..............................

Friday, April 22, 2011

မြန်မာအစိုးရသစ် ကေအိုင်အိုကို တိုက်ရန်ဆုံးဖြတ်

Wednesday, 20 April 2011

စစ်အစိုးရကျောထောက်နောက်ခံ မြန်မာစစ်အစိုးရသစ်က ကိုယ်ပိုင်ပြဌါန်းခွင့် တောင်းဆို နေသော ကချင် လွတ်မြောက်ရေး အဖွဲ့ ကေအိုင်အိုကို တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည် ဟု မြန်မာနိုင်ငံ မြို့တော် နေပြည်တော်ရှိ ခိုင်လုံသော သတင်းရင်းမြစ်က သိရသည်။

ပြီးခဲ့သည့်အပတ်က အစိုးရသစ်၏ အဓိက ပြည်တွင်းရန်သူအဖြစ် ကေအိုင်အိုအား သတ်မှတ်သည့် ဆုံးဖြတ်ချက် ထွက်ပေါ် ခဲ့သည်ဟု ယင်း သတင်းရင်းမြစ်က ဆိုသည်။ မကြာမှီ စစ်ဖြစ်လာမည် ဟုလည်း ပြောသည်။

ခုထိ ယင်းဆုံးဖြတ်ချက်ကို အသိအလင်း ကြေညာခဲ့ခြင်းမရှိသေးပါ။ ထို့အတူ ကချင်ပြည်နယ်နှင့် ရှမ်းပြည် မြောက်ပိုင်း ကေအိုင်အို နယ်မြေအနီး မြန်မာ စစ်တပ်မှ စစ်ရေး ပြင်ဆင်မှု မတွေ့ရသေးဟု ကေအိုင်အို သတင်းရင်းမြစ်က ပြောသည်။

ကေအိုင်အို၏ လက်နက်ကိုင်တပ်ဖွဲ့ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ ကေအိုင်အေကို မြန်မာ အစိုးရ သတင်းစာက ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၁၅ တွင် သောင်းကျန်းသူဟု ခေါ်ဝေါ်ခဲ့သည်။

ယင်းသို့ခေါ်ဆိုခြင်းကို ထိုင်းနိုင်ငံ ဘန်ကောက်ရှိ ကေအိုင်အို နိုင်ငံခြားရေးတာဝန်ခံ ဂျိမ်းစ်လွမ်းဒေါင်က ငြင်းဆို ခဲ့သည်။ ဆက်လက်ပြီး ကေအိုင်အိုသည် နိုင်ငံတွင်း ပင်လုံစိတ်ဓာတ်ကို ပြန်လည် ဖော်ဆောင်ပြီး တည်မြဲသည့် ငြိမ်းချမ်းရေး လမ်းစ ရှာဖွေနေသည်ဟု ရှင်းလင်းခဲ့သည်။

တိုင်းရင်းသား ဗမာ၊ ရှမ်း၊ ကချင်၊ ချင်း လူမျိုးစုများသည် ၁၉၄၇ ပင်လုံစာချုပ်ကို ချုပ်ဆိုပြီးနောက် ၁၉၄၈ တွင် မွေးဖွား လာသည့် ယခု ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ကြီး ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

နိုင်ငံရေးညှိနှိုင်းအဖြေရှာရန် ကေအိုင်အိုသည် ၁၉၉၄ ခုနှစ်တွင် ဗဟိုအစိုးရနှင့် အပစ်အခတ် ရပ်ဆိုင်းရေး စာချုပ် ချုပ်ဆိုခဲ့ပြီး မြန်မာ စစ်တပ်၏ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထောက်ခံခဲ့သည်။

အပစ်ရပ်ဆိုင်းကာလ ၁၆ နှစ်အတွင်း နိုင်ငံရေးညှိနှိုင်းအဖြေရှာမှု ဖြစ်ပေါ်လာခြင်း မရှိသကဲ့သို့ နိုဝင်ဘာ ၇ ရွေးကောက်ပွဲ မတိုင်ခင် ကေအိုင်အိုသည် လက်နက်ချပြီး မြန်မာ စစ်တပ် လက်အောက်ခံ နယ်ခြားစောင့်တပ် (Border Guard Force)ပြောင်းလဲရန် ဖိအားပေး ခံလာရသည်။

နိုင်ငံရေးအရ အဖြေမရှာခင် လက်နက်ကိုင်တပ် ကေအိုင်အေကို ပြောင်းလဲရန် မဖြစ်နိုင်သည့် အတွက် ကေအိုင်အိုသည် BGF ကို လက်ခံရန် ငြင်းဆန်ခဲ့ခြင်း ဖြစ်သည်။

ကေအိုင်အိုသည် ကေအိုင်အေကို အင်အားဖြည့်တင်းပြီး အခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ပူးပေါင်းကာ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ (United Nationalities Federal Council) ကို ဖွဲ့စည်းပြီး ဗဟို အစိုးရက တိုင်းရင်း သားလက်နက်ကိုင်တို့ အပေါ် ပြုလုပ်လာနိုင်သည့် ထိုးစစ်အတွက် ပူးပေါင်း ခုခံသွားရန် ရည်ရွယ်သည်။

ယခုနှစ် ဖေဖော်ဝါရီ လတွင် တိုင်းရင်းသားလက်နက်ကိုင် ၁၂ ဖွဲ့ပူးပေါင်းပြီး UNFC ကို တည်ထောင် ခဲ့သည်။

မြန်မာ အစိုးရသစ်၏ ကေအိုင်အေအပေါ် ထိုးစစ်သည် ရှမ်းပြည်မြောက်ပိုင်း ကေအိုင်အေ တပ်မဟာ ၄ ဒေသတွင် စတင် ဖြစ်ပွား နိုင်သည်ဟု လိုင်ဇာ ကေအိုင်အေ ဌာနချုပ်မှ အရာရှိများပြောသည်။

မြန်မာအစိုးရသစ်က စတင်တိုက်ခိုက်လာပါက ရှမ်းပြည်နှင့် ကချင်ပြည်နယ်တ၀ှမ်း ပြည်တွင်းစစ် ဖြစ်လာမည်ဟု ကေအိုင်အေ အရာရှိများ ပြောသည်။

Ref: KNG

Read More...

တပ်အင်အားဖြည့်ရန် BGF က တပ်သားသစ်ထပ်ကောက်ခံ

စောခါးစူးညား
ဧပြီလ ၁၉ရက်။

ကရင်ပြည်နယ်ရှိ နယ်ခြားစောင့်တပ်-BGF ၏ အကြံပေးပုဂ္ဂိုလ် စောချစ်သူက မြ၀တီမြို့နယ် အတွင်းရှိ ကျေးရွာများမှ တာဝန် ရှိသူများကို ဧပြီလ ၈ ရက်နေ့က ရွှေကုက္ကို ရွာတွင် ခေါ်ယူကာ တပ်သားသစ် ၇၅ ဦး တောင်းခံထားကြောင်း ကေအိုင်စီက စုံစမ်း သိရှိရသည်။

နယ်ခြားစောင့်တပ်သည် ၎င်းတို့၏ တပ်အင်အားဖြည့်ရန်အတွက် ယခုလို တပ်သားသစ် တောင်းခံခြင်း ဖြစ်ပြီး ဧပြီလ ၂၇ ရက်နေ့တွင် ၎င်းတို့ထံ အရောက် ပို့ပေးရမည်ဟု ပြောဆိုခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

ယင်းသို့ တပ်သားသစ် ကောက်ခံရာတွင် နဘူးမြို့နယ် မယ်ပလဲ့တိုဒေသအတွင်းရှိ ရွှေကုက္ကိုရွာမှ ၂၀ ဦး၊ ထီးဝါ့ဘလောရွာ မှ ၁၂ဦး၊ ကယ်ဝေါ်ရွာမှ ၁၀ဦး၊ လို့ဘောရွာမှ ၇ဦး၊ ထီးချားရာရွာမှ ၅ဦး၊ ကျဝေါ်ခို့ရွာမှ ၄ဦး၊ သဲပုံရွာမှ ၄ ဦး၊ ထီးဟိုထောရွာမှ ၃ ဦး၊ သီ့ဝါးပူ ရွာမှ ၃ ဦး၊ ဖားကျူရွာမှ ၃ဦး၊ သက္ကာရရွာမှ ၂ဦး၊ မဲပလဲ့ထာ့ရွာမှ ၁ဦးနှင့် တောအူရွာမှ ၁ဦးဖြစ်ကြောင်း ကရင်အ မျိုးသား အစည်းအရုံး (KNU) ၏ သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နဘူးမြို့နယ်မှာ KNU ၏ နယ်နိမိတ်သတ်မှတ်ချက် အရ ဖားအံခရိုင်တွင် တည်ရှိသော်လည်း မြန်မာ အစိုးရ၏ သတ်မှတ် ချက်အရ မြ၀တီမြို့ နယ်နိမိတ်ဖြစ်သည်။

KNU ဖားအံခရိုင် ဥက္ကဌ ပဒိုစောအောင်မော်အေးက “BGF က တပ်သားသစ်ကို အဲလို သတ်မှတ်ထားပြီး ခေါ်မရတဲ့ သူတွေ ကို ဘတ်ငွေ တစ်သိန်း ပေးရမယ်လို့ ကျနော်တို့ ကြားတယ်။ သူတို့တပ်ထဲမှာ ထွက်ပြေးတဲ့သူ များလာတော့ တပ်သားသစ် တွေ ထပ် ကောက်ခံတာပေါ့။ မောင်ချစ်သူဟာ တပ်ကလူ မဟုတ်တော့ပေမဲ့ သူက အကြံပေး ပုဂ္ဂိုလ် ဖြစ်တဲ့ အခါကျတော့ သူ့ မှာ သြဇာ အပြည့် ရှိသေးသလို တပ်အကြောင်းလည်း သိတဲ့ အနေအထားပေါ်မှာ သူပဲ ဒီတပ်သားသစ် ကောက်တဲ့ ကိစ္စကို ၀င်ကိုင်နေတာပဲ။”ဟု ပြောသည်။

ကေအဲန်ယူ ဖားအံခရိုင် တပ်မဟာ(၇)နယ်မြေတွင် ၂၀၁၁ခုနှစ်၊ ဧပြီလ ၆ရက်အထိ နယ်ခြားစောင့် တပ်ဖွဲ့ဝင် ၅၁ ဦး ထွက် ပြေး ရောက်ရှိ လာခဲ့သည်ဟု ကေအဲန်အယ်လ်အေ တပ်မဟာ (၇) ၏ မှတ်တမ်းများ အရ သိရသည်။

BGF တပ်သားသစ် ကောက်ခံသည့် ဒေသမှ ရွာသားတစ်ဦးက “တပ်ထဲဝင်ဖို့ သွားမယ့်သူလည်း မရှိတော့ဘူး။ ကရင်အ ချင်းချင်း တိုက်ရမှာ ဖြစ်တဲ့ အတွက်လည်း ဘယ်သူမှ မသွားချင်ကြဘူး။”ဟု ဆိုသည်။

ယင်းသို့ တပ်သားသစ်ကောက်ခံသည့် သတင်းထွက်ပေါ်နေသည်ကို မြ၀တီမြို့နယ် ရွှေကုက္ကို ကျေးရွာရှိ BGF တပ်မှူးတစ် ဦးထံ ကေအိုင်စီက ဆက်သွယ် မေးမြန်းရာ ထိုသတင်းမှာ မဟုတ်မှန်ကြောင်းနှင့် ၎င်းတို့ အနေဖြင့် တပ်သားသစ် ကောက်ခံ ခြင်း အစီအစဉ် တစုံတရာ မရှိကြောင်း ပြန်လည် ပြောဆိုခဲ့သည်။

စောချစ်သူ ဦးဆောင်သည့် ယခင် ဒီကေဘီအေ တပ်မဟာ-၉၉၉ သည် ပြီးခဲ့သည့် ၂၀၀၉ခုနှစ်၊ မေလကလည်း ဖားအံခရိုင် ပိုင်ကျုံမြို့နယ် အတွင်းရှိ ကျေးရွာများတွင် တပ်သားသစ် စုဆောင်းမှု တကြိမ် ပြုလုပ် ခဲ့သေးသည်။


Ref: KIC News

Read More...

UNFC မှ SSPP/SSA နုတ်ထွက်

မွေခေါင်
Thursday, 21 April 2011

၂၀၁၁ ခုနှစ် အစောပိုင်း၌ ဖွဲ့စည်းခဲ့သည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) ၏ အဖွဲ့ဝင် အဖြစ်မှ သျှမ်းပြည် တိုးတက် ရေးပါတီ / သျှမ်းပြည် တပ်မတော် (SSPP/SSA) နုတ်ထွက်လိုက် ကြောင်း SSPP / SSA သတင်း များအရ သိရှိရပါသည်။

“UNFC က အဖွဲ့အစည်း၊ လူမျိုး၊ ပြည်နယ် ဒီသုံးခုစလုံးပေါ်မှာ အခြေခံတယ်။ တိုင်းရင်းသား အဖွဲ့ ဖြစ်ရင် UNFC မှာ ၀င်ချင်ရင် ၀င်လို့ရတယ်။ သတ်မှတ်ထားတာ မရှိဘူး။ ပြည်နယ်ကို အခြေခံတဲ့မူကို ကျနော်တို့ လက်ခံတယ်။ ပြည်နယ် ကို အခြေခံရင် ကျနော်တို့ ၀င်မယ်။ အခုတော့ လေ့လာသူ အနေအဖြစ်ဘဲ ပါဝင်မယ်” ဟု SSPP/SSA မှ အရာရှိ တစ်ဦးက ပြောပါသည်။

ဧပြီ ၈ ရက်မှ ၁၀ ရက်အထိ ထိုင်းနယ်စပ် တစ်နေရာ၌ ကျင်းပခဲ့သော UNFC အစည်းအဝေးတွင် SSPP/SSA က အဖွဲ့ဝင် အဖြစ်မှ နုတ်ထွက်ကြောင်း တရားဝင် စာတင်လိုက်ခြင်း ဖြစ်သည်။

လောလောဆယ် UNFC အနေဖြင့် ဖေဖော်ဝါရီလ အတွင်းက သဘောတူ ရေးဆွဲထားသော အခြေခံမူများ ပြင်ဆင် ရေးဆွဲလျှက် ရှိသည်။

UNFC စတင်ဖွဲ့စည်းစဉ်က သျှမ်းပြည်တပ်မတော် တောင်ပိုင်းဟု လူသိများသည့် သျှမ်းပြည် ပြန်လည် ထူထောင် ရေး ကောင်စီ RCSS က ပါဝင်ခဲ့ခြင်း မရှိပေ။ ယခုအခါ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းဟု လူသိများသည့် SSPP/SSA က အမှန်တကယ် နုတ်ထွက်ပါက UNFC အတွင်း သျှမ်းတိုင်းရင်းသား အဖွဲ့ မရှိတော့သဖြင့် သျှမ်းပြည် အင်အားစု တစ်ခု အနေနှင့် RCSS ပါဝင်လာလျှင် ကောင်းမည်ဟု UNFC အဖွဲ့ဝင် ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ ဥက္ကဌ ဗိုလ်မှုးကြီး ခွန်ဥက္ကကာ က ပြောဆိုသည်။

“UNFC က တပြည်လုံး အတိုင်းအတာနဲ့ အပစ်ရပ်ရော မပစ် မရပ်ရော တိုင်းရင်းသား အင်အားစုတွေ စုဖွဲ့တာ ဖြစ်တဲ့ အတွက် သျှမ်းအမျိုးသား ဒါမှမဟုတ် သျှမ်းပြည် ကိုယ်စားပြုတဲ့ အနေနဲ့ တဖွဲ့ဖွဲ့ ပါရင်တော့ ကောင်းတာပေါ့။ မြောက်ပိုင်း SSPP က အကြောင်း အမျိုးမျိုးကြောင့် ခဏ ရှောင်ထားပြီး တောင်ပိုင်းက RCSS ကို အစားထိုး ဖြည့်တင်းဖို့ ညှိနှိုင်း တာမျိုး ရှိမယ်ဆိုရင် ပိုကောင်းတဲ့ လက်ခဏာပါဘဲ။ RCSS က အပစ်မရပ်တဲ့ အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက် လှုပ်ရှားနေ တာမို့လို့ အလုပ်လုပ်ရင် ပိုပြီး အရေးပါတဲ့ သဘော ရှိတာပေါ့”

UNFC ဖွဲ့စည်းစဉ်က အဖွဲ့ (၁၂) ဖွဲ့ ပါဝင်ရာ ချင်း အမျိုးသား တပ်ဦး CNF ၊ ကချင် လွတ်လပ်ရေး အဖွဲ့ KIO ၊ ကရင် အမျိုးသား အဖွဲ့ KNO၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP၊ ကရင် အမျိုးသား အစည်းအရုံး KNU၊ လားဟူး ဒီမိုကရက်တစ် အစည်းအရုံး LDU၊ ရခိုင် အမျိုးသား စည်းလုံး ညီညွတ်ရေးပါတီ NUPA၊ မွန်ပြည်သစ်ပါတီ NMSP ၊ ပလောင်ပြည် လွတ်မြောက်ရေး တပ်ဦး PSLF ၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ PNLO၊ သျှမ်းပြည် တိုးတက်ရေးပါတီ/ သျှမ်းပြည် တပ်မတော် SSPP/SSA နှင့် ၀ အမျိုးသားအဖွဲ့ WNO တို့က ယခုနှစ် ဖေဖော်ဝါရီလ အတွင်းဖွဲ့ဖြစ်သည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

ရှမ်းပြည်မြောက်ပိုင်းရှိ KIA တပ်ထံ မြန်မာစစ်တပ်များ တပ်အင်အားဖြင့် ချဉ်းကပ်လာ

Thursday, 21 April 2011

ရှမ်းပြည်မြောက်ပိုင်း အခြေစိုက် ကချင်ပြည်လွတ်မြောက်ရေး တပ်ဖွဲ့ (KIA) တပ်မဟာ (၄)နှင့် မြန်မာ အစိုးရ တပ်တို့ကြား စစ်ရေး ပြင်ဆင်မှုများ တိုးချ လာခြင်းကြောင့် တိုက်ပွဲဖြစ်မည့် အခြေအနေ ဦးတည်နေကြောင်း KIA အရာရှိများ ပြောသည်။

SSA-N (ရှမ်းပြည်တပ်မတော်မြောက်ပိုင်း) တွင် မြန်မာ စစ်တပ်နှင့် တိုက်ပွဲများဖြစ်ပွားနေချိန်မှ စ၍ အနီး တ၀ိုက်တွင် အခြေ စိုက်ထားသော ‘၀’ နှင့် ကချင် လက်နက်ကိုင် တပ်တို့ဆီ ပြန်လည် စစ်ရေး ပြင်ဆင်မှု လုပ်လာခြင်း ဖြစ်ကြောင်း KIA အရာရှိတစ်ဦးက ပြောသည်။

“အဲလိုဖြစ်နေတဲ့အချိန်မှာပဲ ခုတပ်မဟာ (၄)ဘက်မှာလည်း သူတို့ တအားချဉ်းကပ် လာတာပေါ့ မနေ့ညနေက စပြီးတော့။ တပ်မဟာ (၄) ရဲ့ အနီးတ၀ိုက်မှာ တော်တော်လေး မြန်မာစစ်ကြောင်း ၃ ခု ၀င်ရောက် လာတယ်လို့ ပြောတယ်။ အခု အဲဒါကြောင့် အခု အခြေအနေက စစ် ဒီနေ့ဖြစ်မလား ဒီညဖြစ်မလား အဲဒါ အရမ်းအလုပ်များနေ ကြတယ်။”

ရှမ်းလက်နက်ကိုင်တပ် ၀မ်စောဌာနချုပ်ကိုလည်း ၃ နေရာမှ ၀ိုင်းရံတပ်ချထား သကဲ့သို့ KIA တပ်မဟာ (၄) ဌာနချုပ် ကိုလည်း ၃ နေရာမှာ ၀ိုင်းရံ၍ ချဉ်းကပ် လာနေသောကြောင့် တိုက်ပွဲ ဖြစ်လာမည့် အခြေအနေထိ ခန့်မှန်းနေကြောင်း ပြောသည်။

“အထက်ကနေ အမိန့်ကတော့ သူကနေစပြီး မပစ်ရင်တော့ ကျွန်တော်တို့လည်း မပစ်ဘူး။ သူတို့ဖက်က ဒီမှာ ဆွေးနွေးဖို့ ကိစ္စ ပြောလာရင်တော့ KIO (ကချင် လွတ်မြောက်ရေး အဖွဲ့) ကလည်း အချိန်မရွေး ဆွေးနွေးမယ် ဆိုတဲ့ အစီစဉ်ရှိတယ်။ ဒါပေမဲ့ အခု ရှေ့တန်းမှာတော့ ဒီနေ့တွင်း တပ်မဟာ (၄) ဖက်ကို သူတို့ ကျူးကျော် ၀င်ရောက်လာရင်တော့ ပစ်ဖို့ အမိန့်ပေးထားပြီး ဖြစ်တယ်လို့ ပြောပါတယ်။”

မြန်မာစစ်တပ်တိုးချဲ့မှုအခြေအနေကို စောင့်ကြည့်ခြင်း အားဖြင့် ရက်ပိုင်းတွင်း တိုက်ပွဲ ဖြစ်လာနိုင်ခြေ ရှိသည်ဟု လည်း ခန့်မှန်း ပြောဆိုနေကြသည်။

ထို့ကြောင့် ရှမ်းပြည်မြောက်ပိုင်း KIA တပ်ဘက်မှ တာဝန်ရှိသူ အရာရှိများအား ဗဟိုဌာနချုပ်မှ တပ်ပြင်သို့ သွားလာခြင်း မပြုပဲ အနီးကပ် အချိန်ပြည့် သတိနှင့် စောင့်ကြည့်နေရန် အမိန့် ပေးထားကြောင်း တပ်ဖွဲ့ဝင်များမှ သိရသည်။

Ref: KNG

Read More...

လစ်ဗျားမှာ မောင်းသူမဲ့ တိုက်လေယာဉ် အသုံးပြုဖို့ အိုဘားမားခွင့်ပြု

ကြာသပတေး, 21 ဧပြီ 2011

လစ်ဗျားနိုင်ငံအတွက် တိုက်ခိုက်နေမှုတွေမှာ မောင်းသူမဲ့လေယာဉ်နဲ့ ပစ်ခတ်ခွင့်ကို အမေရိကန်သမ္မတ ဘရက် အိုဘားမားက အတည်ပြု ပေးခဲ့တယ်လို့ ပင်တဂွန် စစ်ဌာနချုပ်က ပြောပါတယ်။ နေတိုး ဦးဆောင်ပြီး လစ်ဗျား အတွက် တိုက်ခိုက် နေမှုတွေမှာ သုံးဖို့ အမေရိကန် နိုင်ငံရဲ့ အစွမ်းထက်တဲ့ စစ်သုံး မောင်းသူမဲ့ လေယာဉ်တွေကို ပေးအပ် နိုင်တယ်လို့ အမေရိကန် ကာကွယ်ရေး ၀န်ကြီး ရောဘတ်ဂိတ်စ် က ကြာသပတေးနေ့မှာ ပြောပါတယ်။

လစ်ဗျားခေါင်းဆာင် မိုမာကဒါဖီဟာ သူ့ကို ဆန့်ကျင်တဲ့ အတိုက်အခံတွေကို ချေမုန်းဖို့ အတွက် ကလက်စတာ ဗုံးလို့ခေါ်တဲ့ ဆင့်ကဲ ပေါက်ကွဲစေတဲ့ ဗုံးမျိုး သုံးနေပါတယ်လို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်ကလည်း ကြာသပတေးနေ့ အစောပိုင်းမှာ ပြောကြား လိုက်ပါတယ်။

တချိန်တည်းမှာပဲ လစ်ဗျားနိုင်ငံ အနောက်ပိုင်း တူနီးရှားနယ်စပ်က ထရစ်ပိုလီနဲ့ မိုင် ၁၄၀ အကွာမှာရှိတဲ့ ဝေးလှံတဲ့ နယ်စပ် ဂိတ်တွေကို အတိုက်အခံ လက်နက်ကိုင်တွေက ထိန်းချုပ် နိုင်ခဲ့တယ်လို့ မျက်မြင် သက်သေတွေက ပြောပါတယ်။ လစ်ဗျား တပ်မှူးကြီး တဦးနဲ့ ဗိုလ်မှူးကြီး တဦး အပါအ၀င် လစ်ဗျားစစ်သား ၁၃ ဦးဟာ တူနီးရှားနယ်စပ် ဖြတ်ကျော် လာတုန်းမှာပဲ အဖမ်း ခံခဲ့ရတယ်လို့ တူနီးရှား အစိုးရရဲ့ TAP သတင်းမှာ ဖော်ပြပါတယ်။

လစ်ဗျားခေါင်းဆောင် မိုမာကဒါဖီရဲ့ သစ္စာခံတပ်တွေထဲက စစ်သား ၁၀၀ လောက် တူနီးရှား ဘက်ကို ထွက်ပြေးပြီး လက်နက် ချခဲ့ကြတယ်လို့ မျက်မြင် သက်သေတွေက ပြောပါတယ်။ လစ်ဗျား ထရစ်ပိုလီကြားက ပင်မ နယ်စပ်ဂိတ်ကိုတော့ လစ်ဗျား အစိုးရ တပ်တွေက ထိန်းချုပ် ထားပါတယ်။

တချိန်တည်းမှာပဲ အတိုက်အခံတွေ ထိန်းချုပ်ထားတဲ့ မစ်ရာတာ မြို့မှာတော့ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။

Ref: VOA News

Read More...

ဆီးရီးယား အရေးပေါ်အမိန့် ရုပ်သိမ်းပြီ

ကြာသပတေး, 21 ဧပြီ 2011

ဆီးရီးယားနိုင်ငံမှာ နှစ်ပေါင်း ၅၀ လောက် ထုတ်ပြန်ထားတဲ့ အရေးပေါ်အခြေအနေကို ကြာသပတေး နေ့မှာ ရုပ်သိမ်းတဲ့ ဥပဒေ တရပ်ကို ဆီးရီးယား သမ္မတ ဘက်ရှာအယ်လ်အာဆဒ် က အတည်ပြု ပေးလိုက်ပြီ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ဆီးရီးယား အလယ်ပိုင်းဟာ ဟုမ်းစ် မြို့မှာ လုံခြုံရေး တပ်သားတွေကို တိုးပြီး ချထားပါတယ်။

အရေးပေါ်ဥပဒေ ရုပ်သိမ်းကြောင်း မစ္စတာ အာဆဒ် လက်မှတ်ရေးထိုးပြီး အင်္ဂါနေ့က အစိုးရ အဖွဲ့ကို ပေးအပ် ခဲ့တယ်လို့ ဆီးရီးယား အစိုးရ သတင်းမှာ ဖော်ပြပါတယ်။ အခုလို အရေးပေါ် ဥပဒေ ရုပ်သိမ်း လိုက်ပေမဲ့ နိုင်ငံ မတည်ငြိမ်အောင် လုပ်နေသူတွေကို ပြင်းပြင်း ထန်ထန် အရေး ယူမယ်လို့လည်း ခြိမ်းခြောက် ခဲ့ပါတယ်။

ဒီအရေးပေါ်ဥပဒေထဲမှာ ဆန္ဒပြမှုတွေကို ပိတ်ပင်ထားသလို လူထုဆက်သွယ်မှု တွေကို အစိုးရက လျှို့ဝှက် နားထောင်ခွင့်ရှိပြီး သတင်း မီဒီယာကိုလည်း ထိန်းချုပ် ထားပါတယ်။ ဒီကန့်သတ်ချက်တွေကို ဖယ်ရှားပေးဖို့ အတွက် ဆီးရီးယား နိုင်ငံတ၀ှမ်း ဆန္ဒပြသူတွေက အဓိကထား တောင်းဆို ခဲ့ကြတာပါ။

နိုင်ငံတ၀ှမ်း သောကြာနေ့မှာ အစိုးရကို ဆန္ဒပြဖို့စီစဉ်ထားကြပြီး ဟုမ်းစ်မြို့မှာ ကြာသပတေးနေ့ ကတည်းက စစ်သားတွေ အရပ်ဝတ် လုံခြုံရေး တပ်သားတွေ စပြီး နေရာ ယူထားကြတယ်လို့ မျက်မြင် သက်သေတွေက ပြောပါတယ်။

အင်္ဂါနေ့က ဟုမ်းစ်မြို့ ဆန္ဒပြပွဲတွေမှာ လုံခြုံရေးတပ်သားတွေက ပစ်ခတ်ခဲ့လို့ ထိုင်သပိတ်မှောက် ဆန္ဒပြသူ အများ အပြား သေဆုံးခဲ့ရသလို တနင်္ဂနွေနေ့ကတော့ ၁၂ ဦး သေဆုံး ခဲ့ရပါတယ်။

Ref: VOA News

Read More...

Thursday, April 21, 2011

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သစ်နှင့် အမေရိကန် မြန်မာ တပ်မတော်နှစ်ရပ် ဆက်ဆံရေး - အပိုင်း (၃)

ရော်နီညိမ်း
စနေ, 16 ဧပြီ 2011

တပ်မှူးတပ်သား ပြောစကား (၀၅၆)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အဖြစ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ဖြစ်လာခဲ့ပြီးတဲ့နောက်၊ အမေရိကန်-မြန်မာ တပ်မတော်ချင်း ဆက်ဆံရေး၊ အလားအလာတွေ ပြန်လည် ကောင်းမွန်လာဖို့၊ လက်ရှိ မြန်မာ့ တပ်မတော် စစ်ခေါင်းဆောင်တွေက လိုလား နေကြပါတယ်။ နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်တို့ရဲ့ ဆက်ဆံရေး သမိုင်းကြောင်းတွေကို၊ ကာကွယ်ရေး ဦးစီးချုပ်ဟောင်း အငြိမ်းစား ဗိုလ်ချုပ်ကြီး သူရ ဦးတင်ဦးနဲ့ အပြန်အလှန် ဆွေးနွေး မေးမြန်းပြီး၊ ဦးရော်နီညိမ်းက ဒီသီတင်းပတ်ရဲ့ “တပ်မှူးတပ်သား ပြောစကား” ကဏ္ဍမှာ စီစဉ် တင်ဆက် ထားပါတယ်။

ဗိုလ်ချုပ်ကြီးတင်ဦး ။ ။နောက်တခုက ထူးထူးခြားခြားတက်ရတဲ့ သင်တန်းတခု ရှိသေးတယ်။ အဲဒါကတော့ စီနီယာ Captain (လုပ်သက်ရင့် ဗိုလ်ကြီး) တို့၊ Major (ဗိုလ်မှူး) တို့၊ များသော အားဖြင့် ဒုတပ်ရင်းမှူး ဖြစ်မယ့် သူတွေ။ အဲဒါတွေက Ranger Course (အမေရိကန်တပ်မတော် (ကြည်း) အထူးတပ်ဖွဲ့ သင်တန်း) သဘောမျိုး Commando Course (အသေခံတိုက် ခိုက်ရေးတပ်ဖွဲ့ သင်တန်း) ခေါ်တာပေါ့။ Commando Training ပေါ့။ အဲဒီ သင်တန်းကိုလည်း တပ်မတော်မှာရှိတဲ့ အရာရှိ တော်တော်များများ သွာပြီး တက်ကြရ သေးတယ် ခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ (ဒုတိယ) ဗိုလ်ချုပ်မှူးကြီး မောင်အေးနဲ့ စစ်တက္ကသိုလ် ဗိုလ်သင်တန်း အပတ်စဉ်(၁) အတူ တူ တက်ခဲ့ကြတဲ့၊ ၁၉၈၈ စစ်အာဏာ သိမ်းတုန်းက (အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး အနေနဲ့) ပါဝင်ခဲ့တဲ့ ကွယ်လွန်သူ (ဗိုလ်ချုပ်) ဗိုလ်မှူးကြီး ဉာဏ်လင်းလည်း၊ ဒီမှာ လာပြီး Ranger Course တက်ခဲ့တယ်လို့၊ မှတ်တမ်းတွေမှာ တွေ့ရပါတယ်။ Ranger Course က တော်တော်လေးကို ခက်ခဲ ပင်ပန်းပါတယ်။

ဗိုလ်ချုပ်ကြီးတင်ဦး။ ။ ဟုတ်တယ်၊ တော်တော်ပင်ပန်းတယ်။ ကျနော်နဲ့ အမှုတွဲ (ဗိုလ်ကြီး အုန်းကျော်မြင့်၏ နိုင်ငံတော်လုပ်ကြံမှု အမှုတွဲ) တတွဲ ထဲဖြစ်တဲ့ ဗိုလ်မှူးကြီးလှဖေ (ကွယ်လွန်သူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးလှဖေ)၊ ခုတော့ ဆုံးသွားပြီ။ သူလည်း အဲဒီ့မှာ Ranger Course သွားတက်ပြီး၊ ပြန်လာတော့ ဒုတပ်ရင်းမှူး ဖြစ်တယ်၊ နောက်တော့ တပ်ရင်းမှူး ဖြစ်သွားတာပဲ။

ဦးရော်နီညိမ်း။ ။ မြောက်ပိုင်းတိုင်း တိုင်းမှူးလုပ်သွားတဲ့ ဗိုလ်မှူးကြီးလှဖေလား ခင်ဗျ။

ဗိုလ်ချုပ်ကြီးတင်ဦး။ ။ ဟုတ်တယ်၊ ဟုတ်တယ်။ ဗိုလ်တင်အောင်တို့ ဗိုလ်ထင်အောင်တို့။ တော်တော် များပါတယ်။ Ranger Course သွား တက်ပြီး၊ ပြန်လာကြတော့ တပ်တွေမှာ ဒုရင်းမှူးတို့ ရင်းမှူးတို့ ဖြစ်လာကြပါတယ်။ နောက် Armoured Car သံချပ်ကာ ကားတပ်က တယောက် နှစ်ယောက် ပါကြသေးတယ်။ မိုးဟိန်းတို့ ပေါ့။ တော်တော်များ တယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ အန်ကယ်။ အဲဒီ အချိန်တုန်းက တပ်မတော်လေ့ကျင့်ရေး ညွှန်ကြားရေး မှူးဟာ၊ ၂၀၀၉ ခု နှစ်က ကွယ်လွန်သွားခဲ့ တဲ့ ဗိုလ်မှူးချုပ် (ဟောင်း) မောင်မောင်။ အဲဒီတုန်းက ……

ဗိုလ်ချုပ်ကြီးတင်ဦး ။ ။ ဟုတ်တယ်၊ ဟုတ်တယ်။ ဗိုလ်ချုပ်မောင်မောင်ရယ်၊ ဗိုလ်ချုပ် အောင်ကြီး တို့ရယ်၊ ဗိုလ်ခင်ညို တို့လည်း ပါတယ် ခင်ဗျ။ ဗိုလ်ခင်ညိုကလည်း တော်တော် တက်ကြွတယ်။

(ဗိုလ်ခင်ညို = ၁၉၆၂ အာဏာသိမ်း တော်လှန်ရေးကောင်စီဝင်ဟောင်း၊ ၁၉၉၀ ရွေးကောက်ပွဲဝင် ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်ကြီး၏ ပြည်ထောင်စု အမျိုးသား ဒီမိုကရေစီ ပါတီUNDP ဗဟို အလုပ်အမှုဆောင် ကော်မီတီဝင်၊ ကွယ်လွန်သူ အငြိမ်းစား ဗိုလ်မှူးကြီး ခင်ညို)

ဦးရော်နီညိမ်း ။ ။ ဒါပေမယ့်၊ DMT(Director of Directorate of Military Training - တပ်မတော် လေ့ကျင့်ရေး ညွှန်ကြားရေးမှူး) က၊ ဗိုလ်ချုပ်မောင်မောင် ဖြစ်နေတဲ့ အခါကျတော့၊ ဗိုလ်ချုပ် မောင်မောင်ကပဲ အမေရိကန် ပြည်ထောင်စုမှာ (တပ်မတော်အရာရှိတွေ) သွားရောက်ပြီး တော့ သင်တန်းတွေ တက်ဖို့ရာကို၊ သူ အများဆုံး စီစဉ်တယ်လို့၊ ကျနော်တို့ မှတ်သားထား ဘူးပါတယ်။ (ဒု) ဗိုလ်မှူးကြီး သောင်းထိုက်တို့ (စာရေးဆရာ သောင်းထိုက်) ပေါ့။ သွားတက်ကြတာ။ အန်ကယ် ခုနပြောတဲ့ အမေရိကန် ပြည်ထောင်စုက တပ်မြို့တွေ၊ Fort Bening တို့၊ Fort Worth တို့၊ Fort Lauradale တို့မှာ သွားတက်ကြတာ၊ စပြီးတော့ တက်ကြတာဟာ တပ်မှူးငယ် သင်တန်းတွေ မဟုတ်ပဲ၊ တပ်မှူးကြီး အဆင့် သင်တန်းတွေမှာပဲ အများဆုံး လာတက်ရတယ် ဆိုတော့၊ ကျနော်တို့ ဒီမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ နံမည်တူ (ဒုတိယ) ဗိုလ်မှူးကြီး သန်းရွှေ တယောက်၊ ဒီမှာ လာပြီး သင်တန်း တက်သွားခဲ့တာကို တွေ့ကြရပါတယ်။

ဗိုလ်ချုပ်ကြီးတင်ဦး။ ။ ဟုတ်တယ်။ သူက နောက်တော့၊ ဗိုလ်သင်တန်းကျောင်း(OTS- Officers Training School) မှာ၊ ဒုကျောင်းအုပ် ကြီးတောင် လာဖြစ်သေးတယ်။

ဦးရော်နီညိမ်း။ ။ ဒါတွေက အမေရိကန်တပ်မတော်နဲ့ စပြီး ဆက်နွယ်ကူးလူးမှု ရှိတာ။ နှစ်ကာလ အပိုင်း အခြားနဲ့ ပြန်ကြည့်တဲ့ အခါမှာ၊ ၁၉၆၂ ခုနှစ်နောက်ပိုင်း၊ တပ်မတော်က မြန်မာနိုင်ငံမှာ အာဏာ သိမ်းပြီးတဲ့အချိန်မှာ၊ သမ္မတ ဂျွန်ဆင် လက်ထက်မှာ၊ ဗိုလ်ချုပ်ကြီးနေ၀င်း အမေရိကန် ပြည်ထောင်စုကို လာလည် ပါတယ်၊ ၁၉၆၆ ခုနှစ်မှာ။ အဲဒီမှာ သူနဲ့ သမ္မတဂျွန်ဆင်ရဲ့ဆက်ဆံရေးဟာ မပြေလည်တဲ့ အတွက်ကြောင့်၊ အဲဒီနောက် ပိုင်းမှာ မြန်မာ့ တပ်မတော်နဲ့ အမေရိကန် တပ်မတော်တို့ရဲ့ ဆက်ဆံရေးဟာ၊ ဗိုလ်ချုပ် မောင်မောင်ရှိစဉ် အချိန်ကလောက်တော့ မကောင်းတော့ ဘူး။ ဒါပေမယ့် ကျနော်တို့ ဘာသွားတွေ့လဲ ဆိုတော့၊ အန်ကယ် တိုင်းမှူး၊ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)၊ ကာကွယ်ရေး ဦးစီးချုပ် ဖြစ်နေ တဲ့ အချိန်မှာ၊ စစ်အေးတိုက်ပွဲ (Cold War) ကာလ ဖြစ်တဲ့ အတွက်ကြောင့်၊ အရှေ့အုပ်စု အနောက်အုပ်စု ဖြစ်နေတဲ့ အချိန်မှာ၊ မြန်မာ့ တပ်မတော် ဟာ ဘာပဲပြောပြော ကွန်မြူနစ်တွေကို တိုက်နေတဲ့ အတွက်ကြောင့်၊ အမေရိကန် တပ်မတော်က မြန်မာ့ တပ်မတော်နဲ့ ဆက်ဆံရေး လမ်းကြောင်း တခုတော့ ထားထားတယ်။ မူးယစ်ဆေးဝါး နှိမ်နင်းရေးနဲ့။ အန်ကယ် ဒုတိယကာ ကွယ်ရေးဦးစီးချုပ်(ကြည်း) ဖြစ်လာခဲ့တဲ့ အချိန်လောက်က စပြီး၊ အမေရိကန် တပ်မတော်နဲ့ မြန်မာ့ တပ်မတော်နဲ့ ဆက်ဆံရေးကို နည်းနည်း ရှင်းပြပေးပါ။

ဗိုလ်ချုပ်ကြီးတင်ဦး။ ။ အမေရိကန်မှာ training (စစ်သင်တန်း) ယူတဲ့ ကိစ္စ တော်တော်လေး ပြတ်သွား တာက၊ ဒီလိုဗျ။ တကြိမ်မှာ၊ ဗိုလ်ချုပ် မောင်မောင်တို့ အမေရိကားကို သွားလည်တဲ့ အချိန်မှာ၊ ဘယ်သူ့ကို ခေါင်းဆောင် တပ်ပြီး သွားကြသလဲ ဆိုတော့၊ ဗိုလ်ချုပ်ကြီး နေ၀င်းကို ဘိတ် တဲ့ အနေနဲ့ သွားကြတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ခင်ဗျ။ အဲဒါ ၁၉၆၂ ခုနှစ် မတိုင်ခင်ကလား ခင်ဗျ။

ဗိုလ်ချုပ်ကြီးတင်ဦး။ ။ မတိုင်ခင်က မတိုင်ခင်က။ အဲဒီလို သွားကြတဲ့ အခါကျတော့၊ ဟိုက (အမေရိကန် တပ်မတော်က) ဗိုလ်ချုပ်ကြီး နေ၀င်းကို သိပ်မသိကြဘူး။ သူတို့ များသော အားဖြင့် ရင်းရင်းနှီးနှီး ဆက်ဆံဘူးတာက ဗိုလ်ချုပ် မောင်မောင်ကို ဆက်ဆံဘူးတယ်။ ဘယ်လိုဖြစ်လဲ ဆိုတော့၊ တချိန်မှာ Pentagon (အမေရိကန်စစ်ဌာနချုပ်) မှာ၊ သူတို့က ဧည့်ခံပွဲ တခုလုပ်တယ်။ ဗိုလ်ချုပ်မောင်မောင်က ဗိုလ်ချုပ်ကြီး နေ၀င်းကို ကြိုပြော မထားပဲနဲ့၊ ဟို(အမေရိကား) ရောက်တဲ့ အခါကျတော့၊ In Order of Our Chief of Staff ဗိုလ်ချုပ်ကြီး နေ၀င်းကို ဂုဏ်ပြုတဲ့ အနေနဲ့၊ ဧည့်ခံပွဲလေး တခု လုပ်လိုက်တယ်ပေါ့။ အဲဒီ အထိကတော့၊ အဘိုးကြီး(ဗိုလ်ချုပ်ကြီးနေ၀င်း) က စိတ်မဆိုးသေးဘူး။ ဧည့်ခံ ထမင်းစားပွဲ အပြီးမှာ၊ ဆုပေးပွဲလေး တခု ဆိုပြီး ပွဲကို ဆက်လိုက်တယ်။ ဂုဏ်ပြု ပွဲလေးပေါ့။ အဲဒီ ဂုဏ်ပြုပွဲမှာ ဗိုလ်ချုပ်ကြီး နေ၀င်းကို The Order of Merit (အမေရိကန်စစ်ဘက် ဆိုင်ရာ ဂုဏ်ပြုဆုတံဆိပ်) ဆိုတာကို ပေးတယ်။ “ဒီဂုဏ်ပြုပွဲဟာ မြန်မာနိုင်ငံက ကာကွယ်ရေး ဦးစီးချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး နေ၀င်းကို ရည်စူးပြီး ပေးတာပါ။ Military Order of Merit ကို ပေးပါတယ်။ ဒါကို လက်ခံပါ” ဆိုပြီး ဖြစ်ရော။ အဲဒီမှာ၊ ဗိုလ်ချုပ်ကြီး နေ၀င်း တော်တော်လေး ခံစား သွားရတယ်။ သူ့ကို ဘာမှလဲ ကြို ပြောမထားပဲ၊ ဒီလိုခေါ်ပြီး လုပ်လိုက်တယ်လို့၊ ဗိုလ်ချုပ်ကြီး နေ၀င်းက တွက်လိုက်တယ်။ ဒါပေမယ့် ပွဲမပျက် အောင်တော့၊ သူက လက်ခံလိုက်တယ်။ သို့သော် ပြန်လာပြီးတဲ့ အခါမှာ၊ ကျနော်တို့ တတွေကို ပြောတဲ့ သဘောက၊ “ဗိုလ်ချုပ်မောင်မောင်က ငါ့ကို လူလည် လုပ်တယ်” ဆိုတဲ့ အသံက ထွက်လာတယ်။ ပြဿနာတွေ ပေါ်တာပေါ့။ တော်တော်လေး ဒေါသ ပေါက်ကွဲတယ်။ အဲဒီအချိန်အခါ မှာ တပ်မတော်ထဲမှာ ထောက်လှမ်းရေးနဲ့ ပတ်သက်ပြီးတော့၊ သူ့ထောက်လှမ်းရေး ငါ့ထောက်လှမ်းရေး ဆိုပြီး၊ သုံးခု ဖြစ်လာတယ်။ ဗိုလ်ချုပ် ကြီးနေ၀င်းနဲ့ ပတ်သက်တဲ့ ထောက်လှမ်းရေးက၊ နှုတ်ခမ်းမွှေးကြီး ဗိုလ်လွင် (တပ်ထဲတွင် အဘလွင် ဟုလည်း ခေါ်ကြသော ကွယ်လွန်သူ ဗိုလ်မှူးကြီးမောင်လွင်) ပေါ့။ ဗိုလ်ချုပ်မောင်မောင်ရဲ့ ထောက်လှမ်းရေးက ဗိုလ်မြင့်ဆွေ (ထူးထရေဒင်း ကုမ္ပဏီပိုင်ရှင် ဦးတေဇ၏ ဖခင်၊ ဗိုလ်ချုပ်ကြီးတင်ဦး နှင့် ဂျပန်ခေတ် မင်္ဂလာဒုံ ဗိုလ်သင်တန်း အပတ်စဉ် (၃) အတူတက်ခဲ့သူ၊ တပ်ထဲတွင် ရှမ်းမြင့်ဆွေဟု လူသိများသူ၊ အငြိမ်းစား ဒုဗိုလ်မှူးကြီး မြင့်ဆွေ) ။ နောက်တခါ ဗိုလ်ချုပ်အောင်ကြီးရဲ့ ထောက်လှမ်းရေးက မွှေးကြီး (ဒုဗိုလ်မှူးကြီး) လှမြင့်။ အဲဒီ ထောက်လှမ်းရေး သုံးဖွဲ့က ပြိုင်ကြရော။ ဗိုလ်ချုပ် မောင်မောင်က Training and Planning (တပ်မတော် လေ့ကျင့်ရေး နှင့်စီမံရေး ညွှန်ကြားရေးမှူး) ဆိုတော့၊ ထောက်လှမ်းရေး သင်တန်းတွေ ခေါ်တယ်။ အဲဒီအချိန်မှာ ကျနော်က ရခိုင်မှာ တပ်ပေါင်းစုမှူး ဖစ်နေပြီ။ ကျနော့်အောက်က IO (Intelligence Officer စစ်မြေပြင် ထောက်လှမ်း ရေးအရာရှိ) ဗိုလ်ဝမ်းထွန်း (မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်၊ အာမခံ ကော်ပိုးရေးရှင်း ဦးဆောင်ညွှန်ကြားရေးမှူး) ကို၊ ထောက်လှမ်းရေး သင်တန်းတက်ဖို့၊ ဗိုလ်ချုပ် မောင်မောင်တို့ ဆီက by name (နံမည် အတိအကျ)နဲ့ ခေါ်တယ်။ အဲဒါနဲ့ သူ သင်တန်း သွားတက်ပြီး နှစ်လလောက် နေတော့၊ ပြန်ရောက်လာတယ်။ ကျနော်က ဘာတွေ သင်ခဲ့ရလဲလို့ မေးတော့ “Very Sorry ပါပဲ ဗိုလ်မှူးရယ်၊ ကျနော်တို့ကို သင်လိုက်တဲ့ သင် တန်းနဲ့ ပတ်သက်လို့ တခြားကို ဘာမှ မပြောရဘူးလို့ မှာလိုက်ပါတယ်။ အဲဒီလောက်ပဲ ကျနော် ပြောပါရစေ” တဲ့။ ဒါနဲ့ ပြီးသွားရော။ ကျနော်က လည်း မမေးဘူး။ နောက်တော့ ဘာဖြစ်သလဲဆိုတော့၊ အဲဒီကိစ္စတွေ ပေါ်လာတဲ့အခါကျတော့၊ ဗိုလ်ချုပ်ကြီး နေ၀င်းက၊ ဒါတွေအားလုံး ဒီကောင် (ဗိုလ်ချုပ်မောင်မောင်) လုပ်တာ ဆိုပြီး၊ ဗိုလ်ချုပ် မောင်မောင်ရဲ့ int. (ထောက်လှမ်းရေး) တွေ အကုန်လုံးကို ဖြုတ်တာပဲ။ ကိုမြင့်ဆွေတို့တွေ အကုန်လုံး တတွဲကြီး ပါသွားတယ်။ နောက် ရောယောင်ပြီး ရိပ်ဖမ်း သံဖမ်းနဲ့ ပါသွားတာက၊ ဗိုလ်ချုပ် အောင်ကြီးဘက်က မွှေးကြီးတို့ ပါသွားတယ်။ အဲဒီမှာ (ဗိုလ်ချုပ်မောင်မောင်နှင့် ဗိုလ်ချုပ်အောင်ကြီး တို့၏ ထောက်လှမ်းရေး နှစ်ဖွဲ့ ကို) စပြီးတော့ ဖြိုလိုက်တာပဲ ခင်ဗျ။

(ဒုဗိုလ်မှူးကြီးလှမြင့် = nick name (နံမည်ပြောင်) မွှေးကြီးလှမြင့် အပြင်၊ အမေရိကန် ပြည်ထောင်စု တွင် စစ်သင်တန်း လာတက်စဉ်၊ ရေခန်း သွားသော ဘဲလ်အဲယားကား ရေတိုင်ကီထဲတွင် Cocacola အချိုရည်များ ထည့်ပြီး ကားမောင်းခဲ့ သဖြင့်၊ ဘဲလ်အဲယား လှမြင့်ဟုလည်း တပ်ထဲ တွင် လူသိ များခဲ့သူ။ ဗိုလ်ချုပ်အောင်ကြီး၏ ထောက်လှမ်းရေး အုပ်စုဝင် ဖြစ်သော်လည်း၊ တပ်ထဲမှာ အပြီးအပိုင် ထုတ်ပစ်ခြင်း မခံရပဲ၊ ၁၉၆၂ မတ်လ(၁)ရက် စစ်အာဏာ မသိမ်းမီ ညတွင်၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေ၀င်း အမိန့်အရ၊ မှော်ဘီ သံချပ်ကာကား တပ်ရင်းဖြင့် ရန်ကုန် မြို့ အချက်အချာ နေရာများသို့ လာရောက် နေရာယူခဲ့သော သံချပ်ကာ ကား တပ်ရင်းမှူး)

ဦးရော်နီညိမ်း။ ။ အဲဒါဆို မြန်မာ့ တပ်မတော်ထဲမှာ အဲဒီအချိန်တုန်းက အမေရိကန် (တပ်မတော်) ကနေ၊ ခေါ်ယူ သင်တန်းပေးတဲ့ ထောက်လှမ်း ရေးအဖွဲ့ဟာ သုံးဖွဲ့ ကွဲနေပြီးတော့၊ အမေရိကန်တွေ ကလည်း သုံးဖွဲ့ အကွဲလိုက်ကို ခေါ်ပြီး သင်တန်းပေးတဲ့ သဘောလား ခင်ဗျ။

ဗိုလ်ချုပ်ကြီးတင်ဦး။ ။ အမှန်က ဗိုလ်ချုပ်အောင်ကြီးရဲ့ အဖွဲ့က သိပ်ပြီးတော့ မထင်ရှားဘူး။ လုပ်ရိုး လုပ်စဉ်မျိုးနဲ့ ခေါ်ပြီးတော့ (သင်တန်းပေး တဲ့) သဘောလောက်ပဲ။ ဒါပေမယ့် သိပ်ပြီးတော့ ပြင်းပြင်း ထန်ထန် ထင်ရှား သွားတာကတော့ ဗိုလ်ချုပ် မောင်မောင်ရဲ့ အဖွဲ့။ ဒါ့အပြင် (မြန်မာ့) တပ်မတော်မှာ လက်နက်တွေ တပ်ဆင်တာ (တိုက်ခိုက်ရေး တပ်များဖွဲ့စည်းပုံ) organization တွေက အစ၊ အခု လက်ရှိ ရှိနေတဲ့ ဖွဲ့စည်းပုံပေါ့။ ကျနော်တို့ ရှိစဉ် ကတည်းက၊ အားလုံးက Americanized Ord-bat (Order of Combat) (အမေရိကန် တပ်မတော်မှ တိုက်ခိုက်ရေး တပ်များ ဖွဲ့စည်းပုံကို အတု ယူထားသော ဖွဲ့စည်းပုံ)နဲ့ တပ်ရင်းတွေ (တိုက်ခိုက်ရေး တပ်ရင်း) ကော၊ Artillery Unit (အမြောက်တပ်ဖွဲ့) တွေကော၊ အကုန် လုံးကို (အမေရိကန် တပ်မတော် အတိုင်း) ဖွဲ့ထားတာ။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အန်ကယ်က၊ ပထမဆုံး တပ်မ(၇၇) စပြီး ဖွဲ့တာကို မှီလိုက်တာပဲ။ အဲဒါက ဒီက (အမေရိကန် တပ်မတော်က) 82nd Airborne Division, 101st Airborne Division အမှတ် (၈၂) လေကြောင်းချီ တပ်မ၊ အမှတ် (၁၀၁) လေကြောင်းချီတပ်မ တွေရဲ့ (ဖွဲ့စည်းပုံ) အတိုင်း လိုက်လုပ်ခဲ့တာပဲ။

(တပ်မ (၇၇) = ၁၉၆၆ တွင်၊ မြန်မာ့တပ်မတော်တွင် ဗိုလ်မှူးကြီး (ဗိုလ်မှူးချုပ်) တင့်ဆွေကို တပ်မမှူး အဖြစ်နှင့် ပထမ ဆုံး စတင်ဖွဲ့စည်းသော အမှတ် (၇၇) ခြေမြန်တပ်မ Light Infantry Division (77) – LID 77)

(Airborne Division လေကြောင်းချီတပ်မ = လေကြောင်းချီ တပ်များကို ပေါ့ပေါ့ပါးပါး ဖြစ်နေစေရန်၊ လက်နက်မှ လွဲ၍ ဘာမှ အပိုမပါစေပဲ စစ် မြေပြင်ရှိရာသို့ လေကြောင်းနှင့် အရောက် ပို့ပေးပြီး၊ နာရီ အကန့်အသတ် ရက် အကန့်အသတ်နှင့်သာ ရန်သူကို တိုက်ခိုက် ချေမှုန်းစေကာ၊ သတ် မှတ်ချိန်တွင် လေကြောင်းချီ တပ်များကို လေကြောင်းနှင့် ပြန်လည် ခေါ်ဆောင်၍ မိခင်တပ်များသို့ ပို့ဆောင် အနားပေးသည်။ မြန်မာ့ တပ်မတော် တွင် စစ်တိုင်းများ လက်အောက်ခံ နယ်မြေခံ အခြေစိုက် ခြေလျင်တပ်ရင်း မဟုတ်သော ခြေမြန် တပ်မ လက်အောက်ခံ ခြေမြန် တပ်ရင်းများကို ယခင်က (၆)လ အတွင်း၊ ရှေ့တန်းသို့ (၄)လ ပို့ လွှတ်ပြီး၊ နောက်တန်းတွင် (၁)လ နား၊ မွမ်းမံ စစ်သင်တန်းများ (၁) လ ပြန်တက်၊ စနစ်ဖြင့်၊ အမေရိကန် Airborne Division မှ တပ်ရင်းများ ရှေ့တန်း ထွက်ခြင်းနှင့် အနီးစပ်ဆုံး တူညီအောင် လုပ်ဆောင်ခဲ့သည်။)

ဗိုလ်ချုပ်ကြီးတင်ဦး။ ။ (ခြေမြန်တပ်မလက်အောက်ခံ) တိုက်ခိုက်ရေး တပ်ရင်းတွေကို အင်အား (၇၇၇) ယောက် ရှိရမယ် ဆိုပြီး၊ ကျနော်တို့ဆီ က Division (ခြေမြန်တပ်မ) တွေကို ဖွဲ့လာခဲ့ပြီးတော့၊ အဲဒါတွေ ဖြစ်လာခဲ့တာပဲ။

(တိုက်ခိုက်ရေးတပ်ရင်း ဖွဲ့စည်းပုံ = ၁၉၆၆ ကာကွယ်ရေးဝန်ကြီးဌာန တိုက်ခိုက်ရေး တပ်ရင်းများ ဖွဲ့စည်းပုံ စာအမှတ် “ကဖ (၇၀)/ ဂ (၆၆)” အရ) တပ်ရင်း တရင်းတွင် အင်အား (၇၇၇) ယောက် ရှိရမည်ဟု ပါရှိသည်။)

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့။ ၁၉၆၂ ခုနှစ် နောက်ပိုင်းမှာကော (အမေရိကန် မြန်မာ တပ်မတော်ချင်း ဆက်ဆံရေး) ဘယ်လို အနေအထား ရှိလဲ ခင်ဗျ။ အန်ကယ် ဒုချုပ် (ကြည်း) ဖြစ်လာပြီးတဲ့ နောက်ပိုင်း။

ဗိုလ်ချုပ်ကြီးတင်ဦး။ ။ ကျနော့်လက်ထက်မှာတော့၊ အမေရိကားကို သင်တန်း တက်ဖို့ မပို့နိုင်တော့ဘူး။ ဒါပေမယ့် တချိန်မှာ၊ အမေရိကန်သံအ မတ် မစ္စတာ ဘိုင်ရိတ် ထင်တယ်၊ သူတို့က (စစ်သင်တန်း) ကျောင်းကို ထပ်ပြီးလွှတ်ဖို့ ကိစ္စပေါ်ပြီး ပြောလာတော့၊ ကျနော့်ကို တာဝန်ကနေ (ကာ ကွယ်ရေး ဦးစီးချုပ်အဖြစ်မှ) ရပ်စဲမခံရခင်၊ တကြိမ် နှစ်ကြိမ်မှာ ကျနော့်နည်း ကျနော့်ဟန်နဲ့ (သင်တန်းတက်မည့် အရာရှိများ) နှစ်ယောက် သုံး ယောက် ပို့လိုက်သေးတယ် ခင်ဗျ။ အဲဒါကို အဘိုးကြီး (မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဥက္ကဌ အငြိမ်းစား ဗိုလ်ချုပ်ကြီး ဦးနေ၀င်း) က၊ ဘ၀င်မကျ ဘူးလား၊ မပြောတတ်ဘူး။ ကျနော်က ဘာ့ကြောင့် ပို့ရသလဲ ဆိုတော့၊ သင်တန်းတွေက အသစ်တွေ သွားမတက်ရင်၊ ကျနော်တို့ ဟာ သူတို့ (အမေရိကန် တပ်မတော်) ပေးထားတဲ့ လက်နက်တွေ၊ သူတို့ ပေးထားတဲ့ နည်းစနစ်တွေ၊ အကုန် out ကုန်၊ အချိန်လွန် ခေတ်ဟောင်းတွေ ဖြစ်ကျန် ခဲ့မှာစိုးလို့၊ ပြန်ပြီးတော့ refresh (ပြန်လည်အားသစ်လောင်း) လုပ်တဲ့ အနေနဲ့၊ အရာရှိ တသုတ်ကို ကျနော်က ပို့မိတယ်။ ပို့တာလည်းပဲ သူ့သဘော တူညီချက် သွားယူပြီးမှ ဒီ concept (သဘောထားခံယူမှု) နဲ့ ပို့တာပဲ။ ဒါပေမယ်လို့၊ သူ ဘ၀င်ကျပုံတော့ မပေါ်ဘူး။
ဦးရော်နီညိမ်း။ ။ အန်ကယ်၊ အဲဒီတုန်းက သူက အမေရိကန်နဲ့ ခပ်ခွာခွာ နေပြချင်တဲ့ သဘောလား။ တကယ်တမ်းတော့ အဲဒီလို မဟုတ်ပဲနဲ့။

ဗိုလ်ချုပ်ကြီးတင်ဦး။ ။ အမှန်ကတော့ နောက်ပိုင်းကျတော့၊ ခပ်ခွာခွာ နေတာတော့ မဟုတ်ဘူး။ နဲနဲလေးတော့ ပေါင်းဖို့ သင်းဖို့ လိုတာ သူသိ တယ်။ ဘာဖြစ်လို့လဲ ဆိုတော့၊ ကျနော်တို့တွေ အမေရိကန် သံရုံးမှာ သွားပြီး (တင်းနစ်) ကစားတာတို့ ဘာတို့ကို သူက ခွင့်ပြုတာတွေ ရှိလာပြီ ခင်ဗျ။ အဲဒီလိုတော့ ဖြစ်လာတယ်။ အရင်ကတော့ မသွားရဘူး၊ မတွေ့ ရဘူး၊ နှုတ်မဆက်ရဘူး၊ ဆိုတဲ့ ဟာမျိုးတွေက များတယ်။ (အမေရိကန် တွေနဲ့) စစ်သားချင်း ကတော့ ခင်ကြတာပေါ့ဗျာ။ ကျနော်တို့တွေ အမေရိကန် စစ်သံမှူးတွေနဲ့ ခင်တာပဲ။

ဦးရော်နီညိမ်း။ ။ ဒါဆို အန်ကယ့်လက်ထက်မှာ၊ အမေရိကန် တပ်မတော်နဲ့ မြန်မာ့ တပ်မတော်နဲ့ ဆက်ဆံ ကူးလူးမှု သိပ်ပြီး များများစားစား မရှိဘူးပေါ့။

ဗိုလ်ချုပ်ကြီးတင်ဦး။ ။ များများစားစား မရှိဘူး။ ပျောက်တိပျောက်ကျားပဲ။ အရေးကြီးတဲ့ course (သင်တန်း) လေး တွေကိုပဲ၊ လွှတ်နိုင်တယ်။ ဒါပေမယ်လို့ အရင်လို (ဗိုလ်မှူးချုပ်မောင်မောင်၊ မြန်မာ့ တပ်မတော် စစ်ခေါင်းဆောင် တဦး ဖြစ်နေစဉ်၊ အမေရိကန် ပြည်ထောင်စုတွင် အားလုံးစား ရိတ်ငြိမ်း သွားရောက် သင်တန်း တက်ကြရသော အချိန်အခါလို) မဟုတ်တော့ဘူး။ သင်တန်း သွားတက်ရင်၊ ပိုက်ဆံ တော်တော် ပေးရတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ ၁၉၈၀ နှစ်တွေ မှာတော့၊ ဗိုလ်ချုပ်ကြီး သူရကျော်ထင် ကာကွယ်ရေး ဦးစီးချုပ်ဖြစ်တဲ့ အချိန်မှာ၊ အများကြီးပဲ သွား တက်ကြတယ်။ ကြည်း ကော၊ ရေ ကော၊ လေ ကော။ အဲဒီအခါကျတော့ အမေရိကန် တပ်မတော်က ကုန်ကျစားရိတ် အားလုံး သူတို့က ကျခံပါ မယ် ဆိုတာကို၊ အဲဒီတုန်းက မြန်မာ့ တပ်မတော်က လက်မခံဘူး။ အဲ့ဒီအခါကျတော့၊ သင်တန်း စားရိတ်ကိုတော့ အမေရိကန် တပ်မတော်ဘက်က ကျခံမယ်။ နေစားရိတ် စားရိတ်တွေကိုတော့ မြန်မာ့ တပ်မတော်ဘက်က ကျခံမယ်ဆိုတဲ့ အနေအထားနဲ့ သွားခဲ့ကြတာ၊ သင်တန်းတွေသွားတက် ကြတာ အများကြီးပဲ ရှိခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီးတင်ဦး။ ။ အင်္ဂလန်နဲ့က ကျနော်တို့ဆီက သင်တန်း သွားတက်တာ တွေလည်း၊ နည်းနည်း ပြတ်သွားတယ်။ အင်္ဂလန်မှာ တော် တော်စောစောတုန်းက Sandhurst (ဗြိတိသျှတော်ဝင် စစ်တက္ကသိုလ်) တက်ခဲ့တာမျိုးတွေက၊ နည်းနည်း ပြတ်သွားတယ်။ နောက်ပိုင်းကျတော့ အင်္ဂလန်မှာ ကျနော်တို့ ဆီက Staff College (စစ်ဦးစီးတက္ကသိုလ်) တွေ တက်ခွင့်ရတယ်။ Navy ကဆို Naval Gunnery Long Course (ရေတပ် အမြောက် သင်တန်းရှည်) ကိ၊ Naval Staff College (ရေတပ်စစ်ဦးစီး တက္ကသိုလ်) မှာ သွားတက်လို့ ရတယ်။ Air Force အတွက် က၊ Air Staff College (လေတပ်စစ်ဦးစီး တက္ကသိုလ်) မှာ သွားတက်လို့ ရတယ်။ အဲဒါတွေကို ကျနော်တို့ဆီက သုံးလေးယောက် သွားတက် ကြတာကို ကျနော် မှတ်မိတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့။ အန်ကယ် တိုင်းမှူး၊ ဒုချုပ်(ကြည်း)၊ ကာကွယ်ရေး ဦးစီးချုပ်တွေ ဖြစ်လာတဲ့ ကာလတွေမှာ၊ လေတပ် အတွက် (အမေရိကန်လေတပ်သုံး) Bell 205, Bell 206 ရဟတ်ယာဉ် တွေကို၊ ‘မူးယစ်ဆေးဝါး ထိန်းချုပ်ရေး’ နံမည်အောက်ကနေ၊ ရဲတပ်ဖွဲ့ နံမည်ခံနဲ့ ပို့ပြီးတော့မှ တပ်မတော် (လေ) က၊ သုံးတယ်လို့၊ ကျနော်တို့ မှတ်သားဘူးပါတယ်။

ဗိုလ်ချုပ်ကြီးတင်ဦး။ ။ အဲဒီဟာကလည်း အလကားလောက်နီးနီး ရလိုက်တာပဲ။ အဲဒါ ဖြစ်တာ ဒီလိုဗျ။ ဗိုလ်လှဘုန်း လက်ထက်မှာ၊ သူက အဲဒါကို လုပ်ရမှာကိုင်ရမှာ ခက်မှာကို စိုးရွံ့တယ် ထင်ပါရဲ့။ သူက အဲဒါကို ချောင်ထိုးထားတယ်။

(ဗိုလ်လှဘုန်း = ၁၉၆၂ စစ်အာဏာသိမ်း တော်လှန်ရေးကောင်စီဝင်၊ နိုင်ငံခြားရေး ၀န်ကြီးနှင့် ပြည်သူ့ လုပ်ငန်း စစ်ဆေးရေး အဖွဲ့ဝင် ဖြစ်ခဲ့သူ ကွယ် လွန်သူ အငြိမ်းစား ဗိုလ်မှူးကြီးလှဘုန်း)

ဦးရော်နီညိမ်း။ ။ သူက အဲဒီတုန်းက နိုင်ငံခြားရေးဝန်ကြီးပဲ။

ဗိုလ်ချုပ်ကြီးတင်ဦး။ ။ ဟုတ်တယ်။ သူက နိုင်ငံခြားရေးဝန်ကြီး။ သူက ကုလ သမဂ္ဂကို နှစ်ပတ်လည် ညီလာခံ သွားတက်တော့၊ ကာကွယ်ရေး ၀န်ကြီး ကျနော်က နိုင်ငံခြားရေး ၀န်ကြီးဌာနကို တွဲပြီးတော့ ကိုင်ရတယ်။ အဲဒီမှာ အဲဒီ topic (အမေရိကန် Bell 205, Bell 206 ရဟတ်ယာဉ် များကိစ္စ) ကို၊ ကိုပြည်စိုး (ကွယ်လွန်သူ နိုင်ငံခြားရေး ၀န်ကြီးဌာန၊ သံတမန်ရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူး၊ အငြိမ်းစား ဒုတိယ ဗိုလ်မှူးကြီး ပြည် စိုး) က၊ ကျနော့်ဆီ ယူလာတယ်။ ကိုလှဘုန်း က လုပ်လို့ရမှာ မဟုတ်ဘူး ဆိုပြီး ထားထားတဲ့ ဟာပေါ့၊ ကြာလည်း ကြာနေပြီ။ ဒီဥစ္စာက (အမေရိ ကန်ဘက်က) တဂျီဂျီ ပြောနေတယ်။ အဲဒါကို မယူလိုက်ရင်လည်း ဆုံးသွားမယ်ပေါ့။ ဘာပဲဖြစ်ဖြစ် ဘယ်လိုပဲဖြစ်ဖြစ်၊ ယူလိုက်ရင် ကောင်းမယ် လို့၊ နိုင်ငံခြားရေးရုံးက ကျနော့်ကို ပြောတော့၊ အဲဒီ case ကို ကျနော်က ကောက်ယူ လိုက်တယ်။ ကျနော်က ကာကွယ်ရေး ဦးစီးချုပ်ဆိုတော့၊ ဒါ တွေကို လိုချင်တာပေါ့ ဗျာ။ ပြီးတော့ terms (စည်းမျဉ်းစည်းကမ်း) တွေလည်း ဘာမှ မပါဘူးလေ။ ဒါတွေက သုံးလို့ တည့်တယ်။ ပြီးတော့ Bell 205, Bell 206 တို့ဆိုတာ၊ very powerful ရဟတ်ယာဉ်တွေ လေ။ တော်တော်ကောင်းတဲ့ ဟာတွေ။ အဲဒါတွေကို ကျနော်က ယူချင်တော့၊ ဒီ case လေးကို ယူသွားပြီး၊ မပြောရဲ ပြောရဲနဲ့ပေါ့ ဗျာ၊ တနေ့ ဗိုလ်ချုပ်ကြီးနေ၀င်း (မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဥက္ကဌ) atmosphere ကောင်းတုန်း (စိတ်လက် ကြည်သာနေတုန်း) ကျနော် သူ့ဆီ သွားပြီး “ဗိုလ်ချုပ်၊ (အမေရိကန်နဲ့) ကိစ္စတခုဟာ pending (ဆိုင်းငံ့) ဖြစ်ပြီးကျန်နေ တယ်” ပေါ့။ “အဲဒါတွေက ယူလို့လည်း ကောင်းတယ်” ပေါ့။ အဲဒီတော့ သူက ဖတ်ကြည့်တယ်။ ပြီးတော့ သူက တခွန်းပဲ ပြောတယ်။ “ဒီကိစ္စနဲ့ ပတ်သက်ပြီး၊ အားလုံးကို ဒို့ ဘာမဆို လုပ်လို့ရမလား၊ အဲဒါက သိသိသာသာ ပြောဖို့လိုတယ်” လို့၊ သူက တခွန်းပဲပြောတယ်။ ကျနော်ကလည်း ရပါတယ်ပေါ့။ အဓိပ္ပါယ် ကတော့ဗျာ၊ ဘိန်းနှိမ်နင်းရေး အတွက် ဆိုပေမယ့်လည်း၊ ဒါတွေကို (ရဟတ်ယာဉ်တွေကို) အသုံးပြုမယ် (တပ်မတော်ရဲ့ စစ်ဆင်ရေး တွေမှာလည်း အသုံးပြုမယ်) ပေါ့ ဗျာ။ သူက အဲဒီပုံစံမျိုး ဖြစ်စေချင်တော့၊ ကျနော်ကလည်း ရပါတယ်လို့ ပြောပြီးတော့၊ အဲဒါနဲ့ (အမေ ရိကန်နှင့် ချုပ်ဆိုသော) စာချုပ်မှာ၊ ကျနော်တို့က ဘာထည့်ရေးလိုက်လည်း ဆိုတော့၊ ဘိန်းနှိမ်နင်းရေး အတွက် (ရဟတ်ယာဉ်များ) ပေးအပ်ခြင်း ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး၊ G2G Government to Government (အစိုးရချင်း) အတွက် လက်ဆောင် ပေးလိုက်တယ် ဆိုတဲ့ clause (စာပိုဒ်) ကို၊ ကျနော်တို့က ထည့်လိုက်တယ်။ အဲဒီ clause ကို မင်းထည့်လိုက်လို့ သူ(ဗိုလ်ချုပ်ကြီးနေ၀င်း)က ပြောတော့၊ ကျနော်က သူ့ဆီက ပြန်လာ ပြီးတော့၊ အဲဒါကို ရေးထည့်လိုက်ပြီး၊ (အမေရိကန်ဘက်ကို) ပို့လိုက်ပြီးတော့ သိပ်မကြာဘူး၊ ဒီကောင်တွေ (ရဟတ်ယာဉ်တွေ) ချက်ချင်း ရောက် လာတယ် ခင်ဗျ။ အုပ်လိုက် အုပ်လိုက်၊ ရောက်လာတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့။ နှစ်အုပ်လား၊ သုံးအုပ်လားပဲ၊ ရောက်လာကြပါတယ်။

(အုပ် (squadron) = စစ်ဘက် လေယာဉ်/ရဟတ်ယာဉ် အရောင်းအ၀ယ် အပေး အယူတွင်၊ တအုပ် (one squadron) တွင် တိုက်ခိုက်ရေး (၁၀) စီး၊ အမောင်းသင် လေ့ကျင့်ရေး (၂) စီး၊ စုစုပေါင်း (၁၂) စီး ပါဝင်သည်။)

ဗိုလ်ချုပ်ကြီးတင်ဦး။ ။ နောက်တခု ဖြစ်သေးတယ် ခင်ဗျ။ အဲဒါကလည်း ယူဖို့ သင့် မသင့်၊ အင်မတန် ဖြစ်ခဲ့ ရတာပေါ့ ဗျာ။ ဗီယက်နမ်စစ်ပွဲက (၁၉၇၅ တွင်) ပြီးသွားရော။ မြောက်ဗီယက်နမ်က နိုင်သွားပြီးတော့။ အဲဒီစစ်အတွက် အမေရိကန်တွေက လက်နက် အသစ်တွေ အထူးသဖြင့် လေယာဉ်နဲ့ ပတ်သက် တာတွေကို၊ ထိုင်းမှာ သိမ်းထားတယ် ခင်ဗျ။ လိုရင် ထုတ်သုံးဖို့ ဆိုပြီး ထိုင်းမှာ သိမ်းထား တာတွေက ကျန်နေတယ် ခင်ဗျ။ အမေရိကန်တွေက အဲဒါတွေကို (အမေရိကားကို) ပြန်မယူချင် ပြန်မသယ် ချင်တော့ဘူး တဲ့။ အဲဒါတွေ ကျနော်တို့ကို ပေးမယ်ပေါ့၊ defer payment (ကာလရှည် အရစ်ကျငွေချေ စနစ်) နဲ့ ပေါ့။ နောက်မှ ဖြည်းဖြည်းပေး၊ နောက်ပိုင်းကျ politically (နှစ်နိုင်ငံ နိုင်ငံရေး အရ) အဆင် ပြေသွားကြရင်လည်း၊ ဒါကို (မပေးရတော့ပဲ) ရမယ်ပေါ့ ဗျာ။ အဲဒီလို ပြောပြီးတော့၊ ဘာတွေပါလဲ ဆိုတော့ (တိုက်လေယာဉ်) Fighter 105 Tiger E ဆိုတာ ပါတယ်၊ နောက်ပြီးတော့ AV observation (ကင်းထောက်) လုပ်တဲ့ လေယာဉ်တွေ ပါတယ်။ တိုက်လေယာဉ်တွေ ကတော့ ယူသလောက် (အရေအတွက်) ကို ပေးမယ်ပေါ့။ သို့သော် အဖိုးအခ ကတော့၊ တစီးကို one million (အမေရိကန် ဒေါ်လာ တသန်း) ကျမယ် ပေါ့။ သဘောတူရင် ယူပါ လို့၊ (အမေရိကန်ဘက်က) ပြောတယ်။ အဲဒါကို ကျနော် ဗိုလ်ချုပ်ကြီး နေ၀င်းကို သွားတိုင်ပင်တော့ သူက ခါးခါးသည်းသည်း ငြင်းတယ် ဗျ။ ဒါကို မင်း မလုပ်နဲ့နော် တဲ့။ ကျနော့်ကို ပြင်းပြင်းထန်ထန် ပြောတယ်။ အဲဒါနဲ့ ကျနော် အဲဒီဟာကို drop (ရုပ်သိမ်း) လိုက်ရတယ်။ ကျနော့် Chief of Staff ရုံး (ကာကွယ်ရေး ဦးစီးချုပ်ရုံး) က၊ အရာရှိတွေ ကတော့ ယူချင်တာပေါ့ ဗျာ။ အမေရိကန်တွေ ပြန်သယ်သွားရမဲ့ အစား။ သူတို့ ဘာမှလည်း လုပ်တော့မှာမှ မဟုတ်တဲ့ အတူတ တော့၊ ကျနော်တို့က အသစ်ကျပ်ချွတ်တွေ (အလကားနီးပါးဈေးနဲ့) ရလိုက်မယ့် ဟာကို၊ ဆိုတဲ့ အမြင် လေးတွေနဲ့ပေါ့။ ဗိုလ်ချုပ်ကြီးနေ၀င်း argue (အကြောင်းပြ ငြင်းဆို) လုပ်တာကတော့ “ ဒီဟာတွေကို၊ ဒို့ယူလိုက်ရင်၊ အမေ ရိကန်တွေကို မှီခိုရမယ့်ဟာတွေ ဖြစ်ကုန်ပြီးတော့၊ နိုင်ငံခြားရေး မူဝါဒပိုင်း ဆိုင်ရာတွေမှာ၊ ပြဿနာတွေ ဖြစ်လာမယ်” လို့ ပြောရင်းနဲ့ “မယူနဲ့ကွာ။ မင်း သွားပြီး မရှုပ်နဲ့” တဲ့။ “မင်း အဲဒါကို သွား မစနဲ့” တဲ့။ ကျနော့်ကို အဲဒီလို ပြောတာနဲ့ ကျနော်လည်း ကောင်းပါပြီ ဆိုပြီး drop လုပ်ခဲ့ရတယ်။

ဦးရော်နီညိမ်း။ ။ သောတရှင်များခင်ဗျာ။ “တပ်မတော်ကာကွယ်ရေးဦးစီးချုပ် သစ်နှင့် အမေရိကန်-မြန်မာ တပ်မတော် နှစ်ရပ် ဆက်ဆံရေး အပိုင်း (၄)” ကို၊ နောက်သီတင်းပတ် စနေနေ့ မနက်ခင်းနဲ့ ညနေခင်း၊ “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ် ကဏ္ဍမှာ ဆက်ပြီး တင်ဆက်ပေး သွားပါမယ်။ စောင့်မျှော် နားဆင်ကြပါ။ ကျနော် ရော်နီညိမ်းပါ။


Ref: VOA News

Read More...

နိုင်ငံရေး မငြိမ်သက်မှု သတိရှိရန် တပ်တွင်းညွှန်ကြား

ရန်ပိုင်
Wednesday, 20 April 2011

နိုင်ငံရေး မတည်ငြိမ်မှုကို အကြောင်းပြုပြီး အာဖရိကနှင့် အရှေ့အလယ်ပိုင်း နိုင်ငံများ၌ အနောက် အုပ်စုက စစ်ရေးအရ ၀င်ရောက် စွက်ဖက် နေမှုနှင့် ပတ်သက်၍ မျက်ခြည်မပြတ် စောင့်ကြည့်ပြီး သတိရှိစေရန် စစ်တပ်အတွင်း ညွန်ကြားချက် ထုတ်ပြန် ထားသည်ဟု ဧရာဝတီက သိရသည်။

အဆိုပါ ဧပြီလ ၅ ရက်နေ့က နိုင်ငံတ၀န်းရှိ တပ်မ၊ တပ်ရင်းများသို့ ထုတ်ပြန်သည့် ညွန်ကြားချက်တွင် အာဖရိကနှင့် အရှေ့ အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသည့် ပဋိပက္ခများကို အကြောင်းပြုပြီး ရုပ်သံ၊ အသံလွှင့် ဌာနများနှင့် Face Book စသည့် လူမှုရေး ကွန်ရက် များမှ လှုံ့ဆော်မှုများ ပြုလုပ်လာကြောင်း၊ ထို့အပြင် အင်အားကြီး နိုင်ငံများက စစ်ရေးအရ ၀င်ရောက် စွက်ဖက်မှုများ ရှိသည့် အတွက် သင်ခန်းစာ ယူကာ စစ်ရေးအရ သတိရှိရေး၊ တိုက်ပွဲဝင်မှု အသင့်ဖြစ်စေရေး၊ အရေးကြုံလာပါက အမြန်ဆုံး ဖြေရှင်းနိုင်ရန် စီစဉ် ဆောင်ရွက်ထားရန် လိုကြောင်း ပါရှိသည်။

ထို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ နိုင်ငံရေး ဖွဲ့စည်းမှု၊ လှုပ်ရှားမှုများ ပိုမို များပြားလာသည့် အတွက် သတင်းလက် ဦးမှု ရယူရေးနှင့် NLD နှင့် ဆန့်ကျင်ဘက် အဖွဲ့အစည်းများက တပ်တွင်း ဆက်သွယ် စည်းရုံးမှု မပြုနိုင်ရန် လုံခြုံရေး အမြင်ဖြင့် စီစဉ် ထားရေးတို့ကို ညွန်ကြားထားပြီး တပ်တွင်းရှိ အရာရှိ၊ စစ်သည်များ နိုင်ငံတော်က ပေးအပ်သည့် လစာ အခွင့်အရေးနှင့် ပတ်သက် ၍ ပြင်ပအဖွဲ့ အစည်းများ၊ လူ ပုဂ္ဂိုလ်များနှင့် ပူးပေါင်းပြီး တရားမ၀င် တောင်းဆို လုပ်ဆောင်မှုများကို သတိကြီးစွာ စောင့်ကြည့်ရန် လည်း ပါရှိသည်။

ယခုအခါ မြန်မာ့တပ်မတော်ရှိ အောက်ခြေအဆင့် အကြပ်တပ်သားများနှင့် မိသားစုများမှ ငွေကြေး ဖောင်းပွပြီး ကုန်ဈေးနှုန်း ကြီးမြင့်သည့် အတွက် စားဝတ် နေရေးကျပ်တည်းမှုကို ကြုံနေရသည်ဟု မကြာသေးမီက ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ ရောက်ရှိ လာသည့် သင်္ကန်း ညီနောင် တပ်နယ်ရှိ (စကခ) ၁၉ လက်အောက်ခံ ခလရ ၆၁ တပ်ရင်းမှ ဒုတပ်ကြပ် မျိုးသူ ထံမှသိရသည်။

အဆိုပါ ညွန်ကြားချက်တွင် တပ်ရင်းတပ်ဖွဲ့များမှ အရာရှိများ ညအချိန်မတော် တပ်ပြင်ပသို့ သွားရောက် ရာမှ ထိခိုက် ဒဏ်ရာရမှု၊ သေဆုံးမှု မကြာခဏ ဖြစ်ပွားသည့် ဖြစ်စဉ်များ စိစစ် တွေ့ရှိရသည့်အတွက် ကွပ်ကဲ ကြပ်မတ် သွားရန်လည်း ပါရှိသည်။

ယင်းညွန်ကြားချက်နှင့် ပတ်သက်၍ စစ်တပ်အသိုင်းအ၀န်းနှင့် နီးစပ်သူတဦးက ကာကွယ်ရေး ဦးစီးချုပ် အသစ် အနေဖြင့် ယိုယွင်း လာနေသည့် စစ်တပ်အတွင်း စစ်ပြေး များပြားလာခြင်း၊ စည်းကမ်းများ ပျက်ယွင်းလာခြင်းကို ပြန်လည် ကိုင်တွယ်ခြင်းဖြစ်ပြီး၊ လစ်ဗျားနှင် အိုင်ဗရီကို့စ် အရေးအခင်းများကို အကြောင်းပြကာ စစ်တပ်အား အသင့် အနေအထား ရှိစေရန် ပြုလုပ်ခြင်း ဖြစ်သည်ဟု ပြောဆိုသည်။

မကြာသေးမီက အာဖရိကတိုက်ရှိ လစ်ဗျားနိုင်ငံတွင် အာဏာရှင် ဗိုလ်မှူးကြီး ဂဒါဖီ၏ တပ်များကို ကုလသမဂ္ဂ ဆုံးဖြတ်ချက်ဖြင့် အမေရိကန်၊ ဗြိတိန် နှင့် ပြင်သစ်နိုင်ငံ ဦးဆောင်သည့် လေတပ်က တိုက်ခိုက်နေခြင်းနှင့် အိုင်ဗရီကို့စ် နိုင်ငံတွင် ပြင်သစ် တပ်များက အာဏာရှင် သမ္မတ လော့ရင် ဘက်ဘို ကို ဖမ်းဆီး ဖြုတ်ချမှုများ ဖြစ်ပွားခဲ့သည်။

နအဖ စစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မှ သမ္မတသစ်အဖြစ် ရွေးချယ်တင်မြှောက်ခဲ့သည့် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် ခေါင်းဆောင်သည့် အစိုးရကို ပြီးခဲ့သည့် မတ် ၃၁ ရက်နေ့တွင် အာဏာ လွှဲပြောင်းပေးခဲ့သည်။

သို့သော် လေ့လာသူများအဆိုအရ ဗိုလ်ချုပ်မှူးကြီးနှင့် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ အနေဖြင့် ကာကွယ်ရေး ဦးစီးချုပ်နှင့် ဒု
ကာကွယ်ရေး ဦးစီးချုပ် ရာထူးအား ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် နှင့် ဒု ဗိုလ်ချုပ်ကြီး စိုးဝင်းတို့အား လွှဲအပ်ခဲ့သည် ဆိုသော်လည်း စစ်တပ်ကို ဆက်လက် ကြိုးကိုင်မှုများ ရှိနေသေးကြောင်း သိရသည်။

ပြီးခဲ့သည့် သင်္ကြန်အကြိုနေ့က မန္တလေးမြို့ မြို့တော်ဝန်မဏ္ဍပ် ဖွင့်ပွဲ အခမ်းအနားတွင် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး ကိုယ်တိုင် လာရောက် ဖွင့်လှစ်ခဲ့ပြီး မန္တလေးတိုင်း ၀န်ကြီးချုပ် ဦးရဲမြင့်နှင့် မန္တလေး မြို့တော်ဝန် ဦးဖုန်းဇော်ဟန်တို့က တခမ်းတနား ကြိုဆိုခဲ့သည်။

Ref: ဧရာဝတီ်

Read More...

စစ်တကောင်း အဓိကရုဏ်း မြန်မာနိုင်ငံသား ၁၅ ဦးသေဆုံး

ခင်ဦးသာ
Wednesday, 20 April 2011

ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်း တောင်တန်းဒေသ၌ နေထိုင်သော ဒေသခံဗုဒ္ဓဘာသာ ၀င်များနှင့် မြေပြန့် ဒေသမှ ရောက်လာ သော ဘင်္ဂလီ အစ္စလမ် ဘာသာဝင်တို့အကြား နှစ်ဆန်း တရက်(ဧပြီ ၁၇)ရက်နေ့၌ ဘာသာရေး အဓိကရုဏ်း ဖြစ်ပွားရာ လူ ၁၅ ဦး သေဆုံးခဲ့ပြီး ဘုန်းတော်ကြီး တပါးနှင့် လူအများအပြား ဒဏ်ရာ ရခဲ့ကြောင်း ဒေသခံများ ကပြောသည်။

“၁၅ ဦးက စာရင်းအတိအကျ ရထားတာပါ၊ ဘုန်းကြီးကျောင်း ၄ ကျောင်း၊ ရွာ ၇ ရွာ မီးရှို့ ခံရပါတယ်၊ လူ ၃၀၀ ကျော်က ပျောက် နေပါတယ်” ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံ လူ့အခွင့်အရေးနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့မှ ဦးစိုးလင်းထွန်းက ဧရာဝတီကို ပြောသည်။

သေဆုံးသူဦးရေသည် ၃၀ ၀န်းကျင်ရှိကြောင်း၊ သေဆုံးသူများ၏ အမည်စာရင်းကို ပြုစုနေဆဲ ဖြစ်ကြောင်း၊ သေဆုံး သူများမှာ သက်ကြီး ရွယ်အိုများ၊ ကလေးများနှင့် အမျိုးသမီး များဖြစ်၍ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြောင်း၊ ဘင်္ဂလီလူမျိုး ၃ ဦးလည်း သေဆုံးခဲ့ ကြောင်း ၎င်းက ဆက်ပြောသည်။

အဓိကရုဏ်းဖြစ်ပွားရခြင်းအကြောင်းသည် ဗုဒ္ဓဘာသာဝင်များ နေထိုင်ရာ စစ်တကောင်း ဒေသရှိ လယ်မြေများကို မြေပြန့်မှ ရောက်လာသော အစ္စလမ် ဘာသာဝင် များက အဓမ္မ၀င်ရောက် လုပ်ကိုင်လာခြင်း၊ အခြေချ နေထိုင်ရန် နေအိမ်များ အဓမ္မ ဆောက်လုပ်ရာကို ဒေသခံများက မကျေနပ်၍ အငြင်းပွားရာမှ စတင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“အခင်းဖြစ်တော့ ဘင်္ဂလီ ၂ ယောက်သေသွားတယ်၊ ဒီတော့ ဘင်္ဂလီတွေ အစုလိုက် အပြုံလိုက် ဓားတွေ၊ တုတ်တွေ ကိုင်ပြီး ထွက်လာပြီးတော့ မြင်တဲ့ သူတိုင်းကို လိုက်သတ်ပါတယ်၊ သက်အမျိုးသမီး ၂ ယောက် အခင်းဖြစ်တဲ့ နေရာမှာပဲ ပွဲချင်းပြီး သေသွားပါတယ်” ဟု ဦးစိုးလင်းထွန်းက ရှင်းပြသည်။

ထိုအရေးအခင်းဖြစ်ပွားမှုကို ဘင်္ဂလားဒေ့ရှ်အစိုးရက ထိရောက်စွာ ဆောင်ရွက် မပေးသည့် အပြင် အဖွဲ့အစည်းများ၊ မီဒီယာများ ၀င်ရောက်ခွင့်ကို တားမြစ် ပိတ်ပင်ထားကြောင်း ၎င်းက ဆက်ပြောသည်။

စစ်တကောင်းတောင်တန်းဒေသ၌ ရခိုင်အခေါ် ဗိုလ်မင်းထောင် (Bandraban)၊ သက်ထောင် (Ranganmati)၊ ဖလံထောင် (Khakrasari) စသည်ဖြင့် ခရိုင် သုံးခုရှိပြီး ရွာပေါင်း ၄၀၀၀ ၀န်းကျင်နှင့် ရခိုင်၊ မရမာ၊ သက် စသည့် ဗုဒ္ဓဘာသာဝင် လူဦးရေ ၄ သိန်းနီးပါး ရှိကာ ၎င်းတို့သည် နှစ်ပေါင်းများစွာ ကပင် ထိုဒေသ၌ အခြေချ နေထိုင်လာသူများ ဖြစ်ကြောင်း ဒေသခံများ၏ အဆို အရ သိရသည်။

“ညမထွက်ရ အမိန့်ထုတ်ထားဆဲပါ၊ စစ်တပ်က ၀ိုင်းထားလို့ ရွာသားတွေ ရွာမှာ မနေကြရဲ တော့ဘူး၊ မီးရှို့ ခံရတာက ညဘက် ဆိုတော့ ညဘက် အိမ်တွေမှာ မအိပ်ရဲလို့ တောထဲတွေမှာ ပုန်းနေကြရတယ်”ဟု ဖလံတောင် ဒေသခံ တဦးက ဆိုသည်။

စစ်တကောင်းတောင်တန်းဒေသ၌ ဗုဒ္ဓဘာသာဝင်များနှင့်အစ္စလမ်ဘာသာဝင်များအကြား အရေးအခင်းငယ်များ မကြာခဏ ဖြစ်ပွားလေ့ ရှိသော်လည်း ယခုအကြိမ်သည် ကြီးမားသော အဓိကရုဏ်း တခုဖြစ်ကြောင်း၊ လွန်ခဲ့သည့် နှစ် ၂၀ ၀န်းကျင် ကလည်း ရွာလုံးကျွတ် မီးရှို့ခံခဲ့ရကာ အမျိုးသမီးများကို မုဒိမ်းကျင့်သော ဖြစ်ရပ်များလည်း ရှိခဲ့ကြောင်း ဖလံတောင် ဒေသခံက ရှင်းပြသည်။

၎င်း၏အဆိုအရ ယခုဖြစ်ပွားသောအရေးအခင်းအား ဘင်္ဂလားဒေ့ရှ် စစ်တပ်မှ နောက်ကွယ်က စီမံ ပြုလုပ်ဆောင်ခိုင်းပြီး မီးရှို့ရန် အမိန့် ပေးသူမှာ Zone Cammando Kamarul Hosin ဆိုသူ ဖြစ်သည်ဟု ဒေသခံများက ယုံကြည်နေကြောင်း သိရသည်။

အရေးအခင်းကြောင့်လူသေဆုံးမှု၊ ဘာသာရေးအဆောက် အအုံများ ဖျက်ဆီးခံရမှု၊ ဖလံတောင် ဒေသရှိ ရခိုင်မင်းများ နေခဲ့သော နန်းတော်အား ဖျက်ဆီးကာ ရှေးဟောင်း အမွေအနှစ်များ ဖျက်ဆီး ခံရမှု၊ လူ့အခွင့်အရေး ချိုးဖောက်မှု များအား ဥပဒေအရ ဖြေရှင်း ပေးရန် ဘင်္ဂလားဒေ့ရှ် အစိုးရထံ တောင်းဆိုသွားရန် ပြင်ဆင်နေကြောင်း ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ(ALP) ၏ ပြောခွင့်ရသူ ဒေါ်စောမြရာဇာလင်းက ဧရာဝတီကို ပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အစ္စလမ် ဘာသာကိုးကွယ်သော နိုင်ငံဖြစ်သော်လည်း ဘာသာရေး လွတ်လပ်ခွင့် ရှိသည့် နိုင်ငံ တနိုင်ငံ ဟု ယူဆကြောင်း၊ ဘင်္ဂလားဒေ့ရှ် အစိုးရသည်လည်း လူ့အခွင့်အရေးကို တန်ဖိုးထား လေးစား လိုက်နာသည့် အစိုးရဟု ယုံကြည် ထား၍ ယခုကိစ္စကို ဖြေရှင်း ပေးလိမ့်မည်ဟု ယုံကြည်ကြောင်း ၎င်းက ဆက်ပြောသည်။

“အဲဒီဒေသတခုလုံးမှာ နေထိုင်တဲ့ လူမျိုးပေါင်းစုံရဲ့ ပြဿနာတွေကို ဥပဒေကြောင်း အရ ထိရောက်စွာ ဖြေရှင်းပေးဖို့၊ ရှေးဟောင်း အမွေဖြစ်တဲ့ ဖလံတောင်မင်း နန်းတော်ထဲကို ၀င်ရောက် တိုက်ခိုက် ဖျက်ဆီးတာကို ထိရောက်စွာ အရေးယူပေးဖို့ အစိုးရကို ပို့ဖို့ စာရေး ထားတယ်”ဟု ဒေါ်စောမြရာဇာလင်းက ဆိုသည်။


Ref: ဧရာဝတီ်

Read More...

လစ်ဗျားသူပုန် အီတလီ ပြင်သစ် ကူမည်

ဗုဒ္ဓဟူး, 20 ဧပြီ 2011

လစ်ဗျားအစိုးရကို ပုန်ကန် တိုက်ခိုက်နေသူတွေကို စစ်ဘက်ဆိုင်ရာ အကြံပေးကူညီ သွားဖို့ ဗြိတိန်နိုင်ငံရဲ့ အစီအစဉ်မှာ နောက်ထပ် ဥရောပ သမဂ္ဂ (EU) အဖွဲ့ဝင် နှစ်နိုင်ငံလည်း ပူးပေါင်း ပါဝင်လာပါတယ်။ လစ်ဗျားခေါင်းဆောင် မိုမာကဒါဖီ (Moammar Gadhafi) ရဲ့ သစ္စာခံ တပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်နေတဲ့ သူပုန်တွေကို လေ့ကျင့်မှုတွေမှာ ကူညီဖို့ သင်တန်းဆရာ ၁၀ ယောက် စေလွှတ်မယ်လို့ အီတလီ ကာကွယ်ရေး ၀န်ကြီး Ignazio La Russa က ပြောဆိုလိုက်တာပါ။

ဒီကနေ့ အစောပိုင်းမှာလည်း လစ်ဗျားသူပုန်တွေအတွက် စစ်ဘက်ဆိုင်ရာ အကြံပေးတွေ စေလွှတ်မယ့် အကြောင်း ပြင်သစ် နိုင်ငံက ကြေညာခဲ့တာ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ပြင်သစ် သမ္မတ နစ်ကိုလတ် ဆာကိုဇီ ဟာ လစ်ဗျားသူပုန်တွေရဲ့ အသွင် ကူးပြောင်းရေး ကောင်စီ အကြီးအကဲ Mustafa Abdel Jalil နဲ့ ပဲရစ်မြို့မှာ တွေ့ဆုံခဲ့ပါတယ်။

အစိုးရဆန့်ကျင်သူတွေ ထိန်းချုပ်ထားရာ အမာခံမြို့ဖြစ်တဲ့ လစ်ဗျားနိုင်ငံ အရှေ့ပိုင်းက ဘန်ဂါဇီ (Benghazi) မြို့ကို သမ္မတ ဆာကိုဇီ လာရောက် လည်ပတ်ဖို့ ဖိတ်ကြား ခဲ့ကြောင်းလည်း တွေ့ဆုံမှုအပြီးမှာ လစ်ဗျား အတိုက်အခံ ခေါင်းဆောင်က သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

လစ်ဗျားသူပုန်တွေ စနစ်တကျဖြစ်ဖို့နဲ့ လိုအပ်တဲ့ အထောက်အပံ့တွေ၊ ဆက်သွယ်မှုတွေ တိုးတက်စေဖို့ ဆောင်ရွက်ရာမှာ အကူအညီ ပေးသွားဖို့ ဗြိတိသျှ စစ်ဘက်ဆိုင်ရာ အကြံပေးပုဂ္ဂိုလ် တဒါဇင်လောက်ကို လစ်ဗျားနိုင်ငံ စေလွှတ်မယ့် အကြောင်း မနေ့တုန်းကပဲ ဗြိတိသျှ နိုင်ငံခြားရေး ၀န်ကြီး ၀ီလျံဟေ့ဂ် (William Hague) က ပြောဆိုခဲ့ပါတယ်။ အကြံပေး ပုဂ္ဂိုလ်တွေ အနေနဲ့ တိုက်ခိုက်မှုတွေမှာ ပါဝင်မှာတော့ မဟုတ်ဘူး လို့လည်း ပြောပါတယ်။

လစ်ဗျား နိုင်ငံခြားရေးဝန်ကြီးကတော့ စစ်ဘက် အကြံပေးတွေ စေလွှတ်တာဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တွေကို ထိခိုက် နိုင်တယ်ဆိုပြီး ပြစ်တင် ဝေဖန်ခဲ့ပါတယ်။


Ref: VOA News

Read More...

အစိုးရသစ် လုပ်ပိုင်ခွင့်အပေါ် NLD ဝေဖန်

မသင်းသီရိ
ဗုဒ္ဓဟူး, 20 ဧပြီ 2011

လက်ရှိ မြန်မာအစိုးရသစ်ဟာ ပြောတဲ့အတိုင်း လက်တွေ့ အကောင်အထည်ဖော်ခြင်း မရှိသေးဘူးလို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ဝေဖန် လိုက်ပါတယ်။ လောလောဆယ် အရေးတကြီး အဆင့် ဖြစ်တဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေး ပြဿနာကို ကိုင်တွယ် သင့်ပြီလို့ ယူဆကြောင်း NLD ပါတီ ဒုတိယ ဥက္ကဌ ဦးတင်ဦးက ပြောပါတယ်။ ဒီသတင်း အပြည့်အစုံကို မသင်းသီရိက တင်ပြ ထားပါတယ်။

သမ္မတ ဦးသိန်းစိန် မိန့်ခွန်းထဲမှာပြောခဲ့တဲ့ ကတိတွေထဲက နိုင်ငံရဲ့ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ဖွံဖြိုးရေး ဆိုင်ရာ အချက်တွေကို စတင် အကောင် အထည်ဖော် လုပ်ဆောင်ဖို့ NLD ပါတီက တိုက်တွန်းတဲ့ စာကို ဧပြီလဆန်းပိုင်း ကတည်းက ပို့ထားပေမဲ့ အခုအချိန်ထိ ဘာမှ အကြောင်း ပြန်ကြားခြင်း မရှိသေးပါဘူး။ နိုင်ငံရေး ပါတီတွေ အားလုံးနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး လမ်းကြောင်း ဖွင့်မယ်လို့ အစိုးရ တာဝန်ရှိသူတွေ ပြောပေမဲ့ ခုချိန်ထိ ဘာမှလက်တွေ့ ဖြစ်လာတာ မရှိသေးဘူးလို့ NLD ပါတီရဲ့ ဒုဥက္ကဌ ဦးတင်ဦးက ပြောပါတယ်။ အထူးသဖြင့် နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ချွင်းချက်မရှိ ပြန်လွတ်ဖို့ဆိုတဲ့ ကိစ္စအပေါ် တောင်းဆိုမှုတွေ ပိုများလာတာကို တုံ့ပြန်ရင်းနဲ့ ပြောထားတဲ့ ကတိတွေနဲ့ မူတွေကို စတင် အကောင်အထည် ဖော်သင့်ပြီလို့ ဦးတင်ဦးက ပြောပါတယ်။

“သူတို့ အခုပြောတဲ့မိန့်ခွန်းက မူပဲလေ။ ဒါပေမဲ့ လက်တွေ့ကတော့ ဒီနေ့အထိ ပြည်သူလူထုထဲမှာ ဘာမှ ထူးထူး ခြားခြား မတွေ့ရ သေးဘူးလေ။ အခြေအနေ ကတော့ အရင်နဲ့ ဘာမှ မထူးခြားပါဘူး။ အကျဉ်းကျခံ ထားရတဲ့ နိုင်ငံရေး သမားတွေက တချို့လည်း လွတ်ရက် စေ့နေပြီ။ တချို့လည်း လွတ်ရက် နီးနေပြီ။ ဒါတွေနဲ့ ပတ်သက်တဲ့ အားလုံးကို ခုထက်ထိကို မလွှတ်သေးဘူး ဆိုတော့လည်း အားမရ ဘူးပေါ့။ ဒီလိုတော့ ရှိပါတယ်။ ဒီ့အပြင် တခြား များများစားစား ချိန်ကြည့်စရာ မရှိပါဘူး။ အဲဒီဟာလေး တခုနဲ့ ကြည့်လိုက် တာနဲ့ သိနိုင်ပါတယ်။ သမ္မတ ဦးသိန်းစိန်က သူ သိပ်ပြီးတော့ လုပ်နိုင်ပုံ မပေါက်ဘူး ထင်တယ်။ ဒီဟာနဲ့ ပတ်သက်တာ အားလုံးက အပေါ်က ချုပ်ကိုင်ထားတဲ့ နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီ ဆိုတာရှိတယ်။ အဲဒီမှာက တာဝန်လွှဲပြောင်း ပေးသွားပြီဆိုတဲ့ ပုဂ္ဂိုလ်က ဆက်ပြီးသြဇာ ရှိနေသေးတော့ အဲဒီကနေ အကြောင်းကြီးငယ် မရသေးလို့ပဲ ဖြစ်မလား မပြောတတ်ဘူး။ သူတို့ ပြောတဲ့စကားတွေ အပေါ်မှီပြီးတော့ လုပ်ကိုင်ပေးကြပါ ဆိုတာကို ရေးတာပဲ။”

ပြည်တွင်းက လူငယ်ကွန်ယက် အဖွဲ့တွေက ဦးဆောင်လှုပ်ရှားနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ မြန်မာအ စိုးရကို မေတ္တာရပ်ခံ တောင်းဆိုကြတဲ့ လက်မှတ်ထိုး လှုပ်ရှားမှုတွေကလည်း နယ်မြို့တွေမှာပါ ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှား နေပြီဖြစ်သလို စာပေနဲ့ အနုပညာ အသိုင်း အ၀ိုင်းတွေကလည်း ပါဝင် လက်မှတ်ရေးထိုး ပေးကြတယ်လို့ ဒီလှုပ်ရှားမှုထဲမှာ ပါဝင်သူ တဦးဖြစ်တဲ့ ကိုတိုးကျော်လှိုင်က ပြောပါတယ်။

“နှစ်ဆန်းတရက်နေ့က စတာပေါ့နော်။ ၁၇ ရက်နေ့အထိ။ အဲဒီနေ့ကနေ စပြီးတော့ ကျနော်တို့ နယ်တွေ ကိုလည်း ပို့ပါတယ်။ နယ်တွေ ကလည်း ဖုန်းဆက်ပြီးတော့ မှာကြားတာတွေ ရှိပါတယ်။ အဲဒီတော့ လောလောလတ်လတ် အနေအထား မှာတော့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ၊ နိုင်ငံရေး အကျဉ်းသား မိသားစုတွေ အပြင်ကို နိုင်ငံရေးကို စိတ်ဝင်စားတဲ့ လူတွေ အများအပြား ပါဝင်လက်မှတ် ထိုးပါတယ်။ နောက်ပြီးတော့ စာနယ်ဇင်းတို့၊ ရုပ်ရှင်တို့က ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေလည်း ပါဝင် လက်မှတ် ထိုးကြတာ ရှိပါတယ်ခင်ဗျ။ ကျနော်တို့က ရသလောက်ကိုတော့ ပထမအဆင့်တော့ အစိုးရရုံးတွေ ပြန်ဖွင့်ပြီးတဲ့ အခါ ပေါ့နော်။ ၂၅ ရက်နေ့ လောက်မှာ ကျနော်တို့ နိုင်ငံတော် သမ္မတရုံးကို လိပ်မူပြီးတော့ ပို့ပါမယ်။ ပြီးတဲ့ အခါကျတော့ ဒီလက်မှတ်တွေကိုလည်း ကျနော်တို့ နောက်ပိုင်း ၀က်ဆိုက်တွေမှာလည်း ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြ ပေးသွားမှာပါ။”

မြန်မာနိုင်ငံထဲက အကျဉ်းထောင်တွေမှာ နှစ်ရှည် ထောင်ဒဏ်တွေနဲ့အတူ နိုင်ငံရေး အကျဉ်းသားပေါင်း ၂,၀၀၀ ကျော် ရှိပါတယ်။ မိသားစု တွေနဲ့ ဝေးလံလှတဲ့ နယ်ထောင်တွေကို ပို့ခံထားရတာမို့ မိသားစုတွေက ထောင်ဝင်စာ ပုံမှန် သွားမတွေ့နိုင်တဲ့ ပြဿနာတွေ အပြင် လုံလောက်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု မရကြသလို ကျန်းမာရေး ချိုယွင်းတဲ့ အခြေအနေတွေ တွေ့ကြုံ နေရသူတွေလည်း အများကြီး ရှိနေပါတယ်။ ဒါ့ကြောင့်မို့ အခုတက်လာတဲ့ အစိုးရအနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ ကိစ္စအပေါ် ကိုင်တွယ် ဖြေရှင်းပေး လာလိမ့်မယ်လို့ မိသားစုဝင်တွေက မျှော်လင့်နေကြတဲ့ အကြောင်း ဗန်းမော်ထောင်မှာ နှစ်ရှည် ထောင်ဒဏ် တွေနဲ့ ပြစ်ဒဏ် ပေးခံထားရတဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုပဏ္ဍိတ်ထွန်းရဲ့ မိခင် ဒေါ်ညွှန့်ညွှန့်ဦးက ပြောပါတယ်။

“လိုက်လျောရလိမ့်မယ်လို့ မျှော်လင့်ထားတဲ့အချက်ကတော့ မလိုက်လျောဘဲနေလို့ မသိချင်ယောင် ဆောင် နေမယ်၊ ရက်ရှည်လများ လုံးဝ မစဉ်းစားဘဲ နေမယ် ဆိုရင်တော့ ဒီကိစ္စက အစိုးရသစ် အတွက် အရုပ်ဆိုး အကျည်းတန်တဲ့ ကိစ္စတခု ဖြစ်လိမ့်မယ်လို့ အန်တီ ထင်တယ်။ အဲဒီ အရုပ်ဆိုး အကျည်းတန်တဲ့ ကိစ္စတခုကို ကြာကြာ ရင်ဆိုင်နေမယ် လို့တော့ အန်တီ မတွေးဘူးလေ။ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးတဲ့ ကိစ္စရပ်ကြီးကို သူတို့ ဖြည်းဖြည်းချင်း ကိုင်တွယ် ဖြေရှင်းမလား။ ဒါမှမဟုတ် ဘယ်လိုနည်းနဲ့ နည်းလမ်း စဉ်းစားပြီးတော ဖြေရှင်းမလဲ ဆိုတာတော့ အန်တီတို့က မျှော်လင့်ချက်ထားပြီး စောင့်ကြည့်ရမယ့် အနေအထားတော့ ရှိပါတယ်။”

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုပဏ္ဍိတ် ရဲ့ မိခင် ပြောပြခဲ့တာပါ။ နိုင်ငံရေးအကျဉ်းသား အားလုံး ကို လွတ်ငြိမ်း ချမ်းသာခွင့် ပေးရေးနှင့် အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့် ပေးရေး အဆိုပြုလွှာကို နိုင်ငံရေး ပါတီ တချို့က လွှတ်တော်မှာ တင်သွင်း ခဲ့ကြပေမဲ့ ဒီနေ့အထိ အကြောင်းပြန်တာ မရှိသေးပါဘူး။ မြန်မာ အစိုးရ အနေနဲ့ နိုင်ငံတကာနဲ့ ဆက်ဆံရေးတွေ ပိုကောင်းလာဖို့ အမေရိကန် အပါအ၀င် အနောက် နိုင်ငံ ကြီးတွေရဲ့ ဒဏ်ခတ် အရေးယူမှုတွေ လျော့ကျလာဖို့အတွက် နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးတဲ့ လမ်းကြောင်းနဲ့ ခြေလှမ်းတွေ စသင့်ပြီလို့ ပြည်တွင်းပြည်ပက ထောက်ပြ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။


Ref: VOA News

Read More...

မတရားတဲ့ ထိုင်းအလုပ်ရှင် မြန်မာအလုပ်သမားတွေ တရားစွဲမည်

မအေးအေးမာ
ဗုဒ္ဓဟူး, 20 ဧပြီ 2011

ဘန်ကောက်မြို့ ဒင်ဒန်း မြို့နယ်ထဲက အိမ်တွင်းစက်ချုပ်ရုံမှာ ပိတ်လှောင်ပြီး အလုပ်ခိုင်းစေ ခံထားရတဲ့ မြန်မာ အလုပ်သမား ၃၉ ယောက်ကို ဧပြီလ ၁၉ ရက်မှာ ထိုင်းလူကုန်ကူးမူ နှိမ်နှင်းရေး အထူးတပ်ဖွဲ့က ကယ်ထုတ် ပေးခဲ့ပါတယ်။ ပြန်လည် လွတ်မြောက် လာတဲ့ မြန်မာ အလုပ်သမား တွေထဲက ၁၅ ဦးဟာ အလုပ်ရှင်ကို တရားစွဲဆိုဖို့ ပြင်ဆင် နေပါတယ်။ ဒီအကြောင်း အပြည့်စုံကို ထိုင်း အခြေစိုက် သတင်းထောက် မအေးအေးမာက သတင်း ပေးပို့ထားပါတယ်။

အိမ်တွင်းအထည်ချုပ် စက်ရုံမှာ အတင်းအကျပ် အလုပ်စေခိုင်း ခံထားရတဲ့ မြန်မာ အလုပ်သမား ၃၉ ယောက် ဟာ သူတို့ကို ထိုင်းလူကုန်ကူးမူ တိုက်ဖျက်ရေး အထူးရဲတွေက ကယ်ထုတ်ပြီး ပြန်လည် လွတ်မြောက်လာ ပြီးတဲ့နောက် သူတို့ထဲက ၁၅ ဦးဟာ လူသား မဆန်စွာ ပြုမူခဲ့တဲ့ သူတို့ အလုပ်ရှင်ကို လူကုန်ကူးမှု၊ အိမ်တွင်းမှာ အတင်းအကျပ် ပိတ်လှောင်ပြီး အလုပ်စေခိုင်းမှု၊ လုပ်အားခ နစ်နာ စေမှုတွေနဲ့ တရားစွဲတော့မှာ ဖြစ်ပါတယ်။ တရားလို အဖြစ် ဖမ်းဆီရာမှာ တိုင်ချက်ဖွင့်ခဲ့တဲ့ ထိုင်းနိုင်ငံရောက် မြန်မာ နိုင်ငံသားများ အဖွဲ့ တာဝန်ခံ ဦးကျော်သောင်းက ဦးဆောင်ပြီး တရားစွဲဆိုမှာ ဖြစ်ကြောင်း အခုလို ပြောပြပါတယ်။

“အလုပ်သမားတွေအတွက် ဆုံးရှုံးနစ်နာခတွေ၊ အလုပ်သမားအခွင့်အရေး ချိုးဖောက် ခံရမှုတွေ၊ အလုပ်သမား တွေကို မတရား သဖြင့် ပိတ်လှောင်ပြီးတော့ အလုပ်လုပ်ခ အပြည့်အ၀ မပေးတာတွေ အကုန်လုံးပေါ့။ အလုပ်သမားတွေရဲ့ ဆုံးရှုံး နစ်နာမှု ဟူသမျှကို အဲဒီ အလုပ်သမားတွေရဲ့ ကိုယ်စား တရားလို အဖြစ် အမှုဖွင့်ထားတာပါ။ ဒီ အလုပ်သမားတွေရဲ့ ကိုယ်စား တရားလို ဖြစ်ပါတယ်။”

များသောအားဖြင့် အလုပ်ရှင်တွေဟာ နယ်မြေခံ ရဲတွေကို ညှိနှိုင်းထားတာတွေ ရှိတတ်တာကြောင့် ဒင်ဒန်း နယ်မြေခံ ရဲစခန်းကို အကြောင်း မကြားဘဲ လူကုန်ကူးမူ တိုက်ဖျက်ရေး အထူးတပ်ဖွဲ့ကို တိုက်ရိုက် ဆက်သွယ်ခဲ့တဲ့ အကြောင်းကိုလည်း ပြောပြပါတယ်။ အလုပ်သမား တွေထဲက ထွက်ပြေး လာခဲ့တဲ့သူ တဦးက သူတို့ နေထိုင်ခဲ့တဲ့ နေရာကို လိုက်လံ လမ်းပြခဲ့ပြီး အလုပ်ရှင်ကို ဖမ်းဆီး ရမိဖို့ ကြိုးစား ခဲ့တာလို့ ဆိုပါတယ်။

၁၉ ရက်နေ့ကတော့ သက်ဆိုင်ရာ အာဏာပိုင်တွေက စစ်ဆေးနေစဉ်မှာပဲ အလုပ်ရှင်က ရဲတွေကို လမ်းပြ အဖြစ် လုပ်ပေးခဲ့သူ မောင်ဖြိုးဝေဦးကို လူရှေ့မှာပဲ ရိုက်နှက်တာ လုပ်ခဲ့သေးကြောင်း မောင်ဖြိုးဝေဦးက အခုလို ပြောပြပါတယ်။

“ကျနော်နဲ့ လမ်းမှာ မျက်နှာချင်းဆိုင် တိုးတယ်။ မျက်နှာချင်းဆိုင်မှာ ကျနော် လာနေရင်းနဲ့ ရိုက်ချ လိုက်တာ။ ကျနော်က အခုချိန်မှာ သူဌေးမရဲ့ အမုန်းဆုံးလူ ဖြစ်နေတယ်။ အခု သူဌေးမက အစစ အရာရာ ကျနော့်ကိုပဲ ကျနော့်ကြောင့်ပဲ ဖြစ်ရတယ်ပေါ့။ ကျနော် ကလည်း အဲဒီတုန်းက ထွက်ပြေး သွားတဲ့သူ ဆိုတော့။ တကယ်လို့ ဒီဟာတွေ ပြီးပြတ်သွားပြီ ဆိုရင်တောင်မှ ဒီနယ်မှာ ဆက်လုပ်ဖို့ ဆိုတာ စိတ်ထဲမှာ စိုးရိမ်စိတ်တော့ ဖြစ်တယ်။ ကိုယ့်အနေနဲ့ အဲဒီလို လုံခြုံမှု မရှိဘူး ဆိုရင်တော့ စိုးရိမ်ရတဲ့ သဘောမှာ ရှိတယ်လေ။”

အလုပ်ရှင်သူဌေးမက မောင်ဖြိုးဝေဦးကို လူကုန်ကူးမူ နှိမ်နှင်းရေး အထူးတပ်ဖွဲ့ ရုံးထဲမှာတောင် ခြိမ်းခြောက်မူတွေ လုပ်ခဲ့ သေးတယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ အလုပ်သမား ဥပဒေ ချိုးဖောက်မှု စွပ်စွဲချက်နဲ့ အလုပ်ရှင် လင်မယား ၂ ဦးကို ရဲတွေက ဖမ်းဆီး ထားပါတယ်။

၂၀ ရက်နေ့မှာတော့ အလုပ်သမားတွေထဲက ၁၅ ဦးက တရားလိုအဖြစ် တရား စွဲဆိုမှာ ဖြစ်တာကြောင့် သူတို့တွေကို ပထုံဌာနီ နဲ့ နွံထဘူရီက ကယ်ဆယ်ရေး စခန်းကို ပို့ဆောင်မယ့် အချိန်မှာ ကျန်တဲ့ တရား မစွဲဘူးဆိုတဲ့ အလုပ်သမား တွေကိုတော့ ဒင်ဒန်း ရဲစခန်းကနေ လက်ထိပ်ခတ် သံကြိုးနဲ့ချည်ပြီး ကားပေါ်ကို ခေါ်ထုတ် သွားတာကြောင့် တရားစွဲဖို့ ကျန်ခဲ့တဲ့ အလုပ်သမားတွေ အတွက် စိတ်မသက်မသာနဲ့ ထိတ်လန့်မူတွေ ဖြစ်ခဲ့ ရတယ်လို့ ဆိုပါတယ်။

ဒီလို အလုပ်သမားတွေအနေနဲ့ အားကိုးရာမဲ့သလို ဖြစ်နေချိန်မှာ မြန်မာ သံရုံးဘက်က အကူအညီ ပေးတာ မျိုးတွေ မတွေ့ရှိ ရဘူးလို့ ဦးကျော်သောင်းက ပြောပြပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ လူကုန်ကူးမူကိစ္စကို ဥပဒေအရ လုပ်ဆောင်မူတွေ ပြီးလို့ နစ်နာကြေး ပေးမယ် ဆိုရင် မြန်မာ အာဏာပိုင်တွေ လက်ထဲကနေ တဆင့် တရားဝင် ပေးအပ်မယ့် အခြေအနေ ရှိတာကြောင့် တရားဝင် မြန်မာငွေလဲ နှုန်းနဲ့ အလုပ်သမားတွေ နစ်နာကြေး ပြန်ရမယ် ဆိုရင်လည်း အလုပ်သမားတွေ အတွက် နစ်နာမူတွေ ထပ်ဖြစ် လာနိုင်တယ် လို့လည်း ပြောပြပါတယ်။ လက်ရှိ မှာတော့ အလုပ်သမား ၁၄ ဦးကို ကယ်ဆယ်ရေး စခန်းတွေမှာ ထားပြီး အဓိက သက်သေ ကိုဖြိုးဝေဦး ကိုတော့ လုံခြုံရေးအရ လူကုန်ကူးမှု တိုက်ဖျက်ရေး အထူးတပ်ဖွဲ့က ရဲစခန်းမှူး ကိုယ်တိုင် တာဝန်ယူ ပေးထားပါတယ်။


Ref: VOA News

Read More...

ကွန်ရက်ဖွဲ့သတင်း စစ်တပ်အငြိမ်းစားများ ဂယက်ရိုက်

လင်းသန့်
Wednesday, 20 April 2011

မြန်မာ့ တပ်မတော်အတွင်း မျိုးချစ်တပ်မတော်သားများ ကွန်ရက် ဖွဲ့စည်းသည်ဆိုသည့် သတင်း ထွက်ပေါ်လာ မှုကြောင့် အငြိမ်းစား တပ်မတော် အရာရှိများသည် နယ်မြေခံ အာဏာပိုင်များ၏ စုံစမ်း စောင့်ကြည့် ခံနေကြရကြောင်း သိရသည်။

မကြာသေးမီ ရက်ပိုင်းက တပ်မတော်တွင် လက်ရှိတာဝန် ထမ်းဆောင်နေကြသော မျိုးချစ် တပ်မတော် သားများက တပ်တွင်း ကွန်ရက် ဖွဲ့ကာ အဆိုပါ ကွန်ရက်မှ ဦးဆောင်ပြီး တပ်မတော် သားများသည် ပြည်သူ့ဘက်မှ ရပ်တည်ရေး အတွက် လုပ်ဆောင် သွားကြမည် ဖြစ်ကြောင်း ဘီဘီစီ နှင့် လွတ်လပ်သော အာရှအသံ(RFA) ရေဒီယို သတင်း ဌာနများတွင် ကြေညာ သွာခဲ့သည်။

“တပ်တွင်းကွန်ရက်ဆိုတာကြီး သတင်းတွေထွက်လာတော့ ကျနော်တို့ ရပ်ကွက် လူကြီးဆိုတဲ့ သူတွေနဲ့ သူတို့ရဲ့ လက်ရုံး တပည့် လေးတွေက စောင့်ကြည့်တာတို့၊ ချဉ်းကပ်တာ စုံစမ်းတာတို့ လုပ်လာတယ်၊ အန်ကယ်တို့ က ဒီကွန်ရက် ဆိုတာကို သိတောင် သိတာ မဟုတ်ဘူး”ဟု မရမ်းကုန်း မြို့နယ်တွင် နေထိုင်သူ အငြိမ်းစား ဗိုလ်မှူးကြီး တဦးက ဧရာဝတီသို့ ပြောသည်။

မြန်မာ့တပ်မတော်စစ်သည်အင်အား ၄ သိန်းကျော်ရှိသည့် အနက်မှ တပ်ကြပ်ကြီး အဆင့်ရှိသူ ၁၁ ဦး၏ လျှို့ဝှက် ဖွဲ့စည်း သည်ဟု ဆိုသော အဆိုပါ ကွန်ရက် ဖွဲ့စည်းမှုသည် မည်မျှ ကိုယ်စားပြုသည်ကို ခန့်မှန်းရခက်ပြီး လက်ရှိ တပ်မတော် သားများနှင့် အငြိမ်းစား တပ်မတော်သား အသိုင်းအ၀ိုင်းမှ အဆိုပါ ကွန်ရက်အပေါ် ယုံကြည်မှု နည်းသော သတင်းများလည်း ထွက်ပေါ်နေသည်။

“ကျနော်တို့ကတော့ ဒါဟာ မဖြစ်နိုင်ဘူးထင်တယ်၊ ကွန်ရက်ဖွဲ့တယ်ဆိုတာ အင်တာနက် သုံးနိုင်မှ ဖြစ်မှာ။ တပ်တွင်း မှာ အင်တာနက် သုံးနိုင်တဲ့ ကွန်ပျူတာ သုံးနိုင်တဲ့ အခြေအနေ အခွင့်အလမ်း အရမ်းနည်းတယ်။ ဖုန်းနဲ့က လုံခြုံမှု မရှိတာကြောင့် လည်းဖြစ်တယ်။ ဒါမျိုး ကွန်ရက်ဖွဲ့ဖို့ ဆိုတာ အလွန်ခက်ပါတယ်။ အငြိမ်းစား တချို့တော့ ဒီသတင်းကြောင့် စောင့်ကြည့် ခံရ တာတော့ ရှိတယ်”ဟု ထိုင်းမြန်မာ နယ်စပ်ရှိ တပ်မတော် အရာရှိဟောင်း ဗိုလ်ထက်မင်းက ပြောသည်။

ရန်ကုန်တိုင်း ရွှေပေါက္ကံမြို့သစ်တွင် နေထိုင်သူ အငြိမ်းစားဗိုလ်ကြီးတဦးကမူ “တပ်တွင်း ကွန်ရက်ဖွဲ့တယ် ဆိုတာ ဟုတ်တယ် ဆိုရင်တောင် ကျနော်တို့ တပ်ကနေ အငြိမ်းစား ယူထားတဲ့ သူတွေနဲ့က ဘာမှလဲ မဆိုင်ဘူး။ အခု ရပ်ကွက်ရုံးက လူတချို့က လာမေးတာ၂ ခါ ရှိနေပြီ။ လာမေးတာက ဆက်စပ်နိုင်လား ဆိုတာ စုံစမ်းတာ နေမှာပေါ့။ မိသားစုတွေက စိုးရိမ်တာပေါ့။ သိ တဲ့ အတိုင်း သူတို့ အာဏာရှိသူတွေက လုပ်ချင်တာလုပ်မှာ”ဟု ပြောသည်။

တပ်မတော်သား အငြိမ်းစားအရာရှိကြီးများသည် ယခင်စစ်အစိုးရလက်ထက် စစ်မှုထမ်းဟောင်း အဖွဲ့၊ မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက် တို့တွင် အစု ရှယ်ယာဝင်များ၊ အဖွဲ့ဝင်များ အဖြစ် ရှိနေကြပြီး စီးပွားရေး လုပ်ငန်းများ လုပ်ပိုင်ခွင့် ရရှိနေ သူများဖြစ်ကြသည်။

သို့သော်လည်း မြန်မာစစ်တပ်တွင် တပ်မှူး၊ တပ်သားများအနေဖြင့် စစ်တပ်ခေါင်းဆောင်များအပေါ် မကျေနပ်မှုများ ရှိသည် မှာ နှစ်ကာလ ရှည်ကြာ ကတည်းက ဖြစ်ပြီး အာဏာဖီဆန်နိုင်သည့် အခွင့်အရေး မည်သည့်အခါမှ မရခဲ့ပေ။

အထူးသဖြင့် စစ်ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ကြီးခင်ညွန့် ရာထူးမှ ဖယ်ရှား ခံလိုက်ရပြီးနောက် စစ်ထောက်လှမ်းရေး ဟောင်း အများစုက မကျေနပ်မှုများ ရှိနေသည်ဟု သိရသည်။

“ကျနော့်အမြင်ကတော့ တပ်ထဲမှာ ဒီလိုကိစ္စမျိုး ဖွဲ့စည်းဖို့ဆိုတာ အတော်ခဲယဉ်းတယ်လို့ ပြောချင်တယ်။ ဒါဟာ တပ်တွင်းမှာ အင်မတန် ကြီးလေးတဲ့ အပြစ် ကျူးလွန်မှုဖြစ်တယ်။ တကယ် မှန်ကန်တယ် ဆိုရင်တော့ ကြိုဆိုတယ်။ မဟုတ်ရင်တော့ တို့တွေ အနေ ခက်တာပဲ အဖတ် တင်သွားမယ်”ဟု တပ်မတော် စစ်ထောက်လှမ်းရေးဟောင်း တဦးက ပြောသည်။

မြန်မာနိုင်ငံ တပ်မတော်သမိုင်းတလျှောက်တွင် ဖယ်ရှားခံလိုက်ရသော ဗိုလ်ချုပ်ကြီးခင်ညွန့်၏ စစ်ထောက်လှမ်းရေး အဖွဲ့သည် အကြီးမား အကျယ်ပြန့်ဆုံး ဖြစ်ခဲ့သည်။ ခိုင်မာစွာ ဖွဲ့စည်းထားသည့် စစ်ထောက်လှမ်းရေး အဖွဲ့ဝင်များသည်ပင်၂၀၀၄ ခုနှစ်တွင် ၀င်ရောက်စီးနင်း၊ ဖမ်းဆီးမှု ပြုလုပ်ခြင်းများကို ခံခဲ့ကြရသည်။

၁၉၇၀ နှစ်လွန်ကာလ အာဏာရှင်ဟောင်း ဦးနေ၀င်း လက်ထက် မအောင်မြင်သော အာဏာသိမ်းရန် ကြံစည်မှု ဖြစ်ပေါ်ခဲ့ပြီး ဦးဆောင်သူ ဗိုလ်ကြီး အုန်းကျော်မြင့် ကို သေဒဏ် အမိန့် ချမှတ်ခဲ့ပြီးနောက် အင်းစိန် အကျဉ်းထောင်တွင် ကြိုးပေး ကွပ်မျက် ခဲ့သည်။

ရှစ်လေးလုံးဒီမိုကရေစီအရေးတွင် ကြည်း၊ ရေ၊ လေ တပ်မတော်သားများအနေဖြင့် ပြည်သူနှင့် လက်တွဲကာ ၄င်းတို့၏ ဆန္ဒကို ပူးပေါင်း ဖော်ထုတ် ပြသခဲ့သည်။ ၁၉၉၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီးတွင်လည်း အပြောင်း အလဲကို လိုလားကြောင်း ဒီမိုကရေစီ ပါတီများကို ဆန္ဒမဲပေးထောက်ခံပြီး ပြည်သူနှင့် တသားတည်း ရပ်တည်ခဲ့ဖူးသည်။

Ref: ဧရာဝတီ်

Read More...

ကြံ့ဖွံ့ခေါင်းဆောင်ပိုင်း ဝန်ကြီးဟောင်းများ ဖြစ်ဖွယ်ရှိ

ကျော်ခ | ဗုဒ္ဓဟူးနေ့၊ ဧပြီလ ၂၀ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ)။ ။ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်ပိုင်းကို ပြန်ဖွဲ့တော့မည် ဖြစ်ရာ စက်မှု ၁ ဝန်ကြီးဟောင်း ဦးအောင်သောင်းနှင့် စာတိုက်၊ ကြေးနန်းနှင့် ဆက်သွယ်ရေး ဝန်ကြီးဟောင်း ဦးသိန်းဇော် ဖြစ်လာဖွယ် ရှိကြောင်း ပါတီ တာဝန် ရှိသူများ အဆိုအရ သိရသည်။

ပါတီ ခေါင်းဆောင် အများစုမှာ အစိုးရသစ်၌ အုပ်ချုပ်ရေး တာဝန်များ ထမ်းဆောင်ရာ၌ ပါဝင် သွားပြီးနောက် အဆိုပါ လစ်လပ် နေရာများ အတွက် ဧပြီလကုန်ပိုင်းတွင် ပြန်လည် အစားထိုးမည် ဖြစ်ရာ၊ ပါတီကို အဓိက ချုပ်ကိုင် သွားမည့် ၎င်းတို့ ၂ ဦး အမည် ထွက်ပေါ် လာခဲ့ခြင်း ဖြစ်သည်။

“ဝန်ကြီးအဖွဲ့က နားသွားတဲ့ ဦးအောင်သောင်းနဲ့ ဦးသိန်းဇော်တို့ သူတို့တွေက ဒီဘက်မှာ ပါတီလုပ်ငန်း တွေကို ကျစ်ကျစ် လစ်လစ် ပြန်ပြီးတော့ ကိုင်တွယ်မယ့် သဘောရှိတယ်” ဟု အမည် မဖော်လိုသည့် ရန်ကုန်တိုင်း အဆင့် ကြံ့ဖွံ့ပါတီ တာဝန်ရှိသူ တဦးက မဇ္ဈိမကို ပြောသည်။

ဦးအောင်သောင်းမှာ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေ၏ လက်ရင်းလူယုံတဦးဟု လူသိများပြီး၊ ရွေးကောက်ပွဲ ကာလတွင် ကြံ့ဖွံ့ပါတီ ကိုယ်စားပြုကာ မန္တလေးတိုင်း တောင်သာမြို့နယ်မှ ဝင်ရောက် အရွေးခံခဲ့ပြီး လွှတ်တော် အမတ် ဖြစ်လာခဲ့သည်။

ထို့အတူ ဆက်သွယ်ရေးလုပ်ငန်းများစွာ အစိုးရနှင့် ပူးတွဲလုပ်ကိုင်ခွင့် ရရှိနေသည့် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ဝန်ကြီးဟောင်း ဦးသိန်းဇော်မှာလည်း ကချင်ပြည်နယ် မြစ်ကြီးနားမှ အရွေးခံခဲ့ပြီး အမတ်ဖြစ်လာခဲ့သည်။

အထွေထွေအတွင်းရေးမှူး ဦးဋ္ဌေးဦးက ပါတီကို လတ်တလော ထိန်းကျောင်းနေကြောင်းနှင့် ဧပြီလအတွင်း ဒေသ အသီးသီး အလိုက် ပါတီဝင်သစ် စုဆောင်းရေးကို သူကပင် လမ်းညွှန် သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများ အဆိုအရ သိရသည်။ ပါတီ အင်အား စာရင်းကိုလည်း ထုတ်ပြန်နိုင်ခြင်း မရှိသေးပေ။

ဥက္ကဋ္ဌဟောင်း ဦးသိန်းစိန်သည် အစိုးရသစ်တွင် သမ္မတ၊ နာယက အဖွဲ့ဝင် ဖြစ်ခဲ့သူ သီဟသူရ တင်အောင်မြင့်ဦး မှာ ဒုသမ္မတ၊ နာယက အဖွဲ့ဝင် ဦးတင်အေးမှာ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ တာဝန်များကို ရယူခဲ့ကြသည်။

ထိပ်ပိုင်းခေါင်းဆောင်များ အစိုးရသစ်တွင် တာဝန်များ ရရှိသွားပြီးနောက် ပါတီတွင်း၌ အဓိက နေရာ ရရှိ လာနိုင်သူဟု အများက ထင်ကြေး ပေးခံရသူ ရန်ကုန်မြို့တော်ဝန်ဟောင်း ဦးအောင်သိန်းလင်းသည် သူ၏ လက်အောက်ခံ ဝန်ထမ်းများ၏ ခြစားမှုများကြောင့် ထိပ်ပိုင်းနေရာ ရရှိလာနိုင်မည် မဟုတ်ဟု ခန့်မှန်းကြသည်။

“သူ့လက်အောက်က လူတွေက သူ့ကို “အဘ” ခေါ်ပြီး ညာနေကြတာကို သူက ယုံပြီး စွတ်စွတ်ပြီး ရမ်းတော့၊ လူထု ကြားမှာလည်း လူရိုင်းစာရင်း ဝင်သွားသလို ပါတီ ထဲမှာလည်း သူ့ရဲ့ ပုံရိပ်က မကောင်းတော့ဘူး ဖြစ်သွားတာပေါ့ဗျာ” ဟု ရန်ကုန်တိုင်း အဆင့် ကြံ့ဖွံ့ပါတီ တာဝန်ရှိသူကပင် ပြောပြသည်။

ရွေးကောက်ပွဲကာလတွင် ဦးအောင်သိန်းလင်း ဝင်ရောက်အရွေးခံသည့် တောင်ဥက္ကပမြို့နယ်ရှိ လမ်းများကို ခင်းကျင်းရန် ငွေကြေး ထုတ်ပေး ခဲ့သော်လည်း ပြီးပြတ်အောင် မလုပ်နိုင်ခဲ့သလို နိုင်ငံရေး ဘက်၌ တွင်လည်း ဆက်ဆံရေး ပြေပြစ်သူ မဟုတ်ဟု ပါတီ လုပ်ဖော်ကိုင်ဘက်များ အဆိုအရ သိရသည်။ သို့သော် သူသည် ပါတီ၏ ရန်ကုန်တိုင်း တာဝန်ခံ ရာထူးကိုမူ ယူထားသေးသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ၁၉၉၃ ခုနှစ်မှစ၍ ၁၇ နှစ်ကြာ လူမှုရေးအသင်းအဖြစ် စစ်အစိုးရက ထူထောင်ခဲ့ပြီး၊ ၂ဝ၁ဝ ရွေးကောက်ပွဲ မတိုင်မီ ပါတီအဖြစ် အသွင် ပြောင်းခဲ့သည်။ ရွေးကောက်ပွဲတွင် လွှတ်တော် ၃ ရပ်ပေါင်း မဲဆန္ဒနယ် ၁,၁၅၄ အနက် ကြံ့ဖွံ့က ၈၈၂ နေရာ (၇၆.၅ ရာခိုင်နှုန်း) ဖြင့် အနိုင်ရခဲ့သည်ဟု စစ်အစိုးရ ကြေညာခဲ့သည်။

Ref: မဇ္ဈိမ

Read More...

Wednesday, April 20, 2011

တပ်မတော်သားများ၏ ကွန်ရက်ကို ကြိုဆို

2011-04-19

မြန်မာ့ တပ်မတော်မှာ လက်ရှိ တာဝန် ထမ်းဆောင်နေတဲ့ တပ်မတော်သား တချို့ ဦးဆောင်ပြီး လျှို့ဝှက် ဖွဲ့စည်းလိုက်တဲ့ မျိုးချစ် တပ်မတော်သားများ ကွန်ရက်ကို ထောက်ခံ ကြိုဆိုကြောင်းနဲ့ တပ်မတော် သားများ အားလုံး အနေနဲ့လည်း ဒီကွန်ရက်မှာ ပူးပေါင်း ပါဝင်ကြဖို့ ဗြိတိန်အခြေစိုက် မြန်မာ့ ဒီမိုကရေစီ အင်အားစု (Burma Democratic Concern) အဖွဲ့က တိုက်တွန်းနှိုးဆော် လိုက်ပါတယ်။

မြန်မာ့သမိုင်းမှာ ပြည်သူ့ အရေးတော်ပုံ အတွင်း တပ်မတော်နဲ့ ပြည်သူ လက်တွဲ ပူးပေါင်း ပါဝင်မှုတွေ ရှိခဲ့တာကြောင့် အခုလို တပ်မတော်သားတွေ ကွန်ရက် ဖွဲ့စည်းလိုက်တဲ့ အပေါ်မှာ ထောက်ခံ ကြိုဆိုရတာ ဖြစ်တယ်လို့ BDC အဖွဲ့ရဲ့ ညွှန်ကြားရေးမှူး ဦးမျိုးသိန်းက RFA ကို ပြောပါတယ်။

“မြန်မာ့ သမိုင်းကို ပြန်ကြည့်လိုက်လို့ရှိရင် ၁၉၈၈ ခုနှစ် ပြည်သူ့ အရေးတော်ပုံကြီးမှာ ကြည်း၊ ရေ၊ လေ တပ်မတော်သားတွေဟာ ပြည်သူနဲ့ လက်တွဲပြီးတော့ တက်တက်ကြွကြွ ပါဝင်ခဲ့တယ်၊ ရလဒ်အဖြစ် ကျွန်တော်တို့ တပါတီ အာဏာရှင်စနစ်ကို ဖြုတ်ချနိုင်ခဲ့တယ်ခင်ဗျ။”

“ဒါ့အပြင်၊ ၁၉၉၀ ရွေးကောက်ပွဲမှာ ဆိုလို့ရှိရင်လည်း စစ်တပ်မြို့တွေလို့ ပြောလို့ရတဲ့ ဗထူးတပ်မြို့တို့၊ မင်္ဂလာဒုံ တပ်မြို့တို့၊ မှော်ဘီတပ်မြို့တို့ အဲဒီ မြို့တွေမှာကိုက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ကျွန်တော်တို့ အပြတ်အသတ် မဲပေးပြီးတော့ NLD ပါတီက လွှတ်တော်အမတ်တွေကနေပြီးတော့ ဒီ အနိုင်ရရှိခဲ့တယ်။”

“ဒါတွေကို ကြည့်ခြင်းအားဖြင့် တပ်မတော်သားတွေရဲ့ စိတ်ထဲ အသည်းထဲမှာလည်း ကျွန်တော်တို့ ဒီမိုကရေစီ၊ လူ့အခွင့်အရေး ဆိုတာ သူတို့ဆီမှာ ရှိတယ်ဆိုတာ မြင်ရတယ်ခင်ဗျ။ ဒါကြောင့်မို့ ကျွန်တော်တို့ ပြည်သူနဲ့ တပ်မတော်နဲ့ ကြည်ကြည်ဖြူဖြူ လက်တွဲပြီးတော့ စစ်အာဏာရှင် စနစ်ကို ဖယ်ရှားပစ်ဖို့ပေါ့နော်၊ ဒီယနေ့ ဖွဲ့စည်းလိုက်တဲ့ မျိုးချစ် တပ်မတော်သားများ ကွန်ရက်ကို လှိုက်လှိုက်လှဲလှဲ ကြိုဆို ထောက်ခံခြင်း ဖြစ်ပါတယ်ခင်ဗျ။”

NLD ဒုတိယ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးတင်ဦးလို မျိုးချစ် တပ်မတော်သားတွေ မြန်မာ စစ်တပ်တွင်း အများ အပြား ရှိနေတယ်လို့ ယုံကြည်တဲ့ အတွက် တိုက်တွန်းရတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒီ မျိုးချစ်တပ်မတော်သားများ ကွန်ရက်ကို ပြီးခဲ့တဲ့ နှစ်ဆန်းတရက်နေ့က ဧရာဝတီတိုင်းတွင်း တနေရာမှာ လက်ရှိ တပ်ကြပ်အဆင့် တာဝန် ယူထားတဲ့ စစ်သည် ၁၁ ဦးက ဦးဆောင်ပြီး လျှို့ဝှက် ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။


Ref: RFA News

Read More...

ဗမာပြည်က စစ်အာဏာရှင်များနှင့် လူထုသတင်းစာ

ရဲဘော် ဖိုးသံချောင်း

ကျနော် တခါတခါ ကိုယ့်ငယ်ငယ်တုန်းက အဖြစ်အပျက်တွေကို ပြန်စဉ်းစား ကြည့်တဲ့အခါ၊ အထူး သဖြင့် အဖမ်းခံနေရတဲ့ ကာလ အတွင်း၊ တိုက်ထဲမှာ တယောက်တည်း နေရတုန်းမှာ ကိုယ့်အကြောင်းတွေကိုယ် ပြန်စဉ်းစား ကြည့်တဲ့အခါ ငါ့ဘဝရဲ့ အစောဆုံး ဘယ်အပိုင်းကို မှတ်မိသလဲလို့ ပြန်စဉ်းစား ကြည့်တဲ့ အခါမှာ ကျနော့် ခေါင်းထဲမှာ မှတ်မှတ်ရရ ပေါ်လာတာတခုက မန္တလေးမြို့ကို သူပုန်တွေက သိမ်းတဲ့အချိန်၊ ကျနော်တို့ မိသားစုကို သတ်ဖို့ စီစဉ်ကြတဲ့ ကိစ္စ၊ ကျနော်တို့ အိမ်က ပုံနှိပ်တိုက်ကြီးကို မိုင်းဗုံးနဲ့ ခွဲတဲ့ကိစ္စ၊ အဲဒါ ကျနော် အစောဆုံး မှတ်မိတာပဲ။ ကျနော်တို့ မိသားစုကို သတ်ဖို့ပြင်တယ် ဆိုတဲ့ကိစ္စ ဟာ အခုအခါမှာ ကြားဖူးသူ အတော် ရှားမယ်ထင်တယ်။ သိတဲ့သူလည်း နည်းမယ်ထင်တယ်။ စာတွေဘာတွေ ထဲမှာ သိပ်ပြီး မပါဖူးဘူး။ အဲဒီတုန်းက သတ်မယ် လုပ်သူဟာ အဲဒီတုန်းက မန္တလေး မြို့ထဲကို ဝင်ကြတဲ့ သူပုန်တွေ မဟုတ်ပါဘူး။ မန္တလေးမြို့ကို ဝင်တဲ့ သူပုန်တွေက မျိုးစုံပါ။ ကျနော် သိသလောက် ဆိုရင် ကွန်မြူနစ် ပါတီလည်းဝင်တယ်။ ကရင်လည်း ဝင်တယ်။ ရဲဘော်ဖြူလည်း ဝင်တယ် (ရဲဘော်ဖြူ ဆိုတာက ပြည်သူ့ ရဲဘော်ကို ပြောတာပါ) ဒါပေမဲ့ သူ တို့က သတ်ဖို့လုပ်တာ မဟုတ်ပါဘူး။ ကျနော်တို့ မိသားစုကို သတ်ဖို့ လုပ်တာက အစိုးရတပ်ပါ။

ကျနော့်မျက်စေ့ထဲက မထွက်နိုင်တဲ့ အဲဒီတုန်းက အဖြစ်အပျက်တွေကို ကျနော် ပြန်ပြောပြ ပါ့မယ်။ အဲဒီတုန်းက ကျနော်တို့ နေကြတာဟာ အခု ၈၄ လမ်း နဲ့ ၃၃ လမ်း ထောင့်က လူထု တိုက်နေရာ မဟုတ်ပါဘူး။ လက်ရှိ နေရာမှာက အဲဒီတုန်းက ဒုတိယ ကမ္ဘာစစ်တုန်းက ဗုံးကျထားတဲ့ တိုက်ပျက် အုတ်ခဲပုံကြီး။ အဲလို အုတ်ခဲပုံကြီး ပေါ်မှာ တဲလေးတလုံး ထိုးပြီး ဘလောက် လုပ်ငန်း လုပ်နေတဲ့ မြသီတာ ဘလောက်တိုက် ဆိုတာပဲ ငုတ်တုပ် ရှိပါတယ်။ ကျနော်တို့က အခု ဝင်းလိုက် ရုပ်ရှင်ရုံရဲ့ တောင်ဘက်က တအိမ်ခြား၊ နောင်မှာ ဦးချမ်း စားသောက်ဆိုင် ဆိုတာ ဖြစ်လာတဲ့ ရွှေကုန်သည် ဦးသိန်းမောင်တို့ရဲ့ တိုက်ကို အောက်ထပ်မှာ ငှားပြီး နေကြတာပါ။ သူတို့ အိမ်ရှင်များက အပေါ်ထပ်မှာ နေကြပါတယ်။ ကျနော်တို့ တိုက်မျက်နှာစာ မှာတော့ အမေတို့ အဖေတို့က စာအုပ်ဆိုင်လေးလို လုပ်ထားပါတယ်။ ကိုယ့်တိုက်က ထုတ်တဲ့ စာအုပ်တွေရော အခြား စာအုပ်တွေပါ ရောင်းပါတယ်။ ပုံနှိပ်စက်က ကျနော်တို့ နောက်ဖေး က ကျနော့် အဖိုးအဖွားများရဲ့ ဂုန္တန်ဝင်း ထဲမှာပါ။ ဝါးကပ်တဲ အရှည်ကြီး တခုထဲမှာ ဖြစ်ပါတယ်။

၁၉၄၉ ခုနှစ်တုန်း ကပါ၊ ကျနော်ထင်တယ်(၄၉) ခုနှစ် အစောပိုင်း ဖြစ်ပါလိမ့်မယ်။ ဘာကြောင့်လည်း ဆိုတော့ အဲဒီအချိန်မှာ နွေခေါင်ခေါင်ကြီး မဟုတ်သေး ပါဘူး။ နွေဦးပေါက်စ ဆိုတာမျိုး ဖြစ်ပါလိမ့်မယ်။ ကျနော် အသက်သုံးနှစ် ကျော်ပေါ့၊ ဒါပေမဲ့ မန္တလေး ဆိုတော့ရာသီဥတုက နေ့လည်မှာ ပူပါတယ်။ အဲဒီ ရက်က ကျနော့်မိဘတွေက ဘယ်ကနေ ဘာသတင်းရထားတယ် ကျနော် မသိပါဘူး။ ကျနော်က သိပ်ငယ်ပါတယ်။ ကျနော်တို့ မိသားစု တစုလုံး တထိတ်ထိတ် တလန့်လန့်နဲ့ နေကြတာကိုပဲ ကျနော် မှတ်မိနေတယ်။ အဲဒီနေ့မှာကျတော့၊ ကျနော်တို့ အိမ်ထဲကို အစိုးရ စစ်သားတွေ ခဏ ခဏ ဝင်-ဝင်လာတာလည်း ကျနော် မှတ်မိနေတယ်။ နောက်တခါ ကျနော်တို့ တတွေ အဖေနဲ့ အမေအိပ်တဲ့ မင်္ဂလာဆောင်ခန်းဝင် ကုတင်ကြီးရဲ့ နောက်မှာ အားလုံးထိုင်ပြီး ပုန်း နေကြတယ်။ အဖေနဲ့ အမေတို့က မင်္ဂလာဆောင်တာ မန္တလေးမှာ ဆောင်တာ၊ ဒါပေမယ့် အဖေက ခန်းဝင်ပစ္စည်းတွေကို ရန်ကုန် ဘုံဘေဘားမား ကုမ္ပဏီ ကနေ ဝယ်လာတာ။ ခုနကပြောတဲ့ ကုတင်ကြီးက ဧရာမ ကျွန်းကုတင်ကြီး။ ခေါင်းရင်းပိုင်းက အကာဟာ ငါးပေလောက်မြင့်မယ် ထင်တယ်။ အဲဒီအကာ ကြီးနဲ့ အုတ်နံရံ အကြားမှာ ကျနော်တို့ မိသားစုခြောက်ယောက်။ အဲဒီတုန်းက ကျနော့် ညီအငယ်ဆုံး မမွေးသေးပါဘူး။
ကျနော်တို့ အားလုံး ထိုင်ပြီး ပုန်းနေကြတာ။ အတော်ကြာပါတယ်။ ဘယ်နှနာရီ ရှိမလဲတော့ မမှတ်မိတော့ဘူး။ ဒီလိုနဲ့ အစိုးရစစ်သားတွေ အိမ်ထဲကို ဝင် လာတာ ထပ်ကြားတယ်။ ကျနော်တို့တတွေ မျက်ရိပ်ပြပြီး တိတ်တိတ်ကလေး ထိုင်နေကြတယ်။ ကျနော်တို့ အခန်းက ခပ်မှောင်မှောင်ရယ်၊ ဒါပေမဲ့ အခန်း သုံးခန်းထဲသာ ရှိတဲ့ အဲဒီနေရာမှာ ကျနော်တို့ကို အဲဒီ စစ်သားတွေက ခဏနဲ့ပဲ ရှာတွေ့သွားတယ်။ သူတို့လက်ထဲမှာ သေနတ်တွေနဲ့ စစ်မြေပြင် ဆင်းတဲ့ပုံစံ အပြည့်ပဲ။ ဗိုလ်လုပ်တဲ့သူက ကျနော်တို့ အားလုံး ထွက်ခဲ့ပေါ့။ သူတို့နဲ့ လိုက်ခဲ့ဖို့ပြောတယ်။ အဲ့တော့ ပုန်းနေတဲ့ ကုတင်နဲ့ နံရံကြားက ကျဉ်း ကျဉ်းလေးမို့ အဖေတို့ အမေတို့ တယောက်ချင်း ထွက်ကြရတယ်။ ဒီအခါမှာ ကျနော်နဲ့ ကျနော့် အကိုဟာ တူတူပုန်းတဲ့ အခါ ကစားလေ့ ရှိတဲ့အတိုင်း တယောက်ကို တယောက် လှမ်းကြည့်ပြီး အဲဒီ ကုတင်ကြီးရဲ့ အောက်ထဲကို အသာလှည့်ဝင်ပြီး ပုန်းနေ လိုက်ကြတယ်။ အခန်းက ခပ်မှောင်မှောင် ဆိုတော့ စစ်သားတွေလည်း သတိမထား မိလိုက်ကြဘူး။ အဖေနဲ့အမေနဲ့၊ အမနဲ့ နှမပေါ့လေ သူတို့ကိုပဲ ခေါ်သွားပြီးတော့ ကျနော်တို့ နှစ်ယောက်တည်း ကျန်နေခဲ့ ကြတယ်။ ကျနော်တို့ နှစ်ယောက် ကုတင်အောက်မှာ တယောက်မျက်နှာ တယောက်ကြည့်ပြီး ပြုံးနေခဲ့ကြတယ်။ ဘာရယ်မဟုတ်ဘူး၊ ကလေးပြုံး ပြုံးကြတာပဲ။

နောင်မှာ ကျနော်တို့ ကြီးလာကြတော့လည်း ဒီကိစ္စ ဘာမှ ပြန်မမေးဖြစ်ဘူး။ တယောက်နဲ့ တယောက် ဒီအကြောင်း စကားမစပ် ကြတော့ဘူး။ ကျနော်တို့ မိဘတွေနဲ့တောင် ပြန်မပြောမိ ကြတော့ဘူး။ ပြန်မစဉ်းစား ချင်တော့တဲ့ ကိစ္စတခုလို ဖြစ်သွားတယ်။ ဒီလိုနဲ့ အတော်လေးနေတော့မှ “နှစ်ယောက် လိုသေးတယ်၊ နှစ်ယောက် လိုသေးတယ်” ဆိုပြီး စစ်သားတွေ ပြန်ဝင်လာတယ်။ အဲဒီကျတော့ ကျနော်တို့ ပုန်းလို့ မရတော့ဘူး။ တွေ့သွားတော့ ကျနော်တို့ နှစ်ယောက်ကို ကုတင်အောက်က ထွက်လာခိုင်းတယ်။ နောက် အပြင်ကို ထုတ်လာတော့ အပြင်မှာ ကျနော့်အဖေ၊ ကျနော့်အမေ၊ ကျနော့်အမနဲ့ ကျနော့် နှမတို့ကို တွေ့ရတယ်။ ဝင်းလိုက် ရုပ်ရှင်ရုံနဲ့ မျက်နှာချင်းဆိုင် ကျနော့်အဖိုးနဲ့ အဖွားပိုင်တဲ့ အောင်မြန်မာ စက္ကူဆိုင် ဆိုတာရှိတယ်။ တထပ်တိုက်တန်းကြီး တခုပါ။ အဲဒီ တထပ်တိုက်တန်းဟာ အုတ်ခုံ အမြင့်ခံပြီး ဆောက်ထားတာပါ။ အဲဒီအရှေ့မှာပဲ အားလုံးကို တန်းစီပြီး ရပ်ခိုင်းထားတာ တွေ့ရတယ်။ ကျနော်တို့ ညီအစ်ကိုလည်း ကျန်တဲ့ မိသားစုတွေနဲ့ ဝင်ပြီး တန်းစီရတာပေါ့။ ကလေးဆိုတော့ ကျနော်တို့ကို ပစ်သတ်ဖို့ ပြင်နေတယ် ဆိုတာ သိပ်ပြီး ရှင်းရှင်းလင်းလင်း သိတာ မဟုတ်ဘူး။ သဲသဲကွဲကွဲ သိတာ မဟုတ်ဘူး။ သဘောတော့ ပေါက်တဲ့ ပုံရှိတယ်။ ဒါပေမဲ့ ကြောက်ရမှန်း မသိတာ အမှန်ပဲ။

အစိုးရ စစ်သားတွေက သေနတ်ကို ကျည်ထိုးပြီး ပစ်မိန့်ကို စောင့်နေကြပြီ။ အဲဒီတုန်းက ကျနော်တို့ ပတ်ဝန်းကျင်မှာ ဒီအဖြစ် တွေကို ဝိုင်းပြီး ကြည့်နေကြတဲ့ လူ(၃ဝ-၄ဝ) လောက် ရှိမယ်ထင်တယ်။ ခဏနေတော့ အဲဒီဘေးက ကြည့်နေတဲ့သူတွေ၊ အထူးသဖြင့် သံဃာတွေက စစ်သားတွေကို ဒီလိုမလုပ်ဖို့ ဝိုင်းပြီး မေတ္တာ ရပ်ခံကြတယ်။ သူတို့ အချိန်အတော်လေး ပြောရတယ်။ ဘယ်လောက် ကြာလဲတော့ အတိအကျ မမှတ်မိတော့ဘူး။ အဓိက ဖြောင်းဖြတဲ့ အထဲ မှာက ဘုရားကြီး အနောက်ဖက်က ပေပင်ကျောင်းက ဆရာတော် ဦးကောဝိဒ ပါတယ်၊ အဲဒီတုန်းကတော့ ဦးဇင်းပေါ့။ နောက်ဆုံးကျတော့ အဲဒီစစ်ဗိုလ်က လက်ခံသွားပြီး ကျနော်တို့ကို ပြန်လွှတ်လိုက်တယ်။ ကျနော်တို့ မိသားစုဟာ အဲဒီ ဆရာတော်ကို တသက်လုံး ကျေးဇူးရှင်လို သဘောထားပြီး ကျနော်တို့ အိမ်က သူ့ဆီကို အပတ်တိုင်း ဆွမ်းပို့ ပေးပါတယ်။ စစ်သားက ကျနော်တို့ကို ပြန်လွှတ်ပေးတဲ့ နောက်မှာ သံဃာတော်တွေကို ကန်တော့ကြ၊ ဝိုင်းပြောပေးကြတဲ့ ရပ်ကွက်ထဲက လူတွေကို ကျေးဇူးတင်စကား ပြောကြ၊ အဲဒါတွေတော့ ကျနော် မှတ်မိနေတယ်။ အဲဒီတုန်းက ကျနော်တို့က ဘာမှပြောတတ်တာ၊ သိတတ်တာ မဟုတ်တဲ့ အခါကျတော့ အမေအဖေတို့ရဲ့ လှုပ်ရှားမှု မှန်သမျှကို မျက်စေ့ အဝိုင်းသားနဲ့ ကြည့်နေကြတာ။

ကျနော်တို့အိမ်မှာ ကျနော်တို့တွေရဲ့ ဓာတ်ပုံတွေကို ထည့်ထားတဲ့ ဓာတ်ပုံ အယ်လ်ဘမ် အညိုရောင်လေး တအုပ်ရှိတယ်။ အတော့်ကို ဟောင်းနေပြီ။ အထဲက ဓာတ်ပုံတွေကလည်း ဝါတာ ဝါနေပြီ။ ကျနော်တို့ နည်းနည်းကြီးလာတဲ့ အခါကျတော့ အဲဒီ အယ်လဘမ်လေးကို မကြာခဏ လှန်ကြည့် တတ်ကြတယ်။ ဒါဘယ်သူပဲ ဒါဘယ်သူပဲ ဆိုပြီး ကိုယ့်ပုံကိုယ်လည်းကြည့် အင်မတန် စိတ်ချမ်း သာကြတာပေါ့။ အဲဒီ လူရုပ်ပုံ အမျိုးစုံပါတဲ့ အဲ့ဒီ အယ်လ်ဘမ်ထဲမှာ လက်ရေးမူ စာတစောင်ကိုလည်း ဓာတ်ပုံရိုက်ပြီးတော့ ညှပ်ထားတာ ထူးထူးခြားခြား တွေ့ရပါတယ်။ ကျနော် မှတ်မိသလောက် ဆိုရင် အဲဒီစာပါ အကြောင်း အရာက ဦးလှနဲ့ ဒေါ်အမာတို့ကို ဒုက္ခမပေးဖို့ တပ်တွေကို ညွန်ကြားထားတဲ့ ဟာပါ။ လက်မှတ် ထိုးထားတာက အဲဒီတုန်း က မန္တလေး မြို့သိမ်းတပ်မှူး ဗိုလ်မှူးကြင်ပါ။ ဗိုလ်မှူးကြင် ဆိုတာက ဆိုရှယ်လစ် ပါတီနဲ့ ဘာမှ မပတ်သက်ဘူး။ လူရိုး လူကောင်းဆိုပြီး တပ်ထဲမှာ နာမည် ကြီးတဲ့ပုဂ္ဂိုလ်။ နောက်ကျတော့ ပြည်တွင်း စစ်မှာပဲ သူ ကျဆုံးသွားတယ်။ ဗိုလ်မှူးကြင် လက်မှတ်နဲ့ အဲဒီစာလေး ရှိပါတယ်။ ဒီစာကို ကျနော်တို့ အိမ်ထဲ အစောပိုင်း ဝင်သွားတဲ့ စစ်သားတွေက ပေးသွားတာပါ။ ဒီစာရှိလျက်နဲ့ နောင်မှာ ဘာဖြစ်လို့ ထုတ်သတ်ဖို့ ဖြစ်လာလဲ ဆိုတာတော့ ကျနော်လည်း ကျနော့်အဖေ အမေကို မမေးမိလို့ မသိတော့ဘူး။

အဲဒီနောက်မှာတော့ ကျနော်တို့ လူထုသတင်းစာ တိုက်ရဲ့ စာပုံနှိပ်စက်ကို မိုင်းဗုံးနဲ့ခွဲတဲ့ ကိစ္စ ဖြစ်တာပဲ။ ကျနော် ထင်တာတော့ အထက်က အဖြစ် အပျက်တွေပြီး နောက်တနေ့လောက်လို့ ထင်တယ်။ ဆက်တိုက်ပဲ။ ကျနော်တို့ စာပုံနှိပ်စက်ကို အစိုးရတပ်က မိုင်းဗုံးနဲ့ ခွဲတော့မယ် ဆိုတဲ့အကြောင်း အိမ်ကိုကြိုတင် အကြောင်းကြား ထားတဲ့ သဘောရှိတယ်။ ကျနော်တို့ အိမ်က လူတွေအားလုံး ကြိုသိနေကြတယ်။ ဒီလိုနဲ့ နေ့လယ်ပိုင်းမှာ ကျနော်တို့ နားစွင့် နေတုန်းမှာပဲ ‘ဝုန်း’ ဆိုတဲ့ အသံကြီး တသံ ကြားလိုက်ရတယ်။ အဖေနဲ့ အမေတို့ မျက်နှာ တည်သွားတာ ကျနော် အခုထိ မှတ်မိနေတယ်။

ညနေပိုင်းကျတော့ ကျနော် အဲဒီကို သွားကြည့်တယ်။ ပုံနှိပ်စက်က ကျနော်တို့ နောက်ဖေးက ဂုန္တန်ဝင်းထဲမှာ။ အဲဒီတုန်းက ပုံနှိပ်စက် အဆောက်အဦထဲမှာ ကပ်တဲကြီး ထဲမှာက သတင်းစာ ရိုက်တဲ့ အင်္ဂလန် နိုင်ငံလုပ် ‘ပိန်း’စက်ကြီး ရှိတယ်၊ နောက် ‘ချန်’လာ’ဆိုတဲ့ ပုံနှိပ်စက် အငယ်လေးတွေ ရှိတယ်။ နောက် စက္ကူဖြတ်စက် ရှိတယ်။ နောက် စာစီခုံတွေ အများကြီး ရှိတယ်။ ကျနော် ရောက်သွားတဲ့ အခါ ကျတော့ ကပ်တဲကြီးလည်း ပြိုနေပြီ။ သတင်းစာ ရိုက်တဲ့ စက်ကြီးလည်းပျက်လို့။ စာစီခုံတွေနဲ့ ခဲစာလုံးတွေကလည်း ဖရိုဖရဲနဲ့ အင်မတန်ကို ဝမ်းနည်း ကြေကွဲစရာ ကောင်းတဲ့ ဒေါသဖြစ်စရာ ကောင်းတဲ့ မြင်ကွင်းပဲ။ 


ကျနော့်အသက်က ခုနကပြောခဲ့သလိုပဲ (၃)နှစ်ကျော်လေးပဲ၊ ငယ်ငယ်လေးပဲ။ ဒါပေမဲ့ ဒီလို လုပ်တာကို အနိုင် ကျင့်တာပဲလို့တော့ ခံစားမိတယ်။ ဝမ်း လည်းနည်း ဒေါသလည်း အင်မတန် ဖြစ်ခဲ့တယ်။ အခု ရေးခဲ့တာဟာ ၃-၄ နှစ်သား တဦးက ဒီအဖြစ်အပျက် တွေနဲ့ ပတ်သက်လို့ ဒါ ကျနော် မှတ်မိသလောက် လေးပဲဖြစ်တယ်။ လပ်နေတဲ့ ကွက်လပ်တွေကို ကျန်တဲ့သူတွေ၊ ခုနက ကျနော့် မိသားစုတွေ ဖြည့်နိုင် ပါလိမ့်မယ်။ အဲဒီ လပ်နေတာဟာ ကျနော် ပြောတာရဲ့ (၁ဝ) ဆ လောက် ရှိမယ်လို့ ထင်ပါတယ်။

Read More...

အင်တာနက်ချုပ်ချယ်မှု မြန်မာဒုတိယ အဆိုးဆုံး

ကိုသားညွှန့်ဦး
အင်္ဂါ, 19 ဧပြီ 2011

အင်တာနက်သုံးစွဲမှု လွတ်လပ်ခွင့် (Internet Freedom) နဲ့ပတ်သက်လို့ မြန်မာနိုင်ငံဟာ ကမ္ဘာ့နိုင်ငံ ၃၇ နိုင်ငံ အကြား အီရန်နိုင်ငံ ပြီးရင် အောက်ဆုံး အဆင့်မှာ သတ်မှတ်ခြင်း ခံထားရပါတယ်။ ၀ါရှင်တန် ဒီစီ အခြေစိုက် လူ့အခွင့်အရေး အဖွဲ့ ဖြစ်တဲ့ Freedom House ရဲ့ ၂၀၁၁ နိုင်ငံတကာ အင်တာနက် လွတ်လပ်ခွင့် အစီရင်ခံစာ ထဲမှာ မြန်မာ အာဏာပိုင်တွေဟာ အင်တာနက် သုံးစွဲတဲ့ အတိုက်အခံ တွေကို ဖမ်းဆီးထောင်ချနေသလို အရပ်သားတွေ အတွက် အင်တာနက်သုံးစွဲမှု ကန့်သတ်တာတွေကို ပိုပြီး စနစ်တကျ လုပ်လာတယ်လို့ ဖော်ပြပါတယ်။ ဒီအစီရင်ခံစာ ရေးသားပြုစုသူနဲ့ ဆက်သွယ် မေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြ ထားပါတယ်။

မြန်မာနိုင်ငံတွင်း အင်တာနက်သုံးစွဲမှုတွေ အရင်ကထက် ပိုများလာတယ်ဆိုပေမဲ့ တချိန်တည်းမှာပဲ အင်တာနက် သုံးစွဲမှုကို ကန့်သတ် ပိတ်ဆို့ တာတွေ ပိုကြီးလာတယ်လို့ Freedom House အဖွဲ့ကြီးက သုံးသပ်ထားပါတယ်။ စီးပွားရေး ကိစ္စတွေနဲ့ အစိုးရ၀ါဒ ဖြန့်ချိရေး အတွက် အင်တာနက်ကို အစိုးရ အာဏာပိုင်တွေက ကျယ်ကျယ်ပြန့်ပြန့် ပိုသုံးလာပေမဲ့ တဖက်မှာ အတိုက် အခံတွေက အင်တာနက် အသုံး မပြုနိုင်အောင် ဥပဒေတွေနဲ့ တမျိုး နည်းပညာနဲ့ တမျိုး ပိတ်ပင် ကန်သတ်မှုတွေ လုပ်လာတယ်လို့ ဆိုပါတယ်။ အထူး သဖြင့်တော့ အရပ်ဖက်သုံးနဲ့ ကာကွယ်ရေး ဌာနသုံး အင်တာနက် ၀န်ဆောင်မှု စနစ်တွေကို ခွဲထုတ် လိုက်တာကို ထောက်ပြပါတယ်။ Freedom House အဖွဲ့ရဲ့ အစီရင်ခံစာပါ မြန်မာနိုင်ငံ အခြေအနေကို ပြုစုရေးသားသူ ကယ်လီဖိုနီးယား ပြည်နယ် ဘာကလေ တက္ကသိုလ်က ကိုမင်းဇင်က နိုင်ငံရေးအရ အင်တာနက် အသုံးပြုသူတွေကို ဖိနှိပ်တားမြစ်မှုတွေ ရှိနေတယ်လို့ ပြောပါတယ်။

“ဥပဒေကို အသုံးပြုပြီးတော့ပဲဖြစ်ဖြစ်၊ ဥပဒေမဲ့ လုပ်တာပဲဖြစ်ဖြစ်ပေါ့လေ၊ ပုံသဏ္ဍန်မျိုးစုံနဲ့ ဖိနှိပ်မှုတွေ ကတော့ အင်တာနက် နယ်ပယ်မှာ ရှိတာ တွေ့ရပါတယ်။ အထူးသဖြင့် အီလက်ထရောနစ် ဥပဒေပေါ့လေ။ ဒီဥပဒေကို သုံးပြီးတော့ နိုင်ငံရေး လှုပ်ရှားသူတွေ၊ လူမှုရေး လှုပ်ရှားသူတွေကို ပြင်းပြင်း ထန်ထန် အရေးယူတာတွေ ရှိပါတယ်။ ဒီဥပဒေအရ ဆိုရင် လူတယောက်ကို ထောင်ဒဏ် ၇ နှစ်ကနေ ၁၅ နှစ်အထိတောင် ချနိုင်တာ ဖြစ်ပါတယ်။ နိုင်ငံရေး အကျဉ်းသား အတော်များများကို မကြာခင်က ဆိုရင် ဒီ အီလက်ထရောနစ် ဥပဒေကို အသုံးပြုပြီးတော့ ထောင်ဒဏ် ပြစ်ဒဏ်တွေ နှစ်ရှည် ချမှတ်တာတွေ တွေ့ရပါတယ်။ ဒါ ၂၀၀၉-၁၀ ခုနှစ်တွေမှာ အထင်အရှား ကျနော်တို့ တွေ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ အင်တာနက်ကို တိုးချဲ့ဖို့ တဖက်က ကြိုးစား သော်လည်း တဖက်ကတော့ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ကိစ္စတွေမှာ ပြင်းပြင်းထန်ထန် အရေးယူပြီးတော့ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ နယ်ပယ်မှာ မလုပ်ရဲ မကိုင်ရဲအောင် လုပ်လာတာတွေ တွေ့ရပါတယ်။”

ခုနကပြောသလို အခုအစိုးရသစ်လည်း ပေါ်လာပြီ။ တဖက်မှာ စီးပွားရေး ဖွံ့ဖြိုးရေးအတွက် သူတို့လုပ်ရမယ် ဆိုတဲ့ အခါကျတော့ နည်းပညာ ဆိုင်ရာ တစုံတရာ ဖွင့်ပေးရမှာပဲ။ အဲဒီတော့ ရေရှည်မှာ ဒီအင်တာနက်ကို ကန့်သတ်တာ၊ ဆင်ဆာ လုပ်တာတွေကို အစိုးရသစ် အနေနဲ့ ဘယ်လောက်အထိ လုပ်နိုင်ပါ့မလဲ။ -

“လုပ်နိုင်ပါတယ်။ နည်းပညာတွေ တိုးတက်လာတာက ကျနော်တို့ နိုင်ငံရေး လှုပ်ရှားသူတွေ၊ ဒီမိုကရေစီရေး လှုပ်ရှားသူတွေ အတွက် အထောက်အကူ ဖြစ်တယ်လို့ ယူဆရသလို အခြား တဖက်မှာလည်း အစိုးရဖက်က ဒီနည်းပညာကို သုံးပြီးတော့ ဒီမိုကရေစီ လှုပ်ရှားသူတွေ အတိုက်အခံတွေ ဖိနှိပ်တာဖြစ်ပါတယ်။ ဥပမာဆိုရင် ၂၀၁၀ အောက်တိုဘာလက စပြီး စစ်အစိုးရက နေပြီး တိုင်းပြည် တပြည်လုံးရဲ့ အင်တာနက်ကို ထိန်းချုပ်ထားတဲ့ လမ်းကြောင်းကို နှစ်ခု ခွဲလိုက်ပါတယ်။ တခုက အရပ်သားတွေနဲ့ ၀န်ကြီး ဌာနတွေသုံးဖို့ ဖြစ်ပါတယ်။ အခြားတခုကတော့ ကာကွယ်ရေး ၀န်ကြီးဌာနကပဲ သုံးဖို့ဖြစ်ပါတယ်။ အကယ်၍များ တစုံတရာပေါ့လေ၊ ၂၀၁၀ ခုနှစ် သံဃာ့ အရေးတော်ပုံကြီးလို ဖြစ်လာမယ်ဆိုရင်၊ အဲဒီတုန်းကတော့ တတိုင်းပြည်လုံးကို အင်တာနက်ကို သုံးပတ်လောက် နီးနီး ပိတ်လိုက်ရတာ ဖြစ်သွားပါတယ်။ အဲဒီလိုမျိုး တတိုင်းပြည်လုံး အင်တာနက် အဆက်အသွယ်ကို ပိတ်စရာ မလိုဘဲနဲ့ တခုခု ဖြစ်လာလို့ရှိရင် ဒီအရပ်သားတွေကို အရင်ပိတ်မယ်။ ဒီထက် ပိုဆိုးလာရင် စီးပွားရေး သမားတွေသုံးတဲ့ အင်တာနက်ကို ပိတ်မယ်။ ဒီထက် ပိုဆိုးလာရင် ၀န်ကြီးဌာနတွေကို ပိတ်မယ်၊ ဒါတွေ အကုန်လုံး ပိတ်လိုက် ရင်တောင်မှ ကာကွယ်ရေး ဦးစီးဌာနက စစ်တပ်အတွက် အသုံးပြုတဲ့ အင်တာနက်ကို ပိတ်စရာမလိုဘဲ ဆက်ပြီးတော့ သုံးလို့ရတယ်။”

နောက်တခုက မြန်မာနိုင်ငံထဲမှာ အင်တာနက်သုံးစွဲမှုက ဘယ်လိုရှိပါသလဲ။ ကျနော်တို့ သတိ ထားမိသလောက် အင်တာနက် ကဖေးတွေ တော်တော်များများ ဖွင့်လာပါတယ်။ အဲဒီတော့ သုံးစွဲမှု အခြေအနေရော လွယ်လွယ် ကူကူရှိလား၊ အခြေအနေ ဘယ်လိုရှိပါသလဲ။ -

“အင်တာနက်သုံးစွဲမှုကတော့ မြန်မာနိုင်ငံထဲမှာ များလာပါတယ်။ နောက်ဆုံးရတဲ့ ကိန်းဂဏန်း အရတော့ အင်တာနက်အ သုံးပြုသူ ၄ သိန်းလောက် ရှိမယ်လို့ပြောပါတယ်။ နိုင်ငံတကာ အဖွဲ့အစည်းတွေ ကတော့ မြန်မာနိုင်ငံမှာ အင်တာနက် အသုံးပြုသူဟာ လူဦးရေနဲ့ တွက်ရင် ၁ ရာခိုင်နှုန်းအောက်ပဲ ရှိတယ်လို့ ပြောပါတယ်။ တခြား နိုင်ငံတွေနဲ့ယှဉ်ရင်တော့ အများကြီး နည်းပါသေးတယ်။ ဒါပေမဲ့ ဟိုးအရင်ကနဲ့ စာရင်တော့ တိုးတက်လာတာ ဖြစ်ပါတယ်။ ဟိုတုန်းက ဆိုရင် အင်တာနက် သုံးတဲ့သူက ထောင်ဂဏန်း လောက်ပဲ ရှိပါတယ်။ အခုတော့ ပိုများလာတာ တွေ့တယ်။ ၄ သိန်းလောက် ဖြစ်လာတယ်ဆိုတော့။ အင်တာနက် အသုံးပြုသူတွေ ကတော့ ပိုပြီးတော့ များလာပါတယ်။ နောက်တခုက လက်ကိုင်ဖုန်းတွေကို အသုံးပြုပြီးတော့ အင်တာနက်တွေကို ဘယ်လောက် သုံးနိုင်မလဲ။ ဒါကတော့ ကျနော်တို့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။”

မြန်မာနိုင်ငံထဲမှာ အင်တာနက် သုံးစွဲနိုင်မှု လွတ်လပ်မှုအတိုင်းအတာပေါ့၊ နိုင်ငံတကာနဲ့ယှဉ်ရင် အထူးသဖြင့် အိမ်နီးချင်း နိုင်ငံတွေနဲ့ယှဉ်ရင် ဘယ်လိုရှိပါလဲ။

“မြန်မာနိုင်ငံရဲ့ အင်တာနက် အသုံးပြုမှုကတော့ စာရင်းမှာလည်း ကျနော်တို့ တွေ့ရပါတယ်။ အခုကျနော်တို့ သုတေသန ပြုထားတဲ့ အထဲမှာ အီရန်က အဆိုးဆုံးပေါ့လေ။ အီရန်ပြီးရင် မြန်မာနိုင်ငံဖြစ်ပါတယ်။ အိမ်နီးချင်း နိုင်ငံတွေထဲမှာ ဆိုရင် ထိုင်းနိုင်ငံက မကြာခင်က အာဏာ သိမ်းမှုတွေ၊ ရှပ်နီနဲ့ရှပ်ဝါ ပဋိပက္ခဖြစ်မှုတွေ၊ နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် ထိုင်းနိုင်ငံမှာလည်း အင်တာနက် အသုံးပြုမှုတွေ အပေါ်မှာ ချုပ်ချယ်တာ၊ တားမြစ်တာ၊ ဘုရင်ကို ထိခိုက်မယ့်ဟာမျိုးတွေ မပြောရဘူး၊ မဆိုရဘူး ဆိုပြီးတော့ ကန့်သတ်တာတွေတော့ ကျနော်တို့ တိုးလာတာ တွေ့ရပါတယ်။ ဒါပေမဲ့ ဒေသတွင်းမှာ ကြည့်မယ် ဆိုရင်တော့ မြန်မာနိုင်ငံက အဆိုးဆုံး ဖြစ်ပါတယ်။”

မကြာခင်ကဖြစ်ခဲ့တဲ့ အရှေ့အလယ်ပိုင်း လူထုလှုပ်ရှားမှုတွေမှာ အင်တာနက် လူမှုကွန်ယက်တွေကို အသုံးပြုတာတွေ ရှိတာကြောင့် ဒီဂယက်ဟာ မြန်မာနိုင်ငံကိုလည်း ရိုက်ခတ်မှုရှိပါတယ်။ အတိုက်အခံ ဒီမိုကရေစီရေး လှုပ်ရှားသူတွေဖက်က အင်တာနက်အသုံးပြုပြီး လှုပ်ရှားဖို့ စဉ်းစားကြသလို တဖက်မှာ အာဏာပိုင်တွေဖက်ကလည်း အင်တာနက် နည်းပညာကိုပဲ သုံးပြီး ပိတ်ပင်မှုတွေ လုပ်လာနိုင်တယ်လို့ ကိုမင်းဇင်က ပြောပါတယ်။ အထူးသဖြင့်တော့ အင်တာနက် ၀န်ဆောင်မှုစနစ်ကို ဘယ်သူပိုင်တယ်၊ ဘယ်သူက အဓိက ချုပ်ကိုင်ထားသလဲဆိုတာ အရေးကြီးတယ်လို့ ဆိုပါတယ်။

မြန်မာအာဏာပိုင်တွေဟာ ပြည်တွင်းမှာတင်မဟုတ်ဘဲ ပြည်ပက အတိုက်အခံ သတင်းမီဒီယာတွေနဲ့ အတိုက်အခံ ဘလော့ဂ် ဆိုက်တွေကို အင်တာနက်က တဆင့် တိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့ ယုံကြည်ရတဲ့ အကြောင်း Freedom House အစီရင်ခံစာ ထဲမှာ ဖော်ပြပါတယ်။ အင်တာနက် ဆိုင်ရာ နည်းပညာရပ်တွေ အတွက်လည်း မြန်မာအာဏာပိုင်တွေဟာ သူတို့ရဲ့ အစိုးရ အရာရှိတွေကို စင်ကာပူ၊ ရုရှား၊ မြောက်ကိုရီယား နိုင်ငံတွေကို ပညာတော်သင် စေလွတ်ခဲတယ်လို့ ဖော်ပြပါတယ်။ တရုတ်နိုင်ငံကလည်း အင်တာနက် နည်းပညာဆိုင်ရာ အကူအညီတွေ ပေးနေတယ် ဆိုတာကိုတော့ CPJ သတင်းထောက်များ ကာကွယ်ရေး အသင်းရဲ့ ဖော်ပြချက်ကို ပြန်လည် ကိုးကား ဖော်ပြထားပါတယ်။

Ref: VOA News

Read More...

တရားမဝင်သူများနှင့် မဆက်သွယ်ရန် နိုင်ငံရေးပါတီများကို သတိပေး

ခင်ဦးသာ
Tuesday, 19 April 2011

တရားမ၀င် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် ဆက်သွယ်မှု မပြုကြရန် တရားဝင် မှတ်ပုံ တင်ထားသည့် နိုင်ငံရေး ပါတီ ၃၇ ခုကို အစိုးရသစ်၏ ရွေးကောက်ပွဲ ကော်မရှင်က ဧပြီ ၅ ရက်နေ့စွဲဖြင့် အကြောင်းကြားစာ ပေးပို့ သတိပေး လိုက်ကြောင်း သိရသည်။

“တရားမ၀င် အဖွဲ့အစည်းဆိုတာက ဘာလဲ၊ ဘယ်လိုအဖွဲ့ကို ပြောတာလဲဆိုတာ သေချာရှင်းပြ ထားတာ မရှိဘူး။ ကျနော်တို့နဲ့ ဆက်သွယ်နေတဲ့ အထဲမှာ တရားမ၀င်တာ တခုမှ မရှိပါဘူး” ဟု ဒီမိုကရက်တစ် ပါတီ (မြန်မာ) ၏ ဥက္ကဋ္ဌ ဦးသုဝေက ဧရာဝတီ ကိုပြောသည်။

တရားဝင် မှတ်ပုံတင်ထားသော နိုင်ငံရေးပါတီများသည် တရားမ၀င်သော အဖွဲ့အစည်းများနှင့် မဆက်သွယ်ရ ဟူ၍ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်တွင် ဖော်ပြထားသည်ကို အခြေခံကာ ယခုအကြိမ် ထပ်မံ အသိပေးလိုက်ခြင်း ဖြစ်သည်။

မည်သည့်အတွက်ကြောင့် ယခုကဲ့သို့ သတိပေးသည်ကို မသိရသော်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် မဆက်သွယ်ရန် ရည်ရွယ်သည်ဟု ယူဆရကြောင်း နိုင်ငံရေးပါတီ ခေါင်းဆောင်များက ပြောသည်။

“ကျနော်တို့ နိုင်ငံရေးပါတီတွေ ပတ်သက်နေတာက NLD ပဲရှိတော့ ဒါကို ရည်ညွန်း ပြောတယ်လို့ ထင်တယ်။ ဒါပေမယ့် NLD ပါတီက အခုချိန်ထိ အစိုးရက ဖျက်သိမ်းတာကို တရားဝင် မကြေညာ သေးဘူးလေ။ ဒီတော့ ကျနော်တို့က သူတို့နဲ့ ပြောဆိုတာတွေ ဆက်လုပ်မှာပါ” ဟု ဦးသုဝေက ဆိုသည်။

“NLD က ရွေးကောက်ပွဲ မ၀င်ပေမယ့် အစိုးသစ်နဲ့ ဆက်သွယ်တာတို့၊ စာပို့တာတို့လည်း ရှိနေတာပဲလေ။ ဒီတော့ NLD ကို ရည်ညွန်းတယ် ဆိုရင်လည်း အစိုးရ အနေနဲ့ တိတိကျကျ ဆုံးဖြတ် သင့်ပြီလို့ ထင်တယ်” ဟု ၎င်းက ပြောသည်။

အမျိုးသား ဒီမိုကရေစီအင်အားစု (NDF) ၏ ခေါင်းဆောင် ဦးခင်မောင်ဆွေကမူ လက်ရှိ သတိပေးစာသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၌ ပါရှိသည့် စည်းကမ်းချက်များကို ပြန်လည် သတိပေးခြင်းသာ ဖြစ်ကြောင်း၊ တရားမ၀င် အဖွဲ့အစည်း ဆိုသည်မှာ ပြည်ပရောက် အဖွဲ့များနှင့် နယ်စပ်ဒေသ လက်နက်ကိုင် အဖွဲ့များကို ရည်ညွှန်းသည်ဟု ယူဆကြောင်း ပြောဆိုသည်။

“NLD လို မြို့ပေါ်မှာ လှုပ်ရှားနေတဲ့ အဖွဲ့တွေနဲ့ ဆက်သွယ်တာက ဘာမှ မဖြစ်လောက်ဘူးလို့ ထင်တယ်” ဟု ဦးခင်မောင်ဆွေက ပြောသည်။

NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ရွေးကောက်ပွဲအလွန် ကာလများ၌ နိုင်ငံရေး ပါတီများ၊ ပါတီ ခေါင်းဆောင်များနှင့် တွေ့ဆုံ ဆွေးနွေးမှုများ ရှိခဲ့သည်။

NLD ၏ ပြောခွင့်ရသူ ဦးဉာဏ်ဝင်းကမူ ရွေးကောက်ပွဲကော်မရှင်၏ စာ၌ ၎င်းတို့ပါတီအား ရည်ညွှန်းထားခြင်း မရှိကြောင်း၊ ၎င်းတို့၏ လုပ်ဆောင်ချက်များကို ပုံမှန်အတိုင်း ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောသည်။

“NLD ရဲ့လှုပ်ရှားမှုတွေက နိုင်ငံရေး မဟုတ်ပေမယ့် လူမှုရေးတွေမှာ ရှေ့တန်း ရောက်လာတာ တွေ့ရတယ်။ နိုင်ငံတကာ အဖွဲ့တွေ၊ သံတမန်တွေနဲ့ တွေ့နေတယ်၊ ပြည်သူတွေရဲ့ထောက်ခံမှုကလဲ ရှိနေတုန်းပဲ။ ဒီတော့ အစိုးရသစ်က NLD ရဲ့ လုပ်ဆောင်မှုတွေကို ဟန့်တား လိုတဲ့ သဘောလို့ ယူဆတယ်” ဟု မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီ ပါတီ၏ ဥက္ကဋ္ဌ ဦးနိုင်ငွေသိန်းက ပြောသည်။

အစိုးရသစ်၏ ထောက်ခံမှု မရသော်လည်း လတ်တလော အနေအထားအရ NLD သည် အရေးပါနေဆဲ နိုင်ငံရေး အဖွဲ့အစည်း တခု ဟုလည်း ၎င်းက ဆက်ပြောသည်။

နအဖ စစ်အစိုးရ ဦးဆောင်ရေးဆွဲခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၀) ၌ နိုင်ငံရေး ပါတီ တရပ်ရပ်သည် တည်ဆဲ ဥပဒေအရ မတရားအသင်း ကြေညာခံရခြင်း၊ နိုင်ငံတော်အား လက်နက်ကိုင် ပုန်ကန်နေသော အဖွဲ့ဟု နိုင်ငံတော်က သတ်မှတ် ထားသော အဖွဲ့အစည်း၊ ပုဂ္ဂိုလ်များနှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ပတ်သက်ပါက တရားဝင် နိုင်ငံရေးပါတီ အဖြစ်မှ ပယ်ဖျက်ခံရမည်ဟု ဖော်ပြထားသည်။

သတိပေးစာများသည် နိုင်ငံရေးပါတီ ၃၇ ခု၊ ရွေးကောက်ပွဲကော်မရှင် အဆင့်ဆင့်နှင့် ပြည်ထဲရေး ၀န်ကြီးဌာန စသည့်ဖြင့် လိပ်မူ ပေးပို့ထားပြီး ပြည်ထဲရေးဌာန အနေဖြင့် သေချာစွာ စောင့်ကြည့်ရန် ဖော်ပြထားသည်ကို တွေ့ရကြောင်း မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၏ ယာယီ ဥက္ကဋ္ဌ ဦးနေမျိုးဝေက ဆိုသည်။

“အစိုးသစ်က ပေါ်လာပြီဆိုတော့ ပါတီတွေရဲ့ လှုပ်ရှားမှုတွေကို ချုပ်ကိုင်ချင်တဲ့ သဘောလို့ ယူဆတယ်” ဟု ဦးနေမျိုးဝေက ပြောသည်။

နိုင်ငံရေးပါတီများ အနေဖြင့်လည်း တရားမ၀င်သည့် အဖွဲ့အစည်းများကို တိတိကျကျ သိထားရန် လိုအပ်ကြောင်း၊ သို့ဖြစ်၍ တရား မ၀င်သည့် အဖွဲ့များကို သိရှိရန် အစိုးသစ်ထံ တောင်းဆို သွားမည်ဖြစ်ကြောင်း သူက ဆိုသည်။

“ဥပမာ NLD ကိုရည်ညွန်းတယ်ဆိုလည်း NLD ကိုတရားမ၀င်တော့ဘူးလို့ ကြေညာသင့်တယ်။ NLD ရုံးက မှတ်ပုံတင် ထားတဲ့ ပါတီရုံး မဟုတ်ပေမယ့် တနေ့ တနေ့ကို ဆန်တတင်းချက်လောက် ထမင်း ကျွေးနေတာတွေ တွေ့ရတယ်” ဟု ဦးနေမျိုးဝေက ပြောသည်။

NLD အပါအ၀င် နိုင်ငံရေးပါတီ ၁၀ ခုအား ၂၀၁၀ ရွေးကောက်ပွဲအတွက် မှတ်ပုံတင်ခြင်း မရှိ၍ နိုင်ငံရေး ပါတီ အဖြစ်မှ ပယ်ဖျက်ပြီး ဖြစ်ကြောင်း ၂၀၁၀ ပြည့်နှစ် စက်တင်ဘာလက ကြေညာခဲ့သည်။

အစိုးရသစ် ကျမ်းသစ္စာကျိန်ဆိုသည့် မတ်လ ၃၀ ရက်နေ့က ဒုတိယဗိုလ်ချုပ်ကြီးဟောင်း တင်အေးကို ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌအဖြစ် ခန့်အပ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ယခင် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌမှာ ဦးသိန်းစိုး ဖြစ်သည်။

Ref: ဧရာဝတီ်

Read More...

သတင်းစာများသည် သမိုင်းကို ပြောနိုင်ခဲ့သည်

ဘိုဘိုလန်းစင်
အင်္ဂါနေ့၊ ဧပြီလ ၁၉ ရက် ၂၀၁၁

(၁)

လူထုသတင်းစာ အနှစ် ၅ဝ ပြည့်အတွက် လူဟောင်းတွေ ဝိုင်းရေးပေးသည့် စာအုပ်မှာ စိစစ်ရေးက ထုတ်မဖြစ်အောင် ဖြတ်တောက် ခဲ့သည်။ အမရပူရ တောင်လေးလုံး ကျောင်းတွင် ဆွမ်းကျွေးလေး လုပ်ရုံမျှနှင့် ပီးသွားခဲ့သည်။ ၆၅ နှစ် ပြည့်ချိန်တွင်တော့ အမှတ်တရ ရေးမည့် တိုက်ရှင် ဒေါ်အမာလည်း မရှိတော့။ လန်ဒန်တွင် ဝင်ဒီလောရုံက သူ့အဖေ အက်ဒွပ်လောရုံ အကြောင်း စာအုပ် ရေးနေသည် ဆိုတော့ ဗမာပြည်မှာ မီဒီယာတွေ အကြောင်း သေချာ မှတ်တမ်း တင်တာ နဲသေးသည်ဟုသာ မချင့်မရဲ ဖြစ်ရသည်။ ရန်ကုန် သတင်းစာတိုက်ရှင် မြို့မမောင် အကြောင်း သူ့သမီး မလှမြင့်ရေးသည်က တအုပ်၊ ဒေါ်အမာ၏ ဦးလှအတ္ထုပ္ပတ္တိက တအုပ်သာ လောလော ဆယ်ဆယ် ထွက်ထားသည်။ ဟိုရှေးက ဒေါ်မမလေး၏ သူလိုလူ၊ ဦးသောင်း၏ ဗမာ့ခေတ်မှ ကြေးမုံသို့၊ ချစ်ကြည်ရေး ကြည်ညွန့်၏ သူရိယ မြန်မာ့အလင်းနှင့် သမိုင်းဝင် မြန်မာ့ နိုင်ငံရေး၊ ဦးကျော်ငြိမ်း၏ နှစ်၃ဝ မြန်မာ့အသံ၊ အထောက်တော် လှအောင်၏ သတင်းဂျာနယ် စသည်တို့လောက်သာ ထွက်ဖူးသည်။

ဤဆယ်နှစ်အတွင်း မီဒီယာတွေ တခေတ်ဆန်းပီး မိုးဦးကျ မှိုများလို အဖြိုင်ဖြိုင် ပေါ်လာတော့ ဘယ်အပွင့်ကို စိတ်ချလက်ချ မှီဝဲရမည် မသိအောင်ပင် အမယ်က စုံလှသည်။ သတင်းပိုင်းက ကြိုးစားကြသလောက် ဂျာနယ်တွေ များသလောက် ဆောင်းပါးရှင်က မများလှ၊ ကြိုက်တဲ့ အစောင် ဆွဲကောက်ကြည့်လျှင် မဂ္ဂဇင်းတွေထဲက လူကြီးတွေသာ များနေသည်။ မျက်နှာသစ် ဆိုပီး ထွက်လာသည့် ပညာရှိ လေးများကလည်း အရေးအသား အယူအဆက တော်တော်တော်တော့ကို စိတ်ကူးယဉ်ပီး လက်တွေ့နှင့် မကပ်ကာ တခါတရံ အစိုးရ ရှေ့နေ ရှေ့ရပ်များ အလား အာဘော်တွေက ပြောင်မြောက်လှရာ မဆလခေတ် သတင်းစာတွေကိုပင် သတိရမိပြန်သည်။ တိုက်သုံး ဆောင်းပါးရှင်တွေ၊ ပညာရပ်အလိုက် ရေးသားသူတွေနှင့် ဟန်ကြီးခဲ့သော ပြည်သူပိုင် မတိုင်ခင်က ပုဂ္ဂလိက သတင်းစာခေတ် ကိုတော့ ဘယ်သူမှ မမီနိုင်သေးပါ။

အပြင်တွင် လွတ်လွတ်ကျွတ်ကျွတ် ထုတ်နေသည်ဆိုသော ဝက်ဆိုက်များ တွင်ပင် ဆောင်းပါးရှင် ကောင်းက တော်တော် ရှားပါသည်။ ယခုခေတ် ဖီချာခေါ် သတင်း အဖွဲ့အနွဲ့ ဆောင်းပါး ရေးသူများကလည်း သတင်းကျောင်းတွေက သင်ပေးလိုက်သည့် ပုံစံခွက်၊ တိုက်မူတွေထဲက မထွက်ပဲ အရေး အတွေးလေးများကလည်း ဂျူး၊ တာရာမင်းဝေ၊ နီကိုရဲလောက်ဖတ်ရေးသည့် “အနု”လေးတွေမှန်း သိသာနေသည်။ ဂျာနယ် လစ်ဇင်နဲ့ ပတ်သက်ပီး ဖတ်စရာ မျှပါအုံး ပြောလာလျှင် မြသန်းတင့်ပြန်သည့် အီလျာအာရင်ဘတ်၏ လူများ၊ သက္ကရာဇ်များ၊ ဘဝများ၊ ခေတ်ပြိုင် ရုပ်ပုံလွှာများ၊ သိန်းဖေမြင့်၏ ပွင့်ပွင့်လင်းလင်း သတင်းစာ ဖြတ်ပိုင်းများ၊ လတ်တလော ပြန်ထွက်လာသည့် ဦးလှ၏ သောင်းပြောင်းထွေလာ ရေးချင်ရာရာတွေ ဖတ်စေချင်မိသည်။ လူထုတိုက်ထုတ် မောင်မဲ၏ ခရီးသွား ဆောင်းပါးများလည်း ပြန်ထွက်စေချင်သည်။

လူထု သတင်းစာ အဟောင်းများကို ပြန်လှန်မိလျှင် ခေတ်တခေတ်ကို ခုန်ဝင်သွားသည့်ပမာ ရှိလှသည်။ သူတို့ ခေတ်က ရဲရဲတင်းတင်း သတင်း တင်ဆက်ပုံ၊ ဆောင်းပါးရေးပုံ၊ တီထွင် ဖန်တီးစိတ် ရှိပုံတွေက လက်ရှိ မီဒီယာ မျိုးဆက်များ သိစေချင်သည်။ သူရိယ၊ မြန်မာ့အလင်း၊ နယူးဘားမား၊ ဂါးဒီးယန်း၊ နေးရှင်း၊ ကြေးမုံ၊ ဦးဝင်းတင်ခေတ် ဟံသာဝတီစသည့် ကျော်ခဲ့ တော်ခဲ့သော ခေတ်ဟောင်း မြန်မာ သတင်းလောကကို ပြန်လေ့လာခွင့် ရကြလျှင် သတင်းသင်တန်း ပေါင်းစုံ တက်နေရတာထက် ပိုလက်တွေ့ကျမည် ထင်ပါသည်။ လူထုစိန်ဝင်း ရေးဘူးသလို ဘိုစိတ်ပေါက် ဘိုယိမ်းကနေသော ဂျာနယ်များထက် မြန်မာလောကနှင့် ပိုအစပ်တည့်ပီး မြန်မာတို့ အတွက် အတွေးအမြင် သစ်တွေ ဝေမျှနိုင်မည့် မီဒီယာတွေသာ ကျနော်တို့ လိုအပ်သည်။

လူထုတွင် ပေါ်ဦးသက်၊ ဝင်းဖေတို့၏ ခေတ်ရှေ့ပြေးကာတွန်းမျိုးပါသလို ရွှေဥဒေါင်း၏ တသက်တာ မှတ်တမ်းနှင့် အတွေးအခေါ် များကလည်း အခန်းဆက် နှစ်ဆက် ပါခဲ့သည်။ ဦးမြစိန်၏ ဗုဒ္ဓဘာသာ ဥပဒေ ထုံးတမ်း ဆောင်းပါးတွေ၊ ဒေါက်တာ ရှားမား၏ ကလေးသူငယ် ပြုစုနည်း၊ ကျော့မောင်၏ သမဝါယမ လောက၊ ရွှေကိုင်းသား၏ ပုဂံသွားမှတ်တမ်း စသည့် ကော်လံ ဆောင်းပါးရှင်များမှာ ပညာရှင် “ခေါင်”ဆိုတာတွေများပီး ချာတိတ်တွေ ကက်ဆက်နဲ့ လွှတ်မေးခိုင်းပီး ထည့်လိုက်သည့် ဆောင်းပါးမျိုး မဟုတ်ပါ။ ပုဂ္ဂိုလ်ရေး ကိုယ်ရည်သွေးတွေ အပိုအကဲ အဖွဲ့အနွဲ့ တလှေကြီးနှင့် ပျင်းရိစရာ ခေတ်ပေါ် စာရေးဆရာ ဂျာနယ်လစ်များ၏ ခရီးသွား ဆောင်းပါးများကို ဖတ်တိုင်းလည်း ဦးလှ၏ ဂျပန်ပြည်တခေါက်၊ အင်ဒိုနီးရှား အရှေ့မှ အနောက်သို့၊ နာဂတောင်တန်းတစေ့တစောင်း၊ ဒေါ်အမာ၏ အမယ်မင့် ဘန်ကောက်မြို့တော်၊ ဆိုရှယ်လစ် တိုင်းပြည်များသို့ စသည့် ခရီးသွားများကို သတိရပါသည်။ ဦးထွန်းဖေ၊ ဦးဝင်းတင်၊ သိန်းဖေမြင့်စသည့် သတင်းသမား လက်ဟောင်းကြီးများလည်း ထို့တူ စာရေးကောင်း အမြင်စူးရှ ကြပါသည်။ ဖိတ်သည့် နိုင်ငံအကြောင်း အကောင်းချည်းမြင်ပီး ပြန်လာသည့် တက်ခေတ် ဂျာနယ် ဆောင်းပါးများကို မြင်ရတိုင်း မျက်စိ နောက်လှသည်။

(၂)

“သတင်းစာသည် သတင်းကိုသာ ပြောနေ၍မရ။ အမှားကိုနင်း၊ အမှန်ကို ရွက်၍ ထင်မြင်ချက် ပေးရသည်။ အဆုံးအဖြတ် ပေးရသည်။ ဟောဒါ အမှား၊ ဟောဒါအမှန်ဟု ရဲရဲကြီး ပြောရသည်။ အမှန်ဘက်က ဝင်ရပ်ရသည်။ တိုက်ပွဲဝင်ရသည်။” (ဦးဝင်းတင်၊ အိပ်မက်ကြိုးမျှင်၊ ပြည်သူတို့၏ စကားပြန်၊ ၁၉၇၄မှ)

လူထုကို ထုတ်ခဲ့သည့် ခေတ်သည် မြန်မာနိုင်ငံတွင် နိုင်ငံရေး အပြင်းဆုံး မတည်ငြိမ်ဆုံး၊ ကမ္ဘာတွင်လည်း စစ်အေးကြီး အရှိန်တက်ဆုံး ကာလဖြစ်သည်။ အစပိုင်းက လွတ်လပ်ရေး တိုက်ပွဲဝင် ဖဆပလ၏ အာဘော် ပြန့်ပွားရေး အတွက် ၁၅ ရက် တကြိမ် ထုတ်ဂျာနယ်ကို သတင်းစာ အဖြစ် တိုးချဲ့ ထုတ်ဝေခြင်းဖြစ်သည်။ ထိုမှ ပြည်တွင်းစစ် အရှိန်ပြင်းဆုံး မန္တလေးကို လက်နက်ကိုင် ပါတီ ၃ ဖွဲ့က ခွဲအုပ်ချုပ်နေသည့် ကာလမျိုးမှ အစိုးရ ခါးပိုက်ဆောင် ပျူစောထီး၊ လဲဗီးတပ်များ တနိုင်ငံလုံး မင်းမူနေသည့် ပါလီမန်ခေတ်၊ ပြည်သူပိုင်သိမ်း လူတွေဖမ်းသည့် စစ်အာဏာသိမ်း ခေတ်များထိ ရှည်ကြာခဲ့သည်။ ခေတ်အဆက်ဆက် အာဏာရ အစိုးရပိုင်းနှင့် မသိမဟုတ် သိသည်ချည်း ဖြစ်သော်လည်း သူတို့လိုဘ ဖြည့်မည့် အသုံးတော်ခံ သတင်းစာ မဟုတ်၍ အမျိုးစုံ နှောင့်ယှက် ခံရသည်။

၁၉၄၈ ရန်ကုန်တွင် သတင်းစာတိုက်များ ပေါက်ဆိန်အပေါက်ခံရသည့် ကိစ္စကိုသာ နိုင်ငံသိ မှတ်တမ်း ရှိသော်လည်း ၁၉၄၉ မန္တလေးကို အစိုးရတပ် ပြန်သိမ်းအပီး တပ်က မြို့ကို ကရင် သူပုန်များလက် လက်လွတ်စပယ် ထား ထွက်ပြေးသည်ဟု ရေးခဲ့သည့် လူထု ပုံနှိပ်စက်များကို ဒိုင်းနမိုက်ဖြင့် ခွဲခြင်း၊ မိသားစုကို သတ်ဖြတ်မည်ထိ ခြိမ်းခြောက်ခြင်း တို့မှာ လူမသိခဲ့ပါ။ ဦးလှနှင့် အယ်ဒီတာများကို ပုဒ်မမျိုးစုံနှင့် ဖမ်းခြင်း၊ အမှုဆွဲစစ်ခြင်း၊ သတင်းစာတိုက် ချိတ်ပိတ်ခြင်းတို့မှာ အများ သိပါသည်။ ၁၉၄၆ မှ ၁၉၆၇ ထိ ၂၁ နှစ်လုံးလုံး သတင်းစာ ဆက်တိုက် မထုတ်ခဲ့ရပဲ အနဲဆုံး ၄ ကြိမ်ခန့် အပိတ် ခံရဘူးသည်။ ခုခေတ် အစိုးရ အလိုကျ လိုက်လျော သည်းခံ ရေးသလောက် အမြင်မကြည်၍ တပတ် နှစ်ပတ်ခန့် အပိတ်ခံရလျှင် ခြူသံပါအောင် ညည်းပြ မဏ္ဍပ်တိုင် တက်တတ်သည့် ကမြင်းနီ သည်းခြေနှင့် ဂျာနယ်လစ်များကို ထိုခေတ် ပို့ထားချင်ပါသည်။ လူထု၊ လင်းယုန် လက်ဝဲ သတင်းစာများ သာမက အမေရိကန်ငွေ မကင်းသည့် ဗမာ့ခေတ်ကဲ့သို့ တိုက်မျိုးလည်း အမြင်မကြည်လျှင် စက်သေနတ်နှင့် အပစ်ခံရ တတ်ပါသည်။ နီးနီးနားနား ရန်ကုန်ခေါ်ထားလျှင် သူကယ်နိုင်ကောင်းရဲ့ဟု သတင်းစာ မဖတ်သည့် ဝန်ကြီးချုပ် ဦးနုက ရန်ကုန်တွင် သူ့ဆီ သတင်းစာ လာထုတ်ဖို့ (ခင်မျိုးချစ်နှင့် ဦးခင်မောင်လတ်က အင်္ဂလိပ်လို တစောင်ဟု) ကမ်းလှမ်းဘူးသော်လည်း မူဝါဒချင်း ဘယ်လိုမှ မတူ၍ ရတနာပုံ နေပြည်တော်နေ ညီလေးကိုလှနှင့် ညီမလေး မအမာတို့ ငြင်းပယ်ခဲ့ရ ဘူးသည်။

နောက်ဆုံး ရပ်ရသည့်အခါတွင်လည်း တရုတ်-ဗမာအရေးအခင်း ကာလတွင် ရပ်ရပါသည်။ အစိုးရ ဖန်တီးသည့် တရုတ် ကွန်မြူနစ် ဆန့်ကျင်ရေး အဓိကရုဏ်းတွင်း ရန်ကုန် တရုတ်တန်းနှင့် နယ်တချို့တွင် အသေအပျောက် အတော် ရှိနေချိန်တွင် ပီကင်း အာဘော် သတင်းစာဟု လူအုပ်နှင့် လူထုကို ဖျက်ဆီးဘို့ အထိ ကြံစည်ခဲ့ကြသည်။ နောက် တက္ကသိုလ်နားတွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ်က လူစုခွဲလိုက်၍ ပြဿနာ အေးသွားသည်။ သတင်းစာကိုတော့ ဆက်လက် ထုတ်ဝေခွင့် မပေးတော့။ ပီကင်း အသံတွင် လွှင့်နေသည့် အမျိုးသမီးမှာ ဦးလှသမီးဟု လုပ်ကြံ ကောလာဟလမျိုးက ယောနယ်ဆောနယ်လို ဒေသမျိုးထိ ပျံ့ခဲ့သည်။ ဘဝချင်း မတူသည့် တရုတ်ပြည်လို စာအုပ်မျိုးကို ပြန်ဆို ထည့်သွင်းခဲ့သည့် ပီကင်းလိုင်း ထောက်ခံသော သတင်းစာ ဖြစ်သော်လည်း လူထုတွင် တရုတ် ပရောဂျက် မရှိပါ (လက်ဝဲလိုင်းက လက်ယာအမေရိကန်လိုင်း ကဲ့သို့ ဖောဖောသီသီ မထောက်ပံ့နိုင်ပါ။ စိတ်ဓာတ်ရေး အရသာ ထောက်ခံကြသည်)။

သတင်းစာမရပ်ခင်ကပင် ညကြီးသန်းခေါင် အချိန်မတော်မှ နန်းတွင်းစစ်ဌာနချုပ်က လာပို့သည့် မိန့်ခွန်းကြီး များကို သတင်းအရ တန်ဘိုးမရှိပဲ ထည့်ပေး နေရသဖြင့် ပိတ်ချင်လှပီဟု ဒေါ်အမာ ပြောဘူးသည်ကို သတိရပါသည်။ ဝင်းဖေ ပေါ်ဦးသက် စသည့် ကာတွန်း ဆရာများ၏ ကာတွန်းများမှာလည်း နန်းတွင်း၏ ကန့်ကွက်မှုကြောင့် အစောပိုင်းကပင် ထည့်သွင်းမှု ရပ်ဆိုင်းခဲ့ရသည်။ လုပ်ခဲ့သမျှ ပြန်ကြည့်လိုက်လျှင် လုပ်ချင် ရေးချင်သည် တို့ကို လုပ်နိုင်သလောက် လုပ်ခဲ့ရေးခဲ့ရ၍ စိတ်ချမ်း သာသည်ဟု လူထုဒေါ်အမာ ရေးဘူးပါသည်။ အထက်မြန်မာပြည်၏ ခေတ်နောက်ကျ ရှေးရိုးဆန်သည့် ပြည်သူများဖတ်ဖို့ ကမ္ဘာ့အရေး မြန်မာ့အရေး သိသင့်ရာရာကို ထင်မြင်ချက် ထိထိမိမိနှင့် လူထုက ဖော်ပြခဲ့ပါသည် (လူထုသည် နယ်မှနေ၍ တနိုင်ငံလုံးထိ သြဇာကြီးခဲ့သည့် တခုတည်းသော သတင်းစာ ဖြစ်ပါသည်)။ လူထုတွင် ကမ္ဗောဇလို ချောင်ခလောင်ထဲက လွတ်လပ်စ တိုင်းပြည်ကလေး၏ ဘက်မလိုက် နိုင်ငံရေး လှုပ်ရှားမှု သတင်းများ တင်ပေး၍ ကျေးဇူး တင်သည်ဟု ဘုရင်သီဟာနုက ဇင်းမယ်လုံချည် နှစ်အုပ် လက်ဆောင်ပို့တာမျိုးလည်း ရှိဘူးသည်။

လက်ရှိမစိုးရိမ် ဆရာတော် ဦးရာဇဓမ္မနှင့် မန္တလေး ဆရာတော်ကြီး တချို့၊ မြန်မာမှု ပညာရှင် ဦးအေးမြင့်တို့ အရွယ်တူ အနုပညာ ကျော်များ၊ ပြည်တွင်းပြည်ပ မန္တလေးဆက် ကုန်သည် လုပ်ငန်းရှင် အရာရှိ ဆရာဝန် အင်ဂျင်နီယာ ပါမောက္ခစသည့် ၇ဝ တန်း တက္ကသိုလ်သမဂ္ဂ တပ်ဦးဟောင်း တချို့၏ အမြင် အတွေးများတွင် ယခုတိုင် စစ်လက်ဝါးကြီးအုပ် အရင်းရှင်ကြီး ဝါဒ ဆန့်ကျင်ရေး၊ အခြေခံ လူတန်းစားများ ဘဝတိုးမြှင့်ရေး၊ ရိုးရာ ယဉ်ကျေးမှု စောင့်ရှောက်ပြန့်ပွားရေး၊ နိုင်ငံရေးတွင် ပြည်ပ လက်ဝေခံ မဖြစ်ရေး စိတ်ဓာတ် ရှိကြသည်မှာ လူထု၊ ကြေးမုံစသည့် အနှစ် ၅ဝ က မီဒီယာများ သြဇာ မကင်းဟု ဆိုချင်ပါသည်။ သတင်း၊ ဆောင်းပါး၊ ဝေဖန်ချက် အတန်းမြင့်မြင့်နှင့် တိုင်းပြည်ကို ဦးနှောက် အစာကျွေးနိုင်သော “ဘက်မှန်” မီဒီယာသစ်များ မြင်လိုပါသည်။

Ref: မဇ္ဈိမ

Read More...

လုပ်ကြဦးမလား ပတ်စ်ပို့

ကျော်ဝင်း |
အင်္ဂါနေ့၊ ဧပြီလ ၁၉ ရက် ၂၀၁၁

ရန်ကုန်မြို့ ပန်းဆိုးတန်းက မနလ ရုံးလို့ ခေါ်တဲ့ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေး အဖွဲ့ရုံးရှေ့မှာ လူ ၂ဝဝ ခန့် ဝိုင်းအုံ နေကာ အသံမျိုးစုံ ပေါ်ထွက်နေသည်။

ဘွဲ့ရပြီး ယောင် ၆ဝ ဖြစ်နေမယ့်အစား စင်္ကာပူဖြစ်ဖြစ်၊ မလေးရှားဖြစ်ဖြစ် တနေရာသွားပြီး အလုပ်လုပ်ဖို့ အိမ်က တိုက်တွန်း နေတာကြောင့် ပွဲစားမအပ်တော့ဘဲ ကိုယ့်ဟာကိုယ် ပတ်စ်ပို့လုပ်ရန် ထွက်လာခြင်းပင်။

ပွဲစားက အမြန်ကြေးကို ကျပ် ၂ သိန်းခွဲမှ ၃ သိန်းခွဲကြား ယူသည်။ အမြန်ဆိုသော်လည်း လူက ပွဲစားကို နေ့တိုင်း ဆက်သွယ် နေရသည်။

တနင်္လာနေ့မို့ လူပိုများတယ်လို့လည်း တချို့ ပြောနေသည်။ လွန်ခဲ့သည့် နှစ်များစွာက မနလ ရုံးသည် အခုထက် ပိုမို ကြာရှည်ပြီး ရှုပ်ထွေးသည့် လုပ်နည်း လုပ်ဟန်များ ရှိခဲ့ဖူးကြောင်း နာမည်ဆိုး သင်းခဲ့ဖူးသည်။

ရုံးဖွင့်လိုက်သည်နှင့် လူများ ပြုံပြီး ဝင်သွားကုန်သည်။ အဝင်အထွက်ဟု ရုံးမျက်နှာစာ အပြင်ဘက်တွင် သံတန်းများ ခံထားပြီး လုံခြုံရေးများ စောင့်နေသည့် ဂိတ် ၂ ဂိတ် ရှိတာကို တွေ့ရတာမို့ အဝင်ဘက်ကို ခပ်မြန်မြန် တိုးလိုက်သည်။

“ဟေ့ဟေ့ … နေဦးလေ။ မင်းအိတ်ကြီး ယူသွားလို့ မရဘူး။ ဒါက လုံခြုံရေးအရ အိတ်တွေကို အထဲယူလို့ မရဘူး။ ဒီတော့ အိတ်ကိုထားခဲ့ပါ” ဟု လုံခြုံရေးတဦးက ပြောလာသည်။

“မင်းအိတ်ကို အပြင်မှာ အပ်ခဲ့လိုက်၊ အပ်လို့ရတဲ့ နေရာတွေ ရှိတယ်” ဟု ဆိုကာ ခပ်လှမ်းလှမ်းရှိ အမျိုးသမီးတဦး ထိုင်နေသော ကွမ်းယာဆိုင်ဆီ သူက လက်ညှိုး ညွန်လိုက်သည်။

စစချင်း အိတ်အပ်ခအဖြစ် ကျပ် ၂ဝဝ ထွက်သွားပြီ။

စိတ်တထင့်ထင့်နှင့် လက်ထဲက စာရွက်စာတမ်း တပုံတပင်ကြီး ကိုင်ကာ ရုံးထဲ ဝင်လိုက်သည်။ အထဲရောက်တော့ ဘယ်က စရမှန်း မသိတာနှင့် ရဲကို လှမ်းမေးတော့ ဘယ်လို လုပ်ရမည်ကို အစအဆုံး ရှင်းပြလေသည်။ ပြီးတော့ မမှတ်မိရင် နံရံတွေမှာ အစီအစဉ်တွေ ရေးထားတယ် ကြည့်လိုက်ပါဟုလည်း ဆိုလေ၏။

ဓာတ်ပုံရိုက်ဖို့ ပထမဆုံး တန်းစီရသည်။ လူတွေက များလွန်းသဖြင့် ချွေးတပြိုက်ပြိုက် ထွက်လာသည်။ ၁ဝ မိနစ်ခန့် အကြာတွင် ဓာတ်ပုံ ရိုက်တဲ့ အစီအစဉ် ပြီးသည်။ လောလောဆယ်တော့ ပတ်စ်ပို့ ဓာတ်ပုံဖိုးက ၃၅ဝဝ ကျပ်။

ပြီးရင် မှတ်ပုံတင်သန်းခေါင်စာရင်း စစ်ရမတဲ့။ ဒါနဲ့ မှတ်ပုံတင်စစ်သည့် နေရာကို ဆက်တိုးရပြန်၏။ အပြင်မှာ ကြားဖူးသည့် ‘ရစ်တယ်၊ ပြသနာရှာတယ်’ ဆိုတာများ မရှိ။ သို့သော် မှတ်ပုံတင်စစ် အရာရှိကို ၁ဝဝဝ တော့ ပေးလိုက်ရသည်။ သူ့ရှေ့ရှိ လူများ ပေးသွားတာ မြင်ရသဖြင့် လိုက်ပေးလိုက်ခြင်းပင်။

ဒါပြီးရင် ဖောင်ဝယ်ဖို့ ပထမထပ်ကို တက်ရမယ်တဲ့။ ပထမထပ်ရောက်တော့ ဖောင်ဝယ်သည်။ အလည် အပတ်ဟု ရေးထားသည့် ကောင်တာတွင် သူလိုချင်တဲ့ ဖောင်ကို ၂ဝဝဝ နှင့် ဝယ်ရပြန်သည်။ စာရွက်က ၁ဝ ရွက်နီးပါး ရှိ၏။ ဖြည့်စရာများ ကလည်း တပုံစံတည်းကို ၆ ရွက်ခန့် ပါသည်။ တခါတည်း ဖြည့်သွားရင် ကောင်းမလားဟု စဉ်းစားသေးသည်။ နေရာလပ် မရှိအောင် ပြည့်နေသော ရုံးထဲမှာ ဘယ်သွားဖြည့်ရမှန်းမသိ။

အောက်မှာတော့ စာအုပ်ဖိုးသွင်းမည့် လူ ၁ဝဝ ကျော်ခန့်က သူ့ရှေ့မှာ စောင့်ကြိုနေသည်။

သူ အခု ဝယ်လာသည့် ဖောင်ထဲတွင် ပါသည်ကို သတိပြုမိပြီး ပြန်ကြည့်လိုက်တော့ ငွေသွင်းစာရွက် ဖြစ်နေတာနဲ့ မတ်တပ်ရပ်ရင်း ငွေသွင်း စာရွက်ကို ဖြည့်လိုက်သည်။ နံရံမှာတော့ ငွေသွင်း စာရွက်ဖြည့်ပုံကို ပြသထားသဖြင့် အလွယ်တကူ ဖြစ်သွားသည်။

ငွေသွင်းအလှည့်ရောက်တော့ စာအုပ်ဖိုး ၁၉ဝဝဝ ကျပ်နဲ့ ဝန်ဆောင်ခ ကျပ် ၁ဝဝဝ ဟု ရေးထားသည်။ ဘယ်လို ဝန်ဆောင်လိုက်သည်မသိ မူးနောက်နေအောင် စောင့်နေရတဲ့ တန်းစီစနစ်တဲ့ ဝန်ဆောင်ပေးလိုက်တာကို ၁ဝဝဝ ပေးလိုက်ရတာ မတန်။

နောက်တနေ့ မနက်စောစောမှာ ပြန်လာ၊ ထုံးစံအတိုင်း တန်းစီပြီး ဓာတ်ပုံရွေးလိုက်၏။ ငွေသွင်းဘောင်ချာလည်း မိတ္တူ လိုသည်။ ဒါနဲ့ အောက်ဆုံးပြန်ဆင်းပြီး ဘယ်မှာ ငွေသွင်းရမလဲ လိုက်ရှာသည်။ အဆောက် အအုံဟောင်းရဲ့ ထောင့်မှာ ငွေသွင်းသည့် နေရာ တွေ့ရသည်။ လျှပ်စစ်ဖြင့် စစ်ဆေးနိုင်သော သင့်မှတ်တမ်းအတွက် မှင်ဖိုး၊ စာရွက်ဖိုး၊ စက်ပစ္စည်းထိန်းသိမ်းခ ၁၂ဝဝ တဲ့။ ၁၂ဝဝ က အကြွေ ပြဿနာကြောင့် ၁၅ဝဝ ပေးလိုက်ရ၏။ နောက်တခေါက် အပေါ် ပြန်တက်လာလိုက်ပြီး ဖောင်ပြန်ဝယ်တော့ နောက် ၂ဝဝဝ ထပ်ကုန် ရပြန်သည်။

ဖြည့်ရမည်များ ကြည့်ပြီး စိတ်ကုန်ချင်လာသည်။ အဖေအမေ့ဘက်က ဆွေမျိုးညီအကို မောင်နှမတွေ အကြောင်းပါ ပါလာသည်။ ဒါနဲ့ တနာရီနီးပါး ကြာအောင် မတ်တပ်ရပ်ရင်း ဖောင်ဖြည့် လိုက်ရ၏။ အားလုံးတော့ ပြီးပြီ၊ ဖောင်စိစစ်တဲ့ စားပွဲရှိရာ ဒုတိယထပ်သို့ ပြန်တပ်ဖို့က ရှိနေသေးသည်။ နံရံမှာ တွေ့ရသည့် လမ်းညွှန်ချက်များက မပြည့်စုံတော့ တက်ရဆင်းရ လုပ်ရတာများ ပိုကဲ သွားတော့သည်။

ဒါတောင် အရင်ကထက် အများကြီး အဆင်ပြေလာတယ်တဲ့။ စိစစ်တဲ့ မမက စာရွက်များကို အသေးစိတ် ကြည့်ပြီး သေချာ စီပေးသည်။ ဓာတ်ပုံလည်း ကပ်ပေးသည်။ အားလုံး ပြီးသွားတော့ မောင်လေး ဒီကနေ့ တရက်ထဲ အပြီးတင်ချင်လားဟု မေးသည်။ တခါတည်း ပြီးသွားတော့ ကောင်းတာပေါ့ဗျာ ဆိုတော့ သူက ဒါဆို ၃ သောင်း ပေးရမယ်လို့ ဆိုလာသည်။

ဈေးဆစ်တော့ ၂ သောင်းနဲ့ ဈေးတဲ့သွားကာ သူ့ကို ဖောင် အပ်လိုက်သည်။ ခဏနေတော့ ချလံတခု ပါလာသည်။ အဲဒီချလံမှာ ယနေ့ နေ့စွဲနှင့် လေးလွှာမှာ သွားတင်လိုက်ဖို့ပဲ ရှိသည်။ မဟုတ်ရင် သူတို့ပြောတဲ့နေ့ကျမှ တခါပြန်လာပြီး တင်ရမည်။

အဲဒီချလံကို ပေးပြီး ပွဲစားနှင့် ရက်ပိုင်း အမြန်ရိုက်ထုတ်ချင်လျှင် တသိန်းခွဲနှင့် ရသည်။ မဟုတ်ရင် တလပြည့်တဲ့နေ့ နောက်ပိုင်း ထုတ်လို့ရပြီ။ နောက်ထပ် ၁၇ နှင့် ၁၉ လုပ်ဖို့ ၃ သောင်းခွဲခန့် ကုန်ရဦးမည်

ရဲတပ်သားချင်းအတူတူ လက်ကိုင်ဖုန်း တဝင့်ဝင့်နှင့် စမတ်ကျကျ ဝတ်စားကာ ထမင်းစားချိန်မှာပါ မနားဘဲ မနလ ရဲများကမူ လှုပ်ရှားနေဆဲပင် …။

Ref: မဇ္ဈိမ

Read More...

မြန်မာ အာဆီယံဥက္ကဌဖြစ်မှာ အမေရိကန်စိုးရိမ်

ကိုသားညွှန့်ဦး
အင်္ဂါ, 19 ဧပြီ 2011

မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် မြန်မာနိုင်ငံဟာ ဒေသတွင်း ဦးဆောင်မှုနေရာ ယူလာမယ့် ကိစ္စကို အမေရိကန် ပြည်ထောင်စု စိုးရိမ်မကင်း ဖြစ်ရတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဌာနက ပြောပါတယ်။ အမေရိကန် ပြည်ထောင်စု အနေနဲ့ အရေးယူ ဒဏ်ခတ်တာ အပြင် ထိစပ် ဆက်ဆံရေး မူဝါဒ နှစ်ခုလုံး ကျင့်သုံးနေပေမဲ့ အခုအချိန် အထိတော့ မြန်မာနိုင်ငံမှာ သိသာ ထင်ရှားတဲ့ အပြောင်းအလဲ ရလဒ်တွေ များများစားစား မတွေ့ရသေးဘူးလို့လည်း ပြောပါတယ်။ အကြောင်းစုံကို ကိုသားညွန့်ဦးက တင်ပြ ထားပါတယ်။

လာမယ့် ၂၀၁၄ ခုနှစ် အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံရဲ့ အလှည့်ကျ ဥက္ကဌဖြစ်နိုင်ဖို့ မြန်မာနိုင်ငံ ကြိုးပမ်း နေတယ် ဆိုတဲ့ သတင်း အပေါ်မှာ အမေရိကန် နိုင်ငံခြားရေး ဌာနက အခုလို တုံ့ပြန် ပြောဆို သွားတာပါ။ မြန်မာနိုင်ငံထဲမှာ လက်ရှိ အခြေအနေမျိုး ရှိနေသ၍တော့ နိုင်ငံတကာမှာပဲ ဖြစ်ဖြစ်၊ ဒေသတွင်းမှာပဲ ဖြစ်ဖြစ် ဘယ်လို ခေါင်းဆောင်မှုမျိုး မဆို မြန်မာနိုင်ငံ ယူလာမှာကို စိုးရိမ်မကင်း ရှိတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ မာ့ခ် တိုနာ (Mark Toner) က ပြောပါတယ်။

“မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ စိုးရိမ်မကင်းဖြစ်တာက ရှင်းပါတယ်။ ပြည်တွင်း လူ့အခွင့်အရေး အခြေ အနေ ဆိုးရွားမှု တွေကြောင့် ဘယ်လို ခေါင်းဆောင်မှုမျိုးမှာ မဆို စိုးရိမ်ရပါတယ်။”

အမေရိကန်ပြည်ထောင်စုအနေနဲ့ အခုဆိုရင် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခန့်အပ်ဖို့ ရှိတာကြောင့် ဒီ လမ်းကြောင်း ကလည်း မြန်မာနိုင်ငံ ကိစ္စ အပြောင်းအလဲ ဖြစ်အောင် ပိုပြီးလုပ်နိုင်မလား မျှော်လင့်ချက် ထားတယ်လို့ မာ့ခ် တိုနာက ပြောပါတယ်။

“အဆင့်မြင့်အရာရှိတဦးကို မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်ပြီး ဦးဆောင်ကြိုးပမ်းဖို့ အမည်တင်သွင်းခြင်း အားဖြင့် လက်ရှိ အရေးယူ ဆောင်ရွက်မှုကို တိုးမြင့်လုပ်ဆောင်ရာ ရောက်တယ်ဆိုတာ ရှင်းပါတယ်။ ကျနော်တို့က မြန်မာ နိုင်ငံအပေါ် ထားရှိတဲ့ နှစ်လမ်းသွား စနစ်ကို ဆက်ပြီးတော့ ကျင့်သုံးသွားမှာ ဖြစ်ပါတယ်။ ဆက်ဆံရေး တံခါးကို ဖွင့်ထားမှာ ဖြစ်ပါတယ်။ အမှန် ပြောရရင်တော့ မျှော်လင့်စရာတွေတော့ မတွေ့ခဲ့ရပါဘူး။ ဒါပေမဲ့လည်း အဲဒီ လိုရွေးချယ်ထားတဲ့ လမ်းအတိုင်း ဆက်ပြီးတော့ သွားမှာပါ။ မျှော်လင့် ရတာကတော့ အခု ကျနော်တို့ မြန်မာနိုင်ငံကို လက်ကမ်း ကြိုဆိုတဲ့နေရာမှာ ဒါဟာ တွန်းအားတရပ် ဖြစ်လာဖို့ပါပဲ။ နောက်ပြီးတော့ ဒီ အထူး သံကိုယ်စားလှယ်ဟာ မြန်မာနိုင်ငံမှာ အာဏာရှင် အုပ်ချုပ်ရေးနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ရဲ့ စိုးရိမ်မကင်း ဖြစ်မှုကိုလည်း သတိ ထားပြီးတော့ ပြောဆိုနိုင်မယ့် ပုဂ္ဂိုလ်ပါ။”

မြန်မာနိုင်ငံအနေနဲ့ အရင်တုန်းကလည်း အာဆီယံ အလှည့်ကျဥက္ကဌ ယူဖို့ရှိခဲ့ပေမဲ့ အနောက်နိုင်ငံတွေ အပါအ၀င် အခြား နိုင်ငံတွေနဲ့ အာဆီယံ ဆက်ဆံရေး ထိခိုက်မှာကို အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေရဲ့ စိုးရိမ်ချက်ကြောင့် အာဆီယံ အလှည့်ကျဥက္ကဌ တာဝန်ယူဖို့ ဆိုင်းငံခဲ့ရဖူးပါတယ်။


Ref: VOA News

Read More...

အစိုးရသစ် ဦးတည်ချက်တချို့ ပြောင်း

ကိုဇော်ဝင်းလှိုင်
အင်္ဂါ, 19 ဧပြီ 2011

အစိုးရသတင်းစာ မျက်နှာဖုံးတွေမှာ ရေးသားဖော်ပြနေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစတဲ့ ဦးတည်ချက်တွေ ထဲက တချို့ကို ပြီးခဲ့တဲ့ ဧပြီလ ၁၁ ရက်နေ့ကစပြီး ပြောင်းလဲ ဖော်ပြ လာခဲ့ပါတယ်။ ဒီ ဦးတည်ချက်တွေဟာ နဂိုကတည်းက ၀ါဒ ဖြန့်ချိရေး အတွက် အသုံးပြုခဲ့တာ ဖြစ်တဲ့အတွက် စာသား ပြောင်းပေမဲ့လည်း လက်တွေ့မှာ ထူးခြားမှု မရှိဘူးလို့ ဝေဖန် ပြောဆိုမှုတွေ ရှိသလို အစိုးရသစ် လက်ထက်မှာ ပြောင်းလဲမှု တစုံတရာ ရှိလာတယ်လို့ မြင်တဲ့သူတွေလည်း ရှိနေပါတယ်။ အကြောင်းစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြ ထားပါတယ်။

အစိုးရအာဘော် နေ့စဉ်သတင်းစာတွေထဲမှာပါတဲ့ ဦးတည်ချက် ၁၂ ရပ်ထဲကနေ နိုင်ငံရေး ဦးတည်ချက် ၃ ခု၊ စီးပွားရေး ဦးတည်ချက် ၁ ခုနဲ့ လူမှုရေး ဦးတည်ချက် ၁ ခု စုစုပေါင်း ဦးတည်ချက် ၅ ခုကို ရုတ်တရက် ပြင်ဆင် ဖော်ပြ လိုက်တာပါ။ ဒီဦးတည်ချက် ၁၂ ခုဟာ အစိုးရရဲ့ လုပ်ငန်းစဉ် ဦးတည်ချက်တွေကို အတိုင်းတာ တခု အထိ ထင်ဟပ်စေတယ်လို့ သူ့အနေနဲ့ ယူဆတဲ့ အကြောင်း ဗဟု ဖွံ့ဖြိုးမှု အဖွဲ့က ဦးအောင်သူငြိမ်းက သုံးသပ်ပါတယ်။

“ကျနော် မြင်တာကတော့ - ဒီသမ္မတရဲ့ မိန့်ခွန်း စထွက်လာတာကို ကျနော် ဖတ်ကြည့်တော့ သူ့ရဲ့ vision သဘော ဆန်တာပေါ့ဗျာ။ ဆိုတော့ အခု ဦးတည်ချက် ၁၂ ရပ်မှာကျတော့ ကျနော်ထင်တာက mission သဘောမျိုး ပိုဆန်တယ်လို့ ထင်တယ်။ ယေဘုယျ ပြောရင်တော့ အစိုးရရဲ့ vision၊ mission လိုသဘောမျိုး ထုတ်လာတာလို့ ထင်တယ်။ ကျနော် ထင်တာကတော့ အများကြီးတော့ မပြောင်းဘူးခင်ဗျ။ ဘာဖြစ်လို့လဲ ဆိုတော့ ရွေးကောက်ပွဲမှာ ကိုယ်က အရင်ရရှိပြီးသား အောင်မြင်မှုတွေ ကနေ တိုင်းပြည်ကို နောက်တဆင့် ဆက်သွားမယ် ဆိုတာမျိုးပေါ့။ အဲဒီလိုအပေါ်မှာ တကယ် ယုံကြည်နေလို့လဲ အခုလိုမျိုး အရင်က အခြေခံကောင်းတွေ အပေါ် အခြေခံပြီးတော့ အခုဆက်သွားမယ် ဆိုတာမျိုး သုံးသပ်ချက်လဲ ဖြစ်နိုင်တယ်။ ဒါပေမဲ့ အရင် အခုလက်ရှိ mission မှာ ပြန်ကြည့်ဖို့လည်း လိုတာပေါ့နော်။ ခုနက သမ္မတ မိန့်ခွန်း ပြောသွားတဲ့ အနေအထားမှာ ဆိုရင် ကောင်းမွန်တဲ့ အစိုးရ ဖြစ်ရေးတို့၊ သန့်ရှင်းတဲ့ လာဘ်စားမှု ကင်းတဲ့ အစိုးရ ဖြစ်ရေးဆိုတဲ့ ကိစ္စတွေ၊ နောက်တခါ စီးပွားရေး ပွင့်လင်းစေရေး ဆိုတဲ့ ကိစ္စတွေပေါ့။ ဒါတွေနဲ့ ပတ်သက်လို့က လက်ရှိ mission တွေထဲမှာ ဘယ်လောက်အထိ ထင်ဟပ် သလဲပေါ့။ ဒါကိုလည်း ကျနော်တို့ ကြည့်ဖို့လိုပါတယ်။ နောက်တခုက ကျတော့ အစိုးရကနေပြီးတော့ သမ္မတရဲ့ မိန့်ခွန်းထဲမှာလည်း ပါတာပေါ့ဗျာ။ လူ့အခွင့်အရေး ကိစ္စတွေ၊ သဘာဝ ပတ်ဝန်းကျင် ကိစ္စတွေလည်း ပါတော့ ဒီကိစ္စတွေ အခုလက်ရှိ mission ထဲမှာ ဘယ်လောက်အထိ ပြန်ပြီးတော့ ထင်ဟပ်သလဲပေါ့။ ဒါကလဲ ကျနော်တို့ ပြန်ကြည့်ဖို့ လိုတယ် ထင်တယ်။”

လက်တွေ့နဲ့ အပြော ကွာခြားမှုတွေကတော့ ရှိနေတာပါ။ ဦးတည်ချက်၊ ရည်မှန်းချက်တွေ ဘယ်လောက်ပဲ ကြည့်ကောင်းအောင် ဝေေ၀ဆာဆာ ဖော်ပြနေပေမဲ့ အားလုံးကို လက်ခံ ယုံကြည်လို့ မရနိုင်ဘူးလို့ ဦးအောင်သူငြိမ်းက ပြောပါတယ်။ အရင် စစ်အစိုးရ လက်ထက်နဲ့ အခု အသစ် တက်လာတဲ့ အစိုးရကြား ကွားခြားချက်တွေကို တိုင်းလို့ရတဲ့ ပေတံနဲ့ တိုင်းပြီး လက်ရှိ အစိုးရ အနေနဲ့ ဘယ်လောက်အထိ ပြောင်းလဲမှု တွေကို လုပ်ဆောင်ပေးမလဲ ဆိုတာကို စောင့်ကြည့်ရမယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ လောလောဆယ် အစိုးရသစ် တက်လာပြီးနောက်ပိုင်း ပြောင်းလဲမှု တစုံတရာ ဖြစ်ပေါ်တာကို တွေ့နေရ တယ်လို့ ဦးအောင်သူငြိမ်းက ဆက်ပြောပါတယ်။

“ကျနော် မြင်တာကတော့ အခုအနေအထားမှာ အပြောင်းအလဲတွေကတော့ တစုံတရာတော့ သွားတယ်လို့ ကျနော် မြင်တယ်။ ဥပမာအားဖြင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက နောက်က မျိုးဆက်တွေကို တချို့ အာဏာလွှဲ သွားပြီးတော့ ဆင်းသွားတဲ့ နားသွားတဲ့ သဘောမျိုး ကျနော် ပိုပြီးတော့မြင်ပါတယ်။ ဒါပေမဲ့ ဘာဖြစ်နေသေး သလဲ ဆိုတော့ အရင် အတိတ် ကာလကဖြစ်ခဲ့တဲ့ အရိပ်မဲက ဆက်ရှိ နေသေးတယ်။ နောက်တခါကျတော့ ဗျူရိုကရေစီ ယန္တယား တစုံလုံးမှာလည်း ခြစားတာတွေ၊ အရည်အချင်း မထက်မြက်တာတွေ ကလည်း ရှိနေတဲ့ အခါကျတော့ ကိုယ်ရှေ့ကို တကယ် သွားချင်ရင်တောင်မှ ဒီယန္တယားတွေက ဘယ်လောက်အထိ အလုပ် လုပ်နိုင်ပါ့မလဲ၊ ဘယ်လောက်အထိ ဖြစ်ပါ့မလဲ ပေါ့။ ဒီလိုမေးခွန်းတွေလည်း အများကြီးရှိတယ်။”

အစိုးရက ဘယ်လောက်ပဲ ပြောင်းလဲမှုတွေ ဖြစ်ပေါ်နေတယ် ဆိုတာကို ပြသနေပေမဲ့ ဒါတွေ အားလုံးဟာ ၀ါဒ ဖြန့်ချိရေး အတွက် သက်သက်သာ ဖြစ်ပြီး အနှစ်သာရ ပါတဲ့ ပြောင်းလဲမှုတွေ မဟုတ်တဲ့ အကြောင်း ၀ါရင့် သတင်းစာ ဆရာကြီး တဦးဖြစ်တဲ့ ကြေးမုံ ဦးသာဘန်းက ပြောပါတယ်။

“ကျနော်တို့မြင်တာကတော့ သူတို့ လူသစ်၊ အစိုးရသစ်ဆိုတော့ အဟောင်းတွေ အောင်မြင်ခဲ့လို့ အသစ်ကို ဦးဆောင်တယ် ဆိုတာက sham (အတုအယောင်) ပဲဗျ။ သူတို့က လိမ်လည်နေတာပဲ။ လိမ်နည်းအသစ် ပေါ့ဗျာ။”

တကယ်တော့ ၀ါဒဖြန့်ချိရေးလုပ်ငန်းတွေကို အရင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ လက်ထက် ကတည်းက သတင်းစာတွေ ထဲမှာ စနစ်တကျ တာဝန်ပေး လုပ်ဆောင်နေခဲ့တာ ဖြစ်တယ်လို့ ဦးသာဘန်းက သုံးသပ်ပါတယ်။

“ဒါတွေအားလုံးဟာ ကျနော်တို့ မဆလခေတ်ကတည်းကပေါ့ဗျာ။ ပြည်သူပိုင်အသိမ်းခံရပြီးတဲ့ နောက်ပိုင်းမှာ ဒီပေါ်လစီ သတင်းတွေက အပေါ်ကနေ သူတို့ ဘုတ်အဖွဲ့ရှိတယ်ဗျ။ သူတို့ဘုတ်မှာ ပါတီ ဗဟိုကော်မတီတို့ ဘာတို့၊ ကောင်စီတောင် မပါဘူးဗျ။ အဲဒီလူတွေက လုပ်တာပဲ။ လူထုကို လိမ်ဖို့အတွက် လုပ်တဲ့ကိစ္စပဲဗျ။ စစ်အာဏာရှင်ဟာ ဦးနေ၀င်း ၁၉၆၂ ခုနှစ်က စစ်အာဏာ သိမ်းတဲ့ အချိန်ကစပြီး စစ်အာဏာကို အလျှော့မှ မပေးခဲ့ဘဲ။ အခုဆက်လက်ပြီးတော့ စစ်အာဏာရှင် စနစ်ကို လိမ်လည်ပြီးတော့ စည်းကမ်းရှိသော ဒီမိုကရေစီ ဆိုတာ ပြောတာပဲလေ။ အဲဒီဟာနဲ့ လိုက်လျော ညီထွေတဲ့ Slogan တွေချတာပဲ။”

နေ့စဉ် သတင်းစာထဲမှာ ထည့်သွင်း ဖော်ပြနေတဲ့ ဦးတည်ချက် ၁၂ ခုထဲက တချို့ကို ဧပြီလ ၁၁ ရက်နေ့မှာ အခုလို ပြောင်းလဲ ဖော်ပြခြင်း မလုပ်ခင် ပြီးခဲတဲ့ ဧပြီလ ၈ ရက်နေ့က ဦးတည်ချက် အဟောင်းတွေကို နောက်ဆုံး ဖော်ပြခဲ့တာပါ။ ကြားထဲမှာ ဧပြီလ ၉ ရက်နဲ့ ၁၀ ရက် ၂ နားပြီး ဦးတည်ချက်သစ်တချို့နဲ့ ပြောင်းလဲ ဖော်ပြလာတာ ဖြစ်ပါတယ်။

Ref: VOA News

Read More...

အပေါ်သို့