..............................

Saturday, July 3, 2010

ဗိုလ်ချုပ်မှူးကြီး အတ္ထုပ္ပတ္တိ စာအုပ် ထွက်ရှိ

ဘစောတင်
Friday, July 02, 2010

စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အကြောင်း အင်္ဂလိပ် ဘာသာဖြင့် ရေးသား ထားသည့် စာအုပ် ဖြန့်ချိခြင်းနှင့် ရှင်းလင်းပွဲ တရပ်ကို ယမန်နေ့ ညဦးပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ နိုင်ငံခြား သတင်းထောက်များ ကလပ် (FCCT) တွင် ပြုလုပ်သည်။

ယင်း 'THAN SHWE' UNMASKING BURMA’S TYRANTဟု အမည်ပေးထားသည့် စာအုပ်ကို Benedict Rogers ဆိုသူက ပြုစု ရေးသားထားခြင်း ဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အကြောင်း ရေးသား ထုတ်ဝေသည့် ပထမ ဦးဆုံး စာအုပ်လည်း ဖြစ်သည်။

ပြီးပြည့်စုံသည့် စာတအုပ် မဟုတ် သော်လည်း မြန်မာပြည်ကို အုပ်ချုပ် နေသည့် စစ်အာဏာရှင် တဦးအကြောင်း လေ့လာရန် လိုအပ်လာပါက ဤစာအုပ်က တစုံတရာ အထောက်အကူ ပြုလိမ့်မည်ဟု မျှော်လင့်ကြောင်း Benedict Rogers က ဧရာဝတီသို့ ပြောသည်။

“ဗိုလ်ချုပ်မှူးကြီး သန်းရွှေဆိုတာ ကမ္ဘာပေါ်မှာ နာမည်ဆိုးနဲ့ ကျော်ကြားလှတဲ့ မြန်မာ စစ်ခေါင်းဆောင်ပါ၊ ဆယ်စုနှစ် ၂ ခု နီးပါး ကိုယ့်ပြည်သူ လူထုကို အနိုင်ကျင့် နှိပ်ကွပ်နေတဲ့ အာဏာရှင် ဖြစ်ပါတယ်၊ ကြမ်းကြုတ် ရက်စက်ပြီး အင်မတန် ရှေးဆန်တဲ့၊ အယူသည်းတဲ့ လူဆိုတာ အထူးပြောစရာ မလိုပါဘူး၊ ဒါပေမယ့် ဒီလို လူမျိုးအကြောင်းကို အသေအချာ ရေးထားတဲ့ စာတအုပ် ပေတဖွဲ့ မရှိသေးဘူး၊ ဒါကြောင့် ကျနော် သူ့ အကြောင်းကိုရေးဖို့  မြန်မာပြည်ကိုလည်း သွားခဲ့တယ်၊ နယ်စပ် တလျှောက်က မေးသင့် မေးထိုက်တဲ့ သူတွေကိုလည်း မေးမြန်းတယ်၊ လေ့လာခဲ့ပါတယ်” ဟု ၎င်း က ပြောဆိုသည်။

ချက်သမ္မတနိုင်ငံ သမ္မတဟောင်း ဗားကလက် ဟာဗဲလ်ကလည်း ယခုစာအုပ်သည် မင်းဆိုး မင်းညစ် တဦးအကြောင်းကို အဓိက ရေးသား ထားသော်လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အတ္ထုပ္ပတ္တိ သက်သက်ကို ရေးသားထားခြင်း မဟုတ်ကြောင်း၊ ယနေ့ မြန်မာပြည်သားများ ကိုယ်တိုင် ခံစားနေရသော သက်ရှိသမိုင်းကို ထင်ဟပ်စေသော စာအုပ်တအုပ် ဖြစ်ကြောင်း အမှာစာတွင် ပြောဆိုထားသည်။

“ဖိနှိပ်ချုပ်ချယ်တဲ့ အစိုးရတွေ မင်းဆိုးမင်းညစ်တွေအကြောင်းကို ကျနော်တို့သိအောင် ကြိုးစားဖို့ လိုအပ်ပါတယ်၊ ဒါကြောင့် အခု ထုတ်ဝေတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေစာအုပ်ဟာ အရေးကြီးတဲ့ စာအုပ် တအုပ်ပါပဲ၊ သူဟာ ဘယ်လို လူလဲ ဘာကြောင့် ဒီလိုပြုမူ ဆိုးသွမ်း နေသလဲ ဆိုတာကို သိထားမှဖြစ်မယ်၊ ကျနော်တို့ကိုယ်တိုင် ကွန်မြူနစ်တွေ အောက်မှာ နှစ်ပေါင်း ၄၀ လောက် ခံခဲ့ရဖူးတယ်၊ အဲဒီတုန်းက ကျနော်တို့လိုအပ်ချက်တွေကို လွတ်လပ်တဲ့ တိုင်းပြည် က လူတွေက ကူပြောခဲ့ကြတယ်၊ ကူညီခဲ့ကြတယ်၊ အခု ကျနော်တို့ လွတ်လပ်နေပြီ၊ ဒါကြောင့်မို့လို့ မလွတ်လပ်တဲ့ အရပ်မှာ နေကြရတဲ့ လူတွေအတွက် ကူညီကြရမှာပဲ”ဟုလည်း ဗားကလက် ဟာဗဲလ် က အမှာစာ ရေးသားသည်။

'THAN SHWE' UNMASKING BURMA’S TYRANTစာအုပ် ပထမဆုံးအခန်းမှာ From Postman to Tyrant (စာပို့သမားဘ၀မှ ရက်စက် ကြမ်းကြုတ်သော အာဏာရှင် မင်းဆိုးမင်းညစ် အဖြစ်သို့) ဟူ၍ စာအုပ်ကို မိတ်ဆက် ဖွင့်လှစ် ထားသည်ကို တွေ့ရသည်။

စာအုပ်တွင် အခန်း ၈ ခန်းပါရှိပြီး စာမျက်နှာ ၂၇၀ ရှိသည်။ ၀တ္ထု စာအုပ်ဆိုဒ် အရွယ်ဖြစ်ပြီး ထိုင်းဘတ် ၆၂၅ ဘတ်ဖြင့် ရောင်းဈေး သတ်မှတ်ထားသည်။

စာအုပ်ဖြန့်ချိ ရှင်းလင်းပွဲသို့ တက်ရောက်လာသည့် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်း အစိုးရအဖွဲ့မှ ၀န်ကြီးအဖွဲ့ဝင် ဦးဝင်းလှိုင်က“ဒီစာအုပ်မှာ ကျနော်တို့ မျှော်လင့်နိုင်တာက ကျနော်တို့ မသိသေးတဲ့ ဖုံးကွယ်ထားတဲ့ လျှို့ ဝှက်ထားတာတွေကို သိတန်သရွေ့တော့ သိလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်၊ တိုင်းပြည်ကို ကံဆိုးမိုးမှောင် ကျစေတဲ့ လူတယောက် အကြောင်းကို ပြည်သူလူထုက သေသေချာချာ သိခွင့်ရတယ်ဆိုရင် တိုင်းပြည် လွတ်မြောက်ရေး အတွက် တိုက်ပွဲဝင်ရာမှာ ပိုမိုထိရောက်မှု ရှိလာမယ်လို့ ထင်ပါတယ်”ဟု ပြောသည်။

မြန်မာ့ တပ်မတော်(လေတပ်)တွင် အမှုထမ်းခဲ့ပြီး ရှစ်လေးလုံးအရေးတော်ပုံ ကာလတွင် ဒီမိုကရေစီ တိုက်ပွဲဝင်ခဲ့သည့် စစ်သားဟောင်း တဦးဖြစ်သူ ဦးမြင့်ဝေ ကလည်း “ဒီစာအုပ်နဲ့ ပတ်သက်လို့ မြန်မာ့ တပ်မတော်မှာ စစ်မှုထမ်းခဲ့သူ တယောက်အနေနဲ့ ပြောရရင် တပ်မတော် အတွက် အရေးကြီးတဲ့ သင်္ခန်းစာ၊ မှတ်တမ်း၊ တပ်မတော်ကြီး တခုလုံးရော၊ တိုင်းပြည် အတွက်ရော နောက်ထပ် ဗမာအာဏာရှင် ဆိုတဲ့ လူတယောက် မပေါ်ပေါက်အောင်အတွက် ဖတ်ထားရမယ့် စာအုပ် တအုပ်ပါ၊ ဒီစာအုပ်ကို မြန်မာပြန်ပြီး မြန်မာ ပြည်သူ တရပ်လုံး သိလာအောင် ဖြန့်ဝေရင် ကောင်းမယ်”ဟု ဆိုသည်။

ဦးမြင့်ဝေ သည် ယခုအခါ ဘန်ကောက်မြို့အခြေစိုက် မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေး ထိုင်းလှုပ်ရှားမှု ကော်မတီ (TACDB) အဖွဲ့ ဒါရိုက်တာ တာဝန်ကို ထမ်းဆောင် နေသူဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ယခုနှစ် ကမ္ဘာ့ အဆိုးဆုံး အာဏာရှင် စာရင်းတွင် တတိယ နေရာ သတ်မှတ် ခံထားရသူ ဖြစ်သည်။ အမေရိကန် ပြည်ထောင်စု ၀ါရှင်တန် အခြေစိုက် Foreign Policy မဂ္ဂဇင်းကြီးက ၂၀၁၀ ပြည့်နှစ်အတွက် ကမ္ဘာပေါ်ရှိ ဆိုးရွားသော အာဏာရှင်များနှင့် နိုင်ငံခေါင်းဆောင်၂၃ ဦးအနက် ပထမနေရာတွင် မြောက်ကိုရီးယား သမ္မတ ကင်မ်ဂျုံ အီးလ်၊ ဒုတိယတွင် ဇင်ဘာဘွေ သမ္မတ ရောဘတ် မူဂါဘီတို့ပြီးနောက် ဗိုလ်ချုပ်မှူးကြီးကို တတိယ နေရာ ရွေးချယ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

ယင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အကြောင်း စာအုပ် ပြုစုရေးသားသူ Benedict Rogers မှာ International Herald Tribune, Wall Street Journal, Far Eastern Economic Review, Guardian စသော သတင်းစာ၊ မဂ္ဂဇင်းများတွင် ဆောင်းပါးများ ရေးသားသူတဦး ဖြစ်ပြီး မြန်မာနိုင်ငံနှင့် ပတ်သက်၍ ယခု စာအုပ်မတိုင်မီ A land without Evil; Stopping the Genocide of Burma’s Karen People အမည်ရှိ စာအုပ်ကိုလည်း ထုတ်ဝေဖူးသည်။

Benedict Rogers သည် ဗြိတိန်နိုင်ငံအခြေစိုက် လူ့အခွင့်အရေးအဖွဲ့Christian Solidarity Worldwide(CSW) ၏ ဒုတိယ ဥက္ကဌ လည်းဖြစ်သည်။

Ref:

Read More...

အထက်တန်းကျောင်းသားများ ကျောင်းဆင်းကျောင်းတက်ချိန်တွင် အုပ်စုဖွဲ့ ရိုက်နှက် ခံနေရ

လွန်းဒင်။ ဇူလိုင် ၂၊ ၂၀၁၀

ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်၊ အ.ထ.က (၂) ကျောင်းရှိ ကျောင်းသားများ ကျောင်းဆင်း ကျောင်းတက်ချိန် များတွင် အရပ်သားများက အုပ်စုဖွဲ့ ၀ိုင်းဝန်းရိုက်နှက်ခံရမှုများ အခုရက်ပိုင်းအတွင်း ဆက်တိုက် ဖြစ်ပွားလျက်ရှိသည်။

ကျောင်းသားအချင်းချင်း ခိုက်ရန်ဖြစ်ပွားခဲ့ပြီး အပေါင်းအသင်းများနှင့် အစ်ကိုတွေကို ပြန်ပြောရာမှ ကျောင်းသားတွေကို အရပ်သားများက အုပ်စုဖွဲ့ ရိုက်နှက်မှုများ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း ကျောင်းသားမိဘ တဦးက ပြောသည်။

မနက်ပိုင်းကျောင်းဆင်းချိန်မှာ ကျောင်းရှေ့မှာ ကျောင်းသားအချင်းချင်းရန်ဖြစ်ပြီး ရိုက်ပွဲတွေဖြစ်နေတာ ခဏခဏဘဲ ကျောင်းထဲမှာ ဖြစ်သွားတဲ့ ကျောင်းသား အချင်းချင်း ပြဿနာကို အပြင်မှာရှိတဲ့ အကိုတွေ အပေါင်းသင်းတွေကို ပြန်ပြောကြတော့ အပြင်ကနေ အုပ်စုလိုက်ဖွဲ့ပြီး ကျောင်းက ခလေးတွေကို အသေရိုက်ကြတယ်။ တချို့ဆို လူမှား အရိုက်ခံရတာ လွန်ခဲ့တဲ့ တစ်ပတ်လောက်က ဆိုရင် အထက်တန်း ကျောင်းသား တစ်ယောက်ဆို ၀ိုင်းရိုက်လို့ ပုဆိုးတောင်ကျွတ်ပြီး ပြေးရတဲ့အဆင့်ထိ ရုပ်ပျက်ဆင်းပျက် နိုင်သွားတယ်လေ။

တချို့က အတန်းထဲတွင် စာတော်သည့်ကလေးကို အချင်းချင်းမနာလိုဖြစ်ပြီး အပြင်မှ သူငယ်ချင်းတွေကို ရန်တိုက် ပေးပြီး ရိုက်ခိုင်း တာတွေလည်း ရှိကြောင်းနှင့် ကျောင်းသားများ ရိုက်နှက်ခံရသည့် အမှုများ ကျောင်းရှေ့တွင် ဖြစ်ပွားနေသော်လည်း တာဝန်ရှိသူများက ဖြေရှင်းပေးတာမျိုး မရှိကြောင်းကိုလည်း အဆိုပါလူက ဆက်ပြောသည်။

ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ဆယ်တန်းကျောင်းသားကောင်လေးတစ်ယောက်ဆိုရင် စာအရမ်းတော်တယ် အချင်းချင်း မနာလိုတဲ့သူက လူမိုက်တွေကို ထောင်ပေးလိုက်တော့ ခလေးကျောင်းအပြန်မှာ လူသုံးယောက်က အဲဒီခလေးကို ၀ိုင်းရိုက်တာ ခံရတယ်။ ရိုက်တဲ့လူတွေက ကျောင်းဆင်း ကျောင်းတက်ချိန်တွေမှာ ကားတွေပေါ်က ဆင်းလာပြီး ကျောင်းသားလေးတွေကို ၀ိုင်းရိုက်ပြီး ကားပေါ် ပြေးတက် သွားကြတယ်လေ။ ဆရာ/မတွေကို တိုင်တော့လည်း သူတို့နဲ့ မဆိုင်ဘူးဆိုတော့ ဘယ်သူ့ကို သွားတိုင်ရမှန်းကို မသိဘူး။ တနေ့ထက်တနေ့ ပိုဆိုးလာတယ်၊

ကျောင်းသားမိဘများအနေဖြင့် မိမိကလေးကို ကျောင်းကြိုကျောင်းပို့လုပ်ရနှင့် အလုပ်ရှုပ်ပြီး ကလေးများ၏ ပညာရေး ထိခိုက်မှာကို စိုးရိမ် ပူပန်နေကြရကြောင်းနှင့် ဆရာ/မတွေက ကလေးတွေစီမှ ကျောင်းသားကဒ်လုပ်ရန် ရန်ပုံငွေအဖြစ် ငွေကြေးကောက်ခံပြီး ကျောင်းသားတွေရဲ့ အန္တရာယ်ကို ဂရုတစိုက် ကာကွယ်ပေးတာမျိုး လုပ်မပေးသည့် အတွက်ကြောင့် မကျေမနပ်ဖြစ်နေသည်။

“ကျောင်သားကဒ်လုပ်ဖို့ဆိုပြီး (၁၆၀၀) တောင်ကောက်တယ်၊ အမှန်ဆိုရင် ကျောင်းသားကဒ်က ကျောင်းက လုပ်ပေးရမှာ စားမေးပွဲကြေး ဆိုပြီးတော့လည်း (၁၂၀၀)ကောက်တယ်၊ အဲဒီလို ကလေးတွေဆီက ရန်ပုံငွေရှာဖို့တော့ သိကြတယ်။ ကလေးတွေရဲ့ အန္တာရာယ်ကိုတော့ မကာကွယ်ပေးချင်ဘူး” ဟု ၎င်းမြို့ခံက ပြောသည်။

ယင်းအထက်တန်းကျောင်းတွင် ကျောင်းအုပ်ဆရာကြီး ဦးဌေးအောင်က တာဝန်ယူနေပြီး အခုထက်ထိ ရန်ပွဲများ ဆက်လက် ဖြစ်ပွားလျှက် ရှိသည်ဟု သိရသည်။

Ref: ရိုးမ ၃

Read More...

Friday, July 2, 2010

စည်ပင်အလုပ်ကို ကြံ့ဖွံ့အမည်ဖြင့် လုပ်ကိုင်မည်ဟု မြို့တော်ဝန် ပြော

ညိမ်းသူ
ကြာသပတေးနေ့၊ ဂျူလိုင်လ ၀၁ ရက် ၂၀၁၀

နယူးဒေလီ (မဇ္ဈိမ)။ ။ ရန်ကုန်မြို့တော်ဝန်က ၎င်းပြုလုပ်နေသော လုပ်ငန်းအားလုံးကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP အမည်ဖြင့် လုပ်ကိုင်သွားမည်ဟု ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ပြောဆိုခဲ့သည်။

ပြီးခဲ့သည့်လ နောက်ဆုံးအပတ်အတွင်း ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ်တွင် လမ်းများ ရေးစီးရေလာ ကောင်းမွန်ရေး အတွက် သွားရောက် စစ်ဆေးသည့် နေ့က မြို့တော် စည်ပင် အရာထမ်းများနှင့် ကြံ့ခိုင်ဖွံ့ရေး ပါတီဝင်များ ရှေ့မှောက်တွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

’’စမ်းချောင်းမှာ လမ်းတွေ လာကြည့်တယ်။ အဲဒီနေ့က သူပြောသွားတာက သူ့အနေနဲ့ ပြည်ခိုင်ဖြိုး (ကြံ့ဖွံ့) လုပ်ငန်းတွေပဲ ဦးစားပေး လုပ်သွားမယ်၊ အခု လုပ်နေတာတွေ အားလုံးဟာ ပြည်ခိုင်ဖြိုး နာမည်နဲ့ပဲ လုပ်နေတာ၊ ပါတီကလည်း ဖွဲ့ပြီးပြီဆိုတော့ ပါတီအမည်နဲ့ပဲ လုပ်သွားတော့မှာ၊ ဘယ်လို အကြောင်းပဲဖြစ်ဖြစ် ပြည်ခိုင်ဖြိုးအမည်ပဲ သုံးမယ်လို့ ထပ်တလဲလဲ ပြောတယ်’’ ဟု စမ်းချောင်းမြို့နယ် ကြံ့ဖွံ့ အသင်းဝင်တဦးက ပြောသည်။

မြို့တော်စည်ပင်သည် ပြီးခဲ့သည့် ၂ဝဝ၅ ခုနှစ်မှ စတင်ကာ လမ်းများ ပြုပြင်လုပ်ငန်းများတွင် ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းအမည်ကို ရောထွေး သုံးစွဲခဲ့ရာမှ နောက်ပိုင်းတွင် လူသိရှင်ကြား အသုံးပြုလာသည်။

ယခုနှစ် နွေရာသီတွင် ရေအခက်အခဲ တွေ့ကြုံနေသည့် ရန်ကုန်တိုင်းရှိ မြို့နယ်များသို့ ရေဘောက်ဆာကား ၁ဝ စီးခန့်ဖြင့် ရေပေးဝေရာ မြို့တော်ဝန်က ကားများတွင် ‘ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းက အခမဲ့ ရေပေးသည်’ ဟူသော စာတန်းများ ချိတ်ဆွဲစေခဲ့သည်။ ထို့ပြင် ယခုနှစ် ရန်ကုန်တိုင်းရှိ လယ်သမားများကို ကြံ့ဖွံ့ပါတီ အမည်သုံးကာ ချေးငွေများ ပေးအပ်ခဲ့သည်။

’’လယ်သမားတွေကို ကျပ်သိန်းပေါင်း ၁ သိန်းလောက် ထုတ်ချေးမှာပါ။ အရင်နှစ်ကတော့ အသင်းအနေနဲ့ပဲ ချေးပေးတယ်။ ဒီနှစ်ကတော့ ရွေးကောက်ပွဲလည်း ရှိနေတယ်။ အသင်းကလည်း ပါတီအနေနဲ့ တရားဝင် လုပ်ခွင့်ရတယ်ဆိုတော့ အဲဒီနာမည်နဲ့ပဲ ချေးပေးတာ ဖြစ်တယ်’’ ဟု ရန်ကုန် စည်ပင်ကော်မတီမှ အကြီးတန်း အရာထမ်းတဦးက ပြောသည်။

ပြီးခဲ့သည့် မေလ ၂၄ ရက်နေ့က မင်္ဂလာဈေးကြီး မီးလောင်ခဲ့ရာ မီးသင့်ဆိုင်ခန်း ပိုင်ရှင်များကို မြို့တော်စည်ပင် ဥက္ကဋ္ဌ မြို့တော်ဝန် ဦးအောင်သိန်းလင်းက စည်ပင်ဘဏ်မှ ငွေထုတ်ချေးပေးမည်ဟု ထိုလ နောက်ဆုံးအပတ်တွင် ကြေညာခဲ့သည်။ သို့သော် ပြီးခဲ့သည့်လ ၃ဝ ရက်နေ့တွင်မူ ဈေးသာယာရေး ကော်မတီမှတဆင့် ဆိုင်ရှင်များကို ဖိတ်ခေါ်ကာ ကြံ့ဖွံ့ပါတီက ချေးငွေ ထုတ်ပေးမည်ဟု ပြောဆို ခဲ့ပြန်သည်။

မြို့တော်စည်ပင်ရှိ လမ်းနှင့် တံတားဌာနမှ အင်ဂျင်နီယာတဦးကလည်း ’’ကျနော်တို့က ရှက်မိတယ်။ တသက်လုံး လုပ်လာတာ စည်ပင်သာယာ အဖွဲ့မှာလေ။ အခုတော့ ပြည်သူတွေက စည်ပင်ဟာ ကြံ့ဖွံ့လို့တောင် ပြောကုန်ကြပြီ’’ ဟု ပြောသည်။

လက်ရှိဝန်ကြီးချုပ် ဦးသိန်းစိန် ဦးဆောင်နေသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ရွေးကောက်ပွဲ ကော်မရှင်တွင် ယခုနှစ် ဧပြီလ ၂၉ ရက်နေ့မှစတင်၍ ပါတီလျှောက်လွှာ တင်ခဲ့ပြီးနောက် ကော်မရှင်က မှတ်ပုံတင် ခွင့်ပြုချက် ချပေးခဲ့ပြီးဖြစ်သည်။

ဦးအောင်သိန်းလင်းသည် ရန်ကုန်မြို့တော်ဝန်အဖြစ် ၂ဝဝ၃ ခုနှစ်ကတည်းက တာဝန်ယူခဲ့ပြီး၊ ရန်ကုန်တိုင်း ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်း ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်လည်း ဖြစ်သည်။ ယခုအခါ တောင်ဥက္ကလာပမြို့နယ်တွင် ရွေးကောက်ပွဲဝင်မည့် အမတ်လောင်းဖြစ်ကြောင်း ရန်ကုန်စည်ပင် အသိုင်းအဝိုင်းက ဆိုသည်။

ရန်ကုန် စည်ပင်သာယာရေးကော်မတီသည် ပြည်သူများထံမှ နှစ်စဉ်ရရှိသော အခွန်ငွေမှာ ငွေကျပ်ဘီလီယံ ၅ဝ ခန့်ရှိကြောင်း ရန်ကုန်စည်ပင် စာရင်းများအရ သိရသည်။

ယခင် ကြံ့ဖွံ့အသင်းနှင့် ယခု ကြံ့ဖွံ့ပါတီအတွက် မြို့တော်ဝန်သည် ယင်းအခွန်ငွေများဖြင့်သာ သုံးစွဲနေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဘတ်ဂျက်ဌာနမှ အမည်မဖော်လိုသူ အရာရှိတဦးက ပြောသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ အခန်း ၃၊ ပုဒ်မ ၁၂ (က-၅) တွင် ရွေးကောက်ပွဲဝင်မည့် ပါတီများအနေဖြင့် နိုင်ငံပိုင် ငွေကြေး၊ မြေ၊ အိမ်၊ အဆောက်အအုံ၊ ယာဉ်၊ ပစ္စည်းတို့ကို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်နည်းဖြင့် ရယူသုံးစွဲခွင့် မပြုကြောင်းနှင့် သုံးစွဲပါက ယင်းပါတီမှာ ပါတီအဖြစ် ဆက်လက်ရပ်တည်ခွင့် မရှိကြောင်း ဖော်ပြထားသည်။

ပြည်ထောင်စု ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးဖြိုးမင်းသိန်းက ’’နိုင်ငံပိုင်ငွေနဲ့ ပါတီတွေ သုံးစွဲခွင့် မရှိဘူးဆိုတာ ရွေးကောက်ပွဲ ဥပဒေမှာ ပါပြီးသား။ အဲဒီတော့ တကယ်လို့သာ ပါတီတခုခုက အဲဒီလို သုံးစွဲနေတယ် ဆိုတာကို တိုင်ကြားရင် ရတယ်။ အဲဒီအခါ ကော်မရှင်က စစ်ဆေးရမှာ ဖြစ်တယ်။ ရောထွေးပြီးတော့ မလုပ်သင့်ဘူးလို့ မြင်တယ်’’ ဟု မဇ္ဈိမကို ပြောသည်။

Ref: မဇ္ဈိမ

Read More...

ခမောက်ပုံ သုံးခြင်းသည် ဆင်တူယိုးမှားလုပ်သည်ဟု NLD ပြောဆို

ဆလိုင်း ဟံသာစန်း
ကြာသပတေးနေ့၊ ဂျူလိုင်လ ၀၁ ရက် ၂၀၁၀

နယူးဒေလီ (မဇ္ဈိမ)။ ။ အမျိုးသား ဒီမိုကရေစီအင်အားစု NDF ပါတီ အမှတ်တံဆိပ်တွင် ခမောက်ပုံ သုံးစွဲခြင်းသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ကို ဆင်တူယိုးမှား ပြုလုပ်ခြင်းဟု NLD ခေါင်းဆောင် ဦးဝင်းတင်က ပြောဆိုလိုက်သည်။

NLD ပါတီအကြီးတန်း ခေါင်းဆောင်ဟောင်း ၁၁ ဦး ဦးဆောင်ပါဝင်သည့် NDF ပါတီက ရွေးကောက်ပွဲ ကော်မရှင်သို့ ပြီးခဲ့သည့်လ ၂၄ ရက်နေ့တွင် လျှောက်ထားသော ၎င်းတို့ပါတီ၏ အမှတ်တံဆိပ်တွင် ခမောက်ပုံ အသုံးပြုထားခြင်း အပေါ် NLD က ယခုလို ပြောဆို လိုက်ခြင်း ဖြစ်သည်။

“ပြည်သူက NLD နဲ့ ခမောက်နဲ့ တွဲသိတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ခမောက်နဲ့ တွဲသိတယ်။ ဒါကို ယူသုံးတယ် ဆိုတာက NLD ကို ဆင်တူရိုးမှား လုပ်တဲ့သဘော ဖြစ်နေတယ်” ဟု သတင်းစာဆရာဟောင်းနှင့် ပါတီဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်က မဇ္ဈိမကို ပြောသည်။

NLD သည် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်သည့် ပါတီ ၉၃ ပါတီအနက် ခမောက်ကို ရွေးကောက်ပွဲဝင် သင်္ကေတအဖြစ် အသုံးပြုသော တခုတည်းသော ပါတီဖြစ်သည်။ ထို့ပြင် နှစ်ပေါင်း ၂၀ ကြာ ဖြတ်သန်းခဲ့သည့် ပါတီ သက်တမ်း တလျှောက်တွင်လည်း ခမောက် တံဆိပ်ကို အစဉ်တစိုက် အသုံးပြုခဲ့သည်။

“သူတို့နဲ့ ကျနော်တို့က ဘာမှမဆိုင်တော့ဘူးလေ။ ကိုယ့်အလုပ် ကိုယ်လုပ်ကြပေါ့။ ကိုယ်ယုံကြည်ရာ ကိုယ်လုပ်ကြပေါ့။ အဲလိုလုပ်တာ ကောင်းမယ်လို့ ထင်တယ်။ လူထုကို မျက်စိလှည့်တာ၊ ပုံမှားရိုက်တာတွေကို လုံးဝ လက်မခံနိုင်ဘူး” ဟု ဦးဝင်းတင်က ပြောသည်။

ယခုကဲ့သို့ ပါတီ၏ သင်္ကေတ ခမောက်တံဆိပ်ကို NDF က ယူငင်သုံးစွဲသည့်အပေါ် ရွေးကောက်ပွဲ ကော်မရှင်သို့ အမြန်ဆုံး ကန့်ကွက် သွားရန် NLD ပါတီခေါင်းဆောင်များက ယနေ့ ညှိနှိုင်းသဘောတူ ဆုံးဖြတ်ခဲ့ကြသည်။

“ဒီနေ့ ပါတီခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးပြီး ကော်မရှင်မှာ ကန့်ကွက်သွားဖို့ကို အားလုံး သဘောတူညီ ခဲ့ကြပါတယ်။ ပါတီရဲ့ ဥပဒေပညာရှင် ဦးဥာဏ်ဝင်းက ဥပဒေ လမ်းကြောင်းအရ လုပ်ဆောင်သွားဖို့ ပြင်ဆင်နေပါပြီ။ ဒီတပတ်အတွင်း အမြန်ဆုံး ကန့်ကွက် သွားမှာပါ” ဟု NLD ပြောခွင့်ရပုဂ္ဂိုလ်နှင့် ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး “NLD လည်း မဟုတ်ဘဲနဲ့ NLD ရဲ့ အခြေခံမူတွေကို လက်မခံဘဲနဲ့ ခွဲထွက်သွားတဲ့ လူတွေက ပါတီသင်္ကေတ ခမောက်ကို ယူသုံးတာဟာ NLD ကို ပုံမှားရိုက်သလို ဖြစ်နေတယ်။ ဒါဟာ မဖြစ်သင့်ပါဘူး” ဟု ပြောသည်။

ရွေးကောက်ပွဲကော်မရှင်က NDF ပါတီ၏ အမည်၊ အလံနှင့် တံဆိပ်တို့ကို ပြီးခဲ့သည့်လ ၃၀ ရက်နေ့တွင် မြန်မာ့အလင်း သတင်းစာမှ တဆင့် ကန့်ကွက်နိုင်ကြောင်း ကြေညာခဲ့ပြီး ကန့်ကွက်လိုပါက ၇ ရက်အတွင်း ကော်မရှင်သို့ လာရောက် ကန့်ကွက်နိုင်ကြောင်း ကြေညာခဲ့သည်။

သို့သော် NDF ပါတီ ဒု ခေါင်းဆောင်နှင့် ပြောခွင့်ရပုဂ္ဂိုလ် ဦးသိန်းညွန့်က NLD က ကော်မရှင်သို့ ပါတီတံဆိပ်ကို ကန့်ကွက်လာခဲ့ပါက ဥပဒေကြောင်း အရ ရင်ဆိုင်သွားမည်ဖြစ်ပြီး ကော်မရှင်၏ အဆုံးအဖြတ်ကို ခံယူသွားမည်ဟု ပြောသည်။

“သူတို့မှာ ကန့်ကွက်ပိုင်ခွင့် ရှိတယ်ထင်ရင် ကန့်ကွက်ပေါ့။ ကျနော်တို့က ဥပဒေကြောင်းအရ ရင်ဆိုင်သွားမှာပဲ။ ကော်မရှင်ရဲ့ အဆုံးအဖြတ်ကို ခံယူသွားမှာပဲ” ဟု သူက ပြောသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၈ (က) (ခ) အရ လျှောက်ထားသော ပါတီအမည်၊ အလံ၊ တံဆိပ်တို့ကို ကန့်ကွက်မည် ဆိုပါက ဘာသာ၊ သာသနာနှင့် ယှက်နွယ်သော၊ ဒို့တာဝန် အရေးသုံးပါးကို ထိခိုက်စေသော၊ မှတ်ပုံတင်ခွင့် အတွက် လျှောက်ထားဆဲနှင့် မှတ်ပုံတင်ပြီးသော အခြားပါတီတခု၏ အမည်၊ အလံ၊ တံဆိပ်တို့နှင့် တူညီနေလျှင် သို့မဟုတ် ဆင်တူယိုးမှား ဖြစ်နေလျှင် ကန့်ကွက်နိုင်ကြောင်း သိရသည်။

ကော်မရှင်က မည်သို့ပင်ဆုံးဖြတ်ခဲ့သည်ဖြစ်စေ မိမိတို့ ကန့်ကွက်ရသည့် အဓိက အကြောင်းရင်းမှာ မြန်မာ့နိုင်ငံရေး လောကတွင် ပုံတူကူးချခြင်း၊ ပုံမှားရိုက်ခြင်းနှင့် ပြည်သူလူထုကို လှည့်စားခြင်းတို့ မရှိစေလိုသည့် အတွက်ဖြစ်ကြောင်း NLD ခေါင်းဆောင် ဦးဝင်းတင်က ပြောသည်။

“အန်အယ်ဒီပါဝင်နေတဲ့အတွက် ကော်မရှင်က ဘယ်လိုဆုံးဖြတ်လာမလဲ မသိဘူး။ ကျနော်တို့က သူတို့ရဲ့ ရပ်တည်ချက်၊ မူဝါဒတွေကို တိုက်ခိုက်တာ မဟုတ်ဘူး။ ပုံတူကူးချတာ၊ ပုံမှားရိုက်တာ၊ ပြည်သူလူထုကို လှည့်စားတာတွေကို ကန့်ကွက်တာပါ” ဟု ပြောသည်။

NDF အနေဖြင့် ခမောက်သည် မြန်မာ့ရိုးရာဖြစ်ပြီး ပြည်သူတရပ်လုံးကို ကိုယ်စားပြုသည့် အတွက် အသုံးပြုခြင်း ဖြစ်ပြီး ကော်မရှင်၌ မှတ်ပုံ တင်ရာတွင်လည်း ပါတီတံဆိပ် အနေဖြင့်သာ မှတ်ပုံ တင်ခြင်းဖြစ်ကြောင်း NDF ဒု ခေါင်းဆောင်က ဆက်ပြောသည်။

“ခမောက်ဆိုတာက ရွေးကောက်ပွဲ ကော်မရှင်ကနေ ရွေးကောက်ပွဲကာလ အတွက် NLD ကို အငှားချပေးထားတဲ့ ရွေးကောက်ပွဲ သင်္ကေတ ဖြစ်တယ်။ အခုတင်တာက ရွေးကောက်ပွဲ သင်္ကေတအဖြစ် တင်တာမဟုတ်ဘူး။ သူ့ဥပဒေမှာ ပါတဲ့အတိုင်း တံဆိပ်အနေနဲ့ တင်တာ ဖြစ်ပါတယ်။ NLD ရဲ့ တံဆိပ်၊ အလံတို့အနေနဲ့ တင်တာ မဟုတ်ပါဘူး” ဟု သူက ပြောသည်။

NLD ပါတီသည် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် နိုင်ငံတ၀ှန်းလုံး၌ အမတ်နေရာ ၈၂ ရာခိုင်နှုန်းကျော် အနိုင် ရရှိခဲ့သော်လည်း ယင်းရလဒ်ကို စစ်အစိုးရက အသိအမှတ်ပြုခြင်း မရှိဘဲ ယခုနှစ်အတွင်း ရွေးကောက်ပွဲတရပ် ထပ်မံကျင်းပမည်ဟု ကြေညာခဲ့သည်။

NLD သည် ၂၀၁၀ ရွေးကောက်ပွဲကျင်းပမည့် အခြေခံ ဥပဒေနှင့် ရွေးကောက်ပွဲ ဥပဒေများသည် တရားမျှတခြင်း မရှိဟုဆိုကာ ပြီးခဲ့သည့် မတ်လ ၂၉ ရက်နေ့တွင်ပါတီကို ထပ်မံ မှတ်ပုံမတင်ရန် ဆုံးဖြတ်ခဲ့သည်။

NLD ပါတီ၏ ဆုံးဖြတ်ချက်နှင့် ရပ်တည်ချက်အပေါ် သဘောထားခြင်း မတိုက်ဆိုင်သော ပါတီဗဟို အလုပ်အမှုဆောင် ၄ ဦးနှင့် ဗဟို ဦးစီးအဖွဲ့ဝင် ၇ ဦး အပါအ၀င် ပါတီဝင်ဟောင်း ၂၇ ဦးတို့က ပြီးခဲ့သည့် မေလ ၆ ရက်နေ့တွင် NDF ပါတီကို တည်ထောင်ခဲ့ပြီး ပြီးခဲ့သည့်လ ၁၄ ရက်နေ့တွင် ကော်မရှင်က ပါတီ တည်ထောင်ရန် ခွင့်ပြုခဲ့သည်။

Ref: မဇ္ဈိမ

Read More...

မလေးတွင် မြန်မာပြန်ပေးဆွဲဂိုဏ်းအား ဖမ်းဆီးမိ

မြတ်ခိုင်ဦး
၀၁ ဇူလိုင် ၂၀၁၀

မလေးရှားနိုင်ငံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသမီးတဦးအား ခြံအလုပ်သမား မြန်မာတဦးနှင့် အပေါင်းအဖော် တို့က ဖမ်းဆီး ပြန်ပေးဆွဲခဲ့သဖြင့် မလေးရှားရင်းဂစ် (၂၈,၀၀၀) ဖြင့် ပြန်လည် ရွေးယူခဲ့ရကြောင်း ယနေ့ထုတ် The Star သတင်းစာတွင် ဖော်ပြပါရှိသည်။

အဆိုပါ ပြန်ပေးဆွဲခံရသူ အသက် (၂၀) ဝန်းကျင်ရှိ ဒုက္ခသည် လက်မှတ် ကိုင်ဆောင်သူ မြန်မာ အမျိုးသမီးငယ်သည် ဇွန် (၈) ရက်နေ့တွင် ကွာလာလမ်ပူမြို့ ဆင်ခြေဖုံး ကီပေါင်အရပ်ရှိ ၎င်းအလုပ်လုပ်ရာ စားသောက်ဆိုင်သို့ သွားရောက်စဉ် ပြန်ပေးဆွဲ ခံခဲ့ရခြင်း ဖြစ်သည်။

စားသောက်ဆိုင်အကူ အလုပ်သမ အဖြစ် အလုပ် လုပ်ကိုင်နေသော အဆိုပါ အမျိုးသမီးသည် ပြန်လည် မလွတ်မြောက်ခင် ပြန်ပေး သမားများ၏ အဓမ္မကျင့်မှု ခံခဲ့ရကြောင်းလည်း အဆိုပါသတင်း၌ ဖော်ပြထားသည်။

ကွာလာလမ်ပူ မြို့တော်ဗဟိုစုံစမ်းစစ်ဆေးရေးဌာန လက်ထောက် အရာရှိဖြစ်သူ ကူချင်းဝါက ပြန်ပေးဆွဲသူများသည် ကနဦးတွင် ရင်းဂစ် (၁) သိန်း တောင်းဆိုကြောင်း၊ နောက်ပိုင်းတွင် ညှိနှိုင်းမှုများအရ ရင်းဂစ် (၂၈,၀၀၀) ဖြင့် ဈေးတည့် သွားကြောင်း ပြောဆိုသည်။

ဇွန် (၉) ရက်နေ့တွင် ပြန်ရွေးငွေ ပေးချေပြီးသည့်နောက် မသင်္ကာဖွယ် လူ (၅) ဦးနေရာကို တွေ့ရှိရသည့်အတွက် မလေးရှား ရဲများက ပိတ်ဆို့ ဖမ်းဆီးရာ ဒုက္ခသည်လက်မှတ် ကိုင်ဆောင်ထားသည့် မြန်မာနိုင်ငံသား (၃) ဦး၊ အမျိုးသမီး (၁) ဦး အပါအ၀င် လူ (၅) ဦးကို ဖမ်းဆီး ရမိခဲ့သည်ဟု အဆိုပါ အရာရှိဖြစ်သူက ပြောဆိုကြောင်း သတင်းတွင် ဖော်ပြသည်။

ပြန်ပေးဆွဲခံရသူ အမျိုးသမီး၏ သူငယ်ချင်းထံမှ ဇွန် (၉) ရက် ည (၉) နာရီခွဲတွင် မန္တလေး စားသောက်ဆိုင်၌ ပြန်ပေးငွေ လက်ခံ ယူခဲ့သည့် အသက် (၃၀) အရွယ် ခြံအလုပ် လုပ်ကိုင်သူ မြန်မာနိုင်ငံသား အေးမင်းဝင်းအား ငွေလက်ခံမှုဖြင့် ယမန်နေ့တွင် ရာဇဝတ် တရားရုံး၌ အမှုစတင် ကြားနာနေပြီဖြစ်သည်။

ပြန်ပေးဆွဲမှုတွင်ပါဝင်သည့် အခြားသူများ၏ ဖြောင့်ချက်အရ အဓိက ဦးဆောင်သူ အေးမင်းဝင်းအား တရားရုံး တင်နိုင်ခဲ့ခြင်း ဖြစ်ပြီး ပြန်ပေးငွေကို ရဲမှ ပြန်လည် ရယူနိုင်ခဲ့သည်။

ရာဇဝတ်မှုတရားရုံး၏ တရားသူကြီး ဆီတီရှာခရိ မိုဟာရူဒင်က အေးမင်းဝင်းနှင့် အပေါင်းအပါ မလေးနိုင်ငံသား (၂) ဦးအား မလေးရှား ရင်းဂစ်ငွေ (၁၀,၀၀၀) ဖြင့် အာမခံ ပေးလိုက်ပြီး အမှုကို လာမည့် ဇူလိုင် (၂၃) ရက်တွင် ထပ်မံ ချိန်းဆိုလိုက်ကြောင်း အဆိုပါ သတင်းတွင် ဆက်လက် ဖော်ပြပါရှိသည်။

ပြစ်မှုထင်ရှားပါက တရားခံသည် (၁၀) နှစ်ထက် မကျော်သော ထောင်ဒဏ်ကိုသော်လည်းကောင်း၊ ကြိမ်ဒဏ်ကို သော်လည်းကောင်း ကျခံရမည်ဖြစ်သည်။

မလေးရှားရှိ အမည်မဖော်လိုသော မြန်မာရွှေ့ပြောင်းအလုပ်သမားတဦးက “သူတို့ရဲ့ခေါင်းဆောင်က စိုးလေးလို့ ခေါ်တယ်။ ဒီကောင်တွေ အကုန်လုံးက ဆေးသမားတွေ၊ ထောင်ထဲ ဝင်လိုက်ထွက်လိုက် လုပ်နေတာ။ သူတို့စားကျက်က မြန်မာဆိုင်တွေနားမှာ အမြဲပဲ၊ တော်တော်ဆိုးတယ်။ သူတို့ အထဲမှာလဲ ရဲလက်ထောက်ချတဲ့ ကောင်တွေ ပါတယ်။ ကျနော်ထင်တယ် ကျန်တဲ့ မြန်မာ (၃) ယောက်လည်း ပြန်လွတ်လိမ့်မယ်” ဟု ပြောသည်။

Ref: ခေတ်ပြိုင်

Read More...

ရန်ကုန် လေဆိပ်အခွန် (၆) ဆ ထပ်တိုး

ဝီရ / ၀၁ ဇူလိုင် ၂၀၁၀

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၏ လေဆိပ်အခွန်အဖြစ် ဖြတ်သန်းခ (၅၀၀) ကျပ် ကောက်ခံနေသည်ကို ဇူလိုင် (၁) ရက် ယနေ့မှစ၍ (၃,၀၀၀) ကျပ် တိုးမြှင့် ကောက်ခံသွားတော့မည်ဟု လေကြောင်း ပို့ဆောင်ရေး ကုမ္ပဏီတို့ ထံမှ သိရသည်။

ယခု ထပ်မံတိုးမြှင့်ကောက်ခံသည့် လေဆိပ်အခွန်သည် မြန်မာနိုင်ငံသား ခရီးသွားများနှင့်သာ သက်ဆိုင်ပြီး နိုင်ငံခြားသား ခရီးသည်များ ထံမှ ကောက်ခံသည့် လေဆိပ်အခွန်မှာမူ ပုံမှန်အတိုင်းဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (အမ်အေအိုင်) မှ ဝန်ထမ်းတဦးက ပြောကြားသည်။

၎င်းက “နိုင်ငံခြားသား ခရီးသည်တွေကို အရင်က ကောက်နေတဲ့ ဒေါ်လာ (၁၀) အတိုင်း မပြောင်းလဲပါဘူး။ မြန်မာပြည် သားတွေရဲ့ လေဆိပ် အခွန်က အခု ထပ်တိုးတဲ့ နှုန်း (၃,၀၀၀) ကျပ်ဆိုတာက (၃) ဒေါ်လာပဲ ကျပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။

ယင်းသို့ လေဆိပ်အခွန် ထပ်မံတိုးမြှင့်ရခြင်းမှာ ဆိုက်ရောက်/ထွက်ခွာဌာနများတွင် ဒီဂျီတယ် စစ်ဆေးစက် အသစ်များ တပ်ဆင် ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း လေကြောင်း ကုမ္ပဏီတို့က ပြောသည်။

လေဆိပ်အခွန် တိုးမြှင့်လိုက်သည့်အတွက် လေကြောင်းလိုင်းများ အပြိုင်အဆိုင် ဖြစ်လာနိုင်ပြီး အိမ်နီးချင်းနိုင်ငံများသို့ ဘုရားဖူးခရီးစဉ် သွားရောက်သူ မြန်မာနိုင်ငံသားများအား ပိုမို ဆွဲဆောင်နိုင်ရန် လေကြောင်းပို့ဆောင်ရေး ကုမ္ပဏီများက ဝန်ဆောင်မှုများ ထပ်မံ လုပ်ဆောင်ရန် လိုအပ်လာကြောင်း အမ်အေအိုင်လေကြောင်းမှ အဆိုပါဝန်ထမ်းက ပြောသည်။

“ထိုင်းအဲလိုင်း ကုမ္ပဏီတွေကဆိုရင် ဘုရားဖူး ခရီးစဉ်တွေရဲ့ သတ်မှတ်ဈေးနှုန်းထဲမှာ လေယာဉ်လက်မှတ်ဖိုး၊ ဟိုတယ်တည်းခိုခ၊ အစားအသောက်၊ အကြိုအပို့တို့ သာမကဘဲ ဒီ airport tax (လေဆိပ်အခွန်) ကိုလည်း သူတို့က ဝန်ဆောင်မှု ပေးထားတယ်။ တချို့ အဲလိုင်းတွေက ဗီဇာဝန်ဆောင်မှု၊ ဧည့်လမ်းညွှန်စာအုပ်၊ ဖျော်ဖြေရေး၊ စီမံရေးရာ ဝန်ဆောင်ခတို့၊ လေကြောင်း အာမခံတို့ ပါပေမယ့် airport tax ကို ခရီးသည်တွေက ပေးရတယ်။ ဒါကြောင့် အဲဒီ ဝန်ဆောင်ခတွေနဲ့ ပတ်သက်ပြီး အပြိုင်အဆိုင် ဖြစ်လာနိုင်တယ်” ဟု ၎င်းက ပြောသည်။

၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ်အတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ နိုင်ငံခြားသား ခရီးသွား (၂.၅) သိန်းကျော် လာရောက် လည်ပတ်မှုရှိခဲ့ကြောင်း သိရသည်။

အမ်အေအိုင်နှင့် အခြားနိုင်ငံခြား လေကြောင်းပို့ဆောင်ရေးကုမ္ပဏီ (၁၃) ခုတို့က ရန်ကုန်မြို့မှ ဘန်ကောက်၊ စင်ကာပူ၊ ကွာလာလမ်ပူ၊ ဗီကျင်း၊ ကူမင်၊ ကွမ်ဇို (Guangzhou)၊ ကာလကတ္တား၊ ချင်းမိုင်၊ ထိုင်ဝမ်၊ ဒိုဟာ (Doha) နှင့် ဟနွိုင်းမြို့သို့ ပျံသန်းနေကြသည်။

Ref: ခေတ်ပြိုင်

Read More...

Thursday, July 1, 2010

နအဖ စစ်တပ်ရဲ့ မလိမ္မာတစ်ခါမိုက်တဲ့ အရာရှိများ

တပ်ကြပ်ကြီး နေမင်းသူ

29 June 2010

အခုကျနော်တင်ပြပေးမှာက တပ်မတော် (ရေ) မှာဖြစ်ပျက်ခဲ့တဲ့ မထူးခြား သော်လည်း ဆန်းပြားတဲ့ ဖြစ်ရပ်ကလေး တစ်ခု အကြောင်းပါ။ မထူးခြားဘူးဆို တာက ဒီလိုကိစ္စမျိုးတွေက တပ်မတော်ထဲမှာ ထူးခြားဖြစ်စဉ် မဟုတ်ဘဲ ဖြစ်ရိုးဖြစ်စဉ် ဓမ္မတာ ဖြစ်ရပ်မျိုးတွေ ဖြစ်နေလို့ပါ။ သို့သော်လည်း ဆန်းပြား တယ်လို့ ဆိုလိုက် တာကတော့ ယခုဖြစ်စဉ်မှာ ပါဝင်ပတ်သတ် နေတဲ့ အရာရှိတွေ အပေါ်အရေးယူ ကိုင်တွယ် ဆုံးဖြတ်ချက် ချလိုက်ပုံက ကြားသိ လိုက်ရသူ အပေါင်းကို မအံ့ဩဘဲ မနေနိုင် လောက်အောင် ဆန်းကြယ် နေတဲ့ အချက်ကြောင့်ပါ။

ဖြစ်ပျက်ပုံကဒီလိုပါ။ ၂၀၀၁ ခုနှစ်အတွင်းတစ်ခုသောနေ့ လယ်ခင်းမှာ သတင်းအရ ရန်ကုန်မြို့အတွင်း မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချ နေတဲ့ အုပ်စု တစ်ခုကို ဖမ်ဆီးဖို့ ရန်ကုန်တိုင်း ဒုစရိုက် နှိမ်နှင်းရေး ရဲတပ်ဖွဲ့ (ဒန) တပ်ဖွဲ့ဝင်တွေ တပ်ဖြန့် လှုပ်ရှား နေပါတယ်။ အဲဒီအချိန်မှာ စားသောက်ဆိုင် တစ်ခုရှေ့မှာ ဆိုင်ကယ် တစ်စီး ထိုးရပ်လာပြီး ကျောပိုးအိတ်နဲ့ လူရွယ်တစ်ဦး ဆိုင်ထဲကို ၀င်ရောက် လာကာ စားပွဲဝိုင်းလွတ် တစ်ခုမှာ ထိုင်ရင်း တစ်စုံတစ်ဦးကို စောင့်ဆိုင်း နေပါတယ်။

ဆိုင်ထဲ မှာအသင့် စောင်ကြည့်နေတဲ့ ရဲထောက်လှမ်းရေး တွေက သူ့ကို မသကာင်္လို့ ရှာဖွေ စစ်ဆေးကြည့်တဲ့ အခါ ကျောပိုးအိတ် အတွင်းမှာ ဘိန်းဖြူထုပ်အချို့လျှို့ဝှက်ယူဆောင် လာတာကို ဖမ်းဆီး ရမိလိုက်ပါတယ် ဆက်လက်ရှာဖွေ ကြည့်တဲ့အခါ အဲဒီ လူရွယ် ကိုင်ဆောင်ထားတဲ့ Identity Card ဟာ တပ်မတော် အရာရှိ စီစစ်ရေး ကဒ်ပြား ဖြစ်နေပြီး အရာရှိ အသုံးအဆောင် ပစ္စည်း အချို့ကိုလည်း ထပ်မံ တွေ့ ရှိရတာကြောင့် ရဲထောက်လှမ်ရေးတွေ မျက်လုံးပြူး မျက်ဆံပြူး ဖြစ်သွားရပါတယ်။

ဒီလိုနဲ့ အမှုကိုရဲက ဆက်မကိုင်တော့ဘဲ နယ်မြေခံ စစ်ဘက် ထောက်လှမ်းရေး (ဗိုလ်တထောင်မြို့နယ် သံလျှက်စွန်း အခြေပြု အမှတ် (၁၄) စစ်ထောက်လှမ်းရေး တပ်ဖွဲ့) ကို လွှဲပြောင်း ပေးလိုက်ပါတယ်။ ထောက်လှမ်းရေး (၁၄) တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးထားတဲ့ လူရွယ်ကို သူတို့ရဲ့ စစ်ကြောရေး ဌာနသို့ ခေါ်ဆောင်သွားပြီး ဆက်လက်စစ်ဆေး မေးမြန်းပါတယ် ဖမ်းဆီး ခံလိုက်ရသူ လူရွယ်က သံလျင်မြို့နယ် ဆိပ်ကြီးမှာ ရှိတဲ့ ရေတပ် လေ့ကျင့်ရေး ဌာနချုပ် (ရလခ) ( ယခုအခေါ် အမှတ် (၁) ရေတပ် လေ့ကျင့်ရေးကျောင်း။ ရလရ - ၁) မှာဦးစီး အရာရှိ (တတိယတန်း) စစ်ရေး A3 တာဝန် ထမ်းဆောင်နေတဲ့ ဗိုလ်ကြီး နေလင်းအောင် ဖြစ်ပါတယ်။

ထောက်လှမ်းရေး တပ်ဖွဲ့ဝင်တွေက ရလခ အရာရှိရပ်သာ လူပျိုဆောင်မှာ ရှိတဲ့ ဗိုလ်ကြီး နေလင်းအောင်ရဲ့ အခန်းကို သွားရောက် ရှာဖွေ စစ်ဆေးတော့ အသုံးပြုပြီးသား ဆေးထိုးအပ် အချို့နဲ့ မသကာင်္ဖွယ် စီးကရက်တို အချို့ကို ထပ်မံ သိမ်းဆည်း ရမိတယ်လို့ ဆိုပါတယ်။

ဗိုလ်ကြီးနေလင်းအောင်ကို တစ်ရက်မျှ စစ်ကြောပြီးတဲ့နောက် အမှုနဲ့ ပတ်သတ်တဲ့ ကွင်းဆက်တွေ ထပ်မံ ပေါ်ထွက် လာပါတယ်။ နောက်တစ်နေ့ ညနေနဲ့ ည ပိုင်းမှာ ရေတပ်က အရာရှိသုံးဦးကို ထပ်မံ ဖမ်းဆီး လိုက်ပါတယ်။ သူတို့တတွေ ကတော့ သံလျင်မြို့သီလ၀ါ အခြေစိုက် ဗျူဟာစစ်ဆေး ယာဉ်စု အုပ်ချုပ်မှု လက်အောက်ခံ စစ်ရေယာဉ်- ၅၅၁ ရဲ့ စစ်ရေယာဉ်မှူးဖြစ်သူ ဗိုလ်မှူး ကံလှတင်ထွန်း ဗိုလ်တထောင်မြို့နယ် သံလျှက်စွန်းမှာရှိတဲ့ အမှတ်(၃၆) စစ်ရေယာဉ်စု- အကူ အုပ်မှူးဖြစ်သူ ဗိုလ်မှူး သိုက်စိုးအောင်နဲ့ သံလျှက်စွန်းမှာရှိတဲ့ ရေတပ် ပင်မပစ္စည်း ထိန်းတပ်၊ တပ်ခွဲ (၃) တပ်ခွဲမှူး ဗိုလ်ကြီး သက်လွင်တို့ ဖြစ်ပါတယ်။

ဗိုလ်မှူး ကံလှတင်ထွန်း ဆိုသူက ကာကွယ်ရေး ဦးစီးချုပ် (လေ) ဒုတိယ ဗိုလ်ချုပ်ကြီး တင်ထွန်းရဲ့သား ဖြစ်ပါတယ်။ ဗိုလ်မှူး သိုက်စိုးအောင်က သစ်တော ရေးရာ ဒုတိယ၀န်ကြီး ဗိုလ်မှူးကြီး သိုက်ထွန်းရဲ့သားလို့ သိရပါတယ်။ ဗိုလ်ကြီး သက်လွင်ကတော့ ရဲချုပ်ဟောင်း သူရဖေအောင်ရဲ့သား ဖြစ်ပါတယ်။ အမှုဖြစ် ပွားချိန်မှာ ရဲချုပ်သူရဖေအောင် ဆုံးပါး သွားတာ နှစ်ကာလ အတန်ကြာပြီ ဖြစ်ပေမဲ့ အာဏာပိုင် အသိုင်းအ၀ိုင်း အတွင်းမှာ သူ့ရဲ့ အရှိန်သြဇာ လွှမ်းမိုး အမြစ်တွယ်ဆဲပါ။

ကျနော်စောစောကပြောခဲ့သလို စစ်ခေါင်းဆောင်ကြီးတွေရဲ့ သားသမီးတွေ မူးယစ်ဆေးဝါး သုံးစွဲတယ်ဆိုတဲ့ ဖြစ်ရပ် သတင်းတွေဟာ စစ်တပ် အသိုင်း အ၀ိုင်းအတွင်းမှာ ထူးဆန်း ထွေတလာ ဋီကာချဲ့ပြီး ပြောစရာ မလိုတဲ့ ကြုံတွေ့နေကျ ကြားနေကျ သမရိုးကျ ကိစ္စရပ် တွေပါ။ လူကြီးသားသမီးတွေ မူးယစ် ဆေးဝါးသုံစွဲ မှုကြောင့် အိပ်ယာထဲမှာ အိပ်ပျော်နေရင်း သေဆုံးသွာတာတွေ၊ မတော်တဆ ယာဉ်တိုက်မှု ဖြစ်ပြီး သေဆုံးမှုတွေ၊ AIDS ဖြစ်ပြီး တပ်က အနားယူသွားရတဲ့ အရာရှိတွေ အကြောင်း မကြာခဏ ဆိုသလို ကြားကြား နေရပေမဲ့ မှုးယစ်ဆေး သုံးစွဲလို့ ဖမ်းဆီး အရေးယူ ခံရတာမျိုးတော့ မကြားဘူး သလောက်ပါပဲ။

စစ်တပ်မှာ အရာရှိ အသိုင်းဝိုင်းကို “ကျီးမျိုး” တွေလို့ ခေါ်ဝေါ်ကြ ပါတယ်။ တဦးချင်း အကျိုးစီးပွားအရ သူတို့အချင်းချင်း မတည့်ပေမဲ့ အကြောင်းကိစ္စ ရှိလာတဲ့ အခါ အားလုံး အသံတူ ၀ိုင်းအာကြပြီး အသွေးတူ အရောင်တူချင်း ဖေးမ ကာကွယ် ပေးတာကို ဆိုလိုတာပါ။ အထူးသဖြင့် လူကြီး တွေနဲ့ ပတ်သက်တဲ့ အသိုင်းအ၀ိုင်း ကြားမှာ ပိုပြီး ဆိုးပါတယ်။ ကျနော်တို့ ဟိုင်းကြီးကျွန်း ပမ္မ၀တီ ရေတပ် စခန်းဌာနချုပ်မှာ ရှိကတည်းက ဗိုလ်ကြီး သက်လွင် ဆေးစွဲနေ တာပါ။ အဲဒီတုံးက သူဟာ အမှတ်(၂၂) ရေတပ် ပစ္စည်းထိန်း တပ်မှာ ဒုတပ်မှုးတာဝန် ယူထားပြီး တပ်ကိစ္စတွေမှာ စိတ်ဝင်စားမှု အားနည်းတာကြောင့် တပ်မှူးဖြစ်သူက အားကိုးအားထား ပြုမရပဲ အလုပ်သမား ခေါင်းသဖွယ် သဘောထားအကြောင်း ပြောဆိုတာ ကြားဖူးပါတယ်။

တခါမှာတော့ အထက်ဌာနကိုပေးပို့တဲ့ စာတွေကို အမှားအမှန် မစစ်ဆေးဘဲ လက်မှတ် ထိုပေး လိုက်တာကြောင့် ဌာနချုပ်မှူးက ခေါ်ယူပြီး ဆူပူ ကြိမ်းမောင်း ပါတယ်။ ၎င်းအရာရှိ ဆေးစွဲနေတာကို သိကြောင်း၊ ဖခင်ဖြစ်သူ၏ မျက်နှာကို ထောက်ထား၍သာ အရေးမယူခြင်း ဖြစ်ကြောင်း၊ ဒီထက် ပိုပြီး ဆိုးလာပါက မဖြစ်မနေ အရေးယူရ တော့မယ် ဖြစ်ကြောင်း ခြိမ်းခြောက် ပြောဆိုပါတယ်။ ဗိုလ်ကြီး သက်လွင် ကတော့ သတိအနေအထားကို အနိုင်နိုင်ထိန်းကာ မျက်လုံကလေး အစင်းသားနဲ့ ခပ်မဆိတ် နားထောင်နေ ပါတယ်။

သြ၀ါဒပြီးဆုံးလို့ ဌာနချုပ်မှူးကို အလေးပြုပြီး နောက်လှည့်ပြန် အထွက်မှာ ကိုယ်ဟန် အနေအထား ယိမ်းယိုင် ပျက်ယွင်း သွားပြီး ခါးကြားမှာ ထိုးထားတဲ့ ၀ီစကီ ပုလင်းပြား ပြုတ်ကျမလို ဖြစ်သွား ရကြောင်း ဌာနချုပ်မှူး ရုံးခန်း အပေါက်စောင့် တပ်ထိန်း စစ်သည်က ကျနော် တို့ကို ပြောပြဖူးပါတယ်။ ဗိုလ်မှူး ကံလှတင်ထွန်းလည်း ဒီပုံစံပါပဲ။ အဲဒီတုန်းက သူဟာ ထောက်ပံ့ရေး ရေယာဉ် (၆၁၀) ရဲ့ စစ်ရေယာဉ်မှူးပါ။ ရဲဘော်တွေလဲ ပျော်သလိုနေ ငါလည်း ငါ့စည်းစိမ်ကို လွတ်လွတ် လပ်လပ် ခံစားမယ် ဆိုတဲ့ သဘောကြောင့် သူ့ သဘောင်္မှာ တာဝန်ကျတဲ့ စစ်သည်တွေ ကတော့ ပျော်ရွှင်ပုံရ ပါတယ်။

“ဗိုလ်ကံနဲ့ ဆိုရင် ငါတို့ဘ၀ ငြိမ်းချမ်းတယ်” ဆိုတဲ့ ပြောစကားတွေလဲ ကြားရပါတယ်။ အဲဒီ အချိန်က ဗိုလ်ချုပ်ကြီး တင်ထွန်းဟာ လက်ရှိ တာဝန်ထမ်းဆောင် နေဆဲမို့ သူ့ကိုတော့ ဌာနချုပ်မှူးက အထူးတလည် ခေါ်ယူ ဆုံးမတာ မတွေ့ရပါဘူး။ ရေတပ်ထဲ က ဆေးစွဲ အရာရှိ အုပ်စုထဲမှာ ဗိုလ်မှူး ကံလှတင်ထွန်းက ခေါင်ချုပ်လို့ ဆိုပါတယ်။ ယခုလို မူးယစ်ဆေးဝါး သုံးစွဲမှု၊ ဖြန့်ဖြူး ရောင်းချမှုနဲ့ ပတ်သက်လို့ တရားဝင် စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်ရတာဟာ တပ်မတော်ကြီး ထောက်လှမ်းရေးရဲ့ အစီ ရင်ခံစာ အထက်ဌာနကို ရောက်ရှိသွားပြီး မဖုံးနိုင် မဖိနိုင် အခြေအနေ ဖြစ်သွားလို့ပါ။

နို့မဟုတ်ရင် ပိုနေမြဲကျားနေမြဲ အခြေအနေတိုင်း ဘယ်လောက်ကြာအောင် စခန်း သွားနေမလဲ မပြောနိုင်ပါ။ ခုတော့ အရာရှိ လေးဦးကို သံလျှက်စွန်း ရေတပ်အရာရှိ ရိပ်သာမှာ အကျယ်ချုပ်နှင့် ထားပြီး အမှုစစ်ဆေး နေရပေပြီ။ အမှုကလည်း သက်သေ ထင်ရှား ခိုင်လုံနေပြီမို့ တစ်ဦးလျင် ထောင်ဒဏ် ဘယ်နှစ်နှစ် ကျခံရနိုင်တယ် ဆိုတဲ့ ကောလဟာလ ခန့်မှန်း ပြောဆိုသံတွေလည်း ပြန့်လွင့် နေပေပြီ။ အားလုံးက စိတ်ဝင်တစားနဲ့ စောင့်ကြည့် အကဲခတ် လေ့လာနေပြီး ထင်မြင်ချက်၊ ဝေဖန်ချက်တွေ အမျိုးမျိုး ပေးနေတဲ့ အမှုကိစ္စကြီးဟာ စုံစမ်း စစ်ဆေးမှုကာလ ပြီးဆုံးသွားတဲ့ အခါမှာ တိကျပြတ်သားတဲ့ ဆုံးဖြတ်ချက် တစ်ရပ် ထွက်ပေါ် လာပါတယ်။

အဲဒါကတော့ ပထ မဆုံး ဖမ်းဆီးခံရသူ ဗိုလ်ကြီးနေလင်းအောင် တစ်ယောက်သာ ထောင်ဒဏ်ချမှတ် ခံရပြီး ကျန်အရာရှိ သုံးဦးကိုတော့ တပ်မတော်တွင် ဆက်လက် စစ်မှုထမ်းဆောင်ရန် မသင့်လျော်သဖြင့် မိဘများထံ ပြန်လည် အပ်နှံလိုက်ကြောင်း စစ်တရားရုံး အဖွဲ့က ဆုံးဖြတ် လိုက်ခြင်းပါ။ တပ်မတော်(ရေ)မှာ ကြုံတောင့်ကြုံခဲ စစ်ဆေး စီရင်တဲ့ အမှုကနေ မလျော်ကန် ကျော်မကောင်း ကြားမကောင်း ထွက်ပေါ်လာတဲ့ ဆုံးဖြတ်ချက်ကြောင့် ကြားရသူအပေါင်း ပါးစပ် အဟောင်းသားနဲ့ တအံ့တသြ ဖြစ်ကုန် ကြရပါတယ်။

အမြင်မတော်တာ ကြုံတွေ့ရတိုင်း ဒိုးကနဲဒေါက်ကနဲ ဒဲ့တိုး ပြောဆိုတတ်သူ ဧရာဝတီရေ တပ်စခန်း ဌာနချုပ် ဒုဌာနချုပ်မှူး ဗိုလ်မှူးကြီး သာဆန်းကတော့ အောက်ပါအတိုင်း မှတ်ချက်ပြုပါတယ်- “ကောင်းရောကွာ… ရဲဘော်လေးတွေ ဆေးခြောက် ရှူတာမိရင် ထောင်ချပြီး ထုတ်ပစ်တယ်။ အခုအရာရှိတွေ ဘိန်းဖြူချတာမိတော့ မိဘရပ်ထံ ပြန်လည်အပ်နှံ တယ်တဲ့။ အဲဒီ အရာရှိတွေဟာ အသက်(၁၈)နှစ် ပြည့်ပြီးလို့ တပ်ထဲ ၀င်လာပြီး အရာရှိ လုပ်သက်တောင် ဘယ်နှစ်နှစ် ရှိနေပြီလဲ ဒီလိုမျိုး လုပ်လို့ ရစတမ်းဆိုရင် ငါလည်း ဘိန်းဖြူချမယ် ငါ့မိဘလက်ထဲ အရောက် ပြန်ပို့ပေးမလား” တဲ့..

ဒီလိုဒီလို မကျေမနပ် ပေါက်ကွဲသံ၊ တိုးတိုးကြိတ်ကြိတ် ဝေဖန်သံတွေနဲ့တ ဖြည်းဖြည်း ဝေးကွာသွားတဲ့ အရာရှိ သုံးဦးကတော့ မိဘရဲ့ အေးမြတဲ့ မေတ္တာရိပ် အောက်မှာ တည်တည်ငြိမ်ငြိမ်နဲ့ ဘ၀ ရှေ့ရေးအတွက် အားမာန်တွေ မွေးမြူရင်း ……………….။


တပ်ကြပ်ကြီး နေမင်းသူ..။

Ref: ဟစ်တိုင်

Read More...

မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှု သက်တမ်းတိုးရေး အထက်လွှတ်တော် ဘဏ္ဍာရေး ကော်မတီ အတည်ပြု

ဒေါ်ခင်မျိုးသက်
ဗုဒ္ဓဟူး, 30 ဇွန် 2010

၂၀၀၃ ခုနှစ် မေလ ဒီပဲယင်း အရေးအခင်းနောက်ပိုင်း မြန်မာနိုင်ငံ လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီ ရရှိရေးအတွက် အမေရိကန် အစိုးရက အက်ဥပဒေတရပ် ထုတ်ပြန်ပြီး မြန်မာ စစ်အစိုးရအပေါ် စီးပွားရေး ပိတ်ဆို့ အရေးယူ ဒဏ်ခတ်ခဲ့တဲ့ ၂၀၀၃ ခုနှစ် Burmese Freedom and Democracy Act ကို အမေရိကန် အထက်လွှတ်တော်ရဲ့ အထင်ကရ ကော်မတီဖြစ်တဲ့ ဘဏ္ဍာရေး ကော်မတီက ဗုဒ္ဓဟူးနေ့မှာ အတည်ပြု ပေးခဲ့ပါတယ်။ ဒီဒဏ်ခတ် ပိတ်ဆို့မှုကို နောက်လမှာ အထက်လွှတ်တော် တရပ်လုံးက မဲခွဲဆုံးဖြတ်ဖို့ ရှိပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံ လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီ ရရှိရေးအတွက် အမေရိကန် အစိုးရ ထုတ်ပြန်ခဲ့တဲ့ အက်ဥပဒေ သက်တမ်းတိုးဖို့ မေလထဲမှာ ၀ါရင့် လွှတ်တော် အမတ်တွေ ဖြစ်ကြတဲ့ မစ်ခ်ျ မက်ကောနယ် (Mitch McConnell)၊ ဒိုင်ယန်း ဖိုင်းစတိုင်း (Dianne Feinstein) နဲ့ ဂျွန် မက်ကိန်း (John McCain) အပါအ၀င် အထက် လွှတ်တော် အမတ်တွေ ကမကထပြုပြီး တင်သွင်းခဲ့ကြတဲ့ ဆုံးဖြတ်ချက် အမှတ် SJ-29 နဲ့ ပတ်သက်ပြီး ဗုဒ္ဓဟူးနေ့က အထက်လွှတ်တော် ဘဏ္ဍာရေး ကော်မတီက ထောက်ခံမဲ ၂၂ မဲ၊ ကန့်ကွက်မဲ ၁ မဲနဲ့ အတည်ပြု ပေးလိုက်ပြီ ဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်ကို ကန့်ကွက်ခဲ့တဲ့ တဦးတည်းသော ကော်မတီဝင်ဟာ ၀ိုင်ယိုးမင်းပြည်နယ် အထက်လွှတ်တော် အမတ် မိုက်ကယ် ဘီ အန်ဇီ (Mike B. Enzi) ဖြစ်ပါတယ်။

၂၀၀၃ ခုနှစ် မေလ ဒီပဲယင်း အရေးအခင်းမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဒီမိုကရေစီရေး လှုပ်ရှား သူတွေကို မြန်မာစစ်အစိုးရ ကျောထောက် နောက်ခံ ပေးထားတဲ့ လက်နက်ကိုင် လူရမ်းကားတွေက ရိုက်နှက် သတ်ဖြတ်မှုကြောင့် သေဆုံး ဒဏ်ရာရသူတွေ ရှိခဲ့တဲ့နောက်ပိုင်း အမေရိကန် အစိုးရက မြန်မာ စစ်အစိုးရအပေါ် စီးပွားရေး ပိတ်ဆို့ တားမြစ်မှုတွေကို ချမှတ်ခဲ့တာပါ။

အခုချမှတ်တဲ့ စီးပွားရေး ဒဏ်ခတ် အရေးယူမှုတွေနဲ့အတူ အမေရိကန်ရဲ့ ကုန်သွယ်ဘက် တခြားနိုင်ငံတွေက ချမှတ်တဲ့ အရေး ယူမှုတွေဟာ မြန်မာနိုင်ငံသားတွေ အပေါ်မှာ စစ်အစိုးရရဲ့ ဖိနှိပ် ညှဉ်းပန်းမှုတွေ ရပ်တန့်စေဖို့နဲ့ နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းတွေနဲ့ အညီ ကျင့်ကြံ အုပ်ချုပ်လာစေဖို့အတွက် လိုအပ်တဲ့ ဖိအားတွေဖြစ်ကြောင်း အထက်လွှတ်တော် ဘဏ္ဍာရေးကော်မတီ ဥက္ကဋ္ဌ ဒီမိုကရက်အမတ် မက်စ် ဘောကပ်စ် (Max Baucus) က ပြောကြားခဲ့ပါတယ်။

၁၉၈၈ ခုနှစ် လူထုအုံကြွမှုကို ရက်ရက်စက်စက် ဖိနှိပ်ခဲ့တဲ့ စစ်အစိုးရဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီကို အာဏာ လွှဲပြောင်းမပေးဘဲ အခုထိ အာဏာကို ဆက်လက် ချုပ်ကိုင် ထားတဲ့အပြင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပြင်းပြင်းထန်ထန် ကျူးလွန်နေတယ်လို့ အထက်လွှတ်တော် ဘဏ္ဍာရေး ကော်မတီရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

အမေရိကန် အခြေစိုက် မြန်မာ့အရေး လှုပ်ရှားတဲ့ USCB အဖွဲ့ တာဝန်ခံ ဦးအောင်ဒင်ကတော့ အခု အထက်လွှတ်တော် ဘဏ္ဍာရေး ကော်မတီရဲ့ အတည်ပြုချက် ရပြီမို့ ဒီဥပဒေကို သက်တမ်း တိုးနိုင်ဖို့အတွက် အထက်နဲ့ အောက်လွှတ်တော်က ဆုံးဖြတ်ချက်တွေကို ရယူဖို့ပဲ ကျန်တော့တယ်လို့ ပြောပါတယ်။

“၂၀၀၃ ခုနှစ်ကတည်းက ချမှတ်ခဲ့တဲ့ Burmese Freedom and Democracy Act ဆိုတာ ရှိတယ်။ အဲဒီမှာပါတဲ့ အရေးယူမှု ထဲမှာ တခုက မြန်မာနိုင်ငံက တင်သွင်းတဲ့ သွင်းကုန်တွေ အမေရိကန် ပြည်ထောင်စုကို ၀င်ရောက်ခွင့် မပြုအောင် ပိတ်ပင်တားဆီး အရေးယူမှု ပါတယ်။ အဲဒီအရေးယူမှုက တနှစ်တခါ သက်တမ်းတိုးရတယ်။ ကွန်ဂရက်စ်က မြန်မာနိုင်ငံ အခြေအနေကို တနှစ်တခါ ပြန်သုံးသပ်မယ်။ ပြီးတော့ ဒီအရေးယူမှုကို သက်တမ်းတိုးသင့်၊ မတိုးသင့် ဆုံးဖြတ်မယ်ပေါ့။

“တနှစ်တခါ သက်တမ်းတိုးလာခဲ့တာ ၂၀၀၃ ခုနှစ်က စပြီးတော့ အခုဆိုရင် ၇ နှစ်မြောက်ပေါ့။ ဒီသက်တမ်းတိုးတဲ့ ဥပဒေ မူကြမ်းကို အောက်လွှတ်တော်မှာရော အထက်လွှတ်တော်မှာရော ပြီးခဲ့တဲ့လကတည်းက တင်သွင်းပြီးတော့ အဲဒီ ဥပဒေမူကြမ်းကို စုဝေး အဆိုပြုကြမယ့် ထောက်ခံမှုတွေ စုဆောင်းနေတဲ့ အချိန်ပေါ့။ ဒီနေ့ ပြုလုပ်တာက ဆီးနိတ်က ဘဏ္ဍာရေး ကော်မတီပေါ့၊ ဒီ ကော်မတီ အဆင့်မှာ မူကြမ်းကို သုံးသပ်ပြီး ဒီဥပဒေကို ကော်မတီက အတည်ပြုပေးလိုက်တယ်။ ကော်မတီက အတည်ပြု ပေးလိုက်တဲ့ အတွက်ကြောင့် ဒီဥပဒေက ဆီးနိတ်တခုလုံးက မဲခွဲမယ့် အဆင့်ကို ရောက်သွားပြီပေါ့။ ဆီးနိတ်တခုလုံးက မဲခွဲမှာတော့ ရှေ့လာမယ့် ဇူလိုင် ပထမပတ်အကုန်၊ သို့မဟုတ် ဒုတိယပတ် အစလောက်မှာ ဖြစ်ပါလိမ့်မယ်။”

အမေရိကန်နိုင်ငံရဲ့ မြန်မာနိုင်ငံအပေါ်မှာ ချမှတ်ထားတဲ့ ဒီဥပဒေနဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံ အရေးကို ဆောင်ရွက်မယ့် အထူး ကိုယ်စားလှယ် ရွေးဖို့ကိစ္စရော၊ အဲဒီအခြေအနေ ဘာကြားပါသေးလဲ။

“အခု ကျနော်တို့ သိသလောက်ကတော့ သမ္မတ အိမ်ဖြူတော်က နိုင်ငံခြားရေးဌာနက တင်သွင်းထားတဲ့ အမည်စာရင်းကို သေချာ စစ်ဆေးနေတယ်။ နိုင်ငံခြားရေး ၀န်ကြီးဌာနက ၆ ယောက်လား၊ ၇ ယောက်လားပေါ့၊ အမည်စာရင်းကို သမ္မတ အိမ်တော်ကို တင်သွင်း ထားပြီးတော့ သမ္မတ အိမ်တော်က သူတို့ စိတ်ကြိုက်ရွေးချယ်နိုင်မယ့် တယောက်ကို စဉ်းစားနေတယ်။

“တချိန်တည်းမှာပဲ သမ္မတ အိမ်ဖြူတော်နဲ့ ဆီးနိတ်က အထက်လွှတ်တော်က အရေးကြီးတဲ့ ပုဂ္ဂိုလ်တွေနဲ့ ညှိနှိုင်း ဆွေးနွေး နေတာလည်း ရှိတယ်။ ဘယ်ပုဂ္ဂိုလ်ကို သူတို့ သဘောကျမလဲပေါ့။ ဘာဖြစ်လို့လဲဆိုတော့ သမ္မတက အမည်စာရင်း တင်သွင်းပြီး ဆီးနိတ် လွှတ်တော်က ဒါကို အတည်ပြုပေးရမှာကိုး။ ဒါကြောင့် အတည်မပြုခင်မှာ နိုင်ငံခြားရေးဌာနက ရွေးချယ် တင်ပို့ထားတဲ့ အမည်စာရင်းကိုပဲ ဆီးနိတ် အထက်လွှတ်တော်က ခေါင်းဆောင်တွေနဲ့ သမ္မတ အိမ်ဖြူတော်က ညှိနှိုင်း တိုင်ပင်နေတယ်လို့ ကျနော်တို့ သိရပါတယ်။”

USCB အဖွဲ့ တာဝန်ခံ ဦးအောင်ဒင် ပြောပြသွားတာ ဖြစ်ပါတယ်။

Ref: VOA News

Read More...

NLD နဲ့ NDF ခမောက်ကိစ္စ အငြင်းပွား

ဦးကျော်အောင်လွင်
ဗုဒ္ဓဟူး, 30 ဇွန် 2010

၂၀၁၀ ပြည့်နှစ်အတွင်း ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲတွေမှာ ၀င်ပြိုင်ဖို့ မှတ်ပုံတင်ထားတဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီက ရွေးချယ်ထားတဲ့ ပါတီ အမှတ်တံဆိပ်ဟာ NLD ပါတီ အသုံးပြုခဲ့တဲ့ ခမောက် သင်္ကေတပဲ ဖြစ်နေတဲ့အတွက် NLD ပါတီဘက်က မကျေမနပ် ဖြစ်နေကြတယ်လို့ သိရပါတယ်။ NDF ပါတီကတော့ ခမောက်ကို ရွေးချယ်ရတာဟာ NLD ပါတီကို တုပတာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒီအခြေအနေတွေကို ဘန်ကောက်ကနေ စုံစမ်းထားတဲ့ ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။

ဒီကနေ့ထုတ် မြန်မာ့အလင်း သတင်းစာထဲမှာ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီက ရွေးချယ်ထားတဲ့ အလံနဲ့ ပါတီရဲ့ တံဆိပ်တွေကို ဖော်ပြထားပါတယ်။ အလံမှာပါတဲ့ ကြယ် ၂ လုံးပုံက ပြဿနာမရှိပေမဲ့ ပါတီရဲ့ အမှတ်တံဆိပ်က အရင် NLD ပါတီ သုံးစွဲခဲ့တဲ့ ခမောက်တံဆိပ် ဖြစ်နေပြီး အဲဒီခမောက် အပေါ်မှာ ကြယ် ၂ လုံး ပါနေတာပဲ ကွာပါတယ်။ အဲဒါကြောင့် NLD အဖွဲ့ဝင်တွေက မကျေမနပ် ဖြစ်နေကြတဲ့ အကြောင်း NLD ခေါင်းဆောင်တဦး ဖြစ်တဲ့ ဦးအုန်းကြိုင်က ပြောပါတယ်။

“NLD ပါတီဝင်တွေ၊ ရုံးမှာရောက်နေတဲ့ လူတွေကတော့ မကျေနပ်ကြဘူးပေါ့၊ ကျနော် အပါအ၀င်ပေါ့။ လူကြီးတွေက ဘာလုပ်မယ် ဆိုတာတော့ ကျနော်လည်း မပြောတတ်သေးဘူးဗျ။ တခုခုတော့ ဆုံးဖြတ်ပေးမယ် ထင်တာပဲ။ လူကြီးတွေ သိတော့ သိနေပြီ။ တရားဝင် ဘာလုပ်မယ်ဆိုတာ မပြောသေးဘူး။ ကျနော်ကတော့ ဘယ်လက်ခံပါ့မလဲ။ ဒါက ပြည်သူလူထုရဲ့ အောင်ပွဲ အထိမ်းအမှတ်ဗျ။

“ဒီကိစ္စက သေသွားတဲ့ ခေါင်းဆောင်ကြီးများ၊ ဦးကျော်မင်းတို့ ကိုယ်တိုင် သေသေချာချာ သူတို့စိတ်ဓာတ်နဲ့ အံကျမယ့်ဟာကို ရွေးခဲ့တာ။ တကယ့်ကို ကြိုးစားပမ်းစား၊ စဉ်းစားချင့်ချိန်ပြီး ရွေးချယ်ထားတဲ့ဟာ။ အောင်ပွဲ အထိမ်းအမှတ် လက်ခံထားတာကြီး။ ဒါကို အခုကျမှ ဒီလို ကောက်ပြီး လုပ်လိုက်တာ ဘယ်လိုလုပ် လက်ခံနိုင်မှာလဲဗျာ။ ထင်ယောင်ထင်မှားတွေ လျှောက်ဖြစ် ကုန်မှာပေါ့ဗျာ။ လက်တလုံးခြား မလုပ်သင့်ဘူးပေါ့ဗျ၊ နိုင်ငံရေးလုပ်တာပဲ ပွင့်ပွင့်လင်းလင်း၊ ရဲရဲတင်းတင်း၊ ရိုးရိုးသားသား လုပ်သင့်တာပေါ့ဗျ။ တိုင်းပြည် ခေါင်းဆောင်ဖို့ စိတ်ကူးပြီး နိုင်ငံရေး လုပ်တာပဲ။”

NLD ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးအုန်းကြိုင် ပြောပြသွားတာ ဖြစ်ပါတယ်။

NDF ပါတီ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးခင်မောင်ဆွေကတော့ ဒါဟာ NLD ကို တုပတာ မဟုတ်ဘူးလို့ ဆိုပါတယ်။

“မြန်မာနိုင်ငံ ပြည်သူအများစုက ကျေးလက်နေ ပြည်သူတွေ ဖြစ်တာကိုး။ လူများစုကို သက်ရောက်စေတဲ့ ခမောက်ကို သုံးခြင်း ဖြစ်ပါတယ်။ အပေါ်က ကြယ်နှစ်ထပ်ကတော့ လွတ်လပ်ရေးနဲ့ ဒီမိုကရေစီရေးကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ ဒါ NLD တံဆိပ် မဟုတ်ပါဘူး။ NLD တုန်းက ရှိခဲ့တဲ့ ခမောက်က NLD ရဲ့ တံဆိပ် မဟုတ်ပါဘူး။ ရွေးကောက်ပွဲတုန်းက ရွေးကောက်ပွဲမှာ အသုံးချဖို့ သင်္ကေတကိုသာ ကော်မရှင်က ပေးတဲ့ဟာကို သူတို့ ရွေးလိုက်တာ ဖြစ်ပါတယ်။ ရွေးတုန်းကလည်း ကျနော်ကိုယ်တိုင် ရွေးလိုက်တာပါ၊ ဒီ ခမောက်ကိစ္စကို၊ NLD တုန်းက။

“အခု ကျနော်တို့သုံးတာက ရွေးကောက်ပွဲ သင်္ကေတ မဟုတ်ပါဘူး။ ကျနော်တို့ပါတီရဲ့ တံဆိပ်ပါ။ NLD ပါတီရှိတုန်းက NLD ပါတီရဲ့ တံဆိပ်က ခွပ်ဒေါင်းပဲဖြစ်ပါတယ်။ အလံအတိုင်း တံဆိပ်ကို သုံးတာ ဖြစ်ပါတယ်။ အဲတော့ NLD ကို တုပခြင်း မဟုတ်ပါဘူး။”

NDF ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေဟာ NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် တဦးလည်း လုပ်ခဲ့ပါတယ်။ သူက ခမောက်ဟာ NLD ပါတီရဲ့ မူပိုင် မဟုတ်ဘူးလို့ ယူဆပါတယ်။

“ခမောက်ဟာ NLD မူပိုင် ဟုတ်တယ်၊ မဟုတ်ဘူးဆိုတာ သူတို့ ဖြေရှင်းရမှာပါ။ NLD ရဲ့မူပိုင် ဟုတ်သလား၊ မဟုတ်ဘူးလား ဆိုတဲ့ မေးခွန်းကို သူတို့ အရင် ရှင်းပြီးမှသာလျှင် ကန့်ကွက်ချင်လည်း ကန့်ကွက်ပေါ့ဗျာ။ ကန့်ကွက်တဲ့ အခါမှာလည်း ခမောက် သူတို့နဲ့ မဟုတ်ဘဲနဲ့ အောက်မှာ စာတမ်းနှစ်တန်း ပါပြီးတော့ အပေါ်မှာ နှစ်ထပ်ကြယ် ပါတဲ့အတွက် NLD ကို တုခြင်း မဟုတ်ဘဲနဲ့ ခမောက်ဟာ ပြည်သူ တယောက်မှာ သုံးခွင့်ရှိတဲ့အတိုင်း ကျနော်တို့ NDF က ယူသုံးခြင်းဖြစ်တယ် ဆိုရင်တော့ လုံလောက်မယ်လို့ ကျနော် ယူဆပါတယ်။

“ကန့်ကွက်မယ်ဆိုရင်လည်း သူတို့ သွားပြီး ကန့်ကွက်ခွင့် ရှိပါတယ်။ သို့သော်လည်း ကော်မရှင်အနေနဲ့ ဆုံးဖြတ်တဲ့ အခါမှာ ကော်မရှင်က ချပေးခဲ့ဖူးတဲ့ ခမောက်နဲ့လည်း မတူပါဘူး။ NLD သုံးခဲ့တဲ့ ခမောက်က ထိပ်မှာ ပန်းဖွားပါပြီး ခမောက် အကွက် အကွက်တွေ ပါပါတယ်။ ကျနော်တို့က ခမောက်မှာ အကွက်တွေ မဟုတ်ဘဲနဲ့ သီးခြားခမောက် ဖြစ်ပါတယ်။ ခမောက်ခြင်းလည်း မတူပါဘူး။”

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သတင်းစာထဲမှာ ဒီကနေ့ ဖော်ပြထားတာ ကတော့ NDF ပါတီရဲ့ အလံနဲ့ တံဆိပ်ကို ဒီကနေ့ကစပြီး ၇ ရက်အတွင်း ခိုင်လုံတဲ့ အထောက်အထားတွေနဲ့ ကန့်ကွက်နိုင်တယ်လို့ ဆိုပါတယ်။ ၇ ရက်အတွင်း ကန့်ကွက်မှု မရှိရင် ဒီ အမှတ်တံဆိပ် တွေကိုပဲ အတည်ပြုမှာဖြစ်ပြီး မကြာခင် ရက်ပိုင်းမှာပဲ ပါတီကို တရားဝင် ဖွဲ့စည်းခွင့် ပြုနိုင်တယ်လို့လည်း ဦးခင်မောင်ဆွေက ရွေးကောက်ပွဲ ကော်မရှင်ရဲ့ လုပ်ငန်းသဘောကို ရှင်းပြပါတယ်။ သူတို့ရဲ့ NDF ပါတီဟာ အရင် NLD ပါတီဝင်ဟောင်း တွေနဲ့ ဦးဆောင်ဖွဲ့စည်းထားတာဖြစ်ပြီး ရွေးကောက်ပွဲကို ၀င်ရေး၊ မ၀င်ရေးမှာ NLD နဲ့ အယူအဆ မတူကြတဲ့ သူတွေလည်း ဖြစ်ပါတယ်။

Ref: VOA News

Read More...

ကျောင်းသားခေါင်းဆောင်များ နေအိမ်သို့ NLD သွားရောက်

မြင့်မောင်
ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၃၀ ရက် ၂၀၁၀

နယူးဒေလီ (မဇ္ဈိမ)။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ အပါအဝင် ပါတီခေါင်းဆောင် ၂ ဦးနှင့် လူငယ် အဖွဲ့ဝင်များက အကျဉ်းကျ နေသည့် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ၏ မိသားစုဝင်များထံ ယမန်နေ့က သွားရောက်ကာ အားပေးစကားများ ပြောကြားခဲ့သည်။

ပါတီဒုဥက္ကဋ္ဌ ဦးတင်ဦး၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်နှင့် ပါတီလူငယ် ၉ ဦးက ထောင်ဒဏ် ၆၅ နှစ် ကျခံနေရသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုကိုကြီးနှင့် ကိုမာကီတို့၏ နေအိမ်များသို့ ယမန်နေ့ နံနက်ပိုင်းတွင် သွားရောက်ခဲ့ခြင်း ဖြစ်သည်။

“အင်မတန်မှ အနစ်နာခံကြတဲ့ ကလေးတွေ ဖြစ်ကြတယ်။ သူတို့ရဲ့ စိတ်ဓာတ်ရေးရာ အရ၊ သူတို့ရဲ့ ကျန်းမာရေးအရ၊ သူတို့ အကျဉ်းကျခံရတဲ့ အချိန်မှာ လူသားတယောက်ရဲ့ ဂုဏ်သိက္ခာရှိတော့၊ လူသားတယောက် အနေနဲ့ ထိုက်သင့် အားလျော်စွာ ခံစား စံစားခွင့် ရနိုင်တဲ့ ဟာတွေနဲ့ ပတ်သက်လို့ အကျိုးရှိရာ ရှိကြောင်း စေတနာ၊ စိတ်ဓာတ်ရေးရာ အရ မြှင့်တင်ပေးချင်တဲ့ ဆန္ဒအရ သွားရောက် တွေ့ဆုံခဲ့တယ်” ဟု NLD ဒုဥက္ကဋ္ဌ ဦးတင်ဦးက မဇ္ဈိမကို ပြောသည်။

ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့ရှိ ကိုမင်းကိုနိုင်နှင့် ကိုမာကီတို့၏ နေအိမ်များနှင့် တောင်ဥက္ကလာပရှိ ကိုကိုကြီး၏ နေအိမ်များဆီသို့ NLD ခေါင်းဆောင်များ သွားရောက်ခဲ့ရာ မိသားစုဝင်များက ဝမ်းပန်းတသာ ကြိုဆိုခဲ့ကြသည်။

ကိုကိုကြီး၏ ညီဖြစ်သူ ကိုအောင်အောင်ထွန်းက “အိမ်အထိလာပြီး အားပေးစကား ပြောတဲ့ အတွက် ဝမ်းသာတာပေါ့ဗျာ။ ကျေးဇူး တင်ပါတယ်။ အကို အထဲရောက်နေတယ် ဆိုတော့ အကျိုးအကြောင်း လာမေးတဲ့ သဘောပါ။ နေကောင်းလား၊ မကောင်းလား။ နေရာကလည်း ဝေးတော့ ရောက်လား၊ မရောက်လား ဆိုတာတွေကို မေးတာပါ’’ ဟု မဇ္ဈိမကို ပြောသည်။

ဦးတင်ဦးသည် ၂ဝဝ၃ မေလ ဒီပဲယင်းတိုက်ခိုက်မှု ပြီးကတည်းက ဖမ်းဆီးခံနေရစဉ်၊ ကျောင်းသား ခေါင်းဆောင်များမှာ ၂ဝဝ၄ ခုနှစ် နှောင်းပိုင်းတွင် အကျဉ်းထောင်များမှ လွတ်မြောက်လာခဲ့သည်။ ၎င်းတို့ လွတ်မြောက်နေစဉ် ဦးဝင်းတင်မှာလည်း အကျဉ်းထောင်မှ မလွတ် မြောက်သေးပါ။

ထို့အပြင် ကျောင်းသားခေါင်းဆောင်များသည် ၂ဝဝ၇ ခုနှစ် သြဂုတ်လအတွင်း အဖမ်းခံရပြန်ပြီးမှသာ ဦးဝင်းတင်သည် ၂ဝဝ၈ စက်တင်ဘာလ ၂၃ ရက်နေ့တွင် လည်းကောင်း၊ ဦးတင်ဦးမှာ ယခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် လည်းကောင်း လွတ်မြောက် လာခဲ့သည်။

’’သူတို့တွေက ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး စသဖြင့် နိုင်ငံတော်နဲ့ ပတ်သက်တဲ့ ကိစ္စအဝဝကို လှုပ်ရှားခဲ့၊ ရှိခဲ့ဖူးတော့ သူတို့ ကျေးဇူးတွေ ရှိကြတာကိုးဗျ။ ကျနော်တို့ကလည်း အကျဉ်းကျနေတော့ တယောက်နဲ့တယောက် မဆုံဖြစ်ဘူးပေါ့ဗျာ။ အဲဒီအပေါ် အကြောင်း ပြုပြီးတော့ ဦးဝင်းတင်နဲ့ ညှိနှိုင်းပြီး သွားလိုက်ကြတာ” ဟု ဦးတင်ဦးက ပြောသည်။

၂ဝဝ၇ ခုနှစ် သြဂုတ်လအတွင်း လောင်စာဆီဈေးနှုန်း ကျဆင်းရေး အတွက် ငြိမ်းချမ်းစွာ ဆန္ဒပြသဖြင့် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေး၊ ကိုဂျင်မီ၊ ကိုမင်းဇေယျ၊ ကိုသက်ဇော်၊ ကိုအေးသန်း (ခ) ကိုသန့်တင်၊ ကိုကျော်ကျော်ထွေး၊ ကိုဇော်ဇော်မင်း၊ ကိုအံဘွယ်ကျော်၊ ကိုပဏ္ဍိတ်ထွန်း၊ ကိုမာကီ၊ မနီလာသိန်း၊ မမာမာဦး၊ မစန္ဒာမင်း၊ မမီးမီး (ခ) မသင်းသင်းအေး၊ မသက်သက်အောင် အပါအဝင် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ၁၇ ဦး ထပ်မံ ဖမ်းဆီးခံရကာ ထိုနှစ် သြဂုတ်လ ၁၁ ရက်နေ့တွင် ၆၅ နှစ်စီ ပြစ်ဒဏ် ချခံခဲ့ရသည်။

မဆလ စစ်အစိုးရ ပြုတ်ကျမသွားခင် ၁၉၈၈ နှစ်လည်ပိုင်းအထိ မြေအောက် လှုပ်ရှားမှုများဖြင့်သာ ရပ်တည်ခဲ့သည့် ဗမာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) က ကွန်ဂရက် ကျင်းပနိုင်ခြင်း မရှိခဲ့သော်လည်း ၁၉၈၈ သြဂုတ်လ ၂၈ ရက်နေ့တွင် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမိုးသီးဇွန်တို့ ဦးဆောင်ကာ ဗကသ ပြန်လည်ဖွဲ့စည်းရေး ကျောင်းသားထု အစည်းအဝေး ကြီးကို သတ္တမ ကွန်ဂရက်အဖြစ် ကျင်းပခဲ့ကြသည်။

သို့သော် ကျောင်းသားခေါင်းဆောင် အများအပြားမှာမူ ထိုနှစ် စက်တင်ဘာ ၁၈ ရက်နေ့တွင် စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်းမှ စတင်ကာ ၁၅ နှစ်ကျော် ၁၆ နှစ်နီးပါး အကျဉ်းချ ခံခဲ့ရသေးသည်။

၎င်းတို့ ပြန်လည်လွတ်မြောက်လာသည့် ၂ဝဝ၄ ခုနှစ် နှောင်းပိုင်းမှ စတင်ကာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ အမည်ဖြင့် နိုင်ငံရေး လှုပ်ရှားမှုများကို လုပ်ဆောင် ခဲ့ကြခြင်း ဖြစ်သည်။

Ref: မဇ္ဈိမ

Read More...

အရွယ်မရောက်သေးသူ မိန်းကလေးငယ်အား အနိုင်ကျင့် စော်ကားသူကို ရုံးတင် တရားစွဲ

မြတ်ခိုင်ဦး / ၃၀ ဇွန် ၂၀၁၀

အသက် (၁၁) နှစ်သာရှိသေးသော မိန်းကလေးငယ်အား အကြိမ်ကြိမ်စော်ကား မတရားကျင့်မှုဖြင့် မြန်မာရွှေ့ပြောင်း အလုပ်သမား တဦးအား တရားရုံးတင်ရန် ယမန်နေ့က အမှုဖွင့် အရေးယူလိုက်ပြီ ဖြစ်သည်။

မိဘများမရှိခိုက် မိန်းကလေးငယ်လေးအား သေနတ်ပြခြိမ်းခြောက်၍ မတရားပြုကျင့်ခဲ့သူ ရာဘာခြံ အလုပ်သမား စိုးမောင်မောင်အား Rask Thai ဖောင်ဒေးရှင်းနှင့် ကလေးသူငယ် ထိန်းသိမ်း ကာကွယ်ရေးအဖွဲ့ (ဘန်ဖတ်ဒတ်) တို့မှ ပူးပေါင်း၍ ယမန်နေ့က ထိုင်းနိုင်ငံတောင်ပိုင်း၊ ဆူရပ်ဌာနီခရိုင်၊ ထချန်းမြို့နယ်၊ ဆပ်ဝီယ ရဲစခန်းတွင် အမှုဖွင့် တရားစွဲဆိုလိုက်ခြင်း ဖြစ်သည်။

ထချန်းမြို့နယ်ရှိ နန်းတလေ ရော်ဘာခြံအတွင်းတွင် အလုပ်လုပ်ကိုင်နေထိုင်သော ကိုမိုးလှိုင်နှင့် မသိန်းကြည်တို့၏ အသက် (၁၁) နှစ်အရွယ် သမီးငယ် မမိုးဝါအား မိဘများ ရော်ဘာသွားခြစ်သော ညများတွင် အဆိုပါခြံမှ မန်နေဂျာ အမျိုးသမီး၏ ယောက်ျားဖြစ်သူ စိုးမောင်မောင်က မကြာခဏလာရောက် ခြိမ်းခြောက် အနိုင်ကျင့် စော်ကားခဲ့ခြင်း ဖြစ်သည်ဟု မိခင်ဖြစ်သူက ပြောကြားသည်။

မမိုးဝါ၏မိခင်ဖြစ်သူ မသိန်းကြည်က “ကျမတို့က ညဘက်ဆို (၁၁) နာရီလောက်စပြီး ရော်ဘာ ခြစ်ရတယ်လေ။ အဲဒါ သမီးနဲ့သားငယ် (၂) ယောက်ကို အိမ်မှာ သေသေချာချာ မှာထားခဲ့တယ်။ ဘယ်သူလာလာ တံခါး မဖွင့်ပေးရဘူးလို့။ သူက မန်နေဂျာမရဲ့ ယောက်ျားဆိုတော့ သမီးက ကြောက်တော့ ဖွင့်ပေးတာနေမယ်။ သမီးပြောတာက သူ (၄) ခါ၊ (၅) ခါ အဲဒီလို လာတယ်လို့ ပြောတယ်။ လက်ထဲမှာ သေနတ်နဲ့ ဘယ်သူမှ မပြောရဘူး၊ ပြောရင် သတ်ပစ်မယ်ဆိုပြီး ခြောက်ထားတော့ ကလေးက မပြောရဲဘူး။ အခုက စကားများရန်ဖြစ်မှ သမီးက ငိုပြီးပြောလို့ သိရတာ” ဟု ဝမ်းနည်းစွာ ပြောပြသည်။

စိုးမောင်မောင်သည် အသက် (၂၅) နှစ်ခန့်ရှိပြီး ၎င်း၏ဇနီးဖြစ်သူ ရာဘာခြံမန်နေဂျာမှာ အသက် (၄၅) နှစ်ခန့်ရှိကာ ထိုအမျိုးသမီးတွင် ယခင် အိမ်ထောင်နှင့် သားသမီး (၃) ဦးရှိသည်။

မတရားပြုကျင့်မှု ပေါ်ပေါက်ရသည်မှာ အဆိုပါမန်နေဂျာ အမျိုးသမီး၏ သားဖြစ်သူနှင့် ပတ်သက်၍ မမိုးဝါ၏ မိဘများနှင့် စကားများ ရန်ဖြစ်ကြရာမှ ပေါ်ပေါက်လာခြင်းဖြစ်သည်။

အဆိုပါ မန်နေဂျာအမျိုးသမီး၏ အသက် (၂၀) ခန့်ရှိသူ သားဖြစ်သူက မိဘတို့ ထမင်းစားချိန် အချိန်မမီ၍ မစားရသော အခါများတွင် တခါတရံ၌ မမိုးဝါထံ လာရောက်၍ ထမင်းတောင်းစားလေ့ ရှိပြီး ပြီးခဲ့သည့်လ မနက်လင်းပိုင်းတွင် မမိုးဝါ၏ မိဘများ ရော်ဘာခြစ်ရာမှ ပြန်အလာ အိမ်တွင် စားပြီးသား ထမင်းပန်းကန်တွေ့၍ သမီးဖြစ်သူအား မေးမြန်းကာ မန်နေဂျာ မိသားစုထံ မိဘများ မရှိခိုက် ယင်းသို့ အိမ်ကိုလာရောက် တောင်းစားသည်ကို မကြိုက်ကြောင်း သားဖြစ်သူကို ဆုံးမပေးရန် ပြောကြားရာမှ အခြေအတင် စကားများကြပြီး ယခုကဲ့သို့ စိုးမောင်မောင်က မမိုးဝါအား မတရားကျင့်သည့် ကိစ္စ ပေါ်ပေါက်လာခြင်းဖြစ်သည်။

ပထမပိုင်းတွင် နည်းလမ်းမျိုးစုံဖြင့် လမ်းလွှဲရန် စိုးမောင်မောင် မိသားစုက ကြိုးပမ်းသော်လည်း၊ အဖွဲ့အစည်းများမှ တရားဝင် ဆေးရုံမှတ်တမ်း၊ ဆေးစစ်ချက်များ ဆောင်ရွက်ပေးနိုင်မှု အရ အခိုင်အမာ သက်သေပြနိုင်ပြီ ဖြစ်သည့်အတွက် တရားစွဲဆိုခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံ၏ ဥပဒေအရ ထိုသို့သော ကလေးသူငယ်များကို စော်ကားမှုများအား မိဘများက တရားရင်မဆိုင်လျှင်ပင် အခြားသော အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များက တရားစွဲဆိုပိုင်ခွင့် ရှိသည်။

မမိုးဝါသည် မိဘများ ရော်ဘာသွားခြစ်ခိုက် မောင်ငယ် (၂) ဦးကို စောင့်ရှောက်ရင်း အိမ်တွင် ကျန်ရှိနေသည်ကို စိုးမောင်မောင်က လူသူ ကင်းရှင်းသော ည (၁၁) နာရီခွဲခန့်တွင် လာရောက်လေ့ရှိကာ မမိုးဝါအား စော်ကား နေခဲ့ခြင်းဖြစ်သည်။

ထိုသို့ဖြစ်ပွားသည်မှာ တလခန့်ကြာမြင့်ခဲ့ပြီး လိုအပ်သော ဆေးရုံမှတ်တမ်း၊ ဆေးစစ်ချက်များလည်း ဝီဖဝတီဆူရပ်ဌာနီ ဆေးရုံကြီးမှ အခိုင်အမာ ရရှိထားပြီး ဖြစ်သည်ဟု Raks Thai ဖောင်ဒေးရှင်းမှ တရားစွဲဆိုနိုင်ရန် လိုက်ပါ ဆောင်ရွက်ပေးနေသူ စေတနာ့ ဝန်ထမ်း တဦးက ပြောသည်။

၎င်းက “ရဲစခန်းကလည်း လိုအပ်တာအကုန်လုံး သေချာစစ်ဆေးပါတယ်။ ကျနော်တို့ အတွက်လည်း ပညာရတယ်။ နောက်ဆို ဘယ်လို စနစ်တကျ လုပ်ရမယ် ဆိုတာပေါ့။ လာမယ့် (၆) ရက်နေ့မှာ ထချန်းတရားရုံးမှာ အမှုစတင် ရင်ဆိုင်ရမှာပါ” ဟု ပြောသည်။

ယခုအခါတွင် မသိန်းကြည်တို့ မိသားစုအား ထိုရော်ဘာခြံမှ ထွက်သွားခိုင်း၍ မောင်နှမဝမ်းကွဲတော်သူ တဦး၏ ခြံတွင် ဆက်လက် အလုပ် လုပ်ကိုင်နေကြကြောင်း သိရှိရသည်။

ထိုင်းနိုင်ငံတောင်ပိုင်းသည် ရော်ဘာခြံများ၊ သီးပင်၊ စားပင် စိုက်ပျိုးပင်များဖြင့် စီးပွားဖြစ်ထွန်းလျက်ရှိရာ မြန်မာရွှေ့ပြောင်း အလုပ်သမားများသည် ရော်ဘာခြစ် လုပ်ငန်းများတွင် ၀င်ရောက် လုပ်ကိုင်ကြသူများ ရှိသည်။ ညပိုင်း ပတ်ဝန်းကျင် အေးမြ လာချိန်တွင် ရော်ဘာအစေးခြစ် ထွက်ကြရပြီး မနက်ခင်းပိုင်းတွင် အနားယူ အိပ်စက်ကြရသည်။

ပုံမှန်အားဖြင့် (၁၅) ရက်တခါခန့် ခြစ်ပြီးသား အခြောက်လှန်းထားသော ရော်ဘာချပ်များကို ရောင်းချလေ့ရှိကာ ထိုသို့ရောင်းချသော ရက်များကို စနည်းနာ၍ မသမာသူများ၏ ဓားပြတိုက်မှုများလည်း အမြဲလိုလို ဖြစ်ပေါ်နေတတ်၍ ရော်ဘာခြံ ပိုင်ရှင်များက မိမိတို့၏ တပည့်တပန်းများကို သေနတ်များပေးကာ ကိုင်ဆောင်စေလေ့ရှိသည်။

Ref: ခေတ်ပြိုင်

Read More...

သြစတြေးလျ ပညာတော်သင် စစ်ဗိုလ် သမီး အိမ်ပြန်ရမည်

စိုင်းဇွမ်ဆိုင်း
Wednesday, June 30, 2010

သြစတြေးလျ နိုင်ငံ၌ စာရင်းကိုင် ပညာသင်ကြား နေသည့် မဇင်မွန်အေး သည် စီးပွားရေးအရ အရေးယူ ဒဏ်ခတ် ထားသော စာရင်းဝင် တဦး ဖြစ်နေသည့် အတွက် မကြာမီ ရက်ပိုင်း အတွင်း မြန်မာနိုင်ငံသို့ ပြန်ရမည်ဖြစ်ကြောင်း သြစတြေးလျ ပြည်ထောင်စု တရားရုံးက အမိန့် ချမှတ်လိုက်သည်ဟု သိရှိရသည်။

မဇင်မွန်အေးသည် ဖခင် ဗိုလ်မှူးချုပ် ဇင်ယော်၊ မိခင် ဒေါ်ခင်သီရိ၊ မောင်ဖြစ်သူ မောင်ထက်အောင် တို့နှင့်အတူ သြစတြေး လျအစိုးရမှ ထုတ်ပြန်ခဲ့သော စီးပွားရေး ပိတ်ဆို့ အရေးယူခံရသူများ စာရင်းတွင် အမှတ် 2007BUR0310, 2007BUR0311, 2008BUR0434, 2008BUR0435 စသည့် အမှတ်စဉ်များနှင့် ၎င်းတို့၏ မိသားစုတစုလုံး ပါဝင်နေခဲ့သည်။

ဗိုလ်မှူးချုပ် ဇင်ယော်သည် ပုသိမ် လေတပ်စခန်းတွင်လည်းကောင်း မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်၏ ဘုတ်အဖွဲ့ဝင် အဖြစ် လည်းကောင်း တာဝန် ထမ်းဆောင်နေသူဖြစ်ကြောင်း သြစတြေးလျနိုင်ငံမှ ထုတ်ပြန်သော စီးပွားရေး ပိတ်ဆို့ အရေးယူခံရသူများ စာရင်းတွင် ဖော်ပြထားသည်။

၂၀၀၀ ပြည့်နှစ် မေလ ၂၄ ရက်နေ့က အနောက်နိုင်ငံများမှ ထုတ်ပြန်ခဲ့သော စီးပွားရေး ပိတ်ဆို့ အရေးယူခံရသူများ စာရင်း တွင်လည်း ဗိုလ်မှူးချုပ် ဇင်ယော်နှင့် ဒေါ်ခင်သီရိ တို့ ပါဝင်နေခဲ့ပြန်သည်။

University of Western Sydney တွင် စာရင်းကိုင် ပညာဖြင့် မဟာတန်း တက်ရောက်နေသူ အသက် ၂၅ နှစ် အရွယ်ရှိ မဇင်မွန်အေး ၏ ရှေ့နေဖြစ်သူ တိုနီ ဆေးလ်ဗား က“သူ့မှာ အပြစ်မရှိဘူး ဆိုပေမယ့် အပြစ်ပေး ခံရတော့မှာဖြစ်တဲ့ အတွက် ဝမ်းနည်း မိပါတယ်”ဟု The Australian သတင်းစာသို့ ပြောကြားထားသည်။

မဇင်မွန်အေးသည် သြစတြေးလျ နိုင်ငံသို့ ၂၀၀၈ ခုနှစ်က ရောက်ရှိနေခြင်းဖြစ်ပြီး ၎င်းကို နေထိုင်ခွင့်ပေးခဲ့သော သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ စတီဖင် စမစ် ကို ပြည်ထောင်စု တရားရုံးက မေးခွန်းထုတ်ခဲ့သေးသည်။

ပြည်ထောင်စု တရားရုံး၏ တရားခွင်အတွင်း၌ မဇင်မွန်အေးက“သူမ၏ ဖခင်သည် မြန်မာ စစ်အစိုးရအုပ်စု အတွင်းတွင် ပါဝင်နေသဖြင့် သူမက မိဘဖြစ်သူများနှင့် ကင်းကင်းရှင်းရှင်း နေခဲ့ကြောင်း” တရားရုံးသို့ ထွက်ဆိုခဲ့သည်ဟု ယနေ့ထုတ် The Australian သတင်းစာတွင် ဖော်ပြထားသည်။

ဆက်လက်၍ “သူမသည် မိဘများကို ငွေကြေးအရပင် ပတ်သက်မှု မရှိကြောင်း၊ ကိုယ်ပိုင်အလုပ်လည်း ရှိကြောင်း” တရားရုံးတွင် ထွက်ဆို ထားခဲ့သည်ဟုလည်း ဆိုသည်။

ယင်းအမှုနှင့် ပတ်သက်၍ မဇင်မွန်အေး က အယူခံဝင်ခဲ့သော်လည်း အယူခံ ပယ်ချခံခဲ့ရကြောင်း သိရသည်။

မဇင်မွန်အေး က “စစ်ဗိုလ်ချုပ် သားသမီးများ ဖြစ်နေသော်လည်း စစ်အာဏာရှင် စနစ်ကို မထောက်ခံသည့် အတွက် သြစတြေးလျ နိုင်ငံ အနေဖြင့် အရေးယူ ဒဏ်ခတ် ပိတ်ဆို့မှု မပြုသင့်ကြောင်း” လျှောက်လဲချက် ပေးခဲ့ကြောင်းလည်း The Australian သတင်းစာက ဖော်ပြသည်။

ထို မဇင်မွန်အေး တဦးတည်းသာ မဟုတ်ဘဲ ပြည်ပတွင် ပညာသင်ကြားနေသော မြန်မာ စစ်ဗိုလ်ချုပ်ကြီးများ၏ သားသမီး များစွာ ကျန်ရှိနေသေးကြောင်း စစ်တပ်နှင့် နီးစပ်သူတဦးက ဧရာဝတီသို့ ပြောဆိုသည်။

Ref: ဧရာဝတီ်

Read More...

မွန်အပစ်ရပ်အဖွဲ့၏ ၁၅ နှစ်တာ ခရီး

အဆောင်းဝီ
Wednesday, June 30, 2010

ဇွန်လ ၂၉ ရက်နေ့က မွန်ပြည်သစ်နှင့် နအဖ စစ်အစိုးရတို့၏ အပစ်ရပ်စဲရေးဟာ ၁၅ နှစ် ပြည့်မြောက်ပြီ ဖြစ်သည်။ ယခုနှစ် အတွက် ပို၍ ထူးခြားသည်မှာ အပစ်ရပ်စဲရေး အထိမ်းအမှတ် အခမ်းအနားကို မကျင်းပ ဖြစ်ခဲ့ခြင်း ဖြစ်သည်။ လွန်ခဲ့သော ၂ နှစ် မှစ၍ နအဖ ခေါင်းဆောင်တို့ကလည်း ယင်းအခမ်းအနားကို တက်ရောက်ချီးမြှင့်ခြင်း မရှိတော့ပေ။

အခြေအနေ တင်းမာပြီး နောက်ပိုင်း မွန်ပြည်သစ် ပါတီက ၎င်းတို့၏ ပြည်တွင်း ရုံးများကို ပိတ်ပစ် ထားခဲ့ပြီး ပြီးခဲ့သည့် အပတ်ကမှ ရုံးများကို ပြန်လည်ပတ်ခဲ့၍ အခမ်းအနားကို မကျင်းပနိုင်ခဲ့ခြင်း ဖြစ်ကြောင်း မွန်ပြည်သစ်က အကြောင်း ပြသည်။ မည်သို့ပင် ဆိုစေကာမူ အပစ်အခတ် ရပ်စဲရေး အထိမ်းအမှတ် အခမ်းအနား ကျင်းပရန် နှစ်ဘက်စလုံးက လေးနက်မှု မရှိတော့သည်မှာ အသေအချာပင်။

အပစ်ရပ်ထားစဉ် ကာလတွင် မွန်ပြည်သူများ အေးအေးချမ်းချမ်း လုပ်ကိုင် စားသောက်နိုင်ကြသည်။ ငြိမ်းချမ်းရေး အသီး အပွင့်များပင် ဖြစ်ကြောင်း မွန်ပြည်သစ် ခေါင်းဆောင်တို့က ထောက်ပြကြသည်။

အပစ်ရပ်ခဲ့စဉ် ပါတီ၏ ဥက္ကဋ္ဌကြီး နိုင်ရွှေကျင်က အပစ်ရပ်ရသည့်အကြောင်းရင်းများနှင့် ပတ်သက်၍ မီးရထားဖြင့် ရထား ဘူတာတိုင်းတွင် ဟောပြောပွဲ ကျင်းပခဲ့သည်။ “မွန်ပြည်သစ်ဟာ မွန်ပြည်သူတို့နဲ့ အနီးစပ်ဆုံး တွေ့ဆုံဆွေးနွေး နိုင်တော့မယ်။ ဆယ်စုနှစ်ပေါင်း များစွာက ဆုံးရှုံးလာခဲ့ရတဲ့ ငြိမ်းချမ်းရေး အသီးအပွင့်တွေကို အပြည့်အဝ ခံစားရတော့မယ်” ဟု အာမခံချက် ပေါင်းများစွာဖြင့် ပြည်သူများ၏ အားကိုးမှုကို ရရှိခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။

ထိုစဉ်က ဟောပြောပွဲများတွင် “သူချရင် ငါတို့မှာလည်း လက်နက်ကိုင်ထားတာပဲ။ ပြန်ချမှာပေါ့။ တောင်းဆိုတာ မရရင် ပြန်ချပေါ့။ ဒါပဲ ရှိတယ်” ဆိုသည့် ယခု ပါတီဗဟို အလုပ်အမှုဆောင် နိုင်ထာဝရ၏ ယုံကြည်ချက်အပြည့် ပါသော စကားသံနှင့် အတူ ပြည်သူလူထု၏ အားပေးသည့် လက်ခုပ်သံက ညံသွားခဲ့သည်။ မွန်ပြည်သစ်ပါတီသည် “မွန်ပြည်အသစ်ကို ထူထောင်ပေးနိုင်မည့် ပါတီ” ဟု မွန် ပြည်သူလူထုက နားလည်ထားကြသည်။

မွန်ပြည်သစ်ပါတီ၏ တောင်းဆိုချက်များအား နအဖက လိုက်လျောမှု မရှိသည်ကို လေ့လာကြည့်လျှင် မွန်ပြည်သစ်သည် တခြားသော အပစ်ရပ် ပါတီများထက် ခေါင်းဆောင်မှုပိုင်း ပို၍ ထက်မြက်သည်၊ အတွေ့အကြုံ အရလည်း သာသည်ကို တွေ့ရသည်။

“မွန်ပြည်သစ်က တမတ်ရရင် တမတ်ယူတာ မဟုတ်ဘူး။ တောင်းဆိုတဲ့အတိုင်း အပြည့်ရမှ ယူမယ့်ပါတီ ဖြစ်တယ်” ဟု ဗဟို ကော်မတီဝင် နိုင်အောင်မငေးက ပြောဖူးသည်။ “ခင်ဗျားတို့ တောင်းဆိုချက်တွေကို အမျိုးသားညီလာခံမှာ တက်ရောက် တောင်းဆိုနိုင်တယ်” ဟူ၍လည်း ထိုစဉ်က ထောက်လှမ်းရေး ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ခင်ညွန့်က အကြောင်း ပြန်တတ်သည်။ ထိုထက်မက မွန်ခေါင်းဆောင်တို့နှင့် တွေ့ဆုံလျှင် တောင်းဆိုချက်များ အပေါ် လမ်းလွှဲနိုင်ရန် အတွက် နောက်တက်လာမည့် အစိုးရ လက်ထက်ကျမှ တောင်းဆိုရန် ဟူ၍လည်း နအဖ ခေါင်းဆောင်တို့က ပြောတတ်ကြသည်။

မွန်ပြည်သစ်ပါတီက အမျိုးသားညီလာခံကို တက်ရောက်ခဲ့သည်။ ဘဝတူ တိုင်းရင်းသားတို့နှင့် အတူ အမျိုးသား ညီလာခံ၌ တောင်းဆိုချိန်တွင် ပယ်ချခံရ၍ မွန်ပြည်သစ်ပါတီက အမျိုးသား ညီလာခံကို ၂၀၀၅ ခုနှစ်မှစ၍ ကျောခိုင်းခဲ့သည်။ ယခုလည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လက်မခံနိုင်၍ ရွေးကောက်ပွဲကို ဝင်ပြိုင်မည် မဟုတ်ကြောင်း ပါတီက အကြောင်းပြန်သည်။ သို့သော် တောင်းဆိုချက်များကို နအဖ ဘက်က မည်သည့်အရာမျှ လိုက်လျောခဲ့ခြင်း မရှိသေးချေ။

မွန်ပြည်သစ် အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက “အပစ်အခတ်ရပ်စဲမှုက အကျိုးအမြတ်တချို့ ရှိပါတယ် ပြည်သူလူထုက ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ နေထိုင် စားသောက်လို့ ရလာတယ်။ စီးပွားရေး ပိုင်ဆိုင်မှုတွေ တိုးတက်လာတာ ရှိတယ်။ လမ်းပန်းဆက်သွယ်မှု ကောင်းလာတဲ့ အတွက် သူတို့ခြံတွေ တန်ဖိုးရှိလာတယ်။ ပါတီကလည်း မွန် ပြည်သူတွေနဲ့ နီးကပ်မှု ပိုရလာတယ်။ အဲဒီ အတွက် အမြင်တူလာတာ ရှိတယ်။ ပညာရေး၊ ကျန်းမာရေးပိုင်းမှာ တိုးချဲ့လာနိုင်တယ်” ဟု ဧရာဝတီနှင့် အင်တာဗျူးရာတွင် ဖြေကြားခဲ့သည်။

အပစ် ရပ်ထားစဉ်က မွန်ပြည်သစ်နှင့် နအဖတို့အကြား အခြေအနေ တင်းမာလာစေသော ကာလများကို ပြဆိုရသော် ပါတီ၏ ခရိုင်ကော်မတီဝင် နိုင်ယက္ခ၊ နိုင်မျိုးသွေးတို့နှင့် အပေါင်း အပါများအား နိုင်ငံတော် ပုန်ကန်မှုဖြင့် ၂၀၀၃ ခုနှစ် ဇူလိုင်က ဖမ်းဆီးထားစဉ် (၎င်းတို့၏ ပါတီဝင်တဦးဖြစ်သူ နိုင်ယက္ခနှင့် နိုင်မျိုးသွေးတို့အား ရည်စူး၍ ပြည်ပရောက် မွန်အဖွဲ့အစည်းတို့က နှစ်ပတ်လည်နေ့များ နှစ်စဉ် ကျင်းပခဲ့ကြသော်လည်း မွန်ပြည်သစ် ပါတီကမူ ယင်းကဲ့သို့ လုပ်ဆောင်ခြင်း မရှိကြောင်း သတိပြုမိသည်)၊ ၂၀၀၃ ခုနှစ်အတွင်း တရားမဝင် ကားအစီးပေါင်း များစွာ အသိမ်း ခံရစဉ်နှင့် နယ်ခြားစောင့်တပ် လက်မခံကြောင်းကို ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းက အကြောင်းပြန်ခဲ့စဉ် အချိန်တို့ကို ပြရမည် ဖြစ်သည်။

နအဖဘက်ကမူ အပစ်အခတ်ရပ်စဲရေးကို ထိခိုက်စေနိုင်သော တခြားချိုးဖောက်မှုများစွာ ရှိသေးသည်။ ဗဟိုဌာနချုပ် နယ်မြေအထိ တစုံတရာ အကြောင်းကြားခြင်း မရှိဘဲ နအဖ စစ်တပ်များ ရောက်ရှိလာခြင်း၊ စစ်တပ်အင်အား တိုးချဲ့ခြင်း စသည့် ကျူးလွန်မှုများ ရှိသည်။ သို့သော် အပစ်ရပ်စဲရေးကို မွန်ပြည်သစ်က ဆက်ထိန်းသွားရန်သာ ကြိုးပမ်းနေသည်။

“ကျနော်တို့ဘက်က ဒီသဘောတူညီချက်ကို အရင်ဖျက်မှာ မဟုတ်ပါဘူး” ဟု ပါတီခေါင်းဆောင်တို့က အမြဲပြောနေသည့် အပေါ် မွန်ပြည်သူ လူထုက မွန်ပြည်သစ်၏ “အပစ်အခတ် မပျက်ချင်သော အကြောင်းအရင်း” အပေါ် ယခုအချိန်တွင် သံသယ ရှိလာကြသည်။

အပစ်ရပ်စဲရေး ကာလအတွင်း ပါတီ၏ ခေါင်းဆောင် ဗဟိုကော်မတီဝင်အဆင့် ၁၉ ဦးကို အကြောင်းအမျိုးမျိုးကြောင့် ဆုံးရှုံးခဲ့ရသည်။ ထူးခြားသည်မှာ ထိုသူများထဲတွင် နအဖနှင့် အပစ်ရပ်စဲရေးသည် အကျိုးမရှိဟု ဆိုကာ ပါတီမှ အနားယူ (သို့မဟုတ်) နုတ်ထွက်ကာ ပါတီအသစ် တည်ထောင်သူများလည်း ပေါ်ပေါက်လာခဲ့သည်။

ထိုအချိန်မတိုင်မီ အချိန်က မွန်တွင် တပါတီသာ ရှိခဲ့သည်ဟု ဆိုသည်။ ယခုဆိုလျှင် နောက်ထပ် မွန်လက်နက်ကိုင် အဖွဲ့ငယ်ပေါင်း ၅ ဖွဲ့ထက်မနည်း ထပ်မံ ပေါ်ပေါက်လာခဲ့သည်။ ထိုအခြင်းအရာများသည် အပစ်ရပ် ကာလအတွင်း ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

အချင်းချင်း တိုက်ခိုက် သတ်ဖြတ်ခဲ့ခြင်းကြောင့် ပါတီ၏ ဗဟိုအလုပ်မှုဆောင် အဆင့်ရှိသူ နိုင်မင်းထွန်းကိုလည်း ၂၀၀၁ ခုနှစ်တွင် ဆုံးရှုံးခဲ့ရသည်။ မွန်ပြည်သစ်အား ပြန်လည် ထိုးနှက်နိုင်ရန် ရည်ရွယ်၍ နအဖဘက်က မွန်ခေါင်းဆောင် တချို့ကိုလည်း ဖဲ့ထုတ်စည်းရုံးမှု အောင်မြင်ခဲ့သည်။ ပါတီ၏ မွန်အမျိုးသား လွတ်မြောက်ရေး တပ်မတော်မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ် အောင်နိုင်ကို နအဖက စည်းရုံးနိုင်ခဲ့သည်။ ဗိုလ်မှူးကြီး အဆင့် နိုင်ရှောင်လည်း အပစ်အခတ် ရပ်စဲရေးကို မလိုလား၍ ပါတီမှ အနားယူကာ လက်နက်ကိုင် အဖွဲ့အသစ် ဖွဲ့စည်းပြီး မကြာခင်၌ပင် နအဖ၏ ဝါးမြိုခြင်းကို ခံလိုက်ရသည်။ ယင်းအနက် စစ်ဘက်မှ ဗိုလ်မှူးကြီးအဆင့် နိုင်ပန်းညွန့်က ပါတီမှ ခွဲထွက်ကာ၊ မွန်ပြည်ပြန်လည် တည်ထောင်ရေးပါတီ ထူထောင်ကာ အချင်းချင်း သတ်ဖြတ်မှုများကို ကျူးလွန်ခဲ့ကြသည်။

ဆိုလိုရင်းမှာ အပစ်ရပ်ပြီးနောက်ပိုင်း မွန်အချင်းချင်း သတ်ဖြတ်မှုများသည် ပိုမို များပြားလာသည်ကို မည်သူမျှ မငြင်းနိုင်ချေ။

ဗဟိုကော်မတီဝင် အဆင့်ဖြင့် ပါတီမှ နုတ်ထွက်သွားသူများထဲတွင် ပါတီ၏ လမ်းစဉ်ကို မနှစ်သက်၍ သော်လည်းကောင်း၊ အသက်ကြီးရင့်၍ သော်လည်းကောင်း၊ စီးပွားရေး အကျပ်အတည်းကြောင့် သော်လည်းကောင်း အလွန် နည်းပါးလှသည်။ အများစုမှာ ငြိမ်းချမ်းရေး ရယူထားစဉ် ကာလတွင် ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းများ ပြည်တွင်းတွင် အခြေခိုင်သွားခြင်း၊ ပိုင်ဆိုင်မှု ဆုံးရှုံးရန် မလိုလားခြင်းတို့ကြောင့် ဗဟိုကော်မတီဝင် အဆင့်မှ အနားယူသွားသူ များပြားနေသည်။ သို့သော် သာမန်အောက်ခြေ စစ်သားများကမူ ပါတီမှ နုတ်ထွက် သွားသည့် အကြောင်းအရင်းများ အနက် စီးပွားရေးအကျပ်အတည်းကြောင့် ဖြစ်နေသည်ကို တွေ့ရသည်။

ပြည်တွင်းတွင် တာဝန်ကျသူ ခေါင်းဆောင်များကို တနေရာတည်း၌ တနှစ်ထက်ပို၍ တာဝန်ပေးလေ့မရှိချေ။ နအဖ ခေါင်းဆောင်တို့နှင့် နီးစပ်မှု ရရှိသွားမည်ကို မလိုလားခြင်းကြောင့်ဟု နားလည်ထားသည်။ သို့သော် အနည်းနှင့်အများ ဆိုသကဲ့သို့ နအဖ နှင့် ပူးပေါင်းရန် ဝန်မလေးသူ၊ စီးပွားရေး မျက်နှာကြည့်တတ်သူများ ရှိဆဲပင်။

အပစ်ရပ်စဲရေး သဘောတူညီချက်ထဲတွင် “အင်အားမတိုးချဲ့ရ၊ အင်အားသစ် မစုစည်းရ၊ တပ်တည်နေရာ မချဲ့ထွင်ရ” ဟူ၍ ပါဝင်သော်လည်း အပစ်ရပ်စဲပြီး နောက်နှစ် ၁၉၉၆ ခုနှစ်မှစ၍ နအဖ စစ်အစိုးရ၏ စစ်တပ်များ တည်ဆောက်ရန် အတွက် ပြည်သူတို့၏ လယ်ယာ ခြံမြေများစွာ အတင်းအဓမ္မ အသိမ်းခံခဲ့ရသည်။ ထိုဖြစ်ရပ်ကို မွန်ပြည်သစ် ပါတီက တချို့တလေ ကာကွယ် ပေးနိုင်ခဲ့သည်ဟု ဆိုသော်လည် အများစုကို ကာကွယ်ပေးနိုင်ခြင်း မရှိခဲ့ချေ။ ၁၅ နှစ်တာ ကာလအတွင်း ယင်းကဲ့သို့ အသိမ်းခံခဲ့ရသည့် မြေယာ ဧကပေါင်း ၈၀၀၀ ကျော် ရှိကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့တို့၏ မှတ်တမ်းများအရ သိရသည်။ ထိုမျှမက အလားတူ မြေယာသိမ်းမှုမျိုး မွန်ပြည်သစ် တပ်ဖွဲ့ဝင် တချို့က ကျူးလွန်ခဲ့သည့် မှတ်တမ်းတချို့လည်း ရှိခဲ့သည်။

အပစ်ရပ်စဲခြင်း မပြုလုပ်ခင်က မွန်ပြည်နယ်တွင် နအဖ စစ်တပ် တပ်ရင်း ၁၀ ခုသာ ရှိခဲ့သော်လည်း ယခုဆိုလျှင် နအဖ စစ်တပ်၏ အမြောက်တပ် ၃ တပ် အပါအဝင် တပ်ပေါင်း ၃၀ ဝန်းကျင်အထိ မွန်ပြည်နယ်အနှံ့တွင် တပ်ဖြန့်ထားသည်ကို တွေ့ရသည်။

အပစ်ရပ်ထားခြင်းကြောင့် မွန်ပြည်သစ်ထက် နအဖဘက်က အမြတ်များစွာ ရှိမည်မှာ အသေအချာပင် ဖြစ်သည်။

ဓာတ်ငွေ့ပိုက်လိုင်းမှ ဆုံးရှုံးမှု နည်းပါးခြင်း၊ နိုင်ငံတကာကို ပြသနိုင်ခြင်း၊ နယ်မြေ စိုးမိုးရေးအတွက် အပြည့်အဝ လုပ်ဆောင်နိုင်ခြင်း၊ သွေးခွဲရန် အခွင့်အလမ်း ပိုမိုရရှိခြင်း စသောရလဒ်များကြောင့် မွန်ပြည်သစ်ပါတီအား နအဖဘက်ကစ၍ တိုက်ခိုက် လိမ့်မည် မဟုတ်ပေ။ နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် အတွက် အနည်းအကျဉ်း၊ စစ်ရေးအရ အနည်းအကျဉ်း ဖိအားပေးရုံသာ လုပ်ဆောင်မည် ဖြစ်သည်။ ပြီးခဲ့သည့် ဧပြီလက နအဖဘက်က ဖိအားပေးမှု ရပ်တန့်သွားသည်ကို ကြည့်ခြင်းအားဖြင့် အပစ်ရပ်စဲရေးကို ၎င်းတို့ဘက်ကလည်း မဖျက်လိုကြောင်း ပြသလိုက်ခြင်း ဖြစ်သည်။

အပစ်ရပ်စဉ်က အကြောင်းကြောင်းကြောင့်ဟု ဆိုကာ နအဖနှင့် ငြိမ်းချမ်းရေး ယူခဲ့သည်။

“မြေပြိုချိန်မှာ ဖားနဲ့မြွေတို့ တွင်းတတွင်းတည်းတွင် ခေတ္တ အတူနေရပုံ” ကို မွန်ပြည်သစ် ခေါင်းဆောင်တို့က ဥပမာ ပေး၍ ရှင်းပြ တတ်ကြသည်။ အပစ်ရပ်စဲရေးသည် တနည်းအားဖြင့် အဓိပ္ပာယ်ဖွင့်ရသော် လက်ဝှေ့သမားနှစ်ဦးကို အနားပေးခြင်း ဟုလည်း မွန်ခေါင်းဆောင်တချို့က နှိုင်းယှဉ်တတ်ကြသည်။ သို့သော် အပစ်ရပ်ကာလအတွင်း မွန်ပြည်သစ် ဘက်က အင်အား တောင့်တင်းလာခြင်း မရှိသည့်အပြင် အဆပေါင်းများစွာ ချိနဲ့လာနေသည်။

မွန်ပြည်သစ်နှင့် နအဖတို့အကြား အခြေအနေ တင်းမာခဲ့သည့် ၂၀၁၀ ပြည့်နှစ် ဧပြီ ၂၂ မှ ၂၈ အခင်းအကျင်းတွင် ပြန်လည် တောခိုလာသူ အများအပြား ရှိသေးကြောင်း သက်သေ ပြလိုက်သကဲ့သို့ မွန်ပြည်သူတို့၏ ထောက်ခံမှုကို ရရှိနေဆဲ ဖြစ်ကြောင်း တွေ့ရသည်။

သို့သော် ထောက်ခံသည် ဆိုရာဝယ် နအဖ စစ်အစိုးရကို လက်နက်ကိုင်၍ ပြန်လည်တိုက်ခိုက်ခြင်းကြောင့် ထောက်ခံသည်လား၊ သို့တည်းမဟုတ် တိုက်ရည် ခိုက်ရည် ပြသချင်သူတို့၏ ထောက်ခံခြင်းမျိုးလား ဆိုသည်ကို ဝေခွဲရန် ခက်လှသည်။

မည်သို့ပင်ဆိုစေ “တိုက်ခိုက်နေရလျင် ပျော်သည်” ဟု ဆိုသူများစွာ မွန်ပြည်သစ်တွင် ရှိနေသေးသည်မှာ ဧကန်မလွဲပင်။ ထိုထက်ပို၍ အပစ်အခတ်ရပ်စဲရေးအပေါ် ငြီးငွေ့လာသူများ မွန်ပြည်သစ်တွင် တနေ့တခြား များပြား လာနေသည် ကိုလည်း သတိပြုမိလိုက်သည်။

Ref: ဧရာဝတီ်

Read More...

“ကျနော်တို့ပါတီကိုပဲ ကွက်ချန်မထားဘူး ထင်ပါတယ်”

Wednesday, June 30, 2010

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အခြေစိုက် ကချင်ပြည်နယ် တိုးတက်ရေး ပါတီ (KSPP) ကို ၂၀၀၉ ခုနှစ် မတ်လတွင် စတင် ဖွဲ့စည်းခဲ့ပြီး နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံ တင်ခွင့်ရရန် ရွေးကောက်ပွဲ ကော်မရှင်တွင် လျှောက်လွှာ တင်ခဲ့သည်။ သို့သော် ယခုချိန်အထိ ပါတီ တည်ထောင် ခွင့်ပြုချက် မရရှိသေးပေ။ ထို ပါတီတွင် စစ်အစိုးရ နှင့် အပစ်အခတ် ရပ်စဲထားသည့် ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO) မှ ခေါင်းဆောင်ဟောင်း တချို့လည်း ပါဝင်နေသည်။ ရွေးကောက်ပွဲ ကော်မရှင်က မည်သည့် အတွက်ကြောင့် ပါတီ မှတ်ပုံတင်ခွင့် ချမပေးသေးသည် ဆိုသည့် အကြောင်းရင်းနှင့် ပတ်သက်၍ ဧရာဝတီ သတင်းထောက် ကိုထွေးက အဆိုပါ ပါတီ၏ ခေါင်းဆောင် တဦးဖြစ်သူ ဒေါက်တာ မနန် တူးဂျာအား ဆက်သွယ်မေးမြန်းထားပါသည်။ ဒေါက်တာ မနန် တူးဂျာသည် KIO တွင် ဒုတိယ ဥက္ကဋ္ဌအဖြစ် တာဝန် ယူခဲ့သူဖြစ်သည်။

မေး။ ။ KSPP က ပါတီ မှတ်ပုံတင်ဖို့ လျှောက်ထားပေမယ့် အခုချိန်ထိ ဘာတခုမှ တုန့်ပြန်မှု မရှိသေးဘူး၊ အဲဒါနဲ့ ပတ်သက်ပြီးတော့ ဘယ်လို ထင်ပါသလဲ။

ဖြေ။ ။ အဲဒါကို ကျနော်တို့ စောင့်ဆိုင်းနေဆဲ ဖြစ်ပါတယ်။ လူကြီးတွေကလည်း စောင့်ပါဦးလို့ ပြောထားတယ်။

မေး။ ။ မှတ်ပုံတင် ချမပေးခဲ့ရင် ဘာဆက်လုပ်မယ်လို့ စဉ်းစားထားပါသလဲ။

ဖြေ။ ။ ကျနော်တို့ အဲဒီအဆင့်လောက်အထိတော့ မစဉ်းစားသေးပါဘူး။ ဘာကြောင့်လဲဆိုတော့ မှတ်ပုံတင်ခွင့် ရမယ်လို့ ကျိန်းသေ တွက်ထားတယ်။ လူကြီးတွေကလည်း ခဏစောင့်ပါ ဆိုပြီး ပြောထားတယ်၊ ကျနော်တို့ကလည်း မှန်မှန် ကန်ကန် လုပ်နေတယ် ဆိုတော့ မရနိုင်စရာ အကြောင်းတော့ ရှိလိမ့်မယ်လို့တော့ မထင်ဘူး။ လူကြီးတွေကလည်း တိုင်းရင်းသား အားလုံး အပေါ်မျှမျှတတပဲ စဉ်းစားကြမှာပါ။ ကျနော်တို့ကိုပဲ ကွက်ပြီးတော့မှ ချန်မထားဘူး ထင်ပါတယ်။ ဒါကြောင့် မျှော်လင့်ချက် အပြည့်နဲ့ စောင့်နေဆဲ ဖြစ်ပါတယ်။

မေး။ ။ မှတ်ပုံတင်ချမပေးတာဟာ ကချင်ပြည်နယ် တိုးတက်ရေး ပါတီအနေနဲ့ လက်နက်ကိုင် ကချင်ပြည် လွတ်မြောက် ရေးအဖွဲ့ (KIO) နဲ့ ပတ်သက်နေတယ်ဆိုတဲ့ ပြောဆိုမှုတွေလည်း ထွက်ပေါ်နေပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့လည်း သိချင်ပါတယ်။

ဖြေ။ ။ ဒါက ခိုင်လုံမှုမရှိတဲ့ ပြောကြားချက်တွေပါ။ အပြင်မှာ ပြောနေကြတာပါ။ အဲဒါကို သက်ဆိုင်ရာ အစိုးရ ခေါင်းဆောင် တချို့က ယုံသလား မပြောတတ်ဘူးလေ။ ကျနော်တို့ အနေနဲ့က ဒါ ခိုင်လုံတဲ့ အကြောင်း မဟုတ်ဘူး။ ဒီပါတီဖွဲ့စည်းတာဟာ ဥပဒေနဲ့ အညီ ဖွဲ့စည်းတာ။ ဥပဒေနဲ့ ဆန့်ကျင်ပြီး ဖွဲ့စည်းရင် ပါတီ မဖြစ်နိုင်ဘူးဆိုတာ ကျနော်တို့လည်း သိပြီးသားပါ။ ဒါကြောင့် KIO နဲ့ ပတ်သက်စရာ အကြောင်း ဘာမှ မရှိဘူး။ ပတ်သက်လို့လည်း မရပါဘူး။ ကင်းကင်းရှင်းရှင်းလည်း ရှိပါတယ်။ လူတွေက ထင်ကြေး အမျိုးမျိုး ပြောနေကြတာပါ။ ကျနော်တို့ကို မှတ်ပုံတင်ခွင့် မရအောင် ဆန့်ကျင်တဲ့ လူတွေလည်း တချို့ရှိနေမှာပါ။ အစိုးရလူကြီးတွေ ကျနော်တို့ အပေါ်မှာ သံသယ ရှိအောင်လုပ်တဲ့လူတွေ မရှိဘူးလို့လည်း မပြောနိုင်ဘူးလေ။ နောက်ဆုံးမှာတော့ လူကြီးတွေက အမြင်ရှင်းလာကြမယ်လို့ ထင်ပါတယ်။

မေး။ ။ အခုရွေးကောက်ပွဲ ကော်မရှင်က မှတ်ပုံတင်မချပေးတဲ့ ပါတီတွေထဲမှာ ကချင်ပါတီက အများစုဖြစ်နေတော့ ဘာကြောင့် ကော်မရှင်က ကချင်ပါတီတွေကို ကန့်သတ်ထားတယ်လို့ ထင်ပါသလဲ။

ဖြေ။ ။ ဒါကလည်း ကျနော်တို့ကြားသိရတဲ့ အတိုင်း ဆိုရင်တော့ KIO ရဲ့အသွင်ကူးပြောင်းရေးနဲ့ နည်းနည်း ဆက်နွှယ် နေတာပေါ့။ KIO အသွင်ကူးပြောင်းရေး အဆင်ပြေရင်တော့ အားလုံးကို ချပေးမယ်။ KIO အသွင်ကူးပြောင်းရေးကို ဆက်လက် စောင့်ကြည့်ဖို့ပေါ့။ KIOကလည်း သူ့အလုပ် သူလုပ်နေတယ်၊ ကျနော်တို့ကလည်း ကျနော်တို့လုပ်စရာရှိတာကိုလုပ်နေတယ်။ KIO အသွင် ကူးပြောင်းရေးနဲ့ ပါတီမှတ်ပုံတင်ရေး ဆက်စပ်ထားတာကို ကျနော်တို့က သိပ်သဘောမကျပါဘူး။ KIOအနေနဲ့ကလည်း သဘောတူထားတဲ့ အတိုင်းဆိုရင် အသွင်ကူးပြောင်းရေးကို သူတို့လက်ခံမယ်၊ ကျန်တာတွေကို သူတို့နည်း သူတို့ဟန်နဲ့ ဆောင်ရွက်သွားမယ်ဆိုပြီး သက်ဆိုင်ရာ အစိုးရလူကြီးတွေနဲ့ သဘောတူထားတယ် ဆိုတာကြားသိရတယ်။ ဒါကြောင့် ဒါက မလွှဲမသွေ သူတို့ လုပ်ဆောင်ကြမယ်လို့ ယုံကြည်တယ်။ အဲဒါကြောင့် ကျနော်တို့ကို ညွှန်ကြားတဲ့အတိုင်း ဒါနဲ့ ဆက်စပ်ထားစရာ အကြောင်း တော့မရှိဘူး။ ဒါနဲ့ ဆက်စပ်ထားတယ် ဆိုတော့ ကျနော်တို့ ပါတီအတွက်ရော၊ ဒေသခံ ပြည်သူတွေအတွက်ရော အင်မတန် နစ်နာပါတယ်။

မေး။ ။ KIOကို နယ်ခြားစောင့်တပ်ဖွဲ့ အသွင်ပြောင်းပြီးတော့မှ ပါတီမှတ်ပုံတင် ချပေးမယ်ဆိုတဲ့ သဘောမျိုးလား

ဖြေ။ ။ KIO အသွင်ကူးပြောင်းရေးကို စောင့်မယ်ဆိုရင် အကြာကြီးစောင့်ကောင်း စောင့်ရနိုင်တယ်။ သူတို့လည်း လနဲ့ ချီကောင်း ချီနိုင်တယ်ဆိုတော့ အဲဒါကြောင့် ဘာပဲဖြစ်ဖြစ် သူတို့က တကယ်တမ်း အသွင်ကူးပြောင်းတော့မယ် ဆိုတဲ့ဟာ အစိုးရဘက်က ယုံကြည် လောက်တယ် ဆိုတဲ့ အဆင့်ရှိပြီဆိုရင်တော့ အစိုးရအနေနဲ့ ကျနော်တို့အပေါ်မှာ စဉ်းစားစရာ တမျိုး ပြောင်းလဲ လာနိုင်တယ်။

မေး။ ။ အခုပါတီတော်တော်များများက မှတ်ပုံတင်ခွင့်တွေ ချပေးထားတယ်၊ ပြီးတော့ တချို့ပါတီတွေဆိုလည်း ပါတီ လုပ်ငန်းစဉ် တွေကို ဆောင်ရွက်နေကြပါပြီ။ ကချင်ပါတီအနေနဲ့ မှတ်ပုံတင် ချပေးတာ နောက်ကျတယ် ဆိုတော့ ပါတီရဲ့ ဆောင်ရွက်ချက်တွေ အတွက် အချိန်က အရမ်းနည်းသွားတာနဲ့ ပတ်သက်ပြီးတော့ ဘာပြင်ဆင်မှုတွေလုပ်ထားလဲ။

ဖြေ။ ။ ဒါကတော့ သေချာတာပေါ့၊ ဘယ်လိုတတ်နိုင်မလဲ။ ကျနော်တို့ကတော့ ရတယ်ဆိုတဲ့ အချိန် အတောအတွင်းမှာ တတ်နိုင်သလောက် လုပ်ပြီးတော့မှ ဆက်လက် လှုပ်ရှားသွားရမယ်လေ။

မေး။ ။ ကချင်ပြည်နယ် တိုးတက်ရေး ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အစိုးရ ချမှတ်ပေးတဲ့ ရွေးကောက်ပွဲဝင်ဖို့ ကြိုးစားခဲ့တဲ့ အပေါ် အခုပါတီ မှတ်ပုံတင်မချပေးတော့ ဘယ်လိုခံစားရပါသလဲ။

ဖြေ။ ။ ဒါကတော့ဗျာ ကျနော်တို့ အနေနဲ့က ဘယ်လိုပြောမလဲဆိုတော့ မဖြစ်သင့်တာ တခုပေါ့နော်၊ မဖြစ်သင့်တာ ဖြစ်နေတယ်လို့ပဲ ခံစားမိတယ်။ ဘာပဲဖြစ်ဖြစ်လေ ကျနော်တို့ကတော့ စိတ်ရှည်ရှည်နဲ့ စောင့်ကြည့်ရမှာပဲ။ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်နဲ့ သက်ဆိုင်ရာ လူကြီးတွေကလည်း စိတ်ကောင်းစေတနာရှိတဲ့ လူကြီးတွေ အများကြီးရှိပါတယ်။ သူတို့လည်း ကျနော်တို့ အပေါ်မှာ စာနာစိတ်တွေရှိမှာပါ။ ကျနော်တို့ကိုလည်း နောက်ကျတယ်ဆိုပေမယ့် တအားကြီး နောက်ကျတာ မဟုတ်ဘဲနဲ့ အတတ်နိုင်ဆုံး အမြန်ဆုံး စီစဉ်ပေးမယ်လို့ ထင်ပါတယ်။

Ref: ဧရာဝတီ်

Read More...

နျူကလီးယား အစီရင်ခံစာဖတ်ပြီး ဗိုလ်ချုပ်မှူးကြီး ဒေါသထွက်

Wednesday, June 30, 2010

နျူကလီးယား စစ်ဆေးရေးမှူးဟောင်း ရေးသား ပြုစုသည့် စစ်အစိုးရ၏ နျူကလီးယား ရည်မှန်းချက် ဆိုင်ရာ အစီရင်ခံစာကို ဖတ်ပြီး ဗိုလ်ချုပ်မှူးကြီး ဒေါသ ထွက်လျက် ရှိကြောင်း သိရသည်။

ပြည်ပသို့ တိမ်းရှောင်လာသော ဗိုလ်မှူး စိုင်းသိန်းဝင်း သယ်ဆောင်လာသည့် အထောက်အထားများ အပေါ် မူတည်၍ နိုင်ငံ တကာ အဏုမြူ စွမ်းအင် အေဂျင်စီ (IAEA) ညွှန်ကြားရေးမှူးဟောင်း ရောဘတ် ကယ်လီ ဦးဆောင်ပြုစုပြီး ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) က ယခုလ အစောပိုင်းတွင် အစီရင်ခံစာတခု ထုတ်ပြန်ခဲ့သည်။

“မြန်မာ့ နျူကလီးယား ဆိုင်ရာ လှုပ်ရှား ဆောင်ရွက်မှုများ” အမည်ရှိ အစီရင်ခံစာတွင် စစ်အစိုးရ၏ နျူကလီးယား အစီအစဉ် များသည် “ကျွမ်းကျင် သေသပ်မှု မရှိ”၊ “အကြမ်းထည် ဆန်လွန်းသည်” ဟု ရောဘတ် ကယ်လီက ကောက်ချက် ချထားသည်။

“နျူကလီးယား ထုတ်လုပ်ရေးနှင့် ဆက်စပ်သည့် စစ်ဌာနချုပ် များတွင် လက်တွေ့ သုတေသန ဆောင်ရွက်မှု ရှိပုံမရ။ အနည်းဆုံး အားဖြင့် နျူကလီးယား ဆိုင်ရာ အစိတ် အပိုင်းများ၊ စမ်းသပ်မှု များကိုပင် လုပ်နိုင်ပုံ မရသေး”ဟုလည်း အစီရင်ခံစာတွင် ဖော်ပြ ထားသည်။

စနစ်တကျ အသေးစိတ် သုံးသပ်ထားသော အစီရင်ခံစာကို ဖတ်ရှုပြီးနောက် နျူကလီးယား လက်နက်ပိုင်ဆိုင်ရန် နီးစပ်လာပြီဟု အစဉ်တစိုက် သတင်း ပို့နေခဲ့သော သိပ္ပံနှင့်နည်းပညာ ဝန်ကြီး ဦးသောင်း စသည့် ထိပ်တန်း အစိုးရ အရာရှိများ၏ လိမ်ညာထားချက် များကို သိမြင်လာသဖြင့် ဗိုလ်ချုပ်မှူးကြီးက ဒေါသ ထွက်နေခြင်းဖြစ်သည်ဟု နေပြည်တော် စစ်အသိုင်းအဝိုင်းက ဆိုသည်။

စစ်ဗိုလ်ချုပ်များ အနေဖြင့် နျူကလီးယားပိုင်ဆိုင်သည့် အင်အားကြီး နိုင်ငံဖြစ်ရေး အောင်မြင်ရန် မျှော်လင့်ချက် အနည်းငယ်သာ ရှိကြောင်း၊ စစ်အစိုးရသည် နျူကလီးယားဗုံး ပိုင်ဆိုင်ရန် ကြိုးပမ်းနေသည်မှာ ထင်ရှားပြီး နိုင်ငံတကာ သဘော တူညီချက်များကို ချိုးဖောက်နေကြောင်း ရောဘတ် ကယ်လီက အစီရင်ခံစာထဲတွင် သုံးသပ်ထားသည်။

“အထောက်အထားများကို ကြည့်ခြင်းအားဖြင့် နျူကလီးယား တပ်ဖွဲ့က ရေးဆွဲထားသည့် ပုံစံ မူကြမ်းများမှာ ကျွမ်းကျင်မှု မရှိခြင်းကို ပြနေသည်။ အချက်အလက်များ စိစစ်မှုအရ မြန်မာ စစ်အစိုးရ၏ နျူကလီးယား အစီအစဉ်မှာ ခေတ်နောက်ကျလွန်း လှပေသည်” ဟု ရောဘတ် ကယ်လီက ဆိုထားရာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ခေတ်ကတည်းက အာဏာရှင် ဦးနေဝင်းကို အောက်ခြေ အရာရှိများက လိမ်ညာ ဖုံးဖိထားသည့် အစီရင်ခံစာများ၊ အာဏာရှင် အကြိုက်ဖြစ်မည့် သတင်းလွဲများသာ တင်ပြခဲ့ကြသဖြင့် နောက်ဆုံးတွင် မည်သည့် စီမံကိန်းမျှ အကောင်အထည် မပေါ်ခဲ့ခြင်းကို ဗိုလ်ချုပ်မှူးကြီး စေ့စေ့တွေးရင်း အံတကြိတ်ကြိတ် ဖြစ်နေမည်မှာ မလွဲဟု ဝေဖန် သုံးသပ်သူများက ဆိုကြသည်။

Ref: ဧရာဝတီ်

Read More...

Wednesday, June 30, 2010

မျိုးဆက်သစ်လို့ဆိုကြရာမှာ

ရဲဘော်ဖိုးသံချောင်း
၃၀ ဇွန် ၂၀၁၀

နအဖ အစိုးရဟာ ရွေးကောက်ပွဲလုပ်မယ့် ရက်ကိုတော့ မကြေညာ၊ ကန့်သတ် ချုပ်ချယ်မှုတွေပဲ တခုပြီးတခု ကြေညာ နေပါတယ်။ တနေ့ တုန်းကပဲ နအဖ “ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ညွှန်ကြားချက် အမှတ် (၂)” ဆိုတာကို ကြေညာ လိုက်တော့ ရွေးကောက်ပွဲ ၀င်မယ်လို့ အားခဲ ထားသူတွေဆီက စိတ်ပျက်သံတွေ စီကနဲ ထပ်ပေါ်ထွက် လာပါတယ်။ နအဖရဲ့ ၀ှက်ဖဲတွေက ကုန်-မကုန်နိုင်ဘူးလို့ ပြောရ မလိုပါပဲ။ စည်းကမ်းရှိတဲ့ ဒီမိုကရေစီက ပေးတဲ့ စပေ့စ်လေးကို လည်ပင်း ကိုးတောင်ကျော် မျှော်ကိုးနေသူတွေမှာ လည်ပင်းကို တပတ်ပြီးတပတ် မြွေပတ် ခံရသလို ဖြစ်နေပါတယ်။

ဒီလိုအခါမှာ နအဖရဲ့ပိုက်ဆံမပေးရတဲ့ ရှေ့နေတွေဟာ ဒီအချင်းအရာတွေကို မသိကျိုးကျွန် ပြုပြီး တခြား အကြောင်း အရာ တွေကိုပဲ ပုံကြီးချဲ့ ပြောဆို နေကြပါတယ်။ အခုတလော သူတို့ပြောတဲ့ အထဲမှာရော၊ တချို့အလားတူ “ပညာရှင်" များထဲကရော အတော် အပြောများလာတဲ့ အသုံးအနှုန်းသစ် တခုကို သတိထားမိပါတယ်။ အဲဒါကတော့ “မျိုးဆက်သစ်" ဆိုတာ ဖြစ်ပါတယ်။ မြန်မာ “နိုင်ငံရဲ့ ကံကြမ္မာဟာ မျိုးဆက်သစ်တွေ အပေါ် တည်နေတယ်” လို့ ပြောတဲ့ လေသံမျိုးတွေရဲ့ နောက်ကွယ်မှာ စဉ်းစားစရာတွေ အများကြီး ရှိနေပါတယ်။

နိုင်ငံတနိုင်ငံမှာ နိုင်ငံရေးအကျပ်အတည်းကြီး ဖြစ်ပြီဆိုရင် မျိုးဆက်သစ် ဆိုတဲ့ အသုံးအနှုန်းကို အတော်လေး ကြားလာရ တတ်ပါတယ်။ တော်တော် အသုံးတည့်တဲ့ ဝေါဟာရ တခုပါပဲ။ ဒါပေမယ့်ေ၀၀ါးလှတယ်၊ ရှင်းဖို့လိုတယ်လို့ ထင်ပါတယ်။ မျိုးဆက်သစ် ဆိုတာ ဘယ်လိုလူတွေကို ရည်ညွှန်းတာလဲ။ နောက်ပြီး ဘယ်မျိုးဆက်ရဲ့မျိုးဆက်သစ်လဲ။ နအဖက မပြတ် မွေးမြူနေတဲ့ စစ်အာဏာရှင် စနစ်ရဲ့ မျိုးဆက်သစ်တွေကို ပြောတာလား။ ခေတ်အဆက်ဆက်မှာ ဖိနှိပ်မှု အမျိုးမျိုးနဲ့ စစ်အာဏာရှင် စနစ်တွေကို ဆန့်ကျင် တိုက်ပွဲ ၀င်ခဲ့သူတွေနဲ့ လုံးဝ မပတ်သက်တဲ့ အုတ်ကြားမြက်ပေါက် မျိုးဆက်သစ်လား။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ မပတ်သက်ဖူးတဲ့ လူကို မျိုးဆက်သစ်လို့ ဆိုချင်တာလား။ အဲဒီလူတွေဆိုလိုတဲ့ မျိုးဆက်သစ် ဆိုတာက မြန်မာပြည်ရဲ့ နယ်ချဲ့ ဆန့်ကျင်ရေး၊ ဖက်ဆစ် ဆန့်ကျင်ရေး၊ အာဏာရှင် ဆန့်ကျင်ရေး အစဉ်အလာတွေ ကနေ ခွဲထွက်တဲ့၊ အဲဒီ မျိုးဆက်တွေနဲ့ ကင်းလွတ်တဲ့ နအဖ အုပ်စိုးမှုနဲ့ ရင်အုပ်မကွာ ကြီးပြင်းတဲ့ မျိုးဆက်ကို ပြောနေတာလို့ တွေးစရာ ဖြစ်နေပါတယ်။

ဒါဖြင့် သူတို့ရည်ညွှန်းတဲ့ မျိုးဆက်သစ်နဲ့မတူတဲ့ တခြားမျိုးဆက် ဆိုတာကကော ရှိပါသလား။ ဒီနေ့လို အခြေအနေမှာ ရှိနိုင် ပါသလားလို့ မေးကောင်း မေးလာပါမယ်။ ရှိပါတယ်။ တောက်လျှောက် ပေါ်နေမှာပါလို့ပဲ ဖြေရပါမယ်။ ဆရာဗန်းမော် တင်အောင် ပြောတဲ့ ခေတ်က ပေးအပ်တဲ့ တာဝန်ကို ထမ်းဆောင်မယ့် မျိုးဆက်သစ် ဆိုတာ ခေတ်ရဲ့လိုအပ်ချက်၊ တောင်းဆိုချက် အရ မုချ ပေါ်ကို ပေါ်နေမှာ ဖြစ်ပါတယ်။ နည်းတာ၊ နှေးတာတော့ ရှိကောင်း ရှိပါမယ်။

မြန်မာပြည် ပြည်သူတွေရဲ့အရေးတော်ပုံဟာ ခက်ခဲကြမ်းတမ်းတဲ့ ခရီးစဉ်ကြီးကို ရာစုနှစ်နဲ့ချီပြီး မျိုးဆက် တဆက်ကို နောက်တဆက်က ဆက်ခံပြီး တိုက်ပွဲ ၀င်ခဲ့ကြတာ ဖြစ်ပါတယ်။ အင်္ဂလိပ်နယ်ချဲ့သမားကို မျိုးဆက် တဆက်ပြီး တဆက် ဆယ်စုနှစ်နဲ့ ချီပြီး တွန်းလှန် ခဲ့ရသလို စစ်အာဏာရှင်တွေ ကိုလည်း ဆယ်စုနှစ်နဲ့ချီ တိုက်ပွဲ ၀င်နေကြပါတယ်။ ရှေ့မှာလည်း အဲဒီလိုပဲ ဆက်ပြီး တိုက်ချင် တိုက်ရဦးမှာ ဖြစ်ပါတယ်။ ဒီလို တိုက်ပွဲ ၀င်ကြရာမှာ ရှေ့က တိုက်ပွဲ ၀င်သွားသူတွေ၊ စွန့်လွှတ်မှုမျိုးစုံ ပြုသွားသူတွေနဲ့ အဆက်ဖြတ်လို့ ဖြစ်ပါ့မလား။ အလွယ်လေး စဉ်းစားကြည့်ပါ။ ရှေ့က တိုက်ပွဲ ၀င်ခဲ့တာတွေ မရှိဘဲနဲ့ ဒီနေ့ တိုက်ပွဲတွေ ရှိနိုင်ပါ့မလား။ ရှစ်လေးလုံး အရေးတော်ပုံ မရှိခဲ့ရင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တို့၊ န၀တ-နအဖတို့ ရှိနိုင်ပါ့မလား။ ၁၉၇၄-၇၅-၇၆ တိုက်ပွဲတွေနဲ့ တခြားမြေအောက်-တောတွင်း လှုပ်ရှားမှုတွေ မရှိရင် ရှစ်လေးလုံး အရေးတော်ပုံ ပေါ်ပေါက်နိုင်ပါ့မလား။ အကုန်လုံးဟာ ဆက်နေတာပါ။ သမိုင်းကြောင်းကို ဖြတ်တောက်ဖို့ ကြံစည်-ကြံဆတဲ့ အာဏာရှင်တွေ အနိုင်နိုင်ငံမှာ ပေါ်ခဲ့ဖူးပါတယ်။ တခြားမပြောနဲ့ ဗိုလ်နေ၀င်းက အစ ဗိုလ်သန်းရွှေအထိ ဆရာကြီး သခင်ကိုယ်တော်မှိုင်းနဲ့ ဗိုလ်ချုပ်အောင်ဆန်း အခန်းကို ဖျောက်ဖျက်ဖို့ ကြိုးပမ်း ခဲ့ကြတာ အသေအလဲပဲ မဟုတ်လား။ ဒါပေမယ့် ဒင်းတို့ ဘယ်မှာ အောင်မြင်လို့လဲ။ အခုဆိုရင် နအဖဟာ ဒါကို လက်တောင် လျှော့လိုက်ရပြီ မဟုတ်ပါလား။

ဒါကြောင့် နအဖနဲ့ သူတို့တပည့်လက်သားတွေနဲ့ မတူဘဲ မျိုးဆက်သစ်လို့ ပြောနေကြသူတွေက ဒီမျိုးဆက်သစ် ဆိုတဲ့ အသုံး အနှုန်းကို ဒီလို အဓိပ္ပာယ် ဖွင့်ပါတယ်။ အဓိက အားဖြင့် အရင် မျိုးဆက်ဟောင်းတွေဟာ အသက်အရွယ်ကြောင့် အပါအ၀င် အကြောင်း အမျိုးမျိုးကြောင့် ဆက်လက် တိုက်ပွဲဝင်ရာမှာ အကန့် အသတ် အမျိုးမျိုး ရှိနေလို့ သူတို့ထက်ပိုပြီး ထက်ထက် မြက်မြက် လုပ်ကိုင်နိုင်မယ့် လွန်ခဲ့တဲ့ အရေးတော်ပုံတွေရဲ့ အစဉ်အလာတွေ၊ ကောင်းမွန်ချက်တွေနဲ့ သင်ခန်း စာတွေကို ဆက်ခံထားတဲ့ မျိုးဆက်သစ်ကို ဆိုလိုတာ ဖြစ်ပါတယ်။ သမိုင်းပေး တာဝန်လို့ ပြောလေ့ရှိကြတဲ့ အရာဟာ ရှေ့က သွားနှင့် သူတွေနဲ့ ပြည်သူလူထု တရပ်လုံးက ပေးတဲ့တာဝန်ကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူတွေ လိုလားတဲ့ မျိုးဆက်သစ် ဆိုတာက ရှစ်လေးလုံး အရေးတော်ပုံနဲ့ ချက်ကြိုး ပြတ်ပါတယ်လို့ အသားယူ ပြောနေတဲ့၊ (၇) ရက် ဇူလိုင် အရေးတော်ပုံနဲ့ ၁၉၇၄ အလုပ်သမား အရေးတော်ပုံ၊ ဦးသန့် ဈာပနတိုက်ပွဲ၊ ဆရာကြီး မှိုင်းရာပြည့် လှုပ်ရှားမှုတွေဟာ တောထဲက သွေးထိုး လှုံ့ဆော်လို့ ဖြစ်ပေါ်တာလို့ သခင်အားရ ကျွန်ပါးဝ ပြောနေတဲ့ “မျိုးဆက်သစ်” မျိုးကို ဆိုလိုတာ မဟုတ်ပါဘူး။ အဲဒီဟာတွေက ခေတ်အဆက်ဆက် လက်နက်ချတွေရဲ့ ဆိုးမွေနဲ့ အစဉ်အလာကို ဆက်ခံထားကြတဲ့ အလိုတော်ရိ မျိုးဆက်သစ်တွေသာ ဖြစ်ပါတယ်။

ဒီသမိုင်းအကွေ့မှာ လူငယ်တွေကို ဘယ်လိုမျိုးဆက်သစ်လဲလို့ စမ်းသပ်မယ့် အဓိက မှတ်ကျောက်ကတော့ နအဖရဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အပေါ် ဘယ်လို သဘောထားသလဲ ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။ အဲဒီ တနိုင်ငံလုံး မျိုးဆက်ပေါင်းများစွာ စစ်ကျွန် ဖြစ်စေမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို တိုက်ဖျက်မလား၊ ဒါကြီးကိုမှီပြီး ကိုယ့်တကိုယ် ကောင်းစားမယ့်လမ်းကို ရှာမလား ဆိုတာဟာ နိုင်ငံရေး အင်အားစုတွေ အားလုံးအတွက် ဓာတုဗေဒ စမ်းသပ်ခန်းထဲက လစ်တ်မတ်စ်ပေပါ ပါပဲ။ ဗိုလ်သန်းရွှေတို့ နအဖ စစ်အုပ်စုရဲ့ အရေးတော်ပုံကို ဆက်ခံမယ့် မျိုးဆက်သစ်လား၊ အာဇာနည် သူရဲကောင်း အထောင် အသောင်းရဲ့ အရေးတော်ပုံကို ဆက်ခံမယ့် မျိုးဆက်သစ်လား ဆိုတာ ကိုယ့်အခန်းကိုယ် ရွေးချယ် ဆုံးဖြတ်ရမှာပါ။

ပြန်ကြည့်လိုက်ရင် မြန်မာပြည်ရဲ့သမိုင်းမှာ ဖွဲ့စည်းပုံတွေဟာ ဖြိုဖျက်လို့ ပြိုပျက်ရတာတွေ ချည်းပါပဲ။ ၁၉၄၇ ခုနှစ် အခြေခံ ဥပဒေဟာ ဗိုလ်နေ၀င်းတို့ ခြေနဲ့ဖျက်လို့ ပျက်သွားတာဖြစ်ပြီး မဆလ စစ်အစိုးရရဲ့ ၁၉၇၄ ခုနှစ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေကတော့ ရှစ်လေးလုံး အရေးတော်ပုံကြီးနဲ့ မျိုးဆက်သစ်တွေက တိုက်ဖျက်လိုက်လို့ ပျက်သုဉ်းသွားတာ ဖြစ်ပါတယ်။ ၁၉၃၅ ခုနှစ်မှာ အင်္ဂလိပ် ကိုလိုနီ အစိုးရက ချမှတ်ခဲ့တဲ့ မြန်မာပြည်ရဲ့ ပထမဆုံး ဖွဲ့စည်းပုံ အခြေခံ ဥပဒေလို့ ဆိုရမယ့် ဥပဒေဟာလည်း (ကမ္ဘာစစ်ကြီးကို ကျော်ပြီးနောက်) ၁၉၄၆ ခုနှစ်မှာ ပျက်သွားခဲ့ပါတယ်။ အဲဒီလို ပျက်စေခဲ့တာမှာ အဲဒီတုန်းက မျိုးဆက်သစ် နိုင်ငံရေး သမားတွေလို့ ပြောရမယ့် သခင်အောင်ဆန်း၊ သခင်သန်းထွန်း စသူတွေ ဦးဆောင် တိုက်ပွဲဝင်ခဲ့လို့ ဖြစ်ပါတယ်။ အခုနအဖရဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်သိမ်းဖို့တာဝန်ဟာ မျိုးဆက်သစ်တွေရဲ့ ခေါင်းပေါ်ကို ရောက်လာပါပြီ။

မြန်မာပြည်လိုနိုင်ငံမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုတာဟာ မဖျက်ရင် မပျက်ပါဘူးဆိုတာ ရှင်းနေပါတယ်။ နအဖက လှံစွပ်နဲ့ ရေးထားတဲ့ ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေကို ပြည်သူတွေဟာ ညီညွတ်မှု အင်အားနဲ့ တိုက်ဖျက်ရပါလိမ့်မယ်။ ဒီတာဝန်ဟာ ပြည်သူ တရပ်လုံးမှာ သာမက အထူးသဖြင့် မျိုးဆက်သစ်တွေရဲ့ ပခုံးပေါ်မှာ အထင်အရှား ကျရောက်နေပါတယ်။

Ref: ခေတ်ပြိုင်

Read More...

စာပေစိစစ်ရေး စာစစ်အဖွဲ့ပြင်သည်ကို ဂျာနယ်လောက စိုးရိမ်

ဖနိဒါ
အင်္ဂါနေ့၊ ဇွန်လ ၂၉ ရက် ၂၀၁၀

ချင်းမိုင် (မဇ္ဈိမ)။ ။ သတင်းများ စိစစ်တည်းဖြတ်ရန် စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနက သူ၏ စာစစ် အဖွဲ့များကို ပြင်ဆင် ဖွဲ့စည်းလိုက် သဖြင့် အခက်အခဲများ ပိုရှိလာနိုင်သည်ဟုဆိုကာ ပြည်တွင်း ဂျာနယ်လောကတွင် စိုးရိမ်နေကြောင်း သိရသည်။

ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ ပြန်ကြားရေးဝန်ကြီးဌာနအောက် စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနက သတင်းများကို ယခင်က ၃ ဦးပါ အဖွဲ့ ၅ ဖွဲ့ဖြင့် စိစစ်ခဲ့ရာမှ ယခင် သီတင်းပတ်မှ စ၍ ၁၂ ဦးပါ အဖွဲ့တခုတည်းသာ ထားလိုက်သဖြင့် ဂျာနယ်များ အချိန်မီ မထုတ်နိုင်မည်ကို စိုးရိမ်နေကြခြင်း ဖြစ်သည်။

“ကျနော်တို့ စိုးရိမ်နေတာက ဂျာနယ်အစောင် ၂ဝ ကျော်လောက်ကို သူတို့ပဲ စစ်မယ်ဆိုတော့ အချိန်မီ စစ်နိုင်ပါ့မလား။ စိစစ်ပြီးတော့ ချပေးရမယ့် အချိန်မှာ ပြန်ချ ပေးနိုင်ပါ့မလား၊ ပိုနောက်ကျမလား၊ ပိုရှုပ်လာမလား ဆိုပြီးတော့ စိုးရိမ်နေကြတယ်” ဟု ရန်ကုန်ရှိ အပတ်စဉ်ထုတ် ဂျာနယ် အယ်ဒီတာ တဦးက မဇ္ဈိမကို ပြောသည်။

စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာန၏ လက်ရှိ ညွှန်ကြားရေးမှူးမှာ ဗိုလ်မှူးတင့်ဆွေဖြစ်ပြီး တွဲဘက် ဒုညွှန်မှူးအဖြစ် ပြီးခဲ့သည့် လကုန်ပိုင်းမှ စတင်၍ ရေတပ်မှ ပြောင်းရွှေ့လာသည့် ဒုတိယဗိုလ်မှူးကြီး မျိုးမြင့်မောင် တာဝန် ယူနေသည်။

ဗိုလ်မှူးတင့်ဆွေသည် ဒုညွှန်ကြားရေးမှူးချုပ်အဖြစ် ရာထူးတိုးကာ ပြန်ကြားရေး ဝန်ကြီးဌာနအောက်ရှိ အခြားသော ဌာနသို့ မကြာမီ ပြောင်းရွှေ့ရမည် ဖြစ်ပြီး သူ၏ နေရာသို့ ရေတပ်မှ ဒုတိယဗိုလ်မှူးကြီး မျိုးမြင့်မောင်ကို ခန့်အပ်မည် ဖြစ်သည်။

လတ်တလောတွင် ဒုတိယဗိုလ်မှူးကြီး မျိုးမြင့်မောင်က သတင်းများကို ဦးစီးစိစစ်နေပြီး နိုင်ငံရေး သတင်းများ ဖော်ပြမှုကို ပိုမို တင်းကျပ်လာသည့် အပြင် စာမူနောက်ဆက်တွဲ (သို့) အရေးကြီး သတင်းများကို တင်ပြရာတွင် ဗိုလ်မှူးတင့်ဆွေ ဦးစီးစဉ်က တည နောက်ကျ တင်လျှင် ရသော်လည်း ယခုမူ သတ်မှတ်အချိန် ညနေ ၃ နာရီ အချိန်မီ ပို့ရကြောင်း အခြား ဂျာနယ် အယ်ဒီတာ တဦးက ပြောသည်။

သူက “ပြောင်းလိုက်တော့ မီဒီယာဘက်က အချိန်မီ စောပြီးတော့ လုပ်ပေးရတဲ့အတွက် အချိန်ယူနေရတယ်။ အရင်တုန်းက စာပေ စိစစ်က သူတို့အလုပ်ရဲ့ ဘောင်ကနေ ကျော်ပြီးတော့ နားလည်မှုနဲ့ ပြလို့ရတယ်။ အခု လောလောဆယ် မရတော့ဘူး။ ညနေ ၃ နာရီ မတိုင်မီ ပြရတော့မယ်။ သူတို့တဖွဲ့လုံး ရှိတဲ့အချိန်မှာ ပြရမယ်။ ၃ နာရီမှာ workshop (စိစစ်ရေးဆိုင်ရာ ဆွေးနွေးပွဲ) ရှိတဲ့အချိန် ပြရမယ်။ ညပိုင်းဖြစ်လာတဲ့ သတင်းတွေဆို ပြလို့မရတော့ဘူး။ အဲဒီလို အခက်အခဲတွေ ဖြစ်လာမယ်” ဟု မဇ္ဈိမကို ပြောသည်။

စာပေစိစစ်ရေးဌာနတွင် ဖွဲ့စည်းပုံအရ ညွှန်ကြားရေးမှူးတဦး၊ တွဲဘက် ညွှန်ကြားရေးမှူး ၂ ဦး၊ လက်ထောက်ညွှန်မှူး ၂ ဦး၊ ဦးစီးအရာရှိ ၄ ဦး ရှိကာ စာစစ်အဖွဲ့ကိုမူ ယခင်က ၃ ဦးပါ အဖွဲ့ ၅ ဖွဲ့ဖြင့် ဖွဲ့ခဲ့သည်။ ယခုမူ ၁၂ ဦးပါအဖွဲ့ တဖွဲ့ဖြင့် ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။

ဂျာနယ်များမှ တင်ပြလာသည့် စာမူကြမ်းများကို စာစစ်အဖွဲ့များက ဖတ်ရှုစိစစ်ပြီးနောက် ညွှန်ကြားရေးမှူးသို့ အဆင့်ဆင့် တင်ပြပြီး ခွင့်ပြုချက် ရမှာသာလျှင် ထုတ်ဝေခွင့် ချပေးသည်။

ထို့ပြင် သတင်းမူကြမ်းများကို ၃ ရက် ကြိုတင်ပြရပြီး စာပေစိစစ်ရေး၌ ၂ ရက်၊ ပုံနှိပ်စက်တွင် ၂ ရက်ကြာပြီး စုစုပေါင်း တပတ် အကြာတွင်မှ ဂျာနယ်ထုတ်ဝေ ဖြန့်ချိနိုင်သည်။

ဗိုလ်မှူးတင့်ဆွေ တာဝန်ယူနေစဉ်က သတင်းဂျာနယ်များ စိစစ်ရာတွင် ဂျာနယ် တစောင်နှင့် တစောင် စိစစ်သည့် စာစစ်မှူး ကွာခြားပြီး သတင်း ဖော်ပြခွင့်များ ခြားနားသဖြင့် ယခင် လဆန်းပိုင်းမှ စတင်၍ တွဲဘက် ညွှန်ကြားရေးမှူး တာဝန် ယူနေသော ဒုတိယ ဗိုလ်မှူးကြီး မျိုးမြင့်မောင်က သတင်းများအားလုံးကို စိစစ်နေပြီး နိုင်ငံရေး သတင်းများကို ပိုတင်းကျပ် လိုက်သည်ဟု သိရသည်။

“နိုင်ငံရေးဆိုင်ရာ သတင်းဆောင်းပါး၊ ပညာပေးမှုတွေ၊ သုံးသပ်ချက်တွေ တင်းကျပ်တယ်။ ပါတီ လှုပ်ရှားမှုသတင်း၊ စပြီး စည်းရုံးရေး ဆင်းတဲ့ သတင်းမျိုးတွေ မပေးဘူး။ နိုင်ငံရေးသတင်း တင်ပြချင်ရင် ပထမဆုံးတင်တဲ့ မူကြမ်းထဲမှာ ပါအောင်ထည့်၊ နောက်ဆက်တွဲမှာ ထပ်ကျတဲ့အထဲ မတင်ရတော့ဘူး” ဟု အခြား ဂျာနယ်အယ်ဒီတာ တဦးကလည်း ပြောသည်။

စာပေစိစစ်ရေးဌာနသို့ နှစ်ပိုင်းခွဲတင်ပြရပြီး ပထမဆုံး သတင်းဂျာနယ် မူကြမ်းပြီးနောက် ဒုတိယမူကြမ်းအဖြစ် A4 စာရွက် ၃ မျက်နှာ ထပ်မံ တင်ပြခွင့် ရရှိခဲ့ရာမှ ယခု နောက်ပိုင်း A4 စာရွက် ၂ ရွက်ကိုသာ တင်ခွင့်ရှိသည်။

အဆိုပါ ၂ မျက်နှာတွင်လည်း နိုင်ငံရေးနှင့်ပတ်သက်သည့် သတင်းများကို ပါဝင်ခြင်း မရှိရကြောင်း ယမန်နေ့က ၎င်းကို ဒုတိယ ဗိုလ်မှူးကြီးမျိုးမြင့်မောင်က ပြောဆိုခဲ့သည်ဟု အယ်ဒီတာတဦးက ပြောဆိုလိုက်သည်။

Ref: မဇ္ဈိမ

Read More...

မိုင်းလားတပ်ဖွဲ့ နယ်မြေ၌ အမည်မသိလူတစု နအဖ ပြည်ထောင်စုအလံ ဖြုတ်ချ ဖျက်ဆီး

Tuesday, 29 June 2010

ပြီးခဲ့သည့်အပတ်က မိုင်းလားတပ်ဖွဲ့ ထိန်းချုပ်နယ်မြေ အတွင်း အမည်မသိ လူတစု နအဖ ပြည်ထောင်စု အလံကို ဖြုတ်ချပြီး အပိုင်းပိုင်း ဖြတ်ကာ လူမြင်သာသည့် ကားလမ်းမ ဓါတ်တိုင်တွင် ချည်ထားကြောင်း စုံစမ်း သိရှိရပါသည်။

“ကျိုင်းတုံအခြေစိုက် တြိဂံစစ်တိုင်းရုံး ဂျီဝမ်းအသစ်နဲ့အဖွဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် မိုင်းဟိုင်းမြို့မှာ နှစ်နိုင်ငံမြို့နယ် အဆင့် နယ်စပ်ကိစ္စ ဆွေးနွေးပွဲ မသွားခင်မှာဘဲဖြစ်တာ၊ ဘယ်သူ့ လက်ချက်မှန်း မသိဘူး၊ နအဖ ရဲ့ ဌာန ဆိုင်ရာရုံး ၄ ခုက အလံ ၄ ခုစလုံး ညအချိန် ဖြုတ်ချပြီး အပိုင်းပိုင်းဖြတ်တယ်၊ တချို့အစအနတွေ လမ်းပေါ်ကြဲပစ် ထားတယ်။ တချို့အပိုင်း ဟာကို ဓါးနဲ့ချိုဒ်ပြီး ဓါတ်တိုင်မှာ သွားချည်ထားတယ်” - ဟု ကျိုင်းတုံမြို့ခံတဦးက ပြောပြပါသည်။

မိုင်းလားတပ်ဖွဲ့ တပ်မဟာ ၈၉၆ နှင့် တပ်မဟာ ၃၆၉ တို့ ပူးပေါင်း ထိန်းချုပ်သည့် ဆီလူးမြို့ရှိ နအဖ၏ ကျန်းမာ ရေးဌာန၊ ပညာရေးဌာန၊ စိုက်ပျိုးရေးဌာန နှင့် တိရစ္ဆာန်ဌာနရုံးများ၏ အလံများ ဂျွန် ၂၁ ရက် ညဥ့်နက် ပိုင်းက ဖြုတ်ချ ဖျက်ဆီးခံရ ခြင်းဖြစ်သည်။

“ဗမာစစ်တပ်ကဘဲ မိုင်းလားတပ်ဖွဲ့ကို အကြောင်းမရှိ အကြောင်းရှာ၊ ရန် ရှာချင်လို့ လံကြုပ်ဖန်တီး တာဖြစ်နိုင် သလို အသွင်ပြောင်းဖို့ ဖိအားပေး ခံနေတာကို အမြင်ကပ်လို့ ဒေသခံ တပ်မှူးတပ်သားတွေ လုပ်တာလဲ ဖြစ်နိုင်တယ်”- ဟု တရုတ် နယ်စပ် အကဲခတ်သူ တဦးက ပြောပါသည်။

အဆိုပါကိစ္စကို မိုင်းလားတပ်ဖွဲ့ သိလျှင်သိခြင်း အခင်းဖြစ်သည့် နေရာသို့ မိုင်းလား ဗဟိုဌာနချုပ်မှ အာဏာပိုင်များ သွားရောက် စစ်ဆေး ခဲ့ကြကြောင်း၊ မဆလ/န၀တ အလံ ဖျက်ဆီးသည့် တရားခံကိုလည်း အမြန်ဆုံး ဖမ်းမိရန် စုံစမ်းမေးမြန်း နေကြောင်း- မိုင်းလား တပ်ဖွဲ့ အရာရှိတဦး ကပြောပြပါသည်။

ဂျွန် ၂၄ ရက် တရုတ်ပြည် ယူနန်နယ် ဆစ်ဆောင်ပန်းနား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၏ မိုင်းဟိုင်းမြို့ နှစ်နိုင်ငံ (မြို့နယ်အဆင့်) တရုတ် - မြန်မာ နယ်စပ်အရေး ဆွေးနွေးပွဲမှ အပြန် မိုင်းလားမြို့ ညအိပ် ရပ်နားစဉ် တြိဂံစစ်တိုင်းရုံး ဂျီဝမ်းသစ် ဒု-ဗိုလ်မှူးကြီး တင့်ဆွေနှင့် အဖွဲ့ မိုင်းလား အာဏာပိုင်များနှင့် တွေ့ဆုံရာ၌လည်း နယ်ခြားစောင့် တပ်အရေးထက် အလံဖျက်ဆီး ခံရသည့် ကိစ္စကို ဦးစားပေး ပြောသွားကြောင်း နီးစပ်သည့် အသိုင်းအ၀ိုင်းက ပြောပါသည်။

တြိဂံတိုင်း ဂျီဝမ်းသစ်နှင့်အဖွဲ့အား မိုင်းလားတပ်ဖွဲ့ ဒုဥက္ကဌ ဆန်းပေ နှင့် စ၀်ဆန်လူတို့ လက်ခံတွေ့ဆုံစဉ် တင်ပြစရာ တောင်းဆိုစရာများ ရှိလျှင် ပြောနိုင်ကြောင်း၊ အထက်သို့ တင်ပြပေးမည် ဖြစ်ကြောင်း ဒု-ဗိုလ်မှူးကြီး တင့်ဆွေမှ ကမ်းလှမ်း သော်လည်း ဘာမျှ ဆွေးနွေးစရာ မရှိကြောင်း ၂၅/၆/၂၀၁၀ နေ့ ပြောဆိုကြပြီး ယခင် ကကဲ့သို့ ထမင်းဝိုင်းထိုင် အတူ စားသောက်ခြင်းပင် မရှိဟု ကြားသိရ၏။ ယခုတွေ့ဆုံမှုသည် ဧပြီ ၂၈ ရက်နေ့ နအဖ နောက်ဆုံးသတ်မှတ်ရက် နောက်ပိုင်း ပထမဆုံး အကြိမ် တွေ့ဆုံကြခြင်း ဖြစ်သည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

ရခိုင်ပြည်နယ်အတွင်း ဆင်ဖြူ ဖမ်းမိပြန်

ဘစောတင်
Tuesday, June 29, 2010

ရခိုင်ပြည်နယ် မောင်းတော မြို့ နယ်အတွင်းမှ ဆင်ဖြူအမ တကောင်ကို သစ်တာရေးရာ ၀န်ကြီးဌာနက ဇွန်လ ၂၆ ရက်နေ့ က ဖမ်းဆီးရမိ ခဲ့ကြောင်း အစိုးရ သတင်းစာများတွင် ဖော်ပြ ပါရှိသည်။

မြန်မာ့အလင်း သတင်းစာ၌ မောင်းတောမြို့ နယ်အတွင်း တောဆင် ငါးကောင်အုပ်ထဲမှ ဆင်ဖြူ အမ တကောင်ကို ဒေသခံတို့၏ သတင်းပေးပို့ချက်ဖြင့် သစ်တောရေးရာ ၀န်ကြီးဌာန သစ်တောဦးစီး ဌာနနှင့် မြန်မာ့သစ်လုပ်ငန်းမှ ဆင်ဖမ်းအဖွဲ့ များက ရှာဖွေ ဖမ်းဆီးခဲ့ရာ ဇွန်လ ၂၆ ရက် ညနေ ၄ နာရီ ၂၅ မိနစ်ခန့်တွင် ဖမ်းဆီး ရမိခဲ့ကြောင်း၊ ယင်း ဆင်မှာ အသက် ၃၈ နှစ်ခန့် ဖြစ်ပြီး အရပ် ၇ပေ ၄ လက်မခန့်ရှိကာ လုံးပတ် ၁၀ ပေ ၁၁ လက်မ ရှိကြောင်း ရေးသားထားသည်။

ဖမ်းဆီးရမိသော ဆင်ဖြူမကို မောင်းတော မြို့ နယ် ဖားဝပ် ချောင်းရွာ ဘုန်းတော်ကြီး ကျောင်းဝင်း အတွင်း၌ ထားရှိပြီး အနောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ် သောင်းအေး ကိုယ်တိုင် လာရောက် ကြည့်ရှု ခဲ့သည်ဟု သိရသည်။

“ဖမ်းမိထားတဲ့ ဆင်ဖြူကို ကျမတို့ မြို့နယ်က ဖားဝပ်ချောင်းရွာ ဘုန်းကြီးကျောင်းမှာ ယာယီထားပါတယ်။ တိုင်းမှူး ကိုယ်တိုင် လာကြည့်တယ်။ မနေ့ကမှ တိုင်းမှူး ပြန်သွားတယ်။ ဆင်မကို ဖမ်းမိပေမယ့် သူ့သားကလေးတော့ ကျန်သေးတယ် ကြားတယ်။ အခု မိလာတာက အမေတဲ့” ဟု မောင်းတောမြို့နယ်ရှိ NGO တခုမှ မန်နေဂျာ တဦးက ဧရာဝတီ သို့ ပြောသည်။

ထိုဆင်သားလေးမှာ အဖြူမဟုတ်ဘဲ အမည်းဖြစ်သည်ဟု ဒေသခံများက ဆိုကြသည်။ အဆိုပါ ဆင်ဖြူမကို ဖမ်းဆီးရန် အတွက် အချိန် ခြောက်လခန့် ကြာခဲ့ကြောင်း သိရသည်။ စစ်အာဏာပိုင်များက ရခိုင်ရိုးမ တောင်တန်း တလျှောက်တွင် ဆင်ဖြူတော် ရှာဖွေရေး စီမံကိန်း လုပ်နေခဲ့ကြခြင်း ဖြစ်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။

ဘူးသီးတောင်မြို့ မှ အထက်တန်းပြဆရာမ တဦးကလည်း “ဆင်ဖြူတော် ရှာဖွေရေး စီမံကိန်းဆိုပြီး လွန်ခဲ့တဲ့ ၆ လ လောက် ကတည်းက ဂွ ၊ ငသိုင်းချောင်း ကနေ ဒီဘင်္ဂလားဒေ့ရှ် နယ်စပ် ဘူးသီးတောင် မောင်းတော အထိ ဆင်လိုက်နေ ခဲ့ကြတာ၊ အဲဒီအထဲမှာ စစ်တပ်ရယ်၊ သစ်တောရယ်၊ ရဲရယ်၊ နစက ရယ် ပေါင်းပြီးလိုက်ကြတာ၊ ရိုးမ တကြောလုံးပဲ” ဟု ပြောသည်။

ဖမ်းဆီးရမိသည့် ဆင်ဖြူမအား သစ်တောနှင့် ရဲ က အနီးကပ် စောင့်ရှောက် နေကြပြီး နစက နှင့် လုံထိန်းများက လုံခြုံရေး ယူထားသည် ဟုလည်း ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်မှ ယခုဆင်ဖြူ အပါအ၀င် စုစုပေါင်း ဆင်ဖြူ ၄ ကောင် ဖမ်းဆီးမိပြီး ဖြစ်သည်။

ယခင် ထောက်လှမ်းရေး အကြီးအကဲ ၀န်ကြီးချုပ်ဟောင်း ဗိုလ်လ်ချုပ်ကြီး ခင်ညွန့် လက်ထက်တွင် ဆင်ဖြူ ၃ ကောင် ဖမ်းဆီး ရမိခဲ့ပြီး ယင်းဆင်များကို ရန်ကုန်မြို့ မင်းဓမ္မ ကုန်းသို့ သယ်ဆောင်၍ ဥယျာဉ်များ တည်ဆောက်ကာ ထားပေးခဲ့သည်။

ရှေးဦးစွာ ဆင်ဖြူအထီး တကောင်ကို ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် စေတီပြင်ကျေးရွာအနီးမှ ၂၀၀၀ ပြည့်နှစ် ဇန်န၀ါရီလ ၂၀ ရက်နေ့တွင် လည်းကောင်း၊ ဆင်မကြီး တကောင်ကို မောင်းတောမြို့နယ်အတွင်းမှ ၂၀၀၂ ခုနှစ် ဧပြီလ ၅ ရက် နေ့တွင်လည်းကောင်း၊ ဆင်မ အငယ် တကောင်ကို မောင်းတောမြို့နယ် ကိုင်းကြီးကျေးရွာဟောင်း အနီး၌ ၂၀၀၂ ခုနှစ် ဒီဇင်ဘာလတွင် လည်းကောင်း ဖမ်းဆီး ခဲ့ခြင်းဖြစ်သည်။

ယခုအခါ ဗိုလ်ချုပ်ကြီး ခင်ညွန့် လက်ထက် က ဖမ်းဆီးခဲ့သည့် ဆင်ဖြူ ၃ ကောင်ကို လက်ရှိ အာဏာပိုင်များက လျစ်လျူရှု ထားကြောင်းနှင့် အများပြည်သူကလည်း လာရောက်ကြည့်မှု နည်းပါးလာကြောင်း သစ်တော ၀န်ကြီးဌာန ဆင်ဖြူတော် ထိန်းသိမ်းရေး အဖွဲ့နှင့် နီးစပ်သူများက ပြောဆိုသည်။

ရှေးမြန်မာဘုရင်များ လက်ထက်ကတည်းက ဆင်ဖြူတွေ့ရှိပါက ဆင်ဖြူရှင်ဘွဲ့ခံယူခြင်း၊ မင်းကောင်းမင်းမြတ် အဖြစ် ဂုဏ်ယူ ဝံ့ကြွားခြင်းများ ရှိခဲ့ကာ ဆင်ဖြူပေါ်လျှင် ၎င်းတို့အတွက် အတိတ် နိမိတ်ကောင်း အဖြစ် ယုံကြည်မှုများ ရှိသကဲ့ သို့ လက်ရှိ စစ်အစိုးရ အကြီးအကဲ များတွင်လည်း ထိုသို့သော ယုံကြည်ယူဆမှုမျိုး ရှိနေကြောင်း လေ့လာသူများက ပြောဆိုနေကြသည်။

ဆင်ဖြူတော်သည် ကျက်သရေမင်္ဂလာနှင့် ပြည့်စုံသည်ဟုလည်း ယုံကြည်ကြသည်။ ထို့ကြောင့် ဆင်ဖြူရှင် မင်းကြားကြီး၊ တစီးရှင်၊ ငါးစီးရှင်၊ ဆင်ဖြူမရှင် မိဘုရားကြီး စသည်ဖြင့် ရှေးဘုရင်များ ခေတ်က ဘွဲ့ ခံခဲ့ကြသည်။ ယင်းယုံကြည်မှု များကြောင့် နအဖ စစ် ခေါင်းဆောင် များသည်လည်း ဆင်ဖြူတော် ရှာဖွေခြင်းကို စီမံကိန်းဖြင့် ရှာဖွေနေခြင်း ဖြစ်ကြောင်းလည်း လေ့လာသူများ က ဆိုသည်။

ပြီးခဲ့သည့် ဇွန်လလယ်က ရခိုင်ပြည်နယ်အတွင်း ဘူးသီးတောင် မောင်းတော စသည့် မြို့နယ်များတွင် မိုးကြီးသဖြင့် မြေပြို ကာ မြို့ရွာများ ရေမြုပ်ပြီး ဒေသခံ ပြည်သူအများ သေကျေ ပျက်စီးနေသည့် အချိန်အတွင်း၌ပင် အာဏာပိုင်များ က ယင်း ဆင်ဖြူတော် ရှာဖွေရေးကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း မောင်းတောမြို့ခံ တဦးက ပြောသည်။

“ကျနော်တို့ဆီမှာဗျာ ရေကြီးလို့ မြေပြိုလို့ လူတွေသေ၊ ရွာတွေပျက်၊ အဲသလောက် ဒုက္ခရောက်နေတဲ့ အချိန်မှာ ဒီ ဆင်ဖမ်းတဲ့ ကိစ္စကို ရေးကြီး ခွင်ကျယ် လာလုပ်နေတယ်၊ လုံထိန်း တပ်ရင်း ၂ ရင်း၊ စစ်တပ်ကိုလည်း ခေါ်ပြီး သုံးသေးတယ်၊ အခုနေ အခါ စစ်သားတွေလည်း သူတို့ တန်လျားတွေ ရေမြုပ်လို့ သူတို့နေရာကိုတောင် သူတို့ မရှင်းနိုင်သေးဘူး၊ ဆင်ဖမ်းဖို့ လိုက်ရတာလေ” ဟု ၎င်းက ပြောဆိုသည်။

Ref: ဧရာဝတီ်

Read More...

မြန်မာ ပြည်သားများ တင်လာသည့် ကား ပစ်ခတ်ခံရ

သန်းထိုက်ဦး
Tuesday, June 29, 2010

ထိုင်းနိုင်ငံ အလယ်ပိုင်း၊ ပရာကျွပ် ခီရီခန် ခရိုင် အတွင်း တရားမ၀င် မြန်မာ ပြည်သားများ တင်ဆောင် လာသည့် ကားကို အမည် မသိ သေနတ် သမားများ ပစ်ခတ်မှုကြောင့် ကားမောင်းသမား တဦးနှင့် အလုပ်သမား တဦး ဒဏ်ရာရရှိ သွားကြောင်း ထိုင်းသတင်းများ အရ သိရသည်။

အဆိုပါ ကားပေါ်တွင် မြန်မာပြည်သား(၁၈)ဦးခန့် လိုက်ပါလာခဲ့ပြီး ဘုရားသုံးဆူမြို့မှ စူဋ္ဌဌာနီမြို့သို့ အသွား လမ်းခုလပ် တနေရာ တွင် ယခုကဲ့သို့ ပစ်ခတ်ခံရခြင်း ဖြစ်ကြောင်း MCOT.NET ၀က်ဘ်ဆိုက်တွင် ထိုင်း ဘာသာဖြင့် ယနေ့ ဖော်ပြထားသည်။

ထိုပစ်ခတ်မှုကြောင့် မြန်မာ အလုပ်သမားတဦး ဘယ်ဘက်လက်တွင် သေနတ်ထိမှန်ကာ ဒဏ်ရာအနည်းအငယ် ရရှိသွားကြောင်း ၎င်း သတင်း၌ ဖော်ပြထားသည်။

အလုပ်သမားများ ပစ်ခတ်ခံရမှုနှင့် ပတ်သက်ပြီး ၎င်း ခရိုင်အတွင်းရှိ ပလာဘူလီ ရဲစခန်းသို့ ဧရာဝတီ သတင်းဌာနက ဆက်သွယ် ခဲ့ရာ တာဝန်ရှိသူ ရဲအရာရှိ တဦးက ဖြစ်ပွားပုံကို မသိရှိရသေးကြောင်း၊ စစ်ဆေး မေးမြန်းမှုတွေကို ဆောင်ရွက်နေကြောင်း ၎င်းက ဆိုသည်။

အလုပ်သမားများကို လက်ရှိ ထို ရဲစခန်းတွင် ထိန်းသိမ်းထားကာ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ ယာဉ်မောင်းကိုမူ တရားမ၀င် လူကုန်ကူးမှုဖြင့် ထိုင်း ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အဆိုပါ ရဲအရာရှိက ပြောသည်။

လွန်ခဲ့သည့် ဖေဖော်ဝါရီလအတွင်းကလည်း ထိုင်းနိုင်ငံ တောင်ပိုင်း၊ ရနောင်း ခရိုင်အတွင်း ယမန်နေ့က တရားမ၀င် မြန်မာပြည်သားများ တင်ဆောင်လာသည့် ကားကို ထိုင်း လုံခြုံရေး တပ်က ပစ်ခတ် ဖမ်းဆီးခဲ့သောကြောင့် ကလေးငယ် ၂ ဦး အပါ အ၀င် ၃ ဦး သေဆုံးသွားပြီး ၅ ဦး ဒဏ်ရာရရှိ ခဲ့သည်။

ထို သေဆုံးသူများသည် ရနောင်းမြို့အ၀င် စစ်ဆေးရေး ဂိတ်တခုသို့ အရောက်တွင် ထိုင်းလုံခြုံရေး တပ်များက စစ်ဆေးရန် တားဆီးသည်ကို မရပ်ပေးသဖြင့် ပစ်ခတ်ခံရခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံသို့ နည်းမျိုးစုံဖြင့် တရားမ၀င် လာရောက် လုပ်ကိုင်နေသော ရွှေ့ပြောင်း အလုပ်သမား အရေးနှင့် ပတ်သက်၍ “နှိမ်နင်းရေး၊ ဖမ်းဆီးရေးနှင့် တရားစွဲဆိုရေး အထူးဌာန” ဖွင့်လှစ်ရန် ညွှန်ကြားချက်ကို ထိုင်း ၀န်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝ က ပြီးခဲ့သည့် ဇွန်လ ၂ ရက်နေ့က လက်မှတ် ရေးထိုးထားသည်။

Ref: ဧရာဝတီ်

Read More...

ရွေးကောက်ပွဲနီးချိန် မြန်မာပြည်တွင်း သတင်းလွတ်လပ်ခွင့် ပိုတင်းကျပ်

ဒေါ်ခင်မျိုးသက်
အင်္ဂါ, 29 ဇွန် 2010

မြန်မာနိုင်ငံမှာ ဒီနှစ်ထဲ ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲ မတိုင်ခင် စာပေစိစစ်ရေးက တင်းကျပ်စွာ တားမြစ် ပိတ်ပင်မှုတွေကြောင့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပြည်တွင်း သတင်း မီဒီယာတွေဟာ အရှိကို အရှိအတိုင်း မဖော်ပြနိုင်တဲ့ အပြင် အခက်အခဲ အမျိုးမျိုး နဲ့လည်း ကြုံတွေ့ နေကြရပါတယ်။ ပြည်ပအခြေစိုက် မြန်မာသတင်း သမဂ္ဂကတော့ ဒီလိုထိန်းချုပ်မှုတွေကြောင့် ရွေးကောက်ပွဲ ၀င်မယ့် သူတွေရဲ့ သဘော သဘာဝကို လူထုက မသိရှိနိုင်တဲ့ အတွက် လွတ်လပ်ပြီး တရားမျှတတဲ့ ဒီမိုကရေစီ နည်းကျတဲ့ ရွေးကောက်ပွဲ ဖြစ်မလာနိုင်ဘူးလို့ သုံးသပ်နေပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့လ စာပေစိစစ်ရေး တာဝန်ခံ အပြောင်းအလဲ ရှိခဲ့တဲ့နောက်ပိုင်း ပြည်တွင်း သတင်း ဂျာနယ်တွေ အတွက် လုပ်ရ ကိုင်ရ ပိုပြီး ခက်ခဲလာတယ်လို့ ပြည်တွင်း စာပေလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။ ရုပ်မြင်သံကြား၊ ရေဒီယို၊ သတင်းစာတွေကို အစိုးရက တိုက်ရိုက်ကိုင်တွယ် ထိန်းချုပ် ထားသလို မဂ္ဂဇင်း၊ ဂျာနယ်နဲ့ ပုဂ္ဂလိကစာစောင် မှန်သမျှကို ထုတ်ဝေခွင့် ရဖို့အတွက် စာပေစိစစ်ရေးရဲ့ ခွင့်ပြုချက်ကို ယူရပါတယ်။

အခုတပတ် ထုတ်ဝေခွင့်ရခဲ့တဲ့ ဂျာနယ်တွေထဲက တချို့မှာ နိုင်ငံရေးသတင်းနဲ့ နိုင်ငံရေးသမား အကြောင်းတွေကို ဖော်ပြခွင့် မရခဲ့သလို မြန်မာ စစ်အစိုးရကို ထောက်ပြ ဝေဖန် ရေးသားခဲ့တဲ့ စာရေးဆရာကြီးတွေရဲ့ စာပေတွေ ဖော်ပြခွင့်ကိုပါ ထပ်မံ ပိတ်ပင်တာ မျိုးတွေ ရှိခဲ့ပါတယ်။ ဒီနှစ်ထဲ ကျင်းပဖို့ ပြင်နေတဲ့ ရွေးကောက်ပွဲကို တရားမျှတမှု ရှိအောင် ကျင်းပမယ်လို့ စစ်အစိုးရက ကြေညာထားတာမို့ ဒီရွေးကောက်ပွဲ မတိုင်ခင် မီဒီယာတွေအတွက် လွတ်လပ်ခွင့်တွေ ပိုပြီး ရလာတော့မယ်လို့ အများက မျှော်လင့် ထားပေမဲ့ အခုအခါမှာ ပိုပြီး တင်းကျပ်လာတာ တွေ့ရတယ်လို့ ပြည်ပအခြေစိုက် မြန်မာသတင်းသမဂ္ဂ တာဝန်ခံ ဦးမောင်မောင်မြင့်က ပြောပါတယ်။

“အရင်က ဒီရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သူတို့ နည်းနည်းလေး လျှော့ပေးထားတာတွေ ရှိတယ်။ ပြီးတော့ စာစောင်တချို့ တိုးပြီး ထုတ်ဝေခွင့်တွေ ချပေးတာမျိုးတွေ ရှိတယ်။ အဲဒီအခါ တချို့တွေကတော့ မျှော်လင့်တာပေါ့၊ ရွေးကောက်ပွဲ နီးလာပြီဆိုတော့ ရွေးကောက်ပွဲကို နိုင်ငံတကာက အသိအမှတ်ပြုအောင် ဆိုတဲ့ သဘောက စာပေလွတ်လပ်ခွင့်၊ သတင်းစာ လွတ်လပ်ခွင့် ရှိမှ ရမှာကိုး။ ဒါကို အစိုးရက မြင်ပြီးတော့ သတင်းစာ လွတ်လပ်ခွင့်များ ပိုပေးလာမလားလို့ မျှော်လင့်ချက်ထားတဲ့ လူတွေ ရှိပါတယ်။

“ဒါပေမဲ့ နောက်ပိုင်းကျတော့ အင်တာနက်နဲ့ ပတ်သက်ရင်လည်း တော်တော်လေး တင်းကျပ်လာတယ်။ ပြည်တွင်း စာစောင်တွေကိုလည်း တော်တော်လေး တင်းကျပ်လာတယ်။ ပြီးတော့ နိုင်ငံခြား သတင်းဌာနတွေနဲ့ အင်တာဗျူးလုပ်ရင် အင်တာဗျူးလုပ်တဲ့ လူတွေကို သတိပေးတာမျိုးတွေ၊ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ပုဂ္ဂိုလ်တွေ၊ အဲဒါမျိုးတွေလည်း ရှိလာတယ်။

“ဆိုတော့ ယေဘုယျအားဖြင့် ပြောမယ်ဆိုရင်တော့ အခြေအနေက တဖြည်းဖြည်းနဲ့ ဆုတ်ယုတ်လာတဲ့ သဘောမှာ ရှိတယ်။ အထူးသဖြင့် ဂျာနယ်တွေအနေနဲ့ ဒီမိုကရေစီနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ၊ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ၊ ဒါက ခြုံပြီး ပြောတာပေါ့၊ နိုင်ငံတကာ အကြောင်းအရာတွေ၊ ဒါတွေကို သူတို့ ခွင့်ပြုတယ်။ ပါတီတွေ ပေါ်လာပြီး နောက်ပိုင်း အင်တာဗျူးတဲ့ ကိစ္စတွေကို သူတို့ ခွင့်ပြုလာတာတွေ ရှိတယ်။ တချို့ဆိုရင် မျက်နှာဖုံးသတင်း အနေနဲ့တောင်မှ ထုတ်ခွင့်ရတဲ့အထိ ဖြစ်လာတာမျိုးတွေ ရှိတယ်။

“ဒါပေမဲ့ စာပေစိစစ်ရေး ခေါင်းဆောင်ပိုင်း အပြောင်းအလဲ ဖြစ်သွားပြီးနောက်ပိုင်း သိသိသာသာ လျော့သွားတယ်။ စောစောက မျက်နှာဖုံးသတင်း အနေနဲ့ ဖော်ပြလို့ရတဲ့ ဟာတွေကို ဖော်ပြလို့ မရတဲ့အပြင် စာပေစိစစ်ရေးက သိသိသာသာ ဖြတ်တောက်တာတွေ များလာတဲ့ အတွက်ကြောင့် တချို့ဂျာနယ်တွေဆိုရင် အစိုးရက ပိတ်ပါလို့ အမိန့်ချတာ မဟုတ်ဘဲနဲ့ ဖြတ်တောက်ခံရတာတွေ များလွန်းအားကြီးလို့ သူတို့ဘာသာ သူတို့ စာစောင်မထွက်နိုင်ဘဲ အဲဒီအပတ်ကို ဆုံးရှုံးခံလိုက်ရတာမျိုးတွေ ရှိလာတယ်။

“ဆိုတော့ ဒါတွေအားလုံးကို ခြုံကြည့်မယ် ဆိုရင်တော့ ရွေးကောက်ပွဲ နီးလာလေ စာပေစိစစ်ရေးက ပိုပြီး တင်းကျပ်လာလေ၊ သတင်းလွတ်လပ်ခွင့်က ပိုပြီး နည်းလာလေ ဆိုတာမျိုးကို ကျနော်တို့ တွေ့ပါတယ်။”

ဒီမိုကရေစီ နိုင်ငံတွေမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အရွေးကောက်ခံမယ့် ပုဂ္ဂိုလ်တွေရဲ့ နောက်ကြောင်း ရာဇ၀င်နဲ့ အကောင်းအဆိုး ဝေဖန်ချက်တွေ၊ နိုင်ငံရေးပါတီတွေရဲ့ အကြောင်းတွေကို မီဒီယာတွေက လွတ်လွတ်လပ်လပ် ရေးခွင့်ရှိတာမို့ လူထုက သူတို့ရွေးကောက်မယ့် ပါတီနဲ့ ပုဂ္ဂိုလ်တွေအကြောင်းကို ပိုပြီး သိနိုင်တဲ့ အခွင့်အလမ်းတွေ ရကြပေမဲ့ မြန်မာနိုင်ငံမှာတော့ ဒီလိုအခွင့်အရေးမျိုး ဆုံးရှုံးနေတယ်လို့လည်း ပြောပါတယ်။

“မြန်မာနိုင်ငံမှာ လောလောဆယ် ဖြစ်နေတဲ့ အနေအထားကို ကြည့်မယ်ဆိုရင်တော့ ရွေးကောက်ပွဲဝင်မယ့် ပုဂ္ဂိုလ်တွေ ဘယ်သူဘယ်ဝါ ဆိုတာကိုလည်းပဲ လူထုအနေနဲ့ ကောင်းကောင်းမွန်မွန် သိခွင့်မရဘူး။ ဘာကြောင့်လဲဆိုတော့ အင်တာဗျူးတွေကို အစိုးရက ပိတ်တယ်။ တချို့ ဘယ်ပုဂ္ဂိုလ်တွေနဲ့မှ အင်တာဗျူးလို့ရမယ်၊ ဘယ်ပုဂ္ဂိုလ်တွေကို အင်တာဗျူးလို့ မရဘူး ဆိုတာမျိုးကအစ စာပေစိစစ်ရေးက လိုက်ပြီး တင်းကျပ်တာမျိုးတွေ ရှိတယ်။

“ပြီးတော့ အင်တာဗျူးရင် ဒီအင်တာဗျူးရဲ့ အတိုင်းအတာ၊ အကန့်အသတ် ဘယ်လောက်အထိပဲ ထည့်ရမယ် ဆိုတာမျိုးတွေကို သူတို့ တင်းကျပ်တာမျိုးတွေ ရှိတယ်။ ဆိုတော့ ရွေးကောက်ပွဲဝင်မယ့် ပုဂ္ဂိုလ်တွေရဲ့ သဘောသဘာဝကိုလည်း လူထုက မသိနိုင်ဘူး၊ သူတို့ရဲ့ ပါတီ နောက်ကြောင်းရာဇ၀င်ကိုလည်း လူထုက မသိနိုင်ဘူး။ တဘက်ကလည်း လူထုအနေနဲ့ ဒီနိုင်ငံရေးသမားတွေ တချိန်ချိန်မှာ လွှတ်တော်ထဲရောက်ရင် သူတို့အတွက် ဘာပြောစေချင်သလဲ ဆိုတာကိုလည်း မီဒီယာတွေက ဖော်ပြခွင့် မရှိဘူးဆိုတဲ့ သဘောမျိုး သက်ရောက်နေတယ်၊ အခုအချိန်မှာ။

“ဆိုတော့ မီဒီယာဟာ သူတို့လုပ်ရမယ့် လုပ်ငန်းဆောင်တာကို လုပ်ခွင့်မရဘဲ အဆင်မသင့်ရင် ထောင်ကျတယ်၊ စာစောင်တွေ အပိတ်ခံရတယ်၊ စီးပွားရေးအရ ဆုံးရှုံးတယ်၊ လူမှုရေးအရ နစ်နာတယ်။ ၁၉၇၄ အခြေခံဥပဒေ ရေးမယ်ဆိုတုန်းက အဲဒီအခြေခံဥပဒေ အကြောင်းကို လူထုက ၂၀၀၈ ခုနှစ် အခြေခံဥပဒေ အကြောင်းထက် ပိုပြီးတော့ သိတယ်။

“ဘာကြောင့်လဲဆိုတော့ အဲဒီအချိန်တုန်းက ရှိခဲ့တဲ့ လုပ်သားပြည်သူ့နေ့စဉ် သတင်းစာတို့၊ ကြေးမုံတို့ ဒါတွေက အခြေခံဥပဒေ အကြောင်းကို ဂဃနဏ ရေးကြတယ်။ ဒီအခြေခံဥပဒေဟာ တပါတီ အခြေခံဥပဒေကို ခိုင်မာအောင်လုပ်တဲ့ သဘောမျိုး ဆိုတာကို လူတိုင်းက သိပေမဲ့ အနည်းဆုံးအားဖြင့်တော့ ဒီအခြေခံဥပဒေထဲမှာ ဘာတွေပါလဲ ဆိုတာကို လူထုက သေသေချာချာ သိတယ်။ ဒီနေ့ခေတ် ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို လူထုက ကောင်းကောင်းမွန်မွန် မသိဘူး။ မီဒီယာ ထိုးဖောက်နိုင်အား များပေမဲ့ အစိုးရက မီဒီယာကို တင်းကျပ်မှုကတော့ သိသိသာသာ ဒီနေ့ခေတ်မှာ ပိုများလာတယ်လို့ပဲ ကျနော်တို့ သုံးသပ်ပါတယ်။”

မြန်မာသတင်းသမဂ္ဂ တာဝန်ခံ ဦးမောင်မောင်မြင့် ပြောသွားတာ ဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ သတင်းလွတ်လပ်မှု မရှိဆုံး နိုင်ငံ ၁၇၂ နိုင်ငံထဲမှာ မြန်မာနိုင်ငံဟာ အဆင့် ၁၇၀ အဖြစ်နဲ့ သတင်းလွတ်လပ်ခွင့် စောင့်ကြည့်လေ့လာတဲ့ နယ်စည်းမခြား သတင်းထောက်များ အဖွဲ့က သတ်မှတ်ထားပါတယ်။

Ref: VOA News

Read More...

Tuesday, June 29, 2010

ဦးဆခုံတိန့်ယိန်းကို ပါတီထောင်ရန် ချဉ်းကပ်

လင်းနိုင်ဦး
၂၈ ဇွန် ၂၀၁၀

နယ်ခြားစောင့်တပ် ဖွဲ့စည်းခြင်းကို လက်ခံလိုက်သည့် ယခင် အန်ဒီအေ အဖွဲ့ခေါင်းဆောင် ဦးဆခုံတိန့်ယိန်းကို ကချင်ပါတီ တခု တည်ထောင်ရန် စစ်အစိုးရက ကမ်းလှမ်း နေကြောင်း မြစ်ကြီးနားမြို့မှ ကချင် တိုင်းရင်းသား ခေါင်းဆောင်တဦးက ပြောသည်။

၎င်းက “စစ်အစိုးရဘက်က ကမ်းလှမ်းတာတော့ သိတယ်။ ဒါပေမယ့် ဦးဆခုံတိန့်ယိန်းက လက်ခံ လက်မခံ မပြောနိုင်သေးဘူး” ဟု ပြောသည်။

ရွေးကောက်ပွဲဝင်ရန်အတွက် ပါတီများကို တည်ထောင်ခွင့်ပြုနေသော်လည်း ကချင်ပြည်နယ်မှ ကချင်ပါတီ (၂) ပါတီနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှ ကချင်ပါတီ (၁) ပါတီ စုစုပေါင်း (၃) ပါတီကို စစ်အစိုးရက ယနေ့ထက်တိုင် ပါတီ တည်ထောင်ခွင့် ချမပေးသေးပေ။

ယခုကဲ့သို့ ပါတီ တည်ထောင်ခွင့် မရသည့်အပေါ် ကချင်ပြည်နယ် တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာတူးဂျာက နေပြည်တော် ရွေးကောက်ပွဲ ကော်မရှင်ထံ စာရေးတင်ပြ တောင်းဆိုထားသော်လည်း တစုံတရာ အကြောင်းပြန်ကြားမှု မရရှိသေးကြောင်း သိရသည်။

ရွေးကောက်ပွဲဝင်သည့်ပါတီများကြောင်း ပြည်တွင်းပြည်ပမှ ထင်မြင်လာစေရန် စစ်အစိုးရက ၎င်းတို့သြဇာညောင်းသူများကို ပါတီများ ဖွဲ့နိုင်ရန် အစီစဉ်တကျ လုပ်ခဲ့ကြောင်း၊ ယင်းအထဲတွင် တိုင်းရင်းသား ပါတီများလည်း ပါဝင်ကြောင်း ရန်ကုန်မြို့မှ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူ တဦးက ပြောသည်။

၎င်းက “ခုလည်း ကချင်ပြည်သူတွေကို တကယ်စည်းရုံးနိုင်တဲ့ ကချင်ပါတီတွေကို ပါတီတည်ထောင်ခွင့် မပြုဘဲ သူတို့ သြဇာညောင်းတဲ့ ဦးဆခုံတိန့်ယိန်းကို ပါတီထောင်ဖို့ ချဉ်းကပ် နေတာဖြစ်တယ်။ အကယ်၍ အခြား ကချင်ပါတီတွေကို ပါတီ ထောင်ခွင့် မပေးဘဲ ဦးဆခုံတိန့်ယိန်း ကိုပဲ ပါတီတည်ထောင်ခွင့် ပြုလိုက်ရင် ပထမတချက် ကချင်အချင်းချင်း သွေးကွဲမယ်။ ဒုတိယတချက် ဦးဆခုံတိန့်ယိန်း အဖွဲ့ကိုလည်း ကချင်ပြည်သူတွေက မထောက်ခံတော့ တစညတို့၊ ကြံ့ဖွံ့တို့ကပဲ မဲတွေ ခွဲဝေ ယူသွားလိမ့်မယ်။ နောက်ဆုံး ကချင်ပြည်နယ်မှာ ပြည်သူတွေကို စည်းရုံးနိုင်တဲ့ နိုင်ငံရေးပါတီတခု ပေါ်ပေါက်လာမှာကိုလည်း တားဆီးပြီးသား ဖြစ်သွားလိမ့်မယ်။ အဲဒီလို ရည်ရွယ်ချက်နဲ့ လုပ်နေတာ” ဟု ရှင်းပြသည်။

စစ်အစိုးရ ပြုလုပ်မည့် ရွေးကောက်ပွဲတွင် အန်အယ်လ်ဒီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင် စသည့်သူများ အပါအဝင် မြန်မာနိုင်ငံရေး သမားများနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊ ရှမ်းပြည် တပ်မတော်(မြောက်ပိုင်း) ခေါင်းဆောင် ဗိုလ်ချုပ်ဆေထင်ကဲ့သို့ တိုင်းရင်းသား ခေါင်းဆောင်များလည်း ပါဝင်ခွင့် မရရှိပေ။

ဥပဒေနှင့်ညီညွတ်သည့် ကချင်ပါတီများကို ယခုကဲ့သို့ ပါတီတည်ထောင်ခွင့် မပေးခြင်း၊ ရွေးကောက်ပွဲ ကော်မရှင်က တရားမျှတမှု မရှိသည့် ဥပဒေ၊ နည်းဥပဒေ၊ စည်းကမ်းအမျိုးမျိုး ချမှတ်ခြင်း၊ စာနယ်ဇင်းများကို ပိုမို ဖိနှိပ် လာခြင်းတို့ကြောင့်လည်း အားလုံး ပါဝင်နိုင်သည့် ရွေးကောက်ပွဲ မဖြစ်နိုင်ကြောင်း ပြည်တွင်း၌ ဝေဖန်မှုများ ထွက်ပေါ်နေသည်။

ကချင်နိုင်ငံရေးပါတီများ စည်းရုံးခွင့် မရှိနိုင်သေးသည့် ကချင်ပြည်နယ်တွင် တစညပါတီနှင့် ကြံ့ဖွံ့ပါတီတို့က ရွေးကောက်ပွဲဝင်မည့် အမတ်လောင်း ရှာဖွေစည်းရုံးမှုများကို ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းကတည်းက လုပ်ကိုင် နေခဲ့ခြင်းဖြစ်သည်ဟု မြစ်ကြီးနားမြို့နေ ကချင် တိုင်းရင်းသား ခေါင်းဆောင်တဦးက ပြောသည်။

Ref: ခေတ်ပြိုင်

Read More...

တအိမ်လျှင် အစိုးရလက်ဝေခံ အသင်းဝင် တဦးနှုန်း ထည့်ခိုင်း

ဝီရ
၂၈ ဇွန် ၂၀၁၀

လာမည့်ရွေးကောက်ပွဲအတွက် နယ်မြို့များတွင် အိမ်ထောင်စုအလိုက် မဲပေးနိုင်သူများ ဦးရေစာရင်းတွင် စစ်အစိုးရ လက်အောက်ခံ အသင်းဝင်များ အဖြစ် တအိမ်လျှင် တယောက်နှုန်း ထည့်သွင်းရန် ညွှန်ကြားထားကြောင်း အဆိုပါ စာရင်း ကောက်ခံသူထံမှ စုံစမ်း သိရှိရသည်။

“တအိမ်မှာ ကြံ့ဖွံ့ဝင်ထားသူ ရှိလား၊ အခြားအသင်းအဖွဲ့တွေ၊ ဌာနဆိုင်ရာက လူတွေရှိလား ဆိုတာတွေလည်း မေးခိုင်းတယ်။ အဲဒီအသင်း အဖွဲ့တွေရဲ့ အသင်းဝင်တွေ တအိမ်တယောက် ပါရမယ်လို့ ညွှန်ကြားထားတယ်။ အစိုးရ လက်အောက်ခံ အသင်းဝင် တစ်ခုခု ဖြစ်ရင်ပြီးရောပေါ့” ဟု မွန်ပြည်နယ် ရေးမြို့နယ်အတွက် စာရင်းကောက်ခံပေးသူ ဝန်ထမ်းတဦးက ခေတ်ပြိုင်သို့ ပြောကြားသည်။

ယင်းကဲ့သို့ ကောက်ခံရာတွင် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကြံ့ခိုင်ရေးအသင်းဝင် အပြင် အစိုးရ လက်အောက်ခံ အသင်းအဖွဲ့များ ဖြစ်သော မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာ၊ ပြည်သူ့စစ်၊ စွမ်းအားရှင်၊ ကြက်ခြေနီ၊ မီးသတ်၊ အရန်မီးသတ်တပ်ဖွဲ့၊ ကျေးရွာနှင့် ရပ်ကွက်ကောင်စီ အဖွဲ့ဝင်တို့ကိုလည်း ထည့်၍ရကြောင်း အဆိုပါဝန်ထမ်းက ပြောသည်။

“အိမ်အများစုက ဒီအဖွဲ့ထဲ ဝင်ထားတာ မဟုတ်တော့ ကြံဖန်လုပ်ရတာပေါ့။ အနည်းဆုံးတော့ အရန်မီးသတ်တို့၊ ကြက်ခြေနီတို့၊ ကြံ့ဖွံ့တို့ရဲ့ အသင်းဝင်တွေလို့ ဒီအတိုင်း ထည့်ရတာပေါ့” ဟု ၎င်းက ဆိုသည်။

မွန်ပြည်နယ်တွင် မဲပေးနိုင်သူစာရင်းကို ဇွန်(၂၆) ရက်မှ စတင်ကောက်ယူလျက်ရှိပြီး နိုင်ငံခြား တိုင်းပြည်များသို့ ရောက်ရှိ နေသူများကို စာရင်းသွင်းရန် မလိုအပ်ကြောင်း သိရသည်။

“လက်ရှိ နေအိမ်မှာ မဲပေးနိုင်တဲ့စာရင်းပဲ ကောက်ခိုင်းတာ။ နိုင်ငံခြားရောက်နေတဲ့ သူတွေကို ဒီစာရင်းမှာ မထည့်ခိုင်းဘူး။ ရေးမြို့နယ်မှာ နိုင်ငံခြား ရောက်နေတဲ့ လူဦးရေက များတယ်လေ။ အခုကောက်တဲ့ စာရင်းက အခြားဌာန ဆိုင်ရာက ရှိပြီးသား စာရင်းတွေနဲ့ သိပ်မကွာ သွားအောင်တော့ ကြည့်လုပ်ရတာပေါ့။ ဥပမာ ကျန်းမာရေးမှာ ပေါက်တဲ့စာရင်းနဲ့ အုပ်ချုပ်ရေးက ရှိပြီးသား စာရင်းတွေနဲ့ ကိုက်အောင်တော့ လုပ်ရမယ်လေ၊ မကွာရဘူးပေါ့” ဟု အဆိုပါ စာရင်း ကောက်ခံသူ ၀န်ထမ်းက ပြောကြားသည်။

နိုင်ငံရပ်ခြား ရောက်ရှိနေသူများကို လိုအပ်ပါက ခရီးသွားနေသူ စာရင်းတွင်သာ ထည့်သွင်းစေပြီး ထိုသူများ အနေဖြင့် ပြန်လည် ရောက်ရှိလာပါက သက်ဆိုင်ရာ ရပ်ကွက်ရုံးများ၌ လာရောက် စာရင်းပေးနိုင်ကြောင်း မြို့နယ်/ကျေးရွာ အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီရုံးများတွင် ကြေညာ ထားသည်။

အချက်အလက်များအနေဖြင့် အမည်၊ မွေးသက္ကရာဇ်၊ ကျား/မ၊ အဘအမည်၊ အလုပ်အကိုင်၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်၊ လူမျိုး၊ ကိုးကွယ်သည့်ဘာသာ အစရှိသော ပုံစံစာရွက် တစောင်တွင် ဖြည့်စွက်ရမည်ဖြစ်သည်။

နအဖစစ်အစိုးရသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုကြောင်း ကြေညာချိန်၌ တနိုင်ငံလုံး မဲပေးနိုင်သူ ဦးရေ (၂၇) သန်းကျော် ရှိသည့်အနက် မဲပေးခဲ့သူပေါင်း (၂၆.၇) သန်း ကျော်ရှိကြောင်း ဖော်ပြထားသည်။

Ref: ခေတ်ပြိုင်

Read More...

ကရင် အချင်းချင်း မတိုက်တော့ ဟု DKBA တပ်မှူး ပြော

သန်းထိုက်ဦး
Monday, June 28, 2010

ကရင်အမျိုးသား အချင်းချင်း တိုက်ခိုက်၊ သတ်ဖြတ် မှုများကို မပြုလုပ် တော့ကြောင်း တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) ၏ အမှတ် (၉၉၉) တပ်မှ ဗျူဟာမှူး ဗိုလ်မှူးကြီး စောချစ်သူက ကရင်ပြည်သူများကို ပြောကြား လိုက်သည်။

ကရင် ပြည်နယ်၊ မြဝတီမြို့၊ ရွှေကုက္ကို ကျေးရွာတွင် တိုက်ပွဲ များကြောင့် သေဆုံး ခဲ့သော DKBA ခေါင်းဆောင် များနှင့် တပ်သား များအား အောက်မေ့ ဂုဏ်ပြုသော အခမ်းအနားကို ဇွန်လ ၂၆ ရက်နေ့က ကျင်းပရာ ဗိုလ်မှူးကြီး စောချစ်သူက ယခုကဲ့သို့ ပြောကြား ခဲ့ခြင်း ဖြစ်ကြောင်း ယင်း အခမ်းအနားသို့ သွားတက်ခဲ့သူ ဦးမန်းက ဧရာဝတီသို့ ပြောသည်။

“ကရင် အမျိုးသား အချင်းချင်း တိုက်ခိုက် ပြီးတော့ ကျဆုံးရတာကို မြင်ရတာ သူစိတ် မကောင်း ဘူးတဲ့။ သူ့အနေနဲ့ ဆက်လက် ပြီးတော့ အဲဒီလို အချင်းချင်း သတ်ဖြတ်မှု၊ အချင်းချင်း တိုက်ခိုက်မှု တွေကို မလုပ်တော့ ပါဘူးလို့တော့ ပြောသွားတယ်” ဟု ဦးမန်းက ဆိုသည်။

ဗိုလ်မှူးကြီး စောချစ်သူ၏ ပြောကြားချက်ကို ကရင် အမျိုးသား အစည်းအရုံး (KNU) တွဲဖက် အတွင်းရေးမှူး (၁) ဗိုလ်မှူး ဖဒို စောလှငွေက ကြိုဆိုလိုက်သည်။

“ပြည်သူတွေကို တိုင်တည်ပြီးတော့ ပြောတဲ့အခါကျတော့ ပြည်သူတွေက အားလုံး စောင့်ကြည့်နေမှာပဲ။ ကျနော်တို့ကတော့ ဒီလိုမျိုးပြောတာ ကောင်းသော ပြောခြင်းပဲ၊ ဒါဟာ ကောင်းတဲ့ ဆန္ဒသဘောထား တွေပဲ၊ ကျနော်တို့ ကြိုဆိုပါတယ်။ တကယ်တမ်း အကောင်အထည် ဖော်နိုင်အောင် ကြိုးစား သွားကြဖို့ပဲ လိုတယ်” ဟု ဖဒို စောလှငွေက ဆိုသည်။

ယင်း အခမ်းအနားသို့ DKBA တပ်ဖွဲ့ဝင်များ၊ ကျောင်းဆရာ၊ ဆရာမများနှင့် ကျေးရွာ ဥက္ကဋ္ဌများ အပါအ၀င် လူဦးရေ တသောင်းကျော် တက်ရောက် ခဲ့ကြောင်း သိရသည်။

ရွှေကုက္ကိုရှိ အမှတ် (၉၉၉) တပ်ရင်း အခြေစိုက် စစ်ဗျူဟာ အထူးတပ်ရင်း (၁၀၁) ၏ နယ်မြေတခု၌ ၁၉၉၅ ခုနှစ်တွင် KNU မှ ခွဲထွက်ပြီးနောက်ပိုင်း သေဆုံးခဲ့သော ခေါင်းဆောင်များနှင့် တပ်သားများကို ဂုဏ်ပြုသည့် အခမ်းအနား ကျင်းပပေးခြင်း ဖြစ်သည်။ ယင်း နယ်မြေ တွင် အုတ်ဂူပေါင်း ၃၀၀ ကျော်ရှိကြောင်း သိရသည်။

ယင်းသို့ ခွဲထွက်ပြီးနောက် DKBA သည် တဖြည်းဖြည်း အင်အား ကြီးမားလာသည့် လက်နက်ကိုင် အဖွဲ့ ဖြစ်လာသည်။

စစ်အစိုးရက တောင်းဆိုသော နယ်ခြားစောင့် တပ်ဖွဲ့ရေး ကိစ္စကို DKBA တပ်မှူးများထဲမှ လက်ခံချင်သူများ ရှိသကဲ့သို့ ငြင်းဆန် လိုသူများ လည်းရှိကြောင်း သိရသည်။

DKBA အပေါ် သြဇာညောင်းသည့် ဆရာတော် ဦးသုဇနသည်လည်း နယ်ခြားစောင့်တပ် ဖွဲ့ရေးကို လက်မခံဟု DKBA အဖွဲ့ဝင် တချို့က ဆိုသည်။

သို့သော် DKBA ဥက္ကဋ္ဌ နှင့် စစ်ဦးစီးချုပ်ကြားတွင် သဘောထား အနည်းငယ် ကွဲလွဲလျှက်ရှိကြောင်း၊ ဥက္ကဋ္ဌ ဦးသာထူးကျော်က နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်ခံနိုင်သော်လည်း နအဖ အရာရှိများနှင့် ရောယှက် ဖွဲ့စည်းရမည်ကို လက်မခံနိုင်ကြောင်း၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ကျော်သန်းကမူ နအဖ အလိုကျ ဖွဲ့စည်းခြင်းကို လက်ခံကြောင်း ထိုင်း-မြန်မာ နယ်စပ် သတင်းရပ်ကွက်များမှ သိရသည်။

Ref: ခေတ်ပြိုင်

Read More...

အပေါ်သို့