..............................

Saturday, August 7, 2010

ထွက်ပေါက်မဟုတ်တဲ့ ရွေးကောက်ပွဲ သပိတ်မှောက်ရန် ပြောကြပြီ

မြင့်မောင်
သောကြာနေ့၊ သြဂုတ်လ ၀၆ ရက် ၂၀၁၀

နယူးဒေလီ (မဇ္ဈိမ) ။ ။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို ”အကြမ်းဖက်” ဟု ခေါ်ဝေါ်လိုက်ပြီး ဒီမိုကရေစီ လိုလားသူတိုင်း ၂ဝ၁ဝ ရွေးကောက်ပွဲကို သပိတ်မှောက်ရန် ပြည်တွင်းရှိ သံဃာ့ အဖွဲ့ကြီးနှင့် ကျောင်းသား အဖွဲ့များက တိုက်တွန်း လိုက်သည်။

မြေအောက် လှုပ်ရှားသော မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု၊ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့နှင့် ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်တို့၏ ပူးတွဲကြေညာချက်တွင် စစ်အစိုးရသည် ” အကြမ်းဖက်ဝါဒီ ကြံ့ဖွံ့ပါတီကို အပြတ်အသတ် မဲအနိုင်ရစေရန် ပြောင်ပြောင်တင်းတင်း ဘက်လိုက်ကာကွယ် ပံ့ပိုးပေးနေသည်” ဟု ရေးသားထားသည်။

“ တရားမဝင်တဲ့ စစ်အစိုးရကို တရားဝင်တဲ့ စစ်အစိုးရဖြစ်အောင် လုပ်တဲ့ပွဲလို့ မြင်တယ် ” ဟု စစ်အစိုးရ၏ လိုက်လံ ဖမ်းဆီးခြင်းမှ ရှောင်တိမ်းနေရင်း ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ သတင်းပြန်ကြားရေး တာဝန်ခံ ကိုအောင်ကျော်ဆင့်က မဇ္ဈိမကို ဆက်သွယ် ပြောကြားသည်။

အလားတူပင် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့မှာ ပြောရေးဆိုခွင့်ရှိသူ အရှင် ဦးကုမာရက “ဒီဟာတွေက မတရားဘူးလို့ ပြည်သူလူထု သိအောင် ချပြပြောဆိုမယ်။ ပြည်သူလူထုကို တတ်နိုင်သလောက် ချဉ်းကပ်ပြီးတော့ မဲမထည့်အောင် လုပ်ဆောင်သွားဖို့ စီစဉ် ထားပါတယ်” ဟု မဇ္ဈိမကို မိန့်တော်မူသည်။

သဘောထား ပြတ်သားသော ယခုအဖွဲ့များက ရွေးကောက်ပွဲဝင်ခြင်းဖြင့် နိုင်ငံရေး ဂွင်ကျယ်လာနိုင်သည်ဟု အယူ ရှိသူများကိုလည်း စိတ်ယူးယဉ်မှု ဟု ပြစ်တင်လိုက်သည်။

” ပြောင်းမရ ပြင်မရသော ဖွဲ့စည်းပုံကို အသက်သွင်းပြီးကာမှ လွှတ်တော်ထဲကနေ ဝင်ပြင်မည်ဟု ပြောနေခြင်းသည် စိတ်ကူးယဉ်မှု သက်သက်သာ ဖြစ်နေလိမ့်မည်။ သင်တို့၏ စိတ်ကူး ဖဲဝိုင်းထဲတွင် တိုင်းပြည်၏ ကံကြမ္မာကို လောင်းကြေး မထပ်သင့်ပေ” ဟု ကြေညာချက်တွင် ပါရှိသည်။

ပြည်ပအခြေစိုက် အတိုက်အခံ အဖွဲ့တခုဖြစ်သည့် လူ့ဘောင်သစ်ပါတီ DPNS ကလည်း ရွေးကောက်ပွဲကို သပိတ်မှောက်ရန် တိုက်တွန်း လိုက်ပြန်သည်။

“လက်ရှိ ရွေးကောက်ပွဲ ဥပဒေကို ကြည့်မယ်ဆိုရင် ဒီဥပဒေတွေဟာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဒီမိုကရေစီ အင်အားစုတွေ၊ စစ်မှန်တဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ အကုန်လုံးကို တိုင်းပြည်ရဲ့ နိုင်ငံရေး ဖြစ်စဉ်ထဲကနေ ဖယ်ထုတ်ဖို့ ကြိုးစားတဲ့ ကြိုးစားမှု တခု ဖြစ်တယ်။ ဒီနိုင်ငံရေးပါတီတွေအနေနဲ့ မပူးပေါင်းဖို့ လိုသလို ပြည်သူလူထုကလည်း မပူးပေါင်းဖို့ လိုအပ်တယ်လို့ ပြောချင်ပါတယ်” ဟု DPNS ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က မဇ္ဈိမကို ပြောသည်။

ယနေ့တွင် ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့က စာမျက်နှာ ၄၄ မျက်နှာပါ ’’၈၈ လူထုအသံ’’ မဂ္ဂဇင်းကို ထုတ်ဝေခဲ့ပြီး စာအုပ်၏ ရှေ့မျက်နှာဖုံးတွင် ’’လူထုအမှန် ပဲ့တင်သံ ရှစ်ဆယ့်ရှစ်အသံ’’ ဆောင်ပုဒ်ကို ရေးသားထားသည်။

ထိုစာအုပ် အဖွင့်စကားကို ကျောင်းသားခေါင်းဆောင် ကိုထွန်းမြင့်အောင်က လွတ်လပ်စွာ ပြောဆိုရေးသား ခွင့်နှင့် ပြောရေး ဆိုခွင့်ရှိသူ ခေါင်းစဉ်ဖြင့် ရေးသားသည်။ စစ်အစိုးရက လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ကို နည်းမျိုးစုံဖြင့် ပိတ်ပင် ချုပ်ချယ်ပြီး စည်းကမ်း ပြည့်ဝသော နာမဝိသေသန ထည့်ကာ ဒီမိုကရေစီကို ပုံဖျက်ထားကြောင်းနှင့် ရဲဝံ့စွာ ပြောဆို ရေးသားနေသူများသည် ထိုခေတ် ထိုလူ့ဘောင်၏ ပြောရေးဆိုခွင့် ရှိသူများ ဖြစ်နေကြောင်း ဆိုထားသည်။

၁၉၈၈ ခုနှစ် သြဂုတ်လ ၈ ရက်နေ့တွင် မြန်မာနိုင်ငံတဝှမ်းရှိ ပြည်သူများ လမ်းပေါ်ထွက်ကာ ဒီမိုကရေစီရရှိရေး ဆန္ဒပြပွဲများ ကျင်းပခဲ့သည်။ သို့သော် အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီးနေဝင်း သြဇာခံ သမ္မတ ဦးစိန်လွင်က စစ်တပ်ကို အသုံးပြုကာ ပစ်ခတ် နှိမ်နင်းသဖြင့် ဆန္ဒပြသူ ၃ဝဝဝ ခန့် သေဆုံးကာ ရာပေါင်းများစွာ ဖမ်းဆီး ခံခဲ့ရသည်။


Ref: မဇ္ဈိမ

Read More...

ထိုင်း-မြန်မာပြဿနာများ မပြေလည်သေး၍ မဲဆောက်-မြ၀တီတံတား ပြန်ဖွင့်ရေး နှောင့်နှေး

ရဲရင့်
၀၆ သြဂုတ် ၂၀၁၀

မဲဆောက်-မြ၀တီ ချစ်ကြည်ရေးတံတား ပြန်လည်ဖွင့်လှစ်ရန် လနှင့်ချီ ကြာမြင့်ဦးမည်ဟု မြ၀တီခရိုင် အုပ်ချုပ်ရေး အဖွဲ့ဝင် တဦးက ပြောသည်။

၎င်းက “ဒီတံတားဖွင့်ဖို့ကတော့ ဗိုလ်ချုပ်ခင်ဇော် ပြောပုံအရဆိုရင် လနဲ့ချီပြီး ကြာဦးမယ်။ သောင်ရင်းမြစ်ထဲမှာ ထိုင်းဘက်က ကမ်းထိန်းနံရံ ဆောက်တဲ့ ကိစ္စက ထိုင်းနဲ့ရှင်းလို့ မပြီးသေးဘူး။ ဒီကေဘီအေ ပြဿနာ၊ နောက်ပြီး နယ်စပ် လုံခြုံရေး ပြဿနာကိုလည်း ပြီးပြတ်အောင် လုပ်မယ်ဆိုတော့ တံတားဖွင့်မယ့် ကိစ္စက နောက်ဆုံး ဦးစားပေး ဖြစ်သွားပြီ” ဟု ပြောသည်။

မြ၀တီသို့ရောက်ရှိနေသည့် ကာကွယ်ရေးဝန်ကြီးဌာန အထူးစစ်ဆင်ရေးမှူး ဒု-ဗိုလ်ချုပ်ကြီး ခင်ဇော်နှင့် အဖွဲ့သည် ယနေ့ နံနက်ပိုင်း၌ ချစ်ကြည်ရေး တံတားနှင့် နယ်စပ်မျဉ်း တလျှောက် အခြေအနေများကို လိုက်လံ စစ်ဆေး ကြည့်ရှုခဲ့သည်။

ဗိုလ်ချုပ်ခင်ဇော်၏ ခရီးစဉ်အတွင်း မြ၀တီခရိုင်အတွင်းရှိ ဒီကေဘီအေတပ်ဖွဲ့များ နယ်ခြားစောင့်တပ် အသွင်ပြောင်းမည့် ကိစ္စကိုလည်း အပြီးအပြတ် လုပ်ဆောင် သွားလိမ့်မည်ဖြစ်ကြောင်း၊ ၎င်း၏ ခရီးစဉ် မစတင်မီကပင် ကော့ကရိတ်၊ မြ၀တီမြို့တို့ရှိ ကရင်ငြိမ်း အဖွဲ့များ၏ ရုံးနှင့်ဂိတ်များတွင် လွှင့်ထူထားသည့် ကရင်အမျိုးသား အလံများကို ဖြုတ်သိမ်းရန် အမိန့်ပေးခဲ့သဖြင့် ဖြုတ်သိမ်း ပေးခဲ့ရကြောင်း ကရင်ငြိမ်းချမ်းရေး ကောင်စီအဖွဲ့မှ တပ်မှူးတဦးက ခေတ်ပြိုင်သို့ ပြောသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်မှစ၍ ကရင်ငြိမ်းအဖွဲ့များအားလုံး တပ်စခန်းများမှလွဲ၍ ပြင်ပတွင် စစ်ဝတ်စုံဖြင့် လက်နက်များ ကိုင်ဆောင်ကာ သွားလာခြင်း မပြုရန် မြန်မာစစ်တပ်မှ ကန့်သတ် လိုက်သည်ဟုလည်း ၎င်းက ပြောကြားသည်။

ဗိုလ်ချုပ်ခင်ဇော်နှင့် အရှေ့တောင်တိုင်း တိုင်းမှူး ဗိုလ်ချုပ်သက်နိုင်ဝင်းတို့ ဦးဆောင်သည့်အဖွဲ့သည် ယမန်နေ့နံနက် (၁၁) နာရီခန့်တွင် မြ၀တီမြို့သို့ လာရန် ကော့ကရိတ်မှ အထွက် အောက်ဗိုလ်တဲနှင့် စော်ဟဲတံတား အကြားတွင် ကေအန်ယူ တပ်မဟာ (၆) မှ ထောင်ထားသည့် ရှေ့ထွက်မိုင်းကွဲ၍ စစ်သည် (၂) ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု ကော့ကရိတ်မြို့ အခြေစိုက်တပ်ကို ကိုးကား၍ မြို့ခံ အစိုးရ၀န်ထမ်း တဦးက ပြောကြားသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် စစ်ရေးချုပ်ရုံးမှ ဗိုလ်မှူးချုပ်ဆာထူးဝေါ်ကမူ “ကော့ကရိတ်မြို့ နားမှာ ကျနော်တို့ တပ်တွေ မရှိဘူး။ ဒီကေဘီအေနဲ့ နအဖဖြစ်နေတဲ့ မကျေလည်မှု လို့ပဲ ထင်တယ်” ဟု ပြောဆိုသည်။

ဗိုလ်ချုပ်ခင်ဇော် လိုက်ပါလာသည့်ယာဉ်တန်း တိုက်ခိုက်ခံရသည့်နေရာတွင် ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့ည၌ ဒီကေဘီအေ တပ်ဖွဲ့ဝင် အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး တပ်ဖွဲ့ဝင်တဦး ကျဆုံးခဲ့သည်ဟု ဒီကေဘီအေ တပ်မဟာ (၅) မှ တပ်မှူးတဦးက ပြောသည်။

ယခုအခါ မြ၀တီခရိုင်အတွင်း လုံခြုံရေးတိုးမြှင့်ထားပြီး လှေဆိပ်များတွင်လည်း ထိုင်းဘက်ကမ်းမှ လာသူများအား လုံးဝ ကမ်းတက်ခွင့် မပြုသည့်အပြင် ကမ်းစပ်တွင်လည်း လုံခြုံရေး တပ်ဖွဲ့ အင်အားများ တိုးမြှင့်ချထားသည်ဟု မြ၀တီမြို့ခံများက ပြောသည်။

Ref: ခေတ်ပြိုင်

Read More...

အိုးဘိုထောင်ရောက် ဗိုလ်ချုပ်ဆေထဲန့်အား အင်းစိန်သို့ ဆက်လက် ပြောင်းရွှေ့

Saturday, 07 August 2010

ဂျူလိုင်လနောက်ဆုံးပတ်က မန္တလေး အိုးဘိုထောင်သို့ ပြောင်းရွှေ့ခြင်းခံရသော ဗိုလ်ချုပ်ဆေထဲန့် အား တခြားထောင်သို့ ဆက်လက် ပြောင်းရွှေ့လိုက်ကြောင်း စုံစမ်း သိရှိရပါသည်။

“မန္တလေး အိုးဘိုထောင်မှာမရှိတော့ဘူးဆိုတာ ကျမတို့ မသိရတော့ ထောင်ဝင်စာတွေ့ဖို့ တန်းစီ စောင့်ရတာ။ ကျမတို့ အလှည့် ရောက်မှ အဖေ့ကို ရန်ကုန် ပြောင်းလိုက်ပြီ လို့ လာပြောတယ်။ မိသားစု ကို ကြိုပြော မထားတော့ အချိန်ကုန် လူပမ်းရတာပေါ့” - ဟု သမီးဖြစ်သူ နန်းခမ်းပေါဝ်း ကပြောပါ သည်။

ဂျူလိုင် ၃၁ ရက်နေ့က သျှမ်းပြည်တပ်မတော် (အပစ်ရပ်တပ်ဖွဲ့) နာယက ဗိုလ်ချုပ်ဆေထဲန့် အား ခမ္တီး ထောင်မှ မန္တလေး အိုးဘိုထောင်သို့ ပြောင်းရွှေ့ခဲ့ကြောင်း၊ မိသားစုအား စနေနေ့ ထောင်ဝင်စာတွေ့ခွင့် ပေးမည်ဟု ဆိုသော်လည်း ပြီးခဲ့သည့် ကြာသပတေး နေ့ကတည်းက ရန်ကုန် အင်းစိန်ထောင်သို့ ဆက်လက် ပြောင်းရွှေ့ ထားကြောင်း သိရသည်ဟု သမီးဖြစ်သူက ပြော၏။

“ကျမတို့ ကြားရတဲ့အတိုင်း စစ်တွေကိုမပို့ဘဲ ရန်ကုန်မှာဘဲ ထားရင်တော့ ကောင်းတယ်။ ဒီနေ့အဖေ့ ကိုတွေ့ရမယ် ဆိုတဲ့ မျှော်လင့်ချက်နဲ့ သွားတာ မတွေ့ရဘဲ ထောင်ပြောင်းလိုက်ပြီ ဆိုတော့ တမျိုးတော့ ဖြစ်တာပေါ့။ ရန်ကုန် အင်းစိန်ထောင် ပြောင်းလိုက် တာ ဟာလဲ အဖေ့ကျန်းမာရေး အတွက် အကောင်း ဆုံးဖြစ်ပါစေလို့ဘဲ မျှော်လင့်ပါတယ်။ ကျမတို့လဲ ဒီညကားနဲ့ဘဲ ရန်ကုန်ကို ပြန်လိုက် ဆင်းမယ်။ ဟို ရောက်မှ ဘယ်နေ့ ထောင်ဝင်စာ တွေ့ခွင့်ရမယ် ဆိုတာသိရမှာ” ဟု ဆက်၍ ပြော၏။

အပစ်ရပ်(မြောက်ပိုင်း)သျှမ်းပြည်တပ်မတော် နာယက ဗိုလ်ချုပ်ဆေထဲန့်သည် သျှမ်းပြည် ပညာရှင်များ အတိုင်ပင်ခံ ကောင်စီ ဖွဲ့စည်းရာတွင် ပါဝင်သောကြောင့် သျှမ်းခေါင်းဆောင် ၉ ဦး အပါအ၀င် ၂၀၀၅ နှစ်ဦးပိုင်းက အဖမ်းခံခဲ့ရသည်။

နအဖ စစ်အုပ်စုက အဆိုပါ သျှမ်းခေါင်းဆောင်များအား ပြည်ထောင်စုမှ ခွဲထွက်လိုမှုဖြင့် စွပ်စွဲပြီး ၂၀၀၅ နှစ်နှောင်းပိုင်းတွင် ဗိုလ်ချုပ် ဆေထဲန့်အား ထောင်ဒဏ် ၁၀၆ နှစ်ပြစ်ဒဏ်ချ၍ ခန္တီးထောင်သို့ ပို့ဆောင် ချုပ်နှောင်ခဲ့သည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

DKBA ကို စစ်အစိုးရတပ် ထိန်းချုပ်

သန်းထိုက်ဦး
Friday, August 06, 2010

ကရင်ပြည်နယ် မြ၀တီမြို့ နယ်စပ်ဒေသ တလျှောက်တွင် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) ဂိတ်များ၌ စစ်အစိုးရ တပ်သားများ ယမန်နေ့က နေရာယူ ထားကြောင်း DKBA နှင့် နီးစပ်သူများက ပြောသည်။

“DKBA တွေ ထိုင်နေတဲ့ ကုန်သွယ်ရေး ဂိတ်တွေမှာ သူတို့ရဲ့ အလံတွေကို ဖြုတ်ချပြီးတော့ မြန်မာ နိုင်ငံတော် အလံကို တင်တဲ့ အပြင် ၉၉၉ ဂိတ်ကိုလည်း ဒေါနတောင် ဂိတ်ဆိုပြီး နာမည် ပြောင်းလိုက်တယ်” ဟု DKBA နှင့် နီးစပ်သူ တဦးက ဧရာဝတီသို့ ပြောသည်။

ယင်း ၉၉၉ ဂိတ်ကို ပိတ်ထား၍ ဂိတ်ရှေ့တွင် တပ်တွေချထားပြီး မည်သူ့ကိုမှ အပြင် ပေးမထွက်ကြောင်းလည်း ၎င်းက ဆိုသည်။

၉၉၉ ဂိတ်များသည် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တဖက်ကမ်းတွင် တည်ရှိပြီး ထိုင်းနိုင်ငံ ပစ္စည်များ အများဆုံ တင်သွင်း နေ သော ဂိတ်များလည်း ဖြစ်သည်။

DKBAတပ်ဖွဲ့ဝင်များသည် စစ်အစိုးရ ကမ်းလှမ်းထားသော နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးကို ပြီးခဲ့သည့် ဇူလိုင်လ ကုန် ပိုင်းက လက်ခံခဲ့ကြသည်။

သို့သော် နယ်ခြားစောင့်တပ်ကို DKBAအများစုက လက်ခံလိုက်သော်လည်း ကရင်ပြည်နယ် မြ၀တီမြို့နှင့် ကြာအင်းဆိပ်ကြီးမြို့ နယ်များတွင် လှုပ်ရှားနေသော DKBA တပ်မဟာ ၅ မှ ဗိုလ်မှူးကြီး နှုတ်ခမ်းမွေး(စောလားပွယ်) ဦးဆောင်သော တပ်ဖွဲ့ဝင်များက ယင်း အစီအစဉ်ကို လက်မခံသဖြင့် ခွဲထွက်ခဲ့သည်။

အဆိုပါ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး အစီအစဉ်အတွက် သဘောတူနိုင်ခြင်း မရှိသေးသဖြင့် ယင်းသို့ ခွဲထွက်သွားသော DKBA တပ်ဖွဲ့ နှင့် စစ်အစိုးရကြား နှစ်ဘက် တင်းမာ နေကြောင်းလည်း သတင်းများအရ သိရှိရသည်။

ယမန်နေ့ကလည်း ကော့ကရိတ်မြို့နယ် ဘိုတာ တောင်ကုန်းအနီးတွင် စစ်အစိုးရ အကြီးအကဲများ စီးနင်းလာသည့် စစ်ကားများကို အမည်မသိ လက်နက်ကိုင် တပ်ဖွဲ့ဝင်များ၏ ၀င်ရောက် တိုက်ခိုက်မှုကို ခံခဲ့ရကြောင်း သိရသည်။

အဆိုပါ ယာဉ်တန်းသည် မြဝတီမြို့သို့ လာနေစဉ် တိုက်ခိုက်ခံရခြင်းဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော် အပါအ၀င် တချို့တာဝန်ရှိသူ များလည်း ထိုကားတွင် လိုက်ပါလာကြောင်း သတင်းများ အရ သိရှိရသည်။ ကရင် သတင်းရပ်ကွက် အဆိုအရ ထိုပစ်ခတ်မှုတွင် စစ်အစိုးရတပ်မှ တပ်သား၂ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

စစ်အစိုးရ ယာဉ်တန်းကို တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး KNLA က ၎င်းတို့ လက်ချက် မဟုတ်ကြောင်း ငြင်းဆိုသည်။

ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA မှ ဗိုလ်မှူးကြီး စိုးစိုးက ယာဉ်တန်းသည် DKBA ထိန်းချုပ်သော ၅၅၅ တံတား ဧရိယာတွင် ဖြစ်ပွားခဲ့ပြီး လုံခြုံရေး တင်းကျပ် ထားသောကြောင့် KNLA က ထိုဧရိယာသို့ ဝင်၍ မရကြောင်း ဧရာဝတီသို့ ပြောသည်။

အတည်မပြုနိုင်သော သတင်းများအရ ယနေ့ မြ၀တီမြို့တွင် စစ်အစိုးရ အကြီးအကဲများ အပါအ၀င် DKBA ဘက်မှ ခေါင်းဆောင် တချို့နှင့် နယ်ခြားစောင့်တပ် အသွင် ကူးပြောင်းရေးနှင့် ပတ်သက်သည့် အစည်းအဝေး တခု ပြုလုပ်နေကြောင်း သိရသည်။

စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော လက်နက်ကိုင် တပ်ဖွဲ့ဝင်များကို သက်ဆိုင်ရာ တပ်များမှ ပြင်ပသို့သွား လာရာတွင် ယူနီ ဖောင်း ၀တ်ဆင်ခြင်းနှင့် လက်နက် ကိုင်ဆောင်ခြင်း မပြုလုပ်ရန် တို့ကိုလည်း ယခုတပတ် အင်္ဂါနေ့မှ စတင်၍ အမိန့်ထုတ်ပြန်ထား ကြောင်း သိရသည်။

တချိန်တည်းတွင်ပင် ကော့ကရိတ်မြို့နယ်တွင် စစ်အစိုးရတပ်များ တိုက်ခိုက်ခံရပြီးနောက် ဒေသခံရွာသား ၁၀၀ ခန့် ထိုင်း နိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့၏ တောင်ဘက် ဖုတ်ဖရမြို့နယ်အတွင်းသို့ ထွက်ပြေး လာကြောင်း ထိုင်းဘာသာဖြင့် ရေးသားထားသော မန်နေဂျာ အွန်လိုင်း (Manager Online) အင်တာနက် စာမျက်နှာ တွင်လည်း ဖော်ပြထားသည်။

ဖုတ်ဖရမြို့နယ် ခရိုင်တာဝန်ရှိသူတဦးက“စစ်ပြေးဒုက္ခသည်တွေ အနည်းအကျဉ်း ထွက်ပြေးကြတယ်၊ ဘာပဲဖြစ်ဖြစ် ထိုင်းစစ်သား တွေ အပါအ၀င် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီးတော့ ထွက်ပြေး လာသူတွေကို ကူညီ ဆောင်ရွက်ပေးသွားမယ်”ဟု ဆိုသည်။

နအဖ တောင်းဆိုသော နယ်ခြားစောင့်တပ်ဖွဲ့ရေးကို DKBA တပ်မှူးများထဲမှ လက်ခံချင်သူများ ရှိသကဲ့သို့ ငြင်းဆန်လိုသူများ လည်း ရှိကြောင်း သိရသည်။

DKBA သည် ၁၉၉၅ ခုနှစ်တွင် KNU မှ ခွဲထွက်ပြီးနောက် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲကာ တဖြည်းဖြည်း အင်အား ကြီးမားလာ သည့် လက်နက်ကိုင် တပ်ဖွဲ့ တဖွဲ့ဖြစ်သည်။

စစ်အစိုးရက အပစ်ရပ် တပ်ဖွဲ့များကို နယ်ခြားစောင့်တပ်ပြောင်းလဲဖွဲ့စည်းရေး အတွက် ၂၀၀၉ ခုနှစ် ဧပြီလကတည်းက စတင်ခဲ့ သည်။ သို့သော် ယခုအချိန်အထိ ကချင်ပြည် ဒီမိုကရေစီသစ် တပ်မတော်(NDA-K)၊ ကယားပြည်နယ် အထူးဒေသ၂ (ကလလတ)၊ ကိုးကန့် အထူးဒေသ ၁ တို့သာ နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲခဲ့ပြီး ဖြစ်သည်။

စစ်အစိုးရက တောင်းဆိုထားသည့် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ပျက်ကွက်ပါက အင်အားအကြီးဆုံး တိုင်းရင်းသား လက် နက်ကိုင် အဖွဲ့များကို မတရားအသင်းအဖြစ် ကြေညာ နိုင်ကြောင်းလည်း သတင်းများ ထွက်ပေါ်ခဲ့သည်။

၁၉၈၉ ခုနှစ်မှ စတင်၍ စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ပေါင်း ၁၇ ဖွဲ့ရှိသည်။

Ref: ဧရာဝတီ်

Read More...

Friday, August 6, 2010

ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် တပ်မတော်

တင်ဦး
Wednesday, August 04, 2010

ကျနော် စစ်တပ်ထဲ စဝင်တုန်းက အသက် ၁၆ နှစ်ပြည့်ပြီးလို့ ၁၇ နှစ်ထဲမှာ၊ စစ်ကြီးဖြစ်တော့ အထက်တန်း ရောက်နေပြီ။ အမျိုးသား အထက်တန်း ကျောင်းက အထက်တန်း ကျောင်းသားပေါ့။

အမျိုးသားကျောင်းက ဆိုတော့လည်း အမျိုးသားရေး စိတ်ဓာတ် ပြင်းထန်နေတာပဲ။ ဆရာကြီးတွေ ကိုယ်တိုင်ကလည်း အမျိုးသားရေး စိတ်ဓာတ်နဲ့ လခ မယူဘဲ သင်ကြားပေးကြတဲ့ ဆရာကြီးတွေ ဆိုတော့ ဒီကျောင်းသားတွေကို စေတနာ သက်သက်နဲ့ မျိုးချစ်စိတ် ထက်သန်အောင် သင်ပေးတယ်။ ပြီးတော့ တိုင်းပြည်ကလည်း ကျွန်ဘဝကနေ လွတ်မြောက် ရမယ် ဆိုတာတွေက ငယ်ငယ်တည်းက ကျနော်တို့ ခေါင်းထဲမှာ သိပ်ပြီးတော့မှ ဝင်နေကြတာပေါ့ဗျာ။

စစ်တပ်ထဲ ရောက်တော့ ဗိုလ်ချုပ် အောင်ဆန်းတို့က လွတ်လပ်ရေး အတွက် ဦးဆောင်ပြီး လုပ်တယ်၊ ကျနော်တို့ တွေလည်း လွတ်လပ်ရေး အတွက် လုပ်နေတယ် ဆိုတော့ ပျော်တာပေါ့ဗျ။ အဲဒီချိန်မှာ ဘယ်လိုဟာမျိုး တွေ့တွေ့ ရင်ဆိုင်မယ် ဆိုတဲ့ စွန့်စားချင်တဲ့ စိတ်ဓာတ်မျိုးလည်း ရှိတယ်၊ ဒါပေမယ့် စစ်အတော အတွင်း ဆိုတော့ အစစအရာရာ ရှားပါးတာပေါ့။

ကျနော်တို့ရှိတဲ့ စစ်တပ်ထဲမှာလည်း ရှားပါးတာပဲ၊ စားရသောက်ရတာ ငတ်တာပဲ၊ ငတ်တယ် ဆိုပေမယ့် ဆန်တော့ ရှိတာ ပေါ့ဗျာ။ ငါးပိ၊ ငါးခြောက်၊ ဆားတွေလည်း ရှိတော့ ရှိတာပေါ့။ ဒါပေမယ့် ကျန်တဲ့ ဆေးနဲ့ ပတ်သက်တာတွေ ကတော့ အင်မတန် ဆင်းရဲတာပေါ့။ ဖိနပ်တွေ၊ ဦးထုပ်တွေကအစ ဆင်းရဲတာ။

သို့သော်လည်းပဲ ကျနော်တို့ကတော့ ဒီ လွတ်လပ်ရေးကို အောင်မြင်အောင် လုပ်မယ်၊ ကျနော်တို့ လူငယ်တွေကို ပြည်သူ ပြည်သားတွေက အားကိုးတကြီး ဖြစ်နေတော့ ပျော်တာပေါ့။ အရင်ကတည်းက စစ်တပ်ထဲမှာ ဘာခံစားခွင့်ရမယ်၊ ဘာ ရမယ်၊ ညာရမယ် ဆိုတာကို လုံးဝ စိတ်ကူးပြီး လာကြတာ မဟုတ်ဘဲနဲ့ စစ်သင်တန်းကို တက်ခဲ့တာ။ ပင်ပန်းသော်ငြား လည်း ဒီလို လုပ်နေရတာကို ဂုဏ်ယူ တယ်ပေါ့ဗျာ။ လွတ်လပ်ရေး အတွက် လုပ်နေတာ၊ စစ်တိုက်ဖို့ အတွက် တပ်ထဲ ဝင်တာ ဆိုတော့ ဂုဏ်ယူတာပေါ့။

အဲဒီခေတ်တုန်းကတော့ ဂျပန်ခေတ် စစ်တက္ကသိုလ် ဖွင့်တယ်၊ ဒါပေမယ့် ခုခေတ်လိုတော့ သိပ်ပြီး ပြည့်ပြည့်စုံစုံကြီး မဟုတ်ဘူး ပေါ့ဗျာ၊ ကျောင်းသားတွေ အနေနဲ့ ဂျပန်စာကို ဦးစားပေးသင်ရတယ်။ နောက် စစ်ပညာနဲ့ ပတ်သက်လို့လည်း ကောင်းကောင်း သင်ရတယ်။ နောက်ပြီးတော့ သမိုင်းတို့၊ ပထဝီတို့ စသည်ဖြင့်ပေါ့။ ခေတ်ပညာကိုတော့ ဂျပန်တွေက ပို့ချတာပေါ့။

လေ့ကျင့်ခန်းလည်း ဆင်းရတယ်၊ စာလည်း ကျက်ရတာပေါ့။ စာကျက်ရတာကတော့ အခုခေတ်လို အကန့်အသတ်နဲ့ အများကြီး ကျက်ရတာမျိုးတော့ မဟုတ်ဘူး။ အစားအသောက်ကတော့ သိပ်ဆင်းရဲတယ်၊ ဆန်ဆိုရင် ဆန်လုံးတီးပေါ့။ မနက်ကို ဆန်ပြုတ်ကလေး တခွက်၊ နေ့ခင်းကျတော့ ထမင်း တပန်းကန်နဲ့ ဟင်းက ကန်စွန်းရွက်ပြုတ်၊ နောက် ပဲပင်ပေါက် ပြုတ်၊ ချဉ်ပေါင်ရွက်ပြုတ်၊ ခဝဲသီးပြုတ်၊ ဘူးသီးပြုတ်၊ အပြုတ်တွေချည်းပဲ၊ ဆီလေး ဘာလေး နည်းနည်းပါးပါး ပါတယ်။ ပါတယ် ဆိုတာလည်း ဟန်လေးပဲ ပါတာပါ။ အဲဒီလိုပဲ တောက်လျှောက် နေခဲ့ရတယ်။ ဒါပေမယ့်လည်း အဲဒါကို ပျော်တယ် ဗျာ။

ဘာဖြစ်လို့လဲဆိုတော့၊ ဒါဟာ လွတ်လပ်ရေးအတွက် လုပ်တာပဲ ဆိုပြီး ပျော်တာပေါ့။ နောက်ပြီးတော့ ကျနော်တို့ ခေါင်းထဲမှာလည်း ဘာရရမယ်၊ ညာရရမယ် စိတ်ကူးကလည်း မရှိဘူး။ ဗိုလ်ချုပ် အောင်ဆန်းတို့ ခေါင်းဆောင်ပြီး ဟောတဲ့ တရားကလည်း ပင်ပန်းမယ့်တရား၊ ကြမ်းတမ်းတဲ့ တရား၊ လူစဉ်မမီ ဖြစ်နိုင်တဲ့ တရား၊ သေနိုင်တဲ့ တရား၊ တိုက်ပွဲကျနိုင်တဲ့ တရား၊ အဲဒီဟာတွေက လွဲလို့ ဘာအခွင့်အရေးမှ ရှိမှာ မဟုတ်ဘူးလို့ ဒီလိုတွေ ပြောသော်ငြားလည်း တို့ဆီ လွတ်လပ်ရေး ရမှာမို့လို့ ပျော်တယ်၊ ဒါပဲ။

စစ်ထဲဝင်မယ်ဆိုတော့ ကျနော့်အမေ ကျနော့်ကို ဘူတာရုံကို လိုက်ပို့တယ်ပေါ့ဗျာ။ ပုသိမ်မှာပေါ့၊ ပုသိမ် ဘူတာရုံကို လိုက်ပို့တယ်။ နောက် အမေ့ကို ကျနော် ကန်တော့တယ်ဗျာ။ ကန်တော့ပြီးတော့ ကျနော် မျက်ရည်ကျတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အမေနဲ့ တခါမှ မခွဲဖူးဘူးကိုးဗျ။ ဒါပေမယ့် ကျနော့်အမေက မျက်ရည် မကျဘူးဗျ။ အဲဒီမှာ အမေက မေးတယ် ဘာလို့ မျက်ရည် ကျတာလဲတဲ့။ သေရင်မြေကြီး ရှင်ရင် ရွှေထီး၊ နောက် စစ်တိုက်ရမှာ ကြောက်ရင် ပြန်မလာနဲ့၊ ပြန်လာရင် အမေ ရှက်တယ်တဲ့။

ဒါပဲ သူပြောတာ၊ အဲဒီစကားပဲ ကောင်းကောင်း မှတ်မိသေးတယ်။ တပ်ထဲက အဖြစ်အပျက်တွေ ကတော့ တပုံတခေါင်း ကြီးပဲ။ လေ့ကျင့်ခန်း ဆင်းတုန်းကလည်း ကြုံဖူးတာပဲ၊ တိုက်ပွဲ ဖြစ်တုန်းကလည်း ကြုံဖူးတာပဲ၊ ပြင်းပြင်းထန်ထန် တိုက်တုန်းကလည်း ကြုံဖူးတာပဲ။ နိုင်ငံခြားတပ်တွေ၊ ကေအန်ယူ တွေနဲ့ တိုက်တုန်းကလည်း ကြုံရတယ်။ နတ်မြစ်ဝ ပေါ်မှာ တခါတည်း ကျနော်တို့က သူတို့ ကျူးကျော်နယ်ကို ပြန်တိုက်ပြီး သိမ်းရတာတွေလည်း လုပ်ခဲ့ရတာပဲ၊ အများကြီးပဲဗျာ။

အရင်က တပ်မတော်ဆိုတာနဲ့ အခုခေတ် တပ်မတော်ဆိုတာက တော်တော်ကြီးကို ကွာသွားပြီဗျ၊ တွေးတာ ခေါ်တာ လုပ်တာ ကိုင်တာကအစ ကွာသွားပြီ။ ကျနော် တပ်ရင်းမှူး ဘဝတုန်းကဆို မိုးကုတ်မှာ တာဝန် ထမ်းဆောင်ဖူးတယ်။ မိုးကုတ် ဧရိယာမှာ သောင်းကျန်းသူတွေ ဆက်ကြေး မယူနိုင်အောင်ပေါ့။ မိုးကုတ်က ချမ်းသာတယ် မဟုတ်လား။ အဲဒီက ဆက်ကြေးရရင် သိပ်တောင့်သွားမှာ ဆိုတော့ ကျနော်တို့ ကာကွယ်ရမယ့် တာဝန် ထမ်းဆောင်ရတယ်။ အဲဒီအချိန်မှာ တပ်သားအားလုံးက အဲဒီက ကျောက်စိမ်း၊ ပတ္တမြား ကိစ္စနဲ့ ပတ်သက်တာတွေ ဘာမှ စိတ်ဝင်စားမှု မရှိဘူးလို့ ကျနော်တို့ မြင်တာပဲ။ ကျောက်တွေနဲ့ ပတ်သက်တာ ဘာဖြစ်တယ်၊ ညာဖြစ်တယ် ဆိုတာလည်း တခုမှ စိတ်မဝင်စားဘူး။ လိုလည်း မလိုချင်ဘူး၊ လိုချင်တဲ့စိတ်လည်း မရှိဘူး။

ဘာလို့လဲဆိုတော့ ကျနော်တို့မှာ ပြည့်စုံတယ်ဗျ။ ရိက္ခာတို့၊ ဘာတို့၊ ညာတို့ ထောက်ပံ့မှု စသည်ဖြင့်ပေါ့ဗျာ။ အဲဒီ အခါကတော့ တပ်ရင်းမှူးလောက် ဖြစ်ပြီဆိုရင် လိုလေသေး မရှိဘူး၊ ပြည့်စုံတဲ့ အခါကျတော့ ဒါတွေနဲ့ ပတ်သက်ပြီး ခေါင်းထဲ မဝင်ဘူး။ တိုတို ပြောရရင်တော့ဗျာ၊ ကိုယ့်အတွက် လုပ်ဖို့ဆိုတာကို ခေါင်းထဲမှာ မရှိဘူး။ အဲဒါ ကိုယ့်အတွက် လုပ်ရမှာ ရှက်တယ်၊ အဲဒီလို ဖြစ်တာပဲ။

နောက်ထပ် ဥပမာပေါ့ဗျာ။ ပြောင်းဖူးခူးစားတာတို့၊ ဟင်းရွက်ခူးစားတာတို့ ဆိုရင် ကျနော်တို့က အဲဒီပြောင်းဖူး ချိုးစားတဲ့၊ ဟင်းရွက်ခူးစားတဲ့ ကောင်တွေကို အဲဒီမှာ သူတို့စားတဲ့ ပြောင်းဖူးတို့ ဟင်းရွက်တို့ရဲ့ တန်ဖိုး ပြန်ပေး၊ တပြားမှ မတန်ရင်တောင် ပြန်ပေးရမယ်။ ကုန်ကုန်ပြောမယ်ဗျာ။ သိပ်ပြီးမှ ဆာလွန်း အားကြီးလို့ ကြက်ကို ရိုက်သတ် ချက်စားတာတောင် အဲဒီပိုင်ရှင်ဆီကို ကြက်ရဲ့တန်ဖိုး ကြေကြေလည်လည် ကျေနပ်တဲ့အထိ ပေးခိုင်းတယ်ဗျ။ သူမပေးနိုင်လို့ ရှိရင်တောင် သူ့မှာပါတဲ့ လက်စွပ်တို့၊ ဆွဲကြိုးတို့ ပါတာပေးခဲ့။ ဒီလိုမျိုး အမိန့် ပေးပြီးတော့ လူထုကို နစ်နာအောင် မလုပ်ခဲ့တဲ့ဟာမျိုး များတယ်ဗျ။ ပြည်သူလူထု ဆီက ယူဖို့ဆိုတာ ဝေးရော။

တပ်မတော်မှာ ပါတဲ့သူအားလုံး စစ်သားကအစ ဟို ဗိုလ်ချုပ်ကြီးအထိ သူ့ရဲ့ ကျွမ်းကျင်တဲ့ ပညာရပ်နဲ့ သင်ထားတာကို တကယ့် သူရဲကောင်း တယောက်အနေနဲ့ ပြည်သူပြည်သားရဲ့အသက် အိုးအိမ် စည်းစိမ်တွေကို ရိုးရိုးသားသား ကာကွယ်ပြီးတော့ ပြည်သူသည် အမိ၊ ပြည်သူသည် အဘ၊ ဆိုတဲ့ဟာမျိုးနဲ့ ကျစ်ကျစ်လျစ်လျစ် သိပ်သိပ်သည်းသည်း နေပြီး တော့ ပြည်သူတွေ အားလုံးချစ်တဲ့၊ တနည်းအားဖြင့် ဆိုရင် ပြည်သူတွေအားလုံး ကြိုက်တဲ့၊ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် တပ်မတော်မျိုးကို ပြန်လိုချင်တယ်။

ဘယ်ပါတီ ဘယ်အဖွဲ့အစည်းကို ဘာကိုမှလုပ်ပေးစရာ မရှိဘူး။ တခုတော့ရှိတယ်၊ ရွေးကောက်ပွဲတို့၊ ဘာတို့ ကျလို့ရှိရင်တော့ ကိုယ်ကြိုက်တဲ့ သူကို လျှို့ဝှက် မဲပေးတာ ပေးလိုက်၊ ရတယ်။ ဒါပေမယ့် ကိုယ်က အသုံးချပြီးတော့၊ အသုံးချခံ ပြီးတော့ ကိုယ်ကျိုးအတွက် လုပ်တာမျိုးကတော့ မလိုလား အပ်ဘူး။

ကာကွယ်ရေး ဦးစီးချုပ်ဖြစ်တုန်းကတော့ ရွှေထီး ဆောင်းရတဲ့ သဘောပေါ့ဗျာ။ အစစ အရာရာ လစာနဲ့ ထောက်ပံ့မှုတွေက ကျနော်တို့ အတွက် ပြည့်စုံ နေတဲ့အတွက် ဘာမှ မပူရဘူး။ အေးချမ်း တာပေါ့လေ။ အခု အရပ်သားဘဝ ရောက်တော့ ပြည်သူလူထုရဲ့မေတ္တာ ခိုလှုံရတာပေါ့။ အေးချမ်းတယ်လို့ မှတ်တယ်။ ကျနော်က အဲဒါလေးပဲ။ ပြည်သူသည် ဆင်းရဲရင် ဆင်းရဲခြင်း၊ ချမ်းသာရင် ချမ်းသာခြင်း၊ ငါတတ်နိုင်တဲ့ ဘက်က လုပ်ပေးမယ်။ အဲဒါပဲ။

အခု ကာကွယ်ရေးဦးစီးချုပ်ကို ကျနော် ပြောချင်တာ သွားပြောလိုက်ရင် သူစိတ်ဆိုးမှာပေါ့ဗျာ။ သူတို့က ကျနော့်ရဲ့ အောက်က တာဝန် ထမ်းဆောင်ခဲ့တာ ဆိုတဲ့ ဟာကိုတော့ ကျနော် မပြောပါဘူး။ ကျနော့်စိတ်ထဲမှာ သူတို့က တချိန်တုန်းက ကျနော့်လုပ်ငန်းကို အောင်မြင်အောင် ဝိုင်းဝန်း ကူညီပေးတဲ့ လုပ်ဖော်ကိုင်ဖက် တွေလို့ပဲ မှတ်ပါတယ်။ အဲဒီလို စိတ်ထားနဲ့ပဲ ဆက်ဆံချင်တာပါ။

ကာကွယ်ရေး ဦးစီးချုပ်ကို ပြည်သူတွေက ချမှတ်ပေးထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့၊ ကျနော်ရိုသေလေးစားတဲ့ ဗိုလ်ချုပ် ကျော်ဇော တို့လိုမျိုး တပ်မှူးကောင်းတွေ ဖြစ်စေချင်တာပါပဲ။

Ref: ဧရာဝတီ်

Read More...

ဒေါ်အောင်ဆန်းစုကြည် အတွက် မွေးနေ့ဆုတောင်း ဗြိတိန် သံအမတ် ပေးပို့

ကိုထွေး
Thursday, August 05, 2010

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အတွက် စာမျက်နှာ ၁၂၀ ရှိ မွေးနေ့ဆုတောင်းကို သူမ၏ ကိုယ်စားလှယ် ထံသို့ ပေးပို့လိုက်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ ဗြိတိန် သံအမတ် မစ္စတာ Andy Heyn က ဆိုသည်။

ယင်းမွေးနေ့ဆုတောင်းများသည် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ မတိုင်မီ ၇ ရက်ခန့်က တက်ကြွ လှုပ်ရှားသူများနှင့် မွေးနေ့ အတွက် ဆုတောင်း ပေးကြသူများက မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန် နိုင်ငံခြားရေးရာဌာန Facebook အင်တာနက် စာမျက်နှာတွင် ရေးသား ထားခြင်းဖြစ်ကြောင်း ဗြိတိန်နိုင်ငံခြားရေးရာ ဌာန၏ ယမန်နေ့က ထုတ်ပြန်ချက်၌ ပါရှိသည်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၅ နှစ်ပြည့် မွေးနေ့မှာ ကမ္ဘာ တ၀န်းလုံးနဲ့ ဗြိတိန်က ပြည်သူတွေရဲ့တုံ့ပြန်မှုက အံသြစရာပါ”ဟု မစ္စတာ Andy Heyn ကပြောသည်။

ပြီးခဲ့သော ဇွန်လ ၁၉ ရက်နေ့သည် ဒေါ်အောင်ဆန်းစုကြည်၏ ၆၅ နှစ်ပြည့် မွေးနေ့ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍လည်း “မြန်မာ့ ဒီမိုကရေစီ လှုပ်ရှားမှုရဲ့ နှလုံးသား” “ဆင်းရဲနွမ်းပါး အတိဒုက္ခ ရောက်နေ သူများ၏ ဘ၀ကို မီးမောင်း ထိုးပြရန်အတွက် မိမိ၏ လွတ်လပ်မှုကို စတေးခဲ့သူ” အဖြစ် ချီးကျူးပြောဆိုခဲ့ပြီး ဒေါ်အောင်ဆန်း စုကြည် အပါအ၀င် ဖမ်းဆီးထားသော နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးရန်လည်း ၎င်းက တောင်းဆိုလိုက်သည်။

“ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အတိုက်အခံတွေနဲ့ တိုင်းရင်းသားခေါင်းဆောင်များ အားလုံး ပါဝင်နိုင်တဲ့ အမျိုးသား ပြန်လည် ရင်ကြား စေ့ရေးကို ဆောင်ရွက် နိုင်မှသာလျှင် မြန်မာပြည် သာယာဝပြော လုံခြုံတည်မြဲရေး ရရှိနိုင်ပါလိမ့်မယ်”ဟု မစ္စတာ Andy Heynက ပြောသည်။

ဇူလိုင် ၈ ရက်နေ့တွင် အဆိုပါ မွေးနေ့ဆုတောင်းများကို ဗြိတိန်နိုင်ငံ ဆိုင်ရာ မြန်မာ နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ Jeremy Browne က ဒေါ်အောင်ဆန်းစုကြည် ၏ ကိုယ်စားလှယ်ထံ ပေးပို့ရန် မစ္စတာ Andy Heynကို ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် မေလ၊ အိမ် အကျယ်ချုပ် ၆ နှစ် ပြည့်တော့မည့် အချိန်တွင် ၎င်း၏ နေအိမ်သို့ တိတ် တဆိတ် ဝင်ရောက်ခဲ့သော အမေရိကန် နိုင်ငံသား ဂျွန် ဝီလျံ ယက်ထော ကြောင့် ရုံးတင် တရားစွဲ ခံခဲ့ရသည်။

စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ကျနေချိန်တွင် ဥပဒေ ဖောက်ဖျက်သည်ဟု ဆိုကာ သြဂုတ်လ အတွင်းက ထောင်ဒဏ် ၃ နှစ် စီရင်ချက် ချမှတ်ခဲ့သည်။ သို့သော် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်ဖြင့် ထောင်ဒဏ်ကို ထက်ဝက် လျှော့ချကာ ဆိုင်းငံ့ ပြစ်ဒဏ်၊ နေအိမ် အကျယ်ချုပ် ၁ နှစ်ခွဲ ကျခံစေခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ်ဘ၀ဖြင့် စုစုပေါင်းနေရချိန် ၁၄ နှစ်ကျော် ရှိပြီ ဖြစ်သည်။

တချိန်တည်းတွင် မြန်မာ့အရေးတွင် ဦးဆောင်၍ တာဝန် ယူဆောင်ရွက်ပေးရန် ဗြိတိန်နိုင်ငံ အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ (Burma Campaign UK) အဖွဲဝင်နှင့် စေတနာရှင်တို့ လက်မှတ် ရေးထိုးထားသော စာ ၁၆၀၀ ကို ဗြိတိန် ၀န်ကြီးချုပ် မစ္စတာ David Cameron ထံသို့ ယမန်နေ့က ပေးပို့လိုက်ကြောင်း ယင်းအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

Burma Campaign UK မှ တာဝန်ခံ တဦးဖြစ်သူ မေရီလှက “လက်တွေ့ကျတဲ့ လုပ်ငန်းတွေကို သူက ဦးဆောင် ထောက်ပံ့ ဆောင်ရွက် နိုင်မယ်လို့ ကျမတို့ မျှော်လင့်ပါတယ်၊ မြန်မာပြည်မှာ စစ်ရာဇ၀တ်မှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းဖို့ ကော်မရှင် တခု ဖွဲ့စည်းပေးဖို့ စက်တင်ဘာလမှာ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေ ညီလာခံကို တက်ရောက်တဲ့ အခါ သူ တိုက်တွန်း ပေးနိုင်ပါလိမ့်မယ်” ဟု ပြောသည်။

အဆိုပါစာတွင် ကုလသမဂ္ဂက မြန်မာပြည်ကို လက်နက်တင်ပို့ရောင်ချနေမှု ပိတ်ပင်ထားမှုကို ထောက်ခံပေးရန်၊ စစ်ရာဇ၀တ်မှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို စုံစမ်းရန်အတွက် ကုလသမဂ္ဂက ကော်မရှင် တခုဖွဲ့စည်းမည့် အစီအစဉ်ကို ထောက်ခံရန် အတွက် ဥရောပသမဂ္ဂ အဖွဲ့ဝင်များအား တိုက်တွန်းပေးရန် တောင်းဆိုထားသည်။

ယင်းအပြင် ပြည်တွင်း ရွှေ့ပြောင်း ဒုက္ခသည်(IDP)များအတွက် နယ်စပ်ဒေသ ဖြတ်ကျော်၍ ထောက်ပံ့ ပေးနေသော အကူအညီ များနှင့် မြန်မာပြည်ကို ကူညီ ထောက်ပံ့မှုများကို ပေးအပ်မည့် အစီအစဉ်ကို ဆက်လက် ထိန်းသိမ်း ပေးရန်နှင့် ကုလသမဂ္ဂ ဦးဆောင် ပြုလုပ်နေသည့် စစ်အစိုးရနှင့် မြန်မာ့ဒီမိုကရေစီ လှုပ်ရှားသူများ၊ တိုင်းရင်းသား လူမျိုးစုများ တွေ့ဆုံ ဆွေးနွေးရေး အတွက် နိုင်ငံတကာမှ ထောက်ခံမှု ရရှိရေး ဆောင်ရွက်ပေးရန် လည်း တောင်းဆိုထားသည်။

Ref: ဧရာဝတီ်

Read More...

စစ်တိုင်းမှူး ရွှေလီချိုင့်ဝှမ်းဒေသ တပ်စခန်းများအား အချိန်ယူစစ်ဆေးနေ

Thursday, 05 August 2010

လားရှိုး ရမခ တိုင်းမှူး ဗိုလ်ချုပ်အောင်သန်းထွဋ်သည် သြဂုတ်လ ၂ ရက်နေ့ ကတည်းက မူစယ် မြို့၌ ရောက်ရှိ နေထိုင်လျက် ရှိပြီး ရွှေလီ ချိုင့်ဝှမ်းဒေသဟု ခေါ်သော မူစယ် ခရိုင်အတွင်းရှိ နအဖ တပ်စခန်းများကို ယနေ့ အထိ လှည့်လည် စစ်ဆေးနေကြောင်း စစ်ဘက် သတင်းရပ်ကွက်များ အဆိုအရ သိရသည်။

ဒေသအတွင်းရှိ တပ်စခန်းများစစ်ဆေးရန် မူစယ်တွင် ရက်သတ္တတစ်ပတ်အထိ တိုင်းမှူးနေထိုင်မည် ဖြစ်ကြောင်း စစ်ဘက် နှင့် နီးစပ်သူက ဆိုသည်။

“တိုင်းမှူး မူစယ်မှာရောက်နေတာ ၄ ရက်ရှိပြီ နောက်ထပ် ၃ ရက်နေအုံးမယ် သူနဲ့အတူ ကွတ်ခိုင် ဗျူဟာမှူး ပါလာတယ် တပ်စခန်းတွေ လိုက်စစ်နေတယ်” ဟု နီးစပ်သူက ဆိုသည်။

ယနေ့နံနက် ၁၀ နာရီခန့် နမ့်ခမ်းမြို့သို့ ရောက်ရှိစစ်ဆေးနေပြီး ယမန်နေ့က ဒေသအတွင်းရှိ မုံးစီး ၊ တာပါးနှင့် နမ့်ဖတ် ကာ တပ်စခန်းများသို့ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ရက်သတ္တတစ်ပတ်ခန့် ကြာသည်အထိ တပ်စခန်းများအား အချိန်ယူ စစ်ဆေးနေခြင်းမှာ ၂၀၁၀ အတွင်း ကျင်းပမည် ဆိုသည့် ရွေးကောက်ပွဲ လုံခြုံရေးအတွက် ကြိုတင် ပြင်ဆင်ခြင်း ဖြစ်ဖွယ်ရှိကြောင်း လေ့လာသူများက ဆိုသည်။

လွန်ခဲ့သည့်လကုန်ပိုင်းက နမ့်ခမ်းမြို့နယ် အတွင်းရှိကျေးရွာများ၌ နအဖ၏၂၀၁၀ ရွေးကောက်ပွဲဆန့်ကျင်ရေး လှုံ့ဆော်စာ များ ဖြန့်မှုနှင့် ဆက်စပ်ဖွယ် ရှိကြောင်း ဒေသတွင်းက လာသည့် သတင်းများအရ သိရသည်။

လတ်တလောတွင် မူစယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုံတွင် လုံခြုံရေးတိုးမြှင့်ချထားကြောင်း မျက်မြင်ဒေသခံ တစ်ဦးက ပြောရာ ၌ တွင် “ ၁၀၅ မိုင် ဂိတ်မှာတော့ ရဲတွေ အင်အား တော်တော်တိုးပြီး ချထားတယ်၊ ညဆိုရင် သူတို့က ဆိုင်ကယ်တွေနဲ့ ရောက် လာတာလေ၊ အိပ်ရာလိပ်တွေ အများကြီးတွေ့ရတယ် အယောက် ၅၀ လောက်ရှိမယ် ” ဟု ဆိုသည်။

တရုတ်နယ်စပ်အနီး အဆိုပါဒေသအတွင်း ကချင်ပြည်လွပ်လပ်ရေးတပ်မတော် နှင့် သျှမ်းပြည် တပ်မတော် (တောင်ပိုင်း) ကဲ့သို့သော လက်နက်ကိုင် အဖွဲ့များ လှုပ်ရှားလျက် ရှိသည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

တာရာမင်းဝေ ၃ နှစ်ပြည့် အဖွဲ့ချုပ်ခေါင်းဆောင်များ တက်ရောက်

ဆလိုင်း ဟံသာစန်း
ကြာသပတေးနေ့၊ သြဂုတ်လ ၀၅ ရက် ၂၀၁၀

နယူးဒေလီ (မဇ္ဈိမ) ။ ။ နိုင်ငံကျော် ကဗျာဆရာနှင့် စာရေးဆရာ တာရာမင်းဝေ ကွယ်လွန်ခြင်း ၃ နှစ်မြောက် ဆွမ်းကျွေးပွဲသို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်များ ယနေ့ တက်ရောက်ခဲ့သည်။

NLD ခေါင်းဆောင် ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်၊ ဒေါ်မေဝင်းမြင့်၊ မဖြူဖြူသင်းနှင့် လူငယ် ခေါင်းဆောင်များ ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ် ၄၂ ရပ်ကွက်ရှိ တာရာမင်းဝေ၏ မိခင် ဒေါ်လှကြည် နေအိမ်၌ ယနေ့နံနက် ပြုလုပ်သည့် အရုဏ်ဆွမ်းကျွေးပွဲသို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်။

“ကိုတာရာမင်းဝေဆိုတာက တိုင်းပြည်မှာ ထင်ရှားတဲ့ စာပေပညာရှင်၊ စာရေးဆရာ ဖြစ်တယ်။ နိုင်ငံရေး အကျဉ်းသားဟောင်း တယောက်လည်း ဖြစ်တယ်။ သူ့ရဲ့ သားချင်းတွေကလည်း နိုင်ငံရပ်ခြားမှာ လှုပ်ရှား လုပ်ကိုင်နေတဲ့ နိုင်ငံရေး မိသားစု ဖြစ်တယ်။ ဒါကြောင့် တက်ရောက်ဖြစ်တာပါ” ဟု NLD ဗဟို အလုပ်အမှုဆောင် ဦးဝင်းတင်က မဇ္ဈိမကို ပြောသည်။

အခမ်းအနားသို့ NLD အဖွဲ့ဝင်များ အပြင် ၈၈ မျိုးဆက်ကျောင်းသားများ၊ စာပေအသိုင်းအဝိုင်းမှ ကဗျာဆရာ သစ္စာနီ၊ စာရေးဆရာ မျိုးကိုမျိုးနှင့် ဝေမှူးသွင်တို့ အပါအဝင် လူပေါင်း ၁၅ဝ ခန့် တက်ရောက်ခဲ့သည်။

သို့သော် တာရာမင်းဝေ၏ ဇနီး စာရေးဆရာမ မနော်ဟရီနှင့် သားဖြစ်သူ မောင်ခေတ်နေတို့ တက်ရောက်ခြင်း မရှိခဲ့ပေ။

“သူဟာ နိုင်ငံရေးအကျဉ်းသား တယောက်ဖြစ်ခဲ့ပြီး ထောင်က ထွက်လာတဲ့နောက်ပိုင်းမှာ ကြိုးစားလိုက်တာ နိုင်ငံကျော် စာပေ ပညာရှင်တယောက်၊ စာရေးဆရာ တယောက် ဖြစ်သွားခဲ့တယ်။ လူငယ်တွေအနေနဲ့ သူ့လိုပဲ အားထုတ်ဖို့ ကောင်းတယ်။ ကြိုးစားရင် ဖြစ်မြောက်နိုင်တယ် ဆိုတာကို လမ်းပြခဲ့တယ်” ဟု ဦးဝင်းတင်က ပြောသည်။

“သူဟာ မြန်မာ့ဒီမိုကရေစီရေးမှာ လုပ်ကိုင်ဆောင်ရွက်ခဲ့တဲ့ သမိုင်းကြောင်းတွေ အများကြီး ရှိပါတယ်။ ဒီနေ့ ဒီအချိန်မှာ သူသာရှိနေရင် ပြည်သူအတွက် ဘယ်လို ကဗျာမျိုးလေးတွေများ ရေးဖွဲ့ လေမလဲဆိုပြီး သတိရနေမိပါတယ်” ဟု တာရာမင်းဝေ၏ သူငယ်ချင်းတဦးက ပြောသည်။

သူက ဆက်ပြီး ’’ထောင်ကလွတ်လာပြီးနောက်ပိုင်း စာပေလောကထဲကို နစ်ဝင်သွားပေမယ့် နိုင်ငံရေး လောကနဲ့ ကင်းပြတ် မသွားဘူး။ ကဗျာပဲရေးရေး၊ ဝတ္ထုပဲရေးရေး ကျနော်တို့ တိုင်းပြည်ရဲ့လူမှုဘဝ၊ ပြည်သူတွေရဲ့ လူမှုဘဝတွေကို ထင်ဟပ်စေတဲ့ အရေးအသားတွေ အများကြီး တွေ့ရတယ်။ နိုင်ငံရေးလောက,က လူတွေနဲ့လည်း ကင်းကွာသွားခြင်း မရှိဘူး’’ ဟု ပြောသည်။

တာရာမင်းဝေ၏ အမည်ရင်းမှာ ချစ်ညီညီ ဖြစ်သော်လည်း လူသိများထင်ရှားသော နာမည် တစ်ခုမှာ ရွှေဘုန်းလူ ဖြစ်သည်။ သူ့ကို အဖဦးကျော်ရှိန် (သတင်းထောက်) နှင့် အမိဒေါ်လှကြည်တို့က ၁၉၆၆ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။

မွေးချင်း ၃ ဦးအနက် ဒုတိယမြောက်ဖြစ်ပြီး အကိုဖြစ်သူမှာ အမေရိကန်ပြည်ထောင်စု အခြေစိုက် US Campaign For Burma အဖွဲ့၏ မူဝါဒရေးရာ ဒါရိုက်တာ ကိုအောင်ဒင် ဖြစ်သည်။

ရန်ကုန် တက္ကသိုလ် (လှိုင်) တွင် အင်္ဂလိပ်စာ အဓိကဖြင့် တက်ရောက်နေစဉ် ၈ လေးလုံး အရေးတော်ပုံကြီး၌ ကျောင်းသား ခေါင်းဆောင် တဦးအဖြစ် ပါဝင်ခဲ့ပြီး ၁၉၈၉ ခုနှစ်တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် (ဗကသ) တွင် ဦးဆောင် ပါဝင်ခဲ့သည်။

၁၉၉ဝ ခုနှစ်တွင် အာဏာပိုင်များ၏ ဖမ်းဆီးခြင်းခံခဲ့ရပြီး ထောင်ဒဏ် ၅ နှစ် ချမှတ်ခံခဲ့ရကာ အင်းစိန်ထောင်၊ သရက်ထောင်နှင့် သာယာဝတီ ထောင်တို့တွင် အကျဉ်းချ ခံခဲ့ရသည်။ ၁၉၉၄ နှစ်ဦးပိုင်းတွင် ပြန်လွတ်လာပြီး စာပေလောကတွင် လုံးချင်း ဝတ္ထုပေါင်း ၆ဝ ကျော် အပါအဝင် ဝတ္ထုတိုများ၊ ကဗျာများကို ကွယ်လွန်ချိန်အထိ ရေးဖွဲ့ခဲ့သည်။

တာရာမင်းဝေသည် ယင်းကလောင်အမည်ကို မခံယူမီ ရွှေဘုန်းလူ အမည်ဖြင့် ကဗျာများ ရေးသားခဲ့ရာ “ကျောင်းဖွင့်ချိန်” နှင့် “ကျောင်းသားအတ္ထုပ္ပတ္တိ” ကဗျာများမှာ ထင်ရှား ကျော်ကြားသည်။ ထို့ပြင် မောင်ဓား၊ ဦးဦးအံ့ဖွယ်၊ မောင်ယော၊ စန်တီယာဂို ကလောင်ခွဲများဖြင့်လည်း စာပေဝေဖန်ရေး ဆောင်းပါးများ၊ စာပေရေးရာ သီဝရီများ ရေးသားခဲ့သည်။

ထို့အပြင် ပန်းချီဆွဲခြင်း၊ ရုပ်ရှင်၊ ဗီဒီယို ဇာတ်ညွန်းများနှင့် သီချင်းများလည်း ရေးစပ်ခဲ့သူ ဖြစ်သည်။

၁၉၉၅ ခုနှစ်တွင် စာပေဂျာနယ် မဂ္ဂဇင်း၌ ဖော်ပြခဲ့သော “အာလူးစားသူများ” ဝတ္ထုတိုဖြင့် ဖြူးမိတ်ဆွေများ စာပေဆုကို ရရှိခဲ့သည်။

တာရာမင်းဝေသည် မဂ္ဂဇင်း၊ ဂျာနယ်များတွင် ဝတ္တု၊ ကဗျာ၊ ဆောင်းပါးများ လစဉ်ရေးသားနေဆဲ လူနံပါတ် (၁၃) ဝတ္တုတို စုစည်းမှုနှင့် နက္ခတ်ရစ်သမ် အမည်ရှိ ကဗျာစာအုပ်ကို ထုတ်ဝေရန် စီစဉ်နေဆဲအချိန် ၂ဝဝ၇ ခုနှစ် သြဂုတ်လ ၅ ရက်နေ့ တွင် ကွယ်လွန်ခဲ့သည်။

Ref: မဇ္ဈိမ

Read More...

စစ်သားက အိုင်အယ်လ်အိုကို တိုင်ကြား

စိုးမိုး
၀၅ သြဂုတ် ၂၀၁၀

ခရီးသွားရင်း စစ်တပ်က အဓမ္မအနိုင်ကျင့် ရိုက်နှက်ကာ စစ်သားအဖြစ် စုဆောင်း ခံရကြောင်း အမှတ် (၈) ရွှေဘို လေ့ကျင့်ရေး တပ်မှ တပ်သား တဦးက အပြည်ပြည် ဆိုင်ရာ အလုပ်သမားများ အဖွဲ့ (အိုင်အယ်လ်အို) သို့ ယနေ့ တိုင်ကြား လိုက်သည်။

အသက် (၃၄) နှစ်ရှိ တပ်သား ကိုဝင်းသန်းက ၎င်းခရီးသွားနေစဉ် စစ်တပ်က ရိုက်နှက် ဖမ်းဆီးပြီး စစ်သား လေ့ကျင့်ရေး တပ်တွင်း ပို့ဆောင်ခံရသည့် အတွက် အဓမ္မ လုပ်အားပေး ခိုင်းစေမှုဖြင့် အိုင်အယ်လ်အိုသို့ ၎င်း၏ မိသားစုမှတဆင့် တိုင်ကြားခြင်း ဖြစ်သည်။

“သူက ကလေးစစ်သားတော့ မဟုတ်ဘူးပေါ့။ အသက် (၃၄) နှစ်ဆိုတော့။ ဒါပေမယ့် အဓမ္မ စစ်သားစုဆောင်း ခံရတာ ဆိုတော့ အဓမ္မ လုပ်အားပေး ခိုင်းစေမှုနဲ့ တိုင်လို့ရတယ်။ အခုပဲ အိုင်အယ်လ်အိုကို တိုင်စာ ပို့လိုက်ပါပြီ” ဟု ကလေးစစ်သားနှင့် အဓမ္မ လုပ်အားပေး ကိစ္စ ဆောင်ရွက်နေသည့် လမ်းပြကြယ်အဖွဲ့မှ ရှေ့နေဦးအေးမြင့်က ပြောကြားသည်။

မကွေးတိုင်း ဒိုက်ဦးမြို့နယ်မှ ကလေး (၂) ယောက်အဖေ ကိုဝင်းသန်းက မန္တလေးတိုင်း ကျောက်ဆည်မြို့ရှိ အစ်မ ဖြစ်သူထံ အသွား ကျောက်ဆည် ဘူတာတွင် တပ်မ (၄၄) စစ်သား စုဆောင်းရေး တပ်မှ စစ်သားများက ၀ိုင်းဝန်း ရိုက်နှက်ပြီး ခေါ်ဆောင် သွားခဲ့ခြင်း ဖြစ်သည်ဟု ကိုဝင်းသန်း မိသားစုက ပြောသည်။

“အဆက်အသွယ် ပြတ်သွားတာ (၂) လောက်ကြာတာပေါ့။ နောက်မှ တပ်က ထွက်လာတဲ့ တယောက်နဲ့ သူက မှာလိုက်တာ။ သူ အမှတ် (၈) ရွှေဘို စစ်လေ့ကျင့်ရေး သင်တန်းကျောင်းကို ရောက်နေတယ် ဆိုတော့မှ သူ့ကို သွားတွေ့ရတာ” ဟု ကိုဝင်းသန်း၏ မိခင်က ဆိုသည်။

တိုင်းရင်းသား အပစ်ရပ်အဖွဲ့များနှင့် နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး ကိစ္စ မအောင်မြင်သည့် အပြင် လက်ရှိ ကေအန်ယူနှင့် တိုက်ပွဲများ ဖြစ်နေသည့် စစ်အစိုးရ စစ်တပ်က အသက် မပြည့်သေးသည့် ကလေးစစ်သား စုဆောင်းမှုများ အပြင် ယခုအခါ အသက်ပြည့်ပြီး လူလတ်ပိုင်း ခရီးသွားများကိုပါ အဓမ္မ ရိုက်နှက် ခေါ်ဆောင်ကာ စစ်သား စုဆောင်းလာခြင်း ဖြစ်သည်။

Ref: ခေတ်ပြိုင်

Read More...

လူ ၁ဝဝဝ ကျော် ဖြစ်တဲ့ တောင်ကြီးဆင်တုပ်ကွေး

ဆလိုင်းထွန်း
ကြာသပတေးနေ့၊ သြဂုတ်လ ၀၅ ရက် ၂၀၁၀

နယူးဒေလီ (မဇ္ဈိမ) ။ ။ ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့နယ်တွင် လွန်ခဲ့သည့် ရက် ၂ဝ အတွင်း လူဦးရေ ၁ဝဝဝ ကျော် ဆင်တုပ်ကွေး ရောဂါ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့်လလယ်မှ စတင်ကာ တောင်ကြီးမြို့ပေါ်နှင့် မြို့နယ်အတွင်းရှိ ပင်းပက်နှင့် အေးသာယာ ကျေးရွာများမှ ဆင်တုပ်ကွေး ရောဂါသည် ၁ဝဝဝ ကျော် စဝ်စံထွန်း ဆေးရုံကြီးနှင့် ပြင်ပ ဆေးခန်းများသို့ လာရောက် ကုသခဲ့ကြောင်း ဆေးရုံနှင့် နီးစပ်သူများ အဆိုအရ သိရခြင်း ဖြစ်သည်။

“ပြီးခဲ့တဲ့ လလယ်လောက်က စဖြစ်ပါတယ်။ ခြင်ကိုက်ခံရလို့ ဖြစ်တာပါ။ ခြင်ကနေတဆင့် ကူးစက်တာပါ။ အခုလက်ရှိမှာ တရက် တရက်ကို လူ ၃ဝ-၄ဝ လောက်တော့ ဆေးခန်း လာပြကြတယ်။ ကူးစက်တာ မြန်တော့ ရောဂါခံရသူ မနည်းတော့ဘူးဗျ။ ဆေးရုံနဲ့ ဆေးခန်းတိုင်းမှာ ကုနေရတယ်” ဟု တောင်ကြီးမြို့ရှိ ထွန်းဆေးခန်းမှ ဒေါက်တာ ဝေလင်းထွန်းက မဇ္ဈိမကို ပြောသည်။

တောင်ကြီး စဝ်စံထွန်းဆေးရုံတွင် ယင်းရောဂါသည် တရက်လျှင် ဦးရေ ၆ဝ ခန့် ရောက်ရှိလာသဖြင့် ဆေးရုံတွင် ကုတင်နေရာ မရှိတော့ကြောင်းနှင့် ဆင်တုပ်ကွေး ရောဂါပျောက်ဆေး မရှိသဖြင့် လူနာများကို ရိုးရိုး အဖျားပျောက်ဆေးသာ တိုက်ကျွေးပြီး ပြန်လွှတ်ရကြောင်း သိရသည်။

“ဆေးရုံတွေမှာလည်း လူနာတွေနဲ့ ပြည့်နေပြီ။ ပုဂ္ဂလိက ဆေးခန်းတွေမှာ နောက်ထပ် လူနာ လက်မခံနိုင်လောက်အောင် အခြေအနေ ဆိုးနေတယ်လို့ ကြားတယ်။ ကုစရာဆေးကလည်း မရှိတော့ ရိုးရိုးအဖျားဖြတ်ဆေးပဲ ပေးပြီး အိမ်ပြန်လွှတ်ရတယ်” ဟု ဆေးရုံမှ တာဝန်ကျ သူနာပြု ဆရာမတဦးက ပြောသည်။

တောင်ကြီးတွင် ယင်းရောဂါဖြစ်ပွားမှု များပြားနေသဖြင့် အခြားဒေသများကပါ စိုးရိမ်နေကြပြီး ဟိုပုံးနှင့် ရွှေညောင် မြို့များတွင်လည်း ကူးစက် ခံရသူများရှိကြောင်း သိရသည်။

ယင်းရောဂါဖြစ်ပွားသည့် လက္ခဏာများကို ဒေါက်တာ ဝေလင်းထွန်းက “ကိုယ်တွေ ကိုက်တယ်။ ယားတယ်။ တချိန်ထဲပဲ ကိုက်ခဲတယ်။ အဖျားတက်တယ်။ ခြေ၊ လက်တွေ ရောင်တယ်။ ကိုယ်ပူချိန် ၉၉-၁ဝဝ ပဲ ရှိပေမယ့် ဖျားပြီး ၂ ရက်လောက် ကြာတာနဲ့ တကိုယ်လုံး ရောင်လာတယ်။ မျက်နှာပါ ရောင်တော့ အစာမစားနိုင်တော့ ပိုက်နဲ့ သွင်းရတယ်။ ၇ ရက်လောက်မှ အရောင်ကျသွားတယ်။ ကိုယ်ပူချိန် တက်လိုက်ကျလိုက်နဲ့ အဖျားပျောက်ရင် ကိုယ်လက်တွေ ကိုက်ခဲပြီး ကျန်ခဲ့တယ်။ အသက်သေဆုံးသူ မရှိသေးဘူး။ အသက်အန္တရာယ် စိုးရိမ်စရာ မရှိဘူး။ ဒီရောဂါက လနဲ့ချီလည်း ကြာနိုင်တယ်” ဟု ရှင်းပြသည်။

တောင်ကြီးမြို့တွင် စဝ်စံထွန်း ဆေးရုံကြီး၊ အမျိုးသမီးနှင့် ကလေးဆေးရုံတို့အပြင် ထွန်း၊ စိန်နှင့် ပတ္တမြား ဆေးခန်းများ အပါအဝင် ပြင်ပပုဂ္ဂလိက ဆေးခန်းပေါင်း ၆ ခု ရှိသည်။

ဖြစ်ပွားရသည့် အကြောင်းရင်းမှာ ခြင်ကြောင့် သို့မဟုတ် လေထဲမှတဆင့် ကူးစက်နိုင်ကြောင်းနှင့် လွန်ခဲ့သည့် ၁ဝ နှစ်ခန့်က တောင်ကြီးမြို့နယ်တွင် ယင်းရောဂါမျိုး လူအနည်းငယ်၌ ဖြစ်ပွားခဲ့သော်လည်း အသေအပျောက် မရှိခဲ့ကြောင်း သိရသည်။

''Chikungunya လို့ ခေါ်တယ်။ လူလတ်ပိုင်းနဲ့ လူကြီးပိုင်းမှာ ဖြစ်တာများတယ်။ ဖျားတယ်။ ကိုယ်လက် ကိုက်ခဲတယ်။ ရောင်တယ်။ ရောဂါလက္ခဏာက သွေးလွန်တုပ်ကွေးနဲ့ တော်တော်တူတယ်။ အသက်အန္တရာယ် မစိုးရိမ်ရဘူးတဲ့။ ခြေ၊ လက်တွေ ဆင်လို ရောင်လို့ ဆင်တုပ်ကွေးလို့ မြန်မာပြည်က ခေါ်တယ်'' ဟု အိန္ဒိယနိုင်ငံ နယူးဒေလီရှိ မြန်မာ ဒုက္ခသည်များကို အခမဲ့ ဆေးကုသ ပေးနေသည့် ယမုံနာ ဆေးခန်းမှ ဒေါက်တာတင့်ဆွေက ပြောသည်။

စစ်ကိုင်းတိုင်း ကလေးမြို့တွင်လည်း ပြီးခဲ့သည့်လ ၂၅ ရက်နေ့ခန့်မှ စတင်ကာ သွေးလွန်တုပ်ကွေး ဖြစ်ပွားနေရာ ပြင်ပဆေးခန်း Wesley တွင် လူဦးရေ ၁၂ဝ ခန့် တက်ရောက်နေကြောင်းနှင့် ပြည်သူ့ ဆေးရုံကြီးတွင်လည်း ကုသမှုများ ရှိနေကြောင်း သိရသည်။

“ဒီလဆန်းက ပိုများတယ်။ အခု ဆေးခန်းမှာ တင်ထားတာ ၁၂ဝ လောက် ရှိတယ်။ ကလေး၊ လူကြီးတွေ ဖြစ်တယ်။ လူနာများတော့ ပြပြီးရင် အိမ်ပြန်အိပ်သူတွေ ရှိတယ်။ ဆိုးဆိုးရွားရွားကြီး မရှိဘူး။ သွေးအန်တာ၊ သွေးပါတာတွေ မရှိသေးဘူး။ ကိုယ်ပူတယ်၊ အဖျား မကျနိုင်ဘူး၊ ယားယံတယ်၊ ကိုက်ခဲတယ်၊ ရောင်ရမ်းတာလောက်ပဲ ရှိသေးတယ်” ဟု Wesley ဆေးခန်းမှ ဓာတ်ခွဲခန်းမှူး Pi Siang ပီးစိန်က ပြောသည်။

ပြီးခဲ့သည့်နှစ်များတွင် သွေးလွန်တုပ်ကွေး ဝေဒနာသည်များသည် သွေးအန်ခြင်းနှင့် သွေးဝမ်းပါသည် အထိ ဆိုးရွားသဖြင့် အသေအပျောက်များ ရှိခဲ့သေးကြောင်း သိရသည်။

“အရင်နှစ်တွေက သွေးလွန်တုပ်ကွေးကို ကြောက်ဖို့ကောင်းမှန်း မသိကြဘူး။ ဆေးရုံကို သွားရမှန်း မသိဘဲ အိမ်မှာတင် အောင့်နေကြတော့ အသေအပျောက် များရတယ်။ သွေးထွက်တဲ့ အထိ ဖြစ်လာတော့ နှစ်တိုင်းလိုလို သေဆုံးတာကို ကြားရတယ်။ အခုတော့ ဘာရောဂါမဆို ကြောက်တတ်လာတယ်။ ကျန်းမာရေးအရ အသိဥာဏ်ရှိလာတော့ ဘာပဲဖြစ်ဖြစ် ဆေးရုံကို တန်းပြေးကြတယ်” ဟု ကလေးမြို့ရှိ ဆေးဆိုင်ပိုင်ရှင် တဦးက မဇ္ဈိမကို ပြောသည်။

ရောဂါဖြစ်ပွားမှု အသေးစိတ်ကို သိနိုင်ရန်အတွက် ကလေးမြို့ ပြည်သူ့ဆေးရုံကြီးကို မဇ္ဈိမက ဆက်သွယ် ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။

Ref: မဇ္ဈိမ

Read More...

ဗိုလ်ချုပ်မှူးကြီး ရန်ကုန်တွင် ရှောင်တခင် ကျန်းမာရေး စစ်ဆေး

Thursday, August 05, 2010

စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သည် ယမန်နေ့ညနေ က ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်ရှိ ပန်းလှိုင် အထူးကု ဆေးရုံတွင် ကျန်းမာရေး စစ်ဆေးကုသမှု ခံယူခဲ့ကြောင်း သိရသည်။

ပန်းလှိုင်ဆေးရုံဝင်းအတွင်း လုံခြုံရေး အရာရှိများနှင့် ကားများ အပြည့်ချထားသည့် အပြင် အာဏာပိုင်များသာ စီးလေ့ရှိသည့် တန်ဖိုးကြီး ကားများ ရပ်ထားသည်ကို ယမန်နေ့ ညကတည်းက တွေ့မြင်ရကြောင်း ပြည်တွင်း သတင်းထောက်များက ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ပန်းလှိုင်အထူးကုဆေးရုံးအား ဧရာဝတီမှ ဆက်သွယ်မေးမြန်းရာ ပြန်လည် ဖြေကြားခြင်း မရှိပေ။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် အသက်အရွယ် ကြီးရင့်နေပြီဖြစ်၍ ညဘက် အိပ်မပျော်သည့် ရောဂါ စွဲကပ်နေကြောင်း၊ သို့ရာတွင် ပန်းလှိုင် ဆေးရုံ ၌ ကုသမှုခံယူရခြင်း အကြောင်းအရင်းကိုမူ မသိရှိရသေးချေ။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ကျန်းမာရေးအခြေအနေနှင့် ပတ်သက်၍ တခြားသော မျက်မြင် သက်သေများ၏ ပြောဆိုမှုများ လည်း ရှိနေသည်။

မကြာသေးမီက သွားရောက်ခဲ့သည့် အိန္ဒိယနိုင်ငံ ခရီးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ဗုဒ္ဓဂယာ မြန်မာ ဘုန်းတော် ကြီး ကျောင်းတိုက်၌ ကျင်းပသော ၀ါဆိုသင်္ကန်း ကပ်လှူပွဲ သွားရောက်စဉ် လမ်းလျှောက် နိုင်သော်လည်း အထိုင်အထ ပြုလုပ်ရန် ခက်ခဲသောကြောင့် လိုက်ပါသူများ၏ အကူအညီ ယူခဲ့ရကြောင်း ယင်းအလှူပွဲသို့ ကြွရောက်ခဲ့သည့် ရဟန်းတော် တပါးက မိန့်ကြားသည်။

၂၀၀၆ ခုနှစ် ဒီဇင်ဘာလကုန်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ၎င်း၏ မိသားစု ဆရာဝန် ကျန်းမာရေးဝန်ကြီး ဒေါက်တာ ကျော်မြင့် အပါအ၀င် မိသားစုနှင့်အတူ စင်္ကာပူ နိုင်ငံသို့ ကျန်းမာရေး စစ်ဆေး ကုသရန်အတွက် ရက်သတ္တ ၂ ပတ်ကြာ သွားရောက် ခဲ့ရသေးသည်။ ဗိုလ်ချုပ်မှူးကြီးတွင် အူလမ်းကြောင်း ကင်ဆာ ရှိနေသောကြောင့် ယင်းသို့ သွားရောက် ကုသရ ခြင်းဖြစ်ကြောင်း အတည် မပြုနိုင်သော သတင်းများ အရ သိရသည်။

ရောဂါအား ခွဲစိတ်ကုသရန်လိုအပ်ကြောင်း ဆရာဝန်များက ပြောသော်လည်း ဗိုလ်ချူပ်မှူးကြီး က ခွဲစိတ် ကုသမှုကို လက်ခံခဲ့ ခြင်း မရှိကြောင်းလည်း သိရသည်။

Ref: ဧရာဝတီ်

Read More...

ဖြိုးမင်းသိန်း ရွေးကောက်ပွဲကို ကျောခိုင်း

ကြာသပတေးနေ့၊ သြဂုတ်လ ၀၅ ရက် ၂၀၁၀

ရန်ကုန် (မဇ္ဈိမ) ။ ။ ၂ဝ၁ဝ ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတမှု မရှိဟုဆိုကာ သူ မယှဉ်ပြိုင် တော့ကြောင်း ပြည်ထောင်စု ဒီမိုကရေစီ ပါတီမှ ဥက္ကဋ္ဌ ဦးဖြိုးမင်းသိန်းက ယနေ့ သတင်း ထုတ်ပြန်လိုက်သည်။

ရွေးကောက်ပွဲ ကော်မရှင်၏ ဆောင်ရွက်မှုများ၊ ကြံ့ဖွံ့ပါတီက ရွေးကောက်ပွဲ အောင်နိုင်ရေး ကြိုးပမ်းမှုများ အပြင် ၎င်းတို့ လိုလားသော ပြည်သူ တရပ်လုံး နိုင်ငံရေးတွင် ပါဝင်ခွင့်ရရေး၊ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး၊ မြန်မာ့ နိုင်ငံရေးတွင် ပါဝင်ခွင့် ရရှိရေး၊ နိုင်ငံရေး အင်အားစုများကို လွတ်လပ်စွာ စည်းရုံးလှုပ်ရှားခွင့် ပြုရေး၊ သတင်းမီဒီယာ လွတ်လပ်ခွင့် ရရှိရေး စသော လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်ပေါ်စေမည့် အချက်များ မရှိသဖြင့် ယခုလို ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

’’ကျနော်တို့ပါတီမှာ ပြီးခဲ့တဲ့ သြဂုတ်လ ၃ ရက်နေ့က ပါတီတွင်း အရေးပေါ်စည်းဝေးမှု တခု လုပ်ပါတယ်။ အဲဒီ စည်းဝေးပွဲက ရွေးကောက်ပွဲ ဝင်ရေး မဝင်ရေး လုပ်ခဲ့တဲ့ စည်းဝေးပွဲပါ။ ဒါပေမဲ့ အဲဒီနေ့မှာ အဖြေ မထွက်ခဲ့ပါဘူး။ ဒီနေ့မှ ထုတ်ပြန်တာပါ’’ ဟု ဦးဖြိုးမင်းသိန်းက မဇ္ဈိမကို ပြောသည်။

ဦးဖြိုးမင်းသိန်းသည် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခြင်း မပြုသည့်အပြင် ပါတီမှပင် နုတ်ထွက် သွားခြင်း ဖြစ်သည်။

ပြီးခဲ့သည့် မေလ ၂၈ ရက်နေ့တွင် ရွေးကောက်ပွဲ ကော်မရှင်က ပြည်ထောင်စု ဒီမိုကရေစီပါတီကို မှတ်ပုံတင် အမှတ် ၂၄ ဖြင့် မှတ်ပုံတင်ခွင့် ပေးခဲ့သည်။

၂ဝဝ၈ ခုနှစ် အခြေခံဥပဒေအရ ၂ဝ၁ဝ ရွေးကောက်ပွဲသည် ဒီမိုကရေစီပန်းတိုင်သို့ ချီတက်ရာတွင် သမိုင်းမျက်နှာသစ် ဖွင့်လှစ်၍ တဖြည်းဖြည်း ကောင်းမွန်သော ဒီမိုကရေစီ နိုင်ငံတော် တည်ထောင် နိုင်လိမ့်မည်ဟု မျှော်လင့် ခဲ့ပါကြောင်းနှင့် ယင်းအတွက် ရွေးကောက်ပွဲဝင်ရန် ပါတီထောင်ခြင်း ဖြစ်ကြောင်း ဦးဖြိုးမင်းသိန်းက ပြောသည်။

၁၉၉ဝ ရွေးကောက်ပွဲရလဒ်အတိုင်း လွှတ်တော်ခေါ်ယူကာ အာဏာလွှဲပြောင်းခြင်း မရှိသဖြင့် စင်ပြိုင် အစိုးရ ဖွဲ့စည်းရေး ကြိုးပမ်း သောကြောင့် ပါဝင် ပတ်သက်ခဲ့သည့် လွှတ်တော် အမတ်အချို့နှင့် နိုင်ငံရေးသမား အချို့ ထိုနှစ်ထဲတွင် ဖမ်းဆီး ခံခဲ့ရသည်။ ယင်းအမှုတွဲတွင် ဦးဖြိုးမင်းသိန်းလည်း ပါဝင်ခဲ့သဖြင့် နိုင်ငံတော် ပုန်ကန်မှုဖြင့် နှစ်ရှည်ထောင်ဒဏ် ချမှတ် ခံခဲ့ရသည်။

ယင်း (ဒေါက်တာစိန်ဝင်း) အမှုတွဲဖြင့် ထောင်ဒဏ်ကျခံရသူများ အနေဖြင့် ရွေးကောက်ပွဲ ဝင်ရောက်ပါက အသနားခံစာ တင်ရမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီမှ ခေါင်းဆောင် ၄ ဦးကို ဇူလိုင်လ ၃ဝ ရက်နေ့တွင် ခေါ်ယူ အကြောင်းကြား ခဲ့သည်။ အကယ်၍ ရွေးကောက်ပွဲကို ဝင်လိုပါက ကော်မရှင် ဥက္ကဋ္ဌထံ လိပ်မူ၍ အသနားခံစာ တင်လာပါက ကော်မရှင်က သုံးသပ်ပြီး အထက်ကို တင်ပြပေးမည်ဟု ပြောဆိုခဲ့သည်။

’’ကိုယ်လည်း ဒေါက်တာစိန်ဝင်း အမှုတွဲ ဖြစ်ခဲ့ဖူးတဲ့ နှစ်ရှည်ထောင်ဒဏ် ပုဒ်မ တပ်ခံရတဲ့ အထဲမှာ ပါတယ်လေ။ ဒါကို အသနားခံစာ တင်ရမယ်။ ပြီးတော့ ခွင့်ပြုမယ်၊ မပြုဘူးဆိုတာကို အထက်ကို တင်ပြရဦးမယ် ဆိုတာမျိုး။ ဒီအခြေအနေမျိုးမှာ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ အထက်မှာ ဘယ်သူ ရှိနေသေးလဲဆိုတာ မေခွန်း ထုတ်စရာ ဖြစ်လာတယ်’’ ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။

’’ကော်မရှင်ရဲ့ ၂/၂ဝ၁ဝ ညွှန်ကြားချက်က အခုမှ စတင်တည်ထောင်တဲ့ ပါတီသစ်တွေကို လုပ်ရကိုင်ရ ကျပ်စေတယ်။ ပါတီတွေ အလှူငွေ ကောက်ခံတာမျိုး ဘယ်နေရာမှာ မလုပ်ရဘူး။ ပါတီတွေ ဆောင်ရွက်နိုင်တဲ့ အခွင့် အလမ်းတွေနဲ့ ပတ်သက်ပြီး ထောင့်ပေါင်းစုံကနေ ပိတ်ထားတဲ့ အမိန့် ဥပဒေတွေပေါ့’’ ဟု သူက ဆက်ပြောသည်။

ပါတီဥက္ကဋ္ဌ တာဝန် မယူတော့ခြင်းနှင့် ရွေးကောက်ပွဲ မဝင်တော့ခြင်းမှာ ၎င်းတဦးတည်း ကိစ္စ ဖြစ်သဖြင့် ကျန်ရှိသော ပါတီဝင်များနှင့် အခြား ရာထူး ရှိသူများသည် လတ်တလောတွင် ပါတီ၌ ဆက်လက် ရှိနေကြမည်ဖြစ်ကာ ဥက္ကဋ္ဌ ရာထူးကိုမူ အခြား တဦးတယောက်ထံသို့ တာဝန်ပေးမည်ဟု သိရသည်။

(ခိုင်စု သတင်းအချက်အလက်အချို့ ပေးပို့သည်။)


Ref: မဇ္ဈိမ

Read More...

ဟူးကောင်းတောင်ကြားကို ကမ္ဘာ့အကြီးဆုံး ရှားပါးကျား ဘေးမဲ့ တောရိုင်းဒေသ သတ်မှတ်

ဗုဒ္ဓဟူး, 04 သြဂုတ် 2010

ရှားပါးတိရစ္ဆာန် ကျားတွေကို အကာအကွယ်ပေးဖို့ အတွက် မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ အကျယ်ပြောဆုံး သဘာဝ တောရိုင်း နယ်မြေကို တိုးချဲ့လိုက်ပြီလို့ ပြောဆို လိုက်ပါတယ်။

မြန်မာနိုင်ငံ မြောက်ပိုင်း ဝေးလံခေါင်သီတဲ့ ဟူးကောင်း တောင်ကြားဒေသ တခုလုံးကို ကျားတိရစ္ဆာန် ကာကွယ်ရေး နယ်မြေအဖြစ် စစ်အစိုးရက ကြေညာ လိုက်ပါတယ်။ အဲဒီဒေသဟာ စတုရန်းမိုင်ပေါင်း ၆,၇၀၀ နီးပါး ကျယ်ဝန်းပြီး ကျားကောင်ရေ ရာနဲ့ချီ ဘေးကင်း လုံခြုံစွာ နေနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ယူဆကြပါတယ်။

ဟူးကောင်းတောင်ကြားဒေသကို ၂၀၀၄ ခုနှစ်ကစပြီး သဘာဝ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော အဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ အခု အကျယ်အ၀န်းကို ၃ ဆတိုး သတ်မှတ်လိုက်တာ ဖြစ်တယ်လို့ အင်္ဂါနေ့က ထုတ်ပြန် ကြေညာလိုက်ပါတယ်။

သဘာဝ တောရိုင်းတိရစ္ဆာန် ကာကွယ် စောင့်ရှောက်ရေး အဖွဲ့ကြီး တခုဖြစ်တဲ့ နယူးယောက်ခ် အခြေစိုက် ပန်သီရာ (Panthera and Wildlife Conservation Society) အဖွဲ့ရဲ့ အမှုဆောင် အရာရှိချုပ် ဒေါက်တာ အယ်လန် ရာဘင်နိုဝစ်ဇ် (Dr. Alan Rabinowitz) က ဗွီအိုအေကို အခုလို ပြောပြပါတယ်။

“မြန်မာနိုင်ငံမှာ ကျားကောင်ရေ သိပ်များများစားစား မကျန်တော့ပါဘူး။ ဒါဟာ စိတ်မကောင်းစရာပါပဲ။ မြန်မာ နိုင်ငံမှာ ကျားတွေ နေနိုင်တဲ့ သဘာဝ တောရိုင်းတွေ အများကြီး ရှိပါသေးတယ်။ နိုင်ငံတ၀န်း နေရာ တော်တော်များများမှာ ကျားတွေ သေသွားကြပုံ ရပါတယ်။ တနိုင်ငံလုံးမှာ ကျားကောင်ရေ ၁၀၀ ကနေ ၁၅၀ လောက်အထိ ကျန်နေ နိုင်ပါသေးတယ်။ အတိအကျတော့ ပြောလို့ မရပါဘူး။ ဟူးကောင်း တောင်ကြားမှာတော့ ကျားကောင်ရေ ၅၀ ကနေ ၇၀ လောက်တော့ ကျန်ကောင်း ကျန်နေနိုင်ပါတယ်။”

ကမ္ဘာပေါ်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော်က ကျားကောင်ရေ ၁၀၀,၀၀၀ နီးပါး ရှိခဲ့ရာက ဒီကနေ့ ၃,၀၀၀ ပဲ ကျန်တော့တယ်လို့ ဆိုပါတယ်။

တရားမ၀င် တောလိုက်သူတွေ၊ အမဲလိုက်သူတွေ၊ မုဆိုးတွေရဲ့ အန္တရာယ်ကြောင့် ကျားကောင်ရေ အနည်းငယ်သာ ကျန်တော့တာ ဖြစ်တယ်လို့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့တွေက ပြောကြပါတယ်။

Ref: VOA News

Read More...

Thursday, August 5, 2010

“မုန်တိုင်း ရှစ်ဆယ့်ရှစ်”

၁၉၈၈တိုက်ပွဲဝင်အခြေခံပညာကျောင်းသားတစ်ဦး
(မောင်ကျောင်းသားပြန်လည်ခံစားဖေါ်ပြပါသည်။)

*သမိုင်းတွင်မဲ့နေ့တနေ့……။
အဲဒီနေ့က
မုန်တိုင်းဆင်မဲ့ကောင်းကင်ပြင်တခုလိုပဲ
လူလှိုင်းလုံးတွေတလိမ့်လိမ့်
ဟစ်ကြွေးသံတွေတခြိမ့်ခြိမ့်
မြေမိုးသိမ့်ညံ နိုးပွက်လျှံခဲ့….
ရှစ်ရက်ရှစ်လရှစ်ဆယ့်ရှစ်ရက်
ခေတ်တခေတ်ကို ထုဆစ်ပေတော့မည်….။

*ကျောင်းအရိပ်ကခွာ
စာသင်ခန်းကိုကျောခိုင်း
ရရာအလံဒီဇိုင်းလေးတွေ တဖျတ်ဖျတ်နဲ့
တချို့ကအလံမပါ
တချို့ကဖိနပ်မပါ….
အသံတစာစာနဲ့
မင်္ဂလာပါဆရာလို့ အော်သံခေါ်သံအစား
နှလုံးသားထဲကအနက်ရှိုင်းဆုံးခံစားမှု
တရားမျှတမှုလူ့အခွင့်အရေး
သွေးအသက် ပေးဆက်တောင်းဆို
ရွှေမလိုငွေမလို
ဒီမိုကရေစီသာလိုချင်တယ်…..။

*ကိုးရက်ရှစ်လရှစ်ဆယ့်ရှစ် ရက်
အဲဒီမနက်မှာ
ရန်ကုန်မြို့ရဲ့မြို့တော်ခန်းမရှေ့
မည်းနက်ခြုံသိုင်း ယမ်းခိုးမှိုင်း၍
ငှက်ပျောပင်ရိုင်း ဓါးနဲ့ပိုင်းသလို
အပျိုင်းရိုင်းပက်လက်
ဒိုင်းဒိုင်းဒက်ဒက်နဲ့….
သြော်…..ရိုင်းစိုင်းရက်စက်ကြပါပေ့ …….။

*သားသတ်သမားတွေရဲ့  လှံစွပ်ဖျားအောက်
မြေခွေးတွေရဲ့ အစွယ်တဖွေးဖွေးအောက်မှာ
ကျဆုံးသွားရတဲ့ငါတို့ကလေးအပေါင်းရဲ့
လည်ချောင်းသွေးနဲ့ခြေဆေး
စစ်ဘီလူးတို့ရဲ့အောင်ပွဲ
အမှောင်တိုက်မှာမင်းမူနေ
သားပျောက်အမေ သမီးပျောက်အဖေတွေရဲ့
ဆူဝေနေတဲ့ရင်ထဲ
အမုန်းသွေးများစီးဆင်း
အံကြိတ်ရင်းပင့်သက်ရှိုက်
လက်သီးကျစ်ကျစ်ဆုတ်ခဲ့ကြ………..
အပြစ်မဲ့ပြည်သူကိုလက်နက်နဲ့အနိုင်ယူနေသမျှ
လှပတဲ့ဇတ်သိမ်း
ငြိမ်းချမ်းတဲ့အနာဂတ်
တည်ဆောက်လို့ရနိုင်မတဲ့လား…….။

*ဓါးမိုးအုပ်ချုပ်
ကြိုးနှောင်တုပ်တဲ့ဘ၀ထဲမလေ
အမှန်တရားကို သေနတ်ဖျားနဲ့ထောက်ပေမဲ့
မကြောက်ရွံ့တဲ့အသဲ
ရဲပတဲ့စိတ်ဓါတ်
မျှတမှုအတွက်တိုက်ပွဲဝင်
(သူတို့တတွေဟာ)
ပြည်သူတို့ရင်ခွင်မှာ ထာဝစဉ်လဲလျောင်းနေတဲ့
မဟာသူရဲကောင်းတွေပါ….။

*သူတို့သွေးနဲ့ရေးတဲ့သမိုင်း
မုန်တိုင်းရှစ်ဆယ့်ရှစ်
ရစ်ပတ်နှောင်ဖွဲ့
ချဉ်ခြင်းမပြေ……..
တို့ရင်ထဲမှာ ဝေဒနာ……။ ။


ရှစ်လေးလုံးအရေးတော်ပုံကြီးကို စစ်တပ်မှ အကြမ်းဖက်အာဏာသိမ်းအပြီး အခြေခံပညာ ကျောင်းသား သမဂ္ဂများ ပေါ်ပေါက်ချိန် အကသ ၀င်ကျောင်းသား တယောက် ကလေးတယောက် တတ်စွမ်း နိုင်သလောက်ဖြင့် ရေးဖွဲ့ခဲ့သော ကဗျာအား ပြန်လည် ခံစားဖေါ်ပြပါသည်။ နှစ်၂၀ကျော် အချိန်ကာလကြောင့် စကားလုံးအချို့ကျန်နိုင်ပါသည်။ အနည်းငယ် ကွဲလွဲနိုင်ပါသည်။ ရှစ်လေးလုံး အရေးတော်ပုံကြီးတွင် တိုက်ပွဲဝင်ခဲ့သော ၊ ခေတ်အဆက်ဆက် တိုက်ပွဲဝင်ခဲ့သော ကျောင်းသားထု တစ်ရပ်လုံးနှင့် အခြေခံပညာ ကျောင်းသားများအား ဤကဗျာကို ပြန်လည် ဖေါ်ပြခြင်းဖြင့် ဂုဏ်ပြု ဦးညွှတ်ပါသည် ။

စစ်အာဏာရှင်စနစ်ကျဆုံးသည်အထိ
မောင်ကျောင်းသား



Read More...

စွမ်းအင်မှီခိုမှုကြောင့် ထိုင်းအပေါ် မြန်မာ ချယ်လှယ်နိုင်

ဒေါ်ခင်မျိုးသက်
ဗုဒ္ဓဟူး, 04 သြဂုတ် 2010

တရုတ်၊ မြန်မာ နှစ်နိုင်ငံအကြား အခု ဖောက်လုပ်နေတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းဟာ မြန်မာ စစ်အစိုးရ အတွက် ထိုင်းနိုင်ငံရေးကို ချယ်လှယ်နိုင်တဲ့ ကျားကွက်တခု ဖြစ်လာနိုင်တယ်လို့ မြန်မာ့ တပ်မတော် အရာရှိဟောင်း တဦးက သုံးသပ် ဝေဖန် လိုက်ပါတယ်။ ဒါ့အပြင် အခု ထိုင်း၊ မြန်မာ နယ်စပ်ဂိတ်တွေ ပိတ်ထားတာလည်း နိုင်ငံရေး ကစားကွက် တမျိုးလို့ ဆိုပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြ ပေးထားပါတယ်။

ထိုင်း၊ မြန်မာ နှစ်နိုင်ငံကြားက နယ်စပ်ဂိတ်တွေထဲက မြ၀တီ-မဲဆောက်ဂိတ်ကို မြန်မာဘက်က ဇူလိုင်လ ၁၇ ရက်နေ့က စပြီး ပိတ်ထား လိုက်တာဟာ နယ်စပ် ပြဿနာထက် နိုင်ငံရေး ပြဿနာကြောင့် ဖြစ်နိုင်တယ်ဆိုတဲ့ ဝေဖန်မှုတွေ ထွက်ပေါ် လာနေတာမို့ ထိုင်း၊ မြန်မာ နှစ်နိုင်ငံကြား ဆက်ဆံရေးမှာ မြန်မာ စစ်ခေါင်းဆောင်တွေရဲ့ သဘောထားကို သိရဖို့ တပ်မတော် ထောက်လှမ်းရေး အရာရှိဟောင်း ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်ကို မေးကြည့်ပါတယ်။

“ထိုင်းနဲ့ပတ်သက်ပြီး လူကြီးတွေ၊ အထူးသဖြင့် လက်ရှိခေါင်းဆောင်ကြီးပေါ့၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနေနဲ့က ထိုင်းနိုင်ငံရဲ့ နိုင်ငံရေး တစိတ်တပိုင်း၊ အထူးသဖြင့် ထိုင်း၊ မြန်မာ Border ဧရိယာပေါ့၊ ဂိတ်တွေရှိမယ် ကုန်းလမ်းကဆိုရင်၊ အောက်လမ်းကဆိုရင် ပင်လယ်ပြင်တွေ ရှိပါတယ်၊ ဒီဂိတ်တွေ၊ ပင်လယ်ပြင်တွေဟာ မြန်မာဘက်က ပိတ်လိုက်တယ် ဆိုရင် ထိုင်းပြည်သူ ပြည်သားတွေက အကုန်လုံး အသံထွက်လာ ကြတာပဲ။

“ထိုင်းပြည်သူပြည်သား အသံထွက်လာတဲ့အခါမှာ ထိုင်းနိုင်ငံရေးပါတီ၊ ထိုင်းအစိုးရပါ ထိတယ်ဆိုတဲ့ အနေ အထားမျိုးကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့က ကိုင်ထားပြီးသားပါ။ ဒါ ထိုင်းနဲ့ ပတ်သက်ပြီး မြန်မာအစိုးရ အနေနဲ့ ထိုင်းနိုင်ငံရဲ့ နိုင်ငံရေး တစိတ်တပိုင်းကို ထိန်းလို့ရတယ်ဆိုတဲ့ အတွေးအခေါ်မျိုး ရှိခဲ့ပါတယ်။”

ဒီလို အတွေးအခေါ်မျိုး ရှိခဲ့တာကို ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် (Thaksin Shinawatra) မြန်မာနိုင်ငံကို လာခဲ့ချိန်က မြန်မာ စစ်ခေါင်းဆောင်တွေနဲ့ ဆွေးနွေးအပြီး ပြောဆိုချက်တွေ အရ သိရတယ်လို့ ဆိုပါတယ်။

“၁၉၉၅-၉၆ လောက်က သက်ဆင် နိုင်ငံခြားရေးဝန်ကြီး ဘ၀မှာ မြန်မာပြည်ကို လာလည်တာ ရှိပါတယ်။ နိုင်ငံခြားသားနဲ့ မြန်မာ ထိပ်ပိုင်း ခေါင်းဆောင်တွေနဲ့ တွေ့တဲ့အခါ ဖြစ်စေ၊ ပြည်တွင်းက အရေးကြီးတဲ့ နိုင်ငံရေးပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တဲ့အခါ ဖြစ်စေ၊ အဲဒီအချိန် အဲဒီအခါက ကျနော်တို့ ထောက်လှမ်းရေး၊ ကက(လှမ်း) ကနေ အသံ ခိုးဖမ်းရပါတယ်။ ခိုးဖမ်းတဲ့ အသံသွင်း တိပ်ခွေကို မှတ်တမ်း ထားရပါတယ်။

“အဲဒီလို အသံဖမ်းတဲ့ အခါမှာလည်း၊ ဥပမာ ကျနော်ဆိုရင် နယ်စပ်နဲ့ဆိုင်တဲ့ ဌာနမှာ နေတဲ့အတွက် အဲဒီလိုနေ့မျိုးရဲ့ Meeting တွေမှာ အသံခိုးဖမ်းတဲ့ အခန်းကနေပြီး နားထောင်ခွင့် ရှိပါတယ်။ သက်ဆင်နဲ့ တုန်းကတော့ စီးပွားရေးကိစ္စပဲ ပြောပါတယ်။ အဓိက နယ်စပ်ကိစ္စမှာ Border တွေ ဖွင့်ပေးဖို့၊ ပင်လယ်ပြင် ငါးဖမ်းခွင့်တွေရဖို့၊ သက်ဆင် ၀န်ကြီးချုပ် မဖြစ်ခင်မှာ ၀န်ကြီးချုပ် ချွမ်လိပိုင် (Chuan Leekpai) လက်ထက်တုန်းက ပိတ်ထားခဲ့တဲ့ ထိုင်း Border မှာရှိတဲ့ ကုန်းပိုင်း၊ ပင်လယ်ပိုင်းက ငါးဖမ်းခွင့်တွေကို ဖွင့်ပေးဖို့ မေတ္တာ ရပ်ခံခဲ့တာတွေ ရှိပါတယ်။

“ဧည့်သည် သက်ဆင်တို့ ပြန်သွားပြီးရင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့၊ ဗိုလ်ချုပ်ကြီး ခင်ညွန့်တို့၊ ဗိုလ်ချုပ်ကြီး မောင်အေးတို့က ဒီအစည်းအဝေး ခန်းထဲမှာ ပြန်ထိုင်ပြီးတော့မှ သူတို့လုပ်ခဲ့တဲ့ အစည်းအဝေးကို ပြန်ပြီး Review လုပ်ကြပါတယ်။ အဲလို ပြောတဲ့ အခါမှာလည်း ကျနော်တို့က အခန်းထဲက ကြားနေရပါတယ်။ အဲဒီအချိန်မှာ ကျနော်ကိုယ်တိုင် နားနဲ့ဆတ်ဆတ် ကြားခဲ့တာကတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ပြောတာပါ၊ ငါတို့ ထိုင်းနိုင်ငံနဲ့ ပတ်သက်တဲ့ တစိတ်တပိုင်း နိုင်ငံရေးကို ကိုင်လို့ရတယ်ဆိုတဲ့ အနေအထားမျိုး၊ Border ဧရိယာနဲ့ ပင်လယ် ငါးဖမ်းမှုတွေနဲ့ ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးကို လှုပ်လို့ရတယ်ဆိုတဲ့ အနေအထားမျိုး သူတို့ အချင်းချင်း ပြောတဲ့ဟာကို ကျနော် အဲဒီအချိန်က ကြားခဲ့တာပါ။ အခုလည်း ဒီလမ်းစဉ်အတိုင်းပဲ သွားနေတဲ့ အနေအထားမျိုးပဲ ဖြစ်ပါတယ်။”

ဒီလို ချုပ်ထိန်းနိုင်တဲ့ အနေအထားမျိုးမှာ အခု တရုတ်၊ မြန်မာ နှစ်နိုင်ငံအကြား ရခိုင်ကမ်းလွန်ကနေ တရုတ်နိုင်ငံ ကူမင်းအထိ သွယ်တန်းမယ့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသာ ဖောက်လုပ် ပြီးစီးသွားမယ်ဆိုရင် ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးဟာ မြန်မာနိုင်ငံပေါ်မှာ အများကြီး မူတည်သွားဖို့ ရှိတယ်လို့လည်း သုံးသပ်ပါတယ်။

“အခုလက်ရှိ အခြေအနေမှာ ထိုင်းက မြန်မာနိုင်ငံက ဂက်စ်နဲ့ ပတ်သက်ပြီး မှီနေရတဲ့ အနေအထား ရှိပါတယ်။ မြန်မာပြည်ကလည်း ထိုင်းကနေ ဂက်စ်ပိုက်ဆံ ရတဲ့အတွက်ကြောင့် တော်တော်များများ နိုင်ငံရဲ့ စီးပွားရေးအရ လုပ်ချင်သလို လုပ်လာနိုင်တဲ့ အနေအထားမျိုး ရှိပါတယ်။ နိုင်ငံရဲ့ စီးပွားရေးထက် အဏုမြူတို့၊ မြောက်ကိုရီးယားနဲ့ ဆက်ဆံပြီးတော့မှ ဒုံးပျံဝယ်တဲ့ ကိစ္စတွေ၊ တရုတ်ဆီက စစ်လက်နက် ပစ္စည်းတွေ ၀ယ်တဲ့ကိစ္စတွေ၊ ရုရှားနဲ့ ပေါင်းတဲ့သင်းတဲ့ ကိစ္စတွေဟာ ထိုင်းကရတဲ့ ငွေပေါ် မူတည်ပြီးတော့မှ လှုပ်ရှားလာနိုင်တဲ့ အနေအထားမျိုး ဖြစ်ပါတယ်။

“သို့သော် အခုအချိန်မှာတော့ ထိုင်းကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနေနဲ့ အရှင်ပဲ ထားမှာပဲ။ တခါတလေ ကျရင်လည်း ပညာပေးမယ်၊ တခါတလေ ကျရင်လည်း ဖွင့်ပေးမယ်။ ဒီလိုပဲ ထိုင်း Politics ကို သူကစားလိမ့်မယ်။ တရုတ်နဲ့ ဂက်စ်ပိုက်လိုင်းကို စပြီး စာချုပ်ချုပ် လုပ်နေပြီ။ အကယ်၍သာ တရုတ်နဲ့လုပ်တဲ့ ကိစ္စ ပြီးသွားရင် ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးဟာ မြန်မာပြည်အပေါ်မှာ အများကြီး သွားတည် ပါလိမ့်မယ်။

“ထိုင်းရဲ့ စီးပွားရေးကလည်း ကျနော်တို့ မြန်မာနယ်စပ် Border မှာ ပိုပြီးတော့ စီးပွားရေး ပိုဖြစ်ပါတယ်။ ကမ္ဘောဒီးယား နယ်စပ်တို့၊ မလေးရှား နယ်စပ်တို့က ကျနော်တို့ မြန်မာပြည် နယ်စပ်လောက် အခြေအနေ မကောင်းပါဘူး။ ဒါကြောင့် မြန်မာအစိုးရကို ထိုင်းကနေ သွားပြီး ဘယ်တော့မှ ဒေါ်အောင်ဆန်းစုကြည် ကိစ္စနဲ့ သော်လည်းကောင်း၊ ကျန်တဲ့ ဒီမိုကရေစီ ကိစ္စနဲ့ သော်လည်းကောင်း ဘယ်တုန်း၊ ဘယ်အခါကမှ နားချခဲ့တဲ့ အနေအထား မရှိပါဘူး။”

မြန်မာနိုင်ငံဆီက စွမ်းအင်ကို မှီခိုနေရတဲ့ ထိုင်းနိုင်ငံက ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ မြန်မာနိုင်ငံက သဘာဝဓာတ်ငွေ့ နောက်ထပ် နှစ် ၃၀ ၀ယ်ယူဖို့ အတွက် စာချုပ် ချုပ်ဆိုနိုင်ခဲ့တာမို့ ထိုင်းနိုင်ငံရဲ့ စွမ်းအင် လိုအပ်ချက်အတွက် စိတ်ချရပြီလို့ ထိုင်းနိုင်ငံ စွမ်းအင်ဝန်ကြီးက ပြောကြားခဲ့ပါတယ်။

မြန်မာဘက်က ထိုင်း၊ မြန်မာနယ်စပ် မြ၀တီ-မဲဆောက် ချစ်ကြည်ရေးတံတား ပိတ်ထားတဲ့အတွက် ထိုင်းကုန်သည်တွေ ဘက်က တနေ့ကို ဘတ်သန်း ၁၀၀ လောက် နစ်နာနေတယ်လို့လည်း ထိုင်းသတင်းတွေမှာ ဖော်ပြ ကြပါတယ်။

Ref: VOA News

Read More...

အိန္ဒိယဝန်ကြီးချုပ်၏ မြန်မာအပေါ် မူဝါဒကို မန္တလေးထွက် စီးပွားရေး နိုဘယ်ဆုရှင် သဘောမတူ

ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ ၀၄ ရက် ၂၀၁၀

ချင်းမိုင် (မဇ္ဈိမ) ။ ။ အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်း၏ မြန်မာနိုင်ငံအပေါ်ထားသည့် မူဝါဒအား သဘော မတူကြောင်း ငယ်စဉ်က မြန်မာနိုင်ငံ မန္တလေးတွင် နေထိုင်ဖူးသူ အိန္ဒိယ နိုင်ငံသား စီးပွားရေး နိုဘယ်ဆုရှင် ပါမောက္ခ အမာတြာဆန်း (Amartya Sen) က ယမန်နေ့တွင် ပြောကြား လိုက်သည်။

နယူးဒေလီမြို့၌ ပြုလုပ်သော စာတတ်မြောက်ရေးဆိုင်ရာ ဟောပြောပွဲတခုတွင် ပြောကြားလိုက်ခြင်း ဖြစ်ပြီး ထူးခြားသည်မှာ ယင်း ဟောပြောပွဲသို့ စီးပွားရေးပညာရှင် ဝန်ကြီးချုပ် မန်မိုဟန်ဆင်းလည်း တက်ရောက်နေချိန် ပြောဆိုခြင်း ဖြစ်သည်။ ”ခင်ဗျားရဲ့ မြန်မာနိုင်ငံ အပေါ် မှာထားတဲ့ ပေါ်လစီကို ကျနော် သဘောမတူပါဘူး။ အိန္ဒိယလို ဒီမိုကရေစီ နိုင်ငံမျိုးမှာ ဝန်ကြီးချုပ်ကို ကျနော် ဒါမျိုး ပြောလို့ရတယ်" ဟုဆိုသော အမာတြာဆန်း၏ ပြောစကားကို ကိုးကား၍ ပီတီအိုင် သတင်းတရပ်တွင် ရေးသားထားသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အိန္ဒိယနိုင်ငံသို့ ယခင်လက အလည်အပတ် ခရီးသွား ရောက်ခဲ့ပြီးနောက် စီးပွားရေး နိုဘယ်ဆုရှင်က ထုတ်ဖော် ပြောဆိုခြင်းလည်း ဖြစ်သည်။

ထိုခရီးစဉ်တွင် မြန်မာစစ်ခေါင်းဆောင်ကို အိန္ဒိယအစိုးရက ကော်ဇောနီဖြင့် ကြိုဆိုခဲ့သည်။ နှစ်နိုင်ငံအကြား ရာဇဝတ်မှု ဆိုင်ရာ အပြန်အလှန် အကူအညီ ပေးရေး၊ ရင်းနှီးမြှုပ်နှံမှု၊ စွမ်းအင်ကဏ္ဍနှင့် လမ်းပန်း ဆက်သွယ်ရေးတို့ အပါအဝင် သဘောတူညီမှုများ လက်မှတ် ထိုးနိုင်ခဲ့ သည်။

ပါမောက္ခ အမာတြာဆန်း၏ ဝေဖန် ပြောဆိုချက်သည် အိန္ဒိယ၏ မြန်မာအပေါ်ထားသော မူဝါဒနှင့် သာမာန် အိန္ဒိယ နိုင်ငံသားများ အပေါ် လွှမ်းမိုးမှု မရှိနိုင်သော်လည်း တတ်သိပညာရှင် အသိုင်းအဝိုင်း အပေါ်ကိုမူ လွှမ်းမိုးမှုရှိမည်ဟု မြန်မာ့ဒီမိုကရေစီ အရေးကို အားပေး ထောက်ခံသူ ဆမာတာပါတီ ခေါင်းဆောင်ဟောင်း မစ္စဂျရားဂျတ်တလီ (Jaya Jaitly) က ပြောသည်။

“ကျမလည်း အံ့သြသွားတယ်။ ဒါမျိုး သူအရင်က ပြောလေ့မရှိဘူး။ သူက စီးပွားရေးပညာရှင် ဆိုတော့ ဆင်းရဲမွဲတေမှု ကိစ္စတွေပဲ ပြောလေ့ရှိတာပဲ။ ဒီမိုကရေစီနဲ့ နိုင်ငံရေးကိစ္စတွေ သိပ်မပြောပါဘူး။ သူအခုပြောတာဟာ အိန္ဒိယက မြန်မာကို နိုင်ငံရေးအရ ဆက်ဆံနေတာကို အဓိကထား ပြောတာလို့ ယူဆပါတယ်” ဟု သူက မဇ္ဈိမကို ပြောသည်။ အိန္ဒိယနိုင်ငံသား အမာတြာဆန်းသည် ငတ်မွတ်မှုနှင့် ဆင်းရဲမွဲတေမှုတို့ကို ဖြစ်ပေါ်စေသည့် စီးပွားရေး အကြောင်းခံ သဘောတရားများနှင့် ပတ်သက်၍ လေ့လာ ရှင်းလင်းနိုင်ခဲ့သဖြင့် စီးပွားရေး နိုဘယ်ဆုကို ၁၉၉၈ ခုတွင် ရရှိခဲ့သည်။

အသက် ၇ဝ ကျော်ပြီဖြစ်သော ဆန်းသည် စီးပွားရေး ပါရဂူဘွဲ့ကို ဗြိတိန်နိုင်ငံ ကိန်းဘရစ်ခ်ျ တက္ကသိုလ်မှ ၁၉၅၉ တွင် ရရှိခဲ့ပြီး လက်ရှိတွင် အမေရိကန်နိုင်ငံ ဟားဗတ်တက္ကသိုလ်၌ စီးပွားရေးနှင့် ဒဿနဗေဒ ပါမောက္ခအဖြစ် ထမ်းဆောင်နေသည်။

ဒုတိယ ကမ္ဘာစစ်မဖြစ်ခင် မန္တလေး ဥပစာကောလိပ်တွင် ဖခင်ဖြစ်သူ ဧည့်ကထိကအဖြစ် အမှုထမ်းစဉ် အမာတြာဆန်းသည် အသက် ၃ နှစ်မှ ၆ နှစ်အထိ မန္တလေးမြို့တွင် နေထိုင်ဖူးသည်။

Ref: မဇ္ဈိမ

Read More...

KNLA နှင့် နအဖတပ် တိုက်ပွဲဖြစ်၊ နအဖ ၉ ဦး ကျဆုံး

သန်းထိုက်ဦး
Wednesday, August 04, 2010

နအဖ စစ်တပ်နှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်ဖွဲ့ဝင်များ ယမန်နေ့က တိုက်ပွဲ ဖြစ်ပွားခဲ့ရာ နအဖ တပ်ဘက်မှ ဒု တပ်ရင်းမှူး အပါအ၀င် ၉ ဦး ကျဆုံးပြီး ၁၄ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) က ပြောသည်။

အဆိုပါ တိုက်ပွဲသည် ကရင်ပြည်နယ် ပိုင်ကျုံမြို့နယ်ရှိ KNLA တပ်မဟာ (၇) ထိန်းချုပ်ရာ ဒေသအတွင်း နအဖ၏ စစ်ဒေသ ကွပ်ကဲရေး ဌာနချုပ် (စကခ) (၁၉) လက်အောက်ခံ ခြေလျင်တပ်ရင်း (၆၂) တပ်ဖွဲ့ဝင်များနှင့် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု KNU ဘားအံခရိုင် ဥက္ကဋ္ဌ ဖဒို စောအောင်မော်အေး က ဧရာဝတီသို့ ပြောပြသည်။

အနဖတပ်များက ယင်းဒေသ၌ လှုပ်ရှားနေသော KNLA တပ်ဖွဲ့ဝင်များကို နယ်မြေရှင်းလင်းရန် ၀င်ရောက်လာစဉ် ပြောက်ကျား စနစ်ဖြင့် တိုက်ခိုက် ခံရသောကြောင့် ယခုကဲ့သို့ ကျဆုံးခြင်းဖြစ်ကြောင်း ဖဒို စောအောင်မော်အေးက ဆိုသည်။

“အရင်တုန်းကလည်း ကျနော်တို့သွားရင် သူတို့လာတယ်။ မေးတယ်၊ မြန်းတယ်၊ ရှင်းတယ်။ သူတို့ မရှင်းရင် DKBA (တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်) ကို လာရှင်းခိုင်းတယ်။ ဒါပေမယ့် ကျနော်တို့ ရှောင်တယ်။ အခုတကြိမ်တော့ ကျနော်တို့ မရှောင်တော့ဘူး” ဟု ၎င်းက ဆိုသည်။

တိုက်ပွဲ ဖြစ်ပွားချိန်တွင် နအဖဘက်မှ တပ်အင်အား ၁၂၀ ခန့်ရှိပြီး KNLA ဘက်မှ တပ်သား ၁၅ ဦးတို့က ပြောက်ကျား စနစ်ဖြင့် မိနစ် ၃၀ ခန့်ကြာ တိုက်ခိုက်ခဲ့ကြောင်း၊ KNLA တပ်ဖွဲ့ဝင်များ သေဆုံး၊ ထိခိုက် ဒဏ်ရာရရှိသူများ မရှိကြောင်း ဖဒို စောအောင် မော်အေးက ပြောသည်။

တိုက်ပွဲတွင် ဒဏ်ရာရရှိသူများနှင့် သေဆုံးသူများကို DKBA နှင့် ယင်း ဒေသရှိ ဒေသခံရွာသားများကို အကူအညီတောင်း၍ နအဖ တပ်များက ဝေါလေ တပ်စခန်းသို့ ပြန်လည် သယ်ဆောင် သွားကြောင်း သိရသည်။

ထိုဒေသများတွင် KNLAတပ်ဖွဲ့ဝင်များ အပြင် DKBAမှ (၉၉၉) တပ်ဖွဲ့ဝင်များနှင့် စကခ လက်အောက်ခံ တပ်ရင်း ၄ ရင်းခန့် အခြေစိုက်ကာ လှုပ်ရှားလျက်ရှိသည်။

KNLA တပ်ဖွဲ့ဝင်များနှင့် ကရင်ဒုက္ခသည် ကူညီကယ်ဆယ်ရေး အဖွဲ့တဖွဲ့ ဖြစ်သည့် Free Burma Rangers (FBR) တို့ ပူးပေါင်း ၍ ထို ဒေသအတွင်းရှိ ရွာသားများကို ကျန်းမာရေးအတွက် လိုအပ်သည့် ဆေးဝါးများ ထောက်ပံ့ကူညီ ပေးနေကြောင်း သိရ သည်။

ပြီးခဲ့သည့် ဇွန်လ ၁၀ ရက်နေ့ကလည်း မွန်ပြည်နယ် သံဖြူဇရပ်မြို့ နယ် အတွင်း၌ နအဖ စစ်တပ် ယာဉ်တန်းတခုကို KNU တပ်ဖွဲ့ဝင် များက ခြုံခို တိုက်ခိုက်ခဲ့ရာ နအဖ တပ်ဖွဲ့ဝင် ၁၁ ဦး သေဆုံးပြီး ၂၀ ခန့် ဒဏ်ရာ ရရှိခဲ့သေးသည်။

Ref: ဧရာဝတီ်

Read More...

နိုင်ငံကူးလက်မှတ်အသစ်များ စတင်ထုတ်ပေး

မြတ်ခိုင်ဦး
၀၄ သြဂုတ် ၂၀၁၀

ယခုနှစ်အစောပိုင်းကတည်းက ကြေညာထားခဲ့သော bar code စနစ်သုံး မြန်မာနိုင်ငံကူးလက်မှတ် အသစ်များကို ယခု ရက်ပိုင်းမှ စ၍ ဘန်ကောက်ရှိ မြန်မာသံရုံးမှ စတင် ထုတ်ပေးနေပြီ ဖြစ်ကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင်းမှစတင်၍ ဘန်ကောက်ရှိ မြန်မာသံရုံးသို့ မိမိကိုင်ဆောင်ထားသော နိုင်ငံကူး လက်မှတ်၏ သက်တမ်းတိုးခြင်း၊ စာအုပ် စာမျက်နှာကုန်၍ အသစ် လဲလှယ်လို၍ သွားရောက်သူများအား အဆိုပါနိုင်ငံကူး လက်မှတ်အသစ်ကို ပြုလုပ် ပေးနေခြင်း ဖြစ်သည်။ အဆိုပါ စာအုပ်အသစ် ပြုလုပ်ခြင်း ကာလသည် (၁၄) ရက် ကြာမြင့်မည်ဖြစ်ကြောင်း သိရှိရသည်။

ပြီးခဲ့သည့် ဧပြီလမှစတင်၍ နိုင်ငံကူးလက်မှတ်အသစ်များအား သံရုံးအသီးသီးမှ ပြောင်းလဲထုတ်ပေးမည်ဟု ကြေညာ ထားခဲ့သော်လည်း မပြုလုပ် နိုင်ခဲ့သေးဘဲ ယခုရက်ပိုင်း အတွင်းမှ စတင်၍ ထုတ်ပေး နေခြင်းဖြစ်သည်။

မေလအတွင်းက သွားရောက်သက်တမ်းတိုးသူတဦးက “ကျနော်တို့သွားလုပ်တုန်းက မရသေးဘူး။ ကျနော်တို့ကို ဘာညွှန်ကြားချက်မှ မလာသေးပါဘူး ဆိုပြီး back date နဲ့ လုပ်ပေးလိုက်တယ်” ဟု ဆိုသည်။

ထိုသို့သွားရောက်လဲလှယ်ရာတွင် (က) နိုင်ငံကူးလက်မှတ်မူရင်းနှင့် စာမျက်နှာအားလုံး၏ မိတ္တူများ၊ (ခ) (၁.၅ × ၂.၀) လက်မ အရွယ်အစား ဓာတ်ပုံ (၃) ပုံ၊ (ဂ) လက်ရှိလအထိ အခွန် ဆောင်ထားသော ပြေစာ မိတ္တူ၊ (ဃ) ကျောင်းသားဖြစ်လျှင် ကျောင်းသားဖြစ်ကြောင်း ထောက်ခံစာနှင့် ကျောင်းသား ကတ်မိတ္တူ (သို့) မှီခိုသူဖြစ်ပါက ၎င်း အမှီခိုခံရသူ၏ အခွန်ပြေစာ လက်မှတ် (သို့) အလုပ် လုပ်ကိုင်နေပါက အလုပ်လုပ်ကြောင်း ထောက်ခံစာ (အလုပ်ခန့်စာ)၊ (င) ဘတ်ငွေ (၄,၀၀၀) တို့ ပေးဆောင်ရမည် ဖြစ်သည်။ ယခင်က (၃) နှစ်ကာလအတွက် စာအုပ်သက်တမ်း တိုးမည်ဆိုပါက ဘတ်ငွေ (၄,၀၀၀)၊ (၁၀) နှစ်ပြည့် (သို့) စာမျက်နှာ ကုန်ဆုံး၍ စာအုပ်အသစ် လုပ်မည်ဆိုပါက ဘတ်ငွေ (၁၂,၀၀၀) ပေးဆောင်ရသည်။

အဆိုပါ စာအုပ်အပြောင်းအလဲကို မဖြစ်မနေ လုပ်ရမည်ဖြစ်ကြောင်း သံရုံးတွင် စာကပ်ထားသည်ဟု သိရသည်။ သင်္ဘောသားများမှ လွဲ၍ ကျန်သည့် မြန်မာနိုင်ငံကူး လက်မှတ် ကိုင်ဆောင်သူများ၏ စာအုပ် သက်တမ်းသည် (၃) နှစ် (၁) ကြိမ် တိုးမြှင့်ရမည်ဖြစ်ပြီး၊ သင်္ဘောသားများမှာ သက်တမ်း (၅) နှစ်ရရှိမည် ဖြစ်သည်။

ကိုယ်တိုင်သွားရောက် လုပ်ဆောင်ခဲ့သူတဦးက “ဘာလဲမသိဘူး၊ ထပ်ထည့်ထားတာပဲ ဆိုတော့ စက်နဲ့ ဖတ်လို့ ရတယ်ပေါ့၊ ကျန်တာ အရင်အတိုင်းပဲ၊ ဘယ်ညာ လက်မ လက်ဗွေကို သူတို့ စက်ကလေးမှာ နှိပ်ရတယ်” ဟု ဆိုသည်။

အဆိုပါ လက်ဗွေများကို စက်ဖြင့်ဖတ်၍ရရန် ထည့်သွင်းသွားမည်ဖြစ်ပြီး ကိုင်ဆောင်သူ လက်မှတ်လည်း မှတ်တမ်းသွင်း ပါရှိမည်ဖြစ်သည်။ အဆိုပါ အမှတ်အသား အားလုံးသည် Digital စနစ်အဖြစ် လက်ခံစစ်ဆေး၍ ရနိုင်မည် ဖြစ်သည်။ အဆိုပါ အပြောင်းအလဲ ကာလအတွင်း ယခင် နိုင်ငံကူးလက်မှတ် အဟောင်းအား ကာယယကံရှင်မှ ကိုင်ဆောင်ထားခွင့် ရှိကာ ဗီဇာသက်တမ်း မကုန်ဆုံးသေးသည် အထိ ဆက်လက် အသုံးပြုနိုင်မည် ဖြစ်သည်။

Ref: ခေတ်ပြိုင်

Read More...

မြစ်ထဲသွန်ချင်နေတဲ့ ရေနံချောင်းကြက်သွန်

ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ ၀၄ ရက် ၂၀၁၀

ချင်းမိုင် (မဇ္ဈိမ)။ ။ လတ်တလော ကြက်သွန်နီဈေး ကျဆင်းမှုကြောင့် ကြက်သွန်ဈေး အသင့်အတင့် ပြန်လည်ရရှိရေး ဆောင်ရွက် ပေးရန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ရေနံချောင်းမြို့နယ် ကြက်သွန်စိုက် တောင်သူများနှင့် ကုန်သည်များက စုပေါင်း လက်မှတ်ထိုးကာ စာပို့မည်ဖြစ်ပြီး တစုံတရာ ထူးခြားမှုမရှိပါက ဧရာဝတီ မြစ်ထဲသို့ ကြက်သွန်များကို သွားရောက် သွန်ပစ်မည်ဟုဆိုသည်။

“ ကျနော်တို့ ဆုံးရှုံးထားတာက သိန်း ၃ဝဝ လောက် ဆုံးရှုံးထားတာဆိုတော့ သုံးလေးသိန်း ဘိုးလောက်တော့ ကျနော်တို့ သွန်ပစ်နိုင်တယ်” ဟု ရေနံချောင်းမြို့ ရှိ ကြက်သွန်ပိဿာ တသိန်းခန့် လှောင်ထားသော ကုန်သည်တဦးက ပြောသည်။

စည်ပင်သာယာနှင့် မယက(မြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ)တို့ကို ခွင့်တောင်းပြီး ကြက်သွန် သွန်ပွဲလုပ်ရန် ကြံစည် နေကြသည်။

ယခုနှစ် အစောပိုင်းက ပုဂံတွင်ပြုလုပ်သော ကြက်သွန်ကုန်သည်များ အစည်းအဝေးတွင် ဒုတိယ ကုန်သွယ်ရေး ဝန်ကြီး ဗိုလ်မှူးချုပ် အောင်ထွန်းက ကြက်သွန်ဈေး ၂၇၅ ကျပ်အောက် မရောက်စေရဘူးဟု ကတိစကား ပြောဆိုခဲ့ပြီးနောက် ကြက်သွန်ပိုမို ဝယ်လှောင်သူများ ရှိခဲ့ကြောင်း ကုန်သည်များက ပြောသည်။

ရေနံချောင်းမြို့နယ်တွင် ကြက်သွန် တပိဿာ ၁ဝဝ ဝန်းကျင် ဈေးပေါက်နေပြီး လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းက ရန်ကုန် ရွှေပြည်သာ မြို့နယ်တွင် ကြက်သွန် တပိဿာဝယ်လျှင် ၅ဝ ကျပ်သား အလကားပေးသော ဆိုင်များ ပေါ်ပေါက်ခဲ့သည်။

“စားသုံးသူကတော့ ဒီဈေး ကြိုက်တာပေါ့ဗျာ။ ဒါပေမယ့် ဟိုမှာက မခံနိုင်တော့ဘူး ဖြစ်နေတယ်။ ကျနော်တို့ ရေနံချောင်းမှာက ကြက်သွန်နဲ့ မကင်းကြဘူးဗျ။ ရွာပေါင်း ခြောက်ဆယ်လောက်က ကြက်သွန် စိုက်ကြတယ်။ အဲဒီတော့ ကြက်သွန်ဈေး ကျဆင်း သွားတဲ့အတွက် သူတို့ဝင်ငွေတွေ၊ ဝင်ငွေတင် မကပါဘူးဗျာ သူတို့ အကြွေးပါ တင်နေကြတယ်” ဟု စစ်အစိုးရထံ စာရေးသား ပေးပို့ရာတွင် ပါဝင်ကူညီသော လူငယ်တဦးက ပြောသည်။

ယမန်နှစ် နှောင်းပိုင်းက ကြက်သွန်ဈေး အလွန်အမင်း တက်သွားပြီးနောက် ပြည်ပတင်ပို့ခွင့်ကို ကုန်သွယ်ရေးက ပိတ်ပင်ခဲ့သည်။ ဈေးကောင်းမှုက တောင်သူများကို စိုက်နှုန်းတိုးစေကာ အဆမတန် ပိုလျှံကုန်တော့သည်။

ထိုင်း၊ တရုတ်နှင့် အိန္ဒိယနိုင်ငံများမှာ မြန်မာ့ကြက်သွန် တင်ပို့နိုင်သော ဈေးကွက်များ ဖြစ်သည်။

ကြက်သွန်ဈေး တက်သွားတိုင်း အာဏာပိုင်များက ပြည်ပတင်ပို့ခွင့် ပိတ်ပင်မှု လုပ်လိုက်၊ ဈေးကျလျှင် ပြန်ဖွင့်ပေးလိုက် လုပ်ခဲ့သည်။

ကြက်သွန်ဈေး ထိုးကျသည့် ဒဏ်ကို တောင်သူနှင့် ကုန်သည်များ ၂ဝဝ၇ နှင့်၂ဝဝ၈ ခုနှစ်များကလည်း ကြုံတွေ့ခဲ့ရသည်။

Ref: မဇ္ဈိမ

Read More...

Wednesday, August 4, 2010

ထိုင်းဝန်ကြီးချုပ် လည်ပတ်ခွင့်ကို စစ်အစိုးရ ခွင့်ပြု

ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ ၀၄ ရက် ၂၀၁၀

ချင်းမိုင် ။ ။ မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ခွင့်ပြုပါရန် ထိုင်းဝန်ကြီးချုပ် အဖိဆစ် ဝေ့ခ်ျချာချီဝ၏ မေတ္တာ ရပ်ခံချက်ကို စစ်အစိုးရက နောက်ဆုံးတွင် ယခုအပတ်က လက်ခံ ခွင့်ပြုလိုက်ပြီ ဖြစ်သည်။

ယင်းသတင်းကို အိမ်ရှင်နိုင်ငံ၏ နိုင်ငံခြားရေး ဝန်ကြီးဌာနက ဘန်ကောက်မြို့တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်အပြီး အတည်ပြု ပြောကြား လိုက်ခြင်း ဖြစ်သည်။

နှစ်နိုင်ငံ အကျိုးတူ ဆက်ဆံရေး တိုးတက်ရေးအတွက် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ခေါင်းဆောင်များနှင့် တွေ့ဆုံလိုကြောင်း ၎င်း၏ ရိုးသားဖြူစင်သော ဆန္ဒကို အဖိဆစ်က ထုတ်ဖော် ပြောကြားခဲ့သည်ဟု ထိုင်းခေါင်းဆောင်၏ ရုံးနှင့် နီးစပ်သော သတင်းရပ်ကွက်က ပြောသည်။ ဝန်ကြီးချုပ်၏ ခရီးစဉ်ကို ယခုတပတ် သောကြာနေ့တွင် စတင်မည်ဟုလည်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ဖော်ပြောဆိုသည်။

နအဖ၏ လူ့အခွင့်အရေး မှတ်တမ်းနှင့် ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများအပေါ် မနှစ်မြို့ကြောင်း ဒီမိုကရေစီ ပါတီ ဦးဆောင်သော ထိုင်းညွန့်ပေါင်း အစိုးရက မကြာသေးမီက ထုတ်ဖော် ပြောဆိုခဲ့သည်။ သို့သော် စစ်အစိုးရ၏ တောခေါင်ခေါင် မြို့တော်သစ် နေပြည်တော်မှ အရာရှိတဦးကမူ ထိုင်းနိုင်ငံ၏ သူ၏ အနောက်ဘက် နယ်နိမိတ်ရှိ စစ်ဗိုလ်ချုပ်ကြီးများ အပေါ် သြဇာအာဏာ သက်ရောက်မှုကို ခပ်နှိမ်နှိမ် တုံ့ပြန် ပြောဆိုခဲ့သည်။

’’မြန်မာအစိုးရက ထိုင်းအစိုးရနဲ့ အေးအေးဆေးဆေး ကစားနိုင်တယ်။ ပြည်သူ့ဆက်ဆံရေး လုပ်ငန်းတခု အနေနဲ့ပဲ ကစားနေတာ။ တရုတ်နဲ့ အမေရိကန်လို နိုင်ငံမျိုးနဲ့တောင် ဒီလို ကစားရဲတဲ့ ဗိုလ်ချုပ်ကြီးတွေ အတွက် ထိုင်းအစိုးရဆိုတာ ဘာမှ မဟုတ်ဘူး’’ ဟု အဆိုပါ အရာရှိက ပြောဆိုခဲ့သည်။

ယခုခရီးစဉ်မှ အဖိဆစ်အနေဖြင့် စစ်အစိုးရထံမှ များများစားစား မျှော်လင့်ထားခြင်းမရှိဘဲ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့် ရလိမ့်မည်ဟုလည်း မျှော်လင့် မထားကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူက ပြောဆိုသည်။

၁၉၉ဝ ခုနှစ်နောက်ပိုင်း စစ်အာဏာရှင် စနစ်အောက်တွင် ပထမဆုံးအကြိမ် ကျင်းပမည့် ရွေးကောက်ပွဲ မတိုင်မီ သူ၏ မြန်မာနိုင်ငံသို့ ပထမဆုံး တရားဝင် အလည်အပတ် ခရီးစဉ်အနေဖြင့် ယခုလအတွင်း သွားရောက် လည်ပတ်မည်ဟု အဖိဆစ်က ယခုလ အစောပိုင်းတွင် ကြေညာခဲ့သည်။ အဆိုပါ ၁၉၉ဝ ရွေးကောက်ပွဲတွင် နိုဘယ်ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD က အပြတ်အသတ် အနိုင်ရရှိခဲ့သည်။

အင်းယားကန်ကို ဖြတ်ကူးကာ သူမ၏ နေအိမ်အတွင်း တိတ်တဆိတ် ဝင်ရောက်လာခဲ့သော မဖိတ်ခေါ်သည့် ဧည့်သည် အမေရိကန်လူမျိုး ဂျွန်ဝီလျံယက်တောကို လက်ခံခဲ့သည့် အတွက် နေအိမ် အကျယ်ချုပ် စည်းကမ်းများကို ဖောက်ဖျက်သည်ဟု ဆိုကာ အင်းစိန်ထောင်တွင် ပြီးခဲ့သည့်နှစ်က တရားစွဲဆို ရမန်ယူပြီးနောက် အဖိဆစ်က မြန်မာဝန်ကြီးချုပ် ဦးသိန်းစိန်ကို ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေးပါရန် တိုက်တွန်း တောင်းဆိုခဲ့သည်ဟု ထိုင်းနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောသည်။

လွန်ခဲ့သော ၂၁ နှစ်အတွင်း အနည်းဆုံး ၁၅ နှစ်မျှ ဒေါ်အောင်ဆန်းစုကြည်ကို ပုံစံအမျိုးမျိုးဖြင့် ထိန်းသိမ်း ထားခဲ့သည်။ ယင်းနောက် ထိုသို့ အမေရိကန်လူမျိုးတဦး သူမနေအိမ်အတွင်း ကျူးကျော် ဝင်ရောက်လာခြင်းကို အကြောင်းပြကာ ဆက်လက် ထိန်းသိမ်း ထားခဲ့သည်။ လာမည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် အရွေးခံခြင်း မပြုနိုင်ရန်လည်း တားမြစ်ခံထားရသည်။ ယခု ကျင်းပမည့် ရွေးကောက်ပွဲသည် ဗိုလ်ချုပ်ကြီးများ အာဏာ တည်မြဲရေး အတွက် ဒီမိုကရေစီ မျက်နှာဖုံး စွပ်ထားသော အတုအယောင် ရွေးကောက်ပွဲမျှသာ ဖြစ်သည်ဟုလည်း အများက ကျယ်ပြန့်စွာ ရှုမြင် သုံးသပ်နေကြသည်။

အဖိဆစ်၏ အလည်အပတ် လာရောက်ခွင့်ပြုရန် မေတ္တာရပ်ခံချက်ကို အချိန်ကာလအားဖြင့် မသင့်တော်သေးဟု ဆိုကာ ဝန်ကြီးချုပ် ဦးသိန်းစိန်က ပယ်ချခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန်လည်း ထိုင်း နိုင်ငံခြားရေးဝန်ကြီး ကဆစ် ဖိရူမ်း Kasit Piromya က ကြိမ်ဖန်များစွာ မေတ္တာ ရပ်ခံခဲ့သော်လည်း လက်ရှိ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူနေသော ထိုင်းနိုင်ငံ၏ အဆိုပါ မေတ္တာရပ်ခံချက်ကို စစ်အစိုးရက လျစ်လျူရှုခဲ့သည်။

အမေရိကန် အစိုးရက မြန်မာအစိုးရနှင့် ထိတွေ့ဆက်ဆံရေးမူဝါဒသစ် ချမှတ်ပြီးနောက် ထိုင်းအစိုးရက ယင်း၏ ချဉ်းကပ် ဆောင်ရွက်မှုများကို လျှော့ချခဲ့သည်။

ဝါရှင်တန်ရှိအစိုးရက ယင်း၏ မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံရေးမူဝါဒ ချမှတ်ခဲ့သည့်အချိန် ပြီးခဲ့သည့်နှစ်က ကျင်းပသော ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် ထိုင်းအစိုးရကလည်း ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရေးကို တောင်းဆိုခြင်း မပြုခဲ့တော့ပေ။ ထိုညီလာခံ ကျင်းပနေစဉ် အတွင်း ယခင် ဝါရှင်တန်ဆိုင်ရာ မြန်မာ သံအမတ်ဟောင်းနှင့် လက်ရှိ သိပ္ပံနှင့် နည်းပညာဝန်ကြီး ဦးသောင်း၊ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းတို့ကို အမေရိကန် ပြည်ထောင်စု မြို့တော်ဝါရှင်တန်သို့ သွားရောက် လည်ပတ်ခွင့် ပြုခဲ့သည်။ ဦးသောင်းသည် မြန်မာ့နျူကလီးယား လက်နက် ထုတ်လုပ်ရေး အစီအစဉ်ကို ကြီးကြပ် ဆောင်ရွက်ရသူ ဖြစ်သည်။

ယင်းအချက်သည် အမေရိကန်၏ ယခင်ဦးစားပေး အစီအစဉ်တရပ်ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်ကို ကူညီ ဆောင်ရွက်ရေး တည်းဟူသော အချက်မှ စတင် ပြောင်းလဲလိုက်ခြင်းကို ပြသနေသည့် လက္ခဏာပင် ဖြစ်သည်ဟု မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဌာန အမေရိကန် ရေးရာဌာနခွဲတွင် တာဝန် ထမ်းဆောင်နေသော အလတ်တန်း မြန်မာသံတမန် အရာရှိတဦးက ပြောဆိုသည်။

’’အမေရိကန် ဥပဒေပြုလွှတ်တော် အမတ်များနှင့် အမေရိကန်အစိုးရတို့က ဒေါ်အောင်ဆန်းစုကြည်ကို ပစ်ပယ် ထားလိုက်ကြပြီ ဖြစ်သည်။ အကြောင်းမှာ အမျိုးသားရေး လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်စရာများ နအဖ၏ နျူကလီးယား ရည်မှန်းချက်များ ထွက်ပေါ်လာအပြီး ပေါ်ပေါက် လာခဲ့ခြင်းကြောင့်ပင်ဖြစ်သည်’’ ဟု အဆိုပါ အရာရှိက ပြောဆိုသည်။

’’သဘောတူညီချက်ရထားပြီးသား မဟာစီမံကိန်းကြီးတွေကို စစ်အစိုးရက အပြီးသတ်ချင်နေတယ်။ ရွေးကောက်ပွဲ အပြီး နောက်အစိုးရ တက်မလာခင် အိတ်ထဲရသလောက် ထည့်ထားချင်တယ်။ အခုတော့ သူတို့က ၁ဝဝ % ချုပ်ကိုင် ထားနိုင်တာ။ ဒါပေမဲ့ နောင်မှာ ဘာဖြစ်မယ်ဆိုတာက မသေချာဘူး။ ဒါကြောင့် သူတို့က ဒီစီမံကိန်းတွေကို အမြန် အပြီးသတ်ချင်နေကြတာ’’ ဟု အမည် မဖော်လိုသော မြန်မာစီးပွားရေး လုပ်ငန်းရှင်တဦးက ပြောဆိုသည်။

ဟနွိုင်းတွင် ကျင်းပခဲ့သော ဝန်ကြီးများအဆင့် အစည်းအဝေးအပြီးတွင် သူတို့သည် အာဆီယံအဖွဲ့ကြီးနှင့် ပူးပေါင်း ဆောင်ရွက်လိုသည့် ဆန္ဒရှိနေကြောင်း အာဆီယံ ခေါင်းဆောင်များကို သဘောပေါက် နားလည်အောင် ပြောပြပေးရေး အတွက် ထိုင်းအစိုးရ၏ အကူအညီကို စစ်အစိုးရက လိုအပ်နေသည်ဟု အကဲခတ်များက သုံးသပ် ပြောဆိုကြသည်။ ထို့ကြောင့် စစ်အစိုးရသည် ယခု ထိုင်းဝန်ကြီးချုပ်၏ ခရီးစဉ်ကို ဤကိစ္စအလို့ငှာ အသုံး ချလိမ့်မည်ဟုလည်း သူတို့က ဝေဖန်ပြောဆိုကြသည်။

အဖိစစ်သည် ယင်း၏ ခရီးစဉ်အတွင်း နှစ်နိုင်ငံ နယ်စပ်ကိစ္စများကိုလည်း ဆွေးနွေးမည်ဖြစ်ပြီး အထူးသဖြင့် မဲဆောက်-မြဝတီ နယ်စပ် ကုန်သွယ်ရေးကို ပြီးခဲ့သည့်လ ၂၁ ရက်နေ့ကတည်းက ပိတ်ထားခဲ့မှုအပေါ် ဆွေးနွေးကြမည်ဖြစ်သည်။

သောင်ရင်းမြစ်အတွင်း ထိုင်းနိုင်ငံက ကမ်းပါးထိန်းနံရံများ တည်ဆောက်ခဲ့သည့်အပေါ် ကန့်ကွက်သည့် အနေဖြင့် မြန်မာနိုင်ငံက ထိုသို့ ပိတ်ထားခဲ့ခြင်း ဖြစ်သည်။ ထိုသို့ တည်ဆောက်ခဲ့သည့်အတွက် ရေကြောင်း ပြောင်းကာ မြန်မာဘက်ခြမ်းရှိ ကမ်းပါးများကို ရေတိုက်စားခဲ့သည်ဟု မြန်မာဘက်က ပြောဆိုသည်။

ထိုသို့ ပိတ်ထားခဲ့ခြင်းကြောင့် ထိုင်းနိုင်ငံအနေဖြင့် ခန့်မှန်းခြေ ဘတ် ၂ဝ ဘီလျံ (အမေရိကန်ဒေါ်လာ သန်း ၆၂ဝ) မျှ ဆုံးရှုံးခဲ့ပြီး ဖြစ်သည်ဟု ဘန်ကောက်ပို့စ် သတင်းစာကြီးက ရေးသားဖော်ပြသည်။

Ref: မဇ္ဈိမ

Read More...

အန်အယ်ဒီ ခေါင်းဆောင်များ မြို့နယ် ၂ဝဝ ကျော်တွင် တွေ့ဆုံမှုလုပ်

မြင့်မောင်
အင်္ဂါနေ့၊ သြဂုတ်လ ၀၃ ရက် ၂၀၁၀

နယူးဒေလီ (မဇ္ဈိမ) ။ ။ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မှာကြားသဖြင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်များသည် လွန်ခဲ့သည့် ရက်ပေါင်း ၅ဝ အတွင်း နိုင်ငံတဝှမ်းရှိ မြို့နယ်ပေါင်း ၂ဝဝ ကျော်သို့ သွားရောက်ကာ အောက်ခြေ ပါတီထုနှင့် တွေ့ဆုံမှုများ ပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၁၂ ရက်နေ့မှ စတင်ကာ ဦးဝင်းတင်၊ ဦးအုန်းကြိုင်၊ ဦးဥာဏ်ဝင်း၊ ဒေါ်မေဝင်းမြင့်နှင့် ဦးဟန်သာမြင့် အပါအဝင် အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များက ဦးဆောင်သော အုပ်စုများသည် တိုင်းနှင့်ပြည်နယ် မြို့နယ်များရှိ ပါတီ အောက်ခြေထုနှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

“ကျနော်တယောက်ထဲကိုပဲ တိုင်း ၃ တိုင်းက မြို့နယ်ပေါင်း ၆ဝ ကျော်နဲ့ ပြီးသွားပြီ။ ကျန်တဲ့ အဖွဲ့တွေလည်း အများကြီးပဲ။ အခု ရခိုင်ပြည်နယ်ဆို ဂွနဲ့ သံတွဲက ပထမဆုံး မြို့နယ်တွေ ဖြစ်တယ်။ အခု ရခိုင်ပြည်နယ် သံတွဲကို ရောက်နေတယ်။ ဒါတင် မကသေးဘူး။ နိုင်ငံရေးအရ လှုပ်ရှား တက်ကြွလာမယ့် အချိန်ရောက်လာရင် နောက်တကျော့ ထပ်ပြီး အောက်ခြေ ပါတီဝင်ထုဆီ ထပ်တွေ့ဆုံဖို့ ရှိတယ်” ဟု အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

ဦးဝင်းတင်သည် ကရင်နှင့် မွန်ပြည်နယ်ရှိ မြို့နယ်အချို့၊ ဦးအုန်းကြိုင်သည် မန္တလေးနှင့် မကွေးတိုင်း၊ ဒေါ်မေဝင်းမြင့်သည် ရှမ်းပြည်နယ် တောင်ပိုင်း၊ ဦးဟန်သာမြင့်မှာ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းရှိ မြို့နယ်များသို့ သွားရောက် ခဲ့ပြီးဖြစ်သည်။ ၎င်းတို့သည် ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းတင်တို့ မှာကြားလိုက်သည့် စကားများကို လိုက်လံ ပြောဆို ရှင်းလင်းခဲ့ကြခြင်း ဖြစ်သည်။

နိုင်ငံရေးရည်ရွယ်ချက်ရှိသည့် ပြည်သူ့အကျိုးပြု လုပ်ငန်းများကို ဆောင်ရွက်နေကြောင်းနှင့် အဖွဲ့ချုပ် ယုံကြည်ချက်နှင့် နှလုံးသား တူသူများ အနေဖြင့် ယင်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက် သွားစေလိုကြောင်း ခရီးစဉ်များ အတွင်း ပြောဆို စည်းရုံးခဲ့ကြသည်။

ဦးအုန်းကြိုင်နှင့်အတူ ဗဟန်းမြို့နယ် ဥက္ကဋ္ဌ ဦးအောင်မြင့် (ဖျာပုံနီလုံဦး)၊ လူငယ် (ဗဟို) အဖွဲ့ဝင် ကိုဘမောင်၊ ရန်ကုန်တိုင်း လူငယ် ခေါင်းဆောင် ကိုအေးမင်းစိုး၊ ရခိုင်ပြည်နယ် စည်ရုံးရေး ကော်မတီဝင် ဦးစိုးလေးနှင့် ဦးတင်သိန်းအောင် တို့သည် ရခိုင်ပြည်နယ် ဂွမြို့မှ ယနေ့နံနက်တွင် ထွက်ခွာလာပြီး ညနေပိုင်းတွင် သံတွဲမြို့နယ် စည်းရုံးကော်မတီ ဦးထွန်းကြိုင်၏ နေအိမ်တွင် ရောက်ရှိ လာကြပြီ ဖြစ်သည်။

၎င်းတို့၏ ရှင်းလင်းပြောဆိုချက်များအပေါ် ပါတီဝင်ထုက အားတက်သရော ထောက်ခံခဲ့ကြကြောင်း ဦးအုန်းကြိုင်က ပြောဆိုသည်။

ထို့ပြင် ရခိုင်အမျိုးသားတိုးတက်ရေးပါတီ တွဲဘက်အတွင်းရေးမှူး ကိုခိုင်ပြည်စိုးကို ၂ဝဝ၈ ဥပဒေ နှိုင်းယှဉ်ချက် စာအုပ်နှင့် ကိုလိုနီ ကျွန်သဘောက် ၂၂၆ နှစ်ကြာပြီးသော အခါ အမည်ရှိ စာရွက်စာတမ်းများနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် စစ်တွေမြို့ အမှတ် ၁ ရဲစခန်းမှ ရဲများက ယခုလ ၁ ရက်နေ့ ညနေ ၄ နာရီမှာ ည ၁ဝ နာရီအထိ ခေါ်ယူ စစ်ဆေးခဲ့ကြောင်း သိရသည်။

“အဲဒီစာရွက်တွေက ကျနော့်ဆီကရတဲ့ စာရွက်တွေဆိုပြီးတော့ မေးမြန်းစစ်ဆေးတယ်။ ဒါတွေက ကျနော့်ဆီက မဟုတ်ဘူးလို့ ပြောပြတယ်။ ည ၁ဝ နာရီကျော်လောက်မှာ ပြန်လွှတ် ပေးလိုက်တယ်။ ကျန်တဲ့ဟာတော့ ထူးထူးထွေထွေ မစစ်ပါဘူး။ အေးအေးဆေးဆေး စစ်တာပါ” ဟု ကိုခိုင်ပြည်စိုးက မဇ္ဈိမကို ပြောသည်။

ကိုခိုင်ပြည်စိုးသည် လက်နက်ကိုင် ရခိုင်ကွန်မြူနစ်ပါတီတွင် ဝင်ရောက်ခဲ့ဖူးကာ ၁၉၈၆ ခုနှစ်တွင် မင်းပြားမြို့ကို တိုက်ခိုက် ခဲ့ပြီးနောက် ဖမ်းဆီး ခံခဲ့ရသူဖြစ်သည်။

သူ့ကို အာဏာပိုင်များက သေဒဏ်ချမှတ်ခဲ့သော်လည်း စစ်အစိုးရ ထုတ်ပြန်သည့် ဥပဒေကဲ့သို့ အာဏာ တည်သောအမိန့် အမှတ် ၄/၈၉ အရ တသက်တကျွန်း ပြစ်ဒဏ်သို့ ပြောင်းလဲ ချမှတ်ခဲ့ပြီးနောက် ၂ဝဝ၈ ခုနှစ်တွင် သာယာဝတီ ထောင်မှ ပြန်လည် လွတ်မြောက်လာခဲ့သည်။

Ref: မဇ္ဈိမ

Read More...

တရုတ်လုပ် စစ်ကား အစီး ၂၀ ခန့် မြန်မာစစ်တပ် လွဲပြောင်းယူ

Tuesday, 03 August 2010

မြန်မာစစ်တပ်က တရုတ်ထံမှ အပေါ့စား စစ်ထရပ်ကား အစီး ၂၀ ခန့်ကို သြဂုတ်လ ၁ ရက်နေ့တွင် နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်း ကျယ်ဂေါင် - မူစယ် နယ်စပ်ဂိတ်မှ တဆင့် လွဲပြောင်း ယူခဲ့ကြောင်း တရုတ်နယ်စပ် ဒေသခံ မျက်မြင်များ အဆိုအရ သိရသည်။

IVECO တံဆိပ်အမျိုးအစား ၄ ဘီးတပ် အလေးချိန် ၂ တန်ခန့်ရှိ အဆိုပါ စစ်ယာဉ်များသည် ဂျူလိုင် ၂၉ ရက်နေ့က တရုတ် နယ်စပ် ရွှေလီမြို့သို့ ရောက်ရှိလာခြင်း ဖြစ်သည်။

ထို့နောက် တရုတ်ဘက်ကမ်း ကျယ်ဂေါင်မြို့မှတဆင့် သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့ဘက်သို့ မောင်းနှင် ထွက်ခွာ သွားကြောင်း သိရသည်။

ကိုယ်တိုင်မြင်တွေ့ရသူ တစ်ဦးက “ကားဘော်ဒီတွေ မပါဘူး ဖရိန်ကြီးပဲ၊ သစ်သား သေတ္တာတွေ တင်ထားတယ်၊ ၂၉ ရက်နေ့က ဟိုင်းဝေးလမ်း အတိုင်းရွှေလီကို မောင်းလာတာ ကားခေါင်းပုံစံက အပြားအရှည် အစီး ၂၀ လောက်ရှိတယ် ဖရိမ်ပေါ်မှာ ကားခေါင်းတွေ တစ်စီးပေါ်တစ်စီးထပ်ပြီး ၃ စီး ၄ စီး အတွဲလိုက် တင်မောင်းလာတာ ” ဟု ပြောသည်။

ရွှေလီ၌ အဆိုပါ စစ်ယာဉ်များ ၂ ရက်ခန့်ထားပြီး နောက်တစ်ရက်တွင် မောင်းနှင် ထွက်ခွာသွားခဲ့ကြောင်း သိရသည်။ “စစ်ကားတွေ ရွှေလီဘယ်နားမှာ ထားမှန်းတော့ မသိဘူး ရွှေလီ ကုန်သွယ်ရေး ဂိတ်နားမှာ ခဏ ရပ်လာရပ်တာတွေ့တယ် အဲ ဒီကနေ နေ့လည်ပိုင်း လောက်မှာ ကျယ်ခေါင်ကိုမောင်းပြီး မူစယ်ဘက်ထွက်သွားတာ” ဟု နောက်ထပ် မျက်မြင် တစ်ဦးက ပြောသည်။

မြန်မာစစ်တပ်အသုံးပြုရန် အတွက် FAW , DongFeng , IVECO စသည့် တံဆိပ် အမျိုးအစားပါ တရုတ်လုပ် စစ်ထရပ်ကား အမြောက် အများကို လွန်ခဲ့သည့် ၁၀ နှစ်ခန့်ကတည်းက ၀ယ်ယူခဲ့ကြောင်း သိရသည်။

မြန်မာစစ်တပ်မှ ၀ယ်ယူခဲ့သော တရုတ်လုပ်ကားတစ်စီး၏ တန်ဘိုးသည် ကားအမျိုးအစားအလိုက် အနည်းဆုံး မြန်မာငွေ ကျပ်သိန်း ၁၀၀ ခန့်နှင့် ညီမျှသော တရုတ်ယွမ်ငွေ ၆ သောင်းမှ ယွမ်ငွေ ၂ သိန်းအထက် အထိ တန်ဖိုးရှိနိုင်ကြောင်း ကား ကျွမ်းကျင်သူများ အဆိုအရ သိရသည်။

မြန်မာစစ်တပ်က တရုတ်ကားကုမ္ပဏီများထံမှ ကားဝယ်ယူရာတွင် တန်ဖိုးကျသင့်ငွေကို ပစ္စည်းဖြင့် လဲလှယ်၍ အရစ်ကျ ပေးချေသည့် စနစ်ဖြင့် ၀ယ်ယူခြင်းဖြစ်ကြောင်း အကြားအမြင် များသူများက ဆိုသည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

အရုဏ်ဦးမှာ ဖူးသည့်ကြာနှင့် ပတ်သက်၍ တင်သန်းဦး၏ ရင်ဖွင့်စကား

ကျော်ခ
အင်္ဂါနေ့၊ သြဂုတ်လ ၀၃ ရက် ၂၀၁၀

လတ်တလော ရေပန်းအစားဆုံး စူပါစတားများ အပါအဝင် သရုပ်ဆောင် ၆၈ ဦး အသုံးပြု ထားသော ပြန်ကြားရေး ဝန်ကြီးဌာနက ထုတ်လုပ်သည့် ”အရုဏ်ဦးမှာ ဖူးသည့်ကြာ” ရုပ်ရှင်နှင့် ပတ်သက်၍ စစ်အစိုးရ ဝါဒဖြန့်ချိရေး ရုပ်ရှင်ကားအဖြစ် ဝေဖန် သံများစွာ ပေါ်ထွက်နေသည်။

ပါဝင်သရုပ်ဆောင်ခဲ့သူ နေတိုးနှင့်အဖွဲ့ကို အင်္ဂလန်နိုင်ငံရှိ မြန်မာများက တနင်္လာနေ့က ကန့်ကွက် ဆန္ဒပြမှုများလည်း ရှိနေပြီး နိုင်ငံခြား တိုင်းပြည်များက ပြည်ဝင်ခွင့် ဗီဇာပိတ်ရန် လှုံ့ဆော်မှုများလည်း ရှိနေသည်။

ဒီရုပ်ရှင်ကြောင့် ပြစ်တင်ပြောဆိုခြင်း ခံရသူများတွင် ထိပ်ဆုံးမှ ခံရသူကတော့ ဒါရိုက်တာအဖြစ် တာဝန်ယူရသည့် တပ်မတော် စိတ်ဓာတ် စစ်ဆင်ရေးတွင် နှစ် ၂ဝ အမှု ထမ်းခဲ့သော ဒုဗိုလ်မှူးကြီးဟောင်း တင်သန်းဦး ဖြစ်သည်။

ဇာတ်ကားကြောင့် ဘယ်သူတွေ အကျိုးအမြတ် ဖြစ်ထွန်းလဲ၊ ကန့်လန်ကာ နောက်ကွယ်မှ အဖြစ်အပျက်များနှင့် ပတ်သက်ပြီး အငြင်းပွားဖွယ်ရာ ဒါရိုက်တာ တင်သန်းဦးကို မဇ္ဈိမက သတင်းထောက် ကျော်ခက ဆက်သွယ် မေးမြန်းထားသည်။

* ဒီဇာတ်ကားရိုက်ဖို့အတွက် ဘယ်လိုကနေ လုပ်ဖြစ်သွားတာလဲ။ အန်ကယ်ရဲ့ ကိုယ်တိုင် ဇာတ်ညွန်းလား။ ဒါမှမဟုတ် အထက်ကခိုင်းလို့ လုပ်ပေး ရတာလား။

ကျနော်က မနှစ်က မက်လမှ နှလုံးခွဲထားတာ။ ဒုတိယအကြိမ် ခွဲတာဆိုတော့ ဘာမှလဲ လုပ်လို့ မရဘူးပေါ့နော်။ ရင်ဘက်ကလဲ ဒီမှာ ဒဏ်ရာကြီးနဲ့ပဲ။ ခွဲပြီးခါစ ဒီလိုမိုးတွင်းပေါ့ အဲဒီအချိန်မှာ ပြန်ကြားရေးက ဖိတ်တာပေါ့လေ။

ရိုတ်ဖို့က ပြန်ကြားရေးက သူတို့ဘာသူတို့ စီစဉ်နေတာ။ ရေးတာက ငြိမ်းမင်းနဲ့ လှိုင်အောင်နဲ့ရေးတာ။ ရေးပြီး သူတို့ရေးတဲ့ ဟာတွေကို သုံးသပ် ပေးပါဆိုလို့ အကြံပေးတဲ့ အနေနဲ့ ကျနော်တို့ကို ဖိတ်တာ။ သူတို့ နှစ်ယောက် ရေးတာကို ပေါင်းပေးပါ ဆိုပြီးတော့ ကျနော့်ကို အကူအညီ တောင်းတာ။ ရိုက်ခိုင်းသေးတာ မဟုတ်ဘူး။

ကျနော်ကတော့ ပြောလိုက်တယ်။ ကျနော်တော့ နေမကောင်းဘူးလို့ ကျနော့်ကို ချမ်းသာပေးပါလို့ ကျနော်က ပြောပြီးတော့ အဲဒီမှာ ပြင်ကြ ဆင်ကြတာပေါ့လေ။ ပြင်ကြ ဆင်ကြရင်းနဲ့ပဲ ဘာပြောလာလဲ ဆိုတော့ ငြိမ်းမင်းရေးတာနဲ့ လှိုင်အောင် ရေးတာနဲ့ ပေါင်းပေးပါတဲ့။ အဲဒါကို ကြည့်လိုက်တဲ့ အချိန်ကျတော့ ရွာလည်နေရော။

ပေါင်းဆိုလို့သာ ပေါင်းပေးလိုက်တာ အချိုးတော့ မပြေဘူးဗျ။ ကျနော့်စိတ်ကြိုက် မဟုတ်ဘူးပေါ့ဗျာ။ ကျနော်က ပြန်ပြော လိုက်တယ်။ လွတ်လပ်ရေး မရခင် ဟိုးစစ် မဖြစ်ခင်ကနေ စပြီးဆိုတော့ ဒီဟာကြီးက ဘယ်တော့ ဆုံးမလဲ။

ဆုံးမှာလည်း မဟုတ်ဘူးဆိုပြီး အဲဒီလွတ်လပ်ရေး မရခင်ကဟာတွေကို ဖြုတ်ပေးပါ။ ဒါလေးနဲ့တော့ ရိုက်လို့မရဘူး။ အဲဒီတော့ သမိုင်းကြောင်းကို ပြန်စိစစ်ပေးပါ ဆိုတော့ အဲဒီမှာတခါ ထပ်ဖိတ်တာပေါ့လေ။ တက္ကသိုလ် မြတ်သူတို့၊ ချစ်နိုင် စိတ်ပညာတို့၊ ပြန်ကြားရေး ဘက်က လူကြီးတွေနဲ့ ဝိုင်းဆွေးနွေးကြ။ လုပ်ရင်းနဲ့ စာမျက်နှာက ၆ဝ လောက် ဖြစ်သွားတယ်။ ဒါတွေ အကုန် ထည့်မှာလား ဆိုတော့ အဲဒါတွေ အကုန်ပါအောင် ထည့်မယ်တဲ့။ ဒါဆိုရင် ဒီကားက တကားထဲတော့ပြီးမှာ မဟုတ်ဘူး။ ဒါနဲ့ အဲဒီ ဇာတ်ကားက ၁ ပိုင်းကို ၁ နာရီ ၄၅ မိနစ်နဲ့ ၃ ပိုင်း ဖြစ်သွားတယ်။

* ဇာတ်ကားမှာလည်း နာမည်ကြီး မင်းသားမင်းသမီး သရုပ်ဆောင်တွေ အများကြီး အသုံးပြုထား ဆိုတော့ ဒီဇာတ်ကားမှာ ကုန်ကျငွေ တော်တော်များလား။
အဲဒီလောက် မကုန်ပါဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ ဇာတ်ကား သွားရိုက်တဲ့ နေရာမှာရှိတဲ့ ဒေသခံ တိုင်းတို့ ဘာတို့က အကျွေးအမွေး ကိစ္စတွေ တာဝန်ယူတာ ဆိုတော့ ပြန်ကြားရေး ဘက်က သိန်း ၈ဝဝ လောက်ပဲ ကုန်ပါတယ်။ သရုပ်ဆောင် ကြေးတွေကို နှုန်းအပြည့် မပေးရဘူး။ ပေးများပေးရရင် သိန်း ၅ဝဝဝ လောက် ကုန်သွားမလား မသိဘူး။

* ဒီဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ကြတဲ့ မင်းသား/မင်းသမီးတွေကို သရုပ်ဆောင်ကြေး ဘယ်လို ပေးရလဲ။

အဲဒါ တယောက်နဲ့တယောက် တူမှာမဟုတ်ဘူး။ သူတို့ နှုန်းတိုင်း အပြည့်တော့ မပေးရဘူး။ ဒါကတော့ သူတို့လည်း သဘော ပေါက်ပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ သူတို့ကို အစိုးရက လုပ်ပေးထားတာ ရှိတယ်လေ။

သူတို့ Income tax တွေ ဆိုလို့ရှိရင် ရာခိုင်နှုန်း ၅ဝ လျှော့ပေးထားတာပဲ။ အဲဒီကြားထဲက များတယ်ထင်ရင် ထပ်တင်- တင်သလောက်ကို လျှော့ပေး ထားတာပဲ။ အဲသလိုမျိုးပေါ့ သူတို့ လိုချင်သလောက်ကို လုပ်ပေးထားတာ ရှိတာပေါ့။

ဒါက ပြန်ကြားရေးနဲ့ ရုပ်ရှင်အစည်းအရုံးနဲ့ ညှိပြီးတော့ သူတို့ကို ခေါ်တာ။ ခေါ်ပြီးတော့ သူတို့ကို ပေးတာတွေတော့ ရှိတယ်။ နောက်ညစာစားပွဲ ဖိတ်ပြီးတော့ ဆု ချီးမြှင့်တာတွေလည်း ရှိတယ်။

ကျနော်တို့ကိုလည်း ချီးမြှင့်ပါတယ်။ ကျနော့်ကိုဆိုရင် ၄ သိန်းလားမသိဘူး။ ချီးမြှင့်တယ်။ ဒီလောက်ပါပဲ ကျနော်တို့က များများစားစားလည်း မယူပါဘူး။ ဘာမှလည်း သူတို့ဆီက အခွင့်အရေးလည်း မတောင်းဘူး။

* စောစောကပြောတာ ဒီဇာတ်ကားရဲ့ ဇာတ်ညွန်းက ကိုယ်ပိုင်ဇာတ်ညွန်း မဟုတ်ဘူး။ သူများရေးတဲ့ ဇာတ်ညွန်းတွေဆိုတော့ ပြည့်စုံမှုရှိလား။ တကယ် အလုပ် လုပ်ရတဲ့အခါမှာ စိတ်ကြိုက်တွေ့လား။

ကျနော့စိတ်ကြိုက်ဆိုလို့ရှိရင် ဒါလောက်အရှည်ကြီး မရိုက်ဘူး။ ဦးတည်ချက်က ဘာကို ဆိုလိုချင်တာလဲ။ ဦးတည်ချက် တချက်ပဲပေး။ ရုပ်ရှင်ကားက ထိုင်ကြည့်ရင် ဦးတည်ချက်က တချက်ပဲ ပေးရမှာ။ ဥပမာ ရာဇဝတ်ဘေး ပြေးမလွတ်၊ ဆေးလိပ်သောက်တာ မကောင်းဘူး၊ အရက်မူးရင် ဘာဖြစ်တယ် ညာဖြစ်တယ်။ ဒီလိုမျိုး တချက်ပဲဝင်မှာ။ ဇာတ်လမ်းက ဟိုဘက်ပဲ ဦးတည်ရမလိုလို ဒီဘက်ပဲ ဦးတည်ရမလိုလို အဲဒါမျိုးဆိုရင် အဲဒီကားတွေက ရှည်ပြီ။

* သရုပ်ဆောင်တွေနဲ့ အရင်တုန်းက ခေတ်မှာရှိခဲ့တဲ့ လူတွေရဲ့ ဇာတ်ကောင် စရိုက်မှာရော အခက်အခဲတွေ ရှိလား။

ဦးနုနဲ့ တူတဲ့လူကို သရုပ်ဆောင်ရှာပြီး မရိုက်နိုင်ဘူး။ ဦးနုနဲ့ တူတဲ့လူက သရုပ်ဆောင်ရှာဖို့ ဆိုတာ အင်မတန် ခဲယဉ်းတယ်။ ဦးနုလို ဥပဓိ ရုပ်မျိုးနဲ့ ဘာနဲ့ညာနဲ့ ဒီသရုပ်ဆောင်တွေနဲ့ ဘယ်လိုမှ မကိုက်ဘူး။ ဦးကျော်ငြိမ်းလည်း ဒီအတိုင်းပဲ။ ဦးဗဆွေလည်း ဒီအတိုင်းပဲ။ သူတို့က အင်မတန်မှ တကယ့်ကို နိုင်ငံရေး သမားကြီးတွေလေ။ ဂုဏ်သိက္ခာရှိတဲ့ လူကြီးတွေ။ သူတို့ပုံစံ မျိုးတွေကို ဒီသရုပ်ဆောင်တွေ မရဘူး။

* ဒီဇာတ်ကားမျိုးကိုရော ဆင်ဆာဘုတ်က ဆင်ဆာ ဖြတ်တာရှိသေးလား။ ရှိရင် ဘယ်လို အခန်းမျိုးတွေကို ဖြတ်လဲ။

ရှိပါတယ်။ ကြီးကြီးမားမား အခန်းမျိုးတွေတော့ မဟုတ်ပါဘူး။ ကျနော်တို့ကတော့ သမိုင်းအတိုင်း ရိုက်တာပေါ့နော်။ ဥပမာ ပြောရမယ် ဆိုလို့ရှိရင် ၁၉၅၈ ခုနှစ် အကွဲအပြဲ ဇာတ်လမ်းပေါ့။ ဦးဗဆွေက ပြောတယ်။ ရဲဘော်တွေကတဲ့ အရင်တုန်းက ငါ့ကို ကျားကြီးဗဆွေ လို့ခေါ်တယ်တဲ့။ အလုပ်လုပ်တာ ပြတ်သားလို့။

အခုကြတော့ ငါ့ကို နွားကြီးဗဆွေလို့ ခေါ်ကုန်ပြီတဲ့ ပြတ်သားသား မလုပ်တော့လို့တဲ့။ သဘောကတော့ ဦးနုနဲ့ သူတို့အုပ်စုနဲ့ တိုက်တဲ့ နေရာမှာ မပြတ်သားလို့ အောက်က မကျေနပ်ဘူးဆိုပြီး ပြောတာကို သူကိုယ်တိုင် ပြောတဲ့ စကားပေမယ့် ဒါတော့ ရင့်သီးတယ် ဆိုပြီး ဖြုတ်တယ်။

* ဒီဇာတ်ကားက စိတ်ဓါတ်စစ်ဆင်ရေး လုပ်တာလို့ တချို့က ဝေဖန်နေကြတယ်။ အန်ကယ် အဲဒီကိစ္စတွေနဲ့ ပတ်သက်ပြီး အန်ကယ် အနေနဲ့ ဘယ်လို ပြောချင်လဲ။
ကျနော်က စိတ်ဓါတ်စစ်ဆင်ရေး ရုံးမှာ အနှစ် ၂ဝ လုပ်လာတာ။ ကျနော် စိတ်ဓါတ်စစ်ဆင်ရေး အရာရှိ လုပ်လာတာ အကြာကြီးပဲ။ ကျနော်သာ စိတ်ဓါတ် စစ်ဆင်ရေးလုပ်ရင် ဒါမျိုး မလုပ်ဘူး။ သူက နဲနဲလေး ဒဲ့ဒိုး ဆန်တာပေါ့။ စိတ်ဓါတ် စစ်ဆင်ရေး ဆိုတာ ဒဲ့ဒိုး မဟုတ်ဘူး။ လုပ်လို့ လုပ်လိုက်မှန်း မသိအောင် လုပ်တာ။ ကျနော်တို့ အများကြီး လုပ်ခဲ့ဘူးပါတယ်။ အတွေ့အကြုံတွေလည်း ရှိတယ်။

အခုဟာ ဇာတ်လမ်းဇာတ်ညွှန်းတွေက ကျနော်စိတ်ကြိုက် မဟုတ်ဘူး။ သူတို့ ချပေးတဲ့အတိုင်း သဘောတူတဲ့ အတိုင်း ကျနော်က ရိုက်တာ။

* အန်ကယ်အနေနဲ့ ကိုယ်တိုင် ဇာတ်ညွန်းရေးပြီး စိတ်ဓါတ်စစ်ဆင်ရေး ဇာတ်ကားရိုက်မယ် ဆိုရင် ဘယ်လို ပုံစံမျိုး ရိုက်မလဲ။

ကျနော်သာ စိတ်ဓါတ်စစ်ဆင်ရေး ဇာတ်ကားရိုက်ရင် ဘယ်လိုကားမျိုး ရိုက်ပြမလဲဆိုရင် ဥပမာပြောရရင် မင်းသားတွေ အများကြီးနဲ့ မဲသဝေါ တိုက်ပွဲကို THE LONGEST DAY လို ဇာတ်လမ်းမျိုး ရိုက်မှာပေါ့။ THE LONGEST DAY မှာဆိုရင် ဂျာမန်ကို ထိုးနှက် သွားတာပဲ။

ရမ်ဘိုလိုဟာမျိုးဆိုရင်တော့ ပေါပါတယ်။ သူတယောက်တည်းနဲ့ လူအများကြီးကို လျှောက်ချနေတဲ့ ဟာမျိုးတွေ။ နောက် Platoon လို ဟာမျိုးတွေ အဲဒါတွေက တကယ့်ဖြစ်ရပ်မှန်။ အဲဒီလို ဇာတ်ကားမျိုးတွေ ကျတော့ လူတွေက လက်ခံတယ်လေ။ အဲဒါမျိုးပေါ့။

စိတ်ဓါတ်စစ်ဆင်ရေးမှာ မူဝါဒ တခုရှိပါတယ်။ သီအိုရီပါပဲ။ ပရိသတ်ရဲ့အကြိုက်ကို ဘယ်တော့မှ မဆန့်ကျင်ရတဲ့။ ပရိသတ်တွေ အားလုံး ကြိုက်အောင် လုပ်မှာပဲ။ ပရိသတ်တွေ ကြိုက်မယ့်ဟာကို ၈ဝ ရာခိုင်နှုန်းလောက် ထည့်ပေးရမယ်။ ဟာသတွေပဲ ဖြစ်ဖြစ် ဘာပဲ ဖြစ်ဖြစ်ပေါ့နော်။ ကိုယ်ထည့်ချင်တဲ့ အိုက်ဒီယိုလော်ဂျီကို ၂ဝ ရာခိုင်နှုန်းလောက်ပဲ ထည့်ပေးရမယ်။ အခု ဒီကားမှာဆိုရင် ပြောင်းပြန်လောက် ဖြစ်တယ်။

* အရုဏ်ဦးမှာ ဖူးသည့်ကြာဇာတ်ကိုက သမိုင်းကြောင်းတွေကို ပြောင်းပြန်လုပ်ပြီး ရိုတ်ထားတယ်လို့ ဝေဖန်သံတွေ အများကြီး ထွက်နေတယ်။ ဒါကိုရော အန်ကယ် ဘယ်လိုမြင်လဲ။


အဲလိုဝေဖန်တာတွေကို အင်တာနက်ထဲမှာလည်း အများကြီးတွေ့တယ်။ ဒါပေမယ့် အဲဒါနဲ့ ပတ်သက်ပြီး သမိုင်းကြောင်း အထောက် အထားနဲ့ ပတ်သက်ပြီး တာဝန်ခံ စစ်ပေးမယ့်လူတွေ ရှိတယ်။ ဥပမာ ၁၉၄၈ ခုနှစ် ဗိုလ်ချုပ်နေဝင်းက အာဏာမရခင်မှာ ကာကွယ်ရေး ဦးစီးချုပ် မဟုတ်ဘူး။ ဒုတိယ ဗိုလ်ချုပ်ကြီး စမစ်ဒွန်း သူက ကရင်။ သူ့ကို ဘယ်သူမှတောင် မသိဘူး။ လွတ်လပ်ရေးရတဲ့ အချိန်မှာ သူက စစ်ဦးစီးချုပ်။

လေတပ်ဗိုလ်ချုပ်က စောရှီးရှိုး ကရင်။ အဲလိုဖြစ်နေတဲ့အချိန်မှာ ဦးနုနဲ့ သူတို့နဲ့ ကေအန်ယူ သောင်းကျန်းမှု ဘာညာ လုပ်နေတဲ့ အချိန်မှာ နောက်ဆုံးကျ ဦးနုက မနိုင်ဘူး။ မနိုင်ဘူးဆိုတာ သူလျှော့ပေး နေတာကိုး။ နောက်ကျတော့ သူပြောလို့ မရတော့ ကွန်မြူနစ် ဦးသိန်းဖေမြင့်တို့က ဖိအားပေးတာလည်း ပါတယ်။

ဦးဗဆွေတို့ ဦးကျော်ငြိမ်းတို့ကလည်း ဖိအား ပေးတာပါတယ်။ ကဲအဲဒါဆို ကရင်အရာရှိတွေ ထုတ်ပစ်ဆိုပြီး သူတို့က စစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး စမစ်ဒွန်းကို အနားပေးပစ် လိုက်တယ်။ လေတပ်ဗိုလ်ချုပ်ကို အနားပေးတယ်။ ပြီးတော့ ဗိုလ်ချုပ်နေဝင်းကို ခေါ်ပြီး စစ်ဦးစီးချုပ် ခန့်လိုက်တယ်။ ခန့်လိုက်တဲ့အချိန်မှာ အဲဒီမှာ ကေအန်ယူက အဲဒါ မကျေနပ်ပြီးတော့ စတာပဲ။ ကေအန်ယူ တော်လှန်ရေးတွေ ဖြစ်ကုန်တယ်ဆိုတာ အဲဒါပဲ။

* အန်ကယ်က ဖြစ်ရပ်မှန်တွေကို ပြန်ရိုက်တယ်ဆိုတော့ ၁၉၈၈ အရေးတော်ပုံလို ဟာမျိုးကိုရော အန်ကယ် အနေနဲ့ ပြန်ရိုက်ပြဖို့ ရှိလား။

မရှိပါဘူး။ အဲဒီအကြောင်းကို ရေးတော့ ရေးဘူးတယ်။ အဲဒီတုန်းက ခွင့်မပြုဘူး။ စာမူကလည်း ပျောက်သွားတယ်။ ကျောင်းသားတွေ အကြောင်းပဲ ရေးတာပါ။ ပြန်လာတဲ့ ကျောင်းသားတွေကို အင်တာဗျူး အကုန် လုပ်ပြီးတော့မှ ရေးထားတာပါ။ အဲဒီတုန်းကတော့ တပ်မှာကိုက သတင်းထုတ်ပြန်ရေး အဖွဲ့ဆိုပြီး တဖွဲ့ရှိသေးတာ။ စာပေစိစစ်ရေးထက် မြင့်တဲ့ အဖွဲ့ပေါ့။ အဲဒီအဖွဲ့က ခွင့်မပြုဘူးလည်း မပြောဘူး။ ဆိုင်းငံ့လို့ ပြောထားပြီး စာမူက ပျောက်သွားတာ။ စာမူက လက်ရေးမူပါ ပျောက်သွားတော့ အဲဒါနဲ့ ပြန်လည်း မရေးနိုင်တော့ဘူး။

* အန်ကယ့်အနေနဲ့ရော ကြံ့ဖွံ့ကိုယ်စားပြု ဇာတ်ကားမျိုးတွေရော ရိုက်ဖို့ရှိလား။ သူတို့ကရော ဇာတ်ကားရိုက်ဖို့ ပြောလာတာမျိုးရှိလား။

အဲဒါတော့ မရိုက်နိုင်ဘူးလို့ပဲ ပြောလိုက်တယ်။ သူတို့ကလည်း ရိုက်ချင်တယ်လို့သာ ပြောတာ၊ ဘာမှမရှိဘူး။ ဘယ်လိုလုပ်ရင် ကောင်းမလဲ ဆိုတော့ ဘယ်လိုမှ လုပ်မနေနဲ့လို့ ပြောလိုက်တယ်။ ရိုက်ချင်တယ်။ ဘယ်လိုလုပ်ကြရင် ကောင်းမလဲ။ ဘာလဲဆိုပြီး စကားတော့ စလာတယ်။ ငါတော့ လာမခိုင်းပါနဲ့လို့ ကျန်းမာရေး မကောင်းဘူးလို့။ အဲဒီ အာရုံဦးမှာ ဖူးသည့်ကြာ ရိုက်ပြီးကတည်းက အိမ်မှာ ၂ လလောက်က လဲနေတာ ထတောင် မထနိုင်ဘူး။ ကျနော့် နှလုံးက ၂ ခါခွဲပြီးပြီ။ အဲဒီဇာတ်ကား ရိုက်တုန်းက အနာတောင် မကျက်သေးဘူး။ မနှစ်ကတည်းက ရိုက်နေတာလေ။ ရိုက်ကူးတဲ့ရက်က ခရီးသွားရက်မပါ ၂၉ ရက် ကြာတယ်။

* အန်ကယ်အနေနဲ့ ဒီလို ပေါ်လစီ ဇာတ်ကားမျိုးတွေ ရိုက်တဲ့အတွက် ပရိတ်သတ်က မုန်းမယ် ဆိုတာမျိုးရော ထည့်တွက်ခဲ့ဘူးလား။

တချို့ နားလည်တဲ့ လူကလည်း နားလည်ပါတယ်။ နားမလည်တဲ့ လူကလည်း ဆဲသွားမှာပေါ့ဗျာ။ ဒါကတော့ ကိုယ်လုပ်တဲ့ အလုပ် ကိုယ့်နာမည်ကြီး စာတမ်းထိုးလိုက်ရင် ကိုယ်ကတော့ တာဝန်ယူရမှာပဲ။ မရှောင်ပါဘူး။ ဟာ ဒီဥစ္စာကြီး ကျနော်မသိဘူး။ မသိလို့ လုပ်လိုက် ရတာပါလို့ ကျနော်မပြောဘူး။ သဘောကတော့ ကျနော် အတင်းဆေးရုံတက် ပြေးရင်ရတာပဲ။ ဒါပေမယ့် သြော်.. ကိုယ့်ကို တာဝန်ပေးပြီ ဆိုမှတော့ တာဝန် ကျေအောင် လုပ်ရတော့မှာပဲ ဆိုပြီး လုပ်လိုက်တာပါ။

* အန်ကယ်က အရင်တုန်းက တပ်မတော်သား တယောက်ပေါ့လေ။ အဲဒီကနေပြီးမှတဆင့် စာတွေရေး၊ ရုပ်ရှင်တွေ ရိုက်ဆိုတဲ့ လိုင်းဘက် ဘယ်လိုကူးခဲ့တာလဲ။

အရင်တုန်းကတော့ ကျနော်က ခြေလျင်စစ်သားပဲ။ ခြေလျင်စစ်သားကနေပြီးတော့ တပ်မတော် စာစဉ်မှာ စာရေးတဲ့ လူမရှိဘူးလို့ ဆိုပြီး ကျနော့်ကို ခေါ်တဲ့အချိန်မှာ ကျနော်က ငြင်းနေတာပေါ့နော်။ နောက်ဆုံး လူမရှိလို့ဆိုပြီး ကျနော့်ကို အတင်း ဆွဲခေါ်တော့ ကျနော် ခြေလျင် စစ်သားကနေ ရောက်လာတယ်။ ရောက်လာပြီး စာအုပ်ထုတ်ခိုင်း။

အဲဒီကနေ တခါ စစ်ရုံးကိုခေါ်။ ခေါ်ပြီးတခါ ရုပ်ရှင်မှာလုပ်မယ့်လူ မရှိဘူး သွားလုပ်ဆိုတော့ ရုပ်ရှင်က ကိုယ်လည်း မတတ်ဘူး။ မတတ်တော့ ပြန်လေ့လာရတယ်။ သင်တန်း တက်ရတယ်။ အဲဒါတွေ လုပ်ပြီးတော့မှ လုပ်တာပေါ့ဗျာ။

အဲသလို ကျနော်တို့က လုပ်ခဲ့တာ လုပ်ခဲ့ပြီးတော့မှ ခိုင်းရော။ ခိုင်းတဲ့ အခါကျတော့ စိတ်ဓာတ် စစ်ဆင်ရေးဆိုတာ ရုပ်ရှင်ရိုက်တာ စာရေးတာ ၂ ခုတည်း မဟုတ်ဘူး။ တခြားဟာတွေ အများကြီး ရှိပါတယ်။ လေယာဉ်ပျံပေါ်က နေပြီး စာရွတ်တွေ သွားပြီး ကြဲချရတာတို့ ဘာတို့ အများကြီးပဲ။

၈၈ ဆူပူနေတုန်းကလည်း မြောက်ဥက္ကလာမှာ လေယာဉ်နဲ့ ဆူပူနေရင် တပ်ကဝင်လိမ့်မယ် ဘာညာနဲ့ အဲဒီစာတွေ သွားကြဲ ချရတာပဲ။ နောက်တခါ ကျောင်းသားတွေ သွားတော့ ပြန်ခေါ်တဲ့စာလည်း နယ်စပ်တွေမှာ သွားပြီးတော့ လိုက်ကြဲတယ် ဒါက စိတ်ဓာတ် စစ်ဆင်ရေးတွေပဲ။

အဲတော့ ဒီရုပ်ရှင်ရိုက်တာ ဘာညာကျတော့ အများက သိလာတယ်။ တကယ့် စိတ်ဓာတ် စစ်ဆင်ရေးမှာ ၂ မျိုးရှိတယ်။ တမျိုးက လျှို့ဝှက်ပြီး လုပ်တယ်။ ဘယ်သူလုပ်မှန်း မသိဘူး ပေါ့နော်။ စာရေးရင်တမျိုး၊ အသံလွှင့်နေရင်လည်း ဘယ်က လွှင့်နေမှန်း မသိဘူး ဒါမျိုးတွေက စိတ်ဓာတ် စစ်ဆင်ရေး စနစ်ပေါ့။

နောက်တမျိုးက အထင်ကရလုပ်တဲ့ စိတ်ဓာတ်စစ်ဆင်ရေး လူသိရှင်ကြား ဗြောင်ကြီးလုပ်တဲ့ စစ်ဆင်ရေး။ လုပ်တဲ့လူက နာမည် ခံရတော့မှာ။ အဲဒီတော့ ကျနော်တို့က ဘာဖြစ်လဲ ဆိုတော့ ရှေ့က ပြန်ကြားရေး ဝန်ကြီးဌာန၊ ကာကွယ်ရေး ဝန်ကြီးဌာန ဘယ်ဌာနမှ ရိုက်ကူးပါသည် လို့သာ ထိုးထားတာ ထိုးလိုက်တာကို ဒါရိုက်တာက ခံရတာပဲ။

အဲဒီတော့ ကောင်းကျိုးဆိုးကျိုးကို ဒါရိုက်တာက ခံရတာပဲ။ ကျနော်တို့ နိုင်ငံမှာ လူထုရဲ့ အသိကိုက ဒါရိုက်တာ သဘောပဲ ဆိုပြီး ဒါရိုက်တာကိုပဲ မြင်တာလေ။ ဒါရိုက်တာက သေဆိုသေ ရှင်ဆိုရှင် ဘယ်ဟုတ်မလဲ။ ကျနော်တို့က မရိုက်ခင်လည်း on paper အစစ်ခံရတယ်။ ရိုက်ပြီးရင်လည်း ဟိုက မှန်ဘီလူးနဲ့ ကြည့်မှာပဲ။ မကျေနပ်ရင် ပြန်ရိုက်ခိုင်းမယ့် ပုံစံရှိတာကိုးဗျ။

* အန်ကယ်က တပ်မတော်ကနေ အနားယူလိုက်တာရော ဘာကြောင့်လဲ။ နိုင်ငံရေးလုပ်ဖို့ ရည်ရွယ်ချက်တွေများ ရှိလို့လား။

ကျနော်က အရင်ကစစ်သားဟောင်းပါပဲ။ ၂ဝဝ၇ ခုနှစ်တုန်းက ကျနော် ထွက်လိုက်တာပါ ဆေးနဲ့။ ကျနော်က ကျန်းမာရေး မကောင်းလို့ ထွက်တာ။ ကျနော်နားတော့ ဦးစီးအရာရှိ ပထမတန်းပါ။ ဒုဗိုလ်မှူးကြီးပေါ့။ နိုင်ငံရေး လုပ်ဖို့တော့ အစီအစဉ်မရှိပါဘူး။ ရည်ရွယ်ချက်လည်း မရှိပါဘူး။

Ref: မဇ္ဈိမ

Read More...

ကန့်သတ်ဥပဒေများကို သုံးသပ်ရန် လိုအပ်ဟု အန်ဒီအက်ဖ်ခေါင်းဆောင် ပြောကြား

ဝီရ
၀၃ သြဂုတ် ၂၀၁၀

အားလုံးပါဝင်နိုင်သော ရွေးကောက်ပွဲတရပ် ဖြစ်မြောက်စေရန် အုပ်ချုပ်သူ စစ်အစိုးရ အဆက်ဆက်က ပြဋ္ဌာန်း ထားသော ကန့်သတ် အမိန့် ဥပဒေများကို ဥပဒေပညာရှင် တို့က ပြန်လည် သုံးသပ်ရန် လိုအပ်ကြောင်း အမျိုးသား ဒီမိုကရေစီ အင်အားစု (အန်ဒီအက်ဖ်) ပါတီ၏ ခေါင်းဆောင် တဦးဖြစ်သူ ဦးခင်မောင်ဆွေက ပြောကြားသည်။

ယခုနှစ်အတွင်း ကျင်းပမည့် ရွေးကောက်ပွဲ ဝင်ခွင့်ရရေးအတွက် အသနားခံစာ တင်ပြရမည်ဟု ရွေးကောက်ပွဲ ကော်မရှင်က အကြောင်း ကြားမှုနှင့် ပတ်သက်၍ နိုင်ငံတော် ပုန်ကန်မှုဖြင့် ထောင်ဒဏ် နှစ်ရှည်ကျခံခဲ့ရသူ အန်ဒီအက်ဖ် ပါတီဝင် တဦးဖြစ်သူ ဦးခင်မောင်ဆွေက ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။

၎င်းက “ထောင်ဒဏ်လည်း အပြည့်ခံခဲ့ရပြီးပြီလေ။ ပြစ်ဒဏ်ပြည့်သွားလို့ လွတ်လာကြတယ်။ သာမန်လူ တယောက် အနေနဲ့ နိုင်ငံသားတိုင်း ရသင့်တဲ့ အခွင့်အရေးတွေကို ကန့်သတ်သလို အခုဖြစ်ရပ်က ပြနေတယ်။ ဒါ့အပြင် အနှစ် (၂၀) ကျော်လာပြီ ဖြစ်ပေမယ့် မဝင်ရဘူးလို့ ကန့်သတ်ထားဆဲ ဖြစ်တယ်။ အားလုံး ပါဝင်နိုင်တဲ့ ရွေးကောက်ပွဲ တရပ် ဖြစ်လာဖို့ဆိုရင် တချို့သော ဥပဒေတွေကို ပယ်ဖျက်သင့်တာ ပယ်ဖျက်သွားဖို့ လိုတယ်။ ဒီလို ဥပဒေမျိုးတွေရဲ့ သက်ရောက်မှု ဘယ်လောက် ရှိသလဲ ဆိုတာ ပညာရှင်တွေက စူးစမ်း လေ့လာပြီး ပြန်သုံးသပ်သွားဖို့ လိုအပ်နေပြီလို့ ကျနော် ပြောချင်တယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

နိုင်ငံတော် ပုန်ကန်မှု ပုဒ်မ (၁၂၁၊ ၁၂၂၊ ၁၂၄) တို့ဖြင့် နှစ်ရှည်ထောင်ဒဏ် ကျခံခဲ့ဖူးသူ လက်ရှိ အန်ဒီအက်ဖ် ခေါင်းဆောင်များ ဖြစ်သော ဒု-ဥက္ကဋ္ဌ ဦးတင်အောင်၊ ဦးခင်မောင်ဆွေ၊ ဦးသာဆိုင်နှင့် ဦးစိန်လှဦးတို့ (၄) ဦးသည် လာမည့် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခွင့် မရှိကြောင်း၊ အသနားခံစာ တင်ရန် လိုအပ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးက ပြီးခဲ့သည့် ဇူလိုင် (၃၀) ရက်တွင် နေပြည်တော်၌ ခေါ်ယူ တွေ့ဆုံ ပြောကြားခဲ့သည်ဟု သိရသည်။

အသနားခံစာတင်ပြရန် တောင်းဆိုခြင်းခံရသူ အန်ဒီအက်ဖ် ခေါင်းဆောင် (၄) ဦးစလုံးသည် ၁၉၉၀ ရွေးကောက်ပွဲ၌ ရွေးကောက် ခံရသည့် အန်အယ်လ်ဒီ ပါတီ၏ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်သည်။

၁၉၉၀ ခုနှစ် ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အား နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ ခေါ် နဝတ စစ်အစိုးရက အာဏာ လွှဲပြောင်း မပေးခြင်းကြောင့် စင်ပြိုင်အစိုးရ ဖွဲ့စည်းရန် ကြိုးပမ်းစဉ်က ၎င်းတို့ (၄) ဦးလည်း ပါဝင်ခဲ့၍ အဆိုပါအမှုဖြင့် တရား စွဲခံခဲ့ရခြင်း ဖြစ်သည်။

ဦးခင်မောင်ဆွေက “အသနားခံစာကို အမြန်ဆုံး တင်နိုင်ဖို့ ဥပဒေကျွမ်းကျင်သူတွေနဲ့ ဆွေးနွေး နေပါတယ်။ ဒါပေမယ့် ဝင်ပြိုင်ခွင့် ပြုမလား၊ မပြုဘူးလား ဆိုတာ မသေချာပါဘူး။ မရခဲ့ဘူး ဆိုရင်တော့ လွတ်လပ်မှု၊ တရားမျှတမှု စတဲ့အချက်တွေနဲ့ ဒီရွေးကောက်ပွဲဟာ ဆန့်ကျင် သွေဖည် သွားနိုင်တယ်” ဟု ပြောသည်။

၎င်းတို့တင်ပြရမည့် အသနားခံစာတွင် အမျိုးသားရင်ကြားစေ့ရေးအတွက် စစ်အစိုးရနှင့် လက်တွဲ ဆောင်ရွက်ရန် ဆန္ဒရှိကြောင်း၊ နိုင်ငံတော် အကြည်အညို ပျက်စေရန် အလားတူ ပတ်သက်မည် မဟုတ်ကြောင်း စသည့် အဓိက ခံဝန်ချက် (၂) ရပ်လည်း ပါရှိရမည်ဖြစ်ပြီး ကော်မရှင် ဥက္ကဋ္ဌမှတဆင့် အထက်သို့ ဆက်လက် ဆွေးနွေးရမည်ဖြစ်၍ အန်ဒီအက်ဖ် ခေါင်းဆောင်တို့က မျှော်လင့်ချက် သိပ်မထားကြောင်း သိရသည်။

“ကော်မရှင်ဥက္ကဋ္ဌက အသနားခံစာကို စိစစ်ပြီး အထက်ကို ဆက်တင်ပြရဦးမယ်ဆိုတော့ သိပ်မမျှော်လင့်ဘူး။ ဒါပေမယ့် တဖက်မှာ အန်ဒီအက်ဖ် ပါတီက ကျနော်တို့ နာမည်တွေနဲ့ နိုင်ငံရေး မှတ်ပုံတင်ခွင့် ကျထားပြီးသား ပါတီဖြစ်တယ်။ ပါတီထဲက ဆက်လုပ်လို့ရတဲ့ တာဝန်ကနေ ဒီမိုကရေစီ ထွန်းကားရေးအတွက် ကျနော်တို့ ဆက်လုပ်သွားမှာပါ” ဟု ဦးခင်မောင်ဆွေက ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအင်အားစု (အန်ဒီအက်ဖ်) သည် ပြီးခဲ့သည့် ဇူလိုင်လ (၉) ရက်နေ့ ကတည်းက ပါတီ မှတ်ပုံတင်ခွင့် ကျခဲ့ပြီးဖြစ်သည်။

ရွေးကောက်ပွဲ ကော်မရှင်က ခေါ်ယူသတိပေး ပြောကြားခဲ့သည့် ဥပဒေသည် ၁၉၉၁ ခုနှစ် လွှတ်တော် အမတ်များ အတွက် ထုတ်ပြန် ထားခြင်းဖြစ်ပြီး နိုင်ငံတော် သစ္စာဖောက်မှု၊ နိုင်ငံတော် အကြည်အညို ပျက်စေမှု၊ သတင်း ထိန်ချန်မှုတို့ဖြင့် ပြစ်မှု ထင်ရှားခဲ့လျှင် လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရပ်တည်ပိုင်ခွင့် မရှိကြောင်း၊ အဆိုပါ ဥပဒေသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၌လည်းကောင်း၊ ရွေးကောက်ပွဲ ဆိုင်ရာ ပြဋ္ဌာန်းချက် ဥပဒေ၌ လည်းကောင်း ဖော်ပြထားရှိခြင်း မရှိ၍ အန်ဒီအက်ဖ် အနေဖြင့် ဥပဒေကြောင်းအရ လျှောက်လဲ သွားရန် ရှိကြောင်း သိရသည်။

အန်ဒီအက်ဖ်ပါတီသည် ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ မေတ္တာညွန့် ရပ်ကွက်ရှိ ဒဂုံလွင်လမ်းမ၌ ပါတီ၏ ဌာနချုပ်ကို သြဂုတ် (၁) ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး တိုင်းနှင့် ပြည်နယ်ကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ် (၁၀၀) ခန့် ရရှိထားပြီဟု သိရသည်။

နအဖစစ်အစိုးရ ကျင်းပမည့် ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီ တည်ထောင်ခွင့်နှင့် ဆက်လက် တည်ထောင်ခွင့် လျှောက်ထားသည့် ပါတီ (၄၆) ပါတီရှိပြီး နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့် လျှောက်ထားသည့် ပါတီ (၄၀) ကို မှတ်ပုံတင်ခွင့် ပြုခဲ့ပြီး ဖြစ်ကြောင်းနှင့် ကျန်လျှောက်ထားသည့် ပါတီများ စိစစ် ဆောင်ရွက်လျက် ရှိကြောင်း သြဂုတ် (၃) ရက်ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

သို့သော် ပါတီမှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီ (၄၀) အနက် ရွေးကောက်ပွဲ ကော်မရှင်သို့ အင်အားစာရင်း တင်ပြပြီးသည့် နိုင်ငံရေးပါတီ (၁၀) ခုသာ ရှိသေးကြောင်း သိရသည်။

Ref: ခေတ်ပြိုင်

Read More...

“အရုဏ်ဦးမှာ ဖူးသည့်ကြာ” ၌ ပါဝင်သူများကို အင်္ဂလန်တွင် ဆန္ဒပြ

ဘစောတင်
Tuesday, August 03, 2010

အင်္ဂလန်နိုင်ငံတွင် ရောက်ရှိ နေသော မြန်မာနိုင်ငံမှ နာမည်ကြီး ရုပ်ရှင် သရုပ်ဆောင် နေတိုးနှင့် အဖွဲ့ ကို လန်ဒန်နှင့် မန်ချက်စတာ မြို့များရှိ မြန်မာများက ပြင်းထန်စွာ ကန့်ကွက် ဆန္ဒပြကြကြောင်း သိရသည်။

စစ်အစိုးရ၏ ၀ါဒဖြန့်ချိရေး ရုပ်ရှင်ကား တကားဖြစ်သော “အရုဏ်ဦးမှာ ဖူးသည့်ကြာ” ရုပ်ရှင်ကားတွင် ပါဝင် သရုပ် ဆောင်ထားသည့် နေတိုးနှင့် မိုးယုစံတို့ ယမန်နေ့ နေ့လယ် ၁ နာရီခန့်က လန်ဒန်မြို့မှ မန်ချက်စတာမြို့သို့ မီးရထား ဖြင့် ရောက်ရှိ လာချိန်၌ ဘူတာမှ စောင့်၍ ဆန္ဒပြကြခြင်း ဖြစ်သည်ဟု ဆန္ဒပြ ဦးဆောင်သူ တဦးက ဧရာဝတီသို့ ပြောသည်။

“သူတို့အုပ်စု ဘူတာကအထွက်မှာ အနီးကပ်ပဲ ကြွေးကြော်သံတွေ ဟစ်ပြီး ဆန္ဒပြနိုင်ခဲ့တယ်။ အရုဏ်ဦးမှာ ဖူးသည့် ကြာမှာ ပါဝင်တဲ့ သရုပ်ဆောင်တွေကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း အော်ကြတယ်။ ကျနော်တို့က ဒေါ်အောင် ဆန်းစုကြည် ပုံတွေကိုကိုင်ပြီး ဆန္ဒပြကြတာ ဆိုတော့ အင်္ဂလိပ်တွေက ဒါကိုသိတယ်။ သတင်းထောက်တွေပါ ရောက်လာတယ်။ နေတိုးနဲ့ ထွန်းထွန်းဆိုတာ တက္ကစီပေါ်ပြေးတက် သွားတယ်” ဟု ဆန္ဒပြ ဦးဆောင်သူ ကိုဌေးကို က ဆိုသည်။

မန်ချက်စတာမြို့ဆန္ဒပြပွဲတွင် မြန်မာ ၅ ဦးသာ ပါရှိသော်လည်း နေတိုးနှင့် အဖွဲ့ သွားလေရာတွင် ဆန္ဒပြကြကြောင်း၊ ဇူလိုင်လ ၃၁ ရက်နေ့ ည ဦးပိုင်းကလည်း နေတိုးနှင့် အဖွဲ့ ကို အင်္ဂလန်ရောက် မြန်မာ ကျောင်းသား ၇၀ ခန့်က ၀ိုင်းဝန်း ဆန္ဒပြခဲ့ ကြကြောင်း ၎င်းက ဆက်လက် ပြောပြသည်။

“အရုဏ်ဦးမှာ ဖူးသည့်ကြာ” ရုပ်ရှင် ကားသည် သမိုင်း အချက်အလက် မှန်များကို ထိန်ချန် ရိုက်ကူး ထားသောကြောင့် အဆိုပါ ရုပ်ရှင် ကားတွင် ပါဝင်သည့် သရုပ်ဆောင်များကို ပြည်သူက လက်မခံကြောင်း သိစေရန် ယခုကဲ့သို့ ဆန္ဒပြ ကန့်ကွက်ရခြင်း ဖြစ်ကြောင်း ဆန္ဒပြပွဲ ဦးဆောင်သူ တဦးဖြစ်သည့် မမိုးမိုးခင်ကလည်း ပြောသည်။

“အခု ဒီလန်ဒန်ကို ရောက်နေတဲ့ မင်းသား မင်းသမီးတွေ အဆိုတော်တွေထဲမှာ အဲဒီကားမှာ ပါတဲ့သူ နှစ်ယောက် ပါတယ်။ နေတိုးနဲ့ မိုးယုစံပါ။ ဒီကားထဲမှာ ဦးသန့်လို ကမ္ဘာနဲ့ ချီတဲ့ အထင်ကရ ပုဂ္ဂိုလ်ကြီးကို သေးသိမ်အောင် ပြောဆို ထားတာ ပါသလို ကျောင်းသား သမိုင်းမှာ အရေးပါတဲ့ ဆဲဗင်း ဂျူလိုင် အရေးအခင်း ကိစ္စကို သေးသိမ်အောင် ပြောဆို သရုပ်ဆောင် ပြတာဟာ မသင့်လျော်ပါဘူး။ ဒီရုပ်ရှင်ကားနဲ့ ကျမတို့ မျိုးဆက်သစ် မောင်ငယ် ညီမငယ်တွေ ပြည်သူ လူထုတွေကို သတင်းမှားတွေကို ပေးရာမှာ ပါဝင်ကြတဲ့ မင်းသား မင်းသမီးတွေကို ဆန္ဒပြကြတာ။ ပြည်တွင်းမှာ လုပ်ချင် ပေမယ့် လုပ်ခွင့်မရတဲ့ ကျောင်းသား လူငယ်တွေ ကိုယ်စား ကျမတို့က လုပ်ကြတာ”ဟု ဆိုသည်။

နေတိုးနှင့်အဖွဲ့ ကို လန်ဒန်ရှိ မြန်မာသံရုံးမှ ကျောထောက်နောက်ခံ ပြုထားသော မြန်မာအသင်း (ယူကေ)မှ ဖိတ်ကြား ကာ အငြိမ့်နှင့် စင်တင်ဂီတ ဖျော်ဖြေပွဲ ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ယင်းပွဲသို့ မြန်မာ ပရိသတ် ၁၀၀ ကျော် လာရောက် ကြည့်ရှု ခဲ့ကြကြောင်း သိရသည်။

ဆန္ဒပြသူများက မြန်မာအနုပညာရှင်များနှင့်အတူ လာရောက်အားပေး သူများကိုပါ ကြွေးကြော်သံများဖြင့် ကန့်ကွက် ခဲ့ကြကြောင်း ဆန္ဒပြရာတွင် ပါဝင်သော ဘွဲ့လွန်ကျောင်းသား တဦးဖြစ်သည့် ကိုထက်ခေါင်လွင်က ပြောသည်။

“ကျနော်တို့က ပြည်သူ့ ဆန်စား ပေါ်လစီမင်းသား နွား နွား လို့ ဟစ်ကြွေးကြတယ်။ ပြီးတော့ ဒီစစ်အစိုးရ ပွဲကို လာရောက် အားပေးတဲ့ လူတွေကိုလည်း စစ်အစိုးရ အားပေးသူ ငါတို့ ရန်သူ ငါတို့ ရန်သူ လို့ အော်လိုက်ကြတဲ့ အချိန်မှာ ပွဲလာ ပရိသတ်တွေဟာ ကျနော်တို့ ဘက်ကို လှည့်တောင် မကြည့်ရဲ ကြတော့ဘူး။ တခါတည်း ခန်းမထဲကို ၀င်သွားကြတယ်”ဟု ၎င်းကဆိုသည်။

နေတိုးနှင့်အဖွဲ့ သည် ယနေ့တွင် လီဗာပူးလ်မြို့ကို သွားလည်မည်ဟု သိရပြီး လီဗာပူးလ် အရောက်တွင်လည်း ဆန့် ကျင် ကန့်ကွက်ခြင်း ခံရဦးမည်ဖြစ်ကြောင်း ရှစ်လေးလုံး ကျောင်းသားခေါင်းဆောင် ကိုဇော်ဇော်အောင်က ပြောသည်။

သြဂုတ်လ ၂ ရက်နေ့က လန်ဒန်တွင် ပြုလုပ်သော ရခိုင်ယဉ်ကျေးမှု အခမ်းအနားပွဲသို့ နေတိုးသည် မူလက လာရောက်ရန် လက်ခံ ခဲ့သော်လည်း ထပ်မံ ဆန္ဒပြခံရမည်ကို စိုးရိမ်၍ လာရောက်ခဲ့ခြင်း မရှိကြောင်း၊ နေတိုးသည် ရခိုင် ပြည်နယ် မာန်အောင်မြို့ဇာတိ ရခိုင်လူမျိုး ဖြစ်သောကြောင့် အင်္ဂလန်ရောက် ရခိုင်များက ဖိတ်ကြား ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

၎င်းတို့ နှင့်အတူ အဆိုတော် ထွန်းထွန်း၊ ကျော်ကျော်ဗို အပါအ၀င် ၁၀ ဦးကျော်ပါရှိသည်ဟု သိရသည်။

အလားတူ အရုဏ်ဦးမှာ ဖူးသည့်ကြာ ကားတွင် ပါဝင်သည့် ၀ိုင်းစုခိုင်သိန်းနှင့် အဖွဲ့ မကြာခင် အမေရိကန် ပြည်ထောင်စု သို့ လာရောက်ကာ ရှစ်လေးလုံးနေ့တွင် ဖျော်ဖြေပွဲ လုပ်မည်ကိုလည်း အမေရိကန်ရောက် မြန်မာများက ကန့်ကွက်ရန် စီစဉ်နေကြောင်း သတင်းများရရှိသည်။

နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင် အများအပြား ပါဝင်ထားသော “အရုဏ်ဦးမှာ ဖူးသည့်ကြာ” ဇာတ်ကားကို ဒုတိယ ဗိုလ်မှူးကြီးဟောင်း တဦးဖြစ်သော ဒါရိုက်တာ တင်သန်းဦး က ရေးသား ရိုက်ကူးပြီး ကာကွယ်ရေး ဝန်ကြီးဌာန အပြင် နေပြည်တော်တိုင်း၊ ရန်ကုန်တိုင်း၊ အလယ်ပိုင်းတိုင်း၊ အနောက်တောင်တိုင်း စသည့် တိုင်း စစ်ဌာနချုပ် များမှ တိုင်းမှူးများ၊ ဌာနဆိုင်ရာ များကပါ ဇာတ်ကား ဖြစ်မြောက်ရေး အတွက် အဓိက ပံ့ပိုး ကူညီကြကြောင်း သိရသည်။

ယင်းဇာတ်ကားကို နဝရတ်ရွှေစင် ရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်ပြီး ၂၀၀၉ ခုနှစ် စက်တင်ဘာလမှ စတင်ရိုက်ကူး ခဲ့သည်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း နှစ်ပတ်လည် ဂုဏ်ပြု ဇာတ်လမ်းအဖြစ် ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ ခေတ်(၃)ခေတ်ကို အဆင့်ဆင့် ဦးတည်ပုံဖော် ရိုက်ကူးထားပြီး ရန်ကုန်၊ မန္တလေး၊ မိတ္ထီလာ၊ ငွေဆောင်၊ ချောင်းသာ၊ နေပြည်တော် မြို့များတွင် ရိုက်ကူးချိန် (၁)လခန့် ကြာမြင့်စွာ ရိုက်ကူးခဲ့ကြောင်း သိရသည်။

“အရုဏ်ဦးမှာ ဖူးသည့်ကြာ”တွင် မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှ နာမည်ကြီး သရုပ်ဆောင်များ ဖြစ်ကြသော ကျော်ရဲအောင်၊ လွင်မိုး၊ လူမင်း၊ ခန့်စည်သူ၊ နေတိုး၊ ပြေတီဦး၊ အောင်ခိုင်၊ အရိုင်း၊ ငှက်ပျောကြော်၊ ကင်းကောင်၊ စိုးမြတ်သူဇာ၊ ခိုင်သင်းကြည်၊ အိန္ဒြာကျော်ဇင်၊ မြတ် ကေသီအောင်၊ သက်မွန်မြင့်၊ မျိုးသန္တာထွန်း၊ မယ်လိုဒီ၊ ဆုကဗျာ၊ စိုးပြည့်သဇင်၊ မိုးဟေကို၊ မေသက်ခိုင်၊ ပုလဲဝင်း၊ ပွင့်နဒီ မောင်၊ ရတနာမိုင်၊ အေးမြတ်သူ အစရှိသည့် သရုပ်ဆောင်များစွာ ပါဝင် သရုပ်ဆောင် ထားသည်။

ထိုဇာတ်ကားသည် လွတ်လပ်ရေးရပြီးနောက်ပိုင်း ကျောင်းသား လှုပ်ရှားမှုနှင့် နိုင်ငံရေး လုပ်ရှားမှုများကို တင်ပြ ထားသော်လည်း သမိုင်း အမှန်ကို ပြင်ဆင်ကာ ရိုက်ကူးထားခြင်းကြောင့် ဝေဖန်မှုများစွာ ခံနေရကြောင်းလည်း သိရှိရသည်။

Ref: ဧရာဝတီ်

Read More...

ရွေးကောက်ပွဲ ဒီဇင်ဘာလ ဖြစ်နိုင်မလား

နရီလင်းလက်
Tuesday, August 03, 2010

ဒီဇင်ဘာလ၌ နိုင်ငံတော်ဆိုင်ရာ အရေးကြီးသည့်ပွဲ ကျင်းပရန် ရှိသောကြောင့် လုံခြုံရေး ဆိုင်ရာများ ပြင်ဆင်ထားရန် ပြီးခဲ့သည့် တနင်္လာနေ့က ပြုလုပ်ခဲ့သည့် နိုင်ငံတော် လုံခြုံရေးဆိုင်ရာ အစည်း အဝေးတွင် ကာကွယ်ရေး ၀န်ကြီးဌာနမှ ဒုတိယ ဗိုလ်ချူပ်ကြီး မြင့်ဆွေက မှာကြားခဲ့ကြောင်း သိရသည်။

အာဏာပိုင်များ အနေနှင့် ယင်းကဲ့သို့ လုံခြုံရေး ဆိုင်ရာ ပြင်ဆင် ခိုင်းခြင်းသည် ဒီဇင်ဘာလ အတွင်း ရွေးကောက်ပွဲ ပြုလုပ်ရန် ဖြစ်နိုင်ကြောင်း အစည်းအဝေး တက်ရောက် ခဲ့သည့် စစ်ဘက်ဆိုင်ရာ အရာရှိကြီး တဦးက ဆိုသည်။

နိုင်ငံတော် လုံခြုံရေးဆိုင်ရာ အစည်းအဝေးကို ဒုတိယ ဗိုလ်ချူပ်ကြီး မြင့်ဆွေ ဦးဆောင်၍ အပတ်စဉ် တနင်္လာနေ့တိုင်း ရန်ကုန်မြို့တွင် ပြုလုပ်လေ့ရှိပြီး ပြည်ထဲရေး ၀န်ကြီးဌာနမှ အရာရှိများ၊ ရဲ အထူး သတင်းတပ်ဖွဲ့၊ ရန်ကုန်တိုင်းရဲ တပ်ဖွဲ့မှူးရုံးမှ အရာရှိများ တက်ရောက် ကြောင်း သိရသည်။

“နှစ်ဆန်းပိုင်းမှာလုပ်ခဲ့တဲ့ အစည်းအဝေးတုန်းက ရွေးကောက်ပွဲကို ၁၀ လပိုင်းထဲမှာ ကျင်းပဖို့ ရှိတယ်ဆိုပြီး လုံခြုံရေးပြင် ဆင်ခိုင်းခဲ့တယ်။ ဒါပေမယ့် အခု ထပ်ပြီးလုပ်တဲ့ အစည်းအဝေးမှာ လာမယ့် ဒီဇင်ဘာမှာ နိုင်ငံတော်ဆိုင်ရာ ပွဲတခု လုပ်ဖို့ ရှိတဲ့ အတွက် လုံခြုံရေး ထပ်ပြင်ဆင်ထားဖို့ မှာသွားတယ်”ဟု စစ်ဘက်ဆိုင်ရာ အရာရှိကြီးက ပြောဆိုသည်။

၂၀၁၀ ရွေးကောက်ပွဲကို အောက်တိုဘာလတွင် ကျင်းပမည်ဟု သတင်းများထွက်ပေါ် နေသော်လည်း ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်မည့် ပါတီများ မဲဆွယ် စည်းရုံးခွင့် ရက်ပေါင်း ၉၀ ရရှိမည်ဆိုပါက အောက်တိုဘာလတွင် ကျင်းပရန် မဖြစ်နိုင်ကြောင်း ရွေးကောက်ပွဲ လေ့လာသူများက သုံးသပ်ကြသည်။

ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်ဆွေသည် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်သူများအား ဖြိုခွင်းရာတွင် အဓိက တာဝန်ယူ ခဲ့သူ ဖြစ်ပြီး ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်၏ ယုံကြည်အားကိုးမှု ၊ တာဝန် ပေးအပ်မှုများကို ရရှိထားသူဖြစ် ကြောင်း၊ တချို့ ကိစ္စများတွင် ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်ဆွေ ၏ အကြံဉာဏ်များ ယူရကြောင်း နေပြည်တော်မှ စစ်ဘက်ဆိုင်ရာ အရာရှိ က ပြောသည်။

စစ်အစိုးရက ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)ကို ဖွဲ့စည်းကာ ရွေးကောက်ပွဲ ၀င်ရောက်ရန် ပြင်ဆင် ထားသည်။ USDP ပါတီကို လက်ရှိ ၀န်ကြီးချုပ် ဦးသိန်းစိန် ဦးဆောင်သော စစ်ခေါင်းဆောင် ၀န်ကြီးများဖြင့် ဖွဲ့စည်းခဲ့သည်။

စစ်အစိုးရက ယခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပမည်ဟု ပြောဆိုနေသော်လည်း နေ့ရက် အတိအကျကိုမူ ထုတ်ဖော်ပြောဆို ခြင်း မရှိသေးပေ။

Ref: ဧရာဝတီ်

Read More...

ရခိုင်ဆရာတော် အဖမ်းခံရမှု အကြောင်းရင်း မသိရ

မင်းနိုင်သူ
Tuesday, August 03, 2010

ရခိုင်ပြည်နယ် စစ်တွေမြို့၊ ကန်တော်ကြီး ရပ်ကွက်ရှိ မိဘမဲ့ ကလေးများကို လက်ခံ စောင့်ရှောက် ထားသည့် မဟာမုနိ ဗုဒ္ဓ၀ိဟာရ ကျောင်းတိုက်အား ယမန်နေ့တွင် အာဏာပိုင်များက ချိပ်ပိတ် လိုက်ကြောင်း သတင်းရရှိသည်။

အဆိုပါ ကျောင်းတိုက်မှ ကျောင်းထိုင် ဆရာတော် ဦးပညာစာရအား ဇူလိုင် ၂၇ ရက်တွင် လူဝတ်လဲစေ၍ စစ်တွေအမှတ် (၁) ရဲစခန်းတွင် ဖမ်းဆီး ထားပြီးနောက် ယခုကဲ့သို့ ကျောင်းတိုက်ကို ချိပ်ပိတ် လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်း ကျောင်းတိုက်ရှိ မိဘမဲ့ ကလေးများကို စာသင်ကြား ပေးနေသော ဦးခိုင်ပြည်စိုးက “ဆရာတော်ကို ဘာမှုနဲ့ ဖမ်းတယ်ဆိုတာ အာဏာပိုင်တွေ ဘက်က တိတိကျကျ ပြောတာ မရှိသေးဘူး။ ကျောင်း ထိန်းသိမ်း စောင့်ရှောက်ရေး ကော်မတီရဲ့ တိုင်ကြားချက် အရ ဖမ်းတယ်လို့ပဲ သိရတယ်။ အဲဒီ တိုင်ကြား ချက်ထဲမှာ မာတုဂါမနဲ့ လွန်ကျူးတယ် ဆိုတဲ့ စွပ်စွဲချက်လည်း ပါတယ်လို့ ကြားရ ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။

သက်တော် ၅၇ နှစ်၊ ၀ါတော် ၃၇ ၀ါ ရှိ ဦးပညာစာရသည် ရခိုင်သမိုင်း သုတေသီလည်းဖြစ်ပြီး ၁၉၉၀ ခုနှစ်မှ စတင်ကာ အသက် ၅ နှစ်မှ ၂၅ နှစ်အတွင်းရှိ မိဘမဲ့ကလေးများကို ကျောင်းတိုက်တွင် လက်ခံစောင့်ရှောက်ကာ ပညာသင်ကြားပေး ကြောင်း သိရသည်။

ဦးပညာစာရကို စစ်တွေခရိုင် ရဲမှူးကြီး ဦးဆောင်၍ ဇူလိုင် ၂၇ ရက် နံနက် ၁၀ နာရီခွဲခန့်တွင် ဖမ်းဆီးခဲ့ပြီး ဦးပညာစာရ စုဆောင်းထားသည့် ရခိုင်ပြည်သုံး ရှေးဟောင်း ဒင်္ဂါးများ၊ ဓည၀တီ ခေတ်မှစ၍ မြောက်ဦးခေတ် အထိ ရခိုင် ဗုဒ္ဓရုပ်ပွားတော် များနှင့် ပုံတော်များ၊ ခေတ်အဆက်ဆက် ရေးထိုးခဲ့သည့် ရခိုင်ရှေးဟောင်း ကျောက်စာများ၊ ရခိုင် ရာဇ၀င်ကျမ်းများ၊ ရခိုင် ဆေးကျမ်းများ၊ ရခိုင် သမိုင်းဆိုင်ရာ ပေစာများ၊ ရခိုင်ပြည် တနံတလျားမှ ရှာဖွေထားသော နတ်ချင်း၊ သာချင်း၊ ဧချင်းများ အပါအ၀င် ရခိုင်စာပေများ၊ ကျေးလက်ရိုးရာ တေးကဗျာ များကိုပါ အာဏာပိုင်များက သိမ်းဆည်း ယူဆောင် သွားခဲ့ကြောင်း သိရသည်။

“သူ့ကို ဖမ်းထားတာက သင်္ကန်းဝတ်နဲ့ မိန်းမယူတယ်၊ သာသနာကို အကြည်ညိုပျက်အောင် လုပ်တယ်၊ နောက်ပြီး အလှူငွေ တွေကို အလွဲသုံးစား လုပ်တယ် ဆိုတာတွေနဲ့ စွဲထားတာပါ။ တရားလိုက ဘယ်သူလုပ်မလဲ ဆိုတာတော့ မသိပါဘူး” ဟု စစ်တွေ အမှတ် ၁ ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတဦးက ပြောသည်။

ဦးပညာစာရကို ဖမ်းဆီးစဉ်က တွေ့ရှိထားသော စာရွက်စာတမ်းများနှင့် ပတ်သက်၍ တသက်တကျွန်း ပြစ်ဒဏ် ချမှတ် ခံခဲ့ရဖူးပြီး ပြန်လည် လွတ်မြောက်လာသည့် ကွန်မြူနစ် ပါတီဝင်ဟောင်း ဦးခိုင်ပြည်စိုးကိုလည်း သြဂုတ် ၁ ရက်နေ့က အမှတ် ၁ ရဲစခန်း သို့ ခေါ်ယူ စစ်မေးခဲ့သည်ဟု သိရသည်။

“ကျနော်နဲ့ ကျနော့်တပည့်လေး မောင်ကျော်ကျော်သန်းကို ညနေ ၄ နာရီခွဲလောက်မှာ အမှတ် ၁ ရဲစခန်းကို ခေါ်သွားပြီး သူတို့ ကျောင်းတိုက်ကို ရှာတုန်းက တွေ့ထားတဲ့ စာရွက် စာတမ်းတွေနဲ့ ပတ်သက်ပြီး မေးတယ်။ ကျနော်ကလည်း ဒါတွေက အင်တာနက် စာမျက်နှာတွေမှာ ပါတဲ့ သတင်းတွေပဲလို့၊ လူတကာဖတ်လို့ ကူးလို့ ရနေတဲ့ ဟာတွေပဲလို့ ပြောလိုက်ပါတယ်။ ကျနော့်ကိုတော့ ည ၁၁ နာရီလောက်မှာ ပြန်လွှတ် ပေးလိုက်ပါတယ်”ဟု ဦးခိုင်ပြည်စိုးက ပြောသည်။

အမှတ် ၁ ရဲစခန်းတွင် စစ်မေးစဉ်က ဦးပညာစာရနှင့် ခေတ္တ စကားပြောခွင့် ရခဲ့ရာ ဦးပညာစာရသည် နှိပ်စက် ခံထားရပုံရပြီး လေသံပင် ပျော့နေသည်ဟု ဦးခိုင်ပြည်စိုးက ပြောသည်။

စစ်တွေအမှတ် ၁ ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိကမူ နှိပ်စက် စစ်ဆေးမှုများ ပြုလုပ်ခြင်း မရှိဟု ငြင်းဆိုသည်။

“ကျနော်တို့ မြို့ခံတွေကတော့ ဦးပညာစာရကို ဖမ်းဆီးတာဟာ မိန်းမမှု တင်မကဘဲ တခြား အကြောင်း တရားတွေ ရှိနေဦး မယ်လို့ ယူဆကြတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဦးပညာစာရဟာ မာတုဂါမနဲ့ ကျူးလွန်တယ် ဆိုရင်တောင် သူနဲ့ အစွပ်စွဲခံရတဲ့ မိန်းကလေးက တိုင်တာလည်း မဟုတ်တဲ့ အတွက် လူဝတ် လဲပေးလိုက်ရင် ကိစ္စပြတ်ပြီလေ။ အခုတော့ အဲဒီလို မဟုတ်ဘဲ ကျောင်းထဲက ဆရာတော် စုဆောင်းထားတဲ့ ပစ္စည်းတွေလည်း အကုန်သိမ်းတယ်။ ကျောင်းတိုက်ကိုလည်း ချိပ်ပိတ်တယ် ဆိုတော့ နောက်ကွယ်မှာ အကြောင်း တရားတွေ ရှိနေဦးမှာ အမှန်ပါပဲ” ဟု ဦးခိုင်ပြည်စိုးက ဆိုသည်။

ယခုနှစ်တွင် ဦးပညာစာရ၏ ကျောင်း၌ မိဘမဲ့ကလေး ၁၀၀ ခန့်ရှိကြောင်း၊ ဖမ်းဆီးမှု ဖြစ်ပွားပြီးနောက် အသက် ၂ နှစ်မှ ၇ နှစ်အရွယ်ရှိ ကလေး ၄၇ ဦးကို စစ်တွေ လူမှုဝန်ထမ်း ဦးစီးဌာနသို့ အာဏာပိုင်များက ခေါ်ဆောင်သွားကြောင်း၊ ကျန်ကလေး များကိုမူ မည်သည့် နေရာသို့ ပို့ဆောင်သည်ကို မသိရသေးကြောင်း စစ်တွေဒေသခံတဦးက ပြောသည်။

Ref: ဧရာဝတီ်

Read More...

အပေါ်သို့