..............................

Friday, January 14, 2011

အဆိုးရွားဆုံး အာဏာရှင် အစိုးရတွေထဲမှာ မြန်မာနိုင်ငံ စာရင်းဝင်

ကြာသပတေး, 13 ဇန်နဝါရီ 2011


အမေရိကန်နိုင်ငံက နိုင်ငံရေးနဲ့ နိုင်ငံသားဆိုင်ရာ လွတ်လပ်မှုတွေကို စောင့်ကြည့် အကဲခတ်နေတဲ့ အဖွဲ့က ကမ္ဘာ တခုလုံးရဲ့ လွတ်လပ်မှုဟာ မနှစ်က ဆုတ်ယုတ် လာခဲ့တယ်လို့ ဆိုပါတယ်။ အခုလို ဆုတ်ယုတ် လာခဲ့ရတာဟာ ကမ္ဘာ့ ဒီမိုကရေစီ နိုင်ငံတွေရဲ့ ဝေဖန် ဆန့်ကျင်မှု အားနည်းလာတဲ့အတွက် အာဏာရှင် အစိုးရတွေက အာဏာ ပိုရှိလာတာ ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

ဒီအစီရင်ခံစာထဲမှာ မြန်မာနိုင်ငံဟာလည်း ကမ္ဘာမှာ နိုင်ငံရေးနဲ့ နိုင်ငံသားဆိုင်ရာ အခွင့်အရေး လွတ်လပ်မှု အဆိုးတကာ့ အဆိုးဆုံး နိုင်ငံ ၄၇ နိုင်ငံထဲမှာ ပါဝင်တယ်လို့ ဆိုထားပါတယ်။

မနေ့က ထုတ်ပြန်ခဲ့တဲ့ ဒီအဖွဲ့ရဲ့ နှစ်စဉ် အစီရင်ခံစာမှာ Freedom House အဖွဲ့ကြီးက ၂၀၁၀ မှာ ကမ္ဘာပေါ်မှာ လွတ်လပ်မှုတွေ ဆုတ်ယုတ် လာတယ်၊ အခုလို ဆုတ်ယုတ် လာတာဟာ ၅ နှစ် ဆက်တိုက် ရှိလာပြီလို့ ဆိုထားပါတယ်။

ဒီအဖွဲ့ရဲ့ သုတေသန ညွှန်ကြားရေးမှူး အက်ရှ် ပရက်တင်တန်က ဒီလိုဖြစ်ခဲ့တဲ့ အဆိုးဆုံး ဖြစ်ရပ်ထဲမှာ မနှစ်က တရုတ်နိုင်ငံဟာ သူ့နိုင်ငံ အတိုက်အခံ ပညာရှင် လျူရှောင်ဘို (Liu Xiaobo) ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ရတာကို ဒေါသတကြီး တုံ့ပြန်ခဲ့တာလည်း ပါတယ်လို့ ဆိုပါတယ်။

ကြေညာချက် တခုထဲမှာတော့ ဘယ်အစိုးရကမှ ဆိုဗီယက်တို့၊ နာဇီ ဂျာမနီတို့တုန်းကတောင်မှ ဒီ နိုဘယ်လ်ဆုပေါ်မှာ အခုလို ရိုင်းရိုင်းပြပြ မလုပ်ခဲ့ဘူးလို့ ဆိုပါတယ်။

ရုရှားနိုင်ငံမှာလည်း စိတ်ပျက်စရာ ဖြစ်ခဲ့တယ်၊ ရုရှား ရေနံသူဌေးကြီးနဲ့ အစိုးရ ဝေဖန်သူ မစ်ခေး ကိုဒိုကော့စကီးကို ထောင်ချတာက သက်သေ ပြနေတယ်လို့ ဆိုပါတယ်။

ဗင်နီဇွဲလား သမ္မတ ဟူဂို ရှာဗက် (Hugo Chavez) က သမ္မတ အမိန့်နဲ့ တိုင်းပြည်ကို အုပ်ချုပ်ဖို့ ဥပဒေပြု အဖွဲ့က ခွင့်ပြု လိုက်တာကိုလည်း ဝေဖန် ဆန့်ကျင်ထားပါတယ်။

အဖွဲ့ ဥက္ကဋ္ဌ ပရက်တင်တန်က ကမ္ဘာ့ ဒီမိုကရေစီ နိုင်ငံတွေက ဝေဖန်ထုတ်ဖော်မှုတွေ မလုပ်ရင် အာဏာရှင်တွေ ပိုပြီး အရှိန် ရလာလိမ့်မယ်လို့ ဆိုလိုက်ပါတယ်။

Ref: VOA News

Read More...

စက်မှုလုပ်ငန်း ၉၀ ရာခိုင်နှုန်း ပုဂ္ဂလိကသို့ လွှဲမည်

ဟိန်းသူ
Thursday, 13 January 2011

နိုင်ငံပိုင် စက်မှုလုပ်ငန်းများ၏ ၉၀ ရာခိုင်နှုန်းကို ယခုနှစ်အတွင်း ပုဂ္ဂလိကသို့ လွှဲပြောင်း လုပ်ကိုင်ခွင့် ပေးမည်ဖြစ်ပြီး အစိုးရက ၁၀ ရာခိုင်နှုန်း ကိုသာ ဆက်လက် လုပ်ကိုင် သွားမည်ဖြစ်ကြောင်း သိရသည်။

စစ်အစိုးရ အမှတ် ၂ စက်မှုဝန်ကြီးဌာန ဒု ၀န်ကြီး ဦးခင်မောင်ကျော်က ပြီးခဲ့သည့် ဇန်န၀ါရီလ ၉ ရက်နေ့တွင် ကျင်းပခဲ့သော မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း၏ နှစ်ပတ်လည် ညီလာခံတွင် ယင်းသို့ ပြောကြားခဲ့ကြောင်း Eleven မီဒီယာက ဖော်ပြသည်။

“ဒီမိုကရေစီ နိုင်ငံတော်အဖြစ် ပြောင်းလဲတဲ့အခါမှာ နိုင်ငံတော် ပိုင်ဆိုင်တဲ့ စက်မှုလုပ်ငန်းတွေရဲ့ ၉၀ ရာခိုင်နှုန်း အထိကို ပုဂ္ဂလိက ထံ လွှဲပြောင်း ပေးမှုတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဒါမျိုးက မြန်မာနိုင်ငံတင် မဟုတ်ဘဲ တခြား ဒီမိုကရေစီနိုင်ငံ တွေမှာလည်း ဒီလိုမျိုးပဲ ဆောင်ရွက်လေ့ ရှိပါတယ်''ဟု ဦးခင်မောင်ကျော်က ညီလာခံ၌ ပြောခဲ့သည်။

နိုင်ငံပိုင်များဖြစ်သော စီးပွားရေးလုပ်ငန်း ၁၁၀ ၊ အဆောက်အအုံ ၃၂ ခု၊ စက်သုံးဆီ အရောင်းဆိုင် ၂၄၆ ဆိုင်နှင့် ရန်ကုန် မြစ်ကမ်း တလျောက်ရှိ အလုံ ဆိပ်ကမ်းမှ ဗိုလ်တထောင် သံလျက်စွန်းအထိ ဆိပ်ကမ်း မြေနေရာများကို ပုဂ္ဂလိကသို့ လွှဲပြောင်း ရောင်းချပြီးဖြစ်သည် ဟုလည်း Eleven မီဒီယာ၌ ရေးသား ထားသည်။

စက်မှုလုပ်ငန်းများ အပြင် နိုင်ငံပိုင် မော်တော်ယာဉ်၊ စီးပွားရေးလုပ်ငန်းများ၊ စက်သုံးဆီဆိုင်များ၊ အဆောက် အအုံများနှင့် မြေကွက် များ၊ လမ်းတံတားများ၊ ဆိပ်ကမ်းများနှင့် အပန်းဖြေနေရာများကိုပါ ပုဂ္ဂလိကသို့ လွှဲပြောင်း ပေးနေသည်ဟု ဆိုသည်။

မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်(UMFCCI) မှ တာဝန်ရှိသူ တဦးဖြစ်သည့် ဦးစိုးမြင့်က “အခုလို ကိစ္စမျိုးတွေ ဗီယက်နမ် နိုင်ငံမှာလည်း ရှိခဲ့ဖူးပါတယ်။ ဖွံ့ဖြိုး တိုးတက်မှုအတွက် ကျနော်တို့ အကောင်းမြင်ပါတယ်။ ဒါပေ မယ့် အခုအချိန် အထိတော့ အစိုးရကနေ တရားဝင် သတင်း ထုတ်ပြန်တာတော့ မရှိသေးပါဘူး”ဟု ဧရာဝတီ သို့ ပြောသည်။

နိုင်ငံပိုင် သိမ်းဆည်းထားသော ရန်ကုန်နှင့် မန္တလေးမြို့များတွင် အများဆုံးတည်ရှိသည့် တိုက်ခန်း၊ မြေကွက်၊ မြေနှင့် အဆောက် အအုံ စုစုပေါင်း ၁၃၇ ခုကိုရောင်းချရန်နှင့် မန္တလေးအပြင် ပဲခူး၊ ပြည်၊ တာချီလိတ်၊ ပြင်ဦးလွင်၊ မိတ္ထီလာ၊ လားရှိုး၊ သံတွဲ၊ တောင်တွင်းကြီး မြို့များ၌ တည်ရှိသည့် အိမ်ခြံမြေများကို ရောင်းချရန် အတွက်လည်း ပြီးခဲ့သည့် ဒီဇင်ဘာလ ၃၁ ရက်နေ့ နောက်ဆုံးထားကာ အဆိုပြုလွှာများ တင်သွင်းရန် ကြေညာ ထားပြီးဖြစ်သည်။

နိုင်ငံပိုင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား လက်အောက်ရှိ MRTV 3 New Studio Complex အဆောက်အအုံနှင့် မြေနေရာအား ရွှေတောင်ဖွံ့ဖြိုး တိုးတက်မှု ကုမ္ပဏီ လိမီတက်ကို ပုဂ္ဂလိကပိုင် အဖြစ် ရောင်းချခဲ့ပြီး ဖြစ်သည်။

ထိုကဲ့သို့ နိုင်ငံပိုင် စက်မှုလုပ်ငန်းများ၊ အဆောက်အအုံများ၊ စက်ရုံများကို ရောင်းချနေခြင်းမှာ၂၀၀၈ ခုနှစ် နောက်ပိုင်းမှ စတင်ကာ ပိုမို များပြားလာပြီး စစ်အစိုးရနှင့် နီးစပ်သော စီးပွားရေး လုပ်ငန်းရှင်များက အများဆုံး ပိုင်ဆိုင်ခွင့် ရရှိထားသည်။


Ref: ဧရာဝတီ်

Read More...

NLD ရပ်တည်ရေး နောက်ဆုံး အထူးအယူခံတင်

ဦးဇော်ဝင်းလှိုင်
ကြာသပတေး, 13 ဇန်နဝါရီ 2011


NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တရားဝင်ပါတီအဖြစ် ဆက်လက် ရပ်တည်နိုင်ရေး နောက်ဆုံး အထူး အယူခံလွှာကို ကြားနာဖို့ အတွက် နေပြည်တော် တရားရုံးချုပ်က ဒီကနေ့ လက်ခံလိုက်ပြီလို့ အကျိုးဆောင် ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောပါတယ်။ အမှုကို လက်ခံ ထားလိုက်ပေမဲ့ ဘယ်နေ့မှာ ကြားနာမယ် ဆိုတာတော့ မသိရသေးဘူးလို့ ဆိုပါတယ်။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြ ပေးထားပါတယ်။

ဒီနောက်ဆုံး အယူခံလွှာကိုတော့ အကျိုးဆောင်ရှေ့နေ ၃ ဦးက ဒီကနေ့မှာပဲ နေပြည်တော် တရားရုံးချုပ်မှာ သွားရောက် တင်သွင်း ခဲ့ကြတာပါ။

“ဒီနေ့ ဦးကြည်ဝင်းရယ်၊ ကျနော်ရယ်၊ ဦးကျော်ဟိုးရယ် ၃ ယောက် နေပြည်တော်ကို လာပြီး အမှုလာတင် ပါတယ်။ ကျနော်တို့ရဲ့ အထူး အယူခံကို ၁၂ နာရီမှာ တင်ပါတယ်။ ၂ နာရီမှာ ပြန်ချိန်းတယ်။ ၂ နာရီ ပြန်လာတော့ အမှုနံပါတ် ပေးပါတယ်။ အယူခံ လျှောက်လွှာ Acceptance ပေါ့၊ မှတ်ပုံ တင်တယ်ပေါ့၊ အဲဒီလို ပြောလို့ရတယ်။ အမှုနံပါတ်က ၁၆ ရပါတယ်။”

အခု တင်ပြီးသွားပြီဆိုတော့ ရှေ့ဆက် ဘယ်လိုဖြစ်မလဲ ခင်ဗျ။ ကြားနာဖို့လား၊ ဘယ်လိုပါလဲ။

“ရက်ကို ကျနော်တို့ဆီကို အကြောင်းကြားပေးပါ့မယ်လို့ ပြောလိုက်ပါတယ်၊ တရားရုံးက။”

ဒါဆိုရင် ရှေ့ဆက် စောင့်ရဦးမယ့် သဘောပေါ့။

“ဟုတ်ကဲ့ပါ၊ ကျနော်တို့ သူတို့ အကြောင်းကြားမယ့် နေ့ရက်ကို စောင့်ရမယ်။ အဲဒီနေ့ရက် ရောက်ရင် လက်ခံရေး အတွက် လျှောက်လဲချက် ပေးရမယ်။”

လက်ခံရေးအတွက် ဆိုတော့ ဒီအမှုကို တရားရုံးက လက်ခံ ယူထားလိုက်တာပဲ ရှိသေးတယ်။ ကြားနာမယ်၊ မကြားနာဘူး ဆိုတာတော့ မသေချာသေးဘူး ဆိုတဲ့ သဘောလား ခင်ဗျ။

“ကြားနာမှာ သေချာတယ်။ ကြားနာမယ့် ရက်ကိုသာ မသိသေးတာပါ။ တဘက်က အစိုးရဘက်က ရှေ့နေချုပ်ရုံးက ဖြစ်မယ်။ နောက် ဒီတဘက်က ကျနော်တို့ပေါ့။”

NLD ဗဟိုဥပဒေ အထောက်အကူပြု အဖွဲ့ဝင် အကျိုးဆောင် ရှေ့နေကြီး ဦးဉာဏ်ဝင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ခြင်း မပြုဖို့ NLD က ဆုံးဖြတ် ခဲ့ပြီးနောက် စစ်အစိုးရက ထုတ်ပြန် ထားတဲ့ ရွေးကောက်ပွဲ ဆိုင်ရာ နည်း ဥပဒေတွေကြောင့် ပါတီအနေနဲ့ တရားဝင် ရပ်တည်ပိုင်ခွင့် မရှိတော့သလို ဖြစ်သွားခဲ့တဲ့ အပေါ် NLD က တရားရုံးမှာ အယူခံ ၀င်ထားတာပါ။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လက်မှတ်ရေးထိုး တင်သွင်းခဲ့တဲ့ ပါတီ ဆက်လက်ရပ်တည်ရေး ပထမ အကြိမ် အယူခံ ကိုတော့ နေပြည်တော် တရားရုံးချုပ်က ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၂ ရက်နေ့က ပယ်ချခဲ့ပေမဲ့ အထူးအယူခံ ၀င်ခွင့် ရှိနေသေးတာကြောင့် အခု နောက်ဆုံး အဆင့် နေပြည်တော်မှာရှိတဲ့ တရားရုံးချုပ်မှာ ဒီအထူးအယူခံကို တင်သွင်းတာ ဖြစ်ပါတယ်။


Ref: VOA News

Read More...

မဟာမိတ်လုပ်မည်ဟု တစည ကမ်းလှမ်း

ကိုဝိုင်း
ကြာသပတေးနေ့၊ ဇန်နဝါရီလ ၁၃ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ ပြည်သူ့ အကျိုးစီးပွားအတွက် မည်သူနှင့်မဆို မဟာမိတ်အဖြစ် ပူးပေါင်း ဆောင်ရွက် သွားမည်ဟု တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီက ယနေ့ ကမ်းလှမ်း လိုက်သည်။

လွှတ်တော်အမတ်နေရာ ၆၄ နေရာဖြင့် ဒုတိယအများဆုံးရ တစည ပါတီ၏ လွှတ်တော် ကိုယ်စားလှယ် အချို့ကို ပါတီ ခေါင်းဆောင်များက ရန်ကုန်မြို့ တက္ကသိုလ် ရိပ်သာလမ်းရှိ ပါတီဌာနချုပ်တွင် ယနေ့ တွေ့ဆုံမှာ ကြားပွဲ အပြီး ထုတ်ဖော် ပြောကြားခြင်း ဖြစ်သည်။

“ကျနော်တို့က လွှတ်တော်ထဲမှာ ပြည်သူအတွက် အကျိုးစီးပွားရှိမယ်ဆိုရင် ဘယ်သူနဲ့ ဖြစ်ဖြစ် ဂိုဏ်းဂန မရှိဘဲနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ သဘောထား ရှိပါတယ်” ဟု ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်နှင့် ပြောခွင့်ရ ဦးဟန်ရွှေက မဇ္ဈိမကို ပြောသည်။

တွေ့ဆုံပွဲသို့ ပါတီဥက္ကဋ္ဌ ဦးထွန်းရီ (ဒုဗိုလ်ချုပ်ကြီး-ငြိမ်း) ဦးဆောင်၍ ဗဟို အလုပ်အမှုဆောင်များနှင့် ပြည်သူ့ လွှတ်တော် အမတ် ၁၂ ဦး၊ အမျိုးသား လွှတ်တော်အမတ် ၅ ဦး၊ မကွေးတိုင်း ချင်းတိုင်းရင်းသား ကိုယ်စားလှယ် ဆလိုင်းလှထွန်းနှင့် ကချင်ပြည်နယ် ဗမာတိုင်းရင်းသား ကိုယ်စားလှယ် ဦးပါ ခေါ် ဦးခင်မောင်ဆွေတို့ တက်ရောက်ခဲ့သည်။

ပါတီ၏ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များကိုမူ သက်ဆိုင်ရာ တိုင်းစည်း၊ ပြည်နယ်စည်း ကော်မတီများက တာဝန်ယူ ဆွေးနွေးမှာကြားမှုများ ပြုလုပ်ခဲ့သေးသည်။

ယခုလ ၃၁ ရက်နေ့မှစ၍ ပထမအကြိမ် လွှတ်တော်အသီးသီး အစည်းအဝေးသည် မကြာသေးခင်က ထုတ်ပြန်ခဲ့သည့် လွှတ်တော် ဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေများ အကောင်အထည် ပေါ်ရေး အတွက်သာ ဖြစ်မည်ဟု ဦးဟန်ရွှေက ပြောသည်။

“နောက် ၅ နှစ်အတွင်းမှာ ခေါ်သွားမယ့် အစည်းအဝေးတွေမှာ အဆင်သင့်ဖြစ်အောင် ဒီပထမအကြိမ် အစည်းအဝေး ကတော့ ပြဋ္ဌာန်း ထားတဲ့ ဥပဒေ ၁၇ ခုကို တကယ် ဖွဲ့စည်းဖြစ်အောင် အကောင်အထည် ဖော်သွားရမယ့် ကိစ္စပဲလို့ ထင်ပါတယ်” ဟု သူက ပြောသည်။

ယခုလ ၁ဝ ရက်နေ့၌ လွှတ်တော်ကျင်းပရမည့် ရက်ကို နအဖ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သတ်မှတ် ပေးခဲ့ပြီး၊ သမ္မတနှင့် ဒုသမ္မတများ ရွေးချယ် တင်မြှောက်ရေး၊ ဖွဲ့စည်းပုံခုံရုံး၊ တရားစီရင်ရေး၊ နိုင်ငံတော်အလံနှင့် သီချင်း စသည့် ဥပဒေနှင့် နည်းဥပဒေ ၁၇ ခုကို စာအုပ်အဖြစ် ရောင်းချပေးမည်ဟုလည်း ကြေညာခဲ့သည်။

သို့သော် ယင်း ဥပဒေ၊ နည်းဥပဒေများကို လွှတ်တော်ခေါ်ရန် နှစ်ပတ်ကျော်သာခွါ၍ ထုတ်ခဲ့သဖြင့် မလေ့လာ ရသေးဟု ဦးဟန်ရွှေက ပြောသည်။ “ဒီဥပဒေတွေက မနေ့တနေ့ကမှ ထုတ်တော့ သေချာဖတ်ဖို့ နေနေသာသာ လောလောဆယ် စာအုပ် ရအောင်တောင် မနည်း လုပ်နေရတယ်” ဟု ဆိုသည်။

ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ပထမအကြိမ် အစည်းအဝေးများအတွက် အမတ်များသည် ယခုလ ၂၇ ရက်နေ့ နောက်ဆုံး ထားပြီး နေပြည်တော်သို့ “သတင်းပို့ရမည်’’ ဖြစ်သည်။

၂၆ နှစ်ကြာ တပါတီစနစ်ဖြင့် အုပ်ချုပ်ခဲ့သော မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) သည် ၁၉၈၈ ခုနှစ် နိုင်ငံအဝှမ်း ဒီမိုကရေစီ တောင်းဆိုသော လူထု အုံကြွမှုကြောင့် ပျက်သုန်းခဲ့ အပြီး နောက်ပိုင်းတွင် (တစည) အဖြစ် ခေါင်းဆောင်မှု ပြောင်းလဲကာ အမွေ ဆက်ခံခဲ့သည်။

Ref: မဇ္ဈိမ

Read More...

ပါလီမန်အရေခြုံ စစ်အာဏာရှင် စနစ်ဟု ABSDF ဥက္ကဋ္ဌ ပြော

Thursday, 13 January 2011

မကြာမီ မြန်မာနိုင်ငံတွင် ပေါ်ထွန်းလာမည့် အစိုးရသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ “က” ကြိုးအတိုင်း “က” ရမည့် ပါလီမန် အရေခြုံ စစ်အာဏာရှင် စနစ် ဖြစ်မည်ဟု မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲက သျှမ်းသံတော်ဆင့်သို့ ယနေ့ ပြောကြားသည်။

“လာမဲ့ ၂၀၁၁ ခုနှစ်ထဲမှာ ပေါ်လာမဲ့ အစိုးရသစ်ဟာ ပါလီမန်မျက်နှာဖုံးစွပ်ရင်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကကြိုး အတိုင်း ကရမဲ့ အစိုးရ တစ်ခု ဖြစ်တယ် ဗီဇစရိုက်ကတော့ စစ်အာဏာရှင် စနစ်ပဲ ” ဟု သူက ပြောသည်။

၎င်းအစိုးရသစ် ပေါ်လာရုံဖြင့် မြန်မာနိုင်ငံသားများ ဆုံးရူံးနေသည့် လွတ်လပ်မှု ၊ ဒီမိုကရေစီနှင့် လူ့အခွင့် အရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး ဆိုသည့် အရာများ ရရှိမည်ဟု မယုံကြည်ကြောင်း သူက ဆိုသည်။

“မြန်မာနိုင်ငံသားတွေအနေနဲ့ နှစ်သစ်တစ်နှစ်ရောက်တိုင်း ဆုတောင်းရုံ နူတ်ခွန်းဆက်ရုံဆိုတဲ့ အခြေအနေ ကနေ မလွတ် မြောက်သေးဘူး ၂၂ နှစ်ကြာ စစ်အာဏာရှင် ဆန့်ကျင်ရေး သမိုင်းထဲမှာ အလုပ် မဖြစ်တာတွေ အများကြီး ရှိတယ် ဒီနေ့ ၂၀၁၁ ထဲမှာ ခွန်အားသစ် မွေးပြီး ဒီမိုကရေစီနဲ့ အမျိုးသား ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် အတွက် ဆက်လက်ချီတက် ရအုံးမှာပဲ” ဟု သူ့အမြင်ကို ဆက်ပြောသည်။

ထို့အပြင် လွန်ခဲ့သည့်နှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့က နအဖ ထုတ်ပြန်ထားသည့် မြန်မာ နိုင်ငံသားတိုင်း စစ်မှု မထမ်းမနေရ ဥပဒေ အပေါ် ABSDF အဖွဲ့က ကန့်ကွက်သည့် ကြေငြာချက်ကို ယနေ့ ထုတ်ပြန်မည်ဟု သိရသည်။

အဆိုပါ ဥပဒေပြဋ္ဌာန်းချက်သည် တပ်မတော်တစ်ခုတည်းနှင့် ဆိုင်သည့် အရာ မဟုတ်ပဲ နိုင်ငံသား အားလုံး၏ ဘ၀နှင့် တိုက်ရိုက် ပတ်သက် သဖြင့် လွတ်တော်အတွင်း ဥပဒေပြဋ္ဌာန်းရုံဖြင့် မလုံလောက်ကြောင်း ပြည်သူ့ ဆန္ဒခံယူဖို့ လိုအပ်ကြောင်း သိရသည်။

ယင်းဥပဒေသည် နအဖ၏ စစ်တပ်ဗဟိုပြု စဉ်းစားချက်ဖြစ်ပြီး တိုင်းပြည် ကာကွယ်ရေးနှင့် တည်ငြိမ်ရေးကို မဆောင်ရွက် နိုင်ကြောင်း ပြည်တွင်း စစ်ကာလ နိုင်ငံ မတည်ငြိမ်သည့် ကာလတွင် ငြိမ်းချမ်းရေးနှင့် အမျိုးသား သွေးစည်း ညီညွတ်ရေးကို အပြင်းအထန် ထိခိုက် စေနိုင်သဖြင့် ကန့်ကွက်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ခေါ်) ABSDF သည် နအဖ စစ်အစိုးရကို ဆန့်ကျင် တိုက်ခိုက်နေ သည့် ထိုင်း- မြန်မာနယ်စပ်အခြေစိုက် လက်နက်ကိုင် အဖွဲ့အစည်း ဖြစ်သည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

Thursday, January 13, 2011

ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေး မပြတ်စောင့်ကြည့်ရန် အမေရိကန် ဆွေးနွေးမည်

2011-01-12

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးနဲ့ ပတ်သက်လို့ အမေရိကန် ပြည်ထောင်စု အနေနဲ့ ဘယ်လို စောင့်ကြည့် သင့်သလဲ ဆိုတာကို နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်နဲ့ တိုင်ပင်ဆွေးနွေးဖို့ ရှိတယ်လို့ အမေရိကန် အောက်လွှတ်တော် အမတ် Joseph Crowley က ဆိုပါတယ်။

နယူးယောက်မြို့က မြန်မာ့အရေး လှုပ်ရှားသူတွေနဲ့ ဇန်နဝါရီ ၁၁ ရက် မနေ့က တနာရီကြာ တွေ့ဆုံပွဲမှာ Joseph Crowley က ပြောလိုက်တာပါ။

မြန်မာပြည်မှာ နောက်ဆုံးဖြစ်နေတဲ့ နိုင်ငံရေးအခြေအနေတွေ အပါအဝင် နယ်စပ်မှာ ကရင် လက်နက်ကိုင် အဖွဲ့နဲ့ စစ်ရေး အရ ပြင်းပြင်း ထန်ထန် တိုက်ပွဲ ဖြစ်နေတဲ့ ကိစ္စတွေပါ ဆွေးနွေး ပြောဆို ခဲ့တယ်လို့ အစည်းအဝေးမှာ ပါဝင်သူတဦး ဖြစ်တဲ့ Burma Point က ကိုမိုးချမ်းက ပြောပါတယ်။

“လက်ရှိ မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ ကျွန်တော်တို့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် အန္တရာယ်ကို စိုးရိမ်မှုနဲ့ ပတ်သက်လို့ ကျွန်တော်တို့ အဓိက တွေ့ရခြင်း ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ဒီ လွှတ်တော် အမတ် ဂျိုးဆက် ခရော်လီ ကိုယ်နှိုက်ကလည်း မကြာသေးခင်ကမှ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြုံတွေ့ နေရတဲ့ အန္တရာယ်နဲ့ ပတ်သက်လို့ သူက ပြောသွားတာ ရှိတယ်လေ။”

ဆွေးနွေးပွဲမှာ ပါဝင်သူတဦးဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲချုပ် (လွတ်မြောက်နယ်မြေ) အတွင်းရေးမှူး ဦးမြင့်စိုး ကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့လုံခြုံရေးနဲ့ ပတ်သက်လို့ ၂၀၀၃ ဒီပဲယင်း လုပ်ကြံမှု ဖြစ်တုန်းက အခြေအနေတွေကို ရှင်းပြခဲ့တယ် လို့ သိရပါတယ်။

ဒီမိုကရက် အောက်လွှတ်တော်အမတ် Joseph Crowley ဟာ မြန်မာ့အရေးကို ကာလကြာရှည် ထောက်ခံလာခဲ့သူ တဦးပါ။ သူရဲ့မွေးရပ် နယူးယောက်မြို့မှာလည်း မြန်မာ့ အရေး လှုပ်ရှားသူတွေနဲ့ တွေ့ဆုံလေ့ ရှိပြီး စစ်အုပ်ချုပ်ရေး အောက်က မြန်မာ ပြည်သူတွေ လွတ်မြောက်ရေး လှုပ်ရှားမှုကို ထောက်ခံ အားပေးကြောင်း ပြသနေတဲ့ အမေရိကန် အမတ်တဦး ဖြစ်ပါတယ်။

Ref: RFA News

Read More...

နအဖ ၏ ပြည်သူ့စစ်မှုထမ်းဥပဒေ

SPDC's Military Conscription Law

Read More...

ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး အနားယူတော့မလား

ရန်ပိုင်
Wednesday, 12 January 2011

ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး နေပြည်တော်ရှိ အစိုးရပိုင် နေအိမ်မှ ပြောင်းရွှေ့ရန် ပြင်ဆင်မှုများ ပြုလုပ်နေသည် ဟူသော သတင်း များကြောင့် လာမည့် အစိုးရ အဖွဲ့အသစ်တွင် ပါဝင်တော့မည် မဟုတ်ဟု စစ်အစိုးရ အသိုင်းအ၀န်းက ထင်ကြေးပေး ပြောဆို နေကြသည်။

ယခုကဲ့သို့ အိမ်ပြောင်းရွှေ့ရန် ပြင်ဆင်နေသည့် အချိန်သည် အစိုးရအဖွဲ့ အသစ်၏ လွှတ်တော်သုံးရပ် ခေါ်ယူမည်ဟု ကြေညာချိန်နှင့် တိုက်ဆိုင် နေကြောင်း၊ ယမန်နှစ် ဇွန်လအတွင်းကလည်း ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးသည် လက်ရှိ ရာထူးမှ အနား ယူတော့မည် ဟူသော သတင်းများလည်း ထွက်ပေါ် ခဲ့သေးကြောင်း စစ်အစိုးရ အသိုင်း အ၀ိုင်းနှင့် နီးစပ်သူတဦးက ပြောသည်။

“ဦးအေးက မနှစ်ကတည်းက နားဖို့ပြောနေတာ ဗိုလ်ချုပ်မှူးကြီးက တားလို့ မနားတာလို့ ပြောတယ်။ ဗိုလ်ချုပ်မှူးကြီး နားမယ်လို့တော့ အသံ မထွက်သေးဘူး” ဟု ၎င်းက ဆိုသည်။

ဒု ဗိုလ်ချုပ်မှုးကြီး မောင်အေး ရာထူးမှ အနားယူမည်ဟု သတင်းများ ထွက်ပေါ် ခဲ့ပြီးနောက် ယမန်နှစ် သြဂုတ်လ အတွင်း၌ တပ်တွင်း ရာထူး အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့ပြီး ကာကွယ်ရေး ဦးစီးချုပ်နှင့် ဒုတိယ ကာကွယ်ရေး ဦးစီးချုပ်နေရာကို ဒု ဗိုလ်ချုပ်ကြီး သူရမြင့်အောင်နှင့် ဒု ဗိုလ်ချုပ်ကြီး ကိုကိုတို့ဖြင့် အစားထိုးခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ နေရာကို ဆက်ခံမည်ဟု အများက ယူဆနေသည့် ဗိုလ်ချုပ်ကြီး ရွှေမန်းမှာမူ တပ်မတော်မှ အငြိမ်းစား ယူသည့် စာရင်းတွင် ပါဝင်ခဲ့ပြီး ၎င်း၏ ကြည်း၊ ရေ၊ လေ ညှိနှိုင်း ကွပ်ကဲရေးမှူး တာဝန်ကို ဒု ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်အား လွှဲပေး လိုက်ရသည်။

၂၀၁၀ နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် စစ်အစိုးရ၏ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေး ပါတီ (ကြံ့ဖွံ့ပါတီ) က လွှတ်တော် အမတ်နေရာ အများစုတွင် အနိုင်ရခဲ့ပြီး လာမည့် ဇန်န၀ါရီလ ၃၁ ရက်နေ့တွင် ပြည်သူ့ လွှတ်တော်၊ အမျိုးသား လွှတ်တော်နှင့် တိုင်းဒေသကြီး လွှတ်တော်တို့ကို ခေါ်ယူမည်ဖြစ်သည်။

နိုင်ငံတော် သမ္မတရာထူးအတွက် မည်သူတာဝန်ယူမည် ဆိုသည်ကို မသိရသေးသော်လည်း ဗိုလ်ချုပ်ကြီးဟောင်း ရွှေမန်းအား ရွေးချယ် ထားသည်ဟု လည်းကောင်း၊ ဗိုလ်ချုပ်မှူး သန်းရွှေပင် ဆက်လက် လုပ်ကိုင်မည် ဟူ၍လည်းကောင်း သတင်းများ ထွက်ပေါ်နေသည်။

အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ပါဝင်သော ပြည်ထောင်စု လွှတ်တော်မှ သမ္မတနှင့် ဒုတိယ သမ္မတများကို ရွေးချယ်မည်ဖြစ်သည်။

ယမန်နှစ် အောက်တိုဘာလ ၂၇ ရက်နေ့တွင် ကြံ့ဖွံ့ပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးက “ဗိုလ်ချုပ်မှူးကြီးက နိုင်ငံတော် အပေါ်မှာ အတော် သံယောဇဉ်ရှိပါတယ်။ တိုးတက်ဖို့လည်း အမြဲ တွေးတောနေတာပါ။ ဒါကြောင့်လည်း ဒီလို တိုးတက်မှုတွေ ဆောင်ရွက်မယ့် အဖွဲ့အစည်းကို ထူထောင်တာပါ။ ဒါပေမယ့် သူမပါပါဘူး” ဟု ပြောဆိုခဲ့သည်။

ထို့အပြင် ကြံ့ဖွံ့ပါတီ အနိုင်ရခဲ့လျှင် တင်သွင်းမည့် သမ္မတလောင်း စာရင်းကို ထိုစဉ်ကတည်းက လျာထားပြီး ဖြစ်ကြောင်းလည်း ပြောသွားသည်။

Ref: ဧရာဝတီ်

Read More...

ကားခလျှော့ချရေး ကျောင်းသားများ ဆန္ဒပြ

အောင်မြတ်စိုး
ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ ၁၂ ရက် ၂၀၁၁

ဘန်ကောက် (မဇ္ဈိမ) ။ ။ ကျောင်းကားခကို နှစ်ဆ တိုးမြှင့်လိုက်သဖြင့် တက္ကသိုလ် ကျောင်းသား ၈၀၀ ခန့် ယနေ့ မနက်တွင် လမ်းလျှောက် ဆန္ဒပြမှု ကလေးမြို့တွင် ဖြစ်ပွားခဲ့ပြီးနောက် အာဏာပိုင်များက လိုက်လျောမှု ပြုလိုက်သည်။

စစ်ကိုင်းတိုင်း ကလေးမြို့ရှိ ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်၊ နည်းပညာ တက္ကသိုလ်နှင့် ကွန်ပြူတာ တက္ကသိုလ်များနှင့် ကလေး မြို့တွင်းသို့ ပြေးဆွဲနေသော ကျောင်းကားများတွင် ကားခကို ပုံမှန် ၁ဝဝ ကျပ် ကောက်ခံ နေခဲ့ရာမှ ယခုလ ၁ ရက်နေ့မှစ၍ ကျပ် ၂ဝဝ အထိ တိုးမြှင့် ခဲ့ခြင်းကြောင့် ပြန်လည်လျှော့ချရန် ဆန္ဒ ပြကြခြင်း ဖြစ်ကြောင်း မဇ္ဈိမသို့ ဆက်သွယ်လာသော ဆန္ဒပြ ကျောင်းသားများက ပြောသည်။

သီးခြား ဒေသခံများကလည်း ဆန္ဒပြမှု ဖြစ်ပွားခြင်းကို တယ်လီဖုန်းမှတဆင့် အတည်ပြု ပြောကြားသည်။

မနက် ၇ နာရီခွဲခန့်တွင် လူစည်ကားရာ လမ်းဆုံလမ်းခွဖြစ်သည့် တာဟန်း ရပ်ကွက် ဗိုလ်ချုပ် လမ်းမ ပေါ်ရှိ ဘူတာကွေ့၌ ကျောင်းသားများ စတင်စုရုံးပြီး တက္ကသိုလ်ကြိုပို့ ကျောင်းကား အားလုံးကို ရပ်တန့် တားဆီးကာ ဗိုလ်ချုပ် လမ်းမအတိုင်း ပင်လုံ ရပ်ကွက်ကို ဖြတ်၍ အောင်သစ္စာ ရပ်ကွက်ရှိ ဒေသကွပ်ကဲရေး စစ်ဌာနချုပ် (ဒကစ) သို့ သွားရောက်ခဲ့သည်ဟု ဆိုသည်။

ဒကစ ရှေ့တွင် အဝါရောင်နှင့် အနီရောင် သတိပေးတားမြစ်သည့် မျဉ်းများ တားထားသဖြင့် ကျောင်းသားများသည် အဝါရောင် မျဉ်း၌ ရပ်တန့် နေခဲ့ပြီး ကားခကို ယခင်နှုန်းထား အတိုင်း ပြန်လည်သတ်မှတ်ရန်၊ ကားအစီးရေ တိုးမြှင့်ပြီး အချိန်မှန် ပြေးဆွဲ ပေးရန်နှင့် ကျောင်းကားတွင် ကုန်စည်များ တင်ဆောင်ခြင်း တားမြစ်ပေးရန် တောင်းဆို ခဲ့ကြသည်။

တပ်နယ်မှူး ဒုဗိုလ်မှူးကြီး အောင်ရင်ဦး ဦးဆောင်သော အဖွဲ့က လက်ခံဆွေးနွေးပြီး နှစ်ဖက် သဘောတူ ခဲ့ကာ သက်ဆိုင်ရာ ကျောင်းများသို့ သွားရောက်၍ လူစု ခွဲလိုက်ကြသည်။

ဆန္ဒပြရာတွင် ပါဝင်သော ကျောင်းသားများကို အရေးယူမှု မပြုရန် အာဏာပိုင်များနှင့် တက္ကသိုလ် အုပ်ချုပ်ရေး အဖွဲ့များက အများ ရှေ့မှောက်တွင် ကတိပြုကြသည်ဟု ကျောင်းသားတဦးက မဇ္ဈိမကို ပြောသည်။

ကားခလျှော့ပေါ့ပေးရန် တောင်းဆိုမှုကို ကလေးတက္ကသိုလ် ကျောင်းသားများက ယခုလ ၁၀ ရက်နေ့ ကတည်းက လက်မှတ် ကောက်ခံခဲ့ရာ ကျောင်းသား ၅ဝဝ ကျော် လက်မှတ် ရေးထိုး ခဲ့သေးသည်။

ကလေးမြို့နယ် သာယာဝတီရွာရှိ နည်းပညာတက္ကသိုလ်တွင် ကျောင်းသား ၁၀၀၀ ကျော်၊ ကျီကုန်းရွာရှိ ကွန်ပြူတာ တက္ကသိုလ်တွင် ကျောင်းသား ၂၀၀ ကျော်၊ ချင်းပြည်နယ် ခိုင်ကမ်းရွာ အနီးရှိ ကလေး တက္ကသိုလ်တွင် ကျောင်းသား ၄၀၀၀ ကျော် တက်ရောက်လျက် ရှိသည်။

Ref: မဇ္ဈိမ

Read More...

ထိုင်းများ မြန်မာ နယ်စပ်ဖြတ်ကျော်ခွင့် ယာယီပိတ်

စိုင်းဇွမ်ဆိုင်း
Wednesday, 12 January 2011

တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) က ထိုင်းနိုင်ငံသား တဦးကို ယမန်နေ့က ပြန်ပေး သဘောမျိုး ဖမ်းဆီး ထားပြီးနောက် ထိုင်း အာဏာပိုင်များက ၎င်းတို့၏ နိုင်ငံသားများကို တာ့ခ်ခရိုင်ရှိ ထိုင်း-မြန်မာ နယ်စပ် ဂိတ်မှ တဆင့် မြန်မာနိုင်ငံသို့ ဝင်ရောက်ခွင့် တားမြစ် လိုက်သည်။

တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူး မစ္စတာ ဆမတ် လွိုင်ဖာ က မြန်မာနိုင်ငံ ဘက်ခြမ်းတွင် အစိုးရ တပ်များနှင့် ကရင် တပ်များကြား တိုက်ပွဲ ဖြစ်ပွား နေသောကြောင့် ထိုင်းနိုင်ငံသားများ၏ လုံခြုံရေး အတွက် မြန်မာနိုင်ငံသို့ နယ်စပ်ဖြတ်ကျော် ဝင်ရောက်ခွင့် ယာယီ ပိတ်လိုက်ခြင်းသာ ဖြစ်ကြောင်း၊ အခြေအနေများ ပြန်လည် ကောင်းမွန်ပါက ပြန်ဖွင့်ပေးမည် ဖြစ်ကြောင်း ထိုင်းသတင်းဌာန Thai News Agency (TNA) သို့ ပြောသည်။

ထိုင်းနိုင်ငံသား၊ နိုင်ငံရေးသမား မစ္စတာ ခရိုင်ယန် ဆတ် ကို DKBA က ဖမ်းဆီးထားပြီး ထိုင်းဘတ် ၃ သိန်းဖြင့် ၎င်းအား ပြန်ရွေးရန် တောင်းဆိုသည်ဟု ယနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းတွင် ပါရှိသည်။

မစ္စတာ ခရိုင်ယန် ဆတ် သည် ယမန်နေ့က DKBA တပ်ဖွဲ့မှ တာဝန်ရှိသူများနှင့် ငွေကြေးကိစ္စ ဆွေးနွေးရန် နယ်ခြားကို ဖြတ်သန်း ဝင်ရောက်ခဲ့သည်ဟု ထိုင်းရဲတပ်ဖွဲ့က အတည်ပြု ပြောဆိုသည်။

မစ္စတာ ခရိုင်ယန် ဆတ်သည် တာ့ခ် ခရိုင်၊ အုန်းဖျံဒေသရှိ တေးပါပိုရွာသား တဦးဖြစ်ပြီး ထိုင်းနိုင်ငံရေး ပါတီတခု ဖြစ်သည့် Ruamajai Pattana ပါတီဝင် တဦးလည်းဖြစ်သည်။

DKBA ကမူ မစ္စတာ ခရိုင်ယန်ဆတ်သည် ၎င်းတို့အပေါ်တွင် အကြွေးတင်နေမှုများ ရှိနေသောကြောင့် ထိုသို့ ငွေကြေး တောင်းဆိုခြင်း ဖြစ်သည်ဟု ပြောထားသည်။

ဇန်နဝါရီလ ၉ ရက်နှင့် ၁၀ ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သည့် နအဖ တပ်များနှင့် DKBA တပ်များ၏ တိုက်ပွဲ အတွင်း အစိုးရဘက်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည်များ ထိုင်းဘက်သို့ ကျရောက် ပေါက်ကွဲခဲ့သဖြင့် ထိုင်းအာဏာပိုင်များက ထိုင်း-မြန်မာ နယ်ခြား ကော်မတီမှ တဆင့် မြန်မာ အာဏာပိုင်များထံသို့ ကန့်ကွက်စာ တစောင်ကိုလည်း ယမန်နေ့က ပို့ခဲ့ကြောင်း သိရှိရသည်။

Ref: ဧရာဝတီ်

Read More...

Wednesday, January 12, 2011

ရွှေနဂါးမင်းက မုံရွာဒေသခံ ၄ ဦးကို ကျူးကျော်မှုဖြင့် တရားစွဲ

ဖနိဒါ
အင်္ဂါနေ့၊ ဇန်နဝါရီလ ၁၁ ရက် ၂၀၁၁

ချင်းမိုင်(မဇ္ဈိမ) ။ ။ ရွှေနဂါးမင်း ကုမ္ပဏီ ဆောက်လုပ်ခွင့် ရထားသော မြေယာအတွင်း တရားမဝင် ဝင်ရောက် ကျူးကျော်သည် ဆိုကာ မုံရွာမြို့ မုံရွာ တောင်ရပ်ကွက်မှ ဒေသခံ ၄ ဦးကို ကုမ္ပဏီက တရား စွဲထားသည်ဟု တရားပြိုင်များက ပြောသည်။

မုံရွာတောင် အဆင့်မြင့် အိမ်ရာ စီမံကိန်းရထားသော ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ကြံ့ဖွံ့အမတ် ဦးဝင်းမြင့်ပိုင် ဆောက်လုပ်ရေး ကုမ္ပဏီ၏ မန်နေဂျာ ဦးဗိုလ်ဗိုလ်ငယ်က သီးခြား သက်သာခွင့် အက်ဥပဒေ ပုဒ်မ ၈ ဖြင့် ယခုလ ၆ ရက်နေ့က မြို့နယ်တရားရုံးတွင် တရားစွဲသည်။

ကုမ္ပဏီက ဦးလှိုင်မြင့်၊ ဒေါ်စန်း၊ ဦးစိုးနိုင်နှင့် ဦးအောင်မိုးထွန်းတို့ ၄ ဦးအား သူတပါး တရားဝင် ပိုင်ဆိုင်သည့် နေရာကို ဝင်ရောက် ကျူးကျော်သည် စွပ်စွဲ ထားသည်ဟု တရားပြိုင် ဦးစိုးနိုင်က ပြောသည်။

ကုမ္ပဏီက သင့်တော်သော လျော်ကြေးမပေးသည့်အတွက် မဖယ်ပေးခြင်းဟု တရားပြိုင်များဘက်က ဆိုသည်။

“ကျနော်တို့ကို မယက ရုံးမှာ အခါတိုင်း ခေါ်ပြီးတော့ ခြိမ်းခြောက်တယ်လေ။ ၉ လပိုင်းကစပြီး ၅ ခေါက် ၆ ခေါက်လောက် သွားရတယ်။ အခုနောက်ပိုင်း ခေါ်တာ မပြေလည်လို့ ဆိုပြီး တရား စွဲထားတယ်။ ကျနော်တို့ မရှိတဲ့ လူတွေက ထိုက်ထိုက် တန်တန် မရဘူး ဖြစ်နေတာ၊ အခုက ဖယ်မပေးလို့ တရားစွဲတာလေ”ဟု ဦးစိုးနိုင်က ပြောသည်။

“ဘိုးဘွားတွေ နေလာခဲ့တဲ့ နေရာတွေလေ။ အခုအစိုးရလက်ထက်မှာ ပလက်ဖောင်းတွေ လုပ်ခိုင်းတော့ လုပ်ခဲ့ရတယ်။ ကားလမ်းဘေး မျက်နှာစာ အိမ်ရှေ့တွေမှာ ခတ်လာခဲ့ကြတာ။ မြို့ပြ အဆင့်မီ ဆိုပြီးတော့။ တခြားအိမ်တွေက ချောင်ထဲမှာ ဆိုတော့ ကျေကျေနပ်နပ်နဲ့ ပေးလိုက် ကြတယ်လေ။ ကျနော်တို့က လမ်းဘေးမှာလေ၊ ဒါကြောင့် မပေးနိုင်တာ”ဟု သူက မဇ္စျိမကို ပြောသည်။

အိမ်ပြောင်းရွှေ့မှုကို ရွှေနဂါးမင်း ကုမ္ပဏီက မနှစ် ၉ လပိုင်းက စတင်ခဲ့ပြီး နောက်ဆုံးထား ပြောင်းရွှေ့ရန် ရက်သတ်မှတ် မထားပေ။

စစ်ကိုင်းတိုင်းဒေသကြီး အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ မြို့နေရာချထားရေး ကော်မတီမှ ဘောလုံး ပရိသတ်များ တည်းခိုရန် အပါအဝင် အဆင့်မြင့် ဟိုတယ်များ ဆောက်လုပ်ခွင့် မြေ ၁၃.၄၄ ဧကကို ၂ဝဝ၉ ခုနှစ် ဒီဇင်ဘာ ၂ဝ ရက် စာအမှတ်များဖြင့် မြေကွက် ချထားစေခဲ့သည်ဟု တရားစွဲထားသည့် အမှုတွဲတွင် ပါရှိသည်။

မုံရွာမြို့ တောင်ဘက်အစွန်းပိုင်း မုံရွာတောင်ရပ်ကွက် အပါအဝင် နယ်မြေများကို စစ်အစိုးရက ဘောလုံးကွင်း ဆောက်မည် ဆိုကာ အသိမ်း ပြခဲ့ပြီးနောက်ပိုင်း ရွှေနဂါးမင်း ကုမ္ပဏီကို လုပ်ခွင့် ပေးထားသည်ဟု မုံရွာမှ ရှေ့နေကြီး ဦးစောထွန်းက ပြောသည်။ စစ်ကိုင်းတိုင်း ကိုယ်စားပြု ဇေယျာရွှေမြေ အသင်းက မုံရွာ ဘောလုံးကွင်းကို မနှစ် အောက်တိုဘာလက ဖွင့်လှစ်ခဲ့သည်။

လယ်ယာမြေတခုကို အိမ်ဆောက်ရန်ဖြစ်စေ၊ အခြားနည်းအသုံးပြုရန်ဖြစ်စေ ၁၉၅၃ ခုနှစ် နိုင်ငံပိုင် ပြုလုပ်ရေး ဥပဒေ ပုဒ်မ ၃(ခ) ကင်းလွတ်ခွင့် အရ လယ်ယာမြေကို အခြားအမည် အဖြစ် အသုံးပြုခွင့် မရှိသဖြင့် မြေသိမ်းဥပဒေ မထွက်သေးသဖြင့် ကုမ္ပဏီက တရားစွဲခြင်းသည် တရား မဝင်ကြောင်း ရှေ့နေကြီး ဦးစောထွန်းက ပြောသည်။

“ဥပဒေအရ စွဲခွင့်ကို မရှိတာ၊ ကုမ္ပဏီက စွဲခွင့်ကို မရှိဘူး။ နိုင်ငံတော်ကဘဲ တရားလိုလုပ်ရမှာ၊ သူ့ကို ရောင်းတယ်၊ လွှဲတယ် ဆိုရင်လဲ တရားဝင် ထွက်တာ ဘာမှ မရှိဘူးလေ။ မြေတခု လွှဲမယ်ဆိုရင် မြေသိမ်း ဥပဒေနဲ့ သိမ်းပြီးတော့မှ တရားစွဲလို့ ရမယ်လေ။ အခု မြေသိမ်းဥပဒေ မထွက်သေးဘဲနဲ့ ဒီလို လုပ်လိုက်တာလေ။ တကယ် တရားစွဲမယ် ဆိုရင် အစိုးရဘဲ စွဲရမှာ၊ ကုမ္ပဏီက စွဲခွင့်မရှိဘူး” ဟု ဦးစောထွန်းက မဇ္စျိမကို ပြောသည်။

စစ်အစိုးရက ကုမ္ပဏီကို တရားဝင် လွှဲစာပေးလျှင်လည်း အစိုးရက တရားဝင် မြေသိမ်း ဥပဒေ ထုတ်မထား၍ ကုမ္ပဏီက အခြားအမည်ပေါက် လုပ်ခွင့် မရှိကြောင်း ဥပဒေ အတိုင်ပင်ခံ ဦးအောင်သိန်းက ဆိုသည်။

အဆိုပါ မြေနေရာတွင် ၅၂ နှစ်ကျော်ကြာနေထိုင်ခဲ့သော ပေ ၆ဝ၊ ၈ဝ ပတ်လည် ပိုင်ဆိုင်သူ ဦးစိုးနိုင်က လက်ရှိ နေအိမ်နှင့် ခြံမြေပေါက်ဈေး အနည်းဆုံး သိန်း ၃ဝဝ တန်သည်ဟု သူက မဇ္စျိမကို ပြောသည်။

ရပ်ကွက်တွင် အိမ်ခြေ ၅၅ အိမ်ရှိရာ ပေ ၃ဝ၊ ၄ဝ ရှိသူများ အပါအဝင် ၁၆ ဦးကို တဦးလျှင် သိန်း ၆ဝ နစ်နာကြေး ပေးဝယ် ခဲ့သော်လည်း ချမ်းသာသူ အချို့ကိုမူ ကျပ်သိန်း ၂ဝဝ မှ ၃ဝဝ အထိ ပေးလျော်ခဲ့သည်ဟု သူက ပြောသည်။ ကျန် ၃ဝ ကျော်ကို တရား မစွဲသေးဘဲ ၄ ဦးသာ စတရားစွဲခံရသည်။

အိမ်ခြံမြေ ပေ ၁၅ဝ၊ ပေ ၄ဝ ဝန်းကျင် ပိုင်ဆိုင်သူ ဒေါ်စန်းကလည်း ကုမ္ပဏီပေးသည့် သိန်း ၁၂ဝ ဖြင့် တခြား နေရာသစ် ဝယ်ရန် မလောက်သည့် အတွက် ကုမ္ပဏီကို ရောင်းရန် ငြင်းဆန် နေခြင်းဟု မဇ္စျိမကို ပြောသည်။ ယာမြေ ၂ ဧက ဖျက်ဆီး ခံခဲ့ရမှု အတွက်လည်း လျော်ကြေး မရကြောင်း သူက ဆိုသည်။

“ကျမတို့ကို စစချင်း သိန်း အစိတ်ကနေ စပေးတာ ၁၂ဝ ပေးထားတယ်။ ကျမတို့က နိုင်ငံတော်က ခတ်ခိုင်းလို့ အုတ်တံတိုင်း ခတ်ခိုင်းထားတာတွေ ရှိတယ်လေ။ အဲဒါဖျက်တာနဲ့ အိမ်ဖျက်တာနဲ့ အဲဒီငွေ ကုန်သွားမှာ ၊ နေစရာလဲ ဝင်းဝယ်ဖို့နဲ့ အိမ်ပြန်ဆောက်ဖို့ ဆိုတာ မရလို့ လက်မခံနိုင်တာပါ”ဟု သူက ပြောသည်။

လက်ရှိ မုံရွာမြို့တွင်း အိမ်ယာစီမံကိန်း ပေ ၆ဝ၊ ၈ဝ ပတ်လည် တလုံးလျှင် သိန်း ၅ဝဝ မှ ၆ဝဝ ထိ ပေါက်ဈေးရှိသည် ဆိုသည်။

ဒေသခံများက ရှေ့နေငှားရန် စီစဉ်နေပြီး လာမည့် ၂ဝ ရက်နေ့တွင် စွဲဆိုချက်များကို ချေပရန် မုံရွာမြို့နယ် တရားရုံးက သမ္မန်စာဖြင့် ဆင့်ခေါ်ထားသည်။

အဆိုပါ အမှုနှင့် ပတ်သက်၍ ရွှေနဂါးကုမ္ပဏီကို ဆက်သွယ်၍ မရခဲ့ပေ။

Ref: မဇ္ဈိမ

Read More...

SSA – S အမည်ဖြင့် လူတစု နအဖ ထံ အလင်းဝင်

Tuesday, 11 January 2011

SSA – S တံဆိပ်တပ် လူတစု နအဖစစ်တပ်ထံ လက်နက်ချ အလင်း ၀င်ရောက်သည့် လက်နက်နှင့် ငြိမ်းချမ်းရေး အပြီး အပိုင် လှဲလှယ်ပွဲတစ်ခု သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် လွိုင်လင်မြို့၌ ယနေ့ ကျင်းပခဲ့ကြောင်း စုံစမ်း သိရှိရပါသည်။

“သျှမ်းပြည်တပ်မတော် တောင်ပိုင်း SSA-S လို့ပြောတယ်။ သူတို့ အင်္ကျီမှာလဲ SSA တံဆိပ် တပ်ထားတယ်။ စိုင်းယ ဦးဆောင်ပြီး လူအင်အား ၃၈၊ လက်နက် အချို့နဲ့ အလင်းဝင်တာဖြစ်တယ်” - ဟု အခမ်းအနား တက်ရောက်ခဲ့သူ လွိုင်လင် ဒေသခံ တစ်ဦးက ပြောပါသည်။

လက်နက်နှင့်ငြိမ်းချမ်းရေး အပြီးအပိုင် လှဲလှယ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီ မှ ၁၁း ၃၀ နာရီ အထိ လွိုင်လင် ဘောလုံးကွင်း၌ ကျင်းပခဲ့၏။ အရှေ့ပိုင်းတိုင်း စစ်ဌါနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ဆန်းဦး ကိုယ်တိုင် တက်ရောက် ကြောင်း၊ လွိုင်လင်နှင့် ပင်လုံမှ ဒေသခံ တစ်အိမ်တစ်ယောက်၊ ၀န်ထမ်းတိုင်း မသွားမနေရ အမိန့်ချသည့် အတွက် အခမ်း အနား၌ လူထု ၃၀၀၀ နီးပါး တက်ရောက်ကြောင်း ပြောပြပါသည်။

“အခမ်းအနားမှာ အလင်းဝင်တဲ့အဖွဲ့က အလင်းဝင်ရတဲ့ အကြောင်းရင်းကို အချက် ၁၀ ချက် ၁၂ ချက်လောက် သျှမ်းစကားနဲ့ ပြောတယ်။ နအဖက အလင်းဝင်တဲ့ အဖွဲ့ကို ဆန်၊ ငွေသားနဲ့ အိပ်ယာတွေ ပေးတယ်။ သူတို့အဖွဲ့ အခြေချ ရမဲ့ နေရာကိုတော့ မပေးသေးဘူး” ဟု လွိုင်လင်မြို့ ၀န်ထမ်းတဦးက ပြောပါသည်။

“၂၀၀၄-၂၀၀၅ ကတည်းက ကျနော်တို့ ထိန်းချုပ်နယ်မြေ (သျှမ်းပြည်အလယ်ပိုင်း) မှာဘဲ ခိုလှုံခွင့် တောင်းတယ်။ သူ့ကို လုပ်ငန်း တာဝန် ခွဲဝေ ထမ်းဆောင်ဖို့၊ ဌါနချုပ်ကို လာဖို့၊ အကြိမ်ကြိမ် ဖိတ်ခေါ်တယ်။ လွန်ခဲ့တဲ့ တစ်လကျော် အထိဘဲ။ သူက မလာဘူး။ ဒါ့ကြောင့် သူ့မျက်နှာလဲ ကျနော်မမြင်ဖူးဘူး။ SSA မှာ သူ ဘာတာဝန်မှ သူမထမ်းဆောင် ခဲ့ရပါဘူး” ဟု ဒု-ဗိုလ်ချုပ်ကြီး ယွတ်စစ်က ပြောပါသည်။

စိုင်းယ ခေါ် လောဝ်းယ အကြောင်းသိသူ ထိုင်း-သျှမ်းနယ်စပ် အခြေစိုက် သျှမ်းပြည်အရေး လေ့လာသူ ပုဂ္ဂိုလ်တဦးက

“SSA-S နာမည်နဲ့ အလင်းဝင်တယ် ဆိုပေမဲ့ သူက ဟိုမရောက် ဒီမရောက်ပါဘဲ။ ဒီတပ်ဖွဲ့မှာ နေလိုက်။ တော်ကြာ နောက်တခြား တပ်ဖွဲ့ထဲ ပြောင်းသွားလိုက်နဲ့။ အလင်းဝင်တာလဲ မဟာကြာ ကနေတဆင့် နအဖကို ဆက်သွယ်တာ ဖြစ်တယ်။ သူနဲ့ မဟာကြာ အကြံဖန် ထုတာပေါ့။ နအဖ လိုချင်တဲ့ လူအင်အား ပြည့်အောင် အလုပ်မရှိတဲ့သူ၊ ဘိန်းစား တွေကို စုဆောင်း၊ လက်နက်တွေ အကြံဖန်ရှာပြီး အလင်းဝင်တာ ဖြစ်တယ်”

စိုင်းယ ခေါ် မောင်လှသည် သျှမ်းလူမျိုးဖြစ်ပြီး ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ) လက်အောက်ခံ ၀ တပ်ဖွဲ့၌ တာဝန် ထမ်းဆောင် ခဲ့ဖူးသည်။ ဗမာပြည် ကွန်မြူနစ်ပါတီ ပြိုကွဲသွားပြီးနောက် ပူဟိန်ကန္န (မိုင်းယွမ်း/မိုင်းကိုင်မြို့နယ်) ဦးဆောင် သည့် တပ်မဟာ ၂၇၅ သို့ ၀င်ရောက်ခဲ့သည်။ ထို့နောက် စိုင်းယသည် နအဖ စစ်အုပ်စု အရာရှိများနှင့် ပူးပေါင်း၍ မူးယစ် ဆေးဝါး ထုတ်လုပ်ခဲ့၏။ နအဖ စစ်တပ်နှင့် လောပန်းအကြား ဆက်ဆံရေး ပျက်ပြားသော အခါ ၎င်း၏ မူးယစ်ဆေးဝါးများ ကို နအဖမှ ၀င်ရောက် သိမ်းဆည်းရာ ဗိုလ်မှူး ၂ ယောက်အား သတ်ဖြတ်ပြီး တောခိုခဲ့၏။ လွန်ခဲ့သော တလကျော်က တပ်ပြေးဘ၀ဖြင့် လဲချားမြို့နယ် ၀မ့်ပန်၌ ဗိုလ်မှူးစိုင်းထွယ့် (ဗိုလ်မှူးကြီး မိုင်းဇင့် လက်အောက်ခံ)တပ်ဖွဲ့နှင့် ပူးတွဲ နေထိုင်ခဲ့၏။

Ref: သျှမ်းသံတော်ဆင့်

Read More...

လွှတ်တော်စည်းမျဉ်း အချိန်ကိုက် ထုတ်ပြန်မှု နည်းလမ်းမကျ

ဦးကျော်အောင်လွင်
အင်္ဂါ, 11 ဇန်နဝါရီ 2011


မြန်မာစစ်အစိုးရက ဒီလကုန်မှာ လွှတ်တော်စခေါ်မယ်လို့ ကြေညာပြီး လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ တွေကိုလည်း အချိန် ကိုက်ပြီး ကြေညာ လိုက်တဲ့အတွက် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်တွေ အပါအ၀င် လွှတ်တော်ကို တက်ရောက်ကြမယ့် ကိုယ်စားလှယ်တွေ အဆင်သင့် မဖြစ်သေးတဲ့ အခြေအနေတွေနဲ့ ထပ်ပြီး ကြုံနေရပါတယ်။ ရွေးကောက်ပွဲ ကျင်းပ ခဲ့တုန်းကလည်း ဒီလိုပဲ ကမန်းကတန်း အဖြစ်မျိုး နိုင်ငံရေး ပါတီတွေ ကြုံခဲ့ရပြီးပါပြီ။ အဆင်သင့် မဖြစ်ဘဲ လွှတ်တော်ကို သွားကြမယ့် သူတွေ အတွက် သတိထား စရာတွေ အများကြီး ရှိနေတဲ့ အကြောင်း မြန်မာ့ အရေးကို အနီးကပ် လေ့လာ စောင့်ကြည့်နေတဲ့ အမေရိကန် ပြည်ထောင်စုရောက် ချင်းအမျိုးသား ဒေါက်တာ အန်ဒရူး မုံကျုံးလျန်က ပြောပါတယ်။ အပြည့်အစုံကို ဒေါက်တာ အန်ဒရူးနဲ့ ဆက်သွယ် မေးမြန်းထားတဲ့ ကိုကျော်အောင်လွင်က တင်ပြ ပေးထားပါတယ်။

အခု ဇန်န၀ါရီလ ၃၁ ရက်နေ့ကျရင် လွှတ်တော်ခေါ်မယ်လို့ ကြေညာလိုက်တဲ့ အခါမှာ ပြည်နယ်လွှတ်တော် အစည်း အဝေးတွေ ကျင်းပတဲ့အခါ တက်ရောက်ကြမယ့် တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ အဆင်သင့် မဖြစ်ကြ သေးဘူးလို့ ကြားပါတယ်။ ဆရာအန်ဒရူးကလည်း ဒီကိစ္စတွေကို စောင့်ကြည့်နေတဲ့သူ ဆိုတော့ နောက်ဆုံး ဘယ်လို သိထား ပါလဲခင်ဗျ။

“ကျနော် သိထားသလောက်ကတော့ ပြည်နယ်လွှတ်တော် ခေါ်နိုင်ဖို့အတွက် ပြည်နယ် လွှတ်တော် အဆောက်အဦးတို့၊ ပြီးတော့ အဲဒီပြည်နယ် အသီးသီးကနေ ရွေးကောက်ခံတဲ့ ကိုယ်စားလှယ်တွေ အတွက် နအဖဘက်က ပြင်ဆင်မှုတွေ အခုချိန်ထိ ကောင်းကောင်း မွန်မွန်လုပ်တာ မသိရသေးပါဘူး။ ကျနော် သိထားတာတော့ ချင်းပြည်နယ်မှာဆိုရင် ပြည်နယ် လွှတ်တော် အဆောက်အဦး အတွက် အရင်တုန်းက ပ၀တရုံးရဲ့ အဆောက်အဦးကို သူတို့ ပြန်သုံးမယ်လို့ ပြောတယ်။

“အခုချိန်ထိ ၂၀၁၀ ရွေးကောက်ပွဲမှာ ရွေးကောက်ခံရတဲ့ ပြည်နယ်လွှတ်တော် အမတ် အသီးသီး အတွက် အိမ်ရာ နေရာ ထိုင်ခင်းတို့၊ လစာတို့၊ အကျိုး ခံစားခွင့်တို့၊ အဲဒါမျိုးတွေ အားလုံးကို နအဖဘက်က လုပ်ထားတာ ဘာမှ မရှိသေးဘူး ဆိုတာတော့ ကျနော် လွန်ခဲ့တဲ့ ၇ ရက်အတွင်းက ရထားတဲ့ သတင်းအရ သိရပါတယ်။

“ပြီးတော့ ပြည်နယ်တွေ အားလုံး အသီးသီးက သူတို့အတွက် အခုချိန်ထိ မှတ်သားလောက်တဲ့ ပြင်ဆင်မှု သူတို့ လုပ်ထားတာ ကျနော် မကြားရပါဘူး။ သူတို့ ပြင်ဆင်မှု လုပ်နေတာ နေပြည်တော်မှာရှိတဲ့ ပြည်ထောင်စု လွှတ်တော်၊ အမျိုးသား လွှတ်တော်၊ ပြည်သူ့ လွှတ်တော် အဲဒါအတွက်ပဲ ပြင်ဆင်မှု သူတို့က အားသွန်ခွန်စိုက် လုပ်နေတယ်။ ကျန်တဲ့ဟာတွေ ပြည်နယ်နဲ့ တိုင်း ဒေသကြီးတွေ အတွက် လက်ရှိ အာဏာရ နေတဲ့ နအဖ အနေနဲ့ လုပ်ထားတာ မရှိပါဘူး။”

ရက် ၂၀ လောက်ကျမှ လွှတ်တော်စမယ့်ရက်ကို ကြေညာတာ၊ ဆွေးနွေးကြရမယ့် ဥပဒေ၊ နည်းဥပဒေတွေကို ထုတ်ပြန်တာဟာ အချိန်ကပ်ပြီး ကြေညာတယ်လို့ ပြောရမလား၊ လုံလောက်တဲ့ အချိန်လို့ ပြောရမလားခင်ဗျ။

“စစ်အုပ်ချုပ်ရေးကနေ ဒီမိုကရေစီ မကျတကျ၊ လွှတ်တော်စနစ်ကို ရွေးကောက်ပွဲအပြီး ရက် ၉၀ အတွင်း အသွင် ပြောင်းရမှာ ဆိုတော့ ရက် ၂၀ အတွင်းမှာ ဒါတွေကို ပြည်သူလက်ထဲ အရောက် ထုတ်ပြန်တယ် ဆိုတာ ကျနော့် အမြင်မှာတော့ ဖြစ်သင့် ဖြစ်ထိုက်တဲ့ အရာ မဟုတ်ပါဘူး။ ဘာလို့လဲ ဆိုတော့ အခြေခံ ဥပဒေကို အတည်ပြုပြီး ကတည်းက အသွင် ကူးပြောင်းရေး တာဝန်ကို ယူထားတဲ့ နအဖက အချိန် ယူပြီးတော့ ရေးဆွဲ ထုတ်ပြန်ထားသင့်တဲ့ အရာလို့ ကျနော်ကတော့ မြင်ပါတယ်။

“နောက်ပြီးတော့ ဒီလို အချိန်ကပ်ပြီး ထုတ်ပြန်လိုက်တော့ ပြည်သူ့ လွှတ်တော်၊ အမျိုးသား လွှတ်တော်၊ တိုင်း ဒေသကြီးများ၊ ပြည်နယ်များ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသများအတွက် ဥပဒေပြုခြင်း လုပ်ငန်းတွေကို လုပ်ဆောင်ရာမှာ အနှောင့်အနှေး ဖြစ်စေမှာ ဖြစ်တယ်။ မရှိမဖြစ် ဥပဒေပြုရမယ့် ကိစ္စရပ်တွေမှာ နှောင့်နှေး ကြန့်ကြာခြင်းဟာ တိုင်းပြည် တခုလုံးရဲ့ ဆိုးကျိုးဖြစ်တယ်။”

လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်း ဥပဒေ တွေကို အချိန်ကပ်ပြီးမှ အသိပေးရတဲ့ အတွက်ကြောင့်မို့ လွှတ်တော် ကိုယ်စားလှယ်တွေ အတွက် ဘယ်လိုအခက်အခဲတွေ ဖြစ်လာလိမ့်မယ်လို့ ထင်ပါလဲခင်ဗျ။ ဘာတွေ သတိထားစရာတွေ ရှိပါမလဲခင်ဗျ။

“အရေးကြီးတဲ့အရာတွေ များလွန်းတော့ ဘယ်ဟာကို ရှေ့တန်းတင်မလဲဆိုတာ ပြောရ တော်တော် ခက်နေပါတယ်၊ မြန်မာပြည်မှာ။ ဒါပေမဲ့ ကျနော့် အမြင်မှာတော့ ၂၀၁၀ အတွင်း ပြည်ထောင်စု ဘတ်ဂျက် လက်ကျန် ဘယ်လောက်ရှိတယ်၊ ၂၀၁၁ အတွင်းမှာ ရရှိနိုင်ခြေ ရှိတဲ့ အခွန် ဘဏ္ဍာငွေတွေကို ထည့်တွက်ပြီးတော့ ၂၀၁၁ အတွက် ပြည်ထောင်စု ဘတ်ဂျက်၊ ပြည်နယ် ဘတ်ဂျက်၊ တိုင်းဒေသကြီးများ ဘတ်ဂျက်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသများ ဘတ်ဂျက်၊ စတာတွေကို လွှတ်တော် စဖွင့်ကတည်းက လွှတ်တော်အမတ်တွေ အသီးသီးက ရေးဆွဲရမှာ ဖြစ်တယ်။

“ဒီလိုလုပ်ခြင်းအားဖြင့် နှစ်ပေါင်း ၄၈ နှစ်အတွင်း တိုင်းသူပြည်သားတွေ မသိနိုင်တဲ့ ပြည်ထောင်စု ဘဏ္ဍာငွေ တွေကို ဘယ်နေရာမှာ ဘယ်လောက် သုံးစွဲတယ် ဆိုတာ ကျနော်တို့က သိလာမှာဖြစ်တယ်။ ဒီဟာတွေ လုပ်ဖို့ဆိုတာ ရက် ၂၀ အတွင်းမှာ လုပ်ဖို့ ရနိုင်တဲ့ ကိစ္စ မဟုတ်ဘူး။ အဲဒါက ပြဿနာ။

“ဒုတိယအချက်က ၀န်ကြီးဌာနတွေ အသီးသီး ပေါ်လာမယ်။ အဲဒီဝန်ကြီးဌာန အသီးသီးအတွက် ဘတ်ဂျက်တွေ ဆွဲရမယ်၊ ပြည်နယ်တွေ၊ တိုင်းဒေသကြီး၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွေ အတွက်လည်း ပြည်ထောင်စုက သတ်မှတ် ပေးအပ် လိုက်တဲ့ ဘတ်ဂျက်တွေ၊ ပြီးတော့ သူတို့ရဲ့ ၂၀၁၀ လက်ကျန် ဘဏ္ဍာငွေ အသီးသီးတွေ အပေါ်မှာ မူတည်ပြီးတော့ တိုင်းပြည် တခုလုံး အတွက် လိုအပ်တဲ့ ဥပဒေပြုခြင်း လုပ်ငန်းတွေကို ပြုနိုင်ဖို့အတွက် အဲဒီ ဥပဒေပြုတဲ့ နည်းဥပဒေတွေ မနေ့တနေ့ကမှ ထုတ်ပြန်ပြီးတော့ ရက် ၂၀ ပဲ အချိန်ပေးတယ် ဆိုတာကတော့ တော်တော်ကို မဖြစ်သင့်တဲ့ ကိစ္စလို့ ကျနော်ကတော့ မြင်ပါတယ်။”

အဆင်သင့်မဖြစ်ဘဲ လွှတ်တော်တက်ရမယ့် အခြေအနေဟာ နိုင်ငံရေးအရ ဘယ်လို သတိ ထားစရာတွေ ရှိပါမလဲ။

“ဥပဒေပြုမယ့် သူတွေက သူတို့ ဘယ်လိုနည်း၊ ဘယ်လိုဟန်နဲ့ ဥပဒေပြုရမယ် ဆိုတဲ့ဟာကို အချိန် လိုအပ်သလို မရတဲ့ အတွက် သူတို့မှာ ၂၀၁၁ ဖြစ်ဖြစ်၊ ၅ နှစ်အတွင်းမှာ သူတို့ ဥပဒေ ပြုစရာတွေကို အချိန်မီ မလုပ်နိုင်တဲ့ အခါကြတော့ တတိုင်း ပြည်လုံးက နစ်နာစရာ ရှိပါတယ်။

“ဒုတိယအချက်က လွှတ်တော်အသီးသီးကို တက်မယ့်သူတွေ အနေနဲ့ သတိထားစရာ အများကြီး ရှိပါတယ်။ ဘာလို့လဲ ဆိုတော့ နှစ်ပေါင်း ၄၈ လုံးလုံး မရှိခဲ့တဲ့ နေရာကို ကျနော်တို့ ၀င်သွားတော့မယ် ဆိုတော့ ၂၀၁၀ မှာ ရွေးကောက်ခံတဲ့ အမတ်တွေ အားလုံးဖြစ်ဖြစ်၊ စစ်တပ်က ခန့်အပ်လိုက်တဲ့ စစ်ဗိုလ် အမတ်တွေ အားလုံးဖြစ်ဖြစ်၊ ဘယ်သူပဲဖြစ်ဖြစ် တိုင်းပြည် မျက်နှာကို ကြည့်ပြီးတော့ ပူးတွဲ လုပ်ဆောင်နိုင်ဖို့ ဆိုတဲ့ ဆန္ဒ ရှိဖို့လိုတယ်။

“စစ်ဗိုလ်အမတ်တွေ အားလုံးလည်း မကောင်းတဲ့သူတွေ မဟုတ်သလို ပြည်သူက ရွေးလိုက်တဲ့ သူတွေ အားလုံးလည်း အကုန် ကောင်းတယ် မဟုတ်ပါဘူး။ ပြည်သူတွေ ဘာကို လိုလားတောင့်တနေတယ် ဆိုတာကို နားလည်ပြီးတော့ ပြည်သူ့ ကိုယ်စားပြု အမတ်ကောင်း တယောက်ပီပီ တာဝန်ကျေပြွန်စွာ လုပ်ဆောင်နိုင်ဖို့ အခြေခံဆန္ဒ ထားဖို့၊ အခြေခံဆန္ဒ ရှိဖို့က အရေးကြီးတယ်။ အဲဒီအပေါ်မှာပဲ တဖြည်းဖြည်းနဲ့ တတ်ကျွမ်းတဲ့သူတွေ၊ သိတဲ့သူတွေ ဗမာပြည်မှာ အများကြီး ရှိပါတယ်၊ ဥပဒေနဲ့ ပတ်သက်တဲ့သူတွေ၊ အဲဒါတွေရဲ့ အကူအညီ ယူပြီးတော့ တဖြည်းဖြည်းနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ စနစ်ကို အသွင်ကူးပြောင်းဖို့၊ သွားဖို့ လိုအပ်တယ်လို့ ကျနော်ကတော့ မြင်ပါတယ်။”

မြန်မာ့အရေး လေ့လာသုံးသပ်သူ အန်ဒရူး မုံကျုံးလျန် ပြောပြသွားတာ ဖြစ်ပါတယ်။


Ref: VOA News

Read More...

ဂီရိသင့်ဒေသသို့ ဒေါ်လာတသန်းခွဲ အမေရိကန် ကူညီ

ကိုပေါက်
အင်္ဂါနေ့၊ ဇန်နဝါရီလ ၁၁ ရက် ၂၀၁၁

နယူးဒေလီ (မဇ္ဈိမ) ။ ။ ရခိုင်ပြည်နယ်အတွင်း ဂီရိမုန်တိုင်းသင့် ဒေသများ စားနပ်ရိက္ခာ အတွက် အမေရိကန် အစိုးရက ဒေါ်လာ တသန်းခွဲဖိုး ကူညီမည်ဟု ရန်ကုန်ရှိ အမေရိကန်သံရုံးက ယနေ့ ထုတ်ပြန် ကြေညာသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်း တိုက်ခတ်ခဲ့သော ဂီရိဆိုင်ကလုန်းမုန်တိုင်းသင့် ဒေသခံများ အတွက် စားနပ်ရိက္ခာ ဝယ်ယူရန် ကုလသမဂ္ဂ စားနပ်ရိက္ခာ အစီအစဉ် WFP သို့ အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုး တိုးတက်ရေးဌာန USAID က ဒေါ်လာ တသန်းခွဲအား ပေးအပ်မှာ ဖြစ်သည်ဟု ဆိုသည်။

ဤသည်မှာ ဂီရိသင့်ဒေသ အရေးပေါ် အကူအညီအတွက ၄၅ ရာခိုင်နှုန်း ပေးနိုင်သေးပြီး ပြန်လည် ထူထောင်ရေး အတွက် ကန်ဒေါ်လာ ၃၇ သန်းခန့် လိုအပ်ကြောင်းနှင့် လူ နှစ်သိန်းကျော်အတွက် စားနပ်ရိက္ခာများ လိုအပ်သေးကြောင်း ပြီးခဲ့သည့်လ ၂ဝ ရက်နေ့ထုတ် ရန်ကုန် ကုလသမဂ္ဂ လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ ပူးပေါင်း ညှိနှိုင်းရေး အဖွဲ့ UN-OCHA ၏ အစီရင်ခံစာ ထုတ်ပြန်ပြီးနောက် ပထမဆုံး နိုင်ငံရပ်ခြား အကူအညီ ဖြစ်သည်။

အမေရိကန်၏ ယခုအကူအညီမှာ ဂီရိသင့်ဒေသအတွက် ဒုတိယမြောက်ဖြစ်ပြီး၊ ယခင်က အရေးပေါ် အကူအညီ အဖြစ် ဒေသခံ လူမှုကယ်ရေး အဖွဲ့များမှ တဆင့် ဒေါ်လာသုံးသိန်း လှူဒါန်းခဲ့သေးသည်။

“ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်။ ယူအဲန်အဖွဲ့အစည်းတွေအပြင် နိုင်ငံတကာ မိသားစု၊ အများ အားဖြင့် ဥရောပ နိုင်ငံတွေနဲ့ လက်တင် အမေရိက နိုင်ငံတွေက ဝိုင်းဝန်းကူညီပေးတာကို ကျနော်တို့ ဝမ်းသာပါတယ်” ဟု ၂ဝ၁ဝ ရွေးကောက်ပွဲဝင် ရခိုင်တိုင်းရင်း သားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ RNDP ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး “ကျပ်သန်း ထောင့်နှစ်ရာလောက် giri-cyclone-5ရှိမှာပေါ့။ ဆန်အိတ်တအိတ်က တသောင်း တထောင်လောက် ရှိသွားပြီ။ သုံးလလောက် လုံလောက်မှု ရှိမှာပါ။ မိသားစုတစုကို တအိတ်လောက် ပေးရင်လေ။ ကျနော် အကြမ်း တွက်ကြည့်တာပါ။ စားနပ်ရိက္ခာ ဆိုတာကတော့ သက်သာရေး အတွက်ပဲ ဖြစ်မှာပါ။ ပြန်လည် ထူထောင်ရေး အတွက်ဆို အများကြီးလိုဦးမှာပါ” ဟု ဆိုသည်။

ကျောက်ဖြူမြို့နယ် ဒေသခံတဦးကလည်း “ပျက်စီးသွားတဲ့ နေရာမှာ ဆုံးရှုံးမှုတွေကို အစား ထိုးပြီးတော့ ကူညီ ပေးတာတွေ ကျနော်တို့ ဒီနေ့ မတွေ့ရသေးပါဘူး။ ဆန်အိတ်လေးနဲ့၊ ဆီလေးနဲ့ အတို အထွာလေးတွေ နည်းနည်းပါးပါး ဝေကြတယ်။ အဲဒါ ပရဟိတ အသင်းတွေ၊ ကယ်ဆယ်ရေး အဖွဲ့တွေက။ ဒီမှာ UN က WFP ဆိုပြီးတော့လည်း ကျနော်တို့ ကားတွေ ဘာတွေနဲ့ သွားနေ လာနေတာတော့ တွေ့ပါတယ်။ ပြန်လည် ထူထောင်တာတော့ ကျနော်တို့ မတွေ့ရ သလောက်ပါဘဲ” ဟု မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့်လ ၁၃ ရက်နေ့တွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပြည်သူ့ လွှတ်တော် ကိုယ်စားပြု ကော်မတီ CRPP နှင့် ၂ဝ၁ဝ ရွေးကောက်ပွဲဝင် တသီးပုဂ္ဂလ ကိုယ်စားလှယ်များ စုပေါင်းပြီး ငွေကျပ် သိန်း ၁၅ဝ ခန့်အား မုန်တိုင်းသင့် ဒေသများသို့ သွားရောက် လှူဒါန်း ခဲ့သေးသည်။

၂၈ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်၊ ဝါရင့်နိုင်ငံရေးသမားကြီးများ၊ CRPP အဖွဲ့ဝင်များ၊ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း အချို့၊ ဒီမိုကရက်တစ် ပါတီ (မြန်မာပြည်) နှင့် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ပါတီ ခေါင်းဆောင်များက ဂီရိသင့် ဒေသများ အတွက် အကူအညီများ ပေးအပ်ရန် ပန်ကြားလွှာ တစောင်ကို နိုင်ငံ အသီးသီးသို့ ပေးပို့ခဲ့သေးသည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ၂၂ ရက်နေ့တွင် ဂီရိမုန်တိုင်းကြောင့် ရခိုင်ပြည်နယ် ကျောက်ဖြူ၊ မြေပုံ၊ မင်းပြားနှင့် ပေါက်တော မြို့နယ်များတွင် ဆိုးရွားစွာ ထိခိုက်ခဲ့ပြီး အနည်းဆုံး လူ ၄၅ ဦး သေကြေပျောက်ဆုံးကာ လူ ၁ သိန်းကျော် အိုးအိမ်မဲ့ ဖြစ်ခဲ့ရသည်ဟု အစိုးရနှင့် ကုလသမဂ္ဂ အဖွဲ့ အစည်းများက ထုတ်ပြန်ခဲ့သည်။


Ref: မဇ္ဈိမ

Read More...

Tuesday, January 11, 2011

သာကေတရှိ ဘုန်းကြီးကျောင်းများ ရွှေ့ပြောင်းရမည်

ဆက်လင်း
Monday, 10 January 2011

ရန်ကုန်တိုင်း သာကေတ မြို့နယ် ရှုခင်းသာ ပန်းခြံအနီးရှိ ဘုန်းကြီးကျောင်းများကို စစ်အစိုးရက ရွှေ့ပြောင်းရန် စီစဉ် နေသည်ဟု အဆိုပါ ကျောင်းများတွင် သီတင်းသုံး နေထိုင်သည့် သံဃာတော်များက မိန့်ကြားသည်။

ရှုခင်းသာလမ်းမကြီးပေါ် ပဲခူးမြစ်ကမ်းဘေးတွင် တည်ရှိသည့် အောင်သီတာ၊ ဇေတ၀န်၊ မြို့ဦးကင်း၊ မင်္ဂလာရာမ စသည့် စာသင် တိုက်ကြီးများ၊ အခမဲ့ ကုသိုလ်ဖြစ် ဆေးခန်းဖွင့်လှစ် ထားသော မိုးကုတ် အောင်ငြိမ်းချမ်း ကျောင်းတိုက်၊ ကျောင်းသား ကျောင်းသူများကို အင်္ဂလိပ်စာ အခမဲ့ သင်ကြားပေးနေသော ကံဇေယျုံ ကျောင်းတိုက်၊ သဲအင်းဂူ ဓမ္မရိပ်သာ ကဲ့သို့ ၀ိပဿနာ ကျောင်းတိုက်များ အပါအ၀င် ဘုန်းတော်ကြီးကျောင်း ၆၀ ကျော်ကို ရွှေပြည်သာမြို့နယ် ၀ါးတရာသို့ ရွှေ့ပြောင်းရန် အကြောင်းကြားသည်ဟု ရွှေ့ပြောင်းရမည့် စာရင်းတွင် ပါဝင်သည့် စာသင်တိုက် တတိုက်မှ သံဃာတော် တပါးဖြစ်သည့် ဦးအဂ္ဂက မိန့်ကြားသည်။

“ဖယ်ပေးရမယ့် ကျောင်းတွေထဲမှာ စာသင်တိုက် ၁၀ တိုက်လောက်နဲ့ တခြား ဘုန်းကြီးကျောင်း ၆၀ လောက် ရှိတယ်။ ဒီမှာသီတင်း သုံးနေတဲ့ သံဃာဆိုရင် အပါး ထောင့်ငါးရာလောက် ရှိမယ်”ဟု ဦးအဂ္ဂက မိန့်သည်။

၎င်းက ဆက်လက်၍“ဘုန်းကြီးကျောင်းတွေ ဖယ်ပေးရမယ်ဆိုတာကတော့ လွန်ခဲ့တဲ့ တနှစ်လောက် ကတည်းက သတင်းတွေထွက် နေတယ်။ ဒါပေမယ့် ဒီဇင်ဘာလ ၂၇ ရက်နေ့ကတော့ စည်ပင် သာယာက ၀န်ထမ်းတွေရယ်၊ စစ်တပ်က အာဏာပိုင်တွေရယ်၊ ထူး ကုမ္ပဏီက ၀န်ထမ်း တွေရယ် လာပြီးတော့ ဓာတ်ပုံရိုက်တာ၊ မြေတိုင်းတာ တွေ လာလုပ်သွားတယ်”ဟုလည်း မိန့်ဆိုသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အမတ် ယုဇန ဦးဌေးမြင့်နှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် အလွန် နီးစပ်သူဟု လူသိများသော ထူးကုမ္ပဏီပိုင်ရှင် ဦးတေဇတို့၏ ဆိပ်ကမ်း စီမံကိန်းနှင့် လမ်းတိုးချဲ့မှု စီမံကိန်းတို့ဖြင့် မလွတ်သောကြောင့် ဘုန်းကြီးကျောင်းများ ကို ရွှေ့ပြောင်းရန် စီစဉ်ခြင်းဖြစ်သည်ဟု သိရသည်။

“ရွှေ့ရမယ်ဆို ရေတပ်စခန်းလည်း မလွတ်ဘူး။ ရှုခင်းသာပန်းခြံနဲ့ ဟိုတယ်လည်း မလွတ်ဘူး။ ဒါပေမယ့် ဒါတွေ ရွှေ့ရမယ်လို့ အသံ မကြားသေးဘူး။ ဘုန်းကြီးကျောင်းတွေ အရင် လာဖယ်ခိုင်းနေတယ်”ဟု ဇေတ၀န် ကျောင်းတိုက်မှ စာချ သံဃာတပါးက မိန့်သည်။

ပြောင်းရွှေ့ရမည့် ဘုန်းကြီးကျောင်းများဖြစ်သည့် အောင်သီတာ၊ ဇေတ၀န်ကဲ့သို့ စာသင်တိုက်များတွင် စာသင်သား သံဃာ အပါး ၂၀၀ ကျော်ရှိသဖြင့် ၀ါးတရာသို့ ပြောင်းရွှေ့လိုက်ပါက သာကေတ မြို့ခံ လူထုကို ဆွမ်းကွမ်း ဝေယျာဝစ္စ မှီခိုနေရသော အဆိုပါ စာသင်တိုက်များ အခက်အခဲ ကြုံတွေ့မည်ကို စိုးရိမ်နေ ကြသည်ဟု အောင်သီတာ ကျောင်းတိုက်မှ စာသင်သား သံဃာ တပါးက မိန့်ဆိုသည်။

“ဒီမှာရှိတဲ့ ကျောင်းတွေအားလုံးက ဆွမ်းကွမ်းအတွက် ပတ်ဝန်းကျင်ရပ်ကွက်တွေက လှူဒါန်းတာကို အားကိုး နေရတာ။ အခုပေးမယ့် နေရာက တကယ့်ကို ကွင်းပြင်ထဲ ပို့လိုက်တာ။ ဆွမ်းကွမ်း အတွက်လည်း အခက်အခဲရှိတယ်”ဟုလည်း ၎င်းက မိန့်သည်။

ပြောင်းရွှေ့ရမည့်ရက်ကို အတိအကျမသိရသေးသော်လည်း ပြောင်းရွှေ့ရမည့်နေရာတွင် အဆင် မပြေမှု များစွာ ရှိနေသည်ကို သိသဖြင့် လက်ရှိ သာသနာ့ နယ်မြေအတွက် ခုံခံကာကွယ် သွားမည် ဖြစ်ကြောင်း ဒေသခံ ကျောင်းထိုင် ဆရာတော် တပါးက မိန့်ကြားသည်။

“သူတို့ မြေလာတိုင်းပေမယ့် သံဃနာယက အဖွဲ့ကတော့ တရားဝင် အစည်းအဝေး မခေါ်သေးဘူး။ တကယ် သေချာတယ် ဆိုရင် တော့ သာသနာ့မြေကို အထိမခံနိုင်ဘူး”ဟု ၎င်းက ဆိုသည်။

ဝါးတရာရှိ မြေကွက်များပေါ်တွင် စာသင်တိုက်တတိုက်လျှင် ပေ ၂၀၀ ပတ်လည်နှုန်းနှင့် ကျောင်းတကျောင်းလျှင် ပေ ၉၀ နှုန်း ပြန်လည် နေရာ ချထားပေးမည်ဟု အကြောင်းကြားသော်လည်း ယခု ဆောက်လုပ်ထားသော နှစ်ထပ်၊ သုံးထပ် ကျောင်းဆောင်များကိုမူ ပြန်လည် ဆောက်လုပ်ရန် မတတ်နိုင်တော့ကြောင်း သိရသည်။

ရှုခင်းသာ ဘုန်းကြီးကျောင်းများသည် ၂၀၀၇ စက်တင်ဘာလ ရွှေဝါရောင်တော်လှန် ရေးတွင် တတ်ကြွစွာ ပါဝင်ခဲ့သည့် ဘုန်းကြီးကျောင်းများ ဖြစ်သဖြင့် စစ်အစိုးရက အငြိုးထား ရွှေ့ပြောင်း ခိုင်းခြင်းလည်း ဖြစ်နိုင်သည်ဟု သာကေတ မြို့ခံများက ပြောသည်။

၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးတွင် ရှုခင်းသာဘုန်းတော်ကြီး ကျောင်းများကို လာရောက် စီးနင်းသည့် စစ်တပ်နှင့် သာကေတ မြို့ခံ လူထုတို့ ပဋိပက္ခ ဖြစ်ပွားခဲ့ပြီး စစ်တပ်မှ ပစ်ခတ် ခဲ့သော ကျည်ဆန်ကြောင့် သာကေတ ၄ ရပ်ကွက် တောင်ပိုင်းနေသူ တဦး သေဆုံးခဲ့ကြောင်း၊ စစ်ကားများဖြင့် ၀င်ရောက် မဖမ်းဆီးနိုင် သဖြင့် ပဲခူးမြစ် အတွင်းမှ ရေတပ် သင်္ဘောများဖြင့် ၀င်ရောက် ကာ သံဃာတော်များကို ၀င်ရောက် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

သာကေတမြို့နယ် ၁၀ ရပ်ကွက်နှင့် ရှုခင်းသာရပ်ကွက်တို့တွင် ဘုန်းကြီးကျောင်းများ တစု တဝေးတည်း ရှိပြီး ၁၀ ရပ်ကွက်မှ ကျောင်းများကို ၁၉၉၀ ပြည့်လွန် နှစ်များက ဒဂုံမြို့သစ် တောင်ပိုင်းသို့ ရွှေ့ပြောင်းခဲ့ဖူးသည်။

Ref: ဧရာဝတီ်

Read More...

လွှတ်တော်သစ် ခေါ်ပေမဲ့ အာဏာဖွဲ့စည်းမှုပုံစံ မပြောင်း

ဦးသားညွန့်ဦး
တနင်္လာ, 10 ဇန်နဝါရီ 2011


မြန်မာနိုင်ငံမှာ နှစ်၂၀ ကျော်အတွင်း ပထမဆုံးအကြိမ် လွှတ်တော်ခေါ်ယူ ကျင်းပမှာမို့ ၂၀၁၁ အတွင်းမှာ လွှတ်တော် အသစ်၊ အစိုးရ သစ်တွေ ပေါ်ပေါက် လာတော့မှာပါ။ မလွှဲ မရှောင်သာတဲ့ အပြောင်းအလဲ အချို့ ရှိလာမှာ ဖြစ်ပေမဲ့ သိပ်တော့ မျှော်လင့်လို့ မရသေးဘူးလို့ အမေရိကန် ပြည်ထောင်စုက မြန်မာ့အရေး အကဲခတ်တွေက သုံးသပ်ပါတယ်။ အစိုးရသစ်၊ လွှတ်တော် သစ်ကနေ မြန်မာ့ နိုင်ငံရေးအတွက် ထူးထူးခြားခြား တိုးတက် ပြောင်းလဲမှုတွေ မလုပ်နိုင်ရင်တော့ အမေရိကန် ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံ အပေါ် မူဝါဒ သဘောထားတွေ ပြောင်းလဲစရာ လမ်းမမြင်ဘူးလို့လည်း သုံးသပ်ပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြ ပေးထားပါတယ်။

၂၀၁၀ ရွေးကောက်ပွဲအလွန် ၂၀၁၁ ခုနှစ်အတွင်းမှာ လွှတ်တော်အသစ်၊ အစိုးရသစ်နဲ့ မြန်မာ့နိုင်ငံရေး ဇာတ်ခုံမှာ ဇာတ်ကောင်သစ်တွေ ပေါ်လာနိုင်တယ်လို့ အမေရိကန် ပြည်ထောင်စုက သုံးသပ် ခဲ့ပြီးသားပါ။ ထူးခြားတာကတော့ အခု လာမယ့် လွှတ်တော်မှာ လူနည်းစု လူမျိုးစု နိုင်ငံရေးပါတီက ကိုယ်စားလှယ်တွေ ပါဝင်လာတာ ဖြစ်တယ်လို့ မြန်မာ့အရေး လေ့လာသူ ပါမောက္ခ ဒေးဗစ် စတိုင်းဘာ့ဂ် (David Steinberg) က ပြောပါတယ်။

“အာဏာဖွဲ့စည်းပုံကတော့ ပြောင်းမယ့်ပုံ မရှိပါဘူး။ ဒါပေမဲ့ စိတ်ဝင်စားစရာ အခြေအနေ တချို့တော့ ရှိပါတယ်။ မြန်မာနိုင်ငံ သမိုင်းမှာ တခါမှ မကြုံခဲ့ဘူးတဲ့ အခြေအနေမို့ပါ။ လူနည်းစု လူမျိုးစုတွေ လွှတ်တော်ထဲမှာ ပါဝင်လာကြပါတယ်။”

အခုလာမယ့် လွှတ်တော်အတွင်း စစ်တပ်က အများစု ဖြစ်ပေမဲ့ အရပ်သား နိုင်ငံရေး သမားတွေလည်း ပါဝင်တာမို့ အစိုးရ ဖွဲ့လာရင် အရပ်သား ၀န်ကြီးတွေလည်း တွေ့လာ ရနိုင်တယ်လို့ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် ပြည်ထောင်စု သံရုံးတာဝန်ခံ လုပ်ခဲ့သူ ပရက်စ်စီလာ ကလပ်ပ် (Priscilla Clapp) က ပြောပါတယ်။

“မလွှဲမရှောင်သာတဲ့ ပြောင်းလဲမှုတွေတော့ ရှိလာမှာပါ။ ဒီအပြောင်းအလဲတွေဟာ မှန်ကန်တဲ့ ဘက်ကိုလား ဆိုတဲ့ မေးခွန်းပဲ ရှိပါတယ်။ အခုဟာက အစိုးရ ဖွဲ့စည်းမှု ပုံစံအသစ်ပါ။ ခေါင်းဆောင် အတော်များများက စစ်ထွက်တွေ ဖြစ်ကြပေမဲ့လို့ အစိုးရ ဖွဲ့စည်းမှု ပုံစံအသစ် ဖြစ်လာပါမယ်။ ဒါကြောင့် အပြောင်းအလဲ တစုံတရာ ရှိမယ်လို့ မှန်းတာပါ။ လူသစ်တွေ ပေါ်လာပါလိမ့်မယ်။ အရင်တုန်းကလို စစ်တပ်က ၀န်ကြီးတွေချည်းပဲ မဟုတ်တော့ဘဲ အရပ်သား ၀န်ကြီးအချို့လည်း ရှိလာနိုင်ပါတယ်။”

တိုးတက်ပြောင်းလဲမှုတွေ ရှိမရှိ ဆိုတာဟာ လက်ရှိ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ လာမယ့် အစိုးရ အဖွဲ့နဲ့ ဘယ်လောက် ပတ်သက် နေဦးမလဲ ဆိုတဲ့ အပေါ်မှာ အဓိက တည်တယ်လို့လည်း ပရက်စ်စီလာ ကလပ်ပ်က ပြောပါတယ်။

“တိုင်းပြည်အတွက် အပြုသဘော တိုးတက်ပြောင်းလဲမှုတွေ ရှိလာရင်တော့ အတော်ကောင်းမှာပါ။ ဒါပေမဲ့လို့ သိပ်တော့ မမျှော်လင့်ပါဘူး။ အဓိက အချက်ကတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အခန်းကဏ္ဍပါပဲ။ အခုလာမယ့် အစိုးရသစ်မှာ သူ ဘယ်လို ကဏ္ဍမျိုးက ရှိနေမလဲဆိုတာ ကြည့်ရပါမယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ အခုလာမယ့် အစိုးရ အဖွဲ့သစ်မှာ မပါဘူး၊ မပတ်သက်တော့ဘူး ဆိုရင်တော့ အပြောင်းအလဲ အတော်များများ ရှိလာနိုင်ပါတယ်။”

အမေရိကန်ပြည်ထောင်စု အနေနဲ့ကတော့ လာမယ့် မြန်မာ့နိုင်ငံရေး ဇာတ်ခုံပေါ် ဇာတ်ကောင်သစ် တွေနဲ့လည်း အရင်လိုပဲ တိုက်ရိုက် ထိစပ် ဆက်ဆံ သွားရမှာပဲလို့ နိုင်ငံခြားရေး ဌာနက ပြောခဲ့ပါတယ်။ ဒါပေမဲ့လည်း အမေရိကန် ပြည်ထောင်စု ဘက်က မူဝါဒ အပြောင်း အလဲဟာ မြန်မာ့နိုင်ငံရေး ဖြစ်ပေါ်မှု အပေါ်မှာပဲ တည်တယ်လို့ ပရက်စ်စီလာ ကလပ်ပ်က ပြောပါတယ်။

“အမေရိကန်အစိုးရနဲ့ ဆက်ဆံရေးကတော့ အခုရှိနေတဲ့ ပုံစံအတိုင်းပဲ ရှိပါဦးမယ်။ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲကို စစ်အစိုးရက ကိုင်တွယ် ဆောင်ရွက်တဲ့ အပေါ်မှာ အတော်လေး စိတ်ပျက်ခဲ့ပါတယ်။ လက်ခံ နိုင်လောက်အောင် လွတ်လပ်မျှတမှု မရှိခဲ့ပါဘူး။ လာမယ့် အစိုးရသစ်မှာ ဘယ်သူတွေ ပါဝင်မလဲ၊ စီးပွားရေး၊ နိုင်ငံရေး ပြောင်းလဲမှုတွေ ဘယ်လောက် လုပ်နိုင်မလဲ ဆိုတဲ့ အပေါ်မှာပဲ အမေရိကန် ပြည်ထောင်စုရဲ့ ဆက်ဆံရေး အပြောင်းအလဲ ရှိပါလိမ့်မယ်။”

နှစ် ၂၀ ကျော်အတွင်း ရွေးကောက်တင်မြှောက်ပြီး တက်လာတဲ့ လွှတ်တော်သစ်၊ အစိုးရသစ် ပေါ်လာမှာမို့ အရင် စစ်တပ်က စစ်အုပ်ချုပ်ရေး ပုံစံကတော့ ကုန်လွန် သွားပြီလို့ ယေဘုယျ သဘော ကြည့်နိုင်ပါတယ်။ ဒါပေမဲ့လည်း အခုလွှတ်တော် အတွင်းမှာ ဖွဲ့စည်းပုံအရ စစ်တပ်က ၂၅% အလို အလျောက် ပါဝင်သလို အနိုင်ရ ပါတီကလည်း စစ်တပ်က ကျောထောက်နောက်ခံ ပေးထားတဲ့ ကြံ့ခိုင်ရေးပါတီ ဖြစ်ပါတယ်။

တိုင်းရင်းသား နိုင်ငံရေး ပါတီတွေ အနိုင်ရတယ် ဆိုပေမဲ့ အများစု အနိုင်ရတာက တိုင်းဒေသကြီးနဲ့ ပြည်နယ် လွှတ်တော် တွေမှာပါ။ အရေးကြီးတဲ့ မူဝါဒတွေ၊ ဥပဒေ ကြမ်းတွေကို ဆွေးနွေး အတည်ပြု ပေးရမယ့် ပြည်သူ့ လွှတ်တော်နဲ့ အမျိုးသား လွှတ်တော်မှာ ကြံ့ခိုင်ရေး ပါတီက အများစုကို တဖက်သတ် လွှမ်းမိုး ထားပါတယ်။ ဒါကြောင့် အစိုးရ ဖွဲ့စည်းမှုသစ် ပုံစံ ပြောင်းသွားတယ် ဆိုပေမဲ့ တကယ်တမ်း နိုင်ငံရေးနဲ့ စီးပွားရေး မူဝါဒပိုင်း၊ အတိုက်အခံတွေ အပေါ် ထားတဲ့ အစိုးရရဲ့ သဘောထား ပြောင်းလဲပါ့မလား အများကတော့ သံသယ ရှိနေကြတုန်း ဖြစ်ပါတယ်။


Ref: VOA News

Read More...

လကုန်မှာ လွှတ်တော်အကုန် ခေါ်မည်

ကိုဝိုင်း | တနင်္လာနေ့၊ ဇန်နဝါရီလ ၁၀ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ ရွေးကောက်ပွဲအပြီး ပထမဆုံး လွှတ်တော်အစည်းအဝေးများကို ဇန်နဝါရီ ၃၁ ရက်တွင် ခေါ်ယူမည်ဟု စစ်အစိုးရက ယနေ့ ကြေညာ လိုက်သည်။

စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်မှတ်ရေးထိုး ထုတ်ပြန်သော အမိန့်ကို နိုင်ငံပိုင် ရုပ်မြင် သံကြားနှင့် အသံလွှင့်ရုံက ထုတ်ပြန် ရာတွင် ဇန်နဝါရီလ ၃၁ ရက် တနင်္လာနေ့ နံနက် ၈ နာရီ ၅၅ မိနစ် တွင် ပထမအကြိမ် ပြည်သူ့ လွှတ်တော်၊ အမျိုးသား လွှတ်တော်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်တို့ကို တပြိုင်တည်း ကျင်းပရမည် ပါရှိသည်။

လွှတ်တော် အစည်းအဝေးများအတွက် ကြိုတင်ပြင်ဆင်ချက်အနေဖြင့် လေ့လာဖတ်ရှုနိုင်ရန် ဥပဒေ၊ နည်းဥပဒေ ၁၇ မျိုးကိုလည်း ပုံနှိပ် ဖြန့်ဝေကြောင်း မြန်မာ့ရုပ်မြင်သံကြား MRTV4 ကြေညာချက်တွင် ပါရှိသည်။

၎င်းတို့မှာ (က) နိုင်ငံတော် အထိမ်းအမှတ်တံဆိပ် ဥပဒေ၊ နည်းဥပဒေ၊ (ခ) နိုင်ငံတော် သမ္မ္မတနှင့် ဒုတိယ သမ္မတများ ရွေးချယ် တင်မြှောက်ခြင်း ဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေ၊ (ဂ) ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေ၊ (ဃ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရ အဖွဲ့ ဥပဒေ၊ (င) ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥပဒေ၊ (စ) နေပြည်တော် ကောင်စီ ဥပဒေ၊ (ဆ) နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥပဒေ (ဇ) ပြည်ထောင်စု ရာထူးဝန် အဖွဲ့ ဥပဒေ၊ (ဈ) နိုင်ငံတော် အလံ ဥပဒေနှင့် နည်းဥပဒေ၊ (ည) နိုင်ငံတော် သီချင်း ဥပဒေနှင့် နည်းဥပဒေတို့ ပါရှိသည်။

ထို့ပြင် (ဋ) ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေများ၊ (ဌ) ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေများ (ဍ) အမျိုးသား လွှတ်တော် ဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေများ၊ (ဎ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေများ၊ (ဏ) ပြည်ထောင်စု တရားစီရင်ရေး ဥပဒေ၊ (တ) ပြည်ထောင်စု ရှေ့နေချုပ်ဥပဒေ၊ (ထ) ပြည်ထောင်စု စာရင်းစစ်ချုပ် ဥပဒေတို့ ဖြစ်သည်။

လွှတ်တော်သုံးရပ်ပေါင်းအမတ် ၆၄ ဦးအရွေးခံရသော တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီကလည်း လွှတ်တော် ကိုယ်စားလှယ်များ အစည်းအဝေးကို သန်ဘက်ခါ နောက်ဆုံးထား လုပ်မည်ဟု ပါတီ ပြောရေး ဆိုခွင့်ရှိသူ ဦးဟန်ရွှေက ပြောသည်။

ထို့ပြင် လွှတ်တော်သုံးရပ်ပေါင်း မဲဆန္ဒနယ် ၁,၁၅၄ အနက် ၈၈၂ နေရာဖြင့် အများဆုံး နိုင်ထားသော စစ်အစိုးရ ထူထောင်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပြိုင်ဘက် ပါတီများကို ပိုအားနည်းအောင် လုပ်နေသည်ဟု အတိုက် အခံပါတီများက စွပ်စွဲနေကြသည်။

လတ်တလောတွင် တစည၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ-SNDP၊ ရခိုင် တိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ-RNDP တို့မှ ရွေးကောက်ခံ အမတ် ၂ဝ ကို ကြံ့ဖွံ့က နေပြည်တော် ပြည်ထောင်စု ကော်မရှင်ရုံးတွင် ကန့်ကွက် ထားခြင်းကို ရည်ညွှန်းပြောဆိုခြင်း ဖြစ်သည်။

ပဲခူးတိုင်းနှင့် မကွေးတိုင်းမှ တစညအမတ် ၈ ယောက်၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ အမတ် ၁ ယောက်၊ ကျားဖြူခေါ် SNDP မှ အမတ် ၂ ယောက်၊ RNDP မှ ၉ ယောက်ကို ကြံ့ဖွံ့က မဲမသမာမှုဖြင့် အနိုင်ရသည်ဆိုကာ ကန့်ကွက်ထားသည်။

သို့သော်လည်း ပဲခူးတိုင်း ကြို့ပင်ကောက် မဲဆန္ဒနယ်မှ ဝင်ပြိုင်ခဲ့သော ဒီမိုကရက်တစ်ပါတီ (မြန်မာ) က ဒေါ်ချိုချို ကျော်ငြိမ်းက ကြံ့ဖွံ့ ပြည်သူ့ လွှတ်တော်အမတ် ဦးသန့်ဇင်က မဲလိမ်ကာ အနိုင် ယူသွားသည်ဟု တရား စွဲထားသည်။ ထိုအမှုကို မနက်ဖြန် နေပြည်တော်တွင် ကြားနာမည်။

တချိန်တည်းမှာပင် ရှမ်း၊ ရခိုင်၊ ချင်း၊ မွန်၊ ကရင်ပါတီများကလည်း ပူးပေါင်းဆောင်ရွက်မှုများ လုပ်ရန် မကြာခင် တွေ့ဆုံ သွားမည်ဟု ပါတီ သတင်းရပ်ကွက်များက ပြောသည်။

Ref: မဇ္ဈိမ

Read More...

DKBA နှင့် စစ်အစိုးရတပ် နှစ်ရက်ဆက် တိုက်ပွဲဖြစ်

ကိုပေါက် | တနင်္လာနေ့၊ ဇန်နဝါရီလ ၁၀ ရက် ၂၀၁၁

နယူးဒေလီ (မဇ္ဈိမ) ။ ။ ကရင်ပြည်နယ် မြဝတီမြို့နယ် ဖလူးဒေသတွင် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် DKBA နှင့် စစ်အစိုးရ တပ်များအကြား ယမန်နေ့ မနက်မှ စကာ နှစ်ရက်ကြာ တိုက်ပွဲများ ဖြစ်နေကြောင်း DKBA အရာရှိ တဦး အဆိုအရ သိရသည်။

ယမန်နေ့မနက် ၆ နာရီအချိန်မှစ၍ DKBA ကချဝါးလေးစခန်းကို စစ်အစိုးရ တပ်ရင်း ၂၃၁၊ ၃၅၅၊ ၃၅၉၊ ၅၄၈၊ ၅၄၉ အင်အား ၂ဝဝ ကျော်ဖြင့် စတင် ထိုးစစ်ဆင်ခဲ့ရာ၊ DKBA တပ်မဟာ (၅) လက်အောက်ခံ ၉ဝ၄၊ ၉ဝ၅ တပ်ရင်းများမှ အင်အား ၃ဝဝ ခန့် ဖြင့် ခုခံတိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“ဒီကနေ့လည်း မနက် ၇ နာရီ ၁ဝ မိနစ်မှ ပြန်ဖြစ်တယ်။ ညနေ ၆ နာရီမှာ ရပ်သွားတယ်။ သူတို့ စခန်းကို မရပါဘူး” ဟု DKBA ၏ ဖလူး၊ ဝေါလေ ဗျူဟာမှူး ဗိုလ်စောကျော်သက်က မဇ္ဈိမကို ပြောသည်။

နှစ်ရက်တိုက်ပွဲအတွင်း အစိုးရတပ်ဘက်မှ ၃ဝ ကျော် ကျဆုံးပြီး ၅ဝ ကျော် ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ၎င်းတို့ ဘက်တွင် ၂ ဦးသာ ဒဏ်ရာ ရရှိခဲ့ကြောင်း သူက ဆိုသည်။

တိုက်ပွဲနှင့်ပတ်သက်၍ ကရင့်အမျိုးသားအစည်းအရုံး KNU တွဲဘက် အထွေထွေ အတွင်းရေးမှုး (၁) ပဒိုစောလှငွေက DKBA ထောင်ထားသည့် မိုင်းကွင်းများကြောင့် စစ်တပ်ဘက်က ယခုလို အကျအဆုံး များရခြင်းဖြစ်ကြောင်း သုံးသပ် ပြောဆိုသည်။

“ဘာမှမရှိလောက်ဘူးထင်ပြီး အထင်သေးပြီးတော့ ဝင်လာတဲ့အခါ DKBA က အပိုင်တွယ်ပြီး ရှောင်သွားတဲ့ အခါကျတော့ DKBA က ဘာမှ အထိအခိုက် မရှိဘူး” ဟု သူက ပြောသည်။

သူက ဆက်ပြီး “ဒီကနေ့ တွေ့တာကတော့ မတက်ရဲတော့ဘဲနဲ့ လက်နက်ကြီးနဲ့ လှမ်းထုတဲ့ သဘောပဲ။ DKBA ရှိမယ့် နေရာတွေ၊ စောင့်မယ့် နေရာတွေ လှမ်းထုတယ်။ DKBA လက်နက်ကြီးတွေ ဘာတွေ ထားမယ့်နေရာတွေ မှန်းထုတယ်။ DKBA အပေါ်စီး ဗျူဟာကုန်း ယူထားတဲ့ နေရာတွေ လိုက်ပြီး ထုနေတဲ့ သဘောပဲ။ ပတ်လည်ပဲ ထုနေပုံရတယ်။ ကြည့်ရတာ” ဟု ပြောသည်။

နအဖ ဘက်မှ ယနေ့ပစ်ခတ်သည့် လက်နက်ကြီးကျည်များ ထိုင်းနိုင်ငံဘက်သို့ ကျရောက် ပေါက်ကွဲ ခဲ့သေးရာ၊ လူသူ ထိခိုက်မှု မရှိသော်လည်း ထိုင်းစစ်တပ်က နယ်စပ်လုံခြုံရေး တိုးမြှင့် ထားလိုက်ကြောင်း သိရသည်။

တိုက်ပွဲအခြအနေကြောင့် အုကဲထ၊ ဝမျိုးထ၊ မောကထ ရွာများမှ ဒုက္ခသည် ၃ဝဝ ကျော် ထိုင်းနိုင်ငံ ဖုတ်ဖရ ဘက်သို့ ထပ်မံ ထွက်ပြေး တိမ်းရှောင် လာကြသည်။

လုံခြုံရေးအခြေအနေကြောင့် မြန်မာပြည်နယ်နမိတ်အတွင်း စစ်ဘေးရှောင် ပုန်းခိုနေထိုင် နေကြသူများလည်း အများအပြား ရှိနေကြောင်း ဒုက္ခသည်အရေး ကူညီစောင့်ရှောက် ပေးနေသူတဦးက မဇ္ဈိမကို ပြောသည်။

“သူတို့လုံခြုံရေးအရ ဒုက္ခသည်တွေက နီးစပ်ရာ လယ်တောခြံတောတွေမှာ ခိုလှုံနေတာတွေ ရှိတယ်။ UNHCR တို့၊ NGO တို့ သိအောင် နေတဲ့ အနေအထားမှာ မဟုတ်တော့ အတိအကျ မပြောချင်ဘူး” ဟု သူက ပြောဆိုသည်။

မယ်တော်ဆေးခန်းနှင့် လူမှုအခြေပြု အဖွဲ့အစည်းများက နီးစပ်ရာ ဒေသခံလူများနှင့် သွားတွေ့ကာ ဒုက္ခသည်များ လိုအပ်သည့် အခြေခံပံ့ပိုးမှု အကူအညီများ ပေးနေရသည်ဟု သူက ဆိုသည်။

မြဝတီ၊ ဘုရားသုံးဆူနှင့် ကြာအင်းဆိပ်ကြီး ဒေသများတွင် နအဖ စစ်တပ်များနှင့် DKBA တပ်များ တိုက်ပွဲ ဖြစ်ပွား နေခဲ့သည်မှာ နိုဝင်ဘာလ ၇ ရက်နေ့ ၂ဝ၁ဝ ရွေးကောက်ပွဲ နေ့ကတည်းက ဖြစ်သည်။


Ref: မဇ္ဈိမ

Read More...

Monday, January 10, 2011

ရာပြည့်နေ့အတွက် ဒေါ်စုအမည်ကို ဂါးဒီးယန်း အဆိုပြု

ထွန်းထွန်း | သောကြာနေ့၊ ဇန်နဝါရီလ ၀၇ ရက် ၂၀၁၁

နယူးဒေလီ (မဇ္ဈိမ) ။ ။ နှစ် ၁ဝဝ ပြည့် နိုင်ငံတကာ အမျိုးသမီးများနေ့တွင် ကမ္ဘာ တဝှန်းရှိ အမျိုးသမီးကြီး ၁ဝဝ ကို အအောင်မြင်ဆုံးနှင့် အကျော်ကြားဆုံး သူများအဖြစ် ရွေးချယ်မည့် စာရင်းတွင် ဒေါ်အောင်ဆန်းစုကြည်ကို ဗြိတိန် အခြေစိုက် ဂါးဒီးယန်း သတင်းစာကြီးက အဆိုပြုလိုက်သည်။

ယခုနှစ် မတ်လ ၈ ရက်နေ့တွင် ကျရောက်မည့် နှစ် ၁ဝဝ ပြည့် နိုင်ငံတကာ အမျိုးသမားများနေ့ အထိမ်းအမှတ် အဖြစ် ရွေးချယ်မည် ဖြစ်ရာ အစီအစဉ်ကို ယခုလ ၅ ရက်နေ့ကတည်းက ဂါးဒီးယန်း သတင်းစာကြီးက စတင်ခဲ့ခြင်း ဖြစ်သည်။

အဆိုတင်သွင်းနိုင်သည့်သူများတွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ဗြိတိန် ဝန်ကြီးချုပ်ဟောင်း မာဂရက် သက်ချာ၊ အမေရိကန် ရုပ်သံစီစဉ်တင်ဆက်သူ အော်ပရာဝင်းဖရေး၊ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်၊ ဟယ်ရီပေါ်တာ စာအုပ် ရေးသားသူ ဂျေ ကေ ရိုးလင်း အပါအဝင် အမျိုးသမီး ၈ ဦးကို နမူနာအဖြစ် ဖော်ပြထားသည်။

မိမိက သီးခြားအဆိုပြုလိုသူ၏ တိုင်းပြည်နှင့် နာမည်ကို မိမိအသုံးပြုနေသော အီးမေးလ်လိပ်စာဖြင့် ရေးသားကာ အဆို တင်နိုင်ပြီး မည်သည့် အတွက် ရွေးချယ် ရကြောင်းကိုပါ ဖော်ပြရန် လိုအပ်သည်။

အဆိုတင်သွင်းသူများထဲမှ ရွေးချယ်ခံရသူများကို ရာပြည့်နေ့တွင် ထုတ်ပြန်ကြေညာမည်ဟု ဂါးဒီးယန်း အင်တာနက် စာမျက်နှာတွင် ဆိုထားသည်။

ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ် အဖြစ် ၁၅ နှစ်ကျော် ကျခံခဲ့ရပြီး ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ပြန်လည် လွတ်မြောက်လာခဲ့သည်။

နိုဝင်ဘာလ ၂၅ ရက်နေ့တွင် အိန္ဒိယ လူ့အခွင့်အရေးအဖွဲ့ မာနိုဗ် အိခ်တ ပရီရှဒ် Manav Ekta Parishad က ဒေါ်အောင်ဆန်း စုကြည်ကို မြန်မာ့ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ဂုဏ်ထူးဆောင် ဧကရီဘွဲ့ (Queen of Myanmar's Democracy and Human Rights) အား မြို့တော် နယူးဒေလီတွင် အခမ်းအနားဖြင့် ပေးအပ်ခဲ့သေးသည်။ သို့သော် ယခင် ဆုများကဲ့သို့ပင် ဒေါ်အောင်ဆန်းစုကြည်မှာ ကိုယ်တိုင် သွားရောက်ကာ လက်ခံ ရယူနိုင်ခြင်း မရှိခဲ့ပါ။

သူသည် ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်ဆုအပြင် သိုးရော့ဖ်ရဖ်တို အထိမ်းအမှတ်ဆု (၁၉၉ဝ)၊ ဆာခါရော့ဖ်ဆု (၁၉၉၁)၊ ဂျဝါဟာလာ နေရူးဆု (၁၉၉၃)၊ အပြည်ပြည်ဆိုင်ရာ လစ်ဘရယ် လွတ်လပ်ခွင့်ဆု (၁၉၉၅)၊ ဒဗ္ဗလင်မြို့တော် လွတ်ငြိမ်း ချမ်းသာခွင့်ဆု - အိုင်ယာလန်နိုင်ငံ (၁၉၉၉)၊ လွတ်ငြိမ်းချမ်းသာခွင့် သမ္မတဆု (၂ဝဝဝ)၊ ကမ္ဘာ့ ကုလသမဂ္ဂ ပညာရေး၊ သိပ္ဗံနှင့် ယဉ်ကျေးမှု (ယူနက်စကို) ၏ မဒန်ဂျိတ်ဆင့်ဂ်ျဆု (၂ဝဝ၂)၊ တောင်ကိုရီးယား နိုင်ငံ၏ အမြင့်ဆုံးဆု တခုဖြစ်သည့် ဂွမ်ဂျူး လူ့အခွင့်အရေးဆု (၂ဝဝ၄)၊ အမေရိကန် နိုင်ငံ၏ ကွန်ဂရက် ရွှေတံဆိပ်ဆု (၂ဝဝ၈) အပါအဝင် နိုင်ငံတကာ ဆုတံဆိပ် အမြောက်အမြား ရရှိထားသူ ဖြစ်သည်။

နိုင်ငံတကာ အမျိုးသမီးများနေ့ကို ၁၉၁၁ ခုနှစ်တွင် ဂျာမဏီနိုင်ငံ၌ စတင်ကျင်းပခဲ့ပြီး အမျိုးသမီးများ၏ စီးပွားရေး၊ နိုင်ငံရေးနှင့် လူမှုရေး လုပ်ဆောင်ချက်များကို ဂုဏ်ပြုသည့် အနေဖြင့် ကမ္ဘာတဝှန်း ကျင်းပလာခြင်း ဖြစ်သည်။

Ref: မဇ္ဈိမ

Read More...

စစ်မှုမထမ်းမနေရ ဥပဒေ မြန်မာစစ်အစိုးရ ပြဋ္ဌာန်း

မသိင်္ဂီထိုက် | ၀ါရှင်တန် ဒီစီ
တနင်္ဂနွေ, 09 ဇန်နဝါရီ 2011


အရွယ်ရောက်သူတိုင်း စစ်မှုမထမ်းမနေရ ဥပဒေကို စစ်အစိုးရက ပြဋ္ဌာန်းလိုက်တယ်ဆိုတဲ့ သတင်း ထွက်လာပါတယ်။ မြန်မာ နိုင်ငံမှာ အရွယ် ရောက်သူတိုင်း စစ်မှု မထမ်းမနေရ ဥပဒေကို မြန်မာ စစ်အစိုးရက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ပြဋ္ဌာန်းခဲ့တာပါ။ မကြာခင် ခေါ်ယူတော့မယ့် လွှတ်တော်ထဲမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လက်တွေ့ ကျင့်သုံးရမှာ ဖြစ်ပေမဲ့ လွှတ်တော် မခေါ်ခင်မှာ စစ်အစိုးရက ဒီဥပဒေကို ပြဋ္ဌာန်းလိုက်တာက ဥပဒေနဲ့ မညီဘူးလို့ သုံးသပ်တာတွေ ရှိပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက်က တင်ပြ ထားပါတယ်။

မြန်မာနိုင်ငံက အရွယ်ရောက်ပြီးသူ အမျိုးသား၊ အမျိုးသမီးတိုင်း စစ်မှုမထမ်းမနေရ ဥပဒေကို စစ်အစိုးရက ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၇ ရက်နေ့က တရားဝင် ပြဋ္ဌာန်း လိုက်တယ်လို့ ဂျပန်သတင်းဌာန NHK က ဖော်ပြပါတယ်။ စစ်အစိုးရ သတင်းစာတွေ မှာတော့ ဒီဥပဒေကို ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာတော့ အရွယ်ရောက်သူတိုင်း စစ်မှုမထမ်း မနေရ ဥပဒေကို ပြဋ္ဌာန်းထားပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လက်တွေ့ ကျင့်သုံးမယ့် အစိုးရသစ် မပေါ်ပေါက်ခင်မှာ အခုလို လုပ်ဆောင်တာက ဥပဒေ ချိုးဖောက်မှုတခု ဖြစ်တယ်လို့ ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အင်အားစု (NDD) ရဲ့ သုတေသနမှူး ဦးဌေးအောင်က ပြောပါတယ်။

“ဒါမျိုးတော့ လုပ်လို့မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒါမျိုးက စစ်အာဏာရှင်စနစ် ဆက်ကျင့်သုံးနေတဲ့ စစ်အစိုးရ ဆိုရင်တော့ သူတို့ ဥပဒေ အရပေါ့ဗျာ၊ သူတို့ပါးစပ်ထဲက ထွက်တာ ဥပဒေ ဆိုတော့ သူတို့ပြဋ္ဌာန်းချင်ရင် ပြဋ္ဌာန်းလို့ ရတာပေါ့။ ဒါပေမဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေနဲ့အညီ လုပ်မယ် ဆိုရင်တော့ အဲဒီအချက်တွေကို လွှတ်တော်မှာ တင်ပြီးတော့ပေါ့လေ ဥပဒေ ပြုရလိမ့်မယ်လို့ ကျနော်ထင်တယ်။ အဲဒီ ဥပဒေ ပြုပြီးတော့မှပဲ ဒီဟာက ပြဋ္ဌာန်းရမယ့် ဟာမျိုးပေါ့ဗျာ။

“အခုကတော့ လွှတ်တော်တောင် မခေါ်ရသေးဘူး၊ အစိုးရတောင် မဖွဲ့ရသေးဘဲနဲ့ ဒီ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေမှာ ပါတယ် ဆိုပြီးတော့ အခုလို ပြဋ္ဌာန်း တာကတော့ ဒါ တရားဥပဒေ ဘောင်နဲ့ ကြည့်မယ်ဆိုလို့ရှိရင် ဘောင်မ၀င်ဘူးလို့ ကျနော်တော့ ထင်ပါတယ်။”

အခုကျင့်သုံးမယ့် ဥပဒေအရ အမျိုးသမီးတွေက အသက် ၁၈ နှစ်နဲ့ ၃၅ နှစ်ကြား၊ အမျိုးသားတွေက အသက် ၁၈ နှစ်နဲ့ ၄၅ နှစ်ကြား အရွယ်ရောက်သူတိုင်း စစ်မှုထမ်းရမှာ ဖြစ်ပါတယ်။ စစ်မှုထမ်း သက်တမ်းက ၂ နှစ်ကနေ ၃ နှစ်အထိ ဖြစ်ပါတယ်။ ဒီလို စစ်မှုထမ်းဖို့ အတွက် ကိုယ်တိုင် အာဏာပိုင်တွေထံကို စာရင်း ပေးသွင်းရမှာ ဖြစ်ပါတယ်။ စစ်မှုထမ်းရေး စာရင်းပေးသွင်းဖို့ ပျက်ကွက်မယ် ဆိုရင်တော့ ထောင်ဒဏ် ၅ နှစ်ထိ ကျခံရမှာ ဖြစ်ပါတယ်။

အမြဲတမ်း စစ်တပ်အင်အားကို လျှော့ချဖို့ အရွယ်ရောက်သူတိုင်း စစ်မှုမထမ်းမနေရ ဥပဒေကို ဒီမိုကရေစီ ထွန်းကားတဲ့ တိုင်းပြည် တချို့မှာ ပြဋ္ဌာန်းထားပေမဲ့ မြန်မာ စစ်အစိုးရကတော့ အမြဲတမ်း စစ်အင်အားကို မလျှော့ဘဲ အခုလို စစ်မှု မထမ်းမနေရ ဥပဒေကို ပြဋ္ဌာန်းတာ ဖြစ်တဲ့အတွက် စစ်အင်အား ကြီးထွားအောင် လုပ်ဆောင်မှု တခုသာ ဖြစ်တယ်လို့လည်း ဦးဌေးအောင်က ရှုမြင်ပါတယ်။

“အမြဲတမ်း စစ်အင်အားကို လျှော့ချနိုင်မယ်ဆိုရင် တိုင်းပြည်အတွက်၊ စစ်တပ်အတွက် အသုံးပြုနေရတဲ့ ငွေကြေး တွေမှာ ကျနော်တို့ အများကြီး လျှော့ချနိုင်မယ့် အနေအထားမျိုး ရှိပါတယ်။ နောက်တခုကလည်း ပြည်သူလူထု တရပ်လုံးက ဒီစစ်ပညာကို တတ်ကျွမ်းထားခြင်း အားဖြင့်ပေါ့ဗျာ၊ ပြည်ပ ကျူးကျော်မှုကို ရင်ဆိုင်လာရတဲ့ အချိန်မျိုးမှာ ကိုယ့်နိုင်ငံကို ကိုယ်ကာကွယ်နိုင်တဲ့ အနေအထားမျိုး ရှိတော့ ဒါက တပိုင်းကကြည့်မယ် ဆိုလို့ရှိရင်လည်း ကောင်းတဲ့ အနေအထား ရှိပါတယ်။

“ဒါပေမဲ့ ဒီစစ်အာဏာရှင်တွေ အခုလို အတင်းအကျပ် ပြဋ္ဌာန်းတာကျတော့ သူတို့ရဲ့ စစ်အာဏာရှင် စနစ်ကို သက်ဆိုး ရှည်အောင်၊ နောက်တခုကလည်းပဲ ပြည်သူလူထု ကိုယ်နှိုက်က ဒီစစ်တပ်ရဲ့ ပုံစံအရ သူတို့ရဲ့ အမိန့်တွေကို နာခံတတ်တဲ့ အကျင့် ဖြစ်လာအောင် သူတို့က ရည်ရွယ်ပြီး လုပ်ဆောင်တာ ဆိုရင်တော့ ဒါ သူတို့ရဲ့ ရည်ရွယ်ချက်က မှားနေတယ်၊ ဒီလုပ်ဆောင်ချက်က အကျိုး မရှိဘူးလို့ပဲ ကျနော်တို့ ပြောချင်ပါတယ်။”

နိုင်ငံတကာက ကျူးကျော်ရန်စမှုကို တွန်းလှန်နိုင်ဖို့နဲ့ စစ်တပ်အသုံးစရိတ်ကို လျှော့ချနိုင်ဖို့ နိုင်ငံတချို့က ဒီဥပဒေကို ကျင့်သုံးလေ့ ရှိကြပေမဲ့ လက်ရှိ မြန်မာနိုင်ငံရဲ့ အနေအထားက တိုင်းရင်းသား လက်နက်ကိုင် တပ်တွေလည်း ရှိနေသေးတာကြောင့် စစ်တပ် အင်အား တိုးချဲ့ဖို့ ကြိုးစားလာတာက ပြည်တွင်းစစ်မီး တိုးပွားလာမယ့် အရေးကိုလည်း စိုးရိမ်မှုတွေ ရှိနေပါတယ်။

အခုလို စစ်မှုမထမ်းမနေရ လုပ်လိုက်တာကလည်း တပ်မတော်အတွက်ရော ပြည်သူအတွက်ရော ကောင်းတဲ့ အကျိုးရလဒ် ဖြစ်လာမှာ မဟုတ်ဘူးလို့ ဦးဌေးအောင်က ဆိုပါတယ်။

“လူတွေရဲ့ စိတ်ဆန္ဒ မပါဘဲနဲ့ အတင်းအကျပ် လုပ်ခိုင်းလို့ လုပ်ရတဲ့ ကိစ္စမှန်သမျှက အကျိုး သက်ရောက်မှု ရှိသင့် သလောက် ရှိမယ်လို့ ကျနော် မထင်ပါဘူး။ အဲဒီတော့ ဘာပဲဖြစ်ဖြစ် တိုင်းပြည်ကို ချစ်မြတ်နိုးလို့ တိုင်းပြည်ကို ကာကွယ်ဖို့ ကိုယ့်ရဲ့စိတ်ဆန္ဒ ဆုံးဖြတ်ချက်နဲ့ တပ်မတော်ထဲကို ၀င်တာမျိုးမှသာလျှင် ဒါဟာ တိုင်းပြည်အတွက် တကယ်လည်း အကျိုးရှိမယ်လို့ ကျနော် ယူဆပါတယ်။ တပ်မတော်အတွက်လည်း ဒါမျိုးမှ အကျိုးရှိမှာ ဖြစ်ပါတယ်။”

လတ်တလော အနေအထားမှာတော့ မြန်မာ့တပ်မတော်မှာ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေကို စစ်သား စုဆောင်းမှုတွေ ရှိနေတဲ့ အတွက် ကုလသမဂ္ဂ အပါအ၀င် လူ့အခွင့်အရေး အဖွဲ့တွေက ဝေဖန်မှုတွေ ဖြစ်နေတာ ရှိပါတယ်။


Ref: VOA News

Read More...

အပေါ်သို့