..............................

Friday, August 19, 2011

စီးပွားရေး ဆွေးနွေးပွဲ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ထား

လင်းသန့်
Thursday, 18 August 2011

နေပြည်တော်တွင် ကျင်းပမည့် စီးပွားရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်ရန် ဖိတ်ကြားစာကို ဒေါ်အောင်ဆန်းစုကြည်က ယမန်နေ့တွင် လက်ခံရရှိကြောင်း သိရသည်။

“ဒီကိစ္စနဲ့ပတ်သက်ပြီး ဖိတ်စာကို မနေ့က ရပါတယ်။ ဖိတ်တဲ့ ရက်က သြဂုတ်လ ၁၉ ကနေ ၂၁ ပါ။ ဒေါ်အောင်ဆန်းစုကြည် တက်မယ်၊ မတက်ဘူး ဆိုတာကတော့ လောလောဆယ် ကျနော်တို့ မပြောနိုင်သေးပါဘူး” ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရေးဆိုင်ရာ ဦးစီးကော်မတီက ပေးပို့လာသော ဖိတ်ကြားစာသည် NLD ပါတီ ခေါင်းဆောင်တဦး အဖြစ် မဟုတ်သကဲ့သို့ လေ့လာသူ အဖြစ်လည်း မဟုတ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် အမည်ဖြင့်သာ ဖိတ်ကြားခြင်း ဖြစ်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပါတီအရေးကိစ္စ အပါအဝင် လုပ်ဆောင်စရာများ ရှိနေကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်သည် ပါတီခေါင်းဆောင် ဖြစ်၍ ၄င်း၏ သဘောထားသည် NLD ပါတီ၏ သဘောထား ဖြစ်ကြောင်း ဦးဝင်းထိန်က ပြောသည်။

အလုပ်ရုံဆွေးနွေးပွဲသို့ ဒေါ်အောင်ဆန်းစုကြည် ဖိတ်ကြားခံရသည့်ကိစ္စနှင့် ပတ်သက်ပြီး NLD ပါတီ ခေါင်းဆောင် တဦးဖြစ်သူ ဦးဝင်းတင်က ပြဿနာများစွာကို အောက်ခြေအထိ ဖြေရှင်း သွားနိုင်ရေးအတွက် သမ္မတ ဦးသိန်းစိန်နှင့် ဆက်လက် ဆွေးနွေးရန် အဆင့်အထိ မျှော်လင့်ထားကြောင်း ပြောသည်။

စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲသို့ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး နယ်ပယ်များမှ လူပုဂ္ဂိုလ်ပေါင်း ၅၀၀ ခန့် တက်ရောက်ရန် ဖိတ်ကြားထားသည်ဟု သိရသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ဖိတ်ကြားခံထားရသူများထဲတွင် ပြည်ပအခြေစိုက် “ဗဟု” အဖွဲ့ဟု လူသိများသည့် အဖွဲ့မှ ပုဂ္ဂိုလ် များလည်း ပါဝင်သည်ဟုသိရပြီး ဆွေးနွေးပွဲ တက်ရောက်မည်ဟု ဆိုသည်။

ထို့အပြင် ပြည်ပအခြေစိုက် နိုင်ငံရေးနယ်ပယ်မှ ပုဂ္ဂိုလ်တချို့လည်း ဖိတ်ကြားခံထားရကြောင်းနှင့် တက်ရောက်ရန် ပြင်ဆင် နေကြကြောင်း သိရသော်လည်း မည်သူတက်ရောက်မည်ကို စုံစမ်းနေဆဲ ဖြစ်သည်။

အလုပ်ရုံဆွေးနွေးပွဲသို့ သမ္မတ အကြံပေးများနှင့် စာနယ်ဇင်းသမားများကိုလည်း ဖိတ်ကြားထားသည်။

၂၀၁၀ ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီ ၃၇ ပါတီမှ ကိုယ်စားလှယ်များကိုလည်း ဖိတ်ကြားထားပြီး ပါတီ တခုလျှင် ကိုယ်စားလှယ် ၃ ဦးနှုန်း တက်ရောက်ရမည်ဟု သိရသည်။

နေပြည်တော် လွှတ်တော်အစည်းအဝေးနှင့် တိုက်ဆိုင်နေသဖြင့် အလုပ်ရုံဆွေးနွေးပွဲသို့ တချို့နိုင်ငံရေး ပါတီများမှ လွှတ်တော် တက်ရောက်မည့် သူများကသာ တက်ရောက် သွားမည်ဖြစ်သည်ဟု ဆိုသည်။

ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) က ပါတီခေါင်းဆောင် ၃ ဦးဖြစ်သည့် ဦးသုဝေ၊ ဒေါ်ချိုချိုကျော်ငြိမ်းနှင့် ဒေါ်နေခြည်ဗဆွေ တို့ ၃ ဦး တက်ရောက်မည်ဟု သိရသည်။

“ကျနော်တို့ အခု ၃ ယောက် နေပြည်တော်ကို သွားနေကြပါတယ်။ ပါတီတွေအားလုံးကို ဖိတ်ထားတယ် သိရပါတယ်” ဟု ဦးသုဝေ က ပြောသည်။

Ref: ဧရာဝတီ

Read More...

ရွှေတွင်းမြေပြိုလို့ သေဆုံးသူ များပြား

2011-08-18

ရှမ်းပြည်နယ် ပင်လောင်းမြို့အနီးက ရွှေတူးဖော်နေတဲ့ ဒေသမှာ မြေပြိုခဲ့တာကြောင့် အလုပ်သမား တစ်ရာကျော် မြေပိ သေဆုံး ခဲ့ကြရတယ်လို့ သိရပါတယ်။

မြေပြိုခဲ့တဲ့ နေရာဟာ ရမည်းသင်း မြို့နယ် အရှေ့ဖက် မိုင် ၃၀ ကျော်အကွာမှာ ဖြစ်ပြီး ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့ အနောက်တောင်ဖက် ရှမ်းပြည်နယ်စပ် အနီးတစ်ဝိုက်မှာ ရွှေတူး ဖော်လုပ်ကိုင်နေကြတဲ့ အမှတ် ၂ စက်မှုဝန်ကြီး လက်အောက်ခံ ရွှေလုပ်ကွက် အတွင်းမှာ ဖြစ်ပါတယ်။ ဒီရွှေတွင်း ဒေသမှာ ပြီးခဲ့တဲ့ တစ်ပတ်ကျော် လောက်က မိုးအဆက်မပြတ် ရွာသွန်း ခဲ့ပြီးနောက် စက်စုကုမ္ပဏီ ရွှေတွင်းက အလုပ်သမား တစ်ရာကျော် နေထိုင်တဲ့ နေအိမ်တွေပေါ်ကို မြေပြိုကျ ခံခဲ့ရတာ ဖြစ်တယ်လို့ ရွှေလုပ်ငန်း လုပ်ကိုင်နေသူ တစ်ဦးက အာအက်ဖ်အေ ကို ပြောပါတယ်။

"လွန်ခဲ့တဲ့ တစ်ပတ်ကျော်လောက်က မိုးတွေ အရမ်းရွာပြီး ၉၅၀ စိုက်ထဲမှာဖြစ်တာ။ ဒီမှာ နေခြည်ပွင့် ဆိုတာ ကုမ္ပဏီ ကနေပြီးမှ သူက တောင်ပေါ် ပတ်လမ်းကို ဖောက်လိုက်တာ။ လူတွေက တောင်အောက်မှာ နေတာ မိုးတွေရွာတော့ အဲ့ဒီက မြေဇာတွေကနေ ပိကျပြီးတော့မှ၊ ပြီးတော့ အောက်မှာ တူးထားတဲ့ နေရာတွေက အများကြီးပဲ ကြွက်တွင်းလို ဂလိုင်တွေ ဖြစ်နေတယ်။ ကြာတဲ့ အခါမှာ ရေက စိမ့်သွားတဲ့ အခါမှာ ၀ုန်းဆို ပြိုကျတာပေါ့။ ဘယ်လိုမှ ပြေးလို့ မလွယ်ဘူးလေ၊ ပိုဆိုးသွားတာက ညကြီး ၁၂ နာရီ ၁ နာရီမှာ ညကြီး ဖြစ်တယ်ဆိုတော့ သေတာပေါ့ အားလုံးက။ လူ တစ်ရာကျော်လောက် သေသွားတယ်။ ၁၁ လောင်းပဲ ရသေးတယ်။ ကျန်တာတွေက ဖော်လို့မရဘူး တခါတည်း မြေမြုပ်ပြီးသား ဖြစ်သွားတာပေါ့။ ကျနော်တို့ လုပ်တဲ့ နေရာနဲ့က မြေပြိုတဲ့ နေရာနဲ့က ၃ မိုင်လောက် ဝေးတယ်။"

ဒီရွှေတွင်းဒေသဟာ အမဲရောင် နယ်မြေအဖြစ် သတ်မှတ်ထားပြီး လုပ်ကိုင်ခွင့် ပိတ်ထားတယ်လို့ ဆိုပေမဲ့ နားလည်မှု ယူပြီး ကုမ္ပဏီ ၂၀၀ ကျော်က လာရောက် လုပ်ကိုင် နေကြတာ ဖြစ်သလို မြေပြိုလို့ သေဆုံး ခဲ့ကြရသူတွေရဲ့ မိသားစု ၀င်တွေကို အသိပေး အကြောင်းကြားတာ မရှိသေးပဲ လူအမြောက်အများ သေဆုံးခဲ့ကြရတဲ့ သတင်းကိုလည်း ပြင်ပကို မပြောကြားကြဖို့ ပိတ်ပင် ထားကြောင်း ဆက်ပြောပါတယ်။

ထောင်နဲ့ချီတဲ့ အလုပ်သမားတွေ သေဆုံးခဲ့ရတဲ့ စက်စု ကုမ္ပဏီဟာ ဗိုလ်ချူပ်ကြီးဟောင်း သတ္တုတွင်း ၀န်ကြီး ဦးသိန်းထိုက် ပိုင်ဆိုင်တဲ့ ကုမ္ပဏီလို့ သိရပြီး လမ်းဖောက်လုပ်ရင်း မြေပြိုခဲ့ရတဲ့ နေခြည်ပွင့် ကုမ္ပဏီ ပိုင်ရှင်ဟာ ပျဉ်းမနား နေပြည်တော်တိုင်း စစ်ဌာနချုပ် ဗိုလ်ချုပ် ဝေလွင်ရဲ့ ဆွေမျိုးတော်စပ်သူ တစ်ဦးလို့ သိရှိရပေမဲ့ သီးခြား အတည်ပြုချက် မရရှိပါဘူး။

ရွှေတွင်းမှာလုပ်ကိုင်နေကြတဲ့ ကုမ္ပဏီတွေဟာ ရွှေတူးဖော်ခွင့် ရအောင် တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းပြီး ရွှေလုပ်ကွက် တစ်ကွက် ပါမစ်ရဖို့ သိန်း တစ်ထောင့်နှစ်ရာ ပေးပြီး လုပ်ကိုင်နေကြကြောင်းလည်း သိရပါတယ်။

မြေပြို သေဆုံးမှုနဲ့ပတ်သက်ပြီး ပင်လောင်းမြို့နယ် အုပ်ချူပ်ရေးမှူးရုံးကို ဆက်သွယ် မေးမြန်းရာ ဖုန်းကိုင် ဖြေဆိုသူ ရုံးဝန်းထမ်း တစ်ဦးက မြေပိ သေဆုံးမှု မရှိဘူးလို့ ဖြေပါတယ်။ အလားတူ ပင်လောင်းမြို့နယ် ရဲစခန်းက ဖုန်းကိုင် ဖြေဆိုသူ ရဲဝန်ထမ်း တစ်ဦးကလည်း မြေပြိုမှု သတင်း မသိရှိကြောင်းနဲ့ မြို့နဲ့ အလှမ်းဝေးကြောင်းသာ ပြောဆိုပါတယ်။ ဒါပေမဲ့ ရမည်းသင်း မြို့နယ် ရဲစခန်းက ဖုန်းကိုင် ဖြေဆိုသူ ရဲအရာရှိ တစ်ဦးကတော့ မြေပြိုခဲ့တာ ဟုတ်မှန်ကြောင်း အတည်ပြု ပြောဆိုပြီး အသေးစိတ် အချက်အလက် မသိရှိရကြောင်း ပြောပါတယ်။

မြန်မာနိုင်ငံ နေရာအနှံ့ အပြားမှာ ရွှေတွင်း တူးဖော်ရေး လုပ်ငန်း ၀င်ရောက် လုပ်ကိုင်သူတွေဟာ ၂၀၀၀ ခုနှစ်က စလို့ ပိုမို များပြားလာပြီး ရွှေတူးဖော်တဲ့ နယ်မြေတွေ ထပ်မံ စမ်းသပ် ချဲ့ထွင်လာနေ သလို အကြီးစား ရွှေတွင်း တူးဖော်ရေး လုပ်ငန်း အဖြစ် လုပ်ကိုင်ကြတဲ့ လုပ်ငန်းရှင်တွေ အပြင် တစ်ပိုင်တစ်နိုင် စီးပွားဖြစ် လုပ်ကိုင် လာနေကြောင်းလည်း သိရပါတယ်။

Ref: RFA News

Read More...

ငြိမ်းချမ်းရေး ကမ်းလှမ်းချက် မြန်မာအစိုးရ ထုတ်ပြန်

ဦးသားညွန့်ဦး
ကြာသပတေး, 18 သြဂုတ် 2011

မြန်မာနိုင်ငံမှာ လက်နက်ကိုင် ပဋိပက္ခ ဖြေရှင်းပြီး ငြိမ်းချမ်းရေး ဖော်ဆောင်လိုတဲ့ တိုင်းရင်းသား အဖွဲ့အစည်း တွေနဲ့ တွေ့ဆုံ ဆွေးနွေး ချင်တယ်လို့ မြန်မာ အစိုးရက တရားဝင် ကမ်းလှမ်းတာကို မြန်မာအစိုးရပိုင် သတင်းတွေမှာ ဒီကနေ့ညပဲ ကြေညာ သွားပါတယ်။ တိုင်းရင်းသားတွေ ဘက်ကတော့ တဖွဲ့ချင်း တွေ့မယ့်အစား တိုင်းရင်းသား ပြဿနာတွေကို အားလုံး စုစည်း ဖြေရှင်းပေးဖို့ လိုလား နေတာပါ။ ဒီအကြောင်း အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြ ပေးထားပါတယ်။

မတူကွဲပြားမှုတွေကို ဘေးဖယ်ပြီး အခြေခံ တူညီမှုတွေကို ရှာသွားမယ်လို့ သမ္မတ ဦးသိန်းစိန်ရဲ့ ပြန်လည် သင့်မြတ်ရေး မိန့်ခွန်း ပြောဆိုပြီး တရက်မှာပဲ အခုလို အစိုးရ သတင်း ဌာနတွေကနေ တိုင်းရင်းသား လက်နက်ကိုင်တွေကို ငြိမ်းချမ်းရေး ကမ်းလှမ်းချက် တရားဝင် ထုတ်ပြန် လိုက်တာ ဖြစ်ပါတယ်။ ဒီကမ်းလှမ်းချက်ကိုတော့ ပြည်ထောင်စု အစိုးရ အဖွဲ့ရဲ့ အတွင်းရေးမှူး ဦးတင်မျိုးကြည်က လက်မှတ် ထိုးထားပါတယ်။

ငြိမ်းချမ်းရေး ရယူလိုတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ အနေနဲ့ တဖွဲ့ချင်းအလိုက် ပထမဆုံး အဆင့် အနေနဲ့ ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ဆက်သွယ် ဆောင်ရွက်ဖို့ ကြေညာ ထားပါတယ်။ ဒီကတဆင့်မှ အစိုးရဘက်က ဆွေးနွေးမယ့် ကိုယ်စားလှယ် အဖွဲ့ ဖွဲ့စည်းပြီး တိုင်းရင်းသား အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ စတင် ဆောင်ရွက်မယ် ဆိုပြီး ထုတ်ပြန်ပါတယ်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌလည်းဖြစ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်တဲ့ ဦးအေးမောင် ကတော့ တိုင်းရင်းသား အရေးကို အဓိက ဆုံးဖြတ် နိုင်သူတွေ ပါဝင်ပြီး တပြည်လုံး အတိုင်းအတာ ဆောင်တဲ့ ဆွေးနွေးမှု မျိုးကနေ ဖြေရှင်း သင့်တယ်လို့ မြင်ပါတယ်။

“ဒီဥစ္စာက သမ္မတကြီးရဲ့ မိန့်ခွန်းအပေါ်မှာ ထပ်ဆင့်ပြီး ညွှန်ကြားတယ်လို့ပဲ ထင်တယ်။ ကျနော်တို့ကတော့ နေရာဒေသ အကုန်လုံး ပါဝင်တဲ့၊ တိုင်းရင်းသား အားလုံး တပြေးညီ ဆွေးနွေးပွဲလေး တခု လုပ်ပေးနိုင်ရင်တော့ ပိုကောင်းတာပေါ့။ တိုင်းရင်းသား ဒေသ တခုချင်း ကတော့ လိုလားမှု တူချင်မှ တူမယ်လေ။ ဒါပေမဲ့ ကျနော်ထင်တယ်၊ တိုင်းရင်းသား လက်နက်ကိုင် စတင် ပေါ်ပေါက် လာကတည်းက ဦးတည်ချက်များ တူကောင်း တူနိုင်ခဲ့မယ်။ အဲဒီတော့ ဒီပြဿနာကြီးကို ဖြေရှင်းဖို့ အတွက်၊ ဒါ ကျနော့်အမြင် ပြောပြတာပါ၊ ဆုံးဖြတ်ချက် ပေးနိုင်တဲ့ ပုဂ္ဂိုလ်က ပါဝင်မှပဲ၊ သို့မဟုတ် ဆုံးဖြတ်ချက် ပေးနိုင်တဲ့ အဖွဲ့တခုက ဦးဆောင်နိုင်မှပဲ ဒီဥစ္စာက ရှေ့ကို တဆင့် လှမ်းနိုင်မယ် ထင်တယ်။

“အဲတော့ တိုင်းရင်းသား ဒေသတခု ကိစ္စကို ဆွေးနွေးတဲ့ အခါမှာ တိုင်းရင်းသား အကုန်လုံး ပါဝင်တဲ့ Mission လိုဟာမျိုးပေါ့၊ ဆိုလိုတာက ဥပမာ မွန်နဲ့ ပတ်သက်တဲ့ဟာကို ရှမ်းလည်းပါမယ်၊ ကရင်လည်းပါမယ်၊ ကချင်လည်းပါမယ်၊ တိုင်းရင်းသား တွေလည်း ကိုးစားနိုင်တဲ့ ပုဂ္ဂိုလ် ပါမယ်၊ အဲဒါမျိုးတွေနဲ့ ဆွေးနွေးကြမယ် ဆိုရင် ဒါ တိုင်းရင်းသား တခုတည်း Issue မဟုတ်တော့ဘူးလေ၊ တိုင်းရင်းသား အကုန်လုံးနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုရဲ့ ယူဆချက်လည်း ဖြစ်သွားမှာပေါ့။ ထဲထဲဝင်ဝင်လည်း ပိုရှိမယ်လို့ ထင်လို့ပါ။”

တိုင်းရင်းသား လက်နက်ကိုင်တွေကတော့ တဖွဲ့ချင်း အစိုးရနဲ့ ဆွေးနွေးတာထက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ စုဖွဲ့ထားတဲ့ မဟာမိတ် အဖွဲ့ကို ကိုယ်စားပြုပြီး ဗဟိုအစိုးရနဲ့ တိုက်ရိုက် ဆွေးနွေး လိုကြပါတယ်။ ဒါ့အပြင် တိုင်းရင်းသား ပြဿနာတွေကို ဖြေရှင်းတဲ့အခါ တနိုင်ငံလုံး ပြဿနာကိုပါ စုပြီး ဒီမိုကရေစီ အင်အားစုတွေ၊ တိုင်းရင်းသား အင်အားစုတွေနဲ့ အစိုးရ အကြား သုံးပွင့်ဆိုင် သဘော ဆွေးနွေးလိုတယ်လို့ ပြောကြပါတယ်။

KNU ကရင်အမျိုးသား အစည်းအရုံး ပြောခွင့်ရသူ ဗိုလ်မှူး စောလှငွေကတော့ ဆွေးနွေးပွဲ အတွက် ကန့်သတ်မှုတွေ ရှိလာရင် လက်ခံမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

“ကျနော်တို့ဘက်ကတော့ ဒီလိုမျိုး ဟိုအစိတ်အပိုင်း၊ ဒီအစိတ်အပိုင်း ခွဲပြီး ဆွေးနွေးတာမျိုး ဆိုရင်တော့ မလုပ်ပါဘူး။ ဥပမာ အားဖြင့် ကျနော်တို့ ဆိုရင် UNFC တွေ ဘာတွေ ကျနော်တို့ ထူထောင်ထားတဲ့ အဖွဲ့ ရှိတယ်။ အဲဒါတွေ ကျနော်တို့ ဆွေးနွေးမယ်။ ဆွေးနွေးတဲ့ အခါ ကျနော်တို့ ဗဟိုအစိုးရကိုပဲ တိုက်ရိုက် ဆွေးနွေးမယ်။

“ဆွေးနွေးတဲ့ နေရာမှာလည်း သူတို့ ပြောဆိုနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတွင်းကနေ စဉ်းစားပေးမယ် ဆိုတဲ့ဟာတွေ ကျနော်တို့ အဲဒါတွေ နားမလည်ပါဘူး။ ကျနော်တို့ကတော့ အဲဒါလည်း ကျနော်တို့ကို ဖြုတ်ထားတဲ့ဟာ ဖြစ်တယ်လို့ နားလည်ပြီး၊ ကျနော်တို့ အကျိုးစီးပွားနဲ့ မပတ်သက်ဘဲ၊ ကျနော်တို့ ဆန္ဒနဲ့ မပတ်သက်ဘဲ ဖြစ်လာတဲ့ ဖွဲ့စည်းပုံ ဖြစ်တဲ့ အတွက်ကြောင့် အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ အနေနဲ့ လက်ခံမှာ မဟုတ်ပါဘူး။”

KNU အပါအ၀င် မြန်မာတိုင်းရင်းသား လက်နက်ကိုင် အများစုဟာ တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ ဆိုတာကို ဖွဲ့ပြီး အဲဒီကောင်စီနဲ့ မြန်မာ အစိုးရအကြား တိုက်ရိုက်ဆွေးနွေးပြီး ငြိမ်းချမ်းရေးစကား ပြောဆို လိုတယ်ဆိုပြီး KIA ကလည်း ကမ်းလှမ်း ထားတာပါ။ ဒီကောင်စီဟာ UWSA ၀ပြည် သွေးစည်းရေးက လွဲပြီး ကျန်တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ စုစည်းထားတာ ဖြစ်ပါတယ်။

မြန်မာအစိုးရ ကမ်းလှမ်းချက်မှာတော့ တဖွဲ့ချင်း အနေနဲ့ ဆိုင်ရာပြည်နယ် အစိုးရကို ဆက်သွယ်ပါလို့ ပြောထားတော့ တိုင်းရင်းသား လက်နက်ကိုင် တွေရဲ့ လိုလားချက်နဲ့တော့ အနည်းငယ် ကွာဟ နေတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။

Ref: VOA News

Read More...

၆ လ အခွန် လျော့ပေါ့ခြင်း

ကြာသပတေးနေ့၊ သြဂုတ်လ ၁၈ ရက် ၂၀၁၁

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရ
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန
ဝန်ကြီးရုံး

အမိန့်ကြော်ငြာစာ
အမှတ် ၁၅၇/၂ဝ၁၁
၁၃၇၃ခုနှစ် ဝါခေါင်လပြည့်ကျော် ၄ရက် (၂ဝ၁၁ ခုနှစ် သြဂုတ်လ ၁၈ရက်)


၁။ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနသည် ဝင်ငွေခွန် ဥပဒေ ပုဒ်မ ၄တွင် အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ၂ဝ၁၁ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၁၈/၂ဝ၁၁) မှသဘောတူ ခွင့်ပြုချက်အရ ဤ အမိန့်ကြောငြာစာကို ထုတ်ပြန်လိုက်သည်။

၂။ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ ၅- ၆ -၂ဝဝ၆ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် ၁၂၄/၂၀၀၆ ၏ အပိုဒ် ၂၊ အပိုဒ်ခွဲခနှင့် အပိုဒ် ၃ တို့တွင် ထုတ်ပြန် ပြဌာန်းချက်များအရ ပြည်တွင်းနေ နိုင်ငံသားနှင့် ပြည်ပနေ နိုင်ငံသားများက နိုင်ငံခြားငွေဖြင့် ရရှိသည့် လစာ ခေါင်းစဉ်မှ ဝင်ငွေ စုစုပေါင်းအပေါ် ရရှိသည့် နိုင်ငံခြားငွေ အမျိုးအစားဖြင့် ပေးဆောင်စေသည့် ဝင်ငွေခွန်ကို ၁၀ ရာခိုင်နှုန်း အစား ၂ ရာခိုင်နှုန်းသို့ လျှော့ပေါ့ သတ်မှတ် လိုက်သည်။

၃။ ဤအမိန့်ကြော်ငြာစာသည် ၂ဝ၁၁ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့မှ စ၍ ၂ဝ၁၂ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့ထိ (၆) လ အကျိုး သက်ရောက် စေရမည်။

(လှထွန်း)
ပြည်ထောင်စုဝန်ကြီး


------------------------------------------####################----------------------------------------------

စီအမ်ပီများ ဝင်ငွေခွန် ၁ဝမှ ၂ ရာနှုန်းသို့လျှေှာ့

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရ
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန
ဝန်ကြီးရုံး

အမိန့်ကြော်ငြာစာ
အမှတ် ၁၅၆/၂ဝ၁၁

၁။ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနသည် ဝင်ငွေခွန်ဥပဒေပုဒ်မ ၄တွင် အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ၂ဝ၁၁ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၁၈/၂ဝ၁၁) မှသဘောတူ ခွင့်ပြုချက်အရ ဤ အမိန့်ကြောငြာစာကို ထုတ်ပြန် လိုက်သည်။

၂။ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာန၏ ၅-၆-၂ဝဝ၆ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် ၁၂၃/၂ဝဝ၆ ၏ အပိုဒ် ၄၃ တွင် ထုတ်ပြန် ပြဌာန်းချက်အရ ပုဂ္ဂလိက လက်ခစား လုပ်ငန်း (စီအမ်ပီ) စနစ်ဖြင့် ဆောင်ရွက်သော လုပ်ငန်း နိုင်ငံခြားငွေ ရရှိမှုအပေါ် ရရှိသည့် နိုင်ငံခြားငွေ အမျိုးအစားဖြင့် ပေးဆောင်စေသည့် ဝင်ငွေခွန်ကို ၁ဝ ရာခိုင်နှုန်း အစား ၂ရာခိုင်နှုန်းသို့ လျှော့ပေါ့ သတ်မှတ်လိုက်သည်။

၃။ ဤအမိန့်ကြော်ငြာစာသည် ၂ဝ၁၁ခုနှစ် သြဂုတ်လ ၁၉ရက်နေ့မှစ၍ ၂၀၁၂ခုနှစ် ဖေဖော်ဝါရီလ ၁၈ရက်နေ့ထိ (၆)လ အကျိုး သက်ရောက် စေရမည်။

(လှထွန်း)
ပြည်ထောင်စုဝန်ကြီး


Ref: မဇ္ဈိမ

Read More...

ပြည်ပရောက်အတိုက်အခံတွေ ပြန်မှာလား


ခင်ဦးသာ
Thursday, 18 August 2011

ပြည်တော်ပြန်ရန် တံခါးဖွင့်ပေးလိုက်ပြီဟု သမ္မတဦးသိန်းစိန်က ပြောဆိုသော်လည်း ခိုင်မာသည့် အာမခံချက် တစုံတရာ မရှိသောကြောင့် အိမ်ပြန်ရန် မဖြစ်နိုင်သေးဟု ပြည်ပရောက် အတိုက်အခံများက ဆိုကြသည်။

ဦးသိန်းစိန်၏ ကမ်းလှမ်းချက်ကို ကြိုဆိုကြောင်း၊ စစ်ခေါင်းဆောင်ဟောင်းများ ပါဝင်သည့် အစိုးရ အဖွဲ့သစ်၏ မူဝါဒကို လက်တွေ့ အကောင်အထည် ဖော်ရန် အချိန် အတန်ကြာယူရဖွယ် ရှိကြောင်း ABSDF ခေါ် မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦးတွင် ထိပ်တန်းတာဝန် ယူခဲ့ဖူးသူ ဦးအောင်နိုင်ဦးက ပြောသည်။

“အရပ်သား အစိုးရ လက်ထက်မှာစတဲ့ ခြေလှမ်းသစ်တခုလို့ ဆိုရမှာပါ၊ ဒါပေမယ့် ပြုပြင်ပြောင်းလဲ ရေးကို မလိုလား သူတွေနဲ့ လုပ်နေရတာ ဆိုတော့ (သမ္မတအတွက်) လွယ်ကူတဲ့ အလုပ် မဟုတ်ပါဘူး” ဟု ဦးအောင်နိုင်ဦးက ဆိုသည်။

အတိုက်အခံများ ပြည်တွင်းပြန်ဝင်ရေးကို နေပြည်တော်တွင် ပြုလုပ်သည့် လုပ်ငန်းရှင်များ၊ လူမှုရေး အဖွဲ့များနှင့် တွေ့ဆုံပွဲတွင် သမ္မတ ဦးသိန်းစိန်က ကမ်းလှမ်း လိုက်ခြင်း ဖြစ်သည်။

“ပြစ်မှု တစုံတရာ ကျူးလွန်ထားတာ မရှိဘူး ဆိုရင် အချိန်မရွေး ပြန်လာနိုင်ဖို့ ကျွန်တော်တို့ စဉ်း စားပေးမှာ ဖြစ်ပါတယ်၊ ပြစ်မှု ကျူးလွန် ထားသည့်တိုင် ထိုက်သင့်တဲ့ ပြစ်ဒဏ်ကျခံဖို့ ပြန်လာမယ် ဆိုရင်တောင် ကျွန်တော်တို့ သဘောထားကြီးစွာ စဉ်းစား ပေးမှာဖြစ်ပါတယ်” ဟူသော ဦးသိန်းစိန်၏ ပြောကြားချက်ကို ကြာသပတေး နေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

ဤသို့သော် ကမ်းလှမ်းချက်မျိုးကို ကြေညာချက်၊ ဥပဒေများဖြင့် ရေးသား ထုတ်ပြန်သင့်သည်ဟု အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ)မှ အတွင်းရေးမှူး ဒေါ်တင်တင်ညိုက ပြောသည်။

“ပြည်ပရောက်အတိုက်အခံတွေကို တကယ်ပြန်ခေါ်ဖို့ အစီအစဉ် ရှိတယ် ဆိုရင် လေးလေးနက်နက် လုပ်စေချင်တယ်၊ တိကျတဲ့ ထုတ်ပြန်ချက် ထုတ်ပြန်တာမျိုး၊ နှစ်ဦးနှစ်ဘက် သဘောတူညီမှု ရစေနိုင်တာမျိုးပေါ့။ အခုဟာက ယုံကြည်လောက်တဲ့ အနေအထား မရှိဘူး” ဟု ချင်းမိုင်မြို့တွင် နေထိုင်သူ ဒေါ်တင်တင်ညိုက ဆိုသည်။

အခြေအနေပေါ် မူတည်၍ လာမည့်လအတွင်း မြန်မာနိုင်ငံသို့ ပြန်မည်ဟု စီစဉ်ထားသူမှာ ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် လူရွှင်တော် ဂေါ်ဇီလာ ဖြစ်သည်။

“ကျနော်တို့ အနုပညာသမားတွေက ပြည်ပမှာထက် ပြည်တွင်းမှာ လုပ်ရတာက ပိုပြီး အဆင်ပြေပါတယ်၊ မြန်မာပြည် ပြုပြင် ပြောင်းလဲရေး ကိုလည်းပဲ အတွင်းကပဲ လုပ်ဆောင်နိုင်မှာပါ” ဟု လူရွှင်တော် ဂေါ်ဇီလာက ဆိုသည်။

အစိုးရ၏ ဖိတ်ခေါ်ချက်ကို ပြည်ပရောက် အတိုက်အခံများက သံသယ ရှိနေကြခြင်းမှာ နိုင်ငံရေး အကျဉ်းသား များကို ထိန်းသိမ်း ထားခြင်း၊ ဆက်လက် ဖြစ်ပွားနေသော တိုင်းရင်းသားဒေသ ပဋိပက္ခကို ဖြေရှင်းမှု မပြုခြင်း တို့ကြောင့် ဖြစ်သည်ဟု ကာတွန်းဆရာ ဟန်လေးက ပြောသည်။

“အနီးကလူတွေနဲ့တောင် ပြေလည်အောင် မညှိနှိုင်းနိုင်သေးဘဲ အဝေးကို ကမ်းလှမ်းတာ စဉ်းစားစရာပါ” ဟု ထိုင်းနိုင်ငံတွင် ရောက်ရှိနေသူ ကာတွန်းဆရာ ဟန်လေးက သုံးသပ်ပြသည်။

ပြည်ပရောက် အင်အားစုများအား အစိုးရက ထိုသို့ ကမ်းလှမ်းနေသော်လည်း ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ပြည်တွင်း နိုင်ငံရေး အားစုများနှင့် မည်သို့ ပူးပေါင်း ဆောင်ရွက်သွားမည် ဆိုသည်ကို ရှင်းပြခြင်း မရှိသေးပေ။

နေပြည်တော်တွင် သမ္မတနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သူ ဇေကမ္ဘာကုမ္ပဏီ ဥက္ကဋ္ဌ ဦးခင်ရွှေက “ဘယ်သူမဆို ပြန်လာဖို့၊ အပြစ်တွေ ရှိရင်ခွင့် လွှတ်ပေးမယ် ပြောတယ်၊ အာမခံချက် အတိအကျ ပေးမထားပေမယ့် အားလုံးနဲ့ အပြုသဘော ဆောင်ပြီး ဆွေးနွေးပြီးတော့ နိုင်ငံ တိုးတက်ရေး လုပ်ငန်းစဉ်တွေမှာ ပါဝင် လုပ်ဆောင်ကြဖို့ အတွက် သမ္မတက ဖိတ်ခေါ်လိုက်တာပါ” ဟု ဧရာဝတီကို ပြောသည်။

အိမ်နီးချင်းနိုင်ငံများသည် တချိန်က မြန်မာနိုင်ငံထက် များစွာ နိမ့်ကျခဲ့သော်လည်း ယနေ့တွင် မြန်မာနိုင်ငံထက် များစွာ တိုးတက် သွားပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် ပြည်တွင်း မငြိမ်သက်မှုများကြောင့် ဆင်းရဲ ကျပ်တည်း နေရကြောင်း သမ္မတက ပြောကြား သည်ဟု အစိုးရ ထုတ်ဝေသည့် သတင်းစာများတွင် ဖော်ပြထားသည်။ တိုင်းရင်းသား ဒေသများ၌ ငြိမ်းချမ်းရေး ရလိုပါက သက်ဆိုင်ရာပြည်နယ် အစိုးရများနှင့် စေ့စပ် ဆွေးနွေးနိုင်သည်ဟု ဆိုသည်။

တိုက်ပွဲများကြောင့် လူအများအပြား ဒေသစွန့်ခွာ ထွက်ပြေးနေရသည့် ကချင်ပြည်နယ်တွင် လာမည့်နှစ် အတွင်း ရိက္ခာ စပါး မလုံလောက်မှု ဖြစ်ပေါ်နိုင်ကြောင်း၊ ရေလွှမ်းမိုးသည့် ဒေသများတွင်လည်း ရိက္ခာ စပါး ခက်ခဲမည်ကို အထူး စိုးရိမ်လျက် ရှိကြောင်း သမ္မတက ပြောသည်ဟု ဆိုသည်။

ပြည်တွင်းငြိမ်းချမ်းရေးအတွက် တူသည့်အရာ ပူးပေါင်း လုပ်ဆောင်ပြီး မတူညီသည့် ကိစ္စများကို ခွဲခြား လုပ်ဆောင်မည် ဟုလည်း သမ္မတက ပြောဆိုခဲ့သည်။

Ref: ဧရာဝတီ

Read More...

စကော်ပီယံဂိုဏ်းသားများ ပြန်လွတ်


စိုင်းဇွမ်ဆိုင်း
Thursday, 18 August 2011

၁၉၉၀ နောက်ပိုင်းနှင့် ၂၀၀၀ ပြည့်နှစ် အစောပိုင်း ကာလများတွင် ရန်ကုန်မြို့ ညကလပ်များနှင့် လမ်းမများ၌ နာမည် ကြီးခဲ့သည့် စကော်ပီယံဂိုဏ်း (Scorpion Gang) ဝင် ၁၅ ဦး ဆယ်နှစ်ကျော်ကြာ အကျဉ်းချ ခံရရာမှ သြဂုတ် ၁၅ ရက်နေ့တွင် ပြန်လည် လွတ်မြောက်လာသည်။

ဂိုဏ်းခေါင်းဆောင် ရန်နိုင် အပါဝင် အဖွဲ့ဝင် ၁၅ ဦး လွတ်မြောက်လာပြီး မိသားစုများနှင့် ပြန်လည် နေထိုင်ကြောင်း လွတ်မြောက် လာသူ တဦး၏ မိသားစုဝင်က ဧရာဝတီသို့ ပြောသည်။

စကော်ပီယံဂိုဏ်းကို ၁၉၉၀ နှောင်းပိုင်းကာလတွင် ရန်ကုန်မြို့ရှိ အစိုးရ အရာရှိကြီးများ၊ သူဌေး သူကြွယ်နှင့် မြို့မျက်နှာဖုံး သားသမီးများက စတင် စုဖွဲ့ခဲ့ကြပြီး ၁၉၉၅ ခုနှစ်တွင် စကော်ပီယံဂိုဏ်းကို လူသိ များလာသည်။ ၎င်းတို့ကို အားကျသည့် လူငယ်များ ရှိသကဲ့သို့ လူ့ဘော်ကြော့များ အဖြစ် ဝေဖန်သူများလည်း ရှိခဲ့သည်။

အဆက်အသွယ် ကောင်းမွန်ခြင်း၊ ဂိုဏ်းအတွင်း စည်းလုံးမှုရှိခြင်းနှင့် သြဇာ အာဏာရှိသည့် လူကြီး သားသမီးများ ဖြစ်ခြင်းကြောင့် ရဲ စသည့် အာဏာပိုင်များက အရေးမယူရဲခဲ့ကြပေ။

၁၉၉၀ ဝန်ကျင်နှစ်များက နအဖ စစ်အစိုးရ၏ စစ်ထောက်လှမ်းရေးပြီးလျှင် စကော်ပီယံဂိုဏ်းကို ရန်ကုန်မြို့တွင် အကြောက်ရဆုံး ဖြစ်ကြောင်း ပြောဆိုကြသည်။ ၎င်းတို့ ဂိုဏ်းဝင်များ ဆိုင်ကယ်များဖြင့် သွားလာနေပါက လမ်းဆုံ မီးပွိုင့်များတွင်ပင် ယာဉ်ထိန်းရဲများ မီးနီကို မီးစိမ်း ပြောင်းပေးရသည်ဟု ရန်ကုန်မြို့ခံများက ဆိုသည်။

မြန်မာနိုင်ငံ၏ ယာကူဇာဂိုဏ်းဟု ခေါ်ဝေါ်ကြသော ယင်း စကော်ပီယံဂိုဏ်းသည် အစပိုင်းတွင် ဆိုးသွမ်းခြင်းနှင့် ပြစ်မှု အသေး အဖွဲများကိုသာ ကျူးလွန်ခဲ့သော်လည်း နောက်ပိုင်းတွင် ကားမှောင်ခိုမှု၊ မူးယစ်ဆေးဝါး ရောင်ဝယ်မှုများ သာမက လူပြန်ပေးဆွဲမှု များအထိ အတင့်ရဲစွာ ပြုလုပ်ခဲ့ကြသည်။

၁၉၉၈ ခုနှစ်တွင် စကော်ပီယံဂိုဏ်းသည် မူးယစ်ဆေး အထိုးလွန်ပြီး သေဆုံးသွားသည့် သားလိမ္မာ ဆိုသူ၏ အလောင်းကို သူ၏ အိမ်ရှေ့တွင် သွားရောက် ပစ်ထားရာမှ သတင်းဆိုး ပိုမိုထွက်ခဲ့သည်။ ဂိုဏ်းဝင်များနှင့် ပတ်သက်နေသည့် သားလိမ္မာ ဆိုသူကို စကော်ပီယံ ဂိုဏ်းဝင်များက သတ်ဖြတ်ခြင်း ဖြစ်သည်ဟုလည်း သတင်းများ ထွက်ပေါ်ခဲ့သည်။

၂၀၀၁ ခုနှစ်တွင် စကော်ပီယံဂိုဏ်းဝင် တဦးက နအဖ စစ်အစိုးရ နံပတ် ၂ ခေါင်းဆောင် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး၏ သမီးဖြစ်သူနှင့် ပတ်သက်မှုကြောင့် ပြဿနာများ စတင် ဖြစ်ပေါ်ခဲ့ကြောင်း ကောလာဟလများ ပြောဆိုခဲ့ကြသည်။

နောက်ပိုင်းတွင် စကော်ပီယံဂိုဏ်းဝင်များ ဆိုင်ကယ် အမောင်းပြိုင်ရာမှ ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး၏ ယာဉ်တန်းနှင့် ဆုံမိရာမှ သေနတ်နှင့် ပစ်သည့် အမှုအရာ ပြုလုပ်ပြ အပြီးတွင် စကော်ပီယံ ဂိုဏ်းကို ဖြိုခွင်းရန် အာဏာပိုင်များက စတင် အမိန့်ပေးခဲ့သည်။

ဂိုဏ်းဝင်တချို့ ပြည်ပသို့ ထွက်ပြေး တိမ်းရှောင်ခဲ့သော်လည်း ဂိုဏ်းခေါင်းဆောင် အပါအဝင် ၂၂ ဦး အဖမ်းခံရပြီး နှစ်ရှည် ထောင်ဒဏ် ချမှတ် ခံခဲ့ရသည်။ ထို့ပြင် စကော်ပီယံ ဂိုဏ်းဝင်များနှင့် ပတ်သက်သည့် ရန်ကုန်မြို့ခံ အချို့လည်း အရေးယူ ခံရပြီး ရန်ကုန်မြို့တွင် ဆိုင်ကယ်စီးခြင်း တရားဝင် ပိတ်ပင်ခံရသည်။

စကော်ပီယံဂိုဏ်း ဖြိုခွင်းခံရပြီး လအနည်းငယ် အကြာတွင် အာဏာရှင်ဟောင်း ဦးနေဝင်း၏ မြေးများဖြစ်သော ကျော်နေဝင်း၊ ဇွဲနေဝင်း၊ အေးနေဝင်းနှင့် သားမက်ဖြစ်သူ အေးဇော်ဝင်းတို့ နိုင်ငံတော် ပုန်ကန်မှု စသည့် ပုဒ်မများဖြင့် နှစ်ရှည်ထောင်ဒဏ် ချမှတ် ခံရသည်။ ဦးနေဝင်းနှင့် သမီးဖြစ်သူတို့ပါ နေအိမ် အကျယ်ချုပ် ချခံခဲ့ရသည်။

ဦးနေဝင်း၏ မြေးများသည် စကော်ပီယံဂိုဏ်းဝင်များနှင့် ရင်းနှီးသော်လည်း ဂိုဏ်းနှင့် တိုက်ရိုက် မပတ်သက်ဟု ရန်ကုန်မြို့ခံ တချို့က ဆိုသည်။

၂၀၀၅ ခုနှစ်တွင် အကျဉ်းကျနေသော စကော်ပီယံ ဂိုဏ်းသားများသည် နိုင်ငံရေး အကျဉ်းသား တချို့ကို ကိုယ်ထိ လက်ရောက် ရိုက်နှက်ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) က သတင်း ထုတ်ပြန် ခဲ့သေးသည်။

ယခု စကော်ပီယံဂိုဏ်းသား ၁၅ ဦး ပြန်လွတ်လာပြီး ၅ ဦးမှာ မူးယစ်ဆေးဝါးမှုဖြင့် ဆက်လက် အကျဉ်းကျဆဲ ဖြစ်ကြောင်း၊ အဖမ်း ခံရသည့် စုစုပေါင်း ၂၂ ဦးအနက် ၂ ဦးသည် ထောင်ကျနေစဉ် အတွင်း သေဆုံးခဲ့ကြောင်း သိရသည်။

စကော်ပီယံဂိုဏ်းနည်းတူ White Snake အမည်ရှိ ဂိုဏ်းတဂိုဏ်းလည်း ထွက်ပေါ်ခဲ့ဖူးသည်။

Ref: ဧရာဝတီ

Read More...

Thursday, August 18, 2011

တွေ့ဆုံပွဲမှ ဆွေးနွေးပွဲသို့ (၂)

လူထုစိန်ဝင်း
Saturday, 13 August 2011

ပြီးခဲ့တဲ့အပတ်က ထွက်လာတဲ့ ဂျာနယ်အားလုံးလိုလို ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံကြတဲ့ သတင်းကို မင်္ဂလာသတင်း အဖြစ် ၀မ်းသာအားရ ဖော်ပြကြတယ်။ ဒါတင်မက ဆောင်းပါးတွေ ရေးပြီးလည်း ကြိုဆို ထောက်ခံကြတာ တွေ့ရတယ်။

အားလုံး ကြိုဆိုထောက်ခံ
ဂျာနယ်တချို့က နိုင်ငံရေးပါတီ အသီးသီးနဲ့ အလွှာပေါင်းစုံက ပြည်သူများရဲ့ အာဘော်ကို ဖော်ပြရာမှာ အားလုံး အားတက်သရော ထောက်ခံကြတာ တွေ့ရတယ်။ 'အလဲဗင်း' အွန်လိုင်း သတင်းစာမှာ ဖော်ပြထားတဲ့ စာရေးသူရဲ့'တွေ့ဆုံပွဲမှ ဆွေးနွေးပွဲသို့' ဆောင်းပါးကို ဖတ်ရှုပြီး ထင်မြင်ချက်ပေးသူ အားလုံးကိုလည်း ကြိုဆို ထောက်ခံကြတာကို ထူးထူးခြားခြား တွေ့ရတယ်။ အွန်လိုင်းမှာ ထင်မြင်ချက် ၀င်ပေးတယ် ဆိုတာက ဘယ်သူဘယ်ဝါ နာမည်မဖော်ဘဲ ရေးကြတာ ဆိုတော့ အားလုံး ထောက်ခံတာမျိုး ရှိခဲတယ်။ တစ်ခါတလေ မူရင်း အကြောင်းအရာကို သေးသိမ်သွားအောင် တမင်တကာ ၀င်နှောက်သူ တစ်ယောက်ကြောင့် ထင်မြင်ချက် ပေးသူချင်း ရန်ဖြစ်ကြတာနဲ့ပဲ အချိန်ကုန် သွားတာမျိုးတွေ ရှိတယ်။

နေနဲ့ လကို တသလို
ဂျာနယ်ဆောင်းပါးရှင်တွေရေးတဲ့ ဆောင်းပါးအားလုံးမှာလည်း တွေ့ဆုံပွဲမှ တစ်ဆင့် အဓိပ္ပာယ် ပြည့်ဝပြီး အနှစ်သာရ ရှိတဲ့ ဆွေးနွေးပွဲများ ဖြစ်လာဖို့ မျှော်လင့်ကြောင်း သိသိသာသာ ဖော်ပြ ထားကြတယ်။ ပြည်သူ အားလုံးကလည်း အလွန့်အလွန် လိုလား တောင့်တ နေကြတယ်။ 'ကမ္ဘာဦးလူတို့ နေနဲ့လကို တောင့်တကြသလို'လို့ ပြောရင်တောင် ဒေါသသင့်ရာ ရောက်မယ် မထင်ဘူး။ ဘာကြောင့်လဲ ဆိုတော့ အသက် ၇၀ တန်း ရောက်နေပြီ ဖြစ်တဲ့ စာရေးသူတောင် ငြိမ်းချမ်းခြင်း စတဲ့ အမြိုက် အရသာတွေကို တစ်ကြိမ် တစ်ခါမှ ပြည့်ပြည့်၀၀ မခံစားခဲ့ရ ဖူးလေတော့ ငယ်ရွယ်သူတွေဆို ပိုဆိုးမှာပေါ့။

ကိုယ်စိတ်နှစ်ပါးချမ်းသာဖို့
ဒီခေတ် လူလတ်ပိုင်းနဲ့ လူငယ် အများစုက သန်းခေါင်ယံ အလည်လာသူများ (midnight visitors) များ ကြီးစိုးတဲ့ ခေတ် တစ်ခေတ်ကို ကြုံဖူး ခဲ့ကြလေတော့ အခု ပြည်ထောင်စု ၀န်ကြီး ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံ ကြရာမှာ အရင် အကြိမ် တွေနဲ့မတူ သတင်း မီဒီယာတွေကို တွေ့ဆုံခွင့်ပေး၊ မေးတာကိုဖြေ လုပ်ခဲ့ရုံသာမက ပူးတွဲ ကြေညာချက်ပါ ထုတ်ခဲ့တာကြောင့် ဒီတစ်ကြိမ်တော့ တကယ်ထူးပြီ ဆိုပြီး ရွှင်လန်း အားရ ဖြစ်နေကြတယ်။ဒါတင်မက 'ပြည်သူလူထု ကိုယ်စိတ်နှစ်ပါး ချမ်းသာစေရေး အတွက် နှစ်ဖက် ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို ဆွေးနွေး ခဲ့ကြပါသည်'ဆိုတဲ့ ပူးတွဲ ကြေညာချက်ကြောင့် ပိုပြီး အားတက် ကြရတာ ဖြစ်တယ်။ ခုအချိန်မှာတော့ ဒီမိုကရေစီဆိုတဲ့ စကားဟာ နှစ်ကိုယ်ကြား ပြောရတဲ့ 'တိုးတိုးသား' မဟုတ်တော့ဘူး . . .

ဘာကိုလိုလားတောင့်တသလဲ
ပြည်သူလူထု ကိုယ်စိတ်နှစ်ပါး ချမ်းသာစေရေးဆိုတာ ဘာလဲ။ ပြည်သူတွေက ဘာကို လိုလားတောင့်တ နေကြသလဲ။ မြန်မာနိုင်ငံရဲ့ ၈၀ ရာခိုင်နှုန်းလောက် ရှိတဲ့ ပြည်သူတွေဟာ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းနဲ့ စိုက်ပျိုးရေး ဆက်စပ် လုပ်ငန်းတွေမှာ ပါဝင် လုပ်ကိုင် နေကြပြီး ကျေးလက် ဒေသများမှာ နေထိုင်ကြတယ်။ အများစုက မူလတန်းနဲ့ အလယ်တန်း ပညာလောက်ပဲ သင်ခဲ့ကြရတယ်။ ကျေးလက် လူ့အဖွဲ့အစည်းမို့ အနေအထိုင် ရိုးသားတယ်။

လိုအပ်မှုလည်း နည်းတယ်။ဆန်းပြား ထွေလီမှု(sophisticated) သိပ်မရှိဘူး။ အနေရိုးသလို သူတို့ရဲ့ လိုလား တောင့်တမှုလည်း ရိုးစင်းတယ်။ မြို့နေ ပညာတတ်တွေလို 'ပစ်တိုင်းထောင်ရုပ် ကြိုးရှုပ်အောင်' မလုပ်တတ်ကြဘူး။

ချစ်တီးကို ကြောက်ရသလို
ရှစ်ဆယ်ရာခိုင်နှုန်းမက ကိုးဆယ်ရာခိုင်နှုန်းလောက်ရှိတဲ့ သာမန် ပြည်သူတွေ အားလုံးရဲ့ လိုလား တောင့်တချက်က မိရိုးဖလာ လုပ်ကိုင် စားသောက်နေတဲ့ အလုပ်အကိုင် လေးတွေကို အေးအေးချမ်းချမ်း အကြောက် အလန့် ကင်းကင်း လုပ်ကိုင် စားသောက်ပြီး နေချင်တာ လောက်ပါပဲ။ ဒါထက် တစ်ဆင့်တိုးပြီး တောင့်တရမယ် ဆိုရင်တော့ ထွန်တုံး ပိတ်ချိန်တွေမှာ ရှင်ပြုနားသ အလှူ မင်္ဂလာတွေ၊ ဘုရားပွဲတွေ ပျော်ပျော်ပါးပါး ကျင်းပချင်တယ်။ လွတ်လွတ်လပ်လပ် သွားချင် လာချင်တယ်။ ပြောချင် ဆိုချင်တယ်။ ကြည့်ချင် မြင်ချင်တယ်။ ဒီမိုကရေစီတွေ၊ အော်တိုကရေစီတွေ၊ ဟိုလူးရှင်း၊ ဒီလူးရှင်းတွေကို နားမလည်ပါဘူး။ စိတ်လည်း မ၀င်စားပါဘူး။ ကိုယ့်လယ်လေး ကိုယ်စိတ်ချလက်ချ လုပ်ခွင့်ရရင်ပဲ ကျေနပ်ပါတယ်။ သူ့ကျွန်ဘ၀ နေရစဉ်ကလို ချစ်တီးက လယ်လာသိမ်းမှာကို တကြောင့်ကြကြနဲ့ ကြောက်လန့်နေရတဲ့ ဘ၀မျိုး ဘယ်သူမှ ပြန်မရောက်ချင် ကြတော့ဘူး။

ပဋိညာဉ် ကတိက၀တ်နဲ့
ကိုးဆယ့်ငါး ရာနှုန်းလောက်ရှိတဲ့ ပြည်သူတွေ လိုလား တောင့်တနေကြတဲ့ အေးအေးချမ်းချမ်း လုပ်ကိုင် စားသောက် နေနိုင်တဲ့ ဘ၀မျိုးကို အမြန်ဆုံး ရရှိအောင် ဆောင်ရွက်ပေးဖို့ အတွက် နိုင်ငံအုပ်ချုပ် မင်းလုပ်တဲ့ အစိုးရများနဲ့ နိုင်ငံရေး အဖွဲ့အစည်းတွေမှာ လုံးဝ တာဝန်ရှိပါတယ်။ တိုင်းကျိုး ပြည်ကျိုးနဲ့ ပြည်သူ့ အကျိုးကို သယ်ပိုး ထမ်းဆောင်ပါမယ် ဆိုတဲ့ ပဋိညာဉ် ကတိက၀တ်နဲ့ နိုင်ငံ့ဘဏ္ဍာက လစာ ရိက္ခာကို ရယူ ခံစားနေကြသူများ မဟုတ်လား။ ဒီတာဝန်ကို ကျေကျေပွန်ပွန် မထမ်းဆောင်နိုင်ရင် ပဋိညာဉ် ချိုးဖောက်ရာ ရောက်ပါတယ်။

အားလုံးရဲ့ တာဝန်
နိုင်ငံ့တာဝန်ဆိုတာ အင်မတန် ကြီးလေးတဲ့ တာဝန်ကြီး ဖြစ်တယ်။ အစိုးရဆိုတဲ့ အဖွဲ့အစည်း တစ်ခုတည်း အားနဲ့ မလုံလောက်ဘူး။ နိုင်ငံအရေး လုပ်မယ်ဆိုတဲ့ နိုင်ငံရေး အဖွဲ့အစည်း အားလုံး လူပုဂ္ဂိုလ် အားလုံး ပါဝင် လုပ်ဆောင်ကြဖို့ လိုတယ်။ သူ့အဖွဲ့ ကိုယ့်အဖွဲ့၊ သူ့လူ ကိုယ့်လူ၊ သူ့ဝါဒ ကိုယ့်ဝါဒဆိုတဲ့ ဂိုဏ်းဂဏ အမြင်တွေနဲ့ မကြည့်ဘဲ တိုင်းပြည် အတွက်ဆိုတဲ့ ပန်းတိုင် တစ်ခုတည်းကို ကြည့်ပြီး ဆောင်ရွက်ကြရမှာ ဖြစ်တယ်။ အထူးသဖြင့် ငါတို့မှ တိုင်းပြည်ချစ်တယ်၊ ငါတို့သာ တိုင်းပြည်ကို ကယ်တင်နိုင်တယ် ဆိုတဲ့ အတ္တစွဲနဲ့ မာန်မာန တိမ်သလ္လာဖုံးနေမှု တို့ကို လုံးဝ ဖယ်ရှား စွန့်ပစ် နိုင်ရမှာ ဖြစ်တယ်။

ကာလရှည်ကြာကင်းကွာ
မြန်မာနိုင်ငံမှာ ဒီမိုကရေစီစံနှုန်းများနဲ့ ကင်းကွာခဲ့တာ နှစ်ပေါင်းငါးဆယ် ရှိတော့မှာ ဖြစ်တယ်။ ဒီကာလ ရှည်ကြီး အတွင်းမှာ တစ်ပါတီ တစ်ဖွဲ့ တစ်စည်းတည်းရဲ့ သဘောနဲ့ တိုင်းပြည်ကို အုပ်ချုပ်ခဲ့တာ ဖြစ်လေတော့ မုန်းတီး နာကြည်းမှုတွေ၊ တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန် မယုံသင်္ကာ ဖြစ်မှုတွေ၊ ကိုယ့်အဖွဲ့အစည်း တည်တံ့ဖို့ အတွက် ကိုယ်နဲ့မတူတဲ့ တခြား အဖွဲ့အစည်း အားလုံးကို ချေမှုန်းပစ်ရမယ် ဆိုတဲ့ အာဃာတတွေဟာ ဟိုဘက်ဒီဘက် အဖွဲ့အစည်း အားလုံးမှာ ရှိခဲ့ကြတယ်။ ဒါဟာ အပြစ် ဆိုစရာတော့ မဟုတ်ဘူး။ မငြိမ်းချမ်းတဲ့၊ တိုင်းရင်းသား အချင်းချင်း လက်နက်ကိုင် တိုက်ခိုက်နေတဲ့ အခြေအနေမှာ ဒါမျိုးတွေဟာ ဖြစ်ရိုးဖြစ်စဉ်သာ ဖြစ်တယ်။

တိုးတိုးသားမဟုတ်
ခုအချိန်မှာတော့ ဒီမိုကရေစီ ဆိုတဲ့ စကားဟာ နှစ်ကိုယ်ကြား ပြောရတဲ့ 'တိုးတိုးသား' မဟုတ်တော့ဘူး။ အာဏာရ အစိုးရ ကိုယ်တိုင်က နေ့စဉ်နဲ့အမျှ တဖွဖွ ပြောနေတဲ့စကား ဖြစ်နေပြီ။ လတ်တလောလေး မှာတင် အစိုးရအဖွဲ့က ပြည်ထောင်စု ၀န်ကြီး ဦးအောင်ကြည်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီး 'ပြည်သူလူထု ကိုယ်စိတ်နှစ်ပါး ချမ်းသာစေရေး အတွက် နှစ်ဖက် ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခွင့် အလမ်းများကို ဆွေးနွေး ခဲ့ကြပါသည်' ဆိုတဲ့ ကြေညာချက် ထုတ်ပြန်ခဲ့တယ်။ သတင်းသမား တစ်ယောက်ရဲ့ မျက်စိထဲမှာတော့ နှစ်ဖက် ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းတွေ အများကြီး ရှိနေတာကို မြင်နေတာကြောင့် မျှော်လင့်ချက် ရောင်ခြည်ကလေး ခပ်ရေးရေး သန်းလာတယ်။

အပြန်အလှန်လေးစား
တွေ့ဆုံဆွေးနွေးမှု ဖြစ်မြောက်ဖို့၊ အောင်မြင်ဖို့ အတွက် ပထမဆုံး လိုအပ်ချက်က နှစ်ဖက်စလုံး ဒါမှမဟုတ် သုံးဖက်လေးဖက် စလုံးရဲ့ စိတ်အခံတွေမှာ သူ့ဘက်ငါ့ဘက် ဆိုတဲ့ အမြင်တွေကို ဖျောက်ပစ်ဖို့ လိုပါလိမ့်မယ်။ သူ့ဘက် ငါ့ဘက်ဆိုတဲ့ အခြေခံ ကနေ တစ်ဆင့်တက်ပြီး 'ငါနဲ့မတူ ငါ့ရန်သူ'ဆိုတဲ့ စိတ်ဓာတ်တွေ ပေါ်ထွက် လာစေပါတယ်။

မတူခြားနားတဲ့ အယူအဆတွေ ကိုယ်စီ ရှိနေကြတာကို အပြန်အလှန် အသိအမှတ်ပြု လေးစားပြီး တူညီတဲ့ ပန်းတိုင် အတွက် အတူ လက်တွဲလုပ်လို့ ရတာတွေကို အတူ တွဲလုပ်ခြင်းဟာ ဒီမိုကရေစီရဲ့ အနှစ်သာရ ဖြစ်တယ်။ အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ကြားမှာ ကွဲလွဲချက်တွေ ရှိနေတာကို လတ်တလော မကိုင်တွယ်ကြသေးဘဲ တူညီချက်တွေကိုရှာပြီး အရင်ဆုံး ကိုင်တွယ် သင့်ကြတယ်လို့ ယူဆပါတယ်။

အားရှိသူနိုင်မြဲ
မြန်မာနိုင်ငံမှာ ရှိနေတဲ့ အဖွဲ့အစည်းအားလုံးမှာ မတူညီတဲ့ မူဝါဒလမ်းစဉ်တွေ ရှိနေကြပေမယ့် ဒီမိုကရေစီ နိုင်ငံကြီး တည်ထောင် ချင်တယ် ဆိုရာမှာ တူကြတယ်။ အားလုံးဟာ ကိုယ့်တိုင်းပြည်နဲ့ ကိုယ့်လူမျိုးကို ချစ်ကြတယ်။ တိုင်းပြည်နဲ့လူမျိုး ပျောက်မသွားဖို့ အသက်ပေး ကာကွယ်ကြမယ် ဆိုတဲ့ အချက်မှာ တူကြတယ်။ ဒီတူညီချက်တွေပေါ် အခြေခံပြီး ရှေ့ဆက် လုပ်စရာတွေ လက်တွဲ လုပ်ဆောင်လို့ ရတယ်။ အန္တရာယ်တွေကို စုပေါင်း ကာကွယ် နိုင်ကြတယ်။ မြန်မာနိုင်ငံ ဆိုတာက လူဦးရေ ပေါက်ကွဲထွက် လုမတတ် များပြားတဲ့ နိုင်ငံကြီး နှစ်ခုကြားမှာ ညပ်နေတဲ့ နိုင်ငံ သေးသေးလေး တစ်ခုသာ ဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ လူဦးရေဟာ သူတို့ နိုင်ငံကြီးနှစ်ခုက ပြည်နယ် တစ်ခုရဲ့ လူဦးရေ လောက်တောင် ရှိတာ မဟုတ်ဘူး။ နောက်ပြီး ကမ္ဘာကြီး တစ်ခုလုံးက ဒီမိုကရေစီခေတ်လို့ ဘယ်လောက်ပဲ အော်နေအော်နေ တကယ်တော့ 'အားရှိသူ အနိုင်ရစမြဲ' (might is right)ဆိုတဲ့ စစ်ဘုရင်ဝါဒက ကြီးစိုးနေဆဲ ဖြစ်တယ်။

အန္တရာယ်တွေ ရှိနေတယ်
လူဦးရေနည်းပြီး စီးပွားရေးအရ ဖွံ့ဖြိုးမှု နောက်ကျနေတဲ့ မြန်မာနိုင်ငံ အဖို့ စီးပွားရေး အရ၊ လူမှုရေးအရ၊ ယဉ်ကျေးမှု အရ ဘက်ပေါင်းစုံက ၀ါးမြိုခံရနိုင်တဲ့ အန္တရာယ် အမြဲတမ်း ရှိနေတယ်။ တိုင်းပြည်ရဲ့ မြေပေါ်မြေအောက် သယံ ဇာတတွေနဲ့ သစ်တော ၀ါးတောကြီးတွေ ပျောက်ကွယ်သွားမယ့် အန္တရာယ်လည်း ရှိနေတယ်။ အဲဒီနောက်က ကပ်ပါလာတဲ့ ဥတုရာသီ ဖောက်ပြန်မှုတွေနဲ့ အယ်လ်နီညိုတို့၊ လာနီညာ တို့ရဲ့ အန္တရာယ်တွေလည်း ရှိနေတယ်။ ဒီလို အန္တရာယ်တွေ ကျရောက်လာရင် အစိုးရ တစ်ဖွဲ့တည်း ခံရမှာ မဟုတ်ဘူး။ နိုင်ငံရေး အဖွဲ့အစည်းတွေသာ ခံရမှာ မဟုတ်ဘူး။ တစ်တိုင်း တစ်ပြည်လုံး ပြည်သူတွေအားလုံး ခံကြရမှာ။ သဘာဝ ဘေးဆိုး ကပ်ဆိုးတွေ ကြောက်စရာ ကောင်းသလို လူလုပ် ဘေးဆိုး ကပ်ဆိုးတွေကလည်း ကြောက်စရာ ကောင်းပါတယ်။

မလွဲဧကံ
ဒီအန္တရာယ်တွေကို ဘုံရန်သူအဖြစ် သဘောထားပြီး 'အရေးကြီးက သွေးစည်းကြ' ဆိုသလို အားလုံး လက်တွဲ ကာကွယ်ကြဖို့ လိုတယ်။ 'ငါနဲ့မတူ ငါ့ရန်သူ' စိတ်ဓာတ်တွေ စွန့်ပစ်ပြီး ခံစရာရှိရင် အားလုံး အတူတူ ခံကြရမှာပဲ။ အားလုံး 'ဆိုးတူကောင်းဘက်'တွေပဲ ဆိုတဲ့ စိတ်ဓာတ်မျိုး မွေးကြရမယ်။ တစ်ဦးနဲ့တစ်ဦး သံသယ စိတ်တွေနဲ့ တံဆိပ် အမျိုးမျိုးတပ်၊ နာမည် အမျိုးမျိုး ပေးနေတာတွေ ရပ်ပစ်ပြီး တိုင်းပြည်နဲ့ လူမျိုး မပျောက်ဖို့ ဆိုတဲ့စိတ် တစ်မျိုးတည်းနဲ့ ဆောင်ရွက် သွားကြရင် ပြည်သူလူထု တစ်ရပ်လုံး စိတ်ချမ်းသာ ကိုယ်ချမ်းသာ ဖြစ်ကြရမှာ မလွဲဧကံ ပါပဲလို့ ပြောလိုက် ချင်ပါတယ်။

Ref: EMG News

Read More...

မြန်မာအစိုးရအပေါ် လက်တွေ့လုပ်ရပ်ဖြင့်သာ ကြည့်မည်

ဗုဒ္ဓဟူး, 17 သြဂုတ် 2011

အကြောင်းအမျိုးမျိုးနဲ့ နိုင်ငံခြား ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ နိုင်ငံက ထွက်ခွာ မသွားမီမှာ ပြစ်မှု မကျူးလွန်ခဲ့ဘူး ဆိုရင် မြန်မာနိုင်ငံကို အချိန်မရွေး ပြန်လာနိုင်ဖို့ စဉ်းစားပေးမယ်လို့ သမ္မတ ဦးသိန်းစိန်က ပြောပါတယ်။ တကယ်လို့ အပြစ် ကျူးလွန်ခဲ့သူတွေ ရှိရင်လည်း ထိုက်သင့်တဲ့ပြစ်ဒဏ် ခံယူဖို့ ပြန်လာမယ်ဆိုရင် သဘောထား ကြီးကြီးနဲ့ စဉ်းစားပေးမှာ ဖြစ်တယ်လို့ သမ္မတက ဆိုပါတယ်။

မြန်မာနိုင်ငံက ဖြစ်ပေါ်တိုးတက်မှုတွေဟာ စိတ်အားတက်စရာတွေ ဖြစ်ပေမဲ့ လက်တွေ့ လုပ်ရပ်တွေနဲ့သာ ဆုံးဖြတ်မှာ ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ ဗစ်တိုးရီးယား နူလန်းဒ် (Victoria Nuland) က သြဂုတ်လ ၁၇ ရက်၊ နိုင်ငံခြားရေး ၀န်ကြီးဌာန ပုံမှန်လုပ်နေကျ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြား သွားပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် ခရီးသွားနိုင်၊ စကားပြောနိုင်ပြီး အစိုးရနဲ့ တွေ့ဆုံ ဆွေးနွေးနေတာတွေအတွက် ကျမတို့ စိတ်အား တက်စရာ ဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်ချက်တွေ ကျမတို့ ဆက်မြင်ချင်ပါတယ်။ ဒါပေမဲ့ ဒီမိုကရေစီ အခွင့်အလမ်းတွေ ပွင့်လာအောင် လုပ်တဲ့ လုပ်ရပ်တွေနဲ့ပဲ အစိုးရအသစ် အပေါ် ကျမတို့က ဆုံးဖြတ်မှာပါ။”

သမ္မတ ဦးသိန်းစိန်က ပြည်တွင်း စီးပွားရေးနဲ့ လူမှုရေးနယ်ပယ် အသီးသီးက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံရာမှာ ပြည်ပရောက် မြန်မာ နိုင်ငံသားတွေ ပြန်လာနိုင်မယ့် ကိစ္စကိုလည်း ထည့်သွင်း ပြောကြားသွားခဲ့တာ ဖြစ်တယ်လို့ ဒီတွေ့ဆုံပွဲကို ကိုယ်တိုင် တက်ရောက်ခဲ့တဲ့ မြန်မာ့ ခရီးသွားလုပ်ငန်း ဘုတ်အဖွဲ့ ဥက္ကဋ္ဌလည်းဖြစ်၊ လွှတ်တော် ကိုယ်စားလှယ် တဦးလည်းဖြစ်တဲ့ ဦးခင်ရွှေက ဗွီအိုအေကို ပြောပါတယ်။

နေပြည်တော်မှာရှိတဲ့ မြန်မာကွန်ဗင်းရှင်းစင်တာမှာ ဗုဒ္ဓဟူးနေ့ နေ့လယ် ၂ နာရီ အချိန်က သမ္မတက အခုလို တွေ့ဆုံခဲ့တာပါ။ မြန်မာနိုင်ငံကို ပြန်လာဖို့ အတွက် နိုင်ငံခြားရောက် မြန်မာနိုင်ငံ သားတွေဟာ မြန်မာနိုင်ငံမှာ နောက်ဆုံး နေထိုင်စဉ်က ကိုယ်နေထိုင် ခဲ့တဲ့ မြို့နယ်ရှိရာ တိုင်းဒေသကြီးနဲ့ ပြည်နယ် အစိုးရတွေကို တိုက်ရိုက် ဆက်သွယ် ဆောင်ရွက် နိုင်တယ်လို့ The Voice Journal ရဲ့ Facebook အင်တာနက် စာမျက်နှာက သမ္မတကို ကိုးကားပြီး ပြောပါတယ်။

Ref: VOA News

Read More...

မစ္စတာ ကင်တားနား ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့မည်


လင်းသန့်
Wednesday, 17 August 2011

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးစုံစမ်း စစ်ဆေးရေးမှူး မစ္စတာ သောမတ်အိုဟေး ကင်တားနားသည် သြဂုတ်လ ၂၁ ရက်နေ့တွင် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ပြီး ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့်လည်း တွေ့ဆုံမည်ဟု သိရသည်။

“မစ္စတာ ကင်တားနားလာရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့တော့ရှိတယ်။ ဒါပေမယ့် ဘယ်နေ့တွေ့မယ် ဆိုတာ ကျနော်တို့ မသိရသေးဘူး” ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးအဖွဲ့မှူး ဦးဝင်းထိန်က ဧရာဝတီကို ပြောသည်။

မစ္စတာ ကင်တာနား၏ ယခုခရီးစဉ်သည် ၄ မြောက် မြန်မာပြည်ခရီးစဉ်ဖြစ်ပြီး ၅ ရက်ကြာ လာရောက်မည် ဖြစ်သည်။

NLD ပါတီအပါအ၀င် နိုင်ငံရေးပါတီများ၊ လွှတ်တော်အမတ်များ၊ တခြားသော အဖွဲ့အစည်း အသီးသီးမှ ပုဂ္ဂိုလ်များ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့များနှင့် တွေ့ဆုံးပြီး အကျဉ်းထောင် တချို့သို့လည်း သွားရောက် ကြည့်ရှုမည်ဟု သိရသည်။

ယခုခရီးစဉ်အတွင်း ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများ လွတ်မြောက်ရေးနှင့် လူ့အခွင့်အရေး ချိုးဖောက်မှု များကို သတင်း အချက်အလက် စုဆောင်းသွားမည်ဟု သိရှိရသည်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ဖြစ်သည့် ကိုမင်းကိုနိုင်၊ ကိုကိုကြီး အစရှိသူများ၊ ဦးခွန်ထွန်းဦး အပါအ၀င် တိုင်းရင်းသား ခေါင်းဆောင်များ၊ ကိုဇာဂနာ စသည့် ထင်ရှားသည့် အနုပညာရှင်များ အပါအဝင် နိုင်ငံရေး အကျဉ်းသား ၂ ထောင်ကျော် ပြန်လွတ်ရေး အတွက် မစ္စတာ ကင်တားနား အနေဖြင့် ယခုခရီးစဉ်တွင် အလေးပေး လုပ်ဆောင်မည်ဟုလည်း ဆိုသည်။

မစ္စတာ ကင်တားနား မြန်မာနိုင်ငံသို့ လာရောက်မည့် ကိစ္စအပေါ် NLD ပါတီ ခေါင်းဆောင်တဦး ဖြစ်သူ ဦးဝင်းတင်က ၀မ်းမြောက်စွာ ကြိုဆိုလိုက်ပြီး ယခုခရီးစဉ်အတွင်း ၄င်း၏လုပ်ငန်းများ အောင်မြင်မည်ဟု ယုံကြည်မျှော်လင့်ကြောင်း ပြောသည်။

“ကျနော်ဆက်ဆံဖူးတဲ့ လူတွေထဲမှာ သူက ရိုးသားတယ်။ အလွန် အလေးအနက်ထားတယ်။ သူ့လုပ်ငန်း ဖြစ်တဲ့ မြန်မာနိုင်ငံ လူ့အခွင့်ရေး ကိစ္စအပေါ် သတိရှိတဲ့သူ ဖြစ်တယ်။ ဒီတခေါက် သူ့ခရီးစဉ်မှာ အရင်လို အခြေအနေ မဟုတ်တော့ဘူး။ အခု အစိုးရသစ် တက်လာပြီး ဒီလိုခွင့်ပြုတာဟာ လွတ်လပ်ခွင့်တွေ ရမယ်လို့ သူယုံကြည်တယ်” ဟု ဦးဝင်းတင်က ဧရာဝတီကို ပြောသည်။

ယခင်စစ်အစိုးရလက်ထက် ခရီးစဉ်များတွင် မစ္စတာ ကင်တားနားကို ချုပ်ချယ်ကန့်သတ်မှုများပြုလုပ် ခဲ့သော်လည်း ယခု အစိုးရ အနေဖြင့် လွတ်လပ်ခွင့် အပြည့်အ၀ ပေးမည်ဟု ယုံကြည်ကြောင်း၊ အဆိုပါ လွတ်လပ်ခွင့်များကို မှန်ကန်စွာ အသုံးစွဲပြီး အချက်အလက်များကို မှန်ကန်စွာ စုဆောင်းနိုင်မည်ဟု ယုံကြည် မျှော်လင့်ကြောင်း၊ ထို့အပြင် လေ့လာ တွေ့ရှိချက်များနှင့် ပတ်သက်၍လည်း ခရီးစဉ် ရည်ရွယ်ချက်များ အောင်မြင်အောင် လုပ်ဆောင်နိုင်ပါစေဟု ဆုတောင်းကြောင်း ဦးဝင်းတင်က ဆက်ပြောသည်။

မစ္စတာ ကင်တားနားသည် ယခင် စစ်အစိုးရလက်ထက် ကျူးလွန်ခဲ့သည်ဟု အဖွဲ့အစည်းအသီးသီးက စွပ်စွဲထားသည့် စစ်ရာဇ၀တ်မှု များနှင့် လူသားထုအပေါ် ကျုးလွန်သည့် ရာဇ၀တ်မှုများ ရှိ မရှိ ကုလသမဂ္ဂ စုံစမ်း စစ်ဆေးရေး ကော်မရှင် (CoI) ဖွဲ့ရန် တောင်းဆို ထားသည်။

နိုင်ငံတကာရောက် မြန်မာ့အရေး လှုပ်ရှားနေကြသော အဖွဲ့အစည်းအသီးသီးကလည်း မစ္စတာကင်တားနား အဆို ပြုထားသည့် CoI ဖွဲ့ရေကို အမြန်ဆုံး အကောင်အထည် ပေါ်ရေး တိုက်တွန်း နေကြသည်။

အမေရိကန်ပြည်ထောင်စု အပါအ၀င် နိုင်ငံပေါင်း ၁၆ နိုင်ငံကျော်ကလည်း COI အမြန်ဆုံး ဖွဲ့ရေးအတွက် ထောက်ခံ ထားသည်။

NLD ပါတီက တရားဝင် ရပ်တည်မှုဆိုင်ရာ ကိစ္စအပါအ၀င် NLD ပါတီ အနေဖြင့် တလျှောက်လုံး လူ့အခွင့်အရေး စာတမ်းပါ အချက်များ ချိုးဖောက် ခံနေရမှု၊ ဒီပဲယင်း လုပ်ကြံမှုတွင် ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးတို့ကို အသက်အန္တရာယ် ခြိမ်းခြောက် တိုက်ခိုက် ခံရမှုနှင့် ဒီမိုကရေစီ လိုလားသူများကို သတ်ဖြတ် တိုက်ခိုက်မှု၊ ပါတီဝင်များအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှု စသည်တို့ ပါဝင်သော တိုင်ကြားစာကို ကုလသမဂ္ဂ လူ့အခွင့်ရေးကောင်စီသို့ ရေးပို့ရန် အဆင်သင့် ဖြစ်နေကြောင်း NLD ပါတီမှ ရှေ့နေ ဦးဥာဏ်ဝင်းက ပြောသည်။

ပြီးခဲ့သည့် သီတင်း ၂ ပတ်အတွင်း ၂ ကြိမ်တိုင်တိုင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့၏ တွေ့ဆုံမှုတွင် မြန်မာ အစိုးရဘက်က CoI ဖွဲ့ရေးကိစ္စ အပေါ် စိုးရိမ် ပူပန်မှုရှိသည်ကို ထင်ဟပ်ကြောင်းနှင့် NLD ပါတီ တရားဝင် ရပ်တည်ရေး ဆိုင်ရာ ဆက်လက် ဆွေးနွေးသွားကြရန် ရှိကြောင်း NLD နှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းမှ သိရသည်။

ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် CoI ဖွဲ့ခြင်းသည် အပြစ်ပေး အရေးယူသည့် ခုံရုံးမဟုတ်ကြောင်း၊ စုံစမ်းရေး ကော်မရှင်သာ ဖြစ်ကြောင်း သဘောထား အကြိမ်ကြိမ် ထုတ်ဖော် ပြောဆိုကာ မြန်မာအစိုးရ တာဝန်ရှိသူများနှင့် ယခင် စစ်ဗိုလ်ချုပ်များကို သိစေခဲ့သည်ဟု ဆိုသည်။

ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြခြင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အစိုးရ တပ်များကြား ဖြစ်ပွားနေသော စစ်ပွဲများအတွက် အပစ်အခတ် ရပ်စဲရေး ကမ်းလှမ်းလုပ်ဆောင်ချက်များ၊ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အဖွဲ့ အစည်းများနှင့် လက်တွဲ လုပ်ဆောင်ပြခြင်းများသည် ၂၀၁၄ ခုနှစ်အတွက် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ရာထူးအတွက် ဖြစ်ကြောင်း လေ့လာ အကဲခတ်သူများက ပြောဆိုကြသည်။

မစ္စတာ ကင်တာနား၏ ယခုခရီးစဉ်သည် မြန်မာနိုင်ငံတွင် အရပ်သားအစိုးရ ဖွဲ့ပြီးနောက်ပိုင်း ပထမဆုံး လာရောက်ခွင့် ရခြင်း ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရ၀န်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံမှုများ လုပ်နေချိန်၊ တိုင်းရင်းသား ဒေသများတွင် စစ်ပွဲများကြောင့် ဒုက္ခသည်များ တိုးပွား လာနေချိန်နှင့်လည်း တိုက်ဆိုင်နေသည်။

သြဂုတ်လ ၁၂ ရက်နေ့က နေပြည်တော် သတင်းစားရှင်းလင်းပွဲတွင် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက မစ္စတာ ကင်တားနား မကြာမီ မြန်မာနိုင်ငံသို့ လာရောက်ရန်ရှိကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် အစိုးရသစ်အနေဖြင့် ဒီမိုကရေစီစနစ်ကို ဖော်ဆောင်မည်ဟု ကြွေးကြော် တက်လာပြီး နောက်ပိုင်း အပြုသဘော ဆောင်သည့် ဖြစ်ထွန်းမှု တချို့ကို မြင်တွေ့ရကြောင်း အကောင်းဘက်မှ ရှုမြင်သူများက ပြောသည်။

အပြုသဘော လက္ခဏာများမှာ အငြိမ်းစား ပင်စင်လစာများ တိုးပေးခြင်း၊ နိုင်ငံရေး အကျဉ်းသား အနည်းငယ် ပါသည့် အကျဉ်းသားများ လွှတ်ပေးခြင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ၀န်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံပြီး ၂ ဖက် ပူးပေါင်း ဆောင်ရွက်ရေး ရှေးရှု သွားမည်ဟု ပြောဆိုလာခြင်းနှင့် မစ္စတာ ကင်တားနားကို မြန်မာနိုင်ငံသို့ လာရောက်ခွင့် ပြုခြင်းတို့ ဖြစ်သည်ဟု ဆိုသည်။

Ref: ဧရာဝတီ

Read More...

ပြည်ပရောက်များ ပြန်လာရန်နှင့် လက်နက်ကိုင်များ လက်နက်ချရန် ဦးသိန်းစိန်ပြော


ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ ၁၇ ရက် ၂၀၁၁

ရန်ကုန် (မဇ္ဈိမ) ။ ။ ပြစ်မှုမကျူးလွန်သော ပြည်ပရောက်များကို ပြန်လာလျှင် ပြန်လည် လက်ခံမည် ဖြစ်ကြောင်း နှင့် တောတွင်း လက်နက်ကိုင်များ လက်နက်ချရန် ကမ်းလှမ်းမှုကို သမ္မတ ဦးသိန်းစိန်က ဗုဒ္ဓဟူးနေ့တွင် ကမ်းလှမ်း လိုက်သည်။

နေပြည်တော်ရှိ မြန်မာကွန်ဗင်းရှင်း စင်တာတွင် ပြုလုပ်သော စီးပွားရေးနှင့် လူမှုရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များကို တွေ့ဆုံရာတွင် ဦးသိန်းစိန်က အကြောင်း အမျိုးမျိုးကြောင့် ပြည်ပသို့ ရောက်ရှိ နေသူများကို ပြန်လာခွင့် ပြုသည်ဟု ပါရှိသည်။

အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်လည်း မဟုတ်သော “ နိုင်တော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လာ လုပ်ကိုင် စားသောက် ကြဖို့ရန်” ဖိတ်ခေါ်မှုတွင် ပြန်သွား လိုသူများနှင့် လက်နက်ကိုင် တော်လှန်နေသူများ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရများ ထံတွင် “ အမြန်ဆုံးလာရောက် လက်နက်ချနိုင်”သည်ဟု ပြောကြားသည်။

ပြစ်မှု ကျူးလွန်ခဲ့သူများ ပြန်လာလိုလျှင်တော့ ခွင့်လွှတ်လောက်သော ပြစ်ဒဏ်များကို လျော့ပေးပေးမည်။ ဆိုးဆိုးရွားရွား ပြစ်ဒဏ် များကိုတော့ ကျခံရမည်ဟု ဦးသိန်းစိန်က ပြောကြားသွားသည်။

မိနစ် ၂ဝ ခန့်ကြာသည့် သမ္မတ၏ တွေ့ဆုံမှုသို့ အသင်းပေါင်း ၄၀ ကျော်ကို ဖိတ်ကြားခဲ့သည်။

အစိုးရ၏ ပြန်လာခွင့်ပြုချက်ကို ပြည်ပရောက် နိုင်ငံရေး အဖွဲ့များအကြား အားတက်သရော မရှိဘဲ အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့် မဟုတ်သည့် အတွက် “အဓိပ္ဗါယ်မရှိ” သော ဖိတ်ခေါ်မှုဟုသာ တုံ့ပြန်ကြသည်။

“ နိုင်ငံရေး အကျဉ်းသားတွေ အကုန်လုံးထုတ်၊ နေရာတိုင်းမှာ တကယ့် ငြိမ်းချမ်းရေးတွေ ရသွားအောင် ဆောင်ရွက်၊ ပြီးရင် အားလုံးပါဝင်တဲ့ တွေ့ဆုံ ဆွေးနွေးရေး လုပ်။ အဲဒီလို လုပ်ငန်းစဉ်တွေ မလုပ်ဘဲနဲ့ ဒီလို လူကြားကောင်းအောင် ဖိတ်ခေါ်တာမျိုး၊ တခုကို ထုတ်ပြောတာမျိုး ကတော့ ဘာမှ အဓိပ္ပါယ်မရှိဘူး၊ သဘာဝ မကျဘူးလို့ ကျနော် အဲဒီလိုပဲ နားလည်ပါတယ် ” ဟု လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီမှ အထွေထွေ အတွင်းရေးမှူး ဦးငွေလင်းက ပြောသည်။

“ အခုလို ဘာမှ တိကျတဲ့ အလားအလာပေါ့ဗျာ အနာဂတ်ကို ဘာမှတောင် မျှော်စရာ လင်းပွင့်တဲ့ အနာဂတ်မျိုး မရှိဘဲနဲ့တော့ ကျနော်ထင်တယ် ဘယ်သူမှ စိတ်ကူးယဉ်မယ် မထင်ပါဘူး ” ဟု သူက ထပ်ပြောသည်။

ထိုသို့ ဖြစ်ထွန်းနေချိန်တွင် ပြည်ထဲရေး ဝန်ကြီးဌာနက နာရေးကူညီမှုအသင်း (ရန်ကုန်)ကို မှတ်ပုံတင်ခွင့် ပြုတော့ မည်ဟု သိရသည်။

“ အရမ်းကောင်းတဲ့ မင်္ဂလာရှိတဲ့ စကားပဲ။ ပရဟိတ လုပ်နေသူတွေ အများပြည်သူ အတွက် အကျိုးရှိတဲ့ ကိစ္စဖြစ်တယ်။ အားရှိစေတဲ့ စကားဖြစ်တယ် ” ဟု အသင်းဥက္ကဋ္ဌ ဦးကျော်သူက ပြောသည်။

Ref: မဇ္ဈိမ

Read More...

အကူအညီများကို မြန်မာအစိုးရ ပိတ်ပင်ဟု ကချင်ပြော


သန်းထိုက်ဦး
Wednesday, 17 August 2011

ကချင် စစ်ပြေးဒုက္ခသည်များအား နိုင်ငံတကာ အကူအညီများ မပေးနိုင်အောင် မြန်မာ အစိုးရက ပိတ်ပင်ထားကြောင်း ထိုင်းနိုင်ငံ အခြေစိုက် ကချင်အဖွဲ့အစည်းတခုက ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံတွင် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP)၊ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ (ICRC) နှင့် ပြည်တွင်း NGO အများအပြား ရှိသော်လည်း ဒုက္ခသည်များ အရေး ဆောင်ရွက်ပေးရန် ဆက်သွယ် ကမ်းလှမ်းလာခြင်း မရှိကြောင်း ကချင် အမျိုးသမီး အစည်းအရုံး - ထိုင်းနိုင်ငံ (KWAT) အဖွဲ့မှ မွန်နေလီက ဧရာဝတီသို့ ပြောသည်။

“အဲဒါကို ကြည့်ချင်အားဖြင့် ဒီလောက် ဒုက္ခရောက်နေတာကို တွေ့မြင်နေတဲ့ကြားကနေ ဘာမှ အကူအညီ မပေးနိုင်ဘူး ဆိုတာကတော့ အစိုးရက ပိတ်ပင် ထားတယ်ဆိုတာ သေချာတယ်” ဟု မွန်နေလီက ပြောသည်။

ဇွန်လ ၉ ရက်နေ့တွင် စတင်ဖြစ်ပွားခဲ့သည့် မြန်မာအစိုးရတပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) အကြား တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူပေါင်း ၂၀၀၀၀ ကျော် ရှိကြောင်း၊ ထွက်ပြေး လာသည့် ဒုက္ခသည်များသည် တရုတ်-မြန်မာ နယ်စပ် တလျှောက်ရှိ KIA ထိန်းချုပ်ဒေသများတွင် ခိုလှုံနေကြကြောင်း သိရသည်။

တချို့ဒုက္ခသည်များသည် မြစ်ကြီးနား၊ ၀ိုင်းမော်မြို့တို့တွင်ရှိသော ဆွေမျိုးများထံ သွားရောက်နေထိုင် နေကြပြီး ဘာသာရေး အဆောက် အအုံများတွင်လည်း အများစု နေထိုင်ကြသည်ဟု မွန်နေလီက ပြောသည်။

ယင်းတို့ကို KIA အပါအ၀င် ဒေသခံ ဘုရားကျောင်းနှင့် အဖွဲ့အစည်းတချို့တို့မှ ကောက်ခံရရှိထားသော အလှူငွေများဖြင့် ထောက်ပံ့ ပေးထားရကြောင်း သိရသည်။

“ရေရှည်မှာကျတော့ ဒုက္ခသည်တွေအတွက် အလှူငွေတွေ ကောက်ခံပြီး ထောက်ပံ့နေမယ်ဆိုရင် စိုးရိမ်စရာ ရှိပါတယ်” ဟု မွန်နေလီက ပြောသည်။ ဒုက္ခသည်များအတွက် အကူအညီများ ပေးမည့် အဖွဲ့ အစည်းများကို အစိုးရက အခွင့်အရေး ပေးလာရန် နိုင်ငံတကာ အနေဖြင့် ဖိအားပေးစေလိုကြောင်း ၎င်းက ဆိုသည်။

ကချင်ဒေသ တိုက်ပွဲများနှင့် ပတ်သက်၍ ကချင်ပြည်နယ်ရှိ ရှမ်းမျိုးနွယ်စု ကိုယ်စားလှယ် ၁၂ ဦးတို့က စုပေါင်း လက်မှတ် ရေးထိုးကာ ထာဝရ ငြိမ်းချမ်းရေး ရရှိအောင် အသနားခံတင်ပြခြင်း ခေါင်းစဉ်ဖြင့် စာတစောင်ကို သမ္မတ ဦးသိန်းစိန်ထံ ဇူလိုင်လ ၂၄ ရက်နေ့က ပေးပို့ခဲ့ကြောင်း ယနေ့ထုတ် အစိုးရသတင်းစာတွင် ဖော်ပြထားသည်။

“နှစ်ဖက်ခေါင်းဆောင်များမှ မေတ္တာ၊ ဂရုဏာ ရှေ့ထားပြီး ထာဝရ ငြိမ်းချမ်းရေး ရရှိအောင် ကြိုးပမ်း ဆောင်ရွက် ပေးပါရန် ကချင်ပြည်နယ် အတွင်း မှီတင်း နေထိုင်ကြသော ရှမ်းတိုင်းရင်းသား မျိုးနွယ်စုများမှ အထူး အသနားခံ တင်ပြအပ်ပါသည်” ဟု ပေးစာတွင် ရေးသားထားသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ၏ စစ်တပ် KIA သည် ၁၉၆၁ ခုနှစ်မှစ၍ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရရှိရေး အတွက် အစိုးရနှင့် တိုက်ပွဲများ ဖြစ်ခဲ့ပြီး ၁၉၉၄ ခုနှစ်တွင် အပစ်ခတ် ရပ်စဲရေး စာချုပ်ကို သဘောတူခဲ့သည်။ ပြီးခဲ့သည့် ဇွန်လ အတွင်း နှစ်ဖက် တိုက်ပွဲများ ဖြစ်ပွာခဲ့ပြီးနောက် အဆိုပါ သဘောတူစာချုပ် ပျက်ပြယ်သွားခဲ့သည်။

Ref: ဧရာဝတီ

Read More...

စစ်ရှောင်နည်း နယ်စပ်တွင် လေ့ကျင့်

Wednesday, 17 August 2011

နယ်စပ်တွင် တိုက်ပွဲကြီးများ ဖြစ်ပွားနိုင်သည့် အတွက် ကရင်ပြည်နယ် တဘက်ခြမ်းရှိ ထိုင်းနိုင်ငံ မဲဆောက်မြို့မှ ဒေသခံများက စစ်ဘေး အန္တရာယ် အရေးပေါ် ရှောင်ရှားနည်းများကို ယနေ့ လေ့ကျင့် ခဲ့ကြသည်။

မဲဆောက်မြို့ နရေးစွမ် အားအစားကွင်းအတွင်း ထိုင်းနိုင်ငံ ပြည်တွင်း လုံခြုံရေးဌာနက စီစဉ်သည့် လေ့ကျင့်မှုတွင် ထိုင်းနှင့် မြန်မာနိုင်ငံသား ၅၀၀ ခန့်ကို မဲဆောက် အခြေစိုက် လူမှု ကူညီရေး အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများ၊ လုံခြုံရေး တပ်ဖွဲ့များနှင့်အတူ တွေ့ရသည်။

"မြန်မာဘက်မှာ လာမယ့် ပွင့်လင်းရာသီအတွင်း အစိုးရတပ်နဲ့ လူမျိုးစုတပ်တွေ တိုက်ပွဲဖြစ်နိုင်တဲ့ အနေအထားတွေ ရှိတယ်။ မနှစ်က ဆိုရင် မြ၀တီ တိုက်ပွဲကြောင့် မြန်မာဘက်က စစ်ပြေး ဒုက္ခသည် နှစ်သောင်းကျော် ထိုင်းဘက်ကို ရောက်လာတာတွေ ရှိတယ်။ အန္တရာယ်တွေကို ကြိုတင် ကာကွယ်နိုင်ဖို့ ဒီလေ့ကျင့်မှုကို လုပ်ရတာပါ" ဟု ပြည်တွင်း လုံခြုံရေးဌာန၏ တာ့ခ်ခရိုင် ဒုတိယ ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး ပတင်ယန်လီလာ့ကျရိန်က သတင်းထောက်များကို ပြောသည်။

လေ့ကျင့်မှုတွင် မြ၀တီမြို့ဘက်မှ ဒေသခံများ ထွက်ပြေးလာပုံကို ပြန်လည် သရုပ်ဖော်မှုလည်း ပါဝင်သည်။

ဤလေ့ကျင့်မှုများက အကျိုးရှိမည်ဟု ဒေသခံတဦးဖြစ်သူ မဲဆောက်၊ မဟာဝမ်ရွာမှ ထိုင်းအမျိုးသမီး ပကျန်ပီက ပြောသည်။

"ဒီပွဲမှာက စစ်ဖြစ်ရင် သိထားရမယ် အခြေအနေတွေကို သိရတော့ ဗဟုသုတတွေရတယ်။ ဒီလို လုပ်ရကောင်းမှန်း မသိလို့ မနှစ်က တိုက်ပွဲ ဖြစ်တုန်းက အဒေါ်တို့ဆီက လူတယောက် လက်နက်ကြီး ထိလို့ ခြေထောက်တဖက် ဖြတ်လိုက်ရတယ်" ဟု သူက ဧရာဝတီကို ရှင်းပြသည်။

ဤအတောအတွင်း ကရင်ပြည်နယ်အတွင်း တိုက်ပွဲငယ်များ အဆက်မပြတ် ဖြစ်ပွားနေပြီး လာမည့် ပွင့်လင်းရာသီတွင် မြို့တွင်း တိုက်ပွဲများ ပေါ်ပေါက် လာမည်ဟု တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တခုက ယနေ့ ပြောလိုက်သည်။

"ဒီလ ၁၄ ရက်ရက်နေ့မှာ DKBA တပ်မဟာ ၅ က တပ်မှူး အစည်းအဝေး လုပ်တယ်။ အဓိက ဆုံးဖြတ်တာက လာမယ့် နွေရာသီမှာ ကော့ကရိတ်၊ မြ၀တီ၊ လှိုင်းဘွဲ့ စတဲ့မြို့တွေမှာ မြို့တွင်းတိုက်ပွဲ စစ်ဆင်ရေးတွေ တိုးမြှင့် သွားဖို့ ရှိတယ်" ဟု တိုးတက်သော ဗုဒ္ဓသာသာ ကရင် အမျိုးသား တပ်မတော် DKBA တပ်မဟာ ၅ ၏ စစ်ဆင်ရေးမှူး ဗိုလ်မှူးဆန်းအောင်က ဧရာဝတီကို ပြောသည်။

ယမန်နှစ် နိုဝင်ဘာလ ရွေးကောက်ပွဲကျင်းပနေစဉ် DKBA က မြ၀တီ၊ ဘုရားသုံးဆူ မြို့နယ်တို့ကို ၀င်ရောက် တိုက်ခိုက်ခဲ့သည်။

Ref: ဧရာဝတီ

Read More...

Wednesday, August 17, 2011

လူ့အခွင့်အရေး အထူး စုံစမ်းစစ်ဆေးရေးမှူး ကင်တားနား မြန်မာနိုင်ငံကို နောက်သီတင်းပတ် သွားမည်

ဒေါ်ခင်မျိုးသက်
အင်္ဂါ, 16 သြဂုတ် 2011

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စုံစမ်း စစ်ဆေးရေးမှူး မစ္စတာ တောမတ်စ် အိုဟေး ကင်တားနား (Mr. Tomas Ojea Quintana) ဟာ လာမယ့် သီတင်းပတ်ထဲမှာ မြန်မာနိုင်ငံကို သွားမှာ ဖြစ်ပါတယ်။ မစ္စတာ ကင်တားနားဟာ မြန်မာနိုင်ငံကို စတုတ္ထ အကြိမ်မြောက် သွားရောက်မှာဖြစ်ပြီး အခုခရီးစဉ်မှာ မြန်မာ အစိုးရသစ်ရဲ့ အဖွဲ့ တာဝန်ခံတွေ အပြင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ပါ တွေ့ဆုံမှာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြ ပေးထားပါတယ်။

၂၀၀၈ ခုနှစ်ကစပြီး မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ စုံစမ်း စစ်ဆေးရေးမှူး အဖြစ်နဲ့ တာဝန် ထမ်းဆောင်ခဲ့တဲ့ မစ္စတာ ကင်တားနားက သူဟာ ရှေ့သီတင်းပတ် ထဲမှာ မြန်မာနိုင်ငံကို လာရောက်မှာ ဖြစ်သလို ဒီခရီးစဉ်ဟာ သိပ်ကို အရေးပါတယ်လို့ ပြောပါတယ်။

“အခုတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ သြဂုတ်လ စတုတ္ထပတ်ထဲမှာ သွားဖို့ရှိပါတယ်။ ရှေ့သီတင်းပတ် ထဲမှာ သွားမှာပါ။ ဒီခရီးစဉ်ဟာ သိပ်ကို အရေးကြီးတဲ့ ခရီးစဉ်ပါ။ ကျနော့်ကို ပေးအပ်ထားတဲ့ တာဝန်အတိုင်း လုပ်ဆောင်ဖို့အတွက် မြန်မာနိုင်ငံ ရွေးကောက်ပွဲ အရ တက်လာတဲ့ အာဏာပိုင်တွေနဲ့ တွေ့ဆုံဖို့ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ စုံစမ်းမှုတွေ လုပ်ရမှာပါ။ တချို့ စီစဉ်နေဆဲမို့ အသေးစိတ်ကို ပြောမပြနိုင်ပေမဲ့ ဒီခရီးစဉ်ရဲ့ အဓိက လုပ်ငန်းကတော့ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေ တွေကို သိအောင် လုပ်ရမှာမို့ သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးနဲ့ပါ တွေ့ဆုံဖို့ ရှိပါတယ်။” လို့ ပြောသွားပါတယ်။

မြန်မာအစိုးရသစ် အဖွဲ့ရဲ့ ပြန်ကြားရေး ၀န်ကြီးကလည်း သောကြာနေ့က ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ လူ့အခွင့် အရေး ကိုယ်စားလှယ် မစ္စတာ ကင်တားနား မြန်မာနိုင်ငံကို မကြာခင် လာရောက်ဖို့ ရှိတယ်လို့ ပြောကြားခဲ့ပေမဲ့ အစီအစဉ် အသေးစိတ်ကို မပြောခဲ့ပါဘူး။

မစ္စတာ ကင်တားနားဟာ မနှစ်က ဖေဖော်ဝါရီလထဲ တတိယအကြိမ် အဖြစ်နဲ့ မြန်မာနိုင်ငံကို လာခဲ့စဉ်က အာဏာပိုင်တွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့် မပေးခဲ့တဲ့အတွက် စိတ်ပျက်မိကြောင်း ပြောကြားခဲ့ပါတယ်။ ဒါကြောင့် အခု မြန်မာနိုင်ငံကို မစ္စတာ ကင်တားနား လာရောက်တဲ့ အချိန်အတွင်း တွေ့ဆုံမယ့် အထဲမှာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတာဟာ အရေးအကြီးဆုံးလို့ ဆိုပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျနော် တွေ့ဆုံဖို့ ကိစ္စဟာ သိပ်ကို အရေးကြီးပါတယ်။ သူတို့ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ ကိစ္စကို သဘော တူပါတယ်။ ဒါ့အပြင် ကျနော့်တာဝန်က မြန်မာ တနိုင်ငံလုံးမှာရှိတဲ့ လူ့အခွင့်အရေး အခြေအနေတွေကို စုံစမ်း စစ်ဆေးဖို့ ဖြစ်တာမို့ မြန်မာနိုင်ငံတွင်း နိုင်ငံရေးအရ လုပ်ပိုင်ခွင့်တွေ ရှိမရှိကအစ စီးပွားရေး၊ လူမှုရေး အပါအ၀င် အားလုံး အကျုံး ၀င်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂရဲ့ အထူးကိုယ်စားလှယ် အဖြစ်နဲ့ လာရောက်တဲ့ ကျနော်နဲ့ တွေ့ချင်တဲ့သူ အားလုံးကိုပဲ တွေ့ဆုံချင်ပါတယ်။” လို့ ပြောပါတယ်။

ဒါ့အပြင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုကိုကြီးနဲ့ တကွ ရှမ်းခေါင်းဆောင် ဦးခွန်ထွန်းဦး အပါအ၀င် နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ကျော် လွှတ်ပေးဖို့ ကိစ္စဟာလည်း အခုခရီးစဉ် အတွင်းမှာ အရေးတကြီး လုပ်ဆောင်ရမယ့် အလုပ်လို့ ပြောပါတယ်။

“မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် အနေနဲ့ နိုင်ငံရေး အကျဉ်းသား တွေကို လွှတ်ပေးဖို့ မြန်မာ အစိုးရကို ကျနော် အကြံပြုထားသလို တောင်းလည်း တောင်းဆိုထားပါတယ်။ ဒါဟာ ၂၀၀၉ ခုနှစ် ကတည်းကပါ။ သူတို့ဟာ သူတို့တွေရဲ့ ဆန္ဒတွေကို လွတ်လပ်စွာ ထုတ်ဖော်ခဲ့ကြလို့ ပုံစံမျိုးစုံနဲ့ မတရား ဖမ်းဆီး ခံနေကြရတာပါ။ ဒါကြောင့် ဒီမိုကရေစီ လမ်းကို လျှောက်လှမ်းမယ် ဆိုရင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ဆိုတာဟာ အခြေခံ အချက်မို့ ဒီ ယုံကြည်ချက်ကြောင့် အဖမ်းခံနေရသူ အားလုံးကို လွှတ်ပေးဖို့ဆိုတာ မေးနေစရာတောင် မလိုပါဘူး။” လို့ ပြောပါတယ်။

မစ္စတာ ကင်တားနားဟာ အရင်တခေါက် မြန်မာနိုင်ငံကို လာရောက်တဲ့ ခရီးစဉ်အတွင်း အင်းစိန် အကျဉ်းထောင် အပါအ၀င် အကျဉ်းထောင် တချို့ကို သွားရောက်ခွင့် ရခဲ့ပါတယ်။ ဒါ့အပြင် ၅ ရက်ကြာ နေခွင့်ရခဲ့တာမို့ ဒီတခေါက်လည်း အနည်းဆုံး ၅ ရက်ထက်မနည်း နေခွင့်ရမယ်လို့ မျှော်လင့် ထားကြောင်းလည်း ပြောပါတယ်။

မစ္စတာ ကင်တားနားရဲ့ ဒီတခေါက် မြန်မာနိုင်ငံ ခရီးစဉ်မှာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ၀န်ထမ်း တချို့လည်း လိုက်ပါ လာဖို့ ရှိတယ်လို့ သိရပါတယ်။

Ref: VOA News

Read More...

ပြည်ပအသံလွှင့်ဌာနများ အပေါ် ပုတ်ခတ်မှု အစိုးရသတင်းစာ ရပ်ဆိုင်း

ဦးသားညွန့်ဦး
အင်္ဂါ, 16 သြဂုတ် 2011

မြန်မာအစိုးရ သတင်းစာတွေမှာ နေ့စဉ် ဖော်ပြနေခဲ့တဲ့ မြန်မာလို လွှင့်ထုတ်တဲ့ ပြည်ပရေဒီယို သတင်း ဌာနတွေ အပေါ် ပုတ်ခတ် ရေးသားတဲ့ ဆောင်ပုဒ်တွေကို ဒီကနေ့ထုတ် သတင်းစာတွေမှာ ဖြုတ်လိုက်တာ တွေ့ရပါတယ်။ ပြည်တွင်း သတင်းနဲ့ မီဒီယာ သမားတွေကတော့ ဒါဟာ အစိုးရသစ်ရဲ့ အပြောင်း အလဲတရပ် ဖြစ်သလို အမျိုးသား ရင်ကြားစေ့ရေး လုပ်ငန်းရဲ့ အစိတ် အပိုင်းတခု ဖြစ်တယ် ဆိုပြီး ကြိုဆို ခဲ့ကြပါတယ်။ သူတို့ရဲ့ သဘောထားကိုတော့ ကိုသားညွန့်ဦးက ဆက်သွယ် မေးမြန်းပြီး တင်ပြ ပေးထားပါတယ်။

ပြည်ပ အသံလွှင့် သတင်းဌာနတွေ ဖြစ်ကြတဲ့ VOA, BBC, RFA, DVB သတင်းဌာနတွေကို ဝေဖန်ပုတ်ခတ်တဲ့ ဆောင်ပုဒ် တွေကို စစ်အစိုးရ လက်ထက်ကစပြီး အစိုးရသစ် ဖွဲ့စည်းပြီး အချိန်အထိ နေ့စဉ် တောက်လျှောက် ဖော်ပြ လာရာကနေ ဒီကနေ့ သတင်းစာ တွေမှာ အဲဒီ ဆောင်ပုဒ်တွေ ဖြုတ်လိုက်တာကို အတော်များများ သတိထား မိသလို ဒါဟာ အပြောင်း အလဲတခု ဖြစ်တယ်လို့ တွက်ဆ ကြပါတယ်။ သတင်းဂျာနယ် အယ်ဒီတာ တဦးဖြစ်တဲ့ စာရေးဆရာ မောင်ဝံသကတော့ ဒါဟာ ပြန်လည် ရင်ကြားစေ့ရေး သဘောထား ဖြစ်တယ်လို့ ရှုမြင်ပါတယ်။

“ကျနော်တို့တော့ အင်မတန် ၀မ်းသာပါတယ်ဗျာ။ မီဒီယာသမား အချင်းချင်းလည်း ကျနော်တို့က မျက်နှာပူစရာ ဖြစ်တယ်။ နိုင်ငံရေး အရ ဆန့်ကျင်ဘက် သဘောထားတွေ ရှိတယ်လို့ သုံးသပ်ပြီးတော့ VOA တို့၊ BBC တို့၊ RFA တို့၊ DVB တို့ကို အဲဒီလို ရှုမြင်တာပေါ့ဗျာ။ ကျနော်တို့ကလည်း ပြည်တွင်းမှာ မီဒီယာ လုပ်နေတဲ့ သတင်းသမားတွေ ဆိုတော့ သတင်းသမား အချင်းချင်း အနေနဲ့က မျက်နှာ ပူတာပေါ့။ အခု ပြည်တွင်း မီဒီယာတွေနဲ့ ပတ်သက်ပြီးတော့ သမ္မတကြီး ဦးသိန်းစိန်ကလည်း ပြောပါတယ်၊ စတုတ္ထ မဏ္ဍိုင်ပေါ့ဗျာ၊ စတုတ္ထမဏ္ဍိုင် အနေနဲ့ ကျနော်တို့ကို အသိအမှတ် ပြုတာလည်း ၀မ်းသာတယ်။

“အခု ပြည်ပမီဒီယာတွေကို အရင်ကဆိုရင်တော့ ရန်သူလို သဘောထားတာပေါ့။ အခုအချိန်မှာ ကျတော့ ပြည်ပ မီဒီယာ၊ မြန်မာလို အသံလွှင့်တဲ့ မီဒီယာတွေကို အဲဒီလို သုံးသပ်တာမျိုး မဟုတ်တော့တဲ့ အတွက် ဒါ ကောင်းတဲ့ လက္ခဏာပဲလို့ မြင်ပါတယ်။ ပြန်ပြီးတော့ ရင်ကြားစေ့တဲ့ သဘောတခုပါပဲ။”

ဒီလို စာတမ်းတွေ ဖြုတ်လိုက်တာကို မြန်မာနိုင်ငံ စာပေနဲ့ စာနယ်ဇင်းအဖွဲ့ အတွင်းရေးမှူး ဦးကိုကို (စက်မှု) ကလည်း ကြိုဆို လိုက်ပါတယ်။ ဒါဟာ အစိုးရသစ်ရဲ့ အပြောင်းအလဲ၊ အထူးသဖြင့် ပြန်ကြားရေး မျက်နှာစာရဲ့ အပြောင်းအလဲ တခု ဖြစ်တယ်လို့ သူ့အမြင်ကို ပြောပါတယ်။

“ကျနော်ကတော့ အခု အစိုးရက ကြေညာနေတဲ့ အမျိုးသား ပြန်လည်စည်းလုံး ညီညွတ်ရေး ဆိုတာပေါ့ဗျာ။ အမျိုးသား ပြန်လည်စည်းလုံး ညီညွတ်ရေး ဆိုရာမှာလည်း ကျနော်တို့ ဘာပဲပြောပြော မီဒီယာတွေ အချင်းချင်းပေါ့ဗျာ၊ ဘယ်လိုပဲဖြစ်ဖြစ် သဘောထား အယူအဆ မတူညီကြတဲ့သူတွေ စည်းလုံးမှုမှာ မီဒီယာတွေလည်း ပါဝင်စေချင်ပါတယ်။ အဲတော့ အခု ဒီလိုမျိုး နိုင်ငံပိုင် သတင်းစာတွေ ထဲမှာ ပုံမှန်ပါနေကြ ကဏ္ဍတွေကို ဖြုတ်လိုက်တဲ့ အတွက်ကြောင့် ကျနော်ကတော့ မီဒီယာသမားတဦး အနေနဲ့ကတော့ ၀မ်းသာပါတယ်၊ ကြိုလည်း ကြိုဆိုပါတယ်။

“ဘာပဲပြောပြော အနည်းဆုံးတော့ အစိုးရအဖွဲ့ အပြောင်းအလဲတခု ရှိတယ်ဆိုတဲ့ နေရာမှာ ပြန်ကြားရေးရဲ့ မျက်နှာစာ တခုကလည်း ပြောင်းလဲပါတယ် ဆိုတာကိုတော့ ကျနော်တို့ ပြသဖို့ လိုပါတယ်။ အဲဒီအတွက်ကိုတော့ ဒါဟာ ပြသမှုရဲ့ အစိတ်အပိုင်း တခု အနေနဲ့ ထင်ရ လိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။ ဒီလိုမျိုး ဖျောက်လိုက်ခြင်း အားဖြင့်လည်း နားလည်မှုတွေ လွဲနေတာတွေ ရှိကောင်း ရှိနိုင်ပါတယ်၊ ကောင်းတဲ့ဘက်ကို ပိုပြီး ဦးတည်လာလိမ့်မယ့် အနေအထားလို့ပဲ ကျနော် မြင်ပါတယ်။”

စာရေးဆရာ ဒါရိုက်တာ ချိုတူးဇော်ကတော့ အစိုးရတရပ်ရဲ့ ပြန်ကြားရေးကို ကိုယ်စားပြုတဲ့ သတင်းစာတွေကနေ အခုလို အရေးအသား မျိုးတွေဟာ အရင်ကတည်းက မဖြစ်သင့်တာမို့ ဒါတွေကို ပြန်ဖြုတ်လိုက်တဲ့ အပေါ် အကောင်းဘက်က ကြိုဆိုပါတယ်။

“ကောင်းတဲ့အလားအလာလို့ပဲ မြင်ပါတယ်ဗျာ။ ကျနော့်အမြင်ကတော့ ဒီကိစ္စကြီးက လုပ်စရာ၊ ရေးစရာ မလိုဘူး။ မီဒီယာပေါ့၊ နိုင်ငံကို ကိုယ်စားပြုတဲ့ ပြန်ကြားရေး ၀န်ကြီးဌာန တရပ်အနေနဲ့ ဒီလို လေယူလေသိမ်း၊ ဒီလို အသုံးအနှုန်းတွေနဲ့ ပြောသင့် ပြောထိုက်တာ မဟုတ်ဘူးဗျ။ အဲတော့ အခုလိုမျိုး မပြောတော့ဘူး၊ ဒါမျိုးတွေ မထည့်တော့ဘူး ဆိုတာ အရမ်းကို ကောင်းတဲ့ အလားအလာလို့ မြင်ပါတယ်။”

မြန်မာအစိုးရ သတင်းစာတွေမှာတော့ အရင် စစ်အစိုးရ လက်ထက်တုန်းက မပြတ် ဖော်ပြခဲ့တဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက် တွေကိုလည်း နောက်ပိုင်းမှာ မတွေ့ရ တော့ပါဘူး။ ပြည်သူ့ဆန္ဒ သဘောထား ဆိုတဲ့ ဆောင်ပုဒ် ဆိုရင်လည်း အတွင်းပိုင်း စာမျက်နှာမှာ ပြောင်းထည့် လာပါတယ်။ တို့တာဝန် အရေးသုံးပါးကိုပဲ မူလ မျက်နှာဖုံးမှာ ထားရှိပါတယ်။

အခုလိုမျိုး ပြည်ပ သတင်းဌာနတွေကို ဝေဖန် ပုတ်ခတ် ရေးသားတဲ့ ဆောင်ပုဒ်တွေကို ၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာ့ လှုပ်ရှားမှု ပြီးကတည်းက စပြီး မြန်မာ အစိုးရ သတင်းစာတွေမှာ နေ့စဉ်လိုလို ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

Ref: VOA News

Read More...

သမ္မတက နေပြည်တော်တွင် လုပ်ငန်းရှင်များနှင့် တွေ့ဆုံမည်

မျိုးသန့်
အင်္ဂါနေ့၊ သြဂုတ်လ ၁၆ ရက် ၂၀၁၁

ချင်းမိုင်(မဇ္ဈိမ) ။ ။ စီးပွားရေး လုပ်ငန်းရှင်ကြီးများနှင့် စီးပွားရေး အသင်းအဖွဲ့များကို သမ္မတက စီးပွားရေးနှင့် ပတ်သက်သည့် လမ်းညွှန်ချက်များ ပေးရန် ဗုဒ္ဓဟူးနေ့တွင် နေပြည်တော်သို့ လာရောက်ကြဖို့ မြန်မာနိုင်ငံ စက်မှုလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီမှ ဖိတ်ကြား ထားသည်။

စီးပွားရေး လုပ်ငန်းရှင်များကို သမ္မတမှ သီးသန့် ခေါ်ယူတွေ့ဆုံရခြင်းနှင့် ပတ်သက်၍ ဆွေးနွေးပွဲ သဘောမျိုး မဟုတ်ဘဲ သမ္မတမှ စီးပွားရေးနှင့် ပတ်သက်သည့် လမ်းညွှန်ချက်များ ချမှတ်ပေးနိုင်သည်ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဘုတ်အဖွဲ့ ဥက္ကဋ္ဌ ဦးခင်ရွှေမှ မဇ္ဈိမကို ပြောသည်။

“ အဓိကကတော့ နိုင်ငံရဲ့ စီးပွားရေးကို သမ္မတကနေပြီးတော့ လမ်းညွှန်မှာပေါ့ ဘာပြောမယ် ညာပြောမယ် ဘာလုပ်မယ် ညာလုပ်မယ်ပေါ့ အရေးကြီးလို့လည်း ခေါ်ပြောတာ ဖြစ်ပါ လိမ့်မယ် ဆိုတော့ သူလုပ်ချင်တဲ့ လမ်းစဉ်ကို သူရှင်းပြဖို့ ဖြစ်ပါလိမ့်မယ် ” ဟု သူက ဆိုသည်။

မြန်မာနိုင်ငံ ကုန်သည်ကြီးများ အသင်း၊ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်း၊ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းရှင်များ အသင်း စသည်ဖြင့် စီးပွားရေး အသင်းပေါင်း ၅၀ ကျော်ကို ဖိတ်ကြားထားပြီး တသင်းချင်းစီကို အတွင်းရေးမှူးနှင့် ဥက္ကဋ္ဌ အပါအဝင် ၁ဝ ဦးစီ တက်ရောက်ရန် ဖိတ်ကြားထားသည်။

ယခုနှစ် မေလ ၂ဝ ရက်နေ့မှ ၂၂ ရက်နေ့အထိ ဆင်းရဲမွဲတေမှု ပပျောက်ရေး အလုပ်ရုံ ဆွေးနွေးပွဲကိုလည်း သမ္မတမှ ဦးဆောင်ကာ နေပြည်တော်တွင် ကျင်းပ ခဲ့သေးသည်။ အလုပ်ရုံ ဆွေးနွေးတွင် အသေးစား ချေးငွေ ထုတ်ပေးရေး၊ လယ်ယာနှင့် သားငါးကဏ္ဍ တိုးတက်ရေး၊ သမဝါယမ လုပ်ငန်းများ တိုးတက်ရေး စသည့် လုပ်ငန်းများ အတွက် ဆွေးနွေးခဲ့ကြသည်။

မတ်လ ၃၁ ရက်နေ့တွင် ရပ်နားခဲ့သည့် ပုံမှန် လွှတ်တော် အစည်းအဝေးများကိုလည်း ယခုလ ၂၂ ရက်နေ့တွင် ပြန်လည် ခေါ်ယူရန်ရှိပြီး လွှတ်တော် မတိုင်ခင် စီးပွားရေး ကော်မရှင် သို့မဟုတ် စီးပွားရေး ကော်မတီ ကဲ့သို့သော အဖွဲ့မျိုး ဖွဲ့ရန် ရှိနိုင်ကြောင်းလည်း ဦးခင်ရွှေက သုံးသပ်သည်။

“ လွှတ်တော်ကလည်း လာခါနီးပြီးဆိုတော့ စီးပွားရေး ကော်မရှင်တို့ ကော်မတီတို့လည်း ဖွဲ့ရတော့မှာ တကယ့် အသက်ဝင်မယ့် လုပ်ငန်းမျိုးတွေ လုပ်ရတော့မှာ ဆိုတော့ စီးပွားရေး သမားတွေနဲ့ကော သူနဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်း တွေနဲ့ကော ခေါ်တွေ့တဲ့ သဘောပေါ့ ” ဟု သူက ဆိုသည်။

ထို့အပြင် ဦးသိန်းစိန်က တိုင်းပြည်သို့ မိန့်ခွန်း ပြောကြားမည် ဖြစ်သည်ဟု ဘောဂဗေဒ ပညာရှင် ဦးခင်မောင်ညိုက သူ၏ ဖေ့စ်ဘွတ်တွင် ရေးသား ထားသည်။

အခြားသော သတင်းရပ်ကွက်များကလည်း မူဝါဒရေးရာ မိန့်ခွန်း ပြောကြားမှုဖြစ်ပြီး လွှတ်တော် ဒုတိယ အကြိမ် ခေါ်ယူမှု မတိုင်မီ အစိုးရ၏ မူဝါဒဆိုင်ရာ ရှင်းလင်းမှု တခု ဖြစ်သည်ဟု ဆိုသည်။

အာဏာရ ကြံ့ဖွံ့ပါတီကလည်း လာမည့် လွှတ်တော်တွင် မေးခွန်းပေါင်း ၁၀၀ ကိုမေးမြန်းရန် ပြင်ဆင် ထားသည်ဟု သိရသည်။ ထို့အပြင် ကြံ့ဖွံ့ပါတီ၏ အထွေအထွေ အတွင်းရေးမှူး ဦးဌေးဦးမှာ စင်္ကာပူနိုင်ငံတွင် ဆေးစစ်မှု ခံယူနေရပြီး ဗုဒ္ဓဟူးနေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်မည်ဟု ပါတီတွင်း သတင်းရပ်ကွက်က ဆိုသည်။

ထူးခြားမှု တခုအနေဖြင့် မြန်မာအစိုးရ အဆက်ဆက်က ဝါဒဖြန့် လက်နက်တခုအဖြစ် အသုံးပြုခဲ့သည့် မြန်မာ့ အလင်း နှင့် ကြေးမုံ သတင်းစာတို့တွင် ဖေါ်ပြလေ့ရှိသည့် “ VOA, BBC ရန်တိုက် ပေးနေသည်။ RFA, DVB သွေးထိုးနေသည်။ ခလောက်ဆန် အကောက်ကြံ လေလှိုင်းသံ လူသတ်သမား နားမယောင်လေနဲ့ သတိထား ” ဟူသည့် ပြည်ပ အခြေစိုက် သတင်း ဌာနများကို တိုက်ခိုက် ရေးသားထားသည့် စာသားများ ယနေ့ထုတ် သတင်းစာများတွင် မတွေ့ရပါ။

Ref: မဇ္ဈိမ

Read More...

စစ်ထောက်ချုပ်နှင့် စစ်ရေးချုပ်တို့ကို ရာထူးချထား


Tuesday, 16 August 2011

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က စစ်ထောက်ချုပ် ဗိုလ်ချုပ်ဝေလွင်နှင့် စစ်ရေးချုပ် ဗိုလ်ချုပ် ခင်ဇော်ဦးတို့ နှစ်ဦးကို လာဘ်ပေး လာဘ်ယူမှု၊ အာဏာအလွဲသုံးစား မှုများနှင့် စုံစမ်း ဆေးလျက်ရှိပြီး လက်ရှိ ထမ်းဆောင်နေသော ရာထူး တာဝန်များကို ခေတ္တ ဆိုင်းငံ့ထားကြောင်း သတင်း ရရှိသည်။

ပြည်ထောင်စုမြန်မာနိုင်ငံ စီးပွားရေးဦးပိုင် လီမိတက်ဥက္ကဋ္ဌအဖြစ် တာဝန် ထမ်းဆောင်နေသော စစ်ရေးချုပ် ဗိုလ်ချုပ် ခင်ဇော်ဦး၏ ရာထူး တာဝန်များကို ဆိုင်းငံ့ ထားလိုက်ပြီး ဦးပိုင် လီမိတက်၏ ဥက္ကဋ္ဌအသစ် အဖြစ် လေကြောင်းရန် ကာကွယ်ရေးမှ ဗိုလ်ချုပ် စိန်ဝင်းကို ခန့်အပ်လိုက်ကြောင်း စစ်ဘက် သတင်းရပ်ကွက်မှ စုံစမ်း သိရှိရသည်။

“လေကြောင်းရန်ကာကွယ်ရေးက ဗိုလ်ချုပ် စိန်ဝင်းက ရိုးဂုဏ်ကြောင့် နာမည်ကြီးတယ်။ သူက လာဘ်ပေး လာဘ်ယူ အတော် ကင်းတဲ့ ပုဂ္ဂိုလ်လို့ တပ်မှာ လူသိများတယ်” ဟု စစ်ဘက် သတင်းရပ်ကွက်နှင့် နီးစပ်သူ တဦးက ဆိုသည်။

စစ်ထောက်ချုပ် ဗိုလ်ချုပ် ဝေလွင်သည်လည်း စုံစမ်းစစ်ဆေး ခံနေရချိန် ရာထူး အချခံ ထားရပြီး လက်ရှိ အနေအထား အရ ဗိုလ်ချုပ် ဝေလွင်နှင့် ဗိုလ်ချုပ် ခင်ဇော်ဦးတို့သည် မကြာမီ အနားပေးခံရရန် သေချာနေကြောင်း စစ်ဘက် သတင်းရပ်ကွက်က ဆိုသည်။

“ခေတ္တ ရာထူးချခံထားရတယ်ဆိုတာက ပြုတ်ဖို့ ၈၀ ရာခိုင်နှုန်း သေချာပြီလို့ ပြောလို့ရတယ်။ စစ်တပ် ထဲမှာတော့ အကွဲအပြဲတွေ ရှိလာပြီ။ အဓိက က လာဘ်ပေးလာဘ်ယူ လုပ်တယ် ဆိုပြီး ဗိုလ်ချုပ် တယောက်ပြီး တယောက် အဖြုတ် ခံနေရတယ်။ အရင်လူတွေ လာဘ်စားတာက တော်တော် ကြီးကြီးကျယ်ကျယ် လုပ်ကြတာ။ အခု အဖြုတ် ခံနေရတဲ့သူတွေက သာမန် လာဘ်စားမှုလောက်လို့ ပြောလို့ရတယ်။ မြေကွက်ရောင်း၊ ကားသွင်း ဒီလောက်ပါပဲ။ ဒါကို လာဘ်စားတယ် ဆိုပြီး ဗိုလ်ချုပ်တွေကို အနားပေးနေတာက ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်မှာ ရည်ရွယ်ချက် တခုခုရှိပုံရတယ်” ဟု စစ်ဘက်ရေးရာ လေ့လာသူတဦးက သုံးသပ်သည်။

ယခုနှစ် ဇူလိုင်လအတွင်းက ခေါ်ယူ စစ်ဆေးခံရသည့် ဗိုလ်ချုပ် ၅ ဦးအနက် တပ်မတော် စစ်ရေး အရာရှိချုပ် ဗိုလ်ချုပ် ကျော်ဖြိုးသည် ယခုလ အစောပိုင်းတွင် အနားပေး ခံရပြီး ယခု ဗိုလ်ချုပ် ခင်ဇော်ဦး ရာထူး ဆိုင်းငံ့ခံခဲ့ရသည်။ ခေါ်ယူ စစ်ဆေးခံရသည့် ကျန် ဗိုလ်ချုပ် ၃ ဦးမှာ ကစထမှူး ဗိုလ်ချုပ် မြင့်စိုး၊ တြိဂံဒေသ တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထွန်းဦးနှင့် ကမ်းရိုးတန်း တိုင်းမှူး ဗိုလ်မှူးချုပ် ခင်မောင်ဌေး တို့ဖြစ်သည်။

ဗိုလ်ချုပ် ခင်ဇော်ဦးသည် ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ဗိုလ်ချုပ် ဝေလွင်သည် နေပြည်တော်တိုင်း စစ်ဌာချုပ် တိုင်းမှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ကာ ၎င်းတို့ တိုင်းမှူးဘ၀က ကျူးလွန်ခဲ့သော လာဘ်ပေး လာဘ်ယူမှုနှင့် အာဏာ အလွဲသုံးစားမှု များကြောင့် စုံစမ်း စစ်ဆေးခံရသည်ဟု သိရှိရသည်။

စစ်တပ်အသိုင်းအ၀ိုင်းက ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် သူ၏အာဏာ တည်ဆောက်ရန် အတွက် လာဘ်ပေး လာဘ်ယူမှုကို အကြောင်းပြကာ ဗိုလ်ချုပ်များကို ဖြုတ်ပယ်နေသည်ဟု လေ့လာသူများက ပြောဆိုကြသည်။

“တပ်မှာ ရာထူးကြီးကြီးဖြစ်ဖို့ တဘ၀လုံး ရင်းရတာလေ။ တသက်လုံး တပ်ထဲမှာပဲနေပြီး ပေးအပ်တဲ့ တာဝန်ကို ထမ်းဆောင်ပြီးမှ ဗိုလ်ချုပ် ရာထူးရကြတာ။ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်လည်း လာဘ်ပေးလာဘ်ယူ မကင်းပါဘူး။ သူ့ရဲ့အာဏာ တည်ဆောက်ရေး ရည်ရွယ်ချက်က တပ်ကွဲ သွားစေလိမ့်မယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေလို အာဏာရှင်ပုံစံမျိုးကို ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ရောက်လာ လိမ့်မယ်” ဟု စစ်ဘက်ရေးရာ လေ့လာသူက ပြောသည်။

၂၀၁၁ ခုနှစ်အတွင်း ဒုတိယ ဗိုလ်ချုပ်ကြီး သူရမြင့်အောင်၊ ဗိုလ်မှူးချုပ် ထွန်းသန်း၊ ဗိုလ်ချုပ် တင်ငွေနှင့် ဗိုလ်ချုပ် ကျော်ဖြိုး တို့ကို ရာထူး တာဝန်များ ဆက်တိုက် အနားပေး ခံခဲ့ရသည်။

Ref: ဧရာဝတီ

Read More...

နယ်စပ်အရေး ကရင်နယ်ခြားစောင့်တပ်နှင့် ထိုင်းတို့ တွေ့ဆုံ

Tuesday, 16 August 2011

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်အတွင်း မူးယစ်ဆေးဝါးနှင့် တခြားရာဇ၀တ်မှုဆိုင်ရာ ပြဿနာများကို ပူးတွဲ ဖြေရှင်း နိုင်ရန် တာ့ခ်ခရိုင် အုပ်ချုပ်ရေး အဖွဲ့နှင့် မြ၀တီ ခရိုင် အခြေစိုက် ကရင် နယ်ခြားစောင့် တပ်မှ ခေါင်းဆောင်များ ယမန်နေ့က ထိုင်း-မြန်မာ နယ်စပ် တနေရာတွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲသို့ တာ့ခ်ခရိုင် မဲဆောက်မြို့ဝန် နိုင်ပရီချာကျိုင်ဖက်၊ မဲဆောက်မြို့ မြူနီစပယ် ဥက္ကဋ္ဌတို့ ဦးဆောင်သည့် အဖွဲ့နှင့် ကရင် နယ်ခြားစောင့် တပ်မှ အကြံပေး အရာရှိ ဗိုလ်မှူးကြီး စောချစ်သူ၊ တပ်ရင်း ၁၀၀၈ မှ တပ်ရင်းမှူး ဗိုလ်မှူး စောမောင်ဝင်း ဦးဆောင်သည့် အဖွဲ့တို့ တွေ့ဆုံခဲ့ကြပြီး နယ်စပ်တွင် ဖြစ်ပွားနေသည့် မူးယစ်ဆေးဝါး ပြဿနာများ၊ တခြားရာဇ၀တ် မှုများနှင့် တရားမ၀င် လူဝင်မှု ပြဿနာများကို ပူးတွဲဖြေရှင်းရေး သဘော တူညီခဲ့ကြသည်။

ဆွေးနွေးပွဲ တက်ရောက်လာသည့် ဗိုလ်မှူးကြီး စောချစ်သူက “ဒီနယ်စပ်ပြဿနာတွေကို ထိုင်းနဲ့ လက်တွဲပူးပေါင်း ဆောင်ရွက်သွားဖို့ ကျနော်တို့ ဘက်က အရံသင့်ပါပဲ” ဟု ဒေသခံ သတင်းထောက် များကို ပြောသည်။

သဘောတူညီချက်များအရ လုပ်ငန်းအကောင်အထည်ဖော်ရာတွင် နှစ်ဖက်ရရှိထားသည့် သတင်းအချက် အလက်များကို အပြန်အလှန် ဖလှယ်သွားမည့် အစီအစဉ် တရပ်လည်း ပါရှိကြောင်း သိရသည်။

ဆွေးနွေးမှုနှင့် ပတ်သက်၍ မဲဆောက်မြို့ဝန် နိုင်ပရီချာကျိုင်ဖက်က “နယ်စပ်မူးယစ်ဆေးဝါး ပြဿနာက ကြီးမား လာတယ်။ ဒီပြဿနာကို ကိုင်တွယ် ဖြေရှင်းနိုင်ဖို့ အတွက် တာ့ခ်ခရိုင်ဝန် နိုင်စာမတ်လွိုင်းဖာရဲ့ လမ်းညွှန်မှုနဲ့ ဒီကိစ္စကို အကောင်အထည်ဖော် ဆောင်ရွက်တာ ဖြစ်တယ်” ဟု ပြောသည်။

အဆိုပါဆွေးနွေးပွဲတွင် မဲဆောက်ဒေသအတွင်း အခြေစိုက် လှုပ်ရှားနေကြသည့် မြန်မာ အတိုက်အခံ အဖွဲ့ အစည်းများနှင့် ပတ်သက်၍ နှစ်ဖက် ကိုယ်စားလှယ်များက ထည့်သွင်းဆွေးခြင်း မရှိကြောင်း ဆွေးနွေးပွဲ တက်ရောက် ခဲ့သူတဦးက ပြောသည်။

တာ့ခ်ခရိုင်အခြေစိုက် ထိုင်း ၀ါရင့်သတင်းထောက်တဦးက “ဒီဆွေးနွေးပွဲက နှစ်ဖက်အစိုးရသစ်တွေ အကြားမှာ အကောင်အထည် ဖော်မှာဖြစ်တော့ ထိုင်းဘက်ခြမ်းမှာ လုပ်ရှားနေတဲ့ မြန်မာ အတိုက်အခံအဖွဲ့တွေ အရင်လိုတော့ မလွယ်တော့ဘူးလို့ ထင်တယ်။ ဆွေးနွေးတဲ့ အချက်တွေမှာ မပါပေမယ့် သူတို့ လုပ်ငန်းစဉ်အဆင့်တွေက ထပ်လာဖို့ ရှိသေးတယ်။ အခု သူတို့ ဆွေးနွေးတာက ပဏာမ အဆင့်ပဲ ရှိသေးတယ်” ဟု သုံးသပ် ပြောဆိုသည်။

ထိုင်းနိုင်ငံ တာ့ခရိုင်တွင် မြို့နယ် ၆ မြို့နယ် ရှိသည့်အနက် အုန်းဖန်၊ ဖုပ္ဖရ၊ မဲဆောက်၊ မယ်လမတ်နှင့် ထာ့ဆောင်ရမ်း ၅ မြို့နယ်မှာ ကရင်ပြည်နယ်မှ ကော့ကရိတ်၊ မြ၀တီ၊ လှိုင်းဘွဲ့ စသည့်မြို့နယ်များနှင့် နယ်နိမိတ်ခြင်း ထိစပ် လျက်ရှိသည်။

မဲဆောက်နှင့် ထိစပ်နေသည့် မြ၀တီခရိုင်သည် ထိုင်းနိုင်ငံအတွင်းပိုင်းသို့ မူးယစ်ဆေးဝါး ဝင်ရောက်လာသည့် လမ်းကြော တခုဖြစ်သကဲ့သို့ တရားမ၀င် နယ်စပ်ဖြတ်ကျော်မှုဖြင့် ထိုင်းနိုင်ငံအတွင်း ၀င်ရောက် လာသူများ၏ အဓိက လမ်းကြော တခုလည်းဖြစ်သည်ဟု တာ့ခ်ခရိုင် အာဏာပိုင်များက ပြောသည်။

Ref: ဧရာဝတီ

Read More...

Tuesday, August 16, 2011

ဦးကျော်ဆန်း ပြောဆိုချက်များ အစိုးရသတင်းစာ ထိန်ချန်


Monday, 15 August 2011

နေပြည်တော် သတင်းစာ ရှင်းလင်းပွဲတွင် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် ပတ်သက်သည့် ပြောကြားချက် အပါဝင် စာနယ်ဇင်း သမား တချို့၏ မေးမြန်းချက် များကို အစိုးရ သတင်းစာများ၌ ထိန်ချန် ဖော်ပြထားကြောင်း သိရှိရသည်။

“ဦးကျော်ဆန်းက တပ်မတော်က KIA နဲ့ တိုင်းရင်းသားတပ်ဖွဲ့တွေကို နှိမ်နင်းနိုင်တဲ့ အင်အားရှိတယ်။ မတိုက်ချင်လို့၊ ငြိမ်းချမ်းရေး လိုလားလို့ မတိုက်တာဆိုတဲ့သဘော ထည့်ပြောတယ်။ ဒါပေမယ့် သတင်းစာထဲမှာ ပါလာတာက SSA (၀မ်ဟိုင်း) နေရာကို တပ်မတော်က မတိုက်ဘူး။ မတိုက်တာက ၀မ်ဟိုင်းက SSA ရဲ့နေရာအဖြစ် သတ်မှတ် ပေးထားလို့ တပ်မတော်ကနေ မတိုက်ပါဘူးလို့ ပြောတာလေးပဲ” ဟု သတင်းစာရှင်းလင်းပွဲ တက်ရောက်ခဲ့သည် စာနယ်ဇင်း သမား တဦးက ပြောသည်။

သမ္မတ ဦးသိန်းစိန်အစိုးရ အာဏာစတင်ယူပြီး ၄ လကျော်အကြာတွင် နေပြည်တော်၌ သြဂုတ်လ ၁၂ ရက်နေ့က ပြည်ပ သတင်းဌာန ကိုယ်စားလှယ်များနှင့် ပြည်တွင်း စာနယ်ဇင်း သမားများကို ပထမဆုံး အကြိမ် သတင်းစာ ရှင်းလင်းပွဲ ကျင်းပခဲ့သည်။

ယင်းသတင်းစာရှင်းလင်းပွဲတွင် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းသည် သတင်းထောက်များ၏ မေးခွန်းကို ဖြေကြားရင်း ငိုကြွေး ခဲ့ကြောင်း၊ သတင်းထောက်တချို့ မေးမြန်းသော မေးခွန်းများနှင့် ဦးကျော်ဆန်း ဖြေဆိုသော အဖြေများကို အစိုးရ သတင်းစာများတွင် မဖော်ပြ ထားကြောင်း ပြည်တွင်း သတင်းထောက်များက ပြောသည်။

Venus သတင်းဂျာနယ်မှ အယ်ဒီတာ ကိုထက်နိုင်ဇော်က “တပ်မတော်နှင့် KIA အကြား ဖြစ်ပွားသော စစ်ပွဲများတွင် KIA မှာပဲ တာဝန် ရှိတယ်လို့ ဆိုလိုချင်တာပါလား” ဟု မေးမြန်းသော မေးခွန်းကို ၀န်ကြီး ဦးကျော်ဆန်း ပြန်လည် ဖြေကြားချက်အား သတင်းစာတွင် ဖော်ပြခြင်း မရှိကြောင်း သိရှိရသည်။

သတင်းစာရှင်းလင်းပွဲ တက်ရောက်ခဲ့သည် အယ်ဒီတာတဦးက “ကိုထက်နိုင်ဇော် မေးခွန်းကို ၀န်ကြီးက ကျနော် ၂ နာရီလောက် ရှင်းလာတာ နားမလည်လို့လား။ ထုတ်ပြန်ချက် စာရွက်လည်း ပေးထားတယ်။ ပြန်ဖတ်ကြည့်ပါ။ KIA မှာ အလုံးစုံ တာဝန်ရှိတယ်ဆိုပြီး ဦးကျော်ဆန်းက ပြန်ဖြေတယ်။ အဲဒီမေးခွန်း ကြားကတည်းက တော်တော် စိတ်မကောင်း ဒေါသ ထွက်တဲ့ လေသံမျိုးနဲ့ ၀န်ကြီးက ပြန်ဖြေတာ။ ဒါပေမယ့် အဲဒီမေးခွန်းကိုတော့ သတင်းစာမှာ မဖော်ပြဘူး” ဟု ပြောသည်။

သတင်းထောက်များက မြစ်ဆုံရေကာတာ စီမံကိန်းအကြောင်းကို မကြာခဏ မေးမြန်းခဲ့ပြီး ယင်းမေးခွန်းများကို ဖြေကြားရင်း နှင့်ပင် ဝန်ကြီး ဦးကျော်ဆန်းက ငိုကြွေးခြင်း ဖြစ်ကြောင်း သိရသည်။

ပွဲတက်ရောက်ခဲ့သည့် အယ်ဒီတာက ဆက်လက်၍ “မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်လို့ သတင်းထောက်တွေက ခဏခဏ မေးကြတယ်။ အဓိက ဆိုလိုတာက မြစ်ဆုံ စီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးနိုင်တယ် ဆိုတာကို သတင်းထောက်တွေက မေးခွန်းမေးရင်း ထောက်ပြကြတယ်။ နောက်ဆုံး ဇေယျာမြတ်ခိုင် (မော်နီတာ သတင်းဂျာနယ်) မေးတဲ့ မြစ်ဆုံစီမံကိန်း မေးခွန်းကို ဖြေရင်းနဲ့ပဲ ၀န်ကြီးလည်း ငိုတော့တာပဲ” ဟု ပြောသည်။

မြစ်ဆုံစီမံကိန်းနှင့် ဆက်စပ်ပြီး နိုင်ငံခြားပညာရှင်တချို့သည် မြန်မာအပေါ် အထင်သေး လွန်းလှပြီး မြန်မာ များသည် မလုပ်တတ်၊ မကိုင်တတ်နှင့် ရေရှည် မကြည့်တတ်သယောင် သုံးသပ်ကြကြောင်း၊ နိုင်ငံတော် အကြီးအကဲများ အနေဖြင့် နိုင်ငံနှင့်လူမျိုး နစ်နာမည့် ကိစ္စကို မလုပ်ပါကြောင်း၊ တပ်မတော် အစိုးရသည် ၁၉၈၈ ခုနှစ်ကတည်းက နိုင်ငံတွင် အနည်းငယ်မျှသာ ရှိတော့သည့် နိုင်ငံခြား ငွေကြေးဖြင့် ရပ်တည် လည်ပတ်ကာ ယနေ့အခြေအနေ ရောက်ရှိစေရန် လုပ်ဆောင်ပေးခဲ့ကြောင်း၊ မည်မျှပင် ကောင်းအောင် လုပ်ပေးသော်လည်း အကောင်း မမြင်မှုများ ရှိနေကြောင်း၊ အထူးသဖြင့် အမေရိကန် ကဲ့သို့သော အင်အားကြီး နိုင်ငံကြီးများက ၀ိုင်းဝန်း လက်ညှိုးထိုး ဝေဖန်ကြကြောင်း ပြောကြားရင်း ၀န်ကြီး ဦးကျော်ဆန်းသည် မျက်နှာနီမြန်းကာ မျက်ရည်ကျခဲ့သည်။

နောက်ဆုံးတွင် ဦးကျော်ဆန်း စကားတခွန်းမျှ မပြောနိုင်တော့ဘဲ ထိုင်ချ သွားခဲ့သည်။

“ဦးကျော်ဆန်း မျက်နှာကြီး နီမြန်းပြီး မျက်ရည်တွေကျလာတယ်။ ဘေးနားက အရာရှိတွေက ရေတိုက်တဲ့ သူက တိုက်။ ပြာယာ ခတ်ကုန်တယ်။ သတင်းစာ ရှင်းလင်းပွဲ တက်လာတဲ့ ဒုဝန်ကြီးတွေလည်း တယောက်မျက်နှာ တယောက်ကြည့်ပြီး အကုန် တိတ်ဆိတ်သွားတယ်။ အခမ်းအနားမှူးက သတင်းစာ ရှင်းလင်းပွဲ ပြီးဆုံးပြီလို့ ကြေညာဖို့ စပြောတဲ့ အချိန်ကျမှ ဦးကျော်ဆန်းက ရတယ်၊ မေးခွန်းကို မဖြေနိုင်လို့ မဟုတ်ဘူး။ ခံစားချက်ကြောင့် ဖြစ်သွားတာ ဆိုပြီး မေးခွန်းကို ပြန်ဖြေတယ်” ဟု သတင်းထောက် တဦးက ပြောသည်။

သတင်းစာရှင်းလင်းပွဲအပြီးတွင် ဦးကျော်ဆန်းက ၄င်းမျက်ရည်ကျ ငိုကြွေးခဲ့သည့် ကိစ္စကို မဖွရန်နှင့် ထိန်းထိန်း သိမ်းသိမ်း လုပ်ကြရန် ပြည်တွင်းပြည်ပ သတင်းထောက်များကို ရယ်မောပြီး လိုက်လံပြောဆို နှုတ်ဆက်ခဲ့သည်။

ပြည်တွင်း စာနယ်ဇင်းဆရာတဦးက “ဦးကျော်ဆန်းက မေးတဲ့မေးခွန်းတွေကိုလည်း ဝေ့လည် ကြောင်ပတ် ဖြေတယ်။ သတင်းစာ ရှင်းလင်းပွဲ အမေးအဖြေကဏ္ဍ မစခင်ကလည်း ဦးကျော်ဆန်းက သင့်တင့် လျှောက်ပတ်တဲ့ မေးခွန်းပဲ မေးကြပါ ဆိုပြီး သတင်းထောက်တွေကို မေတ္တာရပ်ခံတယ်” ဟု ပြောသည်။

ယခင် နအဖ စစ်အစိုးရလက်ထက်က ပြန်ကြားရေးဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သော ဦးကျော်ဆန်းသည် အစိုးရသစ် လက်ထက်တွင် ပြန်ကြားရေး ၀န်ကြီး ဌာနအပြင် ယဉ်ကျေးမှု ၀န်ကြီးဌာနကိုလည်း ကိုင်တွယ်ရသည်။

သတင်းစာရှင်းလင်းပွဲတွင် ဦးကျော်ဆန်းက မိမိအနေနှင့် ယခင်က ယဉ်ကျေးမှုဝန်ကြီးဌာနကို အလုပ်နည်းပါးသော ၀န်ကြီးဌာန အဖြစ် ရှုမြင်ခဲ့ပြီး နိုင်နင်းမည်ဟု ထင်မြင်ခဲ့ကြောင်း၊ လက်တွေ့တွင် ယဉ်ကျေးမှု ၀န်ကြီးဌာနသည် အလုပ်များလွန်းလှပြီး ဌာန ၂ ခု၏ အလုပ်များကြောင့် မအားမလပ် ဖြစ်နေကြောင်း သတင်းထောက်များကို ပြောသည်။

“၀န်ကြီးဌာန ၂ ခုကိုင်ထားပေမယ့် ၀န်ကြီးဌာနတခုရဲ့ ၀န်ကြီးတဦးရတဲ့ လစာဖြစ်တဲ့ ၆ သိန်းပဲ ကျနော်ရတယ်” ဟု ဦးကျော်ဆန်းက ပြောသည်။

သမ္မတ ဦးသိန်းစိန်သည် ၀န်ကြီး ဦးကျော်ဆန်းဦးဆောင်သော ၁၁ ဦးပါ အဖွဲ့ကို နိုင်ငံတော် ပြောရေး ဆိုခွင့်နှင့် သတင်း ထုတ်ပြန်ရေး အဖွဲ့အဖြစ် သြဂုတ်လ ၁၀ ရက်နေ့ ရက်စွဲဖြင့် အမိန့်ထုတ်ပြန် ခန့်အပ်ခဲ့သည်။

Ref: ဧရာဝတီ

Read More...

ပဲခူးခရီးစဉ်အတွက် ကျေးဇူးတင်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား


2011-08-15

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မနေ့က သူ့ရဲ့ ပဲခူးမြို့ ခရီးစဉ်နဲ့ ပတ်သက်ပြီး အာဏာပိုင် တွေနဲ့ အဖွဲ့အစည်း တွေကို ကျေးဇူးတင်ကြောင်း ဒီကနေ့ ပြောကြား လိုက်ပါတယ်။

ပဲခူးတိုင်း ခရီးစဉ် အတွင်း အဘက်ဘက်မှ ပံပိုး ကူညီခဲ့ကြတဲ့ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်း အသီးသီးနဲ့ လူမှု အဖွဲ့ အစည်းတွေ အပါအ၀င် ပြည်သူလူထု တစ်ရပ်လုံးကို အထူး ကျေးဇူးတင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၅ ရက် နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန် ပြောကြား လိုက်တာ ဖြစ်ပါတယ်။

၂၀၁၁ ခုနှစ် သြဂုတ်လ ၁၄ ရက်နေ့က ပဲခူးနဲ့ သနပ်ပင်မြို့တွေကို သွားရောက်ခဲ့တဲ့ ခရီးစဉ် အတွင်း ပဲခူးမြို့ သာသနာ့ မဏ္ဍိုင် ပါဠိတက္ကသိုလ် ဆရာတော်နဲ့ သံဃာတော်များ၊ အနောက်ရွှေနံ့သာ ကျောင်းတိုက် ဆရာတော်နဲ့ သံဃာတော်များကို တွေ့ဆုံ ဖူးမျှော်ပြီး သြ၀ါဒ ခံယူနိုင်ဖို့ အတွက် စီစဉ် ဆောင်ရွက်ပေးသူတွေ၊ လာရောက် အားပေးကြတဲ့ ပြည်သူလူထု၊ ဒီမိုကရေစီနဲ့ လူထု ကွန်ယက်တွေက အဖွဲ့ဝင်တွေ၊ အဖက်ဖက်က ကူညီဆောင်ရွက်ပေးခဲ့တဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေ၊ လူမှုရေး အဖွဲ့အစည်းတွေ၊ ပြည်တွင်း ပြည်ပ မီဒီယာ အဖွဲ့ဝင်တွေ၊ တာဝန်ကျေပွန်စွာ စီစဉ် ဆောင်ရွက်ပေးကြတဲ့ အဖွဲ့ချုပ် အဖွဲ့ဝင်တွေကို အထူး ကျေးဇူး တင်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က ကြေညာချက် ထုတ်ပြန်ခဲ့တယ်လို့ NLD ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က ဖတ်ပြခဲ့ပါတယ်။

မနေ့က ပဲခူးနဲ့ သနပ်ပင်မြို့ ခရီးစဉ် အတွင်း ဒေသခံ ပြည်သူ ထောင်နဲ့ချီပြီး ဒေါ်အောင်ဆန်းစုကြည်ကို လာရောက် ကြိုဆို ခဲ့သလို ဒေသခံ အာဏာပိုင်တွေ ကလည်း အရင်နဲ့ မတူဘဲ ထူးထူးခြားခြား ကူညီ ပံ့ပိုး ခဲ့ကြတယ်လို့ သိရပါတယ်။

Ref: RFA News

Read More...

အစိုးရတပ်နှင့် ရှမ်းတပ် တိုက်ပွဲဖြစ် နှစ်ဘက်လုံး အထိနာ


ကျော်ခ
တနင်္လာနေ့၊ သြဂုတ်လ ၁၅ ရက် ၂၀၁၁


ရှမ်းပြည်နယ်တောင်ပိုင်း ကျေးသီးမြို့နယ် အတွင်း တပ်စခန်းချနေသည့် ရှမ်းပြည် တပ်မတော်-မြောက်ပိုင်း SSA-N တပ်ရင်း ၂ ရင်းနှင့် အစိုးရ တပ်များအကြား ပြီးခဲ့သည့် သီတင်းပတ်ကုန်က တိုက်ပွဲ ပြင်းထန် ခဲ့ရာတွင် နှစ်ဖက် ထိခိုက် ကျဆုံးမှုများ ရှိသည်ဟု SSA-N ကပြောသည်။

တပ်အင်အား ၁၀၀ ခန့်ရှိသည့် SSA-N တပ်မဟာ ၂၇ လက်အောက်ခံ တပ်ရင်း ၅၇၆ နှင့် ၇၆၂ တို့သည် ကျေးသီးမြို့၏ အရှေ့ မြောက်ဘက် ၇ မိုင်ခန့်ကွာဝေးသည့် ဝမ့်ဖွီး ရွာအနီးတောထဲရှိ ရှမ်းတပ်စခန်း နေရာများကို တောနင်း ဝင်ရောက်လာသည့် အင်အား ၁၀၀ ကျော်ရှိ ကျောက်မဲ အခြေစိုက် စကခ ၁ လက်အောက်ခံ ခလရ ၅၀၃ နှင့် ရင်ဆိုင် တိုးမိပြီး တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

သြဂုတ်လ ၁၃ ရက်နေ့ စနေနေ့ နေ့လည် ၂ နာရီမှ ည ၈ နာရီထိ ဖြစ်ပွားခဲ့သည့် အဆိုပါ တိုက်ပွဲတွင် တပ်စခန်းများကို အကာ အကွယ် ယူကာ လက်နက်ကြီး လက်နက်ငယ် များဖြင့် ပစ်ခတ်ကြသည့် အတွက် အစိုးရတပ်မှ ၁ ဦးကျဆုံး၊ ၈ ဦး ဒဏ်ရာရ သလို ရှမ်းတပ် ဘက်ကလည်း လက်နက်ကြီး ထိမှန်မှုကြောင့် ၆ ဦး ဒဏ်ရာရရှိခဲ့ပြီး ယခုအခါ တပ်တွင်း၌ ဆေးကုသမှု ခံယူနေရကြောင်း SSA-N ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှုး စိုင်းလှ က ပြောသည်။

“သူတို့လည်း ဒဏ်ရာရတဲ့လူတွေ ပြန်သယ်သွားတယ်။ အင်အားချင်က တူနေတော့ နောက်ဆုံး သူတို့လည်း ပြန်ဆုတ် သွားတယ်။ ကျနော်တို့လည်း ပြန်ဆုတ်ခဲ့တယ်။ ဒဏ်ရာရတဲ့ ကျနော်တို့ လူတွေကိုတော့ စခန်းမှာ ဆေးမှူးတွေနဲ့ ဆေးကုနေတယ်” ဟု ဗိုလ်မှူး စိုင်းလှ က မဇ္ဈိမကိုပြောသည်။

ယင်းနောက် သြဂုတ်လ ၁၄ ရက် တနင်္ဂနွေနေ့ မနက် ၉ နာရီအချိန်တွင် ခလရ ၅၀၃ က စစ်ကား ၂ စီးဖြင့် ၈၁ မမ လက်နက်ကြီးများ တင်ဆောင် လာကာ SSA-N တပ်ဖွဲ့များ စခန်းချသွားရာ တောတွင်းသို့ လက်နက်ကြီး များဖြင့် ပစ်ခတ်ခဲ့ကြောင်း ရှမ်းတပ် ဘက်က ပြောသည်။ သို့သော်လည်း လာရောက် ပစ်ခတ်ချိန်တွင် ရှမ်းတပ်များက နေရာရွှေ့ပြောင်းပြီး ဖြစ်သည်ဟု ဆိုသည်။

ထိုတိုက်ခိုက်မှုများ မတိုင်မီ သြဂုတ်လ ၁၁ ရက်နေ့တွင်လည်း အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လှုပ်ရှား စစ်ဗျူဟာ ၁ လက်အောက်ခံ ဗိုလ်မှူး မျိုးစောမောင် ဦးစီးသည့် ခလရ ၃၅ တပ်ရင်းက မိုင်းရယ်မြို့နယ် ဝမ်စန့် ကျေးရွာတွင် ရှမ်း လက်နက်ကိုင် တပ်များနှင့် ဆက်နွယ်သူများ ရှိသည်ဟု ယူဆ၍ ရွာတွင်းသို့ လက်နက်ကြီးများနှင့် ပစ်ခတ်ခဲ့ကြောင်း ဗိုလ်မှူး စိုင်းလှကပြောသည်။

ယင်းပစ်ခတ်မှုကြောင့် မူလတန်းအရွယ် ကျောင်းသား ၃ ဦးနှင့် လူကြီး ၆ ဦး ထိခိုက်ဒဏ်ရာရရှိ ခဲ့သလို ကျေးရွာ အုပ်ချုပ်ရေးမှူး အိမ်နှင့် အတွင်းရေးမှူး အိမ်တို့မှာ လက်နက်ကြီး လက်နက်ငယ် များဖြင့် ဆက်တိုက် ပစ်ခတ်ခံရသဖြင့် မီးကျွမ်း လောင်ခဲ့ကြောင်း သူကဆက်ပြော သည်။ လောလောဆယ် SSA-N ထိန်းချုပ် နယ်မြေများ အတွင် အစိုးရတပ်များ စစ်လက်နက် ခဲယမ်းများနှင့် ရိက္ခာ ဖြည့်တင်းမှုများ ပြုလုပ်နေသဖြင့် တိုက်ပွဲများ အရှိန်မြင့် လာဖွယ်ရှိကြောင် ဗိုလ်မှူး စိုင်းလှ ကပြောသည်။

ယခုနှစ်အတွင်း ဖြစ်ပွားနေသည့် SSA-N နှင့် အစိုးရတပ်တို့အကြား တိုက်ပွဲများကြောင့် ရှမ်းပြည်နယ် မြောက်ပိုင်း မိုင်းရှုး၊ မိုင်းရယ်၊ ကျေးသီး၊ တန်ယန်း၊ သီပေါ၊ ကျောက်မဲ၊ လားရှိုး၊ နမ့်ဆန်နှင့် နမ့်ခမ်း မြို့နယ် ၉ ခုရှိ ကျေးရွာမှ ဒုက္ခသည် ၃၁၇၀၀ ခန့် တောတောင်များ အတွင်း ပုန်းအောင်း နေရသည်ဟု ထိုင်းနိုင်ငံ အခြေစိုက် ရှမ်းအမျိုးသမီး ရေးရာ ဆက်သွယ် လှုပ်ရှား ဆောင်ရွက်ရေး အသင်း - Shan Women's Action Network (SWAN) နှင့် ရှမ်းလူ့ အခွင့်အရေး မဏ္ဍိုင် Shan Human Rights Foundation (SHRF) တို့က ကြေငြာချက်တစောင် သြဂုတ်လ ၁၀ ရက်နေ့က ပူးတွဲ ထုတ်ပြန်ခဲ့သည်။

တိုက်ပွဲများကြောင့် တောတွင်းသို့ ထွက်ပြေးတိမ်းရှောင်နေကြသည့် ဒုက္ခသည်များ အနက် အချို့မှာ ဝမ်ဟိုင်းဌာနချုပ် အနီး တဝိုက်ရှိ ကျေးရွာများသို့ ပြန်လည် ဝင်နေကြောင်း SSA-N က ပြောဆိုသော်လည်း၊ တန့်ယန်း မြို့နယ်ဆေးရုံမှ ဆရာဝန် တဦးကမူ ဒေသခံတို့ အနေဖြင့် နယ်မြေတည်ငြိမ်မှု မရရှိသေးသ၍ အိမ်ပြန်ရောက်နိုင်မှု နည်းပါး နေနိုင်သည်ဟု မဇ္ဈိမကိုပြောသည်။

ရှမ်းပြည်နယ်တွင်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေချိန် ကချင်ပြည်နယ်တွင်လည်း ကချင် လွတ်လပ်ရေးတပ်- KIA နှင့် အစိုးရ တပ်တို့အကြား သြဂုတ်လ ၁၄ ရက်နေ့က တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု သိရသည်။ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခလရ-၃၇ နှင့် KIA တပ်မဟာ ၅ လက်အောက်ခံ တပ်ရင်း ၁၈ တို့ ဝိုင်းမော်မြို့နယ် နမ့်ဆန်ယန် ရွာအနီးတွင် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ကချင် လွတ်မြောက်ရေး အဖွဲ့ KIO ပြောရေးဆိုခွင့် ရှိသူ ဦးလနန် က ပြောသည်။

တနာရီကျော်ကြာ လက်နက်ကြီး လက်နက်ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်ခဲ့ကြသည့် တိုက်ပွဲကြောင့် အစိုးရ တပ်မှ တဦး ကျဆုံးကာ ပျောက်ကျား စနစ်ကို အားယူသုံးခဲ့သည့် KIA ဘက်ကမှ ကျဆုံး၊ ဒဏ်ရာမရှိဟု သူက ဆိုသည်။ သြဂုတ်လ ၁ ရက်နေ့နှင့် ၂ ရက်နေ့များတွင် KIO နှင့် အစိုးရ တာဝန်ရှိသူများ အပစ်ရပ်ရေး တွေ့ဆုံ ဆွေးနွေးခဲ့ကြသော်လည်း အပစ်ခတ် ရပ်စဲရန် သဘောတူညီမှု မရရှိသေးဟု သူကပြောသည်။ “ကျနော်တို့က အပစ်ရပ်ဖို့ သဘော တူညီမှု ရထားတာ မဟုတ်ဘူး။ ရန်စတာတော့ မဟုတ်ဘူး။ ရင်ဆိုင် တွေ့တဲ့ အခါတော့ ပစ်တာခတ်တာတော့ ရှိကြမှာပဲ.. ဒီအေခြေအနေမှာ..” ဟု ဦးလန် က မဇ္ဈိမကိုပြောသည်။

လောလောဆယ် အစိုးရဘက်မှ ပြောဆိုပုံအရ ငြိမ်းချမ်းရေး အလားအလာ နည်းပါးနေသည် ဟုလည်း သူက ဆက်ပြောသည်။

“အစိုးရက ပြောဆိုနေတဲ့ပုံစံ ထုတ်ပြန်ကြေငြာချက်တွေ၊ သတင်းစာရှင်းလင်းပွဲတွေ အရဆိုရင် တွေ့ဆုံ ဆွေးနွေးရေး ကတော့ မှေးမှိန် သွားပြီလို့ ထင်တယ်ခင်ဗျ။ တွေ့ဆုံ ဆွေးနွေးမှု မှေးမှိန် သွားရင်တော့ တိုက်ပွဲတွေ အရှိန်က မြင့်လာမှာပါ။ အစိုးရက စေတနာ မှန်နဲ့ နိုင်ငံရေး ဆွေးနွေးမှုကို လုပ်ဆောင် စေချင်တယ် ဆိုရင်တော့ စေ့စပ် ညှိနိုင်ရေးကတော့ အကောင်းဘက်ကို ဦးတည် သွားမှာပါ” ဟု ဦးလနန် က ဆက်ပြောသည်။

ကချင်ပြည်နယ်အတွင်း ဇွန်လ ၉ ရက်မှစ၍ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် စစ်ဘေး ခိုလှုံလိုကြသည့် ဒေသခံ ပြည်သူ ၁၅၀၀၀ ကျော်အတွက် KIO က လိုင်ဇာ၊ ဝိုင်းမော်နှင့် မိုးမောက်မြို့နယ် တို့တွင် ဒုက္ခသည် ကယ်ဆယ်ရေး စခန်းများ ဖွင့်ထားပေးသည်။

Ref: မဇ္ဈိမ

Read More...

Monday, August 15, 2011

သတင်း ထုတ်ပြန်ရေးအဖွဲ့ ဆိုပါကလား


ရဲဘော်ဖိုးသံချောင်း
တနင်္ဂနွေနေ့၊ သြဂုတ်လ ၁၄ ရက် ၂၀၁၁

တနေ့တုန်းကပဲ ကြံ့ဖွတ် စစ်အစိုးရဟာ “ပြောရေးဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေး အဖွဲ့” ဆိုတာကို ဖွဲ့စည်း လိုက်ကြောင်း ကြေညာ လိုက်ပါတယ်။ ကမ္ဘာမှာ တွေ့ရခဲလှတဲ့ “ပြောရေးဆိုခွင့်နှင့် သတင်း ထုတ်ပြန်ရေး အဖွဲ့” ဆိုတာကို ကြားရတော့ သဘာဝ ကျစွာပဲ လူတွေက ကြံ့ဖွတ် စစ်အစိုးရ ဘာတွေများ အကြံအဖန် လုပ်ပြန်ပြီလဲလို့ တွေးမိကြပါတယ်။ လက်ရှိ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်(ဦး)ကျော်ဆန်း ကိုပဲ တယောက်ထဲ လွှတ်မထားချင်လို့လား၊ သတင်းစာ ဆရာတွေနဲ့ တွေ့ဆိုရာမှာ သူတို့ဘက်က အင်အား ပြချင်လို့လား၊ လူများပွဲစည် ဆိုပြီး စတန့်ထွင်တာလား သို့လော၊ သို့လော တွေအများကြီး ဖြစ်လာ ပါတယ်။

ဒါပေမဲ့ ဒီလူ ၁၁ ဦးပါတဲ့ ဒီအဖွဲ့ ပေါ်ထွက်လာတဲ့ အတွက် တခုခု ထူးလာမယ်၊ ပိုပွင့်လင်းလာမယ် လို့တော့ ဘယ်သူကမှ မထင်ပါဘူး။ ကြံ့ဖွတ် စစ်အစိုးရ ဘာဉာဏ်နီ ဉာဏ်နက်တွေများ ထုတ်အုံးမလဲ လို့သာ သံသယ အထောင်အသောင်း နဲ့ စောင့်ကြည့် နေကြပါတယ်။ သတင်း ထုတ်ပြန်ရာမှာ လူတဦးထဲ ထုတ်ပြန်တယ် ဆိုတာထက် လူအများနဲ့ ထုတ်ပြန်တယ် ဆိုတာက ဘာများ ပိုထူးမှာလဲ။ ပါးစပ်ပေါက် ပိုများလာတာဟာ အသံ ကျယ်လာတာထက် မပိုနိုင်ပါဘူး။

ဒီဟာလေး ဖြည့်လိုက်ပါအုံး၊ ဟိုဟာလေး မချန်လိုက်ပါနဲ့ ဆိုပြီး ပိုကျယ်ပြန့်လာ ပွင့်လင်းလာမယ်လို့ မျှော်လင့်နိုင်ပါသလား။ တယောက်က ဟိုဟာဖြတ်လိုက်၊ နောက်တယောက်က ဒီဟာလည်းတောက်လိုက်နဲ့ ပိုလို့သာ တင်းကြပ်၊ ကျဉ်းမြောင်း သွားနိုင်တယ်လို့ ထင်ပါတယ်။ အရေးပါတဲ့ ဝန်ကြီးဌာန တွေက တာဝန် ရှိသူတွေနဲ့ ဖွဲ့စည်းထားတာမို့ သတင်း တည်းဖြတ် ရာမှာ အားဖြည့်တဲ့ သဘော ပိုဆောင်နေပါတယ်။ သတင်းပိုပေးချင်ရင် သက်ဆိုင်ရာ ဌာနက တိုက်ရိုက် ထုတ်ပြန် ပြောဆိုလို့ ရတယ် ထင်ပါတယ်။ ကော်မတီ၊ အစုအဖွဲ့တွေ ဖွဲ့နေဖို့မလိုပါဘူး။ အခုပိုဖြစ်နိုင်တာက သူတို့ချင်း တယောက်ကိုတယောက် မဲတင်းဖို့၊ သတင်း ပိုအမှောင်ချဖို့သာ ဖြစ်ပါတယ်။ ဝန်ကြီးဌာနတွေ တဌာနကို တဌာန အကြောခံရတယ်လို့ ထင်နေလို့ ဖန်တီး လာတာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

ဒီနေ့ဗမာပြည်ရဲ့သတင်းလောကမှာ အကြီးဆုံး ပြဿနာ တခုက သက်ဆိုင်ရာဌာနတွေက သတင်းမှန် တွေကို မထုတ်ပြန်ပဲ လံကြုတ် သတင်းတွေ ထုတ်ပြန်နေတဲ့ ကိစ္စပါ။ ဒီလိုဖြစ်နေတာဟာ သတင်း ထုတ်ပြန်တာကို အဖွဲ့အစည်းနဲ့ မထုတ်ပြန်လို့ မဟုတ်ပါဘူး။ တကယ် ပြောရရင် အခု ထုတ်ပြန် နေတာတွေဟာ ဗိုလ်(ဦး)ကျော်ဆန်း တဦးထဲက လိမ်ညာ နေတာလည်း မဟုတ်ပါဘူး။ တကယ်က စစ်အစိုးရ အဆက်ဆက်ဟာ သတင်းစာ ရှင်းလင်းပွဲ ဆိုတာတွေမှာ သူတို့ အယုံ ကြည် အစိတ်ချဆုံး လူတွေကိုပဲ သူတို့ကိုယ်စား ထွက်လိမ်ခိုင်းနေတာ ဖြစ်ပါတယ်။ တနည်းပြောရရင် ဒီပြောရေးဆိုခွင့် ရှိသူဆိုသူ(တွေ)ဟာ ခိုင်းတာ လုပ်ရသူတွေချည်း ဖြစ်ပါတယ်။ သူ့တဦးထဲရဲ့အမြင်ကို မပြောဝံ့ပါဘူး။ မီဒီယာ သမားတွေနဲ့ တွေ့ဆုံတိုင်း သူတို့ရဲ့ ခေါင်းထဲမှာ နံပတ်ဝမ်းကြီးရဲ့ ပုံရိပ်ကြီးက အမြဲ လွှမ်းမိုးနေတာ ဖြစ်ပါတယ်။

ဒါဖြင့်ဒါကဘာလုပ်တာလဲ။ ဗိုလ်(ဦး)သိန်းစိန်တက်လာတဲ့နောက် လုပ်နေတဲ့ သဏ္ဌာန်ဆံတဲ့ လုပ်ရပ်တွေ ထဲက တခု ဖြစ်တယ် ဆိုတာကတော့ ဘာမှ အငြင်းပွားစရာ မရှိပါဘူး။ ဒါ့အပြင် နောက်ရည်ရွယ်ချက် တခုက ဒီနေ့လို မီဒီယာတွေ များပြား၊ ဆက်သွယ်ရေး စနစ်တွေ မျိုးစုံ ထွန်းကားနေတဲ့ အချိန်မှာ သူတို့ ဌာနတွေထဲက လူတွေကို မဗျူး နိုင်အောင် ထိပ်ကနေ ပိတ်ဆို့ ထားတာလည်း ဖြစ်ပါတယ်။ မီဒီယာတွေ အနေနဲ့ မေးချင်တာရှိရင် ဒီအဖွဲ့ကိုပဲမေး၊ တခြားလူတွေကို မမေးနဲ့ ဆိုတာမျိုး၊ ဒါမှမဟုတ် ဒီအဖွဲ့မှ အပ တခြား အစိုးရ ဌာနနဲ့ ဝန်ထမ်းတွေ ပြောတာ မှန်သမျှ တရားမဝင်ဘူး ဆိုတာမျိုးဖြစ်အောင် လုပ်လာ ပါလိမ့်မယ်။ သူတို့ စိုးရိမ်တာက သူတို့အထဲက လူတွေက အမှန်တွေ ထုတ်ပြောမှာ၊ သတင်းတွေ သူတို့ ပါးစပ်ပေါက် ထဲက မဟုတ်ပဲ တခြား ပါးစပ်ပေါက် တွေက ထွက်မှာကိုပါပဲ။

ပြည်သူတွေကြားချင်၊ သိချင်နေတာဟာအမှန်တရားပါ။ မျက်နှာတွေ၊ ပါးစပ်ပေါက်တွေ မဟုတ်ပါဘူး။ ဗိုလ်(ဦး) သိန်းစိန်တို့ အနေနဲ့ သူတို့ကိုယ် သူတို့ နအဖ အစိုးရနဲ့ လမ်းခွဲခဲ့ပါတယ် ဆိုတဲ့ အဓိပ္ပာယ်မျိုး ပြသချင်ရင် ဗမာပြည်က စာနယ် ဇင်းတွေ၊ ဗီဒီယိုတွေကို ဖွင့်လိုက်တိုင်း တွေ့နေရတဲ့ အင်မတန် အကျည်းတန်တဲ့ “ဦးတည်ချက်လေးရပ်”၊ “ပြည်သူ့ ဆန္ဒသဘောထား”၊ “ဆူပူမှုဖြင့်ဒီမိုကရေစီမရနိုင်”၊ “VOA, RFA ရန်တိုက် ပေးနေသည်” စတဲ့ တဖက်သတ် ဝါဒဖြန့်၊ အနိုင်ကျင့်မှုတွေကို ဖယ်ရှား ပေးတာမျိုးကို အရင်ဆုံး လုပ်ပြသင့်ပါတယ်။ သူတို့ရဲ့ဒီကြွေးကြော်သံ တွေဟာ မီဒီယာလောက ကိုရော မီဒီယာများကို ဖတ်- ကြည့်-နားထောင် နေသူများကိုပါ ခြိမ်းခြောက်နေတာ ဖြစ်ပါတယ်။

ဗိုလ်နေဝင်းအစပြုလိုက်တဲ့ လူဗိုလ်ပုံအလယ်မှာမျက်ရည်ကျပြတဲ့ စတိုင်အချိုးကို အခု ဗိုလ်(ဦး)ကျော်ဆန်း က သတင်းစာ ရှင်းလင်းပွဲမှာ လုပ်ပြ လာတာ တွေ့ရပါတယ်။ ဒါပေမဲ့ ဗိုလ်(ဦး)ကျော်ဆန်း အကြောင်းကို နောကျေနေတဲ့ ဗမာပြည် သတင်း လောကနဲ့ နိုင်ငံရေး လောက က လူတွေကတော့ ဒါဟာ မိကျောင်း မျက်ရည်ထက် မပိုနိုင်ဘူး လို့ပဲ ဆိုကြပါတယ်။ ဘယ်သူမှ ဒီမျက်ရည်တွေကြောင့် ဗိုလ်(ဦး)သိန်းစိန် အစိုးရနဲ့ ဗိုလ်(ဦး)ကျော်ဆန်းလို သတင်း ထုတ်ပြန်သူတွေကို “အော်- သူတို့ခမျာ မျက်ရည်တောင် ကျရှာတယ်”လို့ စာနာ ထောက်ခံစိတ် မပေါ်မိပါဘူး။ ဒီလို မျက်ရည်ကျတဲ့ သတင်းစာ ရှင်းလင်းပွဲမျိုးမှာ ဘာပြော သွားတယ် ဆိုတာကို ပိုသတိထား မိပါတယ်။ ဒီအကြိမ်မှာ ထင်ရှားတဲ့အချက်တခုကတော့ “အင်န်အယ်လ်ဒီကို နိုင်ငံရေး ပါတီ အဖြစ် မှတ်ပုံတင်”ခိုင်းပြန်တာပါပဲ။ အသွင် ပြောင်းပေမယ့် အနှစ်သာရ မပြောင်းကြောင်း ပြောချင်တာပါ။

မီဒီယာတွေနဲ့ သတင်းစာရှင်းလင်းပွဲတွေအကြောင်းပြောတယ်ဆိုတော့ တပါထဲမှာ ဗမာပြည် သတင်း လောကမှာ အင်မတန် အရုပ်ဆိုးတဲ့ ဖြစ်ရပ်တခု ဒီနှစ်ပိုင်းထဲမှာ ဖြစ်ခဲ့ဖူးတာကို သတိရ မိပါတယ်။ အဲဒါက သတင်း ထုတ်ပြန်တဲ့ တာဝန်ခံ ပုဂ္ဂိုလ်ကြီးက မေးမြန်းတဲ့ မီဒီယာသမားကို ငေါက်ငမ်း ခြိမ်းခြောက်တာ ဖြစ်ပါတယ်။ ဒါဟာ သူတို့ အာဏာရှင် တွေရဲ့ အကျင့်ပဲလို့ စဉ်းစား နားလည် ယူလို့ရပေမယ့် သတင်း ထုတ်ပြန်ပွဲမှာ လူတဦးထဲက ထုတ်ပြန်နေတဲ့ အခါ တဦးထဲက ငေါက်ပြီး အဖွဲ့နဲ့ ထုတ်ပြန်နေရင် အဖွဲ့လိုက် ငေါက်မှာ-ဟောက်မှာလား ဆိုတာ စဉ်းစားစရာ ဖြစ်နေပါတယ်။ ဒါနဲ့ တဆက်ထဲပဲ နောင်သတင်းစာ ရှင်းလင်းပွဲတွေမှာ ဒီသတင်း ထုတ်ပြန်ရေး အဖွဲ့ဝင် ၁၁ယောက်စလုံး ထွက်ငို ပြနေရင် ဆိုတာကိုလည်း တွေးနေ မိပါတယ်။

နှစ်ခါအလှည့်စားခံရရင် ကိုယ့်အပြစ်ပေါ့လေ။

Ref: မဇ္ဈိမ

Read More...

စာရေးဆရာ နန္ဒာသိန်းဇံ ကွယ်လွန်




တနင်္ဂနွေ, 14 သြဂုတ် 2011

မြန်မာပြည်က နာမည်ကျော် စာရေးဆရာ နန္ဒာသိန်းဇံဟာ ဒီကနေ့ ညနေပိုင်းမှာပဲ ရန်ကုန် ဆေးရုံကြီးမှာ ကွယ်လွန် သွားပါတယ်။ နန္ဒာသိန်းဇံဟာ အတွေးအခေါ် ရေးရာနဲ့ ပတ်သက်တဲ့ စာအုပ်စာပေ အများအပြား ရေးသား ထုတ်ဝေခဲ့သူဖြစ်ပြီး ရန်ကုန် တက္ကသိုလ် ဒဿနိကဗေဒ ဌာနမှာလည်း ပါမောက္ခအဖြစ် တာဝန် ထမ်းဆောင်ခဲ့တဲ့ သူပါ။ သူ့ရဲ့ အတွေးအခေါ် ဆိုင်ရာ စာအုပ်စာတမ်း တွေဟာ စာဖတ်ပရိသတ်ကို အများကြီး လွှမ်းမိုးခဲ့ပါတယ်။

နာမည်ကျော် စာရေးဆရာ တယောက်ပဲဖြစ်တဲ့ စာရေးဆရာ ဖေမြင့်က အတွေးအခေါ် စာရေးဆရာ နည်းပါးလှတဲ့ မြန်မာ စာပေလောကမှာ ဆရာ နန္ဒာသိန်းဇံ ကွယ်လွန်သွားတာဟာ အတွေးအခေါ် စာပေပိုင်းမှာ ကြီးမားတဲ့ ဆုံးရှုံး လစ်ဟာမှုကြီးပဲ ဖြစ်တယ်လို့ ပြောပါတယ်။

“ဆရာ နန္ဒာသိန်းဇံက စောစောပိုင်းတုန်းက တော်တော်များများ ရေးခဲ့တယ်ဗျ။ သူ့စာတွေက တော်တော်ကြီး လွှမ်းမိုးပါတယ်။ နောက်ပိုင်း ဆရာ နန္ဒာသိန်းဇံက ကျန်းမာရေး မကောင်းလို့လား မသိဘူး၊ သိပ်ပြီး မရေးဖြစ်တာ တော်တော် ကြာပါပြီ။ ကျနော်တို့ ကတော့ ဆရာ့စာအုပ်တွေ မှတ်မိတယ်၊ ဆရာနဲ့အတူ ဟောပြောပွဲတွေ ဘာတွေ ဟောပြောဖူးတယ်၊ ပြောတဲ့အခါမှာ ဆရာ နန္ဒာသိန်းဇံက ဘာထူးခြားလဲ ဆိုတော့ အတွေးအခေါ် အကြောင်းအရာကို တော်တော် စိတ်ဝင်စားအောင် သူက ပြောနိုင်တယ်ဗျ။ အဲဒါကတော့ သူ့ရဲ့ ထူးခြားချက်ပဲ။ ဒဿန အကြောင်းအရာ တရပ်ကို သာမန်ပရိသတ်တွေ စိတ်ဝင်စားအောင် ပြောနိုင်တယ်။”

ဆရာ နန္ဒာသိန်းဇံ ရေးသားခဲ့တဲ့ စာအုပ်တွေထဲမှာ ခရောင်းလမ်းကို ဖြတ်ကျော်ခြင်း၊ မိတ်ကောင်းဆွေကောင်းနှင့် ခရီးသွားခြင်း၊ ဘ၀အဓိပ္ပာယ်နှင့် ဘ၀သစ္စာ စတဲ့ စာအုပ်တွေက အောင်မြင် ထင်ရှားလှပြီး သူ့ရဲ့ ဒဿနိက ဗေဒဆိုင်ရာ ဟောပြော ပို့ချချက်တွေကိုလည်း လူကြိုက် များကြပါတယ်။ လူမှုရေး၊ ဘာသာရေးနဲ့ အတွေးအခေါ် ဆိုင်ရာ ဆောင်းပါးတွေလည်း အများအပြား ရေးသားခဲ့တဲ့ ပုဂ္ဂိုလ် ဖြစ်ပါတယ်။

ဆရာဟာ ၁၉၉၈ ခုနှစ် ဒီဇင်ဘာလက စပြီးတော့လည်း သာသနာတော် ထွန်းကားပြန့်ပွားရေး ဌာနမှာ ဧည့်ပါမောက္ခ အဖြစ် တာဝန် ယူခဲ့ပါတယ်။ ၂၀၀၄ ခုနှစ်မှာတော့ နိုင်ငံတော် အစိုးရက ချီးမြှင့်တဲ့ မဟာသဒ္ဓမ္မ ဇောတိကဓဇ ဘွဲ့ကို ရရှိခဲ့ပါတယ်။ ဆရာ နန္ဒာသိန်းဇံဟာ ကွယ်လွန်ချိန်မှာ အသက် ၆၄ နှစ်ရှိပြီ ဖြစ်ပါတယ်။

Ref: VOA News

Read More...

ပဋိပက္ခ အမြင်ရှောင်ပြီး ပူးပေါင်းဆောင်ရွက်ဖို့ ဒေါ်စုနှင့် အစိုးရ သဘောတူညီ


သဲသဲ
သောကြာနေ့၊ သြဂုတ်လ ၁၂ ရက် ၂၀၁၁

နယူးဒေလီ(မဇ္ဈိမ) ။ ။ ပဋိပက္ခ အသွင်ဆောင်သော အမြင် သဘောထားများကို ရှောင်ရှားကြပြီး အပြန်အလှန် ကူညီ ပူးပေါင်း ဆောင်ရွက် သွားရန် အပါအဝင် သဘောတူညီချက် ၄ ချက်ပါ ပူးတွဲ ကြေငြာချက်ကို အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရ ကိုယ်စားလှယ် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်တို့ သောကြာနေ့ တွေ့ဆုံမှု အပြီးတွင် ထုတ်ပြန်လိုက်သည်။

အစိုးရသစ်၏ ဒုတိယအကြိမ် ဖိတ်ကြားချက်ဖြင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည် တို့ ရန်ကုန်မြို့ စိမ်းလဲ့ကန်သာ အစိုးရ ဂေဟာ၌ နေ့လည် ၁ နာရီမှ စတင်ကာ မိနစ် ၅၀ ကြာ တွေ့ဆုံ ခဲ့ပြီးနောက် ပူးတွဲ ကြေငြာချက်ကို ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည်က သတင်းထောက်များကို ဖတ်ကြားပြခဲ့ခြင်း ဖြစ်သည်။

တိုင်းပြည်တည်ငြိမ်ရေးအတွက် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ ဒီမိုကရေစီ ထွန်းကားရေးနှင့် စီးပွားရေး၊ လူမှုရေး လုပ်ငန်းများ ဖွံ့ဖြိုးစေရန် အပြုသဘော ပူးပေါင်းရန်နှင့် တွေ့ဆုံမှုများ ဆက်လက်ပြုလုပ်သွားရန် ကြေငြာချက်၌ ပါဝင်သည်။

တွေ့ဆုံ ဆွေးနွေးမှု၌ တိုးတက်မှု ရှိ၊ မရှိ သတင်းထောက်များ၏ မေးမြန်းချက်ကို “ပူးပေါင်း ဆောင်ရွက်မယ် ဆိုလို့ရှိရင် တိုင်းရင်းသား ကိစ္စ တွေမှာလည်း တိုးတက်မှု ရှိရမှာပါပဲ။ ဘယ်ဘက်မှာ မဆို တိုးတက်မှု ရှိရမှာပဲလေ။ မီဒီယာ အပါအဝင်ပေါ့” ဟု ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့သည်ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ငြိမ်းချမ်းရေး ကမ်းလှမ်းချက် အိတ်ဖွင့်ပေးစာနှင့် ပတ်သက်၍ အစိုးရ ကိုယ်စားလှယ် ဦးအောင်ကြည်က “ပူးပေါင်းဆောင်ရွက်မှု” ခေါင်းစဉ်အောက်တွင် အဆိုပါ ကိစ္စရပ်လည်း ပါဝင်သည်ဟု သတင်းထောက်များကို ပြောဆိုခဲ့သည်။

“ပူးပေါင်း ဆောင်ရွက်တယ် ဆိုတာ ကျနော်တို့ နိုင်ငံအတွက် တကယ် လိုအပ်တဲ့ အဓိက ပြဿနာ တခုပါ။ ဒီကိစ္စ ပြေလည်သွားပြီ ဆိုတဲ့ အချိန်ကျရင် ကျန်တဲ့ ကိစ္စတွေ အားလုံးကိုလည်း အလွယ်တကူ ဖြေရှင်း သွားနိုင်မှာ ဖြစ်ပါတယ်” ဟု ဦးအောင်ကြည်က သတင်းထောက်များကို ပြောကြားခဲ့သည်။

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးအပြင် အလုပ်သမား ဝန်ကြီး ဖြစ်သော ဦးအောင်ကြည်နှင့် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ဇူလိုင်လ ၂၅ နေ့တွင်လည်း အလားတူ တွေ့ဆုံမှု ပြုလုပ်ခဲ့သေးသည်။

ထိုစဉ်က နှစ်ဖက်စလုံးက အပြုသဘောဆောင်သော ဆွေးနွေးပွဲ ဖြစ်သည်ဟု ထုတ်ဖော် ပြောဆို ခဲ့သော်လည်း ဆွေးနွေးမှု အသေးစိတ်ကိုမူ နှစ်ဖက် စလုံးက ထုတ်ပြန်ခဲ့ခြင်း မရှိပေ။

ထိုသို့ တွေ့ဆုံခဲ့ပြီးနောက် ၃ ရက် အကြာတွင် ဒေါ်အောင်ဆန်းစုကြည်က အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များထံ ငြိမ်းချမ်းရေး အိတ်ဖွင့် ပေးစာနှင့် သြဂုတ်လ ၁၁ ရက်နေ့တွင် ဧရာဝတီ မြစ်ဆုံ ရေကာတာ စီမံကိန်းများ အပေါ် စိုးရိမ်ကြောင်း ကြေငြာချက် ထုတ်ပြန်ခဲ့သည်။

ယခုတွေ့ဆုံမှုမှာ ဒေါ်အောင်ဆန်းစုကြည် ပဲခူး ခရီးစဉ် မတိုင်မီ ၂ ရက် အလိုတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး သူမ၏ နယ်ခရီးစဉ် လုံခြုံရေး အတွက် အစိုးရ အာဏာပိုင် အဖွဲ့များနှင့် ညှိနှိုင်းမှုများ ရှိကြောင်းလည်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ တွေ့ဆုံ ဆွေးနွေးမှုအပေါ် ကျောင်းသားများ အပါအဝင် သဘောထား တင်းမာ ပြတ်သားသော အတိုက်အခံ အင်အားစု များကလည်း ထောက်ခံကြောင်း ထုတ်ဖော် ပြောဆိုခဲ့ကြသည်။

ဦးအောင်ကြည်မှာ ယခင် စစ်အစိုးရ လက်ထက်တွင် ဆက်ဆံရေး ဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရပြီး ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်နှင့် ၂၀၀၇ ခုနှစ်မှ စတင်၍ တွေ့ဆုံ ဆွေးနွေးမှုပေါင်း ၉ ကြိမ် ဆွေးနွေးမှုပြုခဲ့ပြီး ဖြစ်သည်။
--------------------------------------------------------------------------------------------------------------------------------


ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည် ဆွေးနွေးပွဲ ထုတ်ပြန်ချက်


ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် အစိုးရ၏ ဖိတ်ကြားချက်အရ ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည်ကို ရန်ကုန်မြို့ရှိ စိမ်းလဲ့ကန်သာ အစိုးရဧည့်ဂေဟာတွင် ၂ဝ၁၁ခုနှစ် သြဂုတ်လ ၁၂ရက် ယနေ့ မွန်းလွဲ ၁ နာရီမှ ၁နာရီ ၅ဝ အထိ တွေ့ဆုံခဲ့ပါသည်။ ယနေ့ တွေ့ဆုံမှုတွင် နှစ်ဘက်စလုံးက အောက်ပါအတိုင်း သဘော တူညီခဲ့ကြပါသည်။

၁) ပြည်သူလူထု တရပ်လုံး၏ ပကတိလိုအပ်ချက် ဆန္ဒများကို ဖြည့်ဆည်းပေးသည့် အနေဖြင့် တိုင်းပြည် တည်ငြိမ်
အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး အတွက် နိုင်ငံတော် အစိုးရနှင့် နှစ်ဘက် လက်တွဲ ဆောင်ရွက်သွားမည်။

၂) မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ဆက်လက်တိုးတက် ထွန်းကား စေရေးအတွက်လည်ကောင်း၊ စီးပွားရေးနှင့် လူမှုရေး လုပ်ငန်းများ ပိုမို ဖွံ့ဖြိုး တိုးတက်လာစေရေး အတွက်လည်းကောင်း၊ အပြုသဘော ပူးပေါင်း ဆောင်ရွက်သွားမည်။

၃) ပဋိပက္ခအသွင်ဆောင်သော အမြင်သဘောထားများကို ရှောင်ရှားကြပြီး အပြန်အလှန် ကူညီသော ပူးပေါင်း ဆောင်ရွက်ရေး လုပ်ငန်းစဉ် (reciprocal basis) အတွက် ဦးတည်ချက်ထား၍ ဆောင်ရွက်သွားမည်။

၎) တွေ့ဆုံဆွေးနွေးမှုများ ဆက်လက်ပြုလုပ်သွားမည် ။

သတင်းထုတ်ပြန်ချက်ကို ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ဖတ်ကြားခဲ့ပြီးတော့ သတင်းထောက် ၃ ဦးရဲ့
မေးခွန်းတွေကို ခေါင်းဆောင် ၂ ဦးက ဖြေကြား ခဲ့ပါတယ်။

ဒုတိယအကြိမ် တွေ့ဆုံမှုကနေ ဘယ်လိုကဏ္ဍမှာ ထူးထူးခြားခြား သိသိသာသာ ပြောင်းလဲ တိုးတက် လာမယ်လို့
ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ မျှော်လင့် ထားပါသလဲ ခင်ဗျ။

ကျမတို့ ဒိအထဲမှာ ပါတဲ့အတိုင်းပဲ ကဏ္ဍအသီးသီးမှာ ဖွံ့ဖြိုး တိုးတက်လာမယ်လို့ မျှော်လင့် ထားပါတယ်။ နောက် အားလုံးပေါ့လေ၊ တိုင်းပြည်အတွက် ကောင်းမယ့်ဟာတွေ အားလုံး နေရာတကာမှာ တိုးတက်မှု ရှိမယ်လို့ မျှော်လင့် ပါတယ်။ မေးခွန်းတွေက သိပ်မရှင်းလို့ ရှင်းရှင်းမေးပေးပါ။

(မေး) အရင်တပတ်တုန်းကလည်း ဒီလိုပဲလေ ယေဘူယျသဘော ပြောသွားတယ်လို့ သိထားလို့ပါ ခင်ဗျာ။ ဥပမာ တိုင်းရင်းသား ကိစ္စတွေမှာ ဘယ်လို တိုးတက်မှုတွေ ရလာမယ်လို့ ထင်ပါသလဲ ခင်ဗျ။

ပူးပေါင်း ဆောင်ရွက်မယ် ဆိုလို့ရှိရင် တိုင်းရင်းသား ကိစ္စတွေမှာလဲ တိုးတက်မှု ရှိရမှာပါပဲ။ ဘယ်ဘက်မှာ မဆို တိုးတက်မှု ရှိရမှာပဲလေ။ တကယ်တော့ ကျမတို့ နိုင်ငံအကျိုးကို ပူးပေါင်း ဆောင်ရွက်မယ် ဆိုလို့ရှိရင် မီဒီယာ အပါအဝင်ပေါ့ တိုးတက်မှုဆိုတာ ရှိရမှာပေါ့။

(မေး) ပြီးခဲ့တဲ့တခေါက် ပူးတွဲ ကြေငြာချက်ထဲမှာ သဘောထား ကွဲလွဲနေမှု စိတ်ဝမ်း ကွဲလွဲနေမှုတွေကို ဆွေးနွေး မယ်လို့ ပြောပါတယ်။ အဲဒါဟာ အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည် ကြားကို ပြောတာပါလား။ ဒါမှ မဟုတ် လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အစိုးရ အကြား ပြောတာပါလား ။ နောက်တခုက အဲဒီမှာ ပါပါတယ် တရား ဥပဒေ စိုးမိုးရေး ကိစ္စ ဆွေးနွေးတယ်လို့ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ပါတီကို တရားမဝင်ဘူးလို့ ပြောထားတာရှိတော့ အဲဒါတွေကို ဆွေးနွေးတာပါလား။

ဦးအောင်ကြည်က ဖြေပါတယ်။ ကျွန်တော်တို့ စိတ်ဝမ်းကွဲပြားမှု လျော့ပါးဘို့ ဆိုတာက စိတ်ဝမ်း ကွဲပြားမှု ဆိုတာ
နေရာ တိုင်းမှာ ရှိနိုင်ပါတယ်။ သဘာဝ အားဖြင့် ဒိုင်ဗာစတီနဲ့ ယူနတီဆိုတဲ့ သဘောပေါ့ ဘယ်လို လုပ်ငန်းမှာ မဆို လူတိုင်းမှာ စိတ်ဝမ်း ကွဲပြားမှုဆိုတာ ရှိနိုင်ပါတယ်။ သို့ရာတွင် အခုကျနော် ပြောသွားတဲ့ အတိုင်းပဲ ပူးပေါင်း ဆောင်ရွက်မှုကိုတော့ ဦးစားပေး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

(မေး) ကျနော် ဦးအောင်ကြည်ကို မေးချင်ပါတယ်။ ပူးပေါင်းဆောင်ရွက်မှုက ဘယ်လို စလုပ် နေပြီလဲ၊ လုပ်နေပြီ ဆိုနေရင်လည်း ဘယ်အထိ ရောက်နေပြီလဲ။ နောက်တခုက ဒေါ်အောင်ဆန်းစုကြည်က အိပ်ဖွင့် ပေးစာနဲ့ ငြိမ်းချမ်းရေး ကမ်းလှမ်းချက် လည်း ပြောထားပါတယ်။ အဲဒါကိုကော ဘယ်လိုဆက်လုပ်သွားမလဲ။

(ဖြေ) ဒါတွေအားလုံးဟာ ပူးပေါင်း ဆောင်ရွက်မှု ခေါင်းစဉ်အောက်မှာ ပါပါတယ်။ ပူးပေါင်း ဆောင်ရွက်တယ် ဆိုတာ ကျနော်တို့ နိုင်ငံအတွက် တကယ်လိုအပ်တဲ့ (main problem) အဓိကပြသနာ တခုပါ။ ဒါကြီးကို ဖြေရှင်းနေကြတာ ဖြစ်ပါတယ်။ ဒီကိစ္စ ပြေလည် သွားပြီဆိုတဲ့ အချိန်ကျရင် ကျန်တဲ့ ကိစ္စတွေ အားလုံးကိုလည်း main problem ကြီးရဲ့ အကျိုးဆက် တရားများ တနည်းအားဖြင့် တော့ (corollary) ကိုလည်း အလွယ်တကူ ဖြေရှင်းသွားနိုင်မှာ ဖြစ်ပါတယ် လို့ ပြောရင်း နိဂုံးချုပ်ပါတယ်။

Ref: မဇ္ဈိမ

Read More...

ဒေါ်အောင်ဆန်းစုကြည်ကို ပဲခူးတွင် တခဲနက်ကြို

Sunday, 14 August 2011

အကျယ်ချုပ်မှလွတ်မြောက်ပြီး ပထမဦးဆုံး နိုင်ငံရေးခရီးစဉ် အဖြစ် ပဲခူးမြို့သို့ ရောက်ရှိသွားသော မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဒေသခံ အများအပြားက လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်တန်း ဖြတ်သွားမည့် နေရာများ၊ စာဖတ်ခန်းဖွင့်ပွဲ အခမ်းအနား များတွင် ဒေသခံတို့က စောင်းဆိုင်း နေခဲ့ကြသည်။

ပြည်သူလူထု၏ ထောက်ခံမှုကို မြင်ရသည့်အတွက် အလွန် ၀မ်းသာသည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

“ကျမ အခု ပဲခူးကို ရောက်ဖူးတာ သုံးကြိမ် ရှိပြီ။ သုံးကြိမ်လုံး ပဲခူးမြို့က ကျမကို လှိုက်လှိုက် လှဲလှဲ ကြိုဆိုတယ်။ ကျမတို့ကို ထောက်ခံတယ် ဆိုတာက ကျမတို့ အပေါ်မှာ မျှော်လင့်ချက်ထားလို့ ဆိုတာ ကျမ နားလည်တယ်။ အခုလို ထောက်ခံမှုကို မြင်ရလေ ကျမတို့မှာ တာဝန် ပိုရှိလာတယ်လို့ ခံစားရတယ်” ဟု ပဲခူးရှိ စာဖတ်ခန်း ဖွင့်ပွဲသို့ ရောက်လာသည့် ထောင်နှင့်ချီသော ဒေသခံများကို ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်သည်။

ပဲခူး နေ့ချင်းပြန် ခရီးစဉ်တွင် NLD ဒု ဥက္ကဋ္ဌ ဦးတင်ဦး၊ NLD အဖွဲ့ဝင်များ၊ လူငယ်ကွန်ရက် အဖွဲ့ဝင်များ၊ စာနယ်ဇင်း သမားများ ရန်ကုန်မှ လိုက်ပါ သွားကြသဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်တန်းတွင် ကားအစီး ၂၀ ကျော်ကို တွေ့ရသည်။

ခရီးစဉ်တလျှောက် ယာဉ်ကြောပိတ်ဆို့ခြင်း မရှိစေရန် အာဏာပိုင်တို့က စီစဉ်ထားကြောင်း တွေ့ရသည်။

နံနက် ၆ နာရီ မထိုးမီ ရန်ကုန်မြို့မှ ထွက်ခွာခဲ့ရာ ပဲခူးသို့ ၇ နာရီကျော်ခန့်တွင် ရောက်ရှိပြီး ဦးစွာ နာမည်ကျော် ရွှေမော်ဓော စေတီသို့ တက်ရောက် ဖူးမြော်ကာ သာသနာ့မဏ္ဍိုင် ကျောင်းတိုက်တွင် ဝါဆိုသင်္ဃန်း ကပ်လှူသည်။

ထို့နောက် သနပ်ပင်မြို့နယ်သို့ သွားရောက်ပြီး ဒေသခံ NLD အဖွဲ့ဝင်များ စီစဉ်သည့် အောင်ဆန်းဂျာမွန်း စာဖတ်ခန်းကို ဖွင့်လှစ် ပေးကာ ထောက်ခံ ကြိုဆိုကြသည့် ရာနှင့်ချီသော ဒေသခံများကို မိန့်ခွန်း ပြောကြားခဲ့သည်။

နံနက် ၁၁ နာရီကျော်တွင် ပဲခူးမြို့သို့ ပြန်လည်ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်ကို ဒေသခံ ပြည်သူများက လမ်းဘေး ၀ဲယာ တလျှောက်မှ ၀မ်းသာ အားရ ကြိုဆို နှုတ်ဆက်ကြသည်။

ပဲခူးတွင်လည်း အောင်ဆန်းဂျာမွန်း စာဖတ်ခန်းတခု ဖွင့်လှစ်ပေးခဲ့သည်။ စာဖတ်ခန်းတို့၏ အမည်မှာ ဒေါ်အောင်ဆန်းစုကြည်၏ ၁၉၈၉ ခုနှစ် ကချင်ပြည်နယ် ခရီးစဉ်အတွင်း ဒေသခံတို့ ပေးလိုက်သည့် ဂုဏ်ပြုဘွဲ့ အမည်နှင့် ဆင်တူနေသည်။ ဂျာမွန်းသည် ကချင် ဘာသာဖြင့် "ရွှေဝတ်မှုန်" ဟု အဓိပ္ပာယ်ရသည်။ စာဖတ်ခန်းများနှင့် အတူ အင်္ဂလိပ်စာ သင်တန်း ဖွင့်ပွဲများကိုလည်း ပြုလုပ်ကြသည်။

ယနေ့ ပဲခူး ခရီးစဉ်မတိုင်မီက ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရအဖွဲ့ကိုယ်စားလှယ် အလုပ်သမားဝန်ကြီး ဦးအောင်ကြည်နှင့် ရက် ၂၀ အတွင်း ၂ ကြိမ် တွေ့ဆုံခဲ့သည်။ ထွက်ပေါ်လာသည့် ပူးတွဲ ကြေညာချက်များတွင် နှစ်ဘက် ပူးပေါင်း ဆောင်ရွက်မည်၊ ဆက်လက် ဆွေးနွေးမည်ဟု ဖော်ပြထားသည်။

ထိုတွေ့ဆုံမှုများနှင့် ပတ်သက်ပြီး ပြည်သူလူထု စိတ်ဝင်စားကြမည်ကို နားလည်ကြောင်း၊ ဆွေးနွေးမှု အကြောင်းအရာ အသေးစိတ်ကို လူသိရှင်ကြား မပြောနိုင်သေးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပဲခူးမှ သူ့အား စောင့်ကြိုနေသူ ဒေသခံများကို ရှင်းပြသည်။

“ပြည်သူလူထု ဘာကိုလိုချင်တယ် ဆိုတာ ကျမတို့ သိပါတယ်။ ပြည်သူ လူထုရဲ့ဆန္ဒကို ကျမတို့ အလေးထားတယ်။ အခုအချိန်မှာ ထုတ်မပြောနိုင် သေးတာက တိကျရတဲ့ ရလဒ်တွေ မရသေးလို့ပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ပြည်သူလူထုကို လွဲမှားသည့် မျှော်လင့်ချက် ပေးမည် မဟုတ်ဘဲ စစ်မှန်သော ဒီမိုကရေစီရရှိရေးကို ဆက်လက် ဆောင်ရွက် သွားမည်ဟု ဆိုသည်။

ယခင်ရက်များက မိုးသည်းထန်စွာ ရွာသဖြင့် ပဲခူးမြို့ ကားလမ်း၊ ရထားလမ်း အပါအ၀င် နေရာအများအပြား ရေလွှမ်းခဲ့ သေးသည်။ သို့သော်လည်း ယနေ့ ရာသီဥတု သာယာလာပြီး လမ်းပမ်း ဆက်သွယ်ရေးလည်း ကောင်းမွန်နေသည်။

ယာဉ်တန်းသည် လမ်းတွင် မကြာခဏ ရပ်တန့်သွားပြီး ဒေါ်အောင်ဆန်းစုကြည်က သူ့ကို ထောက်ခံ အားပေးသူများ၊ ရေဘေး ဒုက္ခသည်များနှင့် စကားပြော နှုတ်ဆက်သည်ကို တွေ့ရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မွန်းလွဲ ၃ နာရီကျော်တွင် ပဲခူးမှ ထွက်ခွာခဲ့ပြီး မိုင် ၅၀ ခန့်ဝေးသော ရန်ကုန်သို့ ညနေ ၅ နာရီခန့်တွင် ပြန်လည် ရောက်ရှိသွားသည်။

ဇူလိုင်လဆန်းပိုင်းကလည်း မြန်မာပြည်တွင် ခေတ္တ ရောက်ရှိနေသော သားဖြစ်သူ ကိုထိန်လင်းနှင့်အတူ ပုဂံညောင်ဦးသို့ မိသားစုခရီး ၄ ရက်ကြာ ထွက်ခဲ့ရာ ဒေသခံ အများအပြားက ၀မ်းသာအားရ ကြိုဆိုခဲ့ကြသည်။

အစိုးရက ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်များကို တားမြစ်ခြင်း မရှိပေ။

“ဥပဒေနှင့်အညီ သွားလာ လှုပ်ရှား ဆောင်ရွက်မှုများကို ကန့်သတ်ရန် မရှိပါကြောင်း၊ သို့သော်လည်း နိုင်ငံတော် တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးကိုမူ အလေးထား စောင့်ထိန်းရန် လိုအပ်ပါကြောင်း” ဟူသော ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး၏ ပြောဆိုချက်ကိုသာ ဇွန်လဆန်းပိုင်း သတင်းစာများတွင် ဖော်ပြခဲ့သည်။

ယနေ့ပြုလုပ်သည့် ပဲခူးနေ့ချင်းပြန်ခရီးမှာ အဆင်ပြေ ချောမွေ့သော်လည်း ၂၀၀၃ ခုနှစ် မေလ နိုင်ငံရေး ခရီးစဉ်မှာ အကြမ်းဖက် တိုက်ခိုက်မှုနှင့် အဆုံးသတ်ခဲ့သည်။

ထိုစဉ်က ဒီပဲယင်းမြို့အနီးတွင် အာဏာပိုင်တို့ ကျောထောက် နောက်ခံပြုထားသည်ဟု အများက ယူဆသော တုတ်၊ ဓား လက်နက်ကိုင် လူရမ်းကားများက ဒေါ်အောင်ဆန်းစုကြည်တို့၏ ယာဉ်တန်းကို စောင့်ဆိုင်း တိုက်ခိုက်ခဲ့သည်။ တိုက်ခိုက်ခံရသည့် ဒေါ်အောင်ဆန်းစုကြည် နှင့် ယာဉ်တန်းတွင် ပါဝင်သူ အများအပြား အထိန်းသိမ်း ခံလိုက်ရသည်။ အာဏာပိုင်တို့က အများအပြားကို တဖြည်းဖြည်းချင်း ပြန်လွှတ် ပေးသော်လည်း ဒေါ်အောင်ဆန်းစုကြည်ကိုမူ ပြီးခဲ့သည့် နိုဝင်ဘာလ အထိ ၇ နှစ်ကြာ ထိန်းသိမ်းခဲ့သည်။


Ref: ဧရာဝတီ

Read More...

ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံး နိုင်ငံရေး ခရီးစဉ်


ဖနိဒါ
တနင်္ဂနွေနေ့၊ သြဂုတ်လ ၁၄ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ)။ ။ အဖြူရောင်ရှပ်အင်္ကျီများ ဝတ်ဆင်ထားသည့် လူငယ် သက်တော်စောင့်များ ခြံရံလျက် ဒေါ်အောင်ဆန်း စုကြည်သည် ရန်ကုန် မြို့အပြင်ဘက်သို့ နေ့ချင်းပြန် နိုင်ငံရေးခရီးစဉ်ကို သွားရောက်ကာ သူ၏ နိုင်ငံရေး လှုပ်ရှားနိုင်မှု အတိုင်းအတာကို စမ်းသပ်လိုက်သည်။

စာကြည့်တိုက် နှစ်ခုဖွင့်ပွဲနှင့် ထောင်ပေါင်းများစွာသော ရေဘေး ဒုက္ခသည်များ အတွက် အလှူငွေ ပေးအပ်ရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်သည် ပဲခူးသို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်။

ဆယ်စုနှစ်ပေါင်းများစွာ ပညာရေးစနစ် ယိုယွင်းခဲ့ရသော နိုင်ငံတွင် လူငယ်များ အရည်အသွေး မြှင့်ပေးရေး အတွက် ကြိုးပမ်းမှု တရပ် အနေဖြင့် သူ့ကို ဂုဏ်ပြု ထူထောင်ထားသော စာကြည့်တိုက်များကို အန်အယ်ဒီက ထူထောင်ထားခြင်း ဖြစ်သည်။

အောင်ဆန်းဂျာမွန်း စာကြည့်တိုက်များမှာ အရွယ်အစားအရ သေးငယ်သော်လည်း ထောင်ပေါင်း များစွာသော ကဗျာ၊ နိုင်ငံရေးမှသည် ဝတ္ထုစာအုပ်များ ငှားရမ်း ဖတ်ရှုနိုင်သည်။ စာကြည့်တိုက် ထူထောင်သူ များကတော့ လူငယ်များ အရက်ဆိုင်၊ ဘိလိယက်ခုံနှင့် ဗီဒီယိုဂိမ်း ကစားမည့်အစား စာဖတ်လာအောင် ဆွဲဆောင်နိုင်ရန် ရည်ရွယ်ထားသည်။

စာဖတ်ခြင်းသည် အရေးကြီးကြောင်းနှင့် လူငယ်များ စိတ်ဓာတ်ကြံ့ခိုင်ရေးသည်လည်း မည်မျှ အရေးကြီးကြောင်း ဒေါ်အောင်ဆန်း စုကြည်က မိန့်ခွန်းထဲတွင် အလေးအနက်ထား ပြောကြားသွားသည်။ ကိုယ်တိုင်ပင် စာဖတ်သူ တဦး ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် လူငယ်များနှင့် တွေဆုံခြင်းနှင့် မိန့်ခွန်းပြောကြားမှုကို အဓိက ပြုလုပ်ခဲ့သည်။

သို့သော်လည်း ခရီးစဉ်မှာ အစိုးရ၏ သဘောထားကို စမ်းသပ်ခြင်း တခုလည်း ဖြစ်သည်။ နိုဝင်ဘာလ ကတည်းက နေအိမ် အချုပ်မှ လွတ်မြောက်ကတည်းက ရန်ကုန် အပြင်ဘက်သွားလျှင် အကြမ်းဖက်မှု ဖြစ်ပွားမှာကို စိုးရိမ်နေခဲ့ ကြသည်။

၂ဝဝ၃ ခုနှစ် မေလက ဒီပဲယင်းတွင် အစိုးရမှ ကြောထောက်နောက်ခံ ပေးထားသော လူမိုက် တစုက တိုက်ခိုက်၍ အနည်းဆုံး လူ ၇ဝ သေဆုံးပြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ပင် ကံသီ၍ လွတ်မြောက်ခဲ့သည်။ သူလည်း အဖမ်းခံခဲ့ရပြီး နေအိမ် အကျယ်ချုပ် ကျခံရ ပြန်သည်။

နံနက် ၅ နာရီ ၄၅ မိနစ်တွင် ရန်ကုန်မှထွက်ခွာပြီး ညနေ ၅ နာရီခန့်တွင် ပြန်ရောက်လာခဲ့သည့် ပဲခူးခရီးတိုမှာ အဆင်ပြေ ချော့မွေ့ခဲ့သည်။ စာကြည့်တိုက်ဖွင့်ခြင်း၊ ဘုန်းကြီးကျောင်း သွားခြင်းနှင့် ရေဘေး ဒုက္ခသည်များကို ကူညီခြင်းများ ပြုလုပ်နိုင်ခဲ့သည်။

မြန်မာနိုင်ငံ ဒီမိုကရေစီအင်အားစု (FDB) အထွေထွေ အတွင်းရေးမှူး ဒေါက်တာနိုင်အောင်က ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်မှာ ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည်နှင့် တွေ့ဆုံဆွေးနွေးပြီး ဖြစ်မြောက်လာသည့် အတွက် အာဏာပိုင်များနှင့် "ညှိညှိနှိုင်းနှိုင်း" လုပ်နေသည့်ဟန် ရှိသည်ဟု ဆိုသည်။

အတိုက်အခံခေါင်းဆောင်အနေဖြင့် အောက်ခြေပါတီဝင်များနှင့် လူထုကို ထိတွေ့ခြင်းသည် ကောင်းသည်ဟု ဆိုရင်း ယခု ပထမဆုံး နိုင်ငံရေး ခရီးစဉ်၏ အောင်မြင်မှုမှာ လူဘယ်လောက် တွေ့ဆုံနိုင်လဲ ဆိုခြင်းနှင့် လူမှုရေး ကွန်ယက်များကို လက်တွေ့ သဘောပါသော လမ်းညွန်မှုပေးနိုင်ခြင်းတို့ပေါ်တွင် မူတည်သည်ဟု သူက ပြောသည်။

NLD ပါတီ ဒုဥက္ကဌ ဦးတင်ဦးက ပဲခူ့း နိုင်ငံရေးခရီးစဉ်မှာ အောင်မြင်မှုရှိပြီး အားရ ကျေနပ်သည်ဟု ပြောသည်။

“ကျနော်က အရင်တုန်းက သူနဲ့အတူတူသွားခဲ့တဲ့ အခြေအနေထက် ပိုပြီး ထူးဆန်းမလား လို့တောင် ကျနော်က အောက်မေ့တယ်။ လူထုက တော်တော်ကိုပဲ အားကိုးတကြီး ရှိပြီးတော့ အခုလို ပထမဆုံး အကြိမ် နိုင်ငံရေး သဘောဆန်တဲ့ စည်းရုံးမှု ထွက်လာတဲ့ ဟာဆိုလို့ ပိုမိုပြီးတော့ အားတက်သရောနဲ့ ကြိုဆိုကြတယ်” ဟု ဦးတင်ဦး ကပြောသည်။

“စပြီးထွက်ကတည်းကနေ အဆင်ပြေအောင်လုပ်ပေးထားတာက တလမ်းလုံး မော်တော်ပီကယ်တို့၊ ဘာတို့ ပဲခူးရောက်တဲ့ အထိ ထိန်းသိမ်း ပေးတဲ့အတွက် ချောချောမောမော ဖြစ်တယ်လို့ ယူဆရမှာပေါ့။ ဟိုတုန်းကတော့ ကြံ့ဖွံတို့က မလာရ၊ မသွားရ ဆိုတာမျိုးတွေ ရှိခဲ့တယ်လေ။ ခုတော့ အဲဒီဟာနဲ့ ပတ်သက်တာ ချောချောမောမော အောင်မြင်ပါတယ်။ အားလုံးကတော့ ချောချော မောမောပါပဲ”ဟု သူက ဆက်ပြောသည်။

သနပ်ပင်မြို့မှ အောင်ဆန်းဂျာမွန်း စာကြည့်တိုက် နံနက်ပိုင်း ၉ နာရီခွဲချိန်က ဖွင့်လစ် ခဲ့ပြီးနောက် ပဲခူးမြို့ ဥက္ကဋ္ဌ ဦးမြတ်လှ၏ နေအိမ်တွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောရာ လူ ၃,ဝဝဝ ကျော်က လာရောက်ခဲ့သည်ဟု သိရသည်။

ထို့ပြင် ပဲခူးတိုင်းမှ ရှေ့နေကွန်ယက် အဖွဲ့များနှင့်လည်း တွေ့ဆုံခဲ့ရာ အဓိက အားဖြင့် ဥပဒေအရ အကျိုးဆောင်ပေး နေသော ဥပဒေ စိုးမိုးရေးနှင့်ပတ်သက်၍ အခက်အခဲများကို ဒေါ်အောင်ဆန်းစုကြည်ကို တင်ပြခဲ့ကြသည်ဟု သိရသည်။

“များသောအားဖြင့် ဥပဒေစိုးမိုးရေးဆိုတဲ့အပိုင်းမှာ အထူးသဖြင့် လယ်ယာမြေ ကိစ္စနဲ့ ပတ်သက်လို့ အာဏာပိုင် အဖွဲ့အစည်းမှာ ရှိနေတဲ့ သြဇာရှိတဲ့ မြို့နယ်၊ ကျေးရွာတွေမှာလုပ်နေတဲ့လူတွေက မြေယာတွေ ယူထား၊ သိမ်းထား တာတွေ တော်တော်များများ ပါတယ်။ အဲဒါနဲ့ ပတ်သက်တာ အားလုံးကို ဥပဒေနဲ့အညီ လုပ်ကိုင် ပေးနေတဲ့ဆိုတာတွေ တင်ပြကြတယ်” ဟု ဦးတင်ဦးက ပြန်ပြောပြသည်။

နံနက်ပိုင်းတွင် ပဲခူးမြို့ သံသနာ့မာန်တိုင် ကျောင်းတိုက်မှ ဆရာတော်နှင့် သံဃတော် အပါး ၂ဝဝ ခန့်ကိုလည်း ပစ္စည်းများ လှူဒါန်း ခဲ့သေးသည်ဟု ဦးတင်ဦးက ပြောသည်။

“ကျနော်က လူသားတွေအတွက် သူရဲကောင်းတယောက်လို လက်ခံ အသိအမှတ်ပြုပြီးတော့ လေးစားနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရတဲ့ အတွက် ကျနော်က လူဖြစ်ရကျိုး နပ်သွားပြီလို့ နည်းနည်း ပြောချင်ပါတယ် ခင်ဗျာ” ပဲခူးမြို့သား တဦးကပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က ပဲခူးမြို့ရှိ အနောက်ရွှေနံ့သာကျောင်းတိုက်တွင် ရေဘေး ဒုက္ခသည်များကို အားပေးစကား ပြောကြားပြီးနောက် မြန်မာ စံတော်ချိန် ၃ နာရီချိန်တွင် ရန်ကုန်မြို့သို့ ပြန်လာခဲ့သည်။ ညနေ ၅ နာရီခွဲချိန်တွင် ရန်ကုန်မြို့ တက္ကသိုလ် ရိပ်သာလမ်းရှိ နေအိမ်သို့ ရောက်ရှိသည်။

Ref: မဇ္ဈိမ

Read More...

အပေါ်သို့