..............................

Friday, January 8, 2010

၂၀၁၀ ရွေးကောက်ပွဲသည် မြန်မာ့နိုင်ငံရေး၏ အဖြေမဟုတ်

ဇင်လင်း
၇ ဇန်န၀ါရီ ၂၀၁၀

၂၀၁၀ ခုနှစ်ဆန်းပေပြီ။ မြန်မာ့နိုင်ငံရေးမြင်ကွင်းကား အမှောင်ဖုံးနေဆဲ။ “အာဃာတ ကင်းစင်သော အထွေထွေ သဟဇာတ ဖြစ်ရေးမူ” ကို တာဝန်ရှိ နိုင်ငံခေါင်းဆောင် အသီးသီး လေးနက်စွာ နှလုံးမသွင်းသရွေ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် အလှမ်း ဝေးနေပေဦးမည်။ တိုင်းပြည်လူထု ဆင်းရဲဒုက္ခ နွံအတွင်းမှ လွတ်မြောက်ရေးလည်း မျှော်တိုင်း ဝေးနေကြရဦးမည်။

၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးအား သွေးမြေကျအောင် လူ့အခွင့်အရေး ချိုးဖောက်၊ အကြမ်းဖက် နှိမ်နင်းခြင်း၏ အကျိုးဆက်အဖြစ် နအဖ စစ်အုပ်စုသည်လည်း နိုင်ငံရေး အကျဉ်းအကျပ် အတွင်း၌ ချောင်ပိတ်မိနေသည်။ (၁၄) နှစ်ကြာ စည်းမျဉ်းစည်းကမ်း တိတိကျကျမရှိဘဲ အချိန်ဆွဲ ကျင်းပခဲ့သည့် ညောင်နှစ်ပင် အမျိုးသား ညီလာခံကို တက်သုတ်ရိုက် နိဂုံးသတ်ကာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမူကြမ်း (၂၀၀၈) ဆိုသည်ကို ထုတ်ပြန်ခဲ့သည်။ ထို့နောက် နာဂစ် မုန်တိုင်းဒဏ်ကြောင့် ပြည်သူလူထု ဆင်းရဲ ဒုက္ခရောက်နေချိန် ၂၀၀၈ ခုနှစ် မေလတွင် သေနတ်ဖြင့် ခြိမ်းခြောက်၍ မည်ကာမတ္တ လူထုဆန္ဒ ခံယူပွဲဖြင့် ညောင်နှစ်ပင် ဖွဲ့စည်းပုံ အခြေခံမူကြမ်းကို မျက်နှာပြောင်တိုက် အတည်ပြုခဲ့သည်။ (၉၂) ရာခိုင်နှုန်းကျော် လူထုဆန္ဒမဲ ထောက်ခံမှုအရ ၂၀၀၈ ဖွဲ့စည်းပုံကို အတည်ပြုလိုက်ကြောင်း အရှက်ကင်းမဲ့စွာ ကြေညာခဲ့သည်။ ဆက်လက်၍ ၂၀၁၀ ပြည့်နှစ်တွင် လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပမည်ဟုလည်း အခြေအမြစ်မဲ့စွာ ကြေညာခဲ့သည်။

သို့သော် ၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် လူထုဆန္ဒမဲ (၈၂) ရာခိုင်နှုန်း အနိုင်ရရှိခဲ့သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ပါလီမန်တွင် စစ်ဗိုလ် တမတ်သား အလိုအလျောက် ပါဝင်မည့် နအဖ၏ ၂၀၀၈ ညောင်နှစ်ပင် ဖွဲ့စည်းပုံ အခြေခံဥပေဒေသည် ဒီမိုကရေစီ နည်းမကျသဖြင့် ပြန်လည် သုံးသပ် ပြင်ဆင်ရန် လိုသည်ဟု ၂၀၀၉ ခုနှစ် ဧပြီလ (၂၉) ရက်နေ့တွင် ‘ရွှေဂုံတိုင်ကြေညာစာတမ်း’ ၌ ဝေဖန် ထောက်ပြခဲ့သည်။ ထိုအချက်ကို နအဖက လက်ခံမှသာ၂၀၁၀ ရွေးကောက်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်ရန် စဉ်းစားမည်ဟုလည်း တောင်းဆိုခဲ့သည်။ အန်အယ်လ်ဒီ၏ ‘ရွှေဂုံတိုင်ကြေညာ စာတမ်း’ ကို ပြည်တွင်း ပြည်ပရှိ အတိုက်အခံ အင်အားစုများကလည်း သဘောတူ ထောက်ခံခဲ့ကြသည်။ စင်စစ် ယနေ့ မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြဿနာသည် ရွေးကောက်ပွဲကျင်းပ အဖြေထုတ်ယူရမည့် အဆင့်အထိ မရောက်သေးပေ။ လက်ငင်း ရှာရမည့်အဖြေမှာ တိုင်းရင်းသား ပြည်သူလူထု အများစုကြီးက သဘောတူ လက်ခံနိုင်မည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေတရပ် ပေါ်ထွန်းရေးဖြစ်သည်။ ထို့ကြောင့်လည်း အန်အယ်လ်ဒီနှင့် တိုင်းရင်းသား နိုင်ငံရေး အင်အားစုများက ရွေးကောက်ပွဲမကျင်းပမီ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများ ကျင်းပရန် တောင်းဆို နေကြခြင်းဖြစ်သည်။

ရွေးကောက်ပွဲဟု ဆိုလိုက်သည်နှင့် နိုင်ငံသားတဦးချင်းစီ၏ ရွေးချယ်ပိုင်ခွင့်ကို လမ်းဖွင့်ပေးသည့် အစီအစဉ် ဖြစ်သဖြင့် ကောင်းသည်ဟု ယေဘုယျ ဆိုကြသော်လည်း လွတ်လပ်မျှတသည့် ရွေးကောက်ပွဲလား၊ အတုအယောင် ရွေးကောက်ပွဲလား၊ အရောင်အသွေးစုံ ပါဝင်ခွင့်ရှိသည့် ရွေးကောက်ပွဲလား၊ နိုင်ငံတကာ လေ့လာ အကဲခတ်သမားများ၏ ရှေ့မှောက်၌ မြင်သာထင်သာ ကျင်းပသည့် ရွေးကောက်ပွဲလား၊ တံခါးပိတ်ကျင်းပသည့် ရွေးကောက်ပွဲလား စသည်ဖြင့် မဆန်းစစ်ဘဲ ‘ကောင်းသည်’ ဟု မျက်စိမှိတ် မဆိုနိုင်ပေ။ ဒီမိုကရေစီ ဖြစ်စဉ်တွင် ‘ရွေးကောက်ပွဲ’ သည် ပဓာန ကျသော်လည်း၊ ပြည်သူလူထု၏ လိုအင်ဆန္ဒကို အကောင်အထည် ဖော်ဆောင် မပေးနိုင်လျှင် ယင်းရွေးကောက်ပွဲကား အချည်းနှီးသာ ဖြစ်လိမ့်မည်။

ပြည်သူလူထု၏ အခြေခံရပိုင်ခွင့်တို့ကို အာမခံသည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ဆိုသည်မှာ လူထု၏ အခွင့်အာဏာ (Mandate) ကို ရယူ ကျင့်သုံးမည့် အစိုးရနှင့် ပြည်သူလူထုတို့ အကြား သဘောတူ ချုပ်ဆိုထားသော လူမှု အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် (Social Contract) ဖြစ်သည်။ ယနေ့ (နိုင်ငံတော်၏ အချုပ်အခြာ အာဏာသည် နိုင်ငံသားများထံမှ တိုက်ရိုက် ဆင်းသက်စေရမည်) ဆိုသော အချက်ကို အစိုးရအာဏာ ရယူကျင့်သုံးနေသူများက နည်းအမျိုးမျိုးဖြင့် မှေးမှိန်အောင် ပြုလုပ်ထားကြသည်။ မြန်မာ စစ်အာဏာရှင် တို့ကမူ နိုင်ငံသားများက ပိုင်ဆိုင်သည့် အချုပ်အခြာ အာဏာကို သူတို့၏ ဘိုးဘွားမိဘပိုင် ပစ္စည်းသဖွယ် ထင်ရာစိုင်း ကျင့်သုံး နေကြသဖြင့် ပို၍ဆိုးပေသည်။ ဥပမာအားဖြင့် ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ပစ်ပယ်လျက် အာဏာ ဆက်သိမ်းထားသည်မှာ ပြည်သူလူထုနှင့် တကွ ဒီမိုကရေစီ ကျင့်စဉ်ကို သရော်မော်ကား လုပ်ခြင်းဖြစ်သည်။

စင်စစ် ရွေးကောက်ပွဲဆိုသည်မှာ ဒီမိုကရေစီကျင့်စဉ်၏ အစိတ်အပိုင်း ဖြစ်ရုံမျှမက လူ့အခွင့်အရေးဆိုင်ရာ ရပိုင်ခွင့်လည်း ဖြစ်သည်။ ‘အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း’ အပိုဒ် (၂၁) တွင် ယခုကဲ့သို့ ဖော်ပြထားသည်။

(၁) လူတိုင်းသည် မိမိတို့နိုင်ငံ၏ အစိုးရဆိုင်ရာလုပ်ငန်းများတွင် တိုက်ရိုက်ဖြစ်စေ၊ လွတ်လပ်စွာ ရွေးချယ် တင်မြှောက်ထားသော ကိုယ်စားလှယ်များမှ တဆင့်ဖြစ်စေ ပါဝင် ဆောင်ရွက်ရန် အခွင့်အရေးရှိသည်။

(၂) လူတိုင်းသည် မိမိတို့နိုင်ငံ၏ အများပြည်သူဆိုင်ရာ ၀န်ဆောင်မှုလုပ်ငန်းများကို ညီမျှစွာ ရယူ ခံစားပိုင်ခွင့် ရှိစေရမည်။

(၃) ပြည်သူအများ၏ဆန္ဒသည် အစိုးရအာဏာပိုင်စိုးမှု၏ အခြေခံအုတ်မြစ် ဖြစ်စေရမည်။ ဤဆန္ဒများကို ပုံမှန်အချိန် အပိုင်း အခြားအလိုက် ကျင်းပသော၊ ‘စစ်မှန်သော ရွေးကောက်ပွဲများ’ ဖြင့် ဖော်ပြရမည်ဖြစ်ပြီး ဤ ရွေးကောက်ပွဲများတွင် လူတိုင်း မခွဲမခြား မဲပေးခွင့်ရှိ၍ လျှို့ဝှက် မဲပေးစနစ်ဖြင့်ဖြစ်စေ သို့မဟုတ် အလားတူ ညီမျှသော လွတ်လပ်သည့် မဲဆန္ဒပေးနိုင်သည့် လုပ်ငန်းစဉ်များဖြင့် ဖြစ်စေ ကျင်းပပေးရမည်။

‘အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း’ သည် လူ့အခွင့်အရေး ဆိုင်ရာ စံပြု သတ်မှတ်ထားသော အခြေခံ ကတိ က၀တ်များလည်း ဖြစ်သည်။ ထို့ပြင် “ကုလသမဂ္ဂ နိုင်ငံသား အခွင့်အရေးနှင့် နိုင်ငံရေး အခွင့်အရေးများ ဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက်” (UN International Convenant on Civil and Political Rights - ICCPR) ၏ အပိုဒ် (၂၅) တွင်လည်း နိုင်ငံသားတိုင်းအား ခွဲခြားကန့်သတ်မှု မရှိစေရဘဲ၊ ‘မဲပေးခွင့် အခွင့်အရေးနှင့် အခွင့်အလမ်း’ ရှိစေရမည်ဖြစ်ပြီး ‘ရွေးချယ်ခံပိုင်ခွင့်’ လည်း ရှိစေရမည်ဟု ဖော်ပြထားသည်။

ဤနေရာ၌ ‘ဥရောပလုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့’ (The Organization for Security and Co-operation in Europe – OSCE) ၏ သဘောတူညီချက် မှတ်တမ်းများအား ကိုးကားလျက် ရွေးကောက်ပွဲ ကျင့်ဝတ်များနှင့် စပ်လျဉ်း၍ နိုင်ငံအများ လိုက်နာရမည့် အချက်အလက် အနှစ်ချုပ်ကို ဖော်ပြလိုသည်။

● သင့်လျော်သော ကာလအပိုင်းအခြားတွင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများ ကျင်းပပေးရမည်။

● ဥပဒေပြုလွှတ်တော်တွင် ကိုယ်စားလှယ်နေရာအားလုံးကို လူထုအများစု၏ ဆန္ဒမဲဖြင့် ရွေးချယ် တင်မြှောက်ရမည်။

● လူမျိုး၊ အသားအရောင်၊ ကိုးကွယ်မှု၊ လိင် အစရှိသော အကြောင်းပြချက်များဖြင့် ခွဲခြား ဆက်ဆံ ခံရခြင်း မရှိစေဘဲ နိုင်ငံသားတိုင်း တန်းတူညီမျှ မဲပေးနိုင်ခွင့်နှင့် ရွေးချယ်ခံပိုင်ခွင့် အခွင့်အရေးများ ရရှိရန် အာမခံရမည်။

● ဆန္ဒမဲများကို လျှို့ဝှက်စနစ်ဖြင့် ပေးနိုင်အောင် စီမံ ဆောင်ရွက်ပေးရမည်။

● ရိုးသားဖြောင့်မတ်စွာ မဲရေတွက်၍ အစီရင်ခံတင်ပြရမည်။ ရလဒ်ကို အများပြည်သူသိရှိ နိုင်ရန်လည်း ကြေညာ ပေးရမည်။

● အစိုးရအာဏာပိုင်များ၊ တာဝန်ရှိသူများက နိုင်ငံသားများ၏ ရွေးချယ်ခံပိုင်ခွင့်ကို လေးစား အသိအမှတ် ပြုရမည်။

● နိုင်ငံရေးပါတီများတည်ထောင်ခွင့်ကို လေးစားအသိအမှတ်ပြု၍ ပါတီအားလုံးကို ဥပဒေရှေ့မှောက်၌ တန်းတူ အခွင့် အရေးများ ပေးကာ ယှဉ်ပြိုင်စေရမည်။ အာဏာပိုင်များက ပါတီအားလုံးကို မခွဲမခြား တန်းတူ ဆက်ဆံရမည်။

● ပါတီများအား လွတ်လပ်ပွင့်လင်းသော ၀န်းကျင်တွင် နိုင်ငံရေး စည်းရုံးမှုများ ဆောင်ရွက်ခွင့် ပေးရမည်။ နိုင်ငံရေး ပါတီများ အပေါ်၌ဖြစ်စေ၊ ကိုယ်စားလှယ်များ အပေါ်၌ဖြစ်စေ၊ မဲဆန္ဒရှင် ပြည်သူများ အပေါ်၌ဖြစ်စေ၊ အာဏာပိုင်များက မလျော် မကန်ပြုမှု၊ ခြိမ်းခြောက်မှု၊ အကြမ်းဖက်မှု၊ လက်စားချေမှုများ ပြုလုပ်မည်ကို ကြောက်ရွံ့နေရသည့် အခြေအနေများ မရှိစေရ။

● သတင်းမီဒီယာကို အကန့်အသတ်မရှိ၊ ခွဲခြားမှုမရှိ၊ လွတ်လပ်စွာ တန်းတူ အသုံးပြုခွင့် ပေးရမည်။

● မဲအရေအတွက် ပြည့်မီသည့် အနိုင်ရ ကိုယ်စားလှယ်များအား သက်ဆိုင်သည့် အခွင့် အာဏာကို အပ်နှင်းရမည်။

● နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်စာတမ်းများတွင် တိုင်းရင်းသား လူနည်းစု အုပ်စုများကို ကာကွယ် စောင့်ရှောက်ရေးနှင့် ထိုအုပ်စုဝင် လူသားတိုင်းအား တန်းတူ နိုင်ငံရေး ရပိုင်ခွင့်များ ပေးရန် ဖော်ပြထားပြီး ဖြစ်သည်။ ‘ကုလသမဂ္ဂ၏ လူမျိုးရေး ခွဲခြားဖိနှိပ်မှု ပုံသဏ္ဌာန်အားလုံး ဖျက်သိမ်း ဖယ်ရှားရေး နိုင်ငံတကာ သဘောတူညီချက်’ (UN Convention on the Elimination of All Forms of Racial Discrimination) နှင့် (OSCE) ၏ ‘၁၉၉၁ ခုနှစ် ရှုထောင့်ဆိုင်ရာ မော်စကို မှတ်တမ်းများ’ (1991 Moscow Document on the Human Dimension) တွင် တိုင်းရင်းသား လူနည်းစုများအား တန်းတူနိုင်ငံရေး ရပိုင်ခွင့်များ ပေးရန် ဖော်ပြထားကြောင်း တွေ့နိုင်သည်။ ဆိုလိုသည်မှာ ရွေးကောက်ပွဲသည် လူ့အခွင့်အရေး ဆိုင်ရာ ရပိုင်ခွင့်ဖြစ်သည့် အလျောက် တိုင်းရင်းသား လူနည်းစုများအားလည်း တန်းတူ နိုင်ငံရေး ရပိုင်ခွင့်များ ပေးရမည်။

● နောက်ထပ် အရေးကြီးသော ကိစ္စတရပ်မှာ အစိုးရနှင့် ပြည်သူ့ လုပ်ငန်းဆောင်တာ များတွင် ‘အမျိုးသမီးများ’ ပိုမိုတိုးတက် ပါဝင် ဆောင်ရွက်ခွင့် ရရှိရေးဖြစ်သည်။ ‘အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း’ နှင့် အခြား နိုင်ငံတကာ စာချုပ် စာတမ်းများတွင် လူမျိုး၊ အသားအရောင်၊ ကိုးကွယ်မှု၊ လိင် အစရှိသော အကြောင်းပြချက်များဖြင့် ခွဲခြား ဆက်ဆံခံရံခြင်း မရှိစေဘဲ နိုင်ငံသားတိုင်း တန်းတူညီမျှ မဲပေးနိုင်ခွင့်နှင့် ရွေးချယ်ခံပိုင်ခွင့် အခွင့်အရေးများ ရရှိစေရမည်ဟု ဖော်ပြထားသည်။

ထိုကိစ္စနှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များကို ‘ကုလသမဂ္ဂ အမျိုးသမီးများ ခွဲခြားဆက်ဆံခံရမှု ပပျောက်ရေးဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက်’ (UN Convention for the Elimination of Discrimination Against Women – CEDAW) နှင့် (OSCE) ၏ ‘၁၉၉၁ ခုနှစ် ရှုထောင့်ဆိုင်ရာ မော်စကိုမှတ်တမ်းများ’ (1991 Moscow Document on the Human Dimension) တွင် တွေ့နိုင်သည်။

ဤသဘောတူညီချက် မှတ်တမ်းများအရ ‘ရွေးကောက်ပွဲ’ သည် ‘လူ့အခွင့်အရေးဆိုင်ရာ ရပိုင်ခွင့်’ တွင် အကျုံးဝင်သဖြင့် ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံ အသီးသီးအနေဖြင့် ‘နိုင်ငံတကာ စံချိန်စံညွှန်းများ’ ကို လိုက်နာရန် တာဝန်ရှိသည်။ ‘နိုင်ငံတကာ စံချိန်စံညွှန်းများ’ ၏ သဘောသည် ကျယ်ပြန့်၍ ယေဘုယျဆန်ကာ နိုင်ငံအများ လိုက်နာ အကောင်အထည် ဖော်နိုင်စေမည့် မူဘောင်များဟု ဆိုနိုင်သည်။ သက်ဆိုင်ရာ နိုင်ငံများအနေဖြင့် ရွေးကောက်ပွဲများ ကျင်းပကြရာတွင် ထိုစံချိန် စံညွှန်းများကို လိုက်နာ ကျင့်ကြံရန် လိုအပ်ပေသည်။

နိုင်ငံများသည် ယင်းရွေးကောက်ပွဲ စံချိန်များကို မည်၍မည်မျှ လိုက်နာကြသနည်း ဆိုသည်ကို သိရှိနိုင်ရန် လေ့လာ စောင့်ကြည့် သူများ ထားရှိဖို့လည်း လိုအပ်ပြန်သည်။ ၁၉၉၀ ခုနှစ်က ‘ကိုပင်ဟေဂင်’ ၌ ကျင်းပသော (The Organization for Security and Co-operation in Europe) OSCE ညီလာခံတွင် ‘ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်သူများ’ ၏ အခန်းကဏ္ဍကို ထည့်သွင်း ဖေါ်ပြခဲ့သည်။ နိုင်ငံတကာ (သို့မဟုတ်) ပြည်တွင်းမှ ‘ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်သူများ’ ရှိနေခြင်းအားဖြင့် ရွေးကောက်ပွဲ၏ လွတ်လပ်မှု၊ တရားမျှတမှု ဆိုင်ရာ ယုံကြည် ကိုးစားနိုင်မှု အခြေအနေ နှုန်းစံများကို ပိုမို မြင့်မားစေမည်ဖြစ်သည်။ ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်မှု လုပ်ငန်းစဉ်သည် လူ့အခွင့်အရေး ကာကွယ် မြှင့်တင်ခြင်းနှင့်လည်း တိုက်ရိုက် ဆက်စပ် နေသည်။

ပြည်တွင်း၌ ရွေးကောက်ပွဲစောင့်ကြည့်အဖွဲ့များ ရှိခြင်းအားဖြင့် ဥပဒေ ချိုးဖောက်မှုများကို ထိန်းကျောင်း ပေးနိုင်၍ ရွေးကောက်ပွဲ ရလဒ်အပေါ် လူထု၏ ယုံကြည်အလေးထားမှုကို ရရှိစေသည်။ ရွေးကောက်ပွဲတွင် လူထု၏ ပူးပေါင်းပါဝင်မှုကိုလည်း ပိုမိုအားပေးရာ ရောက်သည်။ ၁၉၉၀ မေ (၂၇) ရွေးကောက်ပွဲတွင် ‘အစိုးရ မဟုတ်သော ရွေးကောက်ပွဲ စောင့်ကြည့်အဖွဲ့’ မျိုးကို စောင့်ကြည့်ခွင့် မပြုခဲ့။ ထူးခြားချက်မှာ လူထုက စည်းလုံး ညီညွတ်စွာ ရွေးကောက်ပွဲ စောင့်ကြည့်တာဝန်ကို ယူခဲ့ကြခြင်းဖြစ်သည်။ အခြား အခြေအနေ တခုမှာ စစ်အာဏာရှင် တို့၏ ဥပဒေမဲ့ ဖိနှိပ်မှုများ အဆမတန် များခြင်းမှာလည်း လူထု၏ နိုင်ငံရေး အသိနှင့် ဆုံးဖြတ်ချက်တို့ကို ပိုမို ခိုင်မာပြတ်သား လာစေသည့် အကြောင်းဟု ဆိုနိုင်သည်။ ထိုအချက်ကြောင့်ပင် လူထုက ရွေးကောက်ပွဲ၌ မည်သူအား ဆန္ဒမဲ ပေးရမည် ဆိုခြင်းကို တွေဝေမှု မရှိဘဲ ဆုံးဖြတ်နိုင်ခဲ့သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အား ပုံအော မဲထည့်ခဲ့ကြသည်။

အထူးအလေးအနက် ပြောစရာကိစ္စအချို့ ရှိသေးသည်။ နိုင်ငံတကာ သဘောတူ စာချုပ်များတွင် အောက်ပါ အချက်တို့ကို အထပ်ထပ် အဖန်ဖန် လိုက်နာရန် တိုက်တွန်း ထားသည်ကို တည်ဆဲ အစိုးရများအနေဖြင့် လေးစားလိုက်နာ စောင့်ထိန်းကြရမည့် ၀တ္တရားရှိသည်။

● နိုင်ငံရေးပါတီများတည်ထောင်ခွင့်ကို လေးစားအသိအမှတ်ပြု၍ ပါတီအားလုံးကို ဥပဒေရှေ့မှောက်၌ တန်းတူ အခွင့်အရေးများ ပေးကာ ယှဉ်ပြိုင်စေရမည်။ အာဏာပိုင်များက ပါတီအားလုံးကို မခွဲမခြား တန်းတူ ဆက်ဆံရမည်။

● ပါတီများအား လွတ်လပ်ပွင့်လင်းသော ၀န်းကျင်တွင် နိုင်ငံရေးစည်းရုံးမှုများ ဆောင်ရွက်ခွင့် ပေးရမည်။ နိုင်ငံရေး ပါတီများ အပေါ်၌ဖြစ်စေ၊ ကိုယ်စားလှယ်များ အပေါ်၌ဖြစ်စေ၊ မဲဆန္ဒရှင် ပြည်သူများ အပေါ်၌ဖြစ်စေ၊ အာဏာပိုင်များက မလျော်မကန်ပြုမှု၊ ခြိမ်းခြောက်မှု၊ အကြမ်းဖက်မှု၊ လက်စားချေမှုများ ပြုလုပ်မည်ကို ကြောက်ရွံ့ နေရသည့် အခြေအနေများ မရှိစေရ။

သို့သော် ယင်းကတိက၀တ်တို့ကို မြန်မာစစ်အစိုးရက မသိကျိုးကျွန်ပြုလျက် ရှိကြောင်း သက်သေ သာဓကများ တွေ့ခဲ့ရပြီး တွေ့နေရဆဲ ဖြစ်သည်။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲကို ပြန်ကြည့်လျှင်လည်း စစ်အစိုးရက ကျောထောက် နောက်ခံ ပေးထားသော ‘တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ (တစည)’ က ငွေကြေး အင်အား တောင့်တင်းစွာဖြင့် မဲနိုင်ရေး အားထုတ်ခဲ့သည်။ တစညပါတီ၏ အဓိက အမှားမှာ မဆလ၏ ငွေကြေးနှင့် ပစ္စည်းပစ္စယ အမြောက်အမြားကို အမွေခံယူခဲ့ခြင်း ဖြစ်သည်။ ထိုအမွေများသည် နိုင်ငံပိုင် ပြည်သူ့ ဘဏ္ဍာများဖြစ်သည်။ ယင်း ဘဏ္ဍာငွေကြေးတို့ကို အသုံးပြု၍ ပါတီအမာခံများ မွေးခြင်း၊ ကျွေးမွေး ဧည့်ခံပွဲများဖြင့် မဲဆွယ် ဟောပြောပွဲများ ပြုလုပ်ခြင်း၊ အတိုက်အခံ ပါတီခေါင်းဆောင်များအား အပုပ်ချသည့် စာရွက် စာတမ်းများ ဖြန့်ဝေခြင်း အစရှိသော မရိုးမဖြောင့်၊ ဥပဒေနှင့် မညီသည့် နိုင်ငံရေး လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြောင်း တွေ့ခဲ့ရသည်။ တစည၏ အဆိုးဆုံးအမှားမှာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံရေးအပုပ်ချ၊ ပုဂ္ဂိုလ်ရေး ထိုးနှက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ရလဒ်မှာ လူထုက တစညပါတီကို ပိုမိုရွံရှာလာခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အပေါ် ပိုမို ထောက်ခံလာခဲ့သည်။

ယခုလည်း နအဖစစ်အစိုးရသည် ထို ‘ကရွတ်ကင်းလျှောက် အမှားသံသရာ’ အတွင်း ဆက်လက် လျှောက်လှမ်းနေဆဲ ဖြစ်သည်။ ဒီပဲယင်း နိုင်ငံရေး လုပ်ကြံမှုမှာ အလွန်ထင်ရှားသည်။ နိုင်ငံပိုင် သတင်းစာနှင့် မီဒီယာများကို တဖက်သတ် အလွဲသုံးစားပြုလျက် အန်အယ်လ်ဒီနှင့် ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံရေးအပုပ်ချ၊ ပုဂ္ဂိုလ်ရေး ထိုးနှက်တိုက်ခိုက်မှုများ ပြုလုပ်မြဲ ပြုလုပ်နေသည်။ ထို့ပြင် နအဖသည် ‘ရွေးကောက်ပွဲဥပဒေ’ နှင့် ‘နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ’ များကို မထုတ်ပြန်သေးဘဲ လက်ဝေခံများ၊ ကြံ့ဖွံ့နှင့် တစည ကိုယ်စားပြုသူများကို မဲဆွယ်လှုပ်ရှားမှုများ လုပ်ခွင့် ပေးထားပြန်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုမူ အမှုမရှိ အမှုရှာ ချုပ်နှောင် ထားဆဲရှိသည်။ ယင်းလုပ်ရပ်များသည် နိုင်ငံတကာ လူ့အခွင့်အရေး ဆိုင်ရာ ကတိက၀တ်များကို ဗြောင်ကျကျ ချိုးဖောက်ခြင်း ဖြစ်သည်။

ပြည်သူလူထု အထူးသတိပြု မှတ်သားသင့်သည့်အချက်မှာ န၀တ၏ ပြည်သူ့ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေအမှတ် (၁၄/ ၈၉) ကို ၁၉၈၉ ခုနှစ် မေလ (၃၁) ရက်နေ့တွင် ပြဋ္ဌာန်း ခဲ့ခြင်းဖြစ်သည်။ ၁၉၉၀ မေ (၂၇) ရွေးကောက်ပွဲမတိုင်မီ (၁) နှစ်တိတိ ဖြစ်သည်။ ယင်းဥပမာအရ ဆိုလျှင် ၂၀၁၀ ခုနှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပရေး ကိစ္စကို ဆက်လက် ဆောင်ရွက်ခြင်း မပြုသင့်ချေ။ ‘ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ’ နှင့် ‘နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ’ များကို ယခုထိ မထုတ်ပြန်သေးဘဲ ၂၀၁၀ တွင် ရွေးကောက်ပွဲ လုပ်မည်ဆိုပါက အတိုက်အခံပါတီများအား လုံလောက်သည့် ပြင်ဆင် စည်းရုံးချိန် မပေးလိုသော သဘောဖြစ်ပေမည်။ ထိုလုပ်ရပ်သည် အထက်တွင် ဆိုခဲ့သည့်အတိုင်း နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ ပြဋ္ဌာန်းချက်များကို လိုက်နာရန် ပျက်ကွက်ခြင်း ဖြစ်သည်။ လက်ငင်း မြန်မာ့ နိုင်ငံရေး ပြဿနာမှာ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို အာမခံမည့် ဖွဲ့စည်းပုံ ဖြစ်ပေါ်ရေးဖြစ်သည်။ သို့မှသာ လူထုဆန္ဒကို မှန်ကန်စွာ ကိုယ်စားပြုမည့် ပြည်သူ့ လွှတ်တော် တရပ်ကို ထူထောင်နိုင်မည် ဖြစ်သည်။

လက်ရှိနိုင်ငံရေးရာသီဥတုအခြေအနေမှာ ‘အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း’၊ ‘အပိုဒ်၂၁’ ကို ဖော်ဆောင်နိုင်မည့် အနေအထားမရှိ။ ၂၀၀၈ ဖွဲ့စည်းပုံသည် အဆိုပါ လူ့အခွင့်အရေး ရပိုင်ခွင့်နှင့် ဆန့်ကျင်ဘက် အရပ်သို့ ဦးတည်နေသည်။ ထို့ကြောင့် လူ့အခွင့်အရေး ကြေညာစာတမ်း ‘အပိုဒ်-၂၁’ နှင့် ဆီလျော်အောင် ၂၀၀၈ ဖွဲ့စည်းပုံကို ပြန်လည် သုံးသပ် ပြင်ဆင်ရမည်။ အတိုက်အခံ ပါတီများအပါအ၀င် နိုင်ငံရေး ပါတီ အသီးသီးအား လုံလောက်သည့် ပြင်ဆင် စည်းရုံးချိန် ပေးရမည်။ ပါတီများအား လွတ်လပ် ပွင့်လင်းသော ၀န်းကျင်တွင် နိုင်ငံရေး စည်းရုံးမှုများ ဆောင်ရွက်ခွင့်ပေးရမည်။ နိုင်ငံရေးပါတီများ အပေါ်၌ဖြစ်စေ၊ ကိုယ်စားလှယ်များ အပေါ်၌ဖြစ်စေ၊ မဲဆန္ဒရှင် ပြည်သူများ အပေါ်၌ဖြစ်စေ၊ အာဏာပိုင်များက မလျော်မကန်ပြုမှု၊ ခြိမ်းခြောက်မှု၊ အကြမ်းဖက်မှု၊ လက်စားချေမှုများ ပြုလုပ်မည်ကို ကြောက်ရွံ့နေရသည့် အခြေအနေများ မရှိစေရ။ ယင်းသို့သော နိုင်ငံရေး ရေခံမြေခံမျိုး ဖန်တီးပြီးနောက်မှ ရွေးကောက်ပွဲဥပဒေ ထုတ်ပြန်ပေးရမည်။ ထို့နောက် အနည်းဆုံး တနှစ်အချိန်ပေးမှသာ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်နိုင်စရာ ရှိသည်။ နိဂုံးချုပ်ရလျှင် ၂၀၁၀ တွင် ရွေးကောက်ပွဲ ကျင်းပရန်မသင့်။ လက်ရှိ အခြေအနေနှင့် အချိန်ကာလ အောက်တွင် လူ့အခွင့်အရေး အာမခံချက် မရှိသော ၂၀၁၀ ရွေးကောက်ပွဲကို တိုင်းရင်းသား ပြည်သူတရပ်လုံးက သွေးစည်း ညီညွတ်စွာ ၀ိုင်းဝန်း ဆန့်ကျင်ကြရန် တာဝန်ရှိပေသည်။

ကိုးကား ။ ။
(၁) ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှတ်တမ်း - မြန်မာ့အလင်း အောင်သန်း
(၂) ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှတ်တမ်း - ဦးခင်ကျော်ဟန် (ရေနံချောင်းမြို့နယ် အမှတ် (၂) ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်)
(၃) ပြည်တွင်းရွေးကောက်ပွဲများ စောင့်ကြည့်လေ့လာရေးအတွက် လက်စွဲ။ OSCE ၏ ဒီမိုကရေစီ အဖွဲ့ အစည်းများနှင့် လူ့အခွင့်အရေး ဆိုင်ရာရုံး ODIHR မှ ထုတ်ဝေ ဖြန့်ချီသည်။

Ref: ခေတ်ပြိုင်

Read More...

သတင်းပေါက်ကြားမှုဖြင့် ထိန်းသိမ်းထားသူများကို သေဒဏ်ပေးပြီ

ရန်ပိုင်
Thursday, 07 January 2010 19:42

စစ်အစိုးရ၏ လျှို့ဝှက်သတင်းများပေါက်ကြားမှုကြောင့် ထိန်းသိမ်းထားသည့် စစ်တပ်အရာရှိဟောင်း ဗိုလ်မှူးဝင်းနိုင်ကျော်ကို အင်းစိန်ထောင်တွင် ယနေ့ သေဒဏ်နှင့်ထောင်ဒဏ် အနှစ်၂၀ ချမှတ်လိုက်ကြောင်း သိရသည်။

ဗိုလ်မှူးဝင်းနိုင်ကျော်အား အရေးပေါ်စီမံချက်အက်ဥပဒေ ပုဒ်မ ၃ အရ သေဒဏ်၊ အီလက်ထရွန်နစ် ပုဒ်မ ၃၃/ခ အရ ထောင် ဒဏ် ၁၅ နှစ်၊ အစိုးရနှင့်သက် ဆိုင်သော စာရွက်စာတမ်းများ ပေါက်ကြားမှု ပုဒ်မ ၆/၃ အရ ထောင်ဒဏ် ၂ နှစ်၊ တရားမ၀င်နိုင်ငံခြား ငွေကြေးကိုင်ဆောင်မှု ပုဒ်မ ၂၄/၁ အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် စုစုပေါင်း သေဒဏ်နှင့် ထောင်ဒဏ် အနှစ်၂၀ ကို ရန်ကုန် မြောက်ပိုင်း ခရိုင်တရားရုံးမှ အမိန့် ချမှတ်လိုက်ကြောင်း စစ်တပ် အသိုင်းအ၀ိုင်းက ပြောသည်။

အဆိုပါ အမှုနှင့်ပတ်သက်၍ နိုင်ငံခြားရေး ၀န်ကြီး ဌာနမှ ဥရောပ ရေးရာဌာန အကြီးတန်း စာရေးများ ဖြစ်သည့် ကိုသူရကျော် (ခ) အောင်အောင် ကိုလည်း အရေးပေါ် စီမံချက် အက်ဥပဒေ ပုဒ်မ ၃ အရ သေဒဏ်နှင့် အီလက် ထရွန်နစ် ပုဒ်မ ၃၃/ခ အရ ထောင်ဒဏ် ၁၅ နှစ် စုစုပေါင်း သေဒဏ်နှင့် ထောင်ဒဏ် ၁၅ နှစ်၊ ကိုပျန်စိန်(ခ) ကိုအစီးအား အီလက် ထရွန်နစ် ပုဒ်မ ၃၃/ခ အရ ထောင်ဒဏ် ၁၅ နှစ် အသီးသီး ချမှတ်ခြင်း ခံခဲ့ရကြောင်း သိရသည်။

ယခုပြစ်ဒဏ်ပေးခံရသူများသည် စစ်အစိုးရ၏ လျှို့ဝှက် စီမံကိန်းများ ဖြစ်သည့် နျူကလီးယား ဓာတ်ပေါင်းဖို စီမံကိန်း၊ မြေအောက် လိုဏ်ခေါင်းများ ဖောက်လုပ်ရေး စီမံကိန်း၊ လျှို့ဝှက် သွားရောက်ပြီး လက်နက် ၀ယ်ယူခဲ့သည့် မြောက်ကိုရီးယား ခရီးစဉ်၊ ရုရှား၊ အိန္ဒိယ ခေါင်းဆောင်များနှင့် လျှို့ဝှက် ဆွေးနွေးခဲ့သည့် မှတ်တမ်းများနှင့် ပတ်သက်ပြီး မီဒီယာများထံ ပေါက်ကြားခဲ့သည့် အတွက် ပြီးခဲ့သည့်နှစ်က အဖမ်း ခံခဲ့ရခြင်းဖြစ်သည်။

ဗိုလ်မှူး ၀င်းနိုင်ကျော်သည် ရဟတ်ယာဉ် ပျက်ကျပြီး ကွယ်လွန်ခဲ့သူ စစ်အစိုးရအဖွဲ့ အတွင်းရေးမှူး( ၂ ) ဒုတိယ ဗိုလ်ချုပ်ကြီး တင်ဦး၏ ကိုယ်ရေး အရာရှိနှင့် ထောက်လှမ်းရေး အရာရှိအဖြစ် တာဝန် ယူခဲ့သူဖြစ်သည်၊

ယခင်က ၎င်းနှင့်အတူ စစ်အစိုးရ ရုံး ညွန်ကြားရေးမှူးချုပ် ဗိုလ်မှူးကြီး ကျော်ကျော်ဝင်းပါ အဖမ်းခံခဲ့ရပြီး နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ၀န်ထမ်းတချို့လည်း အရေးယူ ခံရမှုများ ရှိကြောင်း သိရသည်။

Ref: ဧရာဝတီ်

Read More...

Thursday, January 7, 2010

ဗိုလ်ချုပ်မိသားစုများ ရွှေ ပိဿာလိုက်ဝယ်ယူ

Wednesday, 06 January 2010

အစိုးရ၀န်ထမ်းများ လစာတိုးမြှင့်မည့် သတင်းမထွက်ပေါ်ခင် ဒီဇင်ဘာလ နှောင်းပိုင်း ကာလက စစ်ဗိုလ်ချုပ် မိသားစုများနှင့် ဌာနဆိုင်ရာ အရာရှိ မိသားစုများသည် ရွှေပိဿာလိုက် ၀ယ်ယူ စုဆောင်းမှု ရှိခဲ့ကြောင်း သတင်းရရှိသည်။

ဝန်ထမ်း လစာတိုးမြှင့်သည့် သတင်းကိုကြိုတင် သိရှိထားပြီး ထိုသတင်းကြောင့် ငွေကြေး ဖောင်းပွမှု ဖြစ်ကာ ရွှေဈေးတက်မည်ကို ရိပ်စား မိခဲ့ကြသဖြင့် ထိုသို့ ၀ယ်ယူခဲ့ကြကြောင်း ရန်ကုန်နှင့် မန္တလေး အခြေစိုက် ရွှေကုန်သည်နှင့် ရွှေသန့်စင်ရေး လုပ်ကိုင် သူများက ပြောသည်။

“ဒီဇင်ဘာလ ၂၉ ရက်အထိ ရွှေအ၀ယ်မရှိဘူး။ လကုန်တော့ ရွှေအ၀ယ် ရုတ်တရက် တက်တယ်။ ၀ယ်ကြတာက စစ်ဘက်၊ ရဲဘက်နဲ့ ဌာနဆိုင်ရာ လူကြီး မိသားစုတွေ များတယ်” ဟု အစိုးရ အရာရှိများနှင့် ရင်းနှီး ကျွမ်းဝင်မှု ရှိသည့် မန္တလေးသား ရွှေကုန်သည် တဦးက ဆိုသည်။

မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်နှင့် နီးစပ်မှုရှိသော ရန်ကုန်မှ ရွှေဆိုင်ပိုင်ရှင် တဦးကလည်း အစိုးရ အရာရှိကြီးများ ရွှေပိဿာလိုက် ဝယ်ယူသည့် သတင်း မှန်ကန်ကြောင်း အတည်ပြုသည်။

ရွှေပိဿာလိုက် ၀ယ်ယူမှုသည် ရန်ကုန်နှင့် မန္တလေး ဈေးကွက် နှစ်ခုစလုံးတွင် ဖြစ်ပေါ်ခဲ့ပြီး ဈေးလှုပ်ရှား ထိုးတက်မှုလည်း စတင်ခဲ့ကြောင်း နှစ်သစ်ကူးကာလ အပြည်ပြည်ဆိုင်ရာ ရွှေဈေးကွက် ရပ်နားချိန်တွင် မြန်မာ့ရွှေဈေးမှာ ချက်ချင်းဆိုသလို ထိုးတက်ခဲ့ကြောင်း သိရသည်။

“ဈေးကွက်ထဲမှာ ပိဿာလိုက် ရွှေဝယ်တာတွေကြောင့် ရွှေဈေးက မူလ အကယ်ဒမီ အခေါက်ရွှေတကျပ်သားကို ကျပ် ၅၉၄၅၀၀ ရှိရာကနေ ၅၉၈၅၀၀ အထိ ဆက်တိုက် ထိုးတက်တယ်။ ဒါက ဒီဇင်ဘာလကုန်နဲ့ ဇန်န၀ါရီ ၃ ရက်ပိုင်းအတွင်းမှာ အပြောင်းအလဲ ဖြစ်ခဲ့တာ” ဟု မန္တလေးရွှေကုန်သည်က ဆိုသည်။

ပိတ်ရက်များကြောင့် ရွှေဈေးကွက် ရပ်နားထားရာမှ ပြန်လည် ဖွင့်လှစ်သည့် ဇန်န၀ါရီလ ၅ ရက်တွင် အကယ်ဒမီ အခေါက်ရွှေ တကျပ်သားလျှင် ကျပ် ၆၀၂၁၀၀ ဈေးအထိ တက်ခဲ့သည်။

ရွှေကုန်သည်တဦးကလည်း ရန်ကုန်မြို့နေ စစ်ဗိုလ်ချုပ် မိသားစုတစုသည် သူ့ထံမှ ဒီဇင်ဘာ ၃၁ ရက်တွင် ရွှေသုံးပိဿာ ၀ယ်ယူ သွားခဲ့သည်ဟု ဆိုသည်။

တည်ငြိမ်နေသော ဈေးကွက်တွင် ရွှေပိဿာလိုက် ၀ယ်ယူမှုကြောင့် ဈေးထိုးတက်ခြင်း ဖြစ်ကြောင်း၊ သို့သော်လည်း အစိုးရသည် ကုန်သည်များ၏ ၀ိသမ လောဘကြောင့် ဈေးတက်သည်ဟု အမြဲတမ်း ပြစ်တင် ဝေဖန်လေ့ ရှိသောကြောင့် ဈေးနှုန်း ထိုးတက်သည့် အခါတိုင်း အရောင်းအ၀ယ် မလုပ်ရဲကြဘဲ လက်သိပ်ထိုး ရောင်းဝယ်မှုသာ ပြုကြသည်ဟု ရွှေကုန်သည် အသိုင်းအဝန်းက ပြောသည်။

“ဈေးတက်တော့ ကုန်သည်တွေခေါ်ကြိမ်းတယ်။ တကယ် ဈေးတက်အောင် လုပ်တာက အစိုးရ ကိုယ်တိုင်ပဲ။ ရွှေသမင် ဘယ်ကထွက် မင်းကြီးတာကထွက် ဆိုသလိုပေါ့။ ရွှေဈေးတက်တာ ပိဿာလိုက် အရမ်းဝယ်လို့ပါ”ဟု မန္တလေးသား ရွှေကုန်သည်က ဆိုသည်။

ရွှေဈေးနှုန်း ဆက်လက်မြင့်တက်လျှင် မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းက ဈေးနှုန်း ထိန်းသိမ်းရေး အစည်းဝေး ခေါ်ယူမည် ဖြစ်ကြောင်း စုံစမ်းသိရသည်။

ယနေ့ ရွှေ နောက်ဆုံးပေါက်ဈေးမှာ ကျပ် ၅၉၉၈၀၀ အထိ ကျဆင်းသွားပြီ ဖြစ်ကြောင်း ကြားသိရသည်။

၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှစတင်၍ အစိုးရ ၀န်ထမ်းများကို ပေါကြွယ်စရိတ် အဖြစ် တလလျှင် လစာကျပ် ၂၀၀၀၀ စီ တိုးမြှင့်ပေးမည်ဟု သတင်းရရှိသော်လည်း ယခုအချိန်အထိ တရားဝင် သတင်းထုတ်ပြန်ခြင်း မပြုသေးပေ။

Ref: ဧရာဝတီ်

Read More...

မိခင်ပါတီသို့ပြန်လာရန် မွန်ပြည်သစ်ပါတီ၏ သဘောထား ကြေညာချက်

Kaowao
ဇန်နဝါရီ ၆၊၂၀၁၀။

ကောင်းဝါ(ဇန်နဝါရီ- ၆)။ ။ မွန်လက်နက်ကိုင်အဖွဲ့သစ်တစ်ဖွဲ့ ထပ်မံ ဖွဲ့စည်းခဲ့သူတို့ အပေါ် သဘောထားချက်ကို မွန်ပြည်သစ် ပါတီမှ လွန်ခဲ့သည့် ဇန်နဝါရီလ (၁) ရက် နေ့စွဲဖြင့် မွန်ဘာသာ ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ရာ ကောင်းဝါ သတင်းဌာနမှ ယနေ့တွင် လက်ခံရရှိသည်။ (ကောင်းဝါ၏ မွန်ဘာသာကဏ္ဍတွင် ဖတ်ရှု့နိုင်သည်- အယ်ဒီ တာ)

အဆိုပါကြေညာချက်တွင် နိုင်ဂျလွန်းထော၊ နိုင်ထူးတို့အား (၄၅)ရက်အတွင်း မွန်ပြည်သစ်ပါတီ/ မွန်အမျိုးသားတပ် မတော်သို့ ပြန်လာရန် ထပ်မံ ဖိတ်ခေါ်သည်ဟု အတိအလင်း ဖေါ်ပြ ပါရှိသည်။

၎င်းတို့နှစ်ဦးသည် မွန်ပြည်သစ်ပါတီမှ ဗိုလ်မှူးနှင့် ဗိုလ်ကြီးအဆင့် ရှိကြသူများ ဖြစ်ကြပြီး စစ်အစိုးရနှင့် မွန်ပြည်သစ် ပါတီ၏ ဆက်ဆံရေး အနေအထားကို လက်မခံလိုကြသူများဟု သိရသည်။ အထူးသဖြင့် နယ်ခြားစောင့် တပ်ဖွဲ့ကိစ္စ ဟု သိရသည်။

၎င်းတို့သည် နယ်စပ်တစ်နေရာကို အခြေခံပြီး မျိုးချစ် ရဲဘော်ဟောင်း အချို့ကို ပြန်လည် စုစည်းကာ မွန်အမျိုးသား ကာကွယ်ရေး တပ်မတော်ကို ဖွဲ့စည်းခဲ့သည်မှာ လွန်ခဲ့သည့် နှစ်ဝက်ခန့်က ဖြစ်သည်။

စစ်အစိုးရသည် မွန်ပြည်သစ်ပါတီနှင့် သဘောတူညီမှု ရယူခဲ့တွင် အပစ်အခတ် ရပ်စဲယုံမျှသာ ပြောဆို ကတိပြုခဲ့ကြပြီး ဆက်လက်၍ စစ်အစိုးရမှ နိုင်ငံရေးအရ ဆွေးနွေးရေးများ မပြုလုပ်ဘဲ နောက်ပိုင်းတွင် နယ်ခြားစောင့် တပ်ဖွဲ့ ပြောင်းလဲရန် တဖက်သက် ဖိအား ပေးလာသည်ကို တွေ့ရှိ လာရသည်။

တနည်းအားဖြင့်ဆိုသော် မွန်အမျိုးသား ကာကွယ်ရေး တပ်မတော် MNDA သည် စစ်အစိုးရ တပ်ဖွဲ့ကို ဆက်လက်တိုက် ခိုက်သွားရန်နှင့် မွန်လူထုအား ကာကွယ်ရန်ဟု အောက်တိုဘာလက ထုတ်ပြန်ခဲ့သော ၄င်းတို့၏ ကြေညာချက်တွင် ဖေါ်ပြထားသည်ကို တွေ့ရှိရသည်။

သို့ရာတွင် အဆိုပါမွန်အမျိုးသားကာကွယ်ရေး တပ်မတော်သည် မွန်ပြည်သစ်ပါတီ၊ မွန်အမျိုးသား တပ်မတော်တို့နှင့် လုံးဝ မပတ်သက်ကြောင်း မွန်ပြည်သစ် ပါတီ ထုတ်ပြန်ချက်တွင် ဖေါ်ပြပါရှိသည်။

ကောင်းဝါမှဆက်သွယ်စုံစမ်းမေးမြန်းချက်အရ MNDA တပ်ဖွဲ့တွင် လူ၊ လက်နက်အင်အား တပ်ခွဲတစ်ခွဲခန့် ရှိပြီး မွန်ပြည်နယ်၊ ရေးတောင်ပိုင်း ဒေသနှင့် ရေဖြူမြို့နယ် ဒေသ တဝိုက်တွင် လှုပ်ရှားလျှက် ရှိသည်။

၎င်းတို့လှုပ်ရှားရာ အချို့ဒေသသည် မွန်ပြည်သစ်ပါတီအုပ်ချုပ်လျှက် ရှိသော ဒေသများလည်း ဝင်ရောက် လာနေကို သိရှိရသဖြင့် MNDA တပ်ဖွဲ့များ မွန်ပြည်သစ် ဒေသအတွင်း ဝင်ရောက် မစွက်ဖက်ရန် မွန်ပြည်သစ် ပါတီ ထုတ်ပြန်ချက် နောက်ဆုံး အပိုဒ်တွင် သတိပေး ဖေါ်ပြထားသည်။

မည်သို့ပင်ဆိုစေကာမူ ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့ နှစ်ဖွဲ့ သုံးဖွဲ့ ဖြစ်လာခဲ့သော် အမြင်နှင့် ပဋိပက္ခများသာ ပိုမို ရှုပ်ထွေးစေသဖြင့် မွန်တိုင်းရင်းသားများ အတွက် အကျိုးဖြစ်ထွန်းမှု မရှိ၊ ပြန့်ကြဲနေသော အင်အားစုများကို သဘောထား ကြီးစွာဖြင့် ပြန်လည် စုစည်းသွားမည်ဟု မွန်ပြည်သစ် ပါတီမှ ဖေါ်ပြ ရေးသားထားသည်။

လက်ရှိစစ်အစိုးရကို တိုက်ခိုက်နေသော အဖွဲ့များမှာ နိုင်ပန်းညွန့် ဦးစီးသည့် ဟံသာဝတီ ပြန်လည် တည်ထောင်ရေး ပါတီ၊ နိုင်ချန်းတိန်းအုပ်စု၊ နိုင်ဗင်းအုပ်စု၊ မွန်အမျိုးသား ကာကွယ်ရေး တပ်မတော် MNDA တို့ဖြစ်ကြသည်။

မြန်မာစစ်အစိုးရနှင့် လက်နက်ချ၊ ပူးပေါင်းလျှက်ရှိသည့် မွန်လက်နက်ကိုင် အဖွဲ့များမှာ တနင်္သာရီတိုင်းတွင် နိုင်ချမ်းတိမ်း ဦးစီးသော မြိုတ်ခရိုင် ချောင်ချိဒေသ အဖွဲ့၊ နိုင်စိုက်ချမ်း (ခေါ်) နိုင်ဇံ အဖွဲ့၊ နိုင်အောင်နိုင် ဦးစီးသော MNPCP တို့ ဖြစ်ကြသည်။

အဆိုပါတပ်ဖွဲ့အားလုံးမှာ စစ်အစိုးရနှင့် ၁၉၉၅ ခုနှစ်တွင် အပစ်အခတ် ရပ်စဲပြီး နောက်ပိုင်း အခြေအနေ အရပ်ရပ်ကြောင့် မိခင် အဖွဲ့အစည်းဖြစ်သည့် မွန်ပြည်သစ်ပါတီမှ ထပ်မံ ပဲ့ထွက်လာသော အဖွဲ့ငယ်များဖြစ်သည်။

Ref: ကောင်းဝါ

Read More...

Wednesday, January 6, 2010

ကုန်ဈေးနှုန်း ဂယက်နှင့် တပ်မတော်

ဗိုလ်ထက်မင်း
တနင်္လာနေ့၊ ဇန်နဝါရီလ ၀၄ ရက် ၂၀၁၀

တပ်တွင်း သက်သာ ရန်ပုံငွေတွေကို ၂ဝဝ၅ ခုနှစ် ဒီဇင်ဘာလမှာ ဖျက်သိမ်းပြီးခဲ့တဲ့ နောက်ပိုင်း ဝန်ထမ်း ဆန်တွေကို ထုတ်ပေးခြင်း မရှိတော့ပါ။ ဝန်ထမ်းဆန် ဆိုတာဟာ စစ်သည်တွေနဲ့ ဇနီးမယား အိမ်ထောင်စုဝင် တွေကို အလကား ပေးဝေတဲ့ ဆန်ပါ။ ဝန်ထမ်း ဆန်တွေ ဝယ်ယူဖို့ အတွက် သီးသန့်ငွေကြေး ထောက်ပံ့ ပေးတာမျိုး မရှိတော့ဘဲ စစ်သည်တွေ ပင်ပန်းကြမ်းတမ်းမှု စရိတ် (M.H.R.A) အဖြစ်နဲ့ အဆင့်အတန်း အားလုံးကို တလမှာ ပုံသေ ၅ဝဝဝ ကျပ် ထောက်ပံ့ ပေးခဲ့ပါတယ်။

အခုလိုမျိုး ပင်ပန်းကြမ်းတမ်းမှုဆိုပြီး စာသားလှလှလေး သုံးကာ ၅ဝဝဝ ကျပ် ပေးတာဟာ လူပျို စစ်သည်တွေ အတွက် အဆင်ပြေပေမယ့် ဝန်ထမ်းဆန်တွေကို မပေးတော့တာကြောင့် အိမ်ထောင်သည် စစ်သည်တွေ အတွက်တော့ ဆင်းရဲဒုက္ခ ရောက်ကြရ ပါတယ်။ အိမ်ထောင်သည် စစ်သည်တွေအတွက် သားသမီးတွေ တလလုံးစားဖို့ အဲဒီငွေ ၅ဝဝဝ နဲ့ ဆန်ဝယ်ဖို့ မလောက်ငှတာကြောင့် သူတို့တွေရဲ့ ဇနီးနဲ့ သားသမီးတွေဟာ ကြုံရာကျပန်း အလုပ်လုပ်ပြီး ရုန်းကန် ခဲ့ကြရပါတယ်။

နောက်ပိုင်းမှာတော့ တပ်ရင်း သက်သာ ဆိုင်တွေကနေ အိမ်ထောင်သည် စစ်သည်တွေ အတွက် ဝန်ထမ်း ဆန်တွေကို အကြွေးစနစ်နဲ့ ရောင်းချပေးဖို့ ညွှန်ကြားချက်တွေ ထုတ်ပြန် လာခဲ့ပါတယ်။ စစ်အာဏာရှင်တွေ အနေနဲ့ တပ်ရင်း/တပ်ဖွဲ့တွေကို စစ်သည် မိသားစုတွေ သက်သာစေဖို့ ဝန်ထမ်းဆန်တွေကို ပြင်ပ ပေါက်ဈေးထက် ဈေးနှုန်းချိုသာစွာ ရောင်းချပေးဖို့နဲ့ ဖြူဖွေးပြီး စားချင်စဖွယ်ရှိတဲ့ ဆန်တွေကိုပဲ ရောင်းချ ပေးရမယ်လို့ “တပ်စစ်” လာတဲ့ အချိန်တွေမှာ ကြားကောင်းအောင် ညွှန်ကြားလျက် ရှိပါတယ်။

တဖက်မှာတော့ တပ်ရင်း/တပ်ဖွဲ့တွေ အနေနဲ့ မြန်မာ့စီးပွားရေး ဦးပိုင် ကုမ္ပဏီ လီမီတက်ကို လစဉ် အမြတ်ငွေ သတ်မှတ်ချက် အတိုင်း ပေးသွင်း နေကြရပါတယ်။ တပ်ရင်း “မတည်ငွေ” ကိုလည်း လျော့နည်းပြလို့ မရပါဘူး။ ဦးပိုင်ကို သွင်းရမယ့် ငွေအရေအတွက်ကို များများ သွင်းနိုင်လေလေ သက်ဆိုင်ရာ တပ်ရင်း/ တပ်ဖွဲ့မှူးတွေဟာ ရာထူး တက်လေလေ ဖြစ်တာကြောင့် လျော့နည်း သွားမှာကို တပ်ရင်း/တပ်ဖွဲ့မှူးတွေက မလိုလားကြ ပါဘူး။

ဦးပိုင်ကို သွင်းရမယ့်ငွေ နည်းသွားမိလို့ ထုထောင်းခံနေရတဲ့ အတွက်ကြောင့် တပ်ရင်း/တပ်ဖွဲ့မှူးတွေ ခမျာမှာ ကျဉ်းထဲ ကျပ်ထဲ ရောက်ကာ ဘုရားတပြီး စစ်အာဏာရှင်တွေရဲ့ ကြိုးဆွဲရာ လိုက်က နေကြရပါတယ်။ ဒါကြောင့် ဆန်တပြည်ကို ပြင်ပ ပေါက်ဈေးထက် ကျပ် ၅ဝ ပဲ ခွာဝံ့ပြီး အိမ်ထောင်သည် မိသားစုဝင်တွေကို ရောင်းချရတဲ့ အတွက် သက်သာတယ် ဆိုတဲ့ အတုအယောင် ဂုဏ်ဒြပ်ကိုသာ တပ်တွေက ထုတ်ပြ နေကြရပါတယ်။ ပြင်ပ ပေါက်ဈေးထက် များများခွာပြီး အရှုံးခံရောင်းရင် ဦးပိုင်ကို သွင်းရမယ့်ငွေက နည်းသွားမှာ စိုးရိမ် နေကြရပါတယ်။

တဖန် စစ်သည်တွေကို နောင်ရေးအတွက် စိတ်ချရအောင်ဆိုပြီး လစာထဲက ဘဏ်စုငွေကို မဖြစ်မနေ စုဆောင်း စေခဲ့ပြန်ပါတယ်။ လူပျိုစစ်သည်က အနည်းဆုံး ၅ဝဝဝ ကျပ်၊ အိမ်ထောင်သည် စစ်သည်က အနည်းဆုံး ကျပ် ၃ဝဝဝ နှုန်းနဲ့ စုဆောင်း စေခဲ့ပါတယ်။ “ဖိနပ်နှင့် ထီးမပါက နွေခါမှသိ၊ ဘဏ်စုငွေ မစုဆောင်းမိက အိုခါမှသိ” ဆောင်ပုဒ်ကို စစ်သည်တွေကို အတင်းအဓမ္မ ရိုက်သွင်း စေခဲ့ပါတယ်။ လူပျိုစစ်သည်တွေ အနေနဲ့ စုဆောင်း မိတယ်လို့ ပြောလို့ရပေမယ့် အိမ်ထောင်သည် စစ်သည်တွေ အဖို့ ပိုပြီးတော့ ဒုက္ခ ရောက်ကြရပါတယ်။

ဒါပေမဲ့ ပိုဆိုးတာက စစ်သည်တွေဟာ မိမိတို့ရဲ့ ဘဏ်စုငွေတွေကို အချိန်မရွေး ပြန်လည် ထုတ်ယူခွင့် မရှိခြင်းဘဲ ဖြစ်ပါတယ်။ အလွဲသုံးစား လုပ်နေတာက တချို့ တပ်ရေး ဗိုလ်ကြီးနဲ့ တပ်ရင်းမှူးတွေ ဖြစ်ပြီး ရေး - ၂ စာရေးကို Control လုပ်ကာ စစ်သည် ဘဏ်စုငွေတွေကို ဘဏ်ထဲ မသွင်းပေမယ့် အသွင်းပြကာ ကိုယ်ကျိုး အတွက်ဖြစ်စေ၊ အခြား တပ်တွင်း ကိစ္စရပ်တွေမှာ ဖြစ်စေ ခေါင်းစဉ်ပြောင်း သုံးစွဲကြတာလည်း တွေ့ရပါတယ်။ ဘဏ်မန်နေဂျာနဲ့ ညှိပြီးတောင် ငွေပေးငွေယူ ကစားကြပါတယ်။

တကယ်တမ်းတော့ တပ်ရင်းသက်သာဆိုင်မှာ ဆန်တမျိုးကလွဲရင် ကျန်တာတွေကိုတော့ ဦးပိုင်သွင်းငွေ နည်းသွားမှာ စိုးရိမ်ရတဲ့ အတွက် အမြတ်နဲ့ပဲ ရောင်းချနေတာမို့ တပ်ရင်း “မ” သက်သာဆိုင်လို့ ခေါ်ဆို နိုင်ပါတယ်။ တပ်ရင်း သက်သာဆိုင်မှာ စာရင်းစာအုပ် ၃ အုပ် ထားရှိကြရပါတယ်။ လူကြီးလာစစ်ရင် ပြဖို့ အတုအယောင် စာအုပ်က တအုပ်၊ မြေပြင်မှာ လိုတိုးပိုလျှော့ လုပ်နိုင်ဖို့ တပ်ရင်း မတည်ငွေနဲ့ ကုန်ပစ္စည်း မူရင်းဈေးအတိုင်း ရေးထားတဲ့ အမှန်အကန် စာအုပ်က တအုပ်၊ နောက်ဆုံး တအုပ်ကတော့ ကိုယ်ကျိုး လုပ်နိုင်ဖို့ အမြတ်တင်ထားတဲ့ တပ်ရင်းမှူးနဲ့ သက်သာဆိုင် တာဝန်ခံအတွက် အကြံအဖန် စာအုပ်တအုပ် စုစုပေါင်း ၃ အုပ် ထားရှိတာပါ။

စစ်သည်တွေခမျာ လစာထုတ်ရင် ဘဏ်စုငွေကလွဲလို့ ကျန်တဲ့ ငွေတွေကိုတော့ သက်သာဆိုင်မှာပဲ အကြွေးဆပ်ရင်း ကုန်ကြရလို့ လက်ချည်း ဗလာ သက်သက်နဲ့ ပြန်ရတဲ့ လတွေလည်း မနည်းတော့ပါ။ လကုန်လို့ လစာထုတ်သွားရင် သူတို့ခမျာ လစာထုတ်ဖို့ သွားတာ မဟုတ်ဘဲ တပ်ရေးဗိုလ်ကြီးနဲ့ ရေး-၂ စာရေးထံ ကြိုတင်လစာ ထုတ်ပေးဖို့ အတွက် သွားရောက် တောင်းပန် ကြခြင်းသာ ဖြစ်ပါတယ်။

စစ်သည်တွေဟာ ပိုက်ဆံမရှိတော့ လိုင်းခန်းထဲက အဆင်ပြေတဲ့ သူတွေထံမှ ၁ဝဝ ကို ၂ဝ အတိုးနဲ့ ချေးငှား ကြပါတယ်။ အကြွေးပေါ် အကြွေးဆင့် လာလို့ မတတ်နိုင် ကြတော့ဘဲ သက်သာဆိုင်မှာ အကြွေးပြန်ယူ ကြရပြန်တယ်။ တဖန် သက်သာဆိုင်က တချို့ အိမ်ထောင်သည် စစ်သည်တွေဆိုရင် ၂ လစာ၊ ၃ လစာ အကြွေးတင်တော့ သက်သာဆိုင်က အကြွေး လုံးဝ မပေးတော့ပါ။

အဲဒီအခါ သက်သာဆိုင်မှာ နားလည်မှုနဲ့ ကိုယ်ကျိုးစီးပွားရှာ သောင်းကျန်းနေတဲ့ အရာရှိ ကတော်တွေနဲ့ ဆရာကြီး ကတော်တွေက ဈေးတင်ထားတဲ့ ပြင်ပ ပေါက်ဈေးထက် ကြီးမားတဲ့ ဈေးနှုန်းနဲ့ ပစ္စည်းတွေကို ထပ်ယူရပြန်တယ်။ သက်သာဆိုင်မှာ အကြွေး လုံးဝ မရပြန်တော့ တပ်ပြင်ပက အရပ်သားတွေ ဖွင့်ထားတဲ့ အိမ်ဆိုင်လေးတွေမှာ မျက်နှာငယ်လေးတွေနဲ့ တီဗီ၊ ကက်ဆက်၊ ပေါင်းအိုး၊ စက်ဘီးလို အိမ်တွင်း ပစ္စည်းလေးတွေ အပေါင်ထားပြီး အကြွေးယူကြ ပြန်တယ်။

အဲဒီလို အကြွေးတွေနဲ့ ပိနေတဲ့ တပ်မတော်သားတွေဟာ နယ်ခြားစောင့် တပ်က စစ်သည်ရဲ့ အခြေခံ လစာငွေ ၄ဝဝဝဝ (၄ သောင်း) ကျပ် ရတယ်ဆိုတဲ့ သတင်းကြောင့် မျိုသိပ် မထားနိုင်တော့ဘဲ ပေါက်ကွဲ ထွက်ကုန်ကြပါတယ်။ တပ်မ ၆၆ နဲ့ တပ်မ ၇၇ က အရာရှိ/စစ်သည်တွေဟာ အမိန့်မနာခံဘဲ အာဏာ ဖီဆန်ပြီး ထွက်ခွင့် တင်ကြခြင်း ဖြစ်ပါတယ်။

ဒါကြောင့် ပြည်သူလူထုအနေနဲ့ တပ်တွင်း အရာရှိ/စစ်သည်တွေကို တတ်နိုင်သမျှ စည်းရုံး ဆက်သွယ်ပြီး နှစ်သိမ့် အားပေးဖို့ တိုက်တွန်း လိုပါတယ်။ အဲဒီ တပ်တွေအတွင်းရှိ ကျန်တဲ့ အရာရှိ/စစ်သည်တွေ ကလည်း အဲဒီလို ထွက်ခွင့်တင်တဲ့ အရာရှိ/စစ်သည်တွေကို စည်းလုံး ညီညွတ်စွာ ကူညီဖေးမ ရပ်တည် ကြစေလိုပါတယ်။

အလားတူ စစ်အာဏာရှင်တွေအနေနဲ့ အောက်ခြေ အရာရှိ စစ်သည်တွေ နေရာမှာ ဝင်ရောက် ခံစားပြီး ကိုယ်ချင်း စာနာစိတ်နဲ့ ခွင့်လွှတ် ပေးရမှာ ဖြစ်ပါတယ်။

တပ်မ ၆၆ နဲ့ တပ်မ ၇၇ လက်အောက်ခံ တပ်ရင်းတွေကနေ အမိန့်မနာခံဘဲ အာဏာဖီဆန်ပြီး ထွက်ခွင့် တင်ထားတဲ့ အရာရှိ/စစ်သည်တွေကို ခုံရုံးဖွဲ့ကာ စစ်ဆေးကြမယ့် အရာရှိတွေ အနေနဲ့လည်း ရဲဘော်ရဲဘက် စိတ်ထားပြီး မိသားစု သဖွယ် ကိုယ်ချင်း စာနာစိတ်နဲ့ သက်ညှာစွာ ဆောင်ရွက် ပေးသင့်ပါတယ်။

စစ်တပ်အတွင်း ပြောပြောနေတဲ့ စကားတခွန်း ရှိပါတယ်။ “စစ်တပ်က ကျဉ်းကျဉ်းလေးပဲ” ဆိုတဲ့ အတိုင်း သံသရာ တပတ်လည်ပြီး မိမိ အလှည့်ကို မလွဲမသွေ ပြန်ရောက်မှာ ဖြစ်တဲ့အကြောင်း သတိပေးလိုပါတယ်။ ဒါကြောင့် အာဏာရှင်တွေ အနေနဲ့ စိတ်ထဲက မယုံကြည်တော့ရင်လည်း ထွက်ခွင့်တင်သူ အာဏာ ဖီဆန်သူတွေကို ထိန်းထိန်းသိမ်းသိမ်း၊ အသက်ညှာဆုံး အနေနဲ့ တပ်ကနေ အသာတကြည် ထွက်ခွင့် ပေးလိုက်ဖို့သာ လိုပါတယ်။

ဒီဖြစ်စဉ်တွေကို သုံးသပ်ပြရမယ်ဆိုရင် မူလကတည်းက စစ်ထောက်ချုပ်ရုံးနဲ့ ကကပံ့တို့ဟာ ရိက္ခာခြောက်တွေကို တာဝန်ယူ ရှာဖွေ ဝယ်ယူခြင်း မပြုဘဲ စစ်သည်တွေကို ရိက္ခာခြောက် အစား ပိုက်ဆံ ထုတ်ပေးလိုက်ရင် အဆင်ပြေတယ်လို့ ပြီးစလွယ်သာ တင်ပြ ကြပါတယ်။ အဲဒီ တင်ပြချက်ကို စစ် အာဏာရှင်ကြီးတွေ ကလည်း ပြင်ပမှာ ဈေးနှုန်း ကြီးမြင့်နေမှုကို မသိ ကျိုးကျွံပြုကာ အပိုဆောင်းငွေ ပေးတာကိုတောင် အလွယ်တကူ လက်ခံ ခဲ့ကြသောကြောင့် ဖြစ်ပါတယ်။

အဲဒီ အပိုဆောင်းငွေ ကျပ် ၅ဝဝဝ ဟာ နည်းနေလို့ ပင်မလစာကို သောင်းနဲ့ချီပြီး ပထမအကြိမ် ၂၀၀၆ ခုနှစ် မတ်လမှာ ထပ်တိုး ပေးရသလို၊ မလောက်ငှလို့ ရိက္ခာစိုငွေ နေ့စဉ် ၁၀၀ ကျပ် တိုးပေးတာကို ဒုတိယအကြိမ် ထပ်မံ လုပ်ပေးရပါတယ်။ ၂ဝဝ၈ ခုနှစ်မှာ ရိက္ခာခြောက် မပေးနိုင်တော့ဘဲ နေ့စဉ် ၄၈ ကျပ် ထပ်တိုးပေးပြီး အခုတဖန် ရိက္ခာစိုငွေ နေ့စဉ် ၃ဝဝ ကျပ်နဲ့ အပိုဆောင်းငွေ ကျပ် ၂၀၀၀၀ ကို အလီလီ တိုးပေး ခဲ့ရပါတယ်။ ဒါပေမဲ့လည်း ကုန်ဈေးနှုန်း ကြီးမြင့်နေမှုကိုတော့ အံမတုနိုင်သေးပါ။

နိုင်ငံတော် ဘတ်ဂျက်ငွေတွေကို ပြည်သူလူထု လိုအပ်ချက်အတွက် ဖြည့်ဆည်း မပေးတဲ့အပြင် တပ်မတော် အင်အားရှိအောင် ဆိုပြီး ဝယ်ယူလိုက်တဲ့ စစ်လက်နက် ပစ္စည်းတွေမှာလည်း အရည်အသွေး ညံ့ဖျင်းနေပြန် ပါတယ်။

အခုတလော ရုရှားကနေ MIG -29 တိုက်လေယာဉ်တွေကို ဒေါ်လာ သန်း ၅၇၀ ဖိုး ဝယ်ယူတဲ့ ကိစ္စ သတင်း ပေါ်နေပါတယ်။ အဲဒါတွေ ဝယ်မယ့်အစား ပြည်သူလူထုနဲ့ အောက်ခြေ စစ်သည်တွေ အတွက် အနည်းငယ် အသုံးပြုပေးမယ် ဆိုရင်တောင် ဒီလို တပ်တွင်း အရေးအခင်းမျိုး ဖြစ်လာမှာ မဟုတ်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

Ref: မဇ္ဈိမ

Read More...

၂၀၁၀ ရွေးကောက်ပွဲအတွက် အငြိမ်းစားဝန်ထမ်းများစာရင်း စတင်ကောက်ခံ

တက်လူ
၅ ဇန်န၀ါရီ ၂၀၁၀

စစ်အစိုးရ ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲအတွက် ပင်စင်ယူထားသည့် အငြိမ်းစား အစိုးရ ၀န်ထမ်းများ၏ အိမ်ထောင်စု စာရင်းများကို စတင် ကောက်ခံနေပြီ ဖြစ်သည်။

အစိုးရက သက်ဆိုင်ရာဌာနအလိုက် ရန်ကုန်တိုင်းအတွင်း နေထိုင်ကြသော အငြိမ်းစား အစိုးရ ၀န်ထမ်းများ နေအိမ်သို့ တအိမ်ဝင် တအိမ်ထွက် လိုက်လံ စာရင်းကောက်ခြင်း ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ အငြိမ်းစား အရာထမ်း တဦးက ပြောသည်။

မြန်မာ့လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာနမှ ၀န်ထမ်းဟောင်း တဦးကလည်း “သက်ဆိုင်ရာ ဌာနအလိုက် ပင်စင်ယူတဲ့ သူတွေရဲ့ စာရင်းရှိတယ်။ ဒါကို စာရင်း အတိအကျ ပြန်လုပ်ခိုင်းတာ၊ ပြောရရင်တော့ မဲပေးမယ့် ကိစ္စပါပဲ။ ပင်စင် ယူတဲ့ သူတွေကိုလည်း သူတို့ရဲ့လူ အဖြစ် သတ်မှတ်မှာ ဖြစ်တယ်။ ပင်စင်ယူသူတွေ အားလုံးကလည်း အစိုးရကိုပဲ ထောက်ခံသူ ဖြစ်ရမယ် ဆိုတဲ့ သဘောပါ။ မဲ အရေအတွက်ကို မရမက ယူမှာ ဖြစ်တဲ့အတွက် စာရင်းယူနေတာ ဖြစ်တယ်” ဟု ပြောသည်။

ပင်စင်စား အစိုးရ၀န်ထမ်း၏ သန်းခေါင်စာရင်းတွင် လက်ရှိ ပါဝင်နေသူများကို ယခု ကောက်ခံနေခြင်း ဖြစ်ပြီး အဆိုပါ စာရင်းကို အတည်ယူကာ အငြိမ်းစား အစိုးရ ၀န်ထမ်းအပြင် ၎င်း၏ မိသားစု အားလုံးကိုပါ အစိုးရ ထောက်ခံသည့် မဲပေးသူအဖြစ် သတ်မှတ်မည် ဖြစ်ကြောင်း ဒဂုံမြို့သစ် မြောက်ပိုင်း မယကရုံးမှ တာဝန်ရှိသူ တဦးက ပြောသည်။

အဆိုပါလုပ်ရပ်များကို မကျေနပ်သူများ ရှိနေသည်ဟု မကြာသေးခင်က မြန်မာ့ စီးပွားရေး ဘဏ်မှ အငြိမ်းစား ယူလိုက်သည့် မန်နေဂျာ တဦးက ပြောသည်။

၎င်းက “ကျနော်တို့က ပင်စင်ယူပြီးရင် ကိုယ့်သဘောနဲ့ကိုယ် ကြိုက်တဲ့ ပါတီကို မဲပေးမှာပေါ့။ ဒါပေမယ့် အစိုးရက ကြိုတင် စီစဉ်မှုတွေ လုပ်နေတယ်။ ကျနော်တို့ကိုလည်း ချည်နှောင်တဲ့ သဘောပေါ့။ ဒါကိုကြည့်ရင် သူတို့ ရွေးကောက်ပွဲက သေချာပေါက် မရိုးသားနိုင်ဘူး” ဟု ပြောသည်။

မကြာသေးခင်ကလည်း ရန်ကုန်တိုင်းအတွင်းရှိ အိမ်ရှင်အိမ်ငှားတို့၏ သန်းခေါင်စာရင်းနှင့် ဧည့်စာရင်းများကို ကောက်ခံခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။

နအဖစစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ယခုနှစ်အတွင်း ရွေးကောက်ပွဲ ပြုလုပ်မည်ဟု (၆၂) နှစ်မြောက် လွတ်လပ်ရေးနေ့ သ၀ဏ်လွှာတွင် ထပ်မံ ပြောကြားခဲ့သည်။

သို့သော် ယခုအချိန်အထိ ၂၀၁၀ ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲ ဥပဒေ ထုတ်ပြန်ခြင်းနှင့် ပါတီများ ဖွဲ့စည်း မှတ်ပုံတင်ခွင့် တို့ကို လုပ်ဆောင်ခြင်း မရှိသေးသည့် အတွက် အစိုးရအပေါ် ယုံကြည်မှု မရှိသူများ ပြည်တွင်း၌ ယခင်ထက် ပိုမို များပြားလာနေကြောင်း သိရသည်။

၁၉၉၀ ပြည့်နှစ် မေလတွင် ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် ပါတီများ ဖွဲ့စည်းခွင့်ကို ၁၉၈၈ ခုနှစ် အောက်တိုဘာလ ကပင် စတင် ခွင့်ပြုခဲ့ပြီး ရွေးကောက်ပွဲ ဥပဒေကို ထုတ်ပြန်ခဲ့သည့် အတွက် နိုင်ငံရေးပါတီ အားလုံး၏ စည်းရုံး လှုပ်ရှားခွင့် အချိန်
(၁) နှစ်ကျော်ခန့် ရရှိခဲ့ကြောင်း၊ ထို့အပြင် ရွေးကောက်ပွဲ ကျင်းပရန် (၃) လခန့် အလိုမှ စတင်၍ ရုပ်မြင်သံကြားမှ စည်းရုံးခွင့်များ ပေးခဲ့ကြောင်း၊ အဆိုပါ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က (၈၄) ရာခိုင်နှုန်းဖြင့် အပြတ်အသတ် အနိုင် ရခဲ့ကြောင်း ၀ါရင့် နိုင်ငံရေးသမား တဦးက ပြောသည်။

Ref: ခေတ်ပြိုင်

Read More...

စစ်ဦးကျိုးစေရန် နအဖ တပ်ရိက္ခာများကို ကေအန်ယူ သိမ်းဆည်း

ဝီရ
၅ ဇန်န၀ါရီ ၂၀၁၀

လာမည့် ပွင့်လင်းရာသီတွင် ကေအန်ယူ တပ်မဟာ (၆) ကို ထိုးစစ်ဆင်ရန် နအဖ စစ်တပ်ဘက်မှ တပ်ရိက္ခာ ဖြည့်တင်းနေမှုကို စစ်ဦးကျိုးသွားစေရန် ရည်ရွယ်၍ ကေအန်ယူက သိမ်းဆည်းခဲ့သည်။

ကေအန်ယူ တပ်မဟာ (၆) မှ ဗိုလ်ကြီး ထွဲနေက “ဒီဒေသကို ထိုးစစ်ဆင်ဖို့ ပြီးခဲ့တဲ့ ဒီဇင်ဘာ (၂၀) ရက် ကတည်းက ဆန်အိတ် ထောင်ချီပြီး အနန်းကွင်းကို နအဖ ပို့ထားတယ်။ ဆန်ရိက္ခာတွေ ထောင်ချီပို့တာ ဒါ ပထမဆုံး အကြိမ်ပဲ။ အနန်းကွင်းကနေ ဘုရားသုံးဆူ ဘက်ကို ဆက်သယ်လာတဲ့ တပ်ရိက္ခာတွေကိုပဲ ကျနော်တို့ သိမ်းတာပါ။ လိုင်းကားတိုင်းမှာ နအဖက ဆန်အိတ် (၆) အိတ်ကနေ (၁၀) အိတ်အထိ သယ်ခိုင်းလာတဲ့ အထဲက အခုလို သိမ်းလိုက်တာပါ” ဟု ပြောကြားသည်။

နအဖဘက်မှ တပ်ရိက္ခာ ဖြည့်တင်းနေမှုမှာ ယခင်နှစ်ကထက် (၄) ဆခန့် များပြားလာကြောင်း၊ စကခ (၈) သာမက စကခ (၁၉) နှင့် စကခ (၁၂) လက်အောက်ခံ တပ်ရင်းတို့ကိုလည်း ယခုနှစ် ထိုးစစ်တွင် အသုံးပြုဖွယ်ရှိ၍ စစ်ဦး ကျိုးသွားစေရန် ရန်သူ့ တပ်ရိက္ခာ တို့ကို ယင်းကဲ့သို့ သိမ်းဆည်းရခြင်း ဖြစ်ကြောင်း ဗိုလ်ကြီး ထွဲနေက ပြောသည်။

နအဖတပ်ရိက္ခာများကို ကေအန်ယူက သံဖြူဇရပ်၊ ဘုရားသုံးဆူ နယ်စပ်မြို့ အကြား လမ်းခရီးတွင် ဒီဇင်ဘာ (၂၇) ရက်နေ့မှ စတင် သိမ်းဆည်း လိုက်ခြင်းဖြစ်ပြီး ထိုတပ်ရိက္ခာ တင်ဆောင်လာသည့် ချောဆွဲ လိုင်းကားများကို နအဖစစ်တပ်က အတင်းအဓမ္မ ပြန်လျော် ခိုင်းခဲ့ကြောင်း သိရသည်။

ကားသမားတဦးက “ဆန်(၁) အိတ်ကို ထိုင်းဘတ် (၆၀၀) နဲ့ ဘုရားသုံးဆူကနေ ဝယ်ပြီး ဇန်နဝါရီ (၃) ရက် နောက်ဆုံးထားပြီး တပ်စခန်း အရောက် ပြန်ပို့ခိုင်းတယ်။ ပြန်မဝယ်ပေးရင် ကားပါ သိမ်းမယ်ဆိုတော့ သယ်လာတုန်းက ဆန်အသိမ်းခံရတဲ့ ကားသမားတိုင်းက ပြန်ဝယ် ပေးရတာပေါ့။ ကျနော်က (၆) အိတ်စာ အတွက် ပို့စရိတ်ပါဆိုရင် ဘတ် (၄,၀၀၀) လောက် ကုန်သွားတယ်” ဟု ပြောသည်။

ထိုတပ်ရိက္ခာများကို ကြာအင်းဆိပ်ကြီးမြို့နယ်၊ အနန်းကွင်း နအဖဗျူဟာရုံး တပ်စခန်းမှ တဆင့် ဘုရားသုံးဆူ မြို့သို့ တင်ဆောင် လာစဉ် အသိမ်း ခံခဲ့ရခြင်းဖြစ်ပြီး ဆန်အိတ်ပေါင်း (၈၀) နီးပါးအတွက် ကားသမားတို့က လျော်ပေးခဲ့ရကြောင်း သိရသည်။

ဗိုလ်ကြီး ထွဲနေက “အခု လိုင်းကားတွေနဲ့ မသယ်တော့ဘဲ ကားအစီးလိုက်ငှားပြီး လုံခြုံရေး အပြည့်နဲ့ သယ်ဖို့ ကားသမားတွေ ဆီက ထိုင်းဘတ် (၁,၅၀၀) လိုက်ကောက်နေတယ်။ ဘယ်လိုပဲ သယ်သယ် ကျနော်တို့က ရန်သူ့ တပ်ရိက္ခာတွေ ဘုရားသုံးဆူ အထိ ရောက်မလာအောင်တော့ တားဆီးရမှာပဲ” ဟု ပြောကြားသည်။

ဘုရားသုံးဆူနယ်စပ် ကားလမ်းမှ ပြေးဆွဲနေသည့် လိုင်းကားပေါင်းမှာ အစီးရေ (၄၀) ခန့်ရှိသည်။

Ref: ခေတ်ပြိုင်

Read More...

နယ်ကျွံသည့် နအဖတပ် ဖမ်းဆီးခံရ

အင်္ဂါနေ့၊ 05 ဇန်န၀ါရီ 2010

ဝ ပြည်သွေးစည်းရေးတပ်မတော်ထိန်းချုပ် နယ်မြေအတွင်း နယ်ကျွံ ၀င်ရောက်သည့် မိုင်းခတ် အခြေစိုက် နအဖစစ်တပ် နယ်လှည့် စစ်ကြောင်း တကြောင်း ဖမ်းဆီး စစ်ဆေးခံရကြောင်း တရုတ်နယ်စပ် သတင်းရပ်ကွက် ကပြောပါသည်။

“ဒီဇင်ဘာ ၃၀ ရက်နေ့တုန်းကပေါ့ မိုင်းခတ် အခြေစိုက် ဗမာစစ်တပ် တပ်စိပ် တစိပ်က မိုင်းယန်းမြို့ မြောက်ဘက် ၄ မိုင် ဝေးတဲ့ ၀ တပ် ထိန်းချုပ်နယ်မြေထဲ ကျွံဝင်သွားလို့ အဖမ်းခံလိုက်ရတယ်” -ဟု တရုတ် နယ်စပ် သွားလာသူ တဦးက ပြော၏။

ဝပြည်သွေးစည်းရေးတပ်မတော်ထိန်းချုပ်နေမြေအတွင်းကျွံဝင်သွားသည့် နအဖစစ်သား ၆ ယောက်တွင် ဦးဆောင်သူ တပ်ကြပ်ကြီး တယောက် ပါဝင်ကြောင်း၊ တပ်မဟာ ၄၆၈ မိုင်းပေါက် အခြေစိုက် ၀တပ်ဖွဲ့ အင်အားသုံးပြီး ဖမ်းဆီး လက်နက်ဖြုတ် အကြပ်ကိုင် စစ်ဆေးမှသာ လမ်းမှားပြီး ၀ နယ်ထဲ ရောက်ရှိလာခြင်း ဖြစ်ကြောင်း၊ ၎င်းတို့မှာ မိုင်းခတ် အခြေစိုက် ခမရ ၃၂၇ က ဖြစ်ကြောင်း ဖြေကြားသည်ဟု ၎င်းကပြော၏။

“အပြစ်မယူဖို့၊ ပြန်လွှတ်ပေးဖို့ ဗမာစစ်သားတွေ တောင်းတောင်းပန်ပန် ပြောယူရတယ်၊ ပြန်လွှတ်မပေးခင် ၀ တပ်မှူး တဦး ကလဲ နောက်တခါ ဘယ်စစ်ကြောင်း/တပ်ဖွဲ့ မဆို လမ်းမမှားမိဖို့၊ ရိုးသားသည်ဖြစ်စေ မရိုးသားသည် ဖြစ်စေ ထပ်မံ နယ်ကျွံလာရင် ခွင့်လွှတ်မှာ မဟုတ်ဘူး- လို့ မိုင်းခတ် အခြေစိုက် နအဖ ဗျူဟာမှူး ဗိုလ်မှူးကြီးကျော်သူကို ပြန်ပြောပြဖို့ မှာကြားလိုက်တယ်”- ဟု ၀ တပ်မှူး၏ ပြောကြားချက်ကို ကိုးကားပြီး အမည်မဖေါ်လိုသူ ဒေသခံ တဦးက ပြန်လည် ပြောပြပါသည်။

၂၀၀၈ ဖွဲ့စည်းပုံအရ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင် အပစ်ရပ် တပ်ဖွဲ့အားလုံး နယ်ခြားစောင့် အဖြစ် အသွင်ပြောင်းရန် ဖိအား ပေးမှုကြောင့် ၀ တပ် နှင့် နအဖ အစိုးရတို့ ဆက်ဆံရေး ပို၍ မပြေမလည် ဖြစ်နေချိန် နယ်ခြား သတ်မှတ်မျဉ်း ကျွံဝင်မှု ပြဿနာ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

ထို့အတူ အပစ်ရပ် သျှမ်းပြည်တပ်မတော် (မြောက်ပိုင်း) SSA ကလည်း နယ်ခြားစောင့်တပ် တပ်ရင်း ၃ ရင်းအတွက် အင်အား ၁၀၀၀ (၈၈၈ ထက်မနည်း) လူအင်အား စာရင်းပေးရန် ဖိအားပေးထားမှု အပေါ် ဒုတိယအကြိမ် အစည်းအဝေး ခေါ်ယူသော်လည်း ဆုံးဖြတ်ချက် ချနိုင်ခြင်း မရှိသေးချေ။

Ref: သျှမ်းသံတော်ဆင့်

Read More...

Tuesday, January 5, 2010

၆၂ နှစ်မြောက် လွတ်လပ်ရေးနေ့ အပေါ် သုံးသပ်ချက်များ

ကျော်သိင်္ခ
တနင်္လာနေ့၊ ဇန်နဝါရီလ ၀၄ ရက် ၂၀၁၀

ယနေ့ ကျရောက်သော ၆၂ နှစ်မြောက် လွတ်လပ်ရေးနေ့တွင် မြန်မာ့နိုင်ငံရေး အခြေအနေများနှင့် ပက်သက်၍ နိုင်ငံရေး ခေါင်းဆောင်အချို့၏ သုံးသပ် အမှာစကားများ

ဦးအေးသာအောင်

အတွင်းရေးမှူး၊ ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်

တိုင်းရင်းသားပေါင်းစုံက နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး အတွက် ပါဝင်ပြီးတော့ ကြိုးပမ်း ခဲ့ကြပါတယ်။ တိုင်းရင်းသားတွေ မျှော်မှန်းတာကတော့ တန်းတူရည်တူ ပြည်ထောင်စုမူနဲ့ ပေါ့လေ။ ကိုယ့်ကြမ္မာကိုယ် ဖန်တီးပြီးတော့ ကိုယ်ပိုင် ပြဌာန်းခွင့်တွေ၊ အမျိုးသားအားလုံး တန်းတူရည်တူ အခွင့်အရေးတွေ ရနိုင်လိမ့်မယ်လို့ မျှော်လင့် ခဲ့ကြပါတယ်။

လွတ်လပ်ရေး ရပြီးတဲ့အခါကျတော့ တိုင်းရင်းသားခေါင်းဆောင်တွေ မျှော်မှန်း ထားသလို ဖြစ်မလာခဲ့ဘူး။ ဖဆပလ ခေတ်မှာပဲ အုပ်ချုပ်ရေးပိုင်း၊ ဘဏ္ဍာရေးပိုင်း၊ အမျိုးသားရေး အခွင့် အာဏာပိုင်းတွေမှာ အခက်အခဲတွေ အဟန့် အတားတွေ၊ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေ မရတဲ့ အနေအထား မျိုးတွေကို ကြုံလာရတယ်။ အဲဒီတော့ တောင်ကြီးမှာ အစည်းအဝေးတခု ကျင်းပပြီးတော့ ရှမ်းမူ၊ တနည်း အားဖြင့် ပြည်ထောင်စုမူ၊ တောင်ကြီးမူကို တင်ပြ ပြီးတော့ တောင်းဆိုခဲ့တယ်။ အဲလို တောင်းဆိုတဲ့ နေရာမှာ ဒါဟာ ပြည်ထောင်စုကို ဖြိုးခွဲမယ့်မူ ဖြစ်တယ်လို့ ပြောပြီး အာဏာ သိမ်းပြီးတော့ တပါတီ အာဏာရှင် စနစ်နဲ့အတူ တပြည်ထောင် စနစ်ကို ကျင့်သုံးခဲ့တယ်။

၈၈ မှာလည်းပဲ တပ်မတော်က အာဏာသိမ်းပြီးတော့ စစ်တပ်က အုပ်ချုပ်ရေးတွေနဲ့ နဝတ၊ နအဖ စသည်အားဖြင့် အုပ်ချုပ်ခဲ့တဲ့ အချိန်မှာလည်းပဲ တပြည်ထောင် စနစ်နဲ့ စစ်အုပ်ချုပ်ရေး စနစ်ပဲ ဖြစ်နေတယ်။ အဲဒီနောက် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံလို့ ရေးထားတဲ့ Referendum လုပ်ပြီးတော့ ပြဌာန်းထားတဲ့ မူသည်ပင်လျှင် ပြည်နယ်တွေရဲ့ အခွင့် အရေးတွေ၊ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေကို ဘာမှ ပီပီပြင်ပြင် ဖော်ပြထားတာ မရှိပဲနဲ့ တဖက်သတ်၊ ရာသက်ပန် အုပ်ချုပ်ဖို့ လုပ်ထားတဲ့ ဖွဲ့စည်းပုံဖြစ်တယ်။ အဲဒီ ဖွဲ့စည်းပုံအရ ဆိုရင် ပြည်နယ်တွေမှာ ပြည်နယ်ဝန်ကြီး ချုပ်ကိုတောင် သမ္မတက ခန့်အပ်ရမယ်။

ပြည်နယ်တွေမှာ စစ်တပ်က ၂၅ ရာခိုင်နှုန်းကို ယူထားတဲ့အပြင်၊ အခြား ဥပဒေပြုအဖွဲ့၊ အုပ်ချုပ်ရေး အဖွဲ့တွေမှာလည်း စစ်တပ်ကပဲ လွှမ်းမိုး ချယ်လှယ် ထားမှာဖြစ်တဲ့ အတွက်ကြောင့် ၂ဝဝ၈ ဖွဲ့စည်းပုံအရ ဆိုရင်လည်းပဲ တိုင်းရင်းသားတွေရဲ့ အခွင့်အရေး တွေဟာ ဆုံးရှုံးနေဦးမှာ ဖြစ်တယ်။ ဒီတော့ လွတ်လပ်ရေး ရခဲ့တာ ၆၂ နှစ်ရှိပြီ ဖြစ်ပေမယ့် တိုင်းပြည်ကတော့ လွတ်လပ်ရေး ရတယ်။ တိုင်းရင်းသား လူမျိုးတွေ ကတော့ လွတ်လပ်ရေး မရသေးဘူးလို့ ပြောလို့ရမယ်လို့ ထင်ပါတယ်။

တိုင်းပြည်ရဲ့ ဖွံ့ဖြိုးရေးကို ဟန့်တားနေတယ်။ လူ့အခွင့်အရေးတွေ၊ ဒီမိုကရေစီ အခွင့်အရေးတွေကို ပိတ်ပင်နေတယ်။ ဒီအနှောင်အဖွဲ့ တွေက လွတ်မြောက်ဖို့ အတွက် ပြည်သူတွေကပဲ နည်းမျိုးစုံနဲ့ ဘက်ပေါင်းစုံက ကြိုးပမ်းတိုက် ပွဲဝင်ဖို့ လိုမယ်လို့ မြင်ပါတယ်။ အထူးသဖြင့် နိုင်ငံရေးပါတီတွေရဲ့ ဦးဆောင်မှု၊ ပြည်ပ အင်အားစုတွေရဲ့ အားပေးမှု တွေနဲ့ ပြည်သူတွေဟာ နည်းမျိုးစုံ ဘက်ပေါင်းစုံ ကနေ ဆက်လက်ပြီး ကြိုးပမ်းဖို့၊ တိုက်ပွဲဝင်ဖို့ လိုမယ်လို့ မြင်ပါတယ်။

လွတ်လပ်ရေးရဖို့အတွက်လည်း တိုင်းပြည်ရဲ့ ခေါင်းဆောင်တွေ၊ ကျောင်းသား ခေါင်းဆောင်တွေ၊ ပြည်သူတွေ၊ ရဟန်းတွေ အသက်တွေ စတေးပြီး သွားပြီ။ တပါတီ အာဏာရှင် စနစ်ကနေ၊ စစ်အုပ်ချုပ်ရေး လက်အောက်က လွတ်မြောက်အောင် လည်းပဲ ပြည်သူတွေဟာ တိုက်ပွဲတွေ၊ နည်းပေါင်းစုံနဲ့ ကြိုးပမ်းခဲ့ကြတဲ့ နှစ်တွေလည်း ကြာခဲ့သလို၊ အသက်တွေ ဘဝတွေ ပေးခဲ့ရတာလည်း မနည်း မနောဘူး ဆိုတာ နားလည်ပါတယ်။ ဒါပေမယ့် နောက်ထပ် ဘဝတွေကို ပေးဆပ်ပြီး လွတ်မြောက်ဖို့ အတွက်၊ လူ့အခွင့်အရေး အတွက်၊ တိုင်းရင်းသား အခွင့်အရေး အတွက် ကြိုးပမ်းတဲ့ တိုက်ပွဲတွေကို လိုကောင်းလိုဦးမယ်လို့ ကျနော့်အနေနဲ့ ပြောချင်ပါတယ်။
----------------------------------------------------------------------------------------------

ဦးဝင်းတင်

ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်တဲ့ ဒီတိုက်ပွဲကြီးရဲ့ အောက်မှာ အောင်ပွဲရလာဒ် အသီးအပွင့်ကို ဂုဏ်ပြုတဲ့ အနေနဲ့ ကျနော်တို့ လွတ်လပ်ရေးနေ့ကို ကျင်းပတယ်။ ကျနော်တို့ တိုင်းပြည်ဟာ လွတ်လပ်ရေး ရပြီ ဆိုသော်လည်း ဘာမှ မထူးဘူး။ လွန်ခဲ့တဲ့ ၆၂ နှစ် မတိုင်မီ အင်္ဂလိပ် လက်အောက် ကျရောက်ခဲ့တဲ့ တချိန်က အင်္ဂလိပ် တိုင်းတပါး လက်အောက်မှာ ကျွန်ဖြစ်ရ သလိုပဲ ဒီခေတ်မှာလည်း တိုင်းရင်းသား ပြည်သူတွေ အပေါ် စိုးမိုး ဖိနှိပ်နေတဲ့ စစ်အစိုး ရရဲ့ အောက်မှာ စစ်ကျွန် ဖြစ်နေတယ်။

ပထမ လွတ်လပ်ရေးဟာ သီးပွင့်ခဲ့သော်ငြားလည်း၊ ထပ်ပြီး ဖူးပွင့် ဝေဆာခြင်း မပြုနိုင်ဘူး။ ဒီနေ့အထိ ကျနော် တို့ဟာ ဒုတိယ လွတ်လပ်ရေး တိုက်ပွဲကို တိုက်နေရတယ်။ ဒါကြောင့် ပထမ လွတ်လပ်ရေး တိုက်ပွဲအတွက် ဂုဏ်ယူ ဝမ်းမြောက်ခြင်း၊ အားတက်ခြင်းဆိုတဲ့ စိတ်ဓာတ်တွေကို ပေါ်ပေါက်ခံစားဖို့နဲ့ ဒုတိယ လွတ်လပ်ရေး အတွက် ဆက်ပြီး အားသွန် ကြိုးပမ်းရမှာပါလား ဆိုတဲ့ သန္ဓိဌာန်တွေ ချမှတ်တဲ့နေ့ ဖြစ်တယ်လို့ပဲ ကျနော်တို့ ပြောထားပါတယ်။

၁၉၄၈ နောက်ပိုင်းမှာ လွတ်လပ်ရေးရဲ့ အရသာလို့ ပြောနိုင်တဲ့ ကာလက အခိုက်အတန့်လေးပဲ ရှိတယ်။ လွတ်လပ် မှုရှိသော်လည်း ငြိမ်းချမ်းမှု မရှိဘူး။ စစ်ကျွန်ဘဝကို ရောက်ပြီးတော့၊ လွတ်လပ်မှုရော၊ ငြိမ်းချမ်းမှုရော ဆုံးရှုံးသွား တာ ဒီနေ့အထိပဲ။ ဒါကြောင့် လွတ်လပ်ရေးဟာ ဘယ်လောက် အရေးပါတယ် ဆိုတာထက် လွန်ခဲ့တဲ့ နှစ်ပေါင်း ၆ဝ ကျော်ကို ပြန်ပြီးကြည့်ရင် ပြည်သူတွေ လွတ်လပ်မှုကို ဘယ်လောက် အထိ လက်လွတ် ဆုံးရှုံးရသလဲ ဆိုတဲ့ အနေ အထားကို မြင်ရမှာပဲလို့ ကျနော် ပြောချင်ပါတယ်။

ဒုတိယလွတ်လပ်ရေးတိုက်ပွဲက အောင်မြင်ပြီးတော့ လူ့အခွင့်အရေးတွေ၊ ငြိမ်းချမ်းရေးတွေ၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးတွေ၊ စည်းလုံး ညီညွှတ်ရေးတွေလို့ ဆိုတဲ့ ဒီမိုကရေစီရဲ့ အသီးအပွင့်တွေကို ရကြမှာပါပဲ။ အဲဒီအချိန် ကျမှာ လွတ်လပ်မှုရဲ့ အရသာဟာ ဘာလဲ၊ လွတ်လပ်မှုဟာ ပြည်သူတွေအတွက် ဘယ်လောက် အရေးကြီးတယ် ဆိုတာကို ပြောနိုင်လိမ့်မယ်။

ကျနော့်အနေနဲ့ ပြည်တွင်းပြည်ပ နိုင်ငံရေး အဖွဲ့အစည်းတွေနဲ့ ပြည်သူတွေကို ပြောချင်တာက ဘာလုပ်ရမလဲ ဆိုတာထက် ဘယ်လို စိတ်ထားရမလဲ ဆိုတာကိုပဲ ပြောချင်ပါတယ်။ လွတ်လပ်ရေး တိုက်ပွဲမှာ ဆရာစံ သူပုန်ဆိုတဲ့ လက်နက်ကိုင် တိုက်ပွဲ ဆင်နွှဲခဲ့တယ်လို့ ပြောနိုင်တဲ့ ဒီကာလတိုလေး တခု ရှိခဲ့သော် ငြားလည်းပဲ၊ ၁၉၂ဝ ကျောင်းသား သပိတ်ကနေ ၁၉၄၈ ကာလအထိ တလျှောက်လုံးမှာ စိတ်ထားတွေက မကြောက်တရားကို ကိုင်စွဲခြင်းအားဖြင့် လွတ်လပ်ရေး တိုက်ပွဲကို ဝင်ခဲ့တယ်။ ထောင်ကိုလည်း မကြောက်ဘူး။ သေနတ်ကိုလည်း မကြောက်ဘူး။ စစ်ပုလိပ်ရိုက်တဲ့ နံပါတ်တုတ်ကိုလည်း မကြောက်ဘူး။

ဒုတိယအနေနဲ့ လူမှုရေးစိတ်ဓာတ်အမြဲတမ်း ရှိရမယ်။ လွတ်လပ်တဲ့စိတ်၊ မျိုးချစ်စိတ်၊ ဝံသာနုစိတ် ဒီစိတ် ဓာတ်တွေက အမြဲတမ်း လိုလိုကို ရှိရမယ်။ တိုင်းရင်းသားတွေ ကြားမှာလည်း စည်းလုံး ညီညွတ်မှုတွေ ရှိရမယ်။ တိုက်ပွဲတွေ ကြားမှာလဲ စည်းလုံး ညီညွတ်မှု ဆိုတာရှိရမယ်။ ဒါကြောင့် မကြောက်တရား စိတ်ဓာတ်နဲ့ စည်းလုံး ညီညွတ်မှု စိတ်ဓာတ်တွေဟာ အလွန်အရေးကြီးတဲ့ စိတ်ဓာတ်တွေဖြစ်တယ်။

တတိယက ကျနော်တို့မှာ မှန်ကန်တဲ့ခေါင်းဆောင်မှုဆိုတာ အင်မတန် အရေးကြီး ပါတယ်။ မှန်ကန်တဲ့ ခေါင်းဆောင်မှု နောက်မှာ ရပ်တည်ကြပါ။ နောက်ဆုံး တခုကတော့ ကျနော်တို့မှာ မြဲမြံတဲ့ သန္ဓိဌာန် ချမှတ်ဖို့ အရေးကြီးပါတယ်။
---------------------------------------------------------------------------------------
ဦးခင်မောင်ကြည်

ဝါရင့်နိုင်ငံရေးခေါင်းဆောင်

လွတ်လပ်ရေးရဲ့ အနှစ်သာရက ကျနော်တို့ဆီမှာ ငြိမ်းချမ်းရေးက အဓိက ထားတာကိုး။ လွတ်လပ်ရင် ငြိမ်းချမ်း ရမယ်ပေါ့။ ကျနော်တို့မှာ အခုထိ မငြိမ်းချမ်းသေးဘူးဗျ။ လွတ်လပ်ရေး ရပြီးနောက်ပိုင်း အထိ ဂိုဏ်းဂဏ တွေကြား မှာ သံသယတွေ၊ အာဃာတတွေနဲ့ သွားနေတယ်။ ငြိမ်းချမ်းဖို့ ဆိုတာက အမျိုးသား ပြန်လည် သင့်မြတ်ရေး တခုပဲရှိတယ်။

ပြည်သူတွေက လွတ်လွတ်လပ်လပ် နေချင်ပေမယ့် မလွတ်လပ်ဘူး။ သူတို့ရဲ့ ဆန္ဒမှန်ကိုပဲ ဖော်ထုတ် ချင်ကြတာ လေ။ ဒါပေမယ့် လွတ်လွတ်လပ်လပ် ဖော်ထုတ်ခွင့် မရကြဘူး။ သိပ်ပြီး အခြေအနေ ဆိုးလာလို့ ထွက်ပေါက် မရှိရင် တော့ တမျိုးပေါ့။ အခြေအနေ ဆိုးလာရင်တော့ ဘာဖြစ်လာမလဲ ဆိုတာ ဘယ်သူမှ တိတိကျကျ မပြောနိုင်ဘူး။

Ref: မဇ္ဈိမ

Read More...

ကိုကျော်ဝင်း အရှေ့လေလား အနောက်လေလား...???

January 4, 2010

တော်ဖလာ၊ ဟမ်တင်တန်၊ ဖူကူရားမား၊ သောမတ်စ် ဖရိုက်မင် စတဲ့ နီယိုကွန်။ နီယိုလစ်။ ဘက်က်စ်ဆဲလ်လား တို့ရဲ့ စာများကို ဘာသာပြန်ပြီး ဖွင့်ဆိုပြပြီး ပေါ်ပြူလာဖြစ်လာတဲ့ ဂလိုဘယ်လ် စာရေးဆရာ ကိုကျော်ဝင်းက "ပဋိပက္ခ ဖြေရှင်း ရေးနှင့် ရွေးကောက်ပွဲတို့၏ အခန်းကဏ္ဍ" ဆိုတဲ့ ခေါင်းစဉ်နဲ့ နိုဝင်ဘာ ၂၉ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ် ဂျာနယ်မှာ ဆောင်းပါးတပုဒ် ရေးလာတယ်။

ယခင်ကလဲ နအဖ ခေတ် လောလောလတ်လတ် နိုင်ငံရေး ဆောင်းပါးများ ရေးခွင့် ရလာနေတဲ့ စစ်တပ် စိတ်ဓာတ် စစ်ဆင်ရေး ဌာနရဲ့ အားပေးမှုလဲ ရတဲ့၊ စာစောင် တချို့မှာ သွယ်ဝိုက်ပြီး မထိတထိ ရေးသားနေတာ တွေ့ရတယ်။ ကိုယ့်အိုင်ဒီယာ (ဘိုလိုအသံထွက် ရေးမိတာ သည်းခံပါ) ကိုယ် လွတ်လပ်စွာ တင်ပြတာမို့ သဘော မကိုက်သော်လည်း နားလည်လို့ ရပါတယ်။ စာဖတ် ပရိသတ်တွေဟာ နလပိန်းတုံးတွေ မဟုတ်တာမို့ ကိုယ်ပိုင် အသိနဲ့ စိစစ်ဝေဖန် နိုင်ကြပါတယ်။

ယခုဆောင်းပါးကတော့ လိုင်းပြောင်းသွားတဲ့ ကိုကျော်ဝင်းရဲ့ ဟန်အတိုင်း "လက်တွေ့ အခြေပြု ချဉ်းကပ်နည်း" Pragmatic Approach တို့ "ပဋိပက္ခ စီမံခန့်ခွဲရေး" Conflict Management တို့ "အထိန်းနဲ့အထေ" Check and Balance တို့ ဆိုတဲ့ (ကိုယ့်ကိုယ်တိုင်တောင် ဘာတွေမှန်း ရှင်းရှင်းလင်းလင်း သိရဲ့လား မဆိုနိုင်တဲ့ ) စာအုပ် ကြီးထဲက နည်းတွေ နဲ့ ဗမာပြည်နိုင်ငံရေး လက်တွေ့ကို သုံးသပ် ပြပါတယ်။

သူ့ဆောင်းပါးရဲ့အချုပ်က ၁၉၅၁ ရွေးကောက်ပွဲတုန်းက “၁၉၄၈ လွတ်လပ်ရေးကို မိမိနှုန်းစံဖြင့် ချိန်ကိုက်ကြည့်ကာ ဘ၀င်မကျ၍ တောနှင့်တောင်သို့ ရောက်သွား” ခဲ့တဲ့ ကွန်မြူနစ်ပါတီ မဝင်ခဲ့သဖြင့် “အတိုက်အခံ မရှိသော ပါလီမန် ပေါ်ထွက်လာခြင်း ဖြစ်သည်။” “၂၀၁၀ ရွေးကောက်ပွဲသည်ပင် တခုတည်းသော ထွက်ပေါက်ဟု လိပ်ပြာသန့်သန့် ဆိုချင်ပါသည်။ " NLD ရွေးကောက်ပွဲ မဝင်ရင် “အစွန်းရောက် ရယ်ဒီကယ်လမ်းကြောင်း” သို့ ရောက်လိမ့်မည်ဟု ဆိုတယ်။

သူ့ရှေ့က သွားနှင့်တဲ့ ဆရာကြီးများလို NLD ရွှေဂုံတိုင် ရပ်တည်ချက်ကို ရိုင်းရိုင်းပျပျ အသုံး အနှုန်းများနဲ့ ဗြောင် မတိုက်ပေမဲ့ စိတ်ဓာတ် စစ်ဆင်ရေးက ချပေးတဲ့ လိုင်းအတိုင်း လိုက်ရေး နေရတာတော့ ထင်ရှားပါတယ်။

၁၉၅၁ ရွေးကောက်ပွဲဘာလဲ

၁၉၄၇ ဖွဲ့စည်းပုံ ဥပဒေအရ ရွေးကောက်ပွဲက ၁၉၄၉ ဇူလိုင် မှာကျင်းပရ မှာဖြစ်တယ်။ ဒါပေမဲ့ အကြိမ်ကြိမ် အလီလီ ရွှေ့ဆိုင်းခဲ့ပြီး ၁၉၅၁ ဇွန် ၁၂ မှ ၁၉၅၂ ဇန္န၀ါရီ ၃ အထိ ၇ လ နီးပါးကြာ ၃ ရစ်ခွဲ ကျင်းပခဲ့တယ်။ ဘာဖြစ်လို့လဲ၊ ဖဆပလ အစိုးရ အဖွဲ့အတွင်း လက်ယာ ဆိုရှယ်လစ်တွေ အာဏာကို အုပ်စီးမိပြီး အတိုက်အခံ ဟူသမျှ တောထဲနဲ့ ထောင်ထဲ ပို့ထားပြီး လို့ပဲ (၂၀၁၀ နဲ့ ဆင်ပါတယ်။ ) ကိုကျော်ဝင်း ပြောသလို ဥပဒေတွင်း အတိုက်အခံ မရှိတော့ပဲ ဆိုရှယ်လစ် (ဖဆပလ) များ ပြိုင်ဘက်မရှိ ကြဲရတော့တာ မဟုတ်ဘူး။ အလုပ်သမား၊ လယ်သမားပါတီ (ဆိုရှယ်နီ) ပြည်သူ့ရဲဘော် (ဗိုလ်ထွန်းစိန် ) ပြည်သူ့ ငြိမ်းချမ်းရေး အဖွဲ့ပေါင်းစု (ဦးအောင်သန်း) နဲ့ တခြား နိုင်ငံရေး ပါတီဟောင်း တချို့ ရှိခဲ့တယ်။ ကွန်မြူနစ်နဲ့ ပြည်သူ့ရဲဘော် အမတ်တွေ (အယောက် ၄၀ကျော်မယ်) ကိုတော့ လွှတ်တော်မှ ထုတ်ပစ်ထားတယ်။

ကိုကျော်ဝင်း အနေနဲ့ ဒီကာလရဲ့ ပြည်တွင်းပြည်ပ အခြေအနေကို လိုက် မမီလိုက်သော်လည်း စိစိ စစ်စစ် လေ့လာ သုံးသပ်ဖို့တော့ လိုပါလိမ့်မယ်။ ဘယ်သူ ဘယ်ဝှာက ပြောလို့ပါ ဆိုပြီး တဆင့်ကြားနဲ့ ရမ်းတုတ်လို့ မဖြစ်ဘူး။ အထူးသဖြင့် အနီးခေတ် သမိုင်းကို သုံးသပ်ရာမှာ မရှိတော့တဲ့ လူကို ကိုးကား၊ တဖက်သတ် ပြောစကားနဲ့ လိုရာ အဓိပ္ပာယ်ဖွင့်၊ ကာလ ဒေသ သက်သေ သက္ကာရ ခိုင်မာမှု မရှိ လုပ်လို့တော့ မဖြစ်ဘူး။ သမာသမတ် ကျဖို့ လိုပါတယ်။ (နို့မို့ ဘယ်လိုလုပ် လိပ်ပြာ သန့်နိုင်မှာတုန်း )

ပြည်တွင်းအခြေအနေ

ဒီကာလမှာ ရန်ကုန်အစိုးရ ဘဝကနေ လွန်မြောက်လာပြီ။ ပြန်ဖွဲ့တဲ့ အစိုးရသစ်မှာ လက်ယာ ဆိုရှယ်လစ်တွေ ဝန်ကြီးရာထူး ပြန်ရနေပြီ။ ဆိုရှယ်လစ် ပါတီ ခါးပိုက်ဆောင် သောင်းကျန်းသူ နှိမ်နင်းရေး ကာကွယ်ရေး ပြူစောထီး တပ်ဖွဲ့တွေ ဖွဲ့စည်းထားကြပြီ၊ ၁၉၄၉ မှာ ဦးကျော်ငြိမ်း (ပြည်ထဲရေးဝန်ကြီး) ရဲ့ လဲဗီးတပ်ရင်း ၂၆ ရင်း ၊ အင်အား ၁၃၀၀၀ ရှိနေပြီ၊ တပ်ရင်းပေါင်း ၅၂ ရင်း အထိ တိုးချဲ့ ဖွဲ့စည်းဖို့ ပြင်နေပြီ။ ဒီတပ်တွေဟာ တပ်ထဲ ပြန်ဝင်လာတဲ့ ဗိုလ်အောင်ကြီး ကိုင်ထားတဲ့ တပ်တွေပဲ။ ဗိုလ်နေဝင်းက စစ်ဦးစီးချုပ်။ ဒီ ခါးပိုက်ဆောင် တပ်တွေက အတိုက်အခံများပေါ် သာမက ပြည်သူလူထု ပေါ်မှာလဲ အနိုင်ကျင့် ခြိမ်းခြောက် အကြမ်းဖက် သတ်ဖြတ်ကြတယ်။ ရွေးကောက်ပွဲမှာလဲ ဝင်စွက်နေတယ် (ကြံ့ဖွံ့၊ စွမ်းအားရှင် တို့နဲ့ မကွာဘူး ) ရွေးကောက်ပွဲ ကာလ ၁၉၅၁ သြဂုတ်လထဲမှာပဲ KNU ဥက္ကဋ္ဌ စောဘဦးကြီးကို ကရင်ပြည်နယ် လှိုင်းဘွဲ့ မြို့နယ် တောတွင်း တနေရာမှာ အသေ ပစ်သတ် ဖမ်းဆီးရမိတယ်။ အလောင်းကို ပယ်လယ်ဝ သွားပစ်ပြီး လက်စတုံး ဖျောက်ဖျက် ပစ်ခဲ့တယ်။


ပြည်ပအခြေအနေ

ကိုရီးယားစစ်ပွဲ (၁၉၅၁-၅၃) ဖြစ်နေတယ်။ စစ်အေးအရှိန် မြင့်နေချိန်ပဲ ။ ဒါကြောင့် ဗမာပြည်ထဲမှာ ကူမင်တန် KMT စစ်ပြေးတွေ အလုံးအရင်းနဲ့ လှုပ်ရှား သွေးကြွနေတယ်။ အမေရိကန် KAT ကုမ္ပဏီနဲ့ ပေါင်းပြီး "ပြည်တော်သာစီမံကိန်း" ရေးဆွဲ နေချိန်ပဲ။ ဗိုလ်အောင်ကြီး ဦးဆောင်တဲ့ စစ်တပ် ဦးပိုင် ကော်ပိုရေးရှင်း ဖြစ်တဲ့ BEDC ရဲ့ အစ DSI ကို စတင် ထူထောင်နေချိန်ပဲ။

ဒီလို ပြည်တွင်းပြည်ပ အခြေအနေအောက်မှာ၊ ဖဆဆိုရှယ် အစိုးရက သောင်းကျန်းသူ အမြစ်ဖြုတ်ရေး၊ အပြုတ် တိုက်ရေး ပေါ်လစီ တသမတ်တည်း ကျင့်သုံးနေတဲ့ အောက်မှာ ဗကပ က လက်နက်ချပြီး ရွေးကောက်ပွဲ ဝင်ရမယ် ဆိုရင် ခေါင်းကောင်းလို့ ဓားတောင်းတာပဲ ဖြစ်ပါလိမ့်မယ်။


၂၀၁၀ရွေးကောက်ပွဲဟာ ထွက်ပေါက်လား

၂၀၁၀ ဟာ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေကို အသက်သွင်းတာပဲ။ ပထမဆုံး လွှတ်တော် ကျင်းပတဲ့နေ့ ၂၀၀၈ အာဏာ တည်တယ်။ (ပုဒ်မ ၄၄၁) ဒီအရင် န၀တ/ နအဖရဲ့ ဥပဒေ အရပ်ရပ် လုပ်ရပ် အဖုံဖုံကို ဆက်ခံရမယ်။ တရားစွဲ အရေးယူခြင်း မပြုရ (ပုဒ်မ ၄၄၅)။ ဖွဲ့စည်းပုံ ဥပဒေကို ပြင်လိုလျှင် လွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်း ထောက်ခံပြီး လူထုဆန္ဒ ခံယူပွဲလုပ်ရမယ် ( ပုဒ်မ၄၃၆)။ နိုင်ငံရေး ပါတီ တရပ်သည် ဒို့အရေးသုံးပါးနဲ့ နိုင်ငံတော်၏ ကျေးဇူး သစ္စာကို စောင့်သိ ရိုသေရမယ် (ပုဒ်မ၄၀၄)။ နိုင်ငံရေးပါတီ တရပ်သည် စစ်မှန်၍ စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီကို လက်ခံ ကျင့်သုံးရမယ်။၂၀၀၈ ဖွဲ့စည်းပုံနဲ့ တည်ဆဲ ဥပဒေများကို လိုက်နာရမယ် (ပုဒ်မ၄၀၅)။ ဥပဒေပြုရာ၊ အုပ်ချုပ်ရာတွင် နိုင်ငံတော် အခြေခံမူများနဲ့ အညီ (အမျိုးသား နိုင်ငံရေးတွင် တပ်မတော် ပါဝင်တဲ့ကဏ္ဍကို ဆိုလိုတယ်) လုပ်ရမယ်။ မည်သည့်တရား ရုံးတွင် မှ (ICC နိုင်ငံတကာ တရားရုံးကို ဆိုလိုတယ်) တရားစွဲဆိုခွင့် မရှိစေရ။ (ပုဒ်မ ၄၅၅) ဤဖွဲ့စည်းပုံ အာဏာ မတည်မီ နိုင်ငံတော် အချုပ်အခြာ အာဏာကို နအဖက ဆက်လက် ကျင့်သုံး ဆောင်ရွက်မည် (ကြားဖြတ်တို့ အသွင်ကူးပြောင်းတို့ မလိုဘူးဆိုတဲ့ အဓိပ္ပာယ်)(ပုဒ်မ ၄၄၂) အထက်ပါ ပုဒ်မတွေအရ နအဖ ဖွင့်ပေးတဲ့ အပေါက်မှ ခေါင်းငုံ့ဝင်ရင် ငရဲပြည်သို့ ထွက်ရပ်လမ်းပဲ ဖြစ်တယ်ဆိုတာ ရှင်းပါတယ်။


အတိုက်အခံဆိုတာ

၂၀၀၈ ဟာ အစဉ်အလာ နားလည်ထားတဲ့ အနိုင်ရ နိုင်ငံရေးပါတီ က အစိုးရဖွဲ့၊ အမတ်ဦးရေ နည်းတဲ့ ပါတီက အတိုက်အခံလုပ် ဆိုတဲ့ ပါတီစုံ ပါလီမန် ဒီမိုကရေစီ ပုံစံ မဟုတ်ဘူး။ စစ်ဗျူရိုကရက် လူတန်းစား ရာသက်ပန် အာဏာမြဲရေး အတွက် အကွက်ချ စီရင်ထားတဲ့ ပုံစံ ဖြစ်တယ်။

အထက်အောက်လွှတ်တော် နှစ်ရပ်စလုံးမှာ ရွေးကောက်ပွဲဝင် ရွေးကောက်ခံ စရာ မလိုတဲ့ စစ်ဗိုလ် တမတ်သား (၂၅ ရာခိုင်နှုန်း) အလိုအလျောက် ပါတယ်။ ရွေးကောက်ပွဲ ဝင်စရာ မလိုတဲ့ စစ်ဗိုလ် လူထွက် သမ္မတကို သမ္မတ ရွေးခြယ်ရေး အဖွဲ့ ၃ ဖွဲ့မှ ရွေးခြယ်မှာ ဖြစ်တယ်။ အဲဒီအဖွဲ့ ၃ ဖွဲ့ မှာ စစ်ဗိုလ် တမတ်သား အဖွဲ့က တဖွဲ့ ဖြစ်တယ်။ အဲဒီ သမ္မတ ကိုပြည်ထောင်စု လွှတ်တော် (အထက်-အောက်ပေါင်း) က မဲပေး အတည်ပြု ပေးရမှာ ဖြစ်တယ်။ အဲဒီပြည်ထောင်စု လွှတ်တော်မှာက စစ်ဗိုလ် တမတ်သားက အလိုအလျောက် ပါပြီးသား။

ရွေးကောက်ပွဲ ဝင်စရာမလိုတဲ့ စစ်ဗိုလ်လူထွက် သမ္မတမှာ (အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး) အရေး ကြီးတဲ့ ရာထူးတာဝန် အားလုံး၊ ခန့်အပ်မှု အတည်ပြုမှုတွေ လုပ်နိုင်တယ်။ အဲဒီရာထူး (ဝန်ကြီး အပါအဝင်) ရသူတွေ ကလည်း ရွေးကောက်ပွဲမှာ အနိုင်ရစရာ မလိုဘူး။ (ဒီသဘောကို အခြေခံဥပဒေမှာ ယခုလို ရေးထားတယ်။ လွှတ်တော် ကိုယ်စားလှယ်များ ထဲမှ ဖြစ်စေ၊ လွှတ်တော် ကိုယ်စားလှယ် မဟုတ်သူများ ထဲမှ ဖြစ်စေတဲ့) သမ္မတကို တရားလွန် လုပ်ပိုင်ခွင့်တွေ ပေးထားတယ်။ လွှတ်တော်က သမ္မတ လုပ်သမျှ အတည်ပြုပေးဖို့ သက်သက်ပဲ။ ဒီအထဲမှာ ကာကွယ်ရေး ဦးစီးချုပ်က တိုက်ရိုက် အမည်စာရင်း တင်သွင်းရတဲ့ ဝန်ကြီးတွေလည်း ရှိသေးတယ်။

စစ်တပ်ကို အစိုးရအဖွဲ့ရဲ့ အောက်မှာ မထားဘူး။ သီးခြား အခွင့်အာဏာတွေ ပေးထားတယ်။ တရားဝင် အာဏာ သိမ်းခွင့် အထိပဲ။ ကာကွယ်ရေး ဦးစီးချုပ်ကို သမ္မတကပဲ ခန့်နိုင်တယ်။ အစိုးရ အဖွဲ့ကလည်းကောင်း၊ လွှတ်တော်က လည်းကောင်း သွားထိလို့ မရဘူး။ လိုရင်းကိုပဲ ရေးပြတာပါ။ ကိုကျော်ဝင်းပြောတဲ့ "နိုင်ငံရေးကို စောင့်ကြပ်မှု လုပ်ရမယ့် အထိန်းနှင့်အထေ Check and Balance " ဆိုတာ အဲဒါတွေပဲ ဆိုတာ သိစေချင်တာပါ။

ရွေးကောက်ပွဲ နဲ့လက်တွေ့

ရွေးကောက်ပွဲကို ဘုရားပွင့်တဲ့ ဗောဓိညောင်ပင်လို သဘောထားပြီး "လက်တွေ့ပေါ် တင်ကြည့်" ချင်တဲ့ ကိုကျော်ဝင်းက "လက်တွေ့ အခြေပြု ချဉ်းကပ်နည်း " Pragmatic Approach အရ ကမ္ဘောဒီးယားကို ဥပမာပေးပြီး "ပဋိပက္ခ စီမံခန့်ခွဲရေး" Conflich Management ကို တင်ပြလာတယ်။

ကမ္ဘေဒီးယားရွေးကောက်ပွဲ(၁၉၉၃) က စစ်အေးပြီးဆုံးချိန်၊ ကုလသမဂ္ဂနဲ့ အရှေ့ အနောက် နိုင်ငံစုံ ကြီးကြပ်တဲ့ ရွေးကောက်ပွဲ ကမ္ဘာပေါ်မှာ ငွေကုန်ကြေးကျ အများဆုံး ရွေးကောက်ပွဲ၊ ဒိုင်ယာလော့ (ဆွေးနွေးပွဲ) တွေ အများကြီး လုပ်ခဲ့တဲ့ ရွေးကောက်ပွဲ၊ အာဏာခွဲဝေမှု လုပ်ခဲ့တဲ့ ရွေးကောက်ပွဲ ဖြစ်တယ် ဆိုတာကော သိပါသလား။ (ဒါတောင် အတိုက်အခံ ခေါင်းဆောင်တချို့ ထောင်ထဲမှာ ရှိသေးတယ်။)

၁၉၉၀ ရွေးကောက်ပွဲကို ဘယ်လိုသဘောထားပါ သလဲ။ ဗကပ က သပိတ် မမှောက်နဲ့ ဝင်သင့်တယ်လို့ အကြံ ပြုထားတယ်။ NLD ပြတ်ပြတ်သားသား နိုင်ခဲ့တယ်။ အဲဒီရလဒ် ဘာဖြစ်နေပြီလဲ။ ရွေးကောက်ပွဲ ဝင်ဖို့ ပြင်ဆင်ခဲ့တဲ့ "အမြဲစိမ်း " အပါအဝင် နိုင်ငံရေးပါတီ အများစု ဘာလုပ်ခံရသလဲ။ ၁၉၅၁ နဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ညီမျှခြင်းဆွဲပြီး လောဂျစ် ထုတ်နေတဲ့ ကိုကျော်ဝင်းရဲ့ ရပ်တည်ချက်နဲ့ သမိုင်းရေး ဗဟုသုတက မေးခွန်း ထုတ်စရာပါ။ ကိုယ့်မျက်စိရှေ့မှာ မျက်ဝါးထင်ထင် တွေ့နေရုံတင် မက ကိုယ်တိုင် ခံခဲ့ရတာတွေမှ လက်တွေ့ မဟုတ်ရင် "လက်တွေ့အခြေပြု" တယ်ဆိုတာ ဘာကို ဆိုလိုတာလဲ။

ဗကပ ကို ခမာနီနဲ့ နှိုင်းချင်လို့ ကမ္ဘောဒီးယားကို သာဓက ဆောင်ပြီး ၂၀၁၀ ရွေးကောက်ပွဲကို ဘုရားပွင့်တော့ မလောက် ကြိုဆို မျှော်လင့်နေတဲ့ ကိုကျော်ဝင်းကို အီရတ် ရွေးကောက်ပွဲ ၊ အာဖဂန် ရွေးကောက်ပွဲ ဘာတွေ သီးပွင့် လာသလဲဆိုတာ သုံးသပ် ပြပါဦးလို့ တိုက်တွန်းချင်ပါတယ်။


ဒိုင်ယာလော့လား ၊ ရယ်ဒီကယ်လား

ဂလိုဘယ် ကမ္ဘာကြီးဟာ ရွာကြီးလည်းဖြစ် မသွားဘူး။ ပြားလဲ မသွားဘူး။ ကပ်သင့်နေတဲ့ ဂြိုဟ်ကြီးတလုံး ဖြစ်လာတယ်။ လက်ရှိ အမေရိကန် ဘဏ္ဍာရေး ကပ်ကို ပြေလည်ဖို့ အတွက် နောက်ထပ် ကြွေးဒဏ် ခံနိုင်တဲ့ ဂြိုဟ်ကြီးတလုံး ထပ်တွေ့ဖို့ လိုတယ်လို့ နိုဘယ်လ်ဆုရှင် ပေါလ်ခရပ်စ်မင်က ပြောပါတယ်။

ဘဏ္ဍာရေးကပ်၊ ဆင်းရဲငတ်ပြတ်မှုကပ်၊ သဘာဝရာသီဥတု ကပ်ရောဂါ စတဲ့ ကပ်များမှ လွန်မြောက်မဲ့ ကပ်လွန် ကမ္ဘာကြီး ဖြစ်ဖို့၊ ကမ္ဘာနဲ့တ၀န်း တွေ့ဆုံ ဆွေးနွေးပွဲ (ဒိုင်ယာလော့ ) တွေ လုပ်လာတယ်။ အမေရိကန် အစိုးရသစ်နဲ့ စစ်အစိုးရလဲ ပိတ်ဆို့မှု ရုပ်သိမ်းရေး အတွက် ဒိုင်ယာလော့တွေ လုပ်လာတယ်။ ဒေါ်အောင်ဆန်း စုကြည်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ဒိုင်ယာလော့ လုပ်ဖို့ တင်ပြတယ်။ ဒါဟာပြဿနာ ပြေလည်စေရေး အတွက် နည်းမှန်လမ်းမှန် ဖြေရှင်းတာ ဖြစ်တယ်။ ဒိုင်ယာလော့ လမ်းကြောင်းပေါ် စလျှောက်တာနဲ့ ပြဿနာ ပြေလည်ရေး အတွက် အစချီချက် ဖြစ်လာပါလိမ့်မယ်။

ဒိုင်ယာလော့ကို ကျောခိုင်းပြီး တွေ့ဆုံ ဆွေးနွေးရေးကို တဖက်သတ် ငြင်းပယ်နေရင် နအဖ အနေနဲ့ ရှင်သန် ရပ်တည်ဖို့ ဂြိုဟ်ကြီး တလုံး ရှာနေရပါ လိမ့်မယ်။ ကိုကျော်ဝင်း နေရာမှားပြီး တံဆိပ်တပ်တဲ့ အတိုင်း သုံးရရင် "အစွန်းရောက် ရယ်ဒီကယ်လမ်းကြောင်း မရောက်စေရန်" ၂၀၁၀ ကို ဇွတ်မလုပ်ဖို့ ၊ ၂၀၀၈ ကို ဒိုင်ယာလော့ လုပ်ဖို့ တင်ပြ လိုက်ပါတယ်။

ကိုကျော်ဝင်းအနေနဲ့ အရှေ့လေလား၊ အနောက်လေလား၊ လေကြောကို လက်တွေ့ပေါ် တင်ကြည့်နိုင်ပါစေ။ ကြပ်ကြပ်သတိထား နိုင်ပါစေ။

အောင်ငြိမ်း
၂၀၊ နို ၀င်ဘာ၊ ၂၀၀၉။

Ref: အရှေ့ မိုးကောင်းကင်

Read More...

Monday, January 4, 2010

တပ်မတော်သားချင်းတော့ မတူပါလေ

ရဲဘော်ဟောင်းလှစိန်

ဇန်န၀ါရီ ၃၊ ၂၀၁၀

၂၀၀၉ ခုနှစ် ခရစ်စမတ်နေ့ မှာ သမ္မတ အိုဘားမား နဲ့ သမ္မတ ကတော် တို့က နိုင်ငံကို မိန့်ခွန်း ပြောပါတယ်။ မိန့်ခွန်း ပြောတဲ့ နေရာမှာ မိသားစု နဲ့ ဝေးကွာတဲ့ နေရာတွေမှာ တာဝန်ထမ်းဆောင် နေကြတဲ့ တပ်မတော်သားတွေကို အဓိက ထားပြီးတော့ အားပေးစကား၊ ဂုဏ်ပြုစကား၊ ကျေးဇူးစကားနဲ့ တနိုင်ငံလုံးက ဝိုင်းပြီး တတ်နိုင်တဲ့ ဘက်ကနေ ပံ့ပိုး ကြဖို့ ပြောသွားပါတယ်။


အမေရိကန်သမ္မတဟာ အရွေးကောက်ခံ ပုဂ္ဂိုလ်ပါ။ စစ်တပ်က ဗိုလ်ချုပ်ကြီး၊ ဗိုလ်ချုပ်မှူးကြီး မဟုတ်ပါဘူး။ အမေရိကန် နိုင်ငံဟာလဲ ဒီမိုကရေစီ နိုင်ငံပါ။ စစ်တပ်အုပ်ချုပ်တဲ့ နိုင်ငံ မဟုတ်ပါဘူး။ ဒါပေမယ့် တပ်မတော် သားတွေကို တန်ဖိုးထားပါတယ်။ နိုင်ငံရဲ့ လုံခြုံရေးအတွက် အသက်ကို စွန့်ထားတဲ့ လူတွေအဖြစ်နဲ့ ဂုဏ်ပြုပါတယ်။ တပ်မတော်မှာ တာဝန် ထမ်းဆောင်ခဲ့တဲ့ စစ်မှုထမ်းဟောင်း တွေရဲ့ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ အလုပ်အကိုင် အဖက်ဖက်က ဖြည့်ဆီး ပေးပါတယ်။

မြန်မာနိုင်ငံလို စစ်တပ်က အုပ်ချုပ်နေတဲ့နိုင်ငံ အစိုးရက စစ်မှုထမ်းဟောင်း တွေကို ဘယ်လို ဖြည့်ဆီး ပေးပါသလဲ။ ကျန်းမာရေး အတွက် ဘာတွေ အမှန်တကယ် တာဝန်ယူပေးသလဲ။ စစ်မှုထမ်းဟောင်းတွေ စစ်ဆေးရုံတွေမှာ ကုသခွင့် ရှိတယ်ဆိုပေမယ့် ဘယ်လောက် ဂရုစိုက်သလဲ။ မိသားစု အသုံးစရိတ် မလောက်လို့ စာအုပ် လိုက်ရောင်းနေရတဲ့ စစ်မှုထမ်းဟောင်းတွေ ဒုနဲ့ဒေး၊ သူငယ်ချင်း ဗိုလ်ချုပ်တွေထံမှာ ပါမစ်လိုက်တောင်း နေရတဲ့ အရာရှိ အငြိမ်းစားတွေ ဒုနဲ့ဒေးပါ။

အဲဒါ ဘာဖြစ်လို့လဲ။ နိုင်ငံတော်အစိုးရဆိုတဲ့ လက်ရှိဗိုလ်ချုပ်ကြီးတွေက စစ်မှုထမ်းဟောင်းတွေကို တာဝန် မယူလို့ပါ။ ခေတ်စကားနဲ့ ပြောရရင် “စားပြီး နားမလည် …” လုပ်နေတာပေါ့။ တိုက်ပွဲမှာ သက်စွန့်ဆံဖျား တိုက်ခိုက် ပေးခဲ့တာတွေကို တာဝန် မယူတဲ့သဘောပါ။ လက်ရှိ တာဝန်ထမ်းဆောင် နေသူတွေ အငြိမ်းစားယူရင်လဲ စာအုပ် လိုက်ရောင်းတဲ့ ဘဝ၊ ပါမစ် လိုက်တောင်းတဲ့ ဘဝကို ရောက်ကြရမှာပါ။

အမေရိကန်သမ္မတက သူရဲ့နှစ်သစ်ကူး အားလပ်ရက်မှာ စစ်တန်းလျားတွေကို သွားရောက် လည်ပတ်ပါတယ်။ ပေါ့ပေါ့ပါးပါး သာမန် ဝန်ထမ်းတစ်ယောက် အနေနဲ့ ရဲဘော်တွေ၊ အရာရှိအရာခံ အကြပ်တပ်သားတွေနဲ့ ဘားတိုက်မှာ ထမင်း အတူစားပါတယ်။ သူ့အတွက် သီးသန့် စားပွဲနဲ့ အစား အသောက်တွေ ပြင်ဆင် မပေးရပါဘူး။ ရဲဘော်တွေရဲ့ ထမင်းဝိုင်းမှာ အတူ ဝင်စားရင်း လွတ်လွတ်လပ်လပ် စကား ပြောဆိုကြပါတယ်။ ရဲဘော်တွေရဲ့ တကယ့်ဘဝကို ခံစားကြည့်ပါတယ်။ စစ်တပ် အုပ်ချုပ်တဲ့ လက်ရှိ မြန်မာနိုင်ငံမှာ ဘယ် ဗိုလ်ချုပ် တယောက်ကများ ရဲဘော်တွေနဲ့ ထမင်း တစ်ဝိုင်းထဲ စားဖူးပါသလဲ၊ ရဲဘော်တွေရဲ့ တကယ့်ဘဝကို ခံစား ကြည့်ဖူးပါသလဲ။

အမေရိကန်နိုင်ငံမှာ တပ်မတော်သား တဦး တာဝန်ထမ်းဆောင်ရင်း ကျဆုံးသွားရင် အလောင်းကို ရတဲ့နည်းနဲ့ ယူပြီး မိသားစုဆီကို ပို့ပေးပါတယ်။ (အလောင်း မရနိုင်တော့ရင်တောင် အရိုးကို ရအောင် ပြန်ယူပါတယ်။ ဗီယက်နမ် စစ်ပွဲကို နမူနာကြည့်ပါ။) ပြီးတော့ စစ်သင်းချိုင်းမှာ တစ်ခမ်းတနား သင်းဂြိုလ်ပါတယ်။ သမ္မတ ကိုယ်တိုင်က လက်မှတ်ရေးထိုးပြီး ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့ပါတယ်။ စစ်အစိုးရ အုပ်ချုပ်တဲ့ မြန်မာနိုင်ငံမှာ ဘယ်လို ဆက်ဆံခံရသလဲ ဆိုတာ လက်ရှိ ဗိုလ်ချုပ်မှူးကြီးကတော် ဒေါ်ကြိုင်ကြိုင် အသိဆုံးပါ။ တပ်ရေးဗိုလ်ကြီး၊ တပ်ရင်းမှူးဇနီး (အလွန်ဆုံးပေါ့) လာပြီး အကြောင်းကြား၊ ဝမ်းနည်းကြောင်းပြော၊ ရက်လည်ပြီးတာနဲ့ တပ်က ထွက်ပေတော့ ပြီးရင် အဆင်ပြေသလို ကြည့်နေပေတော့။

ဒီလောက်ဆိုရင် ဒီမိုကရေစီနိုင်ငံက တပ်မတော်သား တယောက်ရဲ့ ဘဝနဲ့ စစ်အစိုးရ အုပ်ချုပ်တဲ့ နိုင်ငံက တပ်မတော်သား တယောက်ရဲ့ ဘဝ အကြမ်းဖျင်း လောက်တော့ မှန်းလို့ ရပါပြီ။ ဗုဒ္ဓဘာသာမှာ ဗုဒ္ဓက "သူဟာ လမ်းပဲ ညွှန်ပေးလို့ရတယ် ကိုယ့်ဟာကိုယ် ကြိုးစားရမှာ" လို့ ပြောခဲ့သလို ခရစ်ယာန် ဘာသာမှာလဲ ဘုရားသခင်ဆီ ချည်းကပ်မှ ဘုရားသခင်က ကယ်တင်ပေးနိုင်တယ် လို့ ဆိုပါတယ်။ (မူဆလင်ဘာသာမှာလဲ ဒီအတိုင်း ဆင်ဆင်ပဲ ဖြစ်မယ်လို့ ယူဆပါတယ်။) လက်ရှိ တပ်မတော်သားတွေ အနေနဲ့ တပ်က အငြိမ်းစား ယူပြီးရင် စာအုပ် ရောင်းစားချင်သလား၊ အပတ်စဉ် အတူတူ သူငယ်ချင်းတွေ ဆီမှာ ပါမစ် လိုက်တောင်းမလား။ နိုင်ငံတော်ရဲ့ အစီအစဉ်နဲ့ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး အဆင်ပြေပြေ နေချင်သလား စဉ်းစားကြပါ။ တိုက်ပွဲမှာ အသက် ပေးခဲ့ရရင်လဲ မိသားစုကို ဘယ်လို ထားခဲ့ချင်သလဲ၊ သမ္မတ ကိုယ်တိုင်က ဂုဏ်ပြုတာကို ခံချင်သလား၊ တပ်ရေး ဗိုလ်ကြီးကလာ အကြောင်းကြားပြီး ပြီးသွားတာကို လိုချင်သလား။ လိုချင်တဲ့ ဘဝကို ကြိုးစားမှ၊ လိုချင်တဲ့ဘက်ကို ချဉ်းကပ်ရမှာကတော့ လက်ရှိ ရဲဘော်တို့ရဲ့ တာဝန်ပါပဲ။

Ref: မိုးမခ

Read More...

၂၀၀၉ လည်ပြန်နှင့် ၂၀၁၀ တွက်ကိန်း

မြင့်မောင်
သောကြာနေ့၊ ဇန်နဝါရီလ ၀၁ ရက် ၂၀၁၀

နယူးဒေလီ (အိန္ဒိယ)။ ။ ကုန်လွန်ခဲ့ပြီဖြစ်သော ၂၀၀၉ ခုနှစ်အတွင်း မြန်မာ့ နိုင်ငံရေး ရှုခင်း သုံးသပ်ချက်၊ ယခု ၂၀၁၀ ခုနှစ်အတွင်း ဖြစ်ပေါ် ပြောင်းလဲ လာနိုင်မည့် အလားအလာနှင့် ပြည်သူများအပေါ် ဆန္ဒပြု တောင်းဆိုချက်များကို သိရှိနိုင်ရန် အတွက် ပြည်တွင်းရှိ နိုင်ငံရေး ခေါင်းဆောင်တချို့နှင့် အကျဉ်းသား မိသားစုဝင်တဦးကို ဆက်သွယ် မေးမြန်းထားပါသည်။

------------------------------------------------------

ဦးဝင်းတင်
(သတင်းစာဆရာကြီး)

ရွှေဂုံတိုင် ကြေညာစာတမ်းအတိုင်း ဆက်လက် ရပ်တည်သွားမှာပါ။ ဧပြီလ ကုန်တုန်းက ရွှေဂုံတိုင် အစည်းအဝေးမှာ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ၁ဝဝ လောက် တက်တယ်။ ပါတီဖွဲ့ဝင် တိုင်းနဲ့ ပြည်နယ်က ခေါင်းဆောင်တွေ အကုန်တက်တယ်။ ရွှေဂုံတိုင် ကြေညာချက်က သာမန်အားဖြင့် တောင်းဆိုရိုး၊ တောင်းဆိုချက်လို့ သတ်မှတ်လို့ ရပေမယ့် NLD (အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်) ရဲ့ သဘောထားကို ထုတ်ဖော်တယ်လို့ ပြောလို့ရတယ်။ ၂ဝဝ၉ ခုနှစ်မှာ ကျနော်တို့ သဘောတရား အားဖြင့်၊ စည်းရုံးရေး အားဖြင့်၊ တောင်းဆိုချက် အားဖြင့်၊ ရပ်တည်ချက် အားဖြင့် အားလုံးကို စုစည်းနိုင်ခဲ့တဲ့ ပွဲလို့ ကျနော် သတ်မှတ်တယ်။

သာမန်အားဖြင့် အရပ်ထဲမှာ နားလည်နေတာက ၂ဝဝ၈ ခုနှစ် အခြေခံ ဥပဒေက ဒီမိုကရေစီ စံနှုန်းနဲ့ မကိုက်ညီတဲ့ အချက်များကို ပြုပြင် ပြောင်းလဲပြီး အစိုးရအနေနဲ့ တရားမျှတပြီး နိုင်ငံတကာ ကွပ်ကဲမှုအောက်မှာ လုပ်မယ့် ရွေးကောက်ပွဲအဖြစ် သာမန်အားဖြင့် ပြောနေကြတယ်။ တကယ်တော့ ရွှေဂုံတိုင် တောင်းဆိုချက်က အဲဒီလို မဟုတ်ဘူး။ အဆင့်တွေ ရှိတယ်။ ပထမဆုံးအဆင့်မှာ ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်ပြုရန်၊ အမျိုးသားရေး ကိစ္စတွေမှာ အဆုံအဖြတ် ပေးနိုင်တဲ့ ဒီမိုကရေစီ အင်အားစု ဘက်က ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးတွေ၊ စစ်အစိုးရ ဘက်ကလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေလို ပုဂ္ဂိုလ်မျိုးတွေ တွေ့ဆုံ ဆွေးနွေးရေး၊ ပြီးတော့ အမျိုးသား ပြန်လည် သင့်မြတ်ရေး ကိစ္စတွေ လုပ်မယ်။

တောင်းဆိုချက်တွေထဲမှာ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး၊ ၂ဝဝ၈ ခုနှစ် အခြေခံ ဥပဒေထဲက ဒီမိုကရေစီ စံနှုန်းများနဲ့ မကိုက်ညီတဲ့ အချက်တွေ ဖယ်ရှားရေးဆိုတဲ့ တောင်းဆိုချက်၊ နောက်ပြီးတော့ သန့်ရှင်း လွတ်လပ်ပြီးတော့ နိုင်ငံတကာ ပါဝင်တဲ့ ရွေးကောက်ပွဲ ကျင်းပရေးတို့ ပါတဲ့ တောင်းချက် ၅ ချက် ပါတယ်။ ဒီဟာက အလွန်ကို အရေးကြီးတဲ့ အချက် ၅ ချက် ဖြစ်တယ်။ ဒီဟာက ကျနော်တို့ရဲ့ နိုင်ငံရေး ရည်မှန်းချက် ဖြစ်တယ်၊ နိုင်ငံရေး သဘောထားများ ဖြစ်တယ်။ ဒီနှစ် နှစ်ကုန်မှာ ကျနော်တို့ သံဓိဋ္ဌာန်တွေ ချတဲ့အခါမှာ ကျနော်တို့ရဲ့ စိတ်ဓာတ်တွေကို မြှင့်တင်ကြပါ ဆိုတဲ့ သဘောတွေကို ဆောင်ပါတယ်။ ဒါကြောင့် ဧပြီလကုန်ပိုင်းက ကျင်းပခဲ့တဲ့ ရွှေဂုံတိုင် အစည်းအဝေး၊ ရွှေဂုံတိုင် ကြေညာစာတမ်း ဆိုတာတွေက အလွန်ကို အရေးကြီးတယ်။ ကျနော်တို့ အတွက်ရော တိုင်းသူပြည်သား အတွက်ပါ အလွန် အရေးကြီးတဲ့ ကြေညာချက် စာတမ်း ဖြစ်သလို၊ အကုန်လုံးအတွက် အရေးကြီးတဲ့ ကြေညာချက် စာတမ်းဖြစ်တယ်။ ဒါကြောင့်မို့ ဒီနှစ် တနှစ်လုံးမှာ ဒီစာတမ်းကို ဝန်းရံပြီးတော့ ထောက်ခံကြတယ်။ တောင်းဆိုချက်တွေကို ဆက်လက်ပြီးတော့ တောင်းဆိုကြတယ်။ ရပ်တည်ချက် အဖြစ် ရပ်တည်ပြီးတော့ ထုတ်ပြန် ကြေညာကြတယ်။ ၂ဝဝ၉ ခုနှစ် တခုလုံးရဲ့ အကောင်းဆုံး ဖြစ်ရပ်တခု ဖြစ်တယ်လို့ ပြောချင်ပါတယ်။

နောက်တပိုင်းက ဘာလဲဆိုတော့ အမေရိကန်အစိုးရ အနေနဲ့လည်း ဒီနှစ်ထဲမှာ မူဝါဒ အသစ် ကြေညာ လိုက်တယ်။ အမေရိကန် အစိုးရ အနေနဲ့ စစ်အစိုးရ အပေါ် နဂိုကရှိတဲ့ Sanction (ပိတ်ဆို့အရေးယူမှု) တခုထဲ မကျင့်သုံးတော့ဘူး၊ တဖက်ထဲ မကျင့်သုံးတော့ဘူး။ စစ်အစိုးရနဲ့ တိုက်ရိုက် ဆက်ဆံမယ့် မူဝါဒတခု ချမှတ် ကျင့်သုံးခဲ့တယ်။ အဲဒါ ဘာလဲဆိုတော့ တဖက်က မုန့်၊ တဖက်က ဒုတ်ဆိုတဲ့ မူဝါဒမျိုး ကျင့်သုံးလာတယ်။

တဖက်က ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးတွေမှာ သိသာထင်ရှားတဲ့ အပြုအမူတွေ၊ တကယ့်ကို လက်ဆုပ် လက်ကိုင်ပြနိုင်တဲ့ ပြောင်းလဲမှုတွေ၊ ပြုပြင်မှုတွေ လုပ်ရင် ဒီ Sanction စီးပွားရေး ပိတ်ဆို့မှုတွေကို လျှော့ပေါ့ပေးမယ်။ မလုပ်ဘူးဆိုရင် ဒီ့ထက် ပြင်းထန်တဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကို တိုးမြှင့်မယ်ဆိုတဲ့ အမေရိကန် အစိုးရရဲ့ သဘောထား မူဝါဒတွေကို ပြထားတယ်။ နောက်တချက်က စစ်အစိုးရနဲ့ အမေရိကန် သမ္မတနဲ့ တိုက်ရိုက် ထိတွေ့ ဆက်ဆံမယ်။ တိုက်ရိုက် ထိတွေ့မှုကို အကောင်အထည် ဖော်မယ်လို့ ပြောတယ်။ အဲဒီ အမေရိကန် နိုင်ငံခြားရေး မူဝါဒ အသစ်ကို ကြေညာလိုက်တယ်။

စစ်အစိုးရနဲ့ အမေရိကန် တိုက်ရိုက်ဆက်ဆံမယ်။ စစ်အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ ဒီမိုကရေစီ အင်အားစုတွေနဲ့ တိုက်ရိုက် ထိတွေ့ ဆက်ဆံသလို၊ တိုင်းရင်းသား လူမျိုးစုတွေ အရေးကိုလည်း တိုက်ရိုက် ထိတွေ့ ဆက်ဆံမှုတွေ လုပ်မယ်ဆိုတာ ပါလာတယ်။ အဲဒီ စံနှစ်ခုက သိပ်ပြီး ထူးခြားတယ်လို့ မပြောနိုင်ပေမယ်လို့ အတိုက်အခံ အင်းအားစုများနဲ့ စစ်အစိုးရ အကြား တိုက်ရိုက် ထိတွေ့ ဆက်ဆံမှုမျိုး ရလာမယ်။ ဆိုလိုတာက တွေ့ဆုံဆွေးနွေးမှု Dialogue ပေါ့ဗျာ။

နှစ်ပေါင်း ၂ဝ ကျော် အတိုက်အခံတွေ တောင်းဆိုလာခဲ့တဲ့ တိုက်ရိုက် ဆက်ဆံရေးမူ ရမယ်။ စစ်အစိုးရနဲ့ အတိုက်အခံတွေ အကြား ထိတွေ့ ဆက်ဆံပါ ဆိုတဲ့ ပေါ်လစီ ချထားတယ်။ ဒီ ပေါ်လစီတွေ အကြားမှာ တြိဂံလို ဖြစ်သွားတယ်။ အမေရိကန် အစိုးရနဲ့ စစ်အစိုးရ ဆက်ဆံရေး၊ စစ်အစိုးရနဲ့ အတိုက်အခံ ဆက်ဆံရေး၊ လူမျိုးစုများနဲ့ စစ်အစိုးတို့ တိုက်ရိုက် ဆက်ဆံရေး ဆိုတဲ့ တြိဂံ ပုံသဏ္ဍာန်တွေ ပါလာတယ်။ ဒီအနေအထားက အလားအလာကောင်းတွေ ပေါ်လာမယ်ဆိုရင် ပေါ်လာနိုင်တယ်။ အခြေအနေသစ် တခု ထွန်းကားလာမယ် ဆိုလို့ရှိရင် ထွန်းကား လာနိုင်တယ်။

ဘာဖြစ်လို့လဲ၊ စစ်အစိုးရကလည်း ဒီမိုကရေစီကို ဖိနှိပ်ချုပ်ချယ်မှုတွေ၊ လူ့အခွင့်အရေး ရိုက်ချိုး ဖျက်ဆီးမှုတွေ၊ နိုင်ငံရေး ပိတ်ပင် ဟန့်တားမှုတွေ အများကြီး လုပ်နေတဲ့ အချိန်မှာ ဒီစစ်အစိုးရကို အဓိက ထားပြီးတော့ ကမ္ဘာမှာ အရေးယူနေတဲ့ အင်အားစုတွေ အများကြီး ရှိနေတယ်။ ဒီလို ဒီမိုကရေစီ အင်အားစုတွေဘက် လမ်းသစ် ရှာလာတယ်။ နည်းသစ်ရှာလာတယ်၊ ဆက်ဆံရေး ပုံသဏ္ဍာန်သစ် ရှာလာတယ်။ ဘာပဲပြောပြော၊ မြန်မာပြည်ရဲ့ နိုင်ငံရေးက စစ်အစိုးရက လိုက်လျောမယ့်၊ စစ်အစိုးရက ပြောင်းလဲလာတဲ့ အခြေအနေတွေနဲ့ လိုက်လျောညီတွေ ကျင့်သုံးမယ့်၊ မြန်မာပြည်ရဲ့ နိုင်ငံရေး အခြေအနေဟာ ဒီမိုကရေစီ ပေါ်ထွန်းလာမယ့် အခြေအနေ ရှိတယ်လို့ ပြောချင်ပါတယ်။

ရွှေဂုံတိုင်နဲ့ အမေရိကန် ကြေညာချက် နှစ်ခု ဆက်စပ်ကြည့်မယ် ဆိုရင် ဘာပဲပြောပြော မြန်မာ ပြည်ထဲမှာ ကျနော်တို့ နိုင်ငံရေး သမားတွေ ဘက်ကလည်း နိုင်ငံရေး ရပ်တည်ချက် အတိုင်း ရပ်တည်ပြီးတော့ ဒီမိုကရေစီ အင်းအားစုတွေ ကလည်း မိမိတို့ရဲ့ တောင်းဆိုချက်၊ မိမိတို့ရဲ့ သဘောထား၊ မိမိတို့ရဲ့ မူဝါဒ ရပ်တည်ချက် အတိုင်း၊ တဖက်ကလည်း ပြည်ပကနေ ဒီမိုကရေစီ အင်အားစုတွေရဲ့ အင်အားဖြစ်တဲ့ အမေရိကန် အနေနဲ့လည်း ဘာပဲပြောပြော အခြေအနေသစ် ပေါ်မှာ ရပ်တည်ကြတယ် ဆိုလို့ရှိရင် အစိုးရအနေနဲ့ ဆက်ဆံရေး နည်းသစ်တွေ ရှာလာမယ့် အခြေအနေသစ် တခု ပေါ်လာမယ်။ အခြေအနေသစ် တခုရဲ့ နောက်ဆက်တွဲက ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာလ ၁၁ ရက်နေ့တုန်းက စစ်အစိုးရကို ပို့လိုက်တဲ့ စာထဲမှာ ပါတဲ့အတိုင်း NLD မှာ သက်ကြီးရွယ်အိုများကို တွေ့ပါရစေ၊ CEC (ဗဟိုအလုပ်အမှုဆောင် ကော်မတီ) တွေနဲ့လည်း တွေ့ဆုံ ဆွေးနွေးပါရစေ၊ CEC နဲ့ တွေ့ဆုံတဲ့ အခါမှာလည်း တိုင်းရေးပြည်ရေး အကျိုးရှိတဲ့ ကိစ္စတွေကို ဆွေးနွေးပါရစေ၊ NLD နဲ့ ဆွေးနွေးတဲ့ ကိစ္စတွေပေါ်မှာ ပြည်သူတွေ အကျိုးရှိရာ ရှိကြောင်း ထုတ်ပြန်ချက်တွေ ထုတ်ပြန်ပြီးတော့ စစ်အစိုးရ အနေနဲ့ တိုင်းပြည် အကျိုးရှိရာရှိကြောင်း ကိစ္စတွေကို ပူးပေါင်း ဆောင်ရွက်ဖို့ အတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ တွေ့ဆုံခွင့် တောင်းလိုက်တယ်။ ဒီစာက သာမန်အားဖြင့်တော့ စာလေးတစောင်ပဲ၊ စာမျက်နှာ တမျက်နှာလောက်ရှိတဲ့ စာပဲ ဖြစ်သော်ငြားလည်း၊ နိုင်ငံရေး အားဖြင့် အဓိပ္ပာယ် အများကြီး ပါလာတယ်။

ကာယကံရှင်များဖြစ်တဲ့ NLD က မလုပ်ဘူး၊ မရှုပ်ဘူး၊ သဘောထား မကြီးဘူး ဆိုလို့ရှိရင် ရှေ့တိုးနိုင်မှာ မဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တိုင်းပြည် ကောင်းကျိုး အတွက် စစ်အစိုးရနဲ့ ကျမ ပူးပေါင်း လုပ်ဆောင်ချင်ပါတယ်၊ လုပ်ဆောင်ဖို့ အတွက်ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ တွေ့ပါရစေ၊ ကျမနဲ့ တွေ့ဆုံခွင့် ပေးပါဆိုပြီးတော့ တောင်းဆို လိုက်တယ်။ အဲဒီလောက် လုပ်တဲ့အခါကျတော့ မြန်မာပြည်ရဲ့ နိုင်ငံရေး အခြေအနေကတော့ အများကြီး ပွင့်လင်းသွားတယ်။ သို့သော် နိုင်ငံရေး အခြေအနေကို အဝေးအမြင်နဲ့ သုံးသပ်တာပေါ့။ သို့သော် အဲဒါတွေ အားလုံးက ဘာဖြစ်သွားလဲ ဆိုတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ပေါ်မှာပဲ တည်တော့တယ်။ ဒေါ်အောင်ဆန်းစုကြည် ဘက်က ပြောရရင် တင်းနစ် ကစားသလို ဘောလုံးက တခြားဘက်ကို ရောက်သွားပြီ။ စစ်အစိုးရ ဘယ်လို တုံ့ပြန်မလဲ ဆိုတာကို ကြည့်ရတော့မယ်။

အဲဒီတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ကောင်းတဲ့ သဘောထားတွေလို့ ပြောရမလား၊ ကောင်းတဲ့ အကျင့်လို့ ပြောရမလား၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD က သက်ကြီး ရွယ်အိုတွေနဲ့ တွေ့ခွင့် ပြုလိုက်တယ်။ ကျန်နေတဲ့ ကိစ္စက CEC နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဖို့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ တွေ့ဆုံမှုဆိုတဲ့ တောင်းဆိုချက် ကိစ္စတွေပဲ ကျန်နေတော့တယ်။ အဲဒါကြောင့် အခု အခြေအနေက ၂ဝဝ၉ ခုနှစ်မှာ ကိုယ့်ရပ်တည်ချက်နဲ့ကိုယ် မှန်မှန်ကန်ကန် ရပ်တည်တယ်၊ ကိုယ့်တောင်းဆိုချက်နဲ့ကိုယ် တောင်းဆိုတယ်။ အတိုက်အခံ အင်အားစုတွေ အနေနဲ့ စစ်အစိုးရကို လက်ဝါးဖြန့် တောင်းစရာလည်း မရှိဘူး။ ကျနော်တို့ရဲ့ မူဝါဒတွေအတိုင်း ကျနော်တို့ ရပ်တည်တယ်၊ စွဲစွဲမြဲမြဲ ရှိတယ်ဆိုတာကို ပြလိုက်နိုင်ခဲ့တယ်။ အဲဒါ ကျနော်တို့ နိုင်ငံရေးအားတွေ အများကြီး ဖြစ်တယ်။ အမေရိကန် မူဝါဒဟာ မြန်မာနိုင်ငံမှာ တိုးတက်တဲ့ ဆက်ဆံမူဝါဒတွေ ပေါ်ထွန်း လာဖို့အတွက် အခြေအနေကောင်းတွေ ဖန်တီးတယ်လို့ ပြောလို့ ရတယ်။

အဲဒီ အခြေအနေကောင်း နှစ်ခုပေါ် မူတည်ပြီးတော့ (ဒေါ်အောင်ဆန်းစုကြည်က နေပြီးတော့) ၂ဝဝ၉ ခုနှစ်ရဲ့ အခြေအနေကောင်း တခုပဲလို့ ပြောလို့ရတယ်။ ဒါပေမဲ့ ၂ဝဝ၉ ခုနှစ်မှာ ရပ်နေမှာ မဟုတ်ဘူး။ ၂ဝ၁ဝ မှာ ရွေးကောက်ပွဲတွေ လုပ်မယ်ဆိုပြီး အစိုးရ ကြေညာထားတယ်။ ၂ဝ၁ဝ မှာ ဘာဖြစ်မလဲဆိုတာ မှန်းဆလို့ မရဘူး။ ဘာဖြစ်မလဲ ဆိုတော့ အခုအချိန်ထိ ရွေးကောက်ပွဲ ဥပဒေ မပေါ်ပေါက်သေးတဲ့ အတွက် ကျနော့်အနေနဲ့ စိတ်ပျက်စရာ ကောင်းတယ်လို့ ပြောချင်တယ်။ လာမယ့်အချိန်မှာ ရွေးကောက်ပွဲတွေ ကျင်းပတော့မယ်။ ဘယ်လောက်ပဲ ကြေညာကြေညာ ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ရမယ့် ပါတီများရဲ့ စည်းမျည်း စည်းကမ်းတွေ ဘာမှ ထွက်ပေါ် မလာသေးဘူး။ လာမယ့် ရွေးကောက်ကလည်း တရားမျှတမယ့်၊ ရွေးကောက်ပွဲ ဖြစ်လာမယ့် အလားအလာ မရှိဘူး။

၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲတုန်းက တနှစ်ခွဲလောက် ကတည်းက ပါတီဥပဒေတွေ ထွက်ပြီး လှုပ်ရှားစရာတွေ လှုပ်ရှားကြတယ်။ ကိုယ့်အဖွဲ့အစည်း အတွက်ကို စည်းရုံးရေးတွေ လုပ်ကြတယ်။ ၂ဝ၁ဝ မှာ ရွေးကောက်ပွဲ လုပ်မယ်လို့သာ ကြေညာထားတယ်။ အခုအချိန်ထိ ရွေးကောက်ပွဲ ဥပဒေက မထွက်သေးဘူး။ ရွေးကောက်ပွဲ ဆိုတာက လွပ်လပ်ရမယ်၊ တရားမျှတရမယ်။ ၂ဝဝ၉ ခုနှစ်မှာ အားတက်စရာတွေ ရှိနေပေမယ့်လည်း ၂ဝ၁ဝ ကို လှမ်းမျှော်ကြည့်တဲ့ အခါမှာ အတော်ကို စိတ်ပျက်စရာတွေ တွေ့နေရတယ်လို့ ကျနော် ပြောချင်ပါတယ်။ ၂ဝ၁ဝ မှာ ကျနော့်အနေနဲ့ အားမရဘူး။

၂ဝ၁ဝ မှာ ရွေးကောက်ပွဲလုပ်မယ်လို့ ပြောနေကြတယ်။ ပြင်နေတဲ့ သူတွေကလည်း ပြင်နေကြတယ်။ NLD က တောင်းဆိုထားတဲ့ ရွှေဂုံတိုင် ကြေညာစာတမ်းကို ဘေးဖယ်ထားပြီး လုပ်မယ်ဆိုရင် ပြည်သူလူထု အနေနဲ့ ဘာမှ စိတ်မပျက်ပါနဲ့။ စိတ်ဓာတ် ကျစရာလည်း မရှိဘူး။ မိမိတို့အားကို မြှင့်ကြပါ။ မိမိတို့အားကို စုရုံးကြပါလို့ ပြောချင်တယ်။ နိုင်ငံရေး လုပ်ငန်းတွေမှာ အစိုးရ အနေနဲ့ ပြည်သူလူထု ရွံမုန်းစရာ မလုပ်ရဖို့နဲ့ အစိုးရ လုပ်ခိုင်းတဲ့အတိုင်း အာဏာကို သုံးပြီးတော့ မလုပ်ကြပါနဲ့။ ရုံးမှာ ဝန်ထမ်းတွေ အနေနဲ့ အထက်က အရာရှိတွေ လက်မှတ် ထိုးခိုင်းလို့ ထိုးပေးကြရတဲ့၊ မဲလိမ်တဲ့အခါမှာ သူတို့က အလိုတူ အလိုပါ ဖြစ်ရတဲ့ အခြေအနေမျိုးနဲ့ ကြုံတွေ့နေရတယ်။ မဲပေးတဲ့အခါမှာ အာဏာပိုင်တွေဘက်က ဝန်ထမ်းတွေကို လက်မှတ်ထိုးခိုင်းတဲ့ ဟာတွေကို အတတ်နိုင်ဆုံး မလုပ်ကြပါနဲ့။

ဒီလိုလုပ်ဆောင်တာတွေက ပြည်သူလူထုအနေနဲ့ ကြောက်လန့်လို့ လုပ်ရတယ်လို့ ကျနော်မြင်တယ်။ အဲဒါကြောင့် ပြည်သူလူထုကို ကျနော်ပြောချင်တာက မကြောက်ပါနဲ့၊ ကြောက်စရာ မလိုပါဘူး။

စစ်အစိုးအနေနဲ့ ခိုင်းလို့ရတာက ဝန်ထမ်းတွေပဲ ရှိတယ်၊ ခိုင်းတဲ့လူတွေကလည်း ကောင်းတဲ့ စိတ်တွေ ရှိနိုင်တယ်၊ သူတို့မှာ မွန်မြတ်တဲ့ စိတ်တွေ ရှိနိုင်တယ်၊ သူတို့မှာလည်း ပြည်သူလူထုကို ညှာတာတဲ့ စိတ်တွေ ရှိပါတယ်။ မကြောက်ပါနဲ့၊ ခံပြီးတော့ ပြောပါ။ ခံပြီးတော့ မတရားတဲ့ အမိန့်တွေကို ဆန့်ကျင်ကြပါ။ မတရားတဲ့ ခိုင်းစေမှုကို ငြင်းဆန်ကြပါ။ မတရားတဲ့ ပြုကျင့်မှုကို လက်မခံကြပါနဲ့လို့ ကျနော် ပြောချင်တယ်။


------------------------------------------------------

ဝါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်း

၂ဝဝ၉ ခုနှစ် မြန်မာပြည်မှာ နိုင်ငံရေး လှုပ်ရှားမှု ဘာမှ မရှိခဲ့ပါဘူး။ အစိုးရ အနေနဲ့လည်း ၂ဝ၁ဝ မှာ ရွေးကောက်ပွဲ လုပ်မယ်လို့ ကြေညာ ထားတယ်။ ရွေးကောက်ပွဲ ဝင်ဖို့အတွက် ပါတီ တည်ထောင်ခွင့်တွေ ဘာတွေ မပေးသေးဘူး၊ ရွေးကောက်ပွဲ ဘယ်လိုလုပ်မယ် ဆိုတဲ့ ဥပဒေတွေလည်း မရှိသေးဘူး။

သို့ပေမယ့် တိုးတက်မှုအနေနဲ့က၂ဝဝ၉ ခုနှစ် ရွေးကောက်ပွဲ လုပ်ပေးမယ်ဆိုတဲ့ ကြေညာချက်ပဲ ရှိတယ်။ ကြေညာချက်အတိုင်း အမှန်တကယ် လုပ်ပေးနိုင်ပါစေလို့ ဆုတောင်းရတာပေါ့။ လုပ်လည်း လုပ်ပေးဖို့ တိုက်တွန်းလိုပါတယ်။

နိုင်ငံရေး အပြောင်းအလဲကတော့ မြန်မာပြည်ရဲ့ အခြေအနေအရ၊ နိုင်ငံတော် အစိုးရရဲ့အပေါ်မှာ လုံးဝ တည်နေတယ်လို့ မြင်ပါတယ်။ ဘာ့လို့လဲဆိုတော့ လူထု လှုပ်ရှားမှုတွေကို ဘာတခုမှ ခွင့်မပြုဘဲနဲ့၊ ခွင့်မပြုတော့ လူထုလှုပ်ရှားမှု မလုပ်နိုင်ဘူး။ တောတွင်း လက်နက်ကိုင်တွေ အနေနဲ့ သူတို့ဘာသာ သူတို့နေရာမှာ နေကြတော့ ထူးထူးခြားခြား ဖြစ်ရပ်တွေက ပေါ်လာမယ်လို့ မမြင်ပါဘူး၊ ပေါ်လည်း မပေါ်ခဲ့ဘူးလေ။

လာမယ့် နှစ်မှာလည်း ဒီပုံစံတိုင်း လုပ်နေမယ်ဆိုရင် ထူးခြားလာမယ့် အရိပ်အရောင် မရှိပါဘူး။ နိုင်ငံတော် အကြီးအကဲ ဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို တိုက်တွန်းချင်တာက ပြည်သူလူထု ဒီမိုကရေစီစနစ် ခံစားနိုင်အောင်၊ ဒီမိုကရေစီ ပေါ်ပေါက်လာအောင် အမြန်ဆုံး ရွေးကောက်ပွဲကြီးကို ကြေညာထားတဲ့ အတိုင်း မပျက်မကွက် ပြုလုပ်ပေးဖို့ မေတ္တာရပ်ခံချင်တယ်၊ တိုက်တွန်း ချင်ပါတယ်။

၂ဝ၁ဝ မှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တိုင်းရင်းသားခေါင်းဆောင်တွေ၊ ကျောင်းသား ခေါင်းဆောင်တွေ ဖမ်းဆီးထားတဲ့ နိုင်ငံရေး အကျဉ်းသားတွေ၊ အားလုံး လွှတ်ပေးပြီးတော့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကို လုပ်ပေးဖို့ လိုအပ်တယ်။ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ပြီး ကမ္ဘာက အသိအမှတ်ပြုပြီး ကုလသမဂ္ဂက လာရောက် ကြီးကြပ်တာတို့၊ နိုင်ငံတကာမှာ လာရောက်ပြီး လေ့လာချင်ရင် လေ့လာခွင့်ပေးဖို့၊ ပြည်သူလူထုကို လွတ်လွတ်လပ်လပ် စည်းရုံးခွင့်ပေးဖို့ လိုအပ်ပါတယ်။ ဒါကြောင့်မို့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့အတွက်၊ ပါတီအသီးသီးကို ထူထောင်ခွင့်ပေးပြီး လွတ်လပ်စွာ ဟောပြော စည်းရုံးခွင့်ပေးဖို့ လိုအပ်ပါတယ်လို့ တပ်မတော် ခေါင်းဆောင်ကြီးတွေကို တိုက်တွန်း ချင်ပါတယ်၊ မေတ္တာရပ်ခံ ချင်ပါတယ်။

ပြည်သူလူထုအနေနဲ့ တိုင်းပြည်ရဲ့ တိုးတက်ရာ တိုးတက်ကြောင်းနဲ့ ဒီမိုကရေစီ အခြေခံနဲ့ အုပ်ချုပ်မှ သာလျှင် စီးပွားရေး တိုးတက်မှု၊ နိုင်ငံရေး တိုးတက်မှု ရနိုင်မယ်။ ဒါကြောင့်မို့ ပြည်သူလူထု အနေနဲ့ မိမိတို့ နိုင်ငံကို ဒီမိုကရေစီစနစ် ပေါ်ပေါက်ရေးအတွက် တိုက်တွန်းရမယ်။ ဒီမိုကရေစီနစ် ထွန်းကားပြီး ဦးဆောင်နိုင်တဲ့ နိုင်ငံရေး အဖွဲ့အစည်းတခုကို ရွေးချယ် တင်မြှောက်ကြပါလို့ တိုက်တွန်း ချင်ပါတယ်။

------------------------------------------------------

ဦးအေးသာအောင် (အတွင်းရေးမှူး)
ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPP)

၂ဝဝ၉ ခုနှစ် ကုန်တော့မယ့် အချိန်ထိအောင် မြန်မာနိုင်ငံအရေးဟာ တိုးတက်မယ့်၊ ပြောင်းလဲမယ့် အရိပ်အရောင် မတွေ့ မမြင်ရဘူး။ ဘာကြောင့်လဲ ဆိုတော့ မြန်မာနိုင်ငံမှာ တကယ်တော့ နအဖ အာဏာပိုင်တွေရယ်၊ NLD ရယ်၊ တိုင်းရင်းသားတွေရယ် အားလုံး ဆွေးနွေးပြီးတော့၊ ညှိနိုင်းပြီးတော့ ဒီမိုကရေစီရေး အတွက် လွတ်လပ်ရေး အတွက် ပူးပေါင်း ဆောင်ရွက်ဖို့ လိုပါတယ်။ အဲဒီလို အပြောင်းအလဲ တခု ဖြစ်အောင် တိုင်းရင်းသား ပါတီတွေ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရယ်၊ ကျနော်တို့ တွေ့ဆုံဆွေးနွေးဖို့ လိုအပ်တယ်။

အဲဒီလို ပြောင်းလဲတော့မယ့် အနေအထား မတွေ့ရပါဘူး။ ကုလသမဂ္ဂ အပါအဝင် အမေရိကန် နိုင်ငံအနေနဲ့လည်း နိုင်ငံရေးအရ ဆက်ဆံမှုတွေ လုပ်ပြီးတော့ မြန်မာနိုင်ငံရဲ့ အခက်အခဲကို လာရောက် ဆွေးနွေးတာတွေ ရှိတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) နဲ့ တွေ့တယ်။ တိုင်းရင်းသား တွေနဲ့လည်း တွေ့တယ်။ မကြာခင်မှာပဲ သူတို့ရဲ့ ခရီးစဉ်က မအောင်မြင်ဘူးလို့ အသံတွေ ထွက်လာတယ်။

အဲဒါကြောင့် ပြည်တွင်းမှာရော၊ ပြည်ပမှာပါ နိုင်ငံရေး အင်အားစုတွေက အထူးသဖြင့် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ပြင်ဖို့ တိုက်တွန်းမှုတွေ၊ တောင်းဆိုမှုတွေ လုပ်ခဲ့ပေမယ့်လည်း ၂ဝဝ၉ ခုနှစ်သာ ကုန်တာပဲ၊ ဘာမှ အပြောင်းအလဲ မဖြစ်တဲ့အပြင် အပြောင်းအလဲ ဖြစ်လာမယ့် အရိပ်အရောင် လက္ခဏာတွေလည်း မတွေ့ရဘူး။

မြန်မာနိုင်ငံမှာ လက်ရှိ နိုင်ငံရေး၊ စီပွားရေး၊ လူမှုရေး၊ အကျပ်အတည်းတွေ ကနေ အပြောင်းအလဲ တခုကို တောင်းဆို နေပါတယ်။ ပြည်သူတွေကလည်း နှစ် ၂ဝ ကျော် ခါးသီးတဲ့ အတွေ့အကြုံ အရ အပြောင်းအလဲ တခု ဖြစ်ဖို့ မျှော်လင့်နေကြတယ်။ နိုင်ငံရေးပါတီတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေ ကလည်း၊ အပြောင်းအလဲ ဖြစ်ဖို့ ကြိုးပမ်း အားထုတ်ခဲ့ကြ ပေမယ့်၊ နအဖ စစ်အစိုးရက ပြောင်းလဲမယ့် အရိပ်အရောင် မရှိပါဘူး။

နအဖ ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ သဘောထားတွေ မပြောင်းလဲဘဲနဲ့ အပြောင်းအလဲ ဖြစ်ပေါ်လာဖို့ အနေအထား မရှိဘူး။ ဒီလို အပြောင်းအလဲတွေ ဖြစ်လာဖို့ တိုင်းရင်းသား အင်အားစုတွေ အပါအဝင် ပြည်တွင်းပြည်ပ အင်အားစုတွေက ၂ဝ၁ဝ မှာ ဆက်လက်ပြီးတော့ ရွေးကောက်ပွဲ မတိုင်ခင်မှာရော ရွေးကောက်ပွဲ ကာလမှာပါ၊ ရွေးကောက်ပွဲ အပြီးမှာရော အားလုံး ဝိုင်းဝန်းပြီးတော့ နည်းမျိုးစုံ၊ ဘက်ပေါင်းစုံကနေ ဝိုင်းဝန်း ကြိုးပမ်း အားထုတ်ကြပါစို့လို့ တိုက်တွန်း ပြောကြားလိုပါတယ်။


------------------------------------------------------

ပူးကျင့်ရှင်းထန် (ဥက္ကဋ္ဌ)
ဇိုမီးအမျိုးသား ကွန်ဂရက် (ZNC)

၂ဝဝ၉ ခုနှစ် နိုင်ငံရေးအရ တိုးတက်မှု မရှိဘူးလို့ ပြောလို့ရတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ၂ဝဝ၈ ခုနှစ် အခြေခံဥပဒေက တိုင်းရင်းသားတွေ အတွက်၊ ပြည်သူလူထု အတွက် လုပ်တဲ့ အခြေခံဥပဒေ မဟုတ်ဘူး။ တပ်မတော်သားတွေ အတွက် ရေးဆွဲထားတဲ့ ဥပဒေဖြစ်တယ်။ တိုင်းရင်းသားတွေ အတွက် အခြေအနေ မကောင်းဘူး။ ရွေးကောက်ပွဲ လုပ်မယ်ဆိုရင်လည်း ဘာမှ ထူးမှာ မဟုတ်ဘူး။

ပြည်သူလူကို ပြောချင်တာကတော့ ရွေးကောက်လုပ်မယ်ဆိုတာကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ကြံ့ခိုင် ဖွံ့ဖြိုးရေး အစည်းအဝေး ပွဲမှာ ပြောတဲ့ စကားအတိုင်း ဆိုရင်တော့ ၂ဝဝ၈ ခုနှစ် အခြေခံဥပဒေကို အထိမခံဘူးလို့ ပြောတယ်။ ကျနော်တို့ တောင်းဆိုနေတဲ့ ဥပဒေကို ပြင်ဆင်ရအောင်ပြောတဲ့ စကားကို လက်မခံတဲ့သဘော ပေါ်နေတယ်။ ဒီအခြေခံဥပဒေက ပြည်သူလူထုရဲ့ ဆန္ဒအမှန် မဟုတ်ပါဘူးလို့ ကျနော်တို့ ပြောပြောနေတာ ဖြစ်တယ်။

ဒီအခြေခံဥပဒေကို အားလုံးဝိုင်းဝန်းပြီးတော့ ပြင်ဆင်ဖို့ လိုတယ်။ အခု ထောင်ထဲမှာရှိတဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ဖို့လိုတယ်။ ဒါတွေ အားလုံးက နိုင်ငံရေး သမားတွေ ကြီးပဲလေ။ ဒါတွေ လွှတ်လာပြီးတော့ စကားဝိုင်းမှာ အားလုံးဝိုင်းထိုင်ပြီး ဆွေးနွေးပြီးတော့ လုပ်သင့်တယ်လို့ ပြောချင်ပါတယ်။

------------------------------------------------------

နိုင်ငံရေး အကျဉ်းသားတဦး၏ မိခင်

၂ဝဝ၉ ခုနှစ်အတွင်းမှာ အန်တီတို့ နိုင်ငံရေး အကျဉ်းသား မိသားစုဝင်တွေ အနေနဲ့ ကောင်းကျိုးဆိုတာ မရှိပါဘူး။ ထောင်ဝင်စာ သွားတွေ့ရတဲ့အတွက် ငွေအား၊ လူအား အားလုံး ပင်ပန်းကြတယ်။ သူတို့ ပြန်လွတ်လာဖို့ မျှော်လည်း မမျှော်လင့်ဘူး။ မျှော်လင့်ဖို့လည်း မရဲဘူး။ မျှော်လင့်ရင်လည်း မျှော်လင့်တဲ့အတိုင်း ဖြစ်မလာဘူး ဆိုရင် စိတ်ထိခိုက် ရတယ်။ လွတ်ငြိမ်းချမ်းသာခွင့် ပါမလား၊ ပါမလာဘူး။

ဒုတိယတချက် ၉ဝဝဝ ကျော် လွှတ်တဲ့အထဲမှာ လွတ်မလားလို့ မျှော်လင့်တယ်။ မျှော်လင့်တော့လည်း ပါမလာဘူး။ အခုတော့ မမျှော်လင့်တော့ဘူး။ မျှော်ပြီးတော့ ပါမလာတော့တဲ့အတွက် မမျှော်လင့်တော့ဘူး။ လွှတ်သင့်တဲ့သူတွေ ရှိနေပေမယ့် သူတို့က လွှတ်မပေးဘူး။ အဲဒီလို အခါမျိုးမှာ အမြဲပဲ ခံစားရတယ်။

၂ဝ၁ဝ မှာ လွတ်လာဖို့လည်း မမျှော်မှန်းရဲဘူး။ ကိုယ့်ရှေ့ရောက်မှ လွတ်လာပြီလို့ပဲ ခံစားရတော့မယ်၊ ခံစား လိုက်တော့မယ်။ လွှတ်တဲ့ အထဲမှာ ၈၈ (ကျောင်းသားများ) ဆို မပါသလောက်ပဲ။ မျက်စောင်းတောင် မထိုးဘူး။

၂ဝ၁ဝ မှာ ပြည်သူလူထုကို ပြောချင်တာက ပြည်သူလူထုတွေ ကြောက်မနေပါနဲ့။ အရမ်းလည်း အကြောက် မလွန်ပါနဲ့။ နဝတ အနေနဲ့ အရမ်း ကြောက်လွန်းရင်လည်း ဖြဲခြောက် တတ်တယ်။ အရမ်းကြောက်ဖို့ မလိုပါဘူး။ ပြောသင့်တာ ပြောဖို့လိုတယ်။ ဒီဟာကို ထည့်၊ ဟိုဟာကို မထည့်နဲ့ ဆိုတဲ့ဟာမျိုး လုပ်တဲ့အခါ ကိုယ် လုပ်သင့်တာကို လုပ်ကြပါလို့ ပြောချင်တယ်။ ပြည်သူတွေ အနေနဲ့ သိပ်ပြီးတော့ အကြောက် လွန်နေကြတယ်။

လူ့အခွင့်အရေး မရှိတဲ့ အစိုးရထံမှာ ကိုယ့်အခွင့်အရေးကို ကိုယ်ရဖို့ တောင်းကြပါ။ အမှန်အမှား မဟုတ်ဘဲ ကိုယ့်အခွင့်အရေးကို ရဖို့ တောင်းဆိုသင့်တယ်၊ သုံးသင့်တယ်။ အဲဒါတွေ မသုံးတတ်တော့ ကိုယ့်အခွင့်အရေးတွေ ဆုံးရှုံးတယ်။ ပြည်သူတွေက အရမ်းကြောက်နေတယ်။ လူ့အခွင့်အရေး မရှိဘူး၊ ရှိတဲ့ အခွင့်အရေး နည်းနည်းလေးကို အသုံး မချတတ်ဘူးဆိုရင် နွံထဲမှာ နစ်သထက် နစ်နေမယ်။

အန်ကယ် ဦးဝင်တင်ပြောသလို ထောင်ကို မကြောက်နဲ့လို့ မပြောချင်ဘူး။ ကြောက်ကြပါ။ ဒါပေမဲ့ ကိုယ်နည်းနဲ့ကိုယ် ရှောင်ပြီးတော့ လုပ်သင့်တယ်။ ၂ဝဝ၈ ခုနှစ်တုန်းက ကြိုတင်မဲ ကောက်ခံတဲ့ အခါမှာ ကြောက်ပြီးတော့ အာဏာပိုင်တွေ ဘက်က ဘယ်နေရာ ခြစ်ဆိုပြီး ပြောလို့ ခြစ်လိုက်ကြတဲ့ ပြည်သူတွေ အများကြီးပဲ။ ပြည်သူတွေ အနေနဲ့ ရဲဆေးလေးတွေ တင်ကြဖို့ လိုတယ်။ သူတို့က လုပ်ချင်တာ လုပ်သလို ပြည်သူလူထု အနေနဲ့ ကိုယ့်အခွင့်အရေးလေးကိုတော့ ကိုယ်ရအောင် ယူတတ်ဖို့ လိုအပ်တယ်။

မကြာခင်မှာ ၂ဝ၁ဝ မှာ ရွေးကောက်ပွဲ ရောက်တော့မယ်။ ဒီလို အခွင့်အရေး ရတောင့်ရခဲ အခွင့်အရေးပါ။ အဲဒီအခွင့်အရေးမှာ ကိုယ့်အခွင့်အရေးကို ကိုယ် လက်လွတ်ဆုံးရှုံး မခံပါနဲ့။ ကိုယ့်အနေနဲ့ မဲပေးရမယ် ဆိုရင်လည်း ကိုယ့်အခွင့်အရေး အရ ကိုယ်ထည့်လိုက်တဲ့ မဲအတွက် ကိုယ့်အနေနဲ့ လွတ်လွတ်လပ်လပ် ရွေးချယ်ပါ။ ကိုယ့်အခွင့်အရေး နည်းနည်းဆုံးရှုံးရင် ကိုယ့်အတွက် အများကြီး နစ်နာတယ်။ ကိုယ့်အခွင့်အရေး ရရှိဖို့အတွက် ကိုယ့်လုပ်ဆောင်မှ ရမယ်လို့ တိုက်တွန်းချင်ပါတယ်။

Ref: မဇ္ဈိမ

Read More...

အပေါ်သို့