..............................

Friday, April 29, 2011

မြန်မာ့ ဒီမိုကရေစီရေးထောက်ကူမည့် ဆုံးဖြတ်ချက်မျိုး အီးယူ ချမှတ်စေလို

2011-04-28

EU ဥရောပ သမဂ္ဂအနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်တခုခု ချမှတ် ဆောင်ရွက်မယ် ဆိုရင် မြန်မာ ပြည်သူတွေရဲ့ ဒီမိုကရေစီရေးကို အထောက်အကူ ဖြစ်စေမဲ့ကိစ္စမျိုးကို စဉ်းစား ဆုံးဖြတ်စေလိုတယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒု ဥက္ကဋ္ဌ ဦးတင်ဦးက EU ဥရောပသမဂ္ဂအဖွဲ့ဝင် ဆွစ်ဇာလန် နိုင်ငံ သံအမတ်ကြီးကို ဧပြီ ၂၈ ရက် ဒီကနေ့ ပြောကြား လိုက်ပါတယ်။

ထိုင်းနိုင်ငံ ဗန်ကောက်မြို့ အခြေစိုက် ဆွစ်ဇာလန် သံအမတ်ကြီး ခရစ္စတိုဖာ ဘာဂျန်နာက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦးကို ရန်ကုန်မြို့က NLD ရုံးချုပ်မှာ နေ့လည် ၃ နာရီက သွားရောက် တွေ့ဆုံခဲ့ပါတယ်။ အဲဒီ တွေ့ဆုံပွဲမှာ လက်ရှိ အစိုးရသစ် အောက်မှာ NLD ရပ်တည်နေရတဲ့ အခြေအနေနဲ့ ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေကို ဆွစ်ဇာလန် သံအမတ်ကြီးက မေးမြန်းခဲ့ပြီး လိုအပ်သလို အကူအညီပေးဖို့လည်း ကမ်းလှမ်း ခဲ့တယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦးက RFA ကို အခုလို ပြောပါတယ်။

“သံအမတ်နဲ့က တော်တော် ၄၅ မိနစ်လောက်တော့ ကြာတယ်ဗျ။ အဲဒါတော့ ကျွန်တော်ရယ်၊ ကိုဝင်းထိန်ရယ်၊ နောက်ပြီးတော့ ကိုဟံသာမြင့်ရယ်၊ သုံးယောက်ပေါ့ဗျာ။ တခုတော့ ပြောတယ်၊ ခင်ဗျားတို့ ဒီ အီးယူတို့ ဘာတို့ လုပ်တဲ့ အခါမှာတော့ကာ ကျွန်တော်တို့ ဒီမိုကရေစီ အင်အားစုကို အားပေးမဲ့၊ ထောက်ခံနိုင်မဲ့၊ အကျိုးရှိစေမဲ့ သဘောတွေကိုပဲ ပြောကြပါ၊ လုပ်ကြပါ၊ ဒါပဲ ကျွန်တော် လေးလေး နက်နက် မှာချင်တယ်၊ ဒီလောက်ပါပဲ။”

“ကျန်တာတွေကတော့ ခင်ဗျားတို့ ထုံးစံအတိုင်းပေါ့၊ ကျုပ်တို့နဲ့ ပတ်သက်လို့ စိတ်ဓာတ်ရေးရာအရ ဒါကတော့ ခင်ဗျားတို့ ထောက်ပံ့ ကူညီ၊ ဒီလောက်ပါပဲ။ ကျွန်တော်တို့ ကိစ္စဝိစ္စ အားလုံးက ကျုပ်တို့ အင်အား ကျုပ်တို့ထဲမှာ ရှိတယ်၊ ကျုပ်တို့ဟာ ကျုပ်တို့ လုပ်မယ်၊ ဒါပဲ။”

အစိုးရသစ် တက်လာပြီးတဲ့နောက်ပိုင်း အခြေအနေတွေအကြောင်း ပြောဆိုကြတဲ့ အခါမှာတော့ ခုချိန်ထိ ထူးခြားမှု တစုံတရာ မတွေ့ရ သေးကြောင်း၊ အထူးသဖြင့် နိုင်ငံရေး အကျဉ်းသားတွေ လွှတ်မပေး သေးတာက အဓိက ဖြစ်ဖြစ်ကြောင်း ထောက်ပြ ခဲ့တယ်လို့ ဦးတင်ဦးက ပြောပါတယ်။

ဆွစ်ဇာလန်သံအမတ်ကြီး ကမ်းလှမ်းခဲ့တဲ့ လူမှုရေး အကူအညီနဲ့ ပတ်သက်ပြီးတော့လည်း ဒေါ်အောင်ဆန်းစုကြည် စီစဉ် နေတဲ့ မြန်မာ့ လယ်သမားတွေ အတွက် လိုအပ်နေတဲ့ မြွေဆိပ်ဖြေဆေး ကူညီရေးကိစ္စ ပြောဆို လိုက်တယ်လို့ ဦးတင်ဦးက ပြောပါတယ်။

ဒီကနေ့ နေ့ခင်းပိုင်းကလည်း ဒိန်းမတ်နိုင်ငံသံရုံးက နိုင်ငံရေးဆိုင်ရာအတွင်းဝန် Mads Bayer က ဦးတင်ဦး၊ ဦးဝင်းထိန် တို့ကို NLD ရုံးချုပ်ကို သွားရောက် တွေ့ဆုံ ခဲ့တယ်လို့ သိရပါတယ်။

Ref: RFA News

Read More...

မြန်မာ့အရေး တိဘက်အစိုးရသစ် ဆက်လက်ထောက်ခံ

ကိုပေါက်
ကြာသပတေးနေ့၊ ဧပြီလ ၂၈ ရက် ၂၀၁၁

နယူးဒေလီ (မဇ္ဈိမ) ။ ။ အကြမ်းမဲ့ နှလုံးရည်တိုက်ပွဲ အခြေခံမူချင်း တူညီသဖြင့် မြန်မာ့ ဒီမိုကရေစီရေးကို ဆက်လက် ထောက်ခံသွားမည်ဟု တိဘက် ပါလီမန်ရေးရာနှင့် မူဝါဒရေးရာ သုတေသနဌာန TPPRC အတွင်းဝန် မစ္စတာ ဆမ်ဖဲဒေါ်ဂျီ (Dorji)က ပြောဆိုသည်။

တိဘက် အဝေးရောက် အစိုးရ၏ ဝန်ကြီးချုပ်သစ်အဖြစ် ၄၃ နှစ်အရွယ် မစ္စတာ Lobsang Sangay ကို ရွေးချယ် တင်မြှောက်ကြောင်း ဗုဒ္ဓဟူးနေ့တွင် ကြေညာအပြီး ယခုလို ထုတ်ဖော် ပြောဆိုခြင်း ဖြစ်သည်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာ့စီမိုကရေစီအရေးကို အမြဲထောက်ခံခဲ့ရတာကတော့ သူမ လှုပ်ရှားသမျှဟာ အကြမ်းမဲ့ နည်းနာတွေပဲ ဖြစ်လို့ပါ။ ကျနော်တို့လည်း အကြမ်းမဲ့ နည်းနာတွေနဲ့ လှုပ်ရှားနေကြတာပဲ မဟုတ်လား။ တူညီတဲ့ အခြေခံ မှုတွေကိုပဲ လိုက်နာ နေကြတာ ဖြစ်တယ်လေ” ဟု မစ္စတာဒေါ်ဂျီက မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး “တိဘက်ပြည်သူတွေဟာ မြန်မာ့ဒီမိုကရေစီအရေးကို အမြဲထောက်ခံတာနေပါ။ ဒါပေမဲ့ တိဘက် အစိုးရ အနေနဲ့က ကိုယ့် ရပ်တည်ချက်ကို ကြေညာဖို့ အခြေအနေ မပေးသေးပါဘူး။ အိန္ဒိယအစိုးရနဲ့အတူ လုပ်ရမှာတွေက ရှိနေပါတယ်။ ကျနော်တို့ ဘက်က အမြဲထောက်ခံနေတာပါ” ဟု ဆိုသည်။

ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ဘုန်းတော်ကြီး ဒလိုင်လားမား တိဘက်နိုင်ငံရေးမှ အနားယူကြောင်း ပြီးခဲ့သည့် မတ်လ အတွင်း ကြေညာ ပြီးနောက် ပြုလုပ်ခဲ့သည့် ဝန်ကြီးချုပ်သစ် ရွေးကောက်ပွဲ၌ မစ္စတာ Lobsang Sangay ကို ပြည်ပရောက် တိဘက် ပြည်သူများ၏ ဆန္ဒမဲဖြင့် ရွေးချယ် တင်မြှောက်ခဲ့သည်။

တိဘက်ပါလီမန်နှင့် အစိုးရရုံးများမှာ အိန္ဒိယနိုင်ငံ ဟင်မာချယ်ပရာဒေ့ရှ်ပြည်နယ် ဒရမ်ဆာလာမြို့၌ တည်ရှိသည်။

အိန္ဒိယအခြေစိုက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူများနှင့် တိဘက်အမတ်များ၊ ကျောင်းသား လူငယ်များ၊ အမျိုးသမီး များသည် ပူးပေါင်း ဆောင်ရွက်မှုများ ပုံမှန် ရှိခဲ့ကြောင်း အမျိုးသား ညွန့်ပေါင်းအစိုးရ NCGUB ဝန်ကြီး ဒေါက်တာတင့်ဆွေက ပြောသည်။

“အဆင့်တိုင်းမှာ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိပါတယ်။ ဒါပေမဲ့ လူငယ်ကျောင်းသားပိုင်းမှာ နက်နက်နဲနဲ ပူးပေါင်း ဆောင်ရွက်တာ ပြဿနာ မရှိပေမယ့် နိုင်ငံရေး ခေါင်းဆောင်မှု အပိုင်းမှာတော့ တိဘက် ခေါင်းဆောင်တွေနဲ့ မြန်မာ့ နိုင်ငံရေး ပါတီတွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေကျတော့ ပူးပေါင်း ဆောင်ရွက်မှုကို တချို့နေရာတွေမှာ ထိန်းရပါတယ်။ တရုတ်နိုင်ငံက တမျိုး အဓိပ္ပာယ် ဖတ်မှာစိုးလို့ ကျနော်တို့ ထိန်းရတာတွေ ရှိသလို၊ တိဘက် ဘက်ကလည်း ထိန်းပြီးတော့ အတူ လက်တွဲလုပ်ရတာ ရှိပါတယ်” ဟု သူက မဇ္ဈိမကို ပြောသည်။

တိဘက်ဘုန်းတော်ကြီး ဒလိုင်လားမားအနေဖြင့်လည်း ဒေါ်အောင်ဆန်းစုကြည် နေအိမ် အထိန်းသိမ်းခံမှ လွတ်မြောက်ရေး အတွက် အကြိမ်ကြိမ် တိုက်တွန်း တောင်းဆိုခဲ့ပြီး၊ ၂ဝဝ၈ ခုနှစ် နာဂစ်မုန်တိုင်း ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး အတွက်ပါ အမေရိကန် ဒေါ်လာ တသောင်းနှင့် ရူပီးငွေ ၅ သိန်း ပေးလှူခဲ့ကြောင်း ဒေါက်တာတင့်ဆွေက ဆက်ပြောသည်။

ပြည်ပရောက် တိဘက်လူမျိုးဦးရေ တသိန်းခွဲခန့်ရှိရာ အိန္ဒိယနိုင်ငံ၌ တသိန်းခန့် နေထိုင်လျက်ရှိသည်။ ကမ္ဘာ တဝှမ်းရှိ တိဘက် ၆ဝ ရာခိုင်နှုန်းမှ ဝန်ကြီးချုပ်ကို တိုက်ရိုက် ရွေးချယ် တင်မြှောက်သည်။ ဒေသဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင် ၅၆ ခုမှ အစီရင်ခံ ချက်များ အရ မဲပေးသူ၏ ၅၅ ရာခိုင်နှုန်း ထောက်ခံမဲဖြင့် အခြားပြိုင်ဘက် ၂ ဦးကို အနိုင်ရပြီး ဝန်ကြီးချုပ် ဖြစ်လာသူ မစ္စတာ Lobsang Sangay မှာ သက်တမ်း ၅ နှစ်အတွက် လာမည့် သြဂုတ်လ ၁၅ ရက်နေ့တွင် စတင်၍ တာဝန် ထမ်းဆောင်ရမည်။

ဤသက်တမ်းအတွက် ထူးခြားသော မူဝါဒရေးရာ ပြောင်းလဲမှုများ ရှိနိုင်မည်မဟုတ်ဟု အတွင်းဝန် မစ္စတာဒေါ်ဂျီက ဆိုသည်။

၁၉၅ဝ ခုနှစ်တွင် တိဘက်ကုန်းပြင်မြင့်ကို တရုတ် ပြည်သူ့လွတ်မြောက်ရေး တပ်မတော်က သိမ်းပိုက်လိုက်ပြီး၊ တရုတ် ပြည်မကြီးထဲမှ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတခု အဖြစ် သတ်မှတ်သည့် အပေါ် တိဘက်များ ပုန်ကန်ထကြွကာ အိန္ဒိယထဲသို့ ၁၉၅၉ မှစ၍ ခိုလှုံလာခဲ့သည်။

တိဘက်ဝန်ကြီးချုပ်သစ်မှာ အိန္ဒိယတွင် မွေးဖွားခဲ့ပြီး ဒေလီတက္ကသိုလ်မှ ဥပဒေဘွဲ့ရကာ ပညာတော်သင် ဆုဖြင့် ဟားဗတ် တက္ကသိုလ်သို့ တက်ရောက်ခဲ့သည်။ တိဘက် လူမျိုးထဲမှ ဥပဒေ ပါရဂူဘွဲ့ကို ဟားဗတ် ဥပဒေ ကျောင်းမှ ပထမဆုံး ရရှိခဲ့သူ ဖြစ်သည်။

အဝေးရောက် တိဘက်အစိုးရကို ‘တရားမဝင်’ အဖွဲ့အစည်းဖြစ်ကြောင်းနှင့် ‘ခွဲထွက်ရေးလှုပ်ရှားမှုများ’ ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Hong Lei က သတင်းထောက်များကို အင်္ဂါနေ့တွင် ပြောဆိုကြောင်း AFP သတင်းဌာနက ဖော်ပြခဲ့သည်။

Ref: မဇ္ဈိမ

Read More...

ထိုင်း၌ မြန်မာ အလုပ်သမား ၁၀၀၀ ခန့် ဆန္ဒပြ

Thursday, 28 April 2011

ထိုင်းနိုင်ငံ မြောက်ပိုင်း ဖဲ့ချဘွန်း (Phechabun) ခရိုင် Bueng Samphan မြို့နယ်တွင် ရှိသော Saha Farms ကြက်သား စက်ရုံ ကုမ္ပဏီမှ လုံခြုံရေး အစောင့် အကျပ်များနှင့် မြန်မာ အလုပ်သားများ ယမန်နေ့က ခိုက်ရန် ဖြစ်ပွားခဲ့ပြီးနောက် မြန်မာ အလုပ်သမား ၁၀၀၀ ခန့် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ယမန်နေ့ ည ၈ နာရီခန့်က အလုပ်သမားများ နေထိုင်သည့် အဆောင်အနီးတွင် မြန်မာ အလုပ်သမားများ ဂစ်တာတီး နေစဉ် လုံခြုံရေး အစောင့် အကျပ်များက လာရောက် ပြောဆိုရာကနေ ခိုက်ရန် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အလုပ်သမားများက ယင်းစက်ရုံကို ထိန်းချုပ်ထားပြီး လုံခြုံရေး အစောင့်အကျပ်တဦးကို ဓားစာခံ အဖြစ် ဖမ်းဆီး ထားကြောင်း၊ ဆက်လက် တင်းမာနေပြီး ယင်း လုံခြုံရေး အစောင့် အကျပ်ကိုလည်း ယခုအထိ ပြန်မလွှတ်သေးကြောင်း ယနေ့ထုတ် The Nation သတင်းစာ၌ ရေးသားထားသည်။

မြန်မာ အလုပ်သမားများက အလုပ်သမား ရုံးခန်းသို့ သွားရောက်တိုင်ကြားခဲ့ရာ မဖြေရှင်းပေးသည့် အတွက် ပြဿနာ ကြီးထွားခဲ့ ကြောင်း အလုပ်သမား ကိုကျော်ကျော်က ဧရာဝတီသို့ ပြောသည်။

“ဖြေရှင်ပေးဖို့ ပြောတော့ အလုပ်သမား ရုံးခန်းက လူကြီးက မဖြေရှင်းပေးနိုင်ဘူး မိုးလင်းမှ ဖြေရှင်းပေးမယ် ပြောလို့ အလုပ်သမား တွေက မကျေမနပ်ဖြစ်ပြီး ၀ုန်းဒိုင်း ကြဲကြတယ်၊ လုံခြုံရေးတွေ စီးတဲ့ ကားတွေကို ဖျက်ဆီးပစ်ကြတယ်၊ ကားလေး ငါးစီးလောက်ပါ တယ်၊ ဆိုင်ကယ်လည်း သုံးလေး စီးလောက်ပါတယ်”ဟု ၎င်းက ဆိုသည်။

အလုပ်သမားတွေ အဆိုအရ အသက် ၂၀ အရွယ်ရှိ ကိုမင်းမင်းကို လုံခြုံရေး အစောင့်အကျပ်များက ၀ိုင်းရိုက်လိုက် သဖြင့် နားထင် နှင့် ဦးခေါင်းတို့တွင် ဒဏ်ရာများ ရရှိသွားကြောင်း သိရသည်။

ယနေ့တွင် ရဲနှင့် လူဝင်မှု ကြီးကြပ်ရေးဌာန(လ၀က)မှ တာဝန်ရှိများ ပူးပေါင်းထားသော အင်အား ၁၀၀ ခန့်က အလုပ်သမားများကို ၀င်ရောက် ဖမ်းဆီးမည့် အနေအထား တွေ့ရကြောင်း အလုပ်သမားများက ပြောသည်။

မြန်မာ အလုပ်အမားများကို အလုပ်ပိုင်ရှင် သူဌေးက ဆွေးနွေး ညှိနှိုင်းခဲ့ပြီး တချို့တောင်းဆိုချက် များကိုလည်း လိုက်လျော ပေးခဲ့ကြောင်း သိရသည်။

အလုပ်ပိုင်ရှင် သူဌေးအနေဖြင့် အလုပ်သမားများအား ရိုက်နက် အနိုင်ကျင့်သော အစောင့် အကျပ်များကို ထိုက်တန်သည့် အပြစ် ပေးမည်ဖြစ်ကြောင်း၊ ဒဏ်ရာရရှိခဲ့သည့် ကိုမင်းမင်းကိုလည်း ဆေးဝါး ကုသစရိတ် တာဝန် ယူပေးမည်ဖြစ်ကြောင်း မြန်မာ အလုပ် သမား ကိုရဲက ပြောသည်။

ယင်း အလုပ်ရုံတွင် အလုပ်လုပ်နေသူများသည် မြန်မာနှင့် ကရင်တိုင်းရင်းသားများ ဖြစ်ကြပြီး တရားဝင် အလုပ်လုပ်သမား လက်မှတ် မရှိသူများကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် အလုပ်သမား လက်မှတ်ဖြင့် တရားဝင် အလုပ်လုပ်ခွင့် ပေးထားသူ မြန်မာနိုင်ငံသား တသန်း သုံးသိန်းခန့် ရှိကြောင်း ထိုင်းအလုပ်သမား ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်များ အရ သိရသည်။

မြန်မာ အလုပ်သမားအရေး ဆောင်ရွက်သည့် အဖွဲ့အစည်းများက ထိုင်းတွင် အလုပ်သမား လက်မှတ် ကိုင်ဆောင် ထားသူနှင့် တရားမ၀င် အလုပ် လုပ်ကိုင်နေသော မြန်မာ နိုင်ငံသား၂ သန်းခွဲမှ ၄ သန်း အတွင်း ရှိနိုင်သည်ဟု ခန့်မှန်း ပြောဆိုသည်။

Ref: ဧရာဝတီ်

Read More...

ဒေါ်အောင်ဆန်းစုကြည် အယ်လယ်နာ ရုစဗဲ့ ဆု ရရှိ

မခင်ဖြူထွေး
ကြာသပတေး, 28 ဧပြီ 2011

အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျယ်လိစ်မြို့မှာ အခြေစိုက်တဲ့ Feminist Majority Foundation လို့ခေါ်တဲ့ အမျိုးသမီး အခွင့်အရေး လှုပ်ရှားမှု အဖွဲ့က မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဒီနှစ်အတွက် အယ်လယ်နာ ရုစဗဲ့ (Eleanor Roosevelt) ဆု ချီးမြှင့်လိုက် ပါတယ်။ ဧပြီလ ၂၆ ရက်နေ့ညက ပြုလုပ်ခဲ့တဲ့ ဒီအဖွဲ့ရဲ့ ဆုပေးပွဲ အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည် ကလည်း ဗွီဒီယိုကနေ တဆင့် မိတ်ဆက်စကားနဲ့ ကျေးဇူးတင်စကားတွေ ပြောကြားခဲ့ပါတယ်။ အပြည့်အစုံကို မခင်ဖြူထွေးက တင်ပြ ပေးထားပါတယ်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အာဖဂန်နစ္စတန်နဲ့ ဟေတီနိုင်ငံ တို့က အမျိုးသမီး လှုပ်ရှားသူ ၂ ဦးနဲ့ အတူ အမေရိကန် NPR ရေဒီယို သတင်းထောက်တဦး စုစုပေါင်း ၄ ဦးတို့ဟာ အမေရိကန် ပြည်ထောင်စု လော့စ်အိန်ဂျယ်လိစ်မြို့ အခြေစိုက် အမျိုးသမီး အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ Feminist Majority Foundation ရဲ့ ဒီနှစ်အတွက် အယ်လယ်နာ ရုစဘဲ့ဆုကို ဂုဏ်ပြု ချီးမြှင့်ခံခဲ့ကြရ တာပါ။

မြန်မာပြည်သူလူထုရဲ့ လူ့အခွင့်အရေး၊ အမျိုးသမီး အခွင့်အရေးတွေ ရရှိဖို့ ဦးဆောင် ကြိုးပမ်းနေတဲ့ ဒေါ်အောင်ဆန်း စုကြည်ရဲ့ လှုပ်ရှားမှုတွေ အတွက် သူ့ကို အခုလို ဂုဏ်ပြုဖို့ ဖြစ်လာခဲ့ရတယ်လို့ Feminist Majority Foundation အဖွဲ့ရဲ့ ဒုတိယ အမှုဆောင် ညွှန်ကြားရေးမှူး ကက်သရင်း ပေလာ (Katherine Piller) က ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူ့အခွင့်အရေးနဲ့ အမျိုးသမီး အခွင့်အရေးဆိုင်ရာ လှုပ်ရှားနေမှုတွေ အတွက် အခုလို ဂုဏ်ပြုရတာပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိဖို့ ဦးဆောင် လှုပ်ရှားနေသူပါ။ ဒါဟာ အဓိကကျတဲ့ လူ့ အခွင့်အရေးနဲ့ အမျိုးသမီး အခွင့်အရေးတွေအတွက် လှုပ်ရှား တိုက်ပွဲဝင်နေတာပဲ ဖြစ်ပါတယ်။ ပြည့်ဝတဲ့ ဒီမိုကရေစီ စနစ်တရပ် ဖြစ်ဖို့ဆိုရင် လူ့အဖွဲ့အစည်းရဲ့ လှုပ်ရှားမှုတွေမှာ အမျိုးသမီးတွေ ပါဝင်ခွင့်ရဖို့ အရေးကြီးပါတယ်။

“ကျမတို့ အခမ်းအနားကို ပေးပို့တဲ့ သူ့ရဲ့ စကားထဲမှာလည်း ဒေါ်အောင်ဆန်းစုကြည်က အမျိုးသမီးတွေရဲ့ အရေးပါတဲ့ အခန်း ကဏ္ဍကို ထောက်ပြ ပြောဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံက ဖိနှိပ်ခံ အမျိုးသမီးတွေ၊ မိန်းကလေးငယ်တွေ အားလုံးရဲ့ အခွင့်အရေး အတွက် ဦးဆောင် တိုက်ပွဲဝင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လှုပ်ရှား ဆောင်ရွက်မှုတွေဟာ မြန်မာနိုင်ငံသားတွေအတွက် သာမက ကမ္ဘာပေါ်က အမျိုးသမီးထု အားလုံးအတွက် အတုယူစရာ စံပြပုဂ္ဂိုလ်တဦး ဖြစ်ပါတယ်။”

Feminist Majority Foundation အဖွဲ့ရဲ့ ဒုတိယ အမှုဆောင် ညွှန်ကြားရေးမှူး ကက်သရင်း ပေလာ ပြောသွားတာ ဖြစ်ပါတယ်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အခမ်းအနားကို ကိုယ်တိုင် မတက်ရောက် နိုင်တဲ့ အတွက် ရုပ်သံနဲ့ ကြိုတင် ရိုက်ယူထားတဲ့ ဗွီဒီယိုခွေကနေ တဆင့် ဆုပေးတဲ့ အဖွဲ့အစည်းနဲ့ အတူ အခမ်းအနား တက်ရောက် လာသူတွေကို အခုလို နှုတ်ဆက်စကား ပြောဆိုခဲ့ပါတယ်။

“အမျိုးသမီးတွေကို ကူညီတာဟာ လူသားတွေ အားလုံးကို ကူညီတာနဲ့ အတူတူပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာကြီးမှာ အမျိုး သမီးတွေဟာ အရေးကြီးတဲ့ အခန်း ကဏ္ဍတွေမှာ ရှိနေကြလို့ပါ။ သူတို့ကျွမ်းကျင်ရာ လုပ်ငန်းခွင်တွေမှာတင် မဟုတ်ဘဲ အိမ်တွင်း၊ မိသားစု အတွင်းမှာပါ သူတို့ဟာ အဓိကကျတဲ့ အခန်းကဏ္ဍမှာ ရှိနေကြတာပါ။ အခုလို အမျိုးသမီးတွေ ဘက်က လိုက်ပြီး ကျမ ပြောနေတာကို အခမ်းအနား တက်ရောက် လာတဲ့ အမျိုးသားတွေ နားလည်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

“အမျိုးသမီးတွေ ကြုံတွေ့နေရတဲ့ အခက်အခဲ၊ ပြဿနာတွေ၊ အမျိုးသမီးတွေ ရင်ဆိုင်နေရတဲ့ ခွဲခြား ဆက်ဆံ ခံရမှုတွေကို အမျိုးသမီးတွေ အချင်းချင်းကပဲ နားလည်မှု အရှိဆုံးပါ။ ဒါကြောင့်လည်း ကျမတို့အားလုံး၊ အထူးသဖြင့် အမျိုးသမီးတွေ အနေနဲ့ မိမိတို့ရဲ့ ကိုယ်ပိုင် လုပ်နိုင်ရည် စွမ်းအားတွေနဲ့ ကိုယ့်ရဲ့ အခွင့်အရေး တွေ အပြည့်အ၀ ခံစားခွင့်ရတဲ့ အချိန်အထိ ညီအမရင်းတွေလို စိတ်ထားပြီး အတူတကွနဲ့ အနီးကပ် ပူးပေါင်း ဆောင်ရွက်သွားကြဖို့ ကျမ မျှော်လင့်ပါတယ်။”

လူ့အခွင့်အရေးမှာ ယုံကြည်သူတယောက် အနေနဲ့ အခုလို လူ့အခွင့်အရေးနဲ့ အမျိုးသမီး အခွင့်အရေး အတွက် ရှေ့တန်းကနေ ဦးဆောင် လှုပ်ရှားခဲ့သူ အယ်လယ်နာ ရုစဘဲ့ကို ဂုဏ်ပြု ချီးမြှင့်တဲ့ဆု ချီးမြှင့်ခံရတာဟာ တကယ့်ကို ဂုဏ်ယူစရာ ပါပဲလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ မြန်မာနိုင်ငံ လူ့အခွင့်အရေး လှုပ်ရှားမှုကို နိုင်ငံတကာက ကူညီ ထောက်ပံ့ နေကြတဲ့အတွက် ကျေးဇူးတင်တဲ့ အကြောင်းနဲ့ ဆက်ပြီးတော့ အားပေး ကူညီသွားကြဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောဆိုသွားခဲ့ပါတယ်။

ကမ္ဘာတ၀န်းက အမျိုးသမီး အခွင့်အရေး လှုပ်ရှား တက်ကြွသူတွေကို Feminist Majority Foundation အဖွဲ့က အခုလို အယ်လယ်နာ ရုစဘဲ့ ဂုဏ်ပြုဆု ချီးမြှင့်လာခဲ့တာဟာ ဒီနှစ် ၇ ကြိမ်မြောက် ဖြစ်ပါတယ်။ လူသားတိုင်းဟာ လူသားဖြစ်တဲ့ အတွက် အသက်ရှင် နေထိုင်ခွင့် အပါအ၀င် အခြေခံ အခွင့်အရေးတွေ ခံစားခွင့်ရှိရမယ် ဆိုတာကို ဖော်ပြထားတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကြေညာစာတမ်း ရေးဆွဲပြဋ္ဌာန်း နိုင်အောင် ဦးဆောင် ကြိုးပမ်းခဲ့သူ အမေရိကန် သမ္မတဟောင်း ဖရန်ကလင် ရုစဘဲ့ (Franklin Roosevelt) ကတော် အယ်လယ်နာ ရုစဘဲ့ကို ဂုဏ်ပြုတဲ့ အနေနဲ့ ဒီဆုကို ချီးမြှင့်တာ ဖြစ်ပါတယ်။

ဒီနှစ် ဆုပေးပွဲ အခမ်းအနားကို လော့စ်အိန်ဂျလိစ်မြို့က Beverley Hills ဟိုတယ်မှာ ဧပြီလ ၂၆ ရက်နေ့ ညက ကျင်းပခဲ့တာ ဖြစ်ပြီး ဒီနှစ် ဆုချီး မြှင့်ခံရသူတွေ ထဲမှာတော့ ဒေါ်အောင်ဆန်းစုကြည် အပြင် အာဖဂန် နစ္စတန်နဲ့ ဟေတီနိုင်ငံက အမျိုးသမီး အခွင့်အရေး တက်ကြွ လှုပ်ရှားသူ ၂ ဦးနဲ့ အမေရိကန်ပြည်ထောင်စု NPR ရေဒီယိုဌာနက သတင်းထောက် တဦးတို့ ပါဝင်ကြပါတယ်။

Ref: VOA News

Read More...

ဓာတ်ငွေ့သယ် ရထားလမ်းအတွက် မြန်မာ-တရုတ် လက်မှတ်ထိုး

ကိုဝိုင်း
ကြာသပတေးနေ့၊ ဧပြီလ ၂၈ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းပါ မူဆယ်-လားရှိုး ရထားလမ်း ပိုင်းကို ၃ နှစ်အတွင်း အပြီး တည်ဆောက်မည်ဟု မြန်မာ-တရုတ် အစိုးရများ အကြား ဗုဒ္ဓဟူးနေ့တွင် သဘော တူညီလိုက်သည်။

ကမ္ဘာ့အရှေ့အလယ်ပိုင်း အာရပ်ဒေသမှ ရေနံနှင့် ရခိုင်ကမ်းလွန် သဘာဝဓာတ်ငွေ့များကို တရုတ်နိုင်ငံသို့ တင်သွင်းရန် ရည်ရွယ် တည်ဆောက်မည့် ကျောက်ဖြူ-မူဆယ် ပိုက်လိုင်း တလျှောက် ရထားလမ်း စီမံကိန်း၏ ပထမ အဆင့်ဖြစ်ကြောင်း မြန်မာ့ အလင်း သတင်းစာ၌ ကြာသပတေး နေ့တွင် ဖော်ပြ ပါရှိသည်။

မြန်မာနိုင်ငံ ရထားပို့ဆောင်ရေး ဝန်ကြီးဌာနနှင့် တရုတ်အစိုးရပိုင် China Railway Engineering Corporation အကြား “မူဆယ်-ကျောက်ဖြူ ရထားလမ်း ပို့ဆောင်ရေး စနစ် စီမံကိန်း” ဆိုင်ရာ နားလည်မှု စာချွန်လွှာ လက်မှတ်ထိုးပွဲကို နေပြည်တော်၌ ဗုဒ္ဓဟူးနေ့တွင် ပြုလုပ်ခဲ့ရာ၊ အထူးစီမံကိန်းများ အကောင်အထည် ဖော်ရေးအဖွဲ့ ဒုဥက္ကဋ္ဌဖြစ်သူ ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး တက်ရောက်ခဲ့သည်။

China Railway Engineering Corporation ကုမ္ပဏီ ဥက္ကဋ္ဌ မစ္စတာ Li Chang Jin ဦးဆောင်သည့် အဖွဲ့အပြင် မြန်မာ အစိုးရ ပြည်ထောင်စု ဝန်ကြီးများနှင့် ရှေ့နေချုပ်လည်း တက်ရောက်ကြသည်။

လက်ရှိအစိုးရ မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူး ဦးသိန်းဆွေနှင့် တရုတ်ကုမ္ပဏီ ကိုယ်စားလှယ် မစ္စတာ Zhao Deyi တို့က စာချုပ်များကို လက်မှတ်ရေးထိုးကြခြင်း ဖြစ်သည်။

မူဆယ်-လားရှိုး ရထားလမ်းအရှည် မိုင် ၈ဝ ခန့်၊ တံတား ၄၁ စင်း၊ ဥမင်လိုဏ် ၃၆ ခု၊ ဘူတာ ၇ ခု တည်ဆောက်မည် ဖြစ်ပြီး၊ တည်ဆောက်ချိန် ၃ နှစ် ခန့်မှန်းထားကြောင်း သတင်းစာက ဆိုသည်။

စီမံကိန်းကုန်ကျငွေကို ယခင် စစ်အစိုးရက တရားဝင် ကြေညာခဲ့ခြင်း မရှိသော်လည်း တရုတ်အစိုးရပိုင် CNPC ကုမ္ပဏီနှင့် မြန်မာ့ ရေနံနှင့် သဘောဝ လုပ်ငန်းတို့ အစုပိုင်သည့် ရေနံပိုက်လိုင်း တည်ဆောက်ရေး အတွက်ပင် အမေရိကန် ဒေါ်လာ သန်း ၁၅ဝဝ ခန့်ကျော် ကုန်ကျမည်ဟု ရွှေဂတ်စ် လှုပ်ရှားမှု ရခိုင်အဖွဲ့က ထုတ်ပြန်ထားသည်။

တရုတ် လောင်စာပိုက်လိုင်းကုမ္ပဏီ China Petroleum Pipeline Bureau (CPP) က တာဝန်ယူ တည်ဆောက်မည် ဖြစ်ပြီး မဒေးကျွန်းမှ စတင်မည့် မြန်မာ-တရုတ် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းသည် ရခိုင်ပြည်နယ် အမ်းမြို့နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ် မြောက်ပိုင်းကို ဖြတ်ကာ တရုတ်နိုင်ငံသို့ မူဆယ်မှ ဝင်ရောက်မည်။

“ပိုက်လိုင်းက ရှမ်းပြည်မြောက်ပိုင်းက လားရှိုး-မူဆယ်ကားလမ်းရဲ့ အရှေ့ဘက်အတိုင်း ဆင်းလာပြီး၊ ၁ဝ၅ မိုင်နား ကနေ ဝမ်တိန်မြို့ဘက်၊ ကြူကုတ်-ပန်ဆန်းနဲ့ မူဆယ်မြို့ ကြားက နေဝင်မှာ။ ရထားလမ်းက ရွှေလီအထိ ရောက်မယ်” ဟု တရုတ်-မြန်မာနယ်စပ် အခြေစိုက် စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောက မဇ္ဈိမကို ပြောသည်။

ပိုက်လိုင်းဖြတ်မည့် ရှမ်းပြည်မြောက်ပိုင်း လားရှိုးမှ တရုတ်နယ်စပ်ဆင်းသည့် လမ်းကြောပေါ်တွင် ကိုးကန့် လက်နက်ကိုင် တပ်နှင့် ကချင် လွတ်မြောက်ရေးတပ် KIA တပ်မဟာ ၄ တို့ အခြေစိုက် လှုပ်ရှား နေသော်လည်း တရုတ်အစိုးရနှင့် ဆက်ဆံရေး ပျက်မည်ကို လိုလားကြမည် မဟုတ်ဟု သူက သုံးသပ်သည်။

ရခိုင်ပြည်နယ်ဘက်တွင် ပိုက်လိုင်းဖြတ်မည့်လမ်းနှင့် မလွတ်ကင်းသည့် မြေယာများကို သိမ်းဆည်းရာ၌ နစ်နာသူများ ရှိသော်လည်း ရမ်းဗြဲကျွန်း ဖွံ့ဖြိုးလာမည်ကိုမူ ကြိုဆိုသည်ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ဥက္ကဋ္ဌ ဒေါက်တာ ဦးအေးမောင်က ပြောသည်။

“ဒါပေမဲ့ ကျောက်ဖြူမှာ ရခိုင်လူထု ပျောက်ပြီးမှ မန္တလေးလိုဟာမျိုးပေါ့ဗျာ၊ တရုတ်မြို့ကြီး ဖြစ်သွားပြီးရင် ရခိုင်တွေက တောင်ကုတ်လို ဂျိုင့်တွေ၊ တောင်တွေကြားကို ရောက်သွားပြီး လုပ်စားရမဲ့ ကိုင်စားရမဲ့ ဖြစ်သွားမှာကို ကျနော်တို့ ကြောက်ပါတယ်” ဟု သူက မဇ္ဈိမကို ပြောသည်။

ကျောက်ဖြူမြို့နှင့် မဒေးကျွန်းတို့၌ ရေနက်ဆိပ်ကမ်း၊ ရေနံသိုလှောင်ကန်စခန်း၊ သဘာဝဓာတ်ငွေ့ သိုလှောင်ရေး စခန်း၊ ဓာတ်ငွေ့ သန့်စင် စက်ရုံ စသည့် တည်ဆောက်ရေး လုပ်ငန်းများ ပါဝင်ပြီး ကိုရီးယားပိုင် ဒေဝူးကုမ္ပဏီနှင့် တရုတ် ကုမ္ပဏီများက စတင်နေပြီ ဖြစ်သည်။ ၂ဝ၁၃ ခုနှစ်တွင် စီမံကိန်း အပြီးသတ်မည်ဟု တရားဝင် သတင်းများက ဆိုသည်။

အစိုးရအသစ်၏ အထူးစီမံကိန်းများ အကောင်အထည်ဖော်ရေးအဖွဲ့ ဥက္ကဋ္ဌ သမ္မတဦးသိန်းစိန်ကလည်း “တပ်မတော် အစိုးရ” လက်ထက်က မပြီးပြတ်ခဲ့သည့် လုပ်ငန်းများကို ၂ နှစ်၊ ၃ နှစ်အတွင်း ပြီးပြတ်စေရန် ဆောင်ရွက်ရမည်ဟု ပြောဆိုထားသည်။

တရုတ်နယ်စပ် မူဆယ်ဘက်တွင်မူ ရထားလမ်းသစ်နှင့် ပတ်သက်၍ ထူးခြားမှု မရှိသော်လည်း သံမဏိ ပိုက်လုံး ရှည်များ ၁ဝ ဘီးကားများဖြင့် မြန်မာဘက် တင်ဆောင်နေသည်ကို ယခင်လမှစ၍ သတိထားမိသည်ဟု ဦးအောင်ကျော်ဇောက ပြောသည်။

Ref: မဇ္ဈိမ

Read More...

ဈေးစည်ပင်ကြောင့် သီရိမင်္ဂလာဈေးသစ် ဆိုင်ခန်းရှင်များ အခက်ကြုံ

ယုယမိုး
Thursday, 28 April 2011

ရန်ကုန် သီရိမင်္ဂလာဈေးကြီး၏ ဈေးသူဈေးသားများ၊ ဆိုင်ခန်း ပိုင်ရှင်များသည် ဈေးများဌာန စည်ပင် သာယာရေး ကော်မတီ၏ မတရား အခွန်ကောက်ခံမှု၊ အဂတိလိုက်စားမှု များကြောင့် အခက်အခဲများ ရင်ဆိုင် နေရသည်ဟု သိရသည်။

ရန်ကုန်မြို့၏ အကြီးဆုံး ကုန်စိမ်းဈေးကြီးဖြစ်သည့် သီရိမင်္ဂလာဈေးကြီးကို ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာ ၂၃ ရက်နေ့ ကတည်းက ရန်ကုန်တိုင်း လှိုင်မြို့နယ်သို့ ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့သော်လည်း ဆောက်လုပ်ရေး လုပ်ငန်းများမှာ ယခုအထိ မပြီးစီး သေးကြောင်း၊ ဆောက်လုပ်ရေး ကုန်ကျ စရိတ်များကိုလည်း ဈေးဟောင်းမှပြောင်းရွှေ့ ရောင်းချလာသူ ဈေးသူဈေးသား များထံမှ ကောက်ခံ နေကြောင်း၊ ထို့အပြင် ဈေးစည်ပင် သာယာရေးမှ တာဝန်ယူ ကုန်ကျခံရမည့် ဈေးလုံခြုံရေး လမ်း လျှပ်စစ်မီတာခ များအား ဆိုင်ခန်း အကျယ်အ၀န်းကို လိုက်ကာ ပေးဆောင်ရမည်ဟု ဈေးစည်ပင်မှ ထုတ်ပြန် လိုက်ကြောင်း သီရိမင်္ဂလာဈေးတွင် ကုန်စိမ်းများ ရောင်းချနေသည့် ဦးချိုကြီးက ပြောသည်။

“ကျနော်တို့ ဈေးသစ်ကို မပြောင်းခင်ကတော့ ဈေးစည်ပင်သာယာရေး ဌာနမှူး ဦးတင်ကိုကို ကိုယ်တိုင်က တည်ဆောက် ရေးတွေ အားလုံးပြီးမှ ပြောင်းရမယ်၊ ဆိုင်ခန်းတွေကို အတိအကျ ပြန်နေရာ ချထားပေးမယ်၊ ဘာအခွန်အခမှ ထပ် မတောင်းဘူးလို့ မနှစ်က မတ်လမှာ အသေအချာ ပြောခဲ့ပါတယ်။ အခုတော့ ဆိုင်ခန်း ဆောက်လုပ်ရေးတွေ မပြီးသေးခင် ဈေးပြောင်းပေးရတဲ့ အပြင်၊ ဆောက်လုပ်ဆဲ ဆိုင်ခန်းတွေရဲ့ ကုန်ကျ စရိတ်တွေပါ ပေးရတယ်” ဟု သူက ဆိုသည်။

ယခုလ ၂၃ ရက်နေ့ကလည်း ဈေးလုံခြုံရေး လျှပ်စစ်မီးဖိုးများကို ကောက်ခံသွားကြောင်း၊ အစိုးရ ယူနစ်အတိုင်း ကောက်ခံပါက တဈေးလုံး အတွက် ကျပ် ၈ သောင်း ၀န်းကျင်သာ ကုန်ကျမည် ဖြစ်သော်လည်း ထိုစနစ်ဖြင့် ကောက်ခံခြင်း မဟုတ်ဘဲ ဆိုင်ခန်း အကျယ်အ၀န်းပေါ် မူတည်ပြီး ကောက်ခံသဖြင့် နစ်နာကြောင်း ၎င်းက ဆက်ပြောသည်။

“ဆိုင်ခန်းကျဉ်းရင် တခန်းကို ကျပ် ၅၀၀ နှုန်း၊ ကျယ်ရင် ၁၀၀၀ နှုန်းပေးရတယ်။ ဧပြီတလတည်းရဲ့ မီးဖိုးမဟုတ်ဘဲ ၄ လစာ မီးဖိုး ဆိုပြီး Back Date နဲ့ ပေးရမှာပါ” ဟု ဦးချိုကြီးက ဆိုသည်။

သီရိမင်္ဂလာဈေးသစ်တွင် ဆိုင်ခန်းစုစုပေါင်း ၂၀၀၀ ကျော် ရှိသဖြင့် လုံခြုံရေး မီတာခမှာ တဈေးလုံးအတွက် ကျပ် သိန်း ၁၀ ဂဏန်းချီ ပေးဆောင်နေရသည်ဟု သူက ပြောသည်။

အဆိုပါကိစ္စရပ်နှင့် ပတ်သက်၍ ဧရာဝတီက ဈေးဌာနမှူး ဦးတင်ကိုကို အား ဆက်သွယ်မေးမြန်းရာ ဖြေဆိုခြင်း မရှိပေ။

ဆိုင်ခန်းပိုင်ရှင်များသည် ဈေးစည်ပင်မှ သတ်မှတ်ပေးသော နေရာများတွင်သာ ရောင်းချရပြီး နေရာကောင်းသည့် ဆိုင်ခန်းများ အား ဈေးစည်ပင်က လေလံတင် ရောင်းစားထားမှုများလည်း ရှိကြောင်း သိရသည်။

“ကျမတို့ ဆိုင်ခန်းတွေဆို ဈေးဝင်ပေါက်နဲ့ နီးတဲ့နေရာမျိုး မဟုတ်ဘဲ ချောင်ကျတဲ့ အနောက်ဘက် နားလောက်ကို ပေးထားတယ်။ ဆိုင်ခန်းပိုင်ရှင် တော်တော် များများလည်း ကျမလိုပဲ။ ဆိုင်ခန်းနေရာ ကောင်းတွေကိုတော့ ဈေးစည်ပင်က လေလံတင် ရောင်းစားဖို့ သိမ်းထားတယ်။ ဇန်န၀ါရီ လတုန်းကတောင် ဆိုင်ခန်းတချို့ လေလံတင်သေးတယ်” ဟု ငှက်ပျောသီး ပွဲရုံပိုင်ရှင် အမျိုးသမီးတဦးက ပြောသည်။

ဈေးသစ်တွင် ယခင် ဈေးဟောင်းကဲ့သို့ အရောင်းအ၀ယ် မကောင်းကြောင်း၊ ဈေးသစ်သို့ ပြောင်းရွှေ့ လာသည်မှာ ၄ လခန့် ရှိပြီ ဖြစ်သော်လည်း ပုံမှန် မဖြစ်သေးဘဲ ယခင် ၀ယ်နေကြ ဖောက်သည်များမှာ ဆိုင်ခန်းနေရာများကို မမှတ်မိသဖြင့် နီးစပ်ရာ ဆိုင်များတွင်သာ ဝယ်ယူကြသောကြောင့် နစ်နာရကြောင်း ၎င်းက ဆိုသည်။

ဆက်လက်၍ သူက “ကုန်တင်ကုန်ချ အလုပ်သမား စရိတ်များလည်း ယရင်ထက် ၂ ဆပို ပေးနေရတယ်။ အခုလို လမ်းမီး မီတာခတွေကို ကျမတို့ ဈေးသူဈေးသားတွေကပဲ အကုန်အကျ ခံရမယ်ဆိုတော့ အခက်အခဲ တွေ့နေကြပါတယ်” ဟု ပြောသည်။

သီရိမင်္ဂလာ ဈေးသူဈေးသားများသည် ယခင် ရန်ကုန် မြို့တော်ဝန် ဦးအောင်သိန်းလင်း လက်ထက်က ယာဉ်ကျောပိတ်ဆို့သည် ဆိုသည့် အကြောင်းပြချက်ဖြင့် အဓမ္မ ပြောင်းရွှေ့ခိုင်းမှုကြောင့် ကြည့်မြင်တိုင်မြို့နယ် ဈေးဟောင်းနေရာမှ ယခုလှိုင်မြို့နယ် ပိတောက်ချောင်း အနီးသို့ ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့ရသည်။

Ref: ဧရာဝတီ်

Read More...

နယ်စပ်အခြေစိုက် အတိုက်အခံများ ထိုင်း နှိမ်နင်းဖွယ်ရှိ

Thursday, 28 April 2011

ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့အခြေစိုက် မြန်မာအတိုက်အခံ အဖွဲ့အစည်းများ ၏ ရုံးများနှင့် လူနေအိမ်များကို ထိုင်း ရဲတပ်ဖွဲ့က မကြာမီ ၀င်ရောက် ဖမ်းဆီးမှုများ ပြုလုပ်နိုင်သည်ဟု ကရင်ပြည်နယ် မြ၀တီခရိုင် ရဲ တပ်ဖွဲ့နှင့် နီးစပ်သည့် အစိုးရ ၀န်ထမ်း တဦးက ပြောသည်။

မြန်မာနိုင်ငံ မြ၀တီမြို့တွင် ယမန်နေ့က ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ရဲချုပ် ဦးဆောင်သည့် အဖွဲ့နှင့် မြ၀တီ ခရိုင် ရဲမှူး ဦးဆောင်သော အဖွဲ့တို့ ပြုလုပ်သည့် နှစ်နိုင်ငံ နယ်စပ်ဆိုင်ရာ ပူးတွဲ မှုခင်းတိုက်ဖျက်ရေး စည်းဝေးပွဲတွင် ယင်းသို့ မြန်မာ အတိုက် အခံများနှင့် ပတ်သက်၍ ထည့်သွင်း ဆွေးနွေးခြင်းဖြစ်ကြောင်း သိရသည်။

“မနေ့ကမြ၀တီမှာ ထိုင်းနဲ့မြန်မာရဲတွေ အထူးစည်းဝေးပွဲ လုပ်ကြတယ်၊ လူကုန်ကူးမှု တိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါး နှိမ်နင်းရေး ကိစ္စ၊ နယ်စပ်ရေးရာနဲ့ မဲဆောက်မှာရှိနေတဲ့ မြန်မာ အတိုက်အခံ အဖွဲ့တွေကို ထိုင်းဘက်က အရေးယူပေးဖို့ ကိစ္စတွေ ပါတယ်၊ မြန်မာရဲ ဘက်က ထိုင်းရဲကို ပေးတဲ့ သက်သေခံ အထောက်အထားတွေ ထဲမှာ မြန်မာ အတိုက်အခံတွေရဲ့ရုံး တွေနဲ့ လူနေအိမ်တွေကို ရပ်ကွက် အလိုက် လမ်းအလိုက် ဓာတ်ပုံ အထောက်အထားတွေနဲ့ ပေးလိုက်တယ်”ဟု အထက်ပါ အစိုးရ ၀န်ထမ်းက ပြောသည်။

မြန်မာဘက်က အဓိကဆွေးနွေးသည့်အချက်တွင် မြ၀တီခရိုင်အတွင်း ဖြစ်ပွားနေသည့် အကြမ်းဖက်မှုနှင့် ဗုံးခွဲ တိုက်ခိုက် မှုများသည် ထိုင်းဘက်တွင် အခြေစိုက်သည့် မြန်မာ အတိုက်အခံ အဖွဲ့များက ပြုလုပ်နေခြင်း ဖြစ်သည့်အတွက် ထိုင်းဘက်မှ အမြန်ဆုံး အရေးယူမှုများ ပြုလုပ်ပေးရန် ပါရှိသည်ဟု သိရသည်။

ယမန်နေ့ကပြုလုပ်သည့် ထိုအထူးစည်းဝေးပွဲသို့ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ရဲမှူးကြီး Pol. Maj.Gen Chamlong Nomsian နှင့် အတူ ခရိုင်အဆင့် အကောက်ခွန်ဌာန၊ ထိုင်းလ၀က၊ ကာကွယ်ရေးဌာန၊ နယ်ခြားကော်မတီ စသည့် အဖွဲ့များမှ အဆင့်မြင့် အရာရှိများ တက်ရောက် ဆွေးနွေးခဲ့ကြသည်။

မြန်မာဘက်မှ မြ၀တီခရိုင် ရဲမှူး ဒုရဲမှူးကြီး ခင်ကျော်၊ ရဲမှူး လေးစိုး(ဦးစီး)၊ ရဲမှူး လင်းဦး(သတင်းတပ်ဖွဲ့)၊ ဒုရဲမှူး အောင်ငွေ၊ ဒုရဲမှူး ကြီးရွှေ(လူကုန်ကူး-အထူး)၊ ဒုရဲမှူး စောလေးဝါး(မူးယစ် အထူး)၊ ရဲအုပ်သိန်းလွင်(မူးယစ်အထူး-BLO)၊ ရဲအုပ် အောင် မျိုးလွင် နှင့် ဒုရဲအုပ် ဆွေလတ် တို့ တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးမှ နှစ်နိုင်ငံ တာဝန်ရှိသူများ သဘောတူညီချက်အရ မကြာမီ ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့ နှင့် မြ၀တီ ခရိုင်အတွင်း ရာဇ၀တ်မှု နှိမ်နှင်းရေးဆိုင်ရာ စစ်ဆင်ရေးများကို တိုးမြှင့် လုပ်ဆောင်လာနိုင်သည်ဟု မဲဆောက်ရှိ ၀ါရင့် ထိုင်း သတင်းထောက် တဦးက ပြောဆိုသည်။


Ref: ဧရာဝတီ်

Read More...

Thursday, April 28, 2011

ခွဲခြားဖိနှိပ်ရေး အင်္ကျီ

သန်းထိုက်ဦး
Wednesday, 27 April 2011

ထိုင်းနိုင်ငံတောင်ပိုင်း ဖန်းငခရိုင်၊ ခူရဘူရီမြို့နယ်မှာ ရှိတဲ့ နမ့်မယွန်း နယ်မြေမှာ လာရောက် အလုပ် လုပ်ကိုင်နေတဲ့ မြန်မာ အလုပ် သမားတွေကို နယ်မြေခံ ရဲတွေက ယခုနှစ် နှစ်ဆန်းပိုင်းမှာ ဥပဒေ အသစ်တခု ထုတ်ပြန်လိုက်ပါတယ်။ အဲဒါကတော့ အလုပ်ကနေ အပြင်ကို ထွက်တဲ့ အခါတိုင်း လိမ္မော်ရောင် အင်္ကျီလက်ပြတ်တွေကို အပေါ်က ထပ်ပြီး ၀တ်ဆင် သွားလာကြဖို့ပါ။

ဒီဥပဒေဟာ ထိုင်းအာဏာပိုင်တွေက မြန်မာ အလုပ်သမားတွေကို ဖိနှိပ် ခွဲခြား ဆက်ဆံတာ ဖြစ်တယ်လို့ လူ့အခွင့်အရေး လှုပ်ရှား သူတွေက ဝေဖန်ကြပါတယ်။

လိမ္မော်ရောင် အင်္ကျီလက်ပြတ်တွေ ၀တ်ဆင်ဖို့ ဥပဒေထုတ်ထားတဲ့ အဲဒီ နမ့်မယွန်းဒေသမှာ မြန်မာ နိုင်ငံသား ခန့်မှန်းခြေ လူဦးရေ ၁ သောင်းခန့် ရှိပါတယ်။

အဓိက အလုပ်တွေကတော့ ရေလုပ်ငန်း၊ ဆောက်လုပ်ရေး၊ စားသောက်ဆိုင် စတာတွေမှာ ဖြစ်ပါတယ်။ ဒီနေရာကို အလုပ် လာလုပ်ကြတဲ့ သူတွေဟာ ထားဝယ် တိုင်းရင်းသားတွေ အများဆုံး ဖြစ်ပြီး ရန်ကုန်နဲ့ မော်လမြိုင်မြို့က လာကြတဲ့ သူတွေလည်း ရှိပါတယ်။

တကယ်က လိမ္မော်ရောင်အပြင် တခြားအရောင်တွေကိုလည်း လုပ်ငန်းအလိုက် ခွဲပြီး ဝတ်ခိုင်း ပါသေးတယ်။ ရေလုပ်သား လုပ်ကိုင် နေသူကို လိမ္မော်ရောင်၊ ဈေးဆိုင်တွေမှာ ဈေးရောင်းနေတဲ့ အမျိုးသမီးတွေကို အပြာရောင်၊ ဆောက်လုပ်ရေး အလုပ် သမားတွေကို အညိုရောင် ၀တ်ဆင်ရမယ်ဆိုပြီး ဒေသခံရဲတွေက ထုတ်ပြန် ထားတယ်လို့ သိရပါတယ်။

ဒီလို အရောင်တောက်တောက်နဲ့ အင်္ကျီတွေ မ၀တ်မနေရ ဥပဒေကို ထိုင်းရဲတွေက ၂၀၁၁ ခုနှစ် နှစ်ဆန်းပိုင်း ကတည်းက စတင် ထုတ်ပြန်ခဲ့ပြီး အင်္ကျီတထည်ကို ဘတ်ငွေ ၂၀၀ နဲ့ မြန်မာ နိုင်ငံသားတွေကို မ၀ယ်မနေရ ရောင်းချ ပေးခဲ့သလို၊ ထိုင်းလုပ်ငန်းရှင် တွေက တဆင့်လည်း ရောင်းခိုင်းပါတယ်။

အင်္ကျီနောက်ကျောမှာလည်း ထိုင်းလုပ်ငန်းရှင်ရဲ့နာမည်နဲ့ လုပ်ငန်း အမျိုးအစားတွေကို ထိုင်းစာတွေနဲ့ ထင်ထင် ရှားရှား ရေးထားပါတယ်။

အလုပ်သမား လက်မှတ်နဲ့ ယာယီ ပတ်စပို့တွေ ကိုင်ထားတဲ့ တရားဝင် အလုပ်သမားတွေ ဖြစ်ပေမယ့် သူတို့ သတ်မှတ်တဲ့ အတိုင်း အင်္ကျီ မ၀တ်တဲ့လူတွေကို ဒေသခံ ရဲတွေက လိုက်ဖမ်းတယ်လို့ အဲဒီမှာ လက်ဖက်ရည်ဆိုင် ဖွင့်ထားတဲ့ ကိုအလီက ပြောပါတယ်။

ကိုအလီက “တရားဝင် အလုပ်သမား လက်မှတ်လည်း ရှိတယ်၊ ယာယီ ပတ်စပို့လည်း ရှိတယ်။ အဲဒါတောင် လွတ်လွတ် လပ်လပ် သွားလို့ မရဘူး။ သူတို့ သတ်မှတ် ပေးထားတဲ့အင်္ကျီ ၀တ်ရတယ်။ အင်္ကျီမ၀တ်တဲ့ လူတွေဆိုရင် ရဲကားလာပြီး ကားပေါ် အားလုံး ခေါ်တင်သွားတယ်” လို့ ပြောပါတယ်။

အင်္ကျီဝတ်သည့်တိုင် အပြစ်ရှာခံရပုံကိုလည်း ကိုအလီက “အင်္ကျီကြယ်သီးတပ်တာ မှားရင်လည်း ဖမ်းပြီး ဒဏ်ငွေ ရိုက်တယ်။ အင်္ကျီ မဲနေရင်လည်း အင်္ကျီသန့်သန့် ရှင်းရှင်း မ၀တ်ဘူး ဆိုပြီးတော့ ဒဏ်ငွေရိုက်တယ်။ ဖမ်းတဲ့ အခါမှာ အလုပ်သမား ကတ်ပြားကို ထုတ်ပြတယ်။ ထုတ်ပြတော့ ရဲက မင်းတို့ဆီက အလုပ်သမား ကတ်ပြား ကြည့်ဖို့ မဟုတ်ဘူး၊ အင်္ကျီ ဘာကြောင့် မ၀တ်လဲ၊ မ၀တ်လို့ ဖမ်းတယ်ဆိုပြီး အဲဒီလိုလုပ်တယ်” လို့ ပြောပြပါတယ်။

အဖမ်းခံရတဲ့ အလုပ်သမားတွေဟာ လက်မှတ် အထောက်အထားရှိရင် ရဲကို ဘတ်ငွေ ၁၀၀ (၂၈၀၀ ကျပ်) ကနေ ၅၀၀ (၁၄၀၀၀ ကျပ်) အထိ ပေးဆောင်ရပြီး လက်မှတ်မရှိတဲ့ သူတွေဆိုရင်တော့ အနည်းဆုံး ဘတ်ငွေ ၃၀၀၀ (ကျပ် ၈ သောင်းခွဲ) လောက်အထိ ပေးရပါတယ်။

ကိုအလီက “ပြီးခဲ့တဲ့ ၂ လလောက်က အရမ်း ဖမ်းတယ်။ အခု ဒီလမှာ မဖမ်းတော့ဘူး။ ဒါပေမယ့် အင်္ကျီကတော့ ၀တ်နေရ တုန်းပဲ။ ဘယ်အချိန် ဖမ်းမလဲ ဆိုတာ မသိတော့ ၀တ်နေရတယ်” လို့ ပြောပါတယ်။

တချို့အလုပ်သမားတွေက အင်္ကျီတွေကို ၀တ်ဆင်ပြီး ဈေးဝယ်ထွက်တာရှိပေမယ့် အများစုကတော့ ရဲတွေ ဝတ်ခိုင်းတဲ့ အတိုင်း အင်္ကျီတွေကို မ၀တ်ချင်ကြဘူးလို့ သိရပါတယ်။

ရေလုပ်သား ကိုကပ္ပလီက “အလုပ်သမားတွေ မ၀တ်ချင်ဘူး ဆိုတာက သွားသွားလာလာ ဆိုင်တွေမှာ ထိုင်တဲ့အခါ ဒီအင်္ကျီ အခံကြီးနဲ့ ရှိုးပျက် တယ်ပေါ့နော်၊ အဲဒါကြောင့် မ၀တ်ချင်ကြတာ” လို့ ပြောပါတယ်။

အင်္ကျီမ၀တ်ရင် ဖမ်းတယ်ဆိုတော့ ညစ်ပတ်လို့ လျှော်လိုက်ပြန်ရင်လည်း ၀တ်စရာ မရှိကြောင်း၊ အင်္ကျီခြောက်မှပဲ ပြန်ဝတ်ပြီး အပြင် ထွက်ရမယ့် ပုံစံမျိုးဖြစ်နေကြောင်း ကိုကပ္ပလီက ဆက်ပြောပါတယ်။

တချို့အလုပ်သမားတွေဆို တလမှာ ၂ ကြိမ်လောက် အဖမ်းခံရတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

အသက် ၄၀ ကျော် ရေလုပ်သားတဦးရဲ့ ဇနီးက “ရဲက အင်္ကျီမ၀တ်လို့ အိမ်တန်းလျားမှာ လိုက်ဖမ်းတော့ အိမ်ထဲကို ၀င်ပြေးတာ မြန်သွားလို့။ အဲဒါ အိမ်ကို လက်ညိုးထိုးပြီးတော့ ရဲက ပြောတယ်၊ နင်တို့ မြန်မာတွေ ညထွက်ရင်လည်း အင်္ကျီဝတ်တဲ့၊ မ၀တ်ရင် မြန်မာပြည်ကို ပြန်ပို့မယ်လို့ ပြောတယ်” လို့ ဆိုပါတယ်။

အဲဒီဒေသမှာ ဆိုင်ကယ်တက္ကစီ မောင်းနေတဲ့ ထိုင်းလူမျိုးတွေကလည်း အလုပ်သမားတွေ ၀တ်ဆင်ရတဲ့ လိမ္မော်ရောင်နဲ့ တူနေလို့ မကြာသေးခင်ကမှ အင်္ကျီအရောင်ကို အစိမ်းနုရောင် ပြောင်းလိုက်ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရဲတွေကတော့ အင်္ကျီဝတ်ခိုင်းတာဟာ မြန်မာ အလုပ်သမားတွေ မူးယစ်ပြီး ပြဿနာ တက်တဲ့အခါ ဘယ် အလုပ်ရုံမှာ လုပ်တယ် ဆိုတာသိအောင် အခုလို တင်းကျပ်တာလို့ အကြောင်းပြပါတယ်။

ထိုင်းနိုင်ငံ တောင်ပိုင်း ဖန်းငခရိုင် အခြေစိုက် Grassroots Human Rights Education and Development (GHRED) အဖွဲ့ အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်က ဘယ်လို အခြေအနေကြောင့် အင်္ကျီ ၀တ်ခိုင်းတာပဲ ဖြစ်ဖြစ် အခြေခံ လူ့အခွင့်အရေးကို ချိုးဖောက်တယ်လို့ပဲ မြင်ကြောင်း ဧရာဝတီကို ပြောပါတယ်။

“ဘာဖြစ်လို့လဲ ဆိုတော့ သူတို့အနေနဲ့က လုံခြုံရေးအရပဲ ဖြစ်စေ၊ ဘယ်အလုပ်သမားက ဘယ် အလုပ်ရှင်ရဲ့ အလုပ် သမားတွေဖြစ်ကြောင်း သူတို့က စစ်ဆေးချင်တာပဲ ဖြစ်စေ အဲဒါကို တခြားနည်းလမ်း တွေနဲ့ လုပ်လို့ရတာပဲ။ တိရိစ္ဆာန် တွေလို ဒါမှမဟုတ် ပိုင်ဆိုင်တဲ့ အရာတွေလို သတ်မှတ်ပြီး အင်္ကျီဝ တ်ခိုင်းတယ် ဆိုတာက လူ့အခွင့်အရေးနဲ့ ကြည့်မယ်ဆိုရင် ဒါလုံးဝ သဘာဝ ကျတဲ့ လုပ်ရပ်တခု မဟုတ်ပါဘူး” လို့ ဦးထူးချစ်က ဆိုပါတယ်။

ထိုင်းနိုင်ငံ တောင်ပိုင်းဒေသတွေမှာ အာဏာပိုင်တွေက လွန်ခဲ့တဲ့ ၄ နှစ်လောက်က ပြည်နယ် လုံခြုံရေး ဥပဒေ အရ မြန်မာ အလုပ်သမားတွေ ညဘက် အပြင်မထွက်ရ အမိန့်အပြင် လူ ၅ ယောက်ထက် ပိုပြီး မစုဝေးရ၊ မိုဘိုင်းဖုန်း မကိုင်ရ စသည်ဖြင့် ထုတ်ပြန် ခဲ့ဖူးပါတယ်။

ဦးထူးချစ်ကတော့ “ဒါဟာ ဒေသခံ အာဏာပိုင်တွေ တရားဝင် အဂတိ လိုက်စားမှုတွေကို လွယ်လွယ်ကူကူ လုပ်နိုင်အောင် ပြဌာန်းတဲ့ ဥပဒေပဲလို့ မြင်တယ်”လို့ ပြောပါတယ်။ ။

Ref: ဧရာဝတီ်

Read More...

ပဲခူးတိုင်း နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားမှု စတင်

2011-04-27

ပဲခူးတိုင်းအနောက်ဖက်ခြမ်း၊သာယာဝတီခရိုင် အတွင်းရှိ ၈ မြို့နယ် NLD အဖွဲ့ဝင်တွေဟာ မြန်မာ အစိုးရသစ် သမတ ဦးသိန်းစိန် ဆီကို နိင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့ မေတ္တာရပ်ခံစာနဲ့ Signature Campaign စီမံချက်ကို စတင် အကောင်အထည်ဖော် ဆောင်ရွက် နေတယ်လို့ သာယာဝတီမြို့နယ် NLD ဥက္ကဋ္ဌက ဧပြီ ၂၇ ရက် ဒီကနေ့ RFA ကို ပြောပါတယ်။

သာယာဝတီခရိုင်အတွင်းက မြို့နယ်တွေကတော့ လက်ပံတန်း ၊ ဇီးကုန်း၊ မင်းလှ၊ နတ္တလင်း၊ ကြို့ပင်ကောက်၊ အုတ်ဖို၊ သုံးဆယ်၊ သာယာဝတီ စတဲ့ မြို့နယ်တွေ ဖြစ်ပါတယ်။

မြို့နယ်လူထုဟာလည်း ဒီစီမံချက်အပေါ် အထူး စိတ်ဝင်တစားနဲ့ ပါဝင် လုပ်ဆောင်လာတာ တွေ့ရကြောင်း သာယာဝတီ မြို့နယ် NLD ဥက္ကဋ္ဌ ဦးအောင်မြင့်က ပြောသွားပါတယ်၊

အခုလို လူထုလက်မှတ် ကောက်ယူတဲ့ စီမံချက်ကို သာယာဝတီခရိုင်ဖက်မှာ ဧပြီ ၂၆ ရက် မနေ့က စတင်ခဲ့တာဟာ ဧပြီ ၂၅ ရက်နေ့က NLD ဗဟိုမှာ ပဲခူးတိုင်းအရှေ့နဲ့ အနောက်ခြမ်းက မြို့နယ် ၂၈ မြို့နယ်က NLD ကိုယ်စားလှယ်တွေ တွေ့ဆုံခဲ့ပြီး ဒီစီမံချက် ဆောင်ရွက်ဖို့ ပုံစံစာရွက်တွေ ဒေါ်ဖြူဖြူသင်းတို့ အဖွဲ့က ဖြန့်ဝေ ပေးခဲ့ပါတယ်။

ဒီပုံစံစာရွက်တွေနဲ့ မနေ့က သာယာဝတီခရိုင် ၈ မြို့နယ်မှာ ဒီစီမံချက်ကို စတင်ခဲ့ကြတာ ဖြစ်ပါတယ်။ လူထု အနေနဲ့ စိတ်ဝင်စားမှုနဲ့ ပတ်သက်လို့လည်း သာယာဝတီ မြို့နယ် NLD ဥက္ကဋ္ဌ ဦးအောင်မြင့်က အခုချိန်ထိ သာယာဝတီနဲ့ သုံးဆယ် မြို့နယ်တွေမှာ လူထု လက်မှတ် ကောက်ယူခဲ့တာ လက်မှတ် ၇၀၀ ကျော် ကောက်ခံ ရရှိပြီလို့လည်း ပြောသွားပါတယ်။

Ref: RFA News

Read More...

သမ္မတမိန့်ခွန်း အကောင်အထည်ဖော်ဖို့ တိုင်းရင်းသား ၅ ပါတီ တောင်းဆို

ဦးမိုးဇော်
ဗုဒ္ဓဟူး, 27 ဧပြီ 2011

၂၀၁၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ တိုင်းရင်းသားပါတီ ၅ ပါတီရဲ့ ၂ ရက်ကြာ အစည်း အဝေးဟာ ဒီကနေ့ ပြီးဆုံး သွားခဲ့ပြီး နိုင်ငံရေး အပြောင်း အလဲတွေ ဖော်ဆောင်နိုင်ဖို့နဲ့ ဒေသတွင်း ဖွံ့ဖြိုးရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့ အတွက် အချက် ၅ ချက် တင်ပြ တောင်းဆိုကြောင်း ဆုံးဖြတ် ခဲ့ကြပါတယ်။ ဒီအကြံပြု တောင်းဆိုချက်တွေဟာ မြန်မာပြည်ရဲ့ ပကတိ လိုအပ်ချက်တွေ နဲ့လည်း ကိုက်ညီ နေတာကြောင့် အစိုးရဘက်က အကောင်အထည် ဖော်မယ်လို့လည်း မျှော်လင့်ထားပါတယ်။ ဒီအကြောင်း အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုးသားပါတီ၊ မွန် ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီ ပါတီ၊ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီနဲ့ ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီတို့ ပါဝင်တဲ့ ၅ ပါတီ အစည်း အဝေးဟာ ဒီလ ၂၆ ရက်နေ့က စတင်ခဲ့ပြီး ဒီကနေ့ ၂၇ ရက်နေ့ ညနေပိုင်းမှာ ပြီးဆုံးသွားတာ ဖြစ်ပါတယ်။

ဒီအစည်းအဝေးအတွင်းမှာ လွှတ်တော်ကျင်းပစဉ်က ဆွေးနွေး တင်ပြခဲ့ကြတဲ့ အချက်တွေကို ပြန်လှန် သုံးသပ် ခဲ့ကြပြီး ၂၇ ရက်နေ့ ညနေပိုင်း မှာတော့ အစိုးရသစ်နဲ့ နိုင်ငံတကာ အသိုင်း အ၀ိုင်းကို အချက် ၅ ချက် တင်ပြ တောင်းဆို ခဲ့တယ်လို့ မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီ ပါတီရဲ့ ဥက္ကဋ္ဌ ဦးနိုင်ငွေသိမ်းက အခုလို ပြောပါတယ်။

“အဲဒီ ၅ ချက်က သမ္မတရဲ့ မိန့်ခွန်းကို ကြိုဆိုတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ဖြစ်အောင်လို့ လုပ်ပေးပါ ဆိုပြီးတော့ တောင်းဆို ထားတဲ့ သဘောရှိတယ်။ နံပါတ် ၂ က တိုင်းရင်းသားတွေ နေထိုင်တဲ့ နေရာမှာ ဖွံ့ဖြိုးမှုကတော့ တိုင်းဒေသကြီးမှာ နေတဲ့သူ ထက်ကို ခြားနားတာပေါ့။ အဲဒါကြောင့် တည်ငြိမ် အေးချမ်းမှု ရမယ်ဆိုရင်တော့ တိုးတက် လာမယ်ပေါ့။ ဒါကြောင့် တည်ငြိမ် အေးချမ်းမှုရအောင် တက်လာတဲ့ အစိုးရသစ်က ဖန်တီးပေးပါဆိုတဲ့ တချက်။

“နောက်တချက်က အမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ ပတ်သက်ပြီး အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့် ပေါ့ဗျာ။ ဒီအမိန့်ကို ထုတ်ပြန်ပေးပါ ဆိုပြီးတော့ ဒီလိုမျိုး တောင်းဆိုထားတဲ့ သဘောပါ။ နောက်တခါ နယ်စပ်ဒေသမှာ ဖွံ့ဖြိုး တိုးတက်ဖို့က နယ်စပ် ဒေသမှာရှိတဲ့ ပုဂ္ဂိုလ်ကို တာဝန်ပေးမယ်ဆို ဆောင်ရွက်ရတာ ပိုပြီးတော့ လွယ်ကူမယ် ဆိုတဲ့ အနေအထား။ နောက် တိုင်းရင်းသား ဒေသတွေမှာ နိမ့်ကျနေတဲ့ ပညာရေး၊ ကျန်းမာရေး၊ အခြားကဏ္ဍတွေ အတွက်ကတော့ လူသားချင်း စာနာတဲ့ အကူအညီကို ပိုမိုပေးဖို့ ဆိုပြီးတော့ နိုင်ငံတကာ မိသားစုကို မေတ္တာရပ်ခံပြီး တောင်းဆို ထားတယ်ပေါ့ဗျာ။”

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီက အထွေထွေ အတွင်းရေးမှူး ဦးလှစောကတော့ မြန်မာနိုင်ငံမှာ တကယ် လိုအပ်နေတဲ့ အရာတွေကို အကျေအလည် ညှိနှိုင်းတိုင်ပင်ပြီး တောင်းဆို ထားတာ ဖြစ်တယ်လို့ ပြောပါတယ်။

“ကျနော်တို့ တောင်းဆိုတာတွေက ဗမာပြည်မှာ တကယ်ဖြစ်သင့်တဲ့ ဟာတွေပဲဗျ။ ဥပမာ General Amnesty ကို ကျနော်တို့ တောင်းဆိုတယ်။ ဒါကလည်း ဗမာပြည်မှာ တကယ် အမျိုးသား ချစ်ကြည်ရေးကို ရှေ့ရှုပြီးတော့ General Amnesty ကို အမြန်ဆုံး ဖော်ထုတ်ပေးဖို့ပဲ။ ထုတ်လည်း ထုတ်ပေးမယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။

“နောက်တခုကလည်း ပြည်တွင်း ငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်ဘဲနဲ့ ကျနော်တို့ တိုင်းရင်းသား တွေရဲ့ ဖွံ့ဖြိုး တိုးတက်မှု ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ အဲတော့ ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်ဖို့ အတွက် တပ်မတော် ဘက်ကရော၊ တိုင်းရင်းသား အင်အားစုတွေ ဘက်ကရော လောလောဆယ်မှာ အပစ်အခတ် ရပ်စဲမယ် ဆိုရင်တော့ ပြည်သူ တရပ်လုံးကတော့ တော်တော် ၀မ်းမြောက် ၀မ်းသာ ဖြစ်ကြမှာပဲ။ အဲဒါလည်း ဘာမှ မလိုက်လျော နိုင်စရာ မရှိပါဘူး။ ပြည်သူ တရပ်လုံးကလည်း မျှော်လင့်တဲ့ ကိစ္စ၊ တကယ့်ကို ဖြစ်နိုင်တဲ့၊ လက်တွေ့ကျတဲ့၊ ပြည်သူ တရပ်လုံးလည်း မျှော်လင့်တဲ့၊ နိုင်ငံတကာ မှာလည်း အင်မတန် မင်္ဂလာရမယ့် ကိစ္စပေါ့ဗျာ၊ ကျနော်တို့က တင်ပြတာပဲ ဖြစ်ပါတယ်ဗျာ။”

ဒီတောင်းဆိုချက်တွေ အပေါ်မှာတော့ အစိုးရက အကောင်အထည် ဖော်ပေးလိမ့်မယ်လို့ မျှော်လင့် ထားတယ်လို့ ဆိုပါတယ်။

တိုင်းရင်းသား မဟာမိတ် ၅ ပါတီဟာ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေတွေကို လေ့လာ ဆန်းစစ်ပြီး အလားတူ အကြံပြု တာနဲ့ ဝေဖန်တာတွေကို ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဦးလှစောက ဆက်ပြောပါတယ်။

ကရင်၊ ချင်း၊ မွန်၊ ရခိုင်နဲ့ ရှမ်း စတဲ့ တိုင်းရင်းသားပါတီ ၅ ပါတီဟာ အရင်ကလည်း ဒု-သမ္မတ တနေရာကို တိုင်းရင်းသား ခေါင်းဆောင် တဦးဦးကို ခန့်ထားဖို့ တောင်းဆိုခဲ့ရာမှာ သူတို့ တောင်းဆိုတဲ့ အတိုင်း အောင်မြင်မှု ရခဲ့ဖူးပါတယ်။

Ref: VOA News

Read More...

ရပ်ကွက် အုပ်ချုပ်ရေးမှူးနေရာရရေး လာဘ်ထိုးမှုများရှိ

ဟိန်းဇော်
Wednesday, 27 April 2011

အစိုးရသစ် တက်လာပြီးနောက် ရပ်ကွက် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (ရယက) ရုံးများကို ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး အဖြစ်သို့ ပြောင်းလဲခဲ့ရာ ရပ်ကွက် အုပ်ချုပ်ရေး မှူးများကို လာမည့် မေလ ၁၀ ရက်နေ့တွင် နိုင်ငံတ၀န်း စတင် ခန့်အပ်တော့မည်ဖြစ် သောကြောင့် ယင်းနေရာ ရလိုသူများက ငွေကြေး လာဘ်လာဘ ပေး၍ ကြိုးပမ်း နေကြကြောင်း သိရှိရသည်။

ပြောင်းလဲခန့်ထားမည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနေရာ ရလိုသူများက သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းဒေသကြီး အထွေထွေ အုပ်ချုပ် ရေး ဦးစီး ဌာနများတွင် ငွေကြေး လာဘ်လာဘပေး၍ ဆောင်ရွက် နေကြကြောင်း ရန်ကုန်တိုင်း ဒေသကြီး သာကေတ မြို့နယ်ရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူး နေရာရရှိရေး ဆောင်ရွက်သူတဦးက ပြောသည်။

“အုပ်ချုပ်ရေးမှူးတွေကို အသစ်ခန့်ထားမယ်။ လက်ရှိ ရပ်ကွက် ဥက္ကဌတွေက ပြုတ်မယ်။ အခု ခန့်စာ ရောက်နေပြီ။ လိုက်ကြတာ ပိုက်ဆံတော့ တော်တော် ကုန်တယ်”ဟု ၎င်းက ပြောသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူး တာဝန်ယူရမည့်သူများသည် ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ ကင်းရှင်းသူ ဖြစ်ရမည်ဖြစ်ပြီး ပြည်သူ လူထု၏ ထောက်ခံမှု အပြည့်အဝ ရရှိသူများကိုသာ ခန့်အပ် သွားမည်ဖြစ်ကြောင်း၊ လစာ အနေဖြင့် ကျပ် ၅၀၀၀၀ ရရှိမည် ဖြစ်ကြောင်း သိရှိရသည်။

ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးများတွင် အုပ်ချုပ်ရေးမှူး တဦး၊ အဖွဲ့ဝင်နှစ်ဦးဖြင့် ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူ တဦးက ပြောဆိုသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် တာဝန်ထမ်းဆောင်မည့် အုပ်ချုပ်ရေးမှူးကို ခန့်အပ်ရွေးချယ်ရာတွင် ရပ်ကွက်က ကြည်ညို လေးစား သူ ဖြစ်ရန်နှင့် အများပြည်သူ၏ ထောက်ခံချက် ရယူရမည် ဖြစ်ကြောင်း၊ ခရိုင် နှင့် မြို့နယ် အုပ်ချုပ်ရေးမှူး များကိုမူ နိုင်ငံ့ ၀န်ထမ်းများ ထဲမှ ခန့်အပ်သွားရန် ရှိကြောင်းလည်း ၎င်းက ဆိုသည်။

စစ်အစိုးရ အတည်ပြုထားသော၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၈၈ အရ ခရိုင် အဆင့်ဆင့်၊ မြို့နယ် အဆင့်ဆင့် တို့၏ အုပ်ချုပ်ရေးကို နိုင်ငံ့ ဝန်ထမ်းများအား တာဝန်ပေး ဆောင်ရွက်ရမည်ဟု လည်းကောင်း၊ ပုဒ်မ ၂၈၉ အရ ရပ်ကွက် သို့မဟုတ် ကျေး ရွာအုပ်စု ၏ အုပ်ချုပ်ရေးကို ရပ်ကွက်က ကြည်ညိုလေးစားပြီး သိက္ခာ၊ သမာဓိ ရှိသည့် ပုဂ္ဂိုလ် တဦးဦးကို ဥပဒေနှင့်အညီ ခန့်အပ် တာဝန်ပေး ဆောင်ရွက်စေရမည် ဖြစ်ကြောင်း ပါရှိသည်။

အစိုးရသစ် တာဝန်ယူပြီးနောက် ရပ်ကွက် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဟူသော ဆိုင်းဘုတ်များကို ရန်ကုန်နှင့် တခြား သော ဒေသများ၌ ပြီးခဲ့သည့် မတ်လ ၃၀ တွင်ဖြုတ်ချခဲ့ပြီး ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဟု ဆိုင်းဘုတ် အသစ်များကို ပြောင်းလဲ တပ်ဆင်မှုများ ပြုလုပ်ခဲ့သည်။

မတ်လ ၃၀ ရက်နေ့က သမ္မတသစ် ဦးသိန်းစိန် ဦးဆောင်သော အစိုးရသစ် အဖွဲ့အား နအဖ စစ်အစိုးရ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၏ အမိန့်ဖြင့် နိုင်ငံတော် အာဏာ အရပ်ရပ်ကို လွှဲပြောင်း လိုက်ကြောင်း၊ အာဏာ လွှဲပြောင်း လိုက်ချိန်မှ စ၍ နအဖ အစိုးရ အဖွဲ့သည် ဗဟို၊ ပြည်နယ်၊ တိုင်းဒေသကြီး အဆင့်မှ ရပ်ကွက်၊ ကျေးရွာ အဆင့်အထိ ဖျက်သိမ်းပြီး ဖြစ်ကြောင်း အစိုးရ မီဒီယာများတွင် ကြေညာခဲ့ပြီးဖြစ်သည်။

Ref: ဧရာဝတီ်

Read More...

ထိုင်းရောက် တရားမဝင် လုပ်သားများ မှတ်ပုံတင်ခွင့်ပြုပြီ

အောင်မြတ်စိုး
ဗုဒ္ဓဟူးနေ့၊ ဧပြီလ ၂၇ ရက် ၂၀၁၁

ဘန်ကောက် (မဇ္ဈိမ) ။ ။ အကြောင်းအမျိုးမျိုးကြောင့် မှတ်ပုံမတင်သေးသည့် ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်း လုပ်သားများကို မှတ်ပုံတင်ခွင့် တရားဝင် ခွင့်ပြုပြီဟု ထိုင်းအစိုးရ ကြေညာချက်ကို ကိုးကား၍ နေးရှင်း သတင်းက ဗုဒ္ဓဟူးနေ့တွင် ဖော်ပြ လိုက်သည်။

မှတ်ပုံတင်ခွင့်ပြုရေး ဆုံးဖြတ်ချက်ကို ထိုင်းဝန်ကြီးချုပ် အဘီဆစ်ဝေ့ချာချီဝက ဧပြီလ ၂၆ ရက်၊ အင်္ဂါနေ့တွင် ပြုလုပ်သော ထိုင်းအစိုးရ အဖွဲ့ အစည်းအဝေး၌ သဘောတူကြောင်း လက်မှတ် ထိုးခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီးချုပ်ရုံး အမြဲတမ်း လက်ထောက်ပြန်ကြားရေးမှူးများ ဖြစ်သော နာယ်စုဖချား ကြိုင်စမု နာယ်ဝိချရ ကာနိကောန် နှင့် နာယ်မာရု မာ့စ်ယဝါနိက “တရားမဝင် နေထိုင် လုပ်ကိုင်နေသည့် ရွှေ့ပြောင်းအ လုပ်သမားများကို မှတ်ပုံတင်ရေး စီမံချက်မှ ၁၉၇၉ ခုနှစ် လူဝင်မှု ကြီးကြပ်ရေး ဥပဒေပုဒ်မ ၁၇ ကို အသုံးပြုပြီး အလုပ် လုပ်ကိုင်ရန် ရည်ရွယ်သူများနှင့် ၎င်းတို့၏ ၁၅ နှစ်အောက် ကလေးများကို တနှစ်ထက် မကြာသော ယာယီ နေထိုင်ခွင့် ပေးရန်” ဟု အစည်းအဝေး အပြီး သတင်း ထုတ်ပြန်ရာတွင် ပြောဆိုခဲ့ကြသည်။

အဆိုပါ လဝက ဥပဒေပုဒ်မ ၁၇ သည် “အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် နိုင်ငံခြားသား တဦးဦးကို နေရပ် ရင်းသို့ ပြန်လည် ပို့ဆောင်ခြင်း မပြုဘဲ ထိုင်းနိုင်ငံ အတွင်း ယာယီ နေထိုင်ခွင့်ပြုသည်” ဟု အဓိပ္ပာယ် သက်ရောက်သည်။

အစီအစဉ်အရ ရွှေ့ပြောင်းလုပ်သားများနှင့် ၎င်းတို့ရင်သွေးငယ်များကို နိုင်ငံအတွင်း ယာယီနေထိုင်ခွင့် ထော်ရော် (၃၈/၁) ထုတ်ပေးမည် ဖြစ်ကာ ၎င်းနောက်ပိုင်း မိဘများကို ကျန်းမာရေး ဆေးစစ်မှု ခံယူပြီး အလုပ် လုပ်ခွင့် လက်မှတ် လျှောက်ထားခွင့် ပြုမည်။

အလုပ်လုပ်ခွင့်သက်တမ်း တနှစ်ရှိမည်ဖြစ်ပြီး ယခင်ကဲ့သို့ အလုပ် သမားများသည် ကျန်းမာရေး ဆေးစစ်ခ၊ အာမခံနှင့် အလုပ် လုပ်ခွင့် ပါမစ်အတွက် ငွေ ပေးသွင်းပြီးနောက် အလုပ် လုပ်နိုင်မည်။ စနစ်တခုလုံး ပိုမို ကောင်းမွန်ရန် ရည်ရွယ်၍ လိုအပ်သော အသေးစိတ် ပြင်ဆင် စရာများ ရှိသဖြင့် စတင် မှတ်ပုံတင်ရမည့် ရက်ကို အတိအကျ မသတ်မှတ်သေးပေ။ သို့သော် မကြာခင် ရက်ပိုင်းအတွင်း စတင်မည်ဟု အလုပ်သမားရေး အဖွဲ့များက ဆိုသည်။

“ကျန်းမာရေးနဲ့ အလုပ်သမားဝန်ကြီးဌာနတွေက အသေးစိတ် ပြင်ဆင်စရာလေးတွေ ရှိနေလို့၊ တပတ် နှစ်ပတ်တော့ ကြာနိုင်တယ်။ ဆိုတော့ ရွှေ့ပြောင်း အလုပ်သမားတွေနဲ့ ပြင်ဆင်စရာ ရှိတာတွေ ပြင်ဆင် စေချင်ပါတယ်။ အလုပ်ရှင်ကို မှတ်ပုံ တင်ပေးဖို့ တိုက်တွန်းတာ၊ ကလေးတွေအတွက် အထောက်အထား စာရွက်စာတမ်း ပြင်ဆင်တာတွေ ကိုပေါ့” ဟု ရွှေ့ပြောင်း အလုပ်သမား အရေး ပူးပေါင်း ဆောင်ရွက်မှုအဖွဲ့ Migrant Working Group (MWG) မှ တာဝန်ခံ တဦးက မဇ္ဈိမကို ပြောသည်။ ပေးသွင်းငွေ ပမာဏသည် ယခင်ကဲ့သို့ ရှိနိုင်မည်ဖြစ်ကာ ကလေးများအတွက် ငွေပေးသွင်းရမည် မဟုတ်ဟု ဆိုသည်။

ကျန်းမာရေး ဆေးစစ်ခ၊ အာမခံနှင့် အလုပ်လုပ်ခွင့် မှတ်ပုံတင် ကုန်ကျငွေ အားလုံးသည် ဘတ်ငွေ ၃၈ဝဝ ဖြစ်သည်။ မှတ်ပုံတင် မပြုလုပ်မီနှင့် ပြုလုပ်ပြီးနောက် ထပ်မံ ဝင်ရောက် လာသူများကိုမူ တားဆီးသွားမည် ဖြစ်သည်။ ထို့နောက် မှတ်ပုံ တင်ပြီးနောက် မှတ်ပုံ မတင်ခဲ့သည့် အလုပ်သမားများ၊ ၎င်းတို့၏ အလုပ်ရှင်များ၊ နေထိုင်ခွင့် ပေးသူများနှင့် သက်ဆိုင် သူများကို ဖမ်းဆီးခြင်းနှင့် ဥပဒေအရ အရေးယူခြင်းများ ဆောင်ရွက်သွားမည်ဟု သတင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

“အလုပ်သမား တော်တော်များများ လာရောက် မှတ်ပုံတင်ကြမယ်လို့ ကျနော်တို့ မျှော်လင့်တာပါပဲ။ ရွှေ့ပြောင်းတွေ မှတ်ပုံ တင်ရင် ကလေးတွေလည်း ပါလာမှာပါ။ ဒါပေမဲ့ ကလေးတွေအတွက် ကျန်းမာရေး စောင့်ရှောက်ခွင့် ပေးမပေးကတော့ ကျနော်တို့ စောင့်ကြည့် ရဦးမှာပါ” ဟု MWG တာဝန်ခံက ပြောဆိုသည်။

ယခင်က ဒုဝန်ကြီးချုပ် အမှူးပြုသော နိုင်ငံခြားသား အလုပ်သမား စီမံခန့်ခွဲရေး ကော်မတီကိုပါ လုပ်ငန်းများ ပိုမို အဆင် ပြေစေရန် အလုပ်သမား ဝန်ကြီးဌာန လက်အောက်၌ ဗဟိုနှင့် ခရိုင်အဆင့် ဌာနများ တိုးချဲ့ ဖွင့်လှစ်မည် ဖြစ်သဖြင့် ပိုမို မြန်ဆန်ကာ လွယ်ကူမှု ရှိမည်ဖြစ်သည်။

“ထိုင်းတော်ဝင်အစိုးရကို တိုက်တွန်းလိုတာက မှတ်ပုံတင်စနစ်ကို လွယ်ကူချောမွေ့စေဖို့နဲ့ လုပ်ငန်း ရှင်တွေကို ရွှေ့ပြောင်းတွေ မှတ်ပုံ တင်စေဖို့ ဖိအား ပေးစေ လိုတာပါပဲ။ ပြီးတော့ မှတ်ပုံ တင်ထားတဲ့ အလုပ်သမားတွေရဲ့ အခွင့်အရေးနဲ့ အကာအကွယ် ပေးရေးတွေ၊ နိုင်ငံသား စိစစ်မှုပြုရေး လုပ်ငန်း ကိစ္စမှာလည်း သူတို့ တတ်နိုင်လောက်တဲ့ အခြေအနေ ဖြစ်အောင်၊ ၁၅ နှစ်အထက်နဲ့ ၁၈ နှစ်အောက် ကလေးတွေကိုလည်း တရားဝင် မှတ်ပုံ တင်ခွင့် ပြုတာ စတာတွေပါ” ဟု MWG တာဝန်ခံက ပြောဆိုလိုက်သည်။

၂ဝဝ၉ ခုနှစ် သြဂုတ်လထဲတွင် မှတ်ပုံတင်ခွင့် ပြုသောအခါ မြန်မာ၊ လာအို၊ ကမ္ဘောဒီယား ရွှေ့ပြောင်း အလုပ်သမား ၁.၃ သန်း မှတ်ပုံ တင်ခဲ့ကာ၊ ယခုနှစ် ဖေဖော်ဝါရီ လကုန် သက်တမ်း ဆက်ခွင့် ကုန်ဆုံးသော အခါ အလုပ်သမား ဦးရေ ၈၄၅,၁၃၉ ဦးသာ တရားဝင် တည်ရှိ တော့သည်ဟု ထိုင်းအလုပ်သမား ဝန်ကြီးဌာန ထုတ်ပြန်သော စာရင်းဇယားကို ကိုးကား၍ နိုင်ငံတကာ ရွှေ့ပြောင်း နေထိုင်သူများ ရေးရာ IOM အဖွဲ့က ဧပြီလ ၁၁ ရက်နေ့တွင် သတင်း ထုတ်ခဲ့သည်။

မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား ၃ နိုင်ငံမှ ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်၍ အလုပ် လုပ်နေသူ ၅၅ဝ,ဝဝ၃ ဦး ဖြစ်ပြီး၊ ထိုအထဲတွင် မြန်မာက ၃၅၂,၇၄၈ ဦး ပါဝင်သည်ဟု ဆိုသည်။

အလုပ်သမားရေး လုပ်ဆောင်နေသော အဖွဲ့များက တရားဝင်နှင့် တရားမဝင် မြန်မာ ရွှေ့ပြောင်း အလုပ်သမား ၂ သန်းခန့် ထိုင်းနိုင်ငံအတွင်း အလုပ် လုပ်ကိုင်နေသည်ဟု ခန့်မှန်းထားသည်။

Ref: မဇ္ဈိမ

Read More...

ကမ္ဘောဒီးယားနဲ့ အပစ်ရပ် ဆွေးနွေးပွဲ ထိုင်း ဖျက်သိမ်း

Daniel Schearf's Report in Burmese
ဗုဒ္ဓဟူး, 27 ဧပြီ 2011

ထိုင်းနိုင်ငံက ကမ္ဘောဒီးယားနဲ့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမယ့် အစီအစဉ်ကို ဖျက်သိမ်း လိုက်ပါတယ်။ ဒါဟာ ဆယ်စုနှစ်နဲ့ ချီပြီး အငြင်းပွား နေခဲ့ကြတဲ့ နယ်စပ် အရေးအခင်းမှာ တိုက်ခိုက်မှုတွေ အဆိုးဆုံးထိ ရောက်မလာခင် တိုက်ပွဲတွေ စောစောစီးစီး အဆုံးသတ်စေမယ့် မျှော်လင့်ချက်ကို ပျက်ပြယ် သွားစေခဲ့တာ ဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ဗွီအိုအေ သတင်းထောက် ဒန်နီယယ် ရှာ့ဖ် (Daniel Schearf) ဘန်ကောက်ကနေ သတင်း ပေးပို့ ထားတာကို မခွာညိုက တင်ပြ ပေးထားပါတယ်။

သောကြာနေ့ကတည်းက စဖြစ်လာခဲ့တဲ့ တိုက်ပွဲတွေမှာ အရပ်သား တယောက်နဲ့ စစ်သား ၁၃ ယောက် သေဆုံး ခဲ့ရပါတယ်။ အခုလို ဆွေးနွေးပွဲ အထမမြောက်တာနဲ့ ရင်ဆိုင် တိုက်ပွဲတွေ ဖြစ်နေတာနဲ့ ပတ်သက်လို့ နှစ်နိုင်ငံလုံးက တဘက်ကို တဘက် အပြစ် ပုံချနေကြပါတယ်။

ထိုင်း ကာကွယ်ရေးဝန်ကြီး ပရာဝစ် ဝေါင်ဆူဝန် (Prawit Wongsuwan) က ကမ္ဘောဒီးယား ကာကွယ်ရေး ၀န်ကြီး တီဘန်း (Tea Banh) နဲ့ မြို့တော် ဖနွမ်းပင်မှာ တွေ့ဆုံပြီး နှစ်ဘက် စစ်တပ် ကြားမှာ တပတ်ကြာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ အဆုံးသတ်ရေး မနေ့ ဗုဒ္ဓဟူးနေ့မှာ ဆွေးနွေးကြဖို့ စီစဉ် ထားခဲ့တာပါ။

ဒါပေမဲ့ မနက်အစောပိုင်းမှာ နှစ်ဘက်စလုံးက လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက် နေခဲ့ကြပြီး ထိုင်း အာဏာပိုင်တွေ ဘက်က တွေ့ဆုံ ဆွေးနွေးရေးကို ဖျက်သိမ်း ခဲ့တာပါ။ ထိုင်းနိုင်ငံကို အနိုင် တိုက်လိုက် နိုင်ပြီလို့ ကမ္ဘောဒီးယား သတင်းမှာ ဖော်ပြ လိုက်ပြီးတဲ့နောက် တွေ့ဆုံ ဆွေးနွေးဖို့ ဖျက်သိမ်း လိုက်တာဖြစ်ကြောင်း ထိုင်း စစ်ဘက်ဆိုင်ရာ ပြောခွင့်ရသူ တဦးကို ကိုးကားပြီး ထိုင်း သတင်းတွေမှာ ရေးသား ဖော်ပြ ခဲ့ကြပါတယ်။

တရုတ်နိုင်ငံမှာ ကာကွယ်ရေးဝန်ကြီး ပရာဝစ်က အချေအတင် အစည်းအဝေးတွေ ရှိခဲ့ကြောင်းနဲ့ ဆွေးနွေးပွဲ ကျင်းပနိုင်မယ့် အခြေအနေ ကောင်းတွေ ဖြစ်မလာတဲ့ အပေါ် ထိုင်းဝန်ကြီးချုပ် အဘီဆစ် ၀ိတ်ချာချီဝ (Abhisit Vejjajiva) က ကမ္ဘောဒီးယားကို အပြစ် တင်ပါတယ်။

“ကမ္ဘောဒီးယားက ဆွေးနွေးချင်တယ်လို့ ပြောတယ်။ ဒါပေမဲ့ တိုက်ခိုက်နေတာတွေ ကိုတော့ မရပ်ဘူး။ ဒီတော့ တွေ့ဆုံ ဆွေးနွေးဖို့ အခက်အခဲ ရှိပါတယ်။” လို့ သူက ပြောသွားပါတယ်။

ဆက်ပြီး ထိုင်း ကာကွယ်ရေးဝန်ကြီးဟာ တွေ့ဆုံဆွေးနွေးဖို့ အတွက် တရုတ်ပြည်ကို သွားခဲ့ပြီး အခု အဲဒီကို ရောက်နေပါပြီ။ ထိုင်းနိုင်ငံ ဘက်ကလည်း တွေ့ဆုံ ဆွေးနွေးရေး ဖြစ်မြောက် စေချင်ပါတယ်။ ဒါပေမဲ့ ကမ္ဘောဒီးယား နိုင်ငံဘက်က စပြီး တိုက်ခိုက်မှုတွေ ရပ်ရ ပါမယ်လို့ သူက ပြောသွားခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့က မစ္စတာ အဘီဆစ်ဟာ နယ်စပ်ဒေသ၊ ဆူရင်ပြည်နယ်က ဒဏ်ရာရ သူတွေကို ကြည့်ရှုဖို့ သွားရောက် ခဲ့စဉ် သတင်းထောက် တွေကို အခုလို မှတ်ချက်ပေး ပြောကြား ခဲ့တာပါ။ နောက်ဆုံး တိုက်ပွဲ အတွင်းမှာ ထိုင်းဘက်က အရပ်သား တယောက် ပထမဆုံး သေဆုံးခဲ့ရကြောင်း ထိုင်း အာဏာပိုင်တွေက ပြောပါတယ်။

ဗုဒ္ဓဟူးနေ့က ကမ္ဘောဒီးယား ၀န်ကြီးချုပ် ဟွန်ဆဲန် (Hun Sen) က ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြန်စဖို့ တိုက်တွန်း ခဲ့ပါတယ်။ နှစ်ဘက်လုံးက ရာထောင်ချီတဲ့ အရပ်သားတွေ အိုးပစ်အိမ်ပစ် ထွက်ပြေး နေကြရတဲ့ စစ်ပွဲတွေ ဆက်ဖြစ်မယ် ဆိုရင် အဲဒီ စစ်ပွဲတွေ အတွက် ထိုင်းတပ်ဖွဲ့တွေမှာ တာဝန် ရှိတယ်လို့ ကမ္ဘောဒီးယား ဘက်က ပြောပါတယ်။

ထိုင်းစစ်သားတွေက ကမ္ဘောဒီးယားဘက်ကို ဆက်ပြီး တိုက်နေတဲ့အတွက် နယ်စပ်ဒေသ အခြေအနေက တင်းမာ နေဆဲ ဖြစ်တယ်လို့ ကမ္ဘောဒီးယား နိုင်ငံခြားရေး ၀န်ကြီး ကွိုင် ကောင် (Koy Kuong) က ပြောပါတယ်။ အင်ဒိုနီးရှား လေ့လာ စောင့်ကြည့်ရေး အဖွဲ့ နယ်စပ် ဒေသကို ၀င်ရောက်လာဖို့ သဘောတူညီချက် အပေါ် ထိုင်းနိုင်ငံ အနေနဲ့ အလေးထား သင့်ကြောင်းကိုလည်း နိုင်ငံခြားရေး ၀န်ကြီးက ပြောပါတယ်။

“နယ်စပ်ဒေသတလျှောက် အင်ဒိုနီးရှားဘက်က စောင့်ကြည့်ရေး အဖွဲ့ကို ခွင့်ပြုဖို့ ငြင်းပယ် ခဲ့တာက ထိုင်းနိုင်ငံပါ။ သူတို့က အမြဲတမ်း ပယ်ချ နေခဲ့တာပါပဲ။ နောက်ပြီး သူတို့က စတိုက်တယ်။ ပြီးရင် ကျနော်တို့ဘက်က စတိုက်တယ်လို့ ပြန်ပြီး စွပ်စွဲတယ်။”

နယ်စပ်ဒေသမှာ အခြေအနေ ပြန်ပြီး အေးဆေး တည်ငြိမ်သွားအောင် ကူညီဖို့ စောင့်ကြည့် လေ့လာသူတွေ စေလွှတ်ရေး သဘော တူညီချက်ကို အင်ဒိုနီးရှား နိုင်ငံက ဆောင်ရွက်ခဲ့တာပါ။ ဒါပေမဲ့ ထိုင်းစစ်တပ်က ငြင်းပယ် လိုက်တဲ့အတွက် စေ့စပ် ညှိနှိုင်းရေး ရပ်တန့် သွားခဲ့ရပါတယ်။

ပဋိပက္ခတွေ အဆုံးသတ်ရေး ထိုင်းနိုင်ငံဘက်က နှစ်ဘက်ဆိုင်ပြီး ဖြေရှင်းမှ ရမယ်လို့ ပြောနေချိန်မှာပဲ ကမ္ဘောဒီးယား နိုင်ငံ ဘက်ကတော့ နိုင်ငံတကာရဲ့ ကြားဝင် ညှိနှိုင်းပေးမှုကို လိုလား နေတာပါ။ သူပိုင်၊ ငါပိုင် အငြင်းပွားနေတဲ့ ဘုရားကျောင်း နားက နယ်စပ် တလျှောက်မှာ နှစ်နိုင်ငံ တပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ သောကြာနေ့က စပြီး အပြန်အလှန် ပစ်ခတ် နေခဲ့ကြတာပါ။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲကလည်း သုံးလေးရက်ကြာအောင် နှစ်ဘက် စစ်တပ်တွေ အပြန်အလှန် ပစ်ခတ်ခဲ့ကြလို့ နှစ်ဘက် လုံးမှာ လူပေါင်းများစွာ သေခဲ့ ကြရပြီးပါပြီ။ ဘယ်ဘက်က စပစ်သလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရပေမဲ့ နှစ်ဘက် လုံးကတော့ တဘက်ကိုတဘက် အပြစ် ပုံချနေကြပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံကြား နယ်စပ်ဒေသရဲ့ နယ်နိမိတ်ကို အတိအကျ သတ်မှတ်ပြဋ္ဌာန်း ထားနိုင်တာမျိုး မရှိသေးပါဘူး။ နှစ်ဘက်လုံးက ဘုရားကျောင်း တ၀ိုက် နယ်မြေကို တရားဝင် ပိုင်ဆိုင်တာ သူတို့ဖြစ်တယ်လို့ အခိုင်အမာ ပြောဆို နေကြပါတယ်။

ပြည်သူတွေကို အမျိုးသားရေး စိတ်ဓာတ် မြှင့်တင်ရေးမှာ နှစ်နိုင်ငံလုံးက နိုင်ငံရေး သမားတွေဟာ ဒီနယ်စပ် ဒေသ အငြင်းပွားမှုကို အသုံးချ နေကြတာ ဖြစ်တယ် ဆိုတဲ့ စွပ်စွဲချက်တွေလည်း ရှိနေပါတယ်။

Ref: VOA News

Read More...

ပြည်ပရောက် တိဘက်အစိုးရ ၀န်ကြီးချုပ်သစ်ကို ရွေးကောက်

ဗုဒ္ဓဟူး, 27 ဧပြီ 2011

ကမ္ဘာတ၀န်းမှာ ရှိကြတဲ့ တိဘက် အသိုင်းအ၀ိုင်းက ပြည်ပရောက် တိဘက် အစိုးရရဲ့ ၀န်ကြီးချုပ်အသစ် အဖြစ် ဟားဗာ့ဒ် တက္ကသိုလ်ဆင်း ဥပဒေ ပညာရှင် တဦးကို တင်မြှောက် ခဲ့ကြပါတယ်။ သူ့ရဲ့ ပထမ ဦးစားပေး လုပ်ငန်းတွေထဲမှာ ပြည်ပရောက် တိဘက် အစိုးရရဲ့ ပုံစံကို ပြောင်းလဲဖို့လည်း ပါဝင်ပါတယ်။ ဘုန်းတော်ကြီး ဒလိုင်း လားမား (Dalai Lama) လက်ထက် အစိုးရအဖွဲ့ရဲ့ တရားဝင် တည်ရှိမှု အားနည်း ခဲ့တာကို အားကောင်းလာအောင် လုပ်ဖို့နဲ့ ဒီမိုကရေစီ နည်းကျ ရွေးချယ် တင်မြှောက်တဲ့ အဖွဲ့အစည်းတွေ ဖြစ်ပေါ်လာအောင် လုပ်ဖို့ တိဘက် ခေါင်းဆောင်သစ်က ဆောင်ရွက် သွားပါလိမ့်မယ်။ ဒီအကြောင်း ဗွီအိုအေရဲ့ တောင်အာရှ သတင်းထောက် ကာ့တ် အချင်း (Kurt Achin) သတင်း ပေးပို့ထားတာကို ကိုကျော်အောင်လွင်က တင်ပြ ပေးထားပါတယ်။

အသက် ၄၂ နှစ်အရွယ် လိုဘ်ဆန် ဆန်းဂေး (Lobsang Sangay) ဟာ တိဘက်တို့ရဲ့ ခေါင်းဆောင်အသစ် ဖြစ်လာ လိမ့်မယ်လို့ ပြည်ပရောက် တိဘက် အစိုးရအဖွဲ့ အရာရှိတွေက မနေ့ကပဲ ကြေညာပါတယ်။ ပြည်ပရောက် တိဘက် ၅၀,၀၀၀ ကျော်က ပြီးခဲ့တဲ့ မတ်လက ရွေးကောက်ပွဲမှာ မဲပေး ရွေးချယ်ခဲ့တဲ့ အခါ အမေရိကန် ပြည်ထောင်စု ဟားဗာ့ဒ် တက္ကသိုလ်က ဥပဒေဘွဲ့ရ လိုဘ်ဆန် ဆန်းဂေးက ၅၅% နဲ့ အနိုင်ရခဲ့ပါတယ်။ လောလောဆယ် သူက အမေရိကန် ပြည်ထောင်စုမှာ ရှိနေပါတယ်။ ဒါပေမဲ့ မကြာခင် လပိုင်း အတွင်းမှာပဲ ပြည်ပရောက် တိဘက် အစိုးရအဖွဲ့ အခြေစိုက်ရာ အိန္ဒိယနိုင်ငံ မြောက်ပိုင်းက ဒရမ်ဆာလာမြို့ (Dharmsala) ကို ပြောင်းရွှေ့မယ့် သဘော ရှိပါတယ်။

အိန္ဒိယနိုင်ငံဟာ ပြည်ပရောက် တိဘက် အစိုးရအဖွဲ့ကို ၁၉၅၉ ခုနှစ်ကတည်းက လက်ခံထားတာပါ။ အဲဒီအချိန်က တရုတ် စစ်တပ်ရဲ့ တိဘက် ဒေသကို ကျူးကျော်မှုကြောင့် တိဘက် ဘာသာရေး ခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်း လားမားနဲ့အတူ ထောင်နဲ့ချီတဲ့ တိဘက် လူမျိုးတွေ ဟိမ၀န္တာ နယ်စပ်ကို ဖြတ်ပြီး အိန္ဒိယ နိုင်ငံထဲကို ရောက်လာ ခဲ့တာပါ။

ဆယ်စုနှစ် တော်တော်များများကြာအောင် ဘုန်းတော်ကြီး ဒလိုင်း လားမားက တိဘက်တို့ရဲ့ ခေါင်းဆောင် အဖြစ် ရှိလာခဲ့ပြီး တိဘက် လူမျိုးတွေကလည်း ဘုန်းတော်ကြီးကိုပဲ ဘာသာရေး ခေါင်းဆောင် အဖြစ်နဲ့ရော၊ နိုင်ငံရေး ခေါင်းဆောင် အဖြစ်နဲ့ရော၊ အောင်မြင် ထင်ရှားတဲ့ တိဘက် လွတ်မြောက်ရေး လှုပ်ရှားသူတဦး အဖြစ်နဲ့ရော သတ်မှတ် ထားခဲ့ကြလို့ သူ့နေရာကို အစားထိုးမယ့်သူ မရှိနိုင်ဘူးလို့ မြင်ရပေမဲ့ ပြီးခဲ့တဲ့ မတ်လတုန်းက နိုင်ငံရေးကနေ သူ အနားယူ တော့မယ်လို့ ဘုန်းတော်ကြီးက ကြေညာခဲ့ပါတယ်။

တန်းဇင် စွန်းဇူး (Tenzin Tsundue) ဟာ တိဘက် လွတ်မြောက်ရေး လှုပ်ရှားသူလည်းဖြစ်၊ စာရေးဆရာ တဦးလည်း ဖြစ်ပါတယ်။ နိုင်ငံရေးက အနားယူဖို့ ဘုန်းတော်ကြီး ဒလိုင်း လားမားက ဆုံးဖြတ် လိုက်တာဟာ လိုဘ်ဆန် ဆန်းဂေးကို ရွေးချယ် တင်မြှောက်ခဲ့တဲ့ ရွေးကောက်ပွဲက သိပ်ပြီး အရေးကြီးတဲ့ အခြေအနေကို ဖြစ်စေခဲ့တယ်လို့ တန်းဇင် စွန်းဇူးက ပြောပါတယ်။

“သူက ၀န်ကြီးချုပ် အသစ်တဦး သက်သက် မဟုတ်ပါဘူး။ ဒါဟာ တိဘက်နိုင်ငံရေး တခေတ် ဆန်းလာတဲ့ ကိစ္စပါ။ ဘုန်းတော်ကြီးရဲ့ ကြီးကျယ် မြင့်မြတ်မှုနဲ့ လူအများ ထောက်ခံ ကြည်ညိုမှု ဆိုတဲ့ ကြီးမား ကျယ်ပြန့်တဲ့ အခြေအနေကနေ ရွေးကောက်ပွဲနဲ့ တင်မြှောက် ခံရတဲ့ တိဘက်ခေါင်းဆောင်မှု ပုံစံသစ်ကို ခွဲထွက်လာတဲ့ ခြေလှမ်းသစ်ပါပဲ။” လို့ ပြောသွားခဲ့တာပါ။

တိဘက်ခေါင်းဆောင်သစ် လိုဘ်ဆန် ဆန်းဂေးဟာ အသက် ၄၂ နှစ် ရှိပါပြီ။ ဘုန်းတော်ကြီး ဒလိုင်း လားမားထက် ၃၄ နှစ် ငယ်ပါတယ်။ ဘုန်းတော်ကြီးထက်လည်း ပိုပြီး လောကီ ဆန်ပါတယ်။ သူဟာ အိန္ဒိယက ဒုက္ခသည် စခန်းမှာ မွေးဖွားခဲ့ပြီး တိဘက်လို့ ရေးသားထားတဲ့ တရုတ်ပြည် မြေပုံထဲက နယ်မြေဆီကို တခါမှ ခြေမချ ဘူးတဲ့သူပါ။

လိုဘ်ဆန် ဆန်းဂေးဟာ အရွယ်ကလည်းငယ်၊ အနောက်တိုင်း ပညာတတ်လည်း ဖြစ်တော့ တိဘက် အုပ်ချုပ်ရေး ပိုင်းမှာ အသွင် ကူးပြောင်းရေး တခု ပေါ်ပေါက်ဖို့ တိဘက် မဲဆန္ဒရှင်တွေက သူ့ကို အခွင့်အလမ်း တရပ်အဖြစ် ရွေးချယ် ခဲ့ကြတာပဲလို့ တန်းဇင် စွန်းဇူးက ပြောပါတယ်။

“သည်းခံ ထိန်းချုပ်မှုလည်းကြီး၊ ဗုဒ္ဓဘာသာ ၀င်လည်းဖြစ်၊ ကိုယ်ကျိုး စီးပွားကို အခြေမခံတဲ့ အစိုးရမျိုး ကနေ ပိုပြီး တက်တက် ကြွကြွနဲ့ ထိထိမိမိ ဆောင်ရွက်မယ့် အစိုးရမျိုး အဖြစ် လိုဘ်ဆန် ဆန်းဂေးက ခေါင်းဆောင် လိမ့်မယ်လို့ ထင်ပါတယ်။ ခေတ်မီတဲ့ ခေါင်းဆောင် တဦးပေါ့။” လို့ တန်းဇင် စွန်းဇူးက ပြောသွားခဲ့ပါတယ်။

လိုဘ်ဆန် ဆန်းဂေးရဲ့ ၀န်ကြီးချုပ်အဖြစ် တရားဝင် ကြေညာတဲ့ အခမ်းအနားကို သြဂုတ်လမှာ ကျင်းပဖို့ စီစဉ် ထားပါတယ်။ ဘုန်းတော်ကြီး ဒလိုင်း လားမားကတော့ တိဘက်ကို ကိုယ်ပိုင် အုပ်ချုပ်ရေး ဒေသအဖြစ် တရုတ်ဆီက ရဖို့ တောင်းဆို ခဲ့ပါတယ်။ ဒါပေမဲ့ တချို့ တိဘက် လွတ်မြောက်ရေး လှုပ်ရှား သူတွေကတော့ တရုတ်ဆီက လုံးဝ လွတ်လပ်ရေးကို လိုချင် နေကြတာပါ။ လောလောဆယ် အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီမှာတော့ တိဘက် လူငယ် ကွန်ဂရက်စ်က ခေါင်းဆောင် ၃ ဦး အစာငတ်ခံ ဆန္ဒပြ နေကြပါတယ်။ တိဘက် ဘုန်းကြီးကျောင်း တခုကို တရုတ်ဘက်က ဖြိုခွင်းခဲ့လို့ပါ။ ဒီပြဿနာကို မြန်မြန် မဖြေရှင်းပေးဘူး ဆိုရင် ၂၀၀၈ ခုနှစ်က တိဘက်မှာ ဖြစ်ခဲ့သလို ကြီးမားတဲ့ ဆန္ဒပြမှုတွေ ဖြစ်လာ လိမ့်မယ်လို့လည်း သူတို့က သတိပေးနေပါတယ်။


Ref: VOA News

Read More...

နေမျိုးဇင် ဖမ်းဆီးမှု ဥပဒေနှင့်ညီရန် AHRC ပြော

သဲသဲ
ဗုဒ္ဓဟူးနေ့၊ ဧပြီလ ၂၇ ရက် ၂၀၁၁

နယူးဒေလီ (မဇ္ဈိမ) ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD လူငယ်များ ပါဝင်သည့် သွေးလှူ အဖွဲ့ကို ကူညီနေသူ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို အကြောင်းပြချက်မရှိ ဖမ်းဆီးခြင်းသည် အခြေခံ ဥပေဒကို ချိုးဖောက်ရာ ရောက်သဖြင့် ဥပဒေနှင့် အညီ ဆောင်ရွက်ပေးရန် အာရှ လူ့အခွင့်အရေး ကော်မရှင် AHRC က မြန်မာ အစိုးရကို ပြောဆို မေတ္တာရပ်ခံ လိုက်သည်။

၂ဝဝ၈ အခြေခံဥပဒေ အခန်း ၈၊ ပုဒ်မ ၃၇၆ တွင် စီရင်ပိုင်ခွင့်ရှိသော တရားသူကြီး၏ ချုပ်မိန့် မရရှိဘဲ မည်သူ့ကိုမျှ ၂၄ နာရီထက် ပို၍ ချုပ်နှောင်ခြင်း မရှိရဟု ပြဋ္ဌာန်း ထားသော်လည်း ကိုနေမျိုးဇင်ကို ဖမ်းဆီးစဉ်က ဖမ်းဝရမ်း မပါခြင်း၊ ရက်သတ္တပတ် ၃ ပတ်ကျော် အထိ တရားရုံး မတင်ဘဲ ဖမ်းဆီးထားခြင်း အပေါ် တနင်္လာနေ့တွင် ကြေညာချက် ထုတ်ကာ မေတ္တာရပ်ခံခြင်း ဖြစ်သည်။

“ပြည်တွင်းမှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေကျင့်ထုံးနဲ့အညီ တရားစွဲ အဖွဲ့အစည်းက လိုက်နာ ဆောင်ရွက်ခြင်း၊ မရွက်ခြင်း မရှိဘဲ နိုင်ငံသား တဦးကို လက်လွတ်စပယ် ဖမ်းဆီး နေတာဟာ ဥပဒေနဲ့ မညီဘူးဆိုတာ ထောက်ပြလိုတဲ့ အတွက် အရေးပေါ် မေတ္တာရပ်ခံစာ ထုတ်ပြန် ရခြင်းဖြစ်တယ်” ဟု AHRC မှ ရှေ့နေ ဦးမင်းလွင်ဦးက ပြောသည်။

အခြေခံပုဒ်မ ၃၇၆ တွင် “နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ အများပြည်သူ အေးချမ်း သာယာရေးနှင့် အများပြည်သူ အကျိုးငှာ ဥပဒေနှင့် အညီ ကြိုတင် ကာကွယ် ထားရှိရန် လိုအပ်သော ကိစ္စ သို့မဟုတ် တည်ဆဲဥပဒေ တရပ်ရပ် အရ ခွင့်ပြုသည့် ကိစ္စမှတပါး စီရင်ပိုင်ခွင့်ရှိသော တရားသူကြီး၏ ချုပ်မိန့် မရရှိဘဲ မည်သူ့ကိုမျှ ၂၄ နာရီထက်ပို၍ ချုပ်နှောင်ခြင်း မရှိရ” ဟု ပြဋ္ဌာန်းထားသည်။

ကိုနေမျိုးဇင်ကို ဧပြီလ ၂ ရက်နေ့ ညနေပိုင်းတွင် အထူးရဲသတင်းတပ်ဖွဲ့ဝင်နှင့် ရပ်ကွက်အာဏာပိုင် ၈ ဦးခန့်က ဖမ်းဝရမ်း မပါဘဲ တောင်ဒဂုံ နေအိမ်မှ ဖမ်းဆီးကာ မရမ်းကုန်းမြို့နယ် အောင်သပြေ စစ်ကြောရေး စခန်း၌ ဖမ်းဆီးထားပြီး မိသားစုနှင့်လည်း အဆက်အသွယ် မရသေးကြောင်း မိခင်ဖြစ်သူထံမှ သိရသည်။

“တခါမှလည်း ဒီလိုအတွေ့အကြုံ မရှိဘူးလေ။ ဘယ်လိုက်လို့ လိုက်ရမှန်း မသိဘူး။ သူတို့ လာအကြောင်း ကြားတာကိုပဲ အန်တီ မျှော်နေတာ။ ဟိုမှာ သွားတွေ့တုန်းက မရှိဘူး၊ တွေ့ခွင့် မပေးဘူးဆိုတော့ အန်တီ ဘာလုပ်လို့ လုပ်ရမှန်းလည်း မသိတော့ပါဘူး” ဟု မိခင်ဖြစ်သူ ဒေါ်ခင်သီက မဇ္ဈိမကို ပြောသည်။

ဖမ်းဆီးချုပ်နှောင်စဉ်အတွင်း မိသားစုနှင့် တွေ့ခွင့်ပြုရန် သက်ဆိုင်ရာသို့ စာတင်ထားသည်။ ဧပြီလ ၄ ရက်နေ့တွင်လည်း နေအိမ်၌ ဖွင့်လှစ် ထားသည့် အင်တာနက် ဆိုင်သို့ အာဏာပိုင်များ ဝင်ရောက်ရှာဖွေကာ သားဖြစ်သူ အသုံးပြုသည့် ခရီးဆောင် ကွန်ပြူတာအား သိမ်းဆည်း သွားသည်ဟု ဒေါ်ခင်သီက ဆိုသည်။

ကွန်ပြူတာ သိမ်းဆည်းသွားသဖြင့် အီလက်ထရောနစ်ဥပဒေဖြင့် အမှုဆင် ဖမ်းဆီးမည်ကို AHRC က စိုးရိမ်နေသည်။

၃၅ နှစ်အရွယ် ဗိုလ်ကြီးဟောင်း နေမျိုးဇင်မှာ တပ်မတော်တွင် ၁ဝ နီးပါး တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ၂ဝဝ၅ ခုနှစ်တွင် တပ်မှ ထွက်ခဲ့သည်။ ယင်းနောက် NLD လူငယ်များ ပါဝင်သည့် သွေးကူညီရေးနှင့် လူမှုရေးလုပ်ငန်းများ၌ တက်ကြွစွာ ပါဝင် လုပ်ကိုင်ခဲ့သည်။

သမ္မတသစ်က တရားဥပဒေစိုးမိုးရေး ဦးစားပေးဆောင်ရွက်ရန် ကတိပြုထားသည့်အပေါ် အောက်ခြေ အာဏာပိုင်များ မလိုက်နာသည်ကို အစိုးရသစ်အနေဖြင့် စစ်ဆေးမှု ရှိမရှိ စောင့်ကြည့်ကာ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့များကို AHRC က တင်ပြ သွားမည်ဖြစ်သည်။

AHRC မေတ္တာရပ်ခံချက်တွင် စစ်အစိုးရလက်ထက်ကဲ့သို့ ဥပဒေမဲ့ ဖမ်းဆီးနှိပ်စက်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကို အစိုးရသစ် လက်ထက်တွင် ရပ်တန့်ပေးရန်၊ နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့ကို မြန်မာနိုင်ငံရှိ အကျဉ်းထောင်များသို့ သွားရောက်ခွင့် ပြုကာ ကမ္ဘာ့ အသိအမှတ်ပြု စံနှုန်းနှင့်အညီ လုပ်ပိုင်ခွင့်ပြုရန် သမ္မတ ဦးသိန်းစိန် အစိုးရ အဖွဲ့ထံ စာရေး တောင်းဆို ကြပါရန်လည်း စာမူကြမ်း ပုံစံနှင့်တကွ AHRC အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

ဧပြီလအတွင်းမှ အစပြုကာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နယ်ပယ် ပေါင်းစုံမှ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး လိုလားသူများက နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန် အတွက် လက်မှတ်ရေးထိုး တောင်းဆိုချက်များကို သမ္မတ ဦးသိန်းစိန်ထံ ပေးပို့ နေပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ လက်မှတ်ရေးထိုး လှုပ်ရှားမှုကို ပြည်တွင်း သာမက ပြည်ပ နိုင်ငံများရောက် ဒီမိုကရေစီရေး လှုပ်ရှားသူများကပါ လုပ်ဆောင်နေကြသည်။

Ref: မဇ္ဈိမ

Read More...

ကြွပ်ကြွပ်အိတ် မရောင်းရန် ရန်ကုန်စည်ပင် တားမြစ်

ကျော်ခ
ဗုဒ္ဓဟူးနေ့၊ ဧပြီလ ၂၇ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ ရန်ကုန် ဈေးဆိုင်များတွင် အသုံးတွင်ကျယ်သည့် ကြွပ်ကြွပ်အိတ်နှင့် ပလပ်စတစ်ကြိုး ရောင်းချခြင်း မပြုလုပ်ရန် ရန်ကုန်မြို့တော် စည်ပင်သာယာက ထုတ်ပြန် တားမြစ်လိုက်သည်။

တိုင်းအတွင်း မြို့နယ်များရှိ ဈေးများ၊ စတိုးဆိုင်များ၊ ကုန်စုံဆိုင်များတွင် ကြွပ်ကြွပ်အိတ်နှင့် ပလတ်စတစ် ကြိုးများ သိုလှောင်ခြင်း၊ ရောင်းချခြင်း၊ ထုတ်လုပ်ခြင်းများ ပြုလုပ်ပါက ဧပြီလ ၂၂ ရက်နေ့မှစ၍ အရေးယူသွားမည်ဟု အသိပေး ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ရုံးများမှတဆင့် ဧပြီလ ၂၁ ရက်နေတွင် အကြောင်းကြားစာ ပေးပို့ခဲ့ပြီး၊ မလိုက်နာပါက ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ ထုတ်ပေးထားသော လုပ်ငန်း လိုင်စင်ကိုပါ ပိတ်သိမ်းမည်ဟု ဈေးဆိုင်များသို့ ပေးပို့ခဲ့သည့် အကြောင်းကြားစာ၌ ပါရှိသည်။

“ရောင်းချခြင်းမပြုဖို့ ၂၁ ရက်နေ့ကတည်းက ကျနော်တို့ အကြောင်းကြားထားပြီး ဖြစ်ပါတယ်။ လက်ကျန် ရှိတာတော့ ကျနော်တို့ အနေနဲ့ ကြည့်နေတဲ့ သဘောပါပဲ။ ဆင်းစစ်မယ်၊ ဘယ်နေ့ ဆင်းဖြစ်မလဲ ဆိုတာတော့ မသိသေးဘူး” ဟု ရန်ကုန်တိုင်း အရှေ့ပိုင်းခရိုင် စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးထွန်းလှိုင်က မဇ္ဈိမကို ပြောသည်။

တိုင်းအတွင်းရှိ ကြွပ်ကြွပ်အိတ်မျိုးစုံနှင့် ပလက်စတစ်ကြိုး ထုတ်လုပ်သည့် လုပ်ငန်းများကိုလည်း ၂၁ ရက်နေ့ နောက်ဆုံး ထားကာ၊ ထုတ်လုပ်ခွင့် ပိတ်သိမ်းရန် သက်ဆိုင်ရာ မြို့နယ်စည်ပင် အုပ်ချုပ်ရေးမှူး ရုံးများက အကြောင်းကြားစာ ပို့ခဲ့သည်။ မလိုက်နာပါက လုပ်ငန်းလိုင်စင် ပယ်ဖျက်ကာ၊ စည်ပင်ဥပဒေ လုပ်ထုံး လုပ်နည်းများနှင့် အရေးယူမည်ဟု ဆိုထားသည်။

ပလပ်စတစ် ကြွပ်ကြွပ်အိတ်များအား တနိုင်ငံလုံးသို့ ဖြန်းဖြူးထုတ်လုပ်နေသည့် ရန်ကုန်အခြေစိုက် Olympic Plastic စက်ရုံ တာဝန်ရှိသူ တဦးက “လာအကြောင်းကြားတဲ့ နေ့ကတည်းကပဲ။ ကြွပ်ကြပ်အိတ် ထုတ်လုပ်ခြင်းကို ရပ်ဆိုင်းပြီး သူတို့ ခွင့်ပြုထားတဲ့ ပလပ်စတစ် အိပ်ပျော့ကိုပဲ ဆက်ထုတ် နေပါတယ်။ စက်ရုံကြီး တခုလုံး ပိတ်သိမ်း ပြောင်းရွှေ့တာ မဟုတ်ပါဘူး” ဟု မဇ္ဈိမကို ပြောသည်။

ထို့ပြင် အရောင်းဆိုင်များသို့ ရောင်းချရန် တင်ပို့ထားသည့် ကြွပ်ကြွပ်အိတ်များကိုလည်း ကုမ္ပဏီက ပြန်သိမ်းပြီး၊ တရားဝင် ထုတ်ခွင့် ရထားသည့် ပလပ်စတစ် အိတ်ပျော့များနှင့် လဲလှည် ပေးသွားမည်ဟု ဆိုသည်။

ရန်ကုန်မြို့ သိမ်ကြီးဈေး D ရုံတွင် ကျောက်ဆူး ကြွပ်ကြွပ်အိတ်မျိုးစုံနှင့် ပလပ်စတစ်ကြိုးများ အဓိက ရောင်းချ နေသည့် အရောင်း ဆိုင်ကမူ ပလပ်စတစ် အိတ်ပျော့များ ဈေးကွက်အတွင်း ရောင်းချရန် ရောက်မလာသေးဟု ပြောသည်။

“အသစ်လာမယ့် ပလပ်စတစ်အိတ်ပျော့တွေကလည်း အခုချိန်ထိ လာမလဲသေးတော့ လက်ကျန် လေးတွေကိုပဲ ရောင်းနေတာပါ။ ကျနော်တို့လို ကုမ္ပဏီက လာချပေးတဲ့ လူတွေကတော့ ပြဿနာ မရှိဘူးပေါ့ဗျာ။ ကိုယ်တိုင် အပြတ် ဝယ်ရောင်းတဲ့ ဆိုင်လေးတွေ ကတော့ ထိတာပေါ့” ဟု အဆိုပါ ဆိုင်ရှင်က မဇ္ဈိမကို ပြောပြသည်။

သဘာဝ ပတ်ဝန်းကျင်ကို ဆိုးရွားစွာ ပျက်စီးစေသော ကြွပ်ကြွပ်အိတ်များကို ကမ္ဘာတဝှန်း နိုင်ငံ အများ အပြား၌ သုံးစွဲမှု လျှော့ချလာသလို၊ မြန်မာ နိုင်ငံ၌လည်း မသုံးစွဲ မရောင်းချရန် ၂ဝဝ၉ ခုနှစ်ထဲတွင် မန္တလေးတိုင်းရှိ ဈေးများတွင် ထုတ်ပြန်ခဲ့ပြီး ကြွပ်ကြွပ်အိတ် စက်ရုံများကိုပါ ပိတ်ခဲ့သည်။

ထိုစဉ်က မန္တလေးတိုင်းရှိ ပလပ်စတစ် ထုတ်လုပ်သည့် စက်ရုံများမှာ ထိခိုက်မှု ဆိုးဝါးခြင်း မရှိသလို ပြင်ပတွင် သုံးစွဲရာ၌လည်း လျော့နည်း လာသည်ကို တွေ့ရသည်ဟု မန္တလေးမြို့ပေါ်ရှိ OK Plastic စက်ရုံ မန်နေဂျာတဦးက ပြောသည်။

“စက်ရုံတွေအနေနဲ့တော့ဗျာ၊ အပိတ်ခိုင်းလိုက်တဲ့ စပ်ကူးမပ်ကူးကာလတော့ နည်းနည်း အခက်တွေ့မှာပေါ့။ သိပ်ဆိုးရွားတဲ့ အခြေအနေ မျိုးထိတော့ မရောက်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရက တနှစ်လောက် ကြိုပြော ထားတယ်လေ” ဟု သူက မဇ္ဈိမကို ပြောပြသည်။

စက်ရုံများတွင် ထုတ်လုပ်ခွင့် ပိတ်ပင်လိုက်သော်လည်း ဈေးနှုန်းချိုသာခြင်း၊ ထုပ်ပိုး သယ်ဆောင်ရ လွယ်ကူခြင်းကြောင့် ကြွပ်ကြွပ် အိတ်များကို ရန်ကုန်နှင့် မန္တလေးကဲ့သို့ မြို့ကြီးများ အပါအဝင် နိုင်ငံတဝှန်း တွင်ကျယ်စွာ သုံးစွဲနေခြင်း ဖြစ်သည်။

မန္တလေးမြို့ရှိ ရတနာပုံဈေးတွင်မူ ၂ဝဝ၉ ခုနှစ် ပိတ်ပင်မှုကို မလိုက်နာဘဲ ရောင်းချခဲ့သည်ဟုဆိုကာ ဈေးသူ တဦးကို ပြီးခဲ့သည့်နှစ် မတ်လပိုင်းတွင် မြို့နယ်စည်ပင် တရားရုံးက စည်ပင်အက်ဥပဒေ ပုဒ်မ ၂၆ အရ ထောင်ဒဏ် ၁၅ ရက် ပြစ်ဒဏ်ပေးခဲ့သေးသည်။

Ref: မဇ္ဈိမ

Read More...

ကုန်သွယ်ရေးကောင်စီဖျက်ပြီးနောက်ပိုင်း ပို့ကုန်တန်ဖိုးနှုန်း အနည်းငယ်မြင့်တက်

2011-04-27

ပြီးခဲ့တဲ့ သီိတင်းပတ်က ကုန်သွယ်ရေးကောင်စီကို ဖျက်သိမ်းလိုက်တာကြောင့် မြန်မာနိုင်ငံရဲ့ သွင်းကုန် ထုတ်ကုန် လုပ်ငန်းတွေ ပိုမိုပြီး မြန်မြန် ဆန်ဆန် ဆောင်ရွက်လာနိုင်မယ်လို့ မြန်မာ့စီးပွားရေး အသိုင်းအဝိုင်းက မျှော်လင့် နေကြပါတယ်။

အရင်ကဆိုရင် လိုင်စင်ရဖို့အတွက် အနည်းဆုံး နှစ်ပတ်သုံးပတ် စောင့်ဆိုင်းရတယ်လို့ ဆိုပါတယ်။

အခု ကုန်သွယ်ရေးကောင်စီမရှိတာကြောင့် တပတ်အတွင်းလောက်နဲ့ သွင်းကုန်ထုတ်ကုန် လုပ်ငန်း စနိုင်မယ်လို့ လုပ်ငန်း ရှင်တွေက သုံးသပ် ကြတာပါ။ အခု ပို့ကုန်တန်ဖိုး (Export Earning) တက်လာတဲ့ အကြောင်းရင်းမှာ ဒီအရှိန်ကြောင့် ဖြစ်နိုင်တယ်လို့ ရန်ကုန် ကုမ္ပဏီပိုင်ရှင် တဦးက ပြောပါတယ်။

“အဲဒီ အရှိန်ကြောင့် အခု ကျွန်တော်တို့ export earning ဈေးတက်လာတယ်လို့ ကျွန်တော်တို့က ကောက်ချက် ချတယ်။ ဒေါ်လာဈေးက ကျနေတယ်။ ဒေါ်လာဈေးက ကျွန်တော်တို့ အခု ၈၅၀ ပတ်ဝန်းကျင်မှာပဲ ရှိတယ်။ ဒါပေမဲ့ export earning က အခု ဒီနေ့ဆိုရင် ကိုးရာ နှစ်ဆယ် အစိတ်လောက်အထိ တက်လာတယ်။ ဆိုတော့ နဂိုတုန်းက ၈၉၅ လောက်ကနေ တက်လာတာ။ အဲဒါကတော့ လက်ရှိ အပြောင်းအလဲကြောင့် ကုန်သွယ်ရေး ဒီ မူဝါဒ ကောင်စီပေါ့နော်၊ TC ဖျက်လိုက်တဲ့ ဟာရဲ့ ဂယက်လို့တော့ ထင်တယ်။”

ဒါပေမဲ့လည်း ပို့ကုန်တန်ဖိုး တက်လာတာဟာ ရေရှည်တော့ ဖြစ်နိုင်မှာ မဟုတ်ဘူးလို့ အဲဒီ ကုမ္ပဏီ ပိုင်ရှင်က ပြောပါတယ်။ မြန်မာ နိုင်ငံမှာ ဝယ်လိုအား ကျဆင်းနေတာကြောင့် သွင်းကုန်တွေ တက်လာဖို့ အနေအထား မရှိတာဟာ စီးပွားရေးကို ထိခိုက်စေတယ်လို့ ဆိုပါတယ်။

အခုဖျက်သိမ်းလိုက်တဲ့ ကုန်သွယ်ရေးကောင်စီကို လွန်ခဲ့တဲ့ ၂၀၀၀ ခုနှစ် ဝန်းကျင်လောက်မှာ နအဖ စစ်အစိုးရ ခေါင်းဆောင် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးက ဦးဆောင် ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

Ref: RFA News

Read More...

Wednesday, April 27, 2011

မဲပေးဖို့ရွေးကောက်ပွဲပွဲဥပဒေ ထုတ်ပြန်လိုက်ပြီ

April 26, 2011

တနေ့က အထက်လွှတ်တော်က ရွေးကောက်ပွဲခေါ်ဖို့ ရွေးကောက်ပွဲဥပဒေ ၃ ရပ် အပြီးသတ် ထုတ်ပြန် လိုက်တဲ့ အခါ မှာတော့ နောက်အပတ်မှာ အောက်လွှတ်တော် ဖျက်သိမ်းပေးမယ် ဆိုတဲ့ ၀န်ကြီးချုပ် အဖိဆစ်ရဲ ကတိက၀တ်ဟာ ပိုပြီး ခိုင်မာ သွားပုံ ပေါ်ပါတယ်။

ရွေးကောက်ပွဲစနစ်နဲ့ပတ်သက်ပြီးဖေဖေါ်ဝါရီလက လုပ်ခဲ့တဲ့အခြေခံဥပဒေ ပြင်ဆင်ချက်တွေနဲ့ ထုံးတမ်း စဉ်လာနဲ့ ကိုက်ညီစေဖို့ အတွက် ရွေးကောက်ပွဲ ဥပဒေနဲ့ အထက် လွှတ်တော် အမတ်တွေ ကျင့်သုံးရမယ့် ဥပဒေတွေ၊ ရွေးကောက်ပွဲကော် မရှင်နဲ့ နိုင်ငံရေး ပါတီတွေကို ပြင်ဆင်ခဲ့ပါတယ်။ ကြိုတင် မဲပေးတာနဲ့ ပတ်သက်ပြီး အငြင်းပွားစရာ အပြောင်အလဲတွေ ရှိတာတောင်မှ အောက်လွှတ်တော်ရဲ့ဥပဒေကြမ်းမူကို အပြည့်အ၀ လက်ခံဖို့ အထက် လွှတ်တော်က ဆုံးဖြတ်ခဲ့ပါ တယ်။

အရင်ကလိုပဲ တပတ်ကြိုမဲပေးရမယ့်အစား တရက်ပဲ ကြိုမဲပေးဖို့ဆိုတဲ့ ကြိတင်မဲပေးရေးကို အောက် လွှတ်တော်က ဆုံးဖြတ် ပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲ ၀န်ထမ်းတွေ အတွက်ကလွဲပြီး ကြိုတင် မဲပေးတာကို တရားဝင် သဘောတူကြောင်း အထက် လွှတ်တော် စစ်ဆေးရေး ကော်မတီက အဆိုပြုပါတယ်။ ဒါပေမဲ့ အောက်လွှတ်တော်ရဲ့မူကြမ်းကို မူလအတိုင်းပဲ အတည်ပြုဖို့ ၁၁၅မဲ ၃မဲနဲ့ အထက် လွှတ်တော်က မဲပေးခဲပါတယ်။ နာရီပေါင်း များစွာကြာတဲ့ ဆွေးနွေးပွဲ မှာ ကန်ဖန်ဖက် အထက်လွှတ်တော် အမတ် ခရစ်ခ်ျအတစ်ခေါ်လို အထက် လွှတ်တော်အမတ် အတော်များများက ကြို တင်မဲပေးတာကို မဲလိမ်ဖို့ အတွက် ကယ်ပေါက်တခု အနေနဲ့ တိုက်ခိုက် ပြောဆိုပါတယ်။

အထက်လွှတ်တော် ဥပဒေစီစစ် ရေးအဖွဲ့၊ ဥက္ကဋ္ဌ၊ ရစ်ထီဖေါ့ဝီလီယာရော့ခ်ျကလည်း “တနိုင်ငံလုံးတွင် ရွေးကောက်ပွဲ နေ့သည် တနေ့တည်း အတူတူဖြစ် ရမည်” လို့ ပြောထားတဲ့ ပုဒ်မ ၁၀၇နဲ့ ၁၀၈ ကို ကိုးကား ပြောဆိုပါတယ်။ ဒါပေမဲ့ ကြိုတင်မဲ ပေးတာကို ပယ်တယ်ဆိုတာ ပြည်သူတွေရဲ့မဲပေးခွင့်ကို ချိုးဖောက်တာပဲ ဖြစ်ပါမယ်။ လို့ တခြားအထက် လွှတ်တော် အမတ်တွေက ပြောပါတယ်။ သူတို့က မဲပေးတာဟာ ထိုင်းနိုင်ငံသားတွေရဲ့ တာဝန်နဲ့ အခွင့်အရေး နှစ်ခု စလုံးဖြစ်တယ် ဆိုတဲ့ အခြေခံ ဥပဒေပုဒ်မ ၇၂ ကို ကိုးကား ပြောဆိုပါတယ်။ အမြဲတန်း မဟုတ်ပေမဲ့လည်း ခိုင်လုံတဲ့ အကြောင်းပြချက် မရှိဘဲ မဲမပေးသူတွေကို ရွေးကောက်ပွဲ အခွင့်အရေးတွေ ရုတ်သိမ်းပါတယ်။

အစိုးရအရာရှိတွေကိုပဲ ကြိုတင်မဲပေးဖို့ခွင့်ပြုတယ်ဆိုရင် ဒါဟာ ခွဲခြား ဆက်ဆံတာလားဆိုပြီး သူတို့က မေးခွန်းလည်း ထုတ်ပါတယ်။ ရွေးကောက်ပွဲ ၀န်ထမ်းတွေ မဟုတ်တဲ့ လူအတော် များ များမှာလည်း ရွေးကောက်ပွဲနေ့မှာ အလုပ်တွေ ရှိကောင်း ရှိနိုင်ပါတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက ကြိုတင်မဲပေး တာကို လုပ်ခဲ့တာပဲ။ အခြေခံ ဥပဒေကို ဆန့်ကျင် ပြီး မစဉ်းစားသင့်ဘူး။ လို့ သူတို့က ပြောပါတယ်။ “မဲပေးတာကို တရက်တည်း လုပ်ရင်တောင် မဲလိမ်တာတွေ ဖြစ်နိုင် တာပဲ။ ဒါကြောင့် ကြိုတင်မဲ ပေးတာကို ခွင့်မပြုဘူး ဆိုရင် ကြောင်းကျိုး မဆီလျော်ပါဘူး။ ဒါပေမဲ့ ဒီအဂတိ လိုက်စားတဲ့ ပြဿနာတွေကို မဲရုံစောင့်တွေက ဖြေရှင်းရပါမယ်။” လို့ မကြာခင်ကမှ ခန့်အပ်ခံရတဲ့ အထက် လွှတ်တော်အမတ် ၀မ် ချိုင်းဆော်န်ဆီရိ က ပြောပါတယ်။

ပါတီတွေရဲ့မတော်မတရားလုပ်မှုတွေကို တားဆီးဖို့ တင်းကြပ်တဲ့ နိုင်ငံရေးပါတီများ ဆိုင်ရာ ဥပဒေကို ထောက်ခံမဲ ၁၁၄မဲ၊ ကန့်ကွက်မဲ ၅မဲ၊ ကြားနေမဲ ၄မဲနဲ့ ထောက်ခံအတည်ပြုခဲ့ပါတယ်။ ပါလီမန် အမတ်အရေအတွက် အပြောင်း အလဲနဲ့အညီ ရွေးကောက်ပွဲကော်မရှင်ရဲ့ အာဏာပိုင်မှုနဲ့တာဝန်တွေကို ပြောင်းပစ် လိုက်တဲ့ ရွေးကောက်ပွဲကော်မရှင် ဥပဒေကို ၁၄၄-၄ မဲ၊ ကြားနေမဲ ၃မဲနဲ့ အတည်ပြုခဲ့ပါတယ်။ အခြေခံဥပဒေကို မဲဆန္ဒနယ်အလိုက် အမတ် ၃၇၅နေရာနဲ့ ပါတီစာရင်းအရလာတဲ့ အမတ် ၁၂၅ ယောက် နဲ့ အချိုးကျကိုယ်စားလှယ်အမတ် ၈၀ ရွေးဖို့ ပြင်ဆင်လိုက်ပါတယ်။ မဲဆန္ဒနယ်တနယ်မှာ ပါလီမန်ကို အမတ်ဦးရေအများကြီး မလွှတ်ရဘဲ တနယ်ကို တယောက်ပဲ လွှတ်ရပါမယ်။ ရွေး ကောက်ပွဲဥပဒေကို မဖြန့်ဝေခင် ဘုရင်ကြီး အတည်ပြုလက်မှတ်ရေးထိုးဖို့အတွက် အဆိုပြုရပါအုန်းမယ်။ ဒါပြီးမှ ဥပဒေ အသက်ဝင်မှာ ဖြစ်ပါတယ်။ အောက်လွှတ်တော်ကပြဋ္ဌာန်းလိုက်တဲ့တချို့ဥပဒေတွေဟာ ဥပဒေပြုရေးဖြစ်စဉ်တွေကို ရှည်ကြာစေလိမ့်မယ်ဆိုပြီး တချို့အထက်လွှတ်တော်အမတ်တွေက စိုးရိမ်ပူပန်နေပါတယ်။ ဥပဒေအရ ဆို ဥပဒေမူကွဲ တွေအကြား သိသိသာသာ သဘောထားကွဲလွဲခဲ့ရင် စေ့စပ်ဆွေးနွေးဖို့အတွက် အထက်နဲ့အောက် ပူးတွဲ ကော်မတီကို အကြောင်းကြားရပါမယ်။

ဧပြီ ၂၆၊ ၂၀၁၁ (The Nation)

Ref: နေ့သစ်

Read More...

ဆက်ဆံရေး တိုးမြှင့်ဖို့ မြန်မာအစိုးရသစ်ကို အမေရိကန်တိုက်တွန်း

2011-04-26

မြန်မာအစိုးရအနေနဲ့ အမေရိကန် ပြည်ထောင်စုနဲ့ ဆက်ဆံရေး တိုးမြှင့်ခြင်း အားဖြင့် အကျိုး ရှိနိုင်ကြောင်း၊ မြန်မာ အစိုးရဟာ နောက်ဆုံး မှာတော့ နိုင်ငံတကာ အသိုင်း အဝန်းနဲ့ မလွဲမသွေ ပေါင်းသင်း ဆက်ဆံရမှာ ဖြစ်ကြောင်း မြန်မာနိုင်ငံကို မကြာခင်က သွားရောက်ခဲ့တဲ့ အမေရိကန် ဒု-လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ဂျိုးဇက်ယွန်က ပြောဆို လိုက်ပါတယ်။

မြန်မာ့တပ်မတော် စစ်မြေပြင်အင်ဂျင်နီယာ တပ်သားဟောင်း တဦးဖြစ်သူ ဦးမျိုးမြင့်ရဲ့ ကိုယ်တွေ့ ဘဝကို Burma Soldier (မြန်မာစစ်သား) လို့ အမည်ပေး ရိုက်ကူး ထားတဲ့ မှတ်တမ်း ရုပ်ရှင်ကို ဝါရှင်တန်ဒီစီ မြို့တော်၊ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဌာနမှာ ဧပြီလ ၂၅ ရက် မနေ့က ညနေပိုင်းက အထူးပွဲ ပြသခဲ့ရာမှာ သူက အခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အခမ်းအနား တက်ရောက်သူ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ကတ် ကင်းမ်ဘဲလ် ကလည်း မြန်မာနိုင်ငံနဲ့ ၁ နှစ်ခွဲခန့် အနီးကပ် ဆက်ဆံ ခဲ့ပေမဲ့ အကျိုး ဖြစ်ထွန်းမှု မရှိခဲ့ကြောင်း ပြောဆိုကာ မြန်မာ အစိုးရကို ပြုပြင် ပြောင်းလဲမှုတွေ ဆောင်ရွက်ဖို့ နှိုးဆော် သွားပါတယ်။

မှတ်တမ်းရုပ်ရှင်ထဲက ဦးမျိုးမြင့်ဟာ မြန်မာ့ တပ်မတော်မှာ တာဝန်ထမ်းဆောင်ရင်း တိုက်ပွဲတခုမှာ ခန္ဓာကိုယ် အစိတ် အပိုင်းတချို့ ဆုံးရှုံး ခဲ့ပါတယ်။ စစ်တပ်က ထွက်ခဲ့ပြီးနောက် ၈၈ အရေးတော်ပုံမှာ ပါဝင်မှုနဲ့ အကျဉ်ထောင်တွေ ထဲမှာ ၁၅ နှစ်ခန့် နေခဲ့ရ ပြီးနောက် နယ်စပ်က တဆင့် အမေရိကန် ပြည်ထောင်စုကို ခိုလှုံ ရောက်ရှိနေသူ ဖြစ်ပါတယ်။

Burma Soldier ဇာတ်ကားနဲ့ပတ်သက်ပြီး အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကတ် ကင်းမ်ဘဲလ်က ခုလို ပြောပါတယ်။

ဒီမှတ်တမ်းတင်ကားဟာ ကျနော်ကြည့်ခဲ့ဖူးတဲ့ အဖြစ်အပျက်တွေထဲမှာ စိတ်အာရုံ အထိခိုက်ဆုံး မှတ်တမ်းတခု ဖြစ်ပါတယ်၊ ကြည့်ရှုသူ ကိုယ်တိုင် ညှဉ်းပန်းနှိပ်စက် ခံနေရသလိုပါပဲ ၊ ဒါပေမဲ့ တပြိုင်နက်တည်းမှာပဲ နေ့စဉ် ဘဝတွေကို ပင်ပင်ပန်းပန်း ရုန်းကန် နေရတဲ့ လူတွေရဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်နဲ့ အင်အားတွေကို လေးစားစရာ တွေ့မြင် ရပါတယ်လို့ မစ္စတာ ကတ် ကင်းမ်ဘဲလ်က ပြောသွားပါတယ်။

ဧည့်ပရိသတ် ၂၀၀ နီးပါး တက်ရောက်တဲ့ အခမ်းအနားမှာ ဒီမှတ်တမ်းရုပ်ရှင်မှာ ပါဝင်သူ ကာယကံရှင် ဦးမျိုးမြင့်ကလည်း မြန်မာ နိုင်ငံက နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးနဲ့ နယ်စပ် ဒုက္ခသည် စခန်းတွေက ဒုက္ခသည်တွေကို နိုင်ငံတကာက ပိုမိုလက်ခံ ကူညီ ကြဖို့ တိုက်တွန်း ပြောဆိုသွားပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ အခုလို လာရောက်တာနဲ့ ပတ်သက်ပြီး ဦးမျိုးမြင့်က RFA ကို ခုလို ပြောပြပါတယ်။

“ဗမာ့တပ်မတော်ကနေပြီးတော့ ရှေ့တန်း စစ်မြေပြင်ဒေသတွေမှာ လူမျိုးစုတွေ အပေါ်မှာ ဗမာ့ တပ်မတော်က လုပ်နေတဲ့ human rights violations ပေါ့ဗျာ။ ဒီလို နိုင့်ထက်စီးနင်း လုပ်နေတဲ့ ကိစ္စကို အဲဒီ ဥစ္စာကိုပဲ ဇောင်းပေးပြီး ပြောချင်တာ၊ သိစေချင်တယ်။”

အဲဒီရုပ်ရှင်ပြပွဲကို အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကတ်ကင်းမ်ဘဲလ်နဲ့ အတူ ဒုလက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ဂျိုးဇက်ယွန် ၊ လူဦးရေ၊ ဒုက္ခသည်နဲ့ ရွှေ့ပြောင်း အခြေချမှုဆိုင်ရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး အဲရစ် ရှဝပ်နဲ့ စစ်ရာဇဝတ်မှုရုံး အကြီးအကဲ ဒေါက်တာ ဒိုင်ယန်း တို့အပြင် Burma Soldier ရုပ်ရှင်ဇာတ်ကား ထုတ်လုပ်သူ မစ္စ ဂျူလီ တို့လည်း တက်ရောက် ပြောကြားခဲ့ကြပါတယ်။

Ref: RFA News

Read More...

ထိုင်းနဲ့ ကမ္ဘောဒီးယား အပစ်ရပ်ရေး ဆွေးနွေးမည်

အင်္ဂါ, 26 ဧပြီ 2011

ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံကြား ၅ ရက်ကြာ တိုက်ပွဲတွေအတွင်း စစ်သား ၁၃ ယောက် သေဆုံး ခဲ့ပြီးတဲ့နောက် အပစ် ရပ်စဲရေး ဆွေးနွေးဖို့ နှစ်နိုင်ငံလုံး ဘက်က ပြင်ဆင် နေကြပါတယ်။

ကမ္ဘောဒီးယားနိုင်ငံ မြို့တော် ဖနွမ်းပင်မှာ နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးပွဲတွေ မကြာခင် ကျင်းပမယ်လို့ ကမ္ဘောဒီးယား ကာကွယ်ရေး ၀န်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြတာကို ထိုင်း ၀န်ကြီးချုပ် အဘီဆစ် (Abhisit Vejjajiva) ကလည်း အတည်ပြု ပြောဆိုခဲ့ပါတယ်။

သက်တမ်း ၉၀၀ လောက် ရှိနေပြီဖြစ်တဲ့ ဖရ ၀ိဟာရ ဘုရားကျောင်းနားမှာ အင်္ဂါနေ့က ပစ်ခတ်မှု ဖြစ်ခဲ့ကြတာပါ။ ဒီ ဘုရားကျောင်းကို ကုလသမဂ္ဂ အဖွဲ့ကြီးက ကမ္ဘောဒီးယား ဘက်က ပိုင်ကြောင်း ဆုံးဖြတ်ပေးခဲ့တဲ့ ၂၀၀၈ ခုနှစ်ကစပြီး အခုလို တင်းမာမှုတွေ ဖြစ်ခဲ့တာပါ။

အခုလို တိုက်ပွဲဖြစ်နေတာနဲ့ ပတ်သက်လို့ နှစ်နိုင်ငံလုံးက တဘက်နဲ့တဘက် အပြန်အလှန် ပြစ်တင် ပြောဆိုနေကြပြီး ဒေသခံ အရပ်သား ၅၀,၀၀၀ လောက်ဟာ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင် နေကြရပါတယ်။

ထိုင်းနိုင်ငံက အစိုးရဆန့်ကျင်ရေး အနီရောင် အင်္ကျီဝတ် အင်အားစုရဲ့ လှုပ်ရှားမှုတွေကို အားပေး ထောက်ခံတဲ့ ပုဂ္ဂလိက ရေဒီယိုဌာန တဒါဇင်ကျော်ကို ထိုင်း အာဏာပိုင်တွေ မနေ့က ၀င်ရောက် စီးနင်း ခဲ့ပါတယ်။ ထိုင်းနိုင်ငံ ဘုရင်စံနစ်ကို အကြည်ညို ပျက်စေမယ့် ကြေညာချက် တွေကို ရေဒီယိုတွေက ထုတ်လွှင့်ခဲ့ပြီး မြို့တော် ဘန်ကောက်နဲ့ မြို့ပြင် တ၀ိုက်က ပုဂ္ဂလိက ရေဒီယို ဌာနတွေကို ၀င်ပြီး စီးနင်း ခဲ့တာပါ။

ထိုင်းနိုင်ငံမှာ ဘုရင်အုပ်ချုပ်ရေးကို ထိပါး စော်ကားတာဟာ ကြီးမားတဲ့ ပြစ်မှုပါ။ အခုချိန်ဟာ အစိုးရ ဆန့်ကျင်တဲ့ အင်္ကျီ အနီရောင်ဝတ် အင်အားစု တွေရဲ့ ဆန္ဒပြမှု နှစ်ပတ်လည်ကာလ ဖြစ်ပါတယ်။ ဘန်ကောက်မြို့တော် တ၀ိုက်က အဓိကကျတဲ့ နေရာတွေမှာ လုံခြုံရေး အထူးရဲတပ်ဖွဲ့တွေ တိုးမြှင့်ချလိုက်ပြီး ရက်အနည်းငယ် အကြာမှာပဲ ရေဒီယိုဌာနတွေ စီးနင်းမှု ဖြစ်ခဲ့တာပါ။

Ref: VOA News

Read More...

သမ္မတ အကြံပေးအဖွဲ့ အသုံးချခံရဖွယ်ရှိ

ဦးသားညွန့်ဦး
အင်္ဂါ, 26 ဧပြီ 2011

ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေမှာ ပြဋ္ဌာန်းချက်နဲ့အညီ နိုင်ငံတော် သမ္မတက နိုင်ငံရေး၊ စီးပွားရေးနဲ့ ဥပဒေရေးရာ ကဏ္ဍ ၃ ခုအတွက် အဖွဲ့ဝင် ၉ ဦးပါ အကြံပေးအဖွဲ့ကို ဖွဲ့စည်း လိုက်တယ်လို့ တရားဝင် ထုတ်ပြန် ခဲ့ပါတယ်။ အခုလို အကြံပေးအဖွဲ့ ဖွဲ့လိုက်တယ် ဆိုတဲ့ ကိစ္စဟာ တကယ်တမ်း သူတို့ရဲ့ အကြံဉာဏ်တွေကို လိုချင်တာထက် လက်ရှိ အစိုးရရဲ့ လိုအပ်ချက်တွေကို တာဝန်ပေး ခိုင်းစေလိုတဲ့ သဘောသာ ဖြစ်တယ်လို့ တပ်မတော် ထောက်လှမ်းရေးမှာ တာဝန် ယူခဲ့ဖူးတဲ့ ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်က သုံးသပ်ပါတယ်။ သမ္မတရဲ့ အကြံပေးအဖွဲ့ ဖွဲ့စည်းတာနဲ့ ပတ်သက်လို့ရော ဒီအဖွဲ့မှာ ဦးဆောင် ပါဝင်သူတွေနဲ့ ပတ်သက်လို့ပါ ဦးအောင်လင်းထွဋ်ကို ကိုသားညွန့်ဦးက ဆက်သွယ် မေးမြန်းပြီး တင်ပြ ပေးထားပါတယ်။

သမ္မတ အကြံပေးအဖွဲ့ ဆိုပြီးတော့ အဓိက စီးပွားရေး၊ နိုင်ငံရေးနဲ့ ဥပဒေရေးရာဆိုပြီး အဖွဲ့ ၃ ဖွဲ့ ဖွဲ့ပါတယ်။ စုစုပေါင်း လူ ၉ ယောက် ပါပါတယ်။ အဲဒီတော့ ဒီအဖွဲ့ အခုလို ဖွဲ့စည်းလိုက်တာနဲ့ ပတ်သက်လို့ သူတို့ ဘယ်လိုစဉ်းစားချက်နဲ့ ဖွဲ့တယ်လို့ ထင်ပါသလဲ။ တချို့ အရပ်သားတွေလည်း ပါပါတယ်။

“ပါမောက္ခ ဦးမြင့်နဲ့ ပတ်သက်ပြီးတော့ သူက နိုင်ငံခြားမှာလည်း တော်တော်ကြာကြာ နေခဲ့တယ်၊ စီးပွားရေးကိစ္စ၊ နိုင်ငံရေး ကိစ္စတွေမှာလည်း သိတယ်၊ နောက် ကျနော်တို့ ပိုပြီးတော့ သိတာက ဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်းနှီး ကျွမ်းဝင်တဲ့ ပုဂ္ဂိုလ်လို့ သိပါတယ်။ ဒီအတွက်ကြောင့်လည်း ကျနော်တို့ မြန်မာပြည်မှာ ရှိစဉ်တုန်းကတော့ ပါမောက္ခ ဦးမြင့်က အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည် ကြားမှာ ဆက်ဆံရေး အရာရှိ မဟုတ်ပေမဲ့ တဘက်စကား တဘက် အပြန်အလှန် ပြောခဲ့တာလေးတွေ၊ ပေးပို့ ခဲ့တာလေးတွေတော့ ရှိခဲ့ဖူးပါတယ်။”

အခုလို ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ပုဂ္ဂိုလ်ရေးအရ ရင်းနှီးတယ်၊ အတိုက်အခံ အင်အားစုတွေ၊ နိုင်ငံခြား ပညာရှင်တွေ နဲ့လည်း ရင်းနှီးတဲ့ ဒေါက်တာ ဦးမြင့်ကို စီးပွားရေး အကြံပေး ခေါင်းဆောင်အနေနဲ့ ထားတာ ဘယ်လို ထူးခြားချက်လို့ မြင်ပါလဲခင်ဗျ။

“အဓိကကတော့ အမေရိကားရယ်၊ ဥရောပနိုင်ငံတွေရယ် စီးပွားရေး Sanction ကို ကင်းလွတ်ခွင့် ပြုအောင်အတွက် ဦးမြင့်ကို တာဝန် ပေးတယ်လို့ ကျနော် မြင်ပါတယ်ခင်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ ဦးမြင့်က အနောက် နိုင်ငံတွေနဲ့ ပတ်သက်ပြီးတော့ သူလည်း ကျွမ်းကျွမ်း ၀င်ဝင် သိတဲ့သူ တယောက်ပါ။ ကြားထဲမှာလည်း ဆက်စပ်မှုတွေ ရှိကောင်း ရှိနိုင်ပါတယ်။ ဒီ့အတွက်ကြောင့်လည်း သူ့ကို ကြားခံပေါ့ Mediator သဘောမျိုး သုံးကောင်းလည်း သုံးနိုင်ပါတယ်။”

နိုင်ငံရေး အကြံပေးအဖွဲ့ ခေါင်းဆောင် ဦးကိုကိုလှိုင် အကြောင်းလည်း မေးချင်ပါတယ်။ ဦးကိုကိုလှိုင်ကို ဒီလို နေရာမျိုး ထားရအောင် သူ့မှာ ဘယ်လောက် အထိ နိုင်ငံရေးနဲ့ ပတ်သက်လို့ အခြေခံ ဘယ်လောက် ရှိပါသလဲခင်ဗျ။

“ကိုကိုလှိုင်နဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ကျောင်းကတည်းက တွေ့ခဲ့ဖူးပါတယ်။ ကျနော့်အမြင် အတွေ့ အကြုံနဲ့ ဗဟုသုတ အပိုင်းမှာတော့ ကျန်တဲ့ သဘာရင့်တဲ့ နိုင်ငံရေး သမားကြီး တယောက်တော့ မဟုတ်ဘူးခင်ဗျ။ သူ့မှာ တခုတော့ ရှိပါတယ်၊ စာဖတ် အားနဲ့ လေ့လာအားတော့ ရှိပါတယ်။ တချိန်က ကက(ကြည်း) သုတေသန ဆိုတာက နိုင်ငံတကာရဲ့ နိုင်ငံရေး ကိစ္စတွေ၊ စစ်ရေး ကိစ္စတွေကို စုံစမ်းလေ့လာ ပြုစုပြီးတော့မှ ကက(ကြည်း) ဗိုလ်ချုပ်ကြီးတွေကို တင်ပြရတဲ့ဌာန ဖြစ်ပါတယ်။

“အခုလည်း သူကိုယ်တိုင် ပြန်ကြားရေးဌာနမှာ တာဝန်ယူနေတာကို ကျနော်သိတယ်။ ဒီ့အပြင် ဘလော့ဂ်ဂါ တွေပေါ့၊ ပိတောက်မြေတို့ ဘာတို့က ကိုကိုလှိုင်တို့ရဲ့ ပါဝင် ပတ်သက်မှုတွေ ရှိပါတယ်။ အဓိက အားဖြင့်တော့ တန်ပြန် နိုင်ငံရေးအန်တုမှု လုပ်ငန်းကို ဦးဆောင်ဦးရွက် လုပ်နေတဲ့ လူတယောက်တော့ ဖြစ်ပါတယ်။”

ရဲမှူးကြီး စစ်အေးနဲ့ ပတ်သက်လို့ရော၊ သူ့ကိုတော့ ဥပဒေအကြံပေးအဖွဲ့လို့ ပြောထားတော့ သူ့မှာ ဥပဒေနဲ့ ပတ်သက်လို့ရော ဘယ်လောက်အထိ Background ရှိပါသလဲ။

“ရဲမှူးကြီး စစ်အေးကတော့ ကျနော်သိသလောက် ဥပဒေနဲ့ ပတ်သက်ပြီးတော့ ဘွဲ့ရခဲ့ပါတယ်။ ရဲအရာရှိသင်တန်း အပတ်စဉ် ၁ က ဆင်းတဲ့ ပုဂ္ဂိုလ်ပါ။ ကျနော်တို့နဲ့ မူးယစ်ဆေးဝါး ဆိုင်ရာ ကိစ္စတွေ လုပ်တဲ့အခါမှာ၊ ကျနော်တို့ ဖမ်းတဲ့ ဆီးတဲ့ အခါမှာ ရဲမှူးကြီး စစ်အေးတို့ အနေနဲ့ ဥပဒေအကြံပေး အနေနဲ့ လုပ်ခဲ့ ကိုင်ခဲ့တာ ရှိပါတယ်။”

ခုန ဦးအောင်လင်းထွဋ် ပြောပုံအရဆိုရင် ဒီအကြံပေးအဖွဲ့က ဦးဆောင်ပိုင်းတွေကို ကြည့်လိုက်တော့ သူတို့ရဲ့ လိုအပ်ချက် အရ ခေါ်ယူ ခန့်ထားတဲ့ သဘောမျိုး ဖြစ်နေတော့ တကယ်တမ်း သူတို့ကိုယ်ပိုင် သူတို့မှာ ရှိနေတဲ့ အကြံဉာဏ်တွေ ပေးရင်ရော နိုင်ငံတော် အစိုးရဘက်က လက်ခံမယ့် အနေအထားရော ရှိရဲ့လားခင်ဗျ။

“ကျနော့်အမြင် ပြောရရင် အကြံပေးလို့ သူတို့ သုံးဖို့ထက်စာရင် သူတို့ခိုင်းဖို့အတွက် ဒီအဖွဲ့ကို ဖွဲ့စည်းတယ်လို့ ကျနော် ထင်ပါတယ်။ သဘောက နိုင်ငံရေးအရ ဆိုရင် ကိုကိုလှိုင် မင်းလုပ်၊ စီးပွားရေးအရ ဆိုရင် ပါမောက္ခ ဦးမြင့်ကို တာဝန်ပေး၊ ဥပဒေရေးအရ ဆိုရင် ရဲမှူးကြီး စစ်အေးကို တာဝန်ပေး ဆိုပြီးတော့မှ ဒီအတွက်ကို သူတို့ ရည်ရွယ်ပြီး ဖွဲ့ပါလိမ့်မယ်။ ဒီလူ၊ ဒီပုဂ္ဂိုလ်တွေ ကိုကိုလှိုင်တို့၊ ဦးစစ်အေးတို့ အနေနဲ့ကတော့ သမ္မတကြီး ဦးသိန်းစိန်ကို အကြံပေး လောက်အောင်၊ အကြံပြု လောက်အောင် ရှိတဲ့ အရည်အချင်းတော့ သူတို့မှာ မရှိပါဘူးခင်ဗျ။”

ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ် သုံးသပ် ပြောဆိုသွားတာ ဖြစ်ပါတယ်။

Ref: VOA News

Read More...

တောင်သူလယ်သမားကို မြှင့်တင်ပေးရန် ဒေါ်စု ပြော

သဲသဲ
အင်္ဂါနေ့၊ ဧပြီလ ၂၆ ရက် ၂၀၁၁

နယူးဒေလီ (မဇ္ဈိမ) ။ ။ တိုင်းပြည်၏ လူဦးရေ အများစုဖြစ်သော တောင်သူ လယ်သမားများ၏ အခြေအနေ မြှင့်တင် နိုင်မှသာ နိုင်ငံ တိုးတက်မည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ပထမဆုံး အကြိမ် တောင်သူ လယ်သမားများ ပညာပေး သင်တန်း၌ ဒေါ်အောင်ဆန်းစုကြည်က အင်္ဂါနေ့တွင် ပြောဆိုလိုက်သည်။

စိုက်ပျိုးရေးနည်းပညာ တိုးတက်စေရန်နှင့် လယ်သမားများ၏ အခက်အခဲများ ဆွေးနွေးရန် ဧပြီလ ၂၆ ရက်နေ့မှစ၍ ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ NLD ရုံးချုပ်၌ ၃ ရက်ကြာ ပြုလုပ်မည့် တောင်သူ လယ်သမားများ ပညာပေးသင်တန်း အပတ်စဉ် ၁ ဖွင့်ပွဲ ကျင်းပရာ အမှာစကား ပြောကြားစဉ် ထည့်သွင်း ပြောဆိုခြင်း ဖြစ်သည်။

“တိုင်းပြည်ရဲ့ အခြေအနေ တိုးတက်ဖို့ဆိုရင် လယ်သမားများရဲ့ အခြေအနေကို မမြှင့်တင်လို့ မရဘူး။ အဲလို မြှင့်တင်ရာမှာ လယ်သမားတွေရဲ့ သားသမီးတွေ ပညာရေး မြင့်လာအောင် မြှင့်တင်ကြရမယ်လို့ .. အဲသလို လမ်းညွှန်ပါတယ်” ဟု NLD ပြောခွင့်ရ ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

သင်တန်းသို့ ဧရာဝတီ၊ ပဲခူး၊ ရန်ကုန်တိုင်းနှင့် ရခိုင်ပြည်နယ်တို့မှ တောင်သူလယ်သမား ၄၆ ဦး တက်ရောက်ပြီး၊ NLD အဖွဲ့ဝင် စိုက်ပျိုးရေး ကျောင်းဆင်း ပညာရှင်များက စိုက်ပျိုးရေး နည်းပညာများ ပို့ချ သွားမည်ဖြစ်သည်။

အင်္ဂါနေ့ နေ့လည် ၂ နာရီတွင် ပြုလုပ်သည့် သင်တန်းဖွင့်ပွဲသို့ ပါတီဒုဥက္ကဋ္ဌ ဦးတင်ဦး၊ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့် ဗဟို အလုပ်အမှုဆောင်ဝင်များ တက်ရောက်ကာ တောင်သူလယ်သမားများနှင့် မိတ်ဆက် တွေ့ဆုံကြခြင်း ဖြစ်သည်။

စိုက်ပျိုးရေး နည်းစနစ်များအပြင် စိုက်စရိတ်ချေးငွေ၊ မြေယာသိမ်းမှုများနှင့် လွတ်လပ်စွာ စိုက်ပျိုးခွင့် ရရှိရေး စသည့် လယ်သမားများ ကြုံတွေ့ နေရသည့် အခက်အခဲ များကိုလည်း နှစ်ဖက် ဆွေးနွေးသွားမည်ဟု ဒုဥက္ကဋ္ဌ ဦးတင်ဦးက မဇ္ဈိမကို ပြောသည်။

“ပိုးမွှားတွေသတ်တဲ့ ပိုးသတ်ဆေးတွေ ဘယ်လိုသုံးရမယ် ဆိုတာမျိုးတွေလည်း ပါသလို၊ မြေယာနဲ့ ပတ်သက်တဲ့ အခက်အခဲလည်း ရှိမှာပေါ့ဗျာ။ နောက်ပြီး စရိတ်စကတို့၊ စားကျက်ကိစ္စ၊ အေးအေးချမ်းချမ်း စိုက်နိုင်အောင် ဘယ်လို ကာကွယ် စောင့်ရှောက် ပေးမလဲ ဆိုတာတွေက အစ အကုန်ပါမှာပေါ့ဗျာ” ဟု သူက ပြောသည်။

ဒေသနှင့် မကိုက်ညီသည့် သီးထပ်သီးညှပ်များ အဓမ္မစိုက်ပျိုးခိုင်းသဖြင့် တောင်သူများ အရှုံးပေါ်ခြင်းနှင့် ချေးငွေ မလုံလောက် သဖြင့် စိုက်ပျိုးစရိတ် ခက်ခဲသည့် ပြဿနာများကို သင်တန်းတွင် လယ်သမားများက အများဆုံး ပြောဆိုခဲ့ကြသည်။

အမှန်တကယ် လယ်ယာလုပ်ကိုင်သူများအတွက် ၎င်းတို့လယ်မြေများ တည်ငြိမ်မှုရှိရန် ဆောင်ရွက်ပေးစေ လိုသည်ဟု ဦးတင်ဦးက ဆိုသည်။

သင်တန်းတက်လာသူ လယ်သမားများအတွက် ကုန်ကျစရိတ်များကို သက်ဆိုင်ရာ တိုင်းနှင့် ပြည်နယ်ရှိ NLD မြို့နယ် အဖွဲ့က ထောက်ပံ့ ကူညီသည်ဟု NLD တောင်သူများ လုပ်ငန်း ကော်မတီဝင် ဦးမောင်မောင်ကြီးက ပြောသည်။

“သူတို့ ရန်ကုန်မှာနေရတဲ့ ၅ ရက်လောက် အတောအတွင်းမှာ သက်ဆိုင်ရာ မြို့နယ်ပါတီအဖွဲ့တွေက သွားလာ နေထိုင်ရေး အဆင်ပြေအောင် အားလုံး ကူညီ ပံ့ပိုး ပေးထားတာပါ” ဟု သူက ဆိုသည်။

သင်တန်းတက်လာသူများမှတဆင့် ၎င်းတို့ဒေသရှိ တောင်သူလယ်သမားများကို စိုက်ပျိုးရေး အသိပညာများ ပြန့်ပွား သွားရန်ပါ လုပ်ဆောင်မည်ဖြစ်ပြီး၊ ၎င်းတို့၏ အခက်အခဲများ ကိုလည်း NLD က ဆက်လက် ကူညီ သွားမည်ဟု သူက ဆက်ပြောသည်။

NLD သည် တောင်သူလယ်သမားအရေး ကူညီဆောင်ရွက်ရန် ရည်ရွယ်ကာ မြို့နယ် ၁၉ ခုမှ တောင်သူ လယ်သမား ၃၃ ဦး ပါဝင်သော လယ်သမား ကွန်ယက်တခုကို မတ်လအတွင်း ဖွဲ့စည်းခဲ့သည်။

အဆိုပါ ကွန်ယက်မှ လယ်သမားများအတွက် ဥပဒေနည်းလမ်းအရ တရားစွဲခြင်း၊ သတင်းအချက် အလက်များကို NLD ရုံးချုပ်သို့ ပေးပို့ခြင်းများ ပြုလုပ် ဆောင်ရွက်မည်ဖြစ်သည်။

Ref: မဇ္ဈိမ

Read More...

Tuesday, April 26, 2011

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သစ် နှင့် အမေရိကန် မြန်မာ တပ်မတော်နှစ်ရပ် ဆက်ဆံရေး - အပိုင်း (၄)

ရော်နီညိမ်း
စနေ, 23 ဧပြီ 2011

တပ်မှူးတပ်သား ပြောစကား (၀၅၇)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အသစ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ဖြစ်လာချိန်မှာ၊ အမေရိကန် မြန်မာ၊ တပ်မတော်ချင်း ဆက်ဆံရေး အလား အလာတွေ နဲ့ ၁၉၈၀ ခုနှစ်တွေမှာ၊ အမေရိကန် ပြည်ထောင်စုမှာ မြန်မာ့ တပ်မတော်အရာရှိတွေ စစ်သင်တန်းတွေ လာရောက် တက်ခဲ့ကြတဲ့ အခြေ အနေတွေကို၊ ကိုယ်တိုင် အမေရိကားမှာ သင်တန်း လာတက်ဖူးသူ ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်နဲ့ ဆွေးနွေးမေးမြန်းပြီး၊ ဦးရော်နီညိမ်းက ဒီသီတင်းပတ်ရဲ့ “တပ်မှူးတပ်သား ပြောစကား” ကဏ္ဍမှာ စီစဉ် တင်ဆက် ထားပါတယ်။

ဦးရော်နီညိမ်း။ ။ ၁၉၈၀ နှစ်တွေရဲ့ အစောပိုင်းကာလ သို့မဟုတ် ၁၉၈၀ နှောင်းပိုင်း ကာလတွေမှာ၊ ဗိုလ်မှူး အပါအ၀င် တပ်မတော်(ကြည်း) က၊ ထောက်လှမ်းရေးတင် မက၊ အမေရိကန် ပြည်ထောင်စုမှာ သွားတက်ခဲ့ရတဲ့ သင်တန်းတွေ အကြောင်းနဲ့ အမေရိကန် မြန်မာ၊ တပ်မတော် ချင်း အဲဒီအချိန်က ဆက်ဆံရေး အကြောင်းတွေကို သိမှီသလောက် ပြောပြပေးပါလား ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ် ။ ။ ၁၉၈၀ နောက်ပိုင်းမှာ တပ်မတော်(ကြည်း) အပိုင်းကတော့၊ Ranger Course (အမေရိကန် ကြည်းတပ် အထူး တပ်ဖွဲ့ သင်တန်း) တို့၊ တပ်ရင်းမှူး သင်တန်းတို့ စေလွှတ်ခဲ့တာ သိပါတယ်။ ကျနော် မှတ်မိသမျှ ကျန်းမာရေး ၀န်ကြီး လုပ်သွားတဲ့ ဗိုလ်ချုပ်ကက်စိန် တို့၊ ဒုတိယ ဗိုလ်ချုပ်ကြိး ကျော်ဝင်းတို့၊ သူတို့တွေဟာ Ranger Course တက်ခဲ့တဲ့ ပုဂ္ဂိုလ်တွေပါ။ အခု ပြင်သစ်က လက်ရှိ သံအမတ်ကြီး ဗိုလ်မှူးကြီး ကျော်စွာမင်း (DSA 22) တို့ ပါတယ်။ ပို့ဆောင်ရေး ၀န်ကြီး လုပ်သွားတဲ့ ဗိုလ်ချုပ် သိန်းဆွေ (မှည့်ကြီး) (DSA 13) နဲ့ ၀ါရှင်တန်မှာ (အမေရိ ကန်ပြည်ထောင်စု ဆိုင်ရာ) မြန်မာ စစ်သံမှူး ဗိုလ်ချုပ် (ဗိုလ်မှူးချုပ်) စိုးဌေး (DSA 13) တို့ နှစ်ယောက်ကတော့၊ ၁၉၈၈ မှာ အမေရိကန်မှာ တပ်ရင်းမှူး သင်တန်း သွားတက်ခဲ့ရတဲ့ နောက်ဆုံး သူတွေပါ။

(ဗိုလ်ချုပ်ကက်စိန် OTS 29 = ဒို့ဗမာ အစည်းအရုံး ခေါင်းဆောင် တဦးဖြစ်သူ သခင်ဗဟုန်၏ သား။ ၁၉၇၆ နိုင်ငံတော် လုပ်ကြံမှုဖြင့် ကြိုးပေးကွပ်မျက် ခံခဲ့ရသော ဗိုလ်ကြီး အုန်းကျော်မြင့်နှင့် ဗိုလ်သင်တန်း အပတ်စဉ်တူ၊ ၁၉၈၈ စစ်အာဏာသိမ်း တိုင်းမှူးများ နောက်ပိုင်း ဒုတိယ အသုတ် တိုင်းမှူးများ ထဲမှ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဖြစ်ခဲ့သူ)

(ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဝင်း OTS 30 = ၁၉၉၇ တွင်၊ ၁၉၈၈ စစ်အာဏာသိမ်း တိုင်းမှူး များအား ရာထူးများမှ ဖယ်ရှားပြီး၊ “နိုင်ငံတော် အေးချမ်း သာယာရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီ” အမည်နှင့် ၁၉၈၈ စစ်အာဏာသိမ်း နောက်ပိုင်း ဒုတိယ အသုတ် တိုင်းမှူးများ မပါဝင်စေပဲ၊ တတိယ အသုတ် တိုင်းမှူးများနှင့် ဗိုလ်ချုပ်မှုးကြီး သန်းရွှေက စစ်ကောင်စီ အသစ်ကို ပြန်လည် ဖွဲ့စည်းသောအခါ၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မြစ်ကြီးနား) တိုင်းမှူး အနေနှင့် စစ်ကောင်စီဝင် (၁၇) ဦးထဲမှ တစ်ဦး ဖြစ်ခဲ့သူ၊ ကာကွယ်ရေး ၀န်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့ ကစထ (၂) ၏ ကစထမှူး၊ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ်တို့ ဖြစ်ခဲ့ပြီး၊ ၂၀၀၈ ခုနှစ်တွင် အနားပေးခြင်း ခံရသူ)

(ဗိုလ်မှူးချုပ်စိုးဌေး (DSA 13) = အမေရိကန်ပြည်ထောင်စု ဆိုင်ရာ မြန်မာ စစ်သံမှူး ဖြစ်ခဲ့ပြီးနောက်၊ မလေးရှား နိုင်ငံ ဆိုင်ရာ မြန်မာစစ်သံမှူး၊ ရုရှ သမ္မတနိုင်ငံ ဆိုင်ရာ မြန်မာစစ်သံမှူး ဆက်ပြီး ဖြစ်ခဲ့သူ၊ တပ်မတော်တွင် စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (၁) (ကျောက်မဲ) (Military Operations Command – 1, Kyaukme) ၏ တပ်မမှူး ဖြစ်ခဲ့သူ၊ ယခု တပ်မတော်ပိုင် ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေး ဦးပိုင် လိမိတက် (Union of Myanmar Economic Holding Ltd.) တွင် အမှုဆောင် အရာရှိကြီး)

ဗိုလ်မှူးအောင်လင်းထွဋ် ။ ။ ကျနော်တို့ ထောက်လှမ်းရေးအပိုင်းနဲ့ ပြောရရင်တော့၊ ၁၉၈၃ ခုနှစ် ဒီဇင်ဘာမှာ ထောက်လှမ်းရေးကို အသစ် ပြန် ဖွဲ့ပါတယ်။

(၁၉၈၃ ခုနှစ် ဒီဇင်ဘာ ထောက်လှမ်းရေးကို အသစ်ပြန်လည်ဖွဲ့စည်းမှု = ၁၉၈၃ မေလတွင် မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီ တွဲဘက် အတွင်းရေး မှူး တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူးဟောင်း မျက်မှန်ကြီး ဗိုလ်မှူးချုပ်ဟောင်း တင်ဦးကို ပါတီဥက္ကဌ ဦးနေ၀င်းက ရာထူးမှ ထုတ်ပယ် သောအခါ၊ ထိုစဉ်က ထောက်လှမ်းရေး ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး ကံညွန့် ဦးဆောင်သော တပ်မတော် ထောက်လှမ်းရေး တဖွဲ့လုံးမှ ဗိုလ်မှူးနှင့် အထက် အရာရှိများ အားလုံး တပ်မတော်မှ ထုတ်ပယ် ခံရပြီး၊ ဗိုလ်ကြီးနှင့်အောက် ထောက်လှမ်းရေး တပ်ဖွဲ့ဝင်များအား တိုက်ခိုက်ရေး တပ်များသို့ ရွှေ့ပြောင်းခဲ့သည်။ တိုက်ခိုက်ရေး တပ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးအောင်ကိုး(DSA 1) ကို တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူး ခန့်အပ် ၍၊ ထောက်လှမ်းရေး အဖွဲ့ကို ပြန်လည် ဖွဲ့စည်းခဲ့သည်။ သို့ရာတွင် ၁၉၈၃ အောက်တိုဘာလတွင် မြောက်ကိုးရီးယား သူလျှိုများက ချစ်ကြည်ရေး ခရီး ရောက်ရှိနေသော တောင်ကိုးရီးယား သမ္မတ ချွန်ဒူးဝှမ်၏ အစိုးရ ၀န်ကြီးအဖွဲ့ ကို၊ ရန်ကုန်မြို့ အာဇာနည် ဗိမာန်တွင် ဗုံးခွဲ တိုက်ခိုက်သော အခါ၊ ဗိုလ်မှူးကြီး အောင်ကိုး လည်း အမေရိကန် ပြည်ထောင်စု ဆိုင်ရာ မြန်မာ စစ်သံမှူး အဖြစ် ၀ါရှင်တန် ဒီစီသို့ ရွှေ့ပြောင်း ခံခဲ့ရရာမှ၊ ၁၉၈၉တွင် အမှတ် (၁) စက်မှု ၀န်ကြီးဌာန၊ စက်မှု စီမံကိန်း ရေးဆွဲရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဖြစ်ခဲ့သည်။ ၁၉၈၃ ဒီဇင်ဘာလတွင်၊ ခြေမြန်တပ်မ (၄၄) လက် အောက်ခံ နည်းဗျူဟာ (၄၄၂)၏ နည်းဗျူဟာမှူး ဒုဗိုလ်မှူးကြီး ခင်ညွန့် (OTS 25) (Officiating Colonel တနှစ် အစမ်းခန့် ဗိုလ်မှူးကြီး) မှ တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူး ဖြစ်လာခဲ့သည်။ ဦးနေ၀င်း၏ အနီးကပ် လူယုံတော် အဖွဲ့ဖြစ်သည့် မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဗဟို အလုပ်အမှုဆောင် ကော်မီတီဝင် စက်မှု(၁) ၀န်ကြီးဌာန ၀န်ကြီး အငြိမ်းစား ဗိုလ်မှူးချုပ် ဦးတင့်ဆွေ၏ ထောက်ခံမှုဖြင့်၊ ကာကွယ်ရေး ၀န်ကြီးဌာန စစ် ဆင်ရေး အထူးအဖွဲ့(၂) ကစထမှူး ဗိုလ်ချုပ် ခင်မောင်ကျော် လက်အောက် စစ်ဦးစီးမှူး (ပထမတန်း) First Grade General Staff Officer (G1) လည်း ဖြစ်ခဲ့သော ဒုဗိုလ်မှူးကြီး ခင်ညွန့်အား၊ တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူး အဖြစ် ဦးနေ၀င်းမှ ခန့်အပ်ခဲ့သည်။ ဒုဗိုလ်မှူးကြီး ခင်ညွန့် သည် ဗိုလ်မှူးချုပ် တင့်ဆွေ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဖြစ်စဉ်၊ တိုင်းမှူး၏ ကိုယ်ရေး လုံခြုံရေး အရာရှိ ဖြစ်ခဲ့သည်။ ထိုစဉ်က ထောက်လှမ်းရေး ဗိုလ်ကြီးများ အဆင့်နှင့် တပ်မတော်မှ အထုတ် မခံရပဲ၊ ယခု ပြည်ထောင်စု အစိုးရ အဖွဲ့တွင် ပါဝင် နေသူများမှာ၊ ဦးအောင်မင်း (DSA 13 ရထား ပို့ဆောင်ရေး ၀န်ကြီး၊ အငြိမ်းစား ဗိုလ်ချုပ်၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် (တောင်ငူ) တိုင်းမှူး ဖြစ်ခဲ့သူ၊ ဦးတင်နိုင်သိန်း (DSA 17 အမျိုး သား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးမှု ၀န်ကြီး နှင့် မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီး၊ အငြိမ်းစား ဗိုလ်မှူးချုပ်၊ တပ်မမှူး ဖြစ်ခဲ့သူ) နှင့် ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်း (DSA 16 လက်ရှိ ကာကွယ်ရေး ဦးစီးချုပ် - ရေ) တို့ ဖြစ်ကြသည်။)

ဗိုလ်မှူးအောင်လင်းထွဋ် ။ ။ ၁၉၈၅ လောက်က စပြီး၊ အမေရိကန်က ကျနော်တို့ အတွက် ထောက်လှမ်းရေး သင်တန်းတွေ ပေးပါတယ်။ ပထမ ဆုံး အမေရိကားမှာ ထောက်လှမ်းရေး သင်တန်း တက်ခဲ့သူတွေက အခု ထောင်ထဲမှာ ရှိတဲ့ ဗိုလ်မှူးချုပ် သန်းထွန်း (DSA 13) (စစ်အစိုးရ နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီတို့ အကြား ဆက်ဆံရေး အရာရှိ Liaison Officer အဖြစ် ဆောင်ရွက်ရသဖြင့်၊ တပ်ထဲတွင် NLD သန်းထွန်းဟု ခေါ်ကြသူ)၊ လေတပ်က ဗိုလ်မှူး (ဗိုလ်မှူးကြီး) ကိုကိုမောင် (DSA 19) (ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာ စစ်သံမှူး ဖြစ်ခဲ့သူ) တို့ပေါ့။ အထူး လုံခြုံရေး သင်တန်းကို အမေရိကန်မှာ သူတို့နှစ်ယောက် အရင်ဆုံး စပြီး တက်ခဲ့ရပါတယ်။ ၀ါရှင်တန်ဒီစီမှာ သူတို့ လာတက်ရတဲ့ ထောက်လှမ်းရေး နဲ့ ပတ်သက်တဲ့ အထူး လုံခြုံရေး သင်တန်း ဆိုတာ VIP Security Course (အလွန် အရေးကြီး ပုဂ္ဂိုလ်များ အတွက် လုံခြုံရေး သင်တန်း) ခေါ်ပါ တယ်။ နောက် Custom (အကောက်ခွန် ဦးစီးဌာန) ညွှန်ကြားရေးမှူးချုပ် လုပ်သွားခဲ့တဲ့ ဒုဗိုလ်မှူးကြီး ထွန်းချွန် (OTS 37)၊ အမေရိကန် နိုင်ငံဆိုင် ရာ (မြန်မာ) သံအမတ်ကြီး ဗိုလ်မှူးကြီး တင်ဝင်း (OTS 35) တို့ က တဖွဲ့အနေနဲ့ သွားတက်ကြတယ် ဗျာ။

ဦးရော်နီညိမ်း။ ။ အလုပ်သမားဝန်ကြီး လုပ်သွားတဲ့ ဦးတင်ဝင်းလား ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ အလုပ်သမားဝန်ကြီး ကော၊ ၀န်ကြီးချုပ်ရုံး ၀န်ကြီး ကော၊ လုပ်သွား ခဲ့ပါတယ်။ နောက်ထပ် သွားတက်ကြတဲ့ တဖွဲ့က ဗိုလ်မှူးကြီးလှမင်း(DSA 17) (ယခု ထောင်ဒဏ်နှစ် (၁၀) ကျော် ကျခံ နေရသော မြန်မာ စစ်အစိုးရ၏ ပြောရေးဆိုခွင့် ရှိသူ Spokesperson ဖြစ်ခဲ့သူ၊ အမေရိကန် ပြည်ထောင်စု ဆိုင်ရာ မြန်မာ သံအမတ်ကြီးဟောင်း ဦးမောင်မောင်ကြီး၏ သား ၀ါရှင်တန် ဒီစီမြို့တွင် မွေးဖွားခဲ့သူ)၊ ဗိုလ်ချုပ် (ဗိုလ်မှူးချုပ်) သိန်းဆွေ (DSA 9 - လေ) (ယခု မြင်းခြံထောင်)၊ ဗိုလ်မှူးကြီးတင်ဦး (OTS 51)၊ လ၀က (လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန) ညွှန်ကြား ရေးမှူးချုပ် လုပ်သွားတဲ့ ဗိုလ်မှူးကြီးညီပု (OTS 36) တို့ ဖြစ်ပါတယ်။ နောက်ဆုံး သွားတက် ခဲ့တာတော့ ၁၉၈၇ ခုနှစ်မှာ သွားတက်ကြတဲ့ ကျနော် ပါတဲ့ အဖွဲ့ပါ။ ဗိုလ်မှူးချုပ် လှအောင် (DSA 15 အောင်စစ်သည် ဆုရသူ)၊ ဗိုလ်မှူး (ဒုဗိုလ်မှူးကြီး - ရေ) ငွေထွန်း (DSA 19 - ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး၏ အင်္ဂလိပ်ဘာသာ စကားပြန်)၊ ဗိုလ်မှူး (ဒုဗိုလ်မှူးကြီး) မျိုးအောင် (OTS 56)၊ အခု ထောင်ထဲမှာ ရှိကြတဲ့ ဗိုလ်မှူးကြီးတင်လှ (DSA 16) နဲ့ ဗိုလ်မှူးကြီးမောင်သန်း (OTS 51)၊ ကျနော်ပါ၊ စုစုပေါင်း ခြောက်ယောက်ပါ။ ထောက်လှမ်းရေးက ချည့်ပဲ၊ တဖွဲ့ကို ခြောက်ယောက် ပတ်ဝန်းကျင်နဲ့ လေးငါးဖွဲ့၊ လူ နှစ်ဆယ်နဲ့ သုံးဆယ်ကြားမှာ၊ အမေရိကန် အစိုးရက ကျနော်တို့တွေကို ခေါ်ပြီး သင်တန်း ပေးခဲ့တာတွေ ရှိပါတယ်။ ကျနော်တို့ ခေတ်တုန်းက။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့။ ဗိုလ်မှူးတို့ခေတ် မတိုင်ခင် (ဂျပန်နိုင်ငံ) အိုကီနာဝါကျွန်း (Okinawa Island) ပေါ်က အမေရိကန် စစ်စခန်းမှာ၊ ဦးလေးမောင် (ကွယ်လွန်သူ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ် အမျိုးသား ထောက်လှမ်းရေး National Itelligence Bureau NIB ၏ ညွှန်ကြားရေးမှူးချုပ် ဖြစ်ခဲ့သူ အငြိမ်းစား ဗိုလ်မှူးကြီးလေးမောင်) နဲ့ မျက်မှန်ကြီး ဗိုလ်မှူးချုပ် တင်ဦးတို့ နှစ်ယောက် (၁၉၆၂ မတိုင်မီ အရာရှိငယ် ဖြစ်စဉ်က) ထောက်လှမ်းရေး  သင်တန်း သွားတက်ခဲ့တယ်။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ မှန်ပါတယ် ခင်ဗျ။ တပ်မတော်ထောက်လှမ်းရေး သင်တန်းကျောင်းမှာ၊ ကျနော် ကိုယ်တိုင်လည်း၊ ငါးနှစ်လောက် (ကျောင်းဆရာ) လုပ်ခဲ့တာပါ။ ဗိုလ်ချုပ် (ဗိုလ်မှူးချုပ်) တင်ဦးနဲ့ ဦးလေးမောင်တို့ သွားတဲ့ အဖွဲ့မှာ ဗိုလ်မှူးကြီး ကံညွန့် (နောင် တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူး) က အကူ ထမင်းချက်ရဲဘော် (ထိုစဉ်က တပ်သားအဆင့် ကံညွန့်) အနေနဲ့ လိုက်ပါ သွားခဲ့ပါတယ်။ (အမေရိကန်တွေ က) နှုတ်နဲ့ သင်ကြား ပို့ချလိုက်တဲ့ သင်ခန်းစာတွေကို record ပြန်လုပ် မှတ်တမ်း ပြန်လုပ်ပြီးတော့မှ၊ (မြန်မာနိုင်ငံက တပ်မတော် ထောက်လှမ်းရေး သင်တန်းကျောင်း အတွက်) သင်ခန်းစာတွေ ပြန်ပြီး ပြုစုခဲ့ပါတယ်။ အမေရိကန် ထောက်လှမ်းရေးရဲ့ သင်ရိုးညွှန်းတန်းကို မြန်မာလို ဘာသာ ပြန်ပြီး၊ တပ်မတော် ထောက်လှမ်းရေး သင်တန်းကျောင်းမှာ သင်ကြား ခဲ့ပါတယ်။ အဓိက (စစ်မြေပြင်) တိုက်ပွဲ ထောက်လှမ်းရေး (Combat Intelligence)နဲ့ တန်ပြန် ထောက်လှမ်းရေး (Counter Intelligence) ပါ။ syllabus (သင်ရိုးညွှန်းတန်း) တွေ အားလုံးက အမေရိကန် ထောက်လှမ်းရေး ရဲ့ သင်ရိုးညွှန်းတန်း တွေက သင်ခန်းစာ အားလုံး တွေပဲ ဖြစ်ပါတယ်။ ကျနော်တို့က အမေရိကန် ထောက်လှမ်းရေးကို အခြေခံထားတယ် ဆိုရင် မမှားပါဘူး ခင်ဗျ။

(မှတ်ချက်။ ။ အိုကီနာဝါကျွန်း အမေရိကန် စစ်စခန်းတွင် အမေရိကန်တို့က သင်ကြား ပို့ချသမျှ၊ နားထောင်ရုံသာ နားထောင်ရပြီး၊ စာနှင့် လိုက် မှတ်ခွင့် မပြုသဖြင့်၊ နေ့စဉ် ဗိုလ်မှူးလေးမောင်နှင့် ဗိုလ်မှူး တင်ဦးတို့က သင်တန်းမှ ပြန်လာလာချင်း၊ သင်ကြားခဲ့သမျှ မြန်မာလို နှုတ်တိုက် ပြန်ချ ပေးသည် များကို အကူရဲဘော် ကံညွန့်က စာနှင့် လိုက်မှတ် ရပြီး၊ ဤနည်းဖြင့် တပ်မတော် ထောက်လှမ်းရေး သင်တန်းကျောင်းမှ သင်ရိုးညွှန်းတန်း များကို ရေးဆွဲ ပြုစုခဲ့ရသည်ဟု၊ မျက်မှန်ကြီး ဗိုလ်မှူးချုပ် တင်ဦး အချိန်အခါက ထောက်လှမ်းရေး တပ်ဖွဲ့ဝင်များမှ တပ်ထဲတွင် ဂုဏ်ယူပြောကြား လေ့ ရှိခဲ့သည်။)

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့။ မြန်မာ့တပ်မတော်တခုလုံးကလည်း၊ ဗိုလ်ချုပ်ကြီး တင်ဦး ပြောသွားတဲ့ အတိုင်းဆိုရင်၊ တပ်ရင်း တပ်ဖွဲ့တွေ အားလုံး ရဲ့ ဖွဲ့စည်းပုံတွေ ကလည်း၊ Americanization (အမေရိကန်ကို အတုယူထားခြင်း) လုပ်ထားတာ။ အဲဒီတော့ မြန်မာ့ တပ်မတော်နဲ့ အမေရိကန် တပ်မတော်တို့ဟာ၊ ရင်းရင်း နှီးနှီး ရှိခဲ့ကြတယ်။ ဗိုလ်မှူးတို့တွေက ထောက်လှမ်းရေး သင်တန်းတွေ သွားတက်ခဲ့သလို၊ တခြားသော တိုက်ခိုက် ရေး (infantry) တပ်တွေ စစ်လက်ရုံး တပ်တွေကလည်း (အမေရိကန် ပြည်ထောင်စုမှာ) သင်တန်းတွေ သွားတက်ခဲ့ကြပြီး၊ အခုအချိန်မှာ တပ်မ တော်ထဲမှာ ပထမတန်း (first line) စစ်ခေါင်းဆောင်တွေ (စစ်ရုံးချုပ်မှ အရာရှိကြီးများ)၊ ဒုတိယတန်း (second line) စစ်ခေါင်းဆောင်တွေ (တိုင်းမှူး၊ တပ်မ/စကခ တပ်မမှူး၊ ဒကစမှူး) ဖြစ်လာခဲ့သူတွေကို၊ ကျနော်တို့ကို နမူနာအားဖြင့် ညွှန်ပြလို့ ရမလား ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ကျနော် မြင်လိုက်ရသလောက်၊ ရေတပ်က (ဒုတိယ) ဗိုလ်ချုပ်ကြီး စိုးသိန်း (DSA 11 အောင်စစ်သည် ဆုရ၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဖြစ်ခဲ့သူ၊ ယခု စက်မှု(၂) ၀န်ကြီးဌာန ၀န်ကြီး) ဆိုရင်၊ အမေရိကန် ကျောင်းဆင်းပါပဲ။ (၁၉၈၀ ခုနှစ်များတွင် အမေရိကန် ရေတပ် စစ်တက္ကသိုလ် United States Naval Academy (Annapolis) တွင် ရေတပ်သင်တန်း တက်ရောက်ခဲ့ခြင်း ဆိုလိုပါသည်။) နာဂစ် မုန်တိုင်း ကာလက မြန်မာနိုင်ငံကို အကူအညီ ပေးဖို့အတွက် (ရန်ကုန်မြို့ မင်္ဂလာဒုံ လေဆိပ်တွင်) ဗိုလ်ချုပ်ကြီး စိုးသိန်းကို လာပြီးတွေ့ခဲ့တဲ့ အမေရိကန် (ရေတပ်) ဗိုလ်ချုပ်ကြီး ဆိုရင်၊ ဗိုလ်ချုပ်ကြီး စိုးသိန်းနဲ့ တကျောင်းထဲ ဆင်းကြတာပါ။ ဒီလို ရင်းနှီးမှု အတိုင်းအတာတွေ ရှိခဲ့ပါတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့။ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသ အမေရိကန်စစ်ဌာနချုပ်ရဲ့ တပ်မှူးကြီး ရေတပ် ဗိုလ်ချူပ်ကြီး Timothy J. Keating (၂၀၀၉ တွင် အငြိမ်းစား ယူခဲ့သူ Commander of East Asia & Pacific Command - Hawaii) ကို ပြောတာပါလား ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ဟုတ်ပါတယ် ခင်ဗျ။ အမေရိကန်နဲ့ ပတ်သက်ပြီး ကျနော် ပြောချင်တာက၊ ကျနော် မြန်မာပြည်မှာ ရှိစဉ်က မူးယစ် ဆေးဝါး တိုင်းတာ လေ့လာရေး လုပ်ငန်းတွေ လုပ်တဲ့ အခါမှာ၊ အမေရိကန် တွေနဲ့ ကျနော်တို့က ရဟတ်ယာဉ် တွေနဲ့ ရှမ်းပြည်နယ် တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်း တွေကို သွားခဲ့ကြပါတယ်။ အခု ဒုတိယ သမ္မတ ဖြစ်နေတဲ့ ဗိုလ်ချုပ်ကြီး တင်အောင်မြင်ဦးက အဲဒီတုန်းက (အရှေ့မြောက်တိုင်း စစ်ဌာနချုပ်-လားရှိုး) တိုင်းမှူး ခင်ဗျ။ ကျနော်တို့နဲ့ ပါလာတဲ့ အမေရိကန်တွေကို သူတို့က အင်မတန်မှ ခင်ချင်တယ် မင်ချင်တယ်။ ကျနော် တို့နဲ့ ပါလာတဲ့ (အမေရိကန်) ပုဂ္ဂိုလ်တွေက အဆင့် ဒီလောက် မြင့်တဲ့သူတွေ မဟုတ်ဘူး။ ဒါပေမယ့် ကျနော်လည်း အံ့အား သင့်ရတယ်။ ကျနော်က (တိုင်းမှူးကို) ပြောရတယ်။ “ဗိုလ်ချုပ်။ ဒါတွေက ဗိုလ်ချုပ်တို့ အဆင့်လောက် မရှိဘူး။ ကျနော်တို့ အဆင့် လောက်ပဲ ရှိတယ်” ဆိုတာကို ပြောရတဲ့ အနေအထားမျိုး ရှိခဲ့တယ်။ ဗိုလ်ချုပ် တင်အောင်မြင်ဦး တို့က၊ အဲဒီ အချိန်ထဲက အမေရိကန်ကို ဖေါ်လံ ဖါးချင်နေတာ၊ ချဉ်းကပ် ချင်နေတာ။

ဦးရော်နီညိမ်း။ ။ နောက်ပိုင်းမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို သင်တန်းတွေ လွှတ်ခဲ့တဲ့ အချိန်ကိုကော၊ ဗိုလ်မှူး မှီလိုက်ပါသေးလား ခင်ဗျ။ ဗိုလ်မှူး နိုင်ငံခြားရေး ၀န်ကြီးဌာနကို ပြောင်းရွှေ့ တာဝန် မထမ်းဆောင်ခင် ပေါ့။ အဲဒါကို ကော၊ ဗိုလ်မှူး ဘယ်လို မြင်ပါသလဲ ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ အဲဒီအချိန်မှာ တရုတ်က ခေါ်တယ်။ အိန္ဒိယက ခေါ်တယ်။ ပါကစ္စတန်က ခေါ်ပါတယ်။ သူတို့ဆီမှာ စစ်သင်တန်း တွေ လာတက်ကြဖို့။ မြန်မာ အစိုးရကလည်း ဒီနိုင်ငံ သုံးနိုင်ငံကို နိုင်ငံရေး ကစားတဲ့ သဘောမျိုးပါ။ အိန္ဒိယက Staff College (စစ်ဦးစီးတက္က သိုလ်) ဆိုရင်၊ သွားတက်ကြတာ ဗိုလ်ချုပ်ဥာဏ်ဝင်း (DSA 15 နိုင်ငံခြားရေး ၀န်ကြီးဟောင်း ယခု ပဲခူးတိုင်း ဒေသကြီး ၀န်ကြီးချုပ်) တို့၊ အရင် NDC (National Defence College နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်) ကျောင်းအုပ်ကြီး ဗိုလ်ချုပ်မိုးဟိန်း (DSA 10) တို့ပါ။ သူတို့က အိန္ဒိယ စစ်တက္က သိုလ်ဆင်းတွေ ပေါ့။

(ဗိုလ်ချုပ်မိုးဟိန်း = မြန်မာ့တပ်မတော် နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ် National Defence College NDC ကျောင်းအုပ်ကြီး ဖြစ်နေစဉ်၊ NDC တက်ခွင့်ရပြီး NDC မှ မဟာဝိဇ္ဖာ (ကာကွယ်ရေး) (Master of Arts – Defence) ဘွဲ့ရမှ၊ တပ်မမှူး တိုင်းမှူး ရာထူး တက်ပေးဖို့ စဉ်းစားသော စာရင်းတွင် ထည့်သွင်းမည် ဆိုသည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တီထွင်သော စနစ်သစ်အရ၊ မြန်မာ့ တပ်မတော် စစ် အရာရှိကြီးများ NDC တက်ခွင့် ရရေး နည်းမျိုးစုံ သုံးကြရာမှ ပေါ်ပေါက်ခဲ့သော ပြဿနာများကြောင့် ရာထူးမှ အနား ပေးခံခဲ့ရသူ)

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ဒါကလည်း ရာဂျစ်ဂန္ဓီ (၁၉၉၁ တွင် လုပ်ကြံခံရပြီး ကွယ်လွန် ခဲ့သော အိန္ဒိယ ၀န်ကြီးချုပ် Rajiv Ghandi) နောက် ပိုင်း၊ ၁၉၉၂ လောက်မှာ အိန္ဒိယရဲ့ အရှေ့မျှော် (အနောက်နိုင်ငံ မဟုတ်သော နိုင်ငံများ၊ အိန္ဒိယ ၏ အရှ့ဘက်ရှိ အာရှ နိုင်ငံများနှင့် ဆက်ဆံမှု ကောင်းမွန်ရေး Look East ခေါ် အိန္ဒိယ နိုင်ငံခြားရေး မူဝါဒ) ဆိုတဲ့ မူဝါဒ အရ၊ ကျနော်တို့ (မြန်မာ့ တပ်မတော် အရာရှိများ) ကို ချဉ်းကပ်ပြီး သင်တန်းတွေ ပေးတာပါ။ ပါကစ္စတန်ကလည်း၊ ကျနော်တို့ကို သူတို့နိုင်ငံမှာ သင်တန်း လာတက်ဖို့ ပြောပါတယ်။ ကျနော်တို့ရဲ့ထောက်လှမ်းရေး mission (ကိုယ်စားလှယ်အဖွဲ့) တွေ သွားကြပါတယ်။ တရုတ်ကလည်း (မြန်မာနိုင်ငံကို) လက်နက်တွေ ရောင်းပြီးတော့မှ၊ သူတို့ဆီမှာ သင်တန်း တက်ဖို့ အပြိုင်အဆိုင် ခေါ်ကြပါတယ်။ အဲဒါကို အဲဒီအချိန်တုန်းက ကြုံခဲ့ဘူးပါတယ်။

ဦးရော်နီညိမ်း။ ။ အဲဒီအချိန်မှာ၊ အမေရိကန် တပ်မတော်နဲ့ ကျတော့၊ မူးယစ်ဆေးဝါး နှိမ်နင်းရေးက လွဲရင် ကျန်တာတွေ အကုန် အဆက်ပြတ် သွားတဲ့ သဘောလား ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ မှန်ပါတယ်။ အမေရိကန်တပ်မတော် အနေနဲ့ကတော့ အခု အီဂျစ်တို့မှာ လိုပေါ့။ (နိုင်ငံရေး ဘာဖြစ်နေနေ) မြန်မာ့ တပ်မတော်ကို (စစ်တပ်ချင်း) ဆက်ဆံရေးကို မဖြတ် စေချင်ဘူး။ ဆက်ဆံ နေချင်တယ်။ ဒါပေမဲ့ အမေရိကန်ရဲ့ နိုင်ငံရေး ပေါ်လစီပေါ့။ (အမေရိကန် တပ်မတော်က) ကွန်ဂရက် လွှတ်တော်ကို မကျော်နိုင်တဲ့ အခါကျ တော့ အဲဒီ အချိန်တုန်းက ကျနော်တို့နဲ့ (အမေရိကန် တပ်မတော်က) ဗြောင် မဆက်ဆံရဲပါဘူး။ မူးယစ်ဆေးဝါး နှိမ်နင်းရေး ကိစ္စ ဆိုရင်လည်း၊ DEA (Drug Enforcement Agency အမေရိကန် တရားရေး ၀န်ကြီး ဌာနလက် အောက်ခံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး အေဂျင်စီ) အမည် ခံပြီးတော့ ကျနော်တို့က ဆက်သွယ် ရတာပါ။ တကယ်တော့ DEA တင် မကပါဘူး။ နောက်မှာ သူတို့ရဲ့Administration (အမေရိကန်အစိုးရ အုပ်ချုပ်ရေး အဖွဲ့အစည်း) ပါနေတာပါ။ အားလုံးက အမေရိကန် နိုင်ငံရေးနဲ့ (အမေရိကန်) တပ်မတော်နဲ့ သွားပြီး ရောပြီးတော့ ကြည့်နေကြလို့၊ ဒီအဖြစ်ကို ခံနေကြရတဲ့ အနေအထားပါ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အမေရိကန်မှာ (မြန်မာ့တပ်မတော်က) သင်တန်းတွေ တက်နေတာ၊ တိကနဲ ရပ်သွားတာ၊ ၁၉၈၈ ကလား ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ မှန်ပါတယ်။ ၁၉၈၈ နောက်ပိုင်းမှာ အမေရိကန်မှာ သွားတက် ရတဲ့ စစ်သင်တန်း ဆိုတာ မရှိတော့ပါဘူး။ ဒါပေမယ့်၊ တခု ရှိတယ်။ အရပ်ဘက်က ဒေးဗစ် စတိုင်းဘတ် (David I. Steinberg, Professor of Asian Studies, Georgetown University ဂျော့ခ်ျတောင်း တက္ကသိုလ် အာရှရေးရာ လေ့လာရေး ဌာန ပါမောက္ခ) တို့ က၊ (၀ါရှင်တန် ဒီစီမှ John Hopkins University) ၏ SAIS (School of Advanced International Studies အဆင့် မြင့် နိုင်ငံတကာ လေ့လာရေး တက္ကသိုလ်) မှာ လာပြီး သင်တန်း ပေးနေတဲ့ သင်တန်းတွေမှာ၊ (မြန်မာနိုင်ငံ) နိုင်ငံခြားရေး ၀န်ကြီးဌာနက ၁၉၈၈ မတိုင်ခင် ထဲက၊ သင်တန်းသား အရာရှိတွေ ပို့ဖူးတယ် ခင်ဗျ။ ၁၉၈၈ နောက်ပိုင်းမှာလည်း ဆက်ဆံမှု မပြတ်သွားအောင် ဆိုပြီး၊ သင်တန်းအပတ် တစ်ပတ်စဉ်ကို တစ်ယောက် သို့မဟုတ် နှစ်ယောက်ကို သူတို့ (အမေရိကန် ဘက်က) Master (မဟာဝိဇ္ဇာဘွဲ့) အတွက် SAIS ကို ခေါ်ပြီး၊ သင်တန်း ပေးခဲ့တာတွေ ရှိတယ်။ အဲဒါက လွဲလို့၊ မြန်မာဘက်က အစိုးရ အနေနဲ့ကော တပ်မတော် အနေနဲ့ကော၊ ဘာသင်တန်းမှ အမေရိကန် ပြည်ထောင်စုမှာ လာတက်တာ မရှိတော့ဘူး ခင်ဗျ။ SAIS က သင်တန်းကို မြန်မာ နိုင်ငံခြားရေး ၀န်ကြီးဌာနက လာတက်နေတာ၊ ခုထိ ရှိဦးမယ် ကျနော် ထင်တယ်။ ၁၉၈၈ နောက်ပိုင်း ပထမပိုင်းမှာ ပြတ်သွားသေးတယ်။ နောက်ပိုင်း မှာ မြန်မာ နိုင်ငံခြားရေး ၀န်ကြီးဌာနက လာတက်နေတာ၊ ပြန်ရှိနေတဲ့ အနေအထား ရှိနေပါတယ်။

ဦးရော်နီညိမ်း။ ။ နိုင်ငံရေးအရ ဘယ်လိုပဲ ဖြစ်နေဖြစ်နေ၊ တပ်မတော်ချင်း ဆက်ဆံရေး ပြန်သွား တော့မယ့် သဘော ကျနော်တို့ မြင်နေရပါ တယ်။ အခု အမေရိကန် ကာကွယ်ရေး ၀န်ကြီးဌာန အောက်က၊ မြန်မာစာ သင်တဲ့ ဌာနမှာ၊ အမေရိကန် တပ်မတော် အရာရှိတွေ ဒီနှစ်မှာ မြန်မာစာ သင်နေကြတာ အများကြီးပဲ။ မနှစ်ကထက် ပိုများလာတာကို တွေရလို့၊ ဘယ်လို အခြေအနေ ဖြစ်လာမလဲ ဆိုတာ၊ ဗိုလ်မှူးကို မေးကြည့်တာပါ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ကျနော်တို့ရှိစဉ်က၊ သံအမတ်ကြီး ဦးလင်းမြိုင် (DSA 11 အငြိမ်းစား ရေတပ် ဗိုလ်မှူးကြီး၊ အမေရိကန် ပြည်ထောင်စု ဆိုင်ရာ သံအမတ်ကြီး အဆင့်ဖြင့် နောက်ဆုံး မြန်မာ သံအမတ်ကြီး) ကိုယ်တိုင် ဒီကိစ္စတွေမျိုး တွေ အတွက်၊ ဟ၀ိုင်ရီ (Hawaii) Pacific Command က ရေတပ် ဗိုလ်ချူပ်ကြီး ဘလဲ (Admiral Denis C. Blair, Commander of East Asia and Pacific Command အရှေ့ အာရှနဲ့ ပစိဖိတ်ဒေသ အမေရိကန် စစ်ဌာနချုပ်ရဲ့ တပ်မှူးကြီး)နဲ့ တွေ့ဆုံခဲ့တာ ရှိပါတယ်။ မြန်မာ စစ်တပ် ကတော့ အမေရိကန် စစ်တပ်နဲ့ ပေါင်းချင် နေတာ အမှန်ပါပဲ။ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ပင်လျှင်၊ ‘၀’တပ်ဖွဲ့ တွေနဲ့ တွေ့ဆုံစဉ်မှာ ငါတို့ အမေရိကန်နဲ့ အဆင်ပြေရင် မင်းတို့တော့ မလွယ် ဘူးလို့ ကြိမ်းဝါး ခဲ့ပါတယ်။ သူက အမေရိကန်ကို လိုလားတဲ့ ပုဂ္ဂိုလ်ပါ။ တချိန်တုန်းကတော့ ဗိုလ်ချုပ်ကြီး သန်းရွှေတုန်းက သူပဲ နိုင်ငံရေး သမား၊ သူပဲ စစ်ခေါင်းဆောင် လုပ်နေပြီးတော့ အမေရိကန်နဲ့ ပတ်သက်လို့လည်း အမေရိကန် မုန်းတီးရေး သမား ဖြစ်နေတော့၊ စစ်တပ် ဘက်ကကော နိုင်ငံရေး ဘက်ကကော အမေရိကန်နဲ့ ချဉ်းကပ် ဖို့က ခက်ပါတယ်။ အမေရိကန်နဲ့ ဆက်ဆံမှ မြန်မာ့နိုင်ငံရေး အဆင်ပြေမယ် ဆိုတာ ကျနော်တို့ ကိုယ်တိုင် နားလည်ပေမယ့်၊ ဗိုလ်ချုပ်ကြီး သန်းရွှေလို လူမျိုး ရှိနေတဲ့ အတွက်၊ အခက်အခဲ အများကြီး ရှိနေပါတယ်။

(ရေတပ်ဗိုလ်ချုပ်ကြီး ဒဲနစ်(စ်)ဘလဲ Admiral Denis C Blair = အရှေ့အာရှနှင့် ပစိဖိတ် ဒေသ အမေရိကန် စစ်ဌာနချုပ်၏ တပ်မှူးကြီး အနေနှင့်၊ အရှေ့တီမောကို သိမ်းပိုက် ထားသော အင်ဒိုနီးရှား စစ်တပ်၏ ရက်စက် ကြမ်းကြုပ်မှုများကို ရပ်ဆိုင်း သွားစေရန်၊ အင်ဒိုနီးရှား ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ၀ီရန်တို (General Wiranto) ကို သတိပေး တားမြစ်ဖို့ ၁၉၉၉ တွင် သမ္မတ ကလင်တန် အစိုးရ၏ ညွှန်ကြားချက်ကို မလိုက်နာသည့် အပြင်၊ ဗိုလ်ချုပ်ကြီး ၀ီရန်တိုအား စစ်ရေး အကူအညီ ပေးဖို့ပင် ကမ်းလှမ်း ခဲ့သည် ဟူ၍ စွပ်စွဲခံရပြီး၊ ၂၀၀၂ တွင် အမေရိကန် ရေတပ်မှ အငြိမ်းစား ယူခဲ့သူ။ CIA အပါ အ၀င် အမေရိကန် ထောက်လှမ်းရေး (၁၉) ဖွဲ့ကို စုစည်း ထားသော အမေရိကန် အမျိုးသား ထောက်လှမ်းရေး ၏ ညွှန်ကြားရေးမှူး (DNI - Director of National Intelligence) ဖြစ်နေစဉ်၊ အမေရိကန်-ပြင်သစ် ထောက်လှမ်းရေး ဖလှယ်မှုဆိုင်ရာ သဘောတူ စာချုပ်နှင့် ပတ်သက်ပြီး၊ အမျိုးသား ထောက်လှမ်းရေး ညွှန်ကြားရေးမှူး အနေနှင့် ဆောင်ရွက်ချက်များ အပေါ် မကျေနပ်သော သမ္မတ အိုဘားမား က၊ ၂၀၁၀မေလတွင် ရေတပ် ဗိုလ်ချုပ်ကြီး ဒဲနစ်(စ်)ဘလဲ အား DNI အမျိုးသား ထောက်လှမ်းရေး ညွှန်ကြားရေးမှူး ရာထူးမှ နှုတ်ထွက် ခိုင်းခဲ့သည်)

ဦးရော်နီညိမ်း။ ။ အမေရိကန်(တပ်မတော်)ဘက်က ပြန်ကြည့်တဲ့ အခါမှာ၊ သူတို့ ဘက်က ပြင်ဆင် နေတာ မှန်တယ်။ ခုလို မြန်မာစာ သင်တန်း တွေ တက်နေကြတဲ့ ဟာမျိုးတွေပေါ့။ ဒါပေမယ့် ဗြုံးစားကြီးတော့ (စစ်တပ်ချင်း ဆက်ဆံရေး) လုပ်မှာ မဟုတ်ဘူး။ မြန်မာ အစိုးရ ဘက်က ထူးခြား တဲ့ နိုင်ငံရေး အပြောင်းအလဲ မရှိပဲနဲ့တော့၊ သူတို့က လုပ်မှာ မဟုတ်ဘူး။ စစ်တပ်နဲ့ စစ်သားတွေ ဆိုတော့၊ ကြိုပြင်တဲ့ အနေနဲ့ ဟိုဘက်မှာ (မြန်မာ နိုင်ငံမှာ) အပြောင်းအလဲ တစုံတရာ ဖြစ်လာရင်၊ ဟိုးတုန်းကလို သွားဖို့ အတွက် ဆိုတာမျိုး၊ အမေရိကန် တပ်မတော်ဘက်က ကြိုတင် ပြင်ဆင် ထားတာလဲ ဖြစ်နိုင်တယ်။ ဒီအတိုင်းကတော့ ဗိုလ်မှူး ပြောခဲ့သလို၊ အမေရိကန် တပ်မတော်က အမေရိကန် ကွန်ဂရက် လွှတ်တော်ကို မကျော်နိုင် ဘူး။ အမေရိကန် အစိုးရကို မကျော်နိုင်ဘူး။ အမေရိကန် အစိုးရ ပေါ်လစီက မြန်မာ အစိုးရ အပေါ် စီးပွားရေး အရတောင် ပိတ်ဆို့ ထားတာဆိုတော့၊ စစ်ရေးအရ ဘာမှ လုပ်ပေးမှာ မဟုတ်ဘူး။ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် အကယ်၍သာ တကယ့်ကို လွတ်လွတ်လပ်လပ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဖြစ်မယ်၊ သူ့အပေါ်ကနေ တပ်နဲ့ ပတ်သက်လို့ လွှတ်တော်ထဲမှာ ဖွဲ့ထားတဲ့ လုံခြုံရေးနဲ့ ကာကွယ်ရေး ကောင်စီက လွဲလို့၊ ဘယ်သူ မှ မရှိပဲ၊ သူ့ဟာသူ လွတ်လပ်စွာ ရပ်တည်နေတဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဖြစ်မယ်ဆိုရင်၊ အမေရိကန် တပ်မတော်နဲ့ ပြေလည်ပြီး သူတို့ တကယ် လိုလားနေတဲ့ အနေအထားကို ရောက်ဖို့၊ သူ့အနေနဲ့ ဘာလုပ်ဖို့လိုတယ်လို့၊ မြင်ဖို့ လိုတယ်လို့၊ ဗိုလ်မှူး ထင်သလဲ ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ နိုင်ငံရေးက နိုင်ငံရေး၊ စစ်ရေးက စစ်ရေး ဆိုတာက၊ ကျနော်တို့ ရှိစဉ် ကတည်းကိုက အမေရိကန်နဲ့ တည်ဆောက် ခဲ့တဲ့ ဆက်ဆံရေးပါ။ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သာ လွတ်လွတ် လပ်လပ် အနှောင်အဖွဲ့ မရှိပဲနဲ့၊ လုပ်လို့ရမယ် ဆိုရင်တော့၊ ကျိန်းသေတယ်၊ သူ သည် အမေရိကန်နဲ့ ဆက်ဆံရေးကို ကောင်းအောင်လုပ်မှာ သေချာပါတယ် ခင်ဗျ။

ဦးရော်နီညိမ်း။ ။ တပ်မတော်(ကြည်း)ရဲ့ အရာရှိဟောင်း တဦး၊ ထောက်လှမ်းရေး အရာရှိဟောင်း တဦးလည်း ဖြစ်ပြီးတော့၊ သံတမန်ဟောင်း တဦးလည်း ဖြစ်ခဲ့တဲ့ အမေရိကန် ပြည်ထောင်စုမှာ ထောက်လှမ်းရေး သင်တန်းလည်း တက်ခဲ့ဘူးသူ ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်ကို ဆက် သွယ်မေးမြန်းခဲ့တာပါ။ ကျနော် ရော်နီညိမ်းပါ။

Ref: VOA News

Read More...

အမျိုးသား ထောက်လှမ်းရေးအဖွဲ့ကို ကာချုပ် ဦးစီးမည်

Tuesday, 26 April 2011

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က အမျိုးသား ထောက်လှမ်းရေး အဖွဲ့ (NIB) ဖွဲ့စည်းရန် ဆောင်ရွက်လျက် ရှိကြောင်း နေပြည်တော် အခြေစိုက် စစ်ဘက် အသိုင်းအ၀န်းမှ သတင်းရရှိသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ရာထူးတာဝန်ကို ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ထံသို့ လွှဲပြောင်း မပေးခင်ကပင် အမျိုးသား ထောက်လှမ်းရေး အဖွဲ့ ဖွဲ့စည်းရန် တရားဝင် ညွှန်ကြားခဲ့ခြင်း ဖြစ်ပြီး ယခုအခါ အဆိုပါ ညွှန်ကြားချက် အတိုင်း ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က အကောင်အထည် ဖော်လျက် ရှိကြောင်း သိရှိရသည်။

အမျိုးသား ထောက်လှမ်းရေးအဖွဲ့ဖွဲ့စည်းရန် သမ္မတဦးသိန်းစိန် ဦးဆောင်သော အမျိုးသား လုံခြုံရေး ကောင်စီက တရားဝင် ခွင့်ပြု ထားကြောင်း၊ အဓိက အားဖြင့် ကာကွယ်ရေး ၀န်ကြီးဌာန၊ နယ်စပ်ရေးရာ လုံခြုံရေး ၀န်ကြီးဌာန၊ ပြည်ထဲရေး ၀န်ကြီးဌာန စသည့် ဌာန ၃ ခုကို ပူးပေါင်း ဖွဲ့စည်းမည်ဖြစ်ကြောင်း၊ လိုအပ်ချက် အရ တခြားသော အရပ်ဘက် ဆိုင်ရာ ၀န်ကြီးဌာန များသည်လည်း အမျိုးသား ထောက်လှမ်းရေး အဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း နေပြည်တော် စစ်ဘက်ဆိုင်ရာ အရာရှိ တဦးက ပြောသည်။

“အဲဒီအဖွဲ့က အမျိုးသားလုံခြုံရေး ကောင်စီရဲ့ အုပ်ချုပ်မှုအောက်မှာ ထားမယ်လို့ သိရပါတယ်” ဟု နေပြည်တော် စစ်ဘက် အသိုင်းအ၀န်းနှင့် နီးစပ်သူ တဦးက ပြောသည်။

အမျိုးသား ထောက်လှမ်းရေးအဖွဲ့သည် ပြည်တွင်းနိုင်ငံရေးပါတီများနှင့် တိုင်းရင်းသား နိုင်ငံရေး ပါတီများ၏ နိုင်ငံရေး လှုပ်ရှားမှုများ၊ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များနှင့် ငြိမ်းချမ်းရေး ရယူထားသော တိုင်းရင်းသား အဖွဲ့အစည်းများ၏ လှုပ်ရှားမှုများ၊ ပြည်တွင်း အကြမ်းဖက် ဖောက်ခွဲမှု လုပ်ရပ်များ၊ တပ်မတော်တွင်း သွေးခွဲမည့်လုပ်ရပ်များ အပါအ၀င် နိုင်ငံတော် လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ပျက်ပြား စေနိုင်သော အရေးကိစ္စ အားလုံးကို စုံစမ်း ထောက်လှမ်း အရေးယူ သွားမည်ဟု သိရသည်။

ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်သည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ စစ်ဘက်နှင့် လုံခြုံရေး ဆိုင်ရာ လျှို့ဝှက် အစီရင်ခံစာ ပေးပို့ခြင်း၊ လူကိုယ်တိုင် သွားရောက် သတင်းပို့ခြင်းများ လုပ်ဆောင်လျက် ရှိသည်ဟု နေပြည်တော် စစ်ဘက် အသိုင်း အ၀န်းက ဆိုသည်။

သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရသည် မတ်လ ၃၀ ရက်နေ့မှ စတင်ပြီး နိုင်ငံတော် အာဏာကို တရားဝင် ရယူခဲ့သည်။

Ref: ဧရာဝတီ်

Read More...

အပေါ်သို့