..............................

Tuesday, September 13, 2011

ဆည်စီမံကိန်းများအတွက် အကြံဉာဏ်ရယူရန် လျှပ်စစ်ဝန်ကြီးဟောင်း အဆိုတင်

မျိုးသန့်
တနင်္လာနေ့၊ စက်တင်ဘာလ ၁၂ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ မြစ်ဆုံဆည် အပါအဝင် ဆက်လက် ဆောက်လုပ်ရန် ရှိသည့် ဆည်စီမံကိန်း ကြီးများတွင် အပြည်ပြည်ဆိုင်ရာ ဆည်ကော်မရှင် ICOLD ၏ အကြံပြုချက်များ ရယူရန် ပြည်ထောင်စု အစိုးရကို တိုက်တွန်းကြောင်း အဆိုကို လျှပ်စစ် ဒုဝန်ကြီးဟောင်း ဦးမျိုးမြင့်မှ တနင်္လာနေ့ အထက် လွှတ်တော်တွင် တင်သွင်းသည်ဟု လွှတ်တော် အမတ်များက ပြောသည်။

မန္တလေးတိုင်း မဲဆန္ဒနယ် ၆ မှ ကြံ့ခိုင်ရေး လွှတ်တော်အမတ် ဦးမျိုးမြင့်မှ မြန်မာနိုင်ငံတွင် ဆက်လက် ဆောက်လုပ်ရန် ရှိသည့် ဆည်စီမံကိန်းပေါင်း ၃၁ ခုတွင် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုများ မရှိရန် အကြံပေး ချက်များနှင့် ဆောက်လုပ်ရေး နည်းပညာ အကူအညီများ ရယူနိုင်ရန် အပြည်ပြည်ဆိုင်ရာ ဆည်ကြီးများ ကော်မရှင် ICOLD (International Commission on Large Dams) အဖွဲ့ဝင်အဖြစ် ပါဝင်ခွင့် ရနိုင်ရန် အဆို တင်သွင်းသွားခြင်း ဖြစ်သည်။

ယင်းအပြင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များ၊ မိုးလေဝသ ပညာရှင်များ၊ ဆောက်လုပ်ရေး ပညာရှင်များ ပါဝင်သည့် မြန်မာနိုင်ငံ ဆည်ကြီးများ ဆိုင်ရာ အမျိုးသား ကော်မတီ တရပ်ကိုလည်း ဖွဲ့စည်းသင့်ကြောင်း ဦးမျိုးမြင့်၏ အဆိုတွင် ထည့်သွင်း ဖေါ်ပြသည်ဟု လွှတ်တော် အမတ်များက ပြောသည်။

၁၉၈၂ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည့် ပြင်သစ်နိုင်ငံ အခြေစိုက် ICOLD အဖွဲ့သည် အဖွဲ့ဝင် နိုင်ငံပေါင်း ၉၀ ကျော် ရှိကာ နိုင်ငံတကာမှ ဆောက်လုပ်ရေး တတ်သိ ပညာရှင်များ၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များနှင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ အဖွဲ့ဝင် နိုင်ငံများတွင် အရှေ့တောင်အာရှ နိုင်ငံများဖြစ်သည့် မလေးရှား၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် နှင့် ထိုင်းနိုင်ငံတို့လည်း ပါဝင်သည်။

ICOLD မှ တတ်သိပညာရှင်များက ဆည်ကြီးများ ဆောက်လုပ်ရာတွင် လုံခြုံမှုရှိရေး၊ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု မရှိရေး၊ စီးပွားရေး အကျိုး ရလဒ်များကို အကြံပေး ဆွေးနွေးခြင်းများ အပြင်၊ ဆည်များ၏ ပုံစံဒီဇိုင်းများကိုပါ အကြံဉာဏ်များ ပေးခြင်း လုပ်နိုင်ရန် ရည်ရွယ်၍ ဖွဲ့စည်းခြင်းဟု ICOLD အဖွဲ့၏ အင်တာနက် စာမျက်နှာတွင် ဖေါ်ပြသည်။

၂ဝဝ၉ ခုနှစ် နှစ်ကုန်ပိုင်းမှ စတင်ကာ တရုတ်နိုင်ငံ China Power Investment Corporation (CPI) က တာဝန်ယူ ဆောက်လုပ် နေသည့် မြစ်ဆုံဆည် စီမံကိန်းနှင့် ပတ်သက်၍ ကန့်ကွက်မှုများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပြီး ICOLD အဖွဲ့၏ အကြံဉာဏ်များ အတိုင်း လုပ်ဆောင်သင့်ကြောင်း အထက် လွှတ်တော် အမတ် ဦးဖုန်းမြင့်အောင်က ဆိုသည်။

"ဒီကိစ္စက ကျနော်တို့ ဉာဏ် အတွေ့အကြုံနဲ့တော့ မဆုံးဖြတ်နိုင်ဘူး အဲဒီတော့ အပြည်ပြည်ဆိုင်ရာ တမံကြီးများ အဖွဲ့က လာမယ် သူတို့ဆီက အကြံဉာဏ်တွေ သုံးသပ်ချက်တွေ ရနိုင်မယ် ဆိုရင်တော့ ပညာရှင်တွေ ပြောတာတော့ ကျနော်တို့က အလေး အနက်ထား စဉ်စား ရမှာပေါ့ဗျာ ကျနော်တို့ ဆုံးဖြတ်နိုင်တဲ့ အဆင့်တော့ မရှိသေးပါဘူး" ဟု မဇ္ဈိမကို ပြောသည်။

ဆည်ကြီးများ တည်ဆောက်မှုနှင့် ပတ်သက်၍ ကန့်ကွက်မှုများ ရှိနေပြီး နိုင်ငံ စီးပွားရေးကို အကျိုးပြုသည့် လုပ်ငန်း ဖြစ်ခြင်းကြောင့် ထိုဆည်များ ဆောက်လုပ်မှုကို လွှတ်တော် အမတ်များမှ အကူအညီပေးကြရန်လည်း လျှပ်စစ် ဝန်ကြီး ဦးဇော်မင်းမှ အမတ်များကို ပြောကြောင်း လွှတ်တော် အမတ်များက မဇ္ဈိမကို ပြန်ပြောပြကြသည်။

"အကူအညီပေးဖို့ ဆိုတာက ဒါဟာ နိုင်ငံ့ အကျိုးပြု လုပ်ငန်းတွေ ဖြစ်တယ် သဘာပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပတ်သက်လို့ သူတို့ကလည်း လုပ်နေပါတယ်၊ အဲဒါတွေကို သဘောပေါက်ပြီးတော့ နားလည်ပေးဖို့ ပြောတယ်" ဟု အမတ်က ဆိုသည်။

ယင်းအပြင် တနင်္လာနေ့ အထက်လွှတ်တော် ဆွေးနွေးပွဲတွင် နိုင်ငံတော် စီမံကိန်းများ၊ သဘာဝ ပတ်ဝန်းကျင် ထိခိုက် နိုင်သည့် စီမံကိန်းများကို ပြည်ထောင်စု အစိုးရမှ လွှတ်တော်ကို တင်ပြကာ လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူသင့်ကြောင်း ရခိုင်အမျိုးသား တိုးတက်ရေး ပါတီ ရခိုင်မဲဆန္ဒနယ် ၁ မှ ဒေါက်တာ အေးမောင်က ထည့်သွင်း ဆွေးနွေး သွားကြောင်း သိရသည်။

တနင်္လာနေ့ အထက်လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး ၁၆ ရက်မြောက်နေ့တွင် ရန်ကုန်တိုင်း မဲဆန္ဒနယ် (၉) မှ ကြံ့ဖွံ့ အမတ် ဦးခင်ရွှေ၏ "မြရိပ်ညို Foundation" တည်ထောင်ခွင့် အဆိုကို လွှတ်တော်မှ ကန့်ကွက်သူမရှိ အတည်ပြုပေး ခဲ့သေးသည်။ "မြရိပ်ညို Foundation" ကို ဦးခင်ရွှေမှ သိန်းတသောင်း ထည့်ဝင်ကာ ကိုယ်တိုင် ဦးစီးတည်ထောင် သွားမည် ဖြစ်သည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့