..............................

Friday, June 24, 2011

ဒီမိုကရေစီနဲ့ မအပ်စပ်တဲ့ လူတန်းစား

လူထုစိန်ဝင်း 
Monday, 20 June 2011

အထက်အညာ အင်းတော်ကြီးဒေသ မာန်လည်မြို့ကလေးက လူငယ် တစ်ယောက် ဂျာနယ် တိုက်တွေကို စုံစမ်း မေးမြန်းပြီး ရောက်လာတယ်။ ချစ်စရာ မြန်မာ့ရိုးရာ ဓလေ့အတိုင်း ရောက်ရောက်ချင်း ဦးချ ကန်တော့ပြီးမှ သူ့ကိုယ်သူ မိတ်ဆက်တယ်။ နောက်တော့ သူ့ရင်ထဲမှာ မျိုသိပ် ထားရတာတွေ များလွန်းလို့ ဘယ်လိုမှ အောင့်အီး မနေနိုင်တော့လို့ လာပြီး ရင်ဖွင့်တာပါလို့ နတ်သံ မနှောဘဲ ပွင့်ပွင့်လင်းလင်း ပြောလိုက်တယ်။

ရွှေရှာကျောက်တူး
နေမကောင်းလို့ စာတောင်မရေးနိုင်တဲ့ အချိန် ဖြစ်နေပေမယ့် သူ့ခမျာ ဒီလို ရင်ဖွင့်ဖို့ သက်သက် ဝေးလံခေါင်ဖျား ဒေသက တပင်တပန်း လာခဲ့ရရှာတာ ဖြစ်တဲ့အတွက် သက်သာသလို နေရင်း နားထောင် ပေးခဲ့တယ်။ စကားပြောရင်သာ မောပြီး နားထောင်တာက မောမှ မမောတာ။ သူပြောတာက သူတို့ဒေသ တစ်ဝိုက်က လယ်သမားတွေ လယ်မလုပ်တော့ဘဲ မြစ်ရိုး တစ်လျှောက် ရွှေရှာသူတွေက ရှာကြ၊ မှော်တွေထဲသွားပြီး ကျောက်တူးသူတွေက တူးကြ ဖြစ်နေတဲ့အတွက် တစ်ချိန်ချိန်မှာ သူများနိုင်ငံက ဆန်ကို ၀ယ်စားရတဲ့ အဖြစ်မျိုး ရောက်သွားမှာ စိုးရိမ် နေရပါတယ်တဲ့။ ''ရွှေမရှိတာက ဘာမှမဖြစ်ဘူး။ ဆန်မရှိရင်တော့ ဒုက္ခ အကြီးအကျယ် ရောက်မှာ ခင်ဗျ'

မျက်နှာစိမ်းတွေ
အနီးအနား ၀န်းကျင် ဒေသတွေက သာမက မန္တလေးလို နေရာက မျက်နှာစိမ်းတွေလည်း အများကြီး တွေ့မြင် ကြရတယ်တဲ့။ ခြံစောင့်ရရင် တော်ပါပြီ၊ သွားနေပြီး လုပ်စားကြပါ။ ထွက်သမျှ သီးနှံတွေ အကုန်ယူပါလို့ ပြောတာတောင် သွားနေချင်သူ မရှိတဲ့ နေရာတွေက ခြံမြေတွေကို သိန်းရာနဲ့ ထောင်နဲ့ချီ ပေးပြီး ၀ယ်တာကို မရောင်းချင်သူ ဘယ်သူရှိပါ့မလဲ။ ဒါသဘာဝပဲ။ အပြစ်တင်လို့လည်း မရဘူး။ မနေ့ကတောင် သန်လျင် သီလ၀ါ ဆိပ်ကမ်းသွားရာ လမ်းဘေး ၀ဲယာရှိ လယ်ကွက်တွေကို အ၀ယ် လိုက်နေလို့ တစ်ဧကကို သိန်း ၂၀ လောက်နဲ့ ရောင်းနေကြတယ် ဆိုတဲ့ သတင်းတွေ ဂျာနယ် တစ်စောင်မှာ ဖတ်လိုက် ရသေးတယ်။ ဒီမိုကရေစီရဲ့ အနှစ်သာရဟာ နိုင်ငံသား တစ်ဦးချင်းစီရဲ့ အကျိုးစီးပွားကို ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေ ထဲမှာ ထည့်သွင်းရေးဆွဲ ပြဋ္ဌာန်းပေးထားခြင်း ဖြစ်တယ် . . .

ဇောကြီးလွန်းလို့
နိုင်ငံ တည်ဆောက်စ ကာလမှာ စက်ရုံ၊ အလုပ်ရုံတွေ တည်ဆောက်ကြ၊ မြို့ပြဖွံ့ဖြိုးတွေ လုပ်ဆောင်ကြ ဆိုတာ လုပ်ရိုး လုပ်စဉ် ဖြစ်ရိုးဖြစ်စဉ် တွေမို့ ဒီသတင်းမျိုးတွေဟာ သိပ်မဆန်းပါဘူး။ ဒါပေမဲ့ စည်းလွတ် ၀ါးလွတ်တော့ မဖြစ်စေသင့်ဘူး။ ၁၉၅၀ ဦးပိုင်း ကာလက လွတ်မြောက်လာစ တရုတ်ပြည်မှာ တည်ဆောက်ရေး ဇောတွေ ကြီးမား လွန်ကဲပြီး ကျေးလက်ဒေသက အိမ်တိုင်း အိမ်တိုင်းမှာ သံရည်ကျိုဖိုတွေ ရှိရမယ်။ သံတိုသံစတွေ စုဆောင်းရှာဖွေပြီး သံရည်ကျိုလုပ်ငန်း လုပ်ရမယ်။ သံနဲ့ သံမဏိ များများ ထုတ်လုပ်နိုင်မှ မြန်မြန် စက်မှုနိုင်ငံကြီး တည်ဆောက်နိုင်မယ် ဆိုတဲ့' မဟာခုန်ပျံ ကျော်လွှား' (Great Leap Forward) စီမံကိန်းကြီး ချမှတ် လုပ်ဆောင် ခဲ့တာကြောင့် ကသောင်းကနင်း ဖြစ်မှုကြီး ကြောက်စရာ ကောင်းအောင် ပေါ်ပေါက် ခဲ့ဖူးတယ်။

သင်ခန်းစာယူသင့်
တောက လယ်သမားတွေ လယ်မစိုက်နိုင်တော့ စပါး မထွက်တော့ဘဲ ကြီးမားတဲ့ အငတ်ဘေးကြီး ကြုံတွေ့ ခဲ့ရလို့ ပေါ်လစီ အမှားကို အမြန် စွန့်ပစ်ပြီး လယ်ယာ စိုက်ပျိုးရေးကို ပြန်ပြီး ဦးစားပေးခဲ့ကြရတယ်။ ဒီအဖြစ်ကို ကောင်းကောင်း သင်ခန်းစာ ယူသင့်တယ်။ စက်ရုံတွေ ဆောက်ပါ။ မြို့ပြတွေ တည်ဆောက်ပါ။ ဒါပေမယ့် စိုက်ပျိုးနေတဲ့ လယ်ယာတွေ နေရာမှာတော့ မဆောက်သင့်ဘူး။ မြန်မာပြည်မှာ မြေလွတ်မြေရိုင်းတွေ အများကြီး ရှိပါတယ်။

စက်မှုလုပ်ငန်းနဲ့ အိုင်တီလုပ်ငန်းက စိုက်ပျိုးရေး လုပ်ငန်းထက် ပိုအရေးကြီးတယ်လို့ မယူဆသင့်ဘူး။ ''ရွှေမရှိတာက ဘာမှ မဖြစ်ဘူး။ ဆန်မရှိရင်တော့ ဒုက္ခ အကြီးအကျယ် ရောက်မှာ ခင်ဗျ'' ဆိုတဲ့ မာန်လည်က လူငယ်ပြောတဲ့ စကားကို မျက်ကွယ် ပြုမထားသင့်ဘူး။

ကမ္ဘာမှာ နံပါတ်တစ်
မြန်မာနိုင်ငံသားဟာ ဘိုးစဉ်ဘောင်ဆက်က စိုက်ပျိုးရေးနိုင်ငံ ဖြစ်တယ်။ နယ်ချဲ့ လက်အောက် ကျရောက်နေစဉ် ကာလကတောင် ကမ္ဘာမှာ ဆန်တင်ပို့ ရောင်းချတဲ့ နံပါတ်တစ် နိုင်ငံ ဖြစ်ခဲ့တယ်။ ပတ်ဝန်းကျင် ဒေသ နိုင်ငံတွေ အားလုံးလောက် နီးပါးဟာ အရွယ်အစား ပမာဏ အားဖြင့် မြန်မာနိုင်ငံထက် ကြီးမား ကျယ်ဝန်းကြတယ်။ မြေကွက်ဧရိယာ အများကြီး ရှိတယ်။ ဒါပေမဲ့ ရေမြေ အနေအထားနဲ့ ရာသီဥတု အခြေအနေက မြန်မာနိုင်ငံလောက် သပ္ပာယ ဖြစ်ပြီး မျှတတာ မရှိတာကြောင့် ဘယ်နိုင်ငံမှ ကောင်းကောင်း မစိုက်ပျိုး နိုင်ကြဘူး။ စိုက်ပြီးမိုးခေါင်လို့ သရောကြီး ခိုင်းတာနဲ့ ရိတ်သိမ်းခါနီးမှ မြစ်ရေ ချောင်းရေတွေ လျှံတက်လာလို့ ရွာကိုစွန့်ပြီး ကိုယ်လွတ် ရုန်းပြေးရတာနဲ့ အင်မတန် ဒုက္ခ ကြီးမားရှာကြတယ်။

အားလုံးပြိုသွားမယ်
မြန်မာနိုင်ငံမှာတော့ အပူလွန်လို့ အအေးလွန်လို့ လူတွေ အမြောက်အမြား သေကြရတာမျိုး မရှိသလို မိုးခေါင်လွန်းလို့၊ ရေကြီးလွန်းလို့ ဒုက္ခ ရောက်ရတာမျိုးလည်း ကြီးကြီးမားမား၊ များများစားစား မကြုံဖူးပါဘူး။ နာဂစ်ကတော့ ခြွင်းချက်ပေါ့။ နောက် ပြီးတော့ စိုက်ပျိုးရေး လုပ်ငန်းလို့ ပြောတဲ့အခါမှာ တောင်သူ လယ်သမားနဲ့ ကောက်စိုက် သမတွေကိုချည်း မြင်နေလို့ မဖြစ်ဘူး။ စိုက်ပျိုးရေး လုပ်ငန်းကို အမှီပြုပြီး ရပ်တည်နေကြရတဲ့ လူဦးရေဟာ နိုင်ငံ့လူဦးရေရဲ့ ၇၅ ရာခိုင်နှုန်းလောက် ရှိပါတယ်။ စိုက်ပျိုးရေး ယိုင်နဲ့သွားရင် ရန်ကုန် ဘုရင့်နောင်လို ကုန်စည် ဈေးကွက်ကြီး တစ်ခုလုံး ပြိုကျသွားမှာပါ။ တစ်နိုင်ငံလုံး အနှံ့ ရှိနေတဲ့ ဆန်စက်တွေနဲ့ ဆက်စပ် လုပ်ငန်းတွေ၊ လှေသမ္ဗန်နဲ့ သင်္ဘောတွေ၊ မော်တော်ကားတွေလည်း လုပ်စရာ မရှိတော့ဘဲ ဖြစ်ကုန်ကြမှာပါ။

မရှိမဖြစ် လိုအပ်ချက်
အဲဒါကြောင့် မလွဲမသွေ လုပ်ကိုလုပ်ရမယ့် စက်မှု တည်ဆောက်ရေးများ လုပ်တဲ့အခါမှာ စနစ်တကျ စီမံကိန်းချပြီး လုပ်ဖို့ အထူး လိုအပ်တယ်။ ဒါ့အပြင် မမေ့အပ်တဲ့ အချက်တစ်ခုက ဒီမိုကရေစီစနစ် ထူထောင်ရာမှာ တိုင်းသူပြည်သား အားလုံးရဲ့ တက်တက်ကြွကြွ ပါဝင် ဆောင်ရွက်မှု မရှိမဖြစ် လိုအပ်တယ် ဆိုတာ ဖြစ်တယ်။ စိတ်ရောကိုယ်ပါ အားတက်သရော ပါဝင် ဆောင်ရွက်ဖို့ ဆိုရင် တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ အစိုးရဟာ သူတို့အားလုံး အတွက် မှန်မှန်ကန်ကန် လုပ်ဆောင်နေတယ်။ သူတို့ အကျိုးစီးပွားကို အမြဲတမ်း ကာကွယ် စောင့်ရှောက် ပေးနေတယ်လို့ သံသယ ကင်းကင်းနဲ့ လုံးဝ ယုံကြည် စိတ်ချမှု ရှိနေဖို့ လိုအပ်တယ်။

ကြိုးစားဆဲကာလ
အစိုးရ တစ်ရပ်ဟာ ပြည်သူအများကို လျစ်လျူရှုပြီး လူတစ်စု အဖွဲ့ အတွက်သာ လုပ်ဆောင်နေတယ်။ လူတစ်စု တစ်ဖွဲ့ အကျိုး စီးပွားကိုသာ ကာကွယ် စောင့်ရှောက်နေတယ်လို့ ထင်မြင် ယူဆနေရင်တော့ ဘယ်တော့မှ စိတ်ပါလက်ပါ တက်တက်ကြွကြွ ပါဝင်လာမှာ မဟုတ်တာ သေချာတယ်။ ဒီနေ့ လက်ရှိ အစိုးရသစ်ဟာ ပြည်သူလူထုရဲ့ ယုံကြည် ကိုးစားမှုကို အပြည့်အ၀ ရရှိဖို့ ကြိုးစားနေဆဲ ကာလ ဖြစ်တယ်။ အစိုးရ တာဝန်ရှိသူတွေ တစ်ယောက်ပြီး တစ်ယောက် ထွက်လာပြီး တရား ဥပဒေကို မှန်မှန်ကန်ကန် တည့်တည့်မတ်မတ် လိုက်နာ အကောင်အထည် ဖော်ကြဖို့ ပြောကြားနေကြတာ တွေ့ရတယ်။ ဒါ အလွန်အရေးကြီးတဲ့ အချက် ဖြစ်တယ်။ တရားဥပဒေဟာ ပြည်သူတွေကို အမြဲတမ်း ကာကွယ် စောင့်ရှောက်တယ်။ မျက်နှာ နှစ်ဖက် မရှိဘူး။ တရားဥပဒေရဲ့ အထက်မှာ ဘယ်သူမှ မရှိဘူးလို့ သူတို့ အမှန်တကယ် ယုံကြည်လာရင် ဘယ်လို အစိုးရမျိုး မဆို သူတို့ ထောက်ခံကြမှာ ဖြစ်တယ်။

လမ်းဘေးဈေးသည် ရှင်းတဲ့အခါ
ဒီလို အခြေအနေမှာ အဆင့် အသီးသီးက တာဝန်ရှိ ၀န်ထမ်းများဟာ စက်ရုံ အလုပ်ရုံ (အစိုးရဖြစ်ဖြစ်၊ ပုဂ္ဂလိက ဖြစ်ဖြစ်) ဆောက်ဖို့ လယ်ယာမြေများ သိမ်းယူတဲ့ အခါ၊ လမ်းဖောက် တံတားဆောက်ဖို့ လူနေ အိမ်ခြေများ သိမ်းယူတဲ့ အခါ၊ ယုတ်စွအဆုံး ပလက်ဖောင်းပေါ်က လမ်းဘေးဈေးသည်တွေ ရှင်းလင်းတဲ့ အခါ ဖြစ်ဖြစ် ဥပဒေဟာ နှစ်မျိုး မရှိဘူး ဆိုတာကို ပြတ်ပြတ်သားသား ပြဖို့ လိုပါလိမ့်မယ်။ ဒီမိုကရေစီရဲ့ အနှစ်သာရဟာ နိုင်ငံသား တစ်ဦးချင်းစီရဲ့ အကျိုးစီးပွားကို ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေထဲမှာ ထည့်သွင်းရေးဆွဲ ပြဋ္ဌာန်း ပေးထားခြင်း ဖြစ်တယ်။

မအပ်စပ်ဘူး
ဥပဒေထဲမှာ ပါတယ် ဆိုရုံနဲ့လည်း မပြီးသေးဘူး။ တကယ် လက်တွေ့ ကာကွယ် စောင့်ရှောက်ပေးဖို့ လိုတယ်။ ပလက်ဖောင်းပေါ်မှာ ဈေးမရောင်းရဘူး ဆိုရင် ဘယ်သူမှကို မရောင်းရတာမျိုး ဖြစ်သင့်တယ်။ ဒီမိုကရေစီ စနစ် အောက်မှာ ပြည်သူပြည်သား အားလုံး တန်းတူညီမျှ အခွင့်အရေး ရှိတယ်။ အခွင့်ထူးခံ လူတန်းစား ဆိုတာ ဒီမိုကရေစီနဲ့ နည်းနည်းလေးမှ မအပ်စပ်ပါဘူး။

Ref: EMG

Read More...

မြန်မာဘိန်းထုတ်မှု ၄ နှစ်အတွင်း ၂ ဆကျော်တိုး

ဦးအောင်လွင်ဦး
ကြာသပတေး, 23 ဇွန် 2011

ကမ္ဘာတ၀န်း ဘိန်းထုတ်လုပ်မှုတွေ ပြီးခဲ့တဲ့နှစ်အတွင်း တိုးလာရတဲ့ အဓိက အကြောင်းရင်းဟာ မြန်မာနိုင်ငံမှာ စိုက်ပျိုးမှုတွေ ပိုများ လာတာကြောင့် ဖြစ်တယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါး စောင့်ကြည့် လေ့လာနေတဲ့ အေဂျင်စီက ပြောဆို လိုက်ပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေအတွင်း မူးယစ်ဆေးဝါး ထုတ်လုပ်မှုတွေ ကမ္ဘာတ၀န်းမှာ ကျဆင်းလာပေမဲ့ မြန်မာ နိုင်ငံမှာတော့ ထုတ်လုပ်မှုတွေ၊ မှောင်ခိုရောင်းဝယ် ဖောက်ကားမှုတွေနဲ့ သုံးစွဲမှုတွေ တိုးလာ နေတယ်လို့လည်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇ၀တ်မှု ဆိုင်ရာရုံး (UNODC) ရဲ့ အစီရင်ခံစာသစ်က ဖော်ပြလိုက်တာပါ။ မြန်မာနိုင်ငံက မူးယစ်ဆေးဝါး ထုတ်လုပ်မှု အခြေအနေတွေ အပေါ် ကုလသမဂ္ဂရဲ့ တွေ့ရှိချက် တွေကိုတော့ ကိုအောင်လွင်ဦးက တင်ပြ ပေးထားပါတယ်။

ဘိန်းနဲ့ တခြား မူးယစ်ဆေးဝါး ထုတ်လုပ်မှုတွေ ကမ္ဘာတ၀န်းမှာ ကျဆင်းလာပေမဲ့ မြန်မာ နိုင်ငံမှာတော့ အရင်ကထက် တိုးလာတယ်လို့ ၂၀၁၁ ခုနှစ် ကမ္ဘာ့ မူးယစ်ဆေးဝါး ဆိုင်ရာ အစီရင်ခံစာ ထုတ်ပြန်ရာမှာ ပြောဆိုလိုက်တာပါ။ ဘိန်းစိုက်ပျိုးမှု အနေနဲ့ တကမ္ဘာလုံးမှာ ၂၀၀၉ ခုနှစ်တုန်းက ရှိခဲ့တဲ့ ပမာဏထက် ၂၀၁၀ ပြည့်နှစ်အတွင်း ၅% တိုးလာတယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇ၀တ်မှု ဆိုင်ရာရုံး (UNODC) ရဲ့ အစီရင်ခံစာသစ်က ဖော်ပြပါတယ်။

ဒီအထဲမှာမှ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု ကမ္ဘာမှာ အများဆုံးဖြစ်တဲ့ အာဖဂနစ္စတန်နိုင်ငံမှာ လွန်ခဲ့တဲ့ ၃ နှစ်အတွင်း ထုတ်လုပ်မှုတွေ သိသိသာသာ ကျဆင်းသွားပေမဲ့ မြန်မာ နိုင်ငံမှာတော့ တိုးလာနေတာမို့ ကမ္ဘာတ၀န်း ထုတ်လုပ်မှု ပမာဏတွေ ပိုများလာရတဲ့ အကြောင်းရင်းတခု ဖြစ်ခဲ့ရတယ်လို့ အစီရင်ခံစာက ပြောခဲ့တာပါ။

မြန်မာနိုင်ငံက ဘိန်းစိုက်ပျိုးမှုဟာဆိုရင် ၂၀၁၀ ပြည့်နှစ်အတွင်း အရင်တနှစ်ကထက် ၂၀% လောက် တိုးလာသလို ၂၀၀၆ ခုနှစ်ကစလို့ နှစ်စဉ် တိုးလာ နေတာလို့လည်း ဖော်ပြပါတယ်။ ဘိန်းထုတ်လုပ်မှု အနေနဲ့ လွန်ခဲ့တဲ့ ၃ နှစ်ကျော်အတွင်း ၂ ဆကျော် တိုးလာ တယ်လို့လည်း နယူးယောက် ကုလသမဂ္ဂ ရုံးချုပ်မှာ ကြာသပတေးနေ့က အစီရင်ခံစာ ထုတ်ပြန်ချိန်မှာ UNODC ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ယူရီ ဖက်ဒိုတော့ဗ် (Yury Fedotov) က ပြောဆို လိုက်ပါတယ်။

“ကမ္ဘာနဲ့အ၀န်း ဘိန်းထုတ်လုပ်မှု ပမာဏမှာ မြန်မာနိုင်ငံဟာ ၂၀၀၇ ခုနှစ်မှာတုန်းက ၅% ရှိနေရာကနေ ၂၀၁၀ ပြည့်နှစ်မှာ ၁၂% အထိ တိုးလာပါတယ်။”

မြန်မာအာဏာပိုင်တွေကတော့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းတွေကို ဆောင်ရွက်နေသလို တိုင်းပြည် တွင်းက ဘိန်း စိုက်ခင်းတွေရဲ့ ၆ ပုံ ၁ ပုံ နီးပါး လောက်ကို ဖျက်ဆီး နိုင်ခဲ့ကြောင်း မတ်လထဲမှာပဲ ပြောဆိုခဲ့တာပါ။ UNODC ရဲ့ အစီရင်ခံစာ မှာတော့ မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်နဲ့ အရှေ့ဘက် ရှမ်းပြည်နယ် တွေမှာ စိုက်ပျိုးပြီး ဘိန်းဖြူအဖြစ် ထုတ်လုပ်ပြီးတဲ့ နောက်မှာတော့ အဓိက အားဖြင့် တရုတ်နိုင်ငံထဲကို ယူနန်ပြည်နယ်က တဆင့် တင်ပို့နေတာကို တွေ့ရှိရကြောင်း ဖော်ပြ ထားပါတယ်။

ဘိန်းစိုက်ပျိုး ထုတ်လုပ်တဲ့ တိုင်းပြည်အဖြစ် သုံးစွဲမှုဟာလည်း ၂၀၀၈ ခုနှစ်မှာ ၆% ရှိနေရာက ၂၀၁၀ ပြည့်နှစ်ထဲမှာတော့ ၈% အထိ တိုးလာကြောင်းလည်း သတိ ပေးထားတာပါ။ ဒီလိုပဲ ATS လို့ အတိုကောက် ခေါ်ဝေါ်သုံးစွဲတဲ့ စိတ်ကြွဆေး အမျိုးအစား မူးယစ်ဆေးဝါး ထုတ်လုပ်မှုတွေ ဟာလည်း တနေ့တခြား ပိုများ လာနေတယ်လို့ UNODC ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ယူရီ ဖက်ဒိုတော့ဗ်က ပြောပါတယ်။

“ATS ထုတ်လုပ်မှု၊ မှောင်ခိုရောင်းဝယ် ဖောက်ကားမှုနဲ့ သုံးစွဲမှုတွေ ကြီးထွားလာနေတာအပြင် မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှု တိုးလာတာ၊ ဒေသတွင်းမှာ ဘိန်းဖြူတွေ မှောင်ခိုမှုတွေဟာ ဒီကနေ့ တောင်အာရှဒေသမှာ အင်မတန် စိုးရိမ်စရာကိစ္စ ဖြစ်လာနေတဲ့ အတွက် မူးယစ်ဆေးဝါး မှောင်ခိုရာ အချက်အချာ ဒေသတခုအဖြစ် ပြန်လည် ပေါ်ထွန်းလာမှာကို တားဆီးဖို့ မိတ်ဆွေ တိုင်းပြည်တွေကြား ပိုမို တက်တက်ကြွကြွ ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။”

UNODC ရဲ့ အစီရင်ခံစာသစ်မှာ ပြီးခဲ့တဲ့နှစ်အတွင်း ကမ္ဘာတ၀န်း လူသန်းပေါင်း ၂၁၀ ကျော်၊ ဒါမှမဟုတ်ရင်လည်း အသက် ၁၅ နှစ်ကနေ ၆၄ နှစ်ကြား လူဦးရေရဲ့ ၄.၈% နှုန်းဟာ အနည်းဆုံး တကြိမ်လောက်တော့ မူးယစ်ဆေးဝါး သုံးစွဲဖူးတာကို တွေ့ရှိရကြောင်း ဖော်ပြထားပါတယ်။

နှစ်စဉ် လူပေါင်း ၂၀၀,၀၀၀ လောက်ဟာလည်း တရားမ၀င် မူးယစ်ဆေးဝါးတွေကြောင့် သေဆုံးနေကြ ရတာမို့ အန္တရာယ်ဟာ ဘယ်လောက်တောင် ကြီးမားနေပြီလဲ ဆိုတာ သိသာနေတယ်လို့ အစီရင်ခံစာ ထုတ်ပြန်တဲ့ သတင်းစာ ရှင်းလင်းပွဲ အတွင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) ကလည်း သတိပေး ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

Ref: VOA News

Read More...

ဗိုလ်ကြီးက ၉ တန်းကျောင်းသူကို ဓားနဲ့ထိုးပြီး သတ်သေဟုဆို

မျိုးသန့်
ကြာသပတေးနေ့၊ ဇွန်လ ၂၃ ရက် ၂၀၁၁

ချင်းမိုင်(မဇ္ဈိမ) ။ ။ ဗိုလ်ကြီးတဦးက ၉ တန်းကျောင်းသူ တဦးကို ဓားနဲ့ထိုးကာ မိမိကိုယ်ကို အဆုံးစီရင်ခဲ့သည် ဆိုသော ဖြစ်ရပ်တခု ပဲခူးမြို့နယ် ဥဿာမြို့သစ် ရပ်ကွက်တွင် ဗုဒ္ဓဟူးနေ့က ဖြစ်ပွားခဲ့သည်။

ခြေမြန်တပ်ရင်း ၇ မှ တပ်ရေးဗိုလ်ကြီး ကျော်သူရက စစ်မြေပြင် အင်ဂျင်နီယာတပ်မှ အရာခံဗိုလ် စိုးမြင့်၏ သမီး မသက်နှင်းဆွေကို အသင့် ပါလာသော စစ်သုံးဓားဖြင့် ထိုးသည်ဟု စွပ်စွဲထားကြသည်။

အခင်းဖြစ်ပွားချိန်က နေအိမ်တွင်း ရှိနေခဲ့သူ အရာခံဗိုလ်စိုးမြင့်၏ ဇနီး ဒေါ်စမ်းစမ်းထွေးက အော်ဟစ် အကူညီ တောင်းသဖြင့် အိမ်နီးနားချင်းများ ရောက်လာခဲ့သည်။

“အော်ခေါ်တော့ ရပ်ကွက်က လူတွေက ထွက်လာပြီးတော့ အဲဒီမှာ ဝိုင်းအုံလာတော့ အဲဒီမှာ ခြံကတော့ သံပန်း သံတခါးတွေနဲ့ အုတ်တံတိုင်း ကာထားပါတယ်၊ လူတွေက တော်တော်နဲ့ ဝင်လို့ မရဘူး။ အဲဒီမှာ ယောက်ျားတွေက အားနဲ့ ကန်ပြု ဖွင့်တဲ့ အခါကျတော့ ပွင့်သွားတာ အဲဒီကျတော့မှ လူအုပ်က ဆွဲလား ရမ်းလား လုပ်တဲ့ အခါကျတော့ ဗိုလ်ကြီးက ဒူးထောက်ပြီးတော့ သူ့ရင်ဘတ် ဘယ်ဘက်ကိုသူ ဓါးနဲ့ထိုးပြီး နေရာမှာပဲ ပွဲချင်းပြီး သေသွားတယ်” ဟု ဥဿာမြို့သစ်နေ ကိုနေဝင်းက မဇ္ဈိမကို ပြောသည်။

ငွေချေးရန် ရောက်ရှိလာသော ဗိုလ်ကြီး ကျော်သူရမှာ အစောပိုင်းက နေအိမ်တွင် အရာခံဗိုလ် စိုးမြင့်ကို တယ်လီဖုန်းမှ တဆင့် စကား ပြောခဲ့သည်ဟု ဒေါ်စမ်းစမ်းမြင့်က ဗီဒီယို အင်တာဗျူးတခုတွင် ပြောဆိုထားသည်။

ပဲခူးမြို့နေ အလုပ်သမားရေးရာ ကူညီစောင့်ရွက်ပေးနေသူ ဦးအေးမြင့်က ဒေါ်စမ်းစမ်းမြင့်နှင့် မျက်မြင်သက်သေ တဦးကို ဗီဒီယို အင်တာဗျူး ပြုလုပ်၍ အင်တာနက်တွင် ဖြန့်ဝေခဲ့သည်။

“ သမီးက အိမ်ရှေ့မှာ အခွေတွေ ထိုင်ရှင်းနေတယ် အဲဒီလူကြီးက ဆိုဖါပေါ်မှာ ထိုင်နေတာ ကျမက အိမ်နောက်ဖေးမှာ လက်နှီး လာလျှော်တယ် တအောင့်နေတော့ သမီး ကျူရှင် ၁၂ နာရီကို သွားရမှာ ရေချိုးတော့လို့ ပြောလည်း ပြောပြီး ပြန်ထွက်လာတော့ ကလေးကို သူအဲဒီမှာ ဓါးနဲ့ စပြီးတော့ ထိုးတာပဲ” ဟု ဒေါ်စန်းစန်းမြင့်က ဗီဒီယိုတွင် ပြောသည်။

“ ကလေးက ထွက်ပြေးသွားတဲ့ အခါကျတော့ သူက ကလေးကို အသေထိုးတော့တာ ကလေးက အိမ်ရှေ့မှာ အခွေ ထိုင်လုပ်နေတော့ ကလေးကို ဓါးနဲ့ထိုးတော့ ကလေးက အိမ်နောက်ဖေးကို ပြေးထွက် လာတယ်။ ကျမက ဒီမှာ လက်နှီးလျှော်ရင်း တန်းလန်းနဲ့ သူက ကလေးကို ထိုးတော့ ကျမက သူ့ကို ဆွဲလိုက်တာပေါ့။ မအေက ဖင်ထိုင်လျက် ကျသွားတဲ့ အခါကျတော့ မအေကို ဆွဲရမလား ဆိုပြီးတော့ သူက ဓါးနဲ့လှမ်းထိုးတာ အဲဒီမှာ ကလေးက မအေကို ဓါးနဲ့ ထိုးရမလား ဆိုပြီးတော့ အနောက်က သူ့အကျီကို ဆောင့်ဆွဲ ပစ်လိုက်တယ် ပြီးတော့ ကလေးကို သူက ထိုင်ထိုးတာ ကျမက ဒီကရှိတဲ့ ရေဗုံးနဲ့ပေါ့ မျက်နှာကို ရေနဲ့ ပက်ပစ်လိုက်တာပေါ့” ဟု သူက ထပ်ပြောသည်။

မသက်နှင်းဆွေမှာ ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။ သူမ၏ နာရေးကို သောကြာနေ့ နေ့လည် ၁၂ နာရီတွင် ပဲခူး ဆင်ဖြူကွင်း သုဿန်သို့ ပို့ဆောင်မည် ဖြစ်သည်။

ဗိုလ်ကြီးကျော်သူရ၏ ရုပ်အလောင်းကို ပဲခူးမြို့ သာမဏေကျော် နာရေးကူညီမှု အသင်းမှ ရန်ကုန်ရေဝေး သုဿန် ရေခဲတိုက်သို့ ညနေ ၃ နာရီတွင် ပို့ဆောင် ပေးခဲ့သည်ဟု သာမဏေကျော် နာရေး ကူညီမှုအသင်း အတွင်းရေးမှူး ဦးကြည်ဝင်းက မဇ္ဈိမကိုပြောသည်။

ဗိုလ်ကြီးကျော်သူရမှာ အသက် ၄ဝ ကျော်ခန့် ရှိမည်ဟု ဒေသခံများက ခန့်မှန်းထားကြသည်။

အခင်း ဖြစ်ပွားပြီးချိန်တွင် ပဲခူးမြို့ အမှတ် ၃ ရဲစခန်းမှ တာဝန်ကျရဲများ ရောက်ရှိလာပြီး ဓါတ်ပုံရိုက် မှတ်တမ်းတင် သွားခဲ့သည်ဟု မျက်မြင် တွေ့သူများက ပြောဆိုသည်။

အမှတ် ၃ ရဲစခန်းသို့ မဇ္ဈိမက ဆက်သွယ်မေးမြန်းရာ ဖြေကြားခြင်း မရှိပါ။


Ref: မဇ္ဈိမ

Read More...

စစ်ဘေးရှောင် ၁၃၀၀၀ ကျော် KIO ထံ ရောက်

သဲသဲ၊ ဖနိဒါ
ကြာသပတေးနေ့၊ ဇွန်လ ၂၃ ရက် ၂၀၁၁

မဇ္ဈိမသတင်းဌာန ။ ။ ကချင်ပြည်နယ်တွင် အစိုးရတပ်နှင့် ကချင်တိုက်ပွဲများကြောင့် စစ်ဘေး ပုန်းရှောင်လာသူ ဒုက္ခသည် ၁၃ဝဝဝ ကျော် ရှိပြီဟု ကချင် လွတ်မြောက်ရေး အဖွဲ့က ပြောသည်။

KIO ဗဟိုကော်မတီဝင်ဖြစ်သူ ဒုက္ခသည်များ ကယ်ဆယ်ရေးကော်မတီ တာဝန်ခံ ဦးဒွဲပီဆား၏ ပြောဆိုချက် အရ KIO ဌာနချုပ် တည်ရှိရာ လိုင်ဇာ ဒေသတွင် ၅ဝဝဝ ကျော်၊ မိုးညှင်းခရိုင် တပ်ရင်း ၅ နယ်မြေတွင် ၂၃ဝဝ ကျော်နှင့် တပ်ရင်း ၃ နယ်မြေ လွယ်ဂျယ် ဒေသတွင် ၆ဝဝဝ ကျော် ရှိသည်ဟုဆိုသည်။

“မြစ်ကြီးနား ဗန်မော်လမ်းမကြီးက လူတွေ အများစုပါတယ်” ဟု ဦးဒွဲပီဆားက ပြောသည်။

ဒုက္ခသည်များမှာ ခန်းမဆောင်များ လိုင်ဇာမြို့တော်ခန်းမ၊ အမှတ်(၃) ဈေး၊ တိုက်ခန်းအလွတ်၊ ဈေးဆိုင်ခန်း အလွတ်များတွင် စုပေါင်း ထားရှိသည်။

KIO ဗဟိုဌာနက ဖွင့်လှစ်ထားသည့် လိုင်ဇာရှိ ဒုက္ခသည်စခန်းများတွင် ဆေးဝါးနှင့် ဆန် အကူအညီ ပေးနေပြီး၊ စစ်ပြေး ဒုက္ခသည်များတွင် ကျောင်းနေသည့် ကလေး ၇ဝဝ ကျော် ပါဝင်ကြောင်း KIO ပြောခွင့်ရ ဦးလနန်က မဇ္ဈိမကို ပြောသည်။ အခြား မည်သည့် အဖွဲ့အစည်းထံမှ တစုံတရာ အကူအညီ မရဟု ဆိုသည်။

အစိုးရစစ်တပ်နှင့် KIA တပ်များအကြား ဇွန်လ ၉ ရက်နေ့တွင် တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီးနောက် စစ်ပြေး ဒုက္ခသည် များသည် KIO ထိန်းချုပ် ဒေသ တရုတ်-မြန်မာ နယ်စပ်ဘက်သို့ ဦးတည်ကာ ထွက်ပြေး နေကြသည်။

ထွက်ပြေးလာသူများတွင် ကလေးငယ်များ၊ အမျိုးသမီးနှင့် သက်ကြီးရွယ်အိုများ အများဆုံးပါဝင်ကာ၊ ဒုက္ခသည်များ အတွက် စားရိက္ခာနှင့် အမိုအကာများ အဓိက လိုအပ်နေသည်ဟု KIO က ပြောသည်။

လိုင်ဇာမြို့ရှိ ဒုက္ခသည် စခန်းများတွင် စစ်ဘေးရှောင် ဒုက္ခသည်များ၏ နေထိုင်မှု၊ စားနပ်ရိက္ခာ၊ ကျန်းမာရေး၊ ကျောင်းသားများ ပညာရေး အကူအညီ ရရှိမှု နောက်ဆုံး အခြေအနေကို ဒုက္ခသည်စခန်း ကျန်းမာရေး တာဝန်ခံ၏ ပြောဆိုချက် များကို တင်ပြ လိုက်ပါသည်။

စားနပ်ရိက္ခာ အခြေအနေ

“အဓိက ကုန်တာက သူတို့အတွက် ရိက္ခာပေါ့နော်၊ ကျွေးမွေးတာကတော။ ဗဟိုကော်မတီဝင်က တရက်ကို လူတယောက်ကို ဆန်နို့ဆီဗူး ၂ ခွက်ပေါ့၊ လူကြီးလူငယ် မခွဲဘဲ အဲလို ဝေပေးတယ်။ စားနပ် ရိက္ခာတွေ ဝေပေးပြီး၊ ဈေးထဲက ဝယ်ပြီး သူတို့ ဘာသာ ချက်စား ကြတယ်ပေါ့။ ကျနော်တို့က ရေတွေ၊ ထင်းတွေ စီစဉ်ပေးပါတယ်။ ပိုက်ဆံပါတဲ့ သူတချို့ကတော့ အပြင်ကနေ ဝယ်စား တာလည်း ရှိတယ်။ ပိုက်ဆံမပါတဲ့ သူတွေကတော့ ကျနော်တို့ ဝေတဲ့ ဆန်ကိုပဲ ချွေတာပြီး စားရတာပေါ့။ လိုင်ဇာ တဝိုက်တင်ပဲ စားနပ်ရိက္ခာ အတွက် တရက်ကို သိန်း ၂ဝ ကျော်လောက် ကုန်တယ်”

နေထိုင်ရေး အခြေအနေ

‘‘အဆောက်အအုံကြီးတွေရဲ့ ခန်းမတွေမှာ၊ လိုင်ဇာမြို့တော်ခန်းမ၊ ဈေးကြီးမှာ၊ တိုက်ခန်းလွတ်တွေမှာ နေရာ ချပေး ထားတာပေါ့။ တချို့က အခင်းတွေ၊ စောင်တွေ၊ ခြင်ထောင်တွေလည်း မပါလာတော့ တမံသလင်းမှာ အိပ်ကြတယ်။ ကြာရင် သူတို့ ကျန်းမာရေး ထိခိုက်မှာဆိုတော့ ဖျာတွေ၊ အခင်းတွေ စီစဉ်ပေးတယ်။ အခုဆိုရင် အများကြီး လိုလာတာပေါ့၊ လောက်တော့ ဘယ်လောက်မလဲ”

“တောထဲမှာ ပြေးရင်းရှောင်ရင်း တောထဲမှာ ပုန်းနေကြတဲ့သူတွေလည်း ရှိသေးတယ်။ ကျနော်တို့ စာရင်းထဲမှာ အဲဒါတွေ မပါသေးဘူး။ သူတို့တွေပါ တက်လာရင် ပိုများ လာမယ်လေ”

ကျန်းမာရေး အခြေအနေ

“ဒုက္ခသည် တော်တော်များများ ရောက်လာတဲ့အခါမှာ ကလေးတွေ ဖျားနာတာ ပိုများတယ်။ ဝမ်းလျှော တာရယ်၊ နောက်ပြီး ငှက်ဖျားဖြစ်တာ၊ အအေးပတ်ပြီး ချောင်းဆိုတာ များပါတယ်။ အများအားဖြင့် သူတို့ ဖြတ်လာတဲ့ ခရီးလမ်းကလည်း ကြမ်းတယ် ဆိုတော့ ၃ ၊ ၄ ရက်လာတာဆိုတော့ တောထဲမှာနေပြီး ဖြတ်လာကြတော့ ကလေးမှာ ဖျားတာ ပိုများတယ်။ ကျနော်တို့ စခန်း ၅ နေရာ ကျန်းမာရေး ဌာနကနေ တာဝန်ယူပြီး အခမဲ့ ကုပေးနေပါတယ်’’

“အခု ဝမ်းလျှောတဲ့ ကလေး ၈ ဦးကို ဆေးရုံတင်ထားရတယ်။ မျက်ခမ်းစပ်ရောဂါ၊ ဝက်သက်လို အရည်ပြား ရောဂါတွေ ကလေးတွေကို ကုပေးရတာ များတယ်။ စခန်းတွေမှာက စားနပ်ရိက္ခာ ပြီးရင် ဒုတိယ အကုန်ဆုံးက ဆေးဝါး ဖြစ်နေတာပေါ့။ လောလောဆယ် ကျနော်တို့ ဌာနက ပေးတာ လောက်ပေမယ့် လူတွေ ဒီ့ထက် များလာရင်၊ ရာသီဥတုကလည်း ဆက်ပြီး မိုးရွာ နေရင်တော့ ဆေးဝါး အတွက်လည်း အတော်လေး အားစိုက်ရမယ့် အခြေအနေ ဖြစ်နေတယ်”

ပညာရေး အခြေအနေ

“မူကြိုကအစ အထက်တန်းအထိ ကလေးတွေကို စာရင်းကောက်ပြီး တတ်နိုင်သလောက် ပညာဆက်သင်လို့ ရအောင် စီစဉ် နေပါတယ်။ လိုင်ဇာမှာဖွင့်ထားတဲ့ ကျောင်းတချို့မှာလည်း သင်ခိုင်းမယ်ပေါ့၊ နောက်ပြီး သင့်တော်တဲ့ နေရာမှာ ကျောင်းဆောက်ပြီး သင်ပေးနိုင်အောင် စီစဉ်နေပါတယ်’’

အကူအညီရရှိမှု

“အခုလောလောဆယ် လာကူတဲ့သူ မရှိသေးဘူး။ ကူမယ်လို့ ပြောသံပဲကြားတယ်။ တကယ့် လက်တွေ့မှာ ဘာမှ မရောက်လာ သေးပါဘူး။ ဒေသခံ အဖွဲ့အစည်းတွေ၊ ပြည်ပက NGO တွေကို အကူအညီ တောင်းထားတာ ရှိပါတယ်။ ရေရှည်အတွက် ကျနော်တို့လည်း ဒီမှာရှိတာနဲ့ ဘယ်လောက်အထိ ကူညီနိုင်မယ် ဆိုတာ ပြောရခက်ပါတယ်’’

Ref: မဇ္ဈိမ

Read More...

တရားဝင်ကမ်းလှမ်းမှ အပစ်ရပ်မည်ဟု KIA ပြော

ရန်ပိုင်
Thursday, 23 June 2011

အစိုးရထံမှ တရားဝင်ကမ်းလှမ်းချက် ရရှိမှသာ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမည်ဟု ကချင်လွတ်လပ်ရေး တပ်မတော် (KIA) က ပြောသည်။

KIA အနေဖြင့် အပစ်အခတ် ရပ်စဲရေးတွင် အစိုးရအဖွဲ့ထံမှ တရားဝင်ကမ်းလှမ်းချက်ကိုသာ လိုလားကြောင်း၊ ပြင်ပ အဖွဲ့အစည်း သို့မဟုတ် လူပုဂ္ဂိုလ် တဦး တယောက်ထံမှ အပစ်အခတ် ရပ်စဲရေး ကမ်းလှမ်းမှုမျိုးကိုမူ လက်မခံနိုင်ကြောင်း KIA တွဲဖက် အတွင်းရေးမှူး ဦးလနန်က ပြောသည်။

“အပစ်အခတ်ရပ်စဲဖို့ အသင့်ပါ၊ တကယ်အပစ်ရပ်ကြောင်းကို အစိုးရအဖွဲ့အစည်းက တာဝန်ရှိ ပုဂ္ဂိုလ် ဒါမဟုတ် စစ်ဘက် ဆိုင်ရာ အရာရှိ တဦးက အာမခံချက် ပေးရမယ်”ဟု ၎င်းက ဆိုသည်။

အစိုးရတပ်များအနေဖြင့် လက်ရှိ နှစ်ဘက်ရင်ဆိုင်ထားသည့် ရှေ့တန်းစခန်းများတွင် အပစ်အခတ် ရပ်စဲထားသည့် ဟု ပြောဆိုမှုများ ရှိနေသော်လည်း တရားဝင် ပြုလုပ်ခြင်း မဟုတ်ကြောင်း ဦးလနန်က ပြောသည်။

နှစ်ဘက်တိုက်ပွဲများ ဖြစ်ပွားနေစဉ်က မြစ်ကြီးနားမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဆက်သွယ်ရေး ၀န်ကြီးဟောင်း ဦးသိန်းဇော် က အပစ်အခတ် ရပ်စဲရန် ကချင် အတိုင်ပင်ခံ ကောင်စီ ကို စေလွှတ်ပြောဆိုမှုများ ပြုလုပ်ခဲ့သည်။

KIA အဖွဲ့သည် အနေဖြင့် ၁၉၉၄ခုနှစ်က အစိုးရနှင့် တရားဝင် အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခဲ့သော်လည်း အစိုးရ တပ်များက ကတိ ဖောက်ဖျက်ကာ KIA တပ်သားများကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများ အများအပြား ရှိခဲ့ကြောင်း၊ ထို့ကြောင့် နောင်တွင် ထိုသို့မဖြစ် ရန်အတွက် တရားဝင် အပစ်အခတ် ရပ်စဲရေးကို တောင်းဆိုရခြင်း ဖြစ်ကြောင်း ဦးလနန်က ဆက်လက်ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့ တရုတ်-မြန်မာနယ်စပ် မိုးမောက်ဒေသရှိ တာပိန်ရေကာတာ အနီး ဘွန်ဆွမ် တောင်ကုန်းတွင် တပ်စွဲ ထားသည့် KIA တပ်များကို အစိုးရတပ်က ဖယ်ရှားရန် ကြိုးစားရာမှ အစိုးရတပ်နှင့် KIAတပ်များ တိုက်ပွဲ စတင်ဖြစ်ပွားခဲ့သည်။

အစိုးရ တပ် အနေဖြင့် နိုင်ငံ၏ အရေးကြီးသည့် လျှပ်စစ်စီမံကိန်းအား ကာကွယ်စောင့်ရှောက် လိုသည့် ရည်ရွယ်ချက် ဖြစ်ပြီး ဖိနှိပ် တိုက်ခိုက်လိုသည့် ရည်ရွယ်ချက် မရှိကြောင်း ပြီးခဲ့သည့် ဇွန်လ ၁၈ ရက်နေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

ယနေ့တွင် တိုက်ပွဲကြီးများ ဖြစ်ပွားခြင်း မရှိတော့ဘဲ ပူတာအိုဒေသတွင်သာ တိုက်ပွဲငယ် ဖြစ်ပွားသည်ဟု ဦးလနန်က ပြောသည်။

ယင်းတိုက်ပွဲများကြောင့် ကချင်ဒေသခံ ပြည်သူ တသောင်းကျော် အိုးအိမ်စွန့်ခွာ၍ တရုတ်နိုင်ငံဘက် အပါအ၀င် တခြား ဒေသများသို့ တိမ်းရှောင် ထွက်ပြေးခဲ့ရသည်။

တရုတ်ပြည်ဘက်သို့ ထွက်ပြေးသည့် ဒုက္ခသည်များအနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှု မရှိခြင်း၊ နေထိုင်မှု ခက်ခဲခြင်းများ၊ စား နပ်ရိက္ခာ အခက်အခဲများ၊ ဒေသဆိုင်ရာ တရုတ် အာဏာပိုင်များ၏ ခြိမ်းခြောက် မှုများကြောင့် မြန်မာ နိုင်ငံဘက် မိုင်ဂျာယန် ဒေသ သို့ ပြန်လည် ၀င်ရောက်မှုများ ရှိနေကြောင်း တရုတ်-မြန်မာနယ်စပ်ရှိ ဒုက္ခသည်များကို ကူညီနေသည့် ကချင်အမျိုးသမီး မိုင်းဂျာ က ပြောသည်။

Ref: ဧရာဝတီ်

Read More...

SSA ဌာနချုပ်အနီး ရှေ့တန်းစခန်းတခု လက်လွှတ်ရ

ဦးမိုးဇော်
ကြာသပတေး, 23 ဇွန် 2011

ဒီရက်ပိုင်းအတွင်း မြန်မာအစိုးရ စစ်တပ်က ရှမ်းပြည်နယ် အလယ်ပိုင်း ကျေးသီးမြို့နယ် အတွင်းမှာ ရှမ်းပြည် တပ်မတော် (SSA) မြောက်ပိုင်းရဲ့ တပ်စခန်းတခုကို ထိုးစစ်ဆင် တိုက်ခိုက်ပြီး သိမ်းယူ လိုက်ပါတယ်။ ဒီစခန်းဟာ ရှမ်းပြည် တပ်မတော် (SSA) မြောက်ပိုင်းရဲ့ လက်ရှိဌာနချုပ် ၀မ်ဟိုင်းနဲ့ သီပေါမြို့နယ် အတွင်းက စိန်ကျော့ ဌာနချုပ်ဟောင်းတို့အကြား ဆက်သွယ်ရာ လမ်းမှာ အရေးပါတဲ့ စခန်းတခုလည်း ဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

ရှမ်းပြည်တပ်မတော် (SSA) မြောက်ပိုင်းရဲ့ တပ်စခန်းကို မြန်မာအစိုးရတပ်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ် ထိုးစစ်ဆင် တိုက်ခိုက်ပြီး ပြီးခဲ့တဲ့ အင်္ဂါနေ့က သိမ်းယူလိုက်တာ ဖြစ်ပါတယ်။ ကျေးသီး မြို့နယ်အတွင်း ဖြစ်ခဲ့တဲ့ တိုက်ပွဲ အခြေအနေကို ရှမ်းသံတော်ဆင့် သတင်းဌာနက အယ်ဒီတာ ဦးစိန်ကြည်က အခုလို ပြောပါတယ်။

“တာဖာဆောင်ဆိုတဲ့ ရွာနားမှာ နမ့်ဟဲန်ချောင်းပေါ့၊ အဲဒီချောင်းကို ဖြတ်ထားတဲ့ တံတားပေါ့။ အဲဒီ တံတားမှာလည်း ကူးတို့ဆိပ် ရှိတယ်။ အဲဒီမှာ SSPP/SSA ရှမ်းတပ်က တပ်ချထားတယ်။ အဲဒီမှာ ခလရ ၂၂ ပေါ့၊ သူတို့က အရင် သွားတိုက်တယ်။ သွားတိုက်တော့ သူက အင်အား မလောက်လို့ ထင်တယ်၊ သူက ၆၀-၇၀ လောက်ပဲ ရှိတယ်။ အဲဒါ သူက မိုင်းရယ်ဘက်က စစ်ကူတောင်းတယ်၊ ခလရ ၆၇ က ကူတိုက်တယ်။ ရှမ်းတပ်ဘက်ကလည်း ၄၀-၅၀ လောက်ပဲ ရှိတာ၊ အများဆုံး။ သူတို့က ကြိုးကြား ကြိုးကြား ပစ်လိုက် ရပ်လိုက် ဖြစ်တာပေါ့။ တမြန်နေ့ ၂၁ ရက်နေ့ပေါ့နော်၊ တနေ့လုံး၊ ည ၁၀ နာရီခွဲကျမှ ရှမ်းတပ်က ဆုတ်ပေးတာ၊ လက်နက်ကြီးနဲ့ တအား ထုတာကိုး။”

ဒီနေ့ နေ့ခင်း ၂ နာရီလောက်မှာတော့ အစိုးရ စစ်တပ်တွေက ချောင်းကူးတံတားကို မီးရှို့ ဖျက်ဆီး လိုက်တယ်လို့ ပြောပါတယ်။ ဒီတိုက်ပွဲမှာ အစိုးရ တပ်ဘက်က ၂ ယောက် ကျဆုံးပြီး SSA မြောက်ပိုင်းဘက်က တယာက် ကျဆုံးတယ်လို့ ဦးစိန်ကြည်က ပြောပါတယ်။ အစိုးရ တပ်ဘက်က အကျအဆုံးကိုတော့ သီးခြား အတည်ပြုချက် မရသေးပါဘူး။

ဒီစခန်းကို သိမ်းယူနိုင်တာဟာ လက်ရှိ SSA မြောက်ပိုင်း ဌာနချုပ် ၀မ်ဟိုင်းနဲ့ သီပေါမြို့နယ် အတွင်းက အရင် ဌာနချုပ်ဟောင်း စိန်ကျော့ အကြားက ဆက်သွယ်ရေး လမ်းကြောင်းကို ထိန်းချုပ် နိုင်လိုက်တာ ဖြစ်တယ်လို့ ဦးစိန်ကြည်က ပြောပါတယ်။

“၀မ်ဟိုင်း ဌာနချုပ်ကနေ အရင် SSA အပစ်ရပ် မြောက်ပိုင်း ဌာနချုပ် စိန်ကျော့နဲ့ ကူးလူးဆက်ဆံ သွားလာတဲ့ လမ်းကြောင်းပေါ့။ အဲဒီမှာ တစိတ်တပိုင်း သူတို့ ပိတ်ဆို့ ထားနိုင်တာပေါ့။”

ရှမ်းပြည်နယ် တောင်ပိုင်းက ဒေသခံတွေရဲ့ အပြောအရဆိုရင် ဒီရက်ပိုင်းတွေ အတွင်းမှာပဲ SSA မြောက်ပိုင်းရဲ့ ဌာနချုပ် တည်ရှိရာ ၀မ်ဟိုင်း ဒေသဘက်ကို မြန်မာ အစိုးရဘက်က စစ်တပ်တွေ အများအပြား စေလွှတ် နေတယ်လို့လည်း ပြောပါတယ်။ ရှမ်းသံတော်ဆင့် သတင်းမှာတော့ အစိုးရတပ်တွေက ၀မ်ဟိုင်း ဌာနချုပ်ကို သိမ်းပိုက်ဖို့ ပြင်ဆင်နေတာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ဒီလအတွင်း SSA မြောက်ပိုင်းက သူတို့ရဲ့ အခြေစိုက်စခန်း ၃ ခုကို လက်လွှတ်လိုက်ရပြီ ဖြစ်ပါတယ်။ ဒီလ ၄ ရက်နေ့ ကလည်း တန့်ယန်းနဲ့ မိုင်းရှူး အကြားက ၇ မိုင်စခန်းနဲ့ ဒီလ ၁၃ ရက်နေ့က သီပေါမြို့နယ် စိန်ကျော့ ဌာနချုပ်ဟောင်း အနီးက စခန်းတခုကို လက်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။

ဗိုလ်ချုပ် ပန်ဖ ဦးဆောင်တဲ့ အရင် အပစ်ရပ် SSA မြောက်ပိုင်း တပ်မဟာ ၁ အဖွဲ့ဟာ ပြည်သူ့စစ် အသွင် ပြောင်းဖို့ ငြင်းပယ် ပြီးတဲ့နောက် ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP) နဲ့ SSA ဆိုတဲ့ အမည်နဲ့ ပြောင်းလဲ ရပ်တည် ခဲ့ပါတယ်။

ဒီနှစ် မတ်လအတွင်းမှာတော့ မြန်မာအစိုးရနဲ့ SSA မြောက်ပိုင်း တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ပြန်လည် စတင်ခဲ့ပြီး မေလ အတွင်းမှာတော့ ဒု-ဗိုလ်ချုပ်ကြီး ယွတ်ဆစ် ခေါင်းဆောင်တဲ့ SSA တောင်ပိုင်း တပ်ဖွဲ့ တွေနဲ့ ပူးပေါင်း လိုက်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။


Ref: VOA News

Read More...

Thursday, June 23, 2011

မြန်မာလူ့အခွင့်အရေး စုံစမ်းမှု အမေရိကန် ထောက်ခံဖို့ ဒေါ်စု တိုက်တွန်း

ဦးအောင်လွင်ဦး
ဗုဒ္ဓဟူး, 22 ဇွန် 2011

မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို စုံစမ်းစစ်ဆေးနိုင်မယ့် ကော်မရှင် တရပ် ကုလသမဂ္ဂက ဖွဲ့စည်းပြီး တာဝန် ပေးအပ်နိုင်ရေး အတွက် အမေရိကန် ပြည်ထောင်စုက အားပေး ထောက်ခံဖို့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က တိုက်တွန်း လိုက်ပါတယ်။ မြန်မာနိုင်ငံက အခြေအနေတွေကို သိရဖို့ ရည်ရွယ်ကျင်းပတဲ့ ၀ါရှင်တန် မြို့တော်က အမေရိကန် အောက်လွှတ်တော် အတွင်း ပြုလုပ်တဲ့ ကြားနာပွဲတရပ်မှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို တိုက်တွန်း လိုက်တာပါ။ အပြည့်အစုံကို အောက်လွှတ်တော်ကို ကိုယ်တိုင် သွားရောက် သတင်းယူခဲ့တဲ့ ကိုအောင်လွင်ဦးက တင်ပြ ပေးထားပါတယ်။

လျှို့ဝှက်ချက် မျက်နှာဖုံးကို ထိုးဖောက်ခြင်းဆိုတဲ့ ခေါင်းစဉ်နဲ့ အမေရိကန် အောက်လွှတ်တော်မှာ ဗုဒ္ဓဟူးနေ့က ကြားနာပွဲ တရပ် ကျင်းပရာမှာ သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) အစိုးရ အနေနဲ့ မြန်မာ့ ဒီမိုကရေစီရေး ကြိုးပမ်းမှုတွေကို အားပေးဖို့၊ လူ့အခွင့်အရေး အခြေအနေတွေကို တိတိကျကျ သိရအောင် လုပ်နိုင်မယ့် လုပ်ရပ်တွေကို အားပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ပကတိ အခြေအနေမှန်ကို သိရဖို့ဆိုရင် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ နောက်ဆုံး ဆုံးဖြတ်ချက် ချမှတ်ထားတာကို ကြည့်မယ် ဆိုရင်ပဲ သိနိုင်တဲ့ အကြောင်းကိုလည်း အမေရိကန် အောက်လွှတ်တော် ကြားနာပွဲကိုက ပေးပို့တဲ့ ဗွီဒီယို ထွက်ဆိုချက်မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားတာပါ။

“ဒီဆုံးဖြတ်ချက်အပေါ် အင်မတန့် အင်မတန် အလေးအနက်ထား စဉ်းစားမယ်၊ မြန်မာနိုင်ငံက လက်ရှိ အခြေအနေ တွေကို ကြည့်မယ်ဆိုရင် ဒီမိုကရေစီ ရရှိဖို့ ဘယ်လောက်တောင် အလှမ်းဝေးနေ သေးသလဲ၊ ဒီလမ်းစကို ရောက်တောင် ရောက်သေးရဲ့လား ဆိုတာ ကောင်းကောင်း နားလည်နိုင်ပါလိမ့်မယ်။

“ဒီဆုံးဖြတ်ချက်ထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ ကိစ္စ၊ လွတ်လပ်တဲ့ အသင်းအဖွဲ့တွေ ဖွဲ့စည်းရေး၊ သတင်း အချက်အလက်တွေ ရရှိရေး၊ လွတ်လပ်တဲ့ တရားစီရင်ရေး စနစ်နဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် ပါမောက္ခ ကင်တားနား (Tomas Ojea Quintana) အနေနဲ့ သူလိုအပ်တဲ့ အချိန်မှာ တိုင်းပြည်ကို လာရောက်ခွင့် ရရေးတို့လို အင်မတန်မှ အရေးကြီးတဲ့ ကိစ္စတွေ ပါဝင်ပါတယ်။ ဒီလိုပဲ အားလုံး ပါဝင်ခွင့်ရှိတဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တရပ် ရှိဖို့ ဆိုတာတွေလည်း ပါဝင်ပါတယ်။”

ကုလသမဂ္ဂက ကော်မရှင်တရပ် ဖွဲ့စည်းပြီး မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ၊ စစ်ရာဇ၀တ်မှု ဒါမှ မဟုတ်ရင်လည်း လူသား မျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှု မြောက်မမြောက် စုံစမ်းစစ်ဆေးဖို့ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် တိုမာ့စ် အိုဟေး ကင်တားနား အကြံပြုထားတာကို အားပေး ထောက်ခံသွားဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း သွားပါတယ်။

ဒါပေမဲ့လည်း မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလထဲ ရွေးကောက်ပွဲတွေ ကျင်းပအပြီး အစိုးရသစ် တက်လာတဲ့ နောက် အခြေအနေတွေ တိုးတက် လာလေမလား မျှော်လင့်သူတွေ၊ ထူးခြားမှာ မဟုတ်ပါဘူးလို့ ပြောကြသူတွေလို အမြင်တွေ ကွဲပြား နေတာမို့ အမေရိကန် ဥပဒေပြု အမတ်တွေက အခြေအနေတွေကို ရှင်းရှင်းလင်းလင်း သိလိုနေကြတာပါ။

အထူးသဖြင့် မြန်မာအစိုးရအပေါ် ပြစ်ဒဏ်ခတ် အရေးယူထားတဲ့ အမေရိကန်အစိုးရ အနေနဲ့ ထိတွေ့ဆက်ဆံရေး မူဝါဒ တွေကိုပါ ကျင့်သုံး လာနေချိန် ဖြစ်တာမို့ အခြေအနေတွေကို ထဲထဲဝင်ဝင် သိဖို့ လိုအပ်တာမို့ အခုလို ကျင်းပရတာလို့လည်း ကြားနာပွဲ သဘာပတိ ဖြစ်တဲ့ ရီပတ်ဘလစ်ကန် ပါတီ အီလီနွိုက်စ်ပြည်နယ် အောက်လွှတ်တော် အမတ် ဒိုနယ်လ်ဒ် မန်ဇူလို (Donald Manzullo) က ပြောပါတယ်။

“မြန်မာနိုင်ငံက လျှို့ဝှက်ချက် မျက်နှာဖုံးရဲ့ နောက်ကွယ်မှာ အပြောင်းအလဲတွေ ရှိတယ်ဆိုရင်လည်း ဘာတွေလဲ ဆိုတာကို ပြည့်ပြည့်၀၀ သိနိုင်အောင် လေ့လာစူးစမ်းဖို့ ဒီကနေ့ ကြားနာပွဲကို ကျင်းပတာပါ။ ရွေးကောက်ပွဲ ကျင်းပချိန်က စပြီး ဒီရွေးကောက်ပွဲဟာ ဘယ်လောက်ပဲ မသမာမှုတွေ ရှိရှိ တိုင်းပြည်တွင်းက နိုင်ငံရေး အခြေအနေတွေ အတွက် အရေးပါတဲ့ အပြောင်းအလဲ တခု ဖြစ်တယ်လို့ မြန်မာ့အရေး ကျွမ်းကျင်သူတွေကြား အချေအတင် ဖြစ်စရာ ကွဲလွဲတဲ့ အမြင်တွေ ရှိကြတာ ကိုလည်း ကျနော်တို့ မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ရပါတယ်။

“ဒီအငြင်းအခုန်တွေနဲ့အတူ ထူးထူးခြားခြား ဘာမှ ချက်ချင်း ဖြစ်မလာဘူး ဆိုရင်တောင်မှ အနာဂတ် အတွက် အပြောင်းအလဲ တွေကို ဦးတည်ကောင်း ဦးတည်စေမလား ဆိုတာ ငြင်းခုန် ကြတာတွေလည်း ရှိပါတယ်။”

ကြားနာပွဲအတွင်း ထွက်ဆိုသွားသူတွေကတော့ မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြဿနာတွေ မပြေလည်နိုင်သေးဘဲ ဖြစ်နေရတာ၊ နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ကျော် ဖမ်းဆီး ထိန်းသိမ်း ခံနေရတာလို လူ့အခွင့်အရေး အခြေအနေတွေ နိမ့်ကျ နေတာတွေကို ထောက်ပြပြီး အစိုးရသစ် တက်လာပေမဲ့ ထူးခြားတဲ့ အပြောင်းအလဲတွေ မရှိသေးဘူးလို့ ပြောဆိုခဲ့ကြတာပါ။

အမေရိကန်အစိုးရ အနေနဲ့လည်း နိုင်ငံရေး အပြောင်းအလဲတွေ ဖြစ်ပေါ်လာဖို့ လိုအပ်သလောက် ဖိအားပေးမှုတွေ မရှိဘူး လို့လည်း ကြားနာပွဲမှာ ထွက်ဆိုခဲ့သူ တဦးဖြစ်တဲ့ ၀ါရှင်တန် အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ US Campaign for Burma ရဲ့ အမှုဆောင် အရာရှိ ဦးအောင်ဒင်က ပြောပါတယ်။

“အခုဟာက Engagement ဆိုတာ တိုက်ရိုက်ဆက်ဆံရေး မူဝါဒအောက်မှာ အမေရိကန် အစိုးရ အနေနဲ့ မြန်မာ စစ်အစိုးရ အပေါ်မှာ လိုက်လျောမှုတွေက ပိုများတာ တွေ့တယ်။ တဘက်မှာ ကျတော့ ရှိထားတဲ့ စီးပွားရေး ပိတ်ဆို့မှု ကိုလည်း ပိုပြီးတော့ စနစ်တကျ ပြင်းအား ကောင်းအောင် မလုပ်ဘဲနဲ့ နောက်တခါ ထပ်မံ တိုးချဲ့ဖို့ကျတော့လည်း ငြင်းဆန်နေတဲ့ အတိုင်း အတာမှာ ရှိတယ်။

“ထပ်မံ တိုးချဲ့ဖို့ဆိုတာ အထူးသဖြင့် ကျနော်တို့ တောင်းဆိုထားတဲ့ ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းရေး ကိစ္စမှာ အမေရိကန် အစိုးရ အနေနဲ့ တက်တက်ကြွကြွ လှုပ်ရှားတာကို မတွေ့ရဘူး။ အဲဒီလိုပဲ လက်ရှိ ချမှတ်ထားတဲ့ Targeted Sanction ခေါ်တဲ့ မြန်မာ စစ်အုပ်စုနဲ့ သူတို့ရဲ့ အပေါင်းအပါ စီးပွားရေး သမားတွေကို ပိတ်ဆို့ ဟန့်တားတဲ့ စီးပွားရေး ပိတ်ဆို့မှုကိုလည်း တကယ်ကျတော့ ထိထိ ရောက်ရောက် လုပ်တာ မတွေ့ရဘူး။ ဒါကြောင့် ကျနော်တို့က သိပ်မကျေနပ်ဘူးပေါ့။

“တဘက်မှာ Engage လုပ်တာတော့ အပြစ်မတင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ Engage လုပ်တဲ့ အချိန်ထဲမှာ ဒီဘက်မှာ နအဖ စစ်အုပ်စုက ကျတော့ လူတွေကို ဆက်ပြီး ဖမ်းနေတယ်၊ လူတွေကို ဆက်ပြီး သတ်နေတယ်၊ လူတွေကို ဆက်ပြီး နှိပ်စက် ညှဉ်းပန်းနေတယ်။ အဲဒီကာလမှာ လက်ရှိအထိ ရှိထားတဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကို ပိုပြီး ခိုင်မာ အားကောင်းအောင် လုပ်ဖို့ အမေရိကန် အစိုးရမှာ တာဝန်ရှိပါတယ်။”

ကြားနာပွဲ သဘာပတိဖြစ်သူ အောက်လွှတ်တော်အမတ် ဒိုနယ်လ်ဒ် မန်ဇူလိုကတော့ အခုနောက်ဆုံး မြန်မာနိုင်ငံ မြောက်ပိုင်းက ကချင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ၁၇ နှစ်ကြာ အပစ်အခတ် ရပ်စဲရေး ရယူထားတာတွေ ပျက်ပြားပြီး တိုက်ပွဲတွေ တကျော့ပြန် ဖြစ်ပွား နေတာတွေဟာ တိုင်းပြည်မှာ အပြောင်းအလဲတွေ မရှိသေးဘူး ဆိုတာကို ညွှန်ပြ နေတယ်လို့လည်း ပြောဆိုခဲ့တာပါ။ မြန်မာ အစိုးရ အနေနဲ့ သမ္မတ အိုဘားမား အစိုးရရဲ့ ချဉ်းကပ်မှု အသစ်တွေကို အခွင့်အလမ်းကောင်း တခုအဖြစ် လက်မလွှတ်ဖို့နဲ့ အမေရိကန် ပြည်ထောင်စုနဲ့ ဆက်ဆံရေးတွေ တိုးတက်စေဖို့ သိသာမြင်သာတဲ့ အပြောင်းအလဲတွေ လုပ်ဖို့ လိုမယ်လို့လည်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

Ref: VOA News

Read More...

ဘန်ကီမွန်း ဒုတိယသက်တမ်း မြန်မာ့အရေး ပိုမိုကြိုးပမ်းဖို့လို

ဦးသားညွန့်ဦး
ဗုဒ္ဓဟူး, 22 ဇွန် 2011

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း (Ban Ki-moon) ကို အတွင်းရေးမှူးချုပ် ဒုတိယ သက်တမ်း ဆက်ပြီး တာဝန်ယူဖို့ ကုလသမဂ္ဂ အထွေထွေ ညီလာခံက မနေ့က ဆုံးဖြတ်ချက် ချခဲ့ပါတယ်။ အခုလို ဒုတိယ သက်တမ်း ဆက်တာဝန်ယူဖို့ ခန့်အပ် ခံရတဲ့ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းဟာ မြန်မာ့ ဒီမိုကရေစီရေး အတွက် ကိုယ်စွမ်း ရှိသလောက် ကူညီ ဆောင်ရွက်ပေမဲ့ လုပ်ပိုင်ခွင့် အားနည်းမှုကြောင့် ထိထိရောက်ရောက် မရှိခဲ့ဘူးလို့ မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေက မြင်ပါတယ်။ ဒါပေမဲ့လည်း လာမယ့် သက်တမ်း အတွင်းမှာ သူဟာ မြန်မာ့ အရေးကို ထဲထဲဝင်ဝင် ဆောင်ရွက် သွားလိမ့်မယ်လို့ မျှော်လင့် ထားကြပါတယ်။ ဒီအမြင်တွေ ကိုတော့ ကိုသားညွန့်ဦးက စုစည်း တင်ပြထားပါတယ်။

မစ္စတာ ဘန်ကီမွန်းဟာ ပြီးခဲ့တဲ့သက်တမ်း အတွင်းမှာတော့ ကမ္ဘာ့ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှု၊ လက်နက် ပြိုင်ဆိုင် တပ်ဆင်မှု လျှော့ချရေး၊ ကျားမ တန်းတူရေး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး ကိစ္စတွေကို ဦးစားပေးအဖြစ် ဆောင်ရွက်ခဲ့ပေမဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ မပြတ်မသား ပြောဆိုသူအဖြစ် ဝေဖန်တာတွေ ခံခဲ့ရပါတယ်။ မြန်မာနိုင်ငံအရေး ကိုင်တွယ် ရာမှာလည်း အလားတူပါ၊ ပျော့ညံ့ လွန်းတယ်ဆိုပြီး တက်ကြွလှုပ်ရှားသူ အချို့က ဝေဖန်တာတွေ ရှိခဲ့ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရသူ ဦးဉာဏ်ဝင်းကတော့ ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ်ရဲ့ လုပ်ပိုင်ခွင့် အကန့် အသတ်တွေ ဖြစ်နေတာကြောင့် မြန်မာ့အရေး ဆောင်ရွက်မှုမှာ မအောင်မမြင် ဖြစ်ခဲ့ရတာလို့ မြင်ပါတယ်။

“မစ္စတာ ဘန်ကီမွန်းကြောင့် မဟုတ်ဘူး။ သူ့အနေနဲ့တော့ ဆောင်ရွက်သင့်တာ၊ ကြိုးစားသင့်တာတွေကို အစွမ်းကုန် ကြိုးစား တယ်လို့ ကျနော်တော့ အဲဒီလိုပဲ သဘော ပေါက်ပါတယ်။ သူလုပ်တာတွေကိုတော့ ကျနော်တို့ ကြိုဆို လက်ခံ နိုင်ပါတယ်။”

ရခိုင်တိုင်းရင်းသား ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးအေးသာအောင်ကတော့ မစ္စတာဘန် အနေနဲ့ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက် တိုက်တွန်း ချက်တွေကို မြန်မာ အာဏာပိုင်တွေ ဘက်က လိုက်နာလာအောင် တွန်းတွန်းတိုက်တိုက် ဆောင်ရွက်ဖို့ လိုအပ် နေတယ်လို့ ဝေဖန်ပါတယ်။

“ဘန်ကီမွန်းရဲ့ ကိုယ်စားလှယ်တွေ အခေါက်ခေါက် အခါခါ လာပြီးတော့ အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် လည်းကောင်း၊ အခြားသော ကိစ္စတွေ အတွက်သော် လည်းကောင်း ကြိုးပမ်း ဆောင်ရွက်ခဲ့တာတော့ ရှိပါတယ်။ ဒါပေမဲ့ ထိထိ ရောက်ရောက် ပြောနိုင်လောက်အောင် အောင်မြင်တာကတော့ ကျနော်တို့ အနေနဲ့ မတွေ့ရပါဘူး။ အထွေထွေ ညီလာခံက နေပြီးတော့ ဆုံးဖြတ်ချက်တွေ၊ တိုက်တွန်းချက်တွေ စသည်အားဖြင့် လုပ်နေရုံနဲ့တော့ မဖြစ်ဘူးပေါ့။ ဒီထက် တပ်မတော် အစိုးရကို တွန်းတွန်း တိုက်တိုက် ဆောင်ရွက်ဖို့ လိုတာတွေကတော့ အမှန်ပါပဲ။”

ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးသုဝေကတော့ မစ္စတာ ဘန်ကီမွန်းဟာ မပြတ်မသားလုပ်တယ် ဆိုတာထက် ပျော့ပျော့ ပြောင်းပြောင်း ကိုင်တွယ်သူ ဆိုရင် ပိုမှန်မယ်လို့ သူ့အမြင်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း ကိစ္စမှာ သူကိုယ်တိုင် မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး နိုင်ငံတကာနဲ့ မြန်မာ အာဏာပိုင်တွေအကြား ကြားဝင် ညှိပေးခဲ့လို့ အောင်မြင်မှု ရခဲ့တယ်လို့ သူက ထောက်ပြပါတယ်။

“မြန်မာနိုင်ငံ အစိုးရက တကယ့်တကယ်ဆိုရင် ဒီလို ဒုက္ခရောက်တဲ့ လူတွေရဲ့ အကူအညီ ဆိုတာကတော့ နိုင်ငံတိုင်းမှာ ၀မ်းပန်းတသာ လက်ခံရမှာကို သူတို့က ဒီဘက်က မကြည့်ဘဲနဲ့ သူတို့ လုံခြုံရေး အရ ကြည့်တယ်၊ သူတို့ ကိုယ်ကျိုး အရ ကြည့်တယ် ဆိုတော့ လက်မခံဘဲ နေတာပေါ့။ အခုတော့ ကုလသမဂ္ဂ အတွင်းရေးမှူး အနေနဲ့ ၀င်ပါပြီး ကူညီပေးတဲ့ အခါကြတော့ ပိုကောင်း သွားတာပေါ့ဗျာ။”

မနေ့က ကုလသမဂ္ဂမှာ အတွင်းရေးမှူးချုပ် သက်တမ်း နောက်တကြိမ် လက်ခံတဲ့ ပွဲမှာတော့ မစ္စတာ ဘန်ကီမွန်းက ကုလသမဂ္ဂရဲ့ ဦးဆောင်မှုကဏ္ဍ အရေး ပါလာတာကို အလေးပေး ထောက်ပြပြီး ဒီကနေ့ ကာလမှာ တနိုင်ငံချင်း ပြဿနာတွေကို တနိုင်ငံချင်းကပဲ ဖြေရှင်းကိုင်တွယ်ဖို့ မဖြစ်နိုင်တော့ဘူး ဆိုတာကို ပြောသွားပါတယ်။

“ဒါဟာ လက်ရှိ ကမ္ဘာကြီးရဲ့ ပကတိ အခြေအနေပါ။ ဒါကို ကျနော်တို့ ရုန်းကန် ဦးဆောင် သွားရပါလိမ့်မယ်။ ကုလသမဂ္ဂရဲ့ အခန်းက ဦးဆောင်ဖို့ ဖြစ်ပါတယ်။ ဒီ ကြီးမားတဲ့ တာဝန်ကို အားလုံး မျှဝေ ဆောင်ရွက်ရပါလိမ့်မယ်။ ဒါကြောင့်လည်း ကုလသမဂ္ဂ အရေးဟာ အရင်ကနဲ့မတူ ကွဲပြားပြီး ပိုမို နက်ရှိုင်းလာပါတယ်။ ကုလသမဂ္ဂက ဦးဆောင် သွားနိုင်ဖို့ဆိုရင် ရလဒ်ကောင်းတွေ ထုတ်ပေး နိုင်ရပါမယ်။” လို့ မစ္စတာ ဘန်ကီမွန်းက ပြောသွားပါတယ်။

အာရှ နိုင်ငံသားလည်းဖြစ်၊ မြန်မာနိုင်ငံ ကိစ္စမှာလည်း သဘောပေါက် နားလည်သူတဦး ဖြစ်လာတာကြောင့် မစ္စတာ ဘန်ကီမွန်း အခုလို အတွင်းရေးမှူးချုပ် အနေနဲ့ ထပ်အရွေးခံရတဲ့ အပေါ်မှာ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှား သူတွေကတော့ ကြိုဆိုကြပါတယ်။

“ကျနော်တို့ ကုလသမဂ္ဂဆိုတာ မစ္စတာ ဘန်ကီမွန်းက လုပ်နိုင်တာတွေ အကုန်လုပ်လို့ မရပါဘူး။ လုပ်ခွင့် ရှိတာတွေပဲ လုပ်ရပါတယ်။ လုံခြုံရေး ကောင်စီက နောက်ဆုံး အဆုံးအဖြတ် ဖြစ်ပါတယ်။ အဲတော့ မစ္စတာ ဘန်ကီမွန်း အနေနဲ့တော့ ရှေ့ဆက်ပြီး မြန်မာနိုင်ငံ အရေးနဲ့ ပတ်သက်ပြီးတော့ သဘောထား မှန်မှန်နဲ့ ဆက်လက် ဆောင်ရွက် သွားဖို့ကိုပဲ ကျနော်တို့ မျှော်လင့်ထားပါတယ်။”

“ဟိုတုန်းက အခြေအနေနဲ့ မတူတော့ဘူး၊ အခြေအနေတွေက ပြောင်းလာတယ်ဆိုတော့ ကုလသမဂ္ဂက အများကြီး လုပ်နိုင် ပါလိမ့်မယ်။ လုပ်နိုင် ပါစေလို့လည်း ကျနော်ကတော့ ဆုတောင်း တာပေါ့ဗျာ။ သူ သက်တမ်း တိုးတာကို ကျနော်ကတော့ ၀မ်းသာပါတယ်။”

မစ္စတာ ဘန်ကီမွန်းဟာ သူ့ ပထမသက်တမ်းအတွင်း မြန်မာနိုင်ငံကို နှစ်ကြိမ် လာရောက်ခဲ့ဖူးပါတယ်။ မြန်မာ စစ်ခေါင်းဆောင် တွေနဲ့ တွေ့ဆုံခဲ့ပေမဲ့ နေအိမ် အကျယ်ချုပ် ကျနေတဲ့ မြန်မာ့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့တော့ တွေ့ခွင့် မသာခဲ့ပါဘူး။ အခု ဒုတိယ အကြိမ် သက်တမ်းကိုတော့ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့ကစပြီး ၂၀၁၆ ဒီဇင်ဘာ ၃၁ ရက်အထိ တာဝန်ယူရမှာ ဖြစ်ပါတယ်။

Ref: VOA News

Read More...

ပဲခူးမြစ်ရေလျှံ ရွာ ၂၀ ကျော် ရေကြီး

ကျော်ခ
ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၂၂ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ ပဲခူးမြစ် ရေလျှံတက်မှုကြောင့် ပဲခူးတိုင်း ကဝမြို့နယ်ရှိ ရွာပေါင်း ၂၀ ကျော်တွင် ရေကြီးမှု ဖြစ်ပွားလျက် ရှိသည်။

ဇွန် ၁၈ ရက်နေ့မှစ၍ မိုးဆက်တိုက် ရွာသွန်းသဖြင့် နှစ်စဉ်လိုလို ကြုံတွေ့နေရသည့် ရေကြီးမှုသည် ကဝမြို့နယ် တွင်းမှ နိဗ္ဗာန်၊ ပိုင်ကျုံ၊ တောင်ကြီး၊ နဘဲပင်၊ မိုးခိုင်၊ ကျားတက်၊ ကမာကလဲတို့ အပါအဝင် ကျေးရွာပေါင်း ၂၀ ကျော်တွင် ပျိုးစပါးခင်းများ ရေမြုတ် ကုန်တော့သည်။

ဗုဒ္ဓဟူးနေ့တွင်လည်း မိုးရွာသွန်းနေပြန်ရာ မြစ်ရေကျရန် စောင့်နေရသည့် လယ်သမားများအတွက် ကူးသန်း သွားလာရေးပင် ခက်ခဲလာသည်။ ရွာအချို့တွင် ရွာတွင်း သွားလာမှုကိုပင် လှေကို အသုံးပြုနေရသည်။

“နောက် ၃ ရက်လောက်ဆက်တိုက် ဖြစ်နေမယ်ဆိုရင်တော့ ပျိုးပင်တွေ ပုပ်ကုန်တော့မှာပေါ့။ အခုကတော့ လယ်ကန်သင်းတွေကို မြုတ်နေတာ။ ဘာမှ လုပ်လို့မရဘူး။ မိုးကလည်း ၄ ရက်ဆက်တိုက် ရွာနေတာ ခုထိ မနားသေးဘူး” ဟု လယ် ၁၂ ဧက ရေမြုတ် ခံနေရသည့် ကမာကလဲ ရွာမှ လယ်သမား တဦးက မဇ္ဈိမကို ပြောသည်။

ယခုနှစ် ပဲစိုက်ရာသီတွင် ပဲခူးတိုင်းအတွင်း ပဲသီစိမ်း စိုက်သူများအားလုံး ရာသီဥတုကြောင့် ပျက်စီး ဆုံးရှုံးခဲ့ရသလို ရရှိသည့် ပဲတီစိမ်း ဈေးကျမှုနှင့် ကြုံခဲ့ရသော တောင်သူများအတွက် ပျိုးစပါး ဆုံးရှုံးမည့် အခြေအနေ ဖြစ်သည်။

“ မျိုးထပ်ကျဲရရင်တော့ အကြွေး ထပ်တင်ဖို့ပဲ ရှိတယ်” ဟု လယ်သမားတဦးက ပြောသည်။

ပဲခူးမြစ် ရေကြီးမှုသည် ၂ဝဝဝ ခုနှစ်နောက်ပိုင်းတွင် သိသိသာသာ ပိုမိုတိုးလာခဲ့သည်။ မြစ်ရေကြမ်းပြင် မြင့်တက် နေသည့် မြစ်ထဲတွင် ပဲခူးမြစ် သည်လည်း အပါအဝင် ဖြစ်ပြီး ရေအနက် ၁၅ ပေခန့်သာရှိပြီး မြစ်အကျယ်မှာ ယခင်က ပေ ၃၀၀ ခန့် ရှိသော်လည်း ရန်ကုန်မြစ်ဝ အဝင်တွင် ပေ ၅ဝခန့်သာ ရှိတော့သည်ဟု သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များက ပြောထားသည်။

ပဲခူးရိုးမတောရှိ သစ်ပင်များကို အဆမတန် ခုတ်ယူ အသုံးပြုနေခြင်းကြောင့် မြစ်အောက်ဘက်ပိုင်းရှိ မြေပြန့် စိုက်ပျိုး ခင်းများတွင် ရေကြီးရေလျှံ ဖြစ်နေခြင်း ဖြစ်ကြောင်း သစ်တော သယံဇာတ ပတ်ဝန်းကျင် ဖွံ့ဖြိုး တိုးတက်ရေးနှင့် ထိန်းသိမ်းရေး အသင်း - FREDA မှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ဦးအုန်း က ပြောသည်။

“ဟိုးအရင်တုန်း ကတော့ ပဲခူးရိုးမ တောကြီးက ရှိနေတော့ ရေထိန်းထားတာကိုး အခုတော မရှိတော့ ရေက ဒလဟော ဆင်းတော့ ရေက ပဲခူးမြစ်တင် မကဘူး ကြာရင် ပဲခူးပါ ရေမြုတ်မှာ။ တောကိုထိန်းဘို့ရာ သစ်ပင်ရှိရမယ်။ ချုံပုတ်ရှိရမယ် အနည်းဆုံး မြက်ရှိရမယ်။ အဲဒါတွေထိန်းမှ ရေစီးက တန့်သွားတာကိုး။ အခုဟာ သဘာဝကို ဖျက်ဆီးတဲ့ အတွက် ဆိုးကျိုးတွေ ခံရတာပေါ့” ဟု ဦးအုန်း က မဇ္ဈိမကို ပြောသည်။

မြန်မာနိုင်ငံ သစ်တောရေးရာ ဦးစီးဌာန၏ ၂၀၁၀ ခုနှစ် ထုတ်ပြန်ချက် အရ ၁၉၇၅ မှ ၂ဝ၁ဝ ပြည့်နှစ် အထိ ၃၅ နှစ်တာ ကာလအတွင်း မြန်မာနိုင်ငံ၏ သစ်တော ဖုံးလွှမ်းမှုမှာ ၁၄ ရာခိုင်နှုန်း လျော့ကျသွားခဲ့ပြီး ၄၁ ရာခိုင်နှုန်းသာ ကျန်တော့သည်ဟု ပါရှိသည်။

သစ်ပင်ခုတ် ရောင်းခြင်း၊ ထင်းမီး လောင်စာအဖြစ် အသုံးပြုခြင်းများကြောင့် မြန်မာနိုင်ငံ အထက်ပိုင်း ရှမ်း၊ ကချင်၊ ချင်း အပါအဝင် အလယ်ပိုင်း ဒေသများဖြစ်သည့် မကွေး၊ စစ်ကိုင်း၊ မန္တလေးတိုင်းနှင့် မွန်၊ ရခိုင်၊ တနင်္သာရီ၊ ဧရာဝတီ စသည့် ဒီရေ တောပေါက်ရာ ပြည်နယ်နှင့် တိုင်းများ ဖြစ်သည်ဟု ဆိုသည်။

Ref: မဇ္ဈိမ

Read More...

ရထားလမ်း သံတံတား အဖျက်ခံရ

ဖနိဒါ
ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၂၂ ရက် ၂၀၁၁

ချင်းမိုင်(မဇ္စျိမ) ။ ။ ကချင်ပြည်နယ် မြစ်ကြီးနားမြို့-မန္တလေး မီးရထားလမ်းပေါ်ရှိ နမ္မတီးကျေးရွာအနီး ပိန်းချောင်း သံတံတားအား လက်နက်ကိုင် တစုက ဗုဒ္ဓဟူး နေ့နံနက်ပိုင်းတွင် ဗုံးခွဲဖျက်ဆီး လိုက်ကြောင်း ဒေသခံများက ပြောသည်။

မြစ်ကြီးနားမြို့မှ ၃၂ မိုင်အကွာရှိ အရှည် ၅ဝ နှင့် အကျယ် ၈ ပေခန့်ရှိ ပိန်းချောင်းတံတားကို နံနက် ၂ နာရီခွဲခန့်က မိုင်းဖြင့် ဖောက်ခွဲ ဖျက်ဆီး သွားခြင်း ဖြစ်သည်။

“ည ၂ နာရီခွဲလောက်မှာ ကျနော်တို့ နမ္မတီးနဲ့ မရမ်းကြားက ပိန်းချောင်းတံတားက ဖျက်ခံရတာ။ ပေ ၄ဝ ကျော်၊ ၅ဝ လောက် ရှိတယ် အကျယ်က ၇၊ ၈ ပေလောက် သံဘောင် ပြုတ်ကျသွားတယ်၊ အုတ်ခုံ ပြိုသွားတယ် အဲဒီလောက်ပါဘဲ လောလောဆယ် ဘယ်သူခွဲမှန်း မသိဘူး”ဟု နမ္မတီးမြို့နေသူ တဦးက မဇ္ဈိမသို့ တယ်လီဖုန်းမှ တဆင့် ပြောကြားသည်။

မြစ်ကြီးနားမြို့သို့ ရထားတိုက်ရိုက် သွားလာ၍ မရတော့ဘဲ တံတား တဘက်တချက်မှနေ၍ ရထားနှစ်စင်းမှ ခရီးသည် များကို လဲလှယ် ပေးကာ ပြေးဆွဲနေရသည်။ အရေးပေါ် တံတားပြင်ဆင်မှု လုပ်နေဆဲဖြစ်ပြီး သံလမ်း ပြင်ရေး အဖွဲ့ကို ကိုးကား၍ ဒေသခံ တဦးက ပြောကြားရာတွင် မနက်ဖြန် ရထားပြန်လည် ပြေးဆွဲနိုင်လိမ့်ဟု ဆိုသည်။

ကချင်လွတ်လပ်ရေး အဖွဲ့နှင့် အစိုးရတပ်များ တိုက်ပွဲဖြစ်ပွားနေချိန်တွင် အာဏာပိုင်များက ရထားလမ်း လုံခြုံရေး အတွက် ကင်းစောင့်ငှားရန် အနီးနားနေသူများ ထံမှ တအိမ်ထောင်လျှင် ကျပ် နှစ်ထောင်နှုန်း ငွေကောက်ခံ ထားပြီး ဖြစ်သည်။ ငွေ မပေးနိုင်သည့် အိမ်မှ သုံးရက် လူလွှတ်၍ ကင်းစောင့်ရမည် ဖြစ်သည်။

လက်ရှိ နမ္မတီးမြို့အတွင်း စာသင်ကျောင်း၊ တံတား၊ ရုံးအဆောက်အအုံများတွင် လုံခြုံရေးများ တိုးပွားလာနေသည်။ အလားတူ မြစ်ကြီးနားမြို့ အမှတ်(၁) ရဲစခန်းနှင့် လူဝင်မှုကြီးကြပ်ရေး- လဝက ရုံးရှေ့တွင်လည်း ယမန်နေ့ ည ၁ဝ နာရီဝန်းကျင်တွင် ဗုံး၂ လုံး ခွဲခဲ့သည်ဟု မြို့ခံများက ပြောသည်။ ရုံးပိတ်ချိန် အတွင်း တိုက်ခိုက်မှု ဖြစ်ခြင်းကြောင့် အသေအပျောက် မရှိဟု သိရသည်။

ရဲစခန်းကို တိုက်ခိုက်မှုမှာ မိမိတို့လက်ချက်ဖြစ်ကြောင်း ကေအိုင်အို ဗဟိုကော်မတီဝင် တွဲဖက်အတွင်းရေးမှူး ဦးလနန်က ပြောသည်။ အရပ်သားများကို ဦးတည် တိုက်ခိုက်ခြင်း မရှိဟုလည်း သူက ဆိုသည်။

ထို့ပြင် ဇွန် ၂ဝ ရက်နေ့က လူအသေအပျောက် မရှိသော တိုက်ခိုက်မှုတခု ကေအိုင်အိုက ပြုလုပ်ခဲ့သည်။ ဖားကန့်မြို့ မြို့မ ရပ်ကွက်ရှိ အစိုးရ ရဲစခန်းရှေ့နှင့် လုံးခင်းကျေးရွာမှ ရဲစခန်းတို့ကိုလည်း လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခြင်း ဖြစ်သည်။ ဇွန် ၁၉ ရက်နေ့ကလည်း မြစ်ကြီးနား-ဗန်းမော် ကားလမ်ပေါ်မှ နမ်ဆန်ယန် ကျေးရွာမှ စရဖ ရုံးကိုလည်း လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခဲ့သည်။

တိုက်ပွဲများ ဖြစ်လာပြီးနောက် ကချင်လူငယ်များက စစ်မှုထမ်းရန် ကေအိုင်အိုဌာနချုပ်ရှိရာ လိုင်ဇာဘက်သို့ သွားရောက် ပူးပေါင်း ကြသည်ဟု ကေအိုင်အိုနှင့် ဒေသခံများက ပြောသည်။

အစိုးရဘက်မှ ဇွန် ၁၈ ရက်နေ့ထုတ်ပြန်ချက်အရ လတ်တလော ကေအိုင်အိုက ဖျက်ခဲ့သော တံတား ၂၅ စင်းရှိသွားပြီဟု ဆိုသည်။

ထိုသို့ဖြစ်ပွားနေခိုက် KIO အဖွဲ့မှ ခွဲထွက်ခဲ့၍ ပြည်သူ့စစ် အသွင်ပြောင်းလဲလိုက်သော ဦးလဆန်အောင်ဝါကို နေအိမ် အကျယ်ချုပ် ထားသည့် သတင်းမှာလည်း မြစ်ကြီးနား မြို့ပေါ်တွင် ပြန့်နှံ့နေသည်။ သို့သော် မဇ္ဈိမအနေဖြင့် သီးခြား အတည်ပြုချက် မရသေးပါ။

တိုက်ပွဲဖြစ်ပွားမှု ၁၄ ရက်မြောက်ဖြစ်သော ယနေ့တွင် စစ်ဘေးလွတ်ရန် မြစ်ကြီးနားမြို့ ဇီးလွန်နှစ်ခြင်း ဘုရားရှိခိုး ကျောင်းတွင် ဒုက္ခသည် ၈ဝ ဦး၊ တပ်ကုန်းနှစ်ခြင်း ဘုရားကျောင်းတွင် ၆ဝ ဦး၊ ဝိုင်းမော်မြို့တွင် ၁ဝဝ ကျော် တို့ကို ရောက်ရှိ နေသည်ဟု ဘုရားကျောင်းနှင့် နီးစပ်သူ ဘာသာရေး ဆရာတဦးက ပြောသည်။

မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်များတွင် နေရာအနှံ့ လုံခြုံရေးများ တင်းကြပ်ထားသည်ဟု ဒေသခံများက ပြောသည်။

Ref: မဇ္ဈိမ

Read More...

အိန္ဒိယ နိုင်ငံခြားရေး အတွင်းဝန် ဒေါ်စုနှင့် တွေ့ဆုံဟုဆို

ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၂၂ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ အိန္ဒိယ နိုင်ငံခြားရေး အတွင်းဝန် နီရူပါမာရောင်းနှင့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်တို့ တနင်္လာနေ့က ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် တွေ့ဆုံ ဆွေးနွေးကြသည်ဟု ရန်ကုန်မှ လာသော Indo-Asian News Service သတင်းတွင် ပါရှိသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်များပါ ပါဝင်သော အစည်းအဝေးက တနာရီခန့် ကြာမြင့်ဟု IANS သတင်းတွင် ရေးသား ထားသည်။ သုံးရက်ကြာ အိန္ဒိယ ကိုယ်စားလှယ်၏ ခရီးစဉ် ပထမဆုံး နေ့တွင် တွေ့ဆုံခြင်းသည် အိန္ဒိယ အနေဖြင့် မြန်မာ အတိုက်အခံ ခေါင်းဆောင်နှင့် ပထမဆုံး အဆင့်မြင့် တွေ့ဆုံမှုလည်း ဖြစ်သည်။

အိန္ဒိယတွင် ပညာသင်ကြားခဲ့သူ ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စနီရူပါမာရောင်းတို့ “ နှစ်ယောက်သား အိန္ဒိယနဲ့ မြန်မာ ဆက်ဆံရေး အကြောင်း ပြောကြတယ်” ဟု IANS က အိန္ဒိယ အရာရှိ တဦးကို ကိုးကား၍ ရေးသားထားသည်။

ထူးခြားနေသည်မှာ အကြီးတန်း အရာရှိတဦးမှ လွဲ၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်များက တွေ့ဆုံမှုကို မသိရှိကြခြင်း ဖြစ်သည်။

တွေ့ဆုံပါသည်ဟု ဖြေကြားသူကတော့ ဆွေးနွေးမှု အကြောင်းအရာကို ဖြေဆိုရန် ငြင်းဆိုပြီး အစောပိုင်းက အိန္ဒိယ ကိုယ်စားလှယ် အဖွဲ့ အနေဖြင့် တွေ့ဆုံရန် အစီအစဉ် မရှိသော်လည်း “ ဝေဖန်မှုခံရမှာ စိုးသဖြင့်” လာရောက် တွေ့ဆုံခြင်းသာ ဖြစ်သည်ဟု ဆိုသည်။

အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီး အက်စ်အမ် ခရစ်ရှ်နားခေါင်းဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် အင်္ဂါနေ့က နေပြည်တော်တွင် ဒုတိယ သမ္မတ တင်အောင်မြင့်ဦးနှင့် တွေ့ဆုံခဲ့ပြီး ဖြစ်သည်။

အိန္ဒိယမှ လှူဒါန်းဆောက်လုပ်ပေးခဲ့သော တန် ၅ဝဝ ဆံ့ Food Security Shelter တခုကို စာရွက်စာတမ်းများ လွှဲပြောင်း ပေးခြင်းနှင့် တာလေ မြေငလျင်ဘေး အတွက် ငွေလှူဒါန်းခြင်းများ ပြုလုပ်ခဲ့သည်ဟု မြန်မာ့အလင်း သတင်းစာတွင် ပါရှိသည်။

ထို့အပြင် မြင်းခြံမြို့တွင် စက်မှုသင်တန်းကျောင်း တကျောင်း ထူထောင်ပေးရန် အိန္ဒိယက သဘော တူညီချက် လက်မှတ် ရေးထိုး ခဲ့သေးသည်ဟုလည်း ပါရှိသည်။

ခရီးစဉ်မတိုင်ခင်တွင် အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီးက နှစ်နိုင်ငံ နယ်ခြားဒေသများကို ဆက်စပ်ပေးထားသည့် ကုလားတန် ဘက်စုံ ဖွံ့ဖြိုးရေး စီမံကိန်း အကြောင်းသည်လည်း ထည့်သွင်း ဆွေးနွေးမည့် အရာတခုဟု နယူးဒေလီတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာ့ ဒီမိုကရေစီအရေးကို ကျယ်ကျယ်လောင်လောင် ထောက်ခံခဲ့သည့် အိန္ဒိယသည် အရှေ့မျှော်ဝါဒ ကျင့်သုံး လာချိန်အတွင်း မြန်မာ အစိုးရနှင့် ဆက်ဆံရေး ကောင်းရန် ဦးစားပေး လုပ်ဆောင်ခဲ့သည်။

သို့သော်လည်း မြန်မာနိုင်ငံတွင် တရုတ်၏ လွှမ်းမိုးမှုကို အမီလိုက်နိုင်ရန် ကြိုးစားနေသည့် အိန္ဒိယသည် နောက်ကွယ်တွင် မြန်မာ့ ဒီမိုကရေစီ အရေး အတွက် နားချ ပြောဆိုမှုမျိုးရှိသည်ဟု လေ့လာသူများက ပြောသည်။

Ref: မဇ္ဈိမ

Read More...

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး နေပြည်တော်၌ လုံခြုံရေး အဓိက ဆွေးနွေး

ဇာနည်မာန်
Wednesday, 22 June 2011

မြန်မာနိုင်ငံသို့ ရောက်ရှိနေသော အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးနှင့် ဆွေးနွေးမှုများ ပြုလုပ်ရာ၌ အိန္ဒိယ ခွဲထွက်ရေး သူပုန်များကို မြန်မာ့ မြေအား အသုံးချခွင့် ပေးလိမ့်မည် မဟုတ်ကြောင်း မြန်မာ နိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင်က ကတိပေး ပြောဆို လိုက်သည်။

သမ္မတ ဦးသိန်းစိန်၏ အစိုးရသစ်နှင့် ပထမဆုံးအကြိမ်တွေ့ဆုံရန် မြန်မာနိုင်ငံသို့ ရောက်ရှိနေသော အိန္ဒိယ နိုင်ငံခြားရေး ၀န်ကြီး အက်စ်အမ် ခရစ်ရှ်နား ၏ တနင်္လာနေ့က စတင်သည့် ၃ ရက်ကြာ ခရီးစဉ်အတွင်း စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုနှင့် နှစ်နိုင်ငံ နယ်စပ် လုံခြုံရေး ကိစ္စများကို ဆွေးနွေးရာတွင် ယခုကဲ့သို့ အာမခံချက် ပေးခဲ့ခြင်းဖြစ်ကြောင်း အိန္ဒိယ သတင်းဌာန ပီတီအိုင်က ဖော် ပြသည်။

မြန်မာအစိုးရသစ်၏ အာမခံမှုမှာ အိန္ဒိယအစိုးရမှ ခွဲထွက်ရေးသူပုန်များကို နှိမ်နင်းလိုမှုအပေါ် အမှန်တကယ် သက်ရောက်မှု ရှိမရှိကိုမူ စောင့်ကြည့်ရမည်ဟု နယ်စပ်အရေး လေ့လာသူများက ဆိုသည်။

“အိန္ဒိယထောက်လှမ်းရေးဘက်က အာသံအဖွဲ့ ကချင်ပြည်နယ်ဘက်နဲ့ တရုတ်နယ်စပ် ဘက်မှာ လှုပ်ရှားနေတယ် ဆိုတာ သတင်း တွေ က ရထားတော့ မြန်မာ အစိုးရအနေနဲ့ ဒီကိစ္စကို ကူညီ ပေးစေချင်တာမှာ မြန်မာ ဘက်ကတော့ သူတို့ မြေထဲ နေခွင့်မပေးဘူး ဆို တာ က သူတို့ အာဏာစက် သက်ရောက်တဲ့ နေရာလား အာဏာစက် မသက်ရောက်တဲ့ နေရာလား ဆိုတာကတော့ ရှိသေးတာပေါ့” ဟု အိန္ဒိယ-မြန်မာနယ်စပ်၌ နေထိုင်သည့် လေ့လာသူတဦးက ပြောသည်။

ခရစ်ရှ်နား၏ခရီးစဉ်သည် မြန်မာနိုင်ငံအတွင်း ခိုအောင်းနေသည်ဆိုသော အိန္ဒိယခွဲထွက်ရေး အာသံ သူပုန်များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် အတွက် အိန္ဒိယ အစိုးရက ဖြစ်နိုင်သည့် နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားမည်ဟု ထုတ်ဖော် ပြောဆိုချိန်နှင့် တိုက်ဆိုင် နေသကဲ့ သို့ တရုတ်နိုင်ငံနှင့် ကချင်ပြည်နယ် နယ်စပ်ဒေသများတွင် ကချင် လွတ်လပ်ရေး တပ်မတော်(KIA)နှင့် မြန်မာ စစ်တပ်တို့၏ တိုက်ပွဲများ ဖြစ်ပွားချိန်နှင့်လည်း တိုက်ဆိုင်နေသည်။

အိန္ဒိယမှ ပြည်နယ်ခွဲထွက်ရေး အာသံသူပုန်အဖွဲ့(ULFA) ခေါင်းဆောင် ပါရက်ရှ် ဘာရူးအာ(Paresh Barua)သည် နာဂ ခွဲထွက်ရေး အဖွဲ့ဖြစ်သော နာဂလန်း အမျိုးသား ဆိုရှယ်လစ် ကောင်စီ အဖွဲ့(NSCN)မှ ကက်ပလန်ဆိုသူ ဦးဆောင်သော ကက်ပလန် အဖွဲ့ NSCN(K)၏ အကူအညီဖြင့် အဆိုပါအဖွဲ့ ခြေကုပ်ယူထားရာ မြန်မာနိုင်ငံ နာဂ တောင်တန်းဒေသများ၊ စစ်ကိုင်းတိုင်း အထက်ပိုင်းနှင့် ကချင်ပြည်နယ် ၀န်းကျင်တွင် ခိုလှုံ လှုပ်ရှားနေသည် ဆိုသော သတင်းများ ထွက်ပေါ်လာပြီးနောက် ထိုသူတို့ကို မြန်မာ့မြေမှ အပြီးတိုင် ခြေမှုန်းပေးရန် အိန္ဒိယက မြန်မာ အစိုးရအား ချဉ်းကပ်မှုများ တိုး၍ လုပ်ဆောင်လာခဲ့သည်။

ဇွန်လဆန်းပိုင်းက အဆိုပါ ကက်ပလန်အဖွဲ့အတွင်း သဘောထားကွဲလွဲမှုနှင့်ခေါင်းဆောင်ပိုင်းအပြောင်း အလဲများ ဖြစ်ပေါ်လာသော အခါ အိန္ဒိယ အစိုးရ အနေဖြင့် ထိုအခွင့်ကောင်းကို ယူ၍ ခွဲထွက်ရေး သူပုန်အဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများကို တိုးမြှင့် လုပ်ဆောင် လိုလာသည်။

ကက်ပလန်အဖွဲ့သည် အိန္ဒိယအစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုကို ၂၀၀၁ ခု ဧပြီလတွင် စတင်ခဲ့ပြီး အိန္ဒိယ အစိုးရ ကငြိမ်းချမ်းရေး အတွက် စေ့စပ်ဆွေးနွေးရန် အကြိမ်ကြိမ် ကြိုးစားခဲ့သည်။

“အာသံအဖွဲ့ လှုပ်ရှားတဲ့နေရာတွေက နယ်စပ်နဲ့ နာဂတောင်တန်း၊ ပတ်ကွိုင်တောင်တန်းတွေ၊ အဲ့ဒီကနေမှ စစ်ကိုင်းတိုင်း အထက် ပိုင်း ခန္တီးနဲ့ အဲ့ဒီတဘက် ကချင်ပြည်နယ်၊ အဲ့ဒီကနေမှ တရုတ်နယ်စပ် ဆိုတော့၊ အခုတိုက်ပွဲတွေ ဖြစ်နေတဲ့ နေရာတ၀ိုက် ဆိုတော့ သူတို့အတွက် အခက်အခဲ ရှိမယ်လို့ အိန္ဒိယ အစိုးရက တွက်ပုံရတယ်”ဟု အိန္ဒိယ-မြန်မာနယ်စပ် အရေး လေ့လာသူက ပြောသည်။

နယ်စပ်လုံခြုံရေးနှင့် ခွဲထွက်ရေးသူပုန်များအတွက် စိုးရိမ်မှုများနှင့်အတူ တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ် လွှမ်းမိုးမှုများ ကလည်း အိန္ဒိယ အတွက် နေပြည်တော်တွင် ဆွေးနွေးရမည့် အကြောင်းအရာ ဖြစ်ကြောင်း ထင်ကြေး ပေးမှုများ ရှိသည်။

တိုးမြှင့်လာသည့် တရုတ်-မြန်မာဆက်ဆံရေးနှင့်အတူ မေလအတွင်းက သမ္မတသစ် ဦးသိန်းစိန်၏ ပထမဆုံး အကြိမ် တရုတ်နိုင်ငံ ခရီးစဉ် အတွင်း အရှေ့ အလယ်ပိုင်းဒေသ၊ အာဖရိက တိုက်တို့မှ ထွက်ရှိသည့် ရေနံများအား အိန္ဒိယ သမုဒ္ဒရာကို ဖြတ်၍ သယ်ယူနေ သည့် တရုတ် သင်္ဘောများကို ပင်လယ် ဓားပြများရန်မှ ကာကွယ် စောင့်ရှောက်နေသည့် တရုတ် စစ်သင်္ဘောများ မြန်မာဆိပ်ကမ်း တွင် ဆိုက်ကပ်နိုင်ရေး အတွက် ဆွေးနွေးခဲ့ကြောင်း Time of India က ရေးသားသည်။

အဆိုပါ ခရီးစဉ်အတွင်း တရုတ်နှင့်မြန်မာ နှစ်နိုင်ငံသည် မဟာဗျူဟာမြောက် မိတ်ဖက် နိုင်ငံများအဖြစ် ဆက်ဆံရေး တိုးမြှင့်ခဲ့သည်။

“တရုတ်နိုင်ငံ ဆက်ဆံရေးအပိုင်းကတော့ သိသိသာသာ မသိရပေမယ့် ဖြစ်ခဲ့တဲ့ ဖြစ်နိုင်တဲ့ ကိစ္စတွေနဲ့ အရင်တုန်းက ထက် တရုတ်မြန်မာ ဆက်ဆံရေးက ပိုတိုး လာတော့ အိန္ဒိယရဲ့ စိုးရိမ်မှုကလည်း ပိုတိုးလာတယ်။ သူ့လုံခြုံရေး အတွက်က မဟာဗျူဟာ နည်းလမ်း ကျတော့ ဦးသိန်းစိန် အစိုးရနဲ့ ဆက်ဆံရေး တိုးတက်လာဖို့ အိန္ဒိယကလည်း ကြိုးစား လာနေတယ်”ဟု နယူးဒေလီရှိ အဝေးရောက် ညွန့်ပေါင်း အစိုးရအဖွဲ့ (NCGUB) ၀န်ကြီး ဒေါက်တာတင့်ဆွေက ပြောသည်။

အိန္ဒိယ၏ ကျင့်သုံးနေသည့် အရှေ့မျှော်မူဝါဒအရ အလားအလာကောင်းတခုဖြစ်သော ကုလားတန်စီမံကိန်းကို အထူး အားထား လုပ်ဆောင်နေကြောင်း ၎င်းက ဆိုသည်။

ဒေါက်တာတင့်ဆွေက“အရင်က မျှော်လင့်ခဲ့တဲ့ ဓာတ်ငွေ့ဖော်ထုတ်ရေးတွေ၊ ထမံသီ စီမံကိန်းတွေ၊ လီဒိုလမ်း စီမံကိန်းတွေက မရ တော့ဘူးလို ဖြစ်နေတာကိုး။ ဒီတော့ ဒီကုလားတန် စီမံချက်ကိုတော့ ဇောင်းပေးပြီး အောင်မြင်အောင် လုပ်နေတယ်ပေါ့။ ဒါက သူ့ရဲ့ အရှေ့မျှော်မူဝါဒရဲ့ အလားအလာ အကောင်းဆုံးတခု ဖြစ်နေတာကိုး”ဟု လက်ဆက်ပြောဆိုသည်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း အမေရိကန်ဒေါ်လာ သန်း ၁၁၀ ကုန်ကျမည် ဖြစ်သည့် ကုလားတန် စီမံ ကိန်း အတွက် အကျယ်တ၀င့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ စီမံကိန်း ပြီးစီးသွားပါက အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းရှိ မီဇိုရမ် ပြည်နယ်မှ တဆင့် ချင်းပြည်နယ် ပလက်ဝနှင့် ရခိုင်ပြည်နယ် စစ်တွေမြို့များသို့ ပင်လယ် ထွက်ပေါက်မှ တဆင့် နှစ်နိုင်ငံ ကုန်သွယ်မှုများ ပြုလုပ်နိုင်မည်ဖြစ်သည်။

အိန္ဒိယအစိုးရသည် စစ်ကိုင်းတိုင်းအထက်ပိုင်း ဟူးကောင်းချိုင့်ဝှမ်းတွင် တည်ဆောက်မည်ဖြစ်သော ထမံသီ ရေအား လျှပ်စစ် စီမံကိန်း အပါအ၀င် ရခိုင်ပြည်နယ်ရှိ စစ်တွေ ရေနက် ဆိပ်ကမ်း တည်ဆောက်ရေး၊ ကျောက်ဖြူမှ တရုတ်နိုင်ငံသို့ သွယ်တန်းမည့် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း တည်ဆောက်ရေးတို့တွင် ရင်းနှီးမြုပ်နှံမှု အတွက် သဘောတူညီမှုများ ရရှိခဲ့ပြီး မြန်မာ့ ကမ်းလွန် ပင်လယ်ပြင်တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေ တူးဖော်မှုများ အတွက် စီမံကိန်းများ၊ ရင်းနှီးမြုပ်နှံမှုများ ပြုလုပ် လိုနေကြောင်း သိရသည်။

အိန္ဒိယနိုင်ငံသည် တရုတ်၊ ထိုင်း၊ စင်ကာပူနိုင်ငံတို့ ပြီးလျှင် မြန်မာနိုင်ငံ၌ စတုတ္ထမြောက် အများဆုံးရင်းနှီးမြှုပ်နှံ ထားသည့် နိုင်ငံဖြစ်သည်။

ခရစ်ရှ်နား၏ ခရီးစဉ်အတွင်း မြန်မာ့စိုက်ပျိုးရေးကဏ္ဍတိုးတက်မှုအတွက် အမေရိကန်ဒေါ်လာ ၁၀ သန်းကူညီမှုနှင့် ပျဉ်းမနား ခရိုင် ရေဆင်း မြို့နယ်တွင် စိုက်ပျိုးရေး သုတေသနဌာန တခုကို အိန္ဒိယ အကူအညီဖြင့် ဖွင့်လှစ်ရန် သဘော တူညီခဲ့သည်။

ထို့ပြင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ အာနန္ဒာပုထိုးတော်ကို အိန္ဒိယအစိုးရ၏ အကူအညီဖြင့် ပြုပြင်မွမ်းမံ မှုများပြုလုပ်ရန် သဘောတူညီမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

လူသားချင်းစာနာ ကူညီမှုအနေဖြင့် နာဂစ်ဒဏ်သင့်ဒေသများတွင် စားနပ်ရိက္ခာသိုလှောင်မှုအတွက် သဘာဝ ဘေးဒဏ်ခံ အဆင်မြင့် စပါးကျီ ၁၀ ခုကို ပေးလှူခဲ့ပြီး ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း တာလေမြို့ ငလျင်ဒဏ်သင့် ပြည်သူများ အတွက် ငွေကြေး အကူ အညီများကို ပေးခဲ့ကြောင်းလည်း မြန်မာ အစိုးရ သတင်းစာများက ဖော်ပြသည်။

ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံကြီး တနိုင်ငံ ဖြစ်သည့် အိန္ဒိယနိုင်ငံသည် မြန်မာပြည်တွင် ၁၉၈၈ ခုနှစ် စစ်အစိုးရ အာဏာ သိမ်းခဲ့စဉ်က မြန်မာပြည်၏ ဒီမိုကရေစီ အရေးကို ထောက်ခံ အားပေးခဲ့သော်လည်း ၁၉၉၀ ပြည့်နှစ်နောက်ပိုင်း အရှေ့တောင် အာရှ ဒေသတွင် တရုတ်နိုင်ငံ၏ သြဇာလွှမ်းမိုးမှုကြောင့် အရှေ့မျှော်ဝါဒကို ချမှတ်ကာ မြန်မာ အစိုးရနှင့် ဆက်ဆံမှုကို တိုးမြှင့်လာခဲ့သည်။

ခရစ်ရှ်နား၏ ခရီးစဉ်အတွင်း နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသော ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရရန် အစိုးရ သစ်ထံ တင်ပြ တောင်းဆိုထားသည် ဆိုသော်လည်း တွေ့ဆုံခွင့် ရမရကိုမူ မသိရသေးပေ။

Ref: မဇ္ဈိမ

Read More...

မြို့ပြတိုက်ပွဲ KIA စတင်

ရန်ပိုင်
Wednesday, 22 June 2011

ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် အစိုးရစစ်တပ်များ အကြားရှိ နယ်စပ် တိုက်ပွဲများ လျော့နည်း သွားသော်လည်း ကချင် ပြည်နယ်၏ မြို့တော် မြစ်ကြီးနား မြို့ပေါ်တွင် ဗုံးများ ဖောက်ခွဲခြင်းဖြင့် KIA က မြို့ပြ တိုက်ပွဲအဖြစ် ပြန်လည် စတင် လိုက်ကြောင်း သတင်းရရှိသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အမှတ် ၁ ရဲစခန်းနှင့် လူဝင်မှုကြီးကြပ်ရေး ရုံးတွင် ယမန်နေ့ ည ၁၁ နာရီကျော် ခန့်က ဗုံး ၂ လုံး ဆက်တိုက် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ KIA သို့ ဧရာဝတီက ဆက်သွယ် မေးမြန်းရာ ၎င်းတို့ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း၊ သို့သော် လူထုကို မထိခိုက်စေဘဲ ရည်ရွယ်ထားသည့် နေရာများတွင်သာ ဖောက်ခွဲခြင်း ဖြစ်ကြောင်း KIA တွဲဖက် အတွင်းရေးမှူး ဦးလနန်က ပြောသည်။

မြစ်ကြီးနား မြို့မ အမှတ် ၁ ရဲစခန်း ရှေ့တွင် တည်ဆောက်ထားသည့် ဖျက်သိမ်း ထားသော ဆိုင်ခန်းများတွင် ဗုံး ၁ လုံး ပေါက်ကွဲခဲ့ပြီး နောက် ပြည်နယ် လူဝင်မှု ကြီးကြပ်ရေး ရုံးရှေ့တွင်လည်း ဗုံး ၁ လုံး ထပ်မံ ပေါက်ကွဲခဲ့သည်ဟု မြစ်ကြီးနား ဒေသခံ တဦး၏ အဆိုအရ သိရသည်။

“လူမနေတော့တဲ့ ဆိုင်ခန်းတွေထဲမှာ ပေါက်တာ။ အထိအခိုက် မရှိဘူး” ဟု ၎င်းက ဆိုသည်။

ယနေ့နံနက် မြစ်ကြီးနားမြို့ အခြေအနေမှာ ဈေးဆိုင်တချို့ ပိတ်ထားပြီး ခြောက်သွေ့ နေကြောင်း ၎င်းက ဆက်လက် ပြောသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ မြစ်ကြီးနား အမှတ် ၁ ရဲစခန်းနှင့် မြို့နယ်မှူး ရုံးသို့ ဧရာဝတီက ဆက်သွယ် မေးမြန်းရာ ပေါက်ကွဲမှု ဟုတ်မှန်ကြောင်း၊ စုံစမ်း အတည်ပြုနေဆဲ ဖြစ်ကြောင်း၊ အသံမိုင်း အဆင့်သာ ရှိသည့် အတွက် အသေအပျောက် အထိအခိုက် မရှိကြောင်း တာဝန်ရှိသူ တဦးက ရှင်းပြသည်။

ယခုဖောက်ခွဲမှုကို ကချင်လွတ်လပ်ရေး တပ်မတော် (KIA) လုပ်ဆောင်ခြင်း ဖြစ်နိုင်ကြောင်းလည်း အဆိုပါ တာဝန် ရှိသူက မှတ်ချက်ပေး ပြောဆိုသည်။

ကချင်သတင်းစဉ်၏ ယနေ့ သတင်းထုတ်ပြန်ချက်အရ ယမန်နေ့ညပိုင်းက မြစ်ကြီးနား - မန္တလေး ရထားလမ်း ပေါ်ရှိ စစ်ရေး အရ အချက်အချာ ကျသော တံတားတစင်းကို KIA က ဖောက်ခွဲလိုက်သည်ဟု သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း မြစ်ကြီးနား-ဗန်းမော် ကားလမ်းပေါ်ရှိ နန်ဆန်ယန် ကျေးရွာ အခြေစိုက် စစ်ဘက် ဆိုင်ရာ လုံခြုံရေး (စရဖ) ရုံးကို စစ်ရေးဗျူဟာအရ KIA က ဗုံးခွဲ တိုက်ခိုက်ခဲ့သေးသည်။

ပြီးခဲ့သည့် စနေနေ့ထုတ် အစိုးရသတင်းစာတွင် KIA အဖွဲ့သည် ကချင်ပြည်နယ် အတွင်းရှိ ဒေသဖွံဖြိုးရေး လုပ်ငန်းများကို ဟန့်တား နှောင့်ယှက်ခြင်း၊ ရေအား လျှပ်စစ် စီမံကိန်း လုပ်ကိုင်နေသည့် တရုတ် ၀န်ထမ်းများကို ခြိမ်းခြောက်ခြင်း၊ ဗန်းမော်ခရိုင်သို့ သွယ်တန်း ထားသည့် လျှပ်စစ် တာဝါတိုင်ကို မိုင်းထောင် ဖောက်ခွဲခြင်း၊ လူထု အတွက် အရေးပါသည့် တံတား ၂၅ စင်းကို ဖောက်ခွဲ ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။

Ref: ဧရာဝတီ်

Read More...

ကချင်အမျိုးသမီးများ မတရားကျင့်ခံရ

သန်းထိုက်ဦး
Wednesday, 22 June 2011

တိုက်ပွဲဖြစ်ပွားနေသော ကချင်ပြည်နယ်တွင် အစိုးရစစ်တပ်က အမျိုးသမီးများကို မတရားပြုကျင့် နေကြောင်း ထိုင်းနိုင်ငံ အခြေစိုက် အဖွဲ့ အစည်းတခုက အင်္ဂါနေ့တွင် စွပ်စွဲလိုက်သည်။

အုပ်စုလိုက် မတရားကျင့်ခံရသူ အမျိုးသမီး အနည်းဆုံး ၁၈ ဦး ရှိပြီး ထိုအထဲမှ ၄ ဦး သေဆုံးသွားကြောင်း ကချင် အမျိုးသမီး အစည်းအရုံး - ထိုင်းနိုင်ငံ (KWAT) အဖွဲ့က ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

“၂၅ ယောက်လောက် လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှု ခံရတယ်လို့ ပြောပေမယ့် ၁၈ ယောက်ကိုပဲ အတည် ပြုနိုင်တယ်၊ ဒီအချက် အလက်တွေကို ဒေသခံ ပေါ်တာနဲ့ အထဲမှာ အလုပ်လုပ်နေတဲ့ လူတွေဆီက ရတယ်” ဟု KWAT အဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ရှယ်လီဆိုင်းက ဧရာဝတီကို ရှင်းပြသည်။

ထိုအမှုများမှာ ယခုလ ၁၀ ရက်နေ့မှ ၁၈ ရက်နေ့အတွင်း ဖြစ်ပွားခဲ့ကြောင်း၊ မတရား ကျင့်ခံရသူတို့မှာ မိုးမောက်၊ မိုးညှင်း၊ မန်စီ၊ ဒေါဖုံးယမ် မြို့နယ်တို့မှ ဒေသခံများ ဖြစ်ကြောင်း ကြေညာချက်က ဆိုသည်။

ခြေမြန်တပ်ရင်း အမှတ် ၄၃၇၊ ခြေလျင်တပ်ရင်း အမှတ်၂၃၇၊ ၁၄၁ ၊ ၁၄၂၊ ၁၃၉ တို့မှ စစ်သားများက ကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း၊ မိုးမောက်မြို့နယ် အတွင်းရှိ ဖြစ်ရပ် တခုတွင် အမျိုးသမီး ၆ ဦး မတရား ကျင့်ခံရပြီး၊ ကလေးငယ် ၇ ဦး အသတ် ခံရကြောင်း ဖော်ပြထားသည်။

ဧရာဝတီက ထိုဖြစ်ရပ်များနှင့် ပတ်သက်၍ အသေးစိတ် အတည်ပြုနိုင်ခြင်း မရှိသေးပေ။

အစိုးရက KWAT အဖွဲ့၏ စွပ်စွဲချက်နှင့် ပတ်သက်၍ တုန့်ပြန်ခြင်း မပြုသေးကြောင်း တွေ့ရသည်။

ကချင်ပြည်နယ်တွင် ယခုလ ၉ ရက်နေ့မှ စတင်ပြီး အစိုးရစစ်တပ်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တပ်များ တိုက်ပွဲ ဖြစ်ပွားနေသည်။

ထိုအမှုများသည် အစိုးရ ထိန်းချုပ်သည့် ဒေသများတွင် အဖြစ်များသည့် အတွက် စုံစမ်း စစ်ဆေးရန် အခက်အခဲ ရှိကြောင်း KIA၏ နိုင်ငံရေး ဦးဆောင်အဖွဲ့ ဖြစ်သည့် ကချင် လွတ်လပ်ရေး အဖွဲ့ (KIO)က ပြောသည်။

“လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတဲ့ အမျိုးသမီး အရေ အတွက်က ထုတ်ပြန်ထားတာထက် ပိုများဖို့ပဲ ရှိပါတယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ တချို့ရွာတွေက ဘယ်သူတွေ ကျန်ရစ်ခဲ့သလဲ ဆိုတာ မသိကြဘူး သက်သေ အထောက် အထားတွေ ရအောင် ကြိုး စားနေပါတယ်” ဟု KIO တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးလနန်က ပြောသည်။

ဒေသခံများ လုံခြုံရာသို့ တိမ်းရှောင်ရန် တိုက်တွန်းထားသည့် ကချင်လူငယ် အဖွဲ့တဖွဲ့၏ ထုတ်ပြန်ချက်ကို ဇွန်လ ၁၆ ရက်နေ့က ကျေးရွာများတွင် ဖြန့်ဝေခဲ့ကြောင်း လိုင်ဇာမြို့ဒေသခံ တဦးက ပြောသည်။

စစ်ဖြစ်ပွားရာ ဒေသများတွင် အစိုးရ စစ်တပ်က မတရားပြုကျင့်မှုကို လက်နက်သဖွယ် အသုံးပြုနေသည်ဟု ထိုင်းနိုင်ငံ အခြေစိုက် အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB က ဆိုသည်။

“ကရင်ပြည်နယ် ဘက်မှာ ကြည့်မလား၊ ရှမ်းပြည်နယ် ဘက်မှာ ကြည့်မလား၊ ဒီလို နေရာတိုင်းမှာ အမြဲတမ်း ဒီမုဒိန်းကျင့်တာ ကိုတော့ စစ်လက်နက် သဖွယ် အသုံ ပြုနေကြတာပဲ အဲဒီလိုမျိုး စစ်ပွဲတွေ ဖြစ်တဲ့ နေရာတိုင်းမှာ ဒီမုဒိန်းကျင့်မှု ဆိုတာ အမြဲတွေ့ ကြုံနေရတယ်”ဟု WLB အထွေထွေ အတွင်းရေးမှူး မတင်တင်ညိုက ပြောသည်။

ထိုင်းနိုင်ငံ အခြေစိုက် တခြားသော အမျိုးသမီးအဖွဲ့များကလည်း ထိုနည်းတူ သုံးသပ်ကြသည်။

၂၀၀၇ ခုနှစ်က ထုတ်ပြန်ခဲ့သော ကရင်အမျိုးသမီး အစည်းအရုံး KWO ၏ အစီရင်ခံစာ တစောင်တွင် အစိုးရ စစ်တပ် များက ကရင်ပြည်နယ် အတွင်း ကျူးလွန်ခဲ့သည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ ညှင်းပန်း နှိပ်စက်မှု၊ သတ်ဖြတ်မှု၊ လုပ်အားပေး ခိုင်းစေမှုပေါင်း ၄၀၀၀ ကျော်ကို မှတ်တမ်း တင်ထားသည်။

ရှမ်းအမျိုးသမီး ရေးရာ ဆက်သွယ်လှုပ်ရှား ဆောင်ရွက်ရေး အသင်း (SWAN) ၏ “မုဒိန်းကျင့်ခွင့် လိုင်စင်” အမည်ရှိ အစီရင်ခံစာ တစောင် ၂၀၀၂ ခုနှစ်တွင် ပေါ်ပေါက်လာရာ စစ်အစိုးရ တပ်များ ရှမ်းပြည်နယ် အတွင်း ကျူးလွန်ခဲ့သည်ဟု ဆိုသည့် မတော် မတရားမှု များကို ဖွင့်ချထားသည်။ ၁၉၉၆ မှ ၂၀၀၁ ခုနှစ်အထိ ငါးနှစ်ကြာ ကာလအတွင်း အမျိုးသမီး ၆၂၅ ဦးသည် မုဒိမ်းမှု၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှုများနှင့် ကြုံတွေ့ ခဲ့ရသည်ဟု အစီရင်ခံစာက ဆိုသည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် နိုင်ငံတကာ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းပြီး မြန်မာအာဏာပိုင်တို့ ကျူးလွန် ခဲ့သည့် စစ်ရာဇ၀တ်မှုများကို စုံစမ်း စစ်ဆေးရန် လူ့အခွင့်အရေး အဖွဲ့များက လှုံ့ဆော် နေကြသည်။ ထိုကော်မရှင် ပေါ်ပေါက်ရေး အတွက် ထောက်ခံ ပေးရန်လည်း ဥရောပ သမဂ္ဂကို မကြာသေးခင်က တောင်းဆိုခဲ့ကြသည်။

Ref: ဧရာဝတီ်

Read More...

ကရင်ဘက်ကို ထိုးစစ်ဝင်နိုင်ဟုဆို

ကျော်ခ
ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၂၂ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ ကရင်အမျိုးသား အစည်းအရုံး KNU နှင့် တိုးတက်သော ဗုဒ္ဒဘာသာ ကရင်အမျိုးသား တပ်မတော် DKBA တို့ ပူးပေါင်း တပ်များ တည်ရှိရာသို့ အစိုးရတပ်မှ စစ်ကြောင်းများ ထိုးစစ်ဆင်နိုင်ဖွယ် ရှိသည်ဟု ကရင် ပူးပေါင်းတပ်များက ပြောသည်။

“ကျနော်တို့ သိထားရသလောက်တော့ သူတို့ဘက်က ထိုးစစ်လုပ်ဖို့ အဆင်သင့်ရှိနေပြီ။ ကျနော်တို့ဘက်ကလည်း အဆင်သင့် စောင့်နေတာပေါ့” ဟု DKBA ကလို့ထူးဘော ဗျူဟာမှူး ဗိုလ်မှူး ကျော်သက်က မဇ္ဈိမကို ပြောသည်။

လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူ ဒေသတွင် အင်အား ၁၀၀၀ ကျော်ရှိသည့် ကရင်နယ်ခြားစောင့်တပ်ရင်း ၄ ရင်းက ဇွန်လ ၁၇ ရက်နေ့တွင် KNU နှင့် DKBA တပ်များနှင့် ပြန်လည် ပေါင်းစည်းမှု ဖြစ်ပေါ်ပြီးနောက် အစိုးရဘက်မှ တပ်မ ၄၄ နှင့်တပ်မ ၁၁ တို့ကို တိုက်ခိုက်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်ဟု ဆိုသည်။

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်ရှိ DKBA ၏ မြိုင်ကြီးငူ ဗဟိုဌာနချုပ် အနီးတွင်လည်း အစိုးရတပ်များ ချဉ်းကပ် နေရာ ယူထားသလို ကမမောင်းမြို့နယ် အတွင်းသို့ ဝင်ရောက် လာနေကြသည်ဟုလည်း ဗိုလ်မှူးကျော်သက်က ပြောသည်။

နယ်ခြားစောင့်တပ်အဖြစ် ၉ လကျော်အကြာ တာဝန် ထမ်းဆောင်ပြီးနောက် DKBA များက ပြန်လည် ပုန်ကန်မှုကို ပြသသည့် အနေဖြင့် DKBA တံဆိပ်များ ဇွန် ၁၇ ရက်နေ့မှစ၍ ပြန်လည် တပ်ဆင် လာခဲ့ကြသည်။

ကရင်လူမျိုးများ အတွက်လည်း ပြောင်းလဲတိုးတက်မှုကို မတွေ့ရသဖြင့် ယခုကဲ့သို့ ပြန်လည် ဘက်ပြောင်းလာခြင်း ဖြစ်သည်ဟု DKBA တပ်မှူးဗိုလ်မှူး ချစ်စရာက မဇ္ဈိမကို ပြောသည်။

စိုးရိမ်မှု ရှိလာသူ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မင်းနှင့် ကာကွယ်ရေးဝန်ကြီးဌာန နယ်ခြားစောင့် တပ်များ ဆိုင်ရာ ညွှန်ကြားရေးမှူး ဗိုလ်ချုပ် မောင်မောင်အုန်းတို့က မြိုင်ကြီးငူတွင် DKBA မှ ဆရာတော် ဦးဉာဏိကနှင့် ဇွန် ၁၇ ရက်နေ့တွင် သွားရောက် ဆွေးနွေး ခဲ့ကြသည်။ အစိုးရ ကိုယ်စားလှယ်များ လာရောက်ချိန်တွင် DKBA တပ်များအပေါ် သြဇာညောင်းသည့် မြိုင်ကြီးငူ ဆရာတော် ဦးသုဇန ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဆေးကုသမှု ခံယူနေချိန် ဖြစ်သည်။

ဗိုလ်ချုပ်မောင်မောင်အုန်းက နယ်ခြားစောင့်တပ်အဖြစ် မနေလျှင် တိုက်ခိုက်ယုံမှတပါး ရွေးချယ်စရာလမ်း မရှိဟု ခြိမ်းခြောက်သည် ဟုလည်း DKBA ဘက်က ပြောသည်။ ထို့နောက် စစ်တပ်များ တိုးချ လာခြင်း ဖြစ်လာခဲ့သည်။

“ဒီနေရာကို သူတို့ လက်နက်အင်အားသုံးပြီးတော့ ယူသွားနိုင်ပေမယ့် ကျနော်တို့ ကျွမ်းကျင်နယ်မြေဖြစ်တဲ့ အတွက်ကြောင့် သူတို့တွေရဲ့ အသက်တွေ အများကြီး စတေးပြီးမှ ဒီနေရာကို ရပါလိမ့်မယ်။ ကျနော်တို့ ကတော့ ပြောက်ကျား စနစ် အပါအဝင် နည်းမျိုးစုံ ပြင်ထားတယ်” ဟု ဗိုလ်မှူးချစ်စရာက မဇ္ဈိမကို ပြောသည်။

ကရင်အမျိုးသား အစည်းအရုံး၏ တပ်ဖြစ်သော ကရင်လွတ်မြောက်ရေး တပ်မတော်မှ ဗိုလ်မှူးကြီး ဖောဒိုက “ ကျနော်တို့ တကယ် လိုချင်တာက စစ်မှန်တဲ့ ပြည်တွင်း ငြိမ်းချမ်းရေးဗျ။ အခု တက်လာတဲ့ အစိုးရသစ် ကလည်း ဒီကိစ္စကို လုပ်ဖို့ အစီအစဉ် ရှိပုံ မပေါ်ဘူး။ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးဖို့ သူတို့မှာ ရှိဟန်လည်း မပြဘူး။ ဒါကြောင့်မို့ သူလက်အောက်မှာ သွားနေခဲ့တဲ့ နယ်ခြားစောင့် တပ်တွေက အခုလို မြိုင်ကြီးငူ ဒေသကို အာဏာ ပြန်သိမ်းတာနဲ့ ကြုံနေရတာပဲ” ဟုပြောသည်။

Ref: မဇ္ဈိမ

Read More...

Wednesday, June 22, 2011

EU ကိုယ်စားလှယ်အဖွဲ့ ဒေါ်စုနဲ့ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး

ဒေါ်ခင်မျိုးသက်
အင်္ဂါ, 21 ဇွန် 2011

EU ဥရောပသမဂ္ဂရဲ့ ဥက္ကဋ္ဌလည်းဖြစ်ပြီး နိုင်ငံခြားရေးရာနဲ့ လုံခြုံရေးရာ အကြီးအကဲရဲ့ အကြံပေး ပုဂ္ဂိုလ်လည်း ဖြစ်တဲ့ မစ္စတာ ရောဘတ် ကူးပါး (Robert Cooper) နဲ့အတူ မြန်မာနိုင်ငံဆိုင်ရာ EU သံအမတ်ကြီး ဒေးဗစ် လစ်ပ်မန် (David Lipman) နဲ့ EU ရဲ့ မြန်မာ နိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် ပီယာရို ဖက်ဆီနို (Piero Fassino) တို့ ပါဝင်တဲ့ EU ကိုယ်စားလှယ် ၁၁ ဦးပါ အဖွဲ့နဲ့ ဒီနေ့ တွေ့ဆုံ ဆွေးနွေးရတာဟာ အနှစ်သာရရှိတဲ့ ဆွေးနွေးပွဲ ဖြစ်တယ်လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ EU ကိုယ်စားလှယ် အဖွဲ့ဟာ ဒီနေ့ ဇွန်လ ၂၁ ရက်နေ့ ညနေမှာ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေ၊ CRPP ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ အဖွဲ့ဝင်တွေနဲ့ပါ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြ ပေးထားပါတယ်။

EU ဥရောပသမဂ္ဂရဲ့ ဒု-ဥက္ကဋ္ဌ မစ္စတာ ရောဘတ် ကူးပါးနဲ့ EU ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ပီယာရို ဖက်ဆီနို ဦးဆောင်တဲ့ အဖွဲ့ဝင် ၁၁ ဦးပါတဲ့ EU ကိုယ်စားလှယ် အဖွဲ့ဟာ ဒီနေ့ အင်္ဂါနေ့ညနေ ၆ နာရီကနေ တနာရီကြာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမရဲ့ နေအိမ်မှာ တွေ့ဆုံ ဆွေးနွေး ခဲ့ကြပါတယ်။ ဒီတွေ့ဆုံတဲ့ ဆွေးနွေးပွဲကို အနှစ်သာရရှိတဲ့ ဆွေးနွေးပွဲအဖြစ် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သတ်မှတ်တယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရ ဦးအုန်းကြိုင်က ပြောပါတယ်။

“အထွေထွေ အတွင်းရေးမှူး ပြောတာကတော့ သူ EU နဲ့ တွေ့တဲ့အခါမှာ ဆွေးနွေးပွဲနဲ့ ပတ်သက်လို့ မှတ်ချက် ပေးရရင်တော့ သူက ရင်းနှီး ပွင့်လင်းမှုရှိတယ်၊ မိတ်ဆွေရင်းချာတွေက ဒီလိုပဲ ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးကြတယ်၊ ရိုးရိုး သားသား ဆွေးနွေးကြတယ်၊ အမှန် အတိုင်းပဲ သူ့ရင်ထဲမှာ ရှိတာတွေ ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့တယ်။ ဒါကြောင့် ဒီဆွေးနွေးပွဲက အနှစ်သာရရှိတဲ့ ဆွေးနွေးပွဲ တခုပါလို့ အဲဒီလို ပြောပါတယ်။

“EU နဲ့ ကျနော်တို့ NLD နဲ့ ဆက်ဆံရေးက မူလကတည်းက ကောင်းခဲ့တယ်။ ထပ်ပြီးတော့ ပိုပြီးတော့ နားလည်တာပေါ့ဗျာ။ ပူးပေါင်း ဆောင်ရွက်မှုကို ဆက်ပြီးတော့ ကြိုးပမ်းသွားကြရမယ်လို့ ပြောပါတယ်။”

EU ကိုယ်စားလှယ်တွေဟာ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဟံသာမြင့်တို့နဲ့ သီးခြား တွေ့ဆုံ ဆွေးနွေးပြီးတဲ့ နောက် NLD ဗဟို အလုပ်အမှုဆောင် အဖွဲ့၊ CRPP ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

“ကျနော်တို့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့မှာ ဒုတိယ ဥက္ကဋ္ဌကြီး ဦးတင်ဦး၊ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးသန်းထွန်း၊ ဦးလှဖေ၊ ဦးဉာဏ်ဝင်း၊ ကျနော်၊ နောက် ဦးဝင်းမြင့်၊ ဒေါ်မေ၀င်းမြင့်၊ စတဲ့သူတွေ ပါပါတယ်။ နောက် CRPP ခေါင်းဆောင်တွေ ကတော့ ဦးအေးသာအောင်၊ ဦးပူကျင့်ရှင်းထန်၊ ဦးစိုးဝင်းတို့ တက်ရောက်ပါတယ်။”

EU ကိုယ်စားလှယ်နဲ့ တွေ့ဆုံပွဲမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးတင်ဦးက တိုင်းရင်းသား တွေနဲ့ ဖြစ်ပွား နေတဲ့ ပဋိပက္ခတွေ ဖြေရှင်းနိုင်ဖို့ အပြင် နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေး အတွက် ၀ိုင်းဝန်း ဖိအားပေးဖို့ အဓိက တိုက်တွန်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

“ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးက အဖွဲ့ချုပ် တရားဝင် နိုင်ငံရေးပါတီအဖြစ် ဆက်လက်ပြီး အခိုင်အမာ ရပ်တည်ပြီး ဒီမိုကရေစီ ရရှိရေးအတွက် ဆက်လက် ကြိုးပမ်းနေပုံတွေကို ရှင်းပြပါတယ်။ နောက် နိုင်ငံရေး အကျဉ်းသားတွေ လွှတ်တဲ့ကိစ္စနဲ့ ပတ်သက်လို့၊ ကျယ်ကျယ် ပြန့်ပြန့် နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ဖို့ ၀ိုင်းဝန်းပြီး တိုက်တွန်းသင့်တယ် ဆိုတဲ့အကြောင်း၊ အခုလောက် လွတ်မြောက် တာဟာ အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် အထောက်အကူ မဖြစ်စေနိုင်ဘူးပေါ့။ အဲဒါဟာ အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် အကျဉ်းသားအားလုံး ချွင်းချက်မရှိ လွတ်မြောက်ဖို့က အခြေခံ အကျဆုံးအချက် ဖြစ်တယ်ဆိုတဲ့ အကြောင်း ထပ်ပြီး ရှင်းလင်းပါတယ်။

“တဆက်တည်းမှာပဲ တိုင်းရင်းသား ဒေသတွေမှာ အခုဖြစ်နေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေဟာ ဒေသခံ ပြည်သူတွေရော၊ ဒုက္ခသည်တွေ အခက်အခဲ မျိုးစုံ တွေ့တာ ဖြစ်တဲ့ အတွက်ကြောင့် ဒီ စစ်မီး တောက်တွေကိုလည်း အမြန်ဆုံး တွေ့ဆုံ ဆွေးနွေးပြီးတော့ ငြိမ်းချမ်းစွာ ဖြေရှင်း သင့်တယ်လို့ ကျနော်တို့က သဘောထား ကြေညာထားပြီး ဖြစ်တဲ့အတိုင်း အဲဒီအတိုင်းပဲ ဆက်လက်ပြီးတော့ ကြိုးပမ်းဖို့ နိုင်ငံတကာ ကလည်း တိုက်တွန်းသင့်တယ် ဆိုတဲ့အကြောင်း အဲဒါတွေ ရှင်းပြပါတယ်။

“လက်ရှိ အစိုးရသစ် အနေနဲ့ကတော့ သူတို့လည်း ကောင်းဖို့လုပ်နေပါတယ်လို့တော့ ပြောဆိုနေတာပဲ။ သို့သော်လည်း လက်တွေ့ အလုပ်နဲ့ ချိန်ပြီးတော့ လေ့လာသင့်တဲ့ အကြောင်း ဒုတိယ ဥက္ကဋ္ဌကြီးက တင်ပြပါတယ်။”

EU ဥရောပသမဂ္ဂရဲ့ ဒု-ဥက္ကဋ္ဌ မစ္စတာ ရောဘတ် ကူးပါး ဦးဆောင်တဲ့ အဖွဲ့ဟာ တနင်္လာနေ့ကတော့ နေပြည်တော်မှာ ဒု-သမ္မတ သီဟသူရ တင်အောင်မြင့်ဦး၊ နိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင် အပြင် ပြည်ထဲရေးနဲ့ အလုပ်သမား ၀န်ကြီး ဌာနတွေက ဒု-၀န်ကြီးတွေနဲ့ပါ တွေ့ဆုံပြီး မြန်မာနဲ့ EU အကြား ဆက်ဆံရေးနဲ့ ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေး ကိစ္စရပ်တွေ ဆွေးနွေး ခဲ့တယ်လို့ အစိုးရ သတင်းတွေမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံက နိုဝင်ဘာလ ရွေးကောက်ပွဲအပြီး အစိုးရသစ် တက်လာတဲ့ နောက်ပိုင်းမှာ မကြာခင်က လာရောက်ခဲ့တဲ့ အမေရိကန် နိုင်ငံရေးမှာ သြဇာကြီးမားတဲ့ အထက် လွှတ်တော်အမတ် ဂျွန်မက်ကိန်း (John McCain)၊ အမေရိကန် အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ဒုတိယ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ဂျိုးဇက် ယွန်း (Joseph Yun) နဲ့ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် မစ္စတာ ဗီဂျေး နမ်ဘီယာ (Vijay Nambiar) တို့နောက်မှာ အခု အနောက်နိုင်ငံက အဆင့်မြင့် ပုဂ္ဂိုလ်တွေထဲမှာ EU ဥရောပသမဂ္ဂက ဒု-ဥက္ကဋ္ဌ မစ္စတာ ကူးပါးက နောက်ဆုံး လာရောက်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာအစိုးရသစ် တက်လာခဲ့ပြီးတဲ့နောက်မှာ ဥရောပသမဂ္ဂက ဧပြီလထဲမှာ စီးပွားရေး ပိတ်ဆို့ အရေးယူ ဒဏ်ခတ်မှုတွေကို တနှစ်ထပ်ပြီး သက်တမ်း တိုးခဲ့ပါတယ်။

အခု မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ မစ္စတာ ကူးပါး ဦးဆောင်တဲ့ EU ကိုယ်စားလှယ် အဖွဲ့ဟာ ဗုဒ္ဓဟူးနေ့ညနေ ၆ နာရီမှာ ရန်ကုန်က အီတလီ သံရုံးမှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်မှာ ဖြစ်ပါတယ်။

Ref: VOA News

Read More...

နေပြည်တော်နှင့် ရန်ကုန်တွင် GSM ဖုန်းများ အင်တာနက် စသုံးနိုင်ပြီ

Tuesday, 21 June 2011

နေပြည်တော်နှင့် ရန်ကုန်ရှိ ကျပ် ၁၅ သိန်းတန်နှင့် ၅ သိန်းတန် GSM ဖုန်းများအား အင်တာနက် တပ်ဆင် အသုံးပြုခွင့်ကို ယနေ့မှ စတင် ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း ရန်ကုန် ရွှေဂုံတိုင်ရှိ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။

“ရန်ကုန်နဲ့ နေပြည်တော် နှစ်မြို့မှာပဲ အင်တာနက် သုံးလို့ရမှာပါ။ GSM ဖုန်းမိတဲ့ နေရာတိုင်းမှာ သုံးခွင့် ပြုတာမျိုး မဟုတ်ပါဘူး” မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ လက်ထောက် အင်ဂျင်နီယာ တဦးက ပြောသည်။

ကျပ် ၅ သိန်းတန် GSM ဖုန်းများ ချထားပေးခွင့် လုပ်ငန်းကို လုပ်ကိုင်ခွင့် ရရှိထားသော ရတနာပုံ တယ်လီပို့ ကုမ္ပဏီ၊ E-Lite ကုမ္ပဏီနှင့် Asia Mega Link ကုမ္ပဏီများကလည်း GSM ဖုန်းများတွင် အင်တာနက် တပ်ဆင်ပေးသော ၀န်ဆောင်မှုများ ယနေ့ စတင် လုပ်ဆောင်နေပြီဟု ပြောကြသည်။

“၅ သိန်းတန် GSM ဖုန်းကတ်တွေကိုတော့ ကုမ္ပဏီမှာပဲ ချက်ချင်း ကျပ် ၁ သောင်းသွင်းခိုင်းပြီး အင်တာနက်ကတ် ပြောင်းထုတ် ပေးလိုက်တယ်။ ၁၅ သိန်းတန် ဖုန်းတွေကတာ့ ရွှေဂုံတိုင် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှာ သွားပြီး လျှောက်မှ အင်တာနက် တပ်လို့ရမယ်” ဟု ဗဟန်းမြို့နယ် ပုလဲကွန်ဒိုရှိ E-Lite ရုံးချုပ်မှ အကြီးတန်း ၀န်ထမ်းတဦးက ပြောသည်။

အင်တာနက် တပ်ဆင်ခအဖြစ် ကျပ် ၁ သောင်းပေးသွင်းရမည် ဖြစ်ပြီး အင်တာနက် အသုံးပြုခမှာ ၁ မိနစ်လျှင် ၄ ကျပ် ဖြစ်သည်။

GSM ဖုန်းများတွင် အင်တာနက် တပ်ဆင်အသုံးပြုခွင့် ပေးလိုက်သောကြောင့် အင်တာနက် အသုံးပြုနိုင်သည့် ဖုန်း ဟန်းဆက် များ ဈေးကွက်တွင် အရောင်းအ၀ယ် ကောင်းမွန် လှုပ်ရှားလာမည် ဟု ရန်ကုန်မြို့ရှိ Mr. Fone ဟန်းဆက် အရောင်းဆိုင် ၀န်ထမ်း တဦးက ပြောသည်။

“အင်တာနက် သုံးနိုင်တဲ့ ဟန်းဆက်တွေ ၀ယ်အား ထိုးတက်လာမယ် ထင်ပါတယ်။ ကျပ် ၅ သိန်းတန် 800 MHz ဖုန်းတွေမှာ အင်တာနက် သုံးခွင့် ပေးလိုက် တုန်းကလည်း အင်တာနက် သုံးနိုင်တဲ့ Huawai C8500၊ C8600 လို ဖုန်းမျိုးတွေ ချက်ချင်း ဆိုသလို ၀ယ်တဲ့သူ အရမ်းများလို့ ပစ္စည်းပြတ်တဲ့ အထိ ဖြစ်သွားတယ်” ဟု လူကြီးမင်း ဖုန်းဆိုင် ၀န်ထမ်း တဦးက ဆိုသည်။

ရန်ကုန်မြို့ခံ တချို့က GSM ဖုန်းများတွင် အင်တာနက် အသုံးပြုခွင့် ပေးလိုက်သည်ကို ကြိုဆို ကြသော်လည်း နေရာ ကန့်သတ်ချက် ရှိမှု အပေါ် သဘော မကျကြကြောင်း ပြောဆိုကြသည်။

“ဘာပဲပြောပြော အင်တာနက်ကို ထိတွေ့ခွင့်ပေးတာကို တော့ကြိုဆိုတယ်။ ဒါပေမယ့် နေပြည်တော်နဲ့ ရန်ကုန်ပဲ သုံးခွင့် ပေးတာကိုတော့ မကြိုက်ဘူး။ အကုန်လုံး သုံးခွင့် ပေးသင့်တယ်။ နိုင်ငံတကာမှာ လိုပဲ ဈေးပေါပေါနဲ့ ဖုန်းသုံး နိုင်အောင် လုပ်ပေးသင့်တဲ့ အပြင် မြို့ရော တောပါမကျန် အင်တာနက် သုံးနိုင်အောင် လုပ်ပေးသင့်တယ်” ဟု ရန်ကုန် အခြေစိုက် ဧည့်လမ်းညွှန် တဦးက ဆိုသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် ၂၀၁၀ ပြည့်နှစ်တွင် CDMA 800 MHz ဖုန်းများဖြင့် အင်တာနက် ချိတ်ဆက် အသုံးပြုခွင့် ပေးခဲ့သည်။

မြန်မာနိုင်ငံတွင် ဖုန်းအလုံးရေ ၂ သန်းကျော်ရှိပြီး လာမည့် ၅ နှစ်အတွင်း GSM မိုဘိုင်းလ်ဖုန်း အလုံးပေါင်း သန်း ၃၀ ချထား ပေးမည်ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက တရားဝင် သတင်း ထုတ်ပြန်ခဲ့သည်။

Ref: ဧရာဝတီ်

Read More...

ဘန်ကီမွန်း ဒုတိယသက်တမ်း အထွေထွေ ညီလာခံ အတည်ပြု

အင်္ဂါ, 21 ဇွန် 2011

ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးက လက်ရှိ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) ကို နောက်ထပ် ၅ နှစ် ဆက်ခန့်ထားဖို့ မဲပေး ဆုံးဖြတ် လိုက်ကြပါပြီ။

နိုင်ငံပေါင်း ၁၉၂ နိုင်ငံပါတဲ့ ဒီညီလာခံကြီးက ဇန်န၀ါရီလ ၁ ရက်နေ့မှာစမယ့် ဘန်ကီမွန်းရဲ့ ဒုတိယသက်တမ်း အတွက် မနေ့က တညီ တညွတ်တည်း ဆုံးဖြတ်လိုက်ကြတာပါ။

ပြီးခဲ့တဲ့ အပတ်တုန်းကတော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကလည်း မစ္စတာဘန်ကို အခုလို ဆက်ခန့်ထားဖို့ သဘော တူညီချက် ပေးခဲ့ပါတယ်။

အသက် ၆၇ နှစ် ရှိပြီဖြစ်တဲ့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စတာဘန်က အခုလို ထောက်ခံမှုတွေ ရတဲ့အတွက် လှိုက်လှိုက် လှဲလှဲ ဂုဏ်ယူမိကြောင်း ပြောခဲ့ပါတယ်။

မစ္စတာဘန်ဟာ ၂၀၀၇ ဇန်န၀ါရီလ ၁ ရက်နေ့ကတည်းက အတွင်းရေးမှူးချုပ် ဖြစ်လာခဲ့တာပါ။ ဒီ ဒုတိယ သက်တမ်း ကတော့ ၂၀၁၆ မှာ အဆုံးသတ်မှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သက်တမ်းအတွင်း မစ္စတာဘန် အနေနဲ့ ရာသီဥတု ပြောင်းလဲမှု၊ လက်နက်လျှော့ချရေး၊ ကျား မ ညီမျှမှုနဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး ကိစ္စတွေကို သူ့ရဲ့ ဦးစားပေး လုပ်ငန်းတွေအဖြစ် လုပ်ကိုင်ခဲ့ပါတယ်။ ဒီကာလအတွင်း ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အနေနဲ့ ဒုက္ခ ရောက်နေတဲ့ နိုင်ငံတွေကို အကူအညီပေးတဲ့ အနေနဲ့ ပုဂ္ဂိုလ်ရေး အရလည်း အဆက်မပြတ် ခရီးထွက်ခဲ့သူ ဖြစ်ပါတယ်။

ဒါပေမဲ့ ဝေဖန်သူတွေကတော့ မစ္စတာဘန် အနေနဲ့ လူ့အခွင့်အရေး ကိစ္စတွေ အပေါ်မှာ ပြတ်ပြတ်သားသား မပြောတာနဲ့ သူ့ရဲ့ နောက်ကွယ်က သံတမန်ရေး လုပ်ရပ်တွေ ထိရောက်မှု မရှိခဲ့တာတွေကြောင့် ကမ္ဘာ့အာဏာရှင်တွေနဲ့ အာဏာရူးတွေကို ရက်ရက်စက်စက် မလုပ်အောင် တားဆီးနိုင်ခဲ့တာ မရှိဘူးလို့ ဆိုပါတယ်။

Ref: VOA News

Read More...

ကတိမတည်သော အစိုးရ၊ KIA နှင့် ငြိမ်းချမ်းရေး

အောင်လင်းထွဋ်
Tuesday, 21 June 2011

မြန်မာနိုင်ငံမြောက်ဘက် ဧရာဝတီမြစ်၏ မြစ်ဖျားခံရာ မေခမြစ်နှင့် မလိခမြစ်တို့ ပေါင်းဆုံသည့် ကချင်ပြည်နယ်၏ ငြိမ်းချမ်းနေမှုကို မကြာသောကာလက တိုက်ပွဲများက နင်းခြေဖျက်ဆီး ခဲ့လေပြီ။

ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် ယခင် စစ်အစိုးရ၏ ခက်ခက်ခဲခဲ ရယူခဲ့သော ငြိမ်းချမ်းရေး ခရီးစဉ်တွင် ကိုယ်တိုင် ပါဝင်ခဲ့ရသည့် အတွေ့အကြုံကို တင်ပြလိုပါသည်။ ဦးစွာပထမ ၀န်ခံလိုသည်မှာ စာရေးသူတို့ ကိုယ်တိုင် စစ်အာဏာရှင် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ လှည့်ဖျားမှု လိမ်လည်မှု ခံလိုက်ရကြောင်း အချိန်နှောင်းမှ သိရသည့် အချက်ဖြစ်သည်။

စစ်အစိုးရခေတ် ငြိမ်းချမ်းရေး ရည်ရွယ်ချက်များနှင့် ပတ်သက်၍ နှစ်ပိုင်းခွဲကြည့်ရမည် ဖြစ်ပါသည်။ ဗိုလ်ချုပ်မှူးကြီး စောမောင် ကာလနှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကာလတို့ ဖြစ်ပါသည်။ KIA ခေါင်းဆောင်ပိုင်းနှင့် စစ်ထောက်လှမ်းရေး ခေါင်းဆောင်ပိုင်း တို့သည် ဗိုလ်ချုပ်မှူးကြီး စောမောင် ကာလ ၁၉၉၀ ခုနှစ်နှောင်းပိုင်းတွင် တရုတ်-မြန်မာ နယ်စပ်တနေရာ၌ လျှို့ဝှက် တွေ့ဆုံခဲ့ပြီးနောက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို စတင်ခဲ့သည်။

ထိုစဉ်က ဗိုလ်ချုပ်မှူးကြီး စောမောင်၏ ငြိမ်းချမ်းရေး မူဝါဒသစ်အနေဖြင့် လက်နက်ကိုင်ထားပြီး တဦးနှင့် တဦး ယုံကြည်မှု တည်ဆောက်ကြမည်၊ နိုင်ငံရေး ကိစ္စကို နောင်ပြည်သူ့ အစိုးရ အသစ် တက်လာသည့်အခါ ဆွေးနွေးမည်၊ တပ်မတော်သည် ပြည်သူက ခန့်အပ်ထားသော အစိုးရ မဟုတ်သောကြောင့် တိုင်းရင်းသား အရေးကို မဆုံးဖြတ်နိုင်ဟု မူချမှတ်ခဲ့သည်။

ပထမဦးဆုံး လျှို့ဝှက်ဆွေးနွေးပွဲတွင် န၀တ ဘက်မှ ဒုဗိုလ်မှူးကြီး တင်ဝင်း (အလုပ်သမားဝန်ကြီးနှင့် အမေရိကန် သံအမတ်ကြီးဟောင်း)၊ ဗိုလ်မှူး သန်းအေး (ဗိုလ်မှူးကြီးဟောင်း - ကွယ်လွန်) တို့ဖြစ်ပြီး KIA ဘက်မှ ဦးဘရန်ဆိုင်းနှင့် အဖွဲ့ အကျိုးဆောင် ဒေါက်တာ စဘွဲဂျွန်၊ ဦးခွန်မြတ်တို့ ပါဝင်တက်ရောက်ခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် န၀တဘက်မှ အထက်ပါ မူဝါဒအသစ်နှင့် ပတ်သက်၍ ရှင်းလင်းခဲ့ရာတွင် ခေတ်အဆက်ဆက် မြန်မာ နိုင်ငံ၏ အစိုးရများသည် လက်နက်ချရေး မူကိုသာ အသေ စွဲကိုင်ခဲ့မှုကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ မအောင်မမြင် ဖြစ်ခဲ့ကြရကြောင်း၊ ထို့ကြောင့် မိမိတို့လက်ထက်တွင် မူသစ်အနေဖြင့် လက်နက်ကိုင်ထားပြီး ထာဝရ ငြိမ်းချမ်းရေး ရရှိရေး ယုံကြည်မှု တည်ဆောက် ကြမည်ဖြစ်ကြောင်း၊ ယုံကြည်မှု တည်ဆောက်စဉ် ကာလအတွင်း အပစ်အခတ် ရပ်စဲထားပြီး တဘက်နှင့် တဘက် နားလည်မှု ရရှိရေး၊ ကချင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အတူတကွ ပူးပေါင်း ဆောင်ရွက်သွားကြမည် ဖြစ်ကြောင်းတို့ ပါဝင်သည်။ သို့သော် KIA အနေဖြင့် ဒို့တာဝန် အရေးသုံးပါးကို သဘောတူမှ တရားဝင် ဆွေးနွေးမှုများ ဆက်လက်ဆောင်ရွက်မည်ဟု ကမ်းလှမ်းခဲ့သည်။

KIA ဘက်မှလည်း စစ်မှန်ပြီး အရှည်သဖြင့် တည်တံ့သည့် ငြိမ်းချမ်းရေးကို တည်ဆောက်လိုကြောင်း၊ ပြည်ထောင်စုမှ ခွဲထွက်မည် မဟုတ်၊ ပဋိပက္ခများကို တွေ့ဆုံဆွေးနွေးသည့် နည်းများဖြင့်သာ ဖြေရှင်း သွားလိုကြောင်း န၀တ၏ သဘောထားများကို ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO) ဗဟိုကော်မတီသို့ တင်ပြပြီး သဘောထားကို ရယူသွားမည်ဖြစ်ကြောင်း ပဏာမ တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

၁၉၉၂ ခုနှစ်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဗိုလ်ချုပ်မှူးကြီး စောမောင်ကို ဖြုတ်ချအာဏာရယူ ခဲ့ပြီးနောက် KIA ခေါင်းဆောင် ဦးဇော်မိုင် လက်ထက်တွင် အကျိုးဆောင်များမှ တဆင့် ယခင်ပဏာမ တွေ့ဆုံခဲ့စဉ် ရှင်းလင်းချက်များကို အခြေခံ၍ န၀တနှင့် ငြိမ်းချမ်းရေး ဆွေးနွေးလိုကြောင်း ကမ်းလှမ်းခဲ့သည်။

အကျိုးဆောင် လူကြီးများအဖြစ် သင်းအုပ်ဆရာ ဒေါက်တာ စဘွဲဂျွန်၊ အငြိမ်းစား သံအမတ်ကြီး ဦးလ၀မ်၊ စီးပွားရေး လုပ်ငန်းရှင် ဦးခွန်မြတ်တို့က ဆောင်ရွက်ခဲ့သည်။ ၁၉၉၂ ခုနှစ်နှောင်းပိုင်း KIA ၏ကမ်းလှမ်းချက်ကို ထိုစဉ်က စစ်ထောက်လှမ်ရေး ညွှန်ကြားရေးမှူးရုံး စစ်ဦးစီးမှူး (ပထမတန်း) ဒု ဗိုလ်မှူးကြီး ကျော်သိန်း မှတဆင့် ဒု ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး ကျော်ဝင်း၊ ညွှန်ကြားရေးမှူးနှင့် န၀တ အတွင်းရေးမှူး (၁) ဗိုလ်ချုပ် ခင်ညွန့်တို့ကို တင်ပြခဲ့ပါသည်။ ဗိုလ်ချုပ် ခင်ညွန့်မှ တဆင့် န၀တ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို မည်ကဲ့သို့ ဆက်လက် ဆောင်ရွက်ရမည်ကို အမိန့် တောင်းခံခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်မှာ “ကိုခင်ညွန့် KIA ကို လက်နက်ချရမယ်လို့ ပြောလိုက်” ဆိုသည့် အမိန့်ပင် ဖြစ်သည်။ ဗိုလ်ချုပ် ခင်ညွန့် အပါဝင် စာရေးသူတို့ အားလုံး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်ကြောင့် အတော်ပင် စိတ်ပျက် ခဲ့ရပါသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ပတ်သက်၍ ဗိုလ်ချုပ်မှူးကြီး စောမောင် လက်ထက်ကတည်းက န၀တ ဒု ဥက္ကဋ္ဌ ဖြစ်ပါသည်။ ယခင်က KIA နှင့် ဆွေးနွေးခဲ့သည်များကို သူကောင်းစွာ သိပါသည်။ အဘယ်ကြောင့် ထိုသို့ ပြောခိုင်းသည်ကို သူ၏သားတပည့် ဗိုလ်ချုပ် ကျော်ဝင်းမှအပ ကျန်လူများ မသိကြပါ။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အားနည်းချက်မှာ ငယ်စဉ် တာဝန်ထမ်းဆောင်ခဲ့ရသော တပ်မတော် ၀ါဒ ဖြန့်ချိရေး ဌာနတွင် စိတ်ဓာတ် စစ်ဆင်ရေး အလုပ်ကို ၀ါသနာ ထုံခဲ့သူဖြစ်သည်။ ဘယ်အရာမဆို စိတ်ဓာတ် စစ်ဆင်ရေး အမြင်ဖြင့် စဉ်းစားလေ့ရှိသည်။ တခါတရံ သူပြောသည့် စကားတိုင်းကိုပင် သူမှတ်မိချင်မှ မှတ်မိပါသည်။ မြှောက်ပင့်ပြောသည်ကို သဘောကျသည်။ အနီးကပ် နေရသူများ၏ စကားကို ယုံလွယ်သည်။

ဗိုလ်ချုပ် ကျော်ဝင်းက KIA ကို ပြန်ကြားရမည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်ကို အကျိုးဆောင် လူကြီးများမှ တဆင့် ပြန်ကြားရန် စာရေးသူအား တာဝန်ပေးခဲ့သည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ပြန်ကြားချက်ကို စာရေးသူသည် အကျိုးဆောင် လူကြီးများကို ရှင်းပြသည့် အခါ အားလုံး စိတ်ဓာတ်ကျခဲ့ပြီး ငြိမ်းချမ်းရေးတော့ ဝေးပါပြီဟု မှတ်ချက်ပြုခဲ့ကြသည်။ ဆက်လက်၍ စာရေးသူက အကျိုးဆောင် လူကြီးများအား မည်သို့ပင်ဖြစ်စေ ပြန်ကြားချက် တခုခု ပေးပါရန်နှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် အချိန်မရွေး စိတ်ပြောင်းလဲ တတ်သူဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးနှင့် မဝေးသေးပါကြောင်း ပြောကြားခဲ့ရသည်။

ရက်သတ္တပတ် အနည်းငယ်အကြာတွင် အကျိုးဆောင် လူကြီးများမှတဆင့် KIA ၏ ပြန်ကြားချက်မှာ KIA သည် ကချင် လူမျိုးများ တန်းတူ အခွင့်အရေးအတွက် တော်လှန်ရေး လုပ်ခဲ့သည်မှာ နှစ်ပေါင်း ၃၀ ကျော်ပြီ ဖြစ်ကြောင်း၊ န၀တ ပြောသကဲ့သို့ လုပ်ရမည် ဆိုလျှင် ကချင်လူမျိုးများ အပေါ် သစ္စာဖောက်ရာ ရောက်မည် ဖြစ်ကြောင်း၊ ကချင်တို့ အနေဖြင့် ဘယ်သောအခါမှ ပြည်ထောင်စုမှ ခွဲထွက်မှာ မဟုတ်ကြောင်း၊ ထို့ကြောင့် KIA ၏ ဂုဏ်သိက္ခာကို ထောက်ရှု၍လည်းကောင်း၊ ကချင် လူမျိုးများအား ဂရုဏာ ထားသော အားဖြင့် ငြိမ်းချမ်ရေး ရရှိရေး တခြားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကဲ့သို့ သဘောထားပေးရန် ပြန်ကြားခဲ့သည်။ ဤကဲ့သို့ KIA ပြန်ကြားချက် အပေါ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက မကန့်ကွက်တော့ဘဲ တရားဝင် တွေ့ဆုံဆွေးနွေးပွဲကို လားရှိုးမြို့ အရှေ့ မြောက်တိုင်း စစ်ဌာနချုပ်တွင် ပြုလုပ်ရန် အမိန့်ပေးခဲ့သည်။ KIA က ကချင်တို့၏ မြို့တော် မြစ်ကြီးနားတွင် ဆွေးနွေးပွဲကို ကျင်းပလိုကြောင်း ပြောကြား ခဲ့သော်လည်း ပထမ တကြိမ်တွင် လာရှိုးမြို့တွင် ပြုလုပ်ရန် ဗိုလ်ချုပ်ကြီး ခင်ညွန့်၏ မေတ္တာ ရပ်ခံချက်ကြောင့် ဆွေးနွေးပွဲနေရာ ရွေးချယ်မှု အဆင်ပြေခဲ့သည်။

န၀တ နှင့် KIA တရားဝင်ဆွေးနွေးမှုကို ၁၉၉၃ ခုနှစ် အစောပိုင်းမှစတင်၍ ပြုလုပ်ခဲ့သည်။ ပထမအကြိမ် လာရှိုး ဆွေးနွေးပွဲ၌ န၀တ ဘက်မှ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အေးကျော် (ပြန်ကြားရေး ၀န်ကြီးဟောင်း - ကွယ်လွန်) ခေါင်းဆောင်ပြီး စစ်ထောက်လှမ်းရေးမှ ဗိုလ်ချုပ် ကျော်ဝင်းနှင့် ဗိုလ်မှူးချုပ် ကျော်သိန်းတို့ ပါဝင်ခဲ့သည်။ KIA ဘက်မှ ဒု ဥက္ကဋ္ဌ ဦးလမုန်တူးဂျိုင် ခေါင်းဆောင်သော အဖွဲ့ တက်ရောက်ခဲ့ကြသည်။ ပထမ အကြိမ် ဆွေးနွေးပွဲသည် တချိန်က ရန်သူများ၊ ယခု မိတ်ဆွေများ အနေဖြင့် တွေ့ဆုံကြပြီး လူပုဂ္ဂိုလ်ချင်း လေ့လာသည့် အဆင့်သဘောမျိုး တွေ့ဆုံခဲ့ကြသည်။ န၀တဘက်မှလည်း အပစ်အခတ် ရပ်စဲရေးနှင့် ဒေသဖွံ့ဖြိုးရေးကို ဦးတည်ချက်ထား ဆွေးနွေးခဲ့ကြပြီး KIA ဘက်မှလည်း ကချင်လူထု၏ တခဲနက် ငြိမ်းချမ်းရေး တောင်းဆိုမှုများအပေါ် ပွင့်ပွင့်လင်းလင်း ပြောဆို ဆက်ဆံခဲ့ကြသည်။

ဒုတိယအကြိမ် တွေ့ဆုံဆွေနွေးပွဲမှစ၍ ဆွေးနွေးပွဲများကို မြစ်ကြီးနားမြို့တွင် ကျင်းပပြုလုပ်သည်။ ဒုတိယအကြိမ် ဆွေးနွေးပွဲမှ စ၍ န၀တ ဘက်မှ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အေးကျော်၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စောလွင် (ဟိုတယ်ဝန်ကြီးဟောင်း)၊ စစ်ထောက်လှမ်းရေးမှ ဗိုလ်ချုပ် ကျော်ဝင်းနှင့် ဗိုလ်မှူးချုပ် ကျော်သိန်းတို့ ဦးဆောင်ပါဝင်ခဲ့ပြီး KIA ဘက်မှ ဥက္ကဋ္ဌ ဦးဇော်မိုင်နှင့် ဒု ဥက္ကဋ္ဌ ဦးလမုန်တူးဂျိုင်တို့ ဦးဆောင်ပါဝင်ခဲ့သည်။ အကျိုးဆောင် လူကြီးများလည်း တက်ရောက်ခဲ့ကြသည်။

ဆွေးနွေးပွဲများတွင် စစ်ရေးနှင့်ပတ်သက်၍ အပစ်အခတ် ရပ်စဲရေးကို မည်သို့စတင်လုပ်ကြမည်၊ နှစ်ဘက် စစ်တပ်များ နယ်မြေ သတ်မှတ်ရန်၊ ဆွေးနွေးပွဲ ပြုလုပ်နေစဉ် အချိန်အတွင်း နှစ်ဖက် စစ်တပ်များ ယာယီ အပစ်အခတ် ရပ်စဲထားရန်၊ နယ်မြေ သတ်မှတ်မှု သဘော တူညီပြီးပါက လက်နက်ကိုင်ဆောင်ပြီး ကန့်သတ် နယ်မြေ အတွင်းသို့ ၀င်ရောက်မည်ဆိုလျှင် ခွင့်ပြုချက် ရယူရန်၊ တပ်အင်အား မတိုးချဲ့ရန် တို့ကို ဆွေးနွေးသည်။

စီးပွားရေးနှင့် ပတ်သက်၍ KIA အဖွဲ့ စားသောက်နေထိုင်ရေးအတွက် အစိုးရမှ စီးပွားရေးလုပ်ငန်း လုပ်ပိုင်ခွင့်ကို ညှိနှိုင်း ဆောင်ရွက်ပေးရန်၊ နိုင်ငံတော် အနေဖြင့်လည်း ကချင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းချ၍ ဆောင်ရွက် ပေးမည်ဖြစ်ပြီး နိုင်ငံရေးနှင့် ပတ်သက်၍ စစ်တပ်သည် ပြည်သူ့အစိုးရ မဟုတ်သည့် အတွက် နောင်ပေါ်ပေါက် လာမည့် အစိုးရနှင့်သာ ဆွေးနွေးရန်တို့ ပါဝင်သည်။

အချုပ်အားဖြင့် အပစ်အခတ် ရပ်စဲထားစဉ်ကာလသည် နှစ်ဘက်ယုံကြည်မှု တည်ဆောက်သည့်ကာလ အဖြစ် သတ်မှတ်ပြီး အပြန်အလှန် နားလည်မှုရ၍ ထာဝရ ငြိမ်းချမ်းရေး ဖြစ်ပေါ်ရန် ရည်ရွယ်ခဲ့သည်။ လက်နက် ကိုင်ဆောင်ခွင့်နှင့် ပတ်သက်၍ နောင် ပေါ်ပေါက်လာမည့် ပြည်သူ့ အစိုးရနှင့် နိုင်ငံရေးကိစ္စ ဆွေးနွေးသည့်အခါ ထည့်သွင်း ဆွေးနွေးသွားရန် ဖြစ်သည်။

အထက်ပါ ဆွေးနွေးပွဲများ၌ ဆွေးနွေးသည့် အကြောင်းအရာအပေါ် န၀တဘက်မှ ပေးပို့သော အသေးစိတ် အချက် အလက်များကို စစ်ထောက်လှမ်ရေး ညွှန်ကြားရေးမှူး ရုံးမှနေ၍ စာရေးသူကိုယ်တိုင် ဗိုလ်ချုပ်ကြီး ခင်ညွန့်သို့ သတင်းပို့ရသည်။ ဗိုလ်ချုပ်ကြီး ခင်ညွန့်မှ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ ဆက်လက်တင်ပြ အမိန့်ခံယူပြီး လမ်းညွှန်ချက်ကို စာရေးသူမှ မြစ်ကြီးနားမြို့ရှိ န၀တ ကိုယ်စား ဆွေးနွေးနေသော အဖွဲ့သို့ ပြန်လည် အကြောင်းကြားရသည့် တာဝန်ကို ထမ်းဆောင်ခဲ့ရသည်။

ဆွေးနွေးချက်များနှင့် ပတ်သက်ပြီး နှစ်ဘက်သဘောတူညီသောကြောင့် ငြိမ်းချမ်းရေးစာချုပ်ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ခွင့်ပြုချက်ဖြင့် ၁၉၉၄ ခု ဖေဖော်ဝါရီလတွင် န၀တ ကိုယ်စား အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အေးကျော်နှင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စောလွင်တို့မှ လက်မှတ် ရေးထိုးခဲ့သည်။ KIA ဘက်မှ ဥက္ကဋ္ဌ ဦးဇော်မိုင်နှင့် ဒု ဥက္ကဋ္ဌ ဦးလမုန်တူးဂျိုင်တို့မှ လက်မှတ် ရေးထိုးခဲ့သည်။ ထိုစဉ်က လက်ရှိ သမ္မတ ဦးသိန်းစိန်သည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ လက်ထောက် စစ်ဦးစီး ဗိုလ်မှူးကြီး ဖြစ်ခဲ့ပြီး လက်ရှိ ရန်ကုန်တိုင်း ၀န်ကြီးချုပ်၊ ဒု ဗိုလ်ချုပ်ကြီးဟောင်း မြင့်ဆွေသည် စစ်ဦးစီးမှူး ပထမတန်း ဖြစ်သည်။

၁၉၉၇ ခုနှစ် အလွန်မှစ၍ စစ်အာဏာရှင်ကြီး၏ ဉာဏ်နီဉာဏ်နက်များကို စတင်၍ သိလာရသည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအပေါ် ထားရှိရမည့် သဘောထားကို တိုင်းမှူး၊ တပ်မမှူးများ လေးလပတ် အစည်းအဝေးတွင် လမ်းညွှန်မှုများ ပြုလုပ်လာခဲ့သည်။ အပစ်ရပ် ငြိမ်းချမ်းရေး အဖွဲ့များသည် ပြည်တွင်း ပြည်ပ နိုင်ငံရေး ကိစ္စများတွင် လက်နက်တခု သဖွယ် ကိုင်တွယ် အသုံးပြုရန်ဖြစ်ကြောင်း၊ အချိန်မရွေး စစ်ပြန် တိုက်ရလိမ့်မည်ဖြစ်ကြောင်း၊ ၎င်းတို့၏ စစ်ရေးလှုပ်ရှားမှုကို မျက်ခြေမပြတ် စောင့်ကြည့်ရန် လိုကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ နယ်နမိတ် အစပ်များ စစ်တပ် တပ်ရင်းပေါင်း များစွာကို တိုးချဲ့ ဖွဲ့စည်းသွားရန် လမ်းညွှန်မှုများ ပေးခဲ့သည်။ KIA နှင့် မွန်ပြည်သစ် ပါတီကို ဆွဲထုတ်ပြီး KNU ကို အင်အား ချိနဲ့သွားအောင် လုပ်ခဲ့သည်။ KNU က ငြိမ်းချမ်းရေး ကမ်းလှမ်း လာသောအခါ လက်နက် ချရမည်ဟူ၍ ပြောခိုင်းခဲ့သည်။ အမျိုးသား ညီလာခံတွင် တိုင်းရင်းသားများ စုစည်းပြီး တိုင်းရင်းသားအရေး ဆွေးနွေးရန် တင်ပြရာတွင်လည်း ခွင့်မပြုရန် ညွှန်ကြားသည်။ အမျိုးသား ညီလာခံကို အမြန် အပြီးသတ်ပြီး ငြိမ်းချမ်းရေး သဘောတူညီချက်တွင် မပါသည့် နယ်ခြားစောင့်တပ် လုပ်ရမည်ဆိုပြီး အကျပ် ကိုင်လာခဲ့သည်။ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး လက်မခံသော ကိုးကန့်အဖွဲ့ကို ခြေမှုန်းပြီး ခြိမ်းခြောက်ခဲ့သည်။

ယနေ့ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် တို့တွင် ဖြစ်ပွားနေသော တိုက်ပွဲကြီးငယ် များကြောင့် ပြည်သူ လူထု အတိဒုက္ခနှင့် ကြုံတွေ့ နေရခြင်း၏ အဓိက တရားခံမှာ အမည်ခံ အရပ်သား စစ်အာဏာရှင် အစိုးရပင် ဖြစ်သည်။ ကတိသစ္စာ မတည်သော အမည်ခံ အရပ်သား စစ်အာဏာရှင် အစိုးရ၏ လိမ်လည်မှု လှည့်ဖြားမှု များသည် ယနေ့ အချိန်တွင် ကွက်ကွက် ကွင်းကွင်း တွေ့နေရပြီ ဖြစ်သည်။ မြောက်ကိုရီးယား ကိစ္စ ၊ ကလေးစစ်သား ကိစ္စ၊ အဓမ္မ လုပ်အားပေး ကိစ္စ၊ လူ့အခွင့်အရေး ကိစ္စတို့တွင် ကုလသမဂ္ဂနှင့် ကမ္ဘာကို လိမ်သည်။ ငြိမ်းချမ်းရေး ကိစ္စ၊ ရွေးကောက်ပွဲ ကိစ္စ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကိစ္စ၊ နိုင်ငံတော် ဘဏ္ဍာ ကိစ္စတို့တွင် မြန်မာပြည်သူထုကို လိမ်ညာလျက်ရှိပေသည်။

(ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်သည် တန်ပြန်ထောက်လှမ်းရေး အရာရှိ၊ အမေရိကန်နိုင်ငံ ၀ါရှင်တန်မြို့ရှိ မြန်မာသံရုံး၌ သံမှူးကြီး စသည့် တာဝန်များ ထမ်းဆောင်ခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် အမေရိကန်၌ နိုင်ငံရေးခိုလှုံခွင့် တောင်းခံခဲ့သည်။)

Ref: ဧရာဝတီ်

Read More...

တရုတ်တွေ ဝင်လာတဲ့အခါမှာ စစ်တပ်တွေ ပါလာတယ်

ကိုဝိုင်း
အင်္ဂါနေ့၊ ဇွန်လ ၂၁ ရက် ၂၀၁၁

(ကေအိုင်အို ပြောခွင့်ရ ဦးလနန်နှင့် အင်တာဗျူး)

ချင်းမိုင် (မဇ္ဈိမ) ။ ။ ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ဖြစ်ပွားမှုနှင့် ပတ်သက်၍ KIO ပြောခွင့်ရ တွဲဘက် အတွင်းရေးမှူး ဦးလနန်ကို မဇ္ဈိမသတင်းထောက် ကိုဝိုင်းက မေးမြန်းထားသည်။

ကချင်ပြည်နယ် လွှတ်တော်အမတ် ကြံ့ခိုင်ရေးပါတီ အတွင်းရေးမှူး-၂ ဦးသိန်းဇော်ဆီကို အပစ်ရပ်တဲ့ ကိစ္စ စာပြန်ရေးတယ် ဆိုတာကြားလို့။

“ဦးသိန်းဇော်က ကျနော်တို့ဘက်ကို စာပေးဖူးခဲ့တယ်။ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က သူ့ရှေ့တန်းမှာ ရောက်နေတဲ့ စစ်ကြောင်းတွေကို ညွှန်ကြားပြီးပြီ၊ ၁၈ ရက်နေ့ည ၈ နာရီက စပြီး KIA တပ် တွေသာ စမပစ်ဘူးဆိုရင် သူတို့ တပ်တွေ မပစ်ဖို့ ညွှန်ကြား ထားပြီးပြီဆိုတဲ့ အကြောင်းပေါ့နော်။ KIA ကလည်း ရှေ့တန်းတွေကို ညွှန်ကြားပေးပါ။ ရပ်ခိုင်းဖို့ ပေါ့နော်။ ဦးသိန်းဇော်က မြစ်ကြီးနားမြို့နယ် လွှတ်တော် ကိုယ်စားလှယ် တဦးအနေနဲ့ ရေးထားတဲ့စာ ဖြစ်နေတယ်။

ကျနော်တို့ စာမှာက ဦးသိန်းဇော်က လွှတ်တော် ကိုယ်စားလှယ် တယောက်အနေနဲ့ ရေးတယ်။ ကျနော်တို့က သက်သေ အချက် အလက်ကို တောင်းဆိုတာပါ။ အမိန့်စာ မဟုတ်သည့်တိုင် အဲဒီ ပြောဆိုချက်ကို အာမခံ ပေးနိုင်တဲ့ စစ်ဘက်ဆိုင်ရာ တဦးဦးကနေ အာမခံ ပေးချက်ကို တောင်းတာ။ ဦးသိန်းဇော်က တိုင်းမှူးကို သူပြောပြီးပြီ၊ တိုင်းမှူးက အမိန့်ထုတ်ပြီးပြီ ဆိုတာပဲပါတယ်။ ဒါပေမယ့် စစ်ဘက် ဆိုင်ရာက ရေးတဲ့စာ မရောက်ဖူး ဖြစ်နေတယ်။ အဲဒါကြောင့် သူတို့ ပေးပို့နိုင်ရင် ကျနော်တို့ က ပြန်စဉ်းစားမယ် ဆိုတဲ့ အပိုင်းပေါ့နော်။ သူတို့ဆီကရတာ ၁၉ ရက်နေ့မှာပဲ ကျနော်တို့ ၁၉ ရက်နေ့ ညပဲ ပြန်ပြီး အကြာင်း ပြန်လိုက်တယ်။ ရရှိကြောင်းဆိုတဲ့ ပြန်ကြားချက်တော့ ရတယ်။ ကျနော်တို့ အီးမေးနဲ့ပဲ ပို့တာပါ။

နေပြည်တော်ကိုရော စာပို့တာ၊ အကြောင်းကြားတာ တခုခု မလုပ်ဘူးလား။

“မရှိပါဘူး။ ခုလိုဖြစ်လာတာကလည်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးကို ကျနော်တို့က အကြိမ်ကြိမ် ပါးစပ်နဲ့ တဖုံ၊ စာနဲ့တဖုံ ကြိုပြီးတော့ သတိပေးတဲ့ အပိုင်းတွေ အများကြီး ရှိခဲ့တယ်။ အဲဒီတော့ ကျနော်တို့ဘက်ကစပြီး သက်ဆိုင်ရာ အစိုးရကို ဒါရပ်ရအောင် လုပ်မယ်လို့တော့ ကျနော်တို့ အဆိုပြုချက်တော့ လုပ်မှာ မဟုတ်ဘူး။ အခုတောင် ဦးသိန်းဇော်က လွှတ်လိုက်တဲ့ ကချင် အမျိုးသားများ အတိုင်ပင်ခံ ကောင်စီက လူတွေရောက်လာလို့ စာအကြောင်းကြားတာပါ”

အစိုးရတပ်တွေက ကချင်ပြည်နယ်ထဲမှာ ဘယ်လောက်များလည်း။

“နယ်ခံတပ်တွေ တပ်ရင်းပေါင်း ၃ဝ ပတ်ဝန်းကျင်လောက် ရှိမယ်။ အဲဒီတပ်တွေအားလုံးကို တိုက်ပွဲ ဝင်နိုင်ဖို့ အတွက် လုံခြုံရေးက အစပေါ့ တပ်လှန့်ထားတဲ့ အနေအထားရှိတယ်။ တိုက်ပွဲဖြစ်လာတဲ့ နောက်ပိုင်းမှာ အောက်ပိုင်းက တက်လာတဲ့ တပ်တွေလညှ်း ရှိတယ်။ အားလုံးဆို ခန့်မှန်းရတော့ ခက်မယ်။ ၁၁ ရက်နေ့ တိုက်ပွဲတုန်းက သူတို့သုံးတာ တပ်ရင်း ၁၁ ရင်းရှိတယ်။ ဒါပေမယ့် အင်အားတော့ မပြည့်ဖူးပေါ့နော်။ တရင်းကို အယောက် ၄ဝ-၅ဝ-၆ဝ ပေါ့ အများဆုံး ၈ဝ ပေါ့”

အစိုးရစစ်တပ်က မုဒိန်းမှုတွေ ကျူးလွန်တယ်ဆိုတဲ့ သတင်းတွေ ထွက်နေပါတယ်။ ဒီကိစ္စကို အတည်ပြုနိုင်ပါလား။

“အဲဒီကိစ္စတော့ အမှန်တကယ်ပဲ ဖြစ်နေပါတယ်။ ဒုက္ခသည်တွေ ကျနော်တို့ဘက် ပြေးလာတာ အဲဒါပါပဲ။ အခု ပြေးလာတဲ့ ဒုက္ခသည်တွေက တိုက်ပွဲ ဧရိယာထဲက မပါသေးဘူး။ သူတို့ ကျေးရွာတွေ မှာ တပ်မတော် စစ်ကြောင်းတွေ စခန်းချတော့ မသင်္ကာတဲ့ လူတွေကို ဖမ်းပြီးရိုက်တယ်။ ယောကျာင်္းတွေ ဆိုရင်ပေါ့။ အမျိုးသမီး တွေကိုတော့ အဖွားကြီးတွေပါ မကျန် ကလေးမတွေ ကိုပါ အဓမ္မ ပြုကျင့်တာမျိုး လုပ်ခဲ့တယ်။ အဲဒီ သတင်းတွေက ပြန့်သွားတော့ သူတို့အစိုးရ အုပ်ချုပ်တဲ့ ယန္တယားအောက်က ရွာထုတွေ ကျနော်တို့ဘက် ပြေးလာကြတယ်”

မုဒိန်းကျင့်တာ ရှိတယ်ဆိုတော့ အဖြစ်အပျက် တခုကို ထောက်ပြလို့ရမလား။


ဥပမာဆိုရင် တပ်မဟာ ၃ ဧရိယာ လွယ်ဂျယ်မြို့နယ်ထဲမှာ ခရုန်မူးဒါန်ရွာ ရှိတယ်။ လီဆူးရွာပါ။ ချာတိတ်မ တယောက်ကို မုဒိန်း ကျင့်ပြီးတော့ သူ့မိဘနှစ်ပါး ရှေ့မှာပဲ သေနတ်နဲ့ ပစ်သတ်လိုက် ပါတယ်။ မိဘတွေကလည်း ကြောက်ပြီးတော့ တရုတ်ပြည်ကို ပြေးဝင် သွားတယ်။ တရုတ်ကလူတွေ ပြောပြမှ တဆင့် သိရတာပါ။ ဖြစ်တဲ့ တပ်ကလည်း ဘယ်တပ်ဆိုတာ သူတို့ ကောင်းကောင်း မပြောနိုင်ဘူး။ အတိအကျ အခိုင်လုံရဖို့တော့ ကျနော်တို့ အများကြီး ကြိုးစား နေပါတယ်။ အမျိုးသမီးရေးရာ တွေကလည်း စုံစမ်းနေဆဲပါ။

တာပိန် ရေအားလျှပ်စစ် စီမံကိန်းကို KIA ရဲ့နှောင့်ယှက်မှုကနေ ကာကွယ်ရပါတယ်လို့ အစိုးရက အကြောင်းပြ ပါတယ်။

“အဲဒီ ရေအားလျှပ်စစ် လုပ်တဲ့နေရာဟာ KIA တပ်ဖွဲ့တွေက အရင့်အရင် နှစ်ပေါင်း ၃ဝ-၄ဝ ကတည်းက တပ်စွဲထားတဲ့ နေရာ။ ကျနော်တို့ နားလည်မှု ပေးပါတယ်။ နောက်ပိုင်း တရုတ် အလုပ်သမားတွေ ဝင်လာတော့ စိစစ်ဖို့ဆိုပြီး လဝကတွေ ဝင်လာတယ်။ လဝကကို လုံခြုံရေးပေးဖို့ ဆိုပြီး ရဲက ပြန်ဝင်လာတယ်။ နောက်တော့ စစ်တပ်ပြန်ပါလာရော။ ကျနော်တို့ စိုးမိုးထားတဲ့ နယ်မြေ ကို နယ်ချဲ့လာတဲ့ သဘောလည်း ရှိတယ်။ ဒါပေမယ့် ဗမာ့တပ်မတော် ရဲဘော်တွေနဲ့ ကချင်တပ်သားတွေ ပြဿနာ မရှိကြပါဘူး။ တရုတ်အပေါ်မှာ ကျနော်တို့က ပြန်ပေးဆွဲတာမျိုး၊ ခြိမ်းခြောက်တာမျိုး မလုပ်ပါဘူး။ ကျနော်တို့က နယ်စပ် တလျှောက်မှာ တရုတ်နဲ့ အမြဲတမ်း ဆက်ဆံနေရတဲ့ အပိုင်းတွေ ရှိတယ်။ အခုမှမဟုတ်ဘူး။ တကယ့် လူဆိုးသွမ်းတွေ လုပ်တဲ့ အလုပ်မျိုး မလုပ်ဘူး။ KIO ဆိုတာ ကိုယ့်သိက္ခာနဲ့ နေတဲ့အဖွဲ့ပါ။ အဲဒီမှာ အလုပ်လုပ်တဲ့ တရုတ်ကုမ္ပဏီတွေ၊ သက်ဆိုင်ရာ တရုတ် အစိုးရဘက်က ဆိုင်ရာတွေ သိပါတယ်။ သူတို့က သူတို့ရဲ့အမှားတခုကို ခြေလှမ်း ကျွံသွားတဲ့ အခါမှာ တောင်းပန်တာမျိုး ပြင်ဆင်တာမျိုး မလုပ်ပဲနဲ့ ပိုပြီးမှားအောင် ပြောဆိုချက်တွေပါပဲ”

လာဆာ ရေအားလျှပ်စစ် စီမံကိန်းနဲ့ တရုတ် အလုပ်သမားတွေအကြောင်း နည်းနည်း ပြောပြပါလား။

“အခုမှ လုပ်ငန်းဆောင်ရွက်နေဆဲပါ။ ဧရာဝတီမြစ်ဆုံရဲ့ အထက်မှာ မေခနဲ့ မေလိခမြစ် ဆိုတာရှိတယ်။ မေလိခရဲ့ အထက်ဘက်၊ ဆွန်ဘရာဘွန်ရဲ့ အောက်နားမှာရှိတယ်။ ကျနော်တို့ တပ်မဟာ ၁ ဧရိယာထဲမှာ ရှိတယ်။ အဲဒီမှာလည်း အရင်တုန်းက ဗမာစစ်တပ် မရှိဘူး။ သူတို့ ရေအားလျှပ်စစ် စီမံကိန်း လုပ်မယ်ဆိုပြီးတော့ တရုတ်တွေ ဝင်လာတဲ့ အခါမှာ စစ်တပ်တွေ ပါလာတယ်။ ကျနော်တို့ နားလည်မှုပေးတယ်။ ဒါပေမယ့် အဲဒီမှာလုပ်တဲ့ တရုတ်တွေက ရေအားလျှပ်စစ် စီမံကိန်း လုပ်မယ် ဆိုပြီးတော့ တောင်ဖောက်မယ် ပြောပြီးတော့ ရေအားလျှပ်စစ် စီမံကိန်းခွင် အပြင်ဘက်မှာ သတ္တုရိုင်းတွေ လိုက်စမ်းသပ်ရှာတယ်။ အဲဒီဘက်မှာ ရွှေအများကြီး ထွက်တယ်။ အခြား တန်ဘိုးရှိတဲ့ သတ္တုရိုင်းတွေလည်း ရှိတယ်။ ကျနော်တို့က အဲဒီသတ္တုရိုင်းရှာတဲ့ အဖွဲ့ကို မောင်းထုတ် လိုက်တယ်”

ကချင်ပြည်နယ်ထဲမှာ ရေအားလျှပ်စစ် စီမံကိန်းကြီး ဘယ်နှစ်ခုလောက် ရှိလည်းခင်ဗျ။ တရုတ်နဲ့ လုပ်နေတာတွေ ပဲလား။

“စီမံချက်တွေ အများကြီးရှိပါတယ်။ ဧရာဝတီမြစ်ဆုံ စီမံကိန်းက အကြီးမားဆုံး။ ခုနပြောတဲ့ လာဆာ မှာ တခုဆောက်ဖို့ ရှိတယ်။ မေခ မြစ်ရိုး တလျှောက်မှာလည်း ၄-၅ ခုလောက် ဆောက်ဖို့ စီမံကိန်းတွေ လုပ်ထားတာ ရှိတယ်။ အဲဒီကထွက်တဲ့ လျှပ်စစ်တွေကို တရုတ်ပြည်ကို ပြန်ရောင်းဖို့ပဲ။ အဲဒီမှာရှိတဲ့ ဒေသခံအတွက် ဘာမှအကျိုးမရှိပါဘူး။ တရုတ်တွေနဲ့ အေးရှားဝေါလ် Asia World ပေါင်းပြီး လုပ်ကြတယ်”

တရုတ်နိုင်ငံသားတွေက အဲဒီစီမံကိန်းတွေကို ဘယ်လမ်းတွေကနေ ဝင်လာတာလည်း။ KIA/ KIO ကိုဖြတ်သေးလား။

“ဧရာဝတီမြစ်ဖျားနဲ့ မြစ်ဆုံဘက် လုပ်တာကတော့ ကန်ပိုက်တီလမ်းက ဝင်ပါတယ်။ အဲဒီလမ်းက အရင်တုန်းက NDAK ခွင်ပေါ့နော်။ နောက် တာပိန် ရေအားလျှပ်စစ်ကတော့ ရင်ကျန်းဘက်၊ လွယ်ကြယ်လမ်းကလည်း ဝင်တယ်။ ကျနော်တို့ ဂိတ်ကတော့ ဖြတ်စရာ မရှိပါဘူး”

KIO/KIA ဝန်ထမ်းတွေ၊ တပ်ဖွဲ့ဝင်တွေကို အစိုးရတပ်က ဖမ်းထားတာ ဘယ်လောက်ရှိလည်း။

“အယောက် ၁ဝ ကျော်ရှိတယ်။ ကျနော်တို့ KIA နဲ့ ဆက်စပ်တယ် ဆိုပြီး ဖမ်းဆီးထားတာတွေလည်း ရှိသေးတယ်။ တယောက်မှ ပြန်မလွှတ်သေးဘူး။ ၂ဝ၁ဝ စက်တင်ဘာ ၃ဝ ရက် နောက်ပိုင်း ဖမ်းတာတွေပါ။ အခု မန္တလေးတိုင်း ဝန်ကြီးချုပ် အဲဒီတုန်းက စရဖ ဗိုလ်ချုပ်ရဲမြင့် တာဝန်ရှိတာပေါ့။ ဒီလ ၉ ရက်နေ့ နောက်ပိုင်းကတော့ သူတို့ဖမ်းပြီး သတ်လိုက်တဲ့ ဒုတပ်ကြပ် ချိန်းရိန်းပါပဲ”

အစိုးရကတော့ ၂ဝဝ၈ ဖွဲ့စည်းပုံကို ပြင်လို့ရတယ်။ လွှတ်တော်ကနေ တဆင့် ပြောမယ်လို့ ဆိုပါတယ်။


“ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို တကယ်တော့ မပြင်ဆင်နိုင်အောင် လုပ်ခဲ့တာပဲ။ ညီလာခံတက်တဲ့ တိုင်းရင်းသား အုပ်စုတွေ အထူးသဖြင့် လက်နက်ကိုင် အဖွဲ့ ၁၃ ခု ကနေပြီးတော့ စာတမ်းတွေ တင်ခဲ့တာ ရှိတယ်။ KIO ကနေပြီးတော့ စာတမ်းတွေ တင်ခဲ့တယ်။ အဲဒီ အချက်တွေကို သူတို့တချက်မှ လိုက်လျောပေးတာ မရှိခဲ့ဘူး။ အဲဒီတော့ တိုင်းရင်းသား အုပ်စုတွေ တောင်းဆိုထားတဲ့ တင်ပြထားတာ မပါတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ ကျနော်တို့ဟာ သူတို့ရဲ့ ထောင်ချောက်ထဲ ပြန်ဝင်သွားတာနဲ့ အတူတူပဲ။ ဒါကြောင့် လွှတ်တော် အတိုင်းသွားကြမယ် လွှတ်တော်ထဲကနေ ပြောဆိုကြမယ် ဒါဟာ လုံးဝမဖြစ်နိုင်တဲ့ ကိစ္စပါ”

ဒုက္ခသည်တွေက ဘယ်နေရာတွေမှာ ဘယ်နှစ်ယောက်လောက် ရှိနေလဲဗျ၊

“နယ်စပ်ဒေသတွေမှာ ကျနော်တို့ KIO ထိန်းချုပ်နယ်မြေထဲမှာ ရောက်နေတာကတော့ တသောင်း ကျော်တယ်။ အစိုးရ အုပ်ချုပ်မှု အောက်က လူတွေပါ။ တိုက်ပွဲစဖြစ်တုန်းက တရုတ်ဘက် သွားကြ တာရှိတယ်။ တရုတ်ပြည်ကလည်း အခုက တိုက်ပွဲ မရှိဘူး ဒါကြောင့် ပြန်သွားကြပါ ဆိုတဲ့ အဓိပ္ပါယ်မျိုးနဲ့ ပညာသားပါပါ ပြောဆိုကြတယ်။ တရုတ်ဘက်က ဒုက္ခသည် စခန်းတွေကလည်း အစီအမံ ကောင်းကောင်းနဲ့ လုပ်ထားတာ မရှိဘူးလို့ ပြောရမှာပဲခင်ဗျာ့။ ကျနော်တို့ KIO အုပ်ချုပ် နယ်မြေထဲ မှာ KIO အဖွဲ့အစည်း ကနေပြီးတော့ ဖြစ်နိုင်သလောက် ပံ့ပိုးပေးတာမျိုးတော့ လုပ်နေတယ်”

Ref: မဇ္ဈိမ

Read More...

ပညာရှာ မဲပြာပုဆိုး

အေးနှင်းညို
အင်္ဂါနေ့၊ ဇွန်လ ၂၁ ရက် ၂၀၁၁

မေလကုန် ဇွန်လဆန်းပီဆိုတာနဲ့ ကျောင်းအပ်ဖို့ ကျောင်းအလှူငွေပေးဖို့ ဆိုတာတွေဟာ ကျောင်းသား မိဘတွေကို ခြောက်လှန့် နေတဲ့ အိပ်မက်ဆိုးကြီး ဖြစ်နေတာ အခုဆိုရင် ဆယ်စုနှစ်တွေ ချီနေပါပီ။ ဒါပေမဲ့ ကျောင်းတံခါးတွေလည်း ဖွင့်ရော ကျောင်းဝတ်စုံ အဖြူ အစိမ်းနဲ့ လွယ်အိတ်ကိုယ်စီ လွယ်ပီး ကျောင်းကို သွားနေတဲ့ ကလေးငယ်တွေ မြင်တိုင်း မြင်ရသူကို ကြည်နူး စေတာကတော့ ဘယ်လိုမှ မငြင်းနိုင်တဲ့ သဘာဝ အလှဘဲ ဖြစ်ပါတယ်။

တချိန်ထဲမှာ ကျောင်းတက်ခေါင်းလောင်း ထိုးသံနဲ့အတူ ကျောင်းမှာ ဘာကြေးပေးရမယ်၊ ညာကြေးပေးရမယ် အဲဒါ မပေးရင် ကျောင်းမသွားဘူးနော် ဆိုတဲ့ ကလေးငယ်ရဲ့ အသံနဲ့ ဒီနေ့မပေးပါနဲ့အုံး နောက်ရက်မှ ပေးပါသားရဲ့ သမီးရဲ့ဆိုတဲ့ ကလေး အမေတွေရဲ့ အော်ဟစ် သံတွေဟာ ခေတ်သစ် နံနက်ခင်း တေးသံသာ အဖြစ် ရပ်ကွက် မြို့ရွာတွေမှာ ရှိနေတာကိုလည်း သတိပြုမိကြမှာပါ။

၂ဝ၁၁-၂ဝ၁၂ ပညာသစ်နှစ်မှာတော့ ကျောင်းမဖွင့်ခင် တပတ်လောက်အလိုမှာ ကျောင်းပြဋ္ဌာန်း စာအုပ်တွေ အခမဲ့ ပေးမယ်။ ဘာကြေး ညာကြေး မကောက်ရဘူး၊ နိုင်ငံတကာပညာ အဆင့်မီတဲ့ ပညာတွေ သင်မယ်ဆိုပီး အစိုးရသစ် ပညာရေး ဝန်ကြီးရဲ့ လေတလုံး မိုးတလုံး ကြိမ်းဝါး သံတွေကြောင့် ကျောင်းသားမိဘတွေ အသက်ရှူ ချောင်သလို ခံစား ခဲ့ကြပါတယ်။

ပညာရေးဝန်ကြီး အမိန့်မထုတ်ခင် ကျောင်းသွားအပ်တဲ့ မိဘတွေက ကျောင်းပြဋ္ဌာန်း စာအုပ်ဖိုးတွေ သွင်းခဲ့ရပါတယ်။ ဒီလို ပညာရေး ဝန်ကြီးရဲ့ အမိန့်စာကြောင့် လက်ခံပီးသား ပြဋ္ဌာန်း စာအုပ်ဖိုးတွေ ပြန်ပေးတဲ့ ကျောင်းတွေ ရှိသလို မသိသလိုနဲ့ ပြန်မပေးတဲ့ ကျောင်းတွေလည်း ရှိနေတယ်လို့ မန္တလေးမြို့က ကျောင်းသားမိဘ တဦးက ပြောပြပါတယ်။ တခါ ကျောင်းသားတွေရဲ့ ကျန်းမာရေးကို အထူး အလေးထားတဲ့ အနေနဲ့ ကျောင်းသား အယောက် ၅ဝ ကို အိမ်သာ တလုံးနှုန်းနဲ့ ဆောက်ပေးရမယ် ၊ ကျောင်းသားတွေ အနည်းဆုံး တပတ်တခါ ထမင်းလက်ဆုံ စားဖို့အတွက် ထမင်းစားဆောင် ဆောက်ပေးရမယ် ဆိုတဲ့ ဆိုတဲ့ အမိန့်အတူ ကျောင်းမှာ အလှူငွေ မကောက်ရဘူး ဆိုတဲ့ ဝန်ကြီး အမိန့် ထွက်လာပါတယ်။

အဲဒီတော့ ဒီအမိန့်ကို ဖြည့်ဆည်းဖို့ ဆောက်လုပ်ရေး ဝန်ကြီးကများ တစုံတရာ လုပ်ပေးမလား ဆိုတဲ့ အတွေးမျိုးတွေ
တွေးဖြစ်ရင် တွေးတဲ့သူ အလွဲကြီး လွဲတယ်လို့ ပြောရမှာပါ။ ဒါနဲ့ အဲဒီ အဆောက်အဦးတွေ ဆောက်လုပ်ဖို့ ဆရာ ဆရာမတွေက အလှူငွေ ကောက်ခံဖို့ မရဲတော့ ကျောင်းတွေမှာ ရှိတဲ့ မိဘဆရာ အသင်းက ကျောင်းသား မိဘတွေက ဒီအလှူငွေတွေကို ကောက်ပေးတယ် ဆိုတာ မန္တလေးမြို့က ကျောင်းတွေမှာ ဖြစ်နေပါတယ်။ ဒီလို တဖက်လှည့်နဲ့ အလှူငွေကြေး ကောက်ခံနေတယ် ဆိုတာက ပညာရေးဝန်ကြီး အမိန့်ကို အာခံ လိုက်တာဘဲလို့ ပြောမယ်ဆိုရင် မရနိုင်ဘူးလား။ ကဲပါလေ ဒါကို ထားလိုက်ပါတော့…။

အစိုးရကလည်း အသစ် ဝန်ကြီးတွေကလည်း အသစ်ဆိုတော့ ကျောင်းဝတ်စုံ ပုံစံတွေလည်း သစ်ရမယ်လို့ ဆုံးဖြတ်ချက်များ ချထားသလား အောက်မေ့ရအောင် မူလတန်း ကလေးကနေ အထက်တန်း ကျောင်းသူအထိ မိန်းကလေးတွေ ဝတ်ရမယ့် ထမီက ချိတ်တွေတပ်ပြီး ချုပ်ထားတဲ့ စကပ်ထမီမျိုး မဟုတ်ဘဲ ပတ်ဝတ်ရမယ့် ထမီတဲ့၊ ယောကျာင်္းလေး ဆိုရင် စတစ်ကော်လာ နဲ့ တိုက်ပုံအကျီင်္ နဲ့ ပုဆိုးနဲ့ သားရေဘိနပ် စီးရမယ်၊ လွယ်အိတ်ကလည်း ပြည်တွင်းဖြစ် ဘေးလွယ်အိတ်ဘဲ လွယ်ရမယ် ဆိုတဲ့တွေ တသီ တတန်းကြီး ထွက်လာပါတယ်။

ဒီလို မြန်မာ့ဆန်ဆန် မြန်မာ့ရိုးရာ ဝတ်စုံတွေ ဝတ်ဆင်ခိုင်းတယ် ဆိုတာက ကောင်းတဲ့ ရည်ရွယ်ချက် ဆိုတာ ဘယ်သူမှ မငြင်းပယ် နိုင်ပါဘူး။ ဒါပေမဲ့ ငွေကြေး မတတ်နိုင်တဲ့ မိသားစုက ကလေးငယ်တွေ ကြားမှာ ဂယက် ရိုက်သွား ခဲ့ပါတယ်။ တချို့က အစ်မတွေ အစ်ကိုတွေ အကျ အင်္ကျီတွေ ဝတ်ရတယ်၊ တချို့က ရပ်ကွက်ထဲက ငွေကြေး တတ်နိုင် သူတွေရဲ့ သားသမီးတွေ အင်္ကျီ အဟောင်းတွေကို ဝတ်ပီး ကျောင်းတက်ရတဲ့ ကျောင်းသူ ကျောင်းသားတွေ အတွက်တော့ အခု အမိန့်ဟာ ပြဿနာ ဖြစ်နေပါတယ်။ ဒီလို အခြေအနေမျိုးတွေ မြန်မာနိုင်ငံမြို့ရွာ အနှံ့မှာရှိနေတယ် ဆိုတာ ဝန်ကြီးအသစ်က မေ့သွားလို့ ဒီအမိန့်ကို ထုတ်လိုက်တယ် လို့ဘဲ သတ်မှတ် လိုက်မိပါတယ်။

ကျောင်းတွေ ဖွင်ြ့ပီဆိုတာနဲ့ ပညာရေးဝန်ကြီးက အမြို့မြို့အရွာရွာတွေက ကျောင်းတွေကို လိုက်လံ စစ်ဆေး ပါတော့တယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ နဲ့ ကြာသပတေး နေ့က မန္တလေးမြို့ပေါ်က ကျောင်းတွေကို ရောက်လာ ခဲ့ပါတယ်။ အဲဒီတော့ ဆရာ ဆရာမတွေက ကျောင်းသူ ကျောင်းသားတွေကို ဝန်ကြီးက အလှူငွေတွေ ပေးရလားလို့ မေးရင် အလှူငွေ ကောက်ခံခြင်း မရှိဘူးဆိုတဲ့ အဖြေမျိုး ပြောခိုင်းသလို ဝန်ကြီး အမိန့် မလာခင် ပြဋ္ဌာန်း စာအုပ်တွေ ဝယ်ထားတဲ့ ကလေးတွေရဲ့ ပြဋ္ဌာန်း စာအုပ်တွေကို အခမဲ့ဆိုတဲ့ တံဆိပ်တွေ ဆရာ ဆရာမတွေက နှိပ်ပေးခဲ့ပါတယ်။ ဒီအဖြစ်ပျက်တွေဟာ တိုင်းပြည် အုပ်ချုပ်နေတဲ့ လူတွေနဲ့ အသိပညာ သင်ပေးနေတဲ့ ဆရာဆရာမတွေ အချင်းချင်း လိမ်ညာ နေတာကို မျက်ဝါးထင်ထင် မြင်လိုက်ရတဲ့ အရမ်းနုနယ်တဲ
ကလေးတွေကို လိမ်တတ် ညာတတ်အောင် တနည်းတဖုံ သင်ပေး လိုက်တာမျိုး ဖြစ်နေပါတယ်။

အပိုဝင်ငွေရအောင် ကျူရှင်သင်တဲ့ ဆရာဆရာမတွေကလည်း သူတို့သင်ရတဲ့ ကျောင်းသူကျောင်းသား တွေကို သူတို့ ဘယ်နေရာမှာ ဘယ် အချိန်တွေမှာ ကျူရှင်သင်တယ် ဆိုတာမျိုး ပြောတာတွေကလည်း ပျောက်မသွား သေးပါဘူး။ ဒီလို အပို ဝင်ငွေရအောင် ရှာနေတယ် ဆိုတာကလည်း မိုးထိအောင် မြင့်တက်နေတဲ့ စားဝတ် နေရေးကို ဖြေရှင်းနိုင်ဖို့ ဆရာဆရာမတွေ အခုလို လုပ်ဆောင် နေရတယ် ဆိုတာ နားလည် ပေးနိုင်ပါတယ်လို့ ပြောတဲ့ သူတွေလည်း ရှိနေပါတယ်။ မုန့်လုံး စက္ကူကပ်တဲ့ မရိုးနိုင်တဲ့ ဇာတ်လမ်းတွေက ကျောင်းပတ်ဝန်း ကျင်မှာ ရှိနေဆဲ ဖြစ်ပါတယ်။

ကျောင်းဖွင့်ချိန် မြင်ကွင်းကို တချက် စွေကြည့်လိုက်မယ်ဆိုရင် ဝတ်စုံတွေပြောင်း ဝတ်ထားတဲ့ အစိုးရသစ်ရဲ့ ၂ဝ၁၁-၂ဝ၁၂ ပညာရေး ညွှန်ကြားချက် တွေက ကျောင်းသူ ကျောင်းသားတွေ အပေါ်ထိ ရောက်တဲ့ ပညာရေး စနစ်မျိုးနဲ့ မသွားနိုင်သေး ဆိုတာ အချိန်မီ သိဖို့ ကောင်းပြီလို့ဘဲ ပြောချင် ပါတော့တယ်။

Ref: မဇ္ဈိမ

Read More...

ဒေါ်ဘောက်ဂျာကြောင့် ပါတီပါ ပျက်နိုင်ဟု ကော်မရှင် ခြိမ်းခြောက်

မျိုးသန့်
အင်္ဂါနေ့၊ ဇွန်လ ၂၁ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ ရန်ကုန်တွင် လာရောက် ပညာသင်ကြားနေသော ကချင်ကျောင်းသား ၁၉ ဦးကို နေရပ်ရင်းသို့ ပြန်ရန် အာဏာပိုင်များမှ ဖိအားပေးမှုကို ဒေါ်ဘောက်ဂျာက ပြည်ပ အခြေစိုက် မီဒီယာများသို့ ပြောကြားမှုမှာ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီပါ ပျက်သွားနိုင်သည်ဟု ရွေးကောက်ပွဲ ကော်မရှင်က ခြိမ်းခြောက်လိုက်သည်။

အန်ဒီအက်ဖ် ပါတီဝင် ဒေါ်ဘောက်ဂျာ၏ လုပ်ရပ်သည် တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပြိုကွဲ စေနိုင်သည်ဟု ရန်ကုန်တိုင်း ရွေးကောက်ပွဲ ကော်မရှင် အတွင်းရေးမှူး ဦးမြင့်ဆွေက စနေနေ့က ပြောဆိုခဲ့သည်။

“ မိမိကိုယ်ရေးကိုယ်တာထက် ပါတီအရေးကို ဦးစားပေးရမယ်၊ ပါတီ အရေးထက် နိုင်ငံတော်ရဲ့ အရေးကို ဦးစား ပေးမယ်ပေါ့၊ ကိုယ်လုပ်တဲ့ အလုပ်တွေက တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးကို မပြိုကွဲစေဖို့ အဲဒါတွေနဲ့ မကိုက်ညီတဲ့ လုပ်ဆောင်မှုတွေ ဖြစ်လာရင်တော့ ပါတီပါ ရပ်နားသွားနိုင်တဲ့ အခြေအနေ အထိ ဖြစ်နိုင်တယ်လို့ ပါတီက လူကြီးတွေပါ ခေါ်သတိပေး ခံရတယ်” ဟု ဒေါ်ဘောက်ဂျာက မဇ္ဈိမကို ပြောသည်။

ဦးမြင့်ဆွေက အန်ဒီအက်ဖ် ဗဟိုဦးစီးကော်မတီဝင်များ ဖြစ်သည့် ဦးမျိုးဇော်အောင်၊ ဦးတိုးတိုး တို့နှင့် အတူ ဒေါ်ဘောက်ဂျာကို ရန်ကုန်မြို့ ပြည်လမ်းရှိ ရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ ခေါ်ယူ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ကချင်လွတ်လပ်ရေးအဖွဲ့နှင့် အစိုးရတပ်များ တိုက်ပွဲ ဖြစ်ပွားနေချိန်တွင် သံလျင်မြို့နယ် ဗိုလ်ချုပ်ရွာတွင် အိမ်ငှား နေထိုင် ကြသော ကချင် ကျောင်းသားများကို ကျေးရွာ အုပ်ချုပ်ရေးမှူးက ဧည့်စာရင်း တိုင်ကြားခွင့် ပိတ်ပင်ခဲ့ခြင်းကို အဓိက ဖော်ထုတ် နိုင်ခဲ့သူမှာ ဒေါ်ဘောက်ဂျာ ဖြစ်သည်။

အစိုးရက ဆတ်ဆတ်ထိမခံသော စစ်ပွဲအကြောင်းနှင့် ပတ်သတ်နေသည့် အကြောင်း အရာများကို မီဒီယာ များမှ ဖော်ထုတ် နေခြင်းနှင့် ပတ်သက်၍ ဒေါ်ဘောက်ဂျာက မဇ္ဈိမနှင့် သီးသန့် အင်တာဗျူး တခုတွင် “ ငယ်ငယ် ကတည်းက တိုက်ပွဲကြားထဲမှာ နေရင်း ဒုက္ခဆင်းရဲတွေ ခံစားခဲ့ရတယ် ” ဟု ဆိုကာ “ ဒီပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်၊ သူတို့ရဲ့ ဘဝ မြှင့်တင်ရေး တကယ်ကို လိုအပ်တယ် ဆိုတာ သိလာတဲ့အခါ အမမှာ ကိုယ့်ကိုယ်ကိုလည်း သတိမထား မိတော့ဘူး။ ရင်ထဲကလာတဲ့ စေတနာဟာ သူ့တို့ကို ဒုက္ခရောက်နေတဲ့ ကိုယ့်ကလေးတွေလိုပဲ မျက်စိထဲမှာ မြင်လာတယ်။ ဒီလူသားတွေရဲ့ အရေးထက် ဘယ်အရာမှ တန်ဖိုး မရှိဘူးဆိုတာ သိလာတဲ့အခါ ဘာမှ ကြောက်တာမျိုးလည်း မရှိတော့ဘူး။ လုပ်ပေးချင်တဲ့ စိတ်က များနေတဲ့အခါ ကြောက်တဲ့စိတ်က လုံးဝကို မရှိတော့တာပါ’’ ဟု ပြောခဲ့ဖူးသည်။

ပါတီမဝင်ခင်ကတည်းက လူမှုရေးလုပ်ငန်းများ ဖားကန့်မြို့နေ ဒေါ်ဘောက်ဂျာအနေဖြင့် အားတက် သရော ဆောင်ရွက် တတ်သူဟု အန်ဒီအက်ဖ်၏ နိုင်ငံရေး ဦးဆောင်ကော်မတီဝင် ဦးခင်မောင်ဆွေက ပြောသည်။

“ဒီဟာတွေဟာ စေတနာဆိုးနဲ့ ပြောတာ မဟုတ်ဘူးလို့တော့ ကျနော်တို့က ယုံကြည်တယ်။ သတင်းတွေက သူပြောတာကိုး။ ခင်ဗျားတို့ မီဒီယာတွေမှာလည်း သတင်းတွေက ပါနေတာကိုး။ သတင်းကို ပြောခြင်းအားဖြင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် သွားချင်တယ် ဆိုတာ သူ့မှာ ဆန္ဒရှိနေတယ် ဆိုတာ ကျနော်တို့ သိပြီးသားပါ။ ကော်မရှင် အနေနဲ့ကတော့ သူ့အပေါ်မှာ အတွေးမှားတာ၊ ဒါမှမဟုတ် ကြောင့်ကြတာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်” ဟု ဦးခင်မောင်ဆွေက ပြောသည်။

ဧည့်စာရင်း တိုင်ခွင့်မရသဖြင့် အချိန်မရွေး အဖမ်းခံရနိုင်သည့် အန္တရာယ်ရှိသော ပူတာအို၊ မချမ်းဘောနှင့် ဆွမ်ပရာဘွမ် မြို့နယ်များမှ ကျောင်းသားများနှင့် ပတ်သက်၍ ကျေးရွာ အုပ်ချုပ်ရေးမှူးက စုံစမ်းမှု ပြုလုပ်နေသည်။

ကျောင်းသားများ၏ နေရပ်လိပ်စာအပြည့်အစုံ၊ ကျောင်းပြောင်း လက်မှတ်နှင့် ယခုတက်နေသည့် ကျောင်းလိပ်စာ တို့ကို ကျေးရွာ အုပ်ချုပ်ရေးမှူးမှ တောင်းခံထားသည်ဟု ဒေါ်ဘောက်ဂျာက ပြောသည်။

ဒေါ်ဘောက်ဂျာသည် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် NDF ပါတီ၏ ဖားကန့်မြို့နယ်မှ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။ သို့သော် ကြံ့ဖွံ့ပါတီမှ မြောက်ပိုင်းတိုင်း စစ်တိုင်းမှူးဟောင်း ယခု သမဝါယမ ဝန်ကြီး ဦးအုန်းမြင့်ကို ရှုံးနိမ့်ခဲ့သည်။

Ref: မဇ္ဈိမ

Read More...

Monday, June 20, 2011

စစ်ပေါ်တာအဖြစ် သေသည်ထိ နှိပ်စက်ညှင်းပန်းအသုံးချခံ ပြစ်မှုဆိုင်ရာ အကျဉ်းသားများ - အပိုင်း (၁)

ရော်နီညိမ်း
စနေ, 18 ဇွန် 2011

တပ်မှူးတပ်သား ပြောစကား (၀၆၅)

အစိုးရစစ်တပ်ရဲ့ စစ်ဆင်ရေးတွေမှာ အထမ်းသမား(ခေါ်) ပေါ်တာတွေ အဖြစ် အသုံးပြုဖို့၊ အမျိုးသား အမျိုး သမီးမရွေး ဖမ်းဆီးပြီး ရှေ့တန်း စစ်မျက်နှာကို ပို့ခြင်း၊ အမျိုးသမီးတွေကို အဓမ္မ ပြူကျင့်ခြင်း၊ ပေါ်တာတွေကို သတ်ပစ်ခြင်း ဆိုတဲ့ အလေ့အထဟာ၊ မြန်မာ့ တပ်မတော်ထဲမှာ ရာစုနှစ် တ၀က်လောက် ကြာမြင့် လာပြီဖြစ်တဲ့ လုပ်ရိုးလုပ်စဉ် ပုံမှန်လုပ်ငန်းတွေ ဖြစ်နေပါတယ်။ ဒီလို ပြင်းပြင်း ထန်ထန် လူ့အခွင့်အရေး ချိုးဖေါက်နေမှုတွေ အပြင်၊ ဒီထက်ဆိုးဝါးတဲ့၊ အကျဉ်းထောင် တွေထဲက ပြစ်မှု ဆိုင်ရာ အကျဉ်းသားတွေကို၊ စစ်ဘက် စီမံကိန်းတွေနဲ့ ရှေ့တန်း စစ်မျက်နှာတွေမှာ သေသည်ထိ အစီအစဉ်ရှိရှိ စနစ်တကျ ညှင်းပန်းနှိပ်စက် အသုံးချနေတဲ့ ဖြစ်ရပ် တွေ ရှိနေတာကို၊ တပ်မှူးတပ်သားဟောင်းတွေနဲ့ ဦးရော်နီညိမ်းက မေးမြန်းဆွေးနွေး တင်ဆက်ထားပါတယ်။

ဦးရော်နီညိမ်း။ ။ ကချင်ပြည်နယ်မှာ အစိုးရတပ်တွေက ကချင် လွတ်လပ်ရေး တပ်မတော် KIA (Kachin Idependence Army) အပေါ် ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ ပြီးခဲ့တဲ့ ဇွန်လ (၁၁) ရက်နေ့မှာ စတင်ခဲ့ ပြီးတဲ့နောက်၊ အင်းစိန် ထောင်ထဲက ပြစ်မှုဆိုင်ရာ အကျဉ်းသားတွေကို ရာနဲ့ချီပြီး ခေါ်ထုတ် သွားခဲ့တာကို တွေ့ မြင်လိုက်ရတဲ့ မျက်မြင် သက်သေတွေ ရှိနေခဲ့ပါပြီ။ ဒီသီတင်းပတ်မှာ တင်ပြမယ့်၊ “စစ်ပေါ်တာအဖြစ် သေသည် ထိ နှိပ်စက်ညှင်းပန်း အသုံးချခံ ပြစ်မှုဆိုင်ရာ အကျဉ်းသားများ - အပိုင်း (၁)” ခေါင်းစဉ်နဲ့ အကြောင်းအရာရဲ့ နောက်ခံအဖြစ်၊ ပြီးခဲ့တဲ့ ဇွန်လ (၁၆)ရက် နေ့က ဗီအိုအေ ၀ိုင်းတော်သူ မသင်းသီရိ တင်ဆက်ခဲ့တဲ့ သတင်းထဲ ကနေ၊ အရင်ဆုံး ကောက်နှုတ် တင်ပြပါရစေ။

မျက်မြင်သက်သေ။ ။ ဒီနေ့မနက် (၈)နာရီခွဲလောက်က လာထုတ် သွားတယ်။ ဆယ်ဘီး ကားကြီး နှစ်စီးနဲ့ အင်းစိန် ထောင်ကနေ အရှေ့ဘက်ကို မောင်းသွားတာ တွေ့ရတယ်။ ကားပေါ်မှာ လုံခြုံရေး အတွက် လုံထိန်း တော်တော်များများ လိုက်သွားတာလည်း တွေ့ရတယ်။ မနေ့က တုန်းက ညဘက်ထဲက ဒါတွေက အကုန် လုံး စီပြီးတော့၊ ကားပေါ်ကိုတင်ဖို့ အဆင့်သင့် ပဲလေ။ မနက်ကျတော့ ကားပေါ်အကုန်လုံး ဆွဲတင်ပြီးတော့၊ အိပ်ထောင် ဖွင့်တာနဲ့၊ ကားပေါ်တင်ပြီးတော့ တခါထဲကို မောင်းထွက် သွားကြတာ။

ဦးရော်နီညိမ်း။ ။ ဒီလို ရာနဲ့ချီပြီး အကျဉ်းသားတွေကို ခေါ်ထုတ်သွားပြီဆိုရင်၊ ဘာတွေဖြစ်လာတော့ မယ် ဆိုတာ ကိုလည်း၊ နှစ်ရှည် နိုင်ငံရေး အကျဉ်းသားဟောင်း အငြိမ်းစား ဗိုလ်ကြီးဦးဝင်းထိန်က ဗီအိုအေကို သုံး သပ်ပြခဲ့ပါတယ်။

ဗိုလ်ကြီးဦးဝင်းထိန်။ ။ ဒီလိုအချိန်မှာတော့ အကျဉ်းသားတွေကို ကားတွေနဲ့ လာထုတ်သွားပြီ ဆို ရင်တော့၊ များသော အားဖြင့်၊ စစ်ပေါ်တာ ပါသွားဖို့ များတယ်။ ဦးတို့ ထောင်ထဲမှာ အတွေ့အကြုံ အရ ဆိုရင် တော့၊ စစ်ပေါ်တာ ပါသွားဖို့ များတယ်။ အန်ကယ်က ထောင် ငါးထောင်မှာ နေခဲ့ရတော့၊ ဒီ စစ်ပေါ်တာခေါ် တော့မယ်ဆိုရင်၊ လွတ်ခါနီး (၁) နှစ် လောက် အလို၊ နောက်ပြီးတော့မှ ပြစ်ဒဏ် ကျထားတာလည်း (၄) နှစ်၊ (၅) နှစ်၊ (၃) နှစ် (၂) နှစ်၊ အဲဒီလို ပြစ်ဒဏ်တိုတဲ့ လူတွေကိုပဲ ခေါ်တယ်။ ပြစ်ဒဏ်ကြီးတဲ့ လူတွေ မခေါ်ဘူး။ နိုင်ငံရေး အကျဉ်းသားတွေကို ထောင်ပြောင်းမယ် ဆိုရင်၊ ညကတည်းက လာပြောထားပြီး၊ နောက်တနေ့ မနက်ခင်း မှာ၊ အေးအေးဆေးဆေး လာထုတ်သွားတာ။ အခုလို ကားတွေနဲ့ လာထုတ်သွားတာ၊ ကမန်းကတန်း ထုတ်သွား တာမျိုး ဆိုရင်တော့၊ ဒါ စစ်ပေါ်တာ ဖြစ်ဖို့က သေချာသလောက်ပဲ။

ဦးရော်နီညိမ်း။ ။ စစ်ပေါ်တာ အဆွဲခံကြရတဲ့ လူမသိသူမသိ မျက်နှာမွဲ ပြစ်မှုဆိုင်ရာ အကျဉ်းသားတွေ ဟာ၊ ဥပဒေအရ တရား စီရင်ထားပြီး ပြီဖြစ်တဲ့၊ မိမိတို့ ကျခံကြရမယ့် ပြစ်ဒဏ်ထက် ပိုပြီး ကြမ်းတမ်း ပြင်းထန်တဲ့ စစ်ဘက်ဆိုင်ရာ လုပ်ငန်းတွေက အလုပ်ကြမ်းတွေ၊ ရှေ့တန်း စစ်မျက်နှာတွေမှာ ရက်ရက်စက်စက် ညှင်းပန်းနှိပ် စက်ပြီး၊ အသက် ဆုံးရှုံးသွားသည် အထိ ခိုင်းစေခြင်း ခံကြရတာကိုလည်း၊ မသေလို့ ထောင်ထဲ ပြန်ရောက်လာသူ တွေဆီက ကြားသိရပုံကို၊ ဦးဝင်းထိန်က ပြောပြပါတယ်။

ဗိုလ်ကြီးဦးဝင်းထိန်။ ။ ကိုယ်တိုင် အဲဒီပုဂ္ဂိုလ်မျိုး စစ်ပေါ်တာပါတဲ့လူနဲ့ တွေ့ခဲ့ဘူးတယ်။ အဲဒီစစ်ပေါ် တာတွေဟာ ရက်ရက် စက်စက် အခိုင်းခံရတယ်။ မိုင်းနင်းတယ် ဆိုလို့ရှိရင်၊ ခြေထောက်ပြတ်တယ်၊ လက်ပြတ် တယ်၊ အစာရေစာ ၀၀လင်လင် ကျွေးတာမျိုး မရှိဘူး၊ တရိစ္ဆာန်တွေလို ဆက်ဆံခံရတယ်။ တခါတလေကျ သေခါနီး အကျဉ်းသားတွေ ဆိုရင် သူတို့ (ခိုင်းတာတွေ မလုပ်နိုင်တော့ သဖြင့်) သည်းမခံနိုင် တော့ပဲ၊ တမင်သက် သက် သတ်ပစ် လိုက်တာတွေ ရှိတယ်ဆိုတာ၊ ကြားခဲ့ဘူးတယ်။ နောက်တခါ အခုလိုဟာမျိုး၊ အန်ကယ့်အတွေ့ အကြုံအရဆိုရင်၊ လူ (၂၀၀) ခေါ်ထုတ်သွားပြီ ဆိုရင်၊ ဒီလူတွေကို ရှစ်လတနှစ် ခိုင်းပြီး၊ ပြန်လာရင်၊ လူ (၅၀) တောင် ပြန်ပါမလာတော့ဘူး။ ကျန်တဲ့ (၁၀၀) ကျော်လောက်က၊ ရှေ့တန်းမှာ သေကြေ လက်ပြတ် ခြေထောက် ပြတ်၊ အသက်တွေ ဆုံးရှုံး။ အဲဒါတွေက အန်ကယ်ကိုယ်တိုင် အဲဒီပုဂ္ဂိုလ်တွေနဲ့ တွေ့လို့၊ ပြောနိုင်တာ။

ဦးရော်နီညိမ်း။ ။ အပြည်ပြည်ဆိုင်ရာလေဆိပ်ဆောက်လုပ်ရေးစီမံကိန်း ဆိုင်းဘုတ်တင်ပြီးမှ၊ လေတပ် အခြေစိုက် စခန်းကြီး တည်ဆောက်ခဲ့တဲ့ စီမံကိန်း တခုမှာ၊ ဦးဝင်းထိန် ကြားသိခဲ့ရတာ မျိုးတွေထက် မယုံနိုင် လောက်အောင် ပိုမို ဆိုးဝါးလှစွာ၊ တရိစ္ဆာန်တွေလို လူမဆန်အောင် ရက်ရက်စက်စက် ညှင်းပန်း နှိပ်စက်ခိုင်းစေ ပြီးမှ၊ ပြစ်မှုဆိုင်ရာ အကျဉ်းသားတွေကို အစီအစဉ် ရှိရှိ စနစ်တကျ နေ့စဉ် သတ်ပစ်နေတာကို၊ ကိုယ်တွေ့ကြုံခဲ့ရ သူ စစ်သည်ဟောင်း ဦးထွန်းလင်းရဲ့ ပြောစကားတွေကို ဆက်ပြီး တင်ဆက်သွားပါမယ်။

ဦးရော်နီညိမ်း။ ။ ၁၉၈၃ ခုနှစ်၊ ရန်ကုန်မြို့ အာဇာနည်ဗိမ္မာန်ကို မြောက်ကိုးရီးယားသူလျှိုတွေ ဗုံးခွဲ တိုက်ခိုက် ခဲ့စဉ်က၊ အဲဒီ ဗုံးခွဲ တရားခံသူလျှိုတွေကို၊ လိုက်လံ လက်ရ ဖမ်ဆီးခဲ့တာမှာ၊ ကိုယ်တိုင်ပါဝင်ခဲ့သူ တဦး ဖြစ်တဲ့၊ သန်လျင်မြို့ ခလရ(၉၀)က စစ်သည် ဦးထွန်းလင်းဟာ၊ နောက်ပိုင်းမှာ တပ်မတော်က ထွက်ခွာလာခဲ့ တဲ့ စစ်သည်ဟောင်း တဦး ဖြစ်လာခဲ့ပါတယ်။ သူဟာ ရှမ်းပြည်နယ် တောင်ပိုင်း လွိုင်လင်ခရိုင် နမ့်ဆန်မြို့မှာရှိ တဲ့ ဆွေမျိုးသားချင်းတွေ ရှိရာကို သွားရောက်ခဲ့ပြီး၊ ခြံလုပ်ငန်း ယာလုပ်ငန်းတွေနဲ့ ဘသ၀စ် ထူထောင်ဖို့ ကြိုး ပမ်းနေတဲ့ အချိန်မှာပဲ၊ သူ့ရဲ့ ပတ်ဝန်းကျင်က တပ်မတော် တပ်ရင်း တပ်ဖွဲ့တွေနဲ့ ပတ်သက်နေတဲ့ မတော်မတရား လုပ်မှုတွေ သူ့ရဲ့ အတွေ့အကြုံတွေကို အခုလို စပြီး ပြောပါတယ်။

ဦးထွန်းလင်း။ ။ ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် နမ့်ဆန်မြို့ပေါ့။ အဲဒီနမ့်ဆန်မြို့မှာ အမှတ် (၆) ရပ်ကွက်က ဆေးရုံနားမှာ ကျနော် နေခဲ့တယ်။ ကျနော်တို့ (၆) ရပ်ကွက်မှာ သင်္ချိုင်းတခု ရှိတယ်။ ဒီမြို့မှာ သင်္ချိုင်းက (၆) ရပ်ကွက်မှာပဲ ရှိတယ်။ အဲဒီသင်္ချိုင်းမှာ အကျဉ်းသား အလောင်းတွေကို လာလာပြီးမြှုပ် တာပေါ့။ ကျင်းတကျင်းကို နှစ်လောင်းသုံး လောင်းထပ်ပြီး မြှုပ်နေတာ၊ နေ့စဉ်ရက်ဆက် ဖြစ်နေတော့၊ မြို့ လူထုက “ဒီလို လာလာ မြှုပ်နေရင် ငါတို့မြို့ခံတွေကို မြှုပ်ဖို့ နေရာ ရှိတော့မှာ မဟုတ်ဘူး၊ ဒါကို တားမှ ဖြစ်မယ်” ဆိုပြီး၊ နောက်ဆုံးမှာ တားယူခဲ့ရတာပေါ့။ (အကျဉ်းသား) အလောင်းတွေကို ဒီမှာ လာမမြှုပ်ဖို့၊ တောထဲ သွားမြှုပ် ကြဖို့၊ အဲဒီလို တားခဲ့ကြရတယ်။

ဦးရော်နီညိမ်း။ ။ အကျဉ်းသားဆိုတာကို ဘယ်လိုလုပ် အသေအချာ သိလဲခင်ဗျ။ အကျဉ်းသား ၀တ်စုံ ဖြစ်တဲ့ အပေါ်အဖြူ အောက်အဖြူ သဘောမျိုးလား။ ဘယ်လိုလုပ်ပြီး ရပ်ကွက်လူထုက သတိထားမိလဲ ခင်ဗျ။ ဒီအလောင်းတွေဟာ အကျဉ်းသားတွေ ဆိုတာကို။

ဦးထွန်းလင်း။ ။ လာမြှုပ်တာက လယ်ထွန်စက် နောက်တွဲပေါ်မှာ တင်လာတယ်။ အလောင်းတွေကို ထော်လာ ဂျီ နောက်က တွဲနဲ့ အဲဒီလို တင်လာတယ်။ တချို့တွေဆို ဒီအတိုင်း ခြေကျဉ်းတွေ ဖြုတ်မရလို့၊ ဒီအတိုင်း ခြေကျဉ်းကြီး တန်းလန်းနဲ့ မြှုပ်တဲ့ အလောင်းတွေတောင် တွေ့ရတယ်။

ဦးရော်နီညိမ်း။ ။ အဲဒီအလောင်းတွေကို ဘယ်ဖွဲ့က သယ်လာတာလဲ ခင်ဗျ။ အကျဉ်းဦးစီး ဌာနကလား။ ဒါမှမဟုတ် ဘယ်အဖွဲ့ အစည်းကလဲ ခင်ဗျ။

ဦးထွန်းလင်း။ ။ အကျဉ်းဦးစီးဌာနက သယ်တာ။ အကျဉ်းဦးစီး ဌာနပိုင် လယ်ထွန်စက်တွေ နောက်တွဲ တွေနဲ့ သယ်တာ။ မောင်းတဲ့ လူကလည်း အကျဉ်းဦးစီးဌာန ယူနီဖေါင်းနဲ့ပဲ။

ဦးရော်နီညိမ်း။ ။ အကျဉ်းသားတွေ နေ့စဉ်သေဆုံးနေပြီးတော့၊ ဒီသင်္ချိုင်းထဲမှာ လာပြီး မြှုပ်နှံနေတဲ့ ကိစ္စဟာ၊ နမ့်ဆန်မြို့မှာ ရှိနေတဲ့ အုပ်ချုပ်မှုပိုင်း အာဏာပိုင်တွေနဲ့ ဘယ်လို ပတ်သက်မှုရှိလဲ၊ သို့မဟုတ် ဘယ် လို အဖွဲ့အစည်းတွေနဲ့၊ ဒီကိစ္စနဲ့ ဘယ်လို ဆက်နွယ်နေပါလဲ ခင်ဗျ။

ဦးထွန်းလင်း။ ။ အဲဒီ အကျဉ်းဦးစီးဌာန ကျောက်ထုတ်လုပ်ရေးစခန်း ဆိုတာက၊ နမ့်ဆန်မြို့မှာ ရှိတဲ့ စစ်ဗျူဟာနဲ့၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် (ထိုအချိန်က တိုင်းမှူးမှာ ကြည်း ၉၈၂၇ ဗိုလ်ချုပ်တင်ထွဋ် OTS 29) တို့က တိုက်ရိုက် ကြီးကြပ် ကွပ်ကဲတာ ခင်ဗျ။ အဲဒီမှာရှိတဲ့ ခလရ (၆၆) က တပ်ရင်းမှူးတို့၊ ဒီဗျူဟာမှူးတို့က ဒီ ကျောက်ထုတ် စခန်းကို အမြဲ လာနေကြတာ။ ရဟတ်ယာဉ် ပျက်ကျလို့ သေသွားခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီး တင်ဦး ကိုယ်တိုင်လည်း လာသွားဘူးတယ်။ ဒီလေဆိပ် စီမံကိန်းအတွက် တွန်းပြီး လုပ်နေတဲ့ ကာလ ဖြစ်နေတာကိုး။

ဦးရော်နီညိမ်း။ ။ ကျောက်ထုတ်လုပ်ရေးစခန်းနဲ့ လေဆိပ်စီမံကိန်းနဲ့ တပ်မတော်နဲ့ ဘယ်လိုပတ်သက်ဆက်နွယ်နေလဲ ဆိုတာ၊ နည်းနည်း ရှင်းပြပေးပါဦး။

ဦးထွန်းလင်း။ ။ အဲဒီမှာဆိုင်းဘုတ်က ဘယ်လိုရေးထားလဲဆိုတော့၊ “နမ့်ဆန်မြို့ အပြည်ပြည်ဆိုင် ရာ လေဆိပ် စီမံကိန်း"၊ နောက်တခါ အဲဒီအောက်ကမှ “အကျဉ်းဦးစီးဌာန၊ ကျောက်ထုတ်လုပ်ရေး စခန်း” လို့ ရေးထားတယ်။ ဒါပေမဲ့ ဒီလေဆိပ်ကြီး ပြီးသွားတဲ့ ၁၉၉၅ မှာကျတော့၊ အဲဒီ လေဆိပ်ကြီးဟာ “နမ့်ဆန် လေတပ် စခန်းဌာနချုပ်” လို့ ဖြစ်သွားတာ ခင်ဗျ။

ဦးရော်နီညိမ်း။ ။ အပြည်ပြည်ဆိုင်ရာလေဆိပ်ကော မဟုတ်တော့ဘူးလား။

ဦးထွန်းလင်း။ ။ မဟုတ်တော့ဘူး ဗျ။ အဲဒီမှာ စပြီး ကျောက်ထုတ်တုန်းကတော့၊ “နမ့်ဆန်မြို့အပြည် ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်း” ဆိုပြီး၊ ကျောက်တွေ ထုတ်ခဲ့တာ။ လေဆိပ်ကြီး ပြီးသွားတော့၊ လေတပ်က ဗိုလ် မှူးချုပ် ဘဋ္ဌေးချစ်က ပထမဆုံး လာပြီး တာဝန်ကျတဲ့ လေတပ် စခန်းမှူးပေါ့။ “နမ့်ဆန် လေတပ်စခန်းဌာနချုပ်”ကို သူနဲ့စပြီး ဖွင့်ခဲ့တာခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဦးထွန်းလင်းပြောတဲ့ ကျောက်ထုတ်စခန်းက အကျဉ်းသားတွေ နေ့စဉ်သေဆုံးနေ တဲ့ကိစ္စနဲ့ အခု လေဆိပ်လို့ နံမည်ပြပြီးတော့မှ လေတပ် စခန်းဌာနချုပ် တည်ဆောက်တာနဲ့၊ ဘယ်လိုပတ်သက် ဆက်နွယ်နေလဲ ခင်ဗျ။

ဦးထွန်းလင်း။ ။ စစ်တပ်က ဒီဥစ္စာကို လျှို့ဝှက်ပြီး လုပ်ခဲ့တာပေါ့ဗျာ။ ဒီအကျဉ်းသားတွေကို အသုံး ပြုပြီး၊ လေတပ် စခန်းတခု ဆောက်တာပေါ့။ ဒါကို ပထမပိုင်းမှာ ဖုံးဖုံးဖိဖိနဲ့ လုပ်ပြီးတော့၊ အပြည်ပြည်ဆိုင်ရာ လေဆိပ် စီမံကိန်း ဆိုပြီး ခေါင်းစဉ် တပ်ထားပုံ ရပါတယ်။ ဒီစီမံကိန်းကိုက တော်တော်ကို ပြင်းပြင်းထန်ထန် နေ့ ရောညရော လုပ်တာလေ။ အဲဒီလိုလုပ်တာမှာ အကျဉ်းသားတွေကို အသုံးပြုပြီး လုပ်တော့၊ အကျဉ်းသားတွေ သေကုန်တာပေါ့။

ဦးရော်နီညိမ်း။ ။ ဘယ်လိုဖြစ်ပြီး သေကုန်တာလဲ။ ရာသီဥတုဒဏ် မခံနိုင်လို့လား။ အဟာရ မပြည့်လို့ လား။ အလုပ်တွေ အရမ်း လုပ်ရလို့လား။ ဘယ်လိုကြောင့် နေ့စဉ် နှစ်ဦးသုံးဦး အဲဒီလို တဖြုတ်ဖြုတ် ကွယ်လွန် နေကြရတာလဲ ခင်ဗျ။

ဦးထွန်းလင်း။ ။ ရာသီဥတုကြောင့်တော့ မဟုတ်ဘူး။ ဘာလဲဆိုတော့ အဟာရချို့တဲ့ တာနဲ့ အလုပ် ကို လူတယောက် လုပ်နိုင်တဲ့ ၀န်ထက်ကို ပိုပြီး ခိုင်းတာပေါ့။ နောက်တခါ ရိုက်နှက် နှိပ်စက် ညှင်းပန်းတာတွေ ခံကြရတာရယ်။ အဲဒါတွေကြောင့် သေကုန်ကြတာ။

ဦးရော်နီညိမ်း။ ။ ကျနော်တို့ နားလည်ထားတာက အကျဉ်းဦးစီးဌာနဆိုတာ ပြည်ထဲရေး ၀န်ကြီးဌာန အောက်က၊ တပ်မတော်(လေ)က ကာကွယ်ရေး ၀န်ကြီး ဌာန အောက်က။ ၀န်ကြီး ဌာန နှစ်ခု မတူဘူး။ တကယ် လို့ ကာကွယ်ရေး ၀န်ကြီးဌာနက ဒီလေ တပ်စခန်းကို တည်ဆောက်ဖို့၊ အလုပ်သမား လိုချင်တယ် ဆိုရင်၊ တခြား နည်းနဲ့ ရှာရမယ်။ ဒါပေမဲ့ ပြည်ထဲရေး ၀န်ကြီးဌာနနဲ့ ဆက်ပြီး လုပ်လိုက်တဲ့ဟာမှာ၊ ဒီကျောက်ထုတ် စခန်းက နဂိုတုန်းကကော ဒီနေရာမှာ ရှိလား ခင်ဗျ။ ဒီ ဒီလေတပ် စခန်းကို မဆောက်ခင်က။

ဦးထွန်းလင်း။ ။ မရှိဘူး၊ မရှိဘူး ခင်ဗျ။

ဦးရော်နီညိမ်း။ ။ အဲဒီ အကျဉ်းသားတွေက ဘယ်ကနေ ရောက်လာကြတာလဲ ခင်ဗျ။

ဦးထွန်းလင်း။ ။ အဲဒီ အကျဉ်းသားတွေကို နယ်ပေါင်းစုံကနေ ပို့တာပဲ။ ရန်ကုန်အင်းစိန်ထောင်က နေ ပို့တယ်။ မန္တလေး အုတ်ဖိုထောင် ကနေ ပို့တာရှိတယ်။ သာယာဝတီ ထောင်က ပို့တာရှိတယ်။ ကျနော်တို့နဲ့ သိကျွမ်းသွားတဲ့ ထောင်ဝင်စာ လာပို့နေကြတဲ့ မိသားစုတွေတောင် ရှိပါတယ်။ အဲဒါ ပဲခူးတိုင်း အနောက်ခြမ်း ရေကြည်ခြောက်ခမ်းလို့ ခေါ်ကြတဲ့ ရွာတွေကပေါ့။ ရွာလုံးကျွတ် သစ်ကိစ္စနဲ့ ထောင်ကျကြတာ။ အပက (၃) အမှုနဲ့ ထောင်ကျကြတဲ့ သူတွေ။ သူတို့ အုပ်စုတွေဆို အသေအပျောက် အများဆုံးပဲ။

ဦးရော်နီညိမ်း။ ။ ဘယ်လိုဖြစ်တာလဲခင်ဗျ။ နည်းနည်းပြောပြပေးပါဦး။ ဒီအတိုင်းဆို နမ့်ဆန်လေတပ် စခန်းဌာနချုပ် ဆိုတာ၊ လူ့အသက်တွေ များစွာနဲ့ ရင်းနှီး တည်ဆောက်ထားရတဲ့ သဘော ဖြစ်နေတယ်။ ဒီဥစ္စာ က ရာဇ၀င် လိုက်ကြည့်ရင် ဘယ်လိုရှိမယ် ဆိုတာ၊ သိချင်စရာဘဲလေ။

ဦးထွန်းလင်း။ ။ အဲဒီ ကျောက်ထုတ်လုပ်စခန်းရဲ့ ထောင်ပိုင်က ဦးစိုးအောင် တဲ့။ သူ့ ရာဇ၀င်က သူက အကျဉ်းဦးစီး ဌာနက မဟုတ်ဘူး။ သူက စစ်တပ်ကနေ အကျဉ်းဦးစီး ဌာနကို ရောက်လာပြီးတော့၊ သူ့ကို တမင်တကာ စစ်တပ်ကနေ ရွေးပြီး ခေါ်လိုက်တဲ့ သဘောရှိပါလိမ့်မယ်။

ဦးရော်နီညိမ်း။ ။ အသွင်ပြောင်းဆိုတာက အဲဒီခေတ် မတိုင်ခင်ထဲက ရှိနေတာပဲ။ တပ်ကနေ အရပ် ဘက် ၀န်ကြီးဌာနတွေ အောက်က ဦးစီးဌာနတွေ ကော်ပိုရေးရှင်းတွေကို လာနေကြတာပဲ။ ဦးစိုးအောင်က တပ် မတော်ကနေ ဘာအဆင့်နဲ့ လာခဲ့တာလဲ ခင်ဗျ။

ဦးထွန်းလင်း။ ။ တပ်မတော်(ကြည်း)ကနေ အရာခံဗိုလ်အဆင့်နဲ့ လာခဲ့တာပါ။ ကျနော် ဆိုလိုချင်တာ က၊ သူ့ကို ရွေးခေါ်တယ် ဆိုတာက၊ တခြား သူ့အဆင့်နဲ့ တူတဲ့ အကျဉ်းဦးစီး ဌာနက ထောင်ပိုင်တွေ အများကြီး ရှိတယ်။ သူ့ကို ဘာကြောင့် ရွေးခေါ်လဲဆိုတော့၊ ဒီစီမံကိန်း ကိစ္စမှာ အကျဉ်းသားတွေက အသေအပျောက် များမယ်၊။ အကျဉ်းသား တယောက် သေသွားတယ် ဆိုရင်၊ စာရွက်ပေါ်က စာရင်းထဲမှာက သေချင်မှ သေတာ။ အသေ မပြပဲ ထားတာတွေ ရှိတယ်။ ဥပမာ - အကျဉ်းသား တယောက် သေသွားတယ်၊ အဲဒီ အကျဉ်းသားဟာ နောက် သုံးလကြာရင် လွတ်တော့မယ့်သူ ဖြစ်တယ် ဆိုရင်၊ အဲဒီအကျဉ်းသားကို စာရွက်ပေါ်က စာရင်းထဲမှာ အသေမပြ သေးဘူး၊ အရှင် ဆက်ပြထားတဲ့ အတွက် အဲဒီ အကျဉ်းသားအတွက် ရနေတဲ့ ရိက္ခာကို သူက (ထောင်ပိုင်ဦးစိုး အောင်က) ထုတ်စားတယ်။ အဲဒီ အကျဉ်းသား ထုတ်လုပ်ရမယ့် ကျောက် (အချိုးအစား quota) ကို၊ ကျန်တဲ့ အကျဉ်းသားတွေက ထုတ်ပေးရတယ်။

ဦးရော်နီညိမ်း။ ။ အဲဒီ အကျဉ်းသားက တကယ် မရှိတော့ဘူး။ ဆုံးသွားပြီပေါ့။

ဦးထွန်းလင်း။ ။ သေသွားပြီ။ နောက်သုံးလ ကျရင်၊ အဲဒီ အကျဉ်းသားကို ပြန်လွှတ်လိုက်ပြီ ဆိုပြီး၊ သူက စာရွက်ပေါ်က စာရင်းထဲမှာ “အလွတ်” ပြလိုက်တယ်။

ဦးရော်နီညိမ်း။ ။ ရှေ့သီတင်းပတ် စနေနေ့မနက်ခင်းနဲ့ညနေခင်းတွေမှာ “စစ်ပေါ်တာ အဖြစ် သေသည် ထိ နှိပ်စက် ညှင်းပန်း အသုံးချခံ ပြစ်မှုဆိုင်ရာ အကျဉ်းသားများ - အပိုင်း (၂)” ကို စောင့်မျှော်နားဆင် ကြပါ။ ကျနော် ရော်နီညိမ်းပါ။


Ref: VOA News

Read More...

အပေါ်သို့