..............................

Friday, July 27, 2012

“ဒီမိုကရေစီ အာဏာရှင် မဖြစ်ရေး” သူရဦးရွှေမန်း သတိပေး

မျိုးသန့်
ကြာသပတေးနေ့၊ ဇူလိုင်လ ၂၆ ရက် ၂၀၁၂

ရန်ကုန် (မဇ္ဈိမ) ။ ။ တနှစ်ကျော်ကြာ သက်တမ်း ရှိပြီဖြစ်သည် ပြည်ထောင်စု လွှတ်တော်အတွင်း ဆွေးနွေးသည့် အကြောင်း အရာများ အနက် ဆွေးနွေးသူ အမတ်ဦးရေ ၄၅ ဦးဖြင့် စံချိန်တင် အဆိုတခုဖြစ်သော “လယ်ယာမြေ သိမ်းဆည်း ခံရခြင်းများအား စုံစမ်းလေ့လာ ဖော်ထုတ်ပြီး တောင်သူ လယ်သမားများ နစ်နာမှု မရှိစေရေး တရားမျှတစွာ ဖြေရှင်းဆောင်ရွက်ပေးရန်” အဆိုကို ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ပထမဆုံးအကြိမ် ဝင်ရောက်ဆွေးနွေးစဉ် ဒီမိုကရေစီ အာဏာရှင် မဖြစ်ရေး ထိန်းကျောင်း သင့်သည်ဟု ပြောဆိုသွားသည်။

ဇလွန်မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွဋ် တင်သွင်းခဲ့သည့် တောင်သူ လယ်သမား အရေး အဆိုကို လွှတ်တော်တွင် ဆွေးနွေးဆဲဖြစ်ပြီး ကြာသပတေးနေ့တွင် ဆွေးနွေးရန် အလှည့်ကျသည့် ဦးရွှေမန်းက ဆွေးနွေးမှု အတွင်း ထိုသို့ ပြောသွားခြင်း ဖြစ်သည်။

“ဒီမိုကရေစီဟာ အများကြိုက်တဲ့ အများပိုင်ပါ။ ပြည်သူများ ပိုင်တယ်လို့ ပြောလို့ ရနိုင်ပါတယ်။ တဦးတယောက် တဖွဲ့ပိုင် မဟုတ်ပါ။ ဒီမိုကရေစီကို အကြောင်းပြကာ စည်းမဲ့ကမ်းမဲ့ လုပ်၍ မရနိုင်ပါ။ စနစ်မကျစွာ ဆောင်ရွက်၍ မဖြစ်နိုင်ပါ။ ဒီမိုကရေစီမှာ စည်းစနစ် ရှိပါတယ်။ ဒီမိုကရေစီ အနိုင်ကျင့်ခြင်း၊ ဒီမိုကရေစီ အာဏာရှင် မဖြစ်ရေးကိုလည်း သတိပြု ထိန်းကျောင်းသွားရမှာ ဖြစ်ပါတယ်” ဟု ထည့်သွင်း ပြောသွားခဲ့သည်။

ဦးတင်ထွဋ်၏ အဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးရာတွင် လယ်သမားများပိုင် လယ်ယာမြေများကို ကုမ္ပဏီ အချို့နှင့် စစ်တပ်မှ သိမ်းပိုက်မှု များအား အဓိကထား ဆွေးနွေး ခဲ့ကြသည်။

ကိုယ်စားလှယ်များ၏ ဆွေးနွေးမှုများကို ဦးရွှေမန်းက ခြုံငုံ သုံးသပ်ပြရာတွင် မြေပုံ၊ စာရင်းဇယား တိကျ မှန်ကန်မှု ရှိ/မရှိ၊ စီမံကိန်းနှင့် မူဝါဒများ ချမှတ်ရာတွင် သက်ဆိုင်ရာ အဖွဲ့အစည်းများက အကောင်ထည်ဖေါ်ရာတွင် တရား ဥပဒေနှင့် ညီ/မညီ၊ ပွင့်လင်းမြင်သာမှု ရှိ/မရှိ၊ အပြန်အလှန် ထိန်းကျောင်းမှု ရှိ/မရှိ ဆိုတာတွေဟာ ပြဿနာ ရှိခြင်း/မရှိခြင်း စသည်တို့ ဖြစ်ပေါ်နေသည် ဟုလည်း ဆွေးနွေးသွားခဲ့သည်။

ထိုသို့သော အခြေအနေများကို သင်ခန်းစာယူကာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွင် နောက်တွန့်ရန် မဖြစ်ကြောင်း ကို “ဒါတွေကို ကျနော်တို့ အားလုံးက သတိနှင့် ဆင်ခြင်ကာ သင်ခန်းစာ ယူပြီး ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးခရီးကို ရဲရဲတင်းတင်း ဆက်လက် ချီတက်ရမှာ ဖြစ်ပါတယ်။ နောက်တွန့်နေလို့ မဖြစ်ပါဘူး” ဟုလည်း ပြောသွားခဲ့သည်။

ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက်အား အကောင်အထည်ဖော်ရာတွင် တာဝန် ရှိလာမည့် ပုဂ္ဂိုလ် အသီးသီးမှာ ဒေါသ၊ အာဃာတ၊ ရန်ငြိုးများ ကင်းကင်းဖြင့် တောင်သူ လယ်သမားများ နစ်နာမှု မရှိစေရေးအတွက် ဘက်ပေါင်းစုံမှ
ဆောင်ရွက်ပေးကြပါရန်လည်း သူရဦးရွှေမန်း က တိုက်တွန်းပြောဆိုသွားသည်။

Ref: မဇ္ဈိမ

Read More...

အလုပ်သမား ဆန္ဒပြမှုများနှင့် အလုပ်ထုတ်ခံရမှုများ ဆက်လက်ဖြစ်ပေါ်

နေလင်းအောင်
ကြာသပတေးနေ့၊ ဇူလိုင်လ ၂၆ ရက် ၂၀၁၂

ရန်ကုန် (မဇ္ဈိမ) ။ ။ အလုပ်သမားသမဂ္ဂများ တည်ထောင်၍ အလုပ်သမား များ၏ အခွင့်အရေးများကို တောင်းဆို လာခြင်းနှင့် အတူ ဦးဆောင် တောင်းဆိုသည့် အလုပ်သမားများ အလုပ်ထုတ် ခံကြရကြောင်း ရန်ကုန်မြို့ရှိ အလုပ်သမား များနှင့် အလုပ်သမား အရေး ကူညီဆောင်ရွက်ပေးနေသူ တို့က ဆိုသည်။

လတ်တလော ဖြစ်စဉ်တခုတွင် ရန်ကုန်တိုင်း၊ လှိုင်သာယာ စက်မှုဇုန်တခုရှိ ‘အရုဏ်ဦး’ ပီနံအိတ် စက်ရုံမှ အလုပ်သမား သမဂ္ဂ ခေါင်းဆောင်များ ဆက်တိုက်နီးပါး အလုပ်မှ ထုတ်ပယ်ခြင်း ခံရကြောင်း အဆိုပါ စက်ရုံ အလုပ်သမား များက
ပြောသည်။

ဇွန်လအတွင်းက စက်ရုံ သမဂ္ဂ ဥက္ကဋ္ဌကို ထုတ်လိုက်ပြီး အစားထိုး ခန့်အပ်ခဲ့သူ ကိုလည်း ဇူလိုင်လ နှောင်းပိုင်းတွင် အလုပ်မှ ထုတ်ပယ် လိုက်သည်ဟု စက်ရုံအလုပ်သမားများက ဆိုသည်။

“လစ်လပ်သွားတဲ့ အလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌ နေရာမှာ အစားထိုးထားတဲ့ ကိုကျော်သူနဲ့ အလုပ်သမား နှစ်ယောက်ကို တရုတ်လူမျိုး အလုပ်ရှင်နဲ့ စကားပြန်က အခု ဇူလိုင် ၂၁ ရက်နေ့မှာ ထပ်ထုတ် လိုက်ပါတယ်” ဟု ယင်းစက်ရုံမှ သမဂ္ဂ ဥက္ကဋ္ဌ ဟောင်း တဦးဖြစ်ခဲ့ပြီး အခြား အလုပ်သမား ၁ဝ ဦးနှင့်အတူ အလုပ် ထုတ်ခံလိုက်ရသူ ဦးဇော်ညွန့် က ပြောသည်။

၎င်းက ဆက်လက်၍ “ဒီလို အလုပ်သမားသမဂ္ဂ ခေါင်းဆောင်တွေကို တယောက်ပြီး တယောက် အလုပ်ကနေ ထုတ်တာ အလုပ်သမား သမဂ္ဂ ဖွဲ့စည်းတာကို မကျေနပ်လို့ ထုတ်ပယ်တာ ဖြစ်ပါလိမ့်မယ်” ဟု ပြောသည်။

ထိုစက်ရုံတွင် အလုပ်သမား ၁၅ဝ ခန့် ရှိရာ အများစုမှာ မိန်းကလေးများဖြစ်ပြီး နယ်မှ လာရောက် လုပ်ကိုင်ကြကြောင်း
နှင့် ဝန်ထမ်း စည်းမျဉ်း စည်းကမ်းများ အရ ဝန်ထမ်း တရာကျော်လျှင် ထမင်းစားခန်း၊ အိပ်ခန်းဆောင်များ ထားရှိပေး ရမည် ဖြစ်သော်လည်း ယင်းစက်ရုံတွင် ထားရှိပေးခြင်း မရှိကြောင်း ဇွန်လ ၂၂ ရက်နေ့က အလုပ်မှ ထွက်ခဲ့သူ ယင်းစက်ရုံမှ မန်နေဂျာဟောင်း ဦးထွန်းငွေ ကလည်း ပြောသည်။

အလုပ်သမားများ ယင်းစက်ရုံ၌ အလုပ်ဆင်းရာတွင် မနက်ဆိုင်း (မနက် ရှစ်နာရီမှ ညနေလေးနာရီ)၊ ညလေးဆိုင်း (ညနေ လေးနာရီမှ ည ၁၂ နာရီ)၊ ညကြီးဆိုင်း (ည ၁၂ နာရီမှ မနက် ၈နာရီ) သုံးဆိုင်း ရှိပြီး ညလေးဆိုင်း အလုပ်ပြီး ချိန်နှင့် ညကြီးဆိုင်း အလုပ်ဆင်းရာမှာ အိမ်ပြန်ရန် အခက်အခဲရှိသဖြင့် အဆောင် စီစဉ်ပေးရန် တောင်းဆိုရာမှ ဇွန်လ ၂၆ ရက်နေ့ ညပိုင်းတွင် အလုပ်ရှင်နှင့် အလုပ်သမားများ အငြင်းပွားပြီး အလုပ်ထုတ်ခံရခြင်း ဖြစ်သည်။

အလုပ်ထုတ်ခံရသူတဦးကို နှစ်လစာ နစ်နာကြေး ပေးခဲ့သော်လည်း “အလုပ်ထုတ်ခံရတဲ့အထဲမှာ ဒီစက်ရုံက အလုပ်သမား သမဂ္ဂအဖွဲ့က ဥက္ကဋ္ဌတွေ၊ အတွင်းရေးမှူးတွေနဲ့ အလုပ်အမှုဆောင် လေးယောက် ပါသွားတယ်။ အလုပ်အမှုဆောင်ထဲက မိန်းကလေး သုံးယောက်ပဲ ကျန်တယ်။ သူတို့ကတော့ အလုပ်မထွက်ဘဲ တင်းခံနေတယ်။ ကျနော်တို့လည်း အလုပ်ပြန်လိုချင်တယ်။ အခု အလုပ်မရှိဘဲ နေရတာ တလလောက် ရှိပြီ။ စားဝတ်နေရေးလည်း အဆင်မပြေဘူး” ဟု ဦးဇော်ညွန့် က ပြောသည်။

အခြေခံ အလုပ်သမား အဖွဲ့များ တရားဝင် ဖွဲ့စည်းခွင့် နည်းဥပဒေနှင့် အလုပ်ရှင် အလုပ်သမား အငြင်းပွားမှု ဖြေရှင်းရေး နည်းဥပဒေ စသည့် အလုပ်သမားဥပဒေများ ယခုနှစ်တွင် ပြဋ္ဌာန်းထားပြီး ဖြစ်သော်လည်း အလုပ်သမားများအတွက် ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ခြင်း မရှိသေးကြောင်း အဆိုပါစက်ရုံမှ သမဂ္ဂ ဥက္ကဋ္ဌဟောင်းတဦး ဖြစ်သူ ဦးသန့်ဇော်ဦး က ပြောသည်။

ထိုဖြစ်ရပ်များနှင့် ပတ်သက်၍ စက်ရုံမှ တာဝန်ရှိသာများကို မဇ္စျိမက တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ ပြန်လည်
ဖြေကြားခြင်း မရှိပေ။

အလားတူပင် လှိုင်သာယာစက်မှုဇုန်ရှိ အမျိုးသမီးလုပ်သား ၂,ဝဝဝ ခန့်ဖြင့် လည်ပတ်နေသည့် Hi Mo ဆံပင်တုစက်ရုံ တွင်လည်း အလုပ်ရှင်သည် အလုပ်သမားများ၏ လိုအပ်ချက်နှင့် ပတ်သက်၍ ကတိပြုသည့်အတိုင်း ဆောင်ရွက်ရန် ပျက်ကွက်နေသဖြင့် ဇူလိုင်လ နှောင်းပိုင်းတွင် ဆန္ဒပြမှုများ ပြန်လည် ဖြစ်ပေါ်နေသည်။

“ကျမတို့ တောင်းဆိုတာတွေကို မရမချင်း ဆက်လက် တောင်းဆိုနေမှာပါ” ဟု အလုပ်သမား ခေါင်းဆောင် တဦးဖြစ်သူ မသီတာထွန်း က မဇ္ဈိမကို ပြောဆိုသွားသည်။

Ref: မဇ္ဈိမ

Read More...

ဟန်ပြပါလီမန်အတု (သို့) စစ်အာဏာရှင်စနစ်ရဲ့ ခံကတုတ်

July 26, 2012

တကယ်တော့ စစ်အစိုးရက ပြောပြောနေတဲ့ လွှတ်တော်၊ ပါလီမန်ဆိုတာ ပြည်သူတွေကို ကိုယ်စားပြုရာ နေရာမဟုတ် သလို လူထု အကျိုးကို ကာကွယ်တဲ့ ဥပဒေတွေကို ပြဋ္ဌာန်ရာနေရာ မဟုတ်ပဲ စစ်အာဏာရှင် စနစ် တိုက်ပွဲတွေကို တွေဝေ အောင် လမ်လွှဲအောင် လုပ်တဲ့နေရာ တခုပဲလို့ သတ်မှတ်မိပါတယ်။ လူထုကို လိမ်ညာနေတဲ့ နေရာတခုကို နိုင်ငံရေးပုံစံ ကျကျ ဖန်တီးထားတာပါ။ လွှတ်တော်ထဲက ပြုပြင်ပြောင်းလဲမယ် ဆိုတဲ့ သူတွေအတွက် မကြာခင် အဖြေပေါ်တော့မှာပါ။ လက်ဗလာ အချိန်ကုန် လူပန်း ပြန်လာကြတာ မြင်ရောင် မိပါသေးတယ်။

ပါလီမန်တွင်းက ပြုပြင်ပြောင်းလဲရေးဟာ ဒီမိုကရေစီရေး၊ လူ့အခွင့်ရေး၊ စစ်အာဏာရှင် စနစ် ချုပ်ငြိမ်းရေးနှင့် အဖိနှိပ်ခံ လူထု လွတ်မြောက်ရေး အတွက် အဓိကကျတဲ့ မဟာဗျူဟာ လုပ်ငန်းစဉ်လို့ သွေးနထင်ရောက်ပြီး အဲဒီလမ်းစဉ် တခုတည်း ဖြင့် လုပ်မယ် ဆိုလျှင်တော့ မှားလိမ့်မယ်လို့ သတိပေးချင်ပါတယ်။ ယိုပေါက် မရှိ လုပ်ထားတဲ့ ခေတ်သစ် စစ်အာဏာရှင် ဖွဲ့စည်းပုံတခုပါ။

ဒီနေ့ဖြစ်နေတဲ့ အလုပ်သမား၊ လယ်သမားနဲ့ ကျောင်းသားစတဲ့ လူထု လူတန်းစား တိုက်ပွဲတွေနဲ့ ဘယ်လိုပေါင်းစပ် ချိတ် ဆက်မလဲ အားကောင်းအောင် ဘယ်လိုပြင်ဆင်ကြမလဲ ဆိုတာ နည်းလမ်း ရှာကြရတော့မှာဖြစ်ပါတယ်။ လူထုလူတန်းစား တိုက်ပွဲများနဲ့ နိုင်ငံရေးခေါင်းဆောင်မှု ဘယ်လိုပေါင်းစပ် ပေါင်းကူး ဆက်သွယ်မှုတွေ လုပ်ကြမလဲဆိုတာ စဉ်းစားရမယ်လို့ ထင်ပါတယ်။

နိုင်ငံရေးခေါင်းဆောင်တွေ များပါတယ်။ အခြေအနေတွေကို ရှင်းရှင်းလင်းလင်း လူထုကို ချပြရှင်းလင်းပြီး နိုင်ငံရေးခေါင်း ဆောင်မှုကို တည်ဆောက်ဖန်တီးရ လိမ့်မယ်လိုထင်ပါတယ်။ လူထုနဲ့ အတွေးညှိကြရမယ်ထင်ပါတယ်။

ဗမာပြည်က စစ်အာဏာရှင်စနစ်ဆိုတာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အရရော၊ သီးခြား လက်ဝါးကြီးအုပ် အာဏာပိုင် စိုးမှုအပါအ၀င် ဖွဲ့စည်းပုံပြင်ပ လုပ်ပိုင်ခွင့်ရှိတဲ့၊ နောက်ပြီး စစ်အုပ်စုလိုက် လိုက်ပိုင်ခွင့်ရှိတဲ့ စစ်အာဏာရှင် စနစ်ဖြစ်ပါ တယ်။

တိုင်းပြည်ရဲ့ အဓိကကျတဲ့ သဘာဝအရင်းအမြစ် ထုတ်ယူရောင်းချမှုတွေနဲ့ စီမံကိန်းကြီးတွေမှာ တမတ်သား စစ်တပ် ကိုယ်စားလှယ်တောင် မသိလိုက်ဘဲ လက်တဆုပ် စစ်အာဏာရှင် လက်ဝေခံ စီးပွါးရေးသမားတွေ စစ်အာဏာရှင်တစုက သာ လုပ်ချင်သလို ဆက်လုပ်နေတာပါ။

အစိပ်အပိုင်းလိုက် ပြုပြင် ဖြုတ်တတ် လဲလှယ်လို့မရတဲ့ စစ်အုပ်ချုပ်ရေး ယန္တရားကြီးဖြစ်နေတာပါ။ ချစားမှုတွေ အာဏာ အလွဲသုံးစားလုပ်မှုတွေကလဲ ဒုနဲ့ဒေ နေရတကာမှာဖြစ်နေဆဲပါ။ တချို့က ပါလီမန်ထဲက အော်ကြမယ်ဆိုတော့ အသံကြားရင် အားပေးကြမှာမှန်ပေမဲ့ ကိုယ်လိုချင်သလောက် ခရီးပေါက်ကြမလားဆိုတာတော့ သံသယဖြစ်မိတယ်။

ကိစ္စတော်တော်များများမှာ လက်သိပ်ထိုးပြီး ပါလီမန်တခုလုံးတောင်မသိလိုက်တဲ့ စစ်အာဏာရှင်စနစ်လုပ်ဟန်တွေကို ဆက်လက် မြင်တွေ့နေရ မှာတော့သေခြာပါတယ်။ ချမှတ်လိုက်တဲ့မှုအပေါ် အောက်ခြေက ဋ္ဌာနတွေက အကောင်အ ထည်ဖေါ်ပေးတဲ့ စီစစ်မှုတွေနဲ့ အခြားနိုင်ငံက အစိုးရကျင့်စဉ်တွေနဲ့ ယှဉ်တွဲစဉ်းစားရင် တက်တက်ဆင်အောင်လွဲမှာပါ။

အားလုံးက စစ်အာဏာရှင်တွေရဲ့ ပရိယာယ်ကြွယ်ဝမှုကို သတိရှိဖို့ ညီညွတ်တဲ့ နိုင်ငံရေးခေါင်ဆောင်မှုကို ရှာဖို့ လူထု အားကိုယူဖို့ ပါလီမန်ပြင်ပက လူထုလှုပ်ရှားမှုတွေ၊ လူတန်စားတိုက်ပွဲတွေဟာ ဒီမိုကရေစီတော်လှန်ရေးရဲ့ ပင်မကျောရိုး တိုက်ပွဲတွေအဖြစ် သဘောထားဖို့ အရေးကြီးလာပါတယ်။

ချုပ်မယ်ဆိုရင်တော့ အရေးကြီးတဲ့ နိုင်ငံရေး ဆိုင်ရာပြောင်းလဲမှုက မရေရာသေးချာသေးပါဘူး။

ဒီနေ့ဖြစ်နေတဲ့ အလုပ်သမား၊လယ်သမား၊ ကျောင်းသားစတဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေ၊ လူထုလူတန်းစားတိုက်ပွဲတွေဟာ ဒိမိုကရေစီတော်လှန်းရေးအတွက် အရေးကြီးတဲ့ ကျောရိုးသဖွယ် နိုင်ငံရေးလှုပ်ရှားမှုတွေဖြစ်ပါတယ်။ ပြောင်းလဲမှုတွေရှိ တယ်လို ဆိုနေကြသူတွေကို သိန်းချီရှိနေတဲ့ နိုင်ငံရေးဒုက္ခသည်တွေ၊ စစ်ပွဲတွေ၊ နေစဉ်နဲ့အမျှဖြစ်နေတဲ့ ဆန္ဒပြမှုတွေ၊ လူတွေရဲ့ဆင်းရဲမွဲတေမှုတွေ၊ လုံခြုံစိတ်ချမှုနှင့် နိုင်ငံရေအရ ယုံကြည်မှုကင်းမဲ့နေတာတွေဟာ ပြောင်းလဲပါတယ်လို့ဆိုတဲ့ စစ်အုပ်စုနဲ့ အမြီးစားဖက် ခေါင်းစားဖက်တွေကို စိန်ခေါ်နေတဲ့ကိစ္စတွေပဲ ဖြစ်ပါတယ်။

စစ်အာဏာရှင်တွေဟာ သူတို့အာဏာ သူတို့အကျိုးစီးပွားကို တိုက်ရိုက်ထိပါးလာရင် လက်ခံမှာမဟုတ်ဘူးဆိုတာ မကြာ ခင်အချိန်တခုမှာ ပြလာမှာပဲ။ ဟန်ဆောင် ငုတ်နေတတ်ရင်လည်း ခဏတာပါ။ လူထုကို ထိပ်တိုက်ရင်ဆိုင်အကြမ်းဖက် ပြီး ကာကွယ်ကြလိမ်ဆိုတာ ကြိုတွေးထားရပါမယ်။

လူထုညီရင် အရာရာပြီးမြောက်ပါတယ်။

ရဲဘော်သံဒုတ်

Ref: နေ့သစ်

Read More...

လယ်သမားအရေး ၈၈ တွေဝင်ရောက်ကူညီ

2012-07-26

ရန်ကုန်တိုင်း သံလျင်မြို့နယ် အလွမ်းဆွတ်ရွာမှာ စစ်တပ်က အဓမ္မ သိမ်းထားတဲ့ လယ်တွေကို မူလ လယ်သမားတွေ ပြန်ပြီး ထွန်ယက်တဲ့ အတွက် ဒီနေ့မနက်မှာ စစ်တပ်က လက်နက်နဲ့ ဝိုင်းပြီး ခြိမ်းခြောက် တားမြစ်လို့ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့က ကြားဝင် ညှိနှိုင်းဖို့ ကြိုးစားခဲ့တယ်လို့ သတင်းရရှိပါတယ်။

အဲဒီနေရာကို လယ်သမားရေး ဆောင်ရွက်နေတဲ့ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့က ကိုမျိုးသန့်၊ ကိုထွန်းမြင့်အောင် တို့ ရောက်သွားပြီး လယ်သမားတွေရဲ့ အခြေ အနေနဲ့ ဆန္ဒတွေ မေးမြန်း စုံစမ်းခဲ့ပါတယ်။ အဲဒီနောက် သိမ်းထားတဲ့ လယ်တွေကို တာဝန်ရှိသူ စစ်တပ် အရာရှိနဲ့ ဆွေးနွေးပေမယ့် အဆင်မပြေတဲ့ အတွက် ရန်ကုန်တိုင်း အစိုးရ နယ်စပ်ရေးရာနဲ့ လုံခြုံရေး ဝန်ကြီးကို ဆက်သွယ်ပြီး ဒီပြဿနာဖြေရှင်းဖို့ ကြိုးစားခဲ့တဲ့ အကြောင်း ကိုမျိုးသန့်က ပြောပါတယ်။

"အဲဒီမှာ တာဝန်ရှိတဲ့သူထဲက အကြီးဆုံး ဗိုလ်မှူး အောင်နေမျိုးပေါ့ဗျာ။ သူ့ဆီကို ဒီကိစ္စကို ကျွန်တော်တို့ ဘယ်လိုဖြေရှင်းနိုင်မလဲလို့ မေးတဲ့ အခါကျတော့ ကျွန်တော့မှာဘာမှ ပြောပိုင်ခွင့် မရှိဘူးတဲ့။ အဲတာ ကျွန်တော်တို့က ရန်ကုန်တိုင်း လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းဆီကို အကူအညီ တောင်းပါတယ်။ ဗိုလ်မှူးကြီးခင်ဗျား ဒီမှာရေတပ်နဲ့ လယ်သမားတွေနဲ့က ပဋိပက္ခက ပိုပြီးကြီးလာနိုင်တယ်။ လူအင်အားပြပြီး ခြိမ်းခြောက်နေတဲ့ ပုံစံမျိုးကိုတော့ ရပ်တန်းက ရပ်ပေးနိုင်ဖို့အတွက် ဘယ်လို ညှိနှိုင်း ဆောင်ရွက်ရင် ကောင်းပါမလဲ ဆိုပြီးတော့ အကူအညီ တောင်းတဲ့ အခါမှာ လုံခြုံရေးဝန်ကြီးက ရေတပ်ဌာနချုပ်ကို လှမ်းအကြောင်းကြား ပေးပါမယ်တဲ့။ သူတို့လူကြီး တစ်ယောက်ယောက် စီစဉ်ပေးနိုင်ပါတယ်လို့ ပြောတဲ့ အခါကျတော့ ကျွန်တော်တို့ စောင့်သေးတယ်ဗျ။ နောက်ဆုံး မလာတာနဲ့ ကျွန်တော်တို့ ပြန်လာတယ်ပေါ့ဗျာ"

အဲဒီ အလွမ်းဆွတ်ရွာမှာ လယ်မြေဧက (၂၀၀) ကျော်ကို ခလရ (၉၀) က ၁၉၉၅ ခုနှစ်မှာ သိမ်းခဲ့ပြီး လယ်သမားတွေကို တစ်ဧကစပါး (၁၀) တင်းနှုန်းနဲ့ သီးစားပြန်ချ ထားခဲ့တာပါ။ နောက်ပိုင်းမှာတော့ တပ်အဆင့်ဆင့်ပြောင်းပြီး အခုလက်ရှိ အမှတ် (၁) ဗျူဟာ စစ်ရေယာဉ်စုတပ်က ယူထားတာ ဖြစ်ပါတယ်။

ဒီအခြေအနေကြောင့် မူရင်းလယ်လုပ်ခွင့် ဆုံးရှုံးသွားတဲ့ လယ်သမားတွေက ပြီးခဲ့တဲ့ ၂ လလောက်မှာ သူတို့လယ်တွေ ပြန်လုပ်ခွင့်ပေးဖို့ သမ္မတဆီကို အသနားခံစာ တင်ခဲ့ပြီး လယ်တွေပြန်လုပ်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒီကာလမှာ အခုလိုစစ်တပ်က အင်အားနဲ့ ဆောင်ရွက်တာဟာ မဖြစ်သင့်တဲ့ ကိစ္စလို့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က ကိုမျိုးသန့်က ပြောပါတယ်။

"နံပတ်တုတ်တွေကိုင်ပြီးတော့ လုံခြုံရေး အင်အားအပြည့်အဝနဲ့ လယ်သမားတွေကို ဝိုင်းထားပြီးခါမှ မလုပ်ရဘူးလို့ ပြောတာ။ ကျွန်တော်တို့ကလည်းပဲ လယ်သမားတွေ လယ်ပိုင်တာလား၊ မပိုင်တာလား ကျွန်တော်တို့ မဆုံးဖြတ်ဘူး။ အဲဒီလို လက်နက် အင်အား၊ လူအင်အားနဲ့ ခြိမ်းခြောက်တာမျိုးကတော့ မဖြစ်သင့်ဘူး"

တဆက်တည်းမှာပဲ ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ပေါက်ကုန်းရပ်ကွက်က လယ်သိမ်းခံထားရတဲ့ လယ်သမားတွေရဲ့ အခြေအနေနဲ့ ပတ်သက်လို့ သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်ကို ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ရဲ့ ရုံးခန်းမှာ ဒီနေ့ နေ့လည်က ပြုလုပ်ခဲ့ပါတယ်။

စစ်တပ်က သိမ်းထားတဲ့ အဲဒီမြေတွေမှာ အခြားစီမံကိန်းတွေ ဆောင်ရွက်တာမျိုး မရှိသလို လယ်မြေတွေလည်း ဖြစ်ထွန်းအောင် စိုက်ပျိုးတာ မဟုတ်ဘဲ အရင်အတိုင်းပဲ ဆက်လက်တည်ရှိနေတဲ့အတွက် မူလလယ်သမားတွေကို လယ်လုပ်ခွင့် ပြန်ပေးသင့်တဲ့အကြောင်း လယ်သမားရေး ဆောင်ရွက်နေတဲ့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က မနုနုအောင်က RFA ကိုပြောပါတယ်။

"'ဒီနေ့က ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပေါက်ကုန်းရပ်ကွက် လယ်သမား ၈၀ ကျော်ရဲ့ လယ်ဧက ၆၀၀ ကျော်လေ၊ လယ်ယာမြေကိစ္စပေါ့။ သတင်းစာ ရှင်းလင်းပွဲလုပ်တာ။ သိမ်းတာက ရန်ကုန်တိုင်း စစ်ဌာနချုပ် ခလရ ၁၆၊ ခလရ ၁၃၉၊ ခလရ ၉၀၊ ခမရ ၄၃၅၊ ခမရ ၄၃၆၊ ခမရ ၇၀၂၊ ခလရ ၈၂၊ နလစ ၆၅၆ အဲတာသိမ်းတာ လျော်ကြေး ဘာမှမရဘူး"

ဒီလယ်တွေကို ၁၉၉၂ ခုနှစ်မှာ အဲဒီ စစ်တပ်တွေက သိမ်းခဲ့ပြီး မူလလယ်သမားတွေကို သီးစားပြန်ချ ထားခဲ့ပါတယ်။ နောက်ပိုင်းမှာ လယ်သမားတွေက တွက်ချေ မကိုက်တော့တဲ့ အတွက် အဲဒီလယ်တွေကို ဆက်မလုပ်ကြတော့ဘဲ ခေါင်းရွက်ဗျတ်ထိုး ဈေးသည်တွေ ဖြစ်လာကြတယ်လို့ ဆိုပါတယ်။ တောင်သူ လယ်သမား ပြဿနာတွေ ပြေလည်အောင် သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ဆက်သွယ်ပြီး ညှိနှိုင်း ဖြေရှင်းဖို့ ကြိုးစားသွားမယ်လို့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က ပြောပါတယ်။

Ref: RFA News

Read More...

ရိုဟင်ဂျာကိစ္စအတွက် ပါကစ္စတန်အစိုးရကို တာလီဘန်က ခြိမ်းခြောက်

2012-07-26

ပါကစ္စတန်အစိုးရအနေနဲ့ အစ္စလာမ်မာဘတ်မြို့မှာ ရှိတဲ့ မြန်မာ သံရုံးကို ပိတ်ပစ်ပြီး မြန်မာ အစိုးရနဲ့ အဆက်အသွယ် မှန်သမျှကို ဖြတ်တောက် ရမယ်လို့ ပါကစ္စတန်နိုင်ငံမှာ ရှိတဲ့ TTP တာလီဘန် အဖွဲ့က တောင်းဆို လိုက်ပြီး အဲဒီလို မဆောင်ရွက်ဘူး ဆိုရင် မြန်မာနိုင်ငံမှာ မူစလင် ရိုဟင်ဂျာတွေကို နှိပ်ကွပ်နေမှု အတွက် မြန်မာနိုင်ငံကို မိမိတို့က တိုက်ခိုက် ရလိမ့်မယ်လို့ ခြိမ်းခြောက် လိုက်ပါတယ်။

ဒါ့အပြင် တာလီဘန် TTP အဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Ehsanullah Ehsan (အက်ဆန်အူလာ အက်ဆန်) က တကယ်လို့ မိမိတို့ တောင်းဆိုချက်တွေကို ပါကစ္စတန် အစိုးရက မဆောင်ရွက်ဘူးဆိုရင် မိမိတို့ အဖွဲ့ အနေနဲ့ မြန်မာပြည်ရဲ့ အကျိုးစီးပွား မှန်သမျှကို သာမက မြန်မာအစိုးရနဲ့ ဆက်ဆံနေတဲ့ ပါကစ္စတန် မှန်သမျှကိုလည်း တိုက်ခိုက်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

ပါကစ္စတန်မှာ လုံခြုံရေး တပ်ဖွဲ့တွေ မကြာခဏ အတိုက်ခိုက် ခံနေရတာနဲ့ ပတ်သက်ပြီး TTP က သူတို့ အဖွဲ့ရဲ့ လက်ချက်ဖြစ်တယ်လို့ ဆိုပေမယ့် အဲဒီအဖွဲ့ရဲ့ အမှန်တကယ် စွမ်းဆောင်နိုင်စွမ်းကိုတော့ ဝေဖန်သူတွေက သံသယ ရှိနေကြပါတယ်။

အမေရိကန် အရာရှိတွေရဲ့ ပြောဆိုချက်အရ ၂၀၁၀ ခုနှစ်တုန်းက အမေရိကန်ပြည်ထောင်စု နယူးယောက် မြို့လယ်ခေါင် Time Square မှာ ဗုံးခွဲဖို့ ကြိုးစားခဲ့တာဟာ အဲဒီ တာလီဘန် TTP အဖွဲ့ရဲ့ လက်ချက် ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီအဖွဲ့ရဲ့ ခေါင်းဆောင် ဟာကီမူလာ Hakimullah ကိုတော့ ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်က အာဖဂန် နစ္စတန်မှာ ရှိတဲ့ အမေရိကန် စစ်စခန်းမှာ အသေခံ ဗုံးခွဲမှုတစ်ခုကြောင့် အမေရိကန် ဗဟိုထောက်လှမ်းရေး စီအိုင်အေ အဖွဲ့ဝင် ၇ ဦး သေဆုံးမှုနဲ့ ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စုမှာ စွဲချက် တင်ထားပါတယ်။

Ref: RFA News

Read More...

၈၈ နှစ်ပတ်လည် မန္တလေးမှာ ကျင်းပမည်

ကိုဇော်ဝင်းလှိုင်
26.07.2012

မြန်မာနိုင်ငံခေတ်သစ်သမိုင်းမှာ နိုင်ငံရေးအရ ပြောင်းလဲမှု အကြီးမားဆုံး ဖြစ်ပေါ်စေခဲ့တဲ့ ရှစ်လေးလုံး နှစ်ပတ်လည်ပွဲကို ဒီနှစ် မန္တလေးမြို့မှာ ကျင်းပ ကြဖို့ စီစဉ်ထားတယ်လို့ အခမ်းအနားဖြစ်မြောက်ရေး အတွက် ဦးဆောင် စီစဉ်နေတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေက ပြောပါတယ်။ ရှစ်လေးလုံး အရေးတော်ပုံကြီးဟာ တနိုင်ငံလုံးနဲ့ ဆိုင်တဲ့အတွက် ဒီပွဲကို အေးအေးချမ်းချမ်းနဲ့ ကျင်းပနိုင်အောင် စီစဉ်နေတယ်လို့ ပြောပါတယ်။ အပြည့်အစုံကိုတော့ ဘန်ကောက်ရုံးကနေ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

ရှစ်လေးလုံးရယ်လို့ မြန်မာ့နိုင်ငံရေးသမိုင်းမှာ မှတ်ကျောက် တင်ထားရတဲ့ ၈ ရက်၊ ၈ လ၊ ၁၉၈၈ ခုနှစ်က ဒီမိုကရေစီ အရေး လူထု အုံကြွမှုကြီးဟာ တနိုင်ငံလုံး အတိုင်းအတာနဲ့ ဒီမိုကရေစီအရေး ငြိမ်းချမ်းစွာ ချီတက် ဆန္ဒပြခဲ့ကြသူတွေကို အဲဒီအချိန်က အာဏာရပါတီ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပါတီက အကြမ်းဖက် ဖြိုခွင်းခဲ့တာကြောင့် အပြစ်မဲ့ ပြည်သူတွေ ထောင်နဲ့ချီ သေဆုံးခဲ့ရတဲ့ အဖြစ်အပျက်ကြီးလည်း ဖြစ်ပါတယ်။

ဒီနှစ် ၂၀၁၂ ခုနှစ် သြဂုတ်လ ၈ ရက်မှာတော့ အဲဒီ အရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့တာ ငွေရတု အကြိုလို့ ပြောလို့ရမယ့် ၂၄ နှစ် ပြည့်နေ့မှာ ဒီအခမ်းအနားကို မန္တလေးမြို့မှာ ကျင်းပကြဖို့ စီစဉ်နေတယ်လို့ အခမ်းအနားဖြစ်မြောက်ရေး အတွက် ဦးဆောင် လုပ်ကိုင်နေသူ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦးဖြစ်သူ ကိုပြုံးချိုက ဗွီအိုအေကို ပြောပြပါတယ်။

“ဒီနှစ် မန္တလေးမှာ ရန်ကုန်က ၈၈ မျိုးဆက် ကျောင်းသားတွေရော၊ မန္တလေးက နိုင်ငံရေး အင်အားစုတွေရော၊ နောက် တိုင်းနဲ့ပြည်နယ် အသီးသီးက ဒီမိုကရေစီ အရေး လှုပ်ရှား တက်ကြွသူတွေ အားလုံး ဆုံပြီးတော့ တစုတစည်းတည်း လုပ်ကြမှာ။ ဘုန်းကြီးကျောင်း အမိုးအကာအောက် တခုတည်းမှာ အားလုံး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြီးဆုံးသွားအောင် ကျနော်တို့ အားလုံး စုပေါင်း လုပ်ဆောင်ကြခြင်း ဖြစ်တယ်။ သံဃာတော်တွေကို မနက်ပိုင်းမှာ အာရုံဆွမ်းကပ်မယ်။ နောက်ပြီး ဝါဆို သင်္ကန်း ကပ်လှူပူဇော်မယ်၊ ပြီးတဲ့အခါမှာ ရေစက်ချ အခမ်းအနားတွေ လုပ်မယ်။ နောက်ပြီးတော့ သံဃာတော်တွေကို နေ့ဆွမ်း ဆက်ကပ် လှူဒါန်းမယ်- အစရှိသဖြင့် ရတဲ့အချိန်ပေါ်မှာ မူတည်ပြီးတော့ တညီတညွတ် တည်းနဲ့ အေးအေးချမ်းချမ်းဖြစ်အောင် လုပ်ဖို့ စီစဉ် ထားပါတယ်။
ဒီပွဲကို ကျနော်တို့က ကျယ်ကျယ်ပြန့်ပြန့်ဖြစ်အောင် အားလုံး ပါဝင်လို့ရအောင် တတ်နိုင်သလောက် ကြိုးစားပါတယ်။ အဲဒီတော့ တော်တော်များများ သက်ဆိုင်သူတွေ မကျန်ခဲ့အောင်တော့ ဖိတ်သွားမှာပါ။”

အခမ်းအနား ကိုတော့ မန္တလေးမြို့ ဒက္ခိဏရာမ ဘုရားကြီးကျောင်း အလယ်တိုက်ကြီးမှာ ကျင်းပဖို့ စီစဉ်ထားတာဖြစ်ပါတယ်။ (၈) လေးလုံးဟာ တကယ်တော့ တနိုင်ငံလုံးနဲ့ဆိုင်တဲ့ နှစ်ပတ်လည်နေ့ ဖြစ်တာကြောင့် အားလုံး အစုံအညီ တက်ရောက်နိုင်အောင် မန္တလေးမြို့မှာ ကျင်းပဖို့ စီစဉ်တာ ဖြစ်ပြီး အေးအေးချမ်းချမ်းနဲ့ ကျင်းပနိုင်ဖို့ ရည်ရွယ်ထားတာကြောင့် ဘုန်းကြီးကျောင်းဝင်းအတွင်းမှာ ပြုလုပ်မှာဖြစ်တယ်လို့ ကိုပြုံးချိုက ဆက်ပြောပါတယ်။

“၈ လေးလုံး အရေးတော်ပုံဟာ တနိုင်ငံလုံးကို ကိုယ်စားပြုပြီးတော့ ပေါ်ပေါက်ခဲ့တယ်။ တနိုင်ငံလုံးမှာရှိတဲ့ ဒီမိုကရေစီရေး လိုလားသူတွေ ပါဝင်ခဲ့ကြတယ်။ အဲဒီတော့ ဒီ အရေးတော်ပုံကြီး ကိုယ်နှိုက်ကိုက ဒေသအသီးသီးကို ကိုယ်စားပြုထားတာ ဖြစ်တဲ့အတွက် မန္တလေးမြို့ကို အားလုံးဆုံပြီးတော့ သွားလို့ လာလို့လည်း အဆင်ပြေနိုင်မယ်၊ အဲဒီမှာ ရန်ကုန်က ကျောင်းသားတွေလည်း သွားပြီးတော့ သံဃာတော်များရဲ့ အရိပ် အာဝါသအောက်မှာ စုပေါင်း လုပ်ဆောင်နိုင်ဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။”

ရှစ်လေးလုံး နှစ်ပတ်လည်ပွဲ အခုလို မန္တလေးမြို့မှာ ကျင်းပမယ်ဆိုတာ အာဏာပိုင်တွေဖက်ကလည်း သိပြီးသား ဖြစ်ပါတယ်။ အစိုးရကိုယ်တိုင်ကလည်း အခုချိန်မှာ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းတွေကို လုပ်ဆောင်နေတာကြောင့် ဒီလုပ်ငန်းတွေ ထိခိုက်အောင် သူတို့အနေနဲ့လည်း လုပ်ဆောင်မှာ မဟုတ်ဘူးလို့ ကိုပြုံးချိုက ပြောပါတယ်။

“အခုချိန်ထိကတော့ ကျနော်တို့ဆီမှာ ဘာမှ သက်ရောက်မှု မရှိပါဘူး။ အေးအေးချမ်းချမ်းနဲ့ လုပ်မယ်ဆိုတာလည်း မှန်းလို့ ရနေတာပဲ။ ဘာပဲပြောပြော ဒီပြောင်းလဲရေး ဖြစ်စဉ်မှာ ကျနော်တို့လည်း ဒီ ပြုပြင်ပြောင်းလဲရေးအတွက် ညှိနှိုင်းလို့ရတဲ့ ဘယ်သူနဲ့မဆို လုပ်နိုင်သမျှ အလုပ်တွေကို တွဲလုပ်နေကြ တာလည်း တချို့ဆိုလို့ရှိရင် ခရီးရောက်တာလေးတွေ ရှိပါတယ်။ အဲဒီတော့ ဒီနေ့၊ ဒီကာလ၊ ဒီအချိန်မှာ ရပြီးသား အခြေအနေလေးတွေ တိုးတက်ဖို့ပဲ စဉ်းစားပါတယ်။ အခု ခန့်မှန်း ရသလောက်ဆိုရင် လူ ၁ ထောင် အထက်မှာ ဖြစ်နေတယ်။ ဘုန်းကြီးကျောင်းရဲ့ အကျယ်အဝန်းက ဘုန်းကြီးကျောင်း တွေ အဲဒီ ပတ်ချာလည်မှာ အများကြီး ရှိနေတယ်။ ကျနော်တို့ စီစဉ်ထားတဲ့နေရာနဲ့တော့ အဆင်ပြေအောင် ကြိုးစားမှာပါ။”

ရှစ်လေးလုံးအရေးတော်ပုံမှာ ပါဝင်ခဲ့ကြတဲ့ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေနဲ့ ကျောင်းသားအများအပြားဟာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၈ ရက်နေ့ နောက်ပိုင်းမှာ အများအပြား ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသလို အများစုကလည်း နယ်စပ် ဒေသတွေကို ထွက်ပြေး တိမ်းရှောင်ခဲ့ကြပါတယ်။

ရှစ်လေးလုံး မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေရယ်လို့ ဖြစ်ပေါ်လာတဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး အစရှိတဲ့ ကျောင်းသားခေါင်းဆောင်တွေ ဟာလည်း အခုနှစ် ဇန်န၀ါရီလလယ်လောက်ကမှ မြန်မာနိုင်ငံ အကျဉ်းထောင် အသီးသီးမှာ နှစ်ရှည် ဖမ်းဆီး ထိန်းသိမ်းထားခံရာကနေ ပြန်လည် လွတ်မြောက်လာခဲ့ကြတာ ဖြစ်ပါတယ် ခင်ဗျား။

Ref: VOA News

Read More...

Thursday, July 26, 2012

ကိုယ့်ထောင်ချောက်ထဲ ကိုယ်ပြန်ပိတ်မိနေတဲ့စစ်အုပ်စု

မင်းဝဏ်
ဇူလိုင်လ ၂၆ ရက် ၂၀၁၂

ပထမအကြိမ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအ ဝေးတွေကျင်းပလာခဲ့တာ မနေ့က အစီအစဉ်တွေ အထိ ဆိုရင် ၁၃ ရက် ခရီးရောက်ရှိ ခဲ့ပြီဖြစ်ပါတယ်။ ပြည်သူ့ လွှတ်တော်နဲ့ အမျိုးသား လွှတ်တော်နှစ်ရပ်ပေါင်း ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွေ ကျင်းပဖြစ်တာ တွေ့ရပေမယ့် နှုတ်ထွက်သွားတဲ့ သီဟသူရ ဦးတင်အောင်မြင့်ဦး ရဲ့ ဒု-သမ္မတနေရာကို အစားထိုးရွေးကောက် တင်မြှောက်မှု အတွက် လွှတ်တော်ရဲ့ ပွင့်လင်းမြင်သာတဲ့ လုပ် ဆောင်ချက်တွေကို မတွေ့ရသေးပါဘူး။ ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၇၃ ပုဒ်မခွဲ (စ) (ဆ) တို့အရ ပြည်ထောင်စု လွှတ်တော် အစည်းအဝေး ကျင်းပနေ ချိန်မှာ ၇ ရက်အတွင်း ဒု-သမ္မတ အသစ်တဦးရဲ့ အမည် စာရင်းကို စစ်ဗိုလ် အမတ်တွေက ပြည်ထောင်စုလွှတ် တော် အကြီးအမှူးဆီ တင်ပေး၊ သမ္မတလောင်း အရည် အချင်းနဲ့ ကိုက်ညီမှု ရှိ-မရှိ စိစစ်ရမယ့် အဖွဲ့က စိစစ်ပြီးရင် လွှတ်တော်ကို တင်ပြ အတည်ပြုချက် ယူရမယ့် ကိစ္စ တွေ ဟာ ဖင့်လေးနေပြီး ကြိတ်ဝိုင်း အလုပ်တခုလိုဖြစ်နေတာ သတိပြုမိကြမှာပါ။

ဖြစ်စဉ်ကိုပြန်ကြည့်ရင် သီဟသူရ ဦးတင်အောင်မြင့်ဦး ဟာ ပြည်သူ့ လွှတ်တော်ထဲမှာ ပါတဲ့ စစ်ဗိုလ် အမတ် ၁၁၀ ဦးနဲ့ အမျိုးသား လွှတ်တော်မှာပါတဲ့ စစ်ဗိုလ်အမတ် ၅၆ ဦး၊ စုစုပေါင်း ၁၆၆ ဦးက အမည်စာရင်း တင်သွင်းခဲ့တဲ့ သမ္မတလောင်းဖြစ်ပါတယ်။ စစ်ဗိုလ်အမတ် ၁၆၆ ဦးက ဘယ်သူ့ကို အမည်စာရင်း တင်သွင်းရမယ် ဆိုပြီး ရွေးကောက်ပွဲကို ကြီးကြပ်ပေးရသူ သို့မဟုတ် လမ်းညွှန် ချမှတ်ပေးရသူက တပ်မတော်ကာကွယ် ရေးဦးစီး ချုပ်ဖြစ်ပါတယ်။ ဒါကြောင့် ဦးတင်အောင်မြင့်ဦး သမ္မတလောင်းဖြစ်လာ ခဲ့ရတာဟာ စစ်အာဏာရှင် ဗိုလ်သန်း ရွှေရဲ့ ဇာတ်ညွှန်းထဲက အစိတ်အပိုင်း တခုသာ ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် မေလမှာ လည်ချောင်း ကင်ဆာ ကြောင့် စင်္ကာပူဆေးကု ထွက်ပြီးပြန်လာတဲ့ ဦးတင်အောင်မြင့်ဦးဟာ ဒု-သမ္မတ ရာထူးကနေ ထွက်ပြီ ဆိုပြီး သတင်း ထွက်လာပါတယ်။ ဖွဲ့စည်းပုံအရ လွှတ်တော်ချိန်ခါ အတွင်း မဟုတ်ရင် ၂၁ ရက်အတွင်း ရွေးကောက် တင်မြှောက်ဖို့ လုပ်ပေးရမှာကို မလိမ့်တပတ်နဲ့ ဇူလိုင်လ ၁ ရက်ရောက်မှ သမ္မတဆီ နှုတ်ထွက်စာ တင်သလို တိုင်းပြည်ကို တရားဝင်ကြေညာ ခဲ့တာပါ။ မေလနဲ့ ဇွန်လ ၂ လလုံးမှာတော့ ဒု-သမ္မတကို ဆေးခွင့်ပေးထား တယ်လို့ အကြောင်းပြ ခဲ့ကြတာဖြစ်ပါတယ်။ ဦးတင်အောင်မြင့်ဦး ရဲ့ တိတ်တိတ်ပုန်းနှုတ်ထွက်မှု ဖုံးမရတဲ့ အဆုံး ဇူလိုင်လ ၄ ရက်မှာစတင်ကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်ရောက်တော့ တပ်မတော်သား လွှတ် တော်ကိုယ်စားလှယ်အဖွဲ့က ဒု- သမ္မတအမည်စာရင်းတင်သွင်းစေဆိုပြီး ဆုံးဖြတ်ရပါတော့တယ်။ ဖွဲ့စည်းပုံနဲ့ ဘောင်ဝင်အောင် တပတ်အတွင်း အမည်စာရင်းပို့ရမှာဖြစ်လို့ ဇူလိုင်လ ၁၀ ရက်နောက်ဆုံးထားပြီး ဒု-သမ္မ တအမည်စာရင်းပို့ဖို့ ဦးခင်အောင်မြင့်က ညွှန်ကြားခဲ့ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအရဆိုရင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒု- ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ကြီးကြပ် ကွပ်ကဲမှုနဲ့ စစ်ဗိုလ်အမတ် ၁၆၆ ဦးက ဒု-သမ္မတအမည်စာရင်းကို ရွေးချယ်ပေးရမှာဖြစ်လို့ ပြည်သူလူထု ကလည်း ဇူလိုင်လ ၁၀ ရက်မှာ ပြည်ထောင်စုလွှတ်တော်နာယကဆီရောက်လာမယ့် အမည်စာရင်းကို စိတ် ဝင်တစားရှိခဲ့ကြပါတယ်။ ထင်ကြေး အမျိုးမျိုး ၊ကောလာဟလ အမျိုးမျိုးနဲ့ အကယ်ဒမီ တစ်ကြို စာရင်းလို ဒု-သမ္မ တလောင်းအဖြစ် ရေပန်းစား ခဲ့ကြသူများ ကတော့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒု-ဗိုလ်ချုပ်ကြီး ဟောင်း ဦးမြင့်ဆွေ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနဲ့ အရင် ဦးပိုင် လီမိတက် ဥက္ကဋ္ဌလုပ်ခဲ့တဲ့ ဒု-ဗိုလ်ချုပ် ကြီးဟောင်း ဦးတင်အေး၊ ကာကွယ်ရေး ဝန်ကြီးဌာနက ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ကြံ့ဖွံ့ပါတီ အထွေထွေ အတွင်းရေးမှူး တာဝန်ယူထားတဲ့ ဗိုလ်ချုပ်ဟောင်း ဦးဌေးဦး၊ လက်ရှိ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် ကြီးစိုးဝင်း တို့ ပါဝင်ပါတယ်။ စာရင်းချုပ်ရင် အားလုံးဟာ ဗိုလ်ချုပ်ဟောင်းတွေနဲ့ လက်ရှိဗိုလ်ချုပ် တွေပါပဲ။ ကာကွယ်ရေး ဦးစီးချုပ်နဲ့ စစ်ဗိုလ် အမတ်တွေဟာ သူတို့ရွေးပေးလိုက်တဲ့ ဒု-သမ္မတလောင်းဟာ ဘယ်သူဖြစ် တယ် ဆိုတာ၊ တတိုင်းပြည်လုံးကို ကိုယ်စားပြုတဲ့သူ တဦးဟာ ဘယ်သူဖြစ်တယ်ဆိုတာ လူထုထံ ပွင့်ပွင့်လင်း လင်းရဲရဲဝံ့ဝံ့အသိပေးနိုင်ရမှာဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ ၅၇ မှာ “ နိုင်ငံတော်သမ္မတနှင့် ဒုတိယ သမ္မတ များသည် နိုင်ငံတော်ကိုကိုယ်စားပြုသည် ” လို့ ဖေါ်ပြထားတာ တွေ့ကြရမှာပါ။

ဒု-သမ္မတလောင်းဘယ်သူလည်းဆိုတဲ့မေးခွန်းတွေကို တုန့်ပြန်တဲ့အနေနဲ့ စစ်ဗိုလ်အမတ်တဦးဖြစ်တဲ့ ဗိုလ်မှူး ချုပ်ဝေလင်းက ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် - ဦးမြင့်ဆွေကို အမည်စာရင်းပေးထားတယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဇူလိုင်လ ၁၀ ရက်က ထုတ်ပြောလာတဲ့အတွက် ပေါက်ကောင်ရသွားပြီဖြစ်ပေမယ့် ရက် သတ္တနှစ်ပတ်ကျော်ကြာတဲ့အထိ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ ဒု-ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ အမျိုး သားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နဲ့ ဒု-ဥက္ကဋ္ဌ ဦးမြညိမ်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖွဲ့က ဦးဌေးဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖွဲ့က ဦးဇော်မြင့်ဖေ၊ စစ်ဗိုလ်အမတ်အဖွဲ့က တဦး တို့ပါဝင် တဲ့ သမ္မတလောင်းစီစစ်ရေး ၇ ဦးအဖွဲ့က တိတ်ဆိတ်ငြိမ်သက်နေတဲ့အပေါ် လူထုအကြား သတင်း အမျိုးမျိုး ထွက်လာပါတော့တယ်။ ဦးမြင့်ဆွေရဲ့သားတဦးဟာ လွန်ခဲ့တဲ့ ၁၂ နှစ်လောက်က သြစတြေးလျ နိုင်ငံသား အဖြစ်ခံယူထားသူ ဇနီးမယားရှိပြီး သူကိုယ်တိုင်လည်း သြစတြေးလျနိုင်ငံသားဖြစ်နေပြီးတဲ့အကြောင်း ဖုံး မနိုင် ဖိမရပေါ်လာတဲ့အခါ ၂၀၀၈ ဖွဲ့စည်းပုံအရ သမ္မတအရည်အချင်းနဲ့မကိုက်ညီလို့ စစ်ဗိုလ် အမတ်တွေက အမည်စာရင်းအသစ်တင်ရမလို ဖြစ်လာပြန်ပါတယ်။ ကြံ့ဖွတ်ဦးဌေးဦးကတော့ ဆင်သေကို ဆိတ်သားရေ နဲ့ဖုံးပြီး သူ့ဆီမှာ ဒု-သမ္မတအမည်စာရင်းတောင် မတွေ့ရသေးဘူးလို့ မီဒီယာတွေကို ပြောနေတဲ့အတွက် ပြည် သူတွေက လည်း မကျေမနပ်ဖြစ်နေကြပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအလိုအရ သမ္မတနဲ့ ဒု-သမ္မတတွေရဲ့ခင်ပွန်း၊ ဇနီးမယား၊ တရားဝင်သားသမီးတဦးဦး သူတို့ ရဲ့ခင်ပွန်း၊ ဇနီးမယားတွေဟာ နိုင်ငံခြားအစိုးရ၏လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတပါး ၏နိုင်ငံသား ဖြစ်သူများ မဖြစ်စေရ ဆိုပြီး ပုဒ်မ ၅၉ အပိုဒ်ခွဲ (စ) မှာ ပြဋ္ဌာန်းထားတဲ့အတွက် ကိုယ့်အတတ် ကိုယ်စူးပြီး ဦး မြင့်ဆွေတယောက် ဒု-သမ္မတ ရာထူးနဲ့ ဝေးရဖို့အကြောင်းကံ ဖန်တီး လာတာသာပဲ ဖြစ်ပါတယ်။ အမှန်မှာ တော့ ဒီပုဒ်မဟာ ဒေါ်အောင်ဆန်း စုကြည်ကို မြန်မာနိုင်ငံရဲ့အကြီးအကဲ၊ နိုင်ငံခေါင်းဆောင် ဘယ်တော့မှ ဖြစ် မလာရအောင် ရည်ရွယ်ချက်ရှိရှိ ကန့်သတ်ခဲ့တဲ့ပုဒ်မဖြစ်ပေမယ့် ဒု-သမ္မတ အစားထိုးရမယ့် ဖြစ်စဉ်မှာ ကိုယ့်ထောင်ချောက်ထဲ ကိုယ်ပြန်ပိတ်မိနေတဲ့စစ်အုပ်စု - ကိုတွေ့လိုက်ရတဲ့အတွက် မြန်မာ့နည်း မြန်မာ့ဟန် ဒီမိုကရေစီကိုချီတက်မယ့် ၂၀၀၈ ဖွဲ့စည်းပုံကတော့ဖြင့် စစ်တပ် အသိုင်းအဝန်းကိုတောင် ဒုက္ခပေးပါလားလို့ တွေးမိတဲ့ အကြောင်း တင်ပြရင်း နိဂုံး ချုပ်ပါစေခင်ဗျား။

(မင်းဝဏ်)

Read More...

အပြစ်ပေးလျှင် ခံမည်ဟု ဦးအောင်သိန်းလင်း ပြော

ကျော်ခ
July 25, 2012

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) ဗဟို လုပ်မှုဆောင် ဦးအောင်သိန်းလင်းက တရုတ်နိုင်ငံထုတ် Southern Weekend China သတင်းစာ အနေဖြင့် ၎င်း၏ ဖြေဆိုမှုကို ဘာသာပြန် လွဲမှားဖော်ပြခဲ့ကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်၍ မိခင်ပါတီ အနေဖြင့် အပြစ်ပေးပါက ခံယူသွားမည်ဟု ပြောဆိုလိုက်ကြောင်း သိရသည်။

ဦးအောင်သိန်းလင်း တရုတ် သတင်းစာကို ဖြေကြားမှု အပေါ် ပြည်တွင်း ဂျာနယ် တချို့နှင့် လူမှုကွန်ရက် Facebook စာမျက်နှာ များတွင် ဖော်ပြဆွေးနွေး ခဲ့ကြပြီး လူအများ၏ ဝေဖန်မှု ခံခဲ့ရသည်။ ယင်းသို့ ပြောဆိုခြင်းနှင့် ပတ်သက်ပြီး ကြံ့ခိုင်ရေး ပါတီ ခေါင်းဆောင်တို့က ဦးအောင်သိန်းလင်းကို မေးမြန်းခဲ့ကြောင်း ဧရာဝတီသို့ ပြောသည်။

“အဲဒီတုန်းက UN (ကုလသမဂ္ဂ) ကနေပြီးတော့ မျက်စိခွဲတဲ့ အဖွဲ့တဖွဲ့ လာတော့ သတင်းထောက်တွေ ပါလာတော့ အလွတ် သဘော ပြောလိုက်တယ်လို့ ပြောတယ်။ သူက မြန်မာလို ပြန်ဖြေတာကို ဘာသာပြန် လွဲတယ်လို့လည်း ပြောတယ်။ တချို့ ဥစ္စာတွေ ရူးတယ်တို့၊ ဘာတို့ ပါတာပေါ့။ သူလည်း ဘာတွေပြောလိုက်မှန်း သေချာ မမှတ်မိဘူးတဲ့။ သူကတော့ပြောပါတယ်၊ ဒီကိစ္စနဲ့ ပတ်သက်လို့ သူ့မှာတာဝန် ရှိတယ်ဆိုလို့ ရှိရင် အရေးယူပါလို့ ပြောပါတယ်” ဟု ကြံ့ခိုင်ရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးက ပြောသည်။

ကုလသမဂ္ဂနှင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်း၊ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် တို့ကို မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်နှောက်ယှက် သူများ ဖြစ်သဖြင့် အယုံအကြည် မရှိကြောင်း ဦးအောင်သိန်းလင်းက Southern Weekend China သတင်းစာသို့ သူ၏အမြင်ကို ပြောဆိုခဲ့သည်။

ထို့အတူ ပြည်သူ့လွှတ်တော်အမတ် ဒေါ်အောင်ဆန်းစုကြည်သည် ဖခင် အရှိန်အဝါဖြင့် ကျော်ကြားနေသူဖြစ်ကြောင်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို ထောက်ခံသူများ သည်လည်း အရူးများသာဖြစ်ကြောင်း ပုတ်ခတ်ပြောဆို ခဲ့ပြီး အများတောင်းဆိုမှုကြောင့် သမ္မတ ဦးသိန်းစိန်၏ အမိန့်ဖြင့် ရပ်ဆိုင်းထားသော မြစ်ဆုံဆည် စီမံကိန်းကြီးကို မဖြစ်မနေ ပြန်စရန်လိုကြောင်းလည်း ဖော်ပြ ထားသည်ဟု သိရသည်။

Southern Weekend China သတင်းစာအား ပြောဆို ဖြေကြားထားမှုများကို ပါတီ အနေဖြင့် ရှာဖွေ ဖတ်ရှုခဲ့ကြောင်း၊ အင်္ဂလိပ် ဘာသာဖြင့် တွေ့ရှိရ သကဲ့သို့ မြန်မာစာ ဘာသာပြန်များကိုလည်း ဖတ်ရှုခဲ့ကြောင်း၊ ယင်းသို့ ဦးအောင်သိန်းလင်း၏ ဖြေကြား ထားမှုများသည် ကြံ့ခိုင်ရေးပါတီ၏ သဘောထားများ မဟုတ်ကြောင်း ယင်းပါတီက ပြောဆိုသည်။

“ကျိန်းသေတာကတော့ ကျနော်တို့ ပါတီကနေပြီးတော့၊ ဆုံးဖြတ်ပြီးတော့မှ ဒီတိုင်းပြောမယ်၊ ဒီတိုင်းလုပ် ဆိုတဲ့ ဥစ္စာမျိုးတော့ မဟုတ်ပါဘူး။ ကျနော်တို့လည်း မသိလိုက်ဘူး။ သူကိုယ်တိုင်လည်း ဘာပြောတယ် ဆိုတာတောင် သေချာ မသိလိုက်ဘူး” ဟု ဦးဌေးဦးက ပြောသည်။

သို့ရာတွင် ဦးအောင်သိန်းလင်း၏ ပြောဆိုချက်သည် ပုဂ္ဂလိက လွတ်လပ်စွာ ပြောဆိုခြင်းဖြစ်သောကြောင့် ပါတီ အနေဖြင့်လည်း အပြစ်ပေး အရေးယူ သွားစရာ မလိုအပ်ကြောင်း ဦးဌေးဦးက “သူ့ပြောဆိုမှုကြောင့် ပါတီ ဂုဏ်သိက္ခာ မထိခိုက်နိုင်ပါဘူး၊ ဒီတိုင်းပဲ လွတ်လွတ်လပ်လပ် ပြောလို့ရပါတယ်” ဟု ဆိုသည်။

ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်များထဲတွင် ဦးအောင်သိန်းလင်း၊ ဦးအောင်သောင်းနှင့် ဦးကျော်ဆန်းတို့မှာ နိုင်ငံတော် ပြုပြင် ပြောင်းလဲရေး လမ်းကြောင်းတွင် သဘောထားတင်းမာသူများဟု သတင်းများ ထွက်နေသော်လည်း ပါတီခေါင်းဆောင်များ အကြား စည်းလုံး ညီညွှတ်မှုရှိနေကြောင်း ဦးဌေးဦးက ထပ်လောင်းပြောဆိုခဲ့သည်။

သတင်းစာများနှင့် အမေးအဖြေ ပြုလုပ်ပြီးနောက် ဦးအောင်သိန်းလင်းကဲ့သို့ ၎င်းတို့ မပြောကြောင်း ငြင်းဆိုခဲ့သူများလည်း ရှိခဲ့သည်။

၂၀၀၃ ခုနှစ် ဒီပဲယင်း အကြမ်းဖက် တိုက်ခိုက်မှုတွင် ဒေါ်အောင်ဆန်းစုကြည်ကို ဗိုလ်ချုပ်ကြီး ခင်ညွှန့် ဦးဆောင်သော ထောက်လှမ်းရေး အဖွဲ့က ကယ်ဆယ်လိုက်သည်ဆိုသော သတင်းကို ယခုနှစ် ဧပြီလက ဘန်ကောက်ပိုစ့် သတင်းစာတွင် ဖော်ပြခဲ့သည်။

သို့သော်လည်း ရက်ပိုင်းအတွင်းတွင် ဘန်ကောက်ပို့စ် သတင်းစာပါ ဖော်ပြချက်မှာ မမှန်ကန်ကြောင်း ရဲသတင်း တပ်ဖွဲ့နှင့် ဦးခင်ညွန့်၏ တပည့်တို့က ငြင်းဆို လိုက်သည့် ဖြစ်ရပ် ဖြစ်ပွားခဲ့သေးသည်။

ထို့အတူ ယခုနှစ် မတ်လတွင် လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်လှိုင်က ၎င်း၏ ဝန်ကြီးဌာန ဘတ်ဂျက်ငွေများကို ဖြတ်တောက်မှုနှင့် ပတ်သက်၍ “လွှတ်တော် ကိုယ်စားလှယ်ဆိုပြီး ၁၀ တန်း မအောင်ဘဲ လာထိုင်နေတယ်။ သူများက ထိုင်ဆိုထိုင်၊ ထဆိုထ၊ ခလုတ်နှိပ်ဆို နှိပ်၊ ဘာမှ မသိ၊ ဘာမှ နားမလည်၊ ရမ်းပြီး လုပ်တာ” ဟု Hot News ဂျာနယ်သို့ ပြောကြားခဲ့ရာ လွှတ်တော် ကိုယ်စားလှယ်များက ပြင်းထန်စွာ ဝေဖန်ခဲ့ကြသည်။

ထို့ကဲ့သို့ ဝေဖန်ပြောဆိုခြင်းကို လွှတ်တော်ကိုယ်စားလှယ်များက တရားဝင် တောင်းပန်ရန် ပြောဆို ခဲ့ကြပြီးနောက် လွှတ်တော် ကိုယ်စားလှယ်များနှင့် ပတ်သက်၍ ဖြေဆိုခဲ့ခြင်းသည် ကိုယ်စားလှယ်တော်များကို နစ်နာစေလို၍ မဟုတ်ကြောင်း၊ ကောင်းစေလိုသည့် အတွက် စေတနာဖြင့် ပြောဆိုခြင်းသာ ဖြစ်ကြောင်း၊ အင်တာဗျူးလုပ်သူနှင့် မိမိတို့သည်လည်း မိဘနှင့် သားသမီးကဲ့သို့ ရင်းနှီးသည့် သဘောဖြင့် ပြောဆိုခြင်းဟု ဦးမြင့်လှိုင်က ပြန်လည်ရှင်းလင်းခဲ့သည်။

Ref: ဧရာဝတီ

Read More...

အစိုးရအဖွဲ့တွင်း အပြောင်းအလဲ စတင်

ရန်ပိုင်
July 25, 2012

ဒုတိယ သမ္မတအဖြစ် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေကို သမ္မတ အရည်အချင်းစစ် ကော်မတီက အတည်ပြု ပေး တော့မယ်လို့ နေပြည်တော်နဲ့ နီးစပ်တဲ့ သတင်းရပ်ကွက်တွေ အဆိုအရ သိရပါတယ်။

တချိန်တည်းမှာပဲ အစိုးရ ပြည်ထောင်စုဝန်ကြီး ၈ ဦးခန့်လည်း ရာထူး အပြောင်း အလဲ ဖြစ်ဖို့ရှိပြီး ပြောင်းလဲမယ့် ၀န်ကြီးတွေ ထဲမှာ ခေါင်းမာ ဂိုဏ်းသားတွေလို့ ပြောကြတဲ့ လက်ရှိ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဦးလှထွန်း တို့လည်း ပါဝင်မယ်လို့ ဆိုပါတယ်။

ပြည်တွင်းထုတ် The Voice Weekly ဂျာနယ်မှာလည်း ၀န်ကြီး ဦးလှထွန်းကို ဗဟိုဘဏ်ဥက္ကဋ္ဌ၊ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးမှုဝန်ကြီး ဦးတင်နိုင်သိန်းကို ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး၊ အားကစား ၀န်ကြီးဌာန ဒု ၀န်ကြီး ဦးအေးမြင့်ကြူကို ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးများ အဖြစ် ပြောင်းလဲခန့်အပ် မယ်လို့ ဖော်ပြထားပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာန နဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာန နှစ်ဌာန၀န်ကြီး ဦးကျော်ဆန်းကတော့ ယဉ်ကျေးမှုဝန်ကြီးဌာနကိုပဲ တာဝန် ယူရမှာဖြစ်ပါတယ်။

ဒီလို ၀န်ကြီးရာထူး အပြောင်းအလဲတွေဟာ ပြီးခဲ့တဲ့ မေလအတွင်းက သမ္မတ ဦးသိန်းစိန် ပြောကြားခဲ့တဲ့ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရာမှာ ရှေးရိုးစွဲ၊ ခေတ်နောက်ပြန်ဆွဲတဲ့ အမြင်ရှိသူများကို ချန်ထားခဲ့မယ်ဆိုတဲ့ အစီအစဉ်ကို နောက်ဆုံးပိတ် အကောင်အထည်ဖော်ခြင်း ဖြစ်တယ်လို့ အစိုးရနဲ့ နီးစပ်သူတွေက သုံးသပ်ကြတယ်။

ပထမအဆင့်အနေနဲ့ ခေါင်းမာဂိုဏ်သားလို့ သတ်မှတ်ကြသူ တောင်သာမြို့နယ် ပြည်သူ့လွှတ်တော် အမတ် ဦးအောင်သောင်းကို ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု အဖွဲ့ကနေ ဖယ်ရှားပြီး သမ္မတ ဦးသိန်းစိန် ယုံကြည်ရတဲ့ မီးရထားဝန်ကြီး ဦးအောင်မင်းကို ခန့်အပ်ခဲ့ပါတယ်။

ယခုအခါ ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းကို သမ္မတရုံး ၀န်ကြီး (၁) အဖြစ် တာဝန်ပေးထားပြီး ဦးသိန်းစိန် အားကိုးရတဲ့ စက်မှုဝန်ကြီး ဦးစိုးသိမ်းကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို ကိုင်တွယ်ရတဲ့ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးအဖြစ် ပြောင်းလဲခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၉ ရက်နေ့က သမ္မတရုံး ၀န်ကြီးဌာန (၁)၊ ရထားပို့ဆောင်ရေး ၀န်ကြီးဌာန၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး၊ ပို့ဆောင်ရေး ၀န်ကြီး၊ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ၀န်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန ၆ ခု ရှိ ဒုတိယ ၀န်ကြီးတွေကို အပြောင်းအလဲ ပြုလုပ် ခဲ့ပါသေးတယ်။

မကြာသေးမီက ပြည်တွင်း၊ ပြည်ပ ဆက်ဆံရေးနဲ့ ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန်ရဲ့ လုပ်ဆောင်မှုတွေကို ထောက်ခံ ချီးကျူးမှုတွေ ရရှိခဲ့ပါတယ်။ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရဲရဲဝံ့ဝံ့ ခေါ်ယူတွေ့ဆုံခဲ့ခြင်း၊ တိုင်းရင်းသား ခေါင်းဆောင်များနဲ့ တွေ့ဆုံခြင်းတို့ အပြင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေနဲ့လည်း မကြာမီ တွေ့ဆုံဖို့ ရှိတယ်လို့ သိရပါတယ်။

ပြည်ပနိုင်ငံများနဲ့ ဆက်ဆံရာမှာလည်း မျက်နှာကောင်းရရှိခဲ့ပြီး အမေရိကန် အပါအ၀င် အနောက်နိုင်ငံများက ပိတ်ဆို့ အရေးယူ မှုတွေကို လျှော့ပေါ့ပေးတဲ့ အပြင် အမေရိကန်နိုင်ငံက သံအမတ်ကြီး အဆင့် ပြန်လည်ထားရှိဖို့ သဘောတူခဲ့ပါတယ်။ ဂျပန်နိုင်ငံကလည်း အကူညီပေးမှုတွေ အပြင် ကြွေးမြီတွေကိုလည်း လျော့ပေါ့ပေးခဲ့ပါတယ်။

တပ်မတော်အနေနဲ့လည်း သမ္မတ ဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းကို အားဖြည့်ဖို့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီး ဦးမြင့်ဆွေကို ဒုသမ္မတအဖြစ် တင်မြှောက်ရေး ကျားကန်ပေးတယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။

ကာကွယ်ရေးဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး လှမင်းကလည်း စင်ကာပူနိုင်ငံမှာ ကျင်းပတဲ့ အာရှဒေသ လုံခြုံရေးဆိုင်ရာ ညီလာခံ (Shangri-la Dialogue) မှာ သင့်လျော်တဲ့ ကာလတခုရောက်လျှင် တပ်မတော်အနေဖြင့် နိုင်ငံရေးတွင် ပါဝင်မှု အခန်းကဏ္ဍကို လျှော့ချသွားမှာဖြစ်ပြီး သမ္မတ ဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ချက်များကို တပ်မတော်အနေနဲ့ ရာနှုန်းပြည့် ထောက်ခံ၍ အရပ်သားအစိုးရ၏ ညွှန်ကြားမှုများကို လိုက်နာသွားမည်ဖြစ်ကြောင်း ပြောဆိုသွားခဲ့ပါသေးတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို မလိုလားတဲ့ ခေါင်းမာဂိုဏ်သားတွေ ကတော့ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့ နာမည်ကိုသုံးပြီး ဟန့်တားဖို့ ကြိုးစားနေတယ်လို့ နေပြည်တော်သ တင်းရပ်ကွက်က ဆိုပါတယ်။

ဒါပေမယ်လည်း ဦးသန်းရွှေကတော့ နိုင်ငံရေးလောကထဲကို ပြန်လာတော့မှာ မဟုတ်ဘဲ လက်ရှိ အခြေအနေ အတိုင်း အေးချမ်းလုံခြုံစွာ နေထိုင်တော့မယ်လို့ ပြောဆိုကြပါတယ်။

Ref: ဧရာဝတီ

Read More...

အာဏာပိုင်များရဲ့ အဂတိဖော်ထုတ်သူ အသတ်ခံရ

2012-07-25

မကွေးတိုင်း ဒေသကြီး ပွင့်ဖြူမြို့နယ်မှာ အာဏာပိုင်တွေရဲ့ အဂတိ လိုက်စားမှုတွေကို ဖော်ထုတ်ပေးနေတဲ့ NLD ထောက်ခံသူ အသက် (၅၀) ကျော်အရွယ် ဦးရဲဝင်း ဆိုသူ အမျိုးသား တစ်ဦး ဒီကနေ့ မနက်ပိုင်းက သတ်ဖြတ် ခံခဲ့ရတယ်လို့ သိရပါတယ်။

ပွင့်ဖြူမြို့နယ် သမန်းရင်း ရွာသား ဦးရဲဝင်းဟာ ရွာဘုန်းတော်ကြီးကျောင်းမှာ ရပ်ရွာ သာရေး နာရေး ကိစ္စတွေ တိုင်ပင်ပြီးနောက် မော်တော်ဆိုင်ကယ် စီးပြီး အိမ်ပြန်လာစဉ် လမ်းခုလတ်မှာ ဓားနဲ့ ၀ိုင်းခုတ် သတ်ဖြတ်ခံရတာ ဖြစ်တယ်လို့ သက်သေ တစ်ဦးက RFA ကို ပြောပါတယ်။

" ဓားနဲ့ခုတ်တယ်ခင်ဗျ။ ခေါင်းမှာလည်း ခုတ်တယ်ခင်ဗျ။ ကျွန်တော် သွားတဲ့ အခါကျတော့ ရေထဲမှာ နှစ်ထားတာကို တွေ့ရတယ်ခင်ဗျ။ ဆရာသမား ဘယ်သူတွေတုန်း၊ ဘယ်သူတွေ တုန်းလို့ ကျွန်တော်က သူ့ကို မသေခင်မှာ မေးတယ်ခင်ဗျ။ မေးတဲ့ အခါကျတော့ သူက ပြောတယ်ခင်ဗျ။ ညက ဝင်းမော်နဲ့ အဖွဲ့ ၈ ယောက်က သူ့ကို လုပ်တယ်လို့ သူမသေခင်မှာ ကျွန်တော်ကို ပြောသွားတယ် ခင်ဗျ။ အဲဒီမှာ ကျွန်တော်နဲ့ အတူ သူ့တူ မောင်စိုးထွန်းနိုင် ဆိုတာနဲ့ ကျွန်တော်နဲ့ နှစ်ယောက်တည်းပဲ အနားမှာ ရှိပါတယ်ခင်ဗျ။ အဲဒီမှာ ကျွန်တော်တို့ ရဲစခန်းကို ဖုန်းဆက်ပြီး အကြောင်းကြားဖို့လည်း ကျွန်တော်တို့ကို ပြောခိုင်းတယ်ခင်ဗျ။ ကျွန်တော်တို့ကနေပြီးတော့ လှည်းစွတ်ခေါ် ပြီးတော့ ရဲစခန်းကို တန်းတင်တဲ့ အခါမှာ လမ်းခုလတ်မှာတင်ပဲ သူသေဆုံးသွားတယ် ခင်ဗျ"

ဦးရဲဝင်းဟာ ဒေသခံ အာဏာပိုင်တွေရဲ့ မတရားမှုတွေကို ဖော်ထုတ်နေသူ ဖြစ်တဲ့ အတွက် လုပ်ကြံ သတ်ဖြတ် ခံရတာ ဖြစ်နိုင်ကြောင်း နောက်ထပ် ဒေသခံတစ်ဦးက ပြောပါတယ်။

"ဒါမျိုး ရွာသားတွေ မရှိပါဘူးခင်ဗျ။ အဲ ဝင်းမော်က ကြံ့ဖွံ့ဖြစ်တယ်။ ရဲဝင်းက NLD ထောက်ခံတဲ့လူ ဖြစ်တယ်။ ဝင်းမော် အုပ်ချုပ်ရေး မှူးလေ၊ သတ်တဲ့လူ ဝင်းမော်က၊ အရင်က၊ အရင်က။ အခုတော့ မဟုတ်ဘူးပေါ့နော်။ အရင်က အုပ်ချုပ်ရေးမှူးဟောင်း သူက။ အဲဒီ သူအုပ်ချုပ်ရေးမှူး ဘဝတုန်းက ရပ်ရွာအပေါ်မှာ သူက ငွေတွေ ကောက်ထားတာ ရှိတယ်။ မီတာကြေးတွေ၊ ဟိုဟာတွေ၊ ဒီဟာတွေ တရားလွန် ကောက်ထားတာတွေ သိန်းရာချီ ရှိတယ်။ အဲဒီကိစ္စကို အခုချိန်မှာ ပွင့်လင်းခေတ် ရောက်လာပြီ ဆိုတော့ ဦးရဲဝင်းတို့က ခေါင်းဆောင်ပြီးတော့ တိုင်ကြတာပေါ့။ မြို့နယ် အုပ်ချုပ်ရေးမှူး ဆီကို ကျေးရွာသူ ရွာသားတွေ လက်မှတ် ဝိုင်းထိုးပြီး တိုင်ကြတယ်။ တိုင်တာ ဦးဆောင်တာ ဦးရဲဝင်းပေါ့နော်။ ဦးရဲဝင်းက သြဇာအာဏာ ရှိတာကိုး၊ ရွာမှာက။ အဲဒီတော့ အဲလို တိုင်ရမလား ဆိုပြီးတော့ ငွေသိန်းရာချီပြီးတော့ အလွှဲသုံးစား လုပ်ထားတဲ့ အဲလို တိုင်ရမလား ဆိုပြီးတော့၊ ငွေတွေက သူကလျော်ရတော့မယ်လေ၊ ပြန်ပေးရမယ်လေ။ အဲတာကြောင့်မို့လို့ ခေါင်းဆောင်ဖြစ်တဲ့ လူကို ဖြိုချပြလိုက်တာ"

လောလောဆယ် လူသတ် တရားခံတွေကို အာဏာပိုင်တွေက ဖမ်းဆီး အရေးယူမှုရှိ၊ မရှိ ဒေသခံတွေက စောင့်ကြည့်နေကြကြောင်း သိရပါတယ်။

ပွင့်ဖြူမြို့နယ် ရဲစခန်းကို RFA က ဆက်သွယ် မေးမြန်းရာမှာတော့ တာဝန်ကျ အရာရှိက မသိရှိသေးကြောင်း အခုလို ပြောပါတယ်။

"အဲ ဟုတ်ကဲ့ခင်ဗျ။ အဲတာ ကျွန်တော်တို့ ပြဿနာလေးပေါ့ ခင်ဗျ။ အဲဒီဥစ္စာ ကျွန်တော်တို့ အကုန်လုံး မသိရသေး ပါဘူးခင်ဗျ။ လောလောဆယ်တော့ ဘာမှ မသိရသေးပါဘူး"

ပွင့်ဖြူမြို့နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ တာဝန်ရှိသူတွေကို RFA ကဆက်သွယ်ဖို့ ကြိုးစားပေမယ့် လောလောဆယ် အထိ ဆက်သွယ်လို့ မရသေးပါဘူး။

Ref: RFA News

Read More...

လယ်သမား ၁၅ ဦးကို စစ်တပ်က ဝိုင်းထား

2012-07-25

ရန်ကုန်တိုင်း သံလျင်မြို့နယ်အတွင်း စစ်တပ် အဓမ္မ သိမ်းယူ ခံထားရတဲ့ လယ်မြေတွေပေါ်မှာ ဒီကနေ့ သွားရောက် ထွန်ယက်ခဲ့ကြတဲ့ လယ်သမား (၁၅) ဦးခန့်ကို စစ်တပ်က အခု တပ်စိတ် တစ်စိတ်နဲ့ ၀ိုင်းထားတယ်လို့ RFA က စုံစမ်းသိရပါတယ်။

သံလျင်မြို့နယ် အလွမ်းဆွတ်ကျေးရွာက လယ်မြေဧက ၂၀၀ ကျော်ဟာ ၁၉၉၅ ခုနှစ်အတွင်း ခလရ ၉၀ က ကနဦး သိမ်းယူ ခဲ့ပြီးနောက် လယ်သမားတွေကို သီးစား ချထားပေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီ လယ်မြေတွေကို နောက်ပိုင်းမှာ အမှတ် (၁) ဗျူဟာ စစ်ရေယာဉ်စု တပ်ကို လွှဲပြောင်းပေးခဲ့ပြီးနောက် အခု နှစ်ဆန်းပိုင်းက စလို့ သီးစား စိုက်ပျိုးခွင့် ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။

လယ်သမားတွေဟာ စစ်တပ်ရဲ့ တားဆီးပိတ်ပင်မှုကြားက သူတို့ရဲ့ လယ်မြေတွေမှာ သွားရောက် ထွန်ယက်ခဲ့ကြတာ ဒီကနေ့နဲ့ပါဆိုရင် ၂ လအတွင်း (၄) ကြိမ် ရှိသွားပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အခေါက်တွေက သွားရောက် ထွန်ယက်ရာမှာ စစ်တပ်က အင်အားသုံးပြီး လာရောက် တားမြစ်တဲ့အတွက် ထွန်ယက်မှုကို ရပ်ဆိုင်းခဲ့ကြပေမယ့် အခုတစ်ကြိမ်မှာတော့ ဆက်လက် ထွန်ယက် သွားမယ်လို့ တောင်သူတစ်ဦးက RFA ကို ပြောပါတယ်။

"ကျွန်တော်တို့ဘက်က လုပ်ခွင့်မပြုလည်း အတင်းအဓမ္မ တိုးရတော့မှာပါပဲ။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့ မိသားစုတွေက ဒီဟာပဲ မှီခိုပြီး စားသောက်နေရတဲ့လူတွေ ဖြစ်တဲ့အတွက် ကျွန်တော်တို့ဒီ အန္တရာယ်ကြားကပဲ ဇွတ်မှိတ်ပြီးတော့ ဒီလယ်တွေ ဆက်လုပ်သွားမှာပါ"

လယ်သမားတွေက သူတို့သိမ်းယူခံထားရတဲ့ လယ်မြေတွေပေါ်မှာ လွတ်လွတ်လပ်လပ် လုပ်ကိုင် စားသောက်ခွင့် ရရှိရေးအတွက် သမ္မတ ဦးသိန်းစိန်ထံ အသနားခံစာ ပေးပို့ထားတယ်လို့လည်း သိရပါတယ်။

Ref: RFA News

Read More...

လပွတ္တာမြို့မှာ တောင်သူလယ်သမားတွေ ဆန္ဒပြ

2012-07-25

ဧရာဝတီတိုင်း ဒေသကြီး လပွတ္တာမြို့မှာ လယ်သိမ်းခံရတဲ့ တောင်သူတွေ ဦးဆောင်ပြီး လူ ၈ဝဝ နီးပါး ဒီကနေ့ ချီတက် ဆန္ဒပြ ခဲ့ကြပါတယ်။

လပွတ္တာမြို့နယ်ထဲက ညောင်လိမ်ကျေးရွာ၊ သဲဖြူကျေးရွာနဲ့ လတောင်ကျေးရွာတွေ အတွင်း သိမ်းယူ ခံထားရတဲ့ လယ်မြေ ဧက ၇၀၀ ပေါ်မှာ ပြန်လည် လုပ်ကိုင်ခွင့် ရရှိရေးအတွက် တောင်သူ လယ်သမား ခေါင်းဆောင် ဂဠုန်ဆရာစံရဲ့ ရုပ်ပုံတွေကို ကိုင်ဆောင်ပြီး မြို့ပတ်လမ်းကနေ မြို့နယ်တရားရုံး အထိ တစ်နာရီကြာ လမ်းလျှောက် ချီတက်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

ဆန္ဒပြပွဲကို အာဏာပိုင်တွေဘက် တားဆီးနှောင့်ယှက်တာ မရှိပေမယ့် ရဲနဲ့ ထောက်လှမ်းရေး အယောက် ၃၀ လောက်က ဓာတ်ပုံရိုက် မှတ်တမ်း တင်တာတွေ ရှိတယ်လို့ ဆန္ဒပြ တောင်သူတစ်ဦးက RFA ကို ပြောပါတယ်။

"ဒီကနေ့ကျတော့ ခင်ဗျားတို့ ပြတော့ ပြပါဗျာတဲ့။ ရုန်းရင်းဆန်ခတ် ကြီးတော့ မလုပ်ပါနဲ့ ဆိုပြီးတော့။ ကျွန်တော်တို့ပါ လိုက်ပြီးတော့ ကူညီ ပံ့ပိုးပါ့မယ်။ တစုံတရာ နှောင့်ယှက်တာတော့ မရှိပါဘူး။ ဒါပေမဲ့ သူတို့ တအားကို ဓာတ်ပုံတော့ ရိုက်တာပေါ့. ရဲထောက်လှမ်းရေးတွေက"

အခုလို တရားဝင် ဆန္ဒပြခွင့် ရရှိဖို့အတွက် ဇူလိုင်လ ၁၈ ရက်နေ့က ခွင့်ပြုချက် တောင်းခံ ခဲ့ပေမယ့် လပွတ္တာမြို့နယ် ရဲစခန်းက ခွင့်မပြုခဲ့ဘူးလို့ သိရပါတယ်။ အဲဒီနောက် တောင်သူတွေက ဇူလိုင်လ ၂၀ ရက်နေ့မှာ လွှတ်တော်အထိ ထပ်မံ တင်ပြခဲ့တဲ့ အတွက် တစ်နာရီ ဆန္ဒပြခွင့် ရရှိခဲ့တယ်လို့ ဆိုပါတယ်။

တောင်သူတွေ အနေနဲ့ သူတို့ရဲ့ လယ်မြေတွေ ပြန်လည်ရရှိတဲ့အထိ တောင်းဆိုသွားဖို့ ရှိပြီး လာမယ့် သြဂုတ်လ (၁) ရက်နေ့မှာလည်း ထပ်မံ ဆန္ဒပြဖို့ ခွင့်ပြုချက် ရရှိထားပြီး ဖြစ်တယ်လို့ ပြောပါတယ်။

လပွတ္တာမြို့နယ်ထဲက ညောင်လိမ်၊ သဲဖြူနဲ့ လတောင်ကျေးရွာတွေက လယ်မြေ ဧက (၇၀၀)ကို မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြန်မာ့ စိုက်ပျိုးရေးဘဏ်၊ ရဲတပ်ဖွဲ့၊ တရားသူကြီး၊ လူဝင်မှု ကြီးကြပ်ရေးဌာန၊ ထောက်လှမ်းရေး စတဲ့ အာဏာပိုင် အဖွဲ့အစည်းတွေက ၀န်ထမ်းအိမ်ယာ ဆောက်လုပ်ဖို့ အကြောင်းပြပြီး ၁၉၉၃ ခုနှစ်အတွင်း အဓမ္မ သိမ်းယူခဲ့တယ်လို့ ဆိုပါတယ်။

Ref: RFA News

Read More...

Wednesday, July 25, 2012

ထိုင်းနိုင်ငံသား ၉၂ ဦးကို မြန်မာတရားရုံးမှ ထောင်ဒဏ်များ ချမှတ်လိုက်

ကွန်းချမ်း
အင်္ဂါနေ့၊ ဇူလိုင်လ ၂၄ ရက် ၂၀၁၂

စံခလပူရီ (မဇ္ဈိမ) ။ ။ တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ် အတွင်း တရားမဝင် ကျူးကျော် ဝင်ရောက် နေထိုင်သည့် ထိုင်းနိုင်ငံသား ၉၂ ဦးကို ကော့သောင်းခရိုင် တရားရုံးက ဇူလိုင်လ ၂၂ ရက်နေ့တွင် ထောင်ဒဏ် ၆ နှစ်ခွဲစီ အမိန့် ချမှတ်လိုက်ကြောင်း မြို့နယ် လူဝင်မှု ကြီးကြပ်ရေး ဌာနမှ အရာရှိတဦးက ပြောသည်။

“တော်မော် (လဝက) နဲ့ သစ်တောမှုနဲ့ ချလိုက်တယ်။ ကျန်တဲ့ လက်နက်နဲ့ မူးယစ်ဆေးဝါး ပတ်သက်တဲ့ သူတွေကို ထပ်စစ်နေတယ်” ဟု အရာရှိက ပြောသည်။

ဇူလိုင်လ ၁၁ ရက်နေ့၊ ၁၇ ရက်နေ့နှင့် ၂၂ ရက်နေ့များတွင် ရုံးထုတ် စစ်ဆေးကာ ပြစ်ဒဏ် ချမှတ်လိုက်ခြင်း ဖြစ်ပြီး
ကော့သောင်းမြို့ အနီး ၉ မိုင် အကျဉ်းထောင်တွင် ဖမ်းဆီး ချုပ်နှောင်ထားဆဲ ဖြစ်သည်။

ရာဘာနှင့် မူးယစ်ဆေးဝါး စိုက်ပျိုး လုပ်ကိုင်နေသည့် အထက်ပါ ထိုင်းနိုင်ငံ သားများကို ဇူလိုင်လ ၄ ရက်နေ့နှင့် ၅ ရက်နေ့များတွင် ကော့သောင်း အခြေစိုက် ခမရ ၄၃၁ တပ်ရင်းက လက်နက်နှင့်အတူ ဖမ်းဆီး ရမိသည်။

ဇူလိုင်လ ၂၃ ရက်နေ့ထုတ် ထိုင်းနိုင်ငံ ဘန်ကောက်ပို့စ် သတင်းစာတွင် ထိုင်းနိုင်ငံသား ၉၂ ဦးကို နယ်စပ် ဖြတ်ကျော် ဝင်ရောက်မှု၊ လက်နက်နှင့် မူးယစ်ဆေးဝါးများ တရားမဝင် ကိုင်ဆောင်မှုများဖြင့် ဖမ်းဆီးထားကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် သာနီသွန်ပက်ဒီ၏ ပြောကြားချက်ကို ကိုးကားဖော်ပြထားသည်။

ဇူလိုင်လ ၁ဝ ရက်နေ့ထုတ် မြန်မာအစိုးရ သတင်းစာတွင်မူ ရာဘာခြံ လုပ်ငန်း လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံသား ကျား ၅၂ ဦး၊ မ ၉ ဦးကို တဲ ၂၃ လုံး၊ M-16 ၅ လက်၊ AR-15 ၂ လက်၊ AK-47 ၂ လက်၊ ဝင်ချက်စတာ ၅ လက်၊ ပွိုင့်-၃၈ ခြောက်လုံးပြူး ၃ လက်၊ ပွိုင့်- ၃၅၇ ခြောက်လုံးပြူး ၁ လက်၊ လုပ်သေနတ်ရှည် ၉ လက်၊ တို ၂ လက်၊ ရှေ့ထွက်မိုင်း ၁ လုံး၊ လက်ပစ်ဗုံး ၁ လုံး၊ ၅ ဒသမ ၅၆ ကျည် ၄၂ တောင့်၊ AK-47 ကျည် ၁၁ တောင့်၊ ပွိုင့် ၃၈ ကျည် ၃၆ တောင့်၊ လုပ်သေနတ်ကျည် ၁၂၅ တောင့်၊ ကျည်အိမ်မျိုးစုံ ၃၂ ခု၊ မြေထိုးစက် ၃ စီး၊ ယာဉ်ငယ်မျိုးစုံ ၁၇ စီး၊ ဘက်ဟိုးယာဉ် ၅ စီး၊ မော်တော်ဆိုင်ကယ် ၂ဝ စီး၊ ရာဘာပင် ဧက ၁၅ဝဝ ဖမ်းဆီးရမိသည်ဟု ဆိုပြီး မူးယစ်ဆေးဝါး စိုက်ပျိုးနေသည် ဟု ဖော်ပြထားခြင်း မရှိပေ။

ဒေသခံများကမူ ဖမ်းဆီးခံရသူများတွင် ထိုင်းနိုင်ငံသားများသာမက မြန်မာနိုင်ငံသား အလုပ်သမားများလည်း ပါဝင်ကြောင်း ၎င်းတို့မှာ ခမောက်ကြီးမြို့ အရှေ့ဘက် မိုင် ၄ဝ ကျော်အကွာရှိ ဆန်မကြီးကျေးရွာ၏ အရှေ့ဘက် ချောင်ကျသည့် ဒေသတွင် သစ်ခိုးထုတ်ခြင်း လုပ်ငန်းအပြင် ရာဘာစိုက်ခင်း ဧက ၅,ဝဝဝ ကျော်အတွင်း ဆေးခြောက်ပင်များ စိုက်ပျိုးခြင်း လုပ်ငန်းများကို လုပ်ကိုင်လျက် ရှိကြောင်း ပြောသည်။

“အဲဒီမှာ ဆေးခြောက် စိုက်လို့ အောင်မြင်နေတာ ၆ နှစ်လောက် ရှိပြီ၊ ဒီနှစ်မှ လာဖမ်းတာ၊ အဲဒီနေရာကို အစိုးရတပ်က လည်း ရောက်တယ်၊ တပ်အာဏာပိုင်တွေလည်း သိတယ်၊ ဘာဖြစ်လို့လဲဆိုတော့ နယ်ခြားမှတ်တိုင်ကို အနည်းဆုံး တနှစ်တကြိမ် သွားကြည့်ရတယ်လေ” ဟု ဆန်မကြီးရွာတွင် ၆ နှစ်ကျော် နေထိုင်လာသည့် ဒေသခံတဦးက ပြောသည်။

စားဝတ်နေရေး အဆင်မပြေသည့် ဒေသခံအချို့မှာ ပွဲစားများ၏ လိမ်လည် ဆွဲဆောင်မှုကြောင့် ဆေးခြောက်စိုက်ခင်း တွင် သွားရောက်လုပ်ကိုင်ကြပြီး နေရပ်သို့ ပြန်လည် ရောက်ရှိသူ မရှိသလောက် နည်းပါးကြောင်း အထက်ပါ ဒေသခံ က ပြောသည်။

သမ္မတ ဦးသိန်းစိန်၏ ထိုင်းနိုင်ငံ ခရီးစဉ်အတွင်း ထိုင်းဝန်ကြီးချုပ် မစ္စယင်လပ်ခ် ရှင်နာဝပ်ကလည်း အထက်ပါကိစ္စကို သမ္မတ ဦးသိန်းစိန်အား အသိပေး ပြောကြားခဲ့ကြောင်းနှင့် တရားခံများကို အကူအညီပေးရန် ဒေသခံ ထိုင်း-မြန်မာ နယ်စပ်ကော်မတီသို့ တာဝန်ပေးထားကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မစ္စတာသာနီ က ပြောသည်။

ဇူလိုင် ၂၇ ရက်တွင် မြန်မာ တရားရုံး၌ ရုံးတင်စစ်ဆေးမည် ဖြစ်ပြီး ထိုင်းနိုင်ငံအနေဖြင့် မြန်မာတရားစီရင်မှု လုပ်ငန်းစဉ် တွင် ဝင်ရောက်စွက်ဖက်မည် မဟုတ်ကြောင်းလည်း သူက ဆက်လက်ပြောကြားသည်။

Ref: VOA News

Read More...

လွတ်မြောက်ရာလမ်း ကမ်းလမ်း မြင်ပြီလား

20 Sept, 2010

စက်တင်ဘာလ ၉ ရက် ၂၀၁၀ ခုနှစ်၊ တရားမျှတမှု ကင်းမဲ့သည်ဟု လူအများ ယုံကြည်သော ရွေးကောက်ပွဲ ဆိုသည့် လုပ်ငန်းစဉ်ကြီး ပေါ်ပေါက်လာရန် လပိုင်းမျှသာ လိုတော့သော အချိန်။
နေရာမှာ မြောက်ဒဂုံ ဗိုလ်မှူးဗထူးလမ်း .............. အချိန်ကတော့ မနက်ခင်း ၈ နာရီ ကျော် သာသာ.......

ဝေါကနဲ အရှိန်နဲ့မောင်းလာသော ဆန့်ကျင်ဘက်လမ်းမှ ကားကို မိုးရေပြည့် ချိုင့်တွေ အကြား စက်ဘီး ထိန်းမောင်းရင်းမှ ကျနော် လှမ်းမြင် လိုက်ရသည်။ သိန်း နှစ်ထောင်ကျော် တန်သော ပရာဒို ကားအနက်ကြီးကို စစ်ဝတ်စုံဝတ် သုံးပွင့်တပ် အရာရှိတဦး မောင်းလာကြောင်း မြင်လိုက်ရသည်။ ဖြတ်ကနဲပင် ကျနော့်အနား ရောက်လာပြီး သူ့ကားဘီး အောက်မှ ပန်းထွက်လာသော ချိုင့်ခွက် ရေဆိုးတို့ ကျနော်မှာ ရွှဲရွှဲစိုကုန်သည်။ ကားမောင်းသူ စစ်ဗိုလ်မှာ တချက်မျှပင် အရှိန်မလျော့.... လမ်းဘေးမှ သူဆင်းရဲတို့အား တူလေ တန်လေသည်ဟုများ အဆိုပါ စစ်ဗိုလ်ကြီးတို့ ထင်ကြမည် မထင်။ စစ်ဗိုလ်တဦး ဗရမ်းဗတာ စည်းမဲ့မှုကြောင့် စိုရွှဲ ညစ်ပေလျက်ကပင် စက်ဘီးကို ထိန်းမောင်းရင်း -----

လွန်ခဲ့သော နှစ်အနည်းငယ် က ကျနော် စွန့်လွှတ်ခဲ့သည့် စစ်သားဘ၀ကို ပြန်သတိရမိသည်။ ကျနော် တပ်ထဲ အရာရှိအဖြစ် တာဝန်ထမ်းစဉ်ကပင် တပ်မတော်သည် အလွှာတို့ စည်းခြားမှု ထင်းလွန်းလှသည်။ အဆင့်အတန်းတို့ ကွဲပြားလွန်းလှသည်။ အာဏာရှိသူနှင့် အာဏာမဲ့သူ အုပ်ချုပ်ခံတို့ ဘ၀ ကွာခြား လွန်းလှသည်။ အုပ်ချုပ်ခံ ပြည်သူနှင့် အုပ်ချုပ်သူ စစ်အာဏာပိုင်တို့ အကြားတွင်သာ အဆင့်တန်း ကွာခြားသည် မဟုတ်။ ပိုက်ဆံရှိ အာဏာထက်သော လူတန်းစား အတွက် ငွေကို ရေလိုသုံးဖြုန်း မကုန်နိုင်အောင် ချမ်းသာလွန်း နေချိန်၊ ကျနော်တို့ကဲ့သို့ သာမန် အခြေခံ လူတန်းစားမှ တပ်မတော်တွင်း ၀င်ရောက်လာသူ စစ်သည် အရာရှိတို့မှာ တလတလ ကြွေးကင်းအောင်ပင် မနည်း ခြိုးခြံခြစ်ကုတ် နေထိုင်ရသည်။ သားသမီးအတွက် မပြောနှင့် အရာရှိဖြစ်သူ မိမိမှာပင် စစ်ယူနီဖေါင်း လုံလောက် သပ်ရပ်အောင် ၀ယ်နိုင်စွမ်း မရှိခဲ့သော ဘ၀ကို ဖျတ်ကနဲ တွေးမိရ။ စားရေး မလောက် ၀တ်ရေးမလှ နေရေး မလုံ လူတန်းစေ့ မနေနိုင်လောက်အောင် ဆင်းရဲ ကျပ်တည်း လွန်းလှသည်။ နအဖ စစ်အစိုးရ၏ အကွက်ကျကျ စီမံ ဖန်တီးထားသော အထက်အောက် ဆင့်ကဲ ဖိနှိပ်အုပ်ချုပ်မှု စစ်ယန္တရား အောက်တွင် ရိုးရိုးကျင့် မြင့်မြင့်ကြံသူ စစ်သားတို့မှာ ဘယ်လိုမှ လူစဉ် မီလာနိုင်ဖွယ် မရှိ။ တုံးအောက်မှ ဖါး ပြားရာမှ ကြေယုံသာရှိပြီး နောက်ဆုံး လားပင်စင်ဆိုသည့် အိုမင်းမစွမ်း သက်ပြည့် ပင်စင် ရချိန်မှ နောင်တတွေ တလှေကြီးဖြင့် ဘ၀နေ၀င် နိဂုံး ချုပ်ကြရမည်သာ ဖြစ်သည်။ စစ်မှုထမ်း ဆိုသော်လည်း စစ်စည်းကမ်း စစ်ဥပဒေသည် တည်သော နေရာတည်ပြီး လုပ်ချင်ရာ လုပ်ခြင်းကို လုပ်ပိုင်ခွင့် ရနေသူများလည်း ရှိနေသည်။ ဥပဒေ အထက်မှာ နေသော ဥပဒေပြုပိုင်ခွင့် ရှိသူများ အကြောင်း တပ်မတော်တွင်းမှ မိမိတို့ မျိုးချစ် စစ်သားများလည်း သိလာကြသည်။ စစ်အုပ်ချုပ်ရေး ကွန်ယက် အတွင်း လိမ်နိုင်မှ ညာဖြီးနိုင်မှ အထက်ကို ဖါးယားကပ်ကာ ပြာယာပြာယာ ကြောက်ပြ ရိုသေပြနိုင်မှ နေရာလေးတခု ရနိုင်သည်။ နေရာလေး လုပ်ပိုင်ခွင့်လေးရဖို့ တိုးဝှေ့ လုယက် နိုင်မှသာ ၀င်ငွေလေး အကြံဖန်လေးတွေ ရနိုင်သည်။ လစာမှအပဖြစ်သော အကြံဖန် ၀င်ငွေအဖြစ် သနားသဖြင့် စစ်ဗိုလ်ချုပ်များ စွန့်ကြဲသမျှ အကြွင်းအကျန်လေး ရနိုင်သည်။ စစ်တပ်သည် စစ်တပ်လို မဟုတ်ဘဲ အာဏာသုံး ကိုယ်ကျိုးရှာသည့် လက်နက်ကိုင် အဖွဲ့စည်းတခု စစ်ရာထူးဖြင့် လုပ်စားသည့် ဈေးကွက်ကြီး တခုလို ဖြစ်လာခဲ့သည်။ အပြန်အလှန် ခြေထိုးစောင့်ကြည့်ကာ ဆရာတပည့် စနစ်ဖြင့် အချင်းချင်း မယုံသင်္ကာမှု ကြီးစွာဖြင့် သစ္စာခံ လက်ဝေခံ အချင်းချင်း ညီညွတ်ဟန်ဆောင်ကာ နိုင်ငံ့ဘဏ္ဍာမှ ရသမျှ ကိုယ်ကျိုးရှာကြသော စစ်ဘူဇွာ အုပ်စုကြီးသဖွယ် ဖြစ်မှန်း မသိဖြစ်လာသည်။

ယခုလို သိန်းပေါင်း နှစ်ထောင်ကျော်တန် အထူး ဇိမ်ခံကားကြီး များဖြင့် အခွင့်ထူးခံ လူတန်းစား၊ စစ်ဗိုလ်ချုပ်ကြီးများနှင့် ၎င်းတို့ သားသမီးများ အထူး စည်းစိမ် ခံနေကြချိန် လူထုနှင့် စစ်တပ်တွင်း အောက်ခြေ အကြပ် တပ်သားတို့မှာ မ၀ရေစာဖြင့် လူစဉ်မမှီ ဖြစ်နေကြရသည်။

၎င်းတို့ လူတန်းစား စစ်မလိုင်အလွှာ တခုအတွက် မိမိတို့ဘ၀ အချိန် သက်တမ်း တို့ကို ပေးဆပ် စတေး ပေးနေရသည့် မြန်မာ့ တပ်မတော်မှ စစ်သားတို့ ဘ၀ သဘောထား အမှန်ကို သိမြင် လာခဲ့ပြီး၊ စစ်တပ်မှ နှုတ်ထွက်ခဲ့သည့် ရက်စွဲတို့ကို ပြန်သတိရမိသည်။

ယနေ့သည်ကား မြန်မာပြည်၏။ အကျပ်တည်းဆုံး အရှုပ်ထွေးဆုံး နိုင်ငံရေး ကာလပင်ဖြစ်သည်။ နိုင်ငံ့ဘဏ္ဍာကို ထင်သလို သုံးစွဲနေသော အာဏာပိုင်တို့က ဦးစီးပြီး သူတို့ကိုယ်တိုင် ၀င်ပြိုင်မည့် ရွေးကောက်ပွဲ ဆိုသည်ကို ကျင်းပရန် တာဆူနေသည်။ ပွဲပြင်နေသည်။ လျို့ဝှက်သော အစီမံများ ချမှတ် ပြင်ဆင်နေကြသည်။ နဂို တာအထွက်ကပင် လူထုအကျိုး ရည်စူးမှု မပါသည့် အခြေခံဥပဒေ ဆိုသည်ကို လူထုက မနှစ်မြို့စွာ အောင့်ခံ ခဲ့ရပြီးဖြစ်သည်။

ယခုတဖန် ပွင့်လင်းမြင်သာခြင်းလည်း မရှိ၊ နိုင်ငံတကာ စောင့်ကြည့်မှုလည်း လက်မခံ၊ တရား မျှတခြင်းလည်း ရှိလာနိုင်ချေ နည်းပြီး၊ နိုင်ငံသားတိုင်း ပါဝင်ခွင့် မရှိသည့် ရွေးကောက်ပွဲ ဆိုသည်ကိုလည်း လူထုအနေဖြင့် စိတ်မသက်မသာ ဖြစ်ခြင်း ကြီးစွာဖြင့် ရင်ဆိုင်ရအုံးမည့် အခြေနေဖြစ်သည်။

ပြည်တွင်းစစ်ကလည်း ပြန်လည်တောက်လောက်လိုသည့်ဟန် တငွေ့ငွေ့..... စီးပွားရေး ခြွတ်ခြုံ ကျမှုနှင့်အတူ ယဉ်ကျေးမှု၊ အမျိုးသားရေး စရိုက် လက္ခဏာတို့ကလည်း တတိတိ နိမ့်ပါးလာ နေသည်။

အမှောင်လောက အမှောင် စီးပွားရေးတို့ ခေတ်ကောင်းလာသည်။ အခြေခံ လူတန်းစား အတွင်းတွင်ကား ဆင်းရဲ ငတ်မွတ်သူတို့ ပိုမို များပြားလာသည်။ ပြည့်တန်ဆာများ၊ စိတ်ဓါတ် ကျဆင်းမှု ဝေဒနာ အပြင်းအထန် ခံစားနေရသော နိုင်ငံသားများ၊ အရက်သမားများ၊ လောင်းကစား သမားများ လက်ညိုးထိုး မလွဲ ပေါများလာသည်။ ဘက်ပေါင်းစုံမှ စိတ်ဓါတ်ရေးရာ အရ နိမ့်ပါး ချွတ်ခြုံကျသူတို့ တပ်မတော်တွင်းနှင့် အပြိုင်၊ အုပ်ချုပ်ရေး ၀န်ထမ်း ယန္တရားနှင့် အပြိုင် လူထု အတွင်းတွင်လည်း ယိုယွင်းလာသည်။

တရားဥပဒေသည် မျက်နှာများရာ ဟင်းဖတ်ပါ ဆိုသကဲ့သို့ ငွေများလျှင် တရားနိုင်သည့် အခြေအနေများ ဗြောင်ကျကျ ဖြစ်ပေါ်နေသည်။ ဤအခြေအနေများနှင့် အတူ လူထု အများစု၏ အကြောက် တရားကား ဘာကိုမျှ ဝေခွဲ မဝေဖန် ရဲတော့သည် အထိ ကြီးစိုး လာသည်။ လူထုသည် မြင်မြင်ရာကို ကြောက်တတ် နေပေပြီ။

နေ့လည်ပိုင်းတွင် ကျနော် လူငယ်တစုနှင့် ကင်တင်းတခုတွင် စကားစမြည် လက်ဆုံ ကျခွင့် ရသည်။ ထမင်း လက်ဆုံစားရင်း လူငယ်များ၏ မေးခွန်းတချို့ကြောင့် ကျနော့်ရင်တွင်း ခံပြင်း ရှက်စိတ်များ ပြင်းစွာ ဖြစ်မိသည်။

" အကို့ကို မသိလို့ မေးမယ်နော် ညီမတို့ကို စိတ်မဆိုးရဘူး။ အကိုတို့ စစ်တပ်ထဲမှာ သေနတ်ကို စိတ်ထင်သလို ပစ်ခွင့်ရှိသလား အကို။ လက်နက် မရှိတဲ့ အရပ်သားကို ဒီလို စစ်သေနက်တွေနဲ့ မသေမချင်း ပစ်သတ်ခွင့်ရှိသလား ဆိုတာလေး ညီမတို့ သိချင်နေတယ်။

အပြစ်မဲ့ သတ်ဖြတ်ခံရသော ကျောင်းသားလေးများ နာရေး သဂြိုဟ်ခြင်းကို ကိုယ်တိုင် တက်ရောက် လိုလှသော်လည်း ယမန်နေ့ ညကပင် ရန်ကုန်မြို့တွင်း အချို့နေရာများတွင် ညဘက် ရောက်လာသည့် စစ်ကားများကြောင့် သွားမည့် စိတ်ကူးကို ဖျက်လိုက်သည်ဟု ဆိုသည်။ အာဏာပိုင်တို့ လူထုအားကို လွန်စွာ ကြောက်ရွံ့နေကြောင်း ညတွင်းချင်း ရန်ကုန်မြို့တွင်း ကင်းလှည့်ရောက်ရှိ လာသော စစ်ကားများက ယနေ့ မြန်မာပြည် ဖြတ်သန်းနေသော ခေတ်စနစ် ပုံရိပ်များပင်ဖြစ်သည်။

မိမိတို့သည် လက်နက်ရှိသော လူတို့၏ ဖိနှိပ် အုပ်ချုပ်မှု အောက်တွင် အကြောက်တရား ကြီးစွာဖြင့် လူညွှန့် တုန်းနေကြရကြောင်း ထိုအမျိုးသမီး ကပင် ဆက်ပြောပါသည်။

သူမသည် အင်န်အယ်လ်ဒီ ပါတီဝင် တဦးဖြစ်ကြောင်း ကျနော် ယခင်ကပင် သိခဲ့ပါသည်။ ကျနော့်ထက် ဆယ်နှစ်ကျော်မျှ ငယ်သော ညီမငယ် ထိုအမျိုးသမီး၏ အမေးကို ကျနော် ရှက်စိတ်က တဖက်နှင့် အသက် မပါစွာဖြင့် သာ ဖြေမိသည် ထင်သည်။

" စည်းစနစ်တကျရှိတဲ့ မျိုးချစ် တပ်မတော်ဆိုရင် ကိုယ့်နိုင်ငံသား အရပ်သူ အရပ်သားကို သေနတ်နဲ့ ပစ်သတ်ဖို့ ဝေးလို့ ဥပဒေမဲ့ ဖမ်းဝရမ်းမဲ့ ဖမ်းဆီး ချုပ်နှောင်ဖို့တောင် စိတ်မကူးရပါဘူး။ အခုလို လက်နက်မဲ့ ကျောင်းသားလေးတွေကို ရက်ရက်စက်စက် ပစ်သတ်တာမျိုး ကတော့ ရာဇ၀င် ထပ်တွင်မယ့် ရိုင်းစိုင်းခြင်းမျိုးပါပဲ ညီမလေး။ အကိုတို့ စစ်သားဟောင်း တွေလည်း ခံပြင်းခြင်း ကြီးစွာ ဖြစ်ရပါတယ်။ ကနေ့ အကိုတို့ မြန်မာ့ တပ်မတော်ဟာ မျိုးချစ် မြန်မာ့တပ်မတော် မဟုတ်နိုင် တော့ဘူး လူထုကို သတ်ဖြတ်တဲ့ အကြမ်းဖက် လက်နက်ကိုင်တပ် ဖြစ်နေပြီ ညီမ။ စစ်အာဏာရှင် စနစ်ကိုသာ ကာကွယ်ပေးနေရတဲ့ အာဏာရှင် စစ်ဗိုလ်ချုပ်ကြီး တွေကိုသာ ကာကွယ် ပေးနေရတဲ့ စစ်တပ်ဖြစ်နေပါပြီ ညီမရယ်"

ကျနော်သည်လည်းပဲ ရင်တွင်း မချိပါ။ မနက်ကတင် ကျနော့်နံဘေး အတင်း ဖြတ်မောင်းသွားသော ဇိမ်ခံကားကြီးမှ စင်လာသည့် ရွှံ့ရေတို့ ပုဆိုးတွင်ပင် မခြောက်ချင်သေး။ ကျနော်တို့ ကိုယ်တိုင် သည်ပင် ဥပဒေမဲ့ ထင်ရာစိုင်းသည့် စစ်အသိုင်းအ၀ိုင်း၏ ဘေးထွက် ဆိုးကျိုးများကို တစတစ ခံစား လာနေရပါပကောဟုလည်း တွေးမိသည်။

ဤပုံစံ ဖြင့် မြန်မာပြည် ဘယ်လောက်ထိများ ဆက်လက်တည်ငြိမ် နိုင်ပါမည်နည်း။ ထင်ရာစိုင်း ရိုင်းစိုင်း ရက်စက်မှုများကို ဘယ်လူမျိုးကမှ လက်ခံကျေနပ်မည် မဟုတ်ပေ။ အကြောက်တရားဖြင့် နှစ်ပေါင်းများစွာ ဖိစီးနှိပ်ကွပ်မှု အသားကျနေခိုက် အခိုက်တန့်သာ လူထုက ငြိမ်ခံနေမည်ဖြစ်ပြီး၊ အကြောက်တရား ကြောက်ခြင်း ပမာဏတို့ အကန့်သတ် ကုန်သည့်အခါ မြန်မာ ပြည်တွင်းရေး သည် သွေးချောင်းစီး မလာနိုင်ဟု ဘယ်သူမှ မပြောနိုင်ပေ။

ကျနော်တို့ နိုင်ငံကို ငြိမ်းချမ်းစေချင်ပါသည်။ တိုးတက်စေချင် ပါသည်။ ပြည်သူနှင့် တပ်မတော်တို့ ကြည်ဖြူစွာ လက်တွဲဖြင့် နိုင်ငံကြီးကောင်းဖို့ တက်ညီလက်ညီ ဆောင်ရွက်ကြစေ ချင်ပါသည်။ သို့သော်လည်း အာဏာနှင့် ရာထူးကို လက်မလွှတ်ရဲဘဲ လူထုကိုသတ် ရဟန်းလည်း သတ်၊ ရက်စက်မှု အပေါင်း သရဖူဆောင်းသည့် အာဏာရှင် ထိပ်သီးတစု ရှိနေသမျှ ကာလပတ်လုံး စစ်တပ်မတော် သည်လည်း မြန်မာပြည်သူ လူထု၏ ယုံကြည်အားကိုးမှုကို မရနိုင်။ ယိုယွင်းပျက်စီး နေသော ပြည်ရွာ အနှံ့မှ အခြေအနေ ဆိုးများသည်လည်း ယနေ့ စစ်အာဏာရှင် စနစ်အောက်တွင် တိုးတက်ပြောင်းလဲ မလာနိုင်ဟုသာ တွေးမိသည်။

တိုင်းရင်းသား လူမျိုးစုများ၊ အတိုက်အခံ နိုင်ငံရေး အင်အားစုများ၊ လူထုအားနှင့် တပ်မတော်တို့ ဟန်ချက်ညီညီ ပေါင်းစည်း ဆောင်ရွက်ခြင်း မပြုပဲ၊ တပ်မတော်သာ တကိုယ်ထီးတည်း ထင်ရာ စိုင်းပြီး လက်နက် အားကိုးနှင့် အုပ်ချုပ်မှုသက်တမ်း ကြာရှည် လာသည်နှင့် အမျှ မြန်မာ့ အနာဂတ်သည် ဆိုးသည်ထက် ဆိုးရန်သာ ရှိပါတော့သည်။

စောစောက ညီမက ထပ်မေးပြန်ပါသည်။ " အခုလို လူထုကို ထင်သလို သတ်ဖြတ်သွားတဲ့ စစ်ဗိုလ် စစ်သားတွေကို စစ်ဥပဒေက အရေး မယူဘူးလား အကို" ကျနော် သက်ပြင်းရှည်ကြီး တချက် ချလိုက်ပါသည်။

တခွန်းသာ ကျနော်ပြန်ပြောနိုင်ပါသည်။ " တကယ်တမ်းဆို တရားဥပဒေသာ အတိအလင်း တည်တံ့တယ် ဆို ပြည်သူ့ ကာကွယ်ရေး လက်နက်နဲ့ လူထုကို ထင်သလို ပစ်ခတ် သတ်ဖြတ်မှု အတွက် ထိထိရောက်ရောက် အရေးယူ ရမှာပါပဲ။

ဒါပေမယ့် ညီမရယ် ....... အခုလို ပြစ်မှုမျိုးကို အရေးယူပိုင်ခွင့် ရှိတဲ့ ထိပ်သီးကြီးတွေ ကိုယ်တိုင် က ပြည်သူလူထု ထောင်ပေါင်းများစွာကို သတ်ဖြတ် ခဲ့ဖူးတာပဲ။ ဒီ နှစ်ယောက်လောက်လေး သေတာကို သူတို့ မှုမလား ညီမရယ်။ နောက်ပြီး တိုင်းပြည်မှာ အထင်ကရ ဖြစ်ခဲ့တဲ့ ရာဇ၀တ်မှုကြီး တွေ လူသတ်မှုကြီးတွေ မူးယစ်ဆေးဝါး အမှုကြီးတွေမှာလည်း အာဏာပိုင် ထိပ်သီးကြီးတွေ ပါ ပတ်သက်နေတယ်လို့ သတင်းတွေ ထွက်နေတာကို လူတိုင်း သိတာပဲ။ ညီမလေး။ ဒီတော့ မသူတော်ချင်း သတင်းလွေ့ မှာပဲ။ ပုလင်းတူချင်း ဗူးဆို့ မှာပဲ။ ဒီအမှုကို ကနေ့ စစ်အစိုးရက ထိထိရောက်ရောက် အရေးယူ မယူ စောင့်ကြည့်ရမယ်။ ဒါ ဒို့အနာဂတ်ကို အကြီးမားဆုံး ခြိမ်းခြောက်ခံရတဲ့ အလတ်ဆတ်ဆုံး အဆိုးဆုံး လူမဆန်မှု ရာဇ၀တ်မှုကြီးပဲ ညီမလေး။

ဒါပေမယ့် ညီမရယ် အကိုတို့ မြန်မာပြည်မှာ စစ်တပ်သာ အုပ်ချုပ်ရေးနေရာမှာ ရာသက်ပန် နေရမယ် ဆိုတဲ့ စစ်ဝါဒီတွေ များနေသရွေ့ စစ်တပ်ထဲမှာ ကိုယ်ကျိုးသမား အာဏာရူးတွေ အာဏာပိုင်နေ သေးသရွေ့ စစ်အာဏာရှင် စနစ် တည်တံ့ နေသေးသရွေ့ အခုလို အမှုကြီးတွေ ရက်စက် ကြမ်းကြုတ်တဲ့ သတ်ဖြတ်မှုကြီးတွေ ဆင့်ကဲ ဆင့်ကဲ ဖြစ်လာ နေအုန်းမှာပဲ။ အာဏာကို ဇောင်းပေးတဲ့ အာဏာရှင် စနစ် အောက်မှာတော့ လက်နက်ကို ထင်သလို သုံးစွဲတဲ့ ခြိမ်းခြောက်မှု တွေ ရှိနေအုန်းမှာပဲ။ အပြစ်မဲ့လူထုတွေ သေကြေ နေရအုန်းမှာပဲ၊ ညီမ ................ အကိုတို့လို မျိုးချစ် စစ်သားဟောင်းတွေလည်း တိုင်းပြည်နဲ့ တပ်မတော်ကို မှန်ကန် သင့်တင့်တဲ့ ပြုပြင် ပြောင်းလဲမှုတွေ ဖြစ်စေချင်ပါပြီ ညီမရယ်။" ဟု ဖြေမိပါသည်။

ထမင်းလက်ဆုံစားသည့် ၀ိုင်းလေး လက်စမသိမ်းမှီ အဆိုပါ ညီမက မေးခွန်းလေး နောက်ဆုံး မေးလိုက်အုံးမယ်ဟု ဆိုကာ " ဒါဆို မတရားမှု မှန်သမျှ ငြိမ်ခံ ပိပြားနေရတဲ့ ကနေ့ ဒီဘ၀ကနေ လွန်မြောက်အောင် ဘာတွေ လုပ်သင့်တယ်လို့ ထင်သလဲ အကို ဗိုလ်ကြီး"

ကျနော် တခွန်းသာ ဖြေလိုက်ပါသည်။ စစ်ကျွန်ဘ၀ သက်ဆိုးရှည်အောင် ကလိန်ကကျစ် နည်းပေါင်းစုံနဲ့ လုပ်မယ့် မကြာခင် လာမယ့် ရွေးကောက်ပွဲမှာ မဲမထည့်နဲ့ မထောက်ခံနဲ့။ မတရားတဲ့ လုပ်ရပ်မှန်သမျှ ရရာ ကြုံရာနေရာက မှတ်တမ်းတင်ထား ဒီဖက်ဆစ် အုပ်စိုးသူ လူတစ်စုကို လူထုနဲ့ မျိုးချစ် တပ်မတော်သားတွေ ပေါင်းပြီး၊ ဖယ်ရှား အရေးယူနိုင်အောင် နိုင်တဲ့ နေရာကနေ ၀ိုင်းလုပ်။ နိုင်ငံတခု စနစ်ကောင်းဖို့ နိုင်ငံသားတိုင်းမှာ တာဝန်ရှိတယ်။ ဒါပဲ"

ကျနော်တို့ ထမင်းဝိုင်းအတွင်းမှ လူငယ်များ အနက်မှ အချို့က လေးလေးနက်နက် ထောက်ခံ သဘော တူကြသော်လည်း အချို့က အကြောက်လွန်သော မျက်ဝန်းများဖြင့် ဘေးဘီကို ဝေ့၀ိုက်သော အကြည့်ဖြင့် ကြည့်သွား ကြသည်ကိုလည်း သတိ ပြုမိလိုက်ပါတော့သည်။

ဘာပြောပြော သူတို့လည်း ကြောက်ကြောက်နဲ့ ဒီသတင်း ဒီစကားလေးတွေပေါ် စိတ်ဝင်တစား ရှိကြသည်ပင်။ စိတ်ဝင်စားခြင်းမှသည် ယုံကြည်ခြင်း။ ယုံကြည်ခြင်းမှသည် ရဲရင့်ခြင်း၊ ရဲရင့်ခြင်းမှသည် ညီညွတ်သော အောင်ပွဲဆီသို့ မြန်မာပြည်သားများ ရောက်ရှိ ကြလိမ့်မည်ဟု အလေးအနက် ယုံကြည်နေမိသည်။

ကျနော် အိမ်ပြန်ရောက်အပြီး စာအုပ်စင်မှ စစ်တက္ကသိုလ်တက်ခဲ့စဉ်က မှတ်စုစာအုပ်ငယ်များ ပြန်ရှာဖတ်ရင်း ဗိုလ်လောင်းဘ၀က ရေးသားထားသော ရင်တွင်းဖြစ် မှတ်တမ်းများမှ စာစု တခုကို ပြန်တွေ့မိသည်။

" မြန်မာ လူထုတွေ မျက်စိသူငယ်၊ နားသူငယ်နဲ့ အရာရာကို ထိတ်လန့် အားငယ်တဲ့ အကြည့်နဲ့ ကြည့်ပြီး ပင်ပန်းဆင်းရဲစွာ အသက်မွေး နေကြရသေး သရွေ့ မျိုးချစ်စစ်သား တွေရဲ့ နိုင်ငံနဲ့ လူမျိုးအပေါ် ကျရောက်တဲ့ တာဝန် မကျေပွန်သေးဘူး။"

ညီတိုးငြိမ်း



Ref: ညီတိုးငြိမ်း

Read More...

၂၀၀၈ အခြေခံဥပဒေမှာ တန်းတူရေးမရှိရင် ၊ ငြိမ်းချမ်းရေး မဖြစ်နိုင်

မာန်လက်
ဇူလိုင်လ ၂၅ ရက် ၂၀၁၂

ဦးသိန်းစိန်အစိုးရဟာ တိုင်းရင်းသား ပြဿနာကို ဖြေရှင်းဖို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟို ကော်မတီနဲ့ လုပ်ငန်း ကော်မတီကို ပြီးခဲ့တဲ့ မေ(၃)ရက်နေ့က ကြေညာချက် ထုတ် ဖွဲ့စည်းခဲ့ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အဆင့်(၃) ဆင့်နဲ့ လုပ်ဆောင်နေပါတယ်။ ပထမ အဆင့်မှာ အပစ်ရပ်ရေး၊ ဒုတိယအဆင့်မှာ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေးနဲ့ တတိယ အဆင့်က လွှတ်တော်ကို တင်ပြရေး ဖြစ်ပါတယ်။ အပစ်ရပ်ရေးအတွက် တနှစ်ကျော်ကြာ လုံ့လ စိုက်ထုတ်ခဲ့ပေမဲ့ တနိုင်ငံ လုံး အပစ် မရပ်နိုင်သေးပါဘူး။ သမ္မတ အမိန့်ကို မနာခံဘဲ စစ်တပ်က ကချင်ကို ထိုးစစ်ဆင်တုန်းဖြစ်သလို ရှမ်းပြည် တပ် မတော် SSPP-SSA နဲ့လည်း အခုရက်ပိုင်း အတွင်း တိုက်ပွဲတွေက ပိုမိုပြင်းထန် လာနေပါတယ်။

အပစ်ရပ်ရေးဆွေးနွေးပြီးနောက်ပိုင်း ကနေ့အထိ သျှမ်းပြည်တပ်မတော် RCSS/ SSAနဲ့ ၂၅ ကြိမ်၊ SSPP/SSA တပ်ဖွဲ့နဲ့ ၂၃ ကြိမ် ဖြစ်ပွားခဲ့ရာမှာ အစိုးရ စစ်တပ်က သဘောတူညီချက်ကို စတင် ချိုးဖောက်ပြီး အခုလို ထိုးစစ်ဆင် တိုက်ခိုက်နေတာ လည်း ဖြစ်ပါတယ်။ ဒါတင်မက အချို့ အပစ်ရပ် တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့လည်း ကွက်ကြား တိုက်ပွဲတွေ ဖြစ်ပေါ်ဆဲ ရှိပါတယ်။ ဒါကိုကြည့်ရင် ပထမ အဆင့်မှာပင်လျှင် ဦးသိန်းစိန်အစိုးရရဲ့ မပြတ်သားမှု၊ မပွင့်လင်းမှု၊ ကတိမတည်မှုနဲ့ လုပ်ငန်းပိုင်း မနိုင်နင်းမှုတွေကို တွေ့မြင်နိုင်တာကြောင့် ငြိမ်းချမ်းရေးဖြစ်ပေါ်လာရေးဟာ အင်မတန် အလှမ်းဝေးနေပြီး အစိုးရအပေါ်မှာသာ အဓိက မူတည်နေတာလည်း ဖြစ်ပါတယ်။

သမိုင်းသင်ခန်းစာအရလည်း ဗမာပြည်အာဏာရ အစိုးရအဆက်ဆက်ဟာ ပြည်တွင်းစစ်ကိုရပ်စဲဖို့နဲ့ အမျိုးသားတန်းတူမှုရှိ တဲ့ ပြည်ထောင်စုကိုတည်ဆောက်ဖို့ နိုင်ငံရေးအာသီသ ဘယ်တုန်းကမှမရှိခဲ့ဘူးဆိုတာနဲ့ ပြည်တွင်းစစ်ကို သူတို့ကိုယ်ကျိုး အတွက်သာ အသုံးချခဲ့တယ်ဆိုတာကို ပြီးခဲ့တဲ့အပတ်တွေတုန်းက တင်ပြခဲ့ပါတယ်။ ဗမာပြည်ရဲ့ တိုင်းရင်းသားအရေးကို မဖြေရှင်းနိုင်သေးသရွေ့ ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်းစစ်ကိုလည်း ငြိမ်းအေးစေနိုင်မှာ မဟုတ်ပါဘူး၊ ပြည်တွင်းစစ် မရပ်စဲနိုင်သေးသရွေ့ အမျိုးသားစည်းလုံးညီညွတ်မှုနဲ့ ပြည်တွင်းငြိမ်းချမ်းရေးဆိုတာလည်း ဖြစ်လာဖို့ မရှိပါဘူး။

ဒါ့ပြင် ပထမအဆင့် မပြီးပြတ်ခင် ဒုတိယအဆင့်ကို ၂၀၁၅-ခုနှစ်မတိုင်မီ ၂၀၁၄-ခုနှစ်လောက်မှာ အကောင်အထည်ဖော် သွားမယ်လို့ မကြာသေးခင်ကလေးတင် ဦးသိန်းစိန်အစိုးရက ကြေညာသွားတာကလည်း အမယ်ဘုတ်ရဲ့ သူ့ချည်ခင် ဖြစ်ဖို့ သာရှိပါတယ်။ သေနတ်သံရပ်အောင်တောင် အပြီးမသတ်နိုင်သေးဘဲ ဒုတိယအဆင့်ကို သွားမယ်လို့ ထုတ်ဖော်ကြေညာ သွားတာကိုကြည့်ရင် ဦးသိန်းစိန်အစိုးရက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲရေးကို ၂၀၁၃မှာ အပြတ်ဖြတ်မယ်ဆိုတဲ့ သဘောထားကို တွက်ဆနိုင်သလို အပစ်ရပ်စဲရေးကိစ္စကို ၂၀၁၃အထိပဲလို့ သတ်မှတ်ထားပုံလည်း ရပါတယ်။ ဗမာပြည်မှာ လက်နက်ကိုင်ပဋိပက္ခ အပြီးသတ် နိဂုံးချုပ် စေရမယ်လို့ ဆိုလိုတာမျိုး မဟုတ်ဘူးဆိုတာနဲ့ လာမယ့်၂၀၁၃ခုနှစ်မှာ ဗမာပြည်မှာ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို ကြီးမှူးကျင်းပဖို့ ရှိနေတာကလည်း အပစ် အခတ်ရပ်စဲရေးကို ကမန်းကတန်း ဖုတ်ပူမီးတိုက် လုပ်ရတာဖြစ်တယ် ဆိုတာလည်း သိသာလွန်းနေပါတယ်။

ဒီလိုကြေညာရာမှာလည်း ဒုတိယအဆင့်ဖြစ်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုကို ပင်လုံထက် ကျယ်ပြန့်တဲ့ ညီလာခံတခု ဆိုပြီး စစ်တပ်နောက်ခံပြု ဦးသိန်းစိန် အစိုးရက အစဉ်တစိုက် သုံးနှုံးသွား-နေတာကလည်း စဉ်းစားစရာ ဖြစ်နေပါတယ်။ ဒါ့ပြင် ဒီညီလာခံကို အစိုးရ တာဝန်ရှိပုဂ္ဂိုလ်တွေ၊ ပြည်တွင်း(ပြည်ပ) အတိုက်အခံပါတီတွေ၊ အသိပညာရှင် အတတ်ပညာ ရှင်တွေ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်း(အန်င်ဂျီအို)တွေ၊ တိုင်းရင်းသား အဖွဲ့အစည်းတွေကို တက်ရောက်စေမယ် ဆိုတော့ ၁၉၉၃-ခုနှစ် အမျိုးသား ညီလာခံကို ပြေးမြင်မိပါတယ်။

ပင်လုံထက် ကျယ်ပြန့်သောညီလာခံလို့ ကင်မွန်းတပ်ပြီး လူများအောင်ဖိတ်ရုံနဲ့ အရာမရောက် မပြီးမြောက်နိုင်ပါဘူး။ ၁၉၄၇ ခုနှစ် ရှမ်းပြည် ပင်လုံညီလာခံက ပင်လုံစိတ်ဓါတ် အနှစ်သာရတွေ၊ ကတိကဝတ်တွေကို အမှန်တကယ် လိုလို လားလား တန်းတူ ရည်တူ ဆွေးနွေး ညှိနှိုင်း အကောင်အထည်ဖော်ဆောင် မှသာ ပြည်တွင်းစစ် ရပ်စဲပြီး ပြည်တွင်း ငြိမ်းချမ်းရေးကို ရှေ့ ရှု့ ဦးတည်နိုင်မှာပါ။

ရှမ်းပြည်ပင်လုံညီလာခံတုန်းက ကတိကဝတ်တွေကို အစိုးရအဆက်ဆက်က ချိုးဖောက်ခဲ့လို့ မြန်မာ(ဗမာ)တိုင်းရင်းသားနဲ့ အခြားတိုင်းရင်းသား လူမျိုးများအကြား သံသယမီးပွား ဖြစ်ပေါ်ခဲ့တာမို့ ကနေ့ထက်တိုင် အရှည်ကြာဆုံး ပြည်တွင်းစစ်ကို ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ အချုပ်ကတော့ အမျိုးသားတန်းတူညီမျှမှု မရှိခဲ့တာက ပြည်တွင်းစစ်ရဲ့ အဓိကအကြောင်းရင်း တခု ဖြစ်ပါတယ်။

ဒီကနေ့ လက်နက်ကိုင်တိုက်ပွဲဝင်နေကြတဲ့ တိုင်းရင်းသားလူမျိုးတွေရဲ့ အဓိကတောင်းဆိုချက်ကလည်း အမျိုးသားတန်းတူ ရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးဖြစ်ပါတယ်။ ဒီအခြေခံအကြောင်းရင်းကို မကိုင်တွယ် မဖြေရှင်းဘဲနဲ့ သေနတ်သံပျောက် ပြီး ငြိမ်းချမ်းသွားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ တန်းတူညီမျှမှုကို အခြေခံဆုပ်ကိုင်မှသာ ထာဝရငြိမ်းချမ်းရေးကို ဖြစ်ပေါ်တည် ဆောက်နိုင်မှာ ဖြစ်ပါတယ်။

ဦးသိန်းစိန်အစိုးရရဲ့ ဦးတည်ချက်တခုဖြစ်တဲ့ လွှတ်တော်တွင်းဝင်ရောက်ရေး တတိယအဆင့် ဆိုတာကလည်း အရင် နအဖ အမျိုးသားညီလာခံတုန်းကအတိုင်း လွှတ်တော်မှာပဲ နိုင်ငံရေးဆွေးနွေးဆိုတာနဲ့ ထူးခြားကွဲပြားမှု မရှိပါဘူး။ အတိုက်အခံ အားလုံး၊ တိုင်းရင်းသားအဖွဲ့အစည်းအားလုံးက ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို အရင်လက်ခံရေးပဲ ဖြစ်ပါတယ်။ အဲဒါ ကြောင့် လွှတ်တော် ၀င်ရေးမ၀င်ရေးကိစ္စဟာ တိုင်းရင်းသားတွေအတွက် တန်းတူရေးရှိမရှိအပေါ် အခြေခံပြီး စဉ်းစားဆုံး ဖြတ်ကြဖို့ အင်မတန် အရေးကြီးပါတယ်။

လက်ရှိ လွှတ်တော်အခင်းအကျင်းအရ စစ်တပ်ကိုယ်စားလှယ်တွေ လွှတ်တော်တွင်း ရှိနေသမျှ ဒီမိုကရေစီနည်း ကျနိုင်မှာ မဟုတ်တာမို့ တန်းတူရေးရှိဖို့ ဆိုတာမှာလည်း ခဲယဉ်းပါလိမ့်မည်။ ဒီမိုကရေစီရေးပင် မရှိလျှင် တန်းတူရေးလည်း ရှိနိုင်မယ် မဟုတ်တဲ့အတွက် ကိုယ့်လည်ပင်း ကိုယ်ကြိုးကွင်းစွပ် မခံရစေဖို့ တိုင်းရင်းသားများက လွှတ်တော်တွင်း ၀င်ရေးမ၀င် ရေးကို အခိုင်အမာ တညီတညွတ်တည်း ဆုံးဖြတ်ချက်ချရပါလိမ့်မည်။ ကျားဆွဲမခံရဖို့ သင်းမကွဲမှ ဖြစ်မယ်ဆိုတာလည်း သမိုင်းသင်ခန်းစာအရ ထုတ်နှုတ်ကောက်ယူဖို့ လိုအပ်ပါတယ်။

တိုင်းရင်းသားအဖွဲ့အစည်းတွေမှာလည်း နိုင်ငံရေးအတွေ့အကြုံ သင်ခန်းစာ အများအပြား ရှိပြီးဖြစ်တာမို့ ဒုတိယအဆင့်ဖြစ် တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုဟာ လွန်စွာ အရေးကြီးပါတယ်၊ အစကတည်းက တန်းတူရေး မဖြစ်ရင် ၀င်မပါဘဲ တန်းတူ ရေး ဖြစ်ခဲ့ရင်တော့ အားတက်သရော ပူးပေါင်းပါဝင်သင့်ပါတယ်။ ဒါမှသာ မိမိတို့ စဉ်ဆက်မပြတ် ရပ်ခံတိုက်ပွဲဝင်နေတဲ့ အမျိုးသားတန်းတူရေး တောင်းဆိုချက်နဲ့ ကိုက်ညီမှာဖြစ်ပြီး လက်နက်ကိုင်ပဋိပက္ခတွေဟာ အခြေခံ ဥပဒေ အားနည်းချက် ကြောင့် ဖြစ်ရတာမို့ အခြေခံဥပဒေ မပြင်သရွေ့ ဘယ်တော့မှ ငြိမ်းချမ်းရေး ရနိုင်ဖွယ် မမြင်ကြောင်းနဲ့ ငြိမ်းချမ်းရေးထက် အခြေခံ ဥပဒေကို ပြင်ဆင်ဖို့က ပိုအရေးကြီးကြောင်း တညီတညွတ်တည်း တောင်းဆိုကြဖို့ လိုအပ်ပါတယ်။

ပြည်ထောင်စုအစိုးရအနေနဲ့ အမှန်တကယ် ပြည်တွင်းစစ်ကို ရပ်စဲပြီး အရှည် တည်တန့်မယ့် ထာဝရ ငြိမ်းချမ်းရေးကို ဖြစ်ပေါ် တည်ဆောက် လိုစိတ် ရှိပါက ဦးစွာပထမ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဦးစွာပြင်ဆင်နိုင်ရေး အတွက် တတိုင်းတပြည်လုံး အပစ်အခတ် ရပ်စဲရေးကို တပြေးညီကြေညာပြီး တိုင်းရင်းသားဒေသရှိ တပ်စခန်းတွေကို ပြန်ရုပ်သိမ်းပေးရမှာဖြစ်သလို ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသား အားလုံးကိုလည်း ချွင်းချက်မရှိ လွှတ်ပေးပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရ တန်းတူရည်တူ တွေ့ဆုံဆွေးနွေး အဖြေရှာတဲ့ နည်းလမ်းကသာ အစစ်အမှန်ဖြစ်ပါတယ်။

မာန်လက်

Read More...

အပေါ်သို့