..............................

Friday, October 28, 2011

ဒုတိယ ပင်လုံညီလာခံဟာ ပြည်ထောင်စုရဲ့လိုအပ်ချက်ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြော

2011-10-27

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ဒုတိယ ပင်လုံညီလာခံ ပေါ်ပေါက်ရေးဟာ မုချမသွေ ဆက်လက် ဆောင်ရွက်ရမယ့် ကိစ္စဖြစ်တယ်လို့ RFA ကိုဒီကနေ့ ပြောဆိုလိုက် ပါတယ်။

“ဒုတိယ ပင်လုံဆိုတာ မြန်မာနိုင်ငံရဲ့ ပြည်ထောင်စု လိုအပ်ချက် တစ်ခုလို့ ပြောနိုင်ပါတယ်။ ဒါ့ကြောင့် တခြား ဘယ်လို ကိစ္စတွေပဲ ရှိနေရှိနေ ဒီလိုအပ်ချက်ကို လက်လွှတ်စရာ မရှိပါဘူး။ လက်တွေ့ကျကျ လုပ်ပုံ လုပ်နည်းတွေနဲ့ ပတ်သက်လို့ စဉ်းစား စရာတွေက အတော် များတာကြောင့် မို့လို့ နှောင့်နှေးနေတာ ဖြစ်ပါတယ်”

RFA က အပတ်စဉ် တင်ဆက်နေတဲ့ လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် ကဏ္ဍအတွက် သောတရှင် တစ်ဦးရဲ့ မေးခွန်းကို ခုလို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့၂၀၁၀ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့က စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ကျင်းပတဲ့ ဇိုမီး အမျိုးသား ကွန်ဂရက် ၂၂ နှစ် မြောက် အခမ်းအနားမှာ ဒုတိယအကြိမ် ပင်လုံညီလာခံ ခေါ်ယူရေး ကြိုးပမ်းဖို့ တိုင်းရင်းသားတွေနဲ့ နိုင်ငံရေး အင်အားစု ခေါင်းဆောင်တွေ အပါအဝင် ဒီမိုကရေစီရေး လှုပ်ရှားသူတွေ သဘောတူ လက်မှတ် ရေးထိုးခဲ့ကြပြီး ကလေးမြို့ ကြေညာစာတမ်းကို ထုတ်ပြန် ခဲ့တာပါ။

Ref: RFA News

Read More...

The Lady ရုပ်ရှင် ရောမပွဲတော်မှာပြ

ကြာသပတေး, 27 အောက်တိုဘာ 2011

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ဘ၀အကြောင်း ရိုက်ကူးထားတဲ့ The Lady ဆိုတဲ့ ရုပ်ရှင် ဇတ်ကားကို အီတလီနိုင်ငံ၊ ရောမမြို့တော်က နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ ပြသနေပါပြီ။ ဒီဇာတ်ကားရဲ့ ဖွင့်ပွဲ အခမ်းအနားကို ပြင်သစ် ဒါရိုက်တာ Luc Besson နဲ့ သရုပ်ဆောင် မစ်ရှဲယိုတို့ လည်း တက်ရောက် ခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီပွဲကို မတက်ပါဘူး။ ဒါပေမဲ့လည်း ဒီပွဲအတွက် ဒေါ်အောင်ဆန်းစုကြည်က ကြေညာချက် တစောင် ပေးပို့ပါတယ်။ အဲဒီ ကြေညာချက်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်က အမှန်တရား၊ တရားမျှတမှုနဲ့ သွေးစည်း ခိုင်မာမှုတွေကို အခြေခံတဲ့ အတွေးအခေါ် တွေဟာ ပြည်သူတွေနဲ့ ရက်စက်တဲ့ အာဏာရှင်တွေ အကြား ကာရံပေးထားတဲ့ ခံတပ်ကြီးတွေလို ဖြစ်နေတာကြောင့် ဒီ အတွေးအခေါ်တွေကို အမြဲပဲ လက်ကိုင် ထားရမယ်လို့ ဖေါ်ပြ ထားပါတယ်။

ဒီရုပ်ရှင်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့နိုင်ငံရေးဘ၀ ဆိုတာထက် သူ့ရဲ့ပုဂ္ဂိုလ်ရေး ဘ၀အကြောင်းကို ဦးစားပေးပြီး ဒါရိုက်တာ Luc Besson က ရိုက်ကူးထားတာပါ။ မင်းသမီး မစ်ရှဲယိုကတော့ ဒေါ်အောင်ဆန်းစုကြည် အဖြစ် သရုပ်ဆောင်ပါတယ်။ ဒီကနေ့စပြီး နိုဝင်ဘာလ ၄ ရက်နေ့အထိ ရောမမြို့ ရုပ်ရှင်ပွဲတော်မှာ The Lady ရုပ်ရှင်ဇာတ်ကားကို ပြသသွားမှာပါ။ မကြာခင်တုန်းကလည်း ကနေဒါနိုင်ငံ တိုရွန်တိုမြို့က ရုပ်ရှင်ပွဲတော်မှာ ဒီဇာတ်ကားကို ပြသခဲ့ပြီး လူကြိုက် များခဲ့ပါတယ်။

Ref: VOA News

Read More...

ပြင်ဆင်လိုက်သော ပါတီမှတ်ပုံတင် ဥပဒေ အောက်လွှတ်တော် အတည်ပြု

မျိုးသန့်
ကြာသပတေးနေ့၊ အောက်တိုဘာလ ၂၇ ရက် ၂၀၁၁

ချင်းမိုင်(မဇ္ဈိမ) ။ ။ ထောင်ဒဏ်ကျခံနေရသူကို နိုင်ငံရေးပါတီဝင် မဖြစ်ရဟု ကန့်သတ်ထားချက်ကို ပယ်ဖျက်ခြင်း အပါအဝင် အချက် သုံးချက်ကို ပြင်ဆင်ခဲ့သော "နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း" ဥပဒေမူကြမ်းကို အောက်လွှတ်တော်တွင် ကြာသပတေး နေ့က အတည်ပြုလိုက်သည်။

၂ဝ၁ဝ ရွေးကောက်ပွဲ အတွက် ပြဋ္ဌာန်းခဲ့သော "နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း" ဥပဒေဟောင်းတွင် ပါတီဝင်များ သည် ထောင်ဒဏ် ကျခံနေရသူများ မဟုတ်ရဟု ကန့်သတ် ထားချက်ကို ပယ်ဖျက်လိုက်ပြီ ဖြစ်သလို ပါတီတခုသည် ရွေးကောက်ပွဲများ တွင် အနည်းဆုံး သုံးနေရာ ဝင်ပြိုင်ရမည်ဟု ကန့်သတ် ထားချက်ကိုလည်း ရွေးကောက်ပွဲ အပြီး ပေါ်ပေါက်လာသော ပါတီသစ်များနှင့် သက်ဆိုင်မှု မရှိဟုလည်း ပြင်ဆင်လိုက်သည်။

ထို့အပြင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို "ထိန်းသိမ်း စောင့်ရှောက်ရမည်" ဟူသော စကားရပ် အစား "လေးစား လိုက်နာရမည်" ဟုလည်း ပြင်ဆင်လိုက်သည်။

နိုင်ငံရေးပါတီ မှတ်ပုံတင် ဥပဒေနှင့် ၂ဝဝ၈ ခုနှစ်က အငြင်းပွားဖွယ်ရာ ဆန္ဒခံယူပွဲဖြင့် အတည်ပြုခဲ့သော အခြေခံ ဥပဒေပါ အချက် အချို့ကို သဘော မတူသဖြင့် နှစ် ၂၀ အတွင်း ပထမဆုံး လုပ်ခဲ့သော ရွေးကောက်ပွဲကို သပိတ်မှောက် ခဲ့သော အဓိက အတိုက်အခံ ပါတီကို ဦးတည်၍ ပြင်ဆင်သည်ဟု ယုံကြည်ရသော ပါတီ မှတ်ပုံတင် ဥပဒေကို အောက်တိုဘာ ၅ ရက်နေ့က အထက် လွှတ်တော်တွင် ဆွေးနွေးခဲ့ပြီးနောက် အောက်လွှတ်တော်သို့ ပို့ခဲ့ခြင်းဖြစ်သည်။

အဆိုပါမူကြမ်းကို လွှတ်တော်ရုံးမှ သမ္မတရုံးသို့ ပေးပို့အပြီး သမ္မတ ဦးသိန်းစိန်မှ လက်မှတ်ရေးထိုး ပြီးလျှင် ဥပဒေ အဖြစ် ထွက်ရှိလာမှာ ဖြစ်သည်။

အန်အယ်ဒီပါတီ အနေဖြင့် ပြင်ဆင်လိုက်သော ပါတီမှတ်ပုံတင် ဥပဒေကို လေ့လာကာ တရားဝင် မှတ်ပုံတင်ရေး စဉ်းစားမည် ဖြစ်သည်ဟု ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မကြာသေးခင်က ဝေါ်လ်စထရိ သတင်းစာနှင့် အင်တာဗျူးတွင် ပြောကြား ခဲ့သည်။

"နိုင်ငံရေး ပါတီမှတ်ပုံတင်ခြင်း စည်းမျဉ်း စည်းကမ်းတွေနဲ့ အတော်ကိုပဲ တည်မှီနေပါတယ်။ တချို့ စည်းမျဉ်း စည်းကမ်းတွေကို ပြောင်းထားတဲ့ အထက် လွှတ်တော်က အတည်ပြုလိုက်တဲ့ မူကြမ်းကို အောက်လွှတ်တော်မှာ အခု ဆွေးနွေး နေပါတယ်။ အဲဒါကို အတည်ပြု လိုက်တာနဲ့ ကျမတို့ အနေနဲ့ မှတ်ပုံတင်၊ မတင်ကို ဆုံးဖြတ်နိုင်မှာ ဖြစ်တယ်"ဟု ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်က ဝေါ်လ်စထိရိ သတင်းထောက်ကို ပြောကြား ထားသည်။

၂ဝ၁ဝ ရွေးကောက်ပွဲ မတိုင်မီ နိုင်ငံရေးပါတီများ မှတ်ပုံတင်ရန် ရက် ၆၀ အချိန်ပေးထားချိန်တွင် အန်အယ်ဒီ ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် တို့မှာ နေအိမ်တွင် အချုပ် အနှောင်များဖြင့် ရှိနေခဲ့သည်။

ပါတီကို မှတ်ပုံတင်ရေး၊ မတင်ရေး ပါတီတွင်း၊ ပါတီပြင်ပင် ငြင်းခုံမှုများဖြစ်ပေါ်ခဲ့ပြီး ထောင်ကျနေသူ ပါတီဝင်များကို ထုတ်ပစ်ရမည့် အဖြစ်ကို မလိုလားကြောင်း ဆန္ဒပြုသူက များခဲ့သည်။ ပါတီ ထိပ်တန်း ခေါင်းဆောင် အချို့ကတော့ နှုတ်ထွက်ကာ အမျိုးသား ဒီမိုကရေစီ အင်အားစုဟု ထူထောင်ပြီး ရွေးကောက်ပွဲဝင်ခဲ့သည်။

၂ဝဝ၈ ခုနှစ် မေလ လူပေါင်း တသိန်းလေးသောင်းကျော် သေဆုံးခဲ့ရသော နာဂစ် ဆိုင်ကလုံး မုန်တိုင်း တိုက်ပြီးကာစ ဖြစ်သော်လည်း ၁၄ နှစ်ကျော်ကြာ ရေးဆွဲခဲ့သော စစ်တပ်ကို နိုင်ငံ အုပ်ချုပ်ရေးတွင် ပါဝင်ခွင့် ပေးထားသည့် အခြေခံ ဥပဒေကို ဆန္ဒခံယူရာ ၉ဝ ရာခိုင်နှုန်းကျော် ထောက်ခံချက်ဖြင့် အတည် ဖြစ်လာခဲ့သည်။

အတိုက်အခံများက ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့သော အခြေခံဥပဒေကို လွှတ်တော်တွင် ပြင်ဆင်မှုနှင့် ပတ်သက်၍ "လေးစား လိုက်နာရမယ် ဆိုတာဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေတင် မကဘူး၊ ဘယ်ဥပဒေ မဆို ထုတ်ပြန်ပြီးရင် ပြည်သူ လူထုက လေးစား လိုက်နာရမယ်။ ကာကွယ် စောင့်ရှောက်ဖို့ကျတော့ ဒါကြီးကို မထိရဘူး၊ ထိလို့မရဘူး ဆိုတော့ ဒါက မလိုအပ်ဘူးလေ။ အဲဒီလို အသုံးအနှုန်း နှစ်ခုက ကွာတယ်” ဟု အန်အယ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက မဇ္ဈိမသို့ ပြောကြားခဲ့ဖူးသည်။

Ref: မဇ္ဈိမ

Read More...

ကလေးစစ်သားဖြစ်တော့မယ့် ကျောင်းသားငယ် ထွက်ပြေးလွတ်မြောက်လာ

2011-10-27

ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်က အသက် (၁၄)နှစ် အရွယ် ကိုးတန်းကျောင်းသား မောင်ဟိန်းစိုးဝင်း ဟာ တစ်လကျော်ကြာ ပျောက်ဆုံး သွားခဲ့ရာက အောက်တိုဘာလ (၂၄) ရက် နေ့ညက နေအိမ်ကို ပြန်လည် ရောက်ရှိ လာခဲ့ပါတယ်။

မောင်ဟိန်းစိုးဝင်းကို အဒေါ်ဖြစ်သူက ခေါင်းလျှော်ရည် ဝယ်ခိုင်းလိုက်ရာက အိမ်ကို ပြန်ရောက်မလာ တာကြောင့် မိဘတွေက ဗိုလ်တထောင် ရဲစခန်းမှာ လူပျောက် တိုင်ကြားခဲ့ပါတယ်။ အမှုကို ဒုရဲအုပ် အောင်နိုင်ဝင်း က လက်ခံခဲ့ပါတယ်။

အိမ်က ထွက်ပြေးခဲ့တဲ့ မောင်ဟိန်းစိုးဝင်းဟာ ကလေးစစ်အသားအဖြစ် စုဆောင်းခံရပြီးတဲ့နောက် ထွက်ပြေး လွတ်မြောက် လာခဲ့တယ်လို့ သိရပါတယ်။

ဖြစ်ပုံကို မောင်ဟိန်းစိုးဝင်းက ပြန်လည် ပြောဆိုရာမှာ - စာမေးပွဲရလဒ် အမှတ်နည်း နေတာကြောင့် မိဘတွေ ဆူပူမှာ စိုးရိမ်ပြီး အိမ်ကနေ ထွက်ပြေးခဲ့ကြောင်း၊ သူ့ကို အမှတ် (၉၂၉) ထောက်/ပို့တပ် မုံရွာက တပ်သား ရောင်စဉ် နဲ့ တပ်သား အောင်ခိုင်ဖြိုး တို့က သူတို့ရဲ့ခရီးစဉ် တလျှောက် ခေါ်ဆောင် သွားရာကနေ ရန်ကုန်မြို့ ပြန်အရောက်မှာ ထွက်ပြေး လာခဲ့ကြောင်း မောင်ဟိန်းစိုးဝင်းက RFA ကို ပြောပါတယ်။

အိမ်ကို ပြန်ရောက်ပြီးတဲ့နောက် မောင်ဟိန်းစိုးဝင်းဟာ ပညာ ဆက်လက် သင်ကြားဖို့ အတွက် လက်ရှိ ကျောင်းပြန် တက်ခွင့်ရအောင် ကြိုးစား နေပါတယ်။ စာမေးပွဲအမှတ် များများရအောင် အရင်ကထက် ပိုပြီး ကြိုးစားမယ် လို့လည်း ပြောပါတယ်။

Ref: RFA News

Read More...

ပခုက္ကူတောင်သူတို့ အစိုးရ အထောက်အပံ့လို

ကိုဝိုင်း
ကြာသပတေးနေ့၊ အောက်တိုဘာလ ၂၇ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ မကွေးတိုင်းအနောက်ခြမ်း ပခုက္ကူခရိုင်တွင်း ရေကြီးမှုကြောင့် လာမည့်နှစ်တွင် နွေကြက်သွန် အထွက်နှုန်း ထိခိုက်နိုင်ကြောင်း ပခုက္ကူခရိုင် ကြက်သွန် ကုန်သည်များက ပြောလိုက်ပြီး အစိုးရမှ ထောက်ပံ့မှု ပေးခြင်းဖြင့် ကာကွယ် နိုင်သည်ဟု ဆိုသည်။

“ထောက်ပံ့မှုတွေ မလုပ်ပေးနိုင်ဘူးဆိုရင်တော့ ကြက်သွန်အထွက်က တအားလျော့သွားနိုင်တယ်။ ဆိပ်ဖြူမြို့နယ်တို့ ပခုက္ကူ မြို့နယ်တို့က တောင်သူတွေမှာ နွားလည်း မကျန်ဘူး။ ဆိတ်လည်း မကျန်ဘူး။ ဘာဆိုဘာမှ မကျန်ဘူး။ တချို့ ဟာ ရေမြုပ်ပြီး၊ တချို့ဟာ မျောပါ သွားကြတာဗျ။” ဟု ကုန်သည် ဦးအေးက မဇ္ဈိမကို ပြောသည်။

ရေနစ်မြုပ်ခဲ့သည့် မကွေးတိုင်း ပေါက်နှင့် ဆိပ်ဖြူမြို့နယ်ရှိ ယောချောင်း တလျှောက် ချောင်းဘေး ဝဲယာ ကျေးရွာ များတွင် ဒီဇင်ဘာနှင့် ဇန်နဝါရီလတို့တွင် စစိုက်ပြီး မတ်လတွင်ပေါ်မည့် နွေကြက်သွန်သည် ပြည်ပ တင်ပို့နိုင်သည့် ပမာဏဖြစ်သော ပိဿာချိန် သိန်းရာနှင့်ချီ ထွက်သည်ဟု ဆိုသည်။

အောက်တိုဘာ ၂ဝ ရက်နေ့ ရေကြီးမှုဖြစ်စဉ်က ဒေသအခေါ် “ဥစိုက်” ဆောင်း ကြက်သွန်ပင်များနှင့် ကြက်သွန် ဟောင်းများ ပျက်စီး သွားသည်ဟု ဆိုသည်။

ပခုက္ကူခရိုင်အတွင်းရှိ ကျေးရွာများတွင် ကြက်သွန်ဟောင်း လက်ကျန် ၂၀ ရာခိုင် နှုန်းခန့်သာ ကျန်ရှိနိုင်သော်လည်း ဆိပ်ဖြူမြို့နှင့် ပခုက္ကူ မြို့ပေါ်တွင် လှောင်ထားသည့် ကြက်သွန်များ မပျက်စီးဘဲ ကျန်သဖြင့် ရန်ကုန်သို့ ပုံမှန် သွင်းနေနိုင်မည်ဟု ခန့်မှန်းသည်။

အောက်တိုဘာ ၁၉ ရက်နှင့် ၂ဝ ရက်နေ့က မိုးသည်းသဖြင့် ယောချောင်း၊ ကျောချောင်း၊ ယမားချောင်း၊ မြိုင်ချောင်း၊ ရွှေချောင်းတို့မှ တောင်ကျရေ ဆင်းပြီး မကွေးတိုင်း ပခုက္ကူ၊ မြိုင်၊ ပေါက်နှင့် ဆိပ်ဖြူမြို့နယ်တို့တွင် လူ ၁၀၆ ဦး သေဆုံးပြီး သီးနှံစိုက်ခင်း ဧက ၃,၀၀၀ ကျော် ပျက်စီး သည်ဟု တရားဝင် ထုတ်ပြန်ထားသည်။

ချင်းတောင်တန်းနှင့် ပုံတောင်၊ ပုံညာ တောင်တန်းများမှ မြစ်ဖျားခံ၍ အနောက်မှ အရှေ့သို့ စီးဆင်းလာသည့် ယောချောင်းသည် မကွေးတိုင်း အတွင်း ဆိပ်ဖြူမြို့အနီး၌ ဧရာဝတီမြစ် အတွင်းသို့ စီးဝင်သည်။

ယောချောင်းနှင့် ကျောချောင်း ရေလျှံသဖြင့် ပခုက္ကူခရိုင် ပေါက်မြို့နယ်အတွင်း ရေမြုပ်သည့်ရွာ ၄၂ ရွာတွင် သေဆုံး သူ ၂၁ ဦးရှိပြီး အိမ်ထောင်စု ၇,၀၀၀ ကျော်ရှိရာမှ တဝက်ခန့် ရေမြုပ် သွားခဲ့သည်။

ပေါက်မြို့နယ်မှ လယ်ယာ ၈၀ ရာခိုင်နှုန်းပျက်စီးပြီး၊ ချောင်းစပ်များရှိ ပဲစင်းငုံ၊ ပြောင်း၊ နှမ်း၊ ဝါ၊ ဆောင်းကြက်သွန် စိုက်ပျိုးထားသည့် မြေများမှာ ရေလွှမ်းပြီးနောက် သံခုံများ၊ နွံများအဖြစ် ပျက်စီး ကျန်ခဲ့သည်ဟု ဆိုသည်။

ရွှေချောင်းချောင်းသည် ရေမစီးသည်မှာ ၁ဝ နှစ်ခန့်ရှိပြီ ဖြစ်သဖြင့် ချောင်းထဲတွင် ကျူးကျော်အိမ်များ ဆောက်၍ နေထိုင်သူများ ရုတ်တရက် ရေဆင်းလာသဖြင့် မျောပါသေဆုံးရ သည်ဟု ပခုက္ကူမြို့ခံတဦးက ပြောသည်။

Ref: မဇ္ဈိမ

Read More...

မြန်မာ ရေဘေး ဒုက္ခသည်များကို ထိုင်း လ၀က ငွေညှစ်

သန်းထိုက်ဦး
October 27, 2011

ထိုင်းနိုင်ငံ ရေကြီးမှုကြောင့် ဘန်ကောက်မြို့မှ ရာနှင့်ချီသည့် နေရပ်ပြန် မြန်မာ အလုပ်သမားများကို လူဝင်မှု ကြီးကြပ်ရေး (လ၀က)နှင့် ထိုင်း အာဏာပိုင်များက လမ်းခရီးနှင့် မဲဆောက်မြို့ရှိ စစ်ဆေးရေး ဂိတ်များတွင် ဖမ်းဆီး၍ ငွေကြေး ကောက်ခံ နေကြသည်။

မြန်မာ အလုပ်သမား ၃၀၀၀ ခန့်ရှိ အပြည့်အကြပ်တင်ထားသော ဘတ်စ်ကား ၁၃ စီးနှင့် မီနီဗင်၂ စင်းတို့ကို အောက်တိုဘာ ၂၅ ရက် နေ့က ၁ နာရီ မှ ၄ နာရီအတွင်း ထိုင်းနိုင်ငံ မဲဆောက်မြို့မှ မြန်မာနိုင်ငံ မြ၀တီမြို့တဖက်ကမ်းသို့ ထိုင်း အာဏာပိုင်များက ပို့ဆောင် ခဲ့သည်ကို တွေ့မြင် ခဲ့ရကြောင်း စိုင်းစိုးဝင်းလတ်က ပြောပြသည်။

ယင်း ကားများပေါ်တွင် ကလေးငယ်များ နှင့် ဖျားနာနေသူများလည်း ပါဝင်သည်ဟုလည်း ၎င်းက ဆိုသည်။

“အဲဒီ အမျိုးသမီးတဦးက လမ်းဆိုတာ လျှောက်နိုင်ရုံလေးပါ၊ သူတို့ကို တိရစ္တာန်တွေ တင်တဲ့ ကားမျိုးထဲမှာ ပြည့်ကြပ်နေ အောင် ထည့် တင်သွားတာက လူ့အခွင့်အရေး ချိုးဖောက်မှု တခုပါ၊ ဂိတ်မှာ အလုပ် လုပ်နေသူတွေကလည်း သူတို့ကို ဖယ်ရီပေါ်ကို နွားတွေလို မောင်းတင်နေတယ်”ဟု စိုင်းစိုးဝင်းလတ်က ဆက်ပြောသည်။

အဖမ်းခံရသည့် မြန်မာ အလုပ်သမား အများစုသည် ထိုင်းတွင် တရားဝင်နေထိုင် လုပ်ကိုင်ခွင့်လက်မှတ် ရရှိရန် မှတ်ပုံတင် ထားသူများ ဖြစ်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသည့် အဖွဲ့များက ဆိုသည်။

ထို မှတ်ပုံတင်ထားသူများတွင် သတ်မှတ်ထားသော အလုပ်နှင့် နယ်မြေကန့်သတ်ထားခြင်း ခံရသူများ ပါဝင်ကြောင်း သိရ သည်။

ထိုင်းအာဏာပိုင်များက ယင်းအလုပ်သမားများကိုဖမ်းဆီးရခြင်းမှာ ရေဘေးကြောင့်ထွက်ပြေးလာသော်လည်း နယ်ကျော်သော ကြောင့်ဖြစ်သည်ဟု အကြောင်း ပြခဲ့သည်။

သို့သော်လည်း အဖမ်းခံရသူများသည် ထိုင်း ဘတ်ငွေ ၂၈၀၀ ခန့် ပေးဆောင်ပါက ပြန်လည် လွှတ်ပေးကြောင်း မကြာသေးခင် ရက်ပိုင်းက မဲဆောက်တွင် အဖမ်းခံရပြီး ပြန်လွတ်လာသူ တဦးက ပြောသည်။

“ကျနော်က ထိုင်း လ၀က ကို ပိုက်ဆံ ၂၈၀၀ ပေးပြီး ပြန်လွတ်လာတာ၊ အခု ဘယ်သွားသွား သွားလို့ရတယ်”ဟု ၎င်းက ဆို သည်။

ထိုသို့ ဖြစ်ပွားနေမှုများနှင့် ပတ်သက်ပြီး ဧရာဝတီ က မဲဆောက် လ၀က ဌာနကို ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေ
ကြားခြင်း မရှိချေ။

မြ၀တီမြို့သို့ ပြန်ပို့ခံရသည့် တခြားသော အလုပ်သမား တဦးကလည်း“DKBA (တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား (တပ်မတော်) ဂိတ်ကို ဘတ် ၂၅၀၀ ပေးလိုက်ရတယ်”ဟု ပြောပြသည်။

ယခုလလယ်ပိုင်းကလည်း ဘန်ကောက်မြို့မှ နေရပ်ပြန် မြန်မာအလုပ်သမားများကို မြ၀တီမြို့တွင် DKBA နှင့် လူပွဲစားများ ပူးပေါင်း၍ အဓမ္မ ငွေတောင်းခံမှု ပြုလုပ်ခဲ့သည်။

လူ့ အခွင့်အရေးနှင့် ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း(HRDF)မှ ညွှန်ကြားရေးမှူး အန်ဒီ ဟောလ်က အလုပ်သမားများ အပေါ် ယင်းသို့ ပြုလုပ်နေမှု များနှင့် ပတ်သက်၍ လက်ခံနိုင်ဖွယ် မရှိကြောင်း၊ ၂ နိုင်ငံ အစိုးရက အလျင်အမြန် အရေးယူ ဆောင်ရွက်သင့်ကြောင်း ဧရာဝတီသို့ ပြောသည်။

“ဒုက္ခရောက်လာသူတွေဆီကနေ အကျိုးအမြတ်ယူနေတဲ့ အရာရှိတွေရဲ့လုပ်ရပ်က ဆိုးဝါးလွန်းတယ်”ဟု ၎င်းက ဆိုသည်။

ယမန်နေ့က ပထုံဌာနီ ဒေသ လိုင်ခိုင် ဘုန်းကြီးကျောင်းရှိ ရေဘေး ကယ်ဆယ်ရေး စခန်းသို့ လာရောက်သည့် ထိုင်း ဒု ၀န်ကြီး ချုပ်နှင့် အလုပ်သမား ၀န်ကြီးတို့ကို တွေ့ဆုံခဲ့ပြီး အလုပ်သမား အရေး ဆွေးနွေးခဲ့ကြောင်း အန်ဒီ ဟောလ်က ဆက်ပြောသည်။

“မြန်မာသံရုံးနဲ့ လက်တွဲပြီး ပြဿနာတွေကို ဖြေရှင်းဖို့ပြောတော့ သူတို့က ဆောင်ရွက်နေပြီလို့ ပြောပါတယ်”ဟု ၎င်းက ရှင်းပြ သည်။

ထိုင်းရှေ့နေ စူလဖောင်ကလည်း“ဘန်ကောက်မှာ ရေကြီးလို့ ဒုက္ခရောက်ပြီး ပြန်လာတဲ့ လူတွေကို ကူညီသင့်တယ်၊ ထပ်ပြီး ဒုက္ခထပ်ရောက်အောင် မလုပ်သင့်ဘူး”ဟု ပြောသည်။

စူလဖောင် သည် ထိုင်းလွှတ်တော်၏ နိုင်ငံမဲ့များဆိုင်ရာ ဥပဒေပြဌာန်းရေး ဆပ်ကော်မတီဝင် လွှတ်တော် အမတ် တဦးဖြစ် သည်။

ထိုင်း ရေကြီးမှုကြောင့် မြန်မာအလုပ်သမားများ ရပ်တည်ရန် အခက်အခဲနှင့် ရင်ဆိုင်နေရပြီး ယခင်တပတ် စနေနေ့မှ စတင်၍ နေ့စဉ် လူ ထောင်နှင့်ချီ၍ နေရပ်သို့ ပြန်နေခဲ့ကြသည်။

ထိုင်းတွင်ရောက်ရှိနေကြသည့် မြန်မာ အလုပ်သမားများက နေရပ် ဒေသအသီးသီးသို့ ပြန်လျှင် မြ၀တီနယ်စပ် လမ်းကို အများဆုံး အသုံးပြု ကြခြင်းမှာ မြ၀တီ-ရန်ကုန် ခရီး အကွာအဝေး၂၆၅ မိုင်ကို ကားဖြင့် ၁၄ နာရီခန့်သာ သွားရခြင်းကြောင့် ဖြစ်သည် ဟု သိရသည်။

ထိုင်းနိုင်ငံအတွင်း နေထိုင် အလုပ်လုပ်နေသော မြန်မာနိုင်ငံသား၂ သန်းမှ ၄ သန်းကြားရှိကြောင်း အလုပ်သမားအရေး ဆောင် ရွက်နေသူများက ပြောဆိုကြသည်။

Ref: ဧရာဝတီ

Read More...

ရန်ကုန်မြို့တွင် လယ်သမားများ ဆန္ဒပြ

October 27, 2011

ရန်ကုန်မြို့ ဗိုလ်ချုပ် အောင်ဆန်းလမ်းပေါ်ရှိ အိုးအိမ်ဦးစီးဌာန အရှေ့တွင် ယနေ့ နံနက် ၉ နာရီ ၃၀ ခန့်က လယ်သမား ၅၀ ခန့်သည် သိမ်းဆည်း ခံထားရသည့် ၎င်းတို့ လယ်ယာမြေများ ပြန်လည် လုပ်ကိုင်ခွင့်ရရန် ဆန္ဒပြ တောင်းဆိုကြသည်။

“လျော်ကြေးမလို လယ်လုပ်ခွင့်သာလို”နှင့် “လယ်စိုက်ဧက မလျော့ပါးရေး လန ၃၉ အမိန့် ဖျက်သိမ်းပေး၊ လယ်ယာမြေ ပြန်လည် ခွဲဝေပေး” စသည့် စာတန်းပါ ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး လယ်သမားများက အိုးအိမ် ဦးစီးဌာနရှေ့တွင် ၁၅ မိနစ်ခန့် ဆန္ဒပြခဲ့ကြ သည်ဟု ဆန္ဒပြပွဲ ဦးဆောင်သူ လယ်သမားများအရေး ကူညီပေးနေသည့် ရှေ့နေ ကိုဖိုးဖြူ က ပြောပြသည်။

ယင်း ဆန္ဒပြပွဲကို မြင်တွေ့ခဲ့သူ တဦးက“လုံထိန်းကားတွေ ရဲတွေရောက်လာပြီး မင်းတို့အခု လူစုခွဲပြီး ထွက်သွားကြ၊ နားမလည် ဘူးလား ဒါ တရားမ၀င်တဲ့ အလုပ်လို့ အော်ဟစ်ပြီး လူစုခွဲခိုင်းတယ်”ဟု ပြောသည်။

အာဏာပိုင်များက ဆန္ဒပြသူများကို မိနစ်ပိုင်းအတွင်း လူစုခွဲခိုင်းပြီး အိုးအိမ်ရုံးရှေ့တွင် လုံခြုံရေး အပြည့် ချထားကြောင်း သိရသည်။

“ဆန္ဒပြတဲ့ လူတွေနောက် မလှမ်းမကမ်းက လုံထိန်းကား ၅ စီး လိုက်နေတာ တွေ့တယ်” ဟုလည်း မျက်မြင် ရန်ကုန်မြို့ခံ တဦးက ဆို သည်။

ဆန္ဒပြသော လယ်သမားများသည် တောင်ဒဂုံ ဆိပ်ကမ်းမြို့နယ်နှင့် သန်လျင်မြို့နယ်မှ လယ်သမားများ ဖြစ်ပြီး ၎င်းတို့ လယ်မြေများကို သိမ်းယူခံလိုက်ရ၍ လယ်လုပ်ခွင့်များ ဆုံးရုံး နေသောကြောင့် ယခုကဲ့သို့ ဆန္ဒပြရခြင်း ဖြစ်ကြောင်း တောင်ဒဂုံ ဆိပ်ကမ်း မြို့နယ် မှ လယ်သမားတဦးက ပြောသည်။

“အကြောက်တရားရှိပေမယ့် ငတ်တာတော့ မခံနိုင်ဘူး၊ လယ်လုပ်ခွင့်ပဲ ပြန်လိုချင်တယ်”ဟု ၎င်းက ဆိုသည်။

တောင်ဒဂုံ၊ မြောက်ဒဂုံ၊ ဒဂုံ ဆိပ်ကမ်း စသည့် မြို့နယ်များမှ လယ်သမား ၁၀၀၀ ကျော်၏ လယ်ဧက၂၀၀၀၀ နီးပါးကို ၂၀၀၉ ခုနှစ်မှ စ၍ အာဏာပိုင်များက သိမ်းယူခဲ့ခြင်း ဖြစ်ကြောင်း လယ်သမားများက ပြောဆိုကြသည်။

Ref: ဧရာဝတီ

Read More...

Thursday, October 27, 2011

ဖွံဖြိုးရေးအတွက် အခြေခံလွတ်လပ်ခွင့်တွေ လိုအပ်

သားညွန့်ဦး
ဗုဒ္ဓဟူး, 26 အောက်တိုဘာ 2011

ဖွံဖြိုးတိုးတက်မှုလို့ ဆိုတဲ့နေရာမှာ လွတ်လပ်မှုတွေ ချုပ်ခြယ်မှုတွေမရှိမှသာ တိုးတက်ဖွံဖြိုးမှု ရှိနိုင်မယ်လို့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။ တရားမဲ့မှု၊ မမျှတမှု၊ အာဏာရှင်ဆန်မှု၊ လူထုအပေါ် တာဝန် ယူလိုစိတ် ကင်းမဲ့မှု ဒါတွေကို ဖယ်ထုတ်ရေးဟာ ဖွံဖြိုး တိုးတက်မှုအတွက် အရေးကြီးတယ်လို့ ပြောဆို သွားတာပါ။ ဒါနဲ့ ပတ်သက်လို့တော့ ကိုသားညွန့်ဦးက တင်ပြ ပေးထားပါတယ်။

ဖွံဖြိုးတိုးတက်မှုဆိုတဲ့နေရာမှာ အခြေခံလွတ်လပ်မှုတွေကို ချန်ထားလို့မရဘူးလို့ အမေရိကန် ပြည်ထောင်စု၊ ဒေါ်အောင်ဆန်း စုကြည်ကို ပေးအပ်တဲ့ မစ်ချီကန် တက္ကသိုလ်ကနေ Wallenberg ဆုပေးပွဲ အခမ်းအနား မိန့်ခွန်းထဲ ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောဆိုသွားတာပါ။ စီးပွားရေး နိုဗယ်ဆုရှင် ဒေါက်တာ Amartya sen ရဲ့ ဖွံဖြိုး တိုးတက်မှုနဲ့ လွတ်လပ်မှု ဒွန်တွဲနေတယ် ဆိုတဲ့အမြင်ကို ဒေါ်အောင်ဆန်းစုကြည်က ထောက်ခံ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ တိုင်းပြည်တရပ်၊ လူ့အဖွဲ့အစည်း တရပ် ဖွံဖြိုး တိုးတက် လာရေးအတွက် ချုပ်နှောင်မှုတွေကို ဖယ်ရှားပစ်ဖို့ လိုအပ်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားပါတယ်။

“ဖွံဖြိုးရေးအတွက်ဆိုရင် အဓိကကျတဲ့ ချုပ်ခြယ်မှုတွေကို ဖယ်ရှားပစ်ဖို့ လိုပါတယ်။ ဆင်းရဲမွဲတေမှု ပပျောက်ဖို့ လိုသလို အာဏာရှင် ဆန်ဆန် အုပ်ချုပ်မှုတွေ အဆုံးသတ်ဖို့ လိုပါတယ်။ စီးပွားရေး လုပ်ပိုင်ခွင့်တွေ လိုအပ်သလို လူမှုရေး ရပိုင်ခွင့်တွေလည်း စနစ်တကျရှိဖို့ လိုပါတယ်။ အများပြည်သူ လိုအပ်ချက်တွေ ဖြည့်ဆည်းဖို့ ပျက်ကွက်တာတွေကို ဖယ်ရှားပစ်လို သလိုပဲ မတူတဲ့ အမြင် အယူအဆတွေ အပေါ် သည်းခံမှု အားနည်းတာ၊ လိုတာထက်ပိုပြီး တုံ့ပြန် အရေးယူတဲ့ ဖိနှိပ်မှုတွေကိုလည်း ဖျောက်ပစ်ဖို့ လိုပါတယ်။”

၁၉၈၈ ခုနှစ် ဒီမိုကရေစီလှုပ်ရှားမှု စတင်တဲ့အချိန်တုန်းက မြန်မာလူထုထဲ ကုလသမဂ္ဂရဲ့ လူ့အခွင့် အရေး ကြေညာ စာတမ်းကို မသိသူ အတော်များများ ရှိခဲ့ပေမယ့် တကယ်တန်း မြန်မာလူထုဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အနှစ်သာရကို နားလည် သဘောပေါက် နေကြပြီလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ၁၉၈၈ ခုနှစ် အထက်မြန်မာပြည် မန္တလေးခရီးစဉ် တခုအတွင်း ဘာကြောင့် ဒီမိုကရေစီ လိုချင်တာလဲ ဆိုတာကို ဈေးချိုက သူ့ကို ထောက်ခံသူတဦး ဖြေတာကို ဥပမာပြောပြီး မြန်မာလူထုရဲ့ ဒီမိုကရေစီအပေါ် နားလည်မှုကို ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြခဲ့တာပါ။

“အဲဒါမှာ သူမရှင်းပြပါတယ်။ သူ့မှာ ဈေးဆိုင်ငယ်ကလေး ရှိတယ်တဲ့၊ သူ့အနေနဲ့ သူ့စီးပွားရေးကို ရိုးရိုးသားသား လွတ်လွတ် လပ်လပ် လုပ်ကိုင်ခွင့်ရပြီး အာဏာပိုင်တွေ နှောင့်ယှက်မှာကို ကြောက်ရွံ့​ နေရတာတွေ မရှိဘဲ ကောင်းရောင်း ကောင်းဝယ် လုပ်ကိုင် ချင်တာပါတဲ့။ ဒါကြောင့် ဒီလို အခြေခံ အခွင့်အရေးလေးတွေ ရလာရင်တော့ ကောင်းရာမွန်ရာ နေထိုင် လုပ်ကိုင်လို့ ရမယ်လို့ သူယုံကြည်တဲ့ အကြောင်း ပြောပါတယ်။ သူမဟာ တကယ်တော့ ဒီမိုကရေစီ စနစ်ရဲ့ တကယ် အရေးကြီးတဲ့ အချက်ကို နားလည် လိုက်တယ်လို့ ကျမ ယူဆမိပါတယ်။ ဒီမိုကရေစီဆိုတာ အဆုံးသတ် ပန်းတိုင် မဟုတ်ဘဲနဲ့ လူ့အဖွဲ့အစည်းတရပ် အောင်မြင်မှုအတွက် နည်းလမ်းတရပ် ဖြစ်ပါတယ်။”

တချိန်တည်းမှာပဲ မြန်မာဒီမိုကရေစီလှုပ်ရှားမှုအတွင်းမှာ ကြောက်ရွံ့ခြင်းကနေ ကင်းဝေးဖို့ သူ့အနေနဲ့ လှုံ့ဆော် ပြောဆို ခဲ့ရတာဟာ ကြောက်ရွံ့မှု အခြေခံဟာ လွတ်လပ်မှု၊ လွတ်မြောက်မှု အတွက် အဓိက အတားအဆီး တခု ဖြစ်နေတာကြောင့်လို့ ပြောသွားပါတယ်။

“ကျမတို့လှုပ်ရှားမှုအတွက် ကြောက်ရွံ့ခြင်းကနေ လွတ်ကင်းဖို့ အဓိက ပြောနေရတဲ့ အကြောင်းကတော့ ဒါဟာ အခြား လွတ်မြောက်မှုတွေကို ဖွင့်ပေးနိုင်မယ့် အဓိက သော့ချက် ဖြစ်နေလို့ပါ။ ကြောက်ရွံ့မှုကြောင့် လူတွေဟာ ထုံထိုင်းပြီး ပြုသမျှ ခံနေရပါတယ်။ လူတွေကို ဘာမှ မလုပ်မကိုင် တတ်အောင် ဖြစ်စေပါတယ်။ ပြောဖို့ဆိုဖို့ ကြောက်ရွံ့နေရင် လွတ်လပ်စွာ ပြောဆိုခွင့်ရဖို့ ဘာမှ လုပ်နိုင်မှာ မဟုတ်ပါဘူး။

မတရား မမျှတတာတွေကို ပြန်လည်စိန်ခေါ်ဖို့ စိုးရွံ့နေမယ်ဆိုရင် မိမိရဲ့ လွတ်လပ်စွာယုံကြည်မှုကို အကာ အကွယ် လုပ်နိုင်မှာ မဟုတ်ပါဘူး၊ ဒါ့အပြင် လူမှုရေး၊ စီးပွားရေးတွေလည်း ဖရိုဖရဲဖြစ်ပြီး ဘ၀ သေသွားပါလိမ့်မယ်”

မစ်ချီကန် တက္ကသိုလ်ကပေးအပ်တဲ့ Wallenberg ဆုဟာ ဆိုရင် အများပြည်သူ လွတ်လပ်မှုအတွက် ကိုယ်ကျိုးစွန့် ကြိုးပမ်း သူတွေကို ချီးမြှင့်တဲ့ဆု ဖြစ်ပါတယ်။ မီချီကန် တက္ကသိုလ်ရဲ့ ကျောင်းသားဟောင်း Raoul Wallenberg ကို ဂုဏ်ပြုပြီး ပေးအပ်တဲ့ ဆုပါ။ Wallenberg ဟာ ဒုတိယ ကမ္ဘာစစ် အတွင်း ဆွီဒင်နိုင်ငံရဲ့ သံတမန် တဦးအနေနဲ့ တာဝန်ယူရင်း နာဇီလက်ထဲက ဂျူးလူမျိုးတွေကို ကယ်တင် ပေးခဲ့သူဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဒီဆုရတာ ၂၁ ဦးမြောက် ဖြစ်ပြီး နိုဗယ်ဆုရှင် တိဗက်က ဘုန်းတော်ကြီး ဒလိုင်လားမားနဲ့ တောင်အာဖရိက ခရစ်ယာန် ဘုန်းတော်ကြီး ဒတ်စမွန် တူးတူးတို့လည်း အရင်က ဒီဆု ရခဲ့ဖူးပါတယ်။

Ref: VOA News

Read More...

ပခုက္ကူ ရေဘေး NLD က ဆန် နဲ့ ငွေလှူ

2011-10-26

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူမှုအထောက်အကူပြု အဖွဲ့အနေနဲ့ မကွေးတိုင်း အတွင်းက ရေဘေးသင့် ဒုက္ခသည်တွေကို ဒီကနေ့ ဆန် နဲ့ အလှူငွေတွေ ထောက်ပံ့နေပါတယ်။

NLD အဖွဲ့ချုပ် နဲ့ ဒေသခံ NLD အဖွဲ့ဝင်တွေ အလှူရှင်တွေရဲ့ ပံ့ပိုးကူညီငွေတွေနဲ့ ဘုန်းကြီးကျောင်း တွေမှာ ခိုလှုံ နေထိုင်နေတဲ့ ပခုက္ကူမြို့က ရေဘေး ဒုက္ခသည် အိမ်ထောင်စု ငါးရာကျော်ကို ဒီကနေ့ ထောက်ပံ့ အကူအညီ ပေးခဲ့ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူမှု အထောက်အကူပြု အဖွဲ့ ဦးအုံးကြိုင်က RFA ကိုပြောပါတယ်။

“ဒီမှာ လူဦးရေ ၁၄၀၀ ကျော် နဲ့ မိသားစု ၅၅၁ စုက ဒီက ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံ နေကြရတယ်။ အထွေထွေ အတွင်းရေးမှူး လှူဒါန်းလိုက်တဲ့ ငွေရယ်၊ ဒီမှာ ကြိုတင်ပြီးတော့ လှူဒါန်းထားတဲ့ ငွေတွေရယ် အားလုံးပေါင်း သိန်းငါးဆယ်လောက် ရတော့၊ ပခုက္ကူမှာတော့ တစ်အိမ်ထောင်ကို ဆန်လေးပြည် နဲ့ ငွေကျပ် သုံးထောင်ပေါ့ ရေးဘေး ဒုက္ခသည်တွေ ခိုလှုံနေတဲ့ ကျောင်းတွေကို လှည့်ပြီးတော့ အကူအညီ ပေးနေပါတယ်။”

ပခုက္ကူမြို့မှာ ရေဘေးကြောင့် သေဆုံးသူ တစ်ရာကျော်ရှိနေပြီး အိုးအိမ်မဲ့ ဒုက္ခသည် ထောင်ချီ ရှိနေပါတယ်။ ဒုက္ခသည်တွေ အတွက် မြို့နယ် ဆရာဝန်ကြီး ကိုယ်တိုင် ကျန်းမာရေး စောင့်ရှောက်မှု ပေးနေကြောင်း နဲ့ တခြား လူမှု အဖွဲ့အစည်း တွေကလည်း ကူညီ ထောက်ပံ့ ပေးနေကြောင်း သိရပါတယ်။

Ref: RFA News

Read More...

တရုတ်လုပ်သားတွေ မြစ်ဆုံက ထွက်ခွာ

ကိုမိုးဇော်
ဗုဒ္ဓဟူး, 26 အောက်တိုဘာ 2011

မြစ်ဆုံဆည်စီမံကိန်းကို ရပ်တန့်ဖို့ ဆုံးဖြတ်လိုက်တဲ့နောက် ဒီရက်ပိုင်းအတွင်းမှာ မြစ်ဆုံဆည် တည်ဆောက် နေတဲ့ တရုတ် အလုပ်သမား အတော်များများ နေရပ်ကို ပြန်လည် ထွက်ခွာနေတယ်။ ဒါပေမဲ့ စက်ယန္တားတွေကို မူလအတိုင်းပဲ ဆက်လက် ထားရှိပြီး မြစ်ဆုံ အထက်ပိုင်းက မေခ၊ မလိခမြစ်ပေါ်က ရေကာတာတွေ တည်ဆောက်မယ့် ဒေသဘက်တွေကို လမ်းဖောက် လုပ်တာတွေတော့ ဆက်ပြီး ရှိနေဆဲဖြစ်တယ်လို့ မြစ်ကြီးနား ဒေသခံတွေက ပြောပါတယ်။ မြစ်ဆုံ ရေကာတာကို ရပ်တန့် လိုက်ပေမဲ့ အထက်ပိုင်းက ရေကာတာတွေကို ဆက်လက် တည်ဆောက် မယ်ဆိုရင် ဘယ်လို အကျိုးဆက်တွေ ဖြစ်နိုင်ပါသလဲ။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

မြစ်ဆုံရေကာတာ တည်ဆောက်ရေး လုပ်ငန်းကို နိုင်ငံတော်သမတ ဦးသိန်းစိန်က ရပ်တန့်ဖို့ အတွက် လွန်ခဲ့တဲ့ လကုန်ပိုင်းက ဆုံးဖြတ်ခဲ့တဲ့ နောက်ပိုင်း ပြီးခဲ့တဲ့အပတ်က တရုတ်ဝန်ကြီးချုပ် ၀မ်ကျားပေါင်က မြန်မာနဲ့ တရုတ် နှစ်နိုင်ငံကြား ပူးတွဲ အကောင်အထည် ဖော်နေတဲ့ စီမံကိန်းတွေကို ပေးထားတဲ့ ကတိအတိုင်း ဆောင်ရွက်ဖို့ တိုက်တွန်း လိုက်တဲ့ ကာလ အတွင်းမှာပဲ မြစ်ဆုံဆည် တည်ဆောက်ရေး လုပ်ငန်းက တရုတ် အမျိုးသားတွေ အတော်များများ နေရပ်ရင်း ပြန်ကြတာ ဖြစ်ပါတယ်။

မြစ်ဆုံဆည် တည်ဆောက်မှုလုပ်ငန်း ရပ်ဆိုင်းထားတဲ့ အခြေအနေကို သဘာဝ ပတ်ဝန်းကျင် အရေး လှုပ်ရှားသူ တယောက် ဖြစ်တဲ့ မြစ်ကြီးနား ဒေသခံက အခုလို ပြောပါတယ်။

"ဟုတ်ကဲ့၊ ဒီဘက်မှာ ရေကာတာကြီးကို ပေါ်ပေါ်တင်တင် ဆောက်လုပ်တာတော့ သူတို့ ရပ်ခိုင်း ထားတာပေါ့ဗျာ။ အလုပ်သမား ပြန်တယ် ဆိုပေမယ့် အားလုံး မပြန်သေးဘူး။ တချို့ အလုပ်သမားတွေ ကျန်သေးတယ်။ စက်ယန္တရား တွေက အားလုံး အစီအစဉ် ရှိနေတာပေါ့။ ဒါပေမယ့် အခုဒီမှာ လမ်းလုပ်တဲ့ မြေတိုင်းဟာပေါ့နော်၊ သူတို့ Survey လုပ်တဲ့ဟာတွေ တချို့ ကျန်သေးတယ်။ နောက်ပြီး မေခ အထက်ဘက် ပေါ့နော် လမ်းဆက်လုပ်ဖို့ အတွက် သူတို့ စီစဉ်နေတဲ့ ဟာတွေ ရှိတာပေါ့။"

မြစ်ဆုံဆည် စီမံကိန်းကို မြန်မာအစိုးရနဲ့ တရုတ် အစိုးရပိုင် China Power Investment Corporation တို့က ၂၀၀၇ခုနှစ်က စတင် တည်ဆောက်တာ ဖြစ်ပြီး သဘာဝ ပတ်ဝန်းကျင် အရေး ဆောင်ရွက်သူတွေ၊ နိုင်ငံရေး ပါတီတွေနဲ့ ဒေသခံ ကချင်ပြည်သူတွေ ကျယ်ကျယ် လောင်လောင် ကန့်ကွက် ခဲ့တဲ့နောက် စက်တင်ဘာလကုန်က ရပ်ဆိုင်းခဲ့တာ ဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန်က မြစ်ဆုံဆည်စီမံကိန်း တည်ဆောက်တာကို သူ့အစိုးရလက်ထက်မှာ ရပ်ဆိုင်းမှာ ဖြစ်ကြောင်း ကြေညာခဲ့ပေမဲ့ မြစ်ဆုံ အထက်က မေခနဲ့ မလိခ မြစ်ပေါ်က ကျန် ရေကာတာ ၇ ခုကိုတော့ ချန်လှပ် ထားခဲ့တာဖြစ်ပါတယ်။

လောလောဆည်မှာတော့ ကျန်ရေကာတာတွေကို ဆက်လက် အကောင်အထည်ဖော်နေဆဲ ဖြစ်တယ်လို့ မြစ်ကြီးနား ဒေသခံက အခုလို ဆက်ပြောပါတယ်။

"အထက်မှာ လုပ်တဲ့ဟာက တအားကြီး ပေါ်ပေါ်တင်တင်ကြီး လုပ်တာတော့ မရှိဘူး။ ဒါပေမယ့် အေရှားဝေါ ကုမ္ပဏီ တာဝန်ခံပြီးတော့ တချို့လမ်းတွေ လုပ်မယ်ဆိုရင် ဒီမှာ မြစ်ကြီးနားမှာ ရုံးစိုက်တဲ့လူတွေ ကချင်ဘက်မှာ ပြောင်းပြီးမှ တချို့ အလုပ်သမားတွေ ခေါ်သွားပြီးတော့ အလုပ် ဆက်လက် လုပ်နေတာကို သိရှိရတာကို ကြည့်ခြင်းအားဖြင့် ပေါ်ပေါ်တင်တင် မလုပ်ရင်လည်း ဆက်လက်ပြီးတော့ လုပ်ငန်းတွေကို အကောင်အထည် ဖော်တယ်။ အထက်ဖက်မှာ အလုပ် ပြောင်းနေကြတယ် ဆိုတာကိုတော့ ကျနော်တို့ သိရှိ ရတာပေါ့နော်။"

မြန်မာနဲ့ တရုတ်အစိုးရတို့ဟာ မြစ်ဆုံရေကာတာအပြင် မေခနဲ့ မလိခမြစ်ပေါ်မှာ လိုင်ဇာ၊ ခေါင်လန်ဖူး၊ ဖီဇော၊ လာကင်၊ ပါရှီနဲ့ ချီဗွေ ရေကာတာတွေ တည်ဆောက်ဖို့ သဘောတူ ထားတာဖြစ်ပါတယ်။

FREDA ခေါ် သံယံဇာတ ပတ်ဝန်းကျင် ဖွံဖြိုးတိုးတက်ရေးနဲ့ ထိန်းသိမ်းစောင့်ရှောက်ရေးအသင်းရဲ့ ဒုဥကဌ ဦးအုန်းကတော့ ရခိုင်ရိုးမနဲ့ ချင်းတောင်မှာ တောတွေ ပြုန်းခဲ့တာကြောင့် ဘင်္ဂလား ပင်လယ်အော်က မုန်တိုင်းဟာ မြန်မာပြည် အလယ်ပိုင်းထိ ၀င်ရောက် နိုင်တာဖြစ်တယ်။ မုန်တိုင်းနဲ့အတူ ပါတဲ့ မိုးဒဏ်ကြောင့် ယောချောင်းအတွင်းက ဆည်တွေကျိုးပြီး ရွာ ၃၀ ကျော် ရေထဲ ပါခဲ့ရသလို လူတွေ သေဆုံးခဲ့ရတာ ဖြစ်တယ်လို့ လတ်တလော အဖြစ်ကို ဝေဖန်ထောက်ပြပါတယ်။

သူက ဆက်လက်ပြီး ကချင်ပြည်နယ်က မေခ၊ မလိခမြစ်ပေါ်က ဆည်တွေနဲ့ ပတ်သက်ပြီးတော့ အခုလို သုံးသပ်ပါတယ်။

"အဲဒီလို အဖြစ်မျိုး ကချင်ပြည်နယ်မှာ မဖြစ်ဘူးလို့ မပြောနိုင်ဘူး။ ဥပမာ ကချင်ပြည်နယ်လည်း တောက တော်တော် ကုန်နေပြီ။ အဲဒီတော့ ဟိမ၀န္တာတောင်က နေပြီးတော့ ရေခဲမြစ်တွေက အရေပျော်ပြီးတော့၊ ရုတ်တရက်ကြီး ရေခဲတွေ အရေပျော်ပြီး ဆင်းလာရင် အဲဒီဒဏ်ကို မြစ်ဆုံ အထက်က ဆည်တွေ ခံနိုင်မလား။ မခံနိုင်လို့ရှိရင် မြစ်ကြီးနား အပါအ၀င် ကချင်ပြည်နယ်ဟာ ရွာတွေရော၊ မြို့တွေရော ရေမြုပ် သွားနိုင်တယ်။ အဲဒီလို ဒဏ်တွေဟာ အခု စဖြစ်နေပြီ။ ရှေ့လျောက် တောတွေခုတ်တာ မရပ်သ၍၊ ဆည်တွေကို လိုသည်ထက် ပိုပြီးတော့ ဆောက်တာ မရပ်သ၍ သဘာဝ အန္တရာယ်ကတော့ သေချာပေါက် ရင်ဆိုင်ရမှာဘဲ။ အဲဒီအတွက် ကျနော် စိုးရိမ်တယ်။"

ထိုင်းနိုင်ငံမှာ အခြေစိုက်လှုပ်ရှားနေတဲ့ မြန်မာမြစ်ကြောင်းများ စောင့်ကြည့်ရေးကွန်ယက် အဖွဲ့ကတော့ မေခနဲ့ မလိခ မြစ်ပေါ်က ရေကာတာ စီမံကိန်း ၇ ခုကို ရပ်ဆိုင်းဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။ ဒီဆည်တွေက ထုတ်လုပ်မယ့် လျှပ်စစ်ဓါတ်အား ကိုတော့ တရုတ်နိုင်ငံကို တင်ပို့မှာ ဖြစ်တယ်လို့လည်း သူတို့ရဲ့ အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

Ref: VOA News

Read More...

နိုင်ငံရေး အကျဉ်းသားများ လျှော့ရက်ရရေး အစာငတ်ခံ ဆန္ဒပြ

ဖနိဒါ
ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ ၂၆ ရက် ၂၀၁၁

ချင်းမိုင်(မဇ္စျိမ) ။ ။ ထောင်ဒဏ် လျှော့ရက် ရရှိရေးအတွက် ရန်ကုန်မြို့ အင်းစိန် အကျဉ်းထောင်မှ နိုင်ငံရေး အကျဉ်းသား ၁၅ ဦးက ဗုဒ္ဓဟူးနေ့ မွန်းတည့်မှစ၍ အစာငတ်ခံ ဆန္ဒပြမှု စတင်နေပြီဟု နိုင်ငံရေး အကျဉ်းသား မိသားစုများ အကျိုးဆောင် ကွန်ယက်က ထုတ်ပြန် လိုက်သည်။

အဆောင် ၅ ဒုထောင်မှူး ဦးမြင့်မောင်မှ တဆင့် ထောင်တာဝန်ခံ ဦးစီးအရာရှိ ဦးဝင်းနိုင်အား နေ့လည်စာ ထမင်း မစားတော့ဘဲ အစာငတ်ခံ ဆန္ဒပြမှု စတင်ကြောင်း အကြောင်းကြား လိုက်ပြီး ဖြစ်သည်ဟု ကြေငြာချက်တွင် ဖော်ပြ ထားသည်။

သာမန်အကျဉ်းသားများကို လျော့ရက် ခံစားခွင့်ပေးချိန်တွင် နိုင်ငံရေး အကျဉ်းသားများကို လျော့ရက် ခံစားခွင့် မပေးဟု ကွန်ယက် အဖွဲ့၏ တာဝန်ခံ ကိုအောင်ဇော်ထွန်းက ပြောသည်။

“သူတို့ရဲ့ တောင်းဆိုချက်ကို မရမချင်း အစာငတ်ခံ ဆန္ဒပြမယ် ဆိုတာကို ထုတ်ပြန်ထားတာ ဖြစ်တယ်။ သူတို့ ရည်ရွယ်ချက်ကို ဘယ်လောက် အတိုင်းအတာ အထိ အကောင်အထည် ဖော်ပေး သလဲ ဆိုတဲ့ အပေါ်မှာ မူတည်ပြီးတော့ ရှည်ကြာ သွားမှာပါ” ဟု ကိုအောင်ဇော်ထွန်းက ပြောသည်။

လက်ရှိ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ် ၃၄၇ တွင် “နိုင်ငံတော်သည် မည်သူ့ကို မဆို ဥပဒေ အရာတွင် တန်းတူညီမျှ အခွင့် အရေး ရရှိစေရမည်။ ထို့ပြင် ဥပဒေ၏ အကာ အကွယ်ကိုလည်း တန်းတူ ညီမျှစွာ ရယူပိုင်ခွင့် ပေးရမည်။”ဟု ဖော်ပြ ထားကြောင်းလည်း သူက ညွှန်းဆိုလိုက်သည်။

အကျဉ်းဦးစီး၏ ထောင်လက်စွဲအရလည်း သေဒဏ်ကျ အကျဉ်းသားများ၊ နှစ်အကန့်အသတ် မရှိနှင့် ထောင်တသက် တကျွန်း ကျခံနေရသော အကျဉ်းသားများမှ လွဲ၍ အကျဉ်းသားတိုင်း လျှော့ရက် ခံစားခွင့်ပေးရန် ပြဋ္ဌာန်းထားသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားများကို လျှော့ရက်ခံစားခွင့် ပိတ်ပင်မှုကို ၁၉၉၇ ခုနှစ် ကတည်းက စတင်ခဲ့သည်။

Ref: မဇ္ဈိမ

Read More...

ဒုတိယပင်လုံခေါ်ရေး ထောက်ခံ

ဇွဲခန့်
ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ ၂၆ ရက် ၂၀၁၁

နယူးဒေလီ (မဇ္စျိမ) ။ ။ တိုင်းရင်းသားအားလုံး ပူးပေါင်းပါဝင်နိုင်မည့် ၂၁ ရာစု ပင်လုံညီလာခံ ခေါ်ဆိုရေးအား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ဖြစ်သည့် ရခိုင်ပြည် လွတ်မြောက်ရေး ပါတီနှင့် ချင်းအမျိုးသား တပ်ဦး တို့က ထောက်ခံကြိုဆို လိုက်သည်။

“ဒီပင်လုံစာချုပ်အတိုင်း တကယ်သာ အကောင်အထည် ဖော်မယ်ဆိုလို့ရှိရင်တော့ ကျနော်တို့က ကြိုဆိုပါတယ်။ ဘာလို့လဲ ဆိုရင် ပင်လုံ ညီလာခံကတော့ အရင်တုန်းက တကယ့်ကို စစ်မှန်တဲ့ ဖယ်ဒရယ် ပြည်ထောင်စုကို ဦးတည် ခဲ့တာဆိုတော့ ဒီဟာကတော့ တန်းတူညီမျှမှု အပေါ်မှာ၊ ဒီပြည်ထောင်တွေကို ပေါင်းစု ပြီးတော့ ပြည်ထောင်စု လုပ်မယ် ဆိုပြီးတော့ လုပ်ခဲ့တာလို့ ကျနော်တို့ နားလည်တယ်။” ဟု ရခိုင်ပြည် လွတ်မြောက်ရေး ပါတီမှ ပြောရေးဆို ခွင့်ရှိသူ ဦးခိုင်သူခက မဇ္စျိမကို ပြောသည်။

၂၀၁၀ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့က ကျရောက်ခဲ့သည့် ဇိုမီး အမျိုးသား ကွန်ဂရက် (ZNC) တည်ထောင်ခြင်း ၂၂ နှစ်ပြည့်တွင် “ကလေးမြို့ ဆုံးဖြတ်ချက် ကြေငြာစာတမ်း” တွင် တိုင်းရင်းသား ပေါင်းစုံ ပါဝင်သော ညီလာခံ တခု ပြန်ခေါ်ရန် တိုက်တွန်းခဲ့သည်။

ထိုအချိန်က ဒုတိယပင်လုံဟု ခေါ်ဆိုခဲ့ရာမှ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွှတ်မြောက်လာခဲ့ချိန်တွင် “၂၁ ရာစု ပင်လုံ ညီလာခံ” ဟု ခေါ်တွင် လှုပ်ရှား လာခဲ့ကြပြီး လွှတ်တော်ပြင်ပမှ အဖွဲ့အစည်း များနှင့် တန်းတူရေး အတွက် တိုက်ပွဲဝင်နေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များမှ ယခုကဲ့သို့ ထောက်ခံ လာခဲ့ကြသည်။

လက်ရှိတိုင်းရင်းသားဒေသများတွင် ဖြစ်ပွားနေသည့် စစ်ပွဲများနှင့် ပတ်သတ်ပြီး “စစ်ပွဲနဲ့ပဲ ပြည်တွင်းရေးကို ဖြေရှင်း မယ်ဆိုရင် ဖြေရှင်းလို့ မရတာကတော့ သေချာနေပါပြီ၊ အခုက။ အစိုးရသစ်လည်း တက်လာတယ်။ အဲဒီစစ်ပွဲကို ဆက်ပြီး ဆင်နွဲတယ် ဆိုရင်တော့ ပြဿနာ ရှင်းလာတာ ဘာတခုမှ ကျနော်တို့ မမြင်ရဘူး။ ဒီထက် တနေ့တခြားပဲ ပြည်တွင်းစစ် မီးက အားကောင်း လာသလိုမျိုး ဖြစ်နေတယ်။” ဟု ချင်းအမျိုးသား တပ်ဦးမှ အထွေထွေ အတွင်းရေးမှူး ပူးပေါလ်စီတာက ပြောသည်။

ပြည်တွင်းစစ်မီးကို ငြိမ်းအေးသွားနိုင်ရန်အတွက် ပင်လုံညီလာခံကဲ့သို့ တိုင်းရင်းသားအားလုံး ပူးပေါင်း ပါဝင်နိုင်သော တန်းတူ ညီမျှသည့် ညီလာခံတခု လိုအပ်နေပြီဖြစ်ကြောင်း သူက ဆက်ပြောသည်။

လွှတ်တော်တွင်းပါတီတခုဖြစ်သည့် ချင်းအမျိုးသားပါတီ (CNP) မှ “အဲဒါ လွယ်လွယ်နဲ့ ပြီးနိုင်တဲ့ ကိစ္စ မဟုတ်ဘူး။” ဟု ဆိုသည်။

“ကလေးမြို့ ဆုံးဖြတ်ချက် ကြေငြာစာတမ်း” တွင် “မြန်မာနိုင်ငံကို တပြည်ထောင် စနစ်လည်း မဟုတ်၊ ခွဲထွက်ရေး စနစ်လည်း မဟုတ်၊ ဒီမိုကရေစီနှင့် လူမျိုးတိုင်း တန်းတူအခွင့်အရေးကို အခြေခံသော ဖက်ဒရယ် ပြည်ထောင်စု စနစ်ဖြင့် တည်ဆောက်ရန် တိုင်းရင်းသား ပြည်သူအားလုံး အတူတကွ လက်တွဲပြီး ဒုတိယ ပင်လုံညီလာခံ ခေါ်ယူ ကျင်းပသွားကြရမည်” ဟု ဖော်ပြ ပါရှိသည်။

အဆိုပါ ကြေငြာစာတမ်းတွင် NLDမှ ထိပ်တန်းခေါင်းဆောင်များ ဖြစ်သည့် ဦးတင်ဦးနှင့် ဦးဝင်းတင်တို့ အပြင် လွှတ်တော် ပြင်ပ ပါတီများနှင့် ဝါရင့် နိုင်ငံရေးသမား (၁၁) ဦးက လက်မှတ် ရေးထိုး ခဲ့ကြသည်။

Ref: မဇ္ဈိမ

Read More...

ရှမ်းမြောက်ဒေသ တိုက်ပွဲများ လုံးဝရပ်

ကိုဝိုင်း
ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ ၂၆ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ SSA/SSPP ရှမ်းပြည်တပ်မတော် (မြောက်) တပ်ဖွဲ့များ ဖြန့်ကျက်ထားသည့် ဒေသများတွင် တိုက်ပွဲများ လုံးဝ ရပ်ဆိုင်း နေသည်မှာ တလကျော်ပြီ ဖြစ်ကြောင်း အဖွဲ့၏ ပြောခွင့်ရသူ ဗိုလ်မှူးစိုင်းလှ က ပြောသည်။

မိုင်းရှုး၊ မိုင်းရယ်၊ ကျေးသီး၊ တန့်ယန်း၊ သီပေါ၊ ကျောက်မဲ၊ လားရှိုး၊ နမ့်ဆန်နှင့် နမ့်ခမ်းမြို့နယ်များတွင် အစိုးရတပ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) တပ်များ ခြောက်လကျော်ကြာ တိုက်ခိုက်ခဲ့ပြီးနောက် ရပ်ဆိုင်းနေခြင်း ဖြစ်သည်။

နောက်ဆုံးတိုက်ပွဲမှာ စက်တင်ဘာလ၂၂ ရက်နေ့က တောနင်းလာသည့် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခမရ (၅၀၆) တပ်ရင်း အင်အား (၅၀) ခန့်နှင့် ကျေးသီးမြို့နယ်နှင့် သီပေါမြို့နယ် အစပ်တွင် ဖြစ်သော (၁၅) မိနစ်ကြာ တိုက်ပွဲ ဖြစ်သည်။

တန့်ယန်းမြို့နယ် နမ့်လောင်းစခန်းနှင့် မိုင်းရယ်မြို့နယ် နောင်ချိုစခန်း အပါအဝင် စခန်း (၁၀) ခု လက်လွှတ်လိုက်ရ ပြီးနောက် ဝမ်ဟိုင်း ဗဟိုဌာနချုပ် တခုသာ အခြေစိုက် စခန်းအဖြစ် ကျန်တော့သည့် ရှမ်းမြောက် တပ်ဖွဲ့ဝင်များကို တောနင်းရှာဖွေ တိုက်ခိုက်မှုများ ရှိခဲ့သည်။

"သူတို့ ကချင်ဘက်သွားဖိနေတော့ ဒီဘက်ခဏလေး ငြိမ်သွားတဲ့ သဘောမျိုး ထင်တယ်။ ကျနော်တို့ ဌာနချုပ်ကို ချဉ်းကပ်ထားတဲ့တပ် တွေလည်း ရှိနေသေးတာပဲ" ဟု ဗိုလ်မှူးစိုင်းလှက ပြောသည်။

အစိုးရတပ်များသည် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ သွယ်တန်းမည့် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းမည့် နေရာတခုဖြစ်သော ကချင် လွတ်မြောက်ရေးတပ် KIA တပ်မဟာ (၄) ထိန်းချုပ်ရာ နယ်မြေကို စိုးမိုးနိုင်ပြီးပါက ရှမ်းမြောက် နယ်မြေကို ပြန်လည် ထိုးစစ် ဆင်နိုင်ကြောင်း ဗိုလ်မှူး စိုင်းလှက ခန့်မှန်း ထားသည်။

ရှမ်းမြောက်တပ်ဖွဲ့က နာယက အဖြစ် ဆက်လက် အသိအမှတ်ပြုထားသူ အသက် (၇၅) နှစ် အရွယ် ဗိုလ်ချုပ် ဆေထင်သည် နိုင်ငံတော် ပုန်ကန်မှုဖြင့် စစ်ထွေထောင်တွင် ၁၀၆ နှစ် ကျနေရာမှ သမ္မတ၏ လွတ်ငြိမ်း ချမ်းသာခွင့် အရ အောက်တိုဘာ ၁၂ ရက်နေ့က ပြန်လွတ်လာသည်။

သတင်းဌာနများကို ဖြေကြားရန် အဆင်သင့် မဖြစ်သေးဟုဆိုသည့် ဗိုလ်ချုပ်ဆေထင်သည် ယခုအခါ မိသားစုနှင့်အတူ လားရှိုးမြို့တွင် နေထိုင်လျက်ရှိပြီး နှလုံးသွေးကြောကျဉ်း၊ သွေးတိုး၊ ဆီးချို၊ သွေးချို ရောဂါများ ခံစားနေရသည်ဟု သမီးဖြစ်သူ နန်းခမ်းဖောင်းက မဇ္ဈိမကို ပြောသည်။


Ref: မဇ္ဈိမ

Read More...

Wednesday, October 26, 2011

မှတ်ပုံတင်မလား၊ မတင်လား … ကောလဟာလ

ဦးဝင်းတင်နဲ့ မေးခွန်းများ
မိုးမခ၊ အောက်တိုဘာ ၂၆၊ ၂၀၁၁

လက်ရှိအခြေအနေမှာ မြန်မာပြည်တွင်းမှာ နိုင်ငံရေးအခြေအနေတွေ လှုပ်လှုပ်ရှားရှား ဖြစ်နေတယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ ၂၀၁ဝ ခုနှစ် မတ်လ ၈ ရက်နေ့က စစ်အစိုးရက သူတို့ရဲ့၂၀၁၀ ရွေးကောက်ပွဲ အတွက် ရွေးကောက်ပွဲ ဥပဒေ ပြဋ္ဌာန်းစဉ် တုန်းက တင်းတင်းမာမာ ပြဋ္ဌာန်းခဲ့တဲ့ ကန့်သတ်ချက် တွေကို ပြုပြင် ပြောင်းလဲမှုတွေ လုပ်ပြီးတော့ အင်န်အယ်ဒီ ပါတီကို မှတ်ပုံ တင်နိုင်အောင် လုပ်ပေးနေပြီလို့ သတင်းတွေ ကြားနေရတယ်။ ဒါကြောင့် ဆရာဦးဝင်းတင်နဲ့ သူ့သဘောထားကို မေးမြန်း ခဲ့ပါတယ်။

မေး။ ။၂၀၁၀ မတ်လ ၈ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ စစ်အစိုးရရဲ့ ရွေးကောက်ပွဲ ဥပဒေ အကြောင်းလေး ပြန်ပြောရအောင် ဆရာ။

ဖြေ။ ။ အဲသည်တုန်းက အင်န်အယ်ဒီပါတီက အဲသည်က အချက်အလက်တွေကို လက်မခံနိုင်ဘူး ဆိုပြီးတော့ ၂၀၁၀ ရွေးကောက်ပွဲ ၀င်ဖို့ ပါတီကို မှတ်ပုံ မတင်ခဲ့ဘူး။ ၂၀၁၀ တုန်းက ဖြစ်ခဲ့တဲ့ အနေအထားမှာ ၂၀၀၈ အခြေခံ ဥပဒေကို ကာကွယ် စောင့်ရှောက် ပါမည်လို့ သစ္စာ ခံခိုင်းတာပါတယ်။ ဒါကို တို့က ငြင်းခဲ့တယ်။ ထောင်ထဲ ရောက်နေတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ပါတီကနေ ထုတ်ပစ် ရမယ်လို့ ရွေးကောက်ပွဲ ဥပဒေမှာ ဆိုထားခဲ့တယ်၊ အဲသည်တုန်းက ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေ ရှိနေတယ်။ ဒါကို လက်မခံနိုင်ဘူး။ နောက်ပြီးတော့ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်တွေကို ပျက်ပြယ်ပြီလို့ မှတ်ယူရမယ် ဆိုတဲ့ စာပိုဒ်ပါတယ်။ ဒါကိုလည်း ဒို့က လက်မခံခဲ့ဘူး။

မေး။ ။ အင်န်အယ်ဒီပါတီ မှတ်ပုံတင်နိုင်အောင် ရွေးကောက်ပွဲဥပဒေကို ပြင်ပေးမယ်တဲ့လား

ဖြေ။ ။ သတင်းတွေ ဖြစ်နေတာကတော့ အခြေခံဥပဒေကို လေးစားလိုက်နာရမည်လို့ ပြောင်းပြဋ္ဌာန်းမယ်လို့ သတင်း ထွက်တယ်။ ဒါက သဘောကတော့ ရာဇသတ်ကြီး ဥပဒေတို့၊ ပုဒ်မတို့ စတဲ့ ရှိတာတွေကို လေးစား လိုက်နာရမယ် ဆိုတဲ့ သဘောမျိုးပေါ့ကွာ။ ဥပဒေက ဥပဒေဆိုတဲ့ သဘောမျိုး၊ လက်ခံတာ မခံတာက တပိုင်းထားပေါ့။ နောက်တခုက ထောင်ကျနေတဲ့ သူတွေကို ထုတ်ပစ်ရမယ် ဆိုတာတွေကိုလည်း ဖယ်ရှား လိုက်မယ်လို့ ပြောတယ်။ နောက် ၁၉၉၀ ရလဒ်နဲ့ ပတ်သက်ပြီး တစုံတရာ အသိအမှတ် ပြုမယ်လို့ သတင်း ထွက်နေတယ်။ ဒီသတင်းတွေကြောင့် အင်န်အယ်ဒီနဲ့ မဟာမိတ်တွေ၊ စီအာရ်ပီပီ အဖွဲ့ဝင်တွေက မှတ်ပုံ တင်လိမ့်မယ်။ ပြီးတော့ အင်န်အယ်ဒီဟာ ရွေးကောက်ပွဲ ၀င်လိမ့်မယ်လို့ သတင်းတွေ အပြင်မှာ ထွက်နေတယ်ပေါ့ကွာ။

မေး။ ။ ဒါဆိုရင် သတင်းတွေထွက်နေပြီ ဆိုတာနဲ့ အင်န်အယ်ဒီ ပါတီထဲမှာ ဒါကို အတည်ထားပြီး ဆွေးနွေး နေကြပြီလား။

ဖြေ။ ။ ဒါတွေက ဘာဆွေးနွေးနေတာ ဘာမှ မရှိဘူး။ တရားဝင်ဥပဒေမှ မရှိတဲ့ဟာကို ဘာတွေ ဆွေးနွေးရမှာလဲ။ ဒေါ်စု ကိုယ်တိုင်ကလည်း ဦးအောင်ကြည်နဲ့ နောက်ဆုံး သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပြီးသားပဲ ပါတီကိစ္စကို အင်န်အယ်ဒီပါတီ ခေါင်းဆောင်တွေနဲ့ ဆွေးနွေး တင်ပြပြီးမှ ဖြစ်မယ်ဆိုတာ ပြောခဲ့ပြီးသား ဖြစ်တယ်။

မေး။ ။ ဒါတွေက ကောလဟာလတွေပေါ့ ဆရာရေ။

ဖြေ။ ။ ဟုတ်တယ်။ ဒါကို အခုအချိန်မှာ ဒီလိုပဲ ပြောပြရမှာပဲ။ အစိုးရကနေပြီးတော့ ၂၀၁၁ ရွေးကောက်ပွဲ ဥပဒေ ဆိုပြီး ထွက်လာမှပဲ အကျိုးအကြောင်း သိရမှာပဲ။ အခု စကားပြောနေတဲ့ အောက်တိုဘာ ၂၄ အထိတော့ ဘာမှ မသိရသေးဘူးပေါ့ကွာ။

မေး။ ။ ဟုတ်ကဲ့။ ၂၀၀၈ မတ်လ ၈ ရက်နေ့တုန်းက ရွေးကောက်ပွဲဥပဒေ ပေါ်ခဲ့စဉ်တုန်းက အခြေအနေကို ပြန်ပြောကြမယ် ဆိုရင် အဲသည်တုန်းက ဆရာနဲ့ ဦးအောင်ရွှေတို့နဲ့ ဆွေးနွေးကြတယ်။ စီအီးစီ အစည်းအဝေးနဲ့ အဆုံးအဖြတ် ဘာမှ မကျဘူး။ စီအီးစီက စီစီခေါ်တယ်။ ဗဟိုကော်မီတီ အစည်းအဝေး ခေါ်ပြီး တညီတညွတ်တည်း ဆုံးဖြတ်ချက်နဲ့ ရွေးကောက်ပွဲကို သပိတ် မှောက်ခဲ့ကြတယ်။ အခုလည်း လက်ရှိ အစိုးရကနေ ရွေးကောက်ပွဲ ဥပဒေ ထုတ်ပြန်မှပဲ ဒါက အရေးယူရမယ့် ကိစ္စပေါ့နော် ဆရာ။

ဖြေ။ ။ ဟုတ်ပါတယ်။ အဲသည်တုန်းက အကြောင်းတွေကို ကျနော့် မီဒီယာအင်တာဗျူးတွေမှာ ပြောခဲ့တာတွေ ရှိတယ်။ ခင်ဗျားတို့ ဆီမှာ ရှိသေးရင်လည်း ပြန်ညွှန်းပြ စေချင်တယ်။ အသေးစိတ်ကို အဲသည်မှာ ကြည့်လို့ ရတယ်လေ။

(မိုးမခက မှတ်တမ်းတင်ခဲ့တဲ့ ၂၀၁၀ မတ်လ ၈ ရက် စစ်အစိုးရရွေးကောက်ပွဲဥပဒေဆိုင်ရာ အင်တာဗျူးကို သည်နေရာမှာ ပြန်လည် ဖတ်ရှုနိုင်ပါသည်)

Ref: မိုးမခ

Read More...

အမေရိကန် အထူးသံတမန် ဒေါ်အောင်ဆန်းစုကြည် နဲ့တွေ့ဆုံ

2011-10-25

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Derek Mitchell နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ဟာ ဒီကနေ့ နေ့လည်က ရန်ကုန်မြို့မှာရှိတဲ့ အမေရိကန် ဒုတိယ သံမှူးကြီးရဲ့နေအိမ်မှာ အချိန် ၁ နာရီခွဲ ကျော်ကြာ တွေ့ဆုံခဲ့ပါတယ်။

ဆွေးနွေးမှုတွေကို တစုံတရာ ထုတ်ဖော်ပြောဆိုဖို့ မရှိသေးကြောင်း NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးအုံးကြိုင်က RFA ကိုပြောပါတယ်။

ဒါဟာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ်နဲ့ မူဝါဒရေးရာ ညှိနှိုင်းရေးမှူး Derek Mitchell ရဲ့ ဒုတိယ အကြိမ်မြောက် မြန်မာနိုင်ငံ ခရီးစဉ်ဖြစ်ပြီး သူဟာ မြန်မာအစိုးရနဲ့ ပြည်တွင်းရှိ မြန်မာ့နိုင်ငံရေးနဲ့ သက်ဆိုင်သူတွေအကြား တွေ့ဆုံ ဆွေးနွေးပွဲတွေ ပေါ်ပေါက်လာအောင် မြန်မာနိုင်ငံကို မကြာခဏ လာရောက်ဖို့ ရှိကြောင်း အမေရိကန်သံရုံးက ပြောပါတယ်။

ဒီကနေ့ စောစောပိုင်းကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ နော်ဝေနိုင်ငံ အော်စလိုမြို့အခြေစိုက် နော်ဝေဂျီယံ မြန်မာ ကော်မတီ Norwegian Burma committee မှ ပုဂ္ဂိုလ်များဖြစ်ကြတဲ့ Christian Houge (ခရစ်စရှန် ဟူးဂ်ျ) နဲ့ Lars Laegreig (လားစ် လေးဂရစ်) တို့ကို အဖွဲ့ချုပ် ရုံးခန်းမှာ တွေ့ဆုံတယ်လို့ သိရပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံဆိုင်ရာ ဖိလစ်ပိုင် သံအမတ်ကြီးနဲ့ အဖွဲ့ချုပ်ရုံးမှာ တွေ့ခဲ့ပါတယ်။ ဖိလစ်ပိုင် သံအမတ်ကြီးဟာ အမျိုးသား ဒီမိုကရေစီ ရုံးချုပ်မှာ ခင်းကျင်း ပြသနေတဲ့ Portraits of Myanmar people ပန်းချီပြပွဲကို ကြည့်ရှုခဲ့ပြီး ငါးသိန်းတန် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပုံတူပန်းချီကား တစ်ကားကို ဝယ်ယူ သွားတယ်လို့ သိရပါတယ်။ ဒီကနေ့ ညနေထိ ပန်းချီကား ၉ ကား၊ စုစုပေါင်း ကျပ် ၁၉ သိန်းဖိုး ရောင်းချပြီးပါပြီ။

NLD က ပြသနေတဲ့ ပန်းချီပြပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံ နဲ့ ပန်းချီ ပုံလေးပုံပါ art paper စက္ကူချောနဲ့ ထုတ်လုပ်တဲ့ ၂၀၁၂ ခုနှစ် ပြက္ခဒိန်ကိုလည်း ရောင်းချ နေတယ်လို့သိရပါတယ်။ ပြပွဲကို ၂၆ ရက်နေ့ မနက်ဖြန်အထိ ပြသပါလိမ့်မယ်။

ဒီအတောအတွင်းမှာပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရေဘေး ကယ်ဆယ်ရေး အဖွဲ့ တစ်ဖွဲ့ဟာ ပခုက္ကူမြို့မှာ အခြေချပြီး လုပ်ငန်းများ ဆောင်ရွက်မယ်လို့ ဦးအုံးကြိုင်က ပြောပါတယ်။

“ကျနော်တို့ အခု ရထားတဲ့ သတင်းတွေအရ ပေါက်မြို့နယ်နဲ့ ဆိတ်ဖြူမြို့နယ်က လူတွေ အသေအပျောက် ရှိတဲ့ အပြင် ရွာပေါင်း ၄၀ ကျော်လောက်မှာ ရေဘေး ဒုက္ခသည်ပေါင်း လေးသောင်းကျော် ရှိနေပါတယ်။ အထူးသဖြင့် အသေအပျောက် အများဆုံးက ပခုက္ကူမြို့ ဖြစ်ပါတယ်။ အထွေထွေ အတွင်းရေးမှူး လမ်းညွှန်ချက်အရ ကျနော်အပါအဝင် တခြား NLD အဖွဲ့ဝင်တွေလည်း ပခုက္ကူမှာ ရှိနေ ကြပါတယ်။ လောလောဆယ် ကယ်ဆယ် ကူညီရေး လုပ်ငန်းတွေ လုပ်နေပါတယ်”

ကယ်ဆယ်ရေး လုပ်ငန်းတွေအတွက် စေတနာရှင် ပြည်သူတွေ အနေနဲ့ NLD ဌာနချုပ် လူမှု အထောက်အကူပြု အဖွဲ့ထံ အစားအစာ၊ ဆေးဝါး နဲ့ ငွေကြေးများ လာရောက် လှူဒါန်းနိုင်တယ်လို့ သိရပါတယ်။ ကယ်ဆယ်ရေး အဖွဲ့ ခေါင်းဆောင် ဦးအုံးကြိုင်ဟာ ဒီကနေ့ ညနေမှာပဲ လုပ်ငန်းများ လုပ်ဆောင်ဖို့ ပခုက္ကူမြို့ကို ထွက်ခွာသွားပါပြီ။

Ref: RFA News

Read More...

နိုင်ငံရေးအကျဉ်းသားလွှတ်ရေး အမေရိကန်အထူးသံ ဆွေးနွေး

ခင်မျိုးသက်
အင်္ဂါ, 25 အောက်တိုဘာ 2011

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် မူဝါဒရေးရာ ညှိနှိုင်းရေးမှူး ဒဲရစ်မစ်ချယ် Derek Mitchell ဟာ မြန်မာနိုင်ငံကို ဒုတိယ အကြိမ် သွားရောက်ခဲ့ပြီး နိုင်ငံရေး အကျဉ်းသားတွေအားလုံး လွတ်မြောက်ရေး အပါအ၀င် မြန်မာနိုင်ငံ ဒီမိုကရေစီရေး တိုးတက်မှုတွေ ရှိလာဖို့ အတွက် ဖိအားပေး ကြိုးစားခဲ့တယ်လို့ အမေရိကန်၊ နိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောပါတယ်။

အမေရိကန် အထူးကိုယ်စားလှယ်ဟာ တနင်္လာနဲ့ အင်္ဂါ ၂ ရက်ကြာ ခရီးစဉ်အတွင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ မြန်မာနိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းတို့နဲ့ တွေ့ဆုံ ဆွေးနွေး ခဲ့တယ်လို့လည်း ပြောပါတယ်။

အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

စက်တင်ဘာလဆန်းမှာ မြန်မာနိုင်ငံကို ၅ ရက်ကြာခရီး သွားရောက်ခဲ့တဲ့ မစ္စတာ မစ်ချယ်ဟာ အခု အောက်တိုဘာ လထဲမှာ ၂ ရက်ကြာ ခရီး ထပ်ပြီး သွားရောက် ခဲ့တာပါ။ မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ကျော် ရှိနေတာမို့ အားလုံးကို လွှတ်ပေးဖို့ အမေရိကန် အစိုးရက ဖိအား ပေးနေပေမယ့် မကြာခင်ကမှ မြန်မာ အာဏာပိုင်တွေ ပြန်ပြီး လွှတ်ပေးခဲ့တဲ့ အကျဉ်းသား လွတ်ငြိမ်း ချမ်းသာခွင့်ထဲမှာ နိုင်ငံရေး အကျဉ်းသားက ၂၀၀ ကျော်ပဲ ပါတာမို့ ဒီနိုင်ငံရေး အကျဉ်းသားတွေနဲ့ ပတ်သက်ပြီး မစ္စတာမစ်ချယ်ရဲ့ ခရီးစဉ် အတွင်း ပြောဆိုဖို့ ရှိတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ Victoria Nuland ဗစ်တိုးရီးယား နျူလန်က ပြောပါတယ်။

“သူ့ရဲ့ ဒီတခေါက် ခရီးစဉ်အတွင်း သူဆောင်ရွက်မယ့် ကိစ္စတွေထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ နဲ့ပတ်သက်ပြီး လုပ်ဆောင်ဖို့ ရှိပါတယ်။ ဘယ်သူတွေ လွတ်လာပြီး ဘယ်လိုလူက ကျန်နေတယ် ဆိုတာကို မှန်မှန်ကန်ကန် တိတိကျကျ သိရဖို့ လုပ်ဆောင်မှာဖြစ်တဲ့ အပြင် နိုင်ငံရေး အကျဉ်းသားတွေ ပြန်ပြီး လွတ်လာဖို့ ဆက်ပြီး ဆွေးနွေးမှာ ဖြစ်ပါတယ်”

မြန်မာအစိုးရက လွှတ်ပေးခဲ့သူတွေထဲမှာ ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့လို ထင်ရှားတဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ မပါဝင်သလို ဦးခွန်ထွန်းဦးလို တိုင်းရင်း သားခေါင်းဆောင်တွေနဲ့ အရှင်ဂမ္ဘီရတို့လို ၂၀၀၇ ခုနှစ်၊ ရွှေဝါရောင် သံဃာ့အရေး အခင်းမှာ ဦးဆောင်ခဲ့သူတွေ မပါခဲ့ပါဘူး။ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး အပြင် တိုင်းရင်းသားတွေ နေထိုင်ရာ ဒေသတွေမှာ စစ်ရေး တိုက်ခိုက်မှုတွေ လုပ်နေတာနဲ့ လူ့အခွင့်ရေး ချိုးဖောက်နေတဲ့ ကိစ္စရပ်တွေ၊ တရားဥပဒေ စိုးမိုးမှုဆိုင်ရာ ကိစ္စ ရပ်တွေကိုလည်း မြန်မာ အစိုးရ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးဖို့ ရှိတာပါ။

“ သူ့အစီအစဉ်ထဲမှာ တွေ့ဆုံဆွေးနွေးရေးကို ဆက်ပြီး လုပ်ဆောင်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အခြေအနေ တွေနဲ့ ပတ်သက်ပြီး ဆက်လက် ဆွေးနွေးမှာ ဖြစ်သလို နိုင်ငံရေး အကျဉ်းသားတွေ ဆက်ပြီး ပိုလွှတ်ပေးလာဖို့ပါ။ ဒါ့အပြင် အမေရိကန် နိုင်ငံက တင်ပြထားတဲ့ နိုင်ငံရေး အကျဉ်းသား အားလုံးပြန်လွှတ်ပေးရေး အပါအ၀င် ပြဿနာတွေ အားလုံးအတွက် တိုးတက်မှုတွေ ရှိလာစေဖို့ ဖိအား ပေးမှာလည်းဖြစ်ပါတယ် ”

အခုလို မြန်မာနိုင်ငံ ဒီမိုကရေစီရေး ပြောင်းလဲလာစေဖို့ မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံ ဖိအားပေးခဲ့တဲ့ အပြင် ဒေါ်အောင်ဆန်းစုကြည် နဲ့ပါ တွေ့ဆုံ ဆွေးနွေး ခဲ့တယ်လို့လည်း ပြောပါတယ်။

“ အခုတခေါက် ခရီးစဉ်အတွင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံခဲ့သလို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနဲ့လည်း တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ နောက် သူတွေ့တာက မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပါ”

မြန်မာနိုင်ငံ ဒီမိုကရေစီ ပြောင်းလဲရေးအတွက် အမေရိကန်အစိုးရက ချမှတ်ထားတဲ့ JADE ဥပဒေအရ သြဂုတ်လ ထဲမှာ ခန့်အပ် ခံခဲ့ရတဲ့ အမေရိကန် အထူးသံတမန် ဒဲရစ်မစ်ချယ်က သမ္မတ အိုဘားမားရဲ့ ဆုပေး၊ ဒဏ်ပေး မူဝါဒကို အကောင်အထည် ဖော်ဖို့ တပတ်မှာ ၇ ရက် တရက်မှာ ၂၄ နာရီ ကြိုးပမ်းနေတယ်လို့ မြန်မာနိုင်ငံကို မသွားခင် တပတ်ကမှ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြား ခဲ့ပါတယ်။ ဒါ့ပြင် နိုင်ငံရေးအကျဉ်းသား အားလုံးလွှတ်ပေးဖို့နဲ့ မြန်မာ့ နိုင်ငံရေးမှာ အတိုက်အခံ ပါတီတွေ အထူးသဖြင့် NLD ပါတီ ပါဝင်ဆောင်ရွက်ခွင့် ရမယ့် နိုင်ငံရေး ပါတီမှတ်ပုံတင် ဥပဒေ ပြင်ဆင်တာလိုမျိုး အပြောင်းအလဲတွေကို လုပ်မှ နောက်ပြန် လှည့်မသွားတဲ့ ခိုင်မာ အပြောင်းအလဲလို့ အမေရိကန်နိုင်ငံက သတ်မှတ်မှာ ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

Ref: VOA News

Read More...

အရှင်ဂမ္ဘီရကျန်းမာရေး AHRC စိုးရိမ်

မေငြိမ်း
အင်္ဂါ, 25 အောက်တိုဘာ 2011

ရွှေဝါရောင်သံဃာလှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်လို့ ဖမ်းဆီးထောင်ချခံခဲ့ရတဲ့ အရှင်ဂမ္ဘီရရဲ့ ကျန်းမာရေး အခြေအနေ ဆိုးဝါး နေတာကြောင့်ဆိုပြီး အရှင်ဂမ္ဘီရကို ဖမ်းဆီး ထားမှုနဲ့ ပတ်သက်လို့ လူသားချင်း စာနာမှုထား စဉ်းစားပေးဖို့ AHRC အာရှ လူ့အခွင့်အရေး ကော်မရှင်က မြန်မာအစိုးရ သမ္မတ ဦးသိန်းစိန်ထံ လိပ်မူစာ ပေးပို့လိုက်ပါတယ်။ အရှင်ဂမ္ဘီရဟာ ပြီးခဲ့တဲ့ ကာလက ရိုက်နှက် ခံခဲ့ရတဲ့ ဒဏ်ရာ ဒဏ်ချက်တွေကြောင့် ရာသီဥတုကြမ်းတဲ့ ကလေးထောင်မှာ စိတ်ရော ကိုယ်ပါ ချို့တဲ့ ဆင်းရဲမှု ဖြစ်နေတယ်လို့ AHRC ရဲ့စာမှာ ဖော်ပြတာကိုတော့ ဒေါ်မေငြိမ်းက တင်ပြထားပါတယ်။

အရှင်ဂမ္ဘီရရဲ့ စိတ်ပိုင်းရော ရုပ်ပိုင်းကျန်းမာရေးပါ စိုးရိမ်စရာအခြေအနေ ရှိနေပြီး ဝေးလံ ခေါင်သီပြီး ရာသီ ဥတု ကြမ်းတမ်းတဲ့ ကလေး အကျဉ်းထောင်မှာ ရှိနေတာကြောင့် ပိုပြီး စိုးရိမ်စရာ ရှိတယ်လို့ AHRC ရဲ့ စာမှာ ဖော်ပြပါတယ်။ ဒါကြောင့် အချိန်ဆိုင်း မနေဘဲ အရှင်ဂမ္ဘီရကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ လိုတယ်လို့ AHRC အမှုဆောင် ညွှန်ကြားရေးမှူး Wong Kai Shing က သမ္မတ ဦးသိန်းစိန်ထံကို စာရေးသား ထားပါတယ်။ ဒီစာကိုတော့ သမ္မတ ဦးသိန်းစိန်အပြင် နေပြည်တော်က တရားသူကြီးချုပ် ပြည်ထဲရေးဝန်ကြီး တို့ကိုလည်း ပေးပို့ ထားပါတယ်။ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၊ အိုင်စီအာစီနဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်ထံတွေကိုလည်း လိပ်မူ ထားပါတယ်။ အခု ကျန်းမာရေး အခြေအနေအောက်မှာ အရှင်ဂမ္ဘီရဟာ ထိထိရောက်ရောက် ဆေးဝါး ကုသခွင့်လည်း မရဘူးလို့ AHRC ရဲ့ မြန်မာရှေ့နေ ဦးမင်းလွင်ဦးက ပြောပါတယ်။

“ခန္တီးအကျဉ်းထောင်အတွင်းမှာ အကျဉ်းကျနေစဉ်ကာလ အတွင်းတုန်းက တလနီးပါးလောက် နေ့စဉ်ရက်ဆက် ဆိုသလို အရှင်ဂမ္ဘီရကို နှိပ်စက် ညှင်းပန်း ခဲ့တာတွေရှိတယ်။ ဦးခေါင်းကို ရိုက်တယ်။ ကျောကုန်းကို ရိုက်နှက် ခဲ့တာတွေရှိတယ်။ အဲဒီ ဒဏ်တွေကြောင့် အရှင်ဂမ္ဘီရက ကလေး အကျဉ်းထောင်ကို ပြောင်းရတဲ့ အခါမှာ အနာဟောင်းတွေ ပြန်ပေါ်တာရယ်၊ ရာသီဥတု ဒဏ်ကြောင့်ရယ်၊ ကျန်းမာရေး တော်တော် ဆိုးဆိုးဝါးဝါး ချို့တဲ့လာတယ်လို့ ကျနော်တို့ သိရပါတယ်၊ ဦးခေါင်းကို ရိုက်နှက်ခြင်း ခံခဲ့ရတဲ့ အတွက် တခါတရံမှာ မခံမရပ်နိုင်အောင် အော်ဟစ် ညည်းတွားတဲ့ အခြေအနေ အထိ ရောက်နေတယ်လို့ ကျနော်တို့ သိရတယ်”

တလောကပဲ သမ္မတဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အရ ကျန်းမာရေးမကောင်းမွန်သူတွေကို အချက် တချက် အနေနဲ့ စီစစ် လွှတ်ပေးခဲ့တယ် ဆိုပေမယ့် အရှင်ဂမ္ဘီရဟာ ဒီအထဲ မပါလာခဲ့ပါဘူး။ ရွှေဝါရောင် လှုပ်ရှားမှုရဲ့ ဦးဆောင် သံဃာတပါး ဖြစ်တာကြောင့် မလွှတ်ဘဲ ထားခဲ့တယ်လို့ ဦးမင်းလွင်ဦးက ယူဆပါတယ်။

“ကျန်းမာရေး ချို့တဲ့တဲ့သူတွေ လွှတ်တယ်ဆိုပေမဲ့ အရှင်ဂမ္ဘီရကို မလွှတ်တာတော့ တမျိုး ကျနော်တို့ စဉ်းစား ရမှာပေါ့လေ။ ဘာဖြစ်လို့လဲ ဆိုတော့ ၂၀၀၇ ရွှေဝါရောင် သံဃာတွေ စီတန်း လှည့်လည်တဲ့ အခါမှာ ဦးဆောင်သံဃာ ဖြစ်တဲ့အတွက် မလွှတ်တာလား-ဆိုတာကိုလည်း ကျနော်တို့ စဉ်းစားဖို့ လိုပါတယ်။ ပြီးတော့ တခါ ဒီလိုမျိုး အခြေအနေမှာ လွှတ်ဖို့ မသင့်သေးဘူးလို့ ယူဆပြီးတော့ မလွှတ်တာလည်း ဖြစ်နိုင်ပါတယ်။ ”

အရှင်ဂမ္ဘီရဟာ ရွှေဝါရောင်သံဃာလှုပ်ရှားမှုဖြစ်အောင် လှုံ့ဆော်ကြိုးပမ်းခဲ့တဲ့ သံဃာ့တပ်ပေါင်း စုရဲ့ ဦးဆောင် ကိုယ်တော် တပါးဖြစ်ပါတယ်။ ရွှေဝါရောင် လှုပ်ရှားမှုကို မြန်မာ အစိုးရက အကြမ်းဖက် နှိပ်ကွပ်ပြီးတဲ့ နောက်တော့ ပုန်းအောင်းနေတဲ့ နေရာမှာ အဖမ်း ခံခဲ့ရတာဖြစ်ပါတယ်။ ထောင်ဒဏ် ၆၈ နှစ် ချမှတ်ခံခဲ့ရပြီး မန္တလေးထောင် ခန္တီးထောင်၊ နောက် ကလေးထောင်၊ အဆင့်ဆင့် ထောင်တွေ ပြောင်းရွှေ့ခံခဲ့ရပါတယ်။

မြန်မာအာဏာပိုင်တွေဘက်ကတော့ သမ္မတဦးသိန်းစိန်အနေနဲ့ ဖွဲ့စည်းပုံမှာ ပြဌာန်းထားတဲ့ အတိုင်း နောက်ထပ် လွတ်ငြိမ်း ချမ်းသာခွင့် ပေးကောင်း ပေးနိုင်ပါတယ်လို့ ပြောနေတုန်းပါ။ နောက်ထပ် နိုင်ငံရေး အကျဉ်းသားတွေ မကြာခင် ထပ်လွတ် လာဦးမယ်လို့လည်း သတင်းတွေ ကျယ်ကျယ် ပြန့်ပြန့် ဖြစ်ပေါ်နေပါတယ်။

Ref: VOA News

Read More...

တူရကီငလျင် သေဆုံးသူ ၄၀၀ ကျော်ပြီ

အင်္ဂါ, 25 အောက်တိုဘာ 2011

တူရကီ နိုင်ငံ အရှေ့တောင်ပိုင်းမှာ တနင်္ဂနွေနေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် သေဆုံးရသူ အရေ အတွက်ဟာ အခုဆိုရင် ၄၃၂ ဦး ရှိသွားပြီ ဖြစ်ပါတယ်။ ဒဏ်ရာရသူ ကလည်း အနည်းဆုံး ၁,၃၀၀ ကျော်သွားပါပြီ။

ပြင်းအားအဆင့် ၇.၂ ရှိတဲ့ ငလျင်ဒဏ်ကြောင့် ပြိုကျတဲ့ အဆောက်အဦးတွေအောက်မှာ ပိတ်မိနေသူဟာ ရာနဲ့ချီ ရှိနေပြီး တချို့ကတော့ ထောင်ဂဏန်း အထိ ရှိမယ်လို့ ခန့်မှန်းကြတာမို့ သေဆုံး ဒဏ်ရာရသူ အရေအတွက်ဟာ အခုထက် ပိုပြီး တိုးလာနိုင်ဖွယ်ရာ ရှိပါတယ်။ ထောင်နဲ့ချီတဲ့ သူတွေလည်း အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြရပါတယ်။

အင်္ဂါနေ့က ပြိုကျနေတဲ့ အဆောက်အဦးတွေအောက်က သီတင်း ၂ ပတ်ပဲ ရှိသေးတဲ့ မွေးကင်းစ ကလေးငယ်လေး တဦးကို ကယ်ဆယ်ရေး လုပ်သားတွေက ကယ်တင် နိုင်ခဲ့ပါတယ်။ သူ့ရဲ့ မိခင်နဲ့ အဖွား ဖြစ်သူကိုပါ ကယ်တင် နိုင်ခဲ့တာပါ။ သူတို့ဟာ ပြိုကျနေတဲ့ အဆောက်အဦး၂,၀၀၀ ကျော် အောက်မှာ ၄၈ နာရီကြာလောက် ပိတ်မိ နေခဲ့တာပါ။ ဖခင်ဖြစ်သူ ကိုတော့ အခုထိ ရှာမတွေ့ သေးပါဘူး။ သူ သေဆုံးသွားပြီလား ဆိုတာလည်း မသိရ သေးပါဘူး။

တူရကီအရာရှိတစ်ဦးကနေ ပန်ကြားခဲ့တဲ့အတွက် အစ္စရေး စစ်တပ်က အရေးပေါ် အိမ်ဆောက် ပစ္စည်းတွေ အပါအ၀င် အထူး ကယ်ဆယ်ရေး ကိရိယာတွေကို တတ်နိုင်သမျှ အမြန်ဆုံး ပို့ပေးမယ်လို့ ကတိပေး လိုက်ပါတယ်။ အစပိုင်း တုန်းကတော့ အစ္စရေးရဲ့ အကူအညီပေးဖို့ ကမ်းလှမ်းချက်ကို တူရကီဘက်က ငြင်းပယ် ခဲ့ပါတယ်။ တူရကီငလျင်ဘေး ကယ်ဆယ် ကူညီရေး အတွက် နိုင်ငံပေါင်း ၉၀ လောက်က ကမ်းလှမ်း ခဲ့ကြပေမဲ့ သူနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ အီရန်နိုင်ငံနဲ့ အဇာဘိုင်ဂျန် နိုင်ငံတွေဆီက ကူညီမှုတွေကိုသာ တူရကီနိုင်ငံက လက်ခံခဲ့တာပါ။

နိုင်ငံတကာ ကြက်ခြေနီအသင်းကြီးကတော့ သူ့ရဲ့ တူရကီ အဖွဲ့က အဆောက်အဦး အပြိုအပျက်တွေ ကြားမှာ ပိတ်မိ နေသူတွေကို ကယ်တင်ဖို့ အတွက် လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။ ကြက်ခြေနီ အဖွဲ့က ရွက်ဖျင်တဲ ၇,၅၀၀ ကျော်နဲ့ စောင် အထည်ပေါင်း ၂၂,၀၀၀ ကျော် ဖြန့်ဖြူး ပေးခဲ့သလို မီးဖို၊ အစားအစာနဲ့ သောက်ရေသန့်တွေကိုပါ ပေးဝေခဲ့ပါတယ်။

အီရန်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ နယ်စပ်က Ercis မြို့မှာလည်း အပျက်အစီး အများအပြား ရှိခဲ့ပြီး ရေနဲ့ လျှပ်စစ်မီးတွေ ဖြတ်တောက် ထားခဲ့ပါတယ်။ နောက်ဆက်တွဲ ငလျင် လှုပ်ခတ်မှုတွေထဲမှာ အင်္ဂါနေ့က ပြင်းအားအဆင့် ၅.၄ ငလျင်တစ်ခု ထပ်ပြီး လှုပ်ခဲ့တာမို့ အဆောက်အဦးထဲက လူတွေ ကြောက်လန့် တကြားနဲ့ လမ်းမတွေပေါ် ထွက်ပြေး ခဲ့ကြရပါတယ်။

Ref: VOA News

Read More...

ဘန်ကောက်မြို့ ဒုံမောင်းလေဆိပ်ရေလွှမ်း

အင်္ဂါ, 25 အောက်တိုဘာ 2011

ထိုင်းနိုင်ငံမှာ ရေဘေးနဲ့ကြုံနေရတာမှာ အင်္ဂါနေ့မှာပဲ ဘန်ကောက်မြို့တော်က Don Muang လေဆိပ်ကို ရေတွေ ရောက်ရှိ လာတာကြောင့် လေယာဉ်ခရီးစဉ်တွေ ရပ်ဆိုင်းထားရပြီး အာဏာပိုင်တွေဟာ လေဆိပ်မှာရှိတဲ့ အဓိက ကယ်ဆယ်ရေး စခန်းကနေ လူတွေ မြို့တောင်ဘက်က ကယ်ဆယ်ရေး စခန်းဆီ ရွှေ့ပြောင်း နေကြရပါပြီ။

မြို့ရဲ့အရှေ့တောင်ပိုင်းက ပင်မ နိုင်ငံတကာလေဆိပ်ကတော့ ထိခိုက်မှုမရှိပါဘူး။ ဒါပေမယ့် နိုင်ငံမြောက်ပိုင်းက ရေလွှမ်း ခံနေရတဲ့ ဒေသတွေဆီ ကယ်ဆယ်ရေး ပစ္စည်းတွေကို လေကြောင်းနဲ့ ပို့ပေးတဲ့ နေရာမှာ ဒီ Don Muang လေဆိပ်ကို အဓိက အသုံးပြုနေတာပါ။ ဝန်ကြီးချုပ် Yingluck Shinawatra က အင်္ဂါနေ့မှာ အတိက်အခံ ခေါင်းဆောင် Abhisit Vejjajiva နဲ့တွေ့ဆုံ ခဲ့ပါတယ်။

Mr Abhisit က ဒီပြဿနာဖြစ်နေချိန်မှာ အစိုးရရဲ့လုပ်ကိုင်မှုတွေကို ထောက်ခံ အားပေးသွားမယ်လို့ ကတိပြု ထားတာပါ။ ရေဘေးဒဏ် ခံရတဲ့ ကုန်ထုတ်လုပ်ရေး သမားတွေ၊ အသေးစားနဲ့ အလယ်အလတ် လုပ်ငန်းပိုင်ရှင်တွေ၊ ကိုယ်ပိုင် ရပ်တည်တဲ့ စီးပွားရေး သမားတွေကို ကူညီဖို့အတွက် ဒေါ်လာ သန်း ၈,၀၀၀ ထုတ်ချေးဖို့ ၀န်ကြီးအဖွဲ့က အတည်ပြုလိုက်ပါတယ်။

ရေဘေးဒဏ်ကနေ ပြန်နလည်ထူရေး လုပ်ဆောင်နိုင်ဖို့အတွက်လည်း အောက်တိုဘာ လကုန်ပိုင်းမှာ အများပြည်သူ ရုံးပိတ်ရက် ၄ ရက် ကြေညာမယ်လို့ ပြောပါတယ်။ ဒီရေဘေးကြောင့် စီးပွားရေးအရ ဒေါ်လာ သန်း ၆,၀၀၀ ဖိုး ဆုံးရှုံးမှု ရှိတယ်လို့ စီးပွားရေး ပညာရှင်တွေက ခန့်မှန်းပါတယ်။

Ref: VOA News

Read More...

စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းရန်စောသေးကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြော

October 25, 2011

အမေရိကန်နိုင်ငံအပါအဝင် အနောက်နိုင်ငံများ၏ ဒဏ်ခတ်ပိတ်ဆို့မှုများ မရုပ်သိမ်းမီ မြန်မာ အစိုးရအနေဖြင့် အပြောင်းအလဲ များစွာ လုပ်ရန်လိုသေးကြောင်း မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က The Wall Street Journal သတင်းစာနှင့် တွေ့ဆုံ မေးမြန်းခန်းတွင် ပြောဆိုလိုက်သည်။

ယနေ့ထုတ် အဆိုပါ သတင်းစာတွင် ပါရှိသည့် တွေ့ဆုံမေးမြန်းခန်းတွင် ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက် ဆီလင်း ဖာနန်ဒတ်ဇ်အား မြန်မာပြည်အပေါ် စီးပွားရေး ပိတ်ဆို့မှုများ ရုပ်သိမ်းရန် စောသေးသည်ဟု ပြောရသည့် အချက်နှစ်ချက် ရှိကြောင်း ပြောသည်။

ပထမတချက်မှာ မြန်မာအစိုးရအနေဖြင့် နိုင်ငံရေး အကျဉ်းသားများအား ခြွင်းချက်မရှိ လွှတ်ပေးရန် ဖြစ်ပြီး ဒုတိယ အချက်မှာ တိုင်းရင်းသား ဒေသများတွင် ဖြစ်ပေါ်နေသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ စစ်ပွဲများနှင့် ပတ်သက်သည့် ပြဿနာများကို ရှင်းလင်းပေးရန် လိုအပ်ကြောင်း၊ ထိုနှစ်ချက်ကို မဖြေရှင်းနိုင်သေးသရွေ့ စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်းရန် အချိန်မကျ သေးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အစိုးရ၏ အပြောင်းအလဲများအပေါ် သံသယ ကြီးလွန်းသော အတိုက်အခံ များအားလည်း နားလည်မှု ရရှိစေရန် စည်းရုံး ထိန်းကွပ်နေရကြောင်း၊ မြန်မာ အစိုးရအနေဖြင့် နိုင်ငံတကာရှေ့မှောက်တွင် တရားဝင် ဖြစ်စေရန် ၎င်းကို အသုံးချနေသည်ဟု တချို့သော အတိုက်အခံများက စွပ်စွဲ ပြောဆိုကြကြောင်း သူက ဆက်ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် မဲမသမာမှုများဖြင့် အနိုင်ရယူခဲ့သည့် အစိုးရကို ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် လာချိန်တွင် အပြင်းအထန် ဆန့်ကျင်လိမ့်မည်ဟု အတိုက်အခံတချို့က မျှော်လင့်ခဲ့ကြသော်လည်း ၎င်းအနေဖြင့် အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး ကိုသာ ဦးစားပေးခဲ့သည်။

ထို့အပြင် ယခု အစိုးရသစ်အဖွဲ့ဝင်များနှင့် ဆွေးနွေးမှုများသည် ယခင်ဆွေးနွေးမှုများနှင့် မတူဘဲ ဟန်ဆောင် ပြောဆိုနေခြင်း မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်က ခံစားရကြောင်း The Wall Street သတင်းထောက်ကို ပြောသည်။

“အစိုးရအဖွဲ့ဝင်တွေနဲ့ စကားပြောကြည့်တော့ သူတို့ တကယ့်ကို ပြောနေကြတာလို့ ခံစားရတယ်” ဟု ဒေါ်အောင်ဆန်း စုကြည်က ဆိုသည်။

လက်ရှိ အစိုးရ၏ ပြုပြင်ပြောင်းလဲရေး လုပ်လိုသော ဆန္ဒများသည် မြန်မာနိုင်ငံကို နိုင်ငံတကာ မိသားစုများ အတွင်း သိက္ခာရှိရှိ ပြန်လည် ရပ်တည်နိုင်ရန် အခွင့်ကောင်း တရပ် ဖြစ်ကြောင်း ၎င်းက ပြောသည်။

မြန်မာအစိုးရ၏ မီဒီယာထိန်းချုပ်မှုများ လျှော့ချပေးခြင်း၊ ပြုပြင်ပြောင်းလဲရေးများ စတင် လုပ်ဆောင်နေခြင်း၊ ၎င်းနှင့် ဆွေးနွေး စကား ပြောဆိုခြင်း စသည်တို့ကို အပြည့်အဝ ကြိုဆိုသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ဦးသိန်းစိန်အပါအဝင် မြန်မာအစိုးရအဖွဲ့ဝင်များနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ လတ်တလော တွေ့ဆုံ ဆွေးနွေးမှုသည် ၁၉၉၀ ဝန်းကျင် ကာလများက အသားအရောင် ခွဲခြားမှု စနစ်ကို ရပ်စဲရန် တောင်အာဖရိကတွင် နှစ်ဘက် အပြန်အလှန် ညှိနှိုင်းကြခြင်းနှင့် အလားသဏ္ဍန် တူကြောင်း သူက ပြောသည်။

သမ္မတဦးသိန်းစိန်သည် ရိုးသားပွင့်လင်းပုံရ၍ နိုင်ငံအတွင်း ပြုပြင်ပြောင်းလဲရန် ဆန္ဒရှိပုံရကြောင်း ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက် ပေးခဲ့သည်။

“ကျမတို့ ပန်းတိုင်ကို မရောက်သေးပေမယ့် အဲဒီပန်းတိုင်ဆီကို ဦးတည်သွားနေကြတယ် ဆိုတာတော့ ရှင်းရှင်းလင်းလင်း သိပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပြန်လည်မှတ်ပုံတင်ရေးနှင့် လာမည့် ၂၀၁၅ တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ရေး ကိစ္စရပ်များမှာ အစိုးရပေါ်တွင် မူတည်နေသည်ဟု သူက ဆိုသည်။

NLD မှတ်ပုံတင်လိုက်ခြင်း အားဖြင့် အစိုးရ၏ နိုင်ငံရေး စနစ်ကို တနည်းတဖုံ ထောက်ခံရာရောက်မည် ဖြစ်သောကြောင့် မြန်မာ အစိုးရက ပါတီ မှတ်ပုံတင်ရန် လိုလားနေခြင်း ဖြစ်သည်။

၂၀၁၀ ရွေးကောက်ပွဲကို NLD က သပိတ်မှောက်ခဲ့ခြင်းမှာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ထောင်ကျဖူး သူများကို ပါတီ နိုင်ငံရေး ထဲတွင် ပါဝင်ဆောင်ရွက်ခွင့် ကန့်သတ် ခဲ့ခြင်းကြောင့် ဖြစ်သည်။ သို့ရာတွင် ယခုအခါ ရွေးကောက်ပွဲ ဥပဒေနှင့် ပါတီ မှတ်ပုံတင်ရေး ဥပဒေများကို ကျင်းပနေသည့် လွှတ်တော်တွင်း ဆွေးနွေးနေပြီ ဖြစ်သောကြောင့် ထွက်ပေါ်လာမည့် ရလဒ်အပေါ်တွင် မူတည်၍ စဉ်းစားသွားမည် ဖြစ်ကြောင်းလည်း သူက ဆိုသည်။

၁၉၉၀ ရွေးကောက်ပွဲရလဒ်အပေါ် NLD က ဆက်လက်ဆုပ်ကိုင်ထားမှုနှင့် ပတ်သက်၍ “လူတော်တော်များများ ထင်သလို ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်အတိုင်း အာဏာ လွှဲပြောင်းပေးဖို့ မဟုတ်ပါဘူး။ ဒါဟာ လက်တွေ့လည်း မကျဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ကိုယ်စားလှယ် တော်တော်များများဟာ ကွယ်လွန်ကုန်ကြပြီ၊ တချို့လည်း နိုင်ငံခြား တိုင်းပြည်တွေမှာ ရောက်နေကြပြီ” ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြသည်။

အစိုးရ၏ ပြုပြင်ပြောင်းလဲမှုများအနက် မီဒီယာလောကကို ချုပ်ချယ်မှု လျှော့ချလာခြင်းအား ထောက်ပြ၍ ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် မီဒီယာ လွတ်လပ်ခွင့် အရဆုံး ကာလဟု မှတ်ချက်ချပြီး လှိုက်လှိုက်လှဲလှဲ ထောက်ခံကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

“လူတွေဟာ နိုင်ငံရေးမှာ ပါဝင်လာဖို့ ပိုပြီး သက်သောင့်သက်သာ ရှိလာတယ်။ အရင်ကလို မကြောက်ကြတော့ဘူး။ တက်ကြွ လှုပ်ရှားသူတွေ အနေနဲ့လည်း အန္တရာယ် ကင်းကင်းနဲ့ နိုင်ငံရေးမှာ ပါဝင်ပတ်သက် လာနိုင်နေပြီ” ဟု သူက ဆိုသည်။

၂၀၁၄ ခုနှစ်တွင် အာဆီယံ ဥက္ကဋ္ဌ ရာထူးကို မြန်မာနိုင်ငံအနေဖြင့် ရယူရေး ကိစ္စရပ်နှင့်ပတ်သက်၍မူ ဒေါ်အောင်ဆန်း စုကြည်က လှိုက်လှိုက် လှဲလှဲ ပြောဆိုလိုခြင်း မရှိကြောင်း သတင်းစာတွင် ရေးထားသည်။

“အာဆီယံ ဥက္ကဋ္ဌ ရာထူးကို မျှော်မှန်းနေတာဟာ ပြည်သူလူထုဘဝ တိုးတက်လာဖို့ ကိစ္စနဲ့ ဘာမှ မသက်ဆိုင်ဘူးလို့ မြင်တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

မြန်မာအစိုးရကမူ လာမည့် ၂၀၁၄ ခုနှစ်တွင် ကျရောက်မည့် အာဆီယံ ဆွေးနွေးပွဲတွင် ဥက္ကဋ္ဌ ရာထူးကို လက်ခံရယူရန် ဆန္ဒ ရှိနေသည်။

တချိန်တည်းတွင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်၏ တရားစီရင်ရေး စနစ်ကို ဝေဖန် ရှုတ်ချ လိုက်သည်။

မြန်မာပြည်တရားစီရင်ရေး စနစ်နှင့် ပတ်သက်၍ “အားလုံးသိကြတဲ့အတိုင်းပါပဲ” ဟု ပြောပြီး လွတ်လပ်မျှတမှု မရှိသော တရား စီရင်ရေးစနစ် ဖြစ်သည် ဟုလည်း ၎င်းကဆိုသည်။

မီဒီယာတင်းကျပ်မှုများကို လျှော့ချပေးနေသော်လည်း အစိုးရအဖွဲ့အတွင်း ပွင့်လင်းမြင်သာမှု ကင်းမဲ့နေဆဲ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက်ပြုသည်။

ဥပမာ တခုအနေဖြင့် ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေသည် ယခုတိုင် အစိုးရကို နောက်ကွယ်မှ ကြိုးကိုင် နေဆဲလော (သို့မဟုတ်) အမှန်တကယ် အငြိမ်းစား ယူသွားခြင်းလော ဆိုသည့်အချက်ကို မရှင်းလင်းကြောင်း၊ ထိုသို့ မရှင်းလင်း ရခြင်းမှာလည်း လူအများမှာ ကောလာဟလများ ကိုသာ အားကိုးနေရဆဲ ဖြစ်သောကြောင့် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

သို့သော် သမ္မတဦးသိန်းစိန်သည် တစုံတရာသော သြဇာအာဏာကို ဆုပ်ကိုင်ထားပြီး ထိုသြဇာအာဏာကို အသုံးချကာ ပြုပြင် ပြောင်းလဲရေး များကို လုပ်ကိုင် သွားနိုင်လိမ့်မည်ဟု ထင်မြင်ကြောင်း ၎င်းက ဆိုသည်။

“လူတွေမှာ မေးစရာမေးခွန်းတွေ ရှိနေတယ်လို့ ကျမထင်တယ်။ အဲဒါကတော့ အစိုးရ အဖွဲ့ဝင်တွေ ထဲမှာကော၊ စစ်တပ် ထဲမှာပါ ဦးသိန်းစိန်ကို ဘယ်လောက် ထောက်ခံကြသလဲ ဆိုတဲ့မေးခွန်းပါ။ ဒီမေးခွန်းတွေ ရှိနေတာကို ကျမလည်း မငြင်းနိုင်ဘူး။ ဒါပေမယ့် အတိအကျ ခံစားယုံကြည် မိတာကတော့ ဦးသိန်းစိန် အနေနဲ့ အလုံးစုံကို မချုပ်ကိုင် နိုင်ရင်တောင်မှ သူဟာ ထိပ်ဆုံးကလူပဲ ဆိုတာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ကောက်ချက်ချသည်။

Ref: ဧရာဝတီ

Read More...

သံဃာတော်များ ဆန္ဒပြခွင့်မပြုရန် ကြံ့ခိုင်ရေးအမတ် တင်ပြ

မျိုးသန့်
အင်္ဂါနေ့၊ အောက်တိုဘာလ ၂၅ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ အထက်လွှတ်တော်တွင် ဆွေးနွေးလျက်ရှိသော "ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့်" ဥပဒေ မူကြမ်း၌ ဗုဒ္ဓဘာသာ သံဃာတော်များကို ဆန္ဒပြခွင့် မပြုသည့် တားမြစ်ချက် ထည့်သွင်းရန် အာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ အမတ်တဦးက အင်္ဂါနေ့က ထည့်သွင်း ဆွေးနွေးသွားခဲ့သည်ဟု လွှတ်တော် အမတ်များက ပြောသည်။

ဧရာဝတီတိုင်း မဲဆန္ဒနယ် (၆)မှ အထက်လွှတ်တော် အမတ် ဦးခင်မောင်ရီ (အငြိမ်းစား တိုင်းပညာရေးမှူး) မှ သံဃာတော် များနှင့် လေကြောင်း ဌာနများမှ ဝန်ထမ်းများ၊ ရေပေးဝေရေး ဌာနများမှ ဝန်ထမ်းများကိုလည်း ဆန္ဒပြပွဲတွင် မပါဝင်ရန် ဥပဒေဖြင့် ကန့်သတ် သင့်ကြောင်း ဆွေးနွေး သွားခြင်းဖြစ်သည်။

ထို့အပြင် ဆန္ဒပြခွင့်ဥပဒေကို ရေးဆွဲရုံသာ ရေးဆွဲထားပြီး ဥပဒေပြဋ္ဌာန်းမှု မလုပ်သင့်သေးကြောင်းလည်း ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ၏ အခြားသော အမတ် တဦးကလည်း ဆွေနွေး သွားခဲ့သေးသည်။ ကရင်ပြည်နယ် မဲဆန္ဒနယ် (၅) မှ လွှတ်တော် အမတ် ဦးစောထွန်းမြအောင်က 'အစိုးရ သက်တမ်း နုသေးသည်' ဟူသည့် အကြောင်းပြချက်ဖြင့် ဆန္ဒပြခွင့် မပေးသင့်သေးကြောင်း စောဒက တက်သွားခဲ့ခြင်း ဖြစ်သည်။

လွှတ်တော်အတွင်း အတိုက်အခံပါတီ တခုဖြစ်သော ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ကမူ ဆန္ဒပြခွင့် ဥပဒေ မူကြမ်းကို ထောက်ခံသည့် အပြင် ဆန္ဒပြလိုပါက သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးသို့ ကြိုတင် အကြောင်းကြားရမည့် ကာလကိုပင် လျော့ချ စေလိုသည်။

အောက်လွှတ်တော်က စက်တင်ဘာလ အတွင်းက အတည်ပြုပြီးသော ဆန္ဒပြခွင့် ဥပဒေမူကြမ်းတွင် ဆန္ဒပြလိုပါက သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးသို့ ခုနှစ်ရက် ကြိုတင် အကြောင်း ကြားရမည် ဖြစ်သည်ဟု ပြဋ္ဌာန်းထားသည်။

RNDP ၏ ရခိုင်ပြည်နယ် မဲဆန္ဒနယ် (၁၀) လွှတ်တော်အမတ် ဦးအုန်းတင်က သုံးရက်သာ ကြိုတင် အကြောင်းကြား စေသင့်သည်ဟု ထည့်သွင်း ဆွေးနွေးသွားသည်။

'ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဥပဒေကြမ်း' နှင့် ပတ်သက်၍ အထက်လွှတ်တော် အမတ်များ၏ ဆွေးနွေးမှု များကို ဥပဒေကြမ်း ကော်မတီမှ စိစစ်ကာ အထက်လွှတ်တော်သို့ ပြန်လည် တင်ပြရမည် ဖြစ်သည်။ ဥပဒေကြမ်း ကော်မတီမှ သုံးသပ်ချက် ထပ်မံ ထွက်ပေါ်လာ အပြီး လွှတ်တော် အမတ်များမှ ထပ်မံ ဆွေးနွေးကာ ဥပဒေ အဖြစ် အတည်ပြု၊ မပြုကို ဆုံးဖြတ်မည် ဖြစ်သည်။

အဆိုပါ ဥပဒေမူကြမ်းသည် ပြည်ထဲရေး ဝန်ကြီးဌာနမှ စက်တင်လာလ ၂၇ ရက်နေ့က အောက်လွှတ်တော်သို့ တင်သွင်း ခဲ့သည့် ဥပဒေ မူကြမ်းဖြစ်ပြီး အောက်လွှတ်တော်မှ အတည်ပြုပြီး ဖြစ်သည့် ဥပဒေကြမ်းကို အထက် လွှတ်တော်၏ သဘောထား ရယူရန် လွှတ်တော်တွင်း တနင်္လာနေ့က ဆွေးနွေး ကြခြင်းဖြစ်သည်။

ဥပဒေတွင် အခန်း ရှစ်ခန်းပါဝင်ပြီး ဆန္ဒဖေါ်ထုတ်ရာတွင် ပါဝင်မည့်သူ အရေအတွက်၊ ဆန္ဒ ဖေါ်ထုတ်မည့် လမ်းကြောင်း တရား ဟောမည့် သူ၏ ကိုယ်ရေးရာဇဝင် တို့ကို သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးထံသို့ တင်ပြရမည်ဟု ပြဋ္ဌာန်း ပါရှိသည်။

"ခွင့်ပြုချက် မရဘဲ၊ ငြိမ်းချမ်းစွာ စီတန်းလှည့်လှည်ခြင်း၊ ငြိမ်းချမ်းစွာ စီတန်းခြင်း၊ ပြစ်မှုထင်ရှားပါက တနှစ်ထက် မပိုသော ထောင်ဒဏ်နှင့် ငွေဒဏ်၊ စီတန်း လှည့်လည်သူများကို နှောက်ယှက်လျှင် နှစ်နှစ်ထက် မပိုသော ထောင်ဒဏ်" တို့ကို သတ်မှတ်ထားသည်။

Ref: မဇ္ဈိမ

Read More...

Tuesday, October 25, 2011

မစ်ရှီဂန်တက္ကသိုလ် Wallenberg ဆု ဒေါ်စုကိုချီးမြှင့်

ဒေါ်ခင်မျိုးသက်
တနင်္လာ, 24 အောက်တိုဘာ 2011

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၁ ခုနှစ်အတွက် အမေရိကန် ပြည်ထောင်စု မစ်ရှီဂန် တက္ကသိုလ် (University of Michigan) ရဲ့ ရာအိုး ဝေါ်လင်ဘတ် (Raoul Wallenberg) ဆုကို ချီးမြှင့် လိုက်ပါတယ်။ ငြိမ်းချမ်းတဲ့ နည်းနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ရရှိစေဖို့ အနစ်နာခံ ကြိုးပမ်းမှုတွေ အတွက် အခုလို ချီးမြှင့်တာလည်း ဖြစ်ပါတယ်။ အင်္ဂါနေ့ည အမေရိကန် စံတော်ချိန် ၇ နာရီခွဲမှာ မစ်ရှီဂန် တက္ကသိုလ်က ကျောင်းသားတွေနဲ့လည်း ဒေါ်အောင်ဆန်းစုကြည်က ဗွီဒီယို ရုပ်သံနဲ့ တိုက်ရိုက် ဆွေးနွေးဖို့ ရှိပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

အမေရိကန် အရှေ့မြောက်ပိုင်းမှာရှိတဲ့ မစ်ရှီဂန်တက္ကသိုလ်မှာ “လူမှုအသိုက်အ၀န်းထဲက တကယ့် အပြောင်း အလဲကို ဖေါ်ဆောင်နိုင်တဲ့ လူသား” အတွက် ရည်ရွယ်တဲ့ ဝေါ်လင်ဘတ်ဆုကို ဒီနှစ်အတွက် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့် လိုက်ပါတယ်။ မစ်ရှီဂန် တက္ကသိုလ်က လက်ထောက် အကြီးအကဲ ဒေါက်တာ ဂျွန် ဂေါ့ဒ်ဖရီး (John Godfrey) က ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ လွတ်လပ်မှုအတွက် မဆုတ်မနစ် ကြိုးစားသူတစ်ဦး ဖြစ်သလို တကမ္ဘာလုံး ကိုလည်း သူ့ရဲ့ အတွေးအခေါ်နဲ့ လွှမ်းမိုး စေခဲ့သူမို့ ဒီဆုကို ချီးမြှင့်ခဲ့တာလို့ ပြောပါတယ်။

“တကယ် အကျဉ်းထောင်ဟာ ကြောက်ရွံ့ခြင်း ဖြစ်သလို တကယ့် လွတ်လပ်မှု အစစ်အမှန်က ကြောက်ရွံ့ခြင်းက ကင်းဝေး တာပါလို့ ဒေါ်စုက ရေးသား ခဲ့ပါတယ်။ အထူးသဖြင့် နေအိမ် အကျယ်ချုပ် ၇ နှစ် ချထားရာကနေ လွတ်မြောက် လာတဲ့နောက် ပြောခဲ့တဲ့ စကားက တကမ္ဘာလုံးကို လှုပ်ရှား စေခဲ့တာပါ။ မျှော်လင့်ခြင်းကို လက်မလွှတ်ဖို့နဲ့ တချိန်တည်းမှာပဲ မျှော်လင့်နေယုံနဲ့ မပြီးဘဲ ကိုယ်လိုချင်တာကို ဇွဲနဲ့ ကြိုးပမ်းဖို့ပါ။ သူလွတ်လာခဲ့ ပြီးတဲ့နောက် လပိုင်း အတွင်းမှာပဲ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်ရဖို့ မျှော်လင့်ချက်တွေ တိုးလာတာ တွေ့ရပါတယ်။”

ဒီလို မြန်မာနိုင်ငံအတွက်တင်မကဘဲ ကမ္ဘာကပါ အသိမှတ်ပြုရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မစ်ရှီဂန် တက္ကသိုလ်က ချီးမြှင့်တဲ့ ဆုဟာ လူ့သိက္ခာ၊ လူ့အခွင့်အရေးနဲ့ တရားမျှတရေး အတွက် ထူးထူးခြားခြား စွန့်လွှတ် အနစ်နာခံခဲ့သူ ရာအိုး ဝေါ်လင်ဘတ် (Raoul Wallenberg) ကို ဂုဏ်ပြုပြီး ပေးတဲ့ဆုလို့ ဆိုပါတယ်။

“ပေးမယ့်ဆုက ဝေါ်လင်ဘတ်ဆုပါ။ ကျနော်တို့ တက္ကသိုလ်ထွက် တစ်ဦးဖြစ်တဲ့ သိပ်ထင်ရှားတဲ့ ရာအိုး ဝေါ်လင်ဘတ် အထိမ်းအမှတ် ပေးတဲ့ဆုပါ။ သူဟာ ဆွီဒင် နိုင်ငံသားဖြစ်ပြီး ၁၉၃၄ ခုနှစ်မှာ ဒီ မစ်ရှီဂန် တက္ကသိုလ်က ဘွဲ့ရခဲ့ပါတယ်။ ဒုတိယ ကမ္ဘာစစ်ကြီး အတွင်း ဆွီဒင် သံတမန်အဖြစ် အမှုထမ်းနေတဲ့ သူ့ကို ဘူတာပက်စ် (Budapest) မြို့က ဂျူးတွေကို ကယ်တင်ဖို့ အမေရိကန်က အကူအညီ တောင်းတာကို လက်ခံပြီး သိန်းနဲ့ချီတဲ့ ဂျူးတွေကို ကယ်တင်ခဲ့သူပါ။ လူ့သိက္ခာ၊ လူ့အခွင့်အရေးနဲ့ တရားမျှတရေး အတွက် ထူးထူးခြားခြား စွန့်လွှတ် အနစ်နာခံတဲ့သူတွေကို ရွေးချယ်ပေးတဲ့ ဆုကို ဒီနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ပေးဖို့ ရွေးချယ်ခဲ့တာပါ။”

ရာအိုး ဝေါ်လင်ဘတ် ဆုကို ဒေါ်အောင်ဆန်းစုကြည်အပြင် အရင်က တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမား၊ တောင်အာဖရိက ဘုန်းတော်ကြီး ဒက်စမွန်တူးတူး နဲ့ ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင် အယ်လီဝိုက်ဆဲလ် (Elie Wiesel) တို့ကိုလည်း ချီးမြှင့်ခဲ့တာပါ။

“သူ့လို လူ့သိက္ခာ လူ့အခွင့်အရေးနဲ့ တရားမျှတရေးအတွက် ထူးထူးခြားခြား စွန့်လွှတ်အနစ်နာခံတဲ့သူတွေကို ရွေးချယ် ပေးတဲ့ ဆုကို ဒီနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ပေးဖို့ ရွေးချယ်ခဲ့တာပါ။ လွန်ခဲ့တဲ့ ၂၅ နှစ်အတွင်း မြန်မာနိုင်ငံမှာ လွတ်လပ်မှု၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ ရဖို့အတွက် ကြောက်ရွံ့မှုအကင်းဆုံး၊ တစိုက်မတ်မတ်နဲ့ မဆုတ်မနစ် အကြိုးပမ်းဆုံး သူဟာ ဒေါ်အောင်ဆန်းစုကြည်ပါ။ အဆိုးရွားဆုံး အာဏာရှင်ကို စိတ်ဓါတ် အင်အားနဲ့ တွန်းလှန်နိုင်တယ် ဆိုတာကို သူကဦးဆောင်ပြီး လက်တွေ့ ပြခဲ့ပါတယ်။ ဒီလိုလူမျိုးဟာ ရာအိုး ဝေါ်လင်ဘတ် ဆုနဲ့ ထိုက်တန်သူပါ။”

အောက်တိုဘာလ ၂၅ ရက် အင်္ဂါနေ့ အမေရိကန်စံတော်ချိန် ညနေ ၇နာရီခွဲမှာ မစ်ရှီဂန်တက္ကသိုလ် ရက်ဟမ် (Rackham) ခန်းမထဲမှာ ဆုချီးမြှင့်ပွဲ အခမ်းအနားနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟောပြောပွဲကို ကျင်းပမယ်လို့ ဆိုပါတယ်။

“သူ့ရဲ့ပြောကြားချက်တွေကို လွန်ခဲ့တဲ့ နှစ်ပတ်တုန်းက ကျနော်တို့ အသံ သွင်းယူထားပါတယ်။ ရန်ကုန် သူမရဲ့ နေအိမ်ကနေ ပြောခဲ့တာပါ။ ဒီပြောကြားချက်တွေ ပြီးရင် စကိုက်ပ် (Skype) နဲ့ တိုက်ရိုက် မေးမြန်း ဆွေးနွေးနိုင်ဖို့ စီစဉ် ထားပါတယ်။”

ရာအိုး ဝေါ်လင်ဘတ်ဆုကို ဒေါ်အောင်ဆန်းစုကြည် ဆီကို တိုက်ရိုက်ပေးပို့မှာ ဖြစ်ပါတယ်။ ဆုဟာ ဝေါ်လင်ဘတ် ကော်မတီက ရွေးချယ် ချီးမြှင့်တာဖြစ်ပြီး ဆုတံဆိပ် တဘက်မှာ One Person Can Make a Difference “လူတစ်ဦး တစ်ယောက်တည်း ကလဲ အပြောင်းအလဲကို လုပ်နိုင်ပါတယ်”လို့ ရေးထွင်း ထားပါတယ်။

Ref: VOA News

Read More...

အမေရိကန် ကိုယ်စားလှယ် ထပ်မံရောက်ရှိ

ကိုပေါက်
တနင်္လာနေ့၊ အောက်တိုဘာလ ၂၄ ရက် ၂၀၁၁

နယူးဒေလီ (မဇ္ဈိမ) ။ ။ အမေရိကန် အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် မူဝါဒ ညှိနှိုင်းရေးမှူး မစ္စတာ ဒဲရက်ခ် ဂျေ မစ်ချဲလ် Derek J. Mitchell သည် ၎င်း၏ နှစ်ရက်ကြာ ခရီးစဉ်အဖြစ် ရန်ကုန်မြို့သို့ တနင်္လာနေ့ က ရောက်ရှိနေသည်။

မကြာမီ နေပြည်တော်ရှိ အစိုးရ အရာရှိများနှင့် တွေ့ဆုံနိုင်ရန် သွားရောက်မည်ပြီး ခရီးစဉ် အတွင်း နိုင်ငံရေး အကျဉ်းသားများ ထပ်မံ လွှတ်ပေးရေး ဖိအား ပေးသွားရန်နှင့် လူမျိုးစု ဒေသများ အတွင်း စစ်မက်ဖြစ်ပွားမှု ကိစ္စများနှင့် စပ်လျဉ်း၍လည်း ဆွေးနွေး သွားမည်ဖြစ်ကြောင်း AP သတင်းတပုဒ်တွင် ရေးသားထားသည်။

ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD နှင့် တွေ့ဆုံ နိုင်လိမ့်မည်ဟု ပြောခွင့်ရ ဦးအုန်းကြိုင်က မျှော်လင့်သည်။

“ ဘယ်တော့တွေ့မယ် ဆိုတာတော့ မပြောတတ်သေးဘူး။ ခုချိန်ထိတော့ ဘာမှမသိသေးဘူးဗျ” ဟု ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

ယခုခရီးစဉ်သည် Derek Mitchell ၏ ဒုတိယအကြိမ် ဖြစ်ပြီး စက်တင်္ဘာလအတွင်းက လာရောက်စဉ် နေပြည်တော် အစိုးရ အပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ခေါင်းဆောင်များနှင့်ပါ တွေ့ဆုံခဲ့ပြီး မြန်မာ့ နိုင်ငံရေးတွင် ပြောင်းလဲ တိုးတက်မှု ရှိကြောင်း ပြောဆိုခဲ့သည်။

မစ္စတာမစ်ချဲလ်သည် သံအမတ်ကြီး အဆင့်ရှိသည်ဟု အမေရိကန် နိုင်ငံခြားရေးဌာနက ကြေငြာထား သည်။ ၁၉၈၈ ခုနှစ် စက်တင်ဘာ လတွင် မြန်မာ စစ်တပ်က အာဏာသိမ်းသည့်နောက် အမေရိကန်နိုင်ငံက မြန်မာနိုင်ငံရှိ သံအမတ် ကို ပြန်လည်ခေါ်ယူပြီး သံတမန် ဆက်ဆံရေးကို အဆင့် လျှော့ချ ထားခဲ့သည်။

မစ္စတာ မစ်ချဲလ်အား မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အဖြစ် ခန့်အပ်ရန် လွှတ်တော်၌ စာရင်း သွင်းစဉ်က မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ကြိုဆိုခဲ့ပြီး မြန်မာ့ ဒီမိုကရေစီရေး အတွက်စစ်မှန်သည့် ကူညီမှုမျိုး ရနိုင်ရန် မျှော်လင့်ကြောင်း ပြောဆိုခဲ့သည်။

မစ္စတာ မစ်ချဲလ်သည် အာရှနှင့် ပစိဖိတ်ဒေသ လုံခြုံရေးရာ ကာကွယ်ရေး ဝန်ကြီးဌာန၏ ဒု-လက်ထောက် ကာကွယ်ရေး ဝန်ကြီး တာဝန်ကို ၂ဝဝ၉ ခုနှစ် ဧပြီလ မှ ၂ဝ၁၁ ခုနှစ် သြဂုတ်လအထိ ထမ်းဆောင်ခဲ့သည်။

ထိုသို့ အာရှ အတွေ့အကြုံနှင့် တရုတ်နိုင်ငံ အတွေ့အကြုံများရှိသူ မစ္စတာ ဒဲရက်ခ် မစ်ချဲလ်ကို မြန်မာနိုင်ငံ ဆိုင်ရာ အထူး ကိုယ်စားလှယ်နှင့် မူဝါဒ ညှိနှိုင်းရေးမှူး အဖြစ် ခန့်ထားရန် အမေရိကန် သမ္မတ ဘားရက် အိုဘားမား၏ အဆိုပြုခဲ့ပြီး၊ အမေရိကန် အထက် လွှတ်တော်မှ သြဂုတ်လ ၁၅ ရက်နေ့တွင် အတည်ပြုခဲ့ခြင်း ဖြစ်သည်။

Ref: မဇ္ဈိမ

Read More...

Monday, October 24, 2011

အရင်ရှင်းရမှာက အရင်းရှင်မဟုတ် ကပ်ပါးကောင်တွေပါ

လူထုစိန်ဝင်း
Sunday, 23 October 2011

မြန်မာလူမျိုးတွေ သည်းခံနိုင်လွန်းတာနဲ့ မြန်မာနိုင်ငံ တိုးတက်သင့်သလောက် တိုးတက် မလာဘဲ နောက်ကျန် နေရစ်တာဟာ ကိုးကွယ်တဲ့ ဘာသာတရားနဲ့များ သက်ဆိုင်နေမလား ဆိုတဲ့ မေးခွန်းကို နိုင်ငံခြားသား သတင်းသမားတွေ၊ စာရေးဆရာ တွေနဲ့ တွေ့တဲ့အခါတိုင်း အမေးခံရလေ့ ရှိတယ်။

ပါဝင်စွက်ဖက်မှုမရှိတဲ့ဘာသာ

မြန်မာလူမျိုး ပညာတတ်လူငယ်တချို့လည်း တစ်ခါတစ်လေ ဒီလို မေးတတ်တယ်။ ဗုဒ္ဓဘာသာက ဘယ်အရာမဆို မိမိပြုလုပ်ခဲ့တဲ့ ကုသိုလ်၊ အကုသိုလ်ကံ အလျောက် ဖြစ်ရတယ်လို့ ဆိုတဲ့အတွက် ကြိုးစား သင့်သလောက် မကြိုးစားကြဘဲ ရောင့်ရဲ တင်းတိမ် နေကြတယ်လို့ ထင်နေကြတယ်။ တကယ်တော့ ဘာမှ မဆိုင်ပါဘူး။ ဗုဒ္ဓဘာသာဟာ 'ဃရာဝါသ ကိစ္စများမြောင် လူတို့ဘောင်နှိုက်' ဆိုတဲ့အတိုင်း ရှုပ်ထွေးပွေလီ လှတဲ့ လူ့လောကရဲ့ လောကီ ကိစ္စတွေထဲ ပါဝင် စွက်ဖက်ခြင်း လုံးဝမရှိတဲ့ ဘာသာဖြစ်တယ်။ ကလေး မွေးဖွားတဲ့ ကိစ္စမှာ မပါသလို၊ မင်္ဂလာဆောင် ကိစ္စမှာလည်း ၀င်မပါဘူး။ ကွာရှင်းပြတ်စဲ ကိစ္စမှာလည်း ၀င်မပါဘူး။ လူသေတဲ့အခါ ဘုန်းကြီး ပင့်ပြီး 'သရဏဂုံ' တင်ကြတာလည်း ဗုဒ္ဓဘာသာက သတ်မှတ်ထားတာ မဟုတ်ဘူး။ လူတွေက ဆန္ဒရှိကြလို့ လိုက်လုပ်ပေးတာသာ ဖြစ်တယ်။ ဗုဒ္ဓဘာသာက သေမှ သရဏဂုံ တင်ခိုင်းတာ မဟုတ်ဘူး။ အသက်ရှင် နေသမျှ ကာလပတ်လုံး၊ အခါမလပ် သရဏဂုံသုံးပါး ဆောက်တည်နေဖို့သာ ဆုံးမတာဖြစ်တယ်။ တင်လို့ ဘာမှမထူးသလို မတင်လို့လည်း ဘာမှမဖြစ်ဘူး။

အမျိုးသမီးတွေ ဓားဆွဲထကြ

သည်းခံစိတ်ရှိတယ်ဆိုတဲ့ကိစ္စမှာလည်း အများထင်ကြသလို တခြားလူမျိုး တွေထက် ထူးထူးခြားခြားကြီး ပိုနေတယ်လို့ မထင်ပါဘူး။ တခြားလူတွေရဲ့သည်းခံနိုင်မှုမှာ အတိုင်းအတာ ရှိသလို မြန်မာလူမျိုးတွေမှာလည်း အတိုင်းအတာ ရှိတာပါပဲ။ သည်းခံနိုင်မှုရဲ့ အမြင့်ဆုံး အတိုင်းအတာက ကျော်လွန်သွားပြီ ဆိုရင်တော့ အမျိုးသမီးတွေတောင် ဓားဆွဲပြီး ထတတ်ကြတယ်။ နယ်ချဲ့စစ်တပ်တွေ မန္တလေးကို သိမ်းပြီးနောက် အညာကျေးလက် ဒေသတွေကို ငြိမ်ဝပ် ပိပြားရေး အတွက်ဆိုပြီး ခုခံ တိုက်ခိုက်သူရှိတဲ့ ကျေးရွာ မှန်သမျှ မြေလှန်မီးရှို့ လုပ်တဲ့အခါမှာ အမျိုးသမီးတွေ ဓားဆွဲပြီး ကုလားဖြူတွေကို ၀င်ခုတ်ပြီး ခုခံ တိုက်ခိုက်ခဲ့ကြတယ်။

အထူးအဆန်းမဟုတ်

ဆရာစံရဲ့ တောင်သူလယ်သမား သူပုန်ထမှုကြီးမှာလည်း အမျိုးသမီးတွေရော ၀င်ရောက် တိုက်ခိုက်ကြတယ်။ ရေနံမြေ အလုပ်သမား သပိတ်ကြီးမှာလည်း အလားတူ ပါဝင်ကြတယ်။ ဂျပန်ခေတ် ရောက်တော့လည်း ပါးရိုက် နားရိုက် အနိုင်ကျင့်မှုတွေ လွန်လွန်း လာတဲ့အခါရောက်တော့ သည်းခံနိုင်မှု ဂိတ်ဆုံးဖြစ်ပြီး တစ်နိုင်ငံလုံး အမျိုးသား၊ အမျိုးသမီး၊ ရဟန်းရှင်လူ မှန်သမျှ လှည်းနေ လှေအောင်း မြင်းစောင်းမကျန် ရရာလက်နက် စွဲကိုင်ပြီး အုံကြွ တော်လှန်ခဲ့ကြတယ်၊ ဒါအထူးအဆန်းတော့ ဟုတ်မထင်ဘူး။ တခြား လူမျိုးတွေလည်း ဒီလိုပဲရှိမှာ သေချာတယ်။

ဒုက္ကရစရိယာခြောက်နှစ်ကြာ

နောက်ပြီးတော့ ဗုဒ္ဓဘုရားရှင်ကိုယ်တော်တိုင်က ရောင့်ရဲတင်းတိမ် မနေဘဲ အချိန်ရှိသမျှ ကြိုးပမ်း အားထုတ်ဖို့ အမြဲ ဟောပြော ဆုံးမနေခဲ့တယ်။ ဘယ်သူမဆို ကြိုးစားရင် ဘုရားဖြစ်နိုင်တယ်လို့ လမ်းညွှန်ခဲ့တယ်။ ကိုယ်တော် တိုင်လည်း ကပ်ကမ္ဘာပေါင်း အသင်္ချေနဲ့ အနန္တ ကြိုးစား အားထုတ်ခဲ့ရပြီး နောက်ဆုံး ဘ၀မှာတောင် ပင်ပန်းကြီးစွာနဲ့ ခြောက်နှစ်ကြာ ဒုက္ကရစရိယာ ကျင့်ကြံ ခဲ့ရတယ်။ တခြားဘာသာများမှာက ဘုရားသခင် ဆိုတာ ဘယ်က လာတယ်၊ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာ ဘယ်သူမှ မသိကြဘူး။ ဘယ်လောက် ဆင်းရဲ ပင်ပန်းခံပြီး ကျင့်ကြံ အားထုတ်လဲ ဘယ်သူမှ ဘုရားမဖြစ်နိုင်ဘူး။ ကြိုးစား အားထုတ်ရင် ဘုရား ဖြစ်နိုင်တယ် ဆိုတာ ဗုဒ္ဓဘာသာ တစ်ခုပဲရှိတယ်။

ထိုးတော့မယ့်ဆင်

ဗုဒ္ဓဘာသာက မှန်တယ်၊ ကောင်းတယ်လို့ဆိုချင်တာ မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာကြောင့် လူတွေ သည်းခံ ရောင့်ရဲပြီး လည်းစင်း ခေါင်းငုံ့ ခံနေကြတာ မဟုတ်တဲ့ အကြောင်း ပြောချင်တာပါ။ ငြိမ်နေတိုင်း ဘာမှ မလုပ်ဘူးလို့တော့ မထင်နဲ့။ ပင်လယ်ပြင်မှာ လေလုံးဝ မတိုက်ဘဲ ငြိမ်သက်နေရင် သိပ်ကြောက်ဖို့ ကောင်းတယ်။ မကြာခင်မှာ ကြောက်စရာကောင်းတဲ့ မုန်တိုင်းကြီး လာတော့မယ် ဆိုတဲ့ နိမိတ် လက္ခဏာပဲ။ ထိုးတော့မယ့် ဆင်ဟာလည်း နောက်တစ်လှမ်း ဆုတ်ပြီး ငြိမ်နေလေ့ ရှိတယ်။ ဗုဒ္ဓဘာသာ အကြောင်း၊ မြန်မာလူမျိုးများ အကြောင်း သေသေချာချာ မသိတဲ့ နိုင်ငံခြားသားများက ဘာသာတရားကြောင့် မြန်မာတွေ ဒီဘ၀က မကျွတ် မလွတ်သေးတာလို့ ပြောတာကို နားလည် သည်းခံ နိုင်ပါတယ်။ မြန်မာ လူမျိုးတွေ ကိုယ်တိုင်က သံယောင် လိုက်ပြောတာမျိုးကိုတော့ နည်းနည်းမှ သည်းမခံနိုင်ဘူး။ အားကြီး စိတ်ဆိုးတယ်။

လက်ချိုးရေတွက်ကြည့်ပါ

စီးပွားရေးမဖွံ့ဖြိုးတာလည်း လူတွေက ရောင့်ရဲ တင်းတိမ်နေလို့ မဟုတ်သလို၊ ပျင်းလို့ ဖျင်းလို့လည်း မဟုတ်ပါဘူး။ နှစ်ကာလတွေကို လက်ချိုး ရေတွက် ကြည့်လိုက်ပါ။ လွတ်လပ်ရေး ရပြီးတာ ၆၃ နှစ်ရှိပြီ ဆိုပေမယ့် တကယ်တမ်း လွတ်လွတ် လပ်လပ် စီးပွားရေး လုပ်ခွင့်ရှိတာ ဘယ်နှနှစ်ရှိလို့လဲ။ ၁၉၄၈ခုနှစ်က ၁၉၆၂ ခုနှစ်တွင်း ၁၄ နှစ် လုပ်ခဲ့ရတယ်။ ရန်ကုန် အစိုးရ ခေတ်လို အချိန်ကာလတွေ ကြုံတွေ့ ခဲ့ရတာတောင် အများကြီး တိုးတက်ခဲ့တယ်။ အဲဒီခေတ်က 'တက်ထရွန်' ဆိုတဲ့ ပိတ်စချောချော ဖြူဖြူ ထုတ်လုပ်နိုင်တာ အာရှတိုက် တစ်ခုလုံးမှာ ဂျပန်ပြီးရင် မြန်မာပဲရှိတယ်။ အဲဒီနောက် 'ဒက်ကရွန်' တို့ 'နိုင်လွန်' တို့လည်း ထုတ်နိုင်တယ်။

တွေ့သမျှပြည်သူပိုင်သိမ်း

စီးကရက်မှာတော့ အာရှတစ်ခွင်လုံးမှာ မြန်မာကို ဘယ်သူမှ မမီဘူး။ ဂျပန်လည်း မမီဘူး။ ဘားမား စတိတ်၊ ကပ္ပီတန်၊ လန်ဒန်ရိုး ဖလိတ်၊ ဘလက်ကက် ဆိုတဲ့ စီးကရက် တံဆိပ်တွေကို အိမ်နီးချင်း နိုင်ငံ အားလုံးဆီ တင်ပို့ ရောင်းချရတယ်။ အဲဒီအချိန်က စက်မှု လုပ်ငန်းအများကြီး တိုးတက်ခဲ့တယ်။ နောက်တော့ မြန်မာ့ ဆိုရှယ်လစ်ဆိုတဲ့ ခေတ်ရောက်သွားပြီး၊ ရပ်ကွက်ထဲက ကုန်ခြောက် ဆိုင်ကလေးတောင် အရင်းရှင်လို့ သတ်မှတ် လိုက်တယ်။ တွေ့သမျှ မြင်သမျှ ပြည်သူပိုင် သိမ်းပစ် လိုက်တယ်။ စာသင် ကျောင်းတွေတောင် မချန်ဘူး။ ငါးဆယ်ခုနစ်များ အတွင်း အရှိန်အဟုန်နဲ့ တိုးတက်လာတဲ့ တိုင်းရင်းသား လုပ်ငန်းရှင်တွေ အားလုံး ပြိုလဲ ကျဆင်း သွားခဲ့ရတယ်။

စီးပွားရေး

၁၉၈၈ ခုနှစ်နောက်ပိုင်းမှာ ဈေးကွက်စီးပွားရေး စနစ်ကို ပြန်လည် အသက်သွင်းခဲ့တယ်။ ဒါပေမဲ့ အဓိကကျတဲ့ နိုင်ငံရေး စနစ်က စစ်တပ် အုပ်စိုးတဲ့ အာဏာရှင် စနစ် ဆိုတော့ စနစ်နှစ်ခု သဟဇာတ မဖြစ်တဲ့အတွက် အောင်မြင် သင့်သလောက် မအောင်မြင်ခဲ့ဘူး။ အာဏာရှင် စနစ်များနဲ့ ဖွားဖက်တော်လို အမြဲ တွဲပါလာတတ်တဲ့ 'ကပ်ပါးကောင်' လူတန်းစားသစ် တစ်မျိုးကြောင့်၊ ဈေးကွက် စီးပွားရေးဟာ မျက်စိကြီး၊ နားကြီးတို့ရဲ့ 'ဇီးကွက်စီးပွားရေး' ဖြစ်သွားခဲ့ရတယ်။ အကျိုးဆက်က ချမ်းသာ ဆင်းရဲကွာဟမှု အလွန့်အလွန် ကြီးမားသွားပြီး မြန်မာ လူ့အဖွဲ့အစည်းရဲ့ အစဉ်အလာ 'ကျောရိုး' ဖြစ်တဲ့ 'လူလတ်တန်းစား' လုံးဝ ကွယ်ပျောက် သွားတယ်။

မရှိမရှားဘဲ

မြန်မာနိုင်ငံမှာ ဘယ်ခေတ်ဘယ်အခါကမှ အိမ်နီးချင်းနိုင်ငံတွေမှာလို ငတ်သေလောက်အောင် ဆင်းရဲ မွဲတေတဲ့ လူတန်းစား မရှိခဲ့ဘူး။ အလားတူပဲ သူတို့ဆီမှာလို 'ဘီလျံနာ' သူဌေးတွေလည်း မရှိဘူး။ လူလတ်တန်း စားတိုင်း ပြည်ဖြစ်တယ်။ အားလုံး 'မရှိမရှား' ဘဲ။ အခုတော့ တစ်ပါတီတစ်ဖွဲ့ အာဏာရှင် စနစ်နေရာမှာ ဒီမိုကရေစီ အစိုးရမျိုးနဲ့ အစားထိုးဖို့ စတင် လုပ်ဆောင်နေပြီ ဖြစ်တယ်။ အာဏာရှင် စနစ်ကို စွန့်လွှတ်လိုက်သလို 'ကပ်ပါးကောင်' တွေကိုပါ တစ်ပါတည်း ဖယ်ရှား ရှင်းလင်းပစ်ဖို့ မဖြစ်မနေ လုပ်ဆောင်ဖို့ လိုတယ်။ ဒါမှ ဈေးကွက် စီးပွားရေး ပီပီပြင်ပြင် ပေါ်ထွက် လာနိုင်လိမ့်မယ်။ ကပ်ပါး ကောင်များအစား ရိုးရိုးသားသား စီးပွားရှာစားတဲ့ တိုင်းရင်းသား လုပ်ငန်းရှင်များ အများအပြား ပေါ်ထွက်လာအောင် တွန်းအား ပေးရမယ်။

ချုပ်ကိုင်ခဲ့တယ်

မြန်မာနိုင်ငံ လွတ်လပ်ရေးရချိန်က ဆိုရှယ်လစ် 'ဒီရေမြင့်ချိန်' ဖြစ်တယ်။ ဖဆပလ အစိုးရကလည်း ဆိုရှယ်လစ်နိုင်ငံ ထူထောင်မယ်လို့ ကြွေးကြော်ခဲ့တယ်။ လယ်ပိုင်ရှင် ကလေးတွေနဲ့ တိုင်းရင်းသား လုပ်ငန်းရှင်လေးတွေကို မြေရှင် ယာရှင်ကြီးတွေ၊ အရင်းရှင်ကြီးတွေ အဖြစ်သတ်မှတ်ပြီး လုပ်စားကိုင်စားခွင့်တွေကို ချုပ်ကိုင်ခဲ့တယ်။ ၁၉၆၂ ခုနှစ်နောက်ပိုင်း မြန်မာ့ ဆိုရှယ်လစ် အစိုးရလက်ထက် ရောက်တော့ ချုပ်ကိုင်ရုံ မကတော့ဘဲ လုံးဝ နှိပ်ကွပ် ပစ်လိုက်တယ်။ ကွမ်းယာ ဆိုင်ကအစ ပြည်သူပိုင် သိမ်းလိုက်တယ်။ တိုင်းရင်းသား လုပ်ငန်းရှင် မျိုးဆက်လုံးဝ ကွယ်ပျောက် သွားခဲ့တယ်။

ကူညီထောက်ပံ့ပေး

၁၉၈၈ နောက်ပိုင်းမှာ ဈေးကွက်စီးပွားရေးစနစ် စတင်ကူးပြောင်းခဲ့တယ်ဆိုပေမယ့် တိုင်းရင်းသား လုပ်ငန်းရှင် မျိုးဆက် ကွယ်ပျောက်ခဲ့ပြီ ဆိုတော့ အင်တိုက် အားတိုက် ပါဝင်လာမယ့်သူ မရှိတော့ဘူး။ အဲဒီနေရာမှာ 'ကပ်ပါးကောင်' တွေ ပေါ်ထွက်လာပြီး ရသမျှ လက်ဝါးကြီး အုပ်ကြတယ်။ ဒီမိုကရေစီ စနစ်ကို ကူးပြောင်းတဲ့ အခါမှာ နိုင်ငံရေး စနစ်နဲ့ စီးပွားရေးစနစ် သဟဇာတ ဖြစ်ဖို့လိုတယ်။ နိုင်ငံသား အားလုံး အားတက်သရော ပါဝင်လာဖို့ လည်း မရှိမဖြစ် လိုအပ်တယ်။ အထူး သဖြင့် တိုင်းရင်းသား လုပ်ငန်းရှင်တွေ ယုံကြည်စိတ်ချစွာနဲ့ ပါဝင်လာဖို့ လိုတယ်။ တိုင်းရင်းသား လုပ်ငန်းရှင်တွေ အနေနဲ့ နိုင်ငံခြားသား တွေနဲ့ ယှဉ်ပြိုင် နိုင်အောင် အစိုးရက ကူညီ ထောက်ပံ့မှု တွေ ပေးရမယ်။ အရေးကြုံတဲ့ အခါ တိုင်းရင်းသား လုပ်ငန်းရှင်က သာ အားကိုးရမှာ ဖြစ်တယ်။ နိုင်ငံခြားသား ဆိုတာကတော့ သာတုန်း နားပြီး မသာရင် ခွာသွားကြတာပဲ။

အရင်းရှင်အရင်ရှင်း

တိုင်းရင်းသားလုပ်ငန်းရှင်တွေ နိုင်ငံခြားသားတွေနဲ့ ပခုံးချင်းယှဉ် လုပ်နိုင်ကိုင်နိုင်ဖို့၊ အစိုးရ ဘက်တွေက ငွေလုံးငွေရင်း ထုတ်ချေးမှု မျိုးတွေ လုပ်ပေးဖို့လိုတယ်။ လုပ်သာ ကိုင်သာဖြစ်အောင် အတိုးနှုန်း နည်းနည်းနဲ့ နှစ်ရှည် ချေးငွေမျိုး ဖြစ်ဖို့ လည်းလိုတယ်။ တကယ် အလုပ်လုပ်တဲ့ အခါ ငါးနှစ်၊ ခြောက်နှစ် အတွင်း အပြီးဆပ် ဆိုတာမျိုးနဲ့ ဘယ်လိုမှ လုပ်လို့ မဖြစ်နိုင်ဘူး။ အရေးကြီးတာက တိုင်းရင်းသား လုပ်ငန်းရှင်တွေကို ရှေးယခင် မြန်မာ့ဆိုရှယ်လစ် ခေတ်ကလို အရင်းရှင်ကြီးတွေလို မြင်ပြီး 'အရင်ရှင်း' မပစ်ဖို့ ဖြစ်တယ်။ 'အရင်ရှင်း' ပစ်ရမှာက တိုင်းရင်းသား အရင်းရှင် မဟုတ်ဘဲ 'ကပ်ပါးကောင်' ဇီးကွက် စီးပွားရေး သမားတွေသာ ဖြစ်ပါတယ်။

Ref: EMG News

Read More...

မြန်မာ့ပြုပြင်ပြောင်းလဲရေး နဲ့ ဒေါက်တာဇာနည်

VOA အင်တာဗျူး
အောက်တိုဘာ ၂၃၊ ၂၀၁၁


“အဲဒီအချိန်တုန်းက ဘယ်သူကမှ ပညာရှင်တွေဆိုရင် ကျနော် အပါအဝင် David Steinberg, ကျနော် ပညာရှင် ၉၉ ဒဿမ ၉ ရာခိုင်နှုန်းက ဗမာပြည်မှာ လူထုအုံကြွမှု လုံးဝ မဖြစ်နိုင်ဘူးလို့ သတ်မှတ်ထားပြီးသား။ အဲဒီအချိန်မှာ ထ ဖြစ်တယ်” လစ်ဗျားနိုင်ငံ အာဏာရှင်ခေါင်းဆောင် Moammar Gadhafi အောက်တိုဘာလ ၂၀ ရက်နေ့ကပဲ လက်နက်ကိုင် အုံကြွတော်လှန်သူများရဲ့  လက်ချက်နဲ့ ဇာတ်သိမ်းသွားခဲ့ပါတယ်။ အာရပ်တော်လှန်ရေး လှိုင်းတံပိုးနဲ့အတူ တူနီးရှား၊ အီဂျစ် ခေါင်းဆောင်တွေ ပြုတ်ကျခဲ့ပြီး အခု ကဒါဖီရဲ့  အဖြစ်ကတော့ အဆိုးဆုံးပါ။ အာရှတိုက်က မြန်မာနိုင်ငံမှာလည်း လူထုအုံကြွမှုတွေ ဖြစ်လာမလားလို့ မျှော်လင့်ပြီး အာဏာပိုင်တွေကို ဖြုတ်ချနိုင်ဖို့ စိတ်ကူးယဉ်နေသူတွေ ရှိနေပါတယ်။ ဒါပေမဲ့လည်း ဒီအခြေအနေတွေ တူနိုင်မလားဆိုတာကို ဗြိတိန်နိုင်ငံ မဟာဗျူဟာ လေ့လာရေးဌာနက မြန်မာ့အရေး လေ့လာသုံးသပ်နေသူ ဒေါက်တာဇာနည် ကို ကျနော် ဆက်သွယ် မေးမြန်းထားပါတယ်။

ကိုဇာနည် ။ ။ နံပတ်တစ် သင်ခန်းစာကတော့ ပြည်သူ့ရဲ့  ထောက်ခံမှု၊ ပြည်သူ့ရဲ့  ကြည်ညိုမှု၊ လေးစားမှု မရှိဘဲနဲ့။ ဆိုလိုတာ ကတော့ ပြည်သူ့မေတ္တာ ခံယူမှု မရှိဘဲနဲ့ အာဏာ ယူထားတဲ့ ခေါင်းဆောင်တွေ ဗမာပြည်မှာ ဖြစ်ဖြစ်၊ တခြားနိုင်ငံမှာပဲ ဖြစ်ဖြစ် သူတို့မှာ ကြောက်လန့်၊ ကျီးလန့်စာစာ ဘယ်လောက်ပဲ ချမ်းသာချမ်းသာ၊ ဘယ်လောက်ပဲ လက်နက်အင်အား တောင့်တောင့် ကျီးလန့်စာစား နေရတဲ့ ဘဝက ဘယ်တော့မှ လွတ်မှာ မဟုတ်ဘူး။ အဲဒါကတော့ ရှင်းတယ် – ဆဒမ်ဟူစိန် (Saddam Hussein) ကြိုးပေး ခံရတာကိုပဲ ကြည့်ကြည့်၊ နောက်တခါ ကဒါဖီ (Gaddafi) ခွေးသေ၊ ဝက်သေ သေတဲ့ ပုံစံမျိုးပဲ ဖြစ်ဖြစ်။ အာရှတိုက်မှာ ဆိုရင် ပတ်ချုံဟီး(Park Chung Hee) ဆိုရင် ၁၉၇၀ ပတ်ဝန်းကျင်မှာ ညစာ ထမင်းစားပွဲမှာ သူ အသတ်ခံရတယ်။ ဆူဟာတို (Suharto) ဆိုရင်လည်း အကျယ်ချုပ် ခံရတယ်။ ပြည်သူ့မေတ္တာ ခံယူမှု မရှိတဲ့ ခေါင်းဆောင်တွေကတော့ အထူးသဖြင့်တော့ ကျီးလန့်စာစား နေရတယ်လို့ မြင်မိတယ်။

ဦးသန်းလွင်ထွန်း ။ ။ အခု ဒီအခြေအနေမှာ စိတ်ဝင်တစားနဲ့ သုံးသပ်လာကြတာက အထူးသဖြင့် အာရပ် ဘက်မှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက် တွေကို ကြည့်မယ် ဆိုရင် ဒါက နှစ်ပေါင်းကြာရှည် အာဏာရှင်တွေရဲ့  ဖိနှိပ်မှုအောက်မှာ နေနေရတာ ကနေ အပြောင်းအလဲ တစုံတရာကို တောင့်တ လာပြီးတော့ ဖိနှိပ်ခံရလို့ အုံကြွလာတဲ့ လူထုအနေနဲ့ အာဏာရှင်တွေကို ဖြုတ်ချ လိုက်တဲ့ အနေအထားအထိ တချို့နိုင်ငံတွေမှာ ရောက်ခဲ့တယ်။ အနောက်နိုင်ငံတွေရဲ့  ကူညီ အားပေးမှုတွေ၊ ပြင်ပဘေး နိုင်ငံတွေရဲ့  ကူညီမှုတွေလည်း ပါကောင်း ပါလိမ့်မယ်။ ဒါပေမဲ့ ဒီလို အခြေအနေမျိုးတွေဟာ အာရှတိုက်၊ မြန်မာနိုင်ငံလို မြောက်ကိုရီးယား လို နိုင်ငံမျိုးတွေမှာ အလားတူ ဖြစ်လာနိုင်မယ့် အနေအထားတွေ ရှိသလား။

ကိုဇာနည် ။ ။ ကျနော် ထင်တာကတော့ လူထု ထကြွပြီးတော့ ပုန်ကန်လို့၊ လက်နက် ကိုင်တာပဲဖြစ်ဖြစ်။ အနုနည်းနဲ့ ဂန္ဒီ (Gandhi) ပုံစံမျိုး၊ မာတင်လူသာကင်း (Martin Luther King) တို့လို့ ပုံစံမျိုး၊ အနုနည်းနဲ့ အာဏာဖီဆန်ပြီး။ ကျနော်တို့ ဆီမှာလည်း ရှိပါတယ်။ ဝံသာနု ဂျီစီဘီအေ ခေတ်ထဲက စပြီး ရှိခဲ့တာ – သပိတ်မှောက်တယ် ဆိုတာ။ အဲဒီလို အနုနည်းနဲ့ ဖြစ်ဖြစ်၊ အကြမ်းဖက်နည်းနဲ့ ဖြစ်ဖြစ် အုပ်ချုပ်မှုက ယိုယွင်း ပျက်စီးပြီး၊ မတရား ပြည်သူကို ဖိနှိပ်ပြီး ပြည်သူ့ စားဝတ်နေရေး အဆင်မပြေဘူး၊ နောက် – နိုင်ငံရဲ့  ဂုတ်သွေးစုပ်တဲ့ အနေအထား ရောက်လာရင်တော့ ဒါ အမြဲတမ်း အဲဒီအခြေအနေက ရှိတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သံဃာ အရေးအခင်း ၂၀၀၇ မတိုင်ခင်လေးမှာ သြဂုတ်၊ စက်တင်ဘာလမှာ ကိုမင်းကိုနိုင်၊ ကိုဌေးကြွယ် နဲ့ တခြား ၈၈ ကျောင်းသား ခေါင်းဆောင်ဟောင်း တွေနဲ့ တခြား ပုဂ္ဂိုလ်တွေ ပေါင်းပြီးတော့ ကုန်ဈေးနှုန်းတွေ ကျရေး လုပ်ခဲ့တာ ရှိတယ်။ အဲဒါပြီးတဲ့ နောက်မှာ သံဃာတော်တွေရဲ့  အရေးအခင်း ၂၀၀၇ မှာ လာတယ်။ အဲဒီတော့ အဲဒီအချိန်တုန်းက ဘယ်သူကမှ ပညာရှင်တွေ ဆိုရင် ကျနော် အပါအဝင် David Steinberg, ကျနော် ပညာရှင် ၉၉ ဒဿမ ၉ ရာခိုင်နှုန်းက ဗမာပြည်မှာ လူထုအုံကြွမှု လုံးဝ မဖြစ်နိုင်ဘူးလို့ သတ်မှတ် ထားပြီးသား။ အဲဒီအချိန်မှာ ထ ဖြစ်တယ် ဆိုတော့ ကျနော်တို့လည်း ရှင်းရှင်း ပြောရရင် လူထုထက် နှစ်ရက် သုံးရက် ကြိုသိတဲ့ အနေအထားက လွှဲလို့ရှိရင် တကယ်တမ်းမှာ ကျနော်တို့မှာလည်း ဒိဗ္ဗစက္ခုဉာဏ် မရှိတော့ အဲဒါကို ဖြစ်မလား မဖြစ်ဘူးလား ဆိုတာကို မပြောနိုင်ဘူး။ ဒါပေမဲ့ ဖြစ်ဖို့ အခြေအနေ ရှိလား ဆိုရင်တော့ လုံးဝ ရှိတယ်။

ဦးသန်းလွင်ထွန်း ။ ။ နိုင်ငံတနိုင်ငံမှာ ဒီမိုကရေစီစနစ်ကို အသွင်ပြောင်းကြဖို့ အခြေ အနေတွေ စေ့ဆော်လာပြီ ဆိုရင် တချို့ ကတော့ အောက်ခြေ လူတန်းစားကနေ အုံကြွပြီးတော့ တောင်းဆိုလာတဲ့ အတွက်ကြောင့် ဖိနှိပ်တဲ့ စနစ်ကြီးတရပ် ပြိုလဲပြီး ဒီမိုကရေစီ စနစ်ကို ပြောင်းလဲသွားတယ်။ နောက်တမျိုးကတော့ ခေါင်းဆောင်တွေ ပိုင်းက သဘောပေါက် နားလည်လာပြီး လူထုတွေလည်း သိပ်မကျေနပ်ဘူး၊ အဲဒီတော့ သူတို့ကိုယ်တိုင်က ပြုပြင် ပြောင်းလဲရေးကို လိုလားပါတယ် ဆိုပြီးတော့ အထက်ပိုင်းကတော့ သဘော ပေါက်ပြီးတော့ အပြောင်းအလဲတွေ စ လုပ်လာတဲ့သဘော။ ဒီလို အတွေးအခေါ် နှစ်ရပ်။ အဲဒီလို အခြေအနေမျိုးမှာ ပညာရှင် တချို့ကတော့ မြန်မာနိုင်ငံမှာ စစ်တပ်ခေါင်းဆောင် တွေက ဗမာနိုင်ငံမှာ ပြောင်းလဲမှုကို လိုနေပါပြီ ဆိုတာကို သဘောပေါက်တဲ့ အတွက်ကြောင့် ပြောင်းလဲမှုတွေကို တဖြည်းဖြည်း လုပ်နေပြီ။ အလားတူပဲ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှုတွေ ဘာတွေ လုပ်လာနေပြီ။ တဖြည်းဖြည်းပေါ့။ အခုအခြေအနေမျိုးမှာ လူထု ဆန္ဒပြမှုတွေ လမ်းမပေါ်ထွက် အုံကြွမှုတွေ ဖြစ်လာရင် ဒီလို ပြုပြင် ပြောင်းလဲမှုအရှိန်ကို ထိခိုက် သွားစေလိမ့်မယ်လို့တောင် တွေးခေါ်ပြီး ပြောလာကြတာ ရှိတယ်။ ဒါနဲ့ ပတ်သက်ပြီး ဒေါက်တာဇာနည် အနေနဲ့ ဘယ်လိုမြင်ပါသလဲ။

ကိုဇာနည် ။ ။ အောက်ခြေက ဆန္ဒပြတာ၊ အောက်ခြေက မကျေနပ်မှု၊ ခံစားမှုတွေနဲ့ အုံကြွလာလို့ ပြောင်းတာက တမျိုး။ နောက်တခါ အထက်ကနေ ဦးစီး ဦးဆောင်လုပ်ပြီးတော့ တိုင်းပြည်ကို ပြောင်းဖို့ လုပ်တဲ့နေရာမှာ ကျနော်ထင်တယ် idea နှစ်ခု။ အတွေးအခေါ် နှစ်ခုက တကယ်တမ်းကျတော့ အဲဒီ နှစ်ခုကို ခွဲဖို့ ဆိုတာ ရေကို ဓါးနဲ့ ခုတ်သလိုပဲ။ အဲဒီ နှစ်ခုက လုံးဝ ဆက်နွယ် နေတယ်။ ကျနော်တို့ နိုင်ငံ အနေအထားမှာ ကြည့်လိုက်လို့ရှိရင် အခုပြောနေတဲ့ သမ္မတ သိန်းစိန်တို့၊ သူ့အနားမှာ ရှိတဲ့ သူရရွှေမန်းတို့ တခြားလူတွေ အကုန်လုံးက ထိပ်ပိုင်းကနေ သမ္မတရဲ့  အကြံပေးဆိုတဲ့ ပုဂ္ဂိုလ်တွေ ပြောတာကိုလည်း နားထောင်ကြည့်လိုက်ပါ။ နေဇင်လတ်၊ ဦးကိုကိုလှိုင် တို့ပြောတာကို နားထောင်ကြည့်လိုက်ရင် ကျနော်တို့ နိုင်ငံက သူများနိုင်ငံတွေနဲ့ မတူတာက ဘာလဲဆိုတော့ လူကြီးတွေ ကိုယ်တိုင်က တိုင်းပြည်ကို ကောင်းလာအောင် ပြောင်းနေပါတယ် ဆိုတာ တကယ်တမ်းက အဲဒါက မှားတယ်။ အတိအကျ မမှန်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့က ဒီလူကြီးတွေက တိုင်းပြည်မှာ အာဏာ ယူထားတဲ့ ပုဂ္ဂိုလ်တွေက ထိပ်ကနေ ပြောင်းဖို့ လုပ်နေတယ် ဆိုတာ တကယ်တမ်း အောက်ကနေ တက်လာတဲ့ ဖိအား၊ ပြည်တွင်းမှာရှိတဲ့ ပြည်သူတွေရဲ့  စားဝတ်နေရေး၊ နိုင်ငံရေး မကျေနပ်မှုတွေ ဒါတွေ အဲဒီ ဖိအားတွေကို ပြည်တွင်း ဖိအားတွေကို တုံ့ပြန်တာ ဖြစ်တယ်။ အဲဒါမျိုးတော့ ကျနော်တို့က Georgetown က David Steinberg တို့ဘာတို့ ပြောတဲ့ဟာမျိုးကို မှန်တယ်လို့ ပြောလို့ မရဘူး။ ကျနော့်အနေနဲ့ လုံးဝ လက်မခံဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အောက်ကလာတဲ့ ဖိအားနဲ့ အထက်ကနေ တုံ့ပြန်မှု အဲဒီနှစ်ခုက အမြဲတမ်း ဆက်နွယ်နေတယ်။ အဲဒါကို ကျနော်တို့ ခွဲကြည့်လိုက်ပြီးတဲ့ အခါကျတော့ အထက်ကလူတွေ လုပ်နေလို့ အောက်ကလူတွေ ခေါင်းလေးငုံ့ပြီး နောက်ကနေပြီး ဘယ်လိုပြောမလဲ ရှေ့ ကနွား သွားတာကို နောက်က ဖြောင့်ဖြောင့်လိုက်ပါ ဆိုတဲ့ ဗမာရှေးထုံး ပုံစံနဲ့ လုပ်ရင် မှားမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီမိုကရေစီ ဖြစ်တယ် ဆိုတာ ပြည်သူက ကိုယ့်အား ကိုယ်ကိုး ကိုယ့်အမြင်နဲ့ ကိုယ့်ရဲ့  ဂုဏ်သိက္ခာနဲ့ ကိုယ့်ရဲ့  idea နဲ့ ငါတို့က လူသား အစစ်အမှန် ဖြစ်တဲ့ လူစိတ်နဲ့ သွားနေတဲ့အခါမှာ ရှေးတုန်းက ပြောသလို အစိုးရဆိုတာ ဘဝရှင် မင်းတရားကြီးက တိုင်းသူပြည်သားတွေ အားလုံး၊ ပြည်သူပြည်သားတွေ အားလုံးကို ကျောသားရင်သား မခွဲဘဲနဲ့ဆိုပြီး သူ့ကိုယ်သူ အဖေလိုလို၊ ပထွေးလိုလို အမြင်နဲ့ ဆက်ဆံတယ်။ အဲဒီ စိတ်၊ အဲဒီ ခေါင်းဆောင်မှု model မျိုးနဲ့ ကျနော်တို့က သွားလို့။ အဲဒါကို လိုက်လို့မရဘူး။ ဒီမိုကရေစီစနစ် ဆိုတာ ပြည်သူက ဦးဆောင်တဲ့စနစ်။ အရေးကြီးဆုံးက ဘာလဲဆိုတော့ Steinberg တို့ တခြား ပညာရှင်တွေဆိုတဲ့ ဗမာပြည်ရဲ့  အရေးကို လေ့လာတဲ့လူတွေ အကုန်လုံး ပြောနေကြတာ ဘာလဲ ဆိုတော့ ပြုပြင်ပြောင်းလဲရေး reform လုပ်တဲ့လူတွေကို နားလည်ကြည့်၊ အဲဒီလုပ်တဲ့ လူတွေကို ထပ်မတွန်းပါနဲ့ ဖိအားမပေးပါနဲ့ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒါဆိုရင် hardliner ဆိုတဲ့ မပြောင်းချင်တဲ့ လူတွေရဲ့  လက်ထဲကို အာဏာ ပြန်ရသွားမယ်ဆိုတာ တကယ်တမ်း အဲဒါမှားတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ပြည်သူရဲ့  ဖိအားကြောင့်၊ ပြည်သူရဲ့  မကျေနပ်မှုကြောင့် သူတို့က ဒါကို တုံ့ပြန်တာကို လိုအပ်တာက ပြည်သူက ပိုပြီး ထပ်တွန်းရမယ်။ ကိုယ်လုပ်ချင်တာ ကိုယ်လုပ်ရမယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒါပေမဲ့လည်း အဲဒီလို တွန်းတဲ့အခါမှာ တွန်းတဲ့နေရာမှာ လမ်းမထွက် ဆန္ဒပြမှုတွေ ပေါ်လာတယ်။ ဒါမှမဟုတ် ရုန်းရင်း ဆန်ခတ်မှုတွေ ဖြစ်လာတယ် ဆိုလို့ရှိရင် အခြေအနေက ပိုမဆိုး သွားနိုင်ဘူးလား။

ကိုဇာနည် ။ ။ ကျနော်ထင်တယ် ဆန္ဒပြတယ်ဆိုတာ အမျိုးမျိုးရှိတယ်။ ဆန္ဒပြတယ်ဆိုတာ ဒီမိုကရေစီ စနစ်ကို ရောက်အောင် သွားနေတယ်၊ အဲဒီ ဒီမိုကရေစီဘက်ကို ဦးတည်ပြီးတော့ စသွားနေပြီ၊ ဦးတည်ထားရုံ မကဘူး။ ဦးကိုကိုလှိုင်၊ ဦးနေဇင်လတ် တို့ ပြောနေတာကို ကြည့်လိုက်မယ် ဆိုရင် ရထားကြီးက ဘူတာထဲက ထွက်သွားပါပြီ – သူတို့ ဆိုလိုတာက ကျနော်တို့ နိုင်ငံမှာ လက်ရှိ စနစ်ကြီးက ဒီမိုကရေစီဘက် ခေါင်းတည် စသွားနေပြီ။ သွားနေတဲ့ အခါကြရင် ကျနော်တို့ ဒီမိုကရေစီ ဘယ်နေ့ ဘယ်အချိန်မှ နက္ခဗေဒ ပညာတွေနဲ့ တွက်ပြီးမှ ဒီမိုကရေစီရပါပြီ ဆိုပြီး ကြေညာပြီး စည်တွေမောင်းတွေနဲ့ လုပ်စရာအကြောင်း မရှိဘူး။ ဒီမိုကရေစီ ဘက်ကို စသွားပြီးဆိုရင် ဒီမိုကရေစီနည်းအရ ပြည်သူတွေကလည်း လိုက်ရမယ်။ ပြည်သူလိုက်မယ် ဆိုရင် ဒီမိုကရေစီ နည်းထဲမှာ ဘာပါလဲဆိုရင် ပြည်သူက လွတ်လပ်စွာ ပြောဆိုပိုင်ခွင့် ရှိတယ်။ ဆန္ဒပြပိုင်ခွင့် ရှိတယ်။ အစိုးရ အဆောက်အအုံတွေကို မီးရှို့ မယ်၊ ရဲတွေကို ခဲနဲ့ပေါက်မယ်။ ဒါဆိုရင်တော့ အကြမ်းဖက်တဲ့ လိုင်းကို ပါသွားမယ်။ ဒါပေမဲ့ ပြည်သူက နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးပါဆိုပြီး ဆန္ဒပြတာမျိုး။ ဒါမှမဟုတ်လို့ရှိရင် အလုပ်ပြုတ်တာ မတရားလို့ ဒါကို ဆန္ဒပြမယ်။ နောက်တခါ လုပ်ခနည်းတာကို တိုးပေးဖို့ ဆန္ဒပြမယ်။ လုပ်ခွင့်ရအောင်။ နောက်တခါ မြစ်တွေမှာ ဆည်တွေ မတရား ဆောက်ပြီးတော့ ပြည်သူတွေ ဒုက္ခရောက်မယ့် စီမံကိန်းတွေကို စိုးရိမ်လို့ ဆန္ဒပြမယ်။ ဒါတွေ ဆန္ဒပြတယ်ဆိုတာက ဒီမိုကရေစီ အစိုးရ အနေနဲ့ ဒါကို လက်မခံဘဲနဲ့ လုံးဝမရဘူး။ ကျနော်ဆိုလိုတာက ဆန္ဒပြတာက ပြဿနာ မဟုတ်ဘူး။ ဒီမိုကရေစီ လိုလားတဲ့ အစိုးရ ဆိုလို့ရှိရင် ဆန္ဒပြတာက ပြည်သူ့ရဲ့  အခွင့်အရေး။ ဆန္ဒပြသူကိုလည်း ရိုက်စရာလည်း မလိုဘူး။ အိပ်တဲ့အချိန်မှာ သွားဖမ်းစရာလည်း မလိုဘူး။ ၅ (ည) နဲ့ ထောင်ချစရာလည်း မလိုဘူး။ အာဏာကို ပြည်သူ့လက်ထဲမှာပဲ ရှိတယ် ဆိုတဲ့ စိတ်ဓာတ်ကို နိုင်ငံရေး အဆောက်အအုံ ထဲမှာရော၊ နိုင်ငံရေး ခေါင်းဆောင် လုပ်တဲ့ တပ်မတော် ပုဂ္ဂိုလ်တွေရဲ့  ခေါင်းထဲကို မရောက်မချင်း ဒီမိုကရေစီဘက်ကို သွားနေတယ်လို့ ပြောရမှာက အတော်ခက်နေမယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ဒေါက်တာဇာနည်ရဲ့  သဘောက လက်ရှိအချိန်မှာ ဒေါ်အောင်ဆန်းစုကြည် တို့လို အတိုက်အခံ ခေါင်းဆောင်တွေ၊ ဒါမှမဟုတ်ရင် ပြည်သူ့ လွှတ်တော်ထဲမှာ ရောက်နေတဲ့ နိုင်ငံရေး သမားတွေ အနေနဲ့ အစိုးရနဲ့ ညှိနှိုင်းပြီးတော့ ဒီမိုကရေစီ လမ်းဘက်ကို ရောက်အောင် ညှိနှိုင်းယူ လုပ်နေတဲ့အချိန်မှာ ပြည်သူတွေ အနေနဲ့လည်း ကိုယ့်ရဲ့  ရပိုင်ခွင့်၊ အခွင့်အရေး တွေကို သုံးပြီး ဆန္ဒပြစရာ ရှိတာပြ၊ လုပ်စရာရှိတာ လုပ်။ ဒါပေမဲ့ စည်းကမ်းတကျ လုပ်ဆောင်ကြဖို့ ဆိုတဲ့ အချက်ကို မီးမောင်း ထိုးပြချင်တဲ့ သဘောပေါ့။

ကိုဇာနည် ။ ။ ဟုတ်တယ်။ ၁၉၄၆-၄၇ အင်္ဂလိပ် ပြန်ဝင်လာပြီး အင်္ဂလိပ်နဲ့ လွတ်လပ်ရေး စတင် ဆွေးနွေးတဲ့ အချိန်မှာ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်သန်းထွန်း၊ ဦးသိန်းဖေမြင့်၊ သခင်စိုး တို့ အကုန်ပါတယ်။ အားလုံးက အစောပိုင်းမှာ ဒီဟာကို ပေါင်းပြီး။ ဦးနုတို့ ဖဆပလခေတ်မှာ လုပ်တဲ့ဟာကို ကြည့်ပါ။ လူတွေက ကိုယ့်အလုပ်ကို ကိုယ်လုပ်နေကြတာ။ ဗိုလ်ချုပ်အောင်ဆန်းမှာ ပြည်သူ့ ရဲဘော်ဆိုပြီး ဖွဲ့ထားတဲ့ တပ်လည်းရှိတယ်။ နောက်တခါ ဗမာပြည်ရဲ့  Burma Army ဆိုပြီး ထပ်ပေါ်လာတယ်။ နောက်တခါ သခင်သန်းထွန်းတို့၊ သခင်စိုးတို့ ကလည်း အလုပ်သမား၊ လယ်သမားတွေကို စည်းရုံးတာတွေ ရှိနေတယ်။ ဗိုလ်ချုပ်အောင်ဆန်း ကလည်း ဘုရင်ခံရဲ့  အတိုင်ပင်ခံ အဖွဲ့ထဲမှာ ဝင်ပြီးတော့ ဒုတိယ ဥက္ကဋ္ဌအနေနဲ့ ဝင်လုပ်နေတယ်။ အဲဒီတော့ ဆိုလိုတာက ကျနော်တို့က ဒေါ်အောင်ဆန်းစုကြည် က သမ္မတဦးသိန်းစိန် နဲ့ ထိုင်စကားပြောနေလို့ ကျန်တဲ့လူတွေက ငြိမ်နေရမယ်၊ ကိုဇာဂနာက ဘာလုပ်နေလို့ ကျန်တဲ့လူတွေက ကိုဇာဂနာ ဆီက ပြောတာက နားထောင်ပြီး နားစွန့်ပြီး သူပြောသမျှကို နောက်က လိုက်လုပ်ပါဆိုတာ ဒါက ဒီမိုကရေစီ လှုပ်ရှားမှုလည်း မဟုတ်ဘူး။ ဒီမိုကရေစီ ထိုက်တန်တဲ့ လူထု သဘောမျိုးလည်း မဟုတ်ဘူး။ ခေါင်းဆောင် လုပ်သမျှကို ထိုင်စောင့်ပြီး ခေါင်းဆောင်လုပ်မှ ခေါင်းဆောင် ခြေလှမ်းလှမ်းမှ နောက်က လိုက်တယ် ဆိုတာ အဲဒါက နောက်လိုက်ပြည်သူဗျ၊ ဒီမိုကရေစီနဲ့ တန်တဲ့ ပြည်သူ မဟုတ်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီမိုကရေစီစနစ်ကို ရောက်ဖို့က ပြည်သူက ဒီမိုကရေစီစနစ် အတွေးအခေါ်မျိုး၊ စဉ်းစားမှုမျိုး မရှိဘဲနဲ့ နေ့တိုင်း အဲဒီလိုမျိုး မလုပ်ဘဲနဲ့ ဘယ်တော့မှ မဖြစ်နိုင်ဘူး။

ဦးသန်းလွင်ထွန်း ။ ။ ဗြိတိန်နိုင်ငံ ဗဟာဗျူဟာ လေ့လာရေးဌာနက မြန်မာ့အရေး သုံးသပ်သူ ဒေါက်တာဇာနည် ကို ဆက်သွယ် မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

Ref: မိုးမခ

Read More...

မစုစုနွေးနှင့် အင်တာဗျူး

ကျော်ခ
စနေနေ့၊ အောက်တိုဘာလ ၂၂ ရက် ၂၀၁၁

တောင်သူလယ်သမား၊ အလုပ်သမားနှင့် ကလေးစစ်သားအရေး ဆောင်ရွက်သူ မစုစုနွေး အင်းစိန်ထောင်၊ ကလေးထောင်နှင့် ခန္တီးထောင် တို့တွင် ၁၂ နှစ်ခွဲ ထောင်ကျနေစဉ် သမ္မတ လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် လွတ်မြောက် လာခဲ့သည်။

အကျဉ်းထောင်များအတွင်း တဦးထဲ အခန်းကျဉ်း၌ သီးသန့် ပိတ်လှောင် ခံခဲ့ရသည့်ကြားမှ ထောင်ဝန်ထမ်း နှင့် ထောင်သား အခွင့်အရေးများကို ရရှိအောင် ထောင်အာဏာပိုင်များထံ တောင်ဆိုခဲ့သူ မစုစုနွေး လွတ်မြောက် လာပြီးနောက် မဇ္ဈိမ သတင်းထောက် ကျော်ခ က တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းထားသည်။

ဘယ်လို လွတ်လာခဲ့သလဲဆိုတာ သိပါရစေခင်ဗျ။

"ကျမကို သီတင်းကျွတ်လပြည့်နေ့၊ အင်္ဂလိပ်လို့ ၁၂ ရက်နေ့ မနက် ခုနှစ်နာရီထိုးလောက်က ခန္တီးထောင်ပိုင်ကြီး က နေပြီးတော့ ကျမကို နောက်တခါ ဒါမျိုးလုပ်ရင် ကျန်တဲ့ နှစ်တွေနဲ့ ပေါင်းပြီး ကျခံရမယ်ဆိုတဲ့ ဝန်ခံကတိ ၄ဝ၁ နဲ့ လက်မှတ် လာထိုး ခိုင်းပါတယ်။ လက်မှတ် ထိုးရမယ်လို့ ပြောပါတယ်။"

"ကျမကနေ ပြောတယ်။ ဘာဖြစ်လို့ လက်မှတ် ထိုးရမလဲပေါ့။ ၄ဝ၁ နဲ့ လက်မှတ်ထိုးမှ လွှတ်ပေးမှာလားလို့ လက်မှတ်ထိုးမှ ထွက်ရမယ် ဆိုရင် ကျမ မထွက်နိုင်ပါဘူးလို့။ ကျမကို ချထားတဲ့ နှစ်အပြည့်ပဲ နေမယ်။ နှစ်ပြည့် သွားလို့မှ ကျမကို ထပ်ပြီး လက်မှတ်ထိုးမှ ထွက်ရမယ် ဆိုရင်လည်း ကျမကို နောက်ထပ် ၁ဝ နှစ် ထပ်ချလိုက်ပါ ကျမ မထိုးနိုင်ဘူးလို့ အဲလိုပြောတော့ ထောင်ပိုင်ကြီးက အဲဒါဆိုလဲ ရပါတယ် ဆိုပြီးတော့ ပြန်သွားတယ်။"

"ပြန်သွားပြီး ကိုးနာရီ လေးဆယ့်ငါးလောက်မှာ ကျမကို လတ်မှတ်မထိုးလည်း ပြန်လွှတ်ပါ့မယ်။ ပစ္စည်းတွေ သိမ်းပြီး လာခဲ့ပါလို့ လာပြော ပါတယ်။ အဲဒါနဲ့ ကျမလည်း လက်မှတ် မထိုးရဘဲနဲ့ ထွက်လာတာပေါ့။"

မလွတ်ခင်မှာရော အာဏာပိုင်တွေဘက်က လာပြီး ညှိနှိုင်းတာမျိုးရော ရှိလား။

"မရှိပါဘူးရှင့်။ ကျမကိုတော့ ၁ဝ လပိုင်း မကုန်ဘူး လွှတ်ပေးပါ့မယ်။ ကျန်းမာရေး ဂရုစိုက်ပါဆိုပြီး ရှစ်လပိုင်းလောက် ကတည်းက နိုင်ငံတော် အနေနဲ့ လွှတ်တော့မှာ ဆိုပြီးတော့ ပြောပါတယ်။ ၁ဝ လပိုင်းထဲမှာလည်း ဒီလပိုင်းမှာ လွှတ်မယ်ဆိုတာ အားပေးစကား ပြောပါတယ်။ ညှိနှိုင်းတာတွေ ဘာတွေတော့ မရှိပါဘူးရှင့်။"

မစုစုနွေး အဖမ်းခံရပြီး အကျဉ်းကျသွားခဲ့ရတဲ့ ဖြစ်ပုံလေး ရှင်းပြပါဦးခင်ဗျ။

"အဖမ်းခံရတာကတော့ ပုလဲ အားကစားကွင်းမှာ ရှိတဲ့ အမေရိကန် အားကိုး ပုဆိန်ရိုးဆိုတဲ့ ဆိုင်းဘုတ် အောက်မှာ အဆိုးမြင် ဝါဒီများအား ဆန့်ကျင်ကြ ဆိုတဲ့ ဆိုင်းဘုတ်အောက်မှာ ကျမရဲ့ မောင်လေးတွေက ဆန့်ကျင်စာ ရေးထား တယ်ပေါ့နော်။ အဲဒီ ဆန့်ကျင်စာ ရေးထားတဲ့ ပိတ်စကို၊ အဲဒီဟာအောက်မှာ ကပ်တယ်။ ကျမက အဲဒါ ကပ်တဲ့ ဥစ္စာကို မှတ်တမ်းတင် ဓါတ်ပုံရိုတ်တာ ရိုက်နေရင်း တန်းလန်းကြီးနဲ့ပေါ့။ ရဲတွေက ကား နှစ်စီးနဲ့ ရောက်လာပြီး ကျမတို့ကို ဖမ်းတာပါ။ ကျမကို ဖမ်းခဲ့စဉ် အခါတုန်းက ရဲမေ မပါ,ပါဘူး။"

"ဝင်ဖမ်းနေတဲ့ အချိန်မှာ ကျမမောင်လေးတွေက ထွက်ပြေးတဲ့ အခါကြတော့ ဘိုဘိုဝင်းလှိုင်ကို သွားမိတယ်။ ပစ်လဲ သွားတဲ့ ဘိုဘိုဝင်းလှိုင်ကို ခြေထောက်နဲ့ နင်းထားတယ်။ ကျမက ကျမမောင်လေးတွေကို အသားမထိပါနဲ့၊ ကျမ မစုစုနွေးပါ။ ကျမအဖမ်း ခံပါတယ်။ ကျမ ကလေးတွေကို မလုပ်ပါနဲ့ ဆိုတော့ တယောက်ကတော့ လွတ်သွားတယ်။ တယောက်ကတော့ အဖမ်း ခံလိုက်ရတယ်။ အဲဒါနဲ့ ကလေးကို မရိုက်တော့ဘူး။"

"ကျမက အဖမ်းခံပါတယ် ဆိုတော့ သူတို့က ချက်ချင်း လာမဖမ်းဘူး။ ကျမကို ကြောင်ကြည့်နေပြီး ခဏနေမှ သူတို့ အထက်ကို သတင်းပို့သံ ကြားတယ်။ ပစ်မှတ်တစ် မစုစုနွေးက အဖမ်းခံနေပါတယ်။ မစုစုနွေးကို မိထားပါတယ်။ သူတို့ ဘာဆက်လုပ်ရမလဲတဲ့။ ဟိုဘက်က ဘာပြန်ပြောသလဲတော့ မသိဘူး။ ကျမနဲ့ မောင်လေး ဘိုဘိုဝင်းလှိုင် ကို ကားတစီးစီ တင်လိုက်ပြီး ဗဟန်း ရဲစခန်းကို ခေါ်သွားတယ်။"

"သူတို့ တရားရုံးမှာ ထွက်တာနဲ့၊ ကျမကို ဖမ်းခဲ့စဉ် အခါတုန်းက အခြေအနေနဲ့က ထွက်ဆိုတာက ကွာဟချက် ရှိနေတယ်။ သူတို့ ကျမကို ဖမ်းတုန်းက အမျိုးသမီးရဲမေ ပါ,ပါတယ်လို့ ပြောတယ်။ တကယ်တော့ ဖမ်းတုန်းက အမျိုးသမီး ရဲမေ မပါ,ပါဘူး။ ရဲမှူးကြီး ဦးကျော်စိန် ခေါင်းဆောင်သော ယောက်ျားလေး ရဲသား အဖွဲ့ ၁၃ ယောက်က ဖမ်းတာပါ။"

"ကျမကိုဖမ်းပြီး ထောင်ချတဲ့ ပုဒ်မတွေတော့ ကျမ မမှတ်မိတော့ပါဘူး။ သူတို့လည်း ဖမ်းချင်သလို ဖမ်းပြီး တပ်ချင် တဲ့ ပုဒ်မတွေ တပ်ပြီးချတာ ဆိုတော့ တရားရုံးမှာလည်း ကျမက ထုချေလွှာ မပေးခဲ့ဘူး။ ကျမကို ချထားတာကတော့ နှစ်မှုပေါင်း ၁၂ နှစ်နဲ့ ခြောက်လပါ။ ပထမ အမှုက ဆန့်ကျင်လွှာ ကပ်တဲ့ အမှုနဲ့ ရှစ်နှစ်။ ဒုတိယအမှု ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသား လွှတ်မြောက်ရေးလုပ်လို့ အမှုထပ်တပ်တာပေါ့။ အဲဒါက လေးနှစ် ဓါတ်ပုံ ရိုက်လို့ဆိုပြီး ခြောက်လ တပ်တာလေ။"

လူ့အခွင့်အရေး လှုပ်ရှားသူ တယောက်ရဲ့အနေနဲ့ ထောင်ထဲမှာ စပြီး အခက်အခဲတွေ ရင်ဆိုင်ခဲ့ရပုံကို ပြောပါဦး။

"ကျမ ပထမဦးဆုံး စပြီး အဖမ်းခံရပြီးကတည်းက ပြောမယ်ဆိုရင် အင်းစိန် ထောင်မှာလည်း ကျမ တယောက်တည်း နေရတယ်လေ။ ကျမနဲ့ အတူတူ ထောင်ထဲကို ဝင်လာတဲ့လူတွေ။ ကျမရှေ့က ဝင်လာတဲ့ လူတွေကို ထောင်ဝင် စာ တွေ့ခွင့် ပေးတယ်။ ပါဆယ် ပို့ခွင့်လည်း ပေးတယ်။ ကျမ ကျတော့ ပါဆယ်လည်း ပေးခွင့် မရှိဘူး။ ထောင်ဝင်စာလည်း တွေ့ခွင့် မရှိဘူး။"

"အဲဒီတော့ မိသားစုနဲ့လည်း တွေ့ခွင့်မရဘူး။ ပါဆယ်လည်း ပေးခွင့် မရတဲ့ အခါကျတော့ ကျမက အစာငတ်ခံ ဆန္ဒပြတယ်လေ။ တရက်ပြည့်လို့ ညဘက် ခုနှစ်နာရီ ထိုးလောက်မှာ ညွှန်မှူးနဲ့ ထောင်ဝန်ထမ်းတွေ အကုန်လုံး ကျမကို အစာငတ်ခံ ဆန္ဒပြတယ် ဆိုတာ ဟုတ်သလား၊ မေးတယ်။ ဟုတ်ပါတယ် ဆိုတော့၊ ဟုတ်ရင် ဒီမှာမထားဘူး။ ရွှေ့မယ် ဆိုပြီးတော့ ကျမကို သီးခြားတိုက်ကို ရွှေ့ပြီးတော့ တယောက်တည်း ထားပါတယ်။ ကျမကလည်း ထောင်ဝင်စာ တွေ့ခွင့်မရရင်၊ ပါဆယ်ပို့ခွင့် မရရင် ထမင်း မစားဘူးလို့ ပြောတော့ သူတို့က တွေ့ခွင့်ရပါမယ်။ ပါဆယ်ရခွင့် ရှိရပါမယ် ဆိုတော့ သုံးရက်ပြည့်တဲ့ နေ့မှာ ပါဆယ်ရတဲ့နေ့မှာ ထမင်း ပြန်စား လိုက်ပါတယ်။"

"အဲဒီကနေပြီးတော့ တိုက်ထဲကနေပြီးတော့ အပြင်လည်း မထွက်ရပါဘူး။ တိုက်ထဲမှာ လမ်းလျှောက်တဲ့ အခန်းတွေ၊ မိလ္လာခန်း၊ ရေချိုးခန်းတွေ သူ့အခန်းလေးတွေနဲ့သူ ထားတယ်။ ကျမကို အပြင်မထွက်ရဘူး။ ရုံးထွက်တဲ့ အချိန်ရယ်။ ထောင်ဝင်စာ တွေ့တဲ့ အချိန်ရယ်ကိုတော့ ကျမ အပြင်ထွက်ခွင့် ရတယ်ပေါ့။ အမိန့်ချပြီးတဲ့ အထိ တနှစ်လုံးလုံးကို တိုက်ထဲမှာပဲ နေရတယ်။"

"အဲဒီကနေပြီး ကလေးကို ပြောင်းရတယ်။ အဲဒီမှာလည်း ကျမ တယောက်တည်းပဲ နေရတယ်လေ။ အဲဒီမှာ ကျတော့ ကျမ ထောင်ဝင်စာ တွေ့ခွင့်ရတယ်။ ဒုချုပ်ကြီးကလည်း ကျမဆီလာတယ်၊ ကလေးကို ရောက်တော့။ သမီးတဲ့ သမီး ထောင်ဝင်စာတွေ့ခွင့် ရရေးကို အစည်းအဝေးမှာ တင်ပြလို့တဲ့။ သမီး အခုထောင်ဝင်စာ တွေ့ခွင့်ရတယ်။ မိသားစုနဲ့ တွေ့ခွင့် ရတယ်တဲ့။ မိသားစုလည်း လာတော့မှာတဲ့။ ဒီကအေးတယ်တဲ့၊ ကျန်းမာရေးကို ဂရုစိုက်ပါတဲ့။ ဒီကိုပို့တာ အန်ကယ်တို့ ပို့တာ မဟုတ်ပါဘူးတဲ့။ အထက်က လူကြီးတွေက အစည်းအဝေး ထိုင်ပြီးပို့တာတဲ့။ အန်ကယ်တို့လည်း ဘာမှ လုပ်လို့ မရပါဘူးတဲ့။ ကျန်းမာရေးကို အထူး ဂရုစိုက်ပါတဲ့။ မိသားစုနဲ့ ဝေးတယ်တဲ့။ အဲလို အားပေးစကား ပြောသွား ပါသေးတယ်။"

မစုစုနွေးကို ဖမ်းတုန်းကနဲ့ စစ်ဆေးတဲ့အခါမှာ ညှင်းပန်းနှိပ်စက်တာတွေ ရှိလားခင်ဗျ။

"မရှိပါဘူး။ ကျမကို စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ဝေလွင် လာကြည့်ပါတယ်။ ကျမကိုကြည့်ပြီးတော့ ကျမ အတွက် စားရေး သောက်ရေးတွေ လုပ်ပေးဖို့ သူတို့ လူတွေကို မှာပြီးတော့ ပြန်သွားပါတယ်။ နောက်တော့ ဗိုလ်ချုပ်လှဌေးဝင်း လာကြည့်ပါတယ်။ လာကြည့်ပြီးတော့ စားရေးသောက်ရေး ကျန်းမာရေးတွေ မေးပါတယ်။ နောက်ပြီးတော့ နိုင်ငံခြားက စီးပွားရေး ပိတ်ဆို့မှုတွေနဲ့ ပတ်သက်ပြီး ဖွင့်ပေးနိုင်အောင် လုပ်မလားဆိုပြီး ကျမကို မေးပါတယ်။ ကျမက ပြောပါတယ် အဲဒါ ကျမတို့အနေနဲ့ ဘာမှ လုပ်လို့ မရပါဘူးလို့ ပြောလိုက်ပါတယ်။"

"အဲဒီည ဗဟန်း ရဲစခန်းမှာ ၁၂ နာရီထိုးလောက်က အကိုကြီး မင်းကိုနိုင်ကို အရင်တွေ့ပြီးမှ ကျမကို လာတွေ့တာပါ။ ကျမနဲ့ အကိုကြီး မင်းကိုနိုင်ကို တွေ့တာပါ။ သူတို့ပြောတာတော့ ကိုမင်းကိုနိုင်ကို တွေ့ပြီးမှ ကျမဆီကို လာတာလို့ ပြောပါတယ်။ သူတို့ကတော့ အေးအေးဆေးဆေး ဆွေးနွေးတာပါ။ ကျမကတော့ ပြောလိုက်တယ်။ ဒီစီးပွားရေး ပိတ်ဆို့တာတွေက လူကြီးတွေနဲ့ပဲ ဆိုင်တယ်။ ကျမတို့နဲ့ မဆိုင်ဘူးပေါ့နော်။"

မစုစုနွေး တယောက်တည်းနေရတာက ပြောင်းသွားတဲ့ ထောင်နှစ်ခုလုံးမှာပဲလား ခင်ဗျ။

"ကျမက ပထမဦးဆုံး ကလေးကို ပြောင်းတယ်လေ။ ကလေးမှာက ဆရာဝန်တွေ ဘာတွေ ဆေးရုံတွေ ရှိပါတယ်။ ဘာဆိုးလဲ ဆိုတော့ ကျမက နေ့ရောညရော တယောက်တည်း နေရတယ်။ ကျမကလည်း (၅) ည နဲ့ ကျတဲ့ လူတွေနဲ့ တွဲထားပေးဖို့ တောင်းဆိုပါတယ်။ ထောင်ပိုင်ကြီးက ပြောတယ်။ မိန်းကလေး တယာက်တည်း ထားရတာ သူတို့ အတွက်လည်း တာဝန် ကြီးပါတယ်တဲ့။ ဒါပေမယ့် အထက်က မပို့ပေးတဲ့ အတွက် သူတို့မှာ ဘာမှ လုပ်လို့ မရပါဘူးတဲ့။"

"ဒါပေမယ့် လေးလ ကျော်ကျော်လောက်မှာ အချွဲတွေဆို့ပြီး၊ အပြင်မှာ လမ်းလျှောက်နေရင်းနဲ့ မူးလဲသွားတော့ သမားတော် တွေနဲ့ ကုလိုက်ရတယ်။ အဲဒီနောက် ကျမကို ECG ရိုက်တာပေါ့။ ရိုက်တော့ အင်္ကျီတွေအကုန် ချွတ်ပြီးတော့ ရိုက်တာပေါ့လေ။ ကျမက ပြောတယ်။ မှတ်တမ်း မတင်ပါနဲ့လို့ ပြောတာကို သူတို့ ရိုက်တော့ ကျမက ထောင်ပိုင်ကြီးကို နောက်နေ့ကြတော့ တိုင်တယ်။ ကျမက အပျို မိန်းကလေး ဖြစ်ပါတယ်။ မိကောင်းဖခင် သားသမီးပါ။ မိန်းကလေးဆိုတာ အရှက်တရားနဲ့ အသက် ရှင်ရတာ ဖြစ်တဲ့ အကြောင်းနဲ့ နောက်တခါ ECG ရိုက်မယ်ဆိုရင် ကြိုတင် ခွင့်တောင်းပြီး မိန်းကလေး ဆရာဝန်မတွေနဲ့ စီစဉ်ပေးပါလို့ တင်ပြခဲ့ရတယ်။"

"ကျမက မိန်းကလေးတယောက်တဲ့ ဖြစ်နေတဲ့အတွက် လုံခြုံရေး အရ (၅) ညနဲ့ ကျတဲ့ အဖေါ် တယောက်လောက် ထားပေးပါလို့ ကျမက တောင်းဆိုပါတယ်။ မရဘူး။ နောက်ပြီး ကျမ အခန်းဖေါ် တောင်းလို့ ဆိုပြီး ကျမနေတဲ့ တိုက်နဲ့ တခန်းကျော် လောက်မှာ စိတ်ငြိမ်ဆေးတွေ သောက်နေရတဲ့ စိတ်မနှံ့တဲ့၊ မိန်းကလေး တယောက်ကို ပို့ထားတယ်။"

"တရက်ကြတော့ သမားတော် ဒေါက်တာ ဦးကိုကိုလွင်ကနေ ကျမကို ကျန်းမာရေး လာစစ်တာ။ ကျမက အမြဲတမ်း အားက နည်းနေတော့ ဒေါက်တာ ဦးကိုကိုလွင်က ကဲ .. အဘွားကြီးလည်း ဖြစ်နေပြီတဲ့ အော်ရာမင်းဂျီ အွန်မှ ရတော့မယ်တဲ့ အဲဒါနဲ့ အိပ်ဆေးနဲ့ အော်ရာမင်းဂျီ သောက်ဖို့ ရေးထား ပေးခဲ့တယ်။ ဒါပေမယ့် ထောင်ပိုင်ကြီးက သူတို့ထောင်ခွဲဖြစ်တဲ့ ကျွန်းတော အလုပ်စခန်းကို ငါးရက်ကြာ သွားစစ်နေတဲ့ အချိန်မှာ ကျမကို ထောင်က ဆေးမှူးကနေပြီးတော့ အော်ရာမင်းဂျီနဲ့ အိပ်ဆေး မပေးဘဲနဲ့ ဟိုဘက်အခန်းက စိတ်မနှံ့တဲ့ ကောင်မလေးကို တိုက်နေတဲ့ စိတ်ငြိမ်ဆေးတွေ ကျမကို လာပေးတယ်။"

"ကျမပြောတယ် ဆရာဝန်ကျမကို ရေးပေးခဲ့တဲ့ ဆေးက အော်ရာမင်းဂျီနဲ့ အိပ်ဆေးပေါ့ အခု လာတိုက်တာက စိတ်မကောင်းတဲ့ လူတွေကို တိုက်တဲ့ဆေး ဖြစ်တယ်လို့၊ ဒါပေမယ့် သက်သေဖြစ်အောင် ဆိုပြီး အဲဒီ စိတ်ငြိမ်ဆေးတွေကို ကျမ သောက်လိုက်တယ်။ သောက်လိုက်တော့ စိတ်ထတဲ့လူကို တိုက်တဲ့ဆေးကို ပုံမှန်လူက သောက်လိုက်တော့ ကျမ ပျော့ပြဲ ကျသွားတာပေါ့။"

"ကျမက ဒီထောင်မှ ဘယ်သူ့ကိုမှ ဒုက္ခမပေးဘဲ ဘာကြောင့် ဒီလို လုပ်ကြံရတာလဲ ဆိုပြီး နောက်နေ့ ထောင်ပိုင်နဲ့ ကျမ သွားရှင်း ခဲ့တော့ သူဒီကိစ္စနဲ့ ပတ်သက်ပြီး အစည်းအဝေးမှာ တင်ပြဆွေးနွေးမယ် ပြောတယ်။ နောက် နှစ်ရက်လောက်မှာတော့ ဆေးအမှန် လာပြန်ပေးပါတယ်။ အဲဒီဆေးမှူးလည်း ပြုတ်သွားတယ်။ အဲဒီနောက် ကျမလည်း ဆေးဖြတ်ရင်းနဲ့ ခန္တီးထောင် ရောက်သွားတယ်။"

ခန္တီးထောင်ထဲမှာရော ကျန်းမာရေး စောင့်ရှောက်မှု၊ စာဖတ်ခွင့်နဲ့ စားဝတ်နေရေး အခြေအနေတွေ ကောင်းမွန်ရဲ့လားခင်ဗျာ့။ ဘယ်ကဏ္ဍတွေမှာ အခက်အခဲရှိလဲ။

"ကျမ လေးလလောက် ဆေးဖြတ်ထားပြီး ခန္တီးရာက်တော့ ကျမ ကျန်းမာရေးက ပိုဆိုးသွားပြန်ရော။ ခန္တီးကြတော့ ဆရာဝန်လည်း မရှိဘူး။ ဆေးရုံလည်း မရှိဘူး။ ဆေးမှူးနဲ့ပဲ နေရတာလေ။ အဲဒီမှာလည်း တယောက်တည်းပဲ ထားတော့ တယောက်တည်းပဲ နေရတယ်။"

"အဲဒီလိုနေရာမျိုးမှာ တယောက်တည်းနေရတော့ တော်တော်လေးကို စိတ်ပိုင်းဆိုင်ရာ မထိခိုက်အောင် ကျမ ရပ်တည် ခဲ့ရတာပါ။ ကျမမှာလေ တယောက်တည်း လုံးဝကို စကားပြောဖေါ် မရှိတာပါ။ တခါ တလေကျရင် ကိုယ့်စိတ်နဲ့ ကိုယ်တောင်မှ ဒေါသ ဖြစ်မိတယ်။ ဘာသာရေးကို များများလုပ်။ ဘုရားစာပဲ အမြဲတမ်း ရွတ်ပြီးတော့ ဘယ်အချိန် ဘုရားရှိခိုးမယ်။ ဘယ်အချိန် လမ်းလျှောက်မယ်။ ဘယ်အချိန် ထမင်းစား၊ စာဖတ်ချိန်၊ ရေချိုးချိန် ဆိုပြီး အချိန်ဇယားလေး လုပ်ပြီးတော့ နားရီလေး အမြဲတမ်း ဘေးမှာ ချထားတယ်။ အဲလို အချိန်ဇယားလေးနဲ့ ပုံမှန်လုပ်နေမှ ခံနိုင်ရည်ရှိလာတယ်။"

အဲဒီလို အကျဉ်းထောင် အခန်းကျဉ်းထဲက အထီးကျန်နေရတဲ့ အချိန်မျိုးမှာ အမ အနေနဲ့ အတောင်းတဆုံးက ဘာဖြစ်မလဲ။

"ဟုတ်တယ်။ အဲဒီအချိန်တွေမှာ ကျမအဖြစ်ချင်ဆုံးက အခန်းဖေါ်တယောက်လိုချင်တာ။ စကားတွေ ပြောချင်တယ်။ ထမင်းလည်း အတူတူ စားချင်တယ်။ အဲဒါတွေ အဖြစ်ချင်ဆုံးပဲ။"

အကျဉ်းထောင်ထဲမှာ အမျိုးသမီးတယောက်အနေနဲ့ ဖြတ်သန်းရတဲ့ အဓိက အခက်အခဲက ဘာဖြစ်မလဲ ခင်ဗျ။

"ကျမဆိုရင် ထောင်ထဲမှာ ကိုယ်ကျင့်တရားတွေ တိုက်ခိုက် ခံရတာတွေ ရှိပါတယ်။ အဲဒါတွေက ကျမအတွက် အခက်အခဲ ဖြစ်စေတယ်လေ။ အဲဒါတွေက ကျမအတွက် ဖြေရှင်းမှုလည်း မရဘူး။ ဖြေရှင်း ပြန်ရင်လည်း ကျမဘက်က သက်သေ ရှိသလား။ ဘယ်မှာ သက်သေရှိလို့လဲ အမှန်တရားကို ပေါ့နော် ကျမက အမှန်းအတိုင်း ပြောလိုက်ပေမယ့် ကျမဘက်က သက်သေမရှိဘူး။ ဒါတွေက တယောက်တည်း နေရတဲ့ ကျမရဲ့ အခက်အခဲဆုံး အရာတွေပဲ။"

အစိုးရသစ်က ဘာကြောင့် လွှတ်ပေးလိုက်တယ်လို့ ထင်လဲ။

"ဒါကတော့ရှင် သမ္မတကြီး ဦးသိန်းစိန်နဲ့ပဲ ဆိုင်မယ်လို့ ထင်ပါတယ်။ ကျမတို့ အကုန်လုံးကတော့ ယုံကြည်ချက်နဲ့ ခံယူချက်နဲ့ အကျဉ်း ကျခံနေရတယ်။ အဲဒါကို လွှတ်ပေးပါလို့ တကမ္ဘာလုံး ကရော၊ မြန်မာ တနိုင်ငံလုံးနဲ့ အန်တီ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တောင်းဆို ထားတာပဲရှင်။ ကျမတို့ကို အကုန်လုံး မလွှတ်ပေးဘဲနဲ့ အခုလို ကျမတို့ကို ရွေးပြီးတော့မှ လွှတ်ပေးလိုက်တယ်။ တကယ် ကျန်းမာရေး မကောင်းတဲ့ လူတွေရော။ သက်ကြီးရွယ်အို တွေရော ဆေးရုံတွေ ဘာတွေ ထွက်ကုနေရတဲ့လူတွေ ကျန်နေခဲ့တယ်။ ဒီလိုလူမျိုးတွေ လွှတ်ရမယ်။ အားလုံးက ကိုယ်စီကိုယ်စီ ကျန်းမာရေးက မကောင်းတဲ့ လူတွေချည်းပဲ။"

"အားလုံးက လွှတ်သင့်တဲ့ လူတွေချည်းပါပဲ။ အားလုံး လွှတ်သင့်တာကို မလွှတ်ဘဲ ခုလိုရွေးလွှတ် နေတာကြောင့် သမ္မတကြီး ဦးသိန်းစိန်နဲ့ပဲ ဆိုင်ပါတယ်လို့ပဲ ပြောချင်ပါတယ်။"

ကိုမင်းကိုနိုင် အပါအဝင် အမရဲ့ လုပ်ဖေါ်ကိုင်ဖက်တွေဖြစ်တဲ့ အရေးပါတဲ့ အခြား နိုင်ငံရေး အကျဉ်းသား တွေကို လွှတ်မပေး သေးတာနဲ့ ပတ်သက်ပြီး တော့ရော ဘယ်လိုပြောမလဲ။

"အကျင့် စာရိတ္တကောင်းမွန်တဲ့ လူတွေကို လွှတ်ပေးမယ်လို့ အဲဒီညက သတင်းက ကြေညာတာကို ကျမ ကြားလိုက် ရတာပေါ့။ နိုင်ငံရေးကို ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ဒီမိုကရေစီ ရရှိရေးအတွက် တိုက်ပွဲဝင်နေတဲ့ ကိုမင်းကိုနိုင် အပါအဝင်ပေါ့နော်။ အကျဉ်းကျ ခံနေရတဲ့ ရဟန်းသံဃာတွေ အပါအဝင် နိုင်ငံရေး အကျဉ်းသူ အကျဉ်းသားတွေ အားလုံးဟာ အစကတည်းက ကိုယ်ကျင့်တရားတွေက ကောင်းပြီးသားပါ။"

"ကိုယ်ကျင့်တရား ကောင်းလို့လည်း ကျမတို့ မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိဖို့ အတွက်ကို စီးပွားရေးတွေ၊ လူမှုရေးတွေ၊ ပညာရေးတွေ၊ မိသားစု အရေးတွေ အကုန်လုံးကို စွန့်ပြီး သေရမယ်ဆိုတာ သိတယ်။ ထောင်ကျရမယ် ဆိုတာ သိလျက်နဲ့ ကျမတို့ နိုင်ငံ စစ်မှန်တဲ့ လွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီ ရရှိရေးအတွက် တောင်းဆိုရင်းနဲ့ အကျဉ်းကျ ခံနေရတာပါ။"

"အဲတော့ ကျမတို့ လွတ်လာခဲ့ပေမယ့် ကျမတို့ မပျော်နိုင်ပါဘူး။ အကုန်လုံးကို လွှတ်ပေးမှ သာလျှင် ကျမတို့ ပျော်နိုင်မှာ ဖြစ်ပါတယ်။ အဲဒါကြောင့် နိုင်ငံတော် သမ္မတကြီးအနေနဲ့ ကျမတို့အကိုကြီး မင်းကိုနိုင် အပါအဝင် ကျန်နေခဲ့တဲ့ ကျမတို့ရဲ့ လုပ်ဖေါ်ကိုင်ဖက် နိုင်ငံရေး အကျဉ်းသူ အကျဉ်းသားအားလုံးကိုခြွင်းချက်မရှိ အမြန်ဆုံ လွှတ်ပေးပါလို့ ကျမ တောင်းဆို ချင်ပါတယ်ရှင်။"

အစိုးရသစ်ရဲ့ လုပ်ဆောင်မှုတွေနဲ့ ပတ်သက်ပြီးတော့ ဘာများပြောချင်တာ ရှိမလဲ။

"အစိုးရသစ်ရဲ့ လုပ်ဆောင်ချက်တွေကတော့ ကျမထောင်ထဲမှာနေတဲ့ လေးနှစ်တာအတွင်းမှာ ဂျာနယ်နဲ့ သတင်းစာ အပေါ်မှာပဲ သိရတာ။ ပြည်သူ တယောက် အနေနဲ့ပေါ့နော်။ အစိုးရသစ် အနေနဲ့ ပြည်သူတွေအပါ် သဘောထား ကြီးစွာနဲ့ တိုင်းပြည် အကျိုး ပြည်သူ့အကျိုးကို ဆောင်ရွက်တယ် ဆိုရင် ကျမတို့က လှိုက်လှိုက်လှဲလှဲ ဝမ်းသာပြီးတော့ အမြဲတမ်း ထောက်ခံ သွားမှာပါ။ အခု ကျမတို့ ထောက်ခံတဲ့ ပြည်သူလူထု ထောက်ခံတဲ့ အစိုးရသစ်ပဲ ဖြစ်စေချင်ပါတယ်။ ဥပမာ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးတယ် ဆိုရင်လည်း အားလုံးကို သဘောထားကြီးစွာနဲ့ လွှတ်ပေးမယ် ဆိုရင်လည်း အတိုင်းထက်အလွန် နိုင်ငံတော် သမ္မတကြီး အပေါ်မှာ တကယ်ကို လှိုက်လှိုက်လှဲလှဲ ထောက်ခံသွားမှာပါ။ ခုနည်းနည်းပဲ လွှတ်တော့ ကျမတို့က ထောက်ခံရမှာ နည်းနည်း အားပျော့ နေတယ်ရှင့်။"

အစိုးရက လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့ အချိန်ထောင်ထဲက အကျဉ်းသားတွေရဲ့ ဖြစ်ပျက်နေတဲ့ အခြေနေတွေက ဘယ်လိုရှိလဲ။ ရှိရင်မျှဝေပါဦး။

"ပြည်သူလူထုတွေရဲ့စကားကိုနားထောင်တယ်ဆိုရင် နိုင်ငံတော်သမ္မတကြီးကို ပြောချင်တာကတော့ ကျမကိုယ်တွေ့ ထောင်ထဲက အခြေအနေ လေးပဲ နမူနာထား ပြောပါရစေ။ ပထမ လွတ်ငြိမ်း ချမ်းသာခွင့် ကြေညာတဲ့အခါမှာ ခန္တီးထောင်ရဲ့ တီဗွီကတဆင့် ကြားလိုက်ရတဲ့ အချိန် ဟေး ခနဲ အော်လိုက်တာ ကျမကြားပါတယ်။ နောက်တော့ သမ္မတကြီး လွတ်ငြိမ်း ချမ်းသာခွင့်က တနှစ်လည်း ဆိုရော အားလုံးက ဟင် .. ခနဲဆို ဖြစ်သွားကုန်ပြီး လွတ်တဲ့လူတွေက ကျန်ခဲ့တဲ့လူတွေ အတွက်ကို အကုန်လုံး ခွက်တွေ၊ ခုံတွေ ခေါက်ပြီးတော့ သီချင်းတွေဆိုပြီး အားပေး ကြတာပေါ့နော်။"

"အဲဒီမှာ ကျမတို့ ခန္တီးထောင်က တခါချက်ရင် ဆန် နှစ်တင်းချက်ကတာ။ အကုန်လုံး ငိုတဲ့လူတွေ ကလည်း မိန်းကလေးတွေ ဆိုရင် တခါတည်း ထောင်ကြမ်းပြင်ပေါ်မှာ လူးလိမ့်နေအောင် ဝမ်းနည်းပြီး ငိုကြတာ။ ကျမကတော့ အားပေးတယ်။ အားတင်းထားပါ။ နောက်တခါ လာမှာပါရှင် အားတင်းထားပါ။ စုစုနွေး တယောက်လုံး ခန္တီးထောင်ထဲမှာ ကျန်ပါသေးတယ်။ အားတင်း ထားကြပါ။ ထမင်းတွေလည်း မစားကြဘူး။"

"စားကြပါ အမတို့ရယ်၊ ထမင်းမစားရင် ကျန်းမာရေးတွေ ထိခိုက်ကုန်မှာပေါ့ ဆိုပြီး ကျမက ဒီဘက်က တိုက်ကနေ အော်ပြီးတော့ သူတို့ကို အားပေးရပါတယ်။ သူတို့က နိုင်ငံတော်ရဲ့ လွတ်ငြိမ်း ချမ်းသာခွင့်ကို မျှောလင့်နေကြတယ်။ ဟိုက ပေးတာ တနှစ်လို့လည်း ဆိုရော စိတ်ဓါတ်တွေ ကျကုန်ကြတာပေါ့။"

"ထမင်းတွေမစားကြဘူး။ ဆန် နှစ်တင်း ချက်နေကြထောင်မှာ တတင်းကို လေး၊ ငါး ရက်လောက် ချက်လိုက် ရတယ်။ ထောင်အာဏာပိုင် တွေနဲ့ (၅) ည တွေကလည်း အားပေး ကြတာပေါ့ နောက်တခါ လာမှာပါ ဆိုတာကို။ နောက်ပိုင်းတော့ ထမင်းတွေ ပြန်စား လာကြပါတယ်။ နောက် နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့် ဆိုတာကို မျှော်လင့် နေကြပါတယ်။"

"အခုလည်း ကျတော့ရော သက်ကြီးရွယ်အိုတွေနဲ့ ကျန်းမာရေး မကောင်းတဲ့ လူတွေနဲ့ သူတို့ လွှတ်ချင်တဲ့ လူတွေကိုပဲ ရွေးလွှတ်တဲ့ အခါကြတော့ အကုန်လုံးက အားတွေလည်း ပျက်ပြီး၊ မျက်နှာတွေလည်း မှိုင်ပြီးတော့ အားပြတ် ကုန်ကြ တာပေါ့နော်။ သမ္မတလည်း အားမကိုးတော့ဘူး။ နိုင်ငံတော်လည်း အားမကိုးတော့ဘူး ဆိုတဲ့ အသံတွေကို ကျမကြား ခဲ့ရပါတယ်။ အဲတော့ ပြည်သူလူထုရဲ့ အသံကို နားထောင်ပြီးတော့ ရှေ့ဆက်ပြီး လုပ်ဆောင်မယ့် သမ္မတဆို့ရင် အဲဒီအတွက် ခန္တီးထောင်မှာ ကျမကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်ကို ကျမက စကားလက်ဆောင် ပေးလိုက်တာပါ။"

လူအခွင့်အရေး လှုပ်ရှားသူတယောက် ထောင်ထဲရောက်သွားတော့ ထောင်ထဲမှာရော လူ့အခွင့်ရေး ကိစ္စတွေ ဆက်လုပ် ဖြစ်တာမျိုးများ ရှိသေးလား။ ထောင်ထဲမှာရော အဓမ္မ စေခိုင်းမှုတွေ မရှိဘူးလား။

"ဒီအစိုးရက အလုပ်သမားအရေးနဲ့ ပတ်သက်ပြီး ထောင်ထဲမှာ တော်တော်လေး ကျမကို အသိအမှတ် ပြုထားတာ ရှိပါတယ်။ ကျမ ILO နဲ့ အလုပ်လုပ်တယ်။ ကျမ ရောက်သွားတဲ့ အကျဉ်းထောင် တွေမှာက ကျမရောက်သွားရင် အကျဉ်းထောင် ဝန်ထမ်းတွေကိုရော၊ အကျဉ်းသား အလုပ်သမား တွေကိုရော သတိထားပြီး ခိုင်းပါတယ်ရှင့်။"

"ထောင်ဝန်ထမ်းတွေ ဆိုတာလည်း ပြည်သူတွေပါပဲ။ သူတို့ကလည်း လခစား ပြည်သူတွေပါပဲ။ ကျမက ထောင်ပိုင်တွေကို ပြောပါတယ်။ ဌာနဆိုင်ရာ အသီးသီးမှာ တာဝန် ထမ်းဆောင်နေကြတဲ့ ဝန်ထမ်းတွေကလည်း၊ လစာ လိုချင်လို့ အလုပ် လုပ်နေကြတဲ့ လူတွေပါပဲလို့။ အဲဒီတော့ သူတို့ကို မတရားခိုင်းရင်လည်း ကျမနဲ့ ဆိုင်ပါတယ်လို့ အဲဒီတော့ မတရား မခိုင်းပါနဲ့လို့ နေ့ရော၊ ညရော ခိုင်းတာကို ကျမ လက်မခံဘူးလို့ နေ့ဂျူတီ၊ ညဂျူတီ ခိုင်းတာကို သူတို့မှာလည်း မပြောရဲလို့သာ နေကြတာပါလို့၊ ဝန်ထမ်းဟာလည်း ဝန်ထမ်း အခွင့်အရေး ရှိပါတယ်လို့။"

"ငါတို့ဝန်ထမ်း ငါတို့ မတရားခိုင်းတာ၊ နင်နဲ့ မဆိုင်ပါဘူးဆိုတဲ့ စကားကို ကျမကို လာမပြောပါနဲ့လို့။ ရှင်တို့ မတရား ခိုင်းရင်လည်း ကျမရှေ့မှာ ခိုင်းတာတွေ့တဲ့ အတွက် ၁/၉၉ နဲ့ ငြိတယ်လို့ ကျမကတော့ ဝင်ပြောရမှာပဲလို့။ အခါကြီး ရက်ကြီးတွေမှာ ဝန်ထမ်းတွေကို နားခွင့် ပေးရမယ်လို့။ တနင်္ဂနွေ နေ့တွေမှာ ဝန်ထမ်းတွေကို နားခွင့် ပေးရမယ်လို့။ ဝန်ထမ်းတွေကို နေ့ရောညရော မခိုင်းဘဲနဲ့ နေ့ဂျူတီ၊ ညဂျူတီ ခိုင်းရမယ် ဆိုတာကို ကျမ တောင်းဆိုပေးတော့ တနင်္ဂနွေနေ့နဲ့ ခါကြီး၊ ရက်ကြီးတွေမှာ ဝန်ထမ်းတွေ နားခွင့် ရသွားတယ်။"

"အကျဉ်းသားတွေကိုလည်း စနေ၊ တနင်္ဂနွေတွေမှာ အလုပ်ခိုင်းလို့ ရှိရင်လည်း အထူး လျှော့ရက်တွေ ပေးရမယ်။ ၁၂ နာရီကနေ နှစ်နာရီ နားချိန် အတွင်းမှာ အလုပ် မခိုင်းရဘူး။ ကလေးထောင်မှာ တုန်းကလည်း အဲဒီနားချိန်မှာ သံပုံးတွေ အလုပ်ခိုင်းတယ်။ ကျမ မမြင်ရပေမယ့် နားချိန်မှာ အလုပ် လုပ်နေရတဲ့ အသံတွေ ကြားနေရတဲ့ အတွက် ကျမ ထောင်အာဏာပိုင်တွေ ဆီမှာ တောင်းဆိုတယ်။ ဒီ ၁၂ နာရီကနေ နှစ် နာရီအတွင်း ထောင်တိုင်း အိပ်ခွင့်ပေးရတဲ့ နားချိန်ကို အလုပ် လုပ်ခိုင်းတဲ့ အတွက် ၁/၉၉ ဥပဒေနဲ့ ငြိတဲ့ အကြောင်း ထောင်ပိုင်ကြီးကို ပြောပြီးတော့ တောင်းဆိုတော့ အဲဒီအချိန်ကို နောက်အမြဲတမ်း နားချိန် ပေးလိုက်ပါတယ်။ အိပ်ချိန်တန် အိပ်ခွင့် ပေးရမယ်။ နားချိန်တန် နားခွင့်ပေးရမယ်။ စနေ၊ တနင်္ဂနွေမှာ အချိန်ပိုခိုင်းရင် လျှော့ရက်ပေးရမယ် ကျမက ဒါတွေ တောင်းဆိုတာပါ။"

"ထောင်အာဏာပိုင်တွေကလည်း သူတို့ အလုပ်ခိုင်းတဲ့ ဥစ္စာကို ကျမသိမှာလည်း တော်တော် စိုးရိမ်တာပါ။ အကျဉ်းသူ အကျဉ်းသား တွေကို ကျန်တဲ့ (၅) ညတွေနဲ့ ပတ်သက်ခွင့် ရှိတယ်။ ကျမနဲ့ မပတ်သက်ရဘူး ဆိုတာ။ အလုပ်ခိုင်းတဲ့ အခါမှာ မပြေလည်တဲ့ အကျဉ်းသူ အကျဉ်းသားတွေ ရှိပါတယ်။ ကျမကို ပြောလို့ရှိရင် ကျမ သိမှာစိုးလို့ သူတို့ကို ထိမှာ စိုးလို့ ကာတာပါ။ အဲဒီတော့ အလုပ်သမား ကိစ္စနဲ့ ပတ်သက်ရင် ကျမသိမှာ စိုးတာတွေ ကာတာတွေတော့ ရှိပါတယ်။ တောင်းဆို တာတွေကို လိုက်လျော ပေးတာတွေလည်း ရှိပါတယ်။"

ထောင်ကလွတ်လာတဲ့နောက်မှာ အခု အပြင်မှာ အသုံးပြုနေတဲ့ လက်ကိုင်ဖုန်းတို့၊ အင်တာနက် တို့ အသုံးပြုဖို့ရော ရှိလားခင်ဗျ။

"ဖုန်းကတော့ လောလောဆယ် ကျမအတွက် လိုအပ်ပါတယ်။ အင်တာနက်တွေ ဘာတွေကတော့ ကျမ မောင်လေးတွေ ကနေ တဆင့်ပဲ သွားပါတယ်။ အခုတော့ မသုံးဖြစ်သေးဘူး။ ကျမရဲ့ လုပ်ငန်းပိုင်း ဆိုင်ရာနဲ့ ဆက်စပ်တဲ့ အရာ အားလုံးကိုတော့ လုပ်တတ် ကိုင်တတ်အောင် ကျမ လုပ်သွားမှာပါ။"

"ကျမ ဘာပဲလုပ်လုပ် အရင်တုန်းက ကျမတို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မရှိတုန်းကတောင်၊ ရုံးက လူကြီးတွေနဲ့ တိုင်ပင်ပြီး လုပ်ပါတယ်။ ကျမတို့ထက် တော်တဲ့၊ တတ်တဲ့ အကိုတွေဖြစ်တဲ့ ကိုမင်းကိုနိုင် တို့နဲ့လည်း တိုင်ပင်ပြီး လုပ်ပါတယ်။ အခု အကိုတွေ မရှိတဲ့ နောက်မှာလည်း ကျမတို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်ပင်ပြီး လုပ်မှာပါ။ ဘာပဲလုပ်လုပ် အန်တီကို တိုင်ပင်ပြီး လုပ်မှာပါ။ အန်တီ့ ညွှန်ကြားမှု အောက်မှာပဲ လုပ်သွားမှာပါ။"

မစုစုနွေးမွေးနေ့က ဘယ်တော့လဲ ခင်ဗျ။

"ကျမ အသက်က ၃၉ နှစ်။ မွေးနေ့က ၁၂ လပိုင်း ၁၆ ရက်နေ့ရှင့်။ ကျမမွေးနေ့ကို ခန္တီးထောင်မှာ သွားလုပ်မှာပါ။ ထောင် အာဏာပိုင်တွေ ကိုလည်း ခွင့်တောင်း ထားပါတယ်ရှင့်။"

အခု လွတ်လာပြီဆိုတော့ ရှေ့ဆက် ဘာတွေ ဆက်လုပ်ဖို့ အစီအစဉ်ရှိလဲ။

"ကျမ အရင်တုန်းကလည်း အလုပ်သမား၊ လယ်သမား၊ ကလေးစစ်သားနဲ့ ပတ်သက်ပြီး တာဝန် ယူထားတာလေ။ ရုံးမှာလည်း ဒီတာဝန်ပဲ ယူထားတယ်။ ကျမတို့က အသက် ၃၅ နှစ်မှာ မြို့နယ် တာဝန်ခံကနေ နားလိုက်ရတယ်လေ။ ကျမ ကျွမ်းကျင်တာ ကလည်း အလုပ်သမား၊ လယ်သမား၊ ကလေးစစ်သား ဒါတွေ ကျွမ်းကျင်တယ်လေ။ အဲဒီတော့ ကျမကို သူတို့ အဲဒီနေရာမှာ ထားပါတယ်။ အဲဒီတော့ ကျမ ရှေ့ဆက်ပြီးတော့လည်း ကျမ ကျန်းမာရေး အရ နားပြီးရင် လုပ်နေကျ အလုပ်တွေကိုပဲ ကျမ ဆက်လုပ်သွားမှာပါ။ ကျမမရှိတဲ့ အချိန်မှာ အလုပ်သမား လယ်သမား ကိစ္စတွေ လုပ်ထားတဲ့လူတွေက အခုကျမကို ဆက်သွယ်နေပါတယ်။ ကျမ ဒါတွေကို ဆင်းပြီးတော့ သူတို့နဲ့ ညှိညှိနှိုင်းနှိုင်းနဲ့ လုပ်သွားဖို့ရှိပါတယ်။"

ထောင်ကျနေတုန်းက အပြင်မှာ ကျန်နေတဲ့ လုပ်ဖေါ်ကိုင်ဖက်တွေ၊ မိဘဆွေမျိုး မောင်နှမတွေကို သတိရရင် ဘယ်လို ဖြေသိမ့်လဲ။

"ကျမက ညီကိုမောင်နှမတွေကို အလုပ်နဲ့ ခွဲထားပြီးသားပါ။ ထောင်ဝင်စာ လာတွေ့တဲ့ ကျမ အမတွေက ပြောပါတယ်။ ထောင်ကျမှ၊ ထောင်ဝင်စာ လာတွေ့မှ ကျမ မျက်နှာကို တွေ့ရတယ်လို့ ပြောတယ်။ ကျန်တဲ့ အကျဉ်းထောင်တွေ ထဲမှာ ကျနေသူတွေ၊ အန်တီစုနဲ့ တကွ နိုင်ငံရေး လှုပ်ရှား နေသူတွေ၊ ယုံကြည်ချက်ကြောင့် တိုင်းတပါးကို ရောက်နေကြရတဲ့ ကျမတို့ရဲ့ နိုင်ငံရေး အင်အားစုတွေကို ကျမ မနက်တိုင်း အိပ်ယာကထတိုင်း ဘုရားမှာ ဆုတောင်း မေတ္တာပို့ပါတယ်။"

သမ္မတ ဦးသိန်းစိန်ကတော့ အကြောင်းကြောင်းကြောင့် ပြည်ပနိုင်ငံတွေကို ရောက်နေကြတဲ့ မြန်မာနိုင်ငံ သားတွေကို ပြန်လာဖို့ နှုတ်အားဖြင့် ခေါ်ဆိုတာတွေ ရှိတယ်။ တချို့တွေလည်း ပြန်လာသူတွေ ရှိနေပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ မစုစုနွေး အမြင်က ပြန်လာသင့် မလာသင့် ဘယ်လိုမြင်မိလဲ။

"သူတို့ပြောတဲ့ စကားထဲမှာ ဥပဒေနဲ့ မငြိစွန်းတဲ့ လူတွေကိုပေါ့။ လာခွင့်ရပြီးတော့ ဥပဒေနဲ့ ငြိစွန်းတဲ့ လူတွေကြတော့ ဒီဘက်မှာ လျော့ပေါ့ ပြစ်ဒဏ် ကျခံရမယ်လို့ ပါတယ်လေ။ အဲဒီတော့ ကျမပြောချင်တာက တကယ်လို့ ပြင်ပမှာ ရောက်ရှိနေတဲ့ ကျမတို့ရဲ့ နိုင်ငံရေး အင်အားစုတွေက ကျမတို့နိုင်ငံ ဒီမိုကရေစီ ရရှိအောင် ဆောင်ရွက်ရင်းနဲ့ပေါ့။ ကျမတို့ ဒီပြည်တွင်းမှာ နေလို့မရလို့ အစိုးရက ဖမ်းနေလို့ ဟိုဘက်ကနေ အလုပ်လုပ်နေရတာလေ။"

"သူတို့က ဒီမိုကရေစီနိုင်ငံ ဖြစ်နေပြီးတော့ ပြည်တွင်းကို ပြန်ခေါ်တယ်ဆိုရင် မည်သူမဆို ပြန်လာလို့ ရပါတယ်။ ဒီမိုကရေစီ နိုင်ငံ ဖြစ်နေပါပြီ။ ကျနော်တို့နဲ့ အတူတူ လက်တွဲ ဆောင်ရွက်ရအောင်၊ ပြန်လာပါလို့ အဲလိုမျိုးခေါ်တာ မဟုတ်ဘူးလေ။ ပြစ်ဒဏ် ကျခံရမယ်ဆိုတဲ့ ခေါ်တာမျိုးတော့ ကျမအနေနဲ့ မလာစေချင်ဘူး။ တကယ်လို့ ပြစ်ဒဏ် လည်း မကျခံရဘူး။ တိုင်းပြည်နဲ့ ပြည်သူလူထု ကောင်းစားဖို့ လက်တွဲပြီး အတူတူလုပ်မယ် ဆိုတဲ့ ခေါ်တာမျိုး ဆိုရင်တော့ ကျမကတော့ ပြန်လာစေချင်တာပေါ့။ အဲလိုမျိုးပေါ့။"

အလုပ်သမား အခွင့်အရေး ဥပဒေတော့ ထွက်လာပြီ။ ဆန္ဒပြလို့ရပြီ ဆိုတော့ မစုစုနွေး အနေနဲ့ အဲဒီ ဖြစ်ထွန်းမှုအပေါ် ဘယ်လို သုံးသပ်လဲ။

"ကျမ ဒီရန်ကုန်မှာရှိတဲ့ ILO ရုံးကိုလည်း ဖုန်းဆက် ထားပြီးပါပြီ။ ကျမ လွတ်လာတဲ့ အတွက် သူတို့လည်း ဝမ်းသာ နေပါတယ်။ အလုပ်သမား အခွင့်အရေး အတွက် ဆန္ဒပြလို့ရတယ် ဆိုတာမျိုး သူတို့ဘက်က သတင်းတွေထဲမှာ ရေးထားတာတွေ ရှိပါတယ်။ ကျမကတော့ အခုမှ ရန်ကုန်ထဲကို ရောက်လာတာဆိုတော့ သိပ်ပြီးတော့ ဘာမှ မသိရသေးဘူးလေ။ ကျမ ILO သွားမှ သူတို့နဲ့ သဘောတူညီ စာချုပ်မှာ ဘာတွေ ထည့်ထားတယ် ဆိုတာက ILO ရုံးကို သွားပြီးမှ သိမှာလေ။ အခုတော့ ကျမ ကျန်းမာရေးကြောင့် မသွားဖြစ် သေးပါဘူး။"

ခန္တီးထောင်ထဲ နိုင်ငံရေး အကျဉ်းသား ဘယ်သူတွေ ရှိသေးလဲ။ သူတို့ရဲ့ ကျန်းမာရေး အနေအထား ကကော။

"ကျမတို့ ခန္တီးထောင်မှာဆို မိန်းကလေး တယောက်၊ ယောက်ကျားလေး ၁ဝ ယောက်ရှိတယ်။ မန္တလေးက နေပြီး ၈၄ နှစ် ကျထားတဲ့ ဘုန်းဘုန်း တပါးလည်း ရှိတယ်။ အားလုံးက ငှက်ဖျားရောဂါ မိထားတဲ့ လူတွေချည်းပါပဲ။ ကျန်းမာရေးကတော့ ဆေးရုံထွက်ရတဲ့ လူတွေလည်း ရှိပါတယ်။"

"ခန္တီးထောင်က ကျန်းမာရေးစောင့်ရှောက်မှု ဆိုးရွားတဲ့ထောင်ဆိုတော့ ငှက်ဖျားတွေ မိထားကြတဲ့ သူတို့ကို ကျမ တော်တော်လေး စိုးရိမ် ပါတယ်ရှင့်။ ထောင်ဝန်ထမ်းတွေက အစ ဦးနှောက်ထဲ ငှက်ဖျားပိုး ဝင်တာ ခဏခဏ ဖြစ်လို့ လေး၊ ငါး ရက်လောက် သတိလစ် နေလို့ ဆေးရုံတင်ရတဲ့ အခြေအနေတွေ ခဏခဏဖြစ်တယ်။"

"ကျမတို့ (၅) ညတွေလည်း မကြာခဏဖြစ်တော့ ကျမမှာ တတ်နိုင်သလောက် ဗောဇ္ဈင်္ဂသုတ်ကို မကြာခဏ ရွတ်ပေး ရတယ်။ ကျမ အခန်းက နေပြီးတော့။ ငှက်ဖျားပိုးက ဝင်လို့ရှိရင် ဦးနှောက်ထဲ ရောက်တာတို့ ဘာတို့ လုံချည်တွေ ကျွတ်တာတွေ ကျွတ်နဲ့ တော်တော်ဆိုးတယ်။ ဒီထောင်က တခြားထောင်တွေနဲ့ မတူဘူး။ အဲဒါကြောင့် အရမ်း စိတ်ပူတယ်။"

အလုပ်သမားအခွင့်အရေးလိုဟာမျိုးတွေ ရှေ့တန်းတင်ရင် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ လာဖို့ စိတ်ဝင်စားတာ နည်းသွား လိမ့်မယ်လို့ စောဒက တက်ကြတာအပေါ် မစုစုနွေးက ဘယ်လိုမြင်လဲခင်ဗျ။

"ဒါကတော့ မဖြစ်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အလုပ်သမားက အလုပ်သမား အခွင့်အရေး ဆိုတာ အက်ဥပဒေမှာ ပါပြီးသားပါ။ ဒီရင်းနှီး မြှုပ်နှံတဲ့ လူတွေကို ထိခိုက်နိုင်တဲ့ ဥပဒေ ပြဋ္ဌာန်းထားတာ ရှိတာမှ မဟုတ်တာရှင့်။ အဓမ္မ ခိုင်းစေမှုတွေ အလုပ်တခုကို ခိုင်းတော့မယ်ဆိုရင် သူတို့ကိုခိုင်းတယ်။ သူတို့ ရပိုင်ခွင့် အခွင့်အရေးကို မပေးဘူးဆိုရင် ဒီဘက်က အလုပ်သမား အခွင့်အရေးကို ရှေ့တန်းတင်ပြီး တောင်းဆိုရမှာဖြစ်တယ်။"

"သူတို့ကလည်း အလုပ်သမားအခွင့်အရေးကို လိုက်နာတယ်။ မချိုးဖောက်ဘူး ဆိုလို့ရှိရင်လည်း ကျမတို့က ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူးလေ။ အလုပ်သမားတွေ အခွင့်အရေး လုပ်နေတဲ့ လူတယောက် အနေနဲ့ ကျမက ပြောချင်ပါတယ်ရှင့်။"

Ref: မဇ္ဈိမ

Read More...

အပေါ်သို့