..............................

Friday, February 3, 2012

ဒေါ်စု မန္တလေးခရီးစဉ် ရွှေ့ဆိုင်း

သားညွန့်ဦး၊ ၀ါရှင်တန် ဒီစီ
ကြာသပတေး, 02 ဖေဖော်ဝါရီ 2012

ဖေဖ၀ါရီလ ၂၊ ၂၀၁၂။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လာမယ့် ဖေဖ၀ါရီလ ၄ရက်နဲ့ ၅ ရက်မှာ မန္တလေးကို သွားရောက်ပြီး၊ မန္တလေး ပြည်သူလူထုနဲ့ တွေ့ဆုံမယ့် အစီအစဉ်ကို ဖျက်သိမ်း လိုက်ရပါတယ်။ တွေ့ဆုံဖို့ နေရာတွေ ကြိုတင် စီစဉ်ရာမှာ အခက်အခဲ မျိုးစုံတွေ ကြုံတွေ့ရပြီးတဲ့နောက်၊ လူထု စုဝေးပွဲလုပ်ဖို့နေရာ မရတာကြောင့် အခုလို ခရီးစဉ် ဖျက်သိမ်း လိုက်ရတာလို့ သိရပါတယ်။ ကိုသားညွန့်ဦးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရသူ ဦးအုန်းကြိုင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

“ဟုတ်ပါတယ်ခင်ဗျ။ ကျနော်တို့ အခု စီစဉ်ထားတဲ့ ခရီးစဉ်ကို ဖျက်လိုက်ပါတယ်။ ရက်ရွှေ့တယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။ ၄ ရက်နေ့ သွားမယ်ဆိုတဲ့ ခရီးစဉ်ကတော့ မသွားဖြစ်တော့ဘူး။”

ဘာကြောင့် လဲခင်ဗျား အခြားအကြောင်းအရာတွေများ ရှိပါသလား အခက်အခဲ တစုံတရာ

“ကျနော်တို့က ကော်မရှင်ကို ၁၀ ရက်ကြိုပြီးတော့ စည်းမျဉ်းအတိုင်း တင်ပါတယ်။ ပြီးတော့ ကျနော်တို့ကလည်း လူထုပရိသတ်ကို လမ်းပိတ်ဆို့မှုတွေ ဘာတွေ မဖြစ်စေချင်တဲ့အတွက်ကြောင့်၊ မန္တလေး လူထုပရိသတ်အကြောင်းလည်း ကျနော်တို့သိတယ်လေ။ ဒေါ်စုကလည်း မရောက်တာကြာတော့ တခဲနက် ကြိုကြမှာ။ လမ်းတွေ ပိတ် ဘာပိတ်ဆိုတော့ သူတို့လည်းပဲ မကောင်းဘူး အခက်အခဲဖြစ်ကုန်မယ်ဆိုပြီးတော့၊ ကျနော်တို့ က ဗထူးကွင်းကို တောင်းပါတယ်။ ပထမ ရမလိုလို ဘာလိုလို ပြောတော့ ကျနော်တို့က ရန်ကုန်က Football အဖွဲ့ချုပ်ပေါ့ဗျာ၊ ကိုဇော်ဇော်တို့ကို ကျနော်ကိုယ်တိုင် လျှောက်လွှာတွေဘာတွေ တင်ထားပါတယ်။ ရက်နီးတော့မှ ကော်မရှင်က ကျနော်တို့ကို ခေါ်ပြီးတော့ ခင်ဗျားတို့ ကွင်းရရင် ပေးမယ်တဲ့ အဆင်သင့်ပဲတဲ့။ ကွင်းသွားပြောတဲ့အခါကျတော့လည်း ကော်မရှင်က ခွင့်ပြုချက်ယူသာလာခဲ့ ကျနော်တို့က အဆင်သင့်ပဲ ဆိုတဲ့အခါကျတော့ အဲလိုနဲ့ပဲ ရက်တွေက တနေ့ထက်တနေ့ သူ့လွှဲသလို ငါလွှဲသလိုလိုနဲ့ အဆင်မပြေဘူးဗျ အဲလိုဖြစ်တယ်။”

“မနေ့က ကျတော့ ကျနော်တို့ ရက်လည်း မရှိတော့ပါဘူး။ ပြင်ဆင်ချိန်နဲ့ဘာနဲ့ ကျနော်တို့လည်းပဲ စီစဉ်ပါရစေလို့ ပြောတဲ့အခါကျတော့ ဗထူးကွင်းက သူတို့လူကြီးတွေလာပြီး ကွင်းစစ်ဖို့ အစီအစဉ်ရှိလို့ ဆိုပြီး ကျနော်တို့ကို မပေးတော့ဘူး ပြောတယ်။ ပြောတဲ့အခါကျတော့ ကျနော်တို့က ဒါဖြစ်ရင် မန္တလေးတောင်ခြေက မန္တလေး အားကစားကွင်းပေါ့ဗျာ သွားရတာ လှမ်းပေမယ့်လို့ လုပ်ပါ့မယ် ကျနော်တို့ အဲဒီမှာပဲ မန္တလေးအားကစားကွင်းပေါ့။ အဲဒါ ချပေးပါပြောတော့ တိုင်းအားကာ လက်အောက်မှာရှိတယ်တဲ့။ အဲတော့ တိုင်းအားကာကို လျှောက်လွှာသွားတင်တယ်။ ၀န်ကြီးချုပ်ဆီ တင်မယ် ဘာမယ်ဆို ယူသွားပြီးတော့ တကယ့်တကယ်ကျတော့ မယ်မယ်ရရ အဖြေထွက်မလာဘူးဗျ။”

“ကော်မရှင်ကလည်း ခွင့်ပြုချက်က ၄၈နာရီ ကြိုပြီး ပေးရမှာဆိုတော့ အဆင်မပြေဘူးဖြစ်တော့ ကျနော်တို့က အခြား အဆင်ပြေတဲ့ ကွင်း တကွင်းကွင်း လုပ်ရမယ်ဖြစ်တော့ ရတနာပုံကွင်းကို ရဖို့ ကြိုးစားတော့လည်း၊ မန္တလေး FC က ကျနော်တို့ကို မပေးနိုင်ဘူးလို့ အကြောင်းပြန်တယ်ဗျ။ ကွင်းစီစဉ်ရတာ အခက်အခဲဖြစ်နေတယ် ကျနော်တို့မှာ။ ဒါဖြစ်ရင် ဖြစ်တဲ့ပုံစံပေါ့ ရှမ်းအသင်းကပိုင်တဲ့ကွင်းကတော့ ကျနော်တို့ကို ပိုက်ဆံနဲ့ ငှားတယ်ဗျ။ ကွင်းကဗျာ ဘောလုံးကွင်း တ၀က်စာလောက်ပဲ ရှိတော့ လူထုပရိသတ်လည်း အားနာရတယ်ဗျာ။ ဒါက သိပ်ပြီးတော့ အကျိတ်အနယ်တွေ ဖြစ်ကုန်ရင် မကောင်းဘူးပေါ့။ အဲဒါနဲ့ပဲ ဥက္ကဌက ကျနော်တို့ကို ရက်ရွှေ့မယ် နောက် ပြောင်းပြီး စီစဉ်မယ်ပေါ့ အဲလို ပြောင်းလိုက်တာပဲ။”

အဓိကကတော့ နေရာအခက်အခဲကြောင့် ရွှေ့ရတဲ့သဘောပေါ့။

“ဟုတ်ပါတယ်။ နေရာအခက်အခဲဖြစ်လို့ ရွှေ့ရတာပါ။”

သက်ဆိုင်ရာအာဏာပိုင်တွေဖက်က ဒီလိုနေရာအခက်အခဲဖြစ်အောင် ဖိအားတွေ ဘာတွေ ပေးတာမျိုးရော ကြားမိလား။

“ကျနော်ကိုယ်တိုင်တော့မဟုတ်ဘူးပေါ့။ မန္တလေးတိုင်းက တာဝန်ရှိသူတွေ ကိုယ်တိုင်သွားရတာပေါ့။ သူတို့ပြောတတွေ တယ်လီဖုန်းနဲပေါ့။ မနေ့ကဆိုရင် တနေကုန် စောင့်ပါဦးဆိုပြီး အစည်းအဝေးခန်းထဲမှာ ထိုင်စောင့်ခိုင်းတယ်ဗျာ။ လာမှာပါ ပေါ့လေ အထက်တင်ထားပါတယ်ဆိုပြီးတော့။ ညနေအထိ ဘာမှ အဖြေ မယ်မယ်ရရ မရတာမျိုးပေါ့။ ဒါကတော့ အဓိပ္ပါယ်က တမျိုးပေါ့၊ နဲနဲ အခက်အခဲတခုတော့ ရှိတယ်ဆိုတဲ့ အဓိပ္ပါယ်ထွက်တယ်ဗျ။”

ဘယ်တော့လောက် ပြန်သွားဖြစ်မလဲ၊ ပြန်သွားဖြစ်ဖို့ ကြိုးစားဖို့ ရှိပါလား။

“အဲဒါ ဥက္ကဌကတော့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့အစည်းမှာ စဉ်းစား ဆုံးဖြတ်ပြီးတော့မှ စီစဉ်မယ်လို့ ပြောပါတယ်။ ရက်က အတိအကျ မပြောနိုင်သေးပါဘူး”

ဗထူးအားကစားကွင်း မရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်ကို ဗွီအိုအေက ဆက်သွယ်ပေမယ့်၊ ဖုန်းဖြေကြားချက် မရခဲ့ပါဘူး။


Ref: VOA News

Read More...

Wednesday, February 1, 2012

ဒေါ်အောင်ဆန်းစုကြည်ဟောပြောပွဲနေရာ နေပြည်တော်မှာခွင့်မပြု

မသိင်္ဂီထိုက်
ဗုဒ္ဓဟူး, 29 ဖေဖော်ဝါရီ 2012

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေပြည်တော် မဲဆွယ်စည်းရုံးရေးခရီးမှာ လူထု စုဝေးဖို့ နေပြည်တော် ပုပ္ဗသီရိ မြို့နယ် အတွင်းက လယ်ကွင်း တခုကို သုံးခွင့်ပြုဖို့ ကော်မရှင်ထံမှာ အဆိုပြု ထားတာကို မြို့နယ် အုပ်ချုပ်ရေးမှူးရုံးက အသုံးပြုခွင့် ကန့်ကွက် လိုက်ပါတယ်။ ဘုန်းတော်ကြီးကျောင်း စာသင်ကျောင်းတွေနဲ့ နီးတဲ့အတွက် အသုံးပြုခွင့် မပေးနိုင်ဘူး ဆိုပြီး ကန့်ကွက် လိုက်တာကြောင့် မတ်လ ၆ ရက်နေ့သွားမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေပြည်တော် ခရီးစဉ်ဟာ မဲဆွယ်စည်းရုံးဖို့ ကွင်းအခက်အခဲနဲ့ ကြုံတွေ့ နေရပါတယ်။ မသိင်္ဂီထိုက်က ဆက်သွယ် မေးမြန်းထားပါတယ်။

နေပြည်တော် ပုပ္ဗသီရိမြို့နယ်၊ မဲဆန္ဒနယ်မှာ ကိုဇေယျာသော်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ဒီအတွက် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မတ်လ ၆ ရက်နေ့မှာ သွားရောက်ပြီး နေပြည်တော် ဒေသခံတွေကို မဲဆွယ်စည်းရုံးဖို့ ပြင်ဆင်နေတာပါ။ နိုင်ငံရေးပါတီတွေ မဲဆွယ် စည်းရုံးရေး တွေမှာ အားကစားကွင်း တွေကို အသုံးပြုခွင့် မပေးဘူး ဆိုပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က စည်းကမ်း ထုတ်ပြန် ထားတဲ့အတွက် ပုပ္ဗသီရိမြို့နယ်ထဲက လယ်ကွင်းတခုမှာ လယ်ပိုင်ရှင်ရဲ့ ခွင့်ပြုချက်နဲ့ လူထု မဲဆွယ်ပွဲလုပ်ဖို့ ရွေးကောက်ပွဲ ကော်မရှင်ထံကို တင်ပြ ထားပါတယ်။ ဒါကို မြို့နယ် အုပ်ချုပ်ရေးမှူးရုံးက အသုံးပြုခွင့် မပေးနိုင်ဘူးဆိုပြီး ဖေဖော်ဝါရီလ ၂၉ ရက်နေ့မှာ ခရိုင် ရွေးကောက်ပွဲ ကော်မရှင်ကတဆင့် ကန့်ကွက်လာတယ်လို့ NLD ပါတီရဲ့ ကိုယ်စားလှယ်လောင်း ကိုဇေယျာသော်က ပြောပါတယ်။

“ဒီနေ့ ၂၉ ရက်နေ့၊ ဖေဖော်ဝါရီလ ရက်စွဲနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက ကျနော်တို့တင်ထားတဲ့ လယ်မြေကို ခွင့်မပြုနိုင်ကြောင်း၊ ကန့်ကွက်ကြောင်း အသိပေးလွှာ ခရိုင်ကော်မရှင်ကို ပေးပို့လာပါတယ်တဲ့။ အဲဒီအတွက်ကြောင့်မို့လို့ ခရိုင်ကော်မရှင်ကလည်း ကျနော်တို့ကို ထပ်ဆင့်အသိပေးကြောင်း အကြောင်းကြားစာ ပို့လာတာပါ။ သာသနိကပိုင် အဆောက်အဦးနဲ့ နီးတယ်ဆိုတာ တချက်ရယ်၊ နောက်တချက်က စာသင်ကျောင်းနဲ့နီးတယ် ဆိုတာ တချက်ရယ်။ အဲဒီ အချက် ၂ ခုကို အကြောင်းပြပါတယ်”

သာသနိက အဆောက်အဦးတွေ၊ စာသင်ကျောင်းတွေမှာ မဲဆွယ်စည်းရုံးရေး မလုပ်ရဘူးလို့ ရွေးကောက်ပွဲ ကော်မရှင်က စည်းကမ်းချက် ထုတ်ထားပါတယ်။ ဒါပေမယ့်လို့ မဲဆွယ်မယ့် နေရာဟာ သာသနိက အဆောက်အဦးတွေ စာသင်ကျောင်းတွေနဲ့ မနီးရဘူးဆိုပြီး စည်းကမ်းထုတ်ထားတာ မရှိလို့ ပုပ္ဗသီရိ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးရဲ့ကန့်ကွက်ချက်က ဥပဒေနဲ့မညီဘူးဆိုပြီး ကိုဇေယျာသော်က ပြောပါတယ်။

အခု မဲဆွယ်စည်းရုံးရေး လုပ်မယ့်နေရာဟာလည်း ဘုန်းတော်ကြီးကျောင်းနဲ့ ကိုက် ၁,၀၀၀ လောက် ဝေးပြီး အဲဒီ အနီးက မူလတန်းကျောင်းကလည်း ကျောင်းပိတ်ထားတယ်လို့ သူကပြောပါတယ်။

လာမယ့် မတ်လ ၆ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေပြည်တော် ခရီးစဉ်မှာ မဲဆွယ်စည်းရုံးရေး အတွက် နေရာခွင့်ပြုဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို တင်ပြထားပေမယ့် ကော်မရှင်က ခွင့်ပြုချက် ချထားမပေးသေးပါဘူး။ တကယ်လို့ ဒီလယ်ကွင်းကိုသာ အသုံးပြုခွင့် မရရင် အခက်အခဲတွေ ရှိလာနိုင်တယ် ဆိုပြီးလည်း သူက ပြောပါတယ်။

“အကယ်၍များ ခွင့်မပြုခဲ့ဘူးဆိုရင် ကျနော်တို့က သက်ဆိုင်ရာ မြို့နယ်၊ ဒါမှမဟုတ်ရင် ရပ်ကွက်၊ ကျနော်တို့ရဲ့ ရုံးတရုံးရုံးမှာ ဟောပြောရမှာပါ။ အဲလို ဟောပြောမယ်ဆိုလို့ရှိရင် ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေ- ဥပမာ လမ်းပိတ်ဆို့မှုဖြစ်တာမျိုးတွေ၊ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ချင် မြင်ချင်တဲ့အတွက်ကြောင့်မို့လို့ လာရောက်တဲ့ပြည်သူတွေ များပြားလာတာမျိုးတွေ- အဲဒီအခါမျိုးတွေ ကျလို့ရှိရင်တော့ လမ်းပိတ်ဆို့မှုတခုတင် မဟုတ်ပါဘူး။ လုံခြုံရေးအရပဲကြည့်ကြည့်၊ ဘယ်အရပဲ ကြည့်ကြည့် အကြောင်းတရားတွေက အများကြီးဖြစ်လာမှာပေါ့။ အဲဒီအခါကျလို့ရှိရင်တော့ ကော်မရှင်တခုတည်းနဲ့တင် သက်ဆိုင်တာ မဟုတ်တော့ဘဲနဲ့ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေး- အစရှိသဖြင့် အုပ်ချုပ်ရေးပိုင်းတွေဘက်မှာ တာဝန်ရှိလာမယ်၊ တာဝန်ပိုလာမယ်လို့ ကျနော် ပြောချင်တာပါ”

နေပြည်တော် မြို့နယ်တွေမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် NLD ရဲ့ ကိုယ်စားလှယ်လောင်းတွေဟာ ပါတီ ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရတာ၊ မဲဆွယ်စည်းရုံးရေးအတွက် အခက်အခဲတွေ ကြုံနေရပေမယ့် လူထုရဲ့ထောက်ခံမှုကို အပြည့်အဝရအောင် ကြိုးစားသွားမယ်လို့လည်း ကိုယ်စားလှယ်လောင်းတွေက ပြောပါတယ်။

နေပြည်တော် ဆောက်လုပ်လိုက်တဲ့အတွက် လယ်ယာမြေ ဆုံးရှုံးရတဲ့ ဒေသခံလယ်သမားတွေဟာ အလုပ်လက်မဲ့ ပြသနာနဲ့ ကြုံတွေ့နေရတဲ့ အတွက်လည်း ပြန်လည်ထူထောင်ရေး နိုင်ငံရေး ပါတီ အားလုံးနဲ့အတူ ပြည်သူ တရပ်လုံးလည်း ပူးပေါင်းဖြေရှင်းဖို့ လိုတယ်လို့လည်း ကိုဇေယျာသော်က ပြောပါတယ်။

Ref: VOA News

Read More...

အပေါ်သို့