..............................

Friday, July 10, 2009

တပ်တွင်းက နေရာယူမှုပြဿနာနဲ့ ဆက်ဆံရေး အခက် အခဲများ

ဗိုလ်ထက်မင်း
၉ ဇူလိုင် ၂၀၀၉

ဗိုလ်သန်းရွှေအနေနဲ့ စစ်တပ်အရာရှိတွေကို နေရာခွဲဝေချထားမယ့် အပိုင်းမှာ တော်တော်လေး ခေါင်းစား နေသလို မထင်မှတ်တဲ့ အခက်အခဲ တွေနဲ့လည်း ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ ကိုယ့်ရူး ကိုယ်ပတ်မယ့် သဘောမျိုးကြောင့် ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပဖို့ အချိန် နီးကပ်လာလေလေ မထူးဇာတ် ခင်းဖို့ နေမြင့်လေ အရူးရင့်လေလေ ဖြစ်နေပါတယ်။ တပ်မတော်ဟာ ပြည်သူ့ အကျိုးအတွက် ရပ်တည်ပြီး ပြုပြင် ပြောင်းလဲရေး လုပ်ဖို့ လိုအပ်ကြောင်းနဲ့ ကျစ်လျစ်ခိုင်မာ နိုင်ငံတကာက လေးစားတဲ့ ဂုဏ်သိက္ခာရှိရှိ တပ်မတော် ဖြစ်စေလိုကြောင်း တပ်တွင်းက လက်ရှိ တာဝန် ထမ်းဆောင်နေသော အရာရှိကြီး တချို့ မှလည်း နားလည် သဘောပေါက်နေပါတယ်။

န၀တနဲ့ နအဖခေတ်မှာ စစ်တပ်အင်အားကို တိုးချဲ့ ဖို့ အရာရှိ အများအပြားကို မွေးထုတ် ခဲ့ပါတယ်။ ဒါကြောင့် ယနေ့ခေတ် အချိန်မှာ ဗျူဟာမှူး ဆိုတဲ့ ဗိုလ်မှူးကြီးအဆင့်မှာ ယခင်ကလို ရာထူးတက်လမ်း မလွယ်ကူတော့ဘဲ တပ်မတော်ရဲ့ ထိပ်ပိုင်းရာထူး များဖြစ်တဲ့ တပ်မမှူး၊ တိုင်းမှူး ရာထူးတွေကို တက်နိုင်ဖို့အ တွက် အမြောက်အမြား ရှိနေတဲ့ ဗျူဟာမှူးများ အကြားက ခက်ခက်ခဲခဲ ထိုးဖောက် ထွက်ရတဲ့ အနေအထားကို ရောက်ရှိနေပါတယ်။

ဒီလိုမှ မထိုးဖောက်နိုင်ရင် ဗျူဟာမှူးတွေဟာ ဦးဆောင်ညွှန်ကြားရေးမှူး ဆိုတဲ့ နှစ်သိမ့်ဆုကို ရရင်ရ၊ ဒါမှမဟုတ် ဒကစမှူး၊ တိုင်းဦးစီး ဗိုလ်မှူးကြီး၊ ဒု-တိုင်းမှူးဆိုတဲ့ ချောင်ထိုးထားတဲ့ နေရာများကိုသာ ရောက်သွား တတ်ပါတယ်။ အခုအချိန်မှာ ဗျူဟာမှူး အဆင့်တောင် အဲဒီလို မရေရာ မသေချာမှုကို ရင်ဆိုင်နေရတဲ့ လမ်းဆုံ လမ်းခွ နေရာကြီး ဖြစ်နေပါတယ်။ ဒါ့အပြင် တပ်မမှူးနဲ့ တိုင်းမှူးတွေက လုပ်ပိုင်ခွင့် အားလုံးကို ချုပ်ကိုင်ထားတာမို့ ဗျူဟာမှူးတွေဟာ တပ်ရင်းမှူး လောက်တောင် မစိုပြည်လှဘဲ ယောင်လည်လည် ဖြစ်နေ ရတာမျိုးနဲ့လည်း ရင်ဆိုင် နေရပါတယ်။

ရှေ့တန်းစစ်ဆင်ရေးထွက်တဲ့ အချိန်ကြမှသာ တပ်ရင်းတပ်ဖွဲ့များက ဗျူဟာမှူးနဲ့ အဖွဲ့ကို ကြောက်ရွံ့ကာ “ဖား” ကြရလို့ လုပ်ပိုင်ခွင့် အာဏာ အသင့်အတင့် ရှိပါတော့တယ်။ တခါ ဗျူဟာမှူးတွေဟာ လက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့တွေကို စစ်ဆေးရတဲ့ အခါကျမှသာ ဝမ်းဗိုက် စိုပြည်ရတဲ့ အခြေအနေမျိုးလည်း ရောက်နေပြီ ဖြစ်ပါတယ်။ ရှေ့တန်းစစ်ဆင်ရေး မရှိတော့ရင် ဗျူဟာမှူး ဘ၀က အငှားတရားခံ ရောက်မှန်းမသိ ရောက်နေပါတယ်။ အမှုစစ်ဆေး ခိုင်းတာမျိုးနဲ့ တပ်မမှူး၊ တိုင်းမှူး အစည်းအဝေး သွားရင် ခေတ္တ တပ်ကိုင်ရတာ မျိုးတွေကို ဗျူဟာမှူးက သတိထား လုပ်ကိုင် နေရတာကြောင့် ဖြစ်ပါတယ်။

တချို့ ဗျူဟာမှူးတွေဟာ တပ်ရင်းတွေကို စစ်ဆေးတဲ့ အခါကျရင် ထုတ်ပြန်ထားတဲ့ အမိန့်နဲ့ ညွှန်ကြားချက်၊ စီမံချက်များဟာ လက်တွေ့မှာ လိုက်လုပ်နိုင်စွမ်း မရှိမှန်းကို မိမိကိုယ်တိုင် တပ်ရင်းမှူး ဘဝမှာ ကြုံတွေ့ခဲ့ရမှန်း သိလျက်နဲ့ ဇွတ်အတင်း ဖိနှိပ်တာမျိုးလည်း ရှိနေလို့ တပ်ရင်းမှူးတွေနဲ့ ပဋိပက္ခဖြစ်နေတာကို လည်း တွေ့ရပါတယ်။

ဒေသကွပ်ကဲမှု စစ်ဆင်ရေးဌာနချုပ် ဆိုတဲ့ ဒကစ ဆိုတာကတော့ ရှေ့တန်း နယ်အစွန် အဖျား ပြည်မနဲ့ အလှမ်း ဝေးတာမို့ စီမံခန့်ခွဲမှု အာဏာ၊ တရားစီရင်မှု အာဏာ၊ ရိက္ခာထုတ်ပေးမှု အာဏာ စသဖြင့် အတော်အတင့် ရထားတဲ့ ဌာနဖြစ်ပါတယ်။ ဒါပေမယ့် စစ်ဦးစီးပိုင်း ဆိုင်ရာကိုတော့ တိုင်းမှူးထံ တင်ပြရပါသေးတယ်။ ဒကစမှူးဟာ တပ်မမှူးနဲ့ စကခမှူးတို့ထက် အနည်းငယ်နိမ့်ပြီး ၎င်းမှ တိုင်းမှူးဖြစ်တဲ့ ထုံးစံမရှိတာကို တွေ့ရပြီး ဒကစမှူး ဖြစ်ရင်တောင် ၀မ်းမသာနိုင်တဲ့ အနေအထားကို ရောက်နေပါတယ်။

တဖန် စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်ဆိုတဲ့ စကခ ဆိုတာကတော့ နိုင်ငံတကာ ကန့်ကွက်မှာ စိုးရိမ်လို့ တပ်မ အသွင်ပြောင်း ထားတဲ့ အဖွဲ့တခုသာ ဖြစ်ပါတယ်။ တပ်မများနဲ့ စကခများဟာ ကကကြည်း (စစ်ဆင်ရေး) ရဲ့  တိုက်ရိုက် ကွပ်ကဲ စီမံထားတဲ့ တပ်များဖြစ်လို့ စစ်ဆင်ရေးခွင် ပုံသေမရှိဘဲ ရန်သူအင်အားပေါ် မူတည်ပြီး လိုအပ်သလို စစ်ကစားနိုင်ဖို့ စီစဉ်ထားခြင်း ဖြစ်ပါတယ်။

ဒီနေရာမှာ တပ်မမှူးများနှင့် စကခမှူးတွေဟာ တိုင်းမှူးများနှင့် ဆက်ဆံရေး သဟဇာတ မဖြစ်တာကိုလည်း တွေ့ရပါတယ်။ ၁၉၈၈ ခုနှစ်က မဲသဝေါစခန်း ကျသွားတဲ့ အချိန်မှာ တိုက်နေရတဲ့ တပ်မ (၆၆) တပ်မမှူးနှင့် ဒု-တပ်မမှူးတွေဟာ ရတခ တိုင်းမှူးရဲ့ မသိကျိုးကျွံ ပြုမှုကြောင့် အခက်အခဲတွေ ကြားမှာ ရုန်းကန် နေရတာကို စစ်ရုံးမှ မှန်ကန်စွာ မသုံးသပ် နိုင်တာကြောင့် သူတို့ဟာ ရာထူးမှ ဖယ်ရှားခြင်း ခံလိုက်ရပါတယ်။ ဒု-တပ်မမှူး ကိုယ်တိုင် ရှေ့တန်းမှာ သူ့ရဲ့  ပခုံးပေါ်က အပွင့်များကို ဆွဲဖြုတ်ပြီး ပစ်တင်ကာ ထွက်သွားတဲ့အထိ တင်းမာမှု ပြဿနာ ဖြစ်ပွားခဲ့ပါတယ်။

အလားတူ နဝတ တက်လာပြီးနောက် ရန်ကုန်မြို့ လုံခြုံရေး ဝင်နေတဲ့ တပ်မ (၂၂) ဟာ ကကကြည်းသို့ တိုက်ရိုက် ခွင့်တောင်းပြီး ၎င်းတပ်များကို လိုအပ်သလို ရွှေ့ပြောင်းခဲ့မှု အပေါ် ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူးက မသိလိုက်လို့ တိုင်းမှူးနှင့် တပ်မမှူးတို့ ပဋိပက္ခ ဖြစ်ပွားခဲ့ရပါတယ်။ တိုင်းမှူးတွေဟာ ကကကြည်းနဲ့ တပ်မမှူးများ မသိလိုက်ရဘဲ နောက်တန်းမှာ ပြန်လည်စုဖွဲ့ အနားယူနေတဲ့ တပ်မလက်အောက်ခံ တပ်ရင်းများကို တိုင်းဧရိယာ အတွင်းရှိ ရန်သူများအား တိုင်းလက်အောက်ခံ တပ်များနဲ့ နိုင်အောင် မတိုက်နိုင်တိုင်း ဗိုလ်ကျကာ အတင်း ဆွဲသုံးတာကိုလည်း တွေ့ရပါတယ်။

အဲဒီအခါမှာ တပ်ရင်းမှူးတွေဟာ တိုင်းမှူးက Promotion ရာထူး တိုးမြင့်ခွင့် ကိုင်ထားတဲ့ အာဏာကို ကြောက်ရွံ့လို့ စိတ် မပါ့တပါနဲ့ တပ်မမှူးကို သတင်းမပို့တော့ဘဲ လုပ်ပေးလိုက်ရတာမျိုး ရှိခဲ့ပါတယ်။ အဲဒီလိုလုပ်ခဲ့ရလို့ တပ်မမှူးနှင့် တိုင်းမှူး ပဋိပက္ခဖြစ်တာ လည်း တွေ့ရပါတယ်။ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ကကကြည်း မသိဘဲ တိုင်းမှူးတွေခိုင်းတိုင်း တပ်ရင်းမှူးတွေ လိုက်မလုပ်ဖို့ ပြောလာတဲ့အထိ တင်းမာမူကို ထိန်းခဲ့ရပါတယ်။

တပ်မမှူးတွေလည်း ယခင် မဆလခေတ်က တိုင်းမှူးဖြစ်လာမယ်လို့ ကြိမ်းသေမှန်းလို့ ရပေမယ့် ယနေ့ နအဖ ခေတ်မှာတော့ မသေချာတော့ဘဲ ဒု-ဝန်ကြီး ရာထူးနဲ့သာ အဆင်မသင့်ရင် ချောင်ထိုး ခံရတတ်ပါတယ်။ တိုးချဲ့လာတဲ့ တပ်မအရေအတွက် ဟာလည်း များပြားလာတာမို့ တပ်မမှူး အချင်းချင်း ပြိုင်ဆိုင်နေကြသလို ဒု-ချုပ်နဲ့တပ်ချုပ်ထံ ၎င်းတို့ရဲ့ ဇနီးသည်များကို မကြာခဏ စေလွှတ်ကာ လူကြီးသိအောင် “ဖား” နေရတာ အမောတကော ဖြစ်နေကြရပါတယ်။

တိုင်းမှူးတွေနဲ့ ဆက်ဆံရေးပြဿနာ နောက်တခုမှာ ဝန်ကြီးဌာနများနဲ့ ဖြစ်ပါတယ်။ သက်ဆိုင်ရာ ဝန်ကြီးဌာန အနေနဲ့ မူဝါဒ စီမံကိန်းများနဲ့ တွက်ချက်ပြီး တိုင်းနဲ့ ပြည်နယ်မှာရှိတဲ့ ဦးစီးမှူးအရာရှိများကို ညွှန်ကြားကာ အကောင်အထည်ဖော်နေပေမယ့် တိုင်းမှူးတွေရဲ့ ဝင်ရောက်စွက်ဖက်မူကို မကြာခဏ ကြုံတွေ့နေရပါတယ်။ တိုင်းမှူးတွေဟာ ဝန်ကြီးဌာနတွေရဲ့ စီမံကိန်း ဖွံ့ဖြိုးတိုးတက်မူ ဆောင်ရွက် ရတာမျိုးနဲ့ ပညာရှင်တွေရဲ့ နည်းပညာတွေကို လုံးဝ နားမလည်ဘဲ ဝင်ရောက် စီမံ ကွပ်ကဲနေတာမို့ တိုင်းနဲ့ ပြည်နယ်က ဝန်ထမ်းများစွာ စိတ်ညစ်ကာ အလုပ်က ထွက်တဲ့ အထိ ဖြစ်ကြရပါတယ်။

တိုင်းမှူးတွေ လက်သုံးစကားတခုက “မင်းတို့ ဝန်ကြီးတွေဟာ ဌာနဆိုင်ရာ အကြီး အကဲသာ ဖြစ်တယ်၊ တိုင်းမှူး ဖြစ်တဲ့ငါဟာ ဒေသဆိုင်ရာ အာဏာပိုင် အဖွဲ့ အစည်းဖြစ်လို့ ငါဆုံးဖြတ်တာကို ဦးစားပေးရမယ်” လို့ ငေါက်ငမ်းခဲ့ပါတယ်။ တိုင်းမှူးတွေဟာ သူတို့ရဲ့ သတင်းတွေကို TV နဲ့ သတင်းစာတွေမှာ ပါချင်ကြတာမို့ ဝန်ကြီးဌာန လက်အောက်ခံ စက်ရုံ၊ တံတား၊ ဆည်ဖွင့်ပွဲတွေမှာ ဖိတ်စာကို သူတို့ထံ ဂရုတစိုက် သွားရောက် ဖိတ်ကြားရပါတယ်။ ဖိတ်စာပေးဖို့ ပျက်ကွက်ခဲ့လို့ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဟာ စက်ရုံမှူးတဦးကို ဖိအားပေး ဆူပူခဲ့တာ သိရပါတယ်။ တိုင်းမှူးတွေဟာ အမှန်တော့ သတင်းလာရင် ဖွင့်ကြည့်နေတဲ့ တပ်ချုပ်နဲ့ ဒု-ချုပ်တွေကို သူတို့အလုပ်တွေ ကြိုးစား လုပ်နေဟန် အမှတ်ယူတဲ့ သဘော ပြချင်တာပဲ ဖြစ်ပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေး အထူးဖွဲ့မှူးဆိုတဲ့ ကစထမှူးတွေက တမှောင့်၊ ဝန်ကြီးဌာန တွေက အကောင် အထည်ဖော် ရတဲ့ စီမံကိန်းတွေ လမ်း၊ တံတား၊ စက်ရုံ၊ ဆည်တွေကို နအဖရုံးက စစ်ခိုင်းလို့စစ်ရာမှာ ဌာန ဆိုင်ရာတွေကတော့ သူတို့တွေ လာရင် “သတ်မှတ်ရက်ထက် ဆောလျင်စွာ ပြီးစီးဖို့၊ အရည်အသွေး ကောင်းမွန်ဖို့ဆိုတဲ့” “အပ်” ကြောင်းထပ်တဲ့ စကားလုံးတွေသာ ပြောနေလို့ စိတ်ညစ် နေရကြောင်း သိရပါတယ်။ လိုအပ်တာ ဖြည့်ဆည်းပေးဖို့ထက် ပြဿနာရှာဖို့၊ နားမလည်တာကို နားလည် လေဟန် ဆရာပဲ လုပ်တတ်တာမို့ ဌာနဆိုင်ရာတွေ အနေနဲ့ စိတ်ညစ်ရတာ ဖြစ်ပါတယ်။ တခါတရံ တိုင်းမှူးရဲ့ အမှတ်ယူမယ့် စစ်ဆေးဖို့ လျာထားတဲ့ စီမံကိန်း လုပ်ကွက်တွေကို ကစထမှူးတွေက အမှတ်ယူကာ ဝင်ရောက် စွက်ဖက် စစ်ဆေးနေတာမို့ ကစထမှူးနဲ့ တိုင်းမှူးတချို့ဟာ မကျေလည်မှုတွေ ဖြစ်နေပါတယ်။

မှားယွင်းတဲ့ မူဝါဒတွေကြောင့် နိုင်ငံတော်မှာ ယိုယွင်းပျက်စီးနေတဲ့ သဘော သဘာဝကို နားလည်မှု ရှိရှိ လက်တွေ့ကျကျ ပြုပြင် ပြောင်းလဲဖို့ ထိပ်ပိုင်း စစ်အာဏာရှင်များက မကြိုးစားကြဘဲ အမိန့်နဲ့ အာဏာကိုချည်း တဖက်သတ် သုံးစွဲနေလို့ လက်တွေ့ မှာ စစ်ခေါင်းဆောင်တွေရဲ့ လုပ်ဆောင်ချက်က တိုးတက်မှု သုံည အမှတ်မှာသာ ရှိပါကြောင်းနဲ့ တပ်တွင်း စည်းလုံး ညီညွတ်မှုဟာ ၂၀၁၀ နောက်ပိုင်းမှာ အာဏာခွဲဝေမှု ပြဿနာနဲ့အတူ ပိုမို ဆိုးဝါးလာဖို့သာ ရှိပါကြောင်း သုံးသပ် တင်ပြ လိုက်ရပါတယ်။

Ref: ခေတ်ပြိုင်

Read More...

ထိုင်း-မြန်မာနယ်စပ်၌ အနေအထားသစ်တရပ် ပေါ်လာ

ဘရိုင်ယန် မက်ကာတန်
ကြာသပတေးနေ့၊ ဂျူလိုင်လ 09 ရက် 2009 ခုနှစ်

မဲဆောက် (မဇ္ဈိမ)။ ။ ကရင်အမျိုးသား အစည်းအရုံး - KNU ၏ အခြေခံ စခန်းများကို ပြီးခဲ့သည့် လအတွင်း တိုက်ခိုက်ရာတွင် မြန်မာစစ်တပ်နှင့် ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင် တပ်မတော် - DKBA တို့က အနိုင် ရရှိခဲ့ခြင်းကြောင့် မြန်မာ စစ်အစိုးရသည် နှစ်ပေါင်း ၆ဝ အတွင်း ပထမဆုံး အကြိမ် အဖြစ် ထိုင်းနယ်စပ်ရှိ အဓိက အစိတ်အပိုင်းကို အခိုင်အမာ ထိန်းချုပ် နိုင်ပြီဖြစ်သည်။

ပြီးခဲ့သည့် တလအတွင်း တိုက်ပွဲများ ဖြစ်ခဲ့ပြီးနောက် DKBA တပ်ဖွဲ့များက KNU ၏ လက်နက်ကိုင် တပ် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် - KNLA ၏ နယ်စပ်ဒေသရှိ အခြေစိုက် စခန်းများကို သိမ်းယူ လိုက်နိုင်သည်။ တိုက်ပွဲများသည် နှိုင်းယှဉ်ချက် အားဖြင့် မပြင်းထန်လှဘဲ မြန်မာ စစ်သားနှင့် DKBA တပ်ဖွဲ့ဝင် ၂ဝဝ ကျော် ထိခိုက်ဒဏ်ရာရမှု အများစုသည် မြေမြှုပ်မိုင်းကြောင့် ဖြစ်သည်။

တိုက်ပွဲများ၊ မြေမြှုပ်မိုင်းအန္တရာယ်နှင့် ပေါ်တာဆွဲခံရမည်ကို ကြောက်ရွံ့၍ ကရင်ရွာသား ၃၅ဝဝ ကျော်မှာ သူတို့၏ နေအိမ်များကို စွန့်ခွာ၍ ထိုင်းမြန်မာနယ်စပ် ထိုင်းဘက်ခြမ်းသို့ ထွက်ပြေး ရောက်ရှိ ခိုလှုံလာကြသည်။

သူတို့၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားသော နယ်စပ်ဒေသ များနှင့် ပတ်သက်၍ မြန်မာ စစ်အစိုးရနှင့် DKBA တပ်ဖွဲ့တို့တွင် အလွန်ကြီးမားသော ရည်မှန်းချက်များ ရှိကြသည်။ မြဝတီမှ ယင်း၏ မြောက်ဘက် သံလွင်မြစ်နှင့် သောင်ရင်းမြစ် ဆုံရာ နေရာအထိ ထိုင်းနယ်စပ် တလျှောက်တွင် စီးပွားရေး ဇုန်များ ထူထောင်မည့် အစီအစဉ်များ ကြာမြင့်စွာ ကတည်းကပင် ရှိသည်။ ယင်းတို့ အထဲမှ တခုကို မြဝတီမြို့ပြင်တွင် တည်ဆောက်မည် ဖြစ်ပြီး၊ နောက်တခုမှာ လှိုင်းဘွဲ့မြို့တွင် တည်ဆောက်မည် ဖြစ်သည်။

ဤစီမံကိန်များအတွက် ယခင်ထိုင်းအစိုးရများက ငွေအနည်းငယ်မျှသာ စိုက်ထုတ် ခဲ့ကြသော်လည်း နှုတ်ဖြင့်မူ ထောက်ခံခဲ့ကြပြီး ဖြစ်သည်။ ယခုအခါ KNLA ၏ ခြိမ်းခြောက်မှု လျော့နည်းသွားပြီး၊ အဆိုပါဒေသကို အခိုင်အမာ ထိန်းချုပ်နိုင်သွားပြီ ဖြစ်သဖြင့် ဤစီးပွားရေး ဇုန်များကို ဖုံခါ၍ ပြန်လည် ပွဲထုတ်လာနိုင်သည်။ ထိုင်းနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်၍ စီးပွားရေးအားဖြင့် ဆင်းရဲ နုံချာလှသော ဤဒေသကို ဖွံ့ဖြိုး တိုးတက်လာအောင် လုပ်ဆောင်ရန် မြန်မာနိုင်ငံက မျှော်လင့် ထားသည်။

ထိုင်းနိုင်ငံကမူ အဆိုပါ စီးပွားရေးဇုန်များကို ထိုင်းနိုင်ငံ အတွင်းသို့ အလုံး အရင်းဖြင့် ဝင်ရောက် လာသည့် ရွှေ့ပြောင်း အလုပ်သမားများကို သုံးစရာ မလိုဘဲ မြန်မာ အလုပ်သမားများကို ဈေးပေါပေါဖြင့် ခိုင်းနိုင်မည့် အခွင့်အလမ်းကောင်း အဖြစ် မြင်သည်။ ယင်းတို့အထဲမှ တနေရာ ဖြစ်သော လှိုင်းဘွဲ့မြို့ အနီးမှ နေရာ တနေရာမှာ မယ်လ ဒုက္ခသည်စခန်းမှ ဒုက္ခသည်များကို နေရပ်ရင်းသို့ ပြန်လည် ပို့ဆောင်ရာတွင် အသုံးပြုနိုင်သော နေရာ တနေရာအဖြစ် သတ်မှတ်ထားသည်။

နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် အသွင်ပြောင်းရန် စစ်အစိုးရ၏ အစီအစဉ်ကို DKBA က လက်ခံလိုက်ခြင်း အကြောင်းရင်း တရပ်မှာ DKBA အနေဖြင့် စီးပွားရေး လုပ်ငန်းများကို ဆက်လက် ထိန်းသိမ်း ထားရှိခွင့် ရှိမည် ဖြစ်ပြီး၊ ပိုမို၍ပင် ကြီးထွား လာနိုင်စရာ ရှိသောကြောင့် ဖြစ်သည်။ လုပ်ပိုင်ခွင့်များနှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များကို ရှင်းလင်းစွာ မသိရသေးသော်လည်း မဇ္ဈိမက ဖတ်ရှုခဲ့ရသော မေလနှင့် ဇွန်လများအတွင်း ကျင်းပခဲ့သော DKBA ပါတီတွင်း အစည်းအဝေး မှတ်တမ်းများ အရ DKBA သည် ယင်း၏ အကောက်ခွန်ဂိတ် အချို့ကို စတင် ပြောင်းရွှေ့နေပြီး အကြီးစား တိုးချဲ့မှု အစီအစဉ်၏ အစိတ်အပိုင်း တရပ်အဖြစ် စခန်းသစ်များကို စတင် ထူထောင် နေပြီဖြစ်သည်။ ထိုင်းနိုင်ငံနှင့် တရားဝင်ရော၊ တရားမဝင် မှောင်ခိုစီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ရန် တာဝန်ပေးထားသည့် ဗိုလ်မှူးကြီး မော်သိုး အပါအဝင် အချို့သော အရာရှိများကို လက်ရှိ မြဝတီ အခြေစိုက် တာဝန်များမှ အခြားစီးပွားရေး လုပ်ငန်းများအတွက် ပြောင်းလဲ တာဝန်ပေးခဲ့သည်။

အကြီးအကျယ် ကြီးထွားလာနေသော DKBA တပ်ဖွဲ့များ နယ်စပ် အစိတ်အပိုင်း အတော် များများကို ထိန်းချုပ် လာနိုင်ခြင်းသည် ထိုင်းလုံခြုံရေး အရာရှိများအတွက် စိုးရိမ်စရာ ဖြစ်နေသည်။ ၁၉၉၅ ခုနှစ် ဇန်နဝါရီလတွင် KNU ဌာနချုပ် မာနယ်ပလော ကျသွားပြီးနောက် DKBA တပ်ဖွဲ့များက နယ်စပ်တလျှောက် ကြမ်းတမ်း ရက်စက်စွာ လုပ်ဆောင်မှုများ ပြုလုပ်ခဲ့သည်။ ဒုက္ခသည် စခန်းများကို မီးရှို့သည်၊ ပြန်ပေးဆွဲသည်၊ တခါတရံ ကရင်နှင့် ထိုင်းလူမျိုး အရပ်သားများကို သတ်ဖြတ်သည်၊ နယ်စပ်တလျှောက် ထိုင်းဈေးဆိုင်များကို လုယက်သည်၊ ထိုင်းစစ်တပ်နှင့် ရဲတပ်ဖွဲ့ များကိုပင် တိုက်ခိုက် ခဲ့သည်။ ဤသို့သော တိုက်ခိုက်မှုများ ၁၉၉၈ တွင် အတော်များများ ရပ်တန့် သွားခဲ့သော်လည်း ရံဖန်ရံခါ ကျူးကျော်ဝင်ရောက် တိုက်ခိုက်မှုများမှာမူ ထိုအချိန် ကတည်းကပင် ရှိနေခဲ့သည်။

ယခုနှစ်တွင် နယ်စပ်ကို စိုးမိုးလာနိုင်ပြီ ဖြစ်သဖြင့် DKBA ၏ ကျူးကျော် ဝင်ရောက်မှု များမှာ ပို၍ပင် များလာခဲ့သည်။ ၂ဝဝ၉ ခုနှစ် ဇန်နဝါရီလ၌ တပ်ခ်ပြည်နယ် အုံးဖန် ခရိုင်အတွင်း DKBA တပ်ဖွဲ့များ ဝင်ရောက်ကာ လယ်တဲများကို မီးရှို့သည်၊ နယ်စပ်တလျှောက် အိမ်များကို လုယက်သည်၊ မွေးမြူထားသော ကြက်ဝက် ကျွဲနွားများကို ခိုးယူ သွားခဲ့ကြသည်။ KNLA တပ်မဟာ ၇ ကို တိုက်ခိုက်နေစဉ် အတွင်းနှင့် တိုက်ခိုက်မှုများ ပြီးဆုံးသွားပြီးနောက် DKBA တပ်ဖွဲ့များ နယ်စပ်ကို ကြိမ်ဖန်များစွာ ဖြတ်ကျော်ဝင်ရောက်ကာ မဲဆလစ် အနီးတဝိုက် ဒေသခံတို့၏ ဈေးဆိုင်များမှ သူတို့ တပ်ဖွဲ့များ အတွက် ရာရှင်နှင့် စားရန်၊ အရက်သောက်ရန် အတင်းအကျပ် တောင်းယူခဲ့ကြသည်။

သောင်ရင်းမြစ်အတွင်း ဇွန်လ ၂၆ ရက်နေ့က ဖြစ်ပွားခဲ့သော ခြုံခို တိုက်ခိုက်မှု၌ ဗိုလ်မှူးကြီး ဆန်ပြုံး အပါအဝင် DKBA တပ်ဖွဲ့ဝင် ၅ ဦး ကျဆုံးပြီး၊ နောက်ထပ် ၂ဝ ဒဏ်ရာ ရရှိခဲ့ခြင်း အတွက် ပြန်လည် လက်စားချေ တိုက်ခိုက်လာမည်ကို ကရင်တို့က စိုးရိမ် ပူပန်လျက်ရှိ ကြသည်။ ပြီးခဲ့သည့်နှစ် ချစ်သူများနေ့တွင် ဖြစ်ပွားခဲ့သော KNU အထွေထွေ အတွင်းရေးမှူး ပဒို မန်းရှာလားဖန်းအား လုပ်ကြံ သတ်ဖြတ်မှုတွင် ဗိုလ်ဆန်ပြုံးမှာ ခေါင်းဆောင်နှင့် အဓိက မောင်းခလုပ် ဖြုတ်ခဲ့သူဟု ကျယ်ပြန့်စွာ ယုံကြည် နေကြသည်။ သူတို့တပ်ဖွဲ့များ ဤဒေသအတွင်း မရှိသဖြင့် ဤတိုက်ခိုက်မှုမှာ သူတို့၏ လက်စားချေ တိုက်ခိုက်မှု မဟုတ်ကြောင်းဖြင့် KNLA စစ်တပ် အရာရှိများက ပြောဆိုကြသည်။

ထို့ကြောင့် ဖြစ်နိုင်စရာရှိသည်မှာ ကရင်ခွဲထွက် နောက်ထပ် အဖွဲ့ တခုဖြစ်သော KNU-KNLA ငြိမ်းချမ်းရေး ကောင်စီ၊ နအဖနှင့် ထိုင်းလုံခြုံရေး တပ်ဖွဲ့များသာ ကျန်တော့သည်။ မည်သည့် အဖွဲ့က ဤတိုက်ခိုက်မှုကို ပြုလုပ်ခဲ့သည် ဖြစ်စေ၊ ယင်းဖြစ်ရပ်က ပြဆိုနေသည်မှာ နယ်စပ်တလျှောက် အစိုးရတပ်နှင့် DKBA တပ်ဖွဲ့များက အတော်များများ ထိန်းချုပ် ထားနိုင်ပြီ ဆိုသော်လည်း တည်ငြိမ်မှု အာမခံချက် ရှိရန်မှာမူ အပုံကြီး လိုသေးသည် ဆိုသည့် အချက်ဖြစ်သည်။

DKBA တပ်ဖွဲ့များကို နယ်ခြားစောင့်တပ်အဖြစ် မြန်မာစစ်တပ်၏ ထိန်းချုပ်မှု တခုထဲ အောက်၌ ထားရှိကာ အသွင် ပြောင်းလဲလိုက်ခြင်းသည် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုများ ပေါ်ပေါက်လာပါက စစ်အစိုးရက ဓားစာခံ ဖြစ်ရဦးမည့် အခြေရှိသော်လည်း တည်ငြိမ်မှုမှာ အတော်အတန် ရရှိလာမည် ဖြစ်သည်။ ယခင်ကမူ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုများ ပေါ်လာတိုင်း နအဖ က DKBA လက်ချက် ဖြစ်သည်ဟု အပြစ် ဖို့လေ့ရှိသည်၊ ဤအုပ်စုအပေါ် သူတို့၏ သြဇာ အနည်းအကျဉ်း မျှသာ ရှိပါသည်ဟုလည်း ပြောလေ့ရှိသည်။ မကြာသေးခင်က ဖြစ်ပွားခဲ့သော တပ်မဟာ ၇ တပ်စခန်း များအား တိုက်ခိုက်မှုများကို စစ်အစိုးရ၏ မီဒီယာများ၌ ကရင်အချင်းချင်း တိုက်ခိုက်နေမှုသာ ဖြစ်သည်ဟု ရေးသားထားသည်။ DKBA တပ်ဖွဲ့များကို မြန်မာ စစ်တပ်အတွင်း နယ်ခြားစောင့် တပ်ဖွဲ့များ အဖြစ် ပြောင်းလဲ ဖွဲ့စည်းပြီးပါက ဤသို့ ယိုးမယ်ဖွဲ့ ပြောဆိုရန် ဖြစ်နိုင်တော့မည် မဟုတ်ပေ။

မြန်မာစစ်တပ်၏ တပ်ဖွဲ့တခုအဖြစ် တရားဝင် ရပ်တည်နိုင်လာပြီး နယ်မြေ ဒေသကို ပိုမို ထိန်းချုပ် လာနိုင်ပါက ထိုင်းလုံခြုံရေး တပ်ဖွဲ့များ အနေဖြင့် အထူးသတိထား စောင့်ကြည့်ရမည့် ကိစ္စတရပ်မှာ DKBA ၏ မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်မှု လုပ်ငန်းများဖြစ်သည်။ DKBA တပ်ဖွဲ့များသည် နယ်စပ်တလျှောက် မူးယစ်ဆေးဝါး ချက်လုပ်သည့် ဓာတ်ခွဲခန်းများ တည်ဆောက်ကာ အဖက်တမင်း (Amphetamine) နှင့် ရာဘ ဆေးပြား ထုတ်လုပ်မှု လုပ်ငန်းများကို လုပ်ဆောင်လျက် ရှိသည်ဟု ကရင်စစ်တပ် အသိုင်းအဝိုင်းက စွပ်စွဲ ထားသည်။

ရှမ်းပြည်ရှိ ဝ’ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် ကဲ့သို့သော အဖွဲ့များနှင့် ယှဉ်လျှင် DKBA ၏ မူးယစ်ဆေးဝါး ထုတ်လုပ်သယ်ဆောင် ရောင်းဝယ်ဖောက်ကားမှု လုပ်ငန်းများမှာ နည်းပါးသည်ဟု ဆိုနိုင်သော်လည်း ထိုင်းမူးယစ်ဆေးဝါး အရာရှိများနှင့် အတိုက်အခံ သတင်းရပ်ကွက် များကမူ DKBA သည် သူတို့၏ မြဝတီနှင့် ဘုရားသုံးဆူ နယ်စပ် အခြေခံ စခန်းများ တလျှောက် ရာဘနှင့် ဘိန်းဖြူများကို သယ်ဆောင် နေကြသည်ဟု ဆိုသည်။ ဤအဖွဲ့ကို နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်းလဲ ဖွဲ့စည်းလိုက်ခြင်းဖြင့် မူးယစ်ဆေးဝါး လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်ခဲ့ပါက စစ်အစိုးရ အနေဖြင့်လည်း ကြံရာပါ ဖြစ်တော့မည် ဖြစ်သည်။

နယ်စပ်အခြေခံစခန်းများ ဆုံးရှုံးသွားခဲ့ရပြီးနောက် KNU ဇာတ်သိမ်းပြီဟု မကြာသေးခင်က မီဒီယာများက ဖော်ပြခဲ့ကြခြင်းမှာ စောနေသေးသည်။ KNU သတင်း ရပ်ကွက်များကမူ သူတို့ အနေဖြင့် ကရင်ပြည်နယ် အလယ်ပိုင်းနှင့် မြောက်ပိုင်း ဒေသများတွင် ပြောက်ကျား လှုပ်ရှားမှုများ ဆက်လက် ပြုလုပ်သွားမည်ဟု ပြောဆိုသည်။ နယ်စပ်ဒေသ အလယ်ပိုင်းကို ဆုံးရှုံး သွားခဲ့ရခြင်းသည် KNU အတွက် ဆက်သွယ်မှု လမ်းကြောင်းတွင် ခက်ခဲမှု ဖြစ်ပေါ်စေပြီး၊ သူတို့ စောင့်ရှောက် နေရသော ကျေးရွာသားများနှင့် ပြည်တွင်း ရွှေ့ပြောင်း ဒုက္ခသည်များ အတွက် ပစ္စည်းများ ထောက်ပံ့ရေးတွင်လည်း ခက်ခဲ သွားစေမည်ဖြစ်သည်။

KNLA သည် ကရင်ပြည်နယ် မြောက်ပိုင်းတွင် တပ်ဖွဲ့အများစု ရှိနေသေးပြီး၊ မွန်နှင့် ပဲခူးတိုင်း တို့တွင်လည်း နေရာဒေသ အချို့တွင် တပ်ဖွဲ့များ ရှိနေဆဲဖြစ်ကာ ကရင်ပြည်နယ် တောင်ပိုင်းနှင့် တနင်္သာရီတိုင်း တို့တွင်လည်း တပ်ဖွဲ့များ ဆက်လက် ထားရှိနိုင်ဆဲ ဖြစ်သည်။

ကရင်ပြည်နယ်အတွင်းတွင်မူ DKBA နှင့် မြန်မာအစိုးရ တပ်ဖွဲ့များက ပိုမို ထိန်းချုပ် လာနိုင်ခြင်းကြောင့် KNU ၏ မူဝါဒ လမ်းစဉ်များကို လိုလားသော ကရင် အများအပြား အနေဖြင့် ဒေသတွင်း အသစ် ပေါ်ပေါက်လာသော စိုးမိုးအုပ်ချုပ်သူ အသစ်များဖြင့် လက်တွဲ လုပ်ဆောင်လာ ရတော့မည့် အခြေ စိုက်နေသည်။ ဤ ဒေသအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေများကို နှစ်ပေါင်းကြာရှည်စွာ စောင့်ကြည့် လေ့လာနေခဲ့သော အဖွဲ့များကလည်း သူတို့အနေဖြင့် DKBA တပ်ဖွဲ့များ ရှိနေခြင်းကြောင့် လုပ်ရ ကိုင်ရသည်မှာ ပိုမို အန္တရာယ် ရှိလာနေသည်ဟု ဆိုသည်။ ရွာသား အများအပြားကလည်း DKBA က ဒဏ်ခတ်မည်ဟု ခြိမ်းခြောက်ခြင်းကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှု သတင်းများကို မတိုင်တန်းရဲ ကြတော့ပါ။

ဒေသတွင်း DKBA တပ်ဖွဲ့များက ပိုမိုထိန်းချုပ် လာနိုင်ခြင်းသည် ၂ဝ၁ဝ ရွေးကောက်ပွဲ များ၌ ကရင် အမျိုးသားများ၏ ကိုယ်စားပြုမှုကို အနည်း အကျဉ်းသာ သက်ရောက်မှု ရှိစေလိမ့်မည်ဟု KNU သတင်း ရပ်ကွက်များက ပြောဆိုသည်။ DKBA သည် အခြား တိုင်းရင်းသား သောင်းကျန်းသူ အဖွဲ့အစည်း များနှင့် မတူသည်မှာ သူတို့တွင် နိုင်ငံရေး အဖွဲ့အစည်း မရှိခြင်းဖြစ်သည်။ မေလ ၇ ရက်နေ့က ကျင်းပခဲ့သော DKBA တပ်မှူးများ၏ အစည်းအဝေး မှတ်တမ်းအရ သူတို့အနေဖြင့် နိုင်ငံရေးတွင် ပါဝင် ဆောင်ရွက်လာရဖွယ် ရှိသည်ဟု တပ်မှူးများကို ပြောဆိုထားခဲ့သည်။

ဤသို့ ပြုလုပ်နိုင်ရန် DKBA အဖွဲ့ဝင်များ သို့မဟုတ် အခြား ကရင် အမျိုးသားများဖြင့် နိုင်ငံရေး ပါတီတရပ် ဖွဲ့စည်းခြင်းဖြင့် သော်၎င်း၊ သို့တည်းမဟုတ် တသီးပုဂ္ဂလ အနေဖြင့် ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ခြင်း သော်၎င်း ပြုလုပ်ရမည်ဟု ဆိုထားသည်။ မည်သို့ပင်ဖြစ်စေ ရွေးကောက်ပွဲတွင် မည်သူ အနိုင်ရရှိရမည် ဆိုသည်ကို နအဖ က ကြိုတင် ဆုံးဖြတ်ထားပြီးသား ဖြစ်သဖြင့် ဤကိစ္စမှာ သိပ် အကြောင်း မထူးလှပါဟု KNU သတင်းရပ်ကွက်က ပြောသည်။

ယခင်လအတွင်း အခြေခံစခန်းများ ဆုံးရှုံးသွားခဲ့ရသဖြင့် ကရင်ပြည်နယ် အလယ်ပိုင်းဒေသ အတွင်း KNU ၏ အခြေအနေမှာ အလွန် ချိနဲ့ သွားခဲ့ပြီဖြစ်သည်။ ဤဒေသအတွင်း အစိုးရ တပ်များနှင့် DKBA တပ်ဖွဲ့များ ပိုမို ထိန်းချုပ်ခွင့် ရရှိသွားသည့် အတွက် ဒေသခံ လူထုအဖို့ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်မှု လုပ်ငန်းများ ပိုမို လုပ်ဆောင် လာနိုင်တော့မည်ဟု ယူဆရန်မှာမူ မသေချာ လှသေးပါ။ ဤဒေသအတွင်း KNU နှင့် တိုက်ခိုက်မှုများ အဆုံးသတ်လု နီးပါး ဖြစ်သွားသည် ဆိုသည်ဟုမူ ပြောနိုင်သည်၊ သို့သော် နယ်စပ်တင်းမာမှု အသစ်များမှာမူ ယခုမှ အစသာ ရှိသေးသည်။

Ref: မဇ္ဈိမ

Read More...

ကေပီအက်ဖ် ဒုဗိုလ်မှူးကြီးကို ကေအန်ယူ ဖမ်ဆီးလိုက်

Thu 09 Jul 2009, IMNA, HURFORM

ဟောင်သရောအဖွဲ့ (ကေပီအက်ဖ်) တပ်ရင်း (၃) မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောလေးဝါးကို ကေအန်ယူ (KNU) ၏ KNLA က နေ့လယ် (၂) နာရီခန့်တွင် ကြာအင်းဆိပ်ကြီး မြို့နယ် ဇမိချောင်းတွင် ဖမ်ဆီး လိုက်သည့်ဟု ကေအန်ယူမှ လာသည့် သတင်းအရ သိရပါသည်။

ဒုဗိုလ်မှူးကြီး စောလေးဝါးနှင့်အဖွဲ့သည် နေပြည်တော်မှ မြန်မာ စစ်အစိုးရ အာဏာပိုင်နှင့် တွေ့ဆုံပြီးနောက် ဘုရားသုံးဆူမြို့ အပြန်လမ်းတွင် KNLA တပ်ရင်း (၁၆) လက်အောက်ခံ တပ်ခွဲ (၂) ဒုဗိုလ် စောချပ်သယ်ထူး အဖွဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရသည်။

“ဗိုလ်စောလေးဝါးနဲ့ အဖွဲ့ကိုတော့ ကျွန်တော်တို့ ကေအန်ယူ တပ်ဖွဲ့က မနေ့ ညနေက ဖမ်းဆီး လိုက်တယ်။ အခု လောလောဆယ် မှာတော့ သူ့ကို ကေအန်ယူ တပ်မဟာ (၆) နေရာ တစ်နေရာ မဖ်းချုပ် ထားတယ်” ဟု ကေအန် ယူအရာရှိ နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။ ၄င်း KNLA တပ်ရင်း (၁၆) သည် ဒုဗိုလ်မှူးကြီး မန်းတင်လှိုင်၏ တိုက်ရိုက် ကွပ်ကဲမှု အောက်တွင်ရှိသည်။

အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၏ အမိန့်အရ ဒုဗိုလ်မှူးကြီး စောလေးဝါး ဇူလိုင်လ တစ်ရက်နေ့တွင် နေပြည်တော်သို့ အရောက် သွားရမည်ဟု ညွန်းကြားခဲ့သည်။ ဇွန်လ ၃၀ ရက်နေ့ နေ့လယ် ၁၁ နာရီအချိန်တွင် ဒုဗိုလ် မှူးကြီး စောလေးဝါးသည် နေပြည်တော်သို့ ဆင်းသွားသည်။

ဒုဗိုလ် စောချပ်သယ်ထူးတို့အဖွဲ့သည် ကေပီအက်ဖ်မှ ဒုဗိုလ်မှူးကြီး စောလေးဝါးကို ဖမ်းဆီး ပြီးသည့်နောက် မနေ့ညနေ မဲကသာဒေသရှိ ကေပီအက်ဖ် စက်ကယ်တပ်ကို ထပ်မံ သိမ်းဆီးလိုက်သည်။

“မနေ့ည ၈ နာရီလောက်က ဒုဗိုလ် စောချပ်သယ်ထူးတို့ အဖွဲ့က ကေပီအက်ဖ် တပ်ကို ဝင်ရောက် သိမ်းလိုက်တယ်။ ကေပီအက်ဖ် တပ်သား ၅ ဦးနဲ့ လက်နက် အချို့ကိုလည်း ဖမ်းဆီးလိုက်တယ်” ဟု ကေအန်ယူ သတင်းအ သိုင်းဝိုင်းမှ သိရသည်။

အဖမ်းခံရသည့် ကေပီအက်ဖ် တပ်ဖွဲ့တွေက မန်းရွှေ၊ လင်းအေးမောင်၊ ဟိန်းတိုး၊ ငါးပွေး နှင့် ကြားဖီ တို့ဖြစ်ကြသည်။ သိမ်းဆီးရမီသည့် လက်နက်တွေ မှာ ခါပိုင် (၂) ၊ M ( 16)၊ AK , ဒင်ရှည် (၁)၊ ဒင်ခေါက် (၁)၊ ပစ္စတို (၂) လက်နှင့် RPG (၁) လက်တို့ဖြစ်သည်။

Ref: လွတ်လပ်သောမွန်သတင်းအေဂျင်စီ

Read More...

မဲကသာတောအတွင်း ကေအန်ယူ နှင့် ဒီကေဘီအေ တိုက်ပွဲဖြစ်

ရိုင်မရော့
Thu 09 Jul 2009,

ကရင်ပြည်နယ် ဘုရားသုံးဆူနှင့် မဲကသာကြားရှိ တဲသုံးလုံးခေါ် လမ်းခွ တစ်နေရာတွင် ရှိသော ကရင် အမျိုးသား အစည်းအရုံး (ကေအန်ယူ) တပ်မဟာ (၆) ယာယီ စခန်းတစ်ခုကို ယမန်နေ့ည (၈) နာရီခွဲကျော်၌ တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော် (ဒီကေဘီအေ) တို့က ဝင်ရောက် ပစ်ခတ်ခဲ့သည်။

တိုက်ပွဲဖြစ်ပွားချိန် (၁၀) မိနစ် ဝန်းကျင်အတွင်း ဒီကေဘီအေ ဘက်မှ တပ်သား နှစ်ဦး ကျဆုံးသွားပြီး၊ ကေအန်ယူ (KNU) ဘက်မှ တပ်သား အိပ်မည့်နေရာကို ပြောင်းရွေ့ ထားသည့် အတွက် တစ်ဦးတစ်ယောက်မှ ဒဏ်ရာ မရရှိပေ။

“အဲဒီတိုက်ပွဲမှာ လက်နက်ငယ်သာ မကဘူး၊ လက်နက်ကြီးတွေ ဖြစ်တဲ့ (RPG) နဲ့ (79) ကျည်သံတွေ ကိုလည်း နှစ်ချက်ကြားရတယ်” ဟု တိုက်ပွဲ ဖြစ်ပွားသည့် အနီးနားရှိ ရွာသား တို့က ပြောသည်။ ၄င်းတို့ တိုက်ပွဲ ဖြစ်ပွားရာနေသည် ဘုရားသုံးဆူမြို့မှ (၁၂) ကီလိုမီတာ သာသာရှိပြီး၊ ချောင်းဆုံ၏ မြောက်ဘက်ပိုင်း (၅) ကီလိုမီတာ ဝေးသည်။

ကေအန်ယူ တပ်မဟာ (၆) ယာယီစခန်းကို ဒီကေဘီအေ (DKBA) ကလိုထူးဖော လုံခြုံရေး တပ်ရင်း တပ်ခွဲ (၁) တပ်ခွဲမှုး စောအေဝမ်း နှင့် ကလိုထူးဖော ဗျုဟာစီးပွားရေး တာဝန်ခံ ဗိုလ်မှူး စိုးမိုးတို့က ဝင်ရောက် တိုက်သည်။

“ကျနော်တို့ ယခုလို စစ်မျက်နှာပြင်အသင့်အနေအထားကို ပြင်ထား ရတာဟာ နအဖနဲ့ ဒီကေဘီအေ တို့ရဲ့ ထိုးစစ်ဆင်တာကြောင့် ကျနော်တို့ တပ်ရင်း (၁၇) အသိမ်းခံရတယ်၊ အခုလည်း တပ်မဟာ (၆) ကို ဝင်တိုက်မယ်ဆိုတော့ ကျနော်တို့က တိုက်ဖို့ အသင့်ပြင် ထားရတယ်” ဟု ကေအန်ယူနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

ဒီကေဘီအေ တပ်ရင်းမှ တပ်သားတို့က မဲကသာဒေသရှိ ရွာသား နှစ်ဦးကို ပေါ်တာ ဆွဲခဲ့သည်ဟု အသက် (၅၂) အရွယ် ရွာခံတစ်ဦးက ပြောသည်။

“တိုက်ပွဲမှာ ဒီကေဘီအေဘက်က နှစ်ယောက် ကျသွားတယ်လို့ ကျနော်တို့ ကြားတယ်၊ ကေအန်ယူ ဘက်မှာတော့ အကျအဆုံး ရှိ မရှိ ဆိုတာကို မသိရဘူး” ဟု ဘုရားသုံးဆူမြို့ခံ တစ်ဦးက ပြောသည်။

အရင်က တပ်ရင်းတရင်းတွင် တပ်သား ၃၀ ကျော်ရှိရာမှ တိုက်ပွဲကြောင့် ခလရ (၃၂) တပ်ရင်း စစ်ကြောင်း (၁)၊ (၂) နှင့် ခမရ (၃၅၆) တပ်ရင်း (၁) (၂) တို့ နှစ်ရင်းရှိရာ တပ်ရင်း တစ်ရင်းအတွက် တပ်သား (၁၂၀) နှင့် (၁၃၀) ကြား ထားရှိလာသည်။

၎င်းတိုက်ပွဲဖြစ်ပွားပြီးနောက် ဒေသခံ ရွာသူရွာသား တို့က ရွာပြင် ထွက်ပြီး အလုပ်လုပ်ခြင်း၊ တောထဲတွင် သွားရောက် လုပ်ကိုင်ခြင်းကို မည်သူ တစ်ဦး တစ်ယောက်မှ မသွားရဲဘဲ၊ နအဖ စစ်တပ်တို့က ပေါ်တာဆွဲမည်ကို ကြောက်ရွံ့ နေကြသည်ဟု ကေအန်ယူနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

လှေသမားတို့၏ပြောပြချက်အရ လွန်ခဲ့သည့် ရက်ပိုင်းအတွင်းမှ မြိုင်သာယာ အနားမှာ ရှိနေသည့် (KNLA) သက်ကယ် ဂိတ်ကို သိမ်းလိုက်သည့် အတွက် “ကျနော်တို့ လှေသမား အတွက် တစ်ဂိတ် လျော့သွားတော့ ငွေလည်း ၁၅၀၀၊ ၂၀၀၀ ပေးရတာ သက်သာတာပေါ့၊ နိုင်ငံရေး ပဋိပက္ခတွေ မသိဘူး၊ ပိုက်ဆံပေးရတာ သက်သာတာပဲ သိတယ်” ဟု သူကပြောသည်။

ကေအန်ယူ တပ်မဟာ (၆) နယ်မြေအတွင်း သစ်ထုတ်လုပ်သူများ တဲသုံးလုံး နေရာတွင် ကေအန်ယူ တပ်တို့ အခြေချ နေသည်ကို နအဖတပ်တို့ လာရောက် တိုက်ခိုက်ခြင်း ဖြစ်သည်။ ကေအန်ယူဘက်မှ တပ်သား အများဆုံးပါလျင် (၁၀) ယောက်ကျော် သာပါ ဝင်ပြီး၊ နအဖဘက်မှ တပ်သား တပ်ရင်း တစ်ရင်းစာ ပါဝင်ကြောင်း ၄င်း ဘုရားသုံးဆူ မြို့ခံက ပြောသည်။

နအဖနှင့် ဒီကေဘီအေ တပ်တို့ ပူပေါင်းထိုးစစ်ဆင်တိုက်ခိုက် ခြင်းဖြင့် ကေအန်ယူ တပ်မဟာ (၇) တပ်စခန်း အတော်များများကို သိမ်းပိုက်နိုင်ခဲ့သည်။ ကရင်ပြည်နယ် တောင်ဘက်ပိုင်း မြဝတီ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ ဘုရားသုံးဆူ မြို့နယ်နှင့် မွန်ပြည်နယ် ရေးမြို့နယ် အတွင်းမှာ ရှိနေသည့် ကေအန်ယူ တပ်မဟာ (၆) နယ်မြေ အတွင်းရှိ တပ်ရင်း (၅)ကို ထိုးစစ်ဆင်ဖို့ အတွက် ပြင်ဆင်နေ ကြသည်ဟု (BBC) မြန်မာ သတင်းဌာနက ဖော်ပြသွားပါသည်။

Ref: လွတ်လပ်သောမွန်သတင်းအေဂျင်စီ

Read More...

ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့် အပြင်ထွက်ခွင့်ရ

မင်းနိုင်သူ / ၉ ဇူလိုင် ၂၀၀၉

တပ်မတော်ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့် မကြာမီ ရက်ပိုင်းက အပြင် ထွက်ခွင့် ရသည်ကို တွေ့ခဲ့ရကြောင်း ရန်ကုန်မြို့မှ စီးပွားရေး လုပ်ငန်းရှင် တဦးက ပြောသည်။

ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်သည် ဇူလိုင် (၅) ရက်နေ့တွင် ကွယ်လွန်ခဲ့သော ဗိုလ်မှူးချုပ် တင့်ဆွေ (ငြိမ်း) စက်မှု (၁) ၀န်ကြီးဟောင်း၏ ဇနီး ဒေါ်ခင်စန်း၏ ဈာပနသို့ လာရောက် နာရေး မေးမြန်းခဲ့စဉ် အဆိုပါ စီးပွားရေး လုပ်ငန်းရှင်က တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

၎င်းက “ဦးတေဇတို့၊ ဇေကမ္ဘာဦးခင်ရွှေတို့လို စီးပွားရေး သမားကြီးတွေလည်း လာမေး ကြတယ်လေ။ ဦးခင်ညွန့် ရောက်လာတော့ အားလုံး အပြင်ထွက်ပေး ကြရတယ်။ ဒါပေမယ့် ဦးခင်ညွန့်နဲ့ သူ့ဇနီး ဒေါက်တာ ဒေါ်ခင်ဝင်းရွှေတို့ကို မြင်လိုက်ရပါတယ်။ ဗိုလ်မှူးချုပ် တင့်ဆွေက ဦးခင်ညွန့်ရဲ့ ဆရာ ဖြစ်ခဲ့တာကိုး။ ဒါကြောင့် နာရေး လာမေးကြတာ” ဟု ပြောသည်။

ဗိုလ်မှူးချုပ်တင့်ဆွေ(ငြိမ်း)၏ ဇနီး ဒေါ်ခင်စန်း အသက် (၈၆) နှစ်သည် ဇူလိုင် (၅) ရက်တွင် ကွယ်လွန်ခဲ့ရာ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်နှင့် ဇနီးတို့က ဇူလိုင် (၇) ရက် ညပိုင်း (၈) နာရီမှ (၁၀) နာရီအထိ လာရောက် နာရေး မေးမြန်းသွားခဲ့ကြခြင်း ဖြစ်သည်။

“နှစ်နာရီလောက်ကြာတယ်လေ။ ဦးခင်ညွန့်ကတော့ အရင် အတိုင်းပဲ။ ကျန်းမာရေးလည်း ကောင်းတယ်တဲ့။ သူ့ဇနီး ဒေါက်တာ ဒေါ်ခင်ဝင်းရွှေကတော့ ခြေထောက်တဖက် သိပ်မကောင်းဘူး။ ထိုင်ရ ထရတာ မလွယ်ဘူးလို့ ပြောသွားတယ်တဲ့” ဟု အဆိုပါ စီးပွားရေး လုပ်ငန်းရှင်က ပြောသည်။

ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်သွားရောက်ခဲ့သော နာရေး ခရီးစဉ် အတွက် ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ စီစဉ်ပေးခြင်း ဖြစ်ကာ နာရေး အိမ်ပတ်ဝန်းကျင်တွင် လုံခြုံရေး အပြည့်အ၀ ယူသွားခဲ့ကြောင်း သိရသည်။

တပ်မတော်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့်သည် ၂၀၀၄ ခုနှစ်တွင် ရာထူးမှ အနားပေးခံခဲ့ရ သည့်အပြင် နေအိမ် အကျယ်ချုပ် အချခံခဲ့ရပြီး ၎င်း၏ ထောက်လှမ်းရေး တပ်ဖွဲ့ တခုလုံးကို ဖျက်သိမ်း ခံခဲ့ရသည်။

Ref: ခေတ်ပြိုင်


Read More...

Thursday, July 9, 2009

ဖားကန့်ရေဘေး ကယ်ဆယ်ရေး မလုပ်နိုင်သေး၊ ရေဘေး ဒုက္ခသည်များ အခက်ခဲ ကြုံနေရ

NEJ / ၈ ဇူလိုင် ၂၀၀၉

ကချင်ပြည်နယ်၊ ဖားကန့်ဒေသအတွင်း ဇူလိုင် (၅) ရက်က စတင်၍ ဒေသတခုလုံး ရေကြီးခဲ့ရာ လူ အများအပြား သေဆုံးပြီး အိုးအိမ် အမြောက်အမြား ရေနစ်မြုပ်ခဲ့သော်လည်း ကယ်ဆယ်ရေး လုပ်ငန်းများ ယနေ့ အချိန်အထိ မပြုလုပ်သေးကြောင်း ဒေသအတွင်းက လာသည့် သတင်းများအရ သိရသည်။

ယခုအခါ ဖားကန့်မြို့အတွင်း ဝင်ရောက်ခဲ့သည့် ရေများ ပြန်ကျ သွားသော်လည်း ရွှံ့နွံများမှာ အမြင့် (၁) ပေမှ (၃) ပေအထိ ကျန်ရှိနေပြီး မိမိ နေအိမ်များနှင့် အနီးဝန်းကျင်တွင် ကိုယ့်အစီစဉ်ဖြင့် ကိုယ်သာ ရှင်းလင်း နေရသကဲ့သို့ ရိက္ခာနှင့် ရေပြတ်လပ်မှုများ ကြုံနေရချိန်တွင် ရေဘေး ကယ်ဆယ်ရေး အကူအညီ ယခုချိန်ထိ ရောက်ရှိ မလာသေးကြောင်း ဖားကန့်မြို့ခံ တဦးက ပြောသည်။

၎င်းက “စည်ပင်သာယာက အခုလောလောဆယ် ရေပေါ်မျောလာတဲ့ အလောင်း ကောက်တာ လောက်ပဲ လုပ်သေးတယ်။ သူတို့ချည်းနဲ့ မရလို့ ကုမ္ပဏီတွေက လူလွှတ်ပေးပြီး ဝိုင်းကူ လုပ်နေရတယ်။ စားဖို့သောက်ဖို့က ကိုယ့်အသိမိတ်ဆွေ အချင်းချင်း ဝေငှ စားသောက်နေရတယ်။ မုန့်နှစ်ထုပ်စီ ရယက ထုတ်ပေးတယ်လို့ ပြောတယ်။ လိုက်ဝေတာ မဟုတ်ဘူး။ ကိုယ်က သွားယူရတာ။ မြစ်ကြီးနား၊ မိုးကောင်းဘက်က ကယ်ဆယ်ရေးတွေလည်း ရောက်မလာပါဘူး။ ပိုက်ဆံရှိတဲ့ သူတွေဆီက ငွေတွေ ကောက်နေတယ်လို့ ကြားတယ်။ အခုထိ ဘာအကူအညီမှ မရသေးဘူး။ ထမင်း မစားရတဲ့သူနဲ့၊ သောက်ဖို့ ရေမရှိတာနဲ့၊ အိပ်စရာ နေရာ မရှိတာနဲ့ ဒုက္ခမျိုးစုံ ကြုံနေရတယ်” ဟု ပြောသည်။

မိုးဆက်တိုက်ရွာသွန်းခဲ့၍ ဖားကန့်မြို့အား ရေပေးဝေနေသည့် တစ်သုံးလုံး အကျိုးတူ ရေပေးဝေရေး ကုမ္ပဏီ၏ ဆည်တမံ တနင်္ဂနွေနေ့ညပိုင်းက ကျိုးကျသဖြင့် ဖားကန့်မြို့ ရေကြီးခဲ့ရပြီး ဥရုချောင်းအတွင်း မြေစာပုံများ ပိတ်ဆို့ သွားသဖြင့် ဖားကန့်ဒေသ တခုလုံး ရေဖုံးလွှမ်းခဲ့ခြင်း ဖြစ်သည်။

“ဥရုချောင်းအနောက်ဘက်ခြမ်း ဖားကန့်တခုတည်းမှာ အခုထိ လူပေါင်း (၁ဝဝ) ကျော် သေဆုံးခဲ့တယ်။ အလောင်းတွေက မြေအောက်မှာ ကျန်နေသေးတယ်။ ဥရုချောင်း အရှေ့ခြမ်းက မရှီးကထောင်း၊ ဆိုင်းတောင်တို့ဆို ရေအောက် ရောက်သွားပြီ။ ဖားပြင်၊ မံမုံဆိုလည်း အိမ်တွေ မြုပ်ကုန်ပြီ။ အဲဒီဘက်မှာ ဘယ်လောက် သေတယ်ဆိုတာ မသိနိုင်သေးဘူး။ တနေရာနဲ့ တနေရာ သွားဖို့ အတော် ခက်နေတယ်။ ဆေးရုံမှာ လူ (၇ဝ) လောက် မြေပြိုလို့ ဒဏ်ရာရတာတွေ တင်ထားရတယ်။ ဝမ်းလျှော၊ ဝမ်းပျက်တွေ ဖြစ်နေပြီ။ သောက်သုံးရေ မသန့်လို့ ထင်တာပဲ။ ဆေးရုံမှာ လူနာတွေ ပြည့်နေလို့ ဆရာ၊ ဆရာမတွေလည်း မနားရဘူး။ အပြင် ဆေးခန်းမှာလည်း ဝမ်းလျှောတဲ့ သူတွေနဲ့ ပြည့်နေတာပဲ” ဟု အဆိုပါ ဖားကန့်မြို့ခံက ပြောသည်။

ဖားကန့်၊ တာမခံကျောက်စိမ်းတွင်းဒေသတွင် ယခုကဲ့သို့ ရေကြီးမှုမျိုး ယခင်က မရှိခဲ့သော်လည်း နဝတ တက်လာပြီး နောက်ပိုင်း အကျိုးတူ ဖက်စပ်လုပ်များ ပေါ်ပေါက်လာချိန်တွင် ခေတ်မီ စက်ယန္တရားများနှင့် တောင်များ ဖြိုခြင်း၊ ဥရုချောင်းအား သဲအိမ်များဖြင့် တားဆီးပြီး ရေလမ်းကြောင်း ပြောင်းခြင်း၊ မြေအောက်သို့ ဥမင်လိုဏ်များ ဖောက်ခြင်း စသည့်နည်းများဖြင့် ကျောက်စိမ်းများ ရှာဖွေခဲ့ပြီး အဆိုပါ ကျောက်တူးရာမှာ ထွက်ရှိသည့် မြေစာများအား အနီးဝန်းကျင်တွင် စုပုံထားသည့်အတွက် မိုးကြီးလာပါက မြေစာပုံ ပြိုကျမှုများ မကြာခဏ ဖြစ်ပွားနေသည်။

Ref: ခေတ်ပြိုင်


Read More...

ရန်ကုန်မြို့ မင်္ဂလာဈေးမှ ပြည့်တန်ဆာဈေးကွက် ကြီးမား ကျယ်ပြန့်လာ

အောင်ထက် / ၈ ဇူလိုင် ၂၀၀၉

ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မင်္ဂလာဈေးအောက်ဘက်ရှိ ပြည့်တန်ဆာ ဈေးကွက်သည် တစထက်တစ ပိုမို ကြီးမားလာနေပြီး ပြည့်တန်ဆာ လုပ်သူများ ပိုမို များပြားလျက်ရှိသည်။

မင်္ဂလာဈေးဝင်းအတွင်းရှိ မင်္ဂလာဈေးသစ်အဆောက်အအုံ၌ ရွှေမြို့တော် အအေးခန်း ဧည့်ရိပ်သာနှင့် ကာရာအိုကေများ၊ ဂျေဂျေ နိုက်ကလပ်နှင့် လပ်ကီး အနှိပ် ခန်းမကြီးတို့ကို တခမ်းတနား ဖွင့်လှစ်ထားရှိသည်။

ဈေးဝင်းအတွင်းမှ လက်ဖက်ရည်ဆိုင်၊ ထမင်းဆိုင်၊ ကွမ်းယာဆိုင် အစရှိသည့် နေရာများတွင်လည်း ပြည့်တန်ဆာ မိန်းကလေးများဖြင့် ပြည့်နှက်နေပြီး ပျော်ပါး လိုသူများက ၎င်းတို့အား ပျော်ပါးကြေး ကျပ် (၁) သောင်းခွဲနှင့် (၂) သောင်းကြား ပေးကာ တည်းခိုခန်းများသို့ ခေါ်ယူ ပျော်ပါးကြကြောင်း ပြည့်တန်ဆာထိန်း လူငယ်တဦးက ပြောသည်။

၎င်းက “အဲလိုဆိုင်တွေမှာ ထိုင်နေကြတဲ့ အမျိုးသမီးတွေက (၁၀၀) လောက်ရှိတယ်၊ ပြည့်တန်ဆာထိန်း (ခေါင်း) က အယောက် (၃၀) လောက်ရှိတယ်။ လာခေါ်တဲ့ ဧည့်သည်များရင် များသလို ဈေးသည်တွေရော သူတို့ကို လိုက်ပို့ပေးရတဲ့ အငှားယာဉ် သမားတွေရော အရမ်း အလုပ်ဖြစ်ကြတယ်” ဟု ပြောသည်။

တိုင်းရဲ၊ တာဝန်ကျ စခန်းရဲ၊ သတင်းတပ်ဖွဲ့၊ ဒုစရိုက်နှိမ်နင်းရေး အပါအ၀င် လုံခြုံရေး အဖွဲ့အစည်းများအား ပြည့်တန်ဆာ ထိန်းများ က သူ့အုပ်စုနှင့်သူ အလှည့်ကျ ညစဉ် လိုင်းကြေး ပေးဆောင် ကြရကြောင်း၊ တည လိုင်းကြေး စုစုပေါင်း (၁) သိန်းခန့် ရှိကြောင်း ၎င်းက ပြောသည်။

နာဂစ်အပြီး ဧရာဝတီတိုင်းမှ လာရောက်လုပ်ကိုင်ကြသည့် အမျိုးသမီးများ၊ ၂၀၀၉ ခု နှစ်ဦးပိုင်း ကမ္ဘာ့စီးပွားရေး ကျဆင်းမှုကြောင့် ပိတ်သိမ်းလိုက်ရသော စက်ရုံ၊ အလုပ်ရုံများမှ ရောက်လာကြသည့် အမျိုးသမီးများကြောင့် မင်္ဂလာဈေး အောက်ဘက် ပြည့်တန်ဆာ ဈေးကွက်မှာ ယခင်ထက် နှစ်ဆခန့် များလာကြောင်း အဆိုပါ ပြည့်တန်ဆာထိန်း လူငယ်က ပြောသည်။

မင်္ဂလာတောင်ညွန့်ရပ်ကွက်အတွင်း နေထိုင်သူတဦးက “ညနေ (၆) နာရီကျော် (၇) နာရီဆိုရင် မောင်နဲ့နှမ၊ သားနဲ့အမိ လမ်းတောင် ဖြတ် မလျှောက်ရဲ လောက်အောင် အရှက်နည်းတဲ့ မြင်ကွင်းတွေ တွေ့နေရတယ်” ဟု ပြောသည်။

နေ့လယ်ဘက်ရောင်းချသော အထည်ဆိုင်ရှင်တဦးကမူ နေ့လုံခြုံရေး၊ ညလုံခြုံရေးများ ရှိနေသည့် ကြားမှ ဈေးတာဝန်ခံရုံး အနီး၌ ယခုကဲ့သို့ ပြည့်တန်ဆာ ဈေးကွက် ကြီးမားနေခြင်း ဖြစ်သည်ဟု ပြောသည်။

၎င်းက “ရန်ကုန်မြို့ရဲ့ တရားဥပဒေ စိုးမိုးမှုကို ပျက်ပြားစေတဲ့ ဒီလိုဈေးကွက်ကို နှိမ်နင်းနိုင်မယ့် အာဏာပိုင် အဖွဲ့အစည်း မရှိတာဟာ တရားရေး အားနည်းတဲ့ ပြရုပ်တခုပဲ” ဟု ဝေဖန်သည်။

အဆိုပါ မင်္ဂလာဈေးအောက်ဘက်မှ ပြည့်တန်ဆာဈေးကွက်နှင့် ကမ်းနားလမ်း (ယခင် ၆ ထပ်ရုံး) အောက်ဘက်ရှိ ပြည်တွင်းသုံး ငွေချင်း ဖလှယ်သည့် ဈေးကွက်တို့မှာ ရန်ကုန်မြို့၏ ထင်ရှားသည့် တရားမ၀င် မှောင်ခို ဈေးကွက်တို့ဖြစ်သည်။

Ref: ခေတ်ပြိုင်


Read More...

မစ္စတာဘန်နှင့် တွေ့ဆုံမှုအပေါ် NLD ခေါင်းဆောင်များ အားမရ

နန်းဒေဝီ
ဗုဒ္ဓဟူးနေ့၊ ဂျူလိုင်လ 08 ရက် 2009 ခုနှစ် 20 နာရီ 46 မိနစ်

နယူးဒေလီ (မဇ္စျိမ) ။ ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ၄ ဦးက ကုလ အထွေထွေ အတွင်းရေးမှူးချုပ်နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ရသည့် အပေါ် ကျေနပ်အားရခြင်း မရှိကြောင်း အဖွဲ့ချုပ် ပြောခွင့်ရ ပုဂ္ဂိုလ်က ယနေ့ ပြောဆိုသည်။

ယခုလ ၃ ရက်နေ့က စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်တွင် NLD ဗဟို အလုပ် အမှုဆောင် ကော်မတီဝင် ၄ ဦးနှင့် ကုလ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းတို့ တွေ့ဆုံ ခဲ့ရာတွင် အရေးကြီးသည့် အကြောင်း အရာ များကို ပြောဆိုဆွေးနွေးရန် အချိန်လုံလောက်မှု မရှိသည့်အပေါ် ယခုလို တုံ့ပြန် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“CEC (ဗဟိုအလုပ်အမှုဆောင် ကော်မတီ) ၄ ယောက်စလုံးက လုံးဝ ကျေနပ် အားရမှု မရှိဘူးလို့ ပြန်ပြော ကြတယ်။ မစ္စတာ ဘန်ကီမွန်းကိုလည်း ဒီလို အရေးကြီးတဲ့ အကြောင်းအရာ တွေကို အပြန်အလှန် ပြောဆို ဆွေးနွေးဖို့ အချိန် မလုံလောက်ဘူးလို့ သူတို့ ပြောခဲ့တယ်” ဟု NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောပြသည်။

သူက ဆက်ပြီး “ဟဲလို၊ ဘိုင့်ဘိုင် ပြောတာနဲ့တင် ၃-၄ မိနစ် ပြည့်သွားပြီလေ” ဟု ပြောသည်။

CEC အဖွဲ့ဝင်များထဲမှ ဦးသန်းထွန်း၊ ဦးစိုးမြင့်၊ ဦးညွှန့်ဝေနှင့် ဦးလှဖေက မစ္စတာ ဘန်ကီမွန်းနှင့် ၁ဝ မိနစ်ကြာ သီးခြား ပြောဆိုခွင့်ရရှိရာ NLD က အချက် ၄ ချက် တင်ပြခဲ့သည်။

၎င်းအချက်များမှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး၊ အမျိုးသား ရင်ကြားစေ့ရေး အတွက် တွေ့ဆုံဆွေးနွေး မှုများ ပြန်လည် အစပြုရေး၊ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ ရလဒ်ကို တနည်းနည်းဖြင့် အသိအမှတ် ပြုပေးရေးနှင့် ဒီမိုကရေစီရေး ပြုပြင် ပြောင်းလဲရန် အတွက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် လိုအပ်သည့် ပြင်ဆင် ပြောင်းလဲမှုများ ပြုလုပ်ရေးတို့ ဖြစ်သည်။

NLD ခေါင်းဆောင်များ၏ တင်ပြချက်များအပေါ် မစ္စတာဘန်ကီမွန်းက နှုတ်အားဖြင့် တစုံတရာ ပြန်လည် တုံ့ပြန်ပြောဆိုခြင်း မရှိသော်လည်း ခေါင်းညိတ်၍သာ နားထောင်ခဲ့ကြောင်း သိရသည်။

“အဖွဲ့ချုပ်က ပြောချင်တဲ့အချက်လေးတွေ ပြောခွင့်ရခဲ့ပေမယ့် အပြန်အလှန် ဆွေးနွေးဖို့ အချိန် မရခဲ့ပါဘူးလို့ CEC တွေက ပြန်ပြောပြတယ်” ဟု ဦးဉာဏ်ဝင်းက ဆိုသည်။

ယခုလ ၃ ရက်နှင့် ၄ ရက်နေ့တွင် နှစ်ရက်ကြာ နေထိုင်သွားသည့် ကုလ အတွင်းရေးမှူး ချုပ်သည် သူ၏ ခရီးစဉ် အတွင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် တောင်းဆို ခဲ့သော်လည်း စစ်အစိုးရက ငြင်းပယ်ခဲ့ပြီး၊ NLD ဗဟို အလုပ်အမှုဆောင် ၄ ဦးနှင့်သာ တွေ့ဆုံခွင့် ပေးခဲ့သည်။

NLD ခေါင်းဆောင်များက ယခုလ ၂ ရက်နေ့တွင် နေပြည်တော်သို့ ရောက်ရှိသွားပြီး၊ ၃ ရက်နေ့တွင် မစ္စတာ ဘန်ကီမွန်းနှင့် တွေ့ဆုံခဲ့ကာ၊ ၄ ရက်နေ့တွင် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိခဲ့ကြသည်။

ယမန်နေ့က ရန်ကုန်မြို့ရှိ NLD ရုံးချုပ်တွင် ကုလအတွင်းရေးမှူး ချုပ်၏ မြန်မာပြည် ခရီးစဉ်နှင့် ပတ်သက်၍ တွေ့ဆုံခွင့်ရခဲ့သူ ပါတီခေါင်းဆောင် ၄ ဦးက ရှင်းလင်းပွဲ တရပ် ပြုလုပ်ခဲ့ရာ နိုင်ငံခြား သံရုံး တချို့မှ သံတမန်များ တက်ရောက်ခဲ့ကြသည်။

ထို့အပြင် မစ္စတာဘန် ခရီးစဉ်နှင့် ပတ်သက်၍ ပါတီ၏ သဘောထား ကြေညာချက် တရပ်ကို မနက်ဖြန်တွင် ထုတ်ပြန် သွားမည့် အကြောင်း ပါတီ (ဗဟို) ၏ ပြန်ကြားရေး တာဝန်ခံ တဦးဖြစ်သူ ဦးအုန်းကြိုင်က ပြောသည်။

ယခုခရီးစဉ်အတွင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် မရရှိခဲ့သဖြင့် အောင်မြင်မှု မရှိသော ခရီးစဉ်အဖြစ် မြန်မာ့အရေး လှုပ်ရှားသူများက ဝေဖန်ကြသော်လည်း၊ မစ္စတာ ဘန်ကမူ အောင်မြင်မှု ရှိ၊ မရှိကို ထိုအချက် တချက်တည်းဖြင့် မပြောဆိုနိုင်ကြောင်း ပြောဆိုခဲ့သည်။

Ref: မဇ္ဈိမ

Read More...

Wednesday, July 8, 2009

ဖိအားပေါင်းစုံအကြားမှာ နအဖအစိုးရဟာလည်း ဆူးကြား ဘူးသီးသလို ဖြစ်နေတယ်

ရဲဘော်ဖိုးသံချောင်း
၆ ဇူလိုင် ၂၀၀၉

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း တပ်ခေါက်သွားပြီ။ တပ်လန်ပြီး ဆုတ်သွားရတယ် ဆိုရင် ပိုမှန် မလားပဲ။ သူတပ်လန်သွားတယ် ဆိုတဲ့အတွက် နအဖ ဗိုလ်ချုပ်တွေ နိုင်လိုက်တယ်လို့ ဆိုနိုင်မလား။ စစ်ဆိုတာ တဖက်က လန်ထွက် သွားတာနဲ့ ကိုယ်က နိုင်လိုက်ရောလို့ မပြောနိုင်ပါဘူး။ ကိုယ့်ဘက်မှာ သေကျေ ကျန်ရစ်တာ၊ နောက်တပွဲ တိုက်စရာ အင်အား မကျန်တာ စတဲ့ အချက်တွေဟာ နိုင်တဲ့လက္ခဏာ မဟုတ်ပါဘူး။ အလွန်ဆုံး အားဖြင့် တကွေ့တော့ ကျော်သွားပါပကောလို့သာ ပြောနိုင်ပါတယ်။

အခုလည်း မစ္စတာဘန်ကီမွန်းပြောသွားတဲ့ နောက်ဆုံးမှတ်ချက် စကားကို နားထောင်ကြည့်ပါ။ “သိပ်စိတ်ပျက် ရတယ်” တဲ့။ နောက်ပြီး “သူတို့ (နအဖအစိုးရ) နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ အဆက်အသွယ် ရဖို့အတွက် အခွင့်အရေးကောင်း တခု လွတ်သွားပြီ” တဲ့။ ငယ်တုန်းက သမိုင်းစာအုပ်ထဲမှာ ပါတဲ့ ကျန်စစ်သားက စောလူးမင်းကို ပြောတဲ့ “ခွေးသေဝက်သေ သေရစ်” ဆိုတဲ့စကားကို သတိ ရစရာပါပဲ။ ဒီတပွဲမှာ နအဖလည်း မနိုင်လိုက်တာ သေချာပါတယ်။ ဒါဟာ နအဖအဖို့ နောက်ဆုံး ရထားကို လွတ်သွားတာလား ဆိုတာကတော့ စောင့်ကြည့် ရမှာပဲ ဖြစ်ပါတယ်။

မစ္စတာဘန်ကီးမွန်း ရောက်လာတာ၊ နအဖဗိုလ်ချုပ်တွေနဲ့ စကားပြောတာ၊ ပြန်သွားတာ စတဲ့ ကမ္ဘာက အာရုံစိုက်တဲ့ ဖြစ်စဉ်ကြီး ဖြစ်ပေါ်နေတာနဲ့ တချိန်တည်းမှာပဲ ဗမာပြည်မှာ လူအများ အာရုံစိုက်ရတဲ့ အဖြစ်အပျက် တခုဟာလည်း တရွေ့ရွေ့ လှုပ်ရှားပြီး ပုံ ပီပြင်လာနေပါတယ်။ အဲဒါကတော့ ဒေါ်အောင်ဆန်းစုကြည်ကို မတရား ဖမ်းချုပ်ပြီး ရုံးတင် တရားစွဲနေတဲ့ အမှုပါပဲ။ စကာစတုန်းက ဖုတ်ပူမီးတိုက် နောက်က ကျားလိုက်နေသလို စစ်ဆေးခဲ့တဲ့ အမှုဟာ အခုတလောမှာ ရုံးချိန်တွေ ရွှေ့ပြီးရင်းရွှေ့ နေတာကို သတိပြုမိကြမယ် ထင်ပါတယ်။ သေချာ နေတာကတော့ နအဖ စစ်ဗိုလ်တွေဟာ အကြံပုပ်ဉာဏ်ယုတ်တွေ ထုတ်နေ ကြပြန်ပါပြီ။ သူတို့ အချိန်ဆွဲတဲ့ နည်းပရိယာယ်ကို ပြန်သုံးနေပါတယ်။ ဒီအမှုကို အချိန်ဆွဲချင် နေကြပါတယ်။ ဒါ ဘာကြောင့် ဖြစ်နိုင်ပါသလဲ။

သေချာနေတဲ့ အချက်နှစ်ချက်ရှိပါတယ်။ တချက်က နအဖစစ်အစိုးရ ဖန်တီးလိုက်တဲ့ ဒီအမှုဟာ ဆင်ကွက်မှန်း၊ လိမ်ဆင်မှန်း အထင်းသား ပေါ်လွင် သွားတာပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ် ထားတဲ့ရက် အချိန်စေ့တာနဲ့ တိုက်တိုက်ဆိုင်ဆိုင် ပေါ်လာတဲ့ အမှုမို့ အမှုစကတည်းက ပြည်တွင်းပြည်ပ လူတိုင်းက သံသယ ရှိကြပါတယ်။ အဲဒီနောက် ဂျွန်ယက်တောက ရုံးမှာ ထွက်ဆိုလိုက်တဲ့ အခါကျတော့ ကိစ္စ အားလုံးဟာ ဗူးပေါ်သလို ပေါ်ကုန်ပါတယ်။ ဒါ့အပြင် ကြာလေ ပိုပေါ်လာလေလိုလည်း ဖြစ်လာနေပါတယ်။ ဒါကြောင့် လက်ရှိရုံးပေါ်က ထွက်ချက်တွေ အတိုင်းသာ ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်ဒဏ် ချရရင် သူတို့ မတရားတာဟာ သိပ်ကို ပေါ်လွင် နေတော့မှာ ဖြစ်နေပါတယ်။

နောက်အကြောင်းတချက်က ဒီအမှုနဲ့ပတ်သက်လို့ ပြည်တွင်း ပြည်ပရဲ့ တုံ့ပြန်မှုပါ။ တုံ့ပြန် ကြတာဟာ နအဖ မျှော်လင့် မထားတဲ့ အတိုင်းအတာ ဖြစ်ပါတယ်။ ဒါကို ခေတ်စကားနဲ့ ရှင်းအောင် ပြောရရင် နအဖ ဗိုလ်ချုပ်တွေ အရမ်း ဖျားသွားပါတယ်။ လုံးဝ မကျေနပ်နိုင်တဲ့ လူတွေဟာ အင်းစိန် ထောင်ဘူးဝမှာ သာမကပဲ မြို့ပေါင်း များစွာမှာ လမ်းပေါင်းများစွာမှာ သူတို့ရဲ့ ဆန္ဒတွေကို နည်းလမ်း ပေါင်းများစွာနဲ့ ဖော်ပြခဲ့ကြပါတယ်။ ဆက်ချမယ်လို့ တာစူ နေတာတွေလည်း အမြောက်အမြား ပေါ်လာခဲ့ပါတယ်။ ဒီအခါမှာ နအဖ စစ်ဗိုလ်တွေ အဖို့ သူတို့ ဘက်က နောက်တဆင့် လှမ်းလိုက်ရင် ဘာဖြစ်မယ် ဆိုတာကို တွက်ဆလို့ မရနိုင်အောင် ဖြစ်သွားပါတယ်။ တဖန်တပ်တွင်းမှာလည်း ဒီကိစ္စအပေါ် မကျေနပ်သံတွေဟာ မကြားချင် အဆုံး ကြားလာရပါတယ်။ ၂ဝ၁ဝ ရွေးကောက်ပွဲ အတွက် ဥပဒေတောင် မထုတ်ပြန်နိုင် သေးဘဲ ခေါင်းခြောက် နေရတဲ့ အချိန်၊ ငြိမ်းအဖွဲ့တွေ ကလည်း သူတို့နဲ့ ကီးမကိုက် ဖြစ်နေလို့ စိတ်ညစ်နေရတဲ့ အချိန်မှာ နအဖ စစ်ဗိုလ်တွေ မြို့ပေါ်၊ လမ်းမပေါ်က ပြဿနာတွေ မပေါ်စေချင်ပါဘူး။ ဒါက ပြည်တွင်းမှာပါ။

ပြည်ပမှာ နိုင်ငံတကာအဝန်းအဝိုင်းက တုံ့ပြန်မှုတွေဟာလည်း နအဖ ဗိုလ်ချုပ်တွေကို ဗမာပြည် သမိုင်းမှာ ဘယ်အစိုးရမှ မကြုံ တွေ့ဖူးသေးတဲ့ ဆန့်ကျင်သဘောထား တွေနဲ့ ရင်ဆိုင်ရပါတယ်။ ဒါသာမက သူတို့က နအဖရဲ့ ခြေလှမ်းကို စောင့်ကြည့်နေ ဦးမယ်၊ ဆက် အရေးယူတန်တာ ယူဦးမယ်ဆိုတာကို အသံပြုလို့ တမျိုး၊ အသံမပြုဘဲ တနည်း အမျိုးမျိုး ဖော်ပြခဲ့ကြပါတယ်။ တင်းတင်းမာမာ သတိပေးခဲ့တဲ့ အစိုးရတွေ ရှိသလို ဘာကြိတ်ပြောလိုက်မှန်း မသိရတဲ့ တရုတ်လို အစိုးရတွေလည်း ရှိနေပါတယ်။

ကုလသမဂ္ဂခန်းမထဲမှာ ဗမာပြည်ရဲ့အရေး ရောက်သွားတယ် ဆိုတာဟာ သမိုင်းမှာ အရင်က တခါတည်း ရှိခဲ့ဖူးပါတယ်။ အဲဒါက ၅ဝ စုနှစ်များ အစောပိုင်းတုန်းက ဗမာပြည်ကို တရုတ်ဖြူ (ကေအမ်တီ) တွေ ကျူးကျော်တဲ့ ကိစ္စတုန်းကပါ။ သတိထား သင့်တာက အဲဒီတုန်းက ဗမာပြည် အစိုးရဟာ တရားလိုပါ။ အခုတော့ နအဖ ဗိုလ်သန်းရွှေတို့ လက်ချက်ကြောင့် ဗမာပြည်ဟာ တရားခံ အဖြစ်နဲ့ ဝက်ခြံထဲမှာ ရောက်နေရပါတယ်။ နောက်ပြီး သူတကာ လက်ညှိုးငေါက်ငေါက် ထိုးတာလည်း ခံနေရပါတယ်။ တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာ ဘယ်တုန်းကမှ အခုကာလလောက် မကျဆင်းခဲ့ ဖူးပါဘူး။

နောက် ထောက်ပြသင့်တဲ့တချက်က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းကို ဗိုလ်သန်းရွှေ တယောက် လက်ခံ တွေ့ဆုံတယ် ဆိုတာဟာ တခြားတနိုင်ငံက နားချလို့ ဖြစ်တယ်ဆိုတဲ့ ကိစ္စပါ။ ဒီအချက်ကို ထောက်ရင် ပြည်တွင်းမှာ မောက်မာလှတဲ့ စစ်ဗိုလ်ချုပ်တွေဟာ ပြည်ပမှာကျတော့ အမြီးကုပ် ခေါင်းငုံ့ နေရတာကို ဖော်ပြ နေပါတယ်။ ဗမာပြည်ကို နိုင်ငံတကာ အသိုင်း အဝိုင်းက ပုံမှန် ချဉ်းကပ်လို့၊ ဆက်ဆံလို့ မရတဲ့ နိုင်ငံတခု အဖြစ် သဘောထားခံရတာကို ဒင်းတို့တတွေ ဂုဏ်ယူစရာလို့ အောက်မေ့ နေသလားလည်း မပြောတတ်ပါ။

အခု နအဖစစ်အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင်လိုက်တဲ့ အတွက် ဒီလို ပြည်တွင်း ပြည်ပက ဆန့်ကျင်မှုတွေ အုံကြွ ပေါ်ပေါက်လာတာကို အာရုံလွှဲဖို့၊ အေးသွား၊ ငြိမ်သွားအောင် လုပ်ဖို့ နည်းနာပေါင်းစုံ ရှာနေပါတယ်။ ဘော့လုံးပွဲတွေထဲ၊ ချဲထီတွေ၊ နှစ်လုံးထီ၊ သုံးလုံးထီတွေထဲ အာရုံ ပြောင်းသွားအောင် လုပ်နေ ပါတယ်။ အဲဒီလို တနပ်စား နည်းပရိယာယ်တွေ ထဲမှာ အမှုကို အချိန်ဆွဲပြီး အကြာကြီး စစ်ဆေးတာလည်း ပါတယ်လို့ ပြောလို့ရပါပြီ။ ဒီအချက်ကို ကြည့်လိုက်ရင်ပဲ ဒီအမှုဟာ အစကနေ အဆုံး ရာဇဝတ်မှု မဟုတ်ဘဲ နိုင်ငံရေး လုပ်ကြံမှုတရပ် ဖြစ်တယ်ဆိုတာ ထင်ရှားသထက်၊ ထင်ရှားလာနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်ပေးတာကို ပြည်တွင်းပြည်ပက အပြင်းအထန် တုံ့ပြန် လာမှာစိုးလို့ အချိန်ဆွဲနေတာ ဆိုရင် သူတို့က ဘယ်လို ပြစ်ဒဏ်ချမှာ မို့လဲလို့ မေးစရာ ဖြစ်လာပါတယ်။ ပြစ်ဒဏ် အကြီးကြီး ပေးဖို့ ကြံစည်ထားတာမို့ ဒီလို အကြီးအကျယ် စိုးရိမ်ကြောင့်ကြ နေတာလား၊ လွှတ်ပေးမှာ ဆိုရင် ဘာမှ ကြောက်နေစရာ မလိုဘူး မဟုတ်လားလို့ စောဒက တက်စရာ ရှိပါတယ်။ ဒီမေးခွန်းကို ဖြေရမယ်ဆိုရင် ဒီအမှုဟာ နိုင်ငံရေးအမှု ဖြစ်တဲ့အတွက် ပြည်တွင်းပြည်ပ နိုင်ငံရေး ဖြစ်ပေါ်မှုတွေနဲ့ ဆက်နေမယ်လို့ ဆိုရပါမယ်။ သူတို့ဟာ ပြစ်ဒဏ်မချခင် ပြည်တွင်းပြည်ပ အနေအထားတွေကို ထည့်သွင်း သုံးသပ်တာ မလုပ်ဘဲ နေလို့ မရပါဘူး။

ဒီလိုဆိုတဲ့အတွက် ပြည်သူလူထုအနေနဲ့ ဒီအမှုကို နအဖက အမြန်စစ်ပါ၊ တရားစီရင်ပါလို့ တောင်းဆိုလို့ မဖြစ်ပါဘူး။ ဒီအမှုဟာ မတရားဆင်ထားတဲ့ အမှုဖြစ်တဲ့ အတွက် “ရုံးတင် စစ်ဆေး နေတာတွေကို ချက်ချင်း ရပ်ဆိုင်းပြီး ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ချက်ချင်း လွှတ်ပေးရမယ်” ဆိုတာကနေ တပြားမှ လျှော့လို့ မဖြစ်ပါဘူး။ ဒီအတိုင်းပဲ အစအဆုံး ရပ်တည်ရမှာပါ။ ဒီအတောအတွင်းမှာ နအဖက အချိန်ဆွဲ နေတာဟာ ကိုယ့်ဘက်က ပြင်ဆင်ရမှာတွေကို ပြင်ဆင်ဖို့ အတွက် အချိန်ရတာပဲလို့ သဘောထားပြီး ပြင်ဆင်မှုတွေ လုပ်ကြရပါမယ်။ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ ဘီလူးစည်း လူစည်း ကွဲတော့မှာ ဖြစ်တဲ့အတွက် အဲဒီအတွက် ပြင်ဆင်တာလည်း တပါတည်း ဖြစ်သွားနိုင်ပါတယ်။


ရဲဘော်ဖိုးသံချောင်း

Ref: ခေတ်ပြိုင်

Read More...

ရွှေဂုံတိုင်ကြေညာစာတမ်းကို နအဖ ကျောခိုင်းခြင်းဖြစ်ဟု သတင်းစာ ဆရာကြီး ဦးဝင်းတင်က ပြောကြား

မင်းနိုင်သူ / ၇ ဇူလိုင် ၂၀၀၉

အန်အယ်လ်ဒီက ထုတ်ပြန်ထားသော ရွှေဂုံတိုင်ကြေညာစာတမ်းပါ အချက် အလက် အားလုံးကို နအဖ စစ်အစိုးရက ကျောခိုင်းထားကြောင်း မစ္စတာ ဘန်ကီမွန်း၏ ခရီးစဉ်အတွင်း သိသာစေပြီ ဖြစ်သည်ဟု အန်အယ်လ်ဒီ ပါတီဝင် ၀ါရင့်သတင်းစာ ဆရာကြီး ဦးဝင်းတင်က ပြောသည်။

အန်အယ်လ်ဒီပါတီက ဧပြီလအတွင်း ထုတ်ပြန်ခဲ့သော ရွှေဂုံတိုင် ကြေညာချက်တွင် အဖွဲ့ချုပ် ခေါင်းဆောင်များ အပါအ၀င် နိုင်ငံရေး အကျဉ်းသားအားလုံး ခြွင်းချက်မရှိ ပြန်လွှတ်ပေးရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှ ဒီမိုကရေစီ စံနှုန်းများနှင့် မကိုက်ညီသည့် အချက်များကို ပြင်ဆင် ပေးရေးနှင့် အားလုံး ပါဝင်နိုင်မည့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ အဖြစ် နိုင်ငံတကာ၏ စောင့်ကြပ် လေ့လာမှုကို ခွင့်ပြုရေး စသည့်အချက်များကို တောင်းဆိုထားသည်။

ဦးဝင်းတင်က “အခု မစ္စတာဘန်ကီမွန်း လာပြီးတောင်းဆိုတာတွေ ကလည်း အန်အယ်လ်ဒီရဲ့ တောင်းဆိုချက်တွေနဲ့ အခြေခံမူ အားဖြင့် အတူတူပဲ။ ဒါ့ကြောင့် သူ့ခရီးစဉ်အတွင်းမှာ အစိုးရဘက်က အားရ ကျေနပ်လောက်ဖွယ် ကောင်းတဲ့ လိုက်လျောမှုတွေ မရှိဘူးဆိုတော့ အန်အယ်လ်ဒီက တောင်းဆိုထားတဲ့ ရွှေဂုံတိုင် ကြေညာချက်ကလည်း ဘာမှဖြစ်လာမှာ မဟုတ်ဘူးဗျ။ ဘာမှ မျှော်လင့်နိုင်တဲ့ အခြေအနေမှာ မရှိဘူး” ဟု ပြောသည်။

သို့ရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အနေဖြင့် မူဝါဒသစ်များ ပြောင်းလဲ ချမှတ်ရေးမှာလည်း ပါတီ ဖွဲ့စည်းခွင့် ဆိုင်ရာ ဥပဒေ၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများ ပေါ်ထွက်လာပြီးမှသာ ဖြစ်နိုင်လိမ့်မည်ဟု ဦးဝင်းတင်က ပြောသည်။

“အန်အယ်လ်ဒီပါတီထဲမှာလည်း သဘောထား အနုအရင့် ကွဲပြား တာလေးတွေတော့ ရှိတာပေါ့လေ။ အဲဒါတွေကို ညှိနှိုင်းပြီးတော့ လုပ်ဆောင် ကြရမှာပေါ့။ ကျနော်ကတော့ ဒေါ်အောင်ဆန်း စုကြည်ကို အမှုတင် စစ်ဆေးပြီ ဆိုကတည်းက နအဖ အစိုးရက ရွှေဂုံတိုင် ကြေညာချက်ပါ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကို ရိုက်ချိုးလိုက်ပြီလို့ ကျနော်ပြောခဲ့တယ်” ဟု ၎င်းက ပြောသည်။

မစ္စတာဘန်ကီမွန်းအနေဖြင့် ဒုတိယမြောက် မြန်မာနိုင်ငံခရီးစဉ်တွင် ဒေါ်အောင်ဆန်း စုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး၊ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးနှင့် အများ ယုံကြည် လက်ခံနိုင်သည့် ရွေးကောက်ပွဲ ဖြစ်မြောက်ရေးတို့ အတွက် အဓိက တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးသွားမည်ဟု ခရီးစဉ် မစတင်မီကပင် ပြောကြားခဲ့သည်။

ထိုကိစ္စများတင်ပြဆွေးနွေးရန် နအဖဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ဆုံရာတွင် မစ္စတာ ဘန်ကီမွန်းက ဒေါ်အောင်ဆန်း စုကြည်နှင့်တွေ့ဆုံရန် (၂) ကြိမ်တိုင်တိုင် တောင်းဆိုသည်ကို ပယ်ချခံခဲ့ရသည်။ နိုင်ငံရေး ပါတီများနှင့် တွေ့ဆုံ ဆွေးနွေးရာတွင်လည်း လုံလောက်သည့် အချိန် မရရှိဘဲ အဓိက ပါတီကြီးဖြစ်သည့် အန်အယ်လ်ဒီနှင့် မိနစ် (၂၀) ခန့်သာ တွေ့ဆုံခွင့် ရခဲ့သည်ဟု သိရသည်။

ယင်းအခြေအနေများနှင့်ပတ်သက်၍ ဦးဝင်းတင်က “မစ္စတာ ဂမ်ဘာရီ လာစဉ်ကတည်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့် မပေးနိုင်ဘူးဆိုပြီး ကြိုပြောထားပြီးသားလို့ သတင်းစာမှာ ရေးတယ်ဗျ။ ဆိုတော့ မစ္စတာဘ န်ကီမွန်းအနေနဲ့ ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို အမှုတင် စစ်ဆေးနေတဲ့ နောက်ပိုင်းမှာ နိုင်ငံတကာ ဖိအားတွေ ပိုများလာတဲ့ အတွက်ကြောင့်သာ မလာ မဖြစ် လာခဲ့ရတာလို့ ကျနော်ထင်တယ်” ဟု ဦးဝင်းတင်က ပြောသည်။

မစ္စတာဘန်ကီမွန်း၏ အများကယုံကြည်လက်ခံနိုင်သည့် ရွေးကောက်ပွဲ ဖြစ်ရေးနှင့် စပ်လျဉ်း၍ ကုလသမဂ္ဂက အကူအညီ ပေးလိုပါသည် ဆိုသော ကမ်းလှမ်းချက်ကိုလည်း ဗိုလ်ချုပ်မှူးကြီးက တစုံတရာ တုံ့ပြန်ခဲ့ခြင်း မရှိပေ။

၂၀၁၀ ရွေးကောက်ပွဲတွင် အားလုံးပါဝင်နိုင်ရေးရှိရမည်ဟု ဗိုလ်ချုပ်မှူးကြီးက ပြောသော်လည်း ဗိုလ်ချုပ်မှူးကြီး ပြောသော အားလုံး ပါဝင်ခွင့် ရှိရေးနှင့် မစ္စတာဘန်ကီမွန်း ပြောသော အားလုံး ပါဝင်ခွင့် ရရှိရေးသည် စံသတ်မှတ်နှုန်းများ တူမည် မဟုတ်ကြောင်း ဦးဝင်းတင်က ပြောသည်။

“ဒီဖွဲ့စည်းပုံအခြေခံဥပဒေမှာကိုက သာမန် အရပ်သားများ အတွက် ကန့်သတ် ထားတာတွေက အများကြီး ရှိနေတယ်။ တခြား လက်မခံနိုင်တဲ့ အချက်တွေလည်း အများကြီးပေါ့။ ဒါပေမယ့် အမြင်သာဆုံး ပြောရရင် ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးကို ရွေးကောက်ပွဲ ၀င်လို့ မရအောင် လုပ်ထားတာမျိုးတွေ ရှိတယ်။ ဒါကြောင့် ဖွဲ့စည်းပုံ ပြင်ဆင်ရေးဟာ အရေးကြီးတယ်လို့ ပြောနေတာ” ဟု ၎င်းက ဆက်လက်ရှင်းပြသည်။

မစ္စတာဘန်ကီမွန်း၏ ဒုတိယရည်မှန်းချက်ဖြစ်သည့် အမျိုးသား ရင်ကြားစေ့ရေး အတွက် အန်အယ်လ်ဒီ ဘက်က တွေ့ဆုံ ဆွေးနွေးရေး လမ်းကြောင်း အစဉ်အမြဲ ဖွင့်ထားသော်လည်း နအဖ စစ်အစိုးရက တက်လာခြင်း မရှိဟု ဦးဝင်းတင်က ပြောသည်။

၎င်းက “ဒီတွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းဆိုတာ ၁၉၈၈ ခုနှစ် အောက်တိုဘာလ ကတည်းက ဒေါ်စုကိုယ်တိုင် လက်မှတ်ထိုးပြီး တင်ခဲ့တဲ့ လမ်းကြောင်း။ ဒီလမ်းကြောင်းဟာ အခုထိ ရှိနေသေးတယ်” ဟု ပြောကြားသည်။

Ref: ခေတ်ပြိုင်

Read More...

မစ္စတာဘန်ကီမွန်း၏ မိန့်ခွန်းကောက်နုတ်ချက်များ

Tuesday, 07 July 2009 18:27

မြန်မာနိုင်ငံရှိ နိုင်ငံခြားသံတမန်များ၊ ကုလသမဂ္ဂအေဂျင်စီများ၊ အစိုးရမဟုတ်သည့် နိုင်ငံတကာ အဖွဲ့အစည်းများကို ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ပြောဆိုခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ မိန့်ခွန်း ကောက်နုတ်ချက်များ

၂၀၀၉ ခုနှစ်၊ ဇူလိုင် ၄ ရက်၊ ရန်ကုန်မြို့



လေးစားအပ်ပါသော သံအမတ်ကြီးများ၊ ဧည့်သည်တော်ကြီးများနှင့် လုပ်ဖော် ကိုင်ဖက်များ၊ လူကြီးမင်းများ ခင်ဗျာ..

ယခုခရီးစဉ်ဟာ တနှစ်ကျော်ကာလ အတွင်း ကျနော့်ရဲ့ ဒုတိယ အကြိမ်မြောက် မြန်မာနိုင်ငံ ခရီးစဉ် ဖြစ်ပါတယ်။ ခရီးစဉ် နှစ်ခုစလုံးဟာ မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် အလွန် အရေးကြီးတဲ့ အချိန်များမှာ လာရောက်ခြင်း ဖြစ်ပါတယ်။

ကျနော့်ရဲ့ ပထမခရီးစဉ်ကတော့ ဆိုင်ကလုန်မုန်တိုင်း နာဂစ် တိုက်ခတ်ပြီး နောက်ပိုင်းမှာ ဖြစ်ပါတယ်။ လူ့ အသက်ပေါင်း များစွာ သေကြေပျက်ဆီးပြီး ဒုက္ခပင်လယ် ဝေခဲ့ရတဲ့ အဲဒီ သဘာဝ ဘေးဒုက္ခကြီးဟာ တကမ္ဘာလုံးကို တုန်လှုပ်စေခဲ့ပါတယ်။ မြန်မာနိုင်ငံက လိုအပ်နေတဲ့ အချိန်မှာ ကမ္ဘာကြီးကလည်း ရက်ရက် ရောရော တုန့်ပြန်ခဲ့ပါတယ်။

မုန်တိုင်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး လုပ်ငန်းတွေမှာ အံ့သြစရာ ကောင်းလောက်အောင် ကြိုးပမ်းအား ထုတ်ခဲ့ကြတဲ့ အတွက် ယခု တက်ရောက်လာကြသူ အားလုံးကို ကျနော့် အနေနဲ့ အထူး ကျေးဇူး တင်ရှိပါတယ်။

လူကြီးမင်းတို့ဟာ အသက်ပေါင်းများစွာကို ကယ်တင်ခဲ့ကြ သူတွေ ဖြစ်ပါတယ်။ လူ ထောင်ပေါင်း များစွာအတွက် အသက်မွေးဝမ်းကြောင်း လုပ်ငန်းတွေ ပြန်လည် ရရှိစေဖို့ ဆောင်ရွက်နိုင်ခဲ့ပြီး မုန်တိုင်းဒဏ် ခံခဲ့ကြရတဲ့ လူ့အဖွဲ့ အစည်းကို ပြန်လည်ရှင်သန် နိုးကြားစေခဲ့ပါတယ်။

ကြွရောက်လာကြတဲ့ လူကြီးမင်းများခင်ဗျာ -

အာရှတိုက်သား တဦးအနေနဲ့ကော၊ အထွေထွေ အတွင်းရေးမှူးချုပ် အနေနဲ့ပါ ဆိုင်ကလုန်း နာဂစ်ရဲ့ ၀မ်းနည်းဖွယ်ရာ ဖြစ်ရပ်ဆိုးကြီးကို ကျတော် နက်နက်ရှိုင်းရှိုင်း ခံစားခဲ့ရပါတယ်။

ကျွန်တော်ဟာ အာရှတိုက်ရဲ့ ဒုတိယမြောက် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဖြစ်ပါတယ်။ ပထမ အထွေထွေ အတွင်းရေးမှူး ချုပ်ကတော့ မြန်မာနိုင်ငံက ဦးသန့်ပါ။ ကျွန်တော်ဟာ ဦးသန့်ရဲ့ လုပ်ဆောင်ချက် တွေကို လေးစား ကြည်ညိုသူဖြစ်ပြီး သူ့ရဲ့ အမျှော်အမြင် ကြီးမားလှတဲ့ စကားတွေကိုလည်း ပြန်လည် အောင့်မေ့ မိပါတယ်။

ဦးသန့်က `လူသားတဦးရဲ့ တန်ဖိုးဟာ တန်ဖိုး ထားအပ်သမျှ အရာ အားလုံးထဲမှာ တန်ဖိုး အရှိဆုံး ဖြစ်ပြီး ကျွန်ုပ်တို့ အားလုံး ကြိုးပမ်း အားထုတ်မှုများရဲ့ အစလည်း ဖြစ်သလို အဆုံးလည်း ဖြစ်ပါတယ်။

အစိုးရများ၊ စံနစ်များ၊ အတွေး အခေါ် အယူအဆများနဲ့ အဖွဲ့အစည်းများဟာ ဖြစ်တည်ပြီး ပျက်ဆီး နိုင်ပါတယ်။ သို့ပေမယ့် လူသားမျိုးနွယ် ကတော့ ဆက်လက် တည်ရှိ နေပါလိမ့်မယ်´ လို့ ပြောခဲ့ပါတယ်။

ကျနော် အခုလို ပြန်လည် လာရောက်ရခြင်း အကြောင်းရင်းက အဲဒါကြောင့်ပါ။

အထွေထွေအတွင်းရေးမှူးချုပ် အနေနဲ့ မြန်မာပြည်သူတွေ သူတို့ မျှော်လင့်တောင့်တ ပိုင်ခွင့်ရှိတဲ့ အရာတွေကို ရရှိနိုင် စေဖို့အတွက် အကူအညီ ပေးရမယ့် ကိစ္စဟာ အရေးအကြီးဆုံး လုပ်ငန်း တရပ်ဖြစ်ပါတယ်။

ကုလသမဂ္ဂဟာ ပြည်သူတွေရဲ့ အခွင့်အရေးတွေ၊ ကောင်းမွန်တဲ့ ဘ၀တွေနဲ့ လူ့ ဂုဏ်သိက္ခာ ရှိရှိ နေထိုင်နိုင်စေဖို့ ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။ အဲဒီလို ဆောင်ရွက် နေခြင်းဟာ ရွေးချယ်ထားတဲ့ နည်းလမ်းတခု မဟုတ်ပါဘူး။ ကျနော်တို့ရဲ့ တာဝန် ၀တ္တရားသာ ဖြစ်ပါတယ်။

အခု ကျွန်တော် မြန်မာနိုင်ငံကို လာရောက်ခြင်းဟာ ကုလသမဂ္ဂက မြန်မာ ပြည်သူတွေအပေါ် ထားရှိတဲ့ မယိမ်းယိုင်တဲ့ သံန္နိဌာန်ကို ပြသဖို့ အတွက် ဖြစ်ပါသည်။

ဒီနေ့ ကျနော် ဒီနေရာကနေ ပြောချင်တာကတော့ မြန်မာပြည်သူများ ခင်ဗျား ခင်ဗျားတို့ဟာ အထီးကျန် နေသူများ မဟုတ်ပါဘူး။
စည်းလုံးညီညွတ်ပြီး ငြိမ်းချမ်းသာယာ ၀ပြောတဲ့ ခေတ်သစ် ဒီမိုကရေစီ မြန်မာ နိုင်ငံတော်ကြီးကို တည်ဆောက်ရာမှာ ခင်ဗျားတို့နဲ့ အတူတကွ ကျနော်တို့လည်း ပါဝင်ချင်ပါတယ်။ ဆင်းရဲမွဲတေ မှုကနေ ပြန်လည် ရုန်းထွက်နိုင်ဖို့ အတွက် ခင်ဗျားတို့ကို ကျနော်တို့ ကူညီချင်ပါတယ်။

မြန်မာနိုင်ငံဟာ လေးစားထိုက်ပြီး တာဝန်သိတတ်တဲ့ အဖွဲ့ဝင်နိုင်ငံ တနိုင်ငံအဖြစ် နိုင်ငံတကာ အသိုင်းအ၀န်း ကြားမှာ ရပ်တည်လာနိုင်စေဖို့ ကျနော်တို့လည်း ခင်ဗျားတို့နဲ့ အတူ ဆောင်ရွက်ချင်ပါသည်။

အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ရေရှည်တည်တံ့မယ့် ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုး တိုးတက်မှုတို့ ရရှိစေဖို့ အတွက် ကျနော်တို့လည်း ခင်ဗျားတို့နဲ့ အတူတကွ ဆောင်ရွက်ချင်ပါတယ်။

သို့ပေမယ့် ကျွန်တော်အလေးအနက်ထား ပြောချင်တာကတော့ ဒီမိုကရေစီနဲ့ လူ့ အခွင့်အရေးကို လေးစားလိုက်နာခြင်း မရှိဘဲ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုး တိုးတက်မှုကို မရရှိနိုင်ဘူးဆိုတဲ့ အချက်ဖြစ်ပါတယ်။

မြန်မာနိုင်ငံက ချွင်းချက်မဟုတ်ပါဘူး။

ကြွရောက်လာကြတဲ့ လူကြီးမင်းများခင်ဗျာ -

စိန်ခေါ်မှုတွေကတော့ အများအပြားရှိနေပါတယ်။ ဒါပေမယ့် အဲဒီ စိန်ခေါ်မှုတွေဟာ ဖြေရှင်း မရနိုင်တဲ့ အရာတွေတော့ မဟုတ်ပါဘူး။
ငြိမ်းချမ်းသာယာတဲ့၊ ဒီမိုကရေစီထွန်းကားတဲ့၊ ကြွယ်ဝချမ်းသာတဲ့ မြန်မာနိုင်ငံ ဖြစ်လာဖို့ ဆိုတာ အလွန် ရှုပ်ထွေးတဲ့ ဖြစ်စဉ်တခု ဆိုတာကို အတွေ့ အကြုံ တွေကတဆင့် ကျနော်တို့ သိရှိခဲ့ပါတယ်။

မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ ဘယ် ပြဿနာရပ်မဆို ၎င်းတို့ ကိုယ်တိုင် ဖြေရှင်းနိုင်ခြင်း မရှိပါဘူး။ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုး တိုးတက်ရေးနဲ့ လူ့ အခွင့်အရေးတွေဟာ တခုနဲ့တခု အပြန်အလှန် နီးကပ်စွာ ဆက်စပ်လျက် ရှိပါတယ်။

အဲဒီ ပြဿနာရပ်တွေကို တန်းတူအလေးထား ဖြေရှင်းဆောင်ရွက်ဖို့် ပျက်ကွက် တာဟာ ဒီမိုကရေစီ၊ အရှည် တည်တံ့မယ့် ငြိမ်းချမ်းရေးနဲ့ ကြွယ်ဝ ချမ်းသာခြင်းတို့ အတွက် အလားအလာတွေကို ဆိတ်သုဉ်းအောင် လုပ်နေသလို အန္တရာယ် ရှိပါတယ်။

ဒါပေမယ့် တွေ့ဆုံဆွေးနွေးရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် အမှန်တကယ် စိတ်ဆန္ဒ ရှိမည်ဆိုရင် အခက်အခဲ အားလုံးကို ကျော်လွှားနိုင်မည်ကို ကျွန်တော်တို့လည်း သိရှိပါသည်။

ယနေ့အခါသမယတွင် မေးရမည့်မေးခွန်းမှာ အမျိုးသားပြန်လည် သင့်မြတ်ရေး၊ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးနှင့် လူ့ အခွင့်အရေးများကို အပြည့်အ၀ လေးစား လိုက်နာရေးတို့ အတွက် မြန်မာနိုင်ငံသည် အချိန် မည်မျှကြာကြာ စောင့်ဆိုင်းရန် တတ်နိုင်ပါသေး သနည်း။

နှောင့်နှေးကြန့်ကြာခြင်းအတွက် ပေးဆပ်ရမှုတွေ ကတော့ ပြည်သူတို့ရဲ့ ဘ၀တွေ အချည်းအနှီး ဖြစ်ခြင်း၊ အခွင့်အလမ်းများ ဆုံးရှုံးခြင်းနဲ့ နိုင်ငံတကာ အသိုင်းအ၀န်းက ကာလကြာရှည် ဖယ်ကျဉ် ထားခြင်းတို့ ဖြစ်ပါလိမ့်မယ်။

ကျနော့်အနေနဲ့ ရှင်းရှင်းလင်းလင်း ပြောချင်တဲ့ အချက်ကတော့ မြန်မာပြည်သူ အားလုံးဟာ အမျိုးသား အကျိုးစီးပွား အတွက် လုပ်ဆောင်ရမည် ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ တရားဝင်မှတ်ပုံတင်ထားတဲ့ နိုင်ငံရေး ပါတီတွေနဲ့ အပစ်အခတ် ရပ်စဲရေး လမ်းကြောင်းကို ရွေးခဲ့တဲ့ လက်နက်ကိုင် အဖွဲ့တွေက ကိုယ်စားလှယ်တွေကို မနေ့က တွေ့ဆုံစဉ်က ဒီအချက်ကို ကျနော် ပြောခဲ့ပါသေးတယ်။ ဒီမိုကရေစီ လုပ်ငန်းစဉ်တွေနဲ့ ငြိမ်းချမ်းရေး အတွက် ဒီ အဖွဲ့အစည်းတွေက သံန္နိဌာန်ချ ဆောင်ရွက်ကြဖို့ ကျနော် တိုက်တွန်းခဲ့ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အဓိကတာဝန်ရှိသူကတော့ မြန်မာ အစိုးရဖြစ်ပြီး တိုင်းပြည်ကို သူတို့ ဖော်ပြထားခဲ့တဲ့ ရည်မှန်းချက်တွေ ဖြစ်တဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ဒီမိုကရေစီ ရရှိရေး ဆီကို ခေါ်ဆောင် သွားသင့်ပါတယ်။

ဒီလို လုပ်ဆောင်ဖို့ ပျက်ကွက်ခြင်းဟာ မြန်မာပြည်သူတွေရဲ့ စွမ်းရည်တွေကို အပြည့်အ၀ သိနားလည် စေခြင်းက တားဆီး ပိတ်ပင်ထားရာလည်း ရောက်ပါတယ်။

ဒီလို လုပ်ဆောင်ဖို့ ပျက်ကွက်ခြင်းဟာ မြန်မာပြည်သူတွေကို လူ့ဂုဏ် သိက္ခာရှိရှိ နေထိုင်နိုင်တဲ့ အခွင့်အရေး၊ ပိုမို ကျယ်ပြန့်တဲ့ လွတ်လပ်မှုနဲ့အတူ ကောင်းမွန်တဲ့ လူနေမှု အဆင့်အတန်း ရရှိစေဖို့ ငြင်းဆန်တာနဲ့ တူတူပါပဲ။

ဒီလို မူဝါဒ စည်းမျဉ်းများဟာ ကုလသမဂ္ဂ ပဋိဉာဉ်စာတမ်းရဲ့ အခြေခံ ကြောရိုးဖြစ်ပြီး ဒီစာတမ်းရဲ့ ပထမဆုံး စကားလုံး ကတော့ `ကျွန်ုပ်တို့ ပြည်သူများသည်´ ဖြစ်ပါတယ်။

လွတ်လပ်တဲ့ မြန်မာနိုင်ငံကို တည်ထောင်ခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ ဒီလို မြင့်မြတ်တဲ့ ဝေါဟာရကို ထပ်တူ ဖော်ပြထားခဲ့ပါတယ်။ ဒီ မူဝါဒစည်းမျဉ်းတွေကို မြန်မာနိုင်ငံရဲ့ အနာဂတ်မှာလည်း အသေအချာ ထည့်သွင်းထားဖို့ ကျနော်တို့ အတူတကွ ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။

ဒီအချက်ကို အလေးအနက်ထားပြီး သတင်းစကား သုံးခုကို ကျနော် သယ်ဆောင် လာခဲ့ပါတယ်။

ပထမသတင်းစကားကတော့ လူသားရဲ့ ဂုဏ်သိက္ခာကို လေးစားခြင်းဟာ ဘယ်ရပ် ဒေသမှာ မဆို ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုး တိုးတက်မှု အတွက် ကြိုတင် လိုအပ်ချက်တခု ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ လူ့အခွင့်အရေး ကြေညာစာတမ်းကို လက်မှတ်ရေးထိုး ခဲ့တဲ့ ကုလသမဂ္ဂရဲ့ ပထမဦးဆုံး အဖွဲ့ဝင် နိုင်ငံတွေထဲမှာ ပါဝင်ပါတယ်။

လူ့အခွင့်အရေးနဲ့ အခြေခံ လွတ်လပ်မှုကို လေးစား လိုက်နာခြင်းဟာ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေး တိုးတက်မှု များအတွက် မရှိမဖြစ် လိုအပ်ချက်ဖြစ်တယ် ဆိုတာကို အားလုံးရဲ့ သဘောဆန္ဒနဲ့ အဲဒီကြေညာချက်က အာမခံထားပါ တယ်။

ကံမကောင်းအကြောင်းမလှစွာနဲ့ဘဲ အဲဒီ ကတိ က၀တ်က လက်တွေ့ လုပ်ဆောင်ချက်နဲ့ ကိုက်ညီမှု မရှိခဲ့ပါဘူး။ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး မှတ်တမ်းတွေဟာ အလွန်စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေဆဲ ဖြစ်ပါတယ်။

မြန်မာအစိုးရဟာ သူတို့ရဲ့ ရည်ရွယ်ချက်တွေအဖြစ် တည်ငြိမ်ရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ဒီမိုကရေစီရေး တွေကို ရှင်းရှင်းလင်းလင်း ပြောဆို ထားခဲ့ပါတယ်။

လာမည့်နှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ အများလက်ခံ ယုံကြည်ထိုက်တဲ့ ရွေးကောက်ပွဲ တခု ဖြစ်ချင်ရင် အဖွဲ့အစည်း အားလုံး ပါဝင်ယှဉ်ပြိုင်နိုင်ဖို့၊ အများပူးပေါင်း ပါဝင် လုပ်ဆောင်နိုင်ဖို့ ထင်သာမြင်သာ ရှိဖို့ ဆောင်ရွက် ပေးရပါမယ်။
မြန်မာနိုင်ငံရဲ့ အနာဂတ်လမ်းကြောင်းဟာ လူအခွင့်အရေးကို လေးစား လိုက်နာမှု အပေါ်မှာ အခြေတည်ရပါမယ်။
ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသား အားလုံးကို အချိန်မဆွဲဘဲ ပြန်လည် လွှတ်ပေးသင့်တယ်လို့ ကျနော် ပြောဆိုနေခြင်း ဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တွေ့ဆုံခဲ့တဲ့ မနေ့ကနဲ့ ဒီနေ့မှာ ဒေါ်အောင်ဆန်း စုကြည်ကို တွေ့ခွင့်ပေးဖို့ ကျနော် တောင်းဆို ခဲ့ပါတယ်။ သူက ငြင်းဆန်လိုက်တဲ့ အတွက် ကျနော် အလွန်အမင်း စိတ်ပျက်ခဲ့ပါတယ်။

မြန်မာ့ နိုင်ငံရေး ခေတ်သစ်တခု ပွင့်လန်းလာစေမယ့် သူတို့ရဲ့ သံန္နိဌာန်ကို ပြသဖို့ အကောင်းဆုံး အခွင့်အလမ်း တခုကို မြန်မာအစိုးရ လက်လွှတ် ဆုံးရှုံးခဲ့ပြီလို့ ကျနော် ယုံကြည်ပါတယ်။

၂၀၁၀ မှာ ကျင်းပမယ့် ရွေးကောက်ပွဲကို ယုံကြည်ထိုက်ခြင်း ရှိမရှိဆိုသည့် အချက်က ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခွင့် ပေးတဲ့အပေါ်မှာ မူတည်ပါတယ်။ ဒီအချက်ဟာ မရှိမဖြစ် အရေးကြီးတဲ့၊ အစိုးရရဲ့ အဓိပ္ပာယ်ရှိတဲ့ ပူးပေါင်း ဆောင်ရွက်မှုကို ပြသရမယ့် အရေးကြီး သင်္ကေတ တခု ဖြစ်ပါလိမ့်မယ်။

နောက်ထပ် အချိန်ဆွဲမနေဘဲ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေး ဖြစ်စဉ်တွေထဲမှာ ပါဝင် ဆောင်ရွက်ခွင့် ပေးဖို့ ခွင့်ပြု ရပါမယ်။
အမှန်တကယ်အားဖြင့် မြန်မာနိုင်ငံသား အားလုံးကို ဤတိုင်းပြည်၏ အနာဂတ် အကျိုးအတွက် အပြည်အ၀ ပံ့ပိုးကူညီ ဆောင်ရွက်ပိုင်ခွင့် ပေးရပါမည်။

ဒီလို ပံ့ပိုးကူညီချင်သူ အားလုံးနဲ့ လွတ်လွတ်လပ်လပ်၊ တက်တက်ကြွကြွ ပူးပေါင်း ပါဝင်နိုင်ခြင်း မရှိဘဲ အမျိုးသား ပြန်လည် သင့်မြတ်ရေး ရရှိနိုင်မှာ မဟုတ်ပါဘူး။

သက်ဆိုင်ရာ ပါတီတွေအားလုံး၊ တိုင်းရင်းသားအုပ်စု အားလုံးနဲ့ လူနည်းစု လူမျိုးအားလုံး ပါဝင်တဲ့ စစ်မှန်သော တွေ့ဆုံ ဆွေးနွေးရေး လုပ်ငန်းစဉ်တခုကို မြန်မာနိုင်ငံက စတင် အကောင်အထည်ဖော်ဖို့ လိုပါတယ်။

ပြည်သူတွေအနေနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ လွတ်လပ်စွာ ပါဝင် ငြင်းခုံပိုင်ခွင့် ရှိရပါမယ်။ ဒီမိုကရေစီလုပ်ငန်းစဉ်ထဲ မှာ မြန်မာပြည်သူတွေ အဓိပ္ပာယ်ရှိရှိနဲ့ ပူးပေါင်း ပါဝင်ဆောင်ရွက်နိုင်ဖို့ အထောက်အကူပြုတဲ့ သတင်း အချက်အလက် တွေကို လွတ်လပ်စွာ ရယူခွင့် ရှိရပါမယ်။

ကြွရောက်လာကြတဲ့ လူကြီးမင်းများခင်ဗျာ -

အသွင်ကူပြောင်းတဲ့ ကာလတိုင်းဟာ ခက်ခဲပါတယ်။ မြန်မာနိုင်ငံဟာ အချုပ်အခြာ အာဏာပိုင် ဘုရင်နိုင်ငံမှသည် အသိမ်းပိုင်ခံ ကိုလိုနီနဲ့ ယခုအခါ လွတ်လပ်တဲ့ နိုင်ငံတနိုင်ငံ အဖြစ် အသွင် ကူပြောင်းရေး ကာလများကို ကြုံတွေ့ခဲ့ဖူး ပြီးဖြစ်ပါတယ်။

ဒီသမိုင်းကြောင်းဟာ လက်နက်ကိုင်ပဋိပက္ခနဲ့ နိုင်ငံရေး ထွက်ပေါက် မရှိခြင်းဆိုတဲ့ အမွေနှစ်ရပ်ကို သယ်ဆောင် ခဲ့ပါတယ်။ နိုင်ငံရေး ထွက်ပေါက်မရှိခြင်း ဆိုတာဟာ ၁၉၈၈ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေကို ဖိနှိပ်မှု၊ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ရလဒ်ကို ပယ်ဖျက်မှုနဲ့ ဒီနေ့ အချိန်အထိ ဆက်လက် ဖြစ်ပွားနေတဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေကို အကြမ်းဖက် နှိမ်နှင်းမှု စတဲ့ မကြာသေးခင်က စိတ်ထိခိုက် စရာကောင်းလှတဲ့ ဖြစ်ရပ်တွေ ပါဝင်ပါတယ်။

တချိန်တည်းမှာပဲ အသိအမှတ်ပြုသင့်တဲ့ အပြုသဘော ကြိုးပမ်းအားထုတ်မှု တချို့လည်း ရှိခဲ့ပါတယ်။

ခိုင်မြဲခြင်းမရှိသေးပေမယ့် အစိုးရနဲ့ လက်နက်ကိုင် အုပ်စုတွေအကြား အပစ်အခတ် ရပ်ဆဲရေး သဘောတူညီချက် တွေဟာ ပဋိပက္ခတွေကို လျော့ပါး စေခဲ့ပါသည်။ ဒီလို ရလဒ်တွေ နောက်ကြောင်းပြန် မသွားစေဖို့ လုပ်ဆောင်ရာမှာ ကုလသမဂ္ဂဟာ အတွေ့အကြုံ အများအပြား ရှိခဲ့ပါတယ်။

အချုပ်အခြာအာဏာ၊ ပိုင်နက်နယ်မြေကို လေးစားခြင်းနဲ့ အမျိုးသား စည်းလုံး ညီညွတ်ရေး ဆိုတာဟာ အစိုးရတိုင်းရဲ့ တရား မျှတတဲ့ စိုးရိမ်မှုတွေ ဖြစ်ပါတယ်။

နိုင်ငံရေးမျက်နှာစာကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ဖွင့်ပေးမယ် ဆိုရင် အုပ်စုတိုင်း၊ လူတဦးချင်း တိုင်းဟာ ပိုမိုကြီးမားတဲ့ အားလုံး စုပေါင်း လုပ်ဆောင်တဲ့ လုပ်ငန်းတခုရဲ့ အစိတ်အပိုင်း ဖြစ်လာမှာဖြစ်ပြီး ဒီလို လုပ်ဆောင်ခြင်း ဟာလည်း အကောင်းဆုံး နည်းလမ်းဖြစ်တယ်လို့ ကျနော်တို့ အခိုင်အမာ ပြောချင်ပါတယ်။

စစ်တပ်၊ နိုင်ငံရေးပါတီအားလုံး၊ တိုင်းရင်းသား လူနည်းစုတွေ၊ လူထု အခြေပြု လူ့အဖွဲ့အစည်းတွေနဲ့ မြန်မာနိုင်ငံရဲ့ သားကောင်း သမီးကောင်းတိုင်း တိုင်းပြည်ရဲ့ အသွင် ကူပြောင်းရေးမှာ အခန်းကဏ္ဍ တရပ်က ပါဝင်ရပါမယ်။

အပြန်အလှန် အပေးအယူ ညှိနှိုင်းခြင်း၊ လေးစားခြင်းနဲ့ နားလည်မှုရှိခြင်း တို့ကသာလျင် ရေရှည် တည်တံ့မယ့် ငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ဒီမိုကရေစီရေး တို့အတွက် အခြေခံ အုပ်မြစ်များကို ချပေးနိုင်ပါတယ်။

ကျနော့်ရဲ့ ဒုတိယသတင်းစကားကတော့ မြန်မာပြည်သူတွေရဲ့ လူသားချင်း စာနာထောက်ထားတဲ့ လိုအပ်ချက်တွေကို ဖြေရှင်း ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။

ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှာ လုပ်ဆောင်ခဲ့တဲ့ တိုးတက်မှုတွေကို တခေါက် ပြန်လည် လာရောက် ကြည့်ရှုခွင့်ရ တဲ့အတွက် ကျနော် ၀မ်းသာပါတယ်။ လူပေါင်း ၁၃၀၀၀၀ လောက် သေကြေခဲ့တဲ့ ဆုံးရှုံးမှုကြီးဟာ အလွန် ၀မ်းနည်း ကြေကွဲစရာ ဖြစ်ပါတယ်။ သို့ပေမယ့် ဒီနေ့ ကျနော် မြင်တွေ့ခဲ့ရတဲ့ ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများဟာ အံ့သြစရာ ကောင်းလှပါတယ်။

ဒီ ဝမ်းနည်းကြေကွဲစရာ ဖြစ်ရပ်ဟာ မြန်မာပြည်သူတွေရဲ့ ခံနိုင်ရည် စွမ်းအားကို ပြသခဲ့ပါတယ်။ ဒါ့ အပြင် ကမ္ဘာ တလွှားမှာရှိတဲ့ ပြည်သူတွေကလည်း မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေကို ဘယ်လောက် နက်နက်ရှိုင်းရှိုင်း ဂရုစိုက်တယ် ဆိုတာကို ဒီဖြစ်ရပ်က ပြသခဲ့ပါတယ်။

ခြုံပြောရမယ် ဆိုရင် ဆိုင်ကလုန်း နာဂစ် သဘာဝ ဘေးဒုက္ခအပေါ် အရေးယူ တုန့်ပြန် ဆောင်ရွက်မှုဟာ အထီးကျန် ဖြစ်နေခြင်းကို ကျော်လွှားနိုင်ပြီး ပူးပေါင်း ဆောင်ရွက်ခြင်းရဲ့ တန်ဖိုးကို သက်သေ ပြသလိုက်ခြင်းပဲ ဖြစ်ပါတယ်။

အလှူရှင်နိုင်ငံတွေရဲ့ ထောက်ပံ့ကူညီမှုတွေနဲ့ မြန်မာနိုင်ငံ၊ ကုလသမဂ္ဂနဲ့ အာဆီယံ အသင်းကြီးတို့ရဲ့ သုံးပွင့်ဆိုင် အဖွဲ့ကတဆင့် အရင်က မရှိခဲ့ဘူးတဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေကို တွေ့ရပါတယ်။ လူသားချင်း စာနာထောက်ထားတဲ့ အလွန်အရေး ကြီးသော လုပ်ငန်းတွေဟာ အချုပ်အခြာ အာဏာဆိုတဲ့ စည်းမျဉ်း သဘောတရားနဲ့ ဆန့်ကျင်ခြင်း မရှိဘူး ဆိုတာကို ပြသခဲ့ပါတယ်။

တခြားနိုင်ငံတွေမှာလိုပဲ မြန်မာနိုင်ငံကိုပေးတဲ့ လူသားချင်း စာနာ ထောက်ထားတဲ့ အကူအညီ တွေဟာ နိုင်ငံရေးအရ ထည့်သွင်း စဉ်းစားမှုတွေမှာ ဓားစာခံ မဖြစ်သင့်ပါဘူး။ လူသားချင်း စာနာတဲ့ အထောက်အပံ့နဲ့ ဖွံ့ဖြိုးရေး အထောက်အပံ့ တို့ကို မြန်မာနိုင်ငံက လိုအပ်နေတဲ့ ပြည်သူအားလုံး ရရှိနိုင်စေဖို့ ကျနော်တို့ အတူတကွ ပူးပေါင်းလုပ်ဆောင် သွားနိုင်ပါတယ်။ တကယ်လည်း ပူးပေါင်း လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။

ဒီအချက်ဟာ ကျနော့်ရဲ့ တတိယမြောက် သတင်းစကားကို သယ်ဆောင်ဖို့ ဖြစ်စေခဲ့ပါတယ်။ ခုအချိန်ဟာ မြန်မာ နိုင်ငံအတွက် စီးပွားရေးစွမ်းအင် တွေကို လွတ်လပ်စွာ အစွမ်းကုန် မောင်းနှင်ရတော့မယ့် အချိန်ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ အာရှတိုက်ရဲ့ စီးပွားရေးစန်းပွင့်မှု အလယ်မှာ ရှိနေပါတယ်။ နိုင်ငံရဲ့ ပတ်လည်က အလျင်အမြန် တိုးတက်နေတဲ့ လမ်းကြောင်းထဲ မြန်မာနိုင်ငံကို ထိန်းကျောင်း မောင်းနှင် သွားမယ်ဆိုရင် ပြည်သူတွေရဲ့ လူနေမှု အဆင့်အတန်း မြင့်မားလာမယ့် အသေချာဆုံး နည်းလမ်း ဖြစ်ပါလိမ့်မယ်။

ပြင်ပနိုင်ငံတွေနဲ့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြုပ်နှံမှုတွေကို ဖွင့်လှစ်ပေးတဲ့ မြန်မာ အစိုးရရဲ့ မူဝါဒကို ကျွန်တော် ကြိုဆိုပါ တယ်။ ကုလသမဂ္ဂရဲ့ ထောင်စုနှစ် ဖွံ့ဖြိုးမှု ရည်မှန်းချက်တွေ အောင်မြင် ပြည့်မီစေဖို့ ကြိုးပမ်း အားထုတ်မှုတွေ၊ HIV ရောဂါပြန့်ပွားမှု ထိန်းချုပ်ရေးတွေ၊ လူကုန်ကူးမှု တားဆီး တိုက်ဖျက်ရေးနဲ့ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု လျှော့ချ ရေးတို့မှာ အစိုးရရဲ့ ကြိုးပမ်းမှုတွေကိုလည်း ကြိုဆိုပါတယ်။

ဒါပေမယ့် လက်တွေ့ဖြစ်ရပ်မှာ ပြည်သူ သန်းပေါင်းများစွာ ဆင်းရဲ မွဲတေမှုထဲ ဆက်လက် နေထိုင်နေရတဲ့ အခြေအနေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ လူနေမှု အဆင့်အတန်းဟာ အာရှတိုက်၏ အနိမ့်ဆုံး နိုင်ငံတွေထဲမှာ ပါဝင်ပါတယ်။
မြန်မာပြည်သူတွေဟာ အလုပ်အကိုင်နဲ့ အစားအစာ အတွက်၊ လုံခြုံမှုနဲ့ ကျန်းမာရေး ပြုစု စောင့်ရှောက်မှုတွေ အတွက် လိုအပ် နေပါတယ်။

မြန်မာပြည်သူတွေဟာ ဒေသတွင်းနဲပ ကမ္ဘာ့ စီးပွားရေးက အကျိုးအမြတ်တွေ ရရှိခံစားနိုင် သလို ပံ့ပိုး ကူညီမှုတွေ လုပ်နိုင် စေဖို့ ကျနော်တို့ အတူလက်တွဲ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

တည်ငြိမ်ပြီး ကြွယ်ဝချမ်းသာတဲ့ ဒီမိုကရက်တစ်မြန်မာနိုင်ငံ ကနေ ဒေသတွင်း နိုင်ငံတွေနဲ့ ကမ္ဘာကြီးက အကျိုးကျေးဇူး များ အများအပြား ရရှိနေမယ့် အချက်ကို ကျွန်တော်တို့ အသိအမှတ် ပြုကြရမှာ ဖြစ်ပါတယ်။ ဒီ ရည်မှန်းချက်ကို ရရှိရေး အတွက် ကျနော်တို့ အတူ လက်တွဲ လုပ်ဆောင်ကြရပါမယ်။

မြန်မာအစိုးရအနေနဲ့ ဒီအချိန်အခါ သမယကို လက်လွတ်မခံဘဲ အမိအရ ဆုတ်ကိုင်ရပါမယ်။

နိုင်ငံတကာအသိုင်းအ၀န်းက မြန်မာပြည်သူတွေကို ကူညီဖို့ အတွက် ကမ်းလှမ်းလာမယ့် အခွင့်အလမ်း တွေကို အမိအရ ဆုပ်ကိုင်ရပါမယ်။

ကြွရောက်လာကြတဲ့ လူကြီးမင်းများခင်ဗျာ -

ကျွန်တော်ဟာ မိတ်ဆွေတယောက်အနေနဲ့ မြန်မာနိုင်ငံကို လာရောက်ခဲ့ခြင်း ဖြစ်ပါတယ်။

ကျနော့်ရဲ့ တာဝန်က ကုလသမဂ္ဂ ပဋိဉာဉ်စာတမ်းပါ စံနှုန်းတွေနဲ့ စည်းမျဉ်း စည်းကမ်းတွေကို ထိန်းသိမ်း စောင့်ရှောက်ဖို့ ဖြစ်ပါတယ်။
အစိုးရ၊ နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားအုပ်စုတွေ၊ လူထု အခြေပြု လူ့ အဖွဲ့အစည်းတွေဟာ နိုင်ငံတနိုင်ငံ၊ ပြည်သူ တရပ်အသွင်နဲ့ အနာဂတ်ခရီးလမ်းကို အတူတကွ ချီတက်နိုင်စေဖို့ ခင်ဗျားတို့ အားလုံးကို အားပေး တိုက်တွန်းဖို့က ကျနော့်ရဲ့ အခန်းကဏ္ဍ ဖြစ်ပါတယ်။
ပြည်သူတွေရဲ့ အကျိုးစီးပွားကို ကွဲပြားခြားနားမှုတွေရဲ့ အထက်မှာ ထားနိုင်မယ် ဆိုရင် မဖြေရှင်းနိုင်တဲ့၊ မဖြစ်နိုင်တဲ့ အရာ ဆိုတာ ရှိမှာ မဟုတ်တော့ပါဘူး။

ဒေသတွင်းနဲ့ ကမ္ဘာကြီးက လျင်မြန်စွာ ပြောင်းလဲနေပါတယ်။ မြန်မာနိုင်ငံဟာ ပူးပေါင်း ဆောင်ရွက်ခြင်း ကနေ အကျိုး အမြတ်ရရှိဖို့ ရပ်တည်ရ ပါလိမ့်မယ်။ မိမိနိုင်ငံရဲ့ အပြောင်းအလဲတွေ ကနေ အကျိုးအမြတ် ရရှိဖို့ ဆောက်ရွက် ရပါလိမ့်မယ်။

ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းဟာ မြန်မာနိုင်ငံ နိုင်ငံခြားရေး မူဝါဒရဲ့ အရေးကြီးတဲ့ အခြေခံ အုတ်မြစ် ဖြစ်တယ်လို့ မြန်မာအစိုးရက ထပ်ခါတလဲလဲ ဖော်ပြခဲ့ပါတယ်။

မြန်မာအစိုးရနေနဲ့ စကားနဲ့ အလုပ်ညီညွတ်စေဖို့ ကျနော်တို့ ပြောလိုပါတယ်။

နိုင်ငံသားတွေရဲ့ လိုအပ်ချက်တွေနဲ့ မျှော်မှန်းချက်တွေကို ဖြည့်ဆည်းပေးတဲ့ အနေနဲ့ မြန်မာနိုင်ငံဟာ ကုလသမဂ္ဂနဲ့ ပိုမို ပူးပေါင်းဆောင်ရွက် လေလေ နိုင်ငံရဲ့အချုပ်အချာ အာဏာက ပိုမို ခိုင်မြဲလေလေ ဖြစ်လာ ပါလိမ့်မယ်။

အဲဒီလိုပဲ မြန်မာပြည်သူအားလုံးရဲ့ လူ့ အခွင့်အရေးတွေကို အပြည့်အ၀ လေးစား လိုက်နာရင်း စည်းလုံး ညီညွတ်တဲ့၊ ငြိမ်းချမ်းတဲ့၊ ကြွယ်ဝချမ်းသာတဲ့၊ ဒီမိုကရေစီ အနာဂတ်ဆိုတဲ့ ကျနော်တို့ အားလုံးရဲ့ ရည်မှန်းချက်တွေကို မြန်မာ ပြည်သူတွေ ရရှိစေဖို့ အကူအညီ ပေးခြင်းဟာ နိုင်ငံတကာ အသိုင်းအ၀န်း တခုလုံးရဲ့ တာဝန်ဖြစ်ပါတယ်။
ကျေးဇူးတင်ပါတယ်။

Ref: ဧရာဝတီ



Read More...

စစ်အစိုးရကို ဖိအားတိုးဖို့ အမေရိကန်လုပ်ငန်းရှင်တချို့ တောင်းဆို

08 July 2009

အမေရိကန် ဖိနပ် နဲ့ အ၀တ်အစား ကုမ္ပဏီတွေ နဲ့ ဒီကုမ္ပဏီ က ကုန်ပစ္စည်း ၀ယ်သူတွေကို ကိုယ်စားပြုတဲ့ စက်မှုလုပ်ငန်း အဖွဲ့တခု က မြန်မာနိုင်ငံက ကုန်ပစ္စည်းတွေကို တားမြစ်တဲ့ အမေရိကန်ရဲ့ ဥပဒေ ကို ထပ်ပြီးတော့ သက်တမ်း တိုးဖို့ လွှတ်တော် အမတ်တွေကို တောင်းဆို လိုက်ပါတယ်။

American Apparel and Footwear Association ဆိုတဲ့ ဒီအဖွဲ့က - ၂၀၀၃ ခုနှစ်က ချမှတ်ခဲ့တဲ့ မြန်မာနိုင်ငံ လွတ်မြောက်ရေး နဲ့ ဒီမိုကရေစီ အက် ဥပဒေ အောက်မှာ မြန်မာနိုင်ငံ အပေါ် ပိတ်ဆို့ အရေးယူတဲ့ ဥပဒေ နောက်ထပ် သက်တမ်းတိုး ပြဋ္ဌာန်းဖို့ တိုက်တွန်းတဲ့ စာတစောင်ကို အမေရိကန် လွှတ်တော် အမတ်တွေထံကို ရေးပို့ခဲ့ကြတာပါ။

ဇူလိုင်လ ၂၆ ရက်နေ့မှာ သက်တမ်းကုန်တော့မှာ ဖြစ်ပြီး ၃ နှစ်တခါ သက်တမ်း တိုးရတဲ့ ဒီ ဥပဒေကို သက်တမ်း တိုးဖို့ အတွက် အားလုံး သဘောတူ ဆုံးဖြတ်ကြဖို့ အမေရိကန် အထက်နဲ့ အောက်လွှတ်တော် အမတ်တွေကလည်း စဉ်းစား နေကြပါတယ်။


ဒီဥပဒေကို ဆက်ပြီးတော့ သက်တမ်းတိုး ပြဌာန်းခြင်းအားဖြင့် မြန်မာ နိုင်ငံသားတွေအပေါ် ရက်ရက် စက်စက် ပြုမူ ဆက်ဆံ နေတဲ့ မြန်မာစစ်အစိုးရ ကို သူတို့နဲ့ စီးပွားရေး အတူလုပ်ဖို့ အမေရိကန်က စိတ်မ၀င်စားဘူး ဆိုတာမျိုး ပြတ်သားတဲ့ သတင်း စကား ပါးနိုင်မှာ ဖြစ်တယ်လို့ အခု တောင်းဆိုတဲ့ အဖွဲရဲ့ အကြီးအကဲ Kevin Burke က ပြောပါတယ်။ ကမ္ဘာ့ဈေးကွက်မှာ ဖိနှိပ်သူတွေ အတွက် နေရာမရှိဘူး ဆိုတာကို ဖော်ပြဖို့ အမေရိကန် နဲ့အတူ နိုင်ငံတကာ အသိုင်းအ၀န်း တခုလုံးက ပူးပေါင်း ပါဝင်လိမ့်မယ်လို့ မျှော်လင့်တဲ့ အကြောင်းလည်း မစ္စတာ Burke ကပြောသွားခဲ့ပါတယ်။

Ref: VOA News


Read More...

Tuesday, July 7, 2009

မြန်မာစစ်အစိုးရအနေဖြင့် နိုင်ငံရေး အခွင့်အလမ်းများ ဆုံးရှုံးဟု ကုလသမဂ္ဂ အကြီးအကဲ ဘန်ကီမွန်း ပြောကြား

NEJ / ၆ ဇူလိုင် ၂၀၀၉

နိုင်ငံရေးအရ ပွင့်လင်းမှုရှိကြောင်း ပြသနိုင်သည့် အခွင့် အလမ်းများကို မြန်မာ စစ်အစိုးရ အနေဖြင့် လက်လွတ် ဆုံးရှုံးခဲ့ရသည်ဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောကြားလိုက်သည်။

မြန်မာနိုင်ငံသို့သွားရောက်ခဲ့သည့် ဇူလိုင် (၃) ရက်နှင့် (၄) ရက် ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် တောင်းခဲ့သည်ကို နအ ဖစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက လက်မခံဘဲ ငြင်းပယ်ခဲ့သည့် အတွက် မစ္စတာ ဘန်ကီမွန်းက သတင်းထောက်များအား ယင်းသို့ ထုတ်ဖော် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မရသည့်အတွက် အလွန် စိတ်ပျက် မိကြောင်းလည်း မစ္စတာ ဘန်ကီမွန်းက ပြောကြားခဲ့သည်။

ထိုသို့ ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလသမဂ္ဂအတွင်းရေးမှူး ချုပ်အား တွေ့ဆုံခွင့် မပေးခြင်းသည် မှားယွင်းသည်ဟု ၎င်းအနေဖြင့် ယူဆကြောင်း ၀ါရင့် နိုင်ငံရေးသမားကြီး သခင်ချန် ထွန်းက ခေတ်ပြိုင်သို့ ပြောသည်။

၎င်းက “အမှန်က ကမ္ဘာ့ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဆိုတာ ကမ္ဘာ့နိုင်ငံပေါင်း မြောက်မြားစွာက ထောက်ခံ တင်ပြထားတဲ့ ပုဂ္ဂိုလ်ကြီးဖြစ်တယ်။ ဒါကြောင့် တကယ်ကို တွေ့သင့် တွေ့အပ်တဲ့၊ တကယ်လည်း တွေ့ခွင့် ပေးသင့်တဲ့ ကိစ္စလို့ ယူဆပါတယ်။ ဒီလိုပုဂ္ဂိုလ်မျိုးကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့် မပေးဘူးဆိုတဲ့ လုပ်ရပ်ဟာ တင်းမာလွန်းတဲ့သဘော သက်ရောက်သွားတဲ့ အတွက် တိုင်းပြည် အတွက်ရော၊ ခေါင်းဆောင် တယောက် အနေနဲ့ရော ကမ္ဘာက အထင်မြင်သေးစရာ တခုလို့ ယူဆမိပါတယ်” ဟု ပြောသည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းသည် မြန်မာနိုင်ငံ ခရီးစဉ် အတွင်း သူ့အနေဖြင့် သူ့တာဝန်သူ ထမ်းဆောင်သည့် သဘော သက်ရောက်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို နအဖက တွေ့ခွင့် မပေးသည့်အတွက် ကျန်သည့် တွေ့ဆုံဆွေးနွေး ရေးကိစ္စ၊ နိုင်ငံရေး အကျဉ်းသားများ အားလုံး လွှတ်ပေးရေး ကိစ္စတို့တွင် စစ်အစိုးရ အနေဖြင့် ပိုမိုတင်းမာလာမည့် သဘောမျိုး ရှိမည်ဟုလည်း သခင်ချန်ထွန်းက ပြောသည်။

မစ္စတာဘန်ကီမွန်းကမူ နအဖစစ်အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့် မပေးသည်မှ လွဲ၍ ကျန်သည့် အဆိုပြုချက်များကို အလေးအနက် ထားပြီး စဉ်းစားနေသည်ဟု ယူဆကြောင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့ သုဝဏ္ဏဘူမိ လေဆိပ် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

မြန်မာအစိုးရအနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲကို အများက လက်ခံနိုင်ရန် လုပ်ဆောင်လိုသည့် ဆန္ဒ ရှိကြောင်း ပြသရန် အရေးကြီးကြောင်းလည်း မစ္စတာ ဘန်ကီမွန်းက ထည့်သွင်း ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ပေးရန်၊ အမျိုးသား ရင်ကြားစေ့ရေး အတွက် တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ရန်နှင့် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်မြောက်စေရန် တို့အတွက် မစ္စတာ ဘန်ကီမွန်းက ဗိုလ်ချုပ်မှူးကြီးနှင့် တွေ့ဆုံရာတွင် တိုက်တွန်းခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ၂၀၁၀ ရွေးကောက်ပွဲ ကို တရားမျှတမှု ရှိစေပါမည်ဟု ကတိပေးခဲ့ကြောင်း သိရသည်။

ဗိုလ်ချုပ်မှူးကြီးက ယင်းသို့ ကတိပေးခဲ့သော်လည်း နအဖ ပြုလုပ်မည့် ရွေးကောက်ပွဲသည့် ဓားမိုးပြီး လုပ်သည့် ရွေးကောက်ပွဲမျိုး ဖြစ်နိုင်ခြေ များနေသည်ဟု ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်း အစိုးရ (အန်စီဂျီယူဘီ) ၏ ကုလသမဂ္ဂဆိုင်ရာတာဝန်ခံ ဒေါက်တာသောင်းထွန်းက ပြောသည်။

၎င်းက “ရွေးကောက်ပွဲမတိုင်ခင်မှာကို လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲနဲ့ လျော်ညီတဲ့ နိုင်ငံရေး ၀န်းကျင် ဖန်တီးပေး ရမယ်။ ပါတီ အဖွဲ့အစည်းတွေ လွတ်လပ်စွာ ဖွဲ့စည်းခွင့်တွေ၊ ပြောဆို ဆွေးနွေးခွင့်တွေ၊ မဲဆွယ်ခွင့်တွေ နိုင်ငံရေး အကျဉ်းသား (၂,၀၀၀) ကျော်က ထောင်ထဲမှာ ရှိနေပြီးတော့ အရေးကြီးတဲ့ နိုင်ငံရေး ခေါင်းဆောင်တွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေ ထောင်ထဲမှာ ရှိနေရင် ရွေးကောက်ပွဲ အနေနဲ့ အင်အားစု အားလုံး ပါဝင်တဲ့ ရွေးကောက်ပွဲမျိုး မဖြစ်နိုင်ဘူး” ဟု ပြောသည်။

ကုလသမဂ္ဂအကြီးအကဲအနေဖြင့် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် သဘောထား အကြံပြုချက် များကို ပွင့်ပွင့် လင်းလင်း ပြောသွားပြီးသည့်နောက် စစ်အစိုးရဘက်မှ အမှန်တရားကို ရှုမြင်ပြီး တုံ့ပြန်ရန်သာ လိုအပ်သည်ဟု ဒေါက်တာသောင်းထွန်းက ပြောသည်။

“ဒါပေမယ့် အခု ဘန်ကီမွန်းရဲ့ခရီးစဉ်မှာတော့ တိတိကျကျ ရလဒ် မရရုံတင် မကဘူး၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ ကုလသမဂ္ဂရဲ့ ကြားဝင် ဖျန်ဖြေမှုကို သိပ်ပြီး အလေးမထားဘူး။ နောက် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို တကယ် ဖော်ဆောင်ချင်တဲ့ နိုင်ငံရေး အာသီသ မရှိဘူးဆိုတာ ပြနေတယ်။ နောက် ကုလသမဂ္ဂရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေပါတယ်။ နိုင်ငံတကာရဲ့ သဘောထားကိုလည်း ငြင်းပယ်တဲ့ သဘောရှိတယ်” ဟု ၎င်းက ပြောသည်။

ထို့ကြောင့် မြန်မာနိုင်ငံအရေးနှင့်ပတ်သက်၍ ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် စည်းနှောင်မှု ရှိသည့် ဆုံးဖြတ်ချက် တခု ချမှတ်ရန် လိုအပ်နေပြီး ကောင်စီ အနေဖြင့် တစုံတရာ တုံ့ပြန်မှု ပြုလုပ်လိမ့်မည်ဟု မျှော်လင့်ကြောင်းလည်း ၎င်းက ခေတ်ပြိုင်သို့ ပြောကြားခဲ့သည်။

Ref: ခေတ်ပြိုင်

Read More...

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မပေးနိုင်ကြောင်း ကြိုတင် အသိပေးထား ဟု နအဖ သတင်းစာတွင်ဖေါ်ပြ

NEJ / ၆ ဇူလိုင် ၂၀၀၉

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းအား ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့် မပေးနိုင်ကြောင်း ကြိုတင် အသိပေး ထားပြီးဖြစ်ကြောင်း နအဖ သတင်းစာများတွင် ဖော်ပြထားသည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း၏ ခရီးစဉ် အတွက် မစ္စတာ ဂမ်ဘာရီ လာရောက် ညှိနှိုင်းစဉ်ကပင် ထိုကိစ္စအား အသိပေးပြီး ဖြစ်ကြောင်း သိရသည်။

မစ္စတာဂမ်ဘာရီ၏ ဇွန် (၂၆) ရက် ခရီးစဉ်အတွင်း မြန်မာ နိုင်ငံခြားရေး ၀န်ကြီး ဦးဉာဏ်ဝင်းနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည် ဆိုသည်မှလွဲ၍ ကုလသမဂ္ဂ ဘက်က အသေးစိတ် ပြောဆိုခြင်း မပြုခဲ့ပေ။

ယခုအခါ မစ္စတာဂမ်ဘာရီ၏ အကြိုခရီးစဉ်အတွင်း ကြိုတင် ညှိနှိုင်း ထားချက်များကို မြန်မာ စစ်အစိုးရက ဖွင့်ဟလိုက်ခြင်း ဖြစ်သည်။

မစ္စတာဘန်ကီမွန်းသည် ၎င်း၏ (၂) ရက်တာခရီးစဉ် အတွင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် (၂) ကြိမ် တိုင်တိုင် တွေ့ဆုံခဲ့ပြီး နှစ်ကြိမ်စလုံးတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံနိုင်ရေး အလေးပေး ပြောဆိုခဲ့သော်လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ယင်းကိစ္စကို ငြင်းပယ်ခဲ့သည်။

ထိုသို့ငြင်းပယ်ရာတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက လွတ်လပ် မျှတစွာ ဆောင်ရွက်နေသော တရား စီရင်မှုတွင် မိမိတို့ အနေဖြင့် အတွင်းရေးမှူးချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံပေးနိုင်ခွင့် မရှိပါကြောင်းဟု သုံးနှုန်း ပြောဆိုသွားသည်။

သို့သော် နိုင်ငံတကာအသိုင်းအ၀ိုင်းနှင့် မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှား သူများကမူ တရားခွင်သည် လွတ်လပ် မျှတမှု မရှိဟု ယုံကြည်ကြသည်။

အင်းစိန်ထောင်အထူးတရားခွင်ကို နအဖ စစ်အစိုးရက တံခါးပိတ် စစ်ဆေးနေပြီး သံတမန် အသိုင်းအ၀ိုင်းနှင့် သတင်းသမားများကို နှစ်ကြိမ် ၀င်ရောက်ခွင့် ပြုခဲ့သော်လည်း မေးမြန်း သတင်းရယူခွင့် မပေးခဲ့ချေ။

Ref: ခေတ်ပြိုင်

Read More...

ဂျိုင်းတံတားပျက်စီး ယိုယွင်းမှုကြောင့် ကုန်ဈေးနှုန်းများ တက်

NEJ / ၆ ဇူလိုင် ၂၀၀၉

ကရင်ပြည်နယ် ကော့ကရိတ်မြို့အဝင် ဂျိုင်းတံတား (ကော့ကရိတ်) ယိုယွင်း လာသောကြောင့် တန် (၂ဝ) အောက် ကားများကိုသာ ဖြတ်သန်းခွင့် ပြုသည့် အတွက် ကုန်စည် စီးဆင်းမှု နှောင့်နှေးကာ ကုန်ဈေးနှုန်းများ မြင့်တက်လာကြောင်း ဘားအံ-မြဝတီ ကုန်သည်များက ပြောသည်။

ဂျိုင်းတံတား (ကော့ကရိတ်) သည် ရန်ကုန်-ဘားအံ-မြဝတီ-မဲဆောက် ကားလမ်းပေါ်တွင် တည်ရှိပြီး ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံနယ်စပ် ကုန်သွယ်ရေးတွင် အရေးပါသည့် လမ်းပေါ်ရှိ တံတားတခု ဖြစ်သည်။

တံတားတာဝန်ကျဝန်ထမ်းတဦးက “ကြိုးတံတားကြီးဟာ စောင်းနေပြီ။ လေးပင်တဲ့ ကားကြီးတွေ ဖြတ်ရင် စောင်းပြီး လိမ်ပြီး ပြတ်ကျသွားမယ့် အန္တရာယ် ရှိနေတယ်။ ပြီးခဲ့တဲ့ (၂) ပတ် နေပြည်တော်က အင်ဂျင်နီယာ အဖွဲ့ ဆင်းလာပြီး စစ်တယ်၊ တံတား အခြေအနေ မကောင်းဘူး ဆိုပြီး တန် (၂ဝ) အောက် ကားတွေကိုပဲ ဖြတ်သန်းခွင့် ပြုဖို့ ညွှန်ကြား သွားတယ်” ဟု ပြောသည်။

မူလက တံတားကြီးပေါ်တွင် တန် (၆၀) အောက်ကားများ ဖြတ်သန်း၍ ရသော်လည်း တံတား တည်ဆောက်ရာတွင် အင်ဂျင်နီယာပိုင်း ဆိုင်ရာ အားနည်းချက်များ ရှိပြီး တံတား တာဝန်ကျများက ညပိုင်းတွင် လာဘ်ငွေယူပြီး တန် (၆ဝ) အထက် ကားများကို ညအချိန် ဖြတ်သန်းခွင့် ပေးခဲ့သည့် အတွက် ယခုကဲ့သို့ တံတား ပျက်စီးလာခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

(၁၂) ဘီးကားများနှင့် ထိုင်းနယ်စပ် မြဝတီမှ ရန်ကုန်သို့ ကုန်စည်များ တင်သွင်း နေသည့် ကုန်သည် တဦးကလည်း ကော့ကရိတ် တံတား ရောက်သည်နှင့် ကားပေါ် ပါလာသည့် ပစ္စည်းများကို ထော်လာဂျီနှင့် အခေါက်ခေါက်တင်ပြီး တံတားကို ဖြတ်ရကြောင်း ပြောသည်။

၎င်းက “ကားပေါ်မှာ ပစ္စည်းတွေ ကုန်သလောက်နီးပါး ဖြစ်မှ တန် (၂ဝ) အောက် အဖြစ် ဖြတ်သန်းခွင့် ရတယ်။ နောက် တံတားတဖက်ကို ပြန်ရောက်မှ စုပုံထားတဲ့ ပစ္စည်းတွေကို ကားပေါ် ပြန်တင်ပြီး ခရီး ဆက်ရတယ်။ ဒီလမ်းမှာ ကုန်ကားတွေ အများကြီးရှိလို့ ယာဉ်ကြော ပိတ်ဆို့ပြီး ပစ္စည်း ကဲ့ရတာ အချိန် အတော်ကြာတယ်။ ဒီအတွက် ကုန်ပစ္စည်း သယ်ယူ ပို့ဆောင်ခတွေ ကြီးမြင့် လာတာဖြစ်တယ်” ဟု ပြောသည်။

ရန်ကုန်-ဘားအံ-ကော့ကရိတ်-မြဝတီ ကားလမ်းပေါ်ရှိ ကော့ကရိတ်-မြဝတီ ကားလမ်းသည် ဒေါနတောင်တန်း ပေါ်တွင် ဖြတ်သန်း ဖောက်လုပ်ထားပြီး လမ်းကျဉ်းသည့် အတွက် ကားများသည် အတက်တနေ့ အဆင်းတနေ့ တလှည့်စီ မောင်းကြရသည်။

အဆိုပါလမ်းသည် စစ်ဆေးရေး ဂိတ်များပြီး လာဘ်ငွေတောင်းအများဆုံး လမ်းဖြစ်သည်ဟု လည်း ကုန်သည်များက ပြောသည်။

ထိုင်းနိုင်ငံက ကော့ကရိတ်-မြ၀တီကားလမ်းကို နှစ်လမ်းသွား အဖြစ် ဖောက်လုပ် ပေးနေသော်လည်း ပြီးစီးခြင်း မရှိသေးပေ။ မြန်မာနိုင်ငံ၏ ကုန်သွယ်ရေးတွင် အရေးပါသည့် မန္တလေး-မူဆယ်လမ်းမှ တံတားများ၊ ရန်ကုန်-ဘားအံ-မြဝတီလမ်းမှ တံတားများသည်လည်း ပျက်စီး ယိုယွင်းလျက်ရှိပြီး မကြာခဏ ပြင်ဆင် ရသောကြောင့် ကုန်စည် စီးဆင်းမှု နှောင့်နှေးမှုများ ဖြစ်ပေါ်လေ့ ရှိကြောင်းလည်း သိရသည်။

ယခု ဂျိုင်းတံတား (ကော့ကရိတ်) ကို နဝတ စစ်အစိုးရ လက်ထက်တွင် ဆောက်လုပ်ခဲ့ခြင်း ဖြစ်ပြီး (၁ဝ) နှစ် ဝန်းကျင် အတွင်း ပျက်စီး ယိုယွင်း လာခြင်းဖြစ်သည်။

Ref: ခေတ်ပြိုင်

Read More...

စစ်အာဏာရှင်နှင့် ဆဲဗင်းဂျူလိုင်

July, 7 , 2009

မြန်မာ့သမိုင်းမှာ ကျောင်းသား သမဂ္ဂတွေရဲ့ တိုက်ပွဲတွေဟာ ပညာရေးရည်မှန်းချက်၊ မျိုးသားရေး လွတ်မြောက်ရေး ဒီမိုကရေစီ ရည်မှန်းချက် စသဖြင့် အမျိုးမျိုး ရှိခဲ့ပါသည်။ ၁၉၂၀ သပိတ်၊ ၁၉၃၅-၃၆ သပိတ်၊ ၁၉၃၈ ခုနှစ်တွင် အမျိုးသား လွတ်မြောက်ရေးကို တောင်းဆိုတဲ့ ပြည်လုံးကျွတ် အထွေထွေ သပိတ်ရဲ့ အစိတ်အပိုင်း ဖြစ်သည်။

၁၉၆၂ခုနှစ် မတ်လ (၂) ရက် အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးကောင်စီက မေလ (၉) ရက်နေ့မှာ တက္ကသိုလ် အက်ဥပဒေကို ရုပ်သိမ်းတဲ့ အမိန့်ကို ထုတ်ပြန်လိုက်ပြီး တော်လှန်ရေး ကောင်စီက တက္ကသိုလ် အုပ်ချုပ်ရေး တာဝန်အားလုံးကို ချုပ်ကိုင်လိုက်ပါတယ်။ မေလ (၁၀)ရက်နေ့မှာ ဦးနေ၀င်းက တက္ကသိုလ် ကောင်စီဝင်တွေကို ခေါ်ယူတွေ့ဆုံပြီး တက္ကသိုလ်ကောင်စီကို ဖျက်သိမ်းလိုက်ပြီလို့ ပြောလိုက်ပါတယ်။ တက္ကသိုလ် အက်ဥပဒေအရ မဲပေးခြင်းစနစ်ကို ဖျက်သိမ်းလိုက်ပြီလို့ နဲ့ ရွေးချယ်ခန့်ထားတဲ့ ပါမောက္ခ ဦးကာကို ပေါမောက္ခချုပ် အဖြစ် တချက်လွှတ် အမိန့်နဲ့ ခန့်လိုက်တယ်။ အဲဒီအချိန်ကစပြီး တက္ကသိုလ် ကျောင်းသားတွေနဲ့ ဆရာတွေကို ချုပ်ချယ်တဲ့ ဥပဒေစည်းမျဉ်းသစ် ဆိုတာတွေကို တခုပြီး တခု ထုတ်ပြန်လာတယ်။

တက္ကသိုလ်ကျောင်းဆောင်တွေကိုည(၈)နာရီမှာ သော့ခတ် ပိတ်မည် ဆိုသည့်အမိန့် ထွက်လာသည့်အခါ ကျောင်းသားတွေ အနေနဲ့ ကန့်ကွက် ဆန့်ကျင်မှုတွေကို စရတော့သည်။ ဂျူလိုင်လ (၇)ရက်နေ့ (၁)နာရီချိန်မှာ တကသ ဥက္ကဌ ကိုဗဆွေလေး လက်မှတ်နဲ့ ကြေငြာ ဖိတ်ခေါ်ထားတဲ့ ကျောင်းသားထု အစည်းဝေးစတယ်။ ပညာရေး တောင်းဆိုချက်၊ ဒီမိုကရေစီရေးတောင်းဆိုချက်တွေ ဆုံးဖြတ်ပြီး တက္ကသိုလ် ၀န်းထဲမှာ လှည့်လည် ဆန္ဒပြကြပါတယ်။ မွန်းလွဲ သုံးနာရီကျော်လောက်မှာ ဆန္ဒပြပွဲပြီးလို့ လူစုခွဲကာ အေးအေးဆေးဆေး ရှိနေပြီးမှ တော်လှန်ရေး ကောင်စီတွေက ရဲတပ်ဖွဲဝင်တွေကို စေလွှတ်ပြီး ကျောင်းသားတွေကို ဖမ်းရာမှ စပြီး တဖက်နဲ့ တဖက် ရင်ဆိုင် တိုက်ခိုက်မှုတွေ စတင်ခဲ့ပါတယ်။ ကျောင်းသားတွေက အနာခံပြီး သတ္တိရှိရှိ ရင်ဆိုင်တိုက်ကြလို့ ရဲတွေ နောက်ဆုတ်ကြရတယ်။ ရဲတွေနေရာမှာ စစ်သားတွေ ရောက်လာတယ်။ ဒုတိယဗိုလ်မှုးကြီး စိန်လွင်က ဦးဆောင်တယ်။ ၅ နာရီခွဲလောက်မှာ အထက်အမိန့်ကို ရရှိတဲ့ စိန်လွင်က ပစ်မိန့်ပေးလို့ စစ်သားတွေနဲ့ လက်တကမ်း လောက်အကွာမှာ ရှိနေတဲ့ ကျောင်းသား ထောင်ပေါင်းများစွာကို G3 သေနတ်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ကြလို့ ၁၅၀ ကျော်ကျော်လောက် ကျဆုံးခဲ့ရတယ်။ နောက်နေ့မနက် ၅နာရီခွဲ လောက်မှာ တကသ အဆောက်အအုံကို မိုင်းခွဲဖျက်စီးပစ်ကြတယ်။

ဦးနေ၀င်းကတော့ ဇူလိုင်(၇)ရက် အရေးအခင်းကို ဖြေရှင်းခဲ့တာဟာ ကျုပ်အမှား မဟုတ်ဘူး၊ ဗိုလ်အောင်ကြီးရဲ့ အမှားသာ ဖြစ်တယ်လို့ (၁၉၈၈)ခုနှစ် ဇူလိုင်(၂၃)ရက်နေ့ ကျိုက္ကဆံ ညီလာခံ မိန့်ခွန်းမှာ ရှောင်ထွက်ဖို့ ကြိုးစားပြီးတဲ့နောက် ဦးအောင်ကြီးကလည်း သူ့တာဝန် မဟုတ်ဘူးလို့ ငြင်းဆိုခဲ့ပြန်ပါတယ်။

ထို့ကြောင့်စစ်အာဏာရှင်တွေအနေနဲ့ အဖြစ်မှန်ကို ဖုံးဖိထားပြီး အမှားတွေ ကျူးလွန်ကြတာ ဒီနေ့အထိ အတောမသတ်ကြ သေးပါဘူး။

ဒီနှစ်မှာဆိုရင် ဇူလိုင်လ(၇)ရက် ဖြစ်ပွားခဲ့တာ (၄၇)နှစ် ရှိသွားပါပြီ အဲဒီ အရေးအခင်းတုန်းက တက္ကသိုလ်မှာ အငယ်ဆုံး ကျောင်းသားတွေဟာ အသက်(၁၆)နှစ် ရှိခဲ့တာမို့ အခုအချိန်မှာ အသက်(၆၃)နှစ် ရှိနေကြပါပြီ။

ခုထိဘာတွေမှားခဲ့သလဲ ဘာလုပ်ရပ်တွေဟာ အလွန်အကျွံလဲ၊ သေဆုံးသူ အရေအတွက်တွေက အမှန်တကယ် ဘယ်လောက် ရှိခဲ့သလဲ၊ သေဆုံးသူ စာရင်းထဲမှာ မထည့်သွင်း မကြေညာဘဲ ထားတဲ့ ကျောင်းသူ ကျောင်းသားတွေနဲ့ မိဘဆွေမျိုး ညီအစ်ကို မောင်နှမ တူ၊ တူမတွေဟာ မိမိတို့ရဲ့ သားသမီး အကို၊အမတွေ ရန်ကုန် တက္ကသိုလ် ၀န်းထဲကနေ ဘယ်ကို ရောက်သွားသလဲ ဘယ်နည်းနဲ့ ပျောက်ဆုံးသွားသလဲ ခုထိ မသိကြသေးပါ။ ဒီအဖြစ်အပျက်တွေကို သင်္ခန်းစာယူပြီး နောက်နောင် ဒါမျိုး မဖြစ်ပွားအောင် ဘယ်လို ထိန်းသိမ်းကြမလည်း ဆိုသည့် ကောက်ချက်မျိုး မရှိသေးပါဘူးး။

ထို့ကြောင့်ကျောင်းသားတွေရဲ့သမိုင်းတွေအဖြစ်မှန်တွေကို မမေ့ မပျောက်ကွယ်သွားအောင် အမှန်တရားတွေကို ဖော်ထုတ်ဖို့ရာ ပေးဆပ်ခဲ့ကြသော၊ ပေးဆပ်နေဆဲ ဖြစ်ကြသောသူတွေအတွက် သမိုင်းတာဝန် ကျေပြွန်စေဖို့ရာ အနာဂတ် မျိုးဆက်သစ် လူငယ်များရဲ့ တာဝန်ဖြစ်သာ ဖြစ်တယ်။

ပြည့်စုံ

Read More...

အပေါ်သို့