..............................

Wednesday, September 14, 2011

ကိုရီးယားဒုက္ခသည်အရေး အစိုးရ တင်းကျပ်

ဇာနည်ဝင်း
Tuesday, 13 September 2011

မြန်မာပြည်ရောက် မြောက်ကိုရီးယား ဒုက္ခသည်များအရေးကို ကိုင်တွယ်ရာတွင် အစိုးရက သဘောထား တင်းမာ လာကြောင်း မကြာသေးမီက ၀ီကီလိက ဖွင့်ချသည့် အစီရင်ခံစာ တစောင်တွင် ဖော်ပြထားသည်။

ထိုအစီရင်ခံစာသည် ရန်ကုန်မြို့ အမေရိကန်သံရုံး၏ ဌာနတွင်းပေးစာ ဖြစ်ပြီး တောင်ကိုရီးယား သံတမန် တဦး၏ ၂၀၀၈ ခုနှစ် စက်တင်ဘာလ ပြောကြားချက်များကို အခြေခံ ရေးသား ထားခြင်းဖြစ်သည်။

"ဒုက္ခသည်များ အထိန်းသိမ်းခံနေရပြီး၊ မြန်မာအစိုးရ အရာရှိတို့ကလည်း တောင်ကိုရီးယား သံရုံးနှင့် ပူးပေါင်း ဆောင်ရွက်ရန် ငြင်းဆန် နေသည်၊ မြောက်ကိုရီးယား ထံမှ ခွင့်ပြုချက်ရမှ ထိုဒုက္ခသည်တို့ကို လွှတ်ပေးနိုင်မည်ဟု ပြောသည်" ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြောက်ကိုရီးယားတို့သည် မြန်မာအရာရှိများနှင့် ဆက်ဆံရေး ကောင်းပုံရသည်ဟု သံရုံး အစီအရင်ခံစာတွင် သုံးသပ် ထားသည်။

မြန်မာအစိုးရက ၎င်းတို့ လိုလားသူ မည်သူဖြစ်ကြောင်းကို လူမြင်ကွင်း အခမ်းအနားများတွင် ရင်းနှီးစွာ နေပြခြင်းဖြင့် ပြသလေ့ ရှိသည်ဟုလည်း သုံးသပ်ထားသည်။

၁၉၈၃ ခုနှစ် ရန်ကုန်မြို့ အာဇာနည်ကုန်း ဗုံးခွဲမှုကို မြောက်ကိုရီးယားက ဖန်တီးခဲ့သောကြောင့် နှစ်နိုင်ငံ သံတမန် အဆက်အသွယ် ပြတ်သွားသော်လည်း ၂၀၀၇ တွင် မြန်မာနှင့် မြောက်ကိုရီးယားတို့ သံတမန် ဆက်သွယ်မှု ပြန်လည် စတင်ခဲ့သည်။

မြောက်ကိုရီးယား ဒုက္ခသည်များသည် တရုတ်နိုင်ငံကို ဖြတ်ပြီး နယ်စပ်မှတဆင့် မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက် လာခြင်း ဖြစ်သည်။

မြန်မာအစိုးရသည် ခိုလှုံခွင့်ရှာသူများအရေးနှင့် ပတ်သက်ပြီး တောင်ကိုရီးယား သံရုံးနှင့် ယခင်က ပူးပေါင်း ဆောင်ရွက်မှု အပြည့် ရှိခဲ့ပုံကို ၀ီကီလိ ပေါက်ကြားမှု အစီရင်ခံစာပါ တောင်ကိုရီးယား သံအဖွဲ့ ဒုတိယ အကြီးအကဲ၏ ပြောကြားချက်တွင် တွေ့ရသည်။

ရန်ကုန်မြို့ တောင်ကိုရီးယားသံရုံးသို့ ဆက်သွယ်ပြီး ခိုလှုံခွင့် ယူသူ အရေအတွက်မှာ နှစ်စဉ် ၅၀ ခန့် ရှိကြောင်း၊ သံရုံးက ထုတ်ပေးသည့် ခရီးသွား လက်မှတ်များဖြင့် မြန်မာပြည်မှ ထွက်ခွာ သွားကြကြောင်း ဖော်ပြ ထားသည်။

ခိုလှုံခွင့်ရှာသူများကို ဖမ်းဆီးအကျဉ်းချမှု ၂ ကြိမ်ရှိကြောင်း၊ အစိုးရက ပထမအမှုတွင် ဖမ်းဆီး ထားသူများကို တောင်ကိုရီးယား သံအရာရှိ များထံ အပ်နှံ လိုက်ကြောင်း ၂၀၀၈ ခုနှစ် စက်တင်ဘာ ၁၉ ရက်နေ့စွဲတပ် အစီရင်ခံစာတွင် ရေးသား ထားသည်။
ထိုနှစ် ဒီဇင်ဘာလတွင် ထိုင်းမြန်မာနယ်စပ် တာချီလိတ်မြို့သို့ မြောက်ကိုရီးယား ၁၉ ဦး ရောက်ရှိလာသည်။ မြန်မာ အာဏာပိုင်တို့က ၎င်းတို့ကို ဖမ်းဆီး စစ်ဆေးပြီး ရက်များ မကြာမီတွင် ထိုင်းနိုင်ငံဘက်သို့ ပို့ဆောင်လိုက်သည်။

တရုတ်ပြည်တွင် မြောက်ကိုရီးယားနိုင်ငံသား သုံးသောင်းမှ ငါးသောင်းအထိ ရှိမည်ဟု အမေရိကန် နိုင်ငံခြားရေး ဌာနက ၂၀၀၇ ခုနှစ်တွင် ခန့်မှန်းထားသည်။

ဆင်းရဲကျပ်တည်းခြင်း၊ ဖိနှိပ်ခံရခြင်းတို့ကြောင့် မြောက်ကိုရီးယားပြည်သူ အများအပြားသည် တရုတ် နိုင်ငံဘက်သို့ ရွှေ့ပြောင်း နေထိုင်လျက် ရှိသည်။ ၎င်းတို့ထဲမှ ရာခိုင်နှုန်း အနည်းငယ်သည် တရုတ်ပြည်ရှိ နိုင်ငံတကာ သံရုံးများအတွင်း ၀င်ရောက်ပြီး ခိုလှုံခွင့် တောင်းကြသကဲ့သို့ အရှေ့တောင်အာရှ ဒေသရှိ ကိုရီးယား သံရုံးများသို့လည်း ဆက်သွယ် ခိုလှုံခွင့် ယူကြသည်။

ခိုလှုံခွင့်ယူမည့်ရည်ရွယ်ချက်ဖြင့် နယ်စပ်ဖြတ်ကျော်သူသည် မြောက်ကိုရီးယား ပြန်လည်ပညာပေးရေး စခန်းတွင် အနည်းဆုံး ၅ နှစ်ကြာ ထိန်းသိမ်း ခံရနိုင်သည်ဟု ပြီးခဲ့သည့်နှစ်က ထုတ်ပြန်သည့် အမေရိကန် နိုင်ငံခြားရေး ဌာန၏ အစီရင်ခံစာ တစောင်တွင် ဖော်ပြထားသည်။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့