..............................

Saturday, February 16, 2008

ကမ္ဘာကြည့် မြန်မာ့စီးပွားရေးနဲ့ လဒူများအတွေး

ဂါမဏိ

ဘယ်လိုမှဒီမိုကရေစီဘက်တော်သား မဟုတ်တဲ့ နာမည်ကြီး စင်ကာပူ ၀န်ကြီးချုပ်ဟောင်း လီကွမ်းယူးက `စီးပွားရေးနဲ့ ပတ်သက်ရင် ဗမာ ဗိုလ်ချုပ်တွေဟာ အတော့်ကို လဒူတွေပါပဲ။ တိုင်းပြည်ဟာ သဘာဝ သယံဇာတတွေ အင်မတန်ကို ကြွယ်ဝတဲ့ကြားက ဒီဗိုလ်ချုပ်တွေ စီးပွားရေးကို ဒါလောက် အလွဲလွဲ အချော်ချော် ဆိုးဆိုးဝါးဝါး စီမံနိုင်ခဲ့တာ၊ ဒီအခြေအနေကို ဆိုက်လာတာ အံ့စရာပဲ။ တုံးလိုက် အ,လိုက် ပုံကတော့။ မြန်မာနိုင်ငံဟာ အထီးကျန် အလယ်ခေတ်ကနေ ထွက်ပြီး လက်တွေ့ ကမ္ဘာ လောကကြီးထဲ ၀င်လာအောင် တရုတ်က ကြိုးစားနားချ ကြည့်ခဲ့ဖူးတယ်။ ကျုပ်လည်း ခင်ညွန့်ဆိုတဲ့ ဗိုလ်ချုပ်တကောင်က တဆင့် ကြိုးစားခဲ့ဖူးတယ်။ ကျုပ်တို့ဆီက ဟိုတယ် လုပ်ငန်းရှင်တွေကို ဗမာ ပြည်သွား ဟိုတယ်တွေဖွင့်ဖို့ ကျုပ်အကြံပေးမိ ခဲ့တယ်။ ဒေါ်လာသန်းနဲ့ ချီပြီး ရင်းနှီးမြှုပ်နှံ မိခဲ့ကြတယ်။ အခုတော့ ဟိုတယ်တွေက ဟောင်းလောင်း။ တကယ့်ကို စီးပွားရေးမှာဒူတဲ့ ငထုံငထိုင်းတွေက ဦးစီး နေတယ်လေ။ ဒီလိုမျိုး တကမ္ဘာလုံးနဲ့ အချိန် အကန့်အသတ် မရှိအဆက်ဖြတ်ထားလို့ ရနိုင်တယ်လို့ သူတို့က ယုံကြည်နေတာကို ကျုပ် နားကို မလည်နိုင်ဘူး။ ဆေးတွေဝါးတွေတောင် ထိုင်းနိုင်ငံကနေ မှောင်ခို သွင်းနေရတယ်ဗျာ။ ဘာမှ အဓိပ္ပာယ်မရှိဘူး။ သူတို့တတွေ အချိန် အပိုင်းအခြား မရှိ တည်တံ့ နိုင်မယ်လို့ ကျုပ်တော့ မထင်ဘူး။
“ကြည့်အုံး။ ရန်ကုန်ကအစိုးရရုံးကို ပိတ်ပစ်လိုက်ပြီး ပျဉ်းမနားဆိုလား ဘာဆိုလား ခေါ်တဲ့၊ ဘာမှ မရှိတဲ့ နေရာကို ရွှေ့သွားတယ်။ အဲဒီမှာ သူတို့အတွက် အဖိုးတန် အိမ်ကြီး အိမ်ကောင်းတွေနဲ့ ဂေါက်ကွင်း တကွင်း ဆောက်နေတယ်ဗျ။ အကြီးဆုံး ဗိုလ်ချုပ်ကလည်း ငွေကို ရေလိုဖြုန်းတဲ့ မင်္ဂလာပွဲ လုပ်ခဲ့တယ်။ ဒီပွဲလုပ်တာကို ယူကျူ့ဘ်မှာ တင်လိုက်သေးတယ်။ အဲဒီ သမီးတော်က ဆင်ထားလိုက်တာ ခရစ္စမတ်သစ်ပင် ကျနေတာပဲ။ ဒီလို အလွန်အကျွံ သုံးဖြုန်း ပြတာတွေက ငတ်ပြတ် မွဲတေနေတဲ့ လူထုတွေကို သူပုန်ထဖို့ တွန်းမှာပေါ့ဗျ။ ဘာတွေ ဖြစ်လာမလဲတော့ ကျုပ်မသိဘူး။ ဘာလို့လဲဆိုတော့ စစ်တပ်က အခရာ ကျနေတယ်လေ။ စစ်တပ်က အုပ်ချုပ်ရေး ကိရိယာ တန်ဆာပလာတွေ အားလုံးကို ဖျက်သိမ်းထားတာကြောင့် စစ်တပ်ကို ဖျက်လိုက်ရင် တိုင်းပြည်ခမျာ ကိုယ့်ဟာကိုယ် အုပ်ချုပ်နိုင်ဖို့ ဘာယန္တရားမှ မရှိဘူး ဖြစ်နေတယ်” လို့ အောက်တိုဘာ (၉)ရက်နေ့မှာ ဗြောင်ထုတ် ပြောချလိုက်ပါတယ်။

လီကွမ်းယူးဟာ အာရှတန်ဖိုး ဆိုတဲ့ အယူအဆကို ပထမဆုံး စတင်ဖော်ထုတ် ရပ်ခံခဲ့သူ ဖြစ်ပြီး အာဏာရှင်စနစ်နဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို တွဲစပ် ပေးသူဖြစ်ပါတယ်။ စင်ကာပူ၊ တိုင်ဝမ်၊ တောင်ကိုရီးယား၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဗီယက်နမ် နိုင်ငံတွေဟာ အာဏာရှင်စနစ် တွေကြောင့် စီးပွားရေး တိုးတက်ခဲ့ပြီး၊ အာရှကျား အာရှ နဂါးအဆင့်ကို တက်လှမ်း နိုင်ခဲ့တယ်လို့ ကြော်ငြာ ထုတ်ခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့် နအဖ လက်အောက် မြန်မာနိုင်ငံကတော့ လီကွမ်းယူး ၀ါဒနဲ့ ဘယ်လိုမှ အံမ၀င်တဲ့ ဧရာမ လွဲချော်မှုကြီး ဖြစ်နေလို့ အခုလို ညည်းနေတာ ဖြစ်ပါတယ်။

ရန်ကုန်မြို့ကနေ တရားဝင်ထုတ်ဝေတဲ့ The Voice ဂျာနယ် အောက်တိုဘာ ၁၅၊ ၂၀၀၇ ထုတ်မှာ
ပါတဲ့ စီးပွားရေး ဆွေးနွေးခန်း တခုကို ကြည့်ပါအုံး။

“ကျနော် ပုဂံမှာ Coffee Shop (ကော်ဖီဆိုင်) တခုသွားဖွင့်မယ်။ အင်တာနက်၊ ရေကူးကန်၊ Fast Food (အမြန်စား စားသောက်ဆိုင်)၊ အ၀တ်လျှော်စက်၊ လူသုံးကုန်ပစ္စည်း အရောင်းဆိုင်(7/11) တွဲရက် ထားမယ်လို့ ပြင်ဆင်တော့ မိတ်ဆွေတဦးက ပြောတယ်၊ အစ်ကို ကမ္ဘောဒီးယားမှာ သွားဖွင့်ပါတဲ့။”

“ပုဂံမှာသွားဖွင့်ရင် လူဘယ်လောက် ၀င်မလဲ မသေချာဘူး။ ပစ္စည်းသယ်ဖို့ ကား ခပ်ညံ့ညံ့ တစီးကို သိန်း (၁၅၀) လောက်ပေးရမယ်။ တယ်လီဖုန်းက သိန်း (၃၀) လောက် ရင်းရမယ်။ သိန်း (၂၀၀) လောက် ရင်းပြီးတဲ့ အထိ ခင်ဗျားဆိုင် ဘယ်နားနေမှန်း မသိရဘူး။ ကမ္ဘောဒီးယားကို သွားလိုက်ရင် တော့ အဲဒီငွေနဲ့ Foreign Investor (နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ) ဖြစ်သွားမယ်။”

“ကမ္ဘောဒီးယားမှာ GSM(ဂျီအက်စ်အမ်) တယ်လီဖုံး ကတ်တကတ်ကို မြန်မာကျပ်ငွေ တသောင်း၊ တိုယိုတာ ဖင်ကောက်တစီးကို (၅၀) လောက်ပဲပေးရတယ်။ တနိုင်ငံလုံး ဒေါ်လာပဲ ကိုင်သုံးကြ
တယ်။”

ကွယ်လွန်သူ ဂီတစာဆိုကြီး ဆရာမြို့မငြိမ်းဟာ လွန်ခဲ့တဲ့ နှစ် (၅၀)ကျော် ကတည်းက လူချွန် လူကောင်း သီချင်းထဲမှာ မြန်မာနိုင်ငံသားတွေကို ခေတ်မီမီ ကမ္ဘာကြည့် ကြည့်မြင်ပြီး ကမ္ဘာကို ထိုးဖောက် အမီလိုက်ဖို့ လှုံ့ဆော်ခဲ့ပါတယ်။ ဒါပေမယ့် စစ်အာဏာရှင်စနစ် မင်းထုံမင်းထိုင်း တွေ လက်အောက် (၄၅) နှစ် ရောက်ခဲ့ ပြီးနောက် မြန်မာ့စီးပွားရေး အခြေအနေဟာ ဂလိုဘယ်လ် လိုက်ဇေးရှင်း ခေါ်တဲ့ ဆရာမြို့မငြိမ်းရဲ့ ကမ္ဘာကြည့် အခင်းအကျင်းနဲ့ ဘယ်လောက် ထိစပ်မိနေပါပြီလဲ။ ဂလိုဘယ်လိုက်ဇေးရှင်း လှိုင်းလုံးကို ဘယ်လောက် လက်ခံ စီးနင်းနိုင် နေပါပြီလဲ။

ဒီနေရာမှာ တကမ္ဘာလုံးကနိုင်ငံပေါင်းစုံရဲ့စီးပွားရေးတွေကို ၂၁ ရာစု ရုပ်ပုံကားချပ်ထဲ ဆွဲစေ့ပေးဖို့ တာဝန်ယူထားတဲ့ ကမ္ဘာ့ဘဏ်ရဲ့သတ်မှတ်ချက်တွေ သဘောထားတွေကလည်း အဓိက ကျလာ ပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ ဂလိုဘယ်လ်လိုက်ဇေးရှင်း စံသတ်မှတ်ချက် (၀ါ) တိုက်တွန်းချက်က ယေဘုယျ အားဖြင့် (၁၀) ချက်ရှိပါတယ်။

၁။ ကုန်သွယ်ရေးလွတ်လပ်ပျော့ပျောင်းခြင်း
၂။ ဈေးကွက် ထိန်းချုပ်မှုလျှော့ပေါ့ပေးခြင်း
၃။ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု လွတ်လပ်ပျော့ပျောင်းခြင်း
၎။ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ ပုဂ္ဂလိကပိုင်ပြုခြင်း
၅။ ဈေးကွက်ပေါက်အတိုးနှုန်းရှိခြင်း
၆။ ဈေးကွက်ပေါက်ငွေလဲနှုန်းရှိခြင်း
၇။ ပုဂ္ဂလိကပိုင်ပစ္စည်းလုံခြုံမှုဥပဒေရှိခြင်း
၈။ အခွန်စနစ်ပြုပြင်ပြောင်းလဲခြင်း
၉။ ဘတ်ဂျက်ပိုငွေ လိုငွေမျှအောင်ထိန်းထားခြင်း
၁၀။ စီးပွားရေးတိုးတက်ရေးနှင့် ဆင်းရဲသားအကျိုးပြုရေးစီမံချက်များရှိခြင်း

နအဖတွေ စီမံခန့်ခွဲနေတဲ့ မြန်မာပြည်အခြေအနေကို ဒီ (၁၀) ချက်နဲ့ ချိန်ထိုးကြည့်တဲ့အခါ ...

အခုတမျိုး တော်ကြာတမျိုး၊ ရှေ့နောက်မညီ၊ စိတ်ထင်ရာ ချမှတ်ထားတဲ့၊ အဓိပ္ပာယ်မဲ့တဲ့ တံခါးပိတ် ကုန်သွယ်ရေး အကန့်အသတ်တွေ၊ မလွတ်လပ်တဲ့ ဈေးကွက် ထိန်းချုပ်မှုတွေဟာ ပြည်တွင်း ဈေးကွက်မှာရော၊ နယ်စပ် ကုန်သွယ်ရေးမှာရော၊ ပုံမှန် ပြည်ပ ကုန်သွယ်ရေးမှာပါ ကြီးကြီးမားမား ရှိနေတယ်။

နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေအတွက် လက်တွေ့ လုပ်ငန်း လည်ပတ်မှုမှာ အကန့် အသတ်တွေ ချို့ယွင်းချက်တွေကို ဘာမှ ဖြေရှင်း မပေးနိုင်ဘဲ ဦးနှောက် မသုံးဘဲနဲ့ နိုင်ငံခြား ငွေရရေး သက်သက်ကိုသာ ဦးထိပ်ထားနေတယ်။ ကိုရီးယားနဲ့ တိုင်ဝမ်တို့က အထည်ချုပ် ကုမ္ပဏီတွေဟာ အလုပ်သမားတွေကို လစာပေးရာမှာ မြန်မာ့ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က တဆင့် ပေးရပါတယ်။

ဒီအခါ ကော်မရှင်က လစာရဲ့တ၀က်ကို ဖြတ်ယူထားလိုက်တဲ့ အတွက် အလုပ်သမားတွေဟာ ကုမ္ပဏီက ပေးတဲ့လစာ (၀ါ) တကယ်ရ,ရမယ့်လစာရဲ့ တ၀က်ပဲရပါတော့တယ်။ အလုပ်သမား
တွေက လစာနည်းတာကို မကျေနပ်လို့ လစာတိုးတောင်းတဲ့အခါ အလုပ်ရှင်တွေပဲ တရားခံဖြစ်ရ ပြဿနာ တက်ရပါတယ်။ ဒါ့အပြင် နဂိုက တိပေးထားသလို မဟုတ်ဘဲ မီးမှန်မှန်မရလို့ သို့မဟုတ် လုံးဝမရလို့ မီးစက်နဲ့ မောင်းရတာလိုမျိုး စရိတ် အပိုတွေကုန်ပြီး အရှုံးတွေ ထပ်ပေါ်ကုန်တာလည်း နေရာတကာ ပါပဲ။

နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေကို ပုဂ္ဂလိကပိုင်လုပ်ရာမှာ အရေးမပါတဲ့ ရုပ်ရှင်ရုံတွေပဲ အဓိက ပေးနေပါတယ်။ တောက်လျှောက် အရှုံးပေါ်နေတဲ့၊ အရေးပါတဲ့ လုပ်ငန်းတွေကို ပုဂ္ဂလိကပိုင် လုပ်တာမရှိသလောက်ဖြစ်ပါတယ်။ စတော့ဈေးကွက်ဆိုတာ ဘယ်လိုမှ မပေါ်နိုင်ဖြစ်နေတယ်။

ဈေးကွက်ပေါက်အတိုးနှုန်း၊ ငွေကြေးဖောင်းပွမှုနှုန်းထက် အများကြီး လျော့နည်းနေတဲ့ အတိုး နှုန်းကို ဗဟိုအစိုးရက အမိန့်အာဏာနဲ့ သတ်မှတ်ထားတယ်။ ဘဏ်လုပ်ငန်းတွေ ပျက်စီး၊ အကြွေးဝယ် ကတ်မရှိ၊ အေတီအမ်ကတ် မရှိ။ လွန်ခဲ့တဲ့ (၃-၄) နှစ်က အကြီးအကျယ် ပြဿနာ ပေါ်ခဲ့တဲ့ အကျိုး ဆောင်ကုမ္ပဏီတွေ ခုထိစာရင်း မရှင်းနိုင်သေး။

တကယ့်ပေါက်ဈေးထက် အဆပေါင်းများစွာနိမ့်ကျတဲ့ နိုင်ငံခြား ငွေလဲနှုန်းကို အသေ ဖက်တွယ်နေ တယ်။ တချို့လုပ်ငန်းတွေ အတွက်လည်း ငွေလဲနှုန်းတွေ စိတ်ထင်သလို သတ်မှတ်ထားပြန်တယ်။ ပြည်သူလူထုနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ မြေယာအိုးအိမ် အဆောက်အဦး လုပ်ငန်း ပိုင်ဆိုင်မှု တွေကို လျော်ကြေးမပေးဘဲ စိတ်ထင်သလို ဥပဒေမဲ့ သိမ်းယူတာတွေ အနှံ့အပြား ရှိနေတယ်။ အရင်းရှင် ဈေးကွက်စီးပွားရေးစနစ်ရဲ့ အသက်ဖြစ်တဲ့ ပုဂ္ဂလိကပိုင်ဆိုင်မှုဟာ လုံးဝ အာမခံချက် မရှိဘူး။ ဒါကြောင့် နအဖဟာ အာဏာရပြီး (၁၉) နှစ်ကြာတဲ့အထိ ပုဂ္ဂလိက ပိုင်ဆိုင်မှုကို တကယ် အာမခံရတဲ့ ကွန်ဒိုဥပဒေတို့၊ အထူးစီးပွားရေးဇုန်ဥပဒေတို့ကို မထုတ်ပြန်ဘဲ ထားတယ်။

အခွန်စနစ်ဟာ လုံးဝ ပရမ်းပတာဖြစ်နေတယ်။ တရားဝင် အခွန်နာမည် မခံတဲ့ ကောက်ခံမှု အမျိုး
မျိုးကလည်း စာရင်းမရှိ အင်းမရှိ အပြန့်အနှံ့ဖြစ်နေတယ်။ ကိုးကန့်ငြိမ်းအဖွဲ့ရဲ့ ဂိုဏ်းခွဲတခုက ထူထောင်ခဲ့တဲ့ PMG အရက်ကုမ္ပဏီကို အမြတ်ခွန် ကျပ်သိန်းပေါင်း တသိန်းနှစ်သောင်း (၁၂၀,၀၀၀,၀၀၀,၀၀၀) တောင်းတော့ မပေးနိုင်တဲ့အတွက် ထိုကုမ္ပဏီခမျာ ပျက်လုလုဖြစ်သွား တယ်။

ကမ်းလွန်သဘာဝဓာတ်ငွေ့ကနေ တနှစ်ကို ဒေါ်လာ ၁ ဘီလီယံကနေ (၂) ဘီလီယံကျော်အထိ ၀င်နေပေမယ့် ဘတ်ဂျက်လိုငွေ ကြီးကြီးမားမား တောက်လျှောက်ပြနေတယ်။ ခေါင်ကစပြီး ဖြုန်း
တီး ခိုးဝှက်နေတာကို ဘယ်လိုမှ မထိန်းနိုင်ဘူး။

စီးပွားရေးတိုးတက်စေဖို့ စီမံချက်တွေကို ဦးနှောက်ရှိရှိနဲ့ ပညာရှင်တွေက ချမှတ်တာ မရှိဘဲ စီးပွား
ရေး ဘာမှ နားမလည်တဲ့ စစ်ဗိုလ်တွေကသာ ထင်သလို စီမံချက်တွေချတာကို ပညာရှင်တွေက လိုက်နာ နေရတယ်။ ဆင်းရဲမှု ပပျောက်ရေးဆိုတာ ဗမာပြည်မှာ တခါမှ မကြားဖူးဘူး။ တနိုင်ငံလုံး ချမ်းသာ ဖွံ့ဖြိုးနေပြီလို့ပဲ တလျှောက်လုံး ၀ါဒဖြန့် လိမ်ညာနေတယ်။

တခုရှိတာက ဒီ (၁၀) ချက်မရှိလည်း နိုင်ငံတကာ စီးပွားရေးသမား တချို့ကတော့ ငါးသလောက် စီးပွားရေးနဲ့ အကြံအဖန်လုပ်လို့ ရနိုင်မယ်၊ ထူးခြားတဲ့ အနေအထားတွေ (ဓာတ်ငွေ့၊ ရေနံ၊ သတ္တု စသဖြင့်) အရ အလုပ်ဖြစ်နိုင်မယ်လို့ ယူဆပြီး ၀င်လုပ်တာတွေ ရှိနိုင်ပါတယ်။ မြန်မာနိုင်ငံမှာ အရင် တရားဝင် တံခါးပိတ်စီးပွားရေး မဆလခေတ် ကတည်းက ဟီးနိုး၊ မာဇဒါ၊ ရှလမ်ဘာဂျာ၊ ဖရစ်ဇ်ဝါနာ ကုမ္ပဏီတွေ ၀င်လုပ်ခဲ့တာပါဘဲ။ ဒါပေမယ့် အဲဒါလောက်နဲ့ ကမ္ဘာ့စီးပွားရေး ဂလိုဘယ်လ် လိုက်ဇေးရှင်း လောကထဲ ရောက်မသွားပါဘူး။

ကမ္ဘာ့ဘဏ်ရဲ့ ဂလိုဘယ်လ် လိုက်ဇေးရှင်းစံနှုန်း (၁၀) ချက်ကို အစိုးရပိုင်းတွေက ဘယ်လောက် ဖြည့်ဆီး နိုင်စွမ်းရှိသလဲ ဆိုတာကို ကမ္ဘာလုံးဆိုင်ရာ အစိုးရအုပ်ချုပ်ပုံ အညွှန်းကိန်း Worldwide Governance Indicators (WGI) project အစီအစဉ်နဲ့ တိုင်းတာတာဖြစ်တယ်။ ဒီအစီအစဉ်မှာ တကမ္ဘာလုံးက နိုင်ငံနဲ့ ဒေသပေါင်း (၂၁၂) ခုကို ၁၉၉၆ ခုကနေ ၂၀၀၆ ခုနှစ် ကာလအတွင်း ကမ္ဘာ့ဘဏ်က ကြီးမှူးလေ့လာ ထားပါတယ်။ ကမ္ဘာ့ဘဏ်ဟာ ဒီအညွှန်းကိန်း (၆)ခု ပေါ်ကနေ ကမ္ဘာ့နိုင်ငံတွေကို ဆန်းစစ်ပြီး ဒီနိုင်ငံတွေနဲ့ တွဲလုပ်လို့ရနိုင် မရနိုင် စဉ်းစားဆုံးဖြတ်တာ ဖြစ်ပါတယ်။ အရင်ကတော့ ဒီ အကဲဖြတ် တိုင်းတာချက်တွေကို ကမ္ဘာ့ဘဏ်က လျှို့ဝှက်ထားလေ့ ရှိပါတယ်။ အခုမှ လူသိရှင်ကြား ထုတ်ပြန်တာဖြစ်ပါတယ်။

အစိုးရအုပ်ချုပ်ပုံ Governance ဆိုတာ တိုင်းပြည်တပြည်ရဲ့ အာဏာပိုင်က ကျင့်သုံးတဲ့ ထုံးတမ်း စဉ်လာ တွေနဲ့ အဆောက်အအုံတွေ အတွဲလိုက်ကို ဆိုလိုတာ ဖြစ်တယ်။ ဒီထဲမှာ (၁) အစိုးရ တွေကို ရွေးချယ်၊ ကြီးကြပ်၊ အစားထိုးတဲ့ဖြစ်စဉ်၊ (၂) ခိုင်မာကောင်းမွန်တဲ့ ပေါ်လစီတွေကို ထိထိရောက် ရောက်ဖော်ထုတ် အကောင်အထည် ဖော်နိုင်တဲ့ အစိုးရအစွမ်းအစ၊ (၃) မိမိတို့ကြားက စီးပွားရေး လူမှုရေး အပြန်အလှန် ဆက်စပ်မှုတွေကို စိုးမိုးတဲ့ အဆောက်အအုံတွေ အပေါ် နိုင်ငံသူ နိုင်ငံသားတွေနဲ့ နိုင်ငံအစိုးရတို့က လေးစားမှုတို့ပါဝင်ပါတယ်။

အစိုးရအုပ်ချုပ်ပုံအညွှန်းကိန်းကို တိုင်းတာရာမှာ ဘက်(၆) ဘက်ရှိပါတယ်။ ဒါတွေကို ရှင်းရရင်

(၁) ပြည်သူ့အသံနဲ့တာဝန်ခံမှုဆိုတာ နိုင်ငံသားတွေက ကိုယ့်အစိုးရကို ရွေးချယ်ရာမှာ ပါဝင် ပတ်သက်နိုင်တဲ့ အတိုင်းအတာ၊ ဒါ့အပြင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာ သင်းပင်း ဖွဲ့စည်းခွင့်၊ မီဒီယာ လွတ်လပ်ခွင့်တို့ကို တိုင်းတာ တာဖြစ်တယ်။

(၂) နိုင်ငံရေးတည်ငြိမ်မှုနဲ့ အကြမ်းဖက်မှုကင်းမဲ့ခြင်း ဆိုတာကတော့ ပြည်တွင်း ဆူပူသောင်းကျန်း
မှုနဲ့ အကြမ်းဖက်ဝါဒ အပါအ၀င် အစိုးရကို အခြေခံ ဥပဒေနဲ့ မညီတဲ့နည်းလမ်း သို့မဟုတ် အကြမ်း ပတမ်း နည်းလမ်းတွေနဲ့ မတည်မငြိမ်ဖြစ်စေနိုင်တဲ့ အလားအလာ သို့မဟုတ် ဖြုတ်ချနိုင်မယ့်
အလားအလာတွေကို တိုင်းတာတာဖြစ်တယ်။

(၃) အစိုးရစွမ်းရည် ကတော့ အများပြည်သူ့အကျိုးဆောင် လုပ်ငန်းတွေရဲ့ အရည်အသွေး၊ အစိုးရ
ဝန်ထမ်းပိုင်းရဲ့ အရည်အသွေး၊ အစိုးရ၀န်ထမ်းပိုင်း အနေနဲ့ နိုင်ငံရေးဖိအားတွေက လွတ်လပ်မှု ပမာဏ၊ မူဝါဒ ရေးဆွဲဖော်ထုတ်မှုနဲ့ အကောင်အထည်ဖော်မှု အရည်အချင်း၊ ဒီမူဝါဒတွေကို အစိုးရ က တာဝန်ယူ ရပ်ခံမှုအပေါ် ယုံကြည်နိုင်စွမ်း တို့ကိုတိုင်းတာတယ်။

(၄) ထိန်းကျောင်းကြပ်မတ်မှုအရည်အချင်း ဆိုတာကတော့ အစိုးရအနေနဲ့ ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးကို ခွင့်ပြုမြှင့်တင်တဲ့၊ ခိုင်မာ မှန်ကန်တဲ့ မူဝါဒတွေ စည်းမျဉ်း စည်းကမ်းတွေကို ရေးဆွဲ ဖော်ထုတ် အကောင်အထည် ဖော်နိုင်မှု အစွမ်းအစကို တိုင်းတာတာဖြစ်တယ်။

(၅) တရားဥပဒေ အာဏာပိုင်စိုးခြင်း ကတော့ ဥပဒေဘက်တော်သားတွေက လူ့အဖွဲ့အစည်းရဲ့ စည်းကမ်း ဥပဒေတွေအပေါ် ယုံကြည်မှုအတိုင်းအတာ၊ လိုက်နာမှု အတိုင်းအတာတွေကို သတ်မှတ် တာဖြစ်တယ်။ အထူးသဖြင့် ရဲ၊ တရားရုံးစတဲ့ တရားဝင်အခွင့်ရ ဥပဒေ စောင့်ထိန်းရေး အဖွဲ့တွေရဲ့ အရည်အသွေး၊ ဒါ့အပြင် ရာဇ၀တ်မှုနဲ့ အကြမ်းဖက်မှု အလားအလာကိုပါ တိုင်းတာ ပါတယ်။

(၆) အကျင့်ပျက်ခြစားမှုထိန်းချုပ်ခြင်း ကတော့ ပုဂ္ဂလိကအကျိုးအမြတ်အတွက် အများပြည်သူ ဆိုင်ရာ အာဏာအသုံးချမှုကို တိုင်းတာဖြစ်ပါတယ်။ ဒီထဲမှာ အသေးစား အကြီးစား အဂတိလိုက် စားမှုတွေအပြင် နိုင်ငံတော်အစိုးရကို ရေပေါ်ဆီ လူ့မလိုင်တွေနဲ့ ပုဂ္ဂလိက အကျိုးစီးပွားတွေက “ဖမ်းထိန်း”ထားတာလည်း ပါဝင်တယ်။

၂၀၀၆ ခုနှစ်အတွက် မြန်မာနိုင်ငံရတဲ့အညွှန်းကိန်းရမှတ်တွေကတော့ (စုစုပေါင်း အမှတ် ၁၀၀ မှာ)






















ခုနှစ်၀၆
နိုင်ငံရေးတည်ငြိမ်မှုနဲ့ အကြမ်းဖက်မှုကင်းမဲ့ခြင်း ၂၄.ဝ
အစိုးရစွမ်းရည် ၂.၈
ထိန်းကျောင်းကြပ်မတ်မှုအရည်အချင်း
တရားဥပဒေအာဏာပိုင်စိုးခြင်း ၃.၈
အကျင့်ပျက်ခြစားမှုထိန်းချုပ်ခြင်း ၁.ဝ


တို့ဖြစ်ပါတယ်။ ဒါဟာ ရွှေဝါရောင် တော်လှန်ရေး မဖြစ်ခင်က အမှတ်တွေဖြစ်တဲ့အတွက် အခု
၂၀၀၇-၂၀၀၈ အတွက်ဆိုရင် ဒုတိယအညွှန်းကိန်းက သုည သို့မဟုတ် သုညနားကပ်နေမှာ မလွဲပါဘူး။
ဒီထက်ပိုအရေးကြီးတဲ့ လေ့လာမှုကတော့ ၁၉၉၆ ခုကနေ ၂၀၀၆ ခုအထိ အစဉ်အဆက် အညွှန်းကိန်း လမ်းကြောင်းကို ဆန်းစစ်တာဖြစ်ပါတယ်။ ဒီလို (၁၀)နှစ်တာ ဦးတည်ချက် လမ်းကြောင်းကို ကြည့်လိုက်တဲ့ အခါ အခုလို တွေ့ရပါတယ်။

မြန်မာနိုင်ငံ အစိုးရအုပ်ချုပ်ပုံအညွှန်းကိန်း














































































ခုနှစ်၉၆၉၈၀၀၀၂၀၃၀၄၀၅၀၆
ပြည်သူ့အသံနဲ့ တာဝန်ခံမှု ၀.၀ ၁.၄ ၀.၅ ၀.၀ ၀.၀ ၀.၀ ၀.၀ ၀.ဝ
နိုင်ငံရေးတည်ငြိမ်မှုနဲ့အကြမ်းဖက်မှု ကင်းမဲ့ခြင်း ၁၃.၀ ၁၁.၅ ၈.၂ ၁၂.၀ ၁၃.၀ ၁၉.၂ ၂၁.၂ ၂၄.ဝ
အစိုးရစွမ်းရည် ၆.၂ ၇.၆ ၈.၁ ၅.၂ ၆.၆ ၂.၄ ၂.၄ ၂.၈
ထိန်းကျောင်းကြပ်မတ်မှုအရည်အချင်း ၁၄.၁ ၇.၈ ၃.၉ ၁.၀ ၁.၅ ၀.၀ ၁.၀ ၁.ဝ
တရားဥပဒေအာဏာပိုင်စိုးခြင်း ၈.၆ ၇.၆ ၈.၆ ၂.၉ ၄.၃ ၃.၈ ၂.၉ ၃.၈
အကျင့်ပျက်ခြစားမှုထိန်းချုပ်ခြင်း ၅.၃ ၄.၄ ၄.၄ ၃.၄ ၂.၉ ၀.၅ ၀.၅ ၁.ဝ


ကမ္ဘာ့ဘဏ်အမြင်မှာ အညွှန်းကိန်းအမှတ်နည်းတာက သိပ်အကြောင်း မဟုတ်ပါဘူး။ နည်းပေမယ့် ဒီဆယ်နှစ်ကာလအတွင်း အတက်ပြနေရင် အားပေးချီးမြှောက်ပါတယ်။ လိုအပ်တဲ့ ဘဏ္ဍာရေး အကူအညီ နည်းပညာ အထောက်အပံ့တွေ ပေးတာပါပဲ။ အစိုးရအုပ်ချုပ်ပုံ အညွှန်းကိန်း နိမ့်ပေမယ့်လည်း တက်နေရင် စီးပွားရေးအရ ပြည်သူလူထု ၀င်ငွေ တိုးများလာတာ၊ မွေးစကလေး သေနှုန်း ကျလာတာ၊ စာမတတ်မှုနှုန်း ကျလာတာကို တိုက်ရိုက် အကျိုးဖြစ်စေပါတယ်။ အတက်မပြရင် သို့မဟုတ် တောက်လျှောက် အကျပဲပြနေရင်တော့ ကမ္ဘာ့ဘဏ် မကလို့ ကမ္ဘာ့ ဘဏ် ဘိုးအေကနေ ဘယ်လောက် ဘဏ္ဍာရေး အကူအညီ အထောက်အပံ့ ပေးပေး သဲထဲရေသွန် ဖြစ်မယ်ဆိုတာ (၂၀) ရာစုအတွင်း နိုင်ငံတကာမှာ သက်သေတွေ အထင်အရှားရှိခဲ့ပါပြီ။

ပြည်သူ့အသံနဲ့ တာဝန်ခံမှုပိုင်းမှာ ရမှတ်ကွာခြားချက်ဟာ မြန်မာနဲ့ ကာဇက်စတန် နိုင်ငံကြား၊ ကာဇက်စတန်နဲ့ အင်ဒိုနီးရှား နိုင်ငံကြား၊ အင်ဒိုနီးရှားနဲ့ တောင်အာဖရိက နိုင်ငံကြား စီးပွားရေး တိုးတက်မှု ကွာခြားချက်တွေကို ဖော်ဆောင်နေပါတယ်။ အလားတူဘဲ တရားဥပဒေ အာဏာပိုင်စိုး ခြင်း အပိုင်း တိုးတက်မှုအရ ဆိုမာလီယာနဲ့ နိုင်ဂျီးရီးယားကြား၊ နိုင်ဂျီးရီးယားနဲ့ မက်ဆီဒိုးနီးယား
ကြား၊ မက်ဆီဒိုးနီးယားနဲ့ ဂရိကြား၊ ဂရိနဲ့ ကနေဒါနိုင်ငံကြား ဖွံ့ဖြိုးတိုးတက်မှု ကွာဟချက်တွေကို ဖော်ကျူး နေပါတယ်။
ဖွံ့ဖြိုးပြီး အနောက်နိုင်ငံတွေမှသာ ၀င်ငွေတိုးတက်ပြီး လူမှုအခြေအနေ တိုးတက်တာ မဟုတ် ပါဘူး။ တနည်းအားဖြင့် စီးပွားရေးဖွံ့ဖြိုးမှ အစိုးရ အုပ်ချုပ်ပုံ အရည်အချင်း မြင့်လာတာ မဟုတ် ပါဘူး။

အစိုးရအရည်အသွေးမြင့်မှ စီးပွားရေးဖွံ့ဖြိုး တိုးတက်တာ ဖြစ်တယ်။ ဒီအစိုးရ အုပ်ချုပ်ပုံ အရည် အသွေးရဲ့ ပဓာနကျတဲ့ အခန်းကို အခုအခါ ပညာရှင်တွေရော မူဝါဒ ရေးဆွဲသူတွေပါ အများစုကြီးက လက်ခံ ထားပြီဖြစ်ပါတယ်။

ဒါပေမယ့် ဒီ WGI project မှာ တွေ့နေရတာက ဗမာပြည်မှာ နအဖရဲ့ အစိုးရအုပ်ချုပ်ပုံ အရည် အချင်းက တောက်လျှောက် အကျပဲပြနေပြီး ဘယ်လိုမှ သုံးစားမရတာ ဖြစ်နေတော့ အကူအညီ ပေးချင်တာတောင် ပေးမရနိုင်ဖြစ်နေပါတော့တယ်။ ကမ္ဘောဒီးယား၊ လော၊ ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ် တို့မှာဆိုရင် အညွှန်းကိန်း ရမှတ်တွေ နိမ့်ပေမယ့် တနှစ်ထက်တနှစ် သိသိသာသာ တက်နေလို့ တဦးချင်းဝင်ငွေ ၂ ဆ-၃ ဆ စသဖြင့် တက်လာပါတယ်။ ဒါ့ကြောင့် ကမ္ဘာ့ဘဏ်ရဲ့ အကူအညီ အထောက်အပံ့တွေ ရကြပါတယ်။ ချေးတဲ့ငွေအတွက် အတိုးရော အရင်းပါ ပြန်ဆပ်နိုင်ဖို့ သေချာလို့ ကမ္ဘာ့ဘဏ်က ငွေချေးတာဖြစ်ပါတယ်။ ကမ္ဘာ့ဘဏ်ဟာ အလှူဒါနပြုတဲ့ ကုသိုလ်ဖြစ်အဖွဲ့ မဟုတ်ဘဲ ကုမ္ပဏီတခုလို စီးပွားရေးအရ အကျိုးအမြတ်ကိုသာ အဓိကထား တွက်တာဖြစ်ပါတယ်။

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရအုပ်ချုပ်ပုံ တခုတည်းကသာ အဓိက ကျတာတော့ မဟုတ် ပေမယ့် အာရုံစိုက် အလေးထားရမယ့် အရေးကြီး အချက်အလက် တခုတော့ ဖြစ်နေပါတယ်။

ဂါမဏိ

Read More...

ပြည်ထောင်စု၏ ရှေ့ခရီး (သို့မဟုတ်) နအဖအစိုးရ ပြုတ်ကျသောအခါ

ဂါမဏိ

ရွှေဝါရောင်တော်လှန်ရေးနဲ့အတူ မြန်မာနိုင်ငံဟာ ကမ္ဘာ့ အာရုံစိုက်မှုအောက် ရောက်လာတဲ့အခါ မြန်မာ ပြည်မှာ နအဖ ကိုဖယ်ရှားပြီး ဒီမိုကရေစီအတိုက်အခံတွေနဲ့အစားထိုးဖို့ မသင့်တော်ကြောင်း၊ နအဖပြောတဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေး ပုံစံအတိုင်းသာ သွားသင့်ကြောင်း ဆင်ခြေ ဆင်လက်တွေကို နယ်ပယ် ကဏ္ဍ အများအပြားက နေပြီး အံ့သြစဖွယ် ကြားလာရပါတယ်။ အဲဒီဆင်ခြေရှင် ရှေ့နေရှေ့ရပ် တွေထဲမှာ နိုင်ငံတကာက နိုင်ငံရေးသမားတွေ၊ နိုင်ငံခေါင်းဆောင်တွေ၊ ပညာရှင်တွေ၊ မြန်မာ့ရေးရာ ကျွမ်းကျင်သူ ဆိုသူတွေနဲ့ ဇာတိမြေကို တခါမှခြေမချဖူး သို့မဟုတ် အမိမြေရဲ့ ပကတိ အခြေအနေတွေနဲ့ နှစ်ပေါင်းများစွာ ကင်းကွာ အဆက်ပြတ်နေတဲ့ အဝေးရောက်မြန်မာ တချို့တောင် ပါနေပါတယ်။

စစ်အစိုးရကို ဖယ်ရှားလိုက်ရင်တော့ ဒီ့ထက်ပိုဆိုးတဲ့ မကောင်းဆိုးဝါး သရဲသဘက် လောကကြီး ဖြစ်သွား လိမ့်မယ်လို့ ဒီပုဂ္ဂိုလ်တွေက ရူးရူးနှမ်းနှမ်း အော်နေကြလေရဲ့။

ဆင်ခြေတခုကတော့ စစ်အစိုးရပြုတ်ကျသွားရင် ဥပဒေမဲ့မှုတွေ၊ ဗရုတ်သုက္ခ မင်းမဲ့ အခြေအနေတွေနဲ့ ယူဂိုဆလား ဗီးယား (ဆားဘီးယား-ဘော့စ်နီးယား ဟာဇီဂိုးဗီးနား) လို 'ဘော်လ်ကန် နိုင်ဇေးရှင်း' လို့ခေါ်တဲ့ တိုင်းပြည် အစိတ်စိတ် အမြွှာမြွှာကွဲ အကြီးအကျယ် သွေးချောင်းစီးစစ်ပွဲတွေ ဖြစ်လာဖို့များတယ် ဆိုတာပါပဲ။ အဲသလိုဆိုရင် အခုလက်ရှိအနေ အထားက ဘယ်လိုရှိနေလို့လဲ။ ဗမာပြည်မှာ ဥပဒေမဲ့မှု ဖြစ်နေပြီ မဟုတ်ဘူးလား။ နိုင်ငံရဲ့ အမြင့်ဆုံး ကျင့်ဝတ်ရေးရာ ခေါင်းဆောင်တွေ (သံဃာတွေ) ကိုသတ်တာဟာ အဆိုးဆုံး ဥပဒေမဲ့မှု သဏ္ဌာန်ပဲဖြစ်ပါတယ်။ တဘက်မှာတော့ ရွှေဝါ ရောင် တော်လှန်ရေးကို ဦးဆောင် ဆင်နွှဲခဲ့တဲ့ သံဃာတော်တွေဟာ ကမ္ဘာမှာ ပြိင်စံရှားလှတဲ့ အဆင့် အမြင့်ဆုံး စည်းကမ်းရှိမှု၊ စနစ်ကျမှုကို ပြသခဲ့ ကြပါတယ်။ ဗုဒ္ဓအယူဝါဒဟာ ငြိမ်းချမ်းရေးကို ချစ် မြတ်နိုးတဲ့သဘာဝ၊ မေတ္တာဓာတ် စီးဖြန်းတဲ့ ဗီဇနောက်ခံတွေကြောင့် နာမည်ကျော်တာဖြစ်ပြီး အဲဒါ ကို မြန်မာသံဃာတွေနဲ့ ဆန္ဒပြပြည်သူတွေက ထပ်မံ သက်သေ ပြလိုက်တာ ဖြစ်ပါတယ်။

မူးယစ်ဆေးဝါးဂိုဏ်းတွေ မာဖီးယားဂိုဏ်းတွေဆိုတာ စိတ်ရူးပေါက် ကိုယ်ကျိုးကြည့် မင်းဆိုး မင်းညစ်တွေ အောက်မှာ အထွန်းကား အပွင့်လန်းဆုံးဖြစ်ပါတယ်။ မြန်မာပြည်မှာ တရားဥပဒေ အာဏာပိုင်စိုးမှု လုံးဝမရှိပါဘူး။ အတ္တသမား ဗိုလ်ချုပ်ကြီးတွေရဲ့ပါးစပ်ကထွက်သမျှ ဥပဒေဖြစ်နေပါတယ်။ ဒီလို အနေအထားမျိုးဟာ ရာဇဝတ်မှုတွေ ပရမ်းပတာ ဗရုတ်သုတ်ခတွေ အတွက် အကောင်းဆုံး ရေခံမြေခံပါ။

ကိုယ်ကျိုးရှာစစ်အုပ်စုဟာ မင်းမဲ့ဝါဒနဲ့ ပြည်တွင်းစစ်ကို ဖြစ်ပေါ်စေတဲ့ တခုတည်းသော အကြောင်း တရားဖြစ်ပါတယ်။ အရည်အချင်း မရှိတဲ့ စစ်အုပ်စုက တနိုင်ငံလုံးကို စစ်ကျွန်ပြု စစ်ဇာတ်သွင်းမှု ကြောင့် မြန်မာနိုင်ငံဟာ ၁၉၈၇ ခုမှာ 'ဖွံ့ဖြိုးမှု အနိမ့်ဆုံးတိုင်းပြည်' အဆင့်ကို ရောက်ခဲ့ရတယ်။

အဲဒီကနေ အနှစ် (၂ဝ) ထပ်ကြာသွားပြီးနောက်မှာတော့ ဗမာပြည်သမိုင်းမှာ မပေါ်ခဲ့ဖူးတဲ့ ဖရိုဖရဲ ဗရုတ် သုတ်ခတွေ၊ တလွဲ တချော် စီမံခန့်ခွဲမှု တွေနဲ့ လူမှုရေး ပဋိပက္ခတွေဟာ ကမ္ဘာပေါ်မှာ ကျရှုံးနိုင်ငံ အနည်းငယ် လောက်ကပဲ လိုက်မီနိုင်တဲ့ အခြေအနေ ဖြစ်နေပါတော့တယ်။ အခုဆိုရင် စစ်အုပ်စုဟာ သူ့ရဲ့လမ်းပြမြေပုံ ဆိုတာကို အကောင်အထည် ဖော်ဖို့ ကြိုးစားနေပါတယ်။ အဲဒါ အကောင် အထည်ပေါ်လာရင် ပိုပြီး ပျက်ယွင်းပြိုကွဲတာနဲ့ ပဋိပက္ခတွေ ပြင်းထန်သဲသန်လာမှာ သေချာပေါက် ပါပဲ။ ဒီမြေပုံအတိုင်းဆိုရင် ဗိုလ်သန်းရွှေ သေပြီးနောက်မှာ သို့မဟုတ် လက်ရှိ စစ်ဗိုလ်ချုပ်မျိုးဆက် လွန်ပြီး နောက်မှာ ဟေတီနိုင်ငံက ဒူဗေးလီးယား၊ မြောက်ကိုရီးယားက ကင်အီဆွန်း၊ ဆီးရီးယားက အာဆဒ်တို့လို အာဏာရှင် မင်းဆက်ပဲ ပေါ်လာပါလိမ့်မယ်။

အတိုက်အခံဘက်ကြည့်ရင်တော့ အဓိကအဖွဲ့အစည်းအားလုံး လိုလိုမှာ အနည်းနဲ့အများ တူညီတဲ့ ပင်မ တောင်းဆိုချက်တွေ မြော်မြင်မှုတွေ ရှိနေပါတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဒီမိုကရေစီ အင်အားစုတွေနဲ့ ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ် UNLD သို့မဟုတ် ညီညွတ် သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ UNA တို့ဦးဆောင်တဲ့ တိုင်းရင်းသား အင်အားစုတွေဟာ ၁၉၉၈ ခုမှာ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ CRPP ထဲ ပေါင်းစည်း လက်တွဲထားပါတယ်။ ဒီကော်မတီကို ၁၉၉ဝ ပြည့် နှစ်တုန်းက အဓိက ရွေးကောက်ခံခဲ့ရတဲ့ ပါတီတွေနဲ့ ဖွဲ့စည်း ထားတာဖြစ်ပါတယ်။

ဒီမိုကရေစီအင်အားစုတွေနဲ့ တိုင်းရင်းသားအင်အားစုတွေကြား နှောင်ကြိုးကို ၁၉၉ဝ သြဂုတ်လ ဗိုလ်အောင်ကျော် လမ်း ကြေညာချက်နဲ့ ပထမဆုံး စခဲ့တာဖြစ်ပါတယ်။ အပစ်အခတ် ရပ်စဲရေး တိုင်းရင်းသား အဖွဲ့တွေကလည်း UNLD, UNA နဲ့ ဆက်စပ်နေပြီး အဲဒီကတဆင့် CRPP နဲ့ ချိတ် ထားပါတယ်။ ၁၉၉၈ ခုတုန်းကဆိုရင် အပစ်ရပ်အဖွဲ့ (၄) ဖွဲ့က CRPP ကို ဗြောင်အတိအလင်း ထောက်ခံခဲ့ပါတယ်။ အင်အားအကြီးဆုံး တရားဝင် ရှမ်းနိုင်ငံရေးပါတီရဲ့ ခေါင်းဆောင် ခွန်ထွန်းဦးနဲ့ အင်အားအကြီးဆုံး ရှမ်းလက်နက်ကိုင် အဖွဲ့ရဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဆေထင်တို့ကို ၂ဝဝ၅ ခုနှစ်မှာ နအဖ က ဖမ်းဆီးအကျဉ်းချတဲ့ နောက်ခံ အကြောင်းတခုကတော့ သူတို့ဟာ တိုင်းရင်းသား အပစ်ရပ် အဖွဲ့တွေနဲ့ CRPP ကြား မှာ သြဇာညောင်းတဲ့ ပင်မ အဆက်အသွယ်တွေ ဖြစ်နေလို့ပါပဲ။

၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲတွေမှာ NLD နဲ့ UNLD တို့ဟာ လွှတ်တော်အမတ်နေရာ (၉၅)ရာခိုင် နှုန်းကို ရခဲ့တယ်။ NLD ဟာ တိုင်းရင်းသား ဒေသတွေမှာလည်း အမတ်နေရာတွေ နိုင်ခဲ့ပါတယ်။ ၂ဝဝ၃ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည် ရဲ့ ခရီးစဉ်တွေအတွင်းမှာ လူထုအင်အား အများဆုံး ထွက်ကြိုကြ၊ ထောက်ခံကြတာဟာ (တိုင်းရင်းသား) ပြည်နယ် တွေမှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း စစ်အုပ်စုက ဒေါ်စုအပေါ် ယုတ်မာ ရိုင်းစိုင်းလှတဲ့ ဒီပဲယင်း လုပ်ကြံမှုကို ကျူးလွန်ခဲ့ တာဖြစ်ပါတယ်။

၁၉၉ဝ က NLD ဟာ တပ်နယ်မြေတွေမှာလည်း မဲနိုင်ခဲ့ပါတယ်။ ဒါ့အပြင် NLD ရဲ့ ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌ တို့ဟာ ဗိုလ်ချုပ် ဟောင်းတွေ၊ တပ်မတော် ခေါင်းဆောင်ဟောင်းတွေ ဖြစ်သလို တခြား 'အမြင်မှန်ရ'တဲ့ တပ်မှူးဟောင်းတွေ ရဲဘော် ဟောင်းတွေ အမြောက်အမြားလည်း မြန်မာပြည်ရဲ့ အကြီးဆုံး အတိုက်အခံ ပါတီကြီးထဲမှာ ပါဝင်နေပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ကျင့်သုံးခြင်းအားဖြင့် စစ်တပ်နဲ့ ဒီမိုကရေစီ အင်အားစုတွေ၊ တိုင်းရင်းသား အင်အားစု တွေကြား တိုင်းပြည် အစိတ်စိတ် သွေးချောင်းစီးပြိုကွဲမှာ မဟုတ်ဘဲ ငြိမ်းချမ်း တည်ငြိမ်စွာနဲ့ ညီညွတ် ပေါင်းစည်း သွားမှာသာဖြစ်ပါတယ်။

မြေအောက်အတိုက်အခံအဖွဲ့တွေဟာလည်း အရေးပါတဲ့ သဘောတူချက်တွေ ရယူနိုင်ခဲ့ပါတယ်။ ၁၉၉၂ ခု ဇူလိုင်လ မာနယ်ပလော စာချုပ်ကနေစခဲ့တာ ၁၉၉၇ ဇန်နဝါရီလမှာ ချုပ်ဆိုတဲ့ `မယ် သရောထ´ သဘောတူညီချက် ဆိုရင် အနာဂတ် ဗမာပြည်ရဲ့ ငြိမ်းချမ်းရေးနဲ့ သဟဇာတဖြစ်ရေး အတွက် မှန်ကန်တဲ့ ခြေလှမ်းတခုအဖြစ် ဒေါ်အောင်ဆန်းစု ကြည် ကိုယ်တိုင်က အသိအမှတ်ပြု ထောက်ခံခဲ့ပါတယ်။ ဒီစာချုပ်တွေဟာ ဒီမိုကရေစီအဖွဲ့တွေ သို့မဟုတ် လက်နက် ကိုင် တိုင်းရင်း သားအဖွဲ့တွေကြား ကွဲလွဲချက်တွေကို တန်းတူညီမျှ သဘောတရားအရ ငြိမ်းချမ်းစွာ စေ့စပ်ဖြေရှင်း ဖို့ လည်း သဘောတူ ထားတာကြောင့် ထူးခြားနေပါတယ်။

မြေအောက် တိုင်းရင်းသားအင်အားစုတွေနဲ့ ဒီမိုကရေစီအင်အားစုတွေ အားလုံး နီးပါးဟာ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ NCUB အတွင်းမှာ စုစည်း ညီညွတ်လျက် ရှိနေပါတယ်။ ဒီ တပ်ပေါင်းစုထဲမှာ လက်နက်ကိုင် တိုင်း ရင်းသား အဖွဲ့ (၁ဝ) ဖွဲ့၊ လက်နက်မကိုင်တဲ့ တိုင်းရင်းသား သို့မဟုတ် လူနည်းစုအဖွဲ့ (၅) ဖွဲ့နဲ့ (ပြည်ပရောက် NLD ပါ တီနဲ့ ကျောင်းသားတပ်မတော် အပါအဝင်) ဒီမိုကရေစီအဖွဲ့အစည်း သို့မဟုတ် အရပ်ဘက် လူထုအသင်းအဖွဲ့ (၁၃) ဖွဲ့ ပါဝင်ဖွဲ့စည်းထားတဲ့အပြင် NLD၊ တစညနဲ့ တိုင်းရင်းသားပါတီ (၇) ခုက ရွေးကောက်ခံရတဲ့ ပြည်ပရောက် အမတ် (၃၄)ယောက်ပါ ပါဝင်နေပါတယ်။ NCUB အပြင်ဘက်က တိုင်းရင်းသား အဖွဲ့တွေ၊ ဒီမိုကရေ စီအဖွဲ့၊ အရပ်ဘက် အသင်း အဖွဲ့တွေကတော့ ပြည်ပရောက် UNLD အဖွဲ့၊ တိုင်းရင်းသားလူမျိုးစု များကောင်စီ ENC စစ်ရေးမဟာမိတ် (၅) ဖွဲ့၊မြန်မာ နိုင်ငံ ဒီမိုကရက်တစ်အင်အားစု FDB၊ SYCB နဲ့ NY Forum လို ကျောင်းသားလူငယ် တပ်ပေါင်းစုများ စတဲ့ တပ်ပေါင်းစု တွေက တဆင့် NCUB နဲ့ ချိတ်ဆက် ဒါမှမဟုတ် အပြန်အလှန် ဆက်စပ်နေပါတယ်။ ဒီလို ဆက်စပ် ညီညွတ် နေတယ်ဆိုတာ အားလုံး တသားတည်း ပြဿနာ မရှိ ညီညွတ်နေတာကို မဆိုလိုပါဘူး။ အနိမ့်ဆုံး အားဖြင့် ပြဿနာ တွေကို ဘော့စ်နီးယား၊ အရှေ့တီမော၊ အီရတ်တို့မှာလို အချင်းချင်း လက်နက်ကိုင်ပြီး သွေးချောင်းစီး ဖြေရှင်းမှာ မဟုတ်ဘူးဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။

ကူးပြောင်းရေးကာလကို တည်တည်ငြိမ်ငြိမ်ဖြတ်သန်းနိုင်ဖို့အတွက် NLD ဟာ ၁၉၄၇ အခြေခံ ဥပဒေအပေါ် တစုံတရာ အခြေခံထားတဲ့ ယာယီ ဖွဲ့စည်းပုံ အခြေခံဥပဒေ တခုကို ဖော်ထုတ်ထားပါတယ်။ ဒါ့အပြင် ဗမာလူမျိုး အပါအဝင် တိုင်း ရင်းသား အားလုံးပါဝင်မယ့် ဒုတိယပင်လုံ ညီလာခံခေါ်ဖို့ အစီအစဉ်တွေလည်း ရှိထားပါတယ်။ အဝေးရောက် အတိုက် အခံ အင်အားစုတွေကလည်း အနာဂတ် အခြေခံဥပဒေတွေကို ရေးဆွဲ ဖော်ထုတ်နေကြပါတယ်။ အင်မတန့်ကို လွှမ်းခြုံ မှုရှိရှိနဲ့ ကျယ်ပြန့်တဲ့ အခြေခံနဲ့ ဖွဲ့စည်းထားတဲ့ ဖက်ဒရယ် အခြေခံဥပဒေ ရေးဆွဲရေးနှင့် ဆက်စပ်ညှိနှိုင်းရေး ကော်မတီ FCDCC ရယ်၊ ပြည်နယ် အခြေခံဥပဒေ ရေးဆွဲရေးကော်မတီ SCDC (၈) ခုရယ်ဟာ ဖြစ်လာနိုင်တဲ့ ကွာဟမှုတွေ ပဋိ ပက္ခတွေကို ပြေလည်အောင် ညှိနေကြပါတယ်။

ယူဂိုဆလားဗီးယားတို့ အာဖရိကတိုက်က တိုင်းပြည်တွေနဲ့မတူတာက မြန်မာပြည်ရဲ့ နှစ် (၂ဝဝဝ) ကျော် ယဉ်ကျေးမှု မြင့်မားခဲ့တဲ့ သမိုင်းမှာ ဘောလ်ကန်နိုင်ဇေးရှင်းဆိုတဲ့ ယဉ်ကျေးမှုနိမ့် လူရိုင်းဆန်ဆန် အစိတ်စိတ်ကွဲ ထိန်းမနိုင် သိမ်း မရ သတ်ကြဖြတ်ကြတဲ့ အဖြစ်မျိုး မကြားဖူးပါဘူး။ မြန်မာ့ သမိုင်းမှာရှိခဲ့တဲ့ စစ်ပွဲတွေဟာ အဓိကအားဖြင့် ပဒေသရာဇ် ဘုရင်တွေက ပတ်ဝန်းကျင်နယ်မြေတွေ အပေါ် ဘုန်းတန်ခိုးချဲ့ထွင်တဲ့ စစ်ပွဲတွေသာ ဖြစ်ပါတယ်။ ဒါဟာ ရှေးခေတ်က ဘယ်တိုင်း ပြည်မှာ မဆိုထုံးစံဖြစ်တဲ့ ပဒေသရာဇ်တွေရဲ့ အမူအကျင့်အတိုင်းပါပဲ။ မြန်မာပြည် လွတ်လပ်ရေး မရခင်နဲ့ ရပြီးစကာလက လူမျိုးရေး အဓိကရုဏ်းတွေဟာ ကိုလိုနီနယ်ချဲ့ သမားတွေရဲ့ 'သွေးခွဲ အုပ်ချုပ်ရေး' နည်းပရိယာယ် ကြောင့်နဲ့ လူမျိုးခွဲခြားရေးသမား အနည်းစုကြောင့် ပေါ်တာဖြစ်ပါတယ်။ အဲဒါတွေကို အမြော်အမြင်ကြီးတဲ့ နှစ်ဘက် တိုင်းရင်းသား ခေါင်းဆောင်တွေ ပြည်သူတွေက အမြန် ထိန်းချုပ်နိုင်ခဲ့ပါတယ်။

စစ်အစိုးရက ဖက်ဒရယ်စနစ်ကို သရုပ်ဖျက် အဓိပ္ပာယ် တလွဲဖော်မှု ဟာလည်း မြန်မာပြည်သူတွေ အပေါ် အရင်ကလို မထိရောက် တော့ပါဘူး။ ဖက်ဒရယ်စနစ်ရဲ့ တကယ့်အဓိပ္ပာယ်ကို ဗမာအပါအဝင် တိုင်းရင်းသားတွေက ပိုမိုသိမြင် လက်ခံလာ ကြပါပြီ။ အတိတ်ကာလ စစ်ပွဲတွေမှာ အောင်နိုင်သူ ဖြစ်လေ့ဖြစ်ထရှိခဲ့တဲ့ ဗမာလူမျိုးတွေဟာ အခုအခါမှာ တိုင်းရင်းသား လူမျိုးတွေကို ကမ္ဘာ့စံနှုန်းတွေအတိုင်း ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ငြင်းပယ်ထားလို့ အကျိုး မရှိပုံကို သဘောပေါက် လာပါပြီ။ ဒါနဲ့ပတ်သက်လို့ တခုတည်း ကြွင်းကျန်နေတဲ့ အဟန့် အတားကတော့ စစ်အုပ်စုပဲ ဖြစ်ပါတယ်။

၂ဝဝ၇ စက်တင်ဘာလမှာ ကုလသမဂ္ဂက ချမှတ်ပြဋ္ဌာန်းလိုက်တဲ့ ဌာနေ တိုင်းရင်းသား အခွင့်အရေး ကြေညာစာတမ်း ဟာ ဗမာပြည်က ဒီမိုကရေစီနဲ့ တိုင်းရင်းသား ပြဿနာအတွက် အားဖြစ်စေပါလိမ့်မယ်။ နောက်တခု သိထားဖို့ကတော့ ဗမာပြည်မှာ စစ်အစိုးရပြောနေသလို တိုင်းရင်းသားလူမျိုး (၁၃၅) မျိုးလည်း မရှိပါဘူး။ အရေအတွက် အစစ်အမှန်က (၆ဝ) ပတ်ဝန်းကျင်လောက်ပဲ ရှိပြီး နအဖက လူမျိုးတမျိုးတည်းကို နာမည် (၄-၅)မျိုးနဲ့ ထပ်ခါထပ်ခါ လှည့်ပတ် ရေတွက် ထားလို့ ဖောင်းပွနေတာပါ။

ကနေဒါနိုင်ငံ ကွိဘက်နယ်၊ ဗြိတိန်နိုင်ငံ စကော့တလန်နယ်၊ ဘယ်လ်ဂျီယမ် နိုင်ငံ ဖလန်ဒါးနယ် တွေမှာလိုပဲ လုံးဝ ခွဲ ထွက်ချင်တဲ့ လူနည်းစုဆိုတာက အမြဲရှိပါတယ်။ နောင်မှာလည်း ရှိနေမှာ ဓမ္မတာပါပဲ။ ဒါပေမဲ့ တိုင်းရင်းသားလူမျိုး တမျိုးစီ အတွင်းမှာ အများစုကြီးကတော့ တန်းတူအခွင့် အရေးပဲ ရချင်တာဖြစ်ပါတယ်။ ဒါ့အပြင် ခွဲထွက်ချင်သူတွေမှာ သူတို့ဆန္ဒကို လက်တွေ့ အကောင် အထည်ဖော်ဖို့ နည်းလမ်းတွေ အနေအထားတွေလည်း မရှိပါဘူး။ ယခင်ဝန်ကြီး ချုပ် ဦးနု လက်ထက် ၁၉၅၈ ခုတုန်းကတောင် တိုင်းရင်းသားတွေဟာ ၁၉၄၇ အခြေခံဥပဒေရဲ့ ပုဒ်မ ၁၄ဝ ကို အသုံး ချပြီး ဥပဒေနဲ့အညီ ခွဲထွက်ဖို့ အခွင့်အရေး ရှိခဲ့တုန်းကတောင် ခွဲထွက်ဖို့ အားထုတ်မှု မရှိခဲ့ဘဲ ပြည်ထောင်စု ဘောင်ထဲမှာ အခွင့်အရေး ပိုရဖို့ကိုသာ ငြိမ်းငြိမ်းချမ်းချမ်း ဒီမိုကရေစီနည်းကျ တောင်းဆိုခဲ့တာ ဖစ်ပါတယ်။ အဲဒါကို နေဝင်းစစ်အုပ်စု က အကြမ်းပတမ်း အင်အားသုံး နှိပ်ကွပ်ခဲ့တာ ဖြစ်ပါတယ်။

လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေ၊ အထူးသဖြင့် အပစ်ရပ် အဖွဲ့တွေနဲ့ အပစ်ရပ် အဖွဲ့ နယ်မြေတွေ ထဲက ပြည်သူလူ ထုတွေဟာ အခြေခံအားဖြင့် စစ်ပန်းနေကြပါတယ်။ ဒါကြောင့်လည်း နအဖက သူတို့အပေါ် ဖိအားပေးခြိမ်းခြောက် ကစားလို့ ရတာဖြစ်ပါတယ်။ ၁၉၉၈ ခု စက်တင်ဘာလတုန်းက အပစ်ရပ်အဖွဲ့တချို့ စစ်အုပ်စုကိုအာခံပြီး CRPP ကို အား ပေးခဲ့တုန်းက ဒေသခံလူထုဖိအားနဲ့ အပစ် ရပ်စစ်အရာရှိကြီးတွေရဲ့ စစ်ရှောင်လိုစိတ်ကြောင့် စစ်ပြန်မဖြစ်ခဲ့တာ ဖြစ်ပါတယ်။ စစ်အေးခေတ်ပြီး တဲ့နောက်ပိုင်း ကမ္ဘာမှာလွှမ်းလာတဲ့ အကြမ်းမဖက်ရေး သဘောတရားနဲ့ မီဒီယာရဲ့ သြဇာသက် ရောက်မှုတွေဟာ ဗမာပြည်က လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေအပေါ် ဖြစ်သင့်တာထက် ပိုပြီး သြဇာညောင်း ခဲ့ပါတယ်။ ဗမာပြည်မှာ စစ်တိုက်ရေးထက် (သုံးပွင့်ဆိုင်) တွေ့ဆုံဆွေးနွေးရေးနဲ့ အကြမ်းမဖက်ရေး တို့က ပိုခေတ်စားနေပါ တယ်။

တဖက်ကကြည့်ရင် ကမ္ဘာပ်ါမှာ ဘော်လ်ကန်နိုင်ဇေးရှင်း တခုတည်းသာ ဖြစ်ကြတာ မဟုတ်ပါဘူး။ ချက်ကိုစလိုဗေးကီး ယားနိုင်ငံလို 'ကတ္တီပါလမ်းခွဲ' နဲ့ လုံးဝငြိမ်းချမ်းစွာ ခွဲခွာ ခဲ့ကြတာတွေလည်း ရှိပါတယ်။ အထိန်းအချုပ်မဲ့ ကျရှုံးနေတဲ့ နအဖ စစ်အုပ်စုဘဝကနေ စစ်ဘုရင်တဖြစ်လဲ စစ်အုပ်စုဝင် ဗိုလ်ချုပ်တွေ သို့မဟုတ် တိုင်းမှူးတွေက သီးခြားစီထိန်းချုပ် တဲ့ အာဏာပြိုင် တဗိုလ်တမင်း နယ်ပယ်တွေ တထွေးကြီးအဖြစ် ပြိုကွဲသွားခြင်းအားဖြင့်သာ သမ္မတ ဆီယဒ်ဘား အလွန် ဆိုမာလီယာ၊ သမ္မတ နာဂျီဘူလာ အလွန် အာဖဂန်နစ္စတန်၊ သမ္မတ မိုဘူတူအလွန် ကွန်ဂိုနိုင်ငံတွေမှာလို ဘော်လ်ကန်နိုင်ဇေးရှင်းနဲ့ မင်းမဲ့ဝါဒ ပေါ်လာနိုင်ပါတယ်။

ဒါပေမဲ့ အဲဒီနိုင်ငံတွေနဲ့မတူဘဲ ကံကောင်းထောက်မ တာက မြန်မာနိုင်ငံမှာ ဥပဒေ ကြောင်းနဲ့ ညီပြီး လူထုထောက်ခံတဲ့ ဒီမိုကရေစီ ခေါင်းဆောင်မှု တရပ်က အာဏာယူဖို့ အသေအချာပြင်ဆင်မှုရှိရှိ အရည်အချင်းရှိရှိနဲ့ အဆင်သင့်ရှိနေပါ တယ်။ မြန်မာနိုင်ငံက ဒီမိုကရေစီနဲ့ တိုင်းရင်းသား အတိုက် အခံခေါင်းဆောင်တွေဟာ နအဖ စစ်ခေါင်းဆောင် တွေထက် ပိုပြီး အရည်အချင်းပြည့်ဝ၊ အတွေ့ အကြုံလည်းကြီး၊ အမြင်ပိုကျယ်၊ သဘောထားကြီး၊ အမြော်အမြင်ရှိတာ လုံးဝ အသေ အချာပါပဲ။

အီရတ်တို့ အာဖဂန်နစ္စတန်တို့နဲ့ မတူတာက မြန်မာပြည်က ယုတ်မာ ရက်စက်မှုတွေ အကြမ်းဖက် မှုတွေ အားလုံးဟာ အုပ်စိုးသူ နအဖရဲ့ လုပ်ရပ်တွေသာ ဖြစ်ပါတယ်။ အတိုက် အခံတွေထဲမှာ အစွန်းရောက် သမားတွေ အကြမ်းဖက် သမားတွေ လုံးဝမရှိပါဘူး။ ဒါကြောင့် နအဖကိုသာ ထိန်းချုပ် ဖယ်ရှားနိုင်ရင် နောင်မှာ သွေးချောင်းစီးစရာ ရှိမှာ မဟုတ်တော့ပါဘူး။ မျက်မှောက်ကာလမှာ စစ်အုပ်စုရဲ့ ဦးနှောက်မဲ့ ရူးရူးနှမ်းနှမ်း စီးပွားရေး မူဝါဒတွေကြောင့် ဗိုလ်ချုပ် တွေကလွဲလို့ လူတိုင်း မွဲပြာကျနေပါတယ်။ စင်ကာပူက ဝါရင့်ခေါင်းဆောင်ကြီး မစ္စတာ လီကွမ်းယူး ကတောင် စီးပွားရေးနဲ့ပတ်သက် လာရင် ဒီဗိုလ်ချုပ်တွေဟာ 'လဒူ' တွေပဲလို့ သမုတ်ခဲ့ပါတယ်။ ပြည်သူပြည်သားတွေ အတွက်ရော၊ တိုင်းရင်းသား လုပ်ငန်းရှင်တွေ အတွက်ရော၊ နိုင်ငံခြားက ရင်းနှီးမြှုပ်နှံသူတွေ အတွက်ပါ အကျိုးအမြတ်ရှိမယ့် ဘာ ဂလိုဘယ်လ်လိုက်ဇေး ရှင်းမှ ဗမာပြည်မှာ အမြစ်မတွယ်နိုင် ဖြစ်နေပါတယ်။

ဒါနဲ့ယှဉ်ကြည့်မယ်ဆိုရင်တော့ NLD ဟာ မိမိခေါင်းဆောင်ပိုင်း ကိုရော အောက်ခြေ အဖွဲ့ဝင် တွေကိုပါ ဘာသာရပ်ပေါင်း စုံနဲ့ ပတ်သက်ပြီး ကမ္ဘာ့ အဆင့်မီအောင် အရည်အသွေး မြှင့်တင်ပေးမှုတွေ တောက်လျှောက် လုပ်နေခဲ့ပါတယ်။ တနေ့ နေ့မှာ တရုတ်၊ ဗီယက်နမ်တို့လို ဂလိုဘယ်လ်လိုက်ဇေးရှင်း လှိုင်းစီးပြီး တိုင်းပြည်တိုးတက်စေဖို့ မျှော်မှန်းချက်နဲ့ လို အပ်တဲ့ အရည်အချင်းတွေ ဖြည့်တင်းနေပါတယ်။ ပြည်ပရောက် ဒီမိုကရေစီ အင်အားစုတွေ တိုင်းရင်းသား အင်အားစု တွေဟာလည်း နှစ်ပေါင်းများစွာ ပြည်ပမှာ လေ့လာသင်ကြားနေခဲ့ပြီး ငြိမ်းချမ်းရေး နောက်ခံ နိုင်ငံတကာအဆင့် စွမ်း ဆောင်ရည်တွေ ကောင်းကောင်းလေ့ကျက် ထားပါပြီ။

အရေးကြီးတဲ့အချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ဟာ ချက်ချင်းလက်ငင်း 'အစိုးရ ပြောင်းပစ်ရေး' ကို တောင်းဆိုနေတာ မဟုတ်ဘဲ မြန်မာ့တပ်မတော်ရဲ့ အခန်းကဏ္ဍကို အလေးထား စဉ်းစားပြီး စေ့စပ် ဆွေးနွေး ညှိနှိုင်းရင်း နိုင်ငံရေးအဖြေရှာဖို့နဲ့ သိတ်မဝေးတဲ့ အနာဂတ် တချိန်မှာ စစ်တပ်အုပ်စိုးမှုကို အပြီးအပိုင် ဖျက်သိမ်းဖို့သာ တောင်း ဆိုနေတာဖြစ်ပါတယ်။ ၂ဝဝ၆ ဖေဖော်ဝါရီမှာ NLD က ကူးပြောင်းရေး အစီအစဉ် တခု အဆိုတင်ခဲ့ရာမှာ နအဖကို ကြားကာလတခုအတွက် 'ဒီဂျူရီ' တရားဝင် အစိုးရအဖြစ် ၁၉၉ဝ ရွေးကောက်ခံ လွှတ်တော်က အသိအမှတ် ပြုပေးမယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။

၂ဝဝ၇ သြဂုတ်လမှာလည်း ရွေးကောက်ခံအမတ် (၉၂) ယောက်က အစားထိုး လမ်းပြ မြေပုံတခု အဆိုပြုခဲ့ ရာမှာ နအဖ ကို အခြေခံဥပဒေ ရေးဆွဲရေးနဲ့ ကူးပြောင်းရေး ဖြစ်စဉ်တွေအတွင်း ရွေးကောက်ခံ NLD အမတ်တွေ၊ တိုင်းရင်းသား အမတ်တွေနဲ့ အတူ အရေးပါတဲ့ အခန်းကပါဝင်ခွင့် ကတိပေးခဲ့ပါတယ်။ "ဘယ်ဟာကို မဆို စေ့စပ်ညှိနှိုင်းလို့ ရနိုင်တယ်" လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ဖူးပါတယ်။ တပ်မတော်ကို ဖျက်သိမ်းပစ်မှာ မဟုတ်ဘဲ စစ်အာဏာရှင် စနစ်ကိုသာ စနစ် တကျ ညှိညှိနှိုင်းနှိုင်းနဲ့ ဖျက်သိမ်းပစ်မှာ ဖြစ်ပါတယ်။ ဒါဟာ အတိုက်အခံတွေ အားလုံးရဲ့ တညီတည်း သဘောထားလည်း ဖြစ်ပါတယ်။

ခေါင်းမာလှတဲ့ ဗိုလ်ချုပ်တွေကတော့ ဒီကမ်းလှမ်းချက် အားလုံးကို ပယ်ချ ပစ်ခဲ့ပါတယ်။ တကယ်တော့ ဒီအဓိပ္ပာယ် ပြည့်ဝ လှတဲ့ အဆိုပြုချက်တွေဟာ တင်းမာလှတဲ့ စစ်အုပ်စုဘက်ကနေ အူတူတူနဲ့ ရှေ့နေလိုက် နေသူတွေ ပြောနေတဲ့ အဓိပ္ပာယ်မဲ့ 'တဖြည်းဖြည်း ပြောင်းလဲရေး' အသံတွေနဲ့ အင်မတန်မှ ကွာခြားလှပါတယ်။ နအဖ စစ်အုပ်စုကလည်း တဖြည်းဖြည်း ပြောင်းလဲရေး လုပ်နေပါ တယ်လို့ (၁၉) နှစ်လုံးလုံး ပြောနေခဲ့ရာမှာ ရလဒ်ကတော့ ဗုဒ္ဓသားတော် ရဟန်း သံဃာတွေ အစု လိုက်အပြုံလိုက် အသတ်ခံရတာပဲ ဖြစ်လာပါတယ်။ ဒါကြောင့် စစ်အစိုးရရဲ့ တဖြည်းဖြည်း ပြောင်းလဲရေး အတိုင်းဆိုရင်တော့ ဘာမှဒီမိုကရေစီဘက် ပြောင်းလဲမှာမဟုတ်ဘဲ ပိုပြီးတော့ သွေးချောင်း စီးဖို့သာ ရှိပါတယ်။

နအဖစစ်အုပ်စုကို ဖိအားမပေးဘဲ လူမိုက်အားပေး ထိတွေ့ ဆက်ဆံရေး လုပ်ဖို့လည်း အာဆီယံ၊ တရုတ်၊ ဂျပန် နိုင်ငံတွေက ဆော်သြကြ ရပ်တည်ကြပါတယ်။ ဒါနဲ့ပဲ ဂျပန်နိုင်ငံခမျာ သူ့သတင်း ထောက် မစ္စတာ နဂါအီတယောက် ရွှေဝါရောင် တော်လှန်ရေးအတွင်း အနီးကပ် ပစ်သတ်ခံလိုက် ရပါတယ်။ ဗြိတိန်နိုင်ငံမှာလည်း ချင်လ်စတန်ပါက် ဆွေးနွေးပွဲဆိုပြီး နအဖနဲ့ ထိတွေ့ဆက်ဆံ ကျောသပ် ရင်သပ်လုပ်ဖို့ ကြိုးစားနေသူတွေ ရှိပါတယ်။

ဒါတွေအားလုံးရဲ့ရလဒ်ကတော့ စစ်ကျွန်ပြု လူသတ်ယန္တရား ပိုမို ကြီးထွားလာပြီး အိမ်နီးချင်း တိုင်းပြည်တွေဆီ ဒုက္ခ သည်တွေ၊ ရွှေ့ပြောင်း အလုပ်သမားတွေ ပိုထွက်လာတာဖြစ်ပါတယ်။ အေ့ဒ်စ်အပါအဝင် ရောဂါဆိုးတွေ၊ အဓမ္မလုပ် အားပေးတွေ၊ စစ်တပ်ရဲ့မုဒိမ်းမှုတွေနဲ့ ပြည်တွင်း အိုးအိမ်မဲ့ ဒုက္ခသည်တွေ ပိုပျံ့နှံ့ ပိုများပြားလာတာလည်း အားလုံး အသိပါပဲ။

ဒီတော့ နိုင်ငံမှာ အလေးအမြတ်အထားဆုံး (သာသနာ့) အလွှာကို တိုင်းပြည်ရဲ့ အမြင့်မြတ်ဆုံး ဘုရား ပုထိုးပေါ်မှာ ဗုဒ္ဓဘာသာရဲ့ ဘာသာရေး နေ့ထူး နေ့မြတ်ဖြစ်တဲ့ လပြည့်နေ့ကြီးမှာ သွေချောင်းစီး သတ်ပစ်ဖို့ လက်မနှေးတဲ့ စစ်အုပ်စုကို မ,တင်ပေးနေလို့ ဘာအကျိုးထူးများ ရနိုင်မယ် ထင်နေ ကြပါသလဲ။ စိတ်ကူးယဉ် အမြင်သာဖြစ်တဲ့၊ လက်တွေ့ မဖြစ် နိုင်တဲ့ ဘော်လ်ကန်နိုင်ဇေးရှင်း သွေးချောင်းစီး ပြိုကွဲမှုနဲ့ မင်းမဲ့ ဝါဒဗရုတ်သုတ်ခ အခြေအနေဆိုးကို ကာကွယ်ဖို့ဆိုပြီး ဒီလိုစစ်အစိုးရမျိုးနဲ့ ထိတွေ့ဆက်ဆံတာ၊ ပိုနေမြဲ ကျားနေမြဲ အခြေအနေထိန်းသိမ်းဖို့ ရပ်ခံတာဟာ လူ့ကျင့်ဝတ်အရ လုပ်သင့်သလား၊ ဖြစ်ရောဖြစ်နိုင်မှာလား။ ဒီလိုသွေးချောင်းစီး ဖရိုဖရဲ အလားအလာကို တကယ် ကာကွယ် ချင်ရင်တော့ ဒီ စစ်အစိုးရနေရာမှာ အတိုက်အခံတွေ ဖော်ထုတ်ပြထားတဲ့ လမ်းပြမြေပုံ အတိုင်း ပြည်သူက အခွင့်အာဏာ အပ်နှင်း ထားတဲ့ အတိုက်အခံတွေနဲ့ အစားထိုး ဖယ်ရှားပစ်ဖို့ ကလွဲလို့ တခြားနည်းလမ်း မရှိပါ။ ။

ဂါမဏိ


Read More...

မီးထဲက စန္ဒယား

ဂါမဏိ

ရာသီကြောင့်မဟုတ်တာ ဖြစ်ကောင်းဖြစ်မယ်
အချိန်အခါကြောင့်မဟုတ်တာ ဖြစ်ကောင်းဖြစ်မယ်
ဘာကြောင့်မှ မယ်မယ်ရရ မဟုတ်တာလည်း ဖြစ်ကောင်းဖြစ်လိမ့်မယ်
ဘာကြောင့်များ ငါ့ကို လှောင်ပိတ်ထားရတယ်
ဒါ ငါ့ကိုကွယ်ဝှက်ထားချင်တာ သက်သက်ပါ

၂၀၀၃ ခု မေလ ဒီပဲယင်းလုပ်ကြံမှုကြီးအပြီးတွင် ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏ဘ၀တွင် တတိယ မြောက် ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရသည်။ ဤသို့ဖြင့် လွတ်လပ်နေချိန်တွင် သူမ ကိုယ်တိုင် စိတ် လက်ပေါ့ပါးရွှင်ပြစွာ တီးခတ်လေ့ရှိသော စန္ဒယားမှာ အသံတိတ်ဆိတ်သွားခဲ့သည်။ အမှတ် (၅၄) တက္ကသိုလ်ရိပ်သာလမ်းမှ စန္ဒယားသံ တိတ်ဆိတ်သွားခြင်းနှင့်အတူ မြန်မာပြည်သူတို့၏ ဒုတိယ လွတ် လပ်ရေးအလင်းစမှာလည်း ဆိတ်သုဉ်းကွယ်ပသွားပါတော့သည်။

လာပြီးကြည့်လှည့်
သီချင်းဆိုပြီး ချော့သိပ်လှည့်
လာပြီး လွှတ်ပေးလှည့်
ငါ ငိုချင်တဲ့အခါ ထွေးပွေ့လှည့်

ဤအဖြစ်ကိုကြားမိသော အိုင်ယာလန်လူမျိုး ဂီတပညာရှင် ဒါမီယင်ရိုက်စ်သည် အနုပညာသမားပီပီ ရင်နင့်စွာခံစားရပြီး ဂီတနှင့်လွတ်လပ်ခြင်း၊ ဂီတနှင့်ဒီမိုကရေစီယှက်နွယ်နေမှုကို အလေးအနက် ဆင် ခြင်မိခဲ့သည်။ စင်စစ်အားဖြင့် ဂီတဟူသည် လူသားတို့ကို ကြည်နူးအေးချမ်းစေသော အဆင့်မြင့် ယဉ်ကျေးမှုပစ္စည်း မဟုတ်ပါလား။ ဤသို့ဆင်ခြင်မိလာသော ဒါမီယင်ရိုက်စ်သည် ၂၀၀၄ ခုနှစ် နွေရာ သီတွင် နယ်စပ်ကို လျှို့ဝှက်ဖြတ်ကျော်ပြီး နအဖစစ်အုပ်စု၏ အပြင်းအထန် မြေလှန် ဖျက်ဆီးမှုခံနေ ရသော ကရင်ပြည်နယ် တောတောင်များအတွင်းမှ ပကတိအခြေအနေများကို မျက်မြင်ကိုယ်တွေ့ လေ့လာခဲ့လေသည်။

မတီးခတ်ရတဲ့စန္ဒယား
ပြတင်းပေါက်ဘေးမှာ အမြဲလေ
ကိုယ့်ချစ်သူတွေ မလာရတဲ့အခန်းထဲ
အသံတိတ်သီချင်းတပုဒ်နဲ့ တကိုယ်တည်းရှိနေရှာ
တယောက်ယောက်က သူမကို အိမ်ပြန်ပို့ပေးပါ

ဆယ်နှစ်အတွင်း ကျေးရွာပေါင်း (၃,၀၀၀) ကျော် ဖျက်ဆီးခံခဲ့ရ၊ လူဦးရေတသိန်းခွဲ နိုင်ငံပြင်ပသို့ ဒုက္ခ သည်များအဖြစ်ထွက်ပြေးရ၊ နောက်ထပ်နှစ်သန်း တရားမ၀င် ရွှေ့ပြောင်းအလုပ်သမားများအဖြစ် ထွက် ခွာရသည်များကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့သည့်အပြင်၊ နယ်စပ်ဒေသရောက် နိုင်ငံရေး အကျဉ်းသား ဟောင်းများ၊ ပြည်တွင်းမှ ဒီမိုကရေစီလူထုလှုပ်ရှားမှု ဖြတ်သန်းခဲ့သူများနှင့် တွေ့ဆုံရသည့်အခါ ဒေါ်အောင်ဆန်းစုကြည်အိမ်မှ အသံတိတ်နေရသော စန္ဒယားအပေါ် ခံစားမှုများသည် တဆင့်မြင့်တက် သွားပြီးနောက် ဒါမီယင်ရိုက်စ်သည် “မတီးခတ်ရသောစန္ဒယား” အမည်ရှိ တေးတပုဒ်ကို မွေးဖွား လိုက်လေသည်။

မတီးခတ်ရတဲ့စန္ဒယား
တေးသွားတပုဒ်ကို သိမ်းထားဆဲ
အဖုံးပိတ် သော့ခတ်
နွမ်းဖတ် မှိုတက်အခန်းထဲမှာလေ

လွတ်လပ်ခြင်းကို အသဲအမဲ တန်ဖိုးထားစွဲလန်းသော အိုင်ယာလန်လူမျိုး၊ ယူတူးဂီတအဖွဲ့၏ ဇာတိမြေ မှ သားချင်း၊ ဗိုလ်ချုပ်အောင်ဆန်း၏သူရဲကောင်း အိုင်ယာလန်မျိုးချစ် မိုက်ကယ်ကောလင်း၏နိုင်ငံသား ဖြစ်သူ ဒါမီယင်ရိုက်စ်သည် ဤသီချင်းကို ဒေါ်အောင်ဆန်းစုကြည် အသက်(၆၀)ပြည့် မွေးနေ့ ဖြစ် သော ၂၀၀၅ ခု ဇွန် (၁၉) ရက်တွင် စတင်ထုတ်လွှင့်ခဲ့သည်။ ၂၀၀၆ ခုနှစ် ဒီဇင်ဘာ (၉) ရက်နေ့က အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျယ်လိစ်မြို့၌ နိုင်ငံတကာလူ့အခွင့်အရေးနေ့အကြို ကျင်းပပြု လုပ်ခဲ့သော စင်မြင့်ဂီတဖြေဖျော်ပွဲတွင် ကိုယ်တိုင်ကိုယ်ကျ တီးခတ်သီဆိုခဲ့ရာ ရုံပြည့်ရုံလျှံ အားပေးခံ ခဲ့ရသည်။ ၎င်း၏ဂီတတင်ဆက်မှုသည် ကမ္ဘာသူကမ္ဘာသားအများစု ရရှိခံစားနေရသော လွတ်လပ်မှု များကို မြန်မာပြည်သူတို့လည်း ခံစားရရှိနိုင်စေရန် ကျန်ကမ္ဘာသားတို့၌ တာဝန်ရှိမှုကို မီးမောင်းထိုးပြ ခြင်း ဖြစ်ပါသည်။

အဲ့သလောက် မလွယ်တာလည်း ဖြစ်ချင်ဖြစ်မယ်
ဒါမှမဟုတ် အဲ့သလောက် မခက်တာလည်း ဖြစ်ချင်ဖြစ်မယ်
သူတို့ ငါ့ကို လွှတ်ချင်လည်း လွှတ်ပေးနိုင်လိမ့်မယ်
ပြည်သူအများ ဆုံးဖြတ်ကြစေတော့
ငါ့မှာ ဘာမှဖုံးကွယ်ထားစရာမရှိ
ငါ ဘာမှ မဟုတ်တာမလုပ်ခဲ့
ဒါဖြင့် ဘာလို့ ငါ့ကို ဒီလိုအကြာကြီး ဒီမှာထားရတာလဲ

ကမ္ဘာရွာကြီးအတွင်း၌ အိမ်တအိမ်မီးလောင်နေသည်ကို ပတ်ဝန်းကျင်မှ ထိုင်ကြည့်နေ၍ ရမည်မဟုတ်။ တယောက်တလက်ဆိုသလို ၀ိုင်းဝန်းပါဝင်ငြှိမ်းသတ်ရမည်သာဖြစ်သည်။ ယခုအခါ မြန်မာနိုင်ငံတည်း ဟူသော အိမ်တအိမ်တွင် လူသားချင်းစာနာရေးအကျပ်အတည်းမီး၊ စီးပွားရေး အကျပ်အတည်းမီး၊ နိုင် ငံရေးအကျပ်အတည်းမီးတို့သိသာထင်ရှားစွာတောက်လောင်လျက်ရှိနေပါသည်။

မတီးခတ်ရတဲ့စန္ဒယား
ပြတင်းပေါက်ဘေးမှာ အမြဲလေ
ကိုယ့်ချစ်သူတွေ မလာရတဲ့အခန်းထဲ
အသံတိတ်သီချင်းတပုဒ်နဲ့ တကိုယ်တည်းရှိနေရှာ
တယောက်ယောက်က သူမကို အိမ်ပြန်ပို့ပေးပါ

မီးကိုငြိှမ်းသတ်ရန် ကြိုးကုတ်ခဲ့ကြသည့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များအပေါ် နအဖစစ် အုပ်စု၏ ပြုမူကျင့်ကြံပုံသည် မီးကို ဓာတ်ဆီလောင်းနေခြင်းဖြစ်သည်။ စင်စစ်အားဖြင့် မြန်မာပြည်တွင် မီးကိုငြှိမ်းသတ်လိုသူ မင်းကိုနိုင်၊ ကိုကိုကြီးနှင့် ကျောင်းသားများ၊ သံဃာတော်များ၊ ၀ါရင့်နိုင်ငံရေး သမားကြီးများ၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင်နှင့် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ခေါင်း ဆောင်များ၊ ခွန်ထွန်းဦး၊ စိုင်းညွန့်လွင်၊ ဗိုလ်ချုပ်ဆေထင်၊ ပူကျင့်ရှင်းထန် အစရှိသော တိုင်းရင်း သား ခေါင်းဆောင်များ၊ လူထုဒေါ်အမာ၊ ဒဂုန်တာရာ စသည့် ပြည်သူ့အနု ပညာသည်များတို့က တဖက်၊ မီးကို အရှိန်မြင့်စေပြီး တောမီးလောင် တောကြောင်လက်ခမောင်း ခတ်ချင်သူ နအဖစစ်ထိပ် သီးများ ကတဖက်၊ အကြိတ်အနယ်လွန်ဆွဲနေခြင်းဖြစ်ရာ ကမ္ဘာရွာသား များဖြစ်သော နိုင်ငံတကာမိ သားစုကလည်း မီးငြှိမ်းသတ်လိုသူများကို ထိထိမိမိ ပူးပေါင်းလက်တွဲ ကူပံ့ကာ ၀ိုင်းဝန်းလှုပ်ရှားကြရ မည့်အချိန် ဖြစ်ပါသည်။

မတီးခတ်ရတဲ့စန္ဒယား
ပြတင်းပေါက်ဘေးမှာ အမြဲလေ
ကိုယ့်ချစ်သူတွေ မလာရတဲ့အခန်းထဲ
အသံတိတ်သီချင်းတပုဒ်နဲ့ တကိုယ်တည်းရှိနေရှာ
တယောက်ယောက်က သူမကို အိမ်ပြန်ပို့ပေးပါ

ပြည်တွင်းမှ ကိုမြအေး၊ ကိုဂျင်မီ၊ ကိုမြင့်အေး၊ မစုစုနွေး၊ ဦးအေးမြင့်၊ ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ စသည့်အင်အားစုများ၏ မြန်မာ့အကျပ်အတည်းဖြေရှင်းရေး လှုပ်ရှားမှုများကို ပြည်ပရောက် ဒီမိုကရေစီအင်အားစုများက နိုင်ငံတကာမိသားစုအကူအညီဖြင့် တခဲနက် အားပေးထောက်ခံကြ ရေးသည် ယနေ့အမျိုးသားရေးတာဝန်ကြီး ဖြစ်လာပါတော့သည်။

မတီးခတ်ရတဲ့စန္ဒယား
တေးသွားတပုဒ်ကို သိမ်းထားဆဲ
နှစ်ကာလတွေ လွန်မြောက်
လတွေ ဆန်းလိုက်ဆုတ်လိုက် ပြောင်းခဲ့ပေါ့

သို့ဖြစ်၍ မီးလောင်နေသောအိမ်ပေါ်မှ စန္ဒယားကို အမြန်ဆုံးမီးဘေးလွတ်ကင်းစေပြီး သာယာညွတ် ပျောင်းသောစန္ဒယားသံကို မြန်မာပြည်သူပြည်သားများနှင့်တကွ ကမ္ဘာသူကမ္ဘာသားအားလုံး ပြန်လည် နားဆင်နိုင်ကြပါစေသောဝ်။

လရောင်က ပိုလို့ထိန်လင်းလာ
သူတို့က ငါ့ရဲ့ညကို ပိုလို့မည်းမှောင်အောင် လုပ်လာပေါ့။ ။

(Unplayed Piano သီချင်းနှင့် သတင်းကို ခံစားရေးဖွဲ့ပါသည်။)

ဂါမဏိ

Read More...

Friday, February 15, 2008

မလွတ်လပ်ရေးနေ့ အကြောင်း

ဂါမဏိ

ကျနော်တို့ ကလေးဘ၀ သိတတ်စအချိန်တွင် လွတ်လပ်ရေး နေ့ကို စတင်တွေ့ထိ ခဲ့ရပါသည်။ မုန့်စား ပြေးပြိုင်ပွဲ၊ ဂုန်အိတ်စွပ် ပြေးပြိုင်ပွဲများကို ၀င်ရောက် ယှဉ်ပြိုင် ကစားရသည်။ ကျနော့်ထက် ကြီးသော ကိုကို၊ မမတို့ ကတော့ ရေအိုးရွက် ပြေးပြိုင်ပွဲ၊ မျက်စိအ၀တ်စည်းသံပုံးရိုက်ပြိုင်ပွဲ စသည်တို့ကို ဆင်နွှဲရပါသည်။ ကျနော်လည်း ကိုကိုတို့ အရွယ် ရောက်လာသောအခါ ထိုကစားပွဲများ၌ ရယ်မောပျော်ရွှင် ပါဝင်ခွင့် ရလာပါသည်။ အကိုကြီးများ၊ ဦးလေးများကတော့ ချောတိုင်တက်ပွဲ၊ ခေါင်းအုံး ရိုက်ပြိုင်ပွဲများကို တပျော်တပါး ဆင်နွှဲကြပါသည်။

ဇန်န၀ါရီ (၄) ရက် လွတ်လပ်ရေးနေ့ ဆိုသည်မှာ ကစားနည်းမျိုးစုံ ကစားရ၊ မုန့်မျိုးစုံ စားရပြီး လွတ်လပ်စွာ ရယ်မော ပျော်ရွှင် သော နေ့တနေ့ အဖြစ်သာ စွဲမှတ်ခဲ့မိပါသည်၊ ထိုရက်ကို လွန်မြောက်သွားသော အခါ ကလေးတို့ ထုံးစံအတိုင်း အခြားအရေး ကြီး သို့မဟုတ် ဦးစားပေး ကစားခုန်စားမှု များတွင် နစ်မျော သွားခဲ့ ပြန်ပါသည်။ ထို့အပြင် စိတ်ညစ်စရာ ကောင်းလှသော စာသင်ရခြင်းနှင့် စာကျက်ရခြင်း တို့ကိုလည်း မပျော်ရွှင်စွာ ဖြတ်သန်း ရပါသေးသည်၊ အဆော့လွန်၍ မိဘများ၏ ဆဲဆို ငေါက်ငန်းမှုမှသည် ရိုက်နှက် ကန်ကျောက်မှု အဆုံး မျက်ရည်နှင့် ရင်ဆိုင်ရခြင်းမှာလည်း မဆန်းလှ။ စင်စစ် ကလေးဘ၀ သည် သီချင်းထဲကလို လုံးဝ အပူအပင်ကင်းတဲ့ ဘ၀တော့ မဟုတ်ဟု ယူဆမိပါသည်။

ဤသို့ဖြင့် လွတ်လပ်ရေးနေ့များကို နှစ်စဉ်နှစ်စဉ် ဖြတ်သန်းလာရင်း ထိုတနှစ် တနှစ်စီ၌ မလွတ်လပ် သောနေ့များ ကလည်း အမှတ်ထင်ထင် ဖြစ်လာခဲ့ပါသည်၊ ထိုမှသည် လက်တွေ့ လူမှုစီးပွားနယ်ပယ်၌ ကူးခတ်နေရသော ဘ၀များနှင့် တရွေ့ရွေ့ နီးကပ် ယှက်ဖြတ်လာရသလို ရှောင်လွှဲ မရသော အထွေထွေ သုတ အသိပညာတို့ကလည်း ကျနော်၏အတွေးအခေါ်များ အပေါ် အရိပ်ထိုးလာခဲ့ပါသည်။

စစ်အာဏာရှင်စနစ်အောက် စီးပွားရေး အဆိုးဆုံး သံသရာတွင်းမှ မိဘများ၏ မွန်းကြပ်မှု၊ ရပ်ရွာ ပတ်ဝန်းကျင်မှ ဆွေမျိုးများ၊ မိတ်ဆွေ အပေါင်းအသင်းများ၊ အသိအကျွမ်း အရပ်သားများတို့၏ မောဟိုက်မှု များသည် ကလေးဘ၀မှ မလွတ်လပ်ရေးနေ့ များကို အရည်အချင်းအရ လည်းကောင်း၊ အရေအတွက်အရ လည်းကောင်း ပြောင်းလဲ အရောင်ဆိုးပစ်လိုက်ပါသည်။

ဇန်န၀ါရီ (၄) ရက် လွတ်လပ်ရေးနေ့၏ အရိပ်ကို ကျနော့် နှလုံးသားထဲမှ အပြီးအပိုင် ပျောက်ကွယ် သွားစေခဲ့သော (ကျနော့် အတွက်) ပထမဆုံး မလွတ်လပ်ရေးနေ့မှာ ၁၉၇၄ ဇွန် (၆) ရက်နေ့ ဖြစ်ပါသည်။ ဆင်းရဲပင်ပန်းစွာ ခွန်အားစိုက်ထုတ် အလုပ် လုပ်ရသော အလုပ်သမားကြီးများ စားစရာ မရှိ၍ ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုသည်ကို အစုလိုက်အပြုံလိုက် ပစ်သတ် လိုက်ခြင်းအား ကျနော် ကြုံတွေ့ရသည့် အခါ ကျနော့်ဘ၀၌ လွတ်လပ်ရေးနေ့ ပျောက်ဆုံး သွားပါတော့သည်၊ ဇန်န၀ါရီ(၄) ရက်နေ့သည် မလွတ်လပ်သော လွတ်လပ်ရေးနေ့ ဖြစ်သွားရပါသည်။

ထိုမှတဖန် နောက်ခြောက်လအကြာ ၁၉၇၄ ဒီဇင်ဘာ (၁၁) ရက်တွင် ကမ္ဘာ့ငြိမ်းချမ်းရေး ဗိသုကာ ဦးသန့်၏ ဈာပနကို ငြိမ်း ချမ်းစွာစုဝေးလျက် စီစဉ်ခင်းကျင်းနေသော ကျောင်းသားများ၊ သံဃာတော်များနှင့် ပြည်သူ လူထုများအား အကြမ်းဖက် တိုက်ခိုက်ပြီး ထောင်သွင်းအကျဉ်းချ၊ ပစ်ခတ် သတ်ဖြတ် ပြန်သောအခါ ကျနော့်အတွက် ဒုတိယမြောက် မလွတ်လပ်ရေးနေ့ ကို တွေ့ရှိခဲ့ရ ပြန်သည်။ ဤသို့ဖြင့် နောက်ထပ် ခြောက်လအကြာ ၁၉၇၅ ဇွန် (၁၁) ရက်နေ့သည်လည်းကောင်း၊ ၁၉၇၆ ခု မတ်လ (၂၃) ရက်သည် လည်းကောင်း နောက်ထပ်နောက်ထပ် မလွတ်လပ်ရေး နေ့များ ဖြစ်ခဲ့ရပါသည်၊ စင်စစ် အားဖြင့် ကျနော် တဦးတည်း အနေဖြင့် မစဉ်းစားမခံစားဘဲ မြန်မာနိုင်ငံ လူ့အဖွဲ့အစည်း အရ ကြည့်လျှင်မူ ၁၉၆၂ ခု မတ်လ(၂) ရက်နေ့သည် ပထမဦးဆုံးသော မူလလက်ဟောင်း မလွတ်လပ်ရေးနေ့ ဖြစ်သည်ကို နောက်ပိုင်းတွင် ကျနော် သိလာခဲ့ရပါသည်။ တနည်းအားဖြင့် ဘ၀များနှင့် ဆက်နွယ်ပြီး လောကအမြင်များ ရရှိလာသလို ထိုဘ၀များကို ထင်ဟပ်နေသည့် စာပေ၊ စာနယ်ဇင်းတို့မှလည်း လောက အသိတရားများ ရရှိလာခဲ့ပါသည်။

၁၉၇၄ ဇွန် (၆) ရက်၊ ၁၉၇၄ ဒီဇင်ဘာ (၁၁) ရက်၊ ၁၉၇၅ ဇွန် (၁၁) ရက်၊ ၁၉၇၆ မတ် (၂၃) ရက်တို့သည် ၁၉၆၂ မတ်လ (၂) ရက်နေ့မှစတင်ခဲ့သော မလွတ်လပ်ရေးနေ့ ရှည်ကြီး အတွင်းမှ ၁၉၆၂ ခု ဇူလိုင် (၇) ရက်လို မလွတ်လပ်ရေးနေ့၊ ကစား ခုန်စားပွဲများသာ ဖြစ်နေသည်ကို တုန်လှုပ် ချောက်ချားစွာ တွေ့ရှိ သွားမိပါသည်။ ဤသို့ဖြင့် ၁၉၈၈ ခု မတ်လ (၁၃) ရက် သည်လည်းကောင်း၊ ၁၉၈၈ ခု ဇွန်လ (၂၁) ရက်သည် လည်းကောင်း၊ ၁၉၈၈ သြဂုတ် (၈) ရက်သည် လည်းကောင်း၊ မလွတ်လပ်ရေးနေ့ မပျော်ပွဲ မရွှင်ပွဲများ အထူးဝှဲ ချီးကျင်းပရာ ကာလများ ဖြစ်သွားပါတော့သည်။

၁၉၈၈ ခု သြဂုတ် (၁၂) ရက် ဖက်ဆစ်လက်ရုံး လူသတ်သမ္မတ ရာထူး ကျပြီးနောက် သြဂုတ် (၂၆) ရက် ရွှေတိဂုံ အနောက် မုခ်၌ ဒေါ်အောင်ဆန်းစုကြည် ထူထုရင်ထဲသို့ လွတ်လပ်ရေးပန်း မျိုးစေ့ချလိုက် သည့်အခါ ပျောက်ဆုံးနေခဲ့သော လွတ်လပ် ရေးနေ့၏ ရနံ့များကို ဝေ့ခနဲ ရှူလိုက်ရပါသည်၊ သို့သော် လွပ်လပ်ရေးနေ့၏ ရနံ့ မွှေးမြမြလေးမှာ တလမကြာမီ လွင့်ပြယ်သွား ခဲ့သည်။ ၁၉၈၈ ခု စက်တင်ဘာ (၁၈) ရက်သည် ရိုင်းစိုင်း ညစ်ထေးလှသော မလွတ်လပ်ရေးနေ့ သစ်အဖြစ် ယမ်းငွေ့ တလူလူ လွင့်ကာ မပျော်ပွဲ မရွှင်ပွဲ အကြီးအကျယ် ပွဲခံခဲ့ပါသည်။

မလွတ်လပ်ရေးနေ့သည် ၁၉၆၂ ခု မတ်လ (၂) ရက် သို့မဟုတ် ၁၉၈၈ ခု စက်တင်ဘာ (၁၈) ရက်တို့ တွင်သာ မြစ်ဖျားခံခဲ့ သည်မဟုတ်ပါ။ မြန်မာပြည်ဖွား တိုင်းရင်းသား လူမျိုးစုများ အတွက် သီးသန့် မလွတ်လပ် ရေးနေ့များ စောစွာ ကတည်းက ရှိခဲ့သည်ကို ကြည့်သောသူ မြင်တွေ့ သိမှတ်လာရပါသည်။

၁၇၅၇ ခု မေလ (၆) ရက်သည် မွန်အမျိုးသားတို့၏ လွတ်လပ်သော ဟံသာဝတီ နိုင်ငံကို မုဆိုးဘို ရွာသူကြီး တဖြစ်လဲ ရွှေဘိုဘုရင် ဦးအောင်ဇေယျက သိမ်းပိုက် ဖျက်ဆီးလိုက်သော မလွတ်လပ်ရေးနေ့ တနေ့ ဖြစ်ပါသည်။ မွန်တို့မှာ ၁၇၄၀ ခုနှစ်စ၍ အင်းဝဘုရင် မဟာ ဓမ္မရာဇာဓိပတိကို စတင် တော်လှန်ခဲ့ သော်လည်း ၁၇၅၁ ခုနှစ်ကျမှ လွတ်လပ်သော တတိယမွန်နိုင်ငံ ပြန်လည် ထူထောင်နိုင်ခဲ့သည် ဖြစ်၍ လွတ်လပ်ရေးနေ့ကို (၆) နှစ်သာ ခံစားလိုက်ရပါသည်။ သည့်အရင်ကမူ ၁၀၅၇ ခု အနော်ရထာဘုရင် သထုံမသိမ်းမီ ပထမမွန်နိုင်ငံ နှစ်ပေါင်း (၅၀၀) ခန့်၊ ပုဂံပျက်ပြီးနောက်ပိုင်း ၀ါရီရူမင်း၏ အဆက်အနွယ်များ ယိုးဒယားမင်း သြဇာခံဘ၀မှ ရုန်းထွက်နိုင်ခဲ့သည့် ၁၃၄၀ ခုနှစ်နှင့် တောင်ငူဘုရင် တပင်ရွှေထီး ဟံသာဝတီ သိမ်းသည့် ၁၅၃၆ ခုကြား ဒုတိယ မွန်နိုင်ငံ နှစ်ပေါင်း (၂၀၀) နီးပါး စသည်ဖြင့် လွတ်လပ် ရေးနေ့များကို ခံစားခဲ့ရပါသည်။ ပထမဦးဆုံး သော မွန်လွတ်လပ်ရေး တိုက်ပွဲဖြစ်သည့် ၁၀၈၃ ခု ငရမန်ကန်း၏ တော်လှန်ရေးကို ကျန်စစ်သားက ချေမှုန်း ပစ်ခဲ့သလို နောက်ဆုံး မွန်လွတ်လပ်ရေး တိုက်ပွဲ ဖြစ်သည့် ၁၈၂၇ ခုနှစ်ဆန်း သမိန်ဗရူး ခေါင်းဆောင်သော မွန်နှင့် ကရင်တို့၏ တော်လှန်ရေးကိုလည်း ဘကြီးတော်မင်းက နှိမ်နင်းပစ်ခဲ့ပါသည်။

အလောင်းဘုရားခေါ် ဦးအောင်ဇေယျနှင့် ဗမာအမျိုးသားတို့မှာ ၁၇၅၂ ခု မတ်လ (၁၁) ရက်တွင် အင်းဝဘုရင် မဟာ ဓမ္မရာဇာဓိပတိအား ဟံသာဝတီနိုင်ငံက လက်ရဖမ်းဆီးပြီး အင်းဝ တနိုင်ငံလုံးကို သိမ်းပိုက်လိုက်ချိန်မှ ၁၇၅၄ ခု ဇန်န၀ါရီ (၃) ရက်တွင် အင်းဝမြို့တော်ကို မွန်တို့ လက်လွှတ်လိုက်ရချိန် အထိ မလွတ်လပ်ရေးနေ့ကို ခံစားခဲ့ရသည်။ ယင်း၏ အကျိုးဆက်အဖြစ် ဦးအောင်ဇေယျက မွန် အမျိုးသားတို့ကို ၁၇၅၇ ခု၌ မလွတ်လပ်ရေးနေ့ တန်ပြန် သက်ရောက် စေခဲ့ပါသည်။ သို့ရာတွင် လူမျိုးရေးအရ လက်စားချေ သန့်စင်ပစ်မှုကြောင့် မွန်အမျိုးသားတို့ ခံစားရသော မလွတ်လပ်ရေးနေ့မှာ ပို၍ပြင်းထန် ခါးသီးခဲ့ပါသည်။ တချိန်က မွန်အမျိုးသားတို့ ပျံ့နှံ့ပွားစီးရာ အောက်မြန်မာပြည် မြစ်ဝကျွန်းပေါ် ဒေသကြီး တခုလုံးတွင် မွန်များ ပြောင်တလင်း ခါသွားခဲ့ပါသည်။

၁၇၈၄ ခု ဒီဇင်ဘာ (၂၈) ရက်မှာမူ ရခိုင်အမျိုးသားတို့၏ မလွတ်လပ်ရေးနေ့ ဖြစ်ခဲ့ပါသည်။ ယင်းနေ့တွင် အင်းဝဘုရင် ဘိုးတော်ဘုရားခေါ် မောင်ဝိုင်းက လွတ်လပ်သော မြောက်ဦး နိုင်ငံကို သိမ်းပိုက်ခဲ့ပါ သည်။ ယခင်က ပုဂံမင်း၊ အင်းဝမင်း ဟံသာဝတီမင်းတို့ထံ လွတ်လပ်ရေး ဆုံးရှုံးခဲ့ရခြင်းများ ရှိသော်လည်း ယခု နောက်ပိုင်း အကြိမ်လို ကြာရှည်ခြင်း မရှိခဲ့။

ရှမ်းတို့၏ မလွတ်လပ်ရေးမှာမူ ၁၅၅၈ ခုကပင် စတင်ခဲ့ပါသည်။ ယင်းနှစ်တွင် တောင်ငူ- ဟံသာဝတီ ဘုရင် ဘုရင့်နောင်က ယခု အထက်မြန်မာနိုင်ငံနှင့် ရှမ်းပြည်နယ်ရှိ လွတ်လပ်သော ရှမ်းစော်ဘွားနယ် အားလုံးကို အပြီးအပိုင် သိမ်းပိုက်လိုက်ခြင်းဖြင့် ရှမ်းတို့၏ မလွတ်လပ်ရေးနေ့များ စတင်ခဲ့ပါသည်။ သည့်အရင်က ရှမ်းတို့သည် ၁၄၅၀ ခုအထိ ရွှေလီကို ဗဟိုပြုသော လွတ်လပ်သည့် မောရှမ်း ဘုရင့် နိုင်ငံကြီးကို တည်ထောင် စိုးစံ ခဲ့ဖူးပါသည်။ ထိုမျှမက ပုဂံပြည်ကို မွန်ဂိုတို့ သိမ်းပိုက်ဖျက် ဆီးပြီးနောက် ရှမ်းတို့က လွတ်လပ်သော အင်းဝနိုင်ငံ ထူထောင်ခဲ့ရာ ၁၅၅၅ ခု အင်းဝကို တောင်ငူဘုရင် တပင် ရွှေထီး သိမ်းပိုက်သည့် အချိန်ထိ ရှမ်းမင်းများ၊ ဗမာမင်းများ သို့မဟုတ် ရှမ်းဗမာ ကပြားမင်းများက ရှမ်း-ဗမာပူးတွဲ နိုင်ငံဖြစ်သော အင်းဝ ထီးနန်းကို အုပ်စိုးခဲ့ကြပါသည်။

ကရင်နီတို့၏ မလွတ်လပ်ရေးနေ့မှာ ၁၉၄၈ ခု သြဂုတ်လ (၉) ရက်ဖြစ်ပါသည်၊ ၁၈၇၅ ခု အင်္ဂလိပ်-မြန်မာ စာချုပ်အရ အနောက်ပိုင်းတခြမ်း လွတ်လပ်ရေး ရထားသော ကရင်နီပြည်ကို ဖဆပလဦးနု၏ တပ်များက ထိုနေ့တွင် တိုက်ခိုက်သိမ်း ပိုက်လိုက်သဖြင့် မလွတ်လပ် သွားခြင်း ဖြစ်ပါသည်။

လက်နက်အားကိုး စုစည်းထားသော ရှေးဟောင်းမြန်မာနိုင်ငံ အဖို့ ကမ္ဘာ့နယ်ချဲ့ စနစ်ဟူသော ပထမ ဂလိုဘယ် လိုက်ဇေးရှင်း နှင့် ကြုံရသည့်အခါ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းရှိ တိုင်းရင်းသား လူမျိုးအားလုံး အတွက် မလွတ်လပ်ရေးနေ့များ ပေါင်းဆုံ သွားခဲ့ပါသည်။ ရန္တပိုစာချုပ် ချုပ်ပြီး ပထမအင်္ဂလိပ် -မြန်မာစစ် အဆုံးသတ်သွားသော ၁၈၂၆ ခု ဖေဖေါ်ဝါရီ (၂၄) ရက်သည် လည်းကောင်း၊ ဒုတိယစစ်အပြီး အောက် မြန်မာနိုင်ငံကို ဗြိတိသျှ သိမ်းပိုက်ကြောင်း ကြေညာသည့် ၁၈၅၂ ခု ဒီဇင်ဘာ (၁၇) ရက်သည်လည်း ကောင်း၊ တတိယ စစ်အပြီး မြန်မာ့ အချုပ်အခြာပြယုဂ် သီပေါမင်း ပါတော်မူသည့် ၁၈၈၅ ခု နိုဝင်ဘာ (၂၉) ရက်သည် လည်းကောင်း၊ တတိယစစ်အပြီး မြန်မာ့ အချုပ်အခြာ၏ ပြယုဂ် သီပေါမင်း ပါတော်မူသည့် ၁၈၈၅ ခု နိုဝင်ဘာ (၂၉) ရက်သည်လည်းကောင်း၊ မြန်မာ တနိုင်ငံလုံးအား ဗြိတိသျှအင်ပါယာ တွင်း တရားဝင် သွတ်သွင်းလိုက်သည့် ၁၈၈၆ ခု ဇန်န၀ါရီ (၁) ရက်နေ့သည် လည်းကောင်း ထပ်ဆင့် မလွတ်လပ်ရေးနေ့များ ဖြစ်ခဲ့ပါသည်။

ဤသို့သော မလွတ်လပ်ရေးနေ့များသည် ၁၉၄၇ ခု ဖေဖေါ်ဝါရီ (၁၂) ရက်၌ တခုတည်းသော လွတ် လပ်ရေးနေ့ အဖြစ်သို့ လှပစွာ ပေါင်းစည်းသွားနိုင်မည့် အခွင့်အလမ်း ရရှိခဲ့ပါသည်။ အမြော်အမြင် ကြီးမားပြီး စိတ်ရင်းစေတနာ ပြည့်ဝလှသော အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် အလားတူ ဉာဏ်ပညာ ကြီးမားသော တိုင်းရင်းသားခေါင်းဆောင် တို့နှင့်အတူ၊ ပင်လုံစာချုပ် အားဖြင့် မြန်မာပြည်ဖွား တိုင်းရင်းသား အားလုံးအတွက် လွတ်လပ်ရေးနေ့ကို ဆောင်ကြဉ်းနိုင်ရန် လုံ့လစိုက် ထုတ်ခဲ့ပါသည်။
သို့ရာတွင် ယင်းတိုင်းရင်းသား အားလုံး၏ လွတ်လပ်ရေးနေ့ အလင်းစသည် ဗိုလ်ချုပ် ကျဆုံးခြင်းနှင့် အတူ ပိတ်ဖုံးသွားခဲ့ရ ပါသည်။ ၁၉၄၈ ခု ဇန်န၀ါရီ (၄) ရက် လွတ်လပ်ရေးနေ့သည် အနော်ရထာ-ကျန် စစ်သား၊ တပင်ရွှေထီး-ဘုရင့်နောင်၊ ဦးအောင်ဇေယျ-ဘိုးတော်မောင်ဝိုင်းတို့၏ မျိုးဆက်သစ် ဖဆပလ- ဆိုရှယ်လစ် ခေါင်းဆောင်များက တိုင်းရင်းသားတို့အပေါ် မလွတ်လပ်ရေး ပေးသောနေ့ ဖြစ်သွားခဲ့ပါသည်။ တိုင်းရင်းသား လူမျိုးစုများသာ မကဘဲ ကျောမွဲနင်းပြား လူတန်းစားများ အတွက်လည်း မလွတ် လပ်ရေးနေ့ ဖြစ်နေခဲ့ရ ပါသည်။

ဤမလွတ်လပ်ရေးနေ့များသည် ၁၉၆၂ ခု မတ်လ (၂) ရက်တွင် အဆင့်သစ် တခုဆီ ပေါင်းဆုံ တိုးတက် သွားခဲ့သည်။ လက် တဆုပ်စာ စစ်အုပ်စုမှအပဖြစ်သော လူမျိုးအားလုံး၊ လူ့အလွှာအားလုံး၊ လူတန်းစား အားလုံး၏ မလွတ်လပ်ရေး နေ့များသည် ၁၉၈၈ ခု စက်တင်ဘာ (၁၈) ရက်တွင် နောက်ထပ်တဖန် တဆင့်မြင့် ပေါင်းစည်းသွားခဲ့ပြီး၊ ၁၉၉၀ မေ (၂၇) ရက်နေ့တွင်မူ မလွတ်လပ်ရေးနေ့ အောက်မှ ပျော်ပွဲရွှင်ပွဲကို ထူးထူးခြားခြား ကျင်းပနိုင်ခဲ့ပါသည်။ သို့ရာတွင် ထုံးစံအတိုင်း ဤပျော်ပွဲရွှင်ပွဲ သည် မကြာမီ ခဏတာ အတွင်း မပျော် မရွှင်ပွဲ အဖြစ်သို့၊ မလွတ်လပ်ရေးနေ့ စစ်စစ် အဖြစ်သို့ ကြေကွဲ နာကျင်စွာပြောင်း လဲသွားရပါသည်။
ကျနော်တို့ အားလုံး၏ မလွတ်လပ်ရေးနေ့များကို သာယာပျော်ရွှင်ဖွယ် ကောင်းသော၊ တခုတည်းသော လွတ်လပ်ရေးနေ့ အဖြစ် တပျော်တပါး ၀ိုင်းဖွဲ့ဆင်နွှဲ ခံစားနိုင်ဖို့ အားလုံးမှာ အိပ်မက်များ ရှိနေပါသည်။

ဂါမဏိ

Read More...

Wednesday, February 13, 2008

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကြေညာချက် အမှတ် ၆ / ၀၂ / ၀၈

(၆၁) ကြိမ်မြောက် ပြည်ထောင်စုနေ့ ကြေညာချက်













Read More...

အပေါ်သို့