..............................

Wednesday, April 11, 2012

ဗမာပြည်ကို သိမ်းပိုက်ကြ

ဗမာပြည်ကို သိမ်းပိုက်ကြ

Read More...

ကြားဖြတ်ရွေးကောက်ပွဲအလွန် အောက်ရေလှန်ခြင်း (back-wash) များ

ဦးဝင်းတင်နဲ့ မေးခွန်းများ
မိုးမခ၊ ဧပြီ ၁၀၊ ၂၀၁၂

ဧပြီ ၁ ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေး တာဝန်ယူထားရတဲ့ အထက်မြန်မာပြည်က တိုင်းနဲ့ ပြည်နယ်တွေ အတွက် မန္တလေးမြို့တော်ကို ခရီးသွားရောက်နေတဲ့အတွက် ဦးဝင်းတင်နဲ့ တွေ့ဆုံ စကားမပြောဖြစ်ခဲ့တာ တလနီးပါး ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ ယခု ရန်ကုန်မြို့တော်ကို ပြန်လည်ရောက်ရှိလာပြီမို့ ဆရာနဲ့ တွေ့ဆုံခွင့်ရတဲ့အခါမှာ မေးခွန်းများ ပြန်လည် မေးမြန်းခွင့်ရခဲ့ပါတယ်။

မေး။ ။ အခု ကြားဖြတ်ရွေးကောက်ပွဲတော့ ပြီးဆုံးခဲ့ပြီ။ အောင်နိုင်ရေးလုပ်ငန်းတာဝန်တွေနဲ့ ခရီးထွက်ပြီး အပြန်မှာ ဆရာ့ဘက်က ဘယ်လိုမျိုး တွေ့ကြုံရတယ်လို့ ပြောချင်သလဲ။

ဖြေ။ ။ ရွေးကောက်ပွဲဟာ တိုတိုပြောရရင် တရားမျှတမှုရှိလို့ နိုင်တာမဟုတ်ဘူး။ မတရားမှုတွေ အများအပြားရှိတယ်။ မတရားမှုတွေ အများအပြားရှိနေသလို လွတ်လပ်ခွင့်ဆိုတာကလည်း နဲနဲလေး ရှိနေတယ်။ အဲသည် အလင်းရောင်လေးက ရှိနေတယ်။ ဒါကြောင့် ကျနော်တို့ အနိုင်ရတယ်လို့ ပြောချင်တယ်။

အင်န်အယ်ဒီက ၀င်ရောက်ယှဉ်ပြိုင်တဲ့ နေရာအားလုံးနီးပါးမှာ အနိုင်ရရှိခဲ့တယ် ဆိုပေမယ့် လက်ရှိ အာဏာ ရထားတဲ့ ကြံ့ခိုင် ဖွံဖြိုးရေးပါတီက ဒေသခံ ပါတီဝင်တွေ၊ ကိုယ်စားလှယ်တွေ၊ အာဏာပိုင်တွေ၊ လက်ဝေခံတွေရဲ့ အစွန်းကုန် လိမ်လည်မှုတွေ၊ လှည့်ဖြားမှုတွေ၊ မတရားမှုတွေ တင်းကြမ်းတွေ လုပ်နေတဲ့ကြားထဲကနေ အဖွဲ့ချုပ်က အနိုင်ရခဲ့တာ ဖြစ်တယ်လို့ ပြောချင်တယ်။ လွယ်လွယ်နဲ့တော့ မဟုတ်ဘူး။

ဒီအောင်မြင်မှုဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုကြောင့်လို့ ဆိုနိုင်သလို ပြည်သူလူထုကြီး တရပ်လုံးက ရတောင့် ရခဲ ရှားရှားပါးပါး ခဲခဲယဉ်းယဉ်း အကြပ်အတည်းမျိုးစုံကြားထဲက ပေါ်ထွက်လာတဲ့ လွတ်လပ်မှု လွတ်လပ်ခွင့် ရနိုင်သလောက်လေးတွေ ကြားထဲကနေ တခဲနက် ရုန်းကန်ပြီး အနိုင်ရအောင် လုပ်ကြရတာ ဖြစ်တယ်။ မီဒီယာတွေ၊ ပြည်သူတွေ၊ လူတန်းစား အသီးသီးက မကြောက်မရွံနဲ့ အစွမ်းကုန် စွန့်စားကြလို့ ရရှိတဲ့ အောင်မြင်မှုလို့ ဆိုချင်ပါတယ်။

မေး။ ။ အခုရွေးကောက်ပွဲပြီးပြီ၊ လွန်ခဲ့တဲ့ တနှစ် ၂၀၁၁ ဧပြီလမှာတုန်းက ဒေါ်စုက ပြည်သူကို ပန်ကြားချက် ထုတ်ခဲ့တယ်။ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ဖို့၊ အပစ်အခတ် ရပ်စဲဖို့၊ ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒုက္ခသည်တွေနဲ့ အခြားပြည်သူတွေ အေးချမ်းလုံခြုံစွာ ပြန်လာနိုင်ကြဖို့ တောင်းဆိုချက်တွေ ချမှတ်ခဲ့တာနဲ့ဆိုရင် နှစ်ပတ်လည်ခဲ့ပြီ။ အဲဒီအရေးကိစ္စတွေမှာလည်း ဆက်လက်ပြီး အကောင်အထည်ဖော်နေတာတွေ ဘယ်လိုရှိတယ်လို့ ထင်သလဲ ဆရာ။

ဖြေ။ ။ ခုချိန်မှာ ပြန်ကြည့်ရင် လက်ရှိအစိုးရနဲ့သာမက ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တိုင်းရင်းသားအဖွဲ့အစည်းတွေက တွေ့ဆုံ ဆွေးနွေးနေကြတာကို တွေ့နေရပြီ ဖြစ်ပါတယ်။ အဲသည်မှာ အပစ်အခတ်ရပ်စဲရေးကို ဦးတည်ဆွေးနွေးနေကြတယ်။ အဲသည်မှာ ကျနော်ဖြည့်စွက်ချင်တာကတော့ အပစ်အခတ်ရပ်စဲဖို့လည်း လိုတယ်။ ဒါ့အပြင် ငြိမ်းချမ်းရေး တည်မြဲဖို့အတွက်ကတော့ နိုင်ငံရေးအရ ဆွေးနွေး အဖြေရှာကြရမှာ ဖြစ်တယ်လို့ ပြောချင်ပါတယ်။

မေး။ ။ ဟုတ်ပါပြီ။ ရွေးကောက်ပွဲပြီးသွားပြီဆိုတော့ စိတ်အားတက်ကြွမှုတွေ တိုးလာတယ်။ အသံမျိုးစုံ လှုပ်ရှားမှုမျိုးစုံလည်း ဟိုက သည်က ထွက်ပေါ်လာတယ်။ အဲသည်ထဲက တခုကို ကောက်နုတ်ပြရရင် ဦးခင်ညွန့်ကနေပြီးတော့ ဒီပဲယင်းမှာ သူမပါဘူး။ သူနဲ့ ထောက်လှမ်းရေးတွေက ဒေါ်စုကို ကယ်တင်ဖို့တောင် လုပ်ခဲ့တယ် ဒါမျိုးတွေ ပြောလာတယ်။ ဒါတွေက ဘာတွေလဲ ဆရာ။

ဖြေ။ ။ ဒါက နိုင်ငံရေးမှာ တွေ့ရနေကြ မြင်ကွင်းပါပဲ။ ရွေးကောက်ပွဲမှာ မဲပေးတုန်းကလည်း ပြည်သူတွေ ထောက်ခံတဲ့ပါတီကို မဲပေးခဲ့တယ်လို့ ဗိုလ်ခင်ညွန့်က ပြောခဲ့တယ်။ နိုင်တော့ အင်န်အယ်ဒီပေါ့ကွာ။ ကြံ့ခိုင်ရေးနိုင်တယ်ဆိုတော့လည်း သူက ပြည်သူလက်ခံတဲ့ပါတီလို့ ပြောမှာပေါ့။ ကြားချပြီး ပြောတာပဲ။ ဒါပေမယ့် ဘာဖြစ်လို့ ဒီအချိန်မှာ ဒီစကားတွေ ဒီအပြောတွေ ထွက်လာတာလဲ။ ဒါဟာ စဉ်းစားစရာ အများကြီး ရှိတယ်။ ဒါကို ပြောချင်တယ်။ ဘာနဲ့ သွားတူသလဲဆိုတော့။ သမဂ္ဂကို ဘယ်သူဗုံးခွဲသလဲ ဆိုပြီးတော့ ဗိုလ်နေ၀င်းနဲ့ ဗိုလ်အောင်ကြီးတို့ ကြား အငြင်းပွားနေတဲ့ သမိုင်းပြသနာလို ဖြစ်လာသလား လို့ တွေးစရာတွေ ပေါ်လာတယ်။ ဒါက သူတို့တွေအချင်းချင်း တရားခံဆိုပြီး အပြန်အလှန် လက်ညိုးထိုးကြတာကိုး။ အခု ဦးနေ၀င်းက သေသွားတဲ့အခါကျတော့ မသေခင်မှာ ဗိုလ်အောင်ကြီးကို ထိုးသွားတယ်။ ဗိုလ်အောင်ကြီးက မသေသေးတဲ့အခါကျတော့ ဦးနေ၀င်းကို ဆက်ထိုးနေတယ်ပေါ့ကွာ။

မေး။ ။ အဲသည်တော့ ဆရာပြောချင်တာက ခုချိန်မှာ ဗိုလ်ခင်ညွန့်က သမိုင်းမှာ မေးခွန်းထုတ်လာစရာဖြစ်လာတော့မယ့် ဒီပဲယင်းလုပ်ကြံမှုကြီးမှာ သူ ပါဝင်ပတ်သက်ခြင်း မရှိဘူးဆိုတာကို ခုကတည်းက ကြိုတင်ပြီး ပြင်ဆင်ပြီး ငြင်းဆိုလိုက်တယ်။ ပြီးတော့ ကန့်လန်ကာနောက်ကွယ်ကို ၀င်သွားတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို လက်ညိုးထိုးလိုက်တယ်။ အဲသည်လိုပေါ့။ ဟုတ်လားဆရာ။ အငြင်းပွားစရာတွေကို ဖန်တီးနေပြီပေါ့။

ဖြေ။ ။ ဟုတ်တယ်။ တကသကို ဘယ်သူဖြိုသလဲဆိုတာ သမိုင်းမှာ အငြင်းပွားစရာ မေးခွန်းဖြစ်တယ်။ အဲသည်ရဲ့ အဖြေမှာ သမိုင်းတရားခံကို တွေ့ရမှာပဲ။ ဦးနေ၀င်းတို့ ဦးအောင်ကြီးတို့က သမိုင်းတရားခံ အဖြစ်မခံနိုင်လို့ ငြင်းခုံနေကြတာ။ အဓိကကတော့ ကျောင်းသားတွေကိုယ်တိုင်၊ ပြည်သူတွေကိုယ်တိုင်ကလည်း မခံမရပ်နိုင်လို့ အဖြစ်မှန်ကို သိချင်လို့ တောင်းဆိုနေတဲ့ အင်အားစုတွေ ရှိနေလို့ပဲ။ အဲသည်လိုပဲ ဒေါ်စုကို လုပ်ကြံဖို့ ကြိုးစားတဲ့ ဒီပဲယင်းလုပ်ကြံမှုကြီးမှာ ဘယ်သူသမိုင်းတရားခံလဲ ဆိုတာကို ဗိုလ်သန်းရွှေနဲ့ ဗိုလ်ခင်ညွန့်တို့ကြားမှာ အပြန်အလှန် လက်ညိုးထိုးပြီး ငြင်းခုံတဲ့ ကိစ္စတွေတောင် ဖြစ်ပေါ်လာနိုင်တယ်လို့ ပြောနိုင်တယ်။

မေး။ ။ ဗိုလ်ခင်ညွန့်က ဒေါ်စုကို လေးစားတယ်၊ ချစ်ခင်တယ် ပြောလာပေမယ့် ၁၉၈၈ အရေးတော်ပုံအလွန်ကာလ တလျောက်လုံးမှာ ဗိုလ်ခင်ညွန့်ခေါင်းဆောင်တဲ့ ထောက်လှမ်းရေးတပ်ဖွဲ့တွေ အားလုံးက သပိတ်တွေ ကို ဖြိုခွဲခဲ့တယ်။ ပါတီဝင်တွေ၊ ကျောင်းသားတွေကို ဖမ်းဆီးနှိမ်နှင်း၊ အကျဉ်းချတာတွေ ရှင်းလင်းတာတွေ လုပ်ခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တကွ ဒီမိုကရေစီရေးလှုပ်ရှားသူတွေ၊ လှုပ်ရှားမှုတွေကို ထောက်လှမ်းရေးနည်းနဲ့ တိုက်ခိုက်နှိမ်နှင်း ရှင်းလင်းခဲ့တာဟာ သမိုင်းမှာ ဖုံးကွယ်လို့မှ မရတာပဲ ဆရာ။ ခုကျမှ ဒီပဲယင်းလုပ်ကြံမှုတခုတည်းမှာ ကြိုတင်ငြင်းဆန်တာတွေ လုပ်နေရတာလဲ။

ဖြေ။ ။ စစ်အစိုးရတလျောက်လုံးမှာ အတိုက်အခံတွေအပေါ်ကို လုပ်ကြံမှုတွေမှာ၊ ဖြိုခွဲမှုတွေမှာ ထောက်လှမ်းရေးမပါဘူးဆိုတာဟာ မဖြစ်နိုင်ဘူး။ ထောက်လှမ်းရေးဆိုတာ စစ်အာဏာရှင်တွေရဲ့ လက်ကိုင်တုတ်ပဲ။ ကျနော်ပြောချင်တာကတော့ အခုလို ဒီပဲယင်းလုပ်ကြံမှုမှာ ထောက်လှမ်းရေးကင်းတယ်ဆိုတာ အယုံအကြည်မရှိဘူး။ သို့သော် ထောက်လှမ်းရေးက ကယ်တယ်ဆိုတာကို ဘာမှ မှတ်ချက်မပေးလိုဘူး။ အခုအချိန်မှာ ဦးတင်ဦးကလည်း ပြောလိုက်ပြီ။ ဒီကိစ္စကို စုံစမ်းရေးလုပ်ပါ။ ကော်မရှင်ဖွဲ့ပြီး စုံစမ်းပါလို့ ပြောတယ်။ ကျနော်လည်း အဲဒီသဘောပဲ ရှိပါတယ်။ ဒီကိစ္စက ဂယက်က အများကြီး ရိုက်ခတ်နေတယ်။

မေး။ ။ ဒါကို အစကပြန်ကောက်ပြီးပြောရရင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကတော့ ပြန်လည်သင့်မြတ်ရေးမူအရ၊ သင်ပုံးချေထားပြီးပြီလို့ ဆိုတယ်။ ၂၀၁၀ ဒီဇင်ဘာ ပြန်လည်လွတ်မြောက်လာကတည်းက ဒါနဲ့ ပတ်သက်ပြီး ဘယ်လိုမှ သဘောမထားဘူးလို့ ခိုင်ခိုင်မာမာ ပြောထားတယ်။ ဒါပေမယ့် နိုင်ငံတကာက ကုလသမဂ္ဂလိုအဖွဲ့တွေ၊ လူ့အခွင့်အရေးကော်မရှင်တို့၊ မြန်မာ့အရေးလှုပ်ရှားသူတွေနဲ့ မြန်မာပြည်သူတွေကိုယ်တိုင်က ဒီလုပ်ကြံမှုကို စုံစမ်းစစ်ဆေးဖော်ထုတ်ဖို့ လိုအပ်တယ်လို့ မြင်ကြတယ်။ အခုအချိန်မှာ ဘယ်လိုမျိုး အမှန်တရားကို ဖော်ထုတ်စုံစမ်းကြရမှာလဲ ဆရာ။ (အဲသည်အကြောင်း မိုးမခနဲ့ ဒေါ်အောင်ဆန်းစုကြည်အဖြေများ အင်တာဗျူးမှာ ဖတ်နိုင်သည်)

ဖြေ။ ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားက စုံစမ်းစစ်ဆေးရေးတော့ လုပ်ရမှာပဲ ဆိုတာကို လက်ခံတယ်။ ဒါပေမယ့် သူကိုယ်တိုင်က ဒါကို အာဃာတတွေထားပြီးတော့ သူတပါးကို အပြစ်တင်ဖို့ ဖော်ထုတ်ချင်တာ မဟုတ်ဘူး။ သမိုင်းမှာ အတိတ်ကို သင်ခန်းစာယူနိုင်အောင်၊ ပြင်ဆင်နိုင်အောင်အတွက် ဖြစ်တယ်လို့ ဆိုထားပြီး ဖြစ်ပါတယ်။ အခုဟာက ဦးနေ၀င်းနဲ့ ဗိုလ်အောင်ကြီးတို့ တယောက်ကိုတယောက် လက်ညိုးထိုး အငြင်းပွားသလိုမျိုး၊ ဗိုလ်သန်းရွှေနဲ့ ဗိုလ်ခင်ညွန့်နဲ့ တဦးကိုတဦး ပုံချသလိုမျိုး ဖြစ်လာတာ ဘာသဘောလဲဆိုတာကို စောင့်ကြည့်ကြရမယ်။ ဒီအတိုင်းပဲ အသံပျောက်သွားမလား။ ဒါလဲဖြစ်နိုင်တာပဲ။

မေး။ ။ ဒါဆိုရင် အစကမေးခွန်းပဲ ပြန်မေးရမှာပဲ။ ကြားဖြတ်ရွေးကောက်ပွဲအပြီး တိုက်တိုက်ဆိုင်ဆိုင်ပေါ့လေ အခုလိုမျိုး လူတွေ ဖြစ်ရပ်တွေကနေ အသံတွေထွက်လာတာက ငြင်းကြ ခုန်ကြတာတွေက ဘယ်လိုဖြစ်တာလဲ။ ဘယ်လို ရင်ဆိုင်ကြရမှာလဲ။

ဖြေ။ ။ ဒါက အင်္ဂလိပ်လိုပြောရရင် back wash movement ရဲ့ အကြိုလို့ ပြောချင်တယ်။ ဒုတိယကမ္ဘာစစ်ကြီးအပြီးမှာလည်း သည်လိုမျိုး သမိုင်းရေလှိုင်းကြီး ပြန်ဆင်းသွားတဲ့အခါမှာ ရှင်းကုန်တာမျိုးပေါ့။ လာတော့မယ့် ၂၀၁၅ ရွေးကောက်ပွဲကြီးကျရင် အကုန်လုံး သိမ်းကျုံးပြီးတော့ သမိုင်းအမှိုက်လှဲတဲ့ကာလကြီး ကြုံလိမ့်မယ်လို့ ပြောချင်တယ်။ အဲသည်အခါကျရင် ပေါ့တဲ့ကောင်တွေ၊ အမှိုက်သရိုက်တွေက ဒီရေအဆင်းမှာ ပါသွားမယ်။ သမ္မတဦးသိန်းစိန်လိုမျိုး လူတွေမျိုးက လွဲရင်၊ အပြောင်းအလဲကာလတွေမှာ မလုပ်နိုင်တဲ့သူတွေက ရေစုန်မျောကြလိမ့်မယ်လို့ ပြောချင်တယ်။ အဲဒါကြောင့် ဗိုလ်ခင်ညွန့်က နိုင်ငံရေးသိက္ခာတွေ ဘာတွေ ပြန်ထူထောင်နိုင်အောင် ကျောက်ဆောင်ပေါ်တက်ပြီး ရပ်ပြတာလား၊ ဒါမှမဟုတ် ဗိုလ်သန်းရွှေနဲ့ အငြင်းအခုန်ဖြစ်တာလား၊ ကွဲပြဲတာလား။

ဒါကြောင့် ကျနော်တို့ဖက်ကတော့ ဘယ်လိုမျိးမြင်သလဲဆိုတော့ ၂ ချက်ရှိတယ်။ ပထမအချက်ကတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် သင်ပုံးချေလိုက်တာမျိုးဖြစ်တယ်။ ဒါက ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားရပ်တည်ချက်၊ ပြီးတော့ ဦးတင်ဦးပြောတာကို ကျနော် သဘောတူတယ်။ ဒီကိစ္စဟာ သမိုင်းမှာ အငြင်းပွားစရာပြသနာကြီးအဖြစ် မကျန်ရစ်အောင် သင်ခန်းစာယူနိုင်အောင် စုံစမ်းစစ်ဆေး ဖော်ထုတ်ရမယ်။ ဒါက ဘယ်သူဘက်ကကြည့်ကြည့်၊ အင်န်အယ်ဒီဖက်ကကြည့်ကြည့်၊ သန်းရွှေဖက်က ကြည့်ကြည့်၊ ခင်ညွန့်ဖက်က ကြည့်ကြည့် အကောင်းဆုံးနည်းဟာ အမှန်တရားကို ရှာရမယ်၊ ဖော်ထုတ်ရမယ်။ ဒါကို မရှာပဲ၊ မဖော်ထုတ်ပဲ ပြသနာလုပ်ပြီးတော့ တဦးကို တဦး လက်ညိုးထိုးနေတာတွေ၊ အပြစ်တင်နေတာတွေလုပ်နေကြတာတွေဟာ ပြန်လည်သင့်မြတ်ရေးအတွက်လည်း အကျိုးမရှိဘူး လို့ ပြောချင်တယ်။ ဦးနေ၀င်းနဲ့ ဗိုလ်အောင်ကြီးတို့ အငြင်းပွားနေသလိုမျိုး သမိုင်းဖြစ်ရပ်ကြီးမှာ မကျန်ရစ်စေချင်ဘူး။ ဒါပါပဲ။

မေး။ ။ ဟုတ်ပါပြီ။ ကျနော်တို့ဖက်က ပြစရာဥပမာတခုကတော့ မြောက်ပိုင်းအေဘီလုပ်ကြံမှုကြီးက ဖြစ်ရပ်တွေ ပေါ်ပေါက်လာတာမျိုး ပေါ့လေ။ နှစ်ပေါင်း ၂၀ ကြာတဲ့အခါမှာ ကာယကံရှင်တွေ၊ သက်သေတွေကနေ ဖြစ်ရပ်မှန်တွေ၊ အတွေ့အကြုံတွေ ပေါ်ပေါက်လာတယ်။ ဒါတွေကို ကျနော်တို့တွေက သမိုင်းမှာ အမှန်အတိုင်း တင်ကျန်ရစ်အောင် မှတ်တမ်းတင်ကြရတယ်။ အဲသည်မှာ တဦးကို တဦး အပြစ်တင်နေတာ၊ လက်ညိုးထိုးနေတာ၊ ပြသနာရှာနေတာတွေဟာ သင်ခန်းစာယူနိုင်ဖို့၊ အနာဂတ်အတွက် ပြင်ဆင်နိုင်ဖို့အတွက် အကျိုးမရှိဘူးလို့ ကျနော့်ဖက် ဆက်စပ်တွေးနေမိတယ် ဆရာ။

ဖြေ။ ။ အေး အေး၊ ဟုတ်ပါပြီ။

Ref: မိုးမခ

Read More...

ဒေါ်ခင်ကြည်ပြောတဲ့ လူငါးယောက်အကြောင်း

သခင်လှကွန့်

Daw Khin Kyi

Read More...

သင်္ကြန်တွင် NLD အလံ၊ တံဆိပ်များ အသုံးမပြုရန် မေတ္တာရပ်ခံ

အောင်သက်ဝိုင်း on April 10, 2012

မြန်မာ့ရိုးရာ နှစ်သစ်ကူး မဟာသင်္ကြန် ကာလအတွင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ခွပ်ဒေါင်းအလံ၊ တံဆိပ်နှင့် အမှတ်အသား များကို အသုံးမပြုဘဲ တမျိုးသားလုံးနှင့် သက်ဆိုင်သော သင်္ကြန်နှစ်သစ်ကူး ကာလကို အေးအေးချမ်းချမ်း ဖြတ်သန်း စေလိုကြောင်း NLD ပြန်ကြားရေးတာဝန်ခံ၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင်က ဧရာဝတီသို့ ပြောသည်။

NLD (ဗဟို) နှင့် မန္တလေးတိုင်း NLD က ခွပ်ဒေါင်းအလံနှင့် အမှတ်အသားများကို သင်္ကြန်ကာလတွင် အသုံးမပြုရန် ပြည်သူများကို မေတ္တာ ရပ်ခံချက်များ တရားဝင် ထုတ်ပြန်ထားသည်။

“သင်္ကြန်ဆိုတာက တမျိုးသားလုံးနဲ့ သက်ဆိုင်တယ်။ သင်္ကြန်ဆိုတာက နိုင်ငံရေးပွဲမဟုတ်ဘူး။ ရိုးရာပွဲ၊ မြန်မာ့ရိုးရာ အစဉ်အလာ တခုပါ။ ဒီအစဉ်အလာပွဲကြီးမှာ နိုင်ငံရေး အရိပ်အရောင်တွေ မပါစေချင်ဘူး။ လူမျိုးမရွေး၊ ဘာသာမရွေး အေးအေးချမ်းချမ်း ဖြတ်သန်း ကြတာကိုပဲ ကျနော်တို့က လိုချင်ပါတယ်။ ဒါကြောင့်မို့လို့ NLD အလံတွေ၊ တံဆိပ်တွေ မသုံးကြဖို့ မေတ္တာရပ်ခံလိုက်တာပါ” ဟု ဦးအုန်းကြိုင်က ပြောသည်။

NLD က ထုတ်ပြန်ထားသော ပန်ကြားလွှာတွင် သင်္ကြန်ကာလသည် မြန်မာ့နိုင်ငံရေး တိုးတက်ပြောင်းလဲမှု အတွက် အလှည့်အပြောင်း တရပ်ကို ရရှိပိုင်ဆိုင်ထားသော ၀မ်းမြောက်ပျော်ရွှင်ဖွယ်ရာ အချိန်ကာလနှင့် တိုက်ဆိုင်နေကြောင်း၊ ထိုအခြေအနေတွင် အပျော်သည် အပျက်ဘက်သို့ ဦးတည်မသွားစေရန် သတိပြုရန် လိုအပ်ကြောင်း၊ အဖွဲ့ချုပ် ပါတီဝင်များ အနေနှင့်လည်း သိက္ခာရှိသော ပျော်ရွင်မှုများဖြင့် မဟာသင်္ကြန် ပွဲတော်အား ပါဝင်ဆင်နွှဲရန် တိုက်တွန်းလိုကြောင်း၊ အဖွဲ့ချုပ်ဥက္ကဋ္ဌ၏ တိုင်းပြည်နှင့် လူမျိုးအပေါ် ထားရှိသော စေတနာနှင့် စိတ်သဘောထား၊ အဖွဲ့ချုပ်၏ ဂုဏ်သိက္ခာ၊ အဖွဲ့တဦးချင်းစီ၏ ဂုဏ်သိက္ခာတို့ကို ထိခိုက်စေမည့် အပြုအမူ၊ ပျော်ရွှင်မှုများကို ရှောင်ရှားသင့်သည်ဟု ပါရှိသည်။

NLD ဗဟို အောင်နိုင်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင်လည်း “အဖွဲ့ချုပ်အမည်ဖြင့် ရေပက်ခံ မဏ္ဍပ်ဆောက်လုပ်ခြင်း၊ ရေပက်ခံ ကားဖြင့် ပါဝင် ဆင်နွှဲခြင်းများကို ဗဟိုအလုပ်အမှုဆောင် အဖွဲ့၏ ကြိုတင်သဘောတူညီချက်ဖြင်သာ ဆောင်ရွက်ရန်” ဟု ဖော်ပြထားသည်။

သို့သော်လည်း ရန်ကုန်နှင့် မန္တလေးမှ လူငယ်အများစုက ခွပ်ဒေါင်းအလံ၊ နဖူးစည်းနှင့် စတေကာများကို ရေပက်ခံ ထွက်ကြမည့် သင်္ကြန်ကားများတွင် ကပ်ထားမည် ဧရာဝတီသို့ ပြောကြသည်။

“ခွပ်ဒေါင်းအလံ အကြီးကြီးတခုကို ကျနော်တို့ ဂျစ်ကားမှာ တပ်မယ်။ အားလုံးက နဖူးစည်းလေးတွေတော့ ခေါင်းမှာ စည်းကြမယ်။ စတေကာ တွေလည်း တပ်ဖို့ စီစဉ်နေကြတယ်။ ပျော်လည်း ပျော်မယ်၊ ဒီနှစ်တော့ ရင်ခုန်တယ်။ အရင်နှစ်တွေလို မဟုတ်ဘူး။ ဟိုအရင်နှစ်တွေက ဆိုရင် ခွပ်ဒေါင်းအလံကို သုံးလို့ရတာ မဟုတ်ဘူး။ ဒီနှစ်တော့ အလံတွေ၊ နဖူးစည်းတွေ စည်းကြဖို့ အားလုံး တိုင်ပင်ပြီးသား” ဟု ရန်ကုန်မြို့မှ လူငယ်တဦးက ဆိုသည်။

အစိုးရကမူ မြန်မာ့ရိုးရာ သင်္ကြန်ကာလအတွင်း ရေပက်ခံကားများတွင် “နိုင်ငံတော်အလံများ ယာဉ်တွင် တပ်ဆင်၍ မောင်းနှင်ခြင်း မပြုရ” ဟု အစိုးရ သတင်းစာများမှတဆင့် စည်းကမ်း ထုတ်ပြန်ထားသော်လည်း နိုင်ငံရေး ပါတီအလံများ ချိတ်ဆွဲ လွှင့်ထူခြင်း ပြုမပြုနှင့် ပတ်သက်၍ ဖော်ပြထားခြင်း မရှိပေ။

ထို့ပြင် ရေခဲထုပ်၊ ရေပူဖောင်း ဆပ်ပြာရည် ဂစ်ဘူးဖြင့် ကစားက လက်ဝယ်တွေ့ရှိသူ ထောင် ၁ နှစ်၊ ကစားသူ ထောင် ၃ နှစ်၊ ထုတ်လုပ် ရောင်းချသူ ထောင် ၅ နှစ်နှင့် ပစ္စည်းကို သိမ်းယူမည်ဟု ရန်ကုန် တိုင်းဒေသကြီး အစိုးရက ထုတ်ပြန်ထားသည်။

Ref: ဧရာဝတီ

Read More...

ခေတ်မီတပ်မတော်တရပ်ရဲ့ ရှေ့ခရီး အပိုင်း (၆)

ဟန်လင်း
April 11, 2012
စစ်သုံးဘတ်ဂျက်နဲ့ တပ်မတော်

ဘဏ္ဏာရေးဝန်ကြီးဦးလှထွန်းက ဇန္န၀ါရီလ(၃၁)ရက်နေ့က လွှတ်တော်အတွင်း မြန်မာနိုင်ငံမှ အခြားနိုင်ငံများသို့ ပေးဆပ်ရန် အကြွေး ဒေါ်လာ (၁၀)ဘီလီယံ၊ ၁၁၀၂၃ သန်း တင်နေကြောင်း စာရင်းဇယား အတိအကျဖြင့် တင်ပြခဲ့ပါတယ်။ ၁၉၈၈ခုနှစ်မတိုင်မီ အကြွေး ဒေါ်လာ (၈၄၀၈၀) သန်း မှာ ဂျပန်နိုင်ငံရဲ့ကြွေးမြီက အများဆုံး၊ ၁၉၈၈ ခုနှစ် နောက်ပိုင်း တင်ခဲ့တဲ့ ကြွေးမြီ ဒေါ်လာသန်း (၂၆၀၄) မှာတော့ တရုပ်နိုင်ငံသို့ ပေးစရာ အကြွေးက ခပ်များများလို့ ဆိုပါတယ်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့ ဇန္န၀ါရီလ ၂၇ ရက်နေ့မှာပြဋ္ဌာန်းခဲ့တဲ့ လာမယ့်၂၀၁၃ဘဏ္ဏာနှစ် လျာထား သတ်မှတ်ချက် တွေကို မတ်လ(၃၁) ရက်နေ့ နိုင်ငံတော် ပြန်တမ်းဖြင့် ကာကွယ်ရေး ၀န်ကြီးဌာန အသုံးစရိတ် ကျပ်သန်းပေါင်း တစ်သန်း တစ်သိန်းကျော်။ စွမ်းအင်ဝန်ကြီး ဌာန ကျပ်သန်း တစ်သန်းတစ်သောင်း၊ ဘဏ္ဏာရေး ၀န်ကြီးဌာန ကျပ်သန်း တစ်သန်းတို့ကို သုံးစွဲခဲ့ကြောင်း ဖေါ်ပြခဲ့ပါတယ်။ လောင်စာနဲ့လျှပ်စစ် စွမ်းအင်ဆိုင်ရာ မြှုပ်နှံမှုတွေ ပါရှိပြီး စစ်ရေး သုံးပစ္စည်းတွေ ၀ယ်ယူတဲ့ စာရင်းများ မဖေါ်ပြထားလို့ အတိအကျ မသိရနိုင်ပါ။

ခေတ်သစ်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွက် စစ်သုံးစရိတ်ဟာ ဘဏ္ဏာငွေ အလုံးအရင်း ကြီးရဲ့ (၂၃.၆)% အမေရိကန် ဒေါ်လာသန်း (၂၀၀၀) ကျော်ဖြစ်ပြီး ကျမ္မာရေး အသုံးစရိပ် (၁.၂)% ဒေါ်လာသန်း (၁၁၀) ဖိုး။ ပညာရေး အတွက် ဒေါ်လာသန်း (၃၅၀) ။ (၄.၁၃)%နီးပါး အသီးသီး သတ်မှတ် ပေးထားပါတယ်။ စစ်သုံးစရိပ်ထဲမှာ ၂၀၀၉ ခုနှစ် ရုရှားဆီကနေ ၀ယ်ယူခဲ့တဲ့ MIG -29 တိုက်လေယဉ် အစီး၂၀ အတွက် တင် ဒေါ်လာ ၅၅၃သန်း ပေးချေရမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့်လည်း စစ်ဘတ်ဂျက် ဒေါ်လာ ၂ဘီလီယံဖိုး ချထားခဲ့တာပါ။ ဒီလေ ယာဉ်သစ်တွေနဲ့ တိုင်းပြည်ကို ပြန်လည် ထူထောင်လို့ရမှာလား ပြည်တွင်း ငြိမ်းချမ်းရေး ဖေါ်ဆောင်လို့ ရမှာလား ဆိုတာကတော့ ဒီကနေ့ အစိုးရ တပ်က လက်နက်ကြီးငယ်နဲ့ ဒုံးတွေ လေယဉ်တွေ သုံးပြီး နယ်စပ် ဒေသတွေမှာ စစ်ဆင်ခဲ့လို့ စစ်ဘေးသင့် ဒုက္ခရောက်နေရတဲ့ ပြည်သူတိုင်း မေးခွန်း ထုတ်ချင်ကြစရာပါ။

ဘာပဲဖြစ်ဖြစ် အရင်စစ်အစိုးရ ၂ ဆက်လက်ထက်တုံးက ပြည်သူကိုအတိအလင်းမဖေါ်ပြပေးခဲ့၊ စစ်သုံးဘတ်ဂျက်ကို ဒီကနေ့ကျမှ ပြည်သူတွေ သိခွင့် ရလိုက်တာပါ။ ဒါကလည်း ပြောင်းလဲခြင်းရဲ့ လတ်တလော အမြတ်လို့ ဆိုရမှာပါ။ တသက်လုံး ထင်ရာစိုင်း အနိုင်ကျင့် ခံလာရတဲ့ ပြည်သူ တွေ အခုမှကိုယ့်ဆန္ဒ ကိုယ်ဖေါ်ထုတ်ခွင့်လေး နည်းနည်း ရလာတာပါ။ အမြတ်ထဲက အရှုံးတခုကတော့ အရင် အစိုးရတွေ မင်္ဂလာယူပြီး ပြေခဲ့ တဲ့ တိုင်းပြည် ဖွံ့ဖြိုးမှု လုပ်ငန်း ပေါင်းစုံအတွက် ပြည်ပချေးငွေ (၁၁) ဘီလီယံကျော် အကြွေးတင်နေတဲ့ အဖြစ်ကို ပြည်သူတွေက ဒေါ်လာ (၁၈၀)နှုံးစီ နဲ့ ကြွေးဝိုင်းဆပ် ပေးကြရတော့မယ့် ဘ၀ပါ။

တိုင်းပြည်ရဲ့ အာဏာသုံးရပ်ကို စစ်အစိုးရအဆက်ဆက် ထိန်းချုပ်တာဝန်ယူခဲ့ပေမယ့် တိုင်းပြည်အပေါ် တင်နေတဲ့ ကြွေးတွေ ကိုတော့ ဘယ် အုပ်ချုပ်သူကမှ စိုက်ခံပြီး ဆပ်သွားရိုးထုံးစံ မရှိပါဘူး။ မဆလ ခေတ်တုံးကလည်း ပြည်ပကြွေး ဒေါ်လာ(၈) ဘီလီယံဖိုးကို ဦးနေ၀င်း မဆပ်ခဲ့သလို တိုင်းပြည်ကိုသာ ဖွံဖြိုးနိမ့်နိုင်ငံ LDC အဖြစ် သတ်မှတ် ခံခိုင်းခဲ့တာပါ။ အခုလည်း န၀တ-နအဖခေတ်က အကြွေးဒေါ်လာ (၂) ဘီလီယံကျော်ကို သွားလေသူ ဗိုလ်ချုပ်မှူးကြီးနဲ့ အဖွဲ့က စိုက်ပြီး ဆပ်ကြလိမ့်မယ် မဟုတ်ပါ။ သူတို့ တရားဝင်ရတဲ့ ၀င်ငွေနဲ့ မရနိုင်မ၀ယ်ယူနိုင် စိတ်ကူးအိမ်မက်ထဲ တောင် ထည့်မမက်ခဲ့ဖူးသော စည်းစိမ် အသီးသီးကို ပိုင်ဆိုင်ရင်း အာဏာရှင်တွေ အနား ယူနေကြပါပြီ။ စစ်သုံး ဘတ်ဂျက်ဆိုတာ သူတို့ အိပ်ကပ် ထဲ ထည့်ရမယ့် အရာတွေလို့များ ယူဆခဲ့ကြပုံပါ။

စစ်သုံးဘတ်ဂျက်ကိစ္စတွေနဲ့ ပါတ်သက်လို့ အမေရိကန်စစ်သုံးဘတ်ဂျက်ဥပမာတခုကို အလျဉ်းသင့်လို့ ပြောပြ ချင်ပါတယ်။ ဒီမိုကရေစီ နိုင်ငံတို့ ရဲ့ ဘိုးအေ ကမ္ဘာ့ ပုလိပ်ကြီး အဖြစ် ခံယူထားသူ ပြီးတော့စီးပွားရေး၊ စစ်ရေးဖက်မှာ ပြိုင်ဖက်နဲ့ ရန်ဖက် များနေတဲ့ အမေရိကန် နိုင်ငံကြီးဟာ လာ မယ့် ၂၀၁၃ခုနှစ် သူရဲ့စစ်သုံးဘတ်ဂျက်ကို ကမ္ဘာသိ ထုတ်ပြန် ပေးခဲ့ပါတယ်။ ဘာတခုမှ လျှိုဝှက် မထားခဲ့ပါဘူး။ ပြီးတော့ ဘယ်ကိစ္စ နဲ့ ဘယ် ခေါင်းစဉ်တွေအောက်မှာ စစ်ပစ္စည်း၊ လူ၊ လက်နက် တပ်ဆင်/ထုတ်လုပ်/၀ယ်ယူ သုံးစွဲမယ့် ကိစ္စတွေအကုန် ဖေါ်ပြ ပေးထားတာပါ။ နမူနာအဖြစ် ပြရရင် ၂၀၁၃ခုနှစ် ဘတ်ဂျက် ၅၂၅ ဘီလီယံမှာ လက်ရှိ တပ်အင်အား ၅၇၀၀၀၀ ကနေ ၄၉၀၀၀၀ ထိဖြစ်အောင် စစ်သည် ၃၅၀၀ မှ ၅၀၀၀ ထိ အင်အားရှိတဲ့ တပ်မဟာ(၈)ခုစာကို လျှော့ချပြစ်ဖို့ပါ။ လေတပ်ကလည်း မူလရှိရင်း အင်အားရဲ့ ၁၀ ပုံတစ်ပုံ စစ်လေယာဉ်အုပ် ၆ခုကို ရုပ်သိမ်း ဖို့ရှိနေသလို ရေတပ် အနေနဲ့တော့ ခရူဇာ စစ်သင်္ဘောကြီး ၇ စီးနဲ့ အမြန် စစ်ရေယဉ် ၈စီး လျော့ချရမှာပါ။ အမေရိကန် စစ်တပ်ထဲက စစ်သည် အင်အား တစ်သိန်းလောက်ပဲ လျှော့ချလိုက်မယ် ဆိုရင် လာမယ့်နှစ် အတွက် ဒေါ်လာဘီလီယံ (၅၀၀)လောက် တိုင်းပြည်အတွက် သက်သာ သွားစေပါတယ်။ ဒါမှလည်း ပြည်သူတွေ ထောက်ခံမှုနဲ့ စစ်ဘတ်ဂျက်တွေရပြီး အမေရိကန် တပ်မတော်ကြီးကို ဆက်လက် ခေတ်မီအောင် တည် ဆောက်နိုင်မှာ ဖြစ်လို့ အဲဒါက အမေရိကန်တို့ရဲ့ စံဒီမိုကရေစီကျသော ခေတ်မီတပ်မတော် တခုလုပ်ဟန်ပါ။

နောက်တခုက အင်ဒိုနီးရှားဥပမာပါ။စစ်တပ်ဘတ်ဂျက်ကို ၁၀%လောက်ပဲထားပြီး ကျမ္မာရေး၊ ပညာရေးနဲ့ ကျေးလက် မြို့ပြဖွံ့ဖြိုးရေး ကိစ္စတွေ အတွက် ပိုသုံးထားတာပါ။ ကျနော်တို့မြန်မာပြည်က လာမယ့်နှစ် ဘတ်ဂျက်ထဲမှာ ကျမ္မာရေးနဲ့ ပညာရေး အသုံးစရိပ် ၂ ခု ပေါင်းမှ ၄% တောင် မပြည့် ပေမယ့် စစ်ဘတ်ဂျက်က (၁၄.၈)%ဖြစ်နေပါတယ်။ ဒီဘတ်ဂျက်ထဲ ကနေ ကြည်း၊ ရေ၊ လေ တပ်တွေ အသီးသီးအတွက် ဘယ်လောက်ခွဲတမ်း ရ ကြမလဲ။ လောက်ရော လောက်နိုင်ပါ့မလား။ မလောက်ဘူး ဆိုရင်ကော မနှစ်ကလို လွှတ်တော်ထဲမှာ ထပ်ပြီး တောင်းခံဦးမှာပါ။ ဒါကြောင့် လာမယ့် ၂၀၁၃ခုနှစ် စစ်ဘတ်ဂျက်ကို ပြည်သူတိုင်း မျက်ခြေမပြတ် စောင့်ကြည့်နေဖို့တော့ လိုပါလိမ့်မယ်။

ပြီးတော့လည်း စစ်တပ်မှာကိုယ်တိုင်စီးပွားရေးဦးပိုင်ကုမ္မဏီကြီးတွေနဲ့ ကော်ပိုရေးရှင်းကြီးတွေ ထောင်ပြီး စီးပွား ရှာခဲ့ကြပေမယ့် တိုင်းပြည် နဲ့ စစ်တပ်အတွက် အကျိုးအမြတ် ဘာတခုမှ ဖေါ်ပြနိုင်ခဲ့တာကို မတွေ့ရတဲ့ အချက်ကလည်း ပြည်သူတွေ အတွက် သံသယဖြစ်စရာ အချက်ပါ။ တပြည်လုံးက လုပ်ပိုင်ခွင့်နဲ့ အခွင့်လမ်းကောင်း မှန်သမျှ လက်ဝါးကြီး အုပ်ထားပေမယ့် လက်ရှိ တိုင်းပြည်သို့ ၀င်ငွေခွန်အများ ဆုံးပေးဆောင်တဲ့ လုပ်ငန်းရှင်ကြီးများ စာရင်းထဲမှာတော့ ယခင် အစိုးရဟောင်း လက်ထက် စစ်တပ်နဲ့ ဆက်စပ် စီးပွားရေး လုပ်ငန်းမှန်သမျှ တိုင်းပြည်သို့ အခွန်ပေး ဆောင်တာ ဘာတခုမှ မတွေ့ခဲ့ရပါ။ စစ်တပ်ပိုင် လုပ်ငန်းများ အပြင် စစ်တပ် သုံးစွဲသမျှ ကိစ္စ အကုန်လုံးအတွက် အခွန်ကင်းလွှတ်ခွင့်နဲ့ အထူးဈေးနှုံး ဆိုတာတွေကို သတ်မှတ် ထားတာမို့ စစ်သည် အတွက်လည်း အကျိုးမဲ့ ပြည်သူအတွက်လည်း အခွန်မရ ဒီလို နစ်နာသမျှ ငွေလုံးငွေရင်းဟာ တိုင်းပြည်ဘတ်ဂျက် လိုငွေစာရင်းထဲသို့ အနုတ်လက္ခဏာများ အဖြစ် ရောက်သွားကုန်တာ ၁၉၉၀ မှ ကနေ့ အထိပါ။

မြန်မာပြည်ကဒေါ်လာ(၁၁)ဘီလီယံအကြွေးကို မြန်မာ့တပ်မတော်အစိုးရဟောင်းအနေနဲ့ ဘယ်သို့ ဘယ်ပုံ ကူညီဖြေရှင်း ပေးသင့်တယ် ဆိုတာ ကလည်း ပြန်သုံးသပ်သင့်တဲ့ ကိစ္စပါ။ တပ်မတော်ကို ခုတုံးလုပ်ပြီး စီးပွား ရှာသွားခဲ့လေသူတွေ ဆီကနေ ပြန်ယူပြီး ဖြေရှင်းပေးမှာလား။ အခုတင် တဲ့ ဘတ်ဂျက်လိုငွေ အကြွေးတွေကို ယခင်အစိုးရ လက်ဝေခံ ဦးတေဇ၊ မက်မြန်မာ ဇော်ဇော်တို့လို စားဖား ကုမ္မဏီလုပ်ငန်းရှင် တယောက် အနေနဲ့ တောင် စိုက်ခံ ဆပ်ပေးနိင်လောက်ပါတယ်။ တိုင်းပြည် စီးပွားရေး အခွင့်ထူးတွေကို သူတို့နဲ့ ဗိုလ်ချုပ်တွေပဲ ရယူခဲ့ကြတာ မဟုတ်ပါလား။ ဒါ ကြောင့်မို့ ပထမအကြိမ် လွှတ်တော် တတိယပုံမှန် အစည်းအဝေး ပထမနေ့မှာ ပြည်သူ့ ငွေစာရင်း ကော်မတီကနေ တည်ဆောက်ပြီး မြစ်ရေတင် စီမံကိန်း(၆၇) ခုနဲ့ ပါတ်သက်လို့ စစ်ဆေးတွေ့ရှိချက် တင်ပြရာမှာ အကျိုးမဲ့ မြစ်ရေတင်လုပ်ငန်း(၄၁) ခု ရပ်ဆိုင်းပြီး ဘဏ္ဏာငွေ ပိုထွက်အောင် လုပ်ဖို့ တင်ပြခဲ့ပါတယ်။ အပြုသဘောကို ဆောင်ပေမဲ့ ဒီငွေလောက်နဲ့တော့ ပြည်ပကြွေး ဆပ်ဖို့ရာ မဆိုထားနဲ့ ၀န်ထမ်းလစာ တိုးပေးဖို့တောင် မဖြစ်တဲ့ ဆင်ပါးစပ်နှမ်းပက်တဲ့ အဆင့်ပါ။

ထိုင်းနိုင်ငံဗန်ကောက်မြို့မှာကျင်းပတဲ့ ထိုင်း/အိန္ဒိယ/မြန်မာအခွင့်အလမ်းသစ်များဆိုတဲ့ ဆွေးနွေးပွဲ တခုမှာ အာရှ ဖွံ့ဖြိုးရေး ဘဏ်ညွန်ကြားရေး မှုးဟောင်း Jean-Pierre Verbiest ဆိုသူရဲ့တွက်ချက်မှုအရ လက်ရှိ မြန်မာပြည်ဟာ နောက်ကြောင်း ပြန်မလှည့်ဘူး ဆိုရင် လာမယ့် ၂၀၃၀ ခုနှစ် လောက်ကျမှ မြန်မာ့ အမျိုးသားဝင်ငွေ ဒေါ်လာ (၃၅၀၀)လောက် ဖြစ်လာမှာ ဖြစ်ကြောင်း စီးပွားရေး တခုလုံးရဲ့ တန်ဖိုးဟာ ဒေါ်လာဘီလီယံ (၂၅၀) လောက်ဖြစ်လာမယ်လို့ နိမိတ်ဖတ်ပါတယ်။ ဒါတောင်မှ လက်ရှိ ထိုင်းနိုင်ငံ အမျိုးသားဝင်ငွေရဲ့ လေးပုံ တစ်ပုံလောက်ပဲ ရှိပါလိမ့်မယ်။ အစိုးရ ၀င်ငွေထွက်ငွေ မမျှတတာ၊ ထိန်းချုပ်လွန်းတဲ့ အတိုးနှုံးတွေ၊ လူထု စုဆောင်းငွေ နည်းပါးတာ၊ အစိုးရ ကိုယ်တိုင် စွမ်းဆောင်ရည် ညံ့ဖျင်းတာ ဘဏ်နဲ့ ငွေကြေးစနစ် ခေတ်နောက်ကျ နေတာတွေကို ပြုပြင်မှ တိုးတက် လာမှာဖြစ်ပါတယ်။ ဒါအပြင်အရင်လို အစိုးရလက်ဝေခံ လုပ်ငန်း ရှင်တွေကို ခွင့်ပြုပေးတာမျိုး မဖြစ်ပါမှလို့ သူက ဆိုပါတယ်။

အခုတော့ လာမယ့်အပြောင်းအလဲကာလခေတ်သစ်ကြီးထဲမှာ အရင်လိုအတွင်းကြိပ်ပြီး လုပ်ချင်ရာတွေ လုပ်လို့ မဖြစ်နိုင် တော့ပါ။ အနည်းဆုံးတော့ ကြိုက်သည်ဖြစ်စေ မနှစ်ခြိုက်သည် ဖြစ်စေ ကိုယ်ဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ညီအောင်တော့ ဦးသိန်းစိန် အစိုးရအနေနဲ့ လုပ်ပြရဦးမှာ မဟုတ်ပါလား။ နောင်လည်း လွှတ်တော်ကနေ ပြည်သူသို့ အသိပေးပြီး အများသိ စီမံဘတ်ဂျက်ကို ရေးဆွဲ ကြရပါဦးမယ်။ ဒီအထဲမှာ အများ ဆုံး ဘတ်ဂျက် တခုဖြစ်တဲ့ စစ်သုံး ဘတ်ဂျက်ကိစ္စလည်း ပါလိမ့်မယ်။ အမြင်တွေ ပွင့်လင်း လာနေပြီဖြစ်တဲ့ မြန်မာပြည်သားတိုင်း ဒီအခွင့်အရေး တွေကိုအရယူဖို့ လိုပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒါဏ်ရာဗလပွနဲ့ အကျအပေါက် များပြီး မှန်းချက် နှမ်းထွက် မကိုက်တဲ့ စီမံကိန်းလုပ်ငန်း ကြီးပေါင်းစုံအတွက် တယောက်လျှင် ဒေါ်လာ (၁၈၀) ကျော် ကြွေးဆပ် ရတော့မယ့်သူဟာ ပြည်သူနဲ့ တပ်မတော်သားတွေ ကိုယ်တိုင်ပဲ ဖြစ် နေလို့ပါ။ သိရှိပြီး စီမံပိုင်ခွင့် မရှိခဲ့ဘဲ ကြွေးဆပ်ခွင့်သာ ရခဲ့တဲ့ လွန်ခဲ့သောကာလ စစ်အုတ်ချုပ်ရေးမျိုး သံသရာကို ဘယ်သူကမှ တကျော့ပြန် မလည်စေလို တော့ပါဘူး။ ပြည်သူနဲ့ တပ်မတော်သားတွေ ကိုယ်တိုင် တစိုးတစိ မသိရတဲ့ စီမံကိန်းနဲ့ ဘတ်ဂျက်တွေကို ချပြီး မြန်မာပြည်က ဗိုလ်ချုပ်တို့ လုပ်ခဲ့ကြလေသမျှ တော်တန်သင့်ပါပြီ။

Read More...

ဒေါ်စု ရုန်းကန်ကြိုးပမ်းမှု ၀န်ကြီးကလင်တန် ချီးကျူး

နန္ဒာချမ်း
အင်္ဂါ, 10 ဧပြီ 2012

မြန်မာနိုင်ငံမှာ ကြားဖြတ်ရွေးကောက်ပွဲတွေ ကျင်းပပြီးနောက်ပိုင်း အရင်က မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဆိုတဲ့ သင်္ကေတ တခုကနေ အခုအခါ လွှတ်တော်ထဲဝင်ပြီး နိုင်ငံရေးသမား တယောက်ဖြစ် လာတော့ မယ့် ဒေါ်အောင်ဆန်းစုကြည် ကို အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး Hillary Clinton က ကြိုဆို ဂုဏ်ပြု အားပေးလိုက်ပါတယ်။ တနင်္လာနေ့ ဧပြီလ ၉ ရက်နေ့ က ၀ါရှင်တန်ဒီစီက အမေရိကန် ရုပ်ရှင် အသင်းမှာ ကျင်းပခဲ့တဲ့ “The Lady” ရုပ်ရှင်ပြပွဲကို တက်ရောက်ရင်း နဲ့ ၀န်ကြီး ကလင်တန် က အားပေးစကား ပြောကြားခဲ့တာပါ။ အပြည့်အစုံကို မနန္ဒာချမ်း က ဆက်ပြောပြပါမယ်ရှင်။

မနေ့က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အကြောင်း ရိုက်ကူးထားတဲ့ “The Lady” ရုပ်ရှင်ပြပွဲကို အမေရိကန် ရုပ်ရှင်အသင်း MPAA မှာ ပြပွဲ ကျင်းပခဲ့တာပါ။ ဒီပွဲကို ဒါရိုက်တာ Luc Besson နဲ့ မင်းသမီး Michelle Yeoh တို့အပြင် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟေလာရီ ကလင်တန်၊ အမေရိကန်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒရေးရာ ညှိနှိုင်းရေးမှူး Derrek Mitchell တို့လည်း တက်ရောက်ခဲ့ ကြပါ တယ်။

ဒီ ရုပ်ရှင်ပြပွဲကို တက်ရောက်လာတဲ့ ၀န်ကြီးကလင်တန်ကတော့ ၅၆ နှစ်ကြာကာလအတွင်း ပထမဆုံး အကြိမ် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး တဦးအနေနဲ့ မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ ခရီးစဉ်အတွင်းမှာ နိုဘဲလ်ငြိမ်းချမ်းရေး ဆုရှင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အကြောင်း ရိုက်ကူး ထားတဲ့ “The Lady” ဇာတ်ကားကို သူ ကြည့်ဖြစ်ခဲ့တဲ့ အကြောင်း၊ အခုလို ဒီရုပ်ရှင်ပြပွဲ ကျင်းပတဲ့အတွက် “ပြည်သူတွေ ဒီမိုကရေစီ ရရှိအောင် ရုန်းကန်ကြိုးစားခဲ့တဲ့ ဒီလို ထူးခြားတဲ့ အမျိုး သမီးတယောက်” ကို ဂုဏ်ပြုဖို့ အခွင့်အလမ်း တရပ်ပဲလို့လည်း ဆိုခဲ့ပါတယ်။

- ဒေါ်အောင်ဆန်းစုကြည်အကြောင်း ဒီနေ့ည ကြည့်ရှုရမယ့် ရုပ်ရှင်ကတော့ သိပ်ကို စိတ်လှုပ်ရှားစရာ ရင်နင့်စရာပါ၊ သူ့နိုင်ငံ လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီ ရရှိရေးမျှော်လင့်ချက်နဲ့ သူ့ရဲ့ စွန့်လွှတ်အနစ်နာခံမှု ခက်ခဲ တဲ့ ဆုံးဖြတ်ချက်တွေ၊ ချမှတ်မှုတွေ အကြောင်း ရိုက်ကူး ထားတာ ဖြစ်ပါတယ်။

နှစ်ပေါင်း ၂၀ ကျော် ကာလအတွင်းမှာ ပထမဆုံးအကြိမ် ကြားဖြတ် ရွေးကောက်ပွဲကို ၀င်ရောက် ယှဉ်ပြိုင် အနိုင်ရခဲ့ပြီး လွှတ်တော် တက်ရောက်မယ့် ဒေါ်အောင်ဆန်းစုကြည် နဲ့ မကြာသေးခင် ကလည်း တယ်လီဖုန်း ပြောကြားခဲ့တာနဲ့ ပတ်သက်ပြီး ဒီအခမ်းအနားမှာ ၀န်ကြီး ကလင်တန် က

- လွန်ခဲ့တဲ့ ရက်အနည်းငယ်ကပဲ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ခံရတာကို ကျမတို့ ကြိုဆို ခဲ့ကြ ပါတယ်။ မကြာ သေးခင်က တယ်လီဖုန်း ကနေ စကားပြောခဲ့စဉ်က သူ့ကို ကျမ ပြောခဲ့ပါတယ်။ သူဟာ အခုဆို နာမည်ကြီးတဲ့ ပုဂ္ဂိုလ် တဦးကနေပြီးတော့ နိုင်ငံရေး သမားတဦး ဖြစ်လာပြီ ဆိုတဲ့အချက်ကို ကျမ သူ့ကို ထောက်ပြခဲ့ပါတယ်။ ကျမလည်း ဒီလို လမ်းမျိုး လျှောက်လှမ်း ခဲ့ရတာမို့ ဒါဟာ မလွယ်ဘူး ဆိုတာကို ကျမ သိပါတယ်။ အခုလည်း လွှတ်တော်ကို သူ သွားရတော့မှာ ဖြစ်ပါတယ်။ အဲ့ဒီမှာ အပေးအယူတွေ လုပ်ရတော့မယ်။ ဒါပေမဲ့လည်း ဒါဟာ တကယ်တော့ ဒီမိုကရေစီ ဖော်ဆောင်မှုပါပဲ။

ဒါ့အပြင် ၀န်ကြီး ကလင်တန်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန် အပါအ၀င် အစိုးရ တာဝန် ရှိသူတွေနဲ့ တွေ့ဆုံတဲ့ အချိန်မှာ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှု တွေနဲ့ ပတ်သက်ပြီး အမေရိကန် က စောင့်ကြည့်နေတဲ့ အကြောင်းနဲ့ အမေရိကန် အစိုးရက ချမှတ်ထားတဲ့ အရေးယူ ဒဏ်ခတ်မှုတွေနဲ့ ပတ်သက်ပြီး တော့လည်း ဖြည်းဖြည်းချင်း လျှော့ပေါ့ ပေးသွားမှာ ဖြစ်တဲ့ အကြောင်းတွေကို ပြောကြား ခဲ့တယ်လို့ ဒီရုပ်ရှင်ပြပွဲမှာ ၀န်ကြီး ကလင်တန်က အခုလို ဆက်ပြောခဲ့ပါတယ်။

- “မြန်မာအစိုးရကို ကျမတို့ ပြောခဲ့ပြီးပါပြီ။ ခြေလှမ်းတခုချင်းဆီ အပေါ် တုံ့ပြန်သွားမယ်ဆိုတဲ့ အချက်ပါ။ ပြီးခဲ့တဲ့ သီတင်းပတ်ကပဲ အမေရိကန် ပြည်ထောင်စုက ယူခဲ့တဲ့ ခြေလှမ်းတွေကို ကျမ ကြေညာခဲ့ပါတယ်။ အမေရိကန် သံအမတ်ကြီးတဦး ခန့်အပ်မှုကနေ အစ USAID လုပ်ငန်းတွေ ပြန်လည်လုပ်ဆောင်ဖို့၊ အများအကျိုးဆောင်ဖို့အတွက် တသီးပုဂ္ဂလ အဖွဲ့တွေကို မြန်မာပြည်တွင်း လုပ်ဆောင်ခွင့် ပြုဖို့၊ အမေရိကန် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေ တင်ပို့မှုအပေါ် ပိတ်ပင်မှု၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ခရီးသွားလာ ခွင့်တွေ အပေါ် ကန့်သတ်ချက်တွေကို လျှော့ချပေးဖို့တွေ ပါဝင်ပါတယ်။ ဒါဟာ ကျမတို့ သေသေချာချာ စဉ်းစားပြီး နှလုံးသားထဲက မျှော်လင့်ချက်ထားပြီး လုပ်ခဲ့တာပါ။ တခြား မိတ်ဆွေနိုင်ငံတွေ အပြင် ဒေါ်အောင်ဆန်းစုကြည် နဲ့ ဒီမိုကရေစီ အင်အားစုတွေ နဲ့လည်း ကျမတို့ နီးနီးကပ်ကပ် ဆွေးနွေး တိုင်ပင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။”

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ဖြစ်လာလိမ့်မယ်လို့ အများက ထင်ကြေးပေးခံနေရတဲ့ အမေရိကန်ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူး အကြံပေး ပုဂ္ဂိုလ် ဒဲရက်ခ်မစ်ချဲ ကတော့ ပြီးခဲ့တဲ့နှစ် စက်တင်ဘာ လက စပြီး သူ့ကို ဒီတာဝန် ပေးအပ် ကတည်းက မြန်မာနိုင်ငံမှာ အပြောင်းအလဲ တွေကို မြင်တွေ့ လာရပေမဲ့ လုပ်ဆောင်စရာတွေ အများကြီး ကျန်သေးတယ်လို့ အခုလို ပြောဆိုခဲ့ပါတယ်။

- “ကျနော်တို့အနေနဲ့ နေ့စဉ် အပတ်စဉ် ဆိုသလိုပဲ အပြောင်းအလဲတွေ မြန်မာနိုင်ငံမှာ ဖြစ်လာနေ တာကို တွေ့နေကြရ ပါတယ်။ မပြောင်းလဲတဲ့ အချက် တချို့ကိုလည်း တွေ့ကြရပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ရက်စက်တဲ့ လုပ်ရပ်တွေကို တိုင်းရင်းသား ဒေသတွေမှာ တွေ့နေရ ပါသေးတယ်။ ဒါပေမဲ့ အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ လွှတ်တော်အမတ် အဖြစ် ရွေးကောက် တင်မြှောက် ခံခဲ့ရပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ ၉ လက ဒီလို ဖြစ်လိမ့်မယ်လို့ ဘယ်သူကမှ စိတ်ကူးထဲ ထည့်နိုင်မှာ မဟုတ်ပါဘူး။”

ဒါ့အပြင် ၀န်ကြီးကလင်တန် က ဒီရုပ်ရှင်ဖြစ်မြောက်အောင် အခက်အခဲတွေကြားထဲကနေ ရိုက်ကူး ခဲ့တဲ့ ပြင်သစ် ဒါရိုက်တာ လု ဘန်စန် ကိုလည်း ကျေးဇူးတင်စကား ပြောဆိုခဲ့ပါတယ်။ ဒီ “The Lady” ရုပ်ရှင်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး ဘ၀ ဆိုတာထက် သူ့ရဲ့ပုဂ္ဂိုလ်ရေး ဘ၀ အကြောင်းကို ဦးစားပေးထားပြီးတော့ မင်းသမီး မစ်ရှဲယို က ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေရာမှာ သရုပ်ဆောင် ထားတာပါ။ ဒီရုပ်ရှင်ကို ကြည့်ခဲ့ကြသူတွေကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘ၀ကို စာနာပြီး မျက်ရည် ၀ဲခဲ့ရတယ်လို့ ဆိုကြပါတယ်ရှင်။

Ref: VOA News

Read More...

Tuesday, April 10, 2012

ခေတ်မီတပ်မတော်တရပ်ရဲ့ ရှေ့ခရီး အပိုင်း (၅)

ဟန်လင်း
April 10, 2012
လစာနှုံးထားနဲ့ ခံစားခွင့် ကွာခြားချက်များ

အရင်သမ္မတကြီးဦးနေ၀င်းခေတ်တုံးကတော့ သူလိုနိုင်ငံအကြီးအကဲနဲ့ အောက်ခြေ အနိမ့်ဆုံး ၀န်ထမ်းတို့ ကြားမှာ ရတဲ့ လစာချင်း ကွာဟမှုဟာ (၁၈)ဆပဲ ကွာကြောင်း နေ့စား ၀န်ထမ်း တဦး(၁၈၀) ကျပ်နဲ့ သမ္မတကြီး ဦးနေ၀င်းက (၁၈၀၀၀၀) ကျပ်လို့ ပြောပါတယ်။ ဒါပေမဲ့ ယနေ့ မြန်မာ့ တပ်မတော်အတွင်း အနိမ့်ဆုံး စစ်သည် အဆင့်ကနေ အမြင့်ဆုံး ဗိုလ်ချုပ်မှူးကြီးတို့ အဆင့် အထိတောင် ကြားမှာ အဆင့်(၁၉)ဆင့်လောက် ကွာခြားလို့ နေပါတယ်။ တပ်မှူးနဲ့ တပ်သားကြားမှာ လုပ်ငန်း တာဝန်တွေ ကွဲပြားသလို ခံစားရတဲ့ အခွင့်အရေးနဲ့ လစာခြားနားချက် ရှိနေတာကတော့ ဓမ္မတာပါ။ အဲ သဘာဝ မကျတဲ့ ကိစ္စကတော့ ဘေးပါတ်ဝန်းကျင် နိုင်ငံတွေ ယှဉ်ကြည့်မိတဲ့ အခါတိုင်း ကျနော်တို့ မြန်မာ့တပ် မတော်သားတွေရဲ့ လစာဝင်ငွေနဲ့ ဘ၀နေထိုင်မှု အင်မတန် နိမ့်ကျလွန်း နေခဲ့တာပါ။

ကမ္ဘာ့ပထမတန်းစားတပ်မတော်တရပ်ဖြစ်တဲ့ အမေရိကန်စစ်တပ်ထဲမှာ အသားတင်ရတဲ့ လစာငွေကို နှိုင်းယှဉ် တင်ပြရမယ်ဆို၊ ပိုမိုထင်သာ မြင်သာအောင် ဒီနှစ် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁ရက်နေ့မှာ စတင်ခံစားရတဲ့ လစာငွေနဲ့ ဖော်ပြပါမယ်။ စစ်ထဲဝင်ကာစ ကြည်းတပ် က စစ်သား တယောက် ဟာ တလကို ဒေါ်လာ (၁၃၇၈)လောက် မြန်မာငွေအားဖြင့် (၁၁) သိန်းလောက်ပါ။ ဒါတွေအပြင် တခြား ခံစားခွင့်တွေကိုပါ ထည့်တွက် လိုက်မယ် ဆိုရင်တော့ ဒေါ်လာ (၁၉၀၀) ကျပ်ငွေ(၁၅)သိန်းလောက် ခံစားခွင့် ရှိပါတယ်။ ပြီးတော့လည်း တနှစ်ကို အနိမ့်ဆုံး ရက်ပေါင်း (၃၀) ရိက္ခာပါခံစားခွင့် အပြည့် အ၀ ပေးထားတာမျိုး၊ စစ်သည် သားသမီးတွေကို ပညာသင် စကော်လားရှစ် ပေးတာတို့လို ဟာတွေကလည်း ရှိပါသေးတယ်။ ရှေ့တန်းမှာ ကျဆုံး သွားခဲ့ရင်တော့ မိခင်တပ်ရင်းသို့ ပြန်သယ်ပြီး စစ်အခမ်းအနား အပြည့်နဲ့ သဂြိုလ်ပေးတာ တို့လည်း အမေရိ ကန်စစ်တပ် အစဉ်အလာပါ။ ရာထူး အဆင့် အလိုက် ရတဲ့ မူရင်း အခြေခံ လစာတွေကတော့ ၂၀၁၂ခုနှစ် စာရင်းအရ (၂)နှစ်လုပ်သက်ရှိတဲ့ စစ်သား တယောက်ကို ဒေါ်လာ (၁၄၉၁)။ တပ်ကြပ်ကြီး အဆင့်ဆိုရင် (ဒေါ်လာ ၂၁၀၀ လောက်ကနေ ၂၇၀၀) လောက်ထိ၊ ဒုဗိုလ်လစာက ဒေါ်လာ(၂၈၀၀) လောက် ၊ ဗိုလ်မှူးတယောက် ဒေါ်လာ(၄၃၀၀) လောက် အသီးသီးရကြတာပါ။ နေထိုင် ကုန်ကျ စရိတ်တို့အပြင် နေစရာအိမ်၊ စားစရာအခမဲ့၊ တစ်လဒေါ်လာ (၂၀၀)နဲ့ ညီမျှတဲ့ စစ်ဝတ်ထောက်ပံ့မှုနဲ့ အရပ် ၀တ်စုံကြေးများ၊ အိမ်ရွှေ့ပြောင်းစရိတ်၊ အိမ်ထောင်သည်တွေဆို ရှေ့တန်းမှာ မိသားစု ကွဲကွာနေရလို့ နစ်နာကြေး အဖြစ် အရာရှိဆို တလ အနည်းဆုံး ဒေါ်လာ (၂၄၀) နီးပါးလောက် နဲ့ ရဲဘော်ဆို (၃၅၀) လောက် ထပ်ပြီး ရပြန်ပါသေးတယ်။

ရှေ့တန်းတာဝန်ထမ်းဆောင်ချိန်မှာ အထူးတာဝန်ကြေးအဖြစ် ၇၅ ဒေါ်လာမှ ၄၅၀ဒေါ်လာ၊ ခက်ခဲ ပင်ပန်းမှုကြေး ဒေါ်လာ ၅၀ ကနေ ၁၅၀ နှုံး။ အခြား ဘာသာစကား တခုခုကိုသာ တတ်ကျွမ်းခဲ့မယ် ဆိုရင်တော့ တလ(၁၀၀)ဒေါ်လာ ရနိုင်ပါတယ်။ ပုံခိုင်းပြီး နားရှင်း သွားအောင်ပြောရမယ် ဆိုရင်ဖြင့် မြန်မာ့ တပ်မတော် ရေတပ်ထဲမှာ ရေတပ် စစ်သည်တဦး အဖို့ ရေငုတ်နဲ့ ဒိုင်ဗင်ကြေးဆိုပြီး ကျပ်ငွေ(၁၀၀)လောက်သာ ရနိုင်ပေမဲ့ အမေရိကန် ရေတပ်သားများ မှာတော့ ရာထူး အဆင့်နဲ့ တာဝန်အလိုက်၊ လုပ်ငန်းခွင်အလိုက် ပင်လယ်ပြင်ကြေး ဒေါ်လာ(၇၀)မှ (၇၀၀)ထိ နှုံးထား အမျိုးမျိုးခံစား ရရှိကြပါတယ်။ ဒါကြောင့်လည်း ကျန်ဖွံ့ဖြိုးပြီး နိုင်ငံတွေနဲ့ သွားယှဉ်မယ်ဆိုရင် မြန်မာ့ တပ်မတော်သားတွေ ရနေကြတဲ့ အကျိုးခံ စားခွင့်များဟာ ဆင်နဲ့ ဆိတ်ပမာ ကွာဟချက်တွေ ကြီးမား လွန်းပါတယ်။ တခြား လက်နက်ပစ္စည်း တပ်ဆင်မှုနဲ့ စစ်ရေးစွမ်းရည်တွေဖက်ကိုတော့ မပြောပါနဲ့တော့။

ကဲဒါဆိုရင်လည်း ကျနော်တို့အိမ်နီးချင်း ပိန်မသာလိမ်မသာဖြစ်တဲ့ နိုင်ငံတချို့က စစ်သည်တွေနဲ့ မြန်မာ့ စစ်သား ခံစားခွင့်နဲ့ လစာ နှုံးထားတွေ ကို ချိန်ဆ ကြည့်လိုက်ပါဦး။ အိန္ဒိယ အောက်ခြေ ၀န်ထမ်း တယောက်ရဲ့ လစာငွေဟာ မြန်မာနိုင်ငံက အရာရှိ တယောက်လစာနဲ့ သွားတန်းညှိနေ သလို။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ၀န်ထမ်းတယောက် လစာကတော့ တစ်လကို ဒေါ်လာ(၁၂၅) ဒေါ်လာ တနည်းအားဖြင့် (၁၀၆,၂၅၀) ကျပ် လောက် ဖြစ်နေတာမို့ ဒီကနေ့ မြန်မာစစ်သားတဦးရတဲ့ လစာ ၃၅,၀၀၀ ကျပ်လောက်ဟာ သူတို့ တ၀က်လောက် မရှိတာကို တွေ့ရပါတယ်။

လက်ရှိဝန်ကြီးချုပ်ယင်လပ်ဦးဆောင်တဲ့ ထိုင်းအစိုးရ ကလည်း ဘွဲ့ရ ၀န်ထမ်း တယောက်အတွက် အနည်းဆုံး လစာ ၁၅,၀၀၀ ဘတ်နဲ့ နိုင်ငံ့ ၀န် ထမ်းပေါင်း(၆) သိန်းခွဲ ရှိရာမှာ ဘွဲ့ရ (၃၄၆,၀၀၀) ဦး အတွက် ဘတ်ငွေ (၁၈) ဘီလီယံ ကုန်ကျခံဖို့ ရှိပြီး နောင်လာမယ့် နှစ်အတွက်လည်း ဘတ်ငွေ (၂၄) ဘီလီယံ ကုန်ကျခံဖို့ရာ ဆောင်ရွက် နေပါတယ်။ ဒီအစီအစဉ်တွေ အရ ထိုင်းစစ်သား တယောက် လက်ရှိ ခံစားနေတဲ့ လစာ(၈,၆၁၉)ဘတ် ကနေ နောင်မှာ စစ်သားတယောက် ဘတ်ငွေ (၉,၀၀၀)လောက်နှုံး မြန်မာ ကျပ်ငွေ(၂၄၀,၀၀၀) လောက်ကို ဇန်လ(၁)ရက်နေ့က စပြီး တိုးမြှင့် ပေးသွားမယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံရေးမှာ တက်လာတဲ့ အစိုးရ သစ်တိုင်း သူတို့ အာမခံထားသလို လုပ်ပြကြရပါတယ်။

မြန်မာငွေနဲ့ဆိုရင် ထိုင်းစစ်သားတဦး တစ်လ ကျပ်ငွေ၂၂,၄၀၀ကျော်ဝင်ငွေကနေ ၂၃၀,၀၀၀ ကျပ်လောက် ရကြတော့ မှာပါ။ ဒါကြောင့် မြန်မာ့ တပ်မတော်သား တယောက်ဟာ ထိုင်းစစ်တပ်ထဲက စစ်သား တယောက် လစာငွေရဲ့ ထက်ဝက် မပြောနဲ့ တစိတ် လောက်တောင် ရနိုင်ဖို့ စိတ် မကူးဝံ့တဲ့အနေ အထားပါ။ ဒါတောင်မှ ၂၀၀၆ ခုနှစ်က စလို့ မူရင်းလစာထက် (၁၀) ဆတိုးခဲ့ပြီး ၂၀၁၀ ခုနှစ်အတွင်း ရှားပါးစရိတ် ထပ်ဆောင်း ငွေအဖြစ် တယောက် ကျပ်(၂၀,၀၀၀) စီကို အဆင့်၁၂ဆင့်စလုံး တပြေးညီ ထပ်တိုး ပေးခဲ့လို့လည်း အခုလိုမျိုး ကျပ်ငွေ ၃ သောင်းကျော် ရလိုက် တာပါ။ ဒီလိုမျိုးရဖို့ အတွက်လည်း ၂၀၀၉ ဒီဇင်ဘာတုံးက တပ်မ ၆၆ တပ်မ ၇၇ စစ်သည်တွေကိုယ်တိုင် လစာမလောက်လို့ ထ ဆန္ဒပြခဲ့ကြရပါ သေးတယ်။

အခုကျင်းပနေတဲ့ ပြည်ထောင်စုလွှတ်တော်အတွင်း ပြီးခဲ့တဲ့ဇန္န၀ါရီ(၃၁)ရက်နေ့တရက်တည်းနဲ့ အစိုးရရသုံး ဘတ်ဂျက် ကိစ္စတွေ ဆွေးနွေး သွားခဲ့ရာမှာ လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းက ကျောင်းဆရာ၊ ဆရာမများ၏ လစာနှင့်စရိတ် ၊ ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော် သားများ၊ ဝန်ထမ်း များနှင့် အောက်ခြေ အုပ်ချုပ်ရေး အဖွဲ့အစည်းများ၏ လစာနှင့် စရိတ်များကို လုံလောက်မျှတစွာ ချီးမြှင့်ပေးရမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော် ကာကွယ်ရေးတာဝန် ထမ်းဆောင် နေကြသည့် လိုအပ်လျှင် နိုင်ငံနှင့် နိုင်ငံသားများ အတွက် အသက်ပေး စွန့်လွှတ်နေကြသော တပ်မတော် သားများ၏ ရိက္ခာစရိတ်၊ စစ်ဝတ်နှင့် အသုံးအဆောင်စရိတ် အပါအဝင် အခြား စရိတ်များကိုလည်း အနည်းဆုံး ၁၉၅၉-၁၉၆ဝ ခုနှစ်က ရရှိထား သည့် စရိတ်များ၏ တန်ဖိုးအတိုင်း ရရှိအောင် ခွင့်ပြုပေးသင့်ပါကြောင်း တင်ပြ ခဲ့ပါသေးတယ်။

ဒီလိုပြောရတာကလည်း ဒီကနေ့ပေါက်ဈေးနဲ့ဆိုရင် စစ်သည်တယောက် တလ ကျပ်ငွေ ၈၂,၀၀၀ နဲ့ အထက်ဆင့် အရာရှိကြီး တွေကျပ် (၁၆) သိန်း လောက် ရလာစေဖို့ စေတနာပါ စစ်သားနဲ့ အရပ်သားတွေ အားလုံးအတွက် ကံဆိုးသွားစေတဲ့ အချက်ကတော့ ဘဏ္ဏာ အခွန်ဝန်ကြီး ဦးလှ ထွန်း က ထငြင်းပါယ်လိုက်လို့ နည်းနည်းလေးမှ တိုးပြီး မရခဲ့ကြတာပါပဲ။

တရုပ်တပ်မတော်ကလည်း မြန်မာစစ်တပ်လို သူ့တပ်တွင်းမှာ၂၀၀၆ဇူလိုင်ကစပြီး စစ်သည်နဲ့အရာရှိလစာတွေကို ၂ ဆတိုး ပေးခဲ့ပါတယ်။ ဒါဟာ(၅)နှစ် အတွင်း(၄) ကြိမ်မြောက် တိုးပေးခဲ့တာပါ။ မတူတဲ့ အချက်ကတော့ ဇီချွမ်ငလျင်နဲ့ ပီကင်း အိုလံပစ်၊ တိဗက်အရေး အခင်းတွေမှာ တာဝန်ကျေခဲ့တဲ့ စစ်သည်နဲ့ အရာရှိတွေကိုလည်း အထူးလစာ အဖြစ် ၂ ဆလောက် ထပ်တိုးပေးခဲ့လို့ စစ်သည်တဦး ယွမ်ငွေ(၁၀၀၀) လောက် ထပ်ရခဲ့ကြတာပါ။ ဒီလို တိုးပေးလိုက်တဲ့ လစာတွေကြောင့် စစ်တပ်ထဲက စစ်သည်နဲ့ အရာရှိတိုင်းဟာ အဆင့်တူအခြား အရပ်ဖက် ၀န်ထမ်းတွေ ထက်ကို ၂၀% လောက်လစာ ပိုရရှိသွား ခဲ့ကြပါတယ်။ ဒါတွေအပြင် လက်နက်၊ ကာကွယ်ရေး စရိပ်နဲ့ လစာတို့ကြောင့် တရုပ်ပြည်ရဲ့ ၂၀၀၉ ခုနှစ် စစ်သုံးဘတ်ဂျက်မှာ ယွမ်ငွေဘီလီယံ (၄၈၀) လောက်ဖြစ်ခဲ့ပြီး ၁၅% နီးပါး မြင့်တက်လို့ သွားခဲ့ပြန်ပါတယ်။ ဒါပေမယ့် ပြေလည်သွားသလား ဆိုရင် တရုပ် တပ်မတော်သားတွေ ကိုယ်တိုင် လွန်ခဲ့တဲ့ အနှစ်၂၀ကလို ခက်ခဲပြီး နေဆဲပါပဲလို့ ဆိုပါတယ်။

အဲဒါကတော့တိုးပေးတယ်၊ရတယ်၊ထပ်တိုးပေးတယ်၊ထပ်ပြီးရတယ် ဒါပေမဲ့ အဆင်မပြေဆဲပဲလို့ဆိုရမယ့် မြန်မာနဲ့ တရုပ် စစ်တပ်တွေရဲ့ လစာ တိုးကိစ္စတွေပါ။ ခေတ်မီ တပ်မတော် တခုဖြစ်လာဖို့ စစ်လက်နက် ပစ္စည်းတွေ တပ်ဆင်လိုက်ရုံနဲ့မပြီးမြောက်နိုင်၊ စစ်သားတိုင်းပြေလည်ပြီး သင့် တင့်တဲ့ အကျိုးခံစားခွင့်ရှိဖို့လည်း လိုသေးတယ်ဆိုတာကို တရုပ်တပ်မတော်က မီးမောင်းထိုးပြလိုက်တာပါ။

မြန်မာနိုင်ငံမှာ ခလေးတွေကိုပညာသင်ကြားပေးနေတဲ့ ဘွဲ့ရပြီးဆရာ/ဆရာမတွေ အဖို့ မူပြအဆင့်ရဲ့ လစာ ကျပ်ငွေ (၄၅၀၀၀) အလယ်တန်းပြ တယောက်လျှင် (၅၈၀၀၀) နှုံး လစာ ရနေတာကို ကြည့်ရင် သူတို့ အဆင့်ဟာ မြန်မာ စစ်တပ် ထဲက စစ်သားနဲ့ တပ်ကြပ်တို့ လောက်နဲ့ပဲ သွား တန်းတူ နေတဲ့ အဖြစ်မျိုးကတော့ စစ်ဖက်အရပ်ဖက်က ပညာတတ်နဲ့ ရိုးရိုး အဆင့် ၀န်ထမ်းများ အကြား မမျှတတဲ့ အခြေအနေတွေပါ။ ထိုင်းနိုင်ငံက ဘွဲ့ရ ၀န်ထမ်း(၁၅၀၀၀)ဘတ် သာမန် စစ်သည် တယောက် ဘတ်ငွေ (၉၀၀၀) ဆိုတဲ့ နှုံးထားတွေနဲ့ မြန်မာပြည်ကို သွားပြီး နှိုင်းချိန်ကြည့်မယ် ဆိုရင် ကျေနပ် အားစရာတခုမှ မမြင်မိပါဘူး။

အခုတင်ပြနေတာတွေက ရိုးရှင်းလွန်းလှတဲ့ မြန်မာနဲ့ကမ္ဘာစစ်သားချင်းအတူတူကွာဟချက်များနဲ့အတူ မြန်မာပြည် တွင်းက အရပ်ဖက် စစ်ဖက် ကြားခြားနေမှုတွေ အကြောင်းပါ။ ဒီထက်ပိုဆိုးတဲ့ မြန်မာ့ တပ်မတော် စစ်ထိပ်သီး တချို့ရဲ့ ၀ိသမလောဘ ကိုယ်ကျိုးစီးပွား တွေလည်း ပြောဖို့ အများကြီး ကျန်နေဦးမှာပါ။

ဒီမိုကရေစီကျပြီး ဖွံ့ဖြိုးတိုးတက် နေတဲ့နိုင်ငံတိုင်းမှာ စစ်တပ်နဲ့အရပ်သားကြားကွာဟမှု သိပ်နည်းပါး နေတဲ့ အချက်ကို တွေ့နိုင်သလို စစ်ဗိုလ် ချုပ်တွေ အာဏာဇောင်း ထက်လာတဲ့အချိန် သူတို့ရဲ့ ကိုယ်ကျိုးစီးပွား တစထက်တစ များလာတဲ့ အချိန်တိုင်းမှာ တိုင်းပြည်ကို စစ်တပ်က အာဏာ သိမ်းတတ်ကြတာကို လူတိုင်း အမြဲမပြတ် သတိချပ်လို့ နေသင့်ကြပါတယ်။ ခေတ်သစ် မြန်မာပြည်နဲ့ ဒီမိုကရေစီခရီး လမ်းမကြီးမှာ တပ်မတော် သားတွေနဲ့ ပြည်သူ တရပ်လုံးရတဲ့ လစာ၊ ၀င်ငွေ၊ အကျိုးခံစားခွင့်တွေ အချိုးမျှတ နေသမျှ ကာလ ပါတ်လုံးတော့ ဘယ် စစ်အာဏာခေတ်ကို ဦး ပြန်မလှည့်နိုင်ကောင်းဘူးလို့ ထင်မိပါရဲ့။

Read More...

စစ်တပ်ပြုပြင်ပြောင်းလဲရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင် ပြောင်းလဲရေး

တူမောင်ညို ၊ ဧပြီ ၁၀၊ ၂၀၁၂

မြန်မာ့အလင်းသတင်းစာ (၃ ဧပြီ၂၀၁၂ ) မှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ကို “ဒုတိယ ဗိုလ်ချုပ်မှူးကြီး” လို့ စတင် ဖေါ်ပြလိုက်တော့ သုံးသပ်သူအချို့က “(ပထမ) ဗိုလ်ချုပ်မှူးကြီး” ရှိတယ် ဆိုပြီး ပြောသံ ကြားရပါတယ်။

ဒီလိုပြောဆိုသုံးသပ်တာဟာ သမရိုးကျဆန်လွန်းလှပါတယ်။ ကျနော့်ယူဆချက်ကတော့ ဒါဟာ စစ်တပ် အတွင်း စစ်ရာထူး ခန့်အပ်မှုစနစ်အရ “ဒုတိယဗိုလ်ချုပ်ကြီး”အဖြစ် စတင်ခန့်ထားမှု ဖြစ်ပြီး၊ မကြာခင် (တနှစ်တာ ကာလခန့် အတွင်း) ဗိုလ်ချုပ်မှူးကြီး ဖြစ်လာမယ်လို့ ထင်မြင် ယူဆပါတယ်။ အဲဒီနောက်မှာ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) လည်း ဒုတိယ ဗိုလ်ချုပ်မှူး ဖြစ်လာ လိမ့်မယ်လို့ ယူဆပါတယ်။

“ဗိုလ်ချုပ်မှူးကြီး ” အစ စောမောင် က

“ဗိုလ်ချုပ်မှူးကြီး ” ဆိုတဲ့ အဆင့်ရာထူးကို စတင်ခံယူခဲ့သူဟာ ဗိုလ်စောမောင်ဖြစ်ပါတယ်။

“ဗိုလ်ချုပ်မှူးကြီး ” ဆိုတဲ့ အဆင့်ရာထူးကို ၁၉၉၀ ပြည့်နှစ်၊ မတ် ၁၈ ရက်နေ့မှာစတင် သုံးစွဲခဲ့တာ ဖြစ်ပါတယ်။

ဘာကြောင့်ဒီလို “ဗိုလ်ချုပ်မှူးကြီး” အဆင့်ရာထူးသုံးစွဲ လာရသလဲဆိုတာကို (မြဝင်း)ဆိုသူပြုစု ရေးသားတဲ့ “တပ်မတော် ခေါင်းဆောင်များ သမိုင်း အကျဉ်း(၁၉၄၂ ခုနှစ်မှ ၁၉၉၀ ပြည့်နှစ်အထိ )” စာအုပ်၊ စာမျက်နှာ (၈၆ – ၈၇) မှာ အခုလို ဖေါ်ပြ ပါရှိပါတယ်။

“ — ထို့အပြင် တပ်မတော်ကြီးကို တိုးချဲ့ဖွဲ့စည်းရာတွင် တပ်မတော်၏ ဖွဲ့စည်းမှု၊ တာဝန် ဝတ္တရားများ အုပ်ချုပ် ကွပ်ကဲမှု ဆိုင်ရာ ကိစ္စ ရပ်များနှင့် လိုက်လျော ညီထွေရှိမည့် ပြင်ဆင် ဖွဲ့စည်းမှုများကို ပြုလုပ်ခဲ့ရာ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောမောင်သည် (၁၈- ၃- ၉၀) ရက်နေ့မှ အစပြု၍ ဗိုလ်ချုပ်မှူးကြီး အဆင့်ဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် တာဝန်များကို ထမ်းရွက်နေသူ ဖြစ်ပါသည်”

ယနေ့အထိ စစ်တပ်မှာ ကာကွယ်ရေးဦးစီးချုပ်လုပ်ခဲ့သူများမှာ ဗိုလ်ချုပ် စမစ်ဒွန်း၊ ဗိုလ်ချုပ်ကြီးနေဝင်း၊ ဗိုလ်ချုပ်ကြီးစန်းယု၊ ဗိုလ်ချုပ်ကြီး သူရတင်ဦး (ယခု NLD နာယကကြီး) ၊ ဗိုလ်ချုပ်ကြီး သူရကျော်ထင်၊ ဗိုလ်ချုပ်မှူးကြီးစောမောင်၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် လက်ရှိ တာဝန်ထမ်းဆောင်ဆဲ ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဆိုပြီး ၈ ဦးရှိပါပြီ။

ဒုတိယကာကွယ်ရေးဦးစီးချုပ်ဖြစ်ခဲ့သော်လည်း ကာကွယ်ရေး ဦးစီးချုပ် ဖြစ်မလာခဲ့သူများကတော့ ဗိုလ်မှူးချုပ် စောကြာဒိုး၊ ဗိုလ်မှူးချုပ် အောင်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး အေးကို၊ ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းရီ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး တို့ဖြစ်ပါတယ်။

၆၇ နှစ်မြောက် တပ်မတော်နေ့ မိန့်ခွန်း (၂၇ မတ် ၂၀၁၂) မှာ ဗိုလ်မင်းအောင်လှိုင်က “ — တပ်မတော်ကို ဗိုလ်ချုပ်ကြီး နေဝင်းနှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့က လက်ဆင့်ကမ်း အမွေ ဆက်ခံပြီး စည်းကမ်းကောင်းသော၊ စနစ်တကျ ရှိသော ခေတ်မီ တပ်မတော် တစ်ရပ် အဖြစ် ခေတ်ကာလနှင့် အညီ တည်ဆောက် ပေးခဲ့သည်ကို ကျေးဇူး တင်ထိုက်စွာ တွေ့မြင်ရမည် ဖြစ်ကြောင်း — ” ပြောသွား ပါတယ်။ ဗိုလ်စောမောင် ကို တမင်ချန်လှပ်ခဲ့တာကို အားလုံး သတိပြုမိ ကြမယ် ထင်ပါတယ်။

ဒီလိုချန်လှပ်ရတဲ့အဓိကအကြောင်းရင်းကတော့ “(နဝတ)ရဲ့ တာဝန်ကြီး ၄ ရပ် ထဲက နောက်ဆုံးတာဝန်ဖြစ်တဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲပြီးလို့ရှိရင် အနိုင်ရတဲ့ ပါတီကို အာဏာအပ်ပြီး စစ်တပ်က စစ်တန်း လျားပြန်မယ်” ဆိုပြီး ဗိုလ်စောမောင်ပြောခဲ့တဲ့ ကတိ စကားကြောင့်လို့ ယူဆပါတယ်။

ဒါကြောင့် ဒီကတိစကားတွေကြောင့် စစ်အုပ်စုရဲ့“လက်ဆင့်ကမ်းအမွေ”ကိုပေးခဲ့ကြသူတွေထဲမှာ ၊ “ကျေးဇူး တင်ထိုက်သူတွေ” စာရင်းကနေ ဗိုလ်စောမောင် ကို တမင်တကာ ဖြုတ်ထား ခဲ့ကြတာပါ။

ဗိုလ်စောမောင်ကိုထည့်သွင်းထားခဲ့ရင် ၁၉၉၀ပြည့်ရွေးကောက်ပွဲ ရလဒ် တစ္ဆေနဲ့ ဗိုလ်စောမောင်ရဲ့ ကတိ စကားတွေက အတိုက် အခံ အင်အားစုတွေ အတွက် တိုက်ကွက်ကောင်း တစ်ခု ပေးထားရသလို ဖြစ်နေပါလိမ့်မယ်။

တကယ်တော့ စစ်အုပ်စုကဗိုလ်စောမောင်ကို “ခေတ်အဆက်ဆက်၊ စနစ်အဆက်ဆက် အတွေ့အကြုံ ပြည့်ဝသူ”၊ တွေးခေါ် မြော်မြင်ရာတွင် အလယ်အလတ် သမာသမတ်ကျသူ”၊ “ငယ်ရွယ်သည့် ဘဝမှပင် ဗုဒ္ဓဘာသာ တရားတော်ကို နှလုံးသွင်း အားထုတ်ခဲ့သူ”၊ ကြည်လင် ပြတ်သားသော ဘဝ အမြင်ရှိသူ”၊ မျိုးချစ်စိတ်ဓါတ် ခိုင်မာ ထက်သန်သူ”၊ “တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များတွင် ဗိုလ်ချုပ် မှူးကြီး စောမောင်သည် နိုင်ငံတော်အား ကယ်တင်ခဲ့ရသည့် ဒုတိယမြောက် ကာကွယ်ရေး ဦးစီးချုပ် အဖြစ် တပ်မတော် သမိုင်းတွင် ကမ္ပည်း တင်နိုင်ခဲ့ပေသည်” ဆိုပြီး (မြဝင်း) ဆိုသူ ပြုစုရေးသားတဲ့ “တပ်မတော် ခေါင်းဆောင်များ သမိုင်းအကျဉ်း(၁၉၄၂ ခုနှစ်မှ ၁၉၉၀ ပြည့်နှစ် အထိ )” စာအုပ်၊ စာမျက်နှာ (၆၄ -၆၅) မှာ အမွှမ်း တင်ခဲ့ကြတာပါ။ မြှောက်စား ခဲ့ကြတာပါ။

အဲဒီလို အမွမ်းတင်၊ မြှောက်စားခဲ့ကြတာတွေနဲ့ပတ်သက်ပြီး “မြန်မာနိုင်ငံ၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့၊ တိုင်းကျိုးပြည်ပြု နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့၏ ဆောင်ရွက်ချက် သမိုင်းဝင် မှတ်တမ်း (၁၉၈၈ ခုနှစ်မှ ၁၉၉၁ ခုနှစ်) စာအုပ်”၊ စာမျက်နှာ (၉ မှ ၂၁ ထိ) ဖေါ်ပြထားတဲ့ “ဗိုလ်ချုပ်မှူးကြီး စောမောင် အထ္ထုပ္ပတ္တိ” ဆိုတာကိုလည်း ဖတ်ကြည့် နိုင်ပါတယ်။

စစ်အုပ်စုက စိတ်တိုင်းကျအမွှမ်းတင်ခဲ့ပေမယ့် ၁၉၉၀ ပြည့်ရွေး ကောက်ပွဲရလဒ်ကလည်း သူတို့ ထင်သလို ဖြစ်မလာ၊ ဗိုလ်စောမောင်ရဲ့ ကတိ စကားတွေကလည်း မထွေးနိုင် မမြိုနိုင်ဖြစ်ဆိုတော့ နောက်ဆုံးမှာ (နဝတ) ဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးစောမောင် ကို ၁၉၉၂ ခုနှစ်၊ ဧပြီ ၂၃ ရက်မှာ ရာထူးကနေ ဖယ်ထုတ် စွန့်ပယ် လိုက်ကြပါတယ်။

ဒီလိုဖယ်ထုတ်စွန့်ပယ် လိုက်တာနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်မှူးကြီးကတော် ဒေါ်အေးရီ က စစ်ရုံးချုပ်ကို လာပြီး ရန်ထောင်တဲ့ အကြောင်း အမေရိကန်ရောက် ထောက်လှမ်းရေး ဗိုလ်အောင်လင်းထွဋ် ပြောကြားချက် တစ်ခုမှာ ကြားရဖူးပါတယ်။

ဒါ့အပြင် “ဗိုလ်ချပ်မှူးကြီးရူးသွားပြီ” ဆိုပြီး ထောက်လှမ်းရေးက တီးတိုးဝါဒဖြန့်ပါတယ်။ ၁၉၉၇ ခုနှစ်၊ ဇူလိုင် ၂၄ ရက်မှာ ဗိုလ်စောမောင် ကွယ်လွန်ပါတယ်။

“နိုင်ငံတော်အားကယ်တင်ခဲ့ရသည့် ဒုတိယမြောက် ကာကွယ်ရေးဦးစီးချုပ် အဖြစ် တပ်မတော် သမိုင်းတွင် ကမ္ပည်း တင်နိုင်ခဲ့ ပေသည်” ဆိုတဲ့စကားရဲ့ အဓိက ဆိုလိုချက်က “ဗိုလ်နေဝင်း” ပြီးရင် “ဗိုလ်စောမောင်” ဆိုပြီး ဖေါ်ထုတ် အမွှမ်းတင်တာပါ။ ဒါပေမယ့် ဒီလို “နိုင်ငံတော်အား ကယ်တင်ခဲ့သူ ဒုတိယမြောက် ကာကွယ်ရေး ဦးစီးချုပ်အဖြစ် တပ်မတော် သမိုင်းတွင် ကမ္ပည်း တင်နိုင်ခဲ့သူ” ကို စစ်တပ် သမိုင်းကနေ ချန်လှန် ဖယ်ထုတ်ခဲ့တဲ့ စစ်အုပ်စုရဲ့ အာဃာတကို လက်ရှိ စစ်တပ်ထဲမှာ တာဝန် ထမ်းဆောင်နေဆဲ ရှိကြတဲ့ တိုင်းချစ် ပြည်ချစ် တပ်မှူးတပ်သားတွေ တွေးတော ဆင်ခြင် သတိပြု နိုင်ပါလိမ့်မယ်။ နိုင်ငံရေး သမားများနဲ့ နိုင်ငံရေး ပါတီများမှလည်း သတိမူနိုင်ကြ လိမ့်မယ်လို့ ယူဆပါတယ်။

အခြေခံဥပဒေထဲက ဗိုလ်ချုပ်မှူးကြီး

ပြန်ချုပ်ရရင် ဗိုလ်မင်းအောင်လှိုင်ဟာ မကြာမတင်မှာ “ဗိုလ်ချုပ်မှူးကြီး” မင်းအောင်လှိုင် ဖြစ်လာပါလိမ့်မယ်။ ဗိုလ်မင်း အောင်လှိုင် အောက်မှာ ရှိကြတဲ့ အဆင့်ဆင့်သော စစ်ဗိုလ်များလည်း ရာထူး အဆင့်ဆင့် မြင့်တက် လာကြပါလိမ့်မယ်။ တပ်မမှူးတွေ လည်း “ဗိုလ်ချုပ်” အဆင့် ဖြစ်လာပါလိမ့်မယ်။ “နိုင်ငံတကာအဆင့်” မီအောင် စစ်တပ်ကိုတိုးချဲ့ပါလိမ့်မယ်။ ဒီလိုလုပ်နိုင်ဖို့ ဗိုလ်သန်းရွှေက “လမ်းကြောင်းချမှတ်ပေး”သွားခဲ့ပြီးပါပြီ။ စစ်တပ်ကို ပိုင်ပိုင်နိုင်နိုင် ချုပ်ကိုင် ထားနိုင်မှ စစ်အုပ်စု သက်တမ်း ရှည်မှာပါ။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တစ်ယောက်ရဲ့ တာဝန်ထမ်းဆောင်ရမယ့် သက်တမ်းကို ဘယ်လောက်အထိ သတ်မှတ် ထားသလဲ။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို ဘယ်သူက ခန့်အပ် တာဝန်ပေးမလဲ။ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈) မှာဖေါ်ပြထားတဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရဲ့တာဝန် ဆိုတာတွေက ဘာတွေလဲ။ ဒီအချက်တွေဟာ တရားဥပဒေ စိုးမိုးရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး လုပ်ငန်းတွေ လုပ် ဆောင်ကြမယ့် ရွေးချယ်ခံ လွှတ်တော် ကိုယ်စားလှယ်တွေ၊ နိုင်ငံရေး ပါတီတွေ သိရှိ လေ့လာ ထားကြမယ့် အချက်တွေ ဖြစ်ပါလိမ့်မယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ထမ်းဆောင်ရမယ့်သက်တမ်းကို ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ ဖေါ်ပြထားခြင်း မရှိသော်လည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို ဘယ်သူက ခန့်အပ် တာဝန်ပေးမလဲ ဆိုတာကိုတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ပုဒ်မ (၃၄၂) မှာ “နိုင်ငံတော် သမ္မတသည် အမျိုးသား ကာကွယ်ရေးနှင့်လုံခြုံရေး ကောင်စီ၏ အဆိုပြု ထောက်ခံချက်ဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကို ခန့်အပ် တာဝန်ပေးရမည်” ဟု ပြဋ္ဌာန်းထားပါတယ်။

ဒါပေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ၂၀ (ခ) မှာ “တပ်မတော်သည် တပ်ပိုင်းဆိုင်ရာ ကိစ္စ အားလုံကို လွတ်လပ်စွာ စီမံ ခန့်ခွဲ စီရင်ပိုင်ခွင့် ရှိသည်” ဖေါ်ပြထားလေတော့ –

- ပြည်သူ့လွှတ်တော်သို့ စစ်သားအမတ် (၁၁၀) ဦး စေလွှတ်သည့် ကိစ္စ

- အမျိုးသားလွှတ်တော်သို့ စစ်သားအမတ် (၅၆) ဦး စေလွှတ်သည့် ကိစ္စ

-ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီး ဌာန၊ နယ်စပ်ရေးရာဝန်ကြီး ဌာနအတွက် ပြည်ထောင်စုဝန်ကြီး ခန့်အပ်သည့် ကိစ္စ

- ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန် (၁၁) အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များ (ပုဒ်မ ၄၁၀ မှ ၄၃၂ အထိ) —

စတဲ့ကိစ္စများကို ပြည်သူလူထုကရွေးချယ်တင်မြှောက်လိုက်သော ကိုယ်စားလှယ်များသည် မည်သို့ ပြုပြင် ပြောင်းလဲ ယူကြ မည်နည်း။

“တပ်မတော်၏ လွတ်လပ်စွာစီမံ ခန့်ခွဲ စီရင်ပိုင်ခွင့်”ကို မည်သို့ ထိန်းချုပ်ကြမည်နည်း။

စစ်တပ်ပြုပြင်ပြောင်းလဲရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲရေးဆိုတဲ့ကိစ္စတွေဟာ “ကျားမြီးဆွဲရုံ တင်မကဘူး၊ ကျား ကို ဂုတ်ခွစီးရမယ့် ကိစ္စ” မျိုးဖြစ်ပါတယ်။

ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနဲ့ စစ်မှန်တဲ့ပြည်ထောင်စုတည်ဆောက်ရေး ဆိုတဲ့ တာဝန်များကတော့ စစ်တပ် ပြုပြင် ပြောင်းလဲရေးနဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြုပြင်ပြောင်းလဲရေးကို ဘယ်လောက် အတိုင်းအတာ အထိ လုပ်နိုင်သလဲ ဆိုတဲ့ အချက်အပ်ါမှာပဲ အဓိက တည်မှီ နေပါတယ်။

ညွန်း

- မြန်မာ့အလင်းသတင်းစာ (၃ ဧပြီ၂၀၁၂ )

- (မြဝင်း)“တပ်မတော် ခေါင်းဆောင်များ သမိုင်းအကျဉ်း(၁၉၄၂ ခုနှစ်မှ ၁၉၉၀ ပြည့်နှစ်အထိ) ပထမအကြိမ်၊ ၁၉၉၁ ခုနှစ်၊ ဇွန်လ

- ၆၇ နှစ်မြောက် တပ်မတော်နေ့ မိန့်ခွန်း၊ မြန်မာ့အလင်းသတင်းစာ (၂၈ မတ် ၂၀၁၂)

- “မြန်မာနိုင်ငံ၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၊ တိုင်းကျိုးပြည်ပြု နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ ဆောင်ရွက်ချက်သမိုင်းဝင်မှတ်တမ်း (၁၉၈၈ ခုနှစ်မှ ၁၉၉၁ ခုနှစ်) စာအုပ်”၊

- ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)


Ref: မိုးမခ

Read More...

ဗြိတိန်ဝန်ကြီးချုပ် မြန်မာပြည် သွားမည်၊ ဒေါ်စုနှင့် တွေ့မည့် ပထမဆုံးသော အနောက်တိုင်းနိုင်ငံ့ ခေါင်းဆောင် ဖြစ်လာမည်

Hla Hla Htay/AFP
ဧပြီ ၁၀၊ ၂၀၁၂

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းသည် မြန်မာပြည်သို့ ယခုတပတ် အတွင်း သွားမည်ဟု အစိုးရအရာရှိတို့က တနင်္လာ နေ့တွင် ပြောသည်။ နှစ်ပေါင်းများစွာအတွင်း မြန်မာပြည်သို့ သွားရောက်သည့် အဆင့်အမြင့်ဆုံး အနောက်တိုင်း ခေါင်းဆောင် ဖြစ်လာမည် ဖြစ်သည်။

ဒေးဗစ်ကင်မရွန်းသည် သောကြာနေ့တွင် သမ္မတ ဦးသိန်းစိန်၊ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့နှင့် တွေ့မည်ဟု အစိုးရ အရာရှိတဦးက ပြောသည်။

အခြား အရာရှိတစ်ဦးကလည်း ခရီးစဉ်နှင့် ပတ်သက်ပြီး အတည်ပြု ပြောကြားသော်လည်း အသေးစိတ် အစီ အစဉ်များကို အဆုံးသတ် ညှိနှိုင်းနေဆဲ ဖြစ်သည်ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ လက်ထောက်တစ်ဦးကလည်း ဒေါ်စုနှင့် ဒေးဗစ်ကင်မရွန်းတို့ သောကြာနေ့ ရန်ကုန်တွင် တွေ့ဖွယ် ရှိသည်ဟု AFP ကို ပြောသည်။

ပြီးခဲ့သည့် ၂၂ နှစ်အတွင်း ၁၅ နှစ်ကြာ ထိန်းသိမ်းခံရသူ ဒေါ်အောင်ဆန်းစုကြည်သည် ဧပြီ ၁ ကြားဖြတ် ရွေးကောက်ပွဲတွင် ရွေးကောက် တင်မြှောက် ခံခဲ့ရသည်။ ထိုရွေးကောက်ပွဲမှာ ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် အလွန် အရေးပါသည့် အဆင့်တခု ဖြစ်သည်ဟု အနောက်နိုင်ငံတို့က ဆိုထားကြသည်။

ဒေါ်စု၏ NLD ပါတီက ၄၄ နေရာ ၀င်ရောက် ယှဉ်ပြိုင်ရာ ၄၃ နေရာတွင် အနိုင်ရခဲ့ရာ စစ်တပ်နှင့် နိုင်ငံရေး မဟာမိတ်များ ကြီးစိုးထားသည့် လွှတ်တော်တွင် NLD က အဓိက အတိုက်အခံ အင်အားစု ဖြစ်လာသည်။

တနင်္လာနေ့သတင်းများအရ ဒေါ်စုသည် ဧပြီ ၂၃ တွင် ပထမဆုံးအကြိမ် လွှတ်တော်အစည်းအဝေးတက်မည်ဟု ဆိုသည်။

ယခင်တပတ်ကလည်း ဗြိတိန်နိုင်ငံခြားရေး ၀န်ကြီး ၀ီလျံဟိတ်က ဒေါ်စု၏ ရွေးကောက်ပွဲမှ လွှတ်တော်သို့ ရောက်ရှိ ခြင်းသည် မြန်မာ ပြည်သားတို့၏ “သမိုင်းတွင်သည့်ရလဒ်” ဖြစ်သည်ဟု ဆိုလိုက်သည်။ ဦးသိန်းစိန်ကိုလည်း ပြုပြင်ပြောင်းလဲမှုများ ဆက်လက် လုပ်ကိုင်ရန် တိုက်တွန်း လိုက်သည်။

မြန်မာပြည် ဟန်ပြ အရပ်သားအစိုးရက ပြီးခဲ့သည့်နှစ်အတွင်း ရာနှင့်ချီသော နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်း၊ အတိုက်အခံ တို့အား ပင်မရေစီးနိုင်ငံရေးလမ်းကြောင်းအတွင်း ၀င်ရောက်ရန် လမ်းဖွင့်ပေးခြင်း စသည့် အံ့အားသင့်ဖွယ် ပြုပြင် ပြောင်းလဲရေး အစီအစဉ်များကို ထုတ်ပြန်ခဲ့သည်။

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းသည် စစ်တပ်၏ပါတီအနိုင်ရခဲ့သည့် အငြင်းပွားဖွယ် ၂၀၁၀ ရွေးကောက်ပွဲအပြီး စစ်အစိုးရက အရပ်သား ပုံစံ စစ်အုပ်စုသို့ အာဏာ အပ်အပြီး မြန်မာပြည်သို့ သွားရောက်သည့် ပထမဆုံးသော အနောက်တိုင်းမှ နိုင်ငံ့ခေါင်းဆောင် ဖြစ်သည်။

မြန်မာပြည်အပေါ်ထားရှိသည့် ဒဏ်ခတ်ပိတ်ဆို့မှုတို့အား လျှော့ချရန် ဥရောပ သမဂ္ဂက ကြားဖြတ် ရွေးကောက်ပွဲ အပြီး စဉ်းစား နေချိန်တွင် ဤခရီးစဉ် ပေါ်ပေါက် လာခြင်း ဖြစ်သည်။

နိုင်ငံတချို့က ဒဏ်ခတ်ပိတ်ဆို့မှု အားလုံး ပယ်ဖျက်ရန် တောင်းဆိုနေချိန်တွင် ဗြိတိန်နှင့် ဥရောပနိုင်ငံတို့ကမူ ပြုပြင် ပြောင်းလဲမှုများ သေချာပေါက် ဆက်လက်ဖြစ်ပေါ်ရေး အတွက် တဆင့်ပြီးတဆင့် ဆောင်ရွက်သည့် နည်းလမ်းကို ကျင့်သုံးလျက်ရှိသည်ဟု ဥရောပ သံတမန်တို့က ပြောသည်။

အဖွဲ့ဝင် ၂၇ နိုင်ငံ ပါဝင်သည့် ဥရောပသမဂ္ဂက ယခုနှစ်အတွင်း ဒဏ်ခတ်ပိတ်ဆို့မှု တချို့ကို ဖျက်သိမ်းပြီး ဖြစ်သည်။ လာမည့် ၂၃ ရက်နေ့ လူဇင်ဘတ် နိုင်ငံတွင် ပြုလုပ်မည့် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ဒဏ်ခတ် ပိတ်ဆို့မှုနှင့် ပတ်သက်ပြီး ဆက်လက် ဆောင်ရွက်ဖွယ်ရာများကို ဆုံးဖြတ်မည် ဖြစ်သည်။

Ref: မိုးမခ

Read More...

အမေရိကန် သံအမတ်သစ် အနောက်စာနယ်ဇင်းများ တစ်ပေး

ကိုပေါက်
တနင်္လာနေ့၊ ဧပြီလ ၀၉ ရက် ၂၀၁၂

နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်သစ်အဖြစ် ခန့်အပ်ရန် Derek J. Mitchell ဒဲရစ်မစ်ချယ်အား ရွေးချယ် တော့မည်မှာ သေချာကြောင်း အနောက်တိုင်း စာနယ်ဇင်းကြီးများက တထစ်ချ ရေးသား နေကြသည်။

ဧပြီလ ၄ ရက်နေ့က အမေရိကန်အစိုးရ အရာရှိကြီးများက “ဒီကိစ္စနဲ့ပတ်သက်ပြီး အမေရိကန် လွှတ်တော်မှာ ရှိတဲ့ လုပ်ဖော် ကိုင်ဖက်တွေ၊ မိတ်ဆွေတွေနဲ့ ညှိနှိုင်းတိုင်ပင်ပြီး မကြာခင် တရားဝင် ထုတ်ပြန် ကြေညာမှာ ဖြစ်ပါတယ်” ဟူ၍ ပြောကြား ခဲ့ပြီးနောက် အမေရိကန် သံအမတ်သစ် ရာထူးအတွက် အဖြစ်နိုင်ဆုံးမှာ အသက် ၄၇ နှစ်အရွယ် ဒဲရစ်မစ်ချယ် ကိုသာ ထင်ကြေး ပေးလာကြခြင်း ဖြစ်သည်။

“၁၉၉ဝ မှစ၍ မြန်မာနိုင်ငံဆိုင်ရာ ပထမဆုံး အမေရိကန်သံအမတ်ကြီးအဖြစ် ဒဲရစ်မစ်ချယ်အား ရွေးချယ်ခန့်အပ် လိုက်သည်” ဟု ဧပြီ ၅ ရက်နေ့ထုတ် Foreign Policy မဂ္ဂဇင်းတွင် အတည့်အလင်း ရေးသားဖော်ပြလာသည်။

ထို့ပြင် ဧပြီ ၆ ရက်နေ့ထုတ် Financial Times သတင်းစာကြီးတွင်လည်း “နှစ်ပေါင်း ၂၂ နှစ်အကြာတွင် မြန်မာနိုင်ငံ အတွက် ပထမဆုံး အမေရိကန် သံအမတ်ကြီးအဖြစ် ရွေးချယ်လိုက်ပြီ”ဟု ခေါင်းစဉ်တပ် ရေးသားလာသည်။

လက်ရှိတွင် မစ္စတာမစ်ချယ်မှာ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် မူဝါဒရေးရာ ညှိနှိုင်းဆောင်ရွက်သူ အဖြစ် ၂ဝ၁၁ ခုနှစ် စက်တင်္ဘာ လကတည်းက အမေရိကန် အစိုးရအတွက် တာဝန် ထမ်းဆောင်လျက်ရှိသူ ဖြစ်သည်။

မြန်မာနိုင်ငံနှင့်ပတ်သက်သည့် အမေရိကန်သဘောထားများ လှုပ်ရှားပြောင်းလဲလာသည့် အမေရိကန် နိုင်ငံခြားရေး ဌာန၏ ၂ဝ၁၁ စက်တင်္ဘာလဆန်း ထုတ်ပြန်ချက်တွင် “စစ်မှန်သော ပြုပြင်ပြောင်းလဲရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် မြန်မာလူထု၏ တိုးတက် ဖွံ့ဖြိုးမှု ဟူသော တူမျှစွာ လက်ခံထားသည့် ပန်းတိုင်များသို့ ရောက်စေရန် တွေ့ဆုံဆွေးနွေးမှုနှင့် ထိတွေ့မှုများ ဆောင်ရွက်သွားမည်”ဟု ဖော်ပြထားသည်။

ထို့နောက် အာရှနှင့် တရုတ်နိုင်ငံ အတွေ့အကြုံများ ရှိခဲ့သူ ဒဲရစ်မစ်ချယ်ကို မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ်နှင့် မူဝါဒ ညှိနှိုင်းရေးမှူး အဖြစ် ခန့်ထားရန် သမ္မတ ဘားရက်အိုဘားမား က အဆိုပြုခဲ့ပြီး အမေရိကန် အထက်လွှတ်တော်မှ သြဂုတ်လ ၁၅ ရက်နေ့တွင် အတည်ပြုခဲ့ခြင်း ဖြစ်သည်။

ထိုသို့ မစ္စတာမစ်ချယ်အား အမေရိကန် လွှတ်တော်၌ စာရင်းသွင်းစဉ်က ဒေါ်အောင်ဆန်းစုကြည်က ကြိုဆိုခဲ့ပြီး မြန်မာ့ ဒီမိုကရေစီရေး အတွက် စစ်မှန်သည့် ကူညီမှုမျိုးရနိုင်ရန် မျှော်လင့်ကြောင်း ပြောဆိုခဲ့ဖူးသည်။

မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ပိတ်ဆို့တားမြစ်မှုများ ရုတ်သိမ်းရန် အချိန် မကျသေးကြောင်း ဒေါ်အောင်ဆန်းစုကြည် က Wall Street Journal အား ၂ဝ၁၁ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့ ပြောကြားလိုက် ပြီး နောက်နေ့တွင် မစ္စတာမစ်ချယ် မြန်မာနိုင်ငံသို့ ဒုတိယအကြိမ် အဖြစ် တိုက်ဆိုင်စွာ ရောက်ရှိလာခဲ့ကာ ဒေါ်အောင်ဆန်းစုကြည်နှင့် မိနစ် ၉ဝ ကြာ ဆွေးနွေး ခဲ့သော်လည်း ဆွေးနွေးသည့် အကြောင်းအရာ များကိုမူ သတင်း ထုတ်ပြန်ခဲ့ခြင်း မရှိပေ။

မြန်မာနိုင်ငံသို့ ၂ဝ၁၁ ခုနှစ် စက်တင်္ဘာလတွင် ပထမဆုံးအကြိမ် လာရောက်ခဲ့စဉ်မှစ၍ အမေရိကန်-မြန်မာ ဆက်ဆံရေး သမိုင်းဝင် ခရီးစဉ် တခုဖြစ်သည့် ဒီဇင်္ဘာ လဆန်းပိုင်းက အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မစ္စက်ဟီလာရီ ကလင်တန်၏ ခရီးစဉ် အတွက် အောက်ခြေသိမ်း လုပ်စရာ ရှိသည်တို့ကို စီစဉ်ပြင်ဆင်ပေးနိုင်ခဲ့သူ အဖြစ်လည်း မစ္စတာမစ်ချယ်မှာ အောင်မြင်လာခဲ့သည်။

စစ်အေးခေတ် နောက်ပိုင်းတွင် အရှေ့အလယ်ပိုင်း၊ အရှေ့ဥရောပနှင့် အရှေ့အာရှ ဒေသများတွင်သာ အချိန် ကုန်ခဲ့သော အမေရိကန်အနေနှင့် အာရှ ပစိဖိတ်ဒေသတွင်း အင်အား ချိန်ခွင်လျှာ ထိန်းညှိရန် လိုအပ်ကြောင်း သမ္မတ အိုဘားမား က ၂ဝ၁၂ ခုနှစ် ဇန်နဝါရီ လဆန်းတွင် ထုတ်ဖော် ပြောကြားလာခဲ့သည်။

“အမေရိကန်ရဲ့ သူ့ရဲ့သြဇာ အရှေ့တောင်အာရှိရော အာရှပိစိဖိတ်မှာရော ကျလာတဲ့အတွက် အင်နဲ့အားနဲ့ပြန်လာဖို့ သူစဉ်းစား တာကိုး။ မြန်မာပြည်ရဲ့ ပထဝီနိုင်ငံရေးအရ တရုတ်ရဲ့ အင်အားကို ချိန်ခွင်လျှာ ညှိချင်ရင် မြန်မာပြည်ဟာ မုချစည်းရုံးရမယ့် Target (ပစ်မှတ်) ဖြစ်နေတာ” ဟု ဗမာပြည် ကွန်မြူနစ် ပါတီမှ ဒေါက်တာ လှကျော်ဇော က မဇ္ဈိမကို ပြောဆိုခဲ့ဖူးသည်။

ဝါရှင့်နိုင်ငံရေးသမားကြီး တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ဟောင်း သခင်ချန်ထွန်း ကလည်း အမေရိကန် အနေဖြင့် မြန်မာ နိုင်ငံကို ပြိုင်ဘက် တရုတ်နိုင်ငံ၏ နောက်လိုက် မဖြစ်စေလိုသဖြင့် ရွေးကောက်ပွဲကို ဖြတ်သန်းပြီး ပေါ်ပေါက်လာ သည့် အစိုးရအသစ် လက်ထက်တွင် ဆက်ဆံရေး ကောင်းစေရန် ပြန်လည် ကြိုးစားလာသည်ဟု သုံးသပ် ပြောဆိုသည်။

၁၉၉ဝ ခုနှစ်က ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲရလဒ်အား ထိုစဉ်က နဝတ စစ်အစိုးက အကောင်အထည် မဖော်ခဲ့သည့် အတွက် ရန်ကုန်ရှိ အမေရိကန်သံအမတ်ကြီး Burton Levin အား ဝါရှင်တန်မှ ပြန်လည်ရုတ်သိမ်း ခေါ်ဆောင်လိုက်ကာ ထိုမှစ၍ သံရုံး ယာယီ တာဝန်ခံ အဆင့်ဖြင့်သာ မြန်မာနိုင်ငံတွင် ထားရှိခဲ့လာခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့ သံအမတ်ကြီးအဆင့်အဖြစ် ပြန်လည်ခန့်အပ် တာဝန်ပေးတော့မည်ဟု ဆုံးဖြတ်ခြင်းမှာ အမေရိကန် အစိုးရ အနေဖြင့် မြန်မာနိုင်ငံ အပေါ် ထားရှိသည့် လတ်တလော ပြောင်းလဲလာသည့် နိုင်ငံရေးနှင့် စီးပွားရေး ဆက်ဆံမှုများ၏ တစိတ်တဒေသလည်း ဖြစ်သည်။

လွတ်လပ်၍ တရားမျှတသည်ဟု ဆိုနိုင်သော ဧပြီလ ၁ ရက်နေ့က ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲ ပြီးနောက် သုံးရက် အကြာတွင် အမေရိကန် အစိုးရက အမေရိကန်ကုမ္ပဏီများအား အချို့ကဏ္ဍများတွင် မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုတော့မည် ဖြစ်ကြောင်း ပြောဆိုလာခဲ့သည်။

ထိုအထဲတွင် ဆက်သွယ်ရေး၊ စိုက်ပျိုးရေး၊ ခရီးသွားလုပ်ငန်းနှင့် ဘဏ်လုပ်ငန်းများ ပါဝင်နိုင်သော်လည်း တိတိပပ မပြောနိုင် သေးကြောင်း အမေရိကန်အစိုးရ အရာရှိကြီးများက သတင်းထောက် များအား ပြောဆိုသည်။

ထိုသို့ ပိတ်ဆို့မှုများ တဖြည်းဖြည်းရုတ်သိမ်းလာမှုအပေါ် မြန်မာအစိုးရ ဘက်မှလည်း အားမလိုအားမရ ဖြစ်ကာ ပိုမို တောင်းဆိုမှု များလည်း ရှိနေသည်။

“ကျနော်တို့ လုပ်ရမယ့်အလုပ်တွေ ခရီးမြန်မြန်တွင်စေချင်ရင် သူတို့ဘက်ကလည်း ပိုလုပ်ပြသင့်တယ်လေ” ဟု သမ္မတ၏ နိုင်ငံရေး အကြံပေး ဒေါက်တာနေဇင်လတ် က Bloomberg စီးပွားရေးသတင်းဌာနကြီးမှတဆင့် တုန့်ပြန်လိုက်သည်။

“အစိုးရကတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီလူ့အဖွဲ့အစည်းဖြစ်ရေး သူလုပ်စရာရှိတာ လုပ်နေ တယ်။ ဒီအချိန်ဟာ မုန့်များများ ပေးပြီး ဆုချရမယ့် အချိန်ပါ” ဟု ဒေါက်တာနေဇင်လတ်၏ အီးမေးလ် ပေးပို့စာကို Bloomberg တွင် ကောက်နုတ် ဖော်ပြထားသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး၏ အဆိုအရ မြန်မာနိုင်ငံသို့ သံအမတ်ကြီးတဦး ခန့်အပ်မည့်အပြင် အကူအညီများ၊ NGO များလည်း စေလွှတ်ကာ အချို့အစိုးရ အရာရှိများ လာရောက်လည်ပတ်ခွင့်ကိုပါ ခွင့်ပြုမည်ဖြစ်ပြီး “အမေရိကန် ငွေကြေး လုပ်ငန်းနဲ့ ရင်းနှီး မြှုပ်နှံမှုတွေ တင်ပို့ခြင်း ပိတ်ပင်ထားရှိမှုကို ရွေးချယ်လျှော့ချမှု” လည်း စတင်တော့မည်ဟု ဆိုသည်။

သံအမတ်သစ်ကြီးအဖြစ် ရွေးချယ်ခန့်အပ်ဖွယ်ရှိသည့် မစ္စတာမစ်ချယ်မှာ တရုတ်နိုင်ငံ နန်ကျင်း တက္ကသိုလ်တွင် တရုတ် ဘာသာစကား တခုဖြစ်သည့် မန်ဒရင် ဘာသာစကားကို လေ့လာ တတ်ကျွမ်းခဲ့ပြီး Tufts University မှ ဥပဒေနှင့် သံခင်းတမန်ခင်း ဘာသာရပ်တွင် မဟာဝိဇ္ဇာဘွဲ့ ရရှိခဲ့သူဖြစ်သည်။

မစ္စတာ မစ်ချယ်သည် အာရှနှင့် ပစိဖိတ်ဒေသ လုံခြုံရေးရာ ကာကွယ်ရေး ဝန်ကြီးဌာန၏ ဒု-လက်ထောက် ကာကွယ်ရေး ဝန်ကြီး တာဝန်ကို ၂ဝဝ၉ ခုနှစ် ဧပြီလ မှ ၂ဝ၁၁ ခုနှစ် သြဂုတ်လအထိ ထမ်းဆောင်ခဲ့သည်။

အာရှလုံခြုံရေးဆိုင်ရာ စာအုပ်များ၊ ဆောင်းပါးများလည်း အမြောက်အများ ရေးသားခဲ့ကာ China’s Rise: Challenges and Opportunities လည်း မစ္စတာမစ်ချယ်၏ ထင်ရှားသော စာအုပ်တအုပ်ဖြစ်သည်။

Ref: မဇ္ဈိမ

Read More...

ကိုလိုနီခေတ် အဆောင်အအုံတွေ မွမ်းမံမည်

ကျော်သိင်္ခ
တနင်္လာ, 09 ဧပြီ 2012

ရန်ကုန်မြို့မှာ ကိုလိုနီခေတ် ကတည်းက တည်ရှိခဲ့တဲ့ အဆောက်အဦး တစ်ချို့ကို ပြုပြင်မွမ်းမံ ပြီးတော့ ဆက်လက် ထိန်းသိမ်း သွားတော့ စီစဉ်နေပါတယ်။ ၁၉ ရာစု နှစ် အတွင်း ဗြိတိသျှ ကိုလိုနီ ဘဝ ကျရောက် ခဲ့တဲ့ မြန်မာ နိုင်ငံမှာ ထိုစဉ်တုန်းက ဆောက်လုပ်ခဲ့တဲ့ ဘာသာရေး၊ စီးပွားရေး၊ လူမှုရေး အဆောက်အဦး တွေ သာမက လူနေအိမ်တွေ ပါ အမြောက်အမြား ကျန်ရှိ နေပေမဲ့လည်း ဒါတွေကို တခုတ်တရ ပြုပြင်မွမ်းမံတာကတော့ မရှိခဲ့ဖူးပါဘူး။

မြန်မာနိုင်ငံရဲ့ မြို့တော်ဟောင်း ရန်ကုန်မြို့မှာ ၁၈၈၀ ခုနှစ် ၀န်းကျင် ကတည်း က တည်ဆောက် ခဲ့တဲ့ ကိုလိုနီ ခေတ် ရှေးဟောင်း အဆောက် အဦးဟောင်း ၂၀၀ နီးပါးလောက်ရှိ ပါတယ်။ အခုအခါမှာ ဒီ အဆောက်အဦး တွေကို ပြန်ပြီးပြုပြင် မွမ်းမံတော့မယ်လို့ သိရပါတယ်။ အဲဒီ ရှေးဟောင်း အဆောက်အဦး ၂၀၀ ထဲက တချို့ဟာ လက်တလော အခြေအနေမှာ ပြန်ပြီးပြုပြင်ဖို့ လိုအပ် နေချိန်မှာပဲ၊ အဆောက်အဦး တော်တော် များများ ကိုတော့ အစိုးရရုံးတွေ၊ နိုင်ငံခြား သံရုံးတွေ၊ ကျောင်းတွေ နဲ့ ဘုရားကျောင်းတွေ အဖြစ် အသုံးပြု နေကြဆဲဖြစ်ပါတယ်။

အာရှ နဲ့ ဥရောပ နိုင်ငံတွေက ရင်းနှီးမြှုပ်နှံသူတွေကို ကိုလိုနီခေတ် အဆောက်အဦး ဟောင်းတွေ ၀ယ်ယူ၊ ပြုပြင်ရေးမှာ ၀န်ဆောင်မှု ပေးနေတဲ့ Barton Hill ကုမ္ပဏီရဲ့ ကိုယ် စားလှယ် Jon Park ကတော့ အခုလို ပြောပါတယ်။

“ကျနော့်စိတ်ကူးအရတော့ ဒီအဆောက်အဦးတွေက ဟိုတယ်အရောင်းဆိုင်ခန်းတွေ၊ သီးသန့် နားနေခန်း တွေ၊ ဒါမှမဟုတ်၊ အဆင့်မြင့် လူနေအိမ်ခန်းတွေ လုပ်ဖို့ သင့်လျော်မယ်လို့ ထင်တယ်။ အများကြီးသုံး လို့ ရပါသေးတယ်။”

ဒီ ကိုလိုနီခေတ်အဆောက်အဦးတချို့ဟာ ဖျက်စီး ပစ်ခံရမယ့် အခြေအနေတွေ နဲ့ ကြုံခဲ့ရပါတယ်။ ဒါပေမယ့် အများက ၀ိုင်းပြီး ကန့်ကွက်ကြတဲ့ အတွက် ဖြိုချပစ်တဲ့အဆင့် အထိ မရောက်ခဲ့ဘူးလို့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း တခုဖြစ်တဲ့ Yangon Heritage Trust က ပြောပါတယ်။

ဒီကိုလိုနီခေတ် အဆောက်အဦးတွေကို ဆက်ပြီးထိန်းသိမ်းထားဖို့ ရန်ကုန်မြို့တော်က သက်ဆိုင်ရာ လူကြီးတွေ နဲ့ ညှိနှိုင်း ဆောင်ရွက် နေတယ်လို့ Yangon Heritage Trust အဖွဲ့ရဲ့ ညွှန်ကြားရေးမှူး ဦးဆန်နီညွန့်သိန်း က ပြောပါတယ်။

“အင်္ဂလန်က ဗိသုကာ ပညာရှင်တယောက်ကို ဖိတ်ပြီး ကျနော်တို့ ဒီအဆောက်အဦးတွေကို တိုင်းတာ တာတွေ လုပ်ခဲ့ပါတယ်။ သူ ဒီမှာ နှစ်ပတ်နေပြီးတော့ အဆောက် အဦး တွေကို လျှောက်ကြည့်ခဲ့ ပါသေးတယ်။ လတ်တလောအထိ ရှေးဟောင်း အဆောက်အဦး ၁၈၇ လုံးကို ပြုပြင်နေပါတယ်။ အဲဒီအထဲမှာ ဗလီကျောင်းတွေ၊ တရုတ်ဘုံ ကျောင်းတွေ၊ စာသင်ကျောင်းတွေ၊ လူနေအိမ်တွေ နဲ့ အစိုးရ အဆောက် အဦးတွေ ပါပါတယ်။”

ဒီအဆောက်အဦး တွေပြုပြင်ဖို့ ဘဏ္ဍာငွေ ရှာဖွေရေးကိစ္စကို သမ္မတ ဦးသိန်းစိန်က သဘောတူပြီး သားဖြစ်တယ်လို့ ဦးညွှန့်သိန်းက ပြောပါတယ်။

“အဆောက်အဦးအများစု ပြုပြင်ဖို့ကတော့ အဆင်ပြေပါတယ်။ ဖျက်စီးပစ်စရာမလိုပါဘူး”

အခုအခါမှာတော့ အမေရိကန်နိုင်ငံ နဲ့ တခြား ဥရောပနိုင်ငံ တွေက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ ဒဏ်ခတ်မှု တချို့ ရုပ်သိမ်းပေးဖို့ စဉ်းစားလာ တာတွေ နဲ့အတူ မြန်မာနိုင်ငံမှာ လာပြီး ရင်းနှီးမြှုပ်နှံလိုသူ တွေကလည်း အခုလို သမိုင်းဝင် ရှေးဟောင်း အဆောက်အဦး တွေ ပေါ်မှာ ရင်းနှီးမြှုပ်နှံဖို့ မျက်စိကျ နေကြတာပါ။ လတ်တလော အခြေအနေမှာ တော့ ဖျက်စီးပစ်ရမယ့် အဆောက်အဦး နဲ့ ပြန်ပြီး မွမ်းမံရမယ့် အဆောက်အဦး အရေအတွက်ကို အတိအကျ မသိရသေးပေမယ့် ဒီအဆောက်အဦး တော်တော်များများ ပြန်ပြီး မွမ်းမံဖို့ဆိုရင်တော့ အမေရိကန် ဒေါ်လာ ဘီလီယံ နဲ့ ချီပြီး ကုန်ကျမှာဖြစ်ကြောင်း သိရပါတယ်။

Ref: VOA News

Read More...

ကေအန်ယူ ပထမဦးဆုံး ဆက်ဆံရေးရုံး ကျောက်ကြီးမှာ ဖွင့်

သိဂီ င်္ထိုက်
တနင်္လာ, 09 ဧပြီ 2012

ကရင့်အမျိုးသား အစည်းအရုံး ကေအန်ယူက ဒီကနေ့ဘဲ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်မှာ ဆက်ဆံရေးရုံး ဖွင့်လှစ် လိုက်ပါတယ်။ မြန်မာ အစိုးရနဲ့ အပစ်အခတ် ရပ်ဆဲရေး သဘောတူညီမှု ရပြီး နောက်ပိုင်း ပထမဆုံး ဖွင့်တဲ့ ဆက်ဆံရေးရုံး ဖြစ်ပါတယ်။ ဒီရုံးကနေ စစ်ရေး ပဋိပက္ခတွေ ဖြေရှင်းဖို့ နောက် အိုးအိမ်စွန့်ခွာ ထွက်ပြေး နေရတဲ့ ရွာပုန်းရွာရှောင် ကရင်ပြည်သူတွေကို ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ လုပ်ဆောင် မယ်လို့လည်း ကေအန်ယူက ဆိုပါတယ်။

မြန်မာ အစိုးရနဲ့ ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲတွေ လုပ်ဆောင်ဖို့ ရန်ကုန်ကို ရောက်ရှိလာတဲ့ ကရင့်အမျိုးသား အစည်းအရုံး ကေအန်ယူက ပဲခူးတိုင်း ညောင်လေးပင် ခရိုင် အတွင်းက ကျောက်ကြီး မြို့နယ်မှာ ပထမဆုံး ဆက်ဆံရေးရုံးကို တနလာင်္နေ့မှာ ဖွင့်လှစ် လိုက်ပါတယ်။ ကေအန်ယူရဲ့ အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန် သွားရောက်ဖွင့်လှစ်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒီဆက်ဆံရေး ရုံးကို ကေအန်ယူ တပ်မဟာ ၃ က တာဝန်ယူသွားမှာ ဖြစ်တယ်လို့ ကေအန်ယူ ကိုယ်စားလှယ် အဖွဲ့ရဲ့ ပြန်ကြားရေး တာဝန်ခံ နော်မေဦး ကပြောပါတယ်။

“ပဲခူးတိုင်း ကျောက်ကြီးမြို့ မှာ ဆက်ဆံရေး ရုံးပေါ့နော်။ ကေအန်ယူ နဲ့ မြန်မာ အစိုးရ ဆက်ဆံရေး ရုံးကို ကျမတို့ သွားပြီး ဖွင့်လှစ်တာ ဖြစ်ပါတယ်။ နောက် ခရီးစဉ် တစ်ခုကတော့ ပြည်တွင်း ဌာနေမဲ့ ပြည်သူ လူထုများ နေရပ်ဒေသ ကို သွားဖို့ပေါ့လေ။ ဒီကျောက်ကြီး သုံးနာရီ အကွာအဝေး မူပယ် ဆိုတဲ့ နေရာ ကို သွားဖို့ ကျမတို့ အစီအစဉ် ရှိပါတယ်။ ပြည်တွင်း ဌာနေမဲ့ ပြည်သူ လူထုတွေ ရဲ့ အခြေအနေနဲ့ အဲဒီမှာ လူမှုရေး ရုံးတစ်ရုံး ဖွင့်ဖို့ အတွက် ဖြစ်ပါတယ်။”

ဧပြီလ ၇ရက်နေ့က မြန်မာ အစိုးရနဲ့ အပစ်အခတ် ရပ်ဆဲရေး သဘောတူညီမှု နောက်ပိုင်း ဖွင့်လှစ်တဲ့ ဒီဆက်ဆံရေးရုံး တွေကနေ ကနေ ပဲခူးတိုင်း အတွင်း စစ်ရှောင်နေရတဲ့ ရွာပုန်းရွာရှောင် ကရင် ပြည်သူတွေ ထဲက လူဦးရေ ၂ ထောင်လောက်ကို အစဦး လုပ်ငန်း အနေနဲ့ ပြန်လည် ထူထောင်ရေး လုပ်ဆောင်သွားဖို့ ရှိပါတယ်။ မြန်မာ အစိုးရနဲ့ ကေအန်ယူ တပ်စခန်းတွေ ရှိနေတဲ့ ပဲခူးတိုင်း အတွင်းက ဒေသခံတွေ လူမှုဘ၀ လုံခြုံရေး အတွက် မိုင်းတွေ ရှင်းဖို့ ၊ စားနပ်ရိက္ခာလုံလောက်ဖို့ စတာတွေကို စမ်းသပ် လုပ်ဆောင် သွားမယ် လို့လည်း ဆိုပါတယ်။

“စစ်ရေးရာ နဲ့ ပတ်သက်ပြီးတော့ ပဋိပက္ခတွေ တတ်နိုင်သမျှ မရှိအောင်လို့လေ မဖြစ်အောင်လို့ ပေါ့လေ၊ မဖြစ်အောင်လို့၊ စစ်ရေးရာဖက်မှာ အဲဒီ ကိစ္စတွေကို ကိုင်တွယ်ဖို့ အောက်ခြေ တပ်သားတွေ အထိ နားလည်မှု ပေးနိုင်အောင် လို့ ဆက်သွယ်ရေးတွေ ကောင်းမွန်လာအောင်လို့ ကျမတို့ လုပ်ဖို့ ရှိတယ်။ နောက်တစ်ခုက ကျတော့ ညောင်လေးပင် ခရိုင်၊ ကျောက်ကြီး ဒေသဘက်မှာ ကျတော့ ပြည်တွင်း ဌာနေမဲ့ ပြည်သူလူထု တွေ အများကြီးဘဲ ရှိတယ်။ အဲဒီ အနီးနား ပတ်ဝန်းကျင်တွေမှာ။ အဲဒီ လူထုတွေ အတွက်ကို လူထု၊ လူမှု ရေး အကူအညီတွေ ပေးနိုင်တဲ့ လုပ်ငန်းမျိုး တွေ လုပ်နိုင်ဖို့ အတွက်၊ ဒါ စစ်ဘေး စစ်ဒဏ် ခံနေရတဲ့ ပြည်သူလူထု တွေ ဖြစ်တယ်။ သူတို့ တွေကို ပြန်ပြီးတော့ သူတို့ ဘဝ ပြန်လည် ထူထောင် နိုင်ဖို့ လုပ်ငန်းတွေ ကို လုပ်နိုင်ဖို့ အတွက် ကို ဒီ ဆက်ဆံရေး ရုံးက နေပြီးတော့ ပူးတွဲ တာဝန် ယူသွားမှာ ဖြစ်ပါတယ်။”

မြန်မာ အစိုးရနဲ့ အပစ်အခတ် ရပ်ဆဲရေး သဘောတူညီချက် အရ ကေအန်ယူက ဆက်ဆံရေးရုံးတွေ ဆက်ပြီး ဖွင့်လှစ် သွားဖို့လည်း ရှိနေတာပါ။ ဒီလုပ်ငန်းစဉ်တွေက အပစ်အခတ် ရပ်ဆဲရေးသဘောတူညီချက် ဘယ်လောက် ထိရောက် အောင်မြင်သလဲ ဆိုတာကိုလည်း စမ်းသပ်လုပ်ဆောင်ကြည့်တာ ဖြစ်တယ်လို့လည်း နော်မေဦးက ပြောပါတယ်။

“အပစ်အခတ် ရပ်စဲရေး ကာလမှာ အပစ်အခတ် ရပ်စဲရေး ဘယ်လောက် အထိ အနှစ်သာရ ဟာ ဘယ်လောက် အထိ ဘယ်လောက် အထိ အကောင်အထည် ဖော်နိုင်သလဲ။ ပြည်သူအတွက် ဘယ်လောက် အထိ အနှစ်သာရ ရှိတဲ့ အပစ်အခတ် ရပ်စဲရေးမျိုး ဘယ်လောက် အထိ ဖြစ်သလဲ ဆိုတာကို ကျမတို့ စမ်းသပ်တဲ့ လုပ်ငန်း တစ်ခု ဘဲ ဖြစ်ပါတယ်။ ဒီလုပ်ငန်းမှာ ကျမ တို့ လုပ်စရာတွေ အများကြီး ရှိနေတာက မိုင်းရှင်း ဖို့ အတွက်၊ ပြည်သူလူထု ရဲ့ ဘဝ လုံခြုံမှု ရှိဖို့ အတွက်၊ စားနပ်ရိက္ခာ လုံခြုံမှု ရှိဖို့ အတွက် ဆိုတာက ဒီ အပစ်အခတ် ရပ်စဲရေးဟာ အပစ်အခတ် ရပ်စဲရေး ဟာ ဘယ်လောက် အထိ အာမခံ သလဲ ဆိုတာ စမ်းသပ်ဖို့ အတွက် လုပ်တဲ့ လုပ်ငန်းမျိုး ဖြစ်ပါတယ်။ လူဦးရေး နှစ်ထောင်လောက် ကိုဘဲ လောလောဆယ် မှာ ပထမဦး ဆုံး ပရောဂျက် (Project) အနေနဲ့ လုပ်ငန်း တစ်ခု အနေနဲ့ ကျမတို့ လျာထားတာ ဖြစ်ပါတယ်။”

မနက်ဖြန် အင်္ဂါနေ့မှာတော့ ကေအန်ယူ ကိုယ်စားလှယ် အဖွဲ့ဟာ ပဲခူးတိုင်းဒေသကြီး အစိုးရနဲ့ ဆက်ဆံရေး ရုံးတွေ ကိစ္စ ဆွေးနွေး ဖို့လည်း ရှိနေပါတယ်။

ကရင့်အမျိုးသား အစည်းအရုံး ကေအန်ယူရဲ့ အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန် ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ မြန်မာ အစိုးရရဲ့ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေဖြစ်တဲ့ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်း၊ ဦးစိုးသိန်းတို့နဲ့ အပစ်အခတ် ရပ်ဆဲရေး သဘောတူညီချက်ကို ဧပြီလ ၇ ရက်နေ့က ရန်ကုန်မှာ ဆွေးနွေးခဲ့ကြပါတယ်။ သမ္မတ ဦးသိန်းစိန်နဲ့လည်း တွေ့ဆုံပြီး ကေအန်ယူကို မတရား အသင်းကြေညာထားတာကို ပြန်ရုပ်သိမ်းဖို့ ကေအန်ယူဘက်က တိုက်တွန်းခဲ့ပါတယ်။ ကေအန်ယူ ကိုယ်စားလှယ် အဖွဲ့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တနင်္ဂနွေနေ့က တွေ့ဆုံခဲ့ပါတယ်။

Ref: VOA News

Read More...

၁၉၉၀ နှင့် ၂၀၁၀ မွန်နှစ်ပါတီပေါင်း၍ ပါတီသစ် မှတ်ပုံတင်မည်

မျိုးသန့်
တနင်္လာနေ့၊ ဧပြီလ ၀၉ ရက် ၂၀၁၂

ချင်းမိုင် (မဇ္ဈိမ) ။ ။ ၁၉၉ဝ ရွေးကောက်ပွဲဝင် မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ MNDF နှင့် ၂ဝ၁ဝ ရွေးကောက်ပွဲဝင် မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီ AMDP တို့ ပူးပေါင်းကာ ပါတီသစ်တခုအဖြစ် မှတ်ပုံတင်ရန် ပြင်ဆင်လျက် ရှိသည်ဟု နှစ်ဘက် ပါတီ ခေါင်းဆောင်များက မဇ္ဈိမကို ပြောသည်။

မွန်ပါတီနှစ်ခု ပေါင်းစည်းရန်မှာ မွန်သံဃာတော်များနှင့် မွန်လူထု၏ ဆန္ဒနှင့် တထပ်တည်းကျသည်ဟုလည်း AMDP ခေါင်းဆောင် နိုင်ငွေသိန်းက မဇ္ဈိမကို ပြောသည်။

“သံဃာတော်တွေရယ်၊ ပြည်သူတွေရယ်က ပေါင်းချင်တဲ့ဆန္ဒရှိကြတယ်။ နာမည် ပြောင်းမလား ပါတီသစ်အနေနဲ့ လုပ်ဖို့ပေါ့။ သူတို့ နာမည်နဲ့လည်း မဟုတ်ဘူး၊ ကျနော်တို့ နာမည်နဲ့လည်း မဟုတ်ဘူး။ ကျနော် ကမ်းလှမ်းထားပြီး ဖြစ်ပါတယ်။ ကြားနာမည်တခု ဖြစ်လာလိမ့်မယ်။ အတတ်နိုင်ဆုံးတော့ ဖြစ်အောင်တော့ လုပ်မယ်” ဟု နိုင်ငွေသိန်းက ပြောသည်။

ပါတီနှစ်ခု ပူးပေါင်းကာ ပါတီသစ်အဖြစ် မှတ်ပုံတင်နိုင်ရန်အတွက် ဧပြီလ ၂၂ ရက်နေ့တွင် မော်လမြိုင်မြို့၌ နှစ်ဘက် ပါတီများမှ ခေါင်းဆောင်များ၊ မွန်သံဃာတော် ၇၇ ပါးနှင့်အတူ တွေ့ဆုံ ဆွေးနွေးရန် ရှိသည်ဟု MNDF အထွေထွေ အတွင်းရေးမှူး ဒေါက်တာ မင်းစိုးလင်းက မဇ္ဈိမကို ပြောသည်။

“ကျနော်တို့ ပေါင်းမယ်။ ပေါင်းပြီးတော့ ပါတီခေါင်းဆောင်တွေကို လျှို့ဝှက်မဲနဲ့ ပြန်ပြီးတော့ ရွေးပါမယ်။ ပြည်သူတွေ ဆန္ဒ၊ သံဃာတော်တွေဆန္ဒက ပေါင်းစေချင်တယ်ဆိုတော့ ကျနော်တို့က ဥပက္ခာပြုလို့ မရဘူးပေါ့” ဟု ဒေါက်တာ မင်းစိုးလင်းက ပြောသည်။

ပါတီသစ် မှတ်ပုံတင်ပြီးပါက “ကျနော်တို့ ပါတီထောင်ပြီးရင်တော့ NLD နဲ့ ညှိရမယ့် အပိုင်းတွေလည်း ရှိပါတယ်။ လွှတ်တော်ထဲ ဝင်သွားတဲ့ အခါကျရင် ကျနော်တို့က NLD နဲ့ ဖက်လှဲတကင်းနဲ့ ဥပဒေပြုမှုအရာမှာ အများကြီး ထိရောက်မယ်လို့ ကျနော် ထင်ပါတယ်။ ၂ဝ၁၅ အတွက်ပဲပေါ့လေ၊ ကျနော်တို့ မှတ်ပုံပြန်တင်တာက” ဟု မဇ္ဈိမကို ပြောသည်။

MNDF တွင် ပါတီဥက္ကဋ္ဌအဖြစ် အသက် ၉ဝ အရွယ် နိုင်ငွေသိမ်းက တာဝန်ယူထားပြီး AMDP တွင်မူ အသက် ၆ဝ ကျော် အရွယ် နိုင်ငွေသိန်းက ဥက္ကဋ္ဌအဖြစ် တာဝန် ယူထားကြသည်။

MNDF သည် ၁၉၉ဝ ရွေးကောက်ပွဲတွင် ၁၉ နေရာဝင်ပြိုင်ခဲ့ပြီး အမတ် ၅ နေရာတွင် အနိုင်ရရှိခဲ့သည်။ ၁၉၉၂ မတ်လ ၁၉ ရက်နေ့တွင် ပါတီ ဖျက်သိမ်းခံရသည်။ AMDP ကမူ ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ၃၄ နေရာဝင်ပြိုင်ခဲ့ပြီး ပြည်သူ့ လွှတ်တော်တွင် ၃ နေရာ၊ အမျိုးသား လွှတ်တော်တွင် ၄ နေရာနှင့် တိုင်းဒေသကြီးလွှတ်တော်တွင် ၉ နေရာဖြင့် စုစုပေါင်း ၁၆ နေရာ ရှိခဲ့သည်။

၁၉၉ဝ ရွေးကောက်ပွဲဝင်ပါတီတခုဖြစ်သည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD သည်လည်း ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ပါတီ မှတ်ပုံတင်ခွင့် လျှောက်ထားခဲ့ပြီး ဧပြီလ ၆ ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ မှတ်ပုံတင်ခွင့် ပြုလိုက်ပြီ ဖြစ်သည်။

ယင်းအပြင် ၁၉၉ဝ ရွေးကောက်ပွဲဝင် ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် SNLD သည်လည်း မတ်လ ၁၆ ရက်နေ့တွင် ပါတီ မှတ်ပုံတင်ခွင့် လျှောက်ထားခဲ့ပြီး ဖြစ်သည်။


Ref: မဇ္ဈိမ

Read More...

KIO နှင့် အစိုးရအကြား စစ်ရေးအခြေအနေ တင်းမာနေဆဲ

ဖနိဒါ
တနင်္လာနေ့၊ ဧပြီလ ၀၉ ရက် ၂၀၁၂

ချင်းမိုင်(မဇ္စျိမ) ။ ။ အစိုးရဘက်မှ စစ်တပ်များ လှုပ်ရှားမှု ပိုမိုများပြားလာသည့်အတွက် ကချင်လွတ်လပ်ရေး အဖွဲ့ KIO နှင့် အစိုးရ အကြား စစ်ရေးအခြေအနေ တင်းမာနေလျက်ရှိကြောင်း KIO ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ပြော သည်။

အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်များနှင့် KIO ခေါင်းဆောင်များ သုံးကြိမ်တိုင်တိုင် ငြိမ်းချမ်းရေး တွေ့ဆုံ ဆွေးနွေး ခဲ့သော်လည်း ပြေလည်မှု မရသေးဘဲ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး အစိုးရဘက်မှ စစ်ရေး လှုပ်ရှားမှုများကြောင့် တိုက်ပွဲကြီးများလည်း ဖြစ်ပွား လာနိုင်သည်ဟု ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ကြည့်ရတာ ဒီရက်ပိုင်းအတောအတွင်းမှာ သူတို့ စစ်ဆင်ရေးကို ပြင်းပြင်းထန်ထန် လုပ်လာမယ့် အခြေအနေ၊ ပုံစံ၊ အရိပ် အယောင်လည်း တွေ့ရတယ်။ သူတို့တပ်ရဲ့ လှုပ်ရှားမှုမှာ ခါတိုင်းထက် မတူဘဲ ထူးထူးခြားခြားဖြစ်လာလို့ ကျနော်တို့ ခန့်မှန်းလို့ ရသွားတဲ့ အချက်ပေါ့။ စစ်ရေးလှုပ်ရှားမှု ပိုပြီးတော့ များလာတဲ့ သဘောပါ။ ညဘက် တပ်တွေ လှုပ်ရှားမှုတွေ၊ ညအချိန်မှာ တပ်တွေ ပြောင်းရွှေ့တာမျိုးတွေ လုပ်တယ်”ဟု ဦးလနန် က မဇ္စျိမကို ပြောသည်။

ယခုရက်ပိုင်းအတွင်း မြစ်ကြီးနား-ဗန်းမော် ကားလမ်းပေါ်၌ အစိုးရ၏ စစ်ကားများ အသွားအလာ ရှိလာပြီး KIO အဖွဲ့များရှိရာ ဒေသ အနီး ချဉ်းကပ်လာသည့် အနေအထားများလည်း တွေ့ရသည်ဟု ဦးလနန်က ပြောသည်။

အလားတူ ဝိုင်းမော်မြို့နယ်အတွင်းရှိ ဆဒုံးဒေသသို့ သွားသည့်ကားလမ်း၊ ဝိုင်းမော်-ဗန်းမော်သွားရာ ကားလမ်းပေါ်တွင် အစိုးရ စစ်ကားများ ညအချိန်တွင် တကြိမ် ဖြတ်သန်းသွားပါက ကား ၁ဝ စီးကျော်မှ ၂ဝ စီးထိ စစ်ကားများ ရွှေ့ပြောင်း သွားမှုများ ယခုရက်ပိုင်း အတွင်း နှစ်ကြိမ်ထက်မနည်း ရှိနေသည်ဟု မြစ်ကြီးနားမြို့ခံ တဦးက ပြောသည်။

“စစ်ကြောင်းတွေက မြစ်ကြီးနား- ဆဒုံး၊ ဂါဒေါင် စစ်ကြောင်းတွေ ရွှေ့ပြောင်းလာတာတွေ ရှိတယ်။ ညည ကား ၁ဝ စီးကျော်၊ ၂ဝ စီးလောက်နဲ့ ပို့တယ်။ တခေါက်ပို့ရင် ၄၅၀၊ ၅၀၀ လောက် သွားလာတာ တွေ့ရတယ်။ သူတို့ပြောတာက ပြောင်းမယ်လို့ ပြောတယ်။ ဒါပေမယ့် ကားပြန်လာရင်တော့ အလွတ်ပြန်လာတယ်”ဟု သူက မဇ္စျိမကို ပြောသည်။

KIO ၏ တပ်မဟာ ၃၊ ၄၊ ၅ လက်အောက်ခံ တပ်ရင်းများနှင့် အစိုးရတပ်ဖွဲ့များအကြား နှစ်ရက်ခြားတခါ တိုက်ပွဲများ ဆက်လက် ဖြစ်ပွား နေသည်ဟု KIA ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်က ပြောသည်။

၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလ ၁ဝ ရက်နေ့ သမ္မတ ဦးသိန်းစိန်က စစ်ဆင်ရေးများ မပြုလုပ်ရန် ကာကွယ်ရေးဦးစီးချုပ်ကို ညွှန်ကြားထားပြီး နောက်ပိုင်း အစိုးရစစ်တပ်နှင့် KIO တပ်များအကြား ဧပြီလ ၈ ရက်နေ့အထိ တိုက်ပွဲပေါင်း ၃၆ဝ ကျော် ရှိသွားပြီ ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြစ်ကြီးနား-လိုင်ဇာ ကားလမ်းပေါ်ရှိ ဝိုင်းမော်မြို့နယ် ဂန်ဒေါင်ယန်ကျေးရွာအနီး အခြေစိုက်ထားသည့် အစိုးရ စစ်တပ်၏ ဂန်ဒေါင်ယန် တပ်စခန်းမှ ၈၁ မမ၊ ၁၂ဝ မမ လက်နက်ကြီးတို့ဖြင့် ၃၊ ၄ ရက် ဆက်တိုက် ပစ်ခတ်မှုများ ရှိလာသည်ဟု ဦးလနန်က ပြောသည်။

အဆိုပါ လက်နက်ကြီးများ ပစ်ခတ်သဖြင့် ဂန်ဒေါင်ယန်ရွာမှ သုံးမိုင်ခန့် ကွာဝေးသော ဂျာထကျေးရွာရှိ KIO အဖွဲ့ပိုင် ဘူးဂါး ကုမ္ပဏီမှ မလိချောင်း လျှပ်စစ် ဓါတ်အားပေး စက်ရုံအား ထိမှန်မည်ကို စိုးရိမ်နေရသည်ဟု သူက မဇ္စျိမကို ပြော သည်။

အဆိုပါဓါတ်အားပေးစက်ရုံမှ မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်တို့တွင် လျှပ်စစ်ဓါတ်အား ၉.၈ မဂ္ဂါဝပ် ဖြန့်ဖြူးနေခြင်း ဖြစ်သည်။

ပြီးခဲ့သည့် မတ်လအတွင်း တရုတ်နိုင်ငံ ရွှေလီမြို့တွင် အစိုးရနှင့် KIO တို့ သုံးရက်ကြာ တွေ့ဆုံခဲ့သော်လည်း ယခုထိ ပြေလည်မှု မရသေးဘဲ နှစ်ဘက် ပြန်လည် တွေ့ဆုံရန် အစိုးရဘက်မှ ထပ်မံ အကြောင်းကြားလာခြင်း မရှိသေးကြောင်း သိရသည်။

အခြား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တခုဖြစ်သော ကရင်အမျိုးသားအစည်းအရုံးနှင့် အစိုးရအကြား ငြိမ်းချမ်းရေး တွေ့ဆုံ ဆွေးနွေးမှုများသည် ယုံကြည်မှု တည်ဆောက်နေခြင်း ဖြစ်ပြီး ထိုယုံကြည်မှု တည်ဆောက်မှုအပေါ် သတိထား စောင့်ကြည့်ရမည် ဖြစ်ကြောင်း ဦးလနန် က ပြောဆိုလိုက်သည်။

“ကျနော်တို့ဘက်က သိပ်ပြီး ဝေဖန်စရာ မရှိပါဘူး။ ဒါပေမယ့် ဒါတွေက နှစ်ဘက် အယုံအကြည် ရှိလာအောင် တည်ဆောက်တဲ့ ကာလလို့ပဲ မြင်တယ်။ အဲဒီလို ယုံကြည်မှုကို ဒီလိုနဲ့ တည်ဆောက်သွားရမှာပဲ။ ဒါပေမယ့် ယုံကြည်မှု ဆိုတဲ့နေရာမှာ ဟန်ဆောင်မှု ယုံကြည်မှု ဆိုတာကိုတော့ ကျနော်တို့ဘက်က သတိထားပြီးတော့ စောင့်ကြည့်ရမှာပဲ” ဟု ဦးလနန်က ပြောဆိုလိုက်သည်။

Ref: မဇ္ဈိမ

Read More...

ဧပြီလ ၂၃ ရက် လွှတ်တော် ဒေါ်စု တက်မည်

ကျော်ကျော်သိန်း
တနင်္လာ, 09 ဧပြီ 2012

ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေဟာ ဧပြီလ ၂၃ ရက်နေ့မှာ ပြန်ကျင်းပမယ့် လွှတ်တော် အစည်းအဝေးကို တက်ရောက်မှာ ဖြစ်ပါ တယ်။ အဲဒီထဲမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်လည်း အပါအ၀င်ပါ။ လွှတ်တော်ကိုယ်စား လှယ်တဦးချင်း စီရဲ့ လွှတ်တော်တွင်း စွမ်းဆောင်ချက် တွေပေါ် မူတည်ပြီး တိုင်းပြည်က သူတို့ကို အကဲဖြတ် သွားမှာဖြစ်တယ်ဆိုတဲ့ သုံးသပ်ချက်မျိုးလည်း ရှိပါတယ်။

လွှတ်တော်အသီးသီးအတွက် ကြားဖြတ်ရွေးကောက်ပွဲတွေကို ဧပြီလ ၁ ရက်နေ့က ကျင်းပပြီးစီးခဲ့ပြီး လွှတ်တော် ကိုယ်စားလှယ် နေရာ အားလုံးနီးပါးကို NLD ပါတီက အနိုင်ရခဲ့တာပါ။ အခုတော့ အဲဒီလွှတ်တော် ကိုယ်စားလှယ်တွေ ထဲက ပြည်သူ့ လွှတ်တော် အတွက် ကိုယ်စားလှယ် တွေဟာ ဧပြီလ ၂၃ ရက်နေ့မှာ လွှတ်တော် အစည်းအဝေးတွေ တက်ရောက် ကြရတော့မှာ ဖြစ်ပါတယ်။

အဲဒီအတွက် အကြောင်းကြားစာတွေ ရထားပြီးပြီလို့ NLD ပါတီရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေး တာဝန်ခံ တဦးဖြစ်သူ ဦးဉာဏ်ဝင်း က ဗွီအိုအေကို ပြောပါတယ်။

“ဟုတ်ပါတယ်။ အားလုံးတော့ မဟုတ်ဘူးနော်။ ပြည်သူ့လွှတ်တော်ဘဲ အမျိုးသားလွှတ်တော်က အကြောင်းကြား စာ မရသေးဘူး။”

လွှတ်တော်အသီးသီးရဲ့ တတိယအကြိမ်မြောက် အစည်းအဝေးတွေက အပြီးသတ်သေးတာမဟုတ်ဘဲ လောလောဆယ် မှာ ယာယီ ရပ်ဆိုင်း ထားတာပါ။ လွှတ်တော်ကိုယ်စားလှယ်တွေ အားလုံးဟာ ဧပြီလ ၂၂ ရက်နေ့၊ နေ့လည် ၁၂ နာရီအရောက် သတင်း ပို့ကြရမှာဖြစ်ပြီး ဧပြီလ ၂၄ ရက်နေ့၊ နေ့လည် ၁ နာရီမှာ အစည်းအဝေး ကျင်းပမယ်လို့ လွှတ်တော်ရုံးက အကြောင်းကြား ထားကြောင်း သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောပါတယ်။

၂၀၁၀ ပြည့်နှစ်မှာ ရွေးကောက်ပွဲတွေကျင်းပခဲ့ပြီးတဲ့နောက် အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ရွေးကောက် တင်မြှောက် ခံရတာ မဟုတ်ဘဲ ကာကွယ်ရေး ဦးစီးချုပ်က တိုက်ရိုက်ခန့်ထားတဲ့ တပ်မတော်သား ကိုယ်စားလှယ် တွေနဲ့ လွှတ်တော် အစည်းအဝေး တွေကို ကျင်းပ နေခဲ့တာပါ။ အခု ကြားဖြတ်ရွေးကောက်ပွဲ တွေ အပြီးမှာတော့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ရွေးကောက် တင်မြှောက်ခံ လွှတ်တော် ကိုယ်စားလှယ် တဦး အဖြစ်နဲ့ လွှတ်တော် အစည်းအဝေးတွေကို တက်ရောက်တော့မှာဖြစ်ပါတယ်။

လွှတ်တော်ထဲမှာ ကိုယ်စားလှယ်တဦးချင်းစီရဲ့ စွမ်းဆောင်ချက်ပေါ် မူတည်ပြီးတော့သာ အကဲဖြတ် ကျရမှာ ဖြစ်ပါတယ်လို့ အမျိုးသား ဒီမိုကရေစီသစ်ပါတီ ခေါင်းဆောင် တဦးလည်းဖြစ်တဲ့ ဦးသိန်းညွှန့်က ပြောပါတယ်။

“လွှတ်တော်တွင်းရောက်လာပြီးတော့ လွှတ်တော်ကိုယ်စားလှယ် တဦးချင်းစီရဲ့ လက်တွေ့ လုပ်ဆောင်မှုပေါ်မှာ ကြည့်ပြီးမှဘဲ ကျနော် အကဲဖြတ်တဲ့ သဘောထား ပေးနိုင်မယ်။ နောက်တခါ တိုင်းပြည်ကလည်း လွှတ်တော် ကိုယ်စားလှယ်အားလုံး တဦးချင်းရဲ့ ဆောင်ရွက်မှုကို အကဲဖြတ်မှာပါ။”

၁၉၉၀ ပြည့်နှစ်မှာ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွေ ကျင်းပခဲ့ချိန်တုန်းက ဒေါ်အောင်ဆန်း စုကြည် ဟာ နေအိမ် အကျယ်ချုပ် ချခံထားရပြီး ရွေးကောက်ပွဲဝင်ခွင့် မရခဲ့ပါဘူး။ NLD ပါတီက တနိုင်ငံလုံး မှာ အနိုင်ရခဲ့ပေမဲ့လည်း အဲဒီအချိန် စစ်ကောင်စီက အာဏာလွှဲ ပေးဖို့မလုပ်ခဲ့ဘဲ အခြေခံဥပဒေ ရေးဆွဲရေး ကိုသာ လုပ်ခဲ့ပါတယ်။

၂၀၀၈ ခုနှစ်မှာ အခြေခံဥပဒေ အတည်ဖြစ်သွားပြီး ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွေ လုပ်တဲ့အခါမှာလည်း ဒေါ်အောင်ဆန်း စုကြည်ဟာ နေအိမ်အကျယ်ချုပ် ဘ၀မှာပဲ ရှိနေခဲ့သေးသလို NLD ပါတီဟာလည်း နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံမတင်၊ ရွေးကောက်ပွဲ မ၀င်ခဲ့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာ ပြီးတဲ့နောက် သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့ကြပြီးတဲ့ နောက်ပိုင်းမှာမှ NLD ပါတီ မှတ်ပုံတင်ရေးကိစ္စ၊ ရွေးကောက်ပွဲ ၀င်ရေးကိစ္စတွေ ဖြစ်ခဲ့တာပါ။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် အဖြစ် ပြည်တွင်း ပြည်ပရဲ့ အသိအမှတ်ပြုမှုကို ရထားတဲ့ ဒေါ်အောင်ဆန်း စုကြည် ကိုယ်တိုင် ပါဝင်မယ့် လွှတ်တော်တွေကို အားလုံးက စိတ်ဝင်တစား စောင့်ကြည့် နေကြတာ ဖြစ်ပါတယ်။ အခု ဧပြီလ ၂၃ ရက် လွှတ်တော်အစည်း အဝေးတွေမှာ ဆွေးနွေးနိုင်ဖွယ်ရှိတဲ့ ကိစ္စရပ်တွေကို တော့ ဦးသိန်းညွန့်က အခုလို ရှင်းပြပါတယ်။

“သမ္မတကနေ ပြင်ဆင်ချက် ပေးတာနဲ့ ကျနော်တို့ ပြည်ထောင်စု လွှတ်တော်က အတည်ပြုပြီးသား ဥပဒေတွေ ရှိတယ်။ ပြောရရင် ပြည်သူ့လွှတ်တော် ဥပဒေ၊ အမျိုးသား လွှတ်တော် ဥပဒေ၊ တိုင်းနဲ့ ပြည်နယ် လွှတ်တော် ဥပဒေ အဲဒီ ဥပဒေတွေနဲ့ ပတ်သက်ပြီးတော့ ပြင်ဆင်ချက် အဲဒီ ပြင်ဆင်ချက် ပေါ်မှာ ပြည်ထောင်စု လွှတ်တော် က ပြန်စိစစ်ရမှာပေါ့။ ပြည်သူ့လွှတ်တော် မှာတော့ ကျနော်တို့ ပြီးခဲ့တဲ့ အပတ်က တတိယ အခေါက် မပြီးသေးဘူးလေ အဲဒီမှာ ကျနော်တို့ မေးရမယ့် မေးခွန်းတွေ အဆိုတွေ ကျန်ပါသေးတယ်။ သို့သော် ဒီတခေါက်က ဘတ်ဂျက် လွှတ်တော် ဆိုတော့ သူ ကျန်နေတဲ့ မေးခွန်းတွေကို အခု နားထား ရာကနေ ပြန်ခေါ်တဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ဘယ်လောက်ပြန်ပြီးတော့ ကျန်နေတဲ့ ကိစ္စတွေ လုပ်ပေးမလဲ ဆိုတာတော့ ကျနော်တို့လည်း အစည်းအဝေး ရောက်မှဘဲ သိရမှာ။”

သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်ပါ။

မြန်မာနိုင်ငံက လွှတ်တော်တွေမှာ လူထုက ရွေးကောက်တင်မြှောက်တာ မဟုတ်ဘဲ စစ်တပ်ဦးစီးချုပ်ကနေ တိုက်ရိုက် ရွေးချယ် ခန့်ထားတဲ့ စစ်တပ်အရာရှိတွေ ၂၅% စီပါနေတဲ့ကိစ္စဟာ အဓိက ထောက်ပြ ဝေဖန်ကြတဲ့ ကိစ္စတခုဖြစ်ပါတယ်။ ဒါ့အပြင် စစ်တပ် ကျောထောက်နောက်ခံနဲ့ လူမှုရေးအသင်းဆိုပြီး ဖွဲ့စည်းခဲ့ပြီးတဲ့နောက် နိုင်ငံရေးပါတီအဖြစ် အသွင်ပြောင်းခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီက လည်း ၂၀၁၀ ပြည့် ရွေးကောက်ပွဲ မှာ ကိုယ်စားလှယ်နေရာအများစုကို အနိုင်ရထားတာပါ။ အခု ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်တဲ့ NLD ပါတီက လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တခြား နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေ အားလုံး ပေါင်းရင် တောင်မှ လူနည်းစုဖြစ်နေဆဲပါပဲ။

အဲဒါကြောင့်လည်း တိုင်းပြည်အတွက် အရေးတကြီး လုပ်ဆောင်ဖို့လိုအပ်နေတဲ့ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး၊ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ဒီလွှတ်တော်တွေကနေ ဘယ်လောက် ထိ လုပ်ဆောင်နိုင်မယ်ဆိုတာကို အများက စိတ်ဝင်တစား စောင့်ကြည့် နေကြပါတယ်။

Ref: VOA News

Read More...

Monday, April 9, 2012

ခေတ်မီတပ်မတော်တရပ်ရဲ့ ရှေ့ခရီး အပိုင်း (၄)

ဟန်လင်း
April 9, 2012
အမြင်သစ် စွမ်းရည်သုံးရပ် ပြသနာ

တပ်မတော်တွင်းမှာ စစ်ရေး၊စည်းရုံးရေး၊အုတ်ချုပ်ရေးစွမ်းရည်သာ အဓိကလို့ ဆိုပြီး စွမ်းရည် သုံးရပ်ကို တရစပ် ပြောဆို ကျင့်သုံးခဲ့တာ ကျနော်တို့ရဲ့ မြန်မာ့ တပ်မတော်ပါ။ ပြောသလောက်ပြီး ဆိုသလောက်သာ ဖြစ်မယ်ဆိုရင် ကမ္ဘာမှာ ပထမ တန်းအဆင့် တပ်မတော်ကြီးဖြစ်လို့ နေတာကြာလှပြီပေါ့။ လက်ရှိ မြန်မာ့တပ်မတော်အတွင်းက တပ်ရင်းတရင်းကိုပဲ နမူနာ အဖြစ် ပြေးမြင် ကြည့်လိုက်စမ်းပါ။

တပ်ရင်းရှိလူအင်အားက ၁၂၀- ၁၄၀ မှာ စစ်ဆင်ရေးရှေ့ထွက်အင်အားအဖြစ် စစ်သည် ၁၂၀ လောက်သာ ထွက်နိုင်တာပါ။ ကျန်တဲ့ ဆေးနိမ့် အို-နာအချုပ်ကျ၊ အပြစ်ပေး စစ်သည် (၂၀) ကျော်လောက်ကို တပ်ရင်း နောက်တန်းက စိုက်မွေးနဲ့ သက် ချောင် ကိစ္စတွေအတွက် တာဝန်ပေး နေကြတာဟာ တပ်ရင်းတိုင်းရဲ့ ထုံးစံတခုပါ။ တပ်ရင်းရှိ အင်အားရင်းမြစ်ရဲ့ ၈၀% လောက်သာ ရှေ့တန်း ထွက်နိုင်ပြီး ကျန်တဲ့၂၀%ကို နောက်တန်းမှာ မဆီမလျော် တာဝန်တွေ ပေးနေတဲ့ အဖြစ်မျိုးကို မြန်မာပြည်မှာတွေ့ရမှာပါ။ အုတ်ရိုက်၊ ထုံးဖုတ်နေတဲ့စစ်သား၊ တောင်ယာလုပ်နေတဲ့ ယူနီဖေါင်းဝတ်တွေ ဆိတ်ကျောင်း၊ နွားမောင်း နေတဲ့ စစ်သည်တွေ စသည်ဖြင့် ကျနော်တို့ပါတ်ဝန်းကျင်မှာမြင်ရမယ့် တပ်မတော်သားတွေရဲ့ ပုံရိပ်တွေပါ။

နောက်တန်းကမဆီမဆိုင်ကိစ္စတွေကို လုပ်ဆောင်နေတဲ့ ၂၀% သော စစ်သည် အင်အားရဲ့ ထုတ်လုပ်မှု ဆိုတာကလည်း ဘာ တခုမှ အရာမရောက်။ လုပ်ငန်း မကျွမ်းကျင်ကြတော့ အရှုံးချည်း ခပ်များများပါ။ အမြတ်ငွေ ဆိုတာမျိုးကလည်း စာရင်း စာ အုပ်ထဲမှာပါ။ ဒီစာရင်း စာအုပ်ကြီးကိုပဲ တပ်ရင်းမှူး အဆက်ဆက် လက်လွှဲ လက္ခံပြီးဆက်လို့ အမြတ်ပြ နေကြရတာပါ။ နှစ်စဉ် မိုးစပါး-နွေစပါးစိုက်တာ မဖြစ်လို့၊ ကြက်မွေးမြူ တာတွေမှာ အရှုံးပေါ်လို့ ဒီဇယ်မှောင်ခို ထုတ်ရောင်းဖြေရှင်းရတာ ပေါ်တာ ဆွဲပြီး ငွေရှာရတာ တပ်ရင်း ရန်ပုံငွေအတွက် လောင်းကစားဝိုင်းတွေ ဖွင့်စတဲ့နည်းမျိုးစုံနဲ့ ဖြေရှင်း နေကြတာ မြို့ရွာအနှံ့ ရှိ တပ်ရင်းတိုင်း လိုလိုမှာပါပဲ။ ၁၉၉၀ လောက်ကစပြီး အထက်က ဖြေရှင်းပေးနေတဲ့ ကိစ္စ တချို့ကို တပ်ရင်းတွေပဲ ကိုယ့် အစီ အစဉ်နဲ့ ဖြေရှင်းသွားကြဖို့ ကကကြည်းကနေ ညွှန်ကြားချက်ထွက်ခဲ့သလို ၂၀၀၄ ခုနှစ်လောက်ကစပြီး တည်မြဲအမိန့် တခု သဖွယ် ဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် တပ်ရင်းအစီအစဉ်နဲ့ ၀မ်းစာစပါးဝယ်ရတာမျိုး အစဉ်အလာပေးခဲ့တဲ့ ကုလားပဲ ငြုပ် သီး ထောက်ပံ့မှု မပြုတော့တာမျိုးတွေ မြန်မာ့ တပ်မတော်ထဲမှာ ဖြစ်ပေါ်လာခဲ့ပါတယ်။ နောက်ပိုင်း စစ်ဝတ်တန်ဆာနဲ့ ချပ်ဝတ် ပစ္စည်းတွေ ကိုယ့် အစီအစဉ်နဲ့ကိုယ် တပ်ဆင်ရတဲ့ အခြေထိ ဆိုက်ကုန်ပါတော့တယ်။

တကယ်တော့တပ်ရင်းသက်ချောင်၊စိုက်မွေးစတဲ့လုပ်ငန်းတွေအားလုံးဟာ တပ်ရင်းမှူးတွေ ရာထူး အတက်အကျ အတွက် တပ်ရင်းလိုက် အမှတ်ရဖို့ သက်သက်ဖြစ်ပြီး ဒီအမှတ်တွေကို တပ်ရင်းအထက်သို့ လူကြီးအကြိုက် လိမ်ညာတင်ပြနိုင်ဖို့ပဲ သက်သက်ဟန်ပြလုပ်ငန်းတွေ လုပ်ပြ နေရတာပါ။ စစ်မြေပြင်မှာ စွမ်းဆောင်မှုအပြင် နောက်တန်းက စိုက်မွေး သက်ချောင် ကိစ္စများ အတွက်လည်း တပ်ရင်းမှူးတိုင်း ခေါင်းစား ကြရပါတယ်။ စစ်မြေပြင်မှာ အလောင်း၊ လက်နက် မရရင်နေပါစေ ကိုယ့်ဆီက တပ်ပြေးမှု (ရေး-၃) ကိစ္စ မဖြစ်သမျှ တပ်ရင်းအမှတ် မလျော့နိုင်ပါဘူး။ ဒါပေမဲ့ နောက်တန်းက ဦးပိုင်ရံပုံငွေ မသွင်းနိုင်တာ သက်ချောင်ကိစ္စတွေ မတင်ပြနိုင်တာ ဆိုရင်တော့ အမှတ်ဖြတ်ခံရဖို့ ကျိန်းသေမုချပါပဲ။ ဒီလိုကိစ္စတွေကိုပဲ စွမ်းရည်သုံးရပ် အဖြစ် အထက် ဌာန ဗိုလ်ချုပ်ကြီးတွေက အကဲဖြတ် အမှတ်ပေး နေသရွှေ့ တနည်းအားဖြင့် အုပ်ချုပ်ရေး စွမ်း ရည်ပိုင်းဆိုင်ရာ အယူအဆ အမှားများကြောင့် တပ်မတော်ရဲ့ စစ်ရေး စွမ်းရည်တွေပါ ဆက်တိုက် ကျဆင်းစေခဲ့တာပါပဲ။

တပ်မတော်ကြီးကို စစ်ရေးစွမ်းရည်တွေမြင့်စေချင်တယ်ဆိုရင် မအောင်မြင်မှန်း လိမ်ညာ တင်ပြနေကြမှန်း သိရက်ကြီးနဲ့ တာဝန်ရှိသူတွေ ကိုယ်တိုင် ခေါင်းရှောင်ပြီး အာဏာရှင်တဦးရဲ့ စိတ်ကြိုက် လိုက်လုပ်ခဲ့ရတဲ့ အဖြစ်မျိုးတွေ စစ်တပ်တွင်းမှာ လုံးဝ မရှိသင့်တော့ပါဘူး။ အထက်ကပုဂ္ဂိုလ်ကြီး တဦးတယောက် အမိန့်နဲ့ ဆုံးဖြတ်ချက်အောက်မှာ ကြက်ဆူ စီမံကိန်းလိုမျိုး နှစ်တို နှစ်ရှည်သီးပင် တပ်ရင်း ရံပုံငွေနဲ့ ဦးပိုင် အကျိုးအမြတ်ရှိ လုပ်ငန်းတို့အပြင် အလုပ်မဖြစ်တဲ့ စိုက်မွေးနဲ့ ထုတ်လုပ်ရေး အလုပ် တွေ လုပ်နေရတဲ့ အဖြစ်တွေဟာ ဒီကနေ့ ဒီမိုကရေစီခေတ် တပ်မတော်နဲ့ဆို လားလားမှ မသင့်လျော်တော့ပါဘူး။ တပ် မတော်တွင်းက သက်ဆိုင်ရာ လုပ်ငန်းတွေမှာသာ စွမ်းရည်ပြည့် လုပ်ဆောင်ခိုင်းဖို့ပဲ လိုပါတယ်။ ဘယ်စစ်သားတိုင်းမဆို လက်နက်ကောင်းကောင်း ထောက်ပံ့မှုပြည့်စုံစွာ စွမ်းရည်ပြည့်ပြည့်နဲ့ စစ်ကိုသာ တိုက်ချင်ကြတာပါ။ ဒါကိုလည်း သူတို့ အလုပ် သူတို့တာဝန်တရပ်အဖြစ် ခံယူထားကြပါတယ်။ တပ်မတော်ထဲကိုရောက်လာပြီး မဆီမဆိုင်လှတဲ့ အုတ်ရိုက်၊ မီး သွေးဖုတ်၊ ဆိတ်မွေး၊ နွားကျောင်း၊ တောင်ယာလုပ်၊ သစ်ဆွဲ၊ ဖယောင်းတိုင်ထုတ်၊ တံမြက်စည်းခုတ် စတာတွေလုပ်မှ အဆင် ပြေကြရမယ် ဆိုရင် ကိုယ့်အိမ်မှာ ကိုယ်ပဲနေပြီး ကိုယ့်ဝမ်းစာ ကိုယ်ရှာစားကြရုံပေါ့။ ဘာလို့ စစ်တပ်ထဲကို ၀င်ကြမှာလဲ။

အခုတော့ တပ်ရင်းမှူးတယောက်ဖြစ်ဖို့ တက္ကသိုလ်မှာ စိုက်ပျိုးမွေးမြူရေးမေဂျာတွေကို အရင်ဆုံး သင်လာခဲ့ရမယ့် ပုံမျိုးပါ။ ကြက်ဥဖေါက် စက်ထဲကနေ လှိမ့်ထုတ် လိုက်သလိုမျိုးပုံစံနဲ့ စစ်တက္ကသိုလ်ကနေ ဗိုလ်လောင်းတွေကို သင်ကြား ပေးနေတော့ မြေပုံဖြောင့်အောင် မကြည့်တတ်တဲ့ စစ်ဗိုလ်တွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ စစ်လေ့ကျင့်ရေး ကျောင်းတွေနေပြီး အလို မတူဘဲ စစ်သား သစ်တွေကို အဓမ္မ စုဆောင်းရာက ရာဇ၀တ်မှုမကင်းသူ စိတ်မနှံ့ ကျပ်မပြည့်တဲ့သူတွေကိုသာ သိမ်းသွင်း မိကြပါတော့တယ်။ သင်တန်း ကာလ(၄)လမှာ လုပ်အားပေး ဖထိစ်(Fatigues)ပဲ (၃)လလုပ်ခိုင်းပြီး ရှေ့တန်းကိုပို့လိုက် တော့ စစ်သားပုံလည်း မပေါက် နို့နံ့တောင် မစင်သေးတဲ့ ခလေးသာသာ စစ်သားတွေနဲ့ သင်ခန်းစာ မကြေညက်တဲ့ ဗိုလ် လောင်းတွေ တပ်မတော်ထဲမှာ လာပေါင်းစည်း နေမိမှတော့ ဘယ်ကလာပြီး အရည်အချင်းပြည့် တပ်မတော် တရပ်ဖြစ်လာ ပါတော့မလဲ။

စွမ်းရည်သုံးရပ်ကို တကယ်ပြည့်ချင်ရင် စစ်သားကစစ်သားအလုပ်ကိုလုပ် အရာရှိကလည်း အရာရှိအဆင့်နဲ့ ညီတဲ့ အလုပ် တွေ လုပ်ခွင့်ရဖို့သာ အဓိကပါ။ စစ်သည်အကြပ်နဲ့ အရာရှိများအတွက် စစ်သင်တန်းကျောင်း အသီးသီးမှာ သင်ခန်းစာတွေ ကို ထိထိရောက်ရောက် သင်ကြားနိုင်ခွင့် ရှိနေဖို့ လိုပါတယ်။ စစ်သုံး ဘတ်ဂျက်အတွက် တိုင်းပြည်က ထောက်ပံ့ပေးထားတဲ့ ကြားကနေ အခုတော့ တပ်မတော်သားတွေခမျာ ရှေ့တန်းစစ်ဆင်ရေးမှာ စွမ်းရည်ပြည့် စစ်မဆင်နွဲနိုင်ဘဲ ဖြစ်နေရရှာပါ တယ်။ ဒါကြောင့်လည်း တပ်ရင်းတခု ရှိသင့်တဲ့ အင်အားနဲ့ အရည်အချင်းပြည့် စံချိန်မီမီ တပ်တည်ဆောက်ဖို့ အထူး လိုအပ် လှပါတယ်။

ကာကွယ်ရေးဦးစီးချုပ်သစ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ရဲ့ ဗိုလ်လောင်းသင်တန်းဆင်းပွဲ မိန့်ခွန်းတခုမှာ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး ဆိုတဲ့ အခြေခံမူ (၃)ပါးကို ထည့်သွင်း ပြောကြား သွားခဲ့ပါတယ်။ စီးပွားရေး အခြေခံ မကောင်းဘဲနဲ့ တပ်မတော် တရပ် တည်ရှိဖို့တောင် မလွယ်ပါဘူးလို့ သူဆိုလိုတာပါ။ ဟိုတုံးကလို စစ်သုံးဘတ်ဂျက်တွေ ထင်သလို ရနေရင် တောက်လျှောက် လုပ်လာခဲ့တဲ့ ဦးပိုင်ကုမ္မဏီကြီး၊ စီးပွားရေးကော်ပရေးရှင်းနဲ့ တပ်ရင်းရံပုံငွေ အပါအ၀င် တပ်တွင်း သက်ချောင်ကိစ္စ တွေ အားလုံး အကျိုးအမြတ်ရှိ၊ အလုပ်ဖြစ်နေခဲ့ရင် သူဒီလိုဘယ်ပြောပါ့မလဲ။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီး သူရဦးရွှေမန်း ကိုယ်တိုင်က သူ့ရဲ့ ၀န်ထမ်းလစာနဲ့ စရိတ်ချီးမြှင့်ငွေ တင်ပြချက်ထဲမှာ ၁၉၅၉-၁၉၆၀ ခုနှစ်တွေ တုံးက အခြေအနေကို အနည်းဆုံး အမီဖြေရှင်းပေးဖို့ တိုက်တွန်း ခဲ့ပါတယ်။ အဲဒီခေတ်က ရဲဘော်တယောက် လစာအနည်းဆုံး ၈၂ကျပ်ဖြစ်နေချိန် ရွှေတကျပ်သားရဲ့ တန်ဖိုးက (၂၇၂) ကျပ်ပါ။ ရဲဘော် ၃ ယောက်လစာဟာ ရွှေတကျပ်သားကို ၀ယ်လို့ ရပါတယ်။ တန်ဖိုးသင့် တွက်ချက်မယ်ဆိုရင် ဒီကနေ့ပေါက်ဈေးနဲ့ ရဲဘော်တယောက် အနည်းဆုံး ၂၁၀၀၀၀ ကျပ်လောက် ဖြေရှင်းပေးရမှာပဲလို့ ဘဏ္ဏာအခွန်ဝန်ကြီး ဦးလှထွန်းက ဆိုပါတယ်။ လက်ရှိ အစိုးရသစ်အနေနဲ့ တပ်မတော်ကြီးကို ဘက်စုံအားလုံး ကောင်း အောင် ပြောင်းလဲလို့ မတတ်နိုင်သေးရင်တောင် ၁၉၆၀-၈၀ ကာလ စစ်တပ်ဖွဲ့စည်းပုံမျိုး။ အရည်အချင်းမျိုး ထောက်ပံ့ဖြေရှင်း မှုမျိုး ပြန်ဖြစ်အောင်တော့ လုပ်ကြပါဦး။ အနည်းဆုံး စစ်သားတွေက အရပ်သားတွေ အပေါ် အနိုင်ကျင့်မှုတွေ ရပ်စဲသွားပြီး အရပ်ဖက်-စစ်ဖက်ဆက်ဆံရေး အဆင်ပြေကာ တဦးအပေါ် တဦးလေးစားတဲ့ ပါတ်ဝန်းကျင်ကောင်း တခုကို အနည်းဆုံး ပြန်ရရှိ လာပါလိမ့်မယ်။

ဦးနေ၀င်းရဲ့မဆလ ခေတ်တုံးက စစ်တိုက်ရင်းကုန်ထုတ် ကုန်ထုတ်ရင်းစစ်တိုက်လို့ ကြွေးကြော် ခဲ့တာတောင် ဒီကနေ့ စစ်သားတွေလောက် သူတို့ မပင်ပန်းခဲ့ရဖူးဘူးလို့ ၀ါရင့်စစ်သည်ဟောင်းကြီးတွေက ဆိုကြပါတယ်။ သူတို့လိုမျိုး နအဖခေတ် မြန်မာစစ်သားတွေ ကျေးလက်က ဦးကြီးတွေနဲ့အတူတူ လယ်သိမ်းကောက်ရိတ် ကူညီနေတာမျိုးတွေလည်း မရှိကြတော့ ပါဘူးတဲ့။ ခေတ်တွေကပြောင်းသွားခဲ့ပြီလေ၊၊ အရင် ဆိုရှယ်လစ်ခေတ် ပြည်သူတွေကို ကူညီခဲ့တဲ့ ပြည်သူ့တပ်မတော်နဲ့ ဒီနေ့မှာတော့ ပြည်သူတွေရဲ့ လယ်ယာမြေတွေ လိုက်သိမ်းနေတဲ့ တပ်မတော်တို့ကြားမှာ ပုံဖေါ်တာချင်း မတူညီပေမဲ့ ခံယူတာ ချင်း တူညီတာ တခုကတော့ ဒီ စစ်ရေးစွမ်းရည် သုံးရပ် ဆိုတာပါပဲ။

စွမ်းရည်သုံးရပ်လည်း ထပ်ပြီးမမြင့်လာ တပ်မတော်သားတွေရဲ့ စားဝတ်နေရေးကိုလည်းပြေလည်အောင် ဖြေရှင်းပေးနိုင် စွမ်းမရှိတဲ့ အမြင်ဟောင်းတွေကိုပဲ ဒီကနေ့ မြန်မာ့ တပ်မတော်အနေနဲ့ ဆက်လက် ဆုပ်ကိုင် ထားနေမိ သလိုပါပဲ။ မြေပေါ်ချ လည်းမရ သမုဒ္ဒရာထဲ ပစ်ချလည်းမဖြစ် ဘယ်သူ့ကိုမှ လက်ပြောင်း လက်လွှဲပေးလို့လည်း မဖြစ်တဲ့ သင်္ကြန်မင်း ဂနေဆာလို့ အမည်တွင်တဲ့ ဗြမ္မာမင်းရဲ့ ဦးခေါင်းကြီးကို ပိုက်ထားမိနေသလို အဖြစ်မျိုးပါ။


Read More...

မတရားအသင်း မရှိသင့်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

လင်းဘိုဘို
တနင်္ဂနွေနေ့၊ ဧပြီလ ၀၈ ရက် ၂၀၁၂

ရန်ကုန် (မဇ္ဈိမ) ။ ။ ကရင်အမျိုးသားအစည်းအရုံး KNU အား မတရားအသင်းဟု သတ်မှတ် ထားခြင်းနှင့် ပတ်သက် ၍ မတရားအသင်း မရှိခြင်းသည် အကောင်းဆုံး ဖြစ်ကြောင်း ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က တနင်္ဂနွေနေ့က ပြောဆိုလိုက်သည်။

အထွေထွေအတွင်းရေးမှူး ဒေါ်နော်ဇီဖိုးရာစိန် ခေါင်းဆောင်သော KNU ငြိမ်းချမ်းရေးကိုယ်စားလှယ် အဖွဲ့ဝင်များနှင့် တက္ကသိုလ် ရိပ်သာလမ်းရှိ နေအိမ်တွင် လက်ခံတွေ့ဆုံပြီးနောက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတနိုင်ငံတွင် မတရားအသင်း မရှိခြင်းသည် အကောင်းဆုံး အခြေအနေဖြစ်ကြောင်း ထင်မြင်ချက်ပေးခဲ့သည်။

“အန်တီကတော့ နိုင်ငံတနိုင်ငံမှာ မတရားအသင်း ဆိုတာ ရှိဖို့ မလိုတာ အကောင်းဆုံး အခြေအနေလို့ ထင်ပါတယ်”ဟု ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဗယ်လ်ဆုရှင်က ပြောသည်။

နေပြည်တော်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံဆွေးနွေးခဲ့ရာတွင် KNU အတွက် စိုးရိမ်ဖွယ်ရာ ဖြစ်နေသည့် “မတရားအသင်း” ကိစ္စ ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း အထွေထွေအတွင်းရေးမှူး နော်ဇီဖိုးရာစိန်က ဆိုသည်။

“ကျမတို့ ငြိမ်းချမ်းရေး အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ် တလျှောက်လုံးမှာ ဒီမတရားအသင်း ဆိုတာကြီးက အန္တရာယ်လည်း ရှိတယ်၊ ကြောက်စရာလည်း ဖြစ်တယ်၊ တိုင်းသူပြည်သားတွေ အတွက်လည်း စိုးရိမ်စရာ ဖြစ်နေတယ် ဆိုတော့ ဒီကိစ္စကို စဉ်းစားဖို့ သမ္မတကြီးနဲ့ ဆွေးနွေးခဲ့ပါတယ်” ဟု KNU အထွေထွေ အတွင်းရေးမှူးက ကရင်ဘာသာဖြင့် ပြောဆိုသည်။

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးခရီးစဉ်အတွင်း နေပြည်တော်တွင် နိုင်ငံတော် သမ္မတနှင့် တွေ့ဆုံရာ၌ စစ်မှန်သည့် ငြိမ်းချမ်းရေး အကောင်အထည်ဖော်ရန် လုပ်ငန်းစဉ်များ ဆွေးနွေးဖြစ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေး ရာတွင်လည်း KNU ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အကြောင်း အဓိက ဆွေးနွေးခဲ့သည်ဟု နော်ဇီဖိုးရာစိန် က ပြောသည်။

“စစ်မှန်တဲ့ ငြိမ်းချမ်းရေး ပေါ်ပေါက်ဖို့အတွက် ကရင်တိုင်းရင်းသားတွေနဲ့ တိုင်းရင်းသားတွေရဲ့ လိုအပ်ချက်တွေ၊ လိုလားချက်တွေ ဘာလဲဆိုတာကို ကျမတို့ ဆွေးနွေးဖြစ်တယ်။ နောက်ဘယ်လို ဆက်လက်ဆောင်ရွက်မယ်ဆိုတဲ့ လုပ်ငန်းစဉ်တွေကို အသိပေးဖြစ်တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးဖြစ်ခဲ့သည့်အပေါ် သူမက ပြောသည်။

ကရင်လူမျိုးများ အများဆုံးနေထိုင်သည့် ဝါသင်္ခကျေးရွာကို ဗဟိုပြု၍ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဖြစ်လာခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် ကလည်း ပြည်တွင်းငြိမ်းချမ်းရေး အပါအဝင် အမျိုးသား ရင်ကြားစေ့ရေး ကိစ္စများအတွက် ဆက်လက် ရပ်တည်သွားမည်ဖြစ်ပြီး KNU အပြင် အခြားငြိမ်းချမ်းရေးလိုလားသည့် တိုင်းရင်းသား အဖွဲ့အစည်း အားလုံးနှင့် တတ်နိုင်သမျှ လက်တွဲသွားမည်ဟု ပြောဆိုသည်။

“ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲဝင်တဲ့အခါမှာ ရှေ့တန်းတင်တဲ့ ကိစ္စကြီး ၃ ရပ်ထဲမှာ ပြည်တွင်း ငြိမ်းချမ်းရေးပါ ပါတယ်။ ဥပဒေစိုးမိုးရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင် ပြောင်းလဲရေး ကိစ္စက ဘယ်လို စပ်ဆက် နေတယ်ဆိုတာ ကျမတို့ ရှင်းပြခဲ့ပါတယ်။ အဲ့တော့ ဒီလုပ်ငန်းကြီး ၃ ခုကို ပူးတွဲပြီးတော့ အမျိုးသား ရင်ကြားစေ့ရေး အခြေခံပေါ်မှာ မားမားမတ်မတ်နဲ့ ကျမတို့ ဆက်သွားမှာဖြစ်ပါတယ်” ဟု ပြောသည်။

ရာစုနှစ် တဝက်ဝန်းကျင်ကျော်ကြာ ဗဟိုအစိုးရအား လက်နက်ကိုင် တော်လှန်ခဲ့သည့် KNU သည် ဦးသိန်းစိန် အစိုးရ လက်ထက်တွင် ရထား ပို့ဆောင်ရေး ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်သည့် ငြိမ်းချမ်းရေး အဖွဲ့ဝင်များနှင့် ကရင်ပြည်နယ် ဘားအံမြို့တွင် ဇန်နဝါရီလ ၁၂ ရက်နေ့က ပထမဆုံး ပြည်နယ်အဆင့် တရားဝင်တွေ့ဆုံပြီး အပစ်အခတ် ရပ်စဲရေးအတွက် သဘောတူညီမှု စတင် ရရှိခဲ့သည်။

ယခု ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲတွင် နိုင်ငံတော်သမတနှင့် တွေ့ဆုံခဲ့ရာ သမ္မတ ဦးသိန်းစိန်သည် စစ်မှန်သည့် ငြိမ်းချမ်းရေး ဖော်ဆောင်ရန် ဆန္ဒရှိပြီး ငြိမ်းချမ်းရေးအတွက် ကြိုးစား လုပ်ဆောင်နေသည်ကို မြင်ခဲ့ရကြောင်း နော်ဇီဖိုးရာက ပြောဆို သွားခဲ့သည်။

ပမာဏ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု၊ ခိုင်မာသည့် အပစ်အခတ်ရပ်ဆဲရေး သဘောတူညီမှု၊ နိုင်ငံရေး ဆွေးနွေးခြင်း၊ နိုင်ငံရေးတွင် ပါဝင်ခွင့်ရရေး စသည့် သဘောတူညီမှု အဆင့် လေးဆင့် ရရန် KNU ဘက်က ရည်ရွယ် ထားသော်လည်း နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံတင်ပြီး ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် အကျယ်တဝင့် ဆွေးနွေးညှိနှိုင်းမှု မပြုလုပ်ရသေးကြောင်း KNU အထွေထွေ အတွင်းရေးမှူးက ဆိုသည်။

အင်းစိန်ထောင်အတွင်း ထောင်ဒဏ် တသက်တကျွန်းကျခံနေရသည့် ကရင်အမျိုးသား အစည်းအရုံး ဗဟိုကော်မတီ ဝင် ဖဒို မန်းငြိမ်းမောင်ကို သမ္မတအမိန့်ဖြင့် မတ်လ ၁၉ ရက်နေ့က လွှတ်ပေးခဲ့ခြင်းသည် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အတွက် ဗဟိုအစိုးရနှင့် KNU အကြား ယုံကြည်မှု ရစေခဲ့သည်ဟု ထင်ကြောင်း KNU ၏ ပြန်ကြားရေး တာဝန်ခံနှင့် ငြိမ်းချမ်းရေး ကိုယ်စားလှယ် နော်မေဦးက မဇ္ဈိမ မေးမြန်းခန်းတွင် ပြောဆိုခဲ့သည်။

Ref: မဇ္ဈိမ

Read More...

ဒေါ်စုအသက်ကို ကယ်တင်ခဲ့ဟု ဦးခင်ညွန့်ပြော

မသင်းသီရိ
တနင်္ဂနွေ, 08 ဧပြီ 2012

၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ဒီပဲယင်း လုပ်ကြံမှုကြီးနဲ့ပတ်သက်လို့ အခြေအနေမှန်ကို သိနိုင်ကြဖို့ အတွက် စုံစမ်း စစ်ဆေးရေး အဖွဲ့တခု ဖွဲ့ပြီး စစ်ဆေးဖို့ လိုပြီလို့ ဒီပဲယင်းအရေးအခင်းမှာ ကိုယ်တိုင် ကြုံခဲ့ရသူ အငြိမ်းစား ဗိုလ်ချုပ်ကြီး သူရ ဦးတင်ဦးက ပြောပါတယ်။ ဒါကလည်း ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်က ဒီပဲယင်း အရေးအခင်းမှာ ဒေါ်အောင်ဆန်းစုကြည် အသက်ကို သူ ကယ်ခဲ့တယ်လို့ ပြောလိုက်တာနဲ့ ပတ်သက်ပြီး အခုလို တုံ့ပြန်လိုက်တာပါ။ လက်တွေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ကို မလွတ်အောင် ၀ိုင်းပိတ်ရိုက်ခဲ့ကြတာ ဖြစ်တယ်လို့လည်း အခြေအနေတွေကို ပြန်ရှင်းပြခဲ့ကြပါတယ်။ ဒီအကြောင်း အပြည့်အစုံကို မသင်းသီရိက တင်ပြထားပါတယ်။

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ထဲ ကျည်ရွာအနီးမှာ ဖြစ်ခဲ့တဲ ဒီပဲယင်း လုပ်ကြံမှုကြီးဟာ အခုဆိုရင် ၉ နှစ်နီးပါး ရှိခဲ့ပေမဲ့ ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်က အဲဒီတုန်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် သူကယ်ခဲ့တယ်လို့ ဘန်ကောက်ပို့စ် သတင်းစာမှာ ပြောခဲ့အပြီး လူအများ ပြန်ပြီး ဒီအကြောင်းကို စိတ်ဝင်စား တာတွေ ဖြစ်နေတာပါ။ ဒါ့ကြောင့် ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့် ပြောခဲ့သလို ဒီပဲယင်း လုပ်ကြံမှုကြီးမှာ ဒေါ်အောင်ဆန်းစုကြည်ကို အသက်ဘေးက လွတ်အောင် ကယ်တာမျိုးများ ရှိခဲ့ပါသလားလို့ ဒီပဲယင်း ရိုက်နှက်မှုကြီးမှာ ကိုယ်တိုင်ကြုံခဲ့ရသူ အငြိမ်းစား ဗိုလ်ချုပ်ကြီး သူရ ဦးတင်ဦးကို မေးကြည့်ပါတယ်။

“သူပြောတာလေ၊ သူပြောတဲ့ အဲဒီကိစ္စ ကျနော်တို့က ဒါနဲ့ပတ်သက်တာကတော့ အခြေအနေ ကြည့်ရတာ ကတော့ ဒီလို အခြေအနေ ပဲလေ။ အဲဒီတော့ မှန်တယ်မှားတယ်ကတော့ ဘာမှ မပြောလိုဘူး။ အဓိပ္ပါယ်ကတော့ဗျာ နောက်ပိုင်း after thought တွေပဲဗျ။ ဒါတွေက အကုန်လုံး ပြောလာတဲ့ဟာတွေက after thought တွေကတော့ ခက်သားပဲ။ ပြောဖို့ဟာက။ အမှန်ကတော့ ကယ်တယ်ပြုမယ် ဆိုရင်တော့လည်း ဒါနဲ့ပတ်သက်တာ အားလုံးက တကယ်နောက်ထပ် လွတ်လွတ်ကင်းကင်း ကယ်တာမျိုး ဖြစ်ရမှာပေါ့ဗျာ။ ဘာဖြစ်လို့ ကျနော်တို့ အချုပ်အနှောင်တွေထဲ ထည့်၊ ဘာတွေထဲထည့်၊ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဘာဖြစ်လို့ အင်းစိန်ထောင်ထဲ ထည့်လဲ။ အိမ်ပြန်ပြီး ချောချောမောမော ခေါ်သွားပါလား။ အဲဒီတော့ ဒါတွေက ပြောရရင် အများကြီး မေးစရာရှိတယ်။ နောက်ပိုင်း ဖြစ်တာကိစ္စနဲ့ ပတ်သက်လို့ကတော့ ကျနော်တို့လည်း သူများပြောတာ တွေ့တာပဲကြားတယ်။ ကျနော် သိတာကတော့ ကျနော်တို့ကို ပိတ်ရိုက်တယ်၊ ဒါပဲ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျနော်တို့အဖွဲ့ကို မလွတ်အောင် ပိတ်ရိုက်တာ။ အင်မတန် ကံကောင်းလို့ လွတ်သွားတာ။ ဒါပဲ။”

သေဆုံးမှုတွေထိ ရှိခဲ့တဲ့ ဒီပြဿနာကြီးကို ရှင်းရှင်းလင်းလင်း ဖြစ်သွားအောင် စုံစမ်းစစ်ဆေးရေး အဖွဲ့တခုဖွဲ့ပြီး စစ်ဆေးဖို့ လိုတယ်လို့ အငြိမ်းစား ဗိုလ်ချုပ်ကြီး သူရဦးတင်ဦးက ဆိုပါတယ်။

“ပြောရတဲ့ဟာတွေက After thought တွေကတော့ ခက်သားပဲ။ အဲဒီတော့ သေသေချာချာသိအောင် ဂဃနဏ ဖြစ်အောင် ဆိုလို့ရှိရင် အခု ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည် ပြောထားတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ inquiry ကော်မရှင် လုပ်ပါ။ နောက်ပြီးတော့ ဘယ်သူ့မှာ အပြစ်ရှိတယ်၊ အရေးယူဖို့တင် ပြောတာမဟုတ်ဘူး။ နောင် သင်ခန်းစာ ရဖို့အတွက်ဖြစ်တယ်။ သို့သော် ဒီလို ဒဏ်ရာရရှိပြီးတော့ ထိခိုက်တဲ့သူတွေ ရှိတယ်။ ဒီနေ့ ဒေါ်အောင်ဆန်းစုကြည် ထောက်ပံ့ပေးနေတယ်။ အဲဒီမှာ မသန်မစွမ်းသွားတာ၊ မိဘသေသွားလို့ ကလေး ကျန်ရစ်ခဲ့လို့တို့၊ ဒါတွေကို ဒေါ်အောင်ဆန်းစုကြည်က သူ့နည်းသူ့ဟန်နဲ့ စောင့်ရှောက်နေတယ်။ ကျနော် သိတယ်။ အဲဒီတော့ ဒီလို စုံစမ်းကြည့်ပါလား။ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ပြီး စုံစမ်းကြည့်ပါလား။ ဘယ်သူ့က ဘာလုပ်လို့ဆိုတာ ပေါ်လာမှာပေါ့ဗျာ။”

အခု ဒီပဲယင်းပြဿနာ မဖြစ်ခင် အရင် အကြို ခရီးစဉ်တွေကတည်းက အခုလို ပြဿနာဖြစ်နိုင်တဲ့ အခြေအနေမျိုးတွေ သတင်းတွေ ရထားတာတွေ၊ မြင်ရတာတွေ ရှိနေတာဖြစ်ပြီး ပြဿနာ ဖြစ်ခဲ့တဲ့ မေလ ၃၀ ရက်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ကိုရော သူအပါအ၀င် ကားတန်းနဲ့လာကြတဲ့ NLD အဖွဲ့ဝင်တွေကိုပါ စစ်အစိုးရ ကျောထောက်နောက်ခံ ပေးထားတဲ့သူတွေက စနစ်တကျ ကြိုတင်ပြင်ဆင်မှုတွေနဲ့ ပြေးမလွတ်အောင် ၀ိုင်းရိုက်ခဲ့တာ ဖြစ်တယ်လို့ ဦးတင်ဦးက ပြောပြပါတယ်။

“ရိုက်တာကတော့ အမှန်ပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကလေးတွေကစပြီးတော့ အဘ ရိုက်ကုန်ပြီ၊ ရိုက်ကုန်ပြီ အဘတို့ မဆင်းကြနဲ့တော့ လို့ ဆိုတော့ ကျနော်ကတော့ မဆင်းလို့မရဘူး။ ကျနော့်မှာ တာဝန်ရှိတယ်ဆိုပြီး ကျနော် အဆင်း ဇွတ် ကားပေါ်ကဆင်းပြီး ဒေါ်အောင်ဆန်းစုကြည့် ကားဘေးသွားပြီး ကျနော် သူ့ဘေးနား ရပ်နေတာပဲ။ အဲဒီတော့ ကျနော်က သဘောက ဒေါ်အောင်ဆန်းစုကြည်ကားကို ထွက်စေချင်တယ်။ သူက ထွက်ခိုင်းတယ်။ ဒေါ်အောင်ဆန်းစုကြည်က သူ့ကို ကြိုဆိုတဲ့သူတွေနဲ့ နောက်ပြီးတော့ သူ့ကို ထောက်ခံတဲ့သူတွေ လိုက်ပို့တဲ့သူတွေ ဒီလိုဖြစ်တာကို သူ မသွားနိုင်ဘူး ဆိုပြီး သူ နေတာပဲ။ နောက်ပြီးတော့ မီးကြီးတွေထိုးပြီးတော့ ဆက်လာရင်းနဲ့ နောက်ကကားတွေကို ရိုက်တာပဲ။ နောက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် ကားဆီကို ရောက်လာတော့ စရိုက်တာပဲဗျ။ စ ရိုက်မယ်လို့ လုပ်တာပဲဗျ။ လုပ်တဲ့အခါကျတော့ ကျနော်တို့ အဲဒီမှာ တိုးလွင်က အော်တာပဲဗျာ။ ဒါ ဒေါ်အောင်ဆန်းစုကြည်ကား၊ မင်းတို့ ဒေါ်အောင်ဆန်းစုကြည်ကို ရိုက်ရင် ဘာဖြစ်သွားမယ်ဆိုတာ သိရဲ့လားပေါ့။ ကျနော်လည်း အဲဒီမှာ သတိရပြီးတော့ မလုပ်နဲ့ဆိုပြီး ကုန်းအော်တော့ နည်းနည်းလေး စက္ကန့်ပိုင်းအတွင်း တန့်သွားတယ်။ အဲဒီနောက်ပိုင်းက လူတွေကနေပြီးတော့ ခဲတွေကျတယ် ဘာတယ်ဆိုတဲ့သူတွေက အဲဒီကောင်တွေက အရပ်ဝတ်နဲ့။ အဲဒီ အရပ်ဝတ်နဲ့ကောင်တွေက ပုဆိုးတိုတိုနဲ့ လက်ပတ်နဲ့ နောက်ကနေ ညာသံပေးပြီးတော့ ရိုက်ခိုင်းတာပဲ။ ရိုက်ခိုင်းတယ် ဆိုတော့ ရိုက်မယ်လုပ်တော့ ကျနော်တို့က တခါ အော်ပြန်တော့ တန့်သွားတယ်။ နောက်တခါဆိုရင် ရိုက်တော့မယ်။ ကျနော်တို့လည်း အဲဒါ ရိုက်မယ်ဆိုတာ သိပြီ၊ နောက်တခါဆို ရိုက်မယ်ဆိုတာသိပြီ၊ ရိုက်လည်း စရိုက်ပြီ။ အဲဒီတော့ ကျနော်တို့လည်း ရှောင်လိုက်တာ။ နောက် ဒေါ်အောင်ဆန်းစုကြည် ကားကိုမောင်းတဲ့ကလေးက သူ့ဟာနဲ့သူ မောင်းထွက်သွားတာဗျ။ အဲဒါနဲ့ လွတ်သွားတာ။”

ဒီလိုလုပ်ခဲ့တာဟာ တာဝန်ရှိသူတွေရဲ့ ခွင့်ပြုချက် ညွှန်ကြားချက်တွေ မပါဘဲနဲ့တော့ လုံးဝ မဖြစ်နိုင်ဘူးလို့လည်း ဆိုပါတယ်။

“ဒီလိုဖြစ်လာအောင် လုပ်ဖို့ဆိုတာက မီးစိမ်းမရသေးဘဲနဲ့တော့ ဘယ်လိုမှ လုပ်နိုင်ဖို့ဆိုတာ မလုပ်နိုင်ဘူးခင်ဗျ။ အောက်ကလူက လုပ်တယ်ဆိုတာက မီးစိမ်းလေး ဘာလေးပြမှ လုပ်လို့ရတာကိုးဗျ။ အဲဒီတော့ ဒီဟာက ဖြစ်လည်း ဖြစ်ပြီးပြီပေါ့ဗျာ။ အဲဒီတော့ အခုအခါကျတော့မှ ဒါက ဘယ်သူက ဘာဖြစ်လို့ ဘယ်လို ကိုင်လိုက်တာမှာ ဘယ်လိုပြောလိုက်လို့၊ နောက်ပြီးတော့ ငါက ကယ်လိုက်တယ် ဘာညာဆိုတာ ဒီလိုဟာတွေကတော့ ကျနော်တို့လည်း သူတို့အတွင်းဖြစ်တာတွေကို ဘယ်လိုလုပ် သိပ်သိမလဲဗျာ။”

ဒီပဲယင်း ရိုက်နှက်မှုကြီးမှာ ကိုယ်တိုင် ကြုံခဲ့ရသူ အငြိမ်းစား ဗိုလ်ချုပ်ကြီး သူရဦးတင်ဦးက ပြောပြခဲ့တာပါ။ ၉ နှစ်နီးပါး ရှိနေပြီဖြစ်တဲ့ ဒီလုပ်ကြံမှုကြီးဟာ ကုလသမဂ္ဂ လူအခွင့်အရေး အဖွဲ့ကြီးအပြင် ကိုယ်တွေ့ကြုံခဲ့ရသူ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က အခြေအနေမှန်ကို စစ်ဆေးဖော်ထုတ်ပေးဖို့ တောင်းဆိုနေပေမဲ့ ခုချိန်ထိ နိုင်ငံတာဝန်ရှိသူတွေဘက်က ဘယ်လို ဆောင်ရွက်မှုမှ ရှိသေးပါဘူး။

Ref: VOA News

Read More...

ခိုင် ALP အဖွဲ့နှင့် အစိုးရ အပစ်ရပ်ပြီ

ကျော်ခ
April 6, 2012

ကိုယ်ပိုင် ပြဌာန်းခွင့် ရရှိရေးအတွက် နှစ်ပေါင်း ၄၀ နီးပါး အစိုးရကို လက်နက်ကိုင် တော်လှန်ခဲ့သော ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP) နှင့် မြန်မာအစိုးရ ပြည်နယ်အဆင့်ငြိမ်းချမ်းရေးအဖွဲ့ ကိုယ်စားလှယ်များ စစ်တွေမြို့တွင် နှစ်ရက်ကြာ ဆွေးနွေးပြီးနောက် အပစ်ရပ်ရန် သဘောတူညီမှု ရရှိသွားပြီ ဖြစ်သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင် ဦးဆောင်သည့် အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် ALP ပါတီ၏ ဒုဥက္ကဋ္ဌ ဦးခိုင်စိုးနိုင်အောင် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့တို့ စစ်တွေမြို့တွင် ဗုဒ္ဓဟူးနေ့ကစ၍ နှစ်ရက်ဆက် ဆွေးနွေးခဲ့ကြရာ ယခုလ ဧပြီ ၆ ရက် နေ့မှ စတင်ကာ နှစ်ဖက် အပစ်ရပ်ရေး အပါအဝင် တောင်းဆိုချက် ၅ ချက် သဘောတူ လက်မှတ် ထိုးခဲ့ကြကြောင်း ALP ဒု ဥက္ကဋ္ဌ ဦးခိုင်စိုးနိုင်အောင် ကပြောသည်။

“ကျနော်တို့ဘက်က တောင်းဆိုချက် ၁၇ ချက် တင်ပြတယ်။ အခု ပြည်နယ်အဆင့်မှာ ၅ ချက်သဘောတူတယ်။ ကျန်တာတွေ ကတော့ ပြည်ထောင်စု အဆင့်မှာ ထပ်ဆွေးနွေးရဦးမှာပါ” ဟု ဦးခိုင်စိုးနိုင်အောင် က ဧရာဝတီသို့ ပြောသည်။

ပြည်နယ်အဆင့် ဆွေးနွေးပွဲတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့၊ အဖွဲ့ဝင် ဒုဗိုလ်မှူးကြီးဟောင်း စောခင်စိုး လည်း တက်ရောက်ခဲ့ ကြောင်းသိရသည်။

ပြည်ထောင်စုအဆင့်တွင် ဦးအောင်သောင်း ခေါင်းဆောင်သော အဖွဲ့နှင့် ဆွေးနွေးရမည်ဖြစ်ကြောင်း၊ တွေ့ဆုံ ဆွေးနွေးမည့် နေ့ရက်ကို အန္ဒိယ၊ ထိုင်းနှင့် ဘင်္ဂလားဒေရှ့် နယ်စပ်ဒေသများရှိ ALP တပ်ဖွဲ့များနှင့် ကြိုတင် ဆွေးနွေးပြီးမှ ထုတ်ပြန် အကြောင်း ကြား သွားမည်ဖြစ်ကြောင်း ALP ဘက်ကပြောသည်။

ယခုဆွေးနွေးခဲ့သော ပြည်နယ်အဆင့်တွင် ALP ကတင်ပြတောင်းဆိုသည့် အချက် ၁၇ ချက်အနက် အပစ်ရပ်ရေး အပါအဝင် ပလက်ဝနှင့် ကျောက်တော်တို့တွင် ဆက်ဆံရေး ရုံးများဖွင့်လှစ်ထားရှိရေး၊ ဒေသဖွံ့ဖြိုးရေး၊ ALP ပါတီဝင်များ နိုင်ငံတ၀န်းသို့ လက် နက်မဲ့ လွတ်လပ်စွာ သွားလာခွင့်ရရှိရေး၊ နယ်မြေ ကျော်လွန်၍ လက်နက်ကိုင်ဆောင်သွားလာမှုများကို နှစ်ဘက်ကြိုတင် ညှိနှိုင်း ဆောင်ရွက်ရန် တို့ သဘောတူညီမှု ရှရှိထားသည်။

ALP နှင့် အစိုးရတပ်တို့အကြား နယ်မြေသတ်မှတ်ရေး၊ အစိုးရတပ်များဆုတ်ခွာပေးရေး၊ မတရားအသင်း ကြေညာ ထားသော ဥပဒေ များ ရုပ်သိမ်းပေးရေး၊ တပြည်လုံးအပစ်ခတ်ရပ်စဲရေး၊ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးနှင့် ရခိုင်ပြည်နယ် ဒေသခံ များ ရရှိရမည့် အခွင့်အရေးများ ပါဝင်သည့် အချက် ၁၂ ချက်ကို ပြည်ထောင်စုအဆင့်၌ ထပ်မံ ဆွေးနွေးသွားမည် ဖြစ်ကြောင်း ဦးခိုင်စိုးနိုင်အောင် က ပြောသည်။

ငြိမ်းချမ်းရေးဆွေးနွေးရန် ALP ပါတီအား ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင် ဦးအောင်သောင်း၏ ညွှန်ကြားချက်ဖြင့် ပြည်ထောင်စု အဆင့် အဖွဲ့ဝင် ဒုဗိုလ်မှူးကြီးဟောင်း စောခင်စိုး မှတဆင့် ဇန်နဝါရီလပိုင်းက ဆက်သွယ်လာခဲ့ပြီးနောက် ALP နှင့် ၎င်းလက်အောက်ရှိ ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော် ALA တို့ တလခန့် ဆွေးနွေးခဲ့ကြပြီး သဘောတူ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သူကဆက်ပြောသည်။

ALP အနေဖြင့် ငြိမ်းချမ်းရေးခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံနိုင်ရန်ကြိုးစား သွားမည် ဖြစ်ကြောင်း၊ တွေ့ဆုံပါက ပြည်တွင်း ငြိမ်းချမ်းရေး၊ အပစ်အခတ် ရပ်စဲရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး ကိစ္စရပ်များကို ပါဝင်လုပ်ကိုင်ရန် ဆွေးနွေး သွားမည့် အစီစဉ်များ ရှိပြီး ဖြစ်ကြောင်း ဦးခိုင်စိုးနိုင်အောင် က ပြောသည်။

“ဘာကြောင့်ပြည်တွင်းငြိမ်းချမ်းရေး မရသလဲ၊ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်သလဲ။ အဲဒါတွေဖြစ်ဖို့ လိုတယ်။ အဲဒါတွေက ဒေါ်စုလည်း ပါဝင်ပြီးတော့ ဖြေရှင်းဖို့လိုတယ်။ သူပါဝင်ရင် ပိုပြီးတော့ နီးစပ်လိမ့်မယ် ဆိုတာတွေကို ကျနော်တို့မှာ ဆွေးနွေးဖို့ အစီအစဉ် ရှိပါတယ်”ဟု သူက ပြောသည်။

အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ALP အဖွဲ့ဝင် ကိုယ်စားလှယ်များသည် ထိုင်းနယ်စပ်နှင့်အိန္ဒိယနိုင်ငံ တို့မှ တဆင့်ရခိုင် ပြည်နယ် သို့ ဧပြီလ ၂ ရက်နေ့တွင်ရောက် ရှိလာကြရာ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ (RNDP) ပါတီဝင်များနှင့် ရခိုင်ပြည်သူများက သောင်းသောင်းဖြဖြ ဂုဏ်ပြု ကြိုဆိုခဲ့ကြကြောင်း သိရသည်။

“ALP အဖွဲ့ကို သောင်းချီတဲ့ ရခိုင်ပြည်သူတွေက စစ်တွေမြို့မှာ ကြွေးကြော်သံတွေနဲ့ ဂုဏ်ပြု ကြိုဆို ခဲ့ကြပါတယ်”ဟု ကြိုဆိုရေး အစီအစဉ်အား ဦးဆောင်ခဲ့သူ ဦးစံကျော်လှက ပြောသည်။

ALP ပါတီကို ၁၉၆၇ ခုနှစ် ဧပြီလ ၉ ရက်နေ့တွင် ကရင်အမျိုးသား အစည်းအရုံး(KNU) နယ်မြေ၌ စတင် တည်ထောင်ခဲ့ပြီး ၎င်း၏ လက်အောက်တွင် ရခိုင်ပြည်လွတ်မြောက် ရေးတပ်မတော် (ALA) ရှိသည်။ ALA ကို ၁၉၇၄ ခုနှစ် ဇူလိုင်လ ၁ ရက် နေ့ တွင် ထူထောင်ခဲ့ပြီး မြန်မာ-အိန္ဒိယ နယ်စပ်၊ ဘင်္ဂလား ဒေ့ရှ်နယ်စပ်၊ ထိုင်းနယ်စပ်တို့တွင် အခြေစိုက် လှုပ်ရှားလျက် ရှိသည်။


ALP တောင်းဆိုချက် (၁၇ ) ချက်

စာလုံး အပြာရောင်ခြယ်ထားသော အချက်များသည် အစိုးရနှင့် ပြည်နယ်အဆင့်တွင် သဘော တူထားချက်များ ဖြစ်သည်။

၁. မြန်မာအစိုးရတပ်မတော်နှင့် ရခိုင်ပြည်လွတ်မြောက် ရေးတပ်မတော် ALA တို့ နှစ်ဘက်တပ်များအကြား အပစ်ခတ် ရပ်စဲရန်။

၂. အပစ်ခတ်ရပ်စဲထားသည့် ကာလအတွင်း နှစ်ဘက်သဘောတူညီထားသည့် နေရာများမှအပ နယ်မြေ ကျော်လွန်၍ လက်နက် ကိုင်ဆောင် သွားလာမှုများကို နှစ်ဘက်ကြိုတင် ညှိနှိုင်း ဆောင်ရွက်ရန်။

၃. အပစ်ခတ်ရပ်စဲထားသည့်ကာလအတွင်း သတ်မှတ်ထားသော နယ်မြေအတွင်းမှ မြန်မာအစိုးရ စစ်တပ်များ အားလုံး ဆုတ်ခွာ ပေးရန်။

၎. နှစ်ဘက်အပြန်အလှန်ဆက်ဆံ၊ ဆွေးနွေးမှုများပြုလုပ်နိုင်ရန်အတွက် နှစ်ဘက်သဘောတူညီသော အောက်ဖော်ပြပါ နေရာ များတွင် (ALP) ပါတီ၏ ဆက်ဆံရေး ရုံးများကိုဖွင့်လှစ်ရန်။

(ပလက်ဝ၊ ကျောက်တော်)။

၅. ရခိုင်ပြည်လွတ်မြောက်ရေးပါတီ တပ်မတော်သားများအား၊ လက်နက်မပါ မြန်မာတပြည်လုံး သွားလာခွင့် ပြုရန်။

၆. ပြည်တွင်းရှိ နိုင်ငံရေးပါတီများ၊ လူမှုရေးအဖွဲ့အစည်းများအား လွတ်လပ်စွာတွေ့ဆုံခွင့် ပေးရန်။

၇. ရခိုင်ပြည်ရှိ ချောင်း၊ မြောင်းများအား၊ ပြည်နယ်အစိုးရမှ လေလံတင်ရောင်းချပြီး လုပ်ငန်းကန့်သတ် လုပ်ကိုင်နေသည့် စနစ်ကို ဖျက်သိမ်း ပေးရန်။

၈. ရခိုင်လယ်သမားများထံမှ သိမ်းယူထားသည့် လယ်မြေ၊ အိမ်ရာ၊ ဥယျာဉ်ခြံမြေများ ပြန်ပေးရန်။

၉. ပြည်ထောင်စုအစိုးရက ဖွဲ့စည်းသည့် ငြိမ်းချမ်းရေးဆွေးနွေးရေအဖွဲ့နှင့် ALP ပါတီမှ ဖွဲ့စည်းသည့် ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့များသည် နှစ်ဦးနှစ်ဘက် သဘောတူညီသောနေရာ တူညီသောကာလတွင် ရခိုင်ပြည်နယ် အတွင်း တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးများ ဖော်ဆောင်နိုင်ရေး အတွက် ဆက်လက် တင်ပြဆွေးနွေးရန်။

၁၀. ပြည်သူများ၏ ကျန်းမာရေး၊ ပညာရေး၊ ဘာသာရေး၊ စာပေယဉ်ကျေးမှုအပြင် လူမှုရေးနယ်ပယ်အသီးသီး၌ လွတ်လပ်စွာ ပါဝင် လုပ်ကိုင်ခွင့်ပေးရန်။

၁၁. ပြည်တွင်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရေးအတွက် ရခိုင်ပြည်တွင်း၌ စီးပွားရေးမြုပ်နှံထားသော ပြည်ပ ကုမ္ပဏီများမှ ဝင်ငွေခွန်အဖြစ် ၂ ရာခိုင်နှုန်း ကောက်ခံပိုင်ခွင့်ရှိရန်။

၁၂. နိုင်ငံရေး ပဋိပက္ခကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူများကို ပြန်လည်နေရာချပေးရန်။

၁၃. အကျဉ်းကျခံနေကြရသော ရခိုင်နိုင်ငံရေးသမားများနှင့် အခြားသော နိုင်ငံရေးသမားများကို ပြန်လည်လွှတ်ပေးရန်။

၁၄. အဓမ္မလုပ်အားပေးခိုင်းစေမှုများကို ရပ်တံ့စေရန်နှင့် ပုံစံမျိုးစုံဖြင့် မတရားတဖြင့် ငွေကြေးကောက်ခံနေမှုများကို မပြုလုပ်ရန်။

၁၅. ငြိမ်းချမ်းရေးဖြစ်စဉ်တွင် သတင်းမှန်မီဒီယာများမှ ပါဝင်ခွင့်ပြုရန်။

၁၆. မတရားအသင်းကြေညာထားသော ဥပဒေများကိုပြန်လည် ရုပ်သိမ်းပေးရန်။

၁၇. တပြည်လုံးအတိုင်းအတာဆောင်သည့် အပစ်အခတ်ရပ်စဲရေးကို ကြေညာပေးရန်နှင့် အပစ်အခတ်ရပ်စဲသည့် ၄၅ ရက် အတွင်း နိုင်ငံရေးဆွေးနွေးပွဲကို စတင်ရန်။

Ref: ဧရာဝတီ

Read More...

KNU ခေါင်းဆောင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ

2012-04-08

တိုင်းရင်းသားတွေနဲ့ တွေ့ဆုံနိုင်တယ်ဆိုရင် တဦးနဲ့တဦး အမြင်ချင်းဖလှယ်နိုင်ပြီး တဦးနဲ့တဦးပို ရင်းနှီး လာနိုင်တဲ့ အတွက် အမျိုးသား ရင်ကြား စေ့ရေးဖြစ်စဉ်ကို အများကြီး အထောက်အကူ ဖြစ်နိုင်တယ်လို့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြား လိုက်ပါတယ်။

ရန်ကုန်မြို့ကို ရောက်ရှိနေတဲ့ KNU ကရင်အမျိုးသား အစည်းအရုံး အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန်နဲ့ အဖွဲ့ကို တက္ကသိုလ် ရိပ်သာလမ်း နေအိမ်မှာ ဒီကနေ့ ၂ နာရီလောက် တွေ့ဆုံ ဆွေးနွေး ပြီးတဲ့နောက် ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အဲဒီလို ပြောလိုက်တာပါ။

"ကျွန်မတို့ အမျိုးသားဒီမိုကရေဒီအဖွဲ့ချုပ်ရဲ့ ဦးတည်ချက်ဟာ စစ်မှန်တဲ့ ဒီမိုကရေးစီ ပြည်ထောင်စု ဖြစ်တာမို့လို့ တိုင်းရင်းသားများ အားလုံးဟာ စုစုစည်းစည်းနဲ့ ဒီဖြစ်စဉ်ထဲမှာ ပါဝင်ရမယ် ဆိုတာ ကျွန်မတို့ရဲ့ ယုံကြည်ချက်လည်း ဖြစ်ပါတယ်။"

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံအပြီး သတင်းထောက်တွေရဲ့ မေးမြန်းချက်ကို ဖြေကြားရာမှာ လက်နက်စွန့်ပြီး နိုင်ငံရေး လောကထဲ ၀င်မ၀င် ကိစ္စနဲ့ ပတ်သက်ပြီး KNU ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ ခေါင်းဆောင် နော်စီဖိုးရာစိန်က ကရင်ဘာသာနဲ့ ဖြေဆိုတာကို အဖွဲ့ပြောခွင့်ရ နော်မေဦးက မြန်မာဘာသာ ပြန်ပြပါတယ်။

"ဘယ်လိုပုံစံနဲ့ ဆက်ပြီး ရပ်တည်သွားမှာလဲ ဆိုတဲ့ဟာက နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ အများကြီး ပတ်သက်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက ကျွန်မတို့ လက်ခံနိုင်တဲ့ အနေအထားမှာ ရှိတယ်ဆိုရင် အဲဒီမေးခွန်းက သူ့ဖာသာ ဖြေသွားပါလိမ့်မယ်။"

KNU ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့ဟာ သမ္မတ ဦးသိန်းစိန်နဲ့ နေပြည်တော်မှာ ပထမဆုံးအကြိမ် မနေ့က တွေ့ဆုံပြီး ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတာလည်း ဖြစ်ပါတယ်။

Ref: RFA News

Read More...

အပေါ်သို့