..............................

Thursday, December 18, 2008

စစ်အစိုးရ ကတိမတည်လို့ ဘန်ကီမွန်း စိတ်ပျက်

18 December 2008

မြန်မာစစ်အစိုးရဟာ ဒီမိုကရေစီရေးအပြောင်းအလဲတွေ လုပ်ချင်တဲ့ဆန္ဒရှိပုံမရဘူးလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောလိုက်ပါတယ်။ ၂၀၀၈ ခုနှစ်ထဲမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ နောက်ဆုံး သတင်းစာရှင်းလင်းပွဲကို မနေ့က လုပ်ခဲ့တဲ့ အတောအတွင်း မစ္စတာဘန်ကီမွန်းက ပြောသွားတာပါ။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။

အမေရိကန် ပြည်ထောင်စု၊ နယူးယောက်မြို့၊ ကုလသမဂ္ဂ ဌာနချုပ်မှာ တနာရီကြာ လုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲရဲ့ အဖွင့်နားမှာကိုပဲ မြန်မာနိုင်ငံ ကိစ္စကို မစ္စတာ ဘန်ကီမွန်းက ထည့်ပြောသွားတာပါ။ မြန်မာနိုင်ငံနဲ့ ဟေတီနိုင်ငံတို့ အပါအ၀င် ကမ္ဘာတ၀န်းက သဘာဝ ဘေးအန္တရာယ် ကျရောက်ရာ ဒေသတွေမှာ ကုလသမဂ္ဂက တုန့်ပြန် လုပ်ဆောင်ခဲ့တဲ့ အပေါ် သူ့အနေနဲ့ ကျေနပ်မိတဲ့ အကြောင်း မစ္စတာ ဘန်ကီမွန်းက ဆိုပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံက တခြား အခြေအနေတွေ အပေါ်မှာတော့ သူ စိတ်ပျက်လက်ပျက် ဖြစ်ရပါတယ်တဲ့။

“ဒီမိုကရေစီရေး တွေ့ဆုံ ဆွေးနွေးပွဲတွေ လုပ်ဖို့နဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို လွှတ်ပေးဖို့ ပေးထားတဲ့ ကတိတွေကို မြန်မာအစိုးရက အကောင်အထည် ဖော်ချင်ပုံ မရတဲ့အပေါ် ကျနော် စိတ်ပျက်မိပါတယ်။”

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ကိုယ်တိုင် မြန်မာနိုင်ငံကို သွားပြီး ဒီနှစ်ကုန်မှာ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက် လာအောင် မြန်မာ စစ်အစိုးရနဲ့ ဆွေးနွေးပြောဆိုဖို့ ကမ္ဘာ့ ခေါင်းဆောင်ဟောင်းတွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေ စသည်ဖြင့် ၀ိုင်းပြီး တိုက်တွန်း ကြတာတွေ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ဆက်တိုက်လို ထွက်ပေါ်ခဲ့ပါတယ်။ ဒီ့အပေါ် ကုလသမဂ္ဂဘက်က တုန့်ပြန်ချက် တွေကိုလည်း တောက်လျှောက်လို တွေ့ခဲ့ကြရပါတယ်။ ဒီဇင်ဘာလ ၁၆ ရက်နေ့မှာပဲ အတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ မီရှဲလ် မွန်းတာ့စ်က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အနေနဲ့ မြန်မာနိုင်ငံကို ချက်ခြင်း လက်ငင်းသွားဖို့ အစီအစဉ် မရှိသေးဘူးလို့ ပြောခဲ့တဲ့အတွက် ဒီနှစ်ကုန်မှာ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်လာဖို့ ကုလသမဂ္ဂဘက်က တိုက်တွန်း တောင်းဆို သော်ငြား ထူးခြားမှု ရှိမလာနိုင်တော့မယ့် ပုံပါပဲ။

မစ္စတာ ဘန်ကီမွန်းက တနာရီကြာ သတင်းစာ ရှင်းလင်းပွဲအတွင်း မြန်မာနိုင်ငံ ကိစ္စကို အစပိုင်းမှာ အထူးအလေးထား ပြောကြားခဲ့တဲ့ အတွက် လာမယ့် ၂၀၀၉ ခုနှစ်မှာလည်း မြန်မာနိုင်ငံအရေးဟာ ကုလသမဂ္ဂရဲ့ ဦးစားပေး အရေးကိစ္စ တွေထဲမှာ ပါဝင်နေမယ်လို့ တော့ ခန့်မှန်းနိုင်ပါတယ်။ ဒါပေမယ့်လည်း များပြားလှတဲ့ ကမ္ဘာ့ရေးရာတွေ အကြား၊ မြန်မာနိုင်ငံထက် ပိုပြီးဆိုးရွားတဲ့ တခြားနိုင်ငံတွေရဲ့ အရေးကိစ္စတွေ အကြား မြန်မာ့အရေးကို ကုလသမဂ္ဂက ဘယ်လောက် တွန်းတွန်းတိုက်တိုက် လုပ်မှာလဲ ဆိုတဲ့အပေါ်မှာ တော့ မေးခွန်းတွေ ရှိနေဆဲပါ။

၂၀၀၈ ခုနှစ်အတွင်း ကမ္ဘာတ၀ှမ်း ပဋိပက္ခ အခြေအနေတွေ၊ အထူးအလေးထား ကိုယ်တွယ်ခဲ့ရ၊ ကိုင်တွယ်နေရဆဲ အခြေအနေ တွေကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ရွေးထုတ်ပြီး ပြောသွားခဲ့ပါတယ်။ ဒီကိစ္စတွေဟာ ၂၀၀၉ ခုနှစ် မှာလည်း ကုလသမဂ္ဂက အထူးအလေးထားပြီး ဆက်ဆောင်ရွက် သွားမယ့် ကိစ္စတွေလို့ ယူဆနိုင်မှာပါ။ အဲဒါတွေထဲမှာ မြန်မာနိုင်ငံ ကိစ္စအပြင် ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံက အကြမ်းဖက်မှုတွေ ကိစ္စ၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့် အရေး ကြေညာ စာတမ်း နှစ် ၆၀ ပြည့်ခဲ့ပြီး ဖြစ်ပေမယ့် ကမ္ဘာတ၀န်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ရှိနေသေးတဲ့ ကိစ္စ၊ ဆူဒန် နိုင်ငံ ဒါးဖောဒေသ ပဋိပက္ခ၊ စားနပ်ရိက္ခာ ဖူလုံဖို့ ကိစ္စ၊ ကိုဆိုဗိုအရေး၊ အရှေ့ အလယ်ပိုင်း အရေး၊ အီရတ်၊ ဇင်ဘာဘွေ၊ ဆိုမာလီယာ နဲ့ အာဖဂန်နစ္စတန်ပဋိပက္ခတွေကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ရွေးထုတ်ပြီး အထူး အလေးထား ပြောသွားခဲ့ပါတယ်။

လာမယ့် ၂၀၀၉ ခုနှစ်မှာ ရင်ဆိုင်ရမယ့်အခက်အခဲတွေဟာ ၂၀၀၈ ခုနှစ်ထက် လျော့နည်းသွားစရာ မရှိတဲ့အကြောင်းနဲ့ ၂၀၀၈ ခုနှစ်ဟာဖြင့် အကျပ်အတည်း မျိုးစုံတဲ့နှစ် ဖြစ်ပါတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ပြောသွားခဲ့ပါတယ်။

Ref: VOA News

Read More...

စစ်တိုင်းမှူး (၃) ဦးကို ပြည်နယ်တိုင်း ၀န်ကြီးများအဖြစ် ထူးထူးခြားခြားခန့်

NEJ/ ၁၇ ဒီဇင်ဘာ ၂၀၀၈

မြန်မာစစ်အစိုးရသည် စစ်တိုင်းမှူး (၃) ဦးအား ၎င်းတို့နယ်မြေများ၌ စီးပွားရေး၊ လူမှုရေး စသည့် လုပ်ငန်းများကို စစ်အစိုးရကိုယ်စား စီမံခန့်ခွဲ အုပ်ချုပ်နိုင်ရန်အတွက် ဆိုပြီး နိုဝင်ဘာ (၂၀) ရက်နေ့စွဲဖြင့် ဌာနလက်ကိုင်မရှိသည့် ပြည်နယ်တိုင်း ၀န်ကြီးများအဖြစ် ခန့်အပ်လိုက်သည်။

ဌာနလက်ကိုင်မရှိသည့် ပြည်နယ်တိုင်းဝန်ကြီးများအဖြစ် ခန့်အပ်ခြင်းခံရသည့် ၀န်ကြီး (၃) ဦးမှာ (မန္တလေး) လပခတိုင်းမှူး ဗိုလ်ချုပ်တင်ငွေ၊ (ပုသိမ်) နတခတိုင်းမှူး ဗိုလ်ချုပ်ကျော်ဆွေနှင့် (မုံရွာ) နမခ တိုင်းမှူး ဗိုလ်ချုပ် မြင့်စိုးတို့ ဖြစ်သည်ဟု နိုဝင်ဘာ (၂၀) ရက်နေ့စွဲဖြင့် ထုတ်ပြန်သည့် အမိန့်စာတွင် ဖော်ပြထားသည်။

ထိုအမိန့်စာကို နအဖအတွင်းရေးမှူး (၁) ဒု-ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးက လက်မှတ်ထိုး ထုတ်ပြန်ထားခြင်း ဖြစ်သည်ဟု အမိန့်စာ ဖတ်ရှုရသည့် နေပြည်တော် အရာရှိများက ပြောသည်။

ပုသိမ်အခြေစိုက် လပခ တိုင်းမှူး ဗိုလ်ချုပ်တင်ငွေကို နိုဝင်ဘာ (၁) ရက်နေ့စွဲဖြင့် ၀န်ကြီး ခန့်အပ်ခြင်းဖြစ်ပြီး နတခတိုင်းမှူး ဗိုလ်ချုပ် ကျော်ဆွေကို နိုဝင်ဘာ (၇) ရက်နှင့် နမခ တိုင်းမှူး ဗိုလ်ချုပ် မြင့်စိုးကို နိုဝင်ဘာ (၁၄) ရက်နေ့စွဲအသီးသီးဖြင့် ၀န်ကြီးများ ခန့်အပ်ခဲ့သည်။ ၀န်ကြီးခန့်သည့် အမိန့်စာပါ အဆိုပါ တိုင်းမှူး (၃) ဦး၏ ရာထူးများကို မူလ ဗိုလ်မှူးချုပ်ရာထူးဖြင့် မဟုတ်ဘဲ ဗိုလ်ချုပ်ရာထူးတိုးပြီး ၀န်ကြီးပေးခဲ့ခြင်းဖြစ်သည်။

စစ်တိုင်းမှူးများကို ဌာနလက်ကိုင်မရှိသည့် ပြည်နယ်နှင့် တိုင်းအလိုက် ၀န်ကြီးများ ခန့်အပ်ခြင်းမှာ ပထမဆုံး အကြိမ်ဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ တပ်ထဲမှ ပထုတ်လိုသည့် အရာရှိအချို့ကို အချိုသပ် ဘေးထုတ်လိုက်ခြင်း ဖြစ်နိုင်သလို အရပ်ဘက် အုပ်ချုပ်ရေးကို အဆိုပါ စစ်တိုင်းမှူးများနှင့် စမ်းသပ်ခြင်းလည်း ဖြစ်နိုင်သည်ဟု ရန်ကုန် နိုင်ငံခြား သတင်းထောက်အချို့က ယူဆသည်။

အဆိုပါ တိုင်းမှူးများအား ဌာနလက်ကိုင်မရှိသည့် ပြည်နယ်နှင့်တိုင်းအလိုက် ၀န်ကြီးများအဖြစ် ခန့်အပ်ခြင်းကို မည်သည့်အတွက် တိုင်းပြည်သို့ မကြေညာသေးသည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

Ref: ခေတ်ပြိုင်

Read More...

Wednesday, December 17, 2008

အမှတ် (၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဖြန့်ဖြူးရေးလုပ်ငန်း ဦးတေဇအား ပေးတော့မည်

မြင့်မိုးဇော်/ ၁၇ ဒီဇင်ဘာ ၂၀၀၈

ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် နှီးစပ်သူဟု နာမည်ကြီးနေသည့် Air Bagan လေကြောင်းလိုင်း ပိုင်ရှင် ဦးတေဇသည် အမှတ်(၂) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၏ ဖြန့်ဖြူးရေးအပိုင်းအား ၂၀၁၀ တွင် ၀ယ်ယူမည်ဟု စုံစမ်းသိရှိရသည်။


အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ EPC မှ ၀န်ထမ်းတဦးက “၂၀၁၀ မှာ ဦးတေဇက အမှတ် (၂) လျှပ်စစ်စွမ်းအားဌာနကို ၀ယ်မယ်ပေါ့နော်။ ၀ယ်ပြီးရင် လူဟောင်းတွေ အကုန်ဖြုတ်ပြီး လူငယ် လူသစ်တွေနဲ့ အစားထိုးမယ်လို့ ပြောတယ်။ အရင်လူဟောင်းထဲက လူငယ်တွေက စာမေးပွဲပြန်ဖြေ၊ လူတွေ့စစ်တာတွေ လုပ်ပြီး အောင်မှ အလုပ်ပြန်ရမယ်တဲ့။ အဲဒီအခါကျရင် (၁) သိန်းခွဲလောက် ရမယ်ကြားတယ်။ ခုရတာက (၂၇,၀၀၀) ပဲရတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

အဆိုပါစီမံကိန်း ၂၀၁၀ တွင် စတင်မည်ဖြစ်သော်လည်း စမ်းသပ်ကာလအနေဖြင့် လာမည့်နှစ် ၂၀၀၉ ထဲ၌
မြို့နယ်အချို့ကို စမ်းသပ်ပြီး လျှပ်စစ်ဖြန့်ဖြူးလုပ်ကိုင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းကိုလည်း EPC ၀န်ထမ်းတဦးက ပြောသည်။

၎င်းက “၂၀၀၉ မှာ သူကစမှာဗျ။ ဘယ်လိုစမလဲဆိုတော့ သူ (ဦးတေဇ) က ရှုံးမလား၊ မြတ်မလား သိချင်တော့ အရင်ဆုံး သူက downtown (၆) မြို့နယ်ရယ်၊ ရွှေပြည်သာ၊ ဒဂုံ၊ လှိုင်သာယာတို့လို စက်မှုဇုန်ရှိတဲ့ မြို့နယ် တွေကို အရင်ဝယ်ပြီး အရှုံးအမြတ်တွက်ဦးမှာဗျ။ ပြီးမှ ၂၀၁၀ မှာ အပြီးသတ်ဝယ်မှာပေါ့နော်” ဟု ပြောသည်။

ထိုသို့ မြန်မာ့လျှပ်စစ်စွမ်းအားဌာနဖြန့်ဖြူးရေးအပိုင်းကို ဦးတေဇ၀ယ်ယူပြီးနောက် လက်ရှိအစိုးရအမှုထမ်း ၀န်ထမ်းများ ကြုံတွေ့ကြရမည့် အခက်အခဲများကိုလည်း အမည်မဖော်လိုသူ EPC ၀န်ထမ်းတဦးက “ကျနော်ကတော့ စာမေးပွဲ ၀င်ဖြေကြည့်မယ်ဗျာ၊ အောင်သွားတော့ အဲ့ဒီမှာ ပြန်လုပ်ရုံပေါ့။ ကိုယ့်မှာ အတွေ့အကြုံလည်း ရှိပြီးသား ဆိုတော့ အဆင်ပြေတာပေါ့။ နောက်လခလည်း ကောင်းတယ် ဆိုတော့လေ။ ဒါပေမယ့် သူ့လူနဲ့သူ နေရာတွေ ပြည့်သွားတာမျိုးဆိုရင်တော့ အောက်ခြေ၀န်ထမ်းတွေ သေပြီပေါ့ဗျာ” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

အဆိုပါဝန်ထမ်းက ဆက်လက်၍ “၀န်ထမ်းတွေကိုလစာကောင်းကောင်းပေးမယ်ဆိုတော့ မီတာခတွေကို တိုးကောက်မယ်လေ။ ဒါပေမယ့် မီးလာတာမလာတာတော့ မကျိန်းသေပါဘူး” ဟု ပြောကြားသည်။

ထိုသို့မြန်မာ့လျှပ်စစ်စွမ်းအားဌာနကို ပုဂ္ဂလိကပိုင်ပြုလုပ်ရန် သတင်းများ ထွက်ပေါ်လာစဉ်အတွင်း မြန်မာနိုင်ငံ၌ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူး နိုင်မှုသည် မြို့နယ်များအလှည့်ကျစနစ်ဖြင့်သာ လျှပ်စစ်မီးရရှိနေကြောင်းကို ပြည်သူတဦးက ပြောသည်။

၎င်းက “အခုဆိုရင် မီးလာတဲ့အချိန်ထက် မလာတဲ့အချိန်က ပိုများနေတယ်။ ဘာမှကိုလုပ်လို့ မရတာ။ ပုဂ္ဂလိက ကကိုင်မယ်ဆိုရင်လည်း မီတာခတွေ တိုးလာတာပဲရှိမယ်။ မီးလာတာကတော့ ပြောင်းလာမှာမဟုတ်ဘူးလို့ ထင်ကြေးပေးနေကြတယ်” ဟု ပြောသည်။

Ref: ခေတ်ပြိုင်

Read More...

နေပြည်တော်တွင် တရုတ်သံရုံးအတွက် မြေ (၁၅) ဧကထိ ခွဲတမ်းတိုးပေးထား

NEJ/ ၁၆ ဒီဇင်ဘာ ၂၀၀၈

ရန်ကုန်မှ နိုင်ငံခြားသံရုံးများ နေပြည်တော်ပြောင်းလာစေရေးအတွက် သံရုံးများအတွက် မြေခွဲတမ်းချပေးရန် ကမ်းလှမ်းထားရာ တရုတ်သံရုံးက စစ်အစိုးရပေးသည့် မြေဧရိယာထက် ပိုတောင်းသည့်အတွက် ခွင့်ပြုလိုက်ရသည်ဟု ၀န်ကြီးချုပ်ရုံးနှင့် နီးစပ်သည့် သတင်းရပ်ကွက်က ပြောသည်။

ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများ၊ ကုလသမဂ္ဂရုံးများအား ၂၀၀၇ ခုနှစ်အတွင်း နေပြည်တော် ပြောင်းရွှေ့လိုပါက မြေဧက (၅) ဧကစီ ပေးမည်ဟု စစ်အစိုးရက ကမ်းလှမ်းခဲ့သော်လည်း တရုတ်သံရုံးက တိုးတောင်းသည့်အတွက် (၁၅) ဧကထိ ပေးခဲ့ခြင်းဖြစ်သည်။ ရုရှသံရုံးကလည်း မြေတိုးတောင်းသည့်အတွက် (၅) ဧကထက် ပိုပေးထားရသည်ဟု စုံစမ်းသိရသည်။

မြန်မာစစ်အစိုးရက ပေကျင်းတွင် သံရုံးဖွင့်ထားသည့်အပြင် ကူမင်း၌လည်း မြန်မာကောင်စစ်ဝန်ရုံး ဖွင့်ထားသည့်အတွက် မြန်မာ စစ်ခေါင်းဆောင်များဘက်က အပြန်အလှန် လိုက်လျောခဲ့ခြင်းဖြစ်နိုင်သည်ဟု သံတမန်တဦးက ယူဆသည်။

ကူမင်းမြန်မာကောင်စစ်ဝန်ရုံးအပြင် ရွှေလီ၌လည်း နောက်ထပ် မြန်မာကောင်စစ် ၀န်ရုံးသစ် ဖွင့်ရန်အလားအလာရှိသော်လည်း မသေချာသေးဟု နိုင်ငံခြားရေး အရာထမ်းတဦးက ပြောသည်။ သို့သော် တရုတ်သံရုံး မည်သည့်အချိန် နေပြည်တော် စတင် ပြောင်းမည်မှာ ရှင်းရှင်းလင်းလင်း မရှိသေးပေ။

ရန်ကုန်အနောက်တိုင်း သံတမန်တဦးအား နေပြည်တော် ပြောင်းရွှေ့ရန် ရှိမရှိ ခေတ်ပြိုင်ကမေးရာ “နိုက်ဂျီးရီးယားနိုင်ငံ စစ်အစိုးရလက်ထက်တုန်းကလည်း အဘူဂျာမြို့တော်သစ်ကို ပြောင်းတော့ စစ်အာဏာရှင်ရှိနေသမျှ မြို့တော်သစ်ကို မပြောင်းဘူးလို့ လေးဂို့စ်မြို့က နိုင်ငံခြားသံရုံးတွေ ဆုံးဖြတ်ခဲ့ပြီး သံရုံးအဆင့်အတန်း လျှော့ချခဲ့တဲ့ သာဓကရှိပါတယ်” ဟုသာ ဖြေကြားခဲ့သည်။

အမေရိကန်သံရုံးကမူ နေပြည်တော် မပြောင်းဘဲ ရန်ကုန်မြို့တွင်သာ ဆက်လက်ရုံးစိုက်သွားမည်ဟု ပြောထားသည့်အတွက် ကျန်အနောက်တိုင်း သံရုံးများလည်း အမေရိကန်သံရုံးနည်းတူ ရန်ကုန်တွင်သာ ဆက်နေမည့် အလားအလာရှိသည်။

မြန်မာစစ်အစိုးရသည် ရန်ကုန်မြို့ရှိ ၀န်ကြီးဌာန (၃၀) ကို ရန်ကုန်မှနေပြည်တော်သို့ ၂၀၀၅ ခု အောက်တိုဘာမှ ၂၀၀၆ ခု ဧပြီထိ (၆) လအတွင်း စစ်သုံးယာဉ် (၃,၉၀၃) စီးနှင့် ပြောင်းရွှေ့ခဲ့သည်။ မူလက ၂၀၀၆ ခု မေလ (၂၀) ရက်နေ့အပြီး ၀န်ကြီးဌာနများအားလုံး ပြောင်းရွှေ့ရန် စီစဉ်ခဲ့သော်လည်း အဆင်မပြေခဲ့ပေ။ ထို့ကြောင့် ၂၀၀၆ ခု မေလမှ စက်တင်ဘာထိ (၄) လအတွင်း နောက်ထပ် စစ်သုံးယာဉ် (၁,၃၃၆) စီးဖြင့် ကျန်ဝန်ကြီးဌာနများကို ထပ်မံပြောင်းရွှေ့ပေးခဲ့ရသည်။

Ref: ခေတ်ပြိုင်

Read More...

စစ်ခေါင်းဆောင်ထံ တင်ပြသော စာကို ဖတ်မှုဖြင့် ထောင်ချခံရ

သဲသဲ
ဒီဇင်ဘာလ 17 2008

နယူးဒေလီ (မဇ္ဈိမ)။ ။ရွှေဝါရောင် တော်လှန်ရေးကြောင့် ထိမ်းသိမ်းခံနေရသည့် ညီဖြစ်သူထံ ထောင်ဝင်စာ လာတွေ့စဉ် နိုင်ငံရေး အကျဉ်းသားများအား ထောင်တွင်း ဆေးကုသခွင့်ပြုရန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ တင်ပြတောင်းဆိုထားသည့်စာကို ဖတ်ပြမှုဖြင့် လူတဦးကို ထောင်၆ လ ချမှတ်လိုက်သည်။

ထောင်၁၉ နှစ် ချမှတ်ခံရသော လှိုင်သာယာ NLD အဖွဲ့ဝင် ကိုသန့်ဇင်မျိုး၏ အကို ကိုသန့်ဇင်ဦးသည် ပြီးခဲ့သော ဇန်န၀ါရီလ ၁၄ ရက်နေ့က ဗိုလ်ချုပ်မှူးကြီး သန်းရွှေအပါအ၀င် ကမ္ဘာ့ကြက်ခြေနီ၊ ကုလသမဂ္ဂ ဒုက္ခသည်များ မဟာမင်းကြီးရုံးနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သို့ ပေးပို့သောစာကို ညီဖြစ်သူကို ထောင်ဝင်စာတွေ့စဉ် ဖတ်ပြ၍ အဖမ်းခံခဲ့ရသည်။

အင်းစိန် အကျဉ်းထောင်မှူးမှ (ထောင်လက်စွဲ ဥပဒေ ပုဒ်မ ၄၂ ) ထောင်တွင်းသို့ ခွင့်မပြုသည့် စာရွက်စာတမ်း ယူဆောင်မှုဖြင့် ပြီးခဲ့သော ဇန်န၀ါရီလ ၃၁ ရက်နေ့က တရားစွဲဆိုပြီး အင်းစိန်မြို့နယ် တရားရုံးမှ ယခုလို ထောင်ဒဏ် ချမှတ်ခံရခြင်း ဖြစ်သည်ဟု ကိုသန့်ဇင်ဦး၏ မိတ်ဆွေတဦးက ပြောသည်။

"ဖတ်ပြတဲ့ ၂၂ ရက်နေ့က ထောင်မှူး ကိုယ်တိုင် လာရှင်းတယ် ဘာပြဿနာမှ မရှိဘူး၊ ၃၁ ရက် နေ့ကျမှ လာဖမ်းပြီး အာမခံနဲ့ ပြန်လွှတ်ထားတာ ထောင်ဥပဒေ ပုဒ်မ ၄၂ နဲ့လို့ ပြောတယ်"ဟု သူကပြောသည်။

သို့သော်လည်း ထောင်ဝင်စာတွေ့စဉ် ဖတ်ပြရန် ယူဆောင်သွားစဉ် အဆင့်ဆင့် စစ်ဆေးခံပြီးမှ ခွင့်ပြု၍ ထောင်အာဏာာပိုင်များရှေ့တွင် ဖတ်ပြခဲ့ခြင်း ဖြစ်သည်။

တရားလို သက်သေဖြစ်သည့် ထောင်ဝန်ထမ်း ၄ ဦးမှ တဦးက အဆိုပါ စာရွက်အား ထောင်တွင်းသို့ သယ်ယူရန် ခွင့်ပြုခဲ့ကြောင်း ထွက်ဆိုခဲ့သည်။

ယခုစွဲဆိုထားသော အမှုကို ထိရောက်စွာ အရေးယူရန် ပြည်ထဲရေး ၀န်ကြီးဌာနမှ မှတ်ချက် ရေးသားပေးပိုထားသည့် စာကို အင်းစိန် မြို့နယ်တွဲဘက် တရားသူကြီး ဒေါ်ဘေဘီက မတ်လ ၂၈ ရက် နေ့တွင် အမှုစစ်ဆေးသည့်အခါ တရားရုံးထဲ၌ မှားယွင်းစွာ ဖတ်ကြားခဲ့ကြောင်း အတိုက်အခံ နိုင်ငံရေး အသိုင်းအ၀ိုင်းက ပြောသည်။

ယခုအခါ ကိုသန့်ဇင်ဦးအား အင်းစိန် အကျဉ်းထောင်တွင် ချုပ်နှောင်ထားသည်။

Ref: မဇ္ဈိမ

Read More...

အသက်ဝင်လာတော့မည့် စက္ကူကျား

16 December 2008
ဇာနည်ဝင်း

အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) သည် ဖွဲ့စည်းပုံ စည်းမျဉ်းမရှိဘဲ ၄၁ နှစ်ကြာ ရပ်တည်ခဲ့သည်။ ယခုအခါ အာဆီယံ၏ ရည်မှန်းချက်များ၊ စည်းမျဉ်းများ ပါဝင်သည့် ဖွဲ့စည်းပုံ ပဋိညာဉ်စာတမ်း (အာဆီယံချာတာ) ကို ပထမဆုံး အကြိမ် သဘောတူ ပြဌာန်းလိုက်သည်။

လက်ရှိကျင်းပနေသည့် အာဆီယံနိုင်ငံများ၏ ၀န်ကြီးအဆင့်ဆွေးနွေးပွဲကာလတွင် ထုတ်ပြန်လိုက်သည့် အဆိုပါပဋိညာဉ်စာတမ်းတွင် ဒေသတွင်း လွတ်လပ်သည့်ကုန်သွယ်မှုဇုန်တည်ထောင်ရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ နျူကလီးယားလက်နက် ကင်းစင်ရေး စသည့်အချက်များလည်း ပါဝင်သည်။

ဤဖွဲ့စည်းပုံ ပဋိညာဉ်စာတမ်းကြောင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးကို အရှိန်အဟုန်မြင့် အားသွန်ခွန်စိုက် လုပ်ကိုင်နိုင်မည်ဟု အင်ဒိုနီးရှား သမ္မတ ဆူစီလိုဘန်ဘန်း ယူဒိုယိုနိုက အာဆီယံဝန်ကြီးအဆင့် အစည်းအဝေးမိန့်ခွန်းတွင် ထည့်သွင်းပြောကြားလိုက်သည်။

“အင်အားလျော့ရဲသည့် အာဆီယံအဖွဲ့မှ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မည့် အာဆီယံအဖွဲ့ကြီးအဖြစ် အသွင်ပြောင်းလဲရေးအတွက် အသုံးပြုနိုင်မည့် ပဋိညာဉ်စာတမ်းဖြစ်သည်” ဟု ၎င်းကဆိုသည်။

မြန်မာစစ်အစိုးရကလည်း ဤပဋိညာဉ်စာတမ်းကို ကြိုက်နှစ်သက်ကြောင်း ၀မ်းသာအားရ ပြောခဲ့ဖူးသည်။ ပြီးခဲ့သည့်နှစ်က အေပီသတင်းဌာနနှင့်ဆက်သွယ်မေးမြန်းခန်းတခုတွင် စစ်အစိုးရ၏ အဆင့်မြင့်သံအရာရှိတဦးဖြစ်သူ ဦးအောင်ဘွားက “အင်မတန်ကောင်းမွန်တဲ့ ပဋိညာဉ်စာတမ်းတခု ကျနော်တို့မှာ ရှိနေပြီ။ ကျနော်ထင်ပါတယ်၊ အားလုံး ကျေနပ်အားရကြပါလိမ့်မယ်။ အင်မတန်ကို မျှမျှတတ ရေးထားတဲ့ ပဋိညာဉ်စာတမ်းတခုဖြစ်ပါတယ်”ဟု ဆိုသည်။

လူဦးရေ သန်း ၅၀၀ နေထိုင်သော အာဆီယံဒေသကြီးအတွက် ပဋိညာဉ်စာတမ်းရေးဆွဲသူများမှာ အစိုးရများဖြစ်သည်။ အာဆီယံနိုင်ငံအစိုးရများ ရေးဆွဲလိုက်သော ပြဌာန်းချက်များကို အာဆီယံအစိုးရခေါင်းဆောင်များ၊ ကိုယ်စားလှယ်များက လှိုက်လှိုက်လှဲလှဲ ထောက်ခံနေကြသည်။ သို့သော်လည်း ပညာရှင်များ၊ အကဲခတ်သမားများ၊ လူမှုအဖွဲ့အစည်းခေါင်းဆောင်များက အဆိုပါ ပဋိညာဉ်စာတမ်းကို စက္ကူစုတ်သာသာ မြင်နေကြသည်။

ပြီးခဲ့သည့်နှစ်က အဆိုပါပဋိညာဉ်စာတမ်းကို ရေးဆွဲနေကြစဉ် စင်္ကာပူနိုင်ငံ အရှေ့တောင်အာရှရေးရာတက္ကသိုလ်မှ သုတေသနပညာရှင် ဒေါက်တာတင်မောင်မောင်သန်းက “အထိအခိုက်မခံသော ကိစ္စရပ်များနှင့် ပတ်သက်ပြီး သက်ဆိုင်ရာအစိုးရ များက လိုသလိုအဓိပ္ပာယ်ဖွင့်နိုင်မည့်ေ၀၀ါးပြီး ယေဘုယျကျသော အချက်အလက်များလည်း ပါဝင်ကောင်း ပါဝင်နိုင် ပါသည်” ဟု ကြိုတင်ဟောကိန်းထုတ်ခဲ့သည်။

“အာဏာရှင်နိုင်ငံများဖြစ်ကြသည့် CLMV (ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်) နိုင်ငံများက ၎င်းတို့ အစိုးရများ၏ လုံခြုံရေးကို ထိခိုက်စေနိုင်သော ကိစ္စများနှင့် ရေရှည် အမျိုးသားအကျိုးစီးပွားကို ထိခိုက်စေနိုင်သည့် ကိစ္စရပ်များကို လက်ခံနိုင်ရန် ခဲယဉ်းပါလိမ့်မည်။”ဟု ဧရာဝတီမဂ္ဂဇင်းတွင် ဖော်ပြခဲ့သည့် “အာဆီယံချာတာ သို့မဟုတ် စီးပွားဖက်များ ပေါင်းစည်းမိကြခြင်းလော၊ သေဖော်ညှိခြင်းလော” သုံးသပ်ချက်ဆောင်းပါးတွင် ဒေါက်တာတင်မောင်မောင်သန်းက ထည့်သွင်းရေးသားခဲ့သည်။

အခြားပညာရှင်များကလည်း အဆိုပါ ပဋိညာဉ်စာတမ်းကို ‘ကိုက်စရာသွားမပါတဲ့ခွေးတကောင်’၊ ‘လိုအပ်ချက်များပါဝင်ခြင်းမရှိသည့် သဘောတူညီချက်’ စသဖြင့် မှတ်ချက်ပြုခဲ့ကြသည်။

အာဆီယံအဖွဲ့ကြီးကို ကွန်မြူနစ်ဆန့်ကျင်ရေးရည်ရွယ်ချက်ဖြင့် ကမ္ဘာ့စစ်အေးကာလအတွင်း တည်ထောင်ခဲ့သည်။ ၁၉၆၇ ခုနှစ်တွင် အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ ထိုင်း စသည့် ငါးနိုင်ငံဖြင့် အစပြုခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းတွင် ဘရူနိုင်း၊ ဗီယက်နမ်၊ လာအို၊ မြန်မာ၊ ကမ္ဘောဒီးယားတို့ဖြင့် တိုးချဲ့ဖွဲ့စည်းခဲ့သည်။

မကြာသေးမီက အာဆီယံအဖွဲ့ဝင်မြန်မာနိုင်ငံတွင် လူမှုရေး၊ နိုင်ငံရေး၊ စာနယ်ဇင်း လုပ်ငန်း လုပ်ကိုင်သူ ၂၀၀ ကျော်ကို အကျဉ်းချခဲ့သည်။ အချို့မှာ ထောင်ဒဏ် ၆၅ နှစ်အထိ ချမှတ်ခြင်းခံရသည်။ အခြားသော လူ့အခွင့်အရေးချိုးဖောက်မှု၊ အနိုင်ကျင့်မှု မျိုးစုံလည်း အဆက်မပြတ် ဖြစ်ပွားနေသည်။

မြန်မာနိုင်ငံကဲ့သို့ အာဏာရှင်နိုင်ငံများဖြင့် ဖွဲ့စည်းထားသည့် အာဆီယံ၏ ဖွဲ့စည်းပုံပဋိညာဉ်စာတမ်းတွင် ဒေသတွင်း လူ့အခွင့်အရေးအခြေအနေများကို မြှင့်တင်ပေးမည်ဟု ထည့်သွင်းရေးဆွဲထားသည်။

သံတမန်ဟောင်း ဝါရင့်နိုင်ငံရေးသမားကြီးတဦးဖြစ်သူ သခင်ချန်ထွန်းကမူ “(အာဆီယံပဋိညာဉ်စာတမ်းထဲမှာ) စည်းကမ်းဖောက်ဖျက်ရင် ဘယ်လိုအရေးယူမယ်ဆိုတာ ဘာမှမပါဘူး။ ဒီတော့ အာဏာရှင်နိုင်ငံတွေကတော့ လုပ်ရိုးလုပ်စဉ်အတိုင်း လုပ်သွားမှာပဲလို့ ဒီလိုပဲ မြင်ပါတယ်” ဟု ဧရာဝတီသို့ ရှင်းပြခဲ့သည်။

အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်ခြင်းမပြုရေးမူကို စွဲကိုင်ထားသော အာဆီယံ၏ ပဋိညာဉ်စာတမ်းမှာ လူကြိုက်နည်းလှသည်။ အာဆီယံ၏ ဤခြေလှမ်းသစ်တွင် ၂၀၁၅ ခုနှစ် လွတ်လပ်သည့် ကုန်သွယ်မှုဇုန်တည်ထောင်ရေးဟူသည့်အချက်လည်း ပါဝင်သည်။

“ကျနော်တို့ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးအခြေအနေတွေ ဖွံ့ဖြိုးတိုးတက်မှု မရှိဘဲနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို လုပ်လို့မရဘူး” ဟု ထိုင်းနိုင်ငံ လူ့အခွင့်အရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း၊ အထွေထွေအတွင်းရေးမှူး ဆုမ်ချိုင်းဟုမ်လာက ဧရာဝတီသို့ ပြောပြသည်။ “ဒါပေမယ့် အနာဂတ်ကာလ အာဆီယံနိုင်ငံတွေမှာ လူထုအခြေပြုလူ့အဖွဲ့အစည်းတွေ ဘယ်လောက်အားရှိမလဲ ဆိုတဲ့ အပေါ်မှာ မူတည်ပါတယ်။ အားကောင်းမယ်ဆိုရင်တော့ ပဋိညာဉ်စာတမ်းချိုးဖောက်သူတွေနဲ့ ပတ်သက်ပြီး တာဝန်ယူဖို့ အစိုးရတွေကို တိုက်တွန်းနိုင်မှာ ဖြစ်ပါတယ်” ဟု ဆိုသည်။

Ref: ဧရာဝတီ

Read More...

ဗိုလ်ချုပ်များ ရာထူးတက်ပြန်ပြီ

16 December 2008
ကိုစိုး

မြန်မာ စစ်အစိုးရ စစ်တပ်၏ အဆင့်မြင့် အရာရှိများ အတွင်း ရာထူး တိုးမြှင့် ပေးခြင်းများ ပြုလုပ်နေမှုသည် လာမည့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ အတွက် နိုင်ငံရေးအရ ပြင်ဆင်မှု ပြုလုပ် နေခြင်း ဖြစ်ကြောင်း လေ့လာသူများက ပြောသည်။

ပြည်တွင်း ပြည်ပ အခြေစိုက် စစ်ရေး လေ့လာသူများက ယင်းသို့ ဒုဗိုလ်ချုပ်ကြီး အဆင့် ရာထူးတိုးမြှင့်လိုက်သူ အနည်းဆုံး ဗိုလ်ချုပ် ၃ ဦး ရှိသည်ဟု ဆိုသည်။

ယခင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မောင်ရှိန်ကို အသစ်ဖွဲ့စည်းထားသည့် ဌာနဖြစ်သော တပ်မတော် စစ်ဆေးရေးနှင့် စာရင်းစစ်ချုပ် (ကြည်း၊ ရေ၊ လေ) ရာထူး အသစ်သို့ တိုးမြှင့် ပေးအပ်လိုက်သည်ဟု စစ်ရေး လေ့လာသူများက ပြောသည်။

ထို့အပြင် အမှတ် (၃) စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထမှူး) ဗိုလ်ချုပ် ခင်ဇော်၊ အမှတ် (၄) စစ်ဆင်ရေး အထူး အဖွဲ့မှူး (ကစထမှူး) ဗိုလ်ချုပ် သာအေးနှင့် စစ်ရေးချုပ် ဗိုလ်ချုပ် သူရမြင့်အောင်တို့ကို ဒု ဗိုလ်ချုပ်ကြီးများ အဆင့်သို့ ရာထူးတိုးမြှင့် ပေးအပ်လိုက် ကြောင်းလည်း သိရသည်။

“သူတို့ တပ်တွေမှာ ရာထူးတွေ ခန့်အပ်တယ် ဆိုတာက ထိုက်တန် လျှော်ညီတဲ့ လုပ်ပိုင်ခွင့်နဲ့ တာဝန်ဆိုတာ ရှိထားပြီးသား၊ အခုက ဒုဗိုလ်ချုပ်ကြီးတွေ ခန့်တာ များလာပြီဆိုတော့ ဌာနတွေကို တိုးချဲ့ပေးထားတဲ့ သဘောမျိုးရှိလို့ ဒီလို ခန့်တာလို့ ကျနော်ထင်တယ်၊ ဖွဲ့စည်းပုံတွေ တိုးချဲ့လာတဲ့ သဘောပေါ့”ဟု ပြည်ပ အခြေစိုက် စစ်ရေးလေ့လာသူ ဦးဌေးအောင်ကလည်း ပြောသည်။

အဆိုပါ ကစထမှူး ဌာနမှာ ၅ ခုရှိပြီး ၄ ခုသည် ၂၀၀၁ ခုနှစ်က စတင်ဖွဲ့စည်း ခဲ့ခြင်း ဖြစ်ကြောင်း၊ ကစထမှူးများ၏ လုပ်ငန်းတာဝန်သည် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးများနှင့် သက်ဆိုင်သည်များကို ကြီးကြပ်ရန် ဖြစ်ကြောင်း သိရသည်။

လေ့လာသူများကမူ ထိုသို့ ကစထမှူးများ ထားရှိခြင်းသည် စစ်တပ်အတွင်း ရှုပ်ထွေးဖွယ်ရာ ဖြစ်ကြောင်း သုံးသပ် ကြသည်။

အမှတ် (၅) စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထမှူး) ရန်ကုန်တိုင်း နေရာကို ၂၀၀၆ ခုနှစ်မှ စတင်၍ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ လူယုံဟုဆိုသော ယခင် ရန်ကုန်တိုင်း တိုင်းမှူး ဒုဗိုလ်ချုပ်ကြီး မြင့်ဆွေက ကွပ်ကဲနေကြောင်း သတင်းများအရ သိရသည်။

တချိန်တည်းတွင်ပင် ဒီဇင်ဘာ ၁၂ ရက်နေ့က မေမြို့ စစ်တက္ကသိုလ် အမှတ်စဉ် (၅၁) ဗိုလ်လောင်း သင်တန်း ဆင်းပွဲတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကလည်း ဗိုလ်လောင်းများ အနေနှင့် စစ်ရေးအမြင်၊ နိုင်ငံရေး အမြင်၊ စီးပွားရေး အမြင်၊ အုပ်ချုပ်ရေး အမြင်များကို လေ့လာ ဆည်းပူးကြရန် ၎င်း၏ မိန့်ခွန်း၌ ထည့်သွင်း ပြောကြားသည်။

“နိုင်ငံတော်ရဲ့ ရှေ့ဆက်သွားမယ့် မူဝါဒ လမ်းစဉ် (၇) ရပ်ရဲ့ စတုတ္ထ အဆင့်ဖြစ်တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမူကြမ်းကို ၂၀၀၈ ခုနှစ် မေလမှာ ပြည်သူလူထု တရပ်လုံးက တခဲနက် ထောက်ခံ အတည်ပြုပေးခဲ့ပြီး ဖြစ်တယ်၊ ဆက်လက်ပြီး ပဉ္စမအဆင့် ဖြစ်တဲ့ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ များကိုလည်း ၂၀၁၀ ပြည့်နှစ်မှာ ကျင်းပပေးပြီး နိုင်ငံတော် အာဏာလွှဲပြောင်းရေးကို ဆက်လက် ဆောင်ရွက်နိုင်တော့မှာ ဖြစ်ကြောင်း ပြောကြားလိုတယ်” ဟုလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ပြောဆိုထားသည်ကို ဒီဇင်ဘာ ၁၃ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

ယင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ၁၉၈၈ ခုနှစ်က အာဏာသိမ်း စစ်အစိုးရအဖွဲ့ဖြစ်သော နိုင်ငံတော် ငြိမ်ဝပ် ပိပြားမှု တည်ဆောက်ရေး အဖွဲ့ (န၀တ) တွင် စတင်ပါဝင်ခဲ့သူ ဖြစ်ပြီး ၁၉၉၇ ခုနှစ်၌ န၀တကို နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (နအဖ) အဖြစ် ပြောင်းလဲ၍ နိုင်ငံ့အာဏာကို ဆက်လက် ချုပ်ကိုင်ထားသူ ဖြစ်သည်။

Ref: ဧရာဝတီ

Read More...

မြန်မာ့ဒီမိုကရေစီ အင်အားစုများကို အထူး ကူညီသွားမည်ဟု မက်ဒလင်း အောလ်ဘရိုက်ပြောကြား

ဇာနည်
ဒီဇင်ဘာလ 16 2008

ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံ ဒီမိုကရေစီရေးအတွက် ယုံကြည်ချက် ခိုင်မာသူများကို အထူးဂရုပြု ကူညီသွားမည်ဟု အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဟောင်း မက်ဒလင်း ကေ အောလ်ဘရိုက်က အင်္ဂါနေ့က ပြောကြားလိုက်သည်။

အမေရိကန်အခြေစိုက် အမျိုးသားဒီမိုကရက်တစ် အင်စတီကျူ့ ခေါ် NDI မှ ၀ါရှင်တန်မြို့တွင် ပြုလုပ်သော စတုတ္ထအကြိမ်မြောက် မက်ဒလင်း ကေ အောလ်ဘရိုက် ဆုနှင့် ၁၈ ကြိမ်မြောက် W. Averell Harriman Democracy ဆုချီးမြှင့်ခြင်း အခမ်းအနားတွင် ပြောလိုက်ခြင်း ဖြစ်သည်။

"ကျမက တချို့တွေ ထင်သလို ဒီ ဆုနာမည်ကို ရွေးချယ်ခဲ့တဲ့သူ မဟုတ်ပါဘူး။ ဒါပေမယ့် ကျမဟာ မြန်မာနိုင်ငံရဲ့ အနာဂတ် ဒီမို ကရေစီရေး အတွက် ယုံကြည်ချက် ထားရှိတဲ့ သူတွေကို ကူညီတာမှာ တကယ့်ကို ရူးရူးးမူးမူး ဂရုစိုက်တာပါ" ဟု အောလ်ဘရိုက်က ဆုအခမ်းအနားတွင် ပြောသည်ကို NDI ၏ အင်တာနက် စာမျက်နှာများတွင် ဖော်ပြထားသည်။

ဒီမိုကရေစီရေးကို စွမ်းစွမ်းတမံ ဆောင်ရွက်နေသည့် နိုင်ငံတကာမှ ပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများကို အထောက်အကူပြုသည့်အနေဖြင့် ချီးမြှင့်ခြင်းဖြစ်ပြီး ၂၀၀၈ ခုနှစ်အတွက် ဆုကို အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) နှင့် W. Averell Harriman Democracy ဆုကို နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဘုန်းတော်ကြီး ဒက်စမွန်တူးတူးတို့က ရရှိခဲ့သည်။

NDI ၏ ဥက္ကဌ တဦးလည်းဖြစ်သူ အောလ်ဘရိုက်က ဆုချီးမြှင့်အားဖြင့် " အမျိုးသမီးများ အဖွဲ့ချုပ် အဖွဲ့ဝင်တွေကို သူတို့ရဲ့ ညီအစ်ကို မောင်နှမတွေ၊ ကျမတို့ရဲ့ ညီအကို မောင်နှမတွေ နဲ့ အတူတူ တိုင်းပြည်နဲ့ လူမျိုးရဲ့ အိပ်မက်တွေကို ဆက်လက်ရှင်သန်နေစေဖို့ အတွက် လွယ်ကူမှုတွေ ဖြစ်ပါလိမ့်မယ်" ဟု အခမ်းအနားတွင် ပြောသွားသည်။

၁၉၈၃ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သော ၀ါရှင်တန် အခြေစိုက် NDI သည် ပရဟိတ အဖွဲ့တစ်ခုဖြစ်ပြီး ဒီမိုကရေစီအတွက် လုပ်ဆောင်နေသော အဖွဲ့အစည်းများကို ထောက်ပံ့နေသော အဖွဲ့ဖြစ်ပြီး မြန်မာ့ ဒီမိုကရေစီရေးအတွက် ၁၉၉၅ ခုနှစ်ကတည်းက ကမ္ဘာအနှံ့ရှိ ကွန်ယက်များဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။

ဆုရရှိသော အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) (WLB) ၏ကိုယ်စား ဆုတက်ရောက်ယူခဲ့သူ အမျိုးသမီးများ နိုင်ငံရေးစွမ်းရည် မြင့်မားရေးလုပ်ငန်း တာဝန်ခံ မသင်းသင်းအောင်က "ဒီလိုမျိုး လာယူရတော့ ဂုဏ်ယူတာပေါ့ နောက်ပြီးတော့ အဖွဲ့အစည်း အနေနဲ့လဲ အမျိုးသမီးများ အဖွဲ့ချုပ် မြန်မာနိုင်ငံ ဆိုပြီးတော့လည်း နိုင်ငံတကာ အထူးသဖြင့် ဒီအမေရိကားမှာ ရှိတဲ့ ခေါင်းဆောင်တွေကလဲ သိသွားတယ်။ နောက် မြန်မာနိုင်ငံရဲ့ အရေး အမျိုးသမီးတွေရဲ့ လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီးတော့လည်း သိသွားကြတော့ ဂုဏ်ယူပါတယ်" ဟု မဇ္ဈိမကို ပြောပြသည်။

အောဘရိုက်သည် အမေရိကန်သမတ ကလင်တန် လက်ထက်၊ နိုင်ငံခြားရေး ၀န်ကြီး အဖြစ် တာဝန်ထမ်းဆောင်စဉ်က မြန်မာ့ စစ်အစိုးရကို လူသိရှင်ကြား ဝေဖန်ခဲ့သူဖြစ်သည်။

မြန်မာစစ်အစိုးရနှင့် အတိုက်အခံ ဒီမိုကရေစီအင်အားစုများ အကြား တွေ့ဆုံ ညှိနှိုင်းမှု ဖြစ်ပေါ်လာစေရန် ကုလသမဂ္ဂမှ ပါဝင်ပတ်သက်မှု များကိုလည်း ထောက်ခံ အားပေးခဲ့သည်။

မဒလင်း အောလ်ဘရိုက်၏ မြန်မာနိုင်ငံအပေါ် ထားရှိသော သဘောထားနှင့် ပတ်သက်၍ "သူ့အနေနဲ့ တောက်လျှောက် မြန်မာ့အရေးကို ပြောခဲ့တာတွေ၊ စာတွေ ရေးထားတာတွေ ရှိတော့ နောက်တက်လာမယ့် အိုဘားမား အစိုးရ လက်ထက်မှာလည်းပဲ မြန်မာနိုင်ငံ ဒီမိုကရေစီရေးနဲ့ ပတ်သက်တာတွေမှာ သူကဆက်ပြီး ဖိအားတွေ ပေးသွားနိုင်မယ်။ ပါဝင်မယ်လို့ ထင်ပါတယ်" ဟု မသင်းသင်းအောင်က သူ့အမြင်ကို ပြောပြသည်။

အောဘရိုက်သည် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း ၁၉၉၇ ခုနှစ်က တွေ့ဆုံခဲ့ဖူးသည်။

မကြာသေးခင်ကမှ ထုတ်ဝေခဲ့သော သူ၏ "မျိုးဖြုတ်သတ်ဖြတ်ခြင်းကို ကာကွယ်ခြင်း" အစီရင်ခံစာတရပ်တွင် မြန်မာစစ်အစိုးရမှ လူ့အခွင့်အရေး ချိုးဖောက်မှုများကို တားဆီးရန်အတွက် လိုအပ်လာပါက အမေရိကန်အစိုးရမှ စစ်ရေးအသုံးပြု၍ ဖြေရှင်းရန် တိုက်တွန်းထားသည်။

အဆိုပါ အစီရင်ခံစာတွင် လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံ အရှေ့ဖက်ခြမ်းတွင် မြန်မာ စစ်တပ်၏ တိုက်ခိုက်မှုနှင့် တိုင်းရင်းသား မျိုးနွယ်စု များကို ဖိနှိပ်မှုများကြောင့် လူပေါင်း ၆ သိန်းခွဲကျော် နေရပ်ရွှေ့ပြောင်းကြရပြီး ကျေးရွာပေါင်း ၃၅၀၀ ခန့် ဖျက်ဆီးခံရသည်ဟု ပါရှိသည်။

Ref: မဇ္ဈိမ

Read More...

ဘန်ကီမွန်း မြန်မာနိုင်ငံသွားဖို့ အစီအစဉ်မရှိသေး

16 December 2008



ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) မြန်မာနိုင်ငံကို ဒီဇင်ဘာလ အတွင်းမှာ သွားရောက်ဖို့ရှိတယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး မနေ့က ကျင်းပခဲ့တဲ့ ပုံမှန် မွန်းလွဲပိုင်း သတင်းစာရှင်းလင်းပွဲမှာ သူ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး မစ်ရှဲလ် မွန်းတာ့စ် (Michele Montas) က ချက်ချင်းလက်ငင်းသွားဖို့ အစီအစဉ် မရှိသေးဘူးလို့ ပြောလိုက်ပါတယ်။ အကြောင်းစုံကို ဒေါ်ခင်စိုးဝင်းက တင်ပြပေးထားပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းဟာ ပြီးခဲ့တဲ့ဇွန်လအတွင်း နာဂစ်မုန်တိုင်းသင့်ဒေသ ကယ်ဆယ်ရေးလုပ်ငန်း အခြေ အနေတွေကို ကိုယ်တိုင်သွားပြီး လေ့လာခဲ့တုန်းက လူမှုရေးသက်သက်ဖြစ်လို့ အမျိုးသားပြန်လည်သင့်မြတ်ရေး အပါအ၀င် တခြား နိုင်ငံရေးကိစ္စတွေကို ဆွေးနွေးဖို့ သူ နောက်တခေါက် မြန်မာနိုင်ငံကိုသွားဖို့ စီစဉ်မယ်၊ ဒီဇင်ဘာလအတွင်း ဖြစ်နိုင်ခြေရှိတယ်ဆိုတဲ့ သတင်းတွေကြောင့် သူတကယ်ပဲ သွားဖြစ်တော့မှာလား ဆိုတာနဲ့ပတ်သက်ပြီး မနေ့ကကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေက မေးခဲ့ကြရာမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ မစ်ရှဲလ် မွန်းတာ့စ်က အခုလို ဖြေကြားခဲ့ပါတယ်။

"နောက်ဆုံးအကြိမ် သူပြောခဲ့တာ ခပ်ရှင်းရှင်းပါပဲ။ သူ အခြေအနေကို စောင့်ကြည့်နေဆဲပါပဲ။ သူ မသွားခင် အနှစ်သာရရှိတဲ့ ဆွေးနွေးမှုတွေ အထမြောက်တယ်၊ မမြောက်ဘူးဆိုတာကို အရင်သိဖို့လိုပါတယ်။ တိုးတက်မှုတစုံတရာ လက်ဆုပ်လက်ကိုင် ပြနိုင်တယ်ဆိုတဲ့ အရိပ်လက္ခဏာ ပြနိုင်မှသာ သူ့ရဲ့ခရီးစဉ်က အဓိပ္ပာယ်ရှိမှာပါ။"

မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် မြန်မာစစ်အစိုးရ၊ နေအိမ်အကျယ်ချုပ် ချခံထားရတဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသားခေါင်းဆောင်တွေ၊ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေအကြား ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ကိုယ်စား ကြားဝင်စေ့စပ်ပေးနေရတဲ့ အထူးအကြံပေး ပုဂ္ဂိုလ် မစ္စတာ အီဘရာဟင်မ် ဂမ်ဘာရီ (Mr. Ibrahim Gambari) ရော မြန်မာနိုင်ငံကို သွားဖို့ အစီအစဉ်ရှိပါသလားလို့ သတင်းထောက်တွေက မေးမြန်းကြရာမှာ မစ်ရှဲလ်မွန်းတာ့စ်က …
"မစ္စတာဂမ်ဘာရီတယောက် ဒေသတွင်းက မြန်မာ့အရေးမှာ အရေးပါတဲ့ နိုင်ငံတွေက ပုဂ္ဂိုလ်တွေနဲ့ အမြဲမပြတ် အဆက်အသွယ် လုပ်နေပြီး အခြေအနေကို မျက်ခြည်မပြတ် စောင့်ကြည့်နေပါတယ်။ ဒါပေမယ့် ချက်ချင်းလက်ငင်းတော့ မြန်မာနိုင်ငံကိုသွားဖို့ အစီအစဉ် မရှိသေးဘူး" လို့ ဖြေကြားသွားပါတယ်။

မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် နိုင်ငံတကာက ၀ိုင်းပြီးတိုက်တွန်း နေတဲ့ကြားကပဲ မြန်မာစစ်အစိုးရက ဒီမို ကရေစီရေး အင်အားစုတွေကို မတရားဖမ်းဆီး၊ နှစ်ရှည်ထောင်ဒဏ်တွေ အပြစ်ပေးနေကြတာကြောင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်
ဘန်ကီမွန်းအနေနဲ့ ကိုယ်တိုင်သွားပြီး မြန်မာပြည်တွင်းအခြေအနေ တိုးတက်မှုရှိအောင် မြန်မာစစ်ခေါင်းဆောင်တွေကို တိုက်တွန်းပါလို့ တောင်းဆိုနေကြပါတယ်။ အဲဒီလိုတောင်းဆိုနေကြတဲ့အထဲမှာ အာရှနိုင်ငံက ဥပဒေပြုလွှတ်တော်အမတ် ၂၄၀၊ ကမ္ဘာ့ နိုင်ငံ ခေါင်းဆောင်ဟောင်း ၁၁၂ ယောက်နဲ့ အီးယူ ဥရောပသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ပီယာရို ဖက်ဆီနို (Piero Fassino) တို့လည်း ပါဝင်ကြပါတယ်။

Ref: VOA News

Read More...

Tuesday, December 16, 2008

ကိုအေးလွင်အဖွဲ့ ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေ

သဲသဲ၊ မြင့်မောင်
အင်္ဂါနေ့၊ ဒီဇင်ဘာလ 16 2008

နယူးဒေလီ (မဇ္ဈိမ)။ ။ အတိုက်အခံအများစုက ကန့်ကွက်ထားသော်လည်း ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သွားရန် စစ်အစိုးရလိုလားသော ကိုအေးလွင် ဦးဆောင်သော အဖွဲ့က ပြင်ဆင်မှု ပြုနေသည်။

စစ်အစိုးရ၏ စီးပွားရေး၊ နိုင်ငံရေးဆိုင်ရာ မူဝါဒများကို အားပေးထောက်ခံလေ့ရှိသည့် ၈၈ မျိုးဆက် ကျောင်းသား လူငယ်များအဖွဲ့ (ပြည်ထောင်စု မြန်မာနိုင်ငံ) အဖွဲ့က စစ်အစိုးရ၏ လမ်းပြမြေပုံအရသွားမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်သွားမှာ ဖြစ်သည်။

''ပါတီနာမည်တော့ မရွေးရသေးဘူး။ ကျနော်တို့ ပြင်ဆင်နေပါတယ်။ အစိုးရကနေ ပါတီဥပဒေ ထုတ်ပြန်ရင်လာရင် အဆင်သင့် ဖြစ်အောင်ပါ'' ဟု ကိုအေးလွင်က မဇ္ဈိမကို ပြောဆိုသည်။

၂၀၀၇ ခုနှစ် စက်တင်ဘာလ နောက်ပိုင်းမှ စတင်ကာ ထိုအဖွဲ့သည် နိုင်ငံရေး စည်းရုံး လှုပ်ရှားမှုများကို ပြုလုပ်လာရာ ယခုအခါ ရန်ကုန်တိုင်း အပါအ၀င် မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီတိုင်းနှင့် ကရင်၊ မွန်၊ ရခိုင်ပြည်နယ်များအထိ လှည့်လည်စည်းရုံးခဲ့ပြီး ဒေသခံ စီးပွားရေး လုပ်ငန်းရှင်များ၊ စာနယ်ဇင်းသမားများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံခဲ့ပြီး ဖြစ်သည်။

"ပြည်သူကြားထဲမှာ ကျနော်တို့နဲ့ အမြင်တူတဲ့သူတွေကို နိုင်ငံရေးအရ ပါဝင်လာအောင် ဆောင်ရွက်လာတာ အခု ရန်ကုန် အပါအ၀င် တိုင်း ၆ ခုနဲ့ ပြည်နယ် ၃ ခု ရှိသွားပြီ" ဟု ကိုအေးလွင်က ပြောသည်။

၁၉၈၈ ခုနှစ်က ပါတီစုံ ဒီမိုကရေစီသို့ ပြောင်းလဲရန် နိုင်ငံအ၀ှမ်းလမ်းပေါ် ဆန္ဒပြမှုများကို ဖြစ်ပေါ်စေသည့် တက္ကသိုလ် ကျောင်းသားများ၏ အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများတွင် စက်မှုတက္ကသိုလ် ကျောင်းသားတဦးဖြစ်သည့် ကိုအေးလွင်သည်လည်း ဦးဆောင် ပါဝင်ခဲ့သည်။ သို့သော် နောက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အဓိက အတိုက်အခံ အင်အားစုများနှင့် ခေါင်းဆောင်များကို ဝေဖန်သူ ဖြစ်လာခဲ့သည်၊

ထို့အပြင် သူ၏အဖွဲ့သည် အမေရိကန်နှင့် ဥရောပ၏ စစ်အစိုးရအား စီးပွားရေး ပိတ်ဆို့မှုအပေါ် ပြင်းထန်စွာ ကန့်ကွက်ခဲ့သည်။

၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် ရွေးချယ်တင်မြှောက် ခံထားရသော်လည်း ပါလီမန်ခေါ်ယူခွင့် မရရှိခဲ့သော ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ (စီအာပီပီ) အပါအ၀င် ဒီမိုကရေစီ အင်အားစုများက စစ်အစိုးရက တကျော့ပြန် ကြီးမှူးကျင်းပမည့် ရွေးကောက်ပွဲကို လက်မခံပယ်ချထားသည်။

"သူတို့ဘာသာလုပ်တဲ့ သဘောပဲ။ အန်ကယ်တို့အနေနဲ့ စည်းရုံးရေးဆင်းဖို့ ဆန္ဒမရှိဘူး။ ၂၀၁၀ ရွေးကောက်ပွဲကို လက်မခံဘူး။ နအဖ အာဏာပိုင်တွေအနေနဲ့ တရားဝင် ရပ်တည်နေတဲ့ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးတာ မလုပ်ဘူး၊ အပေးအယူ မလုပ်ဘူး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ဘူးဆိုရင် ရွေးကောက်ပွဲဝင်မှာ မဟုတ်ပါဘူး။ ဖွဲ့စည်းပုံ ဥပဒေကို ပြင်ဆင်မယ်ဆိုရင် ရွေးကောက်ကို ၀င်ဖို့ စဉ်းစားမယ်။ ဘာတွေပြင်မှာလဲ၊ ဘယ်လို့ ပြင်မှာလဲ ဆိုတဲ့အပေါ်မှာ ပြန်စဉ်းစားမယ်" ဟု စီအာပီပီမှ ဦးအေးသာအောင်က ပြောသည်။

မကွေးတိုင်း ရေနံချောင်းမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်ခင်စောဌေးကတော့ လက်ရှိ အခြေခံဥပဒေသည် လူသတ်လိုင်စင်ပေးသည့် ဥပဒေဟု ပြောလိုက်သည်။

"ဒီအခြေခံဥပဒေနဲ့ ရွေးကောက်ပွဲကို ၀င်လိုက်မယ်ဆိုရင် လူသတ်လိုင်စင်ပေးတဲ့ ဥပဒေ ဖြစ်နေတယ်။ ကိုယ့်ကို သတ်ပါလို့ ပြောနေတဲ့ အတိုင်းပဲ။ ဒါကြောင့် ဒီဟာကို လုံးဝ လက်မခံဘူး။ အန်တီတို့က အခြေခံ ဥပဒေမှာထဲက ဆန့်ကျင်ခဲ့တာ အခုလည်း ဆန့်ကျင်အုံးမယ်" ဟု သူက ပြောသည်။

"နိုင်ငံရေး လုပ်စားသူတွေနဲ့ နိုင်ငံရေးကို တကယ်လုပ်တဲ့ လူတွေက တကယ့်ကို ကွာတယ်။ အခု ရွေးကောက်ပွဲကို ဘာကြောင့်မို့ ၀င်ရမှာလဲ။ ၉၀ ခုနှစ် ရွေးကောက်ပွဲ နိုင်တာတောင်မှ လွှဲမပေးတဲ့ ကိစ္စပဲ။ အခုတခါ အန်အယ်ဒီ ၀င်ပြိုင်လို့ နိုင်ရင်လည်း အန်အယ်ဒီ မရဘူး။ ဒီအခြေခံဥပဒေအတိုင်း ၀င်ပြိုင်မယ် ဆိုရင်လည်း ဘယ်နိုင်ငံရေးသမားကောင်း ဖြစ်မလဲ။ ကိုယ်တိုင်းပြည်ကို သေတွင်းထဲပို့တာနဲ့ အတူတူပဲ။ နဂိုမှ မသေမရှင် ဖြစ်နေတဲ့ဟာကို သတ်ပစ်လိုက်တာနဲ့ တူနေတယ်" ဟု သူက ဆက်ပြောသည်။

အဆင့် ၇ ရပ်ဖြင့် ဒီမိုကရေစီသို့ ကူးပြောင်းခြင်းဟု စစ်အစိုးရက ပြောဆိုထားချက်တွင် ရွေးကောက်ပွဲလုပ်ရေးအတွက် ဥပဒေပြု ပြဌာန်းချက်မှာ အစောဆုံးအားဖြင့် ယခု လကုန်ပိုင်းတွင် ထွက်ရှိလာလိမ့်မည်ဟု ပြည်တွင်း နိုင်ငံရေးသမားများက မျှော်လင့်ထားကြသည်။

Ref: မဇ္ဈိမ

Read More...

မြန်မာ အမျိုးသမီး ၇ ဦး ထိုင်းတွင် သေဆုံး

16 December 2008
အေးချမ်းမြေ့

ထိုင်းရဲက တားဆီးသည်ကို လက်မခံဘဲ မောင်းပြေး သောကြောင့် ယဉ်တိုက်မှု ဖြစ်ကာ ယာဉ်ပေါ် ပါလာသော မြန်မာ အမျိုးသမီး ၇ ဦးနှင့် ထိုင်းအမျိုသား ၁ ဦးတို့ ယမန်နေ့က သေဆုံးခဲ့ ရသည်။

ယဉ်ပေါ် ပါလာသူ အမျိုးသမီးများမှာ ထိုင်း-မြန်မာ နယ်စပ်ကို တရားမဝင် ဖြတ်ကျော်ခဲ့ပြီး အလုပ်ရှာဖွေရန် ရောက်ရှိ လာသူများဖြစ်၍ မွန်နှင့် ထားဝယ် တိုင်းရင်းသူများ ဖြစ်ကြကြောင်း ကြားသိရသည်။

ထိုင်း-မြန်မာ နယ်စပ်အနီး ကန်ချနဘူရီ နယ်အတွင်းရှိ အကြီးဆုံးသော စစ်ဆေးရေးဂိတ်ကို ဖြတ်ကျော်စဉ် ထိုင်းရဲများက ကားကိုစစ်ဆေးရန် ရပ်တံ့စေရာ မရပ်ဘဲ မောင်းပြေးသဖြင့် ဓာတ်တိုင်နှင့် ဝင်တိုက်မိပြီး သေဆုံးရသည်ဟု အေအက်ဖ်ပီ သတင်းတွင် ဖော်ပြထားသည်။

“အဲဒီ လမ်းကြောင်းက တရားမဝင် ခိုးဝင်တဲ့ သူတွေသွားတဲ့ လမ်းကြောင်းပဲ။ အဲဒီဂိတ်ကြီး မတိုင်ခင် ဂိတ်တခု ရှိသေးတယ်။ ပထမဂိတ်မှာ အဲဒီကား လွတ်သွားပုံရတယ်” ဟု ထိုဒေသနှင့် ကျွမ်းဝင်နီးစပ်သူ တဦးက ပြောပြသည်။

ထိုင်းအလုပ်သမား ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ရွှေ့ပြောင်း အလုပ်သမား ၅၄၀၀၀၀ မှတ်ပုံတင်ထားပြီး အများစုမှာ မြန်မာများ ဖြစ်သည်ဟု ဆိုသည်။ ထိုင်းနိုင်ငံတွင်း တရားမဝင် အလုပ်လုပ်နေသူ ဦးရေမှာ သန်းနှင့်ချီ၍ ရှိကြောင်း သိရှိရသည်။

ဧပြီလ အတွင်းကလည်း ထိုင်း-မြန်မာ နယ်စပ်ကို ဖြတ်ကျော် ဝင်ရောက်လာသည့် အလုံပိတ် အအေးခန်း ကားတစီးထဲတွင် သယ်ဆောင်လာသော တရားမဝင် ရွှေ့ပြောင်း အလုပ်သမား ကလေး၊ လူကြီး ၅၄ ဦး အသက်ရှူ မွန်းကြပ်ကာ သေဆုံးမှု ဖြစ်ပွားခဲ့သေးသည်။

မြန်မာပြည်တွင် အလုပ်အကိုင် ရှားပါးခြင်းကြောင့် အိမ်နီးချင်း နိုင်ငံများသို့ နယ်စပ်မှ တရားမဝင် ဖြတ်ကျော်ကာ အလုပ်လုပ်ရန် လာရောက်သူများ နေ့စဉ်ရှိနေပြီး တချို့မှာ သက်ဆိုင်ရာ နိုင်ငံရဲများ၏ အဖမ်းအဆီး ခံရခြင်း၊ ဒုက္ခမျိုးစုံ ကြုံတွေ့ရခြင်းအပြင် အသက် ဆုံးရှုံးရသည်များ မကြာခဏ ကြားသိရသည်။

ထိုင်းနိုင်ငံတွင် လာရောက် အလုပ်အကိုင် ရှာဖွေသော တရားမဝင် မြန်မာရွှေ့ပြောင်း အလုပ်သမားများမှာ လုပ်ခနည်းခြင်း၊ အလုပ်ချိန်များပြားခြင်း တစ်ခါတရံ အနိုင်ကျင့် ခံရခြင်းများ ရှိသည့်ပြင် လက်ရှိ ကမ္ဘာ့ စီးပွားရေး အကြပ်အတည်းကြာင့် အလုပ်သမား လျှော့ချခြင်းများနှင့် ရင်ဆိုင်နေကြရသည်။

ဒီဇင်ဘာ ၂ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဗိုလ်ချုပ်ကြီး သိန်းစိန်က မြန်မာ နိုင်ငံတွင်း၌ ပြည်ပသို့ တရားဝင် စေလွှတ်ထားသည့် အလုပ်သမားမှာ ၄၆၀၅၇ ဦးသာရှိပြီး တရားမဝင် သွားရောက် အလုပ် လုပ်ကိုင်သူများမှာ ၂ သန်းခန့် ရှိသဖြင့် သက်ဆိုင်ရာ နိုင်ငံများက ၎င်း အလုပ်သမားများကို ပြန်လည် စေလွှတ်ခဲ့လျှင် ၎င်းတို့အတွက် နေထိုင်စရာနှင့် အလုပ်အကိုင်များ အသင့်ရှိနေသည်ဟု ပြောထားသည်။

ဗိုလ်ချုပ်ကြီး သိန်းစိန်က မြန်မာနိုင်ငံတွင်း၌ အလုပ်အကိုင် အခွင့်အလမ်း များစွာရှိသည်ဟု ဆိုထား သော်လည်း ပြည်တွင်းမှ အဆက်မပြတ် ခိုးထွက်နေသော အလုပ်သမားများမှာ များစွာရှိနေဆဲပင် ဖြစ်သည်။

Ref: ဧရာဝတီ

Read More...

ထောင်ဒဏ် (၆၅) နှစ်ကျ မမီးမီးကို ပုသိမ်ထောင်ပို့

မြင့်မိုးဇော်/ ၁၆ ဒီဇင်ဘာ ၂၀၀၈

ထောင်ဒဏ် (၆၅) နှစ် ချမှတ်ခံရသည့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် မသင်းသင်းအေး ခေါ် မီးမီးအား နိုဝင်ဘာ (၂၀) ရက်နေ့တွင် အင်းစိန်ထောင်မှ ပုသိမ်ထောင်သို့ ပြောင်းရွှေ့လိုက်သည်ဟု မမီးမီး၏ ခင်ပွန်းက ခေတ်ပြိုင်သို့ ပြောသည်။

ပြီးခဲ့သည့်အပတ်တွင်းက ထောင်ဝင်စာသွားတွေ့ပြီး ပြန်လည်ရောက်ရှိလာသူ မမီးမီး၏ ခင်ပွန်းဖြစ်သူ ကိုလှမိုးက “ပထမဆုံး အကြိမ် မို့လို့လားမသိဘူး အားလုံး အဆင်ပြေပါတယ်။ အေးအေးဆေးဆေးပါပဲ။ ကျနော်တို့ရောက်သွား တော့ ထောင်ဝန်ထမ်းတွေက ကောင်းကောင်းမွန်မွန် ဆက်ဆံကြပါတယ်။ ပြီးတော့ မမီးမီးနဲ့ပတ်သက်ပြီး စိတ်မပူဖို့နဲ့ စည်းကမ်းဥပဒေဘောင်ထဲကနေပြီး ပေးနိုင်တဲ့ အကူအညီကိုပေးမှာ ဖြစ်ကြောင်း ပြောပြကြပါတယ်” ဟု ပြောသည်။

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ မှ မမီးမီး (ခ) မသင်းသင်းအေးမှာ ၁၉၉၆ ခုနှစ်ကလည်း ယခုကဲ့သို့ အာဏာပိုင်များက မတရားဖမ်းဆီးထောင်ချခြင်းကိုခံခဲ့ရသည်။ ၂၀၀၅ ခုတွင် ပြန်လည်လွတ်မြောက်ခဲ့ပြီးနောက် ကိုမင်းကိုနိုင်အပါအ၀င် အခြား ၈၈ မျိုးဆက်ကျောင်းသားများနှင့်အတူ ပြည်သူလူထုခံစားနေရသော မတရားမှုများကို ရှေ့တန်းမှ ရပ်ကာ စစ်အစိုးရကို တိုက်ပွဲဝင်နေသူတဦးဖြစ်ပြီး ၂၀၀၅ ခုနှစ် ထောင်မှ ပြန်လွတ်လာစဉ်ကပင် သူမတွင် လေးဘက်နာရောဂါကို ခံစားနေခဲ့ရသည်ဟု သိရသည်။

ပုသိမ်မြို့ အကျဉ်းထောင်သို့ ထောင်ဝင်စာတွေ့ ပြီး ပြန်ရောက်ရှိလာသူ သူမ၏ ခင်ပွန်းဖြစ်သူ ကိုလှမိုးက “ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ ကျနော်သူ့ကို စိတ်ပူပါတယ်။ မီးမီးမှာ လေးဘက်နာလည်းရှိတယ်။ အခုဆိုရင် အရိုးကျီးပေါင်းတက်တဲ့ ရောဂါလည်းရှိတယ်လို့သိရတော့ နည်းနည်းတော့စိတ်ပူတာပေါ့။ ခုကာလက ဆောင်းတွင်းလည်းဖြစ်ပြန်၊ ပုသိမ်မြို့ကလည်း အေးတယ်ဆိုတော့ တခုခုဖြစ်မှာကို စိုးရိမ်ပါတယ်။ အရိုးကျီးပေါင်းတက်တဲ့ရောဂါက သူအပြင်မှာတုန်းကတော့ မရှိဘူးဗျ။ သူ အင်းစိန်ထောင်မှာ အချုပ်ခံနေစဉ် ကာလမှာ စဖြစ်တာပါ။ အခုလည်း သူအနေနဲ့ အဲဒီရောဂါတွေနဲ့ပတ်သက်တဲ့ဆေးတွေကို မှာလိုက်တယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

ကိုလှမိုးကဆက်လက်၍ “ကျန်တာတော့ သိပ်ပြီးစိတ်မပူပါဘူး။ ဘာလို့လဲဆိုတော့ မီးမီးက အတွေ့အကြုံရှိပြီးသားလေ။ နောက်ပြီး ဒီအမှု (နိုင်ငံရေး) ဆိုတာမျိုးက အချိန်မရွေးပြောင်းလဲနိုင်တာလေ။ မနက်ဖြန်၊ သန်ဘက်ခါလည်း ပြန်လွတ်နိုင်တာပဲလေ” ဟု ပြောကြားသည်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် မသင်းသင်းအေး (ခ) မီးမီးသည် အာဏာပိုင်အစိုးရ၏
မတရားဖမ်းဆီး၍ နှစ်ရှည်ထောင်ဒဏ် (၆၅) နှစ်ကျခံနေရသူဖြစ်သည်။ စစ်အစိုးရက မတရားဖမ်းဆီး ထောင်ချလိုက်ချိန်တွင် သူမတွင် သမီး (၁) ယောက်၊ သား (၁) ယောက် ကျန်ရှိခဲ့သည်ဟု သိရသည်။

Ref: ခေတ်ပြိုင်

Read More...

ဘူးသီးတောင်ထောင်မှ ကိုဌေးကြွယ် တိုက်ပြင်ထွက်ခွင့်မရ

၁၆ ဒီဇင်ဘာ ၂၀၀၈



ရန်ကုန်အင်းစိန်ထောင်မှ ဘူးသီးတောင်ထောင်သို့ ရွှေ့ပြောင်းခံရသူ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုဌေးကြွယ်သည် ယနေ့အထိ ထောင်တွင်း တိုက်ခန်းမှ အပြင်ထွက် လမ်းလျှောက်ခွင့်မရသေးကြောင်း နိုင်ငံရေးအကျဉ်းသား များ ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က ခေတ်ပြိုင်သို့ ပြောသည်။

ဦးဘိုကြည်က “ကိုဌေးကြွယ်နဲ့ပတ်သက်ပြီးတော့ ကျနော်တို့ကြားတာက ဒီနေ့အထိ တိုက်ခန်းထဲမှာပဲ ထားတယ်ဗျာ။ အပြင်ကို ထွက်ခွင့်မပေးဘူး။ နောက်ပြီး အဲဒီဘက်တွေမှာက ရေပြဿနာရှိတယ်။ ရေရှားတယ်။ ရေသန့်မရဘူး။ ရေပြဿနာက ရေရှည်မှာ ကျန်းမာရေးကို အတော်ထိခိုက်နိုင်ပါတယ်” ဟု ပြောသည်။

ထို့အပြင် ဘူးသီးတောင်ထောင်ကဲ့သို့သော နယ်ထောင်များတွင် ဆေးရုံ၊ ဆရာဝန်မရှိဘဲ ကျွမ်းကျင်အဆင့်မဟုတ်သည့် ဆေးမှူးများသာရှိတတ်ပြီး ကျန်းမာရေးအရလိုအပ်ပါက ဆရာဝန် လွယ်လွယ်ကူကူဖြင့် မရနိုင်ကြောင်းလည်း သိရသည်။

ယခင်လနောက်ဆုံးအပတ်အတွင်းက ကိုဌေးကြွယ်၏ မိသားစုဝင်များ ဘူးသီးတောင်ထောင်သို့ ထောင်ဝင်စာသွားတွေ့ခဲ့စဉ်ကလည်း ကိုဌေးကြွယ်သည် (၈) ပေ (၁၀) ပေ အခန်းကျဉ်းထဲ၌ နေရပြီး အပြင်ထွက် လေ့ကျင့်ခန်း လုပ်ခွင့်မရကြောင်း၊ ထောင်ပုံစံထမင်းကိုပင် ၀လင်စွာ မစားရကြောင်း၊ ရေရှားသည်ဟုဆို၍ ရေပေးမချိုးသောကြောင့် ယားနာများပေါက်နေကြောင်း သိခဲ့ရသည်ဟု ကိုဌေးကြွယ်၏ မိသားစုနှင့် နီးစပ်သူတဦးက ခေတ်ပြိုင်သို့ ပြောသည်။

ထို့အပြင် ကိုဌေးကြွယ်သည် သာယာဝတီထောင်၌ ယခင်တကြိမ် နေခဲ့ရစဉ်က ဗိုက်ခွဲထားရသဖြင့် ဗိုက်အောင့်ရောဂါဖြစ်နေကြောင်း၊ ဘူးသီးတောင်ထောင်တွင် ထောင်ဆရာဝန်မရှိဘဲ သာမန်ဆေးမှူးသာရှိပြီး၊ ဆေးကုရန် ပိုအဆင်ပြေနိုင်မည့် စစ်ထွေမြို့နှင့်လည်း ရေလမ်းတရက်ခရီးဝေးသောကြောင့် ရုတ်တရက် တစုံတရာဖြစ်မည်ကို ၎င်း၏ မိသားစုဝင်များက စိုးရိမ်နေကြကြောင်းလည်း သိရသည်။ ယူဆောင်သွားသည့် ဆေးများကိုလည်း “ဆေးမှူး၏ခွင့်ပြုချက်ဖြင့်သာ သွင်းပေးမည်” ဟုဆို၍ အာဏာပိုင်များက သိမ်းယူထားကြောင်း၊ စာအုပ်များနှင့် ခြုံစောင်ကိုလည်း သိမ်းယူထားကြောင်း သိရသည်။

နယ်စွန်နယ်ဖျားထောင်များမှ ကျန်းမာရေး ကုသမှုနှင့်ပတ်သက်၍ ဦးဘိုကြည်ကလည်း “နယ်ထောင်တွေ တော်တော်များများမှာ ဆေးရုံမရှိဘူး၊ ဆရာဝန်မရှိဘူး၊ တချို့ထောင်တွေမှာတော့ ဆေးမှူးလို့ခေါ်တဲ့ လူတွေပဲရှိတယ်။ သိပ်ကျွမ်းကျွမ်းကျင်ကျင်တွေ မဟုတ်ဘူး။ ရိုးရိုးအကျဉ်းသားအများစုကိုဆိုရင် ဆေးထိုးအပ် တချောင်းတည်း သုံးနေတဲ့နေရာတွေ တော်တော်များများရှိတယ်။ တချို့ထောင်တွေမှာ ပိုက်ဆံမပေးနိုင်သူဆိုရင် ပစ်စလက်ခတ် ဆေးကုတာတို့ဘာတို့ အဲဒါမျိုးတွေကတော့ တောက်လျှောက်ဖြစ်နေတယ်” ဟု ပြောသည်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များဖြစ်သည့် ကိုဌေးကြွယ်၊ ကိုမင်းကိုနိုင်နှင့် ကိုကိုကြီးတို့အပါအ၀င် နယ်စွန်နယ်ဖျားထောင်များသို့ ပြောင်းရွှေ့ခံရသူများထဲတွင် ယခုအထိ ထောင်တွင်းတိုက်ခန်းများမှ အပြင်ထွက် လမ်းလျှောက်ခွင့် မရသူများ ရှိနေသေးကြောင်းလည်း သိရသည်။

Ref: ခေတ်ပြိုင်

Read More...

ဆရာတော် ဦးသုမင်္ဂလ တရားပွဲ ပိတ်ပင်ခံရဟု အကျိုးဆောင်များ ပြောကြား

ဒီဇင်ဘာလ 16 2008 13:15 - မြန်မာစံတော်ချိန်

နိုင်ငံရေးကို ရည်ညွှန်းဟောကြားသည်ဟု ယူဆသဖြင့် အာဏာပိုင်များက ဓမ္မာစရိယဆရာတော် ဦးသုမင်္ဂလကို ရန်ကုန်တိုင်းအတွင်း တရားပွဲများ ကျင်းပခွင့် ပိတ်ပင်လိုက်သည်ဟု အကျိုးဆောင်များနှင့် မိတ်ဆွေများ အပြောအရ သိရသည်။

ဘာသာရေးစိတ်သန်သူ ဗုဒ္ဓဘာသာဝင်များအကြား နာမည်ကျော်ကြားလာသည့် မန္တလေးမြို့ မိဂဒါဝုန်ကျောင်းတိုက်မှ ဆရာတော် ဦးသုမင်္ဂလအား ယခုလ ၁၈ ရက်နေ့တွင် ကျင်းပသွားမည့် တရားပွဲများမှ စတင်ကာ ကျင်းပခွင့် မပြုတော့ခြင်း ဖြစ်သည်။

သက်တော် ၄၀ နှစ်၊ ၀ါတော် နှစ် ၂၀ ရှိသော ဆရာတော်၏ မင်္ဂလာတောင်ညွန့်၊ မရမ်းကုန်းနှင့် မြောက်ဥက္ကလာပ မြို့နယ်များအတွင်း မကြာခင် ကျင်းပသွားမည့် တရားပွဲများ ပိတ်ပင်ခံရသည်ဟု တရားပွဲဖြစ်မြောက်ရေး အကျိုးဆောင်များနှင့် ရန်ကုန်ရှိ သံဃာတော် အသိုင်းအ၀ိုင်းက ပြောသည်။

ဆရာတော် ဦးသုမင်္ဂလ၏ "တရားပွဲကွယ်လျှင် သာသနာသည်လည်း ကွယ်ပျောက်"၊ "မြေမျိုခံနီးပြီ"၊ "ခတ်တိုင်းခံ တရားတော်"၊ "ခေါင်းဆောင်ကောင်းကို ရွေးတတ်ဖို့လိုတယ်" ဟူသည့် တရားဟောချက်များသည် လူကြိုက်များကြသည်ဟု ဆိုသည်၊

မန္တလေး မစိုးရိမ်ကျောင်းတိုက်သို့ ဆက်သွယ်ကြည့်ရာတွင် သံဃာတော်တပါးကမူ ဦးသုမင်္ဂလ သီတင်းသုံးရာ မိဂဒါဝုန်ကျောင်းသို့ လျှောက်ထားမေးမြန်းသည့်အခါ ကျောင်းတိုက်ဆရာတော်တပါးက ဦးသုမင်္ဂလသည် ယခုအခါ မန္တလေးတွင် မရှိဘဲ ရန်ကုန်တိုင်း မှော်ဘီမြို့တွင် သီတင်းသုံးနေကြောင်းနှင့် မန္တလေးတွင်လည်း တရားပွဲ ကျင်းပခွင့် မရတော့ကြောင်း မိန့်ဆိုခဲ့သည်ဟု ပြန်လည် မိန့်ကြားပြောဆိုသည်။

၂၀၀၈ ခုနှစ် သြဂုတ်လက လှိုင်သာယာမြို့နယ် တရားပွဲတခုတွင် "ခေါင်းဆောင်ကောင်းကို ရွေးတတ်ဖို့ လိုတယ်" ဆိုသည့် ခေါင်းစဉ်ဖြင့် တရားဟောရာ၌ တရားနာပရိသတ်အနေဖြင့် ကိုယ်အားကိုးရမည့် ခေါင်းဆောင်ကို ရွေးချယ်တတ်ရန်နှင့် မြတ်စွာဘုရားကဲ့သို့ အားကိုးရမည့်သူမျိုးကို ရွေးချယ်ရန် ဟောကြားခဲ့သေးသည်။

မင်္ဂလာတောင်ညွန့် ဒေသခံတဦးက "တရားထဲမှာ မာန်နတ်က ဖျက်ဆီးခဲ့သလို အခုခေတ်မှာလည်း မာန်နတ်တွေ များနေတယ်တဲ့။ 'ခတ်တိုင်းခံ တရားတော်' ထဲမှာ - 'လူတွေ အခုဖြစ်နေကြတာက မုန်တိုင်းတိုက်လို့ရှိရင် သူတို့ (အာဏာပိုင်များ) ဆီကို တိုက်ပါလား၊ သူတို့တတွေတော့ မဖြစ်ဘူး၊ လူထုတွေပဲ ဖြစ်နေရတယ်' တဲ့။ ဆရာတော်က 'အဲဒီလို မပြောရဘူး၊ သူတို့မှာ ကုသိုလ်ရှိနေသေးလို့၊ ကုသိုလ်ကုန်သွားရင် တချိန်ကျရင် ဖြစ်မှာပဲ' လို့ တည့်တည့်ဟောတယ်" ဟု ပြောသည်။

စမ်းချောင်းမြို့နယ် ဒေသခံတဦးကလည်း "မြေမျိုခံနီးပြီဆိုတဲ့ တရားထဲမှာ ဟောတာက - 'အထက်တင် မဟုတ်ဘူး၊ အောက်ခြေ တရားသူကြီး အဆင့်က ၀ဇီ (နှုတ်) နဲ့ ဒီလိုမျိုး လုပ်နေရင် မြေမျိုတတ်တယ်။ သံဃာတပါးကို စော်ကားတာက သံဃာထုကို စော်ကားတာနဲ့ အတူတူပဲ၊ အဲဒါ သံဃနာယကကို ပြောချင်တယ်၊ ငြိမ်သက်မနေပါနဲ့' လို့ ဟောခဲ့တယ်'' ဟု ပြောသည်။

ဆရာတော် ဦးသုမင်္ဂလအား တရားဟောခွင့် ပိတ်ပင်သည့် ကိစ္စနှင့်ပတ်သက်၍ အကြောင်းစုံ သိရှိရန် နိုင်ငံတော် သံဃမဟာ နာယက အဖွဲ့ရုံးသို့ မဇ္ဈိမက ဆက်သွယ်မေးမြန်းရာ တာဝန်ကျဝန်ထမ်းက ပြန်လည်ဖြေဆိုခြင်း မရှိပါ။

တရားပွဲများ ကျင်းပနိုင်ရန်အတွက် တရားပွဲ အကျိုးဆောင်များအနေဖြင့် သက်ဆိုင်ရာ ရပ်ကွက်၊ မြို့နယ်၊ ခရိုင် သံဃနာယကအထိ ခွင့်ပြုချက် လျှောက်လွှာ တင်ရသလို၊ နိုင်ငံရေးများ ထည့်သွင်းမပြောပါဟူသော ၀န်ခံလက်မှတ် ရေးထိုးရသည်။

မြင့်မောင်
Ref: မဇ္ဈိမ

Read More...

ကမ္ဘာ့စီးပွားရေး ကျဆင်းမှုကနေ လူမှုရေးမတည်ငြိမ်မှု ဖြစ်နိုင်ဟု အိုင်အမ်အက်ဖ် သတိပေး

16 December 2008

ကမ္ဘာ့စီးပွားရေးတက်လာအောင် ပိုမိုခိုင်မာတဲ့ ဆောင်ရွက်ချက်တွေကို နိုင်ငံတွေက မလုပ်ဆောင်နိုင်ဘူးဆိုရင် နေရာတော်တော်များများမှာ မငြိမ်မသက်တာတွေ ပေါက်ကွဲလာနိုင်တယ်လို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်) ရဲ့အကြီးအကဲက ပြောပါတယ်။

အားနည်းနေတဲ့ စီးပွားရေးကို ခံနိုင်ရည်ရှိအောင် စီးပွားရေးကောင်းလာအောင် လုပ်မယ့် အစီအစဉ်တွေကို တိုးချဲ့ကြဖို့ ဒိုမိနစ် စထရောက်စ်-ခန်း(Dominique Strauss-Kahn) က တိုက်တွန်းလိုက်ပါတယ်။

IMF အကြီးအကဲ ဒိုမိနစ် စထရောက်စ်-ခန်း


ခိုင်မာတဲ့လုပ်ဆောင်ချက်တွေသာ မရှိဘူးဆိုရင်ကမ္ဘာ့စီးပွားကျကပ်ကို တကမ္ဘာလုံး ရင်ဆိုင်ရဖွယ် ရှိတယ်လို့ စပိန်နိုင်ငံမှာ ကျင်းပနေတဲ့ ညီလာခံမှာတခုမှာ သူက ပြောသွားတာပါ။ အဲဒီလိုဆိုရင် ကမ္ဘာ့စီးပွားကျကပ်ဟာ လိုတာထက် ပိုကြာ နိုင်ပါတယ်လို့လည်း သူက ပြောပါတယ်။

ကမ္ဘာတ၀န်း စီးပွားရေး ထိုင်းလာတာကနေ တရုတ်နိုင်ငံရဲ့ တက်လာနေတဲ့ စီးပွားရေးတောင်မှ ရှောင်သွားလို့ ရမှာမဟုတ်ဘူးလို့ အိုင်အမ်အက်ဖ်ရဲ့ စီမံခန့်ခွဲမှု ညွှန်ကြားရေးမှူးက ဆိုပါတယ်။ တရုတ်နိုင်ငံရဲ့ နောက်နှစ် စီးပွားရေးတိုးတက်မှုနှုန်းကို ၈% ခန့်မှန်း ထားခဲ့ရာက အခု ၅% ၀န်းကျင်ကို ပြောင်းလဲ ခန့်မှန်း ရပါလိမ့်မယ်လို့လည်း သူကဆိုပါတယ်။

ဥရောပရဲ့ စီးပွားတက်ကိန်း အစီအစဉ်ကလည်း မလုံလောက်သေးဘူးလို့ သူကပြောပါတယ်။ အဲဒီအစီအစဉ်ဟာ ဥရောပ စုစုပေါင်း ပြည်တွင်းထုတ်ကုန်ရဲ့ ၁.၅% ရှိတဲ့ ငွေပမာဏကို သုံးမှာဖြစ်ပါတယ်။ ဒါပေမယ့် နိုင်ငံတွေအားလုံးပေါင်းလိုက်ရင် ကမ္ဘာ့စုစုပေါင်း ထုတ်ကုန်တန်ဖိုးရဲ့ ၂% နဲ့ညီမျှမယ့် စီးပွားတက်ကိန်း အစီအစဉ်တွေကို ဆောင်ရွက်ကြဖို့ အိုင်အမ်အက်ဖ်က အကြံပေးထားပါတယ်။

Ref: VOA News

Read More...

သတင်းမီဒီယာ နှိပ်ကွပ်မှုအတွက် မြန်မာစစ်အစိုးရ ဝေဖန်ခံရ

16 December 2008

ကမ္ဘာ့ ၁၀၂ နိုင်ငံက သတင်းစာတိုက်ကြီး ၁၈,၀၀၀ ကျော်ပါဝင်တဲ့အဖွဲ့က မြန်မာပြည်မှာ သတင်းသမားတွေ၊ လွတ်လပ်စွာ သဘောထား ထုတ်ဖော်ခွင့် လှုံ့ဆော်သူတွေကို ထောင်ချနေတာ ရပ်ပါလို့ စစ်အစိုးရကို တိုက်တွန်းလိုက်ပါတယ်။

ကမ္ဘာ့သတင်းစာတိုက်ကြီးများအသင်း လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့မှာ တနင်္လာနေ့က စည်းဝေးပွဲလုပ်ပြီး ထုတ်ပြန်လိုက်တဲ့ ကြေညာ ချက်ထဲမှာ မြန်မာပြည်မှာ စစ်အစိုးရ ကျင့်သုံးနေတဲ့ ၀ါဒလမ်းစဉ်တွေဟာ ကမ္ဘာပေါ်မှာ အဖိနှိပ်ဆုံး၊ အနှိပ်ကွပ်ဆုံးတွေထဲမှာ ပါဝင်နေတယ်လို့ ဖော်ပြထားပါတယ်။

စစ်အစိုးရအနေနဲ့ နိုင်ငံတကာ သဘောထား လွတ်လပ်ခွင့်၊ ဖော်ထုတ်ခွင့် စံနှုန်းများ ကျင့်သုံးလာရေး ၀ိုင်းဝန်းဖိအားပေးကြပါလို့လည်း မြန်မာ့အိမ်နီးနားချင်း အရှေ့တောင် အာရှနိုင်ငံများကို ကမ္ဘာ့ သတင်းစာတိုက်ကြီးများ အသင်းက တိုက်တွန်းလိုက်ပါတယ်။

မြန်မာပြည်မှာ ထောင်သွင်းအကျဉ်းချခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ၂,၁၀၀ ကျော်ထဲမှာ သတင်းသမားတွေ၊ လွတ်လပ်စွာ သဘောထား ဖော်ထုတ်ခွင့် လှုံ့ဆော်သူတွေ ပါဝင်ကြတယ်လို့လည်း ကြေညာချက်ထဲမှာ ထောက်ပြထားပါတယ်။ မြန်မာပြည်မှာ နာဂစ် ဆိုင်ကလုန်း လေမုန်တိုင်းဒုက္ခသည်များနဲ့ ပတ်သက်ပြီး သတင်းဓာတ်ပုံ ရိုက်ခဲ့လို့ အမျိုးသမီးသတင်းထောက် အိမ့်ခိုင်ဦး မကြာသေးခင်ကပဲ ထောင်ဒဏ် ၂ နှစ် ကျခံခဲ့ရပါတယ်။

Ref: VOA News

Read More...

Monday, December 15, 2008

အဘီဆစ်၂၇ ဦးမြောက် ထိုင်းဝန်ကြီးချုပ် ဖြစ်လာ

ဒီဇင်ဘာလ 15 2008

အဘီဆစ် (Abhisit Vejjajiva)

ထိုင်းနိုင်ငံ၏ ဒီမိုကရက်တစ် ပါတီခေါင်းဆောင် အဘီဆစ် ဝေ့ခ်ျချချီဝ သည် ပြိုင်ဘက် ဖို့ဖန်တင် (Puea Pandin) ခေါင်းဆောင် ပရချား ဖရူမ်းနောက် (Pracha Promnok) ကို အနိုင်ရပြီး ၀န်ကြီးချုပ်အဖြစ် အရွေးခံလိုက်ရသည်။

အသက် ၄၄ နှစ်အရွယ် အဘီဆစ်သည် ၂၇ ဦးမြောက်နှင့် အသက် အငယ်ဆုံးသော ထိုင်းနိုင်ငံ ၀န်ကြီးချုပ်သစ် ဖြစ်လာသည်။

ဒီမိုကရက်တစ်ပါတီ၏ ခေါင်းဆောင်သည် မဲ ၂၃၅ မှတ် ရရှိပြီး ဖို့ဖန်တင် ပါတီခေါင်းဆောင်မှာ ၁၉၈ မဲသာ ရရှိခဲ့သည်။ ယခု ဒီမိုကရက်တစ် ပါတီ အနိုင်ရရှိမှုသည် ယခင်ဝန်ကြီးချုပ် ထပ်ဆင် ရှင်န၀ပ်နှင့် သူ့ပါတီကို သစ္စာခံသူများ၏ ၇ နှစ်ကြာ အုပ်စိုးခဲ့မှုကို အဆုံးသတ်လိုက်သည်။

အင်္ဂလန်နိုင်ငံ နယူးကာဆယ်မြို့တွင် မွေးဖွားပြီး အောက်စဖို့ဒ် တက္ကသိုလ်ကျောင်းဆင်းမှ ၀န်ကြီးချုပ်ဖြစ်လာသူသည် ဖျက်သိမ်းခံ လိုက်ရသည့် ပြည်သူ့အင်အား (ပီပီပီ) ပါတီဝင်ဟောင်းများနှင့် ယခင် ညွန့်ပေါင်းအစိုးရ အဖွဲ့ဝင် အခြားပါတီငယ်များကို ဆွဲဆောင် စည်းရုံးနိုင်ခဲ့သောကြောင့် ယခုကဲ့သို့ အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

ထပ်ဆင်ကိုထောက်ခံခဲ့သူ နေ၀င်း ချစ်ချော့ပ် ဦးဆောင်သော အဖွဲ့သည် ပါတီဟောင်း ပြည်သူ့အင်အားပါတီမှ ခွဲထွက်လာပြီး ဒီမိုကရက်နှင့် ပူးပေါင်းလာမှုက ထပ်ဆင် တဆင့်ခံပါတီ၏ ပါလီမန်အတွင်း ကြီးစိုးမှုကို အင်အားချိနဲ့ စေခဲ့သည်။

ယနေ့ ပါလီမန်အတွင်း မဲပေး ရွေးချယ်မှုသည် ယခင် အာဏာရပါတီဖြစ်သော ပြည်သူ့ အင်အားပါတီသည် ရွေးကောက်ပွဲတွင် မဲလိမ်မှု များကြောင့် ဖျက်သိမ်းခံလိုက်ရပြီး ဝန်ကြီးချုပ် ဆွမ်ချိုင်းနှင့် ဝန်ကြီးအဖွဲ့ ရာထူးမှ အလိုအလျောက် လွတ်ထွက်သွားခြင်းကြောင့် ၂၀၀၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ရက် (၃၀) အတွင်း ဝန်ကြီးချုပ် ရွေးကောက် တင်မြောက်ရမည် ဟူသော အချက်ကြောင့် ယခုကဲ့သို့ အစိုးရအာဏာ အလွဲအပြောင်း ဖြစ်သွားခြင်း ဖြစ်သည်။

ထပ်ဆင်သည် ၂၀၀၆ ခုနှစ် စက်တင်ဘာလတွင် ကုလသမဂ္ဂ အစည်းအဝေး သွားရောက်တက်ရောက်နေစဉ် အာဏာသိမ်းခံလိုက် ရသည်။ ယခုတွင်မှု ထိုင်းနိုင်ငံ ဗဟိုတရားရုံးမှ သူ့ဇနီးဝယ်ယူရရှိခဲ့သည့် ဘန်ကောက်မြို့လယ် ရတ်ချဓါး မြေနေရာကို သူ၏ အာဏာကို အလွဲသုံးစား ပြုလုပ်ကာ ဝယ်ယူရရှိခဲ့ကြောင်း ပြစ်မှုထင်ရှားသဖြင့် ထောင်ဒါဏ် ချမှတ်ခံရခြင်းကြောင့် ပြည်ပတွင် ပတ်ကာ တိမ်းရှောင်နေရသည်။ ထို့အပြင် ဗိုလ်ချုပ်ခင်ညွန့်လက်ထက် မြန်မာနိုင်ငံသို့ ချပေးသည့် ဘတ်သန်း ၄၀၀၀ ငွေချေးမှု အပါအဝင် အခြား လာဘ်စားမှု၊ အာဏာအလွဲသုံးစားပြုမှုများဖြင့် တရားရင်ဆိုင်နေရသည်။ လွန်ခဲ့သည့်လတွင် ဇနီးသည် ဖွတ်ဂျမန်း နှင့် ကွာရှင်း ပြတ်စဲခဲ့သည်။

Ref: မဇ္ဈိမ

Read More...

အီရတ်ခရီးစဉ်အတွင်း သမ္မတဘုရှ် ဖိနပ်နဲ့အပေါက်ခံရ

15 December 2008

အီရတ်သတင်းထောက်တဦးက အမေရိကန်သမ္မတ ဂျော့ခ်ျဘုရှ် (George Bush) ကို ဖိနပ်နဲ့ဘဂ္ဂဒက်မြို့မှာ တနင်္ဂနွေနေ့က ပစ်ပေါက်လိုက်ပါတယ်။ အမေရိကန် တပ်တွေနဲ့ အီရတ်ခေါင်းဆောင်တွေကို နောက်ဆုံး နှုတ်ဆက်ဖို့ ဘဂ္ဂဒက်မြို့ကို မကြေညာဘဲ ထွက်ခဲ့တဲ့ ခရီးမှာ အဲဒီလို ဖြစ်ခဲ့တာပါ။

အီရတ်နိုင်ငံခေါင်းဆောင် မစ္စတာမာလီကီ(Mr. Maliki) နဲ့လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အီရတ်ရုပ်မြင် သံကြား သတင်းထောက် မွန်တာဇာအယ်လ်-ဇေဒီ (Montazar al-Zaydi) က သမ္မတဘုရှ်ကို အာရပ် ဘာသာစကားနဲ့ ခွေးလို့ ခေါ်ဆိုခဲ့ပြီး သမ္မတဘုရှ်ကို ဖိနပ်နဲ့ ပစ်ပေါက်ခဲ့ပါတယ်။ ဖိနပ်က သီသီလေး လွဲသွားခဲ့ပြီး လုံခြုံရေး အရာရှိတွေက သတင်းထောက်ကို အခန်းထဲက ဆွဲထုတ်သွားခဲ့ရပါတယ်။ အာရပ်ယဉ်ကျေးမှုမှာ ဖိနပ်ဟာ စော်ကားတာ ဖြစ်ပါတယ်။

မစ္စတာဘုရှ်ကတော့ သူ့ကိုခြိမ်းခြောက်တယ်လို့ မခံစားရပါဘူးလို့ ပြောဆိုရင်း အဲဒီအဖြစ်အပျက်ကို ရယ်စရာလုပ်ပစ်လိုက်ပါတယ်။

"ဒီမှာရှိကြတဲ့ သတင်းစာဆရာတွေက တော်တော်ကြီး အားတုံ့အားနာ ဖြစ်နေကြပါတယ်။ ဒီအဖြစ်အပျက်က အီရတ်ပြည်သူတွေကို ကိုယ်စားမပြုပါဘူးလို့ သူတို့ကပြောကြပါတယ်။ ဒါက လွတ်လပ်တဲ့ လူ့အဖွဲအစည်းမှာ ဖြစ်တတ်တာပါ။ အဲသလို လူ့ အဖွဲ့အစည်းမှာက သူတို့ကိုယ်သူတို့ အာရုံစိုက်ခံရအောင် လူတွေက လုပ်တတ်ကြတယ်လေ။" လို့ ဘုရှ်က ပြောသွားပါတယ်။

အမေရိကန်နဲ့အီရတ် လုံခြုံရေးသဘောတူညီချက် အသစ်တရပ်နဲ့ ပတ်သက်ပြီး အီရတ်ဝန်ကြီးချုပ် နူရီ အယ်လ်-မာလီကီနဲ့ သမ္မတဘုရှ်က ပူးတွဲကြေညာချက်တရပ်ကို ဒီကနေ့ တနင်္ဂနွေနေ့မှာ လက်မှတ်ရေးထိုးလိုက်ပါတယ်။ တင်းတင်းကျပ်ကျပ် ချထားတဲ့ လုံခြုံရေးအောက်မှာ အီရတ်မြို့တော်ကို မစ္စတာဘုရှ် တနင်္ဂနွေနေ့က ရောက်ရှိခဲ့ပါတယ်။ အီရတ်သမ္မတ ဂျလာ တာလာဘာနီ (Jalal Talabani) နဲ့ တွေ့ခဲ့သလို တပိုင်းတစ ကိုယ်ပိုင်အုပ်ချုပ်ရေးရ ကာဒ့်ဒေသသမ္မတ မတ်စ်ဆွတ်ဒ် ဘာဇာနီ (Massud Barzani) နဲ့လည်း သီးခြားတွေ့ဆုံခဲ့ပါတယ်။

Ref: VOA News

Read More...

ဗိုလ်ချုပ်ကြီးစောဘိုမြ၏သားငယ် ဗိုလ်ကြီးစောနေစိုးမြ နေပြည်တော်ရောက်

၁၄ ဒီဇင်ဘာ ၂၀၀၈


ကရင်အမျိုးသားအစည်းအရုံး KNU ၏ ဥက္ကဋ္ဌဟောင်းဖြစ်သူ (ကွယ်လွန်သူ) ဗိုလ်ချုပ်ကြီးစောဘိုမြ၏ သားငယ် ဗိုလ်ကြီး စောနေစိုးမြ ခေါ် မောင်တေးလေး သည် ဒီဇင်ဘာ ၁၂ ရက်နေ့က ထိုင်းနိုင်ငံဘန်ကောက်မြို့ မှတဆင့် လေကြောင်းလိုင်းဖြင့် မြန်မာနိုင်ငံ ထွက်ခွာသွားရာ ရန်ကုန်မှတဆင့် နေပြည်တော်သို့ ရောက်ရှိသွားသည်ဟု မိသားစုက ပြောသည်။



ဗိုလ်ကြီးစောနေစိုးမြ နေပြည်တော်သို့ ရောက်ရှိသွားသည့် ကိစ္စနှင့်ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး KNU ၏ တွဲဘက် အတွင်းရေးမှူး(၁) ပဒိုစောလှငွေက "နေပြည်တော်ကို ရောက်သွားတယ်လို့ ကျနော်တို့ သတင်းကြားတယ်။ သူနဲ့အ တူ ပဒိုတူးတူးလေး ပါသွားတယ်လို့ပြောတယ်။ ကျနော်တို့ စုံစမ်းကြည့်တဲ့အခါမှာကျတော့ ပဒိုတူးတူးလေးမပါဘူး။ မောင်တေးလေး တယောက်ပဲ နေပြည်တော်ကို ရောက်သွားတယ်။ သူ့အမေဆီကိုတော့ ဖုန်းပြန်ဆက်တယ်လို့ သိရတယ်။ ဘာကြောင့်သွားတယ်၊ ဘယ်သူနဲ့ သွားတယ်ဆိုတာကတော့ ကျနော်တို့ အသေးစိပ် စုံစမ်းတုန်းပဲရှိသေးတယ်"ဟု ခေတ်ပြိုင်သို့ ပြောသည်။

ဗိုလ်ကြီးစောနေစိုးမြသည် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် တပ်ရင်း(၂၀၂)၏ တပ်ခွဲမှူးဖြစ်ပြီး ၎င်းတပ်၏တပ်ရင်း မှူးမှာ ဒုတိယဗိုလ်မှူးကြီး စောဒေးဂေဖြစ်သည်။ ကွယ်လွန်သူ ဗိုလ်ချုပ်ကြီးစောဘိုမြနှင့် ဇနီး ဆရာမ နော်လားဖိုး တို့တွင်သား လေးဦး၊ သမီးသုံးဦးရှိပြီး စောနေစိုးမြသည် ခြောက်ဦးမြောက်ဖြစ်သည်။ ဗိုလ်ချုပ်ကြီးဟောင်း စောဘိုမြ၏ ဇနီးနော်လားဖိုးသည် လက်ရှိ ကရင်အမျိုးသမီးအစည်းအရုံး (KWO)အဖွဲ့တွင်ဥက္ကဌဖြစ်သည်။

ညီအစ်ကိုမောင်နှမ ခုနှစ်ဦးရှိသည့်အနက် အစ်ကိုအကြီးဆုံးဖြစ်သူ ယခင်တပ်ရင်း (၂၀၂)၏ တပ်ရင်းမှူးဖြစ်သူ ဒုတိယ ဗိုလ်မှူးကြီး စောနေကော်မြသည် ယခုနှစ်ဆန်း ပိုင်းက ဆီးချိုရောဂါဖြင့် ကွယ်လွန်သွားသည်။

Ref: ခေတ်ပြိုင်

Read More...

တပ်ရိက္ခာပို့ရန် ရွာသားများကို လုပ်အားပေးခိုင်းစေ

Sunday, 14 December 2008
ဖြိုးကြီး


ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် စစ်တပ်ရိက္ခာပို့ရန်အတွက် ရွာသားများကို လုပ်အားပေးခိုင်းစေခြင်းများ ပြုလုပ်နေသည်။

ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်းမှ ဘောကထ၊ ဝါကီးနှင့် ပဒဲကောကျေးရွာအုပ်စုများမှ ကျေးရွာတာဝန်ရှိသူများကို ယခုလ (၁၀) ရက်နေ့တွင် တပ်ရင်း (၁၀၁) က လုပ်အားပေးလိုက်ရန် ဆင့်ခေါ်အကြောင်းကြားခဲ့သည်။

လုပ်အားပေးသွားရမည့် ခရီးမှာ (၃) ရက်ခန့်သွားရမည်ဖြစ်ပြီး နအဖ ရှေ့တမ်းစစ်စခန်း သုံးခုအတွက် ရိက္ခာများ ပို့ပေးရမည်ဖြစ်သည်။

“မဖြစ်မနေသွားရမယ်၊ ကျနော်တို့ကိုတော့ အတိအကျကို ခေါ်နေတာ၊ တကယ်လို့ မသွားရင် တယောက်အတွက် တသောင်း နှစ်သောင်းလောက် အနည်းဆုံးပေးရမယ်၊ ကျနော်တို့က စိုက်ပျိုးရေးလုပ်တာ၊ အလုပ်မလုပ်ရဘဲ သူတို့ ခိုင်းတာတွေပဲ လုပ်နေရတာ”ဟု ဘောကထ ကျေးရွာသားတဦးက ပြောသည်။

စစ်တပ်က ဆင့်ခေါ်ထားသည့် လူဦးရေနှင့် လှည်းအရေအတွက် မရရှိပါက လူတဦးလျှင် ကျပ်ငွေတသောင်းနှင့် လှည်းတစီး အတွက် ကျပ်ငွေတသောင်း ဒဏ်ငွေရိုက်မည်ဟု အမိန့်ထုတ်ခိုင်းစေခဲ့ခြင်းကြောင့် ကျေးရွာသားများ အခက်တွေ့နေရသည်။

“အခုလောလောဆယ် ဘောကထမှာ ထိုင်ထားတဲ့ တပ်ကနေ ရိက္ခာပို့ဖို့ ဒေသတွင်းက ကျေးရွာအုပ်စုတအုပ်စုကို လှည်း (၅၀) နဲ့ လူ (၅၀) ပေးရမယ်လို့ ရွာလူကြီးကို ခေါ်ပြောတာ၊ ဒီဇင်ဘာလ (၁၃) ရက်နေ့က ဘောကထကျေးရွာအုပ်စုထဲက ကျေးရွာတွေက ရွာသားတွေ ရိက္ခာပို့ဖို့ လုပ်အားပေးသွားရတယ်”ဟု ဒေသခံရွာသားက ပြောသည်။

ယခုကဲ့သို့ စစ်တပ်မှ လုပ်အားပေး ခေါ်ယူခိုင်းစေနေခြင်းများကြောင့် ရွာသားများမှာ လယ်ယာ၊ တောင်ယာလုပ်ငန်းများကို လုပ်ကိုင်နိုင်ခြင်း မရှိသည့်အတွက်ကြောင့် စားဝတ်နေရေးအခက်အခဲများ ကြုံတွေ့နေရသည်။

Ref: ရိုးမ၃

Read More...

အပေါ်သို့