..............................

Friday, October 22, 2010

သေသင့်တယ်

အောက်တိုဘာ ၂၂၊ ၂၀၁၀

လေယာဉ်ပျံတစ်စင်းပေါ်မှာ ဗိုလ်သန်းရွှေရယ်၊ ဒေါ်ကြိုင်ကြိုင်ရယ်၊ ကိုယ်ရံတော်နှစ်ဦးရယ် ပြီးတော့ ပိုင်းလော့ နှစ်ဦးရယ်၊ ဆရာဝန်တစ်ဦးရယ်၊ နာ့စ်မ တစ်ယောက်ရယ် အားလုံး ရှစ်ဦး ပါလာပါတယ်။

အဲဒီအချိန်မှာ လေယာဉ်ပျံက စက်ချွတ်ယွင်းပြီး ပျက်ကျမလိုဖြစ်ပါတယ်။ လေထီးက ၇ လုံးပဲပါတယ်။

ဘယ်သူအရင်ခုန်ဆင်းမလဲ။

ဗိုလ်သန်းရွှေက သူ့မိန်းကို လေထီးတစ်လုံးပေးပြီး အရင်ဆုံး ပေးဆင်းလိုက်တယ်။

အဲဒီနောက် သူက “ကျုပ်က ဒီနိုင်ငံရဲ့ခေါင်းဆောင်ဗျ။ ကျုပ်မရှိလို့ မဖြစ်ဘူး။ ကျုပ်ဆင်းပြီဗျာ” ဆိုပြီး ခုန်ဆင်းသွားတယ်။

အဲဒီနောက် ကိုယ်ရံတော် နှစ်ဦးကလည်း လေထီးတွေယူပြီး ဆင်းသွားပြန်ရော။ ပိုင်းလော့ နှစ်ဦး ကတည်း တစ်ယောက်တလုံး ကောက်ဆွဲပြီး ဆင်းသွားကြတယ်။

ဆရာဝန်နဲ့ နာ့စ်မဘဲ ကျန်တော့တယ်။

“ကဲ နာ့စ်မရယ်၊ ကျန်တဲ့လေထီးတစ်လုံးယူပြီး မင်းပဲ ဆင်းပါတော့။ ငါ သေရဲပါတယ်” ဆိုပြီး နာ့စ်မ ကိုပြောရှာတယ်။ နာ့စ်မက “ဘာတွေပြောနေတာလဲ။ ကျမတို့ နှစ်ယောက်စလုံး တစ်ပြိုင်တည်း ခုန်ဆင်းလို့ရပါတယ်” လို့ ပြန်ပြောတယ်။ ဆရာဝန်ကြီးက နားမလည်ဘူး ဖြစ်သွားတယ်။ နာ့စ်မက ရှင်းပြပါတယ်။

“လေထီးနှစ်လုံးကျန်ပါသေးတယ်။ ဟို ဒီနိုင်ငံရဲ့ခေါင်းဆောင်ဆိုတဲ့ ဗိုလ်ချုပ်ကြီးက ကျမရဲ့ ကျောပိုးလွယ်အိတ်ကို လေထီးထင်ပြီး ယူချသွားတာလေ”

ဤမျှသာ.....


......

Read More...

ရွေးကောက်ပွဲကို လူ ၅၀၀ ကျော် ဆန့်ကျင်ဆန္ဒပြ

2010-10-21

နိုဝင်ဘာ ၇ ရက်နေ့မှာ စစ်အစိုးရ ကျင်းပမဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့အနေနဲ့ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး မြို့နယ်မှာ ဒေသခံ တိုင်းရင်းသား လူအင်အား ၅၀၀ ကျော်လောက် ဒီကနေ့ အောက်တိုဘာ ၂၁ ရက် မနက်ပိုင်းက စုရုံး ဆန္ဒပြခဲ့ကြတယ်လို့ အဲဒီ ဆန္ဒပြပွဲမှာ ပါဝင်သူ ကိုစောထူးက RFA ကို ပြောပါတယ်။

“စစ်အာဏာရှင် ရွေးကောက်ပွဲ ဆန့်ကျင်တိုက်ဖျက်ရေး လူထုလှုပ်ရှားမှုပဲ။ ကျွန်တော်တို့ ကြာအင်း ဆိပ်ကြီးနဲ့ ချောင်းနှစ်ခွ ကားလမ်းရဲ့ အနားတဝိုက်မှာပဲ။ အဲဒီမှာ လူထုတွေပဲ။ ကျွန်တော်တို့ မွန်လည်းပါတယ်၊ ကရင်လည်း ပါတယ်၊ ရှမ်းတွေလည်း ပါတယ်၊ ဗမာတွေလည်း ပါတယ်။ အင်အား ၅၀၀ ကျော်ပါခင်ဗျ။”

ဆန္ဒပြခဲ့ကြတဲ့နေရာဟာ ချောင်းနှစ်ခွ ကျေးရွာအုပ်စု၊ သံပုရာကျေးရွာ ရယက ရုံးနဲ့ ၃ မိုင်လောက်ပဲ ဝေးပြီး၊ စစ်အစိုးရ အာဏာပိုင်တွေ ဖက်က တစုံတရာ လာရောက် နှောင့်ယှက်တာ မရှိဘူးလို့ သိရပါတယ်။ ဒေသခံတွေအနေနဲ့ စစ်အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ဆက်လက် လုပ်ဆောင်သွားမယ်လို့ ကိုစောထူးက ပြောပါတယ်။

“ကျွန်တော်တို့ ဆက်လက်ပြီးတော့ ပြမယ်၊ ဘာဖြစ်လို့လဲဆိုတော့ တခုပြီးတခုပေါ့နော်။ ပြည်သူ လူထုကလည်း ဒီ ၂၀၁၀ ရွေးကောက်ပွဲ၊ ဒီ နအဖ ရွေးကောက်ပွဲကို လုံးဝ အယုံအကြည် မရှိဘူးလေ။ နောက်ပြီးတော့ ဒီ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေလည်း ဘယ်သူမှ လက်ခံနိုင်စရာ အကြောင်းမရှိဘူး။ ဒါကြောင့်၊ ဒီလှုပ်ရှားမှုတွေက ကျွန်တော်တို့ လှုပ်ရှားခြင်း ဖြစ်တယ်။ ဆက်လက် လုပ်သွားပါမယ်။”

ဆန္ဒပြပွဲမှာ ပါဝင်သူ ကိုစောထူး ပြောသွားတာပါ။ စစ်အစိုးရက ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ မဲဆန္ဒ နယ်မြေ တချို့ကို မကြာခင်က ကြေညာခဲ့ရာမှာ ကရင်ပြည်နယ်က ဒေသတချို့လည်း ပါဝင်ပါတယ်။


Ref: RFA News

Read More...

ရွေးကောက်ပွဲ မမျှတရင် နိုင်ငံတကာ ဆက်လက် အရေးယူရမည်

ဦးအောင်လွင်ဦး
ကြာသပတေး, 21 အောက်တိုဘာ 2010


နိုဝင်ဘာလ ၇ ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲဟာ အများက လက်ခံနိုင်အောင် မြန်မာစစ် အစိုးရက ဆောင်ရွက် သွားဖို့နဲ့ ဒီလိုလုပ်ဖို့ ပျက်ကွက်ခဲ့မယ်ဆိုရင် နိုင်ငံတကာ အသိုင်းအ၀န်း အနေနဲ့ အရေးယူသွားဖို့ လိုအပ်ကြောင်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ပြောဆို လိုက်ပါတယ်။ စစ်အစိုးရ အနေနဲ့ တရားမျှတမှု၊ တာဝန်ခံမှုတွေကို ပြသသွားဖို့ လိုနေဆဲ ဖြစ်တဲ့အကြောင်း လူ့အခွင့်အရေး စုံစမ်းစစ်ဆေးသူ တိုမာ့စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) က ပြောဆိုလိုက်တာပါ။ အကြောင်းစုံကို ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

စစ်အစိုးရက ကျင်းပပေးမယ့် ရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ နိုင်ငံတကာ အသိုင်းအ၀န်းက အားမလို အားမရ ဖြစ်သံတွေ ထွက်ပေါ် လာနေတဲ့အထဲ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်ကလည်း အခြေအနေတွေ တိုးတက်အောင် မလုပ်နိုင်တဲ့အတွက် စိတ်ပျက်လက်ပျက် ဖြစ်ရကြောင်း ပြောဆိုလိုက်တာပါ။ ကုလသမဂ္ဂ အထွေထွေ ညီလာခံကို သူ့ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အစီရင်ခံစာ တင်သွင်းအပြီး နောက်တနေ့ဖြစ်တဲ့ ကြာသပတေး နေ့မှာပဲ နယူးယောက်မြို့က သတင်းစာ ရှင်းလင်းပွဲအတွင်း အထူး ကိုယ်စားလှယ် တိုမာ့စ် အိုဟေး ကင်တားနားက စစ်အစိုးရရဲ့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်ဟာ အများက လက်ခံဖို့ ခက်ခဲနေဆဲ အခြေအနေတွေ ပိုလို့သာ တွေ့လာ နေရကြောင်း ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

“မြန်မာနိုင်ငံက ရွေးကောက်ပွဲအတွက် လုပ်ထုံးလုပ်နည်းတွေနဲ့ ပတ်သက်လို့ ကျနော် စိတ်ပျက် မိတယ်ဆိုတာ ပြောချင်ပါတယ်။ ဒီလုပ်ငန်းစဉ်မှာ အကြီးအကျယ် လွဲချော်နေဆဲ ဖြစ်တယ်ဆိုတာ သိသိသာသာ တွေ့နိုင်ပါတယ်။ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ စုဝေးခွင့် တွေကိုလည်း ရွေးကောက်ပွဲ ကော်မရှင်ရဲ့ လုပ်ထုံး လုပ်နည်းတွေ၊ ညွှန်ကြားချက်တွေနဲ့ နောက်ထပ် ကန့်သတ်မှုတွေလည်း လုပ်ခဲ့တာပါ။”

မြန်မာစစ်အစိုးရကတော့ ဒီတပတ်ထဲမှာပဲ ရွေးကောက်ပွဲကို ပြည်ပက ကျွမ်းကျင်သူတွေ၊ သတင်း မီဒီယာတွေလို အကဲခတ် စောင့်ကြည့် သူတွေကို လက်ခံမှာ မဟုတ်ဘူးလို့ ပြောဆိုခဲ့တာပါ။ နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး အကြိမ်အဖြစ် ကျင်းပမှာ ဖြစ်ပေမဲ့လို့ ရွေးကောက်ပွဲ အတွေ့အကြုံတွေ ရှိပြီးသားဖြစ်တဲ့ မြန်မာနိုင်ငံအတွက် ဒီလိုလူတွေ မလိုဘူးဆိုပြီး ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးက တနင်္လာနေ့ကပဲ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ ဒါဟာ ရွေးကောက်ပွဲအပေါ် အများက လက်ခံနိုင်မယ့် အခြေအနေတွေ ပိုပြီး အားနည်း စေကြောင်းလည်း နိုင်ငံတကာ အသိုင်းအ၀န်းက ပြစ်တင်ခဲ့ကြတာပါ။

ဒီလို အခြေအနေမှာ ကျင်းပမယ့် ရွေးကောက်ပွဲကနေ အဓိပ္ပာယ်ရှိတဲ့ အပြောင်းအလဲတွေ ထွက်ပေါ်လာဖို့၊ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်လာစေမယ့် အလားအလာ တွေဟာလည်း မရေမရာ ရှိနေဆဲ ဖြစ်တယ်လို့ အထူး ကိုယ်စားလှယ်က ပြောဆိုခဲ့တာပါ။ မြန်မာနိုင်ငံက နိုင်ငံရေး ပြဿနာမှာ အခရာကျသူတွေ မပါဝင်နိုင်ဘဲ ဖြစ်နေတာကလည်း ရွေးကောက်ပွဲ လုပ်ငန်းစဉ်ရဲ့ အားနည်းချက်အဖြစ် သူက မြင်ပါတယ်။

“ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ကျနော့်အမြင် ပြောရရင် အရေးအကြီးဆုံး ကိစ္စတွေထဲက တခုအဖြစ် အားလုံး ပါဝင်ခွင့်ရှိဖို့ အားနည်း နေတာပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေတွေနဲ့ ကြုံတွေ့ ခဲ့ရတာ ဖြစ်သလို တချို့ နယ်စပ်ဒေသတွေမှာ ပဋိပက္ခတွေ ရှိနေတာတွေကြောင့် သိပ်မကြာလှတဲ့ အနာဂတ်မှာ အမျိုးသား ပြန်လည် သင့်မြတ်ရေး ကိစ္စကို အစိုးရက ကိုင်တွယ်ဖို့ လိုပါတယ်။ အခု ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေတွေက အားလုံး ပါဝင်ခွင့်ရှိဖို့၊ တိုင်းရင်းသားတွေ ပါဝင်ဖို့ ကိစ္စတွေကို ဖြေရှင်းဖို့ မပါဝင်ပါဘူး။”

ကျင်းပဖို့ ရက်ပိုင်းသာ လိုတော့တဲ့ ရွေးကောက်ပွဲဟာ စစ်မှန်တဲ့ လုပ်ငန်းစဉ်တရပ်အဖြစ် နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးတာ အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀န်းကို ခိုင်မာတဲ့ လုပ်ရပ်တွေနဲ့ ပြသသွားဖို့ လိုတယ်လို့လည်း လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်က ပြောဆိုခဲ့တာပါ။ ဒီလိုလုပ်ဖို့ အချိန် မနှောင်းသေးပေမဲ့ ပျက်ကွက်ခဲ့မယ် ဆိုရင် နိုင်ငံတကာ အသိုင်းအ၀န်းက စစ်အစိုးရအပေါ် ထိထိရောက်ရောက် ကိုင်တွယ်ဖို့ အတွက်လည်း လူ့အခွင့်အရေး စုံစမ်းစစ်ဆေးသူ ကင်တားနားက တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

“အစိုးရအနေနဲ့ ဒီတာဝန်တွေကို ဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့မယ် ဆိုရင်တော့ နိုင်ငံတကာ အသိုင်းအ၀န်း အနေနဲ့ အရေးယူ ကိုင်တွယ် သွားရမှာ ဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းရေးဟာ ဒီလို ဆောင်ရွက်ရမယ့် ကိစ္စတွေထဲက အဆိုပြုချက် တခုအဖြစ် အလေးအနက်ထား စဉ်းစားသွားရမယ့် ကိစ္စတခုပါ။ ဒီကော်မရှင်က မြန်မာအစိုးရကို အပြစ်ပေးဖို့ လုပ်တဲ့ ကော်မရှင်တရပ် အဖြစ်တော့ မမြင်သင့်ပါဘူး။ မြန်မာနိုင်ငံမှာ အပြစ် ကျူးလွန်သူတွေ လွတ်ငြိမ်းခွင့် ရနေတဲ့ ကိစ္စကို ကိုင်တွယ် သွားနိုင်ဖို့နဲ့ နောက်ထပ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဟန့်တားနိုင်မယ့် ဖြစ်နိုင်စရာ ကိစ္စတခု အဖြစ်သာ ကြည့်သင့်ပါတယ်။”

မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေဟာ စစ်ရာဇ၀တ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှု မြောက်မမြောက် ကော်မရှင်တရပ် ဖွဲ့စည်း စုံစမ်းသွားဖို့ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်က မတ်လထဲ ကုလသမဂ္ဂကို တင်သွင်းတဲ့ သူ့ရဲ့ အစီရင်ခံစာမှာ တိုက်တွန်းခဲ့တာပါ။ ဒီ တိုက်တွန်းချက်ကိုတော့ လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့ အနောက်နိုင်ငံ တချို့က အားပေး ထောက်ခံမှုတွေ ရှိပေမဲ့လည်း ဗုဒ္ဓဟူးနေ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံအတွင်း အစီရင်ခံစာ တင်သွင်းရာမှာ လက်မခံလိုသူတွေလည်း ရှိတဲ့အကြောင်း အထူး ကိုယ်စားလှယ်က ပြောဆိုခဲ့ပါတယ်။

Ref: VOA News

Read More...

ကချင် ငြိမ်းအဖွဲ့ စစ်ရေးပြင်

စိုင်းဇွမ်ဆိုင်း
Thursday, October 21, 2010

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ၏ လက်နက်ကိုင် တပ်ဖွဲ့ဖြစ်သော ကချင် လွတ်လပ်ရေး တပ်မတော် (KIA) က ၎င်းတို့ ထိန်းချုပ်နယ်မြေ အတွင်းမှ ဒေသခံများကို စစ်ရေးအသင့် ပြင်ထားရန် ညွှန်ကြားထားမှုများနှင့် လက်နက် တပ်ဆင် ပေးခြင်းများ ရှိနေသည် ဟု သတင်းရရှိသည်။

ပြီးခဲ့သည့် တနင်္လာနေ့တွင် ကချင်ပြည်နယ် ဟိုပင်မြို့ရှိ KIA ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်ကြီး ခေါင်လွမ်းနှင့် အခြားတပ်ဖွဲ့ ဝင် ၂ဦးကို စစ်အစိုးရက ဖမ်းဆီး လိုက်ပြီးနောက် ယင်းကဲ့သို့ စစ်ရေး ပြင်ဆင်မှုများ ပြုလုပ်လာခြင်း ဖြစ်ကြောင်းလည်း သိရှိရသည်။

KIO ၏ လက်ထောက်အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး ဆင်ဝါက“ကျနော်တို့ဘက်က တရားဝင်ကြီး တပ်လှန့် လိုက်တာ မျိုးတော့ မရှိပါဘူး၊ ဒါပေမယ့် ဒီလို အခြေအနေမျိုး ရောက်လာပြီ ဆိုတော့ ဒေသ အလိုက်မှာရှိတဲ့ တပ်ဖွဲ့ဝင်တွေ ရော၊ ဒေသခံ ပြည်သူလူထုရော ဘာလုပ်ရမလဲဆိုတာ သိကြပြီးသားပဲ”ဟု ဧရာဝတီသို့ ပြောသည်။

ဒေသခံများအား လက်နက်တပ်ဆင်ပေးထားသည် ဆိုသည့် သတင်းကိုမူ မဟုတ်မှန်ကြောင်း ငြင်းဆိုပြီး ဒေသအလိုက် ဖွဲ့စည်းထားသည့် ပြည်သူ့စစ် တပ်ဖွဲ့များကိုသာ လက်နက် ထုတ်ပေးထားခြင်း ဖြစ်ကြောင်း ဗိုလ်မှူးကြီး ဆင်ဝါက ဆက်လက် ပြောဆိုသည်။

KIO ဌာနချုပ်တည်ရှိရာ ကချင်ပြည်နယ် လိုင်ဇာမြို့ ဒေသခံတဦးကမူ “KIA ကနေ ကျမတို့ကို သေနတ်တွေနဲ့ ကျည်ဆန် တွေ ထုတ်ပေး ထားတာမျိုးရှိတယ်၊ ကျမတို့ရွာတွေကို ဗမာ စစ်တပ်ဘက်က တိုက်ခိုက်လာရင် ကာကွယ်ဖို့အတွက် ဆိုပြီးမှ ထုတ်ပေးထားတာ”ဟု ယမန်နေ့က ဧရာဝတီသို့ ပြောသည်။

နအဖ စစ်တပ်မှ ထိုးစစ်ဆင်လာလျှင် ကာကွယ်ရန်အတွက် ကျေးရွာများ၌လည်း အထူးလုံခြုံရေး တပ်ဖွဲ့များ ဖွဲ့စည်းထားပြီး ဖြစ်သည်ဟုလည်း ယင်းဒေသခံက ပြောသည်။

ကချင်သတင်းဌာန အယ်ဒီတာ ကိုနော်ဒင်း ကလည်း KIO မှ တိုက်ရိုက် အုပ်ချုပ်သည့် အရပ်သား တပ်ဖွဲ့ ဟု ခေါ်ဆိုနိုင်သည့် လက်နက်ကိုင် အဖွဲ့တဖွဲ့ကို ယခုနှစ် အစောပိုင်းကတည်းက ဖွဲ့စည်း ထားခဲ့ကြောင်း၊ လက်ရှိအချိန်တွင် ယင်းအဖွဲ့၏ အင်အားသည် ထောင်ဂဏန်း ရှိကြောင်း ပြောဆိုသည်။

နောက်ဆက်တွဲ သတင်းများအရ ပြီးခဲ့သည့် တနင်္လာနေ့က ဖမ်းဆီးခဲ့သည့် ဗိုလ်ကြီး ခေါင်လွမ်းနှင့် အခြားတပ်ဖွဲ့ဝင် ၂ဦးတို့ လွတ်မြောက် သွားကြောင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) က KIO သို့ အကြောင်းကြား ခဲ့သည်ဟုလည်း သိရှိရသည်။

ဖမ်းဆီးခံရသည့် ဗိုလ်ကြီးခေါင်လွမ်းနှင့် အဖွဲ့သည် ယခုလ ၁၅ ရက်နေ့က ကချင်ပြည်နယ် မိုးကောင်းမြို့နယ် အတွင်း မိုင်းနင်းမိ၍ ဒဏ်ရာရခဲ့သူ ၂ဦးကို သွားရောက် ကြည့်ရှု၍ KIA ညွှန်ကြားချက်အတိုင်း နစ်နာကြေးများ သွားပေးပြီး အပြန်တွင် ဒေသခံ ရဲတပ်ဖွဲ့များနှင့် စရဖ အဖွဲ့များပူးပေါင်း ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

၎င်းတို့အား ဖမ်းဆီးရသည့် အကြောင်းရင်းကို KIA မှ မသိရှိရကြောင်း မိုင်းနင်းမိသည့် ကိစ္စအား မကျေနပ်၍ ဖမ်းဆီးခြင်း ဖြစ်နိုင်ကြောင်း ဗိုလ်မှူးကြီး ဆင်ဝါကပြောသည်။

KIO ၏ ဒုတိယ နိုင်ငံခြားရေးတာဝန်ခံ ဗိုလ်မှူးကြီး ဂျိမ်းစ်လွမ်းဒေါင်ကလည်း ဗိုလ်ကြီး ခေါင်လွမ်း နှင့်အဖွဲ့သည် အမှန် တကယ် လွတ်မြောက်ခဲ့သည်ဟု ဆိုပါက ယခုအချိန်တွင် KIO တာဝန်ရှိသူများ ထံသို့ တနည်းနည်းဖြင့် သတင်းပို့ သင့်ကြောင်း၊ နအဖ ဘက်က ထိန်းသိမ်း ထားစဉ်တွင် ပျောက်ဆုံးသွားခြင်း ဖြစ်သဖြင့် ၎င်းတို့တွင် တာဝန်ရှိကြောင်း ဆိုသည်။

အင်အား ၈ ထောင်ခန့်ရှိသော KIA သည် ၁၉၉၄ ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့သည်။ အစိုးရ ညွှန်ကြား ထားသည့် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို ငြင်းဆန် နေခြင်းကြောင့် စစ်အစိုးရဘက်မှ ဖိအားပေးမှုများ၊ ထိုးစစ်ဆင်ရန် အလား အလာများ ရှိနေသည်ဟု စစ်ရေးလေ့လာသူများက ဆိုသည်။

Ref: ဧရာဝတီ်

Read More...

စစ်အစိုးရက နိုင်ငံတော်အလံအသစ် ပြောင်းလဲအသုံးပြု

၂၁ အောက်တိုဘာ ၂၀၁၀

နိုင်ငံတော်အလံသစ်ကို အစိုးရဌာနများနှင့် အခြားအဖွဲ့အစည်းများတွင် ယနေ့ ပြောင်းလဲ တပ်ဆင်ကြပြီ ဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၌ အတည်ပြုထားသော နိုင်ငံတော် အလံသစ် လွှင့်တင်ပွဲကို မြို့တော်ဝန် ဦးအောင်သိန်းလင်း ကိုယ်တိုင် တက်ရောက်၍ စစ်တီးဝိုင်း ဘင်ခရာ အဖွဲ့များဖြင့် နိုင်ငံတော်သီချင်း တီးမှုတ်ကာ အခမ်းအနားဖြင့် ယနေ့ ညနေ (၃) နာရီကျော်တွင် ကျင်းပခဲ့ကြောင်း စည်ပင်သာယာ ဝန်ထမ်းတဦးက ပြောသည်။

မြို့တော်ခန်းမရှေ့တွင် အလံသစ်ကို လာရောက်ကြည့်ရှုသူ တဦးက “အလံတော် အသစ်တင်တာတဲ့၊ မမြင်ဖူးလို့ ကြည့်တာပါ” ဟု ပြောသည်။

ပြောင်းလဲ အသုံးပြုသည့် နိုင်ငံတော်အလံသစ်တွင် သုံးရောင်ခြယ် အ၀ါ၊ အစိမ်းရင့်၊ အနီရောင် အလယ်၌ ကြယ်ဖြူတစ်လုံး ပါရှိသည်။

နိုဝင်ဘာ (၇) ရက် ရွေးကောက်ပွဲ မတိုင်ခင် ဖွဲ့စည်းပုံအခြေခံဥပဒေကို စတင် အသက်သွင်းရန် ကြိုတင် ပြင်ဆင်မှု တရပ် အနေဖြင့် နိုင်ငံတော်အလံ အပြင် နိုင်ငံတော် အထိမ်းအမှတ် တံဆိပ်နှင့် နိုင်ငံတော် သီချင်းတို့ကိုလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ဖော်ပြချက်အတိုင်း စတင် အသုံးပြုသွားမည် ဖြစ်ကြောင်း ယနေ့ မွန်းလွဲပိုင်း စစ်အစိုးရ ရေဒီယိုမှ ကြေညာသွားသည်။

တံဆိပ်အသစ်နှင့် နိုင်ငံတော်သီချင်းကို မည်သည့်နေ့ရက်တွင် စတင် အသုံးပြုမည်ကိုမူ ထုတ်ဖော် ပြောကြားခြင်း မရှိသေးချေ။

၂၀၀၈ခု ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်း ပေါ်ပေါက်လာမည့် ပြည်ထောင်စု လွှတ်တော်၏ ပထမ အကြိမ် အစည်းအဝေး ကျင်းပချိန်မှသာ စတင်၍ အသက်ဝင်မည်ဖြစ်ရာ ယခုလုပ်ရပ်သည် လုပ်ပိုင်ခွင့် ချိုးဖောက်ခြင်းသာ ဖြစ်ကြောင်း ပြည်တွင်းမှ ဥပဒေဆိုင်ရာ ပညာပေး ရေးသားနေသူ စာရေးဆရာကြီး တဦးက ဝေဖန်သည်။

“၂၀၀၈ အခြေခံဥပဒေက အာဏာစတည်တဲ့နေ့မှ စသုံးလို့ရမှာပေါ့။ အခုလုပ်ရပ်က တရားဥပဒေကို အာဏာနဲ့ မတရားမှု ကျူးလွန်လိုက်တာ၊ လုပ်ပိုင်ခွင့် ချိုးဖောက်လိုက်တာ ဖြစ်တယ်။ အသက် မဝင်သေးတဲ့ ဥပဒေပါ ဖော်ပြချက်တွေကို အသုံးပြုတာ ကြားလို့လည်း မကောင်းပါဘူး။ ဒါက လဲလိုက်လည်း တရားမဝင်ဘူး။ နိုင်ငံတော် အလံဆိုတာ ဥပဒေအတိုင်း မလုပ်ဘဲ အာဏာနဲ့ အတင်း ပြောင်းခိုင်းလို့ ရတဲ့ အလုပ်လည်း မဟုတ်ဘူးလေ” ဟု အဆိုပါ စာရေးဆရာက ပြောကြားသည်။

မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ လက်ထက်က ၁၉၇၄ ခုနှစ် ဇန်နဝါရီ (၃) ရက်နေ့၌ စတင် အသုံးပြု လာခဲ့သော အနီအောက်ခံ၊ ညာဘက်ထိပ် အပြာရောင် လေးထောင့်တွင်းမှ ကြယ်ဖြူ (၁၄) လုံး ဝိုင်းရံ ထားသော စပါးနှံ ပါရှိသည့် နိုင်ငံတော် အလံအစား အသစ်ပြောင်းလဲ အသုံးပြုလိုက်ခြင်း ဖြစ်သည်။

အဆိုပါ နိုင်ငံတော်အလံအသစ်ကို နိုင်ငံတဝန်းလုံးရှိ အစိုးရဝန်ကြီးဌာန အပါအဝင် သက်ဆိုင်ရာ နေရာအားလုံး အောက်တိုဘာ (၂၁) ရက်နေ့ မွန်းလွဲပိုင်း (၃) နာရီအချိန်တွင် လဲလှယ် အသုံးပြုသွားရန် ညွှန်ကြားထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ ဝန်ထမ်းတဦးက ပြောသည်။

၎င်းက “ဟိုတယ်တွေ၊ အစိုးရအဆောက်အဦတွေ အားလုံး ကိုယ့်ရဲ့ဌာနဆိုင်ရာ ရုံးတွေမှာ အလံ သွားထုတ်ယူဖို့နဲ့ ဒီနေ့ ညနေ (၃) နာရီနောက်ပိုင်း အလံသစ်ကို လဲဖို့ ဒီမနက်ကပဲ ညွှန်ကြားချက် ထွက်လာတာ။ အခု ကျမ သိသလောက်က အားလုံး လဲပြီးနေပါပြီ” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

မြဝတီနှင့် ဘုရားသုံးဆူကဲ့သို့ ထိုင်း-မြန်မာနယ်စပ်မြို့များရှိ အစိုးရ အဆောက်အဦများတွင်လည်း နိုင်ငံတော် အလံသစ်ကို လဲလှယ် လွှင့်တင်ထားပြီ ဖြစ်ကြောင်း မြို့ခံတို့က ပြောသည်။

မြန်မာနိုင်ငံ လွတ်လပ်ရေး ရခဲ့သည့် ၁၉၄၈ ခု ဇန်နဝါရီ (၄) ရက်နေ့မှစ၍ ယနေ့လဲလိုက်သည့် နိုင်ငံတော်အလံ အပါအဝင် အလံ (၃) မျိုးရှိပြီဖြစ်သည်။

ယနေ့ စတင် အသုံးပြုလိုက်သည့် နိုင်ငံတော်အလံသစ်ကို နယ်ခြားစောင့် အသွင်ပြောင်းခဲ့သော တပ်ဖွဲ့တို့၏ စစ်ဝတ်စုံ လက်မောင်း တံဆိပ်၌လည်း မြန်မာ စစ်အစိုးရက ထပ်တူ အသုံးပြုခဲ့ပြီး ဖြစ်သည်။

Ref: ခေတ်ပြိုင်

Read More...

ရန်ကုန်တိုင်းတွင် လုံခြုံရေး ပိုချထား

တက်လူ
၂၁ အောက်တိုဘာ ၂၀၁၀

ရန်ကုန်တိုင်းဒေသကြီး အတွင်းတွင် လုံခြုံရေး အတွင်းစည်း အပြင်စည်းများ ချထားကြောင်း ပြည်ထဲရေး (ရန်ကုန်ရုံး) မှ ရဲအရာထမ်း တဦးက ပြောသည်။

“အပြင်စည်း အတွင်းစည်း ဆိုတာကတော့ စစ်တပ်သုံးစကားပဲ။ အခုချတဲ့လုံခြုံရေးက ရဲရော၊ စစ်သားရော ချတာ။ အရင်ကဆို နေ့ဘက်မှာ ရဲလုံခြုံရေးချတာ။ အခုက ရွေးကောက်ပွဲ မတိုင်ခင် ပြဿနာတွေ ဖြစ်မှာစိုးလို့ ရဲရော၊ စစ်သားရော လုံခြုံရေးချတာ။ တပ်မ(၇၇) ကလည်းပါတယ်” ဟု ၎င်းက ပြောသည်။

ညဘက်ထွက်သူများအား ယခင်ထက်စစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း၊ ပြီးခဲ့သည့် ရက်ပိုင်း အတွင်း၌ မြောက်ဥက္ကလာပ မြို့နယ်တွင် ညမထွက်ရ အမိန့်များ ထုတ်ပြန်ထားပြီး ဧည့်စာရင်းကို တင်းကျပ်စွာ စစ်ဆေးကြောင်း မြောက်ဥက္ကလာပ မြို့နယ် ခေမာသီလမ်းနေ ပြည်သူတဦးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ရွှေပေါက္ကံမြို့နယ်၌ ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက ရွေးကောက်ပွဲ ဆန့်ကျင်ရေး စာရွက် စာတမ်းများ ဖြန့်ဝေသည့် ကျောင်းသားများ အဖမ်း ခံရပြီးသည့်နောက် မြောက်ဥက္ကလာပ မြို့နယ်ကို ညမထွက်ရ အမိန့် ထုတ်ခဲ့ခြင်း ဖြစ်သည်။

“ရွှေပေါက္ကံက မြောက်ဥက္ကလာပ အပိုင်ဖြစ်တယ်လေ၊ အဲဒါကြောင့် ဆက်စပ်ပြီးတော့ ညမထွက်ရ ဆိုတာ လုပ်လိုက်တာ ဖြစ်မယ်၊ ကျန်တဲ့ မြို့နယ်တွေတော့ ညမထွက်ရဘူး ဆိုတာ မကြားမိဘူး” ဟု မြောက်ဥက္ကလာ (ည)ရပ်ကွက်သား တဦးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်အလိုက် အဓိက လမ်းမကြီးများတွင် နေ့ဘက်၌ ရဲ အနည်းဆုံး (၂) ဦး မှ (၅) ဦးအထိ အစောင့်ချထားပြီး ညပိုင်း၌ လမ်းဆုံလမ်းခွများ၊ မီးပွိင့်များတွင် ယာဉ်အသွား အလာမှအစ လုံခြုံရေးအရ စစ်ဆေးမှုများ တင်းကျပ်စွာ လုပ်နေကြောင်း တက္ကစီ ယာဉ်မောင်းတဦးက ပြောသည်။

“ စီးပွားရှာရတာ မလွယ်ပါဘူးဗျာ။ မောင်းမကောင်းရတဲ့ကြားထဲ စစ်ဆေးရေးတွေက တမှောင့် ဖြစ်နေတယ်။ လမ်းတွေမှာ သံဆူးကြိုးတွေ ချပြီးတော့ (၄) လမ်းသွားဆိုရင် ဟိုဘက်တလမ်းပိတ် ဒီဘက်တလမ်း ပိတ်ပြီးတော့ စစ်တယ်။ ဒါကြောင့် ယာဉ်ကြော ကြပ်တယ်၊ ကြာတာပေါ့။ ခရီး မတွင်ဘူးလေဗျာ။ စစ်တာတွေကတော့ မီးသတ်ပါတယ်၊ အရပ်ဝတ်နဲ့ ရယက တွေပါတယ်၊ ရဲပါတယ်။ အခုတလော များလာတယ်ဗျ” ဟု တောင်ဥက္ကလာပမှ အငှားယာဉ်မောင်းတဦးက ပြောသည်။

နအဖ သည် ယခုနှစ်ရွေးကောက်ပွဲကို လာမည့်နိုဝင်ဘာ (၇) ရက်နေ့တွင် ကျင်းပမည်ဟု ကြေညာထားပြီး ရွေးကောက်ပွဲ မတိုင်မီ ဆူပူမှုများ ဖြစ်ပေါ်မည်ကို အလွန် စိုးရိမ်နေကြောင်း ရန်ကုန်တိုင်း အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီမှ အရာထမ်း တဦးထံမှ သိရသည်။

၎င်းက “အစိုးရအနေနဲ့ ၂၀၀၈ တုန်းကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုတဲ့အခါ မဖြစ်မနေ လုပ်သွားခဲ့တယ်။ အခုလည်း သူတို့က ရွေးကောက်ပွဲကို မဖြစ်မနေ လုပ်မှာဖြစ်တဲ့ အတွက် သူတို့အတွက် အပျက်ဖြစ်သွားမှာကို မလိုလားဘူး။ ဒါ့ကြောင့် အစစအရာရာ လုံခြုံရေး ချထားတာဖြစ်တယ်။ ဒီလဆန်းက စပြီးတော့ အရင်ထက် လုံခြုံရေး တိုးလိုက်တယ်” ဟု ပြောသည်။


Ref: ခေတ်ပြိုင်

Read More...

အများလက်မခံနိုင်တဲ့ ရွေးကောက်ပွဲဟု ကင်တားနား ပြော

ကိုဝိုင်း
ကြာသပတေးနေ့၊ အောက်တိုဘာလ ၂၁ ရက် ၂၀၁၀


ချင်းမိုင် (မဇ္ဈိမ)။ ။ အခြေခံ လူ့အခွင့်အရေးများကို တားမြစ် တင်းကျပ်ထားသဖြင့် မြန်မာ ရွေးကောက်ပွဲမှ အများ လက်ခံနိုင်မည့် ရလဒ်ထွက်လာမည် မဟုတ်ကြောင်း လူ့အခွင့်အရေး သံတမန် မစ္စတာ သောမတ်စ် ကင်တားနားက ယမန်နေ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံ၌ ထုတ်ဖော် ပြောဆိုခဲ့သည်။

စစ်အစိုးရ၏ ထောက်ခံမှုမရသော ကိုယ်စားလှယ်လောင်းများအနေဖြင့် “လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်နှင့် စုဝေးခွင့်” တို့ တင်းကျပ် ခံထားရသည်ဟု သူက ဆိုသည်။ ကုလသမဂ္ဂက တောင်းဆိုထားသော ရွေးကောက်ပွဲ မတိုင်မီ နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရမည် ဆိုသည်ကိုလည်း နအဖက မဖော်ဆောင်သေးကြောင်း ထောက်ပြသည်ဟု ကုလညီလာခံက သတင်း ထုတ်ပြန်သည်။

ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ RSF က မနေ့က ထုတ်ပြန်သည့် ယခုနှစ် သတင်း စာနယ်ဇင်း လွတ်လပ်ခွင့် စံနှုန်း အစီရင်ခံစာတွင် ရဝမ်ဒါ၊ ဆီးရီးယား၊ မြောက်ကိုရီးယားတို့နည်းတူ မြန်မာနိုင်ငံ တွင်လည်း သတင်းထောက်များကို ပြင်းထန်စွာ ဆက်လက် ဖိနှိပ်နေသည်ဟု ဖော်ပြထားသည်။

ရွေးကောက်ပွဲ ကျင်းပတော့မည့် မြန်မာနိုင်ငံ၌ လွတ်လပ်မှုအတွက် “နေရာမရှိ” သလို၊ အကျဉ်းချ အဓမ္မ ခိုင်းစေမှုများ အတွက် ထုတ်ဖော် ရေးသားရန်လည်း မလွယ်ကူဟု RSF အစီရင်ခံစာက ဆိုသည်။ စစ်တမ်းပြုခဲ့သော ၁၇၈ နိုင်ငံ၌ မြန်မာနိုင်ငံသည် အဆင့် ၁၇၄ ဖြစ်သဖြင့် သူ့ထက်ဆိုးသော ၄ နိုင်ငံသာ ကျန်သည်ကို တွေ့ရသည်။

ရွေးကောက်ပွဲဥပဒေများက မှတ်ပုံတင်ကာလကို ကန့်သတ်ထားပြီး မှတ်ပုံတင်ကြေး မြင့်မားနေမှုနှင့် စည်းရုံးချိန် တိုတောင်းခြင်း တို့ကြောင့် ဝင်ပြိုင်မည့်သူများ အခက်ကြုံနေရမှုကိုမူ မစ္စတာ ကင်တားနားက ကုလ၌ ထည့်သွင်း ပြောဆိုခဲ့သည်။

ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ (ဒီ/ငြိမ်း) ဥက္ကဋ္ဌ ဦးအောင်သန်းကလည်း ယှဉ်ပြိုင်ရာတွင် အခြေခံ အခွင့်အရေးများ ချိုးဖောက် ခံနေရသည်ဟု လက်ခံထားသည်။ ရွေးကောက်ပွဲ ဥပဒေအောက်၌ ပါတီအများစုမှာ အချိန်၊ ငွေနှင့် လူအားတို့ဖြင့် “အဖိခံ” ထားရသည်ဟု ဆိုသည်။

“ကြံ့ခိုင်ရေးနဲ့ တစညကလွဲပြီး တခြားပါတီတွေကို လာပြီးစည်းရုံးခွင့် မပေးတဲ့ နေရာတွေ ရှိပါတယ်။ လက်ကမ်း စာစောင်တောင်မှ ဝေလို့မရဘူး။ ပဲခူးတိုင်းထဲမှာ ရယကတွေ၊ ရပ်ကွက် ကော်မရှင်တွေက တားတာ။ ကျနော်တို့ကတော့ ဗဟိုကော်မရှင်ကို စာတင်ထားပါတယ်” ဟု သူက မဇ္ဈိမကို ပြောသည်။

စည်းရုံးရေးအတွက် ဖြန့်ဝေမည့် လက်ကမ်းစာရွက်များနှင့် ရုပ်သံ/ရေဒီယိုတို့၌ ဟောပြောမည့် အချက် အလက်နှင့် အကြောင်း အရာများကိုလည်း ကော်မရှင်နှင့် စာပေစိစစ်ရေး၏ ခွင့်ပြုချက်ရမှသာ ဖော်ပြ၊ ဟောပြောခွင့် ရကြသည်။ ဒုတိယအကြိမ် ပြန်တင်ပြရသည့် ပါတီများ ရှိသကဲ့သို့ မဟောပြောတော့ရန် ဆုံးဖြတ်ခဲ့သည့် ပါတီများလည်း ရှိသည်။

ပြည်တွင်းသတင်းထောက်တဦးကမူ ရွေးကောက်ပွဲနှင့်ပတ်သက်၍ တိကျပြီး အသေးစိတ် ဖော်ပြနိုင်ရန် သတင်းရင်းမြစ် အခက်အခဲ တချို့ ရှိနေကြောင်းနှင့် အထူးသဖြင့် ကြံ့ဖွံ့ပါတီနှင့် ရွေးကောက်ပွဲ ကော်မရှင်ထံမှ အများသိလိုသည့် အချက်အလက်နှင့် အကြောင်းအရာများ မသိရကြောင်း ပြောဆိုသည်။

“ပြည်ခိုင်ဖြိုးပါတီက အချက်အလက် ဘာမှမရဘူးဆိုတာ အဓိကပြဿနာပဲ။ သူတို့ နာမည်ရေးခွင့် မရဘူး။ ပြောခွင့်မရဘူး။ ရုံးဖွင့် တာလောက်ပဲ ရေးခွင့်ရတယ်။ ကိုယ်စားလှယ်လောင်း အတိအကျတို့၊ ပြီးတော့ သူတို့ဆီက ကိုယ်စားလှယ် လောင်းတွေ အလိုလျောက် ရွေးချယ်ခံရတဲ့ မဲဆန္ဒနယ် ၄ဝ နဲ့ ၅ဝ နီးပါးလောက် ပါတယ်။ ဘယ်သူတွေလဲ၊ ဘယ်မဲဆန္ဒ နယ်တွေလဲဆိုတာ ဘာမှမရဘူး” ဟု သူက ပြောသည်။

ကုလအထွေထွေညီလာခံ၌ မစ္စတာကင်တားနားက မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများသည် ကုလ စံနှုန်းများအရ စစ်ရာဇဝတ်မှု မြောက်သည်ဟု ခိုင်လုံသည့် အထောက် အထားများ ရရှိထားကြောင်း တင်ပြခဲ့သည်။ ယင်း ရာဇဝတ်မှုများကို စစ်အစိုးရက တာဝန်ယူ မဖော်ထုတ်နိုင် သဖြင့် ကုလမှ စုံစမ်းရေး ကော်မရှင်တရပ် ဖွဲ့သင့်ကြောင်းလည်း ထပ်မံ အကြံပြု တောင်းဆိုခဲ့သည်။

စစ်အစိုးရကိုယ်စားလှယ် ဦးသန့်ကျော်နှင့် ဦးဝဏ္ဏမောင်လွင်တို့ကမူ မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး အပြည့်အဝ ရှိသည်ဟု ငြင်းဆို ထားခဲ့ပြီးဖြစ်သည်။ နိုင်ငံရေး အကျဉ်းသား မရှိပဲ “တည်ဆဲ ဥပဒေ” ချိုးဖောက်သဖြင့် အပြစ်ပေး ခံနေသူများသာ ရှိသည်ဟု စစ်အစိုးရက တုံ့ပြန်လေ့ရှိသည်။

ကုလအထွေထွေအတွင်းရေးမှူး မစ္စတာဘန်ကီမွန်း၏ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နှင့် တရုတ် အာရှ ၄ နိုင်ငံခရီးစဉ်ကို နောက်တပတ် စတင်မည်ဖြစ်ပြီး ခရီးစဉ်အတွင်း အာဆီယံ-ကုလ အစည်းအဝေးတွင် မြန်မာ့ လူ့အခွင့်အရေးနှင့် ရွေးကောက်ပွဲ ကိစ္စများ ဆွေးနွေးမည်ဟု အကဲခတ်များက ယူဆနေကြသည်။

စစ်အစိုးရ ထောက်ခံမှုမရသည့် အမတ်လောင်းများ “တပန်းရှုံး” သည်က မဲထည့်သည်ကို စောင့်ကြည့်မည့် မဲရုံ ကိုယ်စားလှယ်များ ချမပေးနိုင်ခြင်းဟု ဒီ/ငြိမ်း ဥက္ကဋ္ဌ ဦးအောင်သန်းက ပြောသည်။

၁၆ ရက်သာ လိုတော့သည့် “လွှတ်တော်ရွေးကောက်ပွဲ” တွင် ရွေးကောက်ပွဲလေ့လာသည့် ပြင်ပ အဖွဲ့ အစည်းများကို လက်ခံမည် မဟုတ်သကဲ့သို့ နိုင်ငံခြား သတင်းဌာနများ၏ ဌာနေ သတင်းထောက်များ ရှိပြီးဖြစ်သဖြင့် ထပ်မံ ဝင်ရောက်ခွင့် ပြုမည် မဟုတ်ကြောင်းလည်း အစိုးရ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးက နေပြည်တော်၌ မကြာမီက ပြောဆိုခဲ့ပြီး ဖြစ်သည်။

Ref: မဇ္ဈိမ

Read More...

နိုင်ငံတော်အလံသစ်တင်ပြီး အလံဟောင်းကို မီးရှို့ဖျက်ဆီးမည်

Thursday, October 21, 2010

လက်ရှိ အသုံးပြုနေသော နိုင်ငံတော်အလံကို ယနေ့ မီးရှို့ဖျက်ဆီးမည် ဖြစ်ပြီး ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပါရှိသော နိုင်ငံတော် အလံသစ်ဖြင့် ယတြာ သဘောအရ စတင် အစားထိုး ပြောင်းလဲ အသုံးပြုမည် ဖြစ်ကြောင်း နေပြည်တော် စစ်အရာရှိ အသိုင်းအဝန်းက ဆိုသည်။

အဆိုပါ နိုင်ငံတော် အလံသစ်တွင် အ၀ါရောင်၊ အစိမ်းရင့်ရောင်၊ အနီရောင် ခြယ်ထားပြီး အလယ်တွင် အဖြူရောင် ကြယ်ကြီး တလုံးပါရှိသည်။

ယနေ့ မွန်းလွဲပိုင်း ၃ နာရီတွင် နေပြည်တော်ရှိ အစိုးရ ၀န်ကြီးဌာနများ အပါအ၀င် နိုင်ငံတ၀န်းလုံး၌ သုံးရောင်ခြယ် အလံသစ် လွှင့်ထူသည့် အခမ်းအနားများကို တပြိုင်နက်တည်း ကျင်းပမည်ဖြစ်ပြီး နေပြည်တော် မြို့တော်ခန်းမတွင် အလံသစ် လွှင့်တင်ပွဲကို ခမ်းနားစွာ ကျင်းပမည် ဖြစ်ကြောင်း သတင်းရရှိသည်။

အလံတင် အခမ်းအနား များပြုလုပ်ရာတွင် အလံဟောင်းကို အင်္ဂါသားသမီး ၀န်ထမ်းများက ဖြုတ်ချရမည် ဖြစ်ပြီး ဗုဒ္ဓဟူးနေ့တွင် မွေးဖွားသည့် ၀န်ထမ်းများက အလံသစ်ကို လွှင့်တင် ကြရမည်ဖြစ်ကြောင်း၊ အဆိုပါ အလံသစ် ပြောင်းလဲ လွှင့်ထူခြင်းကို ဗေဒင် ယတြာ သဘောဖြင့် ပြုလုပ်ခြင်း ဖြစ်ကြောင်း နေပြည်တော်ရှိ ဌာနဆိုင်ရာ အရာရှိကြီးတဦးက ပြောသည်။

“ဌာနတွေမှာ အလံသစ် တင်ရင်လည်း အင်္ဂါသားသမီး ၀န်ထမ်းတွေက အလံဟောင်းကို ဖြုတ်ချရမယ်။ ဗုဒ္ဓဟူး သားသမီး တွေက အလံသစ် တင်ရမယ်။ ဒါက မဖြစ်မနေ လုပ်ဆောင်ရမယ့် ညွှန်ကြားချက်ပါ” ဟု ၎င်းက ဆိုသည်။

အလံဟောင်းများ အားလုံးကိုလည်း မီးရှို့ဖျက်ဆီးကာ မြေမြှုပ်ခြင်း အခမ်းအနားကို ယနေ့ ညနေ ၃ နာရီတွင်ပင် တပြိုင်နက်တည်း ပြုလုပ်ရမည်ဟု သိရသည်။

“အင်္ဂါသမီးကို နာမ်နှိမ်တဲ့အနေနဲ့ အင်္ဂါသားတွေကို အလံဟောင်း ဖြုတ်ချ ခိုင်းတာဖြစ်မယ်။ သဘောကတော့ အင်္ဂါသမီးကြောင့် သူတို့ အာဏာ ပြုတ်မကျနိုင်အောင် ယတြာ ချေလိုက်တာမျိုး ဖြစ်နိုင်တယ်” ဟု ၎င်းက ဆိုသည်။

အလံတင်အခမ်းအနား ပြုလုပ်သည့် အောက်တိုဘာ ၂၁ ရက်နေ့သည် မြန်မာသက္ကရာဇ် ၁၃၇၂ ခုနှစ် သီတင်းကျွတ်လဆန်း ၁၃ ရက်နေ့ကျရောက်ပြီး ဗေဒင် သဘောတရားအရ ရက်ရာဇာနေ့ ဖြစ်သည်။ မွန်းလွဲ ၃ နာရီတွင် အလံသစ် တင်မည် ဖြစ်သောကြောင့် ၃ ဂဏန်းသည်လည်း အင်္ဂါနာမ် ဖြစ်သည်ဟု သိရသည်။

ရှမ်းပြည်နယ်မှ အစိုးရ သစ်တောအရာရှိတဦးကိုလည်း အလံသစ်တင် အခမ်းအနားအတွက် ဖိတ်ကြား ထားသည်ဟု ပြောဆိုသည်။

“မွန်းလွဲ ၃ နာရီ အလံသစ်တင်အခမ်းအနားကို ရှမ်းပြည်နယ်တိုင်းမှူးနဲ့ ဌာနဆိုင်ရာ အကြီးအကဲတွေ အကုန်လုံး တက်ရမယ်” ဟု ရှမ်းပြည်နယ် တောင်ကြီးမြို့မှ သစ်တောဝန်ကြီးဌာန အကြီးအကဲက ပြောသည်။

၂၀၀၉ ခုနှစ်အတွင်းက ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ဇနီးဖြစ်သူ ဒေါ်ကြိုင်ကြိုင်က သမိုင်းဝင် ရှေးဟောင်း ဓနုတ် စေတီတော် ကြီးကို ထီးတော် တင်လှူပြီးနောက် ရက်ပိုင်းအတွင်း ထူးခြားသော နိမိတ် လက္ခဏာများ ပြသကာ ပြိုကျ သွားခဲ့သည်။ ထိုဖြစ်ရပ် နောက်ပိုင်းတွင် ဗိုလ်ချုပ်မှူးကြီး မိသားစုသည် ဗေဒင်ယတြာများကို ယခင်ထက် ပိုမိုယုံကြည် ပြုလုပ်လာကြောင်း နေပြည်တော် စစ်ဘက် အသိုင်းအ၀န်း ဆိုသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် ရွေးကောက်ပွဲအပြီး ဖြစ်ပေါ်လာမည့် ပြည်ထောင်စု လွှတ်တော် ပထမ အကြိမ် အစည်းအဝေး စတင်ကျင်းပသည့် နေ့မှစ၍ အာဏာ တည်မည်ဖြစ်ရာ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အလံသစ်ကိုလည်း ယင်းနေ့တွင်မှ စတင်ပြောင်းလဲ အသုံးပြုရမည် ဖြစ်ကြောင်း နိုင်ငံရေးသမား တဦးက ရှင်းပြသည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာတည်မှ အလံပြောင်းလို့ရမှာ။ အခု ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာ မတည်ခင် ဗေဒင်သဘောနဲ့ အလံပြောင်းတာက သူတို့ ပြဋ္ဌာန်းတဲ့ ဥပဒေသူတို့ ချိုးဖောက်တာပါပဲ။ အလံတခု ပြောင်းလို့လည်း ကိုယ်ပြုထားတဲ့ မကောင်းမှု အကုသိုလ်တွေ ကွယ်ပျောက် မသွားပါဘူး” ဟု ၎င်းက ဆိုသည်။

အသစ်ပြောင်းလဲလိုက်သည့် အလံသစ်များကို တနိုင်ငံလုံးအသုံးပြုနိုင်ရန် အခုရေ ၁ သန်းခန့် စတင် ချုပ်လုပ် နေပြီဖြစ်ကြောင်း၊ အလံ ၁ သိန်း ခွဲကို အမှတ် ၁ စက်မှုဝန်ကြီး ဌာနက ချုပ်လုပ်မည် ဖြစ်ပြီး ကျန်သည့် အရေအတွက်ကို တင်ဒါစနစ်နှင့် ခေါ်ယူပြီး ပုဂ္ဂလိက အထည်ချုပ် စက်ရုံများအား အပ်နှံမည်ဖြစ်ကြောင်း စုံစမ်း သိရှိရသည်။

နယ်ခြားစောင့်တပ်များ၏ စစ်ဝတ်စုံ လက်မောင်းတံဆိပ်များကိုလည်း နိုင်ငံတော် အလံသစ်၏ ပုံစံအတိုင်း အဖြူရောင် ကြယ်ပွင့်ပါ သုံးရောင်ခြယ် အလံ တံဆိပ်ပုံစံ အဖြစ် အသုံးပြုထားခဲ့ပြီး ဖြစ်သည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို နာဂစ်ဆိုင်ကလုန်းမုန်တိုင်း အတိုက်ခံခဲ့ရသော မေလ အတွင်းတွင် ဆန္ဒခံယူပွဲများ ကျင်းပ အတည်ပြုခဲ့ရာ ပြည်သူ ၉၂. ၄၈ ရာခိုင်နှုန်းက ထောက်ခံခဲ့ကြောင်း စစ်အစိုးရက ထုတ်ပြန် ကြေညာခဲ့သည်။

Ref: ဧရာဝတီ်

Read More...

တပ်တွင်းစစ်ရာထူး လျှို့ဝှက်ထား

မျိုးဝင်းဇော်
၂၁ အောက်တိုဘာ ၂၀၁၀

မကြာသေးမီက စစ်တပ်အတွင်း ထိပ်ပိုင်းရာထူးရှိသူများကို အနားပေးခြင်း၊ ရာထူးအသစ် ခန့်အပ်ခဲ့ခြင်းများ ရှိခဲ့သော်လည်း အချို့ စစ်ရာထူးများကို တပ်တွင်းလျှို့ဝှက်ထားဆဲ ဖြစ်ကြောင်း နေပြည်တော် စစ်ဌာနချုပ်မှ စစ်အရာရှိတဦးက ပြောကြားသည်။

“မူလက ထိပ်ပိုင်း စစ်ကောင်စီ အစည်းအဝေးလုပ်တယ်။ အဲဒီမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဗိုလ်ချုပ်ကြီး သူရရွှေမန်း အပါအဝင် အသက် (၅၅) နှစ်အထက် ထိပ်ပိုင်းတာဝန် ယူထားတဲ့ စစ်ခေါင်းဆောင်တွေကို စစ်ဘက် ရာထူးကနေ အနားယူပါ၊ သူနဲ့ ဒုဗိုလ်ချုပ်ကြီး မောင်အေးကတော့ တပ်မတော်ကို ထိန်းဖို့ စစ်ဘက် ရာထူးတွေကို ဆက်ပြီး ယူထားမှာ ဖြစ်ပေမယ့် ကာကွယ်ရေး ဦးစီးချုပ်၊ ဒုချုပ် ရာထူးတွေကိုတော့ လွှဲပေးလိုက်မှာ ဖြစ်တယ်ဆိုပြီး ပြောဆိုညှိနှိုင်း အကောင်အထည် ဖော်ခဲ့ကြတယ်။ တရားဝင် ပြန်တမ်းတွေလည်း ထွက်ထားတယ်” ဟု အမည်မဖော်လိုသူ ယင်း စစ်အရာရှိက ပြောသည်။

၎င်းက “အဲဒီ ပြန်တမ်းတွေထဲမှာ ဗိုလ်ချုပ်ကြီး သူရမြင့်အောင်ကို ကာကွယ်ရေး ဦးစီးချုပ်၊ ဗိုလ်ချုပ်ကြီး ကိုကို ကို ဒုကာကွယ်ရေး ဦးစီးချုပ် ဆိုပြီး အဲလို ပြန်တမ်း ထုတ်ထားတယ်။ ဒါပေမယ့် နောက်ပိုင်း ဗိုလ်ချုပ်မှူးကြီး တရုတ်ပြည်က ပြန်လာတဲ့အခါ စိတ်ပြောင်းသွားပြီး ဗိုလ်ချုပ်ကြီး သူရမြင့်အောင်နဲ့ ဗိုလ်ချုပ်ကြီးကိုကို တို့ကို အရံအင်အား (စစ်ရာထူး ဆက်ခံမယ့်သူ) အဖြစ် ပြန်တမ်း ပြန်ထုတ်ပြီး နေပြည်တော် ကာကွယ်ရေး ဝန်ကြီးဌာနမှာပဲ ရုံးထိုင် ထားခိုင်းလိုက်တယ်။ ဒါကြောင့် အဲဒီ နှစ်ယောက်ရဲ့ ရာထူးအမှန်ကို ထုတ်ပြန်ခြင်း မရှိတော့ဘဲ လျှို့ဝှက်ထားလိုက်တာ ဖြစ်တယ်” ဟု ရှင်းပြသည်။

အသက်အရွယ် ကြီးရင့်နေပြီ ဖြစ်သည့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နှင့် ဗိုလ်ချုပ်မောင်အေးတို့က စစ်ရာထူး တပ် ရာထူးများမှ အနားမယူဘဲ ဗိုလ်ချုပ်ကြီး သူရရွှေမန်းနှင့် အခြား ဗိုလ်ချုပ်ကြီးများကို အနား ပေးလိုက်ခြင်းကြောင့် အနား ပေးခံရသည့် ကာယကံရှင်များ ကရော၊ မိသားစုဝင် များကပါ အတော်လေး မကျေမနပ် ဖြစ်နေကြကြောင်း၊ နောက်မျိုးဆက် များကို ကာကွယ်ရေး ဦးစီးချုပ်၊ ဒုချုပ် ရာထူးကိုပါ လွှဲပေးမည် ဆိုခြင်းကြောင့် မကြိုက်သော်လည်း လက်သင့်ခံခဲ့ကြခြင်း ဖြစ်ကြောင်း ယခုကဲ့သို့ ဗိုလ်ချုပ်မှူးကြီးတို့က ကာကွယ်ရေး ဦးစီးချုပ် ရာထူးများကို ပြန်လည် ရယူ ထားလိုက်သည့် အပေါ် မကျေမနပ် ဖြစ်နေကြောင်း အခြားသော တပ်မတော်အရာရှိ အချို့ထံမှလည်း စုံစမ်း သိရှိရသည်။

ရွေးကောက်ပွဲအပြီး မကြာမီ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်လုပ်မည့် ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း မြင့်ဆွေ၏ ကိုယ်ရေး အရာရှိ အဖွဲ့ဝင် တဦးကမူ ယခုနောက်ဆုံး အစီအစဉ်အရ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် နိုင်ငံတော် သမ္မတ ရာထူးကို လက်ခံပြီးမှသာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ရာထူးကိုရော ဗိုလ်ချုပ်မှူးကြီး ရာထူးမှပါ အငြိမ်းစားယူမည် ဖြစ်ကြောင်း၊ အကြောင်းမှာ ဖွဲ့စည်းပုံအရ လာမည့် လွှတ်တော်နှင့် အစိုးရဖွဲ့စည်းရန် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ အခန်းကဏ္ဍ အလွန် အရေးပါသည့်အတွက် ယခုအချိန်တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ရာထူးကို စွန့်လွှတ်ထားရန် မဖြစ်နိုင်ကြောင်း ရှင်းလင်း ပြောဆိုသည်။

ဖွဲ့စည်းပုံအရ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် လာမည့် လွှတ်တော် အသီးသီးတွင် (၂၅) ရာခိုင်နှုန်း အရေအတွက် ရှိသည့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ၏ အမည်စာရင်း တင်သွင်းခြင်းအပြင် ကာကွယ်ရေး ဝန်ကြီး၊ နယ်စပ်ရေးရာ ဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး နေရာများအတွက် တပ်မတော်သား ဝန်ကြီးများကိုလည်း အမည်စာရင်း တင်သွင်းရမည် ဖြစ်သည်။

အဆိုပါ တပ်မတော်သား ကိုယ်စားလှယ်များသည် လွှတ်တော်တွင် ကာကွယ်ရေး ဦးစီးချုပ်ကို ဒု-သမ္မတ လောင်း တဦးအဖြစ် အမည်စာရင်း တင်သွင်းနိုင်ပြီး သမ္မတ ဖြစ်လာသည့်အခါ တပ်တွင်းမှ မိမိ စိတ်ချရသည့်သူကို ကာကွယ်ရေး ဦးစီးချုပ် အဖြစ် ခန့်ထားနိုင်မည် ဖြစ်သည်။

ခေတ်ပြိုင်မှ လက်လှမ်းမီသမျှ တပ်မတော် အရာရှိများထံ စုံစမ်းကြည့်ရာတွင် ဗိုလ်ချုပ်ကြီး သူရမြင့်အောင်နှင့် ဗိုလ်ချုပ်ကြီး ကိုကိုတို့ မည်သည့် တာဝန်များ ထမ်းဆောင်နေသည်ကို မည်သူမှ မသိရှိကြောင်း တုန့်ပြန် ဖြေကြားကြသည်။

Ref: ခေတ်ပြိုင်

Read More...

Thursday, October 21, 2010

မွန်ငြိမ်းချမ်းရေးနဲ့ ကာကွယ်ရေး တပ်ဖွဲ့ဝင် အားလုံး တနေရာထဲ ပြောင်းရွှေ့ရန် စစ်အစိုးရမှ ညွှန်ကြား

စန္ဒာဦး

သီတင်းကျွတ်လဆန်း၁၂ရက်။အောက်တိုဘာ ၂၁၊၂၀၁၀။

စန္ဒာဦး(အောက်တိုဘာ-၂၁)။ ။မွန်ပြည်သစ်ပါတီမှ ခွဲထွက်အဖွဲ့တစ်ခုဖြစ်သည့် မွန်ငြိမ်းချမ်းရေးနဲ့ ကာကွယ်ရေး တပ်ဖွဲ့ ဝင်များကို စစ်အစိုးရမှ တနေရာထဲမှာ စုစည်း နေဖို့ ညွှန်ကြားချက် တွေပေးလာခဲ့သည်ဟု အဖွဲ့နှင့် နီးစပ်သူ တစ်ဦးမှ ပြောပါသည်။

မွန်ငြိမ်းချမ်းရေးနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေအားလုံးကို တပ်တည်နေရာ အဖြစ်သတ် မှတ်ပေးထားသော ဖါးအံမြို့နယ်၊ ကော့ယက္ခ အမှတ်(၁) အထူးဒေသကို အောက်တိုဘာလ(၁၁)ရက်နေ့ နောက်ဆုံးထားပြီး တပ်အားလုံး ပြောင်းရွှေ့ကြရန် အရှေ့တောင်တိုင်း စစ်ဌာနချုပ် စစ်ဦးစီးမှူး ပထမတန်း၊ စစ်ဘက်ဆိုင်ရာ လုံခြုံရေး ဌာနကနေ ညွှန်ကြားချက် ပေးလာခဲ့သည်။

အဆိုပါ ညွှန်ကြားချက်အပေါ် မွန်ငြိမ်းချမ်းရေးနဲ့ကာကွယ်ရေးတပ်ဖွဲအနေနှင့် လက်ရှိအနေအထား အရ ပြောင်းရွှေ့ရန် အခက်အခဲ ရှိနေကြောင်း အရှေ့တောင်တိုင်း စစ်ဌာနချုပ်ကို တင်ပြထားသည်ဟု အဖွဲ့နှင့် နီးစပ်သူ စီးပွါးရေး လုပ်ငန်းရှင် တစ်ဦးကို ဆက်သွယ်မေးမြန်းရာတွင် ယခုလို ပြောပါသည်။

“(၁၁)ရက်နေ့ကို ကော့ယက္ခအထူးဒေသကို ပြောင်းရွှေ့ဖို့ ညွှန်ကြားထားတာ ရှိတယ်။ အဲတာ သူတို့က အချိန်တိုတို အတွင်း(၄)ရက် အတွင်းမှာ ဆိုရင် ပြောင်းဖို့ အချိန် မလုံလောက်ဘူး။ ဒီကော့ယက္ခ ဒေသဟာလဲ လမ်းပန်း ဆက်သွယ်ရေး ဟာခက်တယ်။ နောက်နယ်မြေက ကျဉ်းတယ်။ နောက်ရွာတွေ ငယ်ပြီးတော့ ဒီစားဝတ်နေရေးတွေ အဆင်မပြေဘူး။ အကောက်အခွန်လဲ ကောက်လို့ မရတဲ့ အခါကျတော့ စားဝတ်နေရေးတွေ အခက်အခဲရှိတယ်။ အဲဒီလို တင်ပြထားတာ ရှိတယ်။”

ထို့အပြင် နောက်ထပ်နေရာဒေသသစ်များဖြစ်သော နောက်ကျိုက်မရောမြို့နယ် ကော့ဒွန်းကော့ပနော ဒေသ ရေးမြို့နယ် တောင်ပိုင်း မြောက်ပိုင်း နယ်မြေဒေသ သံဖြူဇရပ်မြို့နယ် ရသေ့တောင်ဒေသ၊ မုဒုံမြို့နယ်၊ သထုံခရိုင် ဒေသအချို့ ကိုလည်း ထပ်မံ တောင်းဆိုမှု ပြုခဲ့သည်ဟု အဖွဲ့နှင့် နီးစပ်သူ တစ်ဦးမှပြောပါသည်။

ဤတောင်းဆိုချက်အပေါ် စစ်အစိုးရမှ အကြောင်းပြန်ခြင်းမရှိသေးဟု အဖွဲ့နဲ့နီးစပ်သူ တစ်ဦးမှ ပြောပါသည်။

စစ်အစိုးရကနေသတ်မှတ်ပေးထားသော ကော့ယက္ခအထူးဒေသသည် ယခင်ကမွန်ပြည်သစ် ပါတီနှင့် စစ်အစိုးတို့ အပစ်ခတ် ရပ်ဆဲရေး စတင် ဆွေးနွေးစဉ်က မွန်ပြည်သစ် ပါတီကို ယာယီ တပ်တည်နေရာ အဖြစ် သတ်မှတ် ပေးထားသည့် နယ်မြေဖြစ်ပါသည်။

မွန်ငြိမ်းချမ်းရေးနဲ့ကာကွယ်ရေးအဖွဲ့ကို (၂ဝဝ၈)ခုနှစ်တွင် မွန်ပြည်သစ်ပါတီမှ အနားယူ ထားသော စစ်ဦးစီး ချုပ်ဟောင်း ဗိုလ်ချုပ်အောင်နိုင်မှ နေပြည်တော် စစ်အာဏာပိုင်များနှင့် နားလည်မှု ရယူပြီး ဖွဲ့စည်းတည် ထောင်ခဲ့ပါသည်။

တပ်အသွင်ပြောင်းရေးကိုလက်မခံသည့် မွန်ပြည်သစ်ပါတီအပေါ် စစ်အစိုးရကနေ စစ်ရေးအရ ထိုးနှက် လာမည် ဆိုလျှင် မွန်ပြည်သစ် ပါတီ လှုပ်ရှားရာ နယ်မြေ ဒေသများကို ပြန်လည်ချုပ်ကိုင်ရန် အစီအစဉ်ရှိရှိနဲ့ လုပ်ဆောင်နေသည်ဟု စစ်အာဏာပိုင်များနှင့် နီးစပ်သူ တစ်ဦးမှ ပြောပါသည်။

မွန်ငြိမ်းချမ်းရေးနှင့်ကာကွယ်ရေးအဖွဲ့ကို မွန်ပြည်သစ်ပါတီက စစ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်အောင်နိုင် ကွယ်လွန်ပြီး နောက်ပိုင်း ဒုတိယ ဥက္ကဌဖြစ်သူ ဗိုလ်ချုပ် နိုင်ရှောင်မှ ဥက္ကဌအဖြစ် ဆက်လက် ဦးဆောင်ခဲ့ပါသည်။

မွန်ငြိမ်းချမ်းရေးနဲ့ ကာကွယ်ရေး အဖွဲ့သည် စစ်အစိုးရအလိုကျ ဌာနေပြည်သူ့စစ် တပ်ဖွဲ့ ဖွဲ့စည်းရန် သဘော တူညီချက် ရရှိပြီး ဖြစ်သော်လည်း လိုအပ်သော တပ်ဖွဲ့ဝင်ဦးရေ မပြည့်သော ပြဿနာကြောင့် ယနေ့ထိတိုင် ဖွဲ့စည်းနိုင်ခြင်း မရှိသေးပေ။


Ref: ကောင်းဝါ

Read More...

စစ်အစိုးရ ဖမ်းဆီးသွားတဲ့ KIA အရာရှိတွေ ဘယ်ရောက်နေသလဲ

ဗုဒ္ဓဟူး, 20 အောက်တိုဘာ 2010

ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) က အဖွဲ့ဝင် ၃ ယောက်ကို မြန်မာစစ်အစိုးရ အာဏာပိုင်တွေက တနင်္လာနေ့က ဖမ်းဆီး သွားခဲ့ပြီးတဲ့နောက် အခု ဒီလူတွေ ဘယ်ရောက်နေတယ်ဆိုတာ မသိရဘဲ ပျောက်နေတယ်လို့ KIA အဖွဲ့က ပြောပါတယ်။

ရဲတွေက KIA အဖွဲ့ရဲ့ ရုံးခန်းတွေကို ၀င်ရောက်စီးနင်းပြီး ကချင်အရာရှိ ၂ ယောက်နဲ့ တပ်သားတဦးကို ဖမ်းဆီး သွားခဲ့တာ ဖြစ်တယ်လို့ KIA အဖွဲ့ဝင်တွေက ပြောပါတယ်။ သူတို့ကို ဖမ်းဆီးပြီး နောက်တရက်မှာပဲ ဒီလူတွေ ထွက်ပြေးသွားခဲ့ပြီး အခု သူတို့ ဘယ်မှာရှိနေတယ် ဆိုတာကို မသိဘူးလို့ မြန်မာစစ်တပ်က ပြောပါတယ်။

အောက်တိုဘာလ ၁၂ ရက်နေ့က မြေမြှုပ်မိုင်း ပေါက်ကွဲလို့ လူ ၂ ယောက် သေဆုံးပြီး တယောက် ဒဏ်ရာရခဲ့တဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး KIA ကို မြန်မာစစ်အစိုးရက ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ပြစ်တင် ဝေဖန်ခဲ့ပါတယ်။

ကချင်ပြည်နယ် မြောက်ပိုင်းမှာ ကချင် လက်နက်ကိုင် သူပုန်တွေက မိုင်းတွေကို ထောင်ထားတာ ဖြစ်တယ်လို့ မြန်မာ စစ်အစိုးရ သတင်းစာက ရေးသားဖော်ပြခဲ့ပါတယ်။

နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့ KIA အဖွဲ့က ငြင်းဆန်ခဲ့ပြီးတဲ့ နောက်ပိုင်း မြန်မာစစ်အစိုးရနဲ့ ကချင်တပ်ဖွဲ့တွေ အကြားက ဆက်ဆံရေးဟာ တင်းမာနေခဲ့တာ ဖြစ်ပါတယ်။

Ref: VOA News

Read More...

ဒေါ်အောင်ဆန်းစုကြည်၏အထူးအယူခံ တရားရုံးချုပ်က လက်ခံလိုက်ပြီ

2010-10-20

ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဒေါ်ခင်ခင်ဝင်းတို့သားအမိရဲ့ အထူးအယူခံ လျှောက်ထားမှုကို မြန်မာနိုင်ငံ တရားရုံးချုပ်က လက်ခံလိုက်ကြောင်း အောက်တိုဘာ ၂၀ ရက် ဒီကနေ့ နေ့လည်ပိုင်းမှာ ကြေညာတယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်၊ ဒေါ်ခင်ခင်ဝင်းနဲ့ သမီး မဝင်းမမတို့ကို စစ်အစိုးရ အင်းစိန်ခရိုင် အထူးတရားရုံးက မနှစ်က ထောင်ဒဏ် ၃နှစ်စီ ချမှတ်ခဲ့တဲ့ အတွက် ရန်ကုန်တိုင်းတရားရုံးကို အယူခံဝင်ရာမှာ ပယ်ချခံရတဲ့ အတွက် တရားရုံးချုပ်ကို ပြင်ဆင်မှု တင်သွင်းခဲ့ပါတယ်။

အဲဒါကိုလည်း ထပ်မံပယ်ချ ခံခဲ့ရပြန်တဲ့အတွက် တရားရုံးချုပ်ကို အထူးအယူခံအဖြစ် မကြာခင်က တင်သွင်းခဲ့ရာမှာ ကြားနာဖို့ လက်ခံကြောင်း အခုလို သဘောတူလိုက်တာ ဖြစ်ပါတယ်။

ဒါ့ကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေက ဒီအမှုအတွက် နေပြည်တော်ကို သွားရောက်ပြီး အပြီးသတ် လျှောက်လဲကြရဖို့ ရှိတယ်လို့လည်း သိရပါတယ်။

Ref: RFA News

Read More...

လမ်းကင်းဂိတ်စောင့်ပုလိပ်များအားလုံးဆုတ်ခွါရန် မိုင်းနောင် စကခ ၂ ညွှန်ကြား

မွေခေါဝ်
Wednesday, 20 October 2010

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် မိုင်းနောင်အခြေစိုက် စစ်ဆင်မှုကွပ်ကဲရေးဌါနချုပ် အမှတ် (၂) က လမ်းကင်း ဂိတ်စောင့် ပုလိပ်များ အားလုံး ဆုတ်ခွါရန် ညွှန်ကြားထားကြောင်း စုံစမ်း သိရှိရပါသည်။

“မိုင်းနောင်လမ်းကင်းဂိတ်တွေမှာ စောင့်တဲ့ပုလိပ်တွေကိုဘဲ ဆုတ်ခိုင်းတာ မဟုတ်ဘူး။ လဲချား၊ မိုင်းကိုင်၊ ကျေးသီးနဲ့ မိုင်းရှုး လမ်းဂိတ်တွေမှာ စောင့်တဲ့ အင်အား ချိနဲ့ ပုလိပ်တွေ အားလုံး ဆုတ်ခိုင်းတာ” ဟု မိုင်းနောင် ဒေသခံ တစ်ဦးက ပြောပါသည်။

အောက်တိုဘာ ၁၇ ရက် မိုင်းနောင်မြို့နယ်ခွဲ၌ လမ်းကင်းဂိတ်စောင့် နအဖ ရဲတပ်ဖွဲ့နှင့် သျှမ်းစစ်သားဟု ယူဆရသော နွား ကျောင်းသား ဟန်ဆောင် လူတစ်စု အကြား တိုက်ပွဲ ဖြစ်ပွါးခဲ့ပြီး နောက်တစ်နေ့ ၁၈ ရက်၌ ဆုတ်ခွါရန် ညွှန်ကြားခြင်း ဖြစ်သည် ဟု ၎င်းက ဆက်လက်ပြောပါသည်။

“အခုရဲတပ်တွေဆုတ်ခိုင်းတာ SSA တောင်ပိုင်းလှုပ်ရှားတဲ့နယ်မြေတွေမှာတင်မက SSA မြောက်ပိုင်း လှုပ်ရှားတဲ့ နယ်မြေမှာလဲ ဆုတ်ခိုင်းတော့ နအဖက နှစ်ဖွဲ့စလုံးကို သတိမူ ရန်ဆောင်နေတဲ့ သဘောရှိတယ်။ မနှစ်တုန်းကလို စစ်တပ်တွေ ဆုတ်ခိုင်းပြီး ရွာတွေ ရွေ့ပြောင်း ခိုင်းတာမျိုး ဖြစ်လာနိုင်တယ်” ဟု နိုင်ငံရေး လေ့လာသူ တစ်ဦးကပြောပါသည်။

၂၀၀၉ ဂျွန်လိုင်လနှောင်းပိုင်း လဲချား-မိုင်းကိုင်အကြား SSA တောင်ပိုင်းနှင့် လမ်းကင်းဂိတ်စောင့် နအဖ စစ်တပ်တို့ တိုက်ပွဲ ဖြစ်ပွါးပြီးနောက် နအဖ စစ်တပ် အားလုံး ဆုတ်ခွါရန် အမိန့်ချခဲ့သည်။ ထို့နောက် လဲချား၊ မိုင်းကိုင်နှင့် မိုင်းနောင် မြို့နယ်ရှိ ရွာပေါင်း ၅၀၀ ခန့်ကို နအဖက ရွေ့ပြောင်ခိုင်းခဲ့သည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

ဦးအောင်သိန်းလင်းကို မဲပေးရန် မင်္ဂလာဈေး ဆိုင်ရှင်များကိုစည်းရုံး

နရီလင်းလက် Wednesday, October 20, 2010

ရန်ကုန်မြို့ရှိ မင်္ဂလာ ဈေးကြီးကို ယခင်ကထက် ပိုမိုကောင်းမွန်ရန် မြို့တော်ဝန်မှ ပြုလုပ်ပေးနေ သောကြောင့် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ကိုယ်စားပြု ၀င်ရောက် ယှဉ်ပြိုင်မည့် မြို့တော်ဝန် ဦးအောင်သိန်းလင်းကို မဲထည့်ရန် ပြောဆို စည်းရုံး နေကြောင်း သိရသည်။

ယခုနှစ် မေလ ၂၄ ရက် နေ့တွင် အဆင့်မြင့် မင်္ဂလာဈေးကြီး မီးလောင်ကျွမ်းမှု ဖြစ်ပေါ်ခဲ့ပြီး ပစ္စည်းဆုံးရှုံးမှု ခန့်မှန်း တန်ဖိုးမှာ သိန်းပေါင်း နှစ်သိန်းကျော်ခန့် ဆုံးရှုံးခဲ့သည်။

ဗိုလ်မှူးချုပ်ဟောင်း မြို့တော်ဝန် ဦးအောင်သိန်းလင်းသည် ကြံ့ဖွံ့ပါတီ ကိုယ်စားပြု တောင်ဥက္ကလာပ မြို့နယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် လောင်းအဖြစ် ၀င်ရောက် ယှဉ်ပြိုင်မည်။

ဈေးသာယာရေးကော်မတီ တာဝန်ရှိသူများက ကြံ့ဖွံ့ပါတီအား မဲထည့်ရန် ဆိုင်ရှင်များကို ပြီးခဲ့သည့် တပတ်ခန့်က ခေါ်ယူ ပြောဆိုခဲ့သည်ဟု မင်္ဂလာဈေး မြေညီထပ်မှ အထည် လက်လီ လက်ကား ရောင်းချသည့် ဆိုင်ရှင်တဦးက ပြောပြသည်။

ဘဏ်မှ ချေးငွေထုတ်ပေးခြင်း၊ ယာယီဈေးများစီစဉ်ပေးခြင်းတို့ကို မြို့တော်ဝန် က စီစဉ် ပြုလုပ်ပေး ခဲ့သောကြောင့် မြို့တော်ဝန် ဦးအောင်သိန်းလင်း အား မဲထည့်ရန် ပြောဆိုခဲ့သည်ဟု ၎င်းက ဧရာဝတီ ကို ပြောသည်။

“မြို့တော်ဝန်ကနေ ဈေးကော်မတီက လူတွေကို စည်းရုံးခိုင်းထားတဲ့ သဘောမျိုး။ ဘဏ်က ငွေချေးတယ် ဆိုတာကလည်း အခု ရပ်ထားတယ်။ ပထမ အသုတ်တော့ ပြီးသွားပြီ။ ချေးပြီးသွားတဲ့ လူတွေကိုကျတော့ ချေးထားတဲ့ အတွက် မင်းတို့ ကြံ့ဖွံ့ကို မဲထည့်ပေါ့။ မချေးရသေးဘဲ စောင့်နေတဲ့ လူကျတော့လည်း ချေးငွေ လိုချင်ရင် ကြံ့ဖွံ့မဲထည့် ဘယ်ဘက်ကမှ မလွတ်အောင် မဲထည့်ခိုင်းတာ”ဟု အဆိုပါ အထည်ဆိုင်ပိုင်ရှင်က ပြောသည်။

မင်္ဂလာဈေး၏ မြေညီထပ်၊ ပထမထပ်၊ ဒုတိယထပ် များကို ပြန်လည်ပြင်ဆင် ဖွင့်လှစ်ထား သော်လည်း မီးလောင် ကျွမ်းသည့် စထုထ္တထပ်နှင့် ပဉ္စမထပ် ကို ဆက်လက် ပြင်ဆင် နေသေးကြောင်း သိရသည်။

“အောက်ထပ်တွေကတော့ နည်းနည်းပါးပါး ပြင်ပြီး ဆိုင်တွေ ပြန်ပေးဖွင့်လိုက်တယ်။ အပေါ်ထပ် တွေကတော့ သူတို့ စတီးတွေ ဘာတွေနဲ့ ခိုင်ခိုင်ခံ့ခံ့ တည်ဆောက်ပေးမယ် ဆိုပြီး ပြောတာပဲ။ ဒီလို ဖြစ်အောင် မြို့တော်ဝန်ကနေ လုပ်ပေးမှာ ဖြစ်တဲ့ အတွက် သူ့ကို မဲထည့် ဆိုပြီး ပြောတယ်”ဟု စားသောက်ကုန် ပစ္စည်းများ ရောင်းချနေသည့် ဆိုင်ရှင်တဦးက ပြောသည်။

မင်္ဂလာဈေးကြီး ပြန်လည်ပြင်ဆင် ဆောက်လုပ်နေမှု လုပ်ငန်းများကို လာမည့် နိုဝင်ဘာ လကုန်ပိုင်းတွင် အပြီးသတ်ရန် စီစဉ်ထားသည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူ တဦးကပြောကြောင်း ပြည်တွင်း အခြေစိုက် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားသည်။

“ဆေးဆိုင် တန်းနဲ့ အလှကုန်ရှိတဲ့ တတိယထပ်နဲ့ စထုထ္တထပ်ရယ် အပေါ်ဆုံးက စားသောက်တန်းရယ်ကို နိုဝင်ဘာ လကုန် ပြန်ဖွင့် ပေးနိုင်အောင် လူကြီးတွေကို ပြောပေးမယ် ကြံ့ဖွံ့ကို မဲထည့်ဆိုပြီးပြောတယ်”ဟု ဆေးဆိုင်ဖွင့်လှစ် ထားသူတဦး ကလည်း ဆိုသည်။

“မီးလောင်လို့ ဆုံးရှုံးသွားတဲ့ပြည်သူတွေကို လိုအပ်တာ ကူညီပေးရမှာ နိုင်ငံတော် အလုပ်။ ဒါကို ကြံ့ဖွံ့ကို မဲထည့်ရမယ် ဆိုပြီး အတင်းအကျပ် လုပ်တာကတော့ မကောင်းဘူး။ ငါတို့ ဘက်က ချေးငွေတွေ ထုတ်ပေးတယ်။ ဒီလိုတွေ ကူညီတယ်။ မင်းတို့ ဘက်က မဲထည့် ဆိုတာကလည်း အပေးအယူလုပ်နေသလို ဖြစ်နေတယ်။ တကယ် စေတနာရှိလို့ ဒုက္ခ ရောက်နေတာကို ကူညီတာမှ မဟုတ်တာ။ ဆိုင်တော်တော် များများကတော့ ကြံ့ဖွံ့ကို မဲမထည့်ချင်ဘူး”ဟု ၎င်းက ဆက်ပြောသည်။

မင်္ဂလာဈေးတွင် ဆိုင်ဖွင့်လှစ်ထားသည့် တချို့ စီးပွားရေးလုပ်ငန်းရှင်ကြီးများကိုလည်း ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ်လောင်း အဖြစ် ၀င်ရောက် ယှဉ်ပြိုင်ရန် ညွှန်ကြားထားကြောင်း သိရသည်။

“တချို့တွေက မ၀င်ချင်ဘူး။ ဒါပေမယ့် အခွင့်အရေးရမယ်ဆိုတာ သိတော့ စီးပွားရေးသမားတွေ ဈေးတွက် တွက်ပြီး ၀င်တာရှိတယ်။ ဆိုင်ကြီးကြီးဖွင့်ထားတဲ့ ၂ ဆိုင်၊ ၃ ဆိုင်ရှိတဲ့ လူတွေ ကြံ့ဖွံ့ ကိုယ်စားဝင်တာ ရှိတယ်။ လူကြီးတွေနဲ့ နည်းနည်း ရင်းနှီးတဲ့ သူတွေဆို ဈေးထဲကို ဆင်းပြီး ကြံ့ဖွံ့အတွက် မဲဆွယ်တာတွေ လုပ်တယ်”ဟု အလှကုန် ပစ္စည်းဆိုင် ဖွင့်လှစ် ထားသူတဦးက ပြောသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ အခန်း ၃၊ ပုဒ်မ ၁၂ (က- ၅) အရ ပါတီများအနေဖြင့် နိုင်ငံပိုင် ငွေကြေး၊ မြေ၊ အိမ်၊ အဆောက် အအုံ၊ ယာဉ်၊ ပစ္စည်းတို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သောနည်းဖြင့် ဖြစ်စေ ရယူသုံးစွဲသည့် အဖွဲ့အစည်းအား ပါတီအဖြစ် ဆက်လက် ရပ်တည်ခွင့်မရှိကြောင်း ဖော်ပြထားသည်။

ပါတီပိုင် ရန်ပုံငွေကို အစိုးရပိုင် မြို့တော် စည်ပင်ဘဏ်မှတဆင့် ထုတ်ချေးသည်ဆိုလျှင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ချိုးဖောက်ခြင်းဖြစ်ကြောင်း တွေ့ရသည်။

ကြံ့ဖွံ့ပါတီသည် စစ်အစိုးရကျောထောက် နောက်ခံပြုကာ ၁၉၉၃ တွင် လူမှုရေး အဖွဲ့အစည်းအဖြစ် အမည်ခံ ဖွဲ့စည်းခဲ့သော ကြံ့ဖွံ့ အသင်းမှ အသွင် ပြောင်းလာသော ပါတီဖြစ်သည်။

မင်္ဂလာဈေးကို ၁၉၉၇ ခုနှစ် မေလတွင် ယုဇနကုမ္ပဏီက တာဝန်ယူ ဆောက်လုပ်ခဲ့ပြီး ၁၉၉၈ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။

မင်္ဂလာဈေးသည် ခေါင်မိုးထပ်နှင့် မြေအောက်ထပ် ကားပါကင် အပါအ၀င် စုစုပေါင်း ၇ ထပ်ရှိပြီး မြေညီထပ်တွင် ဆိုင်ခန်း ၈၄၉ ခန်း၊ ပထမထပ်၊ ဒုတိယထပ်နှင့် တတိယထပ်တို့တွင် ဆိုင်ခန်း ၇၉၇ ခန်းစီနှင့် စတုထ္တထပ်နှင့် ခေါင်မိုးထပ်တွင် ဆိုင်ခန်း ၄၈ ခန်း စုစုပေါင်း ၄၀၆၇ ခန်းရှိသည်။

ယင်းဈေးကြီးသည် ပြီးခဲ့သည့် မေလ ၂၄ ရက် နံနက် ၈ နာရီခွဲတွင် စတုတ္ထထပ်ရှိ ဈေးသာယာရေး ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ပိုင် အလှကုန်ဆိုင်မှ ၀ါယာရှော့ဖြစ်ကာ လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ဆေးဝါးအရောင်းဆိုင် ၃၉၈ ဆိုင်၊ အလှကုန်ဆိုင် ၃၉၉ ဆိုင် နှင့် စားသောက်ဆိုင် ၄၈ ဆိုင် မီးလောင်ကာ ဆုံးရှုံးမှုတန်းဖိုး ငွေကျပ် သိန်းပေါင်း ၂၀၉၂၆၃ သိန်း ဖြစ်သည်ဟု အစိုးရ သတင်း ထုတ်ပြန်ချက်အရ သိရသည်။

Related Story: မီးသင့် မင်္ဂလာဈေး ဆိုင်ရှင်များကို ကြံ့ဖွံ့ပါတီ ငွေချေးမည်။

Ref: ဧရာဝတီ

Read More...

Wednesday, October 20, 2010

ဗိုလ်သန်းရွှေရဲ့ ရွေးကောက်ပွဲကို ဘာလုပ်ကြမလဲ

မောင်သြ

၁၉ အောက်တိုဘာ ၂၀၁၀

မြန်မာနိုင်ငံမှာ ၂၀၁၀ ရွေးကောက်ပွဲကြီး ကျင်းပဖို့ ရက်ပိုင်းလောက်ပဲ လိုပါတော့တယ်။ ဒီ ရွေးကောက်ပွဲကြီးကို နအဖ စစ်အစိုးရက ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲလို့ သတ်မှတ် ထားပေမယ့် တကယ်တော့ ဒီရွေးကောက်ပွဲကြီးဟာ ဗိုလ်သန်းရွှေ ရွေးကောက်ပွဲလို့ ခေါ်ရင် ပိုမှန်ပါလိမ့်မယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီရွေးကောက်ပွဲဟာ ဗိုလ်သန်းရွှေ လက်သပ်ကျောသပ် မွေးထားတဲ့ ဗိုလ်သန်းရွှေရဲ့ အမိန့် သြဇာခံ ပါတီလည်းဖြစ်၊ ဗိုလ်သန်းရွှေ ကိုယ်တိုင် နာယကကြီး အဖြစ် ပါဝင်ထားတဲ့ ပါတီလည်းဖြစ်တဲ့ ကြံ့ဖွံ့ပါတီ အနိုင်ရရှိဖို့ ကျင်းပတဲ့ ရွေးကောက်ပွဲ ဖြစ်လို့ပါပဲ။

ကြံ့ဖွံ့ပါတီနိုင်မှလည်း နအဖရဲ့ ၂၀၀၈ ခုနှစ် အခြေခံဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေကို အတည်ပြု နိုင်မှာကိုး။ ဒီအခြေခံ ဥပဒေ အတည်ပြုနိုင်မှလည်း စစ်အာဏာရှင် အစိုးရ ရာသက်ပန် အုပ်ချုပ် သွားနိုင်မယ်။ စစ်အာဏာရှင်များ အနေနဲ့ သူတို့ ကျူးလွန်ထားတဲ့ စစ်ရာဇ၀တ်မှုများ၊ လူမျိုးတုံး သတ်ဖြတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ဘေးအန္တရာယ်များမှ ကင်းလွတ်သွားမယ်။ ဒါကြောင့် ဗိုလ်သန်းရွှေဟာ ဒီရွေးကောက်ပွဲကို ကြံ့ဖွတ်ပါတီ အနိုင်ရဖို့ အပိုင် ကြံစည်နေပါတယ်။

ဗိုလ်သန်းရွှေဟာ သူ့ဘ၀တလျှောက်လုံးမှာ မပိုင်ရင် ဂလိုင်တောင် မခေါက်ဘူးဆိုတဲ့ လူစားမျိုးပါ။ ဘာပဲလုပ်လုပ် ပိုင်မှ အသေကိုင်တာ။ ၁၉၉၂ ခုနှစ်က ဗိုလ်စောမောင်ကို ဖြုတ်ချခဲ့တာ ကြည့်မလား။ ကျေးဇူးရှင် ဗိုလ်နေ၀င်းမိသားစုကို အမှောင်တိုက် သွင်းခဲ့တာ ကြည့်မလား၊ ၁၉၉၇ ခုနှစ် ဗိုလ်ထွန်းကြည်၊ ဗိုလ်ကျော်ဘ၊ ဗိုလ်ကျော်မင်း စတဲ့ စစ်အုပ်စုတွေကို ဖယ်ရှားပစ်ခဲ့တာ ကြည့်မလား၊ နောက်ဆုံး ၂၀၀၄ ခုနှစ်မှာ ဗိုလ်ခင်ညွန့်နဲ့ အပေါင်းပါတွေကို ဖမ်းဆီးဖြုတ်ချ ထုတ်ပယ်ပစ်ခဲ့တာ ကြည့်မလား။ ဒါတွေဟာ ဗိုလ်သန်းရွှေ အာဏာရှင်ပလ္လင် ဖင်မြဲဖို့အတွက် စနစ်တကျ အကွက်ချ အပိုင် လုပ်ခဲ့တာတွေပါ။

ဗိုလ်သန်းရွှေ အပိုင်လုပ်ခဲ့သမျှ မအောင်မြင်တာတခုပဲ ရှိပါတယ်။ အဲဒါကတော့ အန်အယ်လ်ဒီ ဒု-ဥက္ကဋ္ဌ ဦးတင်ဦး၊ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ဝင်များ ဒီပဲယင်း (၂၀၀၃ ခုနှစ်) လုပ်ကြံခံရမှုမှာ သူသေစေချင်တဲ့ ဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင် နှစ်ဦးဟာ ဒဏ်ရာ ရရှိရုံမှတပါး အသက်ရှင် ကျန်ရစ်ခဲ့တဲ့အတွက် ဗိုလ်သန်းရွှေ ကြိတ်မနိုင် ခဲမရ ဖြစ်ခဲ့ရပါတယ်။

အခုလည်း ဗိုလ်သန်းရွှေဟာ ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို အတည်ပြုနိုင်ဖို့ သူ့ဆန္ဒအတိုင်း ကောက်ကျစ်ယုတ်မာပြီး သူ့ရဲ့ကိုယ်ပွား ကြံ့ဖွံ့ပါတီကြီးကို နိုင်လဲနိုင်၊ ရှုံးလည်းနိုင်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အပိုင်တော်ကြံပြီး တိုင်ပေါ်အလံစိုက်ဖို့ အရှက်မရှိ ကြိုးစားနေတာ တွေ့နေရပါပြီ။

ဗိုလ်သန်းရွှေတခေတ်လုံးမှာ “မကောင်းမှုရှောင် ကောင်းမှုဆောင် ဖြူအောင်စိတ်ကို ထား” ဆိုတဲ့ ဗုဒ္ဓရဲ့ အဆုံးအမ တရား မရှိခဲ့ပါဘူး။ ရက်စက်ယုတ်မာ ကောက်ကျစ်တဲ့ လူသတ်သမား စစ်အာဏာရှင် အနေနဲ့ရယ်၊ လောဘ၊ ဒေါသ၊ မာန်မာနတွေနဲ့ အာဃာတကြီးသူ၊ အငြိုးကြီးသူ၊ စစ်ဘီလူး အသွင်နဲ့ရယ် နှစ်မျိုးပဲ တွေ့မြင် နေရပါတယ်။ ပြည်သူအားလုံးက စက်ဆုပ်ရွံရှာ မုန်းတီးသလား မပြောနဲ့၊ တိုင်းပြည်ကြီး ဆင်းရဲ မွဲတေ နေသလောက် ဗိုလ်သန်းရွှေရဲ့ လက်ပါးစေ အုပ်စုတွေကတော့ သားစဉ်မြေးဆက် ဆယ်သက် ဆယ်ကမ္ဘာ မဆုံးနိုင်အောင် ကျိကျိတက် ကောင်းစား ချမ်းသာ ကြီးပွား နေကြပါပြီ။ ဒါကိုက တိုင်းပြည်နဲ့ လူမျိုးအကျိုးထက် ကိုယ်ကျိုးကြည့် အတ္တ လောက်ကောင်တွေ ဆိုတာ ထင်ရှားနေပါပြီ။


ဗိုလ်သန်းရွှေ ကျင်းပပေးမယ့် ၂၀၁၀ ရွေးကောက်ပွဲရဲ့ အကြိုရလဒ် အဖြေဟာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်ကတည်းက ကြိုမြင် နေခဲ့ရပါပြီ။ ခုတော့ ရုပ်လုံးက ပိုကြွပြီး ၂၀၁၀ ရွေးကောက်ပွဲ အဖြေဟာ မကျင်းပမီ ကတည်းက အတွင်းသားကို အထင်းသား မြင်နေရပြီ။

စိတ်ကူးယဉ်ပြီး ဉာဏ်တထွာတမိုက်နဲ့ ဗိုလ်သန်းရွှေရဲ့ ရွေးကောက်ပွဲ နွားတင်းကုပ် ထဲကို ခွေးတိုးပေါက်က ၀င်မိကြတဲ့ သူတွေကတော့ နောက်ဆုံးမှာ နွားသတ်ရုံထဲ အပို့ ခံရတော့မယ့် နွားတွေ ဖြစ်နေမှာ သနားမိပါတယ်။ တကယ်တော့ ဗိုလ်သန်းရွှေရဲ့ ၂၀၁၀ ပါတီစုံ ရွေးကောက်ပွဲ အောင်မြင်ရေး အတွက် ရွေးကောက်ပွဲဝင် ပါတီတွေဟာ အဖြည့်ခံ အကူသဘောနဲ့ ပံ့ပိုး ကူညီပေးသလို အသုံးချခံ သက်သက် ဖြစ်နေပါတယ် ဆိုတာကို ရွေးကောက်ပွဲ အလွန်ကျရင် နောင်တရကြမှာ သေချာပါတယ်။

ဗိုလ်သန်းရွှေရဲ့ ရွေးကောက်ပွဲအလွန်ကာလကို မှန်းမျှော်ကြည့်လိုက်ရင် လွှတ်တော်ထဲမှာ နအဖရဲ့ အမိန့် နာခံတော် ဘောင်းဘီဝတ် တပ်မတော်သား ကိုယ်စားလှယ်များက (၂၅) ရာခိုင်နှုန်း အပိုင် ယူထားပြီး ပူပူနွေးနွေး ဘောင်းဘီ ချွတ်ထားတဲ့ တသွေးတသံ တမိန့် ခေါင်းတော်ညိတ် ပုဆိန်ရိုး ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ်များ၊ နအဖ ကျောထောက် နောက်ခံ ပေးထားတဲ့ အခြား ကိုယ်စားလှယ်များ၊ ပြီးတော့ မဆလ ခေတ်ဟောင်းက ဘောင်းဘီချွတ် ဗိုလ်ချုပ် ဟောင်းကြီးများ ပါဝင်တဲ့ တစည ကိုယ်စားလှယ်များ … စတဲ့ ကိုယ်စားလှယ် များကလည်း လွှတ်တော်ထဲမှာ အများစု လွှမ်းမိုး နေမှာဖြစ်ပါတယ်။ အရပ်ဘက် ဒီမိုကရေစီ အင်အားစု ပါတီများက ကိုယ်စားလှယ်များ အနေနဲ့ကတော့ ခပ်ပါးပါးမျှသာ တွေ့နေရမှာပါ။

အဲဒီတော့ အာဏာဟာ ပြည်သူက ဆင်းသက်ရမယ်ဆိုတဲ့ ဒီမိုကရေစီ စံနှုန်းနဲ့ ရွေးကောက်ပွဲ ဆိုတာထက် အာဏာဟာ တပ်မတော်က ဆင်းသက်ရမယ် ဆိုတဲ့ အာဏာရှင် ရွေးကောက်ပွဲသာ ထွက်ပေါ် လာပါလိမ့်မယ်။ ရွေးကောက်ပွဲရဲ့ အခြေခံ အဓိက ရည်ရွယ်ချက်မှာကိုက လွတ်လပ်မှု၊ တရားမျှတမှု၊ ညီမျှမှု ဆိုတာတွေ မရှိဘဲကို။ ကြံ့ဖွံ့ပါတီ တဖွဲ့တည်းသာ ချွန်ပြီး မြန်မာပြည်အနှံ့ တောရောမြို့ပါ မကျန် ခရီးဆန့်ပြီး၊ အာဏာအင်အား၊ ဓနအင်အား၊ လူအင်အားတွေနဲ့ တဖက်သတ် လွတ်လပ်စွာ စည်းရုံးရေး ဆင်းနေတာ တွေကိုသာ နအဖ သတင်းစာတွေ ထဲမှာ နေ့စဉ် တွေမြင် နေရပါတယ်။

လမ်းတွေ ဖောက်ပြမလား၊ တံတားတွေ ဆောက်ပြမလား၊ ဆေးရုံဆေးခန်းတွေ ဖွင့်ပြ မလား၊ ကျေးလက် စာကြည့်တိုက်တွေ ဖွင့်ပြမလား၊ ကျန်းမာရေး အခမဲ့ ကုသပေးမလား၊ ငွေထုတ် ချေးမလား၊ နိုင်ငံပိုင် ငွေတွေနဲ့ ပြည်သူကို မျက်နှာလုပ် စည်းရုံးနေတာ ရှက်စရာ ကောင်းတဲ့ အပြင် ဗိုလ်သန်းရွှေရဲ့ ငွေများမဲနိုင် ဒီမိုကရေစီပဲ ဖြစ်မယ်။ ပြီးတော့ ၀န်ကြီးချုပ်ရာထူး၊ ၀န်ကြီး ရာထူးတွေက တဘက်၊ ကြံ့ဖွံ့ပါတီ ဥက္ကဋ္ဌ ရာထူးနဲ့ အဖွဲ့ဝင် ရာထူးတွေက တဘက် နိုင်ငံတော် စရိတ်နဲ့ မြန်မာပြည် တနံတလျား ခရီးသွား အကြောင်းပြ ကြံ့ဖွံ့ အနိုင်ရဖို့ စည်းရုံးရေး လုပ်နေတာကတော့ ရှက်စရာ အပြင် သိက္ခာကော ရှိပါသေးရဲ့လား၊ လူကြီး လူကောင်းကော ပီသပါရဲ့လား။

ဗိုလ်သန်းရွှေကတော့ သူနှင့် ကြံဖော်ကြံဖက် မိုက်ဖော်မိုက်ဖက် အာဏာရှင် လူတစု မိသားစု ဘ၀ လွတ်မြောက်ဖို့ အတွက် ထွက်ပေါက် အဖြစ် သူတို့တတွေကို အကာအကွယ် ပေးနိုင်မယ့် ၂၀၀၈ အခြေခံ ဥပဒေ အတည်ပြုနိုင်ဖို့ ၂၀၁၀ ရွေးကောက်ပွဲကို တရားသည်ဖြစ်စေ၊ မတရားသည်ဖြစ်စေ၊ ဥပဒေနဲ့ ညီညွတ်သည်ဖြစ်စေ မညီညွတ်သည်ဖြစ်စေ ကြိမ်းသေ အနိုင်ရအောင် ဆောင်ရွက်တော့မှာဖြစ်တယ်။

အာဏာလက်နက်အရှိန်အ၀ါနဲ့ အနိုင်ကျင့် မတရားရယူတဲ့ ‘နိုင်ပွဲ’ ဟာ ဘ၀မှာ ရေပွက်ပမာ ခဏသာ ခံမယ်၊ ကြာရှည် မခံဘူးဆိုတာ ဗိုလ်သန်းရွှေ နားလည်သင့်တယ်။ ဒီလို နိုင်ပွဲဟာလည်း မြန်မာ့အလယ်၊ ကမ္ဘာ့ အလယ်မှာ မတင့်တယ် မထည်ဝါ ဂုဏ်သိက္ခာ ညှိုးစွာနဲ့ မြန်မာ့ သမိုင်းကို စွန်းထင်း ညစ်နွမ်းစေအောင် ကမ္ပည်းမော်ကွန်း အတင်ခံရမှာ အလွန်ပဲ ရှက်ဖွယ်လိလိ ဖြစ်ရပါလိမ့်မယ်။

ဒါ့ကြောင့် အနာဂတ်မြန်မာနိုင်ငံမှာ စစ်အာဏာရှင်အစိုးရ ဘယ်တော့မှ မပေါ်ထွန်းရေး အတွက် ဒီနေ့ ဗိုလ်သန်းရွေရဲ့ ရွေးကောက်ပွဲကို အန်အယ်လ်ဒီရဲ့ဆောင်ပုဒ်အရ “မတရားသည့် အမိန့်အာဏာ ဟူသမျှ တာဝန်အရ ဖီဆန်ကြ” ဆိုတာလို ကျွန်ုပ်တို့အားလုံး (ရွေးကောက်ပွဲ ၀င်ပါတီများနဲ့ ပြည်သူအားလုံး မကျန်) တညီတညွတ်တည်း မဲမပေးဘဲ သပိတ်မှောက် ဆန့်ကျင်ကြပါစို့ ဟူ၍သာ …။ ။

Ref: ခေတ်ပြိုင်

Read More...

အချုပ်သားများ ကြိုတင်မဲပေးရမည်ဟု ဦးသိန်းစိုး ပြော

အင်္ဂါနေ့၊ အောက်တိုဘာလ ၁၉ ရက် ၂၀၁၀

ရန်ကုန် (မဇ္ဈိမ) ။ ။ ရွေးကောက်ပွဲတွင် အချုပ်သားများ မဲပေးနိုင်သဖြင့် ၎င်းတို့ကို ကြိုတင်မဲ ကောက်ခံမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးက နေပြည်တော်တွင် ယမန်နေ့က ပြည်တွင်းပြည်ပ သတင်းထောက်များ ရှေ့မှောက်တွင် ပြောဆိုခဲ့သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး အီလက်ထရောနစ် စည်းဝေးခန်းမ၌ ရွေးကောက်ပွဲဆိုင်ရာ အကြောင်း အရာများနှင့် ပတ်သက်၍ ပြုလုပ်သော အစည်းအဝေးတွင် ဦးသိန်းစိုးက သတင်းထောက်များ မေးမြန်းချက်အပေါ် ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ရွေးကောက်ပွဲတွင် မဲပေးနိုင်သူ ၂၉ သန်းကျော်ရှိရာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အချုပ် ကျနေသူများ အနေဖြင့် မဲပေးခွင့် ရခြင်းမှာ ဥပဒေအရ ဖြစ်ကြောင်း သတင်းထောက် တဦး၏ မေးမြန်းချက် တရပ်ကို ဦးသိန်းစိုးက ဖြေကြား ခဲ့သေးသည်။

’’ဒေါ်အောင်ဆန်းစုကြည် မဲပေးခွင့်ရတယ်ဆိုတာလည်း ဥပဒေအရ ဖြစ်တယ်။ အကျဉ်းကျ ခံနေရသူတွေသာ မဲပေးခွင့် မရတာ ဖြစ်တယ်။ အချုပ်ကျနေတဲ့ အချုပ်သားတွေလည်း မဲပေးခွင့်ရတယ်။ သူတို့တွေတော့ ကြိုတင်မဲ ပေးခွင့်ရမယ်’’ ဟု သူက ပြောသည်။

ကြိုတင်မဲပေးခွင့် ရရှိသူများမှာ အရေးပေါ်တာဝန် ထမ်းဆောင်နေသည့် ရဲဝန်ထမ်းများ၊ သင်တန်း တက်နေသူများ၊ ဆေးရုံ တက်နေသူများ၊ ပြည်ပ သွားမည့်သူများနှင့် တပ်မတော် မိသားစုများ ဖြစ်သည်ဟု ကော်မရှင်က ဆိုသည်။

ဦးသိန်းစိုးက ’’ဥပမာပြောရရင် ကင်းလှည့်တာဝန်ကျနေတဲ့ ရဲဝန်ထမ်းတဦးက မဲပေးရမယ့်နေ့မှာ သူ့တာဝန် အတွက်ကို မဲသွားပေးမယ့် အချိန် မရဘူးဆိုရင် ညကပဲ သက်ဆိုင်ရာ ရပ်ကျေး ကော်မရှင်ထံမှာ ကြိုတင်မဲ ပေးရမယ်။ ဒါက အရေးပေါ် အနေအထား ဖြစ်သွားလို့ပေါ့။ မဲပေးမယ့်နေ့မှာ ကိုယ်က မရှိနိုင်ဘူးလို့ ကြိုတင် သိနေသူကတော့ သက်ဆိုင်ရာ မြို့နယ်ကော်မရှင်မှာ ကြိုတင်မဲ ပေးလို့ ရတယ်။ ကြိုတင်မဲပေးပုံက အဲလို ၂ မျိုး ရှိတယ်’’ ဟု ပြောသည်။

ထို့အပြင် မဲပေးရမည့်နေ့တွင် အကျဉ်းထောင်မှ လွတ်လာသူများနှင့် ထိုနေ့တွင် အသက် ၁၈ နှစ် ပြည့်သူ များလည်း မဲပေးနိုင်မည် ဖြစ်သည်။

ယခုအခါ လွတ်ရက်စေ့ အကျဉ်းသားများကို ကြိုတင်မဲကောက်ခံရန် အကျဉ်းထောင်များတွင် ပြင်ဆင်နေကြောင်း ရန်ကုန် အင်းစိန် အကျဉ်းဦးစီး အရာထမ်း တဦးက ဆိုသည်။ ’’ကော်မရှင်နဲ့ ဆွေးနွေးနေတယ်၊ ကြိုတင်မဲကို ယူလို့ ရမရ’’ ဟု သူက ပြောသည်။

သို့သော် ပြည်တွင်းဝါရင့် အယ်ဒီတာတဦးကမူ ယင်းကိစ္စနှင့်ပတ်သက်ပြီး ’’မဆိုင်ဘူး၊ ကြိုတင်မဲကို မဲဆန္ဒရှင်က အခြေအနေ အရသာ ပေးခွင့် ရတာလေ။ ဦးသိန်းစိုး ပြောထားပြီပဲ။ ဘယ်လို လူမျိုးတွေ ကြိုတင်မဲပေးလို့ ရတယ်ဆိုတာ။ အခုဟာက လွတ်ရက်စေ့လို့ လွတ်လာတဲ့ ကိစ္စကို ဘာအကြောင်းကြောင့် ကြိုတင်မဲ ယူရမှာလဲ။ ကျနော်ကတော့ အဲဒါကို မရိုးသားဘူးလို့ ထင်တယ်’’ ဟု မှတ်ချက်ပေးသည်။

နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် အရွေးချယ်ခံမည့် ကိုယ်စားလှယ်လောင်း ၃၁၅၃ ဦး ရှိသည့်အနက် တသီးပုဂ္ဂလ ၈၂ ဦး ပါဝင်သည်။ ထို့အပြင် အမတ်နေရာ ၁၁၅၈ နေရာ ရှိသည့်အနက် မဲဆန္ဒနယ် ၅၄ ခုတွင် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းမှာ တဦးစီသာ ရှိသဖြင့် ၎င်းတို့သည် လွှတ်တော်အမတ် သေချာပေါက် ဖြစ်မည်ဟု ဦးသိန်းစိုးက ဆိုသည်။ မည်သည့် ပါတီမှဖြစ်ကြောင်း မေးမြန်းကြရာ ’’၃၇ ပါတီထဲက ဖြစ်ပါတယ်’’ ဟုသာ ဖြေကြားခဲ့သည်။

Ref: မဇ္ဈိမ

Read More...

မြန်မာနိုင်ငံ သတင်းလွတ်လပ်မှု အဆင့်လျော့ကျ

မမိုးဖြူ
အင်္ဂါ, 19 အောက်တိုဘာ 2010


မြန်မာနိုင်ငံထဲက သတင်းလွတ်လပ်ခွင့်ဟာ ၂၀၀၉ ခုနှစ်ကထက် ပိုဆိုးပြီး အဆင့် ၃ ဆင့်ကို နိမ့်ကျ သွားတယ်လို့ ပြင်သစ် အခြေစိုက် နယ်စည်းမခြား သတင်းသမားများ အဖွဲ့ (RSF) က ပြောလိုက်ပါတယ်။ RSF ရဲ့ သတင်း လွတ်လပ်မှု မရှိတဲ့ နိုင်ငံများ စာရင်းမှာ ၂၀၀၉ ခုနှစ်က ၁၇၁ နိုင်ငံမြောက်မှာ ရှိတဲ့ မြန်မာနိုင်ငံဟာ ၂၀၁၀ စာရင်းမှာ ၁၇၄ နိုင်ငံကို ကျသွားပါတယ်။ ဘယ်လိုကြောင့် အခုလို ကျဆင်း သွားရတာပါလဲ၊ ဘယ်လို အခြေအနေမှာ သတင်း လွတ်လပ်ခွင့်တွေ ဆုံးရှုံး နေရသလဲ ဆိုတာကိုတော့ ဆက်သွယ် မေးမြန်းထားတဲ့ မမိုးဖြူက တင်ပြ ပေးထားပါတယ်။

ကမ္ဘာမှာရှိတဲ့ နိုင်ငံတွေမှာ သတင်းလွတ်လပ်ခွင့် ဘယ်လောက်ရှိသလဲ ဆိုတာကို အကဲဖြတ်တဲ့ သတင်း လွတ်လပ်ခွင့် ဆိုင်ရာ အဆင့် အညွှန်း စာတမ်းမှာ နယ်စည်းမခြား သတင်းသမားများ အဖွဲ့က ၂၀၁၀ ခုနှစ်အတွက် မြန်မာနိုင်ငံရဲ့ အဆင့်ဟာ ၂၀၀၉ နှစ်ထက် ၃ ဆင့် ကျဆင်း သွားတယ်လို့ သုံးသပ် လိုက်ပါတယ်။

မနှစ်က သတင်းလွတ်လပ်ခွင့် နည်းပါးတဲ့ အောက်ဆုံးပိုင်းအဆင့် နိုင်ငံတွေထဲမှာ နံပါတ် ၁၇၁ စွဲခဲ့တဲ့ မြန်မာနိုင်ငံဟာ ဒီနှစ် ၂၀၁၀ ခုနှစ်မှာတော့ အဆင့် ၁၇၄ ကို ကျဆင်းသွားခဲ့တာ တွေ့ရပါတယ်။ ဒီနှစ် အညွှန်းအရ နိုင်ငံ ၁၇၈ နိုင်ငံအနက် မြန်မာနိုင်ငံက နံပါတ် ၁၇၄ စွဲတာကြောင့် သတင်း လွတ်လပ်ခွင့် အနည်းဆုံး ၅ နိုင်ငံထဲမှာ ပါဝင်ပြီး သူ့အောက်မှာ မြောက်ကိုရီးယားနဲ့ အီရန် အပါအ၀င် ၄ နိုင်ငံလောက်သာ ကျန်ပါတော့တယ်။

တနှစ်အတွင်း သတင်းလွပ်လပ်ခွင့်ဆိုင်ရာ အဆင့် ၃ ဆင့်လောက် ကျဆင်းသွားခဲ့ရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်လို့ ပြင်သစ် အခြေစိုက် နယ်စည်းမခြား သတင်းသမားအဖွဲ့ရဲ့ အာရှဌာန အကြီးအကဲ ဗင်းဆင့် ဘိုစဲလ် (Vincent Bosssel) က အချက် ၃ ချက်ကို အခုလို ရှင်းပြခဲ့ပါတယ်။

“၂၀၁၀ ခုနှစ်မှာ မြန်မာနိုင်ငံ သတင်းလွတ်လပ်ခွင့် ၃ ဆင့်ကျသွားတာ အဓိကအားဖြင့် အချက် ၃ ခုကြောင့် ဖြစ်ပါတယ်။ ပထမ အချက်က သတင်းတွေကို စိစစ် ထိန်းချုပ်တဲ့ အဖွဲ့က ထိန်းချုပ်မှုတွေကို ပိုလုပ်လာတယ်။ ဒုတိယ အချက်က နိုင်ငံတကာ သတင်း မီဒီယာတွေကို သူ့တိုင်းပြည်ထဲကို ၀င်ပြီး ပွင့်လင်းမြင်သာတဲ့ သတင်း မီဒီယာဖြစ်အောင် အလုပ်လုပ်ခွင့် မပေးဘူး။ ဥပမာ ပြီးခဲ့တဲ့ အပတ်က အစိုးရရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ မကြာခင် ကျင်းပမယ့် ရွေးကောက်ပွဲကို နိုင်ငံတကာ သတင်းမီဒီယာတွေ လာစရာ မလိုဘူးလို့ ပြောလိုက်တယ်။ တတိယ အချက်ကတော့ သတင်းလွတ်လပ်ခွင့် ကျသွားရတဲ့ အဓိက အကျဆုံး အကြောင်းရင်းလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အင်တာနက် ဘလော့ဂ်ဂါတွေ အပါအ၀င် သတင်းသမားတွေကို ဖမ်းဆီး အကျဉ်းချ နေတာဟာ ၂၀၁၀ ခုနှစ် ထဲမှာ အင်မတန ဆိုးရွား လာနေလို့ပါ။”

မြန်မာနိုင်ငံမှာ စစ်အစိုးရ အာဏာသိမ်းပြီးနောက် အနှစ် ၂၀ အတွင်း ရွေးကောက်ပွဲတခု ပြန်လုပ်ဖို့ ရက်သတ္တ ၃ ပတ်လောက်ပဲ လိုတော့တဲ့ အချိန်မှာ ရွေးကောက်ပွဲ တခုရဲ့ မျှတ မှန်ကန်မှုကို သုံးသပ်ရာမှာ အဓိက အချက်တခုဖြစ်တဲ့ သတင်း လွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ အရေးတကြီး ပြုပြင် ပြောင်းလဲသင့်တဲ့ အချက်တွေကို သူက ဆက်ပြီး ထောက်ပြပါတယ်။

“ပထမဆုံး လုပ်သင့်တာက ယုတ္တိကင်းမဲ့ပြီး ခေတ်နောက်ကျနေတဲ့ သတင်းစိစစ် ထိန်းချုပ်တဲ့ လုပ်နည်း လုပ်ဟန်တွေကို ရပ်ပြီး ပြုပြင် ပြောင်းလဲရပါမယ်။ မြန်မာနိုင်ငံရဲ့ ပုဂ္ဂလိက သတင်းမီဒီယာ နယ်ပယ်ဟာ အတွေ့အကြုံ ရှိပြီး အရည်အချင်း ပိုရှိလာပေမဲ့ သတင်း သမားတွေမှာ သတင်း အချက်အလက် အသေးစိတ်တွေ သာမက ကာတွန်းတွေကိုပါ စာပေ စိစစ်ရေးကို တင်နေ ရတာကြောင့် လွတ်လပ်ခွင့် မရှိပါဘူး။

“ဒုတိယ အရေးကြီးတဲ့ အချက်က သတင်းသမားတွေကို ထောင်တွေထဲက အမြန်ဆုံး ပြန်လွှတ်ပေးဖို့ပါ။ မြန်မာနိုင်ငံက သတင်း သမားတွေဟာ အံ့အားသင့်စရာ ကောင်းလောက်အောင် နှစ်ရှည်လများ ထောင်ဒဏ်တွေ ချခံနေကြရပါတယ်။ သူတို့ကို ချက်ချင်း လွှတ်ပေးဖို့ပါ။ နောက် အရေးအကြီးဆုံး အချက်ကတော့ ဘီဘီစီ၊ ဗွီအိုအေ၊ ဒီဗွီဘီ အပါအ၀င် နိုင်ငံတကာ သတင်း သမားတွေကို မြန်မာနိုင်ငံထဲ ၀င်ပြီး အလုပ်လုပ်ခွင့် ပေးဖို့ပါ။ အခုလို ရွေးကောက်ပွဲ နီးကပ်တဲ့ ကာလမှာ ကမ္ဘာက လက်ခံ ယုံကြည် နိုင်လောက်တဲ့ ရွေးကောက်ပွဲတခု ဖြစ်ဖို့ဆိုရင် ပွင့်လင်းမြင်သာမှု ရှိလာအောင် သတင်း မီဒီယာကို ပြုပြင်ဖို့ လိုတာပေါ့ဗျာ။”

မြန်မာနိုင်ငံမှာ နိုဝင်ဘာ ၇ ရက်နေ့ ပြုလုပ်မယ့် ရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ ကမ္ဘာက လက်ခံ ယုံကြည်လောက်တဲ့ ရွေးကောက်ပွဲတခု ဖြစ်ဖို့ ဝေဖန် အကြံပေးသံတွေ ပိုကြားလာရတဲ့ အခု သီတင်းပတ်တွေ အတွင်းမှာပဲ လွန်ခဲ့တဲ့ ၂ ရက်ကတော့ ရွေးကောက်ပွဲ ကော်မရှင်က နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ နိုင်ငံတကာ သတင်း မီဒီယာလာဖို့ မလိုအပ်ဘူးလို့ အတိအလင်း ပြောဆိုခဲ့ပြီး ရွေးကောက်ပွဲ ပြုလုပ်တဲ့ရက်မှာ မဲရုံတွေနားမှာလည်း ဓာတ်ပုံရိုက်တာ၊ ဗွီဒီယို ရိုက်ကူးတာတွေလည်း ခွင့်မပေးဘူးလို့ ထုတ်ပြန် ကြေညာ ထားပါတယ်။

Ref: VOA News

Read More...

ဖမ်းထားသည့် ကချင်အရာရှိ နှစ်ဦး ထွက်ပြေးဟု မပခ ပြော

ဖနိဒါ
အင်္ဂါနေ့၊ အောက်တိုဘာလ ၁၉ ရက် ၂၀၁၀


ချင်းမိုင် (မဇ္စျိမ) ။ ။ ကချင်လွတ်မြောက်ရေးအဖွဲ့ ဟိုပင်မြို့ ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်ကြီးခေါင်လွမ်းနှင့် ဒုအရာခံ ဗိုလ်တဦး ဖမ်းဆီးထားရာမှ ယနေ့မနက် ထွက်ပြေးသွားကြောင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) က ပြောသည်ဟု ကေအိုင်အိုဘက်က သိရသည်။

ယမန်နေ့ မနက် ၁ဝ နာရီခန့်က ဟိုပင်မှ မိုးညှင်းအသွား လမ်းတွင် ဒုရဲအုပ်နှင့် အဖွဲ့က ဗိုလ်ကြီးခေါင်လွမ်းကို စီးလာသော ဗင်ကားနှင့်အတူ ခေါ်သွားကာ ဟိုပင်မှ ဒုအရာခံဗိုလ်နှင့် တပ်သား တဦးကိုလည်း ထိုနေ့ မနက်ကပင် အာဏာပိုင်များက ဖမ်းဆီး သွားခဲ့သည်။ ယနေ့မနက်တွင် ၎င်းတို့ ထွက်ပြေး လွတ်မြောက်သွားသည်ဟု မပခ က ကေအိုင်အိုကို ဖုန်းဖြင့် အကြောင်းကြားခဲ့သည်။

“ဒီမနက်ကျတော့ ထွက်ပြေးသွားပြီလို့ ပြောတယ်။ လိမ်ညာနေတာ။ သူတို့ ခေါ်ထားတုန်း ပျောက်သွားတယ် ဆိုတော့ ပျောက်သွားလဲ သူတို့တာဝန်၊ ထွက်ပြေးလဲ သူတို့တာဝန်ပဲ” ဟု ကေအိုင်အို ဆက်ဆံရေးရုံး အရာရှိတဦးက မဇ္ဈိမကို ပြောသည်။ ၎င်းတို့နှင့် ဆက်သွယ် မရသေးကြောင်းလည်း ဆိုသည်။

မိုင်းနင်းမိသူများကို အကူအညီပေးရင်း မိုးညှင်းဆေးရုံတွင် ဆေးကုနေသူကို တွေ့ရန်အသွား လမ်းတွင် ဗိုလ်ကြီးခေါင်လွမ်း အဖမ်းခံရကာ ဟိုပင်ရုံးမှ နှစ်ဦးကိုမူ ရဲနှင့် စစ်ဖက်ဆိုင်ရာ လုံခြုံရေးတပ်က ဖမ်းသွားခဲ့သည်။

ယခုလ ၁၇ ရက်က မိုးညှင်းမြို့နယ် ကေအိုင်အို နယ်မြေတွင်းက နွားလပို့တောင်ထိပ်၌ မိုင်းနင်း၍ သေဆုံး ဒဏ်ရာရသူများ ရှိခဲ့ရာ လူလူချင်း စာနာမှုအရ ထောက်ပံ့ငွေ ပေးရန် လူနာများထံ သွားကြည့်ရန် ဗိုလ်ကြီးခေါင်လွမ်း ဟိုပင်မြို့ စစ်ဖက်ရေးရာ လုံခြုံရေး တပ်ဖွဲ့သို့ သတင်း ပို့ခဲ့သေးသည်။

ယနေ့နံနက် ၁ နာရီတွင် ဒုရဲမှူးကြီးဝင်းဦး၊ စရဖ တပ်ဖွဲ့မှ ဗိုလ်ကြီးကျော်စိုးမိုးစသည့် လူ ၃ဝ ကျော် ကေအိုင်အို ဟိုပင်ရုံးတွင်း ဝင်လာကာ ၄ နာရီကြာ စစ်ဆေးပြီး Icom အမျိုးအစား ဆက်သွယ်ရေး စက်တလုံး ယူသွားကြသည်။

“ဟိုပင်က ရဲနဲ့ စရဖ တွေ အားလုံး ၁ဝ ယောက်လောက် ပါတယ်။ ရပ်ကွက်လူကြီးတွေလဲ ပါတယ်” ဟု ကေအိုင်အို အရာရှိက ပြောသည်။ ထို့ပြင် ကေအိုင်အို၏ ဟိုပင်နှင့် မိုးညှင်း ဆက်ဆံရေးရုံးဖုန်း ၂ ခုစလုံး လိုင်း ဖြတ်ခံ ထားရသည်ဟု ဆိုသည်။

မနေ့ညကပင် ကေအိုင်အိုက မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက် လဂျားယန်တပ်ရင်း ခလရ ၁၄၂ ရှိ စရဖ ခေါင်းဆောင်များကို ကေအိုင်အို အရာရှိများ ဖမ်းဆီးမှုနှင့်ပတ်သက်၍ ဖြေရှင်းရန် ပြောခဲ့သေးသည်။

မိုးညှင်းရှိ ကေအိုင်အို ဆက်ဆံရေးအရာရှိ ဒုအရာခံဗိုလ်တန်ဂွန်းသည် မိုးညှင်းရဲစခန်း လိုက်သွားပြီး မည်သည့် အတွက် ဖမ်းဆီးရသည်ကို မေးမြန်းစဉ် ရဲအရာရှိများက အထက်ညွန်ကြားချက် ရမှ လွှတ်ပေးမည်ဟု တုံ့ပြန် ပြောဆိုခဲ့သည်။

သို့သော် မနေ့ ညနေ ၄ နာရီခန့်က မိုးညှင်းမြို့ ရပ်ကွက်လူကြီးများကို ခေါ်၍ ဗင်ကားကို စစ်ဆေးရာ ကားနောက်တွင် ဘိန်း ၄ တောင့် တွေ့သဖြင့် မူးယစ်ဆေးဝါးမှုဖြင့် တရားစွဲရန် စီစဉ်နေစဉ် ဗိုလ်ကြီးခေါင်လွမ်းနှင့် ဒုအရာခံဗိုလ်တို့ ကိုယ်လွတ် ထွက်ပြေး သွားခဲ့သည်ဟု မပခ က ဖုန်းဖြင့် ပြောသည်။

ဗိုလ်ကြီးခေါင်လွမ်းသည် မူးယစ်ဆေးသုံးသူ မဟုတ်သဖြင့် အာဏာပိုင်များက တမင်ဖန်တီးကာ ဖမ်းရန် ကြံစည်ခဲ့ကြောင်း ကေအိုင်အို အရာရှိက ဆိုသည်။

“အဲဒီဗိုလ်ကြီးက ဘိန်းသောက်တဲ့ လူတွေကို လုံးဝ မကြိုက်ဘူး။ ဆေးလိပ်လဲ မသောက်ဘူး။ သူ့ကားမှာ ဘိန်းတွေ့တယ် ဆိုတော့ အံ့သြစရာပဲ။ အစိုးရက ဒီလို မမှန်မကန်လုပ်တာ အခုမှ မဟုတ်ပါဘူး” ဟု သူက ပြောသည်။

ကေအိုင်အိုကို စစ်ရေးအရ တိုက်ခိုက်ရန် ဖွဲ့စည်းထားခြင်း မဟုတ်ဘဲ ရသင့်ရထိုက်သော အခွင့်အရေး ရရှိရန် ဖွဲ့စည်း ထားခြင်းဖြစ်၍ စတင် ပစ်ခတ်မည် မဟုတ်ဟု ကေအိုင်အိုက ပြောဆိုထားသည်။

နယ်ခြားစောင့်တပ် အသွင်မပြောင်းသဖြင့် ကေအိုင်အိုကို စစ်ရေးအရ တိုက်ခိုက်ရန် အကြောင်းပြချက် အဖြစ် ယခုလို သွေးတိုး စမ်းကြောင်း ထိုင်းနိုင်ငံရှိ ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး အင်အားစု သုတေသနဌာနမှ မြန်မာ့အရေးလေ့လာသူ ဦးဌေးအောင်က သုံးသပ်သည်။

“အပစ်ရပ်အဖွဲ့တွေထဲက ကေအိုင်အိုကို အငြိုးတကြီးနဲ့ လုပ်နေတာပဲ။ မြစ်ဆုံဗုံးပေါက်ကွဲတဲ့ ကိစ္စ၊ အခုကိစ္စတွေကို အစိုးရ အနေနဲ့ ဒီလို အကြောင်းပြစရာ ကောင်းကောင်း ပေါ်လာရင် စစ်ရေးအရ နှိမ်နင်းဖို့၊ အရေးယူဖို့ လုပ်နေတယ်လို့ ယူဆရတယ်။ လတ်တလော ဖြစ်နေတဲ့ ဗုံးခွဲတဲ့ ကိစ္စဆိုတာက သူတို့အတွက် အကြောင်းပြဖို့ ရှိတယ်။ ဒါကြောင့် တိုက်တယ်ဆိုပြီး နိုင်ငံတကာကို အကြောင်းပြလို့ ရမယ်လေ။ ရွေးကောက်ပွဲပြီးရင် အရပ်သား အစိုးရ အဖွဲ့ အမိန့်ပေးလို့ တိုက်ရပါတယ် ဆိုတာမျိုး ဖြစ်လာမယ်လို့ ယူဆတယ်” ဟု သူက မဇ္စျိမကို ပြောသည်။


Ref: မဇ္ဈိမ

Read More...

KIA နှင့် နအဖ စစ်ရေး တင်းမာ

စိုင်းဇွမ်ဆိုင်း
Tuesday, October 19, 2010

ကချင်ပြည်နယ် မိုးညှင်းမြို့နှင့် ဟိုပင်မြို့များရှိ ကချင်လွတ်မြောက်ရေး အဖွဲ့ (KIO) ၏ ဆက်ဆံရေးရုံးများကို ယမန်နေ့ ညတွင် နအဖတပ်များက ဝိုင်းထားပြီး ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တပ်ဖွဲ့ဝင် ၃ ဦးကိုလည်း ဖမ်းဆီးလိုက် ကြောင်း သိရှိရသည်။

KIO ၏ လက်ထောက် အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးဆင်ဝါက“မိုးညှင်းနဲ့ ဟိုပင်မှာရှိတဲ့ KIO ဆက်ဆံရေးရုံး ဝန်ထမ်း ၃ ယောက် ဖမ်းသွားပါတယ်၊ ဘာဖြစ်လို့ဖမ်းလဲ ဆိုတဲ့အကြောင်းအရင်းသိရဖို့ ကျနော်တို့ဘက်က စုံစမ်းနေပါ တယ်”ဟု ဧရာဝတီသို့ ပြောသည်။

KIA ၏ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်ကလည်း နအဖတပ်များ ဝိုင်းထားခြင်း၊ ဆက်ဆံရေးရုံးဝန်ထမ်းများအား ဖမ်းဆီး ထားခြင်းတို့၏ အကြောင်းအရင်းများကို သိရှိရန် ကချင်ပြည်နယ် လဂျားယံ ဒေသရှိ နအဖတပ်များမှတဆင့် ဖြေရှင်းချက် တောင်းခံထားကြောင်း BBC သတင်းဌာနသို့ ပြောသည်။

ယမန်နေ့ ညနေပိုင်းတွင် ဟိုပင်မြို့ရှိ KIO ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်လွန်းခေါင်နှင့် အဖွဲ့က ပြီးခဲ့သည့် သောကြာနေ့က မိုင်းနင်းမိ၍ မိုးညှင်းဆေးရုံတွင် ဆေးကုသမှု ခံနေရသူအား KIO ဌာနချုပ် ညွှန်ကြားချက်အရ သွားရောက်ကြည့်ရှု၍ အားပေးစကား ပြောချိန်တွင် ဒေသခံ နအဖ တပ်မှ ၎င်းတို့အား ဖမ်းဆီး ထားလိုက်ခြင်းဖြင့် ပြဿနာ စတင်သည်ဟု ကချင် သတင်းဌာန အယ်ဒီတာ ကိုနော်ဒင်းက ဧရာဝတီသို့ ပြောသည်။

“ဗိုလ်လွန်းခေါင်တို့ကို ဖမ်းထားပြီးတော့ ည ၈ နာရီလောက်မှာ မိုးညှင်းနဲ့ ဟိုပင်မှာရှိတဲ့ ဆက်ဆံရေး ရုံးတွေကို လာဝိုင်း ကြတယ်၊ အဲဒီမှာ ရဲလည်း ပါတယ်၊ စစ်တပ်လည်း ပါတယ်။ ပြီးတော့ ရုံးထဲကို ထိုးဖောက် ဝင်ရောက်တဲ့ အဆင့်ထိ ဖြစ်သွား တယ်၊ အပစ်အခတ်တော့ မရှိဘူး” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ယင်းကိစ္စကို KIA ဌာနချုပ်က သိရှိပြီးနောက် ယမန်နေ့ည သန်းခေါင်ယံ အချိန်ခန့်တွင် လိုင်ဇာ အနီး လဂျားယံ စုပေါင်း ဂိတ်ရှိ နအဖ တပ်များကို ဝိုင်းထားရန် KIA ဌာနချုပ်မှ ညွှန်ကြားခဲ့ကြောင်း၊ စစ်ဘက်ရေးရာ လုံခြုံရေး (စရဖ) နှင့် KIA ထိပ်တန်း ခေါင်းဆောင်များ တွေ့ဆုံ၍ ညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း ကိုနော်ဒင်းက ဆိုသည်။

လဂျားယံ ဒေသရှိ နအဖ တပ်များအား KIA တပ်များ က ဝိုင်းထားသည် ဟူသောသတင်းကို ဗိုလ်မှူးကြီး ဆင်ဝါက မဟုတ်မှန် ကြောင်း ငြင်းဆိုသည်။

“ဒီထက် အခြေအနေ ပိုဆိုးလာမလား ဆိုတာကတော့ အစိုးရအပေါ်မှာပဲ မူတည်တယ်လေ၊ ကျနော်တို့က ပိုဆိုး စေချင်တဲ့ ရည်ရွယ်ချက်မှ မရှိတာ၊ ကိုယ့်ကိုယ်ကိုယ်တော့ စစ်ရေးအရ ကြိုတင် ကာကွယ်မှုတွေကို ပြင်ဆင် ထားတာမျိုးတော့ ရှိတာပေါ့” ဟုလည်း ဗိုလ်မှူးကြီး ဆင်ဝါက ပြောသည်။

KIA သည် အင်အား ၈ ထောင်ခန့် ရှိပြီး ၁၉၉၄ ခုနှစ်မှ စတင်ကာ စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့သည်။ နယ်ခြားစောင့် တပ် ဖွဲ့စည်းရေးကို ငြင်းဆန် ခြင်း၊ စက်တင်ဘာလ ၂၃ ရက်နေ့က နအဖ၏ ရဟတ်ယာဉ်အား သတိပေး ပစ်ခတ်ခဲ့ခြင်း တို့ကြောင့် နှစ်ဘက် ဆက်ဆံရေးများ ပိုမို တင်းမာလာသည်ဟု စစ်ရေး လေ့လာသူများက ဆိုသည်။

အပစ်အခတ်ရပ်သည့် ၁၆ နှစ်တာကာလအတွင်း KIA ကို သောင်းကျန်းသူ ဟု ပြီးခဲ့သည့် သောကြာနေ့တွင် အစိုးရထုတ် မြန်မာ့အလင်း သတင်းစာမှတဆင့် ခေါ်ဆိုလိုက်သည်။

ယမန်နှစ် သြဂုတ်လအတွင်း အပစ်ရပ် ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) အား နအဖတပ်မှ ဖြိုခွဲခဲ့ပြီးနောက် KIA ကလည်း စစ်ရေးအရ ပြင်ဆင်မှုများ ပြုလုပ်ထားခဲ့ကြောင်း ကိုနော်ဒင်းက ဆိုသည်။

နအဖ တပ်များသည် KIA အပါအဝင် နယ်ခြားစောင့်တပ်ဖွဲ့စည်းရန် ငြင်းဆန်နေဆဲ ဖြစ်သည့် “ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ၊ ရှမ်းပြည်တပ်မတော်- မြောက်ပိုင်း (SSA- N) ၏ တပ်မဟာ (၁) တို့နှင့်လည်း စစ်ရေး တင်းမာမှုများ ရှိနေကြောင်း သိရှိရသည်။

Ref: ဧရာဝတီ်

Read More...

DKBA တပ်မှူးကို နယ်ခြားစောင့်ဖွဲ့ရန် မြိုင်ကြီးငူ ဆရာတော် တိုက်တွန်း

သန်းထိုက်ဦး
Tuesday, October 19, 2010

မြိုင်ကြီးငူ ဆရာတော် ဦးသုဇနက နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး အစီအစဉ်နှင့် ပတ်သက်၍ တိုးတက်သော ဗုဒ္ဓဘာ သာ ကရင် အမျိုးသား တပ်မတော် (DKBA) တပ်မဟာ ၅ မှ တပ်မဟာမှူး ဗိုလ်မှူးကြီး နှုတ်ခမ်းမွေးထံ သွားရောက် ဆွေးနွေးခဲ့ ကြောင်း သိရသည်။

ဆရာတော် ဦးသုဇနသည် ဗိုလ်မှူးကြီး နှုတ်ခမ်းမွေး နေထိုင်သော ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ဝေါ်လေ ဒေသတွင် အောက်တိုဘာလ ၆ ရက်နေ့က တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

ဗိုလ်မှူးကြီး စောလားပွယ် (ခေါ်) နှုတ်ခမ်းမွေး တပ်ဖွဲ့အား နအဖ က တိုက်ခိုက်ချေမှုန်း လာမည်ကို စိုးရိမ် ပူပန်သောကြောင့် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး လက်ခံရန် ဆရာတော်က သွားရောက် တိုက်တွန်းခြင်း ဖြစ်သည်ဟု နှုတ်ခမ်းမွေး နှင့် နီးစပ်သူ တဦးကို ကိုးကား၍ ကရင်သတင်းစဉ်(KIC) အယ်ဒီတာ နန်းဖောဂေ က ပြောသည်။

သို့သော် ဗိုလ်မှူးကြီး နှုတ်ခမ်းမွေး က ဆရာတော်၏ တိုက်တွန်းချက်ကို လက်ခံ၊ မလက်ခံကိုမူ ပြန်မပြောခဲ့ကြောင်း သိရသည်။

တခြားသော DKBA နှင့် နီးစပ်သူ တဦးက မြိုင်ကြီးငူ ဆရာတော်က အဆင်ပြေစေရန် သွားရောက် ပြောကြားခဲ့ သော်လည်း လက်မခံကြောင်း ကြားသိရသည်ဟု ပြောဆိုသည်။

ဆရာတော် ဦးသုဇနသည် လှိုင်းဘွဲ့မြို့နယ်၊ မြိုင်ကြီးငူဒေသတွင် သီတင်းသုံးနေပြီး DKBAကို ဦးဆောင်ခဲ့သူ အဖြစ် ထင်ရှား သည်။ DKBA သည် ၁၉၉၅ ခုနှစ်တွင် KNU မှ ခွဲထွက်ပြီးနောက် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲကာ တဖြည်းဖြည်း အင်အား ကြီးမားလာသည့် လက်နက်ကိုင် တပ်ဖွဲ့ တဖွဲ့ဖြစ်သည်။

မကြာခင်ရက်ပိုင်းတွင်လည်း ကစထ (၄) မှူး မွန်ပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဌ အရှေ့တောင် တိုင်း စစ်ဌာနချုပ်၊ တိုင်းမှူးဟောင်း ဗိုလ်ချုပ် သက်နိုင်ဝင်း က နယ်ခြားစောင့်တပ် ဖွဲ့ရန် ငြင်းဆိုထားသော တပ်ဖွဲ့ဝင် တချို့ကို ဆွေးနွေး ရန် မြ၀တီမြို့သို့ ရောက်ရှိလာမည်ဖြစ်ကြောင်း၊ ဗိုလ်မှူးကြီး နှုတ်ခမ်းမွေး တပ်ဖွဲ့နှင့် ဗိုလ်ချုပ် စောထိန်မောင် ဦးစီး သော ကရင် ငြိမ်းချမ်းရေး ကောင်စီ (KNU/ KNLA) အဖွဲ့တို့ကို ဆွေးနွေးရန် ရှိကြောင်း သိရသည်။

စစ်အစိုးရ ကမ်းလှမ်းထားသော နယ်ခြားစောင့်တပ်ကို DKBA တပ်ဖွဲ့ဝင် အများစုက ပြီးခဲ့သည့် ဇူလိုင် လကုန်ပိုင်းက လက်ခံခဲ့ ကြသော်လည်း ဗိုလ်မှူးကြီး နှုတ်ခမ်းမွေးကမူ ယင်း အစီအစဉ်ကို သဘော မတူသောကြောင့် DKBA တပ်မှ ခွဲထွက်ခဲ့သည်။

အဆိုပါ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး အစီအစဉ်ကို သဘောမတူသဖြင့် ခွဲထွက်သွားသော ၎င်း တပ်ဖွဲ့များနှင့် စစ် အစိုးရ အကြား နှစ်ဘက် တင်းမာခဲ့ကြသည်။

ဗိုလ်မှူးကြီး နှုတ်ခမ်းမွေးသည် ကရင်ပြည်နယ် မြ၀တီမြို့နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များတွင် လှုပ်ရှားနေသော တပ်ဖွဲ့ဖြစ်ပြီး တပ်အင်အား ၁၀၀၀ ခန့် ရှိကြောင်း သတင်းများအရ သိရှိရသည်။

Ref: ဧရာဝတီ်

Read More...

ရွေးကောက်ပွဲတွင် ပြိုင်ဘက်မရှိ အမတ်ဖြစ်မည့်သူ (၅၄) ဦးရှိ

NEJ / ၁၉ အောက်တိုဘာ ၂၀၁၀

လာမည့်နိုဝင်ဘာ (၇) ရက်နေ့တွင်ကျင်းပမည့်ရွေးကောက်ပွဲတွင် မြန်မာနိုင်ငံတဝန်း မဲဆန္ဒနယ်ပေါင်း (၁၁၅၈) နေရာ ရှိသည့်အနက် မဲဆန္ဒနယ် (၅၄) နေရာတွင် ၀င်ရောက် ယှဉ်ပြိုင်မည့် ပြိုင်ဘယ် ကိုယ်စားလှယ်များ မရှိသည့်အတွက် ကြံ့ဖွံ့ပါတီနှင့် မဟာမိတ် ပါတီများမှ အမတ်လောင်းများသည် အလိုအလျောက် လွှတ်တော် ကိုယ်စားလှယ်အမတ်များ ဖြစ်မည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးက သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

“ ကိုယ်စားလှယ်လောင်း အရေအတွက် (၁) ဦးစီပဲ ရှိတဲ့အတွက် အဲဒီနေရာမှာ အလိုလို ကိုယ်စားလှယ် ဖြစ်တယ်” ဟု၎င်းက ပြောသည်။

အောက်တိုဘာ (၁၈) ရက် ယမန်နေ့က နေပြည်တော်၌ ပြုလုပ်သည့် မဲသရုပ်ပြပွဲနှင့် သတင်းစာ ရှင်းလင်းပွဲတွင် ဦးသိန်းစိုးက ယခုကဲ့သို့ ပြောဆို လိုက်ခြင်းဖြစ်သည်။

ထိုသို့ အလိုလိုအမတ်ဖြစ်လာမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများမှာ လာမည့် ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ကြမည့် ပါတီပေါင်း (၃၇) ပါတီမှ ဖြစ်ကြောင်း ဦးသိန်းစိုးက ပြောသော်လည်း မည်သည့်ပါတီက ဖြစ်သည်ကိုမူ ထုတ်ဖော် ပြောဆိုခြင်း မရှိပေ။

ယင်းသတင်းစာရှင်းလင်းပွဲ တက်ရောက်ခဲ့သည့် ပြည်တွင်းပုဂ္ဂလိကဂျာနယ်မှ သတင်းစာ ဆရာတဦးက “ ဦးသိန်းစိုးက (၅၄) ယောက်လို့ ပြောပေမယ့် ဒီလူတွေစာရင်းကို ဘယ်အချိန်မှာ အတိအကျ ကြေညာမလဲ ဆိုတာ ပြောမသွားဘူး။ ဒါပေမယ့် သူတို့ ကြံ့ခိုင်ရေးနဲ့ မဟာမိတ်တွေ ချည်းပဲ အလိုအလျောက် အမတ်တွေ ဖြစ်သွားတာမို့ ပြည်သူတွေ ဝေဖန်မှာကို စိုးရိမ်ပြီး အမြန် မကြေညာ ရဲတာလည်း ဖြစ်နိုင်တယ်” ဟု ပြောသည်။

ပြည်တွင်းမှ မီဒီယာသမားတဦးကမူ “ မြန်မာတနိုင်ငံလုံးမှာ နေရာအားလုံးမှာ ၀င်ရောက်ပြီးတော့ အရွေးခံနိုင်မယ့် ပါတီက ကြံ့ဖွံ့ပါတီပဲလေ၊ အဖြေက ရှင်းပါတယ်” ဟု ပြောသည်။

ရွေးကောက်ပွဲတွင် နိုင်ငံတကာ လေ့လာစောင့်ကြည့်ရေး အဖွဲ့များကို လာခွင့်ပြု မပြုနှင့် ပတ်သက်၍ အဆိုပါ ရှင်းလင်းပွဲ၌ ရိုက်တာ သတင်းဌာနမှ သတင်းထောက် ဦးအောင်လှထွန်း၏ မေးမြန်းချက်ကို ဖြေကြားရာတွင် ဦးသိန်းစိုးက “ ကျနော်တို့ နိုင်ငံမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အတွေ့ အကြုံတွေ အများကြီး ရှိပါတယ်။ ကော်မရှင် အဆင့်ဆင့်မှာလည်း အရည်အချင်း ရှိတဲ့ သူတွေ၊ တိုင်းပြည်အတွက် စေတနာထား သူတွေနဲ့ ဖွဲ့စည်းထားပါတယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပြဌာန်းထားတဲ့ ဥပဒေ၊ နည်းဥပဒေ တွေဟာလည်း လွတ်လပ်ပြီး တရားမျှတတယ်။ ရွေးကောက်ပွဲနေ့မှာ သက်ဆိုင်ရာ သံရုံးက သံတမန်တွေနဲ့ ကုလသမဂ္ဂ အဖွဲ့အစည်း ကိုယ်စားလှယ် တွေကို ပြသမှာ ဖြစ်တယ်။ ဒါကြောင့် နိုင်ငံတကာ လေ့လော စောင့်ကြည့်သူများ (Observer) တွေ မလိုပါဘူး” ဟု ပြောဆိုခဲ့သည်။

လာမည့်နိုဝင်ဘာ (၇) ရက်တွင် ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲတွင် ပါတီအသီးသီးမှ ကိုယ်စားလှယ်ပေါင်း (၃ဝ၇၁) ဦးနှင့် တသီးပုဂ္ဂလ ကိုယ်စား လှယ်ပေါင်း (၈၂) ဦး၊ စုစုပေါင်း (၃၁၅၃) ဦးရှိကြောင်း ဦးသိန်းစိုးက ပြောသည် ။

အဆိုပါ ရွေးကောက်ပွဲတွင် ပြည်သူ့ လွှတ်တော်ကိုယ်စား လှယ်နေရာ (၃၃၀)၊ အမျိုးသား လွှတ်တော်နေရာ (၁၆၈) နေရာ၊ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်နေရာ (၆၆၀) တို့အတွက် ကြံ့ဖွံ့ပါတီမှ နေရာ အားလုံးအတွက် ကိုယ်စားလှယ်လောင်း အများဆုံး ပါတီအဖြစ် (၁၁၅၈) နေရာတွင် ၀င်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ဒုတိယအများဆုံး အနေဖြင့် လွှတ်တော် (၃) ရပ် စလုံးအတွက် ကိုယ်စားလှယ် လောင်းပေါင်း (၉၈၀) ဦး ၀င်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။

ရန်ကုန်မြို့မှ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများနှင့် ပြည်တွင်း သတင်း အယ်ဒီတာများကမူ ယခု စစ်အစိုးရ ပြုလုပ်ပေးသည့် ရွေးကောက်ပွဲတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် အများယုံကြည် စိတ်ချရသည့် ကော်မရှင် မဟုတ်ခြင်း၊ အားလုံး ပါဝင်နိုင်သည့် ရွေးကောက်ပွဲ မဟုတ်ခြင်း၊ ရွေးကောက်ပွဲ နှင့်ပတ်သက်၍ ပြဋ္ဌာန်း လိုက်သည့် ဥပဒေ၊ နည်းဥပဒေများသည် တရားမျှတမှု လုံးဝမရှိသည့် ဥပဒေများဖြစ်ခြင်း စသည့် အခြေအနေများကြောင့် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ မဟုတ်ကြောင်း ဝေဖန် သုံးသပ်ကြသည်။

Ref: ခေတ်ပြိုင်

Read More...

အန်အယ်လ်ဒီကို တန်ပြန်သည့် I Vote လှုပ်ရှားမှု ရန်ကုန်၌ စတင်

ဝီရ
၁၉ အောက်တိုဘာ ၂၀၁၀

မဲသွားမပေးရေး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ၏ လှုပ်ရှားမှု ကန်ပိန်းကို တန်ပြန် တိုက်ခိုက်ရန် ရည်ရွယ်ထားသည့် I Vote (မဲပေးမည်) လှုပ်ရှားမှုတရပ် ရန်ကုန်မြို့တွင် ယနေ့ စတင်ကြောင်း သိရသည်။

ဗဟန်းမြို့နယ်မှ အစိုးရ ဝန်ထမ်းတဦးက “ဒီမနက် တာမွေအဝိုင်းမှတ်တိုင်မှာ ကားကနေ ဆင်းပြီး လူငယ် ယောင်္ကျားလေး၊ မိန်းကလေးတွေ အုပ်လိုက် လမ်းဖြတ်ကူးသွားပြီး အဝိုင်း မီးပွိုင့်အထိ ဖြတ်လျှောက်သွားတာ တွေ့လိုက်တယ်။ ဟိုဘက်ရောက်တော့ လူစု ခွဲလိုက်ကြတယ်။ ဝတ်စုံတူတွေ ဆိုတော့ လူတွေ သတိထား ကြည့်လိုက်တော့မှ အိုင်ဗို့ (I Vote) စာတမ်း ပါတဲ့ အဖြူရောင် အင်္ကျီတွေမှန်း သိတာ” ဟု ခေတ်ပြိုင်သို့ ပြောသည်။

ရန်ကုန်မြို့တွင်း၌ ဖြစ်ပွားခဲ့သည့် အဆိုပါ လှုပ်ရှားမှုနှင့် ပတ်သက်၍ မည်သည့် အဖွဲ့အစည်းက ဦးဆောင်၍ လုပ်ဆောင်ကြောင်း ထုတ်ဖော် ပြောကြားခြင်း မရှိသေး၍ ရန်ကုန် ပြည်သူတို့ အကြား ထင်ကြေး အမျိုးမျိုး ထွက်ပေါ်နေကြောင်း ပြည်တွင်း ဂျာနယ် အယ်ဒီတာ တဦးက ပြောသည်။

၎င်းက “ဒါက ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီတွေက လုပ်တာလည်း ဖြစ်နိုင်တာပဲလေ။ ဒီလှုပ်ရှားမှုက အာဏာပိုင်တွေကို ဆန့်ကျင်တာ မဟုတ်တော့ ကြောက်စရာလည်း မလိုဘူး။ အာဏာပိုင်တွေတောင် အားပေးချင် အားပေးဦးမယ်လေ” ဟု ရှင်းပြသည်။

“အသက် (၁၈) နှစ် ပြည့်ပြီးသော လူငယ်များ မိမိတို့လာမည့် ရွေးကောက်ပွဲတွင် မဲပေးမည် ဖြစ်ကြောင်း စာတမ်း ထိုးထားသော တီရှပ်များ ဝတ်ဆင်၍ ရန်ကုန်မြို့လယ်တွင် သွားလာနေကြစဉ်” ဟူ၍ စစ်အစိုးရပိုင် ကြေးမုံ သတင်းစာ၏ ဝဘ်ဆိုက်တွင် လှုပ်ရှားမှု ဓာတ်ပုံနှင့်တကွ ဖော်ပြထားသည်။

ထိုလှုပ်ရှားမှုသည် စစ်အစိုးရ၏ ကျောထောက်နောက်ခံပြု အဖွဲ့အစည်းဖြစ်သော ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီမှ ပါတီဝင် လူငယ်များက လုပ်ဆောင်ခြင်း ဖြစ်နိုင်ကြောင်း ပြည်တွင်းရှိ ဝါရင့် နိုင်ငံရေးသမား တဦးက ထင်မြင်ချက်ပေးသည်။

၎င်းက “ရန်ပုံငွေ တောင့်တင်းတဲ့ နိုင်ငံရေးပါတီတွေထဲမှာ ကြံ့ဖွံ့ တပါတီပဲ ရှိတယ်လေ။ ဒီကန်ပိန်းက အန်အယ်လ်ဒီရဲ့ မဲမပေးရေး ကန်ပိန်းကို တန်ပြန်တာ ဆိုတော့ အဲဒီကြံ့ဖွံ့ လူငယ်တွေက လွဲရင် အခြားသော နိုင်ငံရေး ပါတီတွေက လုပ်ဖို့ ငွေအား၊ လူအား၊ အချိန် ရှိမှာ မဟုတ်ဘူး” ဟု ပြောသည်။

ယခု ဖြစ်ပွားခဲ့သည့် လှုပ်ရှားမှုသည် မဲရုံသို့ မသွားဘဲ ရွေးကောက်ပွဲကို သပိတ်မှောက်ရန် အန်အယ်လ်ဒီ ခေါင်းဆောင် တို့က နယ်အသီးသီးသို့ စည်းရုံးရေး ဆင်းနေချိန်နှင့်လည်း တိုက်ဆိုင်ကြောင်း ဝါရင့် နိုင်ငံရေးသမား တို့က ဆိုသည်။

ရွေးကောက်ပွဲအတွက် ကြိုတင်မဲကို အတင်းပေးခိုင်း၍မရကြောင်း၊ ပြည်သူတယောက်သည် မဲမပေးလိုပါက မဲမပေးဘဲ နေနိုင်ကြောင်း ရေးသား ထားသည့် စာများနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်ပုံပါသည့် လက်ကမ်း ကြော်ငြာစာများလည်း အောက်တိုဘာ လဆန်းပိုင်းမှစ၍ ရန်ကုန်တွင် ဖြန့်ဝေခဲ့သည်။

Ref: ခေတ်ပြိုင်

Read More...

Tuesday, October 19, 2010

မိုင်းထိ ရွာသားများ ကေအိုင်အို ထောက်ပံ့

ဖနိဒါ
တနင်္လာနေ့၊ အောက်တိုဘာလ ၁၈ ရက် ၂၀၁၀

ချင်းမိုင်(မဇ္စျိမ)။ ။ ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ပင်းကြိုင်းရွာမှ မိုင်းနင်းမိ၍ သေဆုံးသူ ၂ ဦးနှင့် ဒဏ်ရာရသူ ၁ ဦးကို ငွေကြေး ထောက်ပံ့ခဲ့သည်ဟု ကချင် လွတ်မြောက်ရေးအဖွဲ့က ပြောသည်။

“မနေ့က ကျနော်တို့ ကေအိုင်အိုအရာရှိ ၂ ယောက်ကို အခင်းဖြစ်တဲ့ နေရာ သွားစုံစမ်းခိုင်းတယ်။ ရွာသားတွေကိုလဲ ကူညီ ငွေပေးတယ်" ဟု ကေအိုင်အို တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးကြီး ဆင်ဝါးက ပြောသည်။

နွားလပို့တောင်ထိပ်တွင် မိုင်းနင်းမိပြီး သေဆုံးသူ ပင်းကြိုင်းရွာသား ဦးအောင်ကျော်သိန်းနှင့် ဦးမြင့်ဖေတို့ အတွက် တဦးလျှင် ငွေကျပ် ၁၅ သိန်းနှင့် ဒဏ်ရာရသွားသူ ဦးဝင်းဘိုကို ငွေ ၇ သိန်း ပေးလျော်ရသည် ဆိုသည်။ ဟိုပင်မြို့ ကေအိုင်အို ဆက်ဆံရေးရုံး အရာရှိ ဗိုလ်ကြီး ခေါင်းလွမ်းနှင့် မြစ်ကြီးနားခရိုင် အုပ်ချုပ်ရေးရုံးမှ ဗိုလ်ကြီးဇော်ဂမ်တို့ သွားပြီး ပေးအပ်ခဲ့သည်။

” ကျနော်တို့ မိုင်းရှိတယ်ဆိုတာကို သူတို့ကို ကြိုတင် အသိပေးထားပြီးသားပါ။ ဒီဖြစ်စဉ်တွေကို အများပြည်သူ သိဖို့ မနေ့က ထုတ်ပြန် ထားပါတယ်”ဟု ဗိုလ်မှူးကြီး ဆင်ဝါးက ပြောသည်။

မိုင်းကွဲစဉ်က ရှိနေခဲ့သော အခြား ရွာသားနှစ်ဦးကိုလည်း ကျပ်ငါးသောင်းစီ ထောက်ပံ့ခဲ့သည် ပြောသည်။

မိုင်းနင်းမိသည့် နေရာသည် ကေအိုင်အို တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၁၁ နယ်မြေ ဖြစ်ပြီး ယခင် အပစ်ခတ် မရပ်စဲမီက ကေအိုင်အိုနှင့် စစ်အစိုးရကြား တိုက်ပွဲမကြာခဏ ဖြစ်ပွားခဲ့သည့် နယ်မြေဖြစ်သည်။

ကေအိုင်အိုစစ်ရုံးချုပ်က ကေအိုင်အို/ကေအိုင်အေ အနေဖြင့် ပြည်သူ့အသက်အိုးအိမ် စည်းစိမ် လုံခြုံရေးကို ထိခိုက်မည့် အလုပ်များ လုပ်ရန် ရည်ရွယ်ချက် လုံးဝ မရှိကြောင်း မနေ့က ထုတ်ပြန် ကြေညာခဲ့သည်။

ထို့ပြင် လုံခြုံရေးကန့်သတ်နယ်မြေ ဝန်းကျင်တွင် မိုင်းရှိကြောင်း ပြည်သူများကို ကြိုတင်အသိပေး၊ သတိပေးစာ (ဆိုင်းဘုတ်) များ ထောင်ပြီး ဖြစ်ကြောင်းလည်း ကြေညာချက်တွင် ဖော်ပြထားသည်။

လက်ရှိ စစ်အစိုးရနှင့် ကေအိုင်အိုကြား တင်းမာနေချိန် ကေအိုင်အိုက တပ်လုံခြုံရေး အတွက် မြေမြှုပ်မိုင်းများ ထောင်ထားခဲ့ပြီး တပ်ရင်း ၁၁ ဌာနချုပ် တပ်သားများက ရွာသားများကို မလာဖို့ အကြိမ်ကြိမ် သတိပေးခဲ့သည်ဟု ကေအိုင်အိုက ပြောသည်။

ယခုလ ၁၅ ရက်ထုတ် မြန်မာ့အလင်းသတင်းစာ တွင် ပင်းကြိုင်းကျေးရွာသား ၅ ဦး အောက်တိုဘာ ၁၃ ရက်က နွားလပို့ တောင်ထိပ်၌ ကေအိုင်အေ “သောင်းကျန်းသူများ”ထောင်ထားသည့် မိုင်း နင်းမိသဖြင့် ၂ ဦး သေဆုံးကာ ၁ ဦး ဒဏ်ရာ ရခဲ့ကြောင်း ဖော်ပြခဲ့သည်။

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် တိုက်ပွဲဝင်နေသော ကချင်အဖွဲ့နှင့် အပစ်ခတ်ရပ်စဲပြီး ၁၆ နှစ်အတွင်း စစ်အစိုးရက သောင်းကျန်းသူ အဖြစ် ပထမဆုံးအကြိမ် ပြန်လည် သုံးနှုန်းခြင်း ဖြစ်သည်။

Ref: မဇ္ဈိမ

Read More...

မိုင်းပေါက်ကွဲမှုကိစ္စ ကေအိုင်အို ကြေညာချက်ထုတ်

ပေါက်ပေါက် / ၁၈ အောက်တိုဘာ ၂၀၁၀


ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ၏ လက်နက်ကိုင်တပ်မတော် (ကေအိုင်အေ) ထောင်ထားသည့် မိုင်းနင်းမိပြီး ပြည်သူ (၂) ဦး သေဆုံးပြီး (၁) ဦးဒဏ်ရာရရှိကြောင်း နအဖပိုင် သတင်းစာများ၌ ဖော်ပြမှုအပေါ် ကေအိုင်အိုအဖွဲ့က ကြေညာချက်တစောင် ထုတ်ပြန်လိုက်သည်။

အောက်တိုဘာ (၁၇) ရက် နေ့စွဲဖြင့် ထုတ်ပြန်သည့် ကေအိုင်အေ စစ်ရုံးချုပ်၏ကြေညာချက်တွင် မိမိတို့ နယ်မြေ ဖြစ်သော နွားလပို့ တောင်တွင် ဖြစ်ပွားခဲ့သည့် မိုင်းပေါက်ကွဲမှု ဖြစ်စဉ်အား စုံစမ်း စစ်ဆေးလျက် ရှိကြောင်း၊ ကေအိုင်အေသည် ပြည်သူများ၏ အသက် အိုးအိမ် စည်းစိမ်နှင့် လုံခြုံရေးအား ထိခိုက်စေမည့် လုပ်ရပ်များ လုပ်ဆောင်ရန် ရည်ရွယ်ချက် လုံးဝ မရှိပါကြောင်း ဖော်ပြထားသည်။

အောက်တိုဘာ (၁၅) ရက်ထုတ် နအဖသတင်းစာများတွင် ကေအိုင်အေ သောင်းကျန်သူများ ထောင်ထားသည့် မိုင်းအား နင်းမိ ပေါက်ကွဲသဖြင့် အပြစ်မဲ့ ပြည်သူ(၂) ဦး သေဆုံးပြီး (၁) ဦးဒဏ်ရာ ရရှိခဲ့ ဟူသည့် ခေါင်းစဉ်ဖြင့် ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ပင်းဘော ကျေးရွာအုပ်စု ပင်းကြိုင် ကျေးရွာနေ ရွာသား (၅) ဦး ရွာအနောက်ဘက် (၁ဝ) မိုင်ခန့်အကွာ၊ ကချင် အထူးဒေသ (၂) နယ်မြေ၊ နွားလပို့ တောင်ပေါ်သို့ သွားရောက်စဉ် အောက်တိုဘာ (၁၃) ရက်၊ မွန်းတည့် (၁၂) နာရီခန့်အချိန်၌ နွားလပို့ တောင်ထိပ်၌ ကေအိုင်အေ သောင်းကျန်းသူများ ထောင်ထားသည့် မိုင်းနင်းမိ၍ (၂) ဦးသေဆုံးပြီး (၁) ဦး ဒဏ်ရာရရှိကြောင်း ဖော်ပြထားသည်။

အဆိုပါ သတင်းဖော်ပြမှုနှင့်ပတ်သက်၍ မိုင်းပေါက်ကွဲသည့်ဖြစ်စဉ် ဖြစ်ပွားနေရာ ကွဲလွဲနေကြောင်း ကေအိုင်အိုမှ ပြောခွင့်ရသူတဦးဖြစ်သည့် ဗိုလ်မှူးကြီး ဆင်ဝါးက ပြောသည်။

၎င်းက “ဖြစ်တဲ့နေရာ မိုင်းကွဲတဲ့နေရာက ကွဲနေတယ်။ သတင်းစာမှာပါတာက ပင်းဘောရဲ့ အနောက်ခြမ်းမှာ၊ မိုင်းပေါက်တဲ့ ဖြစ်စဉ်က အရှေ့ ခြမ်းမှာဖြစ်တာ။ မိုင်းပေါက်တာ၊ လူသေဆုံးမှု ရှိတာတော့ ဟုတ်ပါတယ်”ဟု ပြောသည်။

အဆိုပါ ကြေညာချက်ထဲတွင် ကေအိုင်အေသည် ကန့်သတ်နယ်မြေသတ်မှတ်ကာ လုံခြုံရေး အရ လိုအပ်သော စခန်းအနီး ပတ်ဝန်းကျင် များတွင် လုံခြုံရေးမိုင်းများ ထားရှိပါသည်။ ထိုသို့ လုံခြုံရေးမိုင်းများ ထားရှိခြင်းကိုလည်း ပြည်သူအများ သိရှိစေရန် ကြိုတင် ကြေညာချက် ထုတ်ပြန်ခြင်း၊ သတိပေးစာ( ဆိုင်းဘုတ်) များဖြင့် ဖေါ်ပြထားခြင်းတို့ကို ပြုလုပ် ထားပါသည်ဟုလည်း ဖော်ပြထားသည်။

ကေအိုင်အိုအဖွဲ့နှင့် ၁၉၉၄ ခုနှစ် အပစ်ရပ်စဲရေးပြုလုပ်ပြီး နောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် နအဖ သတင်းစာများမှ ကေအိုင်အိုအား သောင်းကျန်းသူဟု သုံးနှုန်းဖော်ပြ ရေးသားလာခြင်းဖြစ်သည်။

အဆိုပါ သုံးနှုန်းရေးသားမှုအပေါ် ကေအိုင်အိုက ယခု အချိန်တွင် မည်သည့်တုန့်ပြန်ချက်မျှ ပြုလုပ်ရန် အစီစဉ် မရှိကြောင်း ဗိုလ်မှူးကြီး ဆင်ဝါးက ပြောကြားသော်လည်း တရုတ်-မြန်မာ နယ်စပ်အခြေစိုက် စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောကမူ ယင်းအသုံးအနှုန်းကြောင့် ကေအိုင်အိုနှင့် နအဖအကြား အပစ်ခတ်ရပ်စဲရေး ပျက်ကာ နဂိုမူလ အခြေအနေအတိုင်း ပြန်ရောက်သွားပြီ ဖြစ်ကြောင်း နအဖဘက်မှ ပြောလိုက်ခြင်း ဖြစ်သည်ဟု သုံးသပ်သည်။

၎င်းက “ ဒီဟာက ၁၉၉၄ ခုနှစ်မတိုင်မီက အခြေအနေအတိုင်း ပြန်ရောက်သွားပြီ ဆိုတာ နအဖက ပြောလိုက်တာပါ။ တဖက်ကလည်း စစ်ပွဲအတွက် ခြိမ်းခြောက် လိုက်တာ ဖြစ်တယ်။ အမှန်တော့ နှစ်ဖက်အကြား အဆက်အဆံတွေက အခု ဒီ မြောက်ပိုင်းတိုင်း တိုင်းမှူးအသစ် ရောက်လာကတည်းက စလို့ ဘာမှ မရှိတော့ဘူး။ အဲဒီကြားကပဲ ကေအိုင်အို ရဲဘော်တွေကို ဖမ်းတာဆီးတာ လုပ်လာတယ် ”ဟု ပြောသည်။

ကေအိုင်အိုအား နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် သို့မဟုတ် လက်နက်စွန့်ရန် ပြီးခဲ့သည့် စက်တင်ဘာ (၁) ရက် နောက်ဆုံးထားပြီး နအဖဘက်မှ ရာဇသံ ပေးခဲ့သည်။ ကေအိုင်အို အဖွဲ့က လူထု အစည်းဝေးနှင့် ကွန်ကရက် တရပ်ခေါ်ယူကာ သြဂုတ် (၃ဝ) ရက်စွဲဖြင့် ကြေညာချက် တစောင် ထုတ်ပြန်ပြီး နယ်ခြားစောင့် တပ်ဖွဲ့ရန် ငြင်းဆိုခဲ့သည်။

ယင်းနောက်ပိုင်း ကေအိုင်အိုနှင့် နအဖအကြား ဆက်ဆံရေးပြတ်တောက် နေသကဲ့သို့ မြို့ပေါ်သို့ ခရီးသွားလာသည့် ကေအိုင်အို တပ်ဖွဲ့ဝင်များအား နအဖဘက်မှ ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ခြင်း၊ မြို့ပေါ်ရှိ ကေအိုင်အို တပ်ဖွဲ့ မိသားစုဝင် တို့၏ နေအိမ်များအား ဧည့်စာရင်း စစ်ခြင်း၊ ကေအိုင်အို တပ်ဖွဲ့ ထိန်းချုပ်ရာဒေသသို့ ရိက္ခာများ သယ်ယူမှု ကန့်သတ် ထိန်းချုပ်ခြင်းတို့ ပြုလုပ်ခဲ့သည်။

နအဖနှင့် ကေအိုင်အိုအကြား ဆက်ဆံရေးပြတ်ကာ နအဖဘက်မှ တင်းကျပ်မှု ပိုမိုလုပ်လာနေချိန်တွင် ယခုကဲ့သို့ သောင်းကျန်းသူဟု ဖော်ပြ လာမှုကြောင့် နှစ်ဖက်အခြေအနေ ပိုပြီး တင်းမာသွားစေနိုင်သည်ဟု အကဲခတ်များက ဝေဖန်ကြသည်။

Ref: ခေတ်ပြိုင်

Read More...

SSA တောင်ပိုင်းတပ်ဖွဲ့ကို ၂၄ နာရီစောင့်ကြည့်ရန် ဒေသခံများအား နအဖတပ် ညွှန်ကြား

မွေခေါဝ်
Monday, 18 October 2010

သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ်ဒေသခံများအား အာဏာပိုင်များက SSA တောင်ပိုင်း တပ်ဖွဲ့ကို ၂၄ နာရီ စောင့်ကြည့်ပြီး သတင်းပေးပို့ရန် ညွှန်ကြား ထားကြောင်း နယ်စပ် သတင်းများအရ သိရှိရပါသည်။

“SSA တောင်ပိုင်းတပ်ဖွဲ့လှုပ်ရှားသွားလာနေတာတွေ ၂၄ နာရီစောင့်ကြည့်ခိုင်းထားတယ်။ သတင်းရရင် သုံးရက် နောက်မကျ စေဘဲ ပေးပို့ ခိုင်းထားတယ်” ဟု မိုင်းတုံ ဒေသခံ တစ်ဦးက ပြောပါသည်။

အောက်တိုဘာ ၁၆ ရက်ည မိုင်းတုံမြို့အနီးရှိ ၀မ့်မိုင်ဟွေဆိုင်းကျေးရွာမှ ရွာသား ၁၂ ဦးနှင့် မိုင်းတုံသား ၄ ဦးတို့အား SSA တောင်ပိုင်းက စစ်သားသစ် အဖြစ် ခေါ်ဆောင်သွားသည်ဟု ဆိုသည့် သတင်း ထွက်ရှိပြီးနောက် ထိုကဲ့သို့ ညွှန်ကြား ထားခြင်း ဖြစ်သည်ဟုဆို၏။

“SSA တောင်ပိုင်း တပ်သားသစ်စုဆောင်းနေလို့ ရွာသူရွာသားတွေလဲ ကျားဖြူပါတီကို အားမပေး ကြတော့ဘူး။ ကျားဖြူကို ဘယ်သူမှ မဲမပေးနဲ့။ ပြည်ခိုင်ဖြိုးကိုဘဲ မဲပေးဖို့ ပြောနေကြတယ်” ဟု အဆိုပါ ဒေသခံက ဆက်လက် ပြောပါသည်။

SSA တောင်ပိုင်းတပ်သားသစ်စုဆောင်းနေသောကြောင့် မိုင်းတုံဘက်သို့ ကျားဖြူပါတီ စည်းရုံးရေး ဆင်းရန် ခက်ခဲနေကြောင်း မိုင်းတုံ ကျားဖြူပါတီဝင် တစ်ဦးက ဤကဲ့သို့ ပြောပါသည်။

“ကျားဖြူပါတီက SSA တောင်ပိုင်းနဲ့ ဘာမှလုံးဝမပတ်သက်ပါဘူး။ ဒါပေမဲ့ SSA တောင်ပိုင်း တပ်သားသစ် စုဆောင်းတဲ့ ကိစ္စကြောင့် ဒေသခံတွေလဲ ကျနော်တို့ကို အားပေး ထောက်ခံမှု မရှိတော့ဘူး။ ၀ါးလုံးရှည်နဲ့ ရမ်းတော့ ကျနော်တို့လဲ မိုင်းတုံဘက် သွားစည်းရုံးဖို့ ခက်နေတယ်။ စည်းရုံးရေးတွေ ရပ်ထားရတယ်”

SSA တောင်ပိုင်းပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးလောဝ်ဆိုင်က “ကျားဖြူပါတီနဲ့လဲ ဘာမှ မပတ်သက်ဘူး။ ကျနော်တို့ ပေါ်လစီရှိ တဲ့ အတိုင်း လုပ်တာ။ တပ်သားသစ် စုဆောင်းမယ် ဆိုတာလဲ ရပ်ရွာ အကြီးအကဲတွေကို ကြိုတင်အကြောင်း ကြားထားပြီးသား။ ဘာမှ အကြောင်း မပြန်လာတော့ သွားခေါ်လာပြီး မေးမြန်းတာပါ။ ဖမ်းဆီး ချုပ်နှောင်တာတွေ မလုပ်ပါ ဘူး” ဟုပြောပါသည်။

SSA တောင်ပိုင်းက ပုံပါကျင်မြို့စွန်ပိုင်းရှိ ရွာတစ်ရွာမှရွာသားသုံးဦးအား ခေါ်ဆောင် သွားခဲ့ကြောင်း BBC သတင်းဌါနက လည်း အောက်တိုဘာ ၁၅ ရက်၌ ထုတ်လွှင့် ခဲ့သေးသည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

ဒေါ်အောင်ဆန်းစုကြည်၏ အထူးအယူခံ ကြားနာ

ဝီရ
၁၈ အောက်တိုဘာ ၂၀၁၀

နေအိမ်အကျယ်ချုပ် ဖောက်ဖျက်မှု ပြစ်ဒဏ်အတွက် ဒေါ်အောင်ဆန်းစုကြည်၏ အထူးအယူခံ ဝင်မှုကို ရန်ကုန်တိုင်း တရားရုံးချုပ်၌ ယနေ့ ကြားနာခဲ့ရာတွင် အယူခံအတွက် ဆုံးဖြတ်ချက် ချနိုင်ခဲ့ခြင်း မရှိခဲ့ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အကျိုးဆောင်ရှေ့နေဖြစ်သူ ဦးဉာဏ်ဝင်းက “ဒီနေ့ ပြစ်ဒဏ်ချမှတ်တာကို ပြင်ဆင် ပေးဖို့ ကျနော်တို့ ဘက်က အယူခံ တင်ပြတာကို ကြားနာဖြစ်တယ်။ ဒီတင်ပြခဲ့တဲ့ အပေါ် ကျနော်တို့ဘက်က ကျေနပ်မှု ရှိပါတယ်။ နှစ်ဦးနှစ်ဖက် ဆက်လက် ကြားနာဖို့ အတွက် တရားရုံးချုပ်ဆီက ဒီနေ့ တခါတည်း ဆုံးဖြတ်တာ မရှိသေးတော့ နောက်တပတ် မဟုတ်ရင် နှစ်ပတ်အတွင်း ပြန်ကြားနာမယ်လို့ ကျနော်တို့ဘက်က မျှော်လင့်ပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

ယနေ့ နံနက် (၁၀) နာရီခန့်က နှစ်ဖက်ကြားနာရာတွင် ဒေါ်အောင်ဆန်းစုကြည်အတွက် ဦးကြည်ဝင်းက လည်းကောင်း၊ ဒေါ်ခင်ခင်ဝင်းနှင့် မဝင်းမမတို့ (၂) ဦးအတွက် ဒေါ်ခင်ဌေးကြွယ်က လည်းကောင်း အသီးသီး လျှောက်လဲချက် ပေးခဲ့ကြပြီး စစ်အစိုးရဘက်က ရှေ့နေချုပ်ရုံးမှ ညွှန်ကြားရေးမှူး (၁) ဦး လာရောက် ကြားနာခဲ့ကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

၎င်းက “ဒေါ်အောင်ဆန်းစုကြည်ရဲ့ လွတ်ရက်မတိုင်ခင် ဒီအမှုကို အပြီးသတ် ကြားနာပြီး ဆုံးဖြတ်ရမယ့် ကိစ္စပါ။ ဒါကြောင့် အမြန်ဆုံး ပြန်ကြားနာ သွားနိုင်ဖို့ ကျနော်တို့ဘက်က မေတ္တာ ရပ်ခံထားပါတယ်” ဟု ဆက်လက် ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ နေအိမ်ခြံဝင်းအတွင်းသို့ ကျူးကျော်ဝင်ရောက်လာသူ အမေရိကန် နိုင်ငံသား ဂျွန်ဝီလီယံ ယက်တောကို လက်ခံခဲ့မှုကြောင့် နေအိမ်အကျယ်ချုပ် ဥပဒေဆိုင်ရာ ပြည်တွင်း လုံခြုံရေး ဥပဒေ ချိုးဖောက်မှုဖြင့် နေအိမ် အကျယ်ချုပ် သက်တမ်း (၃) နှစ် ကျခံရန် အင်းစိန် အထူးတရားရုံးက ၂၀၀၉ ခု သြဂုတ် (၁၁) ရက်နေ့တွင် ချမှတ်ခဲ့သည်။

ထို့နောက် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်ဖြင့် တရားရုံးအာဏာ၏ အမိန့်ကို အုပ်ချုပ်ရေးအာဏာဖြင့် ပြင်ဆင်ကာ ထောင်ဒဏ်ကို ထက်ဝက်လျှော့ချ၍ ဆိုင်းငံ့ပြစ်ဒဏ် နေအိမ်အကျယ်ချုပ် (၁၈) လ ကျခံစေရန် ချမှတ်ခဲ့ခြင်းဖြစ်သည်။

“၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် အရေးယူတာဟာ အစကတည်းက ဥပဒေနဲ့ မညီပါဘူး။ ဘာလို့လဲ ဆိုတော့ အဲဒီဥပဒေက ရပ်ဆိုင်း သွားပါပြီ။ ဒါကြောင့် အသက် မဝင်တော့တဲ့ အဲဒီ ဥပဒေအတိုင်း အပြစ်ပေးတာ မမှန်ဘူးဆိုတာ ကျနော်တို့ဘက်က လျှောက်လဲထားတာ ရှိပါတယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ချမှတ်ခဲ့သည့် ပြစ်ဒဏ်များအပေါ် အယူခံဝင်ခဲ့ရာတွင် ရန်ကုန်တိုင်း တရားရုံးက ပယ်ချခဲ့သည့် နောက် ပြီးခဲ့သည့် မေလမှစ၍ ဗဟို တရားရုံးချုပ်သို့ အကြိမ်ကြိမ် တင်သွင်း လျှောက်ထားခဲ့ရာမှ ယနေ့ ကြားနာမှုသည် ပထမဆုံး အကြိမ် ဖြစ်သည်။

Ref: ခေတ်ပြိုင်

Read More...

Monday, October 18, 2010

ပြည်ပရောက် မြန်မာများထံမှ ကြိုတင်မဲကောက်

စိုင်းဇွမ်ဆိုင်း
Saturday, October 16, 2010

ပြည်ပရောက် မြန်မာများအတွက် ကြိုတင်မဲကောက်ခံခြင်းကို ဖိလစ်ပိုင်နိုင်ငံတွင် ယနေ့ပြုလုပ်ပြီး ဂျပန် နိုင်ငံတွင် ၁၉ ရက်နေ့ ပြုလုပ်ရန် ညွှန်ကြား ထားကြောင်း သတင်းရရှိသည်။

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ရှိ မြန်မာသံရုံးတွင် မဲထည့်ခဲ့သူ တဦးက “မဲထည့်ဖို့ရောက်သွားတော့ ဘယ်မြို့နယ် ကနေ မဲထည့်မလဲ ဆိုတာကို မေးတယ်။ ပြီးတော့ သက်ဆိုင်တဲ့ မဲပြားကို ယူလာတယ်။ မဲပြားမှာတော့ လွှတ်တော် ၃ ရပ် စလုံးကနေ ယှဉ်ပြိုင်မယ့် ပါတီတွေ၊ ကိုယ်စားလှယ် လောင်းတွေရဲ့ နာမည်တွေပါတယ်။ ပြီးတော့ သူတို့ လုပ်ပေးထားတဲ့ အခန်းလေးထဲမှာ ကိုယ်မဲပေးချင်တဲ့ ပါတီကို ခြစ်ပြီးတော့ စာအိတ်ကို ကော်နဲ့ပိတ်ပြီးမှ မဲပုံးထဲ ထည့်ခဲ့ရတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ကြိုတင်မဲထည့်ရန် ဖိလစ်ပိုင်နိုင်ငံရောက် မြန်မာ ၂၀၀ ကျော် မြန်မာသံရုံးသို့ ဆက်သွယ်ကြကြောင်း၊ မဲထည့်သည့် နည်းလမ်းကိုလည်း သံရုံး ဝန်ထမ်းများက ပြောပြကြောင်း၊ ရရှိသည့် ဆန္ဒမဲများကို ယခုလ ၂၀ ရက်နေ့ မတိုင်မီ မြန်မာနိုင်ငံသို့ ပြန်ပို့မည် ဖြစ်ကြောင်း သိရှိရသည်။

“ဒီမှာတော့ မဲထည့်ရတာ Fair ဖြစ်တယ်လို့ ပြောလို့ရပါတယ်။ တချို့တွေက မဲပြားထည့်ထားတဲ့ စာအိတ်ကို ကော်နဲ့ မပိတ်မိလို့ သံရုံးက ပြန်ပိတ် ခိုင်းတာမျိုးတွေ ရှိတယ်” ဟု ၎င်းက ဆက်ပြောသည်။

ဂျပန်နိုင်ငံရောက် မြန်မာများအား ယခုလ ၁၉ ရက်နေ့တွင် တိုကျိုမြို့ရှိ မြန်မာသံရုံးသို့ မဲထည့်ရန် အကြောင်းကြား ထားသည်ဟု ဂျပန် နိုင်ငံရောက် မြန်မာနိုင်ငံသားတဦးက ပြောသည်။

“မဲထည့်ခိုင်းတဲ့နေ့က အလုပ်တွေ၊ ကျောင်းတွေ သွားရမယ့်ရက် ဖြစ်နေတယ်ဆိုတော့ ဘယ်သူမှ သွား မထည့်လောက်ဘူး။ ရုံးပိတ်ရက်မှာ လုပ်ရင်တောင်မှ ဒီရွေးကောက်ပွဲကို ဘယ်သူကမှ စိတ်ဝင်စားကြမှာ မဟုတ်ဘူး။ မဲသွားထည့်မယ့် သူတွေကတော့ အစိုးရ အစီအစဉ်နဲ့ ကျောင်းလာတက်တဲ့ သူတွေလောက်ပဲ ရှိလိမ့်မယ်” ဟု ဂျပန်နိုင်ငံတွင် အလုပ် လုပ်နေသူ မြန်မာတဦးက ပြောသည်။

၎င်းက ဂျပန်နိုင်ငံတွင်လည်း မဲထည့်ရန် အကြောင်းကြားမှုသာရှိပြီး မည်သူ့ကို မဲပေးနိုင်သည်၊ မည်သည့် ပါတီကို မဲပေးနိုင်သည် စသည့် အချက် အလက်များကိုလည်း မသိရှိရကြောင်း ပြောသည်။

ယင်းသို့ ပြုလုပ်ခြင်းသည် ဂျပန်နိုင်ငံရှိ မြန်မာသံရုံး၏ ဝတ်ကျေတန်းကျေ ပြုလုပ်မှုသာ ဖြစ်ကြောင်း၊ ယင်းသံရုံးသည် တနှစ်လျှင် ရက်ပေါင်း ၂၀၀ ခန့် ဆန္ဒပြခံရပြီး ဆန္ဒ အပြခံရဆုံးသော သံရုံးဟု အများက ပြောစမှတ် ပြုကြကြောင်း ဂျပန်နိုင်ငံရောက် မြန်မာ တဦးက ၎င်း၏ ကိုယ်ပိုင် အင်တာနက် စာမျက်နှာတွင် ရေးသားထားသည်။

တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားတဦးက ကြိုတင်မဲထည့်သည့်ကိစ္စနှင့် ပတ်သက်၍ ဆိုးလ်မြို့ရှိ မြန်မာသံရုံးသို့ ဆက်သွယ် မေးမြန်းရာ ရွေးကောက်ပွဲ အတွက် ကြိုတင်မဲ ကောက်ခံမှုလုပ်ငန်း ပြီးစီး သွားပြီဟုသာ အကြောင်းပြန်ခဲ့ကြောင်း၊ အသေးစိတ် ဖြေဆိုခြင်း မပြုကြောင်း သိရှိရသည်။

စင်္ကာပူနှင့် မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများကမူ ရွေးကောက်ပွဲအတွက် ကြိုတင်မဲ ထည့်သည့် ကိစ္စနှင့် ပတ်သက်၍ မည်သည့် အကြောင်းကြားမှုမျှ မရရှိကြောင်း ဧရာဝတီသို့ ပြောသည်။

ထိုင်းနိုင်ငံသို့ ပညာတော်သင်စေလွှတ်ခံရသည့် အစိုးရဝန်ထမ်းများ၊ အစိုးရ အစီအစဉ်ဖြင့် ရောက်လာ သူများသာ မဲထည့်ရမည်ဟု ထင်ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆန္ဒ ခံယူပွဲတွင်လည်း အစိုးရနှင့် ပတ်သက်၍ လာရောက်ခြင်း မဟုတ်သူများထံမှ ဆန္ဒမဲကောက်ခံခြင်း မရှိခဲ့ကြောင်း ထိုင်းနိုင်ငံရောက် မြန်မာကျောင်းသား တဦးက ပြောသည်။

ရုရှနိုင်ငံသို့ ပညာတော်သင်ရောက်ရှိနေသည့် မြန်မာ စစ်အရာရှိများထံမှ ပြီးခဲ့သည့် တနင်္လာနေ့တွင် မြန်မာသံရုံးက ကြိုတင်မဲ ကောက်ခံခဲ့ကြောင်း သိရသည်။

မဲပေးခဲ့သည့် အရာရှိတဦးက “မဲထည့်ဖို့ ပါတီ ၃ ခု ပေးထားတယ်။ ကြံ့ဖွံ့ပါတီ (ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ) ရယ်၊ တစည (တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ) ရယ်၊ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ဆိုပြီး ပေးထားတယ်။ ကြံ့ဖွံ့နဲ့၊ တစညက လွှတ်တော် ၃ ရပ်စလုံးအတွက်၊ NDF ကတော့ အမျိုးသား လွှတ်တော်အတွက်” ဟု ပြောသည်။

ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်က မဲဆန္ဒရှင်များကို မိမိတို့ နှစ်သက်သည့်ပါတီအား မဲပေးနိုင်သည် ဟု ပြောဆိုသော်လည်း မဲထည့်ထားသည့် စာအိတ်ကို မပိတ်ခြင်းကြောင့် စာအိတ်တွင်းမှ မဲပြားများကို လဲလှယ်ရန် လွယ်ကူကြောင်း အဆိုပါ အရာရှိက ပြောသည်။

Ref: ဧရာဝတီ်

Read More...

အန်အယ်လ်ဒီ တရားဝင် ရပ်တည်လျက်ရှိကြောင်း ကြေညာချက် ထုတ်ပြန်

ဝီရ
၁၅ အောက်တိုဘာ ၂၀၁၀

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီသည် တရားဝင် နိုင်ငံရေးပါတီတရပ် အဖြစ် ဆက်လက် ရပ်တည်နေဆဲ ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ကာ ပြည်နယ်နှင့် တိုင်းအသီးသီးရှိ ပါတီဝင်များအား ယမန်နေ့၌ အသိပေး အကြောင်းကြားလိုက်သည်။

အန်အယ်လ်ဒီကို မတရားအသင်း ကြေညာလိုက်သည့်အပေါ် အန်အယ်လ်ဒီက စစ်အစိုးရအား တရားစွဲဆိုခဲ့ရာတွင် ဗဟို တရားရုံးချုပ်က လက်ခံခဲ့ပြီး မှတ်ပုံတင်ခွင့် ပေးခဲ့ခြင်းကြောင့် ဥပဒေကြောင်းအရ ၎င်းတို့ပါတီ ပျက်ပြယ်သွားခြင်း မရှိသေးကြောင်း အန်အယ်လ်ဒီပါတီ ပြောရေးဆိုခွင့် ရှိသူ ဦးဉာဏ်ဝင်းက ပြောကြားသည်။

“အန်အယ်လ်ဒီဟာ ဥပဒေအရ ပျက်ပြယ်ခြင်း မရှိဘူး၊ ဆက်လက် ရပ်တည်နေတယ်ဆိုတာ ဥပဒေ အချက်အလက်များ ပေါ်မှာ အခြေခံပြီး တရား စွဲတင်ထားတာပါ။ စစ်အစိုးရကို ကျနော်တို့ပါတီ အဲဒီလို တရားစွဲတာကို ဗဟိုတရားရုံးက လက်ခံတယ်။ မှတ်ပုံတင်ခွင့် ပေးခဲ့တယ်။ ဒါဟာ တရားစီရင်ရေး လမ်းကြောင်းအရ ရှေ့ဆက်သွားနေတာ ဖြစ်တယ်။ ဒါကြောင့် တရား စွဲဆိုထားတဲ့ ကာလ တလျှောက်မှာ အန်အယ်လ်ဒီပါတီ တရားဝင် ရပ်တည်နေဆဲ ဆိုတဲ့ သဘောကို ပါတီဝင်တွေ သိအောင် အကြောင်းကြားတာ ဖြစ်တယ်” ဟု ဦးဉာဏ်ဝင်းက ခေတ်ပြိုင်သို့ ပြောသည်။

အန်အယ်လ်ဒီ ဆက်လက် ရပ်တည်ခွင့်နှင့် ပတ်သက်၍ တရားစွဲဆိုထားသည့်အမှုကို ဗဟိုတရားရုံး ချုပ်က ပြီးခဲ့သည့် အောက်တိုဘာ (၆) ရက်နေ့တွင် လက်ခံ ခဲ့ခြင်းဖြစ်ပြီး ဥပဒေဖြစ်စဉ်အရ ရက်သတ္တ (၂) ပတ်အတွင်း လျှောက်လဲခွင့် ရနိုင်လိမ့်မည်ဟု အန်အယ်လ်ဒီက ယုံကြည်ထားသည်။

အန်အယ်လ်ဒီကို ကိုယ်စားပြု၍ ပါတီ၏ အထွေထွေအတွင်းရေးမှူးအနေဖြင့် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လက်မှတ် ရေးထိုးကာ စစ်အစိုးရအား ပါတီ၏ သီးခြား သက်သာခွင့် ဥပဒေနှင့်ဆိုင်သော ပုဒ်မ (၄၅) နှင့် ပုဒ်မ (၅၄) စွဲချက်တို့ဖြင့် တရားမ အထွေထွေ လျှောက်လွှာကို ဗဟိုတရားရုံးချုပ်သို့ လျှောက်ထားခဲ့ခြင်းဖြစ်သည်။

အသစ်ထုတ်ပြန်လိုက်သည့် နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း ဥပဒေအရ ၂၀၁၀ ရွေးကောက်ပွဲအတွက် ပြန်လည်၍ မှတ်ပုံတင်ခြင်း မရှိသည့် နိုင်ငံရေး ပါတီများသည် တရားဝင် ရပ်တည်ပိုင်ခွင့် မရှိတော့၍ အလိုအလျောက် ပျက်ပြယ်ကြောင်း ကြေညာချက် အပေါ် တရား စွဲဆိုခြင်းဖြစ်သည်။

အန်အယ်လ်ဒီပါတီအပေါ် စစ်အစိုးရ၏ သဘောထားနှင့် ပတ်သက်၍ ဦးဉာဏ်ဝင်းက “ရွေးကောက်ပွဲ မဝင်တော့လို့ အာဏာပိုင်တွေ ဘက်က အနှောင့်အယှက် တစုံတရာ ပေးတာတို့ မေးမြန်း စုံစမ်းတာတို့ မရှိတော့ဘူးလေ။ သူတို့ဘက်က အန်အယ်လ်ဒီ အပေါ် အဲဒီလို ဆက်လုပ်နေမယ် ဆိုရင် အန်အယ်လ်ဒီကို အသိအမှတ် ပြုထားသလို ဖြစ်စေတာကြောင့် ဒီ့နောက်ပိုင်းမှာ အဲဒီလိုလုပ်တာ မရှိတော့တာလို့ ကျနော် ထင်တယ်။ ဒါ စဉ်းစားစရာ တချက်ပါ” ဟု ပြောသည်။

အန်အယ်လ်ဒီပါတီ၏ တရားဝင်ရပ်တည်မှု ပယ်ဖျက်ခြင်းဆိုင်ရာ ဥပဒေနှင့်ပတ်သက်၍ စစ်အစိုးရကို ပြီးခဲ့သည့် ဧပြီလ (၂၉) ရက်၌ အန်အယ်လ်ဒီက ပထမအကြိမ် တရားစွဲဆိုခဲ့ရာ ၎င်းတို့၏ လျှောက်လွှာကို ရန်ကုန်တိုင်း တရားရုံးချုပ်က လက်ခံရန် ငြင်းပယ်ခြင်း ခံခဲ့ရသည်။

နေအိမ်အကျယ်ချုပ် ဖောက်ဖျက်မှုဖြင့် ပြစ်ဒဏ်ချမှတ်ခဲ့သည့်အပေါ် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်၏ အထူးအယူခံ အတွက် လာမည့် တနင်္လာနေ့တွင် ရန်ကုန် တရားရုံးချုပ်၌ ကြားနာရန် ရှိကြောင်းလည်း ရှေ့နေ ဦးဉာဏ်ဝင်းက ပြောသည်။

Ref: ခေတ်ပြိုင်

Read More...

အပေါ်သို့