..............................

Friday, January 15, 2010

ပါတီတခုလုံးကို ထောင်ကျတဲ့ အနေအထားမျိုး ရောက်လာမယ်ဆိုရင် ကျနော်တို့ရဲ့ တုံ့ပြန်မှုတွေဟာ ပိုပြီးတော့ ပြင်းထန် တင်းမာလာမယ်

NEJ / ၁၄ ဇန်န၀ါရီ၂၀၁၀

နအဖစစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ယခုနှစ်တွင် ရွေးကောက်ပွဲ ပြုလုပ်မည်ဟု လွတ်လပ်ရေးနေ့ သ၀ဏ်လွှာတွင် အတည်ပြု ပြောကြားခဲ့သည်။ ထို့ကြောင့် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ အနိုင်ရ အန်အယ်လ်ဒီ ပါတီအနေဖြင့် ယခုနှစ် ကျင်းပမည့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ မည်ကဲ့သို့ စဉ်းစား ဆုံးဖြတ်မည် ဆိုသည်ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်တဦး ဖြစ်သူ ဦးဝင်းတင်နှင့် ခေတ်ပြိုင် ဆက်သွယ် မေးမြန်းချက်။

မေး။ ။ အန်အယ်လ်ဒီအနေနဲ့ ရွှေဂုံတိုင်ကြေညာစာတမ်းပါ အဓိက တောင်းဆိုချက်တွေ မရရင် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဘယ်လို စဉ်းစားမယ်ဆိုတာ သိပါရစေ။

ဖြေ။ ။ ဒါကတော့ ဖြစ်မလာခင်အခြေအနေပေါ်မှာ ကျနော်တို့ ဘယ်လို လုပ်မယ် ကိုင်မယ် ဆိုတာ ပြောရဆိုရ နည်းနည်းတော့ ခက်ပါတယ်။ ကျနော်တို့က အဖွဲ့အစည်းဖြစ်တော့ အဖွဲ့အစည်းထဲမှာ ရှိတဲ့ ခေါင်းဆောင်ပိုင်း ပုဂ္ဂိုလ်များ ညှိရုံနဲ့တင် မကဘူး အောက်ခြေပိုင်း အနေအထားတွေပါ ရှိလာတယ်။ ဘာလို့လဲ ဆိုတော့ ဒါက အသစ်ဖြစ်မယ့် သဘောကိုး။ သာမန် အားဖြင့်ဆိုရင် ကျနော်တို့ ရပ်တည်နေတဲ့ အနေအထားက တရားဝင် နိုင်ငံရေး အဖွဲ့အစည်း တရပ်အနေနဲ့၊ တရားဝင် တောင်းဆိုချက်တွေနဲ့ ရပ်တည် နေတာကိုး။ အဲဒါတွေ မဖြစ်တော့ဘူးဆိုရင် အခြေအနေသစ် တခု ဖြစ်သွားမယ်၊ အဲဒီ အခြေအနေသစ်ကို ကျနော်တို့ ကျော်ဖြတ်ရမယ့် အနေအထားသစ်တွေ ကလည်း ပေါ်လာ တော့မယ်ပေါ့။ အခုဟာက အခြေအနေသစ် ကလည်း မပေါ်သေးတဲ့ အခါကျတော့ ကျနော်တို့ ကျော်ဖြတ်ရမယ့် ပုံသဏ္ဌာန်ဆိုတာ သာမန် အားဖြင့်တော့ ပြောရခက်ပါတယ်။ ဒါမျိုးဆိုတာ ညှိနှိုင်းပြီးမှ ပေါ်ထွက်လာမယ့် ကိစ္စ ဖြစ်တာကိုး။

မေး။ ။ ဆရာပြောတဲ့ ပေါ်ပေါက်လာမယ့်အခြေအနေသစ်ဆိုတာ ဘာကို ဆိုလိုတာပါလဲ။

ဖြေ။ ။ ပေါ်ပေါက်လာမယ့်အခြေအနေကို ကျနော်တို့ မှန်းကြည့်တဲ့ အခါကြတော့ သာမန်အားဖြင့် အခု ကမ္ဘာကလည်း ပြောနေတယ်၊ အမေရိကန် အစိုးရတို့၊ ဂျပန်အစိုးရတို့၊ ကုလသမဂ္ဂတို့၊ အီးယူတို့ ဆိုတာတွေက ပြောနေတဲ့ အနေအထားက ဘာလဲဆိုတော့ ကျနော်တို့ ရွေးကောက်ပွဲဟာ အန်အယ်လ်ဒီတို့ တိုင်းရင်းသား အဖွဲ့အစည်းတို့ ဆိုတဲ့ ဗမာပြည် နိုင်ငံရေးမှာ အထင်ကရဖြစ်တဲ့ သို့မဟုတ်လည်း အင်အား ကြီးမားတဲ့ ပါတီ အဖွဲ့အစည်းတွေ မပါဘဲနဲ့ ရွေးကောက်ပွဲကို ကျင်းပပေးမယ် ဆိုရင် အားလုံး ပါဝင်ပတ်သက်မှု အခြေအနေ (all inclusive) ဟာ ဘယ်လိုမှ ဖြစ်ထွန်းလာမယ့် အနေအထား မရှိဘူး။ ဘယ်လိုမှလည်း ပေါ်ပေါက်လာနိုင်မယ့် အနေအထား မရှိဘူးဆိုရင် ဒီရွေးကောက်ပွဲဟာ ကျနော်တို့ရဲ့ဆန္ဒသဘောထား၊ တကမ္ဘာလုံးရဲ့ ဆန္ဒသဘောထား၊ ဒါတင်မက စစ်အစိုးရ ကိုယ်တိုင်က လက်ခံပါတယ် ဆိုတဲ့ သဘောထားနဲ့လည်း အကုန်လုံးဆန့်ကျင် သွားတော့မယ်။ ပျက်ပြား သွားတော့မယ်။ နောက်တခုက ဘာလဲဆိုတော့ ဒီရွေးကောက်ပွဲ ကျင်းပတဲ့ အခါမှာလည်း အခုလုပ်နေတဲ့ ပုံသဏ္ဌာန်အရ ပါတီ မှတ်ပုံတင် ဥပဒေတို့၊ ရွေးကောက်ပွဲ ဥပဒေတို့ဆိုတာ ဘာမှကို ထွက်လာခြင်း မရှိတာ အပါအ၀င် နောက်ပိုင်း ရွေးကောက်ပွဲ ကျင်းပတဲ့ အခါမှာလည်း ပြည်သူများ ပါဝင် ပတ်သက်မှု၊ မဲပေးမှု၊ မဲလိမ်မဲခိုးမှုတွေ စတဲ့ကိစ္စတွေ ပေါ်လာလို့ရှိရင် ကမ္ဘာက တောင်းဆိုနေတဲ့ မြင်သာ ထင်သာရှိခြင်း၊ အများယုံကြည် စိတ်ချရခြင်း ဆိုတဲ့ အနေအထားမျိုးကလည်း ဘယ်လိုမှ ပေါ်လာမှာ မဟုတ်ဘူး။ အဲဒါကြောင့် ဒီအနေအထားနှစ်ခု မရှိဘူးဆိုရင် ဒီရွေးကောက်ပွဲကို ကမ္ဘာကလည်း ဆန့်ကျင်ရှုတ်ချ ပြစ်တင်လာမယ်၊ ကမ္ဘာက အသိအမှတ် မပြုခြင်း အပါအ၀င် အများကြီး တုံ့ပြန်မှုတွေ ပေါ်လာမယ်။

အဲလိုအခြေအနေမျိုးမှာ အားလုံးပါဝင်မှုကို ပစ်ပယ်ထားတဲ့အတွက် ကျနော်တို့ကလည်း ဘေးရောက်နေမယ်။ နောက်တခါ ယုံကြည်စိတ်ချရမှု အနေအထားကလည်း လုံးဝ မရှိဘူး ဆိုတဲ့ အခါကျတော့ ကျနော်တို့ အနေနဲ့ကလည်း ရွေးကောက်ပွဲမှာ အနည်းဆုံး ကိုယ်တိုင် မပါဝင်တောင်မှ ဒီမိုကရေစီ အင်အားစုတွေကို ပါဝင်နိုင်အောင်၊ ပါဝင်နေတဲ့ ဒီမိုကရေစီ အင်အားစုလို့ ယူဆရတဲ့ အဖွဲ့အစည်းတွေကို တောင်မှ ကျနော်တို့ ၀ိုင်းဝန်း ပံ့ပိုးနိုင်တဲ့ အနေအထားမျိုး မရှိဘူးဆိုရင် အန်အယ်လ်ဒီရဲ့ အနေအထားက လုံးဝကို ပါတီတခုလုံး ထောင်သွင်း အကျဉ်းခံရတဲ့ အနေအထားမျိုးကို ရောက်သွားမယ့် အခြေအနေမျိုးကို ဆိုက်ရောက် သွားမယ်လို့ ကျနော်တို့ ပြောလို့ ရတယ်ပေါ့ဗျာ။

အဲလိုအခါမျိုးဆိုရင်တော့ အန်အယ်လ်ဒီဟာ တနည်းတဖုံအားဖြင့်တော့ လှုပ်ရှားမှုတွေ၊ စီမံ ဆောင်ရွက်မှုတွေ၊ ရုန်းကန်မှုတွေ၊ သဘောထား ဖော်ထုတ်မှုတွေဟာ ဒီနေ့လို ကာလမျိုးနဲ့တော့ အများကြီး ကွဲလွဲသွားမယ် လို့တော့ ကျနော်တို့ ပြောလို့ ရပါတယ်။ ကျနော်တို့ရဲ့ အနေအထားတွေဟာ ပိုပြီးတော့ တင်းမာတဲ့ အနေအထားမျိုး သို့မဟုတ်လည်း ပိုပြီးတော့ ပြတ်သားတဲ့ အနေအထားမျိုးကို ရောက်လာမယ်လို့ အဲလောက်တော့ ပြောလို့ရမယ်။ ဘာပဲပြောပြော အန်အယ်လ်ဒီဟာ တရားဝင် ပါတီတော့ ဖြစ်နေမယ်လို့ မှန်းဆတယ်။ တရားဝင်ပါတီ တခုဟာ ပါတီတခုလုံးကို ထောင်ကျတဲ့ အနေအထားမျိုး ရောက်လာမယ်ဆိုရင် ကျနော်တို့ရဲ့တုံ့ပြန်မှုတွေဟာ ပိုပြီးတော့ ပြင်းထန် တင်းမာလာမယ်လို့ ကျနော်တို့ အဲလို ယူဆပါတယ်။

မေး။ ။ ဒါဆို အခုပြုလုပ်မယ့် ရွေးကောက်ပွဲဟာ နိုင်ငံရေးပြဿနာတွေကို ပြေလည်စေမယ့် ရွေးကောက်ပွဲ မဟုတ်ဘူးလို့ ဆရာ ဆိုလို ချင်တာပါလား။

ဖြေ။ ။ ဟုတ်ပါတယ်။ မယူဆတဲ့ အကြောင်းကလည်း ခုဏ ပြောသလိုပေါ့။ အဓိက အချက်ကတော့ ဒီရွေးကောက်ပွဲဟာ ၂၀၀၈ အခြေခံ ဥပဒေအရ ကျင်းပမယ့် ရွေးကောက်ပွဲ။ တခါ အဲဒီရွေးကောက်ပွဲက ပေါ်ပေါက်လာမယ့် ရလဒ်တွေဖြစ်တဲ့ လွှတ်တော်တို့၊ အစိုးရ အဖွဲ့တို့ ဆိုတာလည်း ၂၀၀၈ အခြေခံ ဥပဒေကို အကောင်အထည်ဖော်မယ့် ယန္တရားတွေဖြစ်တယ်လို့ ကျနော်တို့က သတ်မှတ်တယ်။

ဒီအခြေခံဥပဒေဟာ လက်ရှိရှိနေတဲ့ စစ်အစိုးရရဲ့ အာဏာရှင်ပုံစံနဲ့ အုပ်စိုးခြင်းပေါ့ဗျာ။ ပြည်သူကို ဖိနှိပ်ခြင်းတို့ ချုပ်ချယ်ခြင်းတို့ နိုင်ထက်စီးနင်း ပြုခြင်းတို့၊ နောက် တိုင်းပြည်မှာ ဆင်းရဲမွဲတေ ငတ်ပြတ်မှုတွေကို လျစ်လျူရှုပြီးတော့ သူတို့ရဲ့စစ်အာဏာ တည်မြဲရေးကိုသာ လုပ်နေတဲ့ လုပ်ငန်းများကိုသာ သက်ဆိုးရှည်စေမယ့် အခြေခံ ဥပဒေဖြစ်တယ်။ ဒီအခြေခံ ဥပဒေကိုတော့ ကျနော်တို့က လက်မခံနိုင်ဘူး။ ဒါကြောင့် ဒီအခြေခံ ဥပဒေနဲ့ ကျင်းပမယ့် ရွေးကောက်ပွဲကိုလည်း ဒီအခြေခံ ဥပဒေကိုသာ မပြင်ဘူး ဆိုရင်တော့ လက်မခံနိုင်ဘူးလို့ ပြောနေခြင်း ဖြစ်ပါတယ်။

မေး။ ။ ဒီ ၂၀၀၈ ခုနှစ် ဖွဲစည်းပုံအခြေခံဥပဒေကို ပြင်နိုင်မယ့် အလားအလာရော ဆရာ မြင်ပါသလား။

ဖြေ။ ။ ဒီလိုရှိပါတယ်။ ပြင်တယ်ဆိုတာမျိုးက နှစ်မျိုးရှိတယ်။ စစ်အစိုးရက နေပြီးတော့ ဒါဟာ အများပြည်သူကလည်း လက်မခံဘူး၊ အတိုက်အခံ နိုင်ငံရေး အင်အားစုတွေကလည်း လက်မခံဘူး၊ ကမ္ဘာကလည်း လက်မခံတဲ့ သဘောတွေ ပြလာပြီဆိုရင် သူတို့က လိုအပ်တဲ့ အနေအထားမျိုးကို ပြင်မယ်ဆိုလို့ရှိရင် သူတို့ပြင်နိုင်တာပေါ့။ သူတို့က စစ်အာဏာပိုင် အဖွဲ့အစည်းပဲ၊ နောက်ပြည်သူများက ဆန္ဒ ပေးထားတယ် ဆိုတာကလည်း ရှင်းရှင်းပြောရရင် သူတို့ရဲ့ဖန်တီး လုပ်ဆောင်ချက်တွေ ဖြစ်တဲ့ အခါကျတော့ သူတို့ ပြင်မယ်ဆိုလည်း ပြင်လို့ရတာပေါ့။ သို့သော် အကောင်းဆုံး ပုံသဏ္ဌာန်ကတော့ အဲဒီ အခြေခံဥပဒေကို လိုအပ်သလို ပိုပြီးတော့ ကောင်းမွန်အောင် အများပြည်သူ ဆန္ဒနဲ့လည်း ကိုက်ညီအောင်၊ သို့မဟုတ်လည်း အခြေအနေနဲ့ ကိုက်ညီအောင်ပေါ့ဗျာ။ သူတို့ အဆိုအရတော့ အများပြည်သူက (၉၂) ရာခိုင်နှုန်း ဆန္ဒမဲ ပေးထားတယ် ဆိုတော့ အများပြည်သူ ဆန္ဒနဲ့ ကိုက်ညီပြီးသား ဖြစ်တယ်လို့ သူတို့ကတော့ ပြောတော့မှာပေါ့ဗျာ။ ဒါပေမယ့် အဲဒီလို အများပြည်သူ ဆန္ဒနဲ့ ကိုက်ညီတယ် ဆိုသော်လည်း အဲဒါက ၂၀၀၈ ခုနှစ် သို့မဟုတ် ၂၀၀၈ အကြိုကာလတွေက ကိုက်ညီခြင်း ဖြစ်သော်လည်း လက်ရှိ ပြောင်းလဲလာတဲ့ အခြေအနေတွေ အရ သိပ်မကောင်းဘူး ဆိုရင် သူတို့ပြင်ဖို့လမ်းက ဘာလဲဆိုတော့ တွေ့ဆုံဆွေးနွေးပွဲ စားပွဲပေါ်မှာ နှစ်ဘက်စလုံးကနေ အဆုံးအဖြတ် ပေးနိုင်သော ပုဂ္ဂိုလ်များ သို့မဟုတ် ဒိုင်ယာလော့ စားပွဲပေါ်မှာ ဒီကိစ္စကို ကျနော်တို့ စဉ်းစားလို့ရပါတယ်။ တိုင်းပြည်ရဲ့အဆုံးအဖြတ် ပေးနိုင်တဲ့ ခေါင်းဆောင် ပုဂ္ဂိုလ်များက နေပြီးတော့ ဆုံးဖြတ်လိုက်ရင် အဲဒီအစည်းအဝေးလို နေရာမျိုးကနေ စီးဆင်းလာတဲ့ နိုင်ငံရေး သဘောထားဟာ အကုန်လုံးကို ပြောင်းလဲလို့ ရပါတယ်။ ဥပမာ ပင်လုံ တွေ့ဆုံ ဆွေးနွေးပွဲကနေ စီးဆင်းလာတဲ့ အာဏာသဘောဟာ ပြည်ထောင်စု ဖွဲ့စည်းရေးလို ဟာမျိုးကို ဖြစ်ပေါ်စေနိုင် ပါတယ်။ ဒါကြောင့် တိုင်းပြည်မှာ အဆုံးအဖြတ် ပေးနိုင်တဲ့ ထိပ်သီး ပုဂ္ဂိုလ်များ ဆွေးနွေးကြမယ် ဆိုရင် အဲဒီက စီးဆင်းလာတဲ့အာဏာ၊ သဘောထားဟာ အကုန်လုံးကို ပြုပြင်ပြောင်းလဲလို့ ရပါတယ်လို့ ကျနော်တို့ ယူဆတယ်။

မေး။ ။ဘယ်လို ပြုပြင်ပြောင်းလဲလို့ ရမှာလဲဆိုတာ သိပါရစေ။

ဖြေ။ ။ အခုရွေးကောက်ပွဲက ဒီအခြေခံဥပဒေအတိုင်းသွားမှာဖြစ်တဲ့ အတွက် နိုင်ငံရေး အဖြေ မဟုတ်ဘူး၊ နိုင်ငံရေး ပြဿနာ တွေကို ရှင်းလည်း ရှင်းနိုင်မှာ မဟုတ်ဘူး။ နိုင်ငံရေး ပြဿနာတွေကို ဒီနေ့ ရွေးကောက်ပွဲ အကြိုကာလမှာ ရှင်းချင်လို့ပဲ ဖြစ်ဖြစ်၊ ရွေးကောက်ပွဲ ကာလမှာ ရှင်းချင်လို့ပဲ ဖြစ်ဖြစ်၊ ရွေးကောက်ပွဲ အလွန်ကာလမှာ ရှင်းချင်လို့ပဲ ဖြစ်ဖြစ် အဲလို သဘောထားမျိုး ကျနော်တို့မှာ ရှိတယ်ဆိုရင် အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆွေးနွေးပွဲက နေပြီး ၂၀၀၈ အခြေခံ ဥပဒေထဲကနေပြီး ပြင်ဖို့ လိုအပ်တဲ့ အချက်များကို ပြုပြင် ပြောင်းလဲနိုင်မယ် ဆိုရင် အဲဒီက ပေါ်ထွက်လာမယ့် ဆုံးဖြတ်ချက် သဘောထား အာဏာများဟာ ဒီအခြေခံ ဥပဒေကို ပြင်နိုင်ပါတယ်။ ဒီအခြေခံ ဥပဒေကိုသာ ပြင်လိုက်ရင် ပြဿနာပေါင်းစုံ ရှင်းသွားမှာ ဖြစ်ပါတယ်။ ပြဿနာပေါင်းစုံဆိုတာ တိုင်းရင်းသားတွေမှာ ရှိတဲ့ သဘောထားတွေကို ပြောင်းလဲ သွားစေနိုင်မယ်၊ တိုင်းရင်းသားတွေနဲ့ စစ်အစိုးရ ဆက်ဆံရေးဟာလည်း ပြောင်းလဲ သွားနိုင်တယ်။ အလားတူပဲ အန်အယ်လ်ဒီလို ဒီမိုကရေစီ အင်အားစုတွေနဲ့ အစိုးရ ဆက်ဆံရေးဖြစ်တဲ့ ရွေးကောက်ပွဲမှာ ပါဝင်ရေးဆိုတဲ့ အချက်တွေကိုလည်း ကျနော်တို့ ပြောင်းလဲ သွားစေနိုင်မယ်။ အလားတူပဲ ကမ္ဘာနဲ့ ဆက်ဆံရေးပါ ပြောင်းလဲ သွားမယ်လို့ ကျနော်က ယူဆတယ်။ ဒါကြောင့် ကျနော်က ဒီနေ့ကာလဟာ ရွေးကောက်ပွဲဟာ အဖြေ မဟုတ်ပါဘူး၊ အဖြေဟာ တွေ့ဆုံ ဆွေးနွေးပွဲသာ ဖြစ်ပါတယ်လို့ ပြောနေတာပါ။ ကျနော်တို့ အဖို့ကတော့ သို့မဟုတ်လည်း ကျနော်တို့နဲ့အတူ လက်တွဲပြီး ဆောင်ရွက်နေတဲ့ တိုင်းရင်းသား အဖွဲ့အစည်းများ အဖို့၊ ကျနော်တို့ကို ထောက်ခံ အားပေးနေတဲ့ ကမ္ဘာနဲ့တကွ ကုလသမဂ္ဂတို့ အဖို့ကတော့ ဒီတွေ့ ဆုံဆွေးနွေးပွဲ ဖြစ်လိုက်ရင် အကောင်းဆုံး အခြေအနေများ ပေါ်ထွန်းလာဖို့အတွက် အလားအလာတွေ အများကြီးရှိတယ်လို့ ကျနော်က အဲလိုပဲ ယူဆတယ်။

မေး။ ။ အမျိုးသားစည်းလုံးညီညွတ်ရေး ကိစ္စရော ပြေလည်နိုင်ပါ့မလား ဆရာ။

ဖြေ။ ။ ပြေလည်နိုင်တာပေါ့ခင်ဗျာ။ ဘာလို့လဲဆိုတော့ ဒီတွေ့ဆုံဆွေးနွေးပွဲဟာ နိုင်ငံရေး အားဖြင့် အဓိက ကျတယ်လို့ တဖက်က ပြောနေပေမယ့်လို့ တိုင်းပြည်ကြီး တခုလုံး သို့မဟုတ် ပြည်ထောင်စုကြီး တခုလုံးရဲ့ အနာဂတ် အနေနဲ့ ဆိုရင်လည်း အမျိုးသား ပြည်လည် သင့်မြတ်ရေးလို့ ကျနော်တို့ ပြောနေတာကနေ တဆင့် အမျိုးသား ညီညွတ်ရေးဆိုတာ ပေါ်ထွက် လာနိုင်တဲ့ အနေအထား ရှိပါတယ်။ ဒီတွေ့ဆုံ ဆွေးနွေးပွဲကသာလျှင် ချက်ချင်းလက်ငင်း အဖြေ မပေါ်ထွက်လာသော်ငြားလည်း အခြေခံ သဘောထားတွေ ပေါ်လို့ရှိရင် ကျနော်တို့ ဆက်လက် ညှိနှိုင်းသွားဖို့ပဲ ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ တွေ့လိုက်ရင် အဲဒီကနေ ချမှတ်တဲ့ သဘောထားတွေ အပေါ် ဆက်လက်ပြီး အဆင့်ဆင့်သော ဆွေးနွေးပွဲများ ကျင်းပသွားခြင်း အားဖြင့် ရွေးကောက်ပွဲ အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စကနေ အမျိုးသား ညီညွတ်ရေး ကိစ္စအထိ အကျိုးဆက်များ ဆက်တိုက် ပေါ်သွားနိုင်ပါတယ်။ ဒီဆွေးနွေးပွဲကနေ အစွန်းတဖက်မှာ အခြေခံ ဥပဒေပြင်ဆင်ရေး ကိစ္စတွေရှိသလို နောက်အစွန်း တဖက်မှာလည်း အမျိုးသား ညီညွတ်ရေးအထိ ရည်မှန်းချက်တွေ ရှိတဲ့အတွက် ဒီလို ကျင်းပခြင်းဟာ ဒီနေ့ကာလ တိုင်းပြည်ရဲ့ ထွက်ပေါက် အဖြေပဲဖြစ်ပါတယ်။

မေး။ ။ တကယ်လို့ အန်အယ်လ်ဒီဟာ ၂၀၁၀ ရွေးကောက်ပွဲဝင်လိုက်မယ် ဆိုရင် ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ဟာ အတိတ်မှာ ကျန်ခဲ့မယ်လို့ ပြောဆိုသံတွေ ထွက်ပေါ်နေပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ဆရာဘယ်လို ပြောချင်ပါသလဲ။

ဖြေ။ ။ ရွေးကောက်ပွဲလိုဟာမျိုးကို ကျနော်တို့က ခေါင်းလျှိုပြီးတော့ ၀င်သွားရင် ၁၉၉၀ ရွေးကောက်ပွဲဟာ အတိတ်မှာ ကျန်ခဲ့တယ် ဆိုတဲ့ဟာမျိုးထက် အဖြစ်မှန်က ဘာလဲဆိုတော့ ကျနော်တို့ဟာ ပြည်သူလူထုကနေ အပ်နှင်းထားတဲ့ မန်းဒိတ်ကို အစိုးရ ကိုယ်တိုင် ကလည်း မဖျက်သေးဘူးဗျ။ ရွေးကောက်ပွဲ ကော်မရှင်ကနေ ဒါကို တရားမ၀င်တော့ဘူးလို့ ပြောဆိုခြင်း မရှိဘဲနဲ့ စစ်အစိုးရ လုပ်နေတဲ့ ပုံသဏ္ဌာန်ဟာ ရွေးကောက်ပွဲ တခုကို နောက်ရွေးကောက်ပွဲ တခုနဲ့ ကျော်လွှားဖို့ လုပ်နေတာ။ အဲဒါကို ကျနော်တို့ လက်မခံနိုင်ဘူး။ ကျနော်ကတော့ အတိတ်မှာ ကျန်ခဲ့တယ်လို့ မပြောချင်ဘူး။ ကျနော်တို့ဟာ ရွေးကောက်ပွဲ အသစ်ကို ၀င်လိုက်တယ်ဆိုရင် ရွေးကောက်ပွဲ အဟောင်းတုန်းက အကောင်အထည်လည်း ရလဒ် တစုံတရာ မပေါ်ခဲ့ဘူး၊ ပြည်သူလူထုက အပ်နှင်းတဲ့ အာဏာကိုလည်း ကျနော်တို့က ဘာမှ အကောင်အထည် ဖော်ပေးနိုင်ခြင်း မရှိဘူး၊ နောက်တခါ အဲဒီရွေးကောက်ပွဲရဲ့ ရလဒ်ကြီး တခုလုံးကိုလည်း တာဝန်ရှိတဲ့ စစ်အစိုးရက နေပြီးတော့ ဖျက်သိမ်းခြင်းတို့ ဘာတို့လည်း ကြေညာခြင်း မရှိဘဲနဲ့ ဒီတိုင်း ချန်ခဲ့လို့ မရဘူး။ အဲဒါနဲ့ ပတ်သက်လို့ ကျနော်တို့ရဲ့သဘောထားက ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ရလဒ်ကို တနည်းနည်းနဲ့ အသိအမှတ် ပြုမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်က ပြောတဲ့စကားဗျ။ တနည်းနည်းနဲ့ဆိုတာ ကျနော်တို့ အနိမ့်ဆုံး ပုံစံနဲ့လည်း ဖြစ်နိုင်ပါတယ်။ အမြင့်ဆုံး ပုံသဏ္ဌာန်နဲ့လည်း ဖြစ်နိုင်ပါတယ်။

အမြင့်ဆုံးပုံသဏ္ဌာန်ဆိုတာက အာဏာလွှဲပြောင်း ပေးဖို့ပေါ့။ အနိမ့်ဆုံး ပုံသဏ္ဌာန် ဆိုတာကလည်း တွေ့ဆုံဆွေးနွေးပွဲ ကနေ သဘောတူညီချက် ရရင် အဲဒါတွေကို အခြေခံပြီးတော့ လွှတ်တော်ခေါ်လိုက်။ တနေ့တည်းပဲ ခေါ်ခေါ် ဒီလွှတ်တော်ကနေ သဘောတူညီချက် များကို အတည်ပြုလိုက်ပြီ ဆိုတဲ့ ဟာမျိုးနဲ့ ပြီးရင် ဒီလွှတ်တော်ကို ဖျက်သိမ်းပြီးတော့ နောက်ထပ် ရွေးကောက်ပွဲ အသစ် လုပ်မယ် ဆိုတာမျိုးပါ။ အဲလို လုပ်လို့ရပါတယ်။ ဒါက ကျနော်ရဲ့ ကိုယ်ပိုင် အတွေးအခေါ်ပါ။ တနည်းနည်းနဲ့ ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည် စကားဟာ အနိမ့်ဆုံးလည်း လုပ်လို့ရပါတယ်။ အမြင့်ဆုံးလည်း လုပ်လို့ရပါတယ်။ ဒါပေမယ့်လို့ ဒီလို တနည်းနည်းနဲ့ အသိအမှတ် ပြုခြင်းကတော့ လုပ်ဖို့ကောင်းတယ်။ အဲလိုလုပ်တာ မဟုတ်ဘဲနဲ့ ရွေးကောက်ပွဲ တခုကို နောက်ရွေးကောက်ပွဲ တခုနဲ့ နင်းကြိတ် ချေသလို လုပ်ရင်တော့ ဒါတွေဟာ သမိုင်းမှာလည်း မလှမပ ဖြစ်မယ်။ ရှေ့ဆက်ပြီး အငြင်း ပွားစရာတွေကလည်း ရှိမယ်။ အကြောင်းကြောင်းကြောင့် ဒီရွေးကောက်ပွဲ ကိုပဲ ဆုပ်ကိုင်ပြီး ထားပြီးတော့ နောက်ရွေးကောက်ပွဲကို ကျောခိုင်းတဲ့ ပုံသဏ္ဌာန်မျိုး လုပ်ရင်လည်း ဗမာပြည်ရဲ့ နိုင်ငံရေး ပြဿနာတွေဟာ ရှင်းစရာ ပြေလည်စရာ ဘာမှ ရှိမှာ မဟုတ်ဘူးလို့ ကျနော်က ယူဆပါတယ်။

Ref: ခေတ်ပြိုင်

Read More...

ကချင်အထူးဒေသ (၁) အထူးအစည်းအဝေးပွဲ ကျင်းပ

လင်းနိုင်ဦး/ ၁၄ ဇန်န၀ါရီ ၂၀၁၀

ဦးဆခုံတိန့်ယိန်း ဦးဆောင်သည့် ကချင်အထူးဒေသ (၁) ၏ အထူး အစည်းအဝေးပွဲ တရပ်ကို ဇန်နဝါရီ (၁၃) ရက်နေ့မှ စပြီး မြစ်ကြီးနားမြို့တွင် ကျင်းပနေကြောင်း တက်ရောက်နေသည့် ကိုယ်စားလှယ်များက ပြောသည်။

အစည်းအဝေး တက်ရောက်နေသည့် ကိုယ်စားလှယ်တဦးက “ဒီအစည်းအဝေးမှာ ဥက္ကဋ္ဌ ဦးဆခုံတိန့်ယိန်း၊ ဒု-ဥက္ကဋ္ဌ ဦးဝေါ့လော်ဟောင်းခေါင်နဲ့ ငြိမ်းချမ်းရေး ကောင်စီဝင်တွေ၊ အထူးဒေသထဲမှာ တာဝန်ယူနေကြတဲ့ ဒုတိယအဆင့် ခေါင်းဆောင်တွေ၊ မြို့ပေါ်က စီးပွားရေး ဆိုင်ရာဌာနနဲ့ ကုမ္ပဏီ အသီးသီးမှာ တာဝန် ထမ်းဆောင်နေကြတဲ့ အရာရှိတွေ စုစုပေါင်း (၆ဝ) လောက် တက်ကြတယ်။ အန်ဒီအေ (ကချင်) တပ်ဖွဲ့ကို နယ်ခြားစောင့်တပ် ဖွဲ့စည်းပြီး နောက်ပိုင်း အထူးဒေသ (၁) အနေနဲ့ ရှေ့ဆက် ဘာလုပ်မလဲ ဆိုတာကို ဆွေးနွေးကြတဲ့ အရေးကြီးတဲ့ အစည်းအဝေး ဖြစ်ပါတယ်” ဟု ပြောသည်။

အစည်းအဝေး ပထမနေ့ နံနက်ပိုင်းတွင် ဥက္ကဋ္ဌ ဦးဆခုံတိန့်ယိန်းက နယ်ခြားစောင့်တပ် ဖွဲ့စည်းပြီးဖြစ်၍ တပ်တွင် ပါဝင်ခြင်း မရှိတော့သည့် ယခင် ခေါင်းဆောင် အသီးသီးသည် လက်နက် ကိုင်ဆောင်ခွင့် မရှိတော့သဖြင့် မိမိတို့၏ လက်နက်များကို သက်ဆိုင်ရာထံ သွားရောက် သတင်းပို့ အပ်နှံကြရန် နှိုးဆော်သည်။

ထို့နောက် တက်ရောက်လာကြသည့် ငြိမ်းချမ်းရေး ကောင်စီအဖွဲ့ဝင် ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များကို ရှေ့ဆက် ဘာလုပ်သင့်သလဲ ဆိုသည်နှင့် ပတ်သက်ပြီး တင်ပြစရာ ရှိသည်များကို တင်ပြကြရန် ခွင့်ပြုသည်။

အစည်းအဝေးတွင် တင်ပြချက်များနှင့်ပတ်သက်၍ ကိုယ်စားလှယ်တဦးက “ခေါင်းဆောင်တဦး တင်ပြတာတော့ အတော်ကောင်းတယ်။ သူက နယ်ခြားစောင့်တပ် ဖွဲ့ပြီးသွားပြီဆိုတော့ ဒါဟာ တပ်ကို စစ်အစိုးရထံ အပ်လိုက်ပြီဆိုတဲ့ သဘောပဲ။ လက်ရှိလည်း သူတို့ ခြယ်လှယ်နေပြီး ဖြစ်တယ်။ ဘာပဲဖြစ်ဖြစ် ဒါကို နောက်ပြန် ဆုတ်လို့တော့ မရတော့ဘူး။ ပြန်ပြီး တိုက်ကြခိုက်ကြဖို့လည်း မပြောလိုဘူး။ ဒါပေမယ့် ခု တပ်ဖွဲ့ဝင်တွေကို ဒီ ကချင်အထူးဒေသ (၁) ထဲကနေ အခြား ဘယ်နေရာကိုမှ မပြောင်းရွှေ့ပါဘူးလို့ စစ်အစိုးရထံက ခိုင်လုံတဲ့ ကတိရအောင် တောင်းပေးဖို့ အကြံပြု တင်ပြတယ်။ ဒီကတိ မရှိတဲ့အတွက် နယ်ခြားစောင့် တပ်ဖွဲ့က တပ်သားတွေဟာ တဖွဲဖွဲ ထွက်ပြေး နေကြတယ်။ ဒါဟာ နောင်တချိန် သူတို့ကို အခြားဒေသ တခုခုကို ပြောင်းရွှေ့ပြီး ဘဝတူ လူမျိုးစုတွေကို တိုက်ခိုင်းမှာ စိုးရိမ်လို့ ဖြစ်တယ်ဆိုပြီး တင်ပြတာ ကြားရတယ်” ဟု ပြောသည်။

မိမိတို့ တော်လှန်ရေးလုပ်ခဲ့၍ ကချင်အထူးဒေသ(၁) အတွင်းရှိ ကျေးရွာနှင့် ပြည်သူများ နှစ်ပေါင်းများစွာ အတိဒုက္ခ ရောက်ခဲ့ကြသည့် အတွက် မည်သို့ ပြန်လည် ပေးဆပ်ရမည် ဆိုသည်ကို စဉ်းစားရန် လိုကြောင်း၊ ထို့အပြင် စစ်ပွဲ ကာလအတွင်း အသက်စွန့် သွားရသည့်သူများ၊ ခန္ဓာကိုယ် တစိတ်တပိုင်း ပေးလှူခဲ့ရသူများ၊ စွန့်လွှတ် စွန့်စားခဲ့ပြီး ယခုအခါ အသက်အရွယ် ကြီးရင့် နေသူများကိုလည်း အစီအစဉ်တကျ စောင့်ရှောက်သင့်ကြောင်း၊ အဆိုပါ တော်လှန်ရေး လုပ်ခဲ့သူများ၏ အသက်အိုးအိမ် စည်းစိမ်ကို အာမခံချက်ရှိရန် လုပ်ပေးသင့်ကြောင်း အဆိုပါ ခေါင်းဆောင်က တင်ပြ ဆွေးနွေးသွားသည်ဟု သိရသည်။

အစည်းအဝေးကို လာမည့် ဇန်နဝါရီ (၁၆) ရက်အထိ နေ့စဉ် ပြုလုပ်သွားမည် ဖြစ်ပြီး လက်ရှိ ငြိမ်းချမ်းရေး ကောင်စီ အနေဖြင့် ပါတီ ဖွဲ့စည်းသင့်မသင့်၊ ကချင် အထူးဒေသ (၁) ၏ စီးပွားရေး လုပ်ငန်းများ မည်ကဲ့သို့ ဆက်လက် လုပ်ကိုင်မည် စသည့် ကိစ္စရပ်များကို ဆက်လက် ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။

အစည်းအဝေးတွင် ကချင်အထူးဒေသ (၁) နှင့် ပတ်သက်သည့် စီပွားရေး လုပ်ငန်းအားလုံး ဦးဆခုံတိန့်ယိန်းနှင့် မိသားစုက လက်ဝါးကြီးအုပ် ရယူထားသည့် ကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးမည်၊ မဆွေးနွေးမည် ဆိုသည်ကိုမူ မသိရသေးပေ။

ကချင်အထူးဒေသ (၁) သည် ယခင်က ကေအိုင်အေတပ်ဖွဲ့၏ လက်အောက်ခံ တပ်ရင်း နယ်မြေတခုဖြစ်ပြီး နောက်ပိုင်း ဦးဆခုံတိန့်ယိန်းနှင့် ဦးလယောက်ဇယ်လွန်းတို့ ဦးဆောင်၍ ဗကပနှင့် ပူးပေါင်းကာ ဗကပ (၁ဝ၁) စစ်ဒေသ ဖြစ်လာသည်။

၁၉၈၉ ဒီဇင်ဘာတွင် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲခဲ့ပြီး ကချင်ဒီမိုကရေစီသစ် တပ်မတော် အန်ဒီအေ (ကချင်) တပ်ဖွဲ့ ကချင် အထူးဒေသ (၁) ဖြစ်လာကာ ၂ဝဝ၉ ခုနှစ်တွင် စစ်အစိုးရ၏ နယ်ခြားစောင့်တပ် ပြောင်းလဲ ဖွဲ့စည်းရေး အစီအစဉ်ကို လက်ခံသည့် ပထမဦးဆုံး တပ်ဖွဲ့ဖြစ်လာပြီး တပ်ရင်း (၃) ရင်းဖြင့် ပြောင်းလဲ ဖွဲ့စည်းနေသည်။

Ref: ခေတ်ပြိုင်

Read More...

Thursday, January 14, 2010

သမိုင်းဘီးနစ်ခဲ့သူများ အပိုင်း(၄)

စိန်လွင်

ဇန်နဝါရီ ၁၃ ၊၂၀၁၀။

ထိုင်းဂြိုလ်တုမှ KNU စခန်းများ၊ (ကော့မူးရာ၊ ဝါခသစ်၊ မယ်ထော်တို့အပါအဝင်၊ ကရင်ပြည်နယ်၊ ထိုင်းနယ်စပ် တလျှောက် အသေးစိတ်ဝင်၊ ထွက်လမ်းကြောင်းတို့) ကိုသက်ဆင်၏ Shin Thaicom ဂြိုလ်တုများမှ တဆင့်၊ ကကလှမ်း သို့ပေးရန်၊ သက်ဆင်မှ သဘောတူခဲ့သည်၊

ခင်ညွှန့်မှ ထိုင်းငါးဖမ်းစက်လှေများ၊ တနသာင်္ရီဘက်တွင် ငါးဖမ်းခွင့်၊း ဖမ်းဆီးထားသော ထိုင်း အကျဉ်းသားများ (ရေလုပ်သား) ကို ပြန်လွှတ်ပေးရန်၊ “ဝ” တပ်များကို ဘိန်းနှင့် မူးယစ်ဆေးများ ထိုင်းဘက်သို့ တင်ပို့မှု ရပ်ဆိုင်းရန် ဖိအားပေးရန် တူခဲ့သည်။ ထို့နောက်ပိုင်းတွင် ဘန်ကောက်မှ စစ်သံမှူး ဗခက ကျော်ဟန်ကို ကကလှမ်းသို့ ဗမခ အဆင့်ဖြင့် ခင်ညွှန့်မှ ပြန်ခေါ်ခဲ့သည်၊

မြန်မာသံရုံးစင်ကာပူ ကလည်း ခေတ်အဆက်ဆက် ဘယ်တုန်းကမှ ဘန်ကောက်မြန်မာ သံရုံးကို အားကျမခံ၊ အကြောမပေးပါ။

ယခုကောင်စစ်ဝင်ငွေခွန် ကိစ္စများကို လက်ရှိဖြောင်နေသူမှာ ၁၉၉၈ တွင် နယူဇီလန် Univesiy တွင် ELTO program လာတက်ခဲ့သော မန်ဟောက်ထန် (ပထမ အတွင်းဝန်) ဖြစ်ပါသည်၊ သူ့မှာအပါတ်စဉ် စနေနေ့ ညတိုင်း စာရင်းသွင်းပေး ရသူက ဆိုင်ရှင် သံအမတ်ကြီး ဦးဝင်းမြင့်သို့ ရောင်းအား ကောင်းရင် ကောင်းသလို၊ စင်ကာပူတွင် ချန်ဂီ ထောင်တွင် မြန်မာနိုင်ငံသားများ၊ အကြောင်း အမျိုးမျိုးဖြင့် ကျခံလျှက် ရှိသည်၊ အကြောင်း မျိုးမျိုးဖြင့် ခက်ခဲဒုက္ခတွေ့သော မြန်မာတို့ အပေါ် စာနာကူညီမှု မရှိသလောက် နည်းပါးကာ၊ သံရုံးရှေ့သို့ ဆန္ဒပြသူများကို မည်သူမည်ဝါ ခွဲခြားနိုင်ရန်သာ အားတက် သရော လုပ်လေ့ ရှိသည်မှာ အသဲနာစရာပါ။

မြန်မာသံရုံး၊ စင်ကာပူတွင် ဗြဟ္မာ ဦးခေါင်း ၂ ခုလည်းရှိပါသေးသည်။ ဒေါ်ကြိုင်ကြိုင်၏ သမီးတော် (၂) ပါး ဖြစ်သော အေးအေးသစ်ရွှေနှင့် ကြည်ကြည်ရွှေတို့မှာ အလုပ် မဆင်းသော်လည်း၊ လစာကို သံရုံးခံစားခွင့်ဖြင့် နေပြည်တော် နခဌ မှ အိမ်တော်သို့ မှန်မှန် ပို့ပေးနေရသည်၊ ၄င်းတို့ (၂) ဦးအတွက် ဌားရန်း ထားသော အိမ်မှာ သံအမတ် တစ်ဦးကဲ့သို့၊ သို့သော် နေရာမှာ ထိပ်တန်းလျှို့ဝှက်၊ သံအမတ်ကြီးသာလျှင် သိသည်၊ သူတို့ စင်ကာပူတွင် ဈေးလာဝယ်လျှင်၊ သံအမတ်ကတော် က အထုတ် လိုက်ဆွဲပေးရသည့် အခြေအနေ၊ နောက်တစ်ခု၊ စင်ကာပူသည် ဒီမိုကရေစီ တစ်ခုဖြစ်ပေမည် သန်းရွှေတို့ နယကနှင့် အလွမ်းသင့်တာ အမှန်။ ကြည်ကြည်ရွှေ နှင့် အေးအေးသစ်ရွှေတို့ စာရင်းဖွင့်ထားသော ဘဏ်မှာ၊ United Overseas Bank ဖြစ်ပါသည်၊

စင်ကာပူမှာ ST Engineering Ltd သည်၊ အမေရိကန်နိုင်ငံမှ လက်နက်ကုမ္မဏီများ ထံမှ လက်နက် (အမြောက်၊ ဒုံးစင် များ၊ ပခုံးထမ်းပစ် စတင်ကဒုံး၊ မြေမြှပ်မိုင်း) တို့ကို မြန်မာစစ်တပ် အတွက် လျှို့ဝှက် ဝယ်/ရောင်း ပြုလုပ် ပေးလျှက်ရှိသည်၊ ဒါက သန်းရွှေနှင့် လီကွမ်ယူ၊ lee Hsien Loong အတွင်း သိထားသည့် ကိစ္စ၊ ၄င်းလက်နက်များကို အမေရိကန် ကုမ္မဏီများမှ မြန်မာနိုင်ငံမှ ဝယ်ယူသည်ကို သိရှိသော်လည်း၊ ၄င်းတို့၏ လက်နက်စွမ်းရည်များ အမှန်တကယ် သိရှိလို သဖြင့်၊ ဆက်လုပ် နေကြခြင်းဖြစ်သည်၊ ၄င်းလက်နက် အသစ်များကို တပ်မ ၂၂၊ ၄၄နှင့် ရတခတို့တွင် တပ်ဆင်ပြီး၊ ကရင် ပြည်နယ်နှင့် ကယားဒေသအချို့ စစ်ဆင်ရေးများတွင် သုံးစွဲသည်၊

Feedback ကို ST Engineering Ltd သို့ ရန်ကုန်ရှိ စင်င်္ကာပူစစ်သံမှူးမှ အသေးစိတ်ရယူ၍၊ Research ပြုလုပ်သည်။ ၄င်းကိစ္စတွင် မြန်မာ လက်နက် ကုန်သည်ကြီး တေဇ DSA ၂၇ မှ ပွဲစား ပြုလုပ်သည်၊ ၄င်းမှ ST Engineering Ltd မှပေး သော ၁၂% ကော်မရှင်ခ အပြင်၊ ST Engineering Ltd အား အပိုစရိတ်များ ပေါင်းထည့်ကာ မြန်မာနိုင်ငံ သို့ရောင်းချ စေသည်။ သို့သော် တေဇသည် တစ်ယောက်ထဲတော့ မဟုတ်၊ နယက ဗိုလ်ချုပ်များကို အားလုံး ပြန်လည် ဖြည့်ဆည်းပေးသည်၊

စင်ကာပူရှိ OCBC Bank (Overseas Chinese Banking Cooperation ) တွင်ရှိသော ၄င်းတို့၏ စားရင်းများ ထဲသို့၊ အားလုံးကို ထည့်ပေးလိုက်ခြင်း ဖြစ်သည်၊ ထိုနောက်၊ ရန်ကုန် Sukura Tower ရှိ ဘဏ်ခွဲသို့၊ သက်ဆိုင်သူတို့၏ ဇနီး၊ သား သမီးတို့က လာရောက် ထုတ်ယူသွားကြခြင်းပင် ဖြစ်သည်၊ စင်ကာပူတွင် ဗခကများ၏ ဘဏ်စာရင်းများ ရှိနေသည်၊ ထို့ အပြင် စင်ကာပူ စစ်သင်တန်းကျောင်း များတွင် ယခု စစ်ထောက်လှမ်းရေး အရာရှိများကို ၄င်းကုမ္မဏီမှပင် အင်တာနက်မှ သတင်း ကန့်သတ်ခြင်း၊ Hack နည်းမျိုးစုံ တို့ပါဝင်သော IT ဘာသာရပ်ကို လေ့ကျင့် ပေးလျှက် ရှိသည်မှာ ၂ဝဝ၅ မှ စတင် ခဲ့သည်မှာ ယခုတိုင်။

၂ဝဝ၈ မေထဲတွင်၊ မောင်ဝိတ်ကို မူးယစ်ဆေးမှုဖြင့် ဖမ်းသောအခါ၊ မောင်ဝိတ်ဇနီး ယမင်းခင် (ဗခက မြင့်ဆွေ လှမ်းညွှန့်မှူး ယခင်၏ တူမ)သည် စင်ကာပူသို့ သွားရောက်ကာ၊ သံအမတ်တော်နှင့် ဈေးဝယ် ထွက်လျှက်ရှိသည်၊

တရားမဝင် မူးယစ်ဆေးဝါး နှင့် တရားဝင် ပြည်ပို့ကုန်
၂ဝဝ၄ အထိ မြန်မာနိုင်ငံ မူးယစ်တိုက်ဖျက်ရေး ကော်မတီဥက္ကဌ ဗမခကျော်သိန်း ဖြစ်ခဲ့ပြီး။ ဝါရှင်တန်ရှိ အောင်လင်းထွဋ် သည်လည်း၊ ထိုရှမ်းပြည်နယ် ဘက်ရှိ ဘိန်းဖျက်ပွဲများတွင် ပါဝင်ပါသည်၊

မြန်မာနိုင်ငံ မူးယစ်ဥပဒေအရ၊ ရောင်း/ဝယ်၊ သုံးစွဲခြင်းမှာ တရားမဝင်ပါ။ သို့သော်၊ လောစစ်ဟန်သည် မြန်မာနိုင်ငံတွင် အကြီးဆုံးတစ်ခု ကုမ္မဏီဖြစ်သော Asia World Yangon Airwayss, Golden aeron ကို ရွှေတြိဂံမှ ဘိန်းဖြင့် ကျောကန် ထားခြင်းဖြစ်သည်၊

ထိုငွေ US Dolloar 2 billions a year သည်သန်းရွှေ၊ မောင်အေး၊ (ယခုရွှေမန်း) တို့ကို Hong Kong မှ F.W.I.F.T တဆင့်၊ Bank Of China (အစိုးရပိုင်) သို့ Euro ဖြင့် စာရင်းလွှဲပြောင်း ပေးလျှက်ရှိသည်၊

ကမ္ဘောဒီးယား မြန်မာသံရုံး
၂ဝဝ၃ မေလတွင် ဖနောင်ပင်ရှိ မြန်မာသံရုံးသို့၊ ဒုတိယအတွင်းဝန် အဖြစ်၊ ရောက်ရှိခဲ့ပါသည်၊ ထိုစဉ်က သံအမတ်မှာ ဗမခ စောလှမင်း (ယခုပြင်သစ်နိုင်ငံ) ၊ သံမှူးကြီး ကျော်ညွှန့်မှန် (ယခုငြိမ်) ဒုဝန် ကိုမြင့်ထွန်း (ယခုစင်ကာပူ ၂ဝဝ၉) တို့ ဖြစ်ကြသည်၊

ကျွန်တော့်နေရပ်မှာ- #194,63st , Bang Keng Kang 1,Khan Chamcarmon,Phnom Penh ထိုစဉ်က တွဲမိသည်မှာ ၈၈ တုန်းက RIT မှ ကိုအောင်မျိုးမြင့် (စက်မှူး) တို့ဖြစ်ကြသည်၊ ပုံမှန် ရုံးပိုင်းကတော့၊ ကောင်စစ်လုပ်ငန်း (မနလ၊ ဗီဇာ) တို့ဖြစ်သည်၊ နိုင်ငံအတွင်းရှိ၊ ဒီမိုကရေစီရေး လှုပ်ရှားသူများ သတင်း။

ကျွန်တော့်အား ထိုစဉ်က ဖနောင်ပင်ရှိ Journalism School နောက်သို့လိုက်ပါ စုံစမ်းရန်၊ သံအမတ်က တာဝန်ပေးသည်၊ လှမ်း၏ အဆိုအရ အဆိုပါ သင်တန်းကျောင်းသည်၊ UG Cell များ မွေးထုတ်သည့် မြေပေါ်မှ သင်တန်းကျောင်း ဖြစ်ကြောင်း၊ မည်သူများ တက်ရောက် နေသည်နှင့်၊ ထိုင်းနိုင်ငံ ဘက်မှ နယ်မြေ ပြောင်းလာသည့် ဒီမိုကရေစီ လှုပ်ရှားသူများကို စုံစမ်း ရန်နှင့်၊ ဓါတ်ပုံရိုက်ပေးရန် တို့ဖြစ်သည်။ ကျွန်တော်သည် ကျောင်းအဆောက် အဦးကို ဓါတ်ပုံရိုက်ပေးပြီး၊ လောလောဆယ် ကျောင်းပိတ် ထားကြောင်း၊ အတိုချူံး၍ report လုပ်လိုက်သည်၊ သံအမတ်လည်း၊ မယုံတဝက်နှင့်၊ စိတ်လေသွားသည်၊ ပြဿနာက လှမ်းက သူတို့ လိုချင်သည့် သတင်းမရကာ၊ ဘန်ကောက်ရှိ၊ စစ်သံရုံးသို့၊ အကြောင်းကြားကာ၊ လှမ်းမှ စစ်သံ တပ်ကြပ်တစ်ဦးကို ဖနောင်ပင်ထဲသို့၊ လျှို့ဝှက်ရောက်ရှိ စုံစမ်းကာ၊ တက်ရောက်နေသော မြန်မာများကို ဓါတ်ပုံနှင့် သတင်း အရ ယူသွားသဖြင့်၊ ကျွန်တော့်အား၊ ထောက်လှမ်းရေး ပိုင်းမှ နောက်ကြောင်း အခြေအနေအရ၊ စိတ်မချရဟု ဦးဝင်း အောင်ထံသို့၊ လျှို့ဝှက်ဖုံးဖြင့် ပြန်ခေါ်ရန် အကြောင်းကြား၍ ကျွန်တော့်အား၊ စက်တင်ဘာ ၂ဝဝ၃ ထဲတွင်၊ ရန်ကုန် နိုင်ငံခြားရေး ရုံးသို့ ပြောင်းရွှေ့ ခံရပြန်သည်၊

၂ဝဝ၄ မတ်လ ကုန်ဝန်းကျင်တွင် ဒေါ်စုအိမ်အား ဖမ်းဆီး ပိတ်ဆို့သည် Duty ကို ဌာန အစည်းအဝေးတွင်၊ ဆန့်ကျင် တင်ပြခဲ့ရာမှ ဧပြီလ ဆန်းပိုင်းတွင် ဂ ရက်ကြား၊ ရေကြည်အိုင်တွင် နှိပ်စက် စစ်ဆေးခြင်း ခံရပြီး၊ ရာထူးတာဝန်မှ ခေတ္တ ရပ်နားခံရပြီး၊ ဌာန၏ ထောက်လှမ်းရေး အထူးအရာရှိနှင့် ဝန်ကြီးဝင်းအောင်တို့ အမိန့်အရ၊ ၂ဝဝ၄ ဇွန်တွင် ထွက်ခဲ့ရပါသည်၊

ကျွန်တော့်အား နေထိုင်ရာ၊ လင်ခ်လမ်း (ဓမ္မစေတီလမ်း) နေအိမ်မှည ၁ နာရီခန့် အချိန်တွင်၊ လူ (၃) ယောက် အရပ်ဝတ်နှင့် ရောက်ရှိလာကာ၊ လှမ်းမှဖြစ်ကာ၊ ခေတ္တလိုက်ပါရန်၊ ခုခံလျှင်၊ ပစ်မိန့် ပေးထားကြောင်း၊ လက်ထိက် ခတ်မလား လို့မေးရာ၊ ကျွန်တော်က မလိုကြောင်းဆိုကာ ၄င်းတို့၏ မာဇဒါဂျစ် နောက်ခန်းတွင် ကြမ်းပြင်ထိုင်ကာ လိုက်ပါရသည်၊ ကားပေါ်ရောက်တာနှင့် ခေါင်းစွတ် တပ်ခံရသည်၊

ခင်ဗျားကို ရေကြည်အိုင်မှာ ပြုစုချင်လို့ပါဟု---- တစ်ယောက်ကပြောပါသည်။ ၄င်းတို့၏ စစ်ကြောရေး အချုပ်သည် အေးစက်နေသော အမှောင် တိုက်ခန်း ဖြစ်ကား ထိုရက်များသည် ကျွန်တော့်ဘဝမှာ ငရဲခန်းပါ။ မီးလုံးဝ ထွန်းမထားဘဲ အမှောင်အတိတွင် နေရကာ၊ ကြွက်များနှင့် ညစ်ပတ်သည်၊ အိမ်သာလည်း ပေးမထားဘဲ၊ ထိုအခန်းထဲတွင် အညစ်အကြေး စွန့်ခံရသည်၊ သောက်ရေ တစ်နေ့တစ်ခွက်၊ ထမင်းခြမ်း အသိုး၊ ပြန်စဉ်းစားမိတိုင်း ခါးသီး နာကျင်နေဆဲ “ဆဲ” မိ ချင်သည်။ ထို့နောက်၊ ကျွန်တော့်ကို ၄င်းတို့ စစ်သည် အခန်းထဲသို့ ခေါ်သွားသည်၊ ချူပ်ထားရာ အခန်းကျဉ်းမှ စစ်မေးရာ အခန်းသို့ သွားသောအခါ၊ မျက်နှာဖုံးစွတ်နှင့်၊ ဘေး၂ ယောက်၊ နောက် ၁ ယောက်၊ မစစ်ခင် ကိုယ်လုံးတီး ချွတ်ကာ တစ်ကိုယ်လုံးကို Metal detector ဖြင့်၊ လျှိုဝှက်လက်နက် ရှိမရှိ၊ သွားများ၊ အံဖုံးများကို အားလုံး အသေးစိတ်၊ နားပါမကျန်၊ ခြေဖဝါးအောက်၊ အသေးစိတ်၊ မီးရောင်နှင့် စစ်ဆေး ကြည့်ရှူသည်၊ စစ်သော အခန်းတွင်၊ မီးရောင် ဆလိုက် ထိုးထားရာ၊ သူတို့ကို မမြင်နိုင်ပါ၊ ထို့အပြင်၊ အမှောင်ထဲမှ အလင်းသို့ ရုတ်တရက် ကြည့်ရ၍ မျက်စိနာကာ မျက်ရည်တွေ ကျကုန်သည်။ ငယ်စဉ်မွေးချိန်မှ စကာ နောက်ဆုံး အချိန်ထိ ပထမဆုံး ကိုယ်ရေး စစ်ချက် ထွက်ရသည်။


ကျွန်တော့်အား၊ ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်တွင် အကျယ်ချူပ်ချ ဖမ်းဆီး ထိန်းသိမ်းသည့် လုံခြုံရေး၊ ထောက်လှမ်းရေး တာဝန်ကို ဌာန အစည်းအဝေးတွင် ဆန့်ကျင် တင်ပြခြင်းသည်၊ အထက်အမိန့် ဖီဆန်ခြင်း ဖြစ်ပြီး၊ ဥပဒေအရ ဆိုလျှင် နိုင်ငံတော်ကို ပုန်ကန်ရန် ကြံစည်မှု၊ တောတွင်း လက်နက်ကိုင် အဖွဲ့များ နှင့် ဆက်သွယ်မှုတို့ဖြင့် ခုံရုံးတင်နိုင်ကြောင်း၊ ထိုစစ်မေးသူမှ ခြိမ်းခြောက်ပါသည်။ ကျွန်တော် ကိုင်ဆောင်သော Cell Phone မှ ဖုံးအဝင် အထွက် နံပါတ်များကို ဆက်သွယ်ရေးရုံးမှ ရယူကာ၊ တစ်ခုချင်း စီစစ်ကာ ထိုပြောသော အကြောင်းများကို အသေးစိတ် ပြန်ပြောခိုင်းပါသည်၊ မောလိုက်တာ…

ဖုံးနံပါတ်များထဲမှ ပြည်ပခေါ်သည့် နံပါတ်များအား၊ ပို၍ အသေးစိတ် ဖိစစ်ပါသည်၊ Email များကိုလည်း ဖွင့်ပြခိုင်းကာ Inbox, out box တစ်ခုချင်း အသေးစိတ်၊ တစ်ခုချင်းလှန်ကာ၊ စစ်ပါသည်၊ ထိုရက်ပိုင်းထဲတွင် ၄င်းတို့သည်၊ ကျွန်တော် နေထိုင်ရာ အိမ်ခန်းကိုလည်း မွှေနောက်ရှာကာ၊ ကျွန်တော် ရေးသားထားသော ဒိုင်ယာရီ စာအုပ်များ၊ ရုံးဖိုင်တွဲများ၊ ကိုယူလာကာ၊ အသေးစိတ် ပါးရိုက်၍ မေးပါတော့သည်။ ပိုဆိုးသွားသည်မှာ၊ ကျောင်းသား ဘဝကထဲက သမီးရည်စား ကိစ္စကအစ၊ နိုင်ငံရေး အပါအဝင်၊ ရုံးတွင်းရေး ခံစားချက်များကို ထည့်ရေးမိသော ကျွန်တော်မှာ၊ စစ်အစိုးရ၏ သံတမန် အရာရှိ ဖြစ်သော်ငြားလည်း၊ အာခံဆန့်ကျင်သည့် သူပုန်စိတ်ဓါတ် ရှိသူတစ်ဦး သဖွယ် စစ်ကြောရေးတွင် ပေါ်ပေါက်လာသည်၊

သူတို့စစ်လိုသည်မှာ ကျွန်တော် CIA အား၊ သတင်းပေးပို့ခြင်း၊ တခြားပြည်ပ နိုင်ငံရေး အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်း ဟု စွပ်စွဲချက်ဖြစ်သည်၊

အဆိုးဆုံးခံစားရသည်မှာ ကိုယ်လုံးတီးချွတ်ဖြင့် နေ့တိုင်း ဆိုင်ကယ်စီးစေခြင်း ဖြစ်ပြီး၊ ခွေကျ သွားသောအခါ၊ အစောင့် စစ်သား ၂ ဦး မှ စစ်ဖိနပ်ဖြင့် ပစ်ကန်သည်၊ ညို့သကျည်း ပေါ်သို့၊ နံပတ်တုံးဖြင့် လိမ့်ခံရခြင်း၊ ခြေသလုံးပေါ်သို့၊ ထန်းညက် ရေများ လောင်းချပြီး၊ အယ်လဇေးရှင်း ခွေးများကို လျှက်စေပါသည်၊ ဤသို့၊ ၈ ရက်ခန့်မျှ နှိပ်စက် စစ်ဆေးပြီး၊ ကျွန်တော့်ကိုညနက် အချိန် တစ်ရက်တွင် အိမ်ပြန်ပို့ပါသည်။ အိမ်ပြန်ရောက်ပြီး၊ မောပန်းခံစားရ၍ ၁ ပါတ်ခန့် အိမ်ထဲမှာ လဲနေသည်၊ ထိုရက်ပိုင်းမျှ နှိပ်စက်မှုသည်ပင် လူအား ရှုကြောင်ကြောင် ဖြစ်ခဲ့ရသည်။

ထို့နောက် ရုံးသို့ရောက်သောအခါ၊ ကျွန်တော့်အား၊ အလုပ်တာဝန်များမှ၊ ရပ်စဲထားပြီး ဖြစ်ကြောင်း ရုံးသို့ ၂ ပါတ်ခန့် ပုံမှန် လာပြီး၊ ထွက်မပြေးကြောင်း၊ နေအိမ်မှာ နေထိုင်ကြောင်း၊ ကတိပြုရသည်။ ထိုနောက် ဦးဝင်းအောင်မှ အလုပ်ထွက်စာ တင်ခိုင်းပါသည်၊ နောက်ပိုင်းတွင် အိမ်မှာပင်နေရကာ၊ ဇွန် ၂ဝဝ၄ တွင် ထွက်ခဲ့ရပါသည်၊ ထို့နောက်ပိုင်းတွင် အန္တရာယ်ရှိ သဖြင့်၊ မြန်မာနိုင်ငံမှ ထွက်ခွာနိုင်ရန်၊ မနလ ရရန်၊ အိမ်ထောင်စုစာရင်း အတု ပြုလုပ် လာဘ်ထိုးကာ၊ ခဲရာခဲဆစ် ရအောင် ကြိုးစား ခဲ့ရသည်။ လေဆိပ်အထွက်ကို ဌာနမှ ဝင်းကိုစိုး (ကရင် တိုင်းရင်းသား) မှ ရုံးစာရွက်စာတမ်း အတုများဖြင့်၊ သံအ မတ်ကြီး တစ်ဦး၏သားဟု ပုံမှန်းရိုက်ကာ၊ စွန့်စားခဲ့ရသည်၊ နောက်ပိုင်းတွင်၊ ဝင်းကိုစိုးအား အရေးယူရန် ရှိသောအခါ၊ သူသည် ကရင်ပြည်နယ် နယ်စပ်ဘက် သို့ရှောင်တိမ်း ခဲ့သည်မှာ ယနေ့တိုင်။

ထိုနောက် ဖီလစ်ပိုင် နိုင်ငံသို့သြဂုတ် ၂ဝဝ၄ တွင် ရောက်ရှိသည်၊ ဖီလစ်ပိုင်သို့ ကျွန်တော့်ဖခင်သည် ၂ဝဝ၃ တွင် အလုပ်မှ ပင်စင်ယူကာ၊ ဖီလစ်ပိုင်ရှိ ဘဏ္ဍာရေး ကုမ္မဏီတစ်ခုတွင် အလုပ် လုပ်နေခြင်းဖြစ်သည်။ ထိုနိုင်ငံတွင် မိမိ ကျန်းမာရေး ကောင်းမွန်အောင်၊ ဆေးဝါးကုသမှု ခံယူရသည်။
Counselling Psychiatric အပါအဝင်။


စိန်လွင်

Ref: ကောင်းဝါ

Read More...

ဥက္ကဋ္ဌ ပေါက်ယူချန်းနှင့် တွေ့ဆုံဆွေးနွေးလိုကြောင်း နအဖ ကမ်းလှမ်းမှုကို ဝ တပ်ဖွဲ့ ပယ်ချ

ပေါက်ပေါက်
၁၃ ဇန်န၀ါရီ ၂၀၁၀

ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ခေါ် ဝတပ်ဖွဲ့၏ ဥက္ကဋ္ဌဖြစ်သူ ပေါက်ယူချန်းအား တွေ့ဆုံ ဆွေးနွေးလိုကြောင်း စစ်ဘက်ရေးရာ လုံခြုံရေးဌာန (စရဖ) အရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်၏ မကြာသေးမီ ရက်ပိုင်းက ကမ်းလှမ်း လာမှုကို ဝ တပ်ဖွဲ့က ပယ်ချထားသည်။

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ သို့မဟုတ် တန့်ယန်းမြို့သို့ ဝတပ်ဖွဲ့ ဥက္ကဋ္ဌ ပေါက်ယူချန်း လာရောက်ပြီး နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ကိစ္စရပ် များအား ဆွေးနွေးရန် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်က ကမ်းလှမ်း ထားသည်ကို မဖြစ်နိုင်သည့် အကြောင်း ပြန်လည် ပြောဆိုထားသည်ဟု အမည် မဖော်လိုသည့် ဝ အရာရှိ တဦးက ပြောသည်။

၎င်းက “နောက်ဆုံး တန့်ယန်းမှာ တွေ့ပြီးကတည်းက ပြန်မတွေ့ရသေးဘူး။ အဲဒါကို ဘယ်အချိန် ထပ်တွေ့မယ် ဆိုတာလည်း မပြောထားဘူး။ အခုလ (၅) ရက်နေ့က သူတို့ဘက်က အကြောင်းကြား လာတာက ဦးပေါက်ယူချန်းနဲ့ တိုက်ရိုက် ဆွေးနွေး ချင်တယ် ဆိုပြီး ပြောလာတယ်။ သူ့ကျန်းမာရေး အရ မတွေ့နိုင်ဘူး လို့ဘဲ ပြန်ပြောထားတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာ (၁၄) ရက်တွင် တန့်ယန်းမြို့၌ စရဖ အရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ် ဦးဆောင်သည့် နအဖ ကိုယ်စားလှယ် အဖွဲ့နှင့် ဒု-ဥက္ကဋ္ဌ ဦးရှောက်မီလျှံ ဦးဆောင်သည့် ဝ ကိုယ်စားလှယ် အဖွဲ့တို့ တွေ့ဆုံ ဆွေးနွေးရာတွင် ပြေလည်မှု မရရှိဘဲ ဒီဇင်ဘာ နောက်ဆုံးထားပြီး နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး အကြောင်းပြန်ရန် နအဖ ဘက်က ရာဇသံ ပေးခဲ့သည်။

ထိုင်း-မြန်မာနယ်စပ်ရှိ ဝမ်ဟုန်ဒေသအား ဝ တပ်ဖွဲ့၏ စစ်ဒေသအဖြစ် သတ်မှတ်ရေး၊ မိုင်းပေါက်နှင့် မိုင်းဖျန်အား မိုင်းပေါက်မြို့နယ် အဖြစ် သတ်မှတ်ကာ ဝ တိုင်းဒေသကြီးထဲ ထည့်သွင်းရေး၊ အောက်ခြေ တပ်ရင်း အဆင့်တွင် နအဖ စစ်တပ်ဘက်မှ ပါဝင်စရာ မလိုဘဲ ဝ စစ်သားများဖြင့်သာ ဖွဲ့စည်းရေး စသည့် ကိစ္စရပ်များကို နအဖဘက်က လက်မခံသည့် အတွက် ဝ တပ်ဖွဲ့နှင့် နအဖတို့ ဆွေးနွေးမှုမှာ ယခု အချိန်အထိ ပြေလည်မှု မရဘဲ ရှိနေသည်။

အပစ်ခတ်ရပ်အဖွဲ့များအား နယ်ခြားစောင့်တပ်ရင်းနှင့် ပြည်သူ့စစ် တပ်ဖွဲ့ အဖြစ် အသွင်ပြောင်းရန် နအဖ ဘက်က ယမန်နှစ်၊ ဧပြီ (၂၈) ရက်က စတင် ကမ်းလှမ်း လာခဲ့ရာ ကချင် အထူးဒေသ (၁) ကချင် ဒီမိုကရေစီသစ် တပ်မတော်၊ မြန်မာနိုင်ငံ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် ခေါ် ကိုးကန့် တပ်ဖွဲ့နှင့် ကယားပြည်နယ် အထူးဒေသ (၂) ကလလတ တို့က မကြာသေးမီ လပိုင်း အတွင်း၌ နယ်ခြားစောင့်တပ် အသွင် ပြောင်းခဲ့သည်။

ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) မှ ခွဲထွက်ခဲ့သည့် ဦးလဆန်အောင်ဝါ ဦးဆောင်သည့် ကချင် ငြိမ်းချမ်းရေး အဖွဲ့မှာလည်း ပြည်သူ့စစ် တပ်ဖွဲ့အဖြစ် အသွင်ပြောင်းပြီး ဖြစ်သည်။

ဝတပ်ဖွဲ့၊ ကေအိုင်အို၊ ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) နှင့် ရှမ်းပြည်အရှေ့ပိုင်း အထူးဒေသ (၄) မိုင်းလား တပ်ဖွဲ့ တို့ကမူ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို ခြွင်းချက် မရှိ လက်ခံနိုင်ခြင်း မရှိသေးသဖြင့် နအဖနှင့် အပစ်ခတ်ရပ် အဖွဲ့များအကြား ဆွေးနွေး နေသော်လည်း ပြေလည်မှု မရရှိဘဲ ဖြစ်နေသည်။

Ref: ခေတ်ပြိုင်

Read More...

ဗမာပြည်နိုင်ငံရေးနဲ့ ရွေးကောက်ပွဲနှစ်ရဲ့အရေးပါမှု

ရဲဘော်ဖိုးသံချောင်း
၁၃ ဇန်န၀ါရီ ၂၀၁၀

အင်္ဂလိပ်နဲ့ အမေရိကန်အစိုးရ တို့ရဲ့ တာဝန်ရှိသူတွေက နအဖရဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲ အပေါ်မှာ သံသယ ရှိကြောင်း ထုတ်ပြော နေကြတုန်းမှာပဲ နအဖ ခေါင်းဆောင် ဗိုလ်ချုပ်သန်းရွှေက ဒီနှစ်ထဲမှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ သူ့ရဲ့လွတ်လပ်ရေးနေ့ မိန့်ခွန်းထဲမှာ ထည့်ပြော သွားပါတယ်။ တဆက်တည်းပဲ ဂျပန် အဆာဟိရှင်ဘွန်း သတင်းစာမှာလည်း ရွေးကောက်ပွဲကို ဒီနှစ် အောက်တိုဘာ (၁ဝ) ရက်မှာ လုပ်မယ်လို့ သတင်း ပါလာတယ်။ ဗမာပြည်ရဲ့ ၂ဝ၁ဝ ခုနှစ် နိုင်ငံရေးဟာ ဒါနဲ့ပဲ အစဖွင့်လိုက်တယ်လို့ ဆိုကြပါစို့။

အခု နအဖနဲ့ ရင်ဆိုင်နေရတာကို ဒုတိယ လွတ်လပ်ရေး တိုက်ပွဲလို့ ပြောကြတာကို မကြာခဏ ကြားရပါတယ်။ အနှစ်သာရချင်း မတူပါဘူး ထင်ပါတယ်။ နယ်ချဲ့သမားကို တွန်းလှန် ရတာနဲ့ ကိုယ့်နိုင်ငံ သားချင်းကို တွန်းလှန်ရတာ မတူပါဘူး။ ကိုယ့်နိုင်ငံ သားချင်း အကြားမှာ ဖြစ်ပွားတဲ့ ကိုယ့်နိုင်ငံ သားချင်း ဖြစ်နေလို့ကို ပဋိပက္ခဟာ ပိုမိုရှုပ်ထွေးပြီး သဘော မပေါက်တာ၊ မျက်စိ လည်တာတွေ အများအပြား ဖြစ်ပေါ် တတ်ပါတယ်။ ကိုလိုနီ ခေတ်တုန်းကတော့ ကိုလိုနီ လုပ်ထားတဲ့ နိုင်ငံက အင်အားကြီး နိုင်ငံ ဖြစ်နေတော့ တခြားနိုင်ငံတွေက ဝင်စွက်ဖက်တာ နည်းပါတယ်။ သူတို့ချင်း စစ်ဖြစ်ကာမှ ဖြစ်ရောပါ။ ဒါပေမယ့် ဒီနေ့လို အနေအထားမှာ ကျတော့ ပြည်ပ နိုင်ငံတွေရဲ့ စွက်ဖက်မှုတွေ များတတ်ပါတယ်။

ဒါပေမယ့် အခုအရေးတော်ပုံမှာ လွတ်လပ်ရေး တိုက်ပွဲတုန်း ကလို အမြင်ကြည်လင် ပြတ်သားမှု ရှိကြဖို့၊ စည်းလုံး ညီညွတ်ကြဖို့ လိုပါတယ်။ အာဏာ ပလ္လင်ပေါ်မှာ ရာစုနှစ် တဝက်ကျော် အခြေကျနေတဲ့ စစ်အုပ်စုကို ဖယ်ရှားဖို့ဆိုတာ လွယ်တဲ့ကိစ္စ မဟုတ်ဘူး ဆိုတာ မမေ့သင့်ပါဘူး။ သူတို့မှာ ဖိနှိပ်တဲ့ အတွေ့အကြုံ၊ သပ်လျှိုဖြိုခွဲတဲ့၊ အကြမ်းဖက် ဖြိုခွဲတဲ့ အတွေ့အကြုံတွေ အင်မတန် ကြွယ်ဝတယ် ဆိုတာလည်း သတိပြုသင့်ပါတယ်။ တဆက်တည်းမှာပဲ တခြားနိုင်ငံနဲ့ အတိုက်အခံ အဖွဲ့အစည်းတွေ ထဲမှာ သူတို့လူတွေ မြှုပ်နှံတဲ့ အတွေ့အကြုံလည်း ရာစုနှစ် တဝက်စာ ရှိတယ် ဆိုတာကို အမြဲ နှလုံးသွင်းထား ရမှာပါ။ နောက်ပြီး အင်အား (၅) သိန်းနီးပါး ရှိတဲ့ စစ်တပ်ကြီး။

ဒီလိုအင်အားကြီးပြီး လူသတ်တာ လက်ယဉ်နေတဲ့ အစိုးရတရပ်ကို ရင်ဆိုင်ဖို့ဆိုရင် ၁၉၄၆ ခုနှစ် တုန်းကထက် မလျော့တဲ့ လူထု အင်အားမျိုးကို စုစည်းဖို့ လိုပါတယ်။ ခေါင်းဆောင်မှု ဟာလည်း ၁၉၄၅-၄၆ တုန်းက ဖဆပလ အဖွဲ့ကြီးလို သွေးစည်းညီညွတ်ပြီး တောင့်တင်းရပါမယ်။ ဒါ့အပြင် ဖက်ဆစ်ဂျပန် တော်လှန်ရေး တုန်းကလို လိုအပ်ရင် တိုက်ပွဲသဏ္ဌာန် မျိုးစုံကို ပြောင်းလဲ ဆင်နွှဲတဲ့ အတွေးအခေါ်နဲ့ ပိုင်းဖြတ်ချက် များလည်း ရှိရပါမယ်။

ဒီ ၂ဝ၁ဝ ခုနှစ်ဟာ ဗမာပြည်အတွက် အရေးကြီးတဲ့ နှစ်တနှစ် ဖြစ်တယ် ဆိုတာကို ဘယ်သူမှ မငြင်းပါဘူး။ ဗိုလ်သန်းရွှေတို့ အနေနဲ့ မျိုးဆက်လက်သစ်ကို လက်လွှဲတာ လုပ်မလား၊ လုပ်ရင်ကော ရှောရှောရှူရှူ ဖြစ်ပါ့မလား။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ နအဖ စီစဉ်တဲ့ အတိုင်း လက်မခံသေးတဲ့ အပစ်ရပ် အဖွဲ့တွေကို ဘယ်လို ဖြေရှင်းမလဲ၊ ဗိုလ်ချုပ်တွေမှာ “အပြတ်” ကိုင်ဖို့ အင်အား ရှိနေပြီလား။ အမေရိကန်နဲ့ ရွှေလမ်း ငွေလမ်း ဖောက်တာ အောင်မြင်မလား၊ အောင်မြင်သွားရင် တရုတ်ပြည်က ဘယ်လို ခြေလှမ်းမျိုး လှမ်းလေ မလဲ။ အနေဆင်းရဲ၊ အသေဆင်းရဲ ဖြစ်နေကြတဲ့ ရဟန်းရှင်လူ ပြည်သူ အပေါင်းကရော ဘာလုပ်ကြ မလဲ။ တလောက ဖြစ်ပေါ်လိုက်တဲ့ သပိတ်မျိုးတွေကနေ သပိတ်ကြီးတွေ ပေါ်လာမလား။ အချိန်ပေးပြီး ထိုင်စိတ်ကူးယဉ် နေရင်တောင် အတော် အတွေးနယ်ချဲ့လို့ ကောင်းတဲ့ အနေအထားတွေ ဖြစ်ပါတယ်။

ဒါပေမယ့် ဘယ်သူမှ စိတ်ကူးယဉ်နေလို့မရတဲ့ ၂ဝ၁ဝ ခုနှစ်ဖြစ်ပါတယ်။ ဒီနှစ်ဟာ နအဖအဖို့ ဗမာပြည်မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ အညီ တည်ရှိနေတဲ့ ဒုတိယမြောက် စစ်အာဏာရှင် စနစ် ဖြစ်ဖို့ လုပ်ရတာ ဖြစ်ပါတယ်။ သူတို့ရဲ့ အာဏာရှင်စနစ်ကို ရေရှည် ထိန်းသိမ်းသွားရေးနဲ့ တိုက်ရိုက် ဆက်စပ်နေတဲ့ သမိုင်းဝင် အကွေ့အပြောင်း ဖြစ်ပါတယ်။ အကွေ့ မတော်ရင် အာဏာသိမ်းပွဲ တွေတောင် ဖြစ်လာနိုင်တဲ့ အဆင့်ပါ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဆိုရင်လည်း ခေါင်းဆောင်မှု ပြန်လည် ဖွဲ့စည်းတဲ့ အချိန်မှာ နအဖရဲ့ အဆိုးဝါးဆုံး ဖိနှိပ်ခံရနိုင်တဲ့ကိန်းနဲ့ ရင်ဆိုင် နေရပါတယ်။ တကယ့်ကို အစမ်းသပ်ခံရမယ့် နှစ်ပါ။ အပစ်ရပ် အဖွဲ့တွေ အတွက်ကတော့ အထူးပြောစရာ မလိုပါဘူး။ ကိုးကန့် ကံကြမ္မာ အတိုင်း ဖြစ်မလား၊ ကျားပေါ် ခွစီးထားရာ ကနေ အောက်ကို ဆင်းတော့မလား ဆိုတာကို ရင်ဆိုင်ရပါတော့မယ်။ နောက်ပြီး ဒီ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ သူဌေးဖြစ် ဖြစ်ကြဲဖို့ ပြင်ဆင် ထားကြသူတွေ ဆိုရင်လည်း သူတို့ရဲ့ဘဝတခုလုံး ပုံအော ထားတာတွေ အဖြေ ထွက်မှာ ဖြစ်ပါတယ်။

ဒီတော့ နအဖအနေနဲ့ ဒီနှစ်ထဲ၊ ဒီတပွဲမှာ အကြမ်းအနု၊ အပစ်အခတ် အညစ်အပတ် တွေနဲ့ ချဲတော့မယ် ဆိုတာ သံသယရှိစရာ မလိုပါဘူး။ ကမူးရှူးထိုး လုပ်တာ၊ ရှက်ရမ်း ရမ်းတာတွေ ကိုတောင် ကြုံရကောင်း ကြုံရနိုင်ပါတယ်။ သူတို့ မြှုပ်ထားတဲ့ အင်အားတွေကို ထုတ်သုံးတာ၊ ထိုးကျွေးတာတွေလည်း လုပ်လာ နိုင်ပါတယ်။ တနည်းပြောရရင် သူတို့လည်း ဒီတပွဲမှာ ပုံအော လာနိုင်ပါတယ်။ ဒါကို ရင်ဆိုင်တဲ့ အခါမှာ အတိုက်အခံ တွေဟာ နအဖ စစ်အာဏာရှင်တွေကို စက္ကူကျားလို့ မြင်နိုင်ဖို့ သိပ် အရေးကြီးပါတယ်။ စက္ကူကျားလို့ ဆိုလိုက်တော့ ဒီအသုံးအနှုန်းကို ထပ်ပြန်တလဲလဲ ကြားဖူးနေတာမို့ နှာခေါင်းရှုံ့ကောင်း ရှုံ့ပါလိမ့်မယ်။ ဒါပေမယ့် ဒီလို သေနင်္ဂ ဗျူဟာအမြင်၊ ရေရှည် အမြင် မရှိရင် နအဖ စစ်အုပ်စု၊ စစ်အာဏာရှင် စနစ်နဲ့ စစ်အစိုးရကို ဖယ်ရှားဖို့ မဖြစ်နိုင်ပါဘူး။ အခု တတိယ အင်အားလို့ ကိုယ့်ကိုယ်ကိုယ် ပြောနေသူတွေနဲ့ နအဖ အတွက် ရှေ့နေလိုက် သဘောတရား ထုတ်ပေးနေသူတွေ အထဲက အများစု ကြီးဟာ တချိန်က နအဖကို ဆန့်ကျင်တဲ့ အင်အားစုတွေ၊ လှုပ်ရှားမှုတွေထဲမှာ ပါဝင်ခဲ့ဖူးတယ် ဆိုတာ မှတ်မိ ကြပါလိမ့်မယ်။ ဒါပေမယ့် တိုက်ပွဲ အချိန်ကြာလာတော့ သူတို့ဟာ နအဖ စစ်အုပ်စုကို စက္ကူကျားလို့ မမြင်တော့ဘဲ တကယ့်ကျားကြီးလို့ မြင်လာ၊ ရွံ့လာကြပါတယ်။
ဒီလိုနဲ့ နအဖကို ဆန့်ကျင်လို့ မရတော့ဘူးဆိုတဲ့ ဆုံးဖြတ်ချက်ကို ချပြီး ရပ်တည်ချက် ပြောင်းသွားကြတာ ဖြစ်ပါတယ်။ ဒါကြောင့် စက္ကူကျားလို့ ကြည့်မြင်တယ် ဆိုတာဟာ အခြေခံ ရပ်တည်ချက် ပြဿနာ ဖြစ်ပါတယ်။ ကိုယ့်ထက် အဆမတန် အင်အားကြီးတဲ့ စစ်အုပ်စုကို ရေရှည်ရင်ဆိုင် တိုက်ပွဲဝင်ဖို့ အတွက် အခြေခံ လိုအပ်ချက်လည်းဖြစ်ပါတယ်။

စက္ကူကျားလို့ မြင်တယ်ဆိုတာနဲ့ တချိန်တည်းမှာ လက်တွေ့လုပ်ငန်းတွေကို အင်မတန် အလေးအနက်ထား၊ အစီအစဉ်ရှိရှိနဲ့ ချမှတ်လုပ်ကိုင်သွားဖို့ လိုပါတယ်။ ဗမာပြည်က စစ်အာဏာရှင် စနစ်ဟာ သူ့အလိုလို ပျောက်ပျယ်သွားမယ်လို့ စဉ်းစားလို့ လုံးဝ မဖြစ်ပါဘူး။ သူ့အင်အားနဲ့ ကိုယ့်အင်အားကို တွက်ချက်ပြီး လုပ်ငန်းတွေ သင့်တော်သလို ချမှတ်တတ်ဖို့ လိုပါတယ်။ နောက် တချက် ပြောသင့်တာက တော်လှန်ရေး လုပ်တယ်ဆိုတာ ဆန်စင်ရာ ကျည်ပွေ့လိုက်၊ မီးစင်ကြည့် ကနေလို့ မဖြစ်ဘူး ဆိုတာပါပဲ။ မှန်ပါတယ်။ လောလောဆယ် ပေါ်လာတဲ့ ကိစ္စတွေကို ရင်ဆိုင်တာ၊ ဖြေရှင်းတာတွေ လုပ်ရပါတယ်။ ဒါပေမယ့် အဲဒါတွေက အဓိက လုပ်ငန်း ဖြစ်မသွားဖို့၊ အဓိက လုပ်ငန်းကို ဖုံးလွှမ်း မသွားဖို့ သိပ်အရေးကြီးပါတယ်။

ဒီနည်းပရိယာယ်လုပ်ငန်းဟာ ဗမာပြည်ရဲ့ နိုင်ငံရေး အခြေအနေ ပြောင်းတဲ့ အလျောက် သွက်သွက် လက်လက် လိုက်ပြောင်း နိုင်ဖို့လည်း အရေးကြီပါတယ်။ ဗမာပြည် လွတ်လပ်ရေး အတွက် လုပ်ကြတယ် ဆိုရာမှာ ၁၃ဝဝ ပြည့် သပိတ်ကြီးလို ဟာကနေ ဂျပန် ဖက်ဆစ်ကို လက်နက်ကိုင် တော်လှန်ခဲ့တာ၊ တခါ အဲဒီ လက်နက်တွေကို စွန့်ပြီး ၁၉၄၆ ခုနှစ် သပိတ်ကြီး ဆင်နွှဲတာ၊ အချိန်မရွေး လက်နက်ကိုင် တိုက်နိုင်ကြောင်း အင်္ဂလိပ်တွေကို သတိပေးနေတာ စသဖြင့် အမျိုးအစား လုံးဝ မတူတဲ့ တိုက်ပွဲ သဏ္ဌာန်တွေကို ဆင်နွှဲခဲ့ကြလို့ အောင်ပွဲ ခံခဲ့ကြတာပါ။

လက်ရှိနိုင်ငံတကာအခြေအနေဟာ ဗမာပြည်သူတွေရဲ့ အရေးတော်ပုံ အတွက် အကောင်းကြီး မဟုတ်ပေမယ့် မဆိုးဘူးလို့ ပြောနိုင်ပါတယ်။ တကယ်လို့ နအဖသာ လိမ့်လိမ့်လဲလဲ ဖြစ်ရင် ဘယ်နိုင်ငံကမှ လာကယ်မှာ မဟုတ်ပါဘူး။ ကိုယ့်ပြည်တွင်းမှာ ကိုယ့်အင် ကိုယ့်အားနဲ့ လုပ်နိုင်ရင် ဘယ်သူကမှ ပြောမှာ မဟုတ်ပါဘူး။ စွက်ဖက်မှာလည်း မဟုတ်ပါဘူး။ တခုပဲ။ နိုင်ငံတကာ အချက်အလက်ကို အသုံးချဖို့ ချဉ်းကပ် တာပဲ ဖြစ်သင့်ပါတယ်။ ဂျပန်တွေ ဝင်လာတုန်းက ဆရာကြီး သခင်ကိုယ်တော်မှိုင်းက ဗိုလ်ချုပ် အောင်ဆန်းကို ပြောတဲ့စကားကို မမေ့ကြဖို့ လိုပါတယ်။

ဂျပန်တွေ ၀င်လာတုန်းက ဆရာကြီး သခင်ကိုယ်တော်မှိုင်းက ဗိုလ်ချုပ်အောင်ဆန်းကို ပြောတဲ့ “ဟေ့အောင်ဆန်း၊ မင်းပင့်လာတဲ့ ဘုရားကို မင်းပြန်ခေါ်သွားနော်” ဆိုတဲ့ စကားကို မမေ့ကြဖို့ လိုပါတယ်။


Ref: ခေတ်ပြိုင်

Read More...

Wednesday, January 13, 2010

လစာနှုန်းထားသစ် အမိန့်စာ

January 13, 2010

SPDC - New Pay Scale order

Read More...

အခိုင်အမာ တပ်မတော်တွင်း လျှို့ဝှက် စည်းရုံးရေးကို အခြေခံ တပ်မတော်ပ ယေဘုယျ စည်းရုံး လှုံ့ဆော်ရေးနဲ့ ပေါင်းစပ်

January 13, 2010

မြန်မာပြည်သူတွေရဲ့ စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေး၊ ပါတီစုံ ဒီမိုကရေစီစနစ် တည်ဆောက်ရေး အရေးတော်ပုံမှာ ပြည်သူတွေနဲ့ အတူ တပ်မတော် ပူးပေါင်း ပါဝင်လာရေးဟာ အရေးတကြီး လိုအပ်ချက်ဖြစ်တယ်။

လူထုတိုက်ပွဲအတွင်း တပ်မတော်ပါဝင်လာနိုင်ရေး၊ အနိမ့်ဆုံး အားဖြင့် စစ်အုပ်စုနဲ့ ပြည်သူလူထုကြား ပဋ္ဋိပက္ခ မှာ ကြားနေလာရေး အတွက် တပ်မတော်တွင်းရှိ မျိုးချစ်ပြည်ချစ်၊ အရာရှိအရာခံ၊ အကြပ် တပ်သားများကို စည်းရုံး သိမ်းသွင်းရေးဟာ မလုပ်မဖြစ် လိုအပ်တယ် ဆိုတာ ပြည်တွင်းပြည်ပ နိုင်ငံရေး အင်အားစု မှန်သမျှက သဘော တူကြလိမ့်မယ် လို့ ယုံကြည်တယ်။

တပ်မတော်တွင်းရှိ မျိုးချစ်ပြည်ချစ် တပ်တွင်း အင်အားစုများကို လက်တွေ့ကျကျ စည်းရုံးနိုင်ဖို့ ဆိုရင် ဦးစွာအားဖြင့် နိုင်ငံရေး အင်အားစုများ အနေနဲ့ တပ်မတော်ကို စစ်အုပ်စုနဲ့ ခွဲခြား ကြည့်မြင်ကြဖို့ လိုတယ်။ ပြည်သူများနည်းတူ တပ်မတော်တွင်းရှိ အရာရှိ အရာခံ၊ အကြပ်တပ်သား အများစုကြီးဟာလည်း သန်းရွှေ စစ်အုပ်စုရဲ့ ဖက်ဆစ် အမိန့်ပေး ဌာနအောက်မှာ စိတ်ပိုင်း ရုပ်ပိုင်းအရ အဖိနှိပ် ခံနေကြရတယ် ဆိုတာကို အသိအမှတ် ပြုကြဖို့လိုတယ်။ ဒီလိုနားလည်မှု အခြေခံ မရှိရင် စစ်အုပ်စု ဆန့်ကျင်ရေး အတွက် လက်တွေ့အရ တပ်မတော်ကို စည်းရုံးဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ တပ်မတော်ကို သန်းရွှေ စစ်အုပ်စုရဲ့ ဖက်ဆစ် အမိန့်ပေးဌာန အောက်က ဘယ်လိုမှ ဆွဲထုတ်နိုင်မှာ မဟုတ်ဘူး။

အထက်ပါသဘောထားကို ချမှတ် ဆုပ်ကိုင်နိုင်ပြီ ဆိုရင် တပ်မတော်ကို သဏ္ဌာန်နှစ်မျိုးနဲ့ စည်းရုံး ရမယ်လို့ ယူဆတယ်။ တပ်မတော်တွင်း အခိုင်အမာ U.G စည်းရုံးရေး သဏ္ဌာန်နဲ့ တပ်မတော် ပြင်ပရှိ တက်ကြွ အင်အားစုများရဲ့ ယေဘုယျ စည်းရုံး လှုံ့ဆော်မှု သဏ္ဌာန်တို့ ပေါင်းစပ်ရေး ဖြစ်တယ်။ ဒီသဏ္ဌာန် နှစ်ခုဟာ ဆက်စပ် နေပေမဲ့ အခိုင်အမာ ဆောင်ရွက် ရာမှာတော့ ကိုယ်ပိုင် ထူးခြားချက် အရ တသီးတခြားစီ ဆောင်ရွက် ကြရမှာဖြစ်တယ်။ ဆိုလိုတာက တပ်တွင်း အခိုင်အမာ U.G စည်းရုံးရေးမှာ တာဝန် ယူနေကြတဲ့ ကလာပ်စည်းများနဲ့ တပ်ပြင်ပ တက်ကြွ အင်အားစု ကလပ်စည်း များဟာ တလိုင်းစီ သီးခြားခွဲ လှုပ်ရှားကြရမှာ ဖြစ်ပြီး ဆက်စပ် ပူးပေါင်းဆောင်ရွက်မှု မပြုရေးဖြစ်တယ်။ လိုင်းမပူးရေး ဖြစ်တယ်။

တပ်တွင်း U.G စည်းရုံးရေးသဏ္ဌာန် အရ လျှို့ဝှက် သိပ်သည်းစွာ စည်းရုံးရေး (Deep U.G.) ပီသစွာ လှုပ်ရှား ရေးဖြစ်တယ်။ ရေရှည်အမြင်နဲ့ လှုပ်ရှားရေး ဖြစ်တယ်။ ဘယ်လို နိုင်ငံရေး လှုပ်ရှားမှု အရိပ်အရောင်ကိုမှ မပေါ်စေဘဲ ကျစ်ကျစ်လစ်လစ် စည်းရုံး၊ အခွင့်အခါကောင်း စောင့်ရေး ဖြစ်တယ်။ သက်ဆိုင်ရာက အချက် ပြလိုက်တဲ့ အခါမှသာ တပ်တွင်း U.G အင်အားစုများဟာ လျှို့ဝှက် သဏ္ဌာန်မှ ပြောင်သဏ္ဌာန်သို့ ကူးပြောင်းရမှာ ဖြစ်တယ်။ ဒါတောင်မှ အချက်ပြခံရတဲ့ ကလာပ်စည်းများ ကသာ ပြောင်လုပ်ငန်းကို ကူးပြောင်းပြီး အချက်ပြ မခံရတဲ့ ကလာပ်စည်းများက လျှို့ဝှက် သဏ္ဌာန်အတိုင်း နေမြဲ ဆက်နေရမှာ ဖြစ်တယ်။

တပ်ပြင်ပရှိ တက်ကြွ အင်အားစုများရဲ့ ယျေဘုယျ စည်းရုံး လှုံ့ဆော် လုပ်ငန်းကတော့ တမျိုးဖြစ်တယ်။ သူက တပ်တွင်းကို ဝင်ပြီး အခိုင်အမာ စည်းရုံးတာမျိုး မဟုတ်ဘူး။ တပ်တွင်း အခိုင်အမာ စည်းရုံးရေး လုပ်ငန်းလုပ်နေတဲ့ U.G. ကလာပ်စည်းတွေ မလုပ်နိုင်တဲ့ အလုပ်ကို လုပ်ရတာဖြစ်တယ်။

တပ်တွင်းအခိုင်အမာ စည်းရုံး လှုပ်ရှားတဲ့ U.G ကလာပ် စည်းများဟာ တပ်မတော် တရပ်လုံး လက္ခဏာ (ကြည်း၊ ရေ၊ လေ) အရ တပြိုင်တည်း၊ တချိန်တည်း အကျယ်အပြန့် စည်းရုံး လှုံ့ဆော်ဖို့ ဆိုတာ မဖြစ်နိုင်ဘူး။ အဲဒီ တပ်တွင်း U.G တွေဟာ တစက်က တမျက်နှာဖြစ်အောင် ရည်မှန်းချက်ချပြီး တိုးချဲ့ ယူရတာဖြစ်တယ်။ အခွင့်သာတဲ့ နေရာ အချက်အလက်ရှိတဲ့ နေရာမှာ ခြေကုတ်ယူ၊ ကျိတ်စည်းရုံးပြီး အခွင့် အခါကောင်း စောင့်ကြရတာ ဖြစ်တယ်။

တပ်မတော်ကို အဓိက ပစ်ကွင်းထားပြီး ယေဘုယျ စည်းရုံး လှုံ့ဆော်တဲ့ တပ်ပြင်ပရှိ တက်ကြွ အင်အားစု U.G များရဲ့ တာဝန်ကတော့ ကြည်း၊ ရေ၊ လေ တပ်မတော် တရပ်လုံးကို အတွေးအခေါ် နိုင်ငံရေးအရ၊ တတိုင်းပြည်လုံး ဆိုင်ရာ၊ နိုင်ငံတကာ ဆိုင်ရာ အခြေအနေ ပညာပေးရေး အရ အကျယ် အပြန့် တင်ပြ ညှိနှိုင်းနိုင်တယ်၊ လှုံ့ဆော် စည်းရုံး နိုင်တယ်။ မီဒီယာများရဲ့အကူအညီကို စည်းရုံးရယူပြီး တိုင်းပြည်ပြဿနာ အရပ်ရပ်ကို ကြည်း၊ ရေ၊ လေ တပ်မတော် တရပ်လုံးသို့ တချိန်တည်း တပြိုင်တည်း အကျယ်အပြန့် တင်ပြနိုင်တယ်။ တပ်မတော်တွင်း မျိုးချစ် ပြည်ချစ် အင်အားစု များရဲ့ အမှန်တရား လိုလားစိတ်ကို နိုးကြား စေနိုင်တယ်။ ဒီနည်းနဲ့ တပ်တွင်း အခိုင်အမာ လျှို့ဝှက် စည်းရုံး လှုပ်ရှားနေတဲ့ U.G ကလာပ်စည်းများ မလုပ်နိုင်တဲ့ အလုပ်ကို ဖြည့်စွမ်း ပေးနိုင်တယ်။ ဒီနည်းနဲ့ မြန်မာပြည်သူ၊ ကမ္ဘာ့ ပြည်သူတွေပါ တပ်မတော်ကို စည်းရုံးရာမှာ ပါဝင်လာအောင် ဖန်တီးပြီး တပ်မတော်တွင်းမှာ ကောင်းမွန်တဲ့ နိုင်ငံရေး ဂယက်ကို ရိုက်ခတ်စေနိုင်တယ်။ ဒီနည်းနဲ့ တပ်မတော်တွင်းရှိ မျိုးချစ် ပြည်ချစ် အရာရှိအရာခံ၊ အကြပ် တပ်သားတွေကို နိုင်ငံရေးအရ၊ လက်တွေ့ လှုပ်ရှားမှု အရ အကြံဉာဏ် နည်းနာတွေ ရရှိစေနိုင်မှာ ဖြစ်တယ်။

ဒီလို တပ်မတော်ကို အဓိက ပစ်ကွင်းထားပြီး ယေဘုယျ စည်းရုံး လှုံ့ဆော်ရေး လုပ်ငန်းကို အကောင်အထည် ဖော်ဖို့ဆိုရင် တက်ကြွတဲ့ အင်အားစု မျိုးဆက်သစ်များကို အခြေခံပြီး မြေအောက် U.G သဏ္ဍန်နဲ့ စုစည်းရမှာ ဖြစ်တယ်။ ဥပမာ- အဲဒီ အင်အားစုရဲ့အမည်က "တပ်မတော်တွင်း မျိုးချစ်ပြည်ချစ် အင်အားစုများရဲ့ ညီအစ်ကိုတော်များ အဖွဲ့" ဆိုကြပါစို့။ အဲဒီအဖွဲ့မှာ နိုင်ငံရေး သဘောထားနဲ့ လုပ်ငန်းလမ်းညွှန် ပေါ်လစီများ ရှိရမယ်။ အကြမ်းဖျင်း တင်ပြရရင် အဲဒီ အလုပ်အဖွဲ့ရဲ့ နိုင်ငံရေး သဘောထားနဲ့ လုပ်ငန်း လမ်းညွှန် ပေါ်လစီမှာ အောက်ပါ အချက်များ ပါဝင်သင့်တယ်။

နိုင်ငံရေး
၁။ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး၊ ပါတီစုံဒီမိုကရေစီစနစ် တည်ဆောက်ရေး။
၂။ တပ်မတော်တွင်း အထက်အောက် အခွင့်အရေး အလွန်အကျွံ ကွာခြားမှု တိုက်ဖျက်ရေး။
၃။ ဒီမိုကရေစီနည်းကျ တောင်းဆို တင်ပြတဲ့ လူထု လှုပ်ရှားမှုများကို ပစ်ခတ် သတ်ဖြတ် ဖြိုခွဲရေး အတွက် ပေးတဲ့ အမိန့် မှန်သမျှ မလိုက်နာရေး။
၎။ တပ်မတော်ကို ခုတုံးလုပ် အသုံးချပြီး စစ်အုပ်စုက စီးပွားရေး လက်ဝါးကြီးအုပ်မှု မှန်သမျှ ရပ်ဆိုင်း ပစ်ရေး။
၅။ ပြည်တွင်းစစ် သက်ဆိုးရှည်စေမယ့် စစ်အုပ်စုရဲ့ နိုင်ငံရေး၊ စစ်ရေး ဆောင်ရွက်မှု မှန်သမျှ ဆန့်ကျင်ရေး။
၆။ ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသား ညီညွတ်ရေး အတွက် နိုင်ငံရေး ပါတီများ၊ လူမျိုးစု ကိုယ်စားပြု အဖွဲ့များ နှင့် တွေ့ဆုံ ဆွေးနွေး အဖြေရှာရေး။

ဖွဲ့စည်းမှု
၁။ မြေအောက် U.G ကလာပ်စည်း သဏ္ဌာန် အရ ဖွဲ့စည်းရေး။
၂။ မြေအောက် U.G လှုပ်ရှားဆိုင်ရာ နည်းနာ စည်းကမ်းများကို ချမှတ် ကျင့်သုံးရေး။

လက်တွေ့လုပ်ငန်းတာဝန်
၁။ တပ်မတော်တွင်းရှိ မျိုးချစ်ပြည်ချစ် အင်အားစုများအား အဓိက ပစ်ကွင်းထား စည်းရုံး လှုံ့ဆော်ပြီး စစ်အုပ်စုအား နိုင်ငံရေး၊ စီးပွားရေးအရ ဘက်စုံမှ ဖွင့်ချရေး။
၂။ တပ်မတော်တွင်းဆိုင်ရာ သတင်းအချက်အလက်များကို လေ့လာ စုဆောင်းရေး။
၃။ စစ်အုပ်စုတွင်းဆိုင်ရာ သတင်းအချက်အလက်များကို လေ့လာ စုဆောင်းရေး။
၎။ စုဆောင်းရရှိတဲ့ တပ်တွင်းဆိုင်ရာ သတင်းအချက်အလက်၊ စစ်အုပ်စုတွင်း ဆိုင်ရာ သတင်းအချက် အလက် များကို အခြေခံပြီး တပ်မတော် စည်းရုံးရေးကို အထောက်အကူ ပြုမယ့် အကြောင်းအရာများကို သတင်း ထုတ်ပြန်ချက်များ၊ သဘောထား ကြေငြာချက်များ သတင်း ဆောင်းပါးများ ရေးသားပြုစုရေး။
၅။ ပြုစုရရှိတဲ့ သတင်းများ၊ သဘောထားကြေငြာချက်များ၊ ဆောင်းပါးများကို တပ်မတော် တရပ်လုံး၊ မြန်မာ တပြည်လုံး၊ ကမ္ဘာ့ပြည်သူ တရပ်လုံးသို့ အသိပေး ဖြန့်ချီနိုင်ရန် နိုင်ငံတကာ သတင်းစာ၊ ဂျာနယ်၊ ရေဒီယို၊ ရုပ်သံလွှင့်စတဲ့ မီဒီယာများနဲ့ ဆက်သွယ် ဖြန့်ချီနိုင်ရေး ဆောင်ရွက်ရေး။
၆။ မီဒီယာများမှ ဖြန့်ချီတဲ့အခါ တပ်တွင်း အခိုင်အမာ U.G စည်းရုံးရေး လုပ်ငန်းအား မထိခိုက်စေဖို့ ဂရုပြုရေး စတာတို့ ဖြစ်ပါတယ်။

တပ်မတော်ကို စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ ဒီမိုကရေစီရေး လူထုတိုက်ပွဲမှာ ပါဝင်လာအောင် စည်းရုံး ရာမှာ တပ်မတော် ပြင်ပရှိ တက်ကြွ လှုပ်ရှားသူများရဲ့ တပ်မတော်ကို အဓိက ပစ်ကွင်းထားတဲ့ ယေဘုယျ စည်းရုံး လှုံ့ဆော်ရေး လှုပ်ရှားမှုဟာ အရေးပါတဲ့ လုပ်ငန်း တရပ်အဖြစ် ယူဆပါတယ်။

ဒီမိုကရေစီနိုင်ငံရေးအင်အားစုများအနေနဲ့ ဒီလှုပ်ရှားမှု သဏ္ဌာန် အကောင်အထည် ဖော်ရေး၊ တပ်မတော်တွင်း U.G စည်းရုံးရေးနဲ့ ပေါင်းစပ်ရေးကို အလေးထား ဆောင်ရွက် သင့်တယ်လို့ ထင်မြင် မိပါတယ်။

တပ်မတော်သားဟောင်းတဦး

ဒီဆောင်းပါးကို ဖတ်သူများ၊ အထူးသဖြင့် ပြည်တွင်းမှဖတ်သူများ တဆင့်ပြီးတဆင့်ကူးယူ ဖြန့်ဝေပေးပါရန် စာရေးသူမှ ပန်ကြားပါသည်။

Read More...

သမိုင်းဘီးနစ်ခဲ့သူများ အပိုင်း (၃)

စိန်လွင်

ဇန်နဝါရီ ၁၂ ၊၂၀၁၀။

ရင်ထဲက အမှတ်တရ ဂျိမ်းမောစ်လီ

ကျွန်တော် ကောင်စစ်ဌာနတွင် ရှိနေစဉ် ပထမ ဆုံးအကြိမ်အဖြစ် ၁၉၉၈ မေလ ထဲတွင် သူ့ကို အင်းစိန်ထောင်သို့ သွားရောက် သတင်းယူစဉ် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်၊ ထိုစဉ် ကလထ-ညွန်မှူး ဒေါ်ယဉ်ယဉ်ဦး (၁၉၈၈ သမ္မတ ဒေါက်တာမောင် မောင်၏သမီး၊ ယခု ရီယဒ်မြို့၊ မြန်မာသံရုံး၊ သံမှူးကြီး)၊ နိုင်ငံခြားရေးသို့ အထူးအရာရှိ အဖြစ် တွဲပေးသော ဗိုလ်မှူးမင်းသိန်း (ကကလှမ်း) တို့ဖြင့် အင်းစိန် လမ်းမဘက် အကျဉ်း ဦးစီးရုံးချူပ် ဘက်ရှိ ထောင်ရိပ်သာတွင် ဂျိမ်းကို တွေ့ဆုံခဲ့ရသည် ထိုအချိန်က သူ့ကို ထောင် (၅) နှစ် ကျရန် ချခဲ့ပြီး ဖြစ်သည်။ ထို့နောက်ပိုင်းတွင် ရန်ကုန်ရှိ သြစတြေးလျနှင့် အင်္ဂလန် သံရုံး တို့မှ မကြာဏ consular Access တောင်းခံကာ ပြန်လွှတ်ပေးရန် တောင်းဆိုနေခြင်းကြောင့်၊ နခဌ အနေဖြင့်လည်း၊ သူထံသို့ သွားရောက်ကာ ဤခြေအနေ မေးမြန်းခြင်း ဖြစ်သည်၊ သူသည် ထိုအချိန်က ၂၅ နှစ် ဝန်းကျင် အရွယ် သဘောထား ပြတ်သားပြီး၊ စစ်အစိုးရကို အကြမ်းဖက် သမားတွေ Junda တွေဟုပင် သုံးနှုန်းသည်၊ နိုင်ငံရေး မလုပ်ကြောင်း၊ ခံဝန်လည်း မထိုးနိုင်ကြောင်း၊ အကြမ်းဖက် သမားတွေ ပြည်သူကို မတရား ဖိနှိပ်လို့ အာဏာ ရနေတာက လွှဲရင် တရားတဲ့ ရွေးကောက်လို့ရတဲ့ အစိုးရ မဟုတ်လို့ အသိအမှတ် မပြုနိုင်ကြောင်း၊ လက်မှတ်မှ မထိုးနိုင်ကြောင်း၊ ထောင်ချမယ်မှန်း သိပြီး ဖြစ်လို့ ကြောက်နေမှာ မဟုတ်ကြောင်း၊ ပြင်းထန်စွာ ပြောပါသည်။

ထိုအနားတွင် ကကလှမ်း၊ တို့လည်း အရပ်ဝတ် တိုက်ပုံ လည်ကတုံးတို့ဖြင့် ရှိနေရာ၊ ကျွန်တော်မှ သူ့ကို မျက်စိ မှိတ်ပြလိုက်၏ သူအနေနှင့် ကျွန်တော့်ကို နားလည် နိုင်လောက်ပါသည်၊ ဘာဖြစ်လို့လဲ ဆိုတော့၊ ကျွန်တော် သူ့ကို ဤနေရာမျိုးမှ အမြန်ဆုံး ပြန်လွှတ် စေလို၍ ဖြစ်သည်၊ သူ့ကိုယ်မှ ချုန်းချုန်းကျ နေသည်၊ မျက်နှာပေါ်တွင် အနီနီ အဖုဖု အပိတ်ပိတ် တို့ကို သူ့လို အဖြူ European တစ်ယောက်တွင် ထင်သာစွာ မြင်ခဲ့ရသည်ကို ရင်ထဲမှာ ဆို့နင် မိပါသည်၊

ထို့ကိစ္စအတွက် မှတ်တမ်းများ ရေးရခြင်း၊ ကကလှမ်းသို့ အစီရင်ခံစားများ ပို့ရခြင်း၊ အထူးသဖြင့် UK သံရုံးသို့ ၄င်းနှင့် ထောင်တွင် တွေ့ဆုံနိုင်ရန် စီစဉ် ပေးရပါသည်၊ မှတ်မှတ်ရရ ဌာနတွင် သူနှင့် ပါတ်သက်သော Britanica Encyclopedia ကဲ့သို့ ထူထဲသော ဖိုင်တွဲ အထူကြီး (၇) ဖိုင်မျှ ဖြစ်ပေါ်လာပါသည်၊ သူ့ကိစ္စ အားလုံး ပြန်လွှတ်ချိန် အထိသည် ကကလှမ်း အဆုံးအဖြတ်၊ အတိအကျ ဆိုပါလျှင် မင်းသားကြီးသာ ခရာသာ ဖြစ်ပါသည်၊ ကကလှမ်း ဘက်မှ တန်ပြန်နှင့် ပြည်ပ ထောက်လှမ်းရေး ဌာနတို့မှ သူ့ကိစ္စကို ကိုင်ခဲ့သည်၊ သူသည် ကရင်ပြည်နယ်မှ နယ်စပ်ဘက်မှ ဝင်လာခဲ့ခြင်း ဖြစ်၍၊ သူ့ကို KNU ABSDF စခန်းတို့၏ အခြေအနေများ၊ သူ့ကို မည်သည့် အဖွဲ့အစည်းက တာဝန်ပေး စေလွှတ်ခဲ့သည့် (MI 5) ၊ ကို ရည်ညွန်း ပါသည်၊ လန်ဒန် မြန်မာသံရုံးမှ Conservative Party ပါတီဝင် တစ်ဦးဖြစ်ကြောင်းမှ လွှဲ၍ ၄င်းသည် ဗြိတိသျှ ထောက်လှမ်းရေး တစ်ဦး၊ ဟုတ်-မဟုတ် စုံစမ်း မပေးနိုင်၍ မင်းသားကြီးမှ ထိုစဉ်က သံအမတ် ဒေါက်တာ ကျော်ဝင်းကို မျက်မှန်တော်ရှ ခဲ့ပါသည်၊

(သံအမတ်ဒေါက်တာကျော်ဝင်းဆိုသည်မှာ ကက(ဆေး) ညွှန်ကြားရေးမှူး ဖြစ်စဉ်၊ သားတော်မောင် စက်မှု တက္ကသိုလ် ကျောင်းသား၏ ကားတိုက်မှုကြောင့် သံအမတ် ဘဝသို့ မမျှော်လင့်ဘဲ၊ ဦးဝင်းအောင် (သံအမတ်မှ ဝန်ကြီးဖြစ်စဉ်) နေရာ သို့ရောက်ရှိ ခဲ့သည်မှ လွှဲ၍၊ ဆေးကုတတ်ခြင်းမှ လွှဲလျှင်၊ ထောက်လှမ်းရေး လုပ်ငန်းကို စိတ်ဝင်စားသူလည်း မဟုတ်၊ လုပ်လည်း မလုပ်တတ်ပါ၊) တပ်မှ ရောက်လာသူ အများစုမှာ ကိုယ်စီ Case တွေ ဖြစ်ပြီးမှ နိုင်ငံခြားရေး ဘက်သို့၊ သံအမတ်နှင့် သော်လည်းကောင်း၊ စစ်သံမှူး သော်လည်းကောင်း၊ အရှင်လတ်လတ် ဘဝပြောင်း လာသူများပါ၊ နိုင်ငံခြားရေး ဝန်ထမ်းများ အတွက်ကတော့၊ ထောက်လှမ်းရေးမှ လာသည့် သံအမတ်တွေလို မဟုတ်၍ သူနှင့်လုပ်ခဲ့သူများ စိတ်ချမ်း သာခဲ့ရသည်။

မော်လမြိုင်တွင် SB မှ စတင်ဖမ်းမိကာ၊ နှိပ်စက် စစ်ဆေး ခံရကာ တရားရုံးတွင် အမိန့်ချခြင်း၊ အင်းစိန်ထောင်တွင် ကြိုးတုတ် ထဲ့ထားခြင်း၊ သီးသန့်ထားခြင်း၊ စကားပြောဖော် မရှိအောင် ပြုလုပ်ခြင်း၊ ၄င်း အစားအသောက် ပျက်အောင် ကန်စွန်းရွက် အပုပ်နှင့် ဆားခဲများ ထဲ့ပေးခြင်း၊ ညစ်ပတ်စွာ ထားရှိခြင်း စသော စိတ်ပိုင်း၊ ရုပ်ပိုင်း ဆိုင်ရာ နှိပ်စက်မှုများကို လှမ်း၏ ထိပ်တန်း လျှို့ဝှက် မိန့်ချက်အရ ပြုလုပ်ရကြောင်း၊ ထောင်အရာရှိ တစ်ဦးက ပြောပြလို့ သိခဲ့ရပါသည်၊

(၉ လေးလုံး) ကို ဆင်နွဲလိုသည့် ဂျိမ်းစ်၏ တတိယ အကြိမ် စွန့်စားခန်း

ဤအကြိမ်တွင် လူစွန့်စား ဂျိမ်းစ်သည် ကျိုင်းတုံရှိ ထမင်းဆိုင် တစ်ဆိုင်တွင် ထမင်းစားနေစဉ်၊ ၄င်းနောက်သို့ နောက်ယောင်ခံ လိုက်လာသည့် ထလရ (၂၂) မှ မသင်္ကာ၍၊ စစ်ဆေးရာမှ ဖမ်းမိခဲ့ခြင်း ဖြစ်ပါသည်၊ ၄င်းတို့၏ စစ်ကြောရေး စခန်းတွင် ထားရှိပြီး၊ မင်းသားကြီးမှ ကျိုင်းတုံတွင်သာ ထားရှိရန်၊ နေ့တွင်းချင်း အမိန့်ပေးခဲ့ပြီး ဖြစ်သည်၊ ၁၉၉၉ သြဂုတ်၊ စက်တင်ဘာ ကာလသည် လုံခြုံရေး တိုးမြင့်ထားသည့် အချိန် ဖြစ်ပါသည်၊ ထို့နောက် နိုင်ငံခြားရေးသို့၊ ရုံးစာဖြင့် လှမ်းမှ အကြောင်းကြားလာ၍၊ သြစတြေးလျနှင့် အင်္ဂလန် သံရုံးသို့၊ အကြောင်း ကြားရခြင်း၊ ၄င်းတို့မှ ရုံးသို့ လာရောက်ကာ၊ လွတ်ပေးရန် ထပ်မံ တောင်းဆိုပါသည်၊ ဤအကြိမ်တွင်မူ ဦးဝင်းအောင်ကပါ တင်းမာစွာဖြင့် သံအမတ်များကို တုံ့ပြန်ခဲ့သည်၊ မကြာမှီ၊ သြစတြေးလျ အစိုးရဘက်မှ မြန်မာ နအဖဘက်မှ စေလွှတ်မည့်၊ ဗိုလ်မှူးချုပ်ကို သံအမတ်အဖြစ် ငြင်းပယ်ခဲ့ပြီး၊ အရပ်သား ဝန်ထမ်းကိုသာ လက်ခံလိုကြောင်း တုံ့ ပြန်ခဲ့ရာ၊ ဂျနီဗာရှိ သံအမတ်ဦးအေး (နိုင်ငံခြားရေး) က သံအမတ် အဖြစ်၊ ကင်ဘာရာသို့ ရောက်ခဲ့ရ ပြန်သည်၊

(မရှေးမနှောင်း အောက်တိုဘာလထဲတွင် ဘန်ကောက်၊ မသရသို့၊ ABSDF မှ ဝင်သိမ်း ခဲ့ပြန်သည်၊ ထိုအချိန်က ကျွန်တော် မနလမှာ ဘန်ကောက်သို့ နယူဇီလန် ဗီဇာယူရန် ရောက်ရှိနေချိန် ဖြစ်သည်၊) ကျွန်တော် နယူးဇီလန်မှ ပြန်ရောက်ချိန် ဇူလိုင် ၂ဝဝဝ ထိ၊ ဂျိမ်းစ်သည် ကျိုင်းတုံတွင် ရှိနေဆဲ၊ စက်တင်ဘာတွင် ဂျိမ်းစ်ကို ထောင်တွင်း ဆန္ဒပြမှုဖြင့်၊ ထောင်အတွင်း၊ အကစ ဝန်ထမ်းများက ဝိုင်းရိုက်ခဲ့ကြသည်၊ ထိုကိစ္စ အတွက် John Battle , UK နိုင်ငံခြားရေး ဝန်ကြီးမှ သံအမတ် ဒေါက်တာ ကျော်ဝင်းကို လန်ဒန်တွင် ခေါ်ယူ သတိပေး ခဲ့သည်၊ ဦးဝင်းအောင်က ဖုံးဖြင့် “စောက်ဂရု စိုက်မနေနှင့် ၄င်းစိတ် သိတ်မမှန်တော့ကြောင်း ပြန်ပြောရန်” သံအမတ်ကို ညွှန်ကြားခဲ့သည်၊

၂ဝဝဝအောင်တိုဘာထဲတွင် အန်တီစုနှင့် ဗခကျော်ဝင်း(လှမ်း၊ ဒုညွှန်မှူး) ဦးဝင်းအောင် တို့သည်၊ အစိုးရ ဧည့်ဂေဟာတွင် စတင် တွေ့ဆုံ ဆွေးနွေးသည်၊ ထိုလတွင် Razili မလေးရှား သံတမန် ရောက်ရှိလာပြီး၊ တွေ့ဆုံသည်၊ ထိုအချန်က နိုင်ငံခြားရေး၊ သံတမန်ရေးရာ ဌာနမှ ၄င်းခရီးစဉ်ကို အသေးစိတ် စီစဉ်ပေးရပြီး၊ စတင် ရောက်ရှိချိန်မှ မြန်မာပြည်မှ ထွက်ခွာမည့် နောက်ဆုံးအချိန် အထိ ခရီးစဉ် ဇယားကို ကကလှမ်းသို့ ပို့ရသည်၊ အပါယ်လေက်၊ ယုတ်မာသနည်း ဆိုလျှင်၊ ၄င်းအား ပုဂံဘုရားများ ပို့ခြင်း၊ ပဲခူးသို့ နေ့လယ်စာ စားခြင်း၊ ကားဖြင့် နေ့ခရီးစဉ်များ ထွက်ခြင်း၊ ၄င်းခရီးစဉ်၏ အချိန်များကို တမင်တကာ၊ ကုန်အောင်၊ လူပင်ပန်းအောင် ရည်ရွယ်ချက် ရှိရှိဖြင့်၊ ပြုလုပ်ကာ၊ ဒေါ်စုအိမ်သို့ ညနေ ၅း၃ဝ - ၆းဝဝ၊ ညစာ စားခါနီး အချိန်တွင် မကောင်းသော အချိန် (လူပန်း၊ ဗိုက်ဆာ) ဖြစ်အောင် ပြုလုပ် ခဲ့ကြသည်၊

ဤကဲ့သို့၊ ပြည်ပ ဖိအားများပြား လာချိန်တွင် ဂျိမ်းစ်ကို ပြန်လွှတ်ရန်၊ ကကလှမ်းမှ နခဌသို့ အကြောင်းကြားလာ သည်ကို ကျွန်တော်တို့မှ အင်္ဂလန်သံရုံး၊ သြစတြေးလျ သံရုံးတို့ကို ဆက်လက် အကြောင်းကြား ပေးခဲ့ရသည်၊ ဤသည်မှာ သူ၏ ၃ကြိမ်မြောက် လွှတ်မြောက်ခြင်းနှင့် နောက်ဆုံး ဖြစ်ပါစေဟု ဆုတောင်း မိပါသည်၊
စိတ်မှာ နာကျင်ခံရသည်၊ မတရားသော ဥပဒေများကို။

ကောင်စစ်ဌာနတွင်ရှိစဉ်က ကကလှမ်း၏ သတင်းပေးများ အတွက် နိုတြီအတုများ၊ လှမ်းမှ တပ်ကြပ်ကြီး တစ်ချို့ ဘုန်းကြီး ဝတ်ဖြင့် အိန္ဒိယ၊ ထိုင်း၊ တစ်ချို့ အမေရိကန် ဘက်သို့ သွားကြရာ မနလ ထူးများဖြင့် သွားကြသည်ကို ရင်နာစွာ မှတ်မိ နေပါသေးသည်၊

မလေးရှာနိုင်ငံရှိမြန်မာများ

၂ဝဝဝ ခုနှစ် (ဝ၁၊ ဝ၂) ဝန်းကျင်ကာလများတွင် မလေးရှားမှ အထူးသဖြင့် ကော်လာပြာ လုပ်သားများ ဌားရန်းရန် ကမ်းလှမ်းလာသည်၊ ထိုကိစ္စတွင် ရွှေအင်းဝ အေဂျင်စီကို ရွေးချယ်ကြောင်း၊ ၄င်းသည်လည်း၊ S2 ဗိုလ်ချုပ်တင်ဦး၊ မိသားစု ဝင်များ ပိုင်ဆိုင်သော ကုမ္မဏီမှန်း သိရသည်၊ မြန်မာ အလုပ်သမားများ၏ လစာကို ဖြတ်တောက်ခြင်း၊ မလေး အလုပ်ရှင်များအား ၄င်းတို့၏ နိုင်ငံကူး လက်မှတ်များကို သိမ်းဆည်း ထားစေခြင်းတို့ဖြင့် မြန်မာ လူမျိုးခြင်းများစွာ ဂုတ်သွေး စုတ်နေသည်ကို ရင်နာဖွယ် မြင်တွေ့ခဲ့ရသည်၊

ထို့ပြင်၊ မလေးရှားနှင့် ထိုင်းရှိ မြန်မာသံရုံးတို့သည် မြန်မာတို့ အပေါ် ကောင်းကျိုး မပေးသော ရုံးများ ဖြစ်သည်ကိုလည်း တွေ့ရှိရသည်၊ သံရုံးရှေ့သို့ လာရောက် ဆန္ဒပြသူများ၏ ဓာတ်ပုံများကို အသွင်သွင်ရိုက်ကာ၊ သတင်းပေးများက မည်သူ မည်ဝါ ခွဲခြားပေးသည်ကို နခဌသို့ ပဏာစားကာ စီရင်ခံ ပေးပို့လာသည်၊

အခွန်တွေကို ဘုံးကာ၊ ဗီဇာခတွေကို ဖြောင်ကာ၊ ကိုယ့်ရုံးကို မီးတင်ရှို့ကာ စာရင်းဖျောက်သည်မှာ မကြာခဏ၊ အချင်းချင်းလည်း စားကွက်လုကာ ဆော်နေကြသည်၊

ဤသို့ အဝေးမတော့သည့် ကြားမှ စစ်သံရုံးများက စစ်သံမှူးနှင့် စစ်ထောက်လှမ်းရေး တို့က ဝင်လာပြီး ကတုံးပေါ် ထိပ်ကွက် နေသည်မှာ သချိုင်းကုန်းရှိ ခွေးသေကောင် ပုပ်ကို ဋင်းတ တစ်အုပ်နှင့် မြေခွေး တစ်စုတို့ ဖုန်းတထောင်းထောင်း ထအောင် ဆော်နေသည်နှယ် ယနေ့ထိတိုင်ပါ၊

စခဲ့သည်ကို ထိုအချိန် မလေးရှားရှိ သံတမန်လောကတွင် ပြောစမှတ် သွင်ကာ အောချခဲ့ရပါသည်၊ ထိုင်းမှာ အစားဆုံး ထဲက တစ်ယောက်သော သံအမတ်မှာ လှမ်းဒဗမက လှမောင်၊ သူက မြန်မာပြည် အလယ်ပိုင်းတွင် သိန်း ၃ဝဝ တန် စာသင် ကျောင်း တစ်ကျောင်းကို လှူရာ၊ သူ၏ ဆရာ ဖိုးကံကောင်း (၁၉၉၇ တွင် လာဘ်စားသော နဝတ ဝန်ကြီးများကို ဖြုတ်ခဲ့ သော၊ TV မင်းသားကြီး ခင်ညွန့်) က ပြုံးပြုံးကြီးနှင့် ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးခဲ့ပုံကို မြန်မာ့ ရုပ်သံမှ ထုတ်လွှတ်ခဲ့ပုံမှာ ထိုင်းရောက် မြန်မာနိုင်ငံသားတို့မှ သာဓု သာဓု (ဒို့ဟာတွေ) ခေါ်နိုင် ပါ ပေသည်၊

၁၉၉၉၊ ၂ဝဝဝ ဝန်းကျင်ကာလတွင် ကက(လှမ်း)သို့ သတင်းများ ပို့ပြီး၊ မြန်မာနိုင်ငံ သားများ ထံမှ အစားခဲ့ ဆုံးသော ဖျံများ မှာ - စိန်ညွှန့် (သံရုံးအုပ်)၊ လှိုင်ဘုန်းမြင့် (ပထမ အတွင်းဝန်၊ ယခုဒုညွှန်မှူး၊ နခဌ၊ နေပြည်တော် ဝန်ကြီးရုံး) ၊ တို့သည် ၄င်းတို့၏ စွမ်းဆောင်ချက်များကို ဖော်ပြ၍ ကားသွင်းခွင့် ပါမစ်များ ရရှိကာ၊ သိန်း ၈ဝဝ ဝန်းကျင်စီ ရရှိခဲ့ကြသည်၊ လက်ရှိ ၂ဝဝ၈၊ ၂ဝဝ၉ ဝန်းကျင် ကာလများတွင် ထိုကဲ့သို့ ခြေရာ နင်းနေသူက သက်ထွန်း၊ (ပထမအတွင်းဝန်) ဖခင် လဝကဝန်ကြီး ဗိုလ်မှူးစောထွန်း ဖြစ်ကာ၊ အောက်ခြေသိမ်း ငွေရှာ ပေးသော စာရေး အောင်ကြီးကတော့ အထုတ်ပိုက်ကာ ပြန်ရောက်နေပြီး ဖြစ်သည်၊ ၂ဝဝ၉ ထဲမှာ ဤခွင်ကို သိ၍ ဘန်ကောက် မြန်မာသံရုံးသို့ ဒုတိယ အကြိမ် တာဝန်ပြန်ကျအောင် လုပ်ယူလာသူက ဒုတိယ အတွင်းဝန် (ခင်မောင်ဌေး) နှင့် သက်ထွန်းတို့ စားကွက်လုသည်မှာ ယခုအခါ ပွဲကြီးပွဲကောင်း။

ထိုင်း- မြန်မာဆက်ဆံရေး၊
နိုင်ငံခြားရေးဌာန၊ နိုင်ငံရေးဦးစီးဌာန၊ အရှေ့တောင်အာရှ ဌာနမှ နှစ်နိုင်ငံ ခရီးစဉ်များ ရှိလျှင်၊ ဘာစာချုပ်တွေ ရှိသည်၊ ဘာတွေလုပ်ရန် ကျန်သည် စသည်တို့ကို ဝန်ကြီးထံ တင်ပြပေးရသည်၊ သို့သော် တကယ့် အရေးကြီး ကိစ္စများ ဖြစ်သော KNU စခန်းများကိစ္စ၊ ဝ ကိစ္စ စတာတွေက ခင်ညွှန့်ပင်၊

၂ဝဝဝ ခုနှစ်ဝန်းကျင်တွင် ထိုင်းနိုင်ငံမှ လူငယ်များ မူးယစ်ဆေးဝါး သုံးစွဲမှု များပြားလာမှုနှင့် ဆန္ဒပြပွဲများ ဖြစ်ပေါ်လာရာ၊ ထိုင်းဘက်မှ “ဝ” တပ်များကို ၂ဝဝ၁ ထဲတွင် စတင် ထိုးစစ် ဆင်ရာမှ၊ ထိုင်း -မြန်မာနယ်စပ် တင်းမာမှုများ ဖြစ်ပေးလာသည်၊

ဤအခြေအနေကြောင့် သက်ဆင် ရန်ကုန်သို့ ၂ဝဝ၁ စက်တင်ဘာတွင် လာခဲ့ပြီး၊ ခင်ညွှန့် ဦးဝင်းအောင်တို့ ထိုင်းသို့ စက်တင်ဘာတွင် သွားခဲ့သည်၊

ထိုင်း Huahin ရှိ Swan San Guest house တွင် ထိုစဉ်က ဒုဝန်ကြီးချုပ် တဖြစ်လဲ၊ ချာဗလစ် ယောင်ချိုင်ယုတ်နှင့် ခင်ညွှန့် တွေ့ဆုံခဲ့ပြီး၊ KNU ကို ထိုင်းနယ်မြေထဲတွင် လက်မခံရန် ဆွေးနွေးသော်လည်း မအောင်မြင်ပါ၊ သို့သော်၊ ထိုင်း ထဲရှိ မနီးလျိုင် ( Refugee camp)ကို ပိတ်ရန် သဘော တူခဲ့သည်၊

သက်ဆင်မှလည်း Thaicom Teleport အနေဖြင့် Cybertech Myanmar ကို နည်းပညာပေး ကူညီရန်၊ အသေးစိတ် Project ကိုမူ ရဲနိုင်ဝင်းနှင့် ဆောင်ရွက်ရန်၊

စိန်လွင်

Ref: ကောင်းဝါ

Read More...

သမိုင်းဘီးနစ်ခဲ့သူများ အပိုင်း(၂)

စိန်လွင်

ဇန်နဝါရီ ၁၁ ၊၂၀၁၀။

၁၉၉၇ ဧပြီလ တရုတ်နိုင်ငံမှ စွယ်တော် ကမ္ဘာအေးတွင် စံပါယ်စဉ်၊ ဒု ဗခက တင်ဦး လာရောက် ခါနီးတွင် ဗုံး ပေါက်ကွဲခဲ့သည်၊ ထိုဖြစ်စဉ်တွင် ကကကြည်း အမိန့်နှင့် လုံခြုံရေး ယူသည့် ခြေလျင် တပ်များနှင့် ခင်ညွှန့် အမိန့်အရ ပိတ်ဆို့ လမ်းကြောင်းကို ထလရ တပ်များက ဖွင့်ပေး လိုက်သည်ကို အခြေအတင် အချင်းချင်း ပစ်ခတ်လုနီးပါး ဖြစ်ခဲ့ရသည်ကို……

ရှာဖွေရာတွင် တွေ့ရှိသော ဗုံးအစအနများမှာ ကပစ ထုတ်များ ဖြစ်သော်လည်း၊ အမေရိကန် နိုင်ငံ ထုတ်များ ဖြစ်ကြောင်း၊ သတင်းစာများတွင် “ပါပီမ” ၏ ဇာတ်ညွှန်း ဆရာ၊ မင်းသားကြီးက… သတင်း ဖော်ထုတ်ခဲ့သည်ကို…

၁၉၉၇ တွင် နဝတ ဝန်ကြီးများဖြစ်သော ထွန်းကြည်၊ ကျော်ဘ၊ မောင်လှ၊ မျိုးညွှန့် စသည့် သူ့ထက် စီနီယာ ကျနေသူ များကို လာဘ်စားပြီး “လာမပေးပါ” ဟု ဦးသန်းရွှေကို တင်ပြပြီး ဖြုတ်ချကာ နယက သို့ ပြောင်းလဲကာ သူ၏ အာဏာကို ပို၍ တည်ဆောက်လာသည်၊ ထို့အပြင်လည်း ထွန်းကြည်နှင့် နာန္ဒာလှိုင်တို့၏ တတိယ အရွယ်၏ ဒုတိယ ဝေဒနာ ဇာတ်လမ်းကိုလည်း၊ ထလရ (၁၄) မှ ရိုက်ကူးကာ၊ ကက လှမ်းတွင် တည်းဖြတ်ကာ၊ ဒဂုံမြို့နယ်ရှိ ကက ကြည်း စစ်ဆင်ရေး ခန်းမတွင် ရုံတင်ခဲ့ပါသည်၊

၂၀၀၁ တွင် ပခုံးချင်းယှဉ်နေသည့် ကြည်းတပ် အနောက်ခံ ရှိနေသော ဒုဗခက တင်ဦး၊ နောက်တက်မည့် ကျန်စစ်သား ဖြစ်သော ဗိုလ်ချုပ်သူရ သီဟသူရ စစ်မောင်တို့ ရုရှလုပ် MI 17 ဖြစ် မော်လမြိုင်ဘက် ခရီးထွက်စဉ် Helicopter Pilot က သောက်တာများ၍ ပျက်ကျသည့် သဖွယ် ဒဏ္ဍရီနှယ်၊ တရားသူကြီး ပေါင်ချိန်သို့ မင်းသားကျန်ချောင်း ဖော်ထုတ် ခဲ့ပါသည်၊

၂၀၀၀ ခုနှစ် ခေါ်စု နှင့် လျို့ဝှက်ဆွေးနွေးပွဲများတွင် သူမကို ဒုဝကခ နေရာ၊ ထိုအချိန်က တမင် လှစ်လပ်ထားသော လဝက လူမှုဝန်ထမ်း၊ ဝန်ကြီး နေရာများကို NLD မှ ယူနိုင်ကြောင်း၊ ကမ်းလှမ်းခဲ့သူမှာ ခင်ညွှန့်ပင်၊ (ဒေါ်စု လုပ်နေခြင်း မှာ ဖခင်ကဲ့သို့ပင်၊ စစ်အာဏာရှင် စနစ်အောက်မှ မြန်မာနိုင်ငံ လွတ်မြောက်ရန်၊ ဤလို ရာထူးနေရာဖြင့် လုပ်စားဖို့ မဟုတ်၊ သံလွင်ခွေကို နားထောင်မိလျှင် သူမကိုပို၍ လေးစား မိလာမည်၊ အမြဲတမ်း ဖမ်းဆီးခံ နိုင်ငံရေး အကျဉ်းသားများ အားလုံး ပြန်လွှတ်ပေးရန်၊ ၉၀ ရွေးကောက်ပွဲသည် ပြည်သူတို့ ဆန္ဒအမှန်၊ စစ်မှန်သည့် နိုင်ငံရေး ဆွေးနွေးပွဲများ ပြုလုပ်ရန်၊ တကယ် ပင်ကျွန်တော်တို့ မြန်မာပြည်သူ အားလုံးအတွက် သူမသည် ဒုတိယ ဗိုလ်ချုပ်အောင်ဆန်းပင်)

၂၀၀၂ မတ်လ၊ တပ်မတော်နေ့အနီးတွင် ဦးနေဝင်း မြေများ၏ မောင်အေးတို့ကို ဖြုတ်ချလိုသော မအောင်မြင်သော အာဏာသိမ်းပွဲ ဖြစ်လာခဲ့ပြီး၊ ထိုကိစ္စ သတင်းစာ ရှင်းလင်းပွဲကို ကျော်ဝင်းမှ ပြုလုပ်ခဲ့သည်၊ အမြဲတမ်း သတင်းစာ ရှင်းလင်းသော ယခုကိစ္စတွင် ခင်ညွှန့် အနေဖြင့် များစွာ စိတ်မကောင်း ဖြစ်ခဲ့ကြောင်း ဦးဝင်းအောင်ကို ပြောပြခဲ့သည်၊ ၂၀၀၂ ဝန်းကျင် ကာလများတွင် မောင်အေးကိုပင် ပြည်ပ ခရီးစဉ်များ လိုက်ပို့သည့် အခါ အလေးမပြုခြင်း တို့ကို မြန်မာ့ ရုပ်သံတို့တွင် ထုတ်လွှင့် လာပါသည်၊ (မြန်မာ့ရုပ်သံ ထုတ်လွှင့်မှုကို လှမ်းမှ အမြဲတည်းဖြတ် ထိန်းကွပ်ထားသည်)၊ တကယ်တော့ တပ်မတော် ထောက်လှမ်းရေး တပ်သည်၊ ထောက်ပို့၊ အင်ဂျင်နီယာ၊ ဆေးတပ်များ ကဲ့သို့၊ ကြည်းတပ်၏ လက်ရုံးတပ် တစ်ခုသာ ဖြစ်ပြီး၊ ညွှန်မှူးသည် ဗိုလ်ချုပ် အဆင့်သာ ဖြစ်ကာ (၆၅) တွင် ပင်စင် ယူရမည် ဖြစ်သည်၊ သို့သော်လည်း မင်းသားကြီး ခင်ညွန့်သည် က လှမ်းကို ကက ကြည်းကဲ့သို့ ဌာနအဆင့် (တနည်းဆိုသော်) သူနှင့် ကာကွယ်ရေး ဦးစီးချုပ်ကြည်း၊ the same role ဖြစ်အောင်၊ လှမ်း၊ ဌာနချုပ် အဖြစ် ၂၀၀၂ ထဲတွင် ဖွဲ့စည်းပုံ တိုးချဲ့ခဲ့ပြီး ဌာန ကြီးမှုးများကို ဗိုလ်ချုပ်အဆင့် ထားရှိကာ၊ ဤကဲ့သို့ နိုင်ငံရေးအရ လက်တွေ့ပိုင်းတွင် ပုံဖော် အားပြိုင် လာပါသည်။


ဤအခြေအနေတွင် မင်းသားကြီးခင်ညွန့်က အရွယ်တင် နုပျိုနေသေးရာ၊ ဗိုလ်တထောင် ဘုရားမှ အင်္ဂါဒေါင့် အနီး၊ လိပ်ကန်တွင် စံပါယ်တော်မူသော .. .. ကမ္ဘာစောင့် နတ်မင်းကြီးများ ဖြစ်သော.. .. အဲလေ.. ဦးသန်းရွှေနှင့် မောင်အေးကို စောမောင်တုန်းကလို သူက ဆေးပင်စင် ပေးလိုခြင်း ဖြစ်သည်။ ဦးသန်းရွှေနှင့် မောင်အေးတို့ ကလည်း သူ့ကို ဝန်ကြီးချုပ် အဖြစ် သြဂုတ် ၂၀၀၃ တွင်ခန့်ကာ၊ တပ်မှ ဖယ်ထုတ်ပြီး ဦးသန်းရွှေ တပည့် ကျော်ဝင်းကို ကကလှမ်း ညွှန်းမှူး ခန့်ရန် လုပ်သောအခါ၊ ခင်ညွန့်မှ ကျော်ဝင်းကို သက်ပြည့် ပင်စင်ယူရန် သန်းရွှေကို ပြန်လည် အာခံခဲ့သည်၊ ဤအခြေအနေကို ဆရာကောင်း တပည့် ဦးဝင်းအောင် ကောင်းကောင်း သိသည်၊ ဦးဝင်းအောင်သည် ဌာနတွင် ၄င်းသည် တစ်ချိန်တွင် ဒုဝန်ကြီး ချုပ် သို့မဟုတ် ဝန်ကြီးချုပ်ထိ သူအနေအထား ရှိကြောင်း ဌာနတွင် လာဘ်စားမှု လုပ်မှာ မဟုတ်ကြောင်း အတွင်းစကား ပြောခဲ့ပါသည်၊ ဦးဝင်းအောင်မှ သူ့ဆရာကို- ယခုအခါ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ချုပ်မှာလည်း ဗခက ကြီး၏ စည်းရုံး နိုင်မှုကြောင့် အောင်မြင်ကြောင်း၊ (ဝ နယ်တွင် ဗခက ခင်ညွှန့်၏ ပြုံးနေသော ဓါတ်ပုံကို စိုက်ထူထားသည်။ တိုင်း ရင်းသားတို့သည် လူကို ခင်မင်တတ်သည်။

တဖက် NLD ကိုလည်း စည်းရုံးပြီး ဒေါ်အောင်ဆန်းစုကြည်ကိုလည်း လွတ်လပ်စွာ စည်းရုံးခွင့် ပေးကာ၊ နောက်ဆုံးတွင် ဖီလစ်ပိုင်တွင် အာဏာရှင် မားကိုစ်ကို ဖြုတ်ချရာတွင် ကိုရာဇန် အကွီနိုနှင့် ထိုအချိန်က ကာချုပ် ရာမိုစ်တို့ ပေါင်းခဲ့ကြောင်း၊ ယခုလည်းသန်းရွှေ၊ မောင်အေးတို့ကို ဤအတိုင်း ဖြစ်လာနိုင်ကြောင်း၊ ထို့အပြင်လည်း ၁၉၉၀ NLD အောင်ပွဲ ခံသောအခါ ရန်ကုန်ရှိ တရုတ် သံအမတ်ကြီးက NLDN HQ သို့ သွားကာ Congratulation လုပ်ထား ဘူးကြောင်း၊ NLD နှင့် နိုင်ငံရေး အရ မဟာမိတ်ပြု၍ နိုင်ငံတော် တာဝန်ကို ယူလျှင် တရုတ်နှင့်လည်း ပြဿနာ မရှိကြောင်း၊ သန်းရွှေ၊ မောင်အေး တို့ကို လာဘ်စားမှုဖြင့် ဖော်ထုတ်ကာ တပ်တွင်း စည်းရုံးမှု ရနိုင်ကြောင်း၊ အာဆီယံကိုမူ ထောက်ခံမှုရရန် သူတာဝန်ယူကြောင်း၊ ကျော်ဝင်းကိုမူ ဦးသန်းရွှေလူ ဖြစ်၍ အရင် ရှင်းသင့်ကြောင်း၊ ဦးဝင်းအောင်မှ ဗခက ခင်ညွန့်နှင့် စည်းဝါး ကိုက်ခဲပြီး ဖြစ်သည်၊ မင်းသားကြီး ကလည်း ဦးဝင်းအောင်ကို ပုံကာ အားထားလာသည်၊

[(ထို့အပြင် ဦးဝင်းအောင်သည် ဧရာဝတီတိုင်း၊ ဘိုကလေး စစ်ပွဲ အပြီးတွင် ထိုစဉ်က ဗိုလ်ချုပ် ခင်ညွန့်ထံသို့ ငပွေးတို့သည် ပြောက်ကျားစစ်တွင် အားသာကြောင်း၊ ဌာနချုပ် မာနယ်ပလော တို့လို စခန်းမျိုးကို ခြေလျင် စစ်စင်လျှင်၊ တပ်မ(၃)ခု လောက် ကုန်နိုင်ကြောင်း၊ ထို့အတွက် အကောင်းဆုံးမှာ “KNU ကို ဘာသာရေး အရ ဖဲ့ထုတ်နိုင်လျှင် စစ်ရေးအရ အောင်နိုင်ရုံမက နိုင်ငံရေးပိုင်းပါ စကားပြော နိုင်လာမည် ဖြစ်ကြောင်း” လေးနက်စွာ ၄င်းသံအမတ် ဘဝဖြင့် ရှိစဉ်ကပင် ခင်ညွန့်ကို အကြံပြု တင်ပြခဲ့ဘူးသည်၊

သူ၏အကြံအတိုင်း၊ ဗခခင်ညွန့်သည် ဗခက ကျော်ဝင်းကို ကရင်ပြည်နယ် အတွင်းသို့ စေလွှတ်ကာ၊ မြိုင်ကြီးငူ ဆရာတော် ကိုပါ အပိုင်ကပ်ပြီး၊ စည်းရုံးရေး ဝင်ခဲ့သည်၊ များမကြာမှီ ၁၉၉၄-၉၅ ဝန်းကျင်တွင် KNU အဖွဲ့တွင်း ရာထူး ကိစ္စများနှင့် စတင်ကာ အချင်းချင်း မကြေနပ်သော အချိန်တွင် နားစွင့်နေသော ကျော်ဝင်းတို့မှ ထောက်လှမ်းရေးကောင်း ပီပီ၊ “ဘာသာရေး နှိပ်ကွပ်သည်ဟု” မီးလောင်ရာသို့ ဓါတ်ဆီကား (၁၀)စီး လွှတ်နိုင်ခဲ့၍ DKBA ဖြစ်ပေါ် လာခဲ့သည်၊ ဤသို့ဖြင့် မြန်မာနိုင်ငံ သမိုင်း နှစ် ၄၀ တွင် ပြောက်ကျား စစ်အင်အား ကောင်းသော KNU မှာ ဌာနချုပ် မာနယ် ပလော နှင့် အရေးပါ သော စခန်းများမှာ DKBA ကြောင့် ဆက်တိုက် ကျသွား ခဲ့ရသည်၊ ထို့ကိစ္စ အောင်မြင်မှုကြောင့် သန်းရွှေ၊ မောင်အေးတို့မှ ကက လှမ်း၏ စွမ်းဆောင်မှုကို အသိမှတ်ပြု ဂုဏ်ပြု ခဲ့ကြပါသည်၊ ထိုကြောင့်လည်း ခင်ညွန့်မှလည်း နိုင်ငံရေးပိုင်း၊ သံအမတ်ရေးပိုင်း၊ ကလိမ်ကကျစ် လုပ်ရမည့် ထောက်လှမ်းရေး ပိုင်းတို့တွင် (လှမ်း) ဗိုလ်မှူးဟောင်း ဝင်းအောင်ကို ပိုမိုယုံကြည်ကာ အမြဲဖုံးဆက်ကာ တိုင်ပင်တတ်ပါသည်၊)]

နောက်ပိုင်းတွင် မင်းသားကြီးမှ ထလရ လုပ်ငန်းဆိုင်ရာ ကိစ္စများကို စည်သူငြိမ်းအေးထံ တိုက်ရိုက် စာများ ပို့လာခဲ့သည် ကို သတိပြုမိသည်၊ ၂၀၀၂ မေတွင် အန်တီစု အကျယ်ချုပ်မှ လွှတ်ခဲ့ရသည်၊ နောက်ဆုံး ၂၀၀၃ မုံရွာဘက်သို့ အန်တီစု စည်းရုံးရေး ခရီးစဉ် ထွက်သောအခါ နယ်မြေခံ ထလရ တပ်များကို လိုအပ်သော ပံ့ပိုးမှုဖြင့် ကူညီရန်ဟူသော အလွန်ထူး ခြားသော လျှို့ဝှက်အမိန့် ရောက်နေပါသည်၊ နယ်မြေရှိ ခြေလျင် တပ်များနှင့် ထလရ များအကြား ပြဿနာများ ဖြစ်ပေါ် သည်၊ ၂၀၀၃ မေတွင် ထိုကဲ့သို့ အခြေအနေများကို ကကကြည်း သို့ သတင်းများ စဉ်ဆက် ရောက်ရှိလာကာ၊ ဒေါ်အောင် ဆန်းစုကြည် အပေါ် ပြည်သူ့ ထောက်ခံမှု ပိုမို ကြီးမားလာပုံ အောက်ခြေပိုင်း တပ်များကပါ တွေဝေ လာပုံတို့ကို ဗွီဒီယို မှတ်တမ်းခွေ တို့ဖြင့် သန်းရွှေ ကိုယ်တိုင် ကြည့်ရှု့ခဲ့ပြီး ခင်ညွန့်ကို လှမ်းမှ ဖြိုခွဲရန် အမိန့်ပေးသည်၊

ခင်ညွန့်မှ ဤအခြေနေတွင်-
* မြန်မာသည် အာဆီယံဝင်ဖြစ်လာပြီး ဖြစ်ကြောင်း၊
* သူမနောက်သို့ လူအုပ်ကြီး ဖြစ်ပေါ်သည်မှာ နယ်ဘက်တွင် ဖြစ်ပြီး၊ သံရုံးများ ရှိကြောင်း၊ ပြဿနာ မရှိကြောင်း၊
* ထလရ တပ်များ အနေဖြင့် လူအုပ်ကြီးကို ၈၈ လို ပစ်ခတ်ရန် အင်အား မရှိကြောင်း၊
* လူအုပ်ဖြစ်တိုင်း ပစ်လျှင် ပြဿနာ ဘယ်တော့မှ ပြီးမှာ မဟုတ်ကြောင်း၊
* တရုတ်ခေါင်းဆောင်းကြီးများပင်လျှင် ထိုသို့လုပ်လျှင် မြန်မာနိုင်ငံကို စိတ်ပျက် လာနိုင်ကြောင်း၊ (ယနေ့ထိ ထိုင်ဝမ်ကို ပစ်ခတ် မသိမ်းပိုက်ကြောင်း)

ဤခြေအနေတွင် သန်းရွှေနှင့် မောင်အေးတို့မှ ခင်ညွန့်သည် မူမမှန်သော ခြေလှမ်းလာပြီကို သိရှိ နားလည်သွားပြီးလည်း ဖြစ်ပါသည်၊ တကယ်တော့လည်း ခင်ညွန့်သည် ၁၉၉၈ နောက်ပိုင်း မြေပေါ် နိုင်ငံရေး အဖွဲ့အစည်းများကို နည်းမျိုး စုံသုံးကာ အမှန်တကယ် ဖြိုခွင်းခဲ့ပြီး ပြည်ပရှိ မြန်မာ သံရုံးများသို့ လှမ်းမှ ဒုဗခက ကြီးများကို သံအမတ်များ ခန့်ကာ၊ ပြည်ပ ထောက်လှမ်းရေး လုပ်ငန်းများ လုပ်ခဲ့ပြီး ဖြစ်ပါသည်၊

(၁၉၉၀ ထဲတွင် လူ့ဘောင်သစ် ပါတီအား “မိုးသီးဇွန် (သို့) ကြိုးမဲ့လေတံခွန်” စာအုပ်ဖြင့် ကွဲစေပြီး၊ ၁၉၉၁ တွင် လသာ မြို့နယ်၊ ၁၆ လမ်း၊ ဗန္ဒူလလမ်း ဒေါင့်ရှိ ပါတီ ဆိုင်းဘုတ်ကို နေ့လည် ၁ နာရီ အချိန်တွင် တပ်မ (၁၁)၊ Light arm carrier vehicle ဖြင့်၊ ဝိုင်းရံကာ ပါတီကို ပယ်ဖျက်ပြီ ဖြစ်သည့် အတွက်၊ မတရား အသင်း (မြေအောက်) ဖြစ်ပြီးမို့၊ ချက်ခြင်းဆိုင်းဘုတ် ဖြုတ်ချရန်၊ မဖြုတ်လျှင်၊ အင်အား သုံးမည်ဟု လောစပီကာနှင့် ကြေညာကာ ဖြုတ်ခိုင်းခဲ့သူမှာ...)

ထိုနောက်တွင် သန်းရွှေ၏ သားတပည့် စိုးဝင်း၏ တိုက်ရိုက် အမိန့်ဖြင့် အောင်သောင်း၊ မုံရွာခဝတ ဥက္ကဌ ဒဗမက သန်းဟန် တို့မှ အကြမ်းဖက်ပွဲကို အနီးကပ် ကြီးကြပ်ကာ၊ ခလရ ၁၆ ၊ ကြံ့ဖွံ၊ ထောင်သားများဖြင့် အသေးစိပ် စီမံကာ၊ ဒီပဲယင်း လူသတ်ပွဲကြီး ဖြစ်ပေါ်ခဲ့ပါသည်။ တဆက်တည်းမှာပင် သန်းရွှေနှင့် မောင်အေးမှ ထိုစဉ်က ရမခ တိုင်းမှူး ဗိုလ်ချူပ်လှိုင်မြင့်နှင့် ရွှေမန်းတို့အား စစ်ထောက်လှမ်းရေးကို လျှိုဝှက်စွာ ပြန်လည် ထောက်လှမ်းရန်၊ စီစဉ်ခဲ့ပြီး ဖြစ်ပါသည်။

၂ဝဝ၃ သြဂုတ်လထဲတွင် မင်းသားကြီး Road Map ကို ကြေငြာခဲ့ခြင်းကို သန်းရွှေမှ လုံးဝ မကြိုက်ပါ၊ သို့သော်၊ ဖြုတ်ပြီး သောအခါ၊ အာဆီယံထဲတွင် နိုင်ငံရေး သိက္ခာအရ၊ မသွားချင်ဘဲ၊ ဆက်သွားခြင်းသာ ဖြစ်သည်။ ထိုမျှမက၂ဝဝ၄ ဇန်နဝါရီ ထဲတွင် ဗိုလ်ချူပ်ကြီး စောဘိုမြနှင့်ပါ တွေ့ဆုံ ဆွေးနွေးခဲ့ရာ၊ နိုင်ငံခြားရေး ဝန်ကြီး တစ်ဦးဖြစ်သော ဦးကျော်သူက ဦးသန်းရွှေ အလွန် စိတ်ဆိုးကြောင်း ပြောခဲ့ဘူးသည်။

(ဦးကျော်သူသည် သွားရှာသူဒေါက်တာမောင်မောင်၏ သားဖြစ်ကာ၊ ၁၉၈၈ နောက်ပိုင်းတွင်၊ တပ်မ ၂၂ မှူး အဖြစ် ကရင်ပြည်နယ်သို့ စစ်ဆင်ရေးများ ထွက်ခဲ့ရသည်။ ထိုမှ တောင်အာဖရိက နိုင်ငံဆိုင်ရာ မြန်မာသံအမတ်၊ ထို့နောက် အိန္ဒိယ နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်တို့ ဖြစ်ကာ၊ ၂ဝဝ၄ ထဲတွင် ဝန်ကြီး ဖြစ်လာသည်၊ ၂ဝဝ၉ ထဲတွင် ဝန်ထမ်းရွေး ဥက္ကဌဖြစ်လာ ပါသည်။

Ref: ကောင်းဝါ

Read More...

သမိုင်းဘီးနစ်ခဲ့သူများ အပိုင်း(၁)

စိန်လွင်

ဇန်နဝါရီ ၁၀ ၊၂၀၁၀။

နှစ်များစွာ မြိုသိပ်ထားခဲ့ရတဲ့၊ ခါးသီးခံစားခဲ့ရတာတွေကို၊ ဖော်ထုတ်ရတဲ့ အတွက် ဝမ်းသာ ဝမ်းနည်းခြင်း ၂ ခုကြောင့် မျက်ရည်များ လည်နေပါတယ်၊

အထူးမေတ္တာရပ်ခံလိုသည်မှာ- ကျွန်တော်သည် အောင်လင်းထွဋ်လို ထောက်လှမ်းရေးမှ နာမည်ကြီး သံမှူးကြီး မဟုတ်ပါ၊ သာမန် နိုင်ငံခြားရေး ဝန်ထမ်း တစ်ခု၏ ကြုံတွေ့နေရသော အဖြစ်အပျက်များကို နာကျည်းစွာ ပြန်လည်ပြောပြခြင်းသာ ဖြစ်သည်၊ သို့သော်လည်း၊ တခြားသော သူများ၏ အမည်နာမ များလည်း ပါဝင်နေပြီး၊ ထိုသူများလည်း မြန်မာပြည် ထဲတွင်ပင် ရှိနေသေးရာ၊ သူတို၏ ဘဝနှင့် လုံးခြုံရေးကို စာနာမှု ရှိရန်လည်း လိုအပ်ပါသည်၊ တနည်းဆိုလျှင်၊ သတင်းရင်း မြစ်ကို ကာကွယ်မှုရှိရန် လိုအပ်ပါသည်၊
(တနေ့ မြန်မာပြည်သည် ကမ္ဘာ့ ဒီမိုကရေစီ နိုင်ငံတစ်ခု မုချဖြစ်ရမည်) သံနိဌာန်ဖြင့်....

ပါဝင်ခဲ့သည့် ဖွဲ့စည်းများ-- ဗိုလ်တထောင်(၂) ကျောင်းသားသမဂ္ဂ ၁၉၈၈ လူထု တော်လှန်ရေးကာလ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ဗိုလ်တထောင် (ထိုစဉ်က၊ ၅၃ လမ်းနှင့် ကုန်သည်လမ်းထောင့်) (ထိုစဉ်က၊ ၄၇ လမ်း ၄၆ လမ်းကြား ဗိုလ်ချုပ်လမ်း)

ပါဝင်လှုပ်ရှားမှုများ -- ၁၉၈၈ ဇူလိုင် ၂၃၊ ဦးနေဝင်းမှ နှုတ်ထွက်ကြောင်း ကြေညာပြီး၊ ကျောင်းမှ ကျောင်းသားများ၊ ဗိုလ်တထောင် ကောလိပ် ကျောင်းသားများ ပါဝင်သော ဆန္ဒပြပွဲများတွင် တောက်လျှောက် ပါဝင်သည်၊ သိပ်ပျော်စရာ ကောင်းသည်၊ ဒီမိုကရေစီ ရတော့မည်ဟု ယုံကြည်သည်၊ မှတ်မိသူများထဲတွင် ကိုစိန်အုံး (ဒေါ်စု ဓါတ်ပုံရိုက်ကာ ဖြန့်ဝေ ခြင်းကြောင့် ၁၉၉၆ တွင် မန်းလေးထောင် ကျခဲ့ရ)၊ ရဲကျော်စွာ၊ ယခု စစ်ဆေးမှ ဗိုလ်မှူး မျိုးမင်းထွေး၊ သက်ထူး (မအူပင် စက်မှုကျောင်းအုပ်) ။

၈၈၈၈ ညတွင် မြို့တော်ခန်းမသို့ သွားရောက်ပါဝင်ပြီး၊ စတင် ပစ်ခတ်စဉ် ထွက်ပြေး လွတ်မြောက်သည်၊ သြဂုတ်လကုန် ရွှေတိဂုံ နောက်ဘက် ဒေါ်အောင်ဆန်းစုကြည်၏ လူထု ဟောပြောပွဲသို့ ကျောင်းမှ ကျောင်းသားများနှင့် အတူ တက်ခဲ့သည်၊ သူမကို ပထမဆုံး အကြိမ် မြင်တွေ့ခဲ့ခြင်း ဖြစ်သည်၊ မေလ ၁၉၉၀ တွင် ကျွန်တော်တို့ မိဘ ဆွေမျိုးများ အားလုံးသည် “ခမောက်” ကို မဲပုံထဲ့ခဲ့ ကြသည်ကို မမေ့နိုင်ပါ၊ ဗိုလ်ထထောင်မှ ဒေါက်တာမောင် မောင်ကျော် NLD ဟင်္သာတမှ ဒေါက်တာဇော်မြင့်တို့ အမတ်များ ဖြစ်လာပါသည်။

ထိန်းသိမ်းခံရခြင်း (၁) စက်တင်ဘာ ၁၉၉၀
(တစ်လခန့် ဗိုလ်တထောင် ရေတပ် ထောက်လှန်းရေး (၁)
(ဖြစ်စဉ်အကျဉ်း -- စစ်တပ် အာဏာသိမ်းမှု ၂ နှစ်မြောက် ဆန့်ကျင် စာရွက်များကို ဝန်ကြီးများရုံးနှင့် ဗိုလ်တထောင် (၆) သိန်ဖြူလမ်းတွင် ကျောင်းသားများ ဖြန့်ဝေခြင်း၊ စုဝေး ကြွေးကြော်ခြင်း)
(စစ်မေးပုံ -- ညပိုင်း ညလယ်ခန့် ခေါ်စစ်၏ ဆိုင်ကယ်စီးရခြင်း၊ ပါးရိုက်ခံရခြင်း၊ နာရင်းအုတ်ခံရခြင်း ရေကို တစ်နေ့ တစ်ခွက်သာ ပေးခြင်း၊ နေပူလှန်း ခံရခြင်း)
ထိုနောက် -- ခံဝန်ချက်ဖြင့် ပြန်လွတ်ပါသည်၊
ထိုကဲ့သို့ စိတ်ပင်ပန်း လူခံစားရခြင်းကြောင့်၊ ဆေးကုသမှု ခံယူရပြီး၊ ၁၉၉၁ ဆယ်တန်းစာမေးပွဲ ကျခဲ့ရသည်။ ၁၉၉၂ တွင် အောင်ပါသည်၊

(၂) ၁၉၉၆ အောက်တိုဘာတွင် ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသား ၃ ယောက် အဝေးပြေး ကားဂိတ် ဆယ်မိုင်တွင် စည်ပင်ရဲက ဖမ်းဆီး ရိုက်နှက်ရာမှ စတင်ကာ ဆန္ဒပြမှု စတင်ဖြစ်ပေါ်သည်၊

ကျွန်တော်သည် ရန်ကုန် တက္ကသိုလ် (စိတ်ပညာ) မှကျောင်းသားများ၊ ပဲခူးဆောင်ရှိ၊ ဟင်္သာတာနယ်မှ သူငယ်ချင်းများ နှင့်အတူ ပါဝင်သည်၊ မှတ်မှတ်ရရ၊ ဒီဇင်ဘာ လဆန်းပိုင်း၊ နံက် ၂ နာရီလောက်တွင် လှည်းတန်း လမ်းဆုံးတွင် သူငယ် ချင်းများနှင့် ဆက်နေခဲ့သည်၊ စစ်ထရပ်ကား တစ်စီးမှ၊ လောစပီကာဖြင့် “ချင်းသံဝဲဝဲ” နှင့် လူစုခွဲရန် ကျောင်းသားထု အတွင်း၊ မြေအောက် အဖျက်သမား ဝင်ရောက်နေပြီး ဖြစ်ကြောင်း၊ လုစုမခွဲလျှင် အင်အားသုံးမည်၊ အချိန် ၁၀ မိနစ် နောက်ဆုံးပေးမည် ဟု ဆိုကာ လုံထိန်း ရဲများက ရှေ့ဆုံးလိုင်းမှ စစ်ကြောင်းပုံဖြင့် မီးသတ်ကားများနှင့် အတူ အင်းစိန် လမ်းမနှင့် ပြည်လမ်းမ ဘက်ဆီမှ လှည်းတန်း လမ်းဆုံသို့ နေရာ ယူလာသည်၊ ၄င်းတို့ နောက်တွင် လည်ပတ်နီ ဆီးထားသော စစ်သားများ၊ နောက်တွင် အချုပ်ကားများ နောက်ဘက်တွင် စစ်နှင့် ရဲ ထရပ်ကားများ၊ လမ်းပေါ်တွင် လမ်းမီးများ ရှိနေဆဲ၊ ထို့နောက် လုံထိန်းများက လမ်းဆုံးကို အင်အားသုံး ဖမ်းဆီးသည်၊ ဗမာပြည်တွင် မီးလောင်လျှင် ရေမပါခဲ့သော မီးသတ် ကားများသည် ဤကိစ္စတွင် ရေအပြည့်နှင့် ရေပိုက်ကြီးများနှင့် ထိုးခွဲ လာပါသည်၊ ကျောင်းသားတစ်ဦးမှ ငါတို့ကို ခွေးတွေ ရိုက်နေပြီးဟူ အော်သံ၊ ကျွန်တော့်နားမှာ ကြားယောင်နေသည်၊

ကျွန်တော်သည် ရာမည ဆောင်ရှေ့ဘက်မှ သူငယ်ချင်းများနှင့်တူ ရရာ အုတ်ခဲများဖြင့် ရဲများဆီသို့ ပစ်သွင်း တိုက်ခိုက်သည်၊ မကြာခင် ကျွန်တော်တို့ နောက်သို့ စစ်ထရပ်ကား တစ်စီး ကျောင်းအတွင်းသို့ ရောက်ရှိပြီး ပိတ်ဆို့ ဖမ်းဆီးခြင်း ခံလိုက်ရပါသည်၊ နံပါတ်တုတ်ဖြင့် ရိုက်၍ စစ်ထရပ်ကားပေါ်တွင် ပုံစံထိုင်ရင်း၊ ကျိုက်ဝိုင်း အောင်သပြေ စစ်ကြောင်းစခန်း သို့ ပါသွားခဲ့သည်၊ ထိုစခန်းတွင် ကျောင်းသား တစ်ရာကျော်မျှ ထိန်းသိမ်းစစ်ဆေး နှိပ်စက်ခံရသည်။ ဘယ်သူကဦး ဆောင်တာလဲ ဆိုသည်မှာ စစ်တိုင်း မေးခံရသည်၊ ထို့နောက်တွင် ထိုစဉ်က လှမ်းဒုညွှန်မှူး ဗမခ ကျောင်းဝင်းမှ ခံဝန် ချက်ဖြင့် ကျောင်းသားများကို ပြန်လွှတ်ပေးခဲ့သည်၊ သို့သော် ထင်ရှားသည့် ခေါင်းဆောင်ပိုင်း ကျောင်းသားများ ထောင်ဒဏ် ကျခံရသည်၊ ထိုအထဲတွင် ကျွန်တော်၏ ဗိုလ်တထောင် ၂ မှ ကျောင်းနေဘက် ငယ်သူငယ်ချင်း ရဲကျော်စွာ (Y.I.T) ကို ၁၉ နှစ် ချမှတ်ခံရပြီး သာယာဝတီ ထောင်သို့ ပို့ခံရကြောင်း နောက်ပိုင်းတွင် သူ့အမေထံမှ သိခဲ့ရသည်၊ ထို့နောက်တွင် တက္ကသိုလ်တွေ ၁၉၉၈ နှစ်လယ်ပိုင်းထိ ပိတ်ခဲ့သည်၊ ကျွန်တော်လည်း ဟင်္သာတ နယ်ဘက် ရွာတစ်ရွာသို့ သွားရောက် တိမ်းရှောင် နေခဲ့သည်၊ အဝေးသင် နောက်ဆုံးနှစ် စာမေးပွဲသို့ ၁၉၉၇ တွင် ဖြေဆို အောင်ခဲ့သည်၊

နိုင်ငံခြားရေးရုံး၊ ၁၉၉၈
၁၉၉၇ နှစ်ကုန်တွင် သတင်းစာထဲမှ နိုင်ငံခြားရေး ဝန်ကြီး ဌာန၊ ဌာနစုမှူး၂/ တတိယ အတွင်းဝန် (၂၀) နေရာ ခေါ်ကြောင်း တွေ့ရှိကာ အရဲစွန့်ကာ ဝင်ဖြေကာ အောင်သဖြင့် ၁-၁-၁၉၉၈ တွင် ပြည်လမ်းရှိ ထိုရုံးသို့ စတင် ဝင်ရောက်ခဲ့ပါ သည်၊ ပါသူထဲတွင် ကိုရဲမင်းထွန်း (နိုင်ငံတကာ ဆက်ဆံရေး)၊ ကိုအောင်ဂျော်သူ (နိုင်ငံတကာ ဆက်ဆံရေး) ယခု တလ်အဗီး၊ မြန်မာသံရုံး၊ ဦးသန်းရွှေသမီး ကြည်ကြည်ရွှေ (ယခုသံမှူး၊ စင်္ကာပူ) နှင့် အခြားသူများ၊ ရုံးတွင် အောင်သူများ ပါရှိသည်။

ထိုစဉ်က ဦးအုန်းဂျော်(ဝန်ကြီး)၊ ဦညွန့်ဆွေ(ဘန်ကောက် မြန်မာ စစ်သံမှူး) ဒုဝန်ကြီးတို့ ဖြစ်ကြသည်၊ အထူးအရာရှိ ဗိုလ်မှူးမင်းသိန်း (ကက လှမ်း) မှရှိသည်၊

ကျွန်တော်တို့ကို တစ်လခန့်အကြာ ဌာနများခွဲဝေ တာဝန်ပေးရာ၊ ကောင်စစ်ရေးရာ ဌာနသို့ ကျခဲ့သည်၊ ထိုဌာနသို့ ကျသည့်အတွက် ကျွန်တော် နေ့တိုင်း ဘုရားစာ ရွက်ခဲ့ရသည်၊ အကြောင်းမှာ၊ လုပ်ငန်း သဘာဝအားဖြင့် နိုင်ငံရေး ကိစ္စများ ဖြစ်ပြီး၊ ကက လှမ်းနှင့် အဓိက ပတ်သက်သည်၊

-ပြည်ပရှိ မြန်မာသံရုံးများ၊ စစ်သံရုံးများက ပြည်ပရှိ မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားမှု သတင်းများက ကောင်စစ်ဌာနနှင့် ကက လှမ်းသို့ ပေးပို့သည်။
- Black List
* ၁၉၈၈ မှစပြီး စစ်အစိုးရအား ပြည်တွင်းပြည်ပမှ ဆန့်ကျင်သူများ စာရင်းကို ထားရှိပြီး၊ အမြဲတမ်း Update လုပ်ရသည်၊
- ဗွီဇာ ကိစ္စ
* မြန်မာသံရုံးများမှ ထုတ်ပေးရန် မဆုံးဖြတ်နိုင်သူများကို ကောင်စစ်၊ နခဌ သို့ပေးပို့သည်၊ ထိုသူများသို့ ဆက်ပို့ပြီး ခွင့်ပြုချက် တောင်းချသည်၊
* ထူးထူးခြားခြားမှ မှတ်မိတာက ရုရှ မှ စစ်လက်နက် ထုတ်လုပ်သူများ ရာချီ ထုတ်ပေးခဲ့ရသည်၊

* Visa Online System
. ၂၀၀၁ တွင် တိုးရစ်ဗီဇာများကို အင်တာနက်သုံး ထုတ်ပေးရန် Project တစ်ခု စပါသည်၊ ထိုကိစ္စတွင် ဌာနညွှန်မှူး (ဗိုလ်မှူး ခင်မောင်အေး)မှ ကျွန်တော် တစ်ယောက်ကို တာဝန်ပုံကာ အကောင်ထည် ဖော်ခိုင်းသည်၊ (သူသည်၊ စစ်တွေ ထလရ တပ်(၁၀) နှင့် မန္တလေး ထလရ တပ်(၁) မှ တပ်မှူးဖြစ်ခဲ့ပြီး၊ ၁၉၈၈၊ ၈၉ ကာလများတွင် ဒီမိုကရေစီရေး လှုပ်ရှား သူများကို အင်းစိန်ထောင် အတွင်း နှိပ်စက် စစ်ဆေးခဲ့ပြီး၊ တချို့ကို တုတ်ဖြင့် ကိုယ်တိုင် ရိုက်သတ်ခဲ့ကြောင်း သူကိုယ်တိုင် မြိန်ရေ ရှက်ရေ ပြန်ပြောပြလို့ သိခဲ့ရသည်၊
. သူကိုယ်တိုင် သတ်လိုသူများမှာ သံမဏိ ဗိုလ်ခင်မောင်၊ မိုးသီးဇွန်၊ ဒေါက်တာစိန်ဝင်း တို့ ဖြစ်ကြောင်း၊ Black List ကိစ္စများ လုပ်ရင်း၊ သူက အခဲမကြေ ပြောပြခဲ့သည်၊

. သူသည် ထိုင်းနိုင်ငံသို့ ကုန်သည်များမှ ခိုးထုတ်ရန် ကြိုးစားခဲ့သော ပတ္တမြားတုံးကြီးကို သူ၏ စွန့်စား ထောက်လှမ်းမှု များဖြင့် ပြန်လည် ရရှိခဲ့ပုံကို ပြောပြသည်၊ အဓိကမှာ ၄င်း မွေးယူထားသော သတင်းပေးများ တော်ကြောင်း၊ ထိုမှ အခြေခံကာ လိုက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း၊ မြန်မာ့ ရုပ်သံမှ ထုတ်လွှင့်ခဲ့သော “အဝါရောင် ပစ်မှတ်ငယ်များ” ဇာတ်လမ်းသည် ဤဖြစ်ရပ်ကို အခြေခံထားကြောင်း ပြောပြခဲ့သည်၊
. (ထို့နောက် မန္တလေးတိုင်းမှူး ဗိုလ်ချုပ်ထွန်းကြည်သမီး လာဘ်စားမှုများကို ဖော်ထုတ်ရာမှ သူအဘေခံ လိုက်ရာမှ နိုင်ငံခြားရေး ရုံးသို့ ၁၉၉၄ တွင် ခင်ညွန်မှ သူ့ကိုကယ်တင် ပြောင်းရွေ့ခဲ့ခြင်း ဖြစ်သည်၊)
. (ထလရ တပ်မှူးများသည် ခြေလျင်တပ်မှ တိုင်းမှူး၊ တပ်မမှူးများကိုပင်၊ “လာဘ်စားသည်” ဆိုကာ ဖြုတ်ချရန်သော် လည်းကောင်း၊ အာဏာ ပြိုင်ခြင်းများကို နေရာတိုင်းတိုင်း လိုလိုတွင် ပြုလုပ်ခဲ့သည်၊ ယခု အမေရိကန်ရောက် အောင်လင်းထွဋ် အပါအဝင်)
. ထိုနောက် ၁၉၉၆ - ၁၉၉၉ ကာလများတွင် ဝါရှင်တန် မြန်မာသံရုံး၊ သံမှူးဖြစ်ကာ အမေရိကန် နိုင်ငံရှိ ဒီမိုကရေစီရေး လှုပ်ရှားသူ ၂၀၀ ခန့်၏ သတင်းများကို သတင်းပေးများ မွေးကာ ကက (လှမ်း)သို့ လုပ်ပြခဲ့ ပြန်သည်၊
. အနှီဤကဲ့သို့ အရပ်ဖက်သို့ ညွှန်မှူးဖြင့် ရောက်နေသည့်တိုင် ရဲရဲတောက် နေခြင်းကြောင့်၊ ၂၀၀၂ တွင် အီတလီနိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ် အဖြစ်သို့ လုပ်ဖေါ် ကိုင်ဖက်များကို ကျော်လွှားကာ မင်းသားကြီးမှ ခန့်အပ်ခဲ့ပါသည်၊ ၂၀၀၅ တွင် ထလရ များကို ကျူပင် ခုတ်သော အခါ ပြန်လည် ခေါ်ယူခံရကာ၊ ဒဂုံ(မ)တွင် နေထိုင်လျှက် ရှိပါသည်၊
. ကျွန်တော်မှ ဤကိစ္စတွင် ကွန်ပျူတာ နည်းပညာနှင့် ငွေအား၊ ထို့အပြင်၊ blacklist စနစ် ထားရှိခြင်းကြောင့် များစွာ ခက်ခဲကြောင်း၊ အရှိတိုင်း တင်ပြခဲ့ရာ အမိန့် မနာခံလိုမှုနှင့် ဝန်ကြီးထိ တက်ခဲ့ရပြီး ကင်ဘာရာ မြန်မာသံရုံးသို့ စေလွှတ်တတ်ရန် လျာထားပြီးမှ ဝန်ကြီး ဝင်းအောင်မှ “နိုင်ငံရေးအရ စိတ်ချရသူ တစ်ဦးနှင့် အစားထိုးရန်” ဟု မှတ်ချက်ပေးကာ ပယ်ဖျက်ခဲ့သည်၊ တကယ်တော့ ဤကိစ္စတွင် ကြီးမားသော အကြံအဖန်(ခွင်) တစ်ခု ရှိနေသည်ကို နောင်ပိုင်းမှ သိရသည်၊ ၄င်းကိစ္စအတွက် အစည်းအဝေးများကို လှိုင်မြို့နယ်ရှိ ထီးကိုးလက် (Bagan Cybertech) တွင် သတင်းစာထဲမှ သားအဖြစ်မှ စွန့်လွှတ်ကြောင်း၊ မင်းသားကြီးနှင့် ဆရာဝန်မကြီး တို့မှ ကြေငြာခဲ့သည်) ဦးဝင်းအောင်၏သား သောင်းစုငြိမ်း၊ ထိုကဲ့သို့ အဆင့်မြင့် လျှို့ဝှက်စည်းဝေးသို့၊ ကက လှမ်းမှ ဗမက တင်ဦး၊ ကျော်သိန်း၊ ရဲသတင်း တပ်ဖွဲ့မှူး သက်ထွတ်၊ လဝက ဒုညွှန်ချုပ် ဇော်ထွန်း၊ ကောင်စစ်ညွှန် ချုပ်သိန်းမြင့် တို့ပါသည်၊ အားလုံးက လေးလေးစားစား နားထောင်ခဲ့ရ သည်မှာ ရဲနိုင်ဝင်း၊ ၄င်းကိစ္စအတွက် US dollar 10 million ရင်းနှီး မြှပ်နှံထားသည် ဆိုသော ဆိုက်ဘာတက် ပိုင်ရှင် ရဲနိုင်ဝင်းအား၊ ကွန်ပျုတာ ပိုင်းဆိုင်ရာ အတတ်ပညာနှင့် ထိပ်တန်း လျှိုဝှက် လုံခြုံရေးအရ လုပ်ငန်း ကန်ထရိုက် ပေးအပ်ကြောင်းနှင့် Software အတွက် သောင်းစုငြိမ်းက ဆောင်ရွက်မည် ဖြစ်ကြောင်း၊ အစည်းအဝေးမှ ဆုံးဖြတ် ခဲ့သောခါ ဒါကြောင့် ဆိုတာ ကျောချမှ ဒါးမြဗိုလ် အလှူရှင် ကျောင်းဒါကာကြီး တို့မှန်း သိခဲ့ရသည်၊
. ၄င်းစနစ်သည် နိုင်ငံခြားရေး၊ လဝက၊ SB/MI (၄) ဌာန တို့ကို ကွန်ပျူတာ ကွန်ယက် စနစ်ဖြင့် ချိတ်ဆက်ထားခြင်း ဖြစ်သည်၊ ထိုစဉ်က Password နှင့် Code တို့မှာ ပြောင်းလဲခဲ့ပြီး ဖြစ်သည်၊

မြန်မာရေမျော ရေလုပ်သားများ
မကြာခဏ ဆိုသလို ပင်လယ်ပြင်ရှိ ရေလုပ်သားများမှ မုန်တိုင်းမိ၍ အိန္ဒိယ နိုင်ငံဘက်သို့ မျောပါက အိန္ဒိယ ရေတပ်မှ တွေ့ရှိကာ ထိန်းသိမ်းပြီး ပြန်ပို့ရန် မြန်မာသံရုံးသို့ အကြောင်း ကြားလားသည်၊ ဤအခါ ရန်ကုန်ရှိ ကယ်ဆယ်ရေး ဝန်ကြီး ဌာန၊ လဝက၊ SB၊ နိုင်ငံခြားရေး) ကောင်စစ်တို့ ထိုစဉ်က ဝန်ကြီးများ ရုံးဌာနတွင် မည်သို့ ပြန်လည် ခေါ်မည်ကို စည်းဝေး လုပ်သည်၊ လဝက ဥပဒေအရ ထိုသူများကို ပြန်ရောက်ပြီးနောက် အရေးယူရန် ရှိသည်ကို အံသြ တုန်လှုပ်စွာ နားထောင် ခဲ့ရသည်၊ အကြောင်းမှာ တရားဝင် တစ်ဖက် နိုင်ငံသို့ ရောက်ရှိသွားခြင်းကြောင့် ဖြစ်သည်၊ ပင်လယ်တွင်း မုန်တိုင်းမိသူ များ မသေကောင်း မပျောက်ကောင်း အသက် အန္တရာယ်ကြား မျောပါပြီး၊ တစ်ဖက်နိုင်ငံတွင် ထောင်ထဲမှာ နေရသည်၊ ဒီရောက်တော့ တစ်ခါ၊ ကျွန်တော့်မှာ ထိုသူများမှာ တမင်တကာ ဥပဒေ ချိုးဖောက်သူများ မဟုတ်ကြောင်း မုန်တိုင်းမိသော ပင်လယ်ပြင်တွင် နိုင်ငံတကာ ရေပိုင်နက်ကိုလည်း သိနိုင်မည် မဟုတ်သည့် လှေတံငါ ဘဝ ဒုက္ခရောက်သူတို့သာ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသား ဟုတ်လျှင် ပြန်ခေါ်သင့်ကြောင်း အမှတ်တမဲ့ စည်းဝေးတွင် ထပြောမိသည်၊ ရုံးသို့ ပြန်ရောက်သော အခါ ဝန်ထမ်းသည် မိမိသဘောနှင့် သဘောထား ပြောခွင့် မရှိကြောင်း အထက် အမိန့်ရသာ ပြောခွင့်ရှိကြောင်း ပြင်းထန်စွာ သတိပေး ခံရသည်၊

ဒေါ်အောင်ဆန်းစုကြည်၊ ဗခက ခင်ညွန့်၊ ဦးဝင်းအောင် Vs. သန်းရွှေ၊ မောင်အေး ဘာကြောင့်လဲ ?

(၁) ဗခက မင်းသားကြီး ခင်ညွှန့်နှင့် မြန်မာ့အလင်း သတင်းစာများတွင် ပင်တိုင်ဆောင်းပါးများ ရေးသားသော စည်သူ ငြိမ်းအေး (ခ) စာဆိုစစ်သည် ဗိုလ်မှူးဝင်းအောင်တို့ NLD မှ ဥက္ကဌ ဗိုလ်ချုပ်ကြီးဟောင်း တင်ဦးနှင့် ဗိုလ်မှုးကြီးဟောင်း အောင်ရွှေတို့၏ နေရာများကို ဝင်လုခဲ့လို့လား?
(၂) NLD မျိုးချစ်ရဲဘော်ဟောင်းများအဖွဲ့သို့ ဆရာ တပြည့်(၂)ယောက် လျှိုဝှက်လျှောက်လွှာ တင်ခဲ့လို့လား?
(၃) မင်သားကြီး ခင်ညွှန့်က သံမဏိ နှင်းဆီကိုမှ မြတ်နိုး လေးစား လာခဲ့လေသလား?
(1) No
(2) NO!!!!
(3) ………..

ဦးဝင်းအောင်သည် ၁၉၈၂ - ၈၄ ဝန်းကျင်း ကာလများတွင် ထိုစဉ် မဆလ ခေတ်က မျက်မှန်ကြီး တင်ဦး၊ ဦးဘိုနီ စသည့် ထောက်လှမ်းရေး များကို ယခုကဲ့သို့ နှိပ်ကွပ်သည့်

သမိုင်းတစ်ချိန်တွင် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ဒုညွှန်မှူးအဖြစ်ရောက်ရှိကာ၊ အဆောက်အအုံ ထောက်ပံ့ရေး ဌာနသို့ စတင် တာဝန် ကျခဲ့သည်၊ တစ်ခု သတိထားမိတာက သူ၏ လက်မှတ်နှင့် ယခု ဝန်ကြီးဖြစ်တော့ ထိုးသော လက်မှတ် မတူခြင်းဖြစ်သည်၊ သူတွင် AD Calender အရ ၄ နှစ် တကြိမ်သာ မွေးနေ့ ရှိပါသည်၊ အကြောင်းမှာ ၂၉ ဖေဖော်ဝါရီ ၄၄ တွင် မွေးနေ့ ဖြစ်ခဲ့သောကြောင့်။ ထို့နောက် သူသည် လာအိုနိုင်ငံ သံမှူးကြီး ထိုမှ ဂျာမနီဆိုင်ရာ မြန်မာ သံအမတ်၊ နောက် ဆုံးလန်ဒန်တွင် သံအမတ်ဖြစ်စဉ်၊ ပြင်သစ် နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်စောထွန်း (လှမ်း၊ ဗိုလ်မှူးဟောင်း၊ လဝက ဝန်ကြီး) ကို ယှဉ်ပြိုင်ကာ ၁၉၉၈ တွင် သူ့ဆရာ မင်းသားကြီးမှ ခန့်ထားခဲ့ခြင်း ဖြစ်သည်၊ ထို့နောက်သူ၏ ဆရာ မင်းသားကြီး ခင်ညွှန့်ကို နိုင်ငံခြားရေးရာ မူဝါဒ ကော်မတီ ဥက္ကဌ အဖြစ် တင်ကာ နိုင်ငံခြားရေး ဝန်းကြီးဌာန မှာလည်း ကက(လှမ်း) ၏ လက်အောက်ခံ ဌာနခွဲတစ်ခု သဖွယ် လုပ်ဆောင်လာပါသည်၊

ဦးဝင်းအောင်သည် အစိုးရ အဖွဲ့ထဲတွင် ဝန်ကြီးတစ်ဦး ဖြစ်လာသော်လည်း၊ တပ်နောက်ဆုံး ရာထူးမှာ ဗိုလ်မှူး အဆင့်သာ ဖြစ်ခဲ့ရာ ယခုကဲ့သို့ ဗိုလ်နှင့်ငွေ ဖောင်းပွသော မြန်မာနိုင်ငံတွင် အခြားသော ဝန်ကြီးများက ဗိုလ်ချုပ်များ ဖြစ်ကြရာ သူက ဗခက ခင်ညွှန့်ကို ဦးသျှင်ပြီး တင်သလို တင်ထားပြီး၊ ကက (လှမ်း)မှ လွှဲ၍ မည်သူ့ကိုမျှ ဂရုမစိုက်ခဲ့ပါ ဤအချက်သည် ကြာမြင့် လာသောအခါ သန်းရွှေ၊ မောင်အေး၊ ရွှေမန်း၊ တင်အောင်မြင့်ဦး တို့ကပါ သတိပြုမိကာ ဘဝ နေဝင်ချိန် မှောင်မိုက်ခဲ့စေသော တစ်ချက်ဖြစ်ပါသည်၊

မင်းသားကြီးခင်ညွှန့်၊ သူကိုတော့ အထွေထူးသေးစိပ်ရန် မလိုအပ်ပါ၊ ၁၉၈၈ မှစ၍ ၂၀၀၄ တိုင် ရုပ်/သံဖွင့်လျှင် သူ့ကို မမြင်ချင်ဆုံး၊ ကြားဖူးသည်မှာ အောင်မြင်သော ရုပ်ရှင်မင်းသား ဖြစ်ရန် လူများ အများဆုံး မကြာခဏ မြင်ဘူးရမည်၊ သို့ဆို လျှင် ၂/၃ …. သေချာနေပြီး သူရယ်ပါ။ မင်းသားကြီး ဘဝ ရည်မှန်းချက်ကြီးသည်၊ သူ့၏ နောက်ဆုံး ရည်မှန်းချက်က သူသည် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဖြစ်ရန် (သို့) နိုင်ငံခေါင်းဆောင် ဖြစ်ရန်။

၁၉၉၇ တွင် ဒု ဗခက တင်ဦးနေအိမ်သို့၊ ဂျပန်နိုင်ငံမှ တဆင့်၊ ပါဆယ် တစ်ထုတ်ပို့ကာ ဗုံးခွဲခဲ့ရာ၊ သမီးချိုလဲ့ဦး (ကထိက) သေးဆုံး ခဲ့ရသည်ကို မြက်ခင်းသစ် မဂ္ဂဇင် ပင်တိုင် ဆောင်းပါးရှင် ဖိုးကံကောင်းက၊ ဂျပန်မှ မြန်မာ့ပြည်ပြေးများက လာဘ်လာဘ လိုလားသည့် တင်ဦးကို လက်ဆောင်ပို့တာ ဖြစ်ကြောင်း၊ သတင်းစာ ရှင်းခဲ့ရသည်၊ (ထိုအချိန်က၊ ကက လှမ်း၊ ဒုညွှန်မှူး ဗခက ကျော်ဝင်း၏ သားဖြစ်သူ ထင်ကျော်သည် မသရ၊ တိုကျိုတွင် ဒုတိယ အတွင်းဝန် တစ်ဦးဖြစ်ပြီး၊ တိုကျို၊ မြန်မာ စစ်သံရုံးသည်လည်း မြန်မာသံရုံးနှင့် အပြိုင် လျှို့ဝှက် လှုပ်ရှားနေချိန် ဖြစ်သည်ကို .. .. .. ..)

Ref: ကောင်းဝါ

Read More...

ခမရ ၈၀ နဲ့ ထောက်လှမ်းရေးတပ်အကြား တင်းမာမှုမြင့်မား

January 12, 2010

ပဲခူးတိုင်း အနောက်ဖက်ခြမ်း ပြည်ခရိုင် အင်းမရွာမှာ အခြေစိုက်တဲ့ တပ်မ ၆၆ က တပ်ရင်းဖြစ်တဲ့ ခမရ ၈၀ နဲ့ ခမရ ၅ ထောက်လှမ်းရေး တပ်ဖွဲ့တွေ အကြား တနင်္ဂနွေ ညက ပစ်ခတ်မှုတွေ ဖြစ်ခဲ့စဉ် ဒဏ်ရာ ရခဲ့တဲ့ ထောက်လှမ်းရေး တပ်ဖွဲ့ တပ်ကြပ်ကြီး သေဆုံးသွားပြီ ဖြစ်ပါတယ်။

ခမရ ၅ ထောက်လှမ်းရေး တပ်ဖွဲ့က အကြောင်းမကြားဘဲ လာရောက်စစ်ဆေးတာကို ခမရ ၈၀ က တပ်ထဲ အဝင် မခံတဲ့အတွက် ငြင်းခုံမှုတွေ ဖြစ်ပွားခဲ့ပြီး ရိုက်နှက်မှုတွေ ဖြစ်ပွားရာကနေ နောက်ဆုံး ပစ်ခတ်မှုတွေ အထိ ဖြစ်ခဲ့ရတာပါ။

ပစ်ခတ်မှုအတွင်း အဲဒီ တပ်ကြပ်ကြီး အပါအဝင် ၃ ဦး ဒဏ်ရာ ရသွားခဲ့ပါတယ်။

တပ်မ ၆၆ ရဲ့ ခမရ ၈၀၊ ၆၈၊ ၇၅ တပ်ရင်းတွေဟာ စားဝတ်နေရေး အဆင်မပြေမှုကြောင့် ပြီးခဲ့တဲ့ ဒီဇင်ဘာလ တတိယ အပါတ် ကတည်းက အာဏာ ဖီဆန်လာခဲ့တာပါ။

အဲဒါကြောင့် လုံခြုံရေးအရ ထောက်လှမ်းရေးတပ်တွေက သူတို့ကို ဝိုင်းထားခဲ့တာ ဖြစ်ပါတယ်။

အင်းမရွာသားတွေကတော့ ခမရ ၈၀ တပ်ရင်းဖက်ကို ထောက်ခံကြပြီး အကူ အညီပေးဖို့ အဆင်သင့် ဖြစ်နေကြတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ပဲခူးတိုင်း အရှေ့ခြမ်းက ညောင်လေးပင် ခရိုင်ဖက်မှာ လှုပ်ရှားတဲ့ ခလရ ၂၀ တပ်ရင်း ကလည်း ဘာအကြောင်းကြောင့် အဲဒီကို ရောက်နေလဲ ဆိုတာ မသိရတဲ့ အတွက် အခြေအနေဟာ ပိုတင်းမာ လာနေတယ်လို့ အခင်းဖြစ်ပွားတဲ့ နေရာက ဒေသခံ တဦးက ပြောပါတယ်။


Ref: BBC News

Read More...

တပ်မ ၆၆ မှာ ပုန်ကန်မှု စဖြစ်နေပြီ

တပ်မ ၆၆ မှာ တပ်တွင်းပုန်ကန်မှုတွေရှိနေပြီ။ မနေည ၈နာရီ ခန့်က အင်းမ အခြေစိုက် ခမရ ၈၀ မှာ - တပ်ရင်းမှာ စတင်ပြစ်ခတ်တယ်။ စားဝတ်နေရေးကြောင့် တပ်သားတွေ က အမိန့်ကို မနာခံတော့တာ တနှစ် ကျော်နေပြီလို့ သိရတယ်။ သူတို့ကို ဘာတာဝန်မှ ထပ်မပေးတော့ပဲ ပြစ်ထားတာ ကြာပြီလို့ သိရတယ်။ ပြစ်ခတ်မှု ၁၀ မိနစ်ကျော်ကြာတယ်။ ၃ ယောက်ဒဏ်ရာရ ပြီး၊ တယောက် သေတယ်။

ဖြစ်ပွားပုံကတော့ ဇန်န၀ါရီလ ၈ ရက်နေ့ က ရန်ကုန်စစ်ဌာနချုပ် အမိန့်နဲ့ လာတဲ့ စစ်အရာရှိ ၁၄ ဦးက ပုန်ကန်နေတဲ့ ခမရ ၈၀ ကို လက်နက်လာဖြုတ်ပါတယ်။ လက်နက်လာဖြုတ်တဲ့ ကြပ်ပြေး နေပြည်တော်က အရာရှိတွေကို ကို ခမရ ၈၀ တပ်ရင်းမှုက တပ်တွင်း စားဝတ်နေရေး ကျပ်တည်းမှု၊ ရိက္ခာပြတ်လပ်မှုနဲ့ တိုင်းမှုးနဲ့ သူမိန်းမ ဆွေမျိုးတွေရဲ့ လဒ်စားမှု အကြောင်းတွေကို တင်ပြခဲ့ ကြတယ်။ ရန်ကုန်ကလာတဲ့ အရာရှိတွေကို ခမရ ၈၀ တပ်ရင်းက ရဲဘော်တွေက သူတို့ ချက်ပြုတ်စားနေရတဲ့ ထမင်းဟင်းတွေ နဲ့ကျွေးမွေးခဲ့ကြတယ်။ ဆက်သွယ်ရေးစက်ကနေ သူတို့ အပြန်အလှန် ဆွေးနွေး ကြတယ်လို့ ဆိုတယ်။ ကျနော်တို့ နေစဉ်စားနေရတဲ့ အစားသောက်တွေကို စားကြည့်ပြီးမှာ ကျနော်တို့ တင်ပြတာတွေဟာကို ဆုံးဖြတ်ပေးပါလို့ ဆိုပြီး ထမင်းဝိုင်းကို ခေါ်သွားတယ်။ ဒါကို ကြပ်ပြေးကအရာရှိတွေက သူတို့ကို စော်ကားတယ်။ ပုန်ကန်တယ်လို့ ဆိုပြီးကြိမ်းမောင်း ထိုးကြိတ်မှုတွေ လုပ်ခဲ့ကြတယ်။ ခမရ ၈၀ တပ်ရင်းမှုးရဲ့ တောင်းဆိုမှု၊ တင်ပြ မှုတွေကို စစ်ဌာနချုပ်က အရေးယူဆောင်ရွက်ခြင်းမရှိပဲ ကြပ်ပြေးက အရာရှိတွေ က ဆဲဆို ကြိမ်းမောင်းနေတယ်။ ခမရ ၈၀ က အရာရှိတွေကို လက်နက်ဖြုတ်ဖို့နဲ့ အရေးယူဖို့ ညွန်ကြား လာတဲ့အတွက် ခမရ ၈၀ တပ်ရင်းမှုးက ကြပ်ပြေးက အရာရှိတွေကို ၈ ရက်နေ့မှာ ဖမ်းဆီး လိုက်တယ်။ ဇန်န၀ါရီလ ၁၀ ရက်နေ့မှာတော့ နောက်ထပ် အရေးယူဖို့ ရောက်လာတဲ့ ကြပ်ပြေး က စေလွတ်လိုက်တဲ့ တပ်ဖွဲ များနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ သိရပါတယ်။


Ref: မိုးသီးဇွန်

Read More...

အသက်ရှင်နေသရွေ့ သမိုင်းဝင် တပ်နာမည် မပြောင်းနိုင်ဟု အပစ်ရပ် SSA တပ်မှူး တဦးပြော

အင်္ဂါနေ့၊ 12 ဇန်န၀ါရီ 2010

ဒီဇင်ဘာ ၂၀၀၉ နောက်ဆုံးထား၍ နယ်ခြားစောင့်တပ်/ဒေသစောင့်တပ် အသွင် ပြောင်းရန် လူသူ လက်နက် စာရင်းပေးပို့ ရမည် ဆိုသည့် နအဖပေးသည့် ဒက်လိုင်းကို ဖီဆန်ကာ ‘အသက်ရှင်နေသရွေ့ သမိုင်းဝင် တပ်နာမည် ပြောင်းတာ အဖြစ်မခံ နိုင်ဘူး’ - ဟု SSA တပ်မှူး တဦးက သျှမ်းသံတော်ဆင့်သို့ ပြော၏။

“ကျနော်တို့ ၀ တပ်မတော်လို တောင်းဆိုချက် ၉ ချက် မတောင်းပေမယ့် ရပ်တည်ချက် မကွာဘူး။ နအဖ က SSA ဌာနချုပ် စိန်ကျော့ကို ဖိအားပေးတာလဲ ကမ်းကုန်နေပြီ အဲထက်ပို မဖိနိုင်တော့ဘူး။”- အမည် မဖေါ်လိုသည့် အပစ်ရပ် SSA တပ်မှူးတဦး ကပြောပါသည်။ အသက် ၄၀ နီးပါးရှိ ထိုတပ်မှူး လူငယ်သည် လွန်ခဲ့သည့် ၅ - ၁၀ နှစ်ခန့်က မြို့ပေါ် အနေများ သော်လည်း ၂၀၀၉ နှစ်ဦးပိုင်းမှ စ၍ ကျေးလက် ခြေစိုက် မိမိတပ်ရင်း၌ ဦးဆောင်လာခဲ့သူ ဖြစ်သည်။

နအဖ/စရဖ အရာရှိချုပ် ဒု - ဗိုလ်ချုပ်ကြီးရဲမြင့် နှင့် အပစ်ရပ် SSA ခေါင်းဆောင်ပိုင်းတို့ ၂၀၀၉ နိုဝင်ဘာ ၁၄ ရက် တွေ့ ဆုံစဉ် နယ်မြေစောင့်တပ် HGF ( Home Guard Force) အဖြစ် အသွင်ပြောင်းရန် တပ်ရင်း ၃ ရင်း လက်နက်ကိုင် အင်အား ၁၀၀၀ စာရင်းကို ၂၀၀၉ ဒီဇင်ဘာ နောက်ဆုံးထား ပေးပို့ရမည့် ဒက်လိုင်း ကျော်လွန်သည် အထိ တင်းခံလာခြင်း ဖြစ်သည်။

“ကျနော့်အနေနဲ့တော့ တိုင်းပြည်နဲ့ လူမျိုးအတွက် အမှန်တကယ် ရပ်တည်တဲ့ တော်လှန်ရေးတပ် မှန်ရင်- ‘လူမသေ နာမည် မပြောင်း’ဘူး၊ နအဖ ပြောတိုင်း လိုက်ယောင်ဖို့လဲ မလိုဘူး” - ဟု အဆိုပါ တပ်တပ်မှူးက ဆက်ပြောပါသည်။

အခြားတဖက်တွင်လည်း SSA အသွင်ပြောင်းလျှင် ထောင်ဒဏ် ၁၀၆ နှစ် ကျခံနေသည့် ဗိုလ်ချုပ်ဆေထဲန့်နှင့် သျှမ်းခေါင်း ဆောင်များ လွတ်ပေးမည်ဟု နအဖ ဖက်က တီးတိုး ကမ်းလှမ်း သွေးတိုး စမ်းထားကြောင်း ဒေသခံများက ပြောပါသည်။

နှစ်ရှည် ထောင်ဒဏ်ကျခံနေရသည့် ခွန်ထွန်းဦး၊ ဗိုလ်ချုပ်ဆေထဲန် နှင့် စိုင်းညွှန့်လွင်တို့ ကမူ ၎င်းတို့ကို ငဲ့ညှာနေစရာ မလိုကြောင်း၊ လုပ်ရမည့် လုပ်ငန်း ဆောင်တာများကို ရဲရဲဝံ့ဝံ့သာ ဆက်လက် ကြိုးပမ်းသွားရန် ပြင်ပလောကရှိ ခေါင်းဆောင်များ / လူငယ်များ၏ တာဝန်ဖြစ်ကြောင်း မကြာခဏ မှာကြားလေ့ရှိသည်။

ထို့အတူ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ကိစ္စနှင့် ပတ်သက်ပြီး နိုဝင်ဘာ ၁၀ ရက် ရက်စွဲပါ ၀ ခေါင်းဆောင် ပေါက်ယူချမ်း လက်မှတ်ထိုး ပေးပို့သည့် တောင်းဆိုချက် ၉ ချက်အား နအဖ မှ လုံးဝ လျစ်လျူရှု ပယ်ချခဲ့သော်လည်း ထပ်မံ တွေ့ဆုံကြရန် ဒုဗိုလ်ချုပ်ကြီး ရဲမြင့် က ယခုလ ဆန်းပိုင်း၌ တယ်လီဖုန်းဆက် ကမ်းလှမ်း လာပြန်၏။

ဝ ခေါင်းဆောင်ပေါက်ယူချဲန်းက အချိန်နေရာမရွေး လာတွေ့နိုင်ကြောင်း၊ သို့သော် မိမိတို့အဖို့ ၀ လူထုနှင့် ၀ တပ် အရာရှိ အရာခံ အကြပ် တပ်သား တပ်မှူးများ၏ ဆန္ဒ လိုလားချက်ကိုပင် လက်ကိုင် ထားဆဲ ဖြစ်ကြောင်း၊ နိုင်ငံရေး ပြဿနာကို နိုင်ငံရေး နည်းလမ်းနှင့် ဖြေရှင်းရန် မျှော်လင့်ကြောင်း - ဆက်သွယ်ရေး တာဝန်ခံမှ တဆင့် အကြောင်းပြန်ကြား လိုက်သည် ဟု ၀ ခေါင်းဆောင်ပိုင်းနှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းက ပြောပါသည်။

တရုတ်နယ်စပ်အခြေစိုက် အင်အားကြီး အပစ်ရပ် တပ်ဖွဲ့များ ဖြစ်သည့် ၀ ပြည် သွေးစည်းရေး တပ်မတော် UWSA ၊ ကချင်လွတ် မြောက်ရေး တပ်မတော် KIA ၊ အမျိုးသား ဒီမိုကရက်တစ် တပ်မတော် NDAA မိုင်းလားတပ်ဖွဲ့ နှင့် သျှမ်းပြည် တပ်မတော် တို့သည် တိုင်းရင်းသား တန်းတူ အခွင့်အရေး အတွက် နိုင်ငံရေး ရပ်တည်ချက် အခိုင်အမာဖြင့် သမိုင်းကြောင်း ထင်ရှားကြသည့် တပ်မတော်များ ဖြစ်သည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

ဝ နှင့် မိုင်းလားတပ်ဖွဲ့ကို မျက်ခြေမပြတ် စောင့်ကြည့်ရန် တြိဂံတိုင်းမှူးပြော

အင်္ဂါနေ့၊ 12 ဇန်န၀ါရီ 2010

ဇန်န၀ါရီ လဆန်းပိုင်း၌ တြိဂံတိုင်းမှူးဗိုလ်ချုပ်ကျော်ဖြိုး ကျိုင်းတုံမှ - မိုင်းခတ်၊ မိုင်းယန်းဘက် စိတ်ဓါတ် စစ်ဆင်ရေး နယ်လှည့် ခရီးတွင် ၀ နှင့် မိုင်းလားတပ်ဖွဲ့အား မျက်ခြေမပြတ် စောင့်ကြည့်ထားရန် ဒေသခံ စစ်တပ်များအား မှာကြားခဲ့သည် ဟု နယ်စပ် သတင်း ရပ်ကွက်က ပြောပါသည်။

“အရင်တုန်းကဆို ဌာနဆိုင်ရာ ၀န်ထမ်းတွေ၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ ဥက္ကဌတွေ၊ ရွာသူကြီးတွေ ခေါ်ပြီး ဆွေးနွေးမှာ ကြားတယ်။ အခုက အဲလို မဟုတ်ဘူး၊ တပ်တွင်း မိသားစုတွေနဲ့ဘဲ တွေ့သွားတယ်၊ တပ်ပေါ်ကနေတောင် မဆင်းဘူး ဆိုဘဲ” - ဟု တပ်အသိုင်းအ၀ိုင်းနှင့် နီးစပ်သူ တဦးက ပြောပါသည်။

ယခုလ ၆-၇ ရက်နေ့ တြိဂံတိုင်းမှူး ဗိုလ်ချုပ်ကျော်ဖြိုး၏ မိုင်းခတ်၊ မိုင်းယန်း တပ်တွင်းစစ်ရေး စည်းရုံးရေး ခရီးစဉ်တွင် ၂၀၀၉ ခုနှစ်အတွင်း လေ့လာ သုံးသပ်ခြင်း၊ အရာရှိ/တပ်သား /တပ်မိသားစု များအား အားပေးစကား ပြောခြင်း၊ ဆောင်ရန် ရှောင်ရန် အချက်များ မှာကြားခြင်းများ အပြင် ၀ နှင့် မိုင်းလားတပ်ဖွဲ့ ကိုလည်း မျက်ခြေမပြတ် စောင့်ကြည့်ထားရန် လိုကြောင်း မှာကြားခဲ့သည်ဟု ဆိုသည်။

မိုင်းခတ် နှင့် မိုင်းယန်း မြို့နယ်အတွင်း အခြေစိုက်သည့် တပ်မိသားစု များနှင့် တွေ့ဆုံရာတွင် ဗိုလ်ချုပ် ကျော်ဖြိုးက အဓိက အကြောင်းအရာ သုံးခု သတိပေးမှာကြားကြောင်း -
(၁) “ပြီးခဲ့တဲ့ နှစ်လယ်ပိုင်းက ၀ နယ်မြေထဲ ပျောက်သွားတဲ့ ဗမာရဲဘော် ၂ ယောက်အကြောင်း၊ ပြည်ပ သတင်း မီဒီယာတွေ ဖော်ပြတဲ့ ဗမာ တပ်ပြေး အကြောင်း” - များမှာ ဗမာ့ တပ်မတော်ကို နာမည်ပျက် သိက္ခာ ကျစေသဖြင့် နောက်နောင် တပ်ပြေးများ မရှိစေရန် ကြပ်မတ်ကြရန် မှာကြားခြင်း၊
(၂) “အခေါက်ထူလွန်းတဲ့ ဒီအပစ်ရပ် ၀ တပ်ဖွဲ့ကို အနုနည်းနဲ့ ဆက်ဆံနေရင် ၁၀ နှစ်လဲ ရမှာ မဟုတ်လို့ အကြမ်းနည်းနဲ့ဘဲ ပင်စည်ကို တခါထဲ ခုတ်လဲ ပစ်ရမှာဖြစ်ကြောင်း၊ မိုင်းလားတပ်ဖွဲ့ နယ်ခြားစောင့်တပ် အသွင် ပြောင်းဖို့ အင်တင်တင် ဖြစ်အောင် ၀ တပ် က အဓိက ကာဆီး ကာဆီး လုပ်နေတာ ဖြစ်ကြောင်း” - ပြောဆို၍ ၀ တပ်ဖွဲ့နှင့် မိုင်းလား တပ်ဖွဲ့အား အထူးစောင့်ကြည့် သတိထားရန် မှာကြားခြင်း၊
(၃) ခလရ ၂၈၁ တပ်ရင်းမှူး ဒု -ဗိုလ်မှူးကြီးဉာဏ်မြင့်ကျော် ဦးစီး အင်အား ၁၃၀ ခန့် ခြေကုတ်ထားသည့် မိုင်းယန်းမြို့ ဇွမ်ဆနုတ်ကုန်း တပ်စခန်းမှ မှန်ပြောင်းဖြင့် ၅-၆ မိုင် အကွာရှိ ၀ တပ်များ ကြည့်ရှုပြီး- “အရင်က ခိုဆုန် နယ်ခြား ဂိတ်တ၀ိုက်မှာ ၀ နဲ့ မိုင်းလား ပူးပေါင်း တပ်စခန်း တခုဘဲရှိတယ်။ လလယ်ပိုင်းအတွင်း ၁၁ ခု အထိ တိုးလာတော့ ပေါ့သေးသေးထားလို့ မရတော့ကြောင်း” ၀ နှင့် မိုင်းလား ပူးပေါင်း တပ်စခန်း အမြောက် အများတိုးချဲ့ ချထားမှု အပေါ် စောင့်ကြည့်ရန် မှာကြားခဲ့သည်ဟု - ကျိုင်းတုံ စစ်တပ်နှင့် မကြာခဏ ကားချောလိုက်လေ့ ရှိသူ တဦး က သျှမ်းသံတော်ဆင့်သို့ ပြောပြပါသည်။

ဒီဇင်ဘာ ၂၈ ရက် ၂၀၀၉ က ကျောက်ဆမ်လူး ဦးဆောင်သည့် ၀ တပ် စစ်ယာဉ်တန်း ကားကြီး/သေး ၃၈ စီး ပန်ဆန်းဌာန ချုပ်နှင့် တပ်မဟာ ၄၆၈ မိုင်းပေါက်ဘက် မှ မိုင်းဖျဲန်ဘက်သို့ ဆင်းသွားသော ကိစ္စကိုလည်း ပန်ဆန်း လိုင်းပြေး ဗဲင်ဒရိုင်ဘာ တဦးက “ကျနော် ထင်တာက အဲဒီ ၀ ကားတွေ မိုင်းလား နယ်မြေထဲ တချို့ဝင်ပြီး တပ်ဖြည့် ပေးတာလဲ ဖြစ်နိုင်တယ်။ လောလောဆယ် ချက်ခြင်း လက်ငင်းကြီး တိုက်ပွဲ မဖြစ်နိုင်ဘူး ဆိုပေမယ့် ဗမာ စစ်တပ်ကို မယုံလို့ ၀ နဲ့ မိုင်းလား ပူးပေါင်း တပ်က သတိ ၀ိရိယ ကောင်းကောင်း ရှိနေတယ်ဆိုတာ ပြသတာဘဲ” - ဟု ပြောပါသည်။

၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် ၂၀၀၉ ဒီဇင်ဘာ နောက်ဆုံး သတ်မှတ်ရက် ကျော်လွန်ခဲ့ လည်း တရုတ်နယ်စပ် အခြေစိုက် အင်အားကြီး အပစ်ရပ် တပ်ဖွဲ့များ လက်ခံ အဖြေပေးခြင်း မရှိသေးပေ။

Ref: သျှမ်းသံတော်ဆင့်


Read More...

Tuesday, January 12, 2010

ဓါးစာခံ ရှာပြီး သေဒဏ်ပေးခြင်းဟု လုပ်ဖော် ကိုင်ဖက်ဟောင်းက ပြော

တနင်္လာနေ့၊ ဇန်နဝါရီလ ၁၁ ရက် ၂၀၁၀

ချင်းမိုင်(မဇ္ဈိမ)။ ။ ၂၀၀၁ ခုနှစ်ကအငြင်းပွါးဖွယ် ရဟတ်ယာဉ် ပျက်ကျ သေဆုံးသွားခဲ့သော နအဖ အတွင်းရေးမှူး ၂ ဗိုလ်ချုပ်ကြီး တင်ဦးနှင့် ပတ်သက်သည့် အတိတ်က လျှို့ဝှက်ချက်များကို အစ ဖျောက်လိုသဖြင့် အရာရှိ နှစ်ဦးကို လွန်ခဲ့သော သောကြာနေ့က သေဒဏ်ပေးခဲ့ခြင်း ဖြစ်သည်ဟု နိုင်ငံခြားရေး ဝန်ကြီးဌာန ဝန်ထမ်းဟောင်း တဦးက မြန်မာ စစ်အစိုးရကို စွပ်စွဲ ပြောကြားလိုက်ပါသည်။

ထိုသူနှစ်ဦးကို စစ်အစိုးရ ဝန်ကြီး နှစ်ဦး၏ နိုင်ငံခြား ခရီးစဉ်များနှင့် မြန်မာနိုင်ငံတွင် တည်ဆောက် နေသော မြေအောက် ဥမင် ကွန်ရက်များ အကြောင်း အသေးစိတ် အချက်အလက်များ ပေါက်ကြား စေခဲ့မှုဖြင့် စွပ်စွဲ အပြစ်ပေးခဲ့ခြင်း ဖြစ်သည်။

လွန်ခဲ့သော သောကြာနေ့က သေဒဏ်ပေးခံခဲ့ရသူ နှစ်ဦးက မြန်မာ စစ်အစိုးရ စွပ်စွဲသည့်အတိုင်း လျှို့ဝှက်ချက်များ ပေါက်ကြား စေခဲ့သည် ဆိုသည်ကို သူ မယုံကြည်ကြောင်းဖြင့် ကမ္ဘောဒီးယား နိုင်ငံ မြန်မာသံရုံးမှ သံအမှုထမ်းဟောင်း တဦးဖြစ်သူ ဦးစိန်လွင်က မဇ္ဈိမနှင့် ပြုလုပ်ခဲ့သော တွေ့ဆုံ မေးမြန်းခန်းတွင် ပြောဆိုခဲ့သည်။

ဦးစိန်လွင် (အသက် ၃၅ နှစ်) သည် ၂၀၀၄ ခုနှစ်အထိ ကမ္ဘောဒီးယား နိုင်ငံ ဖနွမ်းပင် မြန်မာသံရုံးတွင် ဌာနခွဲ ၂ ၏ ဌာနခွဲမှူး အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး ထောက်လှမ်းရေး အချက်အလက်များ စုဆောင်း ရယူခြင်းနှင့် မြန်မာစစ်တပ်သို့ အစီရင်ခံခြင်းများကို ဆောင်ရွက်ခဲ့သူ ဖြစ်သည်။

သို့သော် ယမန်နှစ်က ထိုသို့ ဖမ်းဆီးချိန်တွင် သူသည် မြန်မာနိုင်ငံတွင် ရှိနေခြင်း မရှိပါ။ တွေ့ဆုံမေးမြန်းခန်းမှ ကောက်နှုတ်ချက်များကို ဖော်ပြ လိုက်ပါသည်။

မေး။ လျှို့ဝှက် စာရွက်စာတန်းတွေ ပေါက်ကြားတယ်ဆိုပြီး အရာရှိ နှစ်ဦးကို မကြာသေးခင်က သေဒဏ် ပေးလိုက်တဲ့ အပေါ်မှာ ခင်ဗျား ဘယ်လို ယူဆပါသလဲ။

ဖြေ။ စရဖ (စစ်ဖက်ရေးရာလုံခြုံရေးအဖွဲ့ - MAS) အကြီးအကဲက ၂ဝဝ၉ ခုနှစ် ဂျူလိုင်လက စပြီး နေပြည်တော်မှာ အသစ် ခန့်အပ်ထားတဲ့ ထောက်လှမ်းရေး အရာရှိတွေကို သတင်းပေါက် ကြားမှုနဲ့ ပတ်သက်ပြီး အသေးစိတ် စုံစမ်းဖော်ထုတ်ဘို့ ညွှန်ကြားထားတယ်။

ဒီထောက်လှမ်းရေးအရာရှိအသစ်တွေကလဲ စရဖ အကြီးအကဲ ဒုဗိုလ်ချုပ်ကြီး ရဲမြင့် ကျေနပ်အောင် ယာယီဘဲ ဖြစ်ဖြစ် ဓါးစာခံတွေ ရှာပြဘို့ လိုလာတယ်။ ဒီလို သတင်းပေါက်တာ ဒီလူတွေ ကြောင့်ဘဲ ဆိုတာ လုပ်ပြလိုက်ရင် နိုင်ငံခြားရေး ဌာနတွင်း သံရုံး ဝန်ထမ်း အပြောင်းအရွှေ့ သတင်းတွေလဲ နောင်ကို ထွက်တော့မှာ မဟုတ်ဘူးလို့ထင်တာ။

ဒီနှစ်ယောက်ကို သေဒဏ်ပေးလိုက်ရင် နောက်လူတွေလဲ လုပ်ရဲတော့မှာ မဟုတ်ဘူးလို့ အာဏာရှင် တွေက မျှော်လင့်နေတာ။ ဒါပေမဲ့ ကြည့်ပါ ဒီအစိုးရ အပြောင်းအလဲ ဖြစ်တဲ့အထိ မီဒီယာပေါ်မှာ သတင်းတွေ ဓါတ်ပုံတွေ နောက်ထပ် အနှေးနဲ့ အမြန် ဆိုသလိုဘဲ တက်လာဦးမှာဘဲ။

မေး။ ဗိုလ်မှူးဟောင်းဝင်းနိုင်ကျော် အကြောင်း ကျနော်တို့ကို ပြောပြပေးနိုင်မလား။ သူဘယ်လို အဖမ်းခံခဲ့ရတယ် ဆိုတာရောပေါ့။

ဖြေ။ သူက ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာအလုပ် လုပ်နေတာပါ။ သူ့ကို ခြေရာခံမိသွားတာ က ကမ္ဘောဒီးယား မြန်မာသံရုံး စစ်သံမှူးရုံးက ဗိုလ်မှူးချုပ်သန်းဟန်ပဲ။ သူက သူခုလိုစောင့် ကြည့်ခံနေရတယ် ဆိုတာ မသိဘူး။ ဒီပေါက်ကြားသွားတဲ့ သတင်းတွေ သာမကဘူး။ သူ့ဆရာ နဝတ (နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ ဆိုသည့် စစ်အစိုးရ၏ တရားဝင်အမည်၊ နောင်တွင် နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးအဖွဲ့ ဟု အမည်ပြောင်းသည်) ရဲ့ အတွင်းရေးမှူး (၂) ဒုဗိုလ်ချုပ်ကြီး တင်ဦး ၂ဝဝ၁ ခုနှစ်က လုပ်ကြံ ခံရတယ်ဆိုတာကို သူက သိထားတယ်။

ဒီတော့ဗိုလ်ချုပ်ကြီးတွေက ဒီတခါ ခဲတလုံးထဲနဲ့ ငှက်နှစ်ကောင် ပစ်လိုက်တာ ပေါ့။ ဝင်းနိုင်ကျော် ဒီမိုကရေစီ ဘက်ကို ဘက်ပြောင်းပြီး တနေ့မှာ ဒီလုပ်ကြံမှုကြီး အကြောင်း ဖော်ရင် လက်ရှိ ဗိုလ်ချုပ်ကြီးတွေ တပ်တွင်း မျိုးဆက်သစ်တွေ ကြားထဲမှာ ထောက်ခံမှုရတော့မှာ မဟုတ်ဘူး။

သူက ၂ဝဝ၉ ဒီဇင်ဘာလဆန်းမှာပြန်လာတာ။ စရဖ က သူ့ကို ရန်ကုန်မင်္ဂလာဒုံ လေဆိပ်မှာဘဲ ဖမ်းလိုက်တာ။ ရိုးရိုးသားသား ပြောရရင် အဲဒီအချိန်က ကျနော် မြန်မာပြည်မှာ မရှိပါဘူး။ ဒါပေမဲ့ ကျနော့် အဆက်အသွယ်တွေ ဆီက သတင်းအရဆိုရင် သူ့ဆီက လှိုဏ်ခေါင်းပုံတွေ စရဖ က တွေ့တယ် ပြောတယ်။ ဒါပေမဲ့ တကယ့်အဖြစ်က အတွင်းရေးမှူး (၂) ရဲ့ ပိုအရေးကြီးတဲ့ ပိုလျှို့ဝှက်တဲ့ ဖိုင်တွေက သူ့ခရီးဆောင် ကွန်ပျူတာထဲမှာ ရှိနေတာ။ ဒါပေမဲ့ ဗိုလ်ချုပ်ကြီးတွေက ဒီကိစ္စ တွေကို ပြဿနာပို မကြီးစေချင်ဘူးလေ။

မေး။ ပြည်ပမီဒီယာကို လျှို့ဝှက်ဖိုင်တွေ ပို့ခဲ့တာ သူမဟုတ်ဘူးလို့ ခင်ဗျား ဘယ်လို ပြောနိုင်လဲ။

ဖြေ။ ဝင်းနိုင်ကျော်က နိုင်ငံခြားရေး ဝန်ကြီးဌာနက မဟုတ်ပါဘူး။ သူ့နောက်ဆုံး ရာထူးက အမျိုးသား စီမံကိန်း ဝန်ကြီးဌာနမှာ နိုင်ငံခြား စီးပွား ဆက်သွယ်ရေးဌာန ညွှန်ကြားရေးမှူး။ သူဒီရာထူးက နေ ၂ဝဝ၄-၂ဝဝ၅ တဝိုက်လောက်မှာ ထွက်သွားပြီး ကုလသမဂ္ဂ အေဂျင်စီတခုမှာ အလုပ်ရတယ်။

နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ လုပ်ရိုးလုပ်စဉ် အတိုင်းဆိုရင် အမှုတွဲတွေက ကကကြည်း (ကာကွယ်ရေး ဝန်ကြီးဌာန စစ်ဦးစီးချုပ်ရုံး) ရယ် ကက(လှမ်း) (ကာကွယ်ရေးဌာန ထောက်လှမ်းရေးမှူး ချုပ်ရုံး)၊ နဲ့ ပြည်ထဲရေး ဝန်ကြီးဌာန ရုံးချုပ်တို့ကို မိတ္တူပို့ရတယ်။ ဥပမာ ဂျွန်ယက်တော အမှုတွဲမျိုးဆို အစိုးရ ဌာန ဆိုင်ရာတွေ ကြားထဲမှာ ဖြန့်ရတယ်။

မေး။ စစ်အစိုးရက သေဒဏ်ပေးတာ ဗိုလ်မှူးဟောင်း ဝင်းနိုင်ကျော် တယောက်ထဲ မဟုတ်ဘူး။ နိုင်ငံခြားရေး ဝန်ကြီးဌာနက စာရေး ကိုသူရကျော်ကိုပါ အပြစ်ပေးတာ။ ဒီတော့ ဒီသတင်းဖိုင်တွေက ကိုသူရကျော် ဆီက လာတာ ဖြစ်နိုင်တာပေါ့။ ခင်ဗျား ဒီကိစ္စကို ဘယ်လို ပြောမလဲ။

ဖြေ။ ဒီအမှုတွဲဖိုင်က ကိုသူရကျော် ရုံးခန်းကလာတာ ဖြစ်ပေမဲ့ မိတ္တူတွေက တခြား အစိုးရဌာနနဲ့ အေဂျင်စီတွေ မှာလည်း ရှိနေတာဘဲ။ နေပြည်တော်မှာက အင်တာနက်ကို လွတ်လွတ်လပ်လပ် သုံးနိုင်တယ်။ ဒီတော့ ကကကြည်းနဲ့ ကကလှမ်းကိုလဲ သူတို့ ထည့်စဉ်းစားဘို့ လိုတာဘဲ။ ကာကွယ်ရေး ဌာနက တယောက်ယောက် ကလဲ ဒါကို အလွယ်လေး ပို့လိုက်လို့ ရတာဘဲ။ ဒီအမှုမှာ ကိုသူရကျော်ရဲ့ ဖိုင်တွေ ဗိုလ်မှူး ဝင်းနိုင်ကျော် ခရီးဆောင် ကွန်ပျူတာထဲက တွေ့တယ်ဆိုတာ အဓိပ္ပါယ် မရှိပါဘူး။ ဒါပေမဲ့လဲ စရဖက ထိန်းချုပ်ထားတဲ့ စစ်အစိုးရရဲ့ တရားရုံးမှာ သူတို့ကိုယ် သူတို့ ကာကွယ်နိုင်ကြမှာ မဟုတ်ပါဘူး။ ဘယ်လောက် တန်ဘိုးပေးရ ပေးရ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အတိတ်က အဖြစ်တွေကို အစ ဖျောက်ပစ်ချင်နေတာ။ ဒီတခါတော့ ခရီးဆောင် ကွန်ပျူတာထဲက ဖိုင်တွေက တရားရုံးမှာ ခိုင်လုံတဲ့ သက်သေ အထောက်အထားတွေ ဖြစ်သွားတော့တာပေါ့။

မေး။ သူတို့ကို ဘယ်မှာ ထိန်းသိမ်းထားခဲ့တယ် ဆိုတာ ခင်ဗျား သိသလား။ ဒီတရားရုံးတင် စစ်ဆေးတဲ့ အကြောင်းကိုကော ခင်ဗျားသိသလား။

ဖြေ။ ဖမ်းမိမိချင်း စရဖ ဌာနချုပ်ကို အစီရင်ခံတယ်၊ ပြီးတော့ စစ်ကြောရေး အတွက် ရေကြည်အိုင်ကို ပို့တယ်။ အမိန့် မချခင်မှာ အင်းစိန်ထောင်ကို သူ့ကို ပို့တယ်။ စစ်တဲ့ရုံးကတော့ အင်းစိန်မြို့နယ် ရွှေပြည်သာ လမ်းမှာရှိတဲ့ ရန်ကုန်မြောက်ပိုင်း ခရိုင်ရုံးပါ။

မေး။ အတွင်းရေးမှူး (၂) လုပ်ကြံခံရတယ်ဆိုတဲ့ အထောက်အထား ဘာရှိသလဲဗျ။

ဖြေ။ ကျနော် ၂ဝဝ၂ ခုနှစ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ မှုခင်း စုံစမ်း ထောက်လှမ်းရေး (CID) သင်တန်း တက်နေတုံး ဗိုလ်မှူး ဝင်းနိုင်ကျော်လဲ လာတက်တယ်။ ကျနော်တို့ ရင်းနှီးတဲ့ မိတ်ဆွေတွေ ဖြစ်ခဲ့ကြပါတယ်။ အဲဒီအချိန်က ရဟတ်ယာဉ် မောင်းနှင်သူ ပိုင်းလော့ကို သံလွင်မြစ်ထဲက ဆယ်နိုင်ခဲ့တယ်။ ဒါပေမဲ့ သူ့ကို ပစ်သတ်ခဲ့တယ်။

မေး။ ပိုင်းလော့ကိုဘယ်သူသတ်တာလဲဗျ။

ဖြေ။ ဒါတော့မသိဘူး။ ဖြစ်နိုင်တာ စစ်ထောက်လှမ်းရေးနဲ့ စစ်တပ် တခုခုပဲ။ အာဏာပိုင်တွေက အစိုးရ သတင်းစာတွေမှာ နာရေး ကြော်ငြာထည့်ခွင့် မပေးခဲ့ဘူး။ အဲဒီအချိန်က တွင်း ၂ တင်ဦးရဲ့သား ဇော်ထွန်းဦးက နိုင်ငံခြားရေး ဝန်ကြီးဌာနမှာဘဲ ရှိသေးတယ်။ သူနဲ့ ကျနော်နဲ့က ဖောင်ကြီး (အစိုးရ ဝန်ထမ်းများ အတွက်သင်တန်း) မှာ ၁၉၉၈ ခုနှစ်က အပတ်စဉ် တခုထဲ အတူတူ တက်ခဲ့ကြတာ။ သူ့အပြောအရ အဲဒီ အချိန်တုံးက သူ့အဖေနဲ့ မောင်အေး၊ ခင်ညွန့် တို့ ကြားမှာ အာဏာ အားပြိုင်မှု အတော် ကြီးမားခဲ့တယ်လို့ ဆိုတယ်။

မေး။ ခင်ဗျား ဘာဖြစ်လို့ ခုလို ကူးပြောင်းဘို့ ဆုံးဖြတ်ခဲ့တာလဲ။ လတ်တလော အကြောင်းတွေက ဘာတွေလဲဗျ။

ဖြေ။ ဗိုလ်မှူးဝင်းနိုင်ကျော်က သူ စောင့်ကြည့်ခံနေရပြီ ဆိုတာရယ်၊ သူ့ကို နာမည်ပျက် စာရင်း သွင်းထားပြီ ဆိုတာရယ်ကို မသိဘူး။ သူသာသိခဲ့ရင် ဗမာပြည်ကို ပြန်မှာ မဟုတ်ဘူး။ ကျနော်ကတော့ ကျနော်ရယ် နောက်တခြား ဝန်ထမ်းဟောင်း တွေရယ်ကို နာမည်ပျက် စာရင်း သွင်းထားပြီ ဆိုတာ သိတယ်။ ဒါကြောင့် ကိုယ့်နိုင်ငံကို ချစ်ပေမဲ့ ကူးပြောင်းဘို့ ဆုံးဖြတ်ခဲ့ရတာဘဲ။ တိုင်းပြည်မှာ စစ်မှန်တဲ့ ဒီမိုကရေစီ ရတဲ့နေ့ လုံခြုံ စိတ်ချရတဲ့နေ့မှာ ကျနော် ဗမာပြည်ကို ဂုဏ်ယူ ဝံ့ကြွားစွာနဲ့ ပြန်မှာပါ။

မေး။ စစ်အစိုးရရဲ့ နျူကလီးယား ရည်မှန်းချက်ကို ခင်ဗျား ဘယ်လို ထင်မြင် ယူဆပါသလဲ။

ဖြေ။ အီရတ်မှာလို အမေရိကန်က ဝင်တိုက်မှာကို စစ်အစိုးရက တကယ်ကြောက်နေတာပါ။ နျူကလီးယား လက်နက် ပိုင်ဆိုင်ပြီး စစ်ရေး အင်အား ကြီးထွားလာမယ် ဆိုရင် နိုင်ငံရေး အရလဲ အင်အားရှိလာမယ်၊ အမေရိကန် ကလဲ စစ်အစိုးရကို ဝင်တိုက်မှာ မဟုတ်ဘူးလို့ ယူဆထားတာ။

မေး။ ၂၀၁၀ ရွေးကောက်ပွဲ အစီအစဉ်နဲ့ ပတ်သက်လို့ ခင်ဗျား ဘာတွေ သိထားပါသလဲ။

ဖြေ။ စစ်အစိုးရက ၁၉၉၀ တုံးကလို လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲမျိုး လုပ်ခွင့်ပေးမှာ မဟုတ်ဘူး။ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး အဖွဲ့ကဘဲ အများစု နိုင်မှာဘဲ။ ဒီတော့ စစ်အစိုးရက ခဲတလုံးထဲနဲ့ ငှက်သုံးကောင် ပစ်ချပြီးသား ဖြစ်သွားတာပေါ့။ စစ်အစိုးရက ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကိုလဲ ပယ်ဖျက်ပြီး ဖြစ်သွားမယ်၊ တိုင်းရင်းသား အဖွဲ့တွေကိုလဲ လက်နက် ဖြုတ်ပြီးသား ဖြစ်သွားမယ်။

မေး။ စစ်အစိုးရရဲ့ နယ်ခြားစောင့်တပ် ဖွဲ့ဘို့ရယ်၊ အပစ်ရပ်အဖွဲ့ တွေရယ်နဲ့ ပတ်သက်လို့ ဘာ အစီအစဉ်တွေ ရှိတယ် ဆိုတာ ခင်ဗျား သိသလား။

ဖြေ။ အပစ်ရပ်အဖွဲ့တွေက ဗိုလ်ချုပ်ကြီးတွေရဲ့ ရေရှည် စီမံကိန်း ထောင်ချောက်ထဲမှာ မိနေပြီးသား ဖြစ်နေပြီ။ ဒါက အရင် ထောက်လှမ်းရေး အကြီးအကဲဟောင်း ခင်ညွန့် လုပ်ခဲ့တဲ့ အစီအစဉ်ပါ။ စစ်တပ် လက်အောက်မှာ နယ်ခြားစောင့်တပ် ဖွဲ့ရေး အစီအစဉ်ဟာ ၅ နှစ် အတွင်း ဒီလက်နက်ကိုင် အဖွဲ့တွေကို ဖျက်ဆီးပစ်ဘို့ နည်းပရိယာယ် ပါဘဲ။ ၅ နှစ်ကြာရင် နယ်ခြားစောင့်တပ်ဖွဲ့ ဆိုတာ ရှိတော့မှာ မဟုတ်ဘူး။ မြန်မာ စစ်သားတွေက တဖြေးဖြေး ဝင်အစားထိုး နေရာယူ သွားမှာဘဲ။

မေး။ မြောက်ကိုရီးယားနိုင်ငံနဲ့ မြန်မာ စစ်အစိုးရ အကြား ဆက်ဆံရေး အခြေအနေကိုကော ခင်ဗျား ဘယ်လို ထင်ပါသလဲ။ မြန်မာနိုင်ငံမှာ မြောက်ကိုရီးယား နိုင်ငံက လုပ်နေတဲ့ စီမံကိန်းတွေ ဘာရှိလဲ။

ဖြေ။ နှစ်နိုင်ငံစလုံးက နိုင်ငံတကာမှာ နိုင်ငံရေးအရ အထီးကျန် ဖြစ်နေတာ။ မြန်မာ စစ်ထောက်လှမ်းရေး တွေကို သင်တန်း ပေးတာရော၊ နျူကလီးယား စီမံကိန်းတွေရော အများကြီးရှိတယ်။ လျှို့ဝှက် စာရွက် စာတန်းတွေ ခင်ဗျား ဖတ်ပြီးရောပေါ့၊ အဲဒါတွေဟာ အမှန်တွေပါပဲ။

Ref: မဇ္ဈိမ

Read More...

အပြောင်းအလဲ တကယ်ဖြစ်ချင်တယ်ဆိုရင်

အောင်ဇံ
၁၁ ဇန်န၀ါရီ ၂၀၁၀

၂၀၀၉ ခု နှစ်ကုန်ဆုံးလို့ ၂၀၁၀ ဆိုတဲ့ သက္ကရာဇ်နှစ်တခုကို ပြောင်းခဲ့ပြန်ပါတယ်။ မြန်မာ နိုင်ငံမှာတော့ ထူးခြား သိသာတဲ့ အပြောင်းအလဲရယ်လို့ မရှိ။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အကျပ် အတည်းတွေက အပြောင်းအလဲ ဖြစ်ဖို့ လိုအပ် နေပါတယ်။ ပြည်သူတွေ ကလည်း ခါးသီးတဲ့ ဘ၀ အတွေ့အကြုံတွေ အရ အပြောင်းအလဲကို မျှော်လင့် နေကြပါတယ်။ အပြောင်းအလဲ ဖြစ်ဖို့ ကြိုးစားခဲ့ကြတဲ့ နှစ်တွေ၊ တိုက်ပွဲတွေ မနည်းသလို ပေးဆပ်ခဲ့ရတဲ့ ဘ၀တွေ၊ အသက်တွေကလည်း မနည်း မနောပါပဲ။ ၁၉၆၂ ခုနှစ်ရဲ့ ဒီဘက် ခေတ်ဟာ မြန်မာနိုင်ငံမှာ အပြောင်းအလဲ ဖြစ်ဖို့ တိုက်ပွဲ ၀င်ခဲ့ကြတဲ့ ခေတ် ဖြစ်ပါတယ်။ နည်းအမျိုးမျိုးနဲ့ တိုက်ပွဲဝင် ကြိုးပမ်း ခဲ့ကြပါတယ်။

အထူးသဖြင့် ၁၉၈၈ ခု အရေးတော်ပုံကြီးဟာ ရက်ရက်စက်စက် ဖြိုခွဲ ခံမှုကြောင့် အောင်ပွဲ မရမီ ပြိုကွဲ ပြီးဆုံး ခဲ့ရပါတယ်။ ဒါပေမယ့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဆိုတဲ့ တပ်ဦးပါတီ တရပ်ကိုတော့ မွေးဖွား ပေးခဲ့နိုင်ပါတယ်။ ပြည်သူတွေကလည်း တခဲနက် ထောက်ခံကြတယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာ ပြည်သူ့ ဆန္ဒမဲနဲ့ အပြတ်အသတ် အနိုင်ရခဲ့တာဟာ မပြီးဆုံးသေးတဲ့ တိုက်ပွဲကို ဆက်လက် ဦးဆောင် တိုက်ပွဲဝင်ဖို့ ပြည်သူတွေက တာဝန် ပေးအပ်ခြင်းလည်း ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ရွေးကောက်ပွဲအနိုင်ရအပြီးမှာ ပြည်သူ့ လွှတ်တော် ပေါ်ပေါက်ရေး၊ ၉၀ ရလဒ် အကောင်အထည် ဖော်ရေးအတွက် အမျိုးမျိုး ကြိုးစားခဲ့သလို နောက်ပိုင်းမှာ တွေ့ဆုံဆွေးနွေးရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေး ဖြစ်ပေါ်လာဖို့ အတွက်လည်း နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်း အားထုတ်ခဲ့ပါတယ်။ သို့ပေမယ့် ကြိုးပမ်း အားထုတ်မှု မှန်သမျှဟာ န၀တ၊ နအဖ အာဏာပိုင်များရဲ့ ဟန့်တားနှောင့်ယှက်မှု ပိတ်ဆို့ အရေးယူမှုများနဲ့သာ ကြုံတွေ့ခဲ့ရပြီး အဖွဲ့ဝင်များကိုလည်း ဖမ်းဆီးထောင်ချ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်မှုများနဲ့သာ တုံ့ပြန်ခဲ့ပါတယ်။ ဒီလိုနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ အနှစ်နှစ်ဆယ်ကျော် ကြိုးပမ်း အားထုတ်မှုဟာ အရာမထင် ခရီးမရောက် ဖြစ်ခဲ့ရပါတယ်။ အခုအချိန်မှာဆိုရင် အဖွဲ့ချုပ်ရုံး တခုသာ ဖွင့်ခွင့်ရပြီး စည်းရုံး လှုပ်ရှားနိုင်မှု လုံးဝ မရှိတဲ့ အခြေအနေမှာ ရှိနေသလို အဖွဲ့ချုပ်ရဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် အနေနဲ့လည်း ထောင်ဒဏ် ချမှတ်ခြင်း ခံထားရပါတယ်။

ကုလသမဂ္ဂအဖွဲ့ချုပ်ရဲ့ ကြိုးပမ်းမှုဖြစ်တဲ့ ဆုံးဖြတ်ချက်တွေ၊ တိုက်တွန်းချက် တွေဟာလည်း ထိရောက်မှု မရှိဘဲ ကျွဲပါးစောင်းတီး ဖြစ်ခဲ့ရသလို ကုလသမဂ္ဂ အထူးကိုယ်စားလှယ်များ ဖြစ်ကြတဲ့ ဒီဆိုးတိုး၊ ရာဇာလီ အစ္စမေးလ်၊ ဂမ်ဘာရီ အစရှိတဲ့ ပုဂ္ဂိုလ်များရဲ့ မြန်မာနိုင်ငံကို အခေါက်ခေါက် အခါခါ လာရောက် ကြိုးပမ်းခဲ့မှုများ ဟာလည်း အရေးမပါ အရာ မရောက်တဲ့ အခြေအနေများသာ ဖြစ်ခဲ့ပါတယ်။

ကမ္ဘာ့နိုင်ငံကြီးတနိုင်ငံဖြစ်တဲ့ အမေရိကန်နိုင်ငံရဲ့ မြန်မာ့နိုင်ငံရေး အခြေအနေ အပြောင်းအလဲဖြစ်ဖို့ ကြိုးပမ်း အားထုတ်မှု များဟာလည်း အလားတူ အောင်မြင်မှု မရဘဲ ရှိနေပါတယ်။ အမေရိကန် အစိုးရဟာ မူလက အရေးယူ ပိတ်ဆို့မှုနဲ့ ပြင်းထန်တဲ့ ဖိအားပေးမှုတွေနဲ့ အပြောင်းအလဲဖြစ်ဖို့ တွန်းအား ပေးခဲ့ပါတယ်။ အိုဘားမား အစိုးရ တက်လာတဲ့ နောက်ပိုင်းမှာ မြန်မာနိုင်ငံ အပေါ်မှာ ထားရှိတဲ့ မူဝါဒကို အပြောင်းအလဲ လုပ်ခဲ့ပါတယ်။ ပိတ်ဆို့ အရေးယူမှုတွေကို ဆက်လက်ထားပြီးတော့ တဖက်မှာလည်း အပြုသဘော ဆက်ဆံရေးတွေနဲ့ အပြောင်းအလဲ ဖြစ်ဖို့ ချဉ်းကပ်မှု မူဝါဒကို ချမှတ်ခဲ့ပါတယ်။

ဒီမူဝါဒကို အကောင်အထည်ဖော်တဲ့ အနေနဲ့ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကတ်ကမ်းဘဲလ် ဦးဆောင်တဲ့ အဖွဲ့တဖွဲ့ဟာ မြန်မာနိုင်ငံကို လာရောက်ပြီးတော့ အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ဒေါ်အောင်ဆန်း စုကြည်နဲ့ အန်အယ်လ်ဒီ ခေါင်းဆောင်များ၊ တိုင်းရင်းသား ခေါင်းဆောင်များနဲ့ တွေ့ဆုံပြီး အချက်အလက်ရှာဖွေတဲ့ လုပ်ငန်းစဉ်ဖြင့် စတင်ကြိုးပမ်းခဲ့ပါတယ်။ ဒီကြိုးပမ်းမှုဟာလည်း ခရီးရောက် အရာထင်မယ့်ပုံမပေါ်သလို ကတ်ကမ်းဘဲလ်အနေနဲ့ သူ့ရဲ့ခရီးစဉ် မအောင်မြင်ဘူးဆိုတဲ့ ပြောဆိုသံတွေကိုလည်း ကြားလာရပါတယ်။

ဒီလိုအခြေအနေမျိုးမှာ ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ ပေးပို့တဲ့ စာနှစ်စောင် ပေါ်ထွက်လာပါတယ်။ ပထမစာမှာ စီးပွားရေးပိတ်ဆို့မှုကို ဖယ်ရှားနိုင်ဖို့ သက်ဆိုင်ရာနိုင်ငံများရဲ့ သံတမန်များနဲ့ တွေ့ဆုံခွင့်ပေးဖို့ တောင်းဆိုတဲ့ စာဖြစ်ပြီး ဒုတိယစာမှာတော့ တိုင်းပြည်အတွက် အကျိုးရှိမယ့် လုပ်ငန်းများကို နအဖခေါင်းဆောင်များနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ …

၁။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကျန်းမာရေးအခြေအနေမကောင်းတဲ့ ဦးအောင်ရွှေ၊ ဦးလွင်၊ ဦးလွန်းတင် အစရှိတဲ့ ပုဂ္ဂိုလ်များကို တွေ့ဆုံဂါဝရပြုခွင့်ပေးဖို့၊

၂။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်အားလုံးနဲ့ တွေ့ဆုံခွင့်ပေးဖို့၊

၃။ တိုင်းပြည်အတွက် အကျိုးရှိမယ့် လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်နိုင်ရန် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တွေ့ဆုံဆွေးနွေးခွင့်ပြုဖို့ တောင်းဆိုတဲ့စာ ဖြစ်ပါတယ်။

ဒီစာတွေအပေါ် တုံ့ပြန်တဲ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်၊ ဥရောပသံတမန်အချို့နဲ့ တွေ့ဆုံခွင့်ပေးခဲ့သလို ကျန်းမာရေးအခြေအနေမကောင်းတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် (၃) ဦးကိုလည်း တွေ့ဆုံဂါရ၀ပြုခွင့် ပေးခဲ့ပါတယ်။ ဒီလိုလိုက်လျောမှုတွေကတဆင့် နအဖ အာဏာပိုင်များနဲ့ တွေ့ဆုံဆွေးနွေးခွင့်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တွေ့ဆုံဆွေးနွေးခွင့်ရပြီး အပြန်အလှန် ယုံကြည်မှု ပူးပေါင်းဆောင်ရွက်မှုများ ဖြစ်ပေါ်လာမယ်ဆိုပါက တိုင်းပြည်အတွက် ပြည်သူတွေအတွက် အလွန်အကျိုးများမယ့် တိုးတက်မှု၊ ပြောင်းလဲမှုဖြစ်မှာ အမှန်ပါပဲ။

ဒါပေမယ့် ဒီလိုဖြစ်နိုင်မလား၊ မဖြစ်နိုင်ဘူးလားဆိုတာကို အမှန်အတိုင်း သုံးသပ်ရှုမြင်ဖို့ လိုပါတယ်။ ကျနော့်အမြင်ကို ပြောရမယ်ဆိုရင် ဒီလိုဖြစ်နိုင်မယ့် အခြေအနေ၊ ဖြစ်နိုင်မယ့် အလားအလာမရှိဘူးလို့ဘဲ မြင်ပါတယ်။ ဒီလိုဆို ၂၀၁၀ ရွေးကောက်ပွဲ ဆိုတာကရော မြန်မာပြည်နိုင်ငံရေးအပြောင်းအလဲအတွက် မျှော်လင့်ချက်တစုံတရာထားလို့ ရနိုင်မလားဆိုတာ မေးစရာရှိတယ်။ ကျနော့်အမြင်ပြောရရင် နအဖဘက်က တဖက်သတ် ရှေ့နေလိုက်ပေးနေကြတဲ့ ပုဂ္ဂိုလ်များပြောသလို အပြောင်းအလဲဖြစ်ဖို့ ၂၀၁၀ ရွေးကောက်ပွဲကလွဲလို့ အခြားနည်းလမ်းမရှိ ဆိုတာတို့၊ ၂၀၁၀ ရွေးကောက်ပွဲသည်သာ တခုတည်းသော ထွက်ပေါက်ဆိုတာတို့ဟာ လက်တွေ့မှာ လုံးဝဖြစ်နိုင်ခြေမရှိပါဘူး။

တကယ်တော့ ၂၀၁၀ ရွေးကောက်ပွဲဟာ ၂၀၀၈ ခု ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဆိုတဲ့ ကြိုးများနဲ့ အထပ်ထပ် ချည်နှောင် တုပ်နှောင်ထားပြီး ကျင်းပမှာဖြစ်တဲ့အတွက် ပြည်သူတွေမျှော်မှန်းတဲ့ အပြောင်းအလဲဖြစ်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး ထင်ပါတယ်။ ဒီလိုပြောရတာဟာ အဆိုးမြင်ဘက်ကကြည့်ပြီး ပြောခြင်းမဟုတ်ပါဘူး။ အနှစ် (၂၀) ကျော် နိုင်ငံရေးအတွေ့အကြုံများ၊ ပြီးတော့ န၀တ၊ နအဖရဲ့ ပြောဆိုချက်၊ ထုတ်ပြန်ကြေညာချက်၊ ပြဋ္ဌာန်းချက်များနဲ့တကွ အနှစ် (၂၀) ကျော်လုပ်ရပ်များကို ပကတိ အခြေအနေအတိုင်း သုံးသပ်ခြင်းဖြင့် ရရှိလာတဲ့ အမြင်သာဖြစ်ပါတယ်။

နအဖရဲ့လုပ်ရပ်တွေကို သုံးသပ်မယ်ဆိုရင် နအဖခေါင်းဆောင်များရဲ့ နိုင်ငံရေးဆန္ဒ Political Will ကို ကွင်းကွင်းကွက်ကွက် မြင်ရမှာဖြစ်ပါတယ်။ နအဖ စစ်ခေါင်းဆောင်များရဲ့ နိုင်ငံရေးဆန္ဒကတော့ စစ်တပ်ကသာ မအုပ်ချုပ်ခဲ့ရင် တိုင်းပြည်ပြိုကွဲ သွားမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နအဖ စစ်ခေါင်းဆောင်များအနေနဲ့ တိုင်းပြည်ကို စစ်တပ်က ရာသက်ပန် စိုးမိုးခြယ်လှယ် အုပ်ချုပ်သွားရေးဖြစ်ပါတယ်။ ဒါဟာ တချိန်က ဗိုလ်နေ၀င်း တိုင်းပြည်အာဏာသိမ်းစဉ်က တိုင်းပြည်ချောက်ထဲကျဖို့ လက်တလုံး အလိုမှာ ကယ်တင်ခဲ့ရပါတယ်ဆိုတဲ့ ဆင်ခြေဆင်လက်မျိုးပါပဲ။

ဒီလိုစစ်တပ်က ရာသက်ပန်အုပ်ချုပ်နိုင်ဖို့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ရေးဆွဲရာမှာ အခြေခံမူ (၆) ချက်အနက် အဓိကအခြေခံ မူတရပ်အဖြစ် အမျိုးသားနိုင်ငံရေးမှာ တပ်မတော်က ဦးဆောင်အခန်းကဏ္ဍမှ ပါဝင်ရေးဆိုတဲ့ အခြေခံမူကို ချမှတ်ပြဋ္ဌာန်း ခဲ့ပါတယ်။ ဒီအခြေခံမူပေါ်မှာ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုလည်း တပ်မတော်မှ စိုးမိုးခြယ်လှယ်အုပ်ချုပ်နိုင်ရေး ရာသက်ပန် အုပ်ချုပ်နိုင်ရေးအတွက် ဖွဲ့စည်းပုံကို ပုံစံချ ရေးဆွဲထားတာဖြစ်ပါတယ်။ ဖွဲ့စည်းပုံကို ပြင်ဆင်၍မရအောင်လည်း ရေးဆွဲထားခြင်း ဖြစ်ပါတယ်။

ဒါတွေကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲတခုဖြစ်ဖို့ဆိုရင် စစ်ခေါင်းဆောင်များရဲ့ နိုင်ငံရေးဆန္ဒကို ပြောင်းလဲအောင် မလုပ်နိုင်ဘဲနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသားခေါင်းဆောင်များက မည်သို့ပင် အလျှော့ပေး ဆွေးနွေးဖို့ တောင်းဆိုစေကာမူ တွေ့ဆုံဆွေးနွေးရေး ဖြစ်နိုင်မယ့် အလားအလာ မရှိဘူးလို့ဘဲ သုံးသပ်ရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အဓိကအပြောင်းအလဲဖြစ်ဖို့ဆိုရင်၊ စစ်ခေါင်းဆောင်များရဲ့ မှားယွင်းတဲ့အမြင်၊ မှားယွင်းတဲ့လုပ်ရပ်တွေနဲ့ နိုင်ငံရေးဆန္ဒကို ပြောင်းလဲနိုင်ဖို့အတွက်ဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသားပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအားလုံး ညီညီညွတ်ညွတ်နဲ့ ဘက်ပေါင်းစုံကနေ နည်းလမ်းပေါင်းစုံကို အသုံးပြုပြီး တိုက်ပွဲဝင်ကြိုးပမ်းမှသာ စစ်မှန်တဲ့ အပြောင်းအလဲကို ရရှိနိုင်မှာဖြစ်တဲ့အကြောင်း တိုက်တွန်းရေးသားတင်ပြအပ်ပါတယ်။ ။

Ref: ခေတ်ပြိုင်

Read More...

အပေါ်သို့