မှု ပြဿနာတွေ မကြာခဏ ကြုံနေကြရတာကြောင့် တခုခုဖြစ်တိုင်း လမ်းလျှောက်တာတွေ လုပ်ခဲ့ပါတယ်။ ဒီအတွက် အာဏာပိုင်တွေကတော့ ဆူပူအုံကြွမှု မဖြစ်အောင် စီမံဆောင်ရွက်လေ့ ရှိပါတယ်။ ဒီနေ့မှာတော့ အသွားရော၊ အပြန်ပါ ကြုံတဲ့ကားတွေကို ချောဆွဲပြီး ပြဿနာ မတက်အောင် ရှင်းခဲ့ပေမယ့် မနက်ဖြန်မှာတော့ ဘယ်လို ဖြေရှင်းမယ် ဆိုတာ မသိရှိသေးကြောင်း ကျောင်းသား မိဘတွေက ပြောပြကြပါတယ်။

Ref: VOA News

Read More...

ဒုက္ခသည်တွေ လက်ခံရေးအစီအစဉ် အမေရိကန် လွှတ်တော်ကို အဆိုပြု

03 January 2009

ဒီနှစ် အမေရိကန်ပြည်ထောင်စုကို ဒုက္ခသည် ပြန်လည်နေရာချထားရေး အစီအစဉ်အရ အမေရိကန်ပြည်ထောင်စုက လက်ခံဖို့ရာထားတဲ့ ဒုက္ခသည် အရေအတွက် စုစုပေါင်း ၂၀၀၉ ခုနှစ်အတွင်း မြန်မာနိုင်ငံသား အများစုပါဝင်တဲ့ အရှေ့အာရှ နိုင်ငံတွေက ဒုက္ခသည် ၁၉၀,၀၀၀ ကို အမေရိကန် ပြည်ထောင်စုမှာ လာရောက်ခွင့် လက်ခံဖို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက အမေရိကန် ကွန်ဂရက်စ် လွှတ်တော်ကို အဆိုပြုထားပါတယ်။ ၂၀၀၉ ခုနှစ် ဘဏ္ဍာရေးနှစ် အတွက် အမေရိကန်ပြည်ထောင်စုကို လာရောက်မယ့် ဒုက္ခသည် လက်ခံရေးဆိုင်ရာ ခွဲတမ်း အဆိုပြုချက်မှာ အခုလို အဆို တင်သွင်းထားတာပါ။ အပြည့်အစုံကို ဦးသိန်းထိုက်ဦးက တင်ပြထားပါတယ်။

ဒုက္ခသည် ပြန်လည်နေရာချထားရေး အစီအစဉ်အရ အမေရိကန်ပြည်ထောင်စုက ဒီနှစ်အတွက် လက်ခံဖို့ရာထားတဲ့ ဒုက္ခသည် ရှစ်သောင်းရှိပါတယ်။ အဲဒီအထဲမှာ အရှေ့အာရှနိုင်ငံတွေက ဒုက္ခသည် ၁၉၀,၀၀၀ ကို ၂၀၀၉ ဘဏ္ဍာရေးနှစ်မှာ လက်ခံဖို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကျန်းမာရေးနဲ့ လူသားအရင်းအမြစ်ဌာန နဲ့ အမိမြေ လုံခြုံရေးဌာန တို့က အဆိုပြု ထားတာပါ။ ဒီစာရင်းအရ အရှေ့အရှနိုင်ငံတွေက ပြီးခဲ့တဲ့နှစ်ကလက်ခံတဲ့ စာရင်းနဲ့စာရင် ၁,၀၀၀ လျော့သွားပါတယ်။

အရှေ့အာရှ နိုင်ငံတွေက ဒုက္ခသည်တွေလို့ ဆိုပေမယ့် ပြီးခဲ့တဲ့နှစ် ၂၀၀၈ ခုနှစ်အတွင်းကလည်း မြန်မာနိုင်ငံက ဒုက္ခသည် ၁၇,၀၀၀ ကို အမေရိကန်ပြည်ထောင်စု က လက်ခံဖို့ ဆုံးဖြတ်ခဲ့တာပါ။

ကျန်တဲ့ဒုက္ခသည် ၁,၀၀၀ က ဗီယက်နမ် နိုင်ငံက ဖြစ်ပါတယ်။ အခုလည်း မြန်မာနယ်စပ် ထိုင်းနိုင်ငံ၊ ပြည်နယ်သုံးခုထဲမှာ ရှိတဲ့ မြန်မာဒုက္ခသည်စခန်း ၇ ခုက ဒုက္ခသည်တွေကို ထပ်ပြီးတော့ တွေ့ဆုံမေးမြန်းတာတွေ စစ်ဆေးတာတွေ လုပ်မယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ထိုင်းနိုင်ငံအတွင်းက ဒုက္ခသည်စခန်း ကိုးခုမှာ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးကနေ အသိအမှတ် ပြုထားတဲ့ မြန်မာနိုင်ငံသား ဒုက္ခသည် ၁၄၀,၀၀၀ လောက် ရှိပါတယ်။ မလေးရှားနိုင်ငံမှာ UNHCR ကနေ ဒုက္ခသည်အဖြစ် လျှောက်ထားတဲ့ မြန်မာနိုင်ငံသား ၃၅,၀၀၀ လောက်ရှိပါတယ်။ အဲဒီအထဲမှာ ရိုဟင်ဂျာလူမျိုး ၁၃,၀၀၀ ကျော်နဲ့ အခြား မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အပါအ၀င် ဒုက္ခသည် ၂၁,၀၀၀ ရှိတယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။

မြန်မာနိုင်ငံက ဒုက္ခသည်တွေကို လက်ခံတဲ့စာရင်းမှာ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက ဦးစာပေး ၂ အုပ်စုထဲမှာ ထည့်သွင်း ပါတယ်။ ထိုင်း မြန်မာနယ်စပ် ဒုက္ခသည် စခန်း ကိုးခုမှာ မှတ်ပုံတင်ထားတဲ့ UNHCR ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံးကနေ အသိအမှတ်ပြု လက်ခံထားသူတွေကို ပြန်လည် နေရာချထားရေးအတွက် အကြုံးဝင် တယ်လို့ ဖော်ပြပါတယ်။ အစီရင်ခံစာ အရ မြန်မာနိုင်ငံက ထွက်ပြေးခိုလှုံပြီး မလေးရှားနိုင်ငံမှာ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာ မင်းကြီးရုံးကနေ ဒုက္ခသည် အဖြစ် အသိအမှတ် ပြုထားတဲ့သူတွေလည်း အမေရိကန် ပြည်ထောင်စုကို ပြောင်းလဲ အခြေချဖို့ အကြုံးဝင်တယ်လို့ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်း ကမ္ဘာတ၀ှမ်းမှာ ဒုက္ခသည် စုစုပေါင်း ၁၆ သန်းအထိ တိုးလာခဲ့တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။ အများဆုံးကတော့ အာဖဂန်၊ အီရတ်နဲ့ ဆူဒန်နိုင်ငံတွေ ဖြစ်ပါတယ်။ အဲဒီအထဲက ဒုက္ခသည် ၈၀,၀၀၀ ကို ၂၀၀၉ ခုနှစ်အတွင်း အမေရိကန် ပြည်ထောင်စုမှာ အခြေချနိုင်အောင် လက်ခံဖို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက အစီရင်ခံစာ လွှတ်တော်ကို တင်ပြထားတာဖြစ်ပါတယ်။

Ref: VOA News

Read More...

အထိန်းသိမ်းခံ ဒီမိုကရေစီ ခေါင်းဆောင်ခြံဝင်းအတွင်း လွတ်လပ်ရေးနေ့ သီချင်းသံများ ကြားနေရ

04 January 2009

ဒီနေ့ဟာ ပြည်ထောင်စု မြန်မာနိုင်ငံတော်ရယ်လို့ အချုပ်အချာ လွပ်လပ်တဲ့ တိုင်းပြည်ဖြစ်လာတာ ၆၁နှစ်မြောက် ရှိသွားခဲ့ပါပြီ။ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွေကို အစိုးရ ရုံးစိုက်ရာ နေပြည်တော်မှာ နိုင်ငံတော် အခမ်းအနားနဲ့ ကျင်းပသွားသလိုပဲ ဒီမိုကရေစီ လှုပ်ရှားသူတွေကလည်း လွတ်လပ်ရေး အခမ်းအနားတွေကို ကျင်းပ ခဲ့ပါတယ်။ ဒီနေ့ မြန်မာ့ နိုင်ငံရေး အခြေအနေပေါ်မှာ ကိုလိုနီနယ်ချဲ့ လက်သစ်တွေက ပြည်တွင်းရေး စွပ်ဖက်နေ တယ်လို့ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ကြေညာချက်မှာ ဖော်ပြနေချိန် အတိုက်အခံ ဒီမိုကရေစီရေး လှုပ်ရှားသူတွေကလည်း အမျိုးသား ရင်ကြားစေ့ရေး လုပ်ဆောင်ဖို့ စစ်အစိုးရကို တိုက်တွန်းသွားပါတယ်။ အမျိုးသား ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်ခြံဝင်းအတွင်းကနေ လွတ်လပ်ရေး သီချင်းသံတွေကို လွှင့်ပျံ့နေပါတယ်။ အကြောင်းစုံကို မအေးအေးမာက ရန်ကုန်က အတိုက်အခံ လှုပ်ရှားမှုတွေအကြောင်းကို တင်ပြထားပါတယ်။

၆၁နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ် ခြံဝင်းအတွင်းမှာ လွတ်လပ်ရေး သီချင်းသံများ ကျယ်လောင်စွာဖွင့်ထားတဲ့အကြောင်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောပြပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ လွတ်လပ်ရေးနဲ့ သက်ဆိုင်တဲ့ သီချင်းတွေကို အပြင်ကနေ ကောင်းကောင်း ကြားရအောင် ဖွင့်ထားပါတယ်။ နောက် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် မနက် စောစောမှာ နေအိမ်ခြံဝင်းရဲ့ နဖူးစည်းမှာ အ၀တ်အနီပေါ် အ၀ါရောင်စာလုံးနဲ့ ပိုစတာ အသစ်တခု တပ်ပါတယ်။ စာသားကတော့ -

“တိုင်းပြည်နဲ့ ပြည်သူလူထု အကျိုးကို ရှေးရှု၍ ပြတ်ပြတ်သားသား ဆောင်ရွက်ကြ”

ဗိုလ်ချုပ်အောင်ဆန်း။”

လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပွဲကို အမျိုးသား ဒီမိုကရေစီရဲ့ ဗဟိုသာမက တိုင်းနဲ့ ပြည်နယ် တချို့မှာလည်း ပြုလုပ်ပါတယ်။ ရန်ကုန် အခမ်းအနားမှာတော့ သံတမန်တွေ၊ ၀ါရင့် နိုင်ငံရေးသမားတွေအပါအ၀င် လူအင်အား ၅၀၀ တက်ရောက်ခဲ့ပြီး၊ လုံခြုံရေး တော်တော် တင်းကျပ်ခဲ့တဲ့ အကြောင်းကို အခုလို ပြောပြပါတယ်။

“လုံခြုံရေးကတော့ တော်တော်များများကို ချထားတာတွေ့ရတယ်။ ရုံးပတ်ဝန်းကျင်မှာတော့ ရဲရော၊ အရပ်ဝတ်နဲ့ လူတွေရော အားလုံး ၂၀၀၊ ၃၀၀ လောက်ရှိတယ်။ ရုံးရဲ့ မလှမ်းမကမ်းမှာဆိုရင် ထောင်ချီပြီးတော့ ရှိတယ်။”

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ လွတ်လပ်ရေး ခေတ်ကာလနဲ့ ဒီနေ့ နိုင်ငံရေး အခြေအနေကို နှိုင်းယှဉ်တဲ့ ကြေညာချက် တခု ထွက်တဲ့ အကြောင်းကိုလည်း အခုလို ပြောပါတယ်။

“နှိုင်းယှဉ်တာက ၄၇မှာ တိုင်းပြုပြည်ပြု လွှတ်တော် ရှိတယ်။ တိုင်းပြု ပြည်ပြုလွှတ်တော်မှာ ပြည်သူလူထု ရွေးကောက်တင်မြှောက် လိုက်တဲ့ ပုဂ္ဂိုလ်တွေက ဖွဲ့စည်းပုံ အခြေခံမှုတွေ ရေးဆွဲဖို့ ဖွဲ့စည်းပြီး သူတို့က ရေးတယ်။ နောက် ၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြည်သူ့ လွှတ်တော်က အတည်ပြုတယ်။ ဒီအခြေအနေကို ရောင်ပြန်ဟပ်ပြီး ပြည်သူလူထု ကိုယ်စားလှယ်တွေ ပါဝင်တဲ့ အခုလက်ရှိ ဖွဲ့စည်းပုံ အခြေအခံဥပဒေကို ပြန်လည် သုံးသပ်ဖို့ လိုအပ်နေတယ်ဆိုတာကို ထောက်ပြတယ်။ အမျိုးသား ရင်ကြားစေ့ရေးနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အတွက် အားလုံးပါဝင်တဲ့ အဆင့်ရောက်အောင် ဆောင်ရွက်ဖို့ ဒါဟာ အများပြည်သူ ကောင်းကျိုးအတွက် ဆိုတဲ့ ဟာကို ရည်ညွှန်းဖော်ပြပါတယ်။ ”

အလားတူပဲ မကွေးတိုင်းနဲ့ တနင်္သာရီတိုင်းတွေမှာ လွတ်လပ်ရေးနေ့ အခမ်းအားတွေကို အောင်မြင်စွာ လုပ်နိုင်ခဲ့ပြီး၊ အဖမ်း အဆီးတွေတော့ မရှိဘူးလို့ ပြောသွားပါတယ်။

Ref: VOA News

Read More...

အပေါ်သို့