..............................

Friday, April 1, 2011

မြန်မာအစိုးရသစ်အပေါ် နိုင်ငံတကာ တုံ့ပြန်

Adaptation of Peter Simpson's report in Burmese
ကြာသပတေး, 31 မတ် 2011

မြန်မာအစိုးရသစ်အပေါ် နိုင်ငံတကာရဲ့ တုံ့ပြန်သံတွေက အခုချိန်မှာ မျိုးစုံ ထွက်ပေါ်နေတာပါ။ မြန်မာ စစ်အစိုးရ အပေါ်မှာ ပြင်းပြင်းထန်ထန် ပြောလေ့ မရှိတဲ့ ဂျာမဏီ နိုင်ငံက နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို တရားဝင် ရပ်တည်ခွင့် ပြုဖို့ တိုက်တွန်း လိုက်ပါတယ်။ ဂျပန် နိုင်ငံကလည်း အစိုးရသစ် အနေနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် စလုပ်ဖို့ တောင်းဆို လိုက်ပါတယ်။ ဒါပေမဲ့ မြန်မာ အစိုးရနဲ့ နီးစပ်တဲ့ တရုတ်နိုင်ငံကတော့ မြန်မာ အစိုးရသစ်ကို ကြိုဆို ချီးကျူး လိုက်ပြီး တခြားနိုင်ငံတွေက မြန်မာ အစိုးရသစ် အပေါ်မှာ ဝေဖန်တာတွေကိုလည်း ပြစ်တင် ရှုတ်ချ လိုက်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ဗွီအိုအေ သတင်းထောက် ပီတာ စင်မ်စန် (Peter Simpson) ဘေဂျင်းက သတင်း ပေးပို့ထားတာနဲ့ အတူ မြန်မာ့အရေး ဆောင်ရွက်သူတဦးကို မေးမြန်းထားတာကို စုစည်းပြီး ဦးဝင်းမင်းက တင်ပြ ပေးထားပါတယ်။

မြန်မာအစိုးရသစ် ခေါင်းဆောင် သမ္မတ ဦးသိန်းစိန်က နိုင်ငံတကာကို ပူးပေါင်းဆောင်ရွက်ကြဖို့ ဖိတ်ခေါ်ကြောင်း သူ့ရဲ့ ပထမဆုံး မိန့်ခွန်းထဲမှာ ထည့်ပြော သွားချိန်မှာ နိုင်ငံတကာ ဘက်ကလည်း တုံ့ပြန် လိုက်ကြပါတယ်။ EU ဥရောပ သမဂ္ဂက တက်လာတဲ့ မြန်မာ အစိုးရရဲ့ လုပ်ရပ်တွေ အပေါ် စောင့်ကြည့် သွားမယ်လို့ ပြောလိုက်ချိန်မှာ အဖွဲ့ဝင် နိုင်ငံတခု ဖြစ်တဲ့ ဂျာမဏီ နိုင်ငံက ၀န်ကြီးချုပ် အိန်ဂျလာ မာကဲလ် (Angela Merkel) ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို မနေ့က ဖုန်းခေါ်ခဲ့ပြီး အခုလို ထူးထူးခြားခြား တောင်းဆို လိုက်တာ ဖြစ်ပါတယ်။

ဂျာမန်ဝန်ကြီးချုပ်က မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို အခြား နိုင်ငံရေး အဖွဲ့အစည်း အားလုံးနဲ့ အတူ တရားဝင် ရပ်တည်ခွင့် ပြုဖို့နဲ့ ငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးတွေ အတွက် ဆွေးနွေးပွဲတွေ လုပ်ဖို့ တိုက်တွန်း လိုက်ပါတယ်။

ဂျာမဏီနိုင်ငံဟာ ဥရောပသမဂ္ဂ အတွင်းမှာ မြန်မာအစိုးရကို သိပ်မဝေဖန်ဘဲ အပြုသဘော ဆက်ဆံဖို့ ပိုအားသန်တဲ့ နိုင်ငံတခု ဖြစ်တာမို့ အခုလို ပြောလိုက်တာဟာ ထူးခြားတယ်လို့ ဂျာမဏီနိုင်ငံမှာ မြန်မာ့ ဒီမိုကရေစီအရေး နှစ်ပေါင်းများစွာ ဆောင်ရွက်နေသူ ဦးနွယ်အောင်က ပြောပါတယ်။

“သူကိုယ်တိုင် ဒီလိုဆက်ပြီး ပြောတယ်ဆိုတာကို ကြည့်ခြင်းအားဖြင့် ကျနော်တို့က ပိုပြီးတော့ ၀မ်းသာပါတယ်။ ဘာကြောင့်လဲ ဆိုရင် ဂျာမန် အစိုးရရဲ့ ပေါ်လစီက နိုင်ငံရေးအရ ဆိုရင် သူတို့က နည်းနည်း တွန့်ဆုတ်ဆုတ် ရှိတယ်။ EU မှာဆိုရင် ဂျာမန် အစိုးရက မြန်မာပြည် အတွက် ပြင်းပြင်း ထန်ထန် ပြောဆိုတာတို့၊ ဝေဖန်ဖို့တို့ ဆိုရင် တော်တော် ၀န်လေးတဲ့ အစိုးရ ဖြစ်တဲ့ အတွက်ကြောင့် ဒီလို ၀န်ကြီးချုပ်က နေပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြောတာတွေ ဆိုတာကတော့ ကျနော်တို့က ဒီလိုကြားရတာ ၀မ်းသာတယ်၊ ကြိုဆိုတယ်။ ရှေ့ဆက်ပြီးတော့လည်း ဂျာမန်အစိုးရ အနေနဲ့ ဒီ့ထက်ပိုပြီးတော့ ခိုင်ခိုင်မာမာ လုပ်ဖို့ လိုလိမ့်မယ်လို့တော့ ကျနော် ယူဆပါတယ်ခင်ဗျ။”

ဘာကြောင့် ဂျာမန်အစိုးရက အရင်တုန်းက EU မှာ မြန်မာအစိုးရကို ပြင်းပြင်းထန်ထန် မဝေဖန်ချင်တာလဲ။

“စီးပွားရေးကိစ္စပဲ ဖြစ်တယ်လေ။ သူတို့က စီးပွားရေးဘက်ကို ပိုဝင်ချင်တယ်။ ဥပမာ တိုင်းပြည်က လွတ်လပ်ရင် တောင်မှ ဂျာမန် အစိုးရက ၀င်ပြီးသား ဖြစ်ဖို့ သူတို့က အမြဲ အဲဒီလို မျှော်လင့်နေတယ်။”

ဒီအချိန်မှာပဲ မြန်မာနိုင်ငံက ဖိနှိပ်မှုတွေကြောင့် ၁၉၈၈ ခုနှစ်ကတည်းက အကူအညီတွေ စပြီး လျှော့ပေး လာခဲ့တဲ့ ဂျပန်နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးဌာနက မနေ့က ကြေညာချက် တစောင် ထုတ်ပြန်ပြီး မြန်မာနိုင်ငံမှာ အားလုံး ပိုမို ပါဝင်နိုင်တဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်လာအောင်လုပ်ဖို့ မြန်မာ အစိုးရသစ်ကို တောင်းဆို လိုက်ပါတယ်။ ဒီလို လုပ်ဆောင်ရာမှာ ပါလီမန်ထဲမှာ အပြန်အလှန် ဆွေးနွေးပွဲတွေ ပိုလုပ်ပြီး အမျိုးသား ပြန်လည် သင့်မြတ်ရေး ရအောင် နောက်ထပ် ခြေလှမ်းသစ်တွေ စလှမ်းဖို့ အစိုးရသစ်ကို တောင်းဆို လိုက်ပါတယ်။ ဂျပန်အစိုးရဟာ ၁၉၈၈ မတိုင်ခင်မှာ မြန်မာနိုင်ငံကို ဖွံ့ဖြိုးရေး အကူအညီ အများဆုံး ပေးခဲ့တဲ့နိုင်ငံ ဖြစ်ပါတယ်။

ဒါပေမဲ့ ၁၉၈၈ နောက်ပိုင်း မြန်မာစစ်အစိုးရကို အကူအညီ အများဆုံး ပေးခဲ့တဲ့ တရုတ် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ ကျန်ယု (Jiang Yu) ကတော့ မြန်မာ အစိုးရရဲ့ ဒီမိုကရေစီ ဖော်ဆောင်မှုကို ချီးကျူးလိုက်ပြီး အနောက် နိုင်ငံတွေကို မြန်မာ့ ပြည်တွင်းရေး ၀င်မစွက်ဖို့ ချက်ချင်းပဲ သတိပေး လိုက်ပါတယ်။

“မြန်မာနိုင်ငံ ပါလီမန်က အရပ်သား ဦးဆောင်တဲ့ အစိုးရသစ် ဖွဲ့လိုက်တာဟာ တကယ် အစိုးရသစ် မဟုတ်ဘူး၊ စစ်အစိုးရ ဟောင်းပဲ ပုံစံသစ်နဲ့ ပြန်ထွက် လာတာပါလို့ အခြားနိုင်ငံတွေက ပြောတာကို တရုတ်အစိုးရ အနေနဲ့ သဘော မတူနိုင်ဘူး။” လို့ ပြောဆို သွားပါတယ်။

ကျန်ယု အခုလို မပြောခင်လေးမှာပဲ မြန်မာအစိုးရကို အပြင်းထန်ဆုံး ဆန့်ကျင်ခဲ့တဲ့ အမေရိကန် အစိုးရက မြန်မာ နိုင်ငံမှာ စစ်ဗိုလ်ချုပ် ဟောင်းတွေပဲ ပြန်ဦးစီး ထားတဲ့ အစိုးရသစ် ဖြစ်ပြီး ဖိနှိပ်မှုတွေ ဆက်ရှိနေတာမို့ စိုးရိမ်မှုတွေ ဆက်ရှိ နေသေးတယ်လို့ ဆိုခဲ့ပါတယ်။ ဒါပေမဲ့ အမေရိကန် အစိုးရရဲ့ ပြောရေးဆိုခွင့် ရှိသူက ဆွေးနွေးပွဲတွေ ဆက်ဖြစ်လာဖို့ ဆက်လက် ဖိအားပေး တိုက်တွန်းသွားပြီး အပြုသဘော ဆက်ဆံရေးကိုလည်း ဆက်လက် ကျင့်သုံးသွားမယ်လို့ ဆိုခဲ့ပါတယ်။

အိမ်နီးချင်း ထိုင်းနိုင်ငံကတော့ မြန်မာအစိုးရသစ်ကို ကြိုဆိုခဲ့ပြီး မြန်မာလူထုရဲ့ အကျိုးကို ဆောင်ရွက် ပေးနိုင်ဖို့ မျှော်လင့် တယ်လို့ ဆိုလိုက် ပါတယ်။ ကမ္ဘာ့ ကုလသမဂ္ဂ ကတော့ အခုလို အပြောင်းအလဲ ဖြစ်နေချိန်ကို အခွင့်ကောင်း အဖြစ် အမိအရ ဆုပ်ကိုင်ပြီး မြန်မာ နိုင်ငံမှာ အားလုံးက လိုလား နေကြတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး တိုးတက် ပြောင်းလဲမှုတွေ စတင် ဖော်ဆောင်ဖို့ တိုက်တွန်း လိုက်ပါတယ်။

Ref: VOA News

Read More...

မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေ ဗြိတိန်စိုးရိမ်

ဒေါ်ခင်မျိုးသက်
ကြာသပတေး, 31 မတ် 2011

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲတွေ ကျင်းပပေးပြီး မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို ပြန်လွှတ် ပေးခဲ့ပေမဲ့ လူ့အခွင့်အရေး အခြေအနေက သိသိ သာသာ တိုးတက်လာတာ မတွေ့ရဘူးလို့ ဗြိတိသျှ နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ ၂၀၁၀ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ နှစ်ပတ်လည် အစီရင်ခံစာမှာ ဖော်ပြ ထားပါတယ်။ ဗြိတိသျှ အစိုးရ အနေနဲ့ ၂၀၁၁ ခုနှစ် လူ့အခွင့်အရေး အခြေအနေ ဆိုင်ရာ ပုံမှန်သုံးသပ်တဲ့ UPR လုပ်ငန်းစဉ်က တဆင့် မြန်မာနိုင်ငံ လူ့အခွင့်အရေး တိုးတက် ကောင်းမွန် လာစေဖို့အတွက် မြန်မာ အာဏာပိုင်တွေနဲ့ ဆက်ပြီး တိုက်ရိုက် ဆက်သွယ် လုပ်ဆောင် သွားမယ်လို့လည်း ဆိုပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြ ပေးထားပါတယ်။

ဗြိတိန်နိုင်ငံက မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံပေါင်း ၂၆ နိုင်ငံရဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေး အတွက် စိုးရိမ်ပူပန်ကြောင်း ၂၀၁၀ အစီရင်ခံစာ ထဲမှာ ထည့်သွင်း ဖော်ပြထားတယ်လို့ ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး ၀ီလီယံ ဟေ့ဂ် (William Hague) က ပြောပါတယ်။

“လူ့အခွင့်အရေးဆိုင်ရာ ကိစ္စတွေဟာ ကျနော်တို့ရဲ့ နိုင်ငံခြားရေး မူဝါဒ ချတဲ့နေရာမှာ ကျယ်ကျယ် ပြန့်ပြန့် ဆက်နွယ် နေတယ် ဆိုတာကို ဒီအစီရင်ခံစာကို ကြည့်ရင် သိနိုင်ပါတယ်။ ဒီအထဲမှာ နိုင်ငံပေါင်း ၂၆ နိုင်ငံနဲ့ ပတ်သက်ပြီး ကျနော်တို့ရဲ့ စိုးရိမ် ပူပန်မှုတွေကို ဖော်ပြ ထားတဲ့အပြင် ဒီနိုင်ငံတွေနဲ့ ပတ်သက်ပြီး ဗြိတိန်နိုင်ငံက ဘယ်လို အရေးယူ ဆောင်ရွက်ဖို့ လုပ်နေတယ် ဆိုတာ ဖော်ပြ ထားပါတယ်။”

ဒီ ၂၆ နိုင်ငံထဲမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တယ်လို့ မစ္စတာ ဟေ့ဂ် ပြုလုပ်တဲ့ ဒီအစီရင်ခံစာ ဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲကို တက်ရောက်ခဲ့သူ ဗြိတိန်နိုင်ငံက မြန်မာ့အရေး ဆောင်ရွက်တဲ့ Burma Campaign (UK) က မဇိုရာဖန်းက ပြောပါတယ်။

“အခု မြန်မာပြည်ရဲ့ အခြေအနေက အင်မတန် ဆိုးရွားနေတယ်ပေါ့။ အခု ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်လိုက်ပြီ၊ ဒါပေမဲ့ တိုင်းပြည်ရဲ့ အခြေအနေကတော့ တိုးတက်မှု မရှိသေးဘူး၊ လက်ရှိ အခြေအနေမှာဆိုရင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အင်မတန်ကို ဆိုးရွားနေတဲ့အကြောင်း ပြောခဲ့တယ်။ ပြီးတော့ နိုင်ငံရေး အကျဉ်းသားတွေကို နှိပ်စက် ညှဉ်းပန်းမှုတွေ လုပ်တယ်။ တိုင်းရင်းသား ပြည်သူလူထုတွေ နယ်မြေမှာလည်း လူမျိုးစုတွေကို ဖိနှိပ်တာတွေကိုလည်း ပြောသွားတယ်။

“ပြီးတော့ တိုင်းရင်းသားတွေကို ဆက်လက်ပြီးတော့ တိုက်ခိုက်နေတဲ့ အကြောင်းလည်း ဖော်ပြသလို တိုင်းရင်းသား လူမျိုးစုတွေနဲ့ တခြား ဒီမိုကရေစီ အင်အားစုတွေ အားလုံးအတွက် အာမခံချက် ပေးနိုင်တဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ရှိမှပဲ တိုင်းပြည် တည်ငြိမ်မယ်လို့ ပြောခဲ့ပါတယ်။”

မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၂၀ ကြာမှ ပထမဆုံး ရွေးကောက်ပွဲ ကျင်းပပေးခဲ့သလို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်ပြီး လွှတ်ပေး ခဲ့ပေမဲ့လည်း လူ့အခွင့်အရေး အခြေအနေဟာ သိသိသာသာ တိုးတက် လာတာမျိုး မတွေ့ရသလို စစ်အစိုးရဘက်က ပုံစံတမျိုးနဲ့ အာဏာဆက်ပြီး ချုပ်ကိုင်ထားတာ တွေ့ရတယ်လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲမှာ ၂၀၁၀ နှစ်ကုန်တဲ့အထိ နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ကျော် ရှိနေဆဲ ဖြစ်သလို ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေကို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ပြီး မိသားစုနဲ့ ဝေးရာ နယ်စွန်နယ်ဖျား ထောင်တွေကို ပို့တာ၊ နှိပ်စက် ညှဉ်းပန်းတာတွေနဲ့ ဆေးကုသခွင့် မပေးတာတွေလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေ တွေ့ရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြ ထားပါတယ်။

မြန်မာနိုင်ငံသားတွေဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အခုထိ မရကြသေးဘဲ သတင်းမီဒီယာ လွတ်လပ်ခွင့် အပိတ်ပင် ခံရဆဲ ရှိနေသလို ဘာသာရေး လွတ်လပ်ခွင့်လည်း ဆိတ်သုဉ်း နေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကလေးသူငယ် ရပိုင်ခွင့်တွေ ဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုရေး အကာအကွယ် ပေးမှုတွေ ချို့ယွင်းနေတာမို့ UNICEF လို ကုလသမဂ္ဂ အဖွဲ့အစည်းတွေ မြန်မာ နိုင်ငံထဲမှာ ဆက်လက်ပြီး လွတ်လွတ်လပ်လပ် လုပ်ဆောင်ခွင့် ပေးဖို့လည်း တိုက်တွန်း ထားပါတယ်။

ဗြိတိန်နိုင်ငံ အနေနဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေးအတွက် ဦးဆောင်ပြီး ဆောင်ရွက်နေတာ တွေ့ရတယ်လို့ မဇိုရာဖန်းက ပြောပါတယ်။

“ပြီးခဲ့တဲ့ အပတ်မှာပဲ ဗြိတိန် နိုင်ငံခြားရေးဌာနက ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး ကောင်စီမှာလည်း နိုင်ငံတကာရဲ့ စုံစမ်း စစ်ဆေးရေး ကော်မရှင်တခု ရဖို့၊ မြန်မာပြည် အပေါ်မှာ သူတို့ စုံစမ်း ပေးဖို့ တိုက်တွန်း ခဲ့ပါတယ်။ ကုလသမဂ္ဂရဲ့ အထွေထွေ ညီလာခံမှာလည်း သူတို့ ဆက်လက်ပြီးတော့ UN ကနေတဆင့် စုံစမ်း စစ်ဆေးရေး ကော်မရှင်တခု ရဖို့အတွက်လည်း သူတို့ ဆက်ပြီးတော့ ကြိုးစားမယ်၊ တဆက်တည်းမှာပဲ မြန်မာနိုင်ငံအပေါ်မှာ Pressure တွေ ထားသင့်လား၊ မထားသင့်လား Discussion တွေ လုပ်တဲ့အချိန်မှာလည်း ဗြိတိသျှ အစိုးရက EU ကနေတဆင့် မြန်မာ အပေါ်မှာ ဒီ့ထက်ပိုပြီးတော့ Pressure တွေ ပေးရမယ်ဆိုတာ တော်တော်လေး လုပ်ပေးတယ်။”

ဗြိတိန်နိုင်ငံ အနေနဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) အဆိုပြုထားတဲ့ မြန်မာ နိုင်ငံတွင်း စစ်ရာဇ၀တ်မှုတွေနဲ့ လူသားမျိုးနွယ်တွေ အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေ ကျူးလွန်မှု ရှိမရှိ ကုလသမဂ္ဂက စုံစမ်းရေး ကော်မရှင်တရပ် ဖွဲ့စည်းဖို့ ဆက်လက် ထောက်ခံ နေမှာဖြစ်ပြီး ၂၀၁၁ ခုနှစ် လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ပုံမှန်သုံးသပ်တဲ့ UPR လုပ်ငန်းစဉ်က တဆင့် မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေ တိုးတက် ကောင်းမွန် လာစေဖို့အတွက် မြန်မာ အာဏာပိုင်တွေနဲ့ တိုက်ရိုက် ဆက်သွယ် ဆောင်ရွက် သွားမယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြ ထားပါတယ်။

Ref: VOA News

Read More...

နိုင်ငံရေးအကျဉ်းသား လွှတ်ပေးမည်ဟု အတိုက်အခံ မျှော်လင့်

ဖနိဒါ
ကြာသပတေးနေ့၊ မတ်လ ၃၁ ရက် ၂၀၁၁

ချင်းမိုင် (မဇ္စျိမ) ။ ။ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပတ်သက်၍ တစွန်းတစမျှ သမ္မတ ဦးသိန်းစိန်က ထည့်သွင်း ပြောကြားခြင်း မရှိသော်လည်း နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေး လိမ့်မည်ဟု အတိုက် အခံများက မျှော်လင့်နေကြသည်။

အစိုးရသစ် ပြောင်းလဲချိန်တိုင်း နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးလေ့ရှိသည်ကို အခြေ တည်ကာ မျှော်လင့် နေကြခြင်း ဖြစ်သည်။

“ကျနော့်အတွေ့အကြုံအရဆိုရင် တော်လှန်ရေးကောင်စီတက်တဲ့ ၁၉၆၂ ခုနှစ်မှာ၊ ၁၉၇၄ မဆလ အစိုးရ ဖွဲ့တယ်။ နောက်ပြီးတော့ ၈၈ မှာ နဝတ အစိုးရ တက်တယ်။ ၉၇ မှာ နအဖ ဖြစ်တယ်။ အဲဒီလို အပြောင်းအလဲ ဖြစ်တိုင်းမှာ သူတို့က အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့် လုပ်လေ့ လုပ်ထ ရှိတယ်” ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ရုံးအဖွဲ့ဝင် ဦးဝင်းထိန်က မဇ္ဈိမကို ပြောသည်။

“ဒီအစိုးရသစ်တခု စပြီးတည်ထောင်ပြီဆိုရင် ဒီကိစ္စကို ရှင်းရမယ့် တာဝန်ရှိတယ်။ အဲဒီ အကျဉ်းသားနဲ့ ပတ်သက်လို့ ဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို ဖြေရှင်းရမယ့် တာဝန်ရှိတယ်။ ဒါကို မဖော်ပြဘူး ဆိုတာတော့ သူတို့ရဲ့ ချို့ယွင်းချက်ပေါ့” ဟု နိုင်ငံခြား သတင်း ဌာနများသို့ သတင်းမှားများ ပေးပို့သည်ဟု စွပ်စွဲခံရကာ ထောင်ထဲ၌ ၂၂ နှစ်ကြာ နေခဲ့ရသော နိုင်ငံရေး အကျဉ်းသား ဟောင်းလည်း ဖြစ်သည့် သူက ပြောသည်။

ဧပြီလနှင့် မေလအတွင်း နိုင်ငံရေးအကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့် ရရှိမည်ဟုလည်း ခန့်မှန်း လိုက်သည်။

ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) AAPP ၏ အတွင်းရေးမှူး ကိုတိတ်နိုင်ကမူ သမ္မတသစ် သည်လည်း အတိုက်အခံများ အပေါ် အာဃာတ ရှိနေသည်ဟု တွက်ဆ ထားသည်။

“ဒါက နိုင်ငံရေး အကျဉ်းသားတွေကို ရန်သူလိုထားတယ်။ အာဃာတ ကြီးကြီးထားတယ်ဆိုတာက အင်မတန် ပေါ်လွင်ပါတယ်။ ကျနော်တို့ အမြင်တာတော့ နဂို ကတည်းကလည်း နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးလိမ့်မယ် မဟုတ်ဘူး။ လွှတ်ပေးရင်တောင် အကန့်အသတ် အနေနဲ့ လွှတ်ပေး လိမ့်မယ်လို့ တွက်ဆထားပါတယ်” ဟု သူက မဇ္စျိမကို ပြောသည်။

အကျဉ်းဦးစီးဌာနနှင့် နီးစပ်သော သတင်းရပ်ကွက်တခုက အစိုးရသစ်အနေဖြင့် မျက်နှာလှရန် လွတ်ငြိမ်း ချမ်းသာခွင့် ကြေညာရေး အကျဉ်းသား စာရင်း ပြုစုမှုများ ပြုလုပ်နေသည်ဟု ဆိုသည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ၏ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တောမတ် အိုဟေး ကင်တားနား Tomas Ojea Quintana က နိုင်ငံရေး အကျဉ်းသားများကို အမြန်ဆုံး ပြန်လွှတ်ပေးရန် ပြီးခဲ့သည့် မတ်လ ၂၄ ရက်နေ့တွင် တောင်းဆိုခဲ့သည်။

ယခုလ ၂၂ ရက်နေ့၊ ပြည်သူ့လွှတ်တော် ၁၃ ရက်မြောက် အစည်းအဝေး၌ ကျားဖြူပါတီမှ လင်းခေး မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းလှကျော်က လွတ်ငြိမ်း ချမ်းသာခွင့်အတွက် ခြွင်းချက် မရှိဘဲ လွှတ်ပေးရေးနှင့် ပတ်သက်သည့် မေးခွန်းအပေါ် ထိုစဉ်က ပြည်ထဲရေး ဝန်ကြီး ဦးမောင်ဦးက သမ္မတသစ် တာဝန်ယူချိန်တွင် ဆောင်ရွက်ရမည့်ကိစ္စဟု ဖြေဆိုခဲ့သည်။

အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီက ပထမအကြိမ် လွှတ်တော် အစည်းအဝေး၌ အစိုးရသစ်က လွတ်ငြိမ်း ချမ်းသာခွင့် အမိန့်ကို ထုတ်ပြန်ရေး ဦးစားပေး တင်ပြရန် ရည်ရွယ်ခဲ့သော်လည်း တင်သွင်းခွင့်ပင် မရခဲ့ကြောင်း ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပြောသည်။

Ref: မဇ္ဈိမ

Read More...

အစိုးရသစ် မူဝါဒအပေါ် အမြင်များကွဲလွဲ

ခင်ဦးသာ
Thursday, 31 March 2011

သမ္မတသစ် ဦးသိန်းစိန် ခေါင်းဆောင်သော အစိုးရသစ်က ဒီမိုကရေစီစနစ် စတင်ကူးပြောင်း ကျင့်သုံး တော့မည်ဟု ပြည်သူ လူထုသို့ ရုပ်သံမှ တဆင့် ပြောဆို လိုက်ခြင်းကို အတိုက်အခံ နိုင်ငံရေး အင်အားစုများက အမြင် အမျိုးမျိုးဖြင့် ရှုမြင်ကြသည်။

“ပြောတဲ့အတိုင်း လက်တွေ့ကျင့်သုံးမယ် ဆိုရင်တော့ အကောင်းဆုံးပေါ့ဗျာ၊ ဒါပေမယ့် လုပ်မယ် ဆိုရင်တောင် ဒီ စစ်ဗိုလ် လူထွက်တွေက လုပ်တတ်ပါ့မလား ဆိုတာ သံသယ ဖြစ်မိတယ်”ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ခေါင်းဆောင်တဦး
ဖြစ်သူ ဦးဝင်းတင်က ဧရာဝတီကို ပြောသည်။

ဦးသိန်းစိန်သည် နအဖ အစိုးရထံမှ အာဏာ တရားဝင် လွှဲပြောင်းရယူပြီး ပြည်သူလူထုသို့ သမ္မတသစ် တဦး အနေဖြင့် ပထမဆုံး ပြောဆိုသော မိန့်ခွန်းတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအတိုင်း ပေါ်ပေါက်လာသော အစိုးရသစ်ကို လက်ခံ စေလိုကြောင်း၊ ဒီမိုကရေစီရေး အပြင် လူ့အခွင့်အရေး၊ အလုပ်သမား၊ လယ်သမား အရေးများကို ဖွဲ့စည်းပုံ ဥပဒေအရ ဆောင်ရွက်သွားမည် ဟုလည်း ပြောဆိုသွားသည်။

နအဖ စစ်အစိုးရက အတည်ပြုထားပြီး လက်ရှိအချိန်ထိ အငြင်းပွားနေဆဲဖြစ်သော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား ကာကွယ် စောင့်ရှောက် သွားမည်ဖြစ်ပြီး ဖွဲ့စည်းပုံပါ အားနည်းချက်များကို ပြန်လည် ပြုပြင်နိုင်ရန် အချက်တချို့ကို ဖွဲ့စည်းပုံတွင် ရေးဆွဲထားသည့် အတိုင်း ပြင်ဆင်သွားမည် ဟုလည်း ဦးသိန်းစိန်က ဆိုသည်။

နိုင်ငံတော်အားကာကွယ်ရန်အတွက် ကမ္ဘာ့အဆင့်မီ တပ်မတော်တခုရှိရန် လိုအပ်၍ စစ်တပ်ကို အင်အား တိုးချဲ့ သွားမည်ဟု လည်း သမ္မတသစ် က ဆိုသည်။

စစ်အစိုးရက တဖက်သတ်ရေးဆွဲထားသော ဖွဲ့စည်းပုံအခြေခံ ဥပဒေအား ကာကွယ်သွားမည် ဟူသော စကားသည် ပြန်လည် ပြုပြင်နိုင်မည့် အရေးကို ခြိမ်းခြောက်သည့် သဘော သက်ရောက်နေပြီး ဖွဲ့စည်းပုံ အတိုင်း လုပ်ဆောင်သွားမည်ဟု တိုက်ရိုက်ပြော ဆိုခြင်း ဖြစ်ကြောင်း ဦးဝင်းတင် က ဆိုသည်။

အစိုးရသစ်အား အတိုက်အခံနိုင်ငံရေး အင်အားစုများက လက်ခံမှုအပြည့်မရှိသကဲ့သို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ကလည်း လက်မခံကြပေ။

“ဖွဲ့စည်းပုံက ပြန်ပြင်ဖို့မလွယ်သလို အစိုးရသစ်ဟာလည်း အများမျှော်မှန်းထားတဲ့ အစိုးရ မဟုတ်ဘူးလေ၊ ဒီမိုကရေစီ အစိုးရ လည်း ဖြစ်လာမှာ မဟုတ်ဘူး”ဟု ရှမ်းပြည် တပ်မတော်(တောင်ပိုင်း) SSA-S အဖွဲ့မှ စိုင်းလောင်ဝ်ဆိုင်း က ဧရာဝတီကို ပြောသည်။

၎င်းကဆက်၍“ဒီအစိုးရဟာလည်းပဲ နအဖ ပဲဖြစ်တယ်၊ သူတို့ တက်လာကတည်းက ပြည်တွင်း စစ်မီးတွေ ပိုများလာတယ်၊ တိုင်း ရင်းသားတွေ အရေးကိုလည်း ဘာမှလုပ်ပေးနိုင်တဲ့ အစိုးရ မဟုတ်လို့ အစိုးရသစ်ကို လည်းပဲ လက်မခံနိုင်တာပါ”ဟု ပြောသည်။

ကရင်အမျိုးသား အစည်းအရုံး(KNU) မှ နော်စီဖိုးရာစိန်ကလည်း ၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံနိုင်သည့်အပြင် ထိုဖွဲ့စည်းပုံ အရ ပေါ်ပေါက် လာသော အစိုးရ သစ်ကိုလည်း အသိအမှတ် မပြုနိုင်ဟု ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအရ ကျင်းပခဲ့သော ရွေးကောက်ပွဲ၌ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် နိုင်ငံရေးပါတီ တချို့ကမူ အစိုးရသစ် အား ဝေဖန်ရန် စောသေးကြောင်း၊ အစိုးရသစ်အား အပြုသဘော ဆောင်၍ ၎င်းတို့၏ လုပ်ဆောင်ချက်ကို စောင့်ကြည့်ဦးမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အင်အားစု(NDF)၏ ခေါင်းဆောင် ဦးခင်မောင်ဆွေ က ဧရာဝတီကို ပြောသည်။

“သမ္မတသစ် ပြောသွားတဲ့စကားတွေထဲမှာ လက်ခံနိုင်တာရော၊ မခံနိုင်တာတွေရောပါ ပါတယ်၊ ဒါပေမယ့် လုံးဝ မကောင်းဘူးလို့ ပြောလို့ မရဘူးလေ၊ သေချာတာကတော့ စစ်တပ်ကနေ အရပ်သား အစိုးရကို အာဏာ လွှဲပေး လိုက်တာကိုတော့ ဘယ်သူမှ ငြင်း မရပါဘူး”ဟု ဦးခင်မောင်ဆွေ က ဆိုသည်။

NLDပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းကလည်း“ကျနော်တို့ အနေနဲ့ လက်တွေ့ကျကျ ပေါ်လာတဲ့ အစိုးရ ကိုတော့ လက် ခံ ရမယ်၊ ဒါပေမယ့် အမျိုးသား ရင်ကြားစေ့ရေး လုပ်နိုင် မလုပ်နိုင် ဆိုတာက အရေးကြီးပါတယ်၊ ဒီအတွက်လည်း မျှော်လင့် ထား တယ်”ဟု ပြောသည်။

ဦးသိန်းစိန်က မြန်မာ့နိုင်ငံရေး၌ အစဉ်အလာတခုကဲ့သို့ ဖြစ်နေသော အစိုးရနှင့်အတိုက် အခံ ဆိုသည့် ပဋိပက္ခ အသွင် ဆောင်သော အမြင် သဘောထားကို ကိုင်စွဲခြင်း မပြုဘဲ အမျိုးသား အကျိုးစီးပွားကို အခြေခံ၍ လုပ်ဖော် ကိုင်ဖက်များ အဖြစ် သဘော ထားကာ လက်တွဲ ဆောင်ရွက်သွားရန် တိုက်တွန်းပါသည်ဟု မိန့်ခွန်း၌ ပြောဆိုသည်။

“ပြောသွားတာတွေကတော့ အတော်နားထောင်ကောင်းတယ်ဗျ၊ ပြည်ပက မြန်မာသံရုံးတွေက ကိုယ့်နိုင်ငံသားတွေ တခုခု အကူအညီ သွားတောင်းရင်တောင် အလွယ်တကူ လုပ်ပေးတာ တခါမှ မကြားဖူးဘူး၊ အခုပြောတဲ့ ကူညီမယ်ဆိုတာ ဘယ်လို ဟာမျိုးကို ပြောတာလဲ ဆိုတာမသိဘူး”ဟု ဦးဝင်းတင်က ပြောသည်။

အစိုးရသစ်သည် ပြည်သူများအား လုပ်ဆောင်ပေးသွားမည်ဟု ကတိပေးပြောဆိုသည့် အတိုင်း လုပ်ပေးမည် ဆိုပါက မြန်မြန် အကောင် အထည် ဖော်ပေးရန် လိုအပ်သည် ဟုလည်း ၎င်းက ဆက်ပြောသည်။

သမ္မတသစ် ဦးသိန်းစိန်၏ မိန့်ခွန်းတွင် နိုင်ငံရေးပါတီ အများစုကတောင်းဆိုနေသော နိုင်ငံရေး အကျဉ်းသားများ အားလုံး လွတ်ငြိမ်း ချမ်းသာခွင့် ပေးရေးကို ပြောဆို မသွားသည့်အပြင် လွှတ်တော် အစည်းအဝေးများ မှလည်း ပယ်ချ ခံခဲ့ရသည်။

လွှတ်တော် အစည်းအဝေး တက်ရောက်ခဲ့ကြသော ကိုယ်စားလှယ်များကမူ ပြည်သူများကိုယ်စား တင်ပြ ဆွေးနွေး ခဲ့သော အဆိုများကို လွှတ်တော်က ပယ်ချခံခဲ့ရ၍ အားရကျေနပ်မှု မရှိခဲ့ကြကြောင်း၊ အစိုးရသစ် သည်လည်း ပြည်သူများ အတွက်
ထူးခြားသော ပြောင်းလဲမှုကို လုပ်ပေးနိုင်မည်ဟု မထင်ကြောင်း ပြောဆိုကြသည်။

“လွှတ်တော်မှာ NDFက တင်တာ ပယ်ချခံရတာက လွှတ်တော်ရဲ့လုပ်ထုံးလုပ်နည်းတွေနဲ့မညီလို့ပါ၊ ကျနော်တို့က လွှတ်တော် မတင်ခင် မီဒီယာတွေကို ကြိုပြော လိုက်မိတာ၊ နောက်ဆိုရင် မီဒီယာတွေကို ထိန်းထိန်းသိမ်းသိမ်း ပြောရတော့မှာပေါ့”ဟု NDF ခေါင်းဆောင် ဦးခင်မောင်ဆွေ က ဆိုသည်။

နအဖ မှ ပြည်ထောင်စု သမ္မတ နိုင်ငံတော်သို့ ပြောင်းလဲ၍ အစိုးရသစ် ပေါ်ပေါက်လာခြင်းကို ကမ္ဘာ့ ကုလ သမဂ္ဂက ကြိုဆိုလိုက်ပြီး အများ လက်ခံနိုင်သော အပြောင်းအလဲများ အတွက် အစပြုရန် တိုက်တွန်းသည်ဟု ဆိုသည်။

အမေရိကန်အစိုးရကမူ အရပ်သားအစိုးရသစ်ဖွဲ့လိုက်သော်လည်း စစ်ယူနီဖောင်းချွတ် ဗိုလ်ချုပ် ဟောင်းများက အရေးကြီးသည့် နေရာများကို ဆက်လက် ယူထားသည့် အတွက် ကြီးမားသော အပြောင်းအလဲ မဟုတ်ကြောင်း၊ အဓိက ကျသည့် ဆုံးဖြတ် ချက်များနှင့် ပတ်သက်ပြီး စစ်အုပ်စု သြဇာ သက်ရောက်နေဆဲ ဖြစ်သည်ဟု ယူဆကြောင်း၊ စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှု မူဝါဒကို ဆက်လက် ကိုင်စွဲ ကျင့်သုံး သွားမည်ဖြစ်ပြီး အစိုးရသစ်နှင့် ထိတွေ့ ဆက်ဆံရေးကိုလည်း ဆောင်ရွက်သွားမည်ဟု ပြောဆိုသည်။

Ref: ဧရာဝတီ်

Read More...

Thursday, March 31, 2011

မြန်မာအစိုးရသစ်အပေါ် အမေရိကန်နဲ့ ကုလသမဂ္ဂ တုံ့ပြန်

ဦးသားညွန့်ဦး
ဗုဒ္ဓဟူး, 30 မတ် 2011

မြန်မာနိုင်ငံမှာ အရပ်ဘက် အစိုးရသစ် ဖွဲ့လိုက်ပြီ ဆိုပေမဲ့ ယူနီဖောင်းချွတ် ဗိုလ်ချုပ်ဟောင်းတွေက ဆက်ပြီး အရေးကြီးတဲ့ နေရာတွေ ယူထားတာမို့ ကြီးကြီးမားမား အပြောင်းအလဲ မဟုတ်ဘူးလို့ အမေရိကန် ပြည်ထောင်စုက ယူဆထားပါတယ်။ ဒါပေမဲ့ ဒီပြောင်းလဲမှုဟာ အများ လက်ခံနိုင်တဲ့ အပြောင်းအလဲတွေ အတွက် အစပြုချက် တရပ် ဖြစ်လာဖို့တော့ ကုလသမဂ္ဂက တိုက်တွန်း ပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြ ပေးထားပါတယ်။

နိုင်ငံအာဏာကို နှစ်အတော်ကြာ ထိန်းထားခဲ့တဲ့ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေး ကောင်စီကနေ အခု အရပ်ဘက် အစိုးရသစ်ကို မနေ့က တရားဝင် အာဏာလွှဲပြောင်း လိုက်ပြီ ဆိုပေမဲ့ အစိုးရသစ်ရဲ့ အဓိက နေရာတွေ၊ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ အတွက် စစ်အုပ်စုရဲ့ သြဇာအာဏာ ဆက်ပြီး သက်ရောက် နေတုန်းပဲလို့ အမေရိကန် ပြည်ထောင်စုက ယူဆ ပါတယ်။ နိုင်ငံရေး ဖိနှိပ်မှုတွေ ဆက်ရှိ နေတာကြောင့် စစ်မှန်တဲ့ အပြောင်းအလဲတွေ လုပ်ဖို့လိုမယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ မာ့ခ် တိုနာ (Mark Toner) က ပြောပါတယ်။

“အခြေခံအားဖြင့် ရွေးကောက်ပွဲရဲ့ အားနည်းချက်တွေကြောင့် အရေးပါတဲ့ စစ်ဗိုလ်ချုပ်တွေဟာ အခု အစိုးရ အဖွဲ့အတွင်း ဆက်ပြီး သြဇာ လွှမ်းထား နိုင်သလို အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေမှာ ပါဝင်ဆောင်ရွက်နိုင်ပါတယ်။ ဒီဗိုလ်ချုပ်ကြီးတွေဟာ စစ်ယူနီဖောင်း ချွတ်ပြီး အရပ်ဝတ် ပြောင်းထားတာပါ။ မြန်မာနိုင်ငံတွင်း နိုင်ငံရေး ဖိနှိပ်မှုတွေ ဆက်ရှိနေတဲ့ အပေါ်မှာ အမေရိကန် ပြည်ထောင်စု အနေနဲ့ စိုးရိမ်နေတုန်းပါပဲ။

“နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ဒီမိုကရေစီ အင်အားစုတွေနဲ့ တိုင်းရင်းသား နိုင်ငံရေး ပါတီတွေကို အသိအမှတ်ပြုဖို့ အမေရိကန် ပြည်ထောင်စု အနေနဲ့ မြန်မာ အာဏာပိုင်တွေကို တိုက်တွန်းပါတယ်။ အမျိုးသား ပြန်လည်သင့်မြတ်ရေးရဲ့ ပထမအဆင့်အဖြစ် အဲဒီ အင်အားစုတွေနဲ့ တွေ့ဆုံညှိနှိုင်းမှုတွေ စလုပ်ဖို့ တိုက်တွန်းပါတယ်။”

အမေရိကန် ပြည်ထောင်စု အနေနဲ့ကတော့ လက်ရှိ ကျင့်သုံးနေတဲ့ အရေးယူ ပိတ်ဆို့ ဖိအားပေးတဲ့ နည်းကိုရော အစိုးရသစ်နဲ့ ထိစပ် ဆက်ဆံတဲ့ မူဝါဒကိုပါ ချဉ်းကပ်မှု ၂ မျိုးစလုံး ဆက်ကျင့်သုံးသွားမယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကတော့ အခုလို အရပ်ဘက် အစိုးရဘက်ကို အာဏာလွှဲပြောင်းမှုကို အပြောင်း အလဲတွေ စနိုင်တဲ့ အခွင့်အလမ်း အဖြစ် ဆုပ်ကိုင်ဖို့ လိုမယ်လို့ တိုက်တွန်းပါတယ်။ ဒီကနေ အများ လက်ခံနိုင်တဲ့ စနစ်တရပ် ဖြစ်လာဖို့ ပြုပြင် ပြောင်းလဲမှုတွေ လုပ်သွားဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံး ပြောခွင့်ရသူ ဖာဟန် ဟာ့က် (Farhan Haq) က ပြောပါတယ်။

“နှစ် ၅၀ နီးပါးကြာတဲ့ စစ်အုပ်ချုပ်ရေးကနေ အပြောင်းအလဲအတွက် ခြေလှမ်းအစ ဖြစ်တယ်ဆိုတာ သက်သေ ပြနိုင်ဖို့ မြန်မာ အာဏာပိုင်တွေ အတွက် အခွင့်အလမ်း တရပ် ဖြစ်ပါတယ်။ မြန်မာလူထု အတွက် ဒီလို ဆောင်ရွက်ဖို့လည်း မြန်မာ အာဏာပိုင်တွေမှာ တာဝန်ရှိပါတယ်။ မြန်မာ အာဏာပိုင်တွေ အနေနဲ့ မြန်မာနိုင်ငံမှာ ရင်ဆိုင်နေရတဲ့ နိုင်ငံရေးနဲ့ လူမှုရေး၊ စီးပွားရေး ပြဿနာရပ်တွေကို ထိထိ ရောက်ရောက် ဖြေရှင်းနိုင်ရေး အတွက် အများယုံကြည် လက်ခံနိုင်တဲ့ စနစ်တရပ် ဖြစ်လာစေဖို့ လိုအပ်တဲ့ ပြုပြင် ပြောင်းလဲမှုတွေ အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းတွေ အားလုံးနဲ့ တွေ့ဆုံ ညှိနှိုင်းမှုတွေ လုပ်ရမယ်လို့ အတွင်းရေးမှူး ချုပ်က ယုံကြည် ထားပါတယ်။

“မြန်မာပြည်သူတွေ နှစ်ရှည်လကြာ တောင့်တနေခဲ့တဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် တိုင်းပြည် အတွင်း တည်တံ့တဲ့ ငြိမ်းချမ်းမှု၊ ဖွံ့ဖြိုးမှုတွေ ရှိလာစေဖို့ ဒီမိုကရေစီ ဖြစ်ထွန်းမှုတွေနဲ့ လူ့အခွင့်အရေး လေးစား လိုက်နာမှုတွေ မဖြစ်မနေ လိုအပ် နေပါတယ်။”

ကုလသမဂ္ဂ အနေနဲ့ကတော့ မြန်မာနိုင်ငံ အနာဂတ်မှာ တည်ငြိမ်ပြီး ပြည့်ဝတဲ့ ဒီမိုကရေစီ ဖြစ်လာစေရေးမှာ နိုင်ငံသား အားလုံး ပါဝင်နိုင်ရေး အတွက် သက်ဆိုင်ရာ အရေးပါတဲ့ ပုဂ္ဂိုလ်အားလုံးနဲ့ အတူတကွ လက်တွဲ ဆောင်ရွက် သွားမယ်လို့ အတွင်းရေးမှူးချုပ် ရုံးက ထုတ်ပြန် ထားပါတယ်။

Ref: VOA News

Read More...

ဦးခွန်ထွန်းဦးကို သူရဲကောင်းဆု တိုင်းရင်းသားအဖွဲ့ ချီးမြှင့်

မသင်းသီရိ
ဗုဒ္ဓဟူး, 30 မတ် 2011


နှစ်ရှည် အကျဉ်းချခံထားရတဲ့ ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးကို မြန်မာ နိုင်ငံထဲက တိုင်းရင်းသား အဖွဲ့တွေက စုပေါင်းပြီး သူရဲကောင်းအဖြစ် ဂုဏ်ပြုလိုက်ကြပါတယ်။ ဒီဂုဏ်ပြုပွဲ အခမ်းအနား ကိုတော့ မနေ့က ရန်ကုန်မြို့မှာ ရှိတဲ့ ဦးခွန်ထွန်းဦးရဲ့ နေအိမ်မှာ ကျင်းပ ခဲ့ကြပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြ ပေးထားးပါတယ်။

ကချင်ပြည်နယ် ပူတာအိုထောင်မှာ ထောင်ဒဏ် ၉၃ နှစ် ချမှတ်ခံထားရတဲ့ ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးခွန်ထွန်းဦးရဲ့ နိုင်ငံရေး ရပ်တည်ချက် တွေဟာ တိုင်းရင်းသားတွေ အားလုံး အတွက်ရော မြန်မာ့ ဒီမိုကရေစီရေး ကြိုးပမ်းသူတွေ အားလုံး အတွက်ပါ စံပြ သူရဲကောင်း တယောက် ဖြစ်တယ်လို့ တိုင်းရင်းသားအဖွဲ့ ခေါင်းဆောင်တွေက ပြောပါတယ်။ ဒါကြောင့် ဦးခွန်ထွန်းဦးကို တိုင်းရင်းသား အဖွဲ့တွေရဲ့ သူရဲကောင်း အဖြစ် ဂုဏ်ပြုဖို့ စီစဉ်ခဲ့တာ ဖြစ်တယ်လို့ ဒီအခမ်းအနားကို စီစဉ်သူတွေ ထဲက တဦးဖြစ်တဲ့ ချင်းအဖွဲ့က ဦးထောင်ကိုထန်းက ပြောပါတယ်။

“ကျနော်တို့ ပြည်တွင်းမှာရှိတဲ့ တိုင်းရင်းသားတွေက နိုင်ငံရေး အကျဉ်းသားတွေကို လေ့လာတဲ့ အခါကြတော့ ခွန်ထွန်းဦးက အချက် ၅ ချက်နဲ့ ပြည့်စုံတဲ့ အတွက် သူ့ကို သူရဲကောင်းဆု ချီးမြှင့်ရအောင် ဆိုပြီးတော့ ကျနော်တို့ အဲဒီအစီအစဉ်ကို လုပ်လိုက်တာ ဖြစ်ပါတယ်။

“၁၉၉၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲမှာ ဒုတိယ အများဆုံး လွှတ်တော်နေရာ ရရှိခဲ့တဲ့ SNLD ပါတီ ဥက္ကဋ္ဌ ဖြစ်ခြင်း၊ နံပါတ် ၂ ကိုယ်ကျိုးစွန့် အနစ်နာခံတဲ့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဖြစ်ခြင်း၊ နံပါတ် ၃ ကမ္ဘာ့သမိုင်းတွင် တန်းတူရေးနဲ့ ဒီမိုကရေစီရေး အတွက် ရက် အရှည်ကြာဆုံး ထောင်ဒဏ် ၉၃ နှစ် ကျခံရသော ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် နိုင်ငံရေး အကျဉ်းသား ဖြစ်ခြင်း၊ နံပါတ် ၄ မြန်မာ့နိုင်ငံရေး ပြဿနာ အမျိုးမျိုးကို နိုင်ငံရေးနဲ့ ဖြေရှင်းမည် ဆိုလျှင် မရှိမဖြစ် ပါဝင်ရမယ့် ရှမ်းတိုင်းရင်းသား ခေါင်းဆောင်တဦး ဖြစ်ခြင်း၊ နံပါတ် ၅ မြန်မာ့နိုင်ငံရေး ခေါင်းဆောင်များ အနက် တိုင်းသိ ပြည်သိ နိုင်ငံတကာသိ ထင်ရှားတဲ့ နိုင်ငံရေး ခေါင်းဆောင်တဦး ဖြစ်ခြင်း ဆိုပြီးတော့ အဲဒီ အချက် ၅ ချက်နဲ့ ပြည့်စုံတဲ့ ဦးခွန်ထွန်းဦးကို Nationalities Hero Award နဲ့ အထိုက်တန်ဆုံး ပုဂ္ဂိုလ်ဖြစ်၍ ဤဆုကို ချီးမြှင့် ဂုဏ်ပြုခြင်း ဖြစ်သည် ဆိုပြီး ကျနော်တို့က အချက် ၅ ချက် အပေါ်မှာ ရွေးပြီးတော့ ဂုဏ်ပြုတဲ့ဆုကို ချီးမြှင့်တာပေါ့ဗျာ။”

ဦးခွန်ထွန်းဦးဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်က ဥက္ကဋ္ဌ ဖြစ်သလို ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် တဦးလည်း ဖြစ်ပြီး အမျိုးသား ညီလာခံကို တက်ခဲ့သူ ဖြစ်ပေမဲ့ ဒါတွေဟာ နိုင်ငံကို အပြောင်းအလဲ အစစ်အမှန် မဖြစ်နိုင်တာကို သိတဲ့အတွက် အာဏာကို စွန့်လွှတ်ခဲ့သူလည်း ဖြစ်ပါတယ်။

“ခွန်ထွန်းဦးက အနစ်နာခံတဲ့ ခေါင်းဆောင်ကောင်းပါ။ ဘာဖြစ်လို့လဲဆိုတော့ ၁၉၉၀ ရွေးကောက်ပွဲပြီးတဲ့ နောက်ပိုင်း အမျိုးသား ညီလာခံ တက်တယ်၊ ၀န်ကြီးတနေရာ သူရမှာပဲလေ၊ ကြံ့ဖွံ့နဲ့ ပေါင်းမယ်ဆိုရင်။ ဒါပေမဲ့ ဒီလိုမဟုတ်ဘူး။ သူက ဒီမိုကရေစီ အတွက် တစိုက်မတ်မတ် ရပ်တည်ပြီးတော့ ဒီမိုကရေစီ အတွက်၊ တိုင်းရင်းသား အခွင့်အရေး အတွက်၊ နအဖကလည်း သူ ဆက်ပြီး အမျိုးသား ညီလာခံ မတက်တော့ဘူး ဆိုတာ သိတဲ့ အခါကျတော့ သူ့ကို ညီလာခံကို သစ္စာဖောက်တယ် ဆိုပြီးတော့ ထောင်ဒဏ် ၉၃ နှစ် ချတယ်လို့ ကျနော်တော့ ယူဆတယ်။”

ဒီလို အာဏာကို မမက်မောခဲ့သူတဦး ဖြစ်သလို ဝေးလံလှတဲ့ ချင်းပြည်နယ်က ပူတာအိုထောင်မှာ မြန်မာနိုင်ငံ အတွက်၊ တိုင်းရင်းသားတွေ အတွက် တိုက်ပွဲဝင် ရပ်တည်နေမှုဟာ အများ နမူနာ ယူစရာ၊ ဂုဏ်ယူစရာတွေ ထဲက အဓိက အကြောင်းရင်း ဖြစ်တယ်လို့လည်း ဆိုပါတယ်။

“ငွေကြေးလည်း ချမ်းသာတယ်။ ဒါပေမဲ့ နိုင်ငံရေးကို တစိုက်မတ်မတ် အနစ်နာခံပြီးတော့ ထောင်နန်းစံမယ့် လမ်းကို ရွေးတယ်ဆိုတာ အနစ်နာခံမှု တခုပဲလေ။ နိုင်ငံရေး အကျဉ်းသား ခံယူပြီးတော့ ရပ်တည်နေတာကို ကြည့်ခြင်းအားဖြင့် သူဟာ အင်မတန်မှ နိုင်ငံရေးမှာ ပြည်သူတွေရဲ့ ကိုယ်စား ရပ်တည်ပေးနိုင်တယ်၊ ဒီမိုကရေစီအတွက် ရပ်တည်ပေးနိုင်တယ် ဆိုတာ သိရတဲ့ အခါကျတော့ ခေတ်သစ် နိုင်ငံရေး သမားတွေ၊ လူငယ်တွေအတွက် စံနမူနာကောင်း တယောက် ဖြစ်တယ် ဆိုတဲ့ဟာကို၊ သူရဲကောင်း တယောက် ဖြစ်တယ်ဆိုတာ ကျနော်တို့ တိုင်းရင်းသား အနေနဲ့ ဆုပေးတာပါ။”

ဒီဂုဏ်ပြုပွဲကို မွန်ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်၊ ကယန်း၊ ချင်း၊ ကချင်၊ ရှမ်းအပြင် ကရင်အဖွဲ့တွေ စုပေါင်းပြီး ဦးခွန်ထွန်းဦးကို သူရဲကောင်းအဖြစ် ဂုဏ်ပြုတာ ဖြစ်သလို သူနဲ့အတူ အကျဉ်းကျနေတဲ့ ရှမ်းတိုင်းရင်းသားတွေ ကိုလည်း ဂုဏ်ပြုပွဲပါ ပြုလုပ်ခဲ့ပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးနဲ့ ရှမ်းပြည်နယ် တိုင်းရင်းသား ခေါင်းဆောင်တွေကို ၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့က အမျိုးသား ညီလာခံကို နှောင့်ယှက် ဖျက်ဆီးလိုသူများ အန္တရာယ်မှ ကာကွယ် တားဆီးရန် ဆိုတဲ့ ပုဒ်မနဲ့ ဖမ်းဆီး ထောင်ချခဲ့တာ ဖြစ်ပါတယ်။

ဦးခွန်ထွန်းဦးဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကတော့ ပူတာအိုမှာ ရာသီဥတု အေးတဲ့ဒဏ်ကြောင့် လေးဘက်နာ ရောဂါ အပြင် ဆီးကျိတ်ရောင်တဲ့ ဝေဒနာကိုပါ အပြင်းအထန် ခံစားခဲ့ရတာကြောင့် ကျန်းမာရေး အတော်လေး စိုးရိမ်ရတဲ့ အနေအထားအထိ ဖြစ်ခဲ့ပါတယ်။

Ref: VOA News

Read More...

လစ်ဗျား နိုင်ငံခြားရေးဝန်ကြီး ရာထူးက နှုတ်ထွက်

ဗုဒ္ဓဟူး, 30 မတ် 2011

လစ်ဗျား နိုင်ငံခြားရေးဝန်ကြီး မူဆာ ကူဆာ (Moussa Koussa) ဟာ လစ်ဗျားခေါင်းဆောင် မိုမာ ကဒါဖီ (Moammar Gadhafi) ရဲ့ အစိုးရ အဖွဲ့ထဲကနေ နှုတ်ထွက်ပြီး ဗြိတိန်နိုင်ငံ လန်ဒန်မြို့ကို ရောက်ရှိ လာတယ်လို့ ဗြိတိန်နိုင်ငံက ပြောပါတယ်။

သူဟာ တူနီးရှားနိုင်ငံကနေ တဆင့် လာရောက်ခဲ့တာဖြစ်ပြီး သူ့ဆန္ဒနဲ့သူ ရာထူးကနေ နှုတ်ထွက်ခဲ့တာ ဖြစ်ကြောင်း ဗြိတိန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရက ဗုဒ္ဓဟူးနေ့က ပြောပါတယ်။ ဒါ့အပြင် မစ္စတာ ကဒါဖီရဲ့ အနားမှာရှိတဲ့ တခြား တာဝန်ရှိသူတွေ အနေနဲ့လည်း အနာဂတ် လစ်ဗျားနိုင်ငံ ကောင်းစားရေးကို ရှေ့ရှုပြီး သူ့ကိုစွန့်ခွာ ထွက်သွားကြဖို့လည်း တိုက်တွန်း လိုက်ပါတယ်။

ဗုဒ္ဓဟူးနေ့ အစောပိုင်းမှာ မစ္စတာ ကဒါဖီရဲ့ သစ္စာခံတပ်တွေက နိုင်ငံတကာ တပ်တွေရဲ့ အကူအညီနဲ့ အတိုက် အခံတွေ ပြန်သိမ်း ထားတဲ့ အဓိက ကမ်းခြေမြို့တွေကို ပြန်သိမ်း နိုင်ခဲ့ပါတယ်။

မဟာဗျူဟာကျတဲ့ ရေနံဆိပ်ကမ်းမြို့တွေ ဖြစ်တဲ့ ရပ်စ် လန်နုဖ် (Ras Lanuf) နဲ့ ဘရီဂါ (Brega) မြို့တွေမှာ အတိုက် အခံတွေ အပြင်းအထန် ပြန်လည် ခုခံနေရပြီး အက်ဂ်ျဒါဘီယာ (Ajdabiya) မြို့ရှိရာကို ပြန်ဆုတ်နေရ ချိန်မှာ ဒေသခံတွေ ကတော့ အတိုက်အခံတွေ ခြေကုပ် ယူထားတဲ့ ဘန်ဂါဇီ (Benghazi) ကို ပြန်ထွက်ပြေး နေကြပါတယ်။

ကဒါဖီတပ်တွေက ဘရီဂါမြို့ကို အပြင်းအထန် ပစ်ခတ်နေပါတယ်။ မဟာမိတ်တပ်တွေဟာ ကဒါဖီ သစ္စာခံ တပ်တွေကို ဗုဒ္ဓဟူးနေ့မှာ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့ပေမဲ့ ပစ်မှတ် လွဲနေခဲ့တယ်လို့ အမေရိကန် စစ်တပ် ပြောခွင့်ရက ပြောပါတယ်။

Ref: VOA News

Read More...

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နောက်ကွယ်မှ အာဏာဆက်လက် ချုပ်ကိုင်နိုင်

လင်းသန့်
Wednesday, 30 March 2011

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ယနေ့ မတ်လ ၃၀ ရက်နေ့တွင် နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီကို တရားဝင် ဖျက်သိမ်း လိုက်ကြောင်း ကြေညာသွား သော်လည်း နောက်ကွယ်မှ အာဏာအရပ်ရပ်ကို ဆက်လက် ချုပ်ကိုင် သွားမည်သာ ဖြစ်ကြောင်း နိုင်ငံရေး လေ့လာ သုံးသပ်သူများနှင့် ၀ါရင့် နိုင်ငံရေး သမားကြီးများက ပြောကြား လိုက်သည်။

သံတမန်ဟောင်း၊ ၀ါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းက “သူတို့က ဒီမိုကရေစီ စနစ်ကို ကျင့်သုံး တော့မယ် ဆိုတဲ့ သဘောမျိုးနဲ့ နိုင်ငံရေး ရာထူးတွေ ယူထားတာ မတွေ့ရတော့ဘူး။ ဒါပေမယ့် ဗိုလ်ချုပ်မှူးကြီးက ဂုဏ်ထူးဆောင် အနေနဲ့ ဆက်နေမယ် ထင်တယ်။ နာမည်ရှေ့က ‘ဗိုလ်ချုပ်’ တွေ ဖြုတ်ပြီး ‘ဦး’ တွေ တပ်၊ အရပ်သား အစိုးရပုံနဲ့ လုပ်လိုက်တော့ မသိတဲ့သူတွေ မျက်စိ လည်စရာပဲ။ သူ့သြဇာခံမယ့် သူတွေကိုရွေးပြီး အစိုးရသစ်ကို ဖန်တီးထားတာ။ ဦးသန်းရွှေတို့ကတော့ ဘေးကနေ မတော်မတရား မလုပ်အောင် ၀င်ပြောမယ်လို့ ကြားတာပဲ။ တိုက်ရိုက် အုပ်ချုပ်တာ မဟုတ်ပေမယ့် သွယ်ဝိုက်အုပ်ချုပ်မှာပါပဲ။ သူတို့က ရာထူးသြဇာ အကုန် စွန့်လိုက်တဲ့ ပုံစံ လုပ်ပြ လိုက်တာပါပဲ။ တကယ်တော့သူတို့ လုပ်ချင်သလို လုပ်လို့ ရနေတာပဲ” ဟု ဧရာဝတီသို့ ပြောသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့မှာ အာဏာမျက်နှာစာတွင် ရာထူးတစုံတရာ ယူထားခြင်း မရှိသော်လည်း နောက်ကွယ်မှ အာဏာ အရပ်ရပ်ကို ဆက်လက် ချုပ်ကိုင်သွားမည် ဟု အများက သံသယ ရှိကြသည်။ အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီး နေ၀င်း၏ သင်ခန်းစာ ရှိသည့်အတွက် ဗိုလ်ချုပ်မှူးကြီး အနေဖြင့် အာဏာ အရှိဆုံး အဖြစ် ဆက်လက် ရှိနေမည် ဖြစ်သည်ဟု အကဲခတ်များက သုံးသပ်သည်။

ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPP) အတွင်းရေးမှူး ဦးအေးသာအောင် က “အစိုးရသစ် ဆိုတာ ၂၀၀၈ ဖွဲ့စည်းပုံ အရ ပေါ်ပေါက်လာတဲ့ အစိုးရဆိုတော့ အစိုးရသစ် ဆိုပေမယ့် ပုလင်းအဟောင်းနဲ့ အသစ် ပြောင်းလိုက်ရုံပဲ။ ဘာမှ ပြည်သူတွေ အတွက် အကျိုးပြုမယ့် အစိုးရသစ် ဖြစ်လာမှာ မဟုတ်ဘူး။ ဒီဖွဲ့စည်းပုံက တိုင်းရင်းသားတွေရဲ့ ဒီမိုကရေစီ အခွင့်အရေးတွေ ဘာမှ ဖော်ဆောင်ထားတာ မရှိဘူး။ အစိုးရသစ်လို့ ပေါ်လာပေမယ့်လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့၊ ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ဟာ နောက်ကွယ်က အာဏာကို ဆက်လက် ကိုင်စွဲသွားမှာပဲ ဖြစ်တယ်။ ၂၀၀၈ ဖွဲ့စည်းပုံကို အတင်း အတည်ပြုလိုက် ကတည်းက ဒီလို လုပ်လာမယ်ဆိုတာ အားလုံး ကြိုသိပြီးသား။ အခုက နအဖ က ပုံဖေါ်နေတဲ့ ရုပ်သေးပြဇာတ် တပုဒ်လို့ပဲ ထင်တယ်” ဟု ပြောသည်။

ဒီမိုကရေစီစနစ်ကို ကျင့်သုံးဖော်ဆောင်မည်ဟု သမ္မတသစ် ဦးသိန်းစိန်၏ ကျမ်းသစ္စာ ကျိန်ဆိုပွဲအပြီး မိန့်ခွန်း ရှည်တွင် ဒီမိုကရေစီ ကူးပြောင်းရေး လုပ်ငန်းစဉ်ကို အကောင်းဆုံး အကောင်အထည် ဖော်ရန် အခြေခံ ဥပဒေနှင့်အညီ ဆောင်ရွက် သွားမည်ဟု ပြောဆိုသွားသည်။

သခင်ချန်ထွန်းက “အရင်က ဗိုလ်ချုပ်နေ၀င်းက ဦးနေ၀င်းကို အာဏာလွှဲပေးတာ လုပ်ခဲ့တယ်။ အခုကျတော့ သူက ဦးသိန်းစိန်ကို လွှဲပေးပြီး အာဏာစွန့်တဲ့ပုံ။ သူက သမိုင်းရေးနေတာလေ။ သူဘာလုပ်ခဲ့တယ် ဆိုတာကို ရေးနေတာ။ ထွင်တာပေါ့။ ဟိုတုန်းက ဖဆပလ က လုပ်တဲ့ ပုံစံမျိုးလည်း မဟုတ်ဘူး။ ဦးနေ၀င်း လုပ်ခဲ့တဲ့ပုံစံလည်း မဟုတ်ဘူး။ တမျိုး ထွင်တာပေါ့။ လုပ်နေတာက သမိုင်းမှတ်တမ်းမှာ သူအာဏာအားလုံး စွန့်တဲ့ပုံပေါ့” ဟု ပြောသည်။

သမ္မတသစ်၏ ပထမဆုံး မိန့်ခွန်းတွင် အစိုးရသစ်ကို အသိအမှတ်ပြုရန် တိုက်တွန်းကြောင်း၊ အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေး အတွက်လည်း အစွမ်းကုန် ကြိုးစားသွားမည် ဖြစ်ကြောင်း ပြောကြား သွားခဲ့သည်။

ဦးအေးသာအောင်က “မြန်မာနိုင်ငံမှာ တွေ့ဆုံဆွေးနွေး အဖြေရှာမှ ရမှာ။ အခုလွှတ်တော်ကလည်း ဘာမှ ပြောင်းလဲအောင် မလုပ်နိုင်ဘူး။ အဲဒီ လွှတ်တော်က နေပြီး ထွက်ပေါ်လာတဲ့ အစိုးရသစ်က အရင် အစိုးရက လူတွေပဲ၊ ဘာမှ မပြောင်းလဲဘူး။ ဒီတော့ အစိုးရသစ် အနေနဲ့ တွေ့ဆုံ ဆွေးနွေးရေး ဆိုတာကို လုပ်မယ်လို့ မထင်ဘူး” ဟု ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သော ပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) မှ ခေါင်းဆောင် ဒေါက်တာ သန်းငြိမ်းကမူ “ဒီနေ့ ကြေညာတယ် ဆိုတာပဲ သိရတယ်။ အပြည့်အစုံတော့ ကျနော်တို့က မသိသေးဘူးဗျ။ ဘယ်လိုပဲ ဖြစ်ဖြစ် အပြောင်းအလဲ တခု ဖြစ်တယ် ဆိုရင်တော့ ကြိုဆိုရမယ်။ ဒါပေမယ့် သတိနဲ့တော့ ကြိုဆိုတာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ စောင့်ကြည့် သွားရမှာပါပဲ” ဟု ဆိုသည်။

ဦးသိန်းစိန် ခေါင်းဆောင်သော အစိုးရသစ်တွင် ဝန်ကြီး ၃၀ က ဝန်ကြီးဌာန ၃၄ ခု ကို ကိုင်တွယ် သွားကြမည် ဖြစ်သည်။

Ref: ဧရာဝတီ်

Read More...

စစ်တပ်ကို အင်အားတောင့်အောင် လုပ်မည်ဟု ဦးသိန်းစိန်ပြော

ဖနိဒါ | ဗုဒ္ဓဟူးနေ့၊ မတ်လ ၃၀ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ သမ္မတဦးသိန်းစိန်၏ ပြည်ထောင်စုလွှတ်တော်တွင် ဗုဒ္ဓဟူးနေ့က ပထမဆုံး ပြောကြားသော မိန့်ခွန်းတွင် စစ်တပ် အင်အား တောင့်တင်းအောင် တည်ဆောက် သွားရမှာ ဖြစ်ကြောင်း အလေးထား ပြောကြား သွားခဲ့သည်။

“ နိုင်ငံတော် ကာကွယ်ရေးကို ပေါ့ပေါ့တန်တန်နဲ့ သဘောထားကြရင် ခေတ်သစ် ကျွန်ပြု ခံရခြင်းမျိုးနဲ့ တွေ့ကြုံ ကြရဦးမှာ ဖြစ်ပါတယ်။ ပထဝီဝင် အနေ အထားရော၊ စီးပွားရေး အရပါ အချက်အချာ ကျတဲ့ မိမိတို့ နိုင်ငံသည် နယ်ချဲ့ လက်သစ်တွေ ဝင်ရောက် စွက်ဖက် ခြယ်လှယ် နေတဲ့ အန္တရာယ် ရှိနေတာကို အားလုံး သဘောပေါက်ကြမှာ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်ကို ကာကွယ်ဖို့ အတွက် ကမ္ဘာ့ အဆင့်မီ တပ်မတော် တရပ် ရှိဖို့ လိုပါတယ်" ဟု အငြိမ်းစား ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်က ထည့်သွင်း ပြောကြား သွားသည်။

၁၉ နှစ်ကြာ အတိုက်အခံများကို ဖိနှိပ်ကာ အုပ်ချုပ်သွားခဲ့ကာ ဗုဒ္ဓဟူးနေ့တွင် အနားယူ သွားသည့် အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေ၏ လူယုံ တဦးဟု လူသိများသော အသက် ၆၆ နှစ် အရွယ် ဦးသိန်းစိန်က နေပြည်တော်ရှိ လွှတ်တော် အဆောက် အဦးတွင် ကြိုတင် ရေးသား လာခဲ့သော မိန့်ခွန်းကို ဖတ်ကြား သွားခဲ့ခြင်း ဖြစ်သည်။

“ နိုင်ငံတော် ကာကွယ်ရေး မတောင့်တင်းရင် သူတပါးရဲ့ အနိုင်ထက်ပြုကျင့်မှုကို ခံကြရမှာ ဖြစ်ပါတယ်။ ကိုယ့်မင်း ကိုယ်ချင်း၊ ကိုယ့်ထီး ကိုယ့်နန်းနဲ့ နှစ်ပေါင်း ရာထောင်ချီပြီး နေလာခဲ့ကြတဲ့ လူမျိုးဘဝမှ ကုန်းဘောင်ခေတ် ဇတ်သိမ်းခန်းမှာ နယ်ချဲ့ လက်အောက်ကို လွယ်လွယ်ကလေးနဲ့ ကျရောက်ရခြင်ဟာ ခေတ်မီတဲ့ တပ်မတော် တရပ် မရှိခဲ့လို့ ဖြစ်ပါတယ်” ဟု ဦးသိန်းစိန်က ပြောသည်။

“ လက်ရှိ တပ်မတော်ကို အင်အားတောင့်တင်းတဲ့ တပ်မတော်၊ အစွမ်းအစရှိတဲ့ တပ်မတော်၊ ခေတ်မီတဲ့ တပ်မတော်၊ မျိုးချစ်စိတ် ထက်သန်တဲ့ တပ်မတော်ဖြစ်အောင် အားလုံးဝိုင်းပြီး တည်ဆောက်ကြရမှာ ဖြစ်ပါတယ်။ နိုင်ငံတော် ကာကွယ်ရေးဟာ နိုင်ငံသား တိုင်းမှာ တာဝန် ရှိပါတယ်။ ဒါကြောင့် နိုင်ငံတော် ကာကွယ်ရေးကို နိုင်ငံသားအားလုံး ဝိုင်းဝန်းပြီး တာဝန် ယူကြရမှာ ဖြစ်ပါတယ်” ဟု ဦးသိန်းစိန်၏ မိန့်ခွန်းတွင် ပါရှိသည်။

အရှေ့တောင်အာရှ အသင်းဝင်နိုင်ငံများတွင် အမျိုးသားဝင်ငွေ အနည်းဆုံးဖြစ်သော မြန်မာနိုင်ငံ၏ ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာရေးနှစ် အတွက် လျာထားသော စစ်အသုံးစရိတ်မှာ နိုင်ငံစုစုပေါင်း အသုံးစရိတ်၏၂၅ ရာခိုင်နှုန်း နီးပါး ရှိပြီး မြန်မာကျပ်ငွေ ၁.၈ ထရီလီယံ ဖြစ်သည်။

လက်ရှိ မြန်မာ့တပ်မတော်တွင် စစ်သည်အင်အား ၄ သိန်းခန့်ရှိမည်ဟု ခန့်မှန်းထားကြပြီး အခြေခံ ဥပဒေသစ် အရ စစ်တပ်၏ အသုံး စားရိတ်များကို လွှတ်တော်က စစ်ဆေးခွင့် မပြုဘဲ ကန့်သတ်ထားသည်။

အာဏာရှင်ဟောင်း ဦးသန်းရွှေ၏ စစ်အစိုးရအဖွဲ့တွင် ဝန်ကြီးချုပ်ရာထူးယူခဲ့သော ဦးသိန်းစိန်မှ စစ်အစိုးရကို ချီးမွမ်းစကား ဆိုရာတွင် အဘက်ဘက်က ယိုယွင်း ပျက်ဆီးနေသည့် နိုင်ငံကို အေးချမ်းသော ခေတ်မီဖွံ့ဖြိုးသော နိုင်ငံအဖြစ် ဆက်လက် တည်ဆောက်ရန် အမွေခံကောင်းများ ပေးသွား ခဲ့သည်ဟုလည်း ဆိုသည်။

နိုင်ငံရေးနှင့် ပတ်သက်သည့် ပြောကြားချက်တွင် တိုင်းရင်းသား စည်းလုံး ညီညွှတ်ရေးအတွက် ဆွေးနွေးရုံနှင့် မပြီးဘဲ လမ်းပန်း ဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် စီးပွားရေး အခြေခံကောင်းများ ပြုလုပ်ပေးရန်လိုသည်ဟု ပါရှိသည်။

ထို့အပြင် အတိုက်အခံများကိုလည်း “ ကမ္ဘာ့အလယ်မှာ ကိုယ့်တိုင်းပြည် ဂုဏ်သရေ ကျဆင်းအောင် ပြုမူ ပြောဆိုခြင်း မပြုလုပ် ကြဖို့၊ ကိုယ့်နိုင်ငံ သားတွေကို ထိခိုက် နစ်နာအောင် မပြုလုပ်ကြဖို့ လိုပါတယ်” ဟု သူက ဆိုသည်။

“ ဒီမိုကရေစီကျင့်စဉ်နဲ့ အညီ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြပြီး လုပ်ပိုင်ခွင့်အာဏာကို တရားနည်းလမ်း ကျနစွာနဲ့ ရယူကြမယ် ဆိုရင် လူသာဓု ခေါ်၊ နတ်သာဓုခေါ် ကြမှာဖြစ်တဲ့ အတွက် ကျနော်တို့ အစိုးရ အနေနဲ့ ငြိမ်းချမ်းရေး တံခါးကို ဖွင့်ထားပြီး လက်ကမ်း ကြိုဆိုနေမှာဖြစ်ကြောင်း” ပြောဆိုသွားသည်။

သမ္မတက အစိုးရက ဝင်ရောက်စွက်ဖက်မှုရှိသော ဈေးကွက်စီးပွားရေးကို ကျင့်သုံးမည် ဟုလည်း နာရီဝက်ခန့် ကြာသော မိန့်ခွန်းတွင် ပြောကြား သွားသည်။

အလုပ်သမားများအတွက် အနိမ့်ဆုံးလစာ သတ်မှတ်မှုကို မြှင့်တင်သွားမည်ဟု သဲလွန်စပေး ပြောကြားသွားပြီး အလုပ် အကိုင် အခွင့် အလမ်းများ ပေါများပြီး ကုန်ဈေးနှုန်း တည်ငြိမ်အောင် လုပ်မည်ဟုလည်း ဆိုသည်။

ထို့အပြင် လာဘ်ပေးလာဘ်ယူမှုကို တားဆီးသွားမည်ဖြစ်ကြောင်း ပြောကြားရာတွင် “ လာဘ်ပေး လာဘ်ယူမှုဟာ လူတဦးချင်း ထိခိုက်စေရုံ သာမက နိုင်ငံနဲ့လူမျိုးရဲ့ ဂုဏ်သိက္ခာကိုပါ ထိခိုက်စေတဲ့ အတွက် ပြည်သူတွေရဲ့ အကူညီကို ရယူပြီး ထိရောက်စွာ တားဆီးသွားပါ့မယ်” ဟု ဆိုသည်။

ကမ္ဘာ့နိုင်ငံများတွင် အကျင့်ပျက် ခြစားမှုများကို တိုင်းတာ၍ အစီရင်ခံစာ ထုတ်ပြန်နေသော ယုံကြည်ရသည့် Transparency International ၏ ၂ဝဝ၉ ခုနှစ် အစီရင်ခံစာတွင် မြန်မာနိုင်ငံသည် အာဖဂန်နစ္စတန်နှင့် တန်းတူ ကမ္ဘာပေါ်တွင် ဒုတိယ အဆိုးရွားဆုံး လာဘ်ပေးလာဘ်ယူမှု ထူပြောသည့် နိုင်ငံဖြစ်သည်ဟု ဆိုသည်။ အဆိုးဆုံးနိုင်ငံမှာ ဆိုမာလီ ဖြစ်သည်။

သမ္မတက သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အကျယ်တဝံ့ ပြောကြားသွားပြီး စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လိုအပ်ချက်များကို ဟန်ချက်ညီညီ ထိန်းညှိ ဆောင်ရွက်မည်ဟု ပြောသွားသည်။


Ref: မဇ္ဈိမ

Read More...

အစိုးရသစ်နှင့် ဆွေးနွေးရန် အသင့်ဟု NLD ဆို

သဲသဲ
ဗုဒ္ဓဟူးနေ့၊ မတ်လ ၃၀ ရက် ၂၀၁၁

နယူးဒေလီ (မဇ္ဈိမ) ။ ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် အစိုးရ သစ်နှင့် ညှိနှိုင်းဆွေးနွေးရန် အသင့်ရှိကြောင်း ပြောဆိုလိုက်သည်။

နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီထံမှ ယနေ့တွင် အာဏာလွှဲပြောင်း ယူခဲ့သည့် အစိုးရသစ် အနေဖြင့် မြန်မာနိုင်ငံတွင် လိုအပ်သည့် အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် တွေ့ဆုံ ဆွေးနွေးပွဲများ ဖြစ်လာရန် မျှော်လင့်ကြောင်း NLD က ပြောဆိုခြင်းဖြစ်သည်။

“ကျနော်တို့ တွေ့ဆုံဆွေးနွေးပွဲတွေ ဖြစ်လာရေးကို မျှော်လင့်ပါတယ်။ မြန်မာနိုင်ငံကို ခေတ်မှီဖွံ့ဖြိုးတဲ့ ဒီမိုကရေစီ နိုင်ငံအဖြစ် ငြိမ်းချမ်းစွာ ပြောင်းလဲ စေလိုပါတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်က ၁၉၈၉ ခုနှစ် ကတည်းကနေ အခုတည်း တောက်လျှောက် လုံးပန်းလာခဲ့ကြတာပါ” ဟု NLD ဥက္ကဌ ဦးတင်ဦးက ပြောသည်။

ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ခေါင်းဆောင် အငြိမ်းစား ဗိုလ်ချုပ်ကြီး ဦးသိန်းစိန်ခေါင်းဆောင်သော အစိုးရ အဖွဲ့ကို နအဖက အာဏာ လွှဲပြောင်း ပေးလိုက်သော်လည်း ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဦးသန်းရွှေ၏ သြဇာမှာ လွှမ်းမိုးနေဦးမည်ဟု ဦးတင်ဦးက ယုံကြည်နေသည်။

သမ္မတသစ်က ပြည်ထောင်စုလွှတ်တော်တွင် ဗုဒ္ဓဟူးနေ့က ပထမဆုံးပြောကြားသည့် မိန့်ခွန်းတွင် အခြေခံ ဥပဒေနှင့် လမ်းပြ မြေပုံကို လက်မခံသည့် ပြင်တွင်းပြည်ပ အဖွဲ့များက တိုင်းပြည် ဂုဏ်သိက္ခာ ကျဆင်းအောင် ပြောဆိုပြုမူမှုများ မပြုလုပ်ရန် ပါရှိသည်။

အခြေခံဥပဒေကို ပြင်ဆင်လိုပါက ရွေးကောက်ပွဲဝင်ကာ အခြေခံဥပဒေပါ လုပ်ထုံး လုပ်နည်းများနဲ့ အညီ ပြင်ဆင်နိုင်သည့် အခွင့်အရေး ရှိသဖြင့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ပြီး လုပ်ပိုင်ခွင့်အာဏာ ရယူနိုင်ရန် တခါး ဖွင့်ထားကြောင်း အတိုက် အခံများနှင့် ပတ်သတ်ပြီး ထည့်သွင်း ပြောဆိုခဲ့သေးသည်။

Ref: မဇ္ဈိမ

Read More...

ဦးသိန်းစိန် သမ္မတသစ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆို

ဗုဒ္ဓဟူးနေ့၊ မတ်လ ၃၀ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ခေါင်းဆောင် အငြိမ်းစား ဗိုလ်ချုပ်ကြီး ဦးသိန်းစိန်သည် မြန်မာနိုင်ငံ၏ သမ္မတသစ် အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့သည်။

နေပြည်တော် ပြည်ထောင်စုလွှတ်တော် ခန်းမတွင် ပြုလုပ်သည့် ကျမ်းသစ္စာ ကျိန်ဆိုပွဲကို တရားသူကြီးချုပ်၊ ရှေ့နေချုပ်၊ လွှတ်တော် နာယကများ၊ လွှတ်တော် အမတ်များလည်း တက်ရောက် ခဲ့ကြသည်။

အသက် ၆၆ နှစ်မြောက် မွေးနေ့ ကျရောက်ခါနီးပြီ ဖြစ်သော ဦးသိန်းစိန်သည် လွန်ခဲ့သည့် လေးနှစ်ခန့် ကတည်းက ဝန်ကြီးချုပ် အဖြစ် တာဝန် ခန့်အပ်ခံခဲ့ရသူ ဖြစ်သည်။ လက်ရှိ အာဏာရ ခေါင်းဆောင်များ ထဲတွင် လာဘ်စားမှု အနည်းဆုံးဟု ဆိုကြသည့် ဦးသိန်းစိန်သည် သမ္မတသစ် အဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲ အပြီးတွင် နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံမှ အာဏာကို လွှဲပြောင်းယူခြင်း ဖြစ်သည်။

ဦးသိန်းစိန်သည် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး နောက်ပိုင်း ရှစ်ဦးမြောက် သမ္မတ ဖြစ်လာပြီး ဝန်ကြီးဌာန ၃၄ ခုမှ ဝန်ကြီး ၃ဝနှင့် ဒုဝန်ကြီး ၄၀ ခန့်ပါဝင်သော ကက်ဘိနက်ကို ဦးဆောင်ရမည် ဖြစ်သည်။ ထိုဝန်ကြီးအဖွဲ့တွင် အငြိမ်းစား စစ်အရာရှိ များနှင့် နှင့် လက်ရှိ တာဝန် ထမ်းဆောင်နေကြဆဲ စစ်ဘက် အရာရှိများ အများဆုံး ပါဝင်နေကြသည်။

ကြံ့ခိုင်ဖွံ့ဖြိုးရေး၏မူလ နာယက ၅ဦးအနက် ဦးသိန်းစိန်၊ သီဟသူရ ဦးတင်အောင်မြင့်ဦး တို့ ရွေးကောက်ပွဲ အပြီး သမ္မတနှင့် ဒုသမ္မတများ ဖြစ်လာကာ သူရ ဦးရွှေမန်းကတော့ ပြည်သူ့ လွှတ်တော် ဥက္ကဌ ဖြစ်သွားသည်။ အနား ယူသွားသော်လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး တို့၏ သြဇာမှာ ဆက်လက် လွှမ်းမိုးနေဦးမှာ ဖြစ်သည်ဟု အများက သံသယ ရှိကြသည်။

ပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်များထဲတွင် သဘောထား တင်းမာသူများ လွှမ်းမိုးနေပြီး လာမည့် နှစ်ပေါင်း များစွာ အထိ အစိုးရ အဖွဲ့ကို ချုပ်ကိုင် ကြီးစိုး နေလိမ့်မည်ဟု အကဲခတ်များက ခန့်မှန်းကြသည်။

၁၉ နှစ်ကြာ နိုင်ငံကို သံမဏိလက်ဖြင့် အုပ်ချုပ်ခဲ့သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် မတ်လ ၂၆ ရက်နေ့တွင် အစိုးရ အဖွဲ့ သစ်တွင် ပါမည့် သူများကို တွေ့ဆုံအပြီး အနားယူမည့် အကြောင်း ပြောကြားခဲ့သည်။

ပထမဆုံးအကြိမ် လွှတ်တော် ပုံမှန် အစည်းအဝေးများအား ဇန်နဝါရီလ ၃၁ရက်နေ့ကတည်းက စတင်ခဲ့ပြီး ဗုဒ္ဓဟူး နေ့တွင် ပြီးဆုံးပြီ ဖြစ်သည်။ ဒုတိယ အကြိမ် လွှတ်တော် ပုံမှန် အစည်း အဝေးများအား ယခုနှစ် ကုန်သည်အထိ စတင်ဦးမည် မဟုတ်ဟု သိရသည်။


Ref: မဇ္ဈိမ

Read More...

Tuesday, March 29, 2011

ရာဇ၀င် အတ္ထုပ္ပတ္တိလည်း ရှိရမယ်၊ မော်ကွန်းလည်း ထိုးလောက်တယ် . . .

နေထွန်းနိုင်

ဗမာ့လွတ်လပ်ရေးတပ်မတော်က ရန်ကုန်မြို့ကို သိမ်းပိုက်ပြီးနောက် ရဲဘော်သုံးကျိပ်ဝင် အချို့အား တွေ့ရစဉ်

ဗမာ့လွတ်လပ်ရေးအတွက်
တပ်မတော်ဖွဲ့ဖို့
ဂျပန်ပြည်မှာကွယ်
တကယ်ဘဲ အသက်နဲ့လဲလို့
ဆင်းရဲဒုက္ခခံကာ ကြံစည်တယ်
သူရဲကောင်းတဲ့ ဗိုလ်အောင်ဆန်းနဲ့
အာဇာနည်တွေရယ်
ငါတို့ ဗမာပြည်
မိဘတိုင်းကရယ်
ဗိုလ်အောင်ဆန်းလို
သူရဲကောင်းတွေ မွေးရမယ်
ငါတို့ ဗမာပြည်
မိဘအပေါင်းကကွယ်
အာဇာနည်အစစ်တွေကို
ရှိဖို့ မွေးရမယ်။

၁၉၄၁ ခုနှစ်အချိန်က ဂီတစာဆို သဟာယ ဆရာတင် ရေးစပ် သီကုံးခဲ့သည့် 'ဗမာ့လွတ်လပ်ရေး သီချင်း'မှ စာသားများ ဖြစ်သည်။ 'ရာဇ၀င် အတ္ထုပ္ပတ္တိလည်း ရှိရမယ်၊ မော်ကွန်းလည်း ထိုးလောက်တဲ့၊ မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်'။ စသည့် အပိုဒ်က ထိုသီချင်းကို အမြဲတစေ မှတ်မိ နေခဲ့စေသည်။

'ဗမာ့လွတ်လပ်ရေး' သီချင်း၏ မူလအမည်က 'ဗမာ့ သူရဲကောင်း' ဖြစ်သည်။ ၁၉၄၂ ခုနှစ် အချိန်မှာပင် အဆိုတော် တက္ကသိုလ် မျိုးချစ်က ရန်ကုန်မြို့တော် ခန်းမ၌ ပွဲဦးထွက် အနေဖြင့် ပရိသတ်ကို သီဆိုပြခဲ့သည်။

'ဗမာ့လွတ်လပ်ရေးသီချင်း' ပေါ်ထွက်လာစေရန် စည်းရုံး ဆော်သြခဲ့သူမှာ ကာယဗလ ဦးရှိန် ဖြစ်ပါသည်။ လွတ်လပ်ရေး ကြိုးပမ်းမှု တိုက်ပွဲ ကာလ အတွင်း တပ်သားသစ် များစွာကို ထိုသီချင်းဖြင့် စည်းရုံး နိုင်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော် သုံးကျိပ်၏ လွတ်လပ်ရေး ကြိုးပမ်းမှုကို ပမာတင်၍ ရဲစိတ် သွင်းခဲ့သော သီချင်းဖြစ်သည်။

လွတ်လပ်ရေးရရှိပြီး နောက်ပိုင်းကာလ၌ 'ဗမာ့လွတ်လပ်ရေး' သီချင်းကို ကိုမြကြီး၊ ရဲဘော် ခင်မောင်လှနှင့် အခြား အဆိုတော် များစွာက သီဆိုခဲ့ပြီး စစ်ရေး တေးတစ်ပုဒ် အနေဖြင့်လည်း ထင်ရှားခဲ့သည်။

၁၉၀၆ ခုနှစ်၌ ရန်ကုန်ကောလိပ်ကျောင်းသားအချို့ တည်ထောင်ခဲ့သည့် ဗုဒ္ဓဘာသာကလျာဏ ယုဝ အသင်း (YMBA)၊ ထို့နောက် ၁၉၂၀ ပြည့်နှစ်၌ ပေါ်ထွက်လာသည့် နိုင်ငံလုံး ဆိုင်ရာ မြန်မာ အသင်းချုပ်ကြီး (GCBA) နှင့် ပထမ ကျောင်းသားသပိတ်၊ ၁၉၃၀ ပြည့်နှစ် ဆရာစံ အရေးတော်ပုံ၊ တို့ဗမာ အစည်းအရုံး၏ လှုပ်ရှားမှုများ၊ ၁၉၃၆ ခုနှစ် ဒုတိယ ကျောင်းသား သပိတ်နှင့် ၁၉၃၈ ခုနှစ်၌ ဖြစ်ပွားခဲ့သည့် ၁၃၀၀ ပြည့် အရေးတော်ပုံ၊ ၁၉၃၉ ခုနှစ် ဒုတိယ ကမ္ဘာစစ်မီးနှင့် အတူ ပေါ်ထွက်လာသည့် ဗမာ့ ထွက်ရပ်ဂိုဏ်း စသည် တို့သည် ၁၉၀၀ ပြည့်နောက်ပိုင်း မြန်မာ့ လွတ်လပ်ရေး တိုက်ပွဲကာလ အတွင်း ချန်လှပ် မရနိုင်သော သမိုင်း မှတ်တိုင်များ ဖြစ်ခဲ့ကြသည်။

ဒုတိယကမ္ဘာစစ်နှင့် ပေါ်ထွက်ခဲ့သည့် 'ဗမာ့ထွက်ရပ်ဂိုဏ်း'ကို တို့ဗမာ အစည်းအရုံးက တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ 'အင်္ဂလိပ် အခက်၊ ဗမာ့အချက်' ဟူသောမူကို ကိုင်စွဲခဲ့သည်။ ဗမာ့ ထွက်ရပ်ဂိုဏ်း၏ အတွင်းရေးမှူးက သခင် အောင်ဆန်း ဖြစ်သည်။

''မမျှော်လင့်သော အကြောင်းတစ်ရပ်သည် ရှောင်တခင်ပေါ်ပေါက်၍ လာလေသည်။ ဗမာ့ ထွက်ရပ် ဂိုဏ်းကြီးတွင် ပါဝင် ဆောင်ရွက်လျက် ရှိသော ဒေါက်တာဘမော်နှင့် ဒေါက်တာ သိန်းမောင်တို့က အကယ်၍ အလိုရှိပါက ကျွန်ုပ်တို့သည် ဂျပန်၏ အကူအညီကို ရရှိနိုင်ကြောင်း သတင်းပေး ကြလေသည်။ ကျွန်ုပ်တို့ လူသိုက်လည်း ချက်ချင်းလိုပင် စုရုံး စည်းဝေးကာ ဂျပန် အကူအညီ ကိစ္စနှင့် ပတ်သက်၍ ဆွေးနွေး တိုင်ပင် ကြလေသည်။ ကျွန်ုပ်တို့ အားလုံး သဘော တူညီကြသည့် အချက် တစ်ချက်က လွတ်လပ်ရေး တိုက်ပွဲ ဆင်နွှဲရာတွင် အနည်းဆုံး နိုင်ငံခြားသို့ ၀ါဒဖြန့်မှု ရရှိ ဖြစ်မြောက်စေရန် လိုအပ်ပေသည် ဟူသော အချက်ဖြစ်သည်။ တစ်ဖန် ထို့ထက် တစ်ဆင့်တိုး၍ နိုင်ငံခြား အကူအညီကို ရရှိနိုင်မည် ဆိုကလည်း ပို၍ပင် သင့်လျှော် ကောင်းမွန်မည်ဟု ကျွန်ုပ်တို့ သဘော ရခဲ့ကြပေသည်။ အထက်ပါ အချက်အလက်များနှင့် ပြည့်စုံ ရရှိရေးအတွက် မြန်မာပြည် အတွင်းမှ နေ၍ ကြံစည်ရန် လုံးဝ မဖြစ်နိုင်ကြောင်းကို ကျွန်ုပ်တို့ သဘောတူ စဉ်းစား မိခဲ့ကြလေသည်။ ကျွန်ုပ်တို့ လူငယ် နိုင်ငံရေး သမားများထဲက ထိုင်း၊ ဂျပန် သို့မဟုတ် တရုတ်ပြည် များသို့ ကိုယ်တိုင် သွားရောက် ရာမှလည်း ဖြစ်နိုင်စရာ အကြောင်း ရှိပေသည်''ဟု ဗိုလ်ချုပ် အောင်ဆန်းက ဖက်ဆစ် တော်လှန်ရေး သမိုင်း၌ ရေးသားခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ မူလ ရည်ရွယ်ချက်က တရုတ်နိုင်ငံသို့ သွားရောက်ရန် ဖြစ်သည်။ လျှို့ဝှက် ဆက်သွယ်မှုများလည်း ပြုလုပ်ခဲ့သည်။ သို့သော် တရုတ်-ဗမာ လမ်းမကြီးကို ဗြိတိသျှ အစိုးရက ပိတ်ခဲ့သည့် အတွက် အခက်ကြုံစရာ ဖြစ်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ အတွေး၌ မြန်မာ့ လွတ်လပ်ရေး ကြိုးပမ်းမှုတွင် နိုင်ငံခြား အကူအညီ လိုအပ်သည့် အပြင် ပြည်တွင်းမှ စနစ်တကျ စည်းရုံး လှုပ်ရှားမှုများက အရေးပါကြောင်း ခံယူခဲ့သည်။ ပြည်တွင်း အင်းအားကို အသုံးချ၍ လုပ်ဆောင်ရန် ရေးဆွဲထားသော ဗိုလ်ချုပ်အောင်ဆန်း၏ စီမံကိန်းကို သူ၏ ရဲဘော် ရဲဘက်များက လက်ခံနိုင်မှု နည်းပါးခဲ့သည်။

တို့ဗမာအစည်းအရုံးဝင် သခင် ခေါင်းဆောင်များက တော်လှန်ရေး တိုက်ပွဲ အတွက် နိုင်ငံခြား တိုင်းပြည် တစ်ခုခုမှ အကူအညီ ယူရန် ဆုံးဖြတ်ခဲ့သည်။ စေလွှတ်မည့် သူကိုလည်း ရွေးချယ်ခဲ့သည်။ မူလက ဗိုလ်ချုပ်အောင်ဆန်းနှင့် သခင်ကျော်စိန်ကို ရွေးချယ်ခဲ့သည်။ ထိုအချိန်က ဗိုလ်ချုပ်အောင်ဆန်းကို ဗြိတိသျှ အစိုးရက ဖမ်းဝရမ်း ထုတ်ထားသည်။ မူလ ရွေးချယ်ခဲ့သည့် သခင်ကျော်စိန်မှာ မလိုက်နိုင်တော့သည့် အတွက် ဗိုလ်ချုပ်အောင်ဆန်း ကဲ့သို့ပင် ဖမ်းဝရမ်း ထုတ်ခံထားရသည့် သခင်လှမြိုင်ကို အစားထိုး ရွေးချယ်ခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် သခင်လှမြိုင်တို့၏ ခရီးဦးတည်ရာက တရုတ် နိုင်ငံသို့ပင် ဖြစ်သည်။ ကုန်းလမ်း ပိတ်ထားသဖြင့် ရေလမ်းကို အသုံးပြုခဲ့သည်။ ဒီးဒုတ်ဦးဘချို၏ အကူအညီဖြင့် တရုတ်နိုင်ငံသွား ဟိုင်လီမီးသဘောင်္ပေါ်၌ တ ရုတ်ဝတ်စုံများ ၀တ်ဆင် ရုပ်ဖျက်လျက် အမွိုင်သို့ ထွက်ခွာခဲ့သည်။ ၁၉၄၀ ပြည့်နှစ် သြဂုတ်လ ၈ ရက်နေ့တွင် သွားရောက်ခဲ့ခြင်း ဖြစ်သည်။ ထိုခရီးက မြန်မာ့လွတ်လပ်ရေးအတွက် အရေးပါလာမည့် ရဲဘော်သုံးကျိပ်ကို ဖြစ်ပေါ်စေရန် လမ်းစ ဖြစ်စေခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းတို့ အမွိုင်ရောက်ရှိခဲ့ပြီး အဆင်မပြေမှုများနှင့် ကြုံတွေ့ခဲ့သည်။ ထိုအချိန်မှာပင် ဂျပန် အစိုးရမှ စေလွှတ်ခဲ့သည့် ကာနယ်ဆူဇူကီးက မြန်မာနိုင်ငံသို့ ရောက်ရှိလာသည်။ ဂျပန်သတင်းထောက်တစ်ဦး အဖြစ် လျှို့ဝှက်စွာ လာရောက်ခဲ့ခြင်း ဖြစ်သည်။ ပြည်တွင်းမှ လွတ်လပ်ရေး လှုပ်ရှားမှု အဖွဲ့များနှင့်တွေ့ဆုံခဲ့ပြီး ပြည်တွင်းမှ အဖွဲ့များ၏ သတင်းပေးချက်အရ အမွိုင်တွင် ရောက်ရှိနေသော ဗိုလ်ချုပ်အောင်ဆန်းနှင့် ဆက်သွယ်မှုရရန် ဆက်လက် လုပ်ဆောင်ခဲ့သည်။ ဂျပန်တို့နှင့် ဆက်သွယ်မှုရခဲ့ပြီး ၁၉၄၀ ပြည့်နှစ် နိုဝင်ဘာလ ၁၂ ရက်နေ့တွင် တိုကျိုမြို့သို့ ရောက်ရှိခဲ့သည်။

ကာနယ်ဆူဇူကီး၏ ချိတ်ဆက်မှုဖြင့် ဂျပန်အရာရှိများနှင့် ဗိုလ်ချုပ်အောင်ဆန်း တွေ့ဆုံခဲ့သည်။ 'ဗမာ့လွတ်လပ်ရေး စီမံကိန်း'တစ်ရပ်ကို ရေးဆွဲ တင်သွင်းပေးခဲ့သည်။ ထိုစီမံကိန်းကို ဂျပန်စစ်ဦးစီးဌာနချုပ်က ပြင်ဆင်ချက်
အနည်းငယ်ဖြင့် အတည်ပြုခဲ့ပြီး 'မီနာမီကိုင်ကန်' ခေါ် 'တောင်ပိုင်းဒေသဆိုင်ရာ' အဖွဲ့ကို ဖွဲ့စည်းလိုက်သည်။ ကာနယ်ဆူဇူကီးနှင့် ဗိုလ်ချုပ်အောင်ဆန်း တို့ကို ဗမာပြည် လွတ်လပ်ရေးအတွက် စီမံကိန်းအတိုင်း သင့်တော်သလို ဆောင်ရွက်ရန် လွှဲအပ်လိုက်သည်။ငွေအား၊ လူအားနှင့် လက်နက်အင်အား အကူအညီပေးမည်ဟု ကတိပြုခဲ့သည်။

၁၉၄၁ ခုနှစ် မတ်လ ၃ရက်နေ့၌ မြန်မာနိုင်ငံသို့ သခင်အောင်ဆန်း ပြန်လည် ရောက်ရှိလာသည်။ ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ဆန်တင်ရန်လာသော ဆွန်တန်မရူးသဘောင်္ဖြင့် လိုက်ပါလာခြင်း ဖြစ်သည်။ လျှို့ဝှက်စွာပင်
လာရောက်ခဲ့သည်။ သွားစဉ်က ကဲ့သို့ ရုပ်ဖျက်ထားသည်။ ထိုသင်္ဘောမှာ ပုသိမ်တွင် ဆိုက်ကပ်သည်။ ပုသိမ်မှ တစ်ဆင့် ရန်ကုန်သို့ မီးသဘောင်္ဖြင့် လာခဲ့ခြင်း ဖြစ်သည်။ သခင်လှမြိုင်က ဂျပန်၌ ကျန်နေခဲ့သည်။

ရန်ကုန်သို့ ရောက်ရှိသည်နှင့် ဂျပန်၌ ရေးဆွဲခဲ့သော ဗမာ့လွတ်လပ်ရေး စီမံကိန်းကို ဗိုလ်ချုပ်အောင်ဆန်း က အကောင်အထည် ဖော်ခဲ့သည်။ သခင်လူငယ် သုံးဆယ်ကို ဂျပန်သို့ လျှို့ဝှက်စွာ စေလွှတ်မည့် အစီအစဉ်များကို ရေးဆွဲခဲ့သည်။ ၁၉၄၁ ခုနှစ် မတ်လမှ ဇူလိုင်လအထိ 'ရဲဘော်သုံးကျိပ်' ဖြစ်လာမည့် သခင်လူငယ်သုံးဆယ်ကို လေးဖွဲ့ခွဲ၍ ဂျပန်သို့ စစ်ပညာသင်ယူရန် စေလွှတ်ခဲ့သည်။

ရဲဘော်သုံးကျိပ် အဖွဲ့ဝင်များသည် စစ်ရေးလေ့ကျင့်မှုကို တရုတ်နိုင်ငံ အနောက်တောင်ဘက်ရှိ ဟိုင်နန်ကျွန်းနှင့် တရုတ်နိုင်ငံ အရှေ့တောင်ဘက်ရှိ တိုင်ဝမ်ကျွန်း(ဖော်မိုဆာကျွန်း) တို့တွင် သင်ယူခဲ့ကြသည်။ ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့၌ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဇေယျာနှင့် ဗိုလ်မြင့်ဆွေတို့ နှစ်ဦး၊ ပဏာမ ပထမအသုတ် အနေဖြင့် မြန်မာနိုင်ငံသို့ ပြန်လည် ၀င်ရောက်ခဲ့သည်။ မြန်မာနိုင်ငံတွင်း၌ သူပုန်ထရန်နှင့် စေ့ဆော်နှိုးဆွပေးရန် အတွက် ဖြစ်သည်။

ဒီဇင်ဘာလ အတွင်း၌ပင် ရဲဘော်သုံးကျိပ် အဖွဲ့ဝင်များမှာ မြန်မာနိုင်ငံသို့ ပြန်လည် ၀င်ရောက်ရန် အတွက် ထိုင်းနိုင်ငံသို့ ရောက်ရှိ လာခဲ့သည်။ ထို့နောက် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ဗမာ့လွတ်လပ်ရေး တပ်မတော် (BIA)ကို ရဲဘော်သုံးကျိပ် အင်အားဖြင့် တည်ထောင်လိုက်သည်။ ထို့နောက် စစ်ကြောင်းလေးကြောင်း ဖြန့်ပြီး မြန်မာနိုင်ငံ အတွင်းသို့ ၀င်ရောက်ခဲ့သည်။ ယိုးဒယား စစ်ကြောင်း၊ ထားဝယ်စစ်ကြောင်း၊ မြိတ်စစ်ကြောင်းနှင့် မော်လမြိုင်စစ်ကြောင်း တို့ဖြင့် မြန်မာနိုင်ငံတွင်းသို့ ၀င်ရောက်ခဲ့ခြင်း ဖြစ်သည်။

၁၉၄၂ ခုနှစ် နှစ်ဦးပိုင်းမှ စတင်ပြီး ဗမာ့လွတ်လပ်ရေး တပ်မတော်သည် မြန်မာနိုင်ငံအတွင်းသို့ ဂျပန်တို့၏ စစ်အကူအညီဖြင့် ဆက်တိုက် ၀င်ရောက်ခဲ့ပြီး ဗြိတိသျှကို တိုက်ထုတ်ကြသည်။ ထိုသို့ တိုက်ထုတ်နေရင်းကပင် မြန်မာနိုင်ငံအား လွတ်လပ်ရေးပေးမည် ဆိုသော ဂျပန်အစိုးရ၏ မသိကျိုးကျွံ ပြုမှုများက သိသာလာသည်။ ထိုအချိန်ကပင် ဂျပန်ကို ဆက်လက် တွန်းလှန်ရန် ဟူသော အသိမှာ ရဲဘော်သုံးကျိပ်နှင့် လွတ်လပ်ရေး ကြိုးပမ်းသူများ၏ စိတ်၌ ကိန်းအောင်းလာခဲ့သည်။

မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးသည့်နောက် စစ်အုပ်ချုပ်ရေးဖြင့် ဂျပန်တို့က အုပ်ချုပ်ခဲ့သည်။ ဗမာ့လွတ်လပ်ရေး တပ်မတော်မှ ဗမာ့ကာကွယ်ရေးတပ်မတော်(BDA) ဖြစ်လာခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းကို ဗမာ့ကာကွယ်ရေး တပ်မတော်၏ ဗမာပြည်စစ်တပ် ဗိုလ်ချုပ် ခန့်အပ်ခဲ့သည်။ ၁၉၄၃ ခုနှစ် သြဂုတ်လ ၁ ရက်နေ့၌ ဂျပန်တို့က မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးခဲ့သည်။ ထိုလွတ်လပ်ရေးမှာ ရွှေရည်စိမ် လွတ်လပ်ရေးမျှသာ ဖြစ်ခဲ့ရသည်။

ဂျပန်အကူအညီဖြင့် ဗြိတိသျှကို တော်လှန်ခဲ့သည့် လွတ်လပ်ရေး ကြိုးပမ်းသည် ဂျပန်တို့၏ ဖက်ဆစ်စနစ်၊ ရွှေရည်စိမ် လွတ်လပ်ရေး တို့နှင့် ထိပ်တိုက် တွေ့ခဲ့ပြန်သည်။ ဗမာ့ ကာကွယ်ရေး တပ်မတော်ကို အင်အား နည်းစေရန် ဂျပန်တို့က ဖန်တီးခဲ့သည်။ ဂျပန်တို့၏ ဖိနှိပ်မှုကို စိတ်ရှည်စွာ ဆက်ဆံ ခဲ့သော်လည်း လွတ်လပ်ရေး အတုအယောင်သာ ပေးခြင်း၊ တိုင်းပြည်အတွက် ထိရောက်သော လုပ်ငန်းများကို လုပ်ကိုင် မပေးခြင်း၊ လူထုအား မတရား ညှင်းပန်းခြင်း၊ လူထုထံမှ ပစ္စည်းဥစ္စာ ရှိသမျှကိုလည်း အဓမ္မ သိမ်းပိုက်ခဲ့ခြင်း၊ ဒီမိုကရေစီ လွတ်လပ်ရေးနှင့် လူ့အခွင့်အရေး ဟူသည်ကို စိုးစဉ်းမျှ မကျန်အောင် ဂျပန်တို့က လုပ်ဆောင် ခဲ့သည်ဟု ဗိုလ်ချုပ်အောင်ဆန်းက ဖက်ဆစ် တော်လှန်ရေး သမိုင်းစာအုပ်၌ ထည့်သွင်းရေးသား ပြောဆိုခဲ့သည်။

၁၉၄၄ ခုနှစ်၊ မဟာမိတ်တပ်များ အင်အားကောင်းလာချိန်၌ ပြန့်ကျဲလျက်ရှိသော ဗမာ့ကာကွယ်ရေးတပ်မတော်နှင့် မျိုးချစ်များကို ပြောက်ကျားစနစ်ဖြင့် ဂျပန်များကို တော်လှန်မှု ပြုလုပ်ရန် စီစဉ်ခဲ့ကြသည်။ မဟာမိတ်များနှင့် ပူးပေါင်းခဲ့သည်။

၁၉၄၅ ခုနှစ် မတ်လ ၁၇ ရက်နေ့က တော်လှန်ရေးပန်းခြံ၌ ဗိုလ်ချုပ်အောင်ဆန်းက ဗမာ့တပ်မတော်သားများကို စစ်ထွက်မိန့်ခွန်း ပြောကြားခဲ့သည်။ ထိုနေ့က ပြောကြားခဲ့သော စစ်ထွက်မိန့်ခွန်းသည် မဟာမိတ်များကို တိုက်ဟန်ပြုပြီး ဂျပန်ကို ပြန်လည် တော်လှန်မည့် ဗမာ့တပ်မတော်သားများကို ပြောကြားခဲ့သည့် မိန့်ခွန်းဖြစ်သည်။ မိန့်ခွန်း၏ အဆုံးပိုင်း၌ 'ဗမာ့ ရန်သူကို ချေမှုန်းကြ၊ အနီးကပ်ဆုံးရန်သူကို ချေမှုန်းကြ'ဟု ထည့်သွင်း ပြောကြားခဲ့သည်။

၁၉၄၅ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင်မူ ဗမာ့တပ်မတော်သည် ပြည်သူ့ လွတ်လပ်ရေး တပ်မတော် အမည် ခံယူပြီး ဂျပန် တို့အား စစ်ကြေညာ ခဲ့သည်။ ထို စစ်ကြေညာချက်ဖြင့် မဟာမိတ် တို့၏ အကူအညီ ယူကာ ဂျပန်တို့ကို ပြန်လည် တိုက်ထုတ် နိုင်ခဲ့သည့် နည်းတူ မြန်မာ့ လွတ်လပ်ရေး အတွက် ဗြိတိသျှ အစိုးရနှင့် နှလုံးရည် တိုက်ပွဲ စတင်မည့် နှစ်ကာလ နိဒါန်း အစ ဖြစ်ပါသည်။

ဂျပန်ကို စစ်ကြေညာခဲ့သည့် မတ်လ ၂၇ ရက်နေ့ကိုမူ တော်လှန်ရေးနေ့ (ယခု တပ်မတော်နေ့) အဖြစ် ကျင်းပ ခဲ့သည်မှာ ယနေ့တိုင် ဖြစ်ပါသည်။

ရဲဘော်သုံးကျိပ်
၁။ သခင်အောင်ဆန်း (ဗိုလ်တေဇ)
၂။ သခင်ရှုမောင် (ဗိုလ်နေ၀င်း)
၃။ သခင်လှဖေ (ဗိုလ်လက်ျာ)
၎။ သခင်အောင်သန်း (ဗိုလ်စကြာ)
၅။ သခင်စံလှိုင် (ဗိုလ်အောင်)
၆။ သခင်လှမြိုင် (ဗိုလ်ရန်အောင်)
၇။ သခင်ဘဂျမ်း (ဗိုလ်လရောင်)
၈။ သခင်ထွန်းခင် (ဗိုလ်မြင့်ဆွေ)
၉။ သခင်ခင်မောင်ဦး (ဗိုလ်တာရာ)
၁၀။ သခင်ထွန်းလွင် (ဗိုလ်ဗလ)
၁၁။ သခင်ကျော်စိန်(ဗိုလ်မိုးညို)
၁၂။ သခင်စောလွင် (ဗိုလ်မင်းခေါင်)
၁၃။ သခင်စံမြ (ဗိုလ်တောက်တိန်)
၁၄။ သခင်ငွေ (ဗိုလ်စောအောင်)
၁၅။ သခင်သစ် (ဗိုလ်စောနောင်)
၁၆။ သခင်အေးမောင်(ဗိုလ်မိုး)
၁၇။ သခင်သန်းတင် (ဗိုလ်မြဒင်)
၁၈။ သခင်သန်းတင်(ဗိုလ်သန်းတင်)
၁၉။ သခင်ထွန်းအုပ်
၂၀။ ကိုလှမောင် (ဗိုလ်ဇေယျ)
၂၁။ ကိုထွန်းရှိန် (ဗိုလ်ရန်နိုင်)
၂၂။ ကိုရွှေ (ဗိုလ်ကျော်ဇော)
၂၃။ ကိုတင်အေး (ဗိုလ်ဘုန်းမြင့်)
၂၄။ ကိုအောင်သိန်း (ဗိုလ်ရဲထွဋ်)
၂၅။ ကိုသန်းညွန့် (ဗိုလ်ဇင်ယော်)
၂၆။ ကိုလှ (ဗိုလ်မင်းရောင်)
၂၇။ ကိုထွန်းရွှေ (ဗိုလ်လင်းယုန်)
၂၈။ ကိုစိုး(ဗိုလ်မြင့်အောင်)
၂၉။ ကိုဆောင်း(ဗိုလ်ထိန်ဝင်း)
၃၀။ ကိုမောင်မောင် (ဗိုလ်ဉာဏ)

ကိုးကားစာရင်း။
တပ်မတော်သမိုင်း (၁၈၂၄-၁၉၄၅၊ ပထမတွဲ- ၁၉၉၄ခုနှစ်)၊
စစ်ချီစစ်ရေးတေးသီချင်းများ(၁၉၉၅ ခုနှစ်)၊
ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ်(ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မင်းခေါင်(ရွှေတူ) ပြုစု- ၁၉၇၄ခုနှစ်)၊
ဗမာ့တော်လှန်ရေးသမိုင်း (ဗိုလ်မှူးဘသောင်း(မောင်သုတ)ပြုစု- ၁၉၆၇ခုနှစ်)နှင့်
ဗိုလ်ချုပ်အောင်ဆန်း ရေးသားသည့် ဖက်ဆစ် တော်လှန်ရေးသမိုင်း(တက္ကသိုလ်နေ၀င်း မြန်မာပြန်- ၁၉၅၅ခုနှစ်)

Ref: EMG News

Read More...

တစ်ဦးချင်း အမြင်နဲ့ သမိုင်းအမြင်

မောင်ဝံသ

(၂၀၁၁ ခုနှစ် မတ်လ ၁၇ ရက်နေ့ထုတ် ပြည်သူ့ခေတ် ဂျာနယ်မှာ ဖော်ပြထားတဲ့ ဆရာ မောင်ဝံသရဲ့ ဆောင်းပါး ဖြစ်ပါတယ်။ လမ်းစဉ် ပါတီရဲ့ သဘောတရားရေး ဆရာကြီးလို့ လူသိများတဲ့ ဦးချစ်လှိုင်က ဦးနေ၀င်းရဲ့ အခန်းကဏ္ဍကို အကောင်းမြင် ပြောကြားမှု အပေါ် ဆရာ မောင်ဝံသက ပြန်လည် ရေးသားထားခြင်း ဖြစ်ပါတယ်။ )

ကျွန်တော် ပြည်ပလေ့လာရေး ခရီးမသွားခင် လွန်ခဲ့တဲ့ ခြောက်လကျော် အထိ ပြည်တွင်း ဂျာနယ် မဂ္ဂဇင်းတွေမှာ ပင်တိုင် ဆောင်းပါးတွေ လက်သွက်သွက်နဲ့ အားရပါးရ ရေးခဲ့ပါတယ်။ ပြန်ကြည့်တော့ တစ်ပတ် တစ်ပတ် ဂျာနယ် ရှစ်စောင် ကိုးစောင်လောက်နဲ့ လစဉ်မဂ္ဂဇင်း လေးငါးစောင် လောက်မှာ ပုံမှန် ရေးဖြစ်ခဲ့တာ တွေ့ရတယ်။ ရေးခဲ့တာတွေကို ပြန်ဖတ်တဲ့ အခါ အချိန်အခါ အလျောက် ရေးသင့်တာတွေကို ရေးခဲ့တာပဲလို့ ပြောနိုင်ပါတယ်။

အခုခရီးက ပြန်ရောက်လို့ နားနားနေနေ ရှိနေတုန်း အိမ်မှာရှိနေတဲ့ ဂျာနယ်တွေ တစ်ပုံကြီးကို ဝမ်းသာအားရ မြည်းစမ်း ကြည့်ရင်း အရင်လို စာတွေ ပြန်ရေးဖို့ ကီးသွင်း နေရတယ်ဗျ။ ဂျာနယ်တွေကလည်း ဖတ်လို့ အလွန်ကောင်းဗျာ။ ပြည်တွင်း သတင်းတွေ၊ ပြည်သူတွေ ကြားက သတင်းတွေ အရင်ကထက် ပိုစုံအောင် ဖော်ပြ လာနိုင်ကြတယ်လို့ သတိ ထားမိပါတယ်။ ဆောင်းပါးတွေ ကလည်း ပိုပြီး ပွင့်ပွင့် လင်းလင်း ရေးလာကြတာ တွေ့ရတယ်။ ထူးခြားချက် ကတော့ ဆရာမောင်စူးစမ်း၊ ဆရာ သခင်တင်မြ၊ ဆရာ ကိုကိုမောင်ကြီး တို့ဟာ သူတို့ရဲ့ မူလဘူတ ခံယူချက် အမြင်တွေကို စာမျက်နှာတွေပေါ် တင်လာ ကြတာ တွေ့ရသဗျ။

ပေါ်ပြူလာ နယူးစ်ဂျာနယ် ( ၁၀ မတ် ၂၀၁၁)က ‘တစ်ခေတ် တစ်ခါက မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ’ ခေါင်းစဉ်နဲ့ ဆရာ ကိုကိုမောင်ကြီးနဲ့ တွေ့ဆုံ မေးမြန်းခန်း ဒုတိယပိုင်းကို ကျွန်တော် ဖတ်မိပြီး ပြောချင်တာ လေးတွေ ရှိလာ ပြန်တယ်ဗျာ။

‘ရှိလာပြန်တယ်’ လို့ ရေးရတာက အရင်တစ်ခါလည်း ‘လျှပ်တစ်ပြက်’ သတင်းဂျာနယ် (၆ မတ် ၂၀၀၉) မှာ ကိုကိုမောင်ကြီးက ‘မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဘာမှားသလဲ’ ခေါင်းစဉ်နဲ့ ရေးလို့ ကျွန်တော်က ‘မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ မှားခဲ့သလား’ ခေါင်းစဉ်နဲ့ သစ္စာဂျာနယ် (True News)မှာ ပြန်ရေး၊ နောက်တော့ ကျွန်တော့်ရဲ့ နိုင်ငံရေး ဆောင်းပါး ပေါင်းချုပ် ‘ရှာမှရှားတဲ့ နိုင်ငံရေးသမား’ (မေ ၂၀၁၀) စာအုပ်မှာ ထပ်မံ ဖော်ပြခဲ့ပါတယ်။ နိုင်ငံရေး စိတ်ဝင်စားသူတွေ အတော် သတိထားမိပြီး စိတ်ဝင်စား ခဲ့ကြတယ်ဗျ။

အဲဒီ ဆောင်းပါးတုန်းက ဆရာ ကိုကိုမောင်ကြီးက လမ်းစဉ်ပါတီက ဆိုရှယ်လစ် လမ်းစဉ်ကို သွားတဲ့ အချိန်ဟာ မြန်မာ နိုင်ငံဟာ အထွေထွေ ခေတ်နောက်ကျမှုကြီး ဆိုတဲ့ သမိုင်းဘဝမှာ ရှိနေခဲ့တယ်လို့ ဆိုတယ်။ အတတ်ပညာ နည်းပညာ အဆင့် အတန်းတွေ နိမ့်ကျ နေသေးတယ်လို့ ဆိုတယ်။ လမ်းစဉ်ပါတီ ကေဒါတွေ ညံ့ဖျင်းလို့ လို့ ဆိုတယ်။ ကျွန်တော်က အဲဒါတွေကြောင့် မဟုတ်ကြောင်း ငြင်းဆိုတယ်ဗျာ။

လမ်းစဉ်ပါတီ ကျဆုံးရခြင်းဟာ ဆိုရှယ်လစ် စနစ်ကို တကယ်တမ်း မယုံကြည်သူတွေက လူကြား ကောင်းအောင် ဆိုရှယ်လစ် ခဲ့ကြတာကြောင့် ဖြစ်တယ်။ ဆိုရှယ်လစ် ဒီမိုကရေစီ ဆိုတာ စကားလုံးသာ ရှိပြီး အောက်ခြေတွေက တင်ပြတာကို နားမထောင်၊ ရေဘူးပေါက်တာ မလိုချင်၊ ရေပါလာအောင် ယူခဲ့ဆိုသူတွေရဲ့ ခေါင်းဆောင်မှုကြောင့် ဖြစ်တယ်လို့ ကျွန်တော်က တင်ပြခဲ့တယ်။ ကျွန်တော် ရေးခဲ့တာကို ဆရာ ကိုကိုမောင်ကြီး ဖတ်မိပုံ မရဘူး။ အဲဒီ နောက်ပိုင်း သူနဲ့ ကျွန်တော် ၃-၄ ခါထက် မနည်း လူချင်း ဆုံမိတယ်။ ဘာမှ ပြောသံ မကြားဘူး။ ဆရာ့ရဲ့ မျက်စိ အခြေအနေကလည်း စာဖတ်လို့ မရလောက်အောင် ဆိုးနေတယ်လို့ သိရတယ်ဗျာ။ ကျွန်တော်က တစ်ချိန်က ကျွန်တော်တို့ ခင်မင် လေးစားခဲ့ရ သူတွေကို ချောင်ပိတ် မေးတာမျိုးလည်း မလုပ်ချင်ဘူး။ ဒါကြောင့် ကျွန်တော်က စပြီး မမေးခဲ့ပါဘူး။

အထက်မှာ ကျွန်တော် နာမည် ဖော်ပြခဲ့တဲ့ ဆရာ သုံးယောက် စလုံးဟာ ကျွန်တော်နဲ့ ပုဂ္ဂိုလ်ရေး အင်မတန် ခင်မင် ရင်းနှီး တယ်။ သူတို့က ကျွန်တော့်ကို ချစ်ခင်ကြတာလည်း သိပါတယ်။ ကျွန်တော်ကလည်း သူတို့အပေါ် ခုထိ ချစ်ခင်တွယ်တာ ပါတယ်။

ဆရာ ကိုကိုမောင်ကြီး အပါအဝင် သူတို့ သုံးယောက် စလုံးဟာ ဦးနေဝင်းနှင့်လည်း ခင်မင် ရင်းနှီးသူတွေ ဖြစ်ပါတယ်။ ဦးချမ်းအေး (ဆရာ မောင်စူးစမ်း) ဆိုရင် တစ်ခါသားမှာ မူးမူးနဲ့ ဦးနေဝင်းကို ငတုံး ငအလို့ ပြောပြီး ချဲခဲ့ဖူးတဲ့ အကြောင်း၊ ဦးနေဝင်းက ဗွေမယူဘဲ အိမ်ပြန် ပို့ခိုင်းကြောင်း ဆရာဦးသက်ထွန်း (အငြိမ်းစား သံအမတ်ကြီး) ရေးခဲ့ဖူးတယ်။

သူတို့တွေ ပုဂ္ဂိုလ် သံယောဇဉ် ကြီးကြတဲ့ အကြောင်းတွေ သိရတာ မုဒိတာ ပွားစရာပါ။ ဒါပေမယ့် တိုင်းပြည် အရေး ကိစ္စတွေနဲ့ ပတ်သက်ပြီး ပြောကြမယ် ဆိုရင်ဖြင့် ပုဂ္ဂိုလ် သံယောဇဉ် ကင်းကင်းနဲ့ ဓမ္မဓိဋ္ဌာန်ကျကျ ပြောဖို့ ရေးဖို့လိုမယ် ထင် တယ်ဗျာ။

ခုတော့ အထက် ကိုးကားပါ ပေါ်ပြူလာ နယူးစ်က ပြောဆိုချက်တွေမှာ ကိုကိုမောင်ကြီးက-

-ဦးနေဝင်း သဘောကလည်း ငါ ဥက္ကဋ္ဌကြီး၊ ငါသမ္မတကြီး၊ ငါဗိုလ်ချုပ်ကြီး ဆိုပြီး ဘယ်တော့မှ ဖင်ခေါင်း မကျယ်ဘူး၊ ဘယ်တော့မှ မာန်မာန မထားဘူး။ ဘယ်သူ့ကို မဆို ဖက်လဲတကင်း၊ ပွင့်ပွင့် လင်းလင်း၊ ဆဲစရာရှိဆဲ၊ ဆိုစရာရှိဆို၊ ပြောစရာ ရှိပြော၊ ရယ်စရာရှိရယ်၊ အဲဒီလိုမျိုး ပေါင်းတယ်။ သူနဲ့ ပေါင်းရတာ စိတ်ချမ်းသာတယ်။

-တစ်ခေတ်ပြောင်းရင် ကောင်းမှာပဲဆိုပြီး ခေတ်ပြောင်းအောင် သူလုပ်လိုက်တာ၊ ဒီခေတ် ဒီမိုကရေစီ ခေတ်ကြီး ပြောင်းသွားတာ ဦးနေဝင်းက လမ်းဖွင့်ပေး လိုက်တာ။ သူကိုယ်တိုင်က မလုပ်ချင်တော့ဘူး။

-အရေးအခင်းမှာ လူထု ခေါင်းဆောင်တွေ ညံ့ဖျင်းလို့၊ ဒေါက်တာ မောင်မောင် ကမ်းလှမ်းတာကို လက်ခံလိုက်ရင် ပြီးပြီ၊ လူထုလက် အာဏာ ရောက်သွားပြီ။

x x x အဲဒီ အခွင့်အရေးဟာ အကြီးမားဆုံး အခွင့်အရေး၊ သူတို့ ပထမဆုံး ဆုံးရှုံးတာ။

-ဒုတိယ ဆုံးရှုံးတာက ဘာလဲဆိုတော့ ရွေးကောက်ပွဲ နိုင်ရဲ့သားနဲ့ ၁ / ၉၀ နဲ့ စစ်တပ်က ခေါ်တာကို မယူလိုက်တာ၊ ယူလိုက်ရင် ခုလောက်ဆို သူတို့လက်ထဲ အာဏာရောက်နေပြီ……

စတဲ့ အရေးကြီးသော မှတ်ချက်များကို ထုတ်ဖော်ပြောသွားတယ်ဗျ။

သည်အချက်တွေဟာ ဆရာ ကိုကိုမောင်ကြီးရဲ့ ကိုယ်ပိုင် အာဘော်များ ဖြစ်တယ်။ သူ့ကိုယ်ပိုင် အယူအဆကို သူပြောခွင့် ရှိပါတယ်။ ကျွန်တော်တို့ ကတော့ အဲဒီ အချက်တွေဟာ ဘယ်လောက် အတိုင်းအတာ အထိ မှန်သလဲ၊ ဘယ်လောက် အထိ လွဲချော်နိုင် သလဲ ဆိုတာ ထပ်ဆင့် စောကြော သင့်သေးတယ် ထင်ပါတယ်။

သည်လို ပြောကြကြေးဆိုရင် ဆရာ တက်တိုး မကွယ်လွန်ခင်က ကျွန်တော့်ကို ပြောဖူးတာ မျိုးတွေလည်း ပေါ်ထွက်လာနိုင် တယ်ဗျ။

ဆရာတက်တိုးက-

‘ဦးနေဝင်းဟာ ငါ့အပေါ် အလွန် ကောင်းခဲ့တယ်။ ငါ့ရဲ့ ကျေးဇူးရှင် တစ်ယောက်လို့တောင် ပြောနိုင်တယ်။ ငါ့ကို ညွှန်ကြား ရေးဝန်၊ ဦးဆောင် ညွှန်ကြားရေးမှူး စတဲ့ ရာထူးကြီးတွေ ပေးပြီး ချီးမြှောက် ခဲ့တာပဲ။ ဒါပေမယ့် တိုင်းသူ ပြည်သားတွေဘက် က စာနာစိတ်နဲ့ ကြည့်ရင် သူ့ကြောင့် တိုင်းပြည်မှာ အင်မတန်မှ နစ်နာခဲ့တယ်’ လို့ ပြောခဲ့ပါတယ်ဗျာ။

ဒါကြောင့် အကောင်းဆုံး ကတော့ အလားတူ တစ်ဦးချင်း အာဘော်များကို ပေါင်းစုပြီး တိုက်ဆိုင် စစ်ဆေးကာ သမိုင်း ပြုစုနည်းနဲ့ ပြုစု မှတ်တမ်း တင်ခြင်းပါပဲ။

အမျိုးသားပညာဝန် ဦးဖိုးကျားရေးတဲ့ ခေတ်မီရာဇဝင် အကျဉ်းကို ကျောင်းမှာလည်း သင်ခဲ့ရတယ်။ ခုထိလည်း လက်တစ်ကမ်း အမီ ထားပြီး သတိရတိုင်း ပြန်ဖတ်နေပါတယ်။

‘ဤရာဇဝင်ကျမ်းငယ်တွင် ပါဝင်သော များစွာသော အကြောင်းအချက်တို့မှာ ထိုငယ်ရွယ်သူတို့သည် အမှားနှင့် အမှန်၊ အဆိုးနှင့် အကောင်း တို့ကို ခွဲခြမ်း သိမြင်ရေး၌ များစွာ အကူအညီ ရစေနိုင်ရန် ရည်သန်ရေး ထားပေသည်။ သို့ကြောင့် လည်း ထိုလူငယ်တို့၏ စိတ်နေ သဘောထား၊ အကျင့်စာရိတ္တကို ပြုပြင်နိုင်သော ‘နှလုံးရည်ပညာ’ သို့မဟုတ် ကိုယ်ကျင့် ပညာ အတွက်လည်း ပါသွားလေသည်။’ လို့ ဆရာကြီး ဦးဖိုးကျားရဲ့ စကားချီးမှာ ဖော်ပြထားပါတယ်။

ဆရာကြီးဟာ ရာဇဝင်ကျမ်းပြု ဆရာတစ်ယောက် ထားရှိရမယ့် ရည်ရွယ်ချက်ကို အရှင်းလင်းဆုံး ပြောပြခဲ့တာ အလွန် ကျေးဇူး များပါတယ်။ ထိုငယ်ရွယ်သူတို့သည် အမှားနှင့် အမှန်၊ အဆိုးနှင့် အကောင်းတို့ကို ခွဲခြား သိမြင်ရေး၌ များစွာ အကူအညီ ရစေနိုင်ရန်’ ဆိုတဲ့ ရည်ရွယ်ချက်ကို နှောင်းခေတ်မှာ စာပေများ ရေးသား နေကြသူတွေ၊ ရှေးဟောင်း နှောင်းဖြစ် ပြန်ပြောသူတွေ အနေနဲ့ ဆက်လက် ကိုင်စွဲ ထားကြရမှာပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ဟာ အနာဂတ်ကို သွားနေကြရာမှာ အတိတ်ကို ပြန်မကြည့်လို့ မဖြစ်ပါဘူး။ ကျွန်တော်တို့ရဲ့ ဘိုးဘေး ဘီဘင် တွေခေတ်က အဖြစ် အပျက်တွေကို ပြန်ကြည့်ပြီး သင်ခန်းစာတွေ ယူကိုယူရမှာပါ။

ယနေ့ခေတ် ရှင်သန်နေကြတဲ့ ကျွန်တော်တို့ဟာ သမိုင်းကို ဖြတ်သန်း နေကြတာပါ။ တစ်ခါတစ်ရံ ကျွန်တော်တို့ဟာ ကိုယ်တိုင် သမိုင်း ဇာတ်ကောင်တွေ ဖြစ်ပြီး တစ်ခါတစ်ရံ ကျွန်တော်တို့ဟာ သမိုင်း ဖြစ်ရပ်တွေရဲ့ သက်သေတွေ ဖြစ်ပါတယ်။

နောင်အနှစ် ငါးဆယ် အနှစ်တစ်ရာ ကြာမြင့်သွားချိန်မှာ ကျွန်တော်တို့ ကြီးပြင်း ရှင်သန်တဲ့ ခေတ်ဟာ သမိုင်းထဲ ရောက်သွား ပါပြီ။ နှောင်းလူတွေက ကျွန်တော်တို့ရဲ့ သမိုင်းကို ပြန်လေ့လာ ကြလိမ့်မယ်။ အဲဒီအချိန်မှာ သူတို့ခေတ်ရဲ့ စံပေတံနဲ့ ကျွန်တော်တို့ကို တိုင်းတာမှာပဲ။ ဥပမာ ဒီနေ့ခေတ် ကျွန်တော်တို့က ဒီမိုကရေစီ စနစ်ကို ဦးထိပ်ထက်ရွက် ပန်ဆင်ထားကာ ဒီမိုကရေစီ သာလျှင် အလိုလား အပ်ဆုံး နိုင်ငံရေး စနစ်လို့ ယုံကြည် နေကြပေမယ့် နောင် အနှစ် ၁၀၀ မှာ ရှိနေမယ့် လူသားတွေက သူရဲကောင်း ဘုရင်တစ်ပါးကို စကြာဝတေးမင်း အဖြစ် တင်မြှောက် ကိုးကွယ်ကောင်း ကိုးကွယ်နေကြလိမ့် မယ်။ အဲသလို မဖြစ်ရဘူးလို့ ယနေ့ခေတ် လူသားတွေ ဖြစ်တဲ့ ကျွန်တော်တို့က အမိန့်ပေးလို့ မရပါဘူး။ သေတမ်းစာ ရေးခဲ့လို့ မဖြစ်ပါဘူး။ သူတို့ခေတ် သူတို့ အသိဉာဏ်က စေစားရာကို သူတို့ လုပ်ကြမှာပါပဲ။

သို့ပေမယ့် သမိုင်းသင်ခန်းစာ ဆိုတာကိုတော့ ကျွန်တော်တို့က နှောင်းလူတွေ အတွက် ချန်ထားခဲ့မှာ ဖြစ်တယ်။ ယူတာ မယူတာ သူတို့ အလုပ်ပါ။

အလားတူပဲ ယနေ့ခေတ် အသက် ရှင်သန်နေတဲ့ ကျွန်တော်တို့ကလည်း နောက်ကြောင်းကို ပြန်ကြည့်ကြပြီး ကျွန်တော်တို့ ခေတ်ရဲ့ စံပေတံနဲ့ တိုင်းတာကြဖို့ လိုတယ်။ ကျွန်တော်တို့ ဘိုးဘေးတွေ ဆီက ကောင်းတာတွေကို ယူ၊ မကောင်းတာတွေကို ကျွန်တော်တို့ ခေတ်မှာ ထပ်မဖြစ်အောင် ရှောင်ကြဖို့ပဲပေါ့။

၁၁ မတ် ၂၀၁၁


Ref: ပိတောက်မြေ

Read More...

ငွေတောင်းပြီး နှိပ်စက်သူ စစ်သားနှစ်ဦး အသတ်ခံရ

2011-03-28

မကွေးတိုင်း တောင်တွင်းကြီး မြို့နယ်မှာ သစ်ဝါးခုတ်သူ အရပ်သားတွေ ဆီက ငွေကောက်ပြီး (ကပစ) စက်ရုံမှူးကို ပေးနေရတဲ့ စစ်သား နှစ်ယောက်က အရပ်သား လူငယ် နှစ်ဦးဆီက ငွေတောင်းတဲ့ အပြင် နှိပ်စက်တဲ့ အတွက် အဲဒီ လူငယ်တွေက ရဲတင်းနဲ့ ခုတ်လို့ စစ်သားတွေ သေဆုံးတဲ့ အမှုတခု၊ မတ်လ ၂၁ ရက်နေ့က ဖြစ်ခဲ့တယ်လို့ စုံစမ်း သိရှိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့အခင်းဖြစ်ကြတဲ့ လူငယ်တွေနဲ့ နီးစပ်သူတဦးက RFA ကို အခုလို ပြောပါတယ်။

“၂၁ ရက်နေ့ ညက ဖြစ်တာက ဒုတပ်ကြပ် မြင့်ဇော်ရယ်၊ တယောက်က ကျောက်ပန်းတောင်း နယ်သား တပ်သားသစ်၊ သူတို့ နှစ်ယောက်က နေပြီး သစ်လှည်း၊ ဝါးလှည်း သမားတွေ ဆီကနေ တောင်းတယ်။ တောင်းတဲ့ အခါကျတော့ သစ်လှည်းသမား ဖြစ်တဲ့ ဇော်လှိုင်ဝင်းနဲ့ လှခိုင်၊ သူတို့ နှစ်ယောက်က နေပြီးတော့ ဒီ ခုနလိုမျိုး ရိုက်နှက်ပြီး တောင်းတာပေါ်မှာ မခံနိုင်လို့မို့ သစ်ခုတ်တဲ့ ရဲတင်းနဲ့ ပေါက်သတ် ပစ်တာမှ ပွဲချင်းပြီး သေတယ်။”

“တပ်သား မြင့်ဇော်ကတော့ ပြည်ဆေးရုံရောက်မှ အဆုတ် ပွင့်သွားတာမှာ သူက ၂ ရက် ၃ ရက်လောက် ရှိမှ သေသွားတယ်။ စစ်သားတွေ တောင်းတဲ့ ဂိတ်ပေါင်း များစွာကနေ ရလာတဲ့ ပိုက်ဆံကို ကပစ စက်ရုံမှူး ဗိုလ်မှူး မျိုးတင့် ဆိုတဲ့လူကို အပ်ရတယ်။ မျိုးတင့်ကမှ စစ်သားတွေကို ပြန်ခွဲပေးတယ်။ လက်အောက် ငယ်သားတွေ။ အခုလို ပြဿနာ ဖြစ်ပြီ ဆိုတဲ့ အခါကျတော့ စက်ရုံမှူး ကိုယ်တိုင်က တာဝန်ရှောင်တဲ့ စကားမျိုး ပြောတယ်။ အဲဒီ သေတဲ့လူတွေက စစ်သား မဟုတ်ပါဘူး ဆိုပြီးတော့ သူနဲ့ ဘာမှ မဆိုင်ပါဘူး ဆိုတာမျိုး လုပ်တယ်။”

အဲဒီ တောင်တွင်းကြီးမြို့နယ်မှာ၊ အနီးတဝိုက် သစ်တောထဲက သစ်၊ ဝါးတွေကို ဒေသခံတွေက သွားခုတ်ပြီး အသုံးပြုတာ၊ ပြန်ရောင်းတာတွေ ရှိပြီး၊ အဲဒီလို သစ်၊ ဝါးသယ်တဲ့ လှည်းသွားရာ လမ်းတွေ အားလုံးမှာ စစ်သားတွေက တားပြီး ငွေတောင်းနေတာ ၄-၅ နှစ် ရှိနေပြီလို့ သိရပါတယ်။

အဲဒီလိုငွေတောင်းတဲ့အခါမှာ မကြာခဏ ဆိုသလို စစ်သားတွေက အရပ်သားတွေကို ဆဲဆို ကြိမ်းမောင်းတာ၊ ဖားခုန် ခုန်ခိုင်းတာ၊ ရိုက်နှက် တာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဒေသခံတွေက အဲဒီလို တောင်းနေတဲ့ စစ်သားတွေကို ကြောက်ရွံ့ နေရသလို၊ မကျေနပ်တာတွေလည်း များနေတယ်လို့ ဆိုပါတယ်။

အခုအမှုမှာလည်း စစ်သားတွေတောင်းတဲ့ ငွေအတွက် ပေးတဲ့အခါမှာ အနည်းငယ် လိုနေလို့ အခြား အဖော်တွေ ငွေသွား ယူနေတုန်းမှာ လှည်းနဲ့အတူ နေခဲ့တဲ့ လူငယ်နှစ်ယောက်ကို နှိပ်စက် ရာကနေ မခံရပ်နိုင်လို့ ပြန်လည် ခုခံတဲ့အထိ ဖြစ်လာတာလို့ သိရပါတယ်။

စစ်သားတွေကို သတ်လိုက်တဲ့ ကိုဇော်လှိုင်ဝင်းနဲ့ ကိုလှခိုင်တို့ နှစ်ယောက်ဟာ အသက် နှစ်ဆယ်ကျော် သာမန် တောင်သူတွေ ဖြစ်ပြီး၊ တောင်တွင်းကြီး မြို့နယ်ထဲက ဂုန်ညင်းတန်း ကျေးရွာ၊ ရွာလေးကုန်းရွာက ဖြစ်ပြီး သူတို့ကို အခု တောင်တွင်းကြီး ရဲစခန်းမှာ ထိန်းသိမ်း ထားတယ်လို့ သိရပါတယ်။

Ref: RFA News

Read More...

အင်ဂျင်နီယာဗိုလ်ချုပ် ကာကွယ်ရေးဝန်ကြီးအလုပ် နှင့် တပ်ချုပ်

ရော်နီညိမ်း
စနေ, 26 မတ် 2011

တပ်မှူးတပ်သား ပြောစကား (၀၅၃)
စစ်တပ် နှင့် အမိန့်နာခံမှု - အပိုင်း (၉)
၂၀၁၁၊ မတ်လ ၂၆။

လာမယ့်ဧပြီလဆန်းမှာ တရုတ်နိုင်ငံရဲ့ နံပါတ်(၄)ခေါင်းဆောင် မြန်မာ နိုင်ငံကို ရောက်ရှိလာပြီး၊ မြန်မာ အစိုးရ အဖွဲ့သစ်ကို အသိ အမှတ်ပြု ချီးကျူး ဂုဏ်ပြုဖို့ ရှိနေတယ်ဆိုတဲ့ သတင်းတွေကြောင့်၊ ဒီရက်ပိုင်း အတွင်း အစိုးရ ၀န်ကြီး အဖွဲ့သစ် ဖွဲ့တာနဲ့ ကျမ်းသစ္စာ ကျိန်ဆို ကြတာတွေ ဖြစ်လာနိုင်ခြေ ရှိနေပါတယ်။ ၀န်ကြီးလောင်း စာရင်း ထဲမှာ ပါဝင်တဲ့ စစ်ခေါင်းဆောင် သုံးဦး၊ ဘယ်ဝန်ကြီး ဌာနတွေရဲ့ ၀န်ကြီးတွေ ဖြစ်လာကြမလဲ ဆိုတာကို ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်နဲ့ ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်း တို့က ခန့်မှန်း တွက်ချက် ထားပါတယ်။ ဦးရော်နီညိမ်း က ဒီသီတင်းပတ်ရဲ့ “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ် ကဏ္ဍမှာ စီစဉ် တင်ဆက် ထားပါတယ်။

ဦးရော်နီညိမ်း။ ။ ၂၀၁၁ခုနှစ် ဇန်န၀ါရီလ(၃၁)ရက်နေ့ လွှတ်တော် အစည်းအဝေးတွေ ခေါ်တဲ့ အခါမှာ၊ ၀န်ကြီး စာရင်းထဲမှာ တပ်မတော် ကိုယ်စားလှယ် သုံးယောက်ရဲ့အနေ အထားကို အခုအတိုင်း ကြည့်ရင်တော့ စစ်တက္ကသိုလ် အပတ်စဉ်(၁၉)က ကျောင်းဆင်းတဲ့ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဟာ သူဟာ စီနီယာ အကျဆုံးပဲ။ နောက်ပြီးတော့ တိုက်ခိုက်ရေး တပ်က လာတာလည်း ဖြစ်တယ်။ တိုက်ခိုက်ရေး တပ်က လာတဲ့ နောက်ထပ် တစ်ဦး၊ ဗိုလ်ချုပ်လှမင်း။ သူကတော့ စစ်တက္ကသိုလ် အပတ်စဉ်(၂၂)က ဆင်းပြီးတော့မှ၊ မနှစ်က အထိ သူဟာ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်ရဲ့ တိုင်းမှူး ဖြစ်ရာကနေပြီးတော့ ကာကွယ်ရေး ၀န်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့ (၃) (ကစထ-၃)ရဲ့ ကစထမှူး ဖြစ်လာ ခဲ့တာပေါ့နော်။ အရင် ဗိုလ်ချုပ်ကြီး ကိုကိုလည်း အဲဒီနေရာကပဲ။ နောက် တစ်ယောက်ကို ကြည့်လိုက်တဲ့ အခါကျတော့ ဗိုလ်ချုပ်သိန်းဌေး။ သူကတော့ B.E (Mechanical) အင်ဂျင်နီယာ တစ်ဦး ဖြစ်ပါတယ်။ ကာကွယ်ရေး ၀န်ကြီးဌာန စစ်လက်နက် ပစ္စည်း ထုတ်လုပ်ရေးမှူးချုပ် (ညွှန်ကြားရေး မှူးချုပ်) (ဒုတိယ) ဗိုလ်ချုပ်ကြီး တင်အေး နောက်ဆုံး လုပ်သွားတဲ့ အချိန်မှာ၊ သူဟာ ဒုတိယ စစ်လက်နက် ပစ္စည်း ထုတ်လုပ်ရေးမှူးချုပ် အနေနဲ့ ကျနော်တို့ တွေ့ခဲ့ရ ပြီးတော၊့ အခုတခါ ၀န်ကြီးစာရင်းမှာ ပါလာပြန်ပါပြီ။ အဲဒီ အခါကျတော့ ဒီ ၀န်ကြီး သုံးပါးထဲမှာ လက်နက်ကိုင် ရဲတပ်ဖွဲ့ကို ကိုင်ရမယ့် ပြည်ထဲရေး ၀န်ကြီးကို ဘယ်သူ့ကို ပေးမယ်လို့ ထင်ပါသလဲ ခင်ဗျ။ ဗိုလ်ချုပ် လှမင်းကို ပေးမလား။ အင်ဂျင်နီယာ တပ်က လာတဲ့ ဗိုလ်ချုပ်သိန်းဌေး ကို ပေးမလား။ အဲဒါ ဖြစ်နိုင်သလား။ အကယ်၍ ဗိုလ်ချုပ်ကြီး ကိုကိုက ကာကွယ်ရေး ၀န်ကြီး ဖြစ်မယ် ဆိုရင် ပေါ့။ ဦးအောင်လင်းထွဋ် အရင် ရှင်းပြပေးပါခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ကိုရော်နီရေ..ကျနော်အရင်ဆုံး ဗိုလ်ချုပ်မှူးကြီးရဲ့ စိတ်သဘောထားကို ပြောချင် တယ်ဗျာ။ အခု နောက်ဆုံးပေါ့ဗျာ၊ ဗိုလ်ချုပ် မြင့်အောင်နှင့် ဗိုလ်ချုပ်ကိုကို ကိုလည်း သူ သတင်း လွှင့်တယ်။ လွှင့်ပြီးတော့မှ သူ ပြန် နားထောင်တယ်။ ဆိုလိုတဲ့ သဘောက ဗိုလ်ချုပ်မှူးကြီးဟာ ဘယ်အရာမဆို ပြောင်းပြန် စဉ်းစားတတ်တယ် ဆိုတာကို၊ ကျနော် အရင်ဆုံး သတိပေး လိုပါတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ခင်ဗျ၊ အဲဒီတော့ မထင်တာတွေကို လျှို့ဝှက်သဲဖို လိုလို ပဟေဠိ လိုလို လုပ်တတ် တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ ဗိုလ်ချုပ် သိန်းဌေး၊ အင်ဂျင်နီယာ အရာရှိကိုရော၊ ကာကွယ်ရေး ၀န်ကြီး မပေး နိုင်ဘူးလား။ အဲဒါကိုတော့ အင်ဂျင်နီယာ အရာရှိဖြစ်တဲ့ ဗိုလ်မှူး စိုင်းသိန်းဝင်းက ဘယ်လို မြင်ပါသလဲ ခင်ဗျ။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့ ဗိုလ်ချုပ်သိန်းဌေးဟာ သူက စစ်ရုံးမှာ Lieutenant (ဗိုလ်) ဘ၀ ကတည်း ကိုက နေလာခဲ့တဲ့ အတွက် သူဟာ စစ်ရုံး အပါးဝတယ်လို့ ပြောလို့ ရပါတယ်။ staff officer ပါပဲ။ တသက်လုံး staff officer ပဲ လုပ်ခဲ့တဲ့ လူပါ။ သူက လက်အောက်ခံ တပ်တွေရဲ့ တပ်မှူး တခါမှ မဖြစ်ခဲ့ဖူးဘူး။ ရုံးအလုပ်ပဲ တောက်လျှောက် လုပ်လာခဲ့တယ်။ အရင် Colonel GS (စစ်ဦးစီးဗိုလ်မှူးကြီး) ဖြစ်ခဲ့တဲ့ ကက ထုတ် (ကာကွယ် ရေးဝန်ကြီးဌာန စစ်လက်နက် ပစ္စည်း ထုတ်လုပ်ရေး ညွှန်ကြားရေးမှူးရုံး) ညွှန်မှူး လုပ်ခဲ့တဲ့ ဗိုလ်ချုပ် ခင်မောင်ဝင်း ကလည်း သူ့ကို အင်မတန်မှ ပစား ပေးခဲ့တယ်။ နိုင်ငံခြားသွားတဲ့ အခါတိုင်းလည်း၊ သူကပဲ စီစဉ်ရတာ ရှိ တယ်။ တခြားနိုင်ငံတွေနဲ့ လက်နက် ၀ယ်တဲ့ အချိန်မှာလည်း နိုင်ငံခြား ကုမ္ပဏီတွေနဲ့ သူပဲ ဆက်သွယ်တယ်၊ ဆက်ဆံတယ်။ အားလုံးကို စီမံတယ် ဆိုတဲ့ အတွေ့အကြုံ မျိုးတွေ ရှိပါတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ အခုပြန်ကြည့်လိုက်တဲ့အခါမှာလည်း ကာကွယ်ရေး ၀န်ကြီးကို ဗိုလ်ချုပ်ကြီး သန်းရွှေ တောက်လျှောက် ကိုင်လာတဲ့ အချိန်မှာ၊ ဒုတိယ ကာကွယ်ရေး ၀န်ကြီး တွေဟာလည်း အများဆုံး စစ်အင်ဂျင်နီယာ အရာရှိကြီး တွေပဲ လုပ်သွားတာ ကျနော်တို့ တွေ့ရပါတယ်။ DI (Defense Industry)(ကာကွယ်ရေး ပစ္စည်းစက်ရုံများ) ဘက်ကလာတဲ့ ခုနက ပြောတဲ့ ဗိုလ်ချုပ် ခင်မောင်ဝင်းလည်း ဒုတိယ ကာကွယ်ရေး ၀န်ကြီး ဖြစ်ခဲ့တယ်။ အခု ကာကွယ်ရေး ဒုဝန်ကြီးလုပ်တဲ့ ဗိုလ်ချုပ်အေးမြင့်လည်း အင်ဂျင်နီယာ အရာရှိပါပဲ။ အခုတော့ ဦးအေးမြင့်ဆိုပြီး အရပ်သား ၀န်ကြီး စာရင်းထဲမှာ၊ သူကလည်း အခု ပါလာပြန်ပါတယ်။ ကွယ်လွန်သွားတဲ့ ဗိုလ်ချုပ်အောင်လှိုင်။ သူလည်းပဲ အင်ဂျင်နီယာ အရာရှိ။ ကာကွယ်ရေး ဒုဝန်ကြီး လုပ်ခဲ့တယ်။ အဲဒီတော့ အင်ဂျင်နီယာ မဟုတ်ဘဲနဲ့ ဒုဝန်ကြီး လုပ်ခဲ့တာကို တွေ့ခဲ့ရတာ ကတော့၊ လေကြောင်းရန် ကာကွယ်ရေး ဒုအရာရှိချုပ် လုပ်သွားတဲ့ ဗိုလ်ချုပ်ကြည်ဝင်း။ ဒု ကာကွယ်ရေး ၀န်ကြီး ခဏ ဖြစ်ပါတယ်။ အဲဒါပဲ တွေ့ခဲ့ရပါတယ်။ အဲဒီအခါ ကျတော့ ဗိုလ်ချုပ် သိန်းဌေးလို ပုဂ္ဂိုလ်ကို၊ အခုအခါမှာ အင်ဂျင်နီယာ အရာရှိ ဖြစ်သော်ငြားလည်းပဲ ကာကွယ် ရေးဝန်ကြီး ပေးမယ်ဆိုရင် ပေးနိုင်တယ်လို့၊ ဗိုလ်မှူးစိုင်းသိန်းဝင်း မြင်ပါသလား ခင်ဗျ။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့ ဒီကာကွယ်ရေးဝန်ကြီးနေရာက၊ ကျနော့် အနေနဲ့ကျတော့ အာဏာ ရှိတာ မရှိတာထက် စာရင်၊ အရေးပါတဲ့ နေရာလို့ ကျနော် သွားမြင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ မြန်မာ နိုင်ငံ တစ်ခု လုံးရဲ့ GDP (Gross Domestice Products စုစုပေါင်း ပြည်တွင်းထုတ်ကုန် တန်ဘိုး) ထက်ဝက်လောက်ကို သုံးနေတာ၊ တပ်မတော် ဖြစ်တယ်။ အဲဒီ တပ်မတော် အသုံးစားရိတ်ရဲ့ ထက်ဝက်လောက်ကို သုံးနေတာ ကလည်း DI (Defense Industry) ပဲ ဖြစ်တယ်။ ဥပမာ မြောက်ကိုရီးယားကို ဗိုလ်ချုပ်ကြီး ရွှေမန်း သွားပြီးတော့ MOU (Memorandum of Understanding) (နားလည်မှုစာချွန်) သဘောတူညီမှု စာချုပ် သွားထိုးတဲ့ အချိန်မှာဆိုရင်၊ အားလုံးကို စီစဉ်ခဲ့တာ ဗိုလ်ချုပ်သိန်းဌေးပဲ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ သူကိုယ်တိုင်လည်း ပါသွားတယ် မဟုတ်လား၊ အဲဒီ ခရီးစဉ်မှာ။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ အဲဒီမှာ ဗိုလ်ချုပ်ကြီးရွှေမန်းရဲ့နောက်မှာ ထိုင်နေတာက ဗိုလ်ချုပ် သိန်းဌေးပါ ခင်ဗျ။ ဆိုတော့ သူက negotiator (စေ့စပ်ညှိနှိုင်းသူ) လည်း ဖြစ်နေတယ်။ ပြီးတော့ စစ်ရုံး အတွေ့အကြုံ တွေလည်း အများကြီး ရှိတယ၊် ဆိုတော့ ကာကွယ်ရေး ၀န်ကြီးနေရာက၊ သူ့အပြင် တခြားတော့ မမြင်ဘူးလို့ ကျနော် ပြော ချင်ပါတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အဲဒီတော့ ဗိုလ်မှူးအောင်လင်းထွဋ် အနေနဲ့ကော ဘယ်လို မြင်သလဲ ခင်ဗျ။ ဗိုလ်ချုပ် သိန်းဌေးကို ကာကွယ်ရေး ၀န်ကြီး မပေးဘူးဆိုရင်၊ တခြား လက်နက်ကိုင် ရဲတပ်ဖွဲ့တို့ လုံထိန်းတပ်ဖွဲ့ တွေကိုပါ ကိုင်ရမယ့် ပြည်ထဲရေး ၀န်ကြီးကော အင်ဂျင်နီယာ အရာရှိ ဗိုလ်ချုပ်သိန်းဌေးက၊ ဖြစ်နိုင်ပါသလား။ ဒါမှမဟုတ် နယ်စပ်ရေးရာ ၀န်ကြီးကော ဗိုလ်ချုပ်သိန်းဌေးက ဖြစ်နိုင်ပါသလား ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ကျနော့်အမြင်တော့ အများဆုံး ဖြစ်နိုင်တာက ခုနက ကိုစိုင်းသိန်းဝင်း ပြောသွား သလိုပါပဲ။ ဗိုလ်ချုပ် သိန်းဌေးက ဗိုလ်ချုပ်မှူးကြီးရဲ့ အတွင်းလူ ဖြစ်နေပါပြီ။ သူ လျှို့ဝှက် လုပ်ထားတဲ့ ကိစ္စတွေ ပေါ့လေ၊ နျူးကလီးယား အပါအ၀င် အားလုံး ဒီ မြောက်ကိုရီးယား နဲ့ကော၊ ကျန်တဲ့ ဒီနိုင်ငံတွေနဲ့ ကောပေါ့ လေ၊ စစ်လက်နက် ပစ္စည်းနဲ့ ပတ်သက်ပြီး လုပ်ထားတဲ့ ကိစ္စတွေ အားလုံးဟာ ဗိုလ်ချုပ် သိန်းဌေးက အသိဆုံး ဖြစ်နေတဲ့ အတွက်ကြောင့်၊ ဗိုလ်ချုပ် သိန်းဌေးဟာ ကာကွယ်ရေး ၀န်ကြီး ဖြစ်လာ လိမ့်မယ်လို့၊ ကျနော်လည်း မြင်ပါတယ်။ တဘက်က ဗိုလ်ချုပ် ကိုကိုရော ဗိုလ်ချုပ် လှမင်းရောက ကျနော်နဲ့ အတူတူ စစ်တက္ကသိုလ် အောင်ဇေယျ တပ်ခွဲ တပ်စု(၉)မှာ အတူတူ နေခဲ့ဖူးပါတယ်။ ဗိုလ်ချုပ် ကိုကိုရော ဗိုလ်ချုပ် လှမင်းရောဟာ၊ စိတ်ရင်း စေတနာ မှန်မှန်နဲ့ တပ်မတော် အပေါ်မှာ သစ္စာရှိရှိ လုပ်ကြမယ့် လူတွေပါ။ ဒါ့ကြောင့်မို့လည်း အန္တရာယ် ရှိတယ်လို့ ယူဆတဲ့ အတွက်ကြောင့် သူတို့ကို လက်နက်ကိုင် တပ်တွေ ကိုင်ခိုင်းမယ့် အစား ၀န်ကြီး ဌာနကို ပို့လိုက်တာပါ။ ပြည်ထဲရေး ၀န်ကြီး အနေနဲ့ကတော့ ကျနော်မြင်တာ seniority (၀ါစဉ်)အရ ပေါ့လေ၊ ဒါ ဗိုလ်ချုပ်ကိုကို ဖြစ်ဖို့ များပါတယ်။ နယ်စပ်ဝန်ကြီး ဆိုတာကတော့ ကိုလှမင်းလေးက သူတို့ ထားရာနေ စေရာသွားမယ့် ဗိုလ်ချုပ်လှမင်းကို၊ နတလ (နယ်စပ်ဒေသ တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေးနှင့် စည်ပင် သာယာရေး ၀န်ကြီး ဌာန) ၀န်ကြီးဆိုပြီး၊ အမြင်ပေါ့လေ၊ ဖြစ်ဖို့ များပါတယ်။ ဒါကိုလည်း ပြောင်းလဲကောင်း ပြောင်းလဲ နိုင်ပါတယ်။

ဦးရော်နီညိမ်း။ ။ ဗိုလ်ချုပ်ကြီးကိုကိုနဲ့ ဗိုလ်ချုပ်လှမင်းတို့ဟာ၊ တပ်ထဲမှာ လူရိုသေ ရှင်ရိုသေ ပေါ့နော်။ သူ တို့က ဖျောင့်ဖျောင့် မှန်မှန်နဲ့ တလျှောက်လုံး လုပ်လာခဲ့တဲ့ အတွက် အားလုံး ကြိုက်နှစ်သက်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်တဲ့ အတွက်ကြောင့်မို့၊ တပ်ထဲမှာဆက်မထား ရဲတော့ပဲ၊ kick up ပေါ့နော်၊ ကန်တင်တဲ့ အနေနဲ့ ၀န်ကြီး ရာထူးကို ပို့လိုက်တဲ့ သဘောလည်း ရှိတယ်လို့ ဗိုလ်မှူး အောင်လင်းထွဋ်က၊ မြင်တာပါလား ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ဟုတ်ပါတယ်ခင်ဗျ၊ ကျနော် အဲဒီအတိုင်းပဲ မြင်ပါတယ်။ တပ်မတော်မှာ ဆက် ထားမယ် ဆိုရင်တော့ သူ့ကို အပြည့်အ၀ ထောက်ခံလိမ့်မယ်လို့ သူ (ဗိုလ်ချုပ်မှူးကြီးသန်းရွှေ) မယုံကြည်တဲ့ အတွက်ကြောင့်မို့၊ ဒါ နယ်ဘက်ကို ပို့လိုက်တဲ့ သဘောပါ။ အများ အမြင်မှာတော့၊ ထင်ကြတာက ၀န်ကြီးဆိုရင် မြင့်သွားတယ်လို့ ထင်ကြပါတယ်။ ကျနော်တို့ မြန်မာပြည်မှာတော့ ပြောင်းပြန်ပါ ခင်ဗျ။ စစ် ယူနီဖောင်းဝတ်မှ ဂုဏ်သိက္ခာ ရှိတယ်လို့၊ အခုအချိန်ထိ ထင်ထားဆဲ ရှိပါတယ် ခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ ဗိုလ်မှူးစိုင်းသိန်းဝင်းကို ကျနော်မေးချင်တာက၊ ကာကွယ်ရေး ၀န်ကြီး၊ ဗိုလ်ချုပ် သိန်းဌေးများ ဖြစ်ခဲ့ပြီ ဆိုရင်၊ စစ်လက်ရုံး တပ်က လာတဲ့ လူတွေ ဒုဝန်ကြီး ဖြစ်ခဲ့စဉ် တုန်းကတော့၊ ဘယ်သူမှ ဘာမှ ပြဿနာ မရှိဘူး။ ဒါပေမယ့် ကာကွယ်ရေး ၀န်ကြီးဟာ၊ အမြင် အားဖြင့်တော့ ဒီ cabinet member (အစိုးရအဖွဲ့ဝင် ၀န်ကြီး) ဆိုတော့ မြင့်နေတယ်။ ကာကွယ်ရေး ဦးစီးချုပ်ထက် နိမ့်တယ် ဆိုတာ၊ ဗိုလ်မှူးတို့လို စစ်သား အချင်းချင်းပဲ သိနေတဲ့ ကိစ္စ။ အဲဒီတော့ ကာကွယ်ရေး ၀န်ကြီးဆိုတာ အင်ဂျင်နီယာ အရာရှိက ဖြစ်လာ ခဲ့ရင်၊ တိုက်ခိုက်ရေး တပ်တွေကကော ဘယ်လို သဘောထားတွေ ဖြစ်လာမယ်လို့၊ ဗိုလ်မှူးစိုင်းသိန်းဝင်း ထင်ပါသလဲခင်ဗျ၊ ဗိုလ်မှူး စိုင်းသိန်းဝင်းလည်း တပ်ထဲမှာ နှစ်(၂၀) နီးပါး တာဝန် ထမ်းဆောင်ခဲ့တာ ဆိုတော့၊ တော်တော်လေး နှံ့နှံ့စပ်စပ် သိနေတယ်လို့ ကျနော်တို့ မြင်ထားပါတယ်။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ကျနော်အနေနဲ့ကတော့၊ ဗိုလ်ချုပ်သိန်းဌေးဟာ ဆက်ဆံရေး ကလည်း ပြေပြစ်တဲ့ အတွက် ကြောင့်မို့လို့၊ သူ အဆင်ပြေအောင် ထိန်းနိုင်မယ် လို့တော့ ကျနော် ထင်ပါတယ်။ ကာကွယ်ရေး ၀န်ကြီး နေရာ ဆိုတာလည်း၊ သိပ်စွာနိုင်တဲ့ အနေအထား မရှိဘူး။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ ဒါက ဗိုလ်မှူးစိုင်းသိန်းဝင်းက စစ်အင်ဂျင်နီယာ တစ်ယောက် အနေနဲ့ စစ်အင်ဂျင် နီယာ အရာရှိကြီးက ကာကွယ်ရေး ၀န်ကြီး ဖြစ်လာမှာဟာ၊ ဟိုဘက်က တိုက်ခိုက်ရေး တပ်တွေက ဘယ်လိုမှ သဘောထားမှာ မဟုတ်ဘူး ဆိုတဲ့ အမြင်မျိုး ရှိတယ်ပေါ့နော်။ ဗိုလ်မှူး အောင်လင်းထွဋ် အနေနဲ့ကော၊ ဘယ်လို မြင်ပါသလဲခင်ဗျ။ ဥပမာ၊ အခု ဗိုလ်ချုပ်ကြီး မြင့်အောင် အတွက် နာကျည်းနေတဲ့ လူတွေ ရှိကောင်းရှိမယ်။ တခါ ထပ်ပြီး ကာကွယ်ရေး ၀န်ကြီးကို လည်း ဗိုလ်ချုပ်ကြီး ကိုကို ကို မပေးဘူး၊ အင်ဂျင်နီယာ အရာရှိကို ပေးမယ် ဆိုရင်၊ ဗိုလ်ချုပ်လှမင်းကို (ကာကွယ်ရေးဝန်ကြီး) ပေးလိုက်တာ ထက်တောင်မှ၊ နာကျည်းမယ့် လူတွေများ၊ တိုက်ခိုက်ရေး တပ်ခေါင်းဆောင်တွေ ထဲမှာ ရှိနိုင်ပါသလား ခင်ဗျ။ အမိန့် မနာခံမှုတွေ ဘယ်လိုများ ထပ်ပြီး ဖြစ်ပေါ် လာနိုင်ပါသလဲ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ အဲဒီတော့ ကာကွယ်ရေးဝန်ကြီးရာထူး ဗိုလ်ချုပ် သိန်းဌေးကို ပေးမယ် ဆိုရင် လည်း၊ ရင်ထဲမှာပဲ ကြိတ်ပြီးတော့မှ မကျေနပ်ကောင်း မကျေနပ် ဖြစ်နေ ကြပါလိမ့်မယ်။ ဒါပေမယ့် ကျနော် သိသလောက် ကာကွယ်ရေး ၀န်ကြီးဟာ၊ အထူး သဖြင့်တော့၊ ကိုစိုင်းသိန်းဝင်း ပြောသလိုပေါ့လေ၊ budget ပေါ့၊ မြန်မာပြည်ရဲ့ budget တ၀က်လောက်ကို၊ သူက ကိုင်သုံးရမှာ ဖြစ်တဲ့ အတွက်ကြောင့် ငွေရေး ကြေးရေး ပိုင်း ဆိုင်ရာမှာတော့ ဗိုလ်ချုပ်မှူးကြီး စိတ်ကြိုက် ခိုင်းမယ့် သူပါ။ ငွေးရေးကြေးရေး ပိုင်းနဲ့ ပတ်သတ်ပြီးတော့ ကာကွယ်ရေး ဦးစီးချုပ်လုပ်တဲ့ လူက၊ ကာကွယ်ရေး ၀န်ကြီးကို၊ မလွှမ်းမိုး နိုင်အောင်ပေါ့ ဗျာ။ ဗိုလ်ချုပ်မှူးကြီးရဲ့ ပေါ်လစီအရ double check (နှစ်ဘက်ခွ ထောက်ထားတဲ့ အလုပ်) လုပ်ထားတဲ့ အနေအထားမျိုး ဖြစ်မယ်လို့၊ ကျနော် မြင်ပါတယ် ခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ အဲဒီတော့ ကာကွယ်ရေးဝန်ကြီး ဖြစ်လာနိုင်တဲ့ ဗိုလ်ချုပ် သိန်းဌေးဟာ၊ ဗိုလ်ချုပ် မှူးကြီး စိတ်ကြိုက် သုံးစွဲနေတဲ့ ကာကွယ်ရေး စားရိတ် ကိစ္စတွေမှာ၊ သူလည်း ထဲထဲဝင်ဝင် ပါဝင် ပတ်သက် နေတာ ဆိုတော့၊ အခု ဒီလူ ဒီပုဂ္ဂိုလ်နဲ့ပဲ ရှေ့ဆက် သွားတဲ့ သဘောမျိုးလို့ ကျနော်တို့ မြင်ကြည့်လို့ ရပါသလား။ ဗိုလ်မှူးစိုင်းသိန်းဝင်း ဘယ်လို မြင်ပါသလဲ။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့ အဓိက က၊ ကျနော်တို့ တပ်တွေမှာ ဗျာ၊ တပ်တတပ်မှာ RF 1 ၊ RF 2 ဆို ပြီးတော့မှ ထားကြတာ ရှိတယ်။ Regiment Fund (တရားဝင် budget အရ ကာကွယ်ရေး ၀န်ကြီးဌာနမှ ပေးအပ်သော အစိုးရပိုင်ငွေ) ပေါ့။ တပ်ရင်း ရန်ပုံငွေ ဆိုတာ။ အဲဒီလိုပဲ တပ်မတော်ကြီး တခုလုံးမှာလည်း ရန်ပုံငွေ စာရင်းနှစ်ခု ရှိလိမ့်မယ်လို့၊ ကျနော် ယုံကြည်ပါတယ်။ ဥပမာ တခု ကျနော် ပြောရရင်၊ တပ်ရင်းတွေမှာ လိုအပ်တဲ့ ထောက်ပံ့ စားရိတ် ကို တရားဝင် ပေးနေတာက၊ ကျပ် တစ်သောင်းလောက်ပဲ ရှိတယ်။ ဆိုတော့၊ အဲဒီ ငွေက A4 စာရွက်ထုပ် နှစ်ထုပ် လောက် ၀ယ်လိုက်ရင်၊ ကုန်သွားပြီ။ အဲဒီ ရုံးသုံးစာရွက်တွေ ၀ယ်တာနဲ့တင် ကို၊ အစိုးရက တရားဝင် ထောက်ပံ့ထားတဲ့ ငွေက ဘယ်လိုမှ မလောက်ဘူး။ အဲဒီမှာ၊ လိုတဲ့ ပိုက်ဆံတွေကို ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ရှာဖြည့်ရတာတွေ ရှိတယ်။ အဲဒီမှာ ကျနော်တို့က ငွေကို တရားမ၀င် ရှာရတာ ရှိတယ်။ ပြီးတော့ တရားမ၀င် သုံးရတာ ရှိတယ်။ အဲဒီမှာ ရငွေသုံးငွေ ဆိုတဲ့ စာရင်းတွေက အစစ်အမှန်က တစ်ခု၊ အတု က တစ်ခု၊ ဖြစ်နေတယ်။ အတုက ဘာလဲဆိုတော့ format (ပုံစံဇယား အသေချထားချက်) အရ လုပ်ရတဲ့ပုံစံ မျိုး။ တပ်မတော်က (အစိုးရဆီက ငွေနဲ့) တရားဝင် ထောက်ပံ့တဲ့ စားရိတ်အရ လုပ်ထားတဲ့ စာရင်းက၊ အတုဖြစ် နေတယ်။ တကယ့်တကယ် on ground (လက်တွေ့အနေအထား) မှာ၊ (တရားမ၀င် ရှာထားသော ငွေများနှင့်) သုံးနေတာကျတော့၊ အစစ်ပေါ့။ အဲဒီလိုမျိုး စာရင်းနှစ်ခု ထားရတာ ရှိတယ်။ ဒါ ကျနော် ဥပမာ တစ်ခုကို ပြော ပြတာပါ။ တပ်မတော်ကြီး တစ်ခုလုံးမှာလည်း၊ အဲဒီလို စာရင်းတွေ နှစ်မျိုး၊ ရှိပါလိမ့်မယ်။ အဲဒါက သူ(ဗိုလ်ချုပ် မှူးကြီးသန်းရွှေ) တောက်လျှောက် သုံးလာခဲ့တဲ့ ဗိုလ်ချုပ် သိန်းဌေးကို၊ ဆက်သုံးရတဲ့ အကြောင်းရင်း တစ်ခု ဖြစ်လိမ့်မယ်လို့ ကျနော် ယူဆပါတယ်။

ဦးရော်နီညိမ်း။ ။ သောတရှင်များ ခင်ဗျာ၊ ဗိုလ်မှူးဟောင်းအောင်လင်းထွဋ် နှင့် ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်း တို့ကို ဆက်သွယ် မေးမြန်းပြီး ဒီအစီအစဉ်ကို တင်ဆက်ခဲ့တာပါ။ ကျနော် ရော်နီညိမ်းပါ။


Ref: VOA News


Read More...

ရည်မှန်းချက်နီးရင် သွေးချင်းနီးတာပဲ

လူထုစိန်ဝင်း

ဟိုတလောက ဂျပန်ငလျင်ကြီးနဲ့ ဆူနာမီ ဒီလှိုင်းကြီး ကြုံတွေ့ခိုက်မှာ ဂျပန်ရောက် မြန်မာတွေချင်း ရိုင်းပင်း ကူညီ ကြပုံများကို ကြားရပြီး ၀မ်းမြောက် ဂုဏ်ယူမိတဲ့ အကြောင်း ရေးခဲ့တယ်။ မရှေးမနှောင်း မှာပဲ မလေးရှားပြန် လူငယ် တစ်ယောက် ရေးတဲ့ ကိုယ်တွေ့ အဖြစ်အပျက် စာမူတွေကို အမှာစာရေးဖို့ ဖတ်ရင်းနဲ့ မြန်မာတွေချင်း အရေးကြီးတော့ သွေးနီးကြပုံ အကြောင်းတွေ တွေးပြီး ကြည်နူး ပီတိ ဖြစ်ရတယ်။

သွေးမနီးပါဘဲနဲ့ သွေးစည်းကြ
အဲဒီအကြောင်းနှစ်ခုက ဆက်စပ်ပြီး သွေးစည်းမှုနဲ့ သွေးနီးမှု အကြောင်းတွေကို ဆက်တွေး ဖြစ်သွားတယ်။ လူမျိုးချင်း တူလို့ ဘာသာ အယူဝါဒချင်း တူလို့ သွေးစည်း ကြတာမျိုး ရှိသလို၊ လူမျိုးတွေ၊ ဘာသာတွေ မတူပေမယ့်လည်း အတွေး အခေါ် အယူ အဆချင်း တူညီလို့ သွေးမနီး ပါဘဲနဲ့ သွေးစည်း ကြတာမျိုးတွေလည်း တွေ့ရ တတ်တယ်။ တစ်ခါတလေ ကျတော့လည်း ကိုယ်နဲ့ လူမျိုးချင်း ဘာသာချင်း တူပါလျက်နဲ့ တစ်ယောက်နဲ့ တစ်ယောက် ဘယ်လိုမှ သွေးစည်းလို့ မရနိုင် တာမျိုး ရှိသလို၊ လူမျိုးဘာသာ လုံးဝ ကွဲပြား ခြားနား နေပါလျက်နဲ့ ဆွေလိုမျိုးလို ရင်းနှီး ချစ်ခင် ကြတာမျိုးလည်း ရှိတတ်တယ်။ အကြောင်းရင်းကို သုံးသပ် ကြည့်တော့ အတွေးအခေါ်၊ အယူအဆချင်း ထပ်တူနီးပါး တူညီကြတဲ့ အတွက် ဖြစ်တယ်လို့ ကောက်ချက် ချမိတယ်။ အသွေးအရောင် တူညီတဲ့ ငှက်တွေချင်း အုပ်စုဖွဲ့ နေကြတယ်။ (Birds of the Same Feather flock together) ဆိုတဲ့ စကားလိုပေါ့။

ဆရာလုပ်ခဲ့လို့
မြန်မာပြည်မှာ နှစ်ပေါင်းနှစ်ဆယ်ကျော် ကျောင်းဆရာ လုပ်ခဲ့လေတော့ ကိုယ်က သားလို၊ သမီးလို သဘောထား ခဲ့တဲ့ ကျောင်းသူ ကျောင်းသားတွေ အများ အပြား ရှိခဲ့သလို၊ ကိုယ့်ကို အဖေတို့၊ အဖေကြီးတို့ ခေါ်တဲ့ တပည့်တွေလည်း ရှိခဲ့တယ်။ မြန်မာ လူမျိုးတွေ ကြားမှာတော့ ဒီကိစ္စဟာ သိပ်ထူးဆန်း လှတာ မဟုတ်ပါဘူး။ ဆရာ သမားကို မိဘနဲ့ တစ်တန်းတည်း ထားလေ့ ရှိကြတာကိုး။ ထူးဆန်းတဲ့ အကျိုးပေး ဘ၀အကျိုးပေး ကပဲ ထူးဆန်း လို့လားတော့ မသိဘူး။ နိုင်ငံခြားသူ၊ နိုင်ငံခြားသားတွေ ဖြစ်ပါလျက်နဲ့ ကိုယ့်အပေါ် သံယောဇဉ်ဖြစ်ပြီး အဖေလို့ ခေါ်တဲ့သူ၊ အဖေလို သဘောထား ဆက်ဆံသူ လေး၊ ငါးယောက်ထက် မနည်း ရှိခဲ့တယ်။

ဂျပန်လူမျိုး လူငယ် သတင်းထောက်လေး တစ်ယောက်က ဆရာလို တစ်မျိုး၊ အဖေလို တစ်မျိုး လေးစား ချစ်ခင်ပြီး အမြဲမပြတ် ဆက်သွယ် နေလေ့ ရှိသလို၊ လူမှုရေးနဲ့ ပရဟိတ လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ဂျပန်မလေး တစ်ယောက် ဆိုရင်လည်း သူ့ အလုပ်တွေနဲ့ ပတ်သက်ပြီး တိုင်ပင်ဆွေးနွေး လုပ်ရုံတင်မက၊ သူ့ကိုယ်ရေး ကိုယ်တာ ကိစ္စ ရင်ဖွင့်စရာတွေ ရှိရင်လည်း မကွယ်မ၀ှက် ရင်ဖွင့်လေ့ ရှိတယ်။ ငိုစရာ ရှိရင်လည်း ငိုပြတယ်။ ဘယ်နိုင်ငံ ရောက်နေ ရောက်နေ ခြောက်လ တစ်ကြိမ်တော့ ရောက်အောင်လာ တွေ့တယ်။ တစ်ခါတလေ နှစ်လ၊ သုံးလတစ်ခါ ရောက်လာ တတ်တယ်။ ပါပါလို့ ခေါ်ပါရစေလို့ ခွင့်တောင်းပြီး အမြဲတမ်း ခေါ်တယ်။ စာရေးရင်၊ အီးမေးလ် ပို့ရင်လည်း ပါပါလို့ပဲ ရေးတယ်။

မတွေ့ဖူးဘဲနဲ့
မြန်မာပြည်မှာ နှစ်အတော်ကြာအောင် အမှုထမ်းခဲ့တဲ့ အနောက်နိုင်ငံသူ တစ်ယောက် ဆိုရင် အဖေ တစ်ယောက်ကို ဂရုစိုက် သလိုကို ဂရုစိုက် ခဲ့တယ်။ အခု သူ့နိုင်ငံ ပြန်သွားတော့လည်း အမြဲမပြတ် အီးမေးလ်ပို့ပြီး ကျန်းမာရေးကို မေးမြန်းတယ်။ ဖတ်သင့် ဖတ်ထိုက်တဲ့ စာအုပ် မှန်သမျှ ပို့ပေးရှာတယ်။ သမီးတစ်ယောက်လိုကို စိတ်ထဲမှာ မှတ်ယူ ထားခဲ့တယ်။

အခုပြောခဲ့သူအားလုံးက လူချင်းတွေ့ဆုံ ရင်းနှီး ခဲ့ကြလို့ သံယောဇဉ် ဖြစ်သွားကြတာ။ အခုတစ်ယောက် ကျတော့ လူချင်း တွေ့ဖူးတာ မဟုတ်ဘဲနဲ့ သတင်းကြားနဲ့ ရင်းနှီးချစ်ချင်ပြီး အဖေလို့ ခေါ်ခွင့် တောင်းခဲ့တာ ဖြစ်တယ်။ သြစတြေးလျနိုင်ငံ ဆစ်ဒနီ တက္ကသိုလ်မှာ မဟာဘွဲ့ တစ်ခုအတွက် ကျောင်းတက်နေတဲ့ ကျောင်းသူ တစ်ယောက်ဆီက သူက သိသွားခဲ့တာပါ။

ကာတွန်းဆရာမ
သူကလည်း ဆစ်ဒနီတက္ကသိုလ်မှာ မဟာဘွဲ့ လာတက်တဲ့ သီရိလင်္ကာ နိုင်ငံသူ ဖြစ်တယ်။ သူ့နိုင်ငံမှာ အတော် အသင့် နာမည် ကျော်ကြားတဲ့ ကာတွန်း ဆရာမ တစ်ယောက် ဖြစ်ပါတယ်။ သူက သတင်းကြားနဲ့ ခင်မင် ရင်းနှီးနေပြီး အဖေလို့ ခေါ်ခွင့် တောင်းရုံမက မြန်မာလို ဖေဖေလို့ ရေးတာပါ သင်ယူပြီး သူ့လက်ရေးနဲ့ ဖေဖေဆိုပြီး ရေးလိုက်ပါတယ်။ (သူ့လက်ရေး နမူနာနဲ့ သူ့ကာတွန်း လက်ရာကို အကဲ ခတ်နိုင်အောင် ထည့်သွင်း ဖော်ပြ ပေးလိုက်ပါတယ်)။

သူက ကာတွန်းဆွဲရုံတင်မက ကဗျာလေးတွေလည်း ရေးပါတယ်။ သူ့ကဗျာလေးတွေနဲ့ ကာတွန်း လက်ရာ လေးတွေလည်း ပို့ပေး လိုက်ပါသေးတယ်။ သူကျောင်းပြီးသွားရင် လာဖြစ်အောင် လာပြီး တွေ့မယ်လို့လည်း ကတိ ပေးထားပါတယ်။

အသွေးအရောင်တူတဲ့ ငှက်
မမြင်ဖူး၊ မတွေ့ဖူးဘဲနဲ့ ရင်းနှီးချစ်ခင်တယ် ဆိုတာ ဖြစ်နိုင်သလား။ လူမျိုး ဘာသာမတူ ကွဲပြား ခြားနား ပါလျက်နဲ့ သွေးသား ရင်းချာလို သဘောထားတယ် ဆိုတာ ဖြစ်နိုင်သလား။ အများစုကတော့ မဖြစ်နိုင်ဘူးလို့ ထင်ကြမှာပဲ။ လောကွတ် အနေနဲ့ ပြောတာပဲ ဖြစ်လိမ့်မယ်လို့ ယူဆကြမှာ ဖြစ်တယ်။ ဒါပေမဲ့ လောကွတ် အနေနဲ့ ပြောစရာ ဘာအကြောင်းမှ မရှိပါဘူး။ ကိုယ်ကလည်း ဘာမှ အရေးပါ အရာ ရောက်တဲ့သူ မဟုတ်တော့ ဟန်လုပ်ပြီး ပြောနေဖို့ မလိုပါဘူး။ တစ်ဦးနဲ့ တစ်ဦး အပြန်အလှန် အကျိုး မျှော်ကိုးစရာလည်း ဘာမှရှိတာ မဟုတ်ဘူး။ ဒီတော့ ဒီလို ချစ်ခင် ရင်းနှီးမှုမျိုး ရှိနိုင်တယ်လို့ ယုံတယ်။ အသွေးအရောင် တူတဲ့ ငှက်တွေချင်း အုပ်ဖွဲ့နေလေ့ ရှိတယ်ဆိုတဲ့ စကား အတိုင်းပေါ့။

ရည်မှန်းချက်တူရင်
နိုင်ငံခြားသားတွေ ဖြစ်ပေမယ့် စိတ်ဓာတ်ချင်း၊ စရိုက်ချင်း၊ ယုံကြည်ချက်ချင်း၊ ရည်မှန်းချက်ချင်း တူညီ ကြသူတွေ ဖြစ်ကြတော့ သွေးမနီး ပေမယ့် သွေးစည်း နိုင်ကြတဲ့ သဘောလို့ပဲ ယူဆမိတယ်။ ဒီသွေးစည်းမှုက ကျွမ်းဝင် ရင်းနှီးမှုနဲ့ ချစ်ခင် လေးစားမှုတို့ ပေါ်ထွန်း လာတာ ဖြစ်တယ်။ အဲဒီကတစ်ဆင့် သံယောဇဉ်တို့၊ တွယ်တာမှုတို့ ဖြစ်လာနိုင်တယ် မဟုတ်ဘူးလား။ အာဂျင်တီးနား နိုင်ငံသား ချေဂွေ ဗားရားဟာ ကျူးဘား လူမျိုးများရဲ့ လွတ်မြောက်ရေး တိုက်ပွဲ အတွက် ကက်စထရိုနဲ့ လက်တွဲ တိုက်ခိုက်ခဲ့ပြီး နောက်ဆုံးမှာ ဘော်လစ်ဗီးယား လွတ်မြောက်ရေး အတွက် ဘော်လစ်ဗီးယား လူမျိုးတွေနဲ့ လက်တွဲ တိုက်ခိုက်ရင်း ကျဆုံး ခဲ့ရပါတယ်။ ယုံကြည်ချက်ချင်း၊ ခံယူချက်နဲ့ ရည်မှန်းချက်ချင်း တူရင် လူမျိုးတူမှ မဟုတ်ဘူး၊ ဆွေမျိုးတော်မှ မဟုတ်ဘူး၊ ဘယ်သူနဲ့မဆို သွေးစည်း နိုင်တယ်။ ချစ်ခင် ရင်းနှီး နိုင်တယ်။ သံယောဇဉ် ဖြစ်နိုင်တယ်လို့ ယုံကြည်တယ်။

ဓမ္မတာပဲ
နိုင်ငံခြားရောက် မြန်မာတွေလည်း သာမန်အချိန်တွေမှာ တစ်ယောက်နဲ့ တစ်ယောက် ဂရု စိုက်ချင်မှ စိုက်နိုင် ကြလိမ့်မယ်။ ဒါပေမယ့် ဂျပန် ငလျင်ကြီးလို အဖြစ်ဆိုးကြီး ကြုံကြရတဲ့ အခါကျတော့ အားလုံးဟာ ဘ၀တူတွေ ဖြစ်သွား ကြတယ်။ ဘ၀တူတွေ ဖြစ်တော့ အလိုလို နေရင်း သွေးစည်း သွားကြတယ်လေ။ ဘ၀ချင်း တူရင်၊ ယုံကြည်ချက်ချင်း တူရင်၊ ရည်မှန်းချက်ချင်း တူရင် အားလုံးဟာ အရေးကြီးတဲ့ အခါမှာ အလိုလိုနေရင်း သွေးနီး သွားကြတာဟာ ဓမ္မတာပါပဲ။

Ref: EMG News

Read More...

စစ်မှန်တဲ့ ပြောင်းလဲမှု မရှိဘဲ အမေရိကန် ဒဏ်ခတ်မှု ရုပ်သိမ်းမည် မဟုတ်

တနင်္လာ, 28 မတ် 2011

မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ အရေးယူ ဒဏ်ခတ်မှုတွေကို ရုပ်သိမ်းပေးကြဖို့ မြန်မာနိုင်ငံတွင်း တိုက်တွန်းမှု တချို့ ရှိနေပေမဲ့ စစ်မှန်တဲ့ နိုင်ငံရေး ပြောင်းလဲမှုတွေ မတွေ့ရမချင်း မြန်မာနိုင်ငံ အပေါ် အရေးယူ ပိတ်ဆို့မှုတွေ ဆက်ထားရှိမှာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဌာနက ပြောပါတယ်။ အပြည့်အစုံကို စုံစမ်းမေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံ ရန်ကုန်မြို့က အမေရိကန်သံရုံး ယာယီတာဝန်ခံနဲ့ ဒီမိုကရေစီပါတီအချို့ မနေ့က တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ပိတ်ဆို့ အရေးယူမှု ကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။ ဒါပေမဲ့လည်း အမေရိကန် ပြည်ထောင်စု အနေနဲ့ကတော့ မြန်မာနိုင်ငံ အပေါ် အရေးယူ ဒဏ်ခတ်မှုတွေကို ဆက်လုပ်သွားမှာ ဖြစ်တယ်လို့ နိုင်ငံခြားရေး ဌာနက ပြောပါတယ်။

ပြီးခဲ့တဲ့အပတ် သောကြာနေ့ ပြည်ထောင်စုလွှတ်တော်အတွင်း နိုင်ငံတကာရဲ့ စီးပွားရေး ပိတ်ဆို့မှုတွေနဲ့ ပတ်သက်လို့ ဆွေးနွေး ခဲ့ကြပြီး ဒီပိတ်ဆို့မှုတွေဟာ အများ ပြည်သူတွေနဲ့ တိုင်းပြည် စီးပွားရေးကို ထိခိုက်စေတယ် ဆိုပြီး ပြည်ထောင်စု လွှတ်တော်က ဒီပိတ်ဆို့မှု တွေကို ကန့်ကွက်ကြောင်း ဆုံးဖြတ်ခဲ့ကြပါတယ်။ လွှတ်တော်ရဲ့ ဒီဆုံးဖြတ်ချက်ဟာ ပိတ်ဆို့ အရေးယူမှု လုပ်ထားတဲ့ ကာယကံရှင် နိုင်ငံတွေ အပေါ်မှာတော့ သြဇာ သက်ရောက်နိုင်မယ့် အခြေအနေ မရှိပါဘူး။

အမေရိကန်ပြည်ထောင်စု အနေနဲ့ကတော့ စစ်မှန်တဲ့ အပြောင်းအလဲတွေ မဖြစ်မချင်း အရေးယူ ပိတ်ဆို့မှုတွေ ဆက်လုပ် သွားမှာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။ နိုင်ငံခြားရေး ဌာန အရာရှိတဦးက ဒီကြေညာချက်ကို အခုလို ဖတ်ပြပါတယ်။

“မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ စိုးရိမ်ပူပန်မှုတွေ အပေါ်မှာ သိသာထင်ရှားတဲ့ အရေးယူ ဆောင်ရွက်မှုတွေ လုပ်လာရေး အာဏာပိုင်တွေကို ဖိအားပေးနိုင်ဖို့ အရေးယူ ပိတ်ဆို့မှုတွေ ဆက်လုပ်ထားမှာပါ။ တိုက်တွန်း ဖိအား ပေးထားတဲ့ အထဲမှာတော့ ဒီမိုကရေစီရေး ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဖို့၊ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့နဲ့ ဒီမိုကရေစီ အင်အားစုတွေ၊ တိုင်းရင်းသား အင်အားစုတွေနဲ့ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ စတင် လုပ်နိုင်ဖို့ ဆိုတာတွေ ပါဝင်ပါတယ်။”

အမေရိကန်ပြည်ထောင်စု အနေနဲ့ အခုလို အရေးယူ ပိတ်ဆို့ထားသလိုပဲ တဘက်မှာ လာမယ့် အစိုးရသစ်နဲ့ ထိစပ် ဆက်ဆံရေး မူကိုလည်း ကျင့်သုံး သွားမယ်လို့ ကြေညာ ထားပါတယ်။ အမေရိကန်ရဲ့ မူဝါဒတွေ ဘယ်လောက် ထိရောက်မှု ရှိမရှိကိုလည်း သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေနဲ့ မပြတ်ထိစပ် ဆွေးနွေးနေတယ်လို့ ပြောပါတယ်။ ဒါကြောင့်လည်း မနေ့က သံရုံး ယာယီ တာဝန်ခံနဲ့ နိုင်ငံရေး ပါတီတွေ တွေ့ဆုံမှုဟာ ဒီလုပ်ငန်းစဉ်ရဲ့ အစိတ်အပိုင်း ဖြစ်တယ်လို့ နိုင်ငံခြားရေးဌာန အရာရှိက ပြောပါတယ်။

“အမေရိကန်ပြည်ထောင်စုရဲ့ ပိတ်ဆို့ အရေးယူမှုဟာ ဘယ်လောက် ထိရောက်သလဲ၊ ဘာတွေအပေါ် သက်ရောက်မှု ရှိနေသလဲ ဆိုတာ သိနိုင်ဖို့ အတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေ၊ တိုင်းရင်းသား လူနည်းစုတွေ၊ နိုင်ငံတကာက ပုဂ္ဂိုလ်တွေ အပါအ၀င် မြန်မာ့ နိုင်ငံရေးမှာ အဓိကကျသူတွေနဲ့ ပုံမှန်ဆိုသလိုပဲ တွေ့ဆုံဆွေးနွေးလေ့ ရှိပါတယ်။”

၂၀၁၀ ရွေးကောက်ပွဲဝင် ဒီမိုကရေစီ ပါတီတွေကတော့ အရေးယူ ပိတ်ဆို့မှုတွေကို ဖယ်ရှားရေး အတွက် လွှတ်တော်ထဲမှာ ဝေဖန် ဆွေးနွေး ခဲ့ကြသလို သက်ဆိုင်ရာ နိုင်ငံတွေကို သီးခြား ပန်ကြားချက်တွေလည်း ထုတ်ခဲ့ပါတယ်။ သူတို့ အနေနဲ့ကတော့ အရေးယူ ပိတ်ဆို့မှုဟာ ရည်မှန်းသလို အပြောင်းအလဲ အတွက် မထိရောက်ဘူးလို့ မြင်တဲ့အကြောင်း မနေ့က အမေရိကန် သံတမန်နဲ့ တွေ့ဆုံတဲ့အထဲ ပါဝင်တဲ့ ပြည်ထောင်စု ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ကိုသိန်းတင်အောင်က ပြောပါတယ်။

“ကျနော်တို့ ရည်ရွယ်ချက်က Sanction ဟာ ဒီမိုကရေစီ ထွန်းကားရေးနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကာကွယ် ပေးဖို့ပဲ ရည်ရွယ်တာကိုး။ လူထု ထိခိုက်ဖို့လည်း မဟုတ်ဘူး၊ စစ်ခေါင်းဆောင် ထိခိုက်ဖို့လည်း မဟုတ်ဘူး ဆိုတော့ ရည်ရွယ်ချက်ကိုက လွဲနေတော့ ဘာလို့သုံးမလဲ၊ အဲဒါကို ကျနော်တို့က ဆိုလိုတာပါ။ တချို့မှာတော့ ပုဂ္ဂိုလ်ရေးအရ ငွေရေး ကြေးရေး ထိခိုက်မှု ရှိပေမဲ့ သူတို့က ဆင်ပိန်ကျွဲပေါ့ဗျာ။ အဲဒီလို ထိခိုက်ပေမဲ့လည်း ဒီမိုကရေစီ ချိုးဖောက်မှုတွေက လျော့မသွားဘူးလေ။ ဒီမိုကရေစီကို မြှင့်တင်ရေးတွေက အကောင်အထည် ပေါ်မလာဘူး။”

အဓိက အတိုက်အခံ ဒီမိုကရေစီပါတီကြီး ဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကတော့ အနောက် နိုင်ငံတွေရဲ့ ပိတ်ဆို့မှုနဲ့ ပတ်သက်လို့ သူတို့ရဲ့ သဘောထားကို တရားဝင် ထုတ်ပြန် ပြီးသားပါ။ မြန်မာနိုင်ငံ စီးပွားရေး ချွတ်ခြုံ ကျမှုဟာ အနောက် နိုင်ငံတွေရဲ့ အရေးယူ ပိတ်ဆို့မှုတွေကြောင့် မဟုတ်ဘဲ အစိုးရရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းမှုကြောင့်သာ ဖြစ်တယ်လို့ အပြစ် တင်ပါတယ်။ ဒါ့အပြင် မြန်မာ နိုင်ငံထဲ လူ့အခွင့်အရေး အခြေအနေ တိုးတက်မှုတွေ မရှိတာကြောင့် အရေးယူ ပိတ်ဆို့မှုတွေ ဆက်ထား သင့်တယ်လို့ သုံးသပ် ထားပါတယ်။


Ref: VOA News

Read More...

အဂတိလိုက်စားမှု တိုက်ဖျက်ရန် အစိုးရသစ်အဖွဲ့ကိုပြော

တနင်္လာနေ့၊ မတ်လ ၂၈ ရက် ၂၀၁၁

ချင်းမိုင် (မဇ္စ္ဈိမ) ။ ။ အဂတိလိုက်စားမှု ပြဿနာ တိုက်ဖျက်ရန် မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ရွေးကောက်ခံ အစိုးရသစ် ဝန်ကြီးများကို အကြံပေးခဲ့သည်ဟု နေပြည်တော်မှ လာသော သတင်းတရပ်က ဆိုသည်။

အသက် ၇၈ နှစ် ရှိ နအဖ အကြီးအကဲ၏ နေပြည်တော်ရှိ စစ်ဌာနချုပ်တွင် စနေနေ့က နှုတ်ဆက် မိန့်ခွန်းတွင် မြန်မာနိုင်ငံ၏ ဂျီဒီပီ (Gross Domestic Product - နိုင်ငံ၏ နှစ်စဉ် ထုတ်ကုန်နှင့် ဝန်ဆောင်မှု တန်ဖိုး စုစုပေါင်း) သည် လာအိုနှင့် ကမ္ဘေ္ဘာဒီးယားနိုင်ငံ တို့ အောက်သို့ပင် နိမ့်ကျနေကြောင်း ပထမဆုံး အကြိမ် ၀န်ခံမှု ပြုသွားပြီး လာဘ်ပေး လာဘ်ယူမှု ပပျောက်အောင် လုပ်ရမည်ဟု ထဲ့သွင်း ပြောဆို သွားသည်။

နိုင်ငံတော်သမ္မတ အဖြစ် ရွေးကောက် ခံထားရသည့် ဦးသိန်းစိန်အား အာဏာ လွှဲပေးမည့် ရက်ကိုမူ ယခု အချိန်အထိ အတိအကျ မထုတ်ပြန် သေးပေ။ ၀န်ကြီးများ လိုအပ်လျှင် လာရောက် တွေ့ဆုံနိုင်ကြောင်းလည်း တပ်မတော်နေ့က ညစာစားပွဲ အခမ်းအနား တက်ရောက်ခဲ့သော ကာကွယ်ရေး ဦးစီးချုပ်လည်းဖြစ်သူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဖိတ်ကြား သွားခဲ့သည်။

အစိုးရနှင့် နီးစပ်သော သတင်းတခုက အစိုးရသစ် ဝန်ကြီး အဖွဲ့သည် မတ်လ ၂၉ ရက် အင်္ဂင်္ါနေ့တွင် ကျမ်းသစ္စာ ကျိန်ဆို ကြမည်ဟု ဆိုသည်။ သို့သော် အရင်ရက်များက လွှတ်တော် အမတ်များက ခန့်မှန်းရာတွင် အစိုးရ အဖွဲ့သစ်သည် ဧပြီလ ပထမ အပတ်ထဲတွင် အာဏာ ရယူလိမ့်မည်ဟု ဆိုသည်။

Transparency International အဖွဲ့၏ ၂၀၀၉ ခုနှစ် အဂတိလိုက်စားမှု အညွှန်းကိန်း (CPI) တွင် အဂတိ လိုက်စားမှု အမြင့်ဆုံး စာရင်း၌ ဆိုမာလီယာ နိုင်ငံပြီးလျှင် မြန်မာနိုင်ငံသည် အာဖဂန် နစ္စတန်နှင့်အတူ ပူးတွဲ ဒုတိယ နေရာ၌ ရှိနေသည်။


Ref: မဇ္ဈိမ

Read More...

ရှမ်းပြည် ငလျင်သင့်ဒေသသို့ ကူညီမည်ဟု NLD ပြော

ကျော်ခ
တနင်္လာနေ့၊ မတ်လ ၂၈ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ ရှမ်းပြည်နယ်အတွင်း ငလျင်ဒဏ်ခံရသည့် ဒေသများသို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က သွားရောက် ကူညီမည်ဟု ပါတီပြောခွင့်ရ ဦးအုန်းကြိုင်က ပြောသည်။

ပြင်းအားအဆင့် ရစ်ချက်စကေး ၆.၈ ရှိ ငလျင်ကြောင့် တာလေ၊ ကျကူနီ၊ မိုင်းလင်း၊ တာချီလိတ်နှင့် နားယောင်းတွင် လူဦးရေ ၁၅ဝ ကျော် သေဆုံးခဲ့ပြီး၊ လူဦးရေ ထောင်ချီကာ အိုးအိမ်ပျက်စီး ဆုံးရှုံးခဲ့ရသည့် ဒေသခံများ၏ စားဝတ် နေရေးနှင့် ဆေးဝါးများ ကူညီ သွားနိုင်ရန် မတ်လ ၂၉ ရက် အင်္ဂါနေ့တွင် ပြုလုပ်မည့် ဗဟိုအလုပ်မှု ဆောင်အစည်းအဝေး၌ စီမံ ခန့်ခွဲသွားမည်ဟု သိရခြင်း ဖြစ်သည်။

“ငလျင်ဒဏ်ခံလိုက်ရတဲ့ ဒေသတွေကို စားဝတ်နေရေး၊ ဆေးဝါးနဲ့၊ လိုအပ်တဲ့ အကူအညီတွေ ပေးနိုင်အောင် ကျနော်တို့ စီစဉ် နေပါတယ်။ ဒါနဲ့ပတ်သက်ပြီး တိုင်းနဲ့ ပြည်နယ်မှာ ရှိတဲ့ NLD ရုံးတွေကို အကူအညီတွေ ပေးနိုင်ကြဖို့အတွက် ဒီနေ့ စာထုတ်ပြီး ပို့ပါတယ်” ဟု ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

ငလျင်သင့် ဒုက္ခသည်များကို အနီးပတ်ဝန်းကျင်ရှိ မြို့နယ်များမှ လူမှုရေး ဘာသာရေး အသင်းအဖွဲ့များ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ အစိုးရ ဝန်ထမ်းများက ကူညီနေသော်လည်း လိုအပ်ချက် များစွာရှိနေကြောင်း ငလျင်ထိဒေသများသို့ သွားရောက် ကူညီသည့် လူမှုကူညီရေး အဖွဲ့များက ဆိုသည်။

ထို့ပြင် ယခုအခါ ရာသီဥတု အအေးဒဏ်ကို ငလျင်ဘေးဒုက္ခသည်များ ခံစားနေကြရသလို ငလျင် အသေးစားများ နေ့စဉ် လှုပ်ခတ် နေသဖြင့် ဒေသခံများမှာ ကြောက်လန့်နေကြသည်ဟု ဒေသတွင်း ကွင်းဆင်း၍ ကူညီနေသည့် ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ခေါ် ကျားဖြူပါတီ၏ အရှေ့ပိုင်း ဥက္ကဋ္ဌ ဒေါ်နန်းငွေမြက ပြောသည်။

“ရှင်းရှင်းပြောရရင် ဖြစ်တဲ့ နေရာတိုင်းမှာ အကုန်လုံး လိုနေတယ်လို့ပဲ ပြောရမှာပဲရှင့်။ ဘာဖြစ်လိုလဲဆိုတော့ ဖြစ်တုန်းက တချို့ ရွာတွေက အိမ် တော်တော်များများ ပြိုကျ ကုန်တာဆိုတော့ နေစရာမရှိဘူး။ အပြင်မှာ တဲထိုးနေတာ။ အခု လောလောဆယ်တော့ အစားအသောက်၊ အနွေးထည်၊ စောင်နဲ့ နေရာထိုင်ခင်း အရေးပေါ်လိုမယ်” ဟု သူက မဇ္ဈိမကို ပြောသည်။

ထို့ပြင် ငလျင်ဒဏ် နောက်ထပ်ကြုံတွေ့မည်ကို စိုးရိမ်ကြသည့် မိသားစုများမှာ နီးစပ်ရာ အဖွဲ့များ စုဖွဲ့၍ တာလေမြို့နှင့် ၁ဝ မိုင်ကွာ အပြင်ဘက်သို့ ထွက်ခွါသွားကာ နေထိုင်ကြသဖြင့် ၎င်းတို့အတွက် ထမင်းထုပ်နှင့် အကူအညီများ ပေးဝေရန် ခက်ခဲသည်ဟု ဆိုသည်။

ယနေ့မနက်တွင် ကျားဖြူပါတီ၏ ဥက္ကဋ္ဌ ဦးအိုက်ပေါင်းက ငလျင်ဘေးကူညီရန်အတွက် ပါတီတာဝန်ရှိသူများခေါ်ယူ၍ အလှူခံပြီး ကျပ် ၁ဝ သိန်းနှင့် အဝတ်အထည်များ ပို့ပေးလိုက်ပြီဟု SNDP တာဝန်ရှိသူများက ပြောသည်။

NDL ကလည်း တနင်္လာနေ့တွင် ပြည်နယ်နှင့် တိုင်းများရှိ ပါတီရုံးခွဲများသို့ စာပို့ထားသဖြင့် တပတ်အတွင်း အကူအညီ လိုသည့် ကျေးရွာနှင့် မြို့များသို့ သွားရောက် ကူညီမည်ဟု တောင်ကြီးမြို့နယ် NLD အထွေထွေ အတွင်းရေးမှူး ဒေါ်ခင်မိုးမိုးက ပြောပြသည်။

“ကျမတို့ကတော့ အစားအသောက်၊ ဆေးဝါးနဲ့ အမိုးအကာတွေကို အဓိကထားပြီး ကူညီသွားဖို့ ရှိပါတယ်။ နောက်ပိုင်းမှာလည်း အခြေအနေ အရ နိုင်ရင် နိုင်သလို ကူညီသွားမှာပါ” ဟု သူက မဇ္ဈိမကို ပြောသည်။

ငလျင်ဖြစ်ပွားရာဒေသရှိ ကျိုင်းတုံနှင့် တာချီလိတ် မြို့များတွင် NLD ရုံးခွဲများရှိပြီး ထိုရုံးခွဲ တာဝန်ရှိသူ များကလည်း ကွင်းဆင်း၍ ထမင်း ထုပ်များနှင့် ဆေးဝါးများ ကူညီနေသည်ဟု ယင်းမြို့နယ် ၂ မြို့နယ်ရှိ NLD တာဝန်ရှိသူများက မဇ္ဈိမကို ပြောပြကြသည်။


Ref: မဇ္ဈိမ

Read More...

ရှမ်းပြည် ငလျင်ဘေးသင့်သူတွေ ရေနဲ့ နေရေး အခက်တွေ့

By နော်ရှိုး တနင်္လာ, 28 မတ် 2011

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အင်အားပြင်း မြေငလျင်ဒဏ် သင့်ခဲ့တဲ့ ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ် မြို့နယ် တွင်းက ကျေးရွာတွေမှာ သန့်ရှင်းတဲ့ သောက်သုံးရေတွေ၊ ယာယီ နေထိုင်စရာ အထောက် အပံ့တွေ အရေးတကြီး လိုနေဆဲ ဖြစ်တယ်လို့ နိုင်ငံတကာ အကူအညီ ပေးရေး အဖွဲ့တွေက ပြောပါတယ်။ မနေ့က အထိ နောက်ဆက်တွဲ မြေငလျင်တွေ လှုပ်ခတ် ခဲ့တာကြောင့် ဒေသခံ ပြည်သူတွေ စိုးရိမ်ထိတ်လန့် နေကြဆဲ ဖြစ်ပါတယ်။ မြေငလျင်ကြောင့် သေဆုံးသူပေါင်း ၇၅ ယောက်ရှိတယ်လို့ အစိုးရ သတင်းစာ တွေမှာ ဖော်ပြပေမဲ့လည်း တကယ် သေဆုံးသူ အရေအတွက်ဟာ အဲဒီထက် ၂ ဆကျော်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ နောက်ဆုံး အခြေအနေတွေကို နော်ရှိုးက တင်ပြ ပေးထားပါတယ်။

မြန်မာနိုင်ငံ အရှေ့ပိုင်း တာချီလိတ်မြို့အနီးမှာ ပြီးခဲ့တဲ့ ကြာသပတေးနေ့ညက လှုပ်ခတ်သွားခဲ့တဲ့ ပြင်းအား ၇ ရှိတဲ့ မြေငလျင်ကြီး နောက်ပိုင်း မနေ့ကအထိ နောက်ဆက်တွဲ မြေငလျင် အနည်းဆုံး ၈ ခု လှုပ်ခဲ့ပြီး အခုချိန်အထိ မြေပြိုနိုင်တဲ့ အန္တရာယ်တွေက များနေ သေးတယ်လို့ ကုလသမဂ္ဂနဲ့ အတူ သက်ဆိုင်ရာ မြန်မာ အာဏာပိုင်တွေနဲ့ တခြား အကူအညီပေးရေး အဖွဲ့တွေ ပူးပေါင်း ထုတ်ပြန်တဲ့ နောက်ဆုံး အစီရင်ခံစာက ပြောပါတယ်။ ဒါကြောင့် ဒေသခံ ပြည်သူတွေက စိုးရိမ် ထိတ်လန့်နေကြဆဲ ဖြစ်သလို ပုံမှန်အားဖြင့် ရောင်းဝယ် ဖောက်ကားမှု များတဲ့ တာချီလိတ်မြို့မှာ ဆိုရင်လည်း ဈေးဆိုင်တွေ ပိတ်ထားဆဲ ဖြစ်တယ်လို့ မြို့ခံတဦးက အခုလို ပြောပြပါတယ်။

“အရောင်းအ၀ယ် ဘာမှမလုပ်ကြဘူး။ ပိုက်ဆံရှိတဲ့ သူတွေကလည်း ခြံတွေ ဘာတွေထဲမှာ တဲထိုးပြီး သွားနေ ကြတာပေါ့။ ဆိုင်တို့၊ တိုက်တို့ အကုန်လုံး ပိတ်ပြီး ဆင်းသွားကြတယ်။ လမ်းဘေးတို့၊ လယ်ကွင်းတို့ အဲဒီမှာ တဲတွေထိုးပြီး နေကြရတယ်။ အာဏာပိုင်တွေက ထိုးပေးတာပေါ့၊ တဲတွေဘာတွေ။ တဲဆိုတာ မိုးကာလေး ၁၀ ပေလောက်ကို အပေါ်က မိုးပေးတာပဲ ရှိတယ်။ အောက်ကတော့ ကိုယ့်ဟာကို ဖျာလေးဘာလေးနဲ့ နေရတာပေါ့။ မဖြစ်တဲ့သူတွေပဲ ထွက်ပြီးတော့ ဈေးရောင်းကြတာကိုး။”

ငလျင်ဒဏ်ကို အပြင်းထန်ဆုံး ခံခဲ့ရတဲ့ ဒေသတွေကတော့ လူဦးရေ စုစုပေါင်း ၁၅,၀၀၀ လောက် နေထိုင်ကြတဲ့ တာလေမြို့နဲ့ မိုင်းလင်းကျေးရွာတို့ ဖြစ်ပါတယ်။ အပျက်အစီးတွေကြား အသက်ရှင် ကျန်ရစ်နေနိုင်ဖွယ် ရှိသူတွေ ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်း တွေကိုတော့ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တွေထက် ဒေသခံ စေတနာ့ ၀န်ထမ်းတွေ၊ သက်ဆိုင်ရာ အာဏာပိုင်တွေက အဓိကထား ဆောင်ရွက်နေကြတယ်လို့ ကုလသမဂ္ဂ ပြန်ကြားရေးဌာနက ဦးအေးဝင်းက ပြောပါတယ်။

“ဒေသခံတွေ အဲဒီမှာရှိတဲ့ အစိုးရ အဖွဲ့အစည်းတွေက လုပ်တာ။ UN က ယန္တရားတွေက ချက်ချင်း မရှိသေးဘူး။ အဲဒီဒေသမှာ ရှိတဲ့ ယန္တရားတွေ အင်အားက အဲဒီမှာရှိတယ်။”

မြေငလျင်ကြီးလှုပ်ပြီး ၄ ရက်အကြာ ဒီနေ့အထိ အပျက်အစီးတွေကြားက အသက်ရှင် ကျန်ရစ်နေသေးသူ ဘယ်နှစ်ဦး ပြန်တွေ့ ခဲ့သလဲ၊ ဘယ်နှစ်ယောက်လောက် ရှိနိုင်ဦးမလဲ ဆိုတာကိုလည်း ကုလသမဂ္ဂ အပါအ၀င် ဘယ်အဖွဲ့အစည်းကမှ ထုတ်ပြန် ကြေညာတာ မရှိသေးပါဘူး။

မြေငလျင်ကြောင့် သေဆုံးသူပေါင်း ၁၅၀ လောက်အထိ ရှိနိုင်တယ်လို့ သတင်းတွေ ကျယ်ကျယ် ပြန့်ပြန့် ထွက်နေပေမဲ့ ဒါကို သီးခြား အတည် မပြုနိုင် သေးပါဘူး။ အစိုးရနဲ့ ကုလသမဂ္ဂက မနေ့ကအထိ ထုတ်ပြန်တဲ့ တရားဝင် စာရင်းတွေ အရတော့ သေဆုံးသူ ၇၄ ဦးနဲ့ ဒဏ်ရာရသူ ၁၂၅ ဦးလို့ ဆိုပါတယ်။ ပျက်စီးသွားတဲ့ လူနေ အိမ်ခြေပေါင်း ၃၀၅ လုံး ရှိသွားပြီဖြစ်ပြီး ခရစ်ယာန် ဘုရားကျောင်းနဲ့ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း အပါအ၀င် ဘာသာရေး အဆောက်အဦးပေါင်း ၃၀ နဲ့ အစိုးရ အဆောက်အဦး တချို့လည်း ပျက်စီး ခဲ့ရတယ်လို့ ဆိုပါတယ်။ ပျက်စီးသွားတဲ့ တာချီလိတ်၊ တာလေမြို့ တံတားကိုတော့ အခု ယာယီ သွားလို့ရအောင် ပြန်ပြုပြင် ထားပြီလို့လည်း ကုလသမဂ္ဂရဲ့ အစီရင်ခံစာက ပြောပါတယ်။

ငလျင်ဒဏ်သင့် ပြည်သူတွေ အရေးပေါ် လိုအပ်နေတဲ့ ကိစ္စတွေကိုတော့ ကုလသမဂ္ဂ၊ ကြက်ခြေနီ၊ World Vision စတဲ့ နိုင်ငံတကာ ကူညီရေး အဖွဲ့တွေက ဆောင်ရွက်ပေးနေပါတယ်။ လောလောဆယ် ငလျင်ဒဏ်သင့် ပြည်သူတွေ အရေးပေါ် လိုအပ် နေတာကတော့ သောက်သုံးရေ ရရှိဖို့ ဖြစ်တယ်လို့ World Vision အဖွဲ့ရဲ့ မြန်မာနိုင်ငံ တာဝန်ခံ ခရစ်စ် ဟဲရင့်ခ် (Chris Herink) က ဗွီအိုအေ မြန်မာပိုင်းကို ပြောခဲ့ပါတယ်။

“ငလျင်ဒဏ် ခံခဲ့ရတဲ့ ရွာ ၄၀ မှာ ကျနော်တို့ ၀န်ထမ်းတွေကို စေလွှတ်ထားပါတယ်။ ကျနော်တို့ရဲ့ ဆန်းစစ် လေ့လာချက် အရ အဓိက အရေးတကြီး လိုအပ်နေတာကတော့ သန့်ရှင်းတဲ့ သောက်သုံးရေကို ရနိုင်ဖို့နဲ့ ယာယီ နေထိုင်ဖို့အတွက် တာပေါ်လင်တွေပဲ ဖြစ်ပါတယ်။”

သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ အကူအညီ တောင်းခံချက်အရ မနေ့က အထိတော့ World Vision က ရေသန့်စင်တဲ့ ဆေးပြားတွေကို ငလျင်ဒဏ်သင့် ပြည်သူ ၄၀,၀၀၀ ကြားမှာ ဝေပေးနိုင်ခဲ့သလို ယာယီတဲ ဆောက်ဖို့ တာပေါ်လင် ၂,၅၀၀ လောက်ကိုပါ ဝေပေး နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ နောက်ထပ် လိုအပ်နေသေးတဲ့ ရေသန့်စင်တဲ့ ပစ္စည်းတွေနဲ့ တခြား ပစ္စည်းတွေကို အနီးအနား မြို့တွေမှာ အလွယ်တကူ ၀ယ်ယူလို့ မရတာက လတ်တလော ရင်ဆိုင်နေရတဲ့ အခက်အခဲ တခုလို့ မစ္စတာ ဟဲရင့်ခ်က ပြောပါတယ်။

“ပို့ဆောင်ထောက်ပံ့ရေး လုပ်ငန်းတွေမှာ အခက်အခဲတခုက လိုအပ်တဲ့ ပစ္စည်းတချို့ကို အနီးအနားမြို့တွေဖြစ်တဲ့ တာချီလိတ်၊ ကျိုင်းတုံတို့မှာ ၀ယ်လို့မရတာဘဲ ဖြစ်ပါတယ်။ ဥပမာ အစားအသောက်၊ ဆေးဝါးတွေကို အနီးအနားမှာ ၀ယ်လို့ရပေမဲ့ ရေသန့်စင်တဲ့ ပစ္စည်းတွေ၊ နေရေးထိုင်ရေး ပစ္စည်းတွေကို ရန်ကုန်ကနေ ပို့နေရပါတယ်။ လေယာဉ်နဲ့ မဟုတ်ဘဲ ကုန်းလမ်းနဲ့ဆို ၅ ရက် လောက်တောင် ကြာပါတယ်။”

တာချီလိတ်နဲ့ ကျိုင်းတုံ လေဆိပ်တွေကတော့ မပျက်စီးဘဲ အသုံးပြုလို့ ရနေဆဲပဲလို့ ဆိုပါတယ်။ ရေသန့်စင်တဲ့ ဆေးပြားတွေ၊ ယာယီတဲတွေ အပြင် World Vision အနေနဲ့ ကလေး အယောက် ၁၀၀ စီဆန့်တဲ့ ကလေးဂေဟာ ၆ ခုကို ဖွင့်ထားပြီး ဖြစ်တယ်လို့ မစ္စတာ ဟဲရင့်ခ်က ပြောပါတယ်။

ဒီကလေးဂေဟာတွေကတော့ ငလျင်ဒဏ်သင့် ကလေးသူငယ်တွေအတွက် လုံလုံခြုံခြုံ နေထိုင်နိုင်ပြီး ကစားနိုင်ဖို့နဲ့ သူတို့တွေ အတွက် စိတ်ပိုင်း ဆိုင်ရာမှာ လိုအပ်တဲ့ ပံ့ပိုးမှုတွေ ပေးနိုင်ဖို့၊ ထိတ်လန့်မှုတွေကို ကျော်လွှားနိုင်ဖို့ ကျွမ်းကျင်တဲ့ သူတွေနဲ့ ဖေးမ ပေးသွားဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံက ငလျင်ဒဏ်သင့်ဒေသ ကူညီကယ်ဆယ်ရေးတွေအတွက် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ကလည်း လိုအပ်တဲ့ အကူအညီတွေပေးဖို့ ကမ်းလှမ်းထားသလို တရုတ်နိုင်ငံ ကလည်း အမေရိကန်ဒေါ်လာ ၅၀၀,၀၀၀ ပေးလှူမယ်လို့ ကမ်းလှမ်း ထားပါတယ်။

Ref: VOA News

Read More...

လစ်ဗျားခေါင်းဆောင် ဇာတိမြို့ကို အတိုက်အခံတွေ ထိုးစစ်ဆင်

တနင်္လာ, 28 မတ် 2011

သမ္မတ မိုမာ ကဒါဖီ (Moammar Gadhafi) ကို ပုန်ကန်နေကြသူတွေ ဘက်က သမ္မတရဲ့ တပ်တွေကို နိုင်ငံ အနောက်ဘက် ဆီကို ပြန်သွားအောင် တွန်းလှန် တိုက်နေကြတာမှာ မစ္စတာ ကဒါဖီရဲ့ မွေးရပ် ဆတ် (Sirte) မြို့ကို သိမ်းပိုက်နိုင်ဖို့ ကြိုးစား နေကြပါတယ်။ အဲဒီမှာ အခိုင်အမာ ခြေကုပ် ယူထားတဲ့ အစိုးရ တပ်တွေနဲ့ အကြီးအကျယ် တိုက်ပွဲတွေ ဖြစ်နိုင်တဲ့ အလားအလာ များနေပါတယ်။

လစ်ဗျားအစိုးရ တပ်တွေအပေါ် နိုင်ငံတကာရဲ့ လေကြောင်းက တိုက်ခိုက်မှုတွေကို အခွင့်ကောင်းယူပြီး လက်နက်ကိုင် ပုန်ကန် နေသူတွေက ထရီပိုလီ (Tripoli) မြို့တော်ဘက်ကို ရှေ့တိုး တိုက်ခိုက် နေတာမှာ နိုင်ငံတကာရဲ့ လေကြောင်း ပျံသန်းရေး ထိန်းချုပ်မှု မလုပ်ခင်က အစိုးရတပ်တွေ ထိန်းထားတဲ့ ဒေသ တော်တော် များများကို ပြန်လည် ထိန်းချုပ် နိုင်ခဲ့ပါတယ်။

သမ္မတကို လက်နက်ကိုင် တော်လှန် ပုန်ကန်နေကြသူတွေဟာ လစ်ဗျားကို တရားဝင် ဦးဆောင်ခွင့် ရှိသူတွေ ဖြစ်တယ်လို့ ဒီကနေ့ ကာတာက အသိအမှတ် ပြုလိုက်တဲ့ အတွက် ဒါဟာ အာရပ် နိုင်ငံတွေကြားမှာ ပုန်ကန် နေသူတွေကို ပထမဆုံး တရားဝင် လက်ခံ လိုက်တာ ဖြစ်ပါတယ်။ လစ်ဗျားအပေါ် အနောက်နိုင်ငံတွေရဲ့ လေကြောင်းက တိုက်ခိုက်မှုမှာလည်း ကာတာက ပါဝင်နေပါတယ်။

ရေနံထုတ်လုပ် တင်ပို့မှုအတွက် အချက်အခြာကျတဲ့ ဘရီဂါ (Brega) နဲ့ ရပ်စ် လန်နုဖ် (Ras Lanuf) မြို့တွေ အပါအဝင် နေရာ တော်တော် များများကို ပုန်ကန်နေသူတွေ သိမ်းပိုက် နိုင်ခဲ့ပြီးနောက်မှာ ပူးပေါင်းတပ်တွေက ဆတ်မြို့အပေါ် တနင်္ဂနွေနေ့က ပထမဆုံး ပစ်မှတ်ထား တိုက်ခိုက် ခဲ့ပါတယ်။

ထရီပိုလီမြို့တော်အပေါ် တနင်္ဂနွေနေ့ နှောင်းပိုင်းက အကြီးအကျယ် ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ကျယ်လောင်တဲ့ ပေါက်ကွဲသံတွေ ထွက်ပေါ်ခဲ့ပါတယ်။

Ref: VOA News

Read More...

ဦးဌေးဦး၏ ဆန်ရှင် ကန့်ကွက်ရေးအဆို အတည်ပြု

မျိုးသန့်
သောကြာနေ့၊ မတ်လ ၂၅ ရက် ၂၀၁၁

ချင်းမိုင် (မဇ္စျိမ) ။ ။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှအမတ်ဖြစ်သော လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဌေးဦးက တင်ပြသည့် စီးပွားရေး ပိတ်ဆို့မှုများကို ကန့်ကွက်ရေး အဆိုကို နောက်လာမည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးများ အတွင်း ဆက်လက် ဆွေးနွေးရန် သောကြာနေ့ ပြည်ထောင်စု လွှတ်တော်က အတည်ပြု ပေးလိုက်သည်။

အမေရိကန်နှင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက မြန်မာစစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုကြောင့် ပြဌာန်း ထားသော စီးပွားရေး ပိတ်ဆို့မှုကို ကန့်ကွက်ရေး အဆိုကို ဦးဌေးဦးက တင်သွင်း ထားခဲ့ရာ ကြံ့ခိုင်ရေး လွှမ်းမိုးသော ပြည်ထောင်စု လွှတ်တော်တွင် ဆက်လက်ဆွေးနွေးမှာ ဖြစ်သည်။

ဥပဒေမူကြမ်း ဖြစ်လာရေး မသေချာသော်လည်း လွှတ်တော်မှ သဘောတူသည့် ပြန်တမ်း အဖြစ် ထုတ်ပြန် နိုင်ပြီး နိုင်ငံတကာ သံရုံးများသို့ ပေးပို့နိုင်ကြောင်း အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ အမတ် ဦးခိုင်မောင်ရည်က ဆိုသည်။

“အောင်တဲ့အဆိုတွေသည် ဒုတိယ အကြိမ်မှာကျင်းပမယ့် အစည်းအဝေးမှာ မူကြမ်းတွေ ဖြစ်ဖို့ ဆွေးနွေးကြမှာ ဥပဒေ မူကြမ်း ဖြစ်မယ်လို့တော့ ကွက်တိ ပြောလို့မရဘူး။ အဆိုတွေသည် သတင်းစာတွေမှာ ပြန်တမ်းအဖြစ် ကြေညာ နိုင်တယ်ပေါ့နော်၊ နောက်ပြီး ပြန်တမ်း ဖြစ်ပြီးတော့ လွှတ်တော်က အတည်ပြုတာ ဖြစ်တဲ့အတွက် နိုင်ငံတကာ သံရုံးတွေကို ပို့နိုင်တယ် ပြန်တမ်းမှာ ထုတ်ပြန် နိုင်တယ်” ဟု ဦးခိုင်မောင်ရည်က ပြောသည်။

စီးပွားရေးပိတ်ဆို့မှုများရုတ်သိမ်းစေချင်သောအဆိုကို ထောက်ခံသူ ၇ ဦးရှိပြီး လွှတ်တော်တွင်း အတိုက်အခံ ပါတီများလည်း ပါဝင်နေသည်။

အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် အမတ်များ ဖြစ်သည့် ဦးသိန်းညွှန့်နှင့် ဒေါက်တာမြတ်ဥာဏစိုး တို့လည်း ထောက်ခံ ဆွေးနွေး ခဲ့ကြသည်ဟု လွှတ်တော်တက် အမတ်တဦးက ပြောသည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရက်တစ်ပါတီမှ လွှတ်တော်အမတ် ဦးလှမြင့်က ထိုအဆိုကို ဖြည့်စွက် ဆွေးနွေးရာတွင် ပိတ်ဆို့မှုကို ကန့်ကွက်ပါသည် ဆိုသည့် အဆိုသည် သံတမန်ရေး အရ မသင့်လျော်သည့် အဆိုဖြစ်ပြီး စီးပွားရေး ပိတ်ဆို့မှုများ ပြန်လည် ရုပ်သိမ်းပေးရန် မေတ္တာ ရပ်ခံပါသည် ဆိုသည့် အဆိုပြုချက်များ ဖြစ်သင့်ကြောင်း ထည့်သွင်း ဆွေးနွေးသွားသည်။

သောကြာနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးများတွင် ဒေါက်တာအေးမောင်၏ ကြက်ငှက် တုတ်ကွေး ဖြစ်သည့် ဒေသများတွင် တိကျသည့် ဧရိယာ သတ်မှတ်ပေးရေး၊ ကြက်များကို သုတ်သင်ရာတွင် ခြံပိုင်ရှင်များကို လျော်ကြေးပေးရေး အဆိုကို လွှတ်တော်က ကန့်ကွက်သူမရှိ ထောက်ခံခဲ့ပြီး ထိုအဆိုကို တနင်္လာနေ့ ပြည်ထောင်စု လွှတ်တော်တွင် ဆက်လက် ဆွေးနွေးမည် ဖြစ်သည်။

အခြားအဆိုတခုဖြစ်သည့် ပြည်ပရောက် ရွှေ့ပြောင်းအလုပ်သမားများအရေး ကူညီပေးရေး အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီမှ ဒေါက်တာ မြတ်ဥာဏစိုး၏ အဆိုကို ထောက်ခံသူ ၃ဝဝ ကျော်နှင့် ကန့်ကွက်သူ ၂ဝဝ ကျော် ရှိခဲ့ခြင်းကြောင့် ထို အဆိုကိုလည်း တနင်္လာနေ့ ပြည်ထောင်စု လွှတ်တော်တွင် ဆွေးနွေးမည်ဖြစ်သည်။

ဒေါက်တာ မြတ်ဥာဏစိုး၏ အဆိုသည် ရွှေ့ပြောင်းအလုပ်သမားများကို ကူညီပေးရေးထက် ရှုပ်ထွေးမှု များသာ ဖြစ်လာ နိုင်ကြောင်း ပါတီတူ အမတ်တဦး ဖြစ်သည့် ပြည်သူ့ လွှတ်တော်အမတ် ဦးခင်မောင်ရည်က ဝေဖန်လိုက်သည်။

“အဲဒါက ကူညီဖို့ထက် အစိုးရလက်ထဲ ရောက်သွားတဲ့အတွက် အခွန်ကောက်ခံမှုတွေ ဖြစ်လာနိုင်တယ်၊ အရေးယူခံရမယ့် ကိစ္စမျိုးတွေ ပေါ်လာနိုင်တယ်၊ အဲဒါတွေကို ပိုဆိုသွားနိုင်တယ်” ဟု သူက ဆိုသည်။

ပြည်ထောင်စုလွှတ်တော်၏ သောကြာနေ့ မေးခွန်းများတွင် ဝန်ထမ်းများ လစာတိုးပေးရေး ကိစ္စနှင့် ပတ်သက်သည့် မေးခွန်းကို စက်မှု ၁ ဝန်ကြီး ဦးအောင်သောင်းက ပြည်ပ မီဒီယာများ၏ မမှန်မကန် သတင်း လွှင့်မှုကြောင့် ဝန်ထမ်းများ လစာ တိုးပေးမည် ဆိုသော သတင်းများ ထွက်ပေါ်လာ၍ ကုန်ဈေးနှုန်းများ ကြီးမြင့်ရခြင်း ဖြစ်ကြောင်း ဖြေကြားပြီး ထိန်းချုပ်နိုင်ရန် ကြိုးစားနေကြောင်း ဖြေခဲ့သည်။

အခမဲ့ ပညာရေးနှင့် ပတ်သက်သည့် အမတ်များ၏ မေးခွန်းကို ပညာရေးဝန်ကြီး ဒေါက်တာ ချမ်းငြိမ်းက မူလတန်း အထိ အခမဲ့ ပညာ သင်ကြားရေး စနစ်ကို လုပ်ပေးနေကြောင်း ဖြေခဲ့သည်။

သောကြာနေ့ ပြည်ထောင်စုလွှတ်တော်တွင် ကြာသပတေးနေ့ညက တာချီလိတ်မြို့နှင့် အနီးတဝိုက်တွင် ဖြစ်ပွားခဲ့သည့် ငလျင်ကြောင့် သေဆုံးသူများ အတွက် ဝမ်းနည်း မှတ်တမ်းကို လွှတ်တော် နာယကမှ ဖတ်ပြခဲ့သေးသည်။

သို့သော် လွှတ်တော်အမတ်များက ထုံးစံအတိုင်း လုပ်ဆောင်နေကြဖြစ်သော လွှတ်တော်နာယက ပြောအပြီး လက်ခုတ်တီးမိ ကြသဖြင့် ရယ်စရာ ဖြစ်ခဲ့ကြရကြောင်း အမတ်တဦးက ပြောသည်။

“ဒီနေ့ ဝမ်းနည်းကြောင်း လွှတ်တော်အခမ်းအနားခင်မှာ လွှတ်တော်နာယကက ကြေညာချက်ကို ဖတ်ပြရာမှာ ကြေညာ အပ်ပါတယ် ဆိုတာကို နာယကက ဒါဟာ ဝမ်းနည်းတာ ဖြစ်တဲ့အတွက် လက်ခုပ်တီးဖို့ မလိုပါဘူး ဆိုတာကို ပြောမထားဘူး။ ဝမ်းနည်းကြောင်း အတည်ပြုပါတယ် ဆိုတော့ လက်ခုပ် တီးကြသေးတယ်၊ တဝက်လောက်ကတော့ မတီးဘူးပေါ့။ ဝမ်းနည်းတာကို လက်ခုပ် တီးတဲ့အတွက် သောင်းသောင်း ဖျဖျ ဖြစ်သွား တာပေါ့နော်” ဟု သူက ပြောသည်။

ပြည်ထောင်စု လွှတ်တော်အစည်းအဝေးများကို ယခုလ ၂၉ ရက်နေ့အထိ ကျင်းပဖွယ်ရှိပြီး သမ္မတ ဦးသိန်းစိန်က အတည်ပြု ပေးထားသော ဝန်ကြီး အယောက် ၃ဝ ကိုလည်း တာဝန် ထမ်းဆောင်ရန် ဌာနများ သတ်မှတ် ပေးဖွယ် ရှိကြောင်း အမတ်များက ခန့်မှန်း နေကြသည်။



Ref: မဇ္ဈိမ

Read More...

အပေါ်သို့