..............................

Thursday, September 15, 2011

ဒီမိုကရေစီရေး လူငယ် လှုပ်ရှားမှုတွေကို ပိုမိုထောက်ခံအားပေးဖို့ ဘန်ကီမွန်း တိုက်တွန်း

သားညွန့်ဦး
ဗုဒ္ဓဟူး, 14 စက်တင်ဘာ 2011


အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိကမှာဖြစ်တဲ့ ဒီမိုကရေစီရေး တောင်းဆိုအုံကြွမှုတွေကို ထောက်ပြပြီး အခုနှစ်ဟာ ဒီမိုကရေစီရေးနဲ့ ပတ်သက်လို့ သမိုင်းမှာ တွင်ကျန်ရစ်မယ့်နှစ် ဖြစ်တယ်လို့ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းက ပြောပါတယ်။

စက်တင်ဘာ ၁၅ ရက်နေ့ဟာ နိုင်ငံတကာဒီမိုကရေစီနေ့ ဖြစ်ပါတယ်။ နိုင်ငံ အစိုးရတွေ အနေနဲ့ ဒီမိုကရေစီ စနစ် ထွန်းကား လာရေးအတွက် အစီအစဉ်တွေ ချမှတ် ဆောင်ရွက်နိုင်ဖို့ ဆိုပြီး ကုလသမဂ္ဂ အထွေထွေ ညီလာခံကနေ စက်တင်ဘာ ၁၅ ရက်နေ့ကို နိုင်ငံတကာ ဒီမိုကရေစီနေ့ အဖြစ် ၂၀၀၇ ခုနှစ်မှာ သတ်မှတ် ဆုံးဖြတ်ခဲ့တာပါ။ ကမ္ဘာအနှံက ဒီမိုကရေစီရေး အတွက် ကြိုးပမ်း အားထုတ်နေတဲ့ လူငယ်တွေကို ပိုပြီး ထောက်ခံ အားပေးကူညီကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်း က အခု နိုင်ငံတကာ ဒီမိုကရေစီနေ့မှာ တိုက်တွန်း သွားပါတယ်။

ဒီမိုကရေစီဆိုတာဟာ လူထုရဲ့ ဆန္ဒဖြစ်ပြီး၊ ခိုင်မာအားကောင်းတဲ့ လူ့အဖွဲ့အစည်း တရပ်ကနေ ပေါ်ပေါက် လာတယ် ဆိုတာကို အခုနှစ် အတွင်း မြင်တွေ့ ရတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရဲ့ အခုနှစ် နိုင်ငံတကာ ဒီမိုကရေစီနေ့ သ၀ဏ်လွှာမှာ ဖော်ပြပါတယ်။ အရှေ့ အလယ်ပိုင်းနဲ့ မြောက်အာဖရိကမှာ ဖြစ်တဲ့ ဒီမိုကရေစီရေး တောင်းဆို အုံကြွမှုတွေကို ထောက်ပြပြီး၊ အခုနှစ်ဟာ ဒီမိုကရေစီရေးနဲ့ ပတ်သက်လို့ သမိုင်းမှာ တွင်ကျန်ရစ်မယ့်နှစ် ဖြစ်တယ်လို့ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းက ပြောပါတယ်။

ဒီလှုပ်ရှားမှုတွေကို ကြည့်မယ်ဆိုရင် ဒီမိုကရေစီဆိုတာဟာ လူသားအားလုံး လိုလားတဲ့ နိုင်ငံတကာ စံနှုန်း ဖြစ်ပြီး၊ အခြား မတူတဲ့ ယဉ်ကျေးမှု ပြည်ပလာတဲ့ ယဉ်ကျေးမှု မဟုတ်ဘူးဆိုတာ ပြနေတယ်လို့ ဆိုပါတယ်။ နိုင်ငံတနိုင်ငံဟာ ဒီမိုကရေစီနဲ့ ထိုက်တန်တယ် ဆိုတာထက် ဒီမိုကရေစီ စနစ်ကနေ နိုင်ငံကို ထိုက်တန်တဲ့ နိုင်ငံဖြစ်စေတယ် ဆိုတဲ့ သတင်းစကားကို အဲဒီ လှုပ်ရှားမှုတွေမှာ ပါဝင်တဲ့ လူငယ်တွေက သယ်ဆောင် ပေးခဲ့ကြတယ်လို့ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းက ပြောသွားပါတယ်။

“ဒီမိုကရေစီစနစ်မှာ လွတ်လပ်တဲ့ သတင်းမီဒီယာ ရှိဖို့လိုပါတယ်။”

“ဒီမိုကရေစီဆိုတာ လွတ်လပ်မှုရှိဖို့ ပါပဲ။”

“ဒီမိုကရေစီဆိုတာ ကိုယ်ပြောချင်ရာကို ပြောခွင့်ရဖို့လိုသလို၊ ပြောတာကိုလည်း လူတွေက လေးစားဖိြု့ ဖစ်ပါတယ်။”

“ဒီမိုကရေစီဆိုတာ နိုင်ငံအစိုးရက ကိုယ့်နိုင်ငံရဲ့ နိုင်ငံသားတွေအတွက် အလုပ်လုပ်တဲ့ နိုင်ငံသား ဖြစ်ဖို့ လိုပါတယ်။ အစိုးရက သူတို့ ကိုယ်ကျိုးအတွက် အုပ်ချုပ်တဲ့ အစိုးရ မဖြစ်သင့်ပါဘူး။”

“ဒီမိုကရေစီဆိုတာ ကိုယ့်အမြင်ကို လွတ်လွတ်လပ်လပ်ထုတ်ဖော်ပြောဆိုခွင့်ရှိပြီး အချုပ်အခြယ် ကန့်သတ်မှု ကင်းဖို့ လိုပါတယ်။”

“ဒီမိုကရေစီလို့ဆိုရာမှာ ကလေးတွေဟာ ငြိမ်းချမ်းတဲ့လူ့အဖွဲ့အစည်းမှာ ကြီးပြင်းခွင့် ရကြဖို့ပါပဲ။”

“ဒီမိုကရေစီဆိုတာ မြင်တဲ့အခါ ပထမဆုံးအချက်က လွတ်လပ်စွာပြောဆိုပိုင်ခွင့်ရဖို့ပါ၊ ကျမတို့ မြန်မာ ပြည်မှာ လွတ်လပ်စွာ ပြောဆိုခွင့် ဆိုတာ မရှိပါဘူး။ ကျမတို့ ငယ်ငယ် မွေးလာကတည်းက နိုင်ငံရေးနဲ့ ပတ်သက်လို့ ဘာမှ ပြောဆိုပိုင်ခွင့် ဆိုတာ မရှိပါဘူး။ တယောက်နဲ့ တယောက်ဟာလည်း ယုံကြည်ရလား မယုံကြည်ရသလား မသိပဲနဲ့ ကိုယ့်အမြင် သူ့အမြင် လဲလှယ်နိုင်ခွင့် မရှိပါဘူး။ စီးပွားရေးနဲ့ ပတ်သက်လို့ ပြောဆို ပိုင်ခွင့်လည်း မရှိပါဘူး။ အခြေခံကျတဲ့ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့် ဆိုတာ ပိတ်ထားတဲ့ အနေအထားမှာ ရှိပါတယ်။ ကျမအနေနဲ့ မြင်တာကတော့ လူအချင်းချင်းဟာ တယောက်နဲ့ တယောက် ကိုယ့်ရဲ့ ထင်မြင် ယူဆချက်တွေကို ပြောဆို ဆွေးနွေးပိုင်ခွင့် ရှိတော့မှ ပိုပြီး အသိဥာဏ်တွေ ကြွယ်ဝလာပြီး နိုင်ငံအတွက် ဘယ်လိုတွေ လုပ်မလဲဆိုတာ အကြံဥာဏ်တွေ ထွက်လာမယ်လို့ ထင်ပါတယ်။”

ဒီမိုကရေစီနဲ့ပတ်သက်လို့ နားလည်ပုံ ယူဆပုံတွေ မြန်မာအပါအ၀င် နိုင်ငံတကာက လူငယ်အသီးသီးရဲ့ အမြင်တွေကို ကြားရတာပါ။

ဒီမိုကရေစီအတွေးအမြင်တွေဟာ ကမ္ဘာနေရာအားလုံး နိုင်ငံအသီးသီး လူ့အဖွဲ့အစည်းအသီးသီးရဲ့ အတွေးအခေါ် ယဉ်ကျေးမှု တွေမှာ ရှိနေပြီးသား ဖြစ်ပြီးတော့၊ ဒီမိုကရေစီနည်းကျ အုပ်ချုပ်ရေးဟာ အမျိုးသား အမျိုးသမီး လူသားအားလုံးရဲ့ နေထိုင် စားသောက်မှုဘ၀ကို မြှင့်တင် ပေးနိုင်တယ်လို့ ယုံကြည်တဲ့ အကြောင်းလည်း အတွင်းရေးမှုးချုပ် ဘန်ကီမွန်းက ပြောဆို ထားပါတယ်။


Ref: VOA News

0 comments:

အပေါ်သို့