..............................

Saturday, November 15, 2008

ဝ ခေါင်းဆောင်များ၏ ပိုင်ဆိုင်မှုကို အမေရိကန် ထိန်းချုပ်

ဇာနည်
သောကြာနေ့၊ နိုဝင်ဘာလ 14 2008 18:54 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ မူးယစ်ဆေးဝါး ထုတ်လုပ် ရောင်းချနေသောကြောင့် "၀" ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် ထိပ်သီး ခေါင်းဆောင်များနှင့် သူတို့နှင့် ဆက်နွယ်သော ကုမ္ပဏီများ ပိုင်ဆိုင်မှုများကို ထိန်းချုပ်သော တားမြစ် အရေးယူမှု ပြုလုပ်လိုက်ကြောင်း ကြာသပတေးနေ့က ထုတ်ပြန်သော အမေရိကန်အစိုးရ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဘိန်းရာဇာတဦးဖြစ်သော ဝေရှောက်ခန် အပါအ၀င် "၀" ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)မှ ပုဂ္ဂိုလ် ၂၆ ဦးနှင့် ရန်ကုန်အဲယားဝေး၊ ဟုန်ပမ်း ကုမ္ပဏီများ အပါအ၀င် ကုမ္ပဏီ ၁၇ ခုတို့ကို မူးယစ်ဆေးဝါးဆိုင်ရာ ကင်းပင်း အက်ဥပဒေအရ သူတို့၏ အမေရိကန်နိုင်ငံတွင်းရှိ ပိုင်ဆိုင်မှု ငွေနှင့် ပစ္စည်းများကို ထိန်းချုပ်ခြင်းနှင့် ဆက်သွယ်မှု တားမြစ်သည်ဟု အမေရိကန် အစိုးရ ဘဏ္ဍာရေးဌာန၏ နိုင်ငံခြား ပိုင်ဆိုင်မှု ထိန်းချုပ်ဌာန (OFAC) ၏ ထုတ်ပြန်ချက်က ဖော်ပြထားသည်။

"ဒီနေ့ OFAC က 'ဝ' စစ်ဗိုလ်ကြီးတွေနဲ့ သူတို့ ငွေကြေးကို ဦးတည်ပြီးတော့ သူတို့ရဲ့ ကြီးမားတဲ့ မူးယစ်ဆေး ကူးသန်းရောင်းဝယ်မှုကို ထိန်းချုပ်လိုက်တယ်။ တခြားတိုင်းပြည်တွေကလဲ ဒီလိုမျိုးလုပ်ကြဖို့ ပြောချင်ပါတယ်" ဟု ဟမ်မရယ်က ပြောသည်။

ဝေရှောက်ခန်၏ ညီနှစ်ဦးဖြစ်သော ဝေရှောက်လောင် နှင့် ဝေရှောက်ရင်၊ UWSA၏ စစ်သေနာပတိချုပ်တဦးဖြစ်သော ပေါင်ယုဆိုင်နှင့် ညီအစ်ကို ၅ ဦး၊ ဟိုချန်တင်နှင့် ရှီခူနန်တို့အပါအ၀င် သူတို့၏ မိသားစုဝင်များနှင့် သူတို့နှင့် ပူးပေါင်းလုပ်ကိုင်နေသော မြန်မာ၊ ထိုင်း၊ စင်ကာပူ၊ ဟောင်ကောင်နှင့် တရုတ်တို့မှ စီးပွားရေး လုပ်ငန်းရှင်များ ဖြစ်သည်ဟု ကြေညာချက်တွင် ပါရှိသည်။

"UWSA ဟာ အရှေ့တောင်အာရှတခွင်မှာ မူးယစ်ဆေးဝါးတွေ ထုတ်လုပ်နေတဲ့၊ ဖြန့်ချီ ကုန်သွယ်မှု ပြုလုပ်နေတဲ့ အကြီးဆုံးနှင့် အာဏာ အရှိဆုံး အဖွဲ့စည်းတခု ဖြစ်တယ်" ဟု OFACမှ ဒုညွှန်ကြားရေးမှူး ဘာဘရာ စီ ဟမ်မရယ်က ကြေငြာချက်တွင် ပြောကြားသည်။

တားမြစ်ခံရသော ကုမ္ပဏီများတွင် ဟုန်ပန်း ကုမ္ပဏီလုပ်ငန်းစု လက်အောက်မှ ဟုန်ပန်းအမည်နှင့် လျှပ်စစ်ပစ္စည်း၊ ကျောက်မျက်တူးဖော်ရေး၊ အထည်အလိပ်လုပ်ငန်း၊ ကုန်သွယ်လုပ်ငန်း၊ မွေးမြူရေး ထုတ်ကုန်လုပ်ငန်းများ၊ စင်ကာပူနှင့် မြန်မာရှိ တက်ခမ်း ဆောက်လုပ်ရေး ကုမ္ပဏီ၊ တက်ခမ်း ကျောက်မျက် ကုမ္ပဏီ၊ ရန်ကုန်အဲဝေး လေကြောင်းလိုင်း၊ Vest Spectrum (S) pte., Ltd. တရုတ်နိုင်ငံမှ Dehong Thailong Hotel Co., Ltd၊ ထိုင်းနိုင်ငံမှ Sangsiri Kankaset Company Limited နှင့် Khum Thaw Company Limited တို့ပါဝင်သည်။

ကင်းပင်းအက်ဥပဒေမှ တားမြစ်ချက်များကို ချိုးဖောက်လျှင် အဖွဲ့စည်းလိုက် ပါဝင် ပတ်သက်မှုအတွက် ငွေဒဏ် အမေရိကန် ဒေါ်လာ ဆယ်သန်း အထိ၊ တဦးချင်း ပါဝင်ပတ်သက်မှုအတွက် အမေရိကန်ဒေါ်လာ ၅ သန်းအထိနှင့် ထောင်ဒဏ် နှစ် ၃၀ အထိ ပြစ်ဒဏ်များ ကျခံရနိုင်သည်။

အမေရိကန် အစိုးရက ဝေရှောက်ခန်ကို ဖမ်းမိလျှင် ဒေါ်လာ ၂သန်းအထိ ဆုချီးမြှင့်မည်ဟု ထုတ်ပြန်ထားသည်။ သမတ ဘုရှ်က ၂၀၀၅ ခုတွင် ဝေရှောက်ခန်တို့ ညီအစ်ကို ၃ ဦးနှင့် ပေါင်ယုဆိုင် ညီအစ်ကို ၅ ဦးတို့ကို ဘိန်းရာဇာ စာရင်းတွင် ထပ်မံ ထည့်သွင်း ကြေငြာခဲ့သည်။

လက်ရှိအချိန်တွင် ဝေရှောက်ခန်သည် UWSA ၏ အကြီးတန်း စစ်ဦးစီးချုပ်ဖြစ်သည်။ တရုတ်နိုင်ငံ ယူနန်ပြည်သားဖြစ်သူ ဝေရှောက်ခန်သည် တရုတ်-မြန်မာ နယ်စပ်သို့ ရောက်ရှိလာပြီးနောက် ဘိန်းဘုရင် ခွန်ဆာ၏ ဘဏ္ဍာထိန်းအဖြစ် လုပ်ကိုင်ခဲ့သည်။ ၁၉၈၀ တွင်မူ ခွဲထွက်ပြီးနောက် ကိုယ်ပိုင် ဘိန်းအင်ပါယာများကို တည်ထောင်ခဲ့ကြသည်။ ဝေရှောက်ခန် ညီအစ်ကိုများသည် ၁၉၈၉တွင် ပေါင်ယုဆိုင် ညီအစ်ကိုများ၏ UWSA နှင့် ပူးပေါင်း၍ မူးယစ်ဆေးဝါးမှောင်ခိုလုပ်ငန်းများကို လုပ်ကိုင်ခဲ့ပြီး အကြီးတန်း အရာရှိ တဦးအဖြစ် ပါဝင်ခဲ့သည်။

ဗမာပြည် ကွန်မြူနစ်ပါတီ လက်အောက်ခံ ဖြစ်ခဲ့ရာမှ ၁၉၈၉ ခုနှစ် မတ်လအတွင်းတွင် အင်အား နှစ်သောင်းကျော်နှင့် ခွဲထွက်ပြီး UWSA ဟု ၀ များက ထူထောင်ခဲ့သည်။ များမကြာမီ စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးခဲ့သည်။

အပစ်ခတ် ရပ်စဲပြီးနောက်တွင် ရှမ်းပြည်နယ်အရှေ့ပိုင်းကျိုင်းတုံမြို့ မြောက်ဖက်ရှိ ပန်ဆန်းမှ မြောက်ဖက် ယိင်းချန်းဒေသအထိ တရုတ် - မြန်မာ နယ်စပ်ကို '၀' အထူးဒေသ (၂) ဟု သတ်မှတ်နေထိုင်သည်။


ဤပုံအား ဒီနေရာတွင် ပုံကြီးချဲ့ကြည့်နိုင်ပါသည်။
Ref: မဇ္ဈိမ

Read More...

တက်ကြွလှုပ်ရှားသူ ၁၆ ဦးကို ထောင်ဒဏ် ၁၆ နှစ်ထိ ချမှတ်ပြန်

နိုဝင်ဘာလ 14 2008

ချင်းမိုင်။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်အများစုအပါအ၀င် တက်ကြွလှုပ်ရှားသူ ၁၆ ဦးကို ယနေ့တွင် တရားရုံးအသီးသီးက ၁၆ နှစ်အထိ ရှည်လျားသော ထောင်ချမှုများ ပြုလုပ်လိုက်ပြန်သည်။

တံခါးပိတ်ကျင်းပသည့် ကျောက်တံတားမြို့နယ် တရားရုံးက ဒေါပုံမြို့နယ်မှ ကိုကျော်ဇင်ဝင်းကို ထောင်ဒဏ် ၁၆ နှစ် ချမှတ်လိုက်ပြီး မောင်ကျော်ကျော်လင်းကို ၁၃ နှစ်၊ မကြည်ကြည်ဝါကို ၁၁ နှစ်နှင့် ကိုနေဇာမျိုးဝင်း (ဒေါပုံ)၊ ကိုအောင်ဇော်ဦး (တောင်ကြီး) တို့အား ထောင်ဒဏ် ၅ နှစ်စီ ချမှတ်လိုက်သည်။

အင်းစိန်ထောင်တွင်း အထူးတရားရုံးက လှိုင်သာယာမြို့နယ်မှ ပါတီဝင်လူငယ် ကိုသန်းဇော်မြင့်၊ ကိုစန်းဝင်း ၊ ကိုသန့်ဇင်မျိုး တို့ကို ၉ နှစ်ခွဲနှင့် ဒေါ်ငယ်မ၊ ကိုကျော်စိုးဝင်း ၊ ကိုသိုက်မင်းတို့အား ၇ နှစ်ခွဲစီ ထောင်ဒဏ်ချမှတ်သည်။

"အဖမ်းခံရသူ မိသားစုတွေက လာပြီးတော့ ထောင်အ၀မှာ စောင့်နားထောင်တယ်လေ… ဒီကနေ ထောင်အရာရှိတဦးကို ဖုန်းဆက်ပြီး မေးခိုင်းကြည့်တယ်။ သူတို့ကို နှစ် ဘယ်လောက် ချလိုက်တယ်ပေါ့။ အဲဒါကြောင့် သူတို့ သိခဲ့ရတာ" ဟု ထောင်ချခံရသူတဦး၏ မိသားစုဝင်တဦးက မဇ္ဈိမကို ပြောသည်။

ကိုနေဇာမျိုးဝင်း၏ ဖခင်က "သားသမီး အဖမ်းခံရတော့ စိတ်မကောင်းဖြစ်တာပေါ့။ ၀မ်းနည်းခြင်း တော့ မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က သူတို့ ယုံကြည်ချက်နဲ့ သူတို့ ရွေးချယ်ရာလမ်း ပေါ့ဗျ။ သူတို့ ဒီလမ်းကို လျှောက်တဲ့ ကိစ္စဖြစ်လို့ ဒီလိုဖြစ်တာပါပဲ" ဟု ပြောသည်။

ထို့အပြင် အင်းစိန် အထူးတရားရုံးမှ မန္တလေးတိုင်း အန်အယ်ဒီ ပါတီဝင်များဖြစ်သည့် ဦးရွှေမောင်း၊ ကိုဝဏ္ဏအောင်၊ ကိုဇော်ဝင်းတို့အား နိုင်ငံတော် လုံခြုံရေးကို ထိခိုက်ပျက်ပြားစေရန် လှုံ့ဆော်မှုဖြင့် တဦးလျှင် ၄ နှစ်စီ ချမှတ်သည်။

သူတို့ အကုန်လုံးပင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များ ဖြစ်ကြပြီး ယမန်နှစ်က ဖြစ်ပွားခဲ့သော
စီတန်းလှည့်လည် မေတ္တာပို့သော ရွှေဝါရောင် တော်လှန်ရေးတွင် ပါဝင်ခဲ့၍ ဖမ်းဆီးခံရသူခြင်း သို့မဟုတ် နိုင်ငံရေးအကျဉ်းသားများ လွှတ်မြောက်ရေး ဆုတောင်းပွဲများတွင် ပါဝင်၍ အဖမ်းခံရခြင်း ဖြစ်သည်။

ထို့အပြင် ဒဂုံမြို့နယ်မှ ကိုတင်ဝင်းနှင့် ကိုညီညီမင်းတို့အား တောင်ဒဂုံတရားရုံးတွင် ယနေ့ ညနေ ၃ နာရီခန့်က ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခဲ့သည်။

ကိုတင်ဝင်းနှင့် ကိုညီညီမင်းတို့သည် ၂၀၀၈ ခုနှစ် ဧပြီလအတွင်းက စစ်အစိုးရက မေလအတွင်း ပြုလုပ်မည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆန္ဒခံယူပွဲအား ဆန့်ကျင်သည့်အနေဖြင့် NO အကျီ ၀တ်ဆင်ကာ သင်္ကြန်တွင် လည်ပတ်သည့်အတွက် ဖမ်းဆီးခံရသူများ ဖြစ်သည်။

ယနေ့ စီရင်ချက် ချသူများထဲမှ ကိုစန်းဝင်း၊ ကိုသန့်ဇင်မျိုး၊ ကိုကျော်စိုးဝင်းတို့သည် ယမန်နေ့ ကလည်း စွဲဆိုထားသော အမှုအချို့ဖြင့် စီရင်ချက် ချခံရသူများဖြစ်ပြီး ယနေ့တွင်လည်း အမှုတွဲများဖြင့် ထောင်ဒဏ် တိုးခံရသူများ ဖြစ်သည်။

သန်းထိုက်ဦး

Ref: မဇ္ဇျိမ

Read More...

Friday, November 14, 2008

နအဖရဲ့ နျူကလီးယားအိပ်မက် (၂)

ဂါမဏိ

ယူရေနီယမ်လှုပ်ရှားမှုများ
ဗမာပြည်ရဲ့ ယူရေနီယမ်သတ္တုသိုက်တွေနဲ့ ပတ်သက်လို့ အရင်သတင်းတွေကို အတည်ပြုပေးတဲ့ နောက်ထပ်အချက် အလက်တွေ ထပ်ထွက်လာပါတယ်။ စီးပွားရေးအရ တွက်ခြေကိုက်တဲ့ ယူရေနီယမ်သတ္တုရိုင်းဟာ ကျောက်ဖြုံး၊ ဖောင်း ပြင်နဲ့ ကျောက်ဆင့် ဒေသတွေမှာ ရှိနေပါတယ်။ ဒါ့အပြင် တနင်္သာရီတောင်ပိုင်း၊ ကရင်နီပြည် (လွိုင်ကော်ဒေသ)၊ ကချင်ပြည် မိုးညှင်း နဲ့ ရှမ်းပြည် တောင်ကြီးအနောက်ဖက်တွေမှာလည်း ယူရေနီယမ် စမ်းသပ်ရှာဖွေနေပါတယ်။ ယူရေနီယမ် သတ္တုရိုင်း ကြိတ်ခွဲမှုကိုတော့ သပိတ်ကျဉ်းမှာ လုပ်ဆောင်နေပါပြီ။ ဒါ့အပြင် ကြိတ်ခွဲပြီးယူရေနီယမ် (အဝါရောင် ကိတ်မုန့်)ကို ယူ-၂၃၅ အဆင့်ရောက်အောင် သန့်စင်မြှင့်တင်ဖို့ လုပ်ငန်းစဉ်တခုကိုလည်း သပိတ်ကျဉ်းမှာ စလုပ်နေပြီ လို့ သတင်းရပါတယ်။ အခုအခါမှာ ဒီသပိတ်ကျဉ်းမှာ လုပ်နေတာ အားလုံးကို နျူကလီးယားတပ်ရင်း ၁ လို့ ရည်ညွှန်း သုံးစွဲနေပြီဖြစ်ပါတယ်။

၂၀၀၆ ခု နှစ်ဦးပိုင်းတုံးက အဝါရောင်ကိတ်မုန့်ကို မြောက်ကိုးရီးယားနိုင်ငံကို ရောင်းချခဲ့တဲ့အကြောင်း အတည်ပြု သတင်းရခဲ့ပါတယ်။ ၂၀၀၆ ဇူလိုင်မှာတော့ စစ်အစိုးရဟာ မြောက်ကိုးရီးယား ဆီကနေ ယူရေနီယမ်သန့်စင် အဆင့်မြှင့် ရာမှာသုံးဖို့နဲ့ ပလူတိုနီယမ် ထုတ်လုပ်ရာမှာပါ သုံးဖို့ နျူကလီးယား ဓာတ်လှုံ့ ကရိယာတွေ ဝယ်ယူခဲ့ပါတယ်။ ဒီစက်ကရိ ယာအကြောင်းကို ကျနော်တို့ တိတိကျကျ မသိသေးပေမဲ့ တခြားသတင်း အချက်အလက်တွေအရ အများကြီး ဖြစ်နိုင်တာကတော့ စင်ထရီဖျူ့ဂ်ျ (ဗဟိုဆွဲအားကရိယာ)တွေ ပါဝင်ပါလိမ့်မယ်။ မြောက်ကိုးရီးယား နျူကလီးယားပါရဂူ အနည်းဆုံး တယောက်လောက်ကတော့ အခု သပိတ်ကျဉ်းမှာ အလုပ်လုပ်နေပါတယ်။

နောက်ထပ် အတည်ပြုနိုင်တဲ့ သတင်းကတော့ လွန်ကျော်နားက စကျင်တောင်မှာ နျူကလီးယားနဲ့ ဆက်နွယ်နေတဲ့ စစ်ဘက် သုတေသန ဌာနတခု တည်ဆောက်ခဲ့ခြင်း ဖြစ်ပါတယ်။ လွန်ကျော်ဒေသမှာလည်း နျူကလီးယားတပ်ရင်း တရင်းထားတယ်လို့ သတင်းရထားပါတယ်။ ကျောက်ဆည်မြို့နယ်မှာတော့ အရပ်ဘက် သုတေသနဌာနတခု ဖွင့်ထားပါတယ်။ မေမြို့မှာလည်း ရုရှား နျူကလီးယား ပါရဂူတွေက ပြည်တော်ပြန်လာတဲ့ ပညာတော်သင်တွေကို မွမ်းမံသင် တန်းတွေ ပေးနေပါတယ်။

စစ်ဘက်ခေတ်မှီရေးနဲ့ နေပြည်တော်ကာကွယ်ရေး
နအဖ ဟာ ခေတ်မှီလက်နက်တွေ ဝယ်ယူရရှိဖို့နဲ့ မိမိရဲ့လက်နက်ကိုင်တပ်တွေကို ခေတ်မှီအောင်လုပ်ဖို့ အကြီးအကျယ် ကြိုးစား နေပါတယ်။ အဲဒီလုပ်ဆောင်ချက်တွေထဲက ထူးထူးခြားခြား ဝယ်ယူမှုတွေကို အောက်ပါအတိုင်း ဖော်ထုတ်သိရှိရပါတယ်။

၂၀၀၂ ခုမှာ နအဖဟာ မြောက်ကိုးရီးယားနိုင်ငံက ၁၂၂ မမ ဟောင်ဝစ်ဇာ အမြောက်ကြီးတွေ ဝယ်ခဲ့ပါတယ်။ တရုတ် နိုင်ငံ မြောက်ပိုင်း စက်မှု ကော်ပိုရေးရှင်းဆီက လေတပ်သုံး အကြီးစားရေဒါ ၁၅ ခု ဝယ်ခဲ့ပြီး မင်္ဂလာဒုံ လေတပ်စခန်း၊ နမ့်စန်လေတပ်စခန်း၊ ရခိုင်ပြည် အမ်းမြို့နယ် နတ်ရေကန်တောင်ထိပ် ရေဒါစခန်း၊ ဟိုင်းကြီးကျွန်း ရေဒါစခန်း၊ ကိုကိုးကျွန်း ရေဒါစခန်းတို့မှာ တပ်ဆင် နေရာချခဲ့ပါတယ်။ ပင်လယ်ပြင်နဲ့ ကမ်းခြေ လုံခြုံရေးအတွက်လည်း ဧရာဝတီတိုင်း ထဲက ပြင်ဝိုင်း၊ တိတ်စွန်းနဲ့ တာပင်မှော်ကျွန်းများ၊ ရခိုင်ပြည်ထဲက ကျွန်းသာယာ၊ မေယု၊ မာန်အောင်နဲ့ နံ့သာကျွန်းများ၊ တနင်္သာရီတိုင်းထဲက ကျွန်း(၈)ကျွန်းတို့မှာ ရေတပ်သုံး ရေဒါတွေ တပ်ဆင်ခဲ့တယ်။ နအဖဟာ ရုရှားနိုင်ငံကနေ ၂၀၀၂ ခုထဲမှာဘဲ အမ်အိုင်ဂျီ-၂၉ (၁၀)စီးဝယ်ခဲ့ပြီး ၂၀၀၅ ဖေဖော်ဝါရီမှာ ဒုံးပျံပစ်စင်တွေနဲ့ ဒုံးပျံတင်ထရပ်ကားတွေ၊ ၂၀၀၆ နိုဝင်ဘာမှာ ၁၂၂ မမဒုံးပျံတွေနဲ့ ၂၄၀ မမဒုံးပျံတွေ ဝယ်ခဲ့ပါတယ်။

နအဖဟာ ရေတပ်က စစ်ဗိုလ်တွေကို အိန္ဒိယနဲ့ ရုရှားနိုင်ငံတွေမှာ သင်တန်း တက်ခိုင်းထားပါတယ်။ အိန္ဒိယမှာ သင်္ဘောပုံစံတုနဲ့ လေ့ကျင့်ရေး Ship Simulator သင်တန်း၊ ရုရှားမှာ ရေပြင်မှရေပြင် အမြောက်ပစ်နဲ့ ဒုံးကျည်ပစ် သင်တန်းတွေ တက်ရပါတယ်။ ၂၀၀၇ စက်တင်ဘာမှာ နအဖဟာ သင်္ဘောပစ် ဒုံးကျည်ပစ်စင် (၂၈)ခုနဲ့တကွ ဆက်စပ်ဒုံးကျည်တွေကို အသုတ်လိုက် ခွဲဝယ်ခဲ့ပါတယ်။ အိန္ဒိယနဲ့တရုတ် နှစ်နိုင်ငံစလုံးက ဗမာပြည်ကို လက်နက်တွေ ရောင်းလည်းရောင်း၊ ပေးလည်းပေးနေပါတယ်။

၂၀၀၇ ခုမှ အိန္ဒိယနိုင်ငံက နအဖကို ၇၆ မမ နဲ့ ၇၅ မမ တောင်ပေါ်ပစ်အမြောက်တွေနဲ့ လေကြောင်းရန်ကာကွယ်ရေး တပ်ရင်း (၁၀)ရင်းအတွက် ၁၂၀ မမ လေယာဉ်ပစ် အမြောက်တွေ ပေးခဲ့ပါတယ်။ ၂၀၀၀ ခုမတိုင်ခင်က မြန်မာနိုင်ငံမှာ အမြောက်စခန်း ဌာနချုပ် (ဝါ) အမြောက်တပ်မ (၂)ခုဘဲရှိခဲ့ပါတယ်။ ၂၀၀၄ ခုရောက်တဲ့အခါမှာတော့ အမြောက်တပ်မ (၁၀)ခုနဲ့ ဒုံးပျံတပ်မ (၁)ခုအထိ တိုးချဲ့ခဲ့ပါတယ်။

စစ်ရုံးချုပ်ကို ပျဉ်းမနားရွှေ့ပြီးတဲ့နောက် တိုင်းစစ်ဌာနချုပ်တွေနဲ့ ဆက်သွယ်ဖို့ ဖိုင်ဘာအော့ပ်တစ် (အလင်းဖန်မျှင်) ကြိုးတွေ အသုံးပြုခဲ့ပါတယ်။ နေပြည်တော် ကာကွယ်ရေးစည်းကြောင်း၊ ရန်ကုန်တိုင်းက ရေဒါစခန်းတွေ၊ လေတပ်စခန်းတွေ၊ ရေတပ်စခန်းတွေ စသည်ဖြင့် မဟာဗျူဟာကျတဲ့ နေရာတွေကို ဆက်သွယ်ဖို့ ဂွင်ကျယ်ကွန်ယက် WAN တခုကို သုံးပါတယ်။ ဒါ့အပြင် ပျဉ်းမနား ကာကွယ်ရေးအတွက် စကခ ၆ ရဲ့တပ်ရင်း (၁၀)ရင်းကို ဒေသထဲမှာ ချထားပါတယ်။ ပဲခူးရိုးမနဲ့ တဆက်တည်းဖြစ်တဲ့ ပျဉ်းမနား တောင်ညိုမှာ လေယာဉ်ပစ် တပ်ရင်းတရင်းထားပြီး နောက်လေယာဉ်ပစ် တပ်ရင်းတရင်းကိုတော့ ဝဲကြီးနဲ့ သာဝတ္ထိအရှေ့ဘက်မှာ ချထားပါတယ်။ လေယာဉ်ပစ် ဒုံးကျည်တချို့ကိုလည်း ပျဉ်းမနားမြို့ပေါ်မှာ အခြေစိုက်ထားပါသေးတယ်။ နေပြည်တော်အတွက် အပိုဆောင်း လုံခြုံရေးအဖြစ် သံချပ်ကာ တပ်ရင်း (၂)ရင်းကို ပျော်ဘွယ်နဲ့ ပျဉ်းမနားကြားမှာ တပ်ချထားပြီး အမြောက်တပ်ရင်း (၃)ရင်းနဲ့ အမြောက်စခန်း ဌာနချုပ် အမှတ် ၉၀၁ ကို ပဲခူးတိုင်း ဘောနက်ကြီး-ဘုရားကြီး ဒေသမှာ ချထားပါတယ်။

အချက်ပြ ဆက်သွယ်မှု လုံခြုံရေးအတွက် နအဖဟာ မိမိကိုယ်ပိုင် ဝါယာလက် (ကြိုးမဲ့) ဆက်သွယ်ရေးစနစ်တွေ ဖော်ထုတ် နေပါတယ်။ ၂၀၀၆ ခုမတိုင်ခင်က XD-D6M ဆက်သွယ်ရေး စက်တွေကို သုံးခဲ့တယ်။ ဒီစက်တွေဟာ လှိုင်းနှုန်း .၀၁ မီတာကနေ ၉၉ မီတာအထိ လွှင့်နိုင် ဖမ်းနိုင်ပြီး ဆက်သွယ်မှုကို အလွယ်တကူ ကြားဖြတ်ဖမ်းယူလို့ ရနိုင်ပါတယ်။ အဲဒါကြောင့် နအဖဟာ တပ်မတော် ပင်မ ဆက်သွယ်ရေး အလုပ်ရုံကို စက်ကရိယာသစ်တွေ ထုတ်လုပ်ပေးဖို့ ညွှန်ကြားခဲ့ပါတယ်။ ၂၀၀၆ ခုမှာတော့ ပင်မ ဆက်သွယ်ရေး အလုပ်ရုံက တရုတ်နည်းပညာ အကူအညီနဲ့ ကြိုးမဲ့ ဆက်သွယ်ရေး စက်အသစ်တမျိုး ထုတ်လုပ်ခဲ့ပါတယ်။ ဒါကို 2006M1 လို့ ယာယီ နာမည်ပေးထားပါတယ်။ စက်အသစ်တွေဟာ လှိုင်းနှုန်း .၀၀၀၀၁ မီတာကနေ .၀၀၀၀၉ မီတာအထိ ထုတ်လွှင့်နိုင်ပါတယ်။ ဒီစက်သစ်တွေနဲ့ ပို့လွှတ်တဲ့ သတင်းတွေကို ကြားဖြတ်ဖမ်းဖို့ အတော့်ကို ခက်ခဲတယ်လို့ ကြားရပါတယ်။

နအဖဟာ ၇၆ မမ နဲ့ ၁၂၀ မမ အမြောက်တွေ၊ မော်တာတွေ၊ ၂၅ ပေါင်ဒါအမြောက်နဲ့ ၁၀၅ မမ ဟောင်ဝစ်ဇာ အမြောက်တွေ အတွက်လည်း ကိုယ်တိုင် ချိန်ရွယ်ပစ်ခတ်တဲ့ စနစ်ကို အစားထိုးဖို့ ကွန်ပျူတာဆော့ဖ်ဝဲ တီထွင်ဖော်ထုတ် နေပါတယ်။ မြေပြင်ကရော ဝေဟင်ကပါ အကဲခတ် စနစ်တွေအတွက် ဆော့ဝဲ သုတေသနကိုလည်း ဆောင်ရွက်နေပါ တယ်။

ကပစ ၁၆ နဲ့ ၁၉ ကို အကြီးအကျယ် ပြန်လည်မွမ်းမံ ပြင်ဆင်ပစ်လိုက်ပြီး အပိုပစ္စည်းတွေ ထုတ်လုပ်နိုင်အောင် လုပ်ထားပါတယ်။ (တရုတ်လက်နက်နဲ့ ရုရှားလက်နက်တွေဟာ အပိုပစ္စည်းတွေနဲ့ ပုံမှန်အစားထိုး လဲလှယ်ဖို့လိုတဲ့ နာမည်ပျက်ရှိပြီး အပူပိုင်း ရာသီဥတုမှာ လက်နက်တွေကလည်း ပိုပျက်စီး ယိုယွင်းလွယ်ပါတယ်။) တာလတ်ပစ်ဒုံးပျံတွေ ထုတ်လုပ်နိုင်ဖို့ နအဖဟာ တရုတ်နဲ့ မြောက်ကိုးရီးယား ပါရဂူတွေနဲ့ ကပစ ၁၄ ကို ပြင်ဆင် မွမ်းမံခဲ့ပါတယ်။ ကပစ ၁၄ ကို ၂၀၀၀ ပြည့်နှစ်မှာ မကွေးတိုင်း ငဖဲမြို့နယ်မှာ တည်ဆောက်ခဲ့ပြီး အခု လည်ပတ် ထုတ်လုပ်နေပြီလို့ ယူဆရပါတယ်။ အဲဒီစက်ရုံမှာ ခန့်မှန်းခြေအားဖြင့် စစ်အင်ဂျင်နီယာ ၃၀၀၀ လောက် အလုပ်လုပ်နေပါတယ်။ (မှတ်ချက်။ အရင်က နအဖအနေနဲ့ တာလတ်ပစ်ဒုံးပျံတွေ ထုတ်လုပ်နိုင်ဖို့ ငါးနှစ်လောက် ကြာအုံးမယ်လို့ ကျနော်တို့ ခန့်မှန်းခဲ့ပါတယ်။ ဒါပေမဲ့ အဲဒါက ရုရှားလုပ် ပဲ့ထိန်းဒုံးပျံတွေကို ဆိုလိုတာဖြစ်လို့ သီးခြားစီမံကိန်း ဖြစ်နိုင်ပါတယ်။)

နိဂုံး
နအဖအနေနဲ့ နျူကလီးယား လက်နက်တွေကို သဲကြီးမဲကြီး ကြိုးပမ်းနေတာဟာ (တခြားစီမံကိန်းကြီးတွေလည်း ရှိသေးတယ်) ထိုင်းနိုင်ငံ ခေါင်းဆောင်တွေနဲ့ တကမ္ဘာလုံးက အထူးစိုးရိမ် ပူပန်သင့်ပါတယ်။ ထိုင်းအစိုးရနဲ့ နိုင်ငံတကာအသိုင်း အဝိုင်းက စစ်အုပ်စု အပေါ် ချော့မြှူရေးပေါ်လစီ ကျင့်သုံးနေတာကို လုံးဝပြောင်းပြန် လှန်ပစ်ဖို့လိုပါတယ်။ နအဖဟာ အဆိုးဆုံး အန္တရာယ်ကြီး ဖြစ်ပါတယ်။ ဒါကို ရပ်တန့်ပစ်ရပါမယ်။ ရုရှားနဲ့ တရုတ် ဗီတိုအာဏာတွေ ပါနေတဲ့ လုံခြုံရေး ကောင်စီဟာ ကိုင်တွယ်နိုင်စွမ်း မရှိတဲ့အတွက် တခြား ရွေးစရာ ဖြေရှင်းချက် ရှိရပါမယ်။ တကယ့်လက်တွေ့ ဖြေရှင်းနိုင်တာက အမေရိကန် တခုဘဲရှိပြီး သူ့တနိုင်ငံတည်းကဖြစ်စေ သို့မဟုတ် တခြား စိုးရိမ်ပူပန်တဲ့ နိုင်ငံတွေနဲ့ (ထိုင်းနိုင်ငံ?) ပူးတွဲ၍ဖြစ်စေ မြန်မာနိုင်ငံက ပြည်သူတွေ မိမိတို့ဖာသာ လွတ်မြောက်အောင် ကြိုးပမ်းနေတာကို ကူညီပေးဖို့ လမ်းတခုဘဲ ရှိပါတယ်။ အဲဒီအတွက် လိုအပ်သမျှ ဘာနည်းလမ်းဘဲဖြစ်ဖြစ် အသုံးပြုရမှာ ဖြစ်ပါတယ်။

ရည်ညွှန်း။ ။ အာဏာရှင်စောင့်ကြည့်ရေးအဖွဲ့ Dictator Watch မှ Roland Watson ရေး ၂၀၀၈ သြဂုတ် ၇ ရက်စွဲပါ ရုရှား-မြန်မာ နျူကလီးယားထောက်လှမ်းချက် အစီရင်ခံစာ

Read More...

နအဖရဲ့ နျူကလီးယားအိပ်မက် (၁)

ဂါမဏိ

နအဖရဲ့ ရည်မှန်းချက်ပန်းတိုင်
ဗမာနိုင်ငံဟာ ၂၀၂၀ ခုနှစ်မှာ နျူကလီးယားလက်နက်တွေ ထုတ်လုပ်ပိုင်ဆိုင်နိုင်အောင် ကြိုးပမ်းမယ်လို့ ဗမာစစ် အစိုးရရဲ့ သိပ္ပံနဲ့ နည်းပညာ ဝန်ကြီးဆိုသူ ဦးသောင်းက ၂၀၀၁ ခု မေလအတွင်းက ရန်ကုန်မှာရှိတဲ့ နိုင်ငံတော်ကာကွယ် ရေးတက္ကသိုလ်မှာ ပြောခဲ့ပါတယ်။ ဒီရည်မှန်းချက် အောင်မြင်ထမြောက်သွားရင် နအဖစစ်အုပ်စုဟာ အရှေ့တောင် အာရှမှာ စစ်အင်အား အတောင့်ဆုံး နိုင်ငံ ဖြစ်သွားပါလိမ့်မယ်။ ဗမာပြည်ဟာလည်း "စတုတ္ထမြန်မာနိုင်ငံတော်" အဖြစ် အသွင်ပြောင်းသွားပြီး ထိုင်းနိုင်ငံကို စစ်ရေးအရ ခြိမ်းခြောက်နိုင်စွမ်း ရှိလာပါလိမ့်မယ်။ ဒါကြောင့် နအဖဟာ နိုင်ငံတကာ လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးကို ဆိုးဆိုးဝါးဝါး အန္တရာယ်ပြု ခြိမ်းချောက်နေပြီဖြစ်ပါတယ်။ နအဖရဲ့ အသစ်စက်စက် (၁၀) မီဂါဝပ် နျူကလီးယား ဓာတ်ပေါင်းဖိုကို ငြိမ်းချမ်းတဲ့ သုတေသန လုပ်ငန်းအတွက် ရည်ရွယ်တယ်လို့ ကြေညာထားတာဟာ လိမ်ညာမှု သက်သက်သာဖြစ်ပါတယ်။

စီမံကိန်းနောက်ခံ
နအဖရဲ့ နျူကလီးယားလက်နက် ထုတ်လုပ်ရေးစီမံကိန်းဟာ ၁၉၉၀ ခု နဝတခေတ်မှာ စတင်ခဲ့ပါတယ်။ နဝတဟာ နျူကလီးယား နည်းပညာ ဖော်ထုတ်ဖွံ့ဖြိုးရေးနဲ့ ပတ်သက်ပြီး ရန်ကုန်တက္ကသိုလ် ရူပဗေဒပါမောက္ခ ဦးဖိုးစောနဲ့ တိုင်ပင် ဆွေးနွေးခဲ့ပါတယ်။ နိုင်ငံခြား ပညာတော်သင်စေလွှတ်ဖို့ လူရွေးချယ်ရေး ကိစ္စလည်း ဆွေးနွေးခဲ့ပါတယ်။ နျူကလီးယား နည်းပညာအတွက် ဗိုလ်လောင်းတွေ လေ့ကျင့် မွေးမြူဖို့ အစီအစဉ်ကိုတော့ ၁၉၉၇ ခု စစ်တက္ကသိုလ် ဗိုလ်လောင်း အပတ်စဉ် ၄၂ နဲ့ စတင်ခဲ့ပါတယ်။ ၂၀၀၀ ပြည့်နှစ် မတိုင်ခင်မှာ နအဖဟာ ရုရှားနျူကလီးယား ပညာရှင်တွေကို ဖိတ်ခေါ်ပြီး ဓာတ်ပေါင်းဖို တည်ဆောက်ရေး၊ နေရာရွေးချယ်ရေး၊ ပညာတော်သင်တွေ စေလွှတ်ရေးကိစ္စတွေ ဆွေးနွေး ခဲ့ကြပါတယ်။

ကျနော်တို့ သတင်းရင်းမြစ်ကရတာက စစ်အုပ်စုဟာ နျူကလီးယား နည်းပညာရဖို့ ပထမဦးစွာ အိန္ဒိယနိုင်ငံကို အရင် ချဉ်းကပ်ခဲ့တယ်၊ အိန္ဒိယကလည်း ပညာတော်သင်တွေ လက်ခံဖို့တောင် သဘောတူခဲ့သေးတယ်။ ဒါပေမဲ့ ဓာတ်ပေါင်း ဖို လည်ပတ်မှုကို ကြီးကြပ်ရေးနဲ့ ထိန်းချုပ်ရေးကိုပါ အိန္ဒိယက တောင်းဆိုလာလို့ နအဖက ဒီချဉ်းကပ်မှုကို နားပစ်လိုက် ပါတယ်။

နအဖဟာ တရုတ်နိုင်ငံ အကူအညီနဲ့ ရုရှားနဲ့ သဘောတူညီမှု ရခဲ့ပါတယ်။ ဒါ့အပြင် နျူကလီးယား လက်နက်တွေ ထုတ်လုပ်နိုင်အောင် နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားဖို့ တရုတ်အစိုးရက နအဖစစ်အုပ်စုကို အကြံပေးခဲ့ပြီး ရည်မှန်း သတ်မှတ်ကာလ ၂၀၂၀ ရောက်လို့မှ နျူကလီးယားလက်နက် မထုတ်လုပ်နိုင်သေးရင် ဝယ်ယူဖို့ အကြံပေးခဲ့ပါတယ်။ ၂၀၀၃ ခုမှာ စစ်အစိုးရဟာ မြောက်ကိုးရီးယားကို စစ်ဗိုလ် အယောက်(၃၀)စေလွှတ်ပြီး နျူကလီးယား နည်းပညာ လေ့လာ သင်ယူစေခဲ့ပါတယ်။ ၂၀၀၆ မှာတော့ ဓာတ်ပေါင်းဖို တည်ဆောက်ရေး အတွက် လိုအပ်တဲ့ စက်ယန္တရားတွေကို မြောက်ကိုးရီးယားဆီက စတင်ဝယ်ယူခဲ့ပါတယ်။ နအဖနဲ့ရုရှား ဆက်ဆံရေး ပျက်ပြားသွားလို့ နျူကလီးယား စီမံကိန်း ရပ်သွားတာမျိုး မဖြစ်ရအောင် မြောက်ကိုးရီးယားနဲ့ လမ်းဖောက်ခဲ့တာ ဖြစ်ပါတယ်။

နအဖဟာ နိုင်ငံခြား ပညာတော်သင်တွေ စရိတ်အပါအဝင် နျူကလီးယားနည်းပညာ ရနိုင်ဖို့အတွက် သဘာဝ သယံဇာတ တွေကို ရောင်းထုတ်ခဲ့ပါတယ်။ (အတည်ပြုနိုင်တဲ့ သတင်းတရပ်အရ ရုရှား တနိုင်ငံတည်းမှာတင် ပညာတော်သင် ၄၆၀၀ ရှိတယ်လို့ သိရပါတယ်။) သယံဇာတတွေ ရောင်းထုတ်တဲ့ အထဲမှာ ကချင်ပြည် ဖားကန့်ဒေသ ကသိုင်းတောင် က တူးဖော်တဲ့ သံရိုင်းတန်ချိန် ၂၀၀၀၀ ပါတယ်လို့လည်း သတင်းရခဲ့ပါတယ်။ ဒါပေမဲ့ အများ သိကြတဲ့ အတိုင်း နအဖဟာ ၂၀၀၅ ခုမှာ ဘဏ္ဍာရေး ပြဿနာတွေ ကြုံခဲ့ရပြီး ရုရှားနဲ့လုပ်ထားတဲ့ စီမံကိန်းကို ရပ်နားလိုက် ရပါတယ်။ အခက်အခဲတွေ ကျော်လွှားနိုင်ခဲ့ပြီးနောက် စီမံကိန်းကိုပြန်စခဲ့ပါတယ်၊ အခု အခါမှာတော့ နအဖဟာ ဘဏ္ဍာရေးအရ ခိုင်မာနေပါပြီ။ (ဒီလိုကံဇာတာတက်လာတဲ့ အကြောင်းရင်းက သိသာပါတယ်။ ရတနာ ဓာတ်ငွေ့ ပိုက်လိုင်းကြောင့် ဗမာ အစိုးရအတွက် အနိမ့်ဆုံးအားဖြင့် နှစ်စဉ် ဒေါ်လာသန်း ၂၀၀၀ ဝင်ငွေရနေပါတယ်။)

နအဖဟာ အီရန်နိုင်ငံကနေလည်း အကူအညီရဖို့ လျှို့ဝှက်ကြိုးပမ်းခဲ့တယ်လို့ ကျနော်တို့ဘက်က သတင်းထပ်ရခဲ့ ပါတယ်။ ဒီသတင်းက တခြားသတင်းရင်းမြစ်တွေကရထားတဲ့ ဆက်ဆံမှုသတင်းကို အတည်ပြုလိုက်တာဖြစ်ပါတယ်။ ဒါ့အပြင် ဂျပန်နိုင်ငံကလည်း ၂၀၀၀ ပြည့်နှစ်မှာ ဓာတ်ပေါင်းဖိုကိုင်တွယ်ရေးဆိုင်ရာ ပါရဂူအဆင့်ပညာသင်ဖို့ ပညာ တော်သင်တွေ စလက်ခံပေးခဲ့ပါတယ်။ ဂျပန့်အကူအညီနဲ့ ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်နဲ့ မေမြို့ စစ် တက္ကသိုလ်တွေမှာ နျူကလီးယားသိပ္ပံဌာနသစ်တွေ ဖွင့်လှစ်ခဲ့ပါတယ်။

ရုရှားရောက်ပညာတော်သင်
၂၀၀၁ ခုမှာ ပထမအသုတ် ပညာတော်သင် စစ်ဗိုလ် ၁၅၀ ကို စင်းလုံးငှား အယ်ရိုဖလုတ် လေယာဉ်တွေနဲ့ မန္တလေး တံတားဦး လေဆိပ်ကနေ ရုရှားနိုင်ငံကို စေလွှတ်ခဲ့ပါတယ်။ နအဖပညာတော်သင်တွေဟာ ကိုယ်သင်မယ့် ဘာသာရပ် ပေါ်မူတည်ပြီး မော်စကိုနဲ့ စိန့်ပီတာစဘာ့ဂ်မြို့တော် တွေမှာရှိတဲ့ တက္ကသိုလ်နဲ့ သိပ္ပံဌာနအမျိုးမျိုးမှာ တက်ရောက် ပညာသင်ကြပါတယ်။ အဲဒီကျောင်းတွေထဲမှာ --

မော်စကိုအင်ဂျင်နီယာရူပဗေဒတက္ကသိုလ် MEPHI
မော်စကိုအီလက်ထရွန်းနစ်နည်းပညာတက္ကသိုလ် MIET
မော်စကိုလေကြောင်းနည်းပညာတက္ကသိုလ် MATI
မော်စကိုလေကြောင်းသိပ္ပံ MAI
ဘောမင်းမော်စကိုအစိုးရနည်းပညာတက္ကသိုလ် BMSTU
မော်စကိုအပူနည်းပညာတက္ကသိုလ် MITT
မော်စကိုဆောက်လုပ်ရေးအင်ဂျင်နီယာသိပ္ပံ MISI
မော်စကိုအစိုးရသတ္တုတူးဖော်ရေးတက္ကသိုလ် MSMU စသည်တို့ ပါဝင်ပါတယ်။

MEPHI က နျူကလီးယားသိပ္ပံသင်ပေးပြီး MIET က ဒုံးပျံလမ်းကြောင်းထိန်းပညာ၊ MAI က လေကြောင်းနဲ့ အာကာသ ပညာတွေ၊ MATI က ဂြိုလ်တုလွှတ်နိုင်တဲ့ ဒုံးပျံတည်ဆောက်ရေးနည်းပညာကို သင်ပေးပါတယ်။ ဒါ့အပြင် ဥမင် လှိုင်ခေါင်းတူး ဘာသာရပ်၊ ယူရေနီယမ်သတ္တုတူးဖော်ရေး ဘာသာရပ် နဲ့ ယူရေနီယမ် သတ္တုရိုင်းသန့်စင်ရေး ဘာသာရပ် တွေအတွက် သီးခြားသင်တန်းတွေလည်း ရှိပါတယ်။

ဒီပညာတော်သင် အများအပြားဟာ မပျော်ကြဘူးလို့ အတည်ပြု သတင်းရထားပါတယ်။ သူတို့ဟာ ရုရှားကို ဇွတ်အတင်း စေလွှတ်ခံရတယ်၊ လစာက တအားနည်းတယ်၊ ရာသီဥတုက ကြမ်းလွန်းလို့ ဒုက္ခရောက်ရတယ်၊ ကျန်းမာရေး စောင့်ရှောက်မှုက ချို့ငဲ့တယ်လို့ သိရပါတယ်။ သူတို့ဟာ မော်စကိုက ဗမာ သံရုံးကိုသွားပြီး တိုင်တန်း တင်ပြကြ၊ အိမ်ပြန်ခွင့်ရဖို့ အသနားခံကြပေမဲ့ (ထိုစဉ်က) ကကလှမ်းက သူတို့ကို အပတ်စဉ် ညွှန်ကြားချက်တွေပို့ပြီး သင်တန်းပြီးအောင် တက်ဖို့နဲ့ နိုင်ငံတော်ရဲ့ ရည်မှန်းချက် (ဝါ) နျူကလီးယား လက်နက်ထုတ်လုပ်ရေးကို ဖြည့်ဆီးဖို့ဘဲ တိုက်တွန်းခဲ့ပါတယ်။ တခါတော့ (ထိုစဉ်က) နိုင်ငံခြားရေး ဝန်ကြီးဦးဝင်းအောင် ကိုယ်တိုင်လာပြီး ပညာတော်သင် စစ်ဗိုလ်တွေကို ပညာဆုံးခန်းတိုင်သင်ဖို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် သိပ္ပံပညာရှင် ရုရှားမ တယောက်ကို လက်ထပ်ပြီး ဗမာပြည်ပြန်လာနိုင်သူ ဘယ်သူ့မဆို ဆု ချီးမြှင့် ဂုဏ်ပြုမယ်ဆိုတဲ့ ဒုတပ်ချုပ်မောင်အေးရဲ့ အမှာစကားကိုလည်း ပါးလိုက်ပါသေးတယ်။

၂၀၀၂ ခုမှာလည်း စစ်ထောက်ချုပ် ဗိုလ်ချုပ်ဝင်းမြင့်နဲ့ ရေတပ်ဦးစီးချုပ်၊ လေတပ်ဦးစီးချုပ်နဲ့ ပို့ဆောင်ရေးဝန်ကြီးတို့ဟာ ရုရှားနိုင်ငံကိုသွားပြီး ဝယ်ထားတဲ့ အမ်အိုင်ဂျီ-၂၉ တိုက်လေယာဉ်တွေကို ဗမာပြည် ပြန်မောင်းလာဖို့အတွက် နအဖ လေတပ် လေယာဉ်မှူး အယောက် ၂၀ သင်တန်းပေးဖို့ ကိစ္စ စီစဉ်ခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ အနေနဲ့ လေယာဉ်တင် သင်္ဘောတွေ ရေငုပ်သင်္ဘောတွေ ဝယ်ဖို့ လို မလိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ ၂၀၀၂ ဇူလိုင်လမှာ နအဖ သိပ္ပံနဲ့နည်း ပညာဝန်ကြီး မောင်သောင်း ရုရှားနိုင်ငံကိုသွားပြီး နျူကလီးယား ဓာတ်ပေါင်းဖို ဝယ်ယူတည်ဆောက်ရေး သဘောတူ စာချုပ် လက်မှတ်ထိုးခဲ့ ပါတော့တယ်။

ဓာတ်ပေါင်းဖိုတည်နေရာ
ကျနော်တို့ဟာ အရင်ကတော့ ဓာတ်ပေါင်းဖို တည်နေရာကို သပိတ်ကျဉ်းနားက ကျောက်ပုထိုးလို့ ပြောခဲ့ပါတယ်။ ဒါကို အတည်မပြုနိုင်သေးပေမဲ့ နအဖက တည်နေရာ လျှို့ဝှက်ထားဖို့ ကြိုးစားတဲ့အကြောင်း နောက်ထပ်သတင်းတွေ ရခဲ့ပါ တယ်။ ဓာတ်ပေါင်းဖို တည်ဆောက်ဖို့ ပညာရပ် သင်တန်းတက်ထားတဲ့ ပညာရှင်တွေတောင် စက်ရုံတည်နေရာကို သိခွင့်မရကြပါဘူး။ ၂၀၀၆ ဇွန်လမှာတော့ သတင်းပေါက်ကြားမှု တခုဖြစ်ခဲ့ပြီး စီမံကိန်းမှာပါတဲ့ အရာရှိတွေ နေပြည် တော်ခေါ်ပြီး စစ်ကြော မေးမြန်းခံခဲ့ရပါတယ်။ အဲဒါကတော့ ဘာတင်းလ်လစ်တနာရဲ့ ၂၀၀၆ ဇူလိုင်ထုတ် အာရှတိုင်းမ် ဆောင်းပါးကြောင့် ဖြစ်ပါတယ်။ လစ်တနာက မကွေးမြို့အရှေ့ဘက်က နတ်မောက်မြို့နားမှာ မြောက်ကိုးရီးယားပညာ ရှင်တွေ တွေ့ခဲ့တယ်လို့ သတင်းရေးခဲ့လို့ ဖြစ်ပါတယ်။

အခုတော့ ဒီ ၁၀ မီဂါဝပ် ဓာတ်ပေါင်းဖိုကို မကွေးတိုင်း မြိုင်မြို့နယ်ထဲမှာ တည်ဆောက်ခဲ့တယ် (သို့မဟုတ်) တည် ဆောက်ဖို့ ရည်ရွယ်ခဲ့တယ်လို့ ကျနော်တို့သိရပါပြီ။ ဒါ့အပြင် ဒီဓာတ်ပေါင်းဖိုဟာ ရေလေး heavy water ကိုသုံးမှာ ဖြစ်တယ်၊ ဒါကြောင့် ပလူတိုနီယမ် အဆင့်ထိ ထုတ်နိုင်မယ်ဆိုတာလည်း သိရပါတယ်။

ဒါကြောင့် အခုဆိုရင် ဖြစ်နိုင်တဲ့ ဓာတ်ပေါင်းဖိုစက်ရုံနေရာ နှစ်ခုရှိနေပါတယ်။ အဲဒါတွေကတော့ မြိုင်မြို့နယ် နဲ့ ကျောက်ပုထိုး တို့ဘဲဖြစ်ပါတယ်။ အခုလို ကွဲပြားနေရတဲ့ အကြောင်းတခုကတော့ နအဖဟာ နဂိုမူလက စက်ရုံကို မကွေး ဒေသမှာတည်ဖို့ စီစဉ်ခဲ့ပေမဲ့ ဧရာဝတီ မဂ္ဂဇင်းက ဖော်ပြခဲ့သလို ငလျင်စက်ကွင်းဖြစ်နေလို့ အစီအစဉ်ပြောင်း လိုက်တာ ဖြစ်နိုင်ပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် မကွေးဒေသဟာ ဖြစ်နိုင်ခြေတခု ဖြစ်မြဲဖြစ်နေပြီး သပိတ်ကျဉ်းမှာဖြစ်ဖို့ တော့ အင်မတန် အလားအလာများနေပါတယ်။

ရည်ညွှန်း။ ။ အာဏာရှင်စောင့်ကြည့်ရေးအဖွဲ့ Dictator Watch မှ Roland Watson ရေး ၂၀၀၈ သြဂုတ် ၇ ရက်စွဲပါ ရုရှား-မြန်မာ နျူကလီးယားထောက်လှမ်းချက် အစီရင်ခံစာ

Read More...

အဝေးက ပေးစာတစောင်

၂၀၀၈ခုနှစ၊ မတ် ၂၃။

ကိုဟိုဒင်းရေ -
စိုင်းထီးဆိုင်တယောက် ဆုံးရှာပြန်ပါရော့လားဗျာ။ တနေ့ကပဲ ကျနော်နဲ့ မိတ်ဆွေ တယောက်နဲ့ အီးမေးလ် အပြန်အလှန် ရေးကြရင်း တကယ့် ဂီတ အနု ပညာသည် စစ်စစ် ဖြစ်တဲ့သူက - ဂီတလုလင် မောင်ကိုကို ဆုံးသွားတာ။ ဘယ်သူမှ ဂုဏ်ပြုစာ မရေးကြဘူး။ ပြည်တွင်းမှာလည်း မရေးကြဘူးလို့ ၀မ်းနည်း ဒေါသနဲ့ပြော ပါတယ်။ ကျနော်ကလည်း သူ့ခံစားမှုကို ကိုယ်ချင်းစာမိတာနဲ့ ငိုင်ကျ သွားမိတယ်။ ဟုတ်တယ်ဗျာ။ သူနဲ့ မတိမ်းမယိမ်း ကွယ်လွန်ကြတဲ့ အေ၀မ်းစိုးမြင့်။ ကိုလေးညွန့် စသဖြင့် အစားထိုးမရတဲ့ ပညာရှင်တွေ ကွယ်လွန်တာ ဟာလည်း တကယ်ကို ၀မ်းနည်းစရာပဲ။ ကျနော့်ခေါင်းထဲမှာ (ရင်ထဲမှာလို့လဲ ဆိုနိုင်ပါတယ်) သူတို့ကို ဂုဏ်ပြု တဲ့ ဆောင်းပါးလေး တစောင်လောက် ရေးချင်လိုက်တာလို့ ပေါ်ပါတယ်။ ဒါပေမဲ့ ကိုယ်က သူတို့အကြောင်းကို သူများတကာထက် ပိုသိတာလဲ မဟုတ်၊ သူတို့ပညာ ကိုလဲ လိုက်မီတာ မဟုတ်ပဲနဲ့။ ရေးလိုက်ပါမှ ယောအတွင်းဝန် ဦးဘိုးလှိုင်ရဲ့စာကို ငတာက ချီးကျူးတာမျိုး ဖြစ်နေမှာစိုးလို့ မရေးခဲ့ဘူးလို့ အဲဒီမိတ်ဆွေကို ပြန်ပြော လိုက်မိပါတယ်။ အခုတော့ သူတို့နောက်ကို ထက်မြက်တဲ့ ဂီတာ ပညာရှင် နောက်တယောက် လိုက်သွား ပါပြန်ကောလားဗျာ။

သူကွယ်လွန်တဲ့သတင်းကို ကျေညာပြီးနောက် ရေဒီယိုတွေကနေ သူ့ရဲ့ ‘နေရစ် တော့ကွယ်၊ သွားတော့မယ်’ ဆိုတဲ့ သီချင်းလေး ဖွင့်ပေးတော့ ကျနော်ဖြင့် မျက်ရည်ကျလုတဲတဲ ငေးနေမိ။ ပြန်သတိရ နေမိတယ်။ သတိရဆို ကျနော့်ဘ၀ရဲ့အကြီးမားဆုံး အပြောင်း အလဲကြီး တခု ဖြစ်ပေါ်နေတုန်းမှာ ကျနော့်ရဲ့ဘ၀ အတွင်း ၀င်ရောက်လာတဲ့ သီချင်းများနဲ့ တေးသံရှင်ပေကိုး။ ဘယ်လိုမှ မေ့မရတဲ့ နေ့ရက်များနဲ့ မေ့မရတဲ့ သီချင်းများလေ။ လွန်ခဲ့တဲ့ အနှစ် ၃၀ ကျော်က။

ခင်ဗျားလည်းသိတဲ့အတိုင်းပဲ ကျနော့်လူငယ်ဘ၀ဟာ သာမန် လူ့လောကမှာ တယ်ပြီး နေရတာမှ မဟုတ်တာ။ ထောင်ထဲနဲ့ တောထဲမှာ ဖြတ်သန်းရတဲ့ ကာလက ပိုများတဲ့ဥစ္စာ။ ဒီလိုနဲ့ တခါတော့ ခင်ဗျားတို့ သိကြတဲ့အတိုင်း ပစ္စ န္တရစ် အရပ်မှာ ကျနော်ကာလ တခု သွားနေလိုက်ရတယ်။ အဲဒီက ပြန်ရောက်လာတော့ အင်းစိန် ထောင်ထဲရောက်တယ်။ အဲဒီအချိန်ကျမှ ခေတ်ပေါ် စတီရီယိုတေး တွေကို ကြားရတာကိုးဗျ။ ထောင်ပြင်ကနေ လွင့်ပျံလာတဲ့ လော်သံတွေကပေါ့။ ကျနော် ဖြင့် ဟာ - ငါ့နားများ မှားတာလား။ ဘာသာခြား သီချင်းတွေ လွင့်နေတာလား။ ဂီတကလည်း ဆန်းချင်တိုင်းဆန်း။ စာသားတွေကလည်း မပီပဲကိုးဗျ။ ယဉ်ကျေးမှု ချင်း ဆောင့်မိတာလို့ ဆိုရမလား မသိပါဘူး။ ခေါင်းကို ချာလပတ်လည် ရမ်းသွားတာပဲ။ အဲဒီနောက် အိမ်ပြန်ရောက်မှ နှမနဲ့ ညီကို မေးကြည့်ပြီး သူတို့ ပြောပြလို့သိရ တယ်။ အော် - ဒါစတီရီယိုတေး ဆိုတာတဲ့လားပေါ့။ နို့ပေမဲ့ ကိုယ့်နားနဲ့ စိမ်းလွန်းလို့ ကျနော်က အလှမ်းဝေးဝေး မှာပဲ နေလိုက်မိတယ်။ တပုဒ်မှ စိတ်မ၀င်စားခဲ့ဘူး။ ဒါပေမဲ့ အဲဒီအထဲမှာ ထူးထူးခြားခြား ချွန်ထွက်နေတဲ့ သီချင်းတပုဒ်ကိုတော့ သတိထားလိုက် မိတယ်။ အဲဒါက မနက်ကနေ နေ၀င်အထိ ဆိုရမလောက်နီးပါး ကြားနေရတဲ့သီချင်းက “မန္တလေးရောက် ရှမ်းကလေး တယောက်” ဆိုတဲ့သီချင်း။

အဲဒီနောက်တော့ ကျနော်အိမ်ကိုစွန့်ခွာရရော။ မိဘမောင်နှမနဲ့ ဆွေမျိုး မိတ်ဆွေတွေကို ခွဲခွာရရော။ ရှမ်းပြည်နယ်က တောင်တန်းတွေပေါ် ရောက်သွားတယ်။ ရှမ်း၊ ပအို့၊ တောင်သူ၊ လီရှော၊ အင်းသား၊ ဓနု စတာတွေ နေထိုင်တဲ့ တောင်တန်းတွေ၊ လွင်ပြင် တွေမှာ ပေါ့ဗျာ။ အိုးစည်သံ။ လင်းကွင်းသံတွေ မြိုင်လှတဲ့။ အဲ - မဟုတ်ဘူးဗျ။ အိုးစည်သံ - လင်းကွင်းသံ ဆိုတာက ပွဲလမ်းကျမှ ကြားရတာ။ ၀ါတွင်းဆွမ်းကပ်ဖို့ အဖိတ်နေ့မှာလည်း ကြားရတယ်။ ကျန်တဲ့ အချိန်တွေမှာတော့ အများဆုံး ကြားရတာဟာ စိုင်းထီးဆိုင်နဲ့ စိုင်မော်ဝ်တို့ရဲ့ သီချင်းတွေပဲဗျို့။ ဘယ်နေရာ ရောက်ရောက်၊ ဘယ်လူမျိုးတွေ အကြား ရောက်ရောက် ကာလသား။ ကာလသမီး တွေဟာ ကက်ဆက် ပါလာသူကို စိုင်းထီးဆိုင်နဲ့ စိုင်းမော်ဝ်တို့ရဲ့ သီချင်းတွေ ဖွင့်ခိုင်းကြတာပဲ။ လားရှိုးသိန်းအောင်တို့ ဘာတို့လည်း ကြိုက်ကြပါရဲ့။ ဒါပေမဲ့ ဒီနှစ်ယောက်၊ အထူးသဖြင့် စိုင်းထီးဆိုင်လောက် ပေါ်ပြူလာဖြစ်တာ ဘယ်သူ့မှ မတွေ့ရပေါင်ဗျာ။

ပအို့အမျိုးသားတွေမှာ အပျိုလည်တယ်ဆိုတဲ့ ဓလေ့ရှိတာကိုးဗျ။ အပျိုလည်တယ် ဆိုတာ ထူးထူး ခြားခြားတော့ မဟုတ်ပါဘူး။ တနေ့လုံး သနပ်ဖက်ခြံ။ ကြက်သွန်ခင်းထဲမှာ အလုပ်လုပ်ကြပြီးတဲ့နောက် ညမှာ အပျိုလေးတွေရှိတဲ့ အိမ်တွေကိုသွားပြီး မီးဖိုရှေ့မှာထိုင်၊ လေကန် ကြတာကိုးဗျ။ မီးဖိုဆိုတာက အိမ်ရဲ့အဓိက အခန်း။ ဧည့်ခန်းကြီးထဲမှာ ရှိတာပါ။ နောက်ပြီး ကာလသားနဲ့ ကာလသမီး တယောက်ချင်း စကားပြောတာမျိုး မဟုတ်ပါဘူး။ အိမ်ရှင် အပျိုက လာသမျှ ကာလသားကို ဧည့်ခံ စကားပြောရတာပါ။ ပြောတာက တဖက်က အလုပ်လုပ်ရင်း တဖက်က ပြောတာပါ။ ဥပမာ ကြက်သွန်ချိန်ဆိုရင် ကြက်သွန်မျိုးတွေကို စိုက်ဖို့အတွက် ဥတွေက နေ အမြှောင်းတွေ အဖြစ် ချွေကြရတယ်။ အိမ်ရှင်မိန်းကလေးက သူ့အိမ်က မျိုးတွေကိုချွေ။ လာတဲ့ကာလသားတွေ ကလည်း ကိုယ်ယူလာတဲ့ ကိုယ့်အိမ်က ကြက်သွန် မျိုးတွေကိုချွေ။ အဲဒီလို လေကန်ကြတာပဲဗျ။ အဲ။ ထူးခြားတဲ့ ထုံးစံတခုက ကာလသားတွေက ကောင်မလေးတွေကို နင်ငါ့ကို ကြိုက်သလားလို့ မေးရင် ကြိုက်တယ်လို့ ပြန်ဖြေရတယ်ဗျ။ မကြိုက်ဘူးလို့မဖြေရဘူး။ ဒါပေမဲ့ဒီလိုစကားဝိုင်းမှာ ပြောတာကို ဘယ်သူမှအတည်မယူရဘူးလေ။ သူတို့ထုံးစံပဲ။ ခုနကပြောနေတာနဲ့ ပြန်ဆက် ရရင် အဲဒီလို အပျိုလည်ကြရာမှာ တတ်နိုင်တဲ့ ကာလသားများက ကက်ဆက်လေးတွေ သယ်သွားကြတာကိုးဗျ။ ပြီးမှ အပျိုရှေ့မှာဖွင့်ပြ။ နားထောင်ကြ။ ထင်မြင် ချက်ပေးကြပေါ့လေ။ ဒါကြောင့် သူတို့ရဲ့ကြက်သွန်ထည့်တဲ့ ပလိုင်းတွေထဲမှာ ကက်ဆက်ခွေတွေနဲ့ ဓာတ်ခဲအသစ် အဟောင်း။ တပတ်ရစ်၊ ဓာတ်ခဲ မျိုးစုံပါလာ တတ်သဗျ။ လက်တဖက်မှာတော့ လက်နှိပ်ဓာတ်မီးပေါ့ဗျာ။ မိုးရွာရွာ။ နှင်းကျကျ အဲဒီစတိုင်က မပျောက်ဘူးဗျ။ အဲဒီလို ညတွေမှာ ဖွင့်တဲ့ သီချင်းတွေကတော့ စိုင်းထီးစိုင်၊ စိုင်မောဝ်တို့ရဲ့ ဟာတွေပေါ့ဗျ။

ကျနော်က။ အဲဒီတုန်းကတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တဖွဲ့နဲ့အတူနေ။ အတူစား။ အတူလှုပ်ရှား နေတာဆိုတော့ ရွာတကာ လှည့်ပြီး မြို့နယ်အ လုပ်တွေ လုပ်ကြတာပေါ့ဗျာ။ အဲဒီ ကျနော်တို့ရဲ့အဖွဲ့မှာ သေနတ်လိုပဲ မပါမဖြစ် ပါလေ့ရှိတာက ကက်ဆက်နဲ့ ကက်ဆက် ခွေတွေပဲဗျ။ သူတို့က ဒေသခံလူထု။ အထူး သဖြင့် လူငယ်ပိုင်းတွေနဲ့ စကားပြောပြီးရင် ကက်ဆက်လေးဖွင့်။ ထွေရာလေးပါး ပြောကြ တာပေါ့ဗျာ။ ဒီအခါမှာ ကာလသားတွေက ဘာသီချင်းရှိသလား။ ဘယ်သီ ချင်းလေးဖွင့်ပါအုန်း စသဖြင့်ပြောကြ တောင်းဆိုကြတာ။ စိုင်းထီးဆိုင်နဲ့ စိုင်မော်ဝ်တို့ရဲ့ သီချင်းတွေချည်းပဲ။ နောက်ပြီး ကျနော်တို့တတွေ တတောင်ကနေ တတောင်၊ တရွာကနေ တရွာ သွားကြတော့လည်း လက်ထဲပါလာတဲ့ ကက်ဆက်က သူတို့ သီချင်းတွေပဲ ထွက်နေတာကိုးဗျ။ ဒါကြောင့် ကျနော့်အဖို့ ရှမ်းပြည်နယ်က ဒီတော။ ဒီတောင်၊ ဒီမြောင်၊ ဒီစမ်းတွေနဲ့ ဒီသီချင်းတွေဟာ ခွဲလို့ မရဘူးဖြစ်သွားတယ်။ လှေစီးရင်း။ မြင်းစီးရင်း ဒီသီချင်းတွေနဲ့ လွင့်မျောခဲ့ရတဲ့ နေ့ရက်တွေကို ဘယ်တော့မှ မမေ့ပါဘူး။ တခါတလေကိုယ်က သူတို့စကား နားမလည်လို့ ကိုယ့်ကိုရွာထဲက အိမ်တအိမ်မှာ သေနတ်တလက်၊ ကက်ဆက်တလုံးနဲ့ ထားခဲ့တာမျိုးတွေလည်း ရှိတယ်။ ကက်ဆက်နဲ့ ထားခဲ့တယ် ဆိုတာထက် ထီးဆိုင်တို့ စိုင်မောဝ်တို့နဲ့ ထားခဲ့တယ်ဆိုရင် ပိုမှန်မယ်ထင်ပါတယ်ဗျာ။

ကျနော်အဲဒီနေရာတွေကိုခွာရတဲ့အခါမှာ သူတို့သီချင်းတွေ ခေါင်းထဲ ရင်ထဲမှာ စွဲကပ်ပြီး ပါလာတာပေါ့။ အဲဒါလည်း ကြာသွားပြီ။ အခုတော့ ကျနော့် လက်ထဲမှာ သေနတ် မရှိတော့ဘူး။ ရင်ထဲမှာ စိုင်းထီးဆိုင်ရဲ့ သီချင်းတွေတော့ ရှိနေတယ်။

ယာတောကသာဗြော

Read More...

‘၀’ ဘိန်းဘုရင်တွေနဲ့ စီးပွားရေးမလုပ်ဖို့ အမေရိကန် တားမြစ်မိန့်ထုတ်

14 November 2008

မြန်မာစစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲပြီး ငြိမ်းချမ်းရေး ရယူထားတဲ့ UWSA ၀တပ်ဖွဲ့ခေါင်းဆောင် ဝေရှုခန်း အပါအ၀င် သူနဲ့ဆက်စပ်နေတဲ့ လူပုဂ္ဂိုလ်တွေ၊ စီးပွားရေး လုပ်ငန်းတွေကို အမေရိကန် ပြည်ထောင်စုက စီးပွားရေးအရ ဒဏ်ခတ် ပိတ်ဆို့လိုက်ပါတယ်။ အထူးသတ်မှတ်ထားတဲ့ မူးယစ် ဆေးဝါး ရောင်းဝယ် ဖောက်ကားသူများ စာရင်းမှာ ဝေရှုခန်းနဲ့ ဆက်စပ် ပတ်သက်သူတွေကို ထည့်သွင်း သတ်မှတ်လိုက်ပြီးတော့ အခုလို အရေးယူလိုက်တာလည်း ဖြစ်ပါတယ်။
ကိုကျော်ကျော်သိန်း က အပြည့်အစုံ တင်ပြထားပါတယ်။

ဝေရှုခန်းအပါအ၀င် သူနဲ့ ဆက်စပ်ပတ်သက်သူ လူပုဂ္ဂိုလ် ၂၆ ဦးနဲ့ စီးပွားရေးကုမ္ပဏီ ၁၇ ခုတို့ အပေါ်မှာ အမေရိကန်က ဒဏ်ခတ် အရေးယူလိုက်တဲ့အကြောင်း ဘဏ္ဍာရေး ၀န်ကြီးဌာနက ကြာသပတေးနေ့ကပဲ ကြေညာလိုက်တာပါ။ ဒီအရေးယူမှုအရ အဲဒီ လူပုဂ္ဂိုလ်တွေနဲ့ စီးပွားရေး ကုမ္ပဏီတွေရဲ့ ပိုင်ဆိုင်ပစ္စည်းတွေ၊ ဘဏ္ဍာငွေကြေးတွေ အမေရိကန် ပြည်ထောင်စုမှာ ရှိနေခဲ့ရင် အသုံးပြုလို့ မရတော့ဘဲ ထိန်းချုပ်လိုက်ပါတယ်။ သူတို့နဲ့ ဆက်စပ်ပတ်သက်သူ အမေရိကန် နိုင်ငံသားတွေ၊ စီးပွားရေး လုပ်ငန်းတွေကိုလည်း ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၁၀ သန်းနဲ့ ထောင်ဒဏ် နှစ် ၃၀ ထိ ချမှတ်မှာ ဖြစ်ပါတယ်။

အမေရိကန်ရဲ့ ဒီဒဏ်ခတ်အရေးယူမှုဟာ တိတိကျကျ ပစ်မှတ်ထား အရေးယူတာမို့ ထိရောက်မှု ရှိတဲ့အတွက် ကြိုဆိုပါတယ်လို့ အဝေးရောက် ပြည်ထောင်စုမြန်မာနိုင်ငံ ညွန့်ပေါင်းအစိုးရ (NCGUB) ရဲ့ မြန်မာ့ရန်ပုံငွေအဖွဲ့က စီးပွားရေးပညာရှင် ဦးစိန်ဌေးက ပြောပါတယ်။

"မြန်မာနိုင်ငံမှာ ပြည်သူလူထု အများစုက ဆင်းရဲနေတယ်။ ဒီ နအဖ ဗိုလ်ချုပ်တွေနဲ့ အသိုင်းအ၀ိုင်းကပဲ စီးပွားရေးကို လက်ဝါးကြီး အုပ်ထားတယ်။ ချုပ်ထားပြီးသား လုပ်ငန်းတွေကို နအဖဗိုလ်ချုပ်တွေ၊ သားသမီးတွေ၊ မြေးမြစ်တွေပိုင်တဲ့ ကုမ္ပဏီတွေက တဖက်က လုပ်နေကြသလို သူတို့နဲ့ရင်းနှီးတဲ့ ဦးတေဇလိုလူမျိုးက လုပ်နေတဲ့အပြင် ခုန ဘိန်းရာဇာတွေက ငွေမည်းတွေကို ငွေဖြူဖြစ်အောင် ခ၀ါချပြီး ရလာတဲ့ငွေတွေဟာ ပြည်သူလူထုကို ဖိနှိပ်ဖို့အတွက် လက်နက်ခဲယမ်း မီးကျောက်တွေ ၀ယ်တာကအစ နောက်ဆုံး အဏုမြူ လက်နက်ရဖို့အထိ လုပ်နေတဲ့ဟာတွေက ပြည်သူလူထုအတွက် အကျိုးမရှိတဲ့ အတွက်ကြောင့် ဒါတွေကို ပိတ်တာဆို့တာ၊ မတော် မတရား ဖြစ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေကို ပိတ်တာဆို့တာသည် ပြည်သူလူထုကို ထိခိုက်တာမဟုတ်ဘဲ နအဖရဲ့ မတော်မတရား လုပ်နေတာ တွေကို ထိခိုက်အောင်လုပ်တာ ဖြစ်တဲ့အတွက် ကျနော်တို့ အနေနဲ့ ကြိုဆိုရမှာပါ။ ကျနော်တို့လည်း အမြဲတမ်း ဒါကို တောင်းဆို နေတာပါ။"

အမေရိကန်သမ္မတက UWSA ခေါင်းဆောင် ဝေရှုခန်းကို ပြည်ပ မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားသူအဖြစ် ၂၀၀၀ ပြည့်နှစ်ကတည်းက သတ်မှတ်ထားပြီး သူ့ရဲ့ UWSA တပ်ဖွဲ့ကိုတော့ ၂၀၀၃ ခုနှစ်မှာ သတ်မှတ်ထားပါတယ်။ အခု အရေးယူလိုက်တဲ့ စာရင်းထဲမှာ ဝေရှုခန်းကို အဓိက ပုဂ္ဂိုလ်အဖြစ်ထားပြီး သူနဲ့ ပတ်သက်ဆက်နွယ်တဲ့ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ စင်ကာပူနိုင်ငံနဲ့ တရုတ်ပိုင် ဟောင်ကောင်ကျွန်းတို့က လူပုဂ္ဂိုလ်တွေ၊ စီးပွားရေးလုပ်ငန်းတွေ ပါဝင်ပါတယ်။

မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းတွေနဲ့ လူပုဂ္ဂိုလ်တွေကို အမေရိကန်က ဒဏ်ခတ် အရေးယူတာ ဒါ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ အမေရိကန်ပြည်ထောင်စုရဲ့ ဒဏ်ခတ်ပိတ်ဆို့တဲ့ ဥပဒေတွေမှာ ကိုက အားနည်းချက် ယိုပေါက်တွေ ရှိနေတဲ့အတွက် ဒါတွေကနေတဆင့် အခွင့်အရေး ရနေတာမျိုး မဖြစ်အောင် အခုလို သတ်သတ်မှတ်မှတ် ထပ်ပြီး အရေးယူတာ ဖြစ်တယ်လို့ ဦးစိန်ဌေးက ရှင်းပြပါတယ်။

"အမေရိကန်အစိုးရကလည်း သူတို့ထုတ်ပြန်လိုက်တဲ့ ဥပဒေဟာ ပိုပြီးထိရောက်လာအောင် ပြန်သုံးသပ်တယ်။ သုံးသပ်တဲ့အခါ ယိုပေါက်တွေ သွားတွေ့တယ်။ ယိုပေါက် တွေဟာ နအဖ စစ်ဗိုလ်ချုပ်တွေနဲ့ သူတို့ပိုင်တဲ့ကုမ္ပဏီတွေ၊ သူတို့နဲ့အတူ စီးပွားရေးလုပ်ငန်း အတူလုပ်နေတဲ့ အကြီးစားကုမ္ပဏီကြီးတွေဟာ ဘယ်သူတွေလဲလို့ ကြည့်တဲ့အခါ နှစ်ပိုင်းတွေ့တယ်။ တပိုင်းက ဦးတေဇတို့လို၊ ဗိုလ်ချုပ်ရွှေမန်းသားတို့လို စီးပွားရေးလုပ်နေတဲ့ ကုမ္ပဏီတွေကို သွားတွေ့တယ်။ ဒါတွေကိုလည်း ပိတ်ဆို့ခဲ့ပြီးပြီ။

"နောက်တခါ ဘိန်းရာဇာတွေပိုင်တဲ့ ကုမ္ပဏီတွေ၊ သူတို့က ပိုဆိုးတယ်။ ငွေမည်းတွေကို ငွေဖြူ လုပ်ပြီးတော့မှ ဒီငွေတွေနဲ့ စီးပွားရေးလုပ်တယ်၊ လုပ်လာပြီး ရတဲ့ဟာကို သူတို့ အင်အားအတွက် ချဲ့တယ်။ ပြည်သူလူထုအတွက် အကျိုးမရှိဘူး။ နအဖကို တဖက်က ထောက်ပံ့နေတဲ့ အတွက်ကြောင့် ဒါတွေကို ပိုထိရောက်လာအောင် Targeted Sanctions နဲ့ သတ်သတ် မှတ်မှတ် ပိတ်ဆို့မှု ဥပဒေကို ထပ်ထပ်ပြီး လုပ်တဲ့သဘောပါပဲ။"

ဝေရှုခန်း ခေါင်းဆောင်တဲ့ UWSA ၀တပ်ဖွဲ့ဟာ မြန်မာစစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲ ထားတဲ့ လက်နက်ကိုင် အဖွဲ့တဖွဲ့ဖြစ်ပြီး သူတို့ရဲ့ စီးပွားရေးလုပ်ငန်း ကြီးတွေဟာလည်း မြန်မာနိုင်ငံ အနှံ့အပြားမှာ စီးပွားရေးလုပ်ငန်း အမျိုးအစားပေါင်းများစွာကို လုပ်ကိုင်နေကြတဲ့ ကုမ္ပဏီကြီးတွေ ဖြစ်ပါတယ်။ အထင်ရှားဆုံးကတော့ ဟုန်ပန်းနဲ့ တက်ခမ်းဆိုတဲ့ ကုမ္ပဏီကြီးတွေပါ။ အခု အရေးယူလိုက်တဲ့ စာရင်းထဲမှာ ဟုန်ပန်းကုမ္ပဏီရဲ့ လျှပ်စစ် ကုန်ထုတ်လုပ်ငန်း၊ ကျောက်မျက် ရတနာ လုပ်ငန်း၊ အထွေထွေ ကုန်သွယ်ရေးလုပ်ငန်း၊ မွေးမြူရေးနဲ့ရေလုပ်ငန်း၊ အထည် အလိပ်လုပ်ငန်း၊ သတ္တုတူးဖော်ရေး လုပ်ငန်းတွေ၊ တက်ခမ်းကုမ္ပဏီရဲ့ ဆောက်လုပ်ရေး လုပ်ငန်းနဲ့ ကျောက်မျက်ရတနာ လုပ်ငန်းတွေအပြင် Yangon Airways လေကြောင်းလိုင်းလည်း ပါဝင်ပါတယ်။

ဒီစီးပွားရေး လုပ်ငန်းတွေဟာ ပြည်သူလူထုအတွက် အကျိုးမဖြစ်ထွန်းစေဘဲ သူတို့ ကိုယ်တိုင်နဲ့ မြန်မာစစ်ဗိုလ်ချုပ်တွေရဲ့ ကိုယ်ကျိုးစီးပွားပဲ ဖြစ်ထွန်းနေတာကြောင့် အခုလို ဒဏ်ခတ် အရေးယူတာဟာ လုပ်သင့် လုပ်ထိုက်ပါတယ်လို့ ဦးစိန်ဌေးက သုံးသပ်ပါတယ်။

"ဥပမာပြောရင် တက်ခမ်းတို့လို ကုမ္ပဏီတွေဟာ မြန်မာနိုင်ငံ စီးပွားရေးမှာ လုပ်ငန်းအနေနဲ့ ပြန်ကြည့်ရင် သိသာအောင် တချက်ထောက်ပြချင်ပါတယ်။ တက်ခမ်းကုမ္ပဏီဟာ ဆောက်လုပ်ရေး လုပ်ငန်းတွေမှာလည်း ရှိတယ်။ နေပြည်တော်ကြီး တည်ဆောက်တာ အားလုံးသိတယ်၊ ပြည်သူလူထုအတွက် ၀န်ထုပ်ဝန်ပိုး ဖြစ်နေတယ်။ နအဖ ဗိုလ်ချုပ်တွေရဲ့ နန်းတော်လို ဆောက်တာပဲ။ ဘာအကျိုးမှမပြုဘူး။ အကျိုးမပြုတဲ့အပြင် ပြည်သူလူထုပိုင်တဲ့ ငွေတွေကို အလဟဿ ဖြုန်းတီးနေတာ။
"အဲဒီလိုလုပ်ငန်းတွေမှာ တက်ခမ်းလို ကုမ္ပဏီတွေ၊ ဝေရှုခန်းတို့လို UWSA ပိုင်တဲ့ ကုမ္ပဏီတွေက ဗိုလ်ချုပ်တွေရဲ့ အကျိုးစီးပွားအတွက် ဆောက်လုပ်ပေးတယ်။ တဖက်က ကျနော်တို့ပြည်သူတွေရဲ့ အခွန်ငွေနဲ့ ရလာတဲ့ပိုက်ဆံတွေကို သူတို့ကို မျှပေးနေရတာ ဖြစ်တဲ့အတွက်ကြောင့် ဒါတွေဟာ အကျိုးမရှိဘူး။ ဒါကြောင့် ဒီလိုပိတ်တာဆို့တာဟာ တိုင်းပြည် ပြည်သူလူထုအကျိုးကို ကာကွယ်တာ ဖြစ်တဲ့အတွက် အလွန်အင်မတန် သမာသမတ်ဖြစ်တဲ့၊ လုပ်သင့် လုပ်ထိုက်တဲ့ လုပ်ငန်း ဖြစ်တဲ့အတွက် ကျနော်တို့က ကြိုဆိုပါတယ်။"
မြန်မာ့ရန်ပုံငွေအဖွဲ့က စီးပွားရေးပညာရှင် ဦးစိန်ဌေး ပြောပြသွားတာ ဖြစ်ပါတယ်။

UWSA ခေါင်းဆောင် ဝေရှုခန်းနဲ့အတူ ဒဏ်ခတ်အရေးယူတဲ့ ထဲမှာ သူနဲ့ညီအစ်ကို တော်စပ်သူတွေ ဖြစ်တဲ့ ဝေရှုလွန်းနဲ့ ဝေရှုယွမ်၊ ပေါက် ညီအစ်ကိုတွေလို့ ဖော်ပြထားတဲ့ ပေါက်ယူဆန်း၊ ပေါက်ဟွာချန်း၊ ပေါက်ယုယီနဲ့ ပေါက်ယူလယန် တို့လည်း ပါဝင်ပြီး သူတို့တွေအားလုံးကို ဓာတ်ပုံတွေနဲ့ တကွ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ဌာနက ထုတ်ပြန်ကြေညာ ထားပါတယ်။

ဝေရှုခန်းကိုတော့ အမေရိကန်ပြည်ထောင်စုက ဖမ်းဝရမ်းထုတ်ထားပြီး သူ့ကိုဖမ်းဆီး မိနိုင်ဖို့ သတင်းပေးသူကို ဆုငွေ အမေရိကန် ဒေါ်လာ ၂,၀၀၀,၀၀၀ ချီးမြှင့်မယ်လို့ ကြေညာထားပါတယ်။

Ref: VOA News

Read More...

Thursday, November 13, 2008

မဲဆောက်မြို့တွင် လွယ်ကထုံပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ

မနေ့က ထိုင်းနိုင်ငံမဲဆောက်မြို့မှာ နှစ်စဉ်ကျင်းပတဲ့ လွယ်ကထုံ (တန်ဆောင်တိုင် မီးမျှောပွဲတော်) ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။

လွယ်ကထုံပွဲတော်တွင် မြန်မာနိုင်ငံ မြ၀တီမြို့နဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ခြားထားတဲ့ သောင်းရင်းမြစ်ထဲမှာ စုပေါင်း မီးမျှောကြပါတယ်။ ကြက်ပျံမကျ စည်းကားတတ်တဲ့ ဒီပွဲတော်ကို မဲဆောက်မြို့ရှိ စက်ရုံ အလုပ်ရုံများမှ မြန်မာနိုင်ငံသား အများအပြားက လာရောက် ဆင်နွဲကြပြီး စုံလင်လှတဲ့ ပွဲဈေးတန်းတလျှောက် လှည့်လည် ခဲ့ကြပါတယ်။

ထိုင်းဘာသာဖြင့် လွယ်ကထုံလို့ခေါ်တဲ့ တန်ဆောင်တိုင် မီးမျှောပွဲတော်ရဲ့ ထူးခြားချက်ကတော့ ထိုင်း-မြန်မာ ချစ်ကြည်ရေး မယ်ပြိုင်ပွဲ ဖြစ်ပါတယ်။ မြန်မာအမျိုးသမီးနှင့် ထိုင်းအမျိုးသမီးတို့ရဲ့ အလှချင်းပြိုင်ကြတဲ့ ဒီပွဲကို မြန်မာပြည်သား အမြောက်အများက ကြည့်ရှုအားပေးကြပါတယ်။

စင်ပေါ်မှ နှစ်နိုင်ငံမယ်များ

မြန်မာအမျိုးသမီးတဦး ပြိုင်ပွဲဝင်နေစဉ်

မယ်ပြိုင်ပွဲကို လာရောက်အားပေးကြတဲ့ ပရိသတ်များ

ထိုင်းမယ်များကို တင်ဆောင်လာတဲ့ အလှယဉ်

ထိုင်းဘက်ခြမ်းရဲ့ မီးရောင်စုံများ ထိန်ထိန်လင်းနေတဲ့ သောင်းရင်းမြစ် ကမ်းနားတလျှောက်မှာ မြန်မာ ပြည်သားများနှင့် နယ်ခံ ထိုင်းလူမျိုးများ စည်ကားသိုက်မြိုက်စွာ မီးမျှောလာကြသလို မြန်မာဘက်ခြမ်းမှာလည်း မှိန်တုတ်တုတ် မီးရောင်အောက် အနည်းငယ် မီးမျှောကြတာရှိပြီး အများစုကတော့ ထိုင်းဘက်ခြမ်းက ပွဲတော်ကို အဝေးမှလှမ်းမျှော် ကြည့်ရှုကြပါတယ်။


Read More...

Wednesday, November 12, 2008

၈၈ မျိုးဆက်ကျောင်းသား ၁၄ ဦးကို ထောင်ဒဏ် ၆၅ နှစ်စီ ချမှတ်

11 November 2008

အင်းစိန်အကျဉ်းထောင်မှာ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေကို ဒီကနေ့ စီရင်ချက်ချမှတ်လိုက်ပြီး အများစုကို ထောင် ၆၅ နှစ်စီ ချမှတ်လိုက်တယ်လို့ ကြားသိရကြောင်း မိသားစုဝင်တွေက ပြောပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

ဒီကနေ့ စီရင်ချက်ချခံရတဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေကတော့ ကိုမင်းဇေယျ၊ ကိုဂျင်မီခေါ် ကိုကျော်မင်းယု၊ ကိုအံ့ဘွယ်ကျော်၊ ကိုဇော်ဇော်မင်း၊ ကိုသန်းတင် (ခ)ကြီးသန်း၊ ကိုဇေယျာ၊ ကိုကျော်ကျော်ထွေး(ခ) မာကီး၊ ကိုပဏ္ဍိတ်ထွန်း၊ ကိုသက်ဇော် (ခ)ဇောက်ထိုး၊ မနီလာသိန်း၊ မသင်းသင်းအေးခေါ် မမီးမီး၊ မမာမာဦး၊ မစန္ဒာမင်းနဲ့မသက်သက်အောင်တို့ဖြစ်ပြီး အားလုံး၁၄ ယောက်ဖြစ်ပါတယ်။ ဒီသတင်းကို ကိုပဏ္ဍိတ်ထွန်းရဲ့မိခင် ဒေါ်ညွန့်ညွန့်ဦးကို ဆက်သွယ် မေးမြန်းကြည့်တဲ့ အခါမှာ အခုလိုပြောပါတယ်။

"ကျမလည်း ထောင်ရှေ့မှာနေတဲ့ မိတ်ဆွေတယောက်ပေါ့၊ အဲဒီရပ်ကွက်ထဲက၊ သူလှမ်းပြီး အသိပေးလို့ သိတာပါ။ သူတို့ကတော့ ကျမတို့ကို အိမ်တိုင်ရာရောက် တရားဝင် စာနဲ့လည်း အကြောင်းကြားတာ မဟုတ်ဘူး၊ နှုတ်နဲ့လည်း အကြောင်းကြားတာ မဟုတ်ဘူး။ ကျမတို့လည်း ကြားတာပဲ။ ကိုပဏ္ဍိတ်ထွန်း အပါအ၀င် ၁၄ ယောက်ကို ထောင်ဒဏ် ၆၅ နှစ်ချလိုက်တယ်လို့ ကျမ ကြားပါတယ်။"
ဒီနေ့ စီရင်ချက် ချမှတ်ခံရသူတွေရဲ့ ဆွေမျိုးသားချင်းတွေကို ဆက်သွယ် မေးမြန်းတဲ့အခါ သူတို့လည်း ကြားသိရကြောင်း ပြောပေမယ့် အာဏာပိုင်တွေထံက တိုက်ရိုက် အကြောင်း ကြားတာမျိုးတော့ မရှိဘူးလို့ ပြောပါတယ်။ အခုလို ထောင်ဒဏ်နှစ်ရှည် ချမှတ်လိုက်တဲ့ သတင်းကို အင်းစိန် အကျဉ်းဦးစီးဌာနကို ဆက်သွယ် မေးမြန်းခဲ့ပေမယ့် အတည်ပြုချက် မရခဲ့သလို သတင်း ထုတ်ပြန်ရေးမှာ
တာဝန်ရှိတဲ့ ရဲမှူးကြီးဝင်းခေါင်ကို ဆက်သွယ်ပေမယ့်လည်း တယ်လီဖုန်း လက်ခံဖြေကြားတာ မရှိခဲ့ပါဘူး။

ထောင်အတွင်းမှာ ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေနဲ့ အဆက်အသွယ်ရှိတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း တယောက်က သူရရှိထားတဲ့ သတင်းကို အခုလိုပြောပြပါတယ်။

"သိရတယ်ဆိုတာ ဒီဟာနဲ့ ပတ်သက်ပြီးတော့ မာကီးခေါ် ကျော်ထွေးကို ၆၅ နှစ်၊ ဂျင်မီကို ၆၅ နှစ်၊ မင်းဇေယျကို ၆၅ နှစ်၊ ပဏ္ဍိတ်ထွန်းကို ၆၅ နှစ်၊ အံ့ဘွယ်ကျော်ကို ၆၅ နှစ်၊ မီးမီးကို ၆၅ နှစ်၊ နီလာသိန်းကို ၆၅ နှစ်၊ သက်သက်အောင်ကို ၆၅ နှစ်၊ မာမာဦးကို ၆၅ နှစ်၊ နေမျိုးကျော်က နှစ် ၂၀ နဲ့ ၆ လ၊ စောဝေက ၂ နှစ်၊ နောက် ကြီးသန်းက ၆၅ နှစ်၊ စန္ဒာမြင့်ခေါ် ရွှီးက ၆၅ နှစ် အမိန့်ချလိုက်တယ် ဆိုတဲ့အကြောင်း သိရှိရတယ်။"

သူကတော့ ဒီကနေ့ တာမွေတရားရုံးကို ရုံးထုတ်လာသူတွေဆီက တဆင့် သိရတာ ဖြစ်တယ်လို့ ပြောပါတယ်။

အင်းစိန်ထောင်အနီးမှာ နေထိုင်တဲ့ သူတယောက်ကတော့ ထောင်ဝင်စာသွားတွေ့သူတွေကို မမီးမီးက ရုံးထုတ်ပြီးအပြန်မှာ သူတို့တွေကို ထောင် ၆၅ နှစ် ချမှတ်လိုက်တဲ့ အကြောင်း အော်ပြောသွားတယ်လို့ ဆိုပါတယ်။

အင်းစိန်ထောင် ၀န်ထမ်းအသိုင်းအ၀ိုင်းနဲ့ နီးစပ်သူတယောက်ကတော့ ထောင်ဒဏ်၆၅ နှစ် ချမှတ်ခံရသူတွေဟာ အီလက်ထရောနစ် ဥပဒေအရ ၁၅ နှစ်စီနဲ့ အမှု ၄ မှုအတွက် နှစ်၆၀၊ တရားမ၀င်အသင်း ဥပဒေအရ ထောင်ဒဏ် ၅ နှစ် စုစုပေါင်း ၆၅ နှစ် ချမှတ်ကြောင်း ပြောပါတယ်။

အခုလို စီရင်ချက် ချမှတ်လိုက်တဲ့အပေါ်မှာ ကိုပဏ္ဍိတ်ထွန်းရဲ့ မိခင်က အခုလိုပြောပါတယ်။
"ဒါက နည်းမှန်လမ်းမှန်လည်း မဟုတ်ဘူး၊ တရားသဖြင့်လည်း မဟုတ်တဲ့ အတွက်ကြောင့် ဝေဖန်တဲ့လူ အပိုင်းကလည်း ဘာကို ဝေဖန်ရမှန်း မသိဘူး။ တရားဥပဒေ အတိုင်းဆိုရင် ကျမတို့သားတွေက ခိုးဆိုးလုယက် ဖျက်ဆီးနေတာလည်း မဟုတ်ဘူး။ ဒီလောက်ကြီး ပြစ်ဒဏ် ကြီးကြီးမားမား ချလိုက်တဲ့အပေါ်မှာ အံ့သြလွန်းလို့ ဘာပြောရမှန်းတောင် မသိတဲ့အနေအထား ဖြစ်နေတယ်။"

ဒီကနေ့ စီရင်ချချမှတ်လိုက်တဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေကို လွန်ခဲ့တဲ့နှစ် သြဂုတ်လအတွင်းမှာ လောင်စာဆီဈေးနဲ့ ကုန်ဈေးနှုန်း ကျဆင်းရေးအတွက် လမ်းလျှောက် ဆန္ဒပြတာကြောင့် ဖမ်းဆီး ခံခဲ့ရတာဖြစ်ပြီး တနှစ်ကျော် ကြာပြီးနောက်မှ အမှုစတင်စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

ကုန်ဈေးနှုန်း ကျဆင်းရေးအတွက် လမ်းလျှောက် ဆန္ဒပြခဲ့ကြစဉ်

မင်းကိုနိုင်နဲ့ ကိုကိုကြီး အပါအ၀င် ကျောင်းသားခေါင်းဆောင် ၉ ယောက်ကိုတော့ တရားရုံးကို မထီမဲ့မြင်ပြုမှုနဲ့ ထောင် ၆ လချမှတ်ပြီး လွန်ခဲ့တဲ့လအတွင်းက မအူပင်ထောင်ကို ပြောင်းရွှေ့ ချုပ်နှောင်ခဲ့ပါတယ်။

Ref: VOA News

Read More...

Tuesday, November 11, 2008

နေပြည်တော်မှာ အရေးပေါ်အစည်းအဝေးလုပ် တပ်လှန့်ထား မြန်မာဘင်္ဂလားဒက် နယ်စပ်တလျှောက် စစ်ရေးတင်းမာနေ

၁၀ နိုဝင်ဘာ ၂၀၀၈

မြန်မာ ဘင်္ဂလားဒက် အရေးအခင်းနှင့် ပတ်သက်၍ ယနေ့မနက် ၁၀ နာရီက နေပြည်တော်မှာ ထိပ်သီး စစ်ခေါင်းဆောင်များ အရေးပေါ် အစည်းအဝေးတရပ် ကျင်းပခဲ့ပြီး နေပြည်တော်တခုလုံး တပ်လှန့်ထားသည့် အတွက် နေပြည်တော် ၀န်ထမ်းများ စိုးရိမ်နေကြသည်။

နေပြည်တော် အရေးပေါ် အစည်းအဝေးမှ အသေးစိပ် ဆုံးဖြတ်ချက်များကို မသိရသေးသော်လည်း မြန်မာ ဘင်္ဂလားဒက်နယ်စပ်သို့ မြန်မာဘက်မှ စစ်အင်အား အမြန်ဖြည့်တင်းရေး ပါဝင်နိုင်သည်ဟု ၀န်ကြီးချုပ်ရုံးနှင့် နီးစပ်သည့် သတင်းရပ်ကွက်က ပြောသည်။

ဘင်္ဂလားဒက်နိုင်ငံကလည်း စစ်တကောင်းတိုင်း ကောက်ဘဇားခရိုင် ရာမူးခရိုင်ခွဲမှ ထောင်ပေါင်းများစွာရှိ စစ်သည်များကို မြန်မာနယ်စပ်သို့ ပို့ထားသည်ဟု The Daily Star သတင်းစာက ရေးသည်။ မြန်မာဘက်က ဘင်္ဂလားဒက်နယ်စပ်တွင် စစ်အင်အား တိုးမြှင့်သည့် အတွက် ဘင်္ဂလားဒက်ဘက်မှ ယခုကဲ့သို့ စစ်အင်အား ထပ်မံ တိုးချရခြင်းဖြစ်သည်ဟုပါ ဖော်ပြသည်။

အခြေအနေ ပိုပြီးတင်းမာလာလျင် ကောက်ဘဇားထိ စစ်အင်အား တိုးမြှင့်ချထားမည်ဟု စစ်တကောင်း သတင်း ရပ်ကွက်များကို ကိုးကားပြီး အဆိုပါ သတင်းစာက ရေးသည်။

နယ်စပ်စစ်ရေး တင်းမားမှုကြောင့် ကောက်ဘဇားခရိုင် တက်ခနတ်မှာလည်း အရောင်းအ၀ယ်များ ရပ်ဆိုင်းသွားသည်။

Ref: ခေတ်ပြိုင်


Read More...

ဘလော့ဂါ နေဘုန်းလတ် ထောင် နှစ် ၂၀ ချမှတ်ခံရ

10 November 2008

နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို ဒီရက်ပိုင်းအတွင်း ထောင်ဒဏ်ပြစ်ဒဏ်တွေ ချမှတ်နေတဲ့အထဲမှာ ဒီကနေ့ဆိုရင်လည်းပဲ အင်တာနက် စာမျက်နှာပေါ်မှာ ဘလော့ဂ်ရေးသားတဲ့ ကိုနေဘုန်းလတ်ကို နှစ်ရှည်ထောင်ဒဏ် ချမှတ်လိုက်သလို တခြားနိုင်ငံရေး လှုပ်ရှား သူတွေကိုလည်း ထောင်ဒဏ်ချမှတ်တာတွေ ရှိခဲ့ပါတယ်။ နိုင်ငံတော်ကို အကြည်ညို ပျက်စေတယ်ဆိုတဲ့ စွပ်စွဲချက် အပါအ၀င် ပုဒ်မတွေ အများအပြားနဲ့ အင်းစိန် ထောင်တွင်း သီးသန့်အထူးတရားရုံးကနေ ပြစ်ဒဏ်တွေ ချမှတ်ခဲ့တာပါ။ ဖမ်းဆီး ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုဒီရက်ပိုင်းအတွင်း ထောင်ဒဏ် ပြစ်ဒဏ်တွေ ချမှတ်နေတာတွေနဲ့ ပတ်သက်လို့ အကြောင်းစုံကို ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

နေဖုန်းလတ် (ကျနော်လွတ်ကျခဲ့တဲ့မြို့တော်)

အင်တာနက် စာမျက်နှာပေါ်မှာ စာတွေရေးသားရင်း အခုနှစ်ဆန်းပိုင်း ကတည်းက ဖမ်းဆီးခံခဲ့ရတဲ့ မြန်မာ ဘလော့ဂါသမား ကိုနေမျိုးကျော် ခေါ် ကိုနေဘုန်းလတ်ကို ရန်ကုန် အင်းစိန်ထောင်တွင်း သီးသန့်တရားရုံး တခု ကနေ ထောင်ဒဏ် အနှစ် ၂၀ နဲ့ ၆ လ ချမှတ် လိုက်တာပါ။ သူနဲ့အတူ ပတ်သက်ဆက်နွယ်ပြီး ဖမ်းဆီးခံခဲ့ရတဲ့ မသင်းဂျူလိုင် ကျော်ဟာဆိုရင်လည်း တချိန်တည်းမှာပဲ ၂ နှစ်ခွဲ ထောင်ဒဏ်ချမှတ်ခံခဲ့ ရပါတယ်။ နိုင်ငံတော်ကို အကြည်ညို ပျက်စေတဲ့ ဥပဒေပုဒ်မ၊ နောက် အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေ စတာတွေ အပါအ၀င် စွပ်စွဲချက် တွေနဲ့ အခုလို ပြစ်ဒဏ်တွေ ချမှတ်ခံခဲ့ရတာလို့ ဒီကနေ့ပဲ ရန်ကုန် အင်းစိန်ထောင်ကို သွားရောက်ခဲ့တဲ့ ကိုနေဘုန်းလတ်ရဲ့ မိခင်ဖြစ်သူ ဒေါ်အေးသန်းက ပြောပြပါတယ်။

"နေဘုန်းလတ်က စုစုပေါင်း အနှစ် ၂၀ နဲ့ ၆ လ။ ၅၀၅(ခ) က ၂ နှစ်၊ ၃၂/၃၆ က ၃ နှစ်နဲ့ ၆ လ၊ အီလက်ထရောနစ်က ၁၅ နှစ်။ သင်းဂျူလိုင်ကတော့ ၂ နှစ်ခွဲပေါ့။ တနင်္ဂနွေနေ့က တွေ့ခဲ့တယ်။ ဒီနေ့ စီရင်ချက်ချတာ။ အခုကတော့ အကျဖြစ်သွားတော့ ကြာသပတေး၊ သောကြာ၊ စနေ သုံးရက်တွေ့လို့ရတယ်။ အန်တီကတော့ ကြာသပတေးနေ့လောက် သွားတွေ့မယ်လို့ စိတ်ကူးထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ အန်တီမှန်းထားတာ ၁၂ နှစ်လောက်ပဲ မှန်းထားတာ။ အခုလို အနှစ် ၂၀ ကျော် ချလိုက်တယ်ဆိုတော့ ကလေးလည်း စိတ်ဓာတ်ကျနေမှာစိုးလို့။"

မြန်မာဘလော့ဂါသမား ကိုနေဘုန်းလတ် အဖမ်းဆီးမခံရခင် အစောပိုင်းမှာကတည်းက ထိန်းသိမ်းခံထားရတဲ့ ကဗျာဆရာ ကိုစောဝေကိုလည်း ဒီကနေ့ပဲ အလားတူ နိုင်ငံတော်ကို အကြည်ညို ပျက်စေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အင်းစိန်ထောင်တွင်း အထူးတရားရုံးကနေ ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ပါတယ်။ ပြည်တွင်း အပတ်စဉ်ထုတ် ဂျာနယ်တစောင်ဖြစ်တဲ့ အချစ်ဂျာနယ်မှာ ကဗျာဆရာစောဝေ ရေးသားစပ်ဆိုခဲ့တဲ့ ကဗျာတပုဒ်က မြန်မာစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို တိုက်ခိုက် ပြောဆိုထားတဲ့ အဓိပ္ပာယ် ထွက်နေတယ် ဆိုတဲ့စွပ်စွဲချက်နဲ့ သူ့ကို အခုနှစ်ဆန်းပိုင်းကပဲ ဖမ်းဆီးထားခဲ့တာပါ။ အခုနောက်ဆုံး
ကိုစောဝေ ထောင်ဒဏ် ချမှတ်ခံခဲ့ရတာနဲ့ ပတ်သက်လို့ ဇနီးသည်ဖြစ်သူ မနန်းစန်းစန်းအေး ပြောပြတာကတော့ …

"၂ နှစ်ချလိုက်ပါတယ်၊ ၅၀၅(ခ) တခုတည်းနဲ့။ ကျမ အဲဒီကို ရှေ့နေနဲ့သွားပါတယ်။ အမိန့်ချပြီဆိုတာ ရှေ့နေပြောလို့ သိရပါတယ်။ ပြစ်ဒဏ်ချတဲ့အထဲမှာ သူကနည်းတယ်၊ ၅၀၅(ခ) တခုတည်းဆိုတော့ ၂ နှစ်ပေါ့။ သူနဲ့အတူချတဲ့ ဒီ့ပြင်လူတွေအကုန်လုံး သူ့ထက်များတယ်။ အဲတော့ အဆိုးထဲက အကောင်းပေါ့၊ ၂ နှစ်ထဲနဲ့ ဆိုတော့။ ဒါပေမယ့် ကိုယ်ကသာ အပြင်က ၂ နှစ်ပြောတာလေ။ အထဲမှာနေရတဲ့လူ ၂ နှစ်က သိပ်ပြီးတော့ မသက်သာလှဘူး။ ပြီးတော့ ကိုစောဝေက ကျန်းမာရေးလည်း သိပ်မကောင်းတော့ သူ့ကို အဲဒါပဲ စိုးရိမ်ရတာပါ။ ကျန်တာတော့ ဒီလောက်မဟုတ်ပါဘူး။ သူ့စိတ်ကို သူပြင်ဆင်ထားပြီးသားပါလို့ ကျမကို ပြောပါတယ်၊ မနေ့က ကျမတွေ့တော့။" ဒီရက်ပိုင်းအတွင်း ထောင်ဒဏ်ပြစ်ဒဏ်တွေ ပေးနေတဲ့အထဲမှာ နိုင်ငံရေး တက်ကြွလှုပ်ရှား သူတွေရဲ့ အမှုတွေမှာ လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေကိုပါ ထောင်ချနေတာတွေ ရှိနေလို့လည်း မြန်မာနိုင်ငံက တရားစီရင်ရေးစနစ်အပေါ် ပြည်တွင်းပြည်ပက ဝေဖန်မှုတွေလည်း ရှိနေခဲ့တာပါ။ အခုနောက်ဆုံး ထောင်ဒဏ် ချမှတ်ခံခဲ့ရသူတွေ ထဲက နှစ်အများဆုံး ကျခံခဲ့ရတဲ့ ကွန်ပျူတာကျွမ်းကျင်သူ လူငယ်တဦးလည်းဖြစ်၊ အင်တာနက် စာမျက်နှာတွေပေါ်မှာ ကဗျာတွေ စာတွေရေးပြီး nayphonelatt.net ဆိုတဲ့ ကိုယ်ပိုင် အင်တာနက် ဘလော့ဂ်စာမျက်နှာ ဖွင့်ထားတဲ့ ကိုနေဘုန်းလတ်အပေါ် တရားခွင်က စီရင်ခဲ့တာနဲ့ ပတ်သက်လို့ မိခင်ဖြစ်သူ ဒေါ်အေးသန်းကတော့ အခုလိုဆိုပါတယ်။

"အန်တီ့သားက အဲဒီဟာတွေ ကျူးလွန်တာ မဟုတ်တဲ့အတွက် ဒါ မတရားတဲ့ တရားစီရင်ရေး လို့ပဲ အန်တီတော့ သတ်မှတ်တယ်။ သူတကယ် လက်တွေ့ ကျူးလွန်တာတော့ ၃၂(ခ) နဲ့ပဲ တရားစွဲလို့ ရမယ်လို့ အန်တီတော့ ထင်တယ်။ ဟို ၂ မှုကတော့ တမင်သက်သက် နောက်ပိုင်းကျမှ ဇာတ်လမ်းဆင်ပြီးလုပ်တဲ့ အမှုပေါ့။ အဲဒါတွေကိုတော့ အန်တီ့အနေနဲ့ သူကျူးလွန်တာ မဟုတ်တဲ့အတွက် ဒီဟာတွေအတွက် ချတဲ့ဟာက အန်တီတော့ အသိအမှတ်မပြုဘူး။ အရမ်းကို လွန်ကဲလွန်း အားကြီးတယ်လို့ပဲ အန်တီထင်တာပေါ့။ အယူခံတင်ဖို့ဟာတောင်မှ ရှေ့နေကိုယ်တိုင် ထောင်ကျနေတော့ အန်တီတို့ အခက်အခဲရှိတာပေါ့။ ရှေ့နေက အန်ကယ် ဦးအောင်သိန်းလေ။ နည်းနည်းပါးပါး တိုင်ပင်ရဦးမှာပေါ့။"

ဒီရက်ပိုင်းအတွင်း နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ ဆက်စပ်ပတ်သက်ပြီး ဖမ်းဆီးခံနေရသူ တွေကို အာဏာပိုင်တွေက ထောင်ဒဏ်ပြစ်ဒဏ်တွေ ချမှတ်နေတဲ့နေရာမှာ ပြီးခဲ့တဲ့ သောကြာနေ့ တုန်းကလည်း အရင်နှစ် စက်တင်ဘာ သံဃာတော်တွေရဲ့ မေတ္တာပို့ကြွချီ လှုပ်ရှားမှုတွေနဲ့ ဆက်စပ်ပတ်သက်ပြီး ဖမ်းဆီးခံခဲ့ရတဲ့ ရန်ကုန်တိုင်း တောင်ဥက္ကလာပ မြို့နယ် ငွေကြာယံ ကျောင်းတိုက်က သံဃာတော်တပါးဖြစ်တဲ့ ဦးသတ္တမ၊ အတိုက်အခံအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီ လူငယ်အဖွဲ့ဝင်တဦးဖြစ်တဲ့ ကိုထွန်းထွန်းနိုင် တို့ကိုလည်း နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ်ခဲ့တာပါ။ နိုင်ငံတော်ကို အကြည်ညိုပျက်စေတယ် ဆိုတဲ့ စွပ်စွဲချက် အပါအ၀င် ပုဒ်မအများအပြားနဲ့ ထောင်ဒဏ်၁၉ နှစ်စီ ချမှတ်ခံလိုက်ရတဲ့ အကြောင်းနဲ့ ပတ်သက်လို့ ကိုထွန်းထွန်းနိုင်နဲ့ လုပ်ဖော်ကိုင်ဖက် အန်န်အယ်လ်ဒီ လူငယ်တဦး ပြောပြတာကတော့ …

"ကိုထွန်းထွန်းနိုင်နဲ့ ဦးသတ္တမခေါ် ဦးသက်ဇော်ပေါ့၊ လူနာမည်က။ ပြီးခဲ့တဲ့ ၇ ရက်နေ့ကသူတို့ကို အမိန့်ချလိုက်တယ်။ ထောင်ထဲမှာ၊ အရှေ့ပိုင်းခရိုင် တရားရုံးကနေပြီးတော့။ သူတို့ကိုဖမ်းတာ ၃-၁၀-၂၀၀၇ ကဖမ်းတာ။ အဲဒီမှာဖမ်းပြီး အခုမှချတာ၊ အခုချလိုက်တာ ၁၉ နှစ်။ သူတို့ကိုစွဲထားတာ ၃၃(က)/၃၈၊ ၂၉၅(က)၊ ၅၀၅(ခ)၊ အဲဒီပုဒ်မတွေနဲ့ချတယ်။ ၃၃(က)/၃၈ ကတော့ အီလက်ထရောနစ်ဥပဒေ၊ ၁၅ နှစ်။ ၂၉၅(က) က သာသနာ ညှိုးနွမ်းမှုဆိုပြီးတော့ ၂ နှစ်၊ ၅၀၅(ခ) ကလည်း နိုင်ငံတော်လက်အောက်ခံ အဖွဲ့အစည်းကို အကြည်ညို ပျက်စေမှုဆိုပြီးတော့ ၂ နှစ်၊ အာဏာကုန်တွေပဲ ချလိုက်တာ။ "အဲဒီမတိုင်ခင် ပြီးခဲ့တဲ့အပတ်ထဲမှာတုန်းကပဲ အလားတူ သံဃာတော်တွေရဲ့ မေတ္တာပို့ ကြွချီ လှုပ်ရှားမှုတွေနောက်ပိုင်း ဖမ်းဆီးခံထားရတဲ့ ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် မဂ္ဂင်ကျောင်း တိုက်က ကျောင်းထိုင်ဆရာတော် ဦးဣိန္ဒကနဲ့ ဦးဣသရိယတို့ကိုလည်း တရားမ၀င် အသင်းအဖွဲ့တွေနဲ့ ပတ်သက်တယ်၊ ဆက်သွယ်တယ် နိုင်ငံတော် မတည်မငြိမ် ဖြစ်အောင်လုပ်တယ် စတဲ့ စွပ်စွဲချက်တွေနဲ့ အင်းစိန်ထောင်တွင်း သီးသန့်တရားရုံး တွေကနေ ထောင်ဒဏ် ၈ နှစ်ကနေ ၁၆ နှစ်ခွဲအထိ အသီးသီး ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

Ref: VOA News

Read More...

Sunday, November 9, 2008

တပ်ဆင်ဇနီးမောင်နှံ၏ အင်္ဂလန်နိုင်ငံဝင်ခွင့် ဗီဇာများကို ဗြိတိသျှအစိုးရ ပယ်ဖျက်

၈ နိုဝင်ဘာ ၂၀၀၈

ထိုင်းဝန်ကြီးချုပ်ဟောင်း တပ်ဆင်နှင့်ဇနီးဖြစ်သူအား ထုတ်ပေးထားသည့် အင်္ဂလန်နိုင်ငံ လည်ပတ်ခွင့် ဗီဇာများကို တရားမ၀င်တော့ကြောင်း ဗြိတိသျှအစိုးရက ကြေငြာလိုက်သည်။

မစ္စတာ တပ်ဆင်နှင့် ဇနီးဖြစ်သူတို့ အင်္ဂလန်နိုင်ငံပြင်ပ ခရီးသွားနေစဉ် ၄င်းတို့ ကိုင်ဆောင်ထားသည့် ထိုင်းပတ်စ်ပို့များ၌ ထုတ်ပေးထားသည့် အင်္ဂလန်နိုင်ငံ လည်ပတ်ခွင့် ဗီဇာများ တရားမ၀င်တော့ကြောင်း ဗြိတိသျှအစိုးရက ကြေငြာလိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် မစ္စတာ တပ်ဆင်နှင့် ဇနီးဖြစ်သူတို့ အနေနှင့် အင်္ဂလန်နိုင်ငံသို့ ထိုင်းပတ်စပို့ ကိုင်ဆောင်ပြီး ၀င်ရောက်ခွင့် ရှိတော့မည် မဟုတ်ပေ။

ထိုင်းနိုင်ငံ ဘန်ကောက်အခြေစိုက် ဗြိတိသျှသံရုံးမှ ထိုင်းဝန်ကြီးချုပ်ဟောင်း တပ်ဆင်နှင့် ဇနီးဖြစ်သူအား ထုတ်ပေးထားသည့် အင်္ဂလန်နိုင်ငံ လည်ပတ်ခွင့် ဗီဇာကို ပယ်ဖျက်လိုက်ခြင်းဖြစ်ပြီး မစ္စတာ တပ်ဆင်နှင့်ဇနီးဖြစ်သူတို့အား အင်္ဂလန်နိုင်ငံသွားမည့် ခရီးသည်အဖြစ် လက်မခံရန် သက်ဆိုင်ရာ လေကြောင်းလိုင်းများကိုပါ ဘန်ကောက်အခြေစိုက် ဗြိတိသျှသံရုံးမှ အကြောင်းကြား ထားသည်။

မည်သည့်အတွက် မစ္စတာ တပ်ဆင်ဇနီးမောင်နှံ၏ အင်္ဂလန်နိုင်ငံ လည်ပတ်ခွင့် ဗီဇာများကို ဖျက်သိမ်းကြောင်းကိုမူ သံရုံးမှ လေကြောင်းလိုင်းများသို့ ပေးပို့သည့်အီးမေး၌ ဖော်ပြထားခြင်း မရှိပေ။

Ref: ခေတ်ပြိုင်

Read More...

ဘာလီကျွန်းအပန်းဖြေစခန်း ဗုံးခွဲသူများ သေဒဏ်ပေးစီရင်

09 November 2008

အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်း အပန်းဖြေစခန်းမှာ ၂၀၀၂ ခုနှစ်က ဗုံးခွဲတိုက်ခိုက်ခဲ့တဲ့ အကြမ်းဖက်သမား သုံးဦးကို ဒီကနေ့ သန်းခေါင်အချိန် ကျော်ကျော်လေးမှာပဲ သေဒဏ် စီရင် လိုက်ပြီလို့ အင်ဒိုနီးရှားနိုင်ငံက အတည်ပြုပြောကြားပါတယ်။ ဒီအကြောင်း အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တော်ကနေ ဗွီအိုအေသတင်းထောက် Nancy-Amelia Collins ပေးပို့ထားတဲ့ သတင်းဆောင်းပါးကို ကိုကျော်ကျော်သိန်းက အပြည့်အစုံ တင်ပြထားပါတယ်။

အကြမ်းဖက်ဗုံးခွဲသူ သုံးယောက်ဖြစ်တဲ့ အမ်မ်ရိုဇီ နူရ်ဟာရှင်မ်၊ အာလီ ဂုဖ်ရန်နဲ့ အီမမ်မ် ဆမူဒရာတို့ကို ဂျာဗားကမ်းခြေ အလွန် ကျွန်းတခုပေါ်မှာရှိတဲ့ အကျဉ်းထောင် ထဲမှာ တနင်္ဂနွေ လင်းအားကြီး သန်းခေါင်ကျော်တာနဲ့ သေဒဏ်ပေး စီရင်ခဲ့တာ ဖြစ်ပါတယ်။
ဒီ အစ္စလာမ်မစ် စစ်သွေးကြွသုံးဦးစလုံးဟာ အယ်လ်ခိုင်းဒါး အဖွဲ့နဲ့ အချိတ်အဆက် ရှိတဲ့ ဒေသတွင်း အကြမ်းဖက်အုပ်စု ဂျမား အစ္စလမ်မီယာ JI အဖွဲ့ဝင်တွေ ဖြစ်ကြပါတယ်။

ဘာလီကျွန်းပေါ်မှာ ဗုံးခွဲဖို့ ကြံစည်လုပ်ဆောင်ခဲ့မှုနဲ့ လွန်ခဲ့တဲ့ငါးနှစ်က သူတို့ကို စွဲချက်တင် စစ်ဆေးခဲ့ပြီး သေဒဏ် ချမှတ် ထားတာပါ။ အဲဒီ ၂၀၀၂ ခုနှစ် ဗုံးခွဲမှုကြောင့် သြစတြေးလျ နိုင်ငံသား ကမ္ဘာလှည့်ခရီးသည် ၈၈ ယောက် အပါအ၀င် လူပေါင်း ၂၀၂ ဦး သေဆုံးခဲ့ရပါတယ်။
သူတို့တွေကို သေဒဏ်ပေး စီရင်လိုက်တာကြောင့် နောက်ထပ် အကြမ်းဖက် တိုက်ခိုက်တာတွေ ဖြစ်လာမှာကို စိုးရိမ်တဲ့ အတွက် ဘာလီကျွန်း တလျှောက် ရဲတပ်ဖွဲ့က လုံခြုံရေး တိုးမြှင့် ချထားပါတယ်။ အရေအတွက် နည်းလွန်းလှပေမယ့် ထုတ်ဖော် ပြောဆိုကြလေ့ရှိတဲ့ ဗုံးခွဲသူတွေကို ထောက်ခံသူတွေက လက်တုန့်ပြန် တိုက်ခိုက် တာတွေ လုပ်မယ်လို့ သန္နိဋ္ဌာန်ချ ပြောဆို ထားကြပါတယ်။

အကြမ်းဖက်ဝါဒဆိုင်ရာ ကျွမ်းကျင်သူနဲ့ နိုင်ငံတကာ ပဋိပက္ခရေးရာ လေ့လာတဲ့အဖွဲ့ ICG ရဲ့ အကြီးတန်း အကြံပေးပုဂ္ဂိုလ် Sidney Jones ကတော့ ဒီသေဒဏ် စီရင်မှုကြောင့် အကြမ်းဖက် တိုက်ခိုက်မှုကြီးတွေ ဖြစ်လာမယ်လို့ မထင်ပါဘူး။ ဒါဟာ လွန်ခဲ့တဲ့နှစ် အနည်းငယ်အတွင်း JI အဖွဲ့ဝင် ၃၀၀ ကျော်ကို ထောင်သွင်း အကျဉ်းချထားနိုင်ခဲ့တဲ့ ရဲတပ်ဖွဲ့ရဲ့ လုပ်ဆောင်မှုကြောင့် JI အဖွဲ့ အားနည်း သွားရတဲ့အတွက် ဖြစ်တယ်လို့ သူက ချီးကျူးပြောဆိုပါတယ်။

“ဒီသေဒဏ်စီရင်မှုက တခုခုပြောင်းလဲသွားအောင် လုပ်လိုက်တယ်လို့ ကျမတော့မထင်ပါဘူး။ အခန်းကဏ္ဍတခု ပိတ်လိုက်သလို၊ နောက်အသစ်တခု ဖွင့်လိုက်သလိုမျိုး ကျမ မထင်ပါဘူး။ အတိတ်ကာလတုန်းက ဖြစ်ခဲ့တဲ့ ဗုံးဖောက်ခွဲမှုတွေ၊ အနည်းဆုံး နောက်ဆုံး ဖြစ်ခဲ့တဲ့သုံးခုဟာ ခုချိန်ထိ လွတ်နေသေးတဲ့ နူရ်ဒင် မိုဟမ်မက်ဒ် တော့ပ်ရဲ့ လက်ချက်လို့ ကျမထင်ပါတယ်။ ဒါကြောင့် သေဒဏ်စီရင်တာကြောင့် ဘာမှ ကွာခြားမသွားပါဘူး။ အရင်ကထက်စာရင် ဒီအုပ်စု အားနည်းသွားတာက ရဲတပ်ဖွဲ့ရဲ့ လုပ်ဆောင် မှုတွေကြောင့် ဖြစ်ပြီး ဘာလီဗုံးခွဲသမားတွေနဲ့ ဆက်စပ်တဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်မှု မရှိသလောက်ပါပဲ။”

မလေးရှား ၀ရမ်းပြေး နူရ်ဒင် မိုဟမ်မက်ဒ် တော့ပ်ဟာ ဘာလီဗုံးခွဲမှုကို အဓိက ကြိုးကိုင်သူလို့ ယုံကြည်ကြပြီး သူဟာ အင်ဒိုနီးရှား နိုင်ငံမှာ ပုန်းအောင်းနေဖွယ် ရှိတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ဗုံးခွဲတိုက်ခိုက်မှုတွေမှာ သေဆုံးသွားတဲ့ မူစလင်လူမျိုးတွေကို တောင်းပန်စကား ဆိုတာကလွဲလို့ ဘာလီဗုံးသမားတွေဟာ သူတို့ရဲ့ လုပ်ရပ်အတွက် နောင်တရတဲ့ပုံ ဘယ်တုန်းကမှ မပြခဲ့ဖူးပါဘူး။

ဗုံးခွဲသမားတွေကို သေဒဏ်ပေးပြီးတဲ့နောက် ကြွင်းကျန်ရစ်တဲ့ ခန္ဓာကိုယ်တွေကို ဂျာဗားကျွန်း အလယ်ပိုင်းက သူတို့ရဲ့ ဇာတိမြို့ဆီ တနင်္ဂနွေနေ့ နှောင်းပိုင်းမှာ ရဟတ်ယာဉ်နဲ့ ပြန်ပို့မှာပါ။ ခန္ဓာကိုယ်တွေ ပြန်ရောက်လာတဲ့အခါကျရင် သူတို့တွေကို သူရဲကောင်း တွေလို ဂုဏ်ပြု သင်္ဂြိုဟ်မယ်လို့ မိသားစုဝင်တွေနဲ့ ရာနဲ့ချီတဲ့ ထောက်ခံသူတွေက ပြောဆိုကြ ပါတယ်။

Ref: VOA News

Read More...

အပေါ်သို့