..............................

Friday, May 7, 2010

ကြံ့ဖွံ့ပါတီကြီးလာချေပြီ

ရဲဘော်ဖိုးသံချောင်း
၆/ မေ ၂၀၁၀

ငယ်ငယ်တုန်းကကြည့်ခဲ့ကြတဲ့ ကောင်းဘွိုင် ရုပ်ရှင်ကားများထဲမှာ ညနေစောင်းလို့ နွားရိုင်းသွင်းချိန် ရောက်တယ် ဆိုတာနဲ့ လူဆိုး အုပ်ကြီးဟာ မြင်းတွေစီးပြီး ဖုန်တထောင်းထောင်းနဲ့ မြို့ထဲကို ၀င်လာကြတာကို မှတ်မိကြပါလိမ့်မယ်။ အခုလည်း မြန်မာပြည် နိုင်ငံရေးရဲ့နေညိုချိန်မှာ ဗိုလ်သိန်းစိန်၊ ဗိုလ်အောင်သောင်းတို့နဲ့ ကြံ့ဖွံ့ပါတီ ဆိုတာကြီး ရွေးကောက်ပွဲ ခတ်ကွင်းထဲကို ဒုန်းစိုင်း ၀င်လာတာ တွေ့ရပါတယ်။ “မဆိုင်သူမကပ်နဲ့၊ အိမ်ကမိန်းမ မုဆိုးမဖြစ်သွားမယ်” ဆိုတဲ့ အော်ဟစ် ကြုံးဝါးသံတွေလည်း ကြားနေရ သလိုလိုပါပဲ။

အခုတော့ လူအရေခြုံ နအဖဗိုလ်ချုပ်တွေက စည်းကမ်းရှိတဲ့ ဒီမိုကရေစီနဲ့ နိုင်ငံရေး လှုပ်ရှားစရာ စပေ့စ်တွေ သယ်လာပါပြီ။ အာဏာရှင် စနစ်ကနေ နောက်တလှမ်း ဆုတ်နေတယ် ဆိုတဲ့ နအဖ စစ်အုပ်စုထဲက ဗိုလ်သိန်းစိန်နဲ့ ဘယ်သူများ ယှဉ်ပြိုင် အရွေးခံရဲသလဲ။ ရွေးကောက်ပွဲဝင်ခ ငါးသိန်းနဲ့ သိန်းရာချီတဲ့ မဲဆွယ် စည်းရုံး စရိတ်တွေ အဆုံးခံနိုင်သူများ အမြန် စာရင်း ပေးကြစမ်းပါဗျာရို့။ ယှဉ်မယ့်လူ မရှိရင် ဒင်းတို့ အလိုအလျောက် အရွေးခံရပြီးသား ဖြစ်သွားပါလိမ့်မယ်။ ဒါပေမယ့် တခုတော့ သတိပေးပါရစေ။ ဒီခေတ် ကြံ့ဖွံ့တွေရဲ့ လက်စောင်းဟာ ငါးဇွန်မှာ ခြောက်လောင်းပြိုင် သတ်ခဲ့တဲ့ ပြူစောထီးတွေထက် မညံ့ဘူးဆိုတာလည်း မမေ့ကြပါနဲ့။

တချို့လူတွေအဖို့တော့ ဗိုလ်သိန်းစိန်တို့နဲ့ ကြံ့ဖွံ့ ထွက်လာတာကြည့်ပြီး ရွေးကောက်ပွဲ ၀င်ဖို့ ပြင်ထားတာလေးတွေကို ပြန်ရုပ်ကောင်း ရုပ်သိမ်းနိုင်ပေမယ့် ပြောထားတဲ့ စကားတွေကတော့ ပြန်ရုပ်လို့ မရတော့ပါဘူး။ သမိုင်း ဖြစ်သွားပါပြီ။

လက်တွေ့အခြေအနေက ပြနေတာကတော့ နအဖစစ်ဗိုလ်တွေ အပြတ် လုပ်တော့မယ် ဆိုတာပါပဲ။ တလျှောက်လုံး ဥပဒေ အထက်မှာ နေခဲ့တဲ့ ဗိုလ်ချုပ်တွေဟာ အခုကိုပဲ သူတို့ကိုယ်တိုင် ရေးဆွဲပြဋ္ဌာန်းခဲ့တဲ့ ဥပဒေတွေကို ခြေနဲ့ ပြန်ဖျက်တာ၊ နိုင်ငံတော်ပိုင်ငွေတွေ၊ အဓမ္မ ကောက်ခံထားတဲ့ အလှူငွေတွေနဲ့ သူတို့ရဲ့ ပါတီကိုပံ့ပိုးတာ၊ ဟိုးအရင် အစောကြီးကတည်းက ၀န်ထမ်းတွေ၊ ကျောင်းသားတွေကို ကြံ့ဖွံ့ထဲ အတင်းအကျပ် ၀င်ခိုင်းထားတာ၊ နယ်ဆင်း မဲဆွယ်နေကြတာ စတဲ့ မသမာမှု မျိုးစုံကိုလည်း တွေ့ခဲ့ကြရပါပြီ။ ဒီတကွေ့မှာ နအဖ စစ်ဗိုလ်ချုပ်တွေဟာ အရှက်အကြောက် မှန်သမျှကို စွန့်လွှတ် လိုက်ပြီဆိုတာ ထင်ထင်ရှားရှား တွေ့နေရပါတယ်။ ဒီပုဆိုးဝတ်ရင် ဒီချေးပဲပါတယ် ဆိုတာလို စစ်အာဏာရှင်တွေဟာ အာဏာကို တာရှည် ဆုပ်ကိုင်ထားချင်တော့ ဗိုလ်နေ၀င်း လုပ်ဟန်အတိုင်း ဗိုလ်ကနေ ဦး ပြောင်းတာကို လုပ်ရတာပဲ မဟုတ်ပါလား။ ဒီလိမ်ဆင်ကို လူထုက နောကျေနေမှန်း သိလျက်နဲ့ လုပ်လာတာတွေဟာ နအဖ ဗိုလ်ချုပ်တွေ ဘယ့်ကလောက် မျက်နှာပြောင်တယ် ဆိုတာအပြင် ဘယ့်ကလောက် မိုက်ရမ်းတော့မယ် ဆိုတာကိုလည်း ပြနေတာ ဖြစ်ပါတယ်။

တကယ်ကျတော့ ရွေးကောက်ပွဲဆိုတာမှာ မဲဆန္ဒပေးသူတွေဟာ ဆန္ဒခံယူပွဲလို အဖြူအမည်းဆိုတဲ့ ရွေးချယ်စရာ နှစ်ခုအထဲက တခုကို ရွေးချယ် မဲထည့်ကြတာ မဟုတ်ပါဘူး။ ၀င်ယှဉ်ပြိုင်တဲ့ ပါတီ အဖွဲ့အစည်းစုံ၊ လူစုံထဲက ရွေးချယ် ကြရတာဖြစ်ပါတယ်။ နောက်ပြီး ၀င်ပြိုင် သူတွေဟာလည်း ကိုယ့်ဂုဏ်သိက္ခာ၊ ဓနငွေကြေး၊ လူအင်အား၊ စိတ်အင်အား စတာတွေ အမြောက်အမြားကို ပုံအောရင်းနှီးပြီး ၀င်ပြိုင်ကြတာ ဖြစ်ပါတယ်။ ဒီတော့ ၀င်ပြိုင်သူတွေဟာ မတရား အညစ်ခံရလို့ ကြုံတွေ့ရတဲ့ အရှုံးကို အလွယ်နဲ့ လက်ခံမှာ မဟုတ်ပါဘူး။ ဒီလို ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲ ကော်မရှင်အားကိုးနဲ့ လုပ်ချင်တိုင်းလုပ်ဖို့၊ ညစ်ဖို့ပြင်ထားတဲ့ နအဖရဲ့ ကိုယ်စားလှယ်လောင်းတွေနဲ့ ရွေးကောက်ပွဲက တဆင့် စပေ့စ်ရှာသူတွေ ဘယ်လို ဖြစ်ကြမယ် ဆိုတာကတော့ ငွေရောင် ပိတ်ကားကြီးပေါ်မှာ စောင့်ကြည့်ရမယ့် တကယ့် ပွဲကြီးပွဲကောင်း ဖြစ်မှာ မုချပါပဲ။

ဒီတခါရွေးကောက်ပွဲ ၀င်ပြိုင်ကြသူတွေထဲမှာ အက်စ်ဘီဆီက လက်ကိုင်ဖုန်း ရထားဖူးသူတွေ ပါသလို နအဖရဲ့ အရင်မျိုးဆက် စစ်အုပ်စုကို ကိုယ်စားပြုတဲ့ တစညလို စစ်အရာရှိ ဟောင်းတွေလည်း ပါပါတယ်။ အဲဒီတော့ ကြံ့ဖွံ့က ညစ်တယ်ဆိုရင် ပထမ အမျိုးအစားဟာ ဘာမှ ပြောဝံ့မှာ မဟုတ်ပေမယ့် ဒုတိယ အမျိုးအစားကတော့ ငြိမ်ခံကောင်းမှ ငြိမ်ခံနေပါလိမ့်မယ်။ ခက်တာက နအဖဘက်က ကြည့်ရင်လည်း လွှတ်တော်ထဲမှာ သူတို့ လုပ်သမျှကို မြွေမြွေချင်း ခြေမြင်သလို မြင်နေမယ့် တစည ကိုယ်စားလှယ် တွေထက် စိတ်တော်သိ ဘောင်းတော်ငြိမ့် ပထမ အမျိုးအစားတွေကို ပိုတွေ့ချင်မှာ သေချာပါတယ်။ နို့ပေမယ့် နအဖက ခွင်လုံးကျွတ် အနိုင်စာရင်းပြဖို့ ဆုံးဖြတ်ထားရင်တော့ ဆန္ဒ ခံယူပွဲနည်း လုပ်ချလိုက်မှာ သံသယဖြစ်စရာ မလိုပါဘူး။ ကြံ့ဖွံ့ကလွဲရင် အားလုံး ကန်တော့ဆွမ်းပဲ ဖြစ်တော့မှာပါ။ အဲ၊ ကံချော်မှားလို့ အနိုင်ရမိရင် ဗိုလ်သိန်းစိုး ကော်မရှင်ရဲ့ တင်းပုတ်နဲ့ လွတ်အောင် ကြည့်သာ ရှောင်ပေတော့လို့လည်း သတိပေးလိုပါတယ်။

ဒီလိုအခါမှာ ပြည်တွင်းပြည်ပက မြန်မာပြည်အရေးစိတ်ဝင်စားသူတွေဟာ ဒီရွေးကောက်ပွဲကို ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲနဲ့ နှိုင်းယှဉ်စောင့်ကြည့်နေကြမယ်ဆိုတာလည်း အထူးပြောစရာမလိုပါဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်တွေအနေနဲ့ အစကတည်းက ငါတို့မပြောလားလို့ ပြောနိုင်ကြတော့မှာပါ။ တကယ်ကျတော့ ဒီနအဖ ဒါရိုက်တာလုပ်၊ မင်းသားလုပ်၊ လူကြမ်းလုပ်တဲ့ စည်းကမ်းရှိ ဒီမိုကရေစီလွှတ်တော်ဇာတ်ကားဟာ ဒီရွေးကောက်ပွဲအဆင့်မှာပဲ ကြည့်ကောင်းမှာပါ။ အဲဒီနောက်ပိုင်းမှာတော့ မဆလတပါတီလွှတ်တော်လိုပဲ ဘယ်သူကမှ စိတ်မ၀င်စားတဲ့ လက်မှတ်ထိုး-တံဆိပ်တုံးထုတဲ့ ရုံးတမျိုးသာဖြစ်သွားတော့မှာပါ။ စည်းကမ်းရှိတဲ့ ဒီမိုကရေစီကပေးတဲ့ စပေ့စ်ဟာ လွှတ်တော်ထဲမှာ ချောင်းကျယ်ကျယ်ဆိုးခွင့်ပြုရင်ပဲ မဆိုးတော့ဘူးလို့ပြောရတဲ့ ဘ၀ရောက်ကြမှာ သေချာပါတယ်။

ဒါပေမယ့် ရေရှည်သဘောအရပြောရရင်တော့ ဒီရွေးကောက်ပွဲတွေရဲ့နောက်ပိုင်းမှာ နအဖအတွင်း သွေးစည်း ညီညွတ်ရေးဟာ ပိုကောင်း လာစရာမရှိပါဘူး။ တပ်တွင်းက အထက်ပိုင်းလူနဲ့ တပ်ပြင် (အရပ်သား) အစိုးရ ထိပ်ပိုင်းက လူတွေအကြား ပခုံးချင်းယှဉ်တာ၊ အာဏာ ပြိုင်တာတွေ မုချဖြစ်လာမှာပါ။ ကြပ်ပြေး နေပြည်တော်ကို စစ်တိုင်းမှူးတွေ လာချင်ရင် အရင် ခွင့်ခံရတယ်ဆိုတဲ့ ကိစ္စမျိုးတွေ ပိုများလာမှာ သေချာပါတယ်။

တဖက်ကပြောရင်တော့ ကြံ့ဖွံ့ပါတီပေါ်လာတာဟာ နအဖ ဗိုလ်ချုပ်တွေအနေနဲ့ လွှတ်တော်ထဲမှာ ကိုယ်စားလှယ် တမတ်သားနဲ့ အားရမှာ မဟုတ်ဘူးလို့ သတိပေးတာကို လက်မခံဘဲ ဘိန်းပြောင်းအိပ်မက် မက်နေသူတွေရဲ့ကျောကို ဗိုလ်ချုပ်တွေက ဖြန်းခနဲ ချလိုက်တာဖြစ်ပါတယ်။ အာဏာရှင် စစ်ဗိုလ်ချုပ်တွေဟာ လွှတ်တော်ထဲမှာ အချေအတင် စကား ပြောနေတာမျိုးကို လုံးဝ မလိုလားပါဘူး။ မဆလခေတ် လွှတ်တော်နဲ့ ညောင်နှစ်ပင် ညီလာခံမှာလို “ဟုတ်ကဲ့” မှတပါး အခြား မကြားရပါဆိုတဲ့ အနေအထားမျိုးပဲ လိုချင်တာပါ။ အဲဒီအနေအထား မရောက် ရောက်အောင်လည်း သူတို့စိတ်ကြိုက် ကော်မရှင်နဲ့၊ သူတို့ထင်တိုင်း လုပ်နိုင်တဲ့ ဥပဒေတွေ ထုတ်ပြန်ထားပါပြီ။

နိုင်ငံရေးအာဏာဆိုတာဟာ မဲပုံးထဲကထွက်တာလား၊ သေနတ်ပြောင်းထဲက ထွက်တာလားဆိုတာ မကြာမီမှာ မြင်ကြရ ပါတော့မယ်။ ၁၉၅၀ စုနှစ်များတုန်းက တက္ကသိုလ် ကျောင်းသားများ သမဂ္ဂက ကပြခဲ့တဲ့ “အမတ်ရူးယိမ်း” ရဲ့ နောက်ခံ သီချင်းထဲက စာသား တကြောင်းလိုပဲ “အဝေးပြေးကြမည်၊ အမတ်ရူးကြီးများလာပြီ” လို့သာ အော်ဆို လိုက်ကြပါစို့လား။

Ref: ခေတ်ပြိုင်

Read More...

အသွင်ပြောင်းရေး ကိစ္စထပ်မံဆွေးနွေးရေး တြိဂံတိုင်းမှူး ဖိတ်ခေါ်မှု မိုင်းလားတပ်ဖွဲ့ ငြင်းဆန်

Thursday, 06 May 2010 20:08

အသွင်ပြောင်းရေးကိစ္စ ဆက်လက်ဆွေးနွေးရန် မိုင်းလားတပ်ဖွဲ့အား ကျိုင်းတုံ အခြေစိုက် တြိဂံဒေသ စစ်တိုင်းရုံးဆင့်ခေါ် ခဲ့သော်လည်း ‘ဘာမှ ထူးခြားမှာ မဟုတ်’ ဟုဆိုကာ ထပ်မံသွားရောက် မဆွေးနွေးရန် ဆုံးဖြတ် လိုက်ကြကြောင်းစုံစမ်း သိရှိရပါသည်။

“တြိဂံတိုင်းမှူးက လကုန်လောက် ကတည်းက ခေါ်ထားတယ်။ သွားသွား မသွားသွား ဘာမှထူးခြားမှာ မဟုတ်ဘူး၊ ကျနော်တို့ဘက်က အထူး လိုက်လျောထားတဲ့ တောင်းဆိုချက် ၆ ချက်ကိုတောင်မှ သူတို့ လျစ်လျူရှုထား တာဘဲ၊ သွားတိုင်း သူတို့ လိုအပ်ချက်ကိုဘဲ တဘက်သတ် ဖိပြောတော့ မသွားဖို့ ဆုံးဖြတ်ကြတယ်”- ဟု တပ်မှူး တဦးက ပြောကြောင်း အမည်မဖေါ်လိုသည့် ကျိုင်းတုံ ကားဆရာက ပြောပါသည်။

မေလ ၃ ရက်နေ့ ထပ်မံဆွေးနွေးကြရန် မိုင်းလား တပ်ဖွဲ့အား တြိဂံတိုင်းမှူး ဗိုလ်ချုပ်ကျော်ဖြိုးးက လဆန်း ကတည်းက ဖိတ်ကြား ထားသည်ဟု ဆို၏။

ဆွေးနွေးသည့်အကြိမ်တိုင်း နအဖက တဘက်သတ် ပြောဆိုသောကြောင့် သွားရောက် ငုတ်တုတ်ထိုင် နားထောင်ပြီး ပြန်လာရမည့် အရေးကို မလိုလားကြောင်း မိုင်းလားတပ်ဖွဲ့မှ အရာရှိ တစ်ဦးကပြော၏။ မိုင်းလားတပ်ဖွဲ့ အနေဖြင့်လည်း ၂၀၀၉ နိုဝင်ဘာ လဆန်းပိုင်းက တောင်းဆိုချက် ၆ မှတပါး အခြား အလျှော့ပေးရန် မဖြစ်နိုင်သောကြောင့် နအဖ ဖိတ်ခေါ်မှုကို မသွားဖို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်ကြောင်းလည်း ပြောပါသည်။

ထို့အတူ ဧပြီ ၂၆ ရက်နောက်ဆုံးထား၍ နေရပ်သို့ အသီးသီး ပြန်ကြရန် အမျိုးသား ဒီမိုကရက်တစ် တပ်မတော် မိုင်းလား တပ်ဖွဲ့ ဗဟို ဌာနချုပ်က တခြားဒေသသို့ ကိုယ်စားလှယ် အဖြစ် သွားရောက် ရုံးထိုင် အလုပ်လုပ်သည့် မိုင်းလား တပ်ဖွဲ့ဝင်များအား ဆင့်ခေါ်ခဲ့သည်ဟု ဆို၏။

“ တခြားဒေသကို သွားပြီး အလုပ်လုပ်တဲ့သူတွေကို ပြန်ခေါ်တယ်၊ အထူးသဖြင့် ကျိုင်းတုံ၊ မိုင်းယန်းရုံးထိုင်တဲ့ ကိုယ်စားလှယ်၊ မိုင်းယု၊ မိုင်းယောင်းဘက် က တပ်ဖွဲ့ဝင်တွေကိုလဲ အကုန် ပြန်လာခိုင်းတယ်။ အခုထက်ထိ ပြန်မသွားကြ သေးဘူး”- ဟု မိုင်းလားရောက် ကျိုင်းတုံသား တဦးက ပြောပါသည်။

အထူးသဖြင့် အထူးဒေသ ၄ ကိုယ်စားလှယ်အဖြစ် ကျိုင်းတုံ၊ မိုင်းယန်း၊ မိုင်းယု နှင့် မိုင်းယောင်း (နအဖ ထိန်းချုပ် နယ်မြေ) သို့ တာဝန် သွားရောက် ထမ်းဆောင်သည့် တပ်ဖွဲ့ဝင်များ ဆင့်ခေါ်ခြင်း ဖြစ်သည်ဟုလည်း ဆို၏။

“ကိုယ်စားလှယ်တွေကို ပြန်ဆင့်ခေါ်တဲ့ အချိန်က ၂၂ ရက်နေ့နောက်ဆုံး စာရင်းပေးရမယ်၊ ၂၈ အသွင်ပြောင်း ဖေါ်ဆောင်ရေး တနှစ် ပြည့်တဲ့နေ့မှာ လုံးဝ အသွင် ပြောင်းဖို့ လက်ခံပြီးသား ဖြစ်ရမယ် ပြောတဲ့အချိန်လေ။ ကျိုင်းတုံရုံးထိုင် စိုင်းစိုးဝင်းတောင်မှ မိသားစုဝင် အားလုံးခေါ်ပြီး ၂၁ ရက် နေ့ကတည်းက မိုင်းလား ဌာနချုပ်ပြန် သွားပြီ” - ဟု ကျိုင်းတုံရှိ ရင်းနှီးသည့် အသိုင်းအ၀ိုင်း တဦးက ပြောပါသည်။

လက်ရှိ မိုင်းလား တပ်ဖွဲ့နှင့် နအဖအကြား ဆက်ဆံရေးလည်း ချောမွေ့ခြင်း မရှိသေးကြောင်း၊ ဧပြီလနှောင်းပိုင်း ကျိုင်းတုံ စရဖမှူး ဒုဗိုလ်မှူးကြီး သန်းထွဋ်သိန်း မိုင်းလား သွားရောက်စဉ်ကလည်း တဘက်သတ် ပြောဆိုပြီး မျက်နှာ မသာမယာနှင့် ပြန်သွားကြောင်း၊ မိုင်းလားဘက်ကလည်း ယခင်ကကဲ့သို့ တထူးတလည် ဧည့်ခံ ကျွေးမွေးခြင်း မရှိကြောင်း - အဆိုပါ ကားဆရာက ပြောပါသည်။

မြောက်ပိုင်းအပစ်ရပ် သျှမ်းပြည်တပ်မတော် ဥက္ကဌ ဗိုလ်ချုပ်လွယ်မောဝ်း ဦးဆောင်သည့် အဖွဲ့တချို့ အသွင်ပြောင်းရေး လက်ခံလိုက်သည့် အပေါ်လည်း မိုင်းလားတပ်ဖွဲ့က စိတ်ပျက်မိသည်ဟု မိုင်းလားတပ်ဖွဲ့ ဗဟိုကော်မတီ အစည်းအဝေးတွင် ပြောကြား ခဲ့ကြောင်းလဲ သိရသည်။

လက်ရှိအခြေအနေအရ မိုင်းလားကဲ့သို့ ကချင် KIA၊ ၀ UWSA နှင့် မြောက်ပိုင်း အပစ်ရပ် သျှမ်းပြည်တပ်မတော် တပ်မဟာ ၁ တပ်ဖွဲ့၊ မွန်ပြည်သစ် ပါတီနှင့် တခြား အဖွဲ့ငယ်များလည်း မိမိယုံကြည်ချက်အရ အသွင် ပြောင်းရေး အစီအစဉ်လက်ခံခြင်း မပြုသေးပေ။ သီးခြား အတည်မပြုနိုင်သေးသည့် သတင်းအရ အပစ်ရပ်တပ်ဖွဲ့များ အသွင်ပြောင်းရန် နအဖက ဒက်လိုင်း နောက်တလ ထပ်တိုးပေးသည်ဟု ဆိုသည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

ခွပ်ဒေါင်းအလံအသုံးပြုမှု စာပေနှင့် အနုပညာရှင်များ ကန့်ကွက်

ဖနိဒါ
ကြာသပတေးနေ့၊ မေလ ၀၆ ရက် ၂၀၁၀

ချင်းမိုင်(မဇ္ဈိမ) ။ ။ ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးပါတီ ၈၈ မျိုးဆက်ကျောင်းသား လူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) က အသုံးပြုသော အလံနှင့် ပတ်သက်၍ စာပေနှင့် အနုပညာရှင်များက ကန့်ကွက်ရန် ပြင်ဆင်နေကြသည်။

ထင်ရှားသော စာရေးဆရာများ ဖြစ်ကြသော ဒဂုံတာရာ၊ လူထုစိန်ဝင်း၊ မောင်ဝံသ တို့ပါဝင်ပြီး အနုပညာရှင်၊ စာပေစာနယ်ဇင်း အသိုင်းအဝိုင်းမှ ပုဂ္ဂိုလ် ၈ဝ ခန့်က နေပြည်တော် ရွေးကောက်ပွဲ ကော်မရှင်သို့ ကန့်ကွက်မှာ ဖြစ်သည်။

“ဒီအလံက သမိုင်းမှာ ကျောင်းသားသမဂ္ဂ ကိုင်ခဲ့တဲ့ အလံကိုး၊ ဒီလိုပါတီတခုက ဒီအလံ ပြန်သုံးတယ် ဆိုတာက မသင့်တော်ဘူးလေ။ ဒါက နိုင်ငံရေး ပါတီတခုက ပိုင်တဲ့ကိစ္စ မဟုတ်ဘူးလေ။ တမျိုးသားလုံးနဲ့ ဆိုင်တဲ့အလံပဲ၊ အမျိုးသားအမှတ် တံဆိပ် ဖြစ်နေတာကိုး” ဟု ကန့်ကွက်သည့် အထဲတွင် ပါဝင်သူတဦးက မဇ္ဈိမကို ပြောသည်။

အတိုက်အခံကျောင်းသားအဖွဲ့တခု၏ နာမည်နှင့် ဆင်တူးရိုးမှား မှည့်ဆိုထားသော စစ်အစိုးရ၏ မဟာမိတ်ပါတီက နောက်ထပ် အငြင်းပွားဖွယ်ရာ ကိစ္စတခု ပြုလုပ်လာခြင်းဖြစ်သည်။

ပြည်သူလူထုအတွင်း ရှုတ်ထွေးမှုဖြစ်အောင် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဝေဖန်သူများက ပြောသည်။

နိုင်ငံရေးပါတီ ၈၈ မျိုးဆက်ကျောင်းသား လူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ)က အသုံးပြုမည့် အလံနှင့် တံဆိပ်များကို ၇ ရက် အတွင်း အထောက်အထားဖြင့် ရွေးကောက်ပွဲ ကော်မရှင်တွင် ကန့်ကွက်နိုင်သည်ဟု ယခုလ ၁ ရက်နေ့က နေ့စဉ် သတင်းစာများတွင် ဖော်ပြခဲ့သည်။

၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) ၏ ခေါင်းဆောင် ဦးရဲထွန်းနှင့် သူ၏ အကို ဦးအေးလွင်မှာ စစ်အစိုးရ၏ အထောက်အပံ့ကို ယူပြီး မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှု ရုတ်သိမ်းရေး ဆန္ဒပြမှုများ ပြုလုပ်ခဲ့သူဖြစ်သည်။

ယခုအသုံးပြုထားသော အလံမှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ၏ အလံဖြစ်သည်ဟု မြေအောက် အဖွဲ့အစည်း တခုဖြစ်သော ဗကသက ကန့်ကွက်ကြောင်း ယနေ့ ကြေညာချက် ထုတ်ပြန်လိုက်သည်။

၁၉၆ဝ ခု အောက်တိုဘာ (၂ဝ-၂၄) ရက်နေ့အထိ ကျင်းပခဲ့သော ဗကသ ၏ ဆဌမအကြိမ် နိုင်ငံလုံး ဆိုင်ရာညီလာခံတွင် တခဲနက် အတည်ပြုခဲ့သည်ဟုလည်း ပါရှိသည်။်။

“ အာဏာရှင်ရဲ့ အလိုကျ အညံ့ခံတဲ့သူတွေက… သမိုင်းအစဉ်အလာ ကြီးမားမြင့်မြတ်တဲ့ ခွပ်ဒေါင်းအလံကို ယူသုံးခြင်းဟာ ကျမတို့ရဲ့ ပြည်သူတွေနဲ့ ကျောင်းသားထုကြီးကို စော်ကားတာပါ။” ဟု ဗကသ ပြောရေးဆိုခွင့်ရှိသူ မကြည်သာတင့်က မဇ္ဈိမကို ဆက်သွယ် ပြောကြားသည်။

၁၉၆၂ ခုနှစ် စစ်တပ်မှ အာဏာသိမ်းပြီးသည့်နောက်ပိုင်း ကျောင်းသား သမဂ္ဂမှာလည်း အခြားသော လွတ်လပ်သော အဖွဲ့အစည်းများ လိုပင် ပိတ်ပင်ခြင်း ခံခဲ့ရသည်မှာ ယနေ့တိုင်ဖြစ်သည်။

“ခွပ်ဒေါင်းအလံမှာ အဝါရောင် စက်ဝိုင်းပါတယ်။ စက်ဝိုင်းဆိုတာက ဖိနှိပ်မှု စက်ဝိုင်းပါ။ ဒီစက်ဝိုင်း အလယ်မှာ ခွပ်ဒေါင်းပါတယ်။ ဒီခွပ်ဒေါင်းရဲ့ ခြေတဘက်ဟာ စက်ဝိုင်းကို ဖိထားတယ်။ ဒေါင်း နောက်ခြေက စက်ဝိုင်းအပြင်ကို တွန်းထွက်နေတယ်။ ဒါဟာ ဖိနှိပ်မှုကို ထိုးဖောက်မယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ နောက်ခံအရောင်က အနီရောင်ပါ” ဟု မကြည်သာတင့်က ပြောသည်။

အခြေခံပညာကျောင်းသားများသမဂ္ဂကလည်း ခွပ်ဒေါင်းအလံအား ယူသုံးခြင်းကို ရှုတ်ချ ကန့်ကွက်ကြောင်း ယနေ့ ထုတ်ပြန်သည်။

နိုင်ငံတဝှမ်းအကျဉ်းထောင်များတွင် နိုင်ငံရေး ယုံကြည်ချက်ကြောင့် ထောင်ကျခံနေရသော ကျောင်းသား ၂၈ဝ ကျော်ရှိသည်ဟု ပြည်ပ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) က ပြောသည်။

၁၉၈၈ ခုနှစ်က အစိုးရဆန့်ကျင်သော လူထုအုံကြွမှုတွင် ဦးဆောင်မှုပေးခဲ့သော ကျောင်းသားခေါင်းဆောင်များက ထောင်မှ ပြန်လည် လွတ်မြောက်လာ အပြီး ၂ဝဝ၅ ခုနှစ် နှောင်းပိုင်းတွင် ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ ၂ဝဝ၇ ခုနှစ်တွင် လောင်စာဆီ ဈေးနှုန်း လျော့ချရေး ဆန္ဒပြမှုကြောင့် တဖွဲ့လုံးနီးပါး ပြန်လည် အဖမ်းခံလိုက်ရသည်။

Ref: မဇ္ဈိမ

Read More...

ကန်တော်ကြီး ဗုံးပေါက်ကွဲမှု တရားခံ (၁) ဦး ဖမ်းမိထားကြောင်း ရဲချုပ်ခင်ရီ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြား

NEJ/ ၆ မေ ၂ဝ၁ဝ

သင်္ကြန်ကာလက ရန်ကုန်တွင် ပေါက်ကွဲခဲ့သော ဗုံးပေါက်ကွဲမှုကို စုံစမ်းဖော်ထုတ်လျက် ရှိရာတွင် တရားခံ တဦးအား ဖမ်းဆီး ရရှိထားကြောင်း နအဖက ယနေ့ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

စစ်အစိုးရက ဖမ်းဆီးရမိထားသူမှာ စွမ်းအားမြှင့် မြန်မာကျောင်းသား စစ်သည်တော်များ (VBSW) က စေခိုင်းသော ရန်ကုန်မြို့ စမ်းချောင်း မြို့နယ်နေ အသက် (၃၁) နှစ်အရွယ် ကိုဖြိုးဝေအောင် ခေါ် မိုဟာမက်ယှာဗန်ဖြစ်ကြောင်း နေပြည်တော် ရဲတပ်ဖွဲ့ ဌာနချုပ်ရှိ ရဲချုပ်ရုံးတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ရဲချုပ်ခင်ရီက ပြောကြားခြင်း ဖြစ်သည်။

ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး တပတ်အကြာတွင် ကိုဖြိုးဝေအောင်အား ဖမ်းမိခြင်းဖြစ်ကြောင်း၊ ၎င်းသည် AGTI (EP) ဘွဲ့ရဖြစ်ပြီး ၂ဝဝ၆ ခုနှစ်၌ တောင်ဥက္ကလာပမြို့နယ် ဆာကူရာ ဆောက်လုပ်ရေးတွင် အင်ဂျင်နီယာ တဦးဖြစ်ကြောင်း၊ ထိုအချိန်က စွမ်းအားမြှင့်အဖွဲ့မှ ကိုသူရဇော် ခေါ် ကိုသီဟဇော်နှင့် ရင်းနှီးကာ ကန်ထရိုက် လုပ်ငန်းများ ပူးတွဲ လုပ်ကိုင်ခဲ့ကြောင်း မှတ်တမ်းများကို ကိုးကားပြီး ရဲချုပ်ခင်ရီက ရှင်းလင်း ခဲ့သည်ဟု သတင်းစာ ရှင်းလင်းပွဲ တက်ရောက်ခဲ့သူ တဦးက ပြောသည်။

ပြီးခဲ့သည့် ဧပြီလ (၁၅) ရက်၌ ကန်တော်ကြီးကန်ပတ်လမ်းရှိ X20 သင်္ကြန် ရေကစား မဏ္ဍပ်ရှေ့တွင် လက်ပစ်ဗုံး (၃) လုံးကို VBSW အဖွဲ့ဝင် (၃) ဦးက ဖောက်ခွဲခဲ့သည်ကို ကိုဖြိုးဝေအောင်က ပတ်ဝန်းကျင်အား စောင့်ကြည့်ခဲ့သူဖြစ်ကြောင်း ရဲချုပ်ခင်ရီ က ပြောသည်။

ကိုဖြိုးဝေအောင်သည် ၂ဝဝ၉ ခုနှစ် နှောင်းပိုင်းက ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ VBSW အဖွဲ့ထံသို့ (၂) ကြိမ် သွားရောက်ကာ ဖောက်ခွဲရေး သင်တန်း တက်ခဲ့ကြောင်းလည်း ရဲချုပ်က ပြောကြောင်း သိရသည်။

အဆိုပါ ဗုံးသုံးလုံးဆက်တိုက်ပေါက်ကွဲမှုကြောင့် မင်္ဂလာတောင်ညွန့်မြို့နယ် စည်ပင်အုပ်ချုပ်ရေးမှူး ဗိုလ်ကြီး သန့်ဇင်သိန်း အပါအ၀င် လူ (၁ဝ) ဦးသေဆုံးပြီး လူပေါင်း (၁၇ဝ) ခန့် ဒဏ်ရာရရှိခဲ့ကြသည်။

Ref: ခေတ်ပြိုင်

Read More...

NLD ခေါင်းဆောင်တချို့ ပါတီထောင်မည်

Thursday, May 06, 2010

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင် တချို့က ရွေးကောက်ပွဲ ဝင်ရန် ပါတီသစ်တခု သီးခြား ထောင်မည်ဟု သိရသည်။

ရွေးကောက်ပွဲကို သပိတ်မှောက်ရန် သဘောမတူခဲ့သည့် အဖွဲ့ဝင်များ ပါဝင်မည့် ယင်း ပါတီအမည်ကို “အမျိုးသား ဒီမိုကရေစီ အင်အားစု (National Democratic Force)” ဟု အမည်ပေးမည် ဖြစ်ကြောင်း NLD ခေါင်းဆောင် တဦးဖြစ်သူ ဒေါက်တာ သန်းငြိမ်းက ဧရာဝတီသို့ ပြောသည်။

“ကျနော်တို့ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဆန့်ကျင်တာ မဟုတ်ပါဘူး၊ ကျနော်တို့ရဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေ ဆက်လုပ်ဖို့ သက်သက်ပါပဲ၊ ဒီလိုမှ မလုပ်ရင် ဘာမှ ဆက်လုပ်လို့ ရမှာ မဟုတ်ဘူး” ဟု ဒေါက်တာ သန်းငြိမ်းက ဆိုသည်။

NLD သည် စစ်အစိုးရ ပြဋ္ဌာန်း ထားသည့် ရွေးကောက်ပွဲ ဥပဒေ အရ ယနေ့ မေလ ၆ ရက်နေ့ ညသန်းခေါင်ယံတွင် တည်ဆဲ တရားဝင်ပါတီ အဖြစ်မှ ပျက်ပြယ်ပြီ ဖြစ်သည်။ တည်ဆဲ ပါတီ ၁၀ ခုအနက် ၄ ခုသာ ပြန်လည် မှတ်ပုံတင်သည်။

NLD ခေါင်းဆောင်ပိုင်းမှ ဒေါက်တာ ဝင်းနိုင်၊ ဦးသိန်းညွန့်၊ ဦးစိန်လှဦးနှင့် တခြား NLD ပါတီဝင်များ ပါတီသစ်တွင် ပါဝင်မည်ဟု ဒေါက်တာသန်းငြိမ်း က ပြောသည်။

NLD ခေါင်းဆောင်တဦး ဖြစ်သူ ဦးခင်မောင်ဆွေကလည်း NLD ဗဟို ကော်မတီဝင် (CC) ၁၀၀ ကျော် အနက် ၂၀ ခန့် ပါဝင်နိုင် ကြောင်းနှင့် ၄င်းအနေနှင့်မူ အကြံပေးအဖြစ် ရှိနိုင်ကြောင်း ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်မပါဘဲ ရွေးကောက်ပွဲဝင်ရာတွင် လူထုထောက်ခံမှု ရှိမရှိနှင့် ပတ်သက်၍ ဒေါက်တာ သန်းငြိမ်းက အကောင်း မြင်ကြောင်းနှင့် ပါတီသစ် အနေဖြင့် မဲဆန္ဒနယ် မည်ရွေ့မည်မျှ ဝင်ရောက်ယှဉ်ပြိုင်မည်ကို ယခုဖွဲ့မည့် ပါတီ ခေါင်းဆောင်များက ဆုံးဖြတ်မည်ဟု ဆိုသည်။

စစ်ဘက်မှ အရပ်ဘက်သို့ ပြောင်းလာသော အဆင့်မြင့်အရာရှိများ အပါအဝင် ၂၆ ဦးကို နိုင်ငံတော် ဝန်ကြီးချုပ် ဦးသိန်းစိန်က ဦးဆောင်လျက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကို ဧပြီလ ၂၉ ရက်နေ့က ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားခဲ့သည်။

ယင်း ဦးသိန်းစိန်၏ ကြံ့ဖွံ့ပါတီက ရွေးကောက်ပွဲတွင် နေရာယူမည်မှာ သံသယ မရှိကြောင်း ဒေါက်တာသန်းငြိမ်းက ပြောဆိုသည်။

Ref: ဧရာဝတီ်

Read More...

NLD နိုင်ငံရေးပါတီအဖြစ် ရပ်တည်မှု နောက်ဆုံးနေ့

06 May 2010

မြန်မာစစ်အစိုးရရဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဟာ နိုင်ငံရေးပါတီ အဖြစ် ရပ်တည်ခွင့် ဒီကနေ့ နောက်ဆုံး ဖြစ်ပါတယ်။ လောလောဆယ် အခြေအနေမှာတော့ ရန်ကုန်မြို့က NLD ပါတီ ရုံးချုပ်နဲ့ နယ်ရုံးတွေကို ဆက်လက် ဖွင့်လှစ်ထားဖို့ ဆုံးဖြတ် ထားကြပါတယ်။ အစိုးရက NLD ပါတီကို ဖျက်သိမ်းလိုက်မယ် ဆိုရင် ပါတီအနေနဲ့ အနာဂတ်မှာ ဘယ်လို ဆက်လက် ရပ်တည်မှာပါလဲ၊ အပြည့်အစုံကို ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

မြန်မာစစ်အစိုးရက မတ်လအတွင်း ထုတ်ပြန်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ ဆိုရင် တည်ရှိဆဲ ပါတီတွေဟာ ရက်ပေါင်း ၆၀ အတွင်း ရွေးကောက်ပွဲ ကော်မရှင်မှာ ထပ်မံ မှတ်ပုံမတင်ရင် နိုင်ငံရေးပါတီအဖြစ်က အလိုအလျောက် ပျက်ပြယ်မှာ ဖြစ်ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံနိုင်တာကြောင့် ထပ်မံ မှတ်ပုံ မတင်ခဲ့ပါဘူး။

မြန်မာစစ်အစိုးရက ထုတ်ပြန်ထားတဲ့ ဥပဒေအရဆိုရင် ပါတီရဲ့ တရားဝင် တည်ရှိမှုဟာ ဒီကနေ့ သတ်မှတ်ရက် ပြည့်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် မနက်ဖြန်က စတင်ပြီး NLD ပါတီ ရုံးချုပ်ရဲ့ နိုင်ငံရေး ဆောင်ရွက်မှု ပုံစံတွေကို စတင် ပြောင်းလဲတော့မှာ ဖြစ်တယ်လို့ ပြောရေးဆိုခွင့်ရှိသူ ဦးအုံးကြိုင်က ပြောပါတယ်။

“ဌာနချုပ်ရုံးကိုတော့ မနက်ဖြန် ပုံမှန်အတိုင်းပဲ ဆက်ပြီးတော့ ဖွင့်ထားမှာပါ။ ကျနော်တို့ အဖွဲ့ဝင်တွေလည်း လာနေကြမှာပါ။ အရင် ဒေါ်အောင်ဆန်းစုကြည် ပြောထားတဲ့ အတိုင်းပဲ၊ မနက်ဖြန်ကစပြီး နိုင်ငံရေးဆန်သော လုပ်ငန်းတွေကတော့ ရပ်ဆိုင်းလိုက်တော့မှာ ဖြစ်ပါတယ်။ အစည်းအဝေး လုပ်တာတို့၊ သဘောထား ကြေညာတာတို့၊ ထုတ်ပြန်ကြေညာချက် လုပ်တာတို့ အဲဒါတွေ ရှိမှာ မဟုတ်တော့ပါဘူး။ သို့သော်လည်း ကျနော်တို့ဘာသာ စုံပြီး စကားပြောနေကြတာတို့၊ ဘာလုပ်ရရင် ကောင်းမလဲ ဆွေးနွေး နေတာတွေကတော့ ရှိကောင်း ရှိမှာပေါ့ဗျာ။”

ဒီကနေ့မှာလည်း NLD ရုံးချုပ်ကို ပုံမှန် ဖွင့်လှစ်ခဲ့ပြီး နာဂစ် လုပ်ငန်းကော်မတီနဲ့ ဗဟို အလုပ်အမှုဆောင် ဆွေးနွေးပွဲကို ကျင်းပခဲ့တယ်လို့ ဆိုပါတယ်။ NLD ပါတီဟာ တရားဝင်ပါတီ အဖြစ်က ဖျက်သိမ်းခံရရင်လည်း လူမှုရေး၊ နိုင်ငံရေး လုပ်ငန်းတွေကို အစုအစည်းမပျက် ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့လည်း ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်။

မန္တလေးတိုင်းဘက်က အခြေအနေကိုတော့ တိုင်းစည်းရုံးရေး ကော်မတီဝင် တဦးဖြစ်တဲ့ ကိုမျိုးနိုင်က အခုလို ပြောပါတယ်။

“ကျနော်တို့ကတော့ ပြီးခဲ့တဲ့ မေ ၂ ရက်နေ့က မြို့နယ်တွေနဲ့ ညှိနှိုင်းခဲ့ပါတယ်။ အဲဒါက သက်ဆိုင်ရာ မြို့နယ် အနေအထားပေါ် မူတည်ပြီးတော့ လူမှုရေး လုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ ဆိုပြီး ညှိနှိုင်း ဆွေးနွေးချက် ရှိတယ်။ ကျနော်တို့ကတော့ ဘာလေးလုပ်ပါ၊ ညာလေးလုပ်ပါလို့တော့ ပြောမထားဘူး၊ ကိုယ့်နယ်မြေ ဒေသပေါ်မှာ မူတည်ပြီး ကိုယ်လုပ်နိုင်တဲ့ ခွင်ပေါ်မှာ မူတည်ပြီး လူမှုရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့။ အဲတော့ မြို့နယ်တွေကလည်း ပြောကြပါတယ်၊ တချို့ကတော့ သာရေး၊ နာရေး ကိစ္စတွေမှာ ပိုမို ဆောင်ရွက်မယ်လို့ ပြောတယ်။ တိုင်းကတော့ နိုင်ငံရေး အကျဉ်းသား ထောင်ကျ မိသားစုများရဲ့ လူမှုထောက်ကူပြု လုပ်ငန်းတွေကို ပိုပြီးတော့ ထိထိရောက်ရောက် ဆောင်ရွက်မယ်လို့ ဆုံးဖြတ်ထားပါတယ်။”

မန္တလေးက မြို့နယ် ၄ မြို့နယ်မှာရှိတဲ့ ပါတီရုံးတွေကိုတော့ ဆက်လက် ဖွင့်လှစ်သွားမှာ ဖြစ်တယ်လို့ ကိုမျိုးနိုင်က ပြောပါတယ်။

မိတ္ထီလာမြို့နယ်ဘက်က ဆက်လက် ဆောင်ရွက်သွားမယ့် အခြေအနေကို မြို့နယ် စည်းရုံးရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ သိန်းလွင်က အခုလို ပြောပြပါတယ်။

“ကျနော်တို့ကတော့ ရွေးကောက်ပွဲ မ၀င်တာဘဲ ရှိတယ်၊ ပါတီအနေနဲ့ရော ဒီအင်အားစု အနေနဲ့ရော မပျက်ပြယ်အောင် ကျနော်တို့ မိတ္ထီလာမြို့နယ် အနေနဲ့ ၂၃ ရက်နေ့တိုင်း လစဉ် ပုံမှန် အစည်းအဝေးရှိတယ်။ ကျနော်တို့ အနေနဲ့ အစည်းအဝေး ရယ်လို့တော့ လုပ်လို့မရဘူး၊ ဆုံးဖြတ်ချက်တွေ ချလို့မရဘူး။ ဒါပေမဲ့ ကျနော်တို့ တွေ့ဆုံပွဲပေါ့၊ လာနေကြအတိုင်းပဲ လာကြပါ၊ စကားဝိုင်းပုံစံမျိုးပဲ ဖြစ်ဖြစ်၊ တွေ့ဆုံပွဲ ပုံစံမျိုးပဲဖြစ်ဖြစ်၊ အစည်းအဝေးတော့ မဟုတ်ဘူး၊ အာဂျင်ဒါ မပါဘူး၊ ဆုံးဖြတ်ချက် မချဘူး။ ဒါပေမဲ့ ကျနော်တို့ အမြဲတမ်း ဒီလိုပဲ ထိတွေ့နေမယ်။

“ကျနော်တို့က လုပ်ရိုးလုပ်စဉ် လုပ်ငန်းတွေကို ဆက်လက်ပြီး အမည်မခံဘဲနဲ့ လုပ်ရိုးလုပ်စဉ်အတိုင်း ဆက်လုပ်သွားမှာပဲ။ ကျနော်တို့ ဒီအတိုင်းချည်း ပါတီလည်း မရှိတော့ဘူး၊ ဘာမှလုပ်စရာ မရှိတော့ဘူးဆိုပြီး ထိုင်သွားမှာ မဟုတ်ဘူး။”

ပါတီ တရားဝင် ရပ်တည်ခွင့် မရရင်တောင် ပါတီဝင်တွေ ဆက်လက် စုစည်းဖို့နဲ့ နိုင်ငံရေး၊ လူမှုရေး လှုပ်ရှားမှုတွေကို မိတ္ထီလာ မြို့နယ်မှာသာမက နီးစပ်ရာ သာစည်၊ ၀မ်းတွင်း၊ မလှိုင် စတဲ့ မြို့တွေမှာပါ ဆက်စပ် အကောင်အထည် ဖော်သွားမယ်လို့ ဆက်ပြောပါတယ်။

မတ္တရာမြို့နယ်မှာတော့ ပါတီရဲ့ တရားဝင် ရပ်တည်မှုဟာ သတ်မှတ်ရက် ပြည့်ပြီ ဖြစ်တာကြောင့် ဒီနေ့ ပါတီဆိုင်းဘုတ် ဖြုတ်ချခဲ့ပါတယ်။ ဒါပေမဲ့ ဗဟို ညွှန်ကြားချက်အတိုင်း ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ မတ္တရာမြို့နယ်က NLD ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်သန်းက ပြောပါတယ်။

“ကျနော်တို့က ၆ ရက်နေ့မှာ မှတ်ပုံမတင်ဘူးဆိုရင်၊ အဲဒီအခြေအနေပေါ်မှာ မူတည်ပြီး ရုံးကတော့ ဒီနေ့ လုပ်လိုက်တဲ့ သဘောပဲ ရှိတယ်။ ရုံးပိတ်တယ်ဆိုတာ ဒီနေ့ ဆိုင်းဘုတ် ချလိုက်တယ်။ ကျနော်တို့က ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ရရှိရေးအတွက် ဆက်လုပ်မယ်။ လက်မြှောက် အညံ့ခံ အရှုံးပေးလိုက်တာ မဟုတ်ပါဘူး။ ကျနော်တို့က ဒီအပေါ်မှာ ဘယ်နည်းနဲ့ ဆက်သွားရမလဲ၊ လူမှုရေးလုပ်ငန်း လုပ်လို့ရမလား၊ လူမှုရေး လုပ်ငန်းတွေ လုပ်ဖို့ ဗဟိုက ညွှန်ကြားလာရင်၊ အခြေအနေ တခုအပေါ်မှာ မူတည်ပြီး ညွှန်ကြားလာရင် ကျနော်တို့က လုပ်သင့်လုပ်ထိုက်တာ အကုန် လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက် ရှိပါတယ်။”

မတ္တရာမြို့နယ် အတွင်းက တောင်ပြုံးကျေးရွာမှာလည်း မနေ့က ပါတီဆိုင်းဘုတ် ဖြုတ်ချခဲ့ပါတယ်။

မြစ်ကြီးနားနဲ့ ရေနံချောင်း မြို့တွေမှာတော့ ဒီနေ့အထိ ရုံးတွေကို ဖွင့်လှစ်ထားဆဲဖြစ်ပြီး နောက်ရက်တွေမှာလည်း ဆက်လက် ဖွင့်လှစ် သွားဖို့ ဆုံးဖြတ် ထားတယ်လို့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီနေ့အချိန်ထိတော့ ဗဟိုနဲ့ အခြားမြို့ကြီး အတော်များများမှာ ပါတီဆိုင်းဘုတ် ဖြုတ်ဖို့အတွက် အာဏာပိုင်တွေ ဘက်က ဖိအားပေးတာ မရှိဘူးလို့ သိရပါတယ်။

စစ်အစိုးရ ထုတ်ပြန်ခဲ့တဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေအရ တည်ရှိဆဲ ပါတီတွေဟာ သတ်မှတ်ရက်အတွင်း မှတ်ပုံမတင်ရင် ပါတီရပ်တည်ခွင့် ပျက်ပြယ်မယ့်သဘော ရှိနေတာကြောင့် ဒါကို တားမြစ်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က တရားရုံးချုပ်ကို ပြီးခဲ့တဲ့ လကုန်ပိုင်းတုန်းက လျှောက်ထားခဲ့ပါတယ်။ ဒါပေမဲ့ ရန်ကုန်တိုင်း တရားရုံးက မနေ့က အဲဒီ လျှောက်ထားချက်ကို ပယ်ချခဲ့ပါတယ်။

Ref: VOA News

Read More...

ဒီကေဘီအေကြား သဘောကွဲ

ကျော်ခ
ကြာသပတေးနေ့၊ မေလ ၀၆ ရက် ၂၀၁၀

ချင်းမိုင် (မဇ္ဈိမ) ။ ။ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော် DKBA ၏ ထိပ်ပိုင်းခေါင်းဆောင် အချို့ကြားတွင် နယ်ခြားစောင့် တပ် အသွင်ပြောင်းရေး အပေါ် သဘောထား ကွဲလွဲမှုများ ဖြစ်နေကြောင်း တပ်မှူးများက ဝန်ခံပြောကြားသည်။

အင်အား ၇ဝဝဝ အနည်းဆုံးရှိသော DKBA အင်အားကို စစ်အစိုးရက ၁ဝဝဝ အထိလျော့ချ ခိုင်းခံနေရစဉ် သဘောကွဲမှုမှာ လူသိရှင်ကြား ဖြစ်လာသည်။

“အရင်က DKBA တံဆိပ်၊ DKBA အလံနဲ့နေပြီး အသက်မွေး ဝမ်းကျောင်းလည်း ဒီအပေါ်မှာ လုပ်နေပြီး၊ အဲဒါတွေအားလုံး ရုပ်သိမ်း ခံလိုက်ရပြီးတော့.. စစ်တပ်အောက်မှာ မနေချင်ဘူး ဆိုတာမျိုးတွေ ရှိနေတာပေါ့” တပ်မဟာ ၉၉၉ လက်အောက်ခံ တပ်ရင်းမှူးတဦးက မဇ္ဈိမကို ပြောသည်။

DKBA တွင် အဓိက စစ်အင်အားအဖြစ် တပ်မဟာ ၃ ခုရှိပြီး ဗိုလ်မှူးချုပ် မောင်ကြည် ဦးဆောင်သော ၃၃၃၊ ဗိုလ်မှူးချုပ် ပြားပြား ဦးဆောင်သည့် ၅၅၅၊ ဗိုလ်မှူးချုပ် ဖားနွီး ဦးဆောင်သည့် ၉၉၉ တို့ဖြစ်ပြီး အမာခံအင်အား ၇ဝဝဝ ကျော်ရှိရှိမည်ဟု လေ့လာသူများက ခန့်မှန်း ထားကြသည်။

နယ်ခြားစောင့်တပ်အဖြစ် ပြောင်းရန်ကို ဥက္ကဌ ဦးသာထူးကျော်က သဘောတူသော်လည်း တပ်မှူးအချို့က မလိုက်နာ လိုကြပေ။ သို့သော်လည်း သဘော မတူသောဘက်က အင်အားမည်မျှ ရှိသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။

ဝေဖန်သူများကမူ အပစ်ခတ်ရပ်စဲပြီးနောက် စီးပွားရေး အခွင့်အလမ်းများရနေသော DKBA အနေဖြင့် စစ်အစိုးရကို တင်းတင်းမာမာ ငြင်းဆန်ရန် ခဲယဉ်းသည်ဟု ပြောသည်။

ယခင်လကုန်ပိုင်းက DKBA ဌာနချုပ်ရှိရာ မြိုင်ကြီးငူ၌ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူး ဗိုလ်ချုပ်ဇော်မင်း ဦးဆောင်သည့် အဖွဲ့နှင့် DKBA ခေါင်းဆောင်အချို့ ဆွေးနွေးကြရာ DKBA တပ်မင်းအချို့ မတက်ရောက်ဘဲ ရှောင်နေခဲ့သည်။

နယ်ခြားစောင့်တပ် အသွင်ပြောင်းလျင် DKBA ကို အင်အား ၁ဝဝဝ ကျော်အထိလျော့ချရန် စစ်အစိုးရကညွှန်ကြားမှုနှင့် ပတ်သက်၍ အစည်းအဝေး တွင်လည်း သဘောတူမှု မရဘဲဖြစ်ခဲ့သည်။ ထို့နောက် DKBA တပ်သားတချို့ KNU ကြီးစိုးရာ နယ်မြေအချို့တွင် အရပ်သားအဖြစ် ပြောင်းလဲ နေထိုင်ကြသည်ဟု သတင်းများ ထွက်ပေါ်လာသည်။

ရန်ဘက် ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စောလှငွေက မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှုနှင့် မပတ်သက်သူ၊ KNU ၏ ဦးဆောင်မှုကို ခံယူနိုင်သူဖြစ်လျှင် လက်ခံမည်ဟု ပြောသည်။

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် လက်နက်ကိုင် တော်လှန်နေသော KNU မှ ခွဲထွက်ကာ ၁၉၉၄ နှစ်ကုန်ပိုင်းတွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး မဟာမိတ် ဖွဲ့ခဲ့သော DKBA မှာ ယခင် KNU ထိန်းချုပ်ရာ နယ်မြေအချို့ကို ထိန်းချုပ်ခွင့်နှင့်အတူ သစ်လုပ်ငန်း၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းနှင့် အခွန်အတုတ် ကောက်ပိုင်ခွင့်တို့ ရရှိသည်။ ထို့အပြင် တပ်အချို့က မက်သာဖီသမင်း စိတ်ကြွဆေးပြား ရောင်းဝယ် ဖောက်ကားမှုနှင့် ပတ်သက်၍ နာမည်ဆိုး ထွက်သည်။

Ref: မဇ္ဈိမ

Read More...

Thursday, May 6, 2010

အံကြိတ် လက်သီးဆုပ် မျက်လုံးချင်း စေ့စေ့ဆိုင်ကြည့် မျက်တောင် မခတ်တမ်း

ဂါမဏိ
၅/ မေ ၂၀၁၀

(၁)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၀၉ ခု ဧပြီ (၂၉) ရက်မှာ ရွှေဂုံတိုင် ကြေညာချက်ကို ထုတ်ပြန်ပြီး ရွေးကောက်ပွဲ ဝင်နိုင်ဖို့ အနိမ့်ဆုံး လိုအပ်ချက်တွေကို ပြတ်ပြတ်သားသား သတ်မှတ်ခဲ့ပါတယ်။ ဒီထဲမှာ နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးဖို့၊ နာဂစ် အခြေခံဥပဒေကို ပြန်သုံးသပ်ဖို့၊ နိုင်ငံရေး ပါတီအားလုံး လွတ်လပ်စွာ ဖွဲ့စည်း လှုပ်ရှားခွင့်ရှိဖို့၊ ၉၀ ရွေးကောက်ပွဲ ရလဒ်တွေကို တနည်းနည်းနဲ့ အသိအမှတ်ပြုဖို့၊ တွေ့ဆုံ ဆွေးနွေးကြဖို့ ဆိုတဲ့ ရပ်တည်ချက်တွေကို ကြေညာထားပြီး ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့လည်း ခုနပြောတဲ့ အချက်တွေ အပြင် နိုင်ငံတကာ ကြီးကြပ်မှုအောက်မှာ လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပပေးရင် ဝင်ဖို့ စဉ်းစားမယ်လို့ ရှင်းရှင်းလင်းလင်း သတ်မှတ်ခဲ့ပါတယ်။

နအဖစစ်အစိုးရဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သဘောထားတွေကို ဂရုမစိုက်ဘဲ မတ်လ (၈) ရက်နေ့စွဲနဲ့ ရွေးကောက်ပွဲ ဥပဒေ၊ နိုင်ငံရေးပါတီ မှတ်ပုံတင် ဥပဒေတွေ ထုတ်ခဲ့ပါတယ်။ ဒီဥပဒေတွေ ထဲမှာ ၉၀ ရွေးကောက်ပွဲ ရလဒ် ပျက်ပြယ်ပြီလို့ ဇွတ်အတင်း ထည့်ထားသလို ရက် (၆၀) အတွင်း မှတ်ပုံ ပြန်မတင်ရင် အဖွဲ့ချုပ်ဟာ ပါတီအဖြစ်က ပျက်ပြယ် မယ်လို့လည်း ထည့်သွင်း ခြိမ်းခြောက်ထားပါတယ်။

အဖွဲ့ချုပ်ဟာ မတ်လ (၂၉) ရက်မှာ ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးထိုင်ပြီး မှတ်ပုံ မတင်ဖို့နဲ့ ရွေးကောက်ပွဲ မဝင်ဖို့ တညီ တညွတ်တည်း ဆုံးဖြတ်ခဲ့ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာ ဒုတိယ မဲအများဆုံးရခဲ့တဲ့ လက်ရှိ တရားဝင် ရပ်တည်ခွင့်ရ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း ၂၀၁၀ ရွေးကောက်ပွဲ အတွက် မှတ်ပုံ မတင်ဘူးလို့ မေ (၃) ရက်မှာ ဆုံးဖြတ် ကြေညာခဲ့ပါတယ်။

မှတ်ပုံပြန်တင်ဖို့ နအဖရဲ့သတ်မှတ်ရက်က မေ (၆) ရက်မှာ ပြည့်မှာ ဖြစ်ပါတယ်။

(၂)
၂၀၀၉ ခု မတ်လမှာ နအဖဟာ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကို နယ်ခြားစောင့်တပ် သို့မဟုတ် အိမ်စောင့်တပ် အဖြစ် အသွင်ပြောင်းပြီး နအဖ ဦးဆောင်မှုကို အကြွင်းမဲ့ ခံယူဖို့နဲ့ မိမိတို့နယ်မြေ မိမိတို့ တိုင်းရင်းသား ပြည်သူတွေကို နအဖ လက်အောက် ထိုးအပ်၊ မိမိတို့ တိုင်းရင်းသား အဖွဲ့အစည်းတွေကို ဖျက်သိမ်းဖို့ အမိန့် ပေးလာပါတယ်။

ဒီလိုအသွင်ပြောင်းဖို့အတွက် ၂၀၀၉ မေလကုန်မှာ စာရင်းပေးပြီး စက်တင်ဘာလကုန်မှာ အပြီးပြောင်းလဲဖို့ နအဖက ရက်သတ်မှတ်ခဲ့ပါတယ်။ တပ်တွေကို အသွင်ပြောင်း၊ ခေါင်းဆောင်တွေက ပါတီမှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်၊ ဒီလိုမလုပ်ရင် မတရားသင်း ကြေညာပြီး တိုက်မယ်လို့ နအဖက ဖိအားပေး ခြိမ်းခြောက် တာတွေ လုပ်ခဲ့ပါတယ်။

ဒီမိုကရေစီသစ်တပ်မတော် (ကချင်ပြည်နယ်)၊ ကချင်ကာကွယ်ရေးတပ်၊ ပအိုဝ်းအမျိုးသားအဖွဲ့၊ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေး တပ်ဦး၊ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်တို့က အသာတကြည် ခေါင်းညိတ်ခဲ့ပါတယ်။ ခေါင်းညိတ်ပေမယ့် ဒီမိုကရေစီသစ် တပ်မတော် (ကချင်ပြည်နယ်) က ၂၀၁၀ လွှတ်တော်မှာ နအဖ စစ်တပ်အတွက် ထားတဲ့ (၂၅) ရာခိုင်နှုန်းထဲမှာ အပစ်ရပ် တပ်တွေကိုပါ ထည့်သွင်းဖို့ မရဲတရဲ တောင်းဆို သွေးတိုး စမ်းခဲ့ပါသေးတယ်။

ဒါပေမယ့် ဝပြည်သွေးစည်းညီညွတ်ရေးပါတီ၊ ကချင်ပြည် လွတ်လပ်ရေးအဖွဲ့၊ ရှမ်းအရှေ့ နိုင်ငံရေးနှင့် ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့ (ဝါ) အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (မိုင်းလား အထူးဒေသ-၄)၊ မွန်ပြည်သစ်ပါတီ၊ ရှမ်းပြည်တပ်မတော်၊ ကယန်းပြည်သစ်ပါတီ၊ မြန်မာနိုင်ငံ အမျိုးသား ဒီမိုကရေစီ မဟာမိတ်အဖွဲ့ (ကိုးကန့်) တို့က နယ်ခြားစောင့်တပ် လုပ်ရေးကို ပယ်ချခဲ့ကြပါတယ်။ အဲဒီအခါ ၂၀၀၉ သြဂုတ်လမှာ နအဖဟာ မြန်မာနိုင်ငံ အမျိုးသား ဒီမိုကရေစီ မဟာမိတ်အဖွဲ့ကို စမ်းသပ် တိုက်ကွက်ဖော် ချေမှုန်း ပစ်ခဲ့ပါတယ်။

ဝပြည်သွေးစည်းညီညွတ်ရေးပါတီက နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးနဲ့ ပတ်သက်ပြီး တောင်းဆိုချက် (၉) ချက်ကို ၂၀၀၉ နိုဝင်ဘာ (၁၀) ရက်မှာ နအဖဆီ ပေးပို့ခဲ့ပေမယ့် နအဖက လုံးဝ ပယ်ချခဲ့ပါတယ်။ အထူးဒေသ-၄ မိုင်းလား ငြိမ်းချမ်းရေးအဖွဲ့က ဖေဖော်ဝါရီ (၂၈) ရက်မှာ အဆိုပြုချက် (၆) ချက် တင်ခဲ့တာကိုလည်း နအဖက ပယ်ချခဲ့ပါတယ်။

၂၀၁၀ မတ်လမှာ နအဖက အပစ်ရပ်အဖွဲ့တွေ နယ်ခြားစောင့်တပ် အဖြစ် ဧပြီလကုန် (၂၂) ရက် သို့မဟုတ် (၂၈) ရက်မှာ အပြီးပြောင်းဖို့ (၅) ကြိမ်မြောက် ရက်ချိန်း ထပ်ပေးခဲ့ပြန်ပါတယ်။ ဒီရက်ချိန်း မရောက်ခင်မှာ ရှမ်းပြည် တပ်မတော်နဲ့ ကယန်းပြည်သစ် ပါတီတို့က အိမ်စောင့်တပ် အတွက် လူစာရင်းကို နအဖဆီ ပေးလိုက်ပါတယ်။ ဒါပေမယ့် ရှမ်းပြည်တပ်မတော် တပ်မဟာ (၁) ကတော့ ရှမ်းပြည်တပ်မတော် လူစာရင်း ပေးတဲ့အထဲ မပါဝင်ဘဲ နေပါတယ်။

ဧပြီ (၃) ရက်မှာ ဝ က ထိုင်းနယ်စပ်က (၁၇၁) စစ်ဒေသကို ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ဒေသထဲ ထည့်ဖို့ တောင်းဆိုချက်ကို (တရုတ်နိုင်ငံ အကြံပေးတဲ့အတိုင်း) စွန့်လွှတ်တာ၊ တပ်ရင်းအဆင့်မှာ နအဖစစ်သား (၆) ယောက် ထည့်တာ အပါအဝင် အဆိုပြုချက်သစ် (၈) ချက်တင်တာကို နအဖက (၉) ရက်နေ့မှာ ပယ်ချခဲ့ပါတယ်။ ကချင်ပြည် လွတ်လပ်ရေး အဖွဲ့က ဧပြီ (၁၈) ရက်မှာ၊ မွန်ပြည်သစ် ပါတီက ဧပြီ (၂၂) မှာ နယ်ခြားစောင့်တပ် သို့မဟုတ် အိမ်စောင့်တပ် အသွင်ပြောင်းရေးကို အပြီးအပြတ် ငြင်းပယ်ခဲ့ပါတယ်။ ကေအန်ယူက ခွဲထွက်ပြီး နအဖနဲ့ စေ့စပ်သွားခဲ့တဲ့ တပ်မဟာ (၇) မှူးဟောင်း ဗိုလ်ဌေးမောင်ရဲ့ ကေအန်ယူ ငြိမ်းချမ်းရေး ကောင်စီကလည်း ဧပြီ (၂၁) ရက်မှာ နယ်ခြားစောင့်တပ် မလုပ်နိုင်ကြောင်း ပြတ်ပြတ်သားသား အကြောင်း ပြန်လိုက်ပါတယ်။ တိုးတက်သော ကရင်ဗုဒ္ဓဘာသာ အဖွဲ့ထဲမှာလည်း နယ်ခြားစောင့်တပ် လုပ်ဖို့ ငြင်းဆန်သူတွေ ပေါ်လာ နေပါတယ်။

နအဖတပ်ထဲမှာလည်း နယ်ခြားစောင့်တပ်ထဲသွား တာဝန်မယူချင်တာတွေ ဖြစ်နေသလို တိုင်းအဆင့် ဗျူဟာအဆင့်က သန်းရွှေ-မောင်အေး ကျေနပ်အောင် နယ်ခြားစောင့်တပ် လုပ်မယ့် လူအင်အား စာရင်းတွေ လိမ်တင်တာလည်း ဖြစ်နေပါတယ်။ နယ်ခြားစောင့်တပ်ကို သွားခိုင်းဖို့ကလည်း ကလေးစစ်သားတွေ အများစု ဖြစ်နေပါတယ်။

နအဖက သာစည်၊ တောင်ကြီး၊ သီပေါ၊ လားရှိုး၊ ဗန်းမော်၊ မြစ်ကြီးနား၊ မော်လမြိုင်တို့ကို ဖြတ်ပြီး စစ်ကားတွေ၊ တင့်ကားတွေ၊ အမြောက်တွေ သယ်ယူ ပို့ဆောင်ပြခဲ့ပါတယ်။ အမ်အိုင်ဂျီ (၂၉) လေယာဉ်တွေ ဓာတ်ဆီ အကုန်ခံ ပျံပြတာလည်း လုပ်ခဲ့ပါတယ်။ တပ်မဘယ်နှခု၊ တပ်ရင်းဘယ်နှရင်း ဘယ်နယ်စပ် ဒေသတွေကို ပို့ထားပြီဆိုတဲ့ သတင်းတွေလည်း လွှင့်ခဲ့ပါတယ်။ ဒါပေမယ့် ဧပြီ (၂၂) ရက်၊ (၂၈) ရက်တွေ ကျော်သွားခဲ့ပါပြီ။ အပစ်ရပ် အဖွဲ့တွေက ကြံ့ကြံ့ခိုင် ရင်ဆိုင်ဆဲ ဖြစ်ပါတယ်။

(၃)
၁၉၆၂ ခု အောက်တိုဘာ (၁၄) ရက်မှာ အမေရိကန်သူလျှို လေယာဉ်က အမေရိကန်နိုင်ငံနဲ့ မိုင် (၉၀) ဝေးတဲ့ ကျူးဘားနိုင်ငံမှာ ရုရှ ဒုံးပျံစခန်းတွေ ဆောက်နေတာကို ထောက်လှမ်း တွေ့ရှိခဲ့ပါတယ်။ ဒီဒုံးပျံတွေဟာ မိုင် (၂,၄၀၀) အဝေးကို ပစ်နိုင်ပြီး အဏုမြူ ထိပ်ဖူးတွေ တပ်ထားပါတယ်။

အောက်တိုဘာ (၁၆) ရက်မှာ သမ္မတ ကနေဒီ တက်ရောက်တဲ့ အမျိုးသား လုံခြုံရေးကောင်စီ အစည်းအဝေးက နည်းလမ်း (၅) ခု စဉ်းစားခဲ့ပါတယ်။ ဒီအတိုင်း လွှတ်ထားဖို့၊ သံတမန်ဖိအား သုံးပြီး ဒုံးပျံတွေ ရုပ်သိမ်းစေဖို့၊ ဒုံးပျံစခန်းတွေကို လေကြောင်းက တိုက်ခိုက်ဖို့၊ ကျူးဘားနိုင်ငံကို တင်းပြည့် ကျပ်ပြည့် စစ်အင်အားသုံး ကျူးကျော် သိမ်းပိုက်ဖို့၊ ကျူးဘားနိုင်ငံကို ရေတပ် အင်အားသုံး ပိတ်ဆို့ထားဖို့ ဆိုတဲ့ နည်းလမ်းတွေ ဖြစ်ပါတယ်။ ပူးတွဲ စစ်ဦးစီးချုပ်များ အဖွဲ့ကတော့ တင်းပြည့်ကျပ်ပြည့် ကျူးကျော် တိုက်ခိုက်ဖို့ နည်းလမ်းကို ရွေးချယ် အဆိုပြုခဲ့တယ်။

နောက်ပိုင်းမှာ ဗီယက်နမ်စစ် လက်သည်လို့ နာမည်ကြီးခဲ့တဲ့ ကာကွယ်ရေးဝန်ကြီး မက္ကနာမားရား ကတော့ ဒီဒုံးပျံ အစင်း (၄၀) လောက်ဟာ ဘာမှ မပြောပလောက်ဘူး၊ အရေးလုပ်စရာ မဟုတ်ဘူးလို့ သဘောထား ပေးခဲ့ပါတယ်။ (အဲဒီတုန်းက အမေရိကန်မှာ ဒုံးပျံ အစင်း (၅,၀၀၀) လောက်ရှိနေပြီး ရုရှမှာတော့ (၃၀၀) ကျော်ပဲ ရှိလို့တဲ့။) စစ်ရေးအရ အရေးမထားလောက်ပေမယ့် နိုင်ငံရေး အရတော့ အမေရိကန် အကြီးအကျယ် သိက္ခာကျစရာ ဖြစ်မယ်လို့တော့ အမေရိကန် အမျိုးသား လုံခြုံရေးကောင်စီက တညီတညွတ်တည်း သဘော တူကြပါတယ်။ ဒါနဲ့ နည်းလမ်း (၅) ခုမှာ ရေတပ်နဲ့ ပိတ်ဆို့ရေးကို ဆုံးဖြတ် လိုက်ပါတယ်။

အောက်တိုဘာ (၂၂) ရက်မှာ ကျူးဘားမှာ ဒုံးပျံတွေ ရောက်နေတဲ့ ကိစ္စကို အမေရိကန်က တကမ္ဘာလုံးကို အသိပေးလိုက်ပြီး ရေတပ်နဲ့ ပိတ်ဆို့မယ်လို့ ကြေညာ လိုက်ပါတယ်။

အောက်တိုဘာ (၂၄) ရက်မှာ အမေရိကန်ရေတပ်က ကျူးဘားနိုင်ငံကို မိုင် (၈၀၀) အကွာကနေ စတင်ပိတ်ဆို့ လိုက်ပါတယ်။ တကမ္ဘာလုံးမှာရှိတဲ့ အမေရိကန် တပ်တွေကိုလည်း အဆင့် (၂) တပ်လှန့် အခြေအနေ လုပ်ထား လိုက်ပါတယ်။ ဒါဟာ ငြိမ်းချမ်းနေတဲ့ ကာလမှာ အမြင့်ဆုံး တပ်လှန့် အခြေအနေ ဖြစ်ပါတယ်။ တပ်လှန့် ကြေးနန်းစာကိုလည်း ဝှက်စာ မသွင်းဘဲ ဗြောင်ပို့ခဲ့တယ်။ ကျူးဘားကို သွားတဲ့ သင်္ဘောအားလုံးကို ရပ်ခိုင်းပြီး တက်ရှာတာ လုပ်တယ်။ မသွားစေချင်တဲ့ သင်္ဘောတွေကို ပြန်လှည့်ခိုင်းတယ်။ မရပ်တဲ့ သင်္ဘောတွေကို ပစ်ခတ် ရပ်တန့်ပစ်ဖို့ အမိန့်အပြတ် ပေးထားတယ်။ စစ်လက်နက် မပါတဲ့ သင်္ဘောတွေကိုတော့ ဖြတ်သွားခွင့် ပေးပါတယ်။

ရုရှကလည်း ပင်လယ်ပြင်မှာ ပင်လယ်ဓားပြ အလုပ်မျိုးကို လက်မခံနိုင်ဘူး၊ လိုအပ်သလို အင်အားသုံး တုံ့ပြန်မယ်လို့ အကြောင်း ပြန်ခဲ့တယ်။ ဒီအချိန်မှာ အဏုမြူဒုံးပျံတွေ တင်ထားတဲ့ ရုရှ သင်္ဘောတွေဟာ ကျူးဘားကို ဦးတည်လာနေပါတယ်။

(၂၅) ရက်မှာတော့ အမေရိကန်က အဏုမြူဗုံးတွေကို ဗုံးကြဲ လေယာဉ်တွေပေါ် စ,တင်ခဲ့ပါတယ်။

(၂၆) ရက်မှာ ရုရှဝန်ကြီးချုပ်က ဒုံးပျံတွေ ရုပ်သိမ်းပေးမယ်၊ အမေရိကန်ကလည်း ကျူးဘားကို မကျူးကျော်ဘူး ဆိုတာ ကတိပေးရမယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။ (၂၇) ရက်မှာ တူရကီမှာရှိတဲ့ အမေရိကန် ဒုံးပျံတွေ ရုပ်ပေးဖို့လည်း ရုရှက တောင်းဆိုခဲ့ပါတယ်။ (၂၇) ရက်မှာပဲ ကျူးဘားမှာရှိတဲ့ ရုရှ အဏုမြူဒုံးပျံတွေကို ပစ်ခတ်ဖို့ အသင့်အနေအထား လုပ်ခဲ့တယ်။ ကျူးဘား သမ္မတ ကက်စထရိုကလည်း အမေရိကန် လေယာဉ်တွေကို တွေ့သမျှ ပစ်ချဖို့ အမိန့်ပေးခဲ့တယ်။ ရုရှကနေ အမေရိကန်ကို စတိုက်ဖို့လည်း ရုရှဝန်ကြီးချုပ်ကို တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။ အမေရိကန် သူလျှို လေယာဉ် တစီးကိုလည်း ကျူးဘားက ပစ်ချခဲ့ပါတယ်။ တခြား စစ်လေယာဉ်တွေကိုလည်း ပစ်ပေမယ့် ထိခိုက်မှု မရှိခဲ့ပါဘူး။ အဏုမြူ တော်ပီဒိုတွေ တပ်ဆင်ထားတဲ့ ရုရှ ရေငုပ်သင်္ဘောတွေကို တားဆီးဖို့ ရေမြှုပ်ဗုံးတွေကိုလည်း အမေရိကန်ရေတပ်က ချခဲ့ပါတယ်။

အောက်တိုဘာ (၂၈) ရက်မှာတော့ ရုရှစစ်သင်္ဘောတွေဟာ နောက်ပြန် လှည့်သွားပါတော့တယ်။ အဲဒီနေ့မှာပဲ ရုရှတွေက ဒုံးပျံတွေ ရုပ်သိမ်းပေးမယ်၊ အမေရိကန်က ကျူးဘားကို မကျူးကျော်ဖို့ အာမခံမယ်ဆိုပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဦးသန့်ရှေ့မှာ နှစ်ဘက်သဘောတူ လက်မှတ် ထိုးခဲ့ကြပါတယ်။ ရုရှနိုင်ငံနဲ့ ကပ်နေတဲ့ တူရကီ နိုင်ငံမှာရှိတဲ့ အမေရိကန် အဏုမြူ ဒုံးပျံတွေကိုတော့ နောက် (၆) လအကြာမှာ အမေရိကန်က ရုပ်သိမ်း ပေးလိုက်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဒင်းရပ်စ်က “ကျုပ်တို့ တယောက်ကို တယောက် မျက်လုံးချင်း စေ့စေ့ဆိုင် ကြည့်နေခဲ့ကြတာ ဟိုဘက်ကကောင်က မျက်တောင် ခတ်သွားတယ်” We've been eyeball to eyeball and the other fellow just blinked. လို့ သမိုင်းဝင်မှတ်ချက်စကား ပြောခဲ့ပါတော့တယ်။

အမေရိကန်သမ္မတ အိုင်စင်ဟောင်ဝါကို “ခင်ဗျားမြေးတွေ လက်ထက်ကျရင် အမေရိကန်နိုင်ငံဟာ ကွန်မြူနစ် စနစ်အောက် ရောက်နေလိမ့်မယ်” လို့ ခြိမ်းခြောက်ခဲ့ဖူးတဲ့ ရုရှဝန်ကြီးချုပ်ဟာ ၁၉၆၂ ခု ကျူးဘား အရေးအခင်းမှာ နိုင်ငံရေးအရ သိက္ခာကျ ရှုံးနိမ့်သွားခဲ့တာဟာ နောက်နှစ်ပေါင်း (၃၀) အကြာမှာ ဆိုဗီယက် ရုရှနိုင်ငံ ပြိုကွဲတဲ့အထိ ဦးတည် သွားခဲ့ပါတော့တယ်။ ဒါပေမယ့် ဒီကြားထဲမှာ ၁၉၆၈ ခု ချက်ကို စလိုဗေးကီးယားကို ကျူးကျော်တာ၊ ၁၉၇၉ ခု အာဖဂန်နစ္စတန်ကို ကျူးကျော်တာတွေတော့ ထလုပ်ခဲ့ ပါသေးတယ်။ နောက်ဆုံးတော့ ကွဲသွားတာပါပဲ။

(၄)
နအဖနဲ့ အန်အယ်လ်ဒီ၊ နအဖနဲ့ အပစ်ရပ်အဖွဲ့တွေ တယောက်ကိုတယောက် မျက်လုံးချင်း စေ့စေ့ဆိုင် ကြည့်နေကြပါတယ်။ စိတ်ဓာတ်ချင်း ပြိုင်ရာမှာ ဘယ်သူက မျက်တောင် အရင်စ,ခတ်မလဲ။ ။

Ref: ခေတ်ပြိုင်

Read More...

“တပ်မတော်အစိုးရ”ဟု ရေးသား ဖော်ပြခွင့်မပြု

နရီလင်းလက် Wednesday, May 05, 2010

မီဒီယာများတွင် လက်ရှိ အစိုးရကို "တပ်မတော် အစိုးရ" ဟု ခေါ်ဝေါ် သုံးစွဲခြင်း မပြုကြရန် ကာကွယ်ရေးဦးချုပ် (ကြည်း) ၏ ညွှန်ကြားချက် မကြာသေးမီက ထွက်ပေါ်လာကြောင်း သိရသည်။

ပြီးခဲ့သည့်လ ၂၆ ရက်နေ့က ကာကွယ်ဝန်ကြီးဌာန၏ မီဒီယာများ၊ ပြန်ကြားရေး ၀န်ကြီးဌာန၏ သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြား ဌာနများသို့ ညွှန်ကြားခဲ့ခြင်း ဖြစ်သည်ဟု နေပြည်တော်မှ အဆင့်မြင့် အရာရှိ တဦးက ဆိုသည်။

“၀န်ကြီးချုပ် ဦးသိန်းစိန် ဦးဆောင်နေတဲ့ အစိုးရ အဖွဲ့ကို အဓိက ထားပြီး ဒီအမိန့် ထုတ်ပေးတာ။ စစ်ဘက်က လူတွေ တော်တော် များများ ပါတီဖွဲ့ပြီး အရွေးခံဖို့ စစ်ရာထူးတွေကနေ အနားယူထားပြီး စစ်အစိုးရလို့ ဆက်သုံးနေရင် မကိုက်ညီ တော့ဘူးလေ။ ပြည်ထောင်စု မြန်မာ နိုင်ငံတော် အစိုးရလို့ပဲ သုံးရမယ်” ဟု ကာကွယ်ရေးဝန်ကြီး ဌာနမှ ထို အရာရှိက ပြောသည်။

မကြာသေးမီက ဦးသိန်းစိန် အပါအ၀င် ၀န်ကြီး အများအပြား မြန်မာ့တပ်မတော်၏ စစ်ဘက်တာဝန်များမှ အနားယူအပြီးတွင် ထိုညွှန်ကြားချက် ထွက်ပေါ်လာခြင်း ဖြစ်သည်ဟု သူက ရှင်းပြသည်။

ပြန်ကြားရေးဌာနမှ အရာရှိကြီးတဦးကလည်း “သတင်းတွေ၊ ဆောင်းပါးတွေမှာ ဒီစကားလုံး မသုံးဖို့ ညွှန်ကြားချက် ရထားတယ်” ဟု ပြောသည်။

၁၉၈၈ ခုနှစ် အာဏာသိမ်းချိန်မှ စတင်ပြီး မြန်မာစစ်အစိုးရ၏ မီဒီယာများတွင် တပ်မတော်အစိုးရ ဟူသော စကားရပ်ကို မကြာခဏ သုံးစွဲခဲ့သည်။

ဧပြီ ၂၆ ရက်နေ့ နောက်ပိုင်း အစိုးရအဖွဲ့တွင် တပ်မတော်သားများ ပါဝင်ခြင်း မရှိတော့သဖြင့် စစ်အစိုးရသည် အရပ်သား အစိုးရအသွင် ဖြစ်သွားသည်ဟု အငြိမ်းစား စစ်အရာရှိကြီးတဦးက ထောက်ပြသည်။

“ဒီစကားလုံးကို သုံးရင် သူတို့ ထုတ်ပြန်ချက်တွေနဲ့ မညီတော့ မသုံးခိုင်းတော့တာ ဖြစ်နိုင်တယ် ” ဟု သူက ဆိုသည်။

လက်ရှိ အစိုးရကို ၀န်ကြီးဌာန ၃၈ ခု ဖြင့် ဖွဲ့စည်းထားသည်။ အစိုးရအဖွဲ့တွင် ၀န်ကြီး ၃၉ ဦး၊ ဒုတိယ ၀န်ကြီး ၃၉ ဦး ပါဝင်ကြောင်း သိရသည်။

စစ်ဘက် မှ အနားယူခဲ့သည့် ၀န်ကြီးနှင့် ဒုတိယ၀န်ကြီး စုစုပေါင်း ၄၀ ကျော် ရှိကြောင်း သိရသည်။ ထိုပုဂ္ဂိုလ် အများစုသည် လာမည့် ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ဖွယ် ရှိသည်ဟု အကဲခတ်များက ယူဆနေကြသည်။

စစ်ဘက် တာဝန်မှ အနားယူလိုက်သူများစာရင်း

ဝန်ကြီးများ

ဗိုလ်ချုပ်ဌေးဦး - လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း
ဒုတိယ ဗိုလ်ချုပ်ကြီး စိုးသိန်း - စက်မှု (၂)
ဗိုလ်ချုပ် သိန်းဆွေ - ပို့ဆောင်ရေး

ဗိုလ်မှူးချုပ် လွန်းသီ - စွမ်းအင်
ဗိုလ်ချုပ် အောင်မင်း - ရထားပို့ဆောင်ရေး
ဗိုလ်မှူးချုပ် တင်နိုင်သိန်း - စီးပွား/ကူးသန်း

ဗိုလ်ချုပ် စိုးနိုင် - ဟိုတယ်/ခရီး
ဗိုလ်ချုပ် လှထွန်း - ဘဏ္ဍာ/အခွန်
ဗိုလ်မှူးချုပ် သိန်းဇော် - ဆက်သွယ်ရေး

ဗိုလ်မှူးချုပ် သူရမြင့်မောင် - သာသနာရေး
ဗိုလ်ချုပ် ခင်အောင်မြင့် - ယဉ်ကျေးမှု
ဗိုလ်ချုပ် တင်ထွတ် - သမ၀ါယမ

ဗိုလ်မှူးကြီး သိန်းညွန့် - နယ်စပ်စည်ပင်
ဗိုလ်မှူးကြီး ဇော်မင်း - လျှပ်စစ် (၁)
ဗိုလ်ချုပ် ခင်မောင်မြင့်- ဆောက်လုပ်ရေး၊ လျှပ်စစ် (၂)

ဗိုလ်မှူးချုပ် သူရအေးမြင့် - အားကစား
ဗိုလ်မှူးချုပ် ကျော်ဆန်း - ပြန်ကြားရေး
ဗိုလ်မှူးချုပ် သိန်းအောင် - သစ်တော

ဗိုလ်ချုပ် မောင်ဦး - ပြည်ထဲရေး၊ လူဝင်မှုကြီးကြပ်ရေး
ဗိုလ်မှူးချုပ် အုန်းမြင့် - သတ္တုတွင်း
ဗိုလ်ချုပ် မောင်မောင်ဆွေ - လူမှုဝန်ထမ်း

ဗိုလ်မှူးချုပ် မောင်မောင်သိန်း - မွေး/ရေ
ဗိုလ်ချုပ် လွန်းမောင် - စာရင်းစစ်ချုပ်
ဗိုလ်မှူးချုပ် အောင်သိန်းလင်း - ရန်ကုန်မြို့တော်ဝန်

ဗိုလ်မှူးချုပ် ဖုန်းဇော်ဟန် - မန္တလေး မြို့တော်ဝန်

ဒု-၀န်ကြီးများ

ဒုတိယဗိုလ်မှူးကြီး ခင်မောင်ကျော် - စက်မှု(၂)
ဗိုလ်ချုပ် ကျော်စွာခိုင် - စက်မှု (၂)
ဗိုလ်မှူးကြီး သူရိန်ဇော် - အမျိုးသားစီမံကိန်း

ဗိုလ်မှူးကြီး ဉာဏ်ထွန်းအောင် - ပို့ဆောင်ရေး
ဗိုလ်မှူးချုပ် တင်ထွန်းအောင် - အလုပ်သမား
ဗိုလ်မှူးချုပ် အောင်မျိုးမင်း - ပညာရေး

ဗိုလ်မှူးချုပ် သန်းဌေး - စွမ်းအင်
ဗိုလ်မှူးချုပ် အောင်ထွန်း - စီးပွား/ကူးသန်း
ဗိုလ်မှူးချုပ် အေးမြင့်ကြူ - ဟိုတယ်/ခရီး

ဗိုလ်မှူကြီး လှသိန်းဆွေ - ဘဏ္ဍာ/အခွန်
ဗိုလ်ချုပ် သိန်းထွန်း - ဆက်သွယ်ရေး
ဗိုလ်မှူးချုပ် သူရအောင်ကို - သာသနာရေး

ဗိုလ်မှူးချုပ် မြင့်သိန်း - ဆောက်လုပ်ရေး
ဗိုလ်မှူးချုပ် ၀င်းစိန် - လူဝင်မှုကြီးကြပ်ရေး
ဗိုလ်မှူးကြီး တင်ငွေ - နယ်စပ်စည်ပင်

ဗိုလ်မှူးချုပ် ၀င်းမြင့် - လျှပ်စစ် (၂ )
ဗိုလ်မှူးချုပ် ဘုန်းဆွေ - ပြည်ထဲရေး
ဗိုလ်မှူးချုပ် ကျော်မြင့် - လူမှုဝန်ထမ်း

ဗိုလ်မှူးကြီး မောင်ပါ - ရန်ကုန် ဒုတိယ မြို့တော်ဝန်

Ref: ဧရာဝတီ်

Read More...

ရွေးကောက်ပွဲအတွက် တပြည်လုံးမြို့နယ်တိုင်း ကြံ့ဖွံ့ပါတီဝင် စာရင်း ကောက်ရန် ညွှန်ကြား

Wednesday, 05 May 2010

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီက မြန်မာတပြည်လုံးရှိ မြို့နယ်အသီးသီးသို့ ပါတီဝင်များ၊ မြို့နယ် EC များ စာရင်းပြုစုပြီး ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းများ ရာထား သတ်မှတ်ကြရန် ခယက၊ မယကတို့မှ တဆင့် ညွှန်ကြား ထားကြောင်း စုံစမ်း သိရှိရသည်။

ဧပြီလနှောင်းပိုင်းစ၍ မြန်မာတပြည်လုံးရှိ မြို့နယ်အသီးသီးသို့ မြို့နယ်တစ်မြို့နယ်လျှင် ကြံ့ဖွံ့ ပါတီဝင်(၂၅၀)ယောက်၊ ပါတီဝင်များထဲမှ မြို့နယ် စည်းရုံးရေး ကော်မတီ EC (၅)ယောက်၊ ထို(၅)ယောက်ထဲမှ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်း (၁) ယောက်စီ ရွေးချယ် စာရင်းပြုစု တင်ပြကြရန် နေပြည်တော်မှ ပုံစံဖောင်များပို့ပြီး ညွန်ကြားထားကြောင်း မိုင်းတုံဒေသခံ တစ်ဦးကဆိုသည်။

လွန်ခဲ့သည့်အပတ်နအဖ၀န်ကြီးချုပ်ဦးသိန်းစိန်နှင့်အဖွဲ့ ဦးဆောင်သည့် နိုင်ငံရေးပါတီ အသွင်ပြောင်း ကြံ့ဖွံ့ပါတီသည် ကုန်သည်ကြီးများ အသင်း အစည်းအဝေးခေါ် ဆွေးနွေးစဉ် ၂၀၁၀ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရေး အတွက(နိုင်ငံတော်ပိုင် ငွေများ သုံးစွဲခွင့် မရှိသောကြောင့်) ပါတီ ရန်ပုံငွေရရန် အလှူငွေ ကောက်ခံရေး တောင်းဆိုခြင်း ဖြစ်သည်ဟု သိရှိရသည်။

မြို့နယ်အသီးသီးရှိ ကုန်သည်များ၏ အမည်စာရင်းကိုလည်း ပြုစုပေးပို့ရမည်ဟု ညွှန်ကြားထား ကြောင်းလည်း စုံစမ်းသိရှိရသည်။

“တချို့ကလဲ ဘာအကြောင်းမှ ရှင်းရှင်းလင်းလင်းမသိရသေးတဲ့အတွက် ကမ်းလှမ်းချက်ကို ချက်ချင်း လက်မခံကြဘူး။ ဒီရွေးကောက်ပွဲက NLD နဲ့ SNLD ပါဝင် မယှဉ်ပြိုင်ဘူးဆိုရင် အဓိပ္ပါယ်မရှိဘူး။ အပြေးပြိုင်ပွဲမှာ သူတစ်ယောက်တည်း ပြေးပြီး အနိုင်ရတာနဲ့ တူနေတယ်” ဟု စည်းရုံးခံရသူ ကုန်သည်တစ်ဦးက ပြောပါသည်။

“စစ်အာဏာရှင်တွေ အာဏာတာရှည် ဆုပ်ကိုင်ထားချင်တော့ ဗိုလ်နေ၀င်း လုပ်ဟန်အတိုင်း ဗိုလ်ကနေ ဦးပြောင်းတဲ့နည်း အတိုင်း လုပ်ရတာပဲ” ဟု ဗကပ ရဲဘော်ဖိုးသံချောင်း၏ ကိုယ်ပိုင်အမြင် ဆောင်းပါးကလည်း ဖော်ပြထားသည်။

နအဖ၀န်ကြီးချုပ်သိန်းစိန်က စစ်ဝတ်စုံချွတ်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ဥက္ကဋ္ဌအဖြစ် ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ရန် ဧပြီ ၂၉ ရက်နေ့တွင် ပါတီမှတ် ပုံတင်ခဲ့သည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

မြစ်ကြီးနားတွင် လမ်းဘေးထောင် ဗုံး ၂ လုံးပေါက်ကွဲ လူထိခိုက်မှု မရှိ

Wednesday, 05 May 2010

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ နန်းသီတာရပ်ကွက်ရှိ ခရီးသည်တင် အဝေးပြေးကားကြီးဝန်း ဂိတ်အရှေ့ဘက်တွင် မေလ ၅ ရက်နေ့ နေ့လည် ၁၁ နာရီခန့်က လမ်းဘေးထောင် ဗုံး ၂ လုံးပေါက်ကွဲခဲ့ကြောင်း မြစ်ကြီးနားမြို့ခံတစ်ဦးက သျှမ်းသံ တော်ဆင့်သို့ ပြောသည်။
အဆိုပါ ခရီးသည်တင် ကားကြီးဝန်းအရှေ့ဘက် လမ်းဘေး ထောင်ထားသော ဗုံး ၂ လုံးကို ကားတစ်စီးက တက်နင်းမိ၍ ပေါက်ကွဲခဲ့ခြင်း ဖြစ်ပြီး လူထိခိုက်မှု မရှိကြောင်း သူက ဆိုသည်။

“မြစ်ကြီးနားခရီးသည်တင် ကားကြီးဝန်းဂိတ်ဝရှေ့မှာပေါ့ နေ့လည် ၁၁ နာရီလောက်က ဗုံး ၂ လုံးကွဲတယ် နင်းမိုင်းပေါ့ ကားတွေနင်းတယ် ကားလည်း အထိအခိုက် မရှိဘူး လူတွေလည်း အထိအခိုက်မရှိဘူး။ အထိအခိုက်မရှိဘူးဆိုတော့ သိပ်ပြင်းပုံတော့ မရဘူး ” ဟု သူက ဆိုသည်။

ယခုဗုံးကွဲပြီး နောက်ပိုင်း မြစ်ကြီးနားတွင် လုံခြုံရေး တင်းကြပ်ထားပြီး လတ်တလော ဗုံးလက်သည် တရားခံ ဖမ်းဆီးရမိမှု မရှိသေးကြောင်း သိရသည်။

ကချင်ပြည်နယ်တွင် လွန်ခဲ့သည့်လ ၁၇ ရက်နေ့က မြစ်ဆုံဒေသ ရေကာတာ စီမံကိန်းတွင် ဗုံးများဆက်တိုက် ပေါက်ကွဲခဲ့ရာ ယခုပေါက်ကွဲမှုသည် ဒုတိယ အကြိမ်ဖြစ်သည်။

မြန်မာနိုင်ငံတစ်ဝှန်းတွင် ဧပြီလမှစ၍ ဗုံးပေါက်ကွဲမှု အနည်းဆုံး ၉ ကြိမ်ခန့် ဖြစ်ပွားခဲ့ပြီး လူပေါင်း ၂၃ ဦးခန့်သေဆုံး၍ ၂၀၀ ကျော် ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါဗုံးများ ဖေါက်ခွဲသည့် လက်သည်တရားခံများ ဖေါ်ထုတ်ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ နအဖစစ်အစိုးရ က ယနေ့အထိ ထုတ်ပြန် ကြေငြာခြင်းမရှိပဲ မြစ်ဆုံ ဗုံးကွဲမှုတွင် အနီးနားရှိ ဒေသခံ အရပ်သားများကို ဖမ်းဆီး စစ်ဆေးနေကြောင်း သိရသည်။

ထို့အပြင် ပြည်ပအခြေဆိုက် ဒီမိုကရေစီ အတိုက်အခံ အင်အားစုများအား ဗုံးဖေါက်ခွဲသည့် တရားခံအဖြစ် အထောက် အထားမပြပဲ ပြောဆို စွပ်စွဲလေ့ရှိသည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

မြန်မာသင်္ဘောသား ၂၁ ဦး လွတ်မြောက်မည်ဟု မျှော်လင့်

ကျော်ခ | ဗုဒ္ဓဟူးနေ့၊ မေလ ၀၅ ရက် ၂၀၁၀

ချင်းမိုင် (မဇ္ဈိမ) ။ ။ ဆိုမာလီဓါးပြများ ပြန်ပေးဆွဲထားသော သင်္ဘောပေါ်ပါ မြန်မာ ၂၁ ဦး မကြာမီ လွတ်မြောက်လာဖွယ် ရှိသည်ဟု သင်္ဘော ကုမ္ပဏီက ပြောကြားလိုက်သည်။

ဓားပြများကြီးစိုးရာ ဆိုမာလီဆိပ်ကမ်းမြို့ ဟာရက်ခ်ဟီရိကို ကို တနင်္ဂနွေနေ့က အစ္စလမ် စစ်သွေးကြွ သူပုန်အဖွဲ့ တခုဖြစ်သော ‘ ဟစ်ဇ်ဘူးလ် အစ္စလမ်’ က သိမ်းပိုက်လိုက်ပြီးနောက် တွေ့သမျှ နိုင်ငံခြားသား ဓားစာခံ အကုန်လုံးကို လွှတ်ပေးမည်ဆိုသော သတင်း ထွက်ပေါ်လာပြီးနောက် အခုလို ပြောလိုက်ခြင်းလည်း ဖြစ်သည်။

မြန်မာသင်္ဘောသားများသာပါရှိသော UTB Ocean သင်္ဘောမှာ အခြားနေရာသို့ ရွှေ့ပြောင်းခြင်း မရှိကြောင်းနှင့် သင်္ဘောသားများ လွတ်မြောက်ရေး ညှိနှိုင်းမှုများလည်း ဆက်လက် လုပ်ဆောင်နေကြောင်း စင်္ကာပူ အခြေစိုက် Ship Management Associates Pte Ltd ၏ ရန်ကုန်ရုံးခွဲမှ ပြောရေးဆိုခွင့်ရှိသူ ကပ္ဗတိန် ဦးသတိုးကျော်က ပြောသည်။

“ရပ်ထားတာ က ဟာရာက်ခ်ဟီရိ ဆိပ်ကမ်းမှာရှိတဲ့ တံတားနားမှာပါ။ သင်္ဘော ဘယ်မှ မရွှေ့ပါဘူး။” ဟု ဦးသတိုးကျော်က မဇ္ဈိမကို ပြောသည်။

သင်္ဘောသားများအားလုံး ကျန်းမာရေး ကောင်းမွန်ပြီး ယခင် သီတင်းပတ်က အထိ မိသားစုများနှင့် တယ်လီဖုန်း အဆက်သွယ် ရှိခဲ့သည်ဟုလည်း ပြောသည်။

နော်ဝေးနိုင်ငံသားပိုင် UTB Ocean မှာ မတ်လ ၅ ရက်နေ့က ပြန်ပေးဆွဲ ခံရခြင်းဖြစ်သည်။

ဆိုမာလီတွင် ကုလသမဂ္ဂက အသိအမှတ်ပြုထားသော ကြားဖြတ်အစိုးရမှာ မြို့တော်နေရာ အချို့ကိုသာ အုပ်စိုးနိုင်ပြီး ထိထိရောက်ရောက် အုပ်ချုပ်နိုင်သော ဗဟို အစိုးရတရပ် မရှိသည်မှာ နှစ် ၂ဝ ခန့် ကြာမြင့်ပြီ ဖြစ်သည်။

Ref: မဇ္ဈိမ

Read More...

Wednesday, May 5, 2010

အရပ်ဝတ်လဲ စစ်အရာရှိတွေ သိုးရေခြုံတဲ့ ၀ံပုလွေမျိုး မဖြစ်ဖို့ အမေရိကန် သတိပေး

05 May 2010

မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေ စစ်တပ်က အနားယူပြီး ရွေးကောက်ပွဲမှာ အရပ်သား နိုင်ငံရေးသမားတွေ အဖြစ် ပါဝင်ဖို့ ပြင်ဆင်နေတဲ့ တချိန်တည်းမှာ တိုင်းပြည်ကိုလည်း စစ်မှန်တဲ့ နိုင်ငံရေး အခွင့်အလမ်းတွေ ဖွင့်ပေးနိုင်အောင် ပြင်ဆင်ဖို့ အမေရိကန် ပြည်ထောင်စုက တိုက်တွန်းလိုက်ပါတယ်။ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ မြန်မာ့အရေး ပြောဆိုချက်တွေအကြောင်း ဗွီအိုအေ သတင်းထောက် ဒေးဗစ် ဂေါလပ်စ်တ် (David Gollust) ရဲ့ သတင်းပေးပို့ချက်နဲ့ အတူ ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

စစ်အုပ်ချုပ်ရေး အောက်ကနေ အရပ်ဝတ်လဲတယ်၊ ရွေးကောက်ပွဲမှာ အရပ်သားတွေအဖြစ် ပါဝင်ဖို့ ပြင်ဆင်တယ် ဆိုတာမျိုးက ယျေဘုယျအားဖြင့်တော့ တိုးတက်မှုလို့ သုံးသပ်နိုင်ပါတယ် ဆိုပြီး အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပီ.ဂျေ ခရော်လီ (P.J Crowley) က မနေ့က သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။ ဒါပေမဲ့လည်း ၀ံပုလွေက သိုးရေခြုံတာမျိုး မဟုတ်ဘဲ စစ်မှန်တဲ့ နိုင်ငံရေး အခွင့်အလမ်းတွေ တံခါးဖွင့်ပေးနိုင်အောင် ပြင်ဆင်ဖို့ သူက ဥပမာပေးပြီး အဓိက ပြောဆိုသွားတာပါ။

ဘယ်သူက ဘာဝတ်ထားတယ် ဆိုတာမျိုး၊ လူတွေရဲ့ ၀တ်စားဆင်ယင်မှုကို အခြေခံပြီး တိုးတက်မှုတခုလို့ သတ်မှတ်ချက်မျိုးထက် လူ့အဖွဲ့အစည်း အတွက် အမှန်တကယ် အကျိုးရှိအောင် လုပ်ဆောင်သူတွေ ဖြစ်ဖို့ ပိုအရေးကြီးတယ် ဆိုတာကို အဓိက ပြောဆိုသွားပါတယ်။

“မြန်မာနိုင်ငံ အမှန်တကယ် လိုအပ်နေတာက ပွင့်လင်းတဲ့၊ စစ်မှန်တဲ့ နိုင်ငံရေး လှုပ်ရှားနိုင်ခွင့် အခွင့်အလမ်းတွေ ဖန်တီးဖို့ပါ။ စစ်တပ်အရာရှိဟောင်း၊ ဗိုလ်ချုပ်ဟောင်းတွေ အတွက်တင် မဟုတ်ပါဘူး၊ မြန်မာနိုင်ငံရဲ့ လူ့အဖွဲ့အစည်း အတွင်းမှာ အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေ လုပ်ဆောင်ချင်တဲ့ လူအားလုံး အတွက်ပါ။ ဒီလို နိုင်ငံရေး အခွင့်အရေးတွေ ပေးနိုင်အောင် စစ်အစိုးရ ခေါင်းဆောင်တွေ လုပ်ဆောင်ဖို့ လိုပါတယ်။ ဒါကို သူတို့ လုပ်ဆောင်ဖို့ ၀န်လေးနေပါတယ်။”

မြန်မာစစ်အစိုးရ ကျင်းပမယ့် ရွေးကောက်ပွဲကို သက်ဆိုင်ရာ နိုင်ငံရေး အဖွဲ့အစည်းတွေ အားလုံး ပါဝင်ခွင့်ပေးဖို့၊ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ တခုဖြစ်အောင် ကျင်းပဖို့ အမေရိကန် အစိုးရက တောင်းဆိုနေပေမဲ့ မြန်မာနိုင်ငံအပေါ် ကျင့်သုံးမယ့် လက်တွေ့ကျ ထိတွေ့ဆက်ဆံရေး မူကိုတော့ လောလောဆယ် ပြန်ပြီး သုံးသပ်ဖို့ မရှိသေးတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောဆိုထားပါတယ်။

တချိန်တည်းမှာ စစ်အစိုးရ ချမှတ်ထားတဲ့ ရွေးကောက်ပွဲ ဥပဒေတွေဟာ နိုင်ငံတကာ အဆင့်အတန်း၊ နိုင်ငံတကာ စံသတ်မှတ်ချက်တွေနဲ့ မညီတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပီ.ဂျေ ခရော်လီက ထည့်သွင်း ပြောဆိုသွားပါတယ်။

“ရွေးကောက်ပွဲ ဥပဒေတွေနဲ့ ပတ်သက်ပြီး ကျနော်တို့ စိတ်မကောင်း ဖြစ်မိပါတယ်။ နိုင်ငံတကာ အဆင့်အတန်းနဲ့ နှိုင်းယှဉ်ရင် တော်တော်လေး နိမ့်ကျနေတာကို တွေ့ရပါတယ်။ နိုင်ငံရေး လှုပ်ရှားခွင့်တွေ ဖွင့်ပေးရမယ်၊ တိုင်းရင်းသား လူမျိုးစုတွေ အားလုံးနဲ့ အဓိပ္ပာယ်ရှိတဲ့ ဆွေးနွေးပွဲ ကျင်းပရပါလိမ့်မယ်။ အခု အရပ်သားအဖြစ် အသွင်ပြောင်းလိုက်တဲ့ စစ်ဗိုလ်ချုပ်တွေက ဒီလို နိုင်ငံရေး အခွင့်အရေးတွေ တံခါးဖွင့်ပေးမယ် ဆိုရင်တော့ ကျနော်တို့က ဒါကို တိုးတက်မှုလို့ ပြောနိုင်ပါတယ်။”

ဒီအတောအတွင်း ပြီးခဲ့တဲ့နှစ်က မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ် (Kurt Campbell) ဟာ အာရှဒေသကို ခရီးထွက်ဖို့ ပြင်ဆင်နေပြီး မြန်မာနိုင်ငံကိုလည်း မကြာခင် ရက်ပိုင်းအတွင်း သွားရောက်ဖို့ ရှိတယ်လို့ သံတမန် သတင်းရပ်ကွက်နဲ့ ၀ါရှင်တန်မြို့တော် အခြေစိုက် နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေးဌာနက ပြောဆိုနေပါတယ်။

မစ္စတာ ကာ့တ် ကမ်းဘဲလ်ဟာ ပြီးခဲ့တဲ့နှစ် ခရီးစဉ်မှာတော့ မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေကိုရော ဒေါ်အောင်ဆန်းစုကြည်ကိုပါ တွေ့ဆုံခဲ့ပါတယ်။ ဒီတကြိမ် ထပ်မံ သွားရောက်မယ်ဆိုရင် ဒုတိယအကြိမ် ခရီးစဉ် ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနကတော့ မစ္စတာ ကာ့တ် ကမ်းဘဲလ် မြန်မာနိုင်ငံကို သွားမသွား အတည်ပြု ပြောဆိုခြင်း မရှိပါဘူး။ ခရီးစဉ် အခု ရေးဆွဲနေဆဲဖြစ်ပြီး အတိအကျ သွားမယ့် နေရာတွေကိုတော့ နောက်မှ အသိပေးမှာ ဖြစ်တဲ့အကြောင်း သတင်းထောက်တွေရဲ့ အမေးကို ပီ.ဂျေ ခရော်လီက ပြောဆိုသွားပါတယ်။

Ref: VOA News

Read More...

ဒီကေဘီအေ တပ်ဖွဲ့ဝင်များ ခွဲထွက်၍ နယ်စပ်သို့ထွက်ခွာ

ဒယ်နီယယ် ပီဒါဆင်
အင်္ဂါနေ့၊ မေလ ၀၄ ရက် ၂၀၁၀ ခုနှစ်

မဲဆောက် (မဇ္ဈိမ) ။ ။ ဒီမိုကရက်တစ် ကရင်ဗုဒ္ဓဘာသာ တပ်မတော်(DKBA) တပ်ဖွဲ့ဝင် ရာပေါင်းများစွာသည် မြန်မာစစ်တပ်နှင့် မဟာမိတ် ဖွဲ့ထားခြင်းကို ဖျက်ကာ ထိုင်းမြန်မာနယ်စပ်သို့ ဦးတည် ထွက်ခွာနေကြပြီး တပ်မတော်က နောက်မှ ထက်ချပ်မကွာ လိုက်နေသည်ဟု ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) သတင်း ရပ်ကွက်များက ပြောသည်။

ဒီကေဘီအေ စစ်သားများ အရှေ့ဘက်သို့ ထွက်ခွါလာနေရာ နှစ်ဘက် တပ်ဖွဲ့ဝင်များအကြား တိုက်ပွဲများ ဖြစ်ပွားနေသည်။

‘ ဒီကေဘီအေ တပ်ဖွဲ့ဝင်များ ပြန်လာနေသည်၊ သို့သော်တပ်မှူးများမပါ´ ဟု KNLA သတင်းရပ်ကွက် များက ယမန်နေ့ညက ပြောသည်။

မကြာသေးမီက ပြုလုပ်ခဲ့သော နအဖ ၏တောင်းဆိုချက်များအပေါ် ဒီကေဘီအေ စစ်သားအများအပြား မကျေမနပ် ဖြစ်ကြပြီး အချို့ ဘက်ပြောင်း လာသည်ဟု မိမိတို့ ကြားကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) ဒုဥက္ကဋ္ဌ ဒေးဗစ်တာကပေါ က ပြောသည်။

KNU အကြား ဗုဒ္ဓဘာသာနှင့် ခရစ်ယာန် တပ်ဖွဲ့ဝင်များ အကြား သဘောထား ကွဲပြားမှုများဖြစ်ကာ ၁၉၉၄ ခုနှစ်က ဒီကေဘီအေ တပ်ဖွဲ့ ပေါ်ထွက်လာခဲ့သည်။ ဤကွဲပြားမှုသည် အလွန် အထိနာစေသော ခွဲထွက်မှုဖြစ်ကြောင်း မကြာခင် သက်သေ သာဓကများ ပေါ်ထွက် လာခဲ့သည်။ ၁၉၉၄ ခုနှစ်အစောပိုင်းတွင် ကေအန်ယူ၏ အမာခံစခန်း ဖြစ်သော သောင်ရင်းနှင့် သံလွင်မြစ်ဆုံရှိ မာနယ်ပလောစခန်း ဆုံးရှုံး သွားခဲ့သည်။

ခွဲထွက်ဒီကေဘီအေ တပ်ဖွဲ့ဝင်များက ဒီကေဘီအေအလံ လွှင့်ထူကာ မြန်မာစစ်တပ်များကို စခန်းတွင်း လမ်းပြခေါ်ဆောင် သိမ်းပိုက် သွားခဲ့ကြခြင်း ဖြစ်သည်။

ထိုအချိန်က အာဏာရစစ်အစိုးရက ဒီကေဘီအေခေါင်းဆောင်များကို သူတို့အနေဖြင့် ကရင်ပြည်နယ်ကို သူတို့စိတ်ကြိုက် အုပ်ချုပ် နိုင်ပါကြောင်း ကတိပေး ပြောကြားခဲ့သည်။

သို့သော် ယခုနှစ်အတွင်း ဒီကေဘီအေသည် ကရင်ပြည်နယ်အတွင်း ကျေးလက်ဒေသအတွင်း အကြောက်တရားဖြင့် ကြီးစိုးထားကာ မြို့ပြ ဒေသများတွင် ခြိမ်းခြောက် ငွေညှစ်ခဲ့သည်။ ခေါင်းဆောင်များမှာမူ နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေးအပေါ် အခွန်များ ကောက်ခံကာ ကြီးပွါး ချမ်းသာ လာခဲ့ကြသည်။

ယခင်အပတ်က ထုတ်ဝေခဲ့သော မဲဆောက် အပတ်စဉ်ဂျာနယ် Pan Din Maere (အမိမြေ) တွင် ဒီကေဘီအေ တပ်မဟာ ၉၉၉ ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူ မိသားစုနှင့်အတူ အလွန်ကြီး ကျယ်ခမ်းနားသော အိမ်သစ်ရှေ့တွင် ရိုက်ထားသော ဓါတ်ပုံနှင့် အတူ သတင်းတပုဒ် ပါလာခဲ့သည်။ မြဝတီမြို့ရှိ အဆိုပါ အိမ်သစ်တက်ပွဲအား မဲဆောက်စာနယ်ဇင်းကိုပင် ဖိတ်ကြားခဲ့သည်။ ဤသုံးရက်ကြာ အခမ်းအနားတွင် သုံးဖြုန်း ပြလိုက်ခြင်းကြောင့်ပင် ဤပြဿနာများ ပေါ်လာခဲ့ရခြင်း ဖြစ်သည်။

ဒီကေဘီအေပေါ်ထွန်းလာခြင်းကြောင့် အကျိုးဖြစ်ထွန်းရသူများမှာ စောချစ်သူတို့ကဲ့သို့ လက်တဆုပ်စာ အနည်းစုသာ ရှိသည်။ သူ့တပ်မဟာ ၉၉၉ မှာ ကြောက်စရာ ကောင်းသည်ဟု နာမည်ကြီးပြီး ငွေယားလေးများရှိသော အဖွဲ့လဲဖြစ်သည်။ နအဖက သူ့တပ်ကို ပြည်သူ့စစ်အဖြစ် အသွင်မပြောင်းခိုင်းခင် အထိ စောချစ်သူမှာ အခြေအနေ ကောင်းနေသည်။

ဤသို့ အောက်ခြေတပ်သားများ ခွဲထွက် ပုန်ကန်သွားခြင်းကြောင့် ဒီကေဘီအေတွင် မည်မျှ ထိခိုက်မည်ကို မသိရသေးပေ။ ရာဂဏန်း အချို့မှာ အလွန်များပြားသည်ဟု ဆိုနိုင်သော်လည်း ဒီကေဘီအေ တပ်ဖွဲ့ဝင်အားလုံးနှင့် ဆိုလျှင် များသည်ဟု မဆိုနိုင်ပေ။ အောက်ခြေ တပ်ဖွဲ့ဝင်များ၏ သစ္စာခံမှု ကို မရရှိလျှင် စစ်ဘုရင်ဆိုသည်မှာ ဘာမှ မဟုတ်တော့ပေ။ ချစ်သူအဘို့ ကျန်သူ့တပ်သားများ သူ့ အပေါ် ဘယ်လောက် သစ္စာခံကြသေးသည်ကို တွက်ဆ နေရပြီ ဖြစ်သည်။

ကေအန်အယ်လ်အေတပ်ဖွဲ့ရှိရာသို့ ဒီကေဘီအေမှခွဲထွက်အဖွဲ့ဝင်များကူးပြောင်းသွားသည်ကို နအဖ တပ်များက လိုက်လံ ရှာဖွေနေသည်။ ဒီကေဘီအေ တပ်ဖွဲ့များအားလုံး နယ်ခြားစောင့် တပ်ဖွဲ့ အဖြစ် ငြိမ်းချမ်းစွာ ကူးပြောင်းရေးမှာမူ မသေချာလှတော့ပေ။

ဒီကေဘီအေအနေဖြင့် ကေအန်ယူစတင် တည်ထောင်သူ စောဘဦးကြီး၏ မူ ၄ ချက်ဆက်လက် စွဲကိုင်ထားရေးကို ယခုထိ ဆက်လက် ပြောဆိုနေဆဲ ဖြစ်သည်။ ယင်းတို့မှာ ကရင့် တော်လှန်ရေးအတွက် လက်နက်ချစကား အလျဉ်းမပြောရ ကရင်ပြည်နယ် အဖြစ် အသိအမှတ် ပြုခြင်း ပြီးပြည့်စုံရမည် ကရင့်လက်နက် ကရင့်လက်ထဲတွင် ရှိရမည် ကရင့်ကြမ္မာ ကရင်ဖန်တီးခွင့် ရှိရမည် ထို့ကြောင့် အပြင်ပန်းအားဖြင့် ကြည့်လျှင်မူ ဒီကေဘီအေသည် နအဖ အုပ်စိုးနေမှုကို ပြင်းထန်စွာ ဆန့်ကျင်သည်။

ကေအန်ယူအတွက် ယခုဖြစ်ပျက်ကြုံတွေ့နေရသမျှ အားလုံးသည် ၁၉၉၄ ခုနှစ်ကအကွဲအပြဲသည် အဓိက အကြောင်းတခု ဖြစ်သည်။ ဒီကေဘီအေသည် ကေအန်ယူ ယခင်က ထိုင်းနှင့် လုပ်ခဲ့သလို နအဖ နှင့် နယ်စပ်ကုန်သွယ်ရေး လုပ်ကိုင်လျက်ရှိသည်။ ကေအန်ယူသည် ယခင်က သံဖြူ၊ သွပ်နှင့် ရွှေတွင်းများကို နယ်စပ်တွင် ကြီးကြပ် လုပ်ကိုင်ခဲ့ကြသည်။

တရားမဝင်ရော၊ တရားဝင်ရော ကုန်သွယ်မှုမှန်သမျှ မည်သည့် ပစ္စည်းအပေါ်တွင် မဆို ဒီကေဘီအေ က အကောက်ရနေသည်။ ခေါင်းဆောင်များ အလွန်အမင်း ကြွယ်ဝ လာခဲ့ကြသည်။

သို့သော် ကေအန်ယူ၏ မိုင်းခင်းများအကြား ခြုံခိုတိုက်ခိုက်မှုများ အကြား သွားလာ လှုပ်ရှားနေရသော အောက်ခြေ စစ်သားများ အတွက်မူ သူတို့ခေါင်းဆောင်ကြီးများနှင့် ဘဝ အခြားကြီး ခြားနေကြရသည်။ သူတို့ ခေါင်းဆောင်များမှာ ဒေသခံ စာနယ်ဇင်းများတွင် သတင်းဖြစ်နေသော နာမည်ကြီး ပုဂ္ဂိုလ်ကြီးများ ဖြစ်နေကြသည်။

ဒီကေဘီအေ ကို နယ်ခြားစောင့်တပ်အဖြစ်အသွင်ပြောင်းလဲရန် နောက်ဆုံး သတ်မှတ်ထားသော ရက်မှာ ယခု စေ့သွားပြီဖြစ်သည်။ နောက်ဆုံးရက် တခု ကုန်ဆုံးသွားတိုင်း နအဖ ဘက်ကလည်း ဖိအားကို တရစ် တင်းလိုက်ပြန်သည်။ စစ်အစိုးရ၏ အစီအစဉ်မှာ နအဖ အရာရှိများ ကွပ်ကဲအုပ်ချုပ်သည့် ပြည်သူ့စစ် တပ်ဖွဲ့ကို ထူထောင်ရန်ဖြစ်သည်။ ဤအစီအစဉ်အရ ဒီကေဘီအေ တပ်ဖွဲ့ကို လက်နက် ဖြုတ်မည်။ ယူနီဖောင်းများ လဲဝတ်ရမည်။ ပြီးမှ ပြန်လည် လက်နက် တပ်ဆင်ပေးမည် ဖြစ်သည်။ စစ်သားများမှာ ထိုင်းဘတ်ငွေ ၁၂ဝဝ နှင့် ညီမျှသောငွေကို လစာအဖြစ် ရရှိကြမည်ဖြစ်သည်။

ဤသို့ပြုလုပ်လျှင် ဒီကေဘီအေမှာ သူ့လာရာလမ်းကိုပင် ကျော်လွန်ကာ စောဘဦးကြီးမူအတိုင်း ဆက်လက် ချီတက်သွားမည့် သဘော ရှိနေသည်။

Ref: ဧရာဝတီ်

Read More...

ကြံ့ဖွံ့ပါတီသာ အနိုင်ရမည်ဟု အများက ယူဆ

Monday, May 03, 2010

ဝန်ကြီးချုပ် ဦးသိန်းစိန်၏ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီသည် ၂၀၁၀ ရွေးကောက်ပွဲတွင် အနိုင်ရလိမ့် မည်ဟု ပြီးခဲ့သည့် ရက်ပိုင်း အတွင်း ဧရာဝတီက ပြုလုပ်သည့် စစ်တမ်းငယ် တခုတွင် ပါဝင်သူများက ဖြေဆိုကြသည်။

စစ်တမ်းတွင် ပါဝင်သူ ၄၅၀ အနက် ၄၁၈ ဦးက ရွေးကောက်ပွဲတွင် ကြံ့ဖွံ့ပါတီ အနိုင်ရမည်ဟု ယူဆနေ ကြကြောင်း တွေ့ရသည်။

အစိုးရက ကြံ့ဖွံ့ပါတီ အနိုင်ရအောင် စီစဉ်မည် ဖြစ်ကြောင်း၊ သို့သော် ရွေးကောက်ပွဲကို တရားမျှတစွာသာ ပြုလုပ်ခဲ့လျှင် ကြံ့ဖွံ့ပါတီ အနိုင်ရမည် မဟုတ်ဟု အများစုက ဖြေဆိုကြသည်။

စစ်တမ်းတွင် ရန်ကုန်မြို့နေ အလွှာ အသီးသီးမှ လူပုဂ္ဂိုလ် ၄၅၀ ပါဝင်ပြီး ၀န်ကြီးချုပ် ရာထူး ယူထားသော ဦးသိန်းစိန် ခေါင်းဆောင်သည့် အဖွဲ့က ကြံ့ဖွံ့ပါတီ ဖွဲ့စည်းပြီး ရွေးကောက်ပွဲ ၀င်မည့် အစီအစဉ်ကို ကျေနပ်ခြင်း ရှိမရှိ၊ ထို ပါတီအား မဲထည့် မထည့်၊ ရွေးကောက်ပွဲတွင် ထိုပါတီ အနိုင်ရ မရ ဟူသော မေးခွန်း ၃ ခုကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဖြေဆိုခဲ့ကြခြင်း ဖြစ်သည်။

ပါဝင်သည့် ပုဂ္ဂိုလ်များမှာ အစိုးရ၀န်ထမ်း ၁၅၀၊ စစ်မှုထမ်း ၂၀၊ စစ်မှုထမ်းဟောင်း ၃၀၊ တက္ကသိုလ် ကျောင်းသူ ကျောင်းသား ၅၀၊ အသက် ၂၀မှ အသက် ၆၀ ကြား အရပ်သား ၂၀၀ တို့ ဖြစ်ကြသည်။

“သူတို့ပဲ နိုင်မယ် ဆိုတာ သိသာနေပြီပဲ၊ အမှန်တော့ ရွေးကောက်ပွဲတောင် လုပ်နေစရာ မလိုတော့ပါဘူး၊ အဖြေက ထွက်နေပြီပဲ” ဟု ၀န်ထမ်းတဦးက ပြောသည်။

အသက် ၂၀ အရွယ် ကျောင်းသား တဦးက “အဖြေက ရှင်းနေပြီပဲ၊ ကြံ့ဖွံ့ကပဲ နိုင်တော့မှာ၊ မနိုင်ခဲ့ရင်လည်း နိုင်အောင် လုပ်တော့မှာ၊ ဗြောင်ကို လုပ်ဦးမှာ” ဟု သူ့အမြင်ကို ပြောသည်။

၂၀၀၈ အခြေခံ ဥပဒေ ဆန္ဒခံယူပွဲတွင် အစိုးရက မဲမသမာမှုမျိုးစုံဖြင့် ၎င်းတို့စိတ်ကြိုက်ဖြစ်စေရန် စီစဉ်ခဲ့သကဲ့သို့ ၂၀၁၀ ရွေးကောက်ပွဲ တွင်လည်း ထိုသို့ လုပ်ဆောင်ဖွယ် ရှိသည်ဟု အသက် ၄၈ နှစ်အရွယ် အမျိုးသား တဦးက ရှင်းပြသည်။

စစ်အစိုးရ ၀န်ကြီးများ ပါတီထောင်ပြီး ရွေးကောက်ပွဲဝင်ခြင်းကို ကျေနပ်ခြင်း ရှိမရှိ ဟူသော မေးခွန်းကို အစိုးရ၀န်ထမ်း ၁၅၀ က ဖြေဆိုရာတွင် ကျေနပ်မှု မရှိဟု ဆိုသူပေါင်း ၁၄၃ ဦးရှိကြောင်း တွေ့ရသည်။

သို့သော်လည်း စစ်မှုထမ်း ၂၀ ၏ အဖြေက ထိုဝန်ထမ်းများ၏ အဖြေနှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်။

စစ်သား ၂၀ ဦးကို မေးမြန်းရာတွင် ၁၇ ဦးက ကျေနပ်သည်ဟု ဆိုကြသည်။

စစ်မှုထမ်းဟောင်း ၁၈ ဦးက ကျေနပ်မှု မရှိကြောင်း ဖြေဆိုခဲ့ပြီး ကျန် ၁၂ ဦးက ကျေနပ်ကြောင်း ဖြေဆိုသည်။

တက္ကသိုလ် ကျောင်းသားများတွင် ၄၁ ဦးက မကျေနပ်ကြောင်း ဖြေဆိုကာ ၉ ဦးက ကျေနပ်သည်ဟု ဆိုသည်။

အရွယ်စုံ အရပ်သား ၂၀၀ တွင် ၁၉၆ ဦးက မကျေနပ်ဟု ဖြေဆိုသည်။ ကျေနပ်သည်ဟု ဆိုသူ ၄ ဦးသာ ရှိကြောင်း တွေ့ရသည်။

ကျေနပ်မှု မရှိဟု ဆိုသူ စာအုပ်ထုတ်ဝေရေး လုပ်ငန်းရှင် တဦးက “ပြည်သူကို စော်ကားတာလို့ မြင်တယ်၊ သူတို့ လုပ်ချင်ရာ လုပ်မယ်၊ လူတွေ သူတို့ လုပ်သမျှ ခံရမယ်၊ ဂရုမစိုက်ဘူး ဆိုတဲ့ သဘောပဲကို ပြလိုက်တာလို့ပဲ ကျနော် မြင်တယ်” ဟု ပြောသည်။

ဝန်ထမ်းတဦးက “၀န်ထမ်းတွေ ပါတီနိုင်ငံရေးနဲ့ ကင်းရှင်းရမယ် ဆိုတဲ့ ဥပဒေ ထုတ်လို့ ကျမတို့မှာ အကြိမ်ကြိမ် လက်မှတ် ထိုးနေရတယ်၊ ခုတော့ ၀န်ကြီးချုပ်က ရွေးကောက်ပွဲ ၀င်မယ်တဲ့၊ လုပ်ချင်တိုင်း လုပ်တာပဲ၊ ဒီအတိုင်းဆို ရွေးကောက်ပွဲတောင် လုပ်နေစရာ မလိုဘူး၊ အလကား လူတွေ အလုပ်ရှုပ်အောင်” ဟု မကျေမနပ်ဖြင့် ပြောပြသည်။

ဦးသိန်းစိန် နှင့် ၀န်ကြီးများသည် တာဝန် ထမ်းဆောင်ဆဲ ၀န်ထမ်းများ ဖြစ်သောကြောင့် နိုင်ငံရေးပါတီ ထောင်ပြီး ရွေးကောက်ပွဲ ၀င်စေရန် အစိုးရက စီစဉ်နေခြင်းမှာ ရွေးကောက်ပွဲ၏ မမျှတမှုတခု ဖြစ်သည်ဟု သူက ဆိုသည်။

အငြိမ်းစား စစ်မှုထမ်းဟောင်းတဦးက “ပြောရရင်တော့ မကျေနပ်ဘူး၊ ဒါပေမယ့် ကျနော်တို့ ဘာလုပ်နိုင်မှာလဲ၊ ဘာမှ လုပ်လို့ မရဘူးလေ” ဟု ပြောသည်။

ကျေနပ်ကြောင်း ဖြေဆိုသူများထဲမှ အရာခံဗိုလ် အဆင့်ရှိ စစ်မှုထမ်း တဦးက “စစ်တပ်အုပ်ချုပ်မှ အေးချမ်းနိုင်မယ်လေ” ဟု ပြောပြီး ကျောင်းသူတဦးက “ကျေနပ်ပါတယ်၊ လူကြီးတွေ ကောင်းမယ်ထင်လို့ စီမံကြတဲ့ အပေါ်မှာ ဝေဖန်စရာ မလိုပါဘူး” ဟု ပြောသည်။

ကြံ့ဖွံ့ပါတီကို မဲပေးမည်လား ဟူသည့် မေးခွန်းကိုလည်း စစ်တမ်းတွင် ပါဝင်သူများက ဖြေဆိုကြသည်။

“မဲပေးမည် မဟုတ်” ဟု ဖြေကြားသူ ၀န်ထမ်း ၁၄၄ ဦး ရှိပြီး၊ မဲပေးမည်ဟု ဆိုသည့် ၀န်ထမ်း ၆ ဦးသာ ရှိကြောင်း တွေ့ရသည်။

မဲပေးမည်ဟု ဆိုသူ ၀န်ထမ်းတဦးက “ကျမတို့က အစိုးရ ၀န်ထမ်းတွေပါ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက ၀န်ထမ်းပါတီ ဖြစ်နေတော့ ဒီပါတီကိုပဲ မဲပေးရမှာပေါ့” ဟု သူ့အမြင်ကို ပြောသည်။

စစ်ဘက်ဆိုင်ရာမှ ဖြေဆိုသူ ၂၀ တွင် မဲပေးမည်ဟု ဆိုသူ များပြားသည်။ မဲပေးမည်မဟုတ် ဟု ၃ ဦးကသာ ဖြေဆိုသည်။

“ကြံ့ဖွံ့တွေတော့ မဲမထည့်နိုင်ဘူး၊ အဲဒါကြောင့် ပြစ်ဒဏ် ခံရမယ် ဆိုရင်တောင် ခံလိုက်ဦးမယ်” ဟု တပ်ကြပ်ကြီး တဦးက သူ့သဘောထားကို ပြောသည်။

ကျောင်းသား ၅၀ တွင် ၄၄ ဦးက ကြံ့ဖွံ့ပါတီကို မဲမပေးဟု ဆိုပြီး၊ ၆ ဦးက မဲပေးမည်ဟု ဖြေကြသည်။

စစ်မှုထမ်းဟောင်း ၃၀ တွင် ၂၃ ဦးက ကြံ့ဖွံ့ပါတီကို မဲမထည့်ပါဟု ဆိုကြသည်။ ကျန် ၇ ဦးကတော့ မဲထည့်မည်ဟု ဆိုသည်။

မဲထည့်မည်ဟု ဖြေဆိုသူ ကျောင်းသူတဦးက “မဲထည့်မယ်လို့ အိမ်က လူကြီးတွေက ကတိ ပေးလိုက်ပြီးပြီ၊ အိမ်ကို မီတာဘောက် ကျအောင် ကြံ့ခိုင် ဖွံ့ဖြိုးရေး အသင်းက ထောက်ခံချက် ပေးတာ ဆိုတော့ မထည့်လို့ မရဘူး” ဟု ပြောပြသည်။

ဝန်ကြီးချုပ် ဦးသိန်းစိန်၏ ကြံ့ဖွံ့ပါတီသည် စစ်အစိုးရ၏ သက်တမ်း ၁၇ နှစ်ရှိ အသင်းကြီးဖြစ်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းကို အသွင်ပြောင်းမည့် ပါတီဖြစ်မည်ဟု ကျယ်ကျယ် ပြန့်ပြန့် ယူဆနေကြသည်။

ကြံ့ဖွံ့အသင်းက ဒေသ အများအပြားတွင် ငွေချေးခြင်း၊ သောက်သုံးရေ ရရှိရေး ဆောင်ရွက်ပေးခြင်း၊ နိုင်ငံသား စိစစ်ရေး ကတ်များ ရရှိစေရန် စီစဉ်ပေးခြင်း၊ အခဲ့ ကျူရှင် ဖွင့်ခြင်း၊ အခမဲ့ ဆေးကုပေးခြင်းတို့ ပြုလုပ်ပေးလျက်ရှိပြီး ထိုလုပ်ငန်းများနှင့် ပတ်သက်သူများမှာ အသင်းက ဖွဲ့စည်းမည့် ပါတီကိုသာ မဲထည့် ပါမည်ဟု ကတိပြုထားခဲ့ရကြောင်း ကြားသိရသည်။

“ကြံ့ဖွံ့တွေကို မဲ မပေးချင်ဘူး၊ ကြံ့ဖွံ့အစား အခြား ဘယ်သူ ဖြစ်ဖြစ် မဲပေးမှာပဲ” ဟု အသက် ၃၀ ၀န်းကျင် အမျိုးသမီးတဦးက ပြောသည်။

အရွယ်စုံ အရပ်သားများထဲတွင် ၁၇၈ ဦးက ကြံ့ဖွံ့ ပါတီကို မဲမထည့်ပါဟု ဖြေဆိုပြီး ကျန် ၂၂ ဦးက မဲထည့်မည်ဟု ဖြေဆိုကြသည်။

“မဲမပေးလို့ ပြဿနာမရှိဘူး ဆိုရင်တော့ မပေးပါဘူး၊ အင်း ဒါပေမယ့် မဲပေးရမယ် ဆိုရင်တော့ မတတ်နိုင်ဘူး၊ ပေးရမှာပဲ၊ ပြဿနာတော့ အဖြစ် မခံနိုင်ဘူး” ဟု အသက် ၅၀ ၀န်းကျင် အရွယ် အမျိုးသားတဦးက ပြောသည်။

ကြံ့ဖွံ့ပါတီကို မဲပေးမည်ဟု ဖြေဆိုသူ အသက် ၄၀ ၀န်းကျင်အရွယ် အမျိုးသမီးက ကြံ့ဖွံ့အသင်းကို နှစ်သက်သူဖြစ်သည်။

“ရပ်ကွက်ထဲက ကြံ့ဖွံ့ အသင်း ဥက္ကဋ္ဌကတော့ ကောင်းပါတယ်၊ ငွေလိုတဲ့သူတွေ ဘာတွေကိုလည်း ပိုက်ဆံ ချေးပေးတယ် ဆိုတော့ မဆိုးပါဘူး၊ ရပ်ရေး ရွာရေးလည်း စိတ်ဝင်တစား ရှိပါတယ်” ဟု သူက ပြောသည်။

Ref: ဧရာဝတီ်

Read More...

Tuesday, May 4, 2010

ဒေါ်စု နေအိမ်ပြင်ခွင့် ရပြီ

မြင့်မောင်
သောကြာနေ့၊ ဧပြီလ ၃၀ ရက် ၂၀၁၀

နယူးဒေလီ (မဇ္ဈိမ)။ ။ အကိုဖြစ်သူ ဦးအောင်ဆန်းဦးက တားဝရမ်း ထုတ်ခဲ့သဖြင့် နေအိမ်ပြုပြင်မှု ၄ လကျော် ရပ်ဆိုင်းခဲ့ရသည့် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အား မြို့တော်စည်ပင်က ပြင်ဆင်ခွင့် ပြန်လည် ခွင့်ပြုလိုက်သည်။

အိမ်ပြင်ဆင်ရေး ကိုယ်စားလှယ် ဦးထင်ကျော်အား ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ယမန်နေ့က အမိန့်စာ ထုတ်ပေးလိုက်ခြင်း ဖြစ်ရာ ရန်ကုန်မြို့ တက္ကသိုလ် ရိပ်သာလမ်း အမှတ် ၅၄ နေအိမ်ကို ဆက်လက် ပြင်ဆင်တော့မည် ဖြစ်သည်။

“အင်းယားကန်ဘက်က ဝင်းထရံတွေကို ဝါးကပ်တွေ ပြန်ကပ်တာ ပြီးသွားပါပြီ။ အလုပ်သမားတွေ စတင် အလုပ် လုပ်နိုင်ဖို့ အတွက် သက်ဆိုင်ရာ လုံခြုံရေးကို တင်ပြ ထားပါတယ်။ အဲဒါကတော့ မရသေးဘူး။ ခေါင်မိုးတွေကတော့ ကြာပြီဆိုတော့ အက်ကွဲနေတဲ့အတွက် လဲရမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးဥာဏ်ဝင်းက ပြောသည်။

ဦးထင်ကျော်နှင့် ဆောက်လုပ်ရေး အင်ဂျင်နီယာများသည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပြုရန် အထူးရဲ သတင်းတပ်ဖွဲ့ထံ စာရေး တင်ထားကြောင်း ပါတီ သတင်းရပ်ကွက်က ပြောသည်။

၂ဝဝ၈ ခုနှစ် မေလဆန်းအတွင်းက တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းကြောင့် နေအိမ်ခေါင်မိုး အုတ်ကြွတ်ပြားများ ကျိုးပဲ့ ပျက်စီးခဲ့သဖြင့် မြို့တော် စည်ပင်က ပြီးခဲ့သည့်နှစ် နိုဝင်ဘာလလယ်မှ စ၍ ယခုလအတွင်း အပြီးသတ် ပြုပြင်ရန် ခွင့်ပြုခဲ့သည်။

သို့သော် အိမ်အမွေဆိုင် အငြင်းပွားခဲ့သော ဦးအောင်ဆန်းဦးက သူ၏ ခွင့်ပြုချက် မပါရှိဘဲ ပြုပြင်သည်ဟုဆိုကာ စည်ပင်သို့ ကန့်ကွက်ရာမှ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် အိမ်ပြင်မှု ရပ်နားခဲ့ရသည်။ ယခုလ ၆ ရက်နေ့တွင်မူ ဦးအောင်ဆန်းဦး၏ တားဝရမ်း လျှောက်ထားမှုအား တိုင်းတရားရုံးက ပယ်ချပစ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ မိခင် ဒေါ်ခင်ကြည်သည် ၁၉၆ဝ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၌ မြန်မာ သံအမတ်ကြီး အဖြစ် တာဝန် ထမ်းဆောင်နေစဉ် မြန်မာဝန်ကြီးချုပ် ဦးနုက ကိုလိုနီခေတ်ကတည်းက တည်ဆောက်ခဲ့သည့် ယခုနေအိမ်ကို ပေးအပ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာပြည်သို့ ပြန်ရောက်လာသည့် ၁၉၈၈ ခုနှစ်ကတည်းက ဗဟန်းမြို့နယ် တက္ကသိုလ် ရိပ်သာလမ်းရှိ ယခု နေအိမ်၌ပင် နေထိုင်ခဲ့သည်။

Ref: မဇ္ဈိမ

Read More...

သတင်းလွတ်လပ်ခွင့် အဖိနှိပ်ဆုံး စာရင်းမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ထိပ်ပြေး

04 May 2010

မေလ ၃ ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာ သတင်းလွတ်လပ်ခွင့်နေ့မှာ RSF ခေါ် နယ်စည်းမခြား သတင်းထောက်များ အဖွဲ့ကြီးက မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ တရုတ်သမ္မတ ဟူဂျင်တောင်း (Hu Jintao) နဲ့ အီရန်သမ္မတ မာမွတ်ဒ် အမာဒီနီဂျက်ဒ် (Mahmoud Ahmadinejad) အပါအ၀င် ကမ္ဘာ့နိုင်ငံတွေက ခေါင်းဆောင် ၄၀ ကို အဆိုးဝါးဆုံး သတင်းလွတ်လပ်ခွင့် ဖိနှိပ် ချိုးနှိမ်သူများ (Predators of the Press Freedom) စာရင်းမှာ ထည့်သွင်း ဖော်ပြလိုက်ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြ ပေးထားပါတယ်။

ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) က ကမ္ဘာ့ သတင်းလွတ်လပ်ခွင့်နေ့မှာ နှစ်ပတ်လည် အစီရင်ခံစာ တစောင် ထုတ်ပြန်လိုက်ပြီး ကမ္ဘာပေါ်က သတင်းမီဒီယာတွေရဲ့ လွတ်လပ်ခွင့်ကို အဖိနှိပ်ဆုံး၊ အချိုးနှိမ်ဆုံး သူတွေရဲ့ စာရင်းကို ထုတ်ပြန် ခဲ့ပါတယ်။ ဒီစာရင်းထဲမှာ နိုင်ငံရေး ခေါင်းဆောင်တွေ သာမက ဘာသာရေး ခေါင်းဆောင်တွေ၊ လက်နက်ကိုင် တိုက်ခိုက် နေသူတွေနဲ့ ရာဇ၀တ်မှု ကျူးလွန်နေတဲ့ အဖွဲ့အစည်းတွေပါ ပါဝင်ပြီး စုစုပေါင်း ၄၀ ကို စာရင်း တင်ထားတယ်လို့ RSF ရဲ့ ၀ါရှင်တန် ဒါရိုက်တာ ကလပ်ချင်း လီကော့(ဇ်) (Clothilde Le Coz) က ပြောပါတယ်။ ဒီအထဲမှာ အရင်နှစ်တုန်းက လိုပဲ မြန်မာ စစ်ခေါင်းဆောင် ကိုလည်း ထည့်သွင်း ထားတယ်လို့ ဆိုပါတယ်။

“ထိပ်ဆုံးကတော့ ထုံးစံအတိုင်းပဲ မြန်မာနိုင်ငံက ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ တရုတ်နိုင်ငံက ဟူဂျင်တောင်း၊ အီရန်က မာမွတ်ဒ် အမာဒီနီဂျက်ဒ်နဲ့ အလီခါမေနီ (Ali Khamene)၊ နောက် ရုရှားအပြင် ဖိလစ်ပိုင်နိုင်ငံနဲ့ ဗီယက်နမ် နိုင်ငံတို့ပါ ပါပါတယ်။”

အာရှတိုက်မှာ မြန်မာနဲ့ တရုတ်နိုင်ငံတွေအပြင် မြောက်ကိုရီးယား၊ လာအို၊ နီပေါနဲ့ သီရိလင်္ကာ နိုင်ငံတွေကိုလည်း စာရင်း ထည့်သွင်း ထားတယ်လို့ ပြောပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး သတင်း လွတ်လပ်ခွင့် ဆုံးရှုံးနေတာတွေကို RSF က စိုးရိမ်ကြောင်းနဲ့ ဒါဟာ နိုင်ငံခြား သတင်းထောက်တွေ မြန်မာနိုင်ငံဆိုင်ရာ သတင်းကို လွတ်လွတ်လပ်လပ် မရရုံမက အထူးသဖြင့် မြန်မာနိုင်ငံတွင်းက သတင်း သမားတွေဟာ သူတို့ရဲ့ အသက်မွေးဝမ်းကြောင်း သတင်းအလုပ်ကို အသက်နဲ့ရင်းပြီး လုပ်နေရတာမျိုးတွေ တွေ့ရတယ် လို့လည်း ပြောပါတယ်။

တကယ်လို့ အခန့်မသင့်ရင် သတင်းတပုဒ်ကြောင့် ထောင်ဒဏ်နှစ်ရှည် အကျခံရတာမျိုးတွေပါ တွေ့နေရတာမို့ ဒါမျိုးဟာ ရွေးကောက်ပွဲ လုပ်မယ့် အချိန်မျိုးမှာ ပိုပြီး မဖြစ်သင့်ဘူးလို့ ဆိုပါတယ်။

“မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်နေတဲ့ အချိန်မျိုးမို့ ကျမတို့ တကယ်ပဲ စိုးရိမ်ပါတယ်။ ဒါဟာ သမိုင်းဝင် ကာလပါ။ ဒီ ရွေးကောက်ပွဲကို နှစ်ပေါင်း ၂၀ ကြာခဲ့ပြီးမှ ကျင်းပတာဖြစ်ပြီး မြန်မာနိုင်ငံသားတိုင်းလည်း ပါဝင်ခွင့် မရတာမျိုး ဖြစ်နေပါတယ်။ ဒါ့အပြင် သတင်း အချက်အလက် တွေကိုလည်း မြန်မာနိုင်ငံသားတွေ ပြည့်ပြည့်စုံစုံ မရကြပါဘူး။ တကယ်ဆိုရင် မြန်မာနိုင်ငံသားတွေ အတွက် ကိုယ်တင်ပြမယ့် ခေါင်းဆောင်နဲ့ ပတ်သက်ပြီး အချက်အလက်တွေ အကုန်သိဖို့နဲ့ လွတ်လွတ်လပ်လပ် ရွေးချယ်ပိုင်ခွင့်ရှိဖို့ လိုပါတယ်။”

အခုတော့ ဒီလို အချက်အလက်တွေကို ပေးမယ့် သတင်းသမားတွေကို လွတ်လွတ်လပ်လပ် လုပ်ခွင့်မပေးဘဲ ဖမ်းဆီးမှုတွေ၊ ဆင်ဆာ ဖြတ်မှုတွေ ရှိနေတာမို့ ဒီရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှု ရှိမှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။

“မြန်မာနိုင်ငံမှာ အခုလောလောဆယ် ထောင်ထဲမှာ သတင်းထောက် ၁၂ ယောက် ရှိနေပါတယ်။ ကွန်ပျူတာ အင်တာနက်သုံးတဲ့ ဘလော့ဂ်ဂါ ဆိုရင်လည်း သူတို့ရေးတဲ့ ဘလော့ဂ်ကြောင့် အကျဉ်းကျ ခံနေရတာ ၂ ယောက်ထက်မနည်း ရှိနေပါတယ်။ အခုလည်း ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ရေးသားချက် မှန်သမျှ မြန်မာစစ်အစိုးရကို တင်ပြဖို့ အမိန့်ပေးထားပြီး ဆင်ဆာအဖွဲ့က ခွင့်ပြုမှသာ ဖော်ပြခွင့် ရပါတယ်။ သတင်း လွတ်လပ်ခွင့်တွေ အခု ပိုပြီး ကင်းမဲ့လာတာမို့ သတင်းလွတ်လပ်ခွင့် မရဘဲ ကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်မှု၊ တရားမျှတမှုတွေ ရှိမှာ မဟုတ်ဘူးလို့ ကျမတို့ ယုံကြည်ပါတယ်။”

နှစ်ပေါင်း ၂၀ ကြာပြီးမှ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် နိုင်ငံတကာက မျှော်လင့်ထားပေမဲ့ ဒီမျှော်လင့်ထားသလို ဖြစ်မလာတဲ့ အတွက် ကုလသမဂ္ဂက ရှုတ်ချသလို RSF အဖွဲ့ကြီးကလည်း ရှုတ်ချလိုက်ပြီး နိုင်ငံတကာရဲ့ ဖိအားပေးမှုတွေကနေ တစုံတရာ ဖြစ်လာဖို့ မျှော်လင့် ထားတယ်လို့လည်း ပြောပါတယ်။

RSF ရဲ့ စာရင်းထဲမှာ ရ၀မ်ဒါနိုင်ငံက သမ္မတ၊ ချက်ခ်ျညာ သမ္မတနဲ့ ယီမင်သမ္မတတွေနဲ့ အတူ တာလီဘန်ခေါင်းဆောင် မူလာအိုမာလည်း ပါပါတယ်။ ဒီနှစ်ထုတ်ပြန်ခဲ့တဲ့ စာရင်းထဲမှာ မနှစ်က စာရင်းပါ အဖွဲ့အစည်းတွေ ထဲက အီရတ် အစ္စလမ် အစွန်းရောက်အဖွဲ့ တချို့ကို ပယ်ဖျက် နိုင်ခဲ့တယ်လို့ RSF ရဲ့ သုတေသန ဒါရိုက်တာ ဂစ်လစ်စ် လန်းဒက်က ပြောပါတယ်။

“မနှစ်က ထုတ်ပြန်ခဲ့တဲ့ စာရင်းနဲ့ ယှဉ်ကြည့်မယ် ဆိုရင်တော့ ဒီနှစ်စာရင်းမှာ တိုးတက်မှုတွေ ရှိလာတာကို တွေ့ရပါတယ်။ ဒါပေမဲ့ တချို့ နိုင်ငံတွေကတော့ အရင်ကလိုပဲ သတင်းသမားတွေကို ဖိနှိပ် ချိုးနှိမ်မှုတွေ ရှိနေတာကို တွေ့ရပါတယ်။”

မက္ကဆီကိုနိုင်ငံဟာ လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း သတင်းသမား ၆၂ ဦး အသတ် ခံခဲ့ရတာမို့ အဆိုးဝါးဆုံးနိုင်ငံ စာရင်းမှာ ထည့်သွင်း ထားသလို ဖိလစ်ပိုင် နိုင်ငံမှာလည်း ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း သတင်းသမား ၃၀ အသတ် ခံခဲ့ရတာမို့ သတင်းသမားတွေ အတွက် အန္တရာယ် အရှိဆုံး နိုင်ငံအဖြစ် စာရင်း ထည့်သွင်း ထားတယ်လို့လည်း ပြောပါတယ်။

Ref: VOA News

Read More...

ကေအန်အယ်လ်အေကို နအဖတပ်များ ထပ်မံထိုးစစ်ဆင်ရန် ပြင်ဆင်

ရဲရင့်/ ၃ မေ ၂ဝ၁ဝ

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ထိုင်းနယ်စပ်အနီးရှိ ဝေါ်လေဒေသတွင် အခြေစိုက်သည့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ကေအန်အယ်လ်အေ) တပ်ရင်း (၂၀၁) လှုပ်ရှားဒေသကို မကြာမီ အချိန်အတွင်း နအဖတပ်များ ထပ်မံ ထိုးစစ်ဆင်ရန် စစ်ရေး ပြင်ဆင်မှုများ ပြုလုပ်နေသည်ဟု ကရင် တပ်မှူးတဦးက ပြောသည်။

တပ်ရင်း (၂၀၁) မှ တပ်ရင်းအရာခံဗိုလ် ဗိုလ်ကြီးစောထိခုက “မနေ့တနေ့က ကျနော်တို့ တပ်ရင်းနဲ့ နအဖတပ် ခမရ (၄၀၅) တပ်နဲ့ တိုက်ပွဲ ဖြစ်ခဲ့တယ်။ အဲဒါ သူတို့က ပြောက်ကျား လှုပ်ရှားတဲ့ ကျနော်တို့ တပ်ရင်းကို ထပ်တိုက်ဖို့ ပြင်ဆင်မှုတွေ လုပ်နေတယ်၊ မကြာခင်မှာ တိုက်ပွဲတွေ ပြန်ဖြစ်ဖို့ရှိတယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။

ခမရ (၄၀၅) အပါအ၀င် နအဖတပ်များ၏ ထိုးစစ်ကို ပြန်လည် ထိုးစစ်ဆင်နိုင်ရန် အတွက် မိမိတို့ တပ်များကိုလည်း တပ်လှန့် ထားသည်ဟု ဗိုလ်ကြီးစောထိခုက ပြောသည်။

ပြီးခဲ့သည့် စနေနေ့က ဝေါ်လေဒေသရှိ ကနဲလေးရွာနှင့် မော်ဖိုးကလိုးရွာ အကြားတွင် ကေအန်အယ်လ်အေ တပ်ရင်း (၂၀၁) နှင့် နအဖတပ် ခမရ (၄၀၅) တို့ ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွား ခဲ့ရာ ခမရ (၄၀၅) ဘက်မှ (၁) ဦးကျဆုံးပြီး အချို့ ဒဏ်ရာရရှိကာ ကေအန်အယ်လ်အေ တပ်ရင်း (၂၀၁) ဘက်မှ အရာခံဗိုလ် (၁) ဦး ကျဆုံးခဲ့သည်။

ဒီကေဘီအေ တပ်မဟာ (၅) မှ အရာရှိတဦးက “နအဖက တပ်တွေ တိုးချထားတယ်။ ဒီခွင်မှာက ကေအန်အယ်လ်အေ တပ်တွေ အပြင် နအဖရဲ့ နယ်ခြားစောင့်တပ် အသွင်ပြောင်းတာကို လက်မခံတဲ့ ဒီကေဘီအေက တပ်တချို့ ရှိတယ်။ အဲဒီ တပ်တွေကလည်း နအဖကို ရင်ဆိုင်ဖို့ စစ်ရေး ပြင်တာတွေရှိတယ်။ ဒီခွင်မှာက အချိန်မရွေး စစ်ဖြစ်မယ့် အနေအထားရှိတယ်” ဟု ပြောသည်။

ဒေသတွင်း စစ်ရေးတင်းမာမှုများကြောင့် ဒေသခံရွာသား (၃၀၀) ကျော်သည် မကြာသေးမီ ရက်ပိုင်းမှ စတင်ကာ ထိုင်းဘက်ခြမ်းသို့ တိမ်းရှောင် လာကြကြောင်း၊ စစ်ပွဲများ ပြင်းထန်လာပါက အနည်းဆုံး ဒုက္ခသည် (၁) သောင်းခန့် ထိုင်းဘက်သို့ ရောက်လာနိုင်ကြောင်း ထိုင်း-မြန်မာနယ်စပ် အခြေစိုက် လူသားချင်း စာနာထောက်ထား အကူအညီပေးသည့် အဖွဲ့များက ပြောသည်။

အဆိုပါ ဝေါ်လေဒေသတွင် ကေအန်အယ်လ်အေ၊ ဒီကေဘီအေနှင့် နအဖကွပ်ကဲရေး ဌာနချုပ် စကခ (၈) လက်အောက်ခံ ခမရတပ်များ အခြေချ လှုပ်ရှားကြသည်။

Ref: ခေတ်ပြိုင်

Read More...

ကျောက်တံခါး၌ ဗုံး ၃ လုံးကွဲ၊ တဦး ဒဏ်ရာရ

ရန်ပိုင် Tuesday, May 04, 2010

ပဲခူးတိုင်း ကျောက်တံခါး မြို့နယ်ရှိ စက်မှုလယ်ယာ ထွန်စက် စခန်းတွင် ပြီးခဲ့သည့် သောကြာနေ့ညနှင့် စနေနေ့က ဗုံးသုံးလုံး ဆက်တိုက် ပေါက်ကွဲခဲ့ရာ မြို့နယ် ရဲအထူး သတင်းတပ်ဖွဲ့ (SB) မှ တပ်ကြပ်တဦး ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း သိရသည်။

အဆိုပါ စခန်းအတွင်းရှိ ထွန်စက်တစီး၏ အင်ဂျင်အောက်မှ ပေါက်ကွဲခြင်း ဖြစ်ပြီး သောကြာနေ့ည ၁၂ နာရီခန့်တွင် တကြိမ်၊ စနေနေ့ ည ၂နာရီခန့် တွင် တကြိမ်၊ စနေနေ့ ညနေ ၄နာရီခန့်တွင် တကြိမ်ပေါက်ကွဲခြင်း ဖြစ်ကြောင်း ကျောက်တံခါးမြို့ခံတဦးက ဧရာဝတီသို့ ပြောသည်။

“အသံကတော့ သိပ်မကျယ်ဘူး၊ စခန်းက မြို့ပြင်မှာဆိုတော့ သိပ်မသိကြဘူး၊ နောက်မှသိတာ၊ ဒုတိယ ရဲချုပ်လာစစ်တယ်”ဟု ၎င်းကဆိုသည်။

ပထမဗုံးပေါက်ကွဲမှုတွင် လယ်ထွန်စက်တစီး ပျက်စီးသွားပြီး ဂိုဒေါင်အမိုးများလည်း ပျက်စီးသွားကြောင်း၊ ဒုတိယပေါက်ကွဲမှု တွင် ပျက်စီးခြင်း မရှိဘဲ၊ တတိယဗုံးပေါက်ကွဲချိန်သည် SB တပ်ဖွဲမှ စစ်ဆေးနေသော အချိန်ဖြစ်သည့် အတွက် ရဲတပ်ဖွဲ့ဝင် တပ်ကြပ် တဦး ခန္ဓာကိုယ် အောက်ပိုင်း ထိခိုက်ဒဏ်ရာရရှိသွားခြင်းဖြစ်သည်ဟု အဆိုပါ မြို့ခံကပြောသည်။

ထိုကဲ့သို့ ဗုံးပေါက်ကွဲခဲ့သော်လည်း မြို့နယ် အာဏာပိုင်များက လုံခြုံရေး တိုးမြှင့် ချထားခြင်းမရှိသေးကြောင်း၊ ယခင် လေးငါးနှစ် ခန့်ကလည်း ကျောက်တံခါးမြို့တွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ဖူးကြောင်း၊ ဗုံးပေါက်ကွဲမှု ကြောင့် လုံခြုံရေးအကြောင်းပြကာ ဒေသ ခံများကို ကင်းများစောင့်ခိုင်းခြင်း၊ ကင်းကြေးများ တိုးမြှင့် ကောက်ခံခြင်းများ ပြုလုပ်လာနိုင်ကြောင်း ၎င်းမြို့ခံက ဆက်လက်ရှင်း ပြ သည်။

ယခုဗုံးပေါက်ကွဲမှုကို စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားခြင်း မရှိပေ။

ပြီးခဲ့သည့် ဧပြီလ၂၈ ရက်နေ့ကလည်း လွိုင်ကော် ရဲစခန်းအတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူတဦးသေဆုံးပြီး တာဝန်ကျ ရဲဝန် ထမ်းများလည်း ဒဏ်ရာရရှိသွားကြောင်း သိရသည်။

ယခုနှစ်အတွင်း မြန်မာနိုင်ငံတွင် ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားလာရာ ယင်းကျောက်တံခါးမြို့နယ် ဗုံးပေါက်ကွဲမှု အပါအ၀င် ၉ ကြိမ်ရှိပြီး မည်သည့် အဖွဲ့အစည်းက လုပ်ဆောင်သည်ကို အစိုးရ တိတိကျကျ ထုတ်ပြန်အရေးယူနိုင်ခြင်းမရှိဘဲ ပြည်ပရှိ နိုင်ငံရေး အဖွဲ့အစည်းများကိုသာ စွပ်စွဲပြောဆိုလေ့ရှိသည်။

မကြာသေးမီက ဖြစ်ပွားခဲ့သည့် ကချင်ပြည်နယ် မြစ်ကြီးနား မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်း ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍လည်း စုံစမ်းဖော်ထုတ်နိုင်ခြင်း မရှိဘဲ ဖောက်ခွဲသူအား ဖမ်းဆီးနိုင်ရန် သတင်းပေးနိုင်ပါက ကျပ်ငွေ သိန်း ၅၀၊ ပေ ၄၀x ပေ ၆၀ မြေကွက် တကွက်နှင့် ဒေသတွင်းသုံး CDMA တယ်လီဖုန်း တလုံး ပေးမည်ဟု ပြည်နယ်အေးချမ်းသာယာရေးနှင့် ဖွံဖြိုးရေးအဖွဲ့မှ တရားဝင် ကြေညာချက်များ ထုတ်ပြန်ထားကြောင်း အဆိုပါ အုပ်ချုပ်ရေး ရုံးအဖွဲ့မှ ၀န်ထမ်းတဦးက ဧရာဝတီသို့ပြောသည်။

ပြီးခဲ့သည့် သင်္ကြန်အကြတ်နေ့ ရန်ကုန် ဗုံးပေါက်ကွဲမှုတွင်လည်း ဗုံးဖောက်ခွဲ သူကို ဖမ်းဆီးရမိရန် သတင်းပေးနိုင်ပါက ဆုငွေ ကျပ် (၁၀) သိန်းပေးမည်ဟု မြို့နယ်၊ ရပ်ကွက်အုပ်ချုပ်ရေး ရုံးများတွင် စာများ ကပ်ပြီး ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ထိုဗုံးပေါက်ကွဲခဲ့သည့် ရန်ကုန်မြို့ ကန်တော်ကြီး ကန်ပတ်လမ်း X2O မဏ္ဍပ်ရှေ့မှ မပေါက်ကွဲသေးသည့် ချိန်ကိုက်ဗုံးတလုံးကို မြန်မာဘီယာ သံဘူး အခွံထဲမှ ထပ်မံရှာဖွေ တွေ့ရှိပြီး မဏ္ဍပ်ရှေ့ပေါက်ကွဲခဲ့သည့် ဗုံးမှာ လက်ပစ်ဗုံးဖြစ်ကြောင်း ယခုအပတ်ထုတ် Weekly Eleven ဂျာနယ်တွင် ရေးသား ထားသည်။

X2O မဏ္ဍပ်ရှေ့ ဗုံးပေါက်ကွဲမှုတွင် လူ၁၀ ဦးသေဆုံးပြီး ၁၇၀ ကျော် ဒဏ်ရာရခဲ့ကြောင်း အစိုးရက တရားဝင် ထုတ်ပြန် ထားသည်။

Ref: ဧရာဝတီ်

Read More...

စစ်အစိုးရတပ်နှင့်ပြည်သူစစ် စခန်းအား မွန်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ စီးနင်းပစ်ခတ်

မင်းချမ်း
မေ ၃၊၂၀၁၀။

တနင်္သာရီတိုင်းမြောက်ဖက် ရေဖြူမြို့နယ်၊ အလယ်စခန်းကျေးရွာ ပြည်သူ့စစ်စခန်းနှင့် စစ်အစိုးရ တပ်ဖွဲ့ဝင်အချို့ အခြေစိုက်ရာ အဆိုပါ ကျေးရွာ ရယက ဥက္ကဌ နေအိမ်အား MNDA ခေါ် မွန်အမျိုးသား ကာကွယ်ရေး တပ်ဖွဲ့က တပြိုင်တည်း ဝင်ရောက်စီးနင်း ပစ်ခတ်ခဲ့ကြောင်း ၄င်းတပ်ဖွဲ့မှ တပ်ရင်းမှူးဖြစ်သူ ဗိုလ်မှူးဂျလွန်းထောက ကောင်းဝါ သတင်းဌာနသို့ အတည်ပြု ပြောကြားပါသည်။

လွန်ခဲ့သည့်ဧပြီလ (၃၀) ရက်နေ့၊ ညပိုင်း(၈) နာရီခွဲအချိန်တွင် (၁၅) မိနစ်ခန်အကြာ ယင်းသို့ အပြန်အလှန် ပစ်ခတ်ခဲ့ပြီးနောက် အခင်းဖြစ်ပွားရာ အလယ် စခန်းရွာရှိ ပြည်သူ့စစ်စခန်း အဆောက်အဦးနှင့် ကျေးရွာရယက ဥက္ကဌ နေအိမ်တို့ မီးစွဲလောင်ခဲ့သည်ဟု ဆိုပါသည်။

ထိုသို့ဝင်ရောက်ပစ်ခတ်မှုကြောင့် အရာရှိ တစ်ဦးအပါအဝင် စစ်အစိုးရတပ်ဖွဲ့ဝင် (၃) ဦး၊ ပြည်သူ့စစ် (၂)ဦး၊ ရယကဥက္ကဌသမီး (၂) ဦး ဒဏ်ရာရရှိခဲ့သည်ဟု MNDA က ကောင်းဝါ သတင်းဌာနသို့ ပြောကြားခဲ့သည်။

သို့ရာတွင် ယနေ့နံနက်ပိုင်း ဘီဘီစီမြန်မာပိုင်ထုတ်လွှင့်ချက်၌ ခမရ ၂၈၂ မှမြန်မာ စစ်အရာရှိ တစ်ဦးနှင့် ရဲဘော် တစ်ဦးသာ ဒဏ်ရာ ရရှိခဲ့သည်ဟု ဆိုပါသည်။

ယင်းကဲ့သို့ စီးနင်းပစ်ခတ်မှုဖြစ်ပွားပြီးနောက်တစ်နေ့တွင် ၄င်းတို့ကို ဝင်ရောက်ပစ်ခတ်ခဲ့သည့် MNDA အဖွဲ့အား လိုက်လံ ချေမှုန်းရန်အတွက် အနီးအနား ရွာတစ်ဝိုက်ရှိ ကျေးရွာများကို တစ်ရွာလျှင် ပေါ်တာ(၁၀) ယောက် မဖြစ်မနေ စီစဉ်ပေးရန် မြန်မာစစ်တပ် တောင်းဆိုခဲ့သည်။

အခင်းဖြစ်ပွားရာ အလယ်စခန်းကျေးရွာသည် ရေး-ထားဝယ်မော်တော်ကားလမ်းမပေါ်တွင် တည်ရှိပြီး စစ်အစိုးရ ထိန်းချုပ်ရာ ဒေသဖြစ်သဖြင့် MNDA တပ်ဖွဲ့များ ပြောက်ကြား လှုပ်ရှားရာ ဒေသတစ်ခု ဖြစ်နေသည်။

အဆိုပါ MNDA တပ်ဖွဲ့ကို နယ်ခြားစောင့်တပ် လက်မခံသည့် မွန်ပြည်သစ်ပါတီမှ အရာရှိအချို့ လှို့ဝှက်ခွဲထွက်ကာ ယမန်နှစ်က ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

မွန်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ MNDA သည် မွန်ပြည်သစ်ပါတီနယ်မြေ အတွင်း ဝင်ရောက် လှုပ်ရှားခွင့် မရှိသဖြင့် စစ်အစိုးရ ထိမ်းချုပ် နယ်မြေများ ဖြစ်ကြသည့် တနင်္သာရီတိုင်း မြောက်ပိုင်းရှိ ရေဖြူမြို့နယ်နှင့် မွန်ပြည်နယ်တောင်ပိုင်းရှိ ရေးမြို့နယ် တောင်ပိုင်းရှိ အချို့ ဒေသများတွင် စစ်အစိုးရ တပ်ဖွဲ့များ ပြောက်ကျား စစ်ဆင်လျှက်ရှိသည်။

မွန်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ MNDAသည် မွန်ပြည်သစ်ပါတီ NMSP လက်အောက်ရှိ မွန်အမျိုးသား လွတ်မြောက်ရေး တပ်မတော် MNLA တို့နှင့် လုံးဝ မပတ်သက်ကြောင်း ၂၀၁၀ ခုနှစ်၊ ဇန်နဝါရီလ(၁) ရက်နေ့ထုတ် မွန်ပြည်သစ်ပါတီ ကြေညာချက် တစ်ရပ်တွင် ဖေါ်ပြပါရှိသည်။

Ref: ကောင်းဝါ

Read More...

အင်တာနက် အသုံးပြုမှုအပေါ် ကန့်သတ်မှုနဲ့ အခက်အခဲတွေ ပိုများလာ

03 May 2010

အများသုံး အင်တာနက်ကဖေး ဆိုင်တွေမှာ သုံးစွဲကြသူတွေ အနေနဲ့ ၀င်ကြည့်ချင်တဲ့ ၀က်ဘ်ဆိုက်တွေကို ကျော်ခွ ကြည့်နေရတာ အဆန်းမဟုတ်ပေမဲ့ အခုတလော ရန်ကုန်တိုင်းထဲက အင်တာနက် ကဖေးဆိုင် တချို့မှာ သက်ဆိုင်ရာ ၀င်ပြီး စစ်ဆေးတာ၊ စောင့်ကြည့်တာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ ကွန်နက်ရှင် (Connection) ကလည်း အရင်တုန်းကထက် ပိုပြီး နှေးနေလို့ အင်တာနက် သုံးနေသူတွေ ပိုပြီး အခက်တွေ့နေပါတယ်။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ မသင်းသီရိက တင်ပြပေးထားပါတယ်။

အင်တာနက် သုံးစွဲမှုတွေကို ထိန်းချုပ်ကန့်သတ်တာ၊ စောင့်ကြည့်တာတွေနဲ့ အတူ အထူးသဖြင့် အင်တာနက်ဆိုင်တွေကို နိုင်ငံခြား သတင်းဌာနတွေနဲ့ တချို့ဝက်ဘ်ဆိုက် တော်တော်များများကို မကြည့်ရဘူးလို့ ပိတ်ပင်ထားတဲ့ စာတွေကို ဆိုင်တွေမှာ ကပ်ထားဖို့ အာဏာပိုင်တွေက ညွှန်ကြားထားသလို အစိုးရ ကိုယ်တိုင်ကလည်း ကြည့်မရအောင် ပိတ်ထားတာတွေလည်း ရှိပါတယ်။

ဒါပေမဲ့ ခုရက်ပိုင်းတွေအတွင်း ရန်ကုန်မြို့ထဲက ဆိုင်တချို့ကို ရှောင်တခင် ၀င်ရောက် စစ်ဆေးတာ၊ စောင့်ကြည့်တာမျိုးတွေ ရှိနေတယ်လို့လည်း ရန်ကုန် အင်တာနက်ဆိုင်ရှင် လူငယ်တဦးက သူသိထားသမျှ အခုလို ပြန်ပြောပြပါတယ်။

“ဆိုင်တော်တော်များများကတော့ တဆင့်စကား တဆင့် ကြားနေရတာ သူတို့ဘက်ကနေပြီးတော့ လူတွေဘာတွေ ထည့်ထားတာတို့၊ ရှောင်တခင် ၀င်စစ်ဆေးတာတို့ ရှိတယ်လို့တော့ ကြားတယ်။ ကျနော်တို့ဆိုင်တွေ ဆီကိုတော့ မလာသေးဘူး။ အဲလိုတော့ ကြားနေရတာပဲ။ နိုင်ငံရေးနဲ့ မလွတ်ကင်းတဲ့ ၀က်ဘ်ဆိုက်တွေ မကြည့်ရဘူးတို့ ဘာတို့ ကပ်ထားတာရှိတယ်။

“တချို့ကျတော့လည်း ကြည့်ချင်ပေမဲ့ ကြည့်လို့ အဆင်မပြေဘူးပေါ့။ လူတဦးချင်း လာသုံးတဲ့လူတွေ အနေနဲ့လည်း ဆန္ဒရှိသလောက်၊ ကိုယ်ကြည့်ချင် သလောက် ဖွင့်ကြည့်ဖို့က ကိုယ့်အတွက် လုံခြုံရေးအရ အဆင် မပြေတာတွေလည်း ရှိတယ်။ ပြီးတော့ ဖွင့်ကြည့် ပြန်တော့လည်း ကွန်နက်ရှင် စပိဒ် တွေက အရမ်းနှေးနေတော့ အင်တာနက် သုံးရတာကို အဆင်မပြေဘူး ဖြစ်နေတယ်။”

တခါ ပြီးခဲ့တဲ့ သင်္ကြန်ရက်ပိုင်းတွေကစလို့ အတော်လေး ဆက်သွယ်မှုနှုန်းတွေ နှေးလွန်းနေတာကြောင့် ဆိုင်ရှင်တွေရော အိမ်သုံး သမားတွေရော အဆင် မပြေကြဘူးလို့ ဆိုသလို အင်တာနက် ဆိုင်တွေကနေ နိုင်ငံခြား ဖုန်းခေါ်ပေးတာတွေလည်း လုံးဝကို လုပ်မရ လောက်အောင် လိုင်းတွေ ကျနေတယ်လို့လည်း ဆိုင်ရှင်တွေ ညည်းကြပါတယ်။

“ကွန်နက်ရှင် စပိဒ်ကလည်း အရမ်းနှေးတယ်။ တခါတလေကျရင် သုံးလို့ မရလောက်အောင် ပြတ်သွားတာမျိုးတွေ ရှိတယ်။ အဲလိုမျိုး အခြေ အနေတော့ ရှိတယ်။ သုံးရတာတော့ အဆင်မပြေပါဘူး၊ ရန်ကုန်မှာကတော့။ နောက် တချို့ဆိုက်တွေကလည်း Banned ထားတာက များနေတယ်။ ကျနော်တို့ဆီမှာ ကြည့်လို့မရတာက များတယ်။ ချတ်တင် (Chatting) လုပ်တဲ့ ဆိုက်လေးတွေ လောက်ပဲ သုံးလို့ ရသလို ဖြစ်နေတယ်။ ဘလော့ဂ်တွေ ဖတ်မယ်၊ ဘာညာဆိုရင် လေးပင်နေပြီးတော့ အဆင်မပြေတာ များတယ်။ ၀က်ဘ်ဆိုက်ရဲ့ မေးလ် ဘာညာတောင် သုံးလို့မရဘူး ဆိုမှတော့ အဆင်မပြေ ကြဘူးပေါ့ဗျာ။”

ဆိုင်ရှင်တွေအတွက် ပိုပြီး တွက်ခြေမကိုက်တဲ့ နောက်တချက်ကလည်း လျှပ်စစ်မီး မရတဲ့ ပြဿနာပါ။ တဆိုင်လုံးကို မီးစက်တွေနဲ့ မောင်းထားရသလို ဆီဖိုးနဲ့ မကိုက်တာတွေရှိလို့ တချို့ဆိုင်တွေဆို ပိတ်ပစ် လိုက်ရတာမျိုးထိ ရှိတယ်လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံမှာ အင်တာနက် သုံးစွဲမှုဈေးက အလွန်ကြီးပါတယ်။ ပထမအဆင့် အင်တာနက် သွယ်မယ်ဆိုရင် FEC ၁,၅၀၀ ကြိုသွင်း၊ တခါ လစဉ်ကြေးက ပုံမှန်လိုင်းဆို တလ ၄၅ FEC၊ နည်းနည်း မြန်နှုန်းမြင့် လိုင်းဆိုရင် တလ ၇၅ FEC အပြင် ဆိုင်တွေဆို တလကို FEC ၁၅၂ ပေးကြရပါတယ်။ တခါ နှစ်စဉ်ကြေး ဆိုတာလည်း သွင်းကြရတာပါ။ အစိုးရလိုင်းတွေဖြစ်တဲ့ ပုဂံနက်တို့၊ ရတနာပုံတို့၊ MPT တို့ကလည်း အင်တာနက်လိုင်းတွေ မကောင်းလို့ တခုတည်းသော ပုဂ္ဂလိကလိုင်းဖြစ်တဲ့ Red Link ကုမ္ပဏီကို အားကိုးပြီး ပြောင်းသုံးပေမဲ့လည်း မထူးပါဘူး၊ လိုင်းတွေ မကောင်းပါဘူးလို့ပဲ ဆိုကြပါတယ်။

“အတူတူတော့ အတူတူပဲဗျ။ ကျနော်သိသလောက် ပြောရရင် ကွန်နက်ရှင် နှေးသွားတယ် ဆိုရင်တော့ အကုန်လုံး လိုလို ကျကျတာပဲ။ Red Link က ၀ိုင်မက်တွေ နောက်ပိုင်း ရောင်းထားတာ ရှိတယ်။ ကွန်နက်ရှင်စပိဒ် နှေးပြီဆိုရင်တော့ အကုန်လုံးလိုလို သုံးရတာ အဆင် မပြေတာတော့ ဘယ်ဟာမဆို မပြေပါဘူး။ ကောင်းနေတဲ့ လိုင်းရယ်လို့တော့ မရှိဘူးပေါ့။”

ဒါကတော့ မြန်မာနိုင်ငံမှာ အင်တာနက်သုံးစွဲမှု ခက်ခဲလွန်းတဲ့ အခြေအနေတွေကို ရန်ကုန် အင်တာနက်ဆိုင်ရှင် တဦးက ပြောပြခဲ့တာ ဖြစ်ပါတယ်။

Ref: VOA News

Read More...

Monday, May 3, 2010

NLD ဦးခင်မောင်ဆွေရဲ့  သဘောထားအမြင် သုံးသပ်ချက်

01 May 2010

မေလ (၆) ရက်နေ့ တည်ဆဲပါတီတွေ ပြန်လည်မှတ်ပုံတင်ဖို့ သတ်မှတ်ရက် ကျော်လွန်သွားရင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ တရားဝင်ပါတီ အဖြစ်ကနေ ရပ်စဲခံရမယ့် အနေအထားမှာ ရှိနေပါပြီ။ ပါတီ ဗဟို အလုပ်အမှုဆောင် တဦး ဖြစ်သူ ဦးခင်မောင်ဆွေ ကတော့ သူတဦးတည်းအနေနဲ့ တသီးပုဂ္ဂလ (သို့မဟုတ်) ပါတီသစ်ထောင်ဖို့ ဆန္ဒမရှိပေမဲ့ နိုင်ငံရေး ပါတီတခုရဲ့  တာဝန်တရပ် အနေနဲ့ ရွေးကောက်ပွဲဝင်ပြီး လွှတ်တော်ထဲမှာ အခြေခံ ဥပဒေတွေကို လက်တွေ့ကျကျ တောင်းဆို လိုတဲ့ သူတွေနဲ့အတူ ရှိနေပါတယ်လို့ ပြောဆိုပါတယ်။ မြန်မာ စစ်အစိုးရဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် ဦးဆောင်ပြီး ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီအဖြစ် မှတ်ပုံတင်ခြင်းကို ချက်ချင်း မဝေဖန်သေးဘဲ စောင့်ကြည့်ဖို့ လိုမယ်လို့ ပြောဆိုပါတယ်။

ဦးခင်မောင်ဆွေ ။ ။ နိုင်ငံရေးတာဝန်ကို ဆက်ထမ်းတယ်ဆိုရင် ပါတီနိုင်ငံရေးအမြင်နဲ့ ပါတီတရပ် အသွင်သဏ္ဍာန်နဲ့ ပြောမယ်ဆိုရင် ရွေးကောက်ပွဲ ဖြတ်သန်းဖို့ဆိုတာ အမှန်တကယ်ရှိနေတဲ့ အနေအထား တရပ်ပါ။ သို့သော်လည်း ပါတီ ဖျက် လိုက်ပြီးတဲ့ အခါကျတော့ နိုင်ငံရေးပါတီကို ဆက်ထမ်းဆောင်မယ်ဆိုရင် နိုင်ငံရေးတာဝန် ထမ်းဖို့အတွက် ပြည်သူကြား ထဲမှာ စောင့်ကြည့်ပြီးတော့ နိုင်ငံရေး အကွက်တွေ ဆိုက်တဲ့အခါမှာ လှုပ်ရှားဖို့ပါ။ အဲဒီတော့ နိုင်ငံရေးကို စဉ်ဆက်မပြတ် လေ့လာ ပြီးတော့ ပြည်သူနဲ့ အတူ ကြည့်ပြီးတော့ မိမိတို့ ရသင့်ရထိုက်တဲ့ နိုင်ငံရေး တံခါးပေါက်တွေ ထွက်ပေါ်လာတဲ့အခါ ဒီ တံခါးပေါက်တွေက ဝင်ပြီး ပြည်သူအတွက် အကျိုးဆောင်ဖို့ရာ ပါတီမရှိတော့လည်း လုပ်နိုင်တဲ့ အနေအထားတွေ ရှိတယ် ဆိုတာ ကျနော်တို့ ပါတီဖျက်ပြီးတဲ့အခါ နိုင်ငံရေးပဲ လုပ်မယ်ဆိုပြီး စောင့်နေတဲ့ အဖွဲ့တွေ ရှိနေတာ အထင်အရှားပါ။

ဦးသန်းလွင်ထွန်း ။ ။ နိုင်ငံရေးပါတီတရပ်အနေနဲ့ အဓိက ရည်မှန်းချက်ကတော့ ရွေးကောက်ပွဲဝင်ပြီးတော့ အမျိုးသား တာဝန်ကို ထမ်းဆောင်ဖို့ပေါ့။ ဒီနေရာမှာ အခုလက်ရှိ ရွေးကောက်ပွဲကို အခြေခံပြီးလုပ်မယ့် အခြေခံဥပဒေတွေနဲ့ စည်းကမ်းချက်တွေဟာ တရားမျှတမှု မရှိဘူးဆိုတဲ့ ဆုံးဖြတ်ချက်တွေ အရ ဒီလို တရားမျှတမှုမရှိတဲ့ ရွေးကောက်ပွဲကို မဝင်ဘူးလို့ ဆုံးဖြတ်တဲ့ အတွက်ကြောင့် သူရဲ့  နောက်ဆက်တွဲ အကျိုးသက်ရောက်မှု အနေနဲ့ ပါတီကို ဖျက်သိမ်းရမယ်၊ ဖျက်သိမ်းခံရမယ် ဆိုတဲ့ သဘောဖြစ်နေတယ်။ ရွေးကောက်ပွဲကို ဒီလိုမျှတမှုမရှိတဲ့ အခြေခံတွေနဲ့ မျက်စိစုံမှိတ်ပြီး ဝင်ရောက် သင့်တယ်လို့ ဆရာတို့အနေနဲ့ ယူဆလို့လား။

ဦးခင်မောင်ဆွေ ။ ။ အဲဒီ မေးခွန်းကတော့ ဘယ်မှာသွားပြီး အဖြေကတည်နေသလည်းဆိုတော့ အခြေခံဥပဒေဟာ အန်အယ်လ်ဒီ မဝင်တာ အခြေခံဥပဒေက တရားမျှတမှုမရှိဘူး၊ ထွက်လာတဲ့ ရွေးကောက်ပွဲဥပဒေ (၅) ခုကလည်း တရား မျှတမှုမရှိ လက်မခံနိုင်လို့ ပါတီကိုဖျက်ပြီး ပါတီမှတ်ပုံတင် ဆက်မတင်တော့ဘဲနဲ့ တချက်တည်းပဲ ရွေးကောက်ပွဲ မဝင်တော့ ဘူးဆိုတဲ့ ကြေညာချက်ပေါ်မှာ ပြောနေတာကို။ တကယ်တော့ အခုနပြောသလို မျက်စိစုံမှိတ်ပြီး ဒီအခြေခံဥပဒေကိုလည်း ဘာမှ မထိမတို့ဘဲ အခြေခံဥပဒေကြီးကို ကြိုက်လှပါတယ်ဆိုပြီး မျက်စိစုံမှိတ် ဝင်တဲ့ဟာမျိုးကတော့ ခေါင်းလျှိုဝင်တဲ့ နိုင်ငံရေးမျိုးလို့ ပြောရလိမ့်မယ်။ ဒါမှမဟုတ် မတရားဘူး၊ ဘယ်ဟာမှ မတရားဘူး၊ မတရားတဲ့ဟာတွေကိုတော့ ဆက်ပြီး လက်မခံနိုင်ဘူးဆိုကာ ပါတီဖျက်၊ ပျက်ရုံသတ်သတ် လုပ်တဲ့ဟာကြတော့၊ ဘာမှရှေ့ လုပ်ငန်းစဉ်မရှိ၊ နိုင်ငံရေး လုပ်ငန်းစဉ် မရှိ ပါတီပျက်ရုံသာပျက်ပြီး တရားမမျှတပါဘူးဆိုတဲ့ ခံစားချက်တွေနဲ့ တရားမမျှတဘူးဆိုတဲ့ ဂုဏ်သိက္ခာကို ဆယ်ဖို့ သက်သက် တခုတည်းနဲ့ ပါတီဖျက်ပြီး တိုက်မယ်ဆိုတာကြတော့ တဇွတ်ထိုးနိုင်ငံရေးလို့ ခေါ်ရလိမ့်မယ်။ ဘာကျန်နေလဲ ဆိုတော့ ပြည်သူလူထုနဲ့ နိုင်ငံကို ဒီမိုကရေစီ ဖော်ဆောင်ချင်တဲ့အတွက်ကြောင့်မို့လို့ ဒီတရားမမျှတပါဘူးဆိုတဲ့ အခြေခံ ဥပဒေကြီးကို မပြင်တော့ဘဲနဲ့ ဘေးကရပ်ပြီး မတရားဘူး၊ မတရားဘူး အော်နေလို့ ဒီ အခြေခံဥပဒေကြီးက automatic ပြင်ပြီးမှာ မဟုတ်ပါဘူး။ ဒါကြောင့် အခြေခံဥပဒေကို ပြင်နိုင်အောင် အခြေခံဥပဒေကိုပြင်ဖို့ဆိုတဲ့ သန္နိဋ္ဌာန်ကိုချပြီး ရွေးကောက်ပွဲထဲမှာ ကိုယ်တိုင်ကိုယ်ကြပါပြီး လုပ်မှသာ လက်တွေ့ကြတဲ့ pragmatic ဖြစ်တဲ့ နိုင်ငံရေးကို မှန်မှန်ကန်ကန် ယေဘုယျအမြင်နဲ့သွားပြီး ပြည်သူ့အကျိုးကိုဆောင်တဲ့ ဝန်ကြီးမျိုးဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒါဟာ ခေါင်းလျှိုဝင်တာ မဟုတ်သလို၊ တဇွတ်ထိုးလုပ်တာလည်း မဟုတ်ဘူး။ မှန်မှန်ကန်ကန် တွေးပြီး ပြည်သူ့အကျိုးစီးပွားနဲ့ယှဉ်နဲ့ ရွေးကောက်ပွဲ ဝင်တဲ့နည်း ဖြစ်တယ်လို့ ပြောရမှာ ဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ လက်ရှိ စစ်အစိုးရက ပြဌာန်းထားတဲ့ အခြေခံက မမျှတတဲ့အတွက်ကြောင့် နောက်ပိုင်း လွှတ်တော်ထဲ မှာ တဖြည်းဖြည်းနဲ့ ပြန်ပြင်လို့ ရနိုင်တဲ့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လက်တွေ့ကျကျ စဉ်းစားပြီးတော့ ရွေးကောက်ပွဲကို ဝင်မယ် ဆိုရင်တော့ ယခုလက်ရှိအခြေအနေရဆိုရင် မြန်မာနိုင်ငံမှာ ပါတီသစ်အနေနဲ့ လက်ရှိစာရင်းသွင်းထားတာ စုစုပေါင်း (၂၅) ပါတီရှိနေပြီ။ ပါတီအဟောင်းတွေထဲက ထပ်ပြီးတော့ ပြန်လည်ဖွဲ့စည်းမယ်လို့ ပြောထားတာ (၄) ပါတီလောက်ရှိနေပြီ။ တော်တော်များများက ရွေးကောက်ပွဲဝင်ဖို့ တာစူနေကြတယ်။ ဒီကြားထဲမှာ လာမယ့် လွှတ်တော်ထဲမှာ (၂၅) ရာခိုင်နှုန်းက တပ်မတော် ကိုယ်စားလှယ်တွေ၊ ကျန်တဲ့ (၇၅) ရာခိုင်နှုန်းကို ဝင်ပြိုင်မယ့်အထဲမှာ အခုဝင်ပါမယ်ဆိုပြီး ကြေညာထားတဲ့ အဖွဲ့တွေထဲမှာ တပ်မတော်နဲ့ ဆက်နွှယ်နေတဲ့၊ တပ်မတော်နဲ့ ပိုနီးစပ်တဲ့အဖွဲ့တွေက ပိုများနေတယ်။ အခုဆိုရင် ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီ၊ တစညတို့ဆိုရင် စစ်တပ်ဖက်၊ စစ်တပ်နဲ့ နီးစပ်တဲ့ပါတီတွေဖြစ်တယ်ဆိုတာ အထင်အရှား ဖြစ်နေတော့။ ကျန်တဲ့ပါတီတွေက ဆရာပြောသလို လက်တွေ့ကျကျ ဝင်ပြီးတော့ ပြင်နိုင်ကောင်းရဲ့  ရည်ရွယ်ချက်နဲ့ ဝင်တယ်ဆိုပေမဲ့ ရွေးကောက်ပွဲကို ဖြစ်သွားရုံ ဝင်ပြီးဘေးက လက်ခုပ်ဝင်တီးပေးလိုက်ရတဲ့အဆင့်မျိုး ဖြစ်သွားမှာကို ဆရာတို့အနေနဲ့ တွေးမိတာ ရှိပါသလား။

ဦးခင်မောင်ဆွေ ။ ။ ဦးသန်းလွင်ထွန်းအနေနဲ့ တခြားနည်းလမ်းရှိပါတယ်လို့ ယူဆပါသလား။

ဦးသန်းလွင်ထွန်း ။ ။ ကျနော်အနေနဲ့ကတော့ လက်ရှိအားဖြင့် ပေါ်နေတဲ့ မေးခွန်းလေးတွေ။ ဒါကို ကျနော်အနေနဲ့ မေးခွန်းနဲ့ တင်ပြပေးတာပါ။ လက်ရှိအားဖြင့်ဆိုလိုရှိရင် ဒါ ကျနော်တို့ မြင်နေတဲ့အချက်တွေကို တင်ပြနေတာဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့အနေနဲ့ နောက်ထွက်လာမယ့် လွှတ်တော်ထဲမှာ ဒီလိုမမျှတတဲ့ အခြေခံတွေနဲ့ဆိုရင် ဝင်ပြင်နိုင်လို့ မရနိုင်ဘူး။ ဒီတော့ အစကတည်းက သပိတ်မှောက်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်နေကြတာကို။ ဆိုတော့ ဆရာတို့ အနေနဲ့ ကျတော့ တဖြည်းဖြည်းဝင်ပြီး ပြင်ယူမယ်ဆိုတဲ့ ရည်ရွယ်ချက်ရှိနေတော့ စောစောကလို အခုထင်ရှားလာတဲ့အချက်က ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့ဆိုရင် အဖွဲ့ဝင် သန်း (၂၀) ကျော်ရှိတယ်လို့ တရားဝင်ကြေညာထားတဲ့ စစ်အစိုးရအဖွဲ့အစည်း ဖြစ်တယ်။ စစ်အစိုးရအဖွဲ့ကြီးက အခု နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ဖို့ ကြိုးစားနေပြီးဆိုတော့ ဆရာတို့အနေနဲ့ လာမယ့် လွှတ်တော် ထဲမှာ ဆရာတို့ကတော့ ဝင်ပြိုင်မယ်လို့ မပြောသေးပါဘူး၊ ဝင်ပြိုင်မယ့်လူတွေအနေနဲ့ ဆရာအခုန ပြောသလို လက်တွေ့ ကျကျ ဝင်ပြိုင်ချင်တယ်ဆိုရင်တောင် အခွင့်အလမ်း ရနိုင်မလား။

ဦးခင်မောင်ဆွေ ။ ။ ရွေးကောက်ပွဲ တရားမျှတခြင်း၊ မမျှတခြင်းပေါ်မှာ လွှတ်တော်ထဲရောက်ခြင်း၊ မရောက်ခြင်းပေါ် မူတည်ပါတယ်။ ရွေးကောက်ပွဲ တရားမျှတတယ်၊ မမျှတဘူးဆိုတာကလည်း လက်ငင်းလက်တွေ့ ဖြတ်သန်းပြီးမှ တရားမျှတ ပါတယ်၊ တရားမမျှတပါဘူးလို့ ဆုံးဖြတ်လို့ရပါလိမ့်မယ်။ ကြိုပြီးတော့ တရားမမျှတပါဘူး။ ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့က ဝန်ကြီးချုပ် ဦးသိန်းစိန် ဦးဆောင်ပြီးဝင်မှာမို့လို့ အစိုးရ backing ရှိတယ်၊ ကျန်တဲ့ တစည လည်း ရှိတယ်။ ကြံ့ခိုင်ဖွံ့ဖြိုးလည်း ရှိတယ်။ တခြားသော အစိုးရနောက်ခံနဲ့ ဝင်မယ့် ပါတီတွေ (၅) ခုလောက်ရှိလို့ ကျနော်တို့က ရွေးကောက်ပွဲကို ဝင်လို့ရှိရင် လွှတ်တော်ထဲကို အများစုမရောက်နိုင်ဘူးဆိုတဲ့ အတွေးအခေါ်ဟာ ပြည်သူကို လျှော့တွက်ရာ ရောက်ပါတယ်။ နိုင်ငံရေး အမြင်နဲ့ ပြောမယ်ဆိုရင် ကျနော်တို့ဟာ ပြည်သူတွေကို ဘာမှ မသိနားမလည်း၊ နိုင်ငံရေးနားမလည်တဲ့ ပြည်သူတွေ၊ ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံတွေကို ဘာမှ ခံစားမသိရှိတဲ့ ပြည်သူတွေလို့ လျှော့တွက်ရာ ရောက်မှာမို့လို့ ဒီလိုလည်း မတွက်သင့်ပါဘူး။ ဘယ်သူကမှ အာမခံချက် မပေးနိုင်ပါဘူး လွှတ်တော်ထဲကို အများစုရောက်မယ် မရောက်ဘူးဆိုတာ။ ပကတိအနေအထားက ဘာလည်းဆိုတော့ လွှတ်တော်ထဲမှာ ဒီမိုကရေစီအင်အားစုတွေ အများကြီးရောက်ဖို့က ပိုပြီး လိုအပ်ပါတယ်။ အခု ကျနော်တို့ ပြောနေတဲ့ တရားမမျှတပါဘူးဆိုတဲ့ အခြေခံဥပဒေတွေ၊ တရားမမျှတပါဘူးဆိုတဲ့ ရွေးကောက်ပွဲဥပဒေတွေကို ကျနော်တို့က လွှတ်တော်ထဲရောက်တဲ့အခါမှ ပြင်လို့ရမယ့်အနေအထားမှာ ရှိနေတယ်။ တံခါးပေါက်က ဒီတစ်ခြပ်တည်းရှိတာမို့ အထဲကိုရောက်လို့ရှိရင် တိုင်းရင်းသားတွေကလည်း တိုင်းရင်းသားအဖွဲ့အစည်း နေရာပေါင်း (၃၀၀)၊ နေရာပေါင်း (၁၀၀) ဝင်မယ်လို့ ပြောနေကြတယ်။ လူမျိုးတွေရဲ့  နယ်ပယ်တွေမှာ လူမျိုးတွေရဲ့  ပါတီတွေက မလွဲမသွေအနိုင်ရဖို့က တော်တော်ကြီးရှိပါတယ်။ ဒီလိုပဲ ဒီမိုကရေစီကို စစ်စစ်မှန်မှန်သွားမယ့်လူတွေ ပါလာလို့ ရှိရင် ပြည်သူတွေက သိနိုင်၊ ပေးနိုင်မှာ ဖြစ်ပါတယ်။ ပေးတဲ့အခါမှာ လွှတ်တော်ထဲမှာ (၅၀) ရာခိုင်နှုန်းက ဒီမိုကရေစီ အင်အားစု အပေါင်း လူမျိုးစုတွေ ပါလာခဲ့ရင် တချိန်မှာ ဒီမိုကရေစီအရေးကို လူ့အခွင့်အရေးတောင်းမယ့်အဖွဲ့တွေ၊ တချိန်မှာ လွှတ်တော်ထဲမှာ လူမျိုးစုတွေရဲ့  ကိုယ်ပိုင်ပြဌာန်းခွင့်တွေနဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်တွေ လူမျိုးတွေရဲ့  အခြေခံ အခွင့်အရေးတွေ၊ မွေးရာပါအခွင့်အရေးတွေကို အထဲမှာ နှစ်ဖွဲ့က ပေါင်းသွားပြီး ဒီမိုကရေစီအင်အားစုကြီးတရပ် ပေါ်လာမှာ ဖြစ်ပါတယ်။ အဲဒီအခါမျိုးကြမှ ကျနော်တို့က အထဲမှာ ပိုပြီးတော့ ဒီမိုကရေစီဘောင်ကို ချဲ့ ပြီးတော့ အာဏာနဲ့ အုပ်ချုပ် တာတွေ၊ ဒီမိုကရေစီပုံစံ မကျတာတွေကို တွန်းထုတ်နိုင်မှာ ဖြစ်ပါတယ်။ အာဏာရှင်တွေအောက်မှာ ရှိတဲ့နိုင်ငံတွေ မှန်သမျှ၊ စစ်အုပ်စိုးရေးနိုင်ငံတွေ မှန်သမျှမှာ တမဟုတ်ချင်း လက်ဖြောက်တီးပြီး ချက်ချင်း နတ်ရေကန်ထဲ ချက်ချင်း ကြီးလာတဲ့ ဟာမျိုး ဘယ်လိုမှ မှန်းဆလို့မရပါဘူး။ စိတ်ကူးယှဉ်တာပဲ ဖြစ်ပါလိမ့်မယ်။

ဦးသန်းလွင်ထွန်း ။ ။ ဆရာပြောတဲ့အထဲမှာ ပြည်သူတွေကို လျှော့တွက်ရာ ရောက်မယ့်ဆိုတဲ့ အချက်ကလေးတခုပါပါတယ်။ ဒီနေရာမှာ ပြည်သူတွေကို လျှော့တွက်ရာဆိုတဲ့အစား ပြည်သူတွေရဲ့  လုပ်ပိုင်ခွင့်၊ ပြည်သူတွေရဲ့  ဆန္ဒတွေဟာ ဖော်ဆောင် နိုင်ခွင့် အနေအထားရှိပါ့မလားဆိုတာကို မေးစရာဖြစ်နေတယ်။ ဥပမာအားဖြင့် စောစောကပြောခဲ့တဲ့ ကိန်းဂဏန်းတွေကို ပြောမယ်ဆိုရင် လွှတ်တော်ရဲ့  (၂၅) ရာခိုင်နှုန်းက လွှတ်တော်ရဲ့  ကိုယ်စားလှယ်တွေပါမယ်။ ပြီးတော့ နှစ်ပေါင်းများစွာ အချိန်ယူ ဖွဲ့စည်းတည်ဆောက်ထားတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဆိုရင် အဖွဲ့ဝင် သန်း (၂၀) ကျော်ရှိတယ်လို့ ကြေညာထားတာ ရှိတယ်။ စံနစ်တကျ အဖွဲ့အစည်းတွေရှိတယ်။ ဒီလူတွေနဲ့ဆိုရင် လွှတ်တော်ထဲမှာ ပြည်သူတွေရဲ့  ဆန္ဒတွေဟာ ဖော်ထုတ်နိုင် စွမ်း ရှိလာမလား။

ဦးခင်မောင်ဆွေ ။ ။ လွှတ်တော်ထဲမှာ ကျနော်တို့ (၂၀) ရာခိုင်နှုန်းက တောင်းဆိုလို့ရှိရင် အခြေခံဥပဒေပြင်ခွင့်ကို စပြီး တော့ စဉ်းစားလို့ရပြီးဆိုတဲ့ ဥပဒေပါ တချက်ကရှိနေပါတယ်။ ဒီတော့ လွှတ်တော်ထဲမှာ (၂၀) ရာခိုင်နှုန်း အတိုက်အခံ ရှိလို့ ရှိရင် အခြေအနေက စပြီး ဖြစ်လာပါပြီ။ အဲဒီတော့ ကျနော်အခုပြောသလို ဘယ်လိုမှ ချက်ချင်းလက်ငင်းပြောင်းလို့ မရတဲ့ အခါမှာ ပြောင်းလဲလို့ရမယ့်အဆင့်တွေကို သွားဖို့လိုပါတယ်။ ဒီလိုပဲ ကျနော်တို့ ရပ်ကြည့်နေမယ်ဆိုရင် လွှတ်တော်ထဲမှာ အတိုက်အခံမရှိတဲ့ လွှတ်တော်ကြီးကို လွှတ်လိုက်ကြမလား။ အတိုက်အခံမရှိတဲ့ လွှတ်တော်ထဲမှာ ကြိုက်တာလုပ်ပါတော့လို့ လက်မြှောက်အရှုံးပေးကြမလား။ ဒါမှမဟုတ် လွှတ်တော်ထဲမှာ ကျနော်တို့ရဲ့  အတိုက်အခံအင်အားစုတွေကို ရသလောက် ထည့်ထားပြီး ထားလို့ရှိရင် ကျနော်တို့ လိုချင်တဲ့ဟာတွေကို အကုန်လုံးမရတောင်မှ ဟန့်တားမှုကတော့ ဖြစ်နေပါလိမ့်မယ်။

ဦးသန်းလွင်ထွန်း ။ ။ ဆရာတို့အနေနဲ့ အခုလက်ရှိ စစ်အစိုးရရဲ့  ကတိကဝတ်တွေနဲ့ စည်းကမ်းချက်တွေအပေါ်မှာ ယုံကြည် လို့ ရတယ်လို့ ယူဆပါသလား။ အထူးသဖြင့် အခုဆိုလို့ရှိရင် ဒီ စည်းကမ်းသတ်မှတ်ချက်တွေကြားထဲမှာ နည်းနည်းမညီတဲ့ အချက်လေးတွေ ရှိနေတာကို တွေ့ရတယ်။ အခုလက်ရှိ စစ်အစိုးရရဲ့  ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် အနေနဲ့ ဗိုလ်ချုပ်ကြီးရာထူးစွန့်ပြီး ဝန်ကြီးချုပ်ရာထူးယူထားတဲ့ အချိန်အတွင်းမှာပဲ လောလောဆယ် ပါတီအဖြစ် နိုင်ငံရေးပါတီ ခေါင်းဆောင်အဖြစ် စာရင်းသွင်းလာတယ်ဆိုတော့ ဒါ နိုင်ငံရေးပါတီ မှတ်ပုံတင်စည်းကမ်းချက် အမှတ် (၄) နဲ့ ငြိစွန်းနေ တာ ကို တွေ့ရတယ်။ ပါတီအဖြစ် မှတ်ပုံတင်လိုသူစကားမှာ နိုင်ငံဝန်ထမ်း မဖြစ်စေရ စည်းကမ်းသတ်မှတ်ချက် အတိအကျ ပါရဲ့ သားနဲ့ အခုလက်ရှိ နိုင်ငံတော်ဝန်ကြီးချုပ်လုပ်နေတဲ့ လက်ရှိနိုင်ငံတော်ဝန်ထမ်းတွေက ဘာဖြစ်လို့ ပါတီမှတ်ပုံတင် လိုသူတွေအဖြစ် စာရင်းသွင်းသလဲဆိုတာ ဒါတွေက စည်းကမ်းသတ်မှတ်ချက်တွေ ဘောင်မဝင်တဲ့အချက်တွေ အများကြီး ရှိနေတော့ နောက်ပိုင်းမှာလည်း ဒီလိုအလားတူတွေ ဖြစ်လာမယ်လို့ ယူဆလို့ မရနိုင်ဘူးလား။

ဦးခင်မောင်ဆွေ ။ ။ ဦးသန်းလွင်ထွန်း မေးပုံမေးနည်းက မှတ်ပုံမတင်ရေး၊ ရွေးကောက်ပွဲမဝင်ရေးဘက်က မေးနေတဲ့ သဘောဆောင်နေတယ်။ ကျနော်ပြောချင်တာကလည်း ကျနော်ကလည်း ဒီအစိုးရရဲ့  လုပ်ပုံလုပ်နည်းတွေကို တစ်ကနေ တစ်ရာအထိ (၁၀၀) ရာခိုင်နှုန်း လက်ခံလို့ မဟုတ်ဘူး။ မဟုတ်ဘဲနဲ့ ကျနော်က အခြေအနေကို လေ့လာပြီး ရှင်းပြနေတာ။ ဒီတော့ ဘယ်တုန်းကမှလည်း တရားမျှတမယ်လို့ ဘယ်သောအခါမှ မယုံကြည်ခဲ့ပါဘူး။ ဒါပေမဲ့ လက်ရှိဖြစ်နေတဲ့ ဥပဒေ တွေကို ဖျက်ဖို့ဆိုလိုရှိရင် အတွင်းက ဝင်ဖျက်တာက ဓမ္မဓိဋ္ဌာန်ကျတယ်။ အပြင်ကနေ လမ်းမပေါ်ကအော်ပြီး ဆဲနေရုံနဲ့ ဘာမှဖြစ်လာမှာ မဟုတ်ဘူးဆိုတဲ့ လက်တွေ့ကျတဲ့ အတွေးအမြင်နဲ့ ကျနော်က ရှင်းပြတာဖြစ်ပါတယ်။ အဲဒီတော့ ကျနော် တို့က ဦးသန်းလွင်ထွန်း ပြောသလို ပုဒ်မတွေပြန်စစ်ပြီး ဦးသန်းလွင်ထွန်း က ပြောလိုက်၊ ကျနော်က ပြန်ဖြေလိုက်ဆိုရင် ကျနော်က နအဖကို ကာကွယ်ရာ ရောက်သွားမှာပေါ့။

ဦးသန်းလွင်ထွန်း ။ ။ ကျနော်အနေနဲ့ အဲဒီလို ရည်ရွယ်ပြီးတော့ မေးတဲ့သဘောတော့ မဟုတ်ပါဘူး။ ဒီလို အချက်တွေ မြင်လာရတဲ့အခါကျတော့ ဆရာတို့ရဲ့  ဆုံးဖြတ်ချက်၊ သုံးသပ်ချက်တွေမှာ ဘယ်လိုအပြောင်းအလဲရှိလာသလဲဆိုတာကို သိချင်လို့ မေးမြန်းခြင်း ဖြစ်ပါတယ်။

ဦးခင်မောင်ဆွေ ။ ။ တခုရှိတာတော့ အခြေအနေတော့ စောင့်ကြည့်ရမယ်။ ဦးသိန်းစိန်တို့ဟာ လူဝတ်လဲပြီး ပါတီ ထောင်တယ်။ အဲဒီတော့ ဝန်ထမ်းတယောက်အနေနဲ့ ပါတီထောင်ပြီး ရွေးကောက်ပွဲ မဝင်ရဘူးဆိုတဲ့ ဥပဒေတွေ ရှိနေပေမဲ့ သူတို့ အဲဒီ ဥပဒေတွေကို ဖောက်ဖျက်မလား။ တကယ်တမ်း ဖောက်ဖျက်တဲ့အခြေအနေမှာ တိတိကျကျ ဖောက်ဖျက်ပြီ ဆိုရင် ကျနော်တို့က ဝိုင်းရှုတ်ချရမှာပေါ့။ အခြေအနေက ဒီလောက်ထိသွား ရွေးကောက်ပွဲ ရှိနေပြီလား။ ရွေးကောက်ပွဲ နီးနေပြီလား။ Campaign period ရောက်ပြီလား။ အဆင့်ဆင့်သွားပြီးမှ တဆင့်ချင်း ကျနော်တို့က စောင့်ပြီး လေ့လာ ကြည့်ပြီးမှ ဝေဖန်ဖို့ လိုပါတယ်။ အခုချက်ချင်း လူဝတ်လဲ ပါတီထောင်တာနဲ့ ကျနော်တို့က ဒီဝန်ထမ်းတွေကတော့ဖြစ်ရင် ရွေးကောက်ပွဲမပါရ၊ ပါတီမထောင်ရဆိုတာကို ဖောက်ဖျက်ပြီး ဦးသိန်းစိန်တို့က လုပ်နေပါပြီဆိုတာကို ကျနော်ကတော့ မပြောချင်ဘူး။ စောင့်ကြည့်ချင်တယ်။

Ref: VOA News

Read More...

Sunday, May 2, 2010

ပေါ့လျော့မှုကြောင့် ကျည်လွတ်ထွက် CF-SSA ခြုံခိုတိုက်သည်ဟု လားရှိုး ဒုတိုင်းမှူးစွပ်စွဲ

Saturday, 01 May 2010

နအဖ စစ်ယာဉ်တန်းက မိမိဖာသာ ပေါ့လျော့မှုကြောင့် မိမိကျည်လွတ်ထွက်မှုကို အပစ်ရပ်သျှမ်းပြည် တပ်မတော်ခြုံခို တိုက်ခိုက်သည်ဟု လားရှိုး ဒုတိုင်းမှူးက SSA ရုံးတာဝန်ခံအား ခေါ်ပြော စွပ်စွဲခဲ့ကြောင်း စုံစမ်း သိရှိရပါသည်။

“မနေ့ကဖြစ်တဲ့ခြုံခိုတိုက်ခိုက်မှုဆိုတာ မဟုတ်ဘူး၊ ကျနော်တို့ အတိအကျ စုံစမ်းပြီးပြီ။ စစ်ယာဉ်တန်းက နအဖစစ်သား တွေပေါ့လျော့မှုကြောင့် သူတို့အော်တိုသေနတ် MA 79 ကျည်လွတ်ထွက်ပြီး သူတို့ အချင်းချင်းပြန် ထိမိတာ၊တယောက် သေတယ်၊ ၄ ယောက်ဒဏ်ရာရတယ်။ အဲဒါကိုလားရှိုးဒုတိုင်းမှူးက အသေအချာမစစ်ဆေး ဘဲနဲ့ ကျနော်တို့ လားရှိုး ရုံးတာဝန်ခံကို ဆင့်ခေါ်ပြီး ‘တပ်မဟာ ၁ က ခြုံ ခိုတိုက်ခိုက်တာ၊ ဒီကိစ္စတာဝန်မယူရင် စစ်ရေးနဲ့ ပြန်အရေးယူမယ်’ ပြောတယ်၊ အကြောင်းမရှိ အကြောင်းရှာပြီး စွပ်စွဲတာဘဲ” - ဟု တပ်မဟာ ၁ တပ်မှူး တဦးကပြောပါသည်။

ဧပြီ ၂၉ ရက် ခမယ ၃၂၆ တန့်ယန်း စစ်ယာဉ်တန်း ၃ စီး တန့်ယန်းဘက်မှ လားရှိုးဘက်သို့ ခရီးထွက်စဉ် မိုင်း ရယ်မြ့နယ် ဟိုယကျေးရွာအုပ်စု - ဟိုယ နှင့် လွိုင်ငင်း အကြား ၎င်းတို့ပေါ့လျော့မှုကြောင့် မတော်တဆ ဖြစ်ရသည့် ကိစ္စအပေါ် ရမခ (အရှေ့မြောက် ပိုင်းတိုင်း စစ်ဌာနချုပ်) ဒုတိုင်းမှူးက မြောက်ပိုင်း အပစ်ရပ် သျှမ်းပြည် တပ်မတော် လက်ချက်အဖြစ် စွပ်စွဲသည်ဟု ဆိုသည်။

နအဖအာဏာပိုင်များ ပြဿနာအရင်းအမြစ် အတိအကျ စုံစမ်းသင့်ကြောင်း ၊ အပစ်ရပ် SSA ကို ယခုကဲ့ သို့ လက်လွတ် စပယ် လက်ညှိုးမထိုးသင့်ကြောင်း - ဤကဲ့သို့ ဆက်ပြော၏။

“(အပစ်ရပ်)သျှမ်းပြည်တပ်မတော် အနေနဲ့ စပစ်ဖို့ အမိန့်အာဏာမရှိ၊ နအဖ စစ်တပ်ကျူးကျော်လာမှ မိမိ ကိုယ်မိမိ ခုခံကာကွယ်ဖို့ဘဲရှိတယ်။ နအဖ နဲ့ ဗိုလ်မွန်းပေါင်းပြီး အကြံအဖန်ထုတ်တာလဲ ဖြစ်နိုင်တယ်။ တကယ်မတော်တဆဖြစ် တဲ့ကိစ္စ ဖြစ်ချင်ဖြစ်မယ်၊ တမင်ကြံဖန် လံကြိုပ် ဇာတ်လမ်းဆင်တာလဲဖြစ်နိုင်တယ်” - ဟုသျှမ်းသံ တော်ဆင့်သို့ပြန်လည် ပြောပြပါသည်။

၁၉၆၄ က စတင်တည်ထောင်ခဲ့သော သျှမ်းပြည်တပ်မတော်သည် ၁၉၈၉ တွင် (ထောင် ၁၀၆ နှစ် ကျခံနေ ရသည့် ) ဗိုလ်ချုပ်ဆေထဲန် ဦးဆောင် အပစ်ရပ်ခဲ့သည်။ အထူးဒေသ ၃ အပစ်ရပ် သျှမ်းပြည်တပ်မတော်အမည် ဖြင့် ရပ်တည် ခဲ့သော်လည်း ထိုစဉ် န၀တ က အထူးရဲ တပ်ဖွဲ့အနေဖြင့်သာ သဘောထားဆက်ဆံခဲ့သည်။

ယခုအသွင်ပြောင်းမည့်ကိစ္စတွင် CF - SSA အနေဖြင့် မူအားဖြင့်သာလက္ခံထားပြီး ‘လူသူလက်နက်စာရင်း တချို့ပေး ထားခဲ့သော်လည်း ရာနှုန်းပြည့်အသွင်ပြောင်းခြင်းမဟုတ်၊ သျှမ်းပြည်တပ်မတော် အမှတ်တံဆိပ် ဖြုတ်ပြီး ဌာနေ ပြည်သူ့ စစ်တံဆိပ်အစားထိုးတပ်ရမည်ဆိုပါက’ လုံးဝလက်ခံမည်မဟုတ်၊ ယခုအသွင်ပြောင်းစာရင်းပေးထားသည်မှာ လည်း ၁၀% လောက်သာရှိပြီး ၉၀% က လုံးဝ လက်မခံသေးကြောင်း အဆိုပါတပ်မှူး ကပြောပါသည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

KNLA နှင့် နအဖတို့ တနာရီကြာ တိုက်ပွဲတွင် နှစ်ဖက်ထိခိုက်ကျဆုံး

Saturday, 1 May 2010No Comment
မေလ ၁ရက်။ စောသိန်းမြင့် (ကေအိုင်စီ)

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ဝေါ်လေဂွင်၌ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA နှင့် နအဖ စစ်တပ်တို့ ကြား ယနေ့မနက် တစ်နာရီကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ နှစ်ဘက် ထိခိုက် သေဆုံးမှုရှိကြောင်း သတင်းရရှိသည်။

ယနေ့မနက် ၆နာရီတွင် ဝေါ်လေဂွင်ရှိ ကနဲလေးနှင့် မော်ဖိုးကလိုး ရွာကြား၌ တပ်အင်အား (၃၀)ခန့်ရှိ နအဖ စစ်တပ်မှ ခမရ (၄၀၅) တပ်ရင်းနှင့် KNLA တပ်ရင်း(၂၀၁) တပ်ဖွဲ့တို့ ထိပ်တိုက်တိုးကာ တိုက်ပွဲ ဖြစ်ပွားခြင်းဖြစ်သည်ဟု KNLA တပ်ရင်း (၂၀၁) ဒုတပ်ရင်းမှူး ဗိုလ်မှူး စောကြည်အောင်က ပြောသည်။

သူက “ဒီမနက် ၆း၄၀ ကနေ ၇း၄၀အထိ ဖြစ်ခဲ့တယ်။ ကျနော်တို့ဘက်က အရာခံ ဗိုလ်တယောက် အသက် ပေးလိုက်ရတယ်။ နအဖဘက်က တယောက်သေတယ်။ ၅ယောက် ဒဏ်ရာ ပြင်းထန်တယ်” ဟု ပြောသည်။

လက်နက်ကြီးငယ်များဖြင့် အပြန်အလှန် ပစ်ခတ်သောကြောင့် အဆိုပါ တိုက်ပွဲမှာ ယနေ့မနက်တွင် ဆူညံသွားကြောင်း ဝေါ်လေ ဂွင်ရှိ ဒီကေဘီအေ တပ်ရင်း (၉၀၇)မှ တပ်မှူးတဦးက ပြောသည်။

အဆိုပါတပ်ရင်းနှစ်ဖက်သည် ယမန်နေ့ မွန်းလွဲ ၂နာရီခန့်တွင် (၅)မိနစ်ခန့် တိုက်ပွဲ ထပ်မံဖြစ်ပွားရာ နအဖဘက်မှ (၃) ဦး ထိခိုက် ဒဏ်ရာရပြီး ကေအဲန်အယ်လ်အေဘက်က ထိခိုက်မှု မရှိကြောင်း သိရသည်။

မဲဆောက်မြို့တောင်ဘက် (၁၂၀) ကီလိုမီတာ အကွာအဝေးရှိ ကေအဲန်ယူ တပ်မဟာ (၆)နယ်မြေ ဝေါ်လေဂွင်တွင် KNLA နှင့် နအဖ တပ်ဖွဲ့ဝင်တို့ကြား ယခုနှစ်အတွင်း မကြာခဏ တိုက်ပွဲဖြစ်ပွားခဲ့ရာ နအဖဘက်မှ ထိခိုက် သေဆုံးမှုများ ရှိသော်လည်း ကေအဲန်ယူဘက်မှ ယခု ထိခိုက်သေဆုံးမှုမှာ ပထမဆုံးဖြစ်သည်။

တဆက်တည်းတွင် နအဖစစ်အစိုးရ၏ နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေး ကိစ္စကို လက်မခံသည့် ဗိုလ်မှူးကြီး စောလားပွယ် (ဗိုလ်နှုတ်ခမ်းမွှေး) ဦးဆောင်သော ဒီကေဘီအေ တပ်မဟာ(၅)မှ တပ်ရင်း (၉၀၇) တပ်ဖွဲ့ ၀င်များသည် ထိုဒေသတွင် စစ်ရေး ပြင်ဆင်မှုများ လုပ်ဆောင်နေသည်ဟု နီးစပ်သူများက ပြောသည်။

ယင်းစစ်ရေးလှုပ်ရှားမှုများကြောင့် အကြီးအကျယ် ထိခိုက်မည်ကို စိုးရိမ်သဖြင့် ဒေသခံရွာသား ၃၀၀ကျော်မှာ ဧပြီလ ၂၇ ရက်နေ့ ညကတည်းက ထိုင်းနိုင်ငံ ဘက်ခြမ်းသို့ ထွက်ပြေး တိမ်းရှောင်လာခဲ့ကြောင်း ထိုင်း-မြန်မာအခြေစိုက် လူသားချင်းစာနာ ထောက်ထားသည့် အကူညီပေးရေး အဖွဲ့များက ပြောသည်။

ဝေါ်လေဂွင်တွင် နအဖ စစ်ကွပ်ကဲရေးဌာနချုပ်-စကခ (၈) လက်အောက်ခံ ခမရ (၄၀၅) တပ်ရင်း၊ ဒီကေဘီအေ တပ်မဟာ(၅) လက်အောက်ခံ (၉၀၇)တပ်ရင်းနှင့် ကေအဲန်အယ်လ်အေ (၂၀၁)တပ်ရင်းတို့ လှုပ်ရှားလျှက်ရှိသည်။

နအဖ ခမရ(၄၀၅)တပ်ရင်းသည် ပြီးခဲ့သည့် ဇန်န၀ါရီလကုန်မှစ၍ ယခင်တပ်ရင်း ခမရ(၄၀၉)နှင့် တပ်အပြောင်းအလဲ လုပ်ကာ ၀င်ရောက် လှုပ်ရှားလာခဲ့ခြင်း ဖြစ်သည်။

Ref: KIC News

Read More...

အပေါ်သို့