..............................

Saturday, July 5, 2008

ကိုယ်ကခံစစ်ဆိုပေမဲ့မရှုံးနိုင်

ရက်ပိုင်းမျှသာလိုတော့တဲ့ “ဆန္ဒခံယူပွဲ” အတွက် နအဖဟာ ခက်ခက်ခဲခဲ တက်လှမ်းနေတာ တွေ့နေရတယ်။ ခြိမ်း ခြောက်တာ ချော့မြူတာတွေအပြင် ဖမ်းချုပ်တာ၊ ချောင်းရိုက်တာတွေပါ ဖောဖောသီသီကြီး လုပ်နေတယ်။ မရှက် - မကြောက် - မကွယ် - မ၀ှက်။

တဖက်မှာတော့ ပြည်သူလူထုတွေထဲမှာတော့ ကန့်ကွက်မဲထည့်ဖို့ ကြက်ခြေခတ်ဖို့ ဆိုတဲ့ သဘောထားဟာ ပြတ်ပြတ် သားသား ချမှတ်ပြီးသွားပြီ။ ဆိုလိုတာ ကျားနဲ့ဆင် လယ်ပြင်မှာ တွေ့ကြပြီ။ ဘယ်ကမှ ရှောင်ဖယ်လို့ မရတော့။

“နအဖဟာ သူတို့နိုင်အောင် တနည်းမဟုတ်တနည်းနဲ့ညစ်မှာပဲ” ဆိုတဲ့ စကားတွေ နေရာတကာမှာ ပေါ်နေတယ်။ (ဒီ လေသံကို သူတို့ လူတွေကတဆင့် မသိမသာ လွှင့်နေတာလဲ ရှိနိုင်တယ်။) ဟုတ်တယ် သူတို့က တနည်းမက နည်းပေါင်းသောင်း ခြောက်ထောင် ကျင့်သုံးကြလိမ့်မယ်။ သံသယမရှိနဲ့။ အာဏာရသူဖက်က လက်နက်နဲ့ အာဏာနဲ့ပေါင်းပြီး ညစ်တာဖြစ်တဲ့ အတွက် သူတို့က နိုင်ကောင်း နိုင်သွားနိုင်တယ်။ ဒါမဆန်းဘူး။ တိုက်ပွဲတရာ အောင်ပွဲတရာဆိုတာ နာေးထာင်လို့သာ ကောင်းပြီး လက်တွေ့မှာမရှိဘူး၊ ကိုယ်တိုက်ချင်တဲ့ ဂွင်၊ ကိုယ်တိုင်ချင်တဲ့ အချိန်မှာ၊ ကိုယ့်စိတ်ကြိုက် ပြင်ဆင်ပြီးတိုက်ရရင် တမျိုးဖြစ် တယ်။ ဒီတခါ ပြီးခဲ့တဲ့ စက်တင်ဘာ သံဃာ့ အရေးအခင်းကြီးမှာ အကြီးအကျယ် အထိနာသွားတဲ့ နအဖဟာ နိုင်ငံရေးလက်ဦးမှု ရယူရေးအတွက် ထိုးစစ် ဆင်လာတာဖြစ်တယ်။ ဒါကြောင့် ပြည်သူလူထု ဖက်က ပြောရရင် ဒီတပွဲဟာ ကိုယ်က ခံစစ်ကနေ လက်ဦးမှုရအောင် ပြန်လုပ်ရတာ ဖြစ်တယ်။

ဒါပေမဲ့ ဒါဟာစစ်ရေးတိုက်ပွဲမဟုတ်ဘူး။ နိုင်ငံရေးတိုက်ပွဲနဲ့ စစ်ရေးတိုက်ပွဲမှာ မတူတာတွေ အများကြီးရှိတယ်။ စစ်ရေးတိုက်ပွဲမှာ စစ်ရှုံးရင် လူပါ၊ နယ်မြေပါ ဆုံးရှုံးသွားတာမို့ နာလံမထူအောင် ဖြစ်တတ်တယ်။ နိုင်ငံရေးတိုက်ပွဲမှာ အဲဒီလို အကျအဆုံး မရှိအောင် တိုက်လို့ရတယ်။ ဒီတချီတိုက်ပွဲရဲ့ ထူးခြားမှုတခုကိုက ပြည်သူတွေဖက်က အရင်းအနှီး နည်းနည်းနဲ့ နအဖရဲ့ မသမာမှုကို ဖွင့်ချနိုင်တာ၊ သူတို့ချင်း ကွဲလွဲမှုကို ပိုနက်ရှိုင်းစေတာ ဖြစ်တယ်။

ဒီတိုက်ပွဲမှာ နအဖက ထိုးစစ်ဆင်လာတာဖြစ်ပေမယ့် သူ့ဖက်က အခြေအနေ ကောင်းလှလို့ မဟုတ်ဘူး။ သူ့အဖို့ ပြောရရင် ဒါဟာ ပွဲသိမ်းတိုက်ပွဲ မဟုတ်ဘူး။ တောင်ကုန်းတကုန်း ရယူရေး တိုက်ပွဲသာ ဖြစ်တယ်။ ဒီခြေလှမ်းကို လှမ်းဖို့အတွက် နအဖထဲမှာ အကြာကြီး ပြင်ဆင် ချိန်ဆနေတဲ့ ကြားကနေ နောက်ဆုံးမှာ စွတ်ရွတ်ပြီး ဆုံးဖြတ်ချက် ချလိုက်ရတာ ဖြစ်တယ်။ ဗိုလ်သန်းရွှေနဲ့ သူ့ အပါးတော်မြဲ တွေက ဖြစ်ချင်ရာဖြစ် ဆိုပြီး ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်။ ကြေငြာပြီးမှ တခြား နအဖ အဖွဲ့ဝင်တွေကို အသိပေး အကောင်အထည် ဖော်ခိုင်းကြတယ်။ တကယ်တော့ စစ်အုပ်စု တခုဆိုတာ ထိပ်သီးပုဂ္ဂိုလ်နဲ့ သူ့ရဲ့အတွင်းစည်းဝိုင်းသာပဲ ဖြစ်တယ်။ ဗမာပြည်မှာဆိုရင် ဗိုလ်သန်းရွှေနဲ့ သူ့ပတ်ဝန်းကျင်က အနည်းစုလေးသာ ဖြစ်တယ်။ သူတို့အထဲမှာ ဒီမိုကရေစီ မရှိဘူး။ ဗိုလ်သန်းရွှေ လက်ညှိုးညွှန်ရာ ရေဖြစ်ရတာ။ ဒါကြောင့် ဒီတပွဲဟာ ဗိုလ်သန်းရွှေရဲ့ အရှက်ဂုဏ်သိက္ခာနဲ့ တိုက်ရိုက်ဆက်နေတာမို့ သူ့လက်စွဲတွေဟာ အပြတ်ကြမ်းရမ်း လုပ်ကိုင်နေကြတယ်။

အခုလာတော့မယ့် ဆန္ဒခံယူပွဲဆိုတာဟာ ဗိုလ်သန်းရွှေအစုက စွတ်ရွတ် လုပ်ချလိုက်တာ ဖြစ်တဲ့အတွက် အကုန် အိုးနင်း ခွက်နင်း ဖြစ်နေတာ တွေတွေ့ရတယ်။ ဆန္ဒခံယူပွဲကို နောက်သုံးလမှာ ကျင်းပမယ် ပြောတယ်။ ဖွဲ့စည်းပုံ မူကြမ်းဆိုတာက စာအုပ် ဖြစ်မလာသေးဘူး။ စာအုပ်ရယ်လို့ ရိုက်ထွက်လာတော့လဲ အမှားမှား အယွင်းယွင်းတွေ ဖြစ်နေတယ်။ မှားတာမှ စာရိုက်စာစီမှားတာ မဟုတ်ဘူး။ စာရိုက်စာစီမှားတာ ဆိုရင် စာလုံးမှားတာပဲ ဖြစ်မယ်။ အခုဟာက ၀ါကျလိုက်တွေ မှားနေတာ။ မှားတာမှ အယူအဆအရ ကပြောင်းကပြန် ဖြစ်နေအောင် မှားတာဖြစ်တယ်။ သူတို့ချင်းမှ ပြတ်အောင် ဆွေးနွေးလိုက်ကြရရဲ့လား စဉ်းစားစရာပဲ။ ဒါမှမဟုတ်၊ သူတို့ကိုယ်တိုင်ရော အသေအချာ ဖတ်ကြရဲ့လား။

ဘာပဲပြောပြော ဒီတချီမှာလဲ နအဖအဖို့ အင်မတန်ကြပ်ကြပ် တည်းတည်း လုပ်နေရတာတွေကို မြင်နေရတယ်။ သူတို့ရဲ့ ဖွဲ့စည်းပုံကို ဝေဖန် ဆန့်ကျင်သူတွေကို တရားဥပဒေ အရ အရေးယူမလိုလို ပြောပေမယ့် အခု အရေးမယူရဲဘူး ဖြစ်နေတယ်။ ပြည်သူတွေက ဗြောင်ဆန့်ကျင်၊ ဟားတိုက် ပြောနေကြတယ်။ ဒီအစား နအဖဟာ တရားမဲ့ ချောင်းရိုက်တာ၊ ဗြောင်ရိုက်တာ၊ ကားနဲ့တိုက်တာတွေ လုပ်နေတယ်။ တပြည်လုံးကို စည်းရုံးတာက နည်းနည်း၊ ခြိမ်းခြောက်တာက များများ လုပ်နေတယ်။ ရဲဆိုတာကလဲ ဗုံးခွဲတာဖမ်းမမိ၊ လူသတ်တာ၊ လူရိုက်တာ အမှုမဖွင့်နဲ့၊ ပေထိုင်နေတယ်။ မီးသတ်က မီးမသတ်၊ လူသတ်နေတယ်။ စွမ်းအားရှင် ဆိုတာတွေက လက်နက်မဲ့ ပြည်သူလူထုအပေါ် စွမ်းအားတွေ အမျိုးမျိုး ပြနေကြတယ်။ နအဖရဲ့ ဆန္ဒခံယူပွဲဟာ မင်းမဲ့စိုးမဲ့ နိုင်ငံတခုမှာ ကျင်းပတာနဲ့ အတူတူပဲဖြစ်မယ်။

တတိုင်းပြည်လုံးကို ဧရာမစစ်တပ်ကြီးနဲ့ ခြိမ်းခြောက်ပြီး အနိုင်ကျင့် အုပ်ချုပ်သလိုပဲ ကြံ့ဖွတ်နဲ့ စွမ်းအားရှင် ဆိုတာတွေကိုလဲ အရေအတွက် ဂဏန်း အကြီးကြီးပြပြီး တပြည်လုံးကို ခြိမ်းခြောက်ပြန်တယ်။ တချို့ မသိ နားမလည်သူက ယုံပြီး ကြောက်ရှာကြတယ်။ တချို့ကတော့ ဒီဂဏန်းတွေကို အသုံးချပြီး နအဖရဲ့ ခွင်ထဲကို မောင်းပို့ကြတယ်။ ဒီတိုင်းပြည်က လူတွေလို ဒါလောက်တာရှည် တထိတ်ထိတ် တလန့်လန့် အသက်ရှင် နေထိုင်ရတဲ့ နိုင်ငံသားတွေ တခြားနိုင်ငံတွေမှာ ရှိမှ ရှိပါ့မလားဆိုတာ စဉ်းစားစရာပဲ။

တဖက်ကပြောရင်လဲ ဒီနိုင်ငံသားတွေလောက် အမှားအမှန် ခွဲခြားတတ်တာ၊ သတ္တိရှိတာ ကမ္ဘာမှာရှားတယ်။ ဒီတခါ နအဖရဲ့ ဆန္ဒခံယူပွဲဟာ နအဖဖက်က စတဲ့ ထိုးစစ်ဖြစ်တာ မှန်ပေမယ့် ဒီလို ပြည်သူလူထုနဲ့ ရင်ဆိုင်ရတာမို့ သူတို့တတွေ ကသောင်းကနင်း၊ မရှက်နိုင်၊ မကြောက်နိုင် လုပ်ကိုင် နေကြတာဖြစ်တယ်။ စိုးရိမ်နေ၊ ကြောက်ရွံ့နေတာဟာ သူတို့ပဲဖြစ်တယ်။

ဒီလိုအခါမှာ နအဖက နည်းမျိုးစုံနဲ့ညစ်မှာမို့ သူတို့နိုင်မှာပဲလို့ တွေးပူနေစရာ မလိုဘူး။ သူတို့ မုချ ဒီလိုလုပ်မှာပဲ။ သူတို့က ထိုးစစ်ဆင်လာတာကို ရင်ဆိုင်တဲ့ ပြည်သူတွေအဖို့ ကိုယ့်ဖက်က အကျအဆုံး နည်းနည်းနဲ့ သူတို့ကို နိုင်ငံရေးအရ ထိထိရောက်ရောက် ထိုးနှက်နိုင်ရင်၊ နောက်ပြီး သူတို့တွင်း မကျေလည်မှုတွေ ပိုများပြား စေနိုင်တယ်ဆိုရင် ဒီတိုက်ပွဲဟာ နိုင်ပြီပဲ။ ဒါ့အပြင် အခြေအနေ ပေးရင် ဒီထက်ကြီးမားတဲ့ အောင်ပွဲတွေတောင် ရနိုင်သေးတယ်။ ကိုယ့်ဖက်က လောဘကြီးလို့ မဖြစ်ဘူး။ သူ့အမှားတွေ များသထက် များလာအောင် ဖန်တီးရမယ်။ ကိုယ့်အတွက် တပ်လေ့ကျင့်ရေး တခုလို သဘောထားသင့်တယ်။ ပြည်သူတွေအဖို့ ဒီတခါဟာ တိုက်ပွဲနည်းမျိုး ပေါင်းစုံကို တိုက်နိုင်၊ တိုက်တတ်အောင် လေ့ကျင့်ဖို့ အခွင့်အလမ်းကောင်း တခုပါ။ ဒီတိုက်ပွဲ ပြီးသွားတဲ့နောက်မှာ လူထုကြီးဟာ ကြောက်သွားတာ မဖြစ်ဘို့နဲ့ သူ့အကြပ်အတည်းက ကိုယ့်အကြပ်အတည်း ဖြစ်မသွားဘို့ပဲ အရေးကြီးတယ်။

နအဖစစ်အုပ်စုကို ခြေလှမ်းရှိရှိနဲ့ တလုပ်ချင်းဝါးစားသွားမယ့် သဘောထား ချမှတ် ထားရမယ်။

ဗသြ

Read More...

Tuesday, July 1, 2008

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထူးကြေညာချက် အမှတ် ၁၅ / ၀၆ / ၀၈

Read More...

အပေါ်သို့