..............................

Friday, November 21, 2008

ဟာသ သရုပ်ဆောင် ကိုဇာဂနာ ထောင်ဒဏ် ၄၅ နှစ်ချမှတ်ခံရ

နိုဝင်ဘာလ 21 2008

နယူးဒေလီ။ ။ အင်းစိန်ထောင်တွင် ဖမ်းဆီးခံထားရသူ နာမည်ကျော် ဟာသသရုပ်ဆောင် ဒါရိုက်တာ ဇာဂနာခေါ် ကိုသူရအား အင်းစိန်ထောင် တရားရုံးက ယနေ့တွင် ထောင်ဒဏ် ၄၅ နှစ် ချမှတ်လိုက်သည်။

အင်းစိန်ထောင်တွင်း တရားရုံးက ကိုဇာဂနာသည် အင်တာနက်ကို အသုံးပြု၍ အစိုးရကို အကြည်ညိုပျက်အောင် လုပ်သည်ဆိုကာ အီလက်ထရောနစ် အက်ဥပဒေ ၃ ခုဖြင့် ထောင် ၄၅ နှစ် ချမှတ်လိုက်သည်။

''ကျမအကိုအတွက် ဂုဏ်ယူပါတယ်။ နာဂစ် ကယ်ဆယ်ရေးလုပ်လို့ အဖမ်းခံရတာပါ။ အစိုးရက သူတို့လုပ်ချင်သလို လုပ်လိုက်တာပါ။ သူ့ကို အမိန့်ချတော့ အကိုက ရီစရာ ပြောသေးတယ်။ ကျနော့်ကို I (အိုင်) သုံးလုံးနဲ့ ၄၅ နှစ် ချလိုက်တယ်တဲ့။ IT (သတင်းနည်းပညာ) ကို လေ့လာချင်လို့ Internet ကို သုံးလိုက်တာ Insein ထောင်ကို ရောက်သွားတယ်တဲ့'' ဟု ကိုဇာဂနာ၏ ခယ်မဖြစ်သူ မငြိမ်းက မဇ္ဈိမကို ပြောသည်။

မိသားစုဝင်များက တရားရုံးအတွင်း ၀င်ရောက်ကြားနာခွင့် မရဘဲ၊ ထောင်ဗူးဝ၌သာ စောင့်နေရသော်လည်း ရှေ့နေဖြစ်သူ ဒေါ်ခင်ဌေးကြွယ် တဦးတည်းသာ ၀င်ရောက်ခွင့်ရခဲ့သည်။ ဒေါ်ခင်ဌေးကြွယ်သည် ယခုအမှုအတွက် ယခင်က ရှေ့နေ ဦးအောင်သိန်း၊ ဦးခင်မောင်ရှိန်တို့နှင့် တွဲဖက်ကာ အမှုကို လိုက်လံ အကျိုးဆောင်ခဲ့သူ ဖြစ်သည်။

ကျန်ရှိသည့် အမှု ၅ မှုအတွက် ယခုလ ၂၇ ရက်နေ့တွင် ဆက်လက်ကြားနာရန် တရားရုံးက အမိန့်ချမှတ်သည်။

အမှုအတွက် အယူခံဝင်ရေး၊ မ၀င်ရေးကိုမူ မိသားစုနှင့် ရှေ့နေမှ မဆုံးဖြတ်သေးဘဲ၊ တနင်္ဂနွေနေ့တွင် ကိုဇာဂနာထံ မိသားစုက ထောင်ဝင်စာ တွေ့ဖြစ်သည့်အခါ ဆွေးနွေးမည်ဟု သိရသည်။

အလားတူ အင်းစိန်ထောင် တရားရုံးကပင် ယနေ့တွင် နာဂစ် လေဘေး ဒုက္ခသည်များအား အကူအညီပေးခဲ့သူနှင့် ဘောလုံးသတင်း ဆောင်းပါးရေးသူ ကိုဇော်သက်ထွေးနှင့် အမှုတွဲတူ ကိုသန့်ဇင်အောင်အား ထောင်ဒဏ် ၁၅ နှစ်စီနှင့် ကိုတင်မောင်အေး (ခ) ကိုဂတုံး အား ၂၉ နှစ် ထောင်ဒဏ်ချမှတ်ခဲ့သည်။

"ကိုဂတုံးက အပြီးသတ်ချလိုက်တာ ဒီနေ့။ အင်းစိန်ထောင် တရားရုံးကပေါ့။ ကျန်တဲ့သူတွေဖြစ်တဲ့ ကိုဇာဂနာ၊ ကိုဇော်သက်ထွေးနဲ့ ကိုသန့်ဇင်အောင်တို့ကိုတော့ ဆက်ပြီး စစ်ဆေးသွားမယ်လို့ ပြောတယ်။ နောက်ထပ် နှစ်တွေ တိုးလာမယ့်သဘော ရှိတယ်" ဟု ကိုဇာဂနာ မိတ်ဆွေတဦးဖြစ်သည့် ကိုမင်းဆွေက ပြောသည်။

သူက "ကိုဂတုံးက ကိုဇာဂနာနဲ့ တအိမ်ထဲနေကြတာ။ ရိုက်ကွင်းတွေ ဘာတွေရှိရင် ခေါ်သွားလေ့ရှိတယ်။ ကိုသန့်ဇင်အောင်ကလည်း လုပ်ဖော်ဆောင်ဘက်တွေလို့ ပြောလို့ရတယ်" ဟု ဆက်ပြောသည်။

ပြီးခဲ့သည့် ဇွန်လအတွင်းက ဧရာဝတီတိုင်း နာဂစ်လေဘေးသင့်သူများအတွက် ကယ်ဆယ်ရေးလုပ်ငန်း လုပ်ဆောင်စဉ် ကိုဇာဂနာအား အာဏာပိုင်များက နေအိမ်မှ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

မြန်မာ့ ဒီမိုကရေစီ လှုပ်ရှားမှုတွင် တက်ကြွစွာ ပါဝင်ခဲ့သူ ရုပ်ရှင်သရုပ်ဆောင် ဟာသအနုပညာရှင် ကိုဇာဂနာက အာဏာပိုင်များအပေါ် ဟာသပြက်လုံးများထုတ်ကာ ပြောဆိုခဲ့သည့်အတွက် အကြိမ်ကြိမ် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသလို သူ၏ အနုပညာလုပ်ပိုင်ခွင့်များပါ ပိတ်ပင် တားမြစ်ခံခဲ့ရသည်။

လွတ်လပ်စွာ ထုတ်ဖော် ရေးသားသဖြင့် ခြိမ်းခြောက်ခံရ၊ အကျဉ်းကျခံရသည့် စာရေးဆရာများထဲတွင် ကိုဇာဂနာသည် ရဲစွမ်းသတ္တိနှင့် မှန်ကန်ဖြောင့်မတ်မှု ရှိသူတဦးဖြစ်သည်ဟုဆိုကာ ကနေဒါအခြေစိုက် PEN (Canada) အဖွဲ့မှ ၂၀၀၈ ခုနှစ်အတွက် 'One Humanity award' ဆုကို ချီးမြှင့်ခဲ့သည်။

Ref: မဇ္ဇျိမ

Read More...

အာဏာခွဲဝေရေးမလုပ်ရင် ဇင်ဘာဘွေကို အမေရိကန်က ပိုမိုပြင်းထန်စွာ အရေးယူမည်

21 November 2008

ဇင်ဘာဘွေနိုင်ငံမှာ အာဏာခွဲဝေရေး အခြေအနေ ဆောလျင်စွာ တိုးတက်မလာဘူးဆိုရင် အမေရိကန် ပြည်ထောင်စုအနေနဲ့ ပစ်မှတ်ထား အရေးယူမှုအသစ်တွေ ချမှတ်ရလိမ့်မယ်လို့ ဇင်ဘာဘွေနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဂျိမ်းစ်မက်ဂီး (James McGee) က သတိပေး လိုက်ပါတယ်။ နိုင်ငံရေးအခြေအနေ တိုးတက်ကောင်းမွန်လာခြင်း မရှိတာကြောင့် ဘက်ပေါင်းစုံ လူမှုရေးအခြေအနေတွေ ပိုပြီး ယိုယွင်းဆုတ်ယုတ် လာတယ်လို့လည်း ဆိုပါတယ်။ ဗွီအိုအေ သတင်းထောက် ဒေးဗစ်ဂေါလပ်စ် (David Gollust) အမေရိကန် နိုင်ငံခြားရေးဌာနက ပေးပို့ထားတဲ့ သတင်းလွှာကို ဦးကျော်ဇံသာက တင်ပြပေးထားပါတယ်။

ဇင်ဘာဘွေနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေဟာ စက်တင်ဘာလကစပြီး တိုးတက်မှု မရှိခဲ့တဲ့ အတွက် လူထုရဲ့ ကျန်းမာရေးအပါအ၀င် ဘက်ပေါင်းစုံ အခြေအနေတွေဟာ မြန်မြန်ဆန်ဆန် ကျဆင်းလာနေပြီး ငတ်မွတ်ခေါင်းပါးမှုနဲ့ ၀မ်းရောဂါ ဖြစ်ပွားမှုတွေလည်း ရှိနေတယ်လို့ ဟာရာရီး မြို့တော်ရဲ့ အမေရိကန် သံအမတ်ကြီးက ဆိုပါတယ်။ ဒီရောဂါကြောင့် သေဆုံးရသူပေါင်းလည်း ၃၀၀ ခန့် ရှိနေပြီလို့ ဆိုပါတယ်။

သမ္မတမူဂါဘီ (Mugabe) အနေနဲ့ MDC ခေါ် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လှုပ်ရှားမှု ပါတီခေါင်းဆောင် မော်ဂန် ချန်ဂရိုင်း (MorganTsvangerai) နဲ့ အာဏာခွဲဝေရေး ကိစ္စကို သဘောရိုးနဲ့ စတင် ဆောင်ရွက်ခြင်းမှတပါး တိုင်းပြည်အခြေအနေ ကောင်းလာနိုင်စရာ နည်းလမ်း မမြင်ဘူးလို့သံအမတ်ကြီး မက်ဂီးက သတင်းထောက်တွေကို ပြောသွားပါတယ်။ ဒါပေမယ့် အခုအချိန် အထိတော့ မစ္စတာမူဂါဘီဟာ မတ်လ ပါလီမန် ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ MDC ပါတီကို အရေးမပါတဲ့ ၀န်ကြီးဌာနတချို့လောက် လွှဲပေးရုံကလွဲပြီး ဒါ့ထက်ပိုပြီး အာဏာခွဲဝေဖို့ ဆန္ဒမရှိဘူးလို့ ဆိုပါတယ်။

တိုင်းပြည်မှာ စီးပွားရေးပြဿနာတွေ၊ ငွေကြေးဖောင်းပွမှုတွေ ဖြစ်နေပေမယ့် မစ္စတာမူဂါဘီဟာ သူ့ရဲ့မဟာမိတ်တွေကို ငွေကြေးတွေ ပံ့ပိုးထားပြီး ထောက်ခံမှုကို ထိန်းသိမ်းထားနိုင်တဲ့ အတွက် အာဏာကို လွယ်လွယ်နဲ့ စွန့်လွှတ်လိမ့်မယ် မဟုတ်ဘူးလို့လည်း သံအမတ်ကြီးက သုံးသပ် ပါတယ်။

"ဇင်ဘာဘွေမှာ သူ့အနေနဲ့ အာဏာကို လွယ်လွယ်နဲ့ မစွန့်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း ပြောထားပြီးပါပြီ။ SADC လို့ခေါ်တဲ့ တောင်အာဖရိက ဖွံ့ဖြိုးရေး အဖွဲ့အစည်းက ဆိုရင် စည်းလုံး ညီညွတ်သော အစိုးရတရပ် ရှိရမယ်၊ အာဏာခွဲဝေရေး လုပ်ရမယ်လို့ ကြေညာချက်တွေ ထုတ်နေပါတယ်။ မူဂါဘီကတော့ မော်ဂန် ချန်ဂရိုင်းကို အာဏာ အစစ်အမှန်ပေးပြီး အစိုးရထဲ ဘယ်တော့မှ ပါဝင်ခွင့် မပေးနိုင်ဘူးဆိုတာ ပြသနေပါတယ်။ "မစ္စတာမူဂါဘီရဲ့ ပါးနပ်တဲ့ ကြီးကြပ် ကွပ်ကဲမှုကြောင့် သူ့ရဲ့ အာဏာကို ချုပ်ကိုင်နိုင်မှုဟာ အရင်က ထက်တောင် ပိုပြီး ခိုင်မာလာနေပါတယ်တဲ့။ သို့သော်လည်း နိုင်ငံတကာက ဖိအားပေးမှုတွေ၊ ဒီသမ္မတနဲ့ သူ့မိသားစုတွေ၊ အပေါင်း အသင်းတွေကို ပစ်မှတ်ထား အရေးယူ ပိတ်ဆို့မှုတွေကို အခိုင်အမာ တစိုက်မတ်မတ် ပြုလုပ်ခြင်းအားဖြင့် အမှန်တကယ်ပဲ ထိရောက်မှု ရှိနိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဒီနိုင်ငံရေး အခြေအနေ တိုးတက်မလာရင် သမ္မတဘုရှ် အစိုးရကတော့ အရေးယူပိတ်ဆို့မှု အသစ်တွေကို ဆက်လုပ်မယ်လို့ ရှင်းရှင်းပဲ ပြောသွားပါတယ်။

"ကျနော်တို့မှာ အသင့်ပြင်ထားတဲ့ နောက်ဆက်တွဲ အရေးယူ ပိတ်ဆို့စရာတွေ ရှိပါတယ်။ အခု လောလောဆယ်တော့ ဒီနိုင်ငံမှာ ဖြစ်ပျက် နေသမျှ ကျနော်တို့ စောင့်ကြည့်နေပါတယ်။ သိပ်တိုတောင်းတဲ့ အချိန်မှာ တိုးတက် ပြောင်းလဲမှု မရှိဘူးဆိုရင်တော့ ကျနော်တို့အဖို့ တခြား ရွေးစရာလမ်း မရှိပါဘူး။ ပိုမိုခက်ခဲ ကြမ်းတမ်းတဲ့ အရေးယူ ပိတ်ဆို့မှုတွေ ချမှတ်ဖို့ပဲ ရှိပါတယ်။"

ဇင်ဘာဘွေနိုင်ငံကို အမေရိကန်ရဲ့ ပေးနေကြ စာနာမှု အကူအညီတွေကိုတော့ သူတို့လျှော့ပေးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒီအကူ အညီ တွေဟာ တနှစ်တနှစ်ကို ဒေါ်လာသန်းပေါင်း ၂၀၀ ကျော် ထိရှိပါတယ်။ ဇင်ဘာဘွေ အာဏာပိုင်တွေဟာ အစိုးရမဟုတ်တဲ့ အဖွဲ့ အစည်းတွေက ကူညီ ထောက်ပံ့ဖို့ လာတဲ့အခါ ကျေးလက်ဒေသအရောက် သွားလာရေး လွယ်ကူနိုင်အောင်အတွက် အကန့်အသတ် အတား အဆီးတွေကို လျှော့ချပေးထားတဲ့အတွက်လည်း သံအမတ်ကြီး မက်ဂီးက ကြိုဆိုပါတယ်။ သို့သော်လည်း မကြာခင်ကသူ တောင်အာဖရိက ကနေ ဟာရာရီးမြို့တော်အထိ သွားလာခဲ့တဲ့ လေ့လာရေးခရီးစဉ် အတွင်းမှာ မြင်တွေ့ခဲ့ရတဲ့ မြင်ကွင်းတွေဟာ အင်မတန် ထိတ်လန့်စရာ ကောင်းတယ်လို့ ဆိုပါတယ်။

"သိပ်ကို ဆိုးရွားနေပါတယ်။ ဘာမှမလုပ်မကိုင်ဘဲ ရပ်နေသူတွေ အများကြီးပါ။ ဗိုက်ပူနံကား ကလေးသူငယ်တွေ အမြောက်အမြား တွေ့နေရပါတယ်။ လူတွေဟာ ဘာမှအာဟာရ မရှိတဲ့ သစ်ရွက်တွေကို စားလို့ ရလိုရငြား ခူးဆွတ်နေကြပါတယ်။ ရွာတွေကို ဖြတ်သွားတိုင်း လူတွေဟာ မျှော်လင့်ချက် ကင်းတဲ့အကြည့်နဲ့ ကြည့်နေကြပါတယ်။"

ဒီလို အခြေအနေတွေ ဆိုးရွားနေပေမယ့် သဘာဝ သယံဇာတ ပေါကြွယ်ပြီး တချိန်တခါက စားနပ်ရိက္ခာ တင်ပို့တဲ့ နိုင်ငံကြီးတခုဖြစ်ခဲ့တဲ့ ဇင်ဘာဘွေ နိုင်ငံဟာ နိုင်ငံရေး ပြဿနာသာ ပြေလည်သွားပြီဆိုရင် စီးပွားရေးအခြေအနေ ပြန်လည် ကောင်းလာနိုင်တယ်လို့လည်း အမေရိကန် သံအမတ်ကြီးက ပြောကြားသွားပါတယ်။

Ref: VOA News

Read More...

ဒေါ်အောင်ဆန်းစုကြည်အား တွေ့ဆုံခွင့်ပြုရန် လူငယ်များက စစ်အစိုးရထံ တင်ပြ

နိုဝင်ဘာလ 20 2008

ချင်းမိုင်။ ။နေအိမ်အကျယ်ချုပ် ကျခံနေရသည့် နိုဘယ်လ်ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်း စုကြည်ကို သူမ၏ ပါတီဝင် လူငယ်များက သွားရောက် ဂါရဝပြုလိုပါသဖြင့် ခွင့်ပြုပေးပါရန် စစ်အစိုးရကို စာဖြင့် တင်ပြ တောင်းဆိုလိုက်သည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဝင် အများစုပါဝင်သော လူငယ် ၅၀ ခန့်က စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ယမန်နေ့က စာတိုက်မှတဆင့် ပေးပို့သောစာတွင် မြန်မာလူမျိုးတို့၏ ဓလေ့ထုံးစံအတိုင်း အသက် ၆၃ နှစ်အရွယ် အတိုက်အခံခေါင်းဆောင်ကို ဂါရ၀ပြုခွင့်ရရေး ခွင့်ပြုပါရန် မေတ္တာရပ်ခံထားသည်။

စာကို ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးနှင့် ဗဟန်းမြို့နယ် မြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဌ တို့အားလည်း မိတ္တူပေးပို့ထားသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒဂုံမြို့သစ် မြို့နယ်စည်းအဖွဲ့ဝင် ဦးအေးသွင်က "ဥပဒေ ဘောင်အတွင်းက နေပြီးတော့ ငြိမ်းချမ်းစွာ အခုလို ဂါရ၀တရားနဲ့ မြန်မာလူမျိုးတို့ရဲ့ ဓလေ့ ထုံစံအတိုင်း ပြုမှု ဆောင်ရွက်ချက်ကို တဖက် နအဖ က နေပြီးတော့ ခွင့်ပြုလိမ့်မယ်လို့ သူတို့က ယုံကြည်ပြီးတော့ အခုလို ပြုလုပ်လိုက်တာပါ'' ဟု မဇ္ဈိမကို ပြောသည်။

"အခုလို ပို့လိုက်တဲ့ အကြောင်းကြားစာတွေကို တဖက် အာဏာပိုင်တွေက နေပြီးတော့ ပြန်လည်တုံ့ပြန်မှု မရှိဘူးဆိုရင် သူတို့ကိုယ်တိုင်က ဒါကို ခွင့်ပြုတယ်လို့ သတ်မှတ်ပြီးတော့ ခြံရှေ့ကို သွားပြီးတော့ ဂါရ၀ပြုမှာပါ။ တကယ်လို့ အဲဒါကို ခွင့်ပြုတယ်ဆိုရင်လည်း မိခင် ဒေါ်အောင်ဆန်းစုကြည်ကြီးကို ပြန်လွှတ်ပေးပြီးတော့ အန်အယ်လ်ဒီ ပါတီရုံးချုပ်ကို လာပြီး ဂါရ၀ ပြုမှုကို ခံယူခွင့် ပေးဖို့ အဲဒီလို တောင်းဆိုလိုက်တာပါ" ဟု ပြောသည်။

မြန်မာ့ လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူကို တွေ့ဆုံမည့် အစီအစဉ်ကို ပါတီ ထိပ်တန်းခေါင်းဆောင်များနှင့် သဘောကွဲထွက်လာသည့် လူငယ်အချို့က ဦးစီး ဆောင်ရွက်ခဲ့ကြသည်ဟု အတိုက်အခံလှုပ်ရှားသူများက ပြောသည်။
ထိုင်းနိုင်ငံ အခြေစိုက် မြန်မာ့အရေး လေ့လာသူ ဦးအောင်နိုင်ဦးက မြန်မာ့ဓလေ့ ဖြစ်နေသော်လည်း စစ်အစိုးရက ခွင့်ပြုမည့်လမ်းမမြင်ဟု ပြောသည်။

"အဲဒီလို အနေအထားမျိုးမှာ ခုနက လူငယ်တွေ လှုပ်ရှားမှုမျိုးကို စစ်အစိုးရက နိုင်ငံရေး လှုပ်ရှားမှုမျိုးအနေနဲ့ ယူဆပြီးတော့ မြင်ပြီးတော့ ခွင့်ပြုမှာ မဟုတ်သလို တကယ်လို့ ခွင့်မပြုတဲ့အတွက် လူငယ်တွေက တုံ့ပြန်လာတယ် ဆိုရင်လည်း စစ်အစိုးရက ပြတ်ပြတ်သားသား အရေးယူဖို့ သဘောရှိတယ် ကျနော် အဲဒီလိုပဲ မြင်တယ်" ဟု ဦးအောင်နိုင်ဦးက ပြောသည်။

မေတ္တာရပ်ခံသည့် စာထဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ အိမ်ရှေ့မှ အရံအတားတွေကို ဖယ်ရှားပေးကာ ခြံဝန်းအတွင်းမှ အမှိုက်သရိုက်များကို စည်ပင်သာယာက ရှင်းထားပေးခြင်းအပေါ် ၀မ်းသာလျက်ရှိကြောင်း ပါရှိသည်ဟု မဇ္ဈိမက စုံစမ်းသိရှိရသည်။
ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အနီးမှ သံဆူးကြိုး အတားအဆီးများကို ပြီးခဲ့သည့်လ ၂၆ ရက်နေ့က ဖယ်ရှားခဲ့သည်။

Ref: မဇ္ဈိမ

Read More...

ဟစ်ဟော့ပ် အဆိုတော် ဇေယျာသော်ကို ထောင်ဒဏ် ၆ နှစ်ချမှတ်

နိုဝင်ဘာလ 20 2008

နယူးဒေလီ။ ။ ACID တေးဂီတအဖွဲ့မှ ဟစ်ဟော့အဆိုတော် ဇေယျာသော်အား ယနေ့တွင် ရန်ကုန်တိုင်း လမ်းမတော်မြို့နယ် တရားရုံးမှ ထောင်ဒဏ် ၆ နှစ်ချမှတ်လိုက်သည်။ မြန်မာလူငယ်ထုအကြား ရေပန်းစားခဲ့သော ကိုဇေယျာသော်ခေါ် ကိုကျော်ကျော်အား နိုင်ငံခြားငွေ ကိုင်ဆောင်မှုနှင့် တရားမ၀င်အသင်း ဖွဲ့စည်းမှုတို့ဖြင့် စစ်အစိုးရက တရားလို ပြုလုပ်ကာ ထောင်ဒဏ် ချမှတ်လိုက်ခြင်း ဖြစ်သည်။

"စရဖ (စက်ဘက်ရေးရာ လုံခြုံရေး) က ထွက်ဆိုတဲ့အတိုင်းပဲ။ ဒီနေ့ တရားရုံးက တရားသူကြီးတွေက အမိန့်ချလိုက်တာပါ။ နိုင်ငံခြားငွေ ကိုင်ဆောင်မှုက ၁ နှစ်နဲ့ တရားမ၀င် အသင်းအဖွဲ့ ဖွဲ့စည်းမှုက ၅ နှစ် ချလိုက်တာပါ။ ကျမတို့ဘက်က ဘာမှ ခုခံပိုင်ခွင့်တောင် မရှိပါဘူး" ဟု ကိုဇေယျာသော်၏ အဒေါ်ဖြစ်သူ ရှေ့နေ ဒေါ်ခင်သန်းဌေးက မဇ္ဈိမကို ပြောသည်။

"အနုပညာရှင် တယောက်ဖြစ်တော့ နိုင်ငံခြားမှာ ဖျော်ဖြေရေး အစီစဉ်တွေ သွားနေရတယ်။ နိုင်ငံခြားငွေတွေကို နဲနဲစုထားတာတွေ ပါတယ်လေ။ ထိုင်းဘတ် ၁၀၀ တန်တရွက်၊ မလေးရှား ရင်းဂစ် အကြွေတချို့နဲ့ စင်္ကာပူ ဒေါ်လာငွေ တွေ့တာ။ မြန်မာငွေ တသောင်းတောင် မကျော်ပါဘူး" ဟု သူမက ဆက်ပြောသည်။

ယခုနှစ် မတ်လ ၁၂ ရက်နေ့က ကိုဇေယျာသော်အား ရန်ကုန်တိုင်း ဆရာစံလမ်းနှင့် ၆၆ လမ်းကြားရှိ စားသောက်ဆိုင်တဆိုင်တွင် စရဖ က ဖမ်းဆီးခဲ့သည်။

အနုပညာရှင်တဦးအနေဖြင့် ယခုလို ထောင်ချခံရခြင်းအပေါ် ဂုဏ်ယူမိကြောင်း ဒေါ်ခင်သန်းဌေးက ယခုလို ဆက်ပြောသည်။
"ကျမအနေနဲ့ ဂုဏ်ယူတယ်။ သူက ခိုးဆိုးလုယက်လို့ ထောင်ဒဏ်ချမှတ်ခံရတာ မဟုတ်ဘူး။ အနုပညာတယောက်အနေနဲ့ အခုလို လုပ်တာ ကျမတို့ ဂုဏ်ယူပါတယ်" ဟု သူက ပြောသည်။

ကိုဇေယျာသော်သည် မျိုးဆက်သစ်လူငယ်များ အစည်းအရုံး (Generation Wave - GW) မှ အဖွဲ့ဝင်တဦးဟုဖြစ်သည်ဟု အဖွဲ့က ကြေညာထားသည်။

GW သည် ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးနှင့်အတူ ပေါ်ပေါက်ခဲ့ပြီး လူငယ်များနှင့် ဖွဲ့စည်းထားသည့် အဖွဲ့ဖြစ်သည်။
မြန်မာနိုင်ငံတွင် အတိုက်အခံလှုပ်ရှားမှုကို အရေးယူနိုင်သော ဥပဒေများ ပြဌာန်းထားရာ အဖွဲ့အစည်းဖွဲ့လျှင် အစိုးရထံ မှတ်ပုံတင်ခွင့် ပြုချက်တောင်းယူရသည်။ သို့သော် အာဏာပိုင်များ ကိုယ်တိုင်ဦးစီး လုပ်ဆောင်သော အဖွဲ့အစည်းများကလွဲလျှင် ပုဂ္ဂလိကနှင့် လူထုအခြေခံ အဖွဲ့အစည်း ဖွဲ့စည်းခွင့်ကို ပိတ်ပင်တားမြစ်ထားသည်။

စစ်အစိုးရ ဆန့်ကျင်သည့် တေးသီချင်းများ GW က သီဆိုဖြန့်ဝေခဲ့ရာတွင် လျှို့ဝှက်အဖွဲ့အမည် Freedomfighter နှင့် တွဲဖက်လုပ်ဆောင်ခဲ့သည့် ''နိုးထကြလော့ အိုမြန်မာ"၊ မေလက ဆန္ဒခံယူပွဲအား ကန့်ကွက်ဆန္ဒမဲ ပေးရန် မြန်မာလူထုအား လှုံ့ဆော်သည့် ''NO NO NO'' သီချင်းတို့ ပါဝင်သည်။

GW အဖွဲ့ဝင် အနည်းဆုံး ၁၀ ဦးထက်မနည်း ဖမ်းဆီးခံထားရသည်။

Ref: မဇ္ဈိမ

Read More...

Thursday, November 20, 2008

ဆေးကျောင်းသားများ စစ်အစိုးရ ပညာရေးစနစ်ကို မယုံကြည် ဘွဲ့မရမီ ဆေးကျောင်းမှ ထွက်သည့်နှုန်းများလာ

၁၉ နိုဝင်ဘာ ၂၀၀၈

ရန်ကုန် ဆေးတက္ကသိုလ် (၁)တွင် တက်ရောက်နေသည့် ဆေးကျောင်းသားများ ကျောင်းမပြီးခင် ကျောင်းမှ ထွက်သည့်နှုန်း များလာနေကြောင်း အဆိုပါကျောင်းမှ ကျောင်းသူ ကျောင်းသားများက ပြောသည်။

ကျောင်းသူတဦးက “ကျောင်းပြီးသွားရင်တောင် ဆရာဝန်လုပ်ခွင့်ရဖို့ အခက်အခဲတွေ အများကြီးရှိနေတာ သိလာ ရတယ်။ နောက် ကျောင်းက သင်ကြားရေးစနစ်ကလည်း မကောင်းဘူး၊ ဒီတော့ အပြင်ထွက်ပြီး နိုင်ငံခြား တက္ကသိုလ်တခုခုမှာ ကျောင်းသွားတက်နိုင်ရေးပဲ ကြိုးစားလာတဲ့ လူတွေ များလာတယ်” ဟု ပြောသည်။

အဆိုပါ ကျောင်းသူက “ကျောင်းတကျောင်းလုံးအနေနဲ့ ကျောင်းမပြီး၊ ဘွဲ့မရဘဲ ကျောင်းမှ ထွက်ခွာသူ ဦးရေ ဘယ်လောက်များတယ်ဆိုတာ အတိအကျ မသိပေမယ့် ၎င်းနဲ့ နီးစပ်သူ တနှစ်တည်း သူငယ်ချင်းကတော့ (၆) ယောက် ရှိတယ်” ဟု ပြောသည်။

အဆိုပါကိစ္စ ရန်ကုန်ဆေးရုံကြီးမှ အရိုးအထူးကု ဆရာဝန်ကြီး တဦးကို မေးမြန်းကြည့်ရာ ဘွဲ့မရခင် ကျောင်းထွက်မှုနှုန်း များလာခြင်း မှန်ကန်ကြောင်း အတည်ပြုပြောဆိုသည်။

ပုံမှန်စနစ်အရ ဆေးတက္ကသိုလ်များမှ ကျောင်းပြီး၍ ဘွဲ့ရသွားသည့် ဆရာဝန်လောင်းများ အနေဖြင့် အလုပ်သင် ဆရာဝန်အဖြစ် (၁) နှစ် လုပ်ကိုင်ရကြောင်း၊ ပြီးမှ အလုပ်လျှောက်ထားရပြီး ဆေးကုသခွင့် လိုင်စင် ရကြကြောင်း အဆိုပါ အထူးကု ဆရာဝန်ကြီးက ပြောပြသည်။

၎င်းက ဆက်ပြောရာတွင် “လက်ရှိ အခြေအနေကြည့်ရင် ကျန်းမာရေး ဝန်ကြီးဌာန လက်အောက် ကုသရေး၊ သင်ကြားရေးနဲ့ ရုံးလုပ်ငန်းတွေမှာတောင် ဆရာဝန်တွေကို အလုပ်ခန့်နိုင်ခြင်း မရှိဘူး။ ဆရာဝန်လောင်းပေါင်းများစွာ အလုပ်ရဖို့ စောင့်ဆိုင်းနေရတယ်။ ဒီ ဆရာဝန်တွေဟာ အလုပ်သင်လည်း ဆက်လုပ်ခွင့် မရှိ၊ ဆရာဝန်အဖြစ်လည်း အလုပ်ခန့်မှု မရှိ၊ ဆေးကုသခွင့် လိုင်စင်လည်း မရှိတဲ့အတွက် ဒီအတိုင်း ထိုင်စောင့်နေရတဲ့ သဘောဖြစ်တယ်။ လောလောဆယ် ၂ဝဝ၆ ခုနှစ်မှာ ကျောင်းပြီးတဲ့ ဆရာဝန်တောင် ခုမှ အလုပ်လျှောက်နေရတယ်။ ဒီအခြေအနေကို သိနေ၊ မြင်နေတဲ့ ဆေးကျောင်းသား၊ ကျောင်းသူတွေဟာ အတန်းမပြီးခင် ကျောင်းက ထွက်တာ များလာတဲ့ သဘောပါပဲ” ဟု ရှင်းပြသည်။

ရန်ကုန်မြို့မှ နိုင်ငံခြားပညာရေး အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်နေသူ တဦးကလည်း ယခုနောက်ပိုင်း နိုင်ငံခြား တက္ကသိုလ် တက်ခွင့် ရရန် ကြိုးစားလာကြသူများ ထဲတွင် ဆေးကျောင်း တပိုင်းတစ တက်ခဲ့သူများ၊ အင်ဂျင်နီယာကျောင်း တပိုင်းတစ တက်ခဲ့သူ များကြောင်း ပြောပြသည်။

ယခုလက်ရှိ ဆေးတက္ကသိုလ် သင်ကြားရေးနှင့် ပတ်သက်၍ အဆိုပါ အထူးကု ဆရာဝန်ကြီးက ဆက်လက်ရှင်းပြရာတွင် သင်ကြားမှုများ ညံ့ဖျင်းလာကြောင်း၊ တက္ကသိုလ် တက်နေသည့် ဆေးကျောင်းသားများမှာ ကျောင်းတက်ရုံမက စာမေးပွဲ အောင်ရန်အတွက် ကိုယ့်ကိုသင်သည့် ပါမောက္ခများထံတွင် မဖြစ်မနေ ကျူရှင်ယူရကြောင်း၊ ထို့အပြင် စာတတ်မြောက်လိုသူများ အတွက်ကတော့ အခြား နီးစပ်ရာ အထူးကု ဆရာဝန်ကြီးများထံ သင်ကြားရသည်ဟု ဆိုသည်။

အဆိုပါ အခြေအနေများသည် ရန်ကုန်ဆေးတက္ကသိုလ်များတွင် ကြုံတွေ့နေရသည့် အခြေအနေများဖြစ်သည်။ မကွေးဆေးတက္ကသိုလ်မှာ တက်ရောက် သင်ယူနေကြသည့် ကျောင်းသူ ကျောင်းသားများအတွက် သင်ကြားရေးနှင့် လက်တွေ့ကွင်းဆင်းရေး အခြေအနေမှာ ပို၍ဆိုးနေသည်ဟု စုံစမ်းသိရသည်။

ထို့ကြောင့် နောက်ပိုင်း ဆေးတက္ကသိုလ်များမှ အောင်သည့် ဆရာဝန်ငယ်များမှာ အစောပိုင်း ဆရာဝန်များနှင့် နှိုင်းယှဉ်လျှင် အရည်အချင်း လျော့ကျလာကြောင်း အရိုးအထူးကု ဆရာဝန်ကြီးက ဝေဖန်ပြောဆိုသည်။

Ref: ခေတ်ပြိုင်

Read More...

Firefox ရဲ့ လုပ်ဆောင်ချက်များ

မိုက်ကရိုဆော့ဖ်ရဲ့ Tnternet Explorer ဟာ လူသုံးအများဆုံး Web browser တခု ဖြစ်နေသေးပေမယ့် အသုံးပြုသူတော်တော်များများဟာ လိုသလို ထိမ်းချုပ် လုပ်ဆောင်နိုင်တဲ့ Mozilla ရဲ့ Firefox ပိုမို သဘောကျလာတာကို တွေ့ရပါတယ်။ Firefox ဟာ အင်တာနက်အတွက် စိတ်ကြိုက် အပြောင်းအလဲတွေ လုပ်နိုင်ပြီး အချိန်တိုတိုအတွင်း အများကြီးလုပ်နိုင်မှာ ဖြစ်ပါတယ်။ အောက်မှာဖေါ်ပြတဲ့ အချက်တွေကတော့ Firefox2.0 ထဲမှာ စိတ်ကြိုက် ပြောင်းလဲမှုတွေလုပ်နိုင်မယ့် လုပ်ဆောင်ချက်တွေဖြစ်ပါတယ်။

Tab တွေ အသုံးပြုခြင်း
Firefox ရဲ့ အကောင်းဆုံး လုပ်ဆောင်ချက်တွေထဲက တခုကတော့ tab တွေကိုသုံးပြီး စာမျက်နှာ အများအပြားကို အလွယ်တကူ ပြောင်းလဲ ကြည့်ရှုနိုင်တဲ့အချက်ပဲ ဖြစ်ပါတယ်။
Tab အသစ်တခုကို ဖွင့်ချင်တဲ့အခါ menu ကနေ သွားစရာမလိုပဲ Ctrl+T အတွဲ (သို့မဟုတ်) tab ဘားရဲ့နေရာလွတ်မှာ drouble click နှိပ်ရင် စာမျက်နှာ အလွတ်နဲ့ tab တခု ပွင့်လာစေသလို corsor ကလည်း address bar အတွင်း ရောက်ရှိနေမှာဖြစ်ပါတယ်။ Web Link တခုကို Tab အသစ်တခုနဲ့ ဖွင့်ချင်တယ် ဆိုလို့ရှိရင် အဲဒီ Link အပေါ် Right-click လုပ်ပြီး Open link in New tab ကို ရွေးချယ်နိုင်တဲ့အပြင် Link ပေါ်မှာ Pointer ရွှေ့ကာ Click လုပ်ပြီးလည်း ဖွင့်နိုင်ပါတယ်။ (မြန်မာဘလော့ဂါများရဲ့ Blog Webside တွေမှာဆိုရင် အခြားမြန်မာဘလော့ဂါများရဲ့ Link အချို့တွေကို ထည့်ပေးထားတယ်။ ဒါပေမယ့် တချို့ကRight-click လုပ်ပြီး Open link in New tab ကို ရွေးချယ် လိုက်မှ Tab အသစ်တခုနဲ့ ပွင့်ပြီး တချို့ကတော့ Target ထည့်ထားတဲ့ အတွက် Pointer ကို Link ပေါ်မှာတချက်တည်း left click ပေးလိုက်ရုံနဲ့ new tab နဲ့ပွင့်လာတာပါ။) တချို့ Link တွေဟာ Click လုပ်လိုက်တာနဲ့ Windows အသစ်နဲ့ စာမျက်နှာ ပွင့်လာပြီး tab အနေနဲ့ပဲ ဖွင့်ချင်တယ် ဆိုရင်တော့ menu ထဲက Tools/Options../Tabs ဆီကိုသွားပြီး a new tab ကိုရွေးချယ်။ ပြီးရင် Ok ကိုနှိပ်ရပါမယ်။

Ctro+tab ကီးအတွဲကို နှိပ်တဲ့ အခါ tab နဲ့ဖွင့်ထားတဲ့ စာမျက်နှာတွေ အစဉ်လိုက်အတိုင်း ပြောင်းလဲကြည့်ရှုနိုင်မှာ ဖြစ်ပြီး Ctro+Shift+tab ကို အတွဲလိုက်နှိပ်တဲ့ အခါ tab စာမျက်နှာတွေကို ဘယ်ဘက်ကနေ ညာဘက်ဆီ ရွှေ့ပေးသွားမှာ ဖြစ်ပါတယ်။ Ctro+1.2.3.4.5 စသဖြင့်လည်း tab တွေကို နံပါတ်အစဉ်အတိုင်း ခေါ်ပြီးဖွင့်နိုင်ပါသေးတယ်။

web စာမျက်နှာ အရွယ်စား အတွက်
Ctrl ကို ဖိထားရင်း keyboard အပေါ်တန်းက (+) ကို နှိပ်ပါ။ နှိပ်လေလေ font နဲ့ webpage စာမျက်နှာ ကြီးလာလေလေ ဖြစ်ပါလိမ့်မယ်။ အရွယ်အစား လျှော့ချဖို့ ကတော့ ‘Ctrl’ နဲ့ အနှုတ်လက္ခဏာ(-)ကို တွဲဖက်အသုံးပြုပါ။ ပုံမှန်အရွယ်အစားတိုင်း ပြန်ဖြစ်ဖို့အတွက် အတွက် Ctrl+0 (သုည)ကို နှိပ်နိုင်ပါတယ်။

အသုံးပြုတဲ့ အခါ လျှင်မြန်စေမယ့် Key board Shortcut များ။
အင်တာနက်ကြည့်ရှုတဲ့အခါ Mouse အစား Key board ကိုသုံးတဲ့အတွက် ပိုမိုမြန်ဆန်လာမှာ ဖြစ်ပါတယ်။ address bar ထဲ URL ရိုက်ထည့်ဖို့၊ ဒါမှမဟုတ် တခုခုရှာဖွေဖို့အတွက် Ctro+L ဒါမှမဟုတ် Alt+D ကိုသုံးနိုင်ပါတယ်။ Address bar ထဲမှာ domain name ရိုက်ထည့်ပြီး Ctro+Enter ကီး အတွဲကို နှိပ်လိုက်ရုံဖြင့် .com ။ Shift+Enter ဆိုရင် .net ။ Ctro+Shift+Enter ကိုဆိုရင် .org ။ ကို အလိုအလျှောက် ထည့်ပေးသွားမှာဖြစ်ပါတယ်။

Read More...

မတရား ထောင်ဒဏ်ချမှတ်သူတွေ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်ရာရောက်

20 November 2008
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေက နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ်နေတာတွေနဲ့ ပတ်သက်လို့ ဒါဟာ လူသားမျိုးနွယ်တွေ အပေါ်မှာ ရာဇ၀တ်မှု ကျူးလွန်တာ ဖြစ်တဲ့အတွက် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အနေနဲ့ မြန်မာ အစိုးရကို နိုင်ငံတကာ ရာဇ၀တ်တရားရုံးကို တင်သင့်တယ်လို့ နိုင်ငံတကာ တရားစီရင်ရေး အဖွဲ့က ပြောကြား လိုက်ပါတယ်။ မြန်မာ နအဖအစိုးရ အဖွဲ့ဝင်တွေနဲ့ အတူ တရားသူကြီးချုပ် ဦးအောင်တိုး၊ လှိုင်သာယာ တရားသူကြီး ဒေါ်အေးမြိုင်၊ တာမွေတရားသူကြီး ဒေါ်သန်းသန်း၊ ကျောက်တံတား တရားသူကြီး ဒေါ်ညွန့်ညွန့်၊ ခရိုင် တရားသူကြီးတွေ ဖြစ်တဲ့ ဦးသောင်းညွန့်၊ ဦးတင်ထွတ်နဲ့ ဒေါ်စိုးဥာဏ် တို့ကို နိုင်ငံတကာ ရာဇ၀တ် တရားရုံးက တရား စွဲဆိုနိုင်ပါတယ်။ အခုကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံတကာ တရားစီရင်ရေးအဖွဲ့က ဒု-ဥက္ကဌ အန်ဒရီရာက ဗွီအိုအေကို အခုလိုပြောပါတယ်။

“ရောမမြို့မှာ ပြဌာန်းခဲ့တဲ့ နိုင်ငံတကာ ရာဇ၀တ်တရားရုံးရဲ့ ဥပဒေ ပုဒ်မ(ရ) ကိုကြည့်မယ်ဆိုရင် လူတစ်ဦး တစ်ယောက် ချင်းစီကို မတရား ထောက်ဒဏ်ချမှတ်တာတွေ၊ မတရား ဖမ်းဆီးချုပ်နှောင် ပိတ်ပင် ထားတာတွေဟာ လူမျိုးစုတခုကို ဒါမှမဟုတ် လူ့အဖွဲ့အစည်းတခုကို ကျူးလွန်တာ မဟုတ်ပေမယ့် အဲဒီပုဒ်မအရ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်တဲ့အတွက် ဒါဟာ လူသားမျိုးနွယ်တွေအပေါ်မှာ ရာဇ၀တ်မှုကျူးလွန်တာမြောက်ပါတယ်။”

တရားသူကြီးတွေဟာ ၀န်ထမ်းတွေ ဖြစ်ပေမယ့်လည်း အခုလို စစ်အစိုးရရဲ့ မတရားတဲ့ အမိန့်အာဏာတွေကို အသုံးချပြီး အခုလိုမျိုး အပြစ်မဲ့တဲ့ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေကို ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ချမှတ်နေတဲ့အပေါ် တာဝန် မကင်းဘူး လို့ဆိုပါတယ်။
“နုရင်းဘတ်နဲ့ အီရတ်မှာ ဖြစ်ခဲ့တဲ့ တရားစီရင်မှုတွေကို ကြည့်မယ်ဆိုရင်လည်း တရားစီရင်တဲ့ တရားသူကြီးတွေဟာ တရားစီရင်ရေး တာဝန်ကို ထမ်းဆောင်ရင်း မတရားတဲ့ အမိန့်အာဏာကို လိုက်နာပြီး ပြစ်ဒဏ်တွေ ချမှတ် နေခဲ့ပါတယ်။ အခုလဲ ဒီတရားသူကြီးတွေက တရားစီရင်ရေး စနစ်ကို ဖန်တီးနေသူတွေ မဟုတ်ပေမယ့် ရာဇ၀တ်မှု ကျူးလွန်နေတာ ဖြစ်တဲ့အတွက် နအဖ အစိုးရက ခိုင်းတာကြောင့်လုပ်ရတာ ဖြစ်တယ်လို့ ပြောလို့မရနိုင်ပါဘူး။ တရားသူကြီးများလည်း ဒီနိုင်ငံတကာဥပဒေနဲ့ ငြိစွန်းနေပါတယ်။”

အခုလို လူသားမျိုးနွယ်တွေအပေါ်မှာ ရာဇ၀တ်မှုတွေ ကျူးလွန်နေတာနဲ့ ပတ်သက်လို့ နိုင်ငံတကာ ရာဇ၀တ်ခုံရုံးက မြန်မာ အစိုးရအာဏာပိုင်တွေနဲ့ တရားသူကြီးတွေကို လက်ရှိ အာဏာရှိနေတဲ့ အချိန်မှာ နိုင်ငံတကာ ရာဇ၀တ်တရားရုံး တရားစွဲဆိုလို့ရ၊ မရဆိုတာနဲ့ ပတ်သက်လို့ သူက အခုလို ဆက်ပြီးပြောပါတယ်။

“ရောမမြို့မှာ ပြဌာန်းတဲ့ နိုင်ငံတကာ ရာဇ၀တ် တရားဥပဒေအရ အခုလို လူသားမျိုးနွယ်တွေ အပေါ်မှာ ရာဇ၀တ်မှုတွေ ကျူးလွန်နေတာနဲ့ ပတ်သက်လို့ နိုင်ငံတကာ ရာဇ၀တ်ခုံရုံးက မြန်မာ နအဖအစိုးရ လက်ရှိအာဏာ ရှိနေတဲ့အချိန်မှာပဲ တရားစွဲဆို အပြစ်ပေးနိုင်ကြောင်း၊ ဒီဥပဒေအရပဲ ဆူဒန်နိုင်ငံ သမ္မတကိုလည်း အာဏာရှိနေစဉ်မှာပဲ နိုင်ငံတကာတရားရုံးက တရားစွဲဆိုခဲ့ပါတယ်။”
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ရက်ပိုင်းတွေက နိုင်ငံရေး လှုပ်ရှားတက်ကြွသူတွေကို မြန်မာ နအဖအစိုးရက ထောင်ဒဏ် ၂ နှစ် ကနေ ၆၅ နှစ် အထိ ချမှတ်နေတဲ့အတွက် နိုင်ငံတကာရဲ့ ပြင်းထန်တဲ့ ဝေဖန်မှုတွေကို ခံနေရပါတယ်။ ၈၈ မျိုးဆက် ကျောင်းသားတွေဖြစ်တဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ် စတဲ့ ကျောင်းသားခေါင်းဆောင်တွေ အပါအ၀င် အခြား နိုင်ငံရေး လှုပ်ရှား တက်ကြွ သူတွေကိုလည်း မြန်မာစစ်အစိုးရက ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်ခင်ဗျာ။

Ref: VOA News

Read More...

Wednesday, November 19, 2008

ရဲချုပ်ခင်ရီ ပြည်ထဲရေး ဒု-၀န်ကြီးအဖြစ် တိုးမြှင့်ခံရ

နိုဝင်ဘာလ 19 2008

မြန်မာစစ်အစိုးရအတွင်း ရာထူး အပြောင်းအလဲများအား ယနေ့တွင် ပြုလုပ်လျက်ရှိရာ ရဲချုပ်ဖြစ်သူ ဗိုလ်မှူးချုပ်ခင်ရီအား ဒုတိယ ပြည်ထဲရေးဝန်ကြီးအဖြစ် ရာထူးတိုးမြှင့်လိုက်ကြောင်း သတင်းရပ်ကွက်များ အဆိုအရ သိရသည်။

သို့သော်လည်း တရားဝင် အမိန့်ပြန်တမ်းမှာ လာမည့် သတင်းပတ် အနည်းငယ်တွင်မှ ထွက်လိမ့်မည်ဟု မျှော်မှန်းရသည်။

နအဖ စစ်ခေါင်းဆောင်များ၏ ၄ လပတ် အစည်းအဝေးမှ နောက်ဆက်တွဲအဖြစ် ပေါ်ထွက်လာမည့် ရာထူး အပြောင်းအလဲများနှင့် ပတ်သက်ကာ ဆက်လက် တင်ပြသွားပါမည်။

Ref:မဇ္ဈိမ

Read More...

ဆိုမာလီ ကမ်းလွန် ပင်လယ်ဓါးပြ သင်္ဘော အိန္ဒိယ ရေတပ် နှစ်မြုပ်

19 November 2008

ဆိုမားလီယား ကမ်းရိုးတန်းမှာ ရှိနေတဲ့ ပင်လယ် ဓားပြတွေ သိမ်းပိုက်ထားတယ်လို့ ယူဆထားရတဲ့ သင်္ဘော တစင်းကို အိန္ဒိယ ရေတပ် သင်္ဘော တစင်းက ဖျက်ဆီး နှစ်မြုပ်ပစ် လိုက်တယ်လို့ အိန္ဒိယ ရေတပ်က ပြောကြားလိုက်ပါတယ်။ စပိဘုတ် ၂စင်း ခြံရံထားတဲ့ ပင်လယ်ဓားပြတွေ သိမ်းထားတယ်လို့ ယူဆရတဲ့ သင်္ဘောနဲ့ အိန္ဒိယ ရေတပ် သင်္ဘော တာဘာ တို့အကြား အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဒီနေ့ အိန္ဒိယ စစ်အရာရှိတွေက ပြောပါတယ်။ ဒါ့အပြင် ပင်လယ် ဓားပြတွေက စစ်သင်္ဘောကို စတင် ပစ်ခတ်ခဲ့တာ ဖြစ်ပြီး စစ်တပ်က သူတို့ သဘောင်္ကို နစ်မြုပ်ပစ်လိုက်တယ်လို့ ဆိုပါတယ်။

ဒီ ပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့ အီဒင် ပင်လယ်ကွေ့မှာ အင်္ဂါနေ့က သင်္ဘော ၃ စင်းကို ပင်လယ် ဓားပြတွေက အပိုင်စီးခဲ့တယ်လို့ ရေကြောင်း အရာရှိတွေက ပြောပါတယ်။ ဒါဟာ သင်္ဘောသား ၁၆ဦး အပါ ထိုင်း ငါးဖမ်းသင်္ဘော တစင်း၊ သင်္ဘောသား ၂၅ ဦးပါ အီရန် ကုန်တင် သင်္ဘောနဲ့ သင်္ဘောသား ၂၃ဦး အနဲဆုံး ပါတဲ့ ဂရိ သင်္ဘောတို့ ဖြစ်တယ်လို့ ဆိုပါတယ်။ တချိန်တည်းမှာပဲ သင်္ဘောသား ၂၅ဦး ပါ ဆော်ဒီ ရေနံတင် သင်္ဘောကို ပင်လယ်ဓားပြတွေ ခြေကုတ်ယူထားတဲ့ ဆိုမာလီ ဆိပ်ကမ်း ဟာရာရာဆီကို ပင်လယ်ဓားပြတွေက မောင်းနှင်ပြီး ခေါ်ဆောင်သွားတာ တွေ့ရတယ်လို့ အမေရိကန် အရာရှိတွေက ဆိုပါတယ်။

Ref: VOA News

Read More...

ဥပဒေအသုံးချ နှိပ်ကွပ်နေတာတွေကို ကုလအထူးကိုယ်စားလှယ် စိုးရိမ်

19 November 2008

မြန်မာနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ အစိုးရနဲ့ သဘောထားကွဲလွဲသူတွေကို အခုရက်ပိုင်း နှစ်ရှည် ထောင်ဒဏ်တွေ ချနေတဲ့အပေါ် အထူးစိုးရိမ်တဲ့ အကြောင်း ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ အထူးစုံစမ်းစစ်ဆေးသူ ၅ ဦးက ထုတ်ဖော် ပြောဆိုလိုက်ကြပါတယ်။ ဒီလို နှောင့်ယှက်ဖမ်းဆီး ထောင်ချနေတာတွေကို ရပ်ဆိုင်းဖို့လည်း တောင်းဆို လိုက်ကြပါတယ်။ လူ့အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂ အထူးစုံစမ်း စစ်ဆေးရေးမှူး တဦးကို ကိုကျော်ကျော်သိန်းက ဆက်သွယ်မေးမြန်းပြီး အပြည့်အစုံ တင်ပြထားပါတယ်။

အာဏာရှင်အစိုးရ အုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံက အခြေအနေအရပ်ရပ်အပေါ် အထူးစိုးရိမ်မိတဲ့ အကြောင်း ဗွီအိုအေကို ပြောခဲ့သူကတော့ လွတ်လပ်စွာ သဘောထားအမြင် ရှိခွင့်နဲ့ ထုတ်ဖော်ပြောဆိုခွင့်တွေကို မြှင့်တင်ကာကွယ်ရေးဆိုင်ရာ ကုလသမဂ္ဂရဲ့ အထူး စုံစမ်း စစ်ဆေးရေးမှူး မစ္စတာ ဖရန့်ခ် လာ ရူး (Frank La Rue) ဖြစ်ပါတယ်။

"အာဏာရှင် အစိုးရတရပ်က တရားဥပဒေကို ဒီလို ရက်ရက်စက်စက် လုပ်ရပ်မျိုးမှာ အသုံးပြုတဲ့ အခါတိုင်း စိုးရိမ်ဖွယ်ရာ ဖြစ်တာပါပဲ။ တရားဥပဒေဟာ လူ့အခွင့်အရေးနဲ့ လူ့အခွင့်အရေး ဆိုင်ရာ ကိစ္စရပ်တွေပေါ်မှာ အခြေခံသင့်တယ်လို့ ကျနော်တို့ ယုံကြည် ပါတယ်။ အတိုက်အခံဘက်က လူတွေကို ဖမ်းဆီးထိန်းသိမ်းတာ၊ နှစ်ရှည်ထောင်ဒဏ်တွေ ချပစ်တာတွေအပေါ် ကျနော်တို့ အရမ်းကို စိုးရိမ် ပါတယ်။ တရားရေးစနစ်ရဲ့ လွတ်လပ်မှုနဲ့ အမြင်တွေအပေါ် ကျနော်တို့ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ ဒါ့ကြောင့်လည်း အထူး စုံစမ်း စစ်ဆေးသူတွေအနေနဲ့ ကျနော်တို့ရဲ့စိုးရိမ်မှုကို အစိုးရ သိအောင်ဖော်ပြပြီး ထိန်းသိမ်း ထားသူတွေရဲ့ အခြေအနေနဲ့ပတ်သက်လို့ နောက်ထပ် သတင်း အချက်အလက်တွေ တောင်းခံထားတာပါ။"

မစ္စတာ ဖရန့်ခ် လာ ရူးဟာ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ ဆိုင်ရာ အထူး စုံစမ်းစစ်ဆေးရေးမှူး မစ္စတာ တောမတ်စ် အိုဟေးယား ကင်တားနား (Tomás Ojea Quintana) အပါအ၀င် တခြား လူ့အခွင့်အရေး အထူး စုံစမ်းစစ်ဆေးရေးမှူး ၄ ဦးနဲ့အတူ မြန်မာနိုင်ငံက လက်ရှိ ထောင်ချပစ်နေတာတွေနဲ့ ပတ်သက်ပြီး နိုဝင်ဘာလ ၁၈ ရက်နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန်ရာမှာ ပါဝင်ခဲ့သူပါ။

သူတို့ရဲ့ ထုတ်ပြန်ချက်ထဲမှာ အခြေခံဥပဒေမှာ ပုံဖော်ထားတဲ့အတိုင်း ပါတီစုံဒီမိုကရေစီ အရပ်သား အစိုးရတရပ်ဆီ အသွင် ကူးပြောင်းရေး အတွက် ပြုပြင် ပြောင်းလဲရေးတွေ စပြီးလုပ်ဆောင်ဖို့၊ ၂၀၁၀ ပြည့်နှစ်မှာကျင်းပမယ့် လွတ်လပ်ပြီး တရားမျှတတဲ့ အထွေထွေ ရွေးကောက်ပွဲတွေအတွက် အရေးကြီးတဲ့ ကြိုတင် သတ်မှတ်ချက်တွေ ပြည့်ဝစေရေး လုပ်ငန်းတွေကို ချက်ချင်း စပြီး လုပ်ဆောင်ဖို့ အာဏာပိုင်တွေကို အပြင်းအထန် တိုက်တွန်း ထားပါတယ်။ အခြေခံဥပဒေနဲ့ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွေ ကိစ္စကို မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားသူ တွေကရော၊ မြန်မာ့အရေး စိတ်ပါဝင်စားတဲ့ တခြား ကမ္ဘာ့နိုင်ငံတွေကရော လက်မခံနိုင်ဘူးလို့ ပြောထားတာတွေကလည်း ရှိတော့ ကုလသမဂ္ဂ အထူးစုံစမ်း စစ်ဆေးသူတွေ အပါအ၀င် ကုလသမဂ္ဂရဲ့ သဘောထားက အခြေခံ ဥပဒေကို လက်ခံတယ်၊ ၂၀၁၀ ရွေးကောက်ပွဲ နည်းလမ်းအတိုင်းပဲ သွားမယ်ဆိုတဲ့ အဓိပ္ပာယ် သက်ရောက်သလို ဖြစ်နေပါတယ်။

ဒီအပေါ်မှာ မစ္စတာ ဖရန့်ခ် လာ ရူးက ကုလသမဂ္ဂဟာ အပြုသဘောဆောင်တဲ့ နည်းလမ်းနဲ့ ချဉ်းကပ်ဖို့ ကြိုးစားပါတယ်လို့ ဆိုပါတယ်။
"အခြေခံဥပဒေကို လက်ခံဖို့ လက်မခံဖို့ဆိုတာ ကျနော်တို့ရဲ့ အခန်းကဏ္ဍ မဟုတ်ပါဘူး။

ကျနော်တို့ရဲ့ အခန်းကဏ္ဍက အခြေခံဥပဒေတွေဟာ ယေဘုယျအားဖြင့် နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းစံထားဘောင်ထဲမှာ ရှိရဲ့လား၊ နိုင်ငံတွင်းမှာ နိုင်ငံတကာ လူ့အခွင့်အရေးတွေကို လေးစားသမှုရှိရဲ့လား ဆိုတာကို ကြည့်ဖို့ဖြစ်ပါတယ်။" ဒါ့အပြင် သူတို့ရဲ့ ထုတ်ပြန်ချက်ထဲမှာ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ တရားရေးစနစ်ကို ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ တိုက်တွန်းထားတဲ့အချက် ပါပါတယ်။ လက်နက်ကိုင်တပ်ဖွဲ့ တွေ ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ တိုက်တွန်းရတဲ့ အဓိကအကြောင်းရင်းက ဘာပါလဲ ဆိုတဲ့ မေးခွန်းအပေါ်မှာ မစ္စတာ ဖရန့်ခ် လာ ရူးက ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့် အရေးအခြေအနေဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးမှူး မစ္စတာ တောမတ်စ်
အိုဟေးယား ကင်တားနားဟာ မြန်မာနိုင်ငံက အခြေအနေ အဖြစ်အပျက်တွေကို အနီးကပ် စောင့်ကြည့်လေ့လာနေသူဆိုပြီး ပြန်ညွှန်းပါတယ်။ သူ့အနေနဲ့ကတော့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ပေးဖို့ကိုပဲ အဓိက ပြောဆိုခဲ့ပါတယ်။

"လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ အထူးစုံစမ်းစစ်ဆေးသူအနေနဲ့ ကျနော့်ရဲ့ အဓိက စိုးရိမ်ချက်ကတော့ အတိုက် အခံတွေရဲ့အမြင်ကို ထင်ဟပ်ပြောဆို ကြတယ်ဆိုပြီး လူတွေကို ဖိနှိပ်နေတာ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် မပေးတာပါပဲ။ ဘယ်လို
ဒီမိုကရေစီ လူ့အဖွဲ့အစည်းမျိုးမှာမဆို သူတို့ရဲ့ ကိုယ်ပိုင်ထင်မြင်ယူဆချက်တွေကို ထုတ်ဖော်ပြောဆိုခွင့်ရှိတဲ့၊ လေးစားသမှုနဲ့ နားထောင်ခွင့်ရသင့်တဲ့ အတိုက်အခံ အမျိုးမျိုးကို ခွင့်ပြုဖို့ အရေးကြီးတယ်လို့ ကျနော်ထင်ပါတယ်။"

လွတ်လပ်စွာ သဘောထားအမြင်ရှိခွင့်နဲ့ ထုတ်ဖော်ပြောဆိုခွင့်တွေကို မြှင့်တင်ကာကွယ်ရေး ဆိုင်ရာ ကုလသမဂ္ဂရဲ့ အထူးစုံစမ်း စစ်ဆေးရေးမှူး မစ္စတာ ဖရန့်ခ် လာ ရူး ပြောပြသွားတာ ဖြစ်ပါတယ်။

အခုလို ကုလသမဂ္ဂနဲ့ နိုင်ငံတကာက စိုးရိမ်တဲ့အကြောင်း ဆက်တိုက်ဆိုသလို ပြောဆိုလာတဲ့ ကြားကပဲ မြန်မာ အာဏာပိုင်တွေကတော့ ဖမ်းဆီးထားတဲ့ထဲက ထောင်မချရ သေးတဲ့သူတွေကို နှစ်ရှည်ထောင်ဒဏ်တွေ ဆက်ပြီးချလိုက်၊ ထောင်ချပြီးတဲ့ထဲက တချို့ကို ဝေးလံခေါင်သီတဲ့ ထောင်တွေဆီ ပြောင်းပို့လိုက် လုပ်နေဆဲပါ။

ဖမ်းဆီးခံထားရသူ အများစုဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ မတိုင်ခင်လေးနဲ့ ရွှေဝါရောင် လှုပ်ရှားမှုအပြီး ဖမ်းဆီး ခံရသူတွေဖြစ်ပြီး တရားရုံးတင် မစစ်ဆေးဘဲ ချုပ်ထား တာကိုက နှစ်နဲ့ချီ ကြာမြင့်နေပါပြီ။ ဒီလူတွေကို အခုအချိန်ကျမှ ဆက်တိုက် မြန်မြန်ဆန်ဆန် ထောင်ချ ပစ်နေတာဟာ ဘာ့ကြောင့်လဲ၊ နောက်ကွယ်မှာ ဘာအကြောင်းတွေ ရှိသလဲဆိုပြီး မြန်မာ့အရေး စောင့်ကြည့် လေ့လာ သူတွေကြား ဆန်းစစ် အဖြေ ရှာနေကြပါတယ်။

Ref: VOA News

Read More...

အရှင်ဂမ္ဘီရကို ထောင်နှစ်ရှည်ချမှတ်

18 November 2008

မြန်မာစစ်အစိုးရက နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတွေကို ဒီရက်ပိုင်းအတွင်း ထောင်ဒဏ် ပြစ်ဒဏ်တွေ ချမှတ်နေရာမှာ ဒီကနေ့မှာတော့ ထင်ရှားတဲ့ သံဃာတော် အရှင်ဂမ္ဘီရ အပါအ၀င် ဖမ်းဆီးခံထားရ သူတွေကို နှစ်ရှည်ထောင်ဒဏ်တွေ ဆက်လက် ချမှတ်လိုက်ပါတယ်။
တက်ကြွ လှုပ်ရှားသူတွေကို ကြီးလေးတဲ့ပြစ်ဒဏ်တွေ ချမှတ်နေလို့ ပြည်တွင်းပြည်ပက ဝေဖန်သံတွေ ထွက်ပေါ်နေတဲ့ ကြားကပဲ အခုလို ဆက်လက် လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။ အကြောင်းစုံကို စုံစမ်းမေးမြန်းပြီး ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

ထိန်းသိမ်းခံနေရတဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို နေ့စဉ်ရက်ဆက်ဆိုသလို ထောင်ဒဏ် ပြစ်ဒဏ်တွေ စီရင်ချမှတ်နေတဲ့ အထဲမှာ အခု နောက်ဆုံးဆိုရင်လည်း ပြီးခဲ့တဲ့နှစ် စက်တင်ဘာ သံဃာတော်တွေရဲ့ မေတ္တာပို့ ကြွချီလှုပ်ရှားမှုတွေမှာ ထင်ရှားခဲ့တဲ့ အရှင်ဂမ္ဘီရ အပါအ၀င် တက်ကြွလှုပ်ရှားသူ တိုင်းရင်းသား လူငယ်တချို့ကိုပါ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်လိုက်တာပါ။ သာသနာညှိုးနွမ်းစေမှု၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်စေမှု၊ ဥပဒေမဲ့ လူစုလူဝေးတွေမှာ ပါဝင်မှု စတာတွေ အပါအ၀င် စွပ်စွဲချက် အများအပြားနဲ့ ရင်ဆိုင် နေရတဲ့ အရှင်ဂမ္ဘီရကို ဒီကနေ့ အင်းစိန်ထောင်တွင်း အထူးတရားခွင်ကနေ ထောင်ဒဏ် ၁၂ နှစ်၊ သူနဲ့အတူ နောက်ထပ် ရဟန်းတော် တပါးဖြစ်တဲ့ ဦးကေလာသကို ၃၅ နှစ်အထိ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့တာပါ။

ဒီကနေ့ အင်းစိန်ထောင်တွင်း အထူးတရားရုံးကနေ အခုလိုပြစ်ဒဏ်တွေ စီရင်ခဲ့တာတွေ ရှိခဲ့သလို နောက်ထပ် စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်နေရဆဲဖြစ်တဲ့ အရှင်ဂမ္ဘီရအနေနဲ့ ဆက်လက် ပြစ်ဒဏ်တွေ စီရင်ခံရစရာ ရှိနေသေးတဲ့ အခြေအနေနဲ့ ပတ်သက်လို့ မိသားစုနဲ့ နီးစပ်တဲ့ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တယောက်က ပြောပြတာကတော့ …
"ဦးကေလာသနဲ့ ဦးဂမ္ဘီရ၊ ဦးဂမ္ဘီရက ၁၂ နှစ်၊ ဦးကေလာသ မန္တလေးကတော့ ၃၅ နှစ်၊ အဲဒီလို ချလိုက်တယ်။ ပုဒ်မတွေကတော့ အများကြီးပဲ။ ဦးဂမ္ဘီရကတော့ မပြတ်သေးဘူး ပြောတယ်။ နောက်ထပ် တွဲစရာတွေ ရှိသေးတယ်။ များဖို့အလားအလာ ရှိတယ်၊ ၃၀ ကျော်မယ်၊ သူလည်းပဲ အဲလောက်ပဲဖြစ်မှာပဲ။"

ဒီလိုပဲ ဒီကနေ့ အင်းစိန်ထောင်တွင်း အထူး တရားရုံးတွေကပဲ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ထဲတုန်းက သံဃာ့လှုပ်ရှားမှုတွေ နောက်ဆက်တွဲ ဖမ်းဆီးခံခဲ့ရတဲ့ တိုင်းရင်းသားလူငယ် တချို့ဟာ ဆိုရင်လည်း နှစ်ရှည် ထောင်ဒဏ်ပြစ်ဒဏ်တွေ ချမှတ်ခံခဲ့ရပါတယ်။ ဒီအထဲမှာ ထင်ရှားတဲ့ တိုင်းရင်းသား နိုင်ငံရေး ခေါင်းဆောင်တဦးဖြစ်တဲ့ ဇိုမီးကွန်ဂရက်ပါတီ ဥက္ကဋ္ဌ ဦးကျင့်ရှင်းထန်ရဲ့ သားဖြစ်သူ ကန်မ်လမ်ခုပ် ခေါ် ကိုကျော်စိုး၊ တူဖြစ်သူ ကပ်ခန်းခွာနဲ့ သူတို့နဲ့အတူ ရခိုင် အမျိုးသားတဦးဖြစ်တဲ့ ကိုတင်ထွန်းအောင်တို့ကို ထောင်ဒဏ် ၃၃ နှစ်စီ ချမှတ်လိုက်တာပါ။ ဒါနဲ့ပတ်သက်လို့ ဦးကျင့်ရှင်းထန်ကို ဆက်သွယ်မေးမြန်းကြည့်ပါတယ်။

"ကျနော်ကြားတာ သားကတော့ ၃၃ နှစ်၊ တူကတော့ ၈ နှစ်၊ သူတို့အတွဲက သုံးဦး ဆိုတော့ နောက်တယောက် တင်ထွန်းအောင် ဆိုတဲ့လူက ၃၃ နှစ်ပဲ။ ကျနော်ကတော့ ကိုယ်တိုင် မသွားဘူး၊ အဲလိုပဲကြားတာပဲ။ ကျနော်တို့ ၀င်လို့မရလို့။ ကျနော်တို့ရှိနေလည်း ၀င်ခွင့်မပြုဘူး။ ကျနော်တို့လည်း ၀င်လို့မရတာနဲ့ ထောင်အ၀ကနေ စောင့်နေတာပေါ့၊ သားတယောက်က စောင့်နေတာ။"

စက်တင်ဘာ သံဃာတော်တွေရဲ့ လှုပ်ရှားမှုတွေနဲ့ ဆက်နွယ် ဖမ်းဆီးခံခဲ့ရပြီး အခုနောက်ဆုံး ဒီလိုကြီးလေးတဲ့ ပြစ်ဒဏ်တွေ ချမှတ်လိုက်တာဟာ မြန်မာနိုင်ငံက တရားစီရင်ရေးစနစ် ယိုယွင်းနေတာကို ပြသလိုက်တာပဲ ဆိုပြီးတော့ ကိုယ်တိုင်လည်း ဥပဒေပညာရှင် တဦးဖြစ်တဲ့ ဦးကျင့်ရှင်းထန်က ဆိုပါတယ်။

"သံဃာတော်အရေးအခင်းမှာ သူတို့လည်းပါတယ်ဆိုတဲ့ အနေအထားမျိုးနဲ့ ဒီပုဒ်မတွေ ထည့်ထား တာပေါ့။ ဒီဥစ္စာ မဆီမဆိုင်ဖြစ်နေတယ်။ ပြီးတော့ တရားဥပဒေဆိုတာ တရက်တည်း တလတည်းမှာ ဖြစ်ပျက်နေတဲ့ သူတို့စွဲချက်အရ ဆိုရင်လည်း တပေါင်းတည်းလုပ်ပြီး အကြီးဆုံးဟာနဲ့ စွဲချက်တင်ရမယ့်ဟာကို ပုဒ်မ ဆယ်ခုလောက်လုပ်ပြီး အဲဒီဆယ်ခုစလုံးနဲ့ အပြစ်ပေးပြီး အဲဒီအပြစ်တွေပေါင်းပြီး ၃၃ လောက်ဖြစ်သွားတဲ့ သဘောပေါ့။ ဒါဟာ ဥပဒေအရ မှားယွင်း တာပေါ့။

"ကျနော်မြင်တာတော့ လုံးဝ တရားဥပဒေနဲ့ ကိုက်ညီမှုမရှိဘူး။ တရားရုံးကလည်း တရားရုံး နာမည်သာခံပြီးတော့ သူတို့မှာ အာဏာသိပ်မရှိတဲ့သဘော။ အပေါ်ကနေ ဒီလောက်ပေး၊ ခင်ဗျားတို့ ကြေညာဆိုပြီးတော့ ဒီသဘောပဲ။ သူတို့မမှန်တာကို အမှု စစ်တဲ့အချိန်မှာလည်း ဒီဥစ္စာတွေ တရားဥပဒေအရ မမှန်ဘူး၊ ရှေ့နေတွေက တင်ပြတယ်။ မမှန်မှန်းကို လိုပြ သက်သေတွေ ကိုယ်တိုင်က ၀န်ခံတယ်။ အဲဒါကို မပယ်ဖျက်ဘဲ ဆိုင်းထားပြီး သူတို့ပေးတဲ့ အပြစ်ကို ပေးခိုင်းတာ။ အဲတော့ ဒါဟာ တရားရုံးဆိုတာလည်း မရှိတော့ ဘူးပေါ့။ ကျနော့်အမြင်မှာ ဒီတရား စီရင်ရေးကလည်း ပြိုလဲသွားပြီဗျာ။ ကျနော်တို့နိုင်ငံမှာ မဏ္ဍိုင်သုံးခုဆိုတာ မရှိတော့ဘူး။ အာဏာပိုင် တခုတည်းပဲရှိတယ်။ ဒါကအမိန့်၊ ချချင်တာချ၊ ဖမ်းချင်တာဖမ်း၊ ဒီသဘောမျိုး ဖြစ်သွားတယ်။"

ဒီရက်ပိုင်းအတွင်း နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတွေကို ထောင်ဒဏ် ချမှတ်တာတွေ လုပ်ဆောင် နေရုံသာမက ပြစ်ဒဏ်ချမှတ် ခံခဲ့ရပြီးသူတွေကိုလည်း မိသားစုနဲ့ဝေးရာ နယ်ထောင်တွေကို ပို့ဆောင်နေတာတွေရှိလို့ မိသားစုတွေအနေနဲ့ စိုးရိမ်ပူပန်စရာတွေ
ကလည်း ဖြစ်နေရတာပါ။

"အဲဒီကိစ္စနဲ့ ကျနော်တို့ အပူပင်ဆုံးဗျာ။ အခုက ချမ်းတဲ့ ရာသီလည်းဖြစ်တယ်၊ သူတို့နဲ့လည်း တွေ့ဖို့ အခွင့်ကမရတော့၊ အခုက အမိန့်ချပြီးပြီ။ အမိန့်ချလိုက်တာတော့ ထားလိုက်ပါတော့။ ထောင်ထဲမှာ အနားပေးခိုင်းတာပါ။ ဒါပေမယ့် ဒီမှာအနားမပေးဘဲ နယ်စွန် နယ်ဖျားပို့မယ်၊ ပြီးတော့ အဲဒီမှာ ရာသီဥတုကလည်း တမျိုးစီ၊ လုံလောက်တဲ့ အ၀တ်အစားလည်း မပါနိုင်ဆိုတော့ အဲဒီအတွက် ကျနော်တို့ စိတ်ပူတာပေါ့။"

ဒီကနေ့ ထောင်ဒဏ် ၃၃ နှစ်အထိ အပြစ်ပေးခံခဲ့ရတဲ့ ဇိုမီးတိုင်းရင်းသား လူငယ်တွေရဲ့ ဖခင်နဲ့ ဦးလေးဖြစ်သူလည်းဖြစ်၊ တိုင်းရင်းသား နိုင်ငံရေး ခေါင်းဆောင်တဦးလည်း ဖြစ်တဲ့ ဦးကျင့်ရှင်းထန် ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ထောင်ဒဏ်ပြစ်ဒဏ် ချမှတ်ခဲ့ပြီးသားဖြစ်တဲ့ ဘိုကလေးမြို့က တက်ကြွလှုပ်ရှားသူ လူငယ်တချို့ကိုလည်း ကျန်နေသေးတဲ့ စွပ်စွဲချက်တွေထဲက တချို့ကို ဆက်လက်စစ်ဆေးပြီး နောက်ထပ်တိုးပြစ်ဒဏ်တွေ ချမှတ်ခဲ့တာလည်း ရှိခဲ့တယ်လို့
နိုင်ငံရေးအကျဉ်းသား မိသားစုတွေက ပြောပြကြပါတယ်။

Ref: VOA News

Read More...

Tuesday, November 18, 2008

အာဏာရှင်ကြီးများ၏ အတွင်းရေး - အပိုင်း(၁)

အခန်းဆက် ဆောင်းပါး တင်ဆက်ရခြင်း၏ ရည်ရွယ်ချက်

စာဖတ်သူများခင်ဗျား -

ဦးနေ၀င်းဟာ တစ်ဦးတည်းသော အကိုးကွယ်ခံ စစ်အာဏာရှင်ကြီး ဘ၀ရောက်အောင် ဘယ်လို ဥာဏ်နီ ဥာဏ်နက်တွေ သုံးပြီး စက်ပုန်းခုတ်သွားတယ်၊ ဆိုရှယ်လစ် စနစ်ကို အမှန် ယုံကြည်မှု မရှိခဲ့ဘဲ ဦးနေ၀င်းနှင့် အပေါင်းအပါတို့ရဲ့ အာဏာတည်မြဲရေးအတွက်သာ လုပ်ခဲ့ကြပုံ၊ ခွင့်လွှတ် နိုင်ဖွယ် မရှိသော အမှားကြီး များကို ဦးနေ၀င်းဟာ အကြိမ်ကြိမ် ကျူးလွန်ခဲ့ပုံ၊ ဖြုတ်, ထုတ်, ချ ခံရသော တပ်မတော် ထောက်လှမ်းရေး အကြောင်း၊ မျက်မှန်ကြီး ဗိုလ်မှူးချုပ်တင်ဦး အကြောင်း၊ ဦးနေ၀င်းရဲ့ အတွင်းရေး ဇာတ်လမ်းများ အကြောင်း၊ တောခိုခဲ့တဲ့ ဗိုလ်ကြီးကျော်စွာမြင့် အကြောင်းနဲ့ တပ်မတော် ပြုပြင်ပြောင်းလဲရေးကို လိုလားပြီး အာဏာရှင်တွေကို ဖြုတ်ချဖို့ ကြံစည်တဲ့ ဗိုလ်ကြီးအုံးကျော်မြင့် ကွပ်မျက်ခံခဲ့ရပုံနှင့် တပ်မတော်သားများ၏ ကြည်ညို လေးစားမှုကို ခံယူခဲ့နိုင်တဲ့ သူရဲကောင်း ဗိုလ်ချုပ်ကြီး သူရတင်ဦးအကြောင်း စတာတွေ ပါဝင်တဲ့ ဒုဗိုလ်မှူးကြီး ကြည်ဆွေရဲ့ အာဏာရှင်ကြီး များ၏ အတွင်းရေး စာအုပ်ကို စာဖတ်သူများ ဗဟုသုတ ရရှိစေဖို့ ကိုဖိုးတရုတ်က အပတ်စဉ် အခန်းဆက်တင်ပြဖို့ စီစဉ်ထားပါတယ်။ ဒီစာအုပ် ရေးသား ထုတ်ဝေ ခဲ့သူ ဒု- ဗိုလ်မှူးကြီး ကြည်ဆွေဟာ ဒီစာအုပ်ငယ်ကြောင့် ထောင်ဒဏ် ဆယ်နှစ် အပြစ်ပေးခံခဲ့ရပြီး ထောင်က ရရှိခံစားခဲ့ရတဲ့ ရောဂါ ဝေဒနာနဲ့ပဲ ကွယ်လွန်သွားရ ရှာပါတယ်။ သူ့ရဲ့ မိသားစုဝင်များလည်း မကြာခဏ ခေါ်ယူစစ်ဆေး မေးမြန်းခံခဲ့ရပါတယ်။ ဤ စာအုပ်ပါ အကြောင်းအရာများကို ကျွန်တော့် အနေနဲ့ တင်ပြရာမှာ တစ်ပါတီ အာဏာရှင် စနစ်ဆိုး ကျဆုံးသွားရတဲ့ အကြောင်းရင်း၊ တပ်မတော်သားများ အာဏာရှင် စနစ်ကြောင့် တပ်မတော် ဂုဏ်သိက္ခာ ညှးိနွမ်း ကျဆင်းရတဲ့ အကြောင်းရင်းစတဲ့ ရည်ရွယ်ချက် များနှင့် တင်ပြရခြင်းဖြစ်လို့ ခေတ်နဲ့ မလျော်ညီတဲ့ အချို့အကြောင်းအရာ အချက်အလက်များကို စီစစ် တည်းဖြတ် ဖော်ပြသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် န၀တခေတ်၊ နအဖခေတ်တို့မှ အာဏာရှင်များရဲ့ အတွင်းရေးများနဲ့ ဤစာအုပ်ပါ အာဏာရှင်တွေရဲ့ အတွင်းရေး ဇာတ်လမ်းများ ဆက်စပ်မှု ရှိခဲ့ပုံတွေကို ကျွန်တော်က စစ်ဖက်နီးစပ်သူများနှင့် ဆွေးနွေးညှိနှိုင်းပြီး ဒီစာအုပ်ပါ အချက်အလက်များကို ကျောရိုး ထားကာ နောက်ဆုံး အခြေအနေနဲ့ အကျုံးဝင်နေတဲ့ စစ်တပ်အတွင်းရေး အကြောင်းအရာ အချက်အလက် အသစ်များကို ထပ်မံဖြည့်စွက် ဖော်ပြသွားမှာ ဖြစ်ပါတယ်။ ယခု အပတ်မှာတော့ တပ်မတော် ထောက်လှမ်းရေး အကြောင်း ဦးစွာ တင်ပြသွားပါမယ်။

တပ်မတော် ထောက်လှမ်းရေး- အပိုင်း (၁)

ယခင်က တပ်မတော် ထောက်လှမ်းရေးတပ်ဖွဲ့များကို စစ်မြေပြင် ထောက်လှမ်းရေး သဘောတရား လောက်နှင့် လုံခြုံရေးပညာများကိုသာ မတောက်တခေါက် သင်ကြားရစေပြီး တာဝန်ပေး ခဲ့ရသဖြင့် ထောက်လှမ်းရေး အမှုထမ်း ရွေးချယ်မှုမှစပြီး တပ်ဖွဲ့စည်းမှုအထိ ဖြစ်သလိုသာ စခန်းသွားခဲ့ကြရပါသည်။ ထောက်လှမ်းရေး တပ်ဖွဲ့များအနေနှင့် တပ်များအား လည်းကောင်း၊ စစ်ဌာနချုပ်များအား လည်းကောင်း၊ ထိထိရောက်ရောက် မကူညီနိုင်ခဲ့ပါ။ ထို့ကြောင့် ထိုစဉ်အခါက တပ်မတော် စစ်ဆင်ရေးများသည် “ငါးပွက်ရာ ငါးစာချ” ဟူသကဲ့သို့ စိတ်မှန်းနှင့် လည်းကောင်း၊ သတင်းကြားနှင့် လည်းကောင်း စစ်ဆင်ရေး လုပ်ရသကဲ့သို့ ဖြစ်ခဲ့ကြပါသည်။ ရန်သူနှင့် ထိပ်တိုက်တိုးမှ သော်လည်းကောင်း၊ ရန်သူက လာတိုက်မှ သော်လည်းကောင်း၊ စစ်ဆင်တိုက်ခိုက်ကြရပြီး မိမိတပ်များက ထောက်လှမ်း စီမံချက်ဖြင့် စစ်ဆင်တိုက်ခိုက် နိုင်သည့် အခြေအနေမှာ မရှိသလောက်ပင် ဖြစ်ခဲ့ရပါသည်။ အဲဒီနောက် ထောက်လှမ်းရေးကို အင်အား တိုးချဲ့လာရာမှ တန်ခိုးထွားလာပြီး အာဏာရှင်တွေရဲ့ လက်ကိုင်ဒုတ် အဖွဲ့အစည်း ဖြစ်လာပြီး တပ်တွင်း အာဏာလုပွဲတွေမှာ အသုံးချခြင်းမျိုးနဲ့ နိုင်ငံရေးသမားများကို လျှို့ဝှက် ထောက်လှမ်းကာ လက်နက်ပုန်း များဖြင့် နှိပ်ကွပ်တဲ့ အဖွဲ့အစည်း အသွင်တစ်ရပ်အဖြစ် ကြောက်မက်ဖွယ် ဖြစ်လာပုံတွေကို တင်ပြ သွားပါမည်။ ဒါ့အပြင် အာဏာရှင်များ အချင်းချင်း ထောက်လှမ်းရေး အဖွဲ့အစည်းအား ဖျက်သိမ်း ပစ်နိုင်သော်လည်း ထပ်မံ ဖွဲ့စည်းလိုက်တဲ့ ဗိုလ်ချုပ် ခင်ညွှန့် ဦးစီးတဲ့ ထောက်လှမ်းရေးအဖွဲ့ဟာ ပြန်လည် ခေါင်းထောင်လာပုံတွေကို ကျွန်တော်က စစ်ဖက်နီးစပ်သူများမှ တဆင့် ဖြည့်စွက် ဖော်ပြသွားပါမည်။

ဗမာ့တပ်မတော်တွင် ထောက်လှမ်းရေးကို စိတ်ဝင်စားမှု အရှိဆုံး ပုဂ္ဂိုလ်မှာ ဗိုလ်ချုပ်ကြီး နေ၀င်း ဖြစ်ပါသည်။ ၄င်းကိုယ်တိုင် အမြဲကြီးကြပ်ခဲ့ပြီး လေ့ကျင့်သင်ကြားမှုမှ စ၍ ၄င်းကိုယ်တိုင် ညွှန်ကြားလေ့ ရှိပါသည်။ ၁၉၅၈ ခုနှစ်ခန့်မှစ၍ ထောက်လှမ်းရေး သင်တန်းများကို စနစ်တကျ ပြန်လည်ပြုလုပ်ရန် ဗိုလ်မှူးတင်ဦးက ကြိုးစားခဲ့ရာတွင် ဗိုလ်ချုပ်ကြီး နေ၀င်းနှင့် ဗိုလ်မှူးကြီး လွင်တို့က ညွှန်ပြကူညီခဲ့ကြောင်း သိရပါသည်။

တပ်မတော်၏ အင်အားမှာ တဖြည်းဖြည်း ကြီးထွားခဲ့သော်လည်း လက်နက်ကိုင် တိုင်းရင်းသားများ၏ အင်အားမှာ လျော့နည်းသွားခြင်း မရှိသလောက် ဖြစ်ခဲ့ရပါသည်။ ယင်းကဲ့သို့သော အခြေအနေမျိုးတွင် တပ်မတော်တွင်း၌ ထူးခြားချက်တစ်ရပ် ပေါ်ပေါက်လာခဲ့ရပါသည်။


တချိန်က ကရင်လက်နက်ကိုင် တိုင်းရင်းသားများ၏ ဖမ်းဆီးခြင်းခံရပြီး ပြန်လည် လွတ်မြောက်ခဲ့သော ဗိုလ်မှူးချုပ်ဟောင်း မောင်မောင်သည် ဗမာ့တပ်မတော်တွင် အတော်ထင်ရှားသူ တစ်ဦး ဖြစ်ခဲ့ပါသည်။ အလွန်လေ့လာသူ ဖြစ်၍ ယခင်က နိုင်ငံရေး သမားဟောင်းကြီးများကပင် လေးစားခြင်းကို ခံရသူ ဖြစ်ပါသည်။ ဗမာ့တပ်မတော်မှာ ဖွံ့ဖြိုးဆဲ နိုင်ငံတခု၏ တပ်မတော်ပီပီ “မူ” ထက် “လူ” ကို အရေးထား အဆုံးအဖြတ် ပြုသွားသည်မှာ အများအပြား ရှိခဲ့ပါသည်။

ဗိုလ်မှူးချုပ်ဟောင်း ဦးမောင်မောင်သည် တိုင်းရင်းသား လက်နက်ကိုင် မချုပ်ငြိမ်းသမျှ နိုင်ငံ၏ တိုးတက်မှုကို အဟန့်အတား ပြုနေမည်ဟု ယုံကြည်သူ ဖြစ်ပါသည်။ တိုင်းရင်းသား လက်နက်ကိုင် နှိမ်နင်းရေးတွင် တပ်မတော်မှ ထောက်လှမ်းရေး တပ်ဖွဲ့များကို အလွန်အားမရဖြစ်ခဲ့သူ ဖြစ်ပါသည်။ ဗိုလ်မှူးကြီးလွင်မှာ ဗိုလ်မှူးချုပ် မောင်မောင်အား အလွန်ကြောက်ရကြောင်း မကြာခဏ ပြောလေ့ရှိပါသည်။ ဗိုလ်မှူးတင်ဦးနှင့် ဗိုလ်မှူးချုပ် မောင်မောင်မှာ အကြီးအကျယ် ပဋိပက္ခ ဖြစ်ခဲ့ကြပြီး၊ ဗိုလ်မှူးတင်ဦးက တပ်မတော်မှ နှုတ်ထွက်တော့မည်ဆိုကာ ထောက်ကြံ့မြို့နယ် ဘက်တွင် ခြံကြီးများဝယ်၍ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အကြီးအကျယ် လုပ်ခဲ့ပါသည်။

ဗိုလ်မှူးချုပ် မောင်မောင်သည် ထောက်လှမ်းရေး တပ်ဖွဲ့များကို အားမရရာမှ အမေရိကန် စီအိုင်အေနှင့် အဆက်အသွယ် ရခဲ့ပြီး လျှို့ဝှက် ထောက်လှမ်းရေးလုပ်ငန်းများ လုပ်ရန် အကြီးအကျယ် စီစဉ်ခဲ့ပါသည်။ ထိုအချိန်မှာပင် ဗိုလ်မှူးတင်ဦးကလည်း ဘောင်ဒရီလမ်းတွင် ထောက်လှမ်းရေး သင်တန်းများကို စတင်၍ ကိုင်တွယ် လေ့ကျင့်ခဲ့ပါသည်။ ဗိုလ်မှူးတင်ဦးသည် အင်္ဂလန်တွင် တပ်ထိန်း သင်တန်းတက်ခဲ့ရသဖြင့် စစ်သုံ့ပန်းများ ကိုင်တွယ်ထိန်းသိမ်းခြင်းကို ကောင်းစွာသဘောပေါက် နားလည်ခဲ့သူ ဖြစ်ပါသည်။ နောက်ပိုင်းတွင် ဗိုလ်မှူးလေးမောင် (ပြည်သူ့တရားသူကြီး အဖွဲ့ဝင်) နှင့်အတူ နိုင်ငံခြား ထောက်လှမ်းရေး သင်တန်းများကို လျှို့ဝှက် တက်ရောက် ခဲ့သူလည်း ဖြစ်ပါသည်။ ဗိုလ်မှူးချုပ် မောင်မောင် ပြုလုပ်သော ထောက်လှမ်းရေး အဖွဲ့အား ဗိုလ်ချုပ်ကြီးနေ၀င်းမှ ဖျက်ဆီးခဲ့ပြီးနောက် ဗိုလ်မှူးတင်ဦးသည် ဗိုလ်မှူး လေးမောင် အကူအညီဖြင့် ထောက်လှမ်းရေး သင်တန်းများကို အင်တိုက်အားတိုက် ပြုလုပ်ခဲ့ပါသည်။ သူတို့အား အထူး အကူအညီ ဖြစ်စေခဲ့သူမှာ အင်္ဂလန် ရှက်ဖီး ရဲသိပ္ပံသို့ တက်ရောက်ခဲ့ပြီးမှ အလုပ် မခန့်သော ဗိုလ်မှူးအေးလွင် ဖြစ်ပါသည်။ ဗိုလ်မှူးအေးလွင်အား တွေ့ရှိ၍ တပ်မတော်အရာရှိ အဖြစ် ခန့်အပ်ခဲ့ကြပါသည်။

ဗိုလ်မှူးအေးလွင်မှာ တက္ကသိုလ်တွင် ဓာတုဗေဒဆရာ လုပ်ခဲ့သူ ဖြစ်ပြီး အင်္ဂလန် ရဲသိပ္ပံမှ ဆင်းလာခဲ့သူ ဖြစ်ရုံမျှမက အမေရိကန် အီလီနွိုင်းရှိ အသုံးချ သိပံ္ပကျောင်းမှ မှုခင်းစုံစမ်းရေး သိပံ္ပ ပညာဘွဲ့ကိုလည်း ရရှိသူ ဖြစ်ပါသည်။ ထောက်လှမ်းရေး သင်တန်းများတွင် အလွန်အရေးပါသော သိပံ္ပပညာရပ်များအား သင်ပေး နိုင်ခဲ့သူ ဖြစ်ပါသည်။ ၄င်းတို့ သုံးဦး၏ ကြိုးစားမှုကြောင့် လေ့ကျင့်ပေးပြီးသူ တပ်မတော်အရာရှိ အကြပ် တပ်သားများ အများအပြား ရရှိခဲ့ပါသည်။ တော်လှန်ရေးအစိုးရ တက်ပြီးနောက် ဗိုလ်မှူးတင်ဦးသည် ဗိုလ်ချုပ်ကြီးနေ၀င်းနှင့် ဗိုလ်မှူးကြီး လွင်တို့၏ သဘောတူညီချက်ကို ရယူ၍ ထောက်လှမ်းရေး တပ်သစ်များ ဖွင့်ရန် ကြိုးစားခဲ့သည်။

ထောက်လှမ်းရေး သင်တန်းတက်ပြီး၍ တပ်အတွေ့အကြုံ ရရှိပြီးသော တပ်မတော်မှ အရာရှိများ အကြပ်၊ တပ်သားများအား သက်ဆိုင်ရာ တိုင်း၊ တပ်မ၊ တပ်ရင်းများ၏ ထောက်ခံချက် ရယူ၍ အသစ်ဖွဲ့သော ထောက်လှမ်းရေး တပ်များတွင် တာဝန်ပေးခဲ့သည်။ တပ်များနှင့် နီးစပ် ၀င်ဆန့်မှုရှိပြီး ထောက်လှမ်းရေး ပညာ တတ်မြောက်ပြီးသူ များကို အသုံးချလာခြင်းဖြစ်၍ တပ်များ၏ အကူအညီရရှိခြင်း၊ ပြည်သူလူထု ကြားတွင် ပိရိစွာ နေထိုင်တတ်ခြင်း စသည်တို့ကြောင့် ထောက်လှမ်းရေး လုပ်ငန်းများ သိသိသာသာ အောင်မြင် လာခဲ့ပါသည်။

ဒုတိယပိုင်းမှာတော့ တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံးမှာ တာဝန်ထမ်းဆောင်နေသော ဗိုလ်ကြီးကျော်စွာမြင့် ရုတ်တရက် တောခိုသွားမှုကြောင့် တပ်တွင်း ကြီးမားစွာ ဂယက်ရိုက်သွားပုံကို ဆက်လက် တင်ပြသွားပါမယ်။

Ref: ဖိုးတရုတ်

Read More...

အာဏာရှင်ကြီးများ၏ အတွင်းရေး - အပိုင်း(၂)

တပ်မတော် ထောက်လှမ်းရေး - အပိုင်း(၂)

ဗိုလ်ကြီးကျော်စွာမြင့်နဲ့ ပတ်သက်လို့ သိချင်တဲ့ စာဖတ်ပရိသတ်များကို ဒုဗိုလ်မှူးကြီး ကြည်ဆွေ ရေးသားတဲ့ စာအုပ်ပါ မူရင်း အကြောင်းအရာများအပြင် ဗဟုသုတရရှိစေလိုတဲ့ စေတနာနဲ့ စစ်ဖက်နီးစပ်သူများ ထံမှ တပ်သမိုင်းပါ အချက်အလက်များကို ညှိနှိုင်းတောင်းခံပြီး ကျွန်တော် ထပ်မံဖြည့်စွက် တင်ပြလိုက်ပါတယ်။ ဗိုလ်ကြီး ကျော်စွာမြင့်လို တတိယနိုင်ငံကို ထွက်ပြေးလို့ ရခဲ့ရင် အောက်ခြေစစ်သည် အရာရှိတွေအားလုံး အခုအချိန်မှာ တစ်ယောက် မကျန်အောင် ထွက်ပြေးကြပါလိမ့်မယ်။ အထူးသဖြင့် ဒီမိုကရေစီ နိုင်ငံကြီးများ အနေနဲ့ တွေ့ဆုံဆွေးနွေးရေးကို နအဖအား အချိန်ကုန်ခံပြီး တိုက်တွန်းနေမဲ့အစား ယနေ့ တပ်မတော်မှာ ပြုပြင်ပြောင်းလဲရေး လိုလားတဲ့ မျိုးချစ်တပ်မှူးများကို လက်ကမ်းကြိုဆိုပြီး သူတို့ရဲ့ နည်းဗျူဟာများနဲ့ စစ်အာဏာရှင်တွေရဲ့ ပျော့ကွက်များကို ဖော်ထုတ် အသုံးချနိုင်မယ်ဆိုရင် ဒီမိုကရေစီပန်းတိုင်သို့ အနှေးနဲ့ အမြန် ရောက်ကြမှာ မလွဲဧကန် ဖြစ်ပါတယ်။ တဆက်တည်းမှာ စစ်အာဏာရှင်တွေရဲ့ ဖေါက်ပြန်မှုကို အနီးကပ်ဆုံး နေတဲ့သူက ပိုမိုသိရှိတယ် ဆိုတာလည်း တင်ပြလိုက်ရပါတယ်။

တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံးမှ စစ်ဆင်ရေး အရာရှိတစ်ဦးဖြစ်သော ဗိုလ်ကြီး ကျော်စွာမြင့်မှာ ဗိုလ်နေ၀င်း၏ ပြည်တွင်းပြည်ပ ခရီးစဉ်များတွင် အမြဲလိုလို လိုက်ခဲ့ရသူ ဖြစ်ပါသည်။ ဗိုလ်ကြီးကျော်စွာမြင့်သည် ခရစ်ယာန်ဘာသာ ရိုမင်ကက်သလစ် ဂိုဏ်းဝင် ဖြစ်ပြီး၊ ဘာသာရေး အယူသည်းသူ တစ်ဦး ဖြစ်သဖြင့် မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ကို မကျေမနပ်ဖြစ်ကာ တောခိုခဲ့ပါသည်။

ဤအဖြစ်မျိုးမှာ ဖြစ်တောင့်ဖြစ်ခဲ ဖြစ်သဖြင့်၊ တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူး ရုံးမှ ဗိုလ်မှူးကြီးလွင်နှင့် ဂျီတူး ဗိုလ်မှူးချာလီ တို့မှာ ဘာလုပ်ရမှန်းမသိ ပူပန်သောက ဖြစ်ခဲ့ပုံရပါသည်။ ၄င်းတို့ အနေနှင့် ကြိတ်၍ ရှာဖွေကြပုံ ရပါသည်။ ထိုအချိန်မှာပင် ပဲခူးရိုးမ တနေရာတွင် ထားရှိသော ဗိုလ်မှူးတင်ဦး (မျက်မှန်တင်ဦး)၏ ထောက်လှမ်းရေး ပိုက်ကွန်နှင့် ဗိုလ်ကြီးကျော်စွာမြင့် ဆုံတွေ့ရပြီး သတင်းတက်လာ ခဲ့ပါသည်။ ဗိုလ်မှူးတင်ဦး (မျက်မှန်တင်ဦး) က စစ်ရုံးသို့ ဗိုလ်ကြီးကျော်စွာမြင့် ဘာဖြစ်လို့ ပဲခူးရိုးမဘက် သွားတာလဲဟု မေးရာ ထိုအချိန်က ဗိုလ်ကြီးတစ်ဦး အနေနှင့် စစ်ရုံးတွင် ၀င်ဆန့်ခြင်း မရှိခဲ့သေးသဖြင့် ခပ်ပေါ့ပေါ့ပင် ပြန်ဖြေခဲ့ပုံ ရပါသည်။ ယင်းအဖြစ်အပျက် နှင့်ဆက်စပ်၍ ဗိုလ်မှူးကြီးလွင်နှင့် ဗိုလ်မှူး ချာလီသိန်းရွှေတို့မှာ ဗိုလ်နေ၀င်းက အထင်မှားခြင်းကို ခံခဲ့ရပါသည်။ ဗိုလ်မှူးချာလီအား စစ်သံမှူးနှင့် ယိုးဒယားသို့ ပို့ပြီး ဗိုလ်မှူးကြီးလွင်အားလည်း တာဝန်မပေးဘဲ ထားခဲ့ပုံရပါသည်။ ထိုအချိန်က ဗိုလ်မှူးကြီးလွင်သည် ဗဟို ထောက်လှမ်းရေးတပ်၌သာ အနေများခဲ့ပါသည်။

ဗိုလ်ကြီးကျော်စွာမြင့် နှင့်ပတ်သက်ပြီး ဗိုလ်နေ၀င်းက ထောက်လှမ်းရေး အရာရှိများကို ခေါ်ယူတွေ့ဆုံ၍ ရှင်းလင်းပြောပြခဲ့ပါသည်။ ထိုသို့ တွေ့ဆုံရာတွင် ဗိုလ်နေ၀င်းက ထောက်လှမ်းရေးဆိုတာ လူကြီးတွေရဲ့ နားမျက်စိ ဖြစ်ကြောင်း၊ ဘာသတင်းမဆို အရေးကြီး မကြီးကို ဆုံးဖြတ်တာမျိုး မလုပ်ဘဲ အထက်လူကြီး များထံသို့ အမြန်ဆုံး ရောက်ရှိအောင် တင်ပြဖို့လိုကြောင်း ထောက်လှမ်းရေး အရာရှိများသည် အရေး ပါသောတာဝန်ကို ထမ်းဆောင်ကြရသဖြင့် အကြောင်းတခုခုကြောင့် အကြပ်ကိုင်ခံရခြင်းမျိုး ဖြစ်တတ် ကြောင်း၊ ထိုသို့ ခံရလျှင်ဖြစ်စေ၊ ကိုယ်ရေးကိုယ်တာ အခက်အခဲ ရှိလျှင်ဖြစ်စေ ဖုံးထားခြင်းမရှိဘဲ လူကြီးများ ထံသို့ အမြန်ဆုံး တင်ပြကြစေလိုကြောင်း၊ ယင်းသို့ တင်ပြခဲ့သဖြင့် လူကြီးများက ဖြေရှင်းပေးခဲ့သည့် အစဉ် အလာများ ရှိခဲ့ကြောင်းများကို အတွေ့အကြုံ များနှင့်တကွ စည်းရုံးရှင်းပြခဲ့ပါသည်။ ထိုရှင်းလင်းပွဲ၌ ဗိုလ်နေ၀င်းနှင့်အတူ တော်လှန်ရေး ကောင်စီဝင်များ အားလုံး ပါဝင်ကြပါသည်။

ဗိုလ်နေ၀င်းအနေနှင့် လုပ်ဖော်ကိုင်ဖက်များဖြစ်သော တော်လှန်ရေး ကောင်စီဝင်များအား အရေးကြီး ကိစ္စများကို လုပ်ဆောင်ရာတွင် အသိပေးသည့် အနေမျိုးနှင့်ဖြစ်စေ လေ့ကျင့်ပေးသည့် အနေနှင့် ဖြစ်စေ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်ဟု ယူဆပါသည်။ ထောက်လှမ်းရေး အရာရှိများအား တွေ့ဆုံရာတွင် သင်ခန်းစာ ယူစရာများစွာ ရှိခဲ့ပါသည်။ ဗိုလ်ကြီးကျော်စွာမြင့်နှင့် ပတ်သက်၍ ဗိုလ်နေ၀င်းက ဆက်လက် ရှင်းပြရာတွင် ဗိုလ်ကြီးကျော်စွာမြင့်အား သားသမီးကဲ့သို့ လည်းကောင်း၊ ညီအစ်ကိုကဲ့သို့ လည်းကောင်း သဘောထားခဲ့ကြောင်း၊ ကရင် အမျိုးသား ဖြစ်ပြီး သွက်လက်ဖြတ်လတ်သူ ဖြစ်သဖြင့် တော်တော် သဘောကျခဲ့ကြောင်း၊ ထိုကိစ္စတွင် ၄င်းမှာလည်း တာဝန်ရှိတယ်လို့ ဆိုနိုင်ကြောင်း ရှင်းလင်းတင်ပြ သင့်တာကို ရှင်းမပြတာဟာ မလိုလားအပ်တာတွေ ဖြစ်ဖို့ အကြောင်းဆိုတာကို သင်ခန်းစာ ယူရမည် ဖြစ်ကြောင်း ရှေ့ကို ဘာကိစ္စဘဲ ဖြစ်ဖြစ် ပြောသင့်တာကို ပြောကြစေ လိုကြောင်း၊ အခုကိစ္စမှာ သူက ငါနဲ့ အမြဲလိုလို အနီးကပ်နေတာဆိုတော့ ငါသိသလို သိမှာပဲလို့ ထင်ခဲ့တာလည်း တစ်ကြောင်း စသဖြင့် ဖြစ်စဉ်များကို ရှင်းပြခဲ့ပါသည်။ ဗိုလ်ကြီးကျော်စွာမြင့်မှာ ဗိုလ်နေ၀င်းရဲ့ဇနီး ဒေါ်ခင်မေသန်းရဲ့ အချစ်တော် အိမ်ပီအေ(PA) အိမ်တော်ကြီးအထိ ၀င်ထွက်ခွင့် ရှိသူဖြစ်ရာ ဗိုလ်နေ၀င်းရဲ့ အတွင်းသတင်းများကို ရယူနိုင်သောကြောင့် စစ်ရုံးတခုလုံး တုန်လှုပ်ချောက်ချား ခဲ့ရပါသည်။ ဗိုလ်ကြီးကျော်စွာမြင့်မှာ ခြေလုံ လက်လုံ ပီသစွာဖြင့် နယ်စပ်ကိုဖြတ်ကျော်ကာ တတိယနိုင်ငံကို ထွက်ပြေး သွားနိုင်တာ ဟာဖြင့် မဆလ စစ်အာဏာရှင်များ အံ့သြခဲ့ရပါသည်။ ဗိုလ်နေ၀င်း နေရာမှာ တခြားလူသာ ဖြစ်ခဲ့မည်ဆိုပါက ထိုလူကို ပြင်းပြင်းထန်ထန် အရေးယူကာ အမှုန့်ကြိတ် ပစ်မည်ဖြစ်ပြီး အမှန်တကယ် တာဝန်ရှိသူ ဗိုလ်နေ၀င်းအနေနဲ့ အလိုက်သိသိ ရာထူးမှ ထွက်ပေးရမည် ဖြစ်ပါသည်။ လက်တွေ့မှာတော့ ဗိုလ်နေ၀င်းဟာ အာဏာကို လက်မလွတ်ချင်၍ ဆင်ဝှေ့ရန်ရှောင် စကားလုံးများဖြင့် သူ့ကိုသူ ကာကွယ်သွားခြင်းသာ ဖြစ်ပါသည်။

ဗိုလ်ကြီးကျော်စွာမြင့် ကိစ္စကို အကြောင်းပြု၍ ဗိုလ်မှူးတင်ဦး (မျက်မှန်တင်ဦး) အား တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူး ရုံးကိုပါ တာဝန်ယူ လုပ်ဆောင်ရန်အတွက် ဗိုလ်နေ၀င်းက တာဝန်ပေး ခဲ့ပါသည်။ ဗိုလ်မှူးတင်ဦး (မျက်မှန်တင်ဦး) မှာ ဘာမဆို ပွင့်ပွင့်လင်းလင်း ပြောတတ်ခြင်း၊ မကျေနပ်မှုများ ရှိလျှင်လည်း မြိုသိပ်မထားတတ်ဘဲ ပွင့်လင်းစွာ ပြောတတ်ခြင်းတို့ကြောင်း စစ်ရုံးတွင် ၀င်ဆန့်မှု မရှိ သလောက် ဖြစ်ခဲ့ရသည်။ ဗိုလ်နေ၀င်းက တာဝန်ပေးခဲ့ရာတွင် အမိန့်စာ မထွက်ပဲ လုပ်နေခဲ့ရသဖြင့် စစ်ရုံးမှ အရာရှိအချို့၏ ပညာပြမှုကိုလည်း အမျိုးမျိုး ခံခဲ့ရပါသည်။ သူ့အား တိုက်ရိုက် မပြောရဲသည်များကို ဗဟို ထောက်လှမ်းရေးတပ်မှ အရာရှိများအား ပြောခဲ့ခြင်းများလည်း ရှိပါသည်။ ခင်ဗျားတို့ ဆရာကို ဘယ်သူက ခန့်လို့ ကကလှမ်းမှာ လာလုပ်နေတာလဲ ဟူ၍ပင် မေးမြန်းခဲ့ကြပါသည်။

ဗိုလ်မှူးတင်ဦးမှာ အလုပ်ကိုသာ နေ့မအား ညမအား စူးစိုက်လုပ်နေခဲ့သဖြင့်၊ အသေးအဖွဲ ကိစ္စများ မရှိခဲ့ပါ။ အထောက်အကူ ပစ္စည်းနည်းပါးစွာဖြင့် ၄င်းအတွက် အဓိက လုပ်ပေးကြသော ဗဟို ထောက်လှမ်းရေးမှ အရာရှိများမှာ ဒုက္ခ အမျိုးမျိုးနှင့် တွေ့ကြုံခဲ့ကြရပါသည်။ သို့သော်လည်း ထောက်လှမ်းရေး လုပ်ငန်းများမှာ အထူးပင် အောင်မြင်မှု ရရှိခဲ့ပါသည်။ ဗမာပြည်မှ ထောက်လှမ်းရေး တပ်ဖွဲ့ရဲ့ လုပ်ဆောင်မှု အရည်အသွေး ကို နိုင်ငံတကာမှ အသိအမှတ်ပြု ရသည့်အထိ တိုးတက်လာပါသည်။ ကမ္ဘာမှာ ထောက်လှမ်းရေး အဆင့်အမြင့်ဆုံး အဖွဲ့တွေအနက် နံပါတ်(၁) စီအိုင်အေ (အမေရိကန်)၊ နံပါတ်(၂) မော့ဆက် (အစ္စရေး)၊ နံပါတ်(၃) အမ်အိုင်(၆) (အင်္ဂလန်) ပြီးရင် ဗမာထောက်လှမ်းရေးက စတုတ္ထနေရာတွင် ရှိကြောင်း သိရပါ သည်။ ပစ္စည်းကိရိယာ အဆင့်မြင့် အတတ်ပညာ ငွေကြေးသုံးစွဲမှု အားနည်း၍သာ အဆင့်နိမ့် နေခြင်းဖြစ်ပြီး ဥာဏ်ရည်မြင့်မားမှု၊ တွေးခေါ်မြော်မြင်မှု၊ အပင်ပန်းခံနိုင်မှု ၊ဆင်းရဲဒဏ် ခံနိုင်မှု၊ လုံလ၀ိရိယ ရှိမှု တို့တွင် သာလွန်ကြောင်း သိရပါသည်။ ဗကပ ထဲတွင် ဖြစ်စေ၊ အတိုက်အခံ နိုင်ငံရေး အဖွဲ့အစည်းတွေထဲမှာ ဖြစ်စေ နှစ်ရှည်လများ မြှပ်နှံကာ ထောက်လှမ်းရေးမှန်း မသိအောင် ဇာတိနှင့် အသွင်လက္ခဏာ ဖျောက်ပြီး ထိုးဖောက်နိုင်စွမ်း ရှိခဲ့ပါသည်။ နောက်တက်လာတဲ့ ဗိုလ်ချုပ်ခင်ညွှန့်၏ ထောက်လှမ်းရေးအဖွဲ့ လုပ်ရည် ကိုင်ရည်တောင် မျက်မှန်ကြီး ဗိုလ်မှူးချုပ် တင်ဦးရဲ့ ထောက်လှမ်းရေးအဖွဲ့ကို အဆင့်မမှီသေးတာ တွေ့ရှိရ ပါသည်။ နမူနာ ပြရရင် ထောက်လှမ်းရေးမှာ အဓိက အသက်ဖြစ်တဲ့ လှမ်း(၁) ဌာနဟာ အဓိက ဦးဆောင်ပြီး တိုက်ပွဲထောက်လှမ်းရေး၊ ပြည်တွင်းလက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များရဲ့ ရှေ့တန်း စစ်မြေပြင် သတင်းများကို ရယူ ထောက်လှမ်းနိုင်မှုတွင် ဗိုလ်ချုပ်ခင်ညွှန့်ရဲ့ ထောက်လှမ်းရေး အဖွဲ့က ဖော်ထုတ် တင်ပြနိုင်ခြင်း နည်းပါး တာကြောင့် တိုင်းမှူးများနှင့် နယ်မြေခံ တပ်မှူးများက ဝေဖန် သုံးသပ်လျက် ရှိပါသည်။ အတွင်းရေးမှူး(၂) ဗိုလ်ချုပ်တင်ဦးရဲ့အိမ် ဗုံးပေါက်ကွဲမှုနှင့် စွယ်တော်မြတ် ဗုံးပေါက်ကွဲမှု ကိစ္စ တွေမှာ လည်းဖော်ထုတ် နိုင်စွမ်း မရှိတာကို တွေ့ရှိရမှာ ဖြစ်ပါသည်။


ဆက်လက်တင်ပြရလျှင် တော်လှန်ရေးအစိုးရမှ ဖဆပလ အစိုးရအဖွဲ့ဝင် အပါအ၀င် နိုင်ငံရေးသမားများအား ထိန်းသိမ်းခဲ့ရာတွင် ထိုသူများသည် နိုင်ငံရေး အတွေ့အကြုံ သော်လည်းကောင်း၊ စစ်ရေး အတွေ့အကြုံ သော်လည်းကောင်း အထူး ရင့်ကျက်သူများ ဖြစ်သည်ကို တွေ့ရှိရပါသည်။ ၄င်းတို့အား ယာယီစခန်းတွင် ထိန်းသိမ်းထားစဉ်က ဗိုလ်မှူးတင်ဦးနှင့်တကွ တာဝန်ပေးထားသော အရာရှိများက နေ့စဉ်လိုလို သွားရောက် တွေ့ဆုံကြပြီး လိုအပ်သည်များကို တတ်နိုင်သမျှ အကူအညီ ပေးခဲ့ကြပါသည်။ ထိုသို့ သွားရောက် တွေ့ဆုံရင်း ရင်းနှီးစွာ စကားပြောဆို ဆွေးနွေးကြရင်း တော်လှန်ရေး အစိုးရ၏ စေတနာ၊ ဗိုလ်နေ၀င်း၏ အရည်အချင်း ပြည့်ဝပုံ စသည်များကို အလျဉ်းသင့်တိုင်း စည်းရုံးပြောဆို ဆွေးနွေးခဲ့ကြ ပါသည်။ ယင်းသို့ ဆွေးနွေးရာတွင် ထိုပုဂ္ဂိုလ်များ၏ ပြန်လည် ဆွေးနွေးချက်များမှာ ထိုစဉ်က သက်သက် မခံချင်အောင် ပြောသည်ဟု ယူဆခဲ့ကြသော်လည်း ဗိုလ်နေ၀င်း၏ အားနည်းချက်များကို ပြန်လည် ထောက်ပြပုံများမှာ အလွန်စဉ်းစားစရာများ ဖြစ်ကြောင်း နောင်တွင် သိလာရပါသည်။ စကားပရိယာယ် ကြွယ်ဝပြီး ဘုန်းကြီးစာချ ရှုံးလောက်သည့် နိုင်ငံတော် ၀န်ကြီးချုပ်ဟောင်း ဦးနုကို မည်သူမျှ စကားအရာမှာ ယှဉ်၍ ပြောမရကြောင်း တွေ့ကြုံရပါသည်။ ထောက်လှမ်းရေး၏ နည်းပညာအရ “လူနု၊ လူပျော့၊ လူမာ” လူသုံးမျိုးရှိသည့်အနက် ကိုင်တွယ်ရခက်သည့် “လူနု” အမျိုးအစားထဲတွင် ဦးနု ပါရှိကြောင်း ထောက်လှမ်းရေး နည်းပြများက အမြဲတစေ သင်တန်းသားများအား ပြောဆိုလေ့ ရှိကြပါတယ်။

အေးအေးဆေးဆေးနှင့် ဆွေးနွေးသူများမှာ တည်မြဲ ဖဆပလမှ ဦးဗဆွေ၊ ဦးကျော်ငြိမ်း တို့ဖြစ်ကြပါသည်။ ပျက်ရယ်ပြုသကဲ့သို့ ပြန်လည်မေးခွန်းထုတ်ခြင်း၊ ဆွေးနွေးခြင်း ပြုသူများတွင် ယခင် သမ္မတဟောင်း ဦးဝင်းမောင်၊ ဦးဝင်း၊ ဦးရှာရှစ်၊ ဗိုလ်မင်းခေါင် စသူတို့မှာ ရှေ့ဆုံးမှ ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ ဗိုလ်နေ၀င်း အပေါ်တွင် ဆရာစန်းမြင့် (ဗိုလ်မှူးစန်းမြင့်)၊ ဆရာကြင်သိန်း (ဗိုလ်မှူးကြင်သိန်း)၊ ဗိုလ်ကြီးစိန်မြင့် တို့မှစ၍ ရဲဘော်ဟောင်းများက သစ္စာရှိပုံ အနွံအတာခံပုံ စသည်များကို အလျဉ်းသင့်၍ ပြောပြသည့် အခါများတွင် ဦးဝင်းက မကြာခဏ ပြန်မေးတတ်သော မေးခွန်းမှာ “ခင်ဗျားတို့ တတွေက ဗိုလ်နေ၀င်း အတွက်ဆိုရင် အသက်ပေးပြီး သစ္စာရှိကြမယ် ဆိုတာကို ယုံကြည်ပါတယ်ဗျာ၊ ကျွန်တော်တစ်ခု စဉ်းစားမိလို့ မေးပါရစေဗျာ၊ ကပ်သီး ကပ်သပ်မေးတယ်လို့တော့ မအောက်မေ့ပါနဲ့နော်၊ ခင်ဗျားတို့ ဗိုလ်ချုပ်ကြီးကို အကြောင်းတခုခု ကြောင့် ပြည်သူလူထုက မကျေနပ်ကြတော့ဘူး ဆိုပါတော့ဗျာ၊ အဲဒီအခါမှာ ခင်ဗျားတို့က ပြည်သူလူထု ဘယ်လောက်မှန်မှန် ဗိုလ်နေ၀င်းကိုဘဲ သစ္စာ ရှိနေကြမှာပဲ လို့ထင်တယ်၊ ကျွန်တော့် အထင်များမှားမလား မသိဘူး” ဟူ၍ မေးတတ်ပါသည်။ ဗိုလ်မှူးတင်ဦး (မျက်မှန်တင်ဦး) ကိုကား မေးခဲ့ခြင်း မရှိကြောင်း သိရပါသည်။ အခြား အရာရှိများကိုမူ မကြာခဏ မေးတတ်ကြောင်း သိရပါသည်။ အရာရှိများက လိမ္မာစွာ ဖြင့်ပင် “ဒီအဖြစ်မျိုးတော့ မရှိနိုင်ပါဘူးခင်ဗျာ၊ ဗိုလ်ချုပ်အောင်ဆန်းတို့၊ ဗိုလ်နေ၀င်းတို့က တပ်မတော် သားတွေကို မိန့်ကြားပေးထားတာ ရှိပါတယ်။ တပ်မတော်ဟာ ပြည်သူတွေအတွက် ဖြစ်တယ်၊ ပြည်သူ တွေဟာ တပ်မတော်အတွက် မဟုတ်ဘူးလို့ အတိအလင်း မိန့်ကြားထားခဲ့ပါတယ်။ ဒါကို ကြည့်ရင် ကျွန်တော်တို့ တပ်မတော်သားတွေဟာ ပြည်သူကိုပဲ ဦးစားပေးရမယ်လို့ အဓိပ္ပာယ် ရှိပါတယ်ခင်ဗျား” ဟူ၍ ဖြေကြားခဲ့ကြ ပါသည်။

Ref: ကိုဖိုးတရုတ်

Read More...

Monday, November 17, 2008

ဗိုလ်သန်းရွှေရဲ့  ကိုယ်ရံတော်တပ်ဖွဲ့ (သို့) အကြမ်းဖက် နှိမ်နင်းရေး အဖွဲ့ - အပိုင်း (၂)

ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့  ကိုယ်ရံတော် ခါးပိုက်ဆောင် တပ်ဖွဲ့ (သို့)
အကြမ်းဖက်နှိမ်နင်းရေး အဖွဲ့ - အပိုင်း(၂)

Lt.Comet (တပ်မတော် အရာရှိတစ်ဦး)

အကြမ်းဖက် အဖွဲ့ဝင်များကို ဗိုလ်သန်းရွှေမှ တိုက်ရိုက် ကွပ်ကဲခြင်းဖြစ်ပြီး ထောက်လှမ်းရေး အဖွဲ့များထက် လုပ်ပိုင်ခွင့်များစွာ ပေးထားပါတယ်။ အကြမ်းဖက် နှိမ်နင်းရေး အဖွဲ့ဝင်များဟာ စစ်ရုံးထဲသို့ သေနတ် ကိုင်ဆောင်ပြီး လွတ်လပ်စွာ သွားလာခွင့်ကို ရရှိထားကြပါတယ်။

အကြမ်းဖက် နှိမ်နင်းရေး သင်တန်းကျောင်းသို့ရောက်တာနဲ့ သင်တန်းသားများ အားလုံးရဲ့  ဆံပင်များဟာ စစ်တပ်ထုံးစံ အတိုင်း ရှေ့ ၁ လက်မ နောက်ပြောင် ညှပ်ခြင်းမှ စတင် ရပါတယ်။ ထို့နောက် သင်တန်းဖွင့်တဲ့ ညပိုင်းအိပ်ချိန် ၁ နာရီ ကျော်မှာ သင်တန်းသားများနေတဲ့ ညအိပ်ဆောင်ရဲ့ မျက်နှာကျက်ပေါ်မှ သေနတ် ကိုင်ဆောင်ပြီး မျက်နှာဖုံးစွပ် လူများ ဆင်းလာပါတော့တယ်။ အဲဒီနောက် “မင်းတို့ သင်တန်းကျောင်းအား ငါတို့အဖွဲ့မှ သိမ်းပိုက်လိုက်တယ်” ဆိုတဲ့ စကားနဲ့အတူ သေနတ်များကို တရစပ် ပစ်ခတ်ပါတော့တယ်။ ပစ်ခတ်တယ် ဆိုရာမှာ မျက်နှာကျက်ပေါ်သို့ ပစ်ခတ်ခြင်း ဖြစ်ပါတယ်။ အဲဒီအချိန်မှာ သင်တန်းသားတို့ရဲ့  လက်များအား မိမိတို့၏ ခေါင်းပေါ်သို့ တင်ထားရန် ပြောပါတယ်။ သင်တန်းသားအချို့မှာ မယုံကြည်သဖြင့် မျက်နှာဖုံးစွပ် လူများရဲ့  ခိုင်းစေချက်များကို မလုပ်သူများလည်း ရှိပါတယ်။ အဲဒီလို မလုပ်သူများရဲ့  မျက်နှာအား ခြေထောက်ဖြင့် ကန်ခြင်းများလည်း ရှိပါတယ်။ ပြောမည်ဆိုလျှင် အပြင်မှာ တကယ့်ကို အနုကြမ်း ၀င်စီးတဲ့ ပုံစံမျိုး ဖြစ်ပါတယ်။ အဲဒီလို လုပ်ရခြင်းမှာ နအဖတို့ရဲ့  brain wash လုပ်ခြင်း ခေါ် ဦးနှောက် ဆေးကြောမှု တစ်ခုပင် ဖြစ်ပါတယ်။ အဲဒီ သင်တန်းတက်ရောက်တဲ့ သူများရဲ့  အနိမ့်ဆုံး အဆင့်မှာ ဗိုလ်ကြီး ဖြစ်ပါတယ်။ သင်တန်း ကာလမှာ ၄ လ ဖြစ်ပြီး သင်တန်း ကာလအတွင်း အခက်အခဲ များစွာ ရှိပါတယ်။ ကီလိုမီတာ ၆၀ နှင့် မောင်းနေသော ဟိုင်းလတ်ကားပေါ်မှ နောက်ကျွမ်း ထိုးပြီးတော့ မြေပြင်ပေါ်သို့ ဆင်းသော သင်ခန်းစာများ၊ ကီလိုမီတာ ၈၀ နှင့် မောင်းနေသော ကားပေါ်မှ ခုန်ချရသော သင်ခန်းစာများ၊ ရဟတ်ယာဉ်သည် အနိမ့်ပျံသန်းစဉ် အလွတ်တန်း (ဘာမှမပါဘဲ) ခုန်ချရသော သင်ခန်းစာများ စသဖြင့် သာမန်ထက် ခက်ခဲသော သင်ခန်းစာများကို သင်ကြားကြရပါတယ်။ သင်တန်းသား ၅၀ ခန့် ရွေးချယ်ခေါ်ယူ သင်တန်းပေးပြီးနောက် သင်တန်းကာလ ၄ လ ပြီးဆုံးချိန်မှာတော့ သင်တန်းကို အောင်မြင်စွာပြီးဆုံးတဲ့ သင်တန်းသားဦးရေမှာ ၂၀ ပင် မပြည့်တော့ပါ။ အဲဒီလို ခက်ခဲတဲ့ သင်တန်းကို တက်ရောက်ပြီးစီးရင် ဗိုလ်သန်းရွှေရဲ့  ကိုယ်ရံတော် တပ်မှူးဘ၀သို့ ရောက်ရှိပါ တော့တယ်။ သို့သော်လည်း အဲဒီ တပ်ဖွဲ့ဝင်တွေရဲ့  ခံယူချက်နဲ့ သစ္စာရှိမူကို အမြဲမပြတ် စောင့်ကြည့်နေတတ်ပြီး သူတို့ရဲ့  ဟန်ပန်အမူအရာဟာ သံပတ်ပေး ထားတဲ့ စက်ရုပ်ပမာ ခက်ထန် မာကြောနေတာလည်း လေ့ကျင့်ထားမူရဲ့ ပြယုဂ် တစ်ခုဖြစ်ပါတယ်။

အကြမ်းဖက် နှိမ်နင်းရေး တပ်ဖွဲ့ရဲ့  ပါဝင်မှု အခန်းကဏ္ဍဟာ ဗိုလ်သန်းရွှေရဲ့  လုံခြုံရေး ဖြစ်တာနဲ့ အညီ စစ်တပ်ရဲ့  လုံခြုံရေး သတ်မှတ်ချက် စည်း(၃) စည်း ဖြစ်တဲ့ အဝေးစည်း၊ အပြင်စည်း၊ အတွင်းစည်း ထက် ပိုပြီး အနီးကပ် ဆောင်ရွက်ရတာမို့ စစ်တပ်မှ ပုန်ကန်မှု ဖြစ်ရင် တောင် အဲဒီ တပ်ဖွဲ့ကို ချေမှုန်းပြီးမှ ဗိုလ်သန်းရွှေကို ကပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့ကို သူမတူတဲ့ ခံစားခွင့်တွေကို ပေးထားတာမျိုး တွေ့ရပါတယ်။ ဒီတပ်ဖွဲ့ဝင်တွေရဲ့  တာဝန်ဟာ (၂၄) နာရီ နေ့စဉ် ရက်ဆက် နှစ်နဲ့ ချီပြီး ထမ်းဆောင်ရတာမို့ ထောက်လှမ်းရေး တပ်ဖွဲ့များ ရှိစဉ်ကပင် တပ်ဖွဲ့ဝင် တော်တော်များများဟာ မိသားစု Family Life မရှိတာကြောင့် တပ်ပြောင်း လိုခြင်း၊ ထွက်ခွင့် တင်လိုခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရပါတယ်။ အမှန်တကယ်တော့ အကြမ်းဖက်ခံရမှု ဖြစ်စဉ်အတွက် ရည်ရွယ်ပြီး ဖွဲ့စည်းလာတဲ့ အကြမ်းဖက် နှိမ်နင်းရေး တပ်ဖွဲ့ဟာ လက်တွေ့ နယ်ပယ်မှာ ဗိုလ်သန်းရွှေရဲ့  လက်ကိုင်တုတ် အနီးကပ် တပ်သာ ဖြစ်လာပြီး ရန်ကုန်တွင် ရှိတုန်းက တပ်ရဲ့  ဖွဲ့စည်းပုံအရ မူလက တာဝန်ရှိထားတဲ့ ကာကွယ်ရေး ၀န်ကြီးဌာနစခန်းရုံး တပ်ဖွဲ့များနဲ့ ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ ခမရ(၃၀၃) လို တပ်များကို မယုံကြည်တော့တဲ့ အသွင်သဘောမျိုး ဆောင်နေပြန်တာမို့ ကျန် တပ်မတော်သားများ အနေနဲ့တော့ သူတို့ကို အခွင့်ထူးခံ တပ်ဖွဲ့ အနေနဲ့သာ ရှုမြင် နေကြကြောင်း တင်ပြ လိုက်ရပါတယ်။

Ref: ဖိုးတရုတ်
...

Read More...

အာဏာရှင်ကြီးများ၏ အတွင်းရေး - အပိုင်း(၃)

ဗိုလ်မှူးချုပ် တင်ဦး နေရာရလာခြင်းနဲ့ ဦးနေ၀င်းရဲ့  လူကောင်းလူတော်

ဒီတစ်ပတ်မှာတော့ ဦးနေ၀င်းရဲ့  လူကောင်းလူတော် မူဝါဒ ရိုက်သွင်းမှုကြောင့် တပ်မတော်အတွင်းမှာ “လူတော်” များ ဖယ်ရှားခံရပုံကို တင်ပြထားပါတယ်။ ထူးချွန်ထက်မြက်တဲ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဦးသန့်လိုမျိုး ပုဂ္ဂိုလ်တွေကို ဦးနေ၀င်းဟာ မနာလို ၀န်တိုမှု ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ၀န်ကြီးဌာနတွေမှာ ရှိတဲ့ အတတ်ပညာရှင် အသိပညာရှင်များ၊ ပါမောက္ခများ၊ ဆရာဝန်များ၊ အင်ဂျင်နီယာများ စတဲ့ ထူးချွန်သော ပညာရှင်များကို နေရာမပေးဘဲ နှိမ့်ချမှုကြောင့် ဦးနှောက် ယိုစီးမှု ဖြစ်ပေါ်ကာ ပညာရှင်တွေ ပြည်ပနိုင်ငံများသို့ ပြောင်းရွေ့ သွားကြလို့ နိုင်ငံရဲ့လူသား အရင်းအမြစ်များ ဆုံးရှုံးခဲ့ရပါတယ်။

စစ်ဖက်နီးစပ်သူများနဲ့ တိုင်ပင်ဆွေးနွေးချက် အရ ဒုဗိုလ်မှူးကြီး ကြည်ဆွေရဲ့ စာအုပ်ပါ အကြောင်း အရာများအပြင် ဖယ်ရှားခံရတဲ့ တပ်မတော်က လူတော်များဖြစ်ကြတဲ့ ဗိုလ်မှူးချုပ် ကျော်ဇော၊ ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းရီ နဲ့ ဗိုလ်ချုပ် လှဦးတို့ဟာ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) မဖြစ်ဘဲ ချောင်ထိုး ခံရတာကို ဖြည့်စွက် ဖြော်ပလိုက်ပါတယ်။ ဦးနေ၀င်းရဲ့ အရိုးစွဲ တစ်ယူသန် လူကောင်း လူတော်ဝါဒဟာ ယနေ့ ဗိုလ်သန်းရွှေ လက်ထက်တိုင် ဆက်လက် ရှင်သန် ကျင့်သုံးနေကြောင်း တွေ့ရှိရပြီး တပ်မတော် ထိပ်ပိုင်း ရာထူးများတွင် စစ်ရေးစစ်ရာအရ ထူးချွန်သူများ ဖြစ်ကြတဲ့ ဒုဗိုလ်ချုပ်ကြီး မောင်လှ၊ ဗိုလ်ချုပ် ဥာဏ်လင်းတို့မှာလည်း ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အဖြစ်ဆက်လက် နေရာပေးခြင်း မခံရဘဲ ဖယ်ရှားခံရကြောင်း ထပ်မံ ဖြည့်စွက် တင်ပြလိုက်ရပါတယ်။

ဗိုလ်မှူးချုပ် တင်ဦးဟာ ဗဟို ထောက်လှမ်းရေးတပ်တွင် တာဝန် ထမ်းဆောင်နေစဉ်မှာပင် ဗိုလ်ကြီး ကျော်စွာမြင့် ကိစ္စ ပေါ်ပေါက်လာခဲ့ပြီးနောက် ကကလှမ်းမှာပါ တာဝန်ကို ပူးတွဲထမ်းဆောင် လာရပါတယ်။ မျက်မှန်ကြီးတင်ဦး ဟာ ဗိုလ်ကြီးကျော်စွာမြင့် ကောင်းမှုကြောင့် ဗိုလ်နေ၀င်းရဲ့ အတွင်းစည်းသို့ စတင် ၀င်ရောက်ခွင့် ရလာပြီ ဖြစ်ပါတယ်။ ထိုစဉ်မှာပင် ဗိုလ်နေ၀င်းရဲ့ ညွှန်ကြားချက်အရ အလုံလမ်းရှိ အိမ်တော် လုံခြုံရေးနှင့်ပတ်သက်ပြီး လုံခြုံမှု လေ့လာဆန်းစစ်ခြင်း (Security Survey) ပြုလုပ်ရန် တာဝန်ပေးခြင်း ခံခဲ့ရပါတယ်။ ဗဟို ထောက်လှမ်းရေးတပ်မှ အရာရှိများ စစ်သည်များကို အခြေခံပြီး လုံခြုံမှု လေ့လာ စစ်ဆေးခြင်းကို ပြုလုပ်ခဲ့ပါတယ်။ လုံခြုံမှု လေ့လာ စစ်ဆေးခြင်းမှာ အရေးကြီးသော ဌာနများ၊ အဆောက် အဦးများ စက်ရုံ အလုပ်ရုံများအတွက် လုံခြုံရေး အန္တရာယ်များကို ကာကွယ်နိုင်ရန် ဆောင်ရွက်ရသော လုပ်ငန်းဖြစ်ပါတယ်။ ယင်းသို့ ပြုလုပ်ထားပြီးနောက် အခါအားလျော်စွာဖြစ်စေ၊ အခြေအနေအရ ဖြစ်စေ၊ (Security Inspection) ခေါ် လုံခြုံမှု စစ်ဆေးခြင်းများကို ပြုလုပ်သွားခြင်းအားဖြင့် လုံခြုံမှုအတွက် အလွန်ကောင်းမွန်အောင် ပြုလုပ်သွားနိုင်ပါတယ်။

ဗိုလ်နေ၀င်းနှင့် မိသားစုဟာ ထိုစဉ်က အလုံအိမ်တော် အတွင်းတွင် နေထိုင်ဆဲ ဖြစ်ပါတယ်။ လုံခြုံမှု လေ့လာ ဆန်းစစ်ခြင်းမှာ အလွန်အသေးစိတ် ပြုလုပ်ရသဖြင့် အခြေအနေ အရပ်ရပ်ကို အမှန်အတိုင်း သိရှိနိုင်ခွင့် ရှိခဲ့ပါတယ်။ အပေါ်ယံ အခြေအနေအရ အလွန်စိတ်ချရသော နေရာဌာနကြီးဟု ယူဆရ သော်လည်း ဆန်းစစ် လေ့လာပြီးသောအခါတွင် အလွန်စိုးရိမ်စရာ အခြေအနေများကို တွေ့ရှိရပါတယ်။ အိမ်တော် ၀န်ထမ်းများအတွင်းမှာ မြန်မာပြည် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီနှင့် အဆက်အသွယ် ရှိသူ ရာဇ၀တ်မှု အမျိုးမျိုးမှ တိမ်းရှောင်နေသူ စသည်များကို စစ်ဆေး တွေ့ရှိခဲ့ရပါတယ်။ အများစုမှာ ဗိုလ်နေ၀င်းရဲ့ ဇနီးဒေါ်ခင်မေသန်းရဲ့ သဘောတူညီချက် အရ ခန့်ထားသူများ ဖြစ်ကြပါတယ်။ အိမ်တော် အသုံးစရိတ်မှာလည်း နေ့စဉ်သောင်းဂဏန်း ကျော်နေခဲ့ပါတယ်။ အခြေအနေ အမျိုးမျိုးကို သိရှိခဲ့တော့ ဗိုလ်နေ၀င်းဟာ အလွန် ဒေါပွခဲ့ပါတယ်။

ဗိုလ်နေ၀င်းက တိုင်းပြည်အတွက် လူတော်များထက် လူကောင်းများကို ပိုမိုလိုအပ်ကြောင်း အတိအလင်း ထုတ်ဖော် မိန့်ကြားခဲ့ပါတယ်။ လူတော်များကို လူကောင်းများ ဖြစ်လာအောင် လုပ်ဖို့ မလွယ်ကူပေမဲ့ လူကောင်းများကို လူတော်များ ဖြစ်အောင် လုပ်ယူလို့ ရနိုင်ကြောင်း၊ လူကောင်းဆိုရာမှာ တိုင်းပြည်နှင့် လူမျိုးအပေါ်တွင် သစ္စာရှိသူ၊ အကြီးအကဲ များနှင့် အဖွဲ့အစည်း အပေါ်မှာ သစ္စာရှိသူများကို ဆိုလိုကြောင်း သူ့ရဲ့ မိန့်ခွန်းများ အရ ပေါ်လွင်အောင် ပြောကြားခဲ့ပါတယ်။ ဆိုရှယ်လစ်စနစ် ထူထောင်တဲ့ နိုင်ငံကြီးများမှ ခေါင်းဆောင်ကြီးများဟာ တိုင်းပြည်အတွက် ပညာတတ်များ ဖြစ်တဲ့ အတတ်ပညာရှင် အသိပညာရှင်များ များစွာ လိုအပ်ကြောင်း၊ ဒါပေမဲ့ တစ်ကိုယ်ကောင်း ဆန်တတ်သော ပညာတတ် ညဉ် ရှိသူများကိုတော့ ဖယ်ရှားရမည် ဖြစ်ကြောင်းများကို အတိအလင်း ဟောကြား ပြောဆိုခဲ့ကြပါတယ်။ သူတို့ရဲ့ အဲဒီလို ပြောဆို ချက်တွေဟာ ဗိုလ်နေ၀င်းရဲ့ လူကောင်းများ လိုအပ်တယ်ဆိုတဲ့ စကားနဲ့ အဓိပ္ပါယ် တူသယောင် ရှိတာကို တွေ့ရပါတယ်။

တပ်မတော်မှာ တာဝန်ထမ်းဆောင် ခဲ့ကြတဲ့ ဗိုလ်နေ၀င်းနဲ့ နီးစပ်စွာ တာဝန်ထမ်းဆောင် ခဲ့ကြတဲ့ လူကြီးများ ရဲ့ ပြောကြားချက်အရ “ဗိုလ်နေ၀င်းက လူကောင်းလူတော်ကို ခုမှ ခွဲခြားပြောတာ မဟုတ်ဘူး၊ ကျွန်တော်တို့ တပ်မတော်မှာ တာဝန်ယူခဲ့စဉ်က မကြာခဏ ပြောတတ်တဲ့ စကား ဖြစ်တယ်၊ တော်တဲ့ ကောင်တွေကို ကြပ်ကြပ် သတိထား၊ မင်းတို့ကို ခွစီးသွားလိမ့်မယ် ဆရာမွေးသလို ဖြစ်လိမ့်မယ်” လို့ အမြဲပြောခဲ့တယ်။ သစ္စာရှိတဲ့ကောင် ကောင်းတဲ့ ကောင်တွေကို မွေး၊ နောက်မှ တော်အောင်လုပ်ယူ၊ အဲဒါ အန္တရာယ် ကင်းတယ်” လို့ အမြဲ ပြောခဲ့ကြောင်းများကို သိရပါတယ်။ ဗိုလ်နေ၀င်းဟာ လူတော်များကို မကြိုက်တာက သူ့ရဲ့ ဗီဇ ဖြစ်ပုံရပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးဖြစ်ခဲ့တဲ့ ဦးသန့်နဲ့ပတ်သက်လို့ နိုင်ငံတကာမှ ရေးသားကြတဲ့ ပညာရှင်များရဲ့ ရေးသားချက်များကို ဖတ်ရှုကြရတဲ့အခါ ဦးသန့်ဟာ အလွန်တော်သူဖြစ်ကြောင်း၊ ကုလသမဂ္ဂ အတွင်းရေးမှူး ဖြစ်လာသူများဟာ လူတော်များဖြစ်မည်မှာ သံသယ ဖြစ်ဖွယ် မရှိကြောင်း၊ အဲဒီလို ဖြစ်လာ သူများအထဲမှာ ဦးသန့်က ပိုပြီး ထူးခြားမှု ရှိကြောင်း၊ အနောက်အုပ်စု အရှေ့ အုပ်စုမှစပြီး ကြားနေနိုင်ငံများ အားလုံးက အလွန်လေးစားခြင်းကို ခံရသူ ဖြစ်ကြောင်းများကို ဖတ်ရှုမှတ်သား ကြရပါတယ်။ ဆောင်းပါးရှင် တစ်ဦးက မှတ်ချက်ပြုရာမှာ ဦးသန့်ဟာ မြန်မာနိုင်ငံမှာ နေရပါက သူရဲ့ အရည်အချင်းများကို ကမ္ဘာက သိခွင့်ရရှိခဲ့မှာ မဟုတ်ကြောင်း ကမ္ဘာ့ ကုလသမဂ္ဂသို့ ရောက်ရှိလာ၍သာ သူ့ရဲ့ အရည်အချင်းများကို နိုင်ငံတကာက သိရှိခွင့် ရရှိခဲ့ကြောင်း၊ အရည်အချင်း ကောင်းမွန်ရုံတင် မဟုတ်ဘဲ စိတ်ထားလည်း အလွန် မွန်မြတ်ကောင်းမွန်သူ တစ်ဦးဖြစ်ကြောင်းကို သူနဲ့ ဆက်သွယ်ခွင့် ရရှိသူတိုင်းက ထုတ်ဖော် ပြောကြား ခဲ့ကြကြောင်းများကို ရေးသားထားခဲ့တာကို တွေ့ခဲ့ရပါတယ်။

ဦးသန့်ဟာ အတွင်းရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေစဉ် သူရဲ့ မိခင်ကို ကန်တော့ရန် မိခင်တိုင်းပြည် မြန်မာပြည်သို့ ပြန်ခဲ့ဖူးပါတယ်။ တော်လှန်ရေးကောင်စီ လက်ထက်တွင် ဖြစ်ပြီး မြန်မာနိုင်ငံသို့ ရောက်လျှင် ရောက်ချင်း နိုင်ငံရဲ့ အကြီးအကဲဖြစ်သော ဗိုလ်နေ၀င်းအား ဂါရ၀ပြု နှုတ်ဆက်လိုကြောင်း ပြောကြားပြီး၊ စီစဉ်ပေးရန် မေတ္တာရပ်ခံခဲ့ပါတယ်။ ဗိုလ်နေ၀င်းအား တင်ပြရာတွင် မတွေ့လိုကြောင်း ပြောကြားခဲ့ကာ ငပလီသို့ ထွက်ခွာသွားခဲ့ပါတယ်။ ဦးသန့်က ခေါင်းဆောင်ကြီးများရဲ့ မူလ အစီအစဉ်အရ သွားခြင်းဖြစ်မည် ဆိုကာ သူကိုယ်တိုင် လိုက်၍ နှုတ်ဆက်ပါမည်ဆိုပြီး ငပလီသို့ လိုက်သွားခဲ့ပါတယ်။ ငပလီတွင် တွေ့ရန် ကြိုးစားစဉ် မတွေ့ရပဲ ဗိုလ်နေ၀င်းဟာ နောက်နေ့စောစောတွင် ပြန်ပြီး ထွက်ခွာသွားခဲ့ပါတယ်။

အဲဒီ အချိန်က ဦးသန့်နဲ့သွားရောက် တွေ့ဆုံခဲ့တဲ့ ဗိုလ်ချုပ်ကြီးတင်ဦး (ကာကွယ်ရေးဦးစီးချုပ်ဟောင်း) က မိတ်ဆွေများနဲ့ စကားစပ်မိပြီး ပြောကြားရာမှာ “ဗိုလ်နေ၀င်းက ဘာဖြစ်လို့လဲ မသိပါဘူးဗျာ၊ မအားလို့ မတွေ့ နိုင်ကြောင်းပြောပြီး၊ မြန်မြန်ပြန်ခဲ့ဆိုလို့ ကျွန်တော်က သွားတွေ့ရတယ်၊ ဟိုရောက်တော့ ဦးသန့်က အလ္လာပ သလ္လာပ ပြောပြီး စကားကောင်းနေတော့ ရုတ်တရက် စကား မဖြတ်နိုင်ဘူးပေါ့ဗျာ၊ ဦးသန့်ကို အနီးကပ် တွေ့ရပြီး သူစကားပြောတာ နားထောင်ရတာနဲ့တကယ့် သူတော်ကောင်း လူတော်ကြီး တစ်ယောက် ဆိုတာကို ကျွန်တော် အကဲခတ်မိတယ်။ ဒီတော့ စကားဖြတ်ရမှာ အားနာပြီး နားထောင်ခဲ့ရတာပေါ့ဗျာ၊ ကျွန်တော်လည်း ပြန်ရောက်ရော၊ ဗိုလ်နေ၀င်းက ဘာလို့ ဒီလောက် ကြာနေရတာလည်းကွ ဆိုပြီး ဆူတော့တာပဲ၊ နောက်နေ့ မနက်စောစော ပြန်မယ်ဆိုပြီး ပြန်တော့တာပါဘဲဗျာ” လို့ ပြောပြတတ်ပါတယ်။ “ဦးသန့်ကို နိုင်ငံတကာက လူတွေက ချီးကျူးကြတာလည်း မပြောနဲ့ဗျ၊ ကျွန်တော် ခဏတွေ့ရတာတောင် တော်တော်ကို လေးစားပြီး ကြည်ညိုမှု ဖြစ်ခဲ့ပါတယ်ဗျာ” လို့လည်း ပြောတတ်ပါတယ်။

အချို့ က ထင်မြင်ချက်ပေးသည်မှာ “ဦးသန့်က ဦးနုနဲ့ နီးစပ်တယ်ဗျ၊ ဒါကြောင့် ဗိုလ်နေ၀င်းက မတွေ့ချင်တာ ဖြစ်မယ်” လို့ ထင်မြင်ချက် ပေးသလို “ဦးသန့်တော်တဲ့ အကြောင်းက ကမ္ဘာမှာတောင် နာမည်ကြီးနေတော့ လူတော် မကြိုက်တဲ့ ဗိုလ်ချုပ်ကြီးနဲ့ ဘယ်တွေ့လို့ ရပါ့မလဲ” လို့လည်း ထင်မြင်ချက်ပေးကြပါတယ်။ ဟုတ် မဟုတ်မှာ ကာယကံရှင်သာ သိနိုင်သော အချက် ဖြစ်ပါတယ်။

ဗိုလ်နေ၀င်း တက်လာပြီးတဲ့နောက် အရေးယူခံရသူတွေ လက်တွဲဖြုတ် ခံရသူတွေ တော်တော်များများ ရှိခဲ့ ပါတယ်။ လူကြီးပိုင်းမှ ပါဝင်သကဲ့သို့ လူလတ်ပိုင်းမှလည်း ပါဝင်ပါတယ်။ ထူးခြားတာက အဲဒီ အရေးယူ ခံရသူ လက်တွဲဖြုတ် ခံရသူများဟာ တာဝန် ထမ်းဆောင်ကြစဉ်အတွင်း လူတော်များအနေနဲ့ ထင်ပေါ်လာ သူများသာ ဖြစ်ကြောင်းကို တွေ့ရပါတယ်။ လူတော်များဟာ တနေ့နေ့မှာ ခြေရာတိုင်း လာနိုင်တယ်လို့ ယူဆလို့များ အရေးယူ ခံခဲ့ရတာလား၊ အများထက်တော်လို့ ထင်ပေါ်လာသဖြင့် မနာလို ဖြစ်ကြပြီး၊ တွန်းကြ တိုက်ကြလို့ပင် ဖြစ်တာလားဆိုတာ စဉ်းစားဖွယ်ရာ ဖြစ်ပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် လူတော်များအနေနဲ့ နိုင်ငံအတွက် လုပ်ပိုင်ခွင့် ဆုံးရှုံးကြရခြင်းဟာ မလိုလားအပ်တဲ့ ကိစ္စတစ်ရပ်သာ ဖြစ်ပါတယ်။

ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးတင်ဦးဟာ အလွန်ကြိုးစားသူ တစ်ဦးဟု နာမည်ရသူ ဖြစ်ပါ တယ်။ “ဗိုလ်နေ၀င်းရဲ့သား” လို့ အများက သတ်မှတ်ခဲ့ကြပါတယ်။ ဗိုလ်နေ၀င်းအား ဘုရားကဲ့သို့ ကိုးကွယ် ခဲ့သူ တစ်ဦးဖြစ်ပါတယ်။ ဗိုလ်နေ၀င်းကဲ့သို့ပင် မှတ်ဥာဏ် အလွန်ကောင်းပြီး ဂျပန်ခေတ် ရဲဘော်ဟောင်း များအား အမည်နှင့်တကွ မှတ်မိသူ ဖြစ်တယ်။ အလေးပြုပုံမှ အစ ဗိုလ်နေ၀င်းနှင့် တူအောင် ကြိုးစားခဲ့သူ ဖြစ်တယ်လို့ နီးစပ်သူများက ပြောခဲ့ကြပါတယ်။ စစ်ဆင်ရေး ပြောင်မြောက်သူ တစ်ဦး အဖြစ်လည်း ကျော်ကြားခဲ့ပါတယ်။ ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာပြီးနောက်မှာ တပ်မတော် အရာရှိကြီးများအတွင်း တီးတိုးထင်မြင်ချက် ပေးလာခဲ့ကြပါတယ်။ “ဒို့ဆရာကြီးတော့ စိုးရိမ်ရတဲ့ အပိုင်းရောက်လာပြီ” လို့ ပြောလာ ခဲ့ကြပါတယ်။ အဲဒီလို ပြောကြတဲ့ အချိန်မှာဘဲ အရေးယူ ခံခဲ့ရတာ ဖြစ်ပါတယ်။

Ref: ကိုဖိုးတရုတ်

Read More...

အာဏာရှင်ကြီးများ၏ အတွင်းရေး - အပိုင်း(၄)

ဗိုလ်မှူးချုပ် တင်ဦးကို ဗိုလ်နေ၀င်း၏ အရိုက်အရာကို ဆက်ခံမည့်သူလို့ ပြည်တွင်းပြည်ပ နိုင်ငံရေး အကဲခတ် ပုဂ္ဂိုလ်များက ယူဆခဲ့ကြပါတယ်။ နိုင်ငံခြားစာစောင်များကမူ အတိအလင်းပင် ရေးသား ဖော်ပြ ခဲ့ကြပါတယ်။ ဗိုလ်မှူးချုပ် တင်ဦးနဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းကမူ သူ့အတွက် စိုးရိမ်လာခဲ့ကြပါတယ်။

တခါတရံတွင် လူကြီးများကို အရေးယူရသည့် ကိစ္စများနဲ့ ပတ်သက်ပြီး သူ့အနေနဲ့ စိတ်မကောင်းသည့် အချက်တစ်ချက်ရှိကြောင်း ဗိုလ်ချုပ်ကြီးနေ၀င်းက ဘယ်သူ့ကိုပဲ ဖြစ်ဖြစ် အရေးယူတဲ့အခါမှာ ဥပဒေနဲ့ ဘောင်ဝင်အောင် လုပ်ရန် မှာကြားထားကြောင်း အချို့မှာ ကိုယ့်ကျင့်တရားနဲ့ မဆိုင်ပဲ အခြားအကြောင်း ကိစ္စများကြောင့် အရေးယူရခြင်း ဖြစ်ပေမဲ့ ဥပဒေဘောင်ဝင်အောင် လုပ်ရသည့်အတွက် အကျင့် စာရိတ္တနဲ့ ပတ်သက်သလို ဖြစ်ဖြစ်သွားခဲ့ကြောင်း သူ့အနေနဲ့လည်း ဘာမှ မတတ်နိုင်ကြောင်းများကို ပြောပြတတ် ပါတယ်။

ပါတီ တွဲဘက်အထွေထွေ အတွင်းရေးမှူးဟောင်း ဗိုလ်မှူးကြီးသောင်းကြည် သေဆုံးပြီးနောက် သူ့ကို တွဲဘက် အထွေထွေ အတွင်းရေးမှူးအဖြစ် တာဝန်ပေး ခံခဲ့ရပါတယ်။ ထိုနောက် ထောက်လှမ်းရေး အရာရှိ များသာ ပါဝင်သော ဧည့်ခံပွဲတစ်ခုမှာ ဗိုလ်မှူးချုပ် တင်ဦးက “ကျွန်တော့် အနေနဲ့ ဘယ်လိုမှ ရှောင်လို့ မရတော့တဲ့အတွက် ပေးတဲ့ရာထူးကို ယူခဲ့ရတယ်၊ ရာထူးပိုကြီးလာရင် အန္တရာယ်နဲ့ ပိုပြီး နီးလာပြီဆိုတာကို သိတယ်၊ အတိတ်ဘ၀က ကံလို့ပဲ သဘောထားရတော့မှာပဲ” ဟု ပြောပြခဲ့ပါတယ်။ ဗိုလ်မှူးချုပ် တင်ဦးက လုပ်ဖော် ကိုင်ဖက်များနဲ့ ပတ်သက်လာရင် ဘာမဆို ပွင့်ပွင့်လင်းလင်း ပြောတတ်သူ ဖြစ်ပါတယ်။ ထို့ကြောင့် သူ့အား တဘက်တွင် အလွန် ကြောက်လန့်ကြပေမဲ့ တဘက်မှာ ယုံကြည်အားထားမှု ရှိခဲ့ကြပါတယ်။ လူတစ်ယောက်ကို ဘ၀တုံးအောင် မလုပ်လိုသူ တစ်ဦးဖြစ်သဖြင့် အရေးမယူမီ နှုတ်ဖြင့် သတိပေးခြင်း ကြိမ်းမောင်း ဆူပူခြင်းများ ပြုတတ်ပါတယ်။ ဆင်ခြင်သွားသူများမှာ အရေးယူ မခံရသည်က များပါတယ်။

ထောက်လှမ်းရေး အမြင်ရှိသူ ဖြစ်တာကြောင့် အဘက်ဘက်က စဉ်းစားလေ့ရှိပါတယ်။ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချူပ်ကြီး တင်ဦးအား အရေးယူပြီးကာစက ထောက်လှမ်းရေးမှ အရာရှိများနဲ့ ဧည့်ခံပွဲ တခုတွင် အရက် သောက်ကြရင်း လူရှင်းသွားတဲ့အခါ အေးအေးဆေးဆေး စကားပြောခဲ့ရာမှာ “ဦးစီးချုပ်တော့ သွားပြီ ကျုပ်ကိုလည်း တသက်လုံး ကျေနပ်မှာ မဟုတ်ဘူး၊ လူကြီးတွေလည်း ဖြစ်လာခဲ့ပြီ၊ နိုင်ငံရေး အမြင်နဲ့ ဘယ်တော့မှ မကြည့်ကြဘူး၊ ကျုပ်ကို ရန်သူထင်နေသ၍တော့ သေကြဦးမှာပဲ” လို့ ဖွင့်ဟ ပြောဆိုခဲ့ ပါတယ်။ သူရဲ့ ဆိုလိုချက်ကို ထောက်လှမ်းရေး အရာရှိများ နားလည်ခဲ့ကြပါတယ်။

မိမိနိုင်ငံမှ အရင်းအနှီး မထုတ်နိုင်သေးတဲ့ကာလမှာ အခြားနိုင်ငံများနဲ့ ပူးပေါင်း ဆောင်ရွက်မှသာ တိုးတက်မှု ရနိုင်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ယင်းသို့ မလုပ်ဆောင်နိုင်ရခြင်းရဲ့  အကြောင်းရင်းကို ပြန်၍ လေ့လာတဲ့ အခါမှာ ဗိုလ်ချုပ်ကြီးနေ၀င်းရဲ့  သဘောတူညီချက် မရရှိသေး၍ မလုပ်နိုင်ခြင်း ဖြစ်ကြောင်း သိလာရပါတယ်။

အချို့လုပ်ငန်းများမှာ ကြိုးနီ စံနစ်ကြောင့်လည်းကောင်း၊ ၀န်ကြီးအချို့၏ အားနည်းချက်များကြောင့် လည်းကောင်း အကောင်အထည် မဖော်နိုင်ပဲ တိုင်းပြည်အတွက် အကျိုးအမြတ် မရရှိခဲ့သည်များ ရှိခဲ့ပါ တယ်။ ဥပမာအားဖြင့် ပို့ကုန်တိုးမြှင့်ရေးအတွက် တွန်းအားပေးနိုင်ရန် အဖွဲ့ဖွဲ့ပြီး ဆောင်ရွက်ခဲ့ခြင်းမျိုး ရှိခဲ့ ပါတယ်။ စတင်လုပ်ရာမှာ မည်သည့် ၀န်ကြီးကမှ တာဝန်မယူခဲ့ပဲ ဦးဆောင် ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး ကြည်သိန်းအား ဥက္ကဋ္ဌ အဖြစ် ခန့်အပ်၍ ဆောင်ရွက်စေခဲ့ပါတယ်။ ဗိုလ်မှူးကြီး ကြည်သိန်းဟာ တပ်မတော် လူဟောင်းကြီးဖြစ်ပြီး ဆက်ဆံရေး ကောင်းမွန်တာကြောင့် လုပ်ငန်းမှာ အားရစရာ ကောင်းအောင် အောင်မြင် ခဲ့ပါတယ်။ အဲဒီအခါမှာ ၀န်ကြီးအဖွဲ့က တာဝန်ယူ ဆောင်ရွက်မည်ဆိုကာ ကုန်သွယ်ရေး ၀န်ကြီးကို ဥက္ကဌခန့်၍ ပို့ကုန်တိုးမြှင့်ရေးကို ဆက်လက် ဆောင်ရွက်ပါတယ်။ ၀န်ကြီးဟာ ၀န်ကြီးလေသံနဲ့ အာဏာသုံးလာတဲ့အခါ ဌာနအသီးသီးမှ အကြီးအကဲများဟာ အစည်းအဝေးပင် မတက်ရောက်ကြတော့ဘဲ အထက်တန်း စာရေးလောက် အရာရှိငယ်လောက်သာ တက်ရောက်ကြပါတော့တယ်။ အဲဒီနှစ်မှ စပြီး လုပ်ငန်း ကျဆင်းခဲ့ရာ ကမ္ဘာ့စီးပွားရေးကို ထပ်ခါတလဲ အကြောင်းပြရသည်အထိ ပို့ကုန်အခြေအနေ ဆိုးဝါး သွားခဲ့ရပါတယ်။

ကုလသမဂ္ဂ နဲ့ အဲဒီ လက်အောက်ခံ အဖွဲ့အစည်းများဟာ အဖွဲ့ဝင် နိုင်ငံများမှ ၀န်ထမ်းများ ရွေးချယ် ခန့်အပ်လေ့ ရှိပါတယ်။ အဲဒီ အဖွဲ့အစည်းများဟာ မိမိနိုင်ငံမှ လူခံများ ရှိရင် လုပ်ငန်းလုပ်ရာမှာ ပိုမိုပြီး လွယ်ကူမှု ရှိနိုင်ပါတယ်။ အခြား နိုင်ငံများက ၀န်ထမ်းများ ခန့်အပ်ထားနိုင်အောင် ကြိုးစားသလောက် မြန်မာနိုင်ငံ၊ နိုင်ငံခြားရေးရုံးမှ ထောက်ခံခြင်း မပြုသဖြင့် လက်လွတ်ခဲ့ရပါတယ်။ တခါက ပိုလန်နိုင်ငံမှာ ပိုလန်သူများနဲ့ အိမ်ထောင်ကျကြပြီး ဒေါက်တာဘွဲ့ မာစတာဘွဲ့ စတဲ့ ပါရဂူဘွဲ့များဖြင့် ကုလသမဂ္ဂမှစပြီး အခြား နိုင်ငံကြီးများက အလုပ်ခန့်အပ်ခံ ထားရသူများ ရှိခဲ့ကြပါတယ်။ ဒါပေမဲ့ နိုင်ငံခြားရေးရုံးမှ ထောက်ခံချက် မပေးသဖြင့် အလုပ်လက်မဲ့များ ဖြစ်နေခဲ့ကြရပါတယ်။ ယခင် စီမံ/ဘဏ္ဍာ ဒုဝန်ကြီး ဗိုလ်မှူးကြီး အေးကို သွားရောက် ခဲ့တုန်းက တင်ပြကြသဖြင့် အဲဒီအချိန်က နိုင်ငံခြားရေး ၀န်ကြီး ဦးလေးမောင်သို့ ဆက်လက်တင်ပြရာ ချက်ချင်း လုပ်ပေးခဲ့တာကြောင့် အလုပ်များ ရခဲ့ကြကြောင်း သိရပါတယ်။

နိုင်ငံခြားရေး ရုံးလိုမျိုးမှာ လူကြီးတစ်ဦးရဲ့ သားတစ်ယောက်ဟာ နိုင်ငံခြား သံရုံးများမှာ သံအမတ်ကြီးထက် တန်ခိုး ကြီးပြီး လုပ်ချင်ရာ လုပ်ခဲ့တဲ့အထိ ဖြစ်ခဲ့ပါတယ်။ လူကြီးသား ဖြစ်တာကြောင့် ၀န်ထမ်းတိုင်းက အလွန် ကြောက်ကြရပြီး၊ သူခိုင်းတာ လုပ်ပေးခဲ့ကြရတယ်။ အဲဒီလို မလိုလားအပ်တဲ့ အကြောင်းများကို ဗိုလ်မှူးချုပ်တင်ဦးအား တင်ပြကြတဲ့အခါ သည်းခံကြဖို့ ပြောကြားခဲ့ပါတယ်။ သူရဲ့ အဖြေမှာ “ခင်ဗျားတို့ အရပ်ဘက်ကို သွားကတည်းက မှာလိုက်တယ် မဟုတ်လား၊ ဘမဆို လုပ်ချင်ရာကို ဇွတ်မလုပ်နဲ့ မူကို အရင် ချဖို့ တိုင်ပင်ပြီးလုပ်ကြ၊ မူချပြီးမှ မူ အတိုင်း လုပ်နိုင်အောင် လုပ်ကြလို့ ကျုပ် ပြောခဲ့တာ မှတ်မိတယ် မဟုတ်လား၊ အဲဒါမျိုးတွေ ဖြစ်မှာစိုးလို့ဘဲ မူ နဲ့ လုပ်ရင် အဲဒီလို ကောင်တွေ ဘယ်ရှိနိုင်မလဲ” လို့ ပြောခဲ့ပါတယ်။

နောက်တစ်ပတ်မှာတော့ စစ်အာဏာရှင်ကြီးတွေက အခွင့်ထူးခံ လူတန်းစား တစ်ရပ် ထူထောင်မှုကြောင့် တပ်မတော်နဲ့ ပြည်သူ တစ်နေ့တခြား ဝေးသထက် ဝေးကာ သမိုင်းကြောင်း ညစ်နွမ်းခဲ့ပုံကို ရေးသား တင်ပြပါဦးမယ်။

Ref: ဖိုးတရုတ်

Read More...

အာဏာရှင်ကြီးများ၏ အတွင်းရေး - အပိုင်း(၅)

ပြီးခဲ့တဲ့ အပတ်က မျက်မှန်ကြီး ဗိုလ်မှူးချုပ် တင်ဦးက “မူ” ချပြီး လုပ်ဖို့ ပြောကြားခဲ့ကြောင်း တင်ပြခဲ့ ပါတယ်။ ယနေ့မှာတော့ စစ်အာဏာရှင်ကြီးတွေရဲ့ အခွင့်ထူးခံ လူတန်းစား တစ်ရပ် ထူထောင်မှုကြောင့် တပ်မတော်နဲ့ ပြည်သူ တစ်နေ့တခြား ဝေးသထက် ဝေးကာ သမိုင်းကြောင်း ညစ်နွမ်းခဲ့ပုံကို ရေးသား တင်ပြပါဦးမယ်။

“မူ” ချပြီး လုပ်ရာမှာလည်း အခက်အခဲများ များစွာ ရှိခဲ့ကြကြောင်း သိရပါတယ်။ ဥပမာ ၀န်ထမ်း ခန့်ထားရေးမှာ ယှဉ်ပြိုင်ပြီး အရွေးခံရန် စနစ်တကျ စီစဉ်ခဲ့ကြပါတယ်။ ရေးဖြေ စာမေးပွဲကို မအောင်ရင် ဘယ်သူ့ကိုမှ မရွေးရန် ဖြစ်ပါတယ်။ ရေးဖြေအောင်ပြီးပါက လူကြီးသားသမီးများကို အထူးဦးစားပေးပြီး ရွေးချယ်ခဲ့ကြပါတယ်။ ဒါပေမဲ့ ချွင်းချက်မရှိ ဘာမှမစစ်ဆေးဘဲ ခန့်အပ်မပေးတာကြောင့် လူကြီးများရဲ့ ငြိုငြင်ခြင်းကို ခံခဲ့ရပါတယ်။ ဗိုလ်နေ၀င်းအား ဦးစားပေးရတဲ့ အလေ့အထဟာ လူကြီးမှန်က ဦးစားပေးရမဲ့ အလေ့အထ အဖြစ်သို့ ရောက်ရှိခဲ့သဖြင့် လူကြီးတိုင်းက ဦးစားပေး ခံချင်လာကြောင်းကို တွေ့ရှိခဲ့ရပါတယ်။

အခြေခံ ဥပဒေ ပြဌာန်းပြီး ရွေးကောက်ပွဲများ လုပ်ပြီးတဲ့အခါမှာ ဗိုလ်နေ၀င်းရဲ့  အစိုးရ အခြေအနေမှာ အထူး စိတ်ချရလောက်အောင် ခိုင်မာလာသည်ဟု ဆိုနိုင်ပါတယ်။ ဗိုလ်နေ၀င်းနဲ့အတူ လုပ်ကိုင်ခဲ့တဲ့ လူဟောင်းကြီး အားလုံးကိုလည်း ဖယ်ရှားခဲ့ပြီး ဖြစ်ပါတယ်။ ဗိုလ်နေ၀င်းနဲ့ တချိန်တည်း နိုင်ငံရေး နယ်ပယ်သို့ ရောက်ခဲ့ ကြတဲ့ နိုင်ငံရေးသမား အများအပြားဟာလည်း ဆန့်ကျင်နိုင်လောက်အောင် အခြေ အနေများ မရှိကြ တော့ပါ။ အဲဒီလို အခြေအနေမျိုးမှာ ဗိုလ်နေ၀င်းရဲ့ လူကောင်းလူတော် စနစ်အရ လက်ရွေးစဉ် ဖြစ်လာ ကြတဲ့ ခေါင်းဆောင်များဟာလည်း နိုင်ငံရေးအမြင် ရင့်ကျက်သူများ မဟုတ်ကြသဖြင့် လူပိန်းတွေး တွေးပြီး လုပ်လာခဲ့ကြကြောင်းကို တွေ့လာခဲ့ရပါတယ်။ “သစ္စာ ရှိဖို့သည်သာ အဓိက ထိုက်တန်သော အရည်အချင်း ရှိလာအောင် ကြိုးစားရန် မလို” ဆိုတဲ့ ယုံကြည်ချက်များလည်း ရှိလာခဲ့ကြပါတော့တယ်။ အဲဒီလို ယုံကြည်လာကြတာနဲ့အညီ အခွင့်ရတာကို ရဲတင်းစွာ ယူလာကြပါတော့တယ်။

“ဒို့ဟာ ဒီရာထူးမျိုးကို တခြား အစိုးရမျိုး လက်ထက်မှာ ဘယ်ရနိုင်မှာလဲကွ၊ ဗိုလ်နေ၀င်းလို လူမျိုးကြောင့် ဒို့ဟာ ဒီအခြေအနေမျိုးကို ရလာခဲ့တာပဲ သူ့အပေါ်မှာ သစ္စာ ရှိဖို့က လွဲရင် ဘယ်သူ့မှ သစ္စာ ရှိဖို့ မလိုဘူးကွ” လို့ ရဲရဲတင်းတင်း ပြောသူများ ရှိလာခဲ့ကြပါတယ်။ နိုင်ငံတော် ကောင်စီမှ ပြုလုပ်တဲ့ ဂေါက်သီးဖလား ပွဲများမှာ အချို့လူကြီးများဟာ အရက်နည်းနည်း သောက်ပြီးတာနဲ့ ဗိုလ်ချုပ်တင်ဦး ကြားလောက်တဲ့ နေရာမှာ “ခွေးကို လူမထင်ဘူးကွ” လို့ စောင်းမြောင်း ပြောဆိုခြင်းများ ရှိလာတာကို တွေ့မြင်လာရပါတယ်။ ဗိုလ်ချုပ်တင်ဦးဟာလည်း ထက်မြက်တဲ့ လူတစ်ယောက် ဖြစ်တာကြောင့် အဲဒီလို ပုဂ္ဂိုလ်များအား အပြတ် ရှင်းခဲ့တာများ ရှိခဲ့တယ်။ ထောက်လှမ်းရေး အရာရှိများရဲ့ ဧည့်ခံပွဲများမှာ လူရှင်းသွားတဲ့အခါ ဗိုလ်ချုပ် တင်ဦးက အဲဒီ ပုဂ္ဂိုလ်မျိုးများရဲ့အကြောင်းများကို ပြောပြတတ်ပါတယ်။ ပြီးရင် “ဒီလို လူမျိုးတွေကြောင့် ဗိုလ်နေ၀င်းဟာ ပြည်သူလူထုရဲ့ ဆန့်ကျင်မှု ခံရနိုင်တယ်။ တပ်မတော်ကိုလည်း ပြည်သူတွေက အထင်မှား သွားနိုင်တယ်။ ကျွန်တော် ရှိနေတဲ့ အချိန်အထိတော့ ဒီလိုလူမျိုးတွေကို ရှင်းမှာပဲ” လို့ ပြောင် ပြောတတ် ပါတယ်။

အဲဒီလို ပြောင်းလဲလာတဲ့ အခြေအနေများဟာ ဗိုလ်ချုပ်တင်ဦးအတွက် အလွန်အန္တရာယ်များ လှပါတယ်။ နိုင်ငံရေး အမြင်မရှိဘဲ ကိုယ်ကျိုးကိုသာ ကြည့်တတ်သူများရဲ့ မလိုလားအပ်ဆုံး လူတစ်ဦး ဖြစ်လာခဲ့ တာကြောင့် အန္တရာယ် အလွန်များလှကြောင်းကို သူကိုယ်တိုင်လည်း သိရှိခဲ့ပါတယ်။ ထောက်လှမ်းရေးမှ ရင်းနှီးသူများက သတိပေးတဲ့အခါမှာ “သမိုင်းပေး တာဝန်အရ လုပ်ရတာ ရှောင်သွားလို့ ဘယ်ရနိုင်ပ့ါ မလဲဗျာ” လို့ ပြန်ပြောခဲ့ပါတယ်။ အေးအေးဆေးဆေး နေတဲ့အခါမှာ “ကျွန်တော်တို့ လူကြီးတွေထဲမှာ ဘ၀ကို မေ့လာသူတွေ များလာကြပြီး၊ ပဒေသရာဇ်တွေလို ဆွေစဉ်မျိုးဆက် မင်းမျိုးလုပ်ချင်လာကြပြီ.. အခွင့်အလမ်း မှန်သမျှကို ပြည်သူတွေနဲ့မျှပြီး မခံစားချင်ကြတော့ဘူး၊ ဒို့ခံစားထိုက်လို့ ခံစားရတာဆိုတာမျိုး ဖြစ်လာကြပြီ၊ တိုင်းပြည်ရဲ့ ကံကြမ္မာလို့ပဲ ယူဆရတော့မှာပေါ့ဗျာ” လို့ ပြောတတ်ပါတယ်။

မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီမှ တာဝန်ရှိသူများ၊ ကောင်စီအဆင့်ဆင့်မှ တာဝန်ရှိသူများနဲ့ တပ်မတော် အရာရှိကြီး တချို့ တို့ဟာ အခွင့်အရေး အမျိုးမျိုးကို ရရှိကြပြီး လူတန်းစား အသစ်တစ်ရပ်ကို ထူထောင်ခဲ့ပြီး ဖြစ်လာခဲ့ပါတယ်။

တာဝန်ကို အဓိကထားရတဲ့ တပ်မတော်မှာပင် လူကြီးများရဲ့ သားများကို အခြား တပ်မတော် အရာရှိများနဲ့ အတိအလင်း ခွဲခြားလာကြောင်း သိရပါတယ်။ “လူကြီးတွေ စိတ်အနှောင့်အယှက် မဖြစ်အောင်လို့ လူကြီးတွေရဲ့သား အရာရှိတွေကို ရှေ့တန်းကို မပို့တော့” လို့ ထုတ်ဖော် ပြောလာခဲ့ကြပါတယ်။ အဲဒီ အရာရှိများ အတွက် ရှေ့တန်း ဆိုတာက ရန်ကုန်မှအပ ဖြစ်တဲ့ အေးချမ်းသော မြို့များသို့ စတိမျှ ပို့ခြင်းသာ ဖြစ်ပါတယ်။ နယ်ဘက် ၀န်ကြီး ဌာနများမှာ အထူးရွေးချယ်ခံရသူများ အဖြစ်နဲ့ ခန့်ထားခဲ့သည်များလည်း ရှိခဲ့ပါတယ်။ ခေတ်စားနေတဲ့ သဘောင်္သား အဖြစ်ကိုလည်း လူကြီးများရဲ့သားများ၊ ဆွေမျိုးများသာ အများဆုံး ရရှိခဲ့ပါတယ်။

ပိုဆိုးတာက အလွန်တည်ငြိမ် သိက္ခာရှိခဲ့တဲ့ တက္ကသိုလ် နယ်မြေအတွင်းသို့ မမှန်မကန်တဲ့ နည်းများဖြင့် ၀င်ရောက်ခဲ့ကြခြင်း ဖြစ်တယ်။ သာမန် ဥာဏ်ရည်အဆင့် မရှိသူများပင် ဂုဏ်ထူး လေးငါးခုကို ရရှိ လာခဲ့ကြပါတယ်။ နိုင်ငံတော် ငွေနဲ့ နိုင်ငံခြားသို့ ဘွဲ့လွန် သင်တန်း တက်ရောက်သူများဟာ ဆိုင်ရာ စာမေးပွဲ မအောင်က ပြန်လာကြရပါတယ်။ နိုင်ငံတော်က ဆက်လက်ပြီး ထောက်ပံ့ခြင်း မပြုတော့ပါ။ ဒါပေမဲ့ လူကြီးများနဲ့ ပတ်သက်သူများကို အကြောင်းအမျိုးမျိုးပြကာ ဆက်လက်ပြီး ထားခဲ့ကြပါတယ်။ ဆက်ထားပြီး မအောင်မြင်တဲ့အခါ အမိနိုင်ငံသို့ ပြန်လာပြီး နိုင်ငံခြားမှာ ဘွဲ့လွန်သင်တန်း တက်ရောက်ခဲ့တဲ့ အကြောင်း ပြချက်နဲ့ နိုင်ငံတွင်း ဘွဲ့လွန်သင်တန်းကို အောင်မြင်ပြီး ဟု အသိအမှတ်ပြုရန် စီစဉ်ခဲ့ကြပါတယ်။

စီးပွားရေး လုပ်သူများနဲ့ ပတ်သက်ရင် အလွန်မတရား အခွင့်အလမ်းများ ယူခဲ့ကြပါတယ်။ ၀န်ကြီး ဌာနများမှ လုပ်ငန်းများကို အမည်ခံပြီး မိုက်ကြေးခွဲခြင်း ဖြစ်ပါတယ်။ သာမန် လုပ်ကိုင်စားသောက်သူများ မရရှိနိုင်တဲ့ လုပ်ငန်းများကို ရအောင် လုပ်ပေးမယ်လို့ နားလည်မှုယူပြီး မတန်တဆ မိုက်ကြေးခွဲကြ ပါတယ်။ ဥပမာ အားဖြင့် လုပ်ငန်းတစ်ခုဟာ သိန်းနှစ်ဆယ်ခန့် အကျိုးရှိမည်ဖြစ်ပြီး ဆယ်သိန်းပေးရမယ်လို့ တောင်းပါတယ်။ လုပ်မဲ့ လူကလည်း လုပ်ရမဲ့အချိန် အခြားပါတီ၊ ကောင်စီမှ စပြီး ပေးရန် ရှိတာများကို တွက်ချက်ပြီး ငါးသိန်းခန့် ကျန်မည်၊ လေးငါးခြောက်လ အတွင်း အလုပ်ပြီးမည် စသည့် ရနိုင်မဲ့ အမြတ်များကို တွက်ပြီး အခြား လုပ်ရန်လည်း မလွယ်ကူတာကြောင့် မိုက်ကြေး ခွဲမှန်း သိလျက်နဲ့ပဲ သဘောတူကြရပါတယ်။

အဲဒီလို အဖြစ်အပျက်မျိုးမှာ တခါတရံ ဖြစ်ခြင်းမျိုး မဟုတ်ဘဲ ရဲတင်းစွာ ပွင့်ပွင့်လင်းလင်း လုပ်ဆောင် နေကြခြင်း ဖြစ်တယ်။ တော်တော်ကြီးကြီး လူကြီး တစ်ဦးကမူ “တခြားလူတွေ စားမဲ့အစား ကိုယ့်လူတွေ စားရရင် ပိုကောင်းတာပေါ့ကွာ” လို့ မိုက်မိုက်ကန်းကန်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ အခွင့်အရေး ယူပုံများမှာ “ပြောမယုံ ကြုံဖူးမှ သိမည်” လို့ စကားပုံ အတိုင်း ဖြစ်လာတယ်။ အခွင့်ထူးခံ လူတန်းစား နဲ့ ပြည်သူ ပြည်သားများရဲ့ အခြေအနေမှာ မိုးနဲ့မြေလို ကွာခြားလာခဲ့ပါတယ်။ ဥပမာ အခွင့်ထူးခံ လူတန်းစား များ အသုံးပြုတဲ့ လမ်းကိုသာ ပြုပြင်ပြီး ပြည်သူလူထု အများစု အသုံးပြုတဲ့ မြို့လယ် လမ်းမကြီးများကိုမူ ဖြစ်သလို ထားခဲ့ကြပါတယ်။ အများ ပြည်သူအား ဖြေဖျော်ရတဲ့ ရုပ်ရှင်ရုံများဆိုရင် အခွင့်ထူးခံ လူတန်းစားများ မလာရောက်ကြသဖြင့် ဖြစ်ချင်တိုင်း ဖြစ်ခဲ့ရပါတယ်။ ရန်ကုန်မြို့လယ်မှ ဂုဏ်ရုံကဲ့သို့သော ရုံသည်ပင် အိမ်သာပမာ စုတ်ပြတ် ညစ်ပေနေပါတော့တယ်။


Ref: ဖိုးတရုတ်

Read More...

Sunday, November 16, 2008

မင်းကိုနိုင်နှင့် ခေါင်းဆောင် ကိုးဦး ၆၅ နှစ်စီ ထောင်ဒဏ် ချမှတ်ခံရ

15 November 2008

ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်တို့ အပါအ၀င် ကိုးယောက်ကို စစ်အစိုးရက ထောင်ဒဏ် ၆၅ နှစ် ပြစ်ဒဏ် ချမှတ်လိုက်တဲ့ အကြောင်း ကျောင်းသား ခေါင်းဆောင်တွေရဲ့ မိသားစုတွေက ပြောပါတယ်။ ကျန်တဲ့ လူရွှင်တော် ဇာဂနာနဲ့ အခြား နိုင်ငံရေး အကျဉ်းသားတွေရဲ့ အမှုတွေကိုလည်း ရုံးပိတ်ရက်ဖြစ်တဲ့ စနေ၊ တနင်္ဂနွေတွေမှာ အင်းစိန်ထောင် အတွင်း တရားရုံးက စစ်ဆေးနေတယ်လို့ ပြောပါတယ်။ အသေးစိတ်ကို ကိုသိန်းထိုက်ဦးက တင်ပြထားပါတယ်။

လောင်စာဆီဈေးနှုန်းနှင့် ကုန်ဈေးနှုန်း ကျဆင်းရေးတို့အတွက်
ငြိမ်းချမ်းစွာ လမ်းလျှောက် ဆန္ဒပြခဲ့ကြသည့်
88 မျိုးဆက် ကျောင်းသားများ

ကျောင်းသားခေါင်းဆောင် မင်းကိုနိုင် အပါအ၀င် စုစုပေါင်း ကိုးယောက်ကို မအူပင် ထောင်ကနေ အင်းစိန် ထောင်ကို စစ်အစိုးရက ပြန်ပို့လိုက်ပါတယ်။ သူတို့ကို မအူပင်ထောင် မှာကတည်းက အာဏာပိုင်တွေက ထောင်ဒဏ် ၆၅ နှစ် ပြစ်ဒဏ် ချမှတ်ခဲ့တယ်လို့ ထောင်ဝင်စာ သွားတွေ့တဲ့ ကျောင်းသား ခေါင်းဆောင် ကိုဌေးကြွယ်ရဲ့ ညီမ မခင်မိမိကြွယ်က အခုလို ပြောပါတယ်။

“သူတို့ကို ဒီနေ့ ထောင်ဝင်စာ သွားတွေ့တယ်။ မအူပင်ကို သွားတွေ့တာ။ မအူပင်ကနေ ပြောင်းသွားပြီ ဆိုတော့ အင်းစိန်ထောင် ကိုတခါ ကျမတို့ ပြန်လိုက်၊ ပြန်လိုက်တော့ ညနေ နှစ် နှစ်နာရီနဲ့ ငါးမိနစ်မှာ အင်းစိန်ထောင်ကို သွားတွေ့တော့ သူတို့ကို သုံးနာရီ လောက်မှာ တွေ့ရတယ်။ အစ်ကိုလေးကို မေးကြည့်တော့ ၁၁ ရက် ၁၁ လ ၁၁ နာရီ မှာ သူတို့ကို ၆၅ နှစ်ချတယ်တဲ့။ မအူပင်မှာ ချတာ။ ဒီနေ့ အင်းစိန်ထောင်ထဲ ပြန်ပြောင်းတယ်။”

ကိုဌေးကြွယ်ရဲ့ ညီမ မခင်မိမိကြွယ် ပြောပြသွားတာပါ။ ဖမ်းဆီးခံထားရတဲ့ ကျောင်းသား ခေါင်းဆောင်တွေကို မအူပင်ထောင်မှာ ရှိနေသေးတယ် ထင်ပြီး အကျဉ်းသား မိသားစုတွေ မအူပင်ထောင်ကို လိုက်သွားတဲ့ အချိန်ကြမှ အခုလို ပြစ်ဒဏ်တွေ ချမှတ်လိုက်တယ် ဆိုတာကို မိသားစုဝင်တွေ သိခဲ့ကြတာလို့ ပြောပါတယ်။

အဲန်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း ကတော့ မြန်မာနိုင်ငံ တရားရေး စနစ်အပေါ် မေးခွန်းထုတ်စရာတွေ ရှိနေတယ်လို့ ပြောပါတယ်။

“ကျနော်တို့ ကိုမင်းကိုနိုင် တို့ကို ၆၅ နှစ်ချတယ် ဆိုပြီး သတင်း ဒီလိုပဲ ကျနော်တို့လည်း ကြားပါ တယ်။ ဒီမှာ တော်တော် ထူးဆန်းတဲ့ ကိစ္စတခုက သူတို့ကို ပုဒ်မ (၂၈၂) နဲ့ ၆ လ ချပြီးတော့ မအူပင်ထောင်ကို ပို့ထားတာ။ ကျနော် နားလည်သလောက် သူတို့အမှုက သက်သေတွေ လုံလောက်အောင် မစစ်ရသေးဘူး။ မအူပင်ထောင် ကျတော့လည်း တရားသူကြီးက ထောင်ထဲဝင်ပြီး အမိန့်ချတယ် ပြောတယ်။ ကျနော်တို့ တရားရုံးရဲ့ အစဉ်အလာတွေ နဲ့တော့ လုံးဝ ဆန့်ကျင်နေတယ်။ တရားစီရင်ရေးနဲ့ ပတ်သက်လို့ မေးခွန်းထုတ်စရာတွေ အများကြီး ဖြစ်နေပြီလို့ ကျနော် အဲလို ပြောချင်တယ်။”

ဒီသီတင်းပတ် စောစောပိုင်းကတည်းက ကျောင်းသားခေါင်းဆောင် တွေကို ထောင်ဒဏ် နှစ်ရှည်တွေ စပြီး ချမှတ်ခဲ့တာပါ။ ဒီလို ချမှတ်တာနဲ့ ပတ်သက်လို့ နိုင်ငံတကာနဲ့ လူ့အခွင့်အရေး အဖွဲ့တွေက စစ်အစိုးရကို ပြစ်တင် ရှုတ်ချခဲ့ကြပါတယ်။
ဒီအတောအတွင်း တခြား နိုင်ငံရေးမှုနဲ့ ဖမ်းဆီးခံထားရ သူတွေရဲ့ အမှုတွေကို စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက် တွေမှာပါ အင်းစိန်ထောင် အထူးတရားရုံးက ဆက်ပြီး စစ်ဆေးနေပါတယ်။ ဒီလို စစ်ဆေးတဲ့ အတွက် ကျန်တဲ့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ အမှုတွေကိုလည်း ပြစ်ဒဏ်တွေ ချမှတ်ဖို့ အာဏာပိုင်တွေဘက်က ခပ်မြန်မြန် ပြင်ဆင်လာတယ် ဆိုတဲ့ သတင်းတွေ ထွက်ခဲ့တာပါ။

နိုင်ငံရေး အကျဉ်းသားတွေနဲ့ အကျဉ်းသားတွေရဲ့ မိသားစုတွေ ကတော့ ရုံးပိတ်ရက်တွေမှာ ထောင် အာဏာပိုင်တွေက အခုလို ရုံးထုတ် စစ်ဆေးတာကြောင့် မိသားစုနဲ့ တွေ့ဆုံခွင့် ဆုံးရှုံးမှာကို ကန့်ကွက် ခဲ့ကြပါတယ်။ ဒီနေ့ အင်းစိန်ထောင် အတွင်း အထူးတရားရုံးမှာ ရုံးထုတ် စစ်ဆေးခံရတဲ့ အထဲမှာ လူရွှင်တော် ဇာဂနာလည်း ပါဝင်ပါတယ်။ သီတင်းပတ် အတွင်း ရုံးဖွင့်ရက် တွေမှာလည်း အမှုတွေ ဆက်တိုက် ကြားနာပြီး တလျှောက်လုံး နေ့စဉ် နာရီ အတော်ကြာ စစ်နေတဲ့ အတွက် ကိုသူရ ခေါ် ဇာဂနာ အနေနဲ့ ပင်ပန်းဆင်းရဲတဲ့ဒဏ် ခံနေရတယ်လို့ ဒီနေ့ ဇာဂနာကို ထောင်ဝင်စာ သွားတွေ့တဲ့ ဇာဂနာရဲ့ ခယ်မ မငြိမ်းက ပြောပါတယ်။

“သူတို့ ရုံးထုတ်ရင် ကျမတို့က တွေ့ခွင့် မရှိတော့ဘူးလေ။ တနေကုန် စစ်ဆေးတာလေ။ မနေ့က ဆိုရင်လည်း ခြောက်နာရီမှ ကိုသူရတို့ကို ရုံးထဲကို ပြန်ထည့်တာတဲ့။ အခု ကျမ ရောက်တာ ၉ နာရီ ၂၀ ရောက်တယ်။ ကျမကို ရုံးထုတ်သွားပြီတဲ့။ မဟုတ်ဘူးလို့၊ ကျမက စည်းကမ်းအတိုင်း လာတာ၊ တနင်္လာကနေ သောကြာ အထိ တောင်းဆိုတာ မဟုတ်ဘူး။ စနေ တနင်္ဂနွေမှာ ကျမ အစ်ကို ကို တွေ့ရမယ့်ရက်။ ကျမ မတွေ့ရရင် မပြန်ဘူး၊ ကျမ အစ်ကို နေလည်းမကောင်းဘူး။ ဒီနေ့မှ ဖရောင်းပဆိုး ဆိုတာ သွင်းရမှာ။ အပြင်မှာ ရာသီဥတု ဒီလောက် အေးနေပြီ၊ ထောင်ထဲမှာ ဘယ်လောက် အေးမလဲ၊ ကျမ အစ်ကိုမှာ အခင်းလည်း မရှိဘူး။ ကျမထောင်ပိုင်နဲ့ တွေ့မယ်။ တခုခု လုပ်ပေးပါလို့။ မတွေ့ရရင် မပြန်ဘူး။ ကျမတို့ကို တနင်္လာကနေ သောကြာ အထိ မတွေ့ ရဘူး။ စနေ တနင်္ဂနွေ တွေ့ရတဲ့ ကိစ္စကို ကျမ အလျော့ မပေးနိုင်ဘူးလို့ ပြောလိုက်တယ်။”

ရုံးထုတ်တဲ့အချိန် နာရီအတော်ကြာ စစ်ဆေး မေးမြန်းမှုတွေကြောင့် ကိုသူရရဲ့ ကျန်းမာရေး အခြေအနေ ပိုဆိုးလာတယ် လို့လည်း မငြိမ်းက ပြောပါတယ်။

အခုလို ရုံးပိတ်ရက်တွေမှာပါ အမှုတွေ စစ်ဆေးနေတဲ့အတွက် လာမယ့် ရက်ပိုင်း အတွင်းမှာ ပြစ်ဒဏ်တွေ ချမှတ် နိုင်လာ နိုင်တယ်လို့ တရားရေး သတင်း ရပ်ကွက်က ခန့်မှန်းနေပါတယ်။ အဲန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းကတော့ တရားရုံးတွေ ရုံးထိုင်တာနဲ့ ပတ်သက်ပြီး Court Manual တရားရုံးများ လက်စွဲအရ စနေ တနင်္ဂနွေ နေ့တွေမှာ ရုံးမထုတ်ရတဲ့ အကြောင်း၊ ဒီလို ရုံးထိုင်တာက ဥပဒေ ကို ချိုးဖေါက်တာ မဟုတ်ရင်တောင် တရားရုံးတွေ လိုက်နာရမယ့် စည်းကမ်းနဲ့တော့ မကိုက်ညီဘူးလို့ ပြောဆိုသွားပါတယ်။

Ref: VOA News

Read More...

ပြည်သူတွေရေးဆွဲတဲ့ ပြည်သူ့အတွက် ပြည်သူ့လမ်းပြမြေပုံ

ဂါမဏိ

မြန်မာပြည်ကို ကမ္ဘာဆုံးတိုင် စစ်အာဏာရှင်စနစ်အောက် သွတ်သွင်းဖို့ နအဖစစ်အုပ်စု ရဲ့ ဦးနှောက်တထွာတမိုက်နဲ့ ဆွဲထားတဲ့ လမ်းပျက်မြေပုံကို အလားတူ ဦးနှောက်တထွာတမိုက် ရှိသူတွေက အမွှန်းတင် မိတ်ကပ်လိမ်းပေးနေတာ အားလုံးအသိပါဘဲ။ တဖက်မှာလဲ ကျနော်တို့ ဒီမိုကရေစီအင်အားစုတွေဘက်မှ လောက်လောက်လားလား လမ်းပြမြေပုံ မရှိရကောင်းလားလို့ တရုတ်ကြီးအပါအ၀င် နိုင်ငံတကာပိုင်းတချို့က မေးငေါ့တာတွေ ကြုံရပါတယ်။ အခုတော့ ဒါတွေကို တန်ပြန်နိုင်ဖို့ ကျနော်တို့ ၁၉၉၀ မှာ ရွေးကောက်တင်မြှောက်လိုက်တဲ့ ပြည်သူ့ ကိုယ်စားလှယ်တွေက အင်မတန်ကို ရှင်းလင်းပြတ်သားတဲ့ လမ်းပြမြေပုံကို ပြည်သူလူထု အတွက် ရေးဆွဲလိုက်ပါပြီ။

အဆင့်မြင့်အင်္ဂလိပ်ဘာသာနဲ့ အင်မတန်လှပစွာ ရေးဆွဲထားတဲ့ ဒီလမ်းပြမြေပုံဟာ နအဖညောင်နှစ်ပင်ညီလာခံ ဘာလဲဆိုတာကို ပြည်သူလူထုကို အင်မတန်ကို ရှင်းလင်းပြတ်သား စွာ ဖွင့်ချထားပါတယ်။ ပြည်သူ့လမ်းပြမြေပုံရဲ့ အဆင့်(၁) မှာ ညောင်နှစ်ပင်ညီလာခံတင်မကဘဲ နအဖရဲ့ လမ်းပျက်မြေပုံ (၇) ဆင့်စလုံးကို မြောင်းထဲ ကန်ချပစ်လိုက်ပါတယ်။ ညောင်နှစ်ပင်က ထွက်လာမယ့်ဟာ ဘာကြီးဘဲထွက်လာလာ နအဖက ပုံနှိပ်ထုတ်ဝေတဲ့ စက္ကူတရွက် အဆင့် သာရှိပြီး တနိုင်ငံလုံး မလွဲမသွေ လိုက်နာရမယ့် အခြေခံဥပဒေမဟုတ်ဘူးလို့ ရှင်းရှင်းပြောလိုက် ခြင်းဖြင့် နအဖရဲ့ ညီလာခံ၊ နအဖရဲ့ ပြည်သူ့ဆန္ဒခံယူပွဲ၊ နအဖရဲ့ ရွေးကောက်ပွဲသစ်တွေကို အပြီးအပြတ် ပယ်ချပစ်လိုက်တာဖြစ်ပါတယ်။

ကျနော်တို့ ဒီဘက်က အတိုက်အခံတွေက နအဖလမ်းပျက်မြေပုံကို အဆင့်တိုင်းမှာ တိုက်ဖျက်ရေး ဗျူဟာချထားပါတယ်။ ဒါပေမဲ့ ပြည်သူ့ကိုယ်စားလှယ်တွေရဲ့ လမ်းပြမြေပုံက တော့ နအဖအဆင့်အားလုံးကို အဆင့် (၁) မှာတင် နင်းချေပစ်လိုက်တာ ဖြစ်ပါတယ်။ ဒါဟာ ၂၀၀၄ ခု၊ မေ (၁၄) ရက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထုတ်ပြန်ခဲ့တဲ့အတိုင်း ဦးတည်ချက် (၆) ရပ်တို့၊ အခြေခံမူ (၁၀၄) ချက်တို့ဟာ (နအဖဘက်က တင်ပြတဲ့) စဉ်းစားရန် အချက်များ သာဖြစ်ရမယ်ဆိုတာနဲ့လဲ လုံးဝ ကိုက်ညီနေပါတယ်။

ပြည်သူ့လမ်းပြမြေပုံရဲ့ ထက်မြက်မှုနဲ့ လှပမှုကတော့ ရွေးကောက်ခံပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ အခြေခံဥပဒေချဖို့ အဓိကတာဝန်ကို ပြတ်ပြတ်သားသား ဖော်ပြလိုက်တာ ဘဲ ဖြစ်ပါတယ်။ လမ်းပြမြေပုံ အဆင့် (၄) မှာ နအဖရဲ့ “ဥပဒေကဲ့သို့ အာဏာတည်သော” ၁/၉၀ ပြဋ္ဌာန်းချက်ကို အတိအကျယူပြီး အခြေခံဥပဒေနဲ့ ပတ်သက်လို့ ၁၉၉၀ ခု ရွေးကောက်ခံ ပြည်သူ့ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်သူ့လွှတ်တော်ကို အာဏာကုန်အပ်ထားတယ်။ ဒါကြောင့် ဆန္ဒခံယူပွဲလုပ်ဖို့တောင် ထည့်မထားပါဘူး။ အဆင့် (၃) မှာ နအဖ၊ အဖွဲ့ချုပ်၊ တိုင်းရင်း သားပါတီ-အပစ်ရပ်တိုင်းရင်းသား သုံးပွင့်ဆိုင်ပေါင်းပြီး အခြေခံဥပဒေ မူကြမ်းရေးဆွဲရေး ကော်မတီဖွဲ့ဖို့ ပြောထားတာက မူကြမ်း ဆွဲဖို့သာ ဖြစ်တယ်။ အခြေခံဥပဒေဆွဲဖို့ (သို့မဟုတ်) အခြေခံဥပဒေချဖို့ ပြောတာမဟုတ်ပါဘူး၊ အဆင့် (၃) ဟာ မူကြမ်းအဆင့်ဘဲ ဖြစ်တယ်။ အဆင့် (၄) ကမှ နောက်ဆုံး အပြီးသတ်အခြေခံဥပဒေဖြစ်တယ်။ ဒါကြောင့် အဆင့် (၄) က အခရာ ဖြစ်ပါတယ်။ ဒါဟာ ၁/၉၀ နဲ့ လုံးဝ ကိုက်ညီနေပါတယ်။

အဆင့် (၃) မှာ အခြေခံဥပဒေ မူကြမ်းရေးဆွဲရေးကော်မတီထဲ နအဖကို ထည့်ထားပြီး နအဖညောင်နှစ်ပင်က ထွက်လာမယ့်ဟာကို “အခြေခံရေးဆွဲဖို့” ပြောထားတာကတော့ အတိုက် အခံတွေ ခေါင်းမာတယ်၊ ပျော့ပြောင်းမှုမရှိဘူးလို့ ပြည်တွင်းပြည်ပက ဉာဏ်တထွာတမိုက်သမား တွေ ပြောနေတာတွေကို တန်ပြန်တဲ့အနေနဲ့ရော၊ အမျိုးသားပြန်လည်သင့်မြတ်ရေးအနေနဲ့ပါ ထည့်ထားတာဖြစ်တယ်။ ဒါပေမဲ့ စိတ်ကူးမယဉ်ဘဲ ပြည်သူ့ဘက်ရပ်တည်ရေးမူ စွဲစွဲမြဲမြဲ ဆုပ်ကိုင် ထားတာကိုတော့ အဆုံးအဖြတ်ကျတဲ့ အဆင့် (၄) မှာ တွေ့ရပါတယ်။

နောက်ထပ်လှပမှုတွေကတော့ ဒေါ်အောင်ဆန်းစုကြည်နာမည်ကို တလုံးမှ ထည့် မထားတာဖြစ်တယ်။ ဗမာပြည် ဒီမိုကရေစီသမားတွေဟာ ဒေါ်အောင်ဆန်းစုကြည်မပါရင် ဘာမှ မလုပ်တတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်လွတ်ရေး တောင်းဆိုတာကလွဲရင် ဘာမှမလုပ်တတ် ဘူးလို့ ဦးနှောက်တထွာတမိုက်သမားတွေ ပြောနေကြတာကို ဒီလမ်းပြမြေပုံမှာ လှလှပပ ကျော်လွှားထားတယ်။ အခုလမ်းပြမြေပုံ (၇) ဆင့်စလုံးမှာ ဒေါ်အောင်ဆန်းစုကြည်နာမည်၊ ဒီမိုကရေစီနာမည်၊ ဖက်ဒရယ်နာမည်တွေ ဘာတခုမှ ထည့်မထားပါဘူး။ ဒါပေမဲ့ အဆင့် (၂) မှာ နအဖ၊ အဖွဲ့ချုပ်အမတ်၊ တိုင်းရင်းသားအမတ်တွေ သုံးပွင့်ဆိုင်တွေ့ဆုံပြီး “အမျိုးမျိုးအဖုံဖုံသော တနိုင်ငံလုံးဆိုင်ရာ အရေးကိစ္စများနှင့် လုပ်ထုံးလုပ်နည်းများ” ဆွေးနွေးရန်ဆိုတာ အင်မတန် ကျယ်ပြန့်ပြီး အင်မတန်လှတဲ့ အကွက်ဖြစ်ပါတယ်။ ဒီခေါင်းစဉ်အောက်မှာ တိကျတဲ့ ရှေ့လုပ် ငန်းစဉ်အပါအ၀င် အမျိုးမျိုးထည့်လို့ရပါတယ်။

ဒီပြည်သူ့လမ်းပြမြေပုံဟာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဆီ ခေါင်းတပ်ထားတာဖြစ်လို့ အင်္ဂလိပ်ဘာသာနဲ့ဘဲ ထုတ်ထားပြီး မြန်မာဘာသာနဲ့ ထုတ်မထားပါဘူး။ ဒါကြောင့် အင်္ဂလိပ်စာ အားနည်းသူတွေအဖို့ နားလည်မှုလွဲတာတွေ ဖြစ်နိုင်ပါတယ်။ အဲဒီတော့ ဒီလမ်းပြမြေပုံဟာ ကျနော်တို့ ဒီမိုကရေစီသမားတွေ နဂိုမူလက ချထားတဲ့ တရားကိုယ်တွေ၊ အခြေခံမူတွေနဲ့ ကွဲလွဲမှုရှိမရှိကို အင်္ဂလိပ်စာ ကြိုးစားအားထုတ်ပြီး ကြိုက်သလို ဆန်းစစ်ကြည့်ကြပါ။ အဘက် ဘက်က မှတ်ကျောက်တင်ခံနိုင်ပါတယ်။ ကျနော့်အနေနဲ့ တတ်သလောက် မှတ်သလောက် အင်္ဂလိပ်စာလေးနဲ့ ဖတ်ကြည့်တာတော့ အားလုံးရှင်း၊ အားလုံးမှန်ကန်နေတာ တွေ့ရပါတယ်။

ပူကျင့်ရှင်းထန်ဆိုတာ မဆလခေတ်မတိုင်မီ ဟိုးအရင်ခေတ် အင်္ဂလိပ်စာတတ် ခရစ်ယာန်ဘာသာဝင် ချင်းအဖိုးကြီးဖြစ်ပါတယ်။ အမေရိကန်နိုင်ငံက ကမ္ဘာကျော် ၀ါရှင်တန်ပို့စ် သတင်းစာကြီးမှာ အင်္ဂလိပ်လို ဆောင်းပါးရေးသူ ဖြစ်ပါတယ်။ ၀ါရှင်တန်ပို့စ်ဆိုတာ အလကား သတင်းစာမဟုတ်ပါဘူး။ ထိုင်းနိုင်ငံထဲက တစ်လတစ်ကြိမ် အင်္ဂလိပ်လိုထုတ်တဲ့၊ တနင်္ဂနွေနံနဲ့ စတဲ့ စာစောင်လေးလို မဟုတ်ပါဘူး။ ဒီတော့ ဒီလိုလူမျိုးရေးတဲ့ အင်္ဂလိပ်စာဟာ အင်မတန်ကို အဆင့်မြင့်မြင့် လှလှပပနဲ့ ရှင်းရှင်းလင်းလင်း ရှိလှပါတယ်။ ဒီစာတမ်းရဲ့ နောက်ဆုံးမှာလည်း အဓိကတာဝန်ခံသူအဖြစ် မိမိနာမည်ကို ဖုံးနံပတ်ကအစ အပြည့်အစုံ ထည့်ပေးထားပါတယ်။ ခိုးကြောင်ခိုးဝှက် ကြောက်ကြောက်လန့်လန့်နဲ့ ရေးတဲ့စာမဟုတ်ဘဲ မိမိဇိုမီးပါတီသာမက လွှတ်တော်ကိုယ်စားပြုကော်မတီ၊ ညီညွှတ်သော တိုင်းရင်းသားမဟာမိတ်အဖွဲ့တွေကိုပါ ကိုယ်စားပြုကြောင်း အတိအလင်း ပြထားပါတယ်။ ဒါကြောင့် (၉၂)ယောက်ထဲမှာ လွှတ်တော်ကိုယ်စားပြုကော်မတီ နာမည်ခံတာ (၂) ယောက်ထဲ မဟုတ်ပါဘူး။

ဒါကြောင့် ကျနော်တို့အနေနဲ့ အခုလို ပြည်သူ့ကိုယ်စားလှယ်တွေက ထောင်နှုတ်ခမ်း နင်းပြီး အဆင့်မြင့်မြင့် ချက်ချက်ချာချာနဲ့ ရေးထုတ်လိုက်တဲ့ စာတမ်းကို အတွေးခေါင်တာ (သို့မဟုတ်) မယ်သီလခေါင်း သန်းရှာသလို အတင်းဖြဲရဲပြီး အကျအပေါက်တွေ ချို့ယွင်းချက် တွေ လိုက်ရှာညည်းတွားမနေသင့်ပါဘူး။ ဘယ်လောက်ကြီး ရေပက်မ၀င်အောင်ရေးတဲ့ ဥပဒေဘဲဖြစ်ဖြစ် ရှေ့နေတွေ၊ တရားသူကြီးတွေက ဟာကွက်လစ်ကွက်တွေ ရှာထောက်ပြီး လုပ်စားလို့ရပါတယ်။ ‘၀ိနည်းတတ်ရင် ကြက်သတ်လို့ရတယ်’ ဆိုတဲ့ ဗမာစကားလဲရှိပါတယ်။

ဒီလမ်းပြမြေပုံဟာ နအဖရဲ့ ၅/၉၆ ကို ကျော်လွှားနိုင်ဖို့အတွက် ဘန်ကီမွန်းဆီ အင်္ဂလိပ်လိုပေးစာအဖြစ် ထိုးထွင်းမှုရှိရှိနဲ့ ထက်ထက်မြက်မြက် ထုတ်တာဖြစ်တယ်။ ကုလသမဂ္ဂ က ဒါကို သဘောကျပြီး နအဖကို နားချနိုင်မယ်လို့ တကယ်ယူဆပြီး ထုတ်တာလို့မထင်ပါဘူး။ ဒီတော့ ဒီလမ်းပြမြေပုံရဲ့ အနှစ်သာရက (၁) ကုလသမဂ္ဂနဲ့တကွ တရုတ်၊ ကုလား၊ ရုရှား၊ အာဆီယံတွေကို ပြည်သူ့ကိုယ်စားလှယ်တို့ရဲ့ အမြော်အမြင်ကြီးမှု၊ သဘောထားကြီးမှုပြတဲ့ စင်ပြိုင်လမ်းပြမြေပုံ (သို့မဟုတ်) လမ်းပြမြေပုံအစစ် ခင်းကျင်းပြပေးတာ၊ (၂) နအဖရဲ့ ညောင်နှစ်ပင် အခြေခံဥပဒေတွေ၊ ဆန္ဒခံယူပွဲတွေ၊ လမ်းပျက်မြေပုံတွေကို ပြည်သူလူထုက လုံးဝပယ်ချပစ်ဖို့ တပ်လှန့်အချက်ပေးလိုက်တာ ဖြစ်ပါတယ်။ ဒါကြောင့် ကျန်တဲ့ ကျနော်တို့ ဒီမိုကရေစီအင်အားစုတွေတာဝန်က ဒါကို ပြည်သူလူထုထဲရောက်အောင် ဖြန့်ဖို့၊ တိုက်ပွဲလှုံ့ဆော် ဖို့ ဖြစ်ပါတယ်။

နောက်တခု သတိထားဖို့ကတော့ ကျနော်တို့ရဲ့ တွေးခေါ်စဉ်းစားနည်း mind-set ဖြစ်ပါတယ်။ ကျနော်တို့အများစုကြီးဟာ အဓိကအားဖြင့် မဆလခေတ်၊ န၀တ-နအဖခေတ်ကို ဖြတ်သန်းခဲ့ရသူတွေ ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့သိတဲ့ အဖွဲ့အစည်းဆိုတာ အဲဒီကာလ တလျှောက် လွှမ်းမိုးကြီးစိုးခဲ့တဲ့၊ ကြီးစိုးနေတဲ့ မဆလတပါတီ (သို့မဟုတ်) စစ်တပ်ဘဲ ဖြစ်ပါ တယ်။ တပါတီအာဏာရှင်စနစ် (သို့မဟုတ်) စစ်အာဏာရှင်စနစ်ကို ကျင့်သုံးတဲ့ ပါတီ အဖွဲ့အစည်း (သို့မဟုတ်) စစ်တပ်ဆိုတာ ဗဟိုချုပ်ကိုင်မှုကို အဓိကထားတဲ့ အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။ တနည်းအားဖြင့် တသွေး-တသံ-တမိန့်စနစ် ကျင့်သုံးတဲ့အဖွဲ့တွေ ဖြစ်တယ်။ ဒီမိုကရေစီဗဟိုဦးစီးစနစ်လို့ နာမည်ခံပေမဲ့ ဗဟိုဦးစီးက အဓိကဖြစ်ပါတယ်။ တဦးချင်းက အဖွဲ့အစည်းကိုနာခံ၊ အောက်ဆင့်က အထက်ဆင့်ကိုနာခံ၊ တပါတီလုံးက ဗဟိုကော်မတီကိုနာခံ ဆိုတဲ့ ဗဟိုဦးစီးမူကို အဓိကထားတယ်။ အနည်းစုက အများစုကိုနာခံ၊ ဗဟိုကော်မတီက ပါတီလုံးကျွတ် ကွန်ဂရက်ကိုနာခံဆိုတဲ့ ဒီမိုကရေစီမူထက် ဗဟိုဦးစီးမူက အားပိုကြီးပါတယ်။

ကျနော်တို့ထဲမှာ တချို့က ၁၉၆၂ မတိုင်မီ ပါလီမန်ဒီမိုကရေစီကာလကို အနည်း အကျဉ်း ဖြတ်သန်းခဲ့ဖူးတာလဲ ရှိနိုင်ပါတယ်။ ဒါပေမဲ့ ၆၂ ခုမတိုင်မီ ဒီမိုကရေစီကာလဆိုတာက လဲ တင်းပြည့်ကျပ်ပြည့် လစ်ဘရယ် ဒီမိုကရေစီမဟုတ်ဘဲ အခုခေတ် နိုင်ငံရေးသိပ္ပံအသုံးအနှုန်း နဲ့ ပြောရရင် ယှဉ်ပြိုင်ရေးအာဏာရှင်စနစ် Competitive authoritarianism (သို့မဟုတ်) ရွေးကောက်ခံအာဏာရှင်စနစ် Electoral authoritarianism မျိုးသာဖြစ်လို့ လစ်ဘရယ် ဒီမိုကရေစီပါတီ အတွေ့အကြုံ ကောင်းကောင်းမရနိုင်ပါဘူး။

မဆလခေတ်မှာ တခြားရွေးစရာအဖြစ်ရှိခဲ့တဲ့ ဗကပ၊ ကေအင်ယူ၊ အက်စ်အက်စ်အေ၊ ကေအိုင်အေ၊ မွန်ပြည်သစ် စတဲ့ တောတွင်းက လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေဟာလဲ အင်မတန်ကို ပြင်းထန်ကြမ်းတမ်းတဲ့ တော်လှန်ရေးစစ်ပွဲကို တိုက်နေရတာဖြစ်လို့ သဘာဝ ကျစွာဘဲ ဗဟိုချုပ်ကိုင်မှုကို အဓိကဇောင်းပေးရပါတယ်။ လစ်ဘရယ်ဒီမိုကရေစီပါတီတွေအဖြစ် ရပ်တည်လို့ မဖြစ်နိုင်ပါဘူး။ ကျနော်တို့ဟာ ဒီလိုအဖွဲ့အစည်းတွေကို ဖြတ်သန်းခဲ့ရတာ ဖြစ်ပါ တယ်။

ဒါကြောင့် ကျနော်တို့အားလုံးလိုလိုဟာ ဗဟိုချုပ်ကိုင်မှု (သို့မဟုတ်) ဒေါင်လိုက်ဖွဲ့စည်း ပုံကိုဘဲ အရိုးစွဲ အသားကျနေခဲ့ကြပါတယ်။ ဗဟိုကော်မတီ (သို့မဟုတ်) ဗဟိုအလုပ်အမှုဆောင် အဖွဲ့ရဲ့ အမိန့်ညွှန်ကြားချက်မရှိရင် အောက်ခြေပါတီဝင်တွေ ဘာမှ သီးသန့် လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့်မရှိဆိုတဲ့ တပါတီစနစ် စဉ်းစားတွေးခေါ်နည်းက ကျနော်တို့မှာ လွှမ်းမိုးနေတတ်ပါ တယ်။
အမေရိကန်နိုင်ငံ၊ ဗြိတိန်နိုင်ငံတို့မှာ အာဏာရ ရီပတ်ဘလစ်ကန်ပါတီ၊ လေဘာပါတီ အမတ်တွေက သမ္မတ ဘွတ်ရှ်၊ ၀န်ကြီးချုပ် တိုနီဘလဲတို့ရဲ့ အီရတ်ပေါ်လစီကို ကျယ်ကျယ် လောင်လောင် ကန့်ကွက်တာ၊ တပ်ရုပ်ရေးကို အတိအလင်း တောင်းဆိုတာတွေ လုပ်ကြတယ်။ ရမ်းစဖဲလ် နှုတ်ထွက်ရေးကို လူသိရှင်ကြား ဆော်သြခဲ့ကြတယ်။ ဒါတွေဟာ လစ်ဘရယ် ဒီမိုကရေစီပါတီတွေရဲ့ လက္ခဏာဖြစ်ပါတယ်။ ကျနော်တို့ရဲ့ စဉ်းစားတွေးခေါ်နည်းအဟောင်း အတိုင်းဆိုရင် ဒါမျိုးတွေက ပါတီထဲမှာ ဗရမ်းဗတာဖြစ်စေတာ၊ မင်းမဲ့ဝါဒ ဖြစ်စေတာ၊ ညီညွတ်မှု ပျက်စေတာအဖြစ် စဉ်းစားမှာဖြစ်ပါတယ်။ ဒါပေမဲ့ တကယ်တော့ ဒါတွေဟာ လစ်ဘရယ် ဒီမိုကရေစီပါတီတွေမှာ ပါတီရဲ့ဂုဏ်သိက္ခာ၊ နိုင်ငံရဲ့အကျိုးစီးပွားအတွက် ကိုယ်မြင်တဲ့ ဒေါင့်ကနေ “တစက်ကျများ ပြည့်သောလားသို့” ကိုယ်ပိုင်အသိရှိရှိနဲ့ ၀ိုင်းဝန်းတာဝန်ယူမှုသာ ဖြစ်ပါတယ်။

တပါတီစနစ် တွေးခေါ်စဉ်းစားနည်း အရိုးစွဲနေသူတွေဆိုရင် အမေရိကန်နိုင်ငံ တနိုင်ငံ လုံးကို စီအိုင်အေက အရာရာ ချုပ်ကိုင်ထားတယ်။ ဆိုဗီယက်-တရုတ်ကွန်မြူနစ်စနစ်တွေမှာ ပေါ်လစ်ဗျူရိုက အရာရာကို ဗဟိုဦးစီး ချုပ်ကိုင်ထားသလိုမျိုး အမေရိကန်တနိုင်ငံလုံးဟာ စီအိုင်အေရဲ့ အလိုဆန္ဒအတိုင်းသာ လှုပ်ရှားနေရတယ်လို့ ယူဆကြတယ်။ ဒါကြောင့် စီအိုင်အေ ထက် ပိုပါဝါရှိတဲ့ ထောက်လှမ်းရေးအဖွဲ့ (အမျိုးသားလုံခြုံရေးအေဂျင်စီ NSA) ကိုတောင် မမြင် နိုင် ဖြစ်ကြပါတယ်။ ဒါပေမဲ့ အမေရိကန်အရင်းရှင်စနစ်ကြီးဟာ စီအိုင်အေဘဲဖြစ်ဖြစ်၊ အင်အက်စ်အေဘဲဖြစ်ဖြစ် ဆိုဗီယက်-တရုတ်ကွန်မြူနစ်စနစ်တွေလို ဗဟိုကနေ ဦးစီးချုပ်ကိုင် လည်ပတ်နေတာမဟုတ်ဘဲ အရင်းရှင်ပေါင်းမြောက်မြားစွာက ကိုယ့်အသိနဲ့ကိုယ် ထိုးထွင်းမှု ရှိရှိနဲ့ အလျားလိုက် လှုပ်ရှားလည်ပတ်နေခြင်းဖြစ်တယ်ဆိုတဲ့ အဓိကအကျဆုံး အချက်ကို နားမလည်နိုင်ဖြစ်ကြပါတယ်။

တချိန်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေ ကိုယ်၌မှာလဲ သူတို့ ဖြတ်သန်းခဲ့ရတဲ့ တပါတီစနစ်ပါတီ (သို့မဟုတ်) စစ်တပ်အဖွဲ့အစည်းတွေရဲ့ ဒီလိုစဉ်းစား တွေးခေါ်နည်းဟောင်းတွေ ထင်ဟပ်နေခဲ့ဖူးတယ်။ ဗဟိုခွင့်ပြုချက်မရှိဘဲ ယူအင်ဒီပီရုံးကို သွားဆွေးနွေးတောင်းဆိုသူတွေ၊ ဗဟိုညွှန်ကြားချက်မရှိဘဲ ဘုရားတက်ဆုတောင်းသူတွေကို အရေးယူတာတွေ လုပ်ခဲ့ဖူးတယ်။ အခုတော့ အင်အယ်လ်ဒီဟာ ဒီတပါတီစနစ် (သို့မဟုတ်) စစ်တပ်ရဲ့ ဒေါင်လိုက်ဗဟိုချုပ်ကိုင်ရေး စဉ်းစားတွေးခေါ်မှု ပုံစံခွက်ဟောင်းထဲက တစတစနဲ့ လွတ်မြောက်လာနေပုံ ရပါတယ်။ သူတို့လိုဘဲ တခြားဒီမိုကရေစီ အင်အားစုတွေလဲ အလျားလိုက် (သို့မဟုတ်) ကွန်ယက်ဖွဲ့စည်းပုံ လစ်ဘရယ်ဒီမိုကရေစီပါတီ စဉ်းစားတွေးခေါ်မှု ပုံစံသစ်ဘက်ကို ကူးပြောင်းဖို့ လိုပါတယ်။ ဗဟိုချုပ်ကိုင်ရေးကို ဦးထိပ်ထားတဲ့ အမိန့်ပေးနိုင်ငံရေးစနစ်၊ အမိန့်ပေး စီးပွားရေးစနစ်တွေ၊ အမိန့်ပေးပါတီစနစ်တွေ ပြိုကျတာ၊ ပြောင်းလဲရတာကို အလေးအနက် ဆင်ခြင်ဖို့လိုပါတယ်။

ဒါ့ကြောင့် ကျနော်တို့ ဒီမိုကရေစီအင်အားစုတွေရဲ့တာဝန်က ပြည်သူ့ကိုယ်စားလှယ် တွေ ရေးဆွဲတဲ့ (တနည်းအားဖြင့်) ပြည်သူတွေရေးဆွဲတဲ့၊ ပြည်သူ့အတွက်၊ ပြည်သူတွေရဲ့ လမ်းပြမြေပုံ Road Map of the people, for the people, by the people ဘက်က တခဲနက် ဆော်သြပြီး စစ်ကိုလိုနီအခြေခံဥပဒေ၊ စစ်ကိုလိုနီလမ်းပြမြေပုံတို့ တိုက်ဖျက်ရေးမှသည် စစ်အာဏာရှင်စနစ်တခုလုံး ဖယ်ရှားရေးအထိ တိုက်ပွဲဝင်ကြဖို့ဖြစ်ပါကြောင်း။

Read More...

ကျနော်တို့ကရော ဘာများရနိုင်အုံးမည်နည်း

ဂါမဏိ

နအဖက (၁၄) နှစ်လုံးလုံး အကြီးအကျယ် လုံးပန်းအားထုတ်ပြီး ရေးဆွဲလိုက်တဲ့ “အခြေခံဥပဒေ” ဆိုတာကြီးဟာ ကျနော်တို့ ပြည်သူလူထုတွေအတွက် အရင်အခြေအနေတွေနဲ့မတူ တမူထူးပြီး ဘာတွေများ ဆောင်ကျဉ်းလာပါသလဲ။
၁၉၄၃ သြဂုတ် (၁) ရက်နေ့မှာ ဗမာစစ်နယ်မြေဆိုင်ရာ ဂျပန်တပ်မတော် စစ်သေနာပတိကြီး ဗိုလ်ချုပ်ကြီး ကာဝါဘေက “လက်ရှိအစိုးရအဖွဲ့၏ အုပ်ချုပ်ရေး နယ်နိမိတ် တ၀န်းလုံးမှ ဂျပန် စစ်အုပ်ချုပ်ရေးကို ရုပ်သိမ်းကြောင်း” အမိန့်ပြန်တမ်း ထုတ်ခဲ့ပြီးနောက်မှာ “ဗမာနိုင်ငံတော် လွတ်လပ်ရေး” ကို ကြေညာခဲ့ပါတယ်။ “ဗမာနိုင်ငံတော်၏ အုပ်ချုပ်ရေးစည်းမျဉ်း” လို့ခေါ်တဲ့ နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကိုလည်း ပြဋ္ဌာန်းလိုက်ပါတယ်။ ဒီအခြေခံဥပဒေကို နအဖရဲ့ ၂၀၀၈ အခြေခံဥပဒေနဲ့ ယှဉ်ထိုးကြည့်တဲ့အခါ အခုလိုတွေ့ရပါတယ်။

(၁) နအဖ အခြေခံဥပဒေ အခန်း (၁) ပုဒ်မ (၆-စ) မှာ “နိုင်ငံတော်၏ အမျိုးသား နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးကို အစဉ်တစိုက် ဦးတည်သည်” လို့ ဆိုထား ပါတယ်။

၁၉၄၃ ဂျပန်ခေတ် အခြေခံဥပဒေ အခန်း (၁) ပုဒ်မ (၂) မှာ “ဗမာနိုင်ငံတော်သည် မဟာအရှေ့ အာရှ သာတူညီမျှ ကြီးပွားရေး နယ်ပယ်ကြီးကို တည်ထောင် ဖွဲ့စည်းကြသော အချုပ်အခြာ အာဏာပိုင်နိုင်ငံများ အစုအသင်းတွင် အခြားနိုင်ငံများနှင့် အခွင့်အရေး တန်းတူရရှိ၍ ပါဝင် သောနိုင်ငံတခု ဖြစ်သည်” လို့ ပြဋ္ဌာန်းခဲ့ပါတယ်။ ဆိုလိုရင်းကတော့ ဂျပန်ဖက်ဆစ်ဝါဒရဲ့ ကိုလိုနီ တခုဖြစ်တယ် ဆိုတာပါပဲ။

မဆလခေတ် ၁၉၇၄ အခြေခံဥပဒေ အခန်း (၂) ပုဒ်မ (၁၁) မှာလည်း “နိုင်ငံတော်သည် တခု တည်းသော ပါတီစနစ်ကိုသာ ကျင့်သုံးရမည်။ မဆလပါတီသည် နိုင်ငံတော်၏ တခုတည်းသော နိုင်ငံရေးပါတီဖြစ်၍ နိုင်ငံတော်ကို ဦးဆောင်သည်” လို့ ပါရှိခဲ့ပါတယ်။

(၂) နအဖ အခြေခံဥပဒေ အခန်း (၈) ပုဒ်မ (၃၅၄) မှာ “နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံ
ရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့် တရား အကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် အောက်ပါ အခွင့်အရေးများကို လွတ်လပ်စွာ သုံးစွဲဆောင်ရွက်ခွင့်ရှိသည်။

(က) မိမိ၏ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသား ဖြန့်ဝေခွင့်
(ခ) လက်နက်မပါဘဲ ငြိမ်းချမ်းစွာ စုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်
(ဂ) အသင်းအဖွဲ့ သို့မဟုတ် အစည်းအရုံးများ ဖွဲ့စည်းဆောင်ရွက်ခွင့်
(ဃ) တိုင်းရင်းသားလူမျိုး တမျိုးနှင့်တမျိုး သို့မဟုတ် တိုင်းရင်းသား လူမျိုးအချင်းချင်းကိုလည်း ကောင်း၊ အခြား ဘာသာသာသနာကို လည်းကောင်း ထိခိုက်နစ်နာမှု မရှိစေဘဲ မိမိချစ်ခင် မြတ်နိုး သည့် စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ကိုးကွယ်သည့် ဘာသာသာသနာနှင့် ဓလေ့ ထုံးတမ်းများကို လွတ်လပ်စွာ ဆောင်ရွက် ပိုင်ခွင့်။”

ပုဒ်မ (၃၄) မှာ “ငြိမ်ဝပ်ပိပြားရေးနှင့်သော်လည်းကောင်း၊ ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ အခြားပြဋ္ဌာန်းချက်တို့နှင့်သော်လည်းကောင်း၊ မဆန့်ကျင်လျှင် နိုင်ငံသားတိုင်းသည် ဘာသာသာသနာ ရေးတွင် လွတ်လပ်စွာ ယူဆနိုင်သော အခွင့်အရေး၊ လွတ်လပ်စွာ ကိုးကွယ်ဆောက်တည်နိုင်သော အခွင့် အရေးတို့ကို အညီအမျှရရှိစေရမည်။”

ပုဒ်မ (၃၆၀-ခ) မှာ “ထိုသို့ ဘာသာသာသနာရေးနှင့် စပ်လျဉ်း၍ လွတ်လပ်သော အခွင့်အရေး များကို ပေးထားသော်လည်း အများပြည်သူအကျိုး ကိစ္စနှင့် ပြုပြင်ရေး ကိစ္စတို့အတွက် နိုင်ငံတော်၏ ဥပဒေပြုခြင်းကို မတားမြစ်ရ။”

ဂျပန်ခေတ် အခြေခံဥပဒေ ပုဒ်မ (၂၄) မှာ “ဥပဒေအရ ခြွင်းချက် ထားခြင်းမှလွဲ၍ လူပုဂ္ဂိုလ် လွတ်လပ်ခွင့်ကို ထိန်းသိမ်းစောင့်ရှောက်ကာ မည်သည့် ဗမာနိုင်ငံသားတို့၏ ပုဂ္ဂိုလ်အရ လွတ်လပ်မှုကိုမျှ ရုပ်သိမ်းခြင်းမရှိစေရ။”

ပုဒ်မ (၂၈) မှာ “ဗမာနိုင်ငံသားတိုင်းသည် ဥပဒေ ဘောင်နှင့် ကိုယ်ကျင့်တရား ဘောင်အတွင်း၌ လွတ်လပ်စွာ သဘောထား ထုတ်ဖော်ပြောဆိုခွင့်၊ လက်နက်မပါဘဲ ငြိမ်းချမ်းစွာ စုဝေးခွင့်၊ အသင်းအဖွဲ့ သို့မဟုတ် အစည်းအရုံးများ ဖွဲ့စည်းဆောင် ရွက်ခွင့်ရှိသည်။”

ပုဒ်မ (၂၇) မှာ “ဗမာနိုင်ငံသားတိုင်းသည် အများပြည်သူ ငြိမ်ဝပ်ပိပြားရေးနှင့် ကိုယ်ကျင့်တရားကို မဆန့်ကျင်ပါက ဘာသာသာသနာရေး ယုံကြည်ကိုးကွယ်ခွင့်နှင့် ဆောက်တည်ကျင့်သုံးခွင့် ရှိသည်။”

မဆလခေတ် ၁၉၇၄ အခြေခံဥပဒေ ပုဒ်မ (၁၅၇) မှာ “နိုင်ငံသားတိုင်း၌ လုပ်သားပြည်သူများ၏ အကျိုးစီးပွားနှင့် ဆိုရှယ်လစ် အကျိုးစီးပွားကို မဆန့်ကျင်လျှင် လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ ရေးသားခွင့်နှင့် လွတ်လပ်စွာ ထုတ်ဝေခွင့်ရှိသည်။”

ပုဒ်မ (၁၅၈) မှာ “နိုင်ငံသားတိုင်း၌ ဥပဒေက ခွင့်ပြု ထားသော နိုင်ငံရေး၊ လူမှုရေးအဖွဲ့အစည်းများနှင့် လူထုလူတန်းစား အဖွဲ့အစည်း များတွင် လွတ်လပ်စွာ ပါဝင်ခွင့်၊ လွတ်လပ်စွာ စည်းရုံးခွင့်၊ လွတ်လပ်စွာ စုဝေးခွင့်နှင့် လွတ်လပ် စွာစီတန်းလှည့်လည်ခွင့်ရှိသည်”

(၃)နအဖ အခြေခံဥပဒေ ပုဒ်မ (၃၅၇) မှာ “ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်လျှင် နိုင်ငံတော်သည် နိုင်ငံသားများ၏ နေအိမ် ဥပစာလုံခြုံမှု၊ ပစ္စည်းလုံခြုံမှု၊ စာပေး စာယူနှင့် အခြား ဆက်သွယ်ရေး ဆိုင်ရာ လုံခြုံမှုများအတွက် ဥပဒေအရ ကာကွယ်ပေးရမည်။”

ပုဒ်မ (၃၅၉) မှာ “နိုင်ငံတော် သည် အများပြည်သူ အကျိုးအတွက် ဆောင်ရွက်ရန် နိုင်ငံတော်က ဥပဒေနှင့်အညီ တာဝန်ချထားခြင်းမှ တပါး အဓမ္မစေခိုင်းခြင်းကို တားမြစ်သည်။”

ပုဒ်မ (၃၆၅) မှာ “နိုင်ငံသားတိုင်းသည် ဥပဒေနှင့်အညီ မိမိတို့ အမြတ်တနိုးထားရှိသော စာပေ၊ ယဉ်ကျေးမှု၊ အနုပညာနှင့် ဓလေ့ထုံးတမ်းတို့ကို လွတ်လပ်စွာ ပြုစုပျိုးထောင် ဆောင်ရွက်ပိုင်ခွင့်ရှိသည်”

ပုဒ်မ (၃၇၆) မှာ “နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ အကျိုးငှာ ဥပဒေနှင့်အညီ ကြိုတင်ကာကွယ်ထားရှိရန် လိုအပ်သောကိစ္စ သို့မဟုတ် တည်ဆဲဥပဒေ တရပ်ရပ်အရ ခွင့်ပြုသည့်ကိစ္စမှတပါး စီရင်ပိုင်ခွင့်ရှိသော တရားသူကြီး၏ ချုပ်မိန့်မရရှိဘဲ မည်သူ့ကိုမျှ
(၂၄) နာရီထက် ပို၍ ချုပ်နှောင်ခြင်းမပြုရ” လို့ ပြဋ္ဌာန်းထားပါတယ်။

ဂျပန်ခေတ် အခြေခံဥပဒေ ပုဒ်မ (၂၅) မှာ “ဥပဒေအရ ခြွင်းချက်ထားခြင်းမှလွဲ၍ မည်သည့် ဗမာ နိုင်ငံသားတို့၏ ကိုယ်ပိုင်စည်းစိမ် ဥစ္စာပိုင်ဆိုင်မှုကိုမျှ သိမ်းဆည်း ဖျက်သိမ်းခြင်း မရှိစေရ။”

ပုဒ်မ (၂၆) မှာ “ဥပဒေအရ ခြွင်းချက်ထားခြင်းမှလွဲ၍ ဗမာနိုင်ငံသားအားလုံး၏ အိုးအိမ်ကို ထိန်းသိမ်းစောင့်ရှောက်ကာ အဓမ္မကျူးကျော် ဝင်ရောက်ခြင်း မရှိစေရ” လို့ ပြဋ္ဌာန်းခဲ့ပါတယ်။

(၄) နအဖ အခြေခံဥပဒေ ပုဒ်မ (၃၈၃) မှာ "နိုင်ငံသားတိုင်းသည် အောက်ပါတို့ကို စောင့်ထိန်းရန် တာဝန်ရှိသည် -

(က) ပြည်ထောင်စုမပြိုကွဲရေး
(ခ) တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး
(ဂ) အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး" စသဖြင့် ပြဋ္ဌာန်းထားပါတယ်။

မဆလခေတ် ၁၉၇၄ အခြေခံဥပဒေ ပုဒ်မ (၁၆၆) မှာ “နိုင်ငံသားတိုင်းသည် မိမိ၏ လွတ်လပ်ခွင့် များနှင့် ရပိုင်ခွင့်များကို ခံစားရာ၌ အောက်ပါတရပ်ရပ်ကို ထိပါးခြင်း မပြုမိစေရန် ရှောင်ကြဉ် စောင့်ထိန်းရမည့် တာဝန်ရှိသည်။
(က) နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် နိုင်ငံတော်လုံခြုံရေး
(ခ) ဤဖွဲ့စည်းပုံအခြေခံဥပဒေက ပြဋ္ဌာန်းထားသော ဆိုရှယ်လစ်စနစ်၏ အခြေခံအနှစ်သာရများ
(ဂ) တိုင်းရင်းသား လူမျိုးအချင်းချင်း သွေးစည်းညီညွတ်ရေး
(ဃ) အများပြည်သူတို့၏ အေးချမ်းသာယာရေး
(င) အများပြည်သူတို့၏ ကိုယ်ကျင့်တရား” လို့ ပြဋ္ဌာန်းခဲ့ပါတယ်။

ဒီတော့ကာ ၁၉၄၃ ခုကနေ ၁၉၄၅ ခုအထိ ဂျပန်ခေတ် “ရွှေရည်စိမ်လွတ်လပ်ရေး” ကာလ၊ ၁၉၇၄ ကနေ ၁၉၈၈ အထိ မဆလခေတ် “ဆိုရှယ်လစ်ဒီမိုကရေစီ” ကာလတွေမှာ ကျနော်တို့ ပြည်သူတွေ ဘာအခွင့် အရေးတွေများ ရရှိခံစားနိုင်၊ ကျင့်သုံးနိုင်ခဲ့သလဲဆိုတာ လူတိုင်းသိပြီး ဖြစ်ပါတယ်။ အဲဒီခေတ်တွေက နိုင်ငံသား မူလအခွင့်အရေး ပြဋ္ဌာန်းချက်တွေနဲ့ မကွာခြားတဲ့ အခု ၂၀၀၈ နအဖ အခြေခံဥပဒေမှာ၊ ကျနော်တို့ကရော ဘာများ ရနိုင်အုံးမည်နည်းလို့ ဆရာ ဗန်းမော်တင်အောင် လေသံနဲ့ ငြီးဖို့ပဲ ရှိပါတယ်။
နိုင်ငံသား မူလအခွင့်အရေးတွေ ထားလိုက်အုံး၊ အာဏာပိုင်းမှာရော ကျနော်တို့ ပြည်သူလူထုက တကယ်ပဲ (၇၅) ရာခိုင်နှုန်း ရမှာလား။ တွက်ကြည့်တော့ စက်မရှိတာကို အခုလို တွေ့ရပါတယ်။

(က) ဗဟိုနဲ့ ပြည်နယ်/တိုင်းလွှတ်တော်တွေအထဲမှာ စစ်တပ်ကိုယ်စားလှယ်တွေက (၂၅) ရာခိုင်နှုန်း အာဏာယူထားပါတယ်။

(ခ) ဗဟိုနဲ့ ပြည်နယ်/တိုင်းအစိုးရများထဲမှာ ကာကွယ်ရေး၊ ပြည်ထဲရေး သို့မဟုတ် လုံခြုံရေးနဲ့ နယ်စပ် ရေးရာဝန်ကြီး နေရာများကို စစ်တပ်က ယူထားပါတယ်။ အစိုးရ အဖွဲ့တခုမှာ ဝန်ကြီးချုပ် (နအဖစနစ်မှာ သမ္မတ)၊ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နိုင်ငံခြားရေးနဲ့ ဘဏ္ဍာရေးဝန်ကြီးဆိုတဲ့ (၅) နေရာဟာ အဓိက အာဏာရှိ နေရာတွေဖြစ်လို့ အစိုးရအဖွဲ့တခုလုံးရဲ့ (၆၀) ရာခိုင်နှုန်း အာဏာရှိတယ်လို့ နိုင်ငံရေး သိပ္ပံပညာမှာ သတ်မှတ်ထားပါတယ်။ ဒီထဲမှာ ဝန်ကြီးချုပ်က(၂၀) ရာခိုင်နှုန်း၊ ကျန်ဝန်ကြီး (၄) ပါးက (၁၀) ရာခိုင်နှုန်းစီ ဖြစ်ပါတယ်။ ဒီအတိုင်းဆိုရင် မြန်မာပြည်မှာ စစ်တပ်က ကာကွယ်ရေးနဲ့ ပြည်ထဲရေးဆိုတဲ့ ဝန်ကြီးနေရာ (၂) နေရာ ကိုင်ထားတော့ (၂၀) ရာခိုင်နှုန်း အာဏာရှိနေပါတယ်။ ဒါ့အပြင် မြန်မာပြည် ထူးခြားချက်အရ နယ်မြေအားဖြင့် (၆၀) ရာခိုင်နှုန်း၊ လူဦးရေအားဖြင့် (၄၀) ရာခိုင်နှုန်းနဲ့ဆိုင်တဲ့ (စစ်တပ်ခန့်) တိုင်းရင်းသားနဲ့ နယ်စပ်ရေး ရာ ဝန်ကြီးဟာလည်း အစိုးရအဖွဲ့တခုလုံးရဲ့ (၁၀) ရာခိုင်နှုန်းလောက် အရေးပါနေပါတယ်။ ဒါ့အပြင် အစိုးရအဖွဲ့ထဲမှာ သမ္မတ (၁)၊ ဒု-သမ္မတ (၂) ပါနေပါတယ်။ ဒီ (၃) ယောက်မှာ တယောက်က စစ်တပ်ခန့်ဖြစ်ပါတယ်။ အကယ်၍ သမ္မတက စစ်တပ်က မဖြစ်ဘဲ ဒု-သမ္မတ တယောက်ပဲ စစ်တပ်က ဖြစ်ရင်တောင် အစိုးရအဖွဲ့ထဲမှာ စစ်တပ်က နောက်ထပ် (၁၀) ရာခိုင်နှုန်း အာဏာပိုရှိနေပါတယ်။ ဒါကြောင့် အုပ်ချုပ်ရေး နယ်ပယ် (ဝါ) အစိုးရအဖွဲ့ထဲမှာ စစ်တပ်က အနည်းဆုံး (၄၀) ရာခိုင်နှုန်း အာဏာယူထားပါတယ်။ ဒါဟာ သမ္မတနဲ့ တခြား ဝန်ကြီးတွေ စစ်တပ်သြဇာခံ ရုပ်သေးဖြစ်နိုင်တာကို ထည့်မတွက်သေးပါဘူး။ (ကိုလိုနီခေတ်က ဗမာပိုင် (၉၁) ဌာနနဲ့ အင်္ဂလိပ် ဘုရင်ခံပိုင် (၇) ဌာန အာဏာကို ယှဉ်ကြည့်ပါ)
(ဂ) တပ်ချုပ်ဟာ လက်နက်ကိုင်တပ်အားလုံးရဲ့ အကြီးအကဲဖြစ်ပြီး အရေးပေါ် အခြေအနေ ပေါ်ပေါက်ရင် (သို့မဟုတ်) အရေးပေါ် အခြေအနေ ပေါ်ပေါက်မယ့် အလားအလာရှိရင် ဥပဒေပြု၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးအာဏာများ (ဝါ) သမ္မတအာဏာများကို ရယူတဲ့အတွက် နိုင်ငံမှာ (၅၀) ရာခိုင်နှုန်း အာဏာရှိပါတယ်။

(ဃ) တပ်ချုပ်ခန့်အပ်ရာမှာနဲ့ အရေးပေါ်အခြေအနေကြေညာရာမှာ အဓိကအာဏာရှိတဲ့ အမျိုး သားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီဝင် (၁၁) ဦးမှာ စစ်တပ်က (၆) ဦးပါပြီး အရေးပေါ် အခြေ အနေပြီးဆုံးပေမယ့် လွှတ်တော်သက်တမ်း ကုန်နေရင် ဒီကောင်စီက အာဏာ ၃ ရပ် (ဝါ) သမ္မတ အာဏာကျင့်သုံးတဲ့အတွက် နိုင်ငံမှာ (၅၁) ရာခိုင်နှုန်း အာဏာရှိပါတယ်။

(င) စစ်သားအမတ်များ သဘောမတူရင် အခြေခံဥပဒေကို လုံးဝမပြင်ဆင်နိုင်တဲ့အတွက် နိုင်ငံမှာ (၅၁) ရာခိုင်နှုန်း အာဏာရှိပါတယ်။
ဒါကြောင့် နအဖရဲ့ ၂၀၀၈ အခြေခံဥပဒေအရ စစ်ဗိုလ်ချုပ်တွေရမယ့် အာဏာစုစုပေါင်းက နိုင်ငံ တခုလုံး အာဏာရဲ့ ၂၅+၄၀+၅၀+၅၁+၅၁=၂၁၇ ရာခိုင်နှုန်း တောင်ရှိနေပါတယ်။ ဒါဟာ လက်ရှိ ကာလ (၁၉၈၈-၂၀၀၈) မှာ စစ်ဗိုလ်ချုပ်တွေက နိုင်ငံ့အာဏာ (၁၀၀) ရာခိုင်နှုန်း ယူထားတာထက် နှစ်ဆကျော်ဖြစ်ပါတယ်။

ခေတ်သစ်သင်္ချာပညာမှာ ၁ = ၂ ဖြစ်ကြောင်းကို တွက်ချက်သက်သေပြထားတာကို သင်္ချာစာအုပ် တအုပ်မှာ တခါက ဖတ်ခဲ့ရဖူးပါတယ်။ အခုတော့ နိုင်ငံရေးမှာလည်း ၂၅ = ၂၁၇ သို့မဟုတ် ၂၅ ရာခိုင်နှုန်းသည် ရာနှုန်းပြည့် ဖြစ်ကြောင်း မြန်မာပြည်က နအဖ စစ်အာဏာရှင် ဗိုလ်ချုပ်တွေက မေ (၁၀) ရက်မှာ ရူးမိုက်စွာ ဖော်ထုတ် သက်သေပြဖို့ ကြိုးစားနေလေရဲ့။

Read More...

အပေါ်သို့