..............................

Friday, April 23, 2010

တရုတ်နယ်စပ် အပစ်ရပ်အဖွဲ့များ စစ်ရေးပူးပေါင်းမှု ဆွေးနွေး

ရန်ပိုင်
Thursday, April 22, 2010

နယ်ခြားစောင့် တပ်ဖွဲ့စည်းရေးနှင့် ပတ်သက်၍ စစ်အစိုးရက စစ်ရေးအရ တိုက်ခိုက်ခဲ့လျှင် တရုတ်-မြန်မာ နယ်စပ်ရှိ အပစ်ရပ် အဖွဲ့များကြား ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုပြုလုပ်ရန် ဆွေးနွေးပွဲ တရပ်ကို ယမန်နေ့က ပန်ဆန်းမြို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲသို့ ကချင် လွတ်လပ်ရေး တပ်မတော် (KIA )၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) မိုင်းလား အဖွဲ့၊ ၀ ပြည် သွေးစည်း ညီညွတ်ရေး အဖွဲ့ (UWSA)၊ ရှမ်းပြည် တပ်မတော် (မြောက်ပိုင်း) (SSA-N) တပ်ဖွဲ့တို့ တက်ရောက်၍ စစ်ရေး ဆိုင်ရာများ ဆွေးနွေးကြောင်း UWSA အရာရှိတဦးက ဧရာဝတီသို့ ပြောသည်။

“ကိုးကန့် ကိစ္စကို သင်ခန်းစာ ယူပြီးတော့ အဲ့သည်လိုမျိုး မဖြစ်အောင် ဘယ်လို ကြိုတင် ကာကွယ် စီမံမှုတွေ လုပ်ထားတယ်၊ တပ်ပေါင်းစု ပုံစံမျိုး ခုခံဖို့ပဲ”ဟု ၎င်းက ဆိုသည်။

ထို့အပြင် UWSA အဖွဲ့၏ လက်ရှိ ရပ်တည်ချက်မှာ ယခင်က တောင်းဆို ထားသကဲ့သို့ပင် ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးကို ဆက်လက် စောင့်ထိန်း သွားမည်ဖြစ်ကြောင်းနှင့် ဒေသ ဖွံ့ဖြိုးရေးကိုလည်း ဆက်လက် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း အဆိုပါ အရာရှိက ပြောသည်။

UWSA အဖွဲ့မှ တောင်းဆိုခဲ့သည့် အချက်များမှာ မိုင်းပေါက် နှင့် မိုင်းဖြန် ဒေသကို ပေါင်း၍ မိုင်းပေါက်မြို့နယ် အဖြစ်သတ်မှတ် ပေးပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ၀ တိုင်း ဒေသကြီးအတွင်း ထည့်သွင်းပေးရန်၊ ထိုင်းမြန်မာနယ်စပ်ရှိ ၀မ်ဟုန် စစ်ဒေသကို စစ်တိုင်း ကြီး အဖြစ်သတ်မှတ် ပေးရန်၊ အဆိုပါ စစ်တိုင်းကြီးများ၏ စစ်ဒေသမှူးနှင့် စစ်ဦးစီးမှူးကို UWSA တပ်ဖွဲ့မှ တာဝန်ယူ၍ ဒုတိယ စစ်ဦးစီးမှူးများကို စစ်အစိုးရဘက်မှ တာဝန်ယူရန်၊ တပ်ဖွဲ့များကို ၀ တပ်သားများဖြင့်သာ ဖွဲ့စည်းရန်တို့ ဖြစ်သည်။

သျှမ်းသံတော်ဆင့်သတင်းစဉ်မှ ဦးစိန်ကြည် က“စစ်အစိုးရက လက်နက်ကြီးများနဲ့ စားနပ်ရိက္ခာ ယာဉ်တန်းတွေ ရှမ်းပြည်မြောက်ပိုင်း ကွမ်းလုံ၊ တန့်ယန်း နဲ့ ရှမ်းပြည်တောင်ပိုင်း ကျိုင်းတုံ ဒေသတွေကို ပို့နေတယ်” ဟု ဆိုသည်။

UWSA အဖွဲ့ကလည်း စစ်အစိုးရတပ်များနှင့် ထိတွေ့နေသည့် ဒေသများတွင် လက်နက် ခဲယမ်းများ၊ စားနပ်ရိက္ခာများကို ဖြည့်တင်း မှုများ ပြုလုပ်ထားကြောင်း ဦးစိန်ကြည်က ဆက်လက်ပြောဆိုသည်။

စစ်အစိုးရတပ်များ နှင့် ရင်ဆိုင်ထားသည့် ဒေသများမှာ တန့်ယန်းဒေသနှင့် ကပ်လျှက်ရှိသည့် မန်ဆန်ဒေသ၊ ကွမ်းလုံ၊ ဟိုပန်ဒေသ၊ ကျိုင်းတုံမြို့နယ် အရှေ့မြောက်ဘက်ရှိ မိုင်းပေါက် မိုင်းဖျန်ဒေသ နှင့် သံလွင်မြစ် အရှေ့ဘက်ကမ်းရှိ မော်ဖ ဒေသတို့ဖြစ်သည်။

ပြီးခဲ့သည့် အင်္ဂါနေ့က စစ်အစိုးရတပ်များ စစ်ကား အစီး ၅၀ကျော်နှင့် ရှမ်းပြည်တောင်ပိုင်းသို့ တက်သွားကြောင်း မိထ္တီလာမြို့ခံ တဦးကလည်း ဆိုသည်။

ဝနယ်မြေရှိ ဒေသခံတဦးကမူ“ဒီမှာကတော့ အားလုံး ပုံမှန်အတိုင်းပဲ၊ လှုပ်လှုပ်ရှားရှား မရှိပါဘူး၊ စီးပွားရှာတဲ့သူက ရှာပါပဲ၊ ဒါပေမယ့် တကယ်ဖြစ်လာလို့ တပ်က ဦးဆောင်ပြီး တိုက်မယ် ဆိုရင်တော့ တိုက်ရမှာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။

မကြာသေးမီက ၀နယ်မြေမှ ပြည်မသို့ ပြန်သွားသည့် အစိုးရ၀န်ထမ်းများကိုမူ UWSA အဖွဲ့က ပြန်လာခွင့် မပေးကြောင်း ၎င်းက ဆက်လက် ပြောပြသည်။ စစ်အစိုးရနှင့် UWSA အဖွဲ့ကြားတွင် ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားရန် နည်းပါးကြောင်း၊ စစ်အစိုးရအနေဖြင့် ကိုးကန့်အရေး ကဲ့သို့ အင်အားနည်းသည့် နေရာတွင်သာ ထိုးဖောက် ၀င်ရောက်လိမ့်မည်ဟု ၀တပ်ဖွဲ့ မှ အရာရှိ တချို့က သုံးသပ်ကြောင်း ဦးစိန်ကြည် က ပြောသည်။

ကချင်လွတ်လပ်ရေးအဖွဲ့(KIO)နှင့် စစ်အစိုးရကိုယ်စားလှယ်များ ယနေ့ မြစ်ကြီးနားမြို့တွင် တွေ့ဆုံဆွေးနွေးကြောင်း၊ စစ်အစိုးရ ကိုယ်စားလှယ် ဒုတိယ ဗိုလ်ချုပ်ကြီးရဲမြင့်နှင့် အတူ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်လည်း ပါဝင်ကြောင်း လိုင်ဇာ အခြေစိုက် ကချင် လွတ်လပ်ရေး အဖွဲ့မှ အရာရှိတဦးက ဧရာဝတီသို့ပြောသည်။

စစ်အစိုးရက အပစ်ရပ်အဖွဲ့များကို နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲရန် ယနေ့ နောက်ဆုံး သတ်မှတ်ထားပြီး လာမည့် ဧပြီလ ၂၈ ရက်နေ့ ကျော်လွန်လျှင် မတရားအသင်း အဖြစ်ကြေညာမည် ဖြစ်သည်။

Ref: ဧရာဝတီ်

Read More...

နယ်ခြားစောင့် လက်မခံဟု နောက်ဆုံးရက်မှာ KIO တုံ့ပြန်

ဖနိဒါ
ကြာသပတေးနေ့၊ ဧပြီလ ၂၂ ရက် ၂၀၁၀

ချင်းမိုင် (မဇ္ဈိမ) ။ ။ စစ်အစိုးရရာဇသံ၏ နောက်ဆုံးရက်တွင် နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်းလဲရေးကို လက်မခံနိုင်ကြောင်း ကချင် လွတ်မြောက်ရေး အဖွဲ့ KIO က ထပ်လောင်း တုံ့ပြန် လိုက်သည်။

မြောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ် စိုးဝင်းနှင့် စစ်ဘက် ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ)မှ ဗိုလ်မှူးကြီး သက်ပုံတို့ ဦးဆောင်သော ၄ ဦးပါအဖွဲ့နှင့် KIO ဥက္ကဌ ဦးလရောက် ဇောင်းဟရား၊ အထွေထွေ အတွင်းရေးမှူး ဒေါက်တာလဂျာ၊ ဒုစစ်ဦးစီးမှူး ဗိုလ်မှူးကြီး ဂွမ်းမော်တို့ ပါဝင်သော ၈ ဦးပါအဖွဲ့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တွင် ယနေ့နံနက်က ၁ နာရီခွဲကြာ တွေ့ဆုံဆွေးနွေးကြစဉ် KIO ၏ လက်နက်ကိုင်တပ်များကို နယ်ခြားစောင့် အဖြစ် အသွင်မပြောင်းဟု ငြင်းဆန် လိုက်ခြင်း ဖြစ်သည်။

“ နယ်ခြားစောင့်တပ်ကို ဘယ်လိုမှ လက်မခံနိုင်ဘူးလို့ အဲဒါပဲ ပြောပြခဲ့တယ်။ ကျနော် တို့ အောက်ခြေလည်း လက်မခံဘူး။ ကချင်လူထုလည်း လက်မခံဘူး။ ” ဟု ဆွေးနွေးပွဲတွင် ပါဝင်ခဲ့သူ KIO ကိုယ်စားလှယ်တဦးက မဇ္ဈိမကို ပြောသည်။

ပြည်ထောင်စု တပ်မတော်တွင် ကချင်တပ်ရင်းများ အဖြစ်သာ ပါဝင်လိုကြောင်း KIO က ဆက်လက် ဆွဲကိုင်ထားသည်။

ဗိုလ်ချုပ် စိုးဝင်းက KIO ၏ အဖြေကို နေပြည်တော်သို့ ဆက်လက် တင်ပြမည်ဟုသာ တုံ့ပြန်သွားကြောင်း သိရသည်။

ပြဿနာကို ငြိမ်းချမ်းစွာ အဖြေရှာလိုကြောင်း KIO တွဲဖက် အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး ဆင်ဝါးက ပြောသည်။

“ အစိုးရအနေနဲ့ တိုက်ခိုက်လာမယ်၊ မလာဘူးဆိုတာက သူတို့ဘက်က အပိုင်းပါ။ ကျနော်တို့ဘက်က မပြောနိုင်ပါဘူး။ ကျနော်တို့ ဘက်ကတော့ ငြိမ်းငြိမ်းချမ်းချမ်းပဲ လုပ်ဆောင်ချင်တယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

လက်နက်ကိုင် အင်အား ၈ ထောင်ခန့်ရှိသော KIO က နအဖအနေဖြင့် စစ်တိုက်ပြီး ချေမှုန်းခြင်း မပြုရန် သတိပေးထားသည်။

တိုင်းရင်းသား ငြိမ်းအဖွဲ့များအား နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် ယခင်နှစ် ဧပြီလ ၂၈ ရက်မှ စတင်ကာ နောက်ဆုံးရက်များ သတ်မှတ်ကာ ရာဇသံပေးခဲ့သည်မှာ ၃ ခါ ပြည့်သွားပြီဖြစ်သည်။

ဝ ပြည်သွေးစည်းညီညွတ်ရေးတပ် UWSA ကိုလည်း နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ယနေ့ နောက်ဆုံးထား ဆုံးဖြတ်ရန် နအဖက ညွှန်ကြား ထားသော်လည်း UWSA ကလည်း ငြင်းဆန်ထားသည်။

“ ဒီနေ့ နောက်ဆုံးဖြတ်ပေမဲ့ အဖြေမပေးဘူး။ သူတို့ပြောတာနဲ့ ကျနော်တို့လိုချင်တာ မတူဘူး။ ကျနော်တို့ တောင်းဆိုတဲ့ ၉ ချက် ကနေ ၈ ချက်ကိုလည်း ပယ်လိုက်တယ်လေ။ ကျနော်တို့ နယ်မြေဒေသ အခွင့်အရေးကို တောင်းတာကို ပယ်လိုက်တယ် ဆိုတော့ ပြောစရာ မရှိတော့ဘူး။”ဟု UWSA အရာရှိတဦးက မဇ္ဈိမကို ပြောသည်။

ဒုဗိုလ်ချုပ်ကြီး ရဲမြင့်က ဝ တပ်ဖွဲ့နှင့် တန်ယန်းမြို့တွင် တွေ့ဆုံမည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း ဝ တပ်ဖွဲ့ ဌာနချုပ်သို့ အကြောင်းကြားလာခြင်း မရှိသေးဟု သူက ပြောသည်။

မွန်ပြည်သစ်ပါတီ NMSP ခေါင်းဆောင်များနှင့်လည်း စစ်အစိုးရ ကိုယ်စားလှယ်များ ယနေ့ တွေ့ဆုံမည်ဟု သိရသော်လည်း သတင်းပေးပို့ချိန် အထိ မွန်ပြည်သစ်ကို ဆက်သွယ်၍ မရဘဲ ရှိသည်။

Ref: မဇ္ဈိမ

Read More...

နအဖ ဖိအားကြောင့် တောင်ပိုင်း ၀ လူထုနေရပ်မှရှောင်တိမ်း

Thursday, 22 April 2010

ယခုလ ၂၂ ရက် နောက်ဆုံးထားပြီး နယ်ခြားစောင့်တပ် အသွင်ပြောင်းမည့် တပ်အင်အားစာရင်း ပေးပို့ရန် နအဖ သတိပေး ထားချက်ကြောင့် နောက်ဆုံးရက် နီးလာသည်နှင့်အမျှ ပြည်သူများ စိုးရိမ်ခြောက်ခြားပြီး နေရပ်မှ တိမ်းရှောင် နေကြသည်ဟု စုံစမ်း သိရှိရပါသည်။

“အခုကျနော်တို့ဘက်က ကျေးလက်ထူထု - အဓိက ၀ လူမျိုးတွေပေါ့၊ အခုဘဲ စစ်ဖြစ်တော့ မလိုလို သတင်း ထွက်နေတော့ တောထဲရော၊ ထိုင်းနယ်စပ် ဘက်ကော တိမ်းရှောင်နေတာ သင်္ကြန်မတိုင်ခင် ကတည်းကဘဲ။ အခု ရက်ပိုင်း ပိုတောင်များ လာတယ်။ စစ်တကယ်ဖြစ်ခဲ့ရင် ထိုင်းထဲကို ချက်ချင်းပြေးဝင်ဖို့ အဆင်သင့် ပြင်ထားပုံရှိတယ်” - ဟု ပုံပါကျင် ဒေသခံတဦးက ပြောပါသည်။

ဧပြီလဆန်းပိုင်းကစ၍ မိုင်းတုံ/ မိုင်းဆတ်မြို့နယ်အတွင်းရှိ ၀ ပြည်သူများ မိမိအိမ်မွေးတိရစ္ဆာန်များ၊ မော်တော် ဆိုင်ကယ်များကို ဈေးနှုန်း သက်သက်သာသာဖြင့် ရောင်းချပြီး တခြားဒေသသို့ လူအင်အား ထောင်ကျော် ထွက်ပြေး တိမ်းရှောင် နေကြကြောင်း၊ ဟွေအော့်ဘက် ၄-၅ ရွာက မိုင်းကျွတ်ဘက်၊ ပုံပါကျင်ဘက်က နောင်ဝိုင်း (ထိုင်းနယ်စပ် - မိုင်းန သို့ လည်းကောင်း၊ လွယ်အန်ခန် ဘက်သို့လည်းကောင်း၊ ညဘက်ပိုင်း မီးမထွန်းကြဘဲ ၀ တပ်ဖွဲ့တို့၏ အကူအညီဖြင့် တောတောင်ထဲသို့ သော်လည်းကောင်း ပြောင်းရွှေ့ကြသည်ဟု ဒေသခံများက ပြောပါသည်။

“ဗမာစစ်တပ်ယာဉ်တန်းတွေ တက်ဆင်းဝင်ထွက်နေတာတွေ စစ်ရေးပြင်နေတာတွေ အခုရက်ပိုင်း ထူးထူးခြားခြား သိပ်မတွေ့ရပါဘူး၊ ဒါပေမယ့် ၀ ဘက်ကတော့ နအဖ တကယ် ထိုးစစ်ဆင် တိုက်ခိုက်လာရင် မိသားစုဝင်တွေ စစ်ဘေး စစ်ဒဏ် မခံရအောင် ကြိတင် ကာကွယ်ထားတဲ့ သဘော၊ ၀ ထိပ်ပိုင်းခေါင်ဆောင်တွေ ညွှန်ကြားတာတော့ မဖြစ်နိုင်ဘူး။ အောက်ပိုင်း တပ်မှူးတွေ စီစဉ်တာဘဲ ဖြစ်နိုင်တယ်။ ၀ ပြည်သူပြောင်းရွှေ့လှုပ်ရှား မှုကသိသာတယ်။ ထိုင်းဖြစ် ခေါက်ဆွဲခြောက်တွေ ၀ယ်ယူသွားကြတာ ဆိုင်တိုင်းပြတ်ဘဲ”- ဟု ခေတ်ပညာတတ် လူငယ် စိုင်းအိုက် ကပြောပါသည်။

မိုင်းတုံမြို့နယ် နားကောင်းအုပ်စုမှ ၀မ့်ကျောင်းတော၊ ၀မ့်နောင်ယာ့ဆိုင်း၊ ဟွေ့အွမ့် နှင့် နမ့်ဟူးနိုင်းဆိုင်ရွာနှင့် ပုံပါကျင် မြို့နယ်ခွဲမှ ၀ ရွာသားများက စားသောက်ကုန်ခြောက်များ ၀ယ်ယူ သယ်ဆောင် သွားကြသည်ဟုဆို သည်။ ၀ လူထု ရုတ်ရုတ်သဲသဲ ရှောင်တိမ်း နေမှုကြောင့် အခြားဒေသခံများလည်း စစ်ဘေး စစ်ဒဏ် စိုးရိမ်နေကြသည်ဟု ဆက်ပြောပြပါသည်။

သီးခြားအတည်မပြုနိုင်သေးသည့်သတင်းအရ ယနေ့ မွန်းတည့်ချိန်၌ သတ်မှတ်ချိန် နောက်ဆုံးဖြစ်ကြောင်း၊ တောင်ပိုင်း ၀ ခေါင်းဆောင်၏ ကိုယ်စားလှယ်များက မိုင်းဆတ်သို့သွားပြီး စစ်အစိုးရနှင့် ဆွေးနွေးနေကြောင်း၊ လက်နက် မချလိုလျှင် အသွင်ပြောင်းရမည် ဖြစ်ကြောင်း၊ သို့မဟုတ်လျှင်လည်း တိုက်ပွဲမှတပါး ရွေးခြယ်စရာလမ်း မရှိတော့ကြောင်း နအဖ က ရာဇဒဏ် ထပ်ပေးထားသည်ဟု ဆိုသည်။

တောင်ပိုင်း ၀ လူထု ရုတ်ရုတ်သဲသဲတိမ်းရှောင်နေကြသော်လည်း နအဖ ဘက် ထူးခြားသည့် စစ်ရေး ပြင်ဆင်မှု အရှိသည့် အပြင် အချို့ အခြေစိုက် တပ်စခန်းများပင် တပ်ရုပ် ပြန်သွားသည်ဟု သိရှိရ၏။ မည်သို့ပင်ဆိုစေ ၀ တပ်ဖွဲ့နှင့် စစ်ဖြစ်ခဲ့လျှင် နအဖက လူအင်အား မသုံးဘဲ၊ လက်နက်ကြီးများ၊ MG.29 ရုရှားလုပ် တိုက်လေယာဉ်များ မိနစ်ပိုင်းအတွင်း အရောက် တိုက်ခိုက်နိုင်သည် ဆိုသည့် စိတ်ဓါတ် စစ်ဆင်ရေးအရ ခြိမ်းခြောက်မှု အောင်မြင်နေကြောင်း မိုင်းတုံမြို့နေ အမည် မဖေါ်လိုသူ တဦးက သျှမ်းသံတော်ဆင့်သို့ ဤကဲ့သို့ ဆက် ပြောပြပါသည်။

“MG.29 တိုက်လေယာဉ် စမ်းသပ်ချင်နေတာ လက်တောင်ယားတယ် ပြောတယ်။ သူတို့ အဲလို မကြာခဏ ၀ါဒဖြန့်လို့ ၀ လူထု ဒုက္ခ ရောက်နေတာပေါ့၊ တောထဲတောင်ထဲ အမိုးအကာမရှိ ရေမရှိ မီးမရှိဆိုတော့ - ၀မ်းတွေလျော ရောဂါတွေ ဖြစ်ဆိုတော့ သေတဲ့သူတောင် ရှိတယ်ဆိုဘဲ။ အခုဟာက တရွာလုံးထွက်ပြေးပြီး သက်ကြီးပိုင်း ၄-၅ ယောက်လောက်ဘဲ ကျန်တော့တယ် ပြောတယ်”

မတ်ခ်ျလနှောင်းပိုင်းနှင့် ဧပြီလဆန်းပိုင်းတွေ့ဆုံပွဲတွင် နအဖ ၏ စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ် ဒုဗိုလ်ချုပ် ကြီးရဲမြင့်က အပစ်ရပ် တပ်ဖွဲ့များအားလုံး နယ်ခြားစောင့်တပ် အသွင်ပြောင်းမည့် လူအင်အား စာရင်းအား ယနေ့ နောက်ဆုံးပေးပို့ရန်၊ ပေးပို့ခြင်း မရှိက ၂၈ ရက်နေ့ (အသွင်ပြောင်း စတင်ဖိအားပေးမှု တနှစ်ပြည့်သည့်နေ့) နောက်ပိုင်း ၁၉၈၉ မတိုင်မီက အတိုင်း (မတရားအသင်း အဖွဲ့များအဖြစ်) ပြန်လည် ရောက်ရှိမည်ဟု ခြိမ်းခြောက် ထားပါသည်။

ဝ တို့ဘက်ကမူ နောက်ဆုံးတောင်းဆို ညှိနှိုင်းချက် ၈ ချက်ကို နအဖ က လက်မခံလျှင် ဆက်၍ အခြားအဖြေပေးရန် မရှိတော့ကြောင်း ၀ စစ်ဘက်ရေးရာ အရာရှိတဦးက သျှမ်းသံတော်ဆင့်သို့ အတည်ပြု ပြောဆိုပါသည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

ရန်ကုန်သင်္ကြန်ဗုံးကွဲမှု သေဆုံးသူ ၄၀ ကျော်ပြီ။ ရွှေတိဂုံ လုံခြုံရေး အထူး တင်းကြပ်လျက်ရှိ

ဘားမားပါပါရာဇီသတင်း
ဧပြီ ၂၂၊ ၂၀၁၀

၂၀၁၀ သင်္ကြန်အကြတ်နေ့ ကန်တော်ကြီးပတ်လမ်းပေါ်ရှိ X20 မဏ္ဏပ် အနီးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ရန်ကုန်မြို့တွင်း ရှာဖွေရေး စီမံချက်ကို အပူတပြင်း လုပ်ဆောင်လျှက်ရှိသည်။ အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၃ ဦး သေဆုံးပြီး လူပေါင်း ၁၇၀ ကျော် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်ဟု နအဖက သတင်း ဖော်ပြခဲ့သည်။

ဗုံးပေါက်ကွဲမှုကြောင့် အမှန်တကယ် သေဆုံးသူဦးရေမှာ ၄၅ ဦး ရှိပြီး၊ရန်ကုန်ဆေးရုံကြီး (ဦးနှောက်နှင့် အာရုံကြော ဌာန) တွင် အတွင်းလူနာ အဖြစ် ၈ ဦး၊ ဒဏ်ရာရသူ ဦးရေမှာ ၂၀၀ ကျော်ရှိကြောင်း ရန်ကုန် ဆေးရုံကြီး (၅/၆) တွင် တာဝန် ထမ်းဆောင်နေသော ဆရာဝန်လောင်း တဦးမှ ပြောကြားခဲ့ပါသည်။

နအဖ အစိုးရ၏ အမှတ် (၄) စစ်ဒေသမှုး ဗိုလ်မှုးကြီး အုံးချိုအား စင်္ကာပူနိုင်ငံရှိ ဆေးရုံသို့ သွားရောက် ဆေးကုသခွင့် ပြုလိုက်ပြီ ဖြစ်ကြောင်း ကြားသိရပါသည်။

ဗုံးပေါက်ကွဲမှု၏ အဓိက သံသယ တရားခံမှာ နအဖ စစ်အစိုးရ၏ ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ၏ မြေး ဖိုးလပြည့်(ခ) နေရွှေသွေးအောင် ဖြစ်သည်ဟု ယူဆနေကြပြီး ၊ သူ မကျေနပ်သော ဗိုလ်ချုပ်သားများကို လုပ်ကြံခြင်း ဖြစ်ကြောင်း အတွင်းသတင်းအဖြစ် ပြောဆိုနေကြသည်။

နအဖ စစ်အစိုးရက ယင်းဗုံးပေါက်ကွဲမှုသတင်းကို ပြည်တွင်း မီဒီယာဂျာနယ်များတွင် အကျယ်တ၀င့် ဖော်ပြရန် ညွှန်ကြား နေကြောင်း၊ ဂျာနယ် မျက်နှာဖုံးများ၌ပင် ကြီးမားစွာ ဖော်ပြခိုင်း နေကြောင်း၊ ဤပေါက်ကွဲမှုသည် မိမိတို့နှင့် မသက်ဆိုင်၊ မိမိတို့တွင် တာဝန်မရှိ ၊ မိမိတို့၏ လုပ်ကြံခြင်း မဟုတ်ကြောင်း သိသာစေရန် နအဖ စစ်အစိုးရ၏ ကာကွယ်မှု တစ်ရပ်ပင်ဖြစ်ကြောင်း ပြည်သူများအကြား ပြောဆိုဝေဖန်လျှက်ရှိပါသည်။

ရန်ကုန်မြို့နေရာအနှံ့အပြားတွင်လည်း ရှာဖွေရေးလုပ်ငန်းများကို ပြင်းပြင်းထန်ထန် လုပ်ဆောင်နေပြီး၊ ဗုံးဖေါက်ခွဲသူအား ဖမ်းဆီးမိပါက ဆုငွေ ၁၀ သိန်းဆုချမည် ဆိုသည့် ကြော်ငြာစာ များကိုလည်း လမ်းဆုံ လမ်းခွများတွင် ရယကများ ၏၊ စွမ်းအားရှင်များက လိုက်ကပ်နေကြောင်း မျက်မြင် သက်သေများက ပြောကြားခဲ့ပါသည်။

ဗုဒ္ဓဘာသာဝင်များ၏ အထွဋ်အမြတ်ဖြစ်သော လေးဆူဓါတ်ပုံ ရွှေတိဂုံစေတီတော် မြတ်ကြီးပေါ်သို့ လာရောက်ကြသူ ဘုရားဖူးပြည်သူများကိုလည်း မုခ်ဦးအပေါက်ဝများမှ နေ၍ နအဖ လက်အောက်ခံ လုံခြုံရေးများ၊ အရပ်ဝတ် စရဖ ထောက်လှမ်းရေးများမှ အိတ်သွန်ဖာမှောက် သဲသဲမဲမဲ ရှာဖွေစစ်ဆေးလျှက် ရှိပါသည်။

Ref: မိုးမခ

Read More...

ခေတ်သစ်ပြည်သူ့ပါတီကို နောက်ကွယ်မှ ကြံ့ဖွံ့အကူအညီပေး

မျိုးချစ်သူ/၂၂ ဧပြီ ၂ဝ၁ဝ

၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ နိုင်ငံရေးပါတီအဖြစ် လျှောက်ထားသည့် ခေတ်သစ် ပြည်သူ့ပါတီသည် ကြံ့ဖွံ့၏ အကူအညီကို ရယူထားကြောင်း ရန်ကုန်တိုင်း ကြံ့ဖွံ့အဖွဲ့ဝင် တဦးက အခိုင်အမာ ပြောဆိုလိုက်သည်။

ခေတ်သစ်ပြည်သူ့ပါတီသည် ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်အတွင်း ဗိုလ်ချုပ်လမ်းမ (၃၉ လမ်းနှင့် လမ်း ၄၀ ကြား) တိုက်အမှတ် ၂၅၅၊ ၆ လွှာတွင် ရုံးခန်းဖွင့်လှစ်ထားပြီး ထိုရုံးခန်းသည် ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်းက ကြံ့ဖွံ့အမည်ဖြင့် အကူအညီ ပေးထားသော အခန်းဖြစ်ကြောင်း အဆိုပါ ကြံ့ဖွံ့အဖွဲ့ဝင်က ပြောသည်။

၎င်းက “သူတို့က လွန်ခဲ့တဲ့နှစ်တွေကပဲ မြို့တော်ဝန်က သေဆိုသေ၊ ရှင်ဆိုရှင် လူတွေပဲ။ သူတို့ ခေတ်သစ်ပြည်သူ့ ပါတီမှာ ပါတဲ့ သူတွေအားလုံးဟာ ကြံ့ဖွံ့ အဖွဲ့ဝင်တွေဖြစ်တယ်။ ကြံ့ဖွံ့ တဖြစ်လဲပေါ့ဗျာ” ဟု ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ခေတ်သစ်ပြည်သူ့ပါတီ၏ ဗဟိုဦးစီးအဖွဲ့ဝင် ဦးအောင်မြင့်အား ဆက်သွယ်မေးမြန်းရာ ၎င်းက မဟုတ်မမှန်ကြောင်း ငြင်းဆိုသည်။

“ပြည်ခိုင်ဖြိုး (ကြံ့ဖွံ့) က အကူအညီ ယူထားတယ်ဆိုတာ မဟုတ်ပါဘူး။ ကျနော်တို့က အမျိုးသားနိုင်ငံရေး လုပ်တဲ့အခါမှာ မိတ်ဘက်ပါတီ အနေနဲ့ ပူးပေါင်း ဆောင်ရွက်တာပါ။ ဒီမိုကရေစီ နိုင်ငံသစ်တရပ် ဖြစ်ပေါ်ဖို့အတွက်ကို ပြည်ခိုင်ဖြိုး အဖွဲ့ကြီး ကလည်းပဲ တိုင်းကျိုးပြည်ကျိုး ကိစ္စတွေကို ဆောင်ရွက်နေတယ်။ ကျနော်တို့ကလည်း တိုင်းကျိုးပြည်ကျိုး ကိစ္စတွေကို ဆောင်ရွက်နေတယ်။ ကျနော်တို့ အဖွဲ့အနေနဲ့ ကျနော်တို့ဖာသာ ကျနော်တို့ ရပ်တည်တာပါ” ဟု ဦးအောင်မြင့်က ခေတ်ပြိုင်သို့ ပြောသည်။

ခေတ်သစ်ပြည်သူ့ပါတီ မဖွဲ့ခင်က ခေတ်သစ်သိပ္ပံနိုင်ငံရေး ဘောကဗေဒ လေ့လာရေး ကျောင်းတော်သားစု အမည်ဖြင့် ၁၉၈၀ ခုနှစ်ကတည်းက စတည်ထောင်ကာ အမျိုးသားနိုင်ငံရေးကို လုပ်နေခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

ခေတ်သစ်ပြည်သူ့ပါတီသည် ခေတ်သစ်သိပ္ပံ နိုင်ငံရေးဘောဂဗေဒ လေ့လာရေး ကျောင်းတော်သားစုမှ ဖွဲ့စည်း လိုက်သောပါတီဖြစ်ပြီး ပါတီအဖွဲ့ဝင် (၂) သိန်းကျော်ရှိကြောင်း ပါတီခေါင်းဆောင် ဦးထွန်းအောင်ကျော်က ပြောသည်။

နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားသည့် အခြားပါတီတခုမှ တာဝန်ရှိသူတဦးကမူ ခေတ်သစ် ပြည်သူ့ပါတီတွင် ပါတီဝင် (၂) သိန်းကျော် ရှိသည်ဆိုသည်မှာ မဟုတ်မှန်ကြောင်း ပြောကြားသည်။

၎င်းက “ကျနော်တို့သိသလောက်တော့ အဲဒီ ခေတ်သစ်ပြည်သူ့ပါတီက မြို့တော်ဝန်ပါတီဗျ။ ဘာပဲလုပ်လုပ် မြို့တော်ဝန်ရဲ့ ခွင့်ပြုချက်နဲ့ လုပ်တာ။ မြို့တော်ဝန်က သူတို့ကို နေရာတွေ စီစဉ်ပေးထားတယ်။ သူတို့ လစဉ် အစည်းအဝေး လုပ်တာက မင်္ဂလာတောင်ညွန့် မြို့နယ်ထဲက စည်ပင်ပိုင် အဆောင်အအုံမှာ လုပ်တာ။ အဲဒီ အဆောက်အအုံက ပြိုကျခါနီးနေတော့ အခု ကမာရွတ်မြို့နယ်မှာ လုပ်တယ်။ ဘယ်အဖွဲ့အစည်းကမှ ပါတီ တရားဝင် မဖြစ်သေးခင် လူတွေ အုံနဲ့ကျင်းနဲ့ လူစုလူဝေးနဲ့ ဟောပြောတာတွေ မလုပ်ရပါဘူး။ အခု သူတို့ကတော့ လုပ်နေပါတယ်” ဟု ပြောသည်။

ခေတ်သစ်ပြည်သူ့ပါတီသည် ကြံ့ဖွံ့ကို အမည်ပြောင်းထားသော ပါတီတခုဖြစ်ကြောင်း၊ ပါတီအတွက် လိုအပ်သော ရန်ပုံငွေများကို မြို့တော်ဝန်က ကူညီနေကြောင်း၊ သို့သော် မည်မျှ ငွေကြေး ထောက်ပံ့သည်ကို အတိအကျ မသိရကြောင်း အဆိုပါ နိုင်ငံရေး ပါတီသစ် တခုမှ တာဝန်ရှိသူက ပြောသည်။

ယခုအခါ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားသည့် အဖွဲ့ စုစုပေါင်း (၁၉) ခု ရှိပြီဖြစ်သည်။ ပါတီသစ်အဖြစ် လျှောက်ထားသည့်အဖွဲ့ (၁၆) ခုနှင့် ပါတီဟောင်း (၃) ခုပါဝင်သည်။

Ref: ခေတ်ပြိုင်

Read More...

သတ်မှတ်ရက် ကျော်လွန်သော်လည်း မိုင်းလားတပ်ဖွဲ့ ရပ်တည်ချက် မပြောင်း

Thursday, 22 April 2010 19:46

စရဖ အရာရှိချုပ် ဗိုလ်ချုပ်ရဲမြင့်ကိုယ်စား အဖွဲ့တဖွဲ့က နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် မိုင်းလားတပ်ဖွဲ့အား ထပ်မံသွားရောက် ဖိအားပေးခဲ့သည်ဟု စုံစမ်း သိရှိရပါသည်။

“အရင် တြိဂံတိုင်း ဂျီဝမ်းခေါင်းဆောင်တဲ့ အဖွဲ့လာသွားတယ်၊ နေ့ချင်းပြန်ဘဲ၊ အရင်ကလို ဧည့်ခံကျွေးမွေးရေး ဘာမှမရှိ။ မျက်နှာလဲ သိပ်မကြည်ဘူး ဆိုဘဲ” - ဟု မိုင်းလား - ကျိုင်းတုံပြေး ကားဆရာတဦးက ပြောပါသည်။

ဧပြီ ၁၈ ရက်နေ့ မနက်ပိုင်း ယခင်တြိဂံစစ်တိုင်း လုံခြုံရေး အရာရှိ ပထမတန်း ဒုဗိုလ်မှူးကြီးသန်းထွဋ်သိန်း နှင့် အဖွဲ့က မိုင်းလားသို့ နေ့ချင်းပြန်သွားပြီး နယ်ခြားစောင့်တပ် အသွင်ပြောင်းမည့် စာရင်းများ ပေးပို့ရန် သွားရောက်သိမ်းသွင်း ဖိအားပေးခဲ့သည်ဟု ဆိုသည်။

ခိုင်လုံသည့်သတင်းရပ်ကွက် တခုကလည်း -“သတ်မှတ်ရက် ကျော်လွန်ပေမယ့် မိုင်းလားတပ်ဖွဲ့ ထပ်မံ အဖြေပေးဖို့ မရှိဘူး၊ ရွေးစရာလမ်းက ၂ ခုပေါ့၊ တခု က တောင်းဆိုထားတဲ့ အချက် ၆ ချက်ဘဲ ပြန်လည်တောင်းဆိုမယ်။ နောက်တခု က တခြား အပစ်ရပ်တွေလို ဘာမှ မပြောမဆိုဘဲ ဒီအတိုင်း ဆိတ်ငြိမ်နေလိုက်မယ် ဆိုဘဲ” - ဟု ပြော၏။

အပစ်ရပ်ဒေသဘက်သို့သွားရောက်လေ့လာခဲ့သည့် ထိုင်းနယ်စပ်နေပုဂ္ဂိုလ်တဦးက - “မိုင်းလားတပ်ဖွဲ့ အပါအ၀င် အခြား အပစ်ရပ် အဖွဲ့တွေ စစ်ရေး ပြင်ဆင်မှုက မရပ်မနားဘဲ။ နအဖ ဘက်ကတော့ အပစ်ရပ် နယ်ခြားဒေသ တွေမှာ လက်နက်ကြီးတွေ တပ်ဆင် ထားတာကလွဲလို့ ဒီအတောအတွင်း အင်အား ထပ်ဖြည့်တာ မရှိသေးဘူး။ တိုက်ပွဲဖြစ် မယ့်အလားအလာလဲ ခန့်မှန်းရ ခက်တယ်။ ရွေးကောက်ပွဲ ပြီးရင်တော့ မပြောတတ်ဘူး၊ အခုဟာက မိုးတွင်းလဲ ၀င်တော့မယ်။ တရုတ်ဝန်ကြီးချုပ်လဲ ဗမာပြည်ကို လာမယ်ဆိုတော့၊ နအဖ ဘက်ကလဲ ချင့်ချင့်ချိန်ချိန် လုပ်နေရတဲ့ ပုံမျိုးဖြစ်နေတယ်”- ဟု သျှမ်းသံတော်ဆင့်သို့ သုံးသပ်ပြ၏။

တရုတ်နယ်စပ်ဘက်အခြေစိုက်သည့် ကချင်လွတ်လပ်ရေးတပ်မတော်၊ ၀ ပြည်သွေးစည်းရေး တပ်မတော်၊ အမျိုးသား ဒီမိုကရက်တစ် တပ်မတော် - (သျှမ်းပြည်အရှေ့ပိုင်း) နှင့် အပစ်ရပ် သျှမ်းပြည် တပ်မတော်တို့သည် ကိုးကန့်အရေးအခင်း နောက်ပိုင်း၊ မိုင်းလား အတွင်းရေးမှူး လုပ်ကြံခံရသည့် နောက်ပိုင်း တဖွဲ့နှင့်တဖွဲ့ ပိုမိုဝင်ထွက် နီးစပ်မှု ရှိလာကြောင်း၊ မတရား အသင်းအဖွဲ့အဖြစ် နအဖ ကြေငြာခဲ့မည် ဆိုလျှင် လက်တွဲ ပူးပေါင်း တုန့်ပြန်ရန် အဆင်သင့် ရှိကြောင်း၊ ကိုးကန့် အရေးအခင်းကို သင်္ခဏ်းစာ ယူ၍ ပြဿနာတွဲကူ ဖြေရှင်းရန် မကြာခင်က သဘောတူညီမှု ရယူနိုင်ခဲ့ကြောင်း -ခိုင်လုံသည့် သတင်းက အတည်ပြု ပြောဆိုပါသည်။

၂၀၀၉ နိုဝင်ဘာ ၂၉ ရက် (သျှမ်းပြည်စစ်တိုင်း သုံးတိုင်းကြီးကြပ်သူ ) တိုင်းချုပ် ဗိုလ်ချုပ်မင်းအောင်လှိုင်ထံ တင်ပြ တောင်းဆိုသည့် အဓိက အကြောင်းရင်း ၆ ချက်မှာ -နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်းရလျှင်....
၁။ နအဖ စစ်အရာရှိများ မိုင်းလား တပ်ဖွဲ့အတွင်း ၀င်ရောက် တာဝန်ထမ်းခြင်း မပြုလုပ်သေးရန်၊
၂။ မွမ်းမံ/စစ်သင်တန်းအား လည်း မိုင်းလားနယ်မြေအတွင်း၌သာ ပြုလုပ်ရန်၊
၃။ တာဝန်ထမ်းဆောင်နိုင်သေးသည့် အသက် ၅၀ ကျော် မိုင်းလားအရာရှိများ ရာထူးမှ ရပ်နားခြင်း မပြုရန်၊
၎။ မိုင်းလားတပ်ဖွဲ့ ထိန်းချုပ်နယ်မြေ အားလုံး နဂိုအတိုင်း ထားရှိသွားရန်၊
၅။ စစ်အစိုးရ၏ ဌာနဆိုင်ရာ အုပ်ချုပ်ရေး ယန္တရားများ မိုင်းလားဒေသအတွင်း ၀င်ရောက်ထမ်းဆောင်ခြင်း မပြုသေးရန်၊
၆။ မိုင်းလားတပ်ဖွဲ့၏ စစ်တပ်ပိုင်းဆိုင်ရာ/အုပ်ချုပ်ရေးပိုင်း ဆိုင်ရာ ကော်မတီများအား နဂိုအတိုင်း ထားရှိရန် - စသည်တို့ ဖြစ်ပါသည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

Thursday, April 22, 2010

ရန်ကုန်သင်္ကြန် ဗုံးပေါက်ကွဲမှု သေဆုံးသူဦးရေ တိုး

21 April 2010

သင်္ကြန်အကြတ်နေ့၊ ဒီလ ၁၅ ရက်နေ့က မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်ကြီး အနီးက X2O ရေကစားမဏ္ဍပ် အနီး ဗုံးပေါက်ကွဲရာမှာ ထိခိုက်ဒဏ်ရာ ရသူတွေထဲက နောက်ထပ် သေဆုံးမှုတွေ ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ ထိခိုက် ဒဏ်ရာ ရသူတွေထဲက စစ်ဒေသမှူး တဦးဟာလည်း ရန်ကုန်တိုင်း၊ မင်္ဂလာဒုံ စစ်ဆေးရုံမှာ ဆေးကုသမှု ခံယူနေပေမဲ့ သက်သာမလာဘဲ စိုးရိမ်ရလို့ စင်ကာပူ နိုင်ငံကိုပို့ပြီး ဆေးကုသဖို့ စီစဉ်နေကြတယ်လို့လည်း နီးစပ်တဲ့ အသိုင်းအ၀ိုင်းတွေက ပြောပါတယ်။ အကြောင်းစုံကို ဆက်သွယ် စုံစမ်းထားတဲ့ မသင်းသီရိက တင်ပြပေးထားပါတယ်။

X2O ရေကစားမဏ္ဍပ် ဗုံးပေါက်ကွဲရာမှာ ထိမှန်ဒဏ်ရာရခဲ့လို့ ဆေးကုသမှု ခံနေရတဲ့ အရပ်သားတွေထဲက နောက်ထပ် ၂ ဦး ထပ်ပြီး ရန်ကုန် ဆေးရုံကြီးမှာ သေဆုံးခဲ့ပါတယ်။ သူတို့က ဒဂုံတောင်ပိုင်းက အသက် ၁၇ နှစ်အရွယ် ကိုပိုင်ပိုင်ဦးနဲ့ မင်္ဂလာတောင်ညွန့်က အသက် ၁၉ နှစ်ရွယ် ကိုစိုးမိုးထွန်းတို့ ဖြစ်တယ်လို့ ပြည်တွင်းထုတ် ဂျာနယ်တခုမှာ ဖော်ပြ ရေးသားထားပါတယ်။

အဲဒီပေါက်ကွဲမှုထဲ အမှတ် ၄ စစ်ဒေသမှူး ဗိုလ်မှူးကြီး အုန်းချိုဟာ ၀မ်းဗိုက်ပွင့်သွားတဲ့ ထိခိုက်ဒဏ်ရာ ရခဲ့ပြီး ဗုံးစဟာ အသည်းမှာ စိုက်နေလို့ အခြေအနေ စိုးရိမ်စရာ ဖြစ်လာနေတဲ့ အတွက် စင်ကာပူမှာ ဆေးသွားကုဖို့ အထိ ပြင်ဆင် နေတာမျိုးတွေ ရှိနေတယ်လို့ ဆေးရုံနဲ့ နီးစပ်သူတဦးက အခုလို ပြောပြပါတယ်။

“နောက်ဆက်တွဲ သတင်းကတော့ လောလောဆယ် စစ်ဆေးရုံမှာ တက်နေတဲ့ စစ်ဒေသမှူးလေ၊ စစ်ဆေးရုံမှာ ကုနေတာ အခြေအနေ မကောင်းလို့ ဒီနေ့ကြားတာ စင်ကာပူကိုခေါ်ပြီး ဆေးကုမယ်လို့ သိရတယ်။ အခြေအနေကတော့ တော်တော်လေး မကောင်းဘူးဆိုတာ သေချာပေါက် သိရတယ်။ အခြေအနေ မကောင်းလို့လည်း စင်ကာပူကို ခေါ်သွားပြီး ဆေးကုမယ်ဆိုတာ သိရတာပါ။”

အမှတ် ၄ စစ်ဒေသမှူးဟာ သင်္ကြန် လုံခြုံရေးအတွက် ကားနဲ့ လိုက်လံ စစ်ဆေးနေစဉ် ရေကစား မဏ္ဍပ်အနား အရောက် ပေါက်ကွဲမှု ဖြစ်ခဲ့တာဖြစ်ပြီး သူတို့အတူ ပါလာတဲ့ ရဲမှူးတွေ အပါအ၀င် အခြားသူတွေလည်း ထိခိုက်ဒဏ်ရာ ရခဲ့ကြတာပါ။ သူတို့ကိုလည်း မင်္ဂလာဒုံ စစ်ဆေးရုံနဲ့ ရန်ကုန် ဆေးရုံကြီးတွေမှာ ခွဲပြီး တင်ထားရသလို သူတို့ ထိမှန်ထားတဲ့ ဒဏ်ရာတွေဟာ စိုးရိမ်စရာ အခြေအနေတွေ ထဲမှာပဲ ရှိနေသေးတယ်လို့ ပြောပါတယ်။

အစပထမက ဒီပေါက်ကွဲမှုကြောင့် သေဆုံးသူ ၈ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၁၇၀ ရှိတယ်လို့ အစိုးရက ထုတ်ပြန် ကြေညာထားရာကနေ အခု သေဆုံးသူ လူဦးရေ ၂ ဦး တိုးလာတယ်လို့ ဖော်ပြပေမဲ့ ထိမှန်ထားတဲ့ အရပ်သားတွေထဲက စိုးရိမ်စရာ အနေအထားတချို့ ရှိနေဆဲ ဖြစ်တယ်လို့ ပြောကြပါတယ်။

ဒါပေမဲ့ ဒီသတင်း နောက်ဆက်တွဲ အခြေအနေကို ဘယ်သတင်းထောက်မှ အတိအကျ သိအောင် စုံစမ်းဖော်ထုတ် ရေးသွားခွင့် မရှိကြပါဘူး။ သတင်းသမားတွေဟာ ဆေးရုံနား ကပ်ဖို့ နေနေသာသာ ဆေးရုံအတွင်းမှာ ရှိနေတဲ့ လူနာစောင့်တွေနဲ့ ဧည့်သည် အ၀င်အထွက်တွေက အစ ဗွီဒီယို၊ ဓာတ်ပုံ ကင်မရာတွေ ပါမပါ ကြပ်ကြပ်မတ်မတ် စစ်ဆေးတာတွေ လုပ်နေတာကြောင့် ဖြစ်တယ်လို့ သတင်းသမားတဦးက ပြောပါတယ်။

“အဲဒီသတင်းနဲ့ ပတ်သက်ပြီး ထပ်ပြီး စုံစမ်းတဲ့အခါ အခက်အခဲတွေ ရှိနေလို့ပါပဲ။ သတင်းရယူမှု၊ သတင်း အတည်ပြုနိုင်ဖို့ အတွက်က ဘယ်မှာလုပ်ရမယ်၊ ဘယ်သူ့ဆီမှာ အတည်ပြုရမယ်၊ ဘယ်လို လိုက်ရမယ် ဆိုတာနဲ့ ပတ်သက်ပြီးတော့ အခက်အခဲတွေ ရှိပါတယ်။ ဥပမာအားဖြင့် ဆေးရုံမှာ သွားပြီးတော့ ဒဏ်ရာရတဲ့ လူနာတွေကို တွေ့မယ်ဆိုရင်လည်း သတင်းသမားတွေ အတွက် တွေ့ဖို့ အခက်အခဲ ရှိပါတယ်။ သူတို့ မိသားစုဝင်တွေ သည်ပင်လျှင် လူနာဆီ သွားတဲ့အခါ အိတ်တွေ ဘာတွေ ဖွင့်ပြီးတော့ ကင်မရာပါခြင်း ရှိမရှိ၊ အသံဖမ်းစက် ပါခြင်း ရှိမရှိ၊ အဲဒီလောက်အထိ လုံခြုံရေး တင်းကျပ်ထားပြီး စစ်ဆေးနေတဲ့ အတွက် သတင်းသမားတွေ အနေနဲ့ သတင်းယူဖို့လည်း ခက်ပါတယ်။”

ဒီဖောက်ခွဲမှုနောက်ပိုင်း မဏ္ဍပ်အနီး ကင်မရာ ကိုင်ဆောင်ထားလို့ဆိုပြီး စာရေးဆရာ လင်းယုန်မောင်မောင်ရဲ့ မြေးဖြစ်သူ စည်သူဇေယျကို ဖမ်းဆီးခဲ့သလို ဖခင်ဖြစ်တဲ့ ဦးဇေယျကိုလည်း ဖမ်းဆီးထားပါတယ်။ သူတို့ကို ဘယ်မှာ ဖမ်းဆီးထားတယ် ဆိုတာလည်း နောက်ထပ် မသိရသေးသလို တာဝန်ရှိသူတွေ ဘက်ကလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ ထုတ်ပြန် ပြောဆိုခြင်း မရှိသေးပါဘူး။ တကယ်တော့ မြန်မာအာဏာပိုင်တွေက သေနတ်တလက် ကိုင်ထားသူရဲ့ လက်ထက် ကင်မရာတလက် ကိုင်ထားသူရဲ့ လက်ကို ပိုကြောက်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

“သတင်းသမားတွေကတော့ သတင်းယူချင်တာပေါ့ဗျာ။ သတင်းဆိုတာကလည်း စာချည်းရေးလို့ ဖြစ်တာ မဟုတ်ဘူးလေ။ သတင်းဓာတ်ပုံ ဆိုတာကလည်း အရေးကြီးတယ်။ ဓာတ်ပုံနဲ့ စာနဲ့ တွဲပြီးတော့မှ ရေးနိုင်၊ တင်ပြနိုင်လို့ရှိရင် သတင်းဖတ်တဲ့ ပြည်သူလူထုက၊ သတင်းစာဖတ် ပရိသတ်က ပိုပြီးတော့ ဒီအပေါ်မှာ လေးလေးနက်နက် ရှိတယ်။ ယုံကြည်လက်ခံမှု ရှိတာပေါ့။

“ဒါပေမဲ့ ကျနော်တို့ဆီမှာက အခုနောက်ပိုင်း ဂျာနယ်တွေ၊ သတင်းဂျာနယ်တွေ များလာတယ် ဆိုပေမဲ့ အင်မတန် သတိထားရတယ်။ နောက်တခါ သူတို့မှာ ခိုင်လုံတဲ့ သတင်းတိုက်က အထောက်အထားတွေ ပါရတယ်။ မပါတဲ့သူ အတွက်ကတော့ အတော်လေး အန္တရာယ်များတဲ့ ကိစ္စပဲ။ ဓာတ်ပုံကိုင်တယ်၊ ဓာတ်ပုံရိုက်တယ် ဆိုတာ၊ ကျနော်တို့ နိုင်ငံရဲ့ အနေအထားက အဲဒီလို ရှိပါတယ်။ ကင်မရာ ကိုင်တဲ့လူက သေနတ်တလက် ကိုင်သလောက် အန္တရာယ်ကြီးတယ်။”

ပြည်တွင်း သတင်းသမားတဦး ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့ထပ်သိရတဲ့ သတင်းကလည်း ဗုံးဖောက်ခွဲသူ တရားခံကို ဖမ်းဆီးမိမယ်ဆိုရင် ဆုကြေးငွေ ကျပ် ၁၀ သိန်း ပေးမယ်ဆိုတဲ့ စာတွေကို မြို့နယ်နဲ့ ရပ်ကွက်ရုံးတွေမှာ လိုက်ပြီး ကပ်ထားတယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။

Ref: VOA News

Read More...

စစ်ရေးဖြင့် ဖြေရှင်းမှုမလုပ်ရန် ကေအိုင်အိုက နအဖကို သတိပေး

ဆလိုင်း ဟံသာစန်း
ဗုဒ္ဓဟူးနေ့၊ ဧပြီလ ၂၁ ရက် ၂၀၁၀

နယူးဒေလီ (မဇ္ဈိမ) ။ ။ နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် ငြင်းဆိုထားသော အပစ်ခတ် ရပ်စဲထားသည့် တိုင်းရင်းသား အဖွဲ့များကို စစ်ရေးဖြင့် နှိမ်နင်းးဖို့ မကြိုးစားရန် ကချင် လွတ်မြောက်ရေး အဖွဲ့ KIO က စစ်အစိုးရကို သတိပေးလိုက်သည်။

“ဒီ နယ်ခြားစောင့်တပ်ကိစ္စကို အစိုးရက လက်နက်နဲ့ ဖြေရှင်းမယ်ဆိုရင်တော့ သူတို့ အတွက်လည်း မကောင်းဘူး၊ ကျနော်တို့ အတွက်လည်း မကောင်းဘူး။ ပြည်သူ အားလုံးအတွက်လည်း မကောင်းပါဘူး” ဟု KIO တွဲဖက် အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး ဆင်ဝါးက မဇ္ဈိမကို ပြောသည်။

KIO လက်အောက်ခံတပ် ကချင်လွတ်မြောက်ရေး တပ်မတော် KIA ကို နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်းရေး အတွက် KIO နှင့် စစ်အစိုးရအကြား တနှစ်အတွင်း ၁၅ ကြိမ်ခန့် တွေ့ဆုံ ဆွေးနွေးသော်လည်း သဘော တူညီချက် မရနိုင်ဘဲ ရှိနေချိန်တွင် ပြောလိုက်ခြင်း ဖြစ်သည်။

မြန်မာ့တပ်မတော်အရာရှိများအုပ်ချုပ်မှုအောက်တွင် ကန့်သတ်သွတ်သွင်းကာ နယ်ခြားစောင့်တပ်များ အဖြစ် အသွင်ပြောင်း ဖွဲ့စည်းရန် ငြိမ်းအဖွဲ့ ၁၇ ဖွဲ့ကို ပြီးခဲ့သည့်နှစ် ဧပြီလအတွင်းမှ စတင်၍ ကမ်းလှမ်းခဲ့သည်။ KIO က နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်ခံမည် မဟုတ်ဘဲ ပြည်ထောင်စု တပ်မတော်တွင် ကချင်ပြည်နယ် တပ်ရင်းအဖြစ် ပြင်ဆင်ထဲ့သွင်းရန် တောင်းဆိုထားသည်။

“အဓိကကတော့ အစိုးရရဲ့ သဘောထားအပေါ် မူတည်ပါတယ်။ ကျနော်တို့ကတော့ လက်ရှိ တည်ငြိမ်အေးချမ်းနေတဲ့ အနေအထားကို ထိခိုက်စေလိုတဲ့ သဘောမရှိဘူး။ ဆန္ဒလည်း မရှိဘူး” ဟု ဗိုလ်မှူးကြီး ဆင်ဝါးက ပြောသည်။

စစ်အစိုးရက ၁၆ နှစ်တာကာလအတွင်း အကြီးမားဆုံး စစ်ရေးပြင်ဆင်မှုအဖြစ် အမြောက်တင်ကား ၂၆ စီး အပါအဝင် စစ်ကားပေါင်း ၁ဝဝ ခန့်ကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တည်ရှိရာ မြစ်ကြီးနားမြို့သို့ စေလွှတ်ခဲ့သေးသည်။

KIO တွင် အင်အား ၂ သောင်းခန်ရှိပြီး အမြဲတမ်းစစ်သည်အင်အား ၈ ထောင်ခန့်ရှိကာ ရက်တို စစ်သင်တန်းများကို စစ်မှုထမ်း ဟောင်းများနှင့် ဒေသခံအချို့အား အရေးပေါ် သင်ကြား ပေးနေခဲ့သည်။

စစ်အစိုးရက နယ်ခြားစောင့်တပ်အရေးနှင့် ပက်သက်၍ ၃ ကြိမ်မြောက် ရာဇသံပေးခြင်းအဖြစ် မနက်ဖြန်တွင် နောက်ဆုံးထား အကြောင်း ပြန်ရန် ”ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်နှင့် ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) အဖွဲ့များကိုပါ ပြောကြားထားသည်။

KIO က ၎င်းတို့၏ နိုင်ငံရေး ရပ်တည်မှုများ၊ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ကိစ္စများနှင့် ပတ်သက်၍ ကချင်လူထုနှင့် အောက်ခြေ ဝန်ထမ်းများကို ယခုလ ၁၆ ရက်နေ့က လိုင်ဇာမြို့ မနောကွင်း ခန်းမတွင် KIO ဒု - စစ်ဦးစီးချုပ် ဗိုလ်မှုးချူပ် ဂွမ်မော်နှင့် အထွေထွေ အတွင်းရေးမှူး ဒေါက်တာလဂျာတို့က ရှင်းလင်းပြောကြားခဲ့သည်။

ဧပြီလ ၁၇ ရက်နေ့က ကချင်ပြည်နယ် မြစ်ဆုံရေကာတာ ဆောက်လုပ်လျှက်ရှိသော Asia World ကုမ္ပဏီ အဆောက်အဦးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာ စစ်အစိုးရက KIA လက်ချက်ဟုတ် မဟုတ် မေးမြန်းခဲ့သည်။ KIA ကတော့ ပတ်သက်မှု မရှိကြောင်း ငြင်းဆန်ထားသည်။

နယ်ခြားစောင့်တပ် တပ်ရင်းတရင်း၌ ဖွဲ့စည်းပုံအရ အင်အား ၃၂၆ ဦး ရှိမည်ဖြစ်ကာ မြန်မာ့တပ်မတော် ဘက်မှ အရာရှိနှင့် စစ်သား ၃ဝ ဦး ပါဝင်မည်ဖြစ်ပြီး၊ တပ်ဖွဲ့ဝင် အားလုံး၏ လစာကို ဗဟိုအစိုးရက ထုတ်ပေးမှာဖြစ်သည်။

ဒီမိုကရေစီသစ် တပ်မတော်-ကချင် (NDA-K) ၊ ကရင်နီ လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေး တပ်ဦး (ကလလတ)၊ ကိုးကန့် တပ်ဖွဲ့များက စစ်အစိုးရ၏ ကမ်းလှမ်းချက်ကို လက်ခံကာ နယ်ခြားစောင့် တပ်များအဖြစ် အသွင်ပြောင်းလဲပြီး ဖြစ်သည်။

Ref: မဇ္ဈိမ

Read More...

နအဖက စစ်ရေးအရ တိုက်ခိုက်မည် ဆိုပါက ကေအိုင်အို တွန်းလှန်ရန် အသင့်ပြင်ထား

စိုင်းမျိုးကြီး
Tuesday, 20 April 2010 22:42

( ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ဂွမ်မော်၊ ကချင်ကိုယ်စားလှယ်တဦးတို့နှင့် တွေ့ဆုံမေးမြန်း)

ဧပြီလ ၄ ရက်နေ့က ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ မြောက်ပိုင်းတိုင်း စစ်ဋ္ဌာနချုပ်တွင် နယ်ခြားစောင့်တပ် အရေး မြန်မာစစ်တပ် ကိုယ်စားလှယ် စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ် ဒု ဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် ဥက္ကဋ္ဌ ဦးဇောင်းခရား ဦးဆောင်သော ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ကိုယ်စားလှယ်တို့ တွေ့ဆုံ ဆွေးနွေးခဲ့သည်။

အဆိုပါ နှစ်ဘက် တွေ့ဆုံမှုတွင် နယ်ခြားစောင့်တပ် ကိစ္စ ဧပြီလ ၂၂ ရက်နေ့ အကြောင်းပြန်ရန် ဒုဗိုလ်ချုပ်ကြီး ရဲမြင့်က ကေအိုင်အိုကို ရာဇသံပေးထားရာ သတ်မှတ်ရက် မတိုင်မီရက်ပိုင်း အလို ဧပြီလ ၁၆ ရက်နေ့က လိုင်ဇာမြို့ မနောကွင်းတွင် ကေအိုင်အိုက လူထု ရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။

၎င်းလူထုရှင်းလင်းပွဲတွင် ကချင်ပြည်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ဂွမ်မော် အား သျှမ်းသံတော်ဆင့်မှ တွေ့ဆုံ မေးမြန်းထားခြင်းဖြစ်သည်။

မေး - နယ်ခြားစောင့်တပ်ကိစ္စ နအဖနဲ့ ကေအိုင်အို ဆွေးနွေးမှု ပိတ်ဆို့သွားပြီလား။ နောက်ထပ် ဘယ်နည်းလမ်းနဲ့ ဆက်သွားနိုင်မလဲ။

ဖြေ - ကျွန်တော်တို့ နည်းလမ်းကတော့ နှစ်ဘက်ပြဿနာတွေကို ဖြေရှင်းတဲ့နေရာမှာ အရင်ကတည်းက BGF (border guard force) နယ်ခြားစောင့်တပ်က အဓိကကျတဲ့ ကဏ္ဍ မဟုတ်ဘူးလို့ မြင်တယ် ဒါကြောင့်မို့လို့ ဒီ BGF ကြောင့် အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွေ ပိတ်သွားတယ်လို့ ကျွန်တော်တို့က မယူဆဘူး တခြားနည်း လမ်းတွေ အများကြီး ကျန်သေးတယ်လို့ပဲ ဒီလိုပဲမြင်ပါတယ်။

မေး - ကေအိုင်အိုရဲ့ အဓိက နိုင်ငံရေးမျှော်မှန်းချက် သိချင်ပါတယ်ခင်ဗျ။

ဖြေ - ကေအိုင်အိုစတင်တည်ထောင်တဲ့ ၁၉၆၀ ကျော်ကာလကတော့ လွတ်လပ်ရေးရရှိရေး ဖြစ်ပါတယ် ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီအချိန်မှာက ဒီမိုကရေစီစနစ်ကို အကောင်အထည် ဖေါ်နေတဲ့ အချိန်ဖြစ်တယ် ပြည်ထောင်စု ထဲမှာ ဒီမိုကရေစီ နည်းအရ ဖြေရှင်းလို့ မရတော့တဲ့ အနေအထားမျိုးဖြစ်တဲ့ အတွက်ကြောင့်မို့ ကေအိုင်အိုက လွတ်လပ်ရေး ဆိုတာကို ကြွေးကြော်ခဲ့တယ် သို့သော်လည်းပဲ အခြေအနေ အမျိုးမျိုးကြောင့် ၁၉၇၄နဲ့ ၁၉၇၆မှာ စစ်မှန်တဲ့ ပြည်ထောင်စု ဖေါ်ဆောင်ရေး ဆိုတဲ့မူထဲ ပြန်ရောက်လာပြီး ပြင်ဆင်ပြီးတော့ ကျွန်တော်တို့ အယူအဆတွေကို ကြေငြာခဲ့တယ် အခုလည်း ကျွန်တော်တို့က ပြည်ထောင်စုထဲမှာ အတူတကွ နေမယ် လုံလုံခြုံခြုံနေမယ် ပြည်ထောင်စုဆိုတဲ့ မူကို ပေါ်လွင်အောင် တည်ဆောက်မယ် ဆိုတဲ့ ရည်မှန်းချက် ရှိပါတယ်။

မေး - နအဖစစ်တပ်က MIG - 29 တိုက်လေယာဉ်တွေ ၀ယ်ယူနေတယ် ကချင်ပြည်နယ်ထဲကိုလဲ အမြောက် ကားတွေ စစ်ကားတွေ ပို့နေတော့ ကေအိုင်အိုဘက်က စစ်ရေး ပြင်ဆင်မှုနဲ့ ခေတ်မှီလက်နက် ပိုင်ဆိုင်မှုတွေ ရှိပါသလား ခင်ဗျ။

ဖြေ - ကျွန်တော်တို့မှာ ခေတ်မှီလက်နက်တွေတော့ မရှိပါဘူး ဒါပေမဲ့ တခြားနည်းလမ်းတွေ စဉ်းစားထားတာ ရှိပါတယ် အကယ်၍ စစ်ရေးအရ ဖြေရှင်းလာမယ်ဆိုရင် ကျွန်တော်တို့ဟာ ဖြေရှင်းဖို့နည်းလမ်းတွေ ရှိပါတယ်။

အဆိုပါလူထုရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သူ အသက် ၄၀ ကျော်ရှိ ကချင်ကိုယ်စားလှယ် တစ်ဦး၏ အမြင် သဘောထားကို သျှမ်းသံတော်ဆင့်က ဆက်လက် မေးမြန်းထားပါသည်။

မေး - အခုကေအိုင်အို လူထုရှင်းပွဲမှာ ပြောသွားတဲ့အကြောင်းအရာတွေအပေါ် ဘယ်လို ထင်မြင်မိလဲဗျ။

ဖြေ - ကျွန်တော့်အမြင်ကတော့ ကေအိုင်အိုဘက်က တင်ပြထားတဲ့အချက်တွေအကုန်လုံးကို လက်ခံတယ် ဒါပေမဲ့နအဖ စစ်အစိုးရက ပြောတဲ့ BGF (နယ်ခြားစောင့်တပ်) နဲ့ပတ်သက်လို့ကတော့ ဒါက နိုင်ငံတော်အကြီး အကဲရဲ့ စေတနာ တစ်ရပ်ပဲဆိုတော့ သူတို့ရဲ့ (နအဖ) ရဲ့ အမြင်ကို သိခွင့် ရခဲ့ပါတယ်။

မေး - ကချင်လူထုအနေနဲ့ရော နယ်ခြားစောင့်တပ်ကို လက်ခံပါသလား။

ဖြေ - နယ်ခြားစောင့်တပ်ကို လက်ခံနိုင်စရာအကြောင်းမရှိပါဘူး သူတို့ (နအဖ) အနေနဲ့ အထပ်ထပ် အခါခါ တစ်နိုင်ငံလုံးမှာ နိုင်ငံရေးအသွင် ပြောင်းမှု ဆိုပြီး နယ်ခြားစောင့်တပ် လုပ်ခိုင်းတယ်ဆိုတာ လက်ခံနိုင်စရာ မဟုတ်ဘူးပေါ့။

မေး - ကချင်လူထုတစ်ယောက်အနေနဲ့ အမျိုးသားတန်းတူရေးအတွက် မျှော်မှန်းချက်ကို ပြောပြပေးပါ။

ဖြေ - ဒါကတော့ ကျွန်တော်တို့အားလုံး သိတဲ့အတိုင်းပဲ ပြည်ထောင်စုမြန်မာနိုင်ငံမှာ မှီတင်း နေထိုင်တဲ့ တိုင်းရင်းသား တွေအားလုံး အဖွဲ့အစည်းတွေ အားလုံး လက်ခံနိုင်မဲ့ အနေအထား ဆိုရင်တော့ ကျွန်တော်တို့လဲ လက်ခံပါတယ်။

လွန်ခဲ့သည့်နှစ် ဧပြီလ ၂၈ ရက်နေ့မှ စ၍ ကချင်ပြည်လွတ်လပ်ရေး အဖွဲ့ (ကေအိုင်အို) ကို နယ်ခြားစောင့်တပ် အသွင် ပြောင်းလဲ ဖွဲ့စည်းရန် မြန်မာစစ်တပ်က အဆိုပြုခြင်းသည် အချိန်အားဖြင့် တစ်နှစ် ပြည့်တော့မည် ဖြစ်သော်လည်း နယ်ခြားစောင့်တပ် အရေးမှာ နှစ်ဘက်ကြား ပြေလည်မှု မရသေးပဲ လိပ်ခဲတည်းလည်း အခြေ အနေတွင် ရှိနေသည်။

၁၉၉၄ ခုနှစ် ငြိမ်းချမ်းရေးရယူစဉ် မြန်မာစစ်တပ်နှင့်ကေအိုင်အိုတို့ သဘောတူညီချက်များ အမျိုးသားညီလာ ခံတွင် ကေအိုင်အို၏ တင်ပြဆွေးနွေးမှုများ နယ်ခြားစောင့်ကိစ္စ အပေါ် အပြန်အလှန် ဆွေးနွေးမှုများကို ကေအိုင်အို အဖွဲ့မှ အထွေ ထွေအတွင်းရေးမှူး ဒေါက်တာလဂျာနှင့် ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်တို့က ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။

အနှစ်ချုပ်အားဖြင့် ကေအိုင်အိုအနေဖြင့် အသွင်ကူးပြောင်းရေးကို မူအရ လက်ခံသော်လည်း နယ်ခြား စောင့်တပ် ဖွဲ့စည်း ခြင်းကို လက်မခံကြောင်း ကေအိုင်အို ဆိုသည်မှာ ပင်လုံစာချုပ်ပါ အမျိုးသားတန်းတူ ရေးအတွက် နှစ် ၅၀ ကြာ ရုန်းကန် လှုပ်ရှားခဲ့သည့် ကချင်အမျိုးသားထု တစ်ရပ်လုံး လက္ခဏာဆောင်သော ပါတီဖြစ်သဖြင့် လာမည့် ၂၀၁၀ ရွေးကောက်ပွဲ ၀င်ရောက်ခြင်းသည် လက်တွေ့မကျကြောင်း အသွင်ကူး ပြောင်းရေးနှင့် ပတ်သက်၍ မြန်မာစစ်တပ်နှင့် ဆက်လက် ဆွေးနွေးလိုကြောင်း ပြောကြားခဲ့သည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

မွန်ပြည်သစ် ပါတီ တောပြန်ခိုမလား

Wednesday, April 21, 2010

စစ်အစိုးရနှင့် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ဆွေးနွေးပွဲ ပျက်ပြားခဲ့ပါက ထိပ်ပိုင်း ခေါင်းဆောင် တချို့ အပါအ၀င် မွန်ပြည်သစ် ပါတီဝင်များ တောတွင်း အခြေစိုက် စခန်းသို့ ပြန်ရန် လျှို့ဝှက်နှုတ်ဆက်ပွဲများ ကျင်းပ နေကြကြောင်း သိရသည်။

ဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် မွန်ပြည်သစ် ပါတီ (NMSP) တို့ တွေ့ဆုံ ဆွေးနွေးမှု မတိုင်ခင် ပါတီဝင် ခေါင်းဆောင်များ၊ အရာရှိများနှင့် စစ်သည်များက တောတွင်း အခြေစိုက် စခန်းသို့ ပြောင်းရွှေ့ နေကြခြင်း ဖြစ်ကြောင်း မွန်ပြည်နယ် မော်လမြိုင် မြို့ရှိ ပါတီနှင့် နီးစပ်သူ တဦးက ဧရာဝတီသို့ ပြောသည်။

“ကျနော့် သူငယ်ချင်းကတော့ သူ တောထဲကို ပြန်သွား တော့မယ်လို့ ပြောတယ်။ သူ့ကလေး တွေကို ကြည့်ရှု စောင့်ရှောက်ဖို့ မှာတယ်။ ခင်လာတာ ကြာပြီဆိုတော့ စိတ်မကောင်း ဖြစ်ပါတယ်”ဟု ယင်းက ဆိုသည်။

ထိုင်း-မြန်မာ နယ်စပ် ဘုရားသုံးဆူတောင်ကြားလမ်းမှ NMSP ပါတီဝင်တချို့က နယ်ခြားစောင့် တပ်ဖွဲ့ အသွင်ပြောင်းရေး အတွက် နောက်တကြိမ် ဆွေးနွေးမှုမှာ ဧပြီ ၂၂ ရက်နေ့ဖြစ်ကြောင်း၊ အကယ်၍ ဆွေးနွေးညှိနှိုင်းမှု ပျက်ပြားပြီး စစ်ကို မရှောင်လွှဲ နိုင်ပါက နေအိမ်များ စွန့်ခွာပြီး တောတွင်းသို့ ပြန်ဝင်ကြရန် ခေါင်းဆောင်များက မှာကြားထားကြောင်း ပြောသည်။

NMSP ၏ တရားဝင် စာရင်းများအရ အဖွဲ့ဝင် ၃၅၀၀ ရှိသော်လည်း လက်ရှိတွင် တာဝန် ထမ်းဆောင်နေသူမှာ ၇၀၀ ခန့်သာ ရှိကြောင်း သိရသည်။

အကယ်၍ စစ်ဖြစ်ပွားရန် အကြောင်းပေါ်လာပါက တပ်ဖွဲ့ဝင်များ ပြန်လာဖွယ်ရှိကြောင်း၊ အစပိုင်းတွင်မှု အခက်အခဲ ရှိမည်ဖြစ်ကြောင်း NMSP အတွင်းရေးမှူး နိုင်ဟံသာက ပြောသည်။

သို့သော် အပစ်ရပ်ထားသည့် ဆယ်စုနှစ်တခုကျော်ကြာအတွင်း မြို့ပေါ်၌ စီးပွားရေးလုပ်ငန်းများနှင့် အခြေကျနေသည့် ပါတီ အဖွဲ့ဝင်များအဖို့ လက်ရှိ အခြေအနေကို စွန့်လွှတ်၍ NMSP နှင့် တောတွင်းသို့ လိုက်ပါပူးပေါင်းရန် အခက်အခဲ ရှိမည်ဟု မွန် နိုင်ငံရေး လေ့လာ အကဲခတ်သူများက ဆိုသည်။

NMSP ဗဟိုအလုပ်အမှုဆောင်ဟောင်း နိုင်တင်အောင်ကမူ မြန်မာစစ်တပ် အနေဖြင့် ၎င်းတို့ကို တိုက်ခိုက်လိမ့်မည်ဟု မထင်ကြောင်း ပြောသည်။

“မွန်ပြည်သစ်ပါတီကို တိုက်မယ်ဆိုရင် နိုင်ငံရေးအရ ထိခိုက်မှု ရှိနိုင်တယ်၊ မွန်ပြည်သစ်ပါတီကို နယ်ခြားစောင့်တပ် ဖွဲ့ဖို့ ဖိအားပေးရုံ သက်သက်ပါပဲ” ဟု နိုင်တင်အောင်က ဆိုသည်။

နယ်ခြားစောင့် တပ် ဖွဲ့စည်းရေးအတွက် ဗိုလ်ချုပ်ကြီးရဲမြင့်နှင့် NMSP မှ ဗဟိုအလုပ်မှုဆောင် ၄ ဦးတို့ ဧပြီလ ၇ ရက်နေ့တွင် မော်လမြိုင်မြို့ရှိ အရှေ့တောင်တိုင်း စစ်ဌာနချုပ်၌ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

ယင်းဆွေးနွေးပွဲ၌ NMSP သည် နယ်ခြားစောင့်တပ် မဖွဲ့လိုပါက ပြည်သူ့စစ်အဖြစ် ရပ်တည်ရေး စဉ်းစားပေးရန် ဗိုလ်ချုပ်ကြီး ရဲမြင့်က ပြောကြောင်း NMSP ပြောခွင့်ရပုဂ္ဂိုလ် နိုင်ချေးမွန်က ဧရာဝတီသို့ ပြောသည်။

“ပါတီခေါင်းဆောင်တွေ ဒီနေ့ ဗဟိုဌာနချုပ်မှာ အစည်းအဝေးလုပ်တယ်၊ လက်ခံမယ် မခံဘူးဆိုတာအဲဒီ အစည်းအဝေးမှာ ဆွေးနွေးမယ်၊ လာမယ့် ဧပြီ ၂၂ ရက်နေ့မှာ ဗိုလ်ချုပ်ရဲမြင့်နဲ့ တွေ့ဖို့ရှိတယ်” ဟု နိုင်ချေးမွန်က ဆိုသည်။

ယမန်နှစ်က နယ်ခြားစောင့်တပ် ဖွဲ့ရန် NMSP က ငြင်းဆန်ပြီးနောက် စစ်အစိုးရနှင့် ဆက်ဆံရေး တင်းမာခဲ့သည်။

ပြီးခဲ့သည့် မတ်လက NMSP သည် လက်နက်စုဆောင်းရေးဌာန အပါအဝင် ဌာနတချို့ကို နေရာရွှေ့ပြောင်းခဲ့ကြောင်း ယင်းအဖွဲ့နှင့် နီးစပ်သူများက ဆိုသည်။

အကယ်၍ တိုက်ပွဲ ပြန်ဖြစ်ခဲ့လျှင် ပြောက်ကျား နည်းဖြင့် ပြန်လည် ခုခံမည် ဖြစ်ကြောင်း NMSP ခေါင်းဆောင်များက ပြောသည်။

အပစ်အခတ်မရပ်စဲခင်က မွန်ဒေသတွင် စစ်အစိုးရ တပ်ရင်း ၁၀ ရင်းသာ တပ်စွဲထားခဲ့သော်လည်း ၁၅ နှစ်ကြာ ကာလအတွင်း တပ်စွဲထားသည့် တပ်ရင်း ၃၀ ခန့် ရှိကြောင်း သိရသည်။

အပစ်ရပ်အဖွဲ့များအနေနှင့် ဧပြီ ၂၈ ရက်နေ့ မတိုင်မီ နယ်ခြားစောင့်တပ် အသွင် မပြောင်းပါက စစ်အစိုးက မတရားအသင်း အဖြစ် ကြေညာမည်ဟု သတင်းများလည်း ထွက်ပေါ်နေသည်။

Ref: ဧရာဝတီ်

Read More...

Wednesday, April 21, 2010

ရန်ကုန်သင်္ကြန်ပေါက်ကွဲမှု လက်ပစ်ဗုံးများဖြစ်သည်ဟုဆို

မျိုးသိဏ်း
အင်္ဂါနေ့၊ ဧပြီလ ၂၀ ရက် ၂၀၁၀

ရန်ကုန် (မဇ္ဈိမ)။ ။ ကန်တော်ကြီး X2O မဏ္ဍပ်ရှေ့တွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှု များတွင် လက်ပစ်ဗုံး အမျိုးအစား ဖြစ်သည်ဟု စုံစမ်း စစ်ဆေးရာတွင် ပါဝင်ခဲ့သူ စစ် အင်ဂျင်နီယာတပ် အရာရှိတဦးက ပြောသည်။

စစ်မြေပြင်အင်ဂျင်နီယာတပ်၊ မှုခင်းရဲတို့ ပါဝင်သော အဖွဲ့က ဧပြီလ ၁၅ ရက်နေ့က ပေါက်ကွဲမှု ဖြစ်ခဲ့သော နေရာများကို စစ်ဆေးခဲ့ခြင်း ဖြစ်ပြီး စစ်ဒေသမှူးနှင့် ရဲတိုင်းမှူးတို့က ကွပ်ကဲမှုပေးခဲ့သည်။ မဏ္ဍပ်ရှေ့ ရှုပ်ထွေးနေသော လူအုပ်အကြားသို့ လက်ပစ်ဗုံး သုံးလုံးကို ကိုက်အနည်းငယ် အကွာမှ ပစ်သွင်းခဲ့ခြင်း ဖြစ်ကြောင်းနှင့် လက်ပစ်ဗုံး စနက်တံ နှစ်ခုကို ရှာဖွေ တွေ့ရှိခဲ့သည်ဟု အမည်မဖော်လိုသူ အရာရှိက ပြောသည်။

"လူအုပ်ကြားထဲ ပစ်ထည့်လိုက်တာပါ။ Safety Pin နှစ်ခုကို ရှာတွေ့တယ်။ တွေ့တဲ့နေရာနှစ်ခုက ကိုက် ၂ဝ လောက်ခြားတယ်။" ဟု သူကပြောသည်။

ပေါက်ကွဲမှုတွင် ဝမ်းဗိုက်ဒဏ်ရာ ရရှိခဲ့သည့် ရန်ကုန်တိုင်း အမှတ် ၄ စစ်ဒေသမှူး ဗိုလ်မှူးကြီး အုံးချို မှာ ပေါက်ကွဲမှု ဖြစ်ပွားခါနီး အချိန်မှ X2O မဏ္ဍပ်အနီးရှိ လုံခြုံရေး တပ်ဖွဲ့များ စုဝေးရာသို့ ရောက်ရှိ လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပေါက်ကွဲမှုများကြောင့် ၉ ယောက်သေဆုံးခဲ့ပြီး ၁၇ဝ ယောက်အထိ ဒဏ်ရာရခဲ့ရသည်။ သို့သော် ဧပြီ (၁၈) တွင် ရန်ကုန် ဆေးရုံကြီးတွင် တက်ရောက် ကုသနေသော ဗုံးလူနာ ၅ဝ ကျော်ပဲ ကျန်တော့ကာ အများစုမှာ ဦးနှောက်နှင့် အာရုံကြော ကုသရေးဆောင်တွင် ဖြစ်သည်။

စစ်မြေပြင် အင်ဂျင်နီယာတပ်မှ အရာရှိက- " ဖြစ်တဲ့အချိန် မဏ္ဍပ်ရှေ့မှာ လူ ၃ဝဝ နဲ့ ၄ဝဝ ကြားလောက် ရှိနေခဲ့တယ်လို့ သိရတယ်။ ကားလမ်းပေါ်မှာ လူတွေ ကနေတဲ့ အချိန်မို့လို့ ချိန်ကိုက်ဗုံး မဖြစ်နိုင်ဘူးလို့ အစကတည်းက တွက်မိပါတယ်။ နောက်မဏ္ဍပ် စပွန်ဆာ ပေးထားတဲ့ စီးကရက်ဘူးတွေကို မဏ္ဍပ်ပေါ်က ကြဲချနေတယ်၊ အဲ့ဒီ စီးကရက်ဘူးတွေကို အောက်ကလူတွေလဲ ပြန်ပစ်တာမျိုးတွေ ရှိနေခဲ့တယ်လို့ သိရတယ်။ စီးကရက်ဘူးတွေနဲ့ တခြားပစ္စည်းတွေနဲ့ အတူတူ Grenade ကို ရောပြီး ပစ်ထည့်တာလို့ ခန့်မှန်းရပါတယ်။" ဟု ဆိုသည်။

အစိုးရအရာရှိများ ရောက်ရှိချိန် အချိန်ကိုက် ဖြစ်ပွားခြင်းဖြစ်၍ ယင်းတို့အား ဦးတည် တိုက်ခိုက်ခဲ့ခြင်း ဖြစ်နိုင် မဖြစ်နိုင် မေးမြန်းခဲ့ရာတွင် အတိအကျ ပြောဆိုနိုင်ခြင်း မရှိကြောင်း စစ်ဆေးမှုတွင် ပါဝင်ခဲ့သူ အဆိုပါ အရာရှိက ဆိုသည်။

Ref: မဇ္ဈိမ

Read More...

ဗုံးပေါက်ကွဲသတင်း ကျယ်ပြန့်ရန် နအဖ လုပ်ဆောင်နေ

NEJ/ ၂၀ ဧပြီ ၂ဝ၁ဝ

နအဖစစ်အစိုးရသည် လူ (၈) ဦး သေဆုံးပြီး (၁၇ဝ) ကျော် ဒဏ်ရာရခဲ့သည့် ဧပြီ (၁၅) သင်္ကြန်ဗုံးကွဲမှု သတင်းကို ကျယ်ပြန့်သည်ထက် ကျယ်ပြန့်အောင် လုပ်ဆောင်နေပြီး ယင်းကဲ့သို့ လုပ်ဆောင်ချက် နောက်ကွယ်တွင် ရည်ရွယ်ချက် တစုံတရာ ရှိနိုင်ကြောင်း ပြည်တွင်း စာနယ်ဇင်း အသိုင်းအဝိုင်းနှင့် ရန်ကုန် မြို့ခံများက သုံးသပ်နေကြသည်။

ပြည်တွင်းဂျာနယ် အယ်ဒီတာတဦးက “ကျနော်တို့ ဂျာနယ်က သင်္ကြန် မတိုင်ခင်ကတည်းက စာမူတဝက်ကို တင်ထားရတယ်။ ကျန်တာကို ဒီရက်ပိုင်း တင်ရမယ်။ အဲဒါ ဂျာနယ်တိုက်ကို စာပေ စိစစ်ရေးရုံးက အကြောင်းကြားတယ်။ နောက်ထပ်တင်မယ့် စာမူတွေအပြင် ဗုံးကွဲတဲ့ သတင်းတွေ ထည့်ချင်တယ်ဆိုရင် စာမျက်နှာတိုးပြီး ခွင့်ပြုပေးမယ်။ နောက် အချိန်မီ စိစစ်ပေးမယ်။ မျက်နှာဖုံးမှာ တင်ချင်ရင်လည်း ခွင့်ပြုပေးမယ် ဆိုပြီး ပြောတယ်၊ ဒီလို အကြောင်းကြားတာ။ သင်္ကြန်အပြီး ထွက်မယ့် ဂျာနယ် အားလုံး လိုလိုလောက်ကိုပဲ။ ကြည့်ရတာ ဂျာနယ်တိုင်း လိုလိုမှာ ဗုံးကွဲတဲ့သတင်းကို ပါစေချင်ပုံရတယ်။ ဒါဟာ အထက် စစ်အာဏာပိုင်တွေက ညွှန်ကြားတာဖြစ်ပြီး နောက်ကွယ်မှာ ရည်ရွယ်ချက် တခုခု ရှိပုံရတယ်” ဟု ပြောသည်။

အလားတူ အခြားဂျာနယ် အယ်ဒီတာတဦးကလည်း သင်္ကြန်အပြီး လက်ရှိ အချိန်ထိ မြန်မာတိုင်းမ်၊ လျှပ်တစ်ပြက်၊ ဝီးကလီးအလဲဗင်း၊ ပေါ်ပြူလာ စသည့် သတင်းဂျာနယ် (၄) စောင်ထွက်ပြီး (၃) စောင်၏ မျက်နှာဖုံးမှာ ဗုံးကွဲသည့် သတင်းဖြစ်ကာ လျှပ်တစ်ပြက် ဂျာနယ်တွင်မူ ထူးထူးခြားခြား သေဆုံး၊ ဒဏ်ရာရသည့် လုံခြုံရေး ဝန်ထမ်းများကို နာမည်နှင့်တကွ ဖော်ပြထားကာ ၎င်းတို့အနက် အမှတ် (၄) စစ်ဒေသ စစ်ဒေသမှူးကြီး အုံးချို၏ နာမည်ကို ဖော်ပြထားခြင်းသည် အလွန်ထူးခြားသည်ဟု ပြောကြားသည်။

ပြီးခဲ့သည့် အနှစ် (၂ဝ) ကျော် ၈၈ အရေးအခင်းကာလတွင် တပ်မတော် ထိပ်ပိုင်းခေါင်းဆောင် များ၏ တာဝန်ပေးချက် အရ သတင်း စုဆောင်းရေးနှင့် အဖျက်အမှောက် လုပ်ငန်းကို ကိုယ်တိုင် လုပ်ကိုင်ခဲ့သူ ယခု အသက် (၆ဝ) ကျော်အရွယ် ဗိုလ်မှူးဟောင်း တဦးက အကယ်၍ ယခု ဗုံးကွဲမှုကို စစ်အစိုးရကသာ အကောင်အထည် ဖော်သည်ဆိုပါက အောက်ခြေအဆင့် အာဏာပိုင်များ မဆိုထားနှင့် တိုင်းမှူး အဆင့်လောက်ကပင် မသိနိုင်ကြောင်း ပြောဆိုသည်။

၎င်းက “အခု ဗုံးကွဲမှုမှာ လုံခြုံရေးအဖွဲ့ဝင်တွေ သေကြေ ထိခိုက် ဒဏ်ရာရတာကို ဖုံးကွယ်မထားဘဲ ကျယ်ကျယ်ပြန့်ပြန့် ၀ါဒဖြန့်နေတာကို ကြည့်ရင် အစိုးရ ထိပ်ပိုင်းခေါင်းဆောင် တွေက အခုဗုံးကွဲ ကျူးလွန်သူတွေဟာ သူတို့ အစိုးရကို မလိုလားတဲ့ သူတွေအဖြစ် ပုံပေါ်စေချင်တာ ထင်ရှားတယ်။ မကြာခင် ဆန့်ကျင်ဘက် အင်အားစုတွေကို စွပ်စွဲ၊ ဖမ်းဆီး၊ အရေးယူတာတွေ လုပ်လာနိုင်တယ်” ဟု ပြောသည်။

စစ်အစိုးရ အာဏာပိုင်များသည် ဗုံးကွဲသတင်းကို ဂျာနယ်များတွင် ဖော်ပြခွင့် ပေးနေသကဲ့သို့ မသင်္ကာသူ ဖမ်းဆီးရမိရန် ကူညီနိုင်ပါက ဆုငွေ ကျပ် (၁ဝ) သိန်းပေးမည့် ကြော်ငြာ စာရွက်များကို ရန်ကုန်မြို့လယ် လမ်းဆုံ လမ်းခွများတွင် လိုက်လံ ကပ်ထားကြောင်း မြို့ခံများက ပြောသည်။

Ref: ခေတ်ပြိုင်

Read More...

ဝ တပ်ဖွဲ့ စစ်ရေးပြင်ဆင်နေ

ကိုထွေး
Tuesday, April 20, 2010

ဝ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) က စစ်ရေး ပြင်ဆင်မှုများ အပါအ၀င် မဟာမိတ်များနှင့် နီးကပ်စွာ ဆက်ဆံမှုများကို ယခု ရက်ပိုင်း အတွင်း ပိုမို ပြုလုပ် လာသည်။

လာမည့် ဧပြီလ ၂၂ ရက်နေ့တွင် UWSA က နယ်ခြားစောင့် တပ်အသွင် ပြောင်းခြင်းနှင့် ပတ်သက်ပြီး ဆုံးဖြတ်ချက်ကို စစ်အစိုးရအား ပေးရမည် ဖြစ်သည်။

စစ်အစိုးရက နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး အတွက် ၀ ခေါင်းဆောင်များနှင့် ထပ်မံ ဆွေးနွေးရန် ကမ်းလှမ်းမှုများ မရှိသကဲ့သို့ စစ်အစိုးရ၏ အစီအစဉ်ကို လက်မခံ နိုင်သည့် UWSA ခေါင်းဆောင်များ၏ သဘောထား သည်လည်း ပြောင်းလဲမှု မရှိကြောင်း UWSA နှင့် နီးစပ်သော သတင်းများ အရ သိရသည်။

UWSA ကလည်း နယ်ခြားစောင့်တပ်ဖွဲ့စည်းရေး အတွက် ၂၀၀၉ ခုနှစ် ဧပြီလကတည်းက ငြင်းပယ်နေခြင်း ဖြစ်ပြီး နိုင်ငံရေး အရ ငြိမ်းချမ်းစွာ ဖြေရှင်းရန် ပြောဆိုခဲ့ပြီး အဆိုးဆုံး အခြေအနေကို ရင်ဆိုင်ရန် အတွက် ပြင်ဆင်ထားကာ တပ်များကိုလည်း အသင့် အနေအထားရှိရန် သတိပေးထားခဲ့သည်။

ထိုင်းနိုင်ငံ အခြေစိုက် ရှမ်းသံတော်ဆင့် သတင်းဌာနမှ အယ်ဒီတာ ဦးခွန်စိုင်းက နိုဝင်ဘာနှင့် ဧပြီလအတွင်းတွင် ဥက္ကဋ္ဌ ပေါက်ယူချန်းက နအဖထံသို့ စာ ၂ စောင် ရေးသား ပေးပို့ခဲ့သော်လည်း ပယ်ချခဲ့သဖြင့် ယခုအခြေအနေတွင် အလျှော့ပေးရန် မဖြစ်နိုင်ကြောင်း ဆိုသည်။

“အခုလောလောဆယ်ကတော့ နအဖက တိုက်မယ်တကဲကဲပုံစံ လုပ်ပြီးတော့မှ အလျှော့ပေးစေချင်တဲ့ ပုံစံဖြစ်တယ်၊ နအဖ ကလည်း သိတယ်၊ ၀ ဘက်က ထွက်မတိုက်ချင်ဘူး မတိုက်ချင်တဲ့သူ ပိုများတယ်ဆိုတာ၊ အခြေအနေကတော့ နအဖ ဘက်မှာပဲ မှုတည်မှာပါ” ဟု ဦးခွန်စိုင်းကဆိုသည်။

ဖိအားကို လိုတာထက်ပိုပြီး ပေးသွားပါက စစ်ပွဲ ဖြစ်လာနိုင်ကြောင်း၊ စစ်ပွဲဖြစ်လာပါက ဒေသကန့်သတ်ထားသည့် အခြေအနေ လောက်သာ မဟုတ်ဘဲ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ် တို့တွင်ပါ ဖြစ်လာနိုင်သည့် အတွက် ရွေးကောက်ပွဲကို ထိခိုက် လာနိုင်သည်ဟု စစ်အစိုးရက တွက်ထားပုံ ရကြောင်းလည်း ၎င်းက ဆိုသည်။

UWSA အနေဖြင့် နယ်ခြားစောင့်တပ်အဖြစ်လက်မခံပါက ၅ ရက်ကြာ စစ်ဆင်ရေး တရပ်ကို ပြုလုပ်သွားမည်ဟု မှုဆယ်ရှိ စစ်အစိုးရ ထောက်လှမ်းရေး များက ၀ါဒ ဖြန့်ချိနေကြောင်း တရုတ်-မြန်မာ နယ်စပ်အရေးကို လေ့လာ စောင့်ကြည့်နေသူ ဦးအောင်ကျော်ဇောက ဧရာဝတီသို့ ပြောသည်။

“ဒါကတကယ်တမ်းကျတော့ ၀ တပ်ဖွဲတွေကို ခြိမ်းခြောက်တာပါ၊ တရုတ်နဲ့ ဆက်ဆံရေးကို ထိခိုက်နိုင်လို့ စစ်ပွဲ ဖြစ်လာဖို့ကတော့ မလွယ်ပါဘူး” ဟု ဦးအောင်ကျော်ဇောက ဆိုသည်။

စစ်အစိုးရသည် ယခုနှစ်တွင် ကျင်းပ ပြုလုပ်မည်ဟု ကြေညာထားသည့် ရွေးကောက်ပွဲ မတိုင်မီ အပစ်ရပ် အဖွဲ့များကို နယ်ခြားစောင့်တပ် အသွင် ပြောင်းလဲရေး အတွက် လိုလားနေကြောင်း သိရသည်။ ဤအတောအတွင်း တပ်မတော် ခေါင်းဆောင်များက အပစ်ရပ် အဖွဲ့များနှင့် ဆက်တိုက် တွေ့ဆုံ နေကြသည်။

“ရွေးကောက်ပွဲ အပြီးတွင် အစစအရာရာ သူ့လက်ထဲမှာရှိဖို့ စီစဉ်ထားသော်လည်းပဲ ဒီအနာဂတ်ဆိုတာ မှန်းဆလို့ မရတော့ မထင်မှတ်တာ ပေါ်လာနိုင်တယ်လို့ သူတို့မှတ်ပုံရတယ်။ ဒါကြောင့် ရွေးကောက်ပွဲ မပြီးခင် ကြိုတင်ပြီး အာဏာရှိနေတုန်း လုပ်ထားချင် ပုံရတယ်” ဟု ဦးခွန်စိုင်းက ဆက်ပြောသည်။

ယင်းအပြင် အတည်မပြုနိုင်သေးသော သတင်းများအရ စစ်အစိုးရက လက်နက်ကြီးများနှင့် သံချပ်ကာ ကားများကို ရှမ်းပြည် အရှေ့ပိုင်းသို့ ပို့ဆောင် နေကြောင်းလည်း သိရသည်။

UWSA သည် ဗမာပြည် ကွန်မြူနစ် ပါတီ၏ လက်နက်ကိုင် အင်အားစု အဖြစ်မှ ၁၉၈၉ ခုနှစ်တွင် ခွဲထွက်ခဲ့ပြီး၊ ယခုနှစ် ဧပြီလ ၁၇ တွင် တည်ထောင်သည့် နှစ် ၂၁ နှစ် ပြည့်မြောက်ပြီ ဖြစ်သည်။ ယခင်က ပန်ဆိုင်းတွင် နှစ်ပတ်လည် အခမ်းအနားကို အကြီးအကျယ် ကျင်းပသော်လည်း ယခုနှစ်တွင်မှု ကျင်းပခြင်း မရှိကြောင်းလည်း သိရသည်။

ယခုအခါ စစ်သည်အင်အား နှစ်သောင်း မှ နှစ်သောင်းခွဲကြားတွင် ရှိသည်ဟု သိရသည်။ UWSA သည် ရှမ်းပြည်နယ် အရှေ့ပိုင်း ဒေသတွင် အခြေစိုက် လှုပ်ရှားလျက်ရှိသည်။ စစ်အစိုးရ၏ အခြေခံ ဥပဒေ တွင်လည်း ဝ ဒေသကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် ထည့်သွင်း ပြဋ္ဌာန်းထားပြီး ဖြစ်သည်။

အခြေခံဥပဒေတွင် ရှမ်းပြည်နယ်ရှိ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်း၊ ပန်ဆန်း (ပန်းခမ်း) စသည့် မြို့နယ်များကို ခရိုင် ၂ ခရိုင် ဖွဲ့ပြီး “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း” အဖြစ် ဖော်ပြထားသည်။ သံလွင်မြစ် အရှေ့ဘက်ခြမ်းမှ ထို မြို့နယ် ၆ ခုမှာ တရုတ် မြန်မာ နယ်စပ်တွင် တည်ရှိသည်။

ယခု အချိန်အထိ အပစ်ရပ် အဖွဲ့ ၃ ဖွဲ့က နယ်ခြားစောင့် တပ်ဖွဲ့အသွင်ပြောင်းပြီး ဖြစ်သည်။

အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ပေါင်း ၁၇ ဖွဲ့ ရှိသည်။

Ref: ဧရာဝတီ်

Read More...

ကေအိုင်အိုက အရေးပေါ် စစ်သင်တန်းပေး

ဖနိဒါ
အင်္ဂါနေ့၊ ဧပြီလ ၂၀ ရက် ၂၀၁၀

ချင်းမိုင် (မဇ္ဈိမ) ။ ။ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို ငြင်းဆိုနေသည့် ကချင် လွတ်မြောက်ရေး အဖွဲ့ KIO သည် ကချင် လူထုအား စစ်သင်တန်းများ ပေးနေကြောင်း ဒေသခံများနှင့် KIO အရာရှိများထံမှ သိရသည်။

ယနေ့မှ စ၍ ၁၈ ရက် ကြာမည့် အရေးပေါ် စစ်သင်တန်း၌ KIO တပ်မဟာ ၃ ဌာနချုပ်ရှိရာ တရုတ် နယ်စပ် မိုင်ဂျာယန်မြို့နှင့် အနီးအနားရှိ ကျေးရွာများမှ KIA စစ်မှုထမ်းဟောင်းများ၊ စစ်သင်တန်း တက်ဖူးသူများအား တအိမ်တယောက်နှုန်း မတက်မနေရ သင်ပေးနေခြင်းဖြစ်သည်။

ကချင်ဒေသခံများအနေဖြင့် မိမိကိုယ်မိမိ ကာကွယ်နိုင်ရန် သေနတ်ပစ်ခြင်းနှင့် ကျည်ကွယ် မျက်ကွယ် နည်းများကို ပို့ချပေးကြောင်း KIO အရာရှိတဦးက ပြောသည်။

“မိမိကိုယ်ကို ကာကွယ်နိုင်ဖို့၊ အရေးပေါ် ပြည်သူ့စစ်သင်တန်းလိုမျိုး ဖြစ်တယ်။ သေနတ်ပစ်တာ၊ ကာကွယ်တာ၊ ရှောင်တာ ဘယ်လိုလုပ်ရတယ် ဆိုတာတွေ သင်ပေးတယ်” ဟု သူက ပြောသည်။

ယနေ့တက်ရောက်လာသည့် သင်တန်းသားများထဲတွင် လူငယ်လူလတ်အရွယ်မှ စ၍ အသက် ၅ဝ အောက် အမျိုးသားများ ဖြစ်ပြီး စုစုပေါင်း ၁ဝဝ ဦးကျော်ရှိကြောင်း မိုင်ဂျာယန်မြို့ခံတဦးက ပြောသည်။

“ဒီနေ့ကစပြီး သင်တန်းပေးနေပြီ။ မိုင်ဂျာယန်မှာ ရှိတဲ့ စာသင်ကျောင်းဝင်းထဲမှာ ပေးနေပြီ” ဟု သူက ပြောသည်။

မိုင်ဂျာယန်မြို့၏ အရှေ့ဘက် မိုင် ၂ဝ ခန့်အကွာရှိ တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၁ တည်ရှိရာ အင်ဘာပါ ကျေးရွာတွင်လည်း စစ်သင်တန်း ပေးရန် ဒေသခံများကို တအိမ်တယောက် လူစုဆောင်း နေပြီဖြစ်ကြောင်း သိရသည်။

မြစ်ကြီးနားမြို့ အရှေ့ဘက်အရပ် ဝိုင်းမော်မြို့နယ်၊ ဆဒုံးကျေးရွာအုပ်စုဝင် ရွာများတွင်လည်း အလား တူ ရက်တို စစ်သင်တန်းများ ပို့ချပြီး ဖြစ်ကြောင်း သိရသည်။

ယမန်နှစ် သြဂုတ်လတွင်လည်း လိုင်ဇာမြို့၌ KIO ဌာနဆိုင်ရာဝန်ထမ်းများကို ရက်တို စစ်သင်တန်း ပေးခဲ့သည်။

KIO အဖွဲ့အား စရဖ အကြီးအကဲ ဒုဗိုလ်ချုပ်ကြီး ရဲမြင့်က နယ်ခြားစောင့်တပ် အသွင်ပြောင်းလဲရေး အတွက် လာမည့် ကြာသာပတေးနေ့ နောက်ဆုံးထား ဆုံးဖြတ်ရန် ရာဇသံ ပေးထားသည်။

KIO ဥက္ကဌ ဦးဇောင်းဟရား အပါအဝင် အဖွဲ့ဝင် ၉ ဦးတို့သည် မြစ်ကြီးနားမြို့ရှိ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တွင် တိုင်းမှူးစိုးဝင်းနှင့် ၂၂ ရက်နေ့၌ တွေ့ဆုံ ဆွေးနွေးရန် လိုင်ဇာမြို့မှ ယနေ့ ညနေပိုင်း တွင် ထွက်ခွာမည်ဖြစ်ကြောင်း KIO ဗဟိုကော်မတီဝင် တဦးထံမှ သိရသည်။

အပစ်ရပ်ကာလအတွင်း KIO ၏ နိုင်ငံရေးရပ်တည်မှုများ၊ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ကိစ္စများနှင့် ပတ်သက်၍ ကချင် လူထုနှင့် အောက်ခြေ ဝန်ထမ်း စုစုပေါင်း ၂၅ဝဝ ဦးခန့်ကို လိုင်ဇာမြို့ မနောကွင်း ခန်းမတွင် KIO ဒုစစ်ဦးစီးချုပ် ဗိုလ်မှုးချူပ် ဂွမ်မော်နှင့် အထွေထွေ အတွင်းရေးမှူး ဒေါက်တာလဂျာတို့က ယခုလ ၁၆ ရက်နေ့က ရှင်းလင်းခဲ့သည်။

အဆိုပါ လူထုရှင်းလင်းပွဲတွင် KIO အနေဖြင့် နယ်ခြားစောင့်တပ် လက်မခံဘဲ နောင်ဖြစ်လာမည့် ပြည်ထောင်စု တပ်မတော်တွင် ကချင် တပ်ရင်းများ အနေဖြင့်သာ ပါဝင်လိုကြောင်း ရှင်းလင်းခဲ့သည်ဟု အမည်မဖော်လိုသူ KIO ဗဟို ကော်မတီဝင် အခြားတဦးက ပြောသည်။

ယခုလ ၄ ရက်နေ့တွင် မြစ်ကြီးနား မြောက်ပိုင်းစစ်ဌာနချုပ်၌ KIO နှင့် ဒုဗိုလ်ချုပ်ကြီးရဲမြင့်တို့ တွေ့ဆုံခဲ့စဉ် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်ခံမည် မဟုတ်ဘဲ ပြည်ထောင်စု တပ်မတော်တွင် ကချင်တပ် ရင်းများအနေဖြင့်သာ နေလိုကြောင်းကို တင်ပြခဲ့သည်။ သို့သော် ဒုဗိုလ်ချုပ်ကြီး ရဲမြင့်ကမူ လက်ခံခြင်း မရှိခဲ့ပေ။

လူထုအစည်းအဝေး ခေါ်ယူပြီးနောက် တရက်အကြာ ယခုလ ၁၇ ရက်နေ့တွင် မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း၌ ဗုံး ပေါက်ကွဲမှုနှင့် ပတ်သက်၍ ပတ်သက်ခြင်း မရှိကြောင်း KIO က ငြင်းဆိုထားသည်။

Ref: မဇ္ဈိမ

Read More...

ရန်ကုန်တိုင်း အမှတ် (၄) စစ်ဒေသမှူး အသည်းတွင် ဗုံးဒဏ်ရာပြင်းထန်

တက်လူ/ ၂၀ ဧပြီ ၂ဝ၁ဝ

ရန်ကုန်တိုင်း အမှတ် (၄) စစ်ဒေသမှူး ဗိုလ်မှူးကြီးအုံးချိုသည် သင်္ကြန်အကြတ်နေ့ ဧပြီ (၁၅) ရက်၊ ညနေ (၃) နာရီ၌ ရန်ကုန်မြို့ ကန်တော်ကြီးရှိ X2O ရေပက်မဏ္ဍပ်တွင် ဗုံးပေါက်ကွဲခဲ့မှုကြောင့် အသည်းတွင် ဗုံးဒဏ်ရာရရှိကာ အလွန် စိုးရိမ်ရသော အခြေအနေတွင်ရှိကြောင်း မင်္ဂလာဒုံ စစ်ဆေးရုံ သတင်းရပ်ကွက်မှ သိရသည်။

အဆိုပါဆေးရုံမှ တာဝန်ကျဆရာဝန်တဦးက “သူ့အခြေအနေက အတော်စိုးရိမ်ရတယ်။ အသက်ရှင်ဖို့ဆိုတာ ငါးဆယ်၊ ငါးဆယ်ပဲ” ဟု ပြောဆိုသည်။

ထိုနေ့က ပေါက်ကွဲခဲ့သော ဗုံးမှာ (၃) လုံး ဆက်တိုက်ပေါက်ကွဲခြင်းဖြစ်ပြီး ဗိုလ်မှူးကြီး အုံးချိုသည် မဏ္ဍပ်များကို စစ်ဆေးမှု ပြုလုပ်စဉ်တွင် ယင်းပေါက်ကွဲမှုနှင့် ကြုံရခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်း တယက မှ တာဝန်ရှိသူတဦးက ပြောသည်။

စစ်ဒေသ (၄) မှ ဗိုလ်ကြီး တဦးကလည်း “သူ့ဒဏ်ရာက ၀မ်းတခုလုံးမှာ ဗုံးစတွေ ထိတာ ပွစာတက်နေတယ်၊ ဆရာဝန် ပြောပြတာတော့ အသည်းကို ထိတာတဲ့၊ အခုထိ စိုးရိမ်ရတဲ့ အနေအထားမှာ ရှိနေတုန်းပါ၊ ဗုံးအစတွေကိုလည်း ခက်ခက်ခဲခဲ ခွဲစိတ် ထုတ်ရတယ်တဲ့၊ ကျနော်တို့ကတော့ အမြန်ဆုံး ကျန်းမာပါစေလို့ပဲ ဆုတောင်းရုံပေါ့” ဟု ပြောသည်။

ယင်းဗုံးပေါက်ကွဲမှုများကြောင့် လူ (၈) ဦး သေဆုံးပြီး လူဦးရေ (၁၇ဝ) ခန့် ဒဏ်ရာရရှိခဲ့ကြောင်း စစ်အစိုးရပိုင် သတင်း မီဒီယာများက ရေးသား ဖော်ပြသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်မှ မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူး အသက် (၃၂) နှစ် အရွယ် ဗိုလ်ကြီးသန့်စင်သိမ်း၊ မင်္ဂလာတောင်ညွန့် မြို့နယ်မှ ရာအိမ်မှူး ဦးခင်မောင်လေး အသက် (၆၁) နှစ်တို့အပါအ၀င် သေဆုံးသူ (၈) ဦးရှိသည်ဟု အစိုးရက ကြေညာသော်လည်း သေဆုံးသူ (၂၀) ခန့်ရှိသည်ဟု သတင်းထွက်နေသည်။

မင်္ဂလာတောင်ညွန့်မြို့နယ် ရဲစခန်းမှ ဒု-ရဲအုပ် (၂) ဦးနှင့် မယက ဥက္ကဋ္ဌမှာမူ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကာ ယခုတိုင် ရန်ကုန်ဆေးရုံကြီး ထိခိုက်ဒဏ်ရာ ခွဲစိတ်ကုသဆောင် ၅/၆ တွင် ဆေးကုသမှု ခံယူနေဆဲ ဖြစ်ကြောင်း ဆေးရုံကြီး တာဝန်ကျ ဆရာဝန် တဦးထံမှ သိရသည်။

ယခုအခါ မြို့နယ်ရပ်ကွက်ရုံးအချို့တွင် ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ မသင်္ကာသူများအား ဖမ်းဆီးရန်အတွက် ကူညီ သတင်းပေးသူကို ဆုငွေအဖြစ် ကျပ် (၁၀) သိန်း ပေးမည်ဟု အာဏာပိုင်များက ကြေညာထားသည်။

Ref: ခေတ်ပြိုင်

Read More...

Tuesday, April 20, 2010

ဖိုးလပြည့်ကို ရည်ရွယ်ဗုံးခွဲခဲ့ဟုဆို

နရီလင်းလက်
Monday, April 19, 2010

သင်္ကြန် အကြတ်နေ့ ဗုံးပေါက်ကွဲမှုမှာ ဖိုးလပြည့်နှင့် အာဏာပိုင်များကို ရည်ရွယ်ဟန် ရှိကြောင်း သတင်းများ ထွက်ပေါ် နေသည်ဟု သိရသည်။

ဗုံးပေါက်ကွဲမှု မဖြစ်ခင် သင်္ကြန်အကျနေ့က ရန်ကုန် ကန်တော်ကြီး ကန်ပတ်လမ်းထဲသို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏မြေး နေရွှေသွေးအောင် (ခေါ်) ဖိုးလပြည့် လာရောက် လည်ပတ်သွားသည် ဆိုသည့် သတင်း ထွက်ပေါ်ခဲ့ကြောင်း ရန်ကုန်တိုင်း စစ်ဌာနချုပ် အသိုင်းအ၀န်းမှ သိရသည်။

သင်္ကြန် အကြတ်နေ့ တွင်လည်း ဖိုးလပြည့် ကန်တော်ကြီးသို့ ထပ်မံ လာရောက် မည်ဟု သတင်း ထွက်ပေါ်ခဲ့ရာ ရန်ကုန်မြို့တော် မဟာသင်္ကြန် စည်းကမ်း ထိန်းသိမ်းရေး ကော်မတီက မဏ္ဍပ်များအား စစ်ဆေး နေချိန်တွင် ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့သည်ဟု ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ အရာရှိကြီး တဦးက ပြောဆိုသည်။

“အခု သေတဲ့ထဲမှာ လူကြီး သားသမီး၊ မြေးတယောက်မှ မပါဘူး။ သာမန် အရပ်သူ အရပ်သား တွေပါပဲ။ ဒါပေမယ့် ဒဏ်ရာ ပြင်းပြင်း ထန်ထန် ရထားတဲ့ အထဲမှာတော့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ပါတယ်။ စည်ပင်က အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်သိန်း ကတော့ ပွဲချင်းပြီးပဲ” ဟု အခင်း ဖြစ်ပွားသည့် နေရာတွင် ရှိနေခဲ့သည့် မျက်မြင် တဦးက ဆိုသည်။

မဟာသင်္ကြန်မဏ္ဍပ် စစ်ဆေးရေးအဖွဲ့များ လာချိန်တွင် အချိန်ကိုက် ပေါက်ကွဲမှု ဖြစ်ခဲ့သောကြောင့် လုံခြုံရေး အဖွဲ့ဝင် အများအပြား ဒဏ်ရာ ရရှိခဲ့သည်။

ကန်တော်ကြီး ကန်ပတ်လမ်းရှိ မဏ္ဍပ်များသည် နံနက် ၈ နာရီခန့်မှ စတင် ရေကစားပြီး နေ့လည် ၁ နာရီခန့်တွင် ခဏတာ အနားယူကာ ညနေ ၃ နာရီတွင် ပြန်လည် ကစားကြသည်။

“ဖိုးလပြည့်က ကမ္ဘာအေးဘုရားလမ်း ရှစ်မိုင်မြိုင်ဟေ၀န် ပန်းခြံနဲ့ မျက်စောင်းထိုး စစ်ရုံးရှေ့မှာ ရေကစားမဏ္ဍပ် ဆောက်ပြီး ရေကစားပြီးတော့ ကန်တော်ကြီးကန် ပတ်လမ်းကို ကားနဲ့ လှည့်ကြည့်ခဲ့တယ်” ဟု စစ်ဘက် လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူ တဦးက ပြောသည်။

လူစုလူဝေးဖြစ်နေသည့် နေရာတွင် ဗုံးဖောက်ခွဲခဲ့သည့် အတွက် ရန်ကုန်တိုင်း စစ်ဌာနချုပ်နှင့် စစ်ဘက် လုံခြုံရေး အဖွဲ့များမှာ ထိတ်လန့် သွားခဲ့ကြကြောင်း ၎င်းက ဆိုသည်။

“ဖိုးလပြည့် တကယ်ပဲ ကန်ပတ်လမ်းကို လာခဲ့သလား ဆိုတာ မသေချာပေမယ့် စစ်ဒေသမှူး ဦးဆောင်တဲ့အဖွဲ့ မဏ္ဍပ်ရှေ့ ရောက်ချိန်မှာ အဲဒီမဏ္ဍပ်က စီးကရက်တွေ ဝေတယ်။ အဲဒီအချိန်မှာ လူတွေ တော်တော် ရှုပ်ထွေးသွားခဲ့တယ် ” ဟု မဏ္ဍပ်အနီး လုံခြုံရေး တာဝန်ကျသူ တဦးက ပြောသည်။

ချိန်ကိုက်ဗုံး မဟုတ်ဘဲ စီးကရက်ဗူးအရွယ် လက်ပစ်ဗုံး ဖြစ်သောကြောင့် စီးကရက် ဝေသည်ကို အကြောင်းပြုကာ လက်ပစ်ဗုံးများ ခွဲခဲ့ခြင်း ဖြစ်နိုင်သည်ဟု စစ်ဘက် လုံခြုံရေးဆိုင်ရာ အရာရှိကြီး တဦးက သုံးသပ်သည်။

စစ်ဆေးရေးအဖွဲ့ နောက်တွင် ဖိုးလပြည့်၏ကား ပါလာသည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သည့် အသိုင်းအဝန်းက ဆိုသည်။

“အာဏာပိုင်တွေ များများစားစား ထိတယ် ဆိုကတည်းကိုက သူတို့ကို ရည်ရွယ်တာ သိပ်သေချာတယ်။ စီးကရက်သာ မဝေခဲ့ဘူးဆိုရင် ပြည်သူတွေ တော်တော်များများ မသေဘူး၊ မထိခိုက်နိုင်ဘူး” ဟု ရဲ အရာရှိ တဦးက သုံးသပ် ပြောဆိုသည်။

နောက်ဆုံး သိရသောစာရင်း အရ ဗုံးကွဲမှုတွင် ဒဏ်ရာရရှိသူ အမျိုးသား ၈၆ ဦး၊ အမျိုးသမီး ၂၉ ဦး ရန်ကုန်ဆေးရုံကြီး၌ ဆက်လက် ဆေးကုသမှု ခံယူနေရပြီး ဒဏ်ရာပြင်းထန်စွာ ရရှိသူ ၂၀ ရှိနေသေးကြောင်း သိရသည်။

Ref: ဧရာဝတီ်

Read More...

အသွင်ကူးပြောင်းရေးကို ကေအိုင်အို ငြိမ်းချမ်းစွာ လျှောက်လှမ်းလို

Tuesday, 20 April 2010

ကချင်ပြည် လွတ်လပ်ရေးအဖွဲ့(ကေအိုင်အို) က အသွင် ကူးပြောင်းရေးကို ငြိမ်းချမ်းစွာ ဖြေရှင်းလိုကြောင်း မြောက်ပိုင်း တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းထံ ဧပြီလ ၁၅ ရက်နေ့က စာတစ်စောင် ပေးပို့ထားကြောင်း သိရသည်။

နယ်ခြားစောင့်တပ် အဆိုကို ဧပြီ ၂၂ ရက်နေ့ အကြောင်း မပြန်လျှင် ငြိမ်းချမ်းရေး မယူခင် အခြေအနေသို့် ရောက်ရှိမည် ဖြစ်ကြောင်း ကေအိုင်အိုကို ရာဇသံ ပေးထားသည့် အပေါ် စာရေးသား ပေးပို့ရခြင်း ဖြစ်ကြောင်း ယခုလ ၁၆ ရက်နေ့က လိုင်ဇာမြို့တွင် ပြုလုပ်သည့် လူထု ရှင်းလင်းပွဲတွင် ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်က ပြောသည်။

“ဧပြီလ ၄ ရက်နေ့က ဗိုလ်ချုပ်ကြီး ရဲမြင့်နဲ့ နောက်ဆုံးတွေ့တဲ့ အချိန်မှာ ၂၂ ရက်နေ့မှာ ဖြေဖို့ပြောတယ် အဲဒီ အဖြေဟာ နယ်ခြားစောင့်ကို လက်ခံတဲ့ အနေအထား ဖြစ်ပြီးမှ ၂၈ ရက်နေ့ကနေ စပြီး ဖွဲ့စည်းပုံများကို ၂ ပတ်အတွင်း ပြီးအောင် ဆောင်ရွက်ရမယ် လို့ ပြောတယ် ၂၈ ရက်နေ့ ကျော်သွားတဲ့ နောက်ပိုင်းမှာ လက်မခံဘူးဆိုရင် ၁၉၉၄ ခုနှစ်မတိုင်မှီက အခြေအနေ ပုံစံမျိုး ပြန်ရောက် သွားနိုင်တယ်”

“ဒါကြောင့် က်ျနော် တို့ ပြန်ပြီးတင်ပြတာက ၁၉၉၄ မှာ ငြိမ်းချမ်းရေး ယူစဉ်က အပြန်အလှန် နားလည်မှု စာချုပ်ရှိတယ်။ သဘောတူညီချက် စာချုပ်ထဲမှာ နယ်ခြားစောင့်တပ် ဖွဲ့စည်းဖို့ ဆိုတာကို မပါဘူး ဒါကြောင့်မို့ ဒီ နယ်ခြားစောင့်ကို လက်မခံ တာကြောင့် ငြိမ်းချမ်းရေး ပျက်ပြားရတယ်လို့ မမှတ်ယူနိုင်ဘူး ဆိုတဲ့စာကို တင်တယ်။ ဒီလိုပြောတဲ့ အပေါ်မှာ ပြန်ပြီး စဉ်းစားပေးပါ ဆိုတာကို တင်ပါတယ် ” ဟု သူက ပြောသည်။

ဒု - ဗိုလ်ချုပ်ကြီး ရဲမြင့်၏ အဆိုပါ ပြောကြားချက်သည် နအဖနှင့် ကေအိုင်အိုတို့ ၁၉၉၄ ခုနှစ် ငြိမ်းချမ်းရေး ယူစဉ်က နှစ်ဘက် သဘောတူညီချက် များနှင့် ကွဲလွဲနေကြောင်း သူက ထောက်ပြသည်။

“၁၉၉၄ ခုနှစ် သဘောတူချက်ထဲမှာ ကေအိုင်အိုနဲ့ပတ်သက်တဲ့ အရေးကိစ္စများနဲ့ တပ်များ နေရာ ချထားရေးအတွက် လိုအပ်လာရင် နှစ်ဦးနှစ်ဘက် ပူးပေါင်းပြီး ဆောင်ရွက်သွားမယ် ဆိုတဲ့ အချက်ပါတယ် အသွင် ကူးပြောင်းရေးမှာ ကေအိုင်အို က ဘယ်လို လုပ်ချင်သလဲ ဆိုတဲ့ မေးခွန်း အရင်မမေးပဲ နယ်ခြားစောင့် တပ်ဖွဲ့ရေး လက်ခံပါ ဆိုတာကို အရင်လာတယ် အဲတော့ ၉၄ မှာပါတဲ့ အပြန်အလှန် ပူးတွဲ ဖြေရှင်းရေးဆိုတဲ့ အချက်နဲ့ ကွဲလွဲနေတယ် ” ဟု သူက ဆိုသည်။

နယ်ခြားစောင့်ကိစ္စအပေါ် ကေအိုင်အိုအနေဖြင့် စစ်ရေးနည်းဖြင့် မဖြေရှင်းပဲ နယ်ခြားစောင့်တပ် လက်ခံရေး မခံရေး ဆိုသည့် ဘောင်အပြင်ဘက်မှ ပိုမို ကောင်းမွန်သည့် နည်းလမ်းဖြင့် ဖြေရှင်းလိုကြောင်း ဆိုသည်။

ဧပြီ ၄ ရက်နေ့က မြစ်ကြီးနားမြို့တွင် နှစ်ဘက် ကိုယ်စားလှယ်များ တွေ့ဆုံ ဆွေးနွေးစဉ် ကေအိုင်အို ဥက္ကဋ္ဌ ဦးဇောင်းခရား က နယ်ခြားစောင့် ကိစ္စသည် ပြဿနာ၏ အရင်းအမြှစ်ကို ဖြေရှင်းခြင်း မဟုတ်ပဲ အပေါ်ယံကိုသာ ဖြေရှင်းခြင်းနှင့်အလား တူသည်ဟု ဒုဗိုလ်ချုပ်ကြီး ရဲမြင့်ထံ ပြောကြားခဲ့ကြောင်း သိရသည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

မြစ်ဆုံဗုံးပေါက်ကွဲမှု နအဖလုပ်ကြံ - KIA တပ်မှူးပြော

Monday, 19 April 2010

ပြီးခဲ့သည့် စနေနေ့က ဧရာဝတီမြစ်ဆုံ ဗုံးပေါက်ကွဲမှုတွင် နအဖ ကိုယ်တိုင် လုပ်ကြံ စီစဉ်ခြင်းဖြစ် နိုင်သည်ဟု အမည်မဖေါ် လိုသည့် KIA တပ်မှူး တဦးက ပြောပါသည်။

“၁၆ ရက်နေ့က KIO ဦးစီးကျင်းပတဲ့ လူထုတွေ့ဆုံ ဆွေးနွေးပွဲမှာ KIO ရဲ့ ရပ်တည်ချက်ကို လူထုက ထောက်ခံတယ်။ ဆိုတော့ နအဖက မကျေနပ်လို့ တမင် လုပ်ကြံတာဘဲ ဖြစ်နိုင်တယ်။ ကျနော်တို့ လက်ချက်တော့ လုံးဝ မဟုတ်ဘူး” - ဟု KIA တပ်မှူးတဦး ပြောကြားခဲ့သည်။

စနေနေ့မနက် အစောပိုင်း ၀၂း၄၀ တွင် ဧရာဝတီ မြစ်ဆုံ ရေကာတာ စီမံကိန်း သတ်မှတ် ဧရိယာအတွင်း ဗုံးဆက်တိုက် ပေါက်ကွဲခဲ့သည်။ ထောင်ထားသည့် ဗုံး ၃၇ လုံး ရှိပြီး ၂၅ လုံး ပေါက်ကွဲခဲ့သည်ဟု တရုတ်နယ်စပ် သတင်းက ပြောပါသည်။

“ဗုံးပေါက်ကွဲမှုကြောင့် အေးရှားဝေါလ် ပိုင်ကား ၄ စီး၊ တရုတ်ပိုင် မိုးလေ၀သ နဲ့ ဇလဗေဒ တိုင်းထွာရေး ဌာနရဲ့ကား ၃ စီး မီးလောင် ပျက်စီးတယ်။ အေးရှားဝေါလ် ကုမ္ပဏီရဲ့ ရုံးခန်းနဲ့ အလုပ်ရုံ - ၄ လုံး ပျက်စီးတယ်”- ဟု ဒေသခံများက ပြောပါသည်။

ပေါက်ကွဲမှု ဖြစ်ပွားသည့် နေရာများတွင် -
၁။ မြစ်ဆုံရေကာတာ တည်ဆောက်စီမံကိန်းအနီး ကျိန်ခန် ရှိ အေးရှား ဝေါလ် ကုမ္ပဏီ၊
၂။ တရုတ်ပြည် မိုးလေ၀သ ဇလဗေဒတိုင်းထွာရေးရုံး (မြစ်ဆုံနှင့် ၉ မိုင်အကွာ)၊
၃။ ရေကာတာ ကြောင့်(ဧရာဝတီ မြစ် လက်တက်) လုံကာချောင်းဝ အနီးသို့ ပြောင်းရွှေ့ ခိုင်းခြင်း ခံရသည့် အိမ်ခြေ ၅၀၀ အတွက် တည်ဆောက်ဆဲ ရွာသစ် စီမံကိန်း (ဒုက္ခသည် စခန်းစီမံကိန်း) မြစ်ဆုံအောက်ဘက် ၈ မိုင် အကွာတို့ ဖြစ်သည်။

“ရေကာတာကြောင့် ပြောင်းရွှေ့ခိုင်းတာက အိမ်ခြေက ၅၀၀ လောက်ရှိတယ်၊ သူတို့ဆောက်လုပ် ပေးထားတာက ၄၀၀ လောက်ပဲ၊ အခုထိ မပြီးသေးဘူး၊ ဆောက်လုပ်နေတုန်း”- ဟု အဆိုပါ ဒေသခံက ပြော၏။

ကချင်သတင်းဌာန KNG က ဗုံးပေါက်ကွဲမှုတွင် လူ ၄ ယောက်သေဆုံးပြီး ၁၂ ဦးဒဏ်ရာရရှိကာ ရေကာတာ တည်ဆောက်ရေး တရုတ်ဝန်ထမ်း အယောက် ၃၀၀ ခန့်က မြစ်ကြီးနားမြို့သို့ ဘတ်စ်ကား ၄ စီးဖြင့် ပြောင်းရွေ့ သွားသည် ဟု ဆိုသည်။

ဗုံးပေါက်ကွဲမှုကြောင့် KIA/KIO ခေါင်းဆောင်များ မြစ်ကြီးနားသို့ ဆင့်ခေါ်ခံရ၍ မပခ (မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်) တိုင်းမှူးက စုံစမ်းမေးမြန်းနေ သည်ဟုလည်း သိရှိရပါသည်။

ဧရာဝတီမြစ်ဆုံ (မေခ နှင့် မလိခဆုံဆည်းရာ) တွင် ရေကာတာ တည်ဆောက်ရန် နအဖက တရုတ် နှင့် အေးရှား ဝေါလ်ကုမ္ပဏီ ဖက်စပ် လုပ်ကိုင်ခွင့် ပေးထားပြီး စီမံကိန်း ပြီးဆုံးပါက လျှပ်စစ်ဓါတ်အား ၃၀၀ kw ထုတ်လုပ်နိုင်မည် ဟု ခန့်မှန်းထားသည်။

၎င်းစီမံကိန်းအား ကချင်လူမှု အဖွဲ့အစည်းများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့များက (လုံးဝ) တည်ဆောက်ခြင်း မပြုလုပ်ရန် အကြိမ်ကြိမ် ဆန္ဒပြ ကန့်ကွက်ခဲ့သည်။ လက်သည် မပေါ်သည့် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သော်လည်း စီမံကိန်း ရပ်နားမည် မဟုတ်ဘဲ ဆက်လက် တည်ဆောက်သွားမည်ဟု နအဖ အာဏာပိုင်များ ကပြောသည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

ဗုံးကွဲမှုတွင် တိုင်းစစ်ဒေသမှူး ပြင်းထန်စွာ ဒဏ်ရာရ

မြင့်မောင်
တနင်္လာနေ့၊ ဧပြီလ ၁၉ ရက် ၂၀၁၀

နယူးဒေလီ (မဇ္ဈိမ)။ ။ ရန်ကုန်မြို့ ကန်တော်ကြီးရှိ X2O ရေပက်မဏ္ဍပ်တွင် ယခုလ ၁၅ ရက်နေ့ (သင်္ကြန်အကြတ်နေ့) က ဗုံး ၃ လုံး ဆက်တိုက် ပေါက်ကွဲမှုတွင် တိုင်းစစ်ဒေသမှူး တဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်း အမှတ် ၄ စစ်ဒေသမှူး ဗိုလ်မှုးကြီးပြုံးချိုသည် လုံခြုံရေးအရ မဏ္ဍပ်များကို လိုက်လံ စစ်ဆေးနေစဉ် X2O မဏ္ဍပ်အရောက် ဒုတိယဗုံး ပေါက်ကွဲသဖြင့် ဝမ်းဗိုက်တွင် ဗုံးဆံများ ထိမှန်သွားရာ မင်္ဂလာဒုံ စစ်ဆေးရုံတွင် ကုသမှု ခံယူနေရသည်။ ဒဏ်ရာ ပြင်းထန်မှု ရှိသည်ဟု မဇ္ဈိမက စုံစမ်း သိရှိရသည်။

ပေါက်ကွဲမှုများကြောင့် လူ ၈ ဦး သေဆုံးပြီး လူဦးရေ ၁၇ဝ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း စစ်အစိုးရက အစောပိုင်းက ထုတ်ပြန် ကြေညာခဲ့သော်လည်း သေဆုံးသူဦးရေ တိုးလာသည်ဟု ရဲအချို့က ပြောသည်။

ရဲမှူးကြီးတဦးနှင့် ဒုရဲအုပ်အဆင့်ရှိသူ တဦးတို့လည်း သေဆုံးသွားပြီး မင်္ဂလာတောင်ညွန့် မြို့နယ် မယက ဥက္ကဋ္ဌမှာမူ ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့သည်။

ယခုအခါ ရန်ကုန်ဆေးရုံကြီးတွင် ဒဏ်ရာရရှိသူများ အနက် ၄၄ ဦးသည် ဆက်လက်၍ ဆေးဝါးကုသမှု ခံယူနေရကာ၊ ဒဏ်ရာ ပြင်းထန်သူမှာ ဦးရေ ၂ဝ ခန့် ရှိနေသေးကြောင်း သိရသည်။

ဗုံးကွဲအပြီး ၂ ရက်အကြာတွင် စာရေးဆရာ လင်းယုန်မောင်မောင် (ကွယ်လွန်) ၏ သားဖြစ်သူ ဦးဇေယျနှင့် သူ၏ သားဖြစ်သူ စည်သူဇေယျအား ရဲက မေးမြန်းရန် ခေါ်ဆောင်သွားကြောင်း မိသားစုဝင်များနှင့် နီးစပ်သူတဦးက ပြောသည်။

“နှစ်ဆန်းတရက်နေ့က ညနေပိုင်းက သူတို့ သားအဖ နှစ်ယောက်ကို လာခေါ်သွားတယ်။ ရပ်ကွက်လူကြီးနဲ့ SB တွေ စုစုပေါင်း ၁ဝ ဦးလောက် ပါတယ်။ မေးစရာရှိလို့ ဆိုပြီး ခေါ်သွားတယ်။ ဘာကြောင့် ခေါ်သွားတယ် ဆိုတာကိုတော့ ပြောမသွားဘူး” ဟု အမည်မဖော်လိုသူ မိသားစုဝင် တဦးက ပြောသည်။

အခင်းဖြစ်ပွားသောနေရာကို ဓာတ်ပုံရိုက်သည်ဟု ရဲက သံသယရှိမှုနှင့် ပတ်သက်ဖွယ် ရှိသည်ဟု ရန်ကုန် စာပေ အသိုင်းအဝိုင်းက ယူဆ နေကြသည်။

မြို့နယ်ရပ်ကွက်ရုံးအချို့တွင် ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ မသင်္ကာသူများအား ဖမ်းဆီးရန် အတွက် ကူညီ သတင်းပေးသူကို ဆုငွေအဖြစ် ကျပ် ၁၀ သိန်း ပေးမည်ဟု အာဏာပိုင်များက ကြေညာထားသည်။

Ref: မဇ္ဈိမ

Read More...

နယ်ခြားစောင့်တပ် လက်မခံရသည့်အကြောင်း ကေအိုင်အို လူထုအား အသိပေးပြောကြား

ခိုင်လင်း/ ၁၉ ဧပြီ ၂ဝ၁ဝ

နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကိစ္စများနှင့်ပတ်သက်၍ ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ (ကေအိုင်အို) က လူထုအား အသိပေး ရှင်းလင်းသည့် အခမ်းအနား တခုကို ကေအိုင်အို ဗဟိုဌာနချုပ်ရှိရာ လိုင်ဇာမြို့တွင် ယခုလ (၁၆) ရက်၌ ပြုလုပ်ခဲ့သည်။

ကေအိုင်အိုနှင့်နအဖအကြား နှစ်ဘက် တွေ့ဆုံဆွေးနွေးချက်များ၊ ကေအိုင်အိုဘက်က တင်ပြ ထားချက်များ၊ နအဖဘက်က ကမ်းလှမ်း ထားချက်များနှင့် အပစ်ခတ် ရပ်စဲရေး စာချုပ်တို့ကို နံရံကပ် စာစောင်ဖြင့် ပြသထားသကဲ့သို့ ကေအိုင်အို အထွေထွေ အတွင်းရေးမှူး ဒေါက်တာ လဂျာက ကချင်ဘာသာဖြင့် ပြောကြားပြီး တွဲဖက် အတွင်းရေးမှူးက မြန်မာဘာသာ ပြန်၍လည်းကောင်း၊ ကေအိုင်အို ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်က မြန်မာ၊ ကချင် နှစ်ဘာသာဖြင့် လည်းကောင်း နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ကိစ္စများနှင့် ပတ်သက်၍ ရှင်းလင်း သွားခဲ့သည်ဟု အခမ်းအနား တက်ရောက်ခဲ့သူ ကေအိုင်အို အုပ်ချုပ်ရေး အရာရှိတဦးက ပြောသည်။

၎င်းက “အရပ်သားတွေ၊ ကေအိုင်အို ဌာနဆိုင်ရာ အရာရှိတွေ၊ တပ်ဖွဲ့ဝင်တွေ (၁,ဝဝဝ) ကျော်လောက် တက်တယ်။ မေးမြန်းချင်တာ ရှိရင် ပြန်မေးလို့ ဖိတ်ခေါ်တယ်။ ကချင်လိုကော၊ မြန်မာလိုကော အကျယ်တဝင့် ရှင်းသွားတယ်။ ပြီးတော့ နံရံကပ် စာစောင်မှာလည်း သူတို့ ရှင်းလင်း ပြောပြတာတွေကို ထုတ်ပြထားတယ်။ နယ်ခြားစောင့်တပ်ကို ဘယ်လို ဖွဲ့စည်းမယ်၊ လစာနဲ့ရိက္ခာ ဘယ်လို ထုတ်ပေးမယ် ဆိုတာက အစ ရေးထားတယ်။ အခုလို ရှင်းပြလိုက်တော့ လူထုတွေ အနေနဲ့ ကေအိုင်အိုက နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို ဘာကြောင့် လက်မခံသေးသလဲ ဆိုတာ သိခွင့်ရပါတယ်” ဟု ပြောသည်။

အပစ်ခတ်ရပ်စဲရေးစာချုပ်တွင် နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးကိစ္စ မပါဝင်ပုံ၊ နောင်တက်လာမည့် အစိုးရနှင့်သာ နိုင်ငံရေးကိစ္စ ဆွေးနွေးရန် နအဖဘက်က ၂ဝဝ၈ ခုနှစ်အထိ တစိုက်မတ်မတ် ပြောလာခဲ့ပုံ၊ အမျိုးသား ညီလာခံအတွင်း ကေအိုင်အို အဖွဲ့၏ တင်ပြချက်များ အလေးထား မခံခဲ့ရပုံ အပါအဝင် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး နှစ်ဖက် ဆွေးနွေးချက်များကို ကေအိုင်အို ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်က အခမ်းအနားတွင် ပြောကြားခဲ့သည်။

၎င်းက “ကျနော်တို့ နှစ်ဖက်ဆွေးနွေးနေတာ (၁၅) ကြိမ်ရှိပါပြီ။ (၁၅) ကြိမ်စလုံးမှာ တပ်မတော် အစိုးရက ကျနော်တို့ကို ပြောနေတာ ကတော့ ဘီဂျီအက်ဖ်ကို လက်ခံရေးပဲဖြစ်တယ်။ အဲဒီ (၁၅) ကြိမ်စလုံးမှာ ကေအိုင်အို ပြန်ပြောနေတာက ဘီဂျီအက်ဖ် မဟုတ်ဘဲနဲ့ တခြားသော နည်းလမ်းနဲ့ ကျနော်တို့ရဲ့ ပြဿနာကို ဖြေရှင်းရေး ဖြစ်ပါတယ်” ဟု ပြောသည်။

ကေအိုင်အိုအဖွဲ့အား နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် နအဖက ယခုလ (၂၈) ရက် နောက်ဆုံးရက် သတ်မှတ်ထားပြီး သူတို့ အနေဖြင့် ပြည်ထောင်စု တပ်မတော်အတွင်း တိုင်းရင်းသား တပ်ဖွဲ့ အနေဖြင့်သာ အသွင်ပြောင်းလိုကြောင်း ယခုလ (၁၅) ရက်က ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်ထံ စာရေး တင်ပြ ကမ်းလှမ်းထားသည်ဟု ဗိုလ်မှူးချုပ် ဂွမ်မော်က ပြောသည်။

ယခုရှင်းလင်းပွဲတွင် ကေအိုင်အိုအဖွဲ့က နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို အဘယ်ကြောင့် လက်မခံခြင်း ဖြစ်ကြောင်း လူထုအား အသိပေး ပြောကြားကာ နအဖဘက်မှ တဖက်သတ် လုပ်ဆောင်နေမှု များကိုလည်း ရှင်းလင်း ပြခဲ့ကြောင်း စစ်ရေး အကဲခတ် တဦးက ပြောသည်။

၎င်းက “လျှို့ဝှက်ထားတဲ့ သူတို့ရဲ့ အပစ်ရပ်စာချုပ်တွေ၊ နအဖဆီကို ရေးတဲ့စာတွေ လူထုကို ပြသလာတာက နအဖက တဖက်သတ် အကျပ်ကိုင် ဆောင်ရွက် နေတာတွေကို သည်းမခံနိုင်တာလည်း ပါတယ်။ တဖက်က သူတို့ ရပ်တည်ချက် မှန်တယ်ဆိုတာကို လူထုကို ရှင်းပြချင်တယ်။ တချိန်တည်းမှာ လူထုရဲ့ ထောက်ခံမှုကို ရယူချင်တာလည်း ဖြစ်တယ်” ဟု ပြောသည်။

Ref: ခေတ်ပြိုင်

Read More...

Monday, April 19, 2010

အာဏာလမ်းဝပေါ်က ပထမဆုံးနေ့များ

19 April 2010

ဂါမဏိ

ရှုခင်း
အတိုက်အခံပါတီကြီးဟာ ရွေးကောက်ပွဲမှာ ရှင်းရှင်းလင်းလင်း အနိုင်ရခဲ့ပေမယ့် အာဏာရှင်တွေဟာ တော်တော်နဲ့ ရွေးကောက်ပွဲ ရလဒ်ကို မထုတ်ပြန်ပေးဘဲ နောက်ဆုံးမှာ မလွှဲသာလို့ ထုတ်ပြန် လိုက်ရပြီးနောက် ဒီရွေးကောက်ပွဲဟာ အာဏာ လွှဲမပေးလောက်သေးဘူး၊ နောက်ထပ် ရွေးကောက်ပွဲသစ် လုပ်ဖို့ လိုတယ်ဆိုပြီး ရွေးကောက်ပွဲ ထပ်လုပ်ခဲ့ ပါတယ်။ အာဏာရှင်ကြီးဟာ ရွေးကောက်ပွဲ အသစ်မှာတော့ သေချာပေါက် အနိုင်ရအောင် အဘက်ဘက်က ပြင်ဆင်ခဲ့ပါ တယ်။ ရွေးကောက်ပွဲသစ် အကြိုကာလမှာ အတိုက်အခံ ပါတီကြီးကိုလည်း အမျိုးမျိုး နှိပ်ကွပ် ညစ်ပတ် အကြမ်းဖက်ခဲ့ ပါတယ်။ ဒါကြောင့် အတိုက်အခံ ပါတီကြီးဟာ နောက်ဆုံးမှာ ရွေးကောက်ပွဲ သစ်ကို မဝင်ဖို့ ဆုံးဖြတ် လိုက်ရပါတော့တယ်။ အတိုက်အခံ မရှိတဲ့ ရွေးကောက်ပွဲမှာ အာဏာရှင်ကြီးဟာ မဲ (၈၅) ရာခိုင်နှုန်းကျော်နဲ့ အနိုင် ရသွားပါတော့တယ်။

အတိုက်အခံပါတီကြီးဟာ ရွေးကောက်ပွဲ မဝင်လိုက်တဲ့ အတွက် နောက်ဆုံးနေ့များ ရောက်သွားပြီ၊ နိဂုံး ချုပ်သွားပြီလို့ အာဏာရှင် အောက်ဆွဲတွေက ဝမ်းသာအားရ လက်ခမောင်း ခတ်ခဲ့ကြပါတယ်။ ဒါပေမယ့် ဒီပါတီကြီးဟာ မိမိ မူလရပ်တည်ချက် ပေါ်မှာပဲ ခိုင်ခိုင်မာမာ ဆက်လက် တိုက်ပွဲ ဝင်ခဲ့တဲ့အတွက် ရွေးကောက်ပွဲသစ် ပြီးလို့ (၃) လအကြာမှာ အာဏာ ခွဲဝေရေး စာချုပ် ချုပ်နိုင်ခဲ့ပြီး နောက်ထပ် (၆) လ အကြာမှာတော့ အာဏာရ ပါတီနဲ့ အ တိုက်အခံ ပါတီတို့ရဲ့ အမျိုးသား ညီညွတ်ရေး(ညွန့်ပေါင်း)အစိုးရကို အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့တဲ့ အတွက် ဒီမိုက ရေစီလမ်းကြောင်းပေါ် စတင် ခြေချ နိုင်ခဲ့ပါတော့တယ်။

ဖြစ်စဉ်
အခုဖော်ပြခဲ့တဲ့ မြင်ကွင်းဟာ အာဖရိကတိုက်က ဇင်ဘာဘွေနိုင်ငံမှာ ၂၀၀၈ ခုနှစ်က တကယ် ဖြစ်ခဲ့ပါတယ်။ အတိုက်အခံ MDC ပါတီခေါင်းဆောင် စဗန်ဂီရိုင်က အာဏာရှင် မူဂါဘီကို ၂၀၀၈ ခုနှစ် မတ် (၂၉) ရက် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပေမယ့် မူဂါဘီက မဲလိမ်ပြီး MDC ပါတီဟာ မဲ (၅၀) ရာခိုင်နှုန်းကျော် မရလို့ ဆိုကာ ဒုတိယအချီ ရွေးကောက်ပွဲကို ၂၀၀၈ ခု ဇွန် (၂၇) ရက်မှာ ပြန်လုပ်ခိုင်းခဲ့ ပါတယ် (တကယ်တော့ စဗန်ဂီရိုင်ဟာ မဲ ၅၁ သို့မဟုတ် ၆၇ ရာခိုင်နှုန်း ရခဲ့ပေမယ့် မူဂါဘီက ကလိမ်ကညစ် လုပ်ပြီး အတိုက်အခံက ၄၇.၉ ရာခိုင်နှုန်း၊ မူဂါ ဘီက ၄၃.၂ ရာခိုင်နှုန်း ရတယ်လို့ ရွေးကောက်ပွဲပြီး တလအကြာ မေလ ၂ ရက်နေ့ကျမှ တရားဝင်ကြေညာ ခဲ့တာ ဖြစ်ပါတယ်)။

အဲဒီ ပထမရွေးကောက်ပွဲ ပြီးတော့ အတိုက်အခံ ပါတီဌာနချုပ်ကို ဝင်စီးနင်းပြီး ရုံးချုပ်မှာ ရှိနေသူ အားလုံးကို ဖမ်းသွားတာ၊ လွှတ်တော် အမတ်တွေ အပါအဝင် ပါတီဝင်တွေကို ဖမ်းတာ၊ ရိုက်နှက်တာ၊ သတ်ဖြတ်တာ (ပထမရွေး ကောက်ပွဲနဲ့ ဒုတိယရွေးကောက်ပွဲ ကြားမှာ အတိုက်အခံ ပါတီဝင် အနည်းဆုံး ၄၃ ယောက် အသတ် ခံခဲ့ရပါတယ်)။ ရပ်ထဲရွာထဲ လျှို့ဝှက်ဗုံးခွဲတာတွေ၊ အတိုက်အခံကို မဲပေးခဲ့တဲ့ မဲဆန္ဒရှင် ပြည်သူလူထုတွေ တိုင်းရင်းသား လူမျိုးစုငယ်တွေကို နှိပ်စက်ညှဉ်းပန်းတာ၊ ခြိမ်းခြောက် အကျပ်ကိုင်တာတွေ အကြီးအကျယ် လုပ်ခဲ့တာကြောင့် ဇွန် (၂၂) ရက်မှာ စဗန်ဂီရိုင်ရဲ့ MDC ပါတီက ရွေးကောက်ပွဲ မဝင်ဖို့ သမိုင်းဝင် ဆုံးဖြတ်ချက်ကို ချလိုက်ပါတယ်။ ဒီလိုနဲ့ ဒုတိယအကြိမ် ရွေးကောက်ပွဲမှာ အာဏာရှင် မူဂါဘီဟာ ပြိုင်ဘက် မရှိဘဲ မဲဆန္ဒ ၈၅.၅ ရာခိုင် နှုန်းရပြီး နိုင်သွားပါတော့တယ်။

နိုင်ငံတကာပိုင်းမှာတော့ ကုလသမဂ္ဂမှာ တရုတ်နဲ့ ရုရှားတို့က ဗီတိုအာဏာသုံး ကာကွယ် ပေးပေမယ့် ကမ္ဘာ့ နိုင်ငံတွေက ပြင်းထန် ထိရောက်တဲ့ စီးပွားရေး ပိတ်ဆို့မှုတွေ ချမှတ်နိုင်ခဲ့ပြီး အဓိက ထောက်ခံ ပေးနေတဲ့ တောင်အာဖရိက နိုင်ငံကိုယ်၌က အင်တင်တင်ဖြစ်လာ၊ (အာဖရိကတိုက်ရဲ့ အာဆီယံဖြစ်တဲ့) အာဖရိက သမဂ္ဂကလည်း ဖိအားပေး၊ အဓိက နိုင်ငံခြားငွေ ရှာပေးနေတဲ့ စိန်တွေလည်း ရောင်းမရအောင် ပိတ်ဆို့ခံရ၊ တနိုင်ငံလုံး ကာလ ဝမ်းရောဂါ ဖြစ်တာကလည်း အာဏာရှင်အစိုးရ ဘယ်လိုမှ ထိန်းမရသလို တရုတ်၊ ရုရှားလည်း မကယ်နိုင်ဖြစ်ခဲ့ ရပါတယ်။

ဒီလိုနဲ့ ဇွန်လ (၂၇) ရက်ရွေးကောက်ပွဲမှာ မူဂါဘီ မဲ “အပြတ်အသတ်” နဲ့ အနိုင်ရပြီး သမ္မတ ဖြစ်ခဲ့ပေမယ့် MDC ပါတီက ပြင်းထန်လှတဲ့ အကြမ်းဖက်မှုကို ရင်ဆိုင်ပြီး ကြံ့ခိုင်တဲ့ ရပ်တည်ချက်နဲ့ တိုက်ပွဲဝင်မှုကြောင့် မူဂါဘီ နိုင်ပြီး တလမပြည့်ခင် ဇူလိုင် (၂၅) ရက်မှာ အိမ်နီးချင်း တောင်အာဖရိက နိုင်ငံ ပရီတိုးရီးယား မြို့တော်မှာ အာဏာရ အစိုးရနဲ့ အတိုက်အခံတွေ အကြား ဒိုင်ယာလော့ စလုပ်ခဲ့ရပါတယ်။ တချိန်က မူဂါဘီကို ထောက်ခံခဲ့တဲ့ တောင်အာဖရိက သမ္မတ အမ်ဘီကီက ကြားဝင် စေ့စပ်ပေးခဲ့တာ ဖြစ်ပါတယ်။ စက်တင်ဘာ (၁၁) ရက်မှာတော့ မူဂါဘီဟာ ဆဗန်ဂီရိုင်နဲ့ အာဏာ ခွဲဝေရေးစာချုပ်ကို လက်မှတ် ထိုးလိုက်ရပါ တော့တယ်။ ဒီစာချုပ်အရ မူဂါဘီဟာသမ္မတရာထူးကို ဆက်ယူထားပေမယ့် ဆဗန်ဂီရိုင်နဲ့ MDC ပါတီကို ဝန်ကြီးချုပ် ရာထူးနဲ့ အစိုးရ ဝန်ကြီး ရာထူးအားလုံး ပေးလိုက်ရပါတော့တယ်။ ဒါပေမဲ့ မူဂါဘီက အမျိုးသား လုံခြုံရေးကောင်စီကို ဆက်ကိုင်ထားပြီး စစ်တပ်ကို ဆက်လက် ချုပ်ကိုင်ထားပါတယ်။ ၂၀၀၉ ဖေဖော်ဝါရီ (၁၃) ရက်မှာတော့ ဆဗန်ဂီရိုင်ဟာ ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီး တရားဝင် ရာထူး လက်ခံခဲ့ပါတယ်။

အခုအချိန်မှာ ဇင်ဘာဘွေနိုင်ငံဟာ တင်းပြည့်ကျပ်ပြည့် ဒီမိုကရေစီနိုင်ငံ မဖြစ်သေးပါဘူး။ မူဂါဘီနဲ့ လက်ကိုင်တုတ် ကြံ့ဖွတ်တွေ၊ စစ်တပ်၊ ရဲ၊ လုံထိန်းတို့ဟာ လစ်ရင်လစ်သလို MDC ပါတီနဲ့ ပြည်သူပြည်သားတွေ အပေါ် နှိပ်စက်တာ မတရား လုပ်တာတွေ ရှိနေပါသေးတယ်။ ဒါပေမယ့် ရွေးကောက်ပွဲ မတိုင်မီ ကာလကနဲ့ စာရင်တော့ MDC ပါတီအတွက် အခွင့်အလမ်း အများကြီး ရသွားပါပြီ။ နိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုတွေ ရုပ်သိမ်းပြီး ဝန်ကြီးချုပ် ဆဗန်ဂီရိုင် အစိုးရ အဖွဲ့ အနေနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို အတိုင်းအတာ တခုအထိ အတော်အတန် လုပ်နိုင်လာပါတယ်။ မူဂါဘီအနေနဲ့ အာဏာရှင် စနစ်ကို ဆက်လက် ထိန်းသိမ်းဖို့ ကြိုးစား နေသော်လည်း ရာနှုန်းပြည့် လုပ်ချင်သလို လုပ်လို့ မရတော့ပါဘူး။ ဒီလိုနဲ့ အတိုက်အခံ MDC ပါတီရဲ့ နိဂုံးလို့ မဟာပညာကျော်များ တွက်ဆခဲ့တာဟာ အာဏာလမ်းမ နိဒါန်းအစ ဖြစ်နေတာ တွေ့ရပါတော့တယ်။

နောက်ခံ
ဇင်ဘာဘွေနိုင်ငံဟာ ၁၉၈၀ ခုနှစ်မှာ လက်ရှိသမ္မတ မူဂါဘီ ခေါင်းဆောင်တဲ့ လက်နက်ကိုင် တော်လှန်ရေးနည်း အခြေခံနဲ့ အာဏာရလာပြီး လွတ်လပ်ရေး ရလာခဲ့ပါတယ်။ တချိန်က မာ့က်စ်ဝါဒ မော်စီတုံးဝါဒတွေ ကြွေးကြော်တဲ့ တော်လှန်ရေးသမား ဖြစ်ခဲ့ပေမယ့် အာဏာရလာတဲ့ အခါ ဇိမ်တွေ့သွားလို့ ကုလားထိုင်ပေါ်က မဆင်းတော့ဘဲ အတိုက်အခံတွေ တိုင်းရင်းသား လူမျိုးငယ်တွေ အားလုံးကို ရက်ရက်စက်စက် နှိမ်နင်းခဲ့ပါတယ်။ (၁၉၈၂ နဲ့ ၁၉၈၅ ကြားမှာတင် လူ ၂၀,၀၀၀ ကျော် အသတ်ခံခဲ့ရတယ်။) တိုင်းပြည်ရဲ့ စည်းစိမ်ဥစ္စာ အားလုံးကိုလည်း ကိုယ်ပိုင်လို သဘောထား သုံးဖြုန်းပစ်ခဲ့တဲ့ အတွက် တချိန်က အာဖရိက တိုက်မှာ အချမ်းသာဆုံး စာရင်းဝင်ခဲ့တဲ့ ဇင်ဘာဘွေဟာ စီးပွားရေး ဒလဟောကျဆင်းပြီး ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ နိုင်ငံရေး ဒုက္ခပေါင်းစုံဖိစီးလို့ အာဖရိကတိုက်ရဲ့လူမမာကြီး ဖြစ်လာခဲ့ပါတယ် (တနိုင်ငံလုံး ထမင်းတွေငတ်၊ ကာလဝမ်းရောဂါတွေ ဖြစ်နေချိန်မှာ အာဏာရှင် သမ္မတ မူဂါဘီကတော့ အာဖရိကတိုက်မှာ အခမ်းနားဆုံး နန်းတော်ကြီး ဆောက်ပြီး နေခဲ့ပါတယ်)။

တော်လှန်ရေးအောင်မြင်ပြီး နိုင်ငံလွတ်လပ်ရေး သက်တမ်း အနှစ် (၂၀) သို့မဟုတ် မူဂါဘီ အာဏာရှင်လုပ်နေ ခဲ့တဲ့အနှစ် (၂၀) လုံးလုံး ဘာမြေယာ တော်လှန်ရေးမှ မလုပ်ခဲ့ဘဲ စီးပွားရေးတွေ ချွတ်ခြုံကျလာလို့ ကျောင်းသားတွေ၊ အလုပ်သမားတွေ၊ အစိုးရ ဝန်ထမ်းတွေ၊ တိုင်းရင်းသား လူနည်းစုတွေရဲ့ နိုင်ငံရေး မကျေနပ်မှုတွေ များသထက် များလာတဲ့ ၂၀၀၀ ပြည့်နှစ် ဝန်းကျင်ကျမှ လူထုကို အာရုံလွှဲဖို့ လူဖြူ မြေရှင်ကြီးတွေ ပိုင်တဲ့ မြေယာတွေကို သိမ်းယူ၊ မြေယာ ဝေခြမ်းရေးတွေ လုပ်ပြီး တော်လှန်ရေး ရဲဘော်ဟောင်းတွေ၊ ကျေးလက် လူထုတွေကို စည်းရုံးချွေးသိပ်ဖို့ လုပ်လာတာ ဖြစ်ပါတယ်။

ဒါပေမယ့် ငွေကြေးဖောင်းပွမှုက (ဒေါ်လာ သန်း ၁၀၀,၀၀၀ - 100 billion dollar တန် သို့မဟုတ် ၁၀၀,၀၀၀, ၀၀၀,၀၀၀ တန် ငွေစက္ကူတွေ ထုတ်ရလောက်အောင်) ရာခိုင်နှုန်း (၂၃၁) သန်း အထိ တက်လာပြီး အလုပ် လက်မဲ့နှုန်းက (၉၀) ရာခိုင်နှုန်းကို ရောက်လာတော့ ဘယ်လိုဘဲ အလိမ်အညာ မှိုင်းတွေ တိုက်ပေမယ့် ဒီမိုကရေစီ လိုလားတဲ့ ပြည်သူ့ ဘက်တော်သားတွေဟာ အကြမ်းဖက် ဖိနှိပ်မှုတွေ အပြင်းအထန် နှိပ်ကွပ်မှုတွေ ကြားကနေ ကြံ့ကြံ့ခံ တိုက်ပွဲဝင်ခဲ့ကြရာက အခု နောက်ဆုံးမှာ ပြည်သူ့ အစိုးရရှေ့ပြေး အာဏာခွဲဝေ ကြားဖြတ် အစိုးရအဆင့်ကို ရောက်လာပြီဖြစ်ပါတယ်။

လက်တွေ့
အခုလည်း ဗမာပြည်မှာ NLD က ၂၀၁၀ ရွေးကောက်ပွဲအတွက် မှတ်ပုံ မတင်ဖို့ ဆုံးဖြတ်လိုက်တဲ့ အတွက် ဆုံးဖြတ်ချက် မှားသွားပြီ၊ ရက် (၆၀) ပြည့်ရင် နိုင်ငံရေး ပါတီအဖြစ်က ပျက်ပြယ် သွားတော့မယ်၊ ပါတီတခု အဖြစ် ရပ်တည်နိုင်မယ့် နောက်ဆုံးနေ့တွေကို ရောက်နေပြီလို့ စစ်ကျွန် အလံရှူးတွေ၊ အာဏာရှင် ပွဲစားတွေက ဟောင်သံ ပေးနေကြပါတယ်။ ဒါပေမယ့် အာဖရိကတိုက်က ဇင်ဘာဘွေနိုင်ငံမှာ အခုလို ရွေးကောက်ပွဲ မဝင်တာ လုံးဝ မှန်သွားပြီး နောက်ဆုံးမှာ အာဏာရှင်က လျှော့ခဲ့ရတာ သာဓက အထင်အရှား ရှိနေပါတယ်။ ဒါကြောင့် NLD ပါတီဝင်တွေ၊ ၉၀ ခုမှာ နိုင်ပြီးသား လွှတ်တော် ကိုယ်စားလှယ်တွေကသာ တကယ်လုပ်မယ် ဆိုရင် လက်ရှိကာ လဟာ NLD ရဲ့ အာဏာလမ်းဝက ပထမဆုံးနေ့များ ဖြစ်သွားပါလိမ့်မယ်။

ဂါမဏိ


Read More...

အဖျက်သမားဘယ်သူလဲ

ရန်ငြိမ်းအောင် (လူငယ်)
တနင်္ဂနွေနေ့၊ ဧပြီလ ၁၈ ရက် ၂၀၁၀

သင်္ကြန်အကြတ်နေ့  ညနေက ကန်တော်ကြီးပတ်လမ်း X2o ရေကစား မဏ္ဍပ် အနီးတွင် ဗုံးသုံးလုံး ဆက်တိုက် ဆိုသလို ပေါက်ကွဲခဲ့၍၊ လူ ၉ ဦး သေဆုံးခဲ့ပြီး၊ ၁၇ဝ ကျော် ဒဏ်ရာ ရရှိခဲ့သည်။ အပြစ်မဲ့ ပြည်သူများ ထိခိုက်ကုန်ပြီ။ ဗုံးဘယ်သူ ဖောက်တာလဲ။ စစ်အစိုးရ မီဒီယာများကတော့ အဖျက်သမားတွေ ဖော်တာဖြစ်သည်ဟု ကြေညာသည်။ မှန်သည် ပြည်သူတွေကို သေကြေထိခိုက်အောင် လုပ်သူကတော့ အဖျက်သမားသာ ဖြစ်သည်။ သို့သော် အဖျက်သမား ဘယ်သူ ဘယ်ဝါဆိုတာ တိတိကျကျသိဖို့ လိုသည်။ အဖျက်သမား ဘယ်သူလဲ။ ဗုံးဖောက်တဲ့ အဖျက်သမားသည် ဘယ်သူများပါလဲ။

န-အ-ဖခေတ် မြန်မာပြည်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ရပ်များ မကြာခဏ ဆိုသလို ရှိခဲ့သည်။ သွားလေသူ န-အ-ဖ အတွင်းရေးမှူး(၂) ဗိုလ်ချုပ်ကြီး တင်ဦးဧ။် သမီးပင်လျှင် အိမ်ထဲတွင် ဗုံးပေါက်ပြီး သေခဲ့သည်။ ဗိုလ်ချုပ်တင်ဦး ကိုယ်တိုင်ပင်လျှင် ရဟတ်ယဉ် ပျက်ကျတာ မဟုတ်ဘဲ ဗုံးပေါက်ပြီး ကွယ်လွန်ခဲ့ သလိုလို သတင်းများ ထွက်ပေါ်ခဲ့သည်။ ထိုသို့ သတင်းထွက်စရာ အကြောင်းကလည်း ရှိခဲ့သည်။ ကမ္ဘာအေး စွယ်တော် ဗုံးပေါက်ကွဲမှုတွင် ဗိုလ်ချုပ်ကြီးတင်ဦး လက်မတင်ကလေး လွတ်ခဲ့သလို၊ နေအိမ်ဗုံး ပေါက်ကွဲမှုတွင်လည်း သမီးဖြစ်သူက ဓားစာခံ ဖြစ်သွားခဲ့ရသည်။

မည်သို့ပင်ဖြစ်စေ ဗုံးပေါက်ကွဲမှုဖြစ်ပြီးတိုင်း စစ်အစိုးရက သတင်းစာ ရှင်းလင်းပွဲ လုပ်၍၊ တရားခံ ဖော်ထုတ်လေ့ ရှိသည်။ ပြည်ပြေး ဘယ်အုပ်စုက ဘယ် ငနီက တခြားအုပ်စုက ငနက်နဲ့ တွဲပြီး ငဖြူကို သင်တန်းပေးကာ ငဖြူက ငကြောင်၊ ငကျားစသူတို့နှင့် ပေါင်းကာ ဖောက်ခွဲခဲ့ကြောင်း စသဖြင့် ၄င်းတို့ မျက်စေ့ရှေ့ မှောက်တွင် လုပ်ဆောင်ခဲ့ သကဲ့သို့ ရှင်းလင်းတတ်ကြသည်။ သို့သော် တရားခံကိုကား တခါမျှ မမိခဲ့ဖူးပေ။

ဗိုလ်ချုပ်ကြီးတင်ဦးကို လုပ်ကြံခဲ့သူ မည်သူပါနည်း။ ယခုထိ တရားခံမပေါ်သေး။ ထို့ထက်ပို၍ စိမ်းလဲ့ကန်သာ နိုင်ငံတော် ဧည့်ရိပ်သာအနီး ဖြစ်ပွားခဲ့သော ကြောက်မက်ဖွယ် တက္ကသိုလ်ရိပ်သာလမ်း လူသတ်မှုကြီး ယခုထိ တရားခံ မပေါ်သေး။ သတင်းစာ ရှင်းလင်းပွဲများတွင် အလွန်တိကျစွာ တရားခံ ဖော်ထုတ်ခဲ့သော စစ်ထောက်လှမ်းရေးများ အထူးရဲတပ်ဖွဲ့ ဝင်များ၊ ဆိုခဲ့ပါ အမူများကို တရားခံပေါ်အောင် ဘာကြောင့် မဖော်ထုတ် နိုင်ခဲ့ပါသလဲ။ အရေးကြီးဆုံး မေးခွန်း နောက်တခုကတော့ န-အ-ဖ စစ်အုပ်စု ဝင်များနှင့် ၄င်းတို့ ဆွေမျိုး မိတ်သင်္ဂဟများ နေထိုင်သော အင်းယားလမ်းတွင် နှစ်စဉ်သင်္ကြန်ပွဲ ချိမ့်ချိမ့်သဲ ကျင်းပခွင့် ပြုထားခဲ့ရာမှ ယခုနှစ်တွင် ကျင်းပခွင့် မပြုတော့ပဲ၊ သင်္ကြန်မဏ္ဌပ်များကို ကန်တော်ကြီးစောင်းသို့  ရွေ့ခဲ့တာ အဘယ်သို့သော အကြောင်းကြောင့်ပါလဲ။

ကန်တော်ကြီး X2o ရေကစားမဏ္ဍပ်၊ ဗုံးကွဲမှုတွင် ပြည်သူ ၉ ဦးသေ၊ ၁၇ဝ ကျော် ဒဏ်ရာ ရခဲ့ပြီ။ ထိုသို့ အပြစ်မဲ့သော ပြည်သူများအပေါ် ရက်ရက်စက်စက် တိုက်ခိုက်တတ်သူ မည်သူ၊ မည်ဝါ ဖြစ်သည်ကို သိနိုင်ရန် အတိတ် ဖြစ်ရပ်များကို ပြန်လည် သုံးသပ် ကြည့်ပါအုံးမည်။ မဝေးလှသော အတိတ် ၂၀၀၃ မေ ၃၀ ဒီပဲရင်း လုပ်ကြံမှုကြီး၊ ပြည်သူများ သေဆုံးခဲ့သော တိုက်ခိုက်မှုကြီး၊ ထိုတိုက်ခိုက်မှုကို ကျူးလွန်ခဲ့သူမှာ န-အ-ဖ အစိုးရ ဖြစ်ကြောင်း တကမ္ဘာလုံးက သတ်မှတ်ထားသည်။ ထိုစဉ်က န-အ-ဖ မီဒီယာများမှာ ဘာအသံမှ မထွက်ခဲ့ကြ။ အပြစ်မဲ့သော ကျေးလက် တောသူတောင်သားများ ရက်ရက်စက်စက် အသတ်ဖြတ်ခံ ခဲ့ရခြင်း ဖြစ်သည်။ ၂၀၀၇- စက်တင်ဘာ ရွှေဝါရောင် မေတ္တာပို့သမှုကြီးကို မြို့လည်ခေါင်တွင် ရက်ရက်စက်စက် ဖြိုခွဲခဲ့သူ၊ ရဟန်းရှင် လူများကို သတ်ဖြတ်ခဲ့သူမှာ န-အ-ဖပင် ဖြစ်သည်။ ထိုသို့ လူသတ်မှုများ သာမက ပြန်ပေးဆွဲပြီး လူသတ်သည့် အမှုများကိုပင် န-အ-ဖအစိုးရ ကျုးလွန်ခဲ့ကြောင်းကို ကိုအောင်လှိုင်ဝင်း သေဆုံးခဲ့မှု၊ အိမ်မဲမြို့က ကရင် အမျိုးသား ကျောင်းဆရာ သေဆုံးခဲ့ရမှုများက သက်သေပြလျက် ရှိသည်။

ပြည်သူတွေပြောနေသော စကားနှင့် ပြောရလျှင် “ဒီကောင်တွေ စစ်အစိုးရ ဘာကြံပြန်ပြီလဲ မသိဘူး” ဟု ပြောရုံသာ ရှိတော့သည်။

Ref: မဇ္ဈိမ

Read More...

Sunday, April 18, 2010

မြစ်ဆုံရေကာတာ စီမံကိန်းဝန်းကျင် ဗုံးများ ဆက်တိုက်ကွဲ

ရန်ပိုင်
Saturday, April 17, 2010

ကချင်ပြည်နယ်ရှိ မြစ်ဆုံ ရေကာတာ စီမံကိန်း ဆောင်ရွက် နေသည့် အနီးဝန်းကျင်တွင် ယနေ့နံနက်က ဗုံးများ ဆက်တိုက် ပေါက်ကွဲမှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

မြစ်ဆုံရေကာတာ စီမံကိန်းကို တည်ဆောက်နေသည့် အေရှားဝေါလ် ကုမ္ပဏီ ဆက်သွယ်ရေးရုံး အဆောက်အဦးနှင့် တရုတ် လူမျိုး ပညာရှင်များ နေထိုင်သည့် နေရာများတွင် ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်ဟု ကချင်သတင်းစဉ်မှ အယ်ဒီတာ ကိုနော်ဒင်း ဧရာဝတီ သို့ ပြောသည်။

“အလုပ်သမားတွေ နေတဲ့နေရာတော့ မပါဘူး၊ စီမံကိန်း အုပ်ချုပ်တဲ့ရုံးတွေ၊ ဂိုဒေါင်တွေမှာ ပေါက်တာ”ဟု ၎င်းကဆိုသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုတွင် သေဆုံးသူ လေးဦးခန့်ရှိပြီး ထိခိုက်ဒဏ်ရာ ရမှုများလည်း ရှိသည်ဟု ကိုနော်ဒင်းက ပြောသည်။

မြစ်ကြီးနားမြို့ခံတဦးက“ဗုံး ၇လုံးပေါက်တယ်၊ ကားနှစ်စီးပျက်တယ်”ဟု ဆိုသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ မြစ်ကြီးနား အမှတ် ၁ ရဲစခန်းသို့ ဆက်သွယ် မေးမြန်းသော်လည်း လုံခြုံရေးအရ မဖြေဆိုနိုင်ကြောင်း ငြင်းဆိုခဲ့သည်။

စုစုပေါင်း ဗုံးအရေအတွက်မှာ ၃၉ လုံးခန့် ဖြစ်ကြောင်း၂၇ လုံးမှာ ပေါက်ကွဲခဲ့ပြီး ၁၂ လုံးမှာ ပေါက်ကွဲခြင်း မရှိကြောင်း အတည် မပြုနိုင်သော သတင်းများအရ သိရသည်။

မြစ်ဆုံရေကာတာ တည်ဆောက်ရေးစီမံကိန်းကို စစ်အစိုးရ၏ အမှတ် (၁) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန လက်အောက်ရှိ ရေအား လျှပ်စစ် အကောင်အထည် ဖော်ရေး ဌာနနှင့် တရုတ် အစိုးရပိုင် CPI ကော်ပိုရေးရှင်းတို့မှ ပူးပေါင်း ဆောင်ရွက်နေခြင်း ဖြစ်ပြီး စီမံကိန်းကို စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင် ဦးထွန်းမြင့်နိုင် ခေါ် စတီဗင်လောပိုင် အေရှားဝေါလ် ကုမ္ပဏီက အကောင် အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်သည်။

ယခုဗုံးပေါက်ကွဲသည့် အချိန်သည် စစ်အစိုးရ၏ နယ်ခြားစောင့်တပ် အဖြစ် ပြောင်းလဲဖွဲ့စည်းရေး အစီအစဉ်ကို ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) က လူထုအစည်းအဝေး ခေါ်ယူ၍ ငြင်းဆန်ထားသည့် အချိန်နှင့် တိုက်ဆိုင်နေသည့် အတွက် စစ်အစိုးရက KIO အဖွဲ့ အပေါ်တွင် အပြစ်ရှာခြင်းလည်း ဖြစ်နိုင်ကြောင်း ကိုနော်ဒင်းက သုံးသပ်သည်။

ပြီးခဲ့သည့် သင်္ကြန်ရက်အတွင်းကလည်း ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ ၁၀၅ မိုင်ရှိ အေးရှားဝေါလ် ဂိတ်တွင်လည်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ သေးကြောင်း နယ်စပ် သတင်းများ အရသိရသည်။

Ref: ဧရာဝတီ်

Read More...

အပေါ်သို့