..............................

Friday, June 5, 2009

ပင်လုံသက်သေ မွေခံထိုက်စေ

ဗိုလ်ထက်မင်း
၎ ဇွန် ၂၀၀၉

နအဖဟာ အပစ်ရပ် ငြိမ်းအဖွဲ့တပ်တွေကို နယ်ခြားစောင့်တပ် အဖြစ် ပြောင်းလဲ ဖွဲ့စည်းဖို့ စီစဉ်ရာမှာ အသွင်ကူးပြောင်းရေး လုပ်ငန်းများနှင့် ပတ်သက်ပြီး “အသွင်ကူးပြောင်းရေး မူဝါဒ ကော်မတီကို” တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဒုတိယဥက္ကဋ္ဌ၊ အဖွဲ့ဝင်များ အဖြစ် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)၊ နိုင်ငံတော် ၀န်ကြီးချုပ်၊ အတွင်းရေးမှူး (၁)၊ နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီဝင် အဖွဲ့ဝင်များက ပါဝင် ဆောင်ရွက်ကြမည့် အပြင် တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ်၊ အတွင်းရေးမှူးနှင့် ညွှန်ကြားရေးမှူး၊ ပြည်သူ့စစ်နှင့် နယ်ခြားတပ်များ ညွှန်ကြားရေးမှူးရုံး၊ တွဲဖက် အတွင်းရေးမှူးများဖြင့် ပါဝင် ဖွဲ့စည်းထားပါတယ်။ အဲဒီလို ဖွဲ့စည်း ထားတာကိုကြည့်ရင် နအဖအနေနဲ့ အပစ်ရပ် တိုင်းရင်းသားတွေ အပေါ်မှာ သတိထားကိုင်တွယ် နှိပ်ကွပ်မယ့် သဘော တွေ့ရပါတယ်။

ဆက်လက်ပြီး တပ်မတော်စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ်က ဥက္ကဋ္ဌ၊ တိုင်းမှူးများက အဖွဲ့ဝင်၊ ဒုတိယ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ်၊ တွဲဖက် စစ်ရေးချုပ်၊ တွဲဖက် စစ်ထောက်ချုပ်၊ ညွှန်ကြားရေးမှူး (ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး)၊ ညွှန်ကြားရေးမှူးချုပ် (ကာကွယ်ရေး ၀န်ကြီးဌာန၊ ငွေစာရင်း)၊ စစ်ဦးစီးမှူး (ပထမတန်း)၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) တာဝန်ဌာနခွဲ အဖွဲ့ဝင်နဲ့ ညွှန်ကြားရေးမှူး၊ ပြည်သူ့စစ်နှင့် နယ်ခြားတပ် များ ညွှန်ကြားရေးမှူးရုံး အတွင်းရေးမှူးနဲ့ တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ် ရုံးမှ စစ်ဦးစီးမှူး (ပထမတန်း)၊ တွဲဖက် အတွင်းရေးမှူးများ ပါဝင်တဲ့ “အသွင် ကူးပြောင်းရေးလုပ်ငန်း ကော်မတီ” ကိုလည်း ဖွဲ့စည်းထားပါတယ်။

ဒါ့အပြင် တိုင်းမှူး ဥက္ကဋ္ဌ၊ ဒုတိယတိုင်းမှူး အပါအ၀င် ဦးစီး အရာရှိကြီးများ ပါဝင်တဲ့ အသွင် ကူးပြောင်းရေး “တိုင်းအဆင့် လုပ်ငန်းကော်မတီ” ဆိုပြီးတော့လည်း ဖွဲ့စည်း ထားပါသေးတယ်။

ဒါပေမယ့် အဲဒီကော်မတီအဆင့်ဆင့်မှာ အပစ်ရပ် တိုင်းရင်းသား ခေါင်းဆောင်တွေ လုံးဝ ပါဝင်ခွင့် မရှိတာကိုကြည့်ရင် တိုင်းရင်းသား အခွင့်အရေးနဲ့ တန်းတူညီမျှမှု ဆိုတာ အိပ်မက် ပမာသာ ရှိနေပါဦးမယ်။

ဖြစ်သင့်တာက နအဖဖွဲ့စည်းထားတဲ့ မူဝါဒကော်မတီ၊ လုပ်ငန်းကော်မတီနဲ့ တိုင်းအဆင့် လုပ်ငန်းကော်မတီ တွေအနက် အနိမ့်ဆုံး တိုင်းအဆင့် လုပ်ငန်းကော်မတီမှာ အပစ်ရပ်အဖွဲ့မှ အရာရှိကြီးတချို့ ပါဝင်သင့်ပါတယ်။

ဒါမှသာ ဖြစ်ပေါ်လာမယ့် ဖွဲ့စည်းပုံအရ ပေါင်းစပ်ပြီးရင် လေ့ကျင့်ရေး၊ စီမံခန့်ခွဲရေး၊ အုပ်ချုပ်မှု၊ ဘာသာစကား နားမလည်မှု၊ လူမျိုး၊ ဓလေ့ထုံးစံ ကွဲလွဲမှု၊ စစ်တပ်ရဲ့ လုပ်ထုံးလုပ်နည်း ဥပဒေများဆိုင်ရာ အခက်အခဲ စတာတွေကို ပေါင်းစပ်ညှိနှိုင်းကာ ဖြေရှင်းဖို့ လွယ်ကူနိုင်မှာ ဖြစ်ပါတယ်။

အပစ်ရပ်တွေ ဖွဲ့စည်းရမယ့် နယ်ခြားစောင့်တပ်ရင်းရဲ့ ဖွဲ့စည်းပုံနဲ့ လက်ရှိ နအဖ တပ်ရင်းရဲ့ ဖွဲ့စည်းပုံကို လေ့လာနိုင်ဖို့ အောက်ပါအတိုင်း နှိုင်းယှဉ် တင်ပြအပ်ပါတယ်။







နယ်ခြားစောင့်တပ်တတပ်တွင် ရှိရမယ့် ဗိုလ်မှူး (၃) ယောက်အနက် တပ်မှူးနှင့် ဒု-တပ်မှူးများမှာ ငြိမ်းချမ်းရေး အဖွဲ့မှ ဖြစ်ပြီး ကျန် (၁) ဦးမှာ နအဖတပ်မှ ဌာနချုပ်တပ်ခွဲမှူး Admin အရာရှိ ဖြစ်ရမယ်လို့ သိရပါတယ်။

ဒါ့အပြင် တပ်ရေးဗိုလ်ကြီး (၁) ဦးနှင့် တပ်ထောက်ဗိုလ်ကြီး (၁) ဦးတို့ မှာလည်း နအဖ တပ်မှသာ ဖြစ်ပါတယ်။ တပ်ခွဲမှူးများမှာမူ ငြိမ်းချမ်းရေး အဖွဲ့မှ ဖြစ်ပါတယ်။

နအဖတပ်က အခြားအဆင့် (၂၇) ယောက်အနေနဲ့ တွဲဖက် ပါဝင်ထမ်းဆောင်ရာမှာ ဒု-အရာခံဗိုလ် (ရုံးအုပ်) (၁) ယောက်၊ ဒု-အရာခံဗိုလ် (တပ်ထောက်) (၁) ယောက်၊ တပ်ကြပ်ကြီး (စာရေး) (၈) ယောက်၊ တပ်ကြပ်ကြီး (၆) ယောက်၊ တပ်ကြပ် (၉) ယောက်၊ သူနာပြုကျွမ်းကျင် (၁) ယောက်တို့ ဖြစ်ကြပြီး သူတို့ဟာ နယ်ခြားစောင့် တပ်ရဲ့ အရေးပါတဲ့ နေရာများမှာ တာဝန်ယူပြီး ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။

နယ်ခြားစောင့်တပ်နဲ့ ပတ်သက်ပြီး နအဖက အောက်ပါအတိုင်း သတ်မှတ်ထားပါတယ်။
- တပ်နေရာချထားရေးနှင့် ပတ်သက်ပြီး နောက်ပိုင်းတွင် ညှိနှိုင်းရန်။
- လစာနှုန်းနှင့် ခံစားခွင့်များမှာ တပ်မတော်သားအတိုင်း ဖြစ်မည်။
- အဆင့်သတ်မှတ်ရန်ကိစ္စနှင့် ပတ်သက်ပြီး ငြိမ်းချမ်းရေးအဖွဲ့မှ သတ်မှတ်ပေးရန်။
- နယ်ခြားစောင့်တပ် (Border Guard Force) အား အစပိုင်း (သင်တန်းကာလ) အတွင်း ပူးပေါင်း ကွပ်ကဲ သွားမည်။
- (Border Guard Force) အား အခြားဒေသသို့ စေလွှတ်ခြင်း မရှိဘဲ ကိုယ့်နယ် အတွင်း၌သာ နယ်ခြားစောင့် တာဝန် ထမ်းဆောင်ရမည်။
- စစ်သင်တန်းစလျှင်စချင်း တပ်မတော်သားများ ခံစားခွင့် ရရှိသော (နေထိုင်၊ စားသောက်ရေး၊ မိသားစုလိုင်း) များ ခံစားခွင့်ရမည်။

ယခုအခါ UWSA ၀ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် အနေနဲ့ နယ်ခြားစောင့်တပ် အဖြစ် ပြောင်းလဲဖွဲ့စည်းခြင်းကို လုံးဝ သဘော မတူကြောင်း ပြတ်ပြတ်သားသား နအဖအား ပြန်ကြား ခဲ့ပြီးဖြစ်ပါတယ်။

အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ ကမ္ဘာသိ မြန်မာ့ခေါင်းဆောင် တဦးအား ယခုလို မတရားသဖြင့် ပြစ်မှုဖန်တီးတဲ့ နအဖကို လုံးဝ အယုံအကြည် မရှိပါဟု ၀ ခေါင်းဆောင် တဦးမှ တရားဝင် ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ဒီဖြစ်ရပ်ဟာ တိုင်းရင်းသားတွေ အတွက် လုံးဝ လက်ခံနိုင်စရာ မရှိတဲ့အပြင် နအဖကို ပြန်တိုက်ဖို့သာ ရှိတော့ကြောင်းလည်း ပြောကြားလာပါတယ်။

အမိမြန်မာနိုင်ငံတော် လွတ်လပ်ရေးရရှိဖို့ တိုင်းရင်းသားတွေ အားလုံးဟာ ဗိုလ်ချုပ်အောာင်ဆန်း ဦးဆောင်တဲ့ ပင်လုံစာချုပ် သက်သေတည်ပြီး စည်းလုံး ညီညွတ်စွာနဲ့ တောင်းဆို တိုက်ပွဲ ၀င်ခဲ့ကြပါတယ်။ လွတ်လပ်ရေး ရရှိခဲ့ပြီး ပေမယ့် တိုင်းရင်းသားတွေ အနေနဲ့ လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှု တို့ကို အမှန်တကယ် မရရှိသေးပါ။

ဒါ့ကြောင့် ဖခင်ရဲ့ ကောင်းမွေကို ဆက်ခံပြီး အများပြည်သူ လိုလားတဲ့ လွတ်လပ်မှု၊ တန်းတူ ရည်တူ သာတူ ညီမျှမှု၊ တရားမျှတမှုတို့ အတွက် တိုက်ပွဲဝင်ရင်း အာဏာရူးတွေရဲ့  မတရားဖမ်းဆီး အရေးယူခံနေရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ကယ်တင် စောင့်ရှောက်ကြပါရန် တိုင်းရင်းသားများ အားလုံးသို့ အထူး မေတ္တာရပ်ခံ ပန်ကြားအပ်ပါတယ်။

ဗိုလ်ထက်မင်း

Ref: ခေတ်ပြိုင်

Read More...

တင်းမာလာသည့် အနေအထားကြောင့် တောင်ပိုင်း ၀ တပ်နှင့် နအဖ တပ် ပစ်ခတ်လုနီးနီး

ဗုဒ္ဓဟူးနေ့၊ 03 ဇွန်လ 2009

လတ်တလော ၀ တပ်ဖွဲ့နှင့် စစ်အစိုးရတပ်တို့အကြား တင်းမာလာသည့် အခြေအနေကြောင့် နှစ်ဖက် အောက်ခြေတပ်များ ပစ်ခတ်လုနီးဖြစ်ပြီး မိမိတို့ တပ်ဖွဲ့များသွားလာရေး အနှောင့်အယှက် ဖြစ်ရသည်ဟု ၀ တပ်မှူးတဦးက ပြောဆိုသည်။

မေ ၃၁ ရက် က တောင်ပိုင်း ၀ တပ်ဖွဲ့၏ ဖိုးဝှီး ကား ၇ စီး၊ လူအင်အား ၃၀ ခန့် တာချီလိတ်သို့ စားနပ်ရိက္ခာ သွားရောက် ၀ယ်ယူပြီး (မိုင်းဆတ်မြို့ တောင်ဘက်ဝမ့်ဟုန့် တပ်စခန်းနှင့် မိုင်းတုံမြို့ တောင်ဖက် ဟွေ့အော့ တပ်စခန်းသို့) အပြန် - ခရီး တ၀က်၌ နအဖ လမ်းကင်းစောင့် တပ်ဖွဲ့၏ ဟန့်တား စစ်ဆေးမှုကြောင့် ၀ တပ်ဖွဲ့ နှင့် နအဖ စစ်တပ်အကြား အချေ အတင် စကားများပြီး ပစ်ခတ်လုနီးပါး ဖြစ်ခဲ့ရသည်ဟု အဆိုပါတပ်မှူးက သျှမ်းသံတော်ဆင့်သို့ ပြောပြပါသည်။

“မိုင်းဆတ်မြို့ အရှေ့မြောက်ဘက် လွယ်ဆမ်ဆုမ် တောင်ကြောက လမ်းကင်းစောင့်တဲ့ (မိုင်းတုမ်း အခြေစိုက်) ခမယ ၅၅၃ နဲ့ ၅၅၄ ဗမာ စစ်သားတွေ ကျနော်တို့ကားကို အသေးစိပ် ရှာဖွေစစ်ဆေး ချင်လို့တဲ့။ ကျနော်တို့ ပေးမစစ်ဘူး၊ သူတို့ ကားလဲ ကျနော်တို့ မစစ်ဆေးဘူး၊ လက်နက်ကိုင် အချင်းချင်းဘဲ။ ဒါကြောင့် အချေအတင် ဟိန်းဟောက်ကြတယ်”- ဟုဆို၏။

မိုင်းတုံမြို့ဒေသခံတဦးက -“ အခုတလော ၀ တပ်တွေ လက်နက်ခဲယမ်း မီးကျောက် သယ်ယူ ဖြည့်တင်း တာတွေ ဖိလုပ်နေ တယ်လို့ကြားလို့ နအဖစစ်တပ်က စစ်ဆေးကြည့်ချင်တဲ့ သဘော ဖြစ်နိုင်တယ်” ဟုဆို၏။

တောင်ပိုင်း ၀ တပ်ဖွဲ့အား စစ်ရေးအရ အချက်အခြာကျသည့် တပ်စခန်း ၃ ခု ကိုမေလ ကုန် နောက်ဆုံးထား၍ ဆုတ်ခွာ ပေးရန်၊ စစ်အစိုးရ၏ ကာကွယ်ရေးဝန်ကြီး လက်အောက် နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်းရန်၊ မြောက်ပိုင်းသို့ တပ်ရုတ် ပြန်ရန် စစ်အစိုးရဖက်က သတိပေးမှုကြောင့် ဆက်ဆံရေး ပိုမို တင်းမာလာခြင်း ဖြစ်သည်။ စစ်အစိုးရက အသင့် အနေအထား တပ်လှန့် ထားသကဲ့သို့ တောင်ပိုင်း ၀ တပ်ဖွဲ့ကလည်း စားနပ်ရိက္ခာ၊ လူသူလက်နက် အဆင်သင့် ဖြည့်တင်းပြီး စစ်ရေး ပြင်ဆင်ထားသည် ဟု ဆို၏။ ထို့အပြင် ကျေးရွာတွင်း/မြို့တွင်း ရှိနေကြသည့် ၀ စစ်သား/ အရာရှိများလည်း မိသားစုနှင့်အတူ တပ်စခန်း အသီးသီးသို့ ပြန်သွား နေကြရပြီ ဖြစ်ကြောင်း သိရပါသည်။

နိုင်ငံရေးစစ်ရေးကျွမ်းကျင်သူ ဦးအောင်ကျော်ဇောက - နအဖ နှင့် အပစ်ရပ်များ အကြား လတ်တလော နိုင်ငံရေး အခြေအနေ တင်းမာလာသော်လည်း ယခုနှစ်ကုန်ပိုင်း အထိ အပစ်ရပ်များအပေါ် စစ်အစိုးရ စစ်မျက်နှာသစ် ဖွင့်နိုင်ဦးမည် မဟုတ်ကြောင်း သုံးသပ်ပါသည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

ဂျွန်လမကုန်မီ နအဖထံ တရားဝင် အဖြေပေးရေးအတွက် ၀ ခေါင်းဆောင်များ၏ ဆန္ဒ ရပ်တည်ချက်ချမှတ်

ကြာသပတေးနေ့၊ 04 ဇွန်လ 2009

အပစ်ရပ်တပ်ဖွဲ့များအား နယ်ခြားစောင့်တပ် အဖြစ်အသွင်ပြောင်းရန် ဖိအားပေးမှုအပေါ် UWSA ပန်ဆန်းဌာနချုပ်မှ လက်မ ခံနိုင်ကြောင်း ဗိုလ်ချုပ်ကြီးရဲမြင့်ထံ တိုက်ရိုက် အကြောင်းပြန်လိုက်ပြီးနောက်ပိုင်း ထို့ထက်တိကျသော ဆုံးဖြတ်ချက်များ ချမှတ်ရန် ၀ ခေါင်းဆောင်/ အရာရှိ/ တပ်မှူးများ ထပ်မံဆွေးနွေးပြီး ဆန္ဒသဘောထား ကောက်ခံမှုပြု လုပ်ခဲ့ကြောင်း နယ်စပ်သတင်း ရပ်ကွက်ကဆိုသည်။

“မေ ၂၆-၂၇ တုန်းက ထိပ်ပိုင်းခေါင်ဆောင်တွေ အထက်အရာရှိတွေ၊ ဌာနကြီးမှူး၊ တပ်မှူးတွေ ပန်ဆန်း ဌာနချုပ်မှာ ဆွေးနွေးပွဲ ထပ်လုပ်တယ်။ မေလ ၂၀ ရက် ဗိုလ်ချုပ်ကြီး ရဲမြင့်ထံ တိုက်ရိုက်အကြောင်း ပြန်လိုက်တဲ့နောက်ပိုင်း နအဖ ရုံးချုပ်ဆီနောက် ထပ်တရားဝင် ပြန်ကြားဖို့ ထပ်မံ သဘောတူညီမှု ချမှတ်တာဘဲ” ဟု အစည်းဝေးတက်ရောက် ခဲ့ရသူ အရာရှိတဦးကပြောပြ၏။

ထိုတွေ့ဆုံဆွေးနွေးပွဲမှ -
(၁) ဂျွန်လနောက်ဆုံးထား၍ စစ်အစိုးရထံ လူသူလက်နက်စာရင်း နှင့် ပင်စင်ယူမည့် အသက် ၅၀ ကျော် အရာရှိများ စာရင်း အကြောင်းပြန်ရေးကိစ္စ။
(၂) လက်ရှိနိုင်ငံရေး ရေစီးကြောင်းနှင့်ကိုက်ညီမည့် ပြတ်သားသောမူဝါဒ လမ်းစဉ် ကိုင်စွဲရန်နှင့် လူသူလက်နက်အင်အား ဖြည့်တင်းထားရေးကိစ္စ။
(၃) တိကျသောသဘောတူညီမှုမရသေးဘဲ နှင့် စစ်အစိုးရဘက်မှ အပစ်ရပ်များ အတွက် တပ်ပြန်ဖွဲ့ခိုင်းရန်၊ စစ်သင်တန်းကျောင်း ဆိုင်ရာ ပြင်ဆင်ထားသည့် ကိစ္စ - စသည့်အကြောင်းအရာ များဆွေးနွေးခဲ့သည် ဟု ထိုအရာရှိက ဆက်ပြောပြပါသည်။

ဝ ထိပ်ပိုင်းခေါင်းဆောင်အချို့နှင့် ရင်းနှီးသည့်လားရှိုးကုန်သည်တဦးက- “သူတို့ ဆွေးနွေးတဲ့ အထဲမှာ - ၂၀၁၀ ရွေးကောက် ပွဲကနေ အစိုးရ ပေါ်ထွက်လာပြီးမှသာ တပ်အသွင် ပြောင်းရေး လုပ်/မလုပ် ကို အဲဒီအချိန်ကျမှ ယတိပြတ် ဆုံးဖြတ်နိုင်မယ် ဆိုတဲ့ ကိစ္စပါနိုင်တယ်” - ဟု သျှမ်းသံတော်ဆင့်သို့ ပြောပြ၏။

၎င်းဆွေးနွေးပွဲတွင် တက်ရောက်ခဲ့ကြသည့် (အလယ်အလတ် နှင့် အထက်) ၀ အရာရှိ အရာခံ ၇၅% က -စစ်အစိုး ၏ အပြောနှင့် အလုပ် မညီမှုအပေါ် ယုံကြည်၍ မရကြောင်း၊ မိမိတို့ဖက်မှ ဦးစွာတိုက်ခိုက်ရန် အတတ်နိုင်ဆုံး အောင့်အီး ရှောင်ရှားသွားမည် ဖြစ်သော်လည်း စစ်ရေးအရ အဆင့်သင့် ဖြည့်တင်း ပြင်ဆင်ထားခြင်းက အကောင်းဆုံးရွေးချယ် စရာလမ်းဖြစ်ကြောင်း၊ အသက်နှင့်လဲပြီး မိမိတို့၏ အမျိုးသားနယ်မြေ ကာကွယ်သွားမည် ဖြစ်ကြောင်း တခဲနက်သဘော တူ ဆန္ဒဖေါ်ထုတ် ကြသည်ဟု ဆိုသည်။

အမည်မဖေါ်လိုသည့် အခြား ၀ တပ်မှူးတဦးကလည်း - “လက်ခံသဘောတူချက် မရသေးဘဲနဲ့ စစ်အစိုးရ ဘက်က ကျနော် တို့အတွက် သင်တန်းပေးဖို့ ဗထူး၊ တန့်ယန်း နဲ့ ကျိုင်းတုံမြို့မှာ သင်တန်းကျောင်း(အပစ်ရပ်တပ်ဖွဲ့ဝင်တွေ အတွက် သီးသန့် သင်တန်းကျောင်း) ပြင်ဆင်ထားတဲ့ ကိစ္စက နည်းလမ်း မကျပါဘူး” - ဟုဆို၏။

ထိုသင်တန်းကျောင်းက အပစ်ရပ်အရာရှိ/တပ်မှူးများအား ကျန်းမာရေး၊ အရပ်အမောင်း၊ အသက်အရွယ်၊ ပညာရေးပိုင်း အကြောင်းရှာပြီး စစ်အစိုးရ အလို မရှိသူများအား အဆင့်မမှီ/ ပယ်စာရင်း နည်းလမ်းဖြင့် တယောက်ပြီး တယောက် ပယ်ထုတ် နိုင်ဖွယ်ရှိကြောင်း၊ စစ်အစိုးရ၏ ရည်မှန်းချက်စီမံချက် နောက်ကွယ်တွင် ရိုးသား မျှတ တန်းတူမှု ကင်းမဲ့နေ သောကြောင့် လျှော့တွက်၍ မရကြာင်း၊ ၎င်းတို့၏ ခြောက်တခါ ချော့တလှည့် ထောင်ခြောက်ကို အထူးသတိထားရမည် ဖြစ်ကြောင်းလည်း ထိုတပ်မှူးက ဆက်ပြောပြပါသည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

“ဝ” တပ်ဖွဲ့ကို နယ်ခြားစောင့်တပ်ပြောင်းလဲရန် စစ်အစိုးရ ထပ်ပြော

သန်းထိုက်ဦး
Thursday, 04 June 2009 18:18

“ဝ” ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ကို နယ်ခြားစောင့် တပ်ဖွဲ့များ အဖြစ် အသွင် ကူးပြောင်းရေး အတွက် ပြန်လည် စဉ်းစားပေးရန် မြန်မာအစိုးရ စစ်ဖက်ဆိုင်ရာ လုံခြုံရေး အရာရှိချုပ် ဒု ဗိုလ်ချုပ်ကြီး ရဲမြင့်က ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ နယ်ခြားစောင့်တပ်ဖွဲ့ အသွင်ကူးပြောင်းရေး ကိစ္စကို UWSA တပ်များက လက်မခံနိုင်ကြောင်း အသိ ပေးပြီးနောက် ယခုကဲ့သို့ ပြန်လည် ပြောကြားခဲ့သည်ဟု တရုတ်-မြန်မာနယ်စပ်မှ မြန်မာ့အရေး သုံးသပ်သူ ဦးအောင်ကျော်ဇောက ဧရာဝတီသို့ ပြောသည်။

“ဗိုလ်ချုပ်ကြီးရဲမြင့်က ယခုနယ်ခြားစောင့်တပ်ဖွဲ့အဖြစ် အသွင်း ကူးပြောင်းရေး ကိစ္စကို ပြန်လည် စဉ်းစားပေးဖို့ ပြောကြားတယ်လို့ သိရပါတယ်”ဟု ၎င်းကဆိုသည်။

UWSA တပ်ဖွဲ့များက နအဖ ကမ်းလှမ်းခဲ့သော နယ်ခြားစောင့်ကိစ္စကို ( ၁ ) အချက် လက်မခံနိုင်ဘူး၊ (၂ ) အချက် လက်ရှိအခြေ အနေကို ထိန်းသိမ်းသွားမယ်ဟု မိမိတို့၏ သဘောထားကို ပြောကြား ခဲ့ပြီးနောက် ဒုတိယ အကြိမ် ထပ်မံ ပြောကြားခြင်းလည်းဖြစ်သည်။

မြန်မာ စစ်အစိုးရ အာဏာပိုင်းများက လွန်ခဲ့သည့် ဧပြီလ ၂၈ ရက်နေ့တွင် နယ်ခြားစောင့် တပ်ဖွဲ့များအဖြစ် အသွင် ကူးပြောင်းရေးအတွက် အသွင်ကူးပြောင်းရေး မူဝါဒကော်မတီ၊ အသွင်ကူးပြောင်းရေး လုပ်ငန်းကော်မတီ၊ အသွင် ကူး ပြောင်းရေးတိုင်းအဆင့် လုပ်ငန်း ကော်မတီတို့ကို ဖွဲ့စည်းရန် ၎င်းနှင့် အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် တပ်များကို တွေ့ဆုံခဲ့သည်။

စစ်အစိုးရ ထိပ်ပိုင်းအဆင့်မြင့် အရာရှိများက အပစ်အခတ် ရပ်စဲထားသော ဝ ပြည်သွေးစည်း ညီညွတ်ရေးပါတီ (UWSP) အပါအ၀င် ကချင်လွတ် မြောက်ရေး တပ်မတော် (KIA) ၊ ကချင် ဒီမိုကရေစီသစ် တပ်မတော်(NDA-K) ၊ ကိုးကန့်တပ်ဖွဲ့ ၊ ရှမ်းပြည်တပ် မတော်(မြောက်ပိုင်း) (SSA-N) စသည် တို့ကို တွေ့ဆုံခဲ့သည်။

ဝ နှင့် ကိုးကန့် တပ်ဖွဲ့များ ငြိမ်းချမ်းရေး ယူပြီးနောက်တွင် လက်နက်ကိုင်အဖွဲ့ ၁ဝ ဖွဲ့ထက်မနည်း ငြိမ်းချမ်းရေး ယူခဲ့ကြသည်။ ၁၉၈၉ မှ ၁၉၉၅ အတွင်း အပစ်အခတ် ရပ်စဲခဲ့သည့် လက်နက်ကိုင်အဖွဲ့ စုစုပေါင်း ၁၇ ဖွဲ့ရှိသည်ဟု စစ်အစိုးရ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

ထို့အပြင် နအဖ နှင့် အပစ်ခတ်ရပ်စဲထားသည့် အဖွဲ့များထဲမှ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့ (DKBA)က နယ်ခြားစောင့်တပ် အဖြစ် ပြောင်းလဲရန် သဘောတူခဲ့ပြီး ၎င်းထိန်းချုပ်ထားသော နယ်မြေ ဒေသများ၌ တပ်သားသစ်များ စုဆောင်းနေကြောင်း သိရသည်။

DKBA သည် မြန်မာစစ်အစိုးရနှင့် ၁၉၉၅ ခုနှစ်တွင် အပစ်အခတ်ရပ်စဲရန် သဘောတူညီခဲ့သည်။

သို့သော် မွန်ပြည်သစ် ပါတီ (NMSP) တပ်ဖွဲ့ကမူ နယ်ခြားစောင့် တပ်ဖွဲ့အဖြစ် အသွင် ကူးပြောင်းရန် အတွက် လက်မခံနိုင်ကြောင်း သိရသည်။


Ref: ဧရာဝတီ

Read More...

ကေအန်ယူတပ်မဟာ (၇) ကို နအဖနှင့် ဒီကေဘီအေ ထိုးစစ်ဆင်

NEJ / ၄ ဇွန် ၂၀၀၉

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအန်အယ်လ်အေ) တပ်မဟာ (၇) ဘားအံ ခရိုင် ဒေသကို နအဖနှင့် ဒီကေဘီအေ ပူးပေါင်း တပ်ဖွဲ့များက ထိုးစစ်ဆင်ရန် အင်အား ဖြည့်တင်း လာသောကြောင့် မိမိတို့တပ်ရင်းတပ်ဖွဲ့ အသီးသီးကို တပ်လှန့်ထားကြောင်း တပ်မဟာမှူး ဗိုလ်မှူးချုပ်ဂျော်နီက ပြောသည်။

ယမန်နေ့က နအဖတပ်မ (၂၂) လက်အောက်ခံ တပ်အချို့နှင့် ဒီကေဘီအေ (၉၉၉) တပ်ဖွဲ့ ဝင်များသည် တပ်မဟာ (၇) ဌာနချုပ်အနီးသို့ ထိုးစစ်ဆင်ရန် ချဉ်းကပ် လာသောကြောင့် တိုက်ပွဲ (၂) ကြိမ် ဖြစ်ပွားခဲ့ပြီး နအဖနှင့် ဒီကေဘီအေဘက်မှ တဦး ကျဆုံးပြီး (၃) ဦး ဒဏ်ရာ ရရှိသွားသည်ဟု သိရသည်။

တပ်မဟာ (၇) မှူးက “မနေ့မနက် (၁၁) နာရီမှာတကြိမ်၊ မွန်းလွဲ (၃) နာရီမှာတကြိမ်၊ တိုက်ပွဲ (၂) ခါဖြစ်တယ်။ သူတို့ဘက်က တယောက်ကျပြီး (၃) ယောက် ဒဏ်ရာရတယ်။ ကျနော်တို့ ဘက်ကတော့ ထိခိုက်ကျဆုံးတာ မရှိဘူး။ အခုလည်း သူတို့အင်အားတွေ ထပ်ဖြည့်နေတယ်။ အဓိက တပ်မဟာ (၇) ဒေသကို တိုက်ခိုက်ဖို့ပဲ။ ကျနော်တို့ ကတော့ ခုခံစစ်ကို ဆင်နွှဲသွားမှာပဲ။ သူတို့ လာတိုက်တာကို မခုခံလို့ ဘယ်ဖြစ်မှာလဲ" ဟု ခေတ်ပြိုင်သို့ ပြောသည်။

နအဖအနေဖြင့် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် မဖြေရှင်းသရွေ့ ကာလပတ်လုံး နိုင်ငံရေး ပြဿနာများ ဆက်လက် ကြီးထွားနေမည် ဖြစ်ကြောင်း၊ နိုင်ငံရေး ပြဿနာကို စစ်ရေးနည်းဖြင့် ဖြေရှင်း၍ မရကြောင်း ၎င်းက ပြောသည်။

ယမန်နေ့က ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင် ရှေ့ပြေးအဖြစ် တက်လာသည့် ဒီကေဘီအေ (၉၉၉) တပ်ဖွဲ့ဝင်များ၏ တပ်ရင်းရုံးသို့ ဆက်သွယ်မေးမြန်းရာ အရာရှိငယ် တဦးက ယခုကိစ္စနှင့် ပတ်သက်၍ မသိရှိကြောင်း ပြောသည်။

၁၉၉၄ ခုနှစ်ကုန်ပိုင်းက ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ) မှခွဲထွက်ပြီး နအဖ ကျောထောက်နောက်ခံဖြင့် တိုးတက်သော ကရင် ဗုဒ္ဓဘာသာအဖွဲ့ (ဒီကေဘီအေ) ကို ဘုန်းတော်ကြီး ဦးသုဇန ဦးဆောင်၍ ဖွဲ့စည်းခဲ့သည်။

ယင်းအဖွဲ့တွင် လက်နက်ကိုင်အင်အား (၃,၀၀၀) ခန့်ရှိသည်ဟု သိရပြီး နအဖနှင့် ငြိမ်းချမ်းရေး ယူထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို လာမည့်နှစ်တွင် နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်းမည့် နအဖ၏ အစီအမံကို ပထမဆုံး ကြိုဆို ထောက်ခံသည့် အဖွဲ့ဖြစ်သည်။

Ref: ခေတ်ပြိုင်

Read More...

ကေအန်ယူတပ်မဟာ (၇) ကို နအဖနှင့် ဒီကေဘီအေ ထိုးစစ်ဆင်

ဝီရ / ၄ ဇွန် ၂၀၀၉

ကရင်နီပြည်တွင် အပစ်ရပ်အဖွဲ့များအနက် အင်အား အတောင့်တင်းဆုံး ဖြစ်သည့် ကရင်နီ လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေးတပ်ဦး (ကလလတ) က စစ်အစိုးရ၏ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးနှင့် ရွေးကောက်ပွဲ ဝင်ရေး ကမ်းလှမ်းချက်အား လက်ခံ လိုက်ပြီးသည့်နောက် အင်အားချည့်နဲ့သော ကျန်အဖွဲ့ငယ် များကလည်း အလားတူ လိုက်လံ ဆောင်ရွက်ကြရန်သာ ရှိကြောင်း ကလလတ အဖွဲ့ခေါင်းဆောင်များနှင့် နီးစပ်သူ တဦးက ပြောသည်။

“ဦးထွန်းကျော်က ကရင်နီအပစ်ရပ်အဖွဲ့တွေထဲမှာ သြဇာ အရှိဆုံးပေါ့။ စီးပွားရေး အပိုင်းမှာလည်း အတောင့်တင်းဆုံးပဲ။ ဦးတေဇနဲ့ ဆက်စပ်ပြီး ဒီကရင်နီ ပြည်ထဲက အဖိုးတန် သယံဇာတတွေနဲ့ အခြေခိုင်နေတော့ သူ့ရှေ့ရေးကလည်း အဲဒီအပေါ်မှာ မူတည်နေတယ်။ နယ်ခြားစောင့်တပ် ပြောင်းဖို့ အလွယ်တကူပဲ လက်ခံခဲ့တယ်။ လွန်ခဲ့တဲ့မေလက သဘောတူညီမှု ရခဲ့တာပေါ့” ဟု ၎င်းက ပြောသည်။

ကရင်နီပြည်နယ်အတွင်း လှုပ်ရှားနေသော အပစ်ရပ် လက်နက်ချသည့် အဖွဲ့အားလုံး (၅) ဖွဲ့ ရှိသည်။ ထိုအဖွဲ့များမှာ ခန့်မှန်းအင်အား (၁,၆၀၀) ခန့် ရှိသော ဦးထွန်းကျော် ဦးဆောင်သည့် ကရင်နီ လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေး တပ်ဦး၊ လက်ရှိအင်အား (၆၀၀) ခန့်ရှိသော ဦးသန်းစိုးနိုင်နှင့် သန်းပလန်တို့ ဦးဆောင်သည့် ကယန်းပြည်သစ် ပါတီနှင့် အင်အား (၁၀၀) အောက်ရှိ အခြားအပစ်ရပ် အဖွဲ့ငယ် (၃) ဖွဲ့တို့ ဖြစ်သည်။

အင်အားကြီးအဖွဲ့ဖြစ်သည့် ကလလတ အဖွဲ့က နအဖ၏ ကမ်းလှမ်းချက်များကို လက်ခံ လိုက်သဖြင့် အင်အား ချည့်နဲ့သော အဖွဲ့ငယ်လေးများ ကလည်း အလိုအလျောက် နယ်ခြားစောင့်တပ် အသွင် ပြောင်းရေးအတွက် လက်ခံရမယ့် အနေအထား ရှိနေသည်ဟုလည်း ကရင်နီ သတင်းအေဂျင်စီ ကန္တာရ၀တီတိုင်း(မ်)မှ အယ်ဒီတာတဦး ဖြစ်သူ ကိုစေးရယ်စိုးက ပြောသည်။

အဆိုပါ အဖွဲ့များမှာ ဒီမောဆိုမြို့နယ်၊ ဒေါတမကြီး၊ အမှတ် (၂) ခရိုင်၊ မောချီးဒေသ၊ ဘောလခဲ အရှေ့ဘက်ခြမ်း အခြေစိုက် ဗိုလ်လီးရယ် ဦးဆောင်သည့် နဂါးအဖွဲ့ (ကေအန်ဒီပီ) အဖွဲ့၊ အမှတ် (၃) ခရိုင် ဟိုဟာအဖွဲ့ (ဦးဂိုရီ ဦးဆောင်) နှင့် အမှတ် (၂) ခရိုင် မောချီးဒေသ အခြေစိုက် ကရင်နီ သွေးစည်းညီညွတ်ရေး အဖွဲ့(ကေအန်အက်စ်အို) တို့ဖြစ်သည်။

ကိုစေးရယ်စိုးက “ဒီအဖွဲ့ (၃) ဖွဲ့က အင်အားနည်းတာကြောင့်ရယ်၊ ပြီးတော့ နယ်မြေ တွေကိုလည်း နအဖတို့က စီစဉ် ထားပေးပြီးသား ဆိုတော့ နအဖ ကမ်းလှမ်းသလို လိုက်လုပ်ရမယ့် အနေအထားမှာပါ။ ဟိုဟာအဖွဲ့တို့ ဆိုလို့ရှိရင် ရွေးကောက်ပွဲ ဝင်ပြိုင်ဖို့အတွက် အဆင့် မရှိသလောက် ဖြစ်နေတယ်။ သူတို့ အဖွဲ့တွေကို နအဖကလည်း ဖိအား ပေးထားပြီးသား ဆိုတော့လေ” ဟု ခေတ်ပြိုင်သို့ ပြောသည်။

နဂါးအဖွဲ့ ခေါ် ကရင်နီအမျိုးသားဒီမိုကရက်တစ်ပါတီ (ကေအန်ဒီပီ) သည် ပြီးခဲ့သည့် ၂ဝဝ၈ ခု စက်တင်ဘာတွင် နအဖ စစ်အစိုးရ၏ လက်နက် သိမ်းဆည်းခြင်း ခံရသည့်အဖွဲ့ ဖြစ်သည်။

ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦးက နအဖ၏ ကမ်းလှမ်းချက်ကို လက်ခံပြီး နယ်ခြားစောင့်တပ် ဖွဲ့စည်းလိုက်ခြင်းသည် အောက်ခြေအဆင့် အင်အားစုများကို ထိန်းသိမ်း သွားနိုင်ရန်အတွက် ရည်ရွယ်ခြင်း ဖြစ်ကြောင်း ယင်းအဖွဲ့ဝင်တဦးက ပြောသည်။

သို့သော် ကယန်းပြည်သစ်ပါတီ (ကေအန်အယ်လ်ပီ) ကမူ နယ်ခြားစောင့်တပ် အသွင်ပြောင်း ဖွဲ့စည်းရေးကို လက်မခံကြောင်း ကြေညာထားပြီး ပါတီအနေဖြင့် ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည် မဟုတ်သော်လည်း အရပ်သား ပါတီအဖြစ် ဝင်ပြိုင်ရန် အစီအစဉ်ရှိကြောင်း သိရသည်။

ကလလတ အဖွဲ့က နအဖ၏ ကမ်းလှမ်းချက်ကို လက်ခံလိုက်ခြင်းသည် ယင်းအဖွဲ့မှ ခေါင်းဆောင် အချို့က ၎င်းတို့ ကိုယ်ကျိုးစီးပွားအတွက် လက်ခံလိုက်ခြင်း ဖြစ်ကြောင်း စွပ်စွဲမှုများ ရှိနေပြီး ခေါင်းဆောင်ဖြစ်သူ ဦးထွန်းကျော်သည် မြန်မာပြည်တွင် သာမက စင်ကာပူနှင့် ထိုင်းနိုင်ငံတွင် စီးပွားရေး လုပ်ငန်းများနှင့် အိုးအိမ်များရှိကြောင်း မယ်ဟောင်ဆောင် နယ်စပ်မှ ကလလတ အဖွဲ့နှင့် နီးစပ်သူများက ပြောသည်။

Ref: ခေတ်ပြိုင်

Read More...

အထိန်းသိမ်းခံတဦးကို လွှတ်ပေးရန် အမေရိကန်သံရုံးရှေ့တွင် ဆန္ဒပြ

NEJ / ၄ ဇွန် ၂၀၀၉

ရန်ကုန် တက္ကသိုလ်ရိပ်သာလမ်းရှိ အမေရိကန်သံရုံးရှေ့၌် ယနေ့နံနက် (၁၀) နာရီခန့်တွင် အထိန်းသိမ်းခံ တဦးကို ပြန်လည် လွှတ်မြောက်ရေး အတွက် ကူညီရန် ဆန္ဒပြသူ (၆) ဦးက တောင်းဆို ခဲ့ကြကြောင်း သိရသည်။

ဆန္ဒပြသူများမှ အမျိုးသမီး (၂) ဦးနှင့် ကလေး (၄) ဦးတို့ ပါဝင်ကာ ဆယ်မိနစ်ခန့်သာ သံရုံးရှေ့တွင် ဆန္ဒ ပြနိုင်ခဲ့ကြပြီး အာဏာပိုင်များ၏ ဖမ်းဆီး ထိန်းသိမ်းခြင်းကို ခံလိုက်ရကြောင်း အမေရိကန်သံရုံး ပြန်ကြားရေးဌာနမှ အမည် မဖော်လိုသူ ၀န်ထမ်းတဦးက ပြောသည်။

ဆန္ဒပြသူများသည် သံရုံးကို အနှောင့်အယှက်ပေးမှု မရှိသည့်အပြင် ၎င်းတို့၏ တသီးပုဂ္ဂလ လိုလားချက်ကိုသာ တောင်းဆိုသွားသည့် အတွက် သံရုံးအနေဖြင့် ၎င်းတို့အား အာဏာပိုင်များက အရေး မယူစေချင်သည့် ဆန္ဒရှိကြောင်း အထက်ပါဝန်ထမ်းက ပြောသည်။

ဆန္ဒပြသူတို့သည် မည်သည့် အထိန်းသိမ်းခံ၏ မိသားစုဝင်များ ဖြစ်သည်ကိုမူ အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ရန်ကုန်နိုင်ငံရေးအသိုင်းအ၀ိုင်းက အန်အယ်လ်ဒီလူငယ် ကိုထွေးသိန်း၏ မိသားစုဝင်များ ဖြစ်မည်ဟု မှန်းဆ နေကြသော်လည်း အန်အယ်လ်ဒီ ပြောခွင့်ရသူ ဦးအုံးကြိုင်က အတည် မပြုနိုင်သေးကြောင်း ပြောသည်။

Ref: ခေတ်ပြိုင်

Read More...

Thursday, June 4, 2009

စစ်အာဏာရှင် စနစ်အောက်မှ အဖိနှိပ်ခံ စစ်သားများ - အပိုင်း (၁)

ဆောင်းပါးရှင် - အိမ်လွမ်းသူ (ပြည်တွင်းမှ တပ်မတော် အရာရှိ တစ်ဦး)

ခက်ခဲကြမ်းတမ်းလှတဲ့ DSA ဗိုလ်လောင်းဘ၀ကို ဖြတ်ကျော်ရတာဟာ ဘယ်လောက် ခက်ခဲတယ် ဆိုတာ ပြောပြရင် မယုံနိုင်စရာပါပဲ။ DSA ကို စတက်တဲ့ ပထမနှစ် ဗိုလ်လောင်း ဘ၀ဟာ အရပ်သား ဘ၀ကနေ စစ်သားဘ၀ကို စတင် ကူးပြောင်းရတဲ့ ကာလဖြစ်လို့ အဲဒီအချိန်မှာ ဗိုလ်လောင်းဘ၀ကို အရှုံးပေးပြီး ဘ၀ပျက် သွားရတဲ့လူတွေ မနည်းပါဘူး။

တကယ်တော့ ဗိုလ်လောင်း ဘ၀ဆိုတာ တကယ့် အဖြူထည် လေးတွေပါ။ သူတို့တွေဟာ ဒီကနေ့ တပ်မတော်ရဲ့ လက်ရှိ အခြေအနေတွေ ကိုလဲ ဘာမှ ဂဃဏန နားမလည် ကြသေးပါဘူး။ ၁၀၀ မှာ ၉၅ ယောက်က တကယ်နိုင်ငံတော်ကို ချစ်လို့ တပ်မတော်ကို အထင်ကြီးပြီး ၀င်လာတဲ့ သူတွေပါ။ အားလုံးဟာ တစ်သွေး၊ တစ်သံ၊ တစ်မိန့် ဆိုတဲ့ ပုံသွင်းမှုကို ကျေကျေနပ်နပ်ကြီး ခံယူထားကြတဲ့ အချိန်ပါ။ တကယ်လည်း စစ်တက္ကသိုလ်ရဲ့ အရိပ်အောက်မှာ အဆင့်အတန်းမရွေး အားလုံးတန်းတူ ဆိုပြီး မှတ်ထင် ခံယူခဲ့ကြတာပါ။

ဒါပေမဲ့ … အဲဒီခံယူချက်တွေဟာ စစ်တက္ကသိုလ်ရောက်ပြီး ….. ထပ်ပြောရရင် ဆေးအောင်ပြီး ဗိုလ်လောင်း ဘ၀ရောက်လို့ တစ်ပတ်လောက် အကြာမှာဘဲ အဲဒီ ခံယူချက်တွေအားလုံး မြောင်းထဲ ရောက်ကုန် ပါတော့တယ်။ “မင်းက တပ်ရင်းမှူးသားလား” လို့ အမေးခံရပြီး ရင်ဘတ်ကို အုန်းခနဲ လက်သီးနဲ့ ထိုးထည့် လိုက်တာက “ငါက တိုင်းမှူးသားကွ” ဆိုတဲ့ အနောက်တောင်တိုင်း တိုင်းမှူးရဲ့သား ဒုတိယနှစ် ဗိုလ်လောင်း ကျောင်းသား တိုးနိုင်မန်းပါ။ အထိုးခံရတဲ့ ပထမနှစ် ဗိုလ်လောင်းကို တပ်ရင်းမှူးသားမှန်း သိလို့ အပြစ်မရှိ အပြစ်ရှာ ထိုးတာပါ။

နောက်ပိုင်းသိလာရတာက တိုးနိုင်မန်းဟာ ပထမနှစ်ဗိုလ်လောင်း ဘ၀ကိုလည်း အိပ်ရင်း စားရင်း ကျော်ဖြတ် လာခဲ့သလို ဒုတိယနှစ် ဗိုလ်လောင်း ဘ၀မှာလဲ ပထမနှစ် ဗိုလ်လောင်းတွေ အူတုန်သည်းတုန် ကြောက်ရတဲ့ စီနီယာ ဖြစ်လာခဲ့ပါတယ်။ တိုးနိုင်မန်းနဲ့ ပတ်သက်လာရင် စီနီယာဗိုလ်လောင်း မပြောနှင့် ကျောင်းက အရာရှိများပင် ဗြဟ္မာ ဦးခေါင်း ကိုင်ထားရသလို ဖြစ်နေပါတယ်။
ဂျူနီယာ ဗိုလ်လောင်းဘ၀မှာ အများနဲ့ တန်းတူ Hall Room တွေမှာ နေကြရတာပါ။ ခုတင်တစ်လုံး၊ Show ပြတဲ့ Locker ၄ လုံးနဲ့ သေတ္တာ ၁ လုံးစာ နေရာ ကျဉ်းကျဉ်းလေးမှာ တိုးနိုင်မန်း မပျော်ပါဘူး။

သူက သီးသန့် စတိုခန်းမှာပဲ နေပါတယ်။ အဲဒီစတိုခန်းဟာ ဗိုလ်လောင်း ၁၅ ယောက် လောက် နေလို့ရတဲ့ အခန်းပါ။ လျှပ်စစ် ပစ္စည်းဆိုရင် မီးသီးတောင် ကိုယ်ပိုင် မထားရတဲ့ ဗိုလ်လောင်းဘ၀မှာ ဂျူနီယာတန်းပဲ ရှိသေးတဲ့ တိုးနိုင်မန်းက အဲဒီ စတိုခန်းကြီးထဲမှာ တီဗွီ၊ ထမင်းပေါင်းအိုး၊ လျှပ်စစ် မီးဖို၊ လျှပ်စစ်မီးပူ၊ Locker ၁၀ လုံးထဲမှာ စားစရာ ခေါက်ဆွဲခြောက်၊ အသီးအနှံ၊ အကြော်အလှော် မျိုးစုံနဲ့ တကယ့် ဇိမ်ကျကျ နေခဲ့တာပါ။

ကျောင်းကထုတ်ပေးတဲ့ စောင်၊ ခြင်ထောင်၊ ခေါင်းအုံးတွေကို သူ မသုံးပါဘူး။ ပြီးတော့ လက်တို လက်တောင်းခိုင်းဖို့ သူ့ထက်ငယ်တဲ့ ဗိုလ်လောင်း ၅ ယောက်လောက်က သူ့အနားမှာ အချိန်ပြည့် ပါပဲ။ ပြီးတော့ မယုံနိုင်စရာ တစ်ခုပြော ပြပါဦးမယ်။ တိုးနိုင်မန်းက ဒီလောက်နဲ့ မတင်းတိမ်သေး ပါဘူး။ အိမ်နဲ့ အချိန်မရွေး ဆက်သွယ်လို့ရအောင် ၄ ထပ်ဆောင် ကျောင်းခေါင်မိုးပေါ်မှာ Cordless Phone အင်တင်နာ တိုင်ကြီးကို ထောင်လိုက် ပါသေးတယ်။

တိုးနိုင်မန်းအခန်းကိုဝင်လိုက်ရင် စားသောက်ဆိုင်ကို ရောက်သွား သလိုပါပဲ။ VCD Karaoke က တငြိမ့်ငြိမ့်။ ကြော်လှော် ချက်ပြုတ်နေကြတဲ့ ထမင်းဟင်း အနံ့က တသင်းသင်းနဲ့။ ကျောင်းက Training Officer မပြောနဲ့။ ကျောင်းအုပ်ကြီးတောင် သူ့ကို ဘာမှ မပြောရဲပါဘူး။ မပြောရဲတာက ဗိုလ်လောင်း တိုးနိုင်မန်းက ကျောင်းအရာရှိတွေရဲ့ ဘ၀ကို ပြောင်းလဲ ပေးနိုင်စွမ်း ရှိလို့ပါ။
တစ်ချို့ အရာရှိတွေလည်း တိုးနိုင်မန်း ကောင်းမှုနဲ့ မြောင်းထဲရောက်။ တစ်ချို့လဲ တိုးနိုင်မန်းဆိုတဲ့ ဗိုလ်လောင်းလေးကို အဖားကောင်းလို့ တပ်ရင်းမှူးတွေ ဖြစ်သွားကြတဲ့အခါ နေရာကောင်းကောင်း ကို ရောက်သွားကြပါတယ်။

ဒီလောက် ဇိမ်ခံတဲ့ တိုးနိုင်မန်းဟာ အများနည်းတူ အလုပ်လုပ်တဲ့ အခါမှာ ကျတော့ ပါမယ် ထင်ပါ သလား။ PT ပြေးတာတောင် သူစိတ်ပါတဲ့ အချိန်မှ ပြေးပါတယ်။ နောက်ပြီး ဗိုလ်လောင်းတာဝန်ကျ Appointment Cadet ကိုလည်း တစ်နှစ်ပတ်လုံး ယူပါတယ်။ ဒီတာဝန်ဟာ ထက်မြက်ထူးချွန်တဲ့ ဗိုလ်လောင်းတွေ တောင်မှ ၃ လ ပဲတာဝန်ယူရတာပါ။ ဒါပေမဲ့ တိုးနိုင်မန်းက တာဝန်အမျိုးမျိုးကို လှည့်ပတ် ယူနေတာပါ။ တပ်ရင်း Appointment Cadet ကတော့ သူ မလုပ်ခဲ့ရပါဘူး။ အဲဒီ တပ် ရင်းတာဝန်က တကယ့် အရည်အချင်းရှိတဲ့ ဗိုလ်လောင်းတွေပဲ တာဝန် ယူရတာပါ။ တိုးနိုင်မန်းက ကိုယ့်အရည်အချင်း ကိုယ်သိတော့ အရှက်ကွဲမှာ စိုးလို့ ဒီတာဝန်ကို မယူရဲလို့ပါ။

စနေ၊တနင်္ဂနွေသာ ဧည့်တွေ့ခွင့်ရတဲ့ ဗိုလ်လောင်းတွေထဲမှာ တိုးနိုင်မန်းမပါ ပါဘူး။ ရုံးဖွင့်ရက်တွေ မှာလည်း သူ့ကို ဧည့်လာတွေ့ပုံက သူ့အဖေရဲ့ အဆောင်ယောင်တွေ ဖြစ်တဲ့ ရှေ့ကပွိုင့်ကား (လုံခြုံ ရေး ရဲဘော်အပြည့်)၊ နောက်က Audi ကားနက်ကြီးနဲ့ လာတာပါ။ အများအားဖြင့်တော့ အဖေဖြစ် သူရဲ့ PA ဗိုလ်ကြီး တစ်ယောက် အမြဲလာပါတယ်။ အဲဒီအချိန်မှာ သူ့အဖေက ဗိုလ်ချူပ်ကြီး ဖြစ်နေပါပြီ။ သူ့အမေလာတဲ့ နေ့တွေ လိုမျိုးဆိုရင် ကျောင်းအုပ်ကြီး၊ နည်းပြမှူးချူပ်တို့က ဘေးက နေ တစ်ပြုံကြီး ပါလာကြပါတယ်။ မှိုရမဲ့ မျက်နှာလေးတွေလို အစွမ်းကုန် သွားဖြဲနေရတာများ ဒီလို ဆရာသမားတွေကို ဘယ်လိုများ လေးစားရပါ့။ ပြီးတော့ ဒီမြင်ကွင်းတွေ မြင်လိုက်ရတိုင်း မျက်နှာမွဲ ဗိုလ်လောင်းတွေရဲ့ အသည်းနှလုံးကို ဖြစ်ညှစ် လိုက်သလိုမျိုး ခံစားကြရပါတယ်။

တကယ်တော့ ဒီစစ်အာဏာရှင်စနစ် ကြီးစိုးနေသမျှတော့ လူ့စွမ်းအား အရင်းအမြစ်တွေ ဆုံးရှုံးပြီး တကိုယ်ကောင်းသမား ကိုယ်ကျိုးစီးပွါးတွေ အတ္တတွေ မသမာမှုတွေနဲ့ လူ့လောကကြီးဟာ မှန်ကန်မှု၊ တိုးတက်မှုတွေ ဝေးသထက်ဝေး၊ နှေးသထက်နှေး၊ နောက်နေ့မှာလည်း လက်တွေ့ကြုံ ဆုံခဲ့ပုံလေးတွေကို စာဖတ်ပရိသတ်များ ပိုတောင် ဒေါပွ၊ သြချရအောင် ဆက်လက် တင်ပြပေးပါဦး မယ်။

စစ်မှန်တဲ့ ဒီမိုကရေစီ နိုင်ငံတော်မှာ တပ်မတော်သားများ တိုင်းပြည်အတွက် အမှန်တကယ် ကောင်းကျိုးပြုနိုင်ကြဖို့ မျှော်မှန်း ရေးသားလိုက်ရပါတယ်။

Ref: ဖိုးတရုတ်

Read More...

စစ်အာဏာရှင် စနစ်အောက်မှ အဖိနှိပ်ခံ စစ်သားများ - အပိုင်း (၂)

ဆောင်းပါးရှင် - အိမ်လွမ်းသူ (ပြည်တွင်းမှ တပ်မတော် အရာရှိ တစ်ဦး)

ဒီမိုကရေစီနိုင်ငံဆိုရင် သူတို့ ဒီလို လုပ်ချင်သလို လုပ်လို့ မရဘူး။ ဒါကြောင့် စစ်အုပ်စုဟာ ဒီမိုကရေစီ လိုလားသူကို ရန်သူလို့ သတ်မှတ်တယ်။ ဒါရှင်းရှင်းလေးပါ။ မျိုးဆက်သစ် အရာရှိငယ်တွေ ဒါကို ၀န်ခံရဲကြပါ။ နောက်တစ်ခု တင်ပြပါဦးမယ်။ ဗိုလ်လောင်းဆိုတာ စနေ၊ တနင်္ဂနွေပဲ အပြင်ထွက် လည်ရတာပါ။ ဒါတောင် ပြစ်ဒဏ်ကျတဲ့ အပတ်ဆို အပြင်ထွက်ခွင့် မရပါဘူး။ တပ်ပြင်ထွက်ခွင့် ဆိုတာက လွယ်လွယ်ကူကူ ရတာတော့ မဟုတ်ပါဘူး။

ဒီလိုခက်ခဲတဲ့အလုပ်ကို တိုးနိုင်မန်း မမျှော်မှန်းပါဘူး။ ဘာလို့လဲဆိုတော့ သူက ညအချိန်ပဲ အပြင် ထွက်လည်တာပါ။ စစ်တက္ကသိုလ်မှာ ညဘက် အပြင်ထွက်ရင် ကြီးလေးတဲ့ အပြစ်ပေးလေ့ ရှိပါတယ်။ တစ်ချို့ဆိုရင် ကျောင်းထုတ်ခံရပြီး တပ်ရင်း တပ်ဖွဲ့တွေကို ရဲဘော်အဖြစ် ပို့လေ့ ရှိပါတယ်။ အဲဒါက တိုးနိုင်မန်း အတွက်တော့ မဟုတ်ပါဘူး။

ညဘက် အနှီ တိုးနိုင်မန်း အပြင်ထွက်ဖို့ နည်းပြမှူးချုပ် ဖြစ်တဲ့ ဒုတိယ ဗိုလ်မှူးကြီးယုလွင် ကိုယ်တိုင် သူ့ရဲ့ Isuzu Double Cab ကို ပေးရပါတယ်။ ပြီးတော့ သူ့ရဲ့ သမီးလေးကိုလည်း တိုးနိုင်မန်းနဲ့ နီးစပ်အောင် ပွဲထုတ်လေ့ ရှိပါတယ်။ ရည်ရွယ်ချက်ကတော့ သမက် ဖမ်းချင်တာပါပဲ။ အဆုံးမှာတော့ သမက် မရလိုက်တဲ့အပြင် သမီး ဗိုက်မထွက်လာအောင် မနည်း လုပ်လိုက်ရပါတယ်။ အော်….ဒါလည်း တဒုက္ခ။

ဗိုလ်လောင်းတိုးနိုင်မန်းက ညဘက်ဆိုရင် တပ်ပြင်ကို စီးတော်ယာဉ် ၂ စီးနဲ့ အမြဲထွက်လည် လေ့ရှိပါတယ်။ ဒုတိယ ဗိုလ်မှူးကြီးယုလွင်က သမက် မရလိုက်ပေမဲ့ စကခမှူး အဖြစ် ချီးမြှောက်တာတော့ ခံလိုက်ရ ရှာပါတယ်။ ဒါဘဲလေ…တပ်ထဲမှာ မှန်ကန်တယ်ဆိုတဲ့ စကားခေတ်စားနေတာ ဆိုလိုရင်းက မှန်ရင် ကန်ခံရမယ်၊ ဇိမ်ချင်ရင် ငြိမ်နေပေတော့။ တတ်ရင်တော့ ငတ်ပြီပေါ့။ ထက် ရင်လည်း မျက်တော့တာဘဲ။

နောက်တခါ ရှိသေးတယ် တိုးနိုင်မန်းရဲ့ ဖော်လန်ဖား သူငယ်ချင်း ဗိုလ်လောင်းတွေကို ကျောင်းက အရာရှိတွေ ခမျာ အပြစ်ရှိလို့ အပြစ်ပေးတဲ့ အခါမှာတောင် တိုးနိုင်မန်း ရှေ့မှာ အပြစ်ပေးလို့ မရပါဘူး။

လက်တွေ့ အဖြစ်အပျက်ကလေးတခု ပြောပြမယ်။ ၄၁/၄၂ ကျောင်းဆင်းခါနီး တိုးနိုင်မန်းရဲ့ သူငယ်ချင်း နှစ်ယောက် ညဘက်မှာ အပြင် ခိုးထွက်ပါတယ်။ ည ၁၀ နာရီခွဲလောက်မှာ တပ်ရင်း တစ်ခုလုံး Surprise Check လုပ်ပြီး လူစစ်ပါတယ်။ အပြင်ခိုးထွက်တဲ့ တိုးနိုင်မန်းရဲ့ သူငယ်ချင်း ဗိုလ်လောင်း နှစ်ယောက်ကို တပ်ခွဲမှူး ဗိုလ်မှူး တစ်ယောက်က တုတ်နဲ့ရိုက်ပြီး ဆုံးမပါတယ်။

အဲဒီအခါ တိုးနိုင်မန်းက “ဗိုလ်မှူး အဲဒီလို မရိုက်ပါနဲ့။ အဲဒါ ကျွန်တော့် သူငယ်ချင်းတွေ” ဆိုပြီး ခပ်မာမာ ပြောပါတယ်။ အဲဒီဗိုလ်မှူးလဲ ဗိုလ်လောင်း အများကြီး ရှေ့မှာဆိုတော့ တော်တော် ရှက်သွားပါတယ်။ ဒါကြောင့် ရှက်ရမ်းရမ်းပြီး ဟိုဗိုလ်လောင်း နှစ်ယောက်ကို “ရိုက်တယ်ကွာ၊ ရိုက်တယ်ကွာ” ဆိုပြီး အသားကုန် တီးပါတော့တယ်။ တိုးနိုင်မန်းကိုလည်း “မင်းက ဗိုလ်လောင်း၊ ငါက အရာရှိကွ။ မင်း ငါ့ကို အမိန့်ပေးလို့ မရဘူး” စသည်ဖြင့် ဒေါကြီးမောကြီး ပြောပါတယ်။

ကျန်တဲ့ဗိုလ်လောင်းတွေကတော့ အမှောင်ထဲမှာ ပြုံးမိကြပါတယ်။ ဘာလို့လဲ ဆိုတော့ တိုးနိုင်မန်း နေရာမှာ ဒီ့ပြင် ဗိုလ်လောင်းဆိုရင် နောက်တစ်နေ့ မျက်နှာသစ်လို့ မရအောင် စုတ်ပြတ်သတ် သွားမှာပါ။ အခုကျတော့ အရာရှိနဲ့ ဗိုလ်လောင်း အရပ်ထဲမှာ ရန်ဖြစ် နေသလိုပါပဲ။

ဒါပေမဲ့ အဲဒီဗိုလ်မှူးလဲ သိပ်မကြာလိုက်ပါဘူး။ တိုးနိုင်မန်း ကျောင်းဆင်းပြီး ၃ လလောက်အကြာမှာ မြောင်းထဲကို ပလုံစီပြီး မြုပ်သွား ပါတော့တယ်။

ကျောင်းဆင်းပြီး ခြေလျင်တပ်ရင်း တစ်ခုကို ရောက်သွားတော့ အဖြစ်အပျက် ကလေး တစ်ခုကလည်း ယနေ့တိုင် မမေ့နိုင် အလျဉ်းသင့်လို့ ပြောပြချင် ပါသေးတယ်။ တပ်ရင်းမှူးရဲ့ သားနဲ့ နောက်တန်းမှူး ဗိုလ်မှူးရဲ့  သားက ကျောင်းမှာ အတန်းတူ ဖြစ်နေပါတယ်။ အတန်းပိုင် ဆရာမကို တပ်ရင်းမှူး အိမ်မှာ ခေါ်ပြီး စာသင်စေကာ လပတ် စာမေးပွဲမှာ မေးခွန်း ရခဲ့ပေမဲ့ သားတော်မောင်က အဆင့်နံပါတ် (၂) ရပါတယ်။ အဆင့် နံပါတ် (၁) ကတော့ တကယ် စာတော်ပြီး တကယ် ကြိုးစားတဲ့ ဘာမေးခွန်းမှ မရသော နောက်တန်းမှူး ဗိုလ်မှူးရဲ့ သား ဖြစ်ပါတယ်။ တပ်ရင်းမှူးရဲ့  သားက ဘာလုပ်တယ် ထင်ပါသလဲ။ နောက်တန်းမှူး ဗိုလ်မှူးသားရဲ့  စာအုပ်တွေကို သွားငှားပြီး မီးပုံရှို့ လိုက် ပါတော့တယ်။ အဲဒီတော့ တပ်ရင်းမှူး ဇနီးမောင်နှံက သဘောတော်ကျပြီး ပြုံးရှာတာ အံ့သြ တကြီး မှတ်သား မိခဲ့ရပါတယ်။

တပ်ကြပ်ကြီး တစ်ယောက်ရဲ့ သား ဆိုရင် စာတော်လိုက်တာမှ အနာဂါတ်ရဲ့  အဖူးအညွှန့်ကလေး ပေါ့။ သူ့ခမျာ ငှက်ဖျားနဲ့ တပ်ရင်းအိမ်မှာ အလူးအလိမ့် ဖြစ်နေတုန်း တပ်ရင်းထဲက ကျောင်းကြိုပို့ ကားက ဓာတ်ဆီ မရှိလို့တဲ့ ဒီကလေးကို ဆေးရုံပို့ဖို့ မတတ်နိုင် ဖြစ်ခဲ့ကြတယ်။ မိဘတွေမှာ တပ်ရင်းမှူးနဲ့ ဗိုလ်မှူး၊ ဗိုလ်ကြီးများကို မပြောရဲရှာဘူး။ အဲဒီ ကလေး ဘာဖြစ်သွားတယ် ထင်သလဲ၊ သေသွားတာပေါ့။ စစ်အာဏာရှင် စနစ်အောက်က အဖိနှိပ်ခံ စစ်သားများ ဆိုတဲ့ ခေါင်းစဉ် အောက်မှာ ရေးကြည့်ရင် တပုံ တပင်ကြီးပါ။

ဒါ့ကြောင့် သံဃာတော်တွေက လူအချင်းချင်း နှိပ်စက်ခြင်း ကင်းရှင်းကြပါစေလို့ မေတ္တာပို့တော့ သူတို့ နာရှာတာ။ အခုလည်း ဒေါ်အောင်ဆန်းစုကြည် ကိစ္စမှာ အပြစ်ရှိရင် လုံခြုံရေး ယူထားတဲ့သူ တွေမှာသာ လုံးဝ တာဝန်ရှိတာ ရှင်းရှင်းလေးပါ။ သူတို့ကိုတော့ အရေးမယူတာ ဘာကြောင့်လဲ၊ စကားပုံ ဆိုတာကလည်း ဖြစ်တတ်လို့ ပညတ်ထားတာမို့ ဘုရားကားအောက် မျောက်ကား အထက်၊ ဖခင်ဗိုလ်ချုပ် (ဗိုလ်ချုပ် အောင်ဆန်း) မြင်လှည့် ချင်စမ်းပါဘိတော့။

တရားမျှတမှု၊ တန်းတူညီမျှမှု၊ လွတ်လပ်မှုတို့ဖြင့် ဒီမိုကရေစီ နိုင်ငံတော်ကြီး ပေါ်ထွက်မှသာ တိုင်း ပြည်အတွက် အမှန်တကယ် အကျိုးရှိသည်ဟု အလေးအနက် ယုံကြည်သည်။

အိမ်လွမ်းသူ (တပ်မတော် အရာရှိ တစ်ဦး)

Ref: ဖိုးတရုတ်

Read More...

အပြောကတော့ ရွှေမန်း အက မှာတော့ မျောက်ဖိုးစိန်

တရား ဥပဒေ၏ အထက်တွင် မည်သူမျှ မရှိစေရ
ဆောင်းပါးရှင် - ဓူဝံကြယ် (ပြည်တွင်းမှ တပ်မတော် အရာရှိ တစ်ဦး)

ယခု နအဖမှ ဗိုလ်သူရရွှေမန်း၏ နားထောင်၍ကောင်းသော မိန့်မြွက်ချက်တစ်ခုပါ။ မည်သူမျှ ဆို သည်က အဘယ်သူတို့ကို ရည်ညွန်းပါသနည်း။ ပိုမို၍ ရှင်းလင်းစေရန် မိန့်ခွန်းရှင် ဗိုလ်သူရ ရွှေမန်း၏ သား(အငယ်) စစ်တက္ကသိုလ်၊ ဗိုလ်သင်တန်း အပါတ်စဉ် (၄၁) ဆင်း၊ ဗိုလ်တိုးနိုင်မန်း၏ လုပ်ရပ်ကိုကြည့်ကြပါ။ ၂၀၀၀ခုနှစ် DSA ကျောင်းဆင်း ဗိုလ်တိုးနိုင်မန်းသည် ၎င်းနှင့် အပါတ်စဉ်တူ ဗိုလ်အောင်စောလှိုင်နှင့် စစ်တက္ကသိုလ်၌ အလွန် ခင်မင်ခဲ့ကြသော သူငယ်ချင်းများ ဖြစ်ခဲ့ကြပါ သည်။ မကွေးတိုင်း၊ ဆီမီးခုံ (ဇာတိ) ဗိုလ်အောင်စောလှိုင်သည် ဗိုလ်တိုးနိုင်မန်း နှင့်အတူ ရန်ကုန်မြို့တွင် ၂၀၀၁ ခုနှစ်များအတွင်း အထူး အခွင့်အရေး ရရှိပြီး အလုပ်အကိုင်(ဋ္ဌာနလက်ကိုင်) မယ်မယ်ရရ မရှိသေးပဲ ပျော်ပါးနေရင်း တစ်ရက်တွင် ဗိုလ်အောင်စောလှိုင်သည် ဘုရင့်နောင်ဈေး၊ ခရေပွဲရုံလမ်းနေ သူ၏ တနယ်တည်းနေ ချစ်သူ (ဒုတိယ-နှစ်၊ ဥပဒေ ကျောင်းသူ ) ထံသို့ ဗိုလ်တိုး နိုင်မန်းကို အဖော်အဖြစ် ခေါ်ဆောင်သွားရင်း မိတ်ဆက်ပေးမိခဲ့သည်။

ဤသို့ မိတ်ဆက်ပေးပြီး နောက်ပိုင်းတွင် ဗိုလ်တိုးနိုင်မန်းသည် သူငယ်ချင်း ချစ်သူအား သဘောကျပြီး စည်း မထားနိုင်ဘဲ နောက်ပိုးရာမှ မိန်းကလေးက အလိုမတူသဖြင့် ဗိုလ်အောင်စောလှိုင် ပြန်သိပြီး အချေအစောင်း ဖြစ်ပွားခဲ့ပါသည်။ တိုးတိုးမှ ကျယ်ကျယ် ဖြစ်လာရာ အခြားအရာရှိ သူငယ် ချင်းများမှ ရန်ကုန်မြို့၊ မင်းဓမ္မလမ်းရှိ ကံ့ကော်ရိပ် ဘီယာဆိုင်သို့ခေါ်ပြီး သူငယ်ချင်း နှစ်ဦးကို ညှိ နှိုင်းပေး၍ ခေတ္တခဏ ပြေငြိမ်းသွားခဲ့ပါသည်။ ဗိုလ်တိုးနိုင်မန်းမှ ငမန်းဆိုတာ ဘာကောင်လဲ မင်းတို့ သိပါတယ်။ ငမန်း လိုချင်ရင် မရတာ မရှိဘူး။ ငမန်း အဖေ ဘာလဲဆိုတာ မင်းတို့ သိပါတယ်ဟု ခြိမ်းခြောက် ပြောဆိုခဲ့ပါသည်။

နောက်တစ်လခန့်ကြာသော် DSA အပတ်စဉ် (၄၁)၊ တပ်စုမှူး သင်တန်း တက်ရောက်ရသည့် ဗထူး တပ်နယ် ရပ်စောက်မြို့ တပ်မတော် တိုက်ခိုက်ရေးကျောင်း သင်တန်းတွင် ဗိုလ်တိုးနိုင်မန်းနှင့် နောက် သူငယ်ချင်းဖြစ်သူ ဗိုလ်သီဟသူရ တင်အောင်မြင့်ဦးရဲ့ သားတို့မှ အကွက်ကျ စီစဉ်၍ ဗိုလ်စောလှိုင်အား အသေသတ်ဖို့ စီစဉ် ခဲ့ပါသည်။ ဗိုလ်တိုးနိုင်မန်း အနားမှ ဖော်လန်ဖား အရာရှိတစ်ချို့ က သူရရွှေမန်း အာဏာနှင့် မသေမချင်း ရှေ့တန်း စစ်မြေပြင်သို့ စေလွှတ်ရန် အကြံပေးသော်လည်း “မ” စိတ်မွန်၍ ရမ္မက် ထန်နေသော ဗိုလ်တိုးနိုင်မန်းမှ သူ့ကောင်မကို ငါပြောထားတယ် “နင့်အကောင်ကို ငါ ကိုယ်တိုင် သတ်ပြမယ်၊ နင့်အကောင်ဟာ ဘယ်တော့မှ ငါ့ရဲ့ပြိုင်ဘက် မဟုတ်ဘူးဆိုတာ နောင်တ ရစေရမယ်ဟု” ကြိမ်းဝါး ပြောဆိုခဲ့ပါသည်။ ဗိုလ်တိုးနိုင်မန်း၏ ဒေါသ (ဖခင်အရှိန်အ၀ါ)ကို ကြောက်၍ ဗိုလ်အောင်စောလှိုင် မှလည်း အတတ်နိုင်ဆုံး လွတ်အောင် ရှောင်နေခဲ့ပါသည်။

တပ်စုမှုး သင်တန်း ရောက်စဉ် သင်တန်းသား မည်သူတစ်ဦး တစ်ယောက် မှ ကိုယ်တိုင် ကား မောင်းနှင်ခွင့် မရှိသော်လည်း အဖေ့ အရှိန်အ၀ါကို မှီကာ ဗိုလ်တိုးနိုင်မန်းနှင့် ဗိုလ်သီဟသူရ တင်အောင်မြင့်ဦး၏ သားတို့သည် ISUZU “Double Cab” တစ်ယောက် တစ်စီးနှင့် ညမထွက်ရသော သင်တန်းသားများ၏ ရပ်စောက်မြို့ပေါ်ရှိ အရက်ဆိုင်တကာတွင် သင်တန်းသား ဖော်လန်ဖား အရာ ရှိများနှင့် တရုန်းရုန်း ပျော်ပါး နေကြသည်မှာ ရပ်စောက်မြို့ပေါ်တွင် ပျော်ပွဲရွှင်ပွဲများ ကျင်းပ နေသကဲ့သို့ပင် ဖြစ်ပါသည်။

တစ်ရက်တွင် ဖော်လံဖား အရာရှိများ အကူအညီဖြင့် ဗိုလ်အောင်စောလှိုင်အား တိုးနိုင်မန်းမှ အရက်တိုက်မည်ဟု အတင်း အပြင်ကို ခေါ်ထုတ်ကာ အရက်အနည်းငယ် သောက်ပြီးချိန်တွင် ဗိုလ်တိုးနိုင်မန်းနှင့် သူငယ်ချင်းအရာရှိ တို့သည် ကားပြိုင်မောင်းရန် ယှဉ်ပြိုင် ပြောဆိုကြသည်။ တိုင်ပင်ထားသည့် အလား ဗိုလ်တိုးနိုင်မန်း သူငယ်ချင်း ဗိုလ်တင်အောင်မြင့်ဦး သားက မိမိတစ်ဦးတည်း ကားမောင်း၍ ဗိုလ်တိုးနိုင်မန်းက အဖော်အဖြစ် ဗိုလ်အောင်စောလှိုင်အား သူ့ကားပေါ် လိုက်ခဲ့ပါရန် အတင်းခေါ်ရာ မရိုးသားသော အခြေအနေကို ရိပ်မိသဖြင့် ဗိုလ်အောင်စောလှိုင်သည် ငြင်းဆိုခဲ့သော်လည်း မရသဖြင့် အခြားဗိုလ် တစ်ဦးကိုပါ ထပ်မံခေါ်ယူရန် ပြောဆိုခဲ့သည်။ ဤသို့ဖြင့် တိုးနိုင်မန်းသည် သူ၏ “Double Cab” နောက်ခန်းတွင် ဗိုလ်အောင်စောလှိုင်နှင့် အခြားသော အရာရှိ အဖော်တစ်ဦးအား ထိုင်စေ၍ ရှေ့ခန်းတွင် တစ်ဦးတည်း ထိုင်ကာ ကားမောင်း ပြိုင်ခဲ့ကြသည်။


လူသတ်သမား ဗိုလ်တိုးနိုင်မန်း၏ ဖခင် ဗိုလ်ချုပ်ကြီး သူရ ရွှေမန်း

ရပ်စောက်မြို့ ဈေးအနီးရှိ အရက်ဆိုင်မှ စတင်၍ တပ်မတော် (ကြည်း) တိုက်ခိုက်ရေး ကျောင်းထိပ်ကို ပန်းတိုင် သတ်မှတ်ကာ ယှဉ်ပြိုင်ခဲ့ကြပါသည်။ ရပ်စောက်မြို့ စစ်ဆေးရုံအကျော် လူရှင်းသော နေရာသို့ ရောက်လျှင် ဗိုလ်တိုးနိုင်မန်းသည် ကားရပ်၍ အောင်စောလှိုင်အား မိမိကိုယ်ပိုင် သေနတ် (တပ်မတော်မှ ထုတ်ပေးထားသော သေနတ် မဟုတ်) နှင့်ရင်ဘတ်ကို တစ်ချက်တည်း အသေ ပစ်သတ်ခဲ့သည်။ အဖော်ပါလာသော အခြားအရာရှိ တစ်ဦးကိုလည်း မျက်မြင် ဖြစ်နေသဖြင့် အကယ်၍ နှုတ်မလုံဘဲ ပြဿနာပေါ်ပါက မိမိတို့နှစ်ဦး ဒုက္ခဖြစ်နိုင်သည်ဟု ဗိုလ်တိုးနိုင်မန်းအား ဗိုလ်သီဟသူရ တင်အောင်မြင့်ဦး၏ သားမှ ပြောဆိုရာ ဗိုလ်တိုးနိုင်မန်းမှ အဖေါ်လိုက်ခဲ့သူ အခြားအရာရှိကိုပါ ထပ်မံ ပစ်သတ်ခဲ့ပါသည်။ ထို့နောက် လမ်းဘေး(၁၂)ပေခန့် နက်သော ချောက် ကလေးထဲတွင် ကားနှင့်အတူ အက်ဆီးဒင့်ဖြစ်သလို ထားခဲ့ပါသည်။ အခြေအနေမှန်ကို စစ်ဆေးသော အရာရှိ ဆိုသူများမှလည်း ကားအက်ဆီးဒင့်ကြောင့် သေရတာပါဟု ဆင်သေကို ဆိတ်သားရေ ဖုံးသော စာ ထုတ်ပေးကြရပါသည်။ အရာရှိနှစ်ဦး၏ ဆွေမျိုးမိဘများမှာ မကျေနပ်သော်လည်း မည်သို့မျှ မပြောရဲကြပေ။ ဤသတင်းအား မည်သူမှ မပြောဆိုရန် ပိတ်ပင်၍ ခံဝန်ထိုးကာ ပြန်လွှတ်ခဲ့ပါသည်။

လူသတ်သမား ဗိုလ်တိုးနိုင်မန်းမှာ ဖခင်အရှိန်အ၀ါနှင့် မည်သို့မျှ ခေါ်ယူ စစ်ဆေးခြင်းပင် မခံခဲ့ရပေ။ ဤအကြောင်းအား မိမိ မိသားစုအား ထုတ်ဖော်ပြောဆိုသူ ဗိုလ်ထက်အောင်(DSA-၄၀)မှာ ထိုစဉ်က တပ်မတော် ထောက်လှမ်းရေး အကူ(၁)မှ ခေါ်ယူ၍ ပြင်းထန်စွာ သတိပေးခြင်း ခံခဲ့ရပြီး လုပ် သက်(၂)နှစ်လျော့ ပြစ်ဒဏ် ခံခဲ့ရပါသည်။ အခြားသိရှိသော အရာရှိများမှာလည်း ထိပ်တန်း လျှို့ဝှက် အနေနှင့် နှုတ်ပိတ် နေခဲ့ရပါသည်။ ဗိုလ်သူရရွှေမန်းသည် မိမိသား “နှာဘူးလေး” အား နောက်ထပ် အမှား မလုပ်မိစေရန် ဇေကမ္ဘာ ဦးခင်ရွှေအား မင်္ဂလာဒုံ ဥယျာဉ်မြို့တော်သစ် တိုးချဲ့ လုပ်ကိုင်ခွင့် စီမံကိန်းကို ထပ်မံပေး၍ သမီးဖြစ်သူ ဇေဇေလတ်နှင့် ကြောင်းလမ်းခဲ့ပါသည်။ မျက်လုံးပြူး (အမြင်ကျယ်)၍ အရှည်ကို မြင်သော ဦးခင်ရွှေမှ သဘောတူ လက်ခံကာ Sedona Hotel တွင် ခမ်းခမ်းနားနား လက်ထပ်ပေးခဲ့ပြီး ယခုအခါ ရန်ကုန်မြို့ တွင် ပျော်ပျော်ရွှင်ရွှင် နေထိုင်လျက် ရှိနေပါသည်။

ထို့ကြောင့် “ဥပဒေ၏ အထက်တွင် မည်သူမျှ မရှိစေရ” ဟုဆိုခဲ့သော ဗိုလ်သူရရွှေမန်း သည် “ဥပဒေ” ၏ မည်သည့်နေရာမှ မိန့်ခွန်း ချွေခဲ့ပါသနည်း။

စစ်မှန်သော ဒီမိုကရေစီ နိုင်ငံတော်ကြီး ပေါ်ပေါက်လာရေးနှင့် (နအဖ) အာဏာရှင်စနစ် ကျဆုံးရေးအား ရည်သန်၍ အရာရှိတစ်ဦးမှ တင်ပြသည်။


Ref: ဖိုးတရုတ်

Read More...

ယက်တောနှင့် ဆက်စပ်မှုမရှိဟု FDB ငြင်းဆို (ဒေါက်တာနိုင်အောင်နှင့် အင်တာဗျူး)

မေကျော်
ဗုဒ္ဓဟူးနေ့၊ ဇွန်လ 03 2009 18:10 - မြန်မာစံတော်ချိန်

ချင်းမိုင် (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့ ရေကူး ဝင်ရောက်ခဲ့သူ မစ္စတာ ဂျွန် ဝီလျံ ယက်တောနှင့် ထိုင်းနိုင်ငံအခြေစိုက် မြန်မာနိုင်ငံ ဒီမိုကရက်တစ် တပ်ပေါင်းစု - FDB သည် ဆက်စပ်ပတ်သက်မှု မရှိကြောင်း အဖွဲ့၏ အထွေထွေ အတွင်းရေးမှူးချုပ် ဒေါက်တာနိုင်အောင်က ပြောဆိုသည်။

အတိုက်အခံများကို ထိုးနှက်အပုတ်ချလေ့ရှိသော စစ်အစိုး၏ အင်တာနက် ဝဘ်ဆိုဒ် တခု ဖြစ်သော သာကီနွယ်တွင် FDB နှင့် မစ္စတာယက်တော တွေ့ဆုံနေသည်ဟု ဓာတ်ပုံနှင့်တကွ ဖော်ပြ စွပ်စွဲချက်အပေါ် သူက တုံ့ပြန်ပြောဆိုခြင်း ဖြစ်သည်။

အဆိုပါ ဓာတ်ပုံမှာ FDB က လစဉ်ထုတ်ဝေသော အီလက်ထရောနစ် ဖိုရမ် မဂ္ဂဇင်းတွင် ဖော်ပြခဲ့သည့် ဓာတ်ပုံကို ရယူကာ ထင်ယောင်ထင်မှား ပြုလုပ် ထားခြင်းသာ ဖြစ်ကြောင်းနှင့် ဓာတ်ပုံတွင် ပါရှိသူမှာလည်း သြစတြေးလျား နိုင်ငံသား သတင်းစာဆရာ မစ္စတာ ဖီးလ် သောတန် (Phil Thorton) ဖြစ်ပြီး ဂျွန် ဝီလျံ ယက်တော မဟုတ်ကြောင်း သူက ပြောဆိုသည်။

ဤကိစ္စနှင့်ပတ်သက်ပြီး မဇ္ဈိမသတင်းထောက် မေကျော်က ဒေါက်တာနိုင်အောင်ထံ ဆက်သွယ်မေးမြန်းထားသည်ကို တင်ပြလိုက်ပါသည်။

သာကီနွယ် ဝဘ်ဆိုဒ်မှာ ဂျွန်ယက်တောက FDB ကို ရောက်ခဲ့တယ်လို့ ပြောပါတယ်။ အဲဒါ မှန်ပါသလား။

သာကီနွယ် ဝဘ်ဆိုဒ် ဆိုတာတော့ နအဖဘက်က သတင်းတွေ တင်ပြတာတို့၊ ထောက်ခံ ရေးသားတာ တို့ကြောင့် နအဖ ဘက်ကလို့ ပြောရမှာပေါ့နော်။ ဟုတ်တယ်၊ မဟုတ်ဘူး မသိပါဘူး။ ပြောချင်တာကတော့ အဲဒီပုံကို ကြည့်ခြင်းအားဖြင့်တော့ နအဖ ဘက်ကနေပြီးတော့မှ ကျနော်တို့တွေကို အကြောင်းအမျိုးမျိုးနဲ့ သတင်းတွေကို ပုံဖျက်ပြီး ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်နေတာ ပိုပြီး သိသာလာပါတယ်။

သာကီနွယ်မှာက ဂျွန် ဝီလျံ ယက်တောဟာ FDB ကို ရောက်ခဲ့ပါတယ်ဆိုပြီး ဓာတ်ပုံနဲ့ တင်ထားတာပါ။ သူတို့က အဲဒီ ဓာတ်ပုံထဲက ပုဂ္ဂိုလ်ဟာ ယက်တောလို့ ပြောထားပါတယ်။

အမှန်မှာက အဲဒီဟာက ယက်တောလည်း မဟုတ်ဘူး။ တော်တော်များများ သင်တန်းတွေ လုပ်ပေးနေတဲ့ သြစတြေးလျား နိုင်ငံသား သတင်းစာဆရာ မစ္စတာ ဖီးလ် သောတန် (Phil Thorton) ပါ။ အဲဒါကလည်း FDB ရုံးမှာ မဟုတ်ပါဘူး။ ကျနော်တို့ AAPP (နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း - မြန်မာနိုင်ငံ) ရုံးမှာပဲ မီဒီယာ Strategy (မီဒီယာ မဟာဗျူဟာ)နဲ့ ပတ်သက်တဲ့ သင်တန်းတခု လုပ်တာပါ။

အခု ယက်တောဟာ၊ လက်ရှိ တရားရင်ဆိုင်နေရတဲ့ အချိန်မှာ ဂျွန်ဝီလျံယက်တောဟာ နယ်စပ်က အဖွဲ့အစည်းတွေနဲ့ အဆက်အသွယ် ရှိတယ်။ ဒါမှ မဟုတ် စီအိုင်အေ ဖြစ်တယ်ဆိုပြီး အမှုကို မကြီးကြီးအောင် လုပ်နေတယ်။ ချဲ့ထွင်နေတဲ့ သဘောပဲ ဖြစ်ပါတယ်။

နောက် ကျနော်တို့တွေနဲ့ အဆက်အသွယ်ရှိတယ်ဆိုပြီး ကျနော်တို့ကပဲ ခိုင်းသလိုလိုနဲ့ ပြောနေတဲ့ ကိစ္စနဲု့ ပတ်သက်ပြီးတော့ အများရဲ့ အမြင်မှာ ထင်ယောင်ထင်မှား ဖြစ်အောင်။ ယက်တောရဲ့ ရှေ့နေပြောတဲ့ အထဲမှာလည်း အားလုံး အကုန်သိထားပြီးပြီလို့ ထင်ပါတယ်။

နအဖ ဘက်ကနေပြီးတော့မှ ကျနော်တို့ကို ပြီးခဲ့တဲ့ ရက်ပိုင်းတွေ အတွင်းမှာပဲ ဖောက်ခွဲရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ စွပ်စွဲတယ်။ အခုလည်း ယက်တောနဲ့ ပတ်သက်ပြီးတော့ စွပ်စွဲတယ်ဆိုတော့ သူတို့က ကျနော်တို့ကို ပုံဖျက်တဲ့ သတင်းတွေ ပြည်သူလူထုကြားမှာ ထင်ယောင်ထင်မှား ဖြစ်အောင်၊ နိုင်ငံတကာမှာ ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်တာမျိုးလို့ ကျနော်တို့ ပြောချင်ပါတယ်။

ဒေါက်တာ နိုင်အောင် ဆိုလိုတာက ဒီဓာတ်ပုံထဲက ပုဂ္ဂိုလ်က မစ္စတာယက်တော မဟုတ်ဘူး၊ တခြားတယောက်လို့ ပြောတာလား။ ဒါမှမဟုတ် ဓာတ်ပုံက မှားနေတာလို့ ပြောတာလား။

ယက်တော မဟုတ်ပါဘူး။ ဓာတ်ပုံက ကျနော်တို့ ဓာတ်ပုံအစစ်ပါ။ ဓာတ်ပုံကို မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု ဝက်ဘ်ဆိုက် www.democraticforumburma.org မှာရှိတဲ့ ဖိုရမ် ဂျာနယ်အတွဲ ၁၊ အမှတ် ၁၊ ၂ဝဝ၉ ခုနှစ် ဧပြီလထုတ်မှာ တင်ထားတဲ့ ဓာတ်ပုံပါ။ ကျနော်တို့ သတင်းထုတ်ပြန်တဲ့ အထဲမှာလည်း ပါပြီးသားပါ။ အဲဒါက သူ (ယက်တော) မဟုတ်ဘူးခင်ဗျ။

အဲဒီ ဓာတ်ပုံကို သာကီနွယ်က ဘယ်လိုရသွားတာလဲ။

လစဉ်စာစောင်ပေါ့။ ကျနော်တို့က အီလက်ထရောနစ် မဂ္ဂဇင်း ထုတ်တယ်။ အဲဒီ အီလက်ထရောနစ် ဖိုရမ် မဂ္ဂဇင်းထဲမှာ ကျနော်တို့ရဲ့ လှုပ်ရှားမှုအနေနဲ့ အဲဒီ ဓာတ်ပုံနဲ့ သတင်းဆောင်းပါးတွဲ ထည့်ထားတာ။ အဲဒါကို ခိုးယူပြီး သတင်းအမှား ဖန်တီးတာပါ။

Ref: မဇ္ဈိမ

Read More...

အပြီးသတ်လျှောက်လဲချက် ရုံးချိန်း ထပ်မံရွှေ့ဆိုင်း

ကိုစိုး
Wednesday, 03 June 2009 20:24

ဒေါ်အောင်ဆန်းစုကြည် အမှုနှင့်ပတ်သက်ပြီး မူလ သတ်မှတ်ထားသည့် အပြီးသတ် လျှောက်လဲချက် ပေးရန် ရုံးချိန်းကို လာမည့် သောကြာနေ့မှ ထပ်မံ ရွှေ့ဆိုင်းသွား သည်ဟု ရှေ့နေကြီး ဦးဉာဏ်ဝင်း ကပြောသည်။

ယနေ့တွင် ဒေါ်အောင်ဆန်းစုကြည်ဘက်မှ သက်သေ ၃ ဦးပယ်လိုက်သည့် အမိန့်ကို ပြန်လည် သုံးသပ် ပြင်ဆင်ရန် လျှောက်လဲချက်အား ရန်ကုန်တိုင်း တရားရုံးက လက်ခံလိုက်သည့် အတွက် ယင်းသို့ အလိုအလျှောက် ရွှေ့ဆိုင်း သွားရခြင်း ဖြစ်သည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပြောခွင့်ရ ပုဂ္ဂိုလ်လည်းဖြစ်သည့် ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောဆိုသည်။

“ကျနော်တို့ သက်သေ ၃ ဦးကိုပယ်လိုက်တာဟာ ဥပဒေနဲ့ မညီဘူးဆိုပြီး မနေ့က ရန်ကုန်တိုင်း တရားရုံးကို တင်ပါတယ်၊ မနေ့က ချိန်းတာ မကြားနာဖြစ်ဘူး၊ ဒီနေ့ ညနေ ၃ နာရီမှာ လျှောက်လဲချက် သွားပေးပါတယ်၊ ဒီ လျှောက်လွှာကို လက်ခံရေးအတွက် လျှောက်လဲချက် ပေးတာပါ၊ လျှောက်လဲချက်လည်း ပေးပြီးရော တရားရုံးက အမှုကို လက်ခံတယ် ဆိုတဲ့ အမိန့်ချပါတယ်၊ ချပြီးတော့ တရားလို ဘက်ရော ဒေါ်အောင်ဆန်းစုကြည် ဘက်ရော ၂ ဘက် ကြားနာဖို့ ၊ ၂ ဘက် လျှောက်လဲချက် ပေးဖို့ ကို ၅ ရက်နေ့ ၃ နာရီကို ချိန်းလိုက်ပါတယ်၊ သက်သေ ၃ ယောက်ကို မစစ်တဲ့ အမိန့်ကို ပြင်ဆင်ဖို့ပါ၊ ပြန်လည် သုံးသပ်ဖို့တင်တာ၊ အဲဒီတော့ ကျနော်တို့ ၅ ရက်နေ့ မနက်ကို ခရိုင် တရားရုံးမှာ အပြီးသတ် လျှောက်လဲချက် ပေးရမှာက ဒီအမှုကို လက်ခံလိုက်တဲ့ အတွက် လုပ်ထုံးလုပ်နည်း အရ အလိုလို ရွေ့သွားမယ်၊ မရှိတော့ဘူး ပြောရင်လည်း ရတယ်”ဟု ၎င်းက ဧရာဝတီ သို့ ရှင်းပြသည်။

လက်ရှိအခြေအနေအရ တိုင်းတရားရုံး၏ ဆောင်ရွက်ချက်ပြီးမှ မူလ ခရိုင် တရားရုံး အနေနှင့် အပြီးသတ် လျှောက်လဲချက် ရုံးချိန်း သတ်မှတ်နိုင်မည် ဖြစ်သည်ဟုလည်း ဦးဉာဏ်ဝင်းက ဆိုသည်။

အမေရိကန် နိုင်ငံသား မစ္စတာ ဂျွန် ဝီလျံ ယက်ထော နေအိမ်သို့ တိတ်တဆိတ် ဝင်ရောက်လာမှုနှင့် ပတ်သက်ပြီး တရား ရင်ဆိုင်နေရသော ဒေါ်အောင်ဆန်းစုကြည် ဘက်က တင်သည့် တရားခံပြ သက်သေ ၄ ဦးမှ ၃ ဦးကို မေလ ၂၇ ရက်နေ့က ပယ်ချခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ဘက်မှ သက်သေထွက်ဆိုရန် မေလ ၂၆ ရက် က တင်ထားသော သတင်းစာ ဆရာကြီး ဦးဝင်းတင်၊ NLD ဒု ဥက္ကဌ ဦးတင်ဦးနှင့် NLD ရှမ်းပြည်နယ် စည်းရုံးရေး အဖွဲ့ဝင် ဒေါ်ခင်မို့မို့ တို့ကို အင်းစိန်ထောင်တွင်း အထူး တရားရုံးက ပယ်ချလိုက်ပြီး NLD လပွတ္တာ အမတ် ဦးကြည်ဝင်း ၁ ဦး ကိုသာ သက်သေ ထွက်ဆိုရန် ခွင့်ပြုခဲ့သည်။

သက်သေ ၃ ဦးကို တရားရုံးက ကျင့်ထုံး ပုဒ်မ၂၅၇ အပိုဒ်ခွဲ (၁) အရ ပယ်ချခြင်း ဖြစ်သည်။

ကျင့်ထုံး ပုဒ်မ၂၅၇ အပိုဒ်ခွဲ (၁)မှာ သက်သေ တဦးသည် တရားမျှတမှု လမ်းကြောင်းကို လွဲဖယ်စေရန် ဖန်တီး နိုင်ကြောင်း ယုံကြည်မှုအရ ချမှတ်သော ပုဒ်မ ဖြစ်သည်ဟု သိရှိရသည်။

ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်ဘက်က တရားခံပြ သက်သေအဖြစ် ထွက်ဆိုခွင့် ပြုခဲ့သော လပွတ္တာ အမတ် ဦးကြည်ဝင်း တဦးသာ သက်သေ ထွက်ဆိုခဲ့ရသည်။ စစ်အစိုးရ ဘက်ကမူ တရားလိုပြ သက်သေ ၂၃ ဦး စာရင်း တင်ပြခဲ့ပြီး မလိုအပ်၍ ၉ ဦး ကို ဖယ်ရှားကာ ၁၄ ဦး သက်သေ ထွက်ဆို စေခဲ့သည်။

ပြီးခဲ့သည့် မေလ ၂၆ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ကို ကြားနာ စစ်ဆေးခဲ့ရာတွင် ၎င်းအနေနှင့် နေအိမ် အကျယ်ချုပ် ကန့်သတ် တားမိန့်များနှင့် ပတ်သက်သည့် မည်သည့် ဥပဒေကိုမျှ မချိုးဖောက်သည့် အတွက် အပြစ်မရှိကြောင်း တရားရုံးသို့ လျှောက်လဲ ထွက်ဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကို ဂျွန် ၀ီလျံ ယက်ထော အမှုနှင့်ပတ်သက်ပြီး အာဏာပိုင်များက မေလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် အကျယ်ချုပ် ထားရာနေအိမ်မှ အင်းစိန် အကျဉ်းထောင်သို့ ခေါ်ဆောင်၍ ပုဒ်မ ၂၂ ဖြင့် တရား စွဲဆို လိုက်ပြီး မေလ ၁၈ ရက်နေ့မှ စတင်၍ အစိုးရ တရားလိုပြ သက်သေများကို ဆက်တိုက် စစ်ဆေးခဲ့ပြီး မေလ ၂၆ နေ့တွင်မှ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ဆေးခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပုဒ်မ ၂၂ အရ ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ ကျခံရနိုင်ကြောင်း သိရသည်။

အဆိုပါ ဂျွန် ၀ီလျံ ယက်ထော(Mr. John William Yettaw)သည် အင်းလျား ကန်စောင်းရှိ ဒေါ်အောင်ဆန်း စုကြည် ၏ နေအိမ်သို့ ရေကူး၍ သွားရောက်ကာ မေလ ၃ ရက် မှ ၅ ရက်နေ့ အထိ ၃ ရက်ကြာ နေထိုင်ခဲ့ပြီး မေလ ၆ ရက် နေ့တွင် အင်းလျားကန် အတွင်း ၌ ၎င်းအား တွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ကြောင်း မေလ ၇ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်း အကြမ်းဖက် တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်း ခံနေရသည့် ၆ နှစ်ပြည့်ခါနီး အချိန်တွင် ယခုကဲ့သို့ တရားစွဲဆို ခံရခြင်းဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ် ရှိပြီ ဖြစ်သည်။

Ref: ဧရာဝတီ

Read More...

ဒေါ်အောင်ဆန်းစုကြည်အမှု သက်သေကိစ္စ ပြင်ဆင်ချက် ရန်ကုန်တိုင်း တရားရုံး ကြားနာမည်

03 June 2009

ပြဋ္ဌာန်းထားတဲ့ ဥပဒေကို ချိုးဖောက်တယ်လို့ စွပ်စွဲပြီး တရားစွဲဆို ခံနေရတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဘက်က ခုခံချေပဖို့ တင်သွင်းတဲ့ သက်သေတွေကို ပယ်ချခဲ့တာနဲ့ ပတ်သက်လို့ ပြန်လည် သုံးသပ်ဖို့ လျှောက်လဲ တင်ပြချက်ကို တရားရုံးက လက်ခံ လိုက်ပါတယ်။ အစောပိုင်း တရားခွင်ရဲ့ ဆုံးဖြတ်ချက်ဟာ ဥပဒေနဲ့ မညီတဲ့ လုပ်ရပ်ဖြစ်တာမို့ ပြန်လည် သုံးသပ်လက်ခံဖို့ အကျိုးဆောင် ရှေ့နေတွေရဲ့ တင်ပြချက်ကို ကြားနာပြီး အခုလို ပြင်ဆင်ချက် လျှောက်ထားတာကို လက်ခံလိုက်တာပါ။ တရားခွင် အခြေအနေတွေကို စောင့်ကြည့်နေတဲ့ ကိုအောင်လွင်ဦး က အပြည့်အစုံကို တင်ပြ ပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အပေါ် တားဆီးကန့်သတ်ထားတဲ့ အမိန့်ကို ဖောက်ဖျက်တယ်လို့ စွပ်စွဲပြီး ကြားနာနေတဲ့ ရန်ကုန် အင်းစိန်ထောင်တွင်းက တရားခွင်မှာ၊ သူ့ဖက်က ခုခံ ထွက်ဆိုပေးဖို့ သက်သေ ၄ ယောက် တင်သွင်းခဲ့ပေမယ့် တရားရုံးက လက်မခံပဲ တယောက်သာ ခွင့်ပြုခဲ့တဲ့ အတွက် ရန်ကုန်တိုင်း တရားရုံးကို ပြင်ဆင်ချက် လျှောက်ထားတာကို အခုနောက်ဆုံး လက်ခံလိုက်တာပါ။ သက်သေ ၄ ယောက် အဖြစ်နဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ က ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ အတွင်းရေးမှူး ဦးဝင်းတင်၊ တောင်ကြီးမြို့က တရားရုံးချုပ်ရှေ့နေ ဒေါ်ခင်မိုးမိုး နဲ့ ဧရာဝတီတိုင်း လပွတ္တာမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးကြည်ဝင်း တို့ကို တင်သွင်းခဲ့ပေမယ့် ဦးကြည်ဝင်း တဦးထဲကိုသာ တရားရုံးက ခွင့်ပြုခဲ့တဲ့နောက် အခုလို ပြန်လည်သုံးသပ်ဖို့ လျှောက်ထားခဲ့တာကို လက်ခံခဲ့တာပါ။ ဒီအတွက် မူလက သတ်မှတ်ထားသလို အပြီးသတ် လျှောက်လဲချက် ပေးမယ့် အစီအစဉ်ဟာလည်း နောက်ဆုတ်သွားပါပြီ။ ရန်ကုန်တိုင်း တရားရုံးက အခု နောက်ဆုံး ကြားနာပြီး လျှောက်လဲချက်ကို လက်ခံခဲ့တာနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဥပဒေ အကျိုးဆောင် တဦးဖြစ်တဲ့ ဦးဥာဏ်ဝင်း ပြောပြတာကတော့ ....

“ကျွန်တော်တို့ ဒီနေ့ ၃နာရီ တိုင်းတရားသူကြီးရုံးမှာ ကျွန်တော်တို့ တဘက်ပဲ လျှောက်လွှာ တင်တယ်။ ဒီအမှုကို လက်ခံ ထိုက်တယ်ဆိုတာကို ကျွန်တော်တို့ အကိုးအကား တွေနဲ့ လျှောက်လွှဲချက် ပေးပါတယ်။ လျှောက်လွှဲချက် ပေးပြီးတော့ တိုင်း တရားသူကြီးက အမှုကို လက်ခံတယ်ဆိုတဲ့ အမိန့်ချပါတယ်။ ပြီးတော့ ၂ ဘက်ပေါ့၊ တရားလို ဘက်ရော၊ ကျွန်တော်တို့ဘက် ရော လျှောက်လွှဲချက် ပေးဖို့ ၅ရက်နေ့ ၃နာရီကို ရက်ချိန်း ပေးပါတယ်။ ၅ရက်နေ့ ၃နာရီ ကြားနာပြီးရင် သင့်တော်တဲ့ တရက်မှာ တရားသူကြီးက အမိန့်ချမယ်။ ကျွန်တော်တို့ ပြောတဲ့အတိုင်း လက်ခံတယ်ဆိုရင် အောက်ရုံးမှာ သက်သေတွေ ထပ်စစ်ရမယ်။ အင်းစိန် တရားရုံးမှာ ၅ရက်နေ့ မနက် ၁၀နာရီမှာ အပြီးသတ် လျှောက်လွှဲချက်ပေးဖို့ ရက်ချိန်း ပေးထားပါ တယ်။ အဲဒီ ရက်ချိန်းက အခုလို တိုင်းတရားရုံးက အမှုကို ပြင်ဆင်ဖို့ လက်ခံလိုက်တယ် ဆိုတဲ့ အဲဒီ ရက်ချိန်းကတော့ အလိုလို ရွှေ့သွားပါတယ်။ တိုင်းတရားရုံးက ဒီပြင်ဆင်မှုနဲ့ ပတ်သက်ပြီးတော့ အပြီးသတ် အမိန့် မချမချင်း အဲဒီဟာ ရွှေ့မယ်။”

အစောပိုင်း တရားခွင်ရဲ့ ဆုံးဖြတ်ချက်အရ ဒေါ်အောင်ဆန်းစုကြည် ဘက်က သက်သေ ၁ ယောက်သာ တင်ပြ ထွက်ဆိုခွင့် ရပြီး တရားလိုအဖြစ် တရားစွဲဆိုထားတဲ့ အာဏာပိုင်တွေ ဖက်ကတော့ သက်သေ ၁၄ ယောက်အထိ ရုံးတော်မှာ ထွက်ဆို ခွင့် ရခဲ့တာမို့လည်း ဒါဟာ မျှတတဲ့ ဆုံးဖြတ်ချက် မဟုတ်ဘူးဆိုပြီး ရှေ့နေတွေက ပြောနေတာပါ။ အခုလို ပြင်ဆင်ချက်ကို လက်ခံကြားနာဖို့ ဆုံးဖြတ် လိုက်ပြီးတဲ့နောက် ရည်ရွယ်ထားသလို သက်သေတွေ အားလုံး တရားခွင်မှာ ကြားနာခွင့်ရမယ် ဆိုရင်တော့ ခုခံချေပဖို့အတွက် အလားအလာတွေ ရှိလာလိမ့်မယ်လို့လည်း ဥပဒေ အကျိုးဆောင်တွေက မျှော်လင့်ထားကြ တာပါ။

“ဥပဒေ သဘောအရတော့ အရေအတွက်ကတော့ အရေးမကြီးပါဘူး။ အရည်အချင်းက အရေးကြီးတယ်။ ဒါပေမဲ့ ဒီလို ကျွန်တော်တို့ ဘက်ကို တယောက်တည်း ပေးထား ပြန်တော့လည်း ဘယ်လိုပဲ ဖြစ်ဖြစ် တဘက်စောင်းနင်း သဘောရောက်တယ်။ အဲဒီတော့ ကျွန်တော်တို့ တင်ပြတဲ့ သက်သေကို အပြည့်အ၀ ပေးလို့ရှိရင် ကျွန်တော်တို့ ခုခံချင်တဲ့ လမ်းကြောင်းကို ကျွန်တော်တို့ အပြည့်အ၀ လုပ်လို့ ရတဲ့ သဘောပေါ့။”

ဒေါ်အောင်ဆန်းစုကြည် ကို တရားခွင်မှာတင်ပြီး ရှေ့နေ ရှေ့ရပ်တွေနဲ့ ခုခံ ကာကွယ်ခွင့် ပေးထားပေမဲ့၊ တရားစီရင်ရေး စနစ်ဟာ လွတ်လပ်မှုမရှိဘူး၊ အာဏာပိုင်တွေရဲ့ စွက်ဖက်မှုတွေ ရှိနေတယ်ဆိုပြီး ဝေဖန်မှုတွေလည်း ရှိနေတာပါ။ ဒါပေမဲ့လည်း အခုနောက်ဆုံး ဒီလို ပြင်ဆင်ချက်ကို လိုက်လျော လာတာမျိုးတွေ ရှိလာနေတဲ့အချိန် ဒါဟာ တရားစီရင်ရေး စနစ် လွတ်လပ်မှုရှိလာပြီလို့ ယူဆ နိုင်ပါသလား။ ဦးဥာဏ်ဝင်း ကတော့ အခုလို မှတ်ချက်ပေးပါတယ်။

“ကျွန်တော်တို့ အားလုံးကို ခြုံပြီးတော့၊ အပြီးသတ် အမိန့်လည်း မရသေးတော့ မပြောနိုင်ဘူး။ လက်ခံ တိုင်းတရားရုံးက လက်ခံတာကတော့ ကျွန်တော်တို့ ဥပဒေ လမ်းကြောင်းကို ဦးတည်တဲ့ လက္ခဏာ အဖြစ်လို့ ကျွန်တော် မြင်ပါတယ်။ ဥပဒေနဲ့ အညီသာ အဆုံးအဖြတ် ပေးမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဘယ်ပြစ်မှုကိုမှ မကျူးလွန်ဘူးလို့ ဥပဒေအရ ကျွန်တော် မြင်ပါတယ်။ ဘယ်လို ဖြစ်လာမလဲ ဆိုတာနဲ့ ပတ်သက်ရင်တော့ ကျွန်တော် ခန့်မှန်းပြီးတော့ မပြောသင့်ပါဘူး။ တရားရုံးပေါ် မှာပဲ မူတည်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဥပဒေ အကျိုးဆောင် တဦးဖြစ်တဲ့ ဦးဥာဏ်ဝင်း ပါ။ တားဆီး ကန့်သတ်ထားတဲ့ အမိန့်ကို ဖောက်ဖျက်တယ်လို့ စွပ်စွဲပြီး ကြားနာနေတဲ့ ရန်ကုန် အင်းစိန်ထောင် တွင်းက တရားခွင်မှာ၊ အခုလာမယ့် သောကြာနေ့ ကျရင် နှစ်ဖက် ရှေ့နေတွေ အပြီးသတ် လျှောက်လဲချက်တွေ တင်သွင်းဖို့ အစောပိုင်းတုန်းက သတ်မှတ် ထားတာမို့၊ မကြာခင် စီရင်ချက်တရပ် ချမှတ် လိမ့်မယ်လို့ တွက်ဆနေခဲ့ကြတာပါ။ ဒါပေမဲ့ အခုနောက်ဆုံး ထွက်ပေါ်လာတဲ့ တရားရုံး ဆုံးဖြတ်ချက် အရ ဆိုရင်တော့ တွက်ဆ ထားသလောက် မြန်ဆန်မှာ မဟုတ်တော့ဘူးလို့ ဆိုရမှာပါ။

Ref: VOA News

Read More...

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကြေညာချက် အမှတ် (၁ / ၆/ ၀၉)

Read More...

Wednesday, June 3, 2009

ဥပဒေအမြင်အရ ဒေါ်အောင်ဆန်းစုကြည်တွင် အပြစ်မရှိ

NEJ / ၂ ဇွန် ၂၀၀၉

မြန်မာစစ်အစိုးရ ကာကွယ်ရေးဒု-၀န်ကြီး ဗိုလ်ချုပ်အေးမြင့်က မေ (၃၁) ရက်တွင် စင်ကာပူ နိုင်ငံ၌ ပြုလုပ်သော အာရှ ပစိဖိတ်ဒေသ၏ လုံခြုံရေးဆိုင်ရာ အစည်းအဝေး တွင် မြန်မာနိုင်ငံ၏ လတ်တလော နိုင်ငံရေး ဖြစ်စဉ်များကို ရှင်းလင်း တင်ပြရာတွင် ဒေါ်အောင်ဆန်းစုကြည်အား ဥပဒေနှင့်အညီ အမှုဖွင့် တရားစွဲဆို ခဲ့ကြောင်း ရှင်းလင်း တင်ပြခဲ့သည်။ ယင်းသို့ ဗိုလ်ချုပ်အေးမြင့်၏ ပြောကြားချက်များနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၏ အမှုလိုက် ရှေ့နေတဦးလည်းဖြစ် အန်အယ်လ်ဒီ၏ ပြောခွင့်ရ ပုဂ္ဂိုလ်လည်းဖြစ်သူ ဦးဉာဏ်ဝင်းနှင့် ခေတ်ပြိုင်မှ ဆက်သွယ် မေးမြန်းထားပါသည်။

မေး။ ။ ဗိုလ်ချုပ်အေးမြင့်က ဒေါ်အောင်ဆန်းစုကြည် ခြံဝင်းအတွင်း မစ္စတာ ယက်တော ၀င်ရောက်မှုကို လျှို့ဝှက် ၀င်ရောက်တယ်လို့ ပြောပြီး မေ (၆) ရက် မနက် ပြန်အထွက်ကျမှ အင်လျားကန်အတွင်း မစ္စတာယက်တော ရေကူးနေတာကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေက တွေ့တယ်လို့ ပြောပါတယ်။ အ၀င်တုန်းက မတွေ့ဘဲ အထွက်ကျမှ လုံခြုံရေးတွေက တွေ့တယ်ဆိုတဲ့ ဗိုလ်ချုပ်အေးမြင့်ရဲ့ ပြောဆိုချက်အပေါ် ဘယ်လို တုံ့ပြန် ပြောကြားလိုပါသလဲ။

ဖြေ။ ။ ဒီကိစ္စနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က သူ့ကြေညာချက် ထဲမှာ ဖော်ပြ ထားပါတယ်။ အခု အဖြစ်အပျက်ဟာ လုံခြုံရေး ချို့ယွင်းလို့။ ဘယ်ပုံ ဘယ်နည်း ချို့ယွင်းလဲတော့ သူမသိဘူး။ သို့သော်လည်းပဲ လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ တစုံတရာ အရေးမယူဘဲနဲ့ သူ့အပေါ်မှာ အရေးယူတာဟာ ဘက်လိုက် ဆောင်ရွက်မှုလို့ ဒေါ်အောင်ဆန်းစုကြည်က ဒီအတိုင်းတင်ပြထားပါတယ်။

မေး။ ။ နောက်တခု ဗိုလ်ချုပ်အေးမြင့်က ပြောပါတယ်။ ပြစ်မှု ကျူးလွန်သူအား အရေး မယူလျှင် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ချိုးဖောက်မှုများ ရှိလာမယ်လို့လည်း ဆိုထားပါတယ်။ အဲဒီအပေါ်မှာ အန်ကယ်ဘယ်လို မြင်ပါသလဲ။

ဖြေ။ ။ အဲဒါကတော့ သူက ခြုံပြီးပြောတာ။ လုံခြုံရေးနဲ့ ပတ်သက်ပြီး ပြစ်မှုကျူးလွန်တဲ့ သူတွေကို ဒီနေ့ထိတော့ အရေးယူတာ ကျနော်တို့ မတွေ့သေးဘူး။

မေး။ ။ တရားရုံးက အမိန့်တစုံတရာမချမှတ်သေးဘဲ ဒေါ်အောင်ဆန်းစုကြည်ကို ဒီလို ပြစ်မှု ကျူးလွန်သူလို့ ပြောဆို သုံးနှုန်းလို့ ရပါသလား။

ဖြေ။ ။ တကယ်တော့ ဒီလိုပြောခွင့် မရှိပါဘူး။ တရားရုံးကို မထီမဲ့မြင် ပြုမှုတောင် မြောက်ပါတယ်။ တရားရုံးက ဘာမှ မဆုံးဖြတ်သေးခင် အာဏာရှိတဲ့ လူတွေက ဒီလို ပြောတာကတော့ တရားရုံးရဲ့ လွတ်လပ်မှုဟာ တကယ်ရှိရဲ့လား ဆိုတာကို ဒီဟာက မီးမောင်း ထိုးပြတာပဲ။

မေး။ ။ အခုလို မစ္စတာယက်တော ဒေါ်အောင်ဆန်းစုကြည် အိမ်ခြံ အတွင်း ရေကူး ၀င်ရောက်ခဲ့တာကို အကြောင်း မကြားလို့ ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ကို အမှုဖွင့် တရားစွဲဆို ခဲ့တာဟာ တကယ်ပဲ ပြစ်မှု မြောက်ပါသလား။

ဖြေ။ ။ အခုလို တရားစွဲဆိုထားမှုနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ ဘာပြစ်မှုမှ မမြောက်ဘူး။ သူတို့ဘက်က ထွက်ချက်တွေ အရကိုပဲ ကျနော်တို့အမြင်က ပြစ်မှု မမြောက်ဘူး။ အဲတော့ ပြစ်မှု မြောက်တယ်လို့ တာဝန်ရှိတဲ့သူက ပြောရင် သူက တရားရုံးကို လွှမ်းမိုးပြီးတော့ ပြောနေတာဖြစ်တယ်။ တရားရုံးရဲ့ လွတ်လပ်မှု ထိခိုက်စေတယ်လို့ ကျနော်မြင်ပါတယ်။

မေး။ ။ ဥပေဒေရဲ့အထက်မှာ မည်သူမျှ မရှိရဆိုတဲ့ တရားဥပဒေ ဆိုင်ရာ အခြေခံမူကို ထိန်းသိမ်းပြီး ကျင့်သုံးနိုင်မှ သာလျှင် တရားဥပဒေ စိုးမိုးမှုရှိမယ် လို့လည်း ဗိုလ်ချုပ်အေးမြင့်က ပြောပါတယ်။ တကယ်ပဲ မြန်မာနိုင်ငံမှာ တရားဥပဒေ အထက်မှာ ဘယ်သူမှ မရှိဘူးဆိုတာ ဟုတ်ပါသလား။ မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးမှုရော တကယ်ရှိပါသလား။

ဖြေ။ ။ ကျနော်တို့ နိုင်ငံရေးနဲ့ပတ်သက်တဲ့ အမှုတွေကို ပြန်ကြည့်လိုက်ရင် ခွန်ထွန်းဦးတို့၊ မင်းကိုနိုင်တို့က အစ အခုဒေါ်အောင်ဆန်းစုကြည် အထိ ဘယ်မှာ တရားမျှတမှု ရှိမလဲ။ တရားရုံး တရုံးက ဥပမာတခု ကျနော်ပြောမယ်၊ ထောင်ဒဏ် (၁) ရက်ကနေ (၁၀) နှစ်ဆိုရင် (၁) ရက်ကနေ (၁၀) နှစ်ကြားထဲမှာ တရားရုံးက အမှုတခုချင်း အလိုက် သူရဲ့ ဆင်ခြင်တုံနဲ့ ဆုံးဖြတ်ရတာ။ အခု နိုင်ငံရေးပြစ်မှုတွေ အားလုံးက အမြင့်ဆုံးကြီးပဲပေးတယ်။ အဲတော့ တရားရုံး ဆင်ခြင်တုံဆိုတာ ဒီမှာအသုံးကို မပြုဘူး။ အဲဒါကိုက တရားမျှတမှု မရှိဘူးလို့ ကျနော်တို့ နမူနာ တခုအနေနဲ့ ပြောချင်တယ်။ တရားဥပဒေစိုးမိုးမှုနဲ့ ပတ်သက်လို့ကတော့ မေးခွန်း ထုတ်စရာတွေ အများကြီးရှိတယ်။ မမျှမတ လုပ်တာတွေလည်း အများကြီးရှိပါတယ်။

မေး။ ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်ကယ်တို့ ရှေ့နေတွေ တွေ့ပြီး ဆွေးနွေးခွင့် ရတယ်လို့ သိရပါတယ်။ အဲလိုတွေ့ဆုံမှုဟာ လုံလောက်တဲ့ အချိန်ရော ရရှိပါလား။

ဖြေ။ ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြီးခဲ့တဲ့စနေ မေ (၃၀) က တွေ့ခွင့်ရတယ်။ စနေနေ့ တုန်းကတော့ တွေ့ခွင့် အချိန် လုံလုံလောက်လောက် ရပါတယ်။ တကယ်တော့ ဒီလို တွေ့ဆုံခွင့်ဟာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သူ့ရဲ့ ခုခံခွင့်ကို မစခင်မှာရဖို့ ကျနော်တို့ တောင်းလာတာ။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကို စစ်ပြီးတော့မှပဲ ကျနော်တို့ တွေ့ခွင့်ရတယ်။ ဒါကလည်း မမှန်ကန်ဘူးပေါ့။ မိမိခုခံရေး လမ်းကြောင်းကို ရှေ့နေနဲ့ လုံလုံလောက်လောက် တိုင်ပင်ခွင့် မရခဲ့ဘူးလို့ ပြောချင်တယ်။

မေး။ ။ အခုအမှုမှာ တရားလို့ဘက်က သက်သေ (၁၅) ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည် ဘက်ကကျ သက်သေ (၁) ဦး သာ ထွက်ဆိုချက်ရတဲ့ အပေါ်မှာပဲ အမှုကိုကြားနာပြီး အမိန့် ချမှတ်ခဲ့မယ် ဆိုရင် ဒီတရားစီရင်မှု အပေါ်မှာ အန်ကယ် ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ ဒီဆောင်ရွက်မှုတွေဟာ တရားမျှတမှု မရှိဘူးလို့ အမြင်အရကို ပေါ်လွင်ပါတယ်။ နောက် ဥပဒေအရလည်း မှန်ကန်တယ်လို့ ကျနော်တို့ မယူဆဘူး။

မေး။ ။ ဒေါ်အောင်ဆန်းစုကြည်က အန်ကယ်တို့နဲ့ တွေ့တဲ့အခါမှာ အမှုနဲ့ပတ်သက်ပြီး ပြောဆိုမှုတွေ ရှိပါသလား အန်ကယ်။

ဖြေ။ ။ အများကြီးရှိတယ်။ သူကိုယ်တိုင် ကျနော်တို့ကို သူ့လက်ရေးနဲ့ ရေးပေးလိုက်တဲ့ အချက် အလက်တွေနဲ့၊ ဥပဒေနဲ့ ပေါင်းစပ်ပြီး ရေးနေပါတယ်။ ရုံးမှာတင်ဖို့ဖြစ်ပါတယ်။

မေး။ ။ အခုလာမယ့် ဇွန် (၅) ရက် ရုံးချိန်းမှာ နှစ်ဦးနှစ်ဘက် လျှောက်လွှဲချက်ကို အပြီး သတ်မယ်လို့ သိရပါတယ်။ အဲဒီနေ့မှာပဲ တရားရုံးက အမိန့် ချမှတ်လို့ ရပါသလား။

ဖြေ။ ။ လုပ်ခွင့်တော့ရှိတယ်၊ တရားရုံးပေါ်မှာပဲ တည်ပါတယ်။

မေး။ ။ အမှုအပေါ်မှာ အလားအလာနဲ့ အနေအထားကို ဘယ်လို သုံးသပ်ပါသလဲ။

ဖြေ။ ။ အမှုအပေါ်မှာ အလားအလားက သူတို့အပေါ်မှာပဲ တည်ပါတယ်။ ကျနော်တို့ ဥပဒေ အမြင်အရ ဒေါ်အောင်ဆန်းစုကြည်ဟာ အပြစ် မရှိပါဘူး။ ကျနော်တို့ သုံးသပ်တာက ဒီအမှုဟာ စကတည်းကိုက မစွဲသင့်တဲ့ အမှု။ အစိုးရဘက်က ပြောသလို ဥပဒေ ဖောက်ဖျက်တယ်ဆိုတဲ့ အချက်တွေဟာ ကျနော်တို့ ဥပဒေ ပြဋ္ဌာန်းချက်နဲ့လည်း မကိုက်ညီပါဘူး။ စကတည်းက ဒေါ်အောင်ဆန်းစုကြည်ဟာ ဘာပြစ်မှုမှ ကျူးလွန်ခြင်း မရှိဘူးလို့ ကျနော်တို့မြင်ပါတယ်။

မေး။ ။ တကယ်လို့ ဒေါ်အောင်ဆန်းစုကြည်အမှုကို တရားခွင်မှာ ပြစ်ဒဏ် ချမှတ်ခဲ့မယ် ဆိုရင် အန်အယ်လ်ဒီ အနေနဲ့ ရှေ့ ဘာဆက်လုပ်ဖို့ ရှိပါသလဲ။

ဖြေ။ ။ ကျနော်တို့အနေနဲ့ကတော့ ဥပဒေလမ်းကြောင်း အတိုင်းပဲ လုပ်မှာပါ။ ဒီထက် အဆင့်မြင့်တဲ့ ရုံးကို တင်ပြတာမျိုးတွေ ဆက်လုပ်မှာ ဖြစ်ပါတယ်။

Ref: ခေတ်ပြိုင်

Read More...

Tuesday, June 2, 2009

အခြေအနေက တောင်းဆိုနေတဲ့ မြေအောက် လှုပ်ရှားမှု

၁ ဇွန် ၂၀၀၉
ရဲဘော်ဖိုးသံချောင်း

ခလုတ်ထိမှ အမိတတယ်ဆိုတာ လူတိုင်းပါ။ သူမှ ဒီလိုဖြစ်တယ်။ ကိုယ်မှ ဒီလိုဖြစ်တယ် ဆိုတာမျိုး မဟုတ်ပါဘူး။ လူ့ဘဝမှာ ဖြစ်နိုင် ခြေအား လုံးအတွက် ပြင်ဆင်ပြီးသား ဖြစ်ဖို့ဆိုတာ မလွယ်ပါဘူး။ ဒါပေမယ့် စဉ်းစား ရသရွေ့ကိုတော့ စဉ်းစား ပြင်ဆင် ထားရပါမယ်။

ဒေါ်အောင်ဆန်းစုကြည်ကို မတရားရုံးတင်အကျဉ်းချဖို့ နအဖက ကြိုးစားလာတော့ တချို့က အင်းစိန်ထောင်ကို ချီတက်ကြပြီး တချို့ကတော့ အလစ်အငိုက် ပိုစတာကပ်တာတွေ၊ စာရွက် ကြဲတာတွေ လုပ်ကြတာ တွေ့ရပါတယ်။ တိုက်ပွဲ သဏ္ဌာန် အမျိုးအမည် များတာမို့ ဝမ်းသာရပါတယ်။ ဒါပေမယ့် တဆက်တည်း တွေ့လာရတာ က ဒါလောက်နဲ့ မလုံလောက်၊ လုံးဝ မလုံလောက် ဆိုတာပဲ ဖြစ်ပါတယ်။ ဒါဖြင့်ရင် တိုက်ပွဲ အမျိုးမျိုး ပေါ်ပေါက်အောင် သဏ္ဌာန်ကို ဘယ်လို ဖော်ထုတ်မလဲ။ ကိုယ့်အတွက် အထိအခိုက် အနည်းဆုံးဖြစ်အောင် ဘယ်လိုလုပ်မလဲ။ ရေရှည်သယ်ဆောင် သွားဖို့ ဘာနဲ့ လုပ်မလဲ။ လက်တွေ့ လုပ်မယ့်လူဟာ လက်တွေ့ စဉ်းစားရပါမယ်။

ဒီလိုနဲ့ အခုတော့ မြေအောက်လုပ်ငန်း အဆောက်အအုံတွေ၊ ကွန်ရက်တွေ လိုအပ်ကြောင်း သဘောပေါက် နားလည် လာတဲ့သူတွေ များသထက် များလာပါတယ်။ ဒါပေမယ့် တည်ဆောက်ကြ၊ လုပ်ကိုင်ကြတာတွေ တော်တော်များများဟာ စစ်ရောက်မှ မြားချွန် ဆိုတာမျိုး ဖြစ်နေပါတယ်။ တချို့ကတော့လည်း မြေအေက်ဆိုတာ ဘယ်လို လုပ်ရသလဲလို့ အခုမှစူးစမ်း၊ မေးမြန်း၊ လေ့လာ တာတွေ လုပ်ကြပါတယ်။ ဘာပဲပြောပြော မလုပ်တာနဲ့စာရင် နောက်ကျတာက တော်သေးတယ် လို့ပဲ ဆိုကြပါစို့။

ဘာဖြစ်လို့ မြေအောက်လုပ်ကြတာလဲ ဆိုတာကို သဘော မပေါက်ကြလို့ နောက်ကျ ကြတာလို့ ဆိုချင်ပါတယ်။ မြေအောက်လုပ်တယ် ဆိုတာ လွယ်လွယ် ပြောရရင် မြေပေါ်မှာ လုပ်မရလို့ဘဲ ဖြစ်ပါတယ်။ မတရားဖိနှိပ်မှု ပြင်းထန်လှတဲ့ အုပ်စိုးသူတွေရဲ့လက်အောက်မှာ နေရတဲ့ အဖိနှိပ်ခံတို့က မိမိတို့ရဲ့ ထွက်ရပ်လမ်းကို ရှာကြရာမှာ မြေအောက်လုပ်ငန်း ဟာ မဖြစ်မနေ လုပ်ရတဲ့ လုပ်ငန်းတခု ဖြစ်လာပါတယ်။ ပြည်သူတရပ်လုံး ဒီမိုကရေစီ အခွင့်အရေးတွေ အပြည့်အဝခံစား ခွင့်ရရင် ဘယ်သူမှ မြေအောက် လုပ်မနေပါဘူး။ လုပ်မယ်ဆိုရင်လည်း ပတ်ဝန်းကျင်က ခွင့်မပြုပါဘူး။ ပေါ်ပေါ်ထင်ထင်၊ လွတ်လွတ်လပ်လပ် လုပ်လို့ရတဲ့ ကိစ္စတရပ်ကို ဘယ်သူကမှ အသက်အန္တရာယ် စွန့်စားပြီး လျှို့ဝှက်သဲဖို လုပ်မနေပါဘူး။

ဒီတော့သမိုင်းမှာ မြေအောက်လုပ်ငန်းကို ဖက်ဆစ်နာဇီတွေ လက်အောက်၊ ကိုလိုနီ အုပ်စိုးသူတွေ လက်အောက်မှာ လုပ်ကြတာ ရှိသလို နအဖလို ဖိနှိပ်တဲ့ အာဏာရှင်တွေ အောက်မှာလည်း လုပ်ကြပါတယ်။ ဒီနေရာမှာ မြေအောက် လုပ်ငန်းဆိုတာ မတရားဖိနှိပ်တဲ့ အစိုးရတရပ်ကို ဆန့်ကျင့်ဖို့အတွက် အဲဒီ အစိုးရမသိအောင် ဖွဲ့စည်း လှုပ်ရှားတာမျိုးကို ဆိုလိုတာဖြစ်ပါတယ်။ ဒါဟာ မူးယစ်ဆေးဝါး လုပ်ငန်းလို၊ မာဖီးယားဂိုဏ်းလို၊ မှောင်ခို စီးပွားရေး လုပ်ငန်းတွေလို ဟာတွေကို ဆိုလိုတာ မဟုတ်ဘူးဆိုတာကို ဦးစွာ ရှင်းအောင်ပြောထားဖို့ လိုပါတယ်။ အခုပြောနေတဲ့ မြေအောက် လုပ်ငန်းဆိုတာဟာ နိုင်ငံရေး ပြဿနာက အစပြုပြီး နိုင်ငံရေး ဦးတည်ချက် တခုအတွက် လှုပ်ရှားတဲ့ လုပ်ငန်း ဖြစ်ပါတယ်။ အစိုးရ ခွင့်မပြုတဲ့ လုပ်ငန်းတိုင်းကို မဆိုလိုပါဘူး။

မြေအောက်လုပ်ငန်းဆိုတာ သူ့ချည်းလှုပ်ရှားရတာ၊ လက်နက်ကိုင် တိုက်ပွဲနဲ့ တွဲဖက် လှုပ်ရှားရတာ၊ လူထုအုံကြွမှုနဲ့ တွဲဖက်ရတာ စသဖြင့် အနေအထားကို လိုက်လို့ သူ့ရဲ့ အခန်းကဏ္ဍတွေက ကွဲပြားပါတယ်။ ဒါကို တနည်း ပြန်ပြောရရင် မြေအောက်လုပ်ငန်းဟာ တိုက်ပွဲ သဏ္ဌာန်ပေါင်းစုံကို အထောက်အကူ ပေးနိုင်တယ်ဆိုတာ ဖြစ်ပါတယ်။ ဒါပေမယ့် မြေအောက် လုပ်ငန်းအားလုံးဟာ လူထုကို အခြေခံပြီး လူထုရဲ့ထောက်ခံအားပေးမှုကို အားပြု လုပ်ကိုင်ရတာ ဖြစ်ပါတယ်။ နောက်ပြီး မြေအောက်လုပ်ငန်းဟာ တိုင်းပြည်ရဲ့ နိုင်ငံရေး ဇာတ်ခုံပေါ်မှာ တခါတလေမှာ အရန်အခန်း၊ တခါတလေမှာ အဓိက အခန်းရယ်လို့လည်း အခြေအနေအရ ကွဲပြားပါသေးတယ်။

အထက်မှာပြောခဲ့သလိုပဲ မြေအောက်လုပ်ငန်းလုပ်တယ်ဆိုတာ အဖိနှိပ်ခံ ပြည်သူတွေက မိမိတို့ရဲ့ ရည်မှန်းချက်ကို လွတ်လပ်စွာ အကောင်အထည် ဖော်ခွင့် မရတဲ့အတွက် သယ်ဆောင်တဲ့ နည်းနာတခု ဖြစ်ပါတယ်။ ဒါနဲ့ပြောင်းပြန် အုပ်စိုးသူ၊ အာဏာ ရနေသူတွေက မြေအောက်လို လုပ်တယ် ဆိုရင်တော့ ဒါဟာ ခိုးကြောင်ခိုးဝှက်၊ ကလိမ်ကကျစ် လုပ်တာသာ ဖြစ်တယ်ဆိုတာ ပြောထားဖို့ လိုပါတယ်။ သူများ နိုင်ငံအပေါ် သူလျှိုလုပ်တာ၊ ထောက်လှမ်းရေး လုပ်တာကိုလည်း မြေအောက် လုပ်ငန်းလို့ မဆိုနိုင်ပါဘူး။

တကယ်တော့ ဗမာပြည် ပြည်သူတွေဟာ မြေအောက်လုပ်ငန်း အတွေ့အကြုံ အင်မတန် ကြွယ်ဝတယ်လို့ ပြောရင် ရပါတယ်။ တနိုင်ငံလုံး သူ့ကျွန်ဘဝ ရောက်တယ်ဆိုတာနဲ့ အင်္ဂလိပ် ကိုလိုနီ တွေကို ပြန်ချဖို့ ပြင်ဆင်ကြတဲ့ မင်းညီ မင်းသားများနဲ့ လူထုတွေ၊ ဆရာတော် သံဃာတော်တွေရဲ့ လှုပ်ရှားမှုတွေက စတွက်လိုက်ရင် ဗမာပြည်ရဲ့ မြေအောက် လုပ်ငန်းသမိုင်းဟာ နှစ်ပေါင်း (၁၂ဝ) ကျော်ပါပြီ။ ဒီလိုမြေအောက် လှုပ်ရှားမှုတွေကနေ ဗမာ့ထွက်ရပ် ဂိုဏ်း၊ ဗမာပြည် ကွန်မြူနစ်ပါတီ၊ ရဲဘော်သုံးကျိပ် စတာတွေပေါ် ထွက်လာပြီး လွတ်လပ်ရေး တိုက်ပွဲကို သယ်ဆောင် ခဲ့ကြပါတယ်။ ထောင်ထဲကနေ မြေအောက်လုပ်ငန်း လုပ်သူတွေကတဆင့် လွတ်လပ်ရေး တိုက်ပွဲကို ခေါင်းဆောင် ကြပါတယ်။ လွတ်လပ်ရေး နောက်ပိုင်းမှာလည်း မြေအောက်လှုပ်ရှားမှုတွေ တောက်လျှောက် တည်ရှိခဲ့ပြီး မြို့ပေါ် လူထုအုံကြွမှုကြီးတွေ အမြောက်အမြားကို ဖော်ထုတ်ခဲ့ကြပါတယ်။ တခြား နိုင်ငံတွေမှာလည်း အလားတူ သာဓကတွေ အများကြီးရှိပါတယ်။ ပြောမကုန်ပါ။

ဒါကြောင့် ဗမာပြည်ရဲ့ ၁၉၄၈ ခုနှစ် နောက်ပိုင်း အုပ်စိုးသူလူတန်းစား၊ အထူးသဖြင့် ဆိုရှယ်လစ်ပါတီနဲ့ သူတို့နဲ့ နွှယ်နေတဲ့ စစ်အုပ်စုဟာ မြေအောက်လုပ်ငန်းကို အကြီးအကျယ် ကြောက်ရွံ့ ရွံမုန်းကြပါတယ်။ ဒီလိုနဲ့ပဲ သူတို့ဟာ ပြည်သူတွေကို ဖိနှိပ်ဖို့၊ ခြောက်လှန့်ဖို့၊ အထူးသဖြင့် မြေအောက် လုပ်ငန်းတွေကို ရှာဖွေဖျက်ဆီးဖို့အတွက် ပြည်တွင်း ပြည်ပမှာ နာမည်ဆိုးနဲ့ ကျော်ကြားလှတဲ့ ထောက်လှမ်းရေး ယန္တရားကြီးတခုကို တည်ဆောက် ထိန်းသိမ်းခဲ့ကြပါတယ်။

ဒါပေမယ့် အခုတော့ အဲဒီထောက်လှမ်းရေးဆိုတာကြီးပဲ အစိပ်စိပ် အမြွာမြွာ ပြိုကွဲ ဖျက်သိမ်း ခံခဲ့ရပြီး မြေအောက် လုပ်ငန်းတွေကတော့ ဆက်လက် တည်ရှိနေ၊ ထပ်မံ ပေါက်ဖွားနေပါတယ်။ ဒါက ဖော်ပြနေတာက စစ်အုပ်စုရဲ့ ထောက်လှမ်းရေးယန္တရားဟာ တပွဲချင်းမှာ ပြည်သူ့ အင်အားစုတွေ အပေါ်မှာ အနိုင်ရတာတွေ ရှိပေမယ့် တရားတခုလုံး အနေနဲ့တော့ အဆုံးမှာ သူတို့ပဲ အရှုံးနဲ့ ဇာတ်သိမ်းရတယ် ဆိုတာ ဖြစ်ပါတယ်။

ဒါပေမယ့် အုပ်စိုးသူအာဏာရှင်များဟာ မြေအောက်လုပ်ငန်းတွေ တည်ရှိ နေသရွေ့ သူတို့ အတွက် အန္တရာယ်ကြီး လှတာမို့ ဖြိုခွဲဖို့အတွက် ထောက်လှမ်းရေးလို အဖွဲ့အစည်းတွေ ဆက်ထူထောင် နေအုန်းမှာပဲ ဖြစ်ပါတယ်။ တိုးချဲ့နေ၊ အားဖြည့်နေအုန်းမှာလည်း ဖြစ်ပါတယ်။

နအဖအစိုးရဟာ အခုလို ဒေါ်အောင်ဆန်းစုကြည်ကို အမှုဆင် ရုံးတင်လိုက်ခြင်း အားဖြင့် သူတို့ ရှေ့ဆက်လျှောက် မယ့်လမ်း၊ ရှေ့ဆက် ကျင့်သုံးမယ့် လမ်းစဉ်တို့ကို ဖော်ပြလိုက်တာ ဖြစ်တယ်ဆိုရင် မမှားပါဘူး။ အဓိပ္ပာယ်က ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲတွေရဲ့ နောက်မှာလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အဓိက ဦးတည် ရန်သူအဖြစ် သဘောထား၊ ၁၉၉ဝ ပြည့်နှစ်က လက်ကျန် အင်အားစုတွေကို မသေမရှင်ထား၊ တက်ကြွသူတွေကို ထောင်ထဲ၊ ဒါမှမဟုတ် ပြည်ပ၊ ဒါမှမဟုတ် တောထဲကို မောင်းပို့ဆိုတဲ့ ပေါ်လစီကို ဆက်လက် ကျင့်သုံးသွားမယ် ဆိုတာပါပဲ။

ဗမာပြည်ရဲ့ ရှေ့အလားအလာဟာ အလင်းရောင် မမြင်ရတာ မဟုတ်ပါဘူး။ ဒါပေမယ့် စိတ်ကူးယဉ်လို့ မရတာတော့ အမှန်ပါပဲ။ လူသားစားကျားကို တဖြည်းဖြည်းချင်းနဲ့ ဟင်းသီး ဟင်းရွက်ပဲ စားလာအောင် လေ့ကျင့် ပေးသွားမယ်ဆို တာမျိုး မတွေးသင့်ပါဘူး။ ရေရှည် တိုက်ပွဲအတွက် စနစ်တကျ ပြင်ဆင်ရပါမယ်။ အဲဒီလို ပြင်ဆင်ရာမှာ အချို့သော တက်ကြွသူတွေက မြေအောက် လုပ်ငန်းအတွက် သီးသန့် ပြင်ဆင်တာကိုလည်း အာရုံထား လုပ်ရပါမယ်။

အပျော်တမ်းဆံမှု၊ တပွဲတိုးဆံမှုတွေကို ဆန့်ကျင်ပြီး ရေရှည်အတွက် အမြင့်ဆုံး စွန့်လွှတ်မှုကိုပါ ပိုင်းဖြတ်ပြီး စနစ်တကျ လုပ်ရပါမယ်။ ယူဂျီလုပ်တယ်ဆိုတာ အချိန်အားရှိလို့ အပျော်ကစားတာ မဟုတ်ပါဘူး။ သဘောတရား တခုကို လက်တည့်စမ်းတာ မဟုတ်ပါဘူး။ ဖြစ်ကတတ်ဆန်း၊ တော်ရိ လျော်ရိ လုပ်လို့ မဖြစ်ပါဘူး။ စစ်တိုက်သလိုပဲ အသက်ပေါင်း၊ ဘဝပေါင်းများစွာကို အရင်းအနှီးပြုပြီး လုပ်ကိုင်ရတာ ဖြစ်တယ်ဆိုတာ သဘောပေါက်ဖို့ဟာ အလွန်အရေး ကြီးပါတယ်။

နေရာတကာ၊ အလွှာပေါင်းစုံ၊ လူတန်းစားပေါင်းစုံ၊ လုပ်ငန်းပေါင်းစုံထဲမှာ မြေအောက် ကွန်ရက်တွေ ဖြန့်ကြက် တည်ဆောက်ရပါမယ်။ ဒီလိုနဲ့ နအဖ စစ်အာဏာရှင်တွေကို ဆန့်ကျင်တဲ့ ဘယ်လို လှုပ်ရှားမှုမျိုးကို မဆို နည်းမျိုးပေါင်းစုံနဲ့ တွဲဖက်ပေါင်းစပ်ကာ အောင်ပွဲဆီ အတူ တက်လှမ်းနိုင်ပါမယ်။

ရဲဘော်ဖိုးသံချောင်း

Ref: ခေတ်ပြိုင်

Read More...

တောင်ပိုင်း ၀ တပ်ဖွဲ့နှင့် နအဖတပ် တင်းမာမှုကြောင့် နှစ်ဖက် ပြင်ဆင်မှုများ ပြုလုပ်

တနင်္လာနေ့၊ 01 ဇွန်လ 2009

ဂျွန် ၁ ရက်ကစပြီး တောင်ပိုင်း ၀ တပ်ဖွဲ့များ ခရီးသွားလာပါက စစ်အစိုးရ၏ သက်ဆိုင်ရာ ဒေသခံ စစ်ဗျူဟာမှူးရုံး၊ တပ်ရင်းရုံး သို့ သတင်း ပေးပို့ရမည်ဟု သျှမ်းပြည် အရှေ့တောင်ပိုင်း ပုံပါကျင် မြို့နယ်ခွဲ အခြေစိုက် စစ်ဗျူဟာမှူးက ပြောကြောင်း နယ်စပ် သတင်းရပ်ကွက်က ဆိုသည်။

တောင်ပိုင်း ၀ တပ်ဖွဲ့အား မြောက်ပိုင်းသို့ တပ်ရုတ်ပြန်ရန်/ လက်နက်ချရန်/ စစ်အစိုးရ၏ ကာကွယ်ရေး ၀န်ကြီး လက်အောက် နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် စစ်အစိုးရ ဖက်က အကြိမ်ကြိမ် သတိပေး ပြောဆိုခဲ့၏။ ၀ တပ်ဖွဲ့က လိုက်နာ ဆောင်ရွက်ခြင်း မရှိသဖြင့် စစ်အစိုးရက စစ်ရေးဖြင့် ကိုင်တွယ်ရန် (သို့) ခြိမ်းခြောက်ရန် တပ်မများ အဆင်သင့် ရောက်ရှိနေပြီ ဖြစ်ကြောင်း ကျေးရွာ ဥက္ကဌ နှင့် ဌာနဆိုင်ရာ ၀န်ထမ်းများ ဆင့်ခေါ်သည့် အစည်းအဝေး၌ ပုံပါကျင် အခြေစိုက်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်သူက ၂၉/၀၅/၀၉ နေ့၌ ပြောကြားခဲ့သည်ဟု နယ်စပ် သတင်းရပ်ကွက်က ဆိုပါသည်။

“မေ ၂၉ ရက်နေ့က တောင်ပိုင်း ၀ တပ်ဖွဲ့ တပ်မဟာမှူး တပ်ရင်းမှူးတွေ အစည်းအဝေး လုပ်ကြတယ်။ သူတို့အဓိက ဆွေး နွေးတာက တောင်ပိုင်းဒေသရှိ အဓိက တပ်စခန်းသုံးခုအား စစ်အစိုးရက အမြန်ဆုံး ရုတ်ပေးပါဆိုတဲ့ ကိစ္စကို မလိုက်လျော နိုင်ဘူး ဆိုတဲ့အချက်ကို သဘောတူ ဆုံးဖြတ်ချက် ချကြတယ်။ နောက်တခုက တောင်ပိုင်းဝ တပ်ဖွဲ့တွေ ခရီးသွား/လာရင် စစ်အစိုးရ တပ်ကို သတင်းပေးပို့ဖို့ အချက်ကိုတော့ လိုက်လျောပေးဖို့၊ စားနပ်ရိက္ခာ အတွက် ကြိုတင် ပြင်ဆင်ထားဖို့ ဆိုတဲ့ အချက်တွေ ဆွေးနွေး ဆုံးဖြတ်ကြတယ်” ဟု တောင်ပိုင်းဝ တပ်ဖွဲ့ ခေါင်းဆောင်များနှင့် ရင်းနှီးသူတဦး က ပြောသည်။

“အကြောင်းအမျိုးမျိုးကြောင့် အဲဒီတပ်စခန်းတွေ မဖြစ်မနေ လက်လွတ် လိုက်ရရင်တောင်မှ ပြန်တိုက် ယူမှာဘဲ။ အခု အဲဒီတပ် တွေ ရုတ်မပေးနိုင်လို့ စစ်အစိုးရ တပ်မ ၅၅ လက်အောက်ခံ တပ်ရင်း ၅ ရင်း ရောက်နေတယ်ဆိုတာ ကျနော်တို့ကို ခြိမ်းခြောက်တာ ဖြစ်တယ်။ တကယ်တမ်းတော့ မလာသေးပါဘူး။ ကျနော်တို့ ဘယ်သွားသွား သတင်းပေးပို့ရမယ် ဆိုတဲ့ကိစ္စက တော့ လိုက်လုပ်ကြည့် ပါမယ်” - ဟု ၀ တပ်မှူး တဦးက ဆိုသည်။

ဒေသခံကုန်သည်တဦး၏ ပြောပြချက်အရ စစ်အစိုးရ တပ်ဘက်မှ တပ်ရင်းများ တပ်စခန်းများ အသင့် အနေအထား စစ်ရေး ပြင်ဆင်ထားသလို ၀ တောင်ပိုင်း တပ်ဖွဲ့ကလည်း စားနပ်ရိက္ခာ၊ လူသူ လက်နက် အဆင်သင့် ဖြည့်တင်းသည့် အပြင် ကျေးရွာတွင်း မြို့တွင်း မိသားစုနှင့် နေသည့် ၀ စစ်သား/အရာရှိ များလည်း တပ်စခန်း အသီးသီး ပြန်နေကြကြောင်း ဆိုပါသည်။

ဝ တပ်ဖွဲ့ နှင့် စစ်အစိုးရ တို့၏ တင်းမာလာသော ဆက်ဆံရေးကြောင့် တောင်ပိုင်း နှင့် မြောက်ပိုင်း ၀ တပ်ဖွဲ့လည်း အတက် အဆင်း ကျဲသွားပြီး မလိုအပ်လျှင် ခရီးမသွား ကြတော့ကြောင်း၊ ကြေးနန်း/ဖုန်းဖြင့်သာ ဆက်သွယ်သွားရန် မေ လလယ်ပိုင်း ကစပြီး ၀ အကြီးအကဲများ ညွှန်ကြား ထားကြောင်း၊ စစ်အစိုးရ ဘက်ကလည်း ဒေသခံ ပြည်သူများအား သတိရှိရှိ သွားလာနေ ထိုင်ကြဖို့ မေလ ၉ ရက် ကတည်းက ဗျူဟာမှူးက ရှင်းလင်းခဲ့ကြောင်း သိရပါသည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

မြန်မာဒုတိယ ကာကွယ်ရေးဝန်ကြီး ပြောကြားချက် NLD ကန့်ကွက်

01 June 2009

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာ ဥပဒေချိုးဖောက်လို့ အရေးယူရတာ ဖြစ်တယ် ဆိုပြီး စစ်အစိုးရ တာဝန်ရှိသူ တယောက်က ပြောဆို လိုက်တာနဲ့ ပတ်သက်လို့ တရားခွင်မှာ ကန့်ကွက်ကြောင်း တင်ပြမယ်လို့ သူမရဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အဲန်အယ်လ်ဒီ) ပါတီက ပြောဆိုလိုက်ပါတယ်။ တရားခွင်မှာ အပြစ်ရှိ မရှိ ဆိုတာတောင် မဆုံးဖြတ်ရသေးခင် အခုလို မှတ်ချက်ပေး ပြောဆိုလိုက်တာဟာ တရားဥပဒေကို ကျော်လွန်တဲ့ လုပ်ရပ်အဖြစ် အဲန်အယ်လ်ဒီ ပါတီက အခုလို တုံ့ပြန်ဖို့ ရည်ရွယ်ခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည် ရဲ့ တရားခွင်ကို စောင့်ကြည့်နေတဲ့ ကိုအောင်လွင်ဦး က အကြောင်းစုံကို တင်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဟာ အပြစ်ကျူးလွန်သူ တဦးဖြစ်တာမို့ အရေးယူဖို့လုပ်ရတာလို့ မြန်မာစစ်အစိုးရ အရာရှိတဦးက ပြောတဲ့အပေါ် ကန့်ကွက်မယ်ဆိုပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အဲန်အယ်လ်ဒီ) က ပြောလိုက်တာပါ။ တားဆီးကန့်သတ်မိန့်ကို ဖောက်ဖျက်ပြီး နေအိမ်ခြံဝန်းထဲ တိတ်တဆိတ် ရေကူးဝင်လာသူ တဦးကို လက်ခံခဲ့တယ်၊ အဖြစ်မှန်ကိုလည်း ထိန်ချန်ထားတာမို့ ဒေါ်အောင်ဆန်းစုကြည် အပေါ် အရေးယူရုံက လွဲလို့ ရွေးစရာလမ်း မရှိတော့ဘူး ဆိုပြီး မြန်မာစစ်အစိုးရ ဒုတိယ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်အေးမြင့် က စင်ကာပူနိုင်ငံမှာ ကျင်းပတဲ့ ရှန်ဂရီလာ အာရှဒေသ လုံခြုံရေးဆိုင်ရာ အစည်းအဝေး အတွင်း တနင်္ဂနွေနေ့တုန်းက မှတ်ချက်ပေး ပြောသွားခဲ့တာပါ။ ဒါပေမယ့်လို့ ဒေါ်အောင်ဆန်းစုကြည် ကို တရားစွဲဆို ကြားနာနေတဲ့ တရားခွင်မှာတောင် အပြစ်ရှိမရှိ မဆုံးဖြတ်ရသေးခင် ဒီလိုမှတ်ချက်ပေး ပြောဆိုတာဟာ ဥပဒေကို ကျော်လွန်နေတဲ့ လုပ်ရပ်ဖြစ်တာာမို့ ကန့်ကွက်ဖို့ ဖြစ်လာရတာလို့ အဲန်အယ်လ်ဒီပါတီ အတွင်းရေးမှူး
ဦးဝင်းတင် က ပြောပါတယ်။

“ဒီတရားစီရင်ရေးစနစ်ကြီးတခုလုံးက ပျက်နေတာပဲဟာ။ အဲဒီတော့ ဒေါ်စု အမှုနဲ့ ပတ်သက်လာရင် ကျနော်တို့က စပြီးတော့ ကန့်ကွက်နေတဲ့ကိစ္စက - ဥပမာ၊ တရားခံလို့ ပြောတယ်ဗျာ။ သူတို့တရားခွင်မှာ တရားမစွဲခင်ကတည်းက တရားစွဲတင်မှု မလုပ်ခင်ကတည်းက သူတို့က တရားခံလို့ သုံးတယ်။ ဒီလိုပဲ တရားဥပဒေရဲ့ ဓလေ့ ထုံးစံတွေရော၊ အသုံးအနှုန်း တွေရော သဘောထားတွေရော သဘောတရားတွေရော အကုန်လုံးကို ဖောက်ဖျက်နေတာဗျ။ အဲဒီတော့ ဒီကိစ္စမှာလည်း ဒီ ကာကွယ်ရေးဌာနက ဒုတိယ၀န်ကြီးဆိုတဲ့ပုဂ္ဂိုလ်က ပြောတဲ့စကားက ဒေါ်စုကို တရားတောင် မချရသေးဘူး။ သူက အပြစ်ရှိတယ်လို့ ပြောနေပြီ။ အဲဒါ အမှန်အတိုင်း ပြောရရင်တော့ တရားစီရင်ရေးကို ဖောက်ဖျက်နေတာပဲ။ သူတို့ ဒါမျိုးပြောဖို့ မကောင်းဘူးပေါ့။ အဲဒီတော့ ကျနော်တို့ကလည်း ဒါနဲ့ပတ်သက်ပြီးတော့ ကန့်ကွက်တာလည်း များပြီ။ ဒေါ်စုအမှုနဲ့ကို ပြောနေရတာ။ ကျနော်တို့ကတော့ ဒါနဲ့ပတ်သက်ပြီး မကျေနပ်ဘူး။ ဒါလည်း ကျနော်တို့ လျှောက်လဲချက် ပေးတဲ့အခါကျတော့ ဒါကို တရားတင်တာကို ပြောခိုင်းဖို့ ကျနော်တို့ သဘောထား ရှိတယ်ဗျ။”

ဒီလို စစ်အစိုးရ ရဲ့ အဆင့်မြင့်အရာရှိ တဦးကမှတ်ချက်ပေး ပြောဆိုတာတွေ ထွက်ပေါ် မလာခင် ကတည်းကလည်း ဒေါ်အောင်ဆန်းစုကြည် ကို ကြားနာနေတဲ့ တရားခွင်ဟာ မျှမျှတတ စီရင် ဆုံးဖြတ်ဖွယ် မရှိဘူးဆိုပြီးတော့ သံသယတွေ ၀င်နေ ကြတာပါ။ ဒီကြားထဲကမှ အခုလို ပြောဆို လိုက်တာဟာ အာဏာပိုင်တွေဖက်က ရည်ရွယ်ချက်တွေကို ပိုပြီး ထင်ထင်ရှားရှား မြင်သာ လာစေတယ် လို့လည်း ဦးဝင်းတင် က ပြောပါတယ်။

“ကျနော်တို့ လူတိုင်းက အရပ်စကားနဲ့ပြောမယ်ဆိုရင်တော့ ဒီအမှုဟာပေါ့ဗျာ။ ဇာတ်သိမ်း ခံသိနေတဲ့ ၀တ္ထုလို ဖြစ်နေတယ်၊ အပြင်မှာပြောတဲ့စကားက ဘာလဲဆိုရင် ဘာပဲပြောပြော စီရင်ချက်ဆိုတာ ကလပ်ပေါ်မှာ တင်ထားတဲ့ စာအိပ် ဖောက်လိုက်ယုံပဲ။ တရားသူကြီးက ဘာမှ ပြောစရာမရှိဘူး။ ဆိုတော့ ဒီသဘောထားတွေကို အရပ်သုံးစကားတွေ ကျနော်တို့တွေ ပြောတဲ့ စကားတွေနဲ့ကို တသားတည်း ကျနေတဲ့ဟာကို သူတို့က ထုတ်ပြီးတော့ ၀န်ခံနေသလိုမျိုး ဖြစ်နေတယ်။ အဲဒီတော့ ဆိုလိုတာကတော့ ကျနော်တို့က မစွပ်စွဲရသေးဘူး။ မပြောရသေးဘူး။ သူတို့က သူတို့ရဲ့ ဇာတိရုပ်ကို ဖော်ပြနေသလို ဖြစ်နေတယ်။ အဲတော့ သူတို့ရဲ့ သဘောထားတွေ သတ်မှတ်ချက်တွေဟာ သူတို့ရဲ့ ပြဌာန်းချက်တွေဟာ ပေါ်နေပြီလို့ အဲဒီလိုပဲ ပြောရတော့မှာပဲဗျ။”

ဒေါ်အောင်ဆန်းစုကြည် ကို အခုလို တရားစွဲဆို အရေးယူဖို့ ပြင်ဆင်နေလို့ နိုင်ငံတကာက ဝေဖန်မှုတွေ ထွက်ပေါ်နေချိန် မြန်မာ စစ်အစိုးရ ဖက်ကတော့ ဒါဟာ ပြည်တွင်းရေးရာ ကိစ္စတခုအဖြစ်၊ မြန်မာနိုင်ငံရဲ့ တရား စီရင်ပိုင်ခွင့်တွေ အဖြစ် ကာကွယ် ပြောဆိုနေတာပါ။ နိုင်ငံတကာက ကာကွယ်ရေး ဆိုင်ရာ အကြီးအကဲတွေ ပါဝင် တက်ရောက်တဲ့ စင်္ကာပူနိုင်ငံက အစည်းအဝေး မှာလည်း ဗိုလ်ချုပ် အေးမြင့် က ဒါဟာ နိုင်ငံတကာ လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးကို ထိခိုက်တာ မဟုတ်ဘူး၊ မြန်မာနိုင်ငံမှာလည်း ဥပဒေ အထက် ဘယ်သူမှ မရှိဘဲ တရားဥပဒေ စိုးမိုးနေပါတယ်လို့ ပြောခဲ့တာပါ။ ဦးဝင်းတင် ကတော့ ဥပဒေစိုးမိုးမှု မရှိတဲ့ သာဓကတွေ ရှိနေတဲ့အကြောင်း အခုလို ဆိုပါတယ်။

“တရားစီရင်ရေး အထက်မှာ မရှိဘူးရှိတယ် ဆိုတဲ့ဟာတွေက ကျနော် ပြောချင်တာ ကတော့ - နောက်ကြောင်း အဝေးကြီး ဟာတွေကို ထားလိုက်ဦးမယ်ဗျာ။ ဆိုပါတော့ဗျာ ဥပမာဆိုတော့ ဒီပဲယင်း အမှုလိုဟာမျိုး။ ကျနော်တို့ ဒေါ်စုနဲ့ ပတ်သက်ပြီးတော့ ထင်ထင်ရှားရှားကြီး ပြောနိုင်တဲ့ကိစ္စ။ ဒီပဲယင်း အမှုလိုဟာမျိုး ဖြစ်ရတဲ့ဟာက ဘာပဲပြောပြော အနည်းဆုံးပေါ့ဗျာ။

ခေတ်အဆက်ဆက်မှာ ရှေးခေတ်တွေမှာ သပိတ်မှောက်ရင်ပဲ ဖြစ်ဖြစ်၊ အဓိကရုဏ်း ဖြစ်ရင်ဖြစ်ဖြစ်၊ အလုပ်သမား ဆန္ဒပြမှုတွေ ဖြစ်ဖြစ်၊ မဆလ လက်ထက်တုန်းက ဆိုရင် အလုပ်သမား အရေးအခင်းတွေ ပေါတယ်။ ဒါတွေအကုန်လုံးဟာ စုံစမ်းစစ်ဆေးရေးတွေ လုပ်ရတယ်။ စုံစမ်း စစ်ဆေးရေးတွေ ကနေပြီးတော့ သက်ဆိုင်ရာ အစိုးရ အဖွဲ့တွေကို အစီရင်ခံစာတင်ရတယ်။ အဲဒီမှာလည်း ကောက်ချက်တွေ ဖော်ပြရတယ်။ အခု ဒေါ်အောင်ဆန်းစုကြည် လို ကိစ္စမျိုးမှာ၊ ဒီပဲယင်းလို ကိစ္စမျိုးမှာ စုံစမ်း စစ်ဆေးရေးလို ဟာမျိုး လုံးဝမရှိဘူး။ အဲဒါက ဘာကိုပြသလဲဆိုတော့ တိုင်းပြည်မှာ တရားဥပဒေစိုးမိုးရေး အထက်မှာလူတွေရှိနေတယ်။ သို့မဟုတ်ရင်လည်း တရားဥပဒေရဲ့ လက်လှမ်း မမှီတဲ့ လူတွေ ရှိနေတယ်။ အကြောင်းအရာတွေ ကိစ္စတွေရှိတယ် ဆိုတာကို ပြောနေတာပဲဗျ။”

အဲန်အယ်လ်ဒီပါတီ အတွင်းရေးမှူး ဦးဝင်းတင် ပါ။ တားဆီး ကန့်သတ်ထားတဲ့ အမိန့်ကို ဖောက်ဖျက် တယ်လို့ စွပ်စွဲပြီး ကြားနာနေတဲ့ ရန်ကုန် အင်းစိန် ထောင်တွင်းက တရားခွင်မှာ၊ အခုလာမယ့် သောကြာနေ့ ကျရင် နှစ်ဖက် ရှေ့နေတွေ အပြီးသတ် လျှောက်လဲချက်တွေ တင်သွင်းဖို့ သတ်မှတ်ထားတာပါ။ ဒေါ်အောင်ဆန်းစုကြည် ဖက်က ခုခံကာကွယ်နေတဲ့ ဥပဒေ အကျိုးဆောင်တွေ ဖက်ကတော့ စွပ်စွဲခံထားရသလို ချိုးဖောက်မှု မရှိတဲ့ အကြောင်း အလေးပေး လျှောက်လဲသွားဖို့ ပြင်ဆင် ထားကြပါတယ်။ ဒါပေမယ်လို့ ပြီးခဲ့တဲ့ ကြားနာမှုတွေ တလျှောက် တရားခွင်ရဲ့ ဆောင်ရွက် ချက်တွေမှာ မျှတမှု မရှိတာတွေ တွေ့ရတဲ့ အကြောင်းလည်း ဥပဒေ အကျိုးဆောင်တွေက ပြောနေ ကြတာပါ။

ပြီးခဲ့တဲ့ တပတ်ထဲတုန်းက ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တရားခွင်မှာ ခုခံ ချေပတဲ့ နေရာမှာလည်း ဖြစ်ပျက် ခဲ့တာတွေနဲ့ ပတ်သက်လို့ သူ့မှာ အပြစ် မရှိကြောင်းနဲ့ တကယ်တမ်း ဒီကိစ္စမှာ တာဝန်ရှိသူတွေ ဖြစ်တဲ့ လုံခြုံရေး အာဏာပိုင်တွေရဲ့ ပျက်ကွက်မှု အတွက်ကို အရေးတယူ လုပ်တာမျိုး မရှိတာဟာလည်း ဘက်လိုက်ရာ ရောက်နေတယ် ဆိုပြီးတော့ ရုံးတော်ကို ပြောဆိုထားတာ ဖြစ်ပါတယ်။

Ref: VOA News

Read More...

နိုင်ငံတကာဖိအား ဦးဝင်းတင် တန်ဖိုးထား

ကြည်ဝေ
Monday, 01 June 2009 20:18

စစ်အစိုးရအပေါ် နိုင်ငံတကာမှ ဖိအားပေးမှုများသည် လူထုအတွက် အရေးပါလှသော်လည်း စစ်အစိုးရကို တိုက်ရိုက် ထိရောက်မှု မရှိသေးကြောင်း သတင်းစာဆရာကြီး ဦးဝင်းတင်က ပြောသည်။

စစ်အစိုးရသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ခေါင်းဆောင် တဦးဖြစ်သော ဒေါ်အောင်ဆန်း စုကြည်အား နေအိမ် အကျယ်ချုပ်ထားစဉ် အမေရိကန် နိုင်ငံသား မစ္စတာ ဂျွန် ဝီလျံ ယက်ထောအား လက်ခံမှု၊ တွေဆုံမှုဖြင့် နေအိမ် အကျယ်ချုပ် ထားရာမှ အင်းစိန်ထောင်အတွင်းသို့ ရွှေ့ပြောင်းထားလိုက်ပြီး တရားရုံးတွင် တရားစွဲဆို အမှု ဖွင့်ခဲ့သည်။

ထိုကိစ္စနှင့်ပတ်သက်ပြီး ကမ္ဘာ့နိုင်ငံအသီးသီးမှ ခေါင်းဆောင်များ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်း အသီးသီးမှ စစ်အစိုးရ၏ လုပ်ရပ်အပေါ်တွင် အပြစ်တင်၊ ရှုတ်ချခြင်းများ ပြုလုပ်လျှက်ရှိသည်။

လက်ရှိအခြေအနေတွင် နိုင်ငံတကာမှ ဖိအားပေးမှု၊ တောင်းဆိုမှု၊ စစ်အစိုးရအပေါ် ရှုတ်ချမှုတို့မှာ အလွန် ကြီးမား လာသော်လည်း စစ်အစိုးရ အပေါ် ထိရောက်မှု မရှိသေးသည်ကို တွေ့မြင်ရကြောင်း သတင်းစာဆရာကြီး ဦးဝင်းတင်က ပြောဆိုသည်။

“နိုင်ငံတကာက ဖိအားပေးနေတာတွေဟာ ကျနော်တို့အဖို့ အဖိုးတန်ပါတယ်၊ ဒါ စိတ်ဓာတ်ရေးရာ အားပေးတာ ဖြစ်တဲ့အတွက် တန်ဖိုးထားပါတယ်၊ အများကြီး တန်ဖိုးထားပါတယ်။ သို့သော် ကျနော့်ရဲ့ နှစ်ပေါင်းများစွာ အတွေ့အကြုံအရ ပြောရရင် ဒါဟာ လေးနက်မှု ရှိတယ်၊ သို့သော် မထိရောက်တဲ့ ဟာတွေလည်း အများကြီး ဖြစ်ပါတယ်၊ အဲဒီတော့ ဆက်ပြီးတော့ ထိရောက်တဲ့ နိုင်ငံတကာ ပိတ်ဆို့မှုတွေ၊ စီးပွားရေးအားဖြင့် ဖြစ်စေ၊ နိုင်ငံရေးအားဖြင့် ဖြစ်စေ၊ သံတမန်ရေး အားဖြင့် ဖြစ်စေ ပိတ်ဆို့မှသာ ထိရောက်နိုင်တယ်” ဟု ဦးဝင်းတင်က ပြောဆိုသည်။

လက်ရှိ နိုင်ငံတကာ၏ လုပ်ဆောင်မှုကြောင့် ပြည်တွင်းရှိ လူထုအတွက် စိတ်ဓာတ်အင်အား ဖြစ်ပေါ်လာသည်ကို တွေ့မြင်ရကြောင်း၊ ပြည်သူများအနေနှင့် စားဝတ်နေရေး အကျပ်အတည်းနှင့် အကြောက် တရားများကြားတွင် နေထိုင်နေရချိန်၌ ဒေါ်အောင်ဆန်းစုကြည် အရေးနှင့် ဖြစ်စေ ယခုကဲ့သို့ နိုင်ငံတကာ၏ စစ်အစိုးရအပေါ် ပြစ်တင် ရှုတ်ချမှု ပြင်းထန် လေးနက် လာသည်ကို တွေ့သည့်အတွက် လူထု အနေနှင့်လည်း စစ်အစိုးရ၏ ဖိနှိပ်မှုများကို ပြစ်တင်ချင်စိတ်၊ တောင်းဆိုချင်စိတ်၊ ရှုတ်ချချင်စိတ်၊ နောက်ဆုံး တွန်းလှန်ချင်စိတ် များပင် ဖြစ်ပေါ်လာသည်ကို တွေ့မြင်ရကြောင်း ဦးဝင်းတင်က ပြောဆိုသည်။

“နိုင်ငံတကာရဲ့ စစ်အစိုးရအပေါ်မှာ အပြစ်တင်မှုတွေ၊ ရှုတ်ချမှုတွေ ပြင်းထန် လေးနက်လာတာကို တွေ့တော့ လူထုကြားထဲမှာလည်း စစ်အစိုးရအပေါ်မှာ တောင်းဆိုချင် စိတ်တွေ၊ ပြစ်တင်ချင် စိတ်တွေနဲ့ တွန်းလှန်ချင်စိတ် တွေပါ ပေါ်လာတာကို တွေ့ရတဲ့အတွက် ဒါဟာ လက်ရှိ နိုင်ငံတကာက တုံ့ပြန်မှုတွေရဲ့ လေးနက်မှုပဲ၊ အရေး ပါတဲ့ နိုင်ငံရေး အဓိပ္ပာယ်ပဲလို့ ကျနော် ပြောချင်ပါတယ်” ဟု သတင်းစာ ဆရာကြီးက နိုင်ငံတကာ ဖိအားပေးမှု များ၏ အကျိုး သက်ရောက်မှုများကို ပြောဆိုသည်။

NLD လူငယ်ခေါင်းဆောင်တဦးဖြစ်သော ကိုလှဦးကလည်း လက်ရှိ စစ်အစိုးရ အနေနှင့် ဒေါ်အောင်ဆန်း စုကြည်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အပေါ် ၂၀၀၃ခုနှစ် မေလ ၃၀ ရက်နေ့က ပြုလုပ်ခဲ့သော ဒီပဲယင်းလို အကြမ်းဖက်ခြင်း ပြုလုပ်ခဲ့ပြီးနောက် ယခုအကြိမ်မှာ ဒုတိယကြိမ်မြောက် အကြမ်း ဖက်ခြင်း နည်းလမ်းမျိုးနှင့် ဖြေရှင်း နေခြင်းဖြစ်ကြောင်း၊ နိုင်ငံတကာမှ ဖိအားပေးမှုများ ရှိနေသည့်တိုင် အစိုးရအနေနှင့် NLD အဖွဲ့ဝင်များအား အကြမ်းဖက် နှိမ်နှင်းရန် ကြံစည်လျက် ရှိသည်ကို တွေ့မြင်ရကြောင်း သူက ပြောဆိုသည်။

“နိုင်ငံတကာက ပေးနေတဲ့ ဖိအားတွေ၊ နိုင်ငံတကာက ၀ိုင်းဝန်း ရှုတ်ချမှုတွေဟာ ထိရောက်ပါတယ်၊ ထိရောက် လို့လည်း သူတို့ ဒီထက် ဆိုးဆိုးဝါးဝါး ဆုပ်ကိုင် ခဲ့တာပေါ့လေ၊ ခုလည်း ကျနော်တို့ ကြားနေ မြင်နေရတာပါပဲ၊ စွမ်းအားရှင်တွေနဲ့ ရဲတွေက ကျနော်တို့ကို ဆူပူလှုပ်ရှားမှု ဖြစ်ခဲ့ရင် ဘယ်လို နှိမ်နင်းမယ် ဆိုတာကစ ကြား နေရတာပဲ ” ဟု ကိုလှဦးက လက်ရှိ အနေအထားကို ပြောဆိုသည်။

စစ်အစိုးရအနေနှင့် NLD သို့မဟုတ် လူထုက တစုံတရာ ဆန္ဒပြခြင်း ပြုလုပ်ခဲ့လျှင် အကြမ်းဖက်နှိမ်နင်းရန် ပြင်ဆင်ထားပြီးဖြစ်သည်ကို တွေ့မြင်ရကြောင်း သူက ပြောဆိုသည်။

စစ်အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချရန် ရည်ရွယ်ပြီး ဖမ်းဆီးခဲ့သည့် အတွက် နိုင်ငံတကာမှ မည်သို့ပင် ဖိအားပေး၊ အပြစ်တင်စေကာမူ ထောင်ချလိမ့်မည် ဖြစ်ကြောင်း၊ နိုင်ငံတကာမှ ထိုကဲ့သို့ ဖိအား ပေးမှုသည် စစ်အစိုးရ၏ အကြမ်းဖက်ခြင်းကို ရပ်တန့်စေနိုင်မည် မဟုတ်ကြောင်း နိုင်ငံရေး သမားဟောင်း တဦးက ပြောဆိုသည်။

“နိုင်ငံတကာက ခုလို အော်နေတာလောက်ကိုတော့ အစိုးရက ဂရု မစိုက်တော့ပါဘူး၊ သူတို့အတွက် ရိုးနေပြီ၊ ဒေါ်စုကို ထောင်ချကို ချမှာပဲ” ဟု အဆိုပါ နိုင်ငံရေးသမားဟောင်း တဦးက ဆိုသည်။

Ref: ဧရာဝတီ

Read More...

ဓနုတ်စေတီတော်ကြီး ပြိုကျမှုတွင် သေဆုံးသူ ပိုမို များပြားဖွယ်ရှိ

မျိုးသိဏ်း
တနင်္လာနေ့၊ ဇွန်လ 01 2009

ရန်ကုန် (မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း ဒလမြို့နယ်မှ ရှေးဟောင်း ဓနုတ် စေတီတော်ကြီး ပြိုကျ ပျက်စီးမှုတွင် လုံခြုံရေးကို အဓိက ဆောင်ရွက်ကာ ကယ်ဆယ်ရေးကို လျစ်လျူရှုခဲ့သဖြင့် အပျက်အစီးများအောက် အသက်ရှင်လျက် ပိမိနေသူများ သေဆုံးဖွယ်ရှိကြောင်း ဒေသခံများ အဆိုအရ သိရသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ဇနီးသည် ထီးတော်တင်ခဲ့သည့် စေတီကြီးသည် မေလ ၃၀ ရက်နေ့ မွန်းလွဲပိုင်းက ပြိုကျခဲ့ရာ လူ ၂ ဦး သေဆုံးပြီး ၁၀၀ ခန့် ထိခိုက်ဒဏ်ရာရကာ၊ အုတ်ပုံအောက်တွင် လူအချို့ ပိမိနေခဲ့သော်လည်း ကယ်တင်ရေးထက်၊ လုံခြုံရေးကို အဓိက လုပ်ခဲ့သဖြင့် သေဆုံးသူ ဦးရေမှာ ယခုထက် ပိုမို များပြားဖွယ် ရှိကြောင်း ပြောဆိုကြခြင်း ဖြစ်သည်။

”(ခ) ရပ်ကွက်က အဖွားကြီးဆို သနားပါတယ်။ သူ့သားက လုပ်အားပေးထဲမှာ ပါတယ်။ အသံတွေကြားတော့ ငါ့သားလေးများလား မသိဘူး၊ ငါ့သားလေး အသံနဲ့ တူလိုက်တာ ဆိုပြီး ငိုနေတာ။ ဘုရားဆီကိုလည်း သွားလို့ မရဘူးလေ။ လုံခြုံရေးတွေ ရောက်လာပြီး ကတည်းက ဘုရား ပရိဝုဏ်ထဲကို ဝင်ခွင့် မပေးတော့ဘူး။ အထဲမှာ ပိတ်မိနေတဲ့ အထဲက နှစ်ယောက်ပဲ ဆွဲထုတ်လို့ ရတယ်။ ကျန်တာက အပြင်မှာ ဒဏ်ရာရတဲ့ သူတွေကိုပဲ ကယ်နိုင်တယ်” ဟု စေတီတော် အနီးရှိ (က) ရပ်ကွက်မှ အမျိုးသမီးတဦးက မဇ္ဈိမကို ယမန်နေ့က ပြောသည်။

အုတ်ကျိုးအုတ်ပဲ့များ၊ အင်္ဂတေတုံးကြီးများနှင့် ငြမ်းများ ရောထွေး နေသည့် အပျက်အစီး အောက်တွင် လူဦးရေ ၃၀ ထက်မနည်း ရှိနိုင်ကြောင်း ပန်းရံ လုပ်သားက ခန့်မှန်းသည်။

ကယ်ဆယ်ရေး လုပ်သားတဦးကလည်း ''ပျောက်နေသူ တော်တော် များသေးတယ်။ ရှာလို့ တွေ့သမျှ အကုန် ဆေးရုံပို့ပြီးပြီ။ ရန်ကုန်က ငှက်မြတ်နားတော် လာလုပ်နေတဲ့ အဖွဲ့က တော်တော်များများ ပျောက်နေတယ်။ ရေတပ်က ၃ ယောက်လောက် ပျောက်နေတယ်။ ပျောက်တဲ့သူတွေက သေဖို့ များတယ်'' ဟု ဆိုသည်။

ဒေသခံ အမျိုးသမီးက ”မနေ့ည (မေ ၃၀ ရက်) အထိ အုတ်ပုံအောက်က ကယ်ကြပါ၊ ကယ်ကြပါ၊ ရေပေးပါလို့ အော်တဲ့အသံတွေ အပြင်က ကြားနေရတယ်။ နောက်တော့ မိုးတွေ ရွာချလိုက်တယ်။ မိုးရွာထဲမှာတောင် အော်သံတွေ၊ ညည်းသံတွေ ကြားနေရတုန်းပဲ။ နောက်တော့ မိုးက တဖြေးဖြေး သဲလာတာ တညလုံးပဲ။ မိုးလင်းခါနီးကျတော့ အသံတွေ မကြားရတော့ဘူး” ဟု ပြောသည်။

အခင်းဖြစ်ပြီး နောက်ရက်မှသာ ယန္တယား စက်ကြီးများဖြင့် အပျက်အစီးများကို စတင် ဖယ်ရှားနိုင်ခဲ့သည်။

ဖယ်ရှားချိန်တွင် ကြည့်ရှုနေသူများအား နေရပ်သို့ပြန်ရန် အသံချဲ့ စက်ဖြင့် ပြောသဖြင့် ရွာသူ ရွာသားများ လှည့်ပြန်သွားပြီး၊ စေတီအတွင်း ပရိဝုဏ် တခုလုံးကို စစ်တပ်နှင့် ဝန်းရံထားပြီး မုခ်ဦးများ ပိတ်ဆို့ ထားခဲ့သည်။

အခင်းဖြစ်သည့် ည ၉ နာရီခန့်အထိ အခြေအနေ ဆိုးရွားသည့် ရေတပ်သားနှင့် အရပ်သား ၃၀ နီးပါးကို ရန်ကုန် ဆေးရုံကြီးသို့ ပို့လိုက်ပြီး၊ ဒလနှင့် တွံတေးမြို့ ဆေးရုံများသို့ပါ လူနာ အများအပြားကို ပို့ဆောင်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။

ဒလမြို့ဆေးရုံမှ တာဝန်ကျ ဆရာမတဦးက ''ကျမတို့ ဆေးရုံကို လူ ၅၀ လောက် ရောက်လာတယ်။ ဒလကနေ ရန်ကုန် ဆေးရုံကြီး ပို့တာ ၃၀ လောက် ရှိတယ်။ နေရာမှာတင် ပွဲချင်းပြီးသေတာ တယောက်၊ နာမည် မသိဘူး။ နောက်တယောက်က ရေတပ်သား။ သူက ရန်ကုန် ဆေးရုံကြီးကို ပို့နေတုန်း လမ်းမှာ သေတာ'' ဟု ပြောသည်။

၂၀၀၈ ခုနှစ် မေလတွင် တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်း မတိုင်မီ တကြိမ် ပြိုကျ ပျက်စီးခဲ့သော ရှေးဟောင်း သမိုင်းဝင် ဓနုတ် စေတီတော်ကြီးအား မူလဉာဏ်တော် အမြင့်ထက် ၉ လက်မ ပိုမို မြှင့်တင် ဆောက်လုပ်သည့် စီမံကိန်းကို ရွှေသံလွင် ဆောက်လုပ်ရေး ကုမ္ပဏီက ကျပ်သိန်း ၁၅၀၀၀ ဖြင့် တာဝန်ယူ လုပ်ကိုင်ခဲ့သည်။

စေတီတော်ကြီး အလုံးစုံပြီးစီးခြင်း မရှိမီ မေလ ၇ ရက်နေ့တွင် ဗိုလ်ချုပ်မှူးကြီး၏ ဇနီးသည်က ဦးစီးပြီး ထီးတော် တင်လှူခဲ့သည့် ဉာဏ်တော်အမြင့် ၁၉၈ ပေရှိ စေတီတော်ကြီးမှာ ၃၀ ရက် မွန်းလွဲ ၂ နာရီခွဲခန့်တွင် စိန်ဖူးတော်နှင့် ငှက်မြတ်နားတော် စတင်ပြိုကျပြီး၊ ၁၀ မိနစ်အကြာတွင် အလုံးစုံ ပြိုကျသွားခြင်း ဖြစ်သည်။

စေတီ တည်ဆောက်ရေးမှာ ပြီးစီးခြင်း မရှိသေးသဖြင့် ဘုရားပြိုသည့် နေ့က ရုံးပိတ်ရက် ဖြစ်၍ လုပ်အားပေးသူ အများပြည်သူ ၃၀၀ ကျော်ရှိပြီး၊ ဧရာဝတီ ရေတပ်စခန်း ဌာနချုပ်မှ တပ်သားများပါ လုပ်အားပေးနေသဖြင့် လူအများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

ထပ်မံတင်လှူခဲ့သည့် စိန်ဖူးတော်နှင့် ထီးတော်၊ ဌက်မြတ်နားတော်တွင် ပူဇော်သည့် ကျောက်မျက် ရတနာများ၏ တန်ဖိုးမှာ ကြီးမားသည့် အပြင် ဗိုလ်ချုပ်မှူးကြီး၏ ဇနီးသည် ကိုယ်တိုင် ဦးစီး တင်လှူထားသော စေတီဖြစ်သဖြင့် လုံခြုံရေးကို ဦးစားပေး ဆောင်ရွက်ခြင်း ဖြစ်နိုင်ကြောင်း သူတို့က ယူဆနေကြသည်။

Ref: မဇ္ဈိမ

Read More...

Monday, June 1, 2009

ကေအိုင်အေ ဒုစစ်ဦးစီးချုပ်အဖြစ် ဗိုလ်မှူးချုပ် ဂွမ်မော်ကို ခန့်အပ်

မျိုးကြီး
သောကြာနေ့၊ မေလ 29 2009 16:48 - မြန်မာစံတော်ချိန်

ရွှေလီ(မဇ္ဈိမ) ။ ။ နှစ်လနီးပါးကြာ လစ်လပ်နေခဲ့သော ကချင်လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ) ၏ ဒု-စစ်ဦးစီးချုပ် ရာထူး အတွက် ဗိုလ်မှူးချုပ် ဂွမ်မော်အား ခန့်အပ်လိုက်သည်။

စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ရယူထားသော အကြီးဆုံးသော ကချင်အဖွဲ့ဖြစ်သည့် ကချင် လွတ်မြောက်ရေး အဖွဲ့( ကေအိုင်အို) ၏ တပ်မတော်မှ မဟာဗျူဟာ လေ့လာရေးနှင့် သုတေသန မှတ်တမ်းဌာနမှူး ဗိုလ်မှူးကြီး ဂွမ်မော်ကို ဗိုလ်မှူးချုပ် အဆင့် တိုးမြှင့် ပေးလိုက်ခြင်း ဖြစ်သည်။ ယခင် ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဇော်နန်မှာ နယ်စပ်မြို့ လိုင်ဇာတွင် ဧပြီလ ၆ ရက်နေ့က ကွယ်လွန်သွားခဲ့သည်။

ဗိုလ်မှူးချုပ် ဂွမ်မော်သည် ၁၉ဂဂ ခုနှစ်အတွင်း မြန်မာ့ဒီမိုကရေစီ အရေးတော်ပုံကြီး အပြီးတွင် ကေအိုင်အေသို့ စတင် ဝင်ရောက်ခဲ့ပြီး ကွန်မန်ဒိုတပ်ဖွဲ့ အရာရှိငယ် အဆင့်မှ ရာထူး တက်လှမ်းခဲ့ခြင်း ဖြစ်သည်။

မဇ္ဈိမ

Read More...

ဒလမြို့ရှိ ဓနုတ်စေတီတော်ကြီး ရုတ်တရက်ပြိုကျ လူ (၅၀)ကျော် ဒဏ်ရာရ မြေပိသေဆုံးသူများကို ရှာနေဆဲ

NEJ / ၃၁ မေ ၂၀၀၉

ယခုလ (၇) ရက်နေ့က ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ဇနီး ဒေါ်ကြိုင်ကြိုင် ကိုယ်တိုင် ထီးတော် တင်ခဲ့သည့် ရန်ကုန်တိုင်း ဒလမြို့နယ် ဓနုတ် စံပြကျေးရွာရှိ ရှေးဟောင်း သမိုင်းဝင် ဆံတော်ရှင် ဓနုတ် စေတီတော်ကြီး ယမန်နေ့က ပြိုကျသွား သဖြင့် လူပေါင်း (၅၀) ကျော် ဒဏ်ရာ ပြင်းထန်စွာ ရရှိပြီး မြေပိ နေသူများစွာ ရှိနေသေးကြောင်း မျက်မြင်သက်သေ များက ပြောသည်။

ယမန်နေ့ မွန်းလွဲပိုင်း (၂) နာရီ (၁၅) မိနစ်ခန့်တွင် အဆိုပါ စေတီတော်ကြီးသည် လေမတိုက်၊ မိုးမရွာ၊ ငလျင် မလှုပ်ဘဲ ပြိုကျ ပျက်စီးသွားခြင်း ဖြစ်သည်။

စေတီတော်ကြီအနီး ဓနုတ်ကျေးရွာနေ အဖွားအိုတဦးက “ ဖြစ်ပုံက မနေ့က မွန်းလွဲပိုင်း (၂) နာရီ လောက်မှာ လေလည်း မတိုက်ပါဘဲနဲ့ ထီးတော်က အရင် ကျိုးကျသွားတယ်။ အဲဒီ အချိန်မှာ စေတီကြီး အပြီးသတ် မွမ်းမံရေးအတွက် ငြမ်းတွေပေါ်မှာ အလုပ်လုပ် နေကြသူတွေက ကျိုးကျသွားတဲ့ ထီးတော်ကို ပြန်ပြီး တည့်မတ်ဖို့၊ တခုခု လုပ်ဖို့ ကြိုးစားကြတယ်။ မကြာပါဘူး၊ (၁၀) မိနစ်လောက်ပဲ ရှိတယ်၊ ဝေါကနဲ ဆိုတဲ့ အသံကြီးနဲ့ ဘုရားကိုယ်ထည်ကြီး တခုလုံး ပြိုကျသွားပြီး ပတ်ဝန်းကျင် တခုလုံး ဖုံမှုန့်တွေနဲ့ မှောင်ကျသွားတယ်။ အဖွားအတွက်ကတော့ ကံကောင်းတယ်၊ အလုပ်သွားတဲ့ သားနှစ်ယောက်စလုံး တယောက်ကတော့ ခေါင်းကွဲတယ်၊ တယောက်ကတော့ ပခုံးမှာပွန်းပဲ့ပြီး ခါးနာသွားတယ်” ဟုပြောသည်။

ဓနုတ်ကျေးရွာမှ စေတီတော်ဂေါပကအဖွဲ့ဝင်ဟောင်း တဦးကမူ ထီးတော် တင်သည်မှာ (၂၃) ရက်သာ ရှိသေးပြီး စေတီတော်ကြီး ပြိုကျပုံမှာ ဆန်းကြောင်း၊ တည်ဆောက်မှု မကောင်းပါကလည်း တခြမ်းပြိုခြင်း၊ ပဲ့ကျခြင်း လောက်သာ ဖြစ်သင့်ကြောင်း၊ ယခုဖြစ်ရပ်သည် အလယ် ပစ္စယံက ပြိုကျခြင်း ဖြစ်သည်ဟု ပြောသည်။

စေတီတော်ကြီးပြိုကျပုံကို မြင်တွေ့လိုက်သူတဦး “ပြိုကျတာက နှစ်ဆင့် ပြိုကျတာဗျ၊ ပထမ တုန်းက အပေါ်ကနေ အသံကြီးတခု မြည်တယ်၊ စိတ်ထဲကနေ အလိုလို ပြိုကျမယ့် အသံ မျိုးလို့ သူတို့ သိကြတယ်ထင်တယ်၊ ဘုရားပေါ်က ဆင်ထားတဲ့ ငြမ်းပေါ်မှာ အလုပ် လုပ်နေသူတွေ ပြေးတာလွှားတာ မြင်နေရတယ် ၊ ဒါပေမယ့် သူတို့ ခမျာမလွတ် လိုက်ဘူး၊ မကြာခင်ပဲ နောက်တဆင့် ပြိုကျတာ၊ အလယ်ပစ္စယံ ထိပဲ” ဟု ရှင်းပြသည်။

အဆိုပါပြိုကျမှုဖြစ်ရပ်မတိုင်မီ စေတီတော်ကြီးကို အချောကိုင်နေကြသော အလုပ်သမား များနှင့် စနေ၊ တနင်္ဂနွေနေ့ တိုင်း လုပ်အားပေးသူများ အပါအ၀င် ဘုရားကြီးတွင် အလုပ်လုပ်နေသူပေါင်း (၁၀၀) ကျော်ရှိပြီး ၎င်းတို့အနက် ဒလအခြေစိုက် အမှတ် (၃၆) ရေယာဉ်အုပ်စု တပ်မတော်ရေမှ တပ်သား အများအပြား ပါဝင်ပြီး ဒဏ်ရာရသူများ မှာလည်း အဆိုပါ ရေတပ်သားများ ပါဝင်သည်ဟု မျက်မြင်များက ပြောသည်။

“စေတီက ရွှေကပ်ဖို့ အချောကိုင်နေတုန်း ကာလဆိုတော့ ဆင်ထားတဲ့ ငြမ်းတွေပေါ်မှာ လူတွေက အများကြီး ၊ ဒီတော့ ခုန်ချပြီး ထွက်ပြေးဖို့ကလည်း မလွယ်ဘူးလေ၊ အခု ပြိုကျတဲ့ အောက်မှာ ပိနေတာတွေ အနည်းဆုံး အယောက် (၅၀) ရှိနိုင်တယ်၊ အခု ဒဏ်ရာရလို့  အတွင်းလူနာ အဖြစ် သယ်သွားတာတွေက လူပေါင်း (၅၀) ကျော်တယ်လေ” ဟု မျက်မြင် တဦးကပြောသည်။
“အခုထိ သေတဲ့သူ (၅ ) ယောက်ရှိပါပြီ၊ အလောင်းတွေကို သယ်သွားပါပြီ၊ ပိနေတာတွေ ရှိနေပါတယ်၊ ဖော်ဖို့ လုပ်နေကြပါတယ်” ဟု ကယ်ဆယ်ရေး ကြက်ခြေနီတပ် သားတဦးက ပြောသည်။

မျက်မြင်များ၏ ပြောပြချက်အရ ယမန်နေ့ ညနေပိုင်းတွင် လူအင်အားဖြင့် မြင်သမျှ ဒဏ်ရာ ရသူများကို ဆွဲထုတ်ကာ ဒလ ဆေးရုံသို့ပို့ပြီး အခြေအနေ ဆိုးသူများကို ရန်ကုန် ဘက်ကမ်းသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ရန်ကုန်ဆေးရုံကြီးမှ တာဝန်ကျ ဆေးဝန်ထမ်းတဦးက ယမန်နေ့ည (၉) နာရီခန့်တွင် ဒဏ်ရာရသူ (၅၀) နီးပါး ဆေးရုံ ရောက်လာပြီ ဖြစ်ကြောင်းပြောသည်။

ဘုရားပြိုကျသည်မှာ တောင်ပြိုသည်နှင့် အလားတူဖြစ်နေပြီး မြေအောက်တွင် ပိနေသူများကို ပြန်ဖော်ရန် ယမန်နေ့ညက စက်ကိရိယာများ မရှိသဖြင့် လူအားဖြင့်သာ တဖြည်းဖြည်း ရှာဖွေရကြောင်း၊ အပျက်အစီး ပုံကြီး ကြီးလွန်းသဖြင့် အတွင်းတွင် ပိတ်မိနေသူ အတော်များမည်ဟု ခန့်မှန်းရကြောင်း ရှာဖွေရာတွင် ပါဝင်သူတဦးက ပြောသည်။

ယနေ့ မေ (၃၁) ရက် မနက်တွင်ဝန်ချီကရိန်းကား (၃) စီးရောက်လာပြီး အပျက်အစီး ပုံပေါ်မှ အဖိုးတန် ပစ္စည်းများကို တဖြည်းဖြည်း သယ်ယူ ပြောင်းရွှေ့မှု လုပ်နေကြောင်း၊ အပျက်အစီး ပုံအောက်တွင် ပိတ်မိနေသူများ ရှိနေသေးပြီး အသက်ရှင်ရန် မျှော်လင့်ချက် မရှိနိုင်တော့ကြောင်း ၎င်းကပြောသည်။

လောလောဆယ် သေဆုံးသူဦးရေ အတိအကျ မသိရသေးသော်လည်း ဒဏ်ရာရသူ (၇၀) ကျော်အနက် (၅၀) နီးပါး ရန်ကုန် ဆေးရုံကြီးသို့ ရောက်ရှိနေကြောင်း သိရသည်။

၂၀၀၆ ခု၊ ဇွန် (၂၇) ရက်၊ နံနက် (၃) နာရီ (၁၅) မိနစ် ခန့်တွင် အဆိုပါ သမိုင်းဝင် ဓနုတ် စေတီတော်ကြီးမှာ တနင်္လာထောင့်မှ စ၍ ထီးတော်၊ ငှက်ပျောဖူးတော် တို့နှင့် အတူ ထက်ခြမ်းကွဲ မြေခခဲ့သည်ကို နအဖ အစိုးရက ဗိုလ်ချုပ်ကြီး မြင့်ဆွေကို ဦးဆောင်စေပြီး ပြန်လည် တည်ထားရန် စီစဉ်ခဲ့သည်။

ဘုရားကြီးပြုပြင်ပြီးနောက် ယခုနှစ် မေလ (၇) ရက်တွင် ဒေါ်ကြိုင်ကြိုင်နှင့် သမီးများ၊ ဗိုလ်ချုပ်ကြီး သိန်းစိန်၏ ဇနီး ဒေါ်ခင်ခင်ဝင်းတို့က ကြီးမှူးပြီး အထက် ဌာပနာတော်သွင်း၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်ပွဲ ကျင်းပခဲ့ကြခြင်း ဖြစ်သည်။

ယခု ပြန်လည် တည်ထားသောစေတီတော် ဉာဏ်တော် အမြင့်မှာ (၁၈၆) ပေ ၊ ငှက်ပျောဖူး (၂၃) ပေ၊ ထီးတော် (၉) ပေ (၉) လက္မ ၊ ထီးတော်မြင့် (၃၂) ပေ၊ လုံးပတ်တော် (၁၇၄) ပေ (၈) လက္မ ၊ ဖိနပ်တော် (၄၉၀) ပေ (၄) လက္မ ဖြစ်ပြီး စုစုပေါင်း ကုန်ကျငွေမှာ ကျပ်သိန်းပေါင်း (၁၃၀၀၀) ကျော် ဖြစ်ကြောင်း ဂေါပကအဖွဲ့ဧ။် မှတ်တမ်းများအရ သိရသည်။


Ref: ခေတ်ပြိုင်

Read More...

အပေါ်သို့