..............................

Saturday, May 15, 2010

ပြည်သူများ ရေခက်ခဲမှု ဒေါ်စု စိုးရိမ်

ဆလိုင်း ဟံသာစန်း
သောကြာနေ့၊ မေလ ၁၄ ရက် ၂၀၁၀

နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူများ လက်ရှိ ကြုံတွေ့နေရသည့် သောက်သုံးရေ အခက်အခဲပေါ် စိုးရိမ်နေပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD အနေဖြင့် ယခုထက် ပိုမိုကူညီရန် ယနေ့ ပြောဆို လိုက်သည်။

ရှေ့နေများဖြစ်သည့် ဦးကြည်ဝင်းနှင့် ဦးဥာဏ်ဝင်းတို့ကို သူမ၏ နေအိမ်၌ ယနေ့နေ့လည် ၁ နာရီမှ ၃ နာရီအထိ တွေ့ဆုံခွင့် ရရှိစဉ် ထိုသို့ ပြောဆို လိုက်ခြင်း ဖြစ်သည်။

“အခုလို ပြည်သူတွေ ရေပြဿနာ ကြုံတွေ့နေရတဲ့အပေါ်မှာ သူ အတော်စိုးရိမ်နေတယ်။ ဒီလုပ်ငန်းတွေကို ပြည်သူတွေ အတွက် တတ်နိုင်သမျှ တိုးချဲ့ ဆောင်ရွက်ပေးပါလို့ အဲသလို ပြောပါတယ်” ဟု ရှေ့နေ ဦးဥာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

မြန်မာနိုင်ငံတွင် ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ မကွေးနှင့် စစ်ကိုင်းတိုင်း ရခိုင်၊ မွန်နှင့် ရှမ်းပြည်နယ် ဒေသများမှ နေရာအချို့တွင် ရေတွင်း ရေကန်များ ခမ်းခြောက်သဖြင့် သောက်သုံးရေရှားပါးမှု ကြုံတွေ့နေရပြီး ဒေသခံများမှာ အလှူရှင်များ လာရောက် လှူဒါန်းသည့် ရေများကို အားကိုး နေရသည်။

ပြီးခဲ့သည့်လမှ စတင်၍ သောက်သုံးရေ အခက်အခဲ ကြုံတွေ့နေသည့် ပဲခူးတိုင်းအရှေ့ပိုင်းမှ ပဲခူး၊ ဝေါ၊ သနပ္ပင်၊ ကဝ၊ ဒိုက်ဦး စသည့် မြို့နယ်များရှိ ကျေးရွာပေါင်း ၆၀ ကျော်ကို ဒေါက်တာ မေဝင်းမြင့် ဦးဆောင်သည့် NLD အမျိုးသမီး အဖွဲ့ဝင်များက ယခုလ ၁၁ ရက်နေ့က ရေသန့်ဘူးပေါင်း ၁၁၀၀ သွားရောက် လှူဒါန်းခဲ့သည်။

ရှေ့နေများနှင့် ယနေ့ တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က လူမှုရေးလုပ်ငန်းများ လုပ်ဆောင်ရာ၌ လုပ်ထုံး လုပ်နည်းများ လေ့လာ ထားရန် လိုအပ်ကြောင်း မှာကြား လိုက်သေးသည်။

“NLD ပါတီဟာ အဖွဲ့ဝင်တွေ ကြားထဲမှာရော၊ ပြည်သူတွေ ကြားထဲမှာရော ဘယ်တော့မှ ပျောက်ပျက်သွားမှာ မဟုတ်ဘူး။ လူမှုရေး လုပ်ငန်းတွေကို ထိရောက်အောင် လုပ်နိုင်ဖို့ လုပ်ထုံး လုပ်နည်းတွေအားလုံး လေ့လာထားပါလို့ အဲဒီလို မှာကြား လိုက်ပါတယ်” ဟု ဦးဥာဏ်ဝင်းက ပြောသည်။

သူမအား နေအိမ်တွင် ဆိုင်းငံ့ပြစ်ဒဏ် ၁၈ လဖြင့် ထားရှိရန် ပြစ်ဒဏ်ချမှတ်ခဲ့သည်နှင့်ပတ်သက်၍ ပြင်ဆင်ခွင့် အထူးယူခံကို ဗဟို တရားရုံးချုပ်သို့ တင်သွင်းထားသည့် ကိစ္စနှင့် ပတ်သက်၍ အယူခံ အကြောင်းပြချက် ၇ ရပ်ကို အသေးစိတ် ဆွေးနွေးခဲ့ကြပြီး ယင်းအချက်များကို တရားရုံးတွင် လျှောက်လဲရန် သဘောတူခဲ့ကြသည်။

ခေါင်းဆောင်ဟောင်းအချို့က NLD မှ ခွဲထွက်ကာ အမျိုးသား ဒီမိုကရေစီ အင်အားစု NDF အမည်ဖြင့် ပါတီထောင်ခြင်းနှင့် ပတ်သက်၍ အများစု၏ ဆုံးဖြတ်ချက်ကို အနည်းစုက မလိုက်နာသဖြင့် ဒီမိုကရေစီကျင့်စဉ် မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက်ပြုကြောင်း ဦးဥာဏ်ဝင်းက ပြန်ပြောပြသည်။

သူက “အဲဒါနဲ့ ပတ်သက်ပြီးတော့ သူက ဒီမိုကရေစီကျင့်စဉ်မှာ အများဆုံးဖြတ်တာကို အနည်းစုက လေးစား လိုက်နာရတယ်။ အခု NLD ပါတီဝင် အများစု ဆုံးဖြတ်တာကို အနည်းစုက သဘောမတူရုံနဲ့ ဒီလိုဆောင်ရွက်တာကို ဒီမိုကရေစီကျင့်စဉ် မဟုတ်ဘူးလို့ ပြောပါတယ်” ဟု ပြောသည်။

Ref: မဇ္ဈိမ

Read More...

၆နာရီကြာ တိုက်ပွဲတွင် ကေအဲန်အယ်လ်အေနှင့် နအဖ ထိခိုက်ကျဆုံးမှုရှိ

စောသိန်းမြင့်
မေလ ၁၄ရက်။

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဖါးပြဂွင်တွင် ယမန်နေ့မနက်က ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ကေ အဲန်အယ်လ်အေ) နှင့် နအဖ စစ်တပ်တို့ အကြား (၆)နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ရာ နှစ်ဖက် ထိခိုက် သေဆုံးမှု ရှိကြောင်း သိရှိရသည်။

ယမန်နေ့မနက်တွင် ကြာအင်းဆိပ်ကြီးမှ ခလယ်တံခွန်တိုင်ဘက်သို့ တက်လာသည့် အင်အား (၄၀)ကျော်ရှိ နအဖ စစ်ကွပ်ကဲ ရေးဌာနချုပ်-စကခ(၈) လက်အောက်ခံ ခမရ (၄၀၁) တပ်ရင်းမှ စစ်ကြောင်း(၂) ကို ကျုံခွန်နှင့် တောင်ဒီး ကျေးရွာစပ်ကြားတွင် ကေအဲန်အယ်လ်အေ တပ်ရင်း(၁၆)က ယနေ့မနက် ၄ နာရီခန့်မှ ၁၀ နာရီခွဲ အထိ ခြုံခို တိုက်ခိုက်ခဲ့ရာ နအဖဘက်မှ ၁၀ဦး ထိခိုက် သေဆုံးပြီး ကေအဲန်အယ်လ်အေမှ ၁ဦး ကျဆုံးခဲ့သည်ဟု ကေအဲန်အယ်လ်အေ တပ်ရင်း(၁၆)က ပြောသည်။

ကေအဲန်အယ်လ်အေ တပ်ရင်း (၁၆) မှူး ဒုဗိုလ်မှူးကြီး မန်းတင်လှိုင်က “ကျုံခွန်နဲ့ တောင်ဒီးကျေးရွာကြားမှာ မနက် ၄ နာရီ လောက်ကနေ ၁၀ နာရီခွဲ အထိ ကျနော်တို့ အပြန်အလှန် ပစ်ခတ်ကြတယ်။ တိုက်ပွဲက ဆက်တိုက်တော့ မဟုတ်ဘူး။ ပြတ်တောင်း ပြတ်တောင်း ပစ်ခတ်တာပါ။ ကျနော်တို့ ဘက်ကလည်း အင်အား ၅၀ နီးပါးပေါ့။ အလောင်းကောက်လို့ ရသလောက်က နအဖ ၇ ယောက် သေတယ်။ ၃ယောက် ဒဏ်ရာပြင်းတယ်။ ကျနော်တို့ ဘက်ကတော့ ရဲဘော်တစ်ယောက် ဒဏ်ရာနည်းနည်းရ တယ်” ဟု ဆိုသည်။

အဆိုပါ တိုက်ပွဲတွင် နအဖထံမှ လက်နက် (၄) လက် ကေအဲန်အယ်လ်အေ သိမ်းဆည်းမိပြီး တိုက်ပွဲကြောင့် ကြာအင်းဆိပ်ကြီး မှ အင်အား ၃၀၀ခန့်ရှိ စကခ (၈) လက်အောက်ခံ ခမရ (၄၀၄)၊ ခမရ (၄၀၉)၊ ခလရ (၆၂) တပ်ရင်းတို့ စစ်ကူ တက်လာသလို လောလောဆယ်တွင် ကျုံခွန်၊ ခလယ်တံခွန်တိုင်၊ တောင်ဒီး ကျေးရွာသူကြီးများကို အဆိုပါ နအဖတပ်များမှ ဆင့်ခေါ်ထားသည်ဟု သိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ဒီကေဘီအေ တပ်မှူးတဦးက “တိုက်ပွဲဖြစ်တာ အတော်ကြာတယ်လို့ သိရတယ်။ နအဖက တိုက်ပွဲဖြစ်တိုင်း တပ်သား ကျဆုံးတဲ့ အကြောင်းကို ပြောလေ့ ပြောထ မရှိဘူးလေ။ တနေရာမှာ သေရင် တခါတည်း တန်းမြှုပ် ပစ်တာပဲ။ ကော်သူးလေ (ကေအဲန်အယ်လ်အေ) ဘက်က အပိုင် နေရာယူထားတော့ သူတို့ပဲ သာမှာပါ” ဟု ပြောသည်။

ကေအဲန်ယူ တပ်မဟာ (၆)နယ်မြေတွင် ၂၀၀၇ခုနှစ်နောက်ပိုင်း နအဖနှင့် ကေအဲန်အယ်လ်အေ တပ်ဖွဲ့ဝင်တို့ မကြာခဏ တိုက်ပွဲ ဖြစ်ပွားလေ့ ရှိသော်လည်း ယခု တကြိမ်သည် အချိန်ကြာမြင့်ပြီး နအဖဘက်က အများအပြား ထိခိုက် သေဆုံးမှုရှိသည်။

နအဖ ခမရ(၄၀၁)တပ်ရင်းသည် မွန်ပြည်သစ်ပါတီက နယ်ခြားစောင့်တပ်ကို ငြင်းပယ်လိုက်သည့် နောက်ပိုင်း ယခု တိုက်ပွဲဖြစ် ပွားသည့် နယ်မြေသို့ ၀င်ရောက်လာသည့် အပေါ် ကေအဲန်အယ်လ်က စောင့်၍ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ဖားပြကျေးရွာနှင့် (၇)မိုင်အကွာအဝေးရှိ အဆိုပါတိုက်ပွဲဖြစ်ပွားရာဒေသတွင် စကခ (၈) လက်အောက်ခံ တပ်ရင်းများ ဖြစ်သည့် ခမရ (၄၀၁)၊ (၄၀၉)နှင့် ခမရ(၄၀၄)က နယ်မြေခံ တပ်များအဖြစ် လည်းကောင်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခလရ (၂၈၄)၊ တပ်မ(၂၂) လက်အောက်ခံ ခလရ(၂၀၉) တပ်ရင်းများက ဧပြီလဆန်းပိုင်း ကတည်းက စစ်ကူအဖြစ် ရောက်ရှိလာပြီး ကေအဲန်အဲလ်အေ တပ်ရင်း (၁၆)နှင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနိုင်ကြောင်း ဒေသခံများက ထင်မြင် ယူဆနေကြသည်။

Ref: KIC News

Read More...

ထိပ်တိုက်မဖြစ်စေရန် SSA တပ်မဟာ ၁ စခန်းအချို့ရုပ်ပေးရေး သတိပေး

မွေခေါဝ်
Friday, 14 May 2010 19:50

အပစ်ရပ် သျှမ်းပြည် တပ်မတော် တပ်မဟာ ၁ ကိုယ်စားလှယ်အား ကွန်ဟိန်းဗျူဟာမှူးက ကားလမ်းအနီး နေရာယူ တပ်စိုက်ထားသော တပ်စခန်း အချို့ ရုပ်ပေးရန် အကြောင်းကြားထားသည် ဟု စုံစမ်း သိရှိရသည်။

မေ ၁၃ ရက်နေ့ ကွန်ဟိန်းဗျူဟာမှူးက “ကွန်ဟိန်း-မိုင်းရှုး/မိုင်းနောင်-မိုင်းရှုးကားလမ်းအနီး ဒီရက်ပိုင်းအတွင်း ဖြန့်ကြက် တပ်ချလာတဲ့ တပ်တချို့ ရုပ်ပေးစေချင်တယ်။ အထက်လူကြီးတွေ မြင်သွားရင် အမြင်မှားနိုင်တယ်။ နှစ်ဦးနှစ်ဖက် ပဋိပက္ခ မဖြစ်အောင် ရှောင်ရှား ကြတာပေါ့” ဟု ဆက်သွယ် တောင်းဆိုခဲ့ကြောင်း SSA တပ်မဟာ ၁ နှင့် နီးစပ်သူတစ်ဦးက ပြောပါသည်။

တဖက်၌လည်း နအဖစစ်တပ်သည် လားရှိုးဖက်မှ စစ်အင်အား ၁၀၀ ကျော် တပ်မဟာ ၁ ထိန်းချုပ်နယ်မြေနှင့် မျက်နှာ ချင်းဆိုင် လားရှိုး-တန့်ယန်း-မိုင်းရယ် လမ်းခွဲ၏ တောင်ဘက်ခြမ်းသို့ အင်အားဖြည့် ပို့ဆောင်ထားကြောင်း စုံစမ်း သိရှိရသည်။

“လားရှိုး ဒုတိုင်းမှူး ဗိုလ်ချုပ်ကြီးလှမြင့် မိုင်းရယ်မှာလာထိုင်ပြီး စီမံကွပ်ကဲနေတာ။ အဓိကကတော့ ရုတ်တရက် တိုက်ပွဲ ဖြစ်လာရင် တပ်မဟာ ၁ နယ်မြေကို ပိတ်ဆို့ဝိုင်းရံဖို့ စီစဉ် ညွှန်ကြားနိုင်အောင် ပေါ့” ဟု မိုင်းရယ် ဒေသခံ တစ်ဦးက ပြောပြပါသည်။

တပ်မဟာ ၁ ဌါနချုပ် ကေးသီးမြို့နယ် ၀မ့်ဟိုင်းနှင့် မလှမ်းမကမ်းတွင်လည်း တပ်အချို့ချထားမည် ဖြစ်ကြောင်း၊ တပ်မဟာ ၁ နှင့် ဆွေးနွေး ညှိုနှိုင်း၍ ရလျှင်ရ၊ အကယ်၍ မရလျှင် ချက်ချင်းပစ်ခတ်ဖို့ အသင့်ဖြစ်နေစေရန် ဗျူဟာမှူးများမှ တဆင့် တပ်ရင်းမှူး အသီးသီးအား ညွှန်ကြားထားကြောင်း မိုင်းရယ်ဒေသခံက သျှမ်းသံတော်ဆင့်သို့ ပြောပြ၏။

မေ ၇ ရက်နေ့ တွေ့ဆုံဆွေးနွေးပွဲ၌ ရပခဒုတိုင်းမှူး ဗိုလ်မှူးကြီးချစ်ဦးက တပ်မဟာ ၁ ကိုယ်စားလှယ်ကို အားလုံး အသွင် မပြောင်းလိုသော်လည်း အင်အား တချို့အယောက် ၂၀-၃၀ခန့် ပြည်သူ့စစ် ၀တ်စုံဝတ်ပြီး ဓါတ်ပုံရိုက်လျှင်လည်း ရသည်ဟု ပြောကြား ခဲ့သည်။

ဗိုလ်မှူးကြီးချစ်ဦးက ရွေးကောက်ပွဲအထိ ဗမာ့တပ်မတော်နှင့် ထိပ်တိုက်မဖြစ်ရန် အထူးရှောင်ရှား သတိထားရမည် ဖြစ်ကြောင်း၊ ထိပ်တိုက် ဖြစ်ခဲ့ပါက ဗမာ့တပ်မတော် အနေဖြင့် ခွင့်လွှတ်မည် မဟုတ်ကြောင်း၊ အင်အားသုံးဖို့ ရန်လည်း အဆင့်သင့် ပြင်ဆင်ထားပြီး ဖြစ်ကြောင်း ခြိမ်းခြောက်ခဲ့သည်။

မေ ၉ ရက်နေ့၌ ဗိုလ်မှူးကြီးချစ်ဦးက အပစ်ရပ် သျှမ်းပြည် တပ်မတော် တပ်မဟာ ၁ တပ်မှူးထံ မေ ၁၂ ရက် နောက်ဆုံးထား၍ ဌာနေ ပြည်သူ့စစ်အဖြစ် လုံးဝ အသွင်ပြောင်းရေး အဖြေပေးရမည်ဟု အကြောင်းကြားခဲ့သည်။

ဗိုလ်မှူးကြီးက မေ ၁၁/၁၂ ရက်များ၌ တပ်မဟာ ၁ ထိန်းချုပ်နယ်မြေသို့ လာမည်ဖြစ်ကြောင်း ပြောခဲ့သော်လည်း လာရောက်ခြင်းမရှိ၊ သတိပေးထားသော ဒက်လိုင်း နေ့ရက် ကျော်လွန်သော်လည်း ထိုအကြောင်းကိစ္စ တစုံတရာ ဖွင့်ဟ ပြောဆိုခြင်း မရှိဟု သိရှိရသည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

(၉) နှစ်သမီး မြန်မာကလေးငယ်အလောင်း တွေ့ရှိ

မြတ်ခိုင်ဦး / ၁၄ မေလ ၂၀၁၀

ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖန်ငခရိုင်၊ တကွာပါမြို့နယ်၊ ထလမုဒေသရှိ လမ်ကင်းကျေးရွာ ဘုန်းကြီးကျောင်း အနောက်ဘက် ချောင်းကမ်းစပ်တွင် (၉) နှစ်အရွယ် မြန်မာကလေးမလေးတဦး၏ အလောင်းကို ယနေ့တွေ့ရှိကြောင်း သိရသည်။

ထိုကလေးငယ်သည် ထိုင်းနိုင်ငံတွင် ပန်းရန်အလုပ် လာရောက်လုပ်ကိုင်နေသော တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်ခွဲ၊ အပေါ်ရေဖြူ၊ ဒုံတောင်ကျေးရွာမှ ဦးတင်စိန်၊ ဒေါ်မီးမီးတို့၏ အထွေးဆုံးသမီး မသန်းလှိုင်ထွေး ဖြစ်ပြီး မေလ (၁၂) ရက်နေ့ ညနေ (၅) နာရီခန့်တွင် မိဘများ အလုပ်အကိုင်မှ ပြန်လာစဉ် ကတည်းက ပျောက်ဆုံးနေခဲ့ပြီး ယနေ့နံနက်တွင်မှ အလောင်းကို ချောင်းကမ်းစပ်တွင် တွေ့ရှိရခြင်း ဖြစ်သည်။

မျက်မြင်သက်သေများ၏ အဆိုအရ နားရွက်တဖက်ပြတ်နေပြီး နားရွက်တွင် ဓားဖြင့် အလှီးခံထားရသည့် ဒဏ်ရာများ ပါရှိကာ ကလေးငယ်၏ ဦးခေါင်းသည် ဦးနှောက်များထွက်ကာ နောက်မှ အရိုက်ခံထားရသည့် အသွင်ရှိသည်ဟု ဦးလေးတော်သူ ကိုမျိုးအောင်က ပြောသည်။

“သူ့ အဖေကော အမေကောက အခုဆို စကားတောင် မပြောနိုင်တော့ပါဘူးဗျာ၊ ကျနော်က ဦးတင်စိန်ရဲ့ညီပါ။ အလောင်းတော့ ကျနော်တို့ ရိုးရာအရ ဆက်လက် သင်္ဂြိုဟ်ဖို့ ပြန်လိုချင်ပါတယ်” ဟု ဆိုသည်။

ထိုကလေးငယ် ပညာသင်ကြားနေသော ထုံခမင်းရှိ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) ကျောင်းမှ ကလေး၏ ဆရာမတဦး ဖြစ်သော ဒေါ်သီတာက “ကလေးက အခု (၁၇) ရက်နေ့ ကျောင်းစဖွင့်ရင် ဒုတိယတန်း တက်ရမှာလေ။ ဖုန်းဆက်လာတော့ ကျမ စိတ်မကောင်းဖြစ်ပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့ပါဘူးရှင်” ဟု ဆိုသည်။

FED ၏ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်မှ ဤဖြစ်ရပ်နှင့်ပတ်သက်၍ တရားဥပဒေအရ တိတိကျကျ ဆောင်ရွက်သွားမည် ဖြစ်ပြီး၊ ယခုမှ စတင်၍ လုပ်ဆောင်နေပြီ ဖြစ်ကြောင်း ပြောသည်။

ယခုအခါ ကလေးငယ်၏ အလောင်းကို လိုအပ်သော ဆေးစစ်ချက် ထပ်မံခံယူရန်အတွက် စူရပ်ဌာနီ ဆေးရုံသို့ ဆက်လက် ပို့ဆောင်ရန် စီစဉ်နေပြီ ဖြစ်သည်။

Ref: ခေတ်ပြိုင်

Read More...

Friday, May 14, 2010

စည်းကမ်းရှိတဲ့ ဒီမိုကရေစီ စတင်ထွန်းကားခြင်း

ရဲဘော်ဖိုးသံချောင်း
၁၃ မေလ ၂၀၁၀

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို နအဖက ဘယ်လိုလုပ်မယ် ဆိုတာကို ပြည်တွင်းပြည်ပရှိ မြန်မာပြည် အရေး စိတ်ဝင်စား နေသူတိုင်းက စူးစူးစိုက်စိုက် စောင့်ကြည့် နေကြပါတယ်။ ဒီအထဲမှာ ဒီချုပ် ဇာတ်သိမ်းခန်းကို ကြည့်ရတော့ မဟဲ့လို့ အားခဲ ထားသူတွေ ပါသလို နာကျည်း စိတ်မကောင်းစွာနဲ့ စောင့်ကြည့် နေကြသူတွေလည်း ပါပါတယ်။ ရေဒီယို အင်တာဗျူးတွေမှာ ပါတီသစ် ထောင်လိုက်ကြောင်း အားပါးတရ ပြောနေတာ ကြားရသလို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဌာနချုပ်ရုံးမှာ “ကမ္ဘာမကြေဘူး”သီချင်းကို မျက်ရည်တွေနဲ့ ဆိုနေကြတယ် ဆိုတာလည်း ကြားရပါတယ်။

ဘာပဲပြောပြော ဒီဆောင်းပါးရေးနေတဲ့အချိန် အထိတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဆိုင်းဘုတ်ကိုလည်း ဖြုတ်မချသေး၊ မတရာသင်းလည်း မကြေညာသေးပါဘူး။ စိတ်ဝင်စားစရာ မကောင်းဘူးလား။ ဒီနေရာမှာ အားလုံး စဉ်းစားလို့ရအောင် သမိုင်းဖြစ်ရပ် တခုကို တင်ပြချင်ပါတယ်။ မှီငြမ်း စဉ်းစားဖို့ပါ၊ ထပ်တူဆွဲ နှိုင်းယှဉ်ဖို့ မဟုတ်ပါဘူး။ ၁၉၄၈ ခုနှစ်တုန်းက အဖြစ်အပျက်-။

မတ်လ (၂၈) ရက်ညမှာ ဖဆ-ဆိုရှယ်လစ်တွေက ကွန်မြူနစ်တွေကို တပြည်လုံးအနှံ့ ဖမ်းဆီးပွဲကြီး လုပ်ပေမယ့် အခု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို လုပ်သလိုပဲ ဆိုင်းဘုတ်ဖြုတ်တာ၊ ပါတီ မတရားသင်း ကြေညာတာတွေ မလုပ်ပါဘူး။ သူတို့ရဲ့စာရင်းထဲမှာ ရှိနေသူတွေကိုပဲ အတင်း တွန်းဖမ်းနေခဲ့တာပါ။ နောက်ပြီး ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူး ဖြစ်ခဲ့ပြီး အဲဒီအခါတုန်းက ပါတီ အပြင်ဘက် ရောက်နေတဲ့ ဦးသိန်းဖေမြင့် ကိုတော့ လက်ဖျားနဲ့ မတို့ပါဘူး။ ဘေးမဲ့ ပေးထားပါတယ်။ ဒါပေမယ့် ဖမ်းလို့မမိဘဲ လွတ်သွားတဲ့ ကွန်မြူနစ်တွေကို ဝရမ်းပြေးတွေ အဖြစ် သတ်မှတ်ပြီး စစ်တပ်၊ ပုလိပ်တပ်နဲ့ တောနင်းရှာပါတယ်။

အချုပ်ကားကြီးတွေ တဝီဝီနဲ့လည်း နယ်အနှံ့ဆင်းပြီး ဖမ်းပါတယ်။ ဖမ်းမိတဲ့သူကို ထွက်ပြေးလို့ဆိုပြီး ပစ်သတ် တာတွေလည်း ရှိခဲ့ပါတယ်။ ပြီးတော့မှ ဝရမ်းပြေး ထွက်ပြေးလို့ ပစ်သတ်ရတယ်လို့ သတင်းစာမှာ ထုတ်ပြန်ပါတယ်။

ဒါနဲ့ဆက်ပြီးစဉ်းစားရမှာက (ဦး) သိန်းဖေမြင့်ရေးတဲ့ “သိန်းဖေမြင့်၏ကျော်ငြိမ်း” စာအုပ်ပါ။ အဲဒီစာအုပ်မှာ ဦးကျော်ငြိမ်းက နိဒါန်းရေးတော့ ဒီလိုပါတာ တွေ့ရပါတယ်။ “စတာလင်သာ (၁၀) နှစ်လောက် စောပြီးသေရင်၊ ကရုရှော့ဖ်သာ (၁၀) နှစ်စောပြီး ရုရှခေါင်းဆောင်ဖြစ်ရင် ကွန်မြူနစ် အထွေထွေ အတွင်းရေးမှူးဟာ ဦးသိန်းဖေမြင့်သာ ဆက်ဖြစ်နေမယ်-တဲ့။” ပြောင်ဝန်ခံထားတယ်လို့ ဆိုရမလားပါပဲ။

လိပ်ပတ်လည်သွားတယ်လို့ ဆိုရမှာပါ။ ကွန်မြူနစ်ပါတီ ဆိုင်းဘုတ်တွေ မဖြုတ်သေးဘဲထားတာ၊ မတရားသင်း မကြေညာသေးဘဲ ထားတာတို့ဟာ ဦးသိန်းဖေမြင့်နဲ့ သူတစင်ထောင်လာမယ့် သူ့ရဲ့“ကွန်မြူနစ်ပါတီသစ်” အတွက် အခွင့်အလမ်းဖွင့် ပေးထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီအချိန်မှာ ဦးသိန်းဖေမြင့် နောက်မှာက သူ့မိန်းမ တယောက်သာ ရှိလေတော့ ဖဆပလ အစိုးရလည်း မစောင့်နိုင်တော့ဘဲ ၁၉၅၃ ခုနှစ်ထဲလောက် ရောက်တော့မှပဲ ကွန်မြူနစ်ပါတီကှို မတရားသင်း ကြေညာ ခဲ့ပါတယ်။

ဒါနဲ့တဆက်တည်းမှာ ဆိုရှယ်လစ်တွေနဲ့ ဗိုလ်နေ၀င်းတို့ စစ်တပ်က သခင်စိုးနဲ့ အလံနီပါတီကို တမင် မွေးသလို ချန်ထားတဲ့ အကြောင်းကိုလည်း ထောက်ပြလိုပါတယ်။ သခင်စိုးက ဗကပကို တိုက်ခိုက်နေသရွေ့ သူတို့ကို ထိထိရောက်ရောက် ထိုးစစ် မဆင်ဘဲ မွေးထားပါတယ်။ လက်ဝဲ သမားတွေ အထဲမှာ အရှုပ်အထွေးတွေ ဖြစ်အောင်၊ အလံနီပါတီရဲ့“ကွဲအက်ရေးမှ ခွဲထွက်ရေးသို့” ဆိုတဲ့ ပေါ်လစီအတိုင်း အတိုက်အခံတွေ ထဲမှာ ကွဲပြဲအောင် လုပ်နေသရွေ့ ဖဆပလနဲ့ မဆလတို့က ဘေးမဲ့ ပေးထားပါတယ်။ မြို့ပေါ်ကိုလည်း တက်မလာ၊ တောတွင်းကပဲ လုပ်နေတာဆိုတော့ အစိုးရတွေက အသာလွှတ်ထား ပါတယ်။ မြို့ပေါ်တက် လှုပ်ရှားတဲ့ အလံနီ ယူဂျီတွေကိုသာ ဖမ်းပါတယ်။ နောက်ဆုံးမှာ သခင်စိုး ကိုယ်တိုင်က ဘယ်သူမှ မယုံကြည်တဲ့ ဆင်ခြေပေးပြီး လက်နက် ချလာတော့မှ ဖမ်းလိုက်ပြီး မဆလ တရားရုံးနဲ့ သတင်းစာတွေကနေ သိက္ခာ
နှစ်ပြားဖိုးမှ မကျန်အောင် သိက္ခာ ချတော့တာ ဖြစ်ပါတယ်။

အခုလည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ဒီချုပ်ခေါင်းဆောင်တွေကို တိုက်ခိုက်နေ၊ ဆဲရေးနေသရွေ့ နအဖက ဘေးမဲ့ ပေးထားမယ့် သဘောရှိပါတယ်။ ပြည်တွင်း မီဒီယာတွေမှာ ပြောစရာ၊ ရေးစရာ နေရာတွေ ရနေမှာပါ။ ဒါပေမယ့်လည်း အဲဒီလို အသုံးချ တန်ဖိုး ကုန်သွားပြီဆိုရင်တော့ ကိုယ့်ခေါင်းကိုယ် စမ်းနေပေရော့ ဖြစ်နိုင်ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ထဲမှာ ဗိုလ်အောင်ကြီးနဲ့ ‘တတ်သိ’ တွေ ပြဿနာ ဖြစ်ကြတော့ စစ်အစိုးရက “တတ်သိ” တွေကို အားလုံးလိုလို ဆွဲစေ့ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ဒေါ်စုကို ရာသက်ပန် ဆဲနေမယ့် ဗိုလ်အောင်ကြီးကိုတော့ စမူဆာလောပန်း ဖြစ်စေခဲ့တာကိုလည်း သတိရ သင့်ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ တခြား အတိုက်အခံတွေကိုသာ တိုက်ခိုက်နေမယ် ဆိုရင် နအဖရဲ့ စည်းကမ်းရှိတဲ့ ဒီမိုကရေစီက စပေ့စ်တွေ အများကြီး ပေးထားမှာ သေချာပါတယ်။ ဒီလိုနဲ့ သူတို့လက်ကိုင် အလံရှူးတွေအတွက် ဒီမိုကရေစီ ပေးလိုက်တာ ခွပ်ဒေါင်းအလံ ဆွဲအသုံးချတဲ့ ကိစ္စပေါ်လာတော့ နအဖ စစ်အစိုးရအဖို့ အတော် အကြပ်ရိုက် သွားပါတယ်။ ဒီလိုနဲ့ ကိုယ့်လူကိုယ် ကြိတ်ဆုံးမရတာတွေ ဖြစ်လာပါတယ်။

ဒါ့အပြင် နအဖဟာ အချိန်တန်ပြီထင်လို့ ဗိုလ်သိန်းစိန်နဲ့ ကြံ့ဖွံ့ကို ပါတီအဖြစ် ပွဲထုတ်လိုက်တာ ဟာလည်း သူတို့ ထင်မထားတဲ့ ဆန့်ကျင်မှုတွေ၊ ဝေဖန်မှုတွေနဲ့ ရင်ဆိုင် နေရပါတယ်။ ကြံ့ဖွံ့ဟာ စပေ့စ်မှ အဆောက်အဦးတွေ၊ ရုံးခန်းတွေ၊ ရုံးပစ္စည်းတွေ သာမကာ လူရိုက်ခွင့်၊ လူသတ်ခွင့်တွေတောင် ရခဲ့ဖူးပါပြီ။ ဒီတော့ ရှေ့မှာ မြင်းချို (ဂျို) တပ်တာထက် ဆိုးတာတွေ ပေါ်ပေါက်ဖို့ အကြောင်းတွေ ရှိနေပါတယ်။

မြန်မာပြည်သမိုင်းမှာ စစ်အာဏာရှင်တွေဟာ သူတို့ကို အတိုက်အခံ ပြုသူတွေနဲ့အတူ တရားဝင် အတူ တည်ရှိနေထိုင်တာ၊ သူတို့ကို ဝေဖန် ပြောဆိုခွင့် ပြုတာရယ်လို့ တခါမှ မရှိခဲ့ဖူးပါဘူး။ ဒီအစဉ်အလာလို ဗိုလ်သန်းရွှေ၊ ဗိုလ်သိန်းစိန်တို့လို လူတွေက ချိုးဖောက် ပြုပြင်မယ်လို့ တွက်တာဟာ စိတ်ကူးယဉ်တာထက် အများကြီး ပိုဆိုးတဲ့ အမှားဖြစ်ပါလိမ့်မယ်။ အာဏာ ဆုပ်ကိုင် ထားသူတွေဘက်က ကြည့်ရင် တခါ-တခါမှာ ကိုယ်နဲ့ မတူသူတွေကို အပြင်ဘက်ထားပြီး ချုပ်ကိုင်ရတာထက်၊ အတွင်းထဲထားပြီး ချုပ်ကိုင်ရတာဟာ ပိုမီးသေ၊ ပိရိတာကို တွေ့ရပါတယ်။ နံရံကို ခေါင်းနဲ့တိုက်မယ် ဆိုရင် ကြားမှာ ကွက်လပ်လေး-စပေ့စ်လေး ရှိမှပိုနာတယ်၊ ကွဲနိုင်တယ် ဆိုတာ မမေ့ကြပါနဲ့။

Ref: ခေတ်ပြိုင်

Read More...

ရှမ်းပြည်တပ်မတော် မြောက်ပိုင်း တပ်နဲ့ စစ်အစိုးရကြား တင်းမာမှု ကြီးထွား

ကြာသပတေး, 13 မေ 2010

မြန်မာစစ်အစိုးရက အပစ်အခတ် ရပ်စဲထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ အားလုံးကို လာမယ့် ရွေးကောက်ပွဲ မတိုင်ခင် နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ် အသွင်ပြောင်းဖို့ ဖိအားပေးမှုတွေ ပိုများလာသလို အခုနောက်ဆုံး ပြည်သူ့စစ် အသွင်ပြောင်းဖို့ လက်မခံတဲ့ ရှမ်းပြည် တပ်မတော် မြောက်ပိုင်း တပ်မဟာ ၁ ထိန်းချုပ်ရာ နယ်မြေတ၀ိုက်မှာ စစ်အစိုးရ တပ်တွေဘက်က လှုပ်ရှားမှုတွေ ပိုများ လာနေပါတယ်။ ဒါကြောင့် အဲဒီဒေသ တ၀ိုက်ကို ရှမ်းပြည်တပ်မတော် တောင်ပိုင်း တပ်ဖွဲ့တွေကလည်း အခုရက်ပိုင်းတွေမှာ ထိုးဖောက် ၀င်ရောက် လာနေပါတယ်။ အခြေအနေကို စုံစမ်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။

ပြည်သူ့စစ် အသွင်ပြောင်းဖို့ ငြင်းဆန်နေတဲ့ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း လက်အောက်ခံ တပ်မဟာ ၁ ဌာနချုပ် ၀မ်ဟိုင်း ဒေသနားမှာ အစိုးရတပ်ဖွဲ့တွေ လှုပ်ရှားမှု များလာတာမို့ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားမယ့် အရိပ်အယောင်တွေ ထွက်ပေါ် နေပါတယ်။ ဒီလို ဖြစ်ပွားလာရင် အရင်က အတူလက်တွဲခဲ့တဲ့ တပ်တွေဘက်က ကူညီပေးဖို့ စစ်အစိုးရကို လက်နက်ကိုင် တိုက်ခိုက်ဆဲဖြစ်တဲ့ ရှမ်းပြည်တပ်မတော် တောင်ပိုင်း တပ်ဖွဲ့တွေကလည်း ရောက်ရှိ နေရာယူ လာနေတာ ဖြစ်ပါတယ်။

ပြည်သူ့စစ်ပြောင်းဖို့ လက်မခံဘဲ ငြင်းဆန်နေတဲ့ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းရဲ့ တပ်မဟာ ၁ ကို မနေ့က နောက်ဆုံးထားပြီး ပြည်သူ့စစ် အသွင်ပြောင်းဖို့ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်က အကြောင်းကြားထားတဲ့နောက် တင်းမာမှု အခြေအနေ တွေလည်း တိုးလာတာ ဖြစ်ပါတယ်။ ဒီလို အခြေအနေတွေကြောင့် လိုအပ်ရင် စစ်ရေးအရ ကူညီနိုင်အောင် တပ်တွေချထားတာ ဖြစ်တယ်လို့ ရှမ်းပြည်တပ်မတော် တောင်ပိုင်း ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးလောဝ်ဆိုင်းက ဆိုပါတယ်။

“ရှမ်းပြည်နယ်ထဲမှာတော့ လိုအပ်တဲ့ နေရာတွေမှာ ကျနော်တို့တပ်တွေ ရောက်နေပါတယ်၊ ကျနော်တို့ ပြောက်ကျား တပ်တွေပေါ့။ အဲဒါတော့ တင်းမာနေတဲ့ အခြေအနေကြားမှာ ဒီ SSA မြောက်ပိုင်း တပ်ဖွဲ့တွေကို အကဲခတ် ကြည့်ဖို့အတွက် သော်လည်းကောင်း၊ နောက်ပြီး နအဖတပ်တွေကို အကဲခတ်ဖို့အတွက် သော်လည်းကောင်း၊ လိုအပ်လို့ရှိရင် စစ်ရေးအတွက် ပြင်ဆင်မှုတွေ အသုံးပြုလို့ရအောင် ကျနော်တို့တပ်တွေ ဖြန့်ကြက်ထားတာ ရှိပါတယ်။”

စစ်အစိုးရက ရွေးကောက်ပွဲ မတိုင်မီ အပစ်အခတ် ရပ်စဲထားတဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေကို နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့ ဖိအား ပေးရာကစလို့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ တင်းမာမှုတွေ ကြီးထွားလာတာ ဖြစ်ပါတယ်။ ရှမ်းပြည် တပ်မတော် တောင်ပိုင်းဟာ ၁၉၈၉ ခုနှစ် ကတည်းက အပစ်အခတ် ရပ်စဲခဲ့တဲ့ ရှမ်းပြည်မြောက်ပိုင်း တပ်ဖွဲ့တွေကို သာမက တခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့စည်းတွေကိုလည်း ကူညီသွားဖို့ ရည်ရွယ်ထားကြောင်း ဗိုလ်မှူးလောဝ်ဆိုင်းက ဆက်ပြောပါတယ်။

“ကျနော်တို့ ဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီး ယောဆက်ကတော့ ကျနော်တို့ဟာ မဟာမိတ် တပ်ဖွဲ့တွေ အပေါ်မှာ သော်လည်းကောင်း၊ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေ အပေါ်မှာသော်လည်းကောင်း ဘယ်တော့မှ သစ္စာမဖောက်ဘူးဆိုတဲ့ သဘောထား ထုတ်ပြန် ကြေညာချက်တွေ ရှိခဲ့ဖူးပါတယ်။ လိုအပ်ရင် ကျနော်တို့ရဲ့ မဟာမိတ် တပ်ဖွဲ့တွေကို ပေါ်လစီအရ သော်လည်းကောင်း၊ စစ်ရေးအရ သော်လည်းကောင်း ကူညီဖို့ ကျနော်တို့မှာ တာဝန်ရှိကြောင်း ဖော်ထုတ်တဲ့ သဘောမျိုးပဲ ဖြစ်ပါလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။”

စစ်ရေးတင်းမာမှုတွေ ဖြစ်လာတာကြောင့် ဒီလဆန်းပိုင်းကပြီး မိုင်းရှူးရတနာမြေမှာ အခကြေးငွေနဲ့ လုံခြုံရေး ယူပေးနေတဲ့ ရှမ်းပြည် တပ်မတော် မြောက်ပိုင်း တပ်ဖွဲ့တွေ မိခင် တပ်ရင်းတွေဆီ ပြန်သွားကြတယ်လို့ ရှမ်းသံတော်ဆင့် သတင်းက ဆိုပါတယ်။

ရှမ်းသံတော်ဆင့် အယ်ဒီတာ ဦးစိန်ကြည်က တပ်မဟာ ၁ ထိန်းချုပ်ဒေသတွေမှာ အစိုးရတပ်တွေ တိုးမြှင့်ချလာတယ်လို့ ဆိုပါတယ်။

“ထူးခြားတာက တပ်မဟာ ၁ က ပြည်သူ့စစ် အသွင်ပြောင်းရေးကို လက်မခံတဲ့ နောက်ပိုင်း ၁၀ ရက်နေ့က တောင်ကြီး ရပခကနေ နမ့်စန်ဘက်ကို စစ်ကားတန်းကြီး ၃၇ စီး ထွက်သွားတယ်။ အဲဒီကနေ ကွန်ဟိန်းနဲ့ သံလွင်တံတား တာကော်ဘက်ကို ကျော်သွားတယ်၊ ကျိုင်းတုံဘက်ကို သွားတယ်။ အဲဒါ တ၀က်လောက် ရှိတယ်။ နောက်ပြီး မိုးနဲ၊ မိုင်းပန်၊ လင်းခေးဘက် ဆင်းလာတာလည်း တ၀က်ကျော်လောက် ရှိတယ်။ အဲဒီ မိုင်းပန်ကနေ သံလွင် အရှေ့ဘက်ခြမ်း၊ တာဆန်း ကုတိုးဆိပ်ကို ကူးလာရင်တော့ ၀ ထိန်းချုပ်နယ်မြေနဲ့ မျက်နှာချင်းဆိုင် မိုင်းတုံမြို့နယ်ထဲကို ရောက်လာမှာပေါ့။”

ဒီလဆန်းပိုင်းမှာ ပြည်သူ့စစ် အသွင်ပြောင်းပြီးဖြစ်တဲ့ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း ဥက္ကဋ္ဌ ဗိုလ်ချုပ်လွယ်မောင်းနဲ့ အဖွဲ့က စစ်ဦးစီးချုပ် ဗိုလ်ချုပ်ပန်ဖ ဦးဆောင်တဲ့ တပ်မဟာ ၁ ကို အသွင်ပြောင်းဖို့ တိုက်တွန်းခဲ့ပေမဲ့ ငြင်းဆန်လိုက်ပါတယ်။ တပ်မဟာ ၁ အခြေစိုက် ဒေသတွေကတော့ မိုင်းရှူး၊ တန်းယန်း၊ မိုင်းယိုင်၊ လားရှိုး၊ သီပေါ၊ မိုင်းနောင်နဲ့ ကျေးသီးမြို့နယ်တွေမှာ ဖြစ်ပြီး တိုက်ခိုက်ရေး အင်အား အနည်းဆုံး ၃,၀၀၀ ကျော် ရှိမယ်လို့လည်း နယ်စပ် အကဲခတ်တွေက ခန့်မှန်းကြပါတယ်။

Ref: VOA News

Read More...

ဒေါင်းယောင်ဆောင်သော ကျီးများဟု NDF ကို ဦးဝင်းတင် ပြောဆို

ဆလိုင်း ဟံသာစန်း
ကြာသပတေးနေ့၊ မေလ ၁၃ ရက် ၂၀၁၀

နယူးဒေလီ (မဇ္ဈိမ) ။ ။ ပါတီမှခွဲထွက်သွားသူများက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်ဟောင်းများ အဖြစ် ပြောဆို သုံးနှုန်း နေခြင်းကြောင့် ပြည်သူများအတွင်း ရှုတ်ထွေးမှု ဖြစ်သွားနိုင်ကြောင်း ”ဒေါင်းယောင် ဆောင်သော ကျီးများအဖြစ်” NLD ဗဟို အလုပ်မှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်က ပြစ်တင် ရှုတ်ချလိုက်သည်။

ရွေးကောက်ပွဲဝင်လိုသည့် NLD အကြီးတန်း ခေါင်းဆောင်ဟောင်း ၁၁ ဦးက အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ပါတီ တည်ထောင်ပြီး မီဒီယာများမှတဆင့် ပြောဆိုစည်းရုံးရာတွင် NLD အမည်ကို အသုံးချနေသည်ဟု စွပ်စွဲလိုက်ခြင်းလည်း ဖြစ်သည်။

NDF ပြောရေးဆိုခွင့် ရှိသူများအဖြစ် ဒေါက်တာသန်းငြိမ်း၊ ဦးခင်မောင်ဆွေနှင့် ဦးသိန်းညွန့်တို့က တာဝန်ယူထားပြီး ၎င်းတို့က မီဒီယာများတွင် NLD ၏ မပြီးဆုံးသေးသည့် တာဝန်များကို ဆက်လက် ထမ်းဆောင်ခြင်း ဖြစ်သည်ဟု ညွှန်းဆိုပြောကြားမှုများ ပြုလုပ်ခဲ့သည်။

“သူတို့ပြောတဲ့အထဲမှာ NLD ရဲ့ မပြီးဆုံးသေးတဲ့ လုပ်ငန်းတွေ၊ ပြည်သူကို ပေးထားတဲ့ ကတိတွေကို ဆက်လက် ဆောင်ရွက်သွားမယ် ဆိုတာမျိုး ပြောနေတယ်။ သူတို့ဟာ ကျနော်တို့ရဲ့ ကိုယ်ပွားပါတီ မဟုတ်ပါဘူး။ အဲဒီတော့ NLD နာမည်ကို သူတို့ ယူသုံးစရာ မလိုပါဘူး” ဟု NLD ဗဟိုအလုပ်အမှုဆောင်ဝင် ဦးဝင်းတင်က မဇ္ဈိမကို ပြောသည်။

“ကျနော်တို့ ပါတီရဲ့ အလံဟာ ဒေါင်းအလံဖြစ်တယ်။ ဒီလူတွေဟာ ကျနော်တို့ကိုယ်ပွား သဏ္ဍာန်လုပ်ရင်တော့ ဒေါင်းယောင် ဆောင်သော ကျီးပဲ ဖြစ်လိမ့်မယ်။ ဘယ်သူက ကျီး၊ ဘယ်သူက ဒေါင်းဆိုတာ ပြည်သူက သိပါတယ်” ဟု ပြောသည်။

NLD ဗဟိုဦးစီးအဖွဲ့ဝင် မဖြူဖြူသင်းကလည်း NDF သည် NLD ၏ ကိုယ်ပွားပါတီသဖွယ် ပြောဆိုနေခြင်းသည် ပါတီဝင်များနှင့် ပြည်သူလူထုကို ထင်ယောင်ထင်မှား ဖြစ်စေသည်ဟု ပြောသည်။

“ပါတီက ရွေးကောက်ပွဲကို မှတ်ပုံမတင်ဘူးလို့ ဆုံးဖြတ်ထားတာကို ပါတီဝင်တိုင်း လိုက်နာဖို့ တာဝန်ရှိပါတယ်။ အဲဒီတာဝန်တွေကို ချိုးဖောက်ပြီးတော့ ပါတီ ထောင်သွားတဲ့အပေါ်မှာ ဘာမှ မပြောလိုပေမယ့် သူတို့ဘာသာ သီးသန့်လုပ်စေချင်တယ်။ NLD ရဲ့ ကိုယ်ပွား ပါတီလိုလို ပြောဆို သုံးနှုန်းနေတာကို လုံးဝ လက်မခံနိုင်ပါဘူး” ဟု သူက ပြောသည်။

NDF ပြောရေးဆိုခွင့်ရှိသူ ဦးခင်မောင်ဆွေက မိမိတို့ပါတီသည် NLD ၏ ကိုယ်ပွားပါတီ မဟုတ်ဘဲ NLD နှင့် မတူညီသော မူဝါဒများဖြင့် တည်ထောင် ထားသည်ဟု ပြောသည်။

NDF က လူထုထောက်ခံမှုဖြင့် ဥပဒေများ ပြန်လည်တည်ဆောက် ပြုပြင်သွားမည့် လူထုအခြေပြု လွတ်လပ်ခွင့်ဝါဒ (Social Liberalism) စနစ်ကို ဖော်ဆောင်ရန် ရည်ရွယ်ထားကြောင်းနှင့် စီးပွားရေးစနစ်တွင် ဈေးကွက်ကို အစိုးရက ဥပဒေများဖြင့် ဝင်ရောက်ထိန်းမတ် ပေးနိုင်သည့် ဈေးကွက်အခြေပြု ရောပြွမ်းစီးပွားရေးစနစ် ဖော်ဆောင်ရန် ရည်ရွယ်ထားသည်ဟု သူက ပြောသည်။

“NLD ဟာ ၉ဝ ခုနှစ်တုန်းက ပြည်သူလူထုကို ပေးထားခဲ့တဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးရအောင် ဆောင်ရွက်ပေးမယ် ဆိုတဲ့ ကတိကို ပြီးဆုံးအောင် မဆောင်ရွက်နိုင်ခဲ့ဘူး။ ဒါကြောင့် အဲဒီ မပြီးဆုံးသေးတဲ့ တာဝန်ကို ဆက်သယ်ဖို့ ဘယ်သူတွေက ခိုင်းခိုင်း၊ မခိုင်းခိုင်း ဒီနိုင်ငံရေး တာဝန်ကို ဆက်သယ်မယ်လို့ ပြောဆိုတာပါ” ဟု ဦးခင်မောင်ဆွေက ပြောသည်။

NDF ကော်မတီဝင် ၁၇ ဦးရှိရာ NLD ပါတီ ဗဟိုအလုပ်မှုဆောင် CEC အဖွဲ့ဝင်ဟောင်းများဖြစ်သည့် ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်း၊ ဦးသိန်းညွန့်၊ ဒေါက်တာဝင်းနိုင်၊ ဗဟိုဦးစီး CC အဖွဲ့ဝင်ဟောင်းများဖြစ်သည့် ဦးစိုးဝင်း၊ ဒေါက်တာသန်းဝင်း၊ ဦးသာဆိုင်၊ ဦးတင်အောင်အောင်၊ ဦးတိုးဘို၊ ဦးစိန်လှဦး၊ ဦးစောနန်သီ၊ တို့ပါဝင်ပြီး ကျန်သူများမှာလည်း NLD ပါတီဝင်ဟောင်းများဖြစ်ကြသည်။

Ref: မဇ္ဈိမ

Read More...

ငြိမ်းအဖွဲ့များ၏ စစ်ရေးကိစ္စများ အပေါ် နအဖ ကန့်သတ် တော့မည်လော

Thursday, 13 May 2010 18:26

နအဖစစ်ရုံးချုပ်က နယ်ခြားစောင့်တပ် (သို့မဟုတ်) ပြည်သူ့စစ်ဖွဲ့စည်းရေး အာခံနေသည့် ငြိမ်းချမ်းရေး အဖွဲ့များ၏ စစ်ရေး ကိစ္စများနှင့် နယ်မြေအတွင်း သွားလာမှုများ အပေါ် ကန့်သတ်ရန်အတွက် လက်အောက်ခံ စစ်တိုင်း ဋ္ဌာနချုပ်များသို့ ဧပြီလ ကုန်ပိုင်းက ညွန်ကြားချက် ထုတ်ပြန်ထားကြောင်း စစ်ဘက် သတင်းရပ်ကွက်များ အဆိုအရ သိရသည်။

ဥပဒေဘောင်အတွင်း ၀င်ရောက်လာသည်ဟု ဆိုသော ငြိမ်းအဖွဲ့များသည် ငြိမ်းချမ်းရေးမူများကို ချိုးဖေါက် နေသောကြောင့် ထိုသို့ မဖြစ်စေရန် စစ်တိုင်းများက ကြပ်မတ်ရမည်ဟု ညွန်ကြားချက်က ဆိုသည်။

လူသစ်စုဆောင်းခြင်း၊ သင်တန်းဖွင့်လှစ်ခြင်း၊ စစ်ရေးလေ့ကျင့်ခြင်းနှင့် လက်နက်ခဲယမ်း တိုးချဲ့တပ်ဆင်ခြင်း စသည့် စစ်ရေး ကိစ္စများအား ငြိမ်းချမ်းရေး လက်နက်ကိုင်အဖွဲ့များ မပြုလုပ်စေရန် စစ်တိုင်းများက ကြပ်မတ်ရမည် ဟုဆိုသည်။ ထို့အပြင် အဆိုပါ အဖွဲ့များ နယ်မြေအတွင်း ခရီးသွားလာရာတွင် လက်နက် ကိုင်ဆောင်သွားလာခွင့် မပြုရန်နှင့် သက်ဆိုင်ရာ နအဖ တပ်စခန်းများသို့ သတင်း ပို့ပြီးမှသာ သွားလာရမည်ဟု ဆိုသည်။

နအဖစစ်ရုံးချုပ်၏ ယခု ညွန်ကြားချက်သည် အသစ်အဆန်း မဟုတ်သော်လည်း လက်ရှိအချိန်အခါ အရ နယ်ခြားစောင့်တပ် (သို့) ပြည်သူ့စစ် အသွင်ပြောင်းရေးကို အာခံနေသည့် ငြိမ်းအဖွဲ့များအပေါ် ကန့်သတ်မှုများ တိုးမြှင့် လုပ်ဆောင်လိုသည့် သဘောထား ဖြစ်ကြောင်း အပစ်ရပ် အဖွဲ့များနှင့်နီးစပ်သူတစ်ဦးက ဆိုသည်။

ယခင်စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီးခင်ညွန့် ရာထူးမှ ဖယ်ရှားခံရပြီးနောက် နအဖစစ်တပ်က ငြိမ်းအဖွဲ့ များအပေါ် ကန့်သတ်ချက်များ တိုးမြှင့်လုပ်ဆောင်ခဲ့ရာ နယ်ခြားစောင့်တပ် အသွင်ပြောင်းဖွဲ့စည်းရေး အဆိုပြုပြီး တစ်နှစ် တာ ကာလအတွင်း ထပ်မံ တင်းကြပ်လာသည့် အနေအထားဖြစ်သည်။

စစ်ထောက်လှမ်းရေးကြီးစိုးစဉ်ကာလက ငြိမ်းအဖွဲ့များအနေဖြင့် ဒေသအတွင်းသာမက ရန်ကုန် မန္တလေးမြို့များ အထိ လက်နက် ကိုင်ဆောင်သွားလာ ခဲ့ကြသည်ဟု ဆိုသည်။

ယခုနောက်ပိုင်းကာလများတွင် အထိမ်းအမှတ်ပွဲများ တက်ရောက်ရာ၌ပင် ငြိမ်းအဖွဲ့များ၏ လက်နက် ခဲယမ်းယူဆောင်ခွင့် နှင့် ယူနီဖေါင်း ၀တ်ခွင့်များကို ကန့်သတ်မှုများ ပြုလုပ်လာခြင်းဖြစ်သည်။

နအဖစစ်တပ်နှင့် လက်နက်ကိုင်အဖွဲ့များ ငြိမ်းချမ်းရေးရယူခဲ့သည့် နှစ် ၂၀ကျော်ကာလအတွင်း နှစ်ဘက်စစ်ရေး ပြင်ဆင် လာခဲ့ရာ သျှမ်းပြည်(မြောက်ပိုင်း)ရှိ ၀ပြည်သွေးစည်းရေး ပါတီသည် လက်နက်ကိုင်အင်အား ၃၀၀၀၀ ကျော်ခန့် ရှိနေပြီး ကချင်ပြည် လွတ်လပ်ရေး အဖွဲ့တွင် လက်နက်ကိုင် ၁၀၀၀၀ ခန့်ရှိလာကြောင်း ကျွမ်းကျင်သူ များက ခန့်မှန်းသည်။

နအဖစစ်တပ်က တိုင်းရင်းသား ငြိမ်းချမ်းရေးလက်နက်ကိုင်အဖွဲ့များ၏ စစ်ရေးကိစ္စရပ်များကို ကန့်သတ်နေသည့် တစ်ချိန် တည်းတွင် ၄င်းတို့ ဘက်မှ တရုတ် ရုရှား မြောက်ကိုးရီးယား နိုင်ငံများမှ ခေတ်မှီ စစ်လက်နက်ပစ္စည်းများ ၀ယ်ယူဖြည့်တင်း လျှက်ရှိသည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

ကရင်ပါတီများကို စစ်အာဏာရှင်ဒေါက်တိုင်များဟု ကေအန်ယူ ပြောကြား

ရဲရင့် / ၁၃ မေလ ၂၀၁၀

ကရင်ပြည်နယ်ကို ၎င်းတို့ပါတီ၏ ဦးစားပေးပြည်နယ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည် မဟုတ်ဟု ကရင်ပြည်သူ့ပါတီ (ကေပီပီ) အထွေထွေ အတွင်းရေးမှူး၏ ပြောဆိုချက်သည် စစ်အာဏာရှင် သက်ဆိုး ရှည်ရေးအတွက် အဆိပ်ပင် ရေလောင်းနေခြင်းသာ ဖြစ်သည်ဟု ကေအန်ယူက ပြောဆိုလိုက်သည်။

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ၏ တွဲဖက်အထွေထွေ အတွင်းရေးမှူး (၁) ပဒိုစောလှငွေက ကရင်ပြည်သူ့ ပါတီ၏ သဘောထား ထုတ်ပြန်ချက်နှင့် ပတ်သက်၍ ခေတ်ပြိုင်သို့ ပြောကြားခြင်းဖြစ်သည်။

ကရင်ပြည်သူ့ပါတီသည် ကရင်ပြည်နယ်ကို ၎င်းတို့ပါတီ၏ ဦးစားပေးပြည်နယ်အဖြစ် ၀င်ရောက် ယှဉ်ပြိုင်မည် မဟုတ်ဟု ယင်းပါတီ၏ အထွေထွေ အတွင်းရေးမှူး စောစေးဝါးက ယခုလ (၇) ရက်ထုတ် ပြည်တွင်း သတင်းဂျာနယ်တစောင်ဖြစ်သည့် လျှပ်တပြက် ဂျာနယ်၏ တွေ့ဆုံ မေးမြန်းခန်းတွင် ပြောကြားခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ပါတီ အဓိက ၀င်ရောက်ယှဉ်ပြိုင်မည့် ဒေသများမှာ ဧရာဝတီ၊ မွန်၊ တနင်္သာရီ၊ ရန်ကုန်၊ ပဲခူး စသည့်ဒေသများဖြစ်သည်ဟု ဆိုသည်။

ထိုသို့ပြောဆိုချက်ကို ပဒိုစောလှငွေက ၂၀၁၀ ရွေးကောက်ပွဲဝင်ရောက်မည့် ကရင်ပါတီများသည် ကရင်ပြည်နယ်နှင့် ကရင် အမျိုးသားများကို ကိုယ်စားပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ ၎င်းတို့ပါတီများ၏ အဓိက ရည်မှန်းချက်များမှာ စစ်အာဏာရှင်စနစ် မပြိုလဲသွားရန် ကြားခံပေးမည့် ဒေါက်တိုင်များသာဖြစ်သည်ဟု ပြောဆိုသည်။

၎င်းက “ဒီရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဘာမှ ခေါင်းထဲထည့်စရာ မလိုဘူး။ သူတို့ထင်သလို ဒီရွေးကောက်ပွဲဟာ ဘယ်ပြည်နယ်အတွက်၊ ဘယ်ကရင်အတွက်၊ ဘယ်အတန်းအစား အတွက်မှ ဖြစ်မှာ မဟုတ်ဘူး။ ကရင်ပြည်နယ် ဆိုတာကလည်း နဂိုကတည်းက ဘာမှရှိတာ မဟုတ်ဘူး။ ကရင်အမျိုးသားတွေရဲ့ လိုလားချက်တွေနဲ့ အမျိုးသားတွေရဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေ ဒီမိုကရေစီရေးတွေ ဘာမှမရှိခဲ့ဘူး၊ ရှေ့ဆက် ဒီထက်ဆိုးဖို့ပဲ ရှိမယ်” ဟု ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်တွင် အမျိုးသားများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များ ညီညွတ်သည့် ပြည်ထောင်စုနှင့် အမျိုးသား စည်းလုံး ညီညွတ်မှုများကို လုံးဝ တည်ဆောက်နိုင်မည် မဟုတ်ဟု ကေအန်ယူက ပြောသည်။

“အခု ရွေးကောက်ပွဲဝင်မယ့် ကရင်ပါတီဝင်တွေဟာ တချိန်မှာ သမိုင်းရဲ့တရားခံတွေဖြစ်မယ်။ ဒါကြောင့် ကရင်ပြည်သူတွေကို ဆန့်ကျင် သပိတ်မှောက် တိုက်ပွဲဝင်ကြဖို့ တိုက်တွန်းချင်တယ်” ဟု ပဒိုစောလှငွေက ပြောသည်။

ကရင်ပြည်သူ့ပါတီ ရွေးကောက်ပွဲဝင်ရသည့် အဓိကအကြောင်းရင်းမှာ နိုင်ငံတော်တည်ဆောက်ရေးတွင် တတ်အားသရွေ့ ကာယ၊ ဉာဏ၊ စွမ်းအားရှိသလောက် ပါဝင်ချင်သောကြောင့်၊ ပါဝင်နိုင်မည်ဟု ယုံကြည်သည့် အတွက်ကြောင့်ဖြစ်ကြောင်း စောစေးဝါးက ပြောသည်။

ကရင်ပြည်သူ့ပါတီတွင် ဥက္ကဋ္ဌ စောထွန်းအောင်မြင့်၊ ဒု-ဥက္ကဋ္ဌ စောအေးကို၊ အထွေထွေအတွင်းရေးမှူး စောစေးဝါးတို့မှာ ပါတီ ပြောခွင့်ရ ပုဂ္ဂိုလ်များဖြစ်ပြီး အငြိမ်းစား ယူထားသည့် မြန်မာစစ်တပ် အရာရှိဟောင်းများ ဖြစ်ကြသည်။

၂၀၁၀ ရွေးကောက်ပွဲဝင်ရောက်နိုင်ရန် ကရင်ပါတီ (၃) ခုဖြစ်သည့် ကရင်ပြည်သူ့ပါတီ (ကေပီပီ)၊ ပြည်ထောင်စု ကရင် အမျိုးသားများ အဖွဲ့ချုပ် (ယူကေအယ်လ်) နှင့် ဖလုံ-စဝေါ် ဒီမိုကရက်တစ် ပါတီတို့ နိုင်ငံရေး ပါတီတည်ထောင်ခွင့် လျှောက်ထားခဲ့ရာတွင် (ကေပီပီ) နှင့် ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ (၂) ခုသာ ပါတီတည်ထောင်ခွင့် ရရှိသေးသည်။

ယခုလ (၈) ရက်နေ့အထိ ရရှိထားသည့်စာရင်းများအရ ရွေးကောက်ပွဲကော်မရှင်ထံတွင် နိုင်ငံရေးပါတီ တည်ထောင်ခွင့် လျှောက်ထားသည့် ပါတီပေါင်း (၃၁) ခုရှိသည့်အနက် ပါတီ (၂၇) ခုမှာ ပါတီတည်ထောင်ခွင့် ရရှိပြီးဖြစ်သည်ဟု သိရသည်။

Ref: ခေတ်ပြိုင်

Read More...

စောင့်ကြည့်သူတွေ လက်မခံတဲ့ စစ်အစိုးရ ရွေးကောက်ပွဲ ဖိလစ်ပိုင် ဝေဖန်

ကြာသပတေး, 13 မေ 2010

မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ် ကျင်းပမယ့် စစ်အစိုးရရဲ့ ရွေးကောက်ပွဲဟာ စစ်မှန်တဲ့ ရွေးကောက်ပွဲ မဟုတ်ဘူးလို့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးက ပြင်းပြင်းထန်ထန် ဝေဖန် ပြောဆိုလိုက်ပါတယ်။ ပြည်တွင်းရေး ၀င်ရောက် မစွက်ဖက်ရေးမူကို ဆုပ်ကိုင်ထားတဲ့ အာဆီယံအသင်းရဲ့ အစဉ်အလာကို ချိုးဖောက်ပြီး ဖိလစ်ပိုင် နိုင်ငံခြားရေး ၀န်ကြီးက မြန်မာ စစ်အစိုးရကို အခုလို ပြင်းပြင်းထန်ထန် ဝေဖန်လိုက်တာပါ။ အပြည့်အစုံကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တကွ သက်ဆိုင်သူ အားလုံး ပါဝင်ခွင့်မရအောင် တားမြစ်ထားတဲ့ ရွေးကောက်ပွဲဟာ စစ်မှန်တဲ့ ရွေးကောက်ပွဲ ဖြစ်မှာမဟုတ်ဘူး၊ လေ့လာသူတွေ စေလွှတ်ရင်လည်း အပိုသာ ဖြစ်လိမ့်မယ်၊ စစ်အစိုးရရဲ့ လုပ်ဆောင်ချက်တွေဟာ ကလေးကစားသလို ဖြစ်နေတယ်လို့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး အယ်လ်ဘာတို ရိုမူလို (Alberto Romulo) က ဒီနေ့ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ် အခုလို ပြင်းပြင်းထန်ထန် ဝေဖန် ပြောဆိုလိုက်တာပါ။

စစ်အစိုးရက အခုနှစ်အတွင်း ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲအတွက် သူတို့မှာ ရွေးကောက်ပွဲ အတွေ့အကြုံတွေ ရှိပြီးသား၊ နိုင်ငံတကာက လေ့လာသူတွေ မလိုအပ်ဘူးလို့ ပြောဆို လိုက်တဲ့အပေါ် ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး ရိုမူလိုက အခုလို တုံ့ပြန် ပြောဆို လိုက်တာပါ။

အကွီလီနို နေနေး ပီမန်းတဲလ် (Aquilino Nene Pimentel) ဟာ ဖိလစ်ပိုင် အထက် လွှတ်တော်အမတ် ဖြစ်ပြီး IPU နိုင်ငံတကာ လွှတ်တော် အမတ်များ သမဂ္ဂရဲ့ လူ့အခွင့်အရေး ကော်မတီ ဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။ သူက နိုင်ငံခြားရေးဝန်ကြီး ရိုမူလို အခုလို ဝေဖန် ပြောဆိုလိုက်တဲ့အပေါ် သူ့အနေနဲ့ ထောက်ခံတယ်လို့ ဆိုပါတယ်။

“နိုင်ငံခြားရေးဝန်ကြီး ရိုမူလို အခုလို ပြောလိုက်တဲ့အပေါ် ကျနော့်အနေနဲ့ သဘောတူပါတယ်။ ဒါပေမဲ့ ဒါဟာ နိုင်ငံတကာ လေ့လာရေးအဖွဲ့တွေ လာရောက်ခွင့် ပြုတာတင် မကပါဘူး၊ စစ်အစိုးရကို ဆန့်ကျင်သူ အားလုံးကို အစိတ်စိတ် အမြွှာမြွှာဖြစ်အောင် လုပ်ဆောင်ထားပြီး ရွေးကောက်ပွဲမှာ ပါဝင်ခွင့် မပြုတဲ့အတွက် ဒီရွေးကောက်ပွဲဟာ စစ်မှန်တဲ့ ရွေးကောက်ပွဲ မဟုတ်ဘူးဆိုတာ ထင်ရှားနေပါတယ်။”

ဒီရွေးကောက်ပွဲဟာ ပြည်တွင်း ပြည်ပက ထင်မြင် ယူဆထားသလိုပဲ စစ်အာဏာရှင်တွေ သက်ဆိုးရှည်အောင် လုပ်ဆောင်တဲ့ ရွေးကောက်ပွဲ ဖြစ်တယ်လို့ အထက်လွှတ်တော်အမတ် ပီမန်းတဲလ်က ဆက်ပြောပါတယ်။

“စစ်မှန်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတခု ဆိုပြီး တမင်တကာ လုပ်ကြံဖန်တီးပြီး ကျင်းပမယ့် ဒီရွေးကောက်ပွဲဟာ စစ်အာဏာရှင်တွေ တရားဝင်ဖြစ်အောင် လုပ်ဆောင်တဲ့ အတုအယောင် ရွေးကောက်ပွဲသာ ဖြစ်ပါတယ်။”

မကြာခင် ရက်ပိုင်းအတွင်းကပဲ ဖိလစ်ပိုင်နိုင်ငံမှာ အထွေထွေ ရွေးကောက်ပွဲကြီး ကျင်းပပြီးစီးပြီး ဘန်နစ်နို အကွီနို (Benigno Aquino) ဦးဆောင်တဲ့ အစိုးရသစ် တက်လာတော့မှာပါ။ ဘန်နစ်နို အကွီနိုဟာ ဖိလစ်ပိုင်ပြည်သူတွေ အာဏာရှင် မားကို့စ် လက်အောက်က လွတ်မြောက်အောင် စွမ်းဆောင်ခဲ့သူ တဦး ဖြစ်သလို မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီ ထွန်းကားရေး လိုလားတဲ့ ကွယ်လွန်သူ ဖိလစ်ပိုင် သမ္မတဟောင်း ကိုရာဇန် အကွီနို (Corazon Aquino) ရဲ့ သားဖြစ်ပါတယ်။

ဒါကြောင့် ဘန်နစ်နို အကွီနို အနေနဲ့လည်း မိခင်ခြေရာကို နင်းပြီး မြန်မာ့အရေးကို လက်ရှိ ဖိလစ်ပိုင် အစိုးရလိုပဲ ဖိဖိစီးစီး လုပ်ဆောင် သွားလိမ့်မယ်လို့ သူယုံကြည်တဲ့ အကြောင်း မစ္စတာ ပီမန်းတဲလ်က ပြောပါတယ်။

“တက်လာမယ့် အစိုးရသစ် အနေနဲ့လည်း လက်ရှိအစိုးရထက် မပိုရင်တောင် သူတို့လောက်တော့ မြန်မာ စစ်အစိုးရအပေါ် ဝေဖန် ပြောဆိုမှုတွေ လုပ်ဆောင်ပါလိမ့်မယ်။ ဘာဖြစ်လို့လဲ ဆိုတော့ နောက်တက်လာမယ့် သမ္မသစ်ဟာ သူမ အသက် မသေခင်တုန်းက လက်ရှိ စစ်အစိုးရကို အမြဲတမ်း ဝေဖန် ပြောဆိုလေ့ရှိတဲ့ ကိုရီ အကွီနိုရဲ့သား ဘန်နစ်နို အကွီနို ဖြစ်နေလို့ပါ။ သူ သမ္မတ ဖြစ်လာတာနဲ့ စစ်အစိုးရရဲ့ ရွေးကောက်ပွဲကို မဆိုင်းမတွ ဝေဖန် ပြောဆိုလိမ့်မယ်ဆိုတာ ကျနော် ယုံကြည်ပါတယ်။”

မြန်မာစစ်အစိုးရက အခုနှစ်အတွင်း ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲအတွက် အရှေ့တောင်အာရှ အာဆီယံ နိုင်ငံတွေ အပါအ၀င် နိုင်ငံတကာက လေ့လာ စောင့်ကြည့်သူတွေ မလိုအပ်ဘူးလို့ ပြောဆိုနေပေမဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) ကတော့ လေ့လာ စောင့်ကြည့်သူတွေကို ဖိတ်ကြားဖို့ မနေ့က ဗုဒ္ဓဟူးနေ့မှာပဲ စစ်အစိုးရကို တောင်းဆို လိုက်ပါတယ်။

Ref: VOA News

Read More...

Thursday, May 13, 2010

မြန်မာ့ရွေးကောက်ပွဲ နိုင်ငံတကာ အကဲခတ် ပုဂ္ဂိုလ်တွေ လက်ခံဖို့ ကုလ တိုက်တွန်း

13 May 2010

မြန်မာနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် အာဆီယံ အပါအ၀င် နိုင်ငံတကာက လာရောက်စစ်ဆေးဖို့ မလိုအပ်ဘူးလို့ မြန်မာနိုင်ငံကို ၂ ရက်ကြာခရီး လာရောက်ခဲ့တဲ့ အမေရိကန် အဆင့်မြင့်ပုဂ္ဂိုလ်ကို မြန်မာစစ်အစိုးရက ပြောဆိုခဲ့တာကြောင့် ဒေသတွင်းနဲ့ နိုင်ငံတကာက စောင့်ကြည့် လေ့လာသူတွေကို ဖိတ်ကြားဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

မေလ ၉ ရက်နေ့က အမေရိကန်နိုင်ငံ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့တ် ကမ့်ပ်ဘဲလ် (Kurt Campbell) က မြန်မာနိုင်ငံ ရွေးကောက်ပွဲအတွက် နိုင်ငံတကာ လေ့လာ စောင့်ကြည့်ရေး အဖွဲ့တွေ၊ အထူးသဖြင့် အာဆီယံအဖွဲ့တွေ လာရောက်ခွင့် ပြုမပြု မေးမြန်းတဲ့အခါ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးက မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ အတွေ့အကြုံ များစွာရှိပြီး ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေ ပြဋ္ဌာန်းချက်တွေ သေသေချာချာ ပြဋ္ဌာန်း ဆောင်ရွက်နေတာမို့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မှာ ထင်ရှားတဲ့အတွက် နိုင်ငံတကာ အဖွဲ့တွေ လာရောက်ဖို့ မလိုကြောင်း ပြန်ကြားခဲ့ပါတယ်။

အခုလို မြန်မာစစ်အစိုးရဘက်က လက်မခံပေမဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကတော့ နိုင်ငံတကာ လေ့လာ စောင့်ကြည့်သူတွေကို ဖိတ်ကြားဖို့ ဗုဒ္ဓဟူးနေ့မှာ ပြောကြား လိုက်ပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံး ပြောခွင့်ရ မစ္စတာ မာတင် နာဆက်ကီက…

“မြန်မာနိုင်ငံမှာ ကျင်းပမယ့် ဘယ်ရွေးကောက်ပွဲမဆို နိုင်ငံတကာရဲ့ ယုံကြည်ကိုးစားမှုကို ရရှိလိုရင် ရှင်းလင်းရမယ်၊ ခြုံငုံ ပြည့်စုံပြီး အုပ်စုအားလုံးတို့ ပါဝင်တဲ့ ရွေးကောက်ပွဲစနစ် ဖြစ်ရပါမယ်။ ဒါကို ကုလသမဂ္ဂက ရှင်းရှင်းလင်းလင်း ပြောခဲ့ပြီး ဖြစ်သလို ဒီနေ့လည်း ထပ်ပြီး တိုက်တွန်းလိုတာက မြန်မာ အာဏာပိုင်တွေ အနေနဲ့ ဒေသန္တရ အပါအ၀င် ပြည်ပက ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေး ပုဂ္ဂိုလ်တွေကို လက်ခံပါ။ ဒါမှလည်း ရွေးကောက်ပွဲအပေါ် နိုင်ငံတကာရဲ့ ယုံကြည်ကိုးစားမှု ရရှိမှာပါ။ ဒီအချက်က ရှင်းပါတယ်။”

ရွေးကောက်ပွဲတခု တရားမျှတမှု ရှိမရှိ နိုင်ငံတကာ အဖွဲ့တွေကို ဖိတ်ကြား စစ်ဆေးစေတာဟာ စစ်အေးခေတ် နောက်ပိုင်းမှာ ထုံးစံတခုလို ဖြစ်လာနေပြီး အခုလို မြန်မာ စစ်အစိုးရဘက်က ငြင်းဆန်နေတာဟာ လာမယ့် ရွေးကောက်ပွဲအတွက် ဘယ်သူ့ အသိအမှတ် ပြုမှုကိုမှ ရမှာ မဟုတ်ဘူးလို့ ပြည်ထောင်စု မြန်မာနိုင်ငံ အဝေးရောက် ညွန့်ပေါင်းအစိုးရ အဖွဲ့ ကုလသမဂ္ဂ ကိုယ်စားလှယ် ဒေါက်တာ သောင်းထွန်းက ပြောပါတယ်။

“နိုင်ငံတခု အနေနဲ့ ဒီနိုင်ငံရဲ့ ပြည်သူကို ကိုယ်စားပြုပြီးတော့ အချုပ်အခြာ အာဏာကို ကျင့်သုံးတဲ့အခါမှာ ပြည်သူလူထုကို စစ်စစ်မှန်မှန် ကိုယ်စားပြုတဲ့ အစိုးရတရပ် ဖြစ်တယ်၊ ဒါကို ခိုင်မာစေချင်လို့ နိုင်ငံတကာမှာ ဂုဏ်သိက္ခာရှိတဲ့ အစိုးရတရပ် အနေနဲ့ ၀င်ဆန့်ချင်လို့ ဒီလိုမျိုး ဖိတ်ခေါ်ကြတာပါ။

“ကျနော်တို့ အိမ်နီးနားချင်းနိုင်ငံတွေ ဘင်္ဂလားဒေ့ရှ်မှာ ၂၀၀၈ ဒီဇင်ဘာလောက်မှာ လုပ်သွားတဲ့ ရွေးကောက်ပွဲ၊ အင်ဒိုနီးရှားမှာ မနှစ်က လုပ်သွားတဲ့ ရွေးကောက်ပွဲ၊ ဖိလစ်ပိုင်မှာ ယနေ့ မကြာခင်မှာ လုပ်မယ့် သမ္မတ ရွေးကောက်ပွဲ၊ ဒီရွေးကောက်ပွဲ အားလုံးလိုလိုမှာ နိုင်ငံတကာက ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေး ကော်မရှင်တွေကို ဖိတ်ခေါ်သွားတာ တွေ့ရပါတယ်။

“ရွေးကောက်ပွဲတခုကို ကျင်းပပြီးတော့ ကိုယ့်ဘာသာကိုယ်ပဲ ငါတို့လုပ်မယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတပါတယ် ပြောရုံနဲ့တော့ ဘယ်သူ့ အသိအမှတ်ပြုမှုမှ ရမှာမဟုတ်ပါဘူး။”

အခုကျင်းပမယ့် ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မပါဖို့ ဆုံးဖြတ်တာနဲ့ ပတ်သက်ပြီး ကျဉ်းမြောင်းတဲ့ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲနဲ့ ကြည့်တယ်လို့ ပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က မဝေဖန်ပေမဲ့ မြန်မာစစ်အစိုးရ ကတိပေးထားသလို လွတ်လပ်ပြီး တရားမျှတမှု ရှိတဲ့ ရွေးကောက်ပွဲကို ကျင်းပပေးဖို့ လိုအပ်တယ်လို့ အလေးအနက် ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ပြည်သူလူထုထံက အချုပ်အခြာအာဏာ သက်ဆင်းရမယ်ဆိုတဲ့ အချက်နဲ့ ဆန့်ကျင် နေတဲ့အပြင် တရားမျှတမှု မရှိတဲ့အတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ရွေးကောက်ပွဲအတွက် ပါတီ မှတ်ပုံမတင်ခဲ့တဲ့ အပြင် အရင်ဆုံး ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ပေးဖို့ တောင်းဆိုခဲ့တာလို့ ဒေါက်တာ သောင်းထွန်းက မြင်ပါတယ်။

“ရွေးကောက်ပွဲတခုမှာ အပိုင်း ၃ ပိုင်း ရှိပါတယ်။ စစ်မှန်တယ်၊ လွတ်လပ်တယ်၊ တရားမျှတတယ်၊ ဒီ ၃ ခုပေါ့။ စစ်မှန်တယ် ဆိုတာက ရွေးကောက်ပွဲ မကျင်းပခင် ကတည်းကိုက လုပ်ထုံးလုပ်နည်းတွေ၊ လုပ်နည်းလုပ်ဟန်တွေက ရွေးကောက်ပွဲ တခုကို သွားနေတဲ့ နိုင်ငံရေး ဖြစ်စဉ်ဟာ တကယ့် ပြည်သူလူထုရဲ့ ဆန္ဒကို ကိုယ်စားပြုမယ့် ဖြစ်စဉ် ဖြစ်ရမယ်။ နအဖလုပ်မယ့် ရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတတာကို ခဏထားလိုက်ဦး၊ အစကတည်းက မစစ်မှန်ဘူး။

“မစစ်မှန်တာ ဘာကြောင့်လဲဆိုတော့ ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက မြန်မာနိုင်ငံရဲ့ အမြင့်မားဆုံး ဥပဒေ ဖြစ်လာမယ့် ဖွဲ့စည်းအုပ်ချုပ်ပုံကို ရေးဆွဲတဲ့ အခါမှာ ပြည်သူလူထုရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေကို ချုပ်ချယ် ကန့်သတ်တဲ့ ပြဋ္ဌာန်းချက်တွေ ပါတယ်။ လွတ်လပ်တဲ့ တရားစီရင်ရေး မဏ္ဍိုင်ကို ကန့်သတ် ချုပ်ချယ်တဲ့ ပြဋ္ဌာန်းချက်တွေ ပါတယ်။ နောက်တခုက အချုပ်အခြာအာဏာဟာ ပြည်သူလူထုထံက ဆင်းသက်ရမယ်ဆိုတဲ့ အခြေခံမူနဲ့ ဆန့်ကျင်တဲ့ဟာတွေ ပါတယ်။

“အခုလို စစ်တပ်က ၂၅% ယူကတည်းက ပြည်သူလူထုထံက အချုပ်အခြာအာဏာ ဆင်းသက်ရမယ် ဆိုတာနဲ့ ဆန့်ကျင်နေတယ်။ ဒါကြောင့် အစကတည်းက မစစ်မှန်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ပါတီ မှတ်ပုံတင်ရေး ဥပဒေကို ဆန့်ကျင်တဲ့ အနေနဲ့ မှတ်ပုံ မတင်ခြင်းလည်း ဖြစ်တယ်၊ ရွေးကောက်ပွဲ မ၀င်ခြင်းလည်း ဖြစ်တယ်လို့ ကျနော်တို့ မြင်ပါတယ်။ လွတ်လပ်မှုနဲ့ တရားမျှတမှု ဆိုတာကတော့ တော်တော်ကို ဝေးပါသေးတယ်။”

NCGUB အဖွဲ့ရဲ့ ကုလသမဂ္ဂ ကိုယ်စားလှယ် ဒေါက်တာ သောင်းထွန်း ပြောသွားတာ ဖြစ်ပါတယ်။

Ref: VOA News

Read More...

စစ်ရေးတင်းမာမှုကြောင့် အပစ်ရပ် SSA တပ်ဖွဲ့များ မိုင်းရှုးမှထွက်ခွာ

Wednesday, 12 May 2010 21:32

မြန်မာစစ်တပ်နှင့် ပြည်သူ့စစ်အသွင်ပြောင်း ဖွဲ့စည်းရေး လက်မခံသေးသည့် အပစ်ရပ် သျှမ်းပြည် တပ်မတော်(SSA) လက်အောက်ခံ တပ်မဟာ ၁ တပ်ဖွဲ့ တို့ကြား လတ်တလော စစ်ရေးတင်းမာမှုများ ဖြစ်ပေါ်နေသောကြောင့် မေလဆန်းပိုင်းမှ စ၍ တပ်မဟာ ၁ တပ်ဖွဲ့များ မိုင်းရှုးမြို့နယ် ကျောက်တွင်းများမှ ထွက်ခွာနေသည်။

ပုဂ္ဂလိကကျောက်တူးကုမ္ပဏီများအတွက် အခကြေးငွေဖြင့် လုံခြုံရေးယူနေသော တပ်မဟာ ၁ အဖွဲ့များ သျှမ်းပြည် (တောင်ပိုင်း) မိုင်းရှုးမြို့နယ် ကျောက်တွင်းများမှ ပြန်လည် ထွက်ခွာသွားရာ ကျောက်တွင်းများတွင် စိုးရိမ်မှု အရှိန်မြင့်တက် နေကြောင်း မိုင်းရှုးမြို့ရှိ ကျောက်ကုမ္ပဏီ ၀န်ထမ်းတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ဒီတစ်ပတ်အတွင်း အခြေအနေက တော်တော်ကိုတင်းမာလာတယ် ကျောက်တွင်းတွေမှာ လုံခြုံရေး ယူထားတဲ့ သျှမ်းအဖွဲ့တွေ ပြန်ရုပ်သွားပြီ မိုင်းရှုးကနေ ၁၈ မိုင်လောက်ဝေးတဲ့ နေရာမှာ သျှမ်းတပ်ဖွဲ့ စခန်းတစ်ခု ရှိတယ် အဲဒီစခန်းမှာလည်း ရုံးအစောင့်ပဲ ထားတော့တယ် အားလုံး တောထဲပြန်ဝင်သွားတဲ့ သဘောရှိတယ် ” ဟု သူက ပြောသည်။

အပစ်ရပ်အက်အက်အေ တပ်မဟာ ၁ ဋ္ဌာနချုပ်ရှိရာ ၀မ်ဟိုင်းဒေသအနီးသို့ မြန်မာစစ်တပ်များ ချဉ်းကပ် နေရာယူထားပြီး စ၀်ယွက်ဆစ် ခေါင်းဆောင်သည့် သျှမ်းပြည်တပ်မတော် (တောင်ပိုင်း) အဖွဲ့များလည်း အဆိုပါဒေသသို့ ထိုးဖေါက်ရောက်ရှိ နေကြောင်း သိရသည်။

“သျှမ်းတပ်ဖွဲ့တွေကို လုံခြုံရေးယူဖို့ငှားတာက ကုမ္ပဏီတွေက လစာပေးပြီးငှားတာပေါ့ သူတို့ရှိတော့ ကျောက်ခိုးတာတို့ ဗမာပြည်က လာတဲ့ အလုပ်သမားတွေကို ထိန်းရတာပိုပြီး အဆင်ပြေတာပေါ့” ဟု သူက ပြောသည်။

၂၀၀၈ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် ကမ္ဘာ့ဘဏ္ဍာငွေကြေး အကြပ်အတည်း ကာလမှစ၍ မိုင်းရှုးကျောက်ဈေးကွက် ယိုင်နဲ့ နေပြီး စစ်တပ်နှင့် ဆက်နွယ်သည့် ကြံ့ဖွံ့ သျှမ်းရိုးမ စီးပွားရေးဦးပိုင် လိမိတက် စသည့် ကျောက်တူး ကုမ္ပဏီများမှ လွဲ၍ ကျန် ပုဂ္ဂလိက ကုမ္ပဏီ အများအပြား လုပ်ငန်း ရပ်ဆိုင်းခဲ့ရကြောင်း သိရသည်။

ထို့အပြင် မြန်မာစစ်တပ်နှင့် သျှမ်းပြည်(မြောက်ပိုင်း) ကိုးကန့်အထူးဒေသ (၁) တပ်ဖွဲ့တို့ စစ်ပွဲဖြစ်ပွားပြီး နောက်ပိုင်း ကိုးကန့် နှင့် ၀ ကျောက်ကုမ္ပဏီ များလည်း လုပ်ငန်း ရပ်ဆိုင်းခဲ့ပြီး ယခု စစ်ရေးတင်းမာ လာချိန်တွင် မိုင်းရူး ကျောက်နယ်မြေ အတွင်း ပိုမို ခြောက်ကပ် လာသည်ဟု သိရသည်။

ဧပြီလကုန်ပိုင်းက စိန်ကျော့အခြေဆိုက် ဦးလွယ်မောဝ်းဦးဆောင်သည့် အပစ်ရပ်သျှမ်းပြည်တပ်မတော် တပ်ဖွဲ့ဝင်များ မြန်မာ စစ်တပ်၏ ပြည်သူ့စစ် အသွင်ပြောင်း ဖွဲ့စည်းရေးကို လက်ခံခဲ့သော်လည်း လက်နက်ကိုင် အင်အား တောင့်တင်းသည့် ၀မ်ဟိုင်း အခြေဆိုက် ဗိုလ်ချုပ်ပန်ဖ ဦးစီးသည့် တပ်မဟာ ၁ အဖွဲ့မှာမူ ဆက်လက် ငြင်းဆန်နေဆဲ ဖြစ်သည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

ရှမ်းတပ်ဖွဲ့တခုလုံး ပြည်သူ့စစ်ဖြစ်ရေး နအဖ လိုလား

ခိုင်လင်း / ၁၂ မေလ ၂၀၁၀

ရှမ်းပြည်နယ် (မြောက်ပိုင်း) အထူးဒေသ (၃)၊ ရှမ်းပြည်တပ်မတော် (အက်စ်အက်စ်အေ) မှ ဥက္ကဋ္ဌအပါအဝင် ခေါင်းဆောင်အချို့က ပြည်သူ့စစ် တပ်ဖွဲ့ အသွင်ပြောင်းရေးကို သဘောတူခဲ့သော်လည်း စစ်အစိုးရဘက်က လက်မခံဘဲ တပ်ဖွဲ့တခုလုံး အသွင် ပြောင်းရေးကိုသာ လိုလားနေသည်။

ဧပြီ (၂၂) ရက်နေ့က ရှမ်းပြည်တပ်မတော် ဥက္ကဋ္ဌ ဦးလွယ်မောင်း၊ ဒု-ဥက္ကဋ္ဌ စပ်ကိုင်ဖ ဦးဆောင်သည့် ခေါင်းဆောင်အချို့က လားရှိုးမြို့ရှိ အရှေ့ မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) တွင် ပြည်သူ့စစ် အသွင်ပြောင်းရန် သဘောတူကြောင်း ပြောဆိုပြီးသော်လည်း တပ်မဟာ (၁) တပ်မဟာမှူး ဗိုလ်မှူးကြီး ပန်ဖ ဦးဆောင်သည့်အဖွဲ့က လက်မခံသေးသည့်အတွက် နအဖဘက်က အချင်းချင်း စည်းရုံးနားချရန် ပြောဆိုထားသဖြင့် အဖွဲ့အတွင်း အကျပ်အတည်း ဖြစ်နေသည်ဟု ရှမ်းတပ်ဖွဲ့နှင့် နီးစပ်သူတဦးက ပြောသည်။

၎င်းက “ဗိုလ်ပန်ဖ လက်မခံရင်လည်း ထားလိုက်၊ လက်ခံတဲ့လူတွေနဲ့ ပြည်သူ့စစ်ဖွဲ့မယ်ဆိုတဲ့ သဘောထား နအဖမှာ မရှိဘူး။ သူတို့က တစုံလုံး ရချင်နေတာ။ ရှမ်းအမျိုးသားတပ်မတော် (အက်စ်အက်စ်အန်အေ) လက်နက်ချတော့ တပ်မဟာတခုချင်း အလိုက် လက်နက်ချပွဲတွေ လုပ်သွားခဲ့တာပဲ။ အခုကိစ္စမှာလည်း စိန်ကျော့ဌာနချုပ်အဖွဲ့က လက်ခံနေရင် စိန်ကျော့ဌာနေ ပြည်သူ့စစ်ဆိုပြီး ဖွဲ့လို့ရနေတာပဲ။ ဗိုလ်ပန်ဖ လက်မခံတာကို သိနေလျက်သားနဲ့ ရမခက တမင်အကျပ်ကိုင်နေတာ။ အခုတော့ ဟိုမရောက် ဒီမရောက်ဖြစ်နေတာပေါ့” ဟု ပြောသည်။

ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်တွင်းရှိ စိန်ကျော့တွင် အခြေစိုက်ထားသည့် အက်စ်အက်စ်အေ ဌာနချုပ်ရုံးအဖွဲ့နှင့် ဥက္ကဋ္ဌ ဦးလွယ်မောင်း အပါအဝင် ခေါင်းဆောင်အချို့က ပြည်သူ့စစ်တပ်ဖွဲ့အသွင်ပြောင်းရေးကို သဘောတူခဲ့သော်လည်း ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်ဒေသအခြေစိုက် အက်စ်အက်စ်အေ၊ တပ်မဟာ (၁) အဖွဲ့ကမူ ပြည်သူ့စစ်အသွင်ပြောင်းရေး လက်မခံသေးသဖြင့် နအဖဘက်က အသွင်ပြောင်းပွဲ အခမ်းအနား မပြုလုပ်ပေးသေးကြောင်း ရှမ်းတပ်ဖွဲ့နှင့် နီးစပ်သူတဦးက ပြောသည်။

၎င်းက “အခုက ရမခက ပြန်ကျပ်နေတာက ဗိုလ်ပန်ဖတို့ ပါလာအောင်လုပ်ခဲ့ဆိုပြီး ပြောထားတယ်။ လက်မခံတဲ့ သူတွေရဲ့ စာရင်းပေး ဆိုပြီး ဖြဲခြောက်နေတယ်။ ဗိုလ်ပန်ဖတို့နဲ့ ပြဿနာတက်အောင် လုပ်နေတာ။ အချင်းချင်း တိုက်ကြအောင် နအဖ ကျပ်ပေးနေတာ။ မုံးကိုးတို့၊ ကိုးကန့်အဖွဲ့တွေမှာ အဖွဲ့တွင်း ပြဿနာတက်တော့ ဝင်တိုက်သလိုမျိုး ကြားကနေ အချောင်ဝင်သိမ်းဖို့ လုပ်ချင်တာ။ ဒါကို ရှမ်းကလည်း သဘောပေါက်တယ်” ဟု ပြောသည်။

ရှမ်းပြည်တပ်မတော်အဖွဲ့သည် ၁၉၈၉ ခုနှစ်၊ စက်တင်ဘာ (၂၄) ရက်တွင် လားရှိုးမြို့၌ စစ်အစိုးရနှင့် အပစ်ရပ်စဲရေး သဘောတူညီချက် ရယူခဲ့ပြီး ပြည်သူ့စစ်အသွင်ပြောင်းရန် နအဖဘက်က ပြီးခဲ့သည့် ဧပြီလကတည်းက ဖိအားပေး ပြောဆိုနေခဲ့သည်။

Ref: ခေတ်ပြိုင်

Read More...

ဒီကေဘီအေ တပ်ဖွဲ့ဝင်အားလုံး နယ်ခြားစောင့်တပ် အသွင်ပြောင်း

ရဲရင့် / ၁၂ မေလ ၂၀၁၀

နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးကို ဒီကေဘီအေအဖွဲ့အတွင်းမှ လက်မခံဘဲ ငြင်းဆန်နေသည့် တပ်မဟာ (၅) သည် ယမန်နေ့က နယ်ခြားစောင့်တပ် အဖြစ် သဘောတူ လက်ခံလိုက်ပြီဖြစ်သည်။

ဒီကေဘီအေဗဟိုနှင့် လက်အောက်ခံတပ်မဟာ (၅) တို့အကြား နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ကိစ္စနှင့် ပတ်သက်၍ ဖြစ်ပေါ်နေသည့် တင်းမာမှုများသည် ပြီးဆုံးသွားပြီ ဖြစ်သည်ဟု ဒီကေဘီအေ အဆင့်မြင့် အရာရှိတဦးက ပြောသည်။

နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် ငြင်းဆန်နေသည့် တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (ဒီကေဘီအေ) တပ်မဟာ (၅) မှ တပ်မဟာမှူး စောလားပွယ် (နှုတ်ခမ်းမွှေး) ဦးဆောင်သောအဖွဲ့သည် နယ်ခြားစောင့်တပ် အဖြစ် သဘောတူ လက်ခံလိုက်သည့် အတွက် ဒီကေဘီအေ ဗဟိုနှင့် လက်အောက်ခံ တပ်မဟာ (၅) တို့အကြား ဖြစ်ပေါ်နေသည့် တင်းမာမှု ပြီးဆုံးသွားပြီဖြစ်သည်။

ဒီကေဘီအေ တပ်မဟာ (၅) မှ ဗိုလ်မှူးချုပ်စောလားပွယ်နှင့် လက်အောက်ခံတပ်ရင်းမှူးများသည် မြ၀တီမြို့တွင် အရှေ့တောင်တိုင်း ဒု-တိုင်းမှူး ဗိုလ်မှူးချုပ်ဇော်မင်းနှင့် အဖွဲ့ဝင်များထံတွင် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် ယမန်နေ့က သဘောတူ လက်မှတ် ရေးထိုးခဲ့သည်။

ယခင်လက ဒီကေဘီအေအဖွဲ့အတွင်း နယ်ခြားစောင့်တပ် အသွင်ပြောင်းမည့်ကိစ္စ ဆွေးနွေးညှိနှိုင်းရေးအတွက် မြိုင်ကြီးငူ ဌာနချုပ်သို့ ပြန်လာရန် ဗဟိုမှ ဆင့်ခေါ်မှုကို စောလားပွယ်နှင့် အဖွဲ့က သွားရောက်ရန် ငြင်းဆန်ခဲ့သည့် နောက်ပိုင်း တင်းမာမှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဒီကေဘီအေ တပ်မဟာ (၅) မှလွဲ၍ ဗဟိုနှင့်လက်အောက်ခံတပ်မဟာနှင့် တပ်ရင်းတပ်ဖွဲ့များက ယခင်လ အတွင်းက နယ်ခြားစောင့်တပ် အဖြစ် ပြောင်းရန် သဘောတူ လက်မှတ်ရေးထိုး ခဲ့ကြသည်ဟု ဒီကေဘီအေ (၉၉၉) တပ်မဟာမှ တပ်မှူးတဦးက ပြောသည်။

ဗိုလ်မှူးချုပ်စောလားပွယ် (နှုတ်ခမ်းမွှေး) ဦးဆောင်သည့် ဒီကေဘီအေ တပ်မဟာ (၅) လက်အောက်တွင် တပ်မဟာ(၅) ဗျူဟာ (၁) ခုနှင့် လက်အောက်ခံ တပ်ရင်း (၅) ရင်းရှိပြီး စစ်သည်အင်အား (၁,၀၀၀) ခန့်ရှိသည်ဟု သိရသည်။

ဒီကေဘီအေသည် နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲရာတွင် ၎င်းတို့၏တပ်ဖွဲ့ဝင် အင်အား (၅,၀၀၀) ကျော်ကို (၁,၀၀၀) အထိ လျှော့ချ ရမည်ဟုလည်း သဘောတူညီချက်တွင် ပါရှိသည်ဟု ယင်းတပ်မှူးက ပြောသည်။

တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသား တပ်မတော် (ဒီကေဘီအေ) သည် ၁၉၉၄ ခုနှစ်တွင် ကေအန်ယူမှ ခွဲထွက်ခဲ့ပြီး နအဖနှင့် ပူးပေါင်းခဲ့သည့် အဖွဲ့ ဖြစ်သည်။

Ref: ခေတ်ပြိုင်

Read More...

Wednesday, May 12, 2010

ဝ နယ်ထဲတိုက်ပွဲဖြစ်လျှင် ယူနန်နယ်မှ စစ်သည် ၃ သိန်းကူညီမည်ဟု သတင်းပျံ့

Tuesday, 11 May 2010

ကိုးကန့်အရေးအခင်းမှရသည့် သင်္ခဏ်းစာကြောင့် ၀ နယ်အတွင်းသို့ နအဖ ကျူးကျော် ရန်စလာပါက ယူနန်နယ် တရုတ်စစ်သည်များ ပီကင်းအမိန့် မစောင့်ဆိုင်းဘဲ အင်အား ၃ သိန်း ချက်ချင်းပို့မည် ဆိုသည့် သတင်း ၀ လူထုကြား ပျံ့နှံ့လျက် ရှိကြောင်း စုံစမ်း သိရှိရပါသည်။

“နယ်စပ် တရုတ်အာဏာပိုင်တွေနဲ့ ၀င်ဆန့်တဲ့ အသိုင်းအ၀ိုင်းက တဆင့် ၀ လူထုကြား သတင်း ပျံ့နေတာက ဗမာတပ်တွေ ၀ နယ်ထဲ ကျူးကျော် တိုက်ခိုက်ခဲ့ရင် ကိုးကန့်လို အဖြစ်မခံတော့ဘဲ ချက်ခြင်း စစ်ကူပေးမယ်တဲ့” - ပန်ဆန်းမြို့ခံ တဦးက ပြောပါသည်။

ဧပြီ ၂၈ ရက် အသွင်ပြောင်းရေးအစီအစဉ် တနှစ်ပြည့်သည့်နေ့နောက်ပိုင်း နယ်ခြားစောင့်တပ်၊ ဌာနေပြည် သူ့စစ် တပ်ဖွဲ့ အဖြစ်သို့ အသွင် ပြောင်းခြင်း မရှိလျှင် ဥပဒေပြင်ပ အသင်းအဖြစ် အပစ်ရပ် တပ်ဖွဲ့များ ကြေငြာ ခံရမည်ဟု စရဖ အရာရှိချုပ် ဒုဗိုလ်ချုပ်ကြီး ရဲမြင့်က သတိပေးထားခဲ့၏။ လက်တွေ့ တရားဝင် ထုတ်ပြန်ကြေငြာ ခြင်းမရှိသော်လည်း အမှန်တကယ် အကောင်အထည် ဖေါ်ပါက ၀ ပြည် သွေးစည်းရေး တပ်မတော် အနေဖြင့် ခုခံ တိုက်ခိုက်ရန် အဆင်သင့် ပြင်ဆင်ထားကြောင်း- ၀ အရာ ရှိအသိုင်းအ၀ိုင်းမှ ကြားသိရပါသည်။

“ကျနော်တို့ကြားရတာက ယူနန်ပြည်နယ်က တရုတ်ပြည် လုံခြုံရေးတပ်ဖွဲ့တွေပေါ့၊ တကယ်လို့ ၀ ကို နအဖက ကျူးကျော် တိုက်ခိုက်လာရင် ပီကင်းအမိန့် မစောင့်တော့ဘဲ လက်နက်နဲ့အတူ စစ်အင်အား သုံးသိန်း ချက်ချင်း ပို့လာပေးမယ် ဆိုပဲ။ ကိုးကန့်တုန်းက နအဖ ကျူးကျော်တဲ့ လုပ်ရပ်ကို သူတို့ လုံးဝ မကျေနပ်ဘူး၊ အဲဒီလိုမျိုးလဲ အဖြစ်မခံတော့ဘူး ဆိုပဲ” - ပန်ဆန်းရောက် ဗမာအမျိုးသား တဦးက ပြောပါသည်။

သို့သော် တရုတ်တပ်မှ စစ်အင်အားသုံးသိန်း ချက်ချင်း စစ်ကူပေးမည်ဆိုသည့် ကိစ္စမှာ မဖြစ်နိုင်ကြောင်း၊ ချန်းယွန် ၀ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသမှ ၀ လူထု အနေဖြင့် စားနပ်ရိက္ခာနှင့် လူအင်အားအချို့ ကူညီမည်ဆိုလျှင် ဖြစ်နိုင် သေးကြောင်း - အဆိုပါ ပုဂ္ဂိုလ်က သျှမ်းသံတော်ဆင့်သို့ ဆက်ပြောပြပါသည်။

သီးခြား အတည် မပြုနိုင်သေးသည့် သတင်းအရ ချန်းယွန် ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှ ကွန်မြူနစ် စစ်မှုထမ်းဟောင်း အယောက် ၆၀၀ ခန့် ၀ တပ်ဖွဲ့သို့ ပြန်လည် အမှုထမ်းနေကြောင်း၊ လိုအပ်သည့် ဌာနများ၌ အကြံပေးနေကြကြောင်းလည်း ကြားသိရပါသည်။

နယ်ခြားစောင့်တပ်အသွင်ပြောင်း စာရင်းပေးပို့ရန် ၀ တပ်ဖွဲ့ထံ ပြီးခဲ့သည့် ဧပြီ ၂၃ ရက်နေ့က လားရှိုး တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ်က စာရေး အကြောင်းကြား ခဲ့သည်ဟု ဆို၏။ ၀ တပ်ဖွဲ့ကလည်း ပထမအကြိမ် တောင်းဆိုချက် ၉ ချက်၊ ထို့ထက် လျော့ပေါ့ပြီး ဒုတိယအကြိမ် ထပ်မံတောင်းသည့် ၈ ချက်မှ တပါး အခြားနည်းလမ်း မရှိတော့ကြောင်း၊ UWSA လားရှိုးရုံး တာဝန်ခံမှတဆင့် ချက်ချင်း ပြန်စာ ပေးပို့လိုက်သည်ဟု ဆို၏။

ထို့အတူ ၂၈ ရက်နေ့အထိ အသွင်ပြောင်း မည့်စာရင်းပေးပို့ ခြင်းမရှိက ဥပဒေပြင်ပ/တရားမ၀င် အသင်းအဖွဲ့အဖြစ် ကြေငြာ သွားမည်ဟူသည့် အဆင့်မြင့် ကိုယ်စားလှယ် ဒုဗိုလ်ချုပ်ကြီး ရဲမြင့် ပြောဆိုသည့် အချက်ကြောင့် နအဖအပေါ် ယုံကြည်မှု မရှိတော့ကြောင်း၊ နောက်ပိုင်း နအဖ ထိန်းချုပ်နယ်မြေ အတွင်း ကိုယ်စားလှယ်လွတ် ဆွေးနွေးမည့် အစီအစဉ်လည်း ရှိမည် မဟုတ်ကြောင်း ၀ အရာရှိတဦးက ဤကဲ့သို့ ပြောပြပါသည်။

“ပြင်သင့်ပြင်ထိုက်တဲ့ ပြင်ဆင်မှုတွေကတော့ ကျနော်တို့ ဆက်လုပ်နေမှာဘဲ၊ နအဖ နယ်မြေထဲ ကိုယ်စားလှယ် လွတ်ပြီး ဆွေးနွေးတာတို့ ဘာတို့တော့ ရှိတော့မှာ မဟုတ်ဘူး၊ ဆွေးနွေးချင်ရင်တော့ ကျနော်တို့ နယ်မြေထဲ သူတို့ ကိုယ်စားလှယ် လာရမယ်၊ ကျနော်တို့တော့ သူတို့ကို မယုံလို့ သွားမှာ မဟုတ်တော့ဘူး” - ဟု ဆို၏။

ဧပြီ ၂၃ ရက် နအဖ စစ်တိုင်းမှူးထံ ပြန်စာပေးပို့ပြီး နောက်ပိုင်း ယနေ့တိုင် နအဖ နှင့် ၀ တပ်ဖွဲ့ ထပ်မံ တွေ့ဆုံ ဆွေးနွေးခြင်းလည်း တကြိမ်တခါမျှ မရှိသေးပေ။

Ref: သျှမ်းသံတော်ဆင့်

Read More...

အန်အယ်ဒီ အမျိုးသမီးအဖွဲ့ ပဲခူးတွင် ရေလှူ

ကျော်ခ
အင်္ဂါနေ့၊ မေလ ၁၁ ရက် ၂၀၁၀

ချင်းမိုင် (မဇ္ဈိမ) ။ ။ ရာသီပူပြင်းမှုကြောင့် ရေတွင်း၊ ရေကန်များ ခန်းခြောက်ကာ သောက်သုံးရေ ခက်ခဲနေသော ပဲခူးတိုင်း အတွင်းမှ ကျေးရွာများကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအမျိုးသမီး အဖွဲ့ဝင်များက ရေလှူဒါန်းကြသည်။

အပူရှိန်ပြင်းသဖြင့် ပဲခူးတိုင်းမှ ပဲခူး၊ ဝေါ၊ သနပ္ပင်၊ ကဝ၊ ဒိုက်ဦး စသည့်မြို့နယ်များရှိ ကျေးရွာပေါင်း ၆ဝ ကျော်မှာ ပြီးခဲ့သည့် ဧပြီလ ကုန်ပိုင်းမှစ၍ သောက်သုံးရေ ပြတ်လပ် နေခြင်းဖြစ်သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အမျိုးသမီး တာဝန်ခံ ဒေါက်တာ မေဝင်းမြင့်၊ ဗဟိုအဖွဲ့ဝင် ဒေါ်အေးအေးမာ၊ ပဲခူးတိုင်း အမျိုးသမီး တာဝန်ခံ ဒေါ်လှလှမိုးတို့က ယနေ့တွင် ပဲခူးတိုင်း သနပ္ပင်မြို့နယ်သို့ ရောက်ရှိပြီး ၂ဝ လီတာဆံ့ သောက်ရေသန့်ဗူး ၁၁ဝဝ ကို စတင် လှူဒါန်းခဲ့ကြောင်း သိရသည်။

“ဒီနေ့ သနပ်ပင်ဘက်က ရွာတွေကို စလှူတာပါ။ ကိုယ့်ရှေ့မှာ အလှူရှင်တွေက များတော့ ရေသန့်စက်တွေ လည်ပတ် မနိုင်တော့ သန်ဘက်ခါမှ အလှည့်ကျမှာပါ။ ငွေတော့ ရှင်းပြီးပါပြီ” ဟု ဒေါက်တာ မေဝင်းမြင့်က မဇ္ဈိမကို ပြောသည်။

ပဲခူးတိုင်းလူငယ်၊ သနပ္ပင်မြို့နယ်လူငယ်များနှင့် ပူးပေါင်းကာ သောက်သုံးရေ လိုအပ်နေသည့် ကျေးရွာများသို့ ဖြန့်ဖြူး ပေးသွားမည် ဟုလည်း သိရသည်။

စစ်အစိုးရ ရေးစွဲသည့် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ရွေးကောက်ပွဲ ဥပဒေများသည် တရားမျှတမှု မရှိ သည့်အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD အနေဖြင့် ရွေးကောက်ပွဲ ဝင်မည်မဟုတ်ဘဲ လူမှုရေးလုပ်ငန်း များကိုသာ လုပ်ကိုင်ရန် ယခုနှစ် မတ်လ ၂၉ ရက်နေ့က ဆုံးဖြတ်ခဲ့ကြသည်။

“အခုလို လူထုဒုက္ခရောက်လာရင်တော့ NLD က ဝင်လာရမှာပဲ။ ဘယ်နေရာမှာပဲဖြစ်ဖြစ် လူထုဒုက္ခရောက် လာပြီဆိုရင် တတ်နိုင်တဲ့ ဘက်က ကူညီရမှာပဲ။ ရုံးလည်း ဖွင့်ထားတယ်။ အဖွဲ့ချုပ်က လူတွေလည်း ရုံးတက်နေ ကြတာပဲ” ဟု ဒေါက်တာမေဝင်းမြင့်က ဆက်ပြောသည်။

ပဲခူးတိုင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်များက ရေပြတ်နေသော ကျေးရွာများသို့ မေလ ၂ ရက်နေ့မှ စတင်၍ တနိုင်တပိုင် ဖြန့်ဖြူး ပေးခဲ့ပြီးနောက် မြို့ပေါ်ရှိ စီးပွားရေး လုပ်ငန်းရှင်များကလည်း သောက်ရေသန့် စက်ရုံများမှ ရေဝယ်၍ ဖြန့်ဖြူး ပေးခဲ့ကြသည်။

ပဲခူးစည်ပင်ဌာနနှင့် ရဲဌာနတို့ကလည်း ရေပေးဝေမှုကို သနပ္ပင်မြို့နယ် ရဲစခန်းမှတဆင့် စတင်နေပြီ ဖြစ်ကြောင်း ပဲခူးမြို့ အမှတ် (၂) ရဲစခန်းမှ ရဲအရာရှိတဦးက ပြောသည်။ အပူရှိန်ကြောင့် သနပ္ပင် မြို့နယ်အတွင်း၌ လူအသေအပျောက် ရှိသည်ဟု ရဲအရာရှိက ပြောဆိုသော်လည်း လူဦးရေ အတိအကျကိုမူ ပြောနိုင်ခြင်း မရှိပါ။

“ကျနော်တို့ အမှတ် (၂) ကတော့ ဒီနေ့မှ စလုပ်တာပါ။ ကားကြီး ၂ စီးနဲ့ ချိုးရေရော၊ သောက်ရေရော သနပ္ပင် ကို သွားပို့တာပါ။ စည်ပင်ကတော့ မနေ့က စပေးနေတယ်။ စခန်းမှူးပြောတာ ရွာတော်တော် များတယ် ပြောတယ်။ အမှတ် (၁) နဲ့ (၃) ကလည်း ပို့မယ်လို့တော့ ကြားတယ်” ဟု ရဲအရာရှိက မဇ္ဈိမကို ပြောသည်။

Ref: မဇ္ဈိမ

Read More...

ဘာကြောင့် ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စတာ ကမ်းဘဲလ် ထီးမိုး ဆွေးနွေးကြသလဲ

ရန်ပိုင် Tuesday, May 11, 2010

ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ ကာ့တ် ကမ်းဘဲလ်တို့ ယမန်နေ့က အဆောက်အဦး ပြင်ပတွင် တွေ့ဆုံ ဆွေးနွေးခဲ့ခြင်းသည် စစ်အစိုးရက အသံဖမ်းယူမည်ကို စိုးရိမ်သောကြောင့် ဖြစ်ကြောင်း သုံးသပ် ပြောဆိုနေကြသည်။

ဒေါ်အောင်ဆန်း စုကြည်နှင့် မစ္စတာ ကမ်းဘဲလ်တို့ တနာရီကျော်ကြာ တွေ့ဆုံ ဆွေးနွေး ရာတွင် အစိုးရက စီစဉ်ပေးသည့် ဧည့်ဂေဟာ ဧည့်ခန်း အတွင်း၌ ၁၅ မိနစ်ခန့်သာ စကားစမြည် ပြောဆို ပြီးနောက် အဓိကကျသော ဆွေးနွေးမှုများကို အပြင်ဘက်တွင် ထီးမိုး၍ ဆက်လက် ဆွေးနွေး ခဲ့ခြင်း ဖြစ်သည်။

ယင်းဆွေးနွေး မှုများတွင် မြန်မာ့ နိုင်ငံရေးနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ အခန်းဏ္ဍကို အဓိကထား ဆွေးနွေး ခဲ့ကြောင်း ဧရာဝတီက စုံစမ်း သိရှိရသည်။

၂၀၀၃ ခုနှစ်က ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် မစ္စတာပီညဲရိုး အင်းစိန် အကျဉ်းထောင်တွင် နိုင်ငံရေး အကျဉ်းသားများနှင့် တွေ့ဆုံစဉ် အာဏာပိုင်များက အသံဖမ်းစက်ဖြင့် ခိုးယူ နားထောင်ခဲ့ဖူးသည်။

ယခုခရီးစဉ်နှင့် ပတ်သက်၍ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် စစ်အစိုးရက အတိုက်အခံ ခေါင်းဆောင်များ၊ နိုင်ငံရေး အဖွဲ့ အစည်း များနှင့် ညှိနှိုင်းမှု မရှိဘဲ တရားမျှတမှု မရှိသည့် ရွေးကောက်ပွဲ ကျင်းပရန် စီစဉ်ခဲ့ခြင်းကို မစ္စတာ ကမ်းဘဲလ်က စိတ်ပျက် မိကြောင်း ပြစ်တင် ဝေဖန်သွားခဲ့သည်။

မြန်မာပြည်ခရီးစဉ်နှင့်ပတ်သက်၍ ရန်ကုန်ရှိ အမေရိကန်သံရုံးက ထုတ်ပြန်သော မစ္စတာ ကမ်းဘဲလ်၏ ကြေညာချက်တွင် မြန်မာ့ နိုင်ငံရေးတွင် အဘက်ဘက်က အရေးပါသူများ အားလုံး ပါဝင်ခွင့်ရှိပြီး ဂုဏ်သိက္ခာရှိရှိ တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်သွားရန်၊ နျူကလီးယား နည်းပညာ ပူးပေါင်းဆောင်ရွက်မှုနှင့် ပတ်သက်၍ မြန်မာ အစိုးရအနေဖြင့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက် အမှတ် ၁၈၇၄ ကို လိုက်နာဆောင်ရွက်ရန် ရေးသားထားသည်။

သို့သော် စစ်အစိုးရသည် သန့်စင်ပြီးသား ယူရေနီယံများကို မြောက်ကိုရီးယားနိုင်ငံ၏ နည်းပညာ အကူအညီဖြင့် လာမည့် ၅နှစ် အတွင်း အနုမြူဗုံး ထုတ်လုပ်ရန် စီစဉ်နေသည်ဟု ၂၀၀၉ ခုနှစ် သြဂုတ်လထုတ် Sydney Morning Herald သတင်းစာ၏ ဆောင်းပါးတပုဒ်တွင် ဖော်ပြထားသည်။

မြောက်ကိုရီးယားနိုင်ငံလုပ် မြေပြင်မှ ဝေဟင်ပစ် ဒုံးပျံများ၊ မော်တော်ယာဉ်ပေါ်တွင် တင်၍ ရွှေ့ပြောင်းပစ်ခတ် နိုင်သည့် ဒုံးကျည် ပစ်စင်များကို စစ်အစိုးရက ဘာတာ စနစ်ဖြင့် ကောက်ပဲသီးနှံများနှင့် လဲလှယ်ခဲ့သည်ဟု ပြီးခဲ့သည့် မတ်လထုတ် Australian Journal of International Affairs ဂျာနယ်တွင်လည်း ဆောင်းပါးရှင် အင်ဒရူး ဆတ်သ်က ရေးသားခဲ့သည်။

ထို့အပြင် စစ်အစိုးရ အဖွဲ့ဝင် တဦးဖြစ်သော ဗိုလ်ချုပ်ကြီး သူရရွှေမန်း ခေါင်းဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည် ၂၀၀၈ ခုနှစ် နိုဝင်ဘာလ အတွင်းက မြောက်ကိုရီးယားသို့ လျှို့ဝှက် သွားရောက်ခဲ့သည်။

ထိုခရီးစဉ်တွင် မြောက်ကိုရီးယား စစ်ဦးစီး အရာရှိချုပ် ဗိုလ်ချုပ် ကင်မ် ကျုတ်ဆစ် (Kim Kyok-sik)နှင့် နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာကို လက်မှတ် ရေးထိုးခဲ့ပြီး စစ်ရေး အရ ပူးပေါင်း ဆောင်ရွက်မှုပြုလုပ်ရန် သဘောတူခဲ့ကြကြောင်း သိရသည်။

ခရီးစဉ်အတွင်း မြိုယမ်းရှိ ရေဒါနှင့် ကြားဖြတ် ပိတ်ဆို့မှုဌာန (Radar and jamming units) များ၊ ပြုံယမ်းရှိ လေကြောင်းရန် ကာကွယ်ရေး တပ်များ၊ လေကြောင်းတပ်ဖွဲ့များ၊ ကွန်ပျူတာဖြင့် ထိန်းချုပ် အမိန့်ပေး ဌာနများသို့လည်း သွားရောက် ကြည့်ရှုခဲ့သည့် အပြင် ဥမင်လိုဏ်ခေါင်း အတွင်းရှိ အဆောက်အဦးများတွင် ထုတ်လုပ်နေသည့် မြေပြင်မှ မြေပြင်ပစ် စကဒ် (SCUD) ဒုံးကျည် စက်ရုံများသို့ သွားရောက်၍ လေ့လာကြသေးသည်။

မြန်မာနိုင်ငံရှိ စစ်ရေး အဆောက်အအုံ တချို့ ဆောက်လုပ်ရာ၌ မြောက်ကိုရီးယားက ကူညီ ဆောက်လုပ်ခြင်း၊ ကြီးကြပ်ပေးခြင်း ပြုမည် ဟူသော သဘောတူညီချက်အရ အဆောက်အအုံများတွင် ဒုံးကျည်များ၊ လေယာဉ်များ၊ သင်္ဘောများ သိုဝှက်ထားနိုင်မည် ဟု ဆိုသည်။

၂၀၀၉ ခုနှစ် ဇွန်လကလည်း လက်နက်များ တင်ဆောင်လာသည်ဟု ယူဆရသည့် မြောက်ကိုရီးယား သင်္ဘောတစီး မြန်မာပြည်သို့ ဦးတည် ခုတ်မောင်း နေသည်ဟူသော သတင်းက ကမ္ဘာ့မီဒီယာ၌ ထိပ်တန်းသို့ ရောက်ရှိခဲ့သည်။ တချိန်တည်းမှာပင် မြန်မာ စစ်အစိုးရ၏ နျူကလီးယား ထုတ်လုပ်မည့် အစီအစဉ်နှင့် ပတ်သက်နိုင်ဖွယ် ရှိသော မြေအောက် ဥမင်များ တည်ဆောက်နေမှု ဓာတ်ပုံနှင့် ဗီဒီယို မှတ်တမ်းများကိုလည်း သတင်းဌာနများတွင် ထုတ်လွှင့်ပြသခဲ့သည်။

ပြီခဲ့သည် ဖေဖော်ဝါရီလကလည်း မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံ အီးလ်၏ မွေးနေ့ပွဲကို ရန်ကုန်မြို့မြောက်ကိုရီးယား သံရုံးက စီစဉ် ကျင်းပရာ မြန်မာစစ်အစိုးရ ထိပ်ပိုင်း ခေါင်းဆောင် ကာကွယ်ရေး ၀န်ကြီးဌာနမှ ဒုတိယ ဗိုလ်ချုပ်ကြီး တင်အေး တက်ရောက်ခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေကလည်း မွေးနေ့အတွက် သ၀ဏ်လွှာတစောင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ မစ္စတာ ကမ်းဘဲလ်၏ ကြေညာချက်တွင် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ချင်းမပြုသည့် နိုင်ငံရေး ပါတီများ၏ ဆုံးဖြတ်ချက် ကိုလည်း လေးစားကြောင်း၊ NLDပါတီအနေဖြင့် အနာဂတ်တွင် မည်သည့် ပုံစံမျိုးဖြင့် ရပ်တည်သည်ဖြစ်စေ NLD အပါအ၀င် မြန်မာ ပြည်သူများကို အမေရိကန် ပြည်ထောင်စုက ဆက်လက် ထောက်ခံသွားမည် ဖြစ်ကြောင်း၊ အရေးယူပိတ်ဆို့မှု များကို ရုပ်သိမ်းသွားမည် မဟုတ်ဘဲ ထိတွေ့ဆက်ဆံသည့် မူဝါဒ ကို ဆက်လက် ကျင့်သုံးသွားမည်ဖြစ်ကြောင်း ပါရှိသည်။

ကျင်းပမည့် ရွေးကောက်ပွဲသည် ယုံကြည်နိုင်စရာ မရှိသည့် အကြောင်းအချက်များကို တွေ့မြင်ရသည့်အတွက် နိုင်ငံတကာ၏ တရားဝင် အသိအမှတ် ပြုမှုကို ရရှိမည် မဟုတ်ကြောင်း၊ ကျန်ရှိနေသည့် အချိန်အတွင်း အားလုံး ပါဝင်နိုင်သည့် လမ်းစဉ်ချမှတ်၍ ဆောင်ရွက်ရမည် ဖြစ်ကြောင်းလည်း တိုက်တွန်းထားသည်။

မစ္စတာ ကမ်းဘဲလ်သည် တနင်္ဂနွေနေ့က မြန်မာပြည်သို့ ဒုတိယအကြိမ် လာရောက်ပြီးနောက် ပြန်ကြားရေး ၀န်ကြီး ဦးကျာ်ဆန်း၊ နိုင်ငံခြားရေး ၀န်ကြီး ဦးဉာဏ်ဝင်း၊ သိပ္ပံနှင့် နည်းပညာဝန်ကြီး ဦးသောင်းတို့နှင့်လည်း တွေ့ဆုံခဲ့သည်။

ယင်းအပြင် NLD ဗဟိုကော်မတီအဖွဲ့ဝင်များ၊ မကြာသေးမီက ဖွဲ့စည်းခဲ့ကြသည့် နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များနှင့်လည်း တွေ့ဆုံခဲ့သည်။

Ref: ဧရာဝတီ်

Read More...

ဝန်ကြီးချုပ်နှင့် ၀န်ကြီးများ ရာထူးမှ နုတ်ထွက်ဖွယ်ရှိ

နရီလင်းလက် Tuesday, May 11, 2010

ဝန်ကြီးချုပ် ဦးသိန်းစိန် ခေါင်းဆောင်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) အဖွဲ့ဝင် ၀န်ကြီးများသည် များမကြာမီ လက်ရှိ အစိုးရအဖွဲ့ဝင် ရာထူးမှ နုတ်ထွက် ဖွယ်ရှိ ကြောင်း နေပြည်တော် စစ်တပ် အသိုင်းအ၀ိုင်းက ပြောသည်။

ဝန်ကြီးချုပ် အပါအ၀င် ၀န်ကြီး အများ အပြားသည် မကြာသေးခင်က စစ်တပ်မှ နုတ်ထွက် ခဲ့သည်။ ၀န်ကြီးချုပ်၏ အမည်ကို “ဗိုလ်ချုပ်ကြီး သိန်းစိန်”ဟု စစ်အစိုးရ သတင်းစာများတွင် ဖော်ပြခဲ့ရာမှ ပြီးခဲ့သည့် ဧပြီလ ၂၇ ရက်နေ့မှ စတင်ပြီး “ဦးသိန်းစိန်” ဟု ပြောင်းလဲ ဖော်ပြခဲ့သည်။

ယင်း ပါတီထောင်ခဲ့ ကြသည့် ၀န်ကြီးများ၊ ဒု ၀န်ကြီးများသည် ရာထူးမှ နုတ်ထွက်ကြောင်း ကြေညာ နိုင်ဖွယ်ရှိသည့် USDP ၏ ပထမဆုံး အကြိမ် သတင်းစာ ရှင်းလင်းပွဲ တရပ်ကို များမကြာမီတွင် နေပြည်တော်၌ ကျင်းပရန် ရှိကြောင်း ကက (ကြည်း) မှ စစ်အရာရှိကြီး တဦးက ပြောဆိုသည်။

“သတင်းစာရှင်းလင်းပွဲကို နေပြည်တော်မှာရှိတဲ့ ပါတီရုံးချုပ်မှာလုပ်မယ် ပြောတယ်၊ ပါတီရန်ပုံငွေ ကိစ္စတွေကိုလည်း ဆွေးနွေး လိမ့်မယ်လို့ သိရတယ်”ဟု သူကပြောသည်။

ထိုသို့ ၀န်ကြီးများ နုတ်ထွက်ပြီးနောက် လက်ရှိအစိုးရ ယန္တရားကို တာဝန်ယူမည့် အစိုးရ တရပ်ဖွဲ့စည်းကာ ယင်းအစိုးရ အဖွဲ့၌ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံဖြိုးတိုးတက်မှု ၀န်ကြီး ဦးစိုးသာ က ယာယီ ၀န်ကြီးချုပ်အဖြစ် တာဝန် ယူသွားလိမ့်မည်ဟု လည်း နေပြည်တော် စစ်တပ်အသိုင်း အ၀န်းတွင် သတင်း ထွက်ပေါ်နေသည်။

နေပြည်တော်တွင် USDP ဌာနချုပ်ကို အခြေစိုက်မည်ဖြစ်ပြီး မြို့တော်ဟောင်း ရန်ကုန်၊ မန္တလေးနှင့် အခြားမြို့ကြီးများတွင် ဒေသဆိုင်ရာ ရုံးခွဲများကို ဖွင့်လှစ်သွားမည်ဟု အထက်ပါ စစ်အရာရှိကြီးက ဆက်လက် ပြောဆိုသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း(USDA)သည် သီးခြားဆက်လက် တည်ရှိသွားမည်ဖြစ်ပြီး USDP အနေနှင့် ပါတီဝင်များ ရန်ပုံငွေ အတွက် လစဉ်ကြေးများ ပေးရမည်ဖြစ်ပြီး စီးပွားရေး လုပ်ငန်းရှင်ကြီးများမှာ ပါတီအတွက် လိုအပ်သည့် အဆောက်အအုံများ၊ ယာဉ်နှင့် ရန်ပုံငွေများကို လှူဒါန်းကြရမည် ဖြစ်ကြောင်းသိရသည်။

စက်မှု(၁) ၀န်ကြီး ဦးအောင်သောင်း အပါအ၀င် USDP မှ အထက်မြန်မာနိုင်ငံတွင် ၀င်ရောက် အရွေးခံမည့် ၀န်ကြီး ၄ ဦးသည် နေပြည်တော်၌ ယခုလအတွင်း ပါတီဝင်များနှင့် တွေ့ဆုံခဲ့ကြောင်း ရန်ကုန် အခြေစိုက်ပြည်တွင်း ဂျာနယ် သတင်းထောက်တဦး က ပြောသည်။

နအဖ ၀န်ကြီးတဖွဲ့လုံး ၎င်းတို့၏ စစ်တပ်ရာထူးများကို စွန့်လွှတ်ခဲ့သော်လည်း ၀န်ကြီးအားလုံး ရွေးကောက်ပွဲဝင်မည် မဟုတ်ဘဲ အစိုးရ အုပ်ချုပ်ရေး ယန္တရားများ ရပ်မသွားစေရန် ၀န်ကြီးနှင့် ဒုဝန်ကြီး တချို့က အစိုးရအဖွဲ့ကို ဆက်လက် တာဝန်ယူမည်ဟု စစ်တပ် အသိုင်းအ၀န်းက ပြောဆိုသည်။

“အဲဒီ ကျန်ခဲ့တဲ့ ၀န်ကြီးနဲ့ ဒုဝန်ကြီးများက ၀န်ကြီးဌာနတွေကို ခေတ္တ၀န်ကြီးတွေအနေနဲ့ တွဲကိုင်ကြလိမ့်မယ်၊ စစ်ဗိုလ်ချုပ်တွေ ကို တွဲကိုင်ခိုင်းဖို့ ကျတော့ သူတို့ ကိုယ်တိုင်က တပ်မတော်အစိုးရလို့ မသုံးစွဲခိုင်းတဲ့ အတွက် တပ်မတော်က အရာရှိကြီးတွေ လာခွင့် မရတော့ဘူး”ဟု စစ်တပ် အရာရှိကြီး တဦး က ပြောသည်။

အစိုးရအဖွဲ့တွင် ကျန်ခဲ့မည်ဟု အမည်ထွက်နေသည့် ၀န်ကြီးနှင့် ဒု ၀န်ကြီးများမှာ -

၁။ ဦးဉာဏ်ဝင်း (နိုင်ငံခြားရေးဝန်ကြီးဌာန)
၂။ ဦးသောင်း (သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန)
၃။ ဦးမောင်ဦး (လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန)
၎။ ဦးအောင်ကြည် (အလုပ်သမားဝန်ကြီးဌာန၊ ဆက်ဆံရေးဝန်ကြီးဌာန)
၅။ ဦးခင်အောင်မြင့်(ဆောက်လုပ်ရေးဝန်ကြီးဌာန)
၆။ သူရ ဦးမြင့်မောင် (သာသနာရေးဝန်ကြီးဌာန)
၇။ သူရ ဦးအေးမြင့်(အားကစားဝန်ကြီးဌာန)
၈။ ဦးသိန်းညွန့်(နေပြည်တော် စည်ပင်သာယာရေး ကော်မတီ)
၉။ ဦးမောင်မောင်ဆွေ(လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး)
စသည်တို့ ပါဝင်ကြောင်း သိရသည်။

Ref: ဧရာဝတီ်

Read More...

ရဲချုပ် ခင်ရီ၏ သတင်းစာ ရှင်းလင်းပွဲ အလွဲများ

ခက်ထန် Tuesday, May 11, 2010

သင်္ကြန်ဗုံးကွဲမှုနှင့် ပတ်သက်၍ ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲ၌ ရဲချုပ် ခင်ရီ၏ ပြောကြား ချက်များတွင် ရှေ့နောက် မညီသည့် လွဲချော်မှုများ တွေ့ရသည်။

အချိန်နှင့် ပတ်သက်၍ ဗုံးကွဲမှုအပေါ် စွပ်စွဲခံရသူ ၄ ဦး၏ ပြည်တွင်း၊ ပြည်ပ ချိတ်ဆက်မှုများ၊ ပြည်တွင်း လှုပ်ရှားမှုများနှင့် အခင်း ဖြစ်ပွားချိန် တို့တွင် လွဲချော်မှုများ ရှိနေသည်။ အဖြစ်အပျက် ဆိုင်ရာတွင် ကွန်ရက်ကို ပုံဖော်ခြင်းနှင့် ပြည်တွင်း မီဒီယာများက ဖော်ပြသည့် အစောပိုင်း သတင်းတို့ ကွဲလွဲချက်များ ရှိနေသည်။ အချက်အလက် ဆိုင်ရာတွင် စစ်ဆေး မေးမြန်းမှုဖြစ်စဉ်၊ စွပ်စွဲခံရသူများ၏ မိသားစု ရေးရာနှင့် ဖြစ်ရပ် နောက်ခံ အကြောင်းအရာ ရှေ့နောက် မညီမှုများ တွေ့ရသည်။

မေလ ၆ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သွားသော အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင် ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီက သင်္ကြန်ဗုံးကွဲမှုနှင့် ပတ်သက်၍ အင်ဂျင်နီယာ တဦးဖြစ်သည့် ဖြိုးဝေအောင်နှင့် နယ်စပ်သို့ ထွက်ပြေး လွတ်မြောက် သွားသည် ဆိုသူ ၃ ယောက်တို့ကို ဇယား အချိတ် အဆက် များဖြင့် စွပ်စွဲ ပြောဆို ရှင်းလင်း ထားသည်။

ကန်တော်ကြီး ပတ်လမ်းရှိ X2O သင်္ကြန် မဏ္ဍပ်တွင် ဖြစ်ပွားခဲ့သော ဗုံး ၃ လုံး ပေါက်ကွဲမှုနှင့် ချိန်ကိုက်ဗုံးတလုံး တွေ့ရှိမှု တို့အတွက် သီဟဇော် (ခ) သူရဇော် (ခ) ဗိုလ်သူ (ခ) ဇော်ထက် (ခ) သိန်းထိုက်၊ အောင်ကြီး (ခ) အုန်းကျော်ဌေး၊ မျိုးအေး (ခ) စိုးမိုး၊ ဖြိုးဝေအောင် (ခ) သက်ခိုင် နှင့် သက်ပြင်း (ခ) နေမျိုးဝင်း တို့ကို စွပ်စွဲထားသည်။

အချိန်ကာလနှင့် ပတ်သက်၍ ပထမဆုံး လူသိများနေသည့် အမှားမှာ စွမ်းအားမြှင့် မြန်မာ ကျောင်းသား စစ်သည်တော်များ အဖွဲ့ (Vigorous Burmese Student Warriors – VBSW) က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးကို ဝင်ရောက် စီးနင်းသော ရက်စွဲဖြစ်သည်။ ရဲချုပ် ခင်ရီက ၁၉၉၀ အောက်တိုဘာ ၁ ရက်ဟု ပြောသွားသော်လည်း အမှန်မှာ ၁၉၉၉ အောက်တိုဘာ ၁ ရက်နေ့ ဖြစ်သည်။

စိတ်ဝင်စားဖွယ် တခြား အချိန်ကာလ လွဲချော်မှုမှာ ကိုအုန်းကျော်ဌေး၏ လက်ထပ်ပေါင်းသင်းမှု ကိစ္စဖြစ်သည်။ ရဲချုပ်ခင်ရီက ၂၀၁၀ ဇန်နဝါရီ ၁ ရက် တွင် သီဟဇော် (ခ) သူရဇော်နှင့် အုန်းကျော်ဌေးတို့ ထိုင်း - မြန်မာနယ်စပ် မဲဆောက်မြို့မှ ရန်ကုန်သို့လာသည်၊ ၂၀၁၀ ဇန်နဝါရီ ၂ ရက်မှ ၁၆ ရက်နေ့ အထိ စမ်းချောင်းတွင် ဧည့်စာရင်း တိုင်ပြီး နေသည်ဟု ဆိုသည်။

ထိုမှ သန်လျင်သို့ ပြောင်းပြီးနောက် အိမ်ရှင်၏ တူမဖြစ်သူ ဒေါ်ရီရီမြင့်နှင့် ကိုအုန်းကျော်ဌေးတို့ တွေ့ဆုံကြသည်။ ထိုအချိန်မှစ၍ ရက် ၂၀ ဝန်းကျင်အကြာ ၂၀၁၀ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် လက်ထပ်ခဲ့ကြသည်။ တွေ့ဆုံ ချစ်ကြိုက်သည့်ကာလ နည်းသည် များသည်မှာ ယင်းတို့၏ ကိုယ်ရေးကိုယ်တာ ဖြစ်သော်လည်း ရဲချုပ် ခင်ရီ နောက်ပိုင်းတွင် ထည့်သွင်း ပြောဆို သွားသော အချက်တချက်ကြောင့် လွဲချော် သွားသည်ကို တွေ့ရသည်။

ကိုအုန်းကျော်ဌေးသည် ၂၀၁၀ ဇန်နဝါရီ လကုန်ပိုင်းတွင် ရက် ၂၀ ခန့် ခရီးထွက်နေသည်ဟု ဇနီး ဒေါ်ရီရီမြင့်က ထွက်ဆို ကြောင်း ရဲချုပ် ခင်ရီက ပြောသည်။ ဆုံတွေ့ လက်ထပ်သည့် အချိန်ကာလနှင့် ခရီးထွက်သည့် အချိန်ကာလမှာ အရေအတွက် တူနေသဖြင့် ဟာကွက် ပေါ်နေသည်။

နောက်ထပ် အရေးကြီးသည့် အချိန်ကာလနှင့် ပတ်သက်သော အချက်မှာ ဗုံးပေါက်သည့် အခင်းဖြစ်ပွားရာနေရာ၌ ဖြိုးဝေအောင် ရှိ၊ မရှိ ဆိုသော ကိစ္စဖြစ်သည်။

“ကျမ အမျိုးသားက သင်္ကြန်ပိတ်ရက်အတွင်း အပြီးလုပ်ရမယ့် ရန်ကင်းစင်တာ အလုပ်ခွင်ထဲမှာ ရှိနေတာ” ဟု ဖြိုးဝေအောင်၏ ဇနီး မဌေးက ဧရာဝတီသို့ ပြောခဲ့သည်။ စဉ်းစားရန် အချက်မှာ စစ်အစိုးရ တာဝန်ရှိသူများသည် ထိုလုပ်ငန်းခွင်တွင် ရှိနေနိုင် သူများကို ခေါ်ယူ မေးမြန်းကြောင်း မတွေ့ရသည့် အချက် ဖြစ်သည်။

စွပ်စွဲခံရသူ ၄ ဦးတို့ ပြည်တွင်းပြည်ပ ချိတ်ဆက်ကြပုံကို ဖော်ပြရာတွင်လည်း ဇာတ်ကွက် မမိမှုများ တွေ့ရသည်။

မဲဆောက်တွင် တပတ်ခန့် နေခဲ့သော ဖြိုးဝေအောင် သည် ၂၀၀၉ ခုနှစ် ဒီဇင်ဘာလတွင် မျိုးအေး (ခ) စိုးမိုးနှင့်အတူ ပြည်တွင်းသို့ ပြန်ဝင်လာကြောင်း၊ အိမ်မငှားရသေးခင် ဖြိုးဝေအောင် အိမ်၌ အတူနေခဲ့ကြောင်း၊ ထို့နောက် တိုက်ခန်းငှားခ ပေးချေခဲ့ပြီး အိမ်သော့ နှစ်ချောင်းကို တချောင်းစီ ယူထားကြကြောင်း၊ ဖြိုးဝေအောင်က သီဟဇော်ထံ အိမ်ငှားပြီးသည်ကို G-talk နှင့် အကြောင်းကြားကြောင်း ရဲချုပ် ခင်ရီက အစောပိုင်းတွင် ပြောထားသည်။

ထို့ကြောင့် ဖြိုးဝေအောင်နှင့် မျိုးအေး (ခ) စိုးမိုးတို့သည် အတူတူ ရှိနေခဲ့ပြီး အဆက်အသွယ်လည်းရှိသည်ဟု နားလည်ရသည်။ သို့သော် နောက်တနေရာတွင် ရဲချုပ်ခင်ရီက “၂၀၁၀ ဧပြီလ ပထမပတ်အတွင်း ဖြိုးဝေအောင်ကို သီဟဇော်က On Line ပေါ်တွင် အဆက်အသွယ်ပြုပြီး လက်ကိုင်ဖုန်းဖြင့် ဖောက်ခွဲမှု ကျွမ်းကျင်သည့် မျိုးအေး (ခ) စိုးမိုးအား ပြည်တွင်းသို့ စေလွှတ် လိုက်သည်” ဟု ဆိုထားရာ ပြောခဲ့ပြီးသော အချက်နှင့် နောက်ထပ် ပြောဆိုသည့်အချက်တို့ တလွဲတချော် ဖြစ်နေသည်။

အတူတူလာခဲ့ပြီး အခန်းသော့ပင် အတူတူ ခွဲယူထားကြသူများကို တဦးနှင့် တဦး မသိကြသေးသကဲ့သို့ သီဟဇော်က အွန်လိုင်းမှ အကြောင်းကြား ချိတ်ဆက် ပေးသည် ဆိုသည်မှာ ရှေ့နောက် မညီပေ။

ပြည်တွင်း မီဒီယာများတွင် ပါရှိလာသော ကွဲလွဲနေသည့် အဖြစ်အပျက်လည်း ရှိသေးသည်။ သတင်းစာ ရှင်းလင်းပွဲ မတိုင်ခင် လျှပ်တပြက်ဂျာနယ်တွင် “ပလတ်စတစ်အိတ်ဖြင့် ထုပ်ထားသော လက်ပစ်ဗုံးများကို X2O မဏ္ဍပ်စင်ပေါ်သို့ ပစ်တင်နေစဉ် သပြေကုန်းရပ်ကွက် ဥက္ကဋ္ဌ ဦးထွန်းထွန်းဦးက ဟိုမှာ မဏ္ဍပ်ပေါ်ကို ဗုံးနဲ့ ပစ်နေပြီ ဝပ် ဟုပြောပြီး မကြာခင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ၎င်းဗုံးဖြင့် ပစ်သူကို သက်ဆိုင်ရာက ချက်ချင်း ဖမ်းမိခဲ့ကြောင်း မျက်မြင်သက်သေတဦးက ပြောကြားခဲ့သည်” ဟု ဖော်ပြထားသည်။

သတင်းစာရှင်းလင်းပွဲတွင်မူ ရဲချုပ် ခင်ရီက ထိုသတင်း မမှန်ပါဟု ငြင်းဆိုထားသည်။ ၇ ရက် ၈ ရက် ကြာမှသာ “သံသယ တရားခံ” ကို စတင် ခြေရာခံမိသည်ဟု ဆိုထားသည်။ သို့သော် တင်းကျပ်သည့် စာပေစိစစ်ရေးစနစ်အောက်တွင် မည်သည့် သတင်းမျှ အလွယ်တကူ ဖော်ပြ၍ မရပေ။ အထူးသဖြင့် အလွန်အရေးကြီးနေသော သင်္ကြန်ဗုံးကွဲမှု သတင်းဆိုလျှင် ပို၍ပင် တင်းကျပ်နိုင်သေးသည်။

သီဟဇော် (ခ) သူရဇော်နှင့် ဖြိုးဝေအောင်တို့ အတူအလုပ်လုပ်ဖူးသည့် ချယ်ရီဥယျာဉ် အိမ်ရာတွင် ဗုံးတွေ့သည့် ကိစ္စ၌ ဖြိုးဝေအောင်ကို ခေါ်ယူ မေးမြန်းဖူးကြောင်း ၎င်း၏ ဇနီးကပြောသည်။ ဤသို့ စစ်ဆေးခံရဖူးခြင်းသည် သင်္ကြန်ဗုံးကိစ္စတွင် စွပ်စွဲခံရခြင်း၏ အဓိက အကြောင်းရင်း ဖြစ်ဖွယ်ရှိသည်။

နောက်ဆုံးအနေဖြင့် တွေ့ရှိရသော လွဲချော်နေသည်များမှာ အချက်အလက်များ ဖြစ်သည်။ စာနယ်ဇင်းများ၏ မေးမြန်းမှုကို ဖြေကြားရာတွင် ဖြိုးဝေအောင်ကို ဖမ်းမိခြင်းမှာ အဓိကအချက်အနေနှင့် အခင်းဖြစ်ရပ်တွင် တွေ့ရသော အထောက်အထားပေါ် မူတည်ပြီး ဖော်ထုတ်၍ ရသည့် ပုဂ္ဂိုလ်များ၏ သက်သေခံချက်အပေါ် မူတည်သည်ဟု ဖြေထားသည်။

သို့သော် ရှေ့ပိုင်း ပြောဆိုမှုများ၌ ဗုံးပစ်သူများတွင် ဖြိုးဝေအောင်မဟုတ်ဘဲ ကျန် ၃ ယောက် ဖြစ်သည်။ တခြား စာနယ်ဇင်း မေးမြန်းမှု တခုတွင် “ဖြိုးဝေအောင်ကို ဖမ်းဆီးစစ်ကြောတဲ့ အခါ သူဘာမှ မပြောပါဘူး။ တချက်သိလို့ တချက်ထောက်မှ တချက်ပြောတဲ့ အဆင့်ပါ။ သို့သော် သူပြောတယ်ဆိုတာကလည်း ကျနော်တို့ ထောက်လို့ မရတော့တဲ့ အဆင့် တဝက်လောက် အထိပဲ သူပြောတာပါ။ ကျန်တဲ့ ကွင်းဆက်တခုကို ဆက်ပေးတဲ့ ပုဂ္ဂိုလ်က ဒေါ်ရီရီမြင့် ဖြစ်ပါတယ်” ဟု ပြောဆိုထားသည်။

အထက်တွင် ဖော်ပြခဲ့သည့် အတိုင်း ဒေါ်ရီရီမြင့်သည် ကိုအုန်းကျော်ဌေးနှင့် ဆုံတွေ့ လက်ထပ်ကြသည်မှာ ရက် ၂၀ မျှသာ ရှိသေးပြီး ယင်းရက် ၂၀ တွင်လည်း ခရီးထွက်နေပါသည်ဟု ပြောထားသော်လည်း ရဲချုပ်ခင်ရီက “ဒီအပေါ်မှာ အခြေခံပြီး ကျန်တဲ့ ဇာတ်လမ်းကို ကျနော်တို့ ဆက်ရတာပါ” ဟု ဆိုထားသည်။

တခြားအချက်အလက်များမှာ ဖြိုးဝေအောင်၏ မိသားစုရေးရာနှင့် နိုင်ငံရေး အဖွဲ့အစည်းများကို ချိတ်ဆက် စွပ်စွဲ ချက်များ ဖြစ်သည်။ ဖြိုးဝေအောင်တွင် ကလေး ၃ ယောက် ရှိသည်ဟု ရဲချုပ် ခင်ရီက ပြောသော်လည်း ဖြိုးဝေအောင်၏ ဇနီးကမူ ၆ နှစ်အရွယ် သမီးတယောက်နှင့် ၁ နှစ်ကျော်အရွယ် သားတယောက်သာ ရှိသည်ဟု ပြောသည်။

ထို့ပြင် လာရောက် ဖမ်းဆီးသည့် ညက အဖြစ်အပျက်နှင့် ပတ်သက်၍ ဘားမားတူဒေးနှင့် အင်တာဗျူးတွင် ဇနီးဖြစ်သူ မဌေးက ဖြိုးဝေအောင်ကို လာရောက်ခေါ်ဆောင်ရာတွင် ဖြိုးဝေအောင်၏ လူပုံပန်းသဏ္ဍန်ကိုပင် မပြောနိုင်ဟု ဆိုသည်။ ရဲချုပ်ခင်ရီကမူ ၇ ရက်ခန့် စောင့်ကြည့်ပြီးမှ ဖမ်းဆီးသည်ဟု သတင်းစာရှင်းလင်းပွဲတွင် ဆိုထားသည်။

ဇနီးဖြစ်သူ မဌေးက ၎င်းကိုပါ ခေါ်ဆောင်မည် ပြုပြီးမှ မခေါ်ဘဲ ထားခဲ့ကြောင်း၊ ဤကိစ္စကို မည်သူ့ကိုမျှ မပြောရန်၊ အကြောင်း မကြားရန် ခြိမ်းခြောက်ကြောင်း၊ ရယက ရုံးသို့ မေးမြန်းရာတွင် တရားခံကို မိတော့မည် ဖြစ်ပြီး သံသယရှိ၍ ခေတ္တ ထိန်းသိမ်း ထားခြင်းသာဟု ဆိုကြောင်း ယင်း အင်တာဗျူးတွင် ပြောထားသည်။

ဘယ်ပုံဘယ်နည်းနှင့် ဤသို့ စစ်ဆေးဖော်ထုတ်သည်ကို မီဒီယာများက မေးမြန်းရာတွင် Police Procedure နှင့် On Going Case ဖြစ်သောကြောင့် မဖြေနိုင်ပါဟု လေးကြိမ် တိတိ ရဲချုပ် ခင်ရီက ငြင်းဆိုထားသည်။

ရဲချုပ် ခင်ရီ၏ ရှင်းလင်းချက်များတွင် VBSW အပါအဝင် ပြည်ပရောက် နိုင်ငံရေး အဖွဲ့များနှင့် အပစ်မရပ်၊ ငြိမ်းချမ်းရေး မယူထားသော အဖွဲ့ပေါင်း ၁၇ ဖွဲ့ တိတိကို တပါတည်း ချိတ်ဆက် စွပ်စွဲထားသည်။ ပြည်ပရောက် နိုင်ငံရေး အဖွဲ့များနှင့် လက်နက်ကိုင် အဖွဲ့များသည် ထိုကဲ့သို့ တသားတည်း စည်းလုံး ညီညွတ်ခြင်း ရှိ၊ မရှိမှာမူ မေးခွန်း ထုတ်စရာဖြစ်သည်။

အခင်းဖြစ်ပွားရာတွင် သေဆုံးသူ၊ ဒဏ်ရာရသူများ အကြောင်း ထည့်သွင်းပြောဆိုသွားခြင်း မရှိဘဲ၊ ဒဏ်ရာရသူများတွင် ရာထူးအကြီးဆုံး ဖြစ်သည့် အမှတ် ၄ စစ်ဒေသမှူး ဗိုလ်မှူးကြီး အုန်းချို နှင့် ပတ်သက်၍လည်း တစုံတရာ ထည့်သွင်း ပြောဆိုသွားခြင်း မရှိပေ။

ထို့အပြင် ၂၀၀၈ ခုနှစ် အောက်တိုဘာ ၁၉ ရက်တွင် ရွှေပြည်သာနေအိမ်၌ ဗုံးတပ်ဆင်စဉ်သေဆုံးသွားသော ကိုသက်ဦးလွင်မှာ VBSW မှ ဖြစ်သည်ဟု ထုတ်ဖော်ကြေညာချက် ထွက်ပေါ်ခဲ့သော်လည်း ရဲချုပ် ခင်ရီက ရည်ညွှန်းပြောဆိုသွားခြင်း မရှိခဲ့ပေ။

မည်သို့ ဆိုစေကာမူ စစ်အစိုးရ အနေဖြင့် သေချာ အကွက်ချ စီစဉ် စွပ်စွဲသည့်တိုင် မေးခွန်းထုတ်သင့်သည့် လစ်ဟာချက်များ ရှိနေသည့် အပြင် စွပ်စွဲ အပြစ်တင်လိုသည့် အဖွဲ့အစည်းအမည်ကိုပင် မှန်ကန်စွာ ဖော်ပြနိုင်ခြင်း မရှိသည်ကို တွေ့ရသည်။ “စွမ်းအားမြှင့်” ကို သတင်းစာရှင်းလင်းပွဲတွင် “စွမ်းအားမြင့်”၊ “Burmese Student” ကို “Burmese Students” ဟု လွဲမှားစွာ ဖော်ပြထားသည်ကိုလည်း တွေ့ရပေသည်။

Ref: ဧရာဝတီ်

Read More...

မဲဆောက်ရှိ မြန်မာ အလုပ်သမား ၆၀၀ ကျော် ဖမ်းဆီးခံရ

ဘစောတင် Tuesday, May 11, 2010

ထိုင်း-မြန်မာ နယ်စပ် မဲဆောက် မြို့တွင် ၃ ရက် အတွင်း မြန်မာနိုင်ငံသား အလုပ်သမား ၆၀၀ ကျော် ဖမ်းဆီး ခံရကြောင်း သတင်း ရရှိသည်။

မဲဆောက်မြို့ရှိ စက်ရုံများမှ နေထိုင် အလုပ် လုပ်ခွင့် လက်မှတ်မရှိသော မြန်မာရွှေ့ပြောင်းလုပ်သားများကို ထိုင်းအာဏာပိုင်များက မေလ ၈ နေ့မှ ၁၀ ရက်နေ့များအတွင်း ဖမ်းဆီးပြီး ပြန်ပို့ခြင်း၊ ထောင်ဒဏ်ချမှတ်ခြင်းများ ပြုလုပ်ကြောင်း သိရသည်။

“သုံးရက်အတွင်း ၆၀၀ ကျော် အဖမ်းခံရတယ်၊ မယ်တော် ကမ်းနားက အမိုးစိမ်းရုံ၊ အမိုးနီရုံ၊ စတီးလ်ရုံ၊ ချန်ပီယံ ရုံ၊ ဘတ် နှစ်ရာဘက် စက်ရုံက လူတွေ ပုလိပ်ဖမ်းမှာစိုးလို့ တောထဲ တောင်ထဲ ပြေးနေကြတယ်၊ ပုလိပ်ကြောက်လို့ ပြေးတာတော့ စက်ရုံအားလုံး လိုလိုပါပဲ”ဟု မြန်မာ အလုပ်သမား ကွန်ရက်မှ တာဝန်ခံ ကိုဝဏ္ဏက ဧရာဝတီသို့ ပြောသည်။

မဲဆောက်ရှိ မဲ့သောင်၊ ဘန့်နူယာ စသည့် နေရာ အမည်များကို မြန်မာများက မယ်တော်၊ ဘတ်နှစ်ရာ ဟု အသံထွက် ခေါ်ဝေါ်ကြခြင်းဖြစ်သည်။

မေလ ၈ ရက်နှင့် ၉ ရက် အတွင်း မယ်တော် ကမ်းနားရှိ နွားရုံခေါ် စုန်ဟွန် သိုးမွေးရုံမှ အလုပ်သမား ၂၀၀ နီးပါး၊ ကပ်ပီဘန်း ဘက်တွင် လမ်းသွားလမ်းလာ ၆၀ ခန့်နှင့် အိုမီဂါရုံမှ ၁၂၀ ခန့် အဖမ်းခံရပြီး ယမန်နေ့တွင် S.R သိုးမွေးစက်ရုံမှ ၂၅၀ ခန့် ဖမ်းဆီးခံရသည်ဟု ကိုဝဏ္ဏက ဆက်လက်ပြောပြသည်။

အိုမီဂါ စက်ရုံမှ အဖမ်းခံရသော အလုပ်သမားများအနက် ၁၀၀ ခန့်ကို ယမန်နေ့ က မြန်မာဘက်သို့ ပြန်ပို့ လိုက်သည်ဟု သိရသည်။

သို့ သော် စုန်ဟွန် သိုးမွေးစက်ရုံ (နွားရုံ) မှ အလုပ်သမားများကိုမူ တရားရုံးက အမိန့်ချမှတ်ပြီး ထောင်သို့
ပို့လိုက်သည်ဟု တရားခွင်သို့ သွားရောက်ခဲ့သော ယင်းစက်ရုံမှ အလုပ်သမား တဦးဖြစ်သူ ကိုကျော်ညွန့်က ပြောသည်။

ကိုကျော်ညွန့် သည် မြ၀တီမှ မဲဆောက်သို့နေ့စဉ် လာရောက် အလုပ်လုပ်သူဖြစ်သည်။ ယင်းသိုးမွှေး စက်ရုံသည် မြ၀တီမြို့နှင့် မျက်နှာချင်းဆိုင်ရှိ မဲဆောက်မြို့နယ်အတွင်း မဲ့သောင်ရွာတွင် ရှိသည်။

“ကျနော်တို့ နွားရုံက လူတွေကတော့ အားလုံး ထောင်ထဲပို့ လိုက်ပြီဗျာ၊ ကျနော် ပြန်လာခါနီးမှာ အားလုံး ဆံပင်တွေ ညှပ်လိုက်ပြီ၊ ဘယ်လောက် အမိန့်ချလိုက်တယ်တော့ ကျနော် မသိဘူး၊ သူတို့ အားလုံးကို ထောင်ချလိုက်ပြီ ဆိုတာပဲ သိရတယ်”ဟု ကိုကျော်ညွန့်က ဆိုသည်။

ရဲဖမ်းမည်စိုး၍ တိမ်းရှောင်နေသူ တဦးဖြစ်သော ကပ်ဘီဘန်းရွာရှိ ပေါင်မုန့်စက်ရုံမှ ကိုမျိုးကလည်း “ကျနော် တို့တွေ တောထဲ တောင်ထဲမှာ အများကြီးပဲ၊ ပုလိပ် ဖမ်းမှာစိုးလို့ ပြေးနေတာ၊ မနက်ကတည်းက စက်ရုံက လူတွေ ပြေးနေကြ ရတယ်၊ ကျနော်တို့ မှာ လက်မှတ် မရှိတော့ ရဲဖမ်းမှာကို ကြောက်လို့” ဟုပြောသည်။

အလုပ်သမားများမှာ အခက်အခဲ ကြုံတွေ့နေရကြောင်း ရခိုင်အလုပ်သမား သမဂ္ဂမှ ဥက္ကဋ္ဌ ကိုလှမင်းက “တမြို့လုံးက စက်ရုံတွေ ပိတ်ထား ရသလောက်ပဲ၊ အလုပ်သမား အများစုကလည်း လက်မှတ် မရှိကြတော့ ပြေးနေကြတယ်၊ ဒီတခါ ဖမ်းတာတော့ ဒီနှစ်အတွက် အဆိုးဆုံးပဲ”ဟုပြောသည်။

မြန်မာအလုပ်သမားများ အဖမ်းခံရသည့်အခါ ထိုင်းရဲများက အလုပ်သမားများကို ပြစ်ဒဏ်ချမှတ်ခြင်း၊ မြန်မာ ဘက်ကမ်းသို့ ပြန်ပို့ခြင်း၊ ဒဏ်ငွေရိုက်ခြင်းများ ရှိသော်လည်း ထိုင်းအလုပ်ရှင်များကိုမူ အရေးယူခြင်း မရှိဟု အလုပ်သမား သွေးစည်း ညီညွတ်ရေးအဖွဲ့ (မြန်မာနိုင်ငံ)မှ တာဝန်ခံ ကိုသံဒုတ်က ပြောသည်။

“ထိုင်းအစိုးရနဲ့ အလုပ်ရှင်တွေက ဒီအလုပ်သမားတွေ အလုပ်လုပ်လို့ အဆင်ပြေနိုင်လောက်တဲ့ ဥပဒေကို ချမှတ်သင့်တယ်ဗျာ၊ အလုပ်ရှင်တွေကလည်း ယာယီပတ်စ်ပို့ ဆိုလည်း ယာယီပတ်စ်ပို့ ပေါ့၊လက်မှတ်ဆို လည်း လက်မှတ်ပေါ့၊ သူတို့ က ကူညီ လုပ်ပေးသင့်တာပေါ့၊ အခုတော့ ဖမ်းရင် အလုပ်သမားတွေသာခံ၊ အလုပ်ရှင်တွေကတော့ ဘာမှမဖြစ်ဘူး၊ ခံစရာရှိ ကျနော်တို့ အလုပ်သမားတွေက ခံဘက်ကချည်းပဲ” ဟု ကိုသံဒုတ်က ဆိုသည်။

မဲဆောက်မြို့တွင် စက်ရုံပေါင်း ၃၀၀ နီးပါးရှိပြီး မြန်မာအလုပ်သမား သိန်းနှင့်ချီရှိသည်။ မဲဆောက်မြို့မှအလုပ် သမားများ အများစုသည် အလုပ်သမား လက်မှတ်လုပ်ခ မတတ်နိုင်၍ လက်မှတ်လုပ်သူ ရာနှုန်း အနည်းငယ် သာ ရှိသည်ဟု သိရသည်။

ထိုင်းနိုင်ငံအတွင်းတွင် မြန်မာရွှေ့ ပြောင်းအလုပ်သမား ၂ သန်းခွဲနှင့် အထက်ရှိသည်ဟု အလုပ်သမားအရေး လေ့လာသူများက ခန့်မှန်း ပြောဆိုကြသည်။

Ref: ဧရာဝတီ်

Read More...

ကေအိုင်အိုမှ နုတ်ထွက်သူများ၏ နိုင်ငံရေးပါတီ (၂) ခု တည်ထောင်ခွင့် မရသေး

ခိုင်လင်း / ၁၁ မေလ ၂၀၁၀

ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) မှ နုတ်ထွက်ထားသူများ နိုင်ငံရေးပါတီထူထောင်ပြီး ၂ဝ၁ဝ ရွေးကောက်ပွဲ ဝင်ရောက်ရန် ရွေးကောက်ပွဲ ကော်မရှင်ထံ လျှောက်ထားခဲ့သော်လည်း မှတ်ပုံတင်ခွင့်ပြုချက် ကျမလာသေးဘဲ ဖြစ်နေသည်။

ဧပြီ (၅) ရက်နေ့စွဲဖြင့် လျှောက်ထားခဲ့သည့် ကေအိုင်အို ဒု-ဥက္ကဋ္ဌဟောင်း ဒေါက်တာတူးဂျာ၏ ကချင်ပြည်နယ် တိုးတက်ရေးပါတီနှင့် ဧပြီ (၂၃) ရက် နေ့စွဲဖြင့် လျှောက်ထားခဲ့သည့် ကေအိုင်အိုအဖွဲ့မှ နိုင်ငံရေးမှူးဟောင်း ဦးချန်းခေါ၏ ရှမ်းပြည်နယ် မြောက်ပိုင်း တိုးတက်ရေး ပါတီတို့အား ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က မှတ်ပုံတင်ရန် ယနေ့အထိ ခွင့်ပြုချက် မပေးသေးဘဲ ဆက်လက် စိစစ်နေဆဲဖြစ်ကြောင်း ထိုပါတီ တည်ထောင်သူများနှင့် နီးစပ်သူတဦးက ပြောသည်။

၎င်းက “သူ့ထက် ရက်အတော်နောက်ကျမှ လျှောက်တဲ့ ပါတီတွေတောင် မှတ်ပုံတင်ခွင့်ကျလို့ တရားဝင် စည်းရုံး လှုပ်ရှားတာတွေ လုပ်နေတယ်။ ဒေါက်တာတူးဂျာတို့ ပါတီတွေကျတော့ အခုထိ ခွင့်မပြုတဲ့အပေါ် ကချင်နိုင်ငံရေး အသိုင်းအဝိုင်းကြားမှာ သို့လော သို့လော ဖြစ်နေကြတယ်။ လူထုတွေထဲ ဟောပြောစည်းရုံး လှုပ်ရှားမှုအချိန် စောစော မပေးချင်တာလား ဒါမှမဟုတ် ပါတီကို မှတ်ပုံတင်ခွင့် မပေးတော့ဘူးလားဆိုတာ နိုင်ငံတော် အစိုးရအပေါ်လည်း နည်းနည်း သံသယ ရှိလာနေကြတယ်” ဟု ပြောသည်။

ကချင်ပြည်နယ်တိုးတက်ရေးပါတီနှင့် ရှမ်းပြည်နယ်မြောက်ပိုင်း တိုးတက်ရေးပါတီတို့တွင် ပါဝင်ကြသူများသည် ကေအိုင်အို အဖွဲ့ဝင်ဟောင်းများ ဖြစ်သည်နှင့် အညီ ကေအိုင်အို အဖွဲ့၏ နိုင်ငံရေး၊ စစ်ရေးအရ သတ်မှတ်ထားသည့် နယ်မြေများကို ကိုယ်စားပြုကာ ပါတီအမည် ပေးထားခြင်းဖြစ်ကြောင်း ထိုပါတီများနှင့် နီးစပ်သူက ပြောသည်။

ကေအိုင်အိုအဖွဲ့က နအဖကမ်းလှမ်းထားသည့် နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကို ခြွင်းချက်မရှိ သဘောတူခြင်း မရှိသကဲ့သို့ အဆိုပါအဖွဲ့မှ နုတ်ထွက် ထားသူများ၏ ပါတီများသည်လည်း ကေအိုင်အို၏ ငွေကြေးထောက်ပံ့မှု ရရှိနေသည်ဟု နအဖဘက်က ယူဆပုံရသဖြင့် ဆိုင်းငံ့ထားပုံရကြောင်း နိုင်ငံရေး အကဲခတ်တဦးက ပြောသည်။

၎င်းက “နအဖ အဓိကလိုချင်တဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဖို့ကျတော့ လက်မခံသေးဘူး။ နယ်ခြားစောင့် ကမ်းလှမ်းတုန်းက ပါတီဖွဲ့ ရွေးကောက်ပွဲဝင်ဖို့လည်း ပြောခဲ့တာပဲ။ အခုလို ဒေါက်တာတူးဂျာတို့ ပါတီထောင်တော့လည်း ဆိုင်းငံ့ထားတယ်ဆိုတာက အဲဒီအပေါ်မှာ အစာမကြေတာလည်း ဖြစ်မယ်။ နောက်တခုက အခုလို နယ်ခြားစောင့်တပ်ကိစ္စ မပြတ်သေးတဲ့အချိန်မှာ ပါတီလုပ်ငန်းအနေနဲ့ လူစုလူဝေးနဲ့ ဟောပြောစည်းရုံးတာ၊ လှုပ်ရှားတာတွေ လုပ်လာမှာကိုလည်း နအဖက ကြိုက်ပုံမရဘူး” ဟု ပြောသည်။

နအဖဘက်က ကချင်ပြည်နယ်အတွင်း မဲဆန္ဒနယ်မြေများတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကသာ အနိုင်ယူရန် ရည်မှန်းထားကာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီကိုသာ ခွင့်ပြုလိုပုံရပြီး အထူးသဖြင့် ကေအိုင်အိုနှင့် ဆက်နွှယ်သည့် ပါတီအား မဲအနိုင်မပေးချင်သည်မှာ ထင်ရှားသည်ဟု ယင်းနိုင်ငံရေးအကဲခတ်တဦးက ပြောသည်။

၎င်းက “တစည ဆိုတာကလည်း အရင် မဆလပါတီကောင်စီ လူဟောင်းတွေ။ အရင်ကရှိတဲ့ လူအတော်များများလည်း သေတဲ့လူ သေကုန်ပြီ။ အခုချိန်မှာ မျိုးဆက်သစ်က မရှိတော့ဘူး။ ကြံ့ဖွံ့ကျတော့လည်း ဒီကလူတွေက ကြိုက်ကြတာ မဟုတ်ဘူး။ မှန်မှန်ကန်ကန် ရွေးကောက်ပွဲလုပ်ကြည့်လိုက်၊ ကြံ့ဖွံ့မဲမရဘူး။ အဲလိုအချိန်မှာ ကြံ့ဖွံ့ကို မဲမထည့်ချင်တဲ့အတွက် ကချင်တွေရဲ့ ပါတီကိုသာ မဲပေးလိုက်ရင် နအဖက အထိနာမှာ။ ဒါကြောင့် ကချင်ပါတီကို မှတ်ပုံတင်ခွင့် ပေးချင်မှ ပေးမှာ။ ပေးရင်လည်း အချိန်နည်းနည်းပဲ စည်းရုံးလှုပ်ရှားခွင့်ပေးပြီး ဒေါက်ထောက် ကြည့်နေမှာ” ဟု ပြောသည်။

မေလ (၆) ရက်အထိ နိုင်ငံရေးပါတီအသစ်ပေါင်း (၃၁) ခုအထိ ပါတီမှတ်ပုံတင်လျှောက်ထားရာ (၂၇) ပါတီ ခွင့်ပြုချက် ရရှိခဲ့ပြီး မကြာသေးမီ ရက်ပိုင်းက လျှောက်ထားခဲ့သည့် ပါတီ (၂) ခုနှင့် ကေအိုင်အို အဖွဲ့ဝင်ဟောင်းများ၏ ပါတီ (၂) ခုတို့မှာ မှတ်ပုံတင် ခွင့်ပြုချက်မရဘဲ ဆိုင်းငံ့ ခံထားရသည်။

Ref: ခေတ်ပြိုင်

Read More...

Tuesday, May 11, 2010

နအဖ ဒက်လိုင်းသစ်ထပ်ပေးခြိမ်းခြောက် အပစ်ရပ် SSA တပ်မဟာ ၁ ငြင်းဆန် ပယ်ချ

Tuesday, 11 May 2010 02:00

ယခုလ ၁၂ ရက် နောက်ဆုံးထား၍ ဌာနေပြည်သူ့စစ်တပ် အသွင်ပြောင်းရန် ရပခ ဒုတိုင်းမှူး၏ အပစ်ရပ် SSA တပ်မဟာ ၁ အပေါ် ထပ်မံ ဖိအားပေး ခြိမ်းခြောက်မှုကို တပ်မဟာမှူး အပါအ၀င် တပ်မှူးများ လုံးဝ လက်ခံမည် မဟုတ်ကြောင်း စုံစမ်း သိရှိရပါသည်။

“ဘယ်လို အခြေအနေဘဲရောက်ရောက် ကျနော်တို့က နအဖစစ်တပ် လက်အောက်ခံ ပြည်သူ့စစ် ဘ၀တော့ အဖြစ်မခံနိုင်ဘူး၊ ၁၉၆၄ က စခဲ့တဲ့ သျှမ်းပြည် တပ်မတော် သမိုင်းကို ကျနော်တို့ တပ်မဟာ ၁ က ဆက်လက် ထိန်းသိမ်းသွားမယ်၊ လက်နက်သာ မကဘဲ လူပါ အညံ့ခံ ပါသွားရတဲ့ အဖြစ်မျိုးလက်မခံနိုင်ဘူး၊ ဒါတပ်မဟာ ၁ ရဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်ဘဲ”- ဟု အပစ်ရပ် SSA တပ်မဟာ ၁ ခေါင်းဆောင် ဗိုလ်ချုပ်ပန်ဖှ က အတည်ပြု ပြောဆိုပါသည်။

တောင်ကြီးအခြေစိုက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ) ဒုတိုင်းမှူး ဗိုလ်မှူးကြီးချစ်ဦးက အပစ်ရပ် မြောက်ပိုင်း သျှမ်းပြည် တပ်မတော် တပ်မဟာ ၁ တပ်မှူးထံ မေ ၁၂ ရက် နောက်ဆုံးထား၍ ဌာနေ ပြည်သူ့စစ်အဖြစ် လုံးဝအသွင် ပြောင်းရေး အဖြေပေးရမည်ဟု မေ ၉ ရက်နေ့၌ အကြောင်းကြားခဲ့၏။ မေ ၁၁ ရက် တပ်မဟာ ၁ ထိန်းချုပ် နယ်မြေသို့ လာမည် ဖြစ်ကြောင်းလည်း ပြောခဲ့သေးသည်ဟု သိရ၏။

“မနက်ဖြန်လာမယ်ဆိုတာက အင်အားသုံးပြီး လာမှာ မဟုတ်ဘူးတဲ့၊ ၀မ့်ဟိုင်းအပစ်ရပ် SSA တပ်မဟာ ၁ နဲ့ နအဖကြား အကောင်းဘက် အပြုသဘော ဆောင်ဖို့ လာမှာဖြစ်တယ်တဲ့” - ဟု တပ်မဟာ ၁ နှင့် နီးစပ်သူ တဦးကပြောပါသည်။

“မေ ၇ ရက်နေ့တုန်းက တပ်မဟာ ၁ ကိုယ်စားလှယ်နဲ့ ရပခ ဒုတိုင်းမှူးတို့ ကွန်ဟိန်းမှာတွေ့တယ်။ အဲ့ဒီအချိန်က တမျိုး၊ အခု မနေ့တုန်းက ထပ်မံ အကြောင်းကြား လာတာက တမျိုး။ လုံးဝ အသွင်မပြောင်းရင် မရဘူးဆိုတဲ့ ဖိအားနဲ့ ခြိမ်းခြောက် လာပြန်တယ်။ ကျနော်တို့ ခေါင်းဆောင်တွေ သိထားဖို့က အသွင်ပြောင်းဖို့ လက်ခံ လိုက်တာနဲ့ နအဖကို တိုက်တဲ့ တပ်တွေဆီ ကျနော်တို့ သွားပူးပေါင်းမှာဘဲ၊ ဥက္ကဌ နဲ့ ဒုဥက္ကဌ တို့လို ကိုယ်လွတ်ရုန်း အညံ့ခံတိုင်း သူတို့နောက် မလိုက်နိုင် ဘူး” - ဟု အမည်မဖေါ်လိုသည့် တပ်မှူးတဦးက ပြောသည်။

မေလ ၇ ရက်နေ့က ရပခ ဒု တိုင်းမှူး ဗိုလ်မှူးကြီးချစ်ဦး၊ ကွန်ဟိန်း အခြေစိုက် နအဖ စစ်ဗျူဟာမှူး နှင့် အပစ်ရပ် SSA တပ် မဟာ ၁ ကိုယ်စားလှယ် ဗိုလ်မှူးကြီးခေးတိုင်း၊ ဗိုလ်ကြီးကျော်လှနှင့် ဒုဗိုလ်စိုင်းအောင်ဘတို့ အဖွဲ့ ကွန်ဟိန်း၌ တွေ့ဆုံခဲ့ ကြ၏။

မေ ၇ ရက်နေ့ တွေ့ဆုံဆွေးနွေးပွဲ၌ ရပခဒုတိုင်းမှူး ဗိုလ်မှူးကြီးချစ်ဦးက တပ်မဟာ ၁ ကိုယ်စားလှယ်အား ‘ခင်ဗျားတို့အားလုံး အသွင် မပြောင်းချင်လဲ အင်အား အယောက် ၂၀-၃၀ နဲ့ ပြည်သူ့စစ် ၀တ်စုံဝတ်ပြီး ဓါတ်ပုံလေး ရိုက်လိုက်ရင်ရပြီ’ ဟု ဆို၏။

ဗိုလ်မှူးကြီးချစ်ဦးက ရွေးကောက်ပွဲအထိ ဗမာ့တပ်မတော်နှင့် ထိပ်တိုက် မဖြစ်ရန် အထူးရှောင်ရှား သတိထားရမည် ဖြစ်ကြောင်း၊ ထိပ်တိုက် ဖြစ်ခဲ့ပါက ဗမာ့ တပ်မတော် အနေဖြင့် ခွင့်လွှတ်မည် မဟုတ်ကြောင်း၊ အင်အား သုံးဖို့ရန်လည်း အဆင့်သင့် ပြင်ဆင်ထားပြီး ဖြစ်ကြောင်း ခြိမ်းခြောက် ခဲ့သေးသည်ဟု ကိုယ်စားလှယ် အဖွဲ့နှင့် နီးစပ်သည့် ကွန်ဟိန်း ဒေသခံတဦး ကလည်း သျှမ်းသံတော်ဆင့်သို့ ပြောပြပါသည်။

သင်္ကြန်ကာလ သဘောတူညီမှုရထားကြသည့် UWSA, KIA, NDAA မဟာမိတ် ၃ ဖွဲ့ကလည်း အပစ်ရပ် SSA ခေါင်း ဆောင်ပိုင်းအချို့ နအဖ၏ အသွင်ပြောင်းရေး ပေါ်လစီ လက်ခံလိုက်သည့် ကိစ္စကို စိတ်ပျက် မိသော်လည်း တပ်မဟာ ၁ အနေဖြင့် SSA ၏ ဂုဏ်သိက္ခာ အတွက် ယခုကဲ့သို့ ရဲရင့်ပြတ်သားသည့် စိတ်ဓါတ်နှင့် ရပ်တည်ချက် အပေါ် ဂုဏ်ပြုကြို ဆိုကြောင်း၊ နအဖ က ချော့၍ပျော့သူ၊ ခြောက်၍ ကြောက်သူတို့အား သွေးတိုးစမ်း စားပစ်သည့် နည်းဗျူဟာကို သုံးနေကြောင်း နအဖ မှ cf- SSA တပ်မဟာ ၁ အပေါ် ကျူးကျော် ရန်စလာ မည်ဆိုပါက ကူညီ တိုက်ခိုက်ရန် ၀န်မလေး လက်မနှေးကြောင်း - စသဖြင့် အားပေး စကား ပြောကြားခဲ့သည်ဟု အပစ်ရပ် ခေါင်းဆောင်ပိုင်း အသိုင်းအ၀ိုင်းမှ ကြားသိရပါသည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

အမေရိကန် သံတမန်နှင့် ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ

ဖနိဒါ
တနင်္လာနေ့၊ မေလ ၁၀ ရက် ၂၀၁၀

ချင်းမိုင် (မဇ္ဈိမ) ။ ။ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ့်ပ်ဘဲလ် Mr. Kurt Campbell နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ယနေ့ နေ့လည်က တွေ့ဆုံ ဆွေးနွေးကြသည်။

မစ္စတာ ကမ့်ပ်ဘဲလ်သည် သူ၏ မြန်မာနိုင်ငံ ဒုတိယမြောက်ခရီးစဉ်အဖြစ် ယမန်နေ့က နေပြည်တော်သို့ ရောက်ရှိကာ ဝန်ကြီးအချို့နှင့် တွေ့ဆုံအပြီး နေအိမ် အကျယ်ချုပ် ကျခံနေရသော အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် စိမ်းလဲ့ကန်သာ အစိုးရ ဧည့်ရိပ်သာတွင် တွေ့ဆုံမှု ဖြစ်သည်။

အမေရိကန်သံရုံးက ဖိတ်ကြားထားသော်လည်း ပြည်တွင်းနှင့် နိုင်ငံခြား သတင်းထောက်များကို စစ်အစိုးရက ဝင်ခွင့်မပြုဘဲ ထားခဲ့သည်။

ယနေ့အစောပိုင်းကလည်း Kurt Campbell နှင့် အန်အယ်ဒီ ဒုဥက္ကဌ ဦးတင်ဦး ခေါင်းဆောင်သော ဗဟို အလုပ်မှုဆောင် ၁ဝ ဦးသည် ရန်ကုန်မြို့ရှိ အမေရိကန် သံမှူးကြီး၏ နေအိမ်တွင် ၁ နာရီကြာ သီးသန့် တွေ့ဆုံ ဆွေးနွေးခဲ့သေးသည်။

အမေရိကန်အစိုးရအနေဖြင့် မြန်မာစစ်ခေါင်းဆောင်များကို ဖိအားပိုမိုပေးရန် အန်အယ်ဒီက အမေရိကန် သံတမန်ကို ပြောကြားခဲ့ကြောင်း သိရှိရသည်။

“စစ်အစိုးရကို ဆက်ဆံတဲ့အခါမှာ နူးညံ့နေတယ်။ ကျနော်တို့အမြင်က ဒီလိုလုပ်နေလို့ မရဘူး။ ပိုပြီးတော့ ထိထိရောက်ရောက် ဖြစ်တဲ့ စီးပွားရေး ပိတ်ဆို့မှုကို၎င်း လုပ်ဖို့လိုလိမ့်မယ်။ ရွေးကောက်ပွဲဟာ အားလုံးပါဝင် ပတ်သက်တဲ့ ဘက်ပေါင်းစုံကနေ တာဝန်ရှိတဲ့လူ ပါဝင်နိုင်တဲ့ ရွေးကောက်ပွဲနဲ့ အများလက်ခံနိုင်မဲ့ ရွေးကောက်ပွဲ မဟုတ်လို့ ရှိရင် ဒီလိုရလဒ်တွေကို အသိအမှတ် မပြုဆိုတာတွေ၊ စစ်အစိုးရ အပေါ် ရွေးကောက်ပွဲမှ ထွက်လာမဲ့ လွတ်တော်တို့ အသိအမှတ် မပြုဘူးဆိုတာတွေ ဆောင်ရွက်ပေးပါ” ဟု အန်အယ်ဒီ ဗဟို အလုပ်မှုဆောင် အဖွဲ့ဝင်တဦးဖြစ်သူ ဦးဝင်းတင်က မဇ္ဈိမသို့ ပြန်လည် ပြောပြသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အခြား အတိုက်အခံ ပါတီများနှင့်လည်း တွေ့ဆုံ ဆွေးနွေးပွဲ ဖြစ်အောင် လုပ်ဆောင်ပေးရန် တိုက်တွန်း ပြောဆိုခဲ့ကြောင်း ဦးဝင်းတင်က ပြောသည်။

အန်အယ်ဒီနှင့်တွေ့ဆုံအပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ပြည်ထောင်စု ဒီမိုကရက်တစ်ပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာနိုင်ငံ)၊ အမျိုးသား ဒီမိုကရေစီ အင်အားစု၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေးအဖွဲ့ချုပ် တို့မှ ကိုယ်စားလှယ်များ၊ ရခိုင် နိုင်ငံရေး သမားကြီးဖြစ်သော ဦးအေးသာအောင်၊ အန်အယ်ဒီ ဒုဥက္ကဌ ဦးတင်ဦးတို့ပါ ပြန်လည်ပါဝင် တွေ့ဆုံ ဆွေးနွေးကြပြန်သည်။

မစ္စတာကမ်းဘဲလ်က ရွေးကောက်ပွဲဥပဒေများအပေါ် စိတ်မသက်မသာဖြစ်ရကြောင်း မြန်မာနိုင်ငံ မသွားခင် ထိုင်းနိုင်ငံ ဘန်ကောက်၌ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောတာကိုပင် ထပ်လောင်းပြောသည်။

“အမေရိကန်အစိုးရအနေနေနဲ့ ရွေးကောက်ပွဲ ဥပဒေတွေ၊ ရွေးကောက်ပွဲနဲ့ ပတ်သက်တာတွေ အရမ်း စိတ်ပျက်တယ်ပေါ့။ ဘယ်ဟာမှ မရေမရာ မသေမချာ ဖြစ်နေတာတွေ ရှိတယ်ပေါ့နော်။” ဟု ဒီမိုကရက်တစ်ပါတီ (မြန်မာနိုင်ငံ) မှ ဒေါ်ချိုချိုကျော်ငြိမ်းက ပြောသည်။

ပြည်ထောင်စု ဒီမိုကရေစီပါတီ (UDP)မှ ကိုဖြိုးမင်းသိန်းက အသွင် ကူးပြောင်းရေး ကာလတွင် ကြားနေ အစိုးရတရပ်ကို ပြောင်းလဲ ဖွဲ့စည်းရန်၊ ရွေးကောက်ပွဲကို သီးခြား လွတ်လပ်သော အဖွဲ့အစည်းများက ကြီးကြပ် လေ့လာခွင့်ပြုရန် နှင့် ရွေးကောက်ပွဲ ကော်မရှင် ဝန်ထမ်း အဆင့်ဆင့်ကို အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ပေးရန် ဟူသော အချက်များ တင်ပြဆွေးနွေးခဲ့သည်ဟု ဆိုသည်။

ဦးအေးသာအောင်ကမူ လာမည့် စစ်အစိုးရ ကျင်းပမည့် ရွေးကောက်ပွဲသည် အရေးမကြီးသည့် အပြင် မြန်မာနိုင်ငံရေး အပြောင်းအလဲ မဖြစ်နိုင်ကြောင်း ဆွေးနွေးခဲ့သည်ဟု သိရသည်။

ပိတ်ဆို့အရေးယူမှုနှင့်အတူ မြန်မာနှင့် ထိတွေ့ ဆက်ဆံရေးမူ ကျင့်သုံးနေတဲ့ အမေရိကန် သမတ အိုဘားမားရဲ့ ပေါ်လစီအောက်မှာ မစ္စတာ ကမ့်ပဲဘဲလ်ဟာ လွန်ခဲ့တဲ့နှစ် နိုဝင်ဘာလကလည်း မြန်မာနိုင်ငံကို သွားရောက်ခဲ့ပါတယ်။

မစ္စတာ ကမ့်ပ်ဘဲလ်သည် ယမန်နေ့က နေပြည်တော်တွင် နိုင်ငံခြားရေး ဝန်ကြီး ဦးဥာဏ်ဝင်း၊ ပြန်ကြားရေးဝန်ကြီး ကျော်ဆန်းနှင့် သိပ္ပံနှင့် နည်းပညာဝန်ကြီး ဦးသောင်းတို့နှင့် တွေ့ဆုံခဲ့သည်။

ထိုသို့ ဖြစ်ထွန်းနေချိန်တွင် မတရားသော ရွေးကောက်ပွဲဥပဒေများကို ကန့်ကွက်သောအားဖြင့် နိုင်ငံရေး ပါတီအဖြစ် ပြန်လည် မှတ်ပုံမတင်သော အန်အယ်ဒီ၏ ရန်ကုန်ရုံးချုပ် အနီးတဝိုက်ရှိ ဈေးဆိုင်များကို မေလ ၁၃ ရက်နေ့ နောက်ဆုံးထား ဖယ်ရှားရန် ညွှန်ကြားထားသည်ဟု ရဲဌာနနှင့် နီးစပ်သူတဦးက မဇ္ဈိမသို့ပြောသည်။

ပါတီဆိုင်းဘုတ်၊ အလံမဖြုတ်ဘဲ ဆက်လက်ဖွင့်လှစ်ထားမှုကို အာဏာပိုင်များက အင်အားသုံး ဖြုတ်သိမ်းမှု လုပ်ရန် ပြင်ဆင်နေသည် ဆိုသော စိုးရိမ်မှုများ ပေါ်ထွက် လာနေသည်။

ရွေးကောက်ပွဲဆိုင်ရာပါတီမှတ်ပုံတင်ခြင်း ဥပဒေအရ အန်အယ်ဒီသည် မေလ ၆ ရက်နေ့တွင် ပါတီ ပျက်ပယ်သည်။


Ref: မဇ္ဈိမ

Read More...

တကယ်ဗုံးခွဲတာ ဘယ်သူတွေလဲ

မေလ ၁၀ ရက် ၂၀၁၀

ဒီနှစ်သင်္ကြန်အတွင်းရန်ကုန်မှာ ဗုံးပေါက်တာနဲ့ပတ်သက်ပြီး ရဲချုပ်ခင်ရီ က တရားခံတွေ မိထားပြီ ဖြစ်ကြောင်း မေလ (၆) ရက်နေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားသွားတာ သိလိုက်ရတော့ မေလ (၇) ရက်၊ ၂၀၀၅ ခုနှစ်တုန်းက ရန်ကုန်မြို့ကုန်တိုက်(ရှော့ပင်းစင်တာ)တွေက ဗုံးပေါက်ကွဲမှုတွေကို သတိရမိပါတယ်။

အဆိုပါ ပေါက်ကွဲမူ တိုင်းတွင်ပြည်သူများ ထိခိုက် ဆုံးရှုံးရအခြင်းတွက် များစွာ ၀မ်းနည်းမိပါတယ်။ ကိန်းဂဏာန်း ရက် လ ကို ကြည့်လိုက်တော့လည်း ဗေဒင်ဆရာကိုတောင် သတိရလိုက်ပါတယ်။ ၂၀၀၅၊ မေလ ဗုံးပေါက်ကွဲမူနှင့် ပတ်သက်ပြီး မြန်မာ သတင်းနှင့် ပြန်ကြားရေး ၀န်ကြီး ကျော်ဆန်းက KNU မှ ဗိုလ်ချုပ်ရွှေဆိုင်း၏ လက်ချက်ဖြစ်ကြောင်း သတင်းစာ ဆရာများရှေ့မှာ ပြောကြားခဲ့ပါတယ်။ သို့သော်လည်း ဗိုလ်ချုပ်ရွှေဆိုင်း ( KNLA တပ်မဟာ (၆) တပ်မမှူး) သည် ၂၀၀၅မေလ ဗုံးကွဲမူ မတိုင်ခင် (၁) နှစ်ကျော်တွင် ကွယ်လွန် ခဲ့ပါသည်။ သတင်းနှင့် ပြန်ကြားရေးဝန်ကြီး တစ်ယောက် အနေဖြင့် တာဝန် ထမ်းဆောင်ရန် အိမ်မှ ဇနီးသည်ကိုများ တိုင်ပင်ရသလား၊ ဒါမှမဟုတ် ဗေဒင် ဆရာများကို အားကိုးနေရသလား ဆိုတဲ့ မေးခွန်းများ ထွက်လာပါတယ်။

နောက်ပိုင်းတွင် ၄င်းဗုံးကွဲမူ့ နှင့် ပတ်သက်ပြီး KNU, KNPP, SSA နှင့် ဒေါက်တာစိန်ဝင်း ဦးဆောင်သော NCGUB ၏ လက်ချက်ဖြစ်ကြောင်း နအဖ မှ တရားဝင် ကြေငြာပြန်တယ်။ အဲဒီအချိန်က လုံခြုံရေး အထူထပ်ဆုံး ဖြစ်တဲ့ မြို့တော် ရန်ကုန်ကို Operation အသေးစားတစ်ခု အနေဖြင့် ဗုံးခွဲ တိုက်ခိုက်ရန် နယ်မြေဒေသ ဝေးလံတဲ့ အဖွဲ့ (၄) ဖွဲ့က စုစည်းနိုင်တယ် ဆိုတော့ နအဖ ရဲ့ စစ်တက္ကသိုလ်မှာ သင်ကြားနေတဲ့ စစ်သေင်္နက ဗျုဟာတွေကို စိတ်ဝင် စားမိပါတယ်။

ဗုံးပေါက်ကွဲပြီး နအဖ ၏ ထုတ်ပြန်ချက် မထွက်လာခင် ကျောင်းသားတစ်ဦး ၏ ပြောလိုက်ပုံမှာ “ဟားဟား... KNU ၏ လက်ချက်လို့ ပြောတော့မယ်..” အံသြမိသည်မှာ ထိုကျောင်းသားသည် တက္ကသိုလ်ကျောင်းသား မဟုတ်ဘဲ (၉) တန်းကျောင်းသားလေး ဖြစ်နေ တာပါပဲ။

၎င်းဗုံးကွဲမူ့နှင့် ပတ်သက်ပြီး သတင်းနှင့်ပြန်ကြားရေးဝန်ကြီး ကျော်ဆန်း နှင့် ရဲချုပ်ခင်ရီ တို့၏ ဇာတ်ဆရာ အလိုကျ ကြိုးစားချက်တွေကို အနည်းငယ် တင်ပြချင်ပါတယ်။ ၂၀၀၅ မေလဗုံးခွဲ တိုက်ခိုက်မူ့နှင့် ပတ်သက်ပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ၄င်းတို့အပိုင်မြေ လေးအိမ်စုနားရှိ တကူဆိပ်ရွာမှ အမျိုးသမီး အပါအ၀င် ကရင်တိုင်းသား (၂၀) ကျော်ကို တိုင်းစစ်ကြောရေး စခန်းသို့ ခေါ်ယူ စစ်ဆေးပါတယ်။ စစ်ကြောရေး စခန်းသို့ ရောက်ရှိခဲ့သူ တစ်ချို့၏ ပြန်လည်ပြောပြချက်မှာ-

“ အချုပ်ခန်းထဲရောက်ပြီး (၃) ရက်ဆက်တိုက်အတွင်း ဘာမှ အမေးအမြန်း မရှိဘဲ လူကိုပဲ ဆက်တိုက် ရိုက်နေတယ်။ အစားအသောက် မပေးဘူး၊ အိပ်ခွင့်လည်း မပေးဘူး။ ဘာကြောင့် ရိုက်ရတာလည်း မပြောဘူး။”
(၃) ရက်မြောက်တဲ့နေ့မှာ သောက်ရေတစ်ခွက် ယူလာပြီး ရန်ကုန်မြို့မှာ ဗုံးခွဲတာ မင်းမဟုတ်လား မေးတော့ မဟုတ်ကြောင်း ဖြေတဲ့အခါ သောက်ရေခွက်ကို သွန်လိုက်ပြီး ဆက်တိုက် ရိုက်တော့တာပဲ။ ဒါနဲ့ပဲ (၄) ရက်မြောက် နေ့မှာ ဆက်မရိုက်ဖို့ ပြောတော့ သူတို့ ပြောခိုင်းတာ ပြောရမယ်လို့ အကျပ်ကိုင်ပါတယ်။

ထိုကဲ့သို့ ညဉ်းပန်းနှိပ်စက်နေတဲ့ အတောအတွင်း ကျောင်းဆရာ Saw Standford သည် ဒဏ်ရာများနှင့် သေဆုံး သွားပါသည်။ ညဉ်းပန်းနှိပ်စက်သည့် နည်းမျိုးစုံမှ တစ်နည်းမှာ အမျိုးသမီးကို အင်္ကျီအ၀တ်အစားများ ချွတ်ပစ်ပြီး အမျိုးသမီး အင်္ဂါကို လျှပ်စစ်ဓါတ်ဖြင့် တို့ခဲ့သဖြင့် အနှိပ်စက် ခံရသူများမှာ နအဖ လက်ပါးစေ၏ စေခိုင်းချက် အတိုင်း ပြောဖို့ သဘော တူခဲ့ရပါသည်။

ထို့နောက်စစ်ကြောရေးစခန်းမှ ဗုံးခွဲသူများ၊ စည်းရုံးရေး တာဝန်ခံ၊ ရံပုံငွေ ရှာဖွေရေး တာဝန်ခံ၊ ပစ္စည်း ပို့ဆောင်ရေး တာဝန်ခံ အစရှိသဖြင့် တာဝန်ခွဲဝေ ချပေးပြီး ဇတ်တိုက်ပါတော့တယ်။ စိတ်ကြိုက် ဇာတ်တိုက်ပြီး သကာလ ဧရာဝတီတိုင်းမူး မှ အနာဂတ် အကျိုးကို မျှော်လျှက် အထက်သို့ သတင်းပို့လိုက်ပါတယ်။ စစ်ကြောရေး စခန်းတွင်းရှိစဉ် တိုင်းရင်းသား ဓါးစားခံများမှာ ဗုံးခွဲသူများမှာ မိမိတို့ဖြစ်ကြောင်း ၀န်ခံပြီး မေးခွန်းနှင့် အဖြေ ကိုက်ညီစေရန် တစ်ပတ်ကျော် လေ့ကျင့်ခဲ့ပါသည်။ ၄င်းနောက် မြန်မာနိုင်ငံ ရဲချုပ် ဗိုလ်မူးချုပ်ခင်ရီ မှ ပြည်တွင်းပြည်ပ သတင်းစာ ဆရာများရှေ့တွင် ဟန်ပါပါဖြင့် ဂုဏ်ယူဝင့်ကြွားစွာ ပြောခဲ့သည်မှာ- “ရန်ကုန်မြို့ မေလ ဗုံးခွဲသည့် တရားခံများကို မိထားပြီ ဖြစ်ကြောင်း၊ မကြာခင် အချိန်တွင်း အများပြည်သူ များရှေ့တွင် ထုတ်ဖေါ်ပြသပြီး တရား ဥပဒေ အတိုင်း ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း” လူသိရှင်ကြား ကြေငြာခဲ့ပါသည်။ အစီစဉ်တိုင်း ဧရာဝတီတိုင်း စစ်ဌာနချုပ်မှ ဓါးစားခံများကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သို့ အပ်နှံပြီး ရန်ကုန်မြို့ ဗုံးခွဲခဲ့သည့် နေရာများတွင် ပြန်လည် သရုပ်ဆောင် စစ်ချက်ယူရန်ဖြစ်သည်။

ရဲအုပ်= နင့်နာမည်ဘယ်လိုခေါ်လဲ
ရွာသူ = ကျမနာမည် နော် xxxxx ပါ။
ရဲအုပ် = နေရပ်
ရွာသူ = ဧရာဝတီတိုင်း တကူဆိပ် ရွာကပါ။
ရဲအုပ် = နင်ဘာလုပ်ခဲ့လဲ
ရွာသူ = ရန်ကုန်မှာ ဗုံးခွဲဖို့ ရံပုံငွေ လိုက်ကောက်ပါတယ်။
ရဲအုပ် = ဘယ်သူ့ဆီက ကောက်ခဲ့လဲ
ရွာသူ = ရန်ကုန်မြို့အင်းစိန်မြို့နယ်၊ တောင်သူကုန်းရပ်ကွက် က နော်xxxxxဆီမှ ငွေကျပ် ငါးသိန်း သွားယူ ခဲ့ပါတယ်။ ထို့နောက် ရဲအရာရှိများ သက်သေများ ခေါ်လျှက် အဆိုပါအိမ်သို့ တရားခံ နှင့်အတူ သွားကြပါသည်။
အိမ်ပေါ်သို့ တက်ပြီးသော အခါ-
ရဲအုပ် = ကဲ.. နင်ပြောတဲ့ နော်xxxx ရဲ့ အိမ် ဘယ်မှာလဲ

အဆိုပါအိမ်သို့တစ်ခါမှ မရောက်ဘူးသော ရွာသူသည် တောင်ကြည့်မြှောက်ကြည့်ပြီး မျက်စောင်းထိုးမှာ ရှိသော အိမ်ကို လက်ညိုးထိုးလျှက်-

ရြာသူ = အဲဒီအိမ္ဘဲ။

အမှန်မှာ အဆိုပါ နော် xxxx အိမ်ပေါ်သို့ရောက်နေသော်လည်း အလွတ်ကျက်ခဲ့သည့်အတိုင်း အပြင်မှာ မရောက် ဘူးသဖြင့် တွေ့ရာ ဖြေလိုက်ခြင်း ဖြစ်ပါသည်။ ရဲစခန်းသို့ပြန်ပြီး အမျိုးသမီး(၇) ဦးခန့်ကို တန်းစီခိုင်းပြီး ရဲလုပ်ငန်းစဉ် အတိုင်း လူကို လက်ညိုးထိုး ဖေါ်ပြခိုင်းပါသည်။ အလွတ် လေ့ကျင့်ခဲ့ပြီး အပြင်မှာ မတွေ့ခဲ့ဘူး သဖြင့် ၄င်းရွာသူမှာ မဖြေနိုင်ဘဲ ချွေးပြန်လာပါသည်။ ထို့နောက်အင်္ကျီ သားနားစွာ ၀တ်ထားပြီး ရွှေဆွဲကြိုး ဆင်မြန်းထားသော အမျိုးသမီးကို လက်ညိုးထိုးလျက်-

ရွာသူ = ကျမကို ငွေပေးတာသူဘဲ ။ ဟဲ့ကောင်မ ပြောလိုက်လေ၊ နင်ငါ့ကို ငွေငါးသိန်းပေးတဲ့ ကိစ္စ။

တစ်ယောက် မျက်နှာတစ်ယောက် ကြည့်လျှက် အားလုံး တိတ်ဆိတ်နေပါသည်။ ရွာသူ ညွန်ပြလိုက်သူမှာ စခန်း မှူး၏ ဇနီး ဖြစ် နေပါသည်။ စောxxxx ကို ဆက်လက် စစ်ဆေးပါသည်။

ရဲအုပ်= မင်းနာမည်ဘယ်လိုခေါ်လဲ
ရွာသား = ကျနော်နာမည် စော xxxxx ပါ။
ရဲအုပ် = နေရပ်
ရွာသား = ဧရာဝတီတိုင်း တကူဆိပ် ရွာကပါ။
ရဲအုပ် = မင်းဘာလုပ်ခဲ့လဲ
ရွာသား = ကျနော် ဒဂုံရှော့ပင်းစင်တာကို ဗုံးခွဲခဲ့ပါတယ်။
ရဲအုပ် (အသံမာမာဖြင့်)= အမှန်တိုင်းပြောစမ်း၊ မပြောရင်မင်းနာမယ်။
ရွာသား = ဟုတ်ကဲ့ မလုပ်ပါနဲ့ခင်ဗျား၊ ကျနော် အမှန်တိုင်း ပြောနေပါတယ်။ ဒဂုံ ရှော့ပင်းစင်တာကို ဗုံးခွဲခဲ့တာ ကျနော်ပါ။
ရဲအုပ် = ရွာကနေ ရန်ကုန်ကို ဘယ်လိုလာလဲ။
ရွာသား = လိုင်းကားနဲ့လာပါတယ်။
ရဲအုပ် = ဒဂုံရှော့ပင်းစင်တာကို ဘယ်လိုသွားလဲ
ရန်ကုန်မြို့သို့တစ်ခါမှ မရောက်ဖူးသော ရွာသားသည် မမျှော်လင့်ထားသော မေးခွန်းကြောင့် ချက်ခြင်း မဖြေနိုင်ဘဲ စဉ်းစားကာ-

ရွာသား = အဝေးပြေးကားဂိတ်ကနေ ဒဂုံရှော့ပင်းစင်တာကို လမ်းရှောက်သွားပါတယ်။
ရဲအုပ် = မှန်မှန်ပြောစမ်း။ ဒဂုံရှော့ပင်းစင်တာကို ဘယ်လိုသွားလဲ။
ရွာသား = ဟုတ်ကဲ့ ကျနော်လမ်းလျှောက်သွားပါတယ်။
ရဲအုပ် = ဗုံးကို ဘယ်လို သယ်လာလဲ
ရွာသား = ဆာလာအိတ်ထဲထည့်ပြီးထမ်းလာပါတယ်။
ရဲအုပ် = ဗုံးကိုဘယ်မှာသွားထားလဲ
ရွာသား = အမှိုက်ပုံးဘေးက တိုင်နားမှာသွားချထားပါတယ်။
ရဲအုပ် = ဗုံးကို ဘယ်လို ခွဲလိုက်လဲ။

ဗုံးလုပ်နည်း နှင့်ခွဲနည်းကို မသိသော ၄င်းရွာသားသည် ချက်ချင်းမဖြေနိုင်ဘဲ တစ်ချက်စဉ်းစားပြီး ပြာပြာသလဲနှင့် ဖြေလိုက်သည်မှာ-

ရွာသား = တံမျက်စည်းနဲ့ ရိုက်ခွဲလိုက်ပါတယ်။
ရဲအုပ် = အမှန်တိုင်းပြောစမ်း။ ဗုံးကို ဘယ်လိုခွဲ လိုက်လည်း
ရွာသား = ဒဂုံရှော့ပင်းစင်တာ မှာ ဗုံးကို ကျနော်ကိုယ်တိုင် တံမျက်စည်း နဲ့ ရိုက်ခွဲခဲ့ပါတယ်။ အဲဒါ အမှန်ဘဲခင်ဗျ။
ရဲအုပ် = ဒါဆို မင်းဘာဖြစ်သွားလဲ
ရွာသား = ကျနော် ဘာမှမဖြစ်ဘူးခင်ဗျ။
ထို့နောက် တရားခံ ကို အဝေးပြေး ကားဂိတ်သို့ခေါ်ပြီး ဒဂုံရှော့ပင်း စင်တာသို့ ဆက်သွားပါသည်။ ရွာသား တရားခံ ၏ စိတ်ထဲတွင်မူ...
“ ဟိုက်.....မှားသွားပြီ။ အဝေးပြေးဂိတ် နဲ့ ဒဂုံရှော့ပင်းစင်တာ ဒီလောက်ဝေးတာ ဘယ်လို လမ်းလျှောက်လို့ ရောက်မလဲ..” ရောက်ခါနီးတွင်-

ရဲအုပ် = ဗုံးကိုဘယ်မှာထားပြီးခွဲသလဲ
ရွားသား = အမှိုက်ပုံးဘေးနားမှာ ထားပြီး ခွဲခဲ့ပါတယ်။
ဒဂုံရှော့ပင်းစင်တာ သို့ ၀င်ပြီး အပျက်အဆီးများကို ပြပြီး ဗုံးထောင်ခဲ့သည့် နေရာကိုမေးသောအခါ၊ ရွာသားမှာ အံ့အားသင့်လျှက် ဘာမှ မဖြေနိုင်ဘဲ-

ရွာသား = ဟိုက်....မှားပြန်ပြီ၊ တကယ်ဆို အဲဒီဗုံးကွဲ တဲ့အချိန်မှာ ငါလည်း တစ် ခါတည်း သေရမှာပေါ့။

နောက်ထပ် ၈ မိုင်ရှော့ပင်းစင်တာ ကို ဗုံးခွဲသည့် ကရင်အမျိုးသမီးအား ဆက်လက် စစ်ဆေးပါသည်။

ရဲအုပ် = ဘာအပြစ်ရှိလဲ
ရွာသူ = ၈ မိုင်ရှော့ပင်းစင်တာမှာ ဗုံးခွဲခဲ့ပါတယ်။
ရဲအုပ် = ရွာကနေ ရန်ကုန်ကို ဘယ်လိုလာလဲ
ရွာသူ = လိုင်းကား နဲ့လာပါတယ်။
ရဲအုပ် = ကားဂိတ်ကနေ ၈ မိုင် ရှော့ပင်းစင်တာကို ဘယ်လိုသွား
လဲရွာသူ = ကက ငှားပြီးသွားပါတယ်။
ရဲအုပ် = ဗုံးကို ဘယ်မှာသွားထားလဲ
ရွာသူ = ပစ္စည်းအပ်တဲ့နေရာမှာ သွားထားပါတယ်။
ရဲအုပ် = အမှန်အတိုင်းပြောစမ်း၊ လိမ်ရင် နာသွားမယ်။
ရွာသူ = ဟုတ်..ဟုတ်ကဲ့ သူတို့ ပြောခိုင်းတဲ့ အတိုင်း ကျမပြောနေပါတယ်။ အဲဒါတွေဟာ သူတို့ပြောခိုင်းတဲ့ အမှန်တွေဘဲ။

ရဲအုပ် = သူတို့ဆိုတာ ဘယ်သူတွေလဲ
ရွာသူ = သူတို့ကို ပြောလို့မရဘူး။ ပြောရင် သေသွားနိုင်တယ်။
ရဲအုပ် = နင်လိမ်ဖို့ မကြိုးစားနဲ့။ လိမ်ရင်နာမယ်။ အမှန်တိုင်း ပြောရင် ဘာမှမဖြစ်ဘူး။
ရွာသူ = တကယ်လား၊ အမှန်တိုင်းပြောရင် ရိုက်မလား။
ရဲအုပ် = အမှန်တိုင်းပြောရင် ဘာမှမလုပ်ဘူး။ လိမ်ရင် ဒီထက်နာမယ်။
ရွာသူ = ဒါဆိုရင် အမှန်ကဒီလို xxxxxxxx
ဤသို့ဖြင့် ရွာသူမှပြောသည်မှာ ၄င်းဗုံးပေါက်ကွဲမူ့ကို မသိကြောင်း၊ စစ်တပ်မှ ညဉ်းပန်း နှိပ်စက်ပြီး ၀န်ခံခိုင်းကြောင်း၊ စစ်ကြောရေး စခန်းတွင် ဇာတ်တိုက်ခဲ့ပုံများ ရှင်းပြပြီုး အသေးစိတ် ဖွင့်ချပါတော့သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် အမှုတည်ဆောက်၍ မရတော့ဘဲ နှိပ်စက်ထားသော ရွာသားများကို ပြန်လွှတ်လိုက် ရပါတော့သည်။ ဤကိစ္စသည် နအဖ၏ သရုပ်မှန် နှင့်အရည်အချင်းကို ဖေါ်ပြနေသော ခိုင်မာသည့် သာဓက ဖြစ်ပါသည်။ ၄င်းပြင် ပြန်ကြားရေးဝန်ကြီး ကျော်ဆန်း၊ ရဲချုပ် ဗိုလ်မူးချုပ်ခင်ရီ နှင့် ဧရာဝတီ တိုင်းမှုး အားလုံး၏ အရည်အချင်း ကိုလည်း ထင်ဟပ် ပေါ်လွင်စေပါတယ်။

ယခုလည်း ရန်ကုန်သင်္ကြန် ဗုံးခွဲမူ့ ကို စတင်စွတ်စွဲ ထားသည့်အဖွဲ့က တစ်ခြား ဖမ်းဆီးထားသည့် အဖွဲ့က တစ်ခြား နှင့် စကတည်းက တစ်လွဲ ဖြစ်နေပါပြီ။ အပြစ်မရှိသော ဓါးစားခံများတွက် ၀မ်းနည်းမိပါသည်။ မည်သို့ပင် ဇာတ်ဆရာ အလိုကျ ဇာတ်တိုက်နေပါစေ သမိုင်းသက်သေ အမှန်တရားများသည် အနှေး နှင့် အမြန် ပေါ်လာ မည်မှာ ဧကန်မလွဲပေ။

မှတ်ချက်။ တကူဆိပ်ရွာအရေးအခင်းနှင့် ပတ်သက်ပြီး တာဝန်ရှိသူ၊ တာဝန်မဲ့ သူများကြောင်းကို ရွေးကောက်ပွဲ ကျင်းပ ခါနီးမှ ဖေါ်ပြသွားပါမည်။

ဖူးဒို
မေလ (၈)၊ ၂၀၁၀။

Ref: အာဇာနည်ဘလော့

Read More...

Monday, May 10, 2010

ဝေါမြို့နယ်ကျေးရွာတွေ ရေရှားလို့ ၀မ်းလျှောရောဂါဖြစ်ပွား

09 May 2010

ပဲခူးတိုင်း ဝေါမြို့နယ်ဆေးရုံမှာ ၀မ်းပျက်ဝမ်းလျှော ရောဂါနဲ့ လူနာတွေ အတော်များများ ရောက်ရှိနေပါတယ်။ ဒေသ တ၀ိုက်မှာ အပူချိန် ပြင်းထန်ပြီး ချောင်းကန်တွေ ရေခမ်းခြောက်ကုန်လို့ သန့်ရှင်းတဲ့ရေ အလုံအလောက် မရရှိကြဘဲ လူတွေ ၀မ်းပျက်ဝမ်းလျှော ရောဂါတွေ ဖြစ်နေကြတာလို့ ဆိုပါတယ်။ ဒီအခြေအနေကိုတော့ စုံစမ်းထားတဲ့ မအေးသန္တာကျော်က တင်ပြထားပါတယ်။

ဝေါမြို့နယ်ထဲက ကျေးရွာတချို့မှာ ရေသန့်ရှားပါးမှု ပြဿနာနဲ့ ဆိုးဆိုးရွားရွား ကြုံတွေ့နေကြရတာပါ။ ဒီအခါမှာ သဘာဝ ချောင်းကန်ကို အထူး အားကိုးနေရတဲ့ ဒေသခံတွေ ကျန်းမာရေး ပြဿနာနဲ့ ရင်ဆိုင်ရတာဖြစ်ပါတယ်။ ရေရှားပါးမှု ပြဿနာနဲ့ ပတ်သက်ပြီးတော့ ဒေသခံတဦး ပြောပြတာကတော့ -

“ရေတွေက မသန့်ရှင်းတဲ့ရေတွေ။ သူတို့က ချောင်းရေတွေကိုပဲ သောက်နေရပါတယ်။ ချောင်းရေတွေက အနည်တွေ ထိုင်နေပါပြီ။ ချောင်းရေတွေလည်း ခမ်းနေပါတယ်။ ကန်ရေတွေလည်း ခမ်းနေပါတယ်။ ကန်ရေတွေကလည်း အဲဒီလို ဗွက်ရေတွေ ဖြစ်နေပါပြီ။ ရွှံ့ဗွက်ရေတွေ။ အိုးဘိုစု တို့ ရွာတွေဆိုလို့ရှိရင် တော်တော် အခြေအနေ ဆိုးပါတယ်။ သူတို့ဆီမှာက တုံကင်လေးတွေပဲ ရှိပါတယ်။ တုံကင် လေးတွေက ပေ သုံး-လေးဆယ်ပဲ တူးထားတဲ့ အခါကျတော့ ကျနော်တို့ အောက်ကစမ်းက မလိုက်တော့ပါဘူး။ မနက်ပိုင်းလေး ရေနည်းနည်းလေး ထွက်ပြီးတော့ ညနေပိုင်းဆို လုံးဝ မထွက်တော့ ပါဘူး။”

အခု ရေရှားပါးမှုနဲ့ ကြုံနေရတဲ့ ကျေးရွာတွေမှာ ၀မ်းပျက်ဝမ်းလျှော ရောဂါတွေ ဖြစ်ကြလို့ အများစုက ဝေါဆေးရုံကို ရောက်ရှိနေကြပြီး တချို့ကတော့ ပဲခူးဆေးရုံကို ပို့ဆောင်ကြတယ်လို့ အဲဒီ မျက်မြင်သက်သေ ဒေသခံတွေကပဲ ပြောပါ တယ်။

“ကျနော်တို့ ဒီမှာ ရေလှူတာ။ တချို့ရွာတွေကို ရေသွားပို့နေရင်းနဲ့ အဲဒီ ဆေးရုံရှေ့မှာ လူတွေပုံနေလို့ ကျနော်တို့ မေးကြည့်လိုက်တာပါ။ ၀မ်းပျက်ဝမ်းလျော ရောဂါတွေနဲ့ ရောက်နေကြတာပါ။ လူနာရှင်တွေက ပြောတာပါ။ ဒီနေ့က စနေနေ့ ဖြစ်တဲ့အခါကျတော့ ဆေးရုံမှာကတော့ round ပတ်တဲ့ဆရာ၊ ဆရာမတွေတော့ သိပ်မရှိဘူးပေါ့။ သူနာပြုတွေကတော့ ကြိုးစားပြီးတော့ လုပ်ဆောင်နေတာ တွေ့ခဲ့ရပါတယ်။”

ဝေါဆေးရုံကို ရောက်ရှိပြီးတော့ လူနာရှင်တွေနဲ့ စကားပြောဆိုခဲ့ရသူ ပြောဆိုသွားတာပါ။ ဝေါဆေးရုံ တာဝန်ရှိသူတွေ ကတော့ ဒီလို လူနာတွေ ရောက်မရောက်ကို အတည် မပြုပေးခဲ့ပါဘူး။ ဒီလို ဒေသတွင်းမှာ ရေရှားပါးမှု ပြဿနာကို အာဏာပိုင်တွေဘက်က ဘယ်လို တိတိကျကျ ဆောင်ရွက်ပေးနေလဲ သေချာ မသိရပေမဲ့ ပုဂ္ဂလိက အလှူရှင်တွေကတော့ တနိုင်တပိုင် ရေသန့်တွေကို လိုအပ်နေတဲ့ ကျေးရွာတွေကို ပေးပို့လှူဒါန်းမှုတွေကို လုပ်ဆောင်နေတာပါ။

ဝေါမြို့နယ် ရဲစခန်းက တာဝန်ရှိသူတဦး ပြောပြတာကတော့ -

“ကျနော်တို့ အဗြားကြီး၊ အဗြားဘိုတဲ လိုဟာမျိုးတို့ဆိုရင် ဒီနေ့ ကျနော်တို့ ရေကို ကားနဲ့သယ်ပြီးတော့ သွားလှူတာ ရှိပါတယ်။ ဒီနေ့ကတော့ ကျနော်တို့ စခန်းကပါ။ ဒုတပ်ကြပ် ကျော်သူကနေ သွားလှူတာပါ။ တခြား အလှူရှင်တွေလည်း ကူညီကြပါတယ်။ မြို့ရွာအာဏာပိုင်တွေ အနေနဲ့လည်း လုပ်တော့ လုပ်နေကြပါတယ်။”

ဝေါမြို့နယ် ရဲစခန်းက တာဝန်ရှိသူတဦး ပြောပြသွားတာပါ။ ဒီလိုမျိုး ပုဂ္ဂလိက ရေလှူသူတွေ အပိုင်းက တပိုင်တနိုင်ပဲ လုပ်ဆောင် နိုင်တာဖြစ်လို့ သက်ဆိုင်ရာ အာဏာပိုင်တွေ နိုင်ငံတကာ လူမှု အဖွဲ့အစည်းတွေ ဆီကနေ စနစ်တကျ ကူညီမှု ရရှိမှသာ ဒေသခံတွေအဖို့ သက်သာရာ ရလိမ့်မယ်လို့ ဒေသခံတဦးကပဲ ပြောသွားပါတယ်။

“ကျနော်တို့ကတော့ လောလောဆယ်ကတော့ သန့်ရှင်းတဲ့ရေတွေကို ပို့ဆောင်နေတဲ့ အဆင့်လောက်ပဲ လုပ်ဆောင်ပေး နိုင်ပါတယ်။ တကယ်လို့ ကမ္ဘာ့ ကြက်ခြေနီ အဖွဲ့တို့ ယူနီဆက် အဖွဲ့တို့က ဆင်းပြီးတော့ လာရောက်ပြီးတော့ ကူညီပေးမယ် ဆိုရင်တော့ ကောင်းပါတယ်။”

ဒီလိုမျိုး ပဲခူးတိုင်း မြို့နယ်တွေမှာ ရေရှားပါးမှုက အရင် လေးငါးနှစ်ကလည်း ဖြစ်ပွားခဲ့ဖူးပေမဲ့ ဒီတခေါက်လောက် ကျေးရွာ များများစားစားကို ထိခိုက်တာမျိုး မရှိခဲ့ဘူးလို့ ဒေသခံတွေက ပြောနေကြပါတယ်။

Ref: VOA News

Read More...

နိုင်ငံရေးသမားကြီး ဦးရဲထွန်း ကွယ်လွန်

ဆလိုင်း ဟံသာစန်း
စနေနေ့၊ မေလ ၀၈ ရက် ၂၀၁၀

နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာ့နိုင်ငံရေး အသိုင်းအ၀ိုင်းတွင် လူသိများသည့် ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) ဒုဥက္ကဋ္ဌဟောင်း ဦးရဲထွန်း (၇၃ နှစ်) သည် သွေးဖြူ၊ သွေးနီဥနှင့် အရိုးကင်ဆာ ရောဂါများဖြင့် ယမန်နေ့ နေ့လည်ပိုင်းတွင် ကွယ်လွန်သွားသည်။

ထိုင်းနိုင်ငံ ဘန်ကောက်နှင့် စင်္ကာပူနိုင်ငံရှိ ဆေးရုံများသို့ သွေးဖြူဥ၊ သွေးနီဥကျဆင်းသည့် ရောဂါကို သွားလာ ကုသနေရင်း အရိုးကင်ဆာပါ ထပ်မံတွေ့ရှိလာပြီး ယင်းရောဂါများဖြင့် ကွယ်လွန်သွားခြင်း ဖြစ်သည်။

“သူ့မှာ ပထမဖြစ်တဲ့ရောဂါက သွေးဖြူဥ၊ သွေးနီဥ လျော့နည်းကျဆင်းတဲ့ ရောဂါ။ အဲဒါကို ဘန်ကောက်မှာကုရင်း နောက်တော့ အရိုးကင်ဆာ တွေ့လာတယ်။ အဲဒါ စင်္ကာပူမှာ ခြင်ဆီကို ဆေးထိုးကုရင်းကနေ နောက်တော့ ရောဂါက ဆိုးလာတော့ ဆရာဝန်က ၅ လလောက်ခံမယ် ပြောပေမယ့် အခု တလပဲ ခံလိုက်တယ်” ဟု နိုင်ငံရေး လုပ်ဖော်ကိုင်ဘက်ဟောင်းနှင့် လက်ရှိ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးသုဝေက မဇ္ဈိမကို ပြောသည်။

ဦးရဲထွန်းသည် ဖဆပလ ခေတ် တရားရေးဝန်ကြီးဟောင်း ဦးချန်ထွန်း၏ အကြီးဆုံးသားဖြစ်ပြီး ထင်ရှားသည့် ရှေ့နေတဦးဖြစ်ကာ အောင်မြင်သည့် စီးပွားရေးသမားလည်း ဖြစ်သည်။ ထို့အပြင် နိုင်ငံတကာ ကုမ္ပဏီများတွင် သူ၏ စီပွားရေးရင်းနှီးမြှုပ်နှံမှုများ ရှိနေပြီး ပြည်တွင်း စီးပွားရေးကုမ္ပဏီ ၃ ခုတွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူ ဖြစ်သည်။

မူလက စစ်အစိုးရ ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ဦးသုဝေနှင့် ပူးပေါင်းကာ ပါတီတည်ထောင်ပြီး ဒုဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သော်လည်း ပါတီတွင်း သဘောထားကွဲလွဲမှုကြောင့် ယခုနှစ် အစောပိုင်းတွင် နုတ်ထွက်ခဲ့သည်။

“သူက အခုလက်ရှိ ဘယ်ပါတီမှ ၀င်မထားဘူး။ ဒါပေမဲ့ ပါတီတိုင်းနဲ့ အဆက်အသွယ်ရှိတယ်။ နိုင်ငံရေးကို တအားဝါသနာပါတယ်။ သူနေကောင်းတုန်းက ကျောင်းသားတွေ၊ နိုင်ငံရေးပါတီတွေအတွက် အလှူငွေတွေ ကူပြီး ကောက်ခံပေးခဲ့တဲ့ သူပါ” ဟု ဦးသုဝေက ပြောသည်။

ဦးရဲထွန်းသည် နိုင်ငံရေးလှုပ်ရှားမှုကြောင့် ၄ ကြိမ်ထက်မနည်း ထောင်ကျခဲ့ဖူးသည်။ ၁၉၇၅ ခုနှစ် ဇန်န၀ါရီလတွင် ဖြစ်ပွားသည့် ဦးသန့်အရေးအခင်းတွင် ဦးဆောင်ပါဝင်ခဲ့သဖြင့် ထောင်ဒဏ် ၁၀ ကျခံခဲ့ရသည်။ ထို့အပြင် ၁၉၈၉ ခုနှစ် ဇူလိုင်လတွင် မြေအောက်အဖွဲ့အစည်းများနှင့် ဆက်သွယ်သည်ဟုဆိုကာ ဗိုလ်ချုပ်ကြီးခင်ညွန့် ဦးဆောင်သည့် စစ်ထောက်လှမ်းရေးက ဖမ်းဆီးခဲ့သည့် ၅၂ ဦးထဲတွင် ဦးရဲထွန်းလည်း ပါဝင်သည်။

“သူက ကျမတို့ရဲ့ မိသားစုလို ခင်မင်ရင်းနှီးတဲ့လူ၊ ပြီးတော့ နိုင်ငံရေးလုပ်ဖော်ကိုင်ဘက် တယောက်ပါ။ သူကွယ်လွန်သွားတဲ့အတွက် အရမ်းပဲ စိတ်မကောင်း ဖြစ်ရပါတယ်။ ဒီလောက်ထိ မြန်မြန်ကြီး ဖြစ်သွားမယ် မထင်ဘူး” ဟု ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) အထွေထွေ အတွင်းရေးမှူး ဒေါ်ချိုချိုကျော်ငြိမ်းက မဇ္ဈိမကို ပြောသည်။

ဦးရဲထွန်း၏ ကျန်ရှိသည့် ရုပ်ကလာပ်ကို မနက်ဖြန် နံနက် ၉ နာရီတွင် အမှတ် ၅၃၊ ပြည်လမ်း၊ မရမ်းကုန်းမြို့နယ်ရှိ နေအိမ်မှ ရေဝေးသုဿာန်သို့ ပို့ဆောင်မီးသဂြိုလ်မည်ဖြစ်သည်။

ကွယ်လွန်ချိန်တွင် ဇနီးဖြစ်သူ ဒေါ်ဥမ္မာမော်၊ သား ၁ ဦး၊ သမီး ၁ ဦးနှင့် မြေး ၂ ဦး ကျန်ရစ်ခဲ့သည်။ ဇနီးဖြစ်သူ ဒေါ်ဥမ္မာမော်သည် နန်းရင်းဝန်နှင့် အဓိပတိဟောင်း ဒေါက်တာဘမော်၏ သမီးဖြစ်သည်။

Ref: မဇ္ဈိမ

Read More...

ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ်

အောင်ထက်/ ၇ မေ ၂ဝ၁ဝ

ရန်ကုန်မြို့၏ အထင်ကရ စာသင်ကျောင်း (၅) ကျောင်းအား အစိုးရ အဆင့်မြင့် အထက်တန်းကျောင်းများအဖြစ် အဆင့်မြှင့် အသွင် ပြောင်းမည်ဟု သတင်းများ ပေါ်ထွက်လျက်ရှိသည်။

ထိုသို့ သတင်းထွက်နေသော ကျောင်းများမှာ ဗဟန်း အထက - ၂ (နန်ရန်းကျောင်း)၊ ဒဂုံ အထက - ၁၊ ဒဂုံ အထက - ၂၊ ကမာရွတ် မရမ်းခြံ အထကနှင့် ဗိုလ်တထောင် အထက - ၆ (စိန်ပေါလ်) တို့ ဖြစ်သည်။

“ဒါ မြန်မာပြည်မှာ ပထမဆုံးလုပ်တာပဲပေါ့။ လစဉ်ကြေး တလ (၅) သောင်းကျပ် ပေးသွင်းရမယ်။ သင်ထောက်ကူ ပစ္စည်းတွေကို နိုင်ငံတကာ အဆင့်မီ ကျောင်းသားတိုင်း သုံးစွဲခွင့်ရမယ် ကြားနေတယ်” ဟု စိန်ပေါလ် ကျောင်းသား မိဘတဦးက ပြောသည်။

အင်္ဂလိပ်စာနှင့် ဘိုင်အိုကဲ့သို့ ဘာသာရပ်သင်ဆရာများကို နိုင်ငံခြားမှ ခေါ်ယူမည်ဟုလည်း သတင်းများ ထွက်နေခြင်းကြောင့် ကျောင်းသား မိဘများက အထူး စိတ်ဝင်စားနေကြသည်ဟု ၎င်းက ပြောသည်။

ဒဂုံ အထက (၁) ကျောင်းသားမိဘတဦးကမူ “မေ (၂၃) ရက်နေ့ ကျောင်းအပ်လက်ခံရင် ဒီသတင်းနဲ့ပတ်သက်လို့ တခုခု ထူးခြားမယ် ထင်တယ်။ စနစ်တကျ အရည်အချင်း အပြည့်နဲ့သင်ပါ။ ဒီကျောင်းတွေမှာ ထားကြတဲ့ ကျောင်းသားမိဘတွေ တလ (၅) သောင်း ပေးနိုင်ပါတယ်။ ခုလည်း လက်ရှိကျောင်းက ဆရာမတွေဆီမှာ ကျူရှင်သင်နေရတာ တလ (၅) သောင်း မကပါဘူး” ဟု ပြောသည်။

အဆိုပါ အထင်ကရ ကျောင်းများသို့ တက်ရောက်ခွင့်ရရှိရန် ကျောင်းသားသစ်တဦး (၁၀) သိန်းနှင့်အထက် ပေးသွင်းနေကြရသည်။

ဗဟန်း အထက (၂) ကျောင်းသားမိဘ တဦးကလည်း “ကျောင်းက ဆရာမဆီမှာ (၈) တန်း ကျူရှင် ကြိုသင်နေတာ တလ (၃) သောင်း ပေးရတယ်။ နိုင်ငံတကာ အဆင့်မီကျောင်းကို (၅) သောင်းပေးသင်ရတာ မသိသာပါဘူး။ ကျူရှင် လိုက်ပို့ပေးနေရတဲ့ တာဝန်တောင် ကင်းသေးတယ်” ဟု ဆိုသည်။

ရန်ကုန်မြို့မှ နာမည်ကြီးကျူရှင် ဆရာတဦးကမူ အစိုးရအနေဖြင့် ကျောင်းများကို အဆင့်မြှင့်အသွင်ပြောင်းရန် ရုတ်တရက် မဖြစ်နိုင် သေးကြောင်း၊ အစိုးရခန့်ဆရာများအတွက် လစာသတ်မှတ်ရေးနှင့် လုပ်သက်ပင်စင်များတွက်ချက်ရန် အခက်အခဲ ဖြစ်နိုင်ကြောင်း ပြောဆိုသည်။

အငြိမ်းစားပညာရေးမှူးတဦးကမူ ယခုလက်ရှိကျင့်သုံးနေသည့် ပညာရေးစနစ်ကြောင့် ကျောင်းသားများမှာ အတန်း အောင်နေကြသော်လည်း အရည်အသွေးပြည့် ကျောင်းသားများ အလွန် နည်းပါးနေသည်ဟု ဆိုသည်။

၎င်းက “ကျောင်းသားတွေဟာ တဦးနဲ့တဦး ပင်ကိုယ် အရည်အသွေး မတူနိုင်ဘူး။ ဒါကို (၉) တန်းအထိ မဖြစ်မနေ အအောင် ပေးနေရတဲ့ စဉ်ဆက်မပြတ် အတန်းတင်ပေးရေး ပညာရေးမူဝါဒကိုက မှားနေတယ်။ ဒီတော့ မြန်မာပြည်မှာ အတန်းအောင်တွေသာ များနေတယ်။ အရည်အသွေး ပြည့်မီတဲ့ ပညာတတ်တွေတော့ ထွက်မှာမဟုတ်ဘူး” ဟု သုံးသပ်သည်။

ယခုကဲ့သို့ ကျောင်းအချို့အား အစိုးရအဆင့်မြင့်ကျောင်းအဖြစ် ပြောင်းလဲမည့်သတင်းနှင့်ပတ်သက်၍ အမှတ် (၃) အခြေခံပညာ ဦးစီး (အောက်မြန်မာနိုင်ငံ) မှ အရာထမ်းတဦးက လုံးဝ အခြေအမြစ်မရှိကြောင်း ငြင်းဆိုသည်။

ယခုကဲ့သို့ ကျောင်းဝင်ခွင့်လက်ခံကာလ မရောက်မီတွင် ထိုကဲ့သို့ ကောလာဟလသတင်းများ နှစ်စဉ် ထွက်ပေါ်လေ့ ရှိတတ်သည်ဟု ၎င်းကပြောသည်။

လက်ရှိတွင် အခြေခံပညာအဆင့် ပုဂ္ဂလိက (Private School) အဖြစ် လျှောက်လွှာတင်သည့် (၂၄) ကျောင်းအနက် ပုဂ္ဂလိက (၆) ကျောင်းကို မတ်လအတွင်းက စိစစ်ခွင့်ပြုပြီးဖြစ်သည်။

၎င်းတို့မှာ မဟာမြကျွန်းသာ၊ ဇင်ယော်၊ EC ပညာရိပ်သာ၊ Success ၊ Halphin Group တို့ပါဝင်ပြီး လာမည့် ဇွန် (၁) ရက်နေ့တွင် စတင် ဖွင့်လှစ်မည်ဟု ရန်ကုန်တိုင်း တယကမှ သိရသည်။

Ref: ခေတ်ပြိုင်

Read More...

မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည် မဟုတ်

မြတ်ခိုင်ဦး/ ၇ မေ ၂ဝ၁ဝ

မလေးရှားနိုင်ငံရှိ လုပ်သက် (၅) နှစ် ပြည့်သွားသော မြန်မာအပါအ၀င် နိုင်ငံခြားသား ရွှေ့ ပြောင်း အလုပ်သမားများအား မလေးရှား အစိုးရက အလုပ်လုပ်ခွင့် သက်တမ်းများ ထပ် တိုးမပေးတော့ဟု သိရသည်။

လူဦးရေ (၂၅) သန်းရှိသော မလေးရှားနိုင်ငံတွင် (၂.၂) သန်းရှိနေသော နိုင်ငံခြားသား ရွှေ့ ပြောင်း အလုပ်သမားများအား (၁.၅) သန်း အထိ လျှော့ချရန် ရည်ရွယ်၍ မလေးရှားအစိုးရက သက်တမ်းတိုးခွင့် ရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်။

ယင်းသို့ ပြုလုပ်မည့်အကြောင်းကို ယခုနှစ်ဦးပိုင်းတွင် အလုပ်သမားဝန်ကြီးနှင့် ပြည်ထဲရေးဝန်ကြီး တို့က တရားဝင် ပြောကြား ခဲ့သော်လည်း ယခုရက်ပိုင်းမှစ၍ သက်တမ်း တိုးပေးမှုများကို စတင် ရပ်ဆိုင်းလာခြင်း ဖြစ်သည်။

မလေးရှားမှ သက်တမ်းတိုးရန် ငြင်းပယ်ခံရသူတဦးက “ကျနော့်နာမည် စောလှမြင့်ပါ၊ ဧရာဝတီတိုင်းက ကရင်လူမျိုးပါ၊ ဒီမှာ စတီးဂဟေ ဆော်တဲ့ အလုပ်လုပ်ပါတယ်။ လုပ်ငန်းကျွမ်းကျင်လို့ တနေ့ကို (၅၀) ရင်းဂစ် ရပါတယ်။ အိုဗာတိုင်ရှိရင် တနေ့ကို ပျမ်းမျှ (၇၅) ရင်းဂစ်လောက် ရပါတယ်။ သက်ဆိုင်ရာ လ၀ကကို အရင်အပတ်က သူဌေးကသွားတယ်။ လ၀က က သက်တမ်းတိုးလို့မရပါ၊ (၅) နှစ်ပြည့်သွားပြီ၊ ပြန်ပို့ဖို့အတွက် စီစဉ်ပါလို့ ပြောတယ်လို့သိရတယ်။ ကျနော့်သက်တမ်းက (၆) လပိုင်းဆိုရင် ကုန်ပြီ။ သူဌေးကတော့ ပြောပါတယ်၊ နေရဲရင် အလုပ်ဆက်ခန့်မယ်လို့ ပြောတယ်။ ပြန်သွားရင် စုဆောင်းထားတာ မရှိတော့ ပြန်လာဖို့မလွယ်ဘူး။ ရွာမှာလည်း အလုပ်အကိုင်တွေ အဆင်မပြေတော့ မိသားစုကလည်း နေလို့ရသလောက်နေပါလို့ ပြောနေတော့ မပြန်ဘဲ အိုဖို့ဆုံးဖြတ်လိုက်တာပါ။ ကံမကောင်းလို့ ရဲအဖမ်းခံရမှပဲ ပြန်တော့မယ်ဗျာ” ဟုဆိုသည်။

သက်တမ်းဆက်တိုးမပေးတော့သော်လည်း မြန်မာပြည်သားအများစုသည် နေရပ်ရင်းသို့ မပြန်လိုသူများထဲတွင် ထိပ်ဆုံးမှ ရှိနေပြီး ဒုက္ခသည်အဖြစ် ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) သို့ လျှောက်ထားမည့်သူ များလာနေသည်ဟု သိရသည်။

မလေးရှားနိုင်သို့ လာရောက် အလုပ်လုပ်ကိုင်သူများသည် (၃) နှစ် စာချုပ်ဖြင့် ပထမဦးစွာ အလုပ်လုပ်ရပြီး အလုပ်ရှင်က နှစ်သက်ပါက ထပ်မံ၍ (၂) နှစ်ဆက်လက် လုပ်ကိုင်ခွင့်ရှိသည်။ ထို့နောက် လုပ်ငန်းရှင်မှ ထပ်မံခန့်ထားလိုပါက လုပ်ငန်းကျွမ်းကျင် လက်မှတ် လျှောက်ရပြီး ရခဲ့လျှင် ထပ်မံ၍ (၅) နှစ် နေခွင့်ရှိပြီး စုစုပေါင်း (၁၀) နှစ် နေထိုင် လုပ်ကိုင်နိုင်ခွင့်ရှိသည်။

ယခုအခါတွင် အိုဗာစတေးဖြင့် နေထိုင်သော အလုပ်သမားများအား မလေးအစိုးရကလည်း နေ့စဉ်ရက်ဆက် ဆိုသလို ဖမ်းဆီးမှုများ ပြုလုပ်လျက်ရှိသည်။

မလေးရှားတွင် လူဝင်မှုကြီးကြပ်ရေး ထိန်းသိန်းရေးစခန်း (၁၃) ခုရှိပြီး တခုလျှင် အနည်းဆုံးလူဦးရေ (၁,၀၀၀) ခန့်ကို ဖမ်းဆီး ထိန်းသိမ်းထားကာ ထိုသူများထဲတွင် မြန်မာနိုင်ငံသား (၃,၀၀၀) မှ (၅,၀၀၀) အထိ အထိန်းသိမ်း ခံနေရသည်။

မလေးရှားနိုင်ငံအတွင်း အလုပ်သမားအရေး လုပ်ကိုင်ဆောင်ရွက်နေသော Burma Campaign Malaysia မှ ကိုထွန်းထွန်းက “အခုကိစ္စနဲ့ ပတ်သက်ပြီး မလေးအစိုးရအနေနဲ့ မှားယွင်းတဲ့ ပေါ်လစီလို့မြင်တယ်။ ဘာကြောင့်လဲဆိုတော့ လက်ရှိလုပ်ငန်း ကျွမ်းကျင်သူတွေကို ပြန်ပို့ပြီး အသစ်တွေကို ခေါ်ယူခွင့်ပေးထားတော့ လုပ်ငန်းရှင်တွေ အနေနဲ့ နစ်နာတယ်။ တဖက်ကလည်း ပို့ကုန် လုပ်ငန်းတွေကို ထိခိုက်နိုင်တယ်။ ဒါကြောင့် အလုပ်ရှင် အလုပ်သမား နှစ်ဖက်နစ်နာမှုတွေ ဖြစ်စေတယ်။ အကျိုးအမြတ် ရသူတွေကတော့ အလုပ်သမား ခေါ်ယူပေးတဲ့ ပွဲစား (အေးဂျင့်) တွေပဲ ဖြစ်တယ်” ဟု ဆိုသည်။

မလေးရှားနိုင်ငံတွင် မြန်မာရွှေ့ ပြောင်း အလုပ်သမား (၇) သိန်းခန့်ရှိမည်ဟု ခန့်မှန်းထားကြပြီး သံပန်းသံတခါး လုပ်ငန်း၊ အထည်ချုပ် လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ပလတ်စတစ်လုပ်ငန်း၊ အီလက်ထရောနစ် အပိုပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်း စသည်တို့တွင် မြန်မာအလုပ်သမားအများစု လုပ်ကိုင်လေ့ရှိကာ ယခင်က တနေ့လျှင် (၁၈.၅) ရင်းဂစ်အနည်းဆုံး ရရှိကြပြီး ယခုနောက်ပိုင်း ဝင်ရောက် လာသူများသည် လ၀က၏ အနိမ့်ဆုံးလစာ သတ်မှတ်ချက်ကြောင့် တနေ့လျှင် (၂၁) ရင်းဂစ် ရရှိကြသည်။

Ref: ခေတ်ပြိုင်

Read More...

အပေါ်သို့