..............................

Friday, December 14, 2012

နိုင်ငံကို တရုတ်လက်ထဲရောင်းစားထားကြသော မြန်မာစစ်ခေါင်းဆောင်များ

သန်းတင်
ဒီဇင်ဘာ ၁၄၊ ၂၀၁၂

ပြည်ထောင်စုမြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက် တိုင်းပြည်ကို အုပ်ချူပ် ခဲ့ကြသော ခေါင်းဆောင်များကို လေ့လာ ကြည့်လျှင် ဓားတစ်ပြက် ဒုတ်တစ်ပြက်ဖြင့် ပြည်သူများကို ရိုင်းစိုင်းမောက်မာစွာ အုပ်ချူပ်ခဲ့ကြ သည်ကို လေ့လာတွေ့ရှိရမည်ဖြစ်သည်။ အဘယ်ကြောင့် ထိုကဲ့သို့ ဖြစ်ရပါသနည်းဟု ပြဿနာ၏ ရင်းမြစ် ကို လေ့လာကြည့်လျှင် ထိုသူတို့တွင် တိုင်းပြည်နင့်လူမျိုး အပေါ်တွင် အမှန်တကယ် စစ်မှန်သော မေတ္တာစေတနာ မရှိမှု။ ပညာအမျော်အမြင် အားနည်းမှု၊ အာဏာကို အလွန်အကျွံ မက်မောမှု၊ အများပြည်သူကောင်းစားရေး ထက် မိမိ မိသားစုကောင်းစားရေး စသော တစ်ကိုယ်တော် အတ္တဆန်မှု တို့ကို တွေ့ရှိရမည်ဖြစ်သည်။ အမှန်တရားနှင့် လုံးဝ ကင်းကွာပြီး လက်တွေ့မကျသော ပေါ်လစီများ။ မှုဝါဒများကို ကျင့်သုံးခဲ့သော ပြည်ထောင်စု မြန်မာနိုင်ငံတွင် လူတော်လူကောင်းများ။ တတ်သိ ပညာရှင်များ မ၇ှိသည် မဟုတ်ပါ။ ထိုလူတော် လူကောင်းများ တတ်သိ ပညာရှင်များ အတွက် နေရာ မရှိခြင်းသာဖြစ်သည်။ အထက်ဖားအောက်ဖိများ၊ ခရိုနီ တရုတ်စီးပွါးရေး သမားများ၊ အာဏာရှင် အကြိုက် ပုံဖေါ်ထောက်ခံပေးကြသော အာဏာရှင် လက်သစ် လူတစ်စု အတွက်သာလျှင် နေရာမြဲ၊ အာဏါမြဲ၊ စီးပွား ရေး ခိုင်မာတောင့်တင်းနေသည်ကို တွေ့ရမည်ဖြစ်သည်။

ပြည်သူလူထုထောက်ခံမှုလုံးဝမရဘဲ မိမိကိုယ်ကိုဆွဲခန့်ပြီး လူကြီးတက်လုပ်နေကြသော စစ်အစိုးရနင့် စစ်အစိုးရ အရေခြုံ ဦးသိန်စိန် အစိုး ရသည် ဒီမိုကရေစီလမ်းစဉ်ကို ဖေါ်ဆောင်နေပါတယ်လို့ မင်းသားခေါင်းဆောင်းပြီး ကမ္ဘာကို လိမ်ညာပြောနေခြင်းသည် လက်ပံတောင်း တောင်အရေး ကိစ္စတွင် ရဟန်းရှင်လူ များအား အကြမ်းဖက်မှုက ဘီးလူး ရုပ်ကို ထင်ပေါ်စေပါသည်။ အရေးအခင်း ကြုံတိုင်း ပြည်ပ အဖွဲ့ အစည်းများ ကိုလက်ညှိုးထိုးခေါင်းလွဲ လုပ်လေ့ ရှိသော မြန်မာခေါင်းဆောင်များသည် ယခု တစ်ကြိမ်တွင်လည်း နိုင်ငံရေး အရ အမြတ်ထုတ် လိုသူများကြောင့် ဆိုပြီး အတိုက်အခံ ပါတီများဖက်သို လေသံ ပစ်နေပါသည်။

အတို့က်အခံပါတီများကတော့ ငြိမ်ချက်သားကောင်းပြီး လိုအပ်သော အကူအညီ များကို ထောက်ပံ့ပေးနေ ကြသည်ကို တွေ့ရှိ ရပါသည်။ မြန်မာ့နိုင်ငံရေးသည် အကွေ့အကောက် များသောကြောင့် ခေတ်အဆက်ဆက် တက်လာကြသော အစိုးရ များသည်လည်း နာမည်သာပြောင်းပြီး အာဏာရှင် အကွေ့အကောက် ၀ါဒီတွေသာဖြစ်သည်ကို ပြည်သူများ အသိပင်ဖြစ်သည်။ တိုင်းပြည် တစ်ခုလုံး ဘာဖြစ်ဖြစ် လူတွေ ဘယ် လောက်ဒုက္ခရောက်ရောက် အာဏာကို စွဲမြဲစွာ ဆုပ်ကိုင်ပြီး နိုင်ငံကို ခရိုနီ စီပွါးရေး သမားများနင့် ပုလင်းတူဗူးဆို့ လုပ်ပြီး ရောင်းစားနေကြတုန်း ပင် ဖြစ်သည်။

ရောမပြည်ကြီး မီးလောင်ပျက်စီးနေသည်ကို အလေးမထားဘဲ တယောထိုးမပျက်သော နီရိုးဘုရင်လို လူစားမျိုးတွေသာ ၀ိုင်းရံနေသော လက်ရှိမြန်မာ အစိုးရသည် ယခင်လမ်းဟောင်း အတိုင်းသာ ဆက်လက်လျှေက်လှမ်းနေပါက မကြာမီနှစ်အတော အတွင်း တရုတ်ပြည်မကြီးရဲ့ လက်အောက်သို သိသာ ထင်ရှားစွာ ကျရောက်နိုင်ပါသည်။ ယခုလည်းဘဲ မြန်မာ တစ်နိုင်ငံလုံးတွင် မြင်မြင်သမျှ ရင်းနှီးမြှုပ်နှံမှု ဟူသမျှတို့သည် တရုတ် ကုမ္ပဏီကြီးများ၏ မတရားအမြတ်ထုတ်ဂုတ်သွေးစုပ်မှုတို့ကို ပြည်သူအများက ခါးသည်းစွာခံနေကြရပါသည်။ လယ်ယာမြေ မတရား သိမ်းပိုက်မှု၊ ရွာတွေ အခကြေးငွေ မရဘဲ ပြောင်းရွေခံရမှု၊ သဘာဝ ပတ်ဝန်းကျင် ထိခိုက်ဖျက်စီးမှု၊ သမိုင်းဝင် အဆောက်အဦးများ ဖြိုဖျက် ခံရမှုတို့ကို နိုင်ငံနှင့်အ၀န်းတွင် ပြည်သူများက နေစဉ်နှင့်အမျှ ဆန္ဒထုတ်ဖော် တိုက်ပွဲ ၀င်နေကြရပါသည်။ ပြည်သူများ မျှော်လင့်တဲ့ ပန်းတိုင်က စစ်ပွဲကြီးတွေ မရှိ။ ပကတိ ငြိမ်းချမ်းသာယာတဲ့ ပြည်ထောင်စု စနစ်၊ အားကြီးသူက အားငယ်သူကို အနိုင်ကျင့်မှုတွေ ကင်းစင်ပြီး ချမ်းသာတဲ့ လူတွေက ဆင်းရဲသားတွေ အပေါ် သွေးစုပ် ချယ်လှယ်မှု ကင်းပြီး အဓမ္မတရား မှန်သမျှ ချူပ်ငြိမ်းပြီး စစ်မှန်သော တရားပေါ်ပေါက်ရေး။ တရား ဥပဒေရဲ့ ကာကွယ်စေင့်ရှောက် မှုကို လူသားတိုင်း အညီအမျှ ခံစားခွင့်ရရေး ဥပဒေရဲ့အထက်မှာ ဘယ်သူမှမရှိတဲ့ အခွင့်အရေး မှန်သမျှကို လူသားတိုင်း အယုတ်အလတ် အမြတ် မရွေး လွတ်လပ်စွာ ခံစားနိုင်တဲ့ လူသားတိုင်း အမွန်အမြတ် ထားကြတဲ့ လူတန်းဖိုးများကို လူသား တိုင်းစောင့်စည်းရိုသေ ထိန်းသိမ်းတဲ့ လူ့အဖွဲ့အစည်း များမှာ အေးချမ်းစွာနေထိုင်ရေးတို့ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ အံသြစရာကောင်းလောက်အောင် ကမ္ဘာပေါ်မှာ နေချင်စရာကောင်းတဲနိုင်ငံတစ်ခုဖြစ်ပါတယ်။ ပထ၀ီအနေအထားအရ လူတွေသေလောက်အောင် အပူလွန်ကဲမှု၊ အအေးလွန်ကဲမှုဆိုတာလည်း မရှိသလောက်ပါ။

ဂျပန်လို၊ အင်ဒိုနီရှားလို လစဉ်မပြတ်ငလျှင်လုပ်တယ်ဆိုတာ မရှိပါ။ ဘင်္ဂလာဒေ့ရှ်နင့် အိန္ဒိယလို နှစ်စဉ် မုန်းတိုင်းကြီးတွေတိုက်တာလည်း မရှိပါ။ နာဂစ်လို ဂီရိလို တစ်ခါတစ်လေမှာ ခြွင်းချက်အားဖြင့် ကျရောက်တာပဲရှိပါတယ်။ သဘာဝ သယံဇာတ ပေါကြွယ်ဝသော်လည်း နိုင်ငံ အုပ်ချုပ်သောခေါင်းဆောင်များ အရည်အသွေး ညံဖျင်းသောကြောင့် အိမ်နီးရှင် တရုတ်ကုလား ယိုဒယားနိုင်ငံများက မြန်မာ အဖိုးတန် ကျောက်စိမ်း၊ ကျွန်းသစ်၊ ရေနံနင့် ဂက်စ်တို့ကို ဈေးပေါပေါနင့် အလကား ရသလို ဖြစ်နေကြသည်မှာ မြန်မာပြည်ကြီး အတွက် ရင်နာ စရာကောင်းလှပါသည်။ ပြည်သူတွေကတော့ ကိုယ်အိမ်ခြံတွင်းက ထွက်နေတဲ့ ရွှေတွင်းကို ဓားတစ်မိုး လှံတစ်မိုးမိုနှင့် စောင့်နေတဲ့လူတွေကို ကြောက်ပြီး လက်မှိုင်ချကာ ကြည့်နေရပါတယ်။ အာဖရိကဒေသကနိုင်ငံတွေလို သဘာဝ ကျိန်စာ မမိဖို့ လက်ရှိအစိုးရမှ အထူးသတိထားပြီး လုပ်ရမည်ဖြစ်သည်။

မြန်မာပြည်အပြောင်းအလဲ ကာလတွင် တရုတ်၏နောက်ကွယ်မှ အန္တရာယ်များ ဆီးကြိုနေသည်ကို လေ့လာသူ ပညာရှင် များက ဝေဖန်ထောက် ပြကြသည်ကိုတွေ့ရ ပါသည်။ တရုတ်နိုင်ငံတွင် စီမံကိန်းမှန်သမျှ၊ ကုမ္ပဏီ မှန်သမျှသည် အာဏာပိုင်အစိုးရအဖွဲနှင့် အဆက်အသွယ်ကောင်း ရှိရေးပင်ဖြစ်သည်။ ဒေသခံများ လူထုအခြေပြု အဖွဲ့အစည်းများ၊ အခြား ပါဝင်ပက်သက်သူ များနှင့် ဆက်ဆံရေးကောင်းမွန်ရန် အလေးထား ရန်မလိုအပ်ပေ။ ထိုမှုဝါဒများကိုပင် တရုတ်ကုမ္ပဏီများက နိုင်ငံတကာတွင် ကျင့်သုံး လာကြခြင်းဖြစ်သည်။ အာဖရိကဒေသ တရုတ်တို့၏ ရင်းနီးမြုပ်နံမှုများကို လေ့လာကြည့်က သိရှိနိုင်ပေသည်။ သယံဇာတပေါ်တွင် ထိုင်ကာ ဆင်းရဲမွေးတည်းနေကြသော ကျွန်တော်တို့ မြန်မာ ပြည်သူများသည် အာဖရိကဒေသ ဒါဖာ၊ ဆူဒန်တို့လို အဖြစ် မခံထိုက်ပါ။ တစ်နိုင်ငံလုံး အတိုင်းအတာနင့် မတရားအမြတ်ထုတ် ဂုတ်သွေးစုပ် မှုတို့ကို တိုက်ပွဲ ၀င်ကြရမည်ဖြစ်သည်။ ထိုတိုင်းပြည်များတွင် အစိုးရနင့်ပြည်သူ မသင့်တင့်၊ အုပ်ချူပ်သူတွေက စီမံခန်ခွဲမှု ညံ့ဖျင်း၊ တိုင်းပြည် ဖွံ့ဖြိုးရေး အတွက် မလုပ်တတ်။ ရှိသမျှ သံယံဇာတများကို မတန်းဈေးဖြင့်ချရောင်း စသည်ဖြင့် သယံဇာတရှိပါလျှက် ဆင်းရဲတွင်းက မတက်နိုင်သည့်နိုင်ငံများကို သယံဇာတ ကျိန်စာမိသောနိုင်ငံများ လူများဟု သိရှိလေ့လာ ရပါသည်။ ထို့ကြောင့် မြန်မာပြည်သူ ပြည်သား အားလုံး အမိနိုင်ငံ၏ အန္တရာယ်ကို ကာကွယ်သော အားဖြင့် မတရားသော အမိန့်။ ရင်းနီးမြုပ်နံမှု တို့ကို အောင်ပွဲရအောင် ဆက်လက်တိုက်ပွဲ ၀င်ကြပါ ဟု တိုက်တွန်းရေးသား အပ်ပါသည်။

● ကိုးကား
၁။ သယံဇာတကျိန်စာမှ လွတ်မြောက်ဖို့ (ဖေမြင့်)
၂။ လူထုရနံစာစုများ (လူထုစိန်ဝင်း)

Ref: မိုးမခ

Read More...

ဒီမိုကရေစီ ဖော်ဆောင်ရေး စစ်တပ်ဟန့်တား

13.12.2012

ဒီမိုကရေစီရေး တိုးတက်လာဖို့အတွက် စစ်တပ်က အခုအချိန်အထိ အဟန့်အတား ဖြစ်နေစေတယ်လို့ The ASEAN Inter-Parliamentary Myanmar Caucus (AIPMC) AIPMC မြန်မာ့အရေးဆောင်ရွက် တဲ့ အမတ်များအဖွဲ့က သတိပေး လိုက်ပါတယ်။

ဒီသီတင်းပတ်ထဲမှာ မြန်မာလွှတ်တော်အမတ်တွေ ပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ အတွေ့အကြုံ ဖလှယ်ရေး အစီအစဉ် နဲ့ အင်ဒိုနီးရှားနိုင်ငံကို သွားရောက် ခဲ့ချိန်မှာ AIPMC ဥက္ကဌ Eva Kusuma Sundari က မြန်မာစစ်တပ်ဟာ လွှတ်တော်ကို ဒီမိုကရေစီ နည်းမကျတဲ့ ပုံစံနဲ့ ထိန်းချုပ်ဖို့ ဆက်ပြီး ကြိုးပမ်းနေသလို ဒီမိုကရေစီရေးဖြစ်ထွန်းမှုတွေ အတွက် အတားအဆီး တခု အဖြစ်နဲ့ ရှိနေတုန်းပဲလို့ သတိပေးလိုက်တာပါ။

အင်ဒိုနီးရှားနိုင်ငံက အပြောင်းအလဲ လုပ်ဆောင်ရာမှာ အောက်ခြေကနေ အထက် အဆင့်ဆင့်ပြောင်းလဲတဲ့ ပုံစံမျိုးဖြစ်ပြီး မြန်မာနိုင်ငံ မှာတော့ အနည်းနဲ့ အများ အထက်ကနေ အောက် အဆင့်ဆင့်ပြောင်းလဲဖို့ ကြိုးစားတဲ့ ပုံစံဖြစ်နေတယ်လို့ ဆိုပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေကို လူမှုအသိုင်းအဝိုင်းဖက်ကရော ၊ မီဒီယာကပါ ပြင်းပြင်း ထန်ထန် ကြိုးစား ခဲ့ပေမဲ့ မြန်မာနိုင်ငံမှာတော့ နှစ်ပေါင်းများစွာ လူထုရဲ့ လွတ်လပ်ခွင့်တွေကို စစ်တပ်က ဖိနှိပ် ချိုးနှိမ်ခဲ့တာမို့ သူတို့ အတွက် ဒီမိုကရေစီ လမ်းမှန်ကိုရောက်အောင် လုပ်ဆောင်ခြင်းဟာ စိန်ခေါ်မှု တရပ်လို့ ဖြစ်နေပါတယ်လို့လည်း ဝေဖန် လိုက်ပါတယ်။

Ref: VOA News

Read More...

လုပ်ခ ထိုင်းဘတ် ၃၀၀ ရရှိရေး မြန်မာ အလုပ်သမားများ တောင်းဆိုရန် လှုံ့ဆော်

သန်းထိုက်ဦး
December 14, 2012

ထိုင်းနိုင်ငံတွင် တရားဝင်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှ စတင်၍ ထိုင်း အလုပ်သမားများ နည်းတူ တနေ့ လုပ်အားခ ဘတ်ငွေ ၃၀၀ (ကျပ် ၇၈၀၀ ကျော်) ရရှိစေရေးအတွက် တောင်းဆိုမှုများ ပြုလုပ်ရန် အလုပ်သမား အရေး ဆောင်ရွက်နေသူများက တိုက်တွန်းထားသည်။

ထိုင်း အခြေခံဥပဒေ၊ နိုင်ငံတကာ အလုပ်သမား ဥပဒေတို့တွင် ပြဌာန်းထားချက်အရ အလုပ်သမားဆိုင်ရာ ရပိုင်ခွင့် များသည် ထိုင်းနိုင်ငံသားများ သာမက ထိုင်းတွင်ရောက်ရှိနေသော မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား နိုင်ငံတို့မှ အလုပ်သမားများနှင့်လည်း အကျုံးဝင်ကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလက ထိုင်းနိုင်ငံရှိ အလုပ်သမားများကို တနေ့ လုပ်အားခ ၃၀၀ ပေးမည်ဟု ထိုင်း အလုပ်သမား ၀န်ကြီးဌာန အတည်ပြု ခဲ့ပြီးနောက်ပိုင်း အလုပ်သမား ခေါင်းဆောင်များမှ တဆင့် လှုံဆော်မှုများ ပြုလုပ်ထားကြောင်း ထိုင်းနိုင်ငံတောင်ပိုင်း အခြေစိုက် အခြေခံ အလုပ်သမား အခွင့်အရေး ပညာပေးဌာန (GHRE) ဒါရိုက်တာ ဦးထူးချစ်က ဧရာဝတီသို့ ပြောသည်။

“တနေ့ ၃၀၀ မပေးဘူး ဆိုရင်တော့ အလုပ်သမားတွေကို ပြောထားတယ်၊ အလုပ်သမားတွေက တောင်းဆိုရမယ်၊ နီးစပ်ရာ အလုပ်သမား ရုံးတွေမှာ အကြောင်းကြားရမယ်။ နောက် မြန်မာသံရုံးကိုလည်း အကြောင်းကြားဖို့ အဲဒီလိုမျိုး လှုံဆော်ထားတယ်” ဟု ၎င်းက ဆိုသည်။

ထိုင်းတနိုင်ငံလုံး အတိုင်းအတာနှင့် မြန်မာနိုင်ငံသားများကို မလှုံ့ဆော်နိုင်သော်လည်း GHER အဖွဲ့အစည်း အနေနှင့် ထိုင်းတောင်ပိုင်းရှိ ပြည်နယ် ၆ ပြည်နယ်တွင် မြန်မာ အလုပ်သမားနှင့် ပတ်သက်သည့် သင်တန်းများ ပေးနေသည့် ခေါင်းဆောင်များမှ တဆင့် တိုက်တွန်းထားကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလအတွင်းက ထိုင်းနိုင်ငံအတွင်းရှိ ၆ မြို့နယ်ကို တရက်လုပ်ခ ဘတ်ငွေ ၃၀၀ ပေးရန် ထိုင်း အစိုးရက အတည်ပြုပေးခဲ့သော်လည်း တချို့ ပြည်နယ်များတွင် မြန်မာနိုင်ငံသားများ အကျိုးခံစားခွင့် မရကြကြောင်း ဦးထူးချစ်က ရှင်းပြသည်။

“ပေးတာ မပေးတာ သူတို့အပိုင်း၊ အလုပ်သမားတွေ အနေနဲ့ တခြား အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်း (NGO) တွေနဲ့ ပေါင်းပြီးတော့ တောင်းဆို ရမယ်။ နောက်တခု မြန်မာအစိုးရ ကိုလည်း ထိုင်းအစိုးရကနေပြီးတော့ ပြဌာန်းထားတဲ့ ဟာကို လုပ်ငန်းရှင်တွေ လိုက်နာအောင် တောင်းဆိုမှုတွေ တဖြည်းဖြည်း လုပ်သွားရမှာပေါ့” ဟု ၎င်းက ဆိုသည်။

တနေ့ လုပ်အားခ ဘတ် ၃၀၀ သတ်မှတ်ချက်တွင် အချိန်ပို ပါဝင်မှု ရှိမရှိ ရှင်းရှင်းလင်းလင်း မသိရသေးပေ။ သို့သော် ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမား တချို့က ၎င်းတို့နှင့် ဘတ် ၃၀၀ အစီအစဉ် သက်ဆိုင်လိမ့်မည် မဟုတ်ဟု ပြောဆိုနေကြသည်။

“ပေးမယ်ဆိုရင် ကျမတို့လည်း မျှော်လင့်ပါတယ်။ ဒါပေမယ့် ပေးမယ်လို့တော့ သတင်းကြားတယ်၊ သေချာ မသိရသေးဘူး” ဟု ဘန်ကောက်မြို့အနီးရှိ စက်ချုပ် လုပ်ငန်းတခုတွင် လုပ်ကိုင်နေသည့် လတ်တလော တနေ့ လုပ်အားခ ဘတ် ၂၃၀ ရရှိသည့် မြန်မာအမျိုးသမီးတဦးက ပြောသည်။

တချို့ အလုပ်ရုံကြီးများတွင် မြန်မာအလုပ်သမားများလည်း တနေ့ ဘတ် ၃၀၀ ရရှိနေကြပြီဟု ကြားသိရကြောင်း သူက ဆက်ပြောသည်။

နေ့တွက်ခ ဘတ် ၃၀၀ ပေးရန် ထိုင်းအစိုးရက သတ်မှတ်လိုက်သော်လည်း မြန်မာအလုပ်သမား အများအပြား တည်ရှိရာ မဲဆောက်မြို့တွင် စက်ရုံတရုံကသာ သတ်မှတ်ချက်အတိုင်း ပေးမည်ဟု ကြေညာထားကြောင်း မဲဆောက်မြို့ အခြေစိုက် ရောင်ခြည်ဦး အလုပ်သမားအဖွဲ့မှ ကိုထွေးနိုင်က ပြောသည်။

“လုပ်ငန်းရှင် တော်တော်များများက တနေ့ (ဘတ်) ၃၀၀ ပေးရမယ့်ကိစ္စနဲ့ သူတို့ ၃၀၀ ပေးရမယ့် အတူတူ လက်ရှိ စက်ရုံ ၂ ရုံမှာရှိတဲ့ အလုပ်သမားတွေ အားလုံးကို ခေါ်သွားပြီးတော့ ဘန်ကောက်မှာ သွားဖွင့်ဖို့အတွက် ပြောင်းသွားတာ ၂ ရုံရှိတယ်။ ကျန်တဲ့စက်ရုံ အများစုကလည်း ၃၀၀ ပေးမယ်ဆိုတဲ့ စက်ရုံကတော့ တော့ဟောင်းဆိုတဲ့ စက်ရုံတရုံပဲ တရားဝင် ကြေညာထားတာ ရှိတယ်” ဟု ၎င်းက ဆိုသည်။

မဲဆောက်မြို့ရှိ လုပ်ငန်းရှင်များအနေနှင့် ယင်းအစီအစဉ်ကို ကန့်ကွက်ဆန္ဒပြကြရန် စီစဉ်ထားသည်ဟု ကြားသိရကြောင်းလည်း ကိုထွေးနိုင်က ဆက်ပြောသည်။

“မဲဆောက်မြို့ရဲ့ အခြေအနေကတော့ အရင်ကတည်းကလည်း ဘယ်လိုပဲ ထိုင်းနိုင်ငံမှာ အနိမ့်ဆုံး လုပ်အားခံတွေကို ဘယ်လောက် သတ်မှတ် သတ်မှတ်၊ မဲဆောက်မှာ အဲဒီအခြေအနေ ပေးမှာမဟုတ်ဘူး၊ လုပ်ငန်းရှင် အများစုကလည်း ဒီလိုအခြေအနေမျိုးကို လုံးဝ ကျေနပ်မှု မရှိဘူး။ အခု သတင်းထွက်နေတာက လုပ်ငန်းရှင် အများစုကနေ ဒီ ၃၀၀ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဆန္ဒပြဖို့အတွက် တိုင်ပင်ဆွေးနွေးနေတယ်လို့ သတင်းကြားတယ်” ဟု ၎င်းက ဆိုသည်။

ထိုင်းနိုင်ငံအတွင်း တရားမ၀င် နေထိုင်သည့် မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယား နိုင်ငံသားများကို ဖမ်ဆီးပြီး သက်ဆိုင်ရာ နိုင်ငံသို့ ပြန်ပို့မည့် အရေး ယူမှုကိုလည်း ယနေ့ ဒီဇင်ဘာ ၁၄ ရက်နေ့ နောက်ပိုင်း စတင်ပြုလုပ်မည်ဟု ထိုင်း အလုပ်သမား ၀န်ကြီးဌာနက ကြေညာထားသည်။

ထိုင်း အစိုးရက ရွှေ့ပြောင်းအလုပ်သမားများကို နိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ် (Nationality Verification Process – NVP) အရ နောက်ဆုံး သတ်မှတ် ပေးထားသော ဒီဇင်ဘာလ ၁၄ ရက်နေ့ မတိုင်ခင် မှတ်ပုံတင်ရန် ပျက်ကွက်သူများကို အရေးယူ သွားမည်ဟု သိရသည်။

ရွှေ့ပြောင်း အလုပ်သမားများအတွက် နိုင်ငံသားစိစစ်ရေး အစီအစဉ်ကို ယခုနှစ် ဇွန်လ ၁၄ ရက်နေ့မှ စတင်၍ ဒီဇင်ဘာလ ၁၄ ရက်နေ့ အထိ ၆ လ သက်တမ်း တိုးရန် ထိုင်းအစိုးရက ခွင့်ပြုပေးထားခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံတဝန်း ဆောက်လုပ်ရေး၊ အိမ်အကူ၊ ရေလုပ်သား၊ စားသောက်ဆိုင် စသည့် လုပ်ငန်းများတွင် အလုပ် လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား စုစုပေါင်း ၂ သန်းမှ ၄ သန်းအထိ ရှိနိုင်ကြောင်း အလုပ်သမား အဖွဲ့များက ခန့်မှန်းထားကြသည်။

Ref: ဧရာဝတီ

Read More...

မြ၀တီမြို့တွင် ဒီကေဘီအေ ဆန္ဒပြ

စောခါးစူးညား (ကေအိုင်စီ)
ဒီဇင်ဘာလ ၁၄ ရက်၊ ၂၀၁၂ ခုနှစ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်း ဖြိုခွင်းမှု၌ ဒဏ်ရာရသံဃာများကို တောင်းပန်ရန်နှင့် ကချင်ပြည်နယ် အတွင်း ထိုးစစ် ဆင်မှုများကို ရပ်တန့်ရန် ကရင်ပြည်နယ်၊ မြ၀တီမြို့တွင် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်-ဒီကေဘီအေ ဦးဆောင်၍ ယနေ့မနက် ၇နာရီကျော်တွင် ဆန္ဒပြခဲ့ကြ သည်။

အဆိုပါ ဆန္ဒပြမှုတွင် ဒီကေဘီအေအပြင် ဗိုလ်မှူးချုပ် စောထိန်မောင်၏ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ တပ်ဖွဲ့များလည်း ပါဝင်ပြီး စစ်ယူနီဖောင်းများနှင့် အတူ ကားအစီး ၁၀စီး၊ လူအင်အား ၈၀ ဖြင့် လက်ပံတောင်း တောင် စီမံကိန်း သပိတ်စခန်း ဖြိုခွင်းမှု၌ ဒဏ်ရာရ သံဃာ တော်ပုံများ၊ စာတမ်းများကိုင်ဆောင်ကာ မြ၀တီမြို့ တွင် လှည့်လည်ဆန္ဒပြ ခဲ့ကြခြင်းဖြစ်သည်။

ဆန္ဒပြမှုကို ဒီကေဘီအေ အရာရှိတစ်ဦးဖြစ်သူ ဗိုလ်မှူး စောဆန်းအောင်က “မြန်မာနိုင်ငံမှာ အထူးသဖြင့် လက်ပံတောင်းတောင် စီမံကိန်းမှာ ဒဏ်ရာရ သံဃာတော်တွေကို အစိုးရ အနေနဲ့ ပြန်တောင်းပန်ဖို့ပါ။ နောက် ကချင်ဒေသဘက်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကို ရပ်တန့်ပေးဖို့ပေါ့”ဟု ကေအိုင်စီသို့ ပြောသည်။

၎င်းတို့၏ တောင်းဆိုမှုများကို မြ၀တီမြို့နယ်ထဲတွင် လက်ရှိ တာဝန်ထမ်းဆောင် မြန်မာအစိုးရတပ် တပ်မ(၇၇) တပ်မမှူးက လက်ပံတောင်း တောင် စီမံကိန်း၌ ဆန္ဒပြသူများကို အကြမ်းနှိမ်နင်းခဲ့သည့် ရဲများကို အရေးယူ ဆောင် ရွက်ပေးမည်ဟု တုံ့ပြန်သွားသော်လည်း တစုံတရာ မလုပ်ဆောင်ပေးပါက ဒီကေဘီအေ အနေဖြင့် ဆက်လက် ဆန္ဒထုတ်ဖော် သွားမည်ဖြစ်ကြောင်း ဗိုလ်မှူးစော ဆန်းအောင်က ဖြည့်စွက်ပြောဆိုသည်။

ဒီကေဘီအေ ဆန္ဒပြပွဲနှင့် ပတ်သက်၍ မျက်မြင်သက်သေ မြ၀တီမြို့ခံတစ်ဦးက “ဒီမနက် သူတို့ ဆန္ဒပြတာ မြ၀ တီမြို့ ဘုရင့်နောင်ဈေးကနေ ကြခတ်တောရကျောင်းလမ်း ဘက်ကို သွားတယ်။ အစိုးရ အနေနဲ့ သံဃာတော် များကို ပြည်လည်တောင်းပန်ဖို့ သူတို့တွေ ကြွေးကြော်ခဲ့ကြတယ်။ မြို့ကို လှည့်ပြီး ဆန္ဒပြတာပေါ့။ နောက် ဆုံဆည်းမြိုင်ဘက်ကို သူတို့ ပြန်တက် သွား တယ်”ဟု ပြောသည်။

မြ၀တီမြို့တွင် ဒီကေဘီအေနှင့် KNU/KNLA ငြိမ်းချမ်းရေးကောင်စီ တပ်ဖွဲ့တို့ပူးပေါင်း၍ ယခု ဆန္ဒပြမှုသည် ပထမဦး အကြိမ်ဖြစ်ပြီး ဆန္ဒပြပွဲကို နံနက် ၈ နာရီကျော်တွင် အောင်မြင်စွာ ပြီးဆုံးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၉ ရက်နေ့က လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆန္ဒပြ သပိတ်စခန်း ၆ ခုကို မြန်မာ အစိုးရ အာဏာပိုင် များက အကြမ်းဖက် ဖြိုခွဲခဲ့ရာ သံဃာတော် အပါး ၇၀ ကျော်နှင့် လူထု ၅၀ ကျော် ဒဏ်ရာရရှိခဲ့သည်။

Ref: KIC

Read More...

လက်ပံတောင်း ဆန္ဒပြပွဲများကြောင့် ရင်းနှီးမြှုပ်နှံလိုသူများ လက်မတွန့်ဟု ဆို

ကြာသပတေးနေ့၊ ဒီဇင်ဘာလ ၁၃ ရက် ၂၀၁၂

မဇ္ဈိမသတင်းဌာန ။ ။ လက်ပံတောင်း ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး ဆန္ဒပြပွဲများကြောင့် မြန်မာနိုင်ငံတွင်း လာရောက် ရင်းနှီးမြှုပ်နှံ လုပ်ကိုင် လိုသည့် နိုင်ငံခြား ကုမ္ပဏီများ အတွက် အဟန့်အတား မဖြစ်စေနိုင်ကြောင်း ရင်းနှီးမြှုပ်နှံသူများက ဆိုသည်။

ထိုဖြစ်ရပ်မျိုးမှာ ထိုလုပ်ငန်းတခုလုံးတွင် ဖြစ်ပေါ်နေကျအဖြစ် ရှုမြင်ပြီး ကမ္ဘာ့စံညွှန်းများနှင့် ကိုက်ညီစွာ ရင်းနှီးမြှုပ်နှံ ကြရန်သာ လိုကြောင်း ပြောဆိုသည်။

“ဒီအရာက ကျနော်တို့ သွားနေတဲ့ လမ်းကြောင်းကို နှောင့်နှေးစေမှာ မဟုတ်ဘူးလို့ ထင်ပါတယ်။ ကျနော်တို့ ရင်းနှီး မြှုပ်နှံ သူတွေ အနေနဲ့ မြန်မာနိုင်ငံထဲကို သင့်တော် မှန်ကန်တဲ့ ကမ္ဘာ့စံနှုန်းတွေနဲ့ ဝင်ရောက် လုပ်ကိုင်ရမယ် ဆိုတာကို မီးမောင်း ထိုးပြခြင်းသာ ဖြစ်ပါတယ်” ဟု Bagan Capital မှ အမှုဆောင် အရာရှိချုပ် ဂျယ်ရမီကလွိုက်စာဂျုန်းအား ကိုးကား၍ The News သတင်းစာ ကြီးတွင် ရေးသားထားသည်။

ထိုကုမ္ပဏီသည် မြန်မာနိုင်ငံကို အဓိကထားကာ ရင်းနှီးမြှုပ်နှံမှုနှင့် အကြံဉာဏ်ပေးသည့် ကုမ္ပဏီဖြစ်ပြီး ယခုလောလောဆယ်တွင် ၎င်း၏ Myanmar Transition Funds အတွက် ဒေါ်လာ ၇၅ သန်း မတည်ပေးထားသည်။

သို့ရာတွင် မြန်မာနိုင်ငံ၌ ကျန်ရှိနေဆဲ အခက်အခဲတခုမှာ လုပ်ငန်းများ လေ့လာဖော်ထုတ်ရန်နှင့် လုပ်ငန်းများ လုပ်ကိုင်ရန် ခွင့်ပြုမိန့် ရရှိရေးအတွက် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရခြင်းပင် ဖြစ်ကြောင်း မြန်မာနိုင်ငံအခြေစိုက် Two Palms Mining Co မှ ဆိုသည်။

သတ္တုတွင်းလုပ်ငန်း လုပ်ကိုင်မည့်သူများအနေဖြင့် ဝန်ကြီးဋ္ဌာန အများအပြားနှင့် ဒေသဆိုင်ရာ အာဏာပိုင်များထံမှ ခွင့်ပြုချက် တံဆိပ်တုံး တောင်းခံရမည်ဖြစ်၍ စောင့်ဆိုင်းရသည့် ကာလမှာ ကြာမြင့်နေဆဲ ဖြစ်နေဦးမည် ဖြစ်သည်။ ယခုကဲ့သို့ စောင့်ဆိုင်းနေရသည့် အချက်က လာရောက် ရင်းနှီးမြှုပ်နှံကြမည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများအတွက် စိတ်ပျက်စရာ အချက် ဖြစ်ကြောင်း Canadian explorer East Asia Minerals Corporation မှ အမှုဆောင်ချုပ် အက်ဒွပ်ရိုရှက်တီ က ပြောကြားသည်။

ထိုကုမ္ပဏီသည် မြန်မာနိုင်ငံအတွင်း သတ္တုတွင်း လုပ်ငန်း လုပ်ကိုင်ရေး သဘော တူညီချက် ရရှိရန် ယခု လောလော ဆယ်တွင် ညှိနှိုင်းနေသည့် ကုမ္ပဏီဖြစ်သည်။

ထို့အပြင် ရင်းနှီးမြှုပ်နှံသူများသည် အမြတ်ငွေခွဲဝေမှု အစီအစဉ်များနှင့် ပတ်သက်သည့် စိုးရိမ်မှု များကိုလည်း ထောက်ပြ ကြသည်။ ကာလတို အနေအထား တူးဖော်မှုကို ၂ နှစ်အထိ ခွင့်ပြုပေးထားပြီး ထုတ်ကုန် အကြမ်းများအား တင်ပို့ခြင်းကို တားမြစ်ထားသည်။

သတ္တုတွင်းလုပ်ငန်းတွင် လာရောက် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ကြမည့် နိုင်ငံခြား ကုမ္ပဏီများသည် ခွင့်ပြုမိန့်ရရှိရန် ၃ နှစ် သို့မဟုတ် ထို့ထက် ပိုမိုကြာမြင့်စွာ စောင့်ဆိုင်းနေရဆဲ ဖြစ်ကြောင်း နီးစပ်သည့် သတင်းရင်းမြစ်များက ပြောသည်။

နိုဝင်ဘာလက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းကို လွှတ်တော်က သဘောတူ ခွင့်ပြုခဲ့သည်။

အဓိက ကုမ္ပဏီ အများစုမှာ ငွေကြေး မည်မျှ ရင်းနှီးမြှုပ်နှံမည်ကို ဆုံးဖြတ်ခြင်း မပြုမီ ထိုဥပဒေသစ် ထွက်ပေါ်လာရေး အတွက် စောင့်ဆိုင်းနေကြသည်။ သို့ရာတွင်အချို့သော ရင်းနှီးမြှုပ်နှံမှု ပြုမည့် သတင်းရင်းမြစ်များကမူ မြန်မာနိုင်ငံ တွင် ဥပဒေရေးဆွဲရေး လုပ်ငန်း ပိုမိုလုပ်ဆောင်ရန် လိုနေသေးကြောင်း ပြောကြားကြသည်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်သည် အပြုသဘောဆောင်သည့် ခြေလှမ်း တခု ဖြစ်သော်လည်း စည်းမျဉ်းများ၊ အသိ ပညာပေးမှု များနှင့် အာဏာတည်စေမှုများဖြင့် ထိန်းကျောင်းရန် လိုနေဆဲ ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံသူများက ပြောဆိုသည်။

ဘဏ္ဍာရေးဆိုင်ရာနှင့် စည်းမျဉ်း ဥပဒေဆိုင်ရာ စနစ်တွေများ ဘက်ညီမျှမှု မရှိကြောင်း ပုဂ္ဂလိက ရှယ်ယာ ထောက်ပံ့ရေး ကုမ္ပဏီဖြစ်သည့် LinQ Group မှ ဦးဆောင် ညွှန်ကြားရေးမှူး ကလိုက်ဗ်ဒေါ်နာ က စင်္ကာပူတွင် ကျင်းပသည့် မြန်မာ့ သတ္တုတွင်း ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု ဖိုရမ်သို့ တက်ရောက်လာစဉ် ပြောဆိုသည်။ LinQ Group သည် ထွန်းသစ်စနှင့် ဖွံ့ဖြိုးတိုးတက်ပြီး ဒေသများရှိ အရင်းအနှီး ပံ့ပိုးပေးသည့် ကုမ္ပဏီများတွင် ရင်းနှီးမြှုပ်နှံထားသည်။

ပြောင်းလဲမှုအမျိုးမျိုးကို လုပ်ဆောင်လျက်ရှိ၍ အချို့သော ကမ္ဘာ့ကုမ္ပဏီများက မြန်မာနိုင်ငံအတွင်း အခွင့်အလမ်း များ လာရောက် ရှာဖွေလိုလျက် ရှိကြသည်။

Ref: မဇ္ဈိမ

Read More...

မီးလောင်ဒဏ်ရာရ သံဃာတော် ဆေးကုသ ရန် ထိုင်းနိုင်ငံသို့ ထွက်ခွာ

2012-12-13

လက်ပံတောင်းတောင်သပိတ်စခန်း ဖြိုခွင်းမှုမှာ ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြတဲ့ သံဃာတော်တွေ ထဲက ဆရာတော် ဦးသိက္ခဥာဏဟာ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ထိုင်းနိုင်ငံကို ဒီကနေ့ ညနေ ၄ နာရီခွဲက ဆေးဝါး ကုသဖို့ ထွက်ခွာသွားပြီဖြစ်ပါတယ်။

မန္တလေးဆေးရုံမှာ ဆေးဝါးကုသမှုခံယူနေကြတဲ့ ဒဏ်ရာဆိုးဝါးတဲ့ သံဃာတော်တွေထဲက သံဃာတော် ၅ ပါးဟာ ထိုင်းနိုင်ငံကို ဆေးဝါး ကုသဖို့ စီစဉ်နေကြပြီး၊ အဲ့ဒီအထဲကမှ ဆရာတော် ဦးသိက္ခဥာဏက ပထမဆုံး ဘန်ကောက်ဆေးရုံကို ထွက်ခွာ သွားတဲ့ သံဃာတော်ဖြစ်ပါတယ်။

ထိုင်းနိုင်ငံက ဘန်ကောက်ဆေးရုံကြီးမှာ ဆေးဝါးကုသမှုခံယူဖို့အတွက် အာမခံငွေ ဘတ်တစ်သန်း ပေးသွင်း ရမှာဖြစ်ပြီး ကုန်ကျ စရိတ်တွေအတွက် လက်ပံတောင်းတောင် အရေး စုံစမ်းရေးကော်မရှင်၊ လူမှုအဖွဲ့အစည်း၊ ဘာသာရေး အဖွဲ့အစည်း၊ နိုင်ငံရေး ပါတီတွေနဲ့ စေတနာရှင်တွေက လှူဒါန်းကြတယ်လို့ ဆရာတော် ဦးသိက္ခဥာဏရဲ့သားဖြစ်တဲ့ ဒေါက်တာနေသူရိန်က RFA ကို ပြောပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်ဆေးရုံကြီးမှာ ဆေးဝါးကုသဖို့အတွက် ဆရာတော် ဦးသိက္ခဥာဏနဲ့အတူ သားဖြစ်သူ ဒေါက်တာနေသူရိန်၊ သမီးဖြစ်သူ ဒေါ်မေသန္တာခိုင်၊ မန္တလေးဆေးရုံအုပ်ကြီး ဒေါက်တာ ဦးဝင်းတို့ လိုက်ပါသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဆရာတော်ဦးသိက္ခဥာဏကို ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ ဖြစ်ကြတဲ့ စမ်းချောင်း ကိုကိုကြီး၊ ကိုဗသက်အောင်၊ ကိုပြုံးချိုနဲ့ မုံရွာမြို့နယ် ဗကသ အဖွဲ့ဝင် တချို့ဟာ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို လိုက်ပါ ပို့ဆောင်ခဲ့ကြပါတယ်။

Ref: RFA News

Read More...

ဆွီဒင်နိုင်ငံလုပ် လက်နက်တွေ မြန်မာအစိုးရ စစ်တပ်ဆီ ရောက်ရှိနေ

2012-12-14

မြန်မာအစိုးရစစ်တပ် လက်ထဲရောက်ရှိသုံးစွဲနေတဲ့ ဆွီဒင်နိုင်ငံလုပ် တင့်ကားဖျက် ရိုင်ဖယ်တွေဟာ အိန္ဒိယ စစ်တပ်ကို မိမိတို့ရောင်းချ လိုက်တဲ့ လက်နက်တွေဖြစ်ကြောင်း ဆွီဒင်နိုင်ငံက မနေ့က ပြောလိုက်ပါတယ်။

ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ KIA နဲ့ အစိုးရတပ်တွေ တိုက်ခိုက်နေတဲ့ ကချင်ပြည်နယ်မှာ အစိုးရ တပ်ဆီက ကျန်ရစ်ခဲ့တဲ့ လက်နက်တွေကို မြန်မာ အလွတ်သတင်းထောက် တစ်ဦးက ဓါတ်ပုံ ရိုက်ယူခဲ့ရာမှာ ဆွီဒင်နိုင်ငံလုပ် Carl Gustaf M3 အမျိုးအစား တင့်ကားဖျက် ရိုင်ဖယ်တွေ နဲ့ ကျည်ဆန်တွေ ပါဝင်နေတာတွေ့ရပါတယ်။ ဓါတ်ပုံတစ်ပုံမှာ လက်နက်ပေါ်က ထုတ်လုပ်တဲ့ အမှတ်စဉ် နံပါတ်ကိုပါ ထင်ထင်ရှားရှား တွေ့မြင်ရပါတယ်။

ဆွီဒင်သတင်းမီဒီယာတွေပေါ်မှာ အဲဒီဓါတ်ပုံတွေ ပျံ့နှံ့သွားခဲ့ပြီးတဲ့နောက် ဆွီဒင်ပို့ကုန်ထိန်းချုပ်ရေး ဌာနက လက်နက်တွေ မြန်မာ စစ်တပ်ဆီကို ဘယ်ကနေရောက်ရှိခဲ့သလဲ ဆိုတာ စုံစမ်း စစ်ဆေးနေပြီလို့ပြောဆိုခဲ့ပါတယ်။

ဥရောပသမဂ္ဂ EU ဟာ မြန်မာအစိုးရကို စီးပွားရေးပိတ်ဆို့ အရေးယူထားတာတွေ အားလုံးနီးပါး ဖြေလျှော့ပေးခဲ့ပေမဲ့ လက်နက် အရောင်းအ၀ယ် ကိစ္စကိုတော့ ဆက်လက်ထားရှိပါတယ်။

ဥရောပသမဂ္ဂ က အရေးယူပိတ်ဆို့ထားတဲ့ကြားက အခုလို ဆွီဒင်လက်နက်တွေ မြန်မာအစိုးရ စစ်တပ်ဆီ ရောက်ရှိ သွားတဲ့ အပေါ် ရှင်းလင်းဖို့ အိန္ဒိယ အစိုးရကို တောင်းဆိုထားတယ်လို့ ဆွီဒင် ကုန်သွယ်ရေးဝန်ကြီး Ewa Bjorling က မနေ့က လွှတ်တော် မှာပြောကြားခဲ့ပါတယ်။

ဆွီဒင်ပို့ကုန်ထိန်းချုပ်ရေးဌာန ပြောခွင့်ရသူကလည်း အခုလို မဆိုင်တဲ့သူတွေရဲ့ လက်ထဲ ဆွီဒင်လက်နက်တွေ ရောက်သွား တာမျိုး အရင်က မဖြစ်ခဲ့ဖူးဘူးလို့ ပြောဆိုပါတယ်။

Ref: RFA News

Read More...

ဖြေရှင်းမပေးပါက သတ္တုတွင်း ဝန်ကြီးဌာန ကို ရွှေလုပ်သားများ တရားစွဲမည်

ခင်ဦးသာ
December 13, 2012

မန္တလေးတိုင်း ရမည်းသင်းမြို့နယ်၊ မိုးထိ မိုးမိဒေသ၌ ဖြစ်ပွားနေသော ရွှေတွင်းလုပ်သား ပြဿနာကို တာဝန်ယူ ဖြေရှင်းမပေးပါက ရွှေတွင်းလုပ်သားများက သတ္တုတွင်း ၀န်ကြီးဌာနကို ဥပဒေနှင့်အညီ တရားစွဲဆိုသွားမည် ဖြစ်ကြောင်း သိရသည်။

ရွှေတွင်းလုပ်သားများနှင့် အမျိုးသားကြီးပွား တိုးတက်ရေး ကုမ္ပဏီတို့ အကြား ကာလ အတန်ကြာ ဖြစ်ပွားနေ သည့် ပြဿနာကို ဖြေရှင်းပေးမည် ဟု အာမခံပေးထားသော်လည်း လက်တွေ့တွင် ဖြေရှင်းပေးမှု မရှိသည့် အတွက် တရား စွဲဆိုရန် ဆောင်ရွက်သွားမည်ဟု အလုပ်သမားခေါင်းဆောင် တဦးဖြစ်သူ ကိုသီဟက ဧရာဝတီသို့ ပြောသည်။

အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီသည် ရွှေတွင်းလုပ်ငန်းများကို နိုင်ငံတော် အစိုးရနှင့် အကျိုးတူ လုပ်ဆောင်နေကြောင်း သိရသည်။

သတ္တုတွင်း ၀န်ကြီးဌာနထံ ရွှေတွင်းလုပ်သားများ စုပေါင်းလက်မှတ်ရေးထိုး၍ စာချွန်လွှာ တစောင်ကို ယခု သီတင်းပတ် အတွင်း ပေးပို့ သွားမည်ဖြစ်ကြောင်း၊ ပေးပို့သည့်နေ့မှစ၍ ရက်ပေါင်း ၉၀ အတွင်း တစုံတခု ဆောင်ရွက်မပေးပါက ၀န်ကြီးဌာနကို တရား စွဲဆိုမည်ဖြစ်ကြောင်း၊ ထိုကိစ္စကို ရှေ့နေ ဦးကြည်ဝင်းနှင့် ဦးဉာဏ်ဝင်းတို့က ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ကိုဟီဟက ပြောသည်။

၎င်းက “စာချွန်လွှာမှာကတော့ ဒီပြဿနာကို ကြားဝင်ဖြေရှင်းပေးဖို့ အဓိက တောင်းဆိုမယ်။ တောင်းဆိုတာကို ရက် ၉၀ အတွင်းမှာ ၀န်ကြီးအနေနဲ့ တခုခု အကြောင်းမပြန်ရင် တရားစွဲမယ်။ ဒါက ဥပဒေကြောင်းအရ လုပ်တာပါ” ဟု ၎င်းက ဆက်ပြောသည်။

မိုးထိ မိုးမိ ဒေသတ၀ိုက်၌ တနိုင်တပိုင် လုပ်ကိုင်စားသောက်နေကြသည့် လုပ်ကွက်များကို အမျိုးသားကြီးပွား တိုးတက်ရေး ကုမ္ပဏီက သတ္တုတွင်း ၀န်ကြီးဌာနနှင့် ပူးပေါင်း လုပ်ကိုင်သည့်အတွက် တနိုင်တပိုင် လုပ်ကိုင်နေသည့် ရွှေတွင်းလုပ်သားများ၏ လုပ်ကွက်များ နစ်နာဆုံးရှုံးခဲ့ရာမှ နှစ်ဖက်အကြား ပြဿနာ ဖြစ်ပွားခဲ့ကြသည်။

ရွှေလုပ်သားများ၏ လုပ်ကွက်များ ပြန်လည်ရရှိရေး ဆန္ဒပြတောင်းဆိုမှုသည် ပြီးခဲ့သည့် ဧပြီလက စတင် ခဲ့သော်လည်း ယနေ့အထိ အောင်မြင်မှု မရရှိသေးပေ။ မိုးထိ မိုးဒေသမှ နေပြည်တော်အထိ ချီတက်ကြရာ အာဏာပိုင်များ၏ တာဆီး ပိတ်ပင်မှုကြောင့် နေပြည်တော် မရောက်မီ ခေါင်းဆောင်တချို့ ဖမ်းဆီးခံခဲ့ရသည်။

ရွှေလုပ်သား ခေါင်းဆောင်များဖြစ်သော ကိုနေအောင်ထက်၊ ကိုစောနောင်၊ ကိုရဲရင့်ထွန်းနှင့် ကိုနိုင်ဝင်းတို့ကို နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေသည့် ဥပဒေ ပုဒ်မ ၅၀၅ (ခ) ဖြင့် တောင်ငူထောင်တွင် ဖမ်းဆီး ထားကြောင်း၊ ၎င်းတို့ အတွက် အာမခံ မရကြောင်း ရွှေလုပ်သားအရေး ကူညီပေးနေသူ ကိုအောင်ကြီးက ပြောသည်။ ဆန္ဒပြရာတွင် ဦးဆောင်ပါဝင်သူ ၃၀ ခန့်ကိုလည်း ကုမ္ပဏီက စက်တင်ဘာလတွင် တရားစွဲဆိုခဲ့သည့်အတွက် ခံဝန်ကတိဖြင့် နေထိုင်သွားလာနေရကြောင်း သိရသည်။

ကုမ္ပဏီနှင့် ရွှေလုပ်သားတို့အကြား ပြဿနာ ကြီးထွားလာမှုကြောင့် အာဏာပိုင်တချို့က ကြားဝင်စေ့စပ်ပေးသည့် အတွက် ဇွန်လ အတွင်း သဘောတူညီမှု ၆ ချက် လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း၊ သို့သော် ထိုစည်းကမ်းချက် များကို ကုမ္ပဏီက လိုက်နာမှု မရှိသဖြင့် ပြဿနာမှာ ပြေလည်မှု မရနိုင်ဘဲ ဖြစ်နေကြောင်း ရွှေလုပ်သား တဦးဖြစ်သူ ကိုလှိုင်မျိုးအောင်က ပြောသည်။

အချက် ၆ ခုတွင် ရွှေလုပ်သားများ ပြန်လည်လုပ်ကိုင်ခွင့်ရရေး၊ ဇုန်အတွင်း စက်များ လည်ပတ်ခွင့် ရရေး၊ ဖမ်းဆီး ထားသူများ ပြန်လွှတ်ပေးရေး၊ နစ်နာသူများအား လျှော်ကြေးပေးရေး စသည့်အချက်များ ပါဝင်သည်။

ကိုလှိုင်မျိုးအောင်က “ကုမ္ပဏီက စည်းကမ်းတွေ ဖောက်ဖျက်တဲ့အပြင် လုပ်သားတွေနေတဲ့ တဲအိမ်တွေကို မီးရှို့တာ၊ ဖျက်စီး တာတွေကို ကုမ္ပဏီ ၀န်ထမ်းတွေနဲ့ လုံခြုံရေးအဖွဲ့တွေက ခုရက်ပိုင်းမှာ ဆက်တိုက်လုပ်နေတယ်” ဟု ဆိုသည်။

အမျိုးသားကြီးပွား တိုးတက်ရေး ကုမ္ပဏီတာဝန်ရှိသူများကမူ ၎င်းတို့အနေဖြင့် စည်းကမ်းချက်များ ဖောက်ဖျက်မှု မရှိကြောင်း မီဒီယာများကို မကြာခဏ ဖြေဆိုသည်။

အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီသည် မိုးထိ မိုးမိဒေသရှိ ရွှေလုပ်ကွက် ဧက ၆၁၀၅ ဧကကို အစိုးရထံမှ ရရှိ ထားကြောင်း၊ ကုမ္ပဏီ အနေဖြင့် နိုင်ငံတော် အစိုးရနှင့် အကျိုးတူ ပေါင်းဆောင်ရွက်နိုင်ရန် ၂၀၁၁ ခုနှစ် စက်တင်ဘာလတွင် သဘောတူညီမှု ရရှိထားကြောင်း၊ ထိုလုပ်လုပ်ငန်းမှ ရွှေပိဿာချိန် ၇၃ ပိဿာကို နိုင်ငံတော်အစိုးရထံ လစဉ်ပေးသွင်းရကြောင်း ပြည်တွင်းထုတ် The Messenger ဂျာနယ်၏ အင်တာနက် စာမျက်နှာ၌ သြဂုတ်လ ၂၅ နေ့က ဖော်ပြခဲ့သည်။

အစိုးရနှင့် ကုမ္ပဏီတို့အကြား သဘောတူညီမှု ရပြီးနောက် ၂၀၁၂ ခုနှစ် မေလမှစတင်၍ တနိုင်တပိုင် ရွှေလုပ်သားများ ၏ လုပ်ပိုင်ခွင့်ကို ကုမ္ပဏီက ဟန့်တားမှုများ လုပ်ဆောင်ခဲ့ကြောင်း ရွှေလုပ်သားများက ပြောသည်။ ထို့ကြောင့် လုပ်ကိုင်ခွင့်ပြန်ရရေး၊ ၎င်းတို့၏ နစ်နာကြေးများ ပေးဆောင်ရေးတို့ အတွက် ဆန္ဒပြ တောင်းဆိုမှုများ ဆက်တိုက် လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။

ထိုဒေသ၌ တနိုင်တပိုင် လုပ်ကိုင်စားသောက်နေသူ ရွှေတွင်းလုပ်သားပေါင်း တသိန်းကျော် ရှိကြောင်း အလုပ်သမား အရေး ဆောင်ရွက်နေသူ များက ပြောသည်။ ထိုပြဿနာအား အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ လွှတ်တော် ကိုယ်စားလှယ် တချို့က ကြားဝင် ဆောင်ရွက်ပေးနေကြောင်း၊ သို့သော် ကုမ္ပဏီဥက္ကဋ္ဌ ဖြစ်သူ ဦးစောထွန်းရှိန် ကိုယ်တိုင် မလာရောက်ဘဲ ဆုံးဖြတ်ချက် မပေးနိုင်သည့် တာဝန်ခံတချို့သာ လာရောက်သည့်အတွက် အဖြေမထွက် ဖြစ်နေကြောင်း ရွှေလုပ်သား အရေး ဆောင်ရွက်နေသူများက ပြောသည်။

ဒေသဆိုင်ရာ အာဏာပိုင်တို့ကလည်း ယခုလ ၁၇ ရက်နေ့တွင် အဖြေတခုခု ရရှိရေး ကြားဝင်ဆောင်ရွက်ပေးမည် ဟု ပြောဆို ထားကြောင်းလည်း သိရသည်။

Ref: ဧရာဝတီ

Read More...

အဂတိ လိုက်စားမှု အဆင့်တွင် မြန်မာ အောက်ဆုံး၌ ရှိနေဆဲ

ဘန်ကောက် (TrustLaw)
ကြာသပတေးနေ့၊ ဒီဇင်ဘာလ ၁၃ ရက် ၂၀၁၂

မြန်မာနိုင်ငံသည် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေသော်လည်း ပြည်သူ့ကဏ္ဍအတွင်း အဂတိ လိုက်စားမှု အဆင့်ကို တိုင်းတာသည့် အခါ နိုင်ငံတကာ ပွင့်လင်းမြင်သာမှု (TI) ၏ အညွှန်းကိန်း၌ အောက်ဆုံးနားလောက်တွင် ရှိနေဆဲ ဖြစ်ကြောင်း ထိုစောင့်ကြည့်ရေး အဖွဲ့က ပြောကြားသည်။

၂ဝ၁၃ ခုနှစ်တွင် ညွှန်းကိန်း အဆင့်တက်လာစေရန် အတွက် ပြုပြင်ပြောင်းလဲ မှုကို ဆက်လက် လုပ်ဆောင်ရန်နှင့် ညီညွတ်သောနိုင်ငံရေး စိတ်ဆန္ဒများ ရှိရန်လိုကြောင်း ထိုစောင့်ကြည့်ရေး အဖွဲ့က TrustLaw ကို ပြောကြား လိုက်သည်။

ယခုနှစ်တွင် နိုင်ငံပေါင်း ၁၇၆ နိုင်ငံ၏ အဂတိလိုက်စားမှု အချက်များ စစ်တမ်းကောက်ယူမှုပေါ် အခြေခံကာ နိုင်ငံ များ၏ နှစ်စဉ် အဆင့်ကို သုညမှ ၁ဝဝ ရာခိုင်နှုန်းဟူ၍ သတ်မှတ်ခဲ့သည်။ သုညသည် အဂတိ လိုက်စားမှု အများဆုံး အဆင့်ကို ရည်ညွှန်းသည်။ ထိုတိုင်းတာမှုကို အချိန် ၂ နှစ်အတွင်း ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံမှာ အဂတိလိုက်စားမှု အညွှန်းကိန်းအဆင့် ၁၅ ရာခိုင်နှုန်းတွင် ရှိပြီး ၎င်း၏နောက်တွင် ဆိုမာလီယာ၊ မြောက်ကိုရီးယား၊ အာဖဂန်နစ္စတန်နှင့် ဆူဒန်နိုင်ငံများသာ ရှိတော့သည်။ ၂ဝ၁၁ ခုနှစ်က မြန်မာနိုင်ငံသည် ၁ဝ ရာခိုင်နှုန်းတွင် ၁.၅ ရာခိုင်နှုန်း အဆင့်သာ ရှိပြီး ဆိုမာလီယာနှင့် မြောက်ကိုရီးယား နိုင်ငံတို့ထက်သာ အနည်းငယ်သာ ခဲ့သည်။ TI ၏ အညွှန်းကိန်းကို အချိန် ၂ နှစ်အတွင်း ရရှိသည့် ကိန်းဂဏန်း အချက်အလက်များအပေါ် အခြေခံကာ တွက်ချက်ခဲ့သည့်အတွက် ရလဒ်ကောင်းများ မျှော်လင့်ရန် စောလွန်း နေသေးကြောင်း၊ အရှေ့တောင်အာရှ ဆိုင်ရာ TI ၏ အစီအစဉ် ညှိနှိုင်းရေးမှူး မစ္စဆမန်သာဂရန့် က ပြောကြားသည်။

လူများ၏ အပြုအမူ ပြောင်းလဲရန် အချိန် ယူရမည်ဖြစ်ကြောင်း၊ ထို့ထက်ပို၍ အသိအမြင်ပါ ပြောင်းလဲရန် အချိန်လိုကြောင်း၊ အထူးသဖြင့်ပြုပြင်ပြောင်းလဲမှုမှာ ၎င်းတို့အတွက် အသစ်အဆန်း ဖြစ်နေဆဲဖြစ်သည့် မြန်မာနိုင်ငံ ကဲ့သို့သော
နိုင်ငံတွင်ဖြစ်ကြောင်း သူက ပြောသည်။ ဤသည်မှာ မြန်မာနိုင်ငံတွင် အဂတိ လိုက်စားမှုအဆင့်နှင့် ပတ်သက်ပြီး စီးပွားရေး လုပ်ငန်း လုပ်ကိုင်နေသူများ၏ အသိအမြင်ကို ပြောင်းရမည်ဆိုသည့် အဓိပ္ပါယ်ဖြစ်သည်။

၂ဝ၁၃ ခုနှစ်တွင် အဆင့်တိုးတက်လာစေရန် အတွက် မြန်မာနိုင်ငံသည် စစ်မှန်သော ပြုပြင်ပြောင်းလဲမှုကို ဆက်လက် လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ ထိပ်ပိုင်းမှ စပြီး တညီတညွတ်တည်း ရှိသော နိုင်ငံရေး စိတ်ဆန္ဒများကို မြင်တွေ့ရန် လိုကြောင်း၊ ထိုလုပ်ငန်းစဉ်များ လုပ်ဆောင်ရန် အချိန်ယူရမည်ဖြစ်ပြီး မြန်မာနိုင်ငံသည် ရနိုင်သည့် ပံ့ပိုးမှု အားလုံးကို ရရှိရန် လိုအပ်ကြောင်း မစ္စဆမန်သာဂရန့် က ဆိုသည်။

၂ဝ၁၁ ခုနှစ်၊ မတ်လက စတင်တာဝန်ယူခဲ့သော မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး အစိုးရသည် နိုင်ငံရေး အကျဉ်းသား များအား လွှတ်ပေးခြင်း၊ အတိုက်အခံများအပေါ် တင်းကြပ်ထားမှုများအား ဖြေလျှော့ပေးခြင်း၊ စာနယ်ဇင်း ဆင်ဆာများ ဖယ်ရှားပေးခြင်း စသည့် ပြုပြင်ပြောင်းလဲမှု အများအပြား ပြုလုပ်ပေးခဲ့၍ အနောက်နိုင်ငံ များက အရေးယူပိတ်ဆို့မှုများ ရုတ်သိမ်းပေးခဲ့သည်။

အခြားသော ကြိုးပမ်းမှုများအနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်သည့် ဥပဒေကြမ်း ရေးဆွဲပြီး သမ္မတ က နိုင်ငံတော် အရာရှိ များအား အလွဲသုံးစားလုပ်ထားသည့် ရံပုံငွေများ ပြန်လည်ပေးအပ်ရန် ဆော်သြထားသည်။ ထို့ပြင် ပြည်ထဲရေး ဝန်ကြီး ဋ္ဌာနကလည်း နိုင်ငံသားများအား အဂတိလိုက်စားမှုနှင့် လာဘ်စားမှုများအား တိုင်ကြားရန် တောင်းဆို ထားသည်။

သို့ရာတွင် စကားပြောရုံမျှဖြင့် လုံလောက်မှု မရှိကြောင်း မစ္စဂရန့် က ဆိုသည်။ အပြစ်မှ သက်ညှာခွင့် ပေးသည့် အခွင့်အရေး များအား ပိတ်ပင်သည့် အဆင့်မြင့် ဥပဒေများ ရေးဆွဲရန်လိုပြီး ထိထိရောက်ရောက် အကောင်အထည်ဖော် လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ အဂတိ လိုက်စားမှု ဆန့်ကျင်သည့် ကုလသမဂ္ဂ ကွန်ဗန်းရှင်း UNCAC ကို လက်မှတ်ရေးထိုး ထားသော်လည်း မြန်မာနိုင်ငံသည် ယခုထိ ၎င်းကို အတည် မပြုသေးသည့် တခုတည်းသော အာဆီယံနိုင်ငံ ဖြစ်ကြောင်း ၎င်းက ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် အင်ဒိုနီးရှား၊ မလေးရှားနှင့် ထိုင်းနိုင်ငံများရှိ အဂတိလိုက်စားမှု ဆန့်ကျင်ရေး ကော်မရှင် များ၏ အောင်မြင်မှုနှင့် ကျရှုံး မှုများကို နမူနာယူ၍ လွတ်လပ်ပြီး လုပ်ပိုင်ခွင့်ရှိကာ အပြည့်အဝ လုပ်ရည်ကိုင်ရည်ရှိသော ကော်မရှင် တခုကို တည်ထောင် သင့်ကြောင်း မစ္စဂရန့် က ဆိုသည်။

ယခုနှစ် စစ်တမ်းကောက်ယူသည့် နိုင်ငံများ၏ ၃ ပုံ ၂ ပုံသည် ညွှန်းကိန်းအဆင့် ၅ဝ ရာခိုင်နှုန်း အောက်တွင် ရှိနေဆဲ ဖြစ်ပြီး ဒိန်းမတ်၊ ဖင်လန်နှင့် နယူးဇီလန်နိုင်ငံများသာ အလွန်သန့်ရှင်းသည့် အဆင့်တွင် ရှိနေသည်။ ၂ဝ၁၁ ခုနှစ် ကလည်း ထိုနိုင်ငံများသာ ထိပ်ဆုံးတွင် ရှိခဲ့ကြောင်း သိရှိရသည်။

အာရှ ပစိဖိတ် ဒေသတွင်းရှိ နိုင်ငံများ၏ ၆၈ ရာခိုင်နှုန်းသည် ညွှန်းကိန်းအဆင့် ၅ဝ ရာခိုင်နှုန်း အောက်တွင် ရှိနေ သည်။ အာရှတွင် အဂတိ လိုက်စားမှုသည် အဓိက ပြဿနာတခု ဖြစ်ပြီး အရေးပေါ် ဖြေရှင်းရန် လိုအပ်ကြောင်း၊ ခိုင်မာသည့် စည်းမျဉ်းဥပဒေများ ထွက်ပေါ်အောင် အစိုးရက လုံလောက်စွာ ဆောင်ရွက်ပေးခဲ့ခြင်း မရှိကြောင်း မစ္စဆမန်သာဂရန့် က ပြောသည်။

နိုင်ငံအများအပြားတွင် သတင်းဖွင့်ချသူအား အကာအကွယ်ပေးခြင်းနှင့် သတင်းအချက်အလက် အခွင့်အရေးဆိုင်ရာ ဥပဒေများ အပါအဝင် အဂတိ လိုက်စားမှုဆန့်ကျင်သည့် ဥပဒေကို ထိရောက်စွာ အကောင်အထည်ဖော်ခြင်း မရှိသေးကြောင်းလည်း ဆက်ပြောသည်။

ထိုဒေသတွင်း၌ အလွန်လိုအပ်နေသည့် လွတ်လပ်မှုနှင့် ငွေကြေးတောင့်တင်းခိုင်မာမှု၊ ကောင်းစွာ လေ့ကျင်ထားသည့် ဝန်ထမ်းများ စသည်တို့ လုံလောက်မှု မရှိကြောင်း၊ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အနေဖြင့် ၎င်းတို့အား ထက်မြက်လာအောင် အစွမ်းကုန် လုပ်ပေးခြင်း မရှိကြောင်း မစ္စဂရန့် က ပြောကြားသည်။

ကမ္ဘာ့လူဦးရေ၏ ၆ဝ ရာခိုင်နှုန်းသည် ထိုဒေသတွင် နေထိုင်ကြကြောင်း၊ အကယ်၍ အာရှတွင် ကောင်းမွန်သည့် ရလဒ်များ မြင်ရန် အတွက် ဆိုလျှင် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး အားထုတ်မှုများတွင် နိုင်ငံသားများ တိုးမြှင့် ပါဝင် လာရေးသည် အလွန် အရေးပါကြောင်း နိုင်ငံတကာ ပွင့်လင်းမြင်သာမှု TI ၏အစီအစဉ်ညှိနှိုင်းရေးမှူး မစ္စ ဆမန်သာ ဂရန့်က ပြောကြားသည်။

Ref: မဇ္ဈိမ

Read More...

သံဃာတွေဆန္ဒပြမှု ပြုပြင် ပြောင်းလဲရေး ထိခိုက်နိုင်ဟု ပဓာနနာယက ဆရာတော် မိန့်

အောင်ရဲ မောင်မောင်

13.12.2012
လက်ပံတောင်းတောင်ကြေးနီစီမံကိန်း သပိတ်စခန်းတွေကို အင်အား သုံး အကြမ်းဖက် ဖြို ခွင်း ခံ ရ တဲ့ အပေါ်မှာ သက်ဆိုင်ရာ အာဏာပိုင်တွေက မတောင်းပန်တဲ့ အတွက် မြန်မာနိုင်ငံ အတွင်း က သံဃာတွေဟာ စီတန်းလှည့်လည် ဆန္ဒပြတာတွေကို ပြု လုပ်လာကြချိန်မှာ အခုလို သံဃာတော်တွေ စီတန်း လှည့်လည်တာဟာ ရန်ကို ရန်ခြင်း ပြန်တုံနှင်းတဲ့ သဘောရောက်နေတာကြောင့် အခု လို ဆန္ဒပြတာတွေ ဆက် မလုပ်ဖို့ မိန့် ကြား လာတဲ့ ဆရာတော်ကြီး တွေလည်း ရှိနေပါတယ်။

အခုလို အာဏာပိုင်တွေကို တောင်းပန်ဖို့ ပြောနေတဲ့ သံဃာတော်တွေ ရှိနေပြီး၊ ဆန္ဒ ထုတ်ဖော်တာတွေ ဆက်မလုပ်ပဲ ရပ်တန့်ဖို့ ပြောလာတဲ့ သံဃာတော် တွေလည်း ရှိနေပါတယ်၊ ဒီအကြောင်း အပြည့်အစုံကိုတော် ဆက်သွယ်မေးမြန်းထားတဲ့ ရန်ကုန် ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင်က တင်ပြပေးမှာ ဖြစ်ပါတယ်။

မုံရွာမြို့ ဆားလင်းကြီး ခရိုင်အတွင်း က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွေ ရပ်ဆိုင်းပေးဖို့ ဆိုပြီး တောင်းဆိုခဲ့တဲ့ သပိတ်စခန်းက သံဃာတော်တွေကို အာဏာပိုင်တွေက အင်အားသုံး ဖြိုခွင်းခဲ့ တာနဲ့ပတ်သက်ပြီး နိုင်ငံတော်သမ္မတ ဦးဆောင်ပြီုး တောင်းပန်ဖို့ မြန်မာနိုင်ငံလုံး ဆိုင်ရာ ရဟန်းအဖွဲ့ တွေက တောင်းဆိုပြီး ဆန္ဒထုတ်ဖော်မှုတွေပြုလုပ်နေကြတာပါ။

အခုလို တောင်းဆိုမှုတွေဟာ လက်ရှိမြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေးကို ထိခိုက်လာနိုင်တယ် ဆိုပြီးတော့ ရန်ကို ရန်ခြင်း တုံ့နှင်းရာ ရောက်တယ်လို့ ဆရာတော်ကြီးတွေက ပြောဆိုလာခဲ့ပါတယ်။ မန္တလေးမြို့ မြဝတီမင်းကြီးကျောင်းတိုက် ပဓာန နာယက ဆရာတော် ဦးအရိယဝံသာဘိဝံသ သံဃာတော်တွေ ဆန္ဒပြမှုအပေါ် သူ့ရဲ့သဘောထားကို ခုလို မိန့်ပါတယ်။

“အဖဘုရား ဟောတာ ဆုံးမတာ ရှိတယ်လေ။ ငါ့ကိုဆဲရေးခဲ့တယ်။ ငါ့ကိုနှိပ်စက်ခဲ့တယ်။ ငါ့ကို ဒုက္ခပေးခဲ့တယ်။ ဒီလို အတွေးတွေတွေးကြရင် ရန်ညိုးတွေ ဆိုတာ ဘယ်တော့မှ ပြေမှာမဟုတ်ဘူးတဲ့။”

အခုလို ဆန္ဒထုတ်ဖော်မှုတွေကို ခဏရပ်ဆိုင်းထားပြီး လက်ပံတောင်းတောင် စုံစမ်းရေးကော်မရှင်က တစုံတရာ အဖြေ ထွက်ပေါ်လာမှသာ တောင်းဆိုမှု တွေပြုလုပ် သွားသင့်တယ်လို့ ဆရာတော် ဦးအရိယဝံသာဘိဝံသ က မိန့်ပါသေးတယ်။

“ဒီဟာတွေက ဒေါ်စုပြောထားပြီးပြီပဲ၊ စုံစမ်းစစ်ဆေးရေးတွေ ဝင်နေတယ်။ နောက်ပြီးတော့ ဥပဒေကို နားမလည်ကြ တာလို့ ဘုန်းကြီးကတော့ မြင်တာပဲ။”

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးလည်းဖြစ် လက်ပံတောင်ကြေးနီစီမံကိန်း စုံစမ်းရေးကော်မရှင် ဥက္ကဌလည်း ဖြစ်တဲ့ ဒေါ်အောင်ဆန်း စုကြည်ကလည်း ဆန္ဒ ထုတ်ဖော် ပြသမှုတွေဟာ အကြောင်းအရင်း ခိုင်မာဖို့ လိုပြီးတော့
အဓိပ္ပါယ်ရှိဖို့ လိုတယ်လို့ လက်ပံတောင်းတောင်အရေး နဲ့ ပတ်သက်လို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ထဲမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားထားတာရှိပါတယ်။

“ပထမဆုံး အန်တီသိချင်တာကတော့ ဘာအတွက် ဆန္ဒပြနေတာလည်းဆိုတာသိချင်ပါတယ်။ အဲ့ဒီ့တော့ ဘာအတွက် ဆန္ဒပြနေတယ်ဆိုတာ သိလို့ရှိရင် ဆန္ဒပြသူတွေရဲ့ လိုအပ်ချက်တွေ၊ ဆန္ဒပြသူတွေရဲ့ သဘောထားတွေကို နားလည်လို့ရှိရင် ပိုပြီးတော့ အဆင်ပြေအောင် လုပ်နိုင်မှာပေါ့။ အဲ့တော့ အဲ့ဒီ့ဟာက ပိုပြီးတော့ အရေးကြီးပါတယ်။ နောက်ပြီးတော့ ကျမတို့အနေနဲ့တော့ ဘယ်လိုပဲဖြစ်ဖြစ် တရားဥပဒေစိုးမိုးရေးကို ဦးထိပ်ထားမယ်၊ ဒါပေမဲ့လည်း နားလည်မှုနဲ့ အားလုံးအဆင်ပြေရေးကိုလည်း ကျမတို့ လုပ်သွားမှာပါ။”

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာအရေး ဦးဆောင်ကော်မတီမှ ဆရာတော် ဥိးသောဘိတကတော့ သံဃာတွေ ဆန္ဒ ထုတ်ဖော်တာဟာ တာဝန် ယူတတ်တဲ့ အစိုးရတစ်ရပ်၊ လူကြီး လူကောင်းပီသတဲ့ အစိုး ရ တစ်ရပ်လို အမှားကို ၀န်ခံဖို့ တောင်းဆိုတာဖြစ်တယ်လို့ မိန့်ကြားပါသေးတယ်။

“ဦးဇင်းတို့ပြောခဲ့ပြီးသားပါပဲ၊ အမှားလုပ်တဲ့သူတွေဟာ အမှားအတွက် တောင်းပန်ရမယ့်ကိစ္စဖြစ်တယ်။ တောင်းပန်တယ် ဆိုတာ လူ့ယဉ်ကျေးမှုမှာ အင်မတန်မှ အရေးပါတယ် ဆိုတာ ဦးဇင်းတို့ပြောခဲ့ပြီးပြီ။ ဒီမိုကရေစီ ထွန်းကားတဲ့နိုင်ငံတွေမှာ တောင်းပန်တဲ့ ကိစ္စ အရေးကြီးတယ်။ နောက်တခုက အမှားတခုလုပ်ပြီးရင် ဝန်ချပြီး တာဝန်ယူရဲတဲ့ သတ္တိပေါ့ဗျာ။”

သူတို့ဆန္ဒပြနေရတာဟာ သံဃာထုအတွက် ဖြစ်တယ်ဆိုတာကို ဆန္ဒပြမှုတွေကို မထောက်ခံတဲ့ ဆရာတော်တွေ သိစေချင်တယ်လို့ မိန့်ပါတယ်။

“အခု လုပ်နေတာ တစ်ဦးတစ်ယောက်ကို ခံစားလို့လုပ်နေတာမဟုတ်ဘူး။ သံဃာထုတရပ်လုံးကို စော်ကားနေလို့ လုပ်နေတာ။ ဟုတ်ပြီ။ ဦးဇင်းတို့ နိုင်ငံကို တခြားနိုင်ငံတစ်ခုကနေပြီးတော့ အဲ့လို ရန်စကျူးကျော်မယ်ဆိုလို့ရှိရင် ဦးဇင်းတို့ရဲ့ပြည်နယ်တစ်ခုကို တခြားနိုင်ငံက သိမ်းပိုက်မယ်ဆိုလို့ရှိရင် အဲ့ဒီ့ဘုန်းကြီးတွေ အဲ့ဒီ့စကားပြောမလား၊ အဲ့ဒီ့လူတွေ အဲ့ဒီ့စကားပြောမလား ဆိုတာ ဦးဇင်းတို့မေးခွန်းပြန်ထုတ် ချင်ပါတယ်။”

နိုင်ငံတော်သမ္မတ ကိုယ်တိုင် ဦးဆောင်ပြီး လက်ပံတောင်းတောင်သပိတ်စခန်းတွေမှာ ဒဏ်ရာ ရခဲ့ တဲ့ သံဃာတော်တွေ ကို ပြန်လည်တောင်းပန်ဖို့ ဆိုပြီး မြန်မာနိုင်ငံအနှံ့အပြား က သံဃာတော်တွေ တောင်းဆိုနေကြတာဖြစ်ပါတယ်။ ဒီကနေ့ မှာလည်း နိုင်ငံတော် သမ္မတ ကိုယ်တိုင်တောင်းပန်ဖို့ တောင်းဆိုချက်တွေကို မြို့တချို့က သံဃာတော်တွေက စုဝေးပြီးမှာ ဆက်လက်တောင်းဆိုမှုတွေပြု လုပ်ခဲ့ ကြပါတယ်။

Ref: VOA News

Read More...

Thursday, December 13, 2012

အစိုးရ မတောင်းပန်မချင်း မန္တလေးသံဃာများ နေ့စဉ် ဆန္ဒပြမည်

နေမျိုး
ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ ၁၂ ရက် ၂၀၁၂

နယူးဒေလီ (မဇ္ဈိမ) ။ ။ ရဟန်းသံဃာအပေါ် အကြမ်းဖက်မှုများအတွက် အစိုးရမှ ဝန်ချတောင်းပန်မှု မပြုမချင်း ဆက်လက် ဆန္ဒပြကြမည်ဟု မန္တလေးမြို့သံဃာများက ပြောဆိုလိုက်ပြီး ဗုဒ္ဓဟူးနေ့တွင် အပါး တထောင်ကျော် အင်အားဖြင့် ဆန္ဒပြပွဲများကို စတင် လိုက်ကြသည်။

နိုဝင်ဘာလ ၂၉ ရက်နေ့ မိုးမသောက်မီ သပိတ်စခန်းများအား အာဏာပိုင်များက အကြမ်းဖက် ဖြိုခွင်းစဉ် ထိခိုက် ဒဏ်ရာ ရခဲ့သည့် သံဃာများအား သမ္မတနှင့် အစိုးရအဖွဲ့က ဝန်ချတောင်းပန်သည်အထိ နေ့စဉ် ဆက်လက် ဆန္ဒပြကြ မည်ဟု မြန်မာနိုင်ငံလုံး ဆိုင်ရာ သံဃာ့လှုပ်ရှားမှု ဦးဆောင်ကော်မတီ မှ ဆရာတော် ဦးသောဘိတ က မဇ္စျိမ ကို မိန့်ကြားလိုက်ခြင်း ဖြစ်သည်။

“သံဃာထုကို မီးလောင်ဗုံးတွေနဲ့ အကြမ်းဖက် ဖြိုခွင်းပြီးတော့ တောင်းပန်မှုကို မလုပ်ခဲ့ဘူးဆိုရင် အလွန်အင်မတန် ရာဇဝင်ရိုင်းတဲ့၊ သမိုင်းရိုင်းတဲ့ ကိစ္စတခုဖြစ်တယ်။ တောင်းဆိုချက်တွေ မရမချင်း ဦးပဉ္ဇင်းတို့ လုပ်စရာရှိတာ ဆက်လုပ် မယ်။ ဦးပဉ္ဇင်းတို့ သံဃာတွေ အားလုံးကို ပြောခဲ့တာက နောက်ရက်တွေ နေ့စဉ် ဒီလိုနေရာ၊ ဒီလိုအချိန်မှာပဲ စုဝေးပြီး ဆန္ဒပြမယ်လို့ ပြောခဲ့တယ်” ဟု မိန့်ဆိုသည်။

ဒီဇင်ဘာလ ၁၂ ရက်နေ့ နေ့လည်ပိုင်းက မန္တလေးမြို့ ဦးပွားဘုရားကြီးတွင် စုဝေးကာ စတင်ချီတက်ခဲ့ကြပြီး သုံးနာရီ ခန့်ကြာ လမ်းလျှောက် ဆန္ဒပြခဲ့ကြောင်း ဦးပဉ္ဇင်းက ဆက်မိန့်သည်။

“အဲဒီကနေ ၈၄ လမ်းမကြီးပေါ် ထွက်တယ်။ အနောက်ပေါ့နော်၊ ၄၂ လမ်းထိအောင် လျှောက်တယ်။ ဂုံးကျော်ကနေ အဆင်း ညာဘက်ဘုရားကြီး အရှေ့ဘက်မုခ်ဘက် သွားတယ်။ အဲဒီကနေ ဦးပွား ဘုရားကြီး ဘက်ကိုပြန်ပြီးတော့ အားလုံး အေးအေး ဆေးဆေးနဲ့ပဲ ပြီးသွားပါတယ်” ဟု ရှင်းပြသည်။

သံဃာများ ချီတက်ဆန္ဒပြရာတွင် ပြည်သူများ၊ ဗကသ ကျောင်းသားများ၊ ကုန်ဈေးနှုန်း ကျဆင်းရေး အဖွဲ့ဝင်များ အပါအဝင် အင်အား ၃ဝဝ ခန့်က လိုက်ပါ ဝန်းရံခဲ့ကြသည်။

လမ်းတလျှောက် အာဏာပိုင်များက တားဆီးဟန့်တားမှု မရှိသော်လည်း မန္တလေးတိုင်း သာသနာရေး ဝန်ကြီး ဦးသန်းစိုးမြင့် က ၎င်း၏ရုံးတွင် ဦးဆောင် သံဃာအချို့အား ခေါ်ယူတွေ့ဆုံမှု ပြုလုပ်ခဲ့ကြောင်း ဦးပဉ္ဇင်း က ရှင်းပြသည်။

“သူဆိုချင်တာကတော့ မဟန(မဟာသံဃာ့နာယက) ဘုန်းကြီးတွေကို တောင်းပန်ထားတယ်။ ရန်ကုန်မှာ ဖမ်းထားတဲ့ ပုဂ္ဂိုလ်တွေကို လွှတ်ထားတယ်။ ဦးပဉ္ဇင်းတို့ကို လမ်းပေါ်မှာ ထွက်ပြီး မလျှောက်ဖို့။ လုပ်လို့ရှိရင် ဥပဒေနဲ့ ဖမ်းမယ့်ပုံစံ မျိုး ပြောတာတော့ ရှိပါတယ်။ ဦးပဉ္ဇင်းတို့က တောင်းဆိုထားတဲ့ ကိစ္စကို မလိုက်လျောလို့ရှိရင် လုပ်သင့်လုပ်ထိုက် တာကို ရှေ့ဆက်လုပ်မှာပဲလို့ ပြောခဲ့တယ်” ဟု မိန့်ဆိုသည်။

ဆက်လက်၍ “သူတို့ကတော့ အထက်ကို တင်ပြပါ့မယ်ဆိုပြီး ထုံစံအတိုင်း စကားတွေပဲ ပြောတာပေါ့။ ဒကာကြီးတို့ ဒီစကားတွေ ပြောတာ အကြိမ်ရေ မနည်းလှဘူး။ အစက ဦးပဉ္ဇင်းတို့ ထိုင်သပိတ်တွေ လုပ်ခဲ့တယ်။ အခုလမ်းလျှောက် တဲ့ အဆင့်ထိ တက်လာတယ်။ ဘာကြောင့်လဲ ဆိုလို့ရှိရင် ဒကာကြီးတို့ရဲ့တုံ့ပြန်မှုတွေက အရမ်းကို အေးစက်စက်
နိုင်ပြီးတော့ မသိကျိုးကျွံပြုလွန်းရာ ကျလွန်းလို့ ဦးပဉ္ဇင်းတို့ ဆန္ဒပြရခြင်း ဖြစ်တယ်လို့ ပြောခဲ့တယ်” ဟု ဦးသောဘိတ က မိန့်ဆိုသည်။

သာမန် မီးလောင်ဒဏ်ရာမဟုတ် ဆိုသည့်အချက်၊ အကြမ်းဖက်ခံရသည့် ပုဂ္ဂိုလ်များသည် ရဟန်းသံဃာများ ဖြစ်ခြင်း
နှင့် ဒဏ်ရာ အင်မတန်ပြင်းထန်ကြောင်း သိရှိစေလိုပြီး ထိုသို့သော လုပ်ရပ်မှာ သန့်ရှင်းကောင်းမွန်သော အစိုးရ တရပ်၏ လုပ်ရပ်မဟုတ်ကြောင်း ဦးပဉ္ဇင်း က ဖြည့်စွက်ပြောဆိုသည်။

“ဒါမျိုးတွေကို ခေါင်းငုံခံခဲ့ရင် ဒီထက်မကတဲ့ အကြမ်းဖက်မှု၊ ဖိနှိပ်မှုတွေ မလွှဲမသွေ ကြုံလာရမယ်ဆိုတာ ဦးပဉ္ဇင်း တို့ မြင်နေလို့ပါ။ ဦးပဉ္ဇင်းတို့နဲ့အတူ တညီတညွှတ်တည်း တစိတ်တဝမ်းတည်း ပူးပေါင်းပါဝင်ကြပါလို့ ပြောချင်ပါတယ်” ဟု မိန့်ကြားသွားသည်။

သပိတ်စခန်း အကြမ်းဖက် နှိမ်နင်းမှုတွင် ပါဝင်ပတ်သက်သော ပုဂ္ဂိုလ်များအား ထိရောက်စွာ အရေးယူပေးရန်နှင့် ဖမ်းဆီးထားသူများကိုလည်း ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေး တောင်းဆိုထားသည်။

Ref: မဇ္ဈိမ

Read More...

အကျဉ်းထောင်များသို့ ဝင်ရောက် စစ်ဆေးကူညီရန် ICRC ပြင်ဆင်

လင်းသန့်
December 12, 2012

ဆွစ်ဇာလန်နိုင်ငံ အခြေစိုက် ကမ္ဘာ့ကြက်ခြေနီအဖွဲ့ (ICRC) သည် မြန်မာနိုင်ငံတွင်းရှိ အကျဉ်းထောင်များ အတွင်းသို့ ပြန်လည် ၀င်ရောက် စစ်ဆေး ကူညီမှုများ စတင်လုပ်ဆောင်ရန် ပြင်ဆင်နေကြောင်း သတင်းရရှိသည်။

ယခုကဲ့သို့ ICRC ကို အကျဉ်းထောင်များသို့ ပြန်လည် ၀င်ရောက်ခွင့် ပြုခြင်းအား အမေရိကန် သမ္မတ မစ္စတာ ဘားရက် အိုဘားမား၏ မြန်မာနိုင်ငံ ခရီးစဉ် မတိုင်မီ နိုဝင်ဘာလအတွင်း သမ္မတ ဦးသိန်းစိန် အစိုးရက ခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အကျဉ်းထောင်များသို့ စစ်ဆေးကူညီမှု မလုပ်နိုင်ဘဲ ၇ နှစ်ကာလကြာပြီးနောက် ICRC အနေဖြင့် ပြန်လည် ၀င်ရောက် စစ်ဆေးရန် ပြင်ဆင်မှုများ လုပ်ဆောင်နေကြောင်း၊ မည်သည့် အကျဉ်းထောင်၊ ရဲဘက်စခန်းသို့ မည်သည့်နေရက်တွင် စတင်မည် ဆိုသည်ကိုမူ မသတ်မှတ် ရသေးကြောင်း ICRC ၏ အရှေ့တောင်အာရှ၊ ပစိဖိတ်ဒေသဆိုင်ရာ တာဝန်ခံ မစ္စတာ Alain Aeschlimann က ပြောကြောင်းICRC ၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက အကျဉ်းထောင်များအတွင်းသို့ ICRC ပြန်လည် ၀င်ရောက်ခွင့် ရခြင်းကြောင့် အကျဉ်းထောင်များ၏ ကျန်းမာရေး စောင့်ရှောက်မှု၊ အစားအသောက်နှင့် နေထိုင်မှု၊ အကျဉ်းသား မိသားစုများ ထောင်ဝင်စာတွေ့ဆုံရမှု စသည့်ကိစ္စများအပြင် အထူးသဖြင့် နိုင်ငံရေးအကျဉ်းသား အရေအတွက် ဆိုင်ရာနှင့် ပတ်သက်၍ စာရင်းတခု အဖြစ် ပေါ်ထွက် လာနိုင်ကြောင်း၊ ယခင်က အခြေအနေနှင့် နိုင်းယှဉ်ပြီး ဧရာဝတီသို့ ပြောသည်။

“စာအုပ်စာတမ်း ကျနော်တို့ ဖတ်ရှု့ခွင့်ရခဲ့ကြတယ်။ နိုင်ငံရေး အကျဉ်းသားတွေ အတွက်တော့ ဒါဟာ တကယ့်ကို အဖိုး မဖြတ်နိုင်တဲ့ အခွင့်အရေးဘဲ။ နောက်တခါ တမံသလင်းပေါ်မှာ ၉ နှစ်လောက် အိပ်ခဲ့ရာကနေ သစ်သား ကွပ်ပျစ် ရလာတာသည် ကျန်းမာရေး အတွက် တော်တော့်ကို အဆင်ပြေသွားတာပေါ့။ အဲဒီလိုမျိုး အခြေအနေ တိုးတက် လာတာတွေ ရှိပြီးကာမှ ICRC အကျဉ်းထောင်တွေထဲ ၀င်ခွင့် မရတော့ဘူး ဆိုတဲ့အချိန်မှာ ကျနော်တို့အားလုံးက တော်တော်လေး စိတ်ပျက်တာပေါ့” ဟု ဦးကိုကိုကြီးက ဆိုသည်။

မိသားစုနှင့် အဆက်အသွယ် ပြတ်နေသူများအတွက် အဆက်အသွယ် ပြန်လည်ရရှိမှု၊ ကျန်းမာရေးဆေးဝါး ထောက်ပံ့မှု၊ အားကစား၊ စာပေ၊ လူမှု အကူအညီများ ICRC က လုပ်ဆောင်ပေးသဖြင့် အကျဉ်းသား မိသားစုများလည်း အထောက်အပံ့ ရရှိနိုင်ကြောင်း၊ အကောင်းဆုံးသည် နိုင်ငံရေး အကျဉ်းသား အားလုံး ချွင်းချက်မရှိ လွှတ်ပေး လိုက်ခြင်းဖြစ်ကြောင်း သူက ဆက်ပြောသည်။

ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးဘိုကြည်က ICRC အနေဖြင့် ၄င်းတို့၏ စည်းမျည်း စည်းကမ်းများအတိုင်း တိတိကျကျ လုပ်ဆောင်မည်ဟု မျှော်လင့်ကြောင်း၊ သို့သော်လည်း အကျဉ်းထောင်ပေါင်း ၄၂ ထောင်နှင့် ရဲဘက်စခန်း ၁၀၀ ကျော်တို့သို့ မည်ကဲ့သို့ ထိရောက်စွာ သွားရောက် ကူညီနိုင်မည်ဆိုသည်ကို စောင့်ကြည့်ရမည်ဖြစ်ကြောင်း ပြောသည်။

“ICRC က သူတွေ့တဲ့ အကျဉ်းသားတွေကို မှတ်တမ်းတင်လေ့ရှိတယ်။ ဒါပေမယ့် ပြဿနာက သူက အပြင်ကို ထုတ်ပြောလေ့မရှိဘူး။ ဒါကြောင့် ICRC ကနေပြီး နိုင်ငံရေးအကျဉ်းသား အရေအတွက်ကို သိရပါ့မလား ဆိုတာကလည်း နည်းနည်းမေးခွန်းတော့ ရှိမယ်” ဟု သူက ဆိုသည်။

နိုဝင်ဘာလက အစိုးရ၏ ကြေညာချက်အရ ပြန်လည် ဆန်းစစ်ခြင်း ဘုတ်အဖွဲ့တခု (Review Board) လုပ်ရန် စီစဉ်ထားခဲ့ကြောင်း၊ သို့သော် မည်သည့်ပုံစံကိုမူ မသိရကြောင်း၊ ဖြစ်သင့်သည်က အဆိုပါ ဘုတ်အဖွဲ့တွင် ICRC အပြင် အစိုးရ ကိုယ်စားလှယ်၊ နိုင်ငံတကာမှ ကုလသမဂ္ဂမှ ကိုယ်စားလှယ်၊ နိုင်ငံရေးအကျဉ်းသားနှင့် ပတ်သက်၍ ထဲထဲဝင်ဝင် လုပ်နေသည့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များ စသည်တို့ ပါဝင်သင့်ကြောင်း ဦးဘိုကြည်က ဆက်လက် အကြံပြုသည်။

“လာဘ်ပေးလာဘ်ယူမှုတွေ၊ နှိပ်စက်ညှင်းပန်းမှုတွေ ရှိနေသေးတယ်။ ဒါတွေ အရင် ရပ်တန့်အောင် လုပ်ဖို့လိုပါတယ်။ အဲဒါတွေ မရပ်တန့်ဘူးဆိုရင် အကျဉ်းထောင် အခြေအနေ တိုးတက်ဖို့ဆိုတာ တော်တော်ခက်ပါ တယ်၊ ICRC ကတော့ သူ့ရဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ ကြိုးပမ်းပြီး ကူညီလုပ်ဆောင်ပေးမယ်ဆိုတာ ကျနော်တို့ သံသယ ဖြစ်စရာမရှိဘူး။ ဒါပေမယ့် အစိုးရက ဘယ်လောက်အထိ လွတ်လွတ်လပ်လပ် လုပ်ခွင့်ဆက်ပေးမလဲ ဆိုတာတော့ ကျနော်တို့ စောင့်ကြည့်ရမှာပေါ့” ဟု ဦးဘိုကြည်က ဆိုသည်။

ယခင်ကလည်း ICRC ကို အစိုးရက အဆိုပါလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ခွင့် ပေးခဲ့သော်လည်း ကန့်သတ် ပိတ်ပင်မှုများ လုပ်ခဲ့ခြင်းမျိုး ယခုတခါ မဖြစ်သင့်ကြောင်း သူက ဆက်ပြောသည်။

ယခုကဲ့သို့ ICRC သည် အကျဉ်းထောင်များသို့ ပြန်လည် ၀င်ရောက်စစ်ဆေးမှု လုပ်ဆောင်တော့မည်ကို နိုင်ငံရေး အကျဉ်းသားဟောင်းများ၊ လက်ရှိ ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များက ကြိုဆိုကြကြောင်း သိရသည်။

ICRC သည် မြန်မာနိုင်ငံတွင် ၁၉၈၀ ခုနှစ်လွန် ကာလများကတည်းက မြေမြှုပ်မိုင်းကြောင့် ခြေလက် ဆုံးရှုံးခဲ့ရသူများနှင့် တခြားသော ကျန်းမာရေး၊ လူမှုရေးဆိုင်ရာ လိုအပ်သူများကို အကူအညီပေးခဲ့သည်။

ထို့ပြင် ၁၉၉၉ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိ အကျဉ်းထောင်များသို့ ၀င်ရောက် စစ်ဆေးခြင်း၊ နိုင်ငံရေး အကျဉ်းသားများနှင့် တခြား အကျဉ်းသားများအား နှစ်သိမ့်အားပေးစကား ပြောကြားပြီး လိုအပ်သည့် ကျန်းမာရေး၊ ပညာရေး လူမှုရေး အကူအညီများကို ပေးခြင်းများ လုပ်ဆောင်ခဲ့သည်။

ထိုကာလအတွင်း အကျဉ်းထောင်ပေါင်း ၄၀ ကျော်နှင့် ရဲဘက်စခန်းပေါင်း ၁၀၀ ကျော်ရှိ အကျဉ်းသားပေါင်း ၁ သိန်း ကျော်အား ICRC က တွေ့ဆုံ ကူညီပေးမှုများ လုပ်ဆောင်ခဲ့သည်။

သို့သော် ၂၀၀၄ ခုနှစ်တွင် ၀န်ကြီးချုပ်ဟောင်း၊ စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွှန့်နှင့် အပေါင်းအပါများအား ထိုစဉ်က စစ်ခေါင်းဆောင်များက ဖမ်းဆီးအကျဉ်းချပြီးနောက် ၂၀၀၅ ခုနှစ်ကုန်ပိုင်းမှစ၍ အကျဉ်းထောင်များသို့ ၀င်ရောက်စစ်ဆေး အားပေးနှစ်သိမ့်မည်ဆိုပါက စစ်အစိုးရ ကျောထောက် နောက်ခံပေးထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေး အသင်း အဖွဲ့ဝင်များနှင့်အတူ လက်တွဲလုပ်ဆောင်ရမည်ဟူသည့် ကန့်သတ်မှုနောက်ပိုင်း ICRC ၏ လုပ်ငန်းများ ရပ်ဆိုင်းခဲ့သည်။

ICRC သည် အကျဉ်းသားများနှင့်တွေ့ဆုံမှုတွင် အဖွဲ့၏ ဘက်မလိုက် မူဝါဒနှင့်အညီ အကျဉ်းသားတဦးချင်းစီကို လွတ်လပ်စွာ တွေ့ဆုံနှစ်သိမ့်အားပေးသည့်အတွက် ၂၀၀၅ ခုနှစ် နောက်ပိုင်း အကျဉ်းထောင်များတွင်းသို့ ဝင်ရောက်နိုင်ခြင်း မရှိဘဲ ၇ နှစ်နီးပါးကြာမြင့်ခဲ့ရာ နိုင်ငံတကာက အဆိုပါ ကိစ္စအား မြန်မာအစိုးရက ခွင့်ပြုရန် ဖိအားပေး တောင်းဆိုမှုများ ဆက်တိုက် လုပ်ဆောင်ခဲ့သည်။

ICRC သည် ကချင်၊ ကရင် စသည့် လက်နက်ကိုင် ပဋိပက္ခများဖြစ်ပွားရာ ဒေသများတွင် လူသားချင်း စာနာထောက်ထားမှု အကူအညီများ၊ ကျန်းမာရေးနှင့် လူမှုရေး အကူအညီများကိုသာ ဆက်လက် လုပ်ကိုင်နိုင်ခဲ့သည်။

မကြာသေးမီက ရခိုင်ပြည်နယ် ပဋိပက္ခ ဖြစ်ပွားရာ ဒေသများတွင်လည်း ICRC က လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးခဲ့သည်။

Ref: ဧရာဝတီ

Read More...

ထိုင်းအလုပ်သမားမူဝါဒသစ် ရွှေ့ပြောင်းလုပ်သားတွေပေါ် ထိခိုက်နိုင်

စုမြတ်မွန်
12.12.2012

ဒီဇင်ဘာလ ၁၄ ရက်နောက်ပိုင်းကစလို့ ထိုင်းနိုင်ငံမှာ တရားဝင်နေထိုင်ခွင့် အလုပ်လုပ်ခွင့် လက်မှတ် ရှိမှသာ ရွှေ့ပြောင်း အလုပ်သမားတွေ လာအလုပ်လုပ်နိုင်မဲ့ မူဝါဒသစ်ဟာ လူမှောင်ခိုကူးမှု၊ အလုပ်ရှင်တွေ အပေါ် အလုပ် သမားတွေ အကြွေးတင်မှု ပိုပြီး များစေ လိမ့်မယ်လို့ ရွှေ့ပြောင်းနေထိုင်မှု ဆိုင်ရာ ကျွမ်းကျင်သူက သုံးသပ် လိုက်ပါတယ်။ မြန်မာနိုင်ငံက အပါအဝင် ထိုင်းနိုင်ငံမှာ ရှိနေကြတဲ့ တရားမဝင် ရွှေ့ပြောင်း အလုပ်သမားတွေကို နေရပ်ရင်းပြန်ပို့ဖို့ ထိုင်းအစိုးရ သတ်မှတ်ထား တဲ့ နောက်ဆုံးရက် နီးလာချိန်မှာ စာရွက်စာတမ်း အတု ပြဿနာတွေ ပေါ်ပေါက်နေတယ်လို့ မြန်မာ အလုပ်သမား အရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။ ထိုင်းအစိုးရရဲ့ မူဝါဒသစ်ကြောင့် သန်းချီ ရှိနေတဲ့ မြန်မာနိုင်ငံက တရားမဝင်ရွှေ့ပြောင်းလုပ်သားတွေအပေါ် ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေကို ဘန်ကောက်ရုံးက မစုမြတ်မွန်က တင်ပြပါမယ်။

ထိုင်းနိုင်ငံမှာ ဒီဇင်ဘာလ ၁၄ ရက်နောက်ပိုင်း တရားဝင် နေထိုင်ခွင့် အလုပ်လုပ်ခွင့် စာရွက်စာတမ်း မရှိတဲ့၊ သက်တမ်း ကုန်နေတဲ့ ရွှေ့ပြောင်း အလုပ် သမားတွေကို နေရပ်ရင်းပြန်ပို့မယ်လို့ ထိုင်းအစိုးရ က ကြေညာထားတဲ့ အတိုင်း နောက်ဆုံး သတ်မှတ်ရက်ရောက်ဖို့ ရက်ပိုင်းပဲ လိုတော့ချိန်မှာ မြန် မာနိုင်ငံက တရားမဝင် အလုပ် လာလုပ်နေကြသူတွေ စိုးရိမ်နေကြ ပါတယ်။ တရားဝင် အထောက် အထား မရှိကြသူတွေ အဖမ်းခံရမဲ့အရေး စိတ်ပူနေကြတာကို မြန်မာနိုင်ငံက ရွှေ့ပြောင်း အလုပ်သမားတွေ အရေးဆောင်ရွက်ပေးနေတဲ့ မဲဆောက်မြို့က ကိုမိုးကြိုးက ခုလိုပြောပြပါတယ်။

“ထိုင်း-မြန်မာနယ်စပ်အပါအဝင် ပတ်ဝန်းကျင်မြို့ရွာတွေမှာတော့ ဒီကိစ္စက ခြိမ်းခြောက်မှုတခုပဲ။ အားလုံးလည်း ထိတ်လန့် တကြား ဖြစ်နေကြတယ်ပေါ့။ ပြောမယ်ဆိုရင် သူတို့တွေ အဖမ်းအဆီး ကို တော်တော်လေးကို ကြောက်လန့်နေကြတယ်။”

အဖမ်းခံရလို့ နေရပ်နိုင်ငံဘက်ကို ပြန်ပို့ခံရသူတွေအနေနဲ့ ထိုင်းနိုင်ငံမှာ ပြန်လာအလုပ်လုပ်ချင်တယ် ဆိုရင် အလုပ် ခန့်စာနဲ့ လျှောက်ရတဲ့ မြန်မာအစိုးရဆီက ယာယီနိုင်ငံကူးလက်မှတ်နဲ့မှ ထိုင်းနိုင်ငံထဲ ကို ပြန်ဝင်နိုင်တော့မှာဖြစ်ပါတယ်။ ထိုင်းနိုင်ငံထဲရောက်ရင်လည်း အလုပ်လုပ်ခွင့် လက်မှတ်ကို ထပ်ပြီး လျှောက်ရမှာဖြစ်ပါတယ်။ အဲဒီလို ထိုင်းနိုင်ငံမှာ တရားဝင်အလုပ်လုပ်နိုင်ဖို့ ကုန်ကျစရိတ် များတာကြောင့် လုပ်အားခ နည်းနည်းပဲရတဲ့ ရွှေ့ပြောင်းအလုပ်သမား အတော်များများက တရားဝင် အလုပ်လုပ်ဖို့ မတတ်နိုင်ကြတာဖြစ်ပါတယ်။

“ကြီးကြီးမားမား အကျပ်အတည်း အခက်အခဲ ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ လိုအပ်တဲ့ ကုန်ကျစရိတ် မတတ်နိုင် ကြတာပါပဲ၊ အရင်တုန်းက ဆိုရင် အလုပ်သမား လက်မှတ် တမျိုးတည်းတောင်မှပဲ ဘတ် လေးထောင်ကျော် ကုန်တယ်ဗျာ။ အခု ယာယီပတ်စ်ပို့ဆိုတဲ့ ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံ အစိုးရရဲ့ အစီအစဉ်နဲ့လုပ်ရတာ မဲဆောက်နဲ့ မြဝတီမှာဆိုရင် ဘတ် ၅,၅၀၀ ကုန်တယ်။ ထိုင်းနိုင်ငံမှာ အလုပ်သမား တယောက်က နေထိုင် အလုပ်လုပ်ဖို့အတွက် အားလုံးပေါင်း ဘတ်တသောင်း ဝန်းကျင်လောက် ကုန်တယ်ဗျ။ ဒီကိစ္စကို ဘယ်သူမှ မတတ်နိုင်ကြဘူး။ ထိုင်း-မြန်မာ နယ်စပ်က ပိုတောင် မတတ်နိုင်သေးတယ်။ လုပ်အားခ အနည်းဆုံးဒေသဖြစ်နေလို့။”

လောလောဆယ် ထိုင်းနိင်ငံမှာ မြန်မာအလုပ်သမား ၄ သန်းထက်မနည်းရှိနေပြီး တဝက်လောက်က တရားဝင်နေထိုင် အလုပ်လုပ်ခွင့် မရှိကြဘူးလို့ ဘန်ကောက်မြို့ဝန်းကျင်က မြန်မာအလုပ်သမားတွေ အရေးကို ဆောင်ရွက်နေသူ ဦးကျော်သန်းကဆိုပါတယ်။

ထိုင်းအစိုးရရဲ့ ဒီဇင်ဘာ ၁၄ ရက် နောက်ဆုံးသတ်မှတ်ရက်ကြောင့် မြန်မာရွှေ့ပြောင်းအလုပ်သမား အမြောက်အမြားရှိတဲ့ စမွတ်စခွန် မဟာချိုင်ဘက်မှာ ယာယီနိုင်ငံကူး လက်မှတ် အတု လုပ်တဲ့ ပြဿနာတွေလည်း ပေါ်ပေါက်နေပါတယ်။

“မဟာချိုင်အပါအဝင် ဘန်ကောက်ပေါ့။ ဘန်ကောက်မှာလည်း အဲဒါမျိုးတွေ အနည်းအကျဉ်း အတုတွေ လုပ်ကြတယ်။ ဆိုလိုတာက အဲဒီ စာရွက်စာတမ်းမရှိဘဲနဲ့ ပွဲစားတွေနဲ့ ထိုင်း-မြန်မာ တာဝန်ရှိတဲ့အမှုထမ်းတွေက အခု တရားမဝင်တဲ့ပုံစံမျိုးနဲ့ ပတ်စ်ပို့တွေ လုပ်ပေးနေတယ်။ ယာယီ ပတ်စ်ပို့တော့ ဖြစ်သွားတယ်။ ဒါပေမဲ့ အဲဒီအလုပ်သမားတွေက ထိုင်း ဥပဒေကြောင်းအရဆိုရင် Work Permit လျှောက်တာမျိုးတို့၊ နေထိုင်ခွင့်တို့က မရှိဘူး။ စာအုပ်တော့ စာအုပ်ပါပဲ၊ အဲဒါတွေ ကျနော်တို့လက်ထဲမှာ သေသေချာချာ အထောက်အထား ရှိထားတာတွေက ရှိတယ်။ အဲဒါကို မြန်မာ သံရုံးကိုလည်း ကျနော်တို့က တင်ပြ တောင်းဆိုထားတာရှိတယ်။ အလုပ်သမားတွေကတော့ ဘတ် သောင်း၊ ခြောက်ထောင့်ငါးရာကနေ သောင်းရှစ်ထောင်အထိ အကုန်အကျ ခံပြီးတော့မှ ဒီလို ဒီလို စာအုပ်တွေ လုပ်ထားတယ်၊ မိတ္တူတွေလည်း ရထားပြီးပြီ ဖြစ်တယ်-ဆိုပြီးတော့ လွန်ခဲ့တဲ့ တပတ်လောက်ကတည်းက ကျနော်တို့ သတင်းပေးပို့ထားတယ်။”

ထိုင်းတာဝန်ရှိသူတွေနဲ့ ပွဲစားတွေပေါင်းပြီးတော့ ခုလိုလုပ်နေကြတာလို့ ဆိုပါတယ်။ အလုပ်သမား အင်အား အမြောက်အမြား လိုအပ်တဲ့ ထိုင်းနိုင်ငံရဲ့ ကုန်ထုတ်လုပ်မှု လုပ်ငန်းရှင်တွေဟာ အလုပ်အားခ အင်မတန် သက်သက် သာသာနဲ့ ခိုင်းနိုင်တဲ့ ရွှေ့ပြောင်း အလုပ်သမားတွေကို လိုလားပါတယ်။ အလုပ်အကိုင်ရှားပါးတဲ့ မြန်မာနိုင်ငံက အလုပ်လုပ်ချင်တဲ့သူတွေ ကလည်း အမြောက်အများ ရှိတာမို့ ထိုင်းအစိုးရရဲ့ ရွှေ့ပြောင်း အလုပ်သမားတွေ တရားဝင်နေထိုင်ခွင့် အလုပ် လုပ်ခွင့်ရှိမှ အလုပ်လုပ်နိုင် တော့မယ်ဆိုတဲ့ မူဝါဒအသစ်ကြောင့် ဆိုးကျိုးတွေ ရှိလာနိုင်တယ်လို့ မဟိဒေါတက္ကသိုလ် လူဦးရေနဲ့ လူမှုရေး ဆိုင်ရာလေ့လာရေး ဌာနက ရွှေ့ပြောင်းသူများအရေး ကျွမ်းကျင်သူ ပညာရှင် Andy Hall ကသုံးသပ်ပါတယ်။

ထိုင်းအစိုးရရဲ့ မူဝါဒသစ်ကြောင့် စနစ်တကျ အာဏာအလွဲသုံးစားလုပ်မှုတွေ၊ လာဘ်ပေး လာဘ်ယူ မှုတွေ ပိုများလာနိုင်တယ်။ လူကုန် ကူးမှုတွေ ပိုများလာနိုင်တယ်။ အလုပ်ရှင်တွေဆီမှာ အကြွေးနဲ့ ချီတုပ် ခိုင်းခံရမှုတွေ ပိုများလာနိုင်တယ်။ ရွှေ့ပြောင်း အလုပ်သမားတွေ အတွက် အင်မတန် အနုတ်လက္ခဏာ ဆောင်တဲ့ သက်ရောက်မှုတွေရှိလာနိုင်ပါတယ်။ တရားမဝင် အလုပ်သမားတွေကို အလုပ်ပေးထားတဲ့ အလုပ်ရှင်တွေ အပေါ်မှာလည်း အလားတူ သက်ရောက်မှုတွေ ရှိနိုင်တယ်လို့ မဟီဒေါတက္ကသိုလ် လူဦးရေနဲ့ လူမှုရေးဆိုင်ရာလေ့လာရေးဌာနက ရွှေ့ပြောင်းသူများအရေး ကျွမ်းကျင်သူ Andy Hall က ပြောသွားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လက ထိုင်းနိုင်ငံကိုလာသွားတဲ့ မြန်မာအလုပ်သမား ဒုတိယ ဝန်ကြီး ဦးမြင့်သိန်းနဲ့ ထိုင်းနိုင်ငံ တာဝန်ရှိသူတွေကြား ညှိနှိုင်းမှုကြောင့် ယာယီနိုင်ငံကူးလက်မှတ်နဲ့ အလုပ်သမားလက်မှတ် ရှိထားကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ သက်တမ်းတိုးချိန် နောက်ဆုံးရက်ကို ဒီဇင်ဘာ ၁၄ ရက်အစား ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ပြောင်းရွှေ့အချိန်ပေးထားပါတယ်ရှင်။

Ref: VOA News

Read More...

ပုသိမ်တွင် ဆန္ဒပြ သံဃာတော်နှင့် ဦးဆောင်သူများ အမှုဖွင့်ခံရ

သန့်စင်ငြိမ်းချမ်း
December 12, 2012

ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့တွင် ၂ ရက် ဆက် ပြုလုပ်ခဲ့သည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး ဆန္ဒပြပွဲ ဦးဆောင်သူ ၃ ဦးကို ပုသိမ်မြို့ရှိ အသည်ကြီး ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ရဲ သတင်းရပ်ကွက်မှ သိရသည်။

ဒီဇင်ဘာ ၁၀၊ ၁၁ ရက်တွင် ပြုလုပ်သည့် ဆန္ဒဖော်ထုတ်ပွဲနှင့်ပတ်သက်ပြီး ၂၀၀၇ ရွှေဝါရောင် ဆရာတော် ဦးတေဇောဘာသ (ခေါ်) ဦးပဉ္ဇင်းနိုင်ကြီး၊ တက်ကြွ လှုပ်ရှားသူ ကိုကျော်စွာနှင့် ကိုမြင့်အောင်တို့အား ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်း လှည့်လည်ခွင့် ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၈ ဖြင့် အသည်ကြီး စခန်းမှ ရဲအရာရှိတဦးက တရားလိုပြုလုပ်၍ ယနေ့ အမှုဖွင့်လိုက်ခြင်း ဖြစ်သည်။

“သူတို့ကို အမှုဖွင့်ထားတယ်။ “ပ” နံပါတ် (ပြစ်မှုနံပါတ်)တော့ မထွက်သေးဘူး။ ပုဒ်မ ၁၈ နဲ့ ဖွင့်ထားတာပေါ့။ အသည်ကြီးစခန်းက ရဲအရာရှိ တယောက်က တရားလိုလုပ်ပြီး အမှုဖွင့်ထားတာ။ တရားစွဲ၊ မစွဲတော့ မသိသေးဘူး”ဟု ပုသိမ် ရဲတပ်ဖွဲ့နှင့် နီးစပ်သူ တဦး က ပြောသည်။

ပုသိမ်မြို့ အမှတ် ၄ ရပ်ကွက် အသည်ကြီးရဲစခန်းသို့ ဧရာဝတီမှ သွားရောက်မေးမြန်းခဲ့ရာ တာဝန်ရှိ ရဲဝန်ထမ်းတဦးက အမှုဖွင့်ထား သည်မှာ မှန်ကန်ကြောင်း အတည်ပြုပြောကြားသည်။

“ဆန္ဒဖော်ထုတ်မှုနဲ့ပတ်သက်ပြီး လူ ၃ ယောက်ကို အမှုဖွင့်ထားတယ်ဆိုတာ မှန်ပါတယ်။ ဒီကိစ္စက စခန်းမှူး ခွင့်ပြုမှ ပြောလို့ရမှာပါ။ ခွင့်မပြုရင် ပြောပြလို့ မဖြစ်ဘူး ခင်ဗျ”ဟု အဆိုပါ ရဲဝန်ထမ်းက ပြောသည်။

ဆန္ဒဖော်ထုတ်ပွဲ ဦးဆောင် ၃ ဦးသည် ဆန္ဒဖော်ထုတ်ခွင့်ကို မြို့နယ်နှင့် တိုင်းရဲတပ်ဖွဲ့များထံ ၇ ရက် ကြိုတင် တောင်းခံ ခဲ့သော် လည်း ခွင့်မပြုသဖြင့် မူလသတ်မှတ်ထားသည့် အစီအစဉ်အတိုင်း ဆန္ဒဖော်ထုတ်ကြရာမှ ယခုကဲ့သို့ အမှုဖွင့်ခံရခြင်း ဖြစ်သည်။

အမှုဖွင့်ခံထားရသည့် နိုင်ငံရေးအကျဉ်းသားဟောင်း ရွှေဝါရောင်ဆရာတော် ဦးတေဇောဘာသက“ဦးပဉ္ဇင်းတို့ကတော့ မြန်မာပြည်ကြီး ကောင်းစားရေး အတွက် လုပ်နေတာပါ။ အမျိုးဘာသာ သာသနာကို ထိပါးလာလို့ အခုလိုတွေ လုပ်ဆောင်နေတာပါ။ ပြည်သူ လူထု မလိုလားတဲ့ ဒီ စီမံကိန်း မရပ်မချင်းကတော့ ဖမ်းဆီး တရားစွဲထောင်ချလည်း ရင်ဆိုင်သွားမှာပါ”ဟု ပြောသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးနှင့် ငြိမ်းချမ်းစွာ ဆန္ဒပြသူများအား အကြမ်းဖက် ဖြိုခွင်းခဲ့သည့် ဖြစ်ရပ်ကို ရှုတ် ချ ပွဲများ ဆက်တိုက်ပြုလုပ်ခဲ့ရာ တသီးပုဂ္ဂလ တက်ကြွလှုပ်ရှားသူများအပြင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် (ပုသိမ်ခရိုင်)၊ လူ့အခွင့်အရေး စောင့်ကြည့်ကာကွယ်ရေး ကွန်ရက်(HRWDN) နှင့် အမျိုးသား ဒီမိုကရေစီ ကွန်ရက်(NDN) အဖွဲ့များပါ ပူးပေါင်း၍ ဆန္ဒ ဖော်ထုတ်ခဲ့ကြသည်။

ဆန္ဒဖော်ထုတ်သူများက “၀မ်ပေါင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး”၊“သဘာဝ ပတ်ဝန်းကျင်နှင့် ယဉ်ကျေးမှု အမွေအနှစ်များ မပပျောက်ရေး”၊“ပြည်သူပိုင်ပစ္စည်းနှင့် သယံဇာတများ အလွဲသုံးစားပြုလုပ်ခြင်း – အလိုမရှိ” စသဖြင့် ကြွေးကြော် ၍ ပုသိမ်မြို့ရှိ အဓိကကျသည့် နေရာများနှင့် လူစည်ကားရာဈေးများ အနီးတွင် လှည့်လည် ဆန္ဒဖော်ထုတ်ကြခြင်း ဖြစ်သည်။

ဆန္ဒဖော်ထုတ်စဉ်အတွင်း နယ်မြေခံ ရဲတပ်ဖွဲ့၊ ခရိုင် ရဲ ရုံး၊ ရဲ အထူး သတင်းတပ်ဖွဲ့၊ စစ်ဖက်ရေးရာ ထောက်လှမ်းရေး အဖွဲ့များက ဗီဒီယို၊ ဓာတ်ပုံ မှတ်တမ်း ရိုက်ကူးမှုများ ပြုလုပ်ခဲ့ကြသော်လည်း တစုံတရာ တားဆီးနှောင့်ယှက်ခြင်း မရှိခဲ့ကြောင်း သိရသည်။

ယမန်နေ့က ပြုလုပ်သည့် ဆန္ဒဖော်ထုတ်ပွဲသို့ တိုင်းအဆင့် သံဃနာယက အဖွဲ့မှ စေလွှတ်လိုက်သည်ဟု ဆိုကာ သံဃာတော် တပါး က ဆိုင်ကယ်ဖြင့် လိုက်ပါကြည့်ရှုပြီး ဓာတ်ပုံမှတ်တမ်းယူခြင်း၊ သတင်းပို့ခြင်းများ ပြုလုပ်နေသည်ကို တွေ့ရသည်။

“ဦးပဉ္ဇင်းက တိုင်းအဆင့် သံဃနာယက အဖွဲ့ကပါ။ ဒီ ဆန္ဒဖော်ထုတ်မှုမှာ ပုသိမ်က သံဃာတွေ ပါဝင်တာ ရှိမရှိ လိုက်ကြည့်တာ ပေါ့။ ဒီက အခြေအနေတွေ အကုန်လုံးကိုလည်း အထက်က ဆရာတော်တွေဆီကို သတင်းတွေဆက်တိုက် ပေးပို့နေတယ်။ ဘုန်းကြီး တွေ ဒဏ်ရာရတဲ့ ကိစ္စကို ဘယ်လို သဘောထားလဲ ဆိုတော့ သံဃာအလုပ် သံဃာလုပ်ပေါ့နော်။ သံဃာတော်နဲ့ မဆိုင်ဘူးလို့ ဘုန်းကြီးတို့ သံဃနာယက က ဒီလိုပဲ သတ်မှတ်ပါတယ်”ဟု ဆန္ဒဖော်ထုတ်ပွဲ သတင်းလိုက်ယူသည့် နဂါးနှစ်ကောင် ကျောင်း တိုက် မှ အဆိုပါ သံဃာ က မိန့်ကြားသည်။

ယနေ့ကျရောက်သည့် ၁၂. ၁၂. ၂၀၁၂(၁၂ သုံးလုံး) နေ့တွင်လည်း လက်ပံတောင်း ကြေးနီစီမံကိန်းရပ်ဆိုင်းရေး တောင်းဆိုပွဲနှင့် အကြမ်းဖက် နှိမ်းနှင်းခဲ့သည့် ဖြစ်ရပ်အပေါ် ရှုတ်ချပွဲများ ပုသိမ်မြို့၌ ဆက်လက်ပြုလုပ်ရန် စီစဉ်ထားကြောင်း ဦးဆောင်သူများက ပြော သည်။

Ref: ဧရာဝတီ

Read More...

ရန်ကုန်မြို့က သံဃာထုဆန္ဒပြပွဲ

2012-12-12

ရန်ကုန်မြို့က စာသင်သံဃာတော် အပါး ၃၀၀ ဝန်းကျင်ပါဝင်တဲ့ "ဗုဒ္ဓသာဝက ရဟန်းပျိုများအဖွဲ့" ဟာ လက်ပန်းတောင်းတောင် သပိတ် စခန်း ဖြိုခွဲမှုနဲ့ ပတ်သတ်ပြီး တောင်းဆိုထားတဲ့ အချက်တွေကို အစိုးရဖက်က အကောင်အထည် မဖော်ပေးတဲ့ အတွက် ဒီကနေ့ မွန်းလွဲပိုင်းက ရွှေတိဂုံဘုရား ၊ အရှေ့ဘက်မုခ် ၊ ကြေးသွန်း ဘုရားကြီးကနေ ရန်ကုန်မြို့လယ် ဆူးလေဘုရား အထိ စီတန်း လမ်းလျှောက် ဆန္ဒ ထုတ်ဖော်ခဲ့ကြပါတယ်။

သံဃာတော်တွေဟာ "၁၂ ၊ ၁၂ ၊ ၁၂ သံဃာတော်များ အကြမ်းဖက်ခြင်းကို ရပ်တန့်ပေးပါ"၊ ဆိုတဲ့ စာသားပါ လက်ကိုင် ပိုစတာတွေနဲ့ သာသနာ့ အလံတော်တွေကို ကိုင်ဆောင်ရင်း အလံပြ ဘုရားလမ်းတလျှောက် မေတ္တာပို့ ရွတ်ဆိုပြီး ဆူးလေစေတီတော်ကို စီတန်း လမ်းလျှောက်ခဲ့ကြပါတယ်။

သံဃာတော်တွေဟာ မွန်းလွဲ ၂ နာရီအချိန်မှာ ရေတာရှည်လမ်းဟောင်းကိုဖြတ်ပြီး ဦးထောင်ဗိုလ် လမ်းကနေ တစ်ဆင့် အလံပြ ဘုရားလမ်းအတိုင်း စီတန်း လှည့်လည် ဆန္ဒပြတဲ့အခါ လမ်းတလျှောက်မှာ ရှိတဲ့ ပြည်သူလူထု ရာပေါင်းများစွာ ကလည်း သံဃာတော်တွေနဲ့ အတူ ငြိမ်းငြိမ်းချမ်းချမ်း စီတန်း လမ်းလျှောက် ခဲ့ကြပါတယ်။

ဒီကနေ့ဆန္ဒပြပွဲမှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်ကလည်း သံဃာတော်တွေရဲ့ ဦးဆောင်မှုအောက်မှာ ပူးပေါင်း ပါဝင်ခဲ့ကြပါတယ်။

လမ်းလျှောက်ဆန္ဒပြတဲ့ သံဃာတော်တွေဟာ မွန်းလွဲ ၃ နာရီမှာ ဆူးလေစေတီတော်ကို ရောက်ရှိပြီးနောက် စေတီတော်ကို လက်ယာရစ် လှည့်ပြီး မြို့တော်ခန်းမရှေ့မှာ စုဝေးကာ သံဃာတော်တွေရဲ့ အစိုးရကို တောင်းဆိုထားတဲ့ တောင်းဆိုချက် (၅)ရပ်ကို ဖတ်ကြား ခဲ့ပါတယ်။

ရန်ကုန်မြို့မှာ ရာနဲ့ချီတဲ့ သံဃာတော်တွေ ဆန္ဒထုတ်ဖော်ခဲ့တဲ့ တစ်ချိန်တည်းမှာပဲ မန္တလေး ၊ မုံရွာ ၊ ကလေး ၊ စစ်တွေ ၊ ပခုက္ကူ ၊ ချောက်၊ ပြည်၊ ဝါးခယ်မ ၊ ပုသိမ် ၊ စတဲ့ မြို့ကြီးတွေမှာလည်း သံဃာတော်တွေရဲ့ ဆန္ဒ ထုတ်ဖော်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

Ref: RFA News

Read More...

စစ်တွေက သံဃာထုရဲ့ ဆန္ဒဖေါ်ထုတ်ပွဲ

2012-12-12

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းတွေ ဖြိုခွင်းရာမှာ ဒဏ်ရာရခဲ့တဲ့ သံဃာတော်တွေ အတွက် ဆုတောင်းပွဲ တစ်ရပ်ကို ရခိုင်ပြည်နယ် စစ်တွေမြို့၊ အတုလမာရဇိန် ပြည်လုံးချမ်းသာ ဘုရားကြီး ရင်ပြင်တော်မှာ ဒီကနေ့ ဒီဇင်ဘာလ ၁၂ ရက်နေ့ နေ့လည် ၁ နာရီက ကျင်းပပြုလုပ် ခဲ့ပါတယ်။

ဆန္ဒပြသံဃာတော်တွေက အချက် (၅)ချက်ပါတဲ့ သဘောထား ကြေညာချက်တစ်စောင်ကိုလည်း ထုတ်ပြန် ခဲ့ပါတယ်။

အဲဒီကြေညာချက်ထဲမှာ ကိုယ်ကျိုးမဖက် အများအတွက် အနစ်နာခံပြီး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ သံဃာတော်တွေနဲ့ လူပုဂ္ဂိုလ်တွေကို အကြမ်းဖက်ဖြိုခွင်းတာဟာ ဒီမိုကရေစီ လမ်းကြောင်းပေါ်က သွေဖယ်ပြီး ဗုဒ္ဓဘာသာ ဝင်တွေရဲ့ လုပ်ရပ်မျိုး မဟုတ်တဲ့အတွက် ကန့်ကွက်ရှုတ်ချကြောင်း၊ ဒါ့အပြင် ငြိမ်းချမ်းစွာ ဆန္ဒဖော် ထုတ်ခဲ့ကြတဲ့အတွက် ဖမ်းဆီးချုပ်နှောင် ခံထားသူတွေကို အကြွင်းမဲ့ ပြန်လွှတ်ပေးဖို့၊ ဒီမိုကရေစီ အစိုးရ ပီသစွာနဲ့ အများပြည်သူတွေရဲ့ ဆန္ဒမပါဘဲ ပြုလုပ်တဲ့ စီမံကိန်းတွေကို ပြည်သူ့ဆန္ဒနဲ့ အညီ ရပ်တန့်ပေးဖို့၊ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ကြတဲ့ သံဃာတော်တွေနဲ့ လူပုဂ္ဂိုလ်တွေကို လိုအပ်တာထက် ပိုပြီး အင်အားသုံး အကြမ်းဖက် ဖြိုခွင်းနှိမ်နင်းခဲ့တဲ့ သူတွေကို တရားဥပဒေနဲ့ အညီ စီစစ်ဆောင်ရွက်ပေးဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။

Ref: RFA News

Read More...

မန္တလေး ရန်ကုန် စစ်တွေ ပုသိမ်မြို့ကြီးတွေမှာ သံဃာတွေ သပိတ် စတင်ပြီ

2012-12-12

လက်ပန်းတောင်းတောင် အရေးကိစ္စအပေါ် တောင်းဆိုထားတဲ့ တောင်းဆိုချက် (၃) ချက်ကို အစိုးရဖက်က လိုက်လျောမှု မရှိတဲ့ အတွက် မန္တလေးမြို့က သံဃာထု နဲ့ ထောက်ခံသူ နှစ်ထောင်နီးပါးလောက်ဟာ မန္တလေး၊ ချမ်းမြသာစည် မြို့နယ်၊ မဟာမြတ်မုနိ ဘုရားကြီးတောင်ဘက်မှာ ရှိတဲ့ ဦးပွား ဘုရားကနေ ဒီဇင်ဘာလ ၁၂ ရက်နေ့ ဒီနေ့နေ့လည် (၁)နာရီမှာ ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။

မနေ့က သံဃာထု ဒီဇင်ဘာလ ၁၂ ရက်နေ့လည် ၁၂ နာရီ နောက်ဆုံးထားပြီး အစိုးရက တောင်းပန်ဖို့ ပြောဆိုခဲ့ပါတယ်။

ဒီကနေ့ မန္တလေးမြို့က ဆန္ဒုပြပွဲကို မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့လှုပ်ရှားမှု ဦးဆောင်ကော်မတီရဲ့ စီစဉ်မှုနဲ့ ဆန္ဒပြခဲ့ကြတာဖြစ်ပြီး အထက်ဗမာပြည် ဗကသများအဖွဲ့ချုပ်ရဲ့ အဖွဲ့ဝင်တွေ၊ မန္တလေးတိုင်းက ၈၈မျိုးဆက် ကျောင်းသားအဖွဲ့တွေ အပါအ၀င် နိုင်ငံရေးအင်အားစုတွေပါ သံဃာတော်တွေနောက်ကနေ အင်အားဖြည့် အလံကိုင်ချီတက် လိုက်ပါခဲ့ကြပါတယ်။
ဦးပွားဘုရားဝင်းကို အာဏာပိုင်တွေက သော့ပိတ်ထားတဲ့အတွက် သံဃာတော်တွေဟာ ဘုရားဝင်းပြင်ပမှာပဲ စုဝေးနိုင်ခဲ့ကြပါတယ်။

အာဏာပိုင်တွေဖက်က အနှောက်အယှက် ပေးတာမျိုးမရှိပေမယ့် စောင့်ကြည့်မှတ်တမ်းယူတာတွေ ရှိတယ်လို့ သိရပါတယ်။

ဆန္ဒပြလမ်းလျှောက်တဲ့အဆုံးသတ်မှာ ဂဠုန်နီ ဆရာတော်ဦးကာဝိယက သံဃာတော်တွေနဲ့ လူထု ပရိသတ်ကို သြ၀ါဒ စကား မိန့်ကြားခဲ့ပြီး မနက်ဖြန်နေ့လည် (၁) နာရီမှာ အဲဒီ ဦးပွားဘုရားမှာပဲ စုဝေးပြီး ဆက်လက်ဆန္ဒပြဖို့ စီစဉ် ထားတယ်လို့ သိရပါတယ်။

Ref: RFA News

Read More...

Wednesday, December 12, 2012

မတောင်းပန်ပါက အထွေထွေ သပိတ်ဆင်နွှဲမည်ဟု မန္တလေး သံဃာ မိန့်

နေမျိုး
အင်္ဂါနေ့၊ ဒီဇင်ဘာလ ၁၁ ရက် ၂၀၁၂

နယူးဒေလီ (မဇ္ဈိမ) ။ ။ လက်ပံတောင်းတောင် ဆန္ဒပြမှု ဖြိုခွင်းရာတွင် ထိခိုက်ဒဏ်ရာ ရခဲ့ကြသူများနှင့် သံဃာထု တရပ်လုံးကို နိုင်ငံတော် သမ္မတနှင့် အစိုးရ အဖွဲ့က ဝန်ချ တောင်းပန်ရန် မြန်မာနိုင်ငံလုံး ဆိုင်ရာ သံဃာ့လှုပ်ရှားမှု ဦးဆောင်ကော်မတီမှ ကြေညာချက် ထုတ်ပြန် လိုက်သည်။

၂ဝ၁၂ ခုနှစ်၊ ၁၂ လပိုင်း၊ ၁၂ ရက်နေ့ မွန်းတည့် ၁၂ နာရီ အချိန် နောက်ဆုံးထား တောင်းပန်ခြင်း မရှိပါက နိုင်ငံအဝှမ်း အထွေထွေ သပိတ် ဆင်နွဲသွားမည်ဟု မန္တလေးမှ ဦးဆောင် သံဃာတော်တပါး ဖြစ်သည့် ဦးပဉ္စင်း ဦးဥတ္တမသာရ က မိန့်ကြားသည်။

“ပြင်ဆင်ထားတာက ဦးပဉ္စင်းတို့ နေ့လည် ၁ နာရီမှာ စမယ်။ တနိုင်ငံလုံး ၁ နာရီမှာ လုပ်မယ်။ လုပ်တဲ့အခါမှာ ဦးပဉ္စင်းတို့ သံဃာတွေ ရှေ့ကနေ သွားမယ်။ နောက်ကနေ ကျောင်းသားတွေ လိုက်မယ်။ ကျောင်းသားနောက်ကမှ ပြည်သူတွေ လိုက်မယ်” ဟု စီစဉ်ထားရှိမှုကို မဇ္ဈိမအား မိန့်ဆိုသည်။

အောက်မြန်မာနိုင်ငံ သံဃာတော်များနှင့် အထက်မြန်မာနိုင်ငံ သံဃာတော်များ ပူးပေါင်းပြီး မြန်မာနိုင်ငံလုံး ဆိုင်ရာ သံဃာ့ လှုပ်ရှားမှု ဦးဆောင်ကော်မတီကို တနင်္လာနေ့က ဖွဲ့စည်း ထားကြောင်း သိရသည်။

ကြေးနီစီမံကိန်း သပိတ်မှောက် သံဃာများအား “လူမဆန်စွာ မီးလောင်တိုက်သွင်း ချေမှုန်းမှုကို ရှုတ်ချသော အားဖြင့် တညီ တညွတ်တည်း ပူးပေါင်း ပါဝင်ကြပါရန်” ကြေညာချက်က တိုက်တွန်းထားသည်။

“အကောင်းဆုံးကတော့ ငြိမ်းငြိမ်းချမ်းချမ်း အေးအေးဆေးဆေး ပြီးချင်တာပဲ၊ ဦးပဉ္စင်းတို့ တောင်းဆိုတာ ကလည်း ဘာမှ ခက်ခဲတာမှ မဟုတ်တာ။ ဒီလိုဟာမျိုးကို ပြေပြေလည်လည် ဖြစ်အောင်လုပ်သွားကြ ရင်အကောင်းဆုံးပဲ။ တကယ်လို့ သံဃာတွေကို ကပ်ဖဲ့ရပ်ဖဲ့ လုပ်နေမယ်၊ မလိုက်လျောချင်ဘူးဆိုရင်တော့၊ သူတို့ (အာဏာပိုင်) မှာပဲ တာဝန်ရှိတယ်လို့ ဦးပဉ္စင်းတို့က ပြောချင်တယ်” ဟု ဦးဥတ္တမသာရ က မိန့်ဆိုသည်။

ရန်ကုန်တွင် လက်ပံတောင်းတောင် ဆန္ဒပြမှုနှင့် ပါတ်သက်ပြီး ထိမ်းသိန်းခြင်းခံရသူ လူပုဂ္ဂိုလ် အချို့အား အင်္ဂါနေ့ နံနက် ပိုင်းက ပြန်လွတ်ပေးခဲ့သလို မန္တလေးတိုင်း အာဏာပိုင်များဘက်မှလည်း ညှိနှိုင်းဆွေးနွေးလိုကြောင်း အကြောင်းကြားလာသည်ဟု ဦးပဉ္စင်း က ဆက်မိန့်သည်။

“ကျန်တဲ့ အချက်တွေလည်း သူတို့က ညှိနှိုင်းဖို့ အကြောင်းကြားထားတာရှိတယ်။ မန္တလေးတိုင်း ဒေသကြီးက အကြောင်းကြားတာ။ ကြားလူက တဆင့်ပေါ့လေ။ ပြေလည်ဖို့ဆိုရင်တော့ ဆွေးနွေးမှာပဲ။ ဘယ်နေရာခေါ်ခေါ် မလိုက်ရဲ စရာမရှိဘူး။ ညနေ ၃ နာရီ ခွဲလောက်က သူတို့ (အာဏာပိုင်) ကနေ အကြောင်းကြားတာ၊ ဆွေးနွေးချင်လို့ လို့ပြော တယ်။ မနက်ဖြန် အထွေထွေသပိတ် ဆင်နွဲမယ့် ကိစ္စပါပဲ” ဟု မိန့်ကြားသွားသည်။

မန္တလေး ဆေးရုံ၌ လက်ပံတောင်း သပိတ်စခန်း ဖြိုခွင်းခံရမှုတွင် မီးလောင်ဒဏ်ရာ ရရှိသည့် သံဃာ ၂၃ ပါးနှင့် လူပုဂ္ဂိုလ် ၄ ယောက် တက်ရောက်၍ ကုသနေရဆဲ ဖြစ်သည်သည်။

Ref: မဇ္ဈိမ

Read More...

ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမြို့နယ်ကို သွားရောက်

2012-12-11

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ၊ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည်ဟာ ကော့မှူး မြို့နယ်တွင်းက ဒေသခံတွေနဲ့ ဒီဇင်ဘာလ ၁၁ ရက်နေ့ ဒီကနေ့မှာ သွားရောက် တွေ့ဆုံခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နတ်မောက် ခရီးစဉ်အပါအဝင် မကွေးတိုင်းဒေသကြီးကို သွားရောက်ခဲ့ပြီး ဒီကနေ့မှာ ကော့မှူး မဲဆန္ဒနယ်ကို သွားရောက်လေ့လာခဲ့တာ ဖြစ်ပါတယ်။ ကော့မှူးမြို့နယ် ဝါးဘလောက်ကျေးရွာ အတွင်းမှာရှိတဲ့ ပြည်သူတွေနဲ့ တွေ့ဆုံစဉ်မှာ ကလေးငယ်တွေရဲ့ ပညာရေး အခြေအနေကို မေးမြန်းပြီး ပြည်သူတွေ မကြောက်မရွံ့နဲ့ အခြေအနေမှန်ကို ပြောပြနိုင်မှ တိုင်းပြည်ကို ကောင်းအောင် ပြုပြင်နိုင်မှာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒေသခံပြည်သူတွေအပြင် ကော့မှူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ရုံးမှာ တာဝန် ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေး ခဲ့ပါတယ်။ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှာ မြို့နယ်စည်ပင်၊ တိုင်းစည်ပင်နဲ့ ဆောက်လုပ်ရေးဌာနတို့က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပြီှး ကော့မှူးမြို့နယ်တွင်းမှာ ပြည်သူတွေ အသုံးပြုများတဲ့ လမ်းတံတားတွေကို မိုးရာသီ မရောက်ခင် သက်ဆိုင်ရာက အမြန်ဆုံး ဆောက်လုပ်ပေးနိုင်ဖို့ အတွက် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြား ခဲ့ပါတယ်။

ဒါ့အပြင် ဆောက်လုပ်ဆဲ ပေ ၆၀ ချောင်းတံတား၊ ဝါးဘလောက်သောက် ကျေးရွာအတွင်းက (၁) ရပ်ကွက်မှာ ရှိတဲ့ ဈေး၊ NLD ရပ်ကျေးရုံး၊ တိုက်နယ်ဆေးရုံ၊ ဘုန်းတော်ကြီးသင် စာသင်ကျောင်းဖြစ်တဲ့ ခါတော်မှီကျောင်းတိုက်၊ စာသင်ဆောင်တွေ ပြိုကျပျက်စီးနေတဲ့ အ.ထ.က ၊ ဝါးဘလောက်သောက် စာသင်ကျောင်းနဲ့ မြို့သစ်ရပ်ကွက်မှာရှိတဲ့ ချောင်လမ်းတို့ကို သွားရောက်လေ့လာခဲ့ပါတယ်။ လွှတ်တော်အမတ်တွေ အနေနဲ့ သက်ဆိုင်ရာ မဲဆန္ဒနယ်က ပြည်သူတွေရဲ့ လိုအပ်ချက်ကို အတတ်နိုင်ဆုံး ဝိုင်းဝန်း ကူညီရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က အရင်ကော့မှူးခရီးစဉ်တွေအတွင်းက ပြောခဲ့ဖူးပါတယ်။

Ref: RFA News

Read More...

သတင်းလွတ်လပ်ခွင့် မြန်မာအပြည့်မရသေး

မဆုမွန်
11.12.2012

ပြောင်းလဲမှုတွေ ဖော်ဆောင်နေတဲ့ မြန်မာနိုင်ငံမှာ စာနယ်ဇင်းသမားတွေကို ဖိနှိပ်မှုတွေ လျော့ပါး လာနေတယ် လို့ နိုင်ငံတကာ စာနယ်ဇင်း သမား ကာကွယ်စောင့်ရှောက်ရေး အဖွဲ့ CPJ က အင်္ဂါနေ့က အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါ တယ်။ ဒါပေမဲ့ မြန်မာ့ သတင်းမီဒီယာ လောကမှာတော့ စာနယ်ဇင်း လွတ်လပ်ခွင့်နဲ့ သတင်းသမားတွေ အပေါ် ဖိနှိပ်ကန့်သတ်မှုတွေ ရှိနေဆဲပဲလို့ ပြည်တွင်း သတင်း သမားတွေက သုံးသပ်ကြပါတယ်။ အသေးစိတ်ကို ဆက်သွယ် စုံစမ်းထားတဲ့ မဆုမွန်က ဆက်ပြောပြပေးပါမယ်ရှင်။

ကမ္ဘာတဝှန်း စာနယ်ဇင်းသမားတွေအပေါ်မှာ ဖိနှိပ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိနေဆဲပဲ ဖြစ်ပေမဲ့ မြန် မာနိုင်ငံရဲ့ အရပ်သား အစိုးရ လက်ထက် ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေတဲ့ မြန်မာ့ စာနယ်ဇင်း အခြေအနေကတော့ တိုးတက်မှု အနေအထား တချို့ကို တွေ့မြင်နေရတယ်လို့ သတင်းလွတ်လပ် ခွင့် စောင့်ကြည့်အကဲခတ်အဖွဲ့ CPJက ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် စစ်အုပ်ချုပ်မှုလက်အောက်ကနေ အရပ်သားအစိုးရ တရပ်အဖြစ် အသွင်ကူး ပြောင်းလာခဲ့တဲ့ အချိန် ပြီးခဲ့တဲ့ တစ်နှစ်အတွင်း အစိုးရကနေ နိုင်ငံတော် လွတ်ငြိမ်း ချမ်းသာခွင့် ပေးခဲ့တာကြောင့် အဖမ်းဆီး ခံထားရတဲ့ စာနယ်ဇင်းသမား ၁၂ ယောက်ထက် မနည်း လွတ်မြောက်လာခဲ့ကြပါတယ်။

၁၉၉၆ ခုနှစ်ကစလို့ မြန်မာနိုင်ငံဟာ ပထမဆုံးအကြိမ်အဖြစ် စာနယ်ဇင်းသမားတွေကို ဖမ်းဆီး မထားတဲ့ နိုင်ငံ တခုအဖြစ် မှတ်တမ်း တင်နိုင်ခဲ့ပါတယ်လို့ နယူးယောက်မြို့အခြေစိုက် စာနယ်ဇင်း သမား ကာကွယ် စောင့် ရှောက်ရေး ကော်မတီ (CPJ) ရဲ့ အင်္ဂါနေ့က ထုတ်ပြန် လိုက်တဲ့ အစီရင်ခံစာ မှာ ဖော်ပြပါရှိခဲ့ပါတယ်။

ဒီလိုမျိုး မြန်မာနိုင်ငံမှာ စာနယ်ဇင်းသမားတွေကို ဖမ်းဆီးမှုတွေမရှိပေမဲ့လို့ အရပ်သားအစိုးရ လက်ထက်မှာ ပြည်တွင်း စာနယ်ဇင်း သမားတွေနဲ့ ဝန်ကြီးဌာန တချို့အကြား သတင်းဖော်ပြမှုနဲ့ ပတ်သက်ပြီး တရားစွဲဆိုမှုတွေ တွေ့လာရသလို သတင်းအချက်အလက် ရယူမှုတွေနဲ့ သတင်း အချက်အလက် ဆိုင်ရာ ဖော်ပြခွင့်တွေမှာတော့ သတင်းလွတ်လပ်ခွင့်ကို အပြည့်အဝ မရသေးပါဘူး လို့ ပြည်တွင်း သတင်းသမားတစ်ဦးဖြစ်တဲ့ မြန်မာ့ ဂျာနယ်လစ် ကွန်ယက်အဖွဲ့ရဲ့ အထွေထွေ အတွင်းရေးမှူး ဦးမြင့်ကျော်က ဗွီအိုအေမြန်မာပိုင်း ကို ပြောပါတယ်။

“ဒီမိုကရေစီနိုင်ငံလိုတော့ အပြည့်အဝလွတ်လပ်ခွင့် မရှိသေးပါဘူး။ တချို့သတင်းသမားတွေ သတင်း လုပ်တဲ့ နေရာမှာ သတင်း လွတ်လပ်ခွင့် မရှိတာပေါ့နော်။ စိစစ်ရေးတွေ မရှိတော့ဘူးဆိုပေမဲ့ တချို့အကြောင်းတွေ ကျတော့ တချို့ကိစ္စတွေကို တကယ်ကို လေးလေး နက်နက် ဝေဖန် ဆန်း စစ်ပြီး ဖော်ပြဖို့ ခက်ခဲနေတဲ့ ဟာတွေလည်း ရှိပါသေးတယ်။

ဒါ့အပြင် ဝန်ကြီးဌာနတွေနဲ့ အများပြည်သူနဲ့ဆိုင်တဲ့နေရာတွေမှာ သတင်းရယူခွင့်နဲ့ ပတ်သက်ပြီး ပြည် တွင်း သတင်းထောက်တွေ အပေါ်မှာ ကန့်သတ်ချက်တွေ ရှိနေဆဲပဲ ဖြစ်တယ်လို့လည်း မြန်မာ ဂျာနယ်လစ် ကွန်ယက် အဖွဲ့က ဦးမြင့်ကျော်က ပြောပါတယ်။

“ဥပမာ - မကွေးမှာဆိုရင် သတင်းထောက်ကို တရားစွဲထားတယ်ပေါ့နော်။ ပညာရေးမှူးရုံးထဲသွားပြီး သတင်းယူ တယ်။ ဟိုက သူတို့ကို ခွင့်မတောင်းခင် ဗွီဒီယိုရိုက်တယ်၊ ဓာတ်ပုံ ရိုက်တယ်ဆိုပြီးတော့ အဲဒီမှာ တရားစွဲထားတဲ့ ကိစ္စတွေလည်း ရှိပါသေးတယ်။ ဆိုတော့- အဲဒီဟာတွေကလည်း တချို့ မြန် မာပြည်ထဲမှာတောင်မှပဲ ပြည်နယ် တခုနဲ့တခု နေရာ ဒေသတခုနဲ့တခု အုပ်ချုပ်ရေး ဌာနပိုင်းကို မူတည်ပြီးတော့ လွတ်လပ်ခွင့်တွေက မတူပါဘူး။ မကွေးဆိုရင် တော်တော်လေး လုပ်ရကိုင်ရတာ ကျပ်တည်းတယ်လို့ နာမည်ကြီးတယ်ပေါ့နော်။”

အရပ်သားအစိုးရလက်ထက် ပြည်တွင်းမီဒီယာသတင်းဌာနတွေမှာတော့ လက်ရှိ မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်တဲ့ သတင်းတွေနဲ့ နောက် နိုင်ငံတကာ သတင်းတွေကို လွတ်လပ်စွာ သတင်းထုတ်ဖော် တင်ပြခွင့်တွေ ရှိလာတယ် လို့လည်း သုံးသပ်ကြပါတယ်။ ဒါပေမဲ့ ဒီလိုမျိုး မီဒီယာလွတ်လပ်ခွင့်ရပြီး လွတ်လပ်စွာ စာပေရေးသားခွင့် ရလာတဲ့ အပေါ်မှာ စာနယ်ဇင်း သမားတွေအနေနဲ့လည်း စာနယ်ဇင်း ကျင့်ဝတ်နဲ့အညီ ဂရုပြု ရေးသားဖို့ လိုတယ်လို့လည်း ဦးမြင့်ကျော်က ပြောပါတယ်။

“အရင် စိစစ်ရေးက ကန့်သတ်ထားတဲ့ အခြေအနေနဲ့ စာရင်တော့ အများကြီး လွတ်လပ်လာပြီ လို့ ပြောလို့ ရပါတယ်။ ဒါပေမဲ့ အဲဒီ လွတ်လပ်လာတဲ့ အခါမှာ ကျနော်တို့ မီဒီယာသမားတွေက သိလျက်နဲ့ဖြစ်စေ၊ မသိဘဲနဲ့ ဖြစ်စေပေါ့နော်- တစုံတခုကို ထိခိုက်နိုင်တဲ့ ဟာမျိုး- တခါတလေ သာမန်လူတယောက်ရဲ့ ခွင့်မပြုဘဲဖြစ်စေ- အဲလို ထိခိုက်နိုင်တဲ့ဟာမျိုးတွေလည်း ကျနော်တို့ သတိထားဖို့လိုတယ်။ အဲဒီဟာတွေအတွက် မီဒီယာ သမားတွေအနေနဲ့ ကျင့်ဝတ်ပေါ့နော်။ အခု စာနယ်ဇင်း ကောင်စီကလည်း ကျင့်ဝတ်ကို ထုတ်ပြန်ထားတာ ရှိတယ်ဆိုတော့ ဘယ်လိုဟာတွေက အဲဒီကျင့်ဝတ်ကို ဖောက်ဖျက်ရာကျတယ်၊ ဘယ်လိုဟာတွေကတော့ ဖောက်ဖျက်ရာမကျဘူး- အဲဒါတွေ အားလုံးသိဖို့ပေါ့နော်။ ဥပမာ ဒီ မီဒီယာတွေမှာ တာဝန်ယူနေတဲ့ တဦးချင်း အပြင်ကို အယ်ဒီတာတို့လို အဲဒီလိုမျိုး တကယ် တာဝန်ယူနိုင်တဲ့သူတွေ သူတို့ သိဖို့ ပိုအရေးကြီးတာပေါ့နော်။

အဲလိုဟာမျိုးတွေကလည်း ကိုယ့်မီဒီယာလောက ကလည်း ကိုယ့်ဖာသာကိုယ် သိအောင် ကြိုးစားရမယ်၊ ကိုယ့်ဘက် ကလည်း ထိန်းသိမ်းစရာ ရှိတာတွေ ထိန်းသိမ်းရမယ်။ ဒါပေမဲ့ တဘက်မှာ လွတ်လပ်ခွင့် ရှိတာကိုတော့ ကျန်တဲ့ အချက်အလက်တွေနဲ့ သွားပြီး ကန့်သတ်တာမျိုးတော့ ဘယ်သူမှ သဘောမတူပါဘူး။ တာဝန်ယူပြီိး ရေးသားတာမျိုးတော့ ဖြစ်ရမှာပေါ့နော်။”

အခုလို မြန်မာနိုင်ငံမှာ စာနယ်ဇင်းသမားတွေ မီဒီယာလွတ်လပ်ခွင့်တွေ ရှိလာပြီ ဆိုနိုင်ပေမဲ့ ကမ္ဘာနဲ့ တဝှန်း စာနယ်ဇင်း သမားတွေကို ဖမ်းဆီး အရေးယူမှုတွေကတော့ စံချိန် ချိုးလောက်အောင် ကြုံနေ ရတယ်လို့လည်း CPJ ရဲ့ အစီရင်ခံစာသစ်က ဖော်ပြခဲ့ပါတယ်။ အခုဆိုရင် ကမ္ဘာတဝှန်း ဖမ်းဆီး ခံထားရတဲ့ သတင်းသမား ၂၃၂ ယောက် အထိ ရှိလာနေတာကို တွေ့ရတဲ့အတွက် ဒါဟာ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်ကထက် ၅၃ ယောက် ပိုများ လာတယ်လို့ စာနယ်ဇင်းသမား ကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPJ) က ပြောပါတယ်ရှင်။

Ref: VOA News

Read More...

ဦးသန့်အရေးအခင်း အင်အားသုံးဖြိုခွင်းမှု ဦးတင်ဦး တောင်းပန်

ကိုသိန်းထိုက်ဦး
11.12.2012

လွန်ခဲ့တဲ့ ၃၈ နှစ်က ဖြစ်ပွားခဲ့တဲ့ ဦးသန့်ဈာပန အရေးအခင်းမှာ ရဟန်း၊ ရှင်၊ လူ၊ ကျောင်းသားတွေကို အင်အားသုံး နှိမ်နှင်း ခဲ့တာနဲ့ ပတ်သက်ပြီး အဲဒီအချိန်တုန်းက ကာကွယ်ရေး ဦးစီးချုပ်အဖြစ် တာဝန်ယူခဲ့တဲ့ NLD ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦးက သူ့မှာ တာဝန်ရှိတဲ့ အကြောင်းနဲ့ စိတ်မကောင်းဖြစ်မိတဲ့ အကြောင်း ဒီနေ့ ရန်ကုန်၊ မရမ်းကုန်းမြို့နယ် ပေါက်စေတီ ကျောင်းတိုက်မှာ ကျင်းပတဲ့ ဦးသန့်အရေး လှုပ်ရှားမှု (၃၈) နှစ်ပြည့် အခမ်းနားမှာ ပြောသွားပါတယ်။ ဗွီအိုအေ ဝိုင်းတော်သား သိန်းထိုက်ဦး ရန်ကုန်ကနေ
သတင်းပေးပို့ပါတယ်။

ပွင့်လင်းမှု တစုံတရာရှိလာတဲ့ နိုင်ငံရေးအခြေအနေ အခင်းအကျင်းတွေကြားမှာပဲ အရင် မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီနဲ့ စစ်အစိုးရတွေ လက်ထက် နှိမ်နှင်း ဖြိုခွဲခံခဲ့ရတဲ့ ကျောင်းသား လှုပ်ရှားမှုတွေ အတွက် အောက်မေ့ဖွယ် အခမ်းအနားတွေ၊ အထိမ်းအမှတ် လှုပ်ရှားမှုတွေ မကြာခဏ ဆိုသလို ပေါ်လာခဲ့ပါတယ်။ အဲဒီအထဲက ဦးသန့်ဈာပန အရေးတော်ပုံလို့ သတ်မှတ်ခေါ်ခဲ့ကြ တဲ့ နိုင်ငံရေး လှုပ်ရှားမှု ကတော့ ကုလသမဂ္ဂ အထွေထွေ အတွင်း ရေးမှူးချုပ်ဟောင်း ဦးသန့်ရဲ့ ရုပ်အလောင်း မြန်မာနိုင်ငံကို ပြန်ပြီးအရောက် ၁၉၇၄ ခုနှစ်က ဖြစ်ပွားခဲ့တာပါ။

ကုလသမဂ္ဂကို ဦးဆောင်သူ ရှားရှားပါးပါး မြန်မာနိုင်ငံသားတယောက်ရဲ့ ရုပ်အလောင်း တိုင်းပြည် ကို ပြန်သယ်လာတဲ့ အချိန်- ရဟန်းရှင်လူ ပြည်သူတွေ သောင်းသောင်ဖျဖျ ကြိုဆိုခဲ့ပေမယ့် အစိုးရ တာဝန်ရှိသူတွေ ဘက်က ပျက်ကွက်ခဲ့တဲ့ အကြောင်းတွေကို အခမ်းအနားမှာ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦးက ပြောဆိုသွားပါတယ်။

“သံဃာတော် အရှင်သူမြတ်များနဲ့တကွ ပြည်သူများအားလုံးဟာ ကြိတ်ကြိတ်တိုး၊ စည်ကား…ပြီးတော့ ဂုဏ်ပြုနေတာကို ကျနော်တို့ ကြားရပါတယ်။ ဒါပေမဲ့လို့ အစိုးရ အဖွဲ့အစည်းက ရှိနေတဲ့ပုဂ္ဂိုလ် တစ်ဦးတစ်လေမှ သွားရောက်ပြီး ကြိုဆိုခြင်း မဖြစ်ခဲ့ပါဘူး။ မဖြစ်ရတဲ့ အကြောင်းကလည်း သိတဲ့ အတိုင်းပဲ၊ တပါတီ အာဏာရှင်စနစ်ဖြစ်တဲ့ အတွက် မျက်နှာ တစ်ခုတည်းကိုကြည့်ပြီး အလုပ်လုပ်ရတဲ့ ဟာကြောင့် အားလုံး ပုဂ္ဂိုလ်တွေရဲ့ မျက်နှာကို ကြည့်ပြီးတော့မှ သတ္တိရှိတဲ့လူ၊ သတ္တိပြောင်တဲ့လူ မထွက်ခဲ့နိုင်ပါဘူး။ အဲဒီတော့ - အဲဒီလို ကြိုဆိုနေတုန်းမှာ --- ပြည်သူလူထုကပဲ ခမ်းခမ်းနားနား သင်္ဂြိုဟ်မယ်၊ နောက်ပြီးတော့ ဦးခန့်ခေါင်းဆောင်တဲ့ သူ့ရဲ့ ဆွေမျိုးသားချင်း များကလည်းပဲ စုဝေးပြီးတော့ သိုက်သိုက်မြိုက်မြိုက်ဖြစ်အောင် လုပ်မယ်-ဆိုတဲ့ အသံတွေကြားတယ်၊ ပြီးတော့ သင်္ဂြိုဟ်ဖို့ နေရာတောင်းတဲ့ အခါမှာလည်း ကြံတော သင်္ချိုင်းကိုပဲ ပို့မယ်၊ သင်္ဂြိုဟ်မဲ့နေရာ သတ်မှတ်တာ ကလည်းပဲ ဒေါ်ခင်မေသန်းအတွက် သတ်မှတ် ထားတဲ့နေရာ အကွက်ဘေးမှာ သတ်မှတ်ပေးမယ် ဆိုတာကို ထပ်မံ ကြားကြရပြန်တော့ ပြည်သူလူထုရဲ့စိတ်ထဲမှာ ကြိမ်မီးအုံးသလို ဖြစ်ပြီးတော့ ပိုပြီး ဆူပူလှုပ်ရှားလာတာ ဖြစ်ပါတယ်။”

ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦးဟာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက ဖွဲ့စည်းခဲ့တဲ့ အစိုးရ အဖွဲ့ရဲ့ ဦးသန့်ဈာပန အခမ်း အနား ကျင်းပရေး ကော်မတီ အဖွဲ့ဝင် ၁၅ ယောက်ထဲက တယောက်ဖြစ်ပါတယ်။ သူနဲ့အတူ အဖွဲ့ဝင် ၁၄ ယောက်က ဦးသန့်ဈာပနကို နိုင်ငံတော် ဈာပနအဖြစ် ကျင်းပဖို့ သဘောတူ တင်ပြခဲ့ပေမယ့် အဲဒီအချိန် ဗိုလ်ချုပ်ကြီးဟောင်း ဦးနေ၀င်းက- “မင်းတို့လုပ်ချင်လုပ်၊ ငါတော့ မလုပ်ဘူး”- ဆိုတဲ့ စကားကြောင့် အစီအစဉ် အထမမြောက်ခဲ့ဘူးလို့ ဆိုပါတယ်။

ဦးသန့်ဈာပနဖြစ်မြောက်ရေး တောင်းဆို လှုပ်ရှားသူတွေကို နှိမ်နှင်းတဲ့အချိန်၊ အဲဒီအချိန်က ရဟန်းရှင်လူ၊ ကျောင်းသား ၅,၀၀၀ လောက်ကို အင်းစိန်ထောင်ထဲကို ဖမ်းဆီး ပို့ဆောင် ခဲ့တယ်လို့ ဦးတင်ဦးက ခန့်မှန်းပါတယ်။

“တာဝန်ကို ကျနော် မရှောင်ပါဘူး။ ပေးတဲ့တာဝန်ကို ထမ်းဆောင်ရတာ ဖြစ်ပါတယ်။ အဲဒါကြောင့်မို့လို့ ဒီကိစ္စနဲ့ ပတ်သက်လို့ ပထမဦးဆုံး ကျနော် ပြောတဲ့စကားဟာ အင်မတန်မှ ဝမ်းနည်းပါတယ်-လို့ ကျနော် ပြောရခြင်း ဖြစ်ပါတယ်။”

အခမ်းအနားမှာ ၇၄ ခုနှစ်၊ ဦးသန့်ဈာပန အရေးအခင်းတုန်းက နှစ်ရှည်ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရ သူ ကျောင်းသားဟောင်း တချို့နဲ့ သံဃာတော် တချို့လည်း တက်ရောက် မိန့်ခွန်းပြောဆို ခဲ့ပါတယ်။ ဝန်ကြီးချုပ်ဟောင်း ဦးနုလက်ထက်က မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ အမြဲတမ်း ဌာနေ ကိုယ်စားလှယ် အဖြစ် တာဝန်ယူခဲ့တဲ့ ဦးသန့်ဟာ ဧရာဝတီတိုင်း၊ ပန်းတနော် ဇာတိဖြစ်ပြီး ကမ္ဘာ့ တတိယမြောက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အဖြစ် ၁၉၆၂ ခုနှစ်မှာ တရားဝင် အရွေးချယ် ခံခဲ့ရပါတယ်။ သက်တမ်းနှစ်ကြိမ် စုစုပေါင်း (၁၀) နှစ်ကြာ တာဝန် ထမ်းဆောင် ခဲ့ပါတယ်။

မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်၊ ဗိုလ်ချုပ်ကြီးဟောင်း ဦးနေဝင်း လက်ထက်က ဦးသန့်ကို မြန်မာနိုင်ငံ အတွက် ထူးခြားတဲ့ သမိုင်းဝင်ခေါင်းဆောင် တယောက်အဖြစ် ဂုဏ်ပြုဖို့ ပျက်ကွက် ခဲ့ပေမဲ့လည်း နောက်ပိုင်းခေတ်တွေမှာတော့ ဦးသန့်နဲ့ ပတ်သက်တဲ့ အမှတ်တရ လှုပ်ရှားမှုတွေ၊ သူ့အကြောင်း စာအုပ်စာတမ်းတွေနဲ့ သူ့အတွက် စာကြည့်တိုက် ထူထောင်တာမျိုးတွေ ပေါ်လာခဲ့ပါတယ်။

မြန်မာအစိုးရ သမ္မတဦးသိန်းစိန် ပြီးခဲ့တဲ့စက်တင်ဘာလက ကုလသမဂ္ဂ အထွေထွေ ညီလာခံ မှာ ပြောကြားတဲ့ မိန့်ခွန်း မှာလည်း မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေ အနေနဲ့ ဦးသန့်ရဲ့ဆောင်ရွက်ချက်နဲ့ အောင်မြင်မှုတွေကို ဘယ်တော့မှ မေ့ပျောက်သွားမှာ မဟုတ်တဲ့ အကြောင်း ထည့်သွင်း ပြောဆို သွားခဲ့ပါသေးတယ်ခင်ဗျ။

Ref: VOA News

Read More...

ဦးသန့် အရေးအခင်းမှာ ပါဝင်ခဲ့သူ ကျောင်းသားတွေရဲ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ

2012-12-11

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့် ဈာပန အရေးအခင်း နှစ်ပေါင်း ၃၈ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်မြို့ ၊ မရမ်းကုန်း မြို့နယ်မှာရှိတဲ့ ပေါက်စေတီကျောင်းတိုက်မှာ ဒီကနေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့ မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။

ဒီအခမ်းအနားဟာ (၃၈) နှစ်တာကာလအတွင်းမှာ ပထမဆုံးအကြိမ် ကျင်ပတာဖြစ်ပြီး ရဟန်းသံဃာတော်တွေ၊ ဦးသန့် အရေးအခင်းမှာ ပါဝင် လှုပ်ရှားခဲ့တဲ့ လူပုဂ္ဂိုလ်တွေ၊ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေ၊ ပါတီအသီးသီးက ကိုယ်စားလှယ်တွေ၊ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ အဖွဲ့ဝင်တွေနဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တွေ အပါအဝင် လူဦးရေ တစ်ထောင်နီးပါး တတ်ရောက် ခဲ့ကြပါတယ်။

ဦးသန့် ကွယ်လွန်ချိန်က ဦးနေဝင်းအစိုးရလက်ထက်ဖြစ်ပြီး မြန်မာနိုင်ငံကို ပြန်လည်သယ်ဆောင်လာတဲ့ ဦးသန့်ရဲ့ ရုပ်ကလာပ်ကို အစိုးရ သတ်မှတ်တဲ့နေရာ မဟုတ်ဘဲ ဦးသန့်နဲ့ ထိုက်တန်တဲ့နေရာမှာ သဂြိုလ်ခွင့်ရဖို့ ကျောင်းသားရဟန်းရှင်လူ ပြည်သူ အများအပြားက တောင်းဆို ဆန္ဒပြကြရာမှာ စစ်တပ်က အကြမ်းဖက် ဖြိုခွင်းခဲ့ရာမှာ ကျောင်းသားတစ်ချို့ သေဆုံးပြီး အများအပြား ဖမ်းဆီး ထောင်ချ ခံခဲ့ရပါတယ်။

ဦးသန့်ဟာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်က ရုရှားနဲ့ အမေရိကန် နှစ်နိုင်ငံ ကျူးဘား အရေးအခင်းမှာ စစ်ဖြစ်တော့မယ့် အနေအထားကနေ ကာကွယ် တားမြစ်ပေးနိုင်ခဲ့သူ အဖြစ် ထင်ရှားသူ ဖြစ်ပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အဖြစ် (၁၉၆၂- ၁၉၇၁) အထိ တာဝန် ထမ်းဆောင်ခဲ့တဲ့ မြန်မာနိုင်ငံသား ဦးသန့်ရဲ့ နောက်ဆုံး ဈာပန ကာလအတွင်း မြန်မာနိုင်ငံက ရဟန်းရှင်လူတွေ လှုပ်ရှားခဲ့ပုံတွေကို ရေးသားထားတဲ့ "ဦးသန့်အရေး လှုပ်ရှားမှု မှတ်တမ်း" စာအုပ် မိတ်ဆက်ပွဲကို ဒီဇင်ဘာလ (၄) ရက်နေ့က ဗိုလ်အောင်ကျော် လမ်းမှာရှိတဲ့ HOME ခန်းမမှာ စတင်ဖြန့်ချီ ခဲ့ပါတယ်။

Ref: RFA News

Read More...

မိုးထိမိုးမိ ခေါင်းဆောင်များ ရရှိ အာမခံ မယူဘဲ အမှုရင်ဆိုင်နေ

ကွန်းချမ်း
အင်္ဂါနေ့၊ ဒီဇင်ဘာလ ၁၁ ရက် ၂၀၁၂

စံခလပူရီ (မဇ္ဈိမ) ။ ။ ရမည်းသင်းမြို့နယ်၊ မိုးထိမိုးမိ ရွှေလုပ်သား ခေါင်းဆောင်များကို စွဲဆိုထားသည့် ပုဒ်မနှစ်ခု အနက် တခုသာ အာမခံ ရရှိခဲ့ပြီး ရရှိထားသည့် ထိုအာမခံ တခုကိုလည်း ပြန်လည် ရုပ်သိမ်းလိုက်ကာ ထောင်တွင်းမှ ပင် အမှုမပြီးမချင်း ရင်ဆိုင် သွားတော့မည်ဟု အဖမ်း ခံရသူများ၏ မိသားစုဝင်များက ပြောသည်။

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် တရားရုံးက နိုင်ငံတော် ဆူပူရန် လှုံ့ဆော်မှု ပုဒ်မ ၅ဝ၅ (ခ) ကို အာမခံ မပေးသည့် အတွက် ခွင့်ပြုချက်မရဘဲ စီတန်း လှည့်လည်မှု ပုဒ်မ ၁၈ ကိုလည်း အာမခံ မယူဘဲ လျှောက်ထားချက်ကို ပယ်ဖျက်လိုက်ခြင်း ဖြစ်သည်။

“အဖမ်းခံထားရတဲ့ သူတွေကလည်း တနယ်တကျေးက ဆိုတော့ သူတို့ ရုံးချိန်းတွေ ကြန့်ကြာမှာ စိုးတဲ့အတွက် ၅ဝ၅ (ခ) ကို အာမခံတွေ မပေးဘူးတဲ့။ ဒီအမှုကို မြန်မြန်နဲ့ မှန်မှန်ပြီးအောင် စစ်ပေးပါ့မယ်လို့ ပြောတယ်။ ဒါ့ကြောင့် ပုဒ်မ ၁၈ အတွက် တင်ထားတဲ့ အာမခံ ကိုလည်း ပြန်ပြီးတော့ ပယ်ဖျက်လိုက်တယ်” ဟု အဖမ်းခံ ရွှေလုပ်သား ကိုရဲရင့်ထွန်း ၏ ဇနီးဖြစ်သူ မအိမွန်ကျော် က ပြောသည်။

အဖမ်းခံထားရသည့် ရွှေလုပ်သားခေါင်းဆောင် ၄ ဦးကို နိုဝင်ဘာလ ၃ဝ ရက်နေ့တွင် ရေတာရှည်မြို့နယ် တရားရုံး၌ ပုဒ်မ ၅ဝ၅ (ခ) ဖြင့် စတင် ရုံးထုတ်ခဲ့ပြီးနောက် ဒီဇင်ဘာလ ၄ ရက်နေ့ ရုံးချိန်းတွင် ပုဒ်မ ၁၈ ဖြင့် ထပ်မံစွဲဆိုခံရပြီး ဒီဇင်ဘာလ ၇ ရက်နေ့၊ ၁ဝ ရက်နေ့နှင့် ၁၁ ရက်နေ့များတွင် ရုံးထုတ်စစ်ဆေးခဲ့သည်။

ပုဒ်မ ၅ဝ၅ (ခ) ဖြင့် အင်္ဂါနေ့ ရုံးချိန်းတွင် ကိုရဲရင့်ထွန်းနှင့် ကိုနိုင်ဝင်း တို့ နှစ်ဦးကို စစ်မေးပြီး ဗုဒ္ဓဟူးနေ့တွင် ကိုနေအောင်ထက်နှင့် ကိုစောနောင် တို့ နှစ်ဦးကို ထပ်မံ စစ်မေးမည် ဖြစ်ကာ ဗုဒ္ဓဟူးနေ့တွင်ပင် လေးဦးပေါင်းကို ပုဒ်မ ၁၈ ဖြင့် ဆက်လက် စစ်မေးမည်ဟု မအိမွန်ကျော်က ပြောသည်။

“မြန်မြန်ပြီးအောင် ဆိုပြီးတော့ ရုံးချိန်းကိုလည်း ဆက်တိုက်လုပ်တယ်။ နောက်ပြီးတော့ အမှုတွေကိုလည်း ပေါင်းပြီး စစ်နေတယ်။ ကိုယ့်ဘက်ကတော့ ကိုယ်ခံရတဲ့ အတိုင်း ကိုယ်လုပ်ခဲ့တဲ့ အတိုင်းကိုပဲ ဖြေတယ်။ ဥပဒေအထက်မှာ လူတွေ ရှိလား မရှိဘူးလား ဆိုတာ ဒီတရားရုံးက ဆုံးဖြတ်ချက် ချတာကိုပဲ ကျမတို့ စောင့်ကြည့်နေတယ်” ဟု မအိမွန်ကျော် က ပြောသည်။

ရေတာရှည် ရဲစခန်းနှင့် နီးစပ်သူတဦးက “ရုံးမှာ ဆက်ဆံမှုလေး တော်တော် ပြောင်းလာပြီ လို့တော့ ပြောတယ်။ ရုံးမှာ သတင်း ထွက်နေတယ်။ တရားဥပဒေ စိုးမိုးရေး ကော်မတီက လာစစ်တော့မယ်လို့ သတင်းထွက်နေတဲ့အတွက် မနေ့က သူတို့ တခြား အမှုတွဲတောင်မှ ပြင်ဆင်စရာ ရှိတာ ပြင်ဆင်နေတယ်။ အခြေအနေ ကောင်းမယ်လို့ မျှော်လင့်ပါတယ်” ပြောသည်။

အမျိုးသား ကြီးပွားတိုးတက်ရေးအုပ်စု ကုမ္ပဏီနှင့် ချုပ်ဆိုထားသည့် ရွှေမြင်တင် သဘောတူချက်ကို ကုမ္ပဏီဘက်မှ အပြည့်အဝ မလိုက်နာသည်ကို ရွှေလုပ်သားများက ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ကုမ္ပဏီ ရုံးရှေ့တွင် ဆန္ဒဖော်ထုတ် ခဲ့ရာ ပြေလည်မှု တစုံတရာ မရရှိသည့်အတွက် မိုင် ၂၇ဝ ခန့် ကွာဝေးသည့် နေပြည်တော်သို့ အမျိုးသား ၆၉ ဦးနှင့် အမျိုးသမီး ၇ ဦး ပါဝင်သည့် ရွှေလုပ်သား ၇၆ ဦးတို့က လမ်းလျှောက် ချီတက်ခဲ့ကြသည်။

နေပြည်တော် ရောက်ရန် မိုင် ၃ဝ ခန့်အလို တောင်ငူခရိုင်၊ ရေနီစက္ကူစက် လမ်းဆုံအရောက်တွင် ခေါင်းဆောင်များကို ရဲများက ရိုက်နှက် ဖမ်းဆီးခဲ့ပြီး ကျန်သည့် ရွှေလုပ်သားများမှာလည်း ရေနီမြို့တွင် လေးရက်ကြာ ပိတ်မိနေခဲ့သည်။

ခေါင်းဆောင်များ ဖမ်းဆီးခံရသော်လည်း ဆက်လက်ချီတက်လိုသည့် ရွှေလုပ်သားများသည် လုံခြုံရေး ထူထပ်စွာ ချထားခြင်းနှင့် စားဝတ်နေရေး အခက်အခဲကြောင့် ရှေ့မတိုးသာဘဲ အစိုးရဘက်မှ တာဝန်ရှိသူများ၏ ညှိနှိုင်းမှုကို လက်ခံလိုက်ရပြီး ရမည်းသင်းသို့ ပို့ဆောင်ခံရသည်။

ဒီဇင်ဘာလ ၃ ရက်နေ့တွင် ရွှေလုပ်သားများနှင့် ကုမ္ပဏီ ကိုယ်စားလှယ်များ ရမည်းသင်းတွင် နှစ်ဦးနှစ်ဖက် ညှိနှိုင်းရာ သဘောတူချက် တစုံတရာ မရရှိပေ။ ဆန္ဒပြ ရွှေလုပ်သား ၇၆ ဦးကို မိုးထိမိုးမိတောင်ပေါ်သို့ ပြန်လည် တက်ရောက် လုပ်ကိုင်ခွင့် မပြုတော့ဘဲ လူစုခွဲခံရသည်။

နေ့ရက် အတိအကျ သတ်မှတ်ထားခြင်း မရှိသည့် ကုမ္ပဏီနှင့် ဆက်လက်ညှိနှိုင်းမည့် ရက်ကို ရွှေလုပ်သားများက အခက်အခဲ များစွာနှင့် စောင့်ဆိုင်းနေဆဲ ဖြစ်သည်ဟုလည်း ရွှေလုပ်သားများက မဇ္ဈိမကို ပြောဆိုသည်။

Ref: မဇ္ဈိမ

Read More...

လက်ပံတောင်းကိစ္စ ဆန္ဒထုတ်ဖော်သဖြင့် အဖမ်းခံခဲ့ရသူများ အာမခံနှင့် ပြန်လွတ်ပြီ

ကြယ်ပြာ
December 11, 2012

လက်ပံတောင်းတောင် သပိတ်ကို အကြမ်းဖက်ဖြိုခွဲခဲ့မှု ကိစ္စနှင့် ပတ်သက်ပြီး ရန်ကုန်မြို့တွင် ဆန္ဒဖော်ထုတ် ပွဲများ၌ ဦးဆောင်မှုဖြင့် အဖမ်း ခံထားရသူ ၈ ဦးအား ယနေ့တွင် တရားရုံးများမှနေ၍ အာမခံဖြင့် လွှတ်ပေးလိုက်ပြီဖြစ်သည်။

တရားစွဲဆိုခံခဲ့ရသူများမှာ Generation Wave (GW) မှ ကိုမိုဃ်းသွေး၊ ပြည်သူ့အကျိုးဆောင် ကွန်ရက်မှ ကိုအောင်စိုး၊ ဒေါ်နော်အုန်းလှ၊ ဒေါ်ရှမ်းမ၊ ကိုညီညီ၊ ကိုဝေဠု၊ ကိုရဲလင်းနှင့် ကိုမျိုးချစ်တို့ဖြစ်ကြောင်း၊ ကိုယ်တိုင် ခံဝန်ချက်ဖြင့်သာ အာမခံ ပေးလိုက်ခြင်းဖြစ်ပြီး လက်မှတ် တစုံတရာ မထိုးခဲ့ရကြောင်း သိရသည်။

ကိုမိုဃ်းသွေးနှင့် ကိုအောင်စိုးတို့သည် နိုဝင်ဘာ ၃၀ ရက်နေ့က လက်ပံတောင်းတောင်သပိတ်အား အကြမ်းဖက် ဖြိုခွဲခဲ့မှု အပေါ် အစိုးရ အနေဖြင့် တရားမျှတမှု ရှိစွာဖြင့် တာဝန်ယူ ဖြေရှင်းပေးရန်၊ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့ပေးရန်၊ အဆိုပါ စီမံကိန်းအား ရပ်ဆိုင်းပေးရန် တောင်းဆို ဆန္ဒပြခဲ့ခြင်းကြောင့် ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့ပြီး စီတန်း လှည့်လည်ခွင့် ဆိုင်ရာ ပုဒ်မ ၁၈ နှင့် နိုင်ငံတော်အား အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ (ခ) တို့ဖြင့် ကျောက်တံတား၊ ပန်ဘဲတန်းနှင့် ဗဟန်းမြို့နယ် ရဲစခန်းတို့မှ တရားစွဲဆိုခဲ့ကြခြင်း ဖြစ်သည်။

ဒေါ်နော်အုံးလှ၊ ဒေါ်ရှမ်းမ၊ ကိုဝေဠု၊ ကိုညီညီ၊ ကိုမျိုးချစ်နှင့် ကိုရဲလင်းတို့အားလည်း ယင်းရဲစခန်းများကပင် ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆို ခဲ့ကြသည်။

“ပုဒ်မ ၁၈ နဲ့ တရားဆွဲတာကို လက်ခံနိုင်သေးတယ်။ ပုဒ်မ ၅၀၅ (ခ) ကိုတော့ ကျနော်တို့ မကျေနပ်ပါဘူး။ ကျနော်တို့ ဆန္ဒထုတ်ဖော်တာက အစိုးရကို ဆန့်ကျင်တာမဟုတ်ဘူး၊ တာဝန်ယူဖို့ တိုက်တွန်းတာပါ။ ဒါကြောင့် ဒီပုဒ်မကြီး ပြန်ရုပ်သိမ်းပေးဖို့ တောင်းဆိုပါတယ်” ဟု ကိုမိုဃ်းသွေးက ဧရာဝတီသို့ ပြောသည်။

အဖမ်းခံခဲ့ရသူများ အားလုံးသည် ထောင်အတွင်း နေထိုင်စဉ်၌ တိုက်ပိတ်ခံရကာ သီးသန့် ထားခဲ့ကြောင်း၊ အပြင်လူများဖြင့် တွေ့ဆုံခွင့် မရှိခဲ့ကြောင်း သိရသည်။

လက်ပံတောင်းတောင် ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်ခြင်း မရှိသော်လည်း လက်ပံတောင်းတောင် အရေးကြောင့် ရန်ကုန်မြို့တွင်း ဆန္ဒထုတ်ဖော်ပွဲများ ဖြစ်ပွားနေစဉ် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူ ဦးဂမ္ဘီရ (ခေါ်) ကိုညီညီလွင်လည်း ယမန်နေ့က အာမခံဖြင့် လွတ်မြောက်ခဲ့သည်။ ၎င်းသည် ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးတွင် ဦးဆောင် ပါဝင်ခဲ့သူ ဖြစ်သည်။

၎င်းသည် ရန်ကုန်မြို့ရှိ ခြောက်ထပ်ကြီး ဘုန်းကြီးကျောင်း၊ မဂ္ဂင်ကျောင်းနှင့် သန်လျင်မြို့ရှိ ဘုန်းတော်ကြီး ကျောင်းတကျောင်း အတွင်း ကျူးကျော်ဝင်ရောက် နေထိုင်ခဲ့သောကြောင့် ပုဒ်မ ၄၄၈ ပိုင်နက်ကျူးလွန်မှု၊ ပုဒ်မ ၄၂၇ အကျိုးဖျက်ဆီးမှုနှင့် ပုဒ်မ ၄၅၄ ဖောက်ထွင်းဝင်ရောက်မှု စသည့် ပုဒ်မ ၃ ခုတပ်ခါ ဒီဇင်ဘာ ၁ ရက်နေ့က ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

“ကျနော်က အာမခံကြေး သိန်း ၄၀ ပေးခဲ့ရတယ်။ အဖမ်းခံရတော့ ဘာဥပဒေ အရာရှိနဲ့မှ မတွေ့ရဘဲ သန်လျင်က အချုပ်ခန်းထဲကို ထည့်လိုက်တာပဲ။ နောက်တော့ အင်းစိန်ထောင်ထဲ ပို့လိုက်ပြီး တိုက်ပိတ်ခံခဲ့ရပါတယ်” ဟု ဦးဂမ္ဘီရ (ခေါ်) ကိုညီညီလွင်က ဆိုသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လက်ပံတောင်းတောင်ကိစ္စ ဆန္ဒဖော်ထုတ်မှုနှင့် ပတ်သက်၍ နောက်ထပ် အဖမ်းအဆီး တစုံတရာ မရှိစေရေးအတွက် အာမခံချက် ပေးထားခဲ့သော်လည်း နယ်မြို့များအတွင်း ဆန္ဒဖော်ထုတ်သူများအား လိုက်လံဖမ်းဆီး နေမှုများ ရှိနေသေးကြောင်း ကိုညီညီလွင်က ပြောသည်။

မနက်ဖြန်တွင်လည်း လက်ပံတောင်းတောင်တွင် ဘုန်းတော်ကြီးများနှင့် ဆန္ဒထုတ်ဖော်ခဲ့သည့် လူထုအား အကြမ်းဖက် နှိမ်းနှင်းခဲ့မှုနှင့် ပတ်သက်၍ ဆန္ဒထုတ်ဖော်မှုများကို သံဃာတော်များနှင့် လူအများစုပေါင်း၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြုလုပ်သွားရန် အစီအစဉ်များ ရှိနေကြောင်း သတင်းရရှိသည်။

Ref: ဧရာဝတီ

Read More...

ရှေ့တန်း စခန်းတခုကို KIA က အစိုးရတပ်ထံမှ ပြန်လည် သိမ်းပိုက်

သန်းထိုက်ဦး
December 11, 2012

ကချင်ပြည်နယ် ချီဖွေမြို့နယ် ပန်ဝါဒေသတွင် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်ဖွဲ့ဝင်များ ဆုတ်ပေး ခဲ့ရသည့် အရေး ပါသော ရှေ့တန်းတပ် စခန်းတခုကို ယမန်နေ့က အစိုးရ တပ်ဖွဲ့ဝင်များ ထံမှ ပြန်လည် သိမ်းပိုက်ထားကြောင်း သိရသည်။

ပြီးခဲ့သည့် သြဂုတ်လတွင် အစိုးရ ခြေလျင်တပ်ရင်း (ခလရ) ၇၇ နှင့် ၇၄ တပ်ဖွဲ့ဝင်တို့က KIA တပ်ဖွဲ့ဝင် များထံမှ သိမ်းပိုက် ထားသည့် ရှေ့တန်း တပ်စခန်းကို ပြန်လည် သိမ်းပိုက်ဖြစ်ကြောင်း ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) တွဲဖက် အထွေထွေ အတွင်းရေး မှူး ဦးလနန်က ပြောသည်။

“နေ့တိုင်း အဲဒီဘက်မှာ တိုက်ပွဲတွေ ဖြစ်တယ်။ ဒါပေမယ့် မနေ့က မနက်မှာတော့ အဲဒီ စခန်းကို KIA က ပြန်ရလိုက်တယ်” ဟု ၎င်းက ဆိုသည်။

သိမ်းပိုက်ထားသည့် ယင်း တောင်ကုန်းတွင် KIA က အမြဲတမ်း တပ်စွဲရန် အထက်မှ ညွှန်ကြားချက် စောင့်ကြောင်းလည်း သိရသည်။

“အဲဒီတောင်ကုန်းမှာ မြန်မာအစိုးရ စစ်တပ်ကနေပြီးတော့ နေရာယူထားတယ်ဆိုရင် ဒုက္ခသည်တွေ အပါအ၀င် ကျနော်တို့မှာရှိတဲ့ တခြား တပ်စခန်းတွေ အတွက်လည်း လုံခြုံမှု မရှိဘူး။ ဒါကြောင့် အဲဒီစခန်းကို မဖြစ်မနေ ပြန်ယူရတယ်” ဟု ဦးလနန်က ဆက်ပြောသည်။

အစိုးရအနေနှင့် ယင်းတပ်စခန်းမှ တဆင့် KIA တပ် စခန်းများနှင့် ဒုက္ခသည် စခန်းတည်ရှိရာ အနီးအနားသို့ လက်နက်ကြီးများနှင့် ပစ်ခတ်ဖူးကြောင်း ၎င်းက ဆိုသည်။

ယခုလ ဒီဇင်ဘာလဆန်းပိုင်း ၁ ရက်မှ စတင်၍ ယမန်နေ့အထိ နှစ်ဖက်ဖြစ်ပွားသည့် တိုက်ပွဲတွင် KIA ဘက်မှ ၄ ဦး ကျဆုံးပြီး ၁၅ ဦး ဒဏ်ရာရရှိပြီး အစိုးဘက်က အကျအဆုံး စာရင်းကို မသိရသေးကြောင်း KIA ဘက်က ပြောသည်။

စစ်ရေးအရ နှစ်ဖက်တပ်များ စစ်ရေးတင်းမားနေပြီး ယနေ့ အခြေအနေကို မသိရသော်လည်း အစိုးရတပ်က ရဟတ်ယာဉ်များကို အသုံးပြု၍ ရိက္ခာအပါအ၀င် စစ်တပ်အင်အား တိုးချဲ့နေကြောင်း သိရသည်။

ယင်း တိုက်ပွဲများကြောင့် အစိုးရနှင့် KIO ခေါင်းဆောင်များ အကြား ငြိမ်းချမ်းရေး ပြန်လည် တည်ဆောက်ရန် အစီအစဉ် မရှိသေးကြောင်းလည်း ဦးလနန်က ရှင်းပြသည်။

ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလှမောင်ရွှေက “ကျနော်နားလည်တာက KIO ဘက်က တောင်းဆိုတာက နိုင်ငံရေး ဆွေးနွေးမယ်၊ ဒီလိုမျိုး နိုင်ငံရေး ပြဿနာတွေ ရှင်းပြီးသွားရင် မလိုတော့ဘူး၊ သူတို့ပြောတာကိုလည်း ကျနော်က မှားတယ်လို့ မငြင်းလိုဘူး၊ ဒါပေမယ့် နိုင်ငံရေးဆွေးနွေးတာဟာ ဘယ်လောက်ကြာမလဲဆိုတာ ကျနော်လည်း မသိဘူး။ အဲဒီကြားထဲမှာ စစ်ပွဲတွေ ဖြစ်နေမှာတော့ ကျနော် မလိုလားဘူး။ ဒါကိုတော့ မြန်မြန်လေ ပြီးသွားစေချင်ပါတယ်” ဟု ဆိုသည်။

အစိုးရနှင့် KIA ကြား ငြိမ်းချမ်းရေး ပြည်လည် တည်ဆောက်ရန် ၂၀၁၁ ခုနှစ် နိုဝင်ဘာလမှ စတင်၍ ၂၀၁၂ ခုနှစ်အတွင်း အကြိမ်ကြိမ် တွေ့ဆုံခဲ့ကြပြီး ဖြစ်သော်လည်း သဘောတူညီချက် တစုံတရာ မရရှိသေးပေ။ သောင်းနှင့် ချီသော ဒေသခံများမှာလည်း အိုး အိမ်၊ တောင်ယာများကို စွန့်ခွာ၍ တရုတ်-မြန်မာနယ်စပ် ဒုက္ခသည် စခန်းများ၊ ပြည်တွင်း စစ်ဖြစ်ရာ ဒေသအနီးရှိ မြို့ပေါ်များနှင့် တောတောင်များထဲတွင် ထွက်ပြေး ခိုလှုံနေကြရဆဲ ဖြစ်သည်။

ကချင်ပြည်နယ် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေသူများကို ကုလသမဂ္ဂ (UN) မှ အကူအညီပေးလို သော်လည်း မြန်မာအစိုးရက လုံခြုံရေး အခြေအနေအရ ခွင့်ပြုထားခြင်းမရှိကြောင်း၊ ကုလသမဂ္ဂ အဖွဲ့အစည်းများအနေဖြင့် ကချင်ပြည်နယ် စစ်ဘေးသင့် ဒေသများသို့ ၀င်ရောက် အကူအညီပေးနိုင်ရန် မြန်မာ အစိုးရထံတွင် ခွင့်ပြုချက် တောင်းထားကြောင်း ကုလသမဂ္ဂ ဒုတိယ အထွေထွေ အတွင်းရေးမှူးချုပ် ဗယ်လာရီ အေးမို့စ်က ပြီးခဲ့သည့် သတင်းပတ်တွင် ပြောကြားခဲ့သည်။

Ref: ဧရာဝတီ

Read More...

Tuesday, December 11, 2012

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုတွင် ရှင်းလင်း ထင်ရှားသည့် တည်ဆောက်ပုံကို မတွေ့ရသည့် အတွက် အနည်းငယ် စိုးရိမ် မိသည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား

Thursday, 06 December 2012

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုတွင် ရှင်းလင်းထင်ရှားသည့် တည်ဆောက်ပုံကို မတွေ့ရသည့်အတွက် မိမိ အနေနှင့် အနည်းငယ် စိုးရိမ်မိကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီဇင်ဘာလ ၆ ရက် နေ့၊ ဆီဒိုးနား ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သော Asean 100 Lead-ership Forum တွင် ပြောကြားခဲ့သည်။

'' မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်မှာ ရှင်းလင်းထင်ရှားတဲ့ တည်ဆောက်ပုံကို မတွေ့ရတဲ့အတွက်ကြောင့် ကျွန်မ အနည်းငယ် ပူပန်မိတာ ရှိပါတယ်။ အခုဆိုရင် နိုင်ငံအနှံအပြားမှာ ပြဿနာတွေ အမျိုးမျိုးပေါ်ပေါက်နေပါတယ်။ လက်ရှိ အစိုးရရဲ့ ပွင့်လင်း မြင်သာမှုအဆင့်ကိုလည်း ကျွန်မ ကျေနပ်နေပြီလို့ မဆိုလိုပါဘူး'' ဟု ဒေါ်အောင်ဆန်း စုကြည်က ပြောသည်။

အဆိုပါ ဖိုရမ်တွင် ဒေါ်အောင်ဆန်းစုကြည်က '' Resilience for the Turbulant Time'' ခေါင်းစဉ်ဖြင့် တက်ရောက် ဟောပြော ခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ နိုင်ငံရေးစနစ် အတွက် ဖက်ဒရယ်မူ ကျင့်သုံးခြင်းကို ထောက်ခံသည်ဟု သူမကဆို သည်။

'' ကျွန်မကတော့ ဖက်ဒရယ်မူ ကျင့်သုံးတဲ့အပေါ် ယုံကြည်တယ်။ ဒါဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေအတွက် မှန်ကန်သည့် မူတစ်ခုဖြစ်ပါတယ်။ ဖက်ဒရယ်မူကို ကျင့်သုံးရင် ကျွန်မတို့ တိုင်းရင်းသားအချင်းချင်းကို ဝေးကွာစေမည့် အစား ပိုမိုနီး ကပ်စေမယ်လို့ ယုံကြည်ပါတယ်'' ဟု ၎င်းက ဖိုရမ်ကိုတက်ရောက်လာသော ပရိသတ်တစ်ဦး ၏ မေးခွန်းကို ပြန်လည်ဖြေကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က သူမ၏ မိန့်ခွန်းတွင် ဒီမိုကရေစီစနစ်သည် ပြီးပြည့်စုံသည့်စနစ် မဟုတ်ကြောင်း၊ သို့သော် ဒီမိုကရေစီစနစ်ဖြင့် နိုင်ငံသားများကလိုသလို ပုံဖော်နိုင်ကြောင်း၊ တိုင်းပြည် ထိခိုက်မှု မရှိအောင် ပြုလုပ်နိုင်ကြောင်း၊ အောက်ခြေ လူတန်းစားများအထိ အပြောင်းအလဲကို ခံစားမိလျင်၊ ကြောက်ရွံ့ခြင်း ကင်းဝေးပြီဆိုလျင်၊ လုံခြုံသည့် အနေအထားသို့ရောက်ရှိပြီ ဆိုလျင် နိုင်ငံအတွက် စိတ်ပူစရာ မလိုတော့ကြောင်း ထည့်သွင်းပြောကြား သွားခဲ့သည်။

'' နိုင်ငံတစ်နိုင်ငံရဲ့ နိုင်ငံရေး ပြောင်းလဲမှုမှာ အမြန်နှုန်းဟာ ပြောင်းလဲမှုရဲ့ အရည်အသွေး မဟုတ်ပါဘူး။ စိတ်ချရတဲ့ပြောင်းလဲမှု ဖြစ်ဖို့သာ လိုတာပါ'' ဟု သူမက ဆက်လက်ပြောကြားခဲ့သည်။ Asean 100 Leadership Forum သို့ နောက်ခံ နယ်ပယ် အမျိုးမျိုးရှိသော ပုဂ္ဂိုလ် တစ်ရာခန့်ကို ဖိတ်ကြားကာ တွေ့ဆုံ ဆွေးနွေးစေခြင်းဖြစ်သည်။ ဆွေးနွေးပွဲများမှာ ပွင့်လင်းစွာ ဆွေးနွေး မေးမြန်းခြင်းဖြစ်ပြီး အာဆီယံနိုင်ငံများ အချင်းချင်း ပိုမို သိကျွမ်းနားလည်မှုကို တည်ဆောက်နိုင်စေရန် ရည်ရွယ်ထားခြင်းဖြစ်သည်ဟု ဖိုရမ်ကို ကြီးမှူး ကျင်းပသည့် Asia Inc Forum မှ မစ္စတာ ဒါတိုတမိုသီအွန်က ပြောကြားခဲ့သည်။

'' ကျွန်မကို ကျေနပ်မှုရရှိစေမယ့် အောင်မြင်မှုတစ်ခုတည်းကို ပြောပါဆိုရင် အမျိုးသားပြန်လည် ရင်ကြားစေ့ရေး လို့ပဲ ပြောရပါမယ်။ နိုင်ငံအတွင်းက တိုင်းရင်းသားတွေ အားလုံး အကြားထဲက ပြန်လည်ရင် ကြားစေ့ရေး၊ လက်နက်ကိုင် အင်အားစုတွေကြားက ပြန်လည်ရင်ကြားစေ့ရေးပါ'' ဟု သူမက ဆက်လက် ပြောကြား သွားခဲ့သည်။


ထို့ပြင် သူမက မြန်မာနိုင်ငံတွင် ဒီမိုကရေစီအခွင့်အရေးများအနက် အချို့ကို ခံစားရစပြုလာပြီဖြစ်ကြောင်းနှင့် ထိုအခွင့်အရေး များကို မှန်ကန်စွာ အသုံးချနိုင်ရန် လိုအပ်ကြောင်းလည်း ထည့်သွင်း ပြောကြားသွားခဲ့သည်။ အဆိုပါ ဖိုရမ်ကို Asia Inc Forum က ကြီးမှူး ကျင်းပခြင်းဖြစ်ပြီး ယခုဖိုရမ်မှာ ကိုးကြိမ်မြောက် ဖြစ်သည်။

Ref: EMG News

Read More...

လူ့အခွင့်အရေးထွန်းကားဖို့ ၂၀၀၈ ဖွဲ့စည်းပုံပြန်ပြင်ရမည်

ဦးကျော်ဇံသာ

10.12.2012
အစိုးရသစ် လက်ထက် မြန်မာနိုင်ငံဟာ ပြုပြင်ပြောင်းလဲရေး၊ ဖော်ဆောင်နေတယ် ဆိုပေမဲ့လည်း မြန်မာ့ နိုင်ငံရေးလောကမှာ စစ်တပ် ပါဝင် ပတ်သက်နေသမျနဲ့ စစ်အစိုးရ ဦးဆောင်ရေးဆွဲခဲ့တဲ့ ၂၀၀၈ အခြေခံဥပဒေကို ကျင့်သုံးနေသမျ ကာလပတ်လုံး မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အပြည့်အဝ ရမှာ မဟုတ်ဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလ အထူးကိုယ်စားလှယ် Tomas Ojea Quintana က ပြောလိုက်ပါတယ်။ ဒါ့အပြင် အမေရိကန်နဲ့ တခြား စီးပွားရေး လုပ်ငန်းကြီးတွေ အနေနဲ့လည်း မြန်မာ့လူ့အခွင့်အရေး အခြေအနေကို မျက်ကွယ်ပြုတဲ့ အရိပ်လက္ခဏာကို တွေ့မြင်နေရတယ်လို့ သူက ပြောဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် Tomas Ojea Quintana ကို ဦးကျော်ဇံသာက ဆက်သွယ်မေးမြန်း ထားပါတယ်။

မြန်မာနိုင်ငံရဲ့ ယခင်နဲ့ ယခု၊ တနည်းပြောရမယ်ဆိုရင် ပြီးခဲ့တဲ့ စစ်အစိုးရလက်ထက်နဲ့ အခု အသွင်ပြောင်းလာတဲ့ သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်၊ လူ့အခွင့်အရေး အခြေအနေနှစ်ခုကို နှိုင်းယှဉ်ကြည့်မယ် ဆိုရင် အခုအခါမှာ သိသိသာသာ တိုးတက် လာတယ်လို့ မစ္စတာ ကင်တာနားက ဆိုပါတယ်။ သူထောက်ပြတဲ့ သက်သေ အထောက်အထားတွေ ကတော့ ဒေါ်အောင်ဆန်းစုကြည်နှင့် တကွ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရွေးကောက်ပွဲ ဝင်ခွင့်ရတယ်၊ လွှတ်တော် အမတ်တွေဖြစ်လာတယ် ဆိုတဲ့ အချက်အလက် ပါဝင်ပါတယ်။ တခါ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးတယ်၊ လွတ်လပ်စွာ ထုတ်ဖော်ခွင့်ရလာတယ်၊ စသဖြင့် သူထောက်ပြပြီးတော့ ပြောဆို သွားတာဖြစ်ပါတယ်။

ဒါပေမဲ့လည်း ယခင်စစ်အစိုးရလက်ထက်က အာဏာပိုင်တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် နစ်နာ ခဲ့ရတဲ့သူတွေ၊ ဘဝ ပျက်ခဲ့ရတဲ့သူတွေ အများကြီးရှိနေပါသေးတယ်။ ဆိုတော့ ဒီဖြစ်ရပ်တွေကိုရော မေ့ဖျောက်ပစ်လိုက်ရမလား ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ မစ္စတာကင်တာနားက သူ့ရဲ့ နောက်ဆုံး အစီရင်ခံစာမှာ ဒီကိစ္စကိုဖော်ပြ ခဲ့ပါတယ်တဲ့။
ဒီကိစ္စကိုဖော်ထုတ်ပြီးတော့ ထိုက်သင့်သလိုဆောင်ရွက်ဖို့ကို အကြံပြု တင်ပြ ထားတယ်လို့ဆိုပါတယ်။ ဒါပေမဲ့လည်း ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ မြန်မာအစိုးရရဲ့ တုန့်ပြန်မှု တစုံတရာ မရရှိခဲ့သလို နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း ဒါကို စိတ်မဝင်စား ကြဘူးလို့ မစ္စတာ ကင်တာနားက ဆိုပါတယ်။

“သူတို့က ကုလသမဂ္ဂအဖွဲ့အနေနဲ့တာဝန်ရှိပါတယ်။ တရားမျှတမှုနဲ့ အမှန်တရားဆိုတာ ကုလသမဂ္ဂ အတွက် အရေးကြီးတဲ့ မူဝါဒတွေဖြစ်ပါတယ်။ လူ့အခွင့်အရေးလေးစားမှု ဆိုတာလည်း ကုလသမဂ္ဂအတွက် အရေးကြီးတဲ့ မဏ္ဍိုင်တရပ်ပါ။ ဒါကြောင့်လည်း ကုလသမဂ္ဂအဖွဲ့ဝင်တွေဖြစ်တဲ့ ဒီနိုင်ငံတွေကို ကျနော် သတိပေးရပါလိမ့်မယ်။ ငွေရေး၊ ကြေးရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာပဲဖြစ်ဖြစ် မြန်မာအာဏာပိုင်တွေနဲ့ ထိတွေ့ဆောင်ရွက်မယ်ဆိုရင် သူတို့အနေနဲ့ လူ့အခွင့်အရေးအကြောင်းကို ထည့်ပြောရပါလိမ့်မယ်။ ဒါဟာ ကျနော် လူ့အခွင့်အရေးအထူးကိုယ်စားလှယ်အနေနဲ့ပြောနေတာဖြစ်ပါတယ်။”

လူ့အခွင့်အရေးဖွံ့ဖြိုးရေးအတွက် မြန်မာနိုင်ငံအတွက် ပြည်တွင်းလိုအပ်ချက်အနေနဲ့ကတော့ အခုလက်ရှိ ကျင့်သုံးနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အများပြည်သူတို့ရဲ့ ဆန္ဒနဲ့အညီ ပြုပြင်ပြောင်းလဲရေးပဲဖြစ်တယ်လို့ ဆိုပါတယ်။ ဒါမှသာလျင် လူ့အခွင့်အရေးအပြည့်အဝ ထွန်းကားတဲ့ လူ့အဖွဲ့အစည်းတရပ်၊ နိုင်ငံတရပ် ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ကြောင်း မစ္စတာကင်တာနားက ပြောပါတယ်။

“ဖွဲ့စည်းပုံအခြေခံဥပဒေကို မြန်မာပြည်သူတွေရဲ့ ဆန္ဒနဲ့ကိုက်ညီအောင်၊ ပြုပြင်နိုင်မယ့် နည်းလမ်းတရပ်၊ အခြေအနေ တရပ်ရှိမှသာ စစ်မှန်တဲ့ လူ့အခွင့်အရေးဆိုင်ရာ အပြောင်းအလဲ တရပ်ကို တွေ့မြင်ရပါလိမ့်မယ်။ အခုရှိနေတဲ့ ၂၀၀၈ဖွဲ့စည်းပုံဟာ ၂၀၀၈ မှာ တုန်းက ဆန္ဒခံယူပွဲနဲ့ အတည်ပြုခဲ့တယ် ဆိုပေမဲ့ တရားမျှတမှု လုံးဝမရှိ၊ လုံးဝတဖက်သက် အတည်ပြုချက် ရယူခဲ့တာသာဖြစ်ပါတယ်။ နာဂစ်မုန်တိုင်းကြောင့် တိုင်းပြည် ဒုက္ခရောက်နေချိန်၊ လုပ်သွားတဲ့ ဆန္ဒ ခံယူပွဲလည်းဖြစ်ပါတယ်။ လူထု ဆန္ဒ အစစ်အမှန် မရခဲ့ပါဘူး။ ကျနော့် သဘောပြောရမယ် ဆိုရင်တော့ အစိုးရအနေနဲ့ တချိန်ချိန်မှာ ဒီဖွဲ့စည်းပုံကို လူထုရှေ့မှောက် ပွင့်ပွင့်လင်းလင်းဆွေးနွေးခွင့်ပေးပြီး ပြန်ပြင်ဖို့ သင့်ပါတယ်။ ဒါဟာ မြန်မာပြည်အတွက် သိပ်အရေးကြီးတဲ့ ကိစ္စပါ။”

တခါအဲ့ဒီ့ဖွဲ့စည်းပုံအရဆိုလို့ရှိရင် စစ်တပ်က နိုင်ငံရေးမှာ အရေးပါတဲ့နေရာမှာ ရောက်ရှိနေတဲ့အတွက် ဒါဟာ လူ့အခွင့်အရေး အတွက် အနှောင့်အယှက်၊ အတားအဆီး တရပ် ဖြစ်နေတယ်လို့လည်း သူက ထောက်ပြပါတယ်။ သူက မြန်မာနိုင်ငံကို အကြိမ်ကြိမ်ရောက်ခဲ့ရာမှာ ကျန်တဲ့ အရာရှိကြီးတွေ၊ ဝန်ကြီးတွေနဲ့ အကြိမ်ကြိမ်တွေ့ဆုံခွင့် ရခဲ့ပေမဲ့၊ စစ်တပ် အကြီးအကဲနဲ့တော့ တခါမှ တွေ့ဆုံခွင့် မရခဲ့ပါဘူးတဲ့၊ ဒါဟာ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ အားနည်းနေတယ် ဆိုတဲ့ အထောက်အထားဖြစ်တယ် ဆိုတာကို မစ္စတာ ကင်တာနားက ထောက်ပြ သွားပါတယ်။

“ပါလီမန်မှာ နေရာ ၂၅% ကို အစိမ်းရောင်ယူနီဖောင်း ဝတ်ဆင်သူတွေက ကြီးစိုးထားတာ တွေ့ရပါတယ်။ စစ်တပ်ဟာ ဒီနေရာမှာ အာဏာ ရှိနေတယ်ဆိုတာ ထင်ရှားတဲ့ သက်သေပါ။ နောက်တစ်ခုက နယ်စပ်ဒေသက တိုင်းရင်းသားပြဿနာတွေကို ကိုင်တွယ်ရာမှာ စစ်တပ်က ဘယ့်လောက်အထိ အာဏာ ချုပ်ကိုင်ထားသလဲ ဆိုတာပါပဲ။ ကျနော် မြန်မာနိုင်ငံကို အကြိမ်ပေါင်းများစွာ ရောက်ပြီးပါပြီ။ ဝန်ကြီးပေါင်းများစွာ၊ အရာရှိကြီးပေါင်း များစွာနဲ့ တွေ့ဆုံခွင့်၊ မေးမြန်းခွင့်တွေလည်း ရခဲ့ပါတယ်။ စစ်တပ်အကြီးအကဲနဲ့တော့ တခါမှ တွေ့ခွင့်မရခဲ့ပါဘူး။ ကျနော့်ဘက်က အမြဲ တွေ့ခွင့်တောင်းပါတယ်။ ဒါပေမဲ့ မရပါဘူး။ နိုင်ငံရဲ့လူ့အခွင့်အရေးနဲ့ပတ်သက်လို့ စစ်တပ်ရဲ့အနေအထားကို ကုလသမဂ္ဂလူ့အခွင့်အရေး ကိုယ်စားလှယ်က တွေ့ဆုံဆွေးနွေးဖို့က လိုအပ်ပါတယ်။”

အမေရိကန်အစိုးရက မြန်မာနိုင်ငံအစိုးရနဲ့ စစ်တပ်ချင်း ဆက်ဆံရေးကို လုပ်မယ်၊ ပြီးတော့ မြန်မာ စစ်တပ်ကို လူ့အခွင့်အရေး လိုက်နာဖို့ လေ့ကျင့် သင်ကြားပေးမယ်၊ မြန်မာ စစ်တပ်ဟာ ဝန်ထမ်းကောင်း ပီသတဲ့ အရပ်သားတွေရဲ့ အမိန့်အာဏာကို လက်ခံနိုင်တဲ့ လိုက်နာတဲ့ စစ်တပ်ဖြစ်လာအောင် လေ့ကျင့်ပေးမယ်ဆိုတဲ့ အပေါ်မှာလည်းပဲ မစ္စတာ ကင်တာနားက အယုံအကြည် မရှိဘူးလို့ပြောကြား သွားပါတယ်။

Ref: VOA News

Read More...

ဒဏ်ရာရ သံဃာများအား ထိုင်း အထူးကု ဆရာဝန် လာရောက် ကြည့်ရှု

ဟင်္သာနီ (မွန်မြေ)
စနေနေ့၊ ဒီဇင်ဘာလ ၀၈ ရက် ၂၀၁၂

စံခလပူရီ (မဇ္ဈိမ)။ ။ မုံရွာဆေးရုံမှ မန္တလေးဆေးရုံသို့ ပြောင်းရွှေ့ကုသနေရသည့် မီးလောင် ဒဏ်ရာ ပြင်းထန်သည့် သံဃာတော်များ ထံသို့ ဒီဇင်ဘာလ ၈ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က ထိုင်း အရေပြား အထူးကု ဆရာဝန်ကြီး Dr. Suthat Duangdeeden က လာရောက် ကြည့်ရှု သွားခဲ့ကြောင်း ဒဏ်ရာရ သံဃာတော်များအား ကုသနိုင်ရေး အတွက် ကမကထ ပြုနေသည့် ဦးဆောင် သံဃာတပါး ဖြစ်သူ ဦးသု (ခေါ်) ဦးဝိမလ က မိန့်ကြားသည်။

“အခုလည်း ဆက်လက် ပြီးတော့ ကြည့်ရှုနေပါတယ်။ နောက်ပြီး ထိုင်းအရေပြား ဆရာဝန်က လိုအပ်မယ့် ဆေးပစ္စည်းတွေ၊ ဆေးပိုင်း ဆိုင်ရာ အထောက်အကူပြု ပစ္စည်းလေးတွေကို နည်းနည်း လှူဒါန်းတဲ့ အခမ်းအနားမျိုးလည်း လုပ်ပါတယ်” ဟု မဇ္ဈိမကို မိန့်ကြားသည်။

ထိုသို့ လာရောက်ကြည့်ရှုခဲ့စဉ်အတွင်း မန္တလေး ဆေးရုံအုပ်ကြီး ဒေါက်တာမောင်ဝင်း ကလည်း မိမိတို့ အနေဖြင့် ဆေးပိုင်း ဆိုင်ရာ ဆွေးနွေးရာတွင် မိမိတို့ အနေဖြင့် နိုင်ငံတကာ အဆင့်မီ ဆေးဝါးများဖြင့်လည်း အသုံးပြု ကုသလျက် ရှိနေသည်ဟု ထိုင်း အရေပြား ဆရာဝန်နှင့် မန္တလေး ဆေးရုံအုပ်ကြီးတို့ တွေ့ဆုံဆွေးနွေးစဉ်တွင် ပြောကြားခဲ့ကြောင်း ဦးဝိမလ က မိန့်သည်။

ထိုင်းအရေပြား အထူးကု ဆရာဝန်ကလည်း ဒဏ်ရာရ သံဃာတော် အများစုမှာ လက်ရှိ၌ ကျန်းမာရေး အခြေအနေ တိုးတက်လျက် ရှိသည်ဟု မှတ်ချက်ပြုခဲ့ပြီး ရေရှည် ဆက်လက် ကုသရဦးမည် ဖြစ်ကာ အဖျားရောဂါများ ဆက်လက် ခံစားရနိုင်မည်ဟု သတိပေး သွားသည်။ ဒဏ်ရာရသူ များစွာမှာ လရှည် ကုရမည့် လူနာများ ဖြစ်ကြောင်း ထိုင်းဆရာဝန်ကြီးက ပြောဆိုသွားသည်။

ဒဏ်ရာ ပြင်းထန်သည့် ဦးဇင်း တစ်ပါး ဖြစ်သည့် ဦးတိက္ခဉာဏ အား ထိုင်းနိုင်ငံ၌ ဆေးဝါး သွားရောက် ကုရန် စီစဉ်လျက် ရှိပြီး သံဃာ့ မှတ်ပုံတင်မှာ မီးလောင်ကျွမ်းသွား၍ ယနေ့ မုံရွာသို့ဆင်း၍ သံဃာ့ မှတ်ပုံတင် အသစ်ပြန်လည် ရရှိရန် ကြိုးစားနေကြောင်း သိရှိရသည်။

ဦးတိက္ခဉာဏမှာ သက်တော် ၆၄ နှစ် ရှိပြီ ဖြစ်၍ ဆေးဝါး သုံးဆောင်ရသည့် အရှိန်ကြောင့် နုံးချိလျက် ရှိကာ ဒဏ်ရာ အခြေအနေမှာ နောက်ကျောဖြင့် အမြဲတစေ အိပ်နေရသဖြင့် အနာများ ဆိုးဝါးလျက် ရှိသည်ဟု သိရှိရသည်။

ကိုယ်တော်ကြီးအတွက် နိုင်ငံကူး လက်မှတ် အမြန်ဆုံးရရှိရေးလည်း ကျန်းမာရေးနှင့် လူမှုရေး ဝန်ကြီးက စီစဉ် ဆောင်ရွက်ပေးမည်ဟု ကတိပေး ထားကြောင်း ဦးဝိမလ က မိန့်သည်။

ထိုသို့ နိုင်ငံခြားမှ ဆရာဝန်များ လာရောက် ကြည့်ရှုနိုင်ရန်အတွက် ပွင့်လင်းမုံရွာ လူ့အဖွဲ့အစည်း၊ ကချင် ငြိမ်းချမ်းရေး ကွန်ယက်တို့မှ အဓိက ဝိုင်းဝန်း ဆက်သွယ်ပေးခဲ့ သည်ဟု ယနေ့ ထိုင်းဆရာဝန်ကြီးအား လိုက်လံပို့ဆောင်ပေးခဲ့သူ ကိုဝင်းမင်းထွန်း က ပြောသည်။

“သူက ထိုင်းက ဆရာဝန် ကြီးပဲလေ။ ကုသဖို့ လာတာ မဟုတ်ဘူး။ လက်ရှိ ဒီမှာ ရှိနေတဲ့ သံဃာတွေရဲ့ အခြေအနေ အားလုံးကို ကြည့်ရှုခွင့်တော့ ရတယ်။ ကြည့်ပြီးတော့ ဘယ်လို နေရမယ်။ ဘယ်လို ထိုင်ရမယ် အဲဒီလို အကြံပေးပြီး ပြောသွားတာ ရှိတယ်” ဟု မဇ္ဈိမကို ပြောသည်။

ထိုင်းဆရာ ဝန်ကြီးသည် မန္တလေး ဆေးရုံမှ လက်ထောက် ဆရာဝန်မ တဦး၏ အကူအညီဖြင့် မေးရိုးဆိုင်ရာနှင့် တကိုယ်လုံး မီးလောင် ဒဏ်ရာ ရရှိထားသည့် သံဃာများအား အနီးကပ် ကြည့်ရှုသွားခဲ့ပြီး ဒဏ်ရာ ပြင်းထန်သည့် လူနာများကို အထူး စိတ်ဝင်တစား ကြည့်ရှု သွားကာ ကျန်သံဃာများကိုလည်း ကြည့်ရှုသွားခဲ့သည်ဟု ကိုဝင်းမင်းထွန်း က ဆိုသည်။

မန္တလေး ဆေးရုံ၌ လက်ပံတောင်း သပိတ်စခန်း ဖြိုခွင်းခံရမှုတွင် မီးလောင်ဒဏ်ရာ ရရှိသည့် သံဃာ ၂၃ ပါးနှင့် လူပုဂ္ဂိုလ် ၄ ယောက် တက်ရောက်၍ ကုသနေရဆဲ ဖြစ်သည်ဟု ဆိုသည်။

ဆက်လက်၍လည်း ထိုင်ဝမ်နှင့် အာဖရိကတိုက်သား ဆရာဝန်ကြီးများ လာရောက် ကြည့်ရှူ့ရန် စီစဉ်လျက် ရှိသည် ဟုလည်း သိရသည်။

Ref: မဇ္ဈိမ

Read More...

ဒေါ်အောင်ဆန်းစုကြည်က လူငယ်တွေ နိုင်ငံရေးစိတ်ဝင်စားတာကို ချီးကျူး

2012-12-09

လူငယ်တွေ၊ ကျောင်းသားတွေ နိုင်ငံရေးကို စိတ်ဝင်စားတာ ဝမ်းသာတယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည် က မန္တလေးတိုင်းဒေသကြီး ကျောက် ပန်းတောင်းမြို့ က ရွှေနဒီပရဟိတ ဘုန်းတော် ကြီးကျောင်းရှေ့ ကွင်းပြင်မှာ ဒီကနေ့ လူထု ပရိသတ် ၂ သောင်းကျော်ကို အခုလို ပြောကြား လိုက်ပါတယ်။

"ကျွန်မတို့သွားတဲ့အခါမှာ လူငယ်လေးတွေ တက်တက်ကြွကြွနဲ့ လာကြိုရင်ဝမ်းသာတယ်၊ ကျွန်မကို လာကြိုလို့ ဝမ်းသာတာထက် သူတို့ နိုင်ငံရေးဗီဇ ရောက်သွားတာမို့လို့ ဝမ်းသာတာပါ၊ သူတို့တွေဟာ အသက်ကြီးလာတဲ့ အခါမှာ နိုင်ငံရေးကို ပိုပြီးတော့ ရင့်ရင့် ကျက်ကျက်နဲ့ တက်တက်ကြွကြွ လုပ်နိုင်မှာပါ"

ဒီကနေ့ ဟောပြောတဲ့ လူထုမိန့်ခွန်းမှာ ဘွဲ့ရ အလုပ်လက်မဲ့ပြသနာ၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးနဲ့ နိုင်ငံရေး အကြောင်းတွေကို အဓိကထား ဟောပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မနက်မှာ မကွေးမြသလွန် ဘုရားကွင်းမှာ မြို့ခံ လူထုတွေကို ဟောပြောခဲ့ပြီး ရေနံချောင်း မြို့နဲ့ ကျောက်ပန်းတောင်း မြို့တွေမှာ သွားရောက်ဟောပြောခဲ့ပါတယ်။

အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည်ဟာ ပုဂံ၊ ညောင်ဦးမြို့လေဆိပ်မှ ရန်ကုန်မြို့သို့ ညနေ ၅ နာရီမှာ ပြန်လည် ထွက်ခွာ သွားတယ်လို့ သိရပါတယ်။

Ref: RFA News "> RFA News

Read More...

မျိုးဆက်သစ်လူငယ်များရဲ့ ဆန္ဒပြပွဲ

2012-12-10

မျိုးဆက်သစ်လူငယ်များ (Generation Wave) အဖွဲ့ဝင် ၁ဝဝ ခန့်ဟာ ဒီကနေ့ ဒီဇင်ဘာလ ၁ဝ ရက်နေ့ မနက်ပိုင်းက လက်ပန်းတောင်းတောင် အရေးနဲ့ ပတ်သက်ပြီး ဒီကနေ့ မနက်ပိုင်းမှာ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြခဲ့ ကြပါတယ်။

မျိုးဆက်သစ်လူငယ်များ Generation Wave အဖွဲ့က ဆန္ဒထုတ်ဖော်တာနဲ့ ပတ်သက်တဲ့ သဘောထား ထုတ်ပြန်ချက် တစ်ရပ်ကို Generation Wave အဖွဲ့ဝင်တစ်ဦးက အခုလို ဖတ်ကြားခဲ့ပါတယ်။

"၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့မှာ ကျနော်တို့သည် အောက်ဖော်ပြပါ အချက်များကို ဆန္ဒပြု ထုတ်ဖော်တောင်းဆို လိုက်သည်၊ (က) လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းတွင် အကြမ်းဖက် ဖြိုခွင်းမှုအား တရား မျှတစွာဖြေရှင်းပေးရန်၊ (ခ) အဆိုပါ အကြောင်းအရာနဲ့ ပတ်သက်ပြီး ဆန္ဒပြ ကန့်ကွက်သူတို့အား ဖမ်းဆီး ထိန်းသိမ်းထားခြင်းမှ အမြန်ဆုံးပြန်လွှတ်ပေးရန် ကျနော်တို့ Generation Wave မျိုးဆက်သစ်လူငယ်များ အဖွဲ့က တောင်းဆိုလိုက်ပါသည်"

အခုလို ဆန္ဒပြပွဲကို ဒီကနေ့ ဒီဇင်ဘာလ ၁ဝ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနဲ့ တိုက်ဆိုင်ပြီး ဆန္ဒပြကြတာဖြစ်ပါတယ်။

ဒီကနေ့ ဆန္ဒပြပွဲကို ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်နဲ့ တက္ကသိုလ် ကျောင်းသား သမဂ္ဂ အဖွဲ့က ကျောင်းသား၊ ကျောင်းသူတွေလည်း ပူးပေါင်း ပါဝင်ခဲ့ကြပါတယ်။

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းတွေကို အစိုးရဘက်က အင်အားသုံး ဖြိုခွင်းမှုကို ကန့်ကွက်ကြောင်း နဲ့ လက်ပန်းတောင်းတောင် အရေးနဲ့ ပတ်သက်ပြီး ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးရေးစတဲ့ အချက်တွေကို တောင်းဆိုခဲ့ကြပါတယ်။

Ref: RFA News

Read More...

ထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောက်ရေး မှာ ဆုံးရှုံးသူတွေကို လျော်ကြေးပေးနေ

2012-12-10

ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းနဲ့ အထူးစီးပွားရေးဇုန် ဧရိယာတွေအတွက် ဒေသခံတွေဆီက သိမ်းယူထားတဲ့ လယ်ယာမြေတွေကို အီတာလျံ ထိုင်းကုမ္ပဏီက ဒီကနေ့ ထားဝယ်မြို့၊ မြို့နယ်ခန်းမမှာ လျော်ကြေးငွေပေးအပ်တဲ့ အခမ်းအနား တစ်ရပ် ပြုလုပ်ခဲ့ပါတယ်။

ကုမ္ပဏီဘက်ကနေ ရာဘာအပင်တွေအတွက်ပဲ လျော်ကြေးပေးပြီး တခြားအပင်တွေကို လျော်ကြေးမပေးတဲ့ အတွက် မကျေနပ် ဘူးလို့ ဒေသခံရွာသားတချို့က ပြောပါတယ်။

ဒေသခံတွေဘက်က ရသင့်ရထိုက်တဲ့ ဈေးနှုန်းအတိုင်း တွက်ချက်ပေးတာဖြစ်တဲ့အတွက် ပြေလည်မှု မရရှိတာတွေကို ခုံသမာဓိနဲ့ ကွင်းဆင်းလေ့လာပြီး ဆောင်ရွက်ပေးမယ်လို့ ထားဝယ်စီမံကိန်း အထောက်အကူပြု အဖွဲ့ တာဝန်ခံဥက္ကဌ ဦးတင်မောင်ရွှေက RFA ကို အခုလို ပြောပါတယ်။

"လူထုအစည်းအဝေးနဲ့လုပ်တဲ့ ဒီဈေးနှုန်းကို အများကလက်ခံမယ်၊ လျော်ကြေးငွေကို အများဆုံးရရှိမယ်၊ အဲဒါနဲ့ ကျနော် တွက်ချက် ပြီးတော့ပေးတာ၊ တစ်ချို့ဟာတွေက မြေပြင်မှာ စာရင်းကောက်တဲ့ ဥစ္စာနဲ့ သူတို့ စိတ်ထဲမှာ သံသယနဲ့ ကိန်းဂဏန်းတွေ လွဲနေတယ်လို့ ထင်တာတွေ ရှိတယ်၊ အဲဒါတွေနဲ့ပတ်သက်လို့ ကျနော်တို့တွေက ခုံသမာဓိအဖွဲ့ဆိုပြီး ဖွဲ့ထားတယ်၊ အဲဒါတွေ အားလုံးကို မြေပြင် ကွင်းဆင်း စစ်ဆေးပြီးတော့ သူတို့ရသင့်ရထိုက်တဲ့ ဥစ္စာအားလုံးကို ပြန်လုပ်ပေးမှာပါ"

အဲဒီအခမ်းအနားကို တနင်္သာရီတိုင်းဒေသဝန်ကြီးချုပ် ဦးမြတ်ကို၊ ဒုတိယဝန်ကြီး ဦးဘုန်းဆွေ၊ ထားဝယ်စီမံကိန်း အထောက်အကူပြု အဖွဲ့ တာဝန်ခံ ဥက္ကဌ ဦးတင်မောင်ရွှေ၊ အီတာလျံထိုင်းကုမ္ပဏီက တာဝန်ရှိသူတွေနဲ့ ဒေသခံ ပြည်သူလူထု ၂၀၀ ကျော်တက်ရာက်ခဲ့ပါတယ်။

Ref: RFA News

Read More...

လူ့အခွင့်အရေးနေ့တွင် ဦးအောင်မင်း လက်ရှိအခြေအနေ ရှင်းပြ

ကြည်ပြာ
တနင်္လာနေ့၊ ဒီဇင်ဘာလ ၁၀ ရက် ၂၀၁၂

ရန်ကုန် (မဇ္ဈိမ) ။ ။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနားသို့ တက်ရောက် လာသော သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း က လက်ရှိ ဖြစ်ပေါ် တိုးတက်လျက်ရှိသော ပြုပြင်ပြောင်းလဲရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ကို ရှင်းလင်းပြောဆို သွားခဲ့သည်။

တနင်္လာနေ့က ရန်ကုန်မြို့၊ အင်းလျားလိတ် ဟိုတယ်၌ ကုလသမဂ္ဂ အဖွဲ့အစည်းများက ဦးဆောင် ကျင်းပသည့် လူ့အခွင့်အရေးနေ့ အခမ်း အနားတွင် ၎င်းတို့ အစိုးရအနေဖြင့် “ပြည်သူများ ဂုဏ်သရေရှိစွာ နေထိုင်နိုင်ရေး အတွက် ပြုပြင်ပြောင်းလဲမှုတွေ အများကြီး ပြုလုပ် ခဲ့တယ်ဆိုတာကို ဂုဏ်ယူ ဝင့်ကြွားစွာ ပြောကြားလိုပါတယ်” ဟု နိဒါန်းပျိုးကာ နိုင်ငံရေး အကျဉ်းသားများ လွတ်ငြိမ်းခွင့်ပြုခြင်း၊ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်ပေးခြင်းနှင့် မီဒီယာလွတ်လပ်ခွင့်များ တိုးမြှင့်ပေးခဲ့ခြင်းများကို ထည့်သွင်း ဖော်ပြသွားသည်။

ထို့ပြင် ကြုံတွေ့နေရဆဲဖြစ်သော အလုပ်သမား တောင်းဆိုချက်များ၊ လယ်ယာမြေ အသိမ်းခံရမှုများ၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကိစ္စများကိုလည်း “အစိုးရနှင့် ပြည်သူများ တွေ့ဆုံဆွေးနွေးပွဲများ ကျင်းပပြီး ပွင့်လင်းစွာ အဖြေရှာ မှုများ ပြုလုပ်နေပြီ ဖြစ်ပါတယ်” ဟု ပြောဆိုသွားသည်။

ဦးအောင်မင်း ကိုယ်တိုင် ဦးဆောင်ပါဝင်နေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် တိုင်းရင်းသား လက်နက်ကိုင် ၁၁ ဖွဲ့နှင့် အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ် ရေးထိုးနိုင်ခဲ့သော်လည်း ကချင်ပြည်နယ် “ပဋိပက္ခတွေ ပြန်လည် ပြင်းထန် လာတာနဲ့ အမျှ ယခင်က ၁၇ နှစ်လုံး ရှိခဲ့တဲ့ နှစ်ဦးနှစ်ဖက်ယုံကြည်မှုတွေ ပျောက်ကွယ်သွားစေခဲ့ပါတယ်။ အပစ်အခတ် ရပ်စဲ မှုများကို ပြုလုပ်ရုံနဲ့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး မရရှိနိုင်ဘူးဆိုတာ ကျနော်တို့ နားလည် သဘောပေါက်ပါတယ်” ဟု ဆိုသည်။

“နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေး ပြသနာများဟာ အပစ်အခတ်ရပ်စဲရေးဆိုတဲ့ အကြောင်းအရာထက် ပိုမိုရှုပ်ထွေးပြီး သိမ်မွေ့ နက်နဲမှုများ ရှိတယ် ဆိုတာ တွေ့ရမှာ ဖြစ်ပါတယ်။ အာဏာခွဲဝေမှုနဲ့ အရင်းအမြစ် ခွဲဝေသုံးစွဲမှုတွေကိုလည်း တိုင်းပြည်အတွင်းမှာ ရှိတဲ့ တိုင်းရင်းသား အားလုံး အကျိုးကျေးဇူး ရရှိစေရေးအတွက် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်” ဟု ဦးအောင်မင်း က ထည့်သွင်းပြောဆို သွားသည်။

အခမ်းအနားသို့ ကုလ လူသားချင်း စာနာမှုဆိုင်ရာ ဌာနေကိုယ်စားလှယ် MR. Ashok Nigam ၊ ကုလ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) မှ Ms. Matilda Bonger ၊ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြ တို့လည်း တက်ရောက် အမှာစကားပြောကြား ခဲ့ကြသည်။

ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကလည်း လူ့ အခွင့်အရေးကို မြှင့်တင်ရာတွင် ပညာရေးကို အခြေခံပြီး ဖော်ဆောင် သင့်ကြောင်း ပြောဆိုသွားသည်။

“မတူတဲ့ နေရာတွေကနေပြီး ထွက်လာတဲ့ အသံတွေကို နားထောင်ရပါမယ်။ အသံတွေက ဘာကြောင့် ထွက်လာရ တာလဲ ဆိုတာကို နားထောင်ရပါမယ်။ ဒီမိုကရေစီ ဖော်ဆောင်တဲ့လမ်းမှာ ပြည်သူလူထုတွေရဲ့ လူ့အခွင့်အရေးတွေကို သိရှိဖို့ ပညာရေးက အရေးကြီး ပါတယ်။ ဒီမိုကရေစီ ဖော်ဆောင်တာ အပေါ်ကနေ ပြုလုပ်လို့မရပါဘူး။ အောက်ခြေ ပြည်သူလူထု ကနေ စတင်ရမှာ ဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည် က ဆိုသည်။

လူ့အခွင့်အရေးတွင် စာနယ်ဇင်းလွတ်လပ်ခွင့်မှ အလွန်အရေးပါကြောင်း မြန်မာ ဂျာနယ်လစ်အဖွဲ့ MJA မှ ဦးကိုကို က ပြောဆိုသွားသည်။

“လွတ်လပ်စွာ ပုံနှိပ်ဖော်ပြခွင့် ရခြင်းဟာ လူ့အခွင့်အရေးရဲ့ အုတ်မြစ် အခြေခံ ဖြစ်တယ်။ လူ့အဖွဲ့အစည်းမှာ လူ့အခွင့် အရေးကို မှန်ကန်စွာ ပါဝင်ပတ်သက် တောင်းဆိုခြင်းဟာ ဒီမိုကရေစီ လမ်းစဉ်ကို သွားတဲ့ အထောက်အကူ ဖြစ်ပါ တယ်” ဟု ဆိုသည်။

နေ့လည် ၂ နာရီက စတင်ကျင်းပသော အခမ်းအနားတွင် တက်ရောက်လာသူ တချို့က လူ့အခွင့်အရေးနှင့် ပတ်သက်ပြီး အောက်ခြေ ပြည်သူလူထု အထိ တိုက်ရိုက် ဗဟုသုတ ရရှိစေနိုင်ရန်အတွက် ယခုထက်ပို မိုဆောင်ရွက်နို်င်ရန် ကြိုးပမ်း သင့်ကြောင်းကို အကြံပြု ဆွေးနွေးခဲ့ကြသည်။

Ref: မဇ္ဈိမ

Read More...

အပေါ်သို့