..............................

Friday, July 1, 2011

တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် လူ့အခွင့်အရေး အဓိကကျ

ကျော်ကျော်သိန်း
ကြာသပတေး, 30 ဇွန် 2011

မြန်မာနိုင်ငံဟာ တိုင်းရင်းသား လူမျိုးပေါင်းစုံ နေထိုင်တဲ့ နိုင်ငံတခု ဖြစ်တာကြောင့် မိမိတို့အားလုံး တညီ တညွတ်တည်း ရှိစေဖို့ လူ့ အခွင့်အရေးဟာ ကြီးမားတဲ့ ညီညွတ်ရေး အကြောင်းတရား တခု ဖြစ်ပါတယ်လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ဒါ့အပြင် ဒီမိုကရေစီဟာ တဦးတယောက် တဖွဲ့ တပါတီထဲကို အကျိုးရှိစေတာ မဟုတ်ဘဲ စစ်ဘက် အရပ်ဘက် အားလုံးအတွက် အကျိုးရှိတဲ့ စနစ် ဖြစ်ပါတယ်လို့လည်း ပြောပါတယ်။ လစ်သူယေးနီးယားနိုင်ငံ၊ ဗီးလ်နပ်စ်မြို့တော်မှာ ကျင်းပမယ့် ဒီမိုကရေစီနိုင်ငံများ အသိုက်အ၀န်းရဲ့ ၀န်ကြီးအဆင့် အစည်းအဝေးကို ဗွီဒီယိုနဲ့ ပေးပို့တဲ့ မိန့်ခွန်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်က အဲဒီလို ပြောထားတာပါ။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

ဒီမိုကရေစီဆိုတာ အစိုးရစနစ် တရပ်သာ မဟုတ်ဘဲ လူသားရဲ့ ဂုဏ်သိက္ခာကို မပျက်မယွင်းအောင် ထိန်းသိမ်း စောင့်ရှောက်ပေးတဲ့ နည်းလမ်း တခု ဖြစ်ပါတယ်လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဘာ့ကြောင့်လဲ ဆိုတော့ ဒီမိုကရေစီကို လူ့အခွင့်အရေးနဲ့ ခွဲခြားလို့ မရနိုင်ဘဲ တကမ္ဘာလုံးက လူပေါင်းများစွာနဲ့ နိုင်ငံပေါင်း များစွာမှာလိုပဲ အခြေခံ လူ့အခွင့်အရေး တွေဟာ မြန်မာနိုင်ငံမှာလည်း အင်မတန် အရေးကြီးပါတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံဟာ တိုင်းရင်းသား လူမျိုးပေါင်းစုံ နေထိုင်ကြတဲ့ နိုင်ငံတခု ဖြစ်တာကြောင့် မိမိတို့အားလုံး ညီညွတ်စေဖို့ တစုံတခု လိုအပ်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပြီး လူ့အခွင့်အရေးရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကို မီးမောင်းထိုး ပြောဆိုခဲ့ပါတယ်။

“လူ့အခွင့်အရေးဟာ ကြီးမားတဲ့ ညီညွတ်ရေး အကြောင်းတရားတခု ဖြစ်ပါတယ်။ အားကောင်းပြီး တည်ငြိမ်တဲ့ မြန်မာနိုင်ငံ ဖြစ်စေဖို့ အတွက် ဘယ်လို အာဏာရှင်အစိုးရ အမျိုးအစားထက် မဆို လူ့အခွင့်အရေး ပေါ်မှာ အခြေခံတဲ့ ဒီမိုကရေစီ တန်ဖိုးတွေက ပိုပြီး လုပ်ဆောင်နိုင်ပါတယ်။”

ဒီအချက်ကြောင့် မိမိတို့ရဲ့ ရည်မှန်းချက် ပန်းတိုင်ကို ရောက်ဖို့အတွက် ကမ္ဘာကြီးက ၀ိုင်းပြီးကူညီဖို့ ဒေါ်အောင်ဆန်းစုကြည်က ပန်ကြား ခဲ့ပါတယ်။ အဓိက လုပ်ရမှာက မိမိတို့ကိုယ်တိုင် ဖြစ်တယ်ဆိုတာ သိပေမဲ့ မိမိတို့ မခံစားရတဲ့ အခွင့်အရေးတွေကို ခံစားခွင့် ရနေတဲ့ ရေခြားမြေခြားက မိတ်ဆွေတွေဟာ မိမိတို့ရဲ့ တိုးတက်မှု၊ မိမိတို့ရဲ့ အောင်မြင်မှု အတွက် အများကြီး လုပ်ဆောင် ပေးနိုင်ပါတယ်လို့ ဆိုပါတယ်။ အောင်မြင်မှု ရမယ်ဆိုတာ မိမိတို့ သံသယမရှိပေမဲ့ မြန်မြန်ရလေ မိမိတို့ အားလုံးအတွက် ပိုကောင်းလေ ဖြစ်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“အားလုံးအတွက်လို့ ကျမပြောတဲ့နေရာမှာ ဒီမိုကရေစီရဖို့ ရုန်းကန် တိုက်ပွဲဝင်နေတဲ့ ကျမတို့အတွက်တင် ဆိုလိုတာ မဟုတ်ဘဲ စစ်အစိုးရလည်း ပါဝင်ပါတယ်။ ဒီမိုကရေစီဟာ အရပ်သားတွေ အတွက်သာမက စစ်တပ်အတွက်၊ နိုင်ငံရေးပါတီတွေ အတွက်သာမက စစ်ဘက်အတွက်လည်း ကောင်းမွန်တဲ့စနစ် ဖြစ်ပါတယ်ဆိုတာ ကျမတို့ ယုံကြည်ပါတယ်။”

ဒီမိုကရေစီနိုင်ငံများ အသိုက်အ၀န်း ၀န်ကြီးအဆင့် အစည်းအဝေးဆီကို ပေးပို့တဲ့ မိန့်ခွန်းထဲမှာ ဒေါ်အောင်ဆန်းစုကြည် ပြောထားတာ ဖြစ်ပါတယ်။

ဇွန်လ ၃၀ ရက်၊ ကြာသပတေးနေ့တုန်းကတော့ အစည်းအဝေးတက်ဖို့ လစ်သူယေးနီးယားနိုင်ငံကို ရောက်နေတဲ့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) နဲ့ လစ်သူယေးနီးယား နိုင်ငံခြားရေးဝန်ကြီး အော်ဒရိုနီးယပ်စ် အာဇူဘာလစ်စ် (Audronius Azubalis) တို့ဟာ အရပ်ဘက် လူမှု အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပြီး တင်ပြ ပြောဆိုချက် တွေကို နားထောင် ခဲ့ကြပါတယ်။

အဲဒီတွေ့ဆုံပွဲမှာ မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့က မခင်ဥမ္မာလည်း တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံနဲ့ ပတ်သက်တာတွေကို တင်ပြ တောင်းဆိုခဲ့ပါတယ်။ ရွေးကောက်ပွဲပြီး ကာလမှာ မြန်မာစစ်တပ်က လူမျိုးစု တိုင်းရင်းသား လက်နက်ကိုင်တွေကို တိုက်ခိုက်နေတဲ့ အခြေအနေနဲ့ ပြည်ထဲရေး ၀န်ကြီးဌာနက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို သတိပေး ခြိမ်းခြောက်စာ ပေးပို့ခဲ့တဲ့ ကိစ္စတွေကို အဓိက ပြောခဲ့တယ်လို့ မခင်ဥမ္မာက ဗွီအိုအေကို ပြောပါတယ်။

“အမေရိကားအနေနဲ့ နယ်စပ်ဖြတ်ပြီးတော့မှ လူသားချင်း စာနာထောက်ထားတဲ့ အကူအညီတွေနဲ့ ဒီမိုကရေစီ မြှင့်တင်ရေး အတွက် ဒီမိုကရေစီ လှုပ်ရှားနေတဲ့ သူတွေကို သူတို့ဘက်ကနေ ထောက်ပံ့မှုတွေ ပိုပြီးပေးဖို့၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းဖို့ အတွက် စုံစမ်းစစ်ဆေးရေး ကော်မရှင်တခု ဖွဲ့ဖြစ်ဖို့ အတွက်ကို သူတို့အနေနဲ့ အဓိကထားပြီး လုပ်ဆောင်ပေးဖို့၊ တရုတ်နဲ့ ထိုင်းနိုင်ငံကနေပြီးတော့ စစ်ကြောင့် ထွက်ပြေးလာရတဲ့ မြန်မာနိုင်ငံက ဒုက္ခသည် ပြည်သူတွေကို ပြန်ပို့တာမျိုးတွေ မလုပ်ဘဲ ကာကွယ် စောင့်ရှောက်မှုနဲ့ လူသားချင်း စာနာထောက်ထားတဲ့ အကူအညီတွေ ပေးဖို့၊ ပြီးတော့ စစ်အုပ်စုအပေါ်မှာ ဆက်ပြီးတော့ ဖိအားပေးမှုတွေ လုပ်ဖို့ ဆိုပြီးတော့ ကျမတို့ သူတို့ကို အဲဒီမှာပဲ တခါတည်း တင်ပြ တောင်းဆိုခဲ့တယ်။”

ဒီမိုကရေစီနိုင်ငံများ အသိုက်အ၀န်းကို ၂၀၀၀ ပြည့်နှစ်၊ ဇွန်လက စတင် ထူထောင်ခဲ့တာဖြစ်ပြီး လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲတွေ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ပညာရေး တန်းတူညီမျှ ရရှိခွင့်၊ တရားဥပဒေ စိုးမိုးရေးနဲ့ ငြိမ်းချမ်းစွာ စုဝေးမှုဆိုင်ရာ လွတ်လပ်ခွင့်တွေ အပါအ၀င် အခြေခံ ဒီမိုကရေစီ သဘောတရားတွေနဲ့ ကျင့်ထုံးတွေကို လေးစား လိုက်နာကြမယ်လို့ သဘောတူတဲ့ ဒီမိုကရေစီ နိုင်ငံတွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

အခု ၀န်ကြီးအဆင့် အစည်းအဝေးကို ၂၀၀၉-၂၀၁၁ အလှည့်ကျဥက္ကဋ္ဌ လစ်သူယေးနီးယားနိုင်ငံက လက်ခံ ကျင်းပတာ ဖြစ်ပြီး နောက် အလှည့်ကျ ဥက္ကဋ္ဌကတော့ မွန်ဂိုလီးယားနိုင်ငံ ဖြစ်ပါတယ်။

Ref: VOA News

Read More...

ဒေါ်အောင်ဆန်းစုကြည် သားနှင့်အတူ ပုဂံသို့ ဘုရားဖူးသွားမည်

လင်းသန့်
Thursday, 30 June 2011

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် မိသားစုခရီစဉ်အဖြစ် သားဖြစ်သူ ကိုထိန်လင်းနှင့် အတူ မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေးတိုင်း ပုဂံ ဒေသသို့ ဘုရားဖူး သွားရောက်မည် ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ယင်းခရီးစဉ်နှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်၏လုံခြုံရေး ကိစ္စများ တာဝန်ယူ ဆောင်ရွက်နေသည့် အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ်(NLD) ပါတီ ခေါင်းဆောင် တဦးဖြစ်သည် ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်ကို မေးမြန်းရာ ခရီးစဉ် မှန်ကန်ကြောင်း ပြောဆို အတည်ပြုသော်လည်း အသေးစိပ် ပြောဆိုရန် ငြင်းဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် သားဖြစ်သူ ကိုထိန်လင်းတို့သည် လာမည့် ဇူလိုင်လ ၄ ရက်နေ့တွင် ပုဂံ ဒေသသို့ လေယာဉ်ဖြင့် သွားရန် စီစဉ်ထားကြောင်း သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း နေပြည်တော် အပါအ၀င် မန္တလေးမြို့နှင့် ပြင်ဦးလွင်မြို့များတွင် တချိန်တည်း ဗုံးပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပေါ်ခဲ့ရာ ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေး အတွက် စိုးရိမ်မှုများ တိုးပွားစေခဲ့သည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ယခုကဲ့သို့ ရန်ကုန်ပြင်ပ ခရီးထွက်မည့် အပေါ် အစိုးရ သတင်းစာ တစောင်တွင် လုံခြုံရေး နှင့် ပတ်သက်ပြီး သတိပေးထားသည့် စကားရပ်များ ဖော်ပြထားသည်။ ထို့အပြင် ပြည်ထဲရေး ၀န်ကြီးကလည်း အကြောင်း ကြားစာ ပို့ထားသည် များကြောင့် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အတွက် စိုးရိမ် ပူပန်မှုများ ရှိနေကြသည်။

ယမန်နေ့ထုတ် အစိုးရ ကြေးမုံ သတင်းစာတွင် ဆောင်းပါးရှင် ပြည့်စုံအောင် ၏ “ရွေးချယ်ခွင့်က လက်ထဲမှာ”ဆောင်းပါးတွင် ဒေါ်အောင်ဆန်းစုကြည် မကြာခင် နယ်ခရီး ထွက်မည် ဆိုသည့်အပေါ် “မည်သို့ ပင်ဆိုစေ ဒေါ်အောင်ဆန်းစုကြည် နယ်ထွက် လာလျှင် မြောက်မြား လှစွာသော ယခင့်ယခင် သာဓကများ နည်းတူ ရုတ်ရုတ်သဲသဲ လှုပ်လှုပ် ရှားရှားတွေ ဖြစ်လာမှာကို ကျ နော်တို့ စိုးရိမ်မိသည်။ စိုးရိမ်လောက်စရာ အကြောင်းတွေလည်း အခိုင်အမာပင် ရှိနေသည်”ဟု ဖော်ပြထားသည်။

အစိုးရ ပြည်ထဲရေးဝန်ကြီးဌာန ၏ ဇွန်လ ၂၈ ရက် နေ့စွဲဖြင့် ဥက္ကဌ ဦးအောင်ရွှေနှင့် ဒေါ်အောင်ဆန်းစုကြည် တို့ထံ ပေးပို့ လာသော စာနှင့် ပတ်သက်ပြီး (NLD) အား အင်အားသုံး ဖျက်သိမ်း လာမည်ကို အထူး စိုးရိမ်သော်လည်း ရင်ဆိုင်ရမည် ဖြစ်ကြောင်း NLD ခေါင်းဆောင် တဦး ဖြစ်သည့် ဦးဝင်းတင်က ဧရာဝတီကို ပြောသည်။

“သူတို့လုပ်ခဲ့ဖူးတဲ့ ဟာတွေလည်း ရှိတဲ့အခါကျတော့ စိုးရိမ်တာပေါ့။ သတင်းစာတို့ဘာတို့က ခြိမ်းခြောက်တယ်၊ ပုတ်ခတ်တယ် ဆိုတာက ကြုံနေကြ ဆိုတော့ သိပ်မထူးလှဘူး။ အခုဟာက ၀န်ကြီးဌာန ကိုယ်တိုင် လုပ်တာ ဆိုတော့ တော်တော် စိုးရိမ် ပူပန်တာပေါ့”ဟု ဦးဝင်းတင်က ပြောပြသည်။

ယခုကိစ္စသည် အချိန်ကိုက်လုပ်ခြင်းဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် စီစဉ်ထားသည့် မကြာခင်သွားမည့် နယ်ခရီးစဉ်နှင့် လည်း တိုက်ဆိုင် နေကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီ အပါအ၀င် ဒီမိုကရေစီအရေး ထောက်ခံကြသူများ၊ တက်ကြွ လှုပ်ရှားသူများ ကိုပါ ခြိမ်းခြောက်မှု ဖြစ်ကြောင်း ၄င်းက ဆက်လက်ရှင်းပြသည်။

“ဒီဖြစ်ရပ်နောက်ကွယ်မှာ အခု အစိုးရထဲမှာ သဘောထားတင်းမာသူနဲ့ ပျော့ပြောင်းသူတွေကြားမှာ အားပြိုင်နေတယ်လို့ တ ထစ်ချ သုံးသပ်တယ်။ သူတို့ဘက်က အဖြစ်နိုင်ဆုံး လုပ်နိုင်တာတွေက ပါတီခေါင်းဆောင်တွေကို ဖမ်းမယ်။ နေအိမ် အကျယ် ချုပ် ချမယ်။ ထောင်ချမယ်။ ပါတီရုံးတွေ ပိတ်ပြီး ပစ္စည်းတွေ သိမ်းမယ်။ ဒါမျိုးတွေပဲ သူတို့ လုပ်နိုင်တာ။ ပြင်ဆင်လည်း ဘာမှ ထူးတာ မဟုတ်ဘူး”ဟု ဦးဝင်းတင်က ဆိုသည်။

NLD သည် တရားဝင် ပါတီမဟုတ်ကြောင်းနှင့် NLD လက်ရှိလုပ်ဆောင်နေမှုများသည် တရားဥပဒေနှင့် ဆန့်ကျင် နေကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒု ဗိုလ်ချုပ်ကြီး ကိုကို လက်မှတ် ရေးထိုးထားသော အကြောင်းကြားစာကို အစိုးရ အရာရှိ တဦး ကိုယ်တိုင် လာရောက် ပေးခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် NLD ပါတီ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ဖြင့် ဒု ဗိုလ်ချုပ်ကြီး ကိုကို ထံ လိပ်မူပြီး NLD သည် နိုင်ငံရေးပါတီ အဖြစ် တရားဝင်ရပ်တည် နေကြောင်းနှင့် တရားဥပဒေ စိုးမိုးရေးအတွက် ဆွေးနွေးလိုကြောင်း ဇွန် လ ၂၉ ရက်နေ့စွဲဖြင့် အကြောင်းပြန်စာကို သက်ဆိုင်ရာသို့ NLD က လူကိုယ်တိုင် သွားရောက်ပေးပို့ခဲ့သည်။

“သို့ပါ၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က တူညီသောလိုလားချက်များအပေါ်အခြေခံ၍ ပြည်ထဲရေး ၀န်ကြီးဌာန ပြည်ထောင် စု ၀န်ကြီးနှင့် တွေ့ဆုံပြီး တရားဥပဒေ စိုးမိုးရေး အတွက် ညှိနှိုင်းလိုပါသဖြင့် စီစဉ်ပေးပါရန် မေတ္တာရပ်ခံပါသည်”ဟု ပြည်ထဲရေး ၀န်ကြီးထံ ပေးပို့တုံ့ပြန်သော ယမန်နေ့က စာတွင် ဖော်ပြထားသည်။

NLD အနေဖြင့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ အမှတ် -၄/၈၈ အရ ၁၉၈၈ ခုနှစ်က တရားဝင်မှတ်ပုံ တင်ခဲ့ပြီး ပြဌာန်းချက် များကို လည်း ချိုးဖောက်ခဲ့ခြင်း မရှိကြေင်း၊၂၀၁၀ ပြည့်နှစ် မတ်လ ၈ ရက်နေ့ထုတ် ဥပဒေ အမှန်-၂/၂၀၁၀ အရလည်း ရက်ပေါင်း ၆၀ အတွင်း ကော်မရှင်သို့ ပြန်လည် လျှောက်ထားခြင်း မရှိသဖြင့် ဥပဒေအရ ပျက်ပြယ်ခြင်းမရှိကြောင်း၊ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈ ခုနှစ်) ပုဒ်မ-၄၄၆ အရလည်း NLD သည် တရားဝင်ခြင်းမှ ပယ်ဖျက်နိုင်သည့် အခွင့် အာဏာ မရှိသည့် အတွက် တရားဝင်ပါတီ အဖြစ် ဆက်လက် တည်ရှိနေကြောင်း၊ နေပြည်တော် တရားရုံးချုပ်၏ ပါတီအား ဖျက် သိမ်း လိုက်ခြင်းသည် တရား မ၀င်ကြောင်း NLD ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် NLD အနေနှင့် ထပ်မံ မှတ်ပုံတင်ရန် မလိုအပ်ကြောင်းလည်း ထောက်ပြ ထားသည်။

Ref: ဧရာဝတီ်

Read More...

မန္တလေးတွင် ဗုံးလန့်

ရန်ပိုင်
Thursday, 30 June 2011

မန္တလေးမြို့ အောင်မြေသာဇံမြို့နယ် ၈၁ လမ်းပေါ်ရှိ အထက (၁) ကျောင်းရှေ့တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားသည် ဆိုသည့် ကောလာဟလ သတင်းကြောင့် လူအများ အထိတ် တလန့်ဖြစ်ကာ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြောင်း သတင်းရသည်။

ဗုံးလန့်ချိန်သည် နေလည် ၁ နာရီခန့်တွင် ဖြစ်ပြီး ကျောင်းသားများ လပတ်စာမေးပွဲ ဖြေဆိုနေစဉ် ဖြစ်ကြောင်း၊ ကျောင်းသားများကို ပြန်လည်ခေါ်ယူရန် မိဘများ လာရောက်ချိန်တွင် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာကာ အခြေအနေကို ထိန်းသိမ်း လိုက်ကြောင်း ကျောင်းသား မိဘ တဦးက ပြောသည်။

“ဗုံးကွဲတယ်ဆိုလို့ ကလေးကို သွားခေါ်တော့ မဟုတ်ဘူးတဲ့၊ တွေ့တာဖြစ်ပြန်ရော။ အားလုံးက စိုးရိမ်နေတယ်”ဟု ၎င်းက ဆိုသည်။

အဆိုပါ အထက (၁) သည် ယောက်ျားလေး သီးသန့်ကျောင်းဖြစ်ပြီး အနီးတွင် အမှတ် (၈) နှင့် အမှတ် (၄) မိန်းကလေး သီးသန့် ကျောင်းများ ရှိသည်။

ယခုအခါ မန္တလေးမြို့တွင် နေထိုင်သူများသည် စားဝတ်နေရေးအတွက် သွားလာနေရသော်လည်း ဗုံးအန္တရာယ်ကို ကြောက်ရွံ့ နေကြကြောင်း တခြား မန္တလေးမြို့ခံတဦးကလည်း ဆိုသည်။

ထိုအပြင် ပြီးခဲ့သည့် ဗုံးကွဲမှုများနှင့် ပတ်သက်၍ ခေါ်ယူစစ်ဆေးမှုများ၊ စောင့်ကြည်မှုများ၊ လုံခြုံရေး တင်းကျပ်မှု များကိုလည်း အာဏာပိုင် များက ပြုလုပ်နေကြောင်း၊ စစ်ကိုင်းတံတား စသည့် မြို့အ၀င်အထွက် နေရာများတွင် တင်းကျပ်သော စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

ယမန်နေ့ နေ့လည်က နေပြည်တော်ရှိ အမှတ် (၂) အထက်တန်းကျောင်းတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားသည် ဆိုသော သတင်းများ ထွက်ခဲ့သော်လည်း ကောလဟလသာ ဖြစ်ကြောင်း ဧရာဝတီက စုံစမ်းသိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းက နေပြည်တော်၊ မန္တလေး၊ ပြင်ဦးလွင်၊ တောင်ငူမြို့များ ဗုံးပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပွားခဲ့ရာ လူအသေ အပျောက် မရှိခဲ့ပေ။

ယခုကဲ့သို လူသေပျောက် မရှိ၊ ဒဏ်ရာရရှိမှု နည်းသည်ကို ကြည့်ခြင်းအားဖြင့် ဗုံးဖောက်ခွဲမှု ပြုလုပ်သူများသည် ခြောက်လှန့်ရန် သက်သက် ပြုလုပ်ခြင်းဖြစ်သည်ဟု မန္တလေးတိုင်း မှုခင်းသတင်း တပ်ဖွဲ့မှ အမည် မဖော်လိုသူ အရာရှိတဦးက သုံးသပ်သည်။

Ref: ဧရာဝတီ်

Read More...

ဦးဝင်းတင် ရုံးပြန်တက်သဖြင့် လူငယ်များ အားတက်ဟုဆို

ထွန်းထွန်း
ကြာသပတေးနေ့၊ ဇွန်လ ၃၀ ရက် ၂၀၁၁

နယူးဒေလီ (မဇ္ဈိမ) ။ ။ နိုင်ငံရေးပါတီအနေဖြင့် လှုပ်ရှားမှုမလုပ်ရန် အစိုးရသစ်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အား သတိ ပေးနေစဉ် ကျန်းမာရေး ချို့ယွင်းသဖြင့် နေအိမ်၌ တလခန့် ဆေးကုခဲ့ရသည့် ပါတီ ဗဟို အလုပ်အမှုဆောင်ဝင် ဦးဝင်းတင် ရုံးပြန် တက်လာသောကြောင့် အားတက် မိကြောင်း လူငယ်တာဝန်ခံ ကိုမျိုးညွန့်က ပြောသည်။

အသက် ၈၂ နှစ်အရွယ် ဦးဝင်းတင်သည် မေလ ၂၇ ရက်နေ့တွင် ဘယ်ဘက်ပေါင်၌ ဆင်ရေယုန်များ ပေါက်သဖြင့် အာရှ တော်ဝင် ဆေးရုံ၌ ဆေးကုသ ခဲ့ရပြီး အသည်း၊ နှလုံး၊ ကျောက်ကပ်၊ ရင်ခေါင်းနှင့် အစာအိမ် စစ်ဆေးမှုများ ပြုလုပ်ခဲ့ရသည်။ မေလ ၃ဝ ရက်နေ့တွင် ဆေးရုံ ဆင်းခွင့် ရခဲ့သော်လည်း နေအိမ်၌ ဆေးကုသမှု ဆက်လက် ခံယူခဲ့ရသည်။ သို့သော် ဗုဒ္ဓဟူးနေ့တွင် ပြုလုပ်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်း/ပြည်နယ် လူငယ်များ တွေ့ဆုံပွဲ ဒုတိယနေ့ အခမ်းအနားမှ စ၍ ရုံးပြန် တက်နိုင်ခြင်း ဖြစ်သည်။

“ကျနော်တို့ ပိုပြီးတော့ အားရှိလာတာပေါ့ဗျာ။ ကျနော်တို့ပါတီကို လက်ရှိ အစိုးရကနေ အရေးယူ ဆောင်ရွက် နေချိန်မှာ အဘက ကျနော်တို့ လူငယ်တွေနည်းတူ၊ အဖွဲ့ချုပ်နည်းတူ လာရုံးတက်ပြီးတော့၊ ရပ်တည်တယ် ဆိုတော့ ကြည်နူး မိတာပေါ့ဗျာ။ သူ ဂျိုင်းထောက်နဲ့ကို လာရတာဗျ” ဟု ဗဟို လူငယ် လုပ်ငန်း ဖော်ဆောင်ရေး တာဝန်ခံ ၁ ကိုမျိုးညွန့်က မဇ္ဈိမကို ပြောသည်။

ပြည်ထဲရေးဝန်ကြီးဌာနက NLD ဥက္ကဋ္ဌ ဦးအောင်ရွှေနှင့် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကို တရားဥပဒေ အတိုင်း လိုက်နာ ကြရန်နှင့် NLD ပျက်ပြယ်ပြီး ဖြစ်သောကြောင့် နိုင်ငံရေး ပါတီ အနေဖြင့် မလှုပ်ရှားရန် အင်္ဂါနေ့တွင် စာပို့ အကြောင်းကြား ခဲ့သည်။ NLD ကလည်း ၎င်းတို့မှာ တရား ဥပဒေကြောင်း အရ တရားဝင်ဆဲ ဖြစ်ပြီး တရားဥပဒေ စိုးမိုးရေးနှင့် ပတ်သက်၍ ဝန်ကြီးနှင့် တွေ့ဆုံ လိုကြောင်း ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ဖြင့် ဗုဒ္ဓဟူးနေ့တွင် အကြောင်းပြန်ခဲ့သည်။

အစိုးရဘက်က ယခုလို စွပ်စွဲမှုများကြောင့် ပါတီရပ်တည်ရေး အရေးကြီးနေစဉ် ဦးဝင်းတင် ရုံးတက် လာသဖြင့် ပါတီ လူငယ်များ အားတက် စေခဲ့သည်။

“အဘက လုပ်သင့်လုပ်ထိုက်တာကို ရဲရဲဝင့်ဝင့် လုပ်ရဲတယ်၊ ပြောတယ်၊ ဆိုတယ်။ ဒီအပေါ်မှာ ဝေဖန်တဲ့ သူတွေတော့ ရှိပါတယ်။ ကောင်းတဲ့ ဝေဖန်ခြင်းလည်း ရှိသလို၊ မကောင်းတဲ့ ဝေဖန်ခြင်းလည်း ရှိပါတယ်။ ဒါပေမဲ့ NLD လူငယ်ရဲ့ အနေအထားက ဒီခေါင်းဆောင် သုံးယောက်ဟာ ကျနော်တို့ လူငယ်တွေရဲ့ ပြယုဂ်ပဲ၊ အားအကိုးရဆုံး လူကြီး ၃ ယောက်ပဲ” ဟု ကိုမျိုးညွန့်က ဆိုသည်။ ခေါင်းဆောင် ၃ ဦးဆိုသည်မှာ ဦးဝင်းတင်နှင့် ဒေါ်အောင်ဆန်းစုကြည်၊ ဒုဥက္ကဋ္ဌ ဦးတင်ဦးတို့အား ရည်ညွှန်းခြင်း ဖြစ်သည်။

ဦးဝင်းတင်မှာ ပါတီမူဝါဒရေးရာများနှင့် ပတ်သက်၍ အားထားရသူဖြစ်ကာ ပါတီခေါင်းဆောင်ပိုင်း များနှင့် သာမက အောက်ခြေ အဖွဲ့ဝင်များ ကပါ လေးစားခံရသူ ဖြစ်သည်။ သူသည် ၁၉၈၉ ခုနှစ်ကတည်း အဖမ်းဆီး ခံခဲ့ရပြီး ၂ဝဝ၈ စက်တင်ဘာတွင် ပြန်လွတ် လာခဲ့သည်။ ထောင်တွင်း ၁၉ နှစ်ကျော် အထိန်းသိမ်း ခံခဲ့ရသော်လည်း ထောင်ကျနေဆဲ ဖြစ်သည်ဟုဆိုကာ ယခုတိုင် ထောင်ဝတ်စုံကို သင်္ကေတပြုကာ အပြာရောင် အင်္ကျီကို ဝတ်ဆင်လျက် ရှိသည်။

ရှမ်းပြည်နယ် အောင်ဘန်းမြို့ရှိ စာရေးဆရာကြီး ဒဂုန်တာရာ၏ မေလ ၈ ရက်နေ့ မွေးနေ့ပွဲ သွားအပြီး အပြန်တွင် ကိုက်ခဲသဖြင့် ဆေးအပူများ လိမ်းရာမှ ဆင်ရေယုန်များ ပေါက်ခဲ့ကာ မကြာခဏ ကိုက်ခဲလေ့ရှိပြီး အာရုံကြောနှင့် သက်ဆိုင်သည်ဟု ယူဆသောကြောင့် အာရုံကြော ဆရာဝန်များနှင့်ပါ ပြသနေသည်။

“ရေယုန်က အာရုံကြောကိုလည်း ထိတယ်။ ဒါကြောင့် နာကျင်တာကို နည်းနည်းနဲ့ မြန်မြန် သက်သာအောင် အာရုံကြောနဲ့ ပတ်သက်လို့ ကုကြည့်ပါလို့ တိုက်တွန်းကြလို့။ အဲဒီဒဏ်ရာ ပျောက်သွား လိမ့်ပေမယ်လို့ အနာ ရှိတုန်းကလိုပဲ အထဲထဲမှာ ဆိုးဆိုးဝါးဝါး ထိုးပြီး တချက်တချက် နာတာပေါ့” ဟု NLD ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

ဦးဝင်းတင်မှာ ထောင်မှ ပြန်လွတ်လာပြီးနောက် နှလုံးပုံမှန် လည်ပတ်နိုင်ရန် စက်တပ် ထားရသူလည်း ဖြစ်သည်။

Ref: မဇ္ဈိမ

Read More...

ပြည်နယ်၊ တိုင်းဒေသကြီး ၀န်ကြီးဌာန ၉ ခု ပြင်ဆင်ဖွဲ့စည်း

ဦးကျော်ထင်
ကြာသပတေး, 30 ဇွန် 2011

ဇွန်လ ၂၉ နဲ့ ၃၀ နှစ်ရက်ဆက်တိုက် ကျင်းပခဲ့တဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး လွှတ်တော်တွေရဲ့ အထူး အစည်းအဝေး တွေမှာ ၀န်ကြီးဌာန ၉ ခုကို ပြင်ဆင် ဖွဲ့စည်း လိုက်ပါတယ်။ အရင်က သက်ဆိုင်ရာ တိုင်းဒေသ ကြီးတွေရဲ့ လိုအပ်ချက်အရ ဖွဲ့စည်းထားတဲ့ ၀န်ကြီး ဌာနတွေကို ဖျက်သိမ်း လိုက်ပြီး ပြည်နယ်နဲ့ တိုင်းဒေသကြီး အားလုံးမှာ တပြေးညီဖြစ်အောင် ဖွဲ့စည်းလာတာ ဖြစ်ပါတယ်။ အပြည့်အစုံကို စုံစမ်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။

ပြည်နယ်နဲ့ တိုင်းဒေသကြီး လွှတ်တော်တွေရဲ့ အထူး လွှတ်တော်အစည်းအဝေးကို မနေ့ကနဲ့ ဒီကနေ့ ၂ ရက် ကျင်းပခဲ့ပြီး ၀န်ကြီးဌာနတွေကို ကြေညာရုံပဲဖြစ်လို့ အစည်းအဝေးက ၁၀ မိနစ်သာသာပဲ ကျင်းပပြီး ပြီးစီး သွားပါတယ်။

ရခိုင်ပြည်နယ်လွှတ်တော် ဥပဒေပြုရေး ကော်မတီဝင် ဦးအောင်မြကျော်က လက်ရှိ ၀န်ကြီးတွေပဲ အပြောင်းအလဲ ဖြစ်တဲ့ ဌာနတွေကို တာဝန် ယူသွားမယ်လို့ ဆိုပါတယ်။

“ပြည်နယ်လွှတ်တော် အစည်းအဝေးတော့ ပြီးသွားပါပြီ။ အပြောင်းအလဲကတော့ ဌာနတွေကို ပြောင်းလိုက် တာပါ။ တချို့ ဌာနတွေကို ဗဟိုက ကိုင်သွားတယ်။ ထပ်ပြီးတိုးလာတဲ့ ဌာနတွေကိုပဲ အပြောင်းအရွှေ့ လုပ်တဲ့ သဘောမျိုးပါ။ လူကတော့ ဒီအတိုင်းပါပဲ။ လူ ၉ ယောက် ကတော့ ၉ ယောက်ပဲ။ ဘယ်ဌာနကို ဘယ်သူ ကိုင်ရမယ်ဆိုတာ မနက်ဖြန်မှ ဥက္ကဋ္ဌက ကြေညာပေးမယ်။ အစည်းအဝေး ကတော့ အဲဒီ ဌာနတွေကို ကြေညာတာနဲ့ဆိုတော့ ၁၀ မိနစ်လောက်ပဲ ကြာပါတယ်။”

စောစောပိုင်းတုန်းကတော့ လွှတ်တော်သက်တမ်း ၅ လအတွင်း ပထမအကြိမ်ခေါ်တဲ့ အထူး အစည်းအဝေးမို့ ကိုယ်စားလှယ် တွေက ဒီသက်တမ်းထဲ လိုအပ်ချက်တွေကို တင်ပြဖို့ ပြင်ဆင်ခဲ့ပေမဲ့ အခြေအနေ မပေးခဲ့ပါဘူး။

ရန်ကုန်တိုင်းဒေသကြီးမှာ အရင်က ရှိထားတဲ့ ၀န်ကြီးဌာနတချို့ အပြောင်းအလဲ ဖြစ်လာတယ်လို့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းက ပြောပါတယ်။

“၀န်ကြီးဌာန ၉ ခုကို ပြင်ဆင်ပြောင်းလဲပြီး ၀န်ကြီးတွေကို နေရာပြန်ချပေးတာ။ အပြောင်းအလဲ နည်းနည်း ရှိတယ်။ နာမည်လေးတွေ ပြောင်းတယ်။ တချို့ ၀န်ကြီးဌာနတွေ၊ ပညာရေး၊ ကျန်းမာရေး၊ နိုင်ငံခြားရေးတို့ ပြုတ်သွားတာ။ လူသစ်တွေတော့ မပါဘူး။ ဒီလူတွေကိုပဲ ၀န်ကြီးဌာန ပြောင်းပစ်တာပေါ့၊ ပြောင်းတယ်ဆိုတာ ပြုတ်သွားတဲ့ ၀န်ကြီးဌာနတွေ ရှိတယ်။

“ခုနက ကျမပြောသလို ပညာရေး၊ ကျန်းမာရေး၊ နိုင်ငံခြားရေး၊ လူဝင်မှု ကြီးကြပ်ရေးတို့၊ ယဉ်ကျေးမှုနဲ့ သာသနာရေးတို့၊ ဒါတွေ ပြုတ်သွားတယ်။ ပြုတ်သွားတော့ လစ်လပ်နေတဲ့ အဲဒီ ၀န်ကြီးတွေကို တခြား ၀န်ကြီးဌာနတွေမှာ ခန့်လိုက်တယ်။ အရင်က ၄ ခုကို တယောက်ထဲ ကိုင်တာတွေ ရှိတယ်မလား၊ အခုက တယောက်ကိုတခု၊ အလွန်ဆုံး ၂ ခုပဲ ဖြစ်သွားတယ်။”

ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းနဲ့ ရန်ကုန်တိုင်း ဒေသကြီးတို့လို နေရာတွေမှာ တိုင်းရင်းသား ရေးရာ ၀န်ကြီးတွေ ရှိကြပါတယ်။ ဒီဝန်ကြီးတွေ ထဲက အများစုဟာ အခုထိ သက်ဆိုင်ရာ အစိုးရ အဖွဲ့ရုံးတွေမှာ ရုံးခန်း နေရာတောင် မရကြ သေးဘူးလို့ သိရပါတယ်။

အမည်မဖော်လိုတဲ့ တိုင်းရင်းသားရေးရာ ၀န်ကြီးတယောက်က သူတို့မှာ မယ်မယ်ရရလည်း အလုပ် မရှိသလို အစိုးရအဖွဲ့ အစည်းအဝေး တွေကိုလည်း မတက်ရ ကြောင်းနဲ့ အစိုးရအဖွဲ့ ကိစ္စတွေကို ပြည်တွင်း ပြည်ပ မီဒီယာတွေနဲ့ ဆက်သွယ်ပြောရင် လွှတ်တော် ကိုယ်စားလှယ် တာဝန်ကပါ ဖြုတ်ပစ်မယ်လို့ ခြိမ်းခြောက်မှုတွေ ရှိကြောင်း ဗွီအိုအေကို ပြောပါတယ်။

Ref: VOA News

Read More...

KIO နှင့် အစိုးရတပ် တွေ့ဆုံဆွေးနွေး

သန်းထိုက်ဦး
Thursday, 30 June 2011

အစိုးရ တာဝန်ရှိသူများနှင့် ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) ခေါင်းဆောင် တချို့ အပစ်အခတ် ရပ်စဲရေးနှင့် ပတ်သက်၍ ယနေ့ တွေ့ဆုံ ဆွေးနွေးရာ နေ့လယ်ပိုင်းတွင် ဆွေးနွေးပွဲ ပြီးဆုံးကြောင်း KIO က ပြောသည်။

ယင်းဆွေးနွေးပွဲ၌ အစိုးရဘက်မှ ကချင်ပြည်နယ် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး သန်းအောင် ဦးဆောင်၍ ကချင်ပြည်နယ် အမျိုးသား လွှတ်တော် အမတ် ဦးခက်ထိန်နန် အပါအ၀င် ၃ ဦး လာရောက်ကြောင်း၊ KIO က ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော် ဦးဆောင်ပြီး ၆ ဦး တွေ့ဆုံကြောင်း သိရသည်။

အပစ်အခတ်ရပ်စဲရေး ဆွေးနွေးရာ၌ KIO ဘက်က တရားဝင် အထောက်အထေား ခိုင်ခိုင်မာမာ ပြရန် တောင်းဆိုရာတွင် အစိုးရ ဘက်က အထက်ကို တင်ပြမည်ဟု ပြန်လည် ပြောဆိုကြောင်း KIO ပြောသည်။

အမှန်တကယ် အပစ်ရပ်ကြောင်း အစိုးရအဖွဲ့အစည်းက တာဝန်ရှိ ပုဂ္ဂိုလ် သို့မဟုတ် စစ်ဘက်ဆိုင်ရာ အရာရှိ တဦးက အာမခံ ချက် ပေးရန် မကြာသေးခင် ကပင် KIO က ပြောဆို ထားသည်။

ယခုဆွေးနွေးပွဲသည် ပဏာမ ဆွေးနွေးပွဲအဆင့်ဖြစ်သည်ဟု ဗိုလ်မှူးချုပ် ဂွမ်မော်၏ ပြောကြားချက် အရ သိရသည်။ မည်သည့် နေ့ရက်၌ ထပ်မံ ဆွေးနွေးမည်ကို မသိရသေးဘဲ အစိုးရဘက်က အကြောင်းပြန်မည် ဖြစ်သည်ဟုလည်း ဆိုသည်။

ကချင်ပြည်နယ် KIO ထိန်းချုပ်ဒေသ လဂျားယန်နှင့် အစိုးရတပ်နယ်မြေ အကြား တွေ့ဆုံ၍ အပစ်အခတ် ရပ်စဲရေး နှင့် ပတ်သက်ပြီး ဆွေးနွေးခြင်း ဖြစ်ကြောင်း KIO တွဲဖက် အတွင်းရေးမှူး ဦးလနန်က ဧရာဝတီသို့ ပြောသည်။

ပြီးခဲ့သည့် ၁၇ ရက်နေ့ကKIO ကို အပစ်အခတ် ရပ်စဲရေး ပြုလုပ်ရန် အစိုးရက ကချင် အတိုင်ပင်ခံ ကောင်စီ ကိုယ်စားလှယ်များ မှ တဆင့် ကမ်းလှမ်းခဲ့ပြီး နောက်ပိုင်း ဒုတိယ အကြိမ် ဖြစ်သည်။

အစိုးရက ကချင်ပြည်နယ် မိုးမောက်မြို့နယ် အတွင်းရှိ တာပိန် ရေအားလျှပ်စစ် စီမံကိန်း အနီးရှိ ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တပ်များအား လုံခြုံရေး အရ စိတ်မချရဟု အကြောင်းပြကာ ထွက်ခွာရန် ပြောဆိုခဲ့ပြီး ဇွန် ၉ ရက်နေ့က စတင်၍ တိုက်ပွဲများ နေ့စဉ်နီးပါး ဖြစ်ပွားခဲ့ ကြသည်။ ယင်းတိုက်ပွဲများကြောင့် ဒေသခံ ထောင်နှင့်ချီ၍ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရ သည်။

ယခင် စစ်အစိုးရနှင့် KIO သည် ၁၉၉၄ ခုနှစ်က စတ၍ အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခဲ့သည်။ ယမန်နှစ် အောက်တိုဘာလ အတွင်းက အစိုးရ သတင်းစာများ၌ KIA ကို “သောင်းကျန်းသူ”ဟု ပြန်လည်သုံးနှုန်းခဲ့ ပြီးနောက် အပစ်အခတ် ရပ်စဲရေးလည်း ပျက်ပြယ်ခဲ့သည်။

Ref: ဧရာဝတီ်

Read More...

Wednesday, June 29, 2011

အာရပ်အုံကြွမှုနှင့် မြန်မာ့အရေး ဒေါ်စု နှိုင်းယှဉ်ဆွေးနွေး

အင်္ဂါ, 28 ဇွန် 2011

မြန်မာနိုင်ငံက ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေနဲ့ Arab Spring လို့ ခေါ်တဲ့ အာရပ်ကမ္ဘာက ဒီမိုကရေစီ အရေး တောင်းဆို လှုပ်ရှားမှုတွေကို နှိုင်းယှဉ်ပြီး ဘီဘီစီ ရုပ်မြင် သံကြားဌာနက အင်္ဂါနေ့မှာ ထုတ်လွှင့်တဲ့ ဆွေးနွေး ဟောပြောမှု အစီအစဉ်မှာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ ရိုက်ကူးခဲ့ပြီး ပြည်ပကို တိတ်တဆိတ် သယ်ဆောင်လာခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဲဒီ ဆွေးနွေးခန်းကို အပိုင်း ၂ ပိုင်းခွဲပြီး ပြသမှာ ဖြစ်ပါတယ်။ အခု အပိုင်း ၁ ကိုတော့ စတူဒီယို ခန်းမထဲမှာ ပရိသတ်တွေကို အင်္ဂါနေ့က ပြသခဲ့တာဖြစ်ပြီး ဒုတိယ အပိုင်းကိုတော့ လာမယ့် ဇူလိုင်လ ၅ ရက်နေ့မှာ ပြသမှာပါ။

တူနီးရှားနိုင်ငံမှာ သမ္မတပါ ရာထူးက နှုတ်ထွက်ပေးခဲ့ရတဲ့ ဆူပူအုံကြွမှုတွေ ဖြစ်ပေါ်လာအောင် မိမိ အသက်ကို စတေး လိုက်တဲ့ လမ်းဘေး ဈေးသည်လေးနဲ့ ၁၉၈၈ ခုနှစ်တုန်းက ဒီမိုကရေစီ လှုပ်ရှားမှုအတွင်း အသက် ပေးဆပ်ခဲ့ကြတဲ့ မြန်မာနိုင်ငံက ကျောင်းသား လူငယ်တွေရဲ့ အခြေအနေတွေကို နှိုင်းယှဉ်ပြီး Liberty လွတ်မြောက်မှုလို့ အမည်ပေးထားတဲ့ မိန့်ခွန်းအတွင်း Securing Freedom လွတ်လပ်မှုကို ရယူခြင်းဆိုတဲ့ အမည်နဲ့ ဒေါ်အောင်ဆန်းကြည်က အပိုင်း ၁ ကို ဟောပြောခဲ့တာပါ။

အရှေ့အလယ်ပိုင်းက ဒီမိုကရေစီအရေး တောင်းဆို လှုပ်ရှားမှုတွေဟာ မြန်မာနိုင်ငံအ တွက် စိတ်ဓာတ် တက်ကြွစရာ ကောင်းပြီး တူနီးရှားနဲ့ အီဂျစ်တို့မှာ အသွင် ကူးပြောင်းမှုတွေ မြန်မြန်ဆန်ဆန် ဖြစ်ပေါ်ခဲ့တဲ့ အပေါ် မြန်မာနိုင်ငံ သားတွေ အနေနဲ့ အားကျ မိပါတယ်လို့ အဲဒီ ဆွေးနွေး ဟောပြောမှုအတွင်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောကြားခဲ့ပါတယ်။ ဒီဆွေးနွေး ဟောပြောမှုဟာ ဘီဘီစီက ထုတ်လွှင့်တဲ့ ကမ္ဘာကျော် Reith Lectures အစီအစဉ်မှာ ထုတ်လွှင့်ခဲ့တာ ဖြစ်ပါတယ်။


Ref: VOA News

Read More...

ပါတီကို သွေးသစ်လောင်းရန် ဒေါ်စု ဆန္ဒရှိ

ကိုပေါက်
အင်္ဂါနေ့၊ ဇွန်လ ၂၈ ရက် ၂၀၁၁

နယူးဒေလီ (မဇ္ဈိမ) ။ ။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ကို လူငယ်များဖြင့် သွေးသစ် လောင်းလိုကြောင်း အထက်မြန်မာပြည် ပြည်နယ်နှင့် တိုင်း ၇ ခုမှ လူငယ်များနှင့် တွေ့ဆုံစဉ် အဓိကထား ပြောဆိုခဲ့သည်ဟု ဗဟို လူငယ်လုပ်ငန်း ဖော်ဆောင်ရေး တာဝန်ခံ (၁) ကိုမျိုးညွန့်က ပြောသည်။

မန္တလေး၊ စစ်ကိုင်း၊ မကွေးတိုင်းနှင့် ရှမ်း၊ ကချင်၊ ချင်း၊ ကယားပြည်နယ်တို့မှ လူငယ် ၈ဝ ကျော် တက်ရောက်သည့် အဆိုပါ တွေ့ဆုံပွဲကို ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ NLD ရုံးချုပ်၌ အင်္ဂါနေ့မနက် ၁ဝ နာရီခွဲမှ ညနေ ၃ နာရီအထိ ပြုလုပ်ခဲ့ကြသည်။

ပါတီအထွေထွေ အတွင်းရေးမှူးနှင့် လူငယ့်ရေးရာ တာဝန်ခံလည်းဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် အထက် မြန်မာပြည် ပါတီဝင် လူငယ်များ၏ ပထမဆုံး အကြိမ် တွေ့ဆုံပွဲ ဖြစ်သည်။

“အရိပ်အမြွက်ပေါ့။ ပါတီကို သွေးသစ်လောင်းမယ့် ပုံစံ ရှိပါတယ်။ လူကြီးတွေကိုလည်း လေးစားပြီးတော့ ဒီလူကြီးတွေ အနား ယူသွားရင် သူတို့နေရာ ဝင်နိုင်အောင် အခုကတည်းက လေ့ကျင့် ပျိုးထောင်သွားဖို့ အဓိကထား ပြောသွားတာပါ” ဟု လူငယ့်ရေးရာ တာဝန်ခံ ကိုမျိုးညွန့်က မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး “ ကျနော် နားလည်မိတာကတော့ ကျနော်တို့ပါတီမှာ အောက်ခြေ အဆင့်ကနေ အသီးသီးမှာ လူငယ်တွေကို နေရာပေးဖို့၊ တာဝန် ပိုပေးဖို့ ဆိုတဲ့ ပုံစံကို ခင်းလာပါတယ် ” ဟု ပြောသည်။

သဘာပတိ ဒုဥက္ကဋ္ဌ ဦးတင်ဦးက လူငယ်များအနေဖြင့် လူငယ့်ရေးရာ တာဝန်ခံအား ပွင့်ပွင့်လင်းလင်း ဆွေးနွေး ကြရန် တိုက်တွန်း ခဲ့သည့် နည်းတူ လူငယ်များ အနေဖြင့်လည်း ၎င်းတို့အား လက်တွဲခေါ်ယူရန် ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်က လူငယ်များ စဉ်းစားစရာ အချက်များအဖြစ် လူကြီး/လူငယ် ကွာခြားချက် များနှင့် ၎င်းကွာခြားချက် များမှာ ညှိနှိုင်း၍ရသည့် အရာများ ဖြစ်ကြောင်းလည်း ဆွေးနွေးသွားသည်။

တွေ့ဆုံပွဲသို့ ဗဟိုလူငယ်လုပ်ငန်း ဖော်ဆောင်ရေးအဖွဲ့မှ တာဝန်ခံ ၂ ကိုလှဦး၊ တာဝန်ခံ ၃ ကိုအေးထွန်း၊ စည်းကမ်း ထိန်းသိမ်းရေးမှူး ကိုထွန်းဇော်၊ အုပ်ချုပ်ရေးမှူး ကိုဖြိုးငွေ၊ သတင်းပြန်ကြားရေးမှူး ကိုအောင်စိုးတို့လည်း တက်ရောက်ခဲ့ကြသည်။

လူငယ်များ၏ အခန်းကဏ္ဍ အင်အားတောင့်လာမှ အပြောင်းအလဲကို မျှော်လင့်နိုင်မှာဖြစ်ကြောင်း မန္တလေးတိုင်း လူငယ် လုပ်ငန်း ဖော်ဆောင်ရေး တာဝန်ခံ ကိုဇော်ဇော်အောင်က မဇ္ဈိမကို ပြောသည်။

“လူငယ်တွေ့အခန်းကဏ္ဍက ရှေ့လျှောက်ပိုများလာမယ့်သဘောပါ။ တက်လာတဲ့ လူငယ်တွေကလည်း ဒီဟာကို အားတက်သရော ဆွေးနွေး ဖြစ်ကြပါတယ်။ လူငယ်တွေရဲ့ခံစားချက်ကတော့ အလုပ်လုပ်ချင်တဲ့ အနေအထားတွေ အများကြီး ရှိတာပေါ့” ဟု သူက ဆိုသည်။

ပြည်နယ်/တိုင်းမှ လူငယ်တာဝန်ခံများ အနေဖြင့် မိမိတို့သက်ဆိုင်ရာ ပြည်နယ်/တိုင်းများတွင် မြို့နယ်လူငယ် လုပ်ငန်းများ ဖွဲ့စည်း ဖော်ဆောင်သွားမည်ဖြစ်သည်။

NLD တွင် ဗဟိုလူငယ်အဖွဲ့ဟူ၍ ယခင်က ရှိခဲ့ဖူးပြီး အကျပ်အတည်းများကြောင့် ပျက်ပြားသွားကာ ဗဟိုလူငယ် လုပ်ငန်း ဖော်ဆောင်ရေး ဟူ၍ ပြန်လည် ဖွဲ့စည်း လှုပ်ရှားနေကြခြင်း ဖြစ်သည်။

လူငယ်ကွန်ယက်မှာ ပါတီဝင် မဟုတ်သူ လူငယ်များနှင့် ချိတ်တွဲ လုပ်ဆောင်နိုင်ရန် အတွက် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေးသွားသည်။ ဗုဒ္ဓဟူးနေ့တွင် ရန်ကုန်၊ ပဲခူး၊ တနင်္သာရီ၊ ဧရာဝတီတိုင်း၊ ကရင်၊ မွန်နှင့် ရခိုင်ပြည်နယ်တို့မှ လူငယ်များနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဦးမည်ဖြစ်သည်။

လွန်ခဲ့သည့် မတ်လအတွင်းကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် ပါတီဝင် မဟုတ်သည့် လူငယ်များနှင့် တွေ့ဆုံပြီး ကွန်ယက် ဖွဲ့စည်းရေးများ စတင် လှုပ်ရှားလာခဲ့ရာ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

Ref: မဇ္ဈိမ

Read More...

မစ်ရှဲလ်ယိုး ရန်ကုန်လေဆိပ်မှ လှည့်ပြန်ရ

အင်္ဂါ, 28 ဇွန် 2011

ဟောလိဝုဒ် ရုပ်ရှင်မင်းသမီး မစ်ရှဲလ်ယိုး (Michelle Yeoh) ဟာ ပြီးခဲ့တဲ့ သီတင်းပတ်က မြန်မာပြည်ကို အလာ ရန်ကုန် နိုင်ငံတကာ လေဆိပ်ကနေ ၀င်ရောက်ခွင့် မပြုဘဲ ပြန်ခိုင်း လိုက်တယ်လို့ မြန်မာအစိုးရ အရာရှိတွေက ဒီနေ့ ပြောဆို လိုက်ပါတယ်။

အသက် ၄၈ နှစ်အရွယ် မလေးရှားနိုင်ငံသူ နာမည်ကြီး ဟောလိဝုဒ် ရုပ်ရှင်မင်းသမီး မစ်ရှဲလ်ယိုးဟာ The Lady လို့ နာမည် ပေးထားတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘ၀ သရုပ်ဖော် ရုပ်ရှင် ဇာတ်ကားမှာ ဒေါ်အောင်ဆန်းစုကြည် အဖြစ် သရုပ်ဆောင် ရိုက်ကူးနေတာပါ။

သူ့ကို မြန်မာအစိုးရက မြန်မာပြည်ဝင်ခွင့် မပေးရမယ့် သူများစာရင်း Black List မှာ ထည့်သွင်း ထားတာကြောင့် ၀င်ခွင့် မပြုတာ ဖြစ်တယ်လို့ မြန်မာ အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။

မစ်ရှဲလ်ယိုးဟာ ဇွန်လ ၂၂ ရက်နေ့ ဗုဒ္ဓဟူးနေ့က မြန်မာပြည်ကို လာရောက်ခဲ့တာ ဖြစ်ပါတယ်။ မစ်ရှဲလ်ယိုးဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ အတွင်းက မြန်မာပြည်ကို လာရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့် ရခဲ့ပါတယ်။

မစ်ရှဲလ်ယိုးဟာ မလေးရှားနိုင်ငံရဲ့ စံပြ အလှမယ်တ ဦးဖြစ်ပြီး Crouching Tiger, Hidden Dragon၊ Memoirs of Geisha နဲ့ ဂျိမ်းစ်ဘွန်း (James Bond) ရုပ်ရှင်ဇာတ်လမ်း Tomorrow Never Dies ဆိုတဲ့ ဇာတ်ကားတွေမှာ ပါဝင် သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။

Ref: VOA News

Read More...

လိုင်ဇာကိုတိုက်ဖို့ အစီအစဉ် မရှိဟု ဦးမထုနော်အဖွဲ့ ပြောပြီ

ဖနိဒါ
အင်္ဂါနေ့၊ ဇွန်လ ၂၈ ရက် ၂၀၁၁

ချင်းမိုင် (မဇ္စျိမ) ။ ။ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့ကို တိုက်ခိုက် သိမ်းပိုက်ရန် အစီအစဉ် မရှိကြောင်း အစိုးရ လိုလားသော ပြည်သူ့စစ် တပ်ဖွဲ့တခု ဖြစ်သည့် ကောင်းခါး ပြည်သူ့စစ် အဖွဲ့ ပြန်ကြားရေး အဖွဲ့ဝင် ကိုဒေါင်လွမ်းက ယတိပြတ် ငြင်းဆိုလိုက်သည်။

“အစိုးရဘက်က ဘာတွေ လုပ်နေလဲတော့ မသိဘူး။ ကျနော်တို့ KDA ပြည်သူ့စစ် အနေနဲ့ ဒီစစ်ပွဲနဲ့ ပတ်သက်လို့ ပစ်တာတွေ နည်းနည်းမှ မလုပ်ဘူး၊ ဘာမှ မပတ်သက်ဘူး၊ စစ်ရေး ပြင်ဆင်တာတွေလည်း မရှိဘူး။ ကျနော်တို့က ကောင်းခါးဒေသ ကာကွယ်ဖို့ပဲ။ တခြား အဖွဲ့တွေနဲ့ တွေ့တာလည်း မရှိဘူး” ဟု အဖွဲ့၏ ပြန်ကြားရေးအဖွဲ့ဝင် ကိုဒေါင်လွမ်းက မဇ္ဈိမကို ပြောသည်။

KIO အခိုင်အမာ တပ်စွဲထားသော တရုတ်နိုင်ငံနှင့် နယ်နမိတ်ချင်း ထိစပ်နေသည့် လိုင်ဇာကို တိုက်ခိုက်ရန် ပြင်ဆင်မှုတွင် KDA ဟု လူသိများသော ကောင်းခါး ပြည်သူ့စစ်များ ပါဝင်သည်ဆိုသော သတင်းများ ထွက်ပေါ်လာခြင်းအပေါ် ပြန်လည် တုံ့ပြန်ခြင်းလည်း ဖြစ်သည်။

“ကျနော်တို့ဘက်က ပါဝင်တာတွေ မရှိဘူး။ အစိုးရဘက်က လုပ်နေသလား ဆိုတာတော့ မသိနိုင်ဘူး။ ကျနော်တို့ ကချင် အချင်းချင်း သွေးခွဲသလိုမျိုး ဖြစ်လာတော့ စိတ်မကောင်း ဖြစ်နေတယ်။ နဂို ကတည်းကနေတောင် ကွဲနေမှ အခုလို ဖြစ်တော့ ပိုပြီး သွေးခွဲသလို ဖြစ်လာတယ်” ဟု ကိုဒေါင်လွမ်းက ဆိုသည်။

အင်အား ၁ဝဝဝ နီးပါးရှိ ကောင်းခါးပြည်သူ့စစ်ဟု အမည်ပေးထားသော ဦးမထုနော် ဦးဆောင်သည့် ယခင် ကချင် ကာကွယ်ရေးတပ် KDA အဖွဲ့မှာ ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် အတွင်း အခြေစိုက်သည်။ ယမန်နှစ်က ပြည်သူ့စစ် အသွင် ပြောင်းလဲခဲ့ပြီး အရှေ့မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ ကွတ်ခိုင်ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးကျော်သူက တိုက်ရိုက် ကွပ်ကဲထားသည်။

ဦးမထုနော်နှင့် အဖွဲ့သည် ၁၉၉ဝ ပြည့်နှစ်တွင်း KIO မှ ခွဲထွက်သွားပြီး ၁၉၉၁ နှစ်ဆန်းပိုင်းတွင် အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့သည်။

KIO ကို တိုက်နိုင်ရေးအတွက် တရုတ်နယ်ကို ဖြတ်သန်းခွင့်အတွက် တရုတ်အစိုးရက ခွင့်ပြုပြီး ဖြစ်သည် ဆိုသော သတင်းများနှင့် ပတ်သက်၍ “ဒီလို အင်အားကြီး တရုတ်နိုင်ငံက ဒီလို လက်နက်ကိုင်တပ်ဖွဲ့ သေးသေးလေးကို တိုက်ခိုက် သိမ်းပိုက်ဖို့ ခွင့်ပြု လိုက်တယ် ဆိုရင်တော့ သူတို့နိုင်ငံလည်း သိက္ခာရှိမှာ မဟုတ်ဘူး။ ခွင့်ပြုမယ်လို့ မထင်ဘူး” ဟု KIO ဗဟိုကော်မတီ တွဲဖက် အတွင်းရေးမှူး ဦးလနန်က မဇ္စျိမကို ပြောသည်။

ယူနန်ပြည်နယ် ရင်ချန်း၊ ရွှေလီ၊ မန်ရှီ စသည့် ဒေသများတွင် အဓိက တရုတ်ပြည်မှ ကချင်လူမျိုးများသာ အများအားဖြင့် နေထိုင် နေသည် ဆိုသည့် အချက်ကိုလည်း စဉ်းစားသင့်သည်ဟု သူက ဆိုသည်။

သို့သော်လည်း KIO အနေဖြင့် စစ်ရေးပြင်ဆင်မှုများ အမြဲအသင့်ရှိနေပြီး၊ ဇွန်လ ၉ ရက်နေ့မှ ယနေ့ထိ ၃ ပတ်ကျော်ကြာ တိုက်ပွဲငယ်များ ဖြစ်ပွားနေသည်။

တနင်္လာနေ့ ညနေတွင်လည်း ကားမိုင်းမြို့နယ် လွယ်ဆိုင်းကျေးရွာနှင့် မအူပင်ကြားမှ ဂျန်မိုင်တောင်ကုန်း ပေါ်၌ အစိုးရ တပ်ရင်း ၂၉၇ နှင့် KIO တပ်ရင်း ၆ တပ်ဖွဲ့အကြား တိုက်ပွဲများ ဆက်လက် ရှိနေသေးသည်ဟု ဆိုသည်။


Ref: မဇ္ဈိမ

Read More...

ကျောက်မျက်ကြောင့် ဟိုတယ်များ လူပြည့်ပြီ

ကိုဝိုင်း
အင်္ဂါနေ့၊ ဇွန်လ ၂၈ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ ကျောက်မျက်အထူးရောင်းချပွဲကို ဇူလိုင်လထဲ ပြုလုပ်မည်ဖြစ်သဖြင့် တက်ရောက်မည့် ကုန်သည်များက ကြိုတင် ဘွတ်ကင် လုပ်ထားသောကြောင့် နေပြည်တော်ရှိ ဟိုတယ်များမှာ ထိုကာလတွင် အခန်းလွတ်ပင် မရှိတော့ကြောင်း ဟိုတယ် လုပ်ငန်းရှင်များ ဥက္ကဋ္ဌ ဦးခင်ရွှေက ပြောသည်။

“ ဟိုတယ်က အခန်းတွေ ယူလို့ကို မရတော့ဘူး။ အကုန်အပြည့်ပဲ။ မူလက ဒေါ်လာ ၃ဝ လောက် ယူတာ၊ အခု ၁ဝဝ ပေးငှားလည်း မရတော့ဘူး။” ဟု ဦးခင်ရွှေက မဇ္ဈိမကို ပြောသည်။

ဇူလိုင် ၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ ကျောက်မျက်ပြပွဲကို ကျင်းပမည်ဖြစ်ရာ ရတနာကုန်သည် ပေါင်း ၆၇ဝဝ ဖိတ်ကြား ထားသည့် အနက် ၅ဝဝဝ ခန့် လာရောက်မည်ဟု ပြပွဲ ကျင်းပသူများက ခန့်မှန်းထားကြသည်။ နေပြည်တော်တွင် လက်ရှိ ဟိုတယ်အခန်း ၃၀၀၀ ခန့်သာရှိသည်။

ကုန်သည်များ အင်္ဂါနေ့မှစ၍ ရောက်ရှိလာကြပြီး အချို့က လုံးချင်း အိမ်ယာများတွင် ငှားရမ်း နေထိုင်လေ့ ရှိကြသလို အနီးနားရှိ မြို့များသို့ သွားရောက် တည်းခိုရသည်။ သမ္မတ ဦးသိန်းစိန်က ကျောက်မျက်ပြပွဲ စီစဉ်ထားမှုနှင့် ခရီးသွား မြှင့်တင်ရေး ပြခန်း များကိုလည်း ယနေ့တွင် စစ်ဆေးသည်။

မြန်မာ့ခရီးသွား လုပ်ငန်းဘုတ်အဖွဲ့ (Myanmar Tourism Board) က ဦးဆောင်ပြီး ဘုတ်အဖွဲ့ဝင် အသင်း ၁၁ ခုကလည်း ကျောက်ရောင်းပွဲကို မှီ၍ ခရီးသွားပြခန်းများ အပါအဝင် ပြခန်း ၁၁ ခုပြုလုပ်မှာ ဖြစ်သည်။

၂ဝ၁ဝ ခုနှစ် နိုဝင်ဘာပွဲတွင် သန်း ၂ဝဝဝ ခန့်သာ ရောင်းချခဲ့ရာမှ ပြီးခဲ့သည့် မတ်လအတွင်းက ကျင်းပ သွားသည့်
၄၈ ကြိမ်မြောက် ကျောက်မျက်ရတနာ ရောင်းပွဲမှ အမေရိကန် ဒေါ်လာ သန်း ၂၄ဝဝ ခန့် ရရှိခဲ့ကြောင်း အစိုးရက ထုတ်ပြန်ခဲ့သည်။

Ref: မဇ္ဈိမ

Read More...

ဆန်အရေး ကုလနှင့် မြန်မာ ဆွေးနွေး

သဲသဲ
အင်္ဂါနေ့၊ ဇွန်လ ၂၈ ရက် ၂၀၁၁

နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာလယ်သမားများဘဝ မြှင့်တင်ရာ၌ အဓိကကျသည့် ဆန်ထုတ်လုပ်မှု မြှင့်တင်နိုင်ရေး အတွက် ကုလကော်မရှင် ESCAP နှင့် မြန်မာ အစိုးရတို့ နေပြည်တော်၌ ကျင်းပသည့် အင်္ဂါနေ့ ဖွံ့ဖြိုးမှုဆိုင်ရာ အစည်းအဝေး၌ ပြည်တွင်းပြည်ပ ပညာရှင်များ ဆွေးနွေးခဲ့ကြသည်။

“အရေးကြီးတာ စိုက်ပျိုးရေးထဲမှာ အဓိက ဆန်ပေါ့။ ဆန်နဲ့ ပတ်သက်တဲ့ မူဝါဒတွေကို ဘယ်လိုချမှတ်ကြလဲ၊ ဟိုတုန်းက ဘာဖြစ်ခဲ့လဲ ဆိုတာတွေ ပြန်သုံးသပ် ဆွေးနွေးတာပေါ့။ မနေ့က စာတမ်းဖတ်တယ်၊ ဒီနေ့က ပညာရှင်များနဲ့ ဌာနဆိုင်ရာများ ပူးပေါင်းပြီး လုပ်ငန်း အစီအစဉ်ဆွဲမယ်” ဟု ဆွေးနွေးပွဲတက်ရောက်သူ ဦးခင်မောင်ညို (ဘောဂဗေဒ) က ဆိုသည်။

လယ်သမားများနှင့် ဆင်းရဲနွမ်းပါးသူများ၏ လူမှုဘဝဖွံ့ဖြိုးလာရေးအတွက် နိုင်ငံတကာ ပညာရှင်များ၏ အတွေ့ အကြုံ၊ အမြင်ချင်း ဖလှယ် ဆွေးနွေးနိုင်ရန် ရည်ရွယ် ကျင်းပကြောင်းနှင့် ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၏ ဆွေးနွေးပွဲ ဖွင့်ပွဲ အမှာစကား ပြောကြားချက်ကို အင်္ဂါနေ့ထုတ် မြန်မာ့အလင်းတွင် ဖော်ပြထားသည်။

ဒုသမ္မတက “ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်ရေးအတွက် မိမိတို့လုပ်သင့်၊ လုပ်နိုင်သော လုပ်ငန်းများကို Action Plan ရေးဆွဲပြီး ပြည်ထောင်စု အဆင့် ဗဟို လုပ်ငန်းကော်မတီမှ တိုင်းဒေသနှင့် ပြည်နယ်အထိ လုပ်ငန်းကော်မတီ အဆင့်ဆင့်ဖြင့် ဆောင်ရွက်မည်” ဟု အမှာစကား ပြောခဲ့သည်ဟု ပါရှိသည်။

ဆွေးနွေးပွဲကို “အမျိုးသား ဆန်စပါးမူဝါဒများ တိုးတက်ကောင်းမွန်ပြီး ဒေသတွင်း စားနပ်ရိက္ခာ လုံခြုံ စိတ်ချရေး အတွက် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ” ဟူ၍ ခေါင်းစဉ် ပေးထားကာ ဇွန်လ ၂၇ ရက်မှစ၍ ပြည်တွင်းပြည်ပ စီးပွားရေး ပညာရှင်များက စာတမ်းများ တင်သွင်း ဖတ်ကြားခဲ့သည်။

ကုလသမဂ္ဂ အာရှပစိဖိတ် စီးပွားရေးနှင့် လူမှုရေး ကော်မရှင် ESCAP မှ အမှုဆောင် အတွင်းရေးမှူး ဒေါက်တာ နိုလင်းဟေဇာ Noeleen Heyzer တက်ရောက်ကာ မြန်မာ အစိုးရဘက်က ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ဦးဆောင် တက်ရောက်ခြင်း ဖြစ်သည်။

ဆန်တောင်သူများ စီးပွားရေး အထိုက်အလျောက် ကောင်းမွန်လာရေးနှင့် ဆင်းရဲမှု လျှော့ချရန်၊ ချေးငွေရရှိရေး၊ လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့် ရရေးနှင့် ဆန်းတန်ဖိုး မူဝါဒများ ချမှတ်ရေး စသည့်တို့ ပါဝင်သည့် အချက် ၇ ချက်ကို တင်ပြ ဆွေးနွေး သွားမည်ဟု ဒေါက်တာ နိုလင်းဟေဇာ၏ အမှာစကားတွင်လည်း ပါရှိသည်။

ဆွေးနွေးပွဲသို့ စီမံ/စီးပွားရေး ဖွံ့ဖြိုးရေး၊ စိုက်ပျိုးရေး ဝန်ကြီးဌာနမှ အကြီးအကဲများ၊ မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ကုန်သည်ကြီးများ အသင်း UMFCCI တာဝန်ရှိသူများ၊ သမိုင်းပညာရှင် ဒေါက်တာသန်းမြင့်ဦး၊ ဒေါက်တာ တင်မောင်မောင်သန်း၊ စီးပွားရေးပညာရှင် ဒေါက်တာ ဇော်ဦးနှင့် ဒေါက်တာမြင့်တို့ပါ တက်ရောက်သည်။

လူမှုရေးနှင့် စီးပွားရေးတွင် ဒေသအတွင်း ဖွံ့ဖြိုးတိုးတက်အောင် ကူညီဆောင်ရွက်သည့် ESCAP က မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးမှု ဆိုင်ရာ ဆွေးနွေးပွဲများကို ကမကထပြု ကျင်းပလာခဲ့ရာ ယခုအကြိမ်မှာ တတိယမြောက် ဖြစ်သည်။ ၂ဝဝ၉ ဇူလိုင်နှင့် ဒီဇင်ဘာလတွင် ၂ ကြိမ် ကျင်းပခဲ့ရာ ဒုတိယ အခေါက်တွင် စီးပွားရေး နိုဘယ်လ်ဆုရှင်ဖြစ်သူ ကိုလံဘီယာ တက္ကသိုလ် ပါမောက္ခ ဂျိုးဇက်စတစ်လဇ်လည်း ပါဝင်ခဲ့သည်။


Ref: မဇ္ဈိမ

Read More...

မန္တလေးတွင် တရုတ်ဆန့်ကျင်ရေး ကြီးထွားလာ

ဟိန်းသူ
Tuesday, 28 June 2011

ယမန်နေ့က ဖြစ်ပွားသော မန္တလေး ကျောက်ဝိုင်း ရန်ပွဲကြောင့် တရုတ်နိုင်ငံသား စီးပွားရေး သမားတို့အပေါ် မကျေမနပ်မှု ပိုမို ကြီးထွား နေသည်ဟု ဒေသခံများက ပြောသည်။

ကျောက်ဝိုင်းသို့ ယနေ့ ရောက်လာသော ဒေသခံ ကုန်သည်များက အရောင်းအ၀ယ် စကား မပြောဖြစ်ကြဘဲ ယမန်နေ့က ဖြစ်ခဲ့သည့် ရန်ပွဲ အကြောင်းသာ ပြောဆို နေကြသည်ဟု မန္တလေးမှ ကျောက်ကုန်သည် ဦးအောင်ကျော်က ပြောသည်။

“တရုတ်တွေကို မကျေလည်တာကတော့ ကြာနေပြီ။ မနေ့က သူတို့လုပ်တဲ့ ပုံစံက စော်ကား သလိုဖြစ်တာ ဆိုတော့ ပေါက်ကွဲ ကုန်ကြတာပဲ။ ဒီအတိုင်းသာ ဆက်သွားနေရင် ကျနော်တို့ ပြဿနာတွေ ထပ်ဖြစ် လာနိုင်တယ်” ဟု ဦးအောင်ကျော်က ပြောသည်။

ယမန်နေ့က မန္တလေး၊ မဟာအောင်မြေမြို့နယ်ရှိ ကျောက်ဝိုင်းတွင် အချင်းများရာမှ တရုတ်နိုင်ငံသား ကုန်သည် ၅ ဦးက ကိုမော်ကြီးဆိုသူ မြန်မာ ကျောက်ကုန်သည် တဦးကို ၀ိုင်းဝန်း ထိုးနှက် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုရန်ပွဲကို ရဲ လုံခြုံရေး ၁၀၀ ၀န်းကျင် သွားရောက် ထိန်းသိမ်းကာ ထို ၆ ဦးကို ဖမ်းဆီးသွားပြီး ကျောက်ဝိုင်း ပိတ်လိုက်ရသည်။ ကျောက်ဝိုင်း တခုလုံးလည်း ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။

ယနေ့ ကျောက်ဝိုင်း ပြန်ဖွင့်သော်လည်း အရောင်းအ၀ယ် အေးနေကြောင်း၊ တရုတ်ပြည်မှ ကုန်သည်များ လာရောက်မှု မရှိသလောက် နည်းသွားကြောင်း သိရသည်။

အရောင်းအ၀ယ် ဖြစ်ရေးအတွက် လက်ကြီးသမားများ ဖြစ်သော တရုတ်ပြည်မှ ကုန်သည်များကို အားကိုးရကြောင်း၊ သို့သော်လည်း ဆက်ဆံရေး အဆင်မပြေကြောင်း အမည် မဖော်လိုသူ ကျောက်ပွဲစား တဦးက ရှင်းပြသည်။

“တရုတ်တွေက ဈေးနှိမ်တာတို့၊ နှိမ်ပြီး ဆက်ဆံတာတို့ တွေ လုပ်နေတာတွေကို မခံချင်တာ။ ပစ္စည်းပေးရင် ရိုင်းရိုင်း စိုင်းစိုင်း ပြန်ပစ်ပေး တာတွေလည်း ရှိတယ်။ ဒါကြောင့် သူတို့ကိုပဲ အားကိုးနေရတဲ့ ပုံစံမျိုးကို မဖြစ်ချင်တာ” ဟု ထိုကျောက်ပွဲစားက ပြောသည်။

ယမန်နေ့က ရန်ပွဲနှင့် ပတ်သက်ပြီး အာဏာပိုင်တို့က ဥပဒေအတိုင်း ထိထိရောက်ရောက် အရေး ယူသင့်သည်ဟု မန္တလေးသား စာရေးဆရာ ကျော်ရင်မြင့်က ပြောသည်။

“ကိုယ်ထိ လက်ရောက် လုပ်တယ် ဆိုတာ ဘယ်သူက ဘယ်သူ့ကိုပဲ လုပ်လုပ် မကောင်းပါဘူး။ ကျုးလွန်တဲ့ ပြစ်မှုကို အရေးယူဖို့ လိုအပ်ပါတယ်။ အရေးယူ မခံရရင် ဆက်ပြီး ကျူးလွန်နေမှာပါပဲ။ စော်ကားလို့ ရရင် ဆက်ပြီး စော်ကားနေမှာပါပဲ” ဟု ဆရာ ကျော်ရင်မြင့်က ဧရာဝတီကို ပြောသည်။

ဖမ်းဆီးထားသူများအား မည်သို့အရေးယူထားကြောင်း မဟာအောင်မြေ အမှတ် ၇၊ အမှတ် ၉ ရဲစခန်းတို့ကို ဆက်သွယ် စုံစမ်းရာ ပြန်လည် ဖြေကြားခြင်း မရှိပေ။

ထို တရုတ် ကုန်သည်များ လွတ်မြောက်ရေး ဆောင်ရွက်နေသည်ဟု ဆိုသော မန္တလေးမြို့ တရုတ် ကောင်စစ်ဝန် ရုံးကို ဆက်သွယ် သော်လည်း ပြန်လည် ဖြေကြားခြင်း မရှိပါ။

မန္တလေး၊ မဟာအောင်မြေ ကျောက်ဝိုင်းတွင် ယခင်က အာရှ နှင့် အနောက်နိုင်ငံတချို့မှ ကုန်သည်တို့ လာရောက်မှု များပြား သော်လည်း ယခုတွင်မူ တရုတ်နိုင်ငံမှ ကုန်သည်များသာ တွေ့နေရသည်ဟု ကျောက်ကုန်သည်တို့က ပြောသည်။

ယခုအခါ မန္တလေး ကျောက်ဝိုင်း ရန်ပွဲအကြောင်း သတင်းများ၊ ဓာတ်ပုံများမှာ လူမှုကွန်ရက် အင်တာနက် စာမျက်နှာများတွင် ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိနေသည်ကို တွေ့ရသည်။

ဧရာဝတီတွင်လည်း ထိုရန်ပွဲသတင်း ဖော်ပြခဲ့ရာ စာဖတ်သူ အများအပြားက တရုတ်ကုန်သည် တို့ကို မကျေနပ်ကြောင်း မှတ်ချက် ပေးထားကြသည်။

ထိုရန်ပွဲကြောင့် လူမျိုးရေး အဓိကရုဏ်း မဖြစ်သင့်ကြောင်း Bo အမည်ရှိ စာဖတ်သူက မှတ်ချက် ပေးထားသည်။

“စီးပွားရေးသမား အချင်းချင်း ဖြစ်တဲ့ ပြဿနာ ဆိုတော့ လူမျိုးရေးဘက်ကို ဦးတည် မသွားသင့်ပါဘူး။ -- လိုအပ်နေတာက တရုတ် ဆန့်ကျင်ရေး မဟုတ်ပါ” ဟု သူက ဆိုသည်။

ဗိုလ်ချုပ်ကြီးနေ၀င်း အုပ်ချုပ်သည့် ၁၉၆၇ ခုနှစ်က ရန်ကုန်နှင့် မြို့ကြီးတချို့တွင် တရုတ် - မြန်မာ အဓိကရုဏ်း ဖြစ်ပွားပြီး တရုတ် လူမျိုးပိုင် ကျောင်း၊ အဆောက်အအုံ အများအပြား မီးရှို့ ဖျက်ဆီး ခံခဲ့ရသည်။

၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် တရုတ်နှင့် မြန်မာ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး ဆက်ဆံမှု တိုးမြင့်ခဲ့ပြီး ပြည်မကြီးမှ တရုတ် လူမျိုးများ မြန်မာ နိုင်ငံအတွင်း ၀င်ရောက်မှု များပြားလာခဲ့သည်။

လူဦးရေ သန်း ၆၀ ခန့် ရှိသည့် မြန်မာနိုင်ငံတွင် တရုတ်နွယ်ဖွား ၂ သန်းခန့် နေထိုင်လျက် ရှိသည်ဟု သိရသည်။

Ref: ဧရာဝတီ်

Read More...

အပစ်ရပ်အဖွဲ့များ လက်နက်အပ်ရန် နောက်ဆုံးအချိန် သတ်မှတ်

ခင်ဦးသာ
Tuesday, 28 June 2011

မွန်ပြည်နယ်အတွင်းရှိ အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော တပ်ဖွဲ့ဝင်များအား ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံး ထားကာ လက်နက်များကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့ထံ လာရောက် အပ်နှံရမည်ဟု အမိန့် ထုတ်ထားကြောင်း သိရသည်။

အရှေ့တောင်တိုင်း စစ်ဌာနချုပ်၏ အမိန့်ဖြင့် ထုတ်ပြန်ကာ မွန်ပြည်နယ်၏ မြို့နယ်များ၌ ယခုလဆန်းပိုင်းမှ စတင်၍ လုပ်ဆောင် နေကြောင်း၊ မုဒုံမြို့နယ်၊ သံဖြူဇရပ် မြို့နယ်များ၏ အစိုးရ ရုံးများ၌ ဇွန်လ ၂၆ ရက်ခန့်မှစ၍ ကြေညာထားကြောင်း မုဒုံ ဒေသခံနှင့် မွန်ပြည်သစ် ပါတီ (NMSP) အဖွဲ့ဝင်ဟောင်း ဖြစ်သူ နိုင်မွန်ချမ်းက ပြောသည်။

“ထုတ်ပြန်ချက်မှာတော့ ဘယ်အဖွဲ့ဆိုတာ ရည်ညွှန်းမထားဘူး။ လက်နက်တွေ မအပ်ရင် ဘယ်လို အရေးယူမယ် ဆိုတာလည်း ရေးမထားဘူး” ဟု ၎င်းက ဆိုသည်။

ထိုသို့ လုပ်ဆောင်လာခြင်းသည် တိုင်းရင်းသား ဒေသများ၌ ဖြစ်ပွားနေသော တိုက်ပွဲများအပေါ် အခြေခံကာ မွန် လက်နက်ကိုင် တပ်ဖွဲ့များက တိုက်ခိုက် လာမည်ကို စိုးရိမ်၍ လုပ်ဆောင်ခြင်း ဖြစ်နိုင်ကြောင်း၊ သို့သော် မွန်ပြည်သစ် ပါတီဝင်ဟောင်းများ အနေဖြင့် လက်နက် ရှိသော်လည်း ပြန်အပ်လိမ့်မည်ဟု မထင်ကြောင်း အမည် မဖော်လိုသူ မော်လမြိုင်မြို့ခံ မွန်နိုင်ငံရေး သမားတဦးက ဧရာဝတီ ကိုပြောသည်။

“တချို့ကိစ္စတွေက စွပ်စွဲသလိုမျိုးဖြစ်နေတယ်။ လက်နက်ဆောင်ထားရင်လည်း ဘယ်သူက ငါ့မှာ လက်နက်ရှိတယ် ပြောမှာလဲ။ စစ်ပွဲတွေ စတိုက်ရင်လည်းပဲ အစိုးရတပ်ကပဲ စတိုက်တာပါ” ဟု ၎င်းက ဆိုသည်။

မွန်ပြည်သစ်ပါတီ၏ တပ်ဖွဲ့ဝင်ဟောင်းတို့သည် မြို့ပေါ်နှင့်ကျေးရွာ တချို့၌ နေထိုင်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။

မွန်ပြည်နယ်နှင့် ထိစပ်နေသော ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဒေသတ၀ိုက်၌ ယခုလ အတွင်း တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွား ခဲ့ကြောင်း၊ တိုက်ပွဲများ ဖြစ်ပေါ်နေခြင်းနှင့် ဆက်စပ်၍ အတ္ထရံမြစ်ကြောင်း တလျှောက်ရှိ ကြာအင်းဆိပ်ကြီးမှ မော်လမြိုင် သွားသည့် ရေလမ်းကြောင်းကို KNU ၏ လက်အောက်ခံ တပ်တချို့က ပိတ်ဆို့ထားကြောင်း ကြာအင်းဆိပ်ကြီး ဒေသခံ ကုန်သည်တဦးက ဆိုသည်။

“တိုက်ပွဲတွေ ဆက်တိုက်လိုဖြစ်နေတော့ မြစ်ကြောင်းထဲက ရေလမ်းကြောင်း တချို့ ပိတ်ထားတာ ရက် ၂၀ ကျော်ပြီ။ ရေလမ်းက လုံးဝ သွားလို့မရ ဖြစ်နေတယ်” ဟု သူက ပြောသည်။

ကြာအင်းဆိပ်ကြီး ဒေသတ၀ိုက်တွင် ကရင်အမျိုးသား အစည်းရုံး (KNU) လက်အောက်ခံ တပ်မဟာ ၆ အခြေစိုက် လှုပ်ရှားလျက် ရှိသည်။

KNU အတွင်းရေးမှူး ၁ ဗိုလ်မှူး ဖဒိုစောလှငွေကမူ သံလွင်မြစ်ကြောင်းတလျှောက် ရေလမ်းကြောင်းအား KNU က ပိတ်ဆို့ ထားခြင်းသည် မဟုတ်မှန်ဟု ပြောသည်။

“KNU ဌာနချုပ်နဲ့ဘာမှ မပတ်သက်ပါဘူး။ တကယ်ပိတ်ထားတယ် ဆိုရင်လည်း အဲဒီဒေသမှာ အခြေပြု ထားတဲ့ တပ်တချို့က စစ်ရေးအရ ခဏ ပိတ်ထားတာလို့ပဲ ထင်တယ်” ဟု ၎င်းက ဆိုသည်။

ဘားအံ၊ ကော့ကရိတ်၊ မော်လမြိုင်၊ ကြာအင်းဆိပ်ကြီး ဒေသများ၌ KNU အနေဖြင့် လှုပ်ရှားမှု မရှိဟု ၎င်းက ဆက်ပြောသည်။

မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် နယ်စပ်ဒေသ၌ မကြာသေးခင်က တိုက်ပွဲတချို့ဖြစ်ပြီး နောက်ပိုင်း အစိုးရ၏ တပ်မ ၂၂ လက်အောက်ခံ ဗျူဟာတခုသည် ၎င်းဒေသ အတွင်း စစ်ရေးအရ ၀င်ရောက် လှုပ်ရှားနေကြောင်း သိရသည်။

Ref: ဧရာဝတီ်

Read More...

စီးပွားရေးသမား ၄၂ ဦးကို ဘဏ္ဍာရေးဆိုင်ရာ ဒဏ်ခတ်ရန် USCB တိုက်တွန်း

လင်းသန့်
Tuesday, 28 June 2011

မြန်မာအစိုးရနှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင် နောက်ထပ် ၄၂ ဦးကို အမေရိကန် နိုင်ငံက ဘဏ္ဍာရေး ဆိုင်ရာ ပစ်မှတ်ထား အရေးယူရန် မြန်မာ့အရေး လှုပ်ရှားနေသော U.S Campaign for Burma(USCB) အဖွဲ့ က အမေရိကန် ဘဏ္ဍာရေး ၀န်ကြီး မစ္စတာ တင်မ် ဂိသ်နာ Mr. Tim Geithner ထံ စာပေးပို့ တိုက်တွန်းလိုက်သည်။

USCB ၏ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးထံပေးပို့သည့် စာတွင်ပါရှိသော ပစ်မှတ်ထား ပိတ်ဆို့ရေးအတွက် နောက်တိုး စာရင်းတွင် ဦးအောင်ကိုဝင်း ခေါ် ဆရာကျောင်း(ကမ္ဘောဇ ဘဏ်နှင့် Myanmar Billion Group)၊ ရွှေသံလွင် ကုမ္ပဏီမှ ဦးကျော်ဝင်း၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သား ဦးထွန်းနိုင်ရွှေ နှင့် မြေး နေရွှေသွေးအောင်၊ ရုပ်ရှင် သရုပ်ဆောင် လွင်မိုး၊ ယခင်စက်မှု ၁ ၀န်ကြီးဟောင်း ဦးအောင်သောင်း၏ သား ဦးပြည်အောင်နှင့် ဦးနေအောင်၊ ယခု အောက်လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း၏သား ဦးတိုးနိုင်မန်း စသည့် စစ်ဗိုလ်ချုပ် ဟောင်းများ၏ မိသားစုဝင်များလည်း ပါဝင်သည်။

“သူတို့တွေက တိုင်းပြည်အင်အားရှိအောင်ဆိုပြီး ဂျက်တိုက်လေယာဉ်တွေ၊ ဗုံးကြဲ လေယာဉ်တွေ၊ တင့်ကားတွေ၊ ဒုံးကျည် တွေ စတဲ့ ခေတ်မီ လက်နက်တွေ တပ်ဆင်နိုင်ဖို့ အစိုးရကို အကူအညီ ပေးနေကြတဲ့ လက်နက် ကုန်သည်တွေ အဖြစ်လည်း လုပ်နေကြတယ်။ ဒီ လက်နက်တွေက တိုင်းပြည်ကို ဖိနိပ်တဲ့ ယန္တရားတွေလည်း ဖြစ်တယ်”ဟု အမေရိကန် အခြေစိုက် USCB ၏ မူဝါဒရေးရာ ညွှန်ကြားရေးမှူး ဦးအောင်ဒင်က ဧရာဝတီ သို့ ပြောသည်။

၎င်းက ဆက်လက်၍“သူတို့က ဗိုလ်ချုပ်ကြီးတွေ အတွက် နိုင်ငံတကာကိုသွားတဲ့ ခရီးစဉ်တွေနဲ့ အဆင့်မြင့် အိမ်ရာတို့၊ စိန် တို့၊ အဖိုးတန် ကားနဲ့ ရွှေချောင်း တို့လို အဖိုးတန် ပစ္စည်းတွေကို အဓိက ထောက်ပံ့နေတဲ့ သူတွေလည်း ဖြစ်တယ်”ဟုလည်း ဆိုသည်။

ထို့အပြင် မီဒီယာလုပ်ငန်းရှင်များဖြစ်ကြသည့် မြန်မာတိုင်းမ် သတင်းစာနှင့် ပြည်မြန်မာ ဂျာနယ်မှ ဒေါက်တာ တင်ထွန်း ဦး၊ ဒေါက်တာ နေ၀င်းမောင် (Living Color မဂ္ဂဇင်း, The Voice ဂျာနယ်)၊ ဦးမြတ်ခိုင်(လျှပ်တပြက် ဂျာနယ်)၊ ဦးစင်ရော် မောင်မောင်(Envoy ဂျာနယ်) စသည်တို့ကိုလည်း ပစ်မှတ်ထား အရေးယူရန် အတွက် USCB ၏ အဆိုပါ စာရင်းတွင် ဖော်ပြ ထားသည်။

မြန်မာနိုင်ငံတွင် အစိုးရသစ်တက်လာပြီး ရက်ပေါင်း ၁၀၀ ကျော်ရှိလာသည့်တိုင် နိုင်ငံရေး အကျဉ်းသား၂၀၀၀ ကျော် ယခု အထိ လွတ်မြောက် လာခြင်း မရှိဘဲ လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက် ရှိနေပြီး လတ်တလော ဖြစ်ပွားနေသော တိုင်းရင်းသား ဒေသများရှိ စစ်ပွဲများ အကြောင်းလည်း ထောက်ပြထားသည်။

“ဒေါ်အောင်ဆန်းစုကြည်၊ ဒီမိုကရက်တစ် အတိုက်အခံတွေနဲ့ တိုင်းရင်းသားလူမျိုးစုတွေနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် သုံးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးရေး ဆီကို ဖော်ဆောင်နေပါတယ် ဆိုတဲ့ ဘာခြေတလှမ်းမှ မရှိသေးဘူး”ဟု ဦးအောင်ဒင်က ပြောသည်။

ယခင် အမေရိကန် သမ္မတဟောင်း ဂျော့ ဒဘလျူ ဘုရှ် လက်ထက်ကလည်း မြန်မာစစ်အစိုးရ အတွက် ကျောထောက် နောက်ခံ ပြုနေသော စီးပွား ရေးလုပ်ငန်းရှင်များ ဖြစ်ကြသည် ဦးတေဇ နှင့် ဇေကမ္ဘာ ဦးခင်ရွှေ စသည် တို့ကိုလည်း အမေရိကန်က စီးပွားရေး ဒဏ်ခတ် အရေးယူခြင်း ရှိခဲ့သည်။

ဘဏ္ဍာရေး ဒဏ်ခတ်အရေးယူမှုသည် အစိုးရကို နိုင်ငံရေးနှင့် ၀ါဒဖြန့် အကူအညီ ပေးနေကြသည့် အဆိုပါ အခွင့်ထူးခံ စီးပွားရေး သမားများကိုပါ အရေးယူ သင့်ကြောင်း၊ နှစ်ပေါင်းများစွာ ကတည်းက ပြန်ကြားရေး ၀န်ကြီး ဦးကျော်ဆန်းက နိုင်ငံ တကာမှ ဝေဖန်မှုများကို “မီဒီယာကို မီဒီယာနှင့် တိုက်”ဟု ပြောဆိုခဲ့သည့် အတွက် ၄င်းသည် အဓိက သော့ချက်ကျသူ ဖြစ်ကြောင်း၊ တချို့သော အစိုးရနှင့် နီးစပ်သည့် အခွင့်ထူးခံများကို မီဒီယာများ တည်ထောင်စေပြီး မြန်မာ အတိုက်အခံခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ဒီမိုကရေစီ အင်အားစုများကို သတင်းမီဒီယာမှ အစိုးရ အလိုကျ ၀ါဒဖြန့်ရေးသားမှု များကို လုပ်ဆောင်နေသည့် အတွက် အရေး ယူသင့်သော သူများအဖြစ် USCB က ထောက်ပြထားသည်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်၏ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ရေး၂၀၀၈ ခုနှစ် JADE Act ဥပဒေ အရ အဆိုပါ စာရင်းပါ ပုဂ္ဂိုလ်များကို အရေးယူပေးရန် တိုက်တွန်းခြင်း ဖြစ်သည်ဟု သိရသည်။

JADE Act (2008) သည် မြန်မာအစိုးရ ကို စီးပွားရေး၊ နိုင်ငံရေး ကူညီထောက်ပံ့နေသော ယခုနှင့် ယခင် အစိုးရ ခေါင်း ဆောင်များ၊ ၄င်းတို့၏ မိသားစုဝင်များကို လူ့အခွင့်အရေး ချိုးဖောက်သည့် အတွက် ဘဏ္ဍာရေးဆိုင်ရာ ပစ်မှတ်ထား ဒဏ်ခတ် ပိတ်ဆို့ ထားသည့် ဥပဒေဖြစ်ပြီး သမ္မတ ဘုရှ်လက်ထက်က ဥပဒေအဖြစ် ပြဌာန်းခဲ့ခြင်း ဖြစ်၍ နှစ်စဉ် ပြန်လည် သုံးသပ်ကာ သက်တမ်း တိုးခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ ယခုနောက်ဆုံး ပြန်လည်လွတ်မြောက်လာပြီးနောက်၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက် နေ့စွဲဖြင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)က မြန်မာနိုင်ငံ အပေါ် အရေးယူသည့် စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့မှုများကို ပြန်လည် သုံးသပ်ထားသည့် စာတမ်းတစောင် ကို ထုတ်ပြန်ခဲ့သည်။

အဆိုပါစာတမ်း၌ နိုင်ငံတကာမှ မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့ဒဏ်ခတ် အရေးယူထားခြင်း များသည် မြန်မာ နိုင်ငံသား များအား ထိခိုက် နစ်နာခြင်း ရှိမရှိ ပြန်လည် သုံးသပ်ထားသည်။

Ref: ဧရာဝတီ်

Read More...

Tuesday, June 28, 2011

ပြည်တွင်းစစ် သံသရာ

ရဲဘော်ဖိုးသံချောင်း
အင်္ဂါနေ့၊ ဇွန်လ ၂၈ ရက် ၂၀၁၁

ဗမာနိုင်ငံ နေရာ အနှံ့အပြားမှာ စစ်ရိပ်စစ်ငွေ့တွေကို စိတ်မချမ်းမြေ့ ဖွယ်ရာ တွေ့နေရ ပြန်ပါပြီ။ ကမ္ဘာပေါ်မှာ ပြည်တွင်းစစ် ဒဏ်ကို အရှည်ကြာဆုံး ခံရဖူးတဲ့ နိုင်ငံတခုနဲ့ ပြည်သူ တရပ်အဖို့ ဒီအခြေ အနေထက် ဆိုးတာ မရှိတော့ဘူးလို့တောင် ဆိုနိုင်ပါတယ်။ ဒီအခါမှာ ဘာကြောင့် သေနတ်သံတွေ ပြန်ကြား ရတာလဲလို့ မေးသံတွေကို ပြည်တွင်း ပြည်ပ နေရာတကာက ကြားလာ နေရပါတယ်။ အားလုံးက စိတ်မကောင်းစွာ၊ စိုးရိမ်ပူပန်ကြီးစွာနဲ့ မေးကြတာပါ။

တကယ်က ပြည်တွင်းစစ်ဟာ ဘယ်တုန်းက ပြီးဆုံးသွားလို့လဲ လို့မေးစရာ ရှိနေပါတယ်။ အပစ်အခတ် ရပ်စဲကြောင်း၊ ထာဝရ ရပ်စဲကြောင်း ရေးထားတာ၊ လက်မှတ် ရေးထိုးထားတာ ဘယ်မှာများ ရှိလို့လဲ။ တိုင်းပြည် တပြည်ထဲမှာ ဘာသဘော တူညီချက်မှ တိတိကျကျ၊ ရေရေရာရာ မရှိပဲ လက်နက်ကြီး ငယ် ကိုင်ထားတဲ့ အုပ်စုတွေ အများကြီး တည်ရှိနေတာဟာ ငြိမ်းချမ်းရေးလား။

ဗမာပြည်လို ဆယ်စုနှစ်ပေါင်း တိုက်လာကြတာ မပြောနဲ့ သာမန် ရန်ပွဲလေး တခုတောင်မှ သွေးထွက် ဖူးတယ်၊ အသက် ထွက်ဖူးတယ်ဆိုရင် ရန်စက ပြေခဲလှပါတယ်။ အာဖရိက နိုင်ငံတွေက ပြည်တွင်းစစ်တွေ၊ ပါလက် စတိုင်းနဲ့ အစ္စရေးတို့ ရဲ့ စစ်ပွဲ၊ ကျေအေးကြောင်း အကြိမ်ကြိမ် ပြောခဲ့ ကြပေမယ့် ပြန်တိုက် နေကြတာပဲ မဟုတ်လား။

စစ်ပွဲတရပ်ကို ဖြေရှင်းမယ်ဆိုရင် စစ်ဖြစ်တဲ့ အကြောင်းရင်းကို ဖြေရှင်းမှ တကယ်တမ်း ပြေလည်ပါတယ်။ တခါတလေ တဘက်က အပြတ်နိုင်၊ တဘက်က အပြတ်ရှုံး သွားရင်လည်း ပြတ်တတ်ပါတယ်။ ဗမာပြည် ပြည်တွင်း စစ်က အဲဒီ အခြေအနေ မဟုတ်ပါဘူး။ နိုင်ငံရေး ပြဿနာကို မဖြေရှင်းပဲ ငြိမ်းချမ်းရေး မရနိုင်ပါဘူး။ စစ်အစိုးရ အဆက်ဆက် သမိုင်းအတွင်းမှာ သူတို့နဲ့ ပြေလည်သွားတဲ့ လက်နက်ကိုင် အင်အားစုတွေ ရှိဖူးပါတယ်။ ဥပမာ မူဆိုးကော့က ဆာဟံတာသာမွှေးတို့ တတွေ။ ဒါပေမဲ့ အဲဒါတွေက နိုင်ငံရေး အရ ဖြေရှင်းခဲ့တာ မဟုတ်ပါဘူး။ ဒါကြောင့် အဲဒီအင်အားစုတွေ လှုပ်ရှားခဲ့တဲ့ နေရာတွေမှာ အဲဒီလူတွေ မရှိတော့ပေမယ့် လက်နက်ကိုင် တိုက်ပွဲတွေ ဆက်ရှိနေတာ ဖြစ်ပါတယ်။

ဒီနေ့ ဗမာပြည်မှာ တွေ့မြင်နေရတဲ့ လက်နက်ကိုင် အင်အားစုတွေနဲ့ စစ်အစိုးရအကြားက “အပစ်အခတ် ရပ်စဲရေး” ဆို တာကို ပြန်စဉ်းစား ကြည့်ပါ။ စ ပေါ်လာကတည်းက နိုင်ငံရေး ပြဿနာ ဖြေရှင်းပြီး ပေါ်ပေါက်လာတာ မဟုတ်ပါဘူး။ ပထမဆုံး ပေါ်လာတဲ့ “အပစ်အခတ် ရပ်စဲရေး”ဆိုတာတွေဟာ ဗကပကို ချေမှုန်းဖို့ အတွက် ဗိုလ်ချုပ်အောင်ကြီး၊ လော်စစ်ဟန်တို့ အကူ အညီနဲ့ ဖော်ထုတ် ခဲ့တာပါ။ ဘာစာချုပ် စာတန်း၊ ဘာတရားဝင် ရေးသားချက်မှ မရှိပါဘူး။ အကုန်နှုတ်နဲ့ပါ။ နောက်ပီး “နိုင်ငံရေး ကိစ္စကို နောက်တက် လာတဲ့ နိုင်ငံရေး အစိုးရနဲ့မှ ဆွေးနွေးကြပါ” ဆိုတဲ့ နှစ်သိမ့် စကားလည်း ပါဝင်ပါတယ်။ အဲဒီ နောက်ပေါ်လာတဲ့ “အပစ်အခတ် ရပ်စဲရေး” ဆိုတာတွေကတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ဦးတည် တိုက်နိုင်ရေး အတွက် ယာယီ ဖြေရှင်းခဲ့တာတွေ ဖြစ်ပါတယ်။ အထက်တုန်းက ဟာလိုပဲ ဘာတရားဝင် ရေးသားချက်မှ မရှိပါဘူး။

တကယ်ကျတော့ နအဖစစ်အစိုးရရဲ့ နိုင်ငံရေး အမွေကို ဆက်ခံထားတဲ့ ကြံ့ဖွတ်အစိုးရဟာ နအဖရဲ့ အဓိက ဦးတည်ချက် ရန်သူ သတ်မှတ်ချက် ကိုလည်း ဆက်ခံ ထားပါတယ်။ ဒါကြောင့် သူတို့ဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ချေမှုန်းရေး ဦးတည်ချက် ကိုလည်း ကိုင်စွဲမြဲ ကိုင်စွဲ ထားပါတယ်။ ဒီတော့ နဝတ-နအဖ ဖန်တီးခဲ့တဲ့ “အပစ်အခတ် ရပ်စဲရေး” စကားကိုလည်း အခု အထိတော့ ဆက်ပြောနေရဆဲ ဖြစ်နေပါတယ်။ လောလော ဆယ်ဆယ်တော့ ပိုနေမြဲ ကျားနေမြဲနဲ့ ထိန်းထားဖို့ ကြိုးစားနေပါတယ်။

ဒီနေရာမှာ ဖြတ်ပြောဖို့ လိုတာတခုက စစ်အစိုးရတွေ လုပ်ခဲ့တဲ့ ဒီ “အပစ်အခတ် ရပ်စဲရေး” တိုင်း၊ “ငြိမ်းချမ်းရေး” တိုင်းမှာ ရုပ်ဝတ္ထု အခွင့် အရေးတွေနဲ့ ချွေးသိပ်တာ ဖြစ်ပါတယ်။ စောဟံတာသာမွှေးကို သံအမတ်ရာထူး ပေးခဲ့သလို လော်စစ်ဟန်ကို ငွေစက္ကူတွေ တရားဝင် ခဝါချခွင့်၊ မြို့တက် သူဌေး လုပ်ခွင့်တွေ ပေးခဲ့ပါတယ်။ အလားတူပဲ လက်ရှိ “အပစ်ရပ်” အဖွဲ့တွေကိုလည်း စီးပွားရေး လုပ်ကိုင်ခွင့်ပေါင်း များစွာနဲ့ အာစေး ထည့်ခဲ့ပါတယ်။ ဆိုလိုတာ စစ်အစိုးရ အဆက်ဆက် လုပ်ခဲ့တဲ့ “အပစ်အခတ် ရပ်စဲရေး”တို့၊ “ငြိမ်းချမ်းရေး”တို့ ဆိုတာတွေဟာ `ရိုးသားမှု လုံးဝ မရှိဘူးဆိုတာ ဖြစ်ပါတယ်။

နောက်ပြောသင့်တဲ့ အချက်တခုက နဝတ၊ နအဖ၊ ကြံ့ဖွတ်စတဲ့ စစ်အစိုးရတွေ အနေနဲ့ အဲဒီ “အပစ်အခတ် ရပ်စဲမှု” တွေကနေ ပိုမို ပြည့်ဝတဲ့၊ ပီပြင်တဲ့ အပစ်အခတ် ရပ်စဲမှု၊ ဒါမှမဟုတ် ငြိမ်းချမ်းရေးကို တည်ဆောက်မယ်၊ တက်လှမ်းမယ် စသဖြင့် စကားမျိုးကို သူတို့ ပါးစပ်က မကြားရ တော့တာပါ။ နိုင်ငံရေး စကား ပြောရေး ဆိုတာမျိုး ကတော့ ပိုလို့တောင် ဝေလာဝေး ဖြစ်ပါတယ်။ ဗိုလ်ခင်ညွန့် ပြောခဲ့တဲ့ နောက်တက်လာတဲ့ အစိုးရနဲ့ကျမှ ဆွေးနွေးကြပါ ဆိုတဲ့ စကားဟာ လေထဲမှာပဲ ပျောက်ကွယ် သွားပြီလို ဆိုရတော့မလို ဖြစ်ပါတယ်။

စစ်အစိုးရတွေဘက်က တဆင့်တက်လှမ်းလာတာက နယ်ခြားစောင့်တပ် လုပ်ရေး ဆိုတာ ဖြစ်ပါတယ်။ ဒါဟာ ၁၉၄၈ ခုနှစ်က စလို့ ကနေ့ အထိ အစိုးရ အဆက်ဆက်၊ စစ်အုပ်စု အဆက်ဆက်တို့ ကိုင်စွဲထားတဲ့ လက်နက် ချခိုင်းတဲ့ သဘောထား ကို ပုံစံတမျိုးနဲ့ အကောင်အထည် ဖော်တာသာ ဖြစ်ပါတယ်။ နိုင်ငံရေး စကား တခွန်းမှ မပါ၊ နိုင်ငံရေးအရ စေ့စပ် ညှိနှိုင်းတဲ့ လက္ခဏာ လုံးဝ မပါတဲ့ ဖြေရှင်းနည်းသာ ဖြစ်ပါတယ်။ ဒီသဘောထားကို ကြံ့ဖွတ် “အစိုးရသစ်”ဟာ ၏-သည်မချန် အကုန် ဆက်ခံ ထားပါတယ်။

အထက်ကရေးခဲ့တာတွေကို ပြန်ချုပ်ရရင် စစ်အစိုးရ အဆက်ဆက်ဟာ ပြည်တွင်းစစ်ကို တကယ် ပြေလည်အောင် ဖြေရှင်းဖို့ ဆန္ဒ လုံးဝ မရှိဘူး၊ သူတို့ဟာ ဘယ်နေရာမှာ မဆို၊ ဘယ်အချိန်မှာ မဆို၊ စစ်တိုက်လို့ ရအောင်၊ စစ်ဖြစ်လို့ ရအောင် ဖန်တီး ထားပါတယ်။ နိုင်ငံရေး ပြဿနာကို မဖြေရှင်းတာဟာ လောင်စာတွေကို ချန်ထား တာပါပဲ။ ဒီလိုစစ်လည်း မဟုတ်၊ ငြိမ်းချမ်းရေးလည်း မဟုတ်တဲ့ အခြေအနေ တရပ်ကို ဖန်တီး ထားခြင်း အားဖြင့် သူတို့ စစ်အုပ်စုရဲ့ ပြည်သူအပေါ် စိုးမိုးမှုကို ပိုခိုင်မြဲစေမယ်၊ သူတို့ အကျိုး စီးပွားတွေ အတွက် ပို အကျိုး ရှိစေမယ်လို့ ယူဆနေသရွေ့တော့ သူတို့ဟာ အခုလို အခြေအနေကို ထိန်းသိမ်း ထားမှာသာ ဖြစ်ပါတယ်။

ပြည်တွင်းစစ်ကြောင့် ပြည်သူလူထုနဲ့ အောက်ခြေ တပ်မှူးတပ်သားတွေ သေကြေ ဒုက္ခရောက်လည်း အဲဒီလို လူတွေ၊ ကြပ်ပြေးက လူတွေ ထဲမှာက ပြည်တွင်းစစ်ကြောင့် အိပ်ရေးပျက်တဲ့ လူ ဆိုတာတောင် မရှိပါဘူး။ ဒါနဲ့ပြောင်းပြန် ဒီပြည်တွင်း စစ်ကြီးကြောင့် ကိုယ့်အတွက် ဘယ်လို အကျိုးရှိတယ် ဆိုတာကို ဒီနေ့ဗမာပြည်မှာ ဗိုလ်သန်းရွှေ၊ ဗိုလ်သိန်းစိန် တို့လောက် သဘောပေါက် နားလည်တာ ဘယ်သူမှ မရှိပါဘူး။

မုန့်သာတဖဲ့စီ ဝေစားမယ်၊ အာဏာကို တပြားဖို့မှ ဝေမစားနိုင်တဲ့ စစ်အုပ်စုဟာ နောင်မှာလည်း နိုင်ငံရေး အရ ဖြေရှင်းနည်း တွေကို ငြင်းပယ် နေအုန်းမှာပါ။ ဒီအတိုင်းသာ ဆိုရင် ဗမာပြည်မှာ စစ်အုပ်စု ဆိုတာ ရှိနေသရွေ့ ပြည်တွင်းစစ် ဆိုတာလည်း ဆက်လက် တည်ရှိ နေအုန်းမယ့် သဘော ဖြစ်နေပါတယ်။

Ref: မဇ္ဈိမ

Read More...

ကျောက်ဝိုင်းပြဿနာနောက် လူမျိုးရေး မုန်းတီးမှုလား

သဲသဲ
အင်္ဂါနေ့၊ ဇွန်လ ၂၈ ရက် ၂၀၁၁

နယူးဒေလီ (မဇ္ဈိမ) ။ ။ မန္တလေးမြို့ မဟာအောင်မြေမြို့နယ်ရှိ ကျောက်ဝိုင်း၌ ဇွန်လ ၂၇ ရက်၊ ၂ဝ၁၁ ခုနှစ် တနင်္လာ နေ့တွင် တရုတ်လူမျိုး ကုန်သည်များနှင့် မန္တလေးဒေသခံ ကုန်သည်များ အကြား အချင်းများ ထိုးကြိတ်မှုများ ဖြစ်ပွား ခဲ့တာကြောင့် ယင်းကျောက်ဝိုင်းကို ပိတ်ပစ် ခဲ့ရသည်။

ယခုအရေးကိစ္စသည် မြန်မာနိုင်ငံ၏ စီးပွားရေး အလှမ်းကျယ်နေသည့် နိုင်ငံခြားသား တရုတ် အမျိုးသားများ အပေါ် လူမျိုးရေး မုန်းတီးမှုလား ဟူသော မေးခွန်း ထုတ်စရာ ဖြစ်သည်။

မန္တလေးမြို့ရှိ လူသိထင်ရှား ပုဂ္ဂိုလ်များ၏ ပြောဆိုချက်များနှင့် တရုတ်-မြန်မာအရေး လေ့လာနေသူ ဒေါက်တာ လှကျော်ဇော၏ သုံးသပ်ချက် အမြင်များကို မဇ္ဈိမ သတင်းထောက် သဲသဲက စုစည်း တင်ပြထားသည်။


ဦးညီပုလေး (စာရေးဆရာ)

“ကျနော့်အနေနဲ့က လူမျိုးရေး မမုန်းတီးပါဘူး။ ဒီလိုမျိုးဖြစ်စေတဲ့ အကြောင်းတွေကို စူးစမ်းပြီး ဆင်ခြင်ဖို့ပါပဲ။ ဒီလိုစီးပွားရေး အခြေအနေ ဖြစ်အောင်၊ တရုတ် ကိုလိုနီဖြစ်အောင် ဘယ်သူက လုပ်တာလဲဆိုတာ စဉ်းစားဖို့ပါ။ ဖြစ်ဖို့များတာက စီးပွားရေး လောက သူတို့ရဲ့ အတွင်းစည်းထဲမှာ၊ ကုန်သည် လောကမှာ ဒီလူတွေရဲ့ ဆက်ဆံရေးက သူတို့ပြုသမျှ နုရတဲ့ အနေအထား တွေမှာ ငွေရှိတဲ့သူက မောက်မာမှုတွေ လုပ်တာမျိုးလည်း ဖြစ်နိုင်တယ်လေ။ သူတို့ စီးပွားရေး လောကသားချင်းက ဒါတွေ ပိုသိမှာပါ”

ဦးထွန်းဦး (ထွန်းဦးစာပေ)

“ဘေးလူတွေ အုံနဲ့ကျင်းနဲ့ ဝင်လာတယ်ဆိုတာ လူတွေက ခံစားချက်တွေ ရှိကြတာပေါ့လေ။ အရင်တုန်းက ကာရာ အိုကေတို့ ဘာတို့မှာ ရိုက်တာနှက်တာ။ သူတို့က ပိုက်ဆံရှိတယ် ကားကောင်းစီးတယ်။ လုပ်ပြီး ထွက်သွားတာလေ။ သူတို့ကားနဲ့ တိုက်သွားလည်း ကိစ္စမရှိဘူး။ တကယ် လိုက်တော့လည်း သူတို့က ဟိုဘက်ပြေးတာလေ။ မြို့ခံလည်း မဟုတ်ဘဲ အဝေးက ရောက်လာတာတွေ များတော့ အဲလိုလည်း ရှိတာပေါ့လေ”

“နယ်စပ်ကနေ ပြည်တွင်းကို မှတ်ပုံတင် အတုတွေနဲ့ ဝင်လာ၊ စီးပွားရေးလုပ်။ နယ်ခြားကနေ ဒီဘက်အထိ ဝင်လာပြီး ကုန်ကြမ်း တောက်လျှောက် ဝင်ဝယ်တဲ့ သူတွေက ဒေသခံစကား မတတ်တာတို့၊ ရိုင်းတာတို့၊ အုပ်စု ဖွဲ့တာတို့၊ စီးပွားရေး အခံလေးတွေ မကြိုက်တာ လေးတွေ ပါကောင်း ပါလိမ့်မယ်”

“ကျောက်ဆစ်တန်းဆိုရင် ကျောက်ဆစ်ရုပ်တု လုပ်တာတောင် သူတို့ပဲ။ မတ္တရာ စကျင်တောင် အဲဒီ အထိကို လိုက်ဝယ်တာ။ စကျင်ရွာမှာ အိမ်ဝယ်ပြီးတော့ ကျောက်တုံးတွေကို တရုတ်ပုံကြမ်း ထုပြီး သယ်တာလေ။ သူတို့ ဘယ်လောက်ထိ ဈေးကွက်ရှိလဲ စဉ်းစားကြည့်။ ဖရဲသီး စိုက်တာဆိုလည်း စိုက်ခင်းပါဝယ်၊ သရက်ခြံတွေလည်း ဝယ်။ မန္တလေးသား စစ်စစ် ပြဇာတ်ထဲက လူရွှင်တော် ချစ်စရာ ပြောတာလေး ကြည့်ရလား။ အကိုကြီးက တိုက်ဝါး၊ ညီအလတ်က အိမ်ဝါး၊ ညီအငယ်ဆုံးက ခြံဝါး … ဝါးမျိုးနွယ်တွေ ဆိုတာလေ”


မန္တလေးမြို့ခံ သတင်းဆရာ တဦး

“ဒီကနေ့ပဲ ကျောက်ဝိုင်းမှာ ပြောနေတဲ့ စကားတခုရှိတယ်။ တချိန်တုန်းက မြန်မာ အရောင်း အဝယ်သမား တယောက်က တရုတ်ကို လက်သီးနဲ့ ထိုးတာ ၆ လ ထောင်ကျတယ်လို့ ပြောတယ်။ မနက်က ကျတော့ ဒီတရုတ် ၅ ယောက် ထင်တယ်၊ သူတို့ကို ရဲတွေက အကာအကွယ် ပေးပြီး လုံခြုံရာကို ဒိုင်းတွေနဲ့ ကာပြီး စောင့်ရှောက် ခေါ်သွားတာ တွေ့ရတယ်။ အဲဒီလို favor ပေးခံရတာ ချင်းက ကွာတယ်လေ။ အဲဒါမျိုးတွေလည်း သဘောမကျ နိုင်ကြဘူးပေါ့။ တကယ်လို့သာ မြန်မာ တယောက်က တရုတ် တယောက်ကို မနက်ကလို ကိုယ်ထိ လက်ရောက် ဆက်ဆံရင် သေချာတယ်၊ အဲဒီမြန်မာ ကုန်သည်ကို ရဲက လာပြီး ကြမ်းကြမ်း တမ်းတမ်း ဆက်ဆံပြီး ဖမ်းခေါ် သွားမှာလေ။ အဲဒီလို ဆက်ဆံခံရမှု ကွာခြားချက်ကိုလည်း သဘော မကျနိုင်ဘူး ထင်တယ်”


ဒေါက်တာလှကျော်ဇော (တရုတ်-မြန်မာအရေး လေ့လာသူ)

“ဗမာပြည်အစိုးရကိုယ်တိုင်က ဥပဒေနဲ့အညီ အုပ်ချုပ်တာမှ မဟုတ်တာ။ လက်သင့်ရာ စားတော် ခေါ်နေတာ။ တရုတ်တွေ အနေနဲ့ကလည်း သူတို့ ပေးနိုင်ကမ်းနိုင်၊ လာဘ်ထိုးနိုင်တော့ အခွင့်အရေးတွေ ရလာတယ်၊ ဒါကို အခွင့်အရေး မခံစားရတဲ့ ပြည်သူ လူထုက မကျေမနပ် ဖြစ်လာတော့တာ အခြေခံပါ”

“တရုတ်ပြည်ကနေ နိုင်ငံခြားတွေကိုသွားရင် … ဗမာပြည်မွေး တရုတ်လူမျိုးကို ပြောတာ မဟုတ်ဘူးနော်။ တရုတ်ပြည်သား စစ်စစ်တွေကို ပြောတာ။ အခုက သူတို့က တကမ္ဘာလုံးကို ထွက်နေတာနော်။ အာဖရိကတို့၊ လက်တင် အမေရိကတို့ အကုန်လုံး ထွက်နေတာ။ အဲဒီအခါမှာ တရုတ်အစိုးရက သေသေချာချာ မှာလွှတ်တာ ရှိပါတယ်။ အဲဒီဒေသနိုင်ငံရဲ့ လူမျိုး၊ တိုင်းပြည်ရဲ့ ဥပဒေကို သေချာ လိုက်နာဖို့၊ အဲဒီက လူမျိုးတွေရဲ့ ယဉ်ကျေးမှုကို လေးစားပြီး လူထုနဲ့ ချစ်ချစ်ခင်ခင်နေဖို့ သေချာ မှာလွှတ်တာရှိတယ်”

“ဒါပေမဲ့ စီးပွားရေးသမားကတော့ စီးပွားရေးအမြင်ပဲ ရှိတာဆိုတော့ ပြဿနာတွေ ခဏခဏ ဖြစ်တာပဲ။ အီတလီမှာ တရုတ် ဖိနပ်ဆိုင်တွေ မီးရှို့ပစ်တာ၊ ရုရှားမှာ တရုတ်ဈေးတန်းကြီး မီးရှို့ခံရတာတို့ ရှိပါတယ်။ ဘာလို့လဲ ဆိုတော့ တရုတ်က ကုန်သွယ်ရေး လုပ်တတ် ကိုင်တတ်ရှိတော့၊ ကြီးပွားလာတော့ ဒေသခံတွေ မခံမရပ်နိုင် ဖြစ်လာတာ။ ကုန်သည် လုပ်တဲ့သူက အမြတ်ရရင် မတရား တာရော၊ တရားတာရော လုပ်တာတွေ ရှိပါလိမ့်မယ်။ အဲဒီအခါမှာ အမျိုးသားရေး အဖြစ်နဲ့ ပေါက်ကွဲပြီး ပြဿနာ ဖြစ်တာတွေ ကြုံတွေ့ရတာပဲ”

“တရုတ်ဆန့်ကျင်ရေးကတော့ လူတော်တော်များများမှာ ရှိမယ်ထင်တယ်။ မန္တလေးမြို့မှာ တကယ့် အချက်အခြာ နေရာတွေ အားလုံးက တရုတ်တွေ ဝယ်ထားပြီး တကယ် နေလာတဲ့ သူတွေက မြို့ပြင် ရောက်ကုန်တာမျိုး အထိဆိုတော့ တစုံတရာ လူမျိုးရေးအရ ခံပြင်း မုန်းတီးမှုတွေ ဖြစ်နိုင်ပါတယ်”

“အမျိုးသားရေးပဲဖြစ်ဖြစ်၊ လူမျိုးရေးပဲဖြစ်ဖြစ် အုပ်ချုပ်တဲ့သူ လူတန်းစားပါ ပါပြီး မြောက်ထိုး ပင့်ကော် လုပ်တာ။ ဒါက အစိုးရပေါ်မှာ မူတည်တယ်။ အစိုးရက ပိုင်ပိုင်နိုင်နိုင် ဖြေရှင်းနိုင်ရင် ပြဿနာ မကြီးပေမယ့် အစိုးရ ကိုယ်တိုင်ကိုက လူတွေရဲ့ ဒေါသကို တမင် သက်သက်၊ ဥပမာ - ဟိုတုန်းက ဦးနေဝင်း လက်ထက် လူတွေက ဆန်မလောက် တာကို ဒေါသ ဖြစ်တာကို တရုတ်-ဗမာ အရေးအခင်းနဲ့ လွှဲပေးလိုက်တယ်”

“အခု ဗမာပြည်မှာလည်း ကျပ်တည်းနေတာတွေက သူ့အတွက် အခက်အခဲရှိနေတယ် ဆိုတော့ လွှဲပေးတာမျိုး ဖြစ်တတ်တယ်။ လူတွေရဲ့ သူ့အပေါ် ပုံလာမယ့် ဒေါသကို အမျိုးသားရေးနဲ့ လွှဲပေး တတ်တယ်။ ဗမာ ပြည်သူတွေရဲ့ အဓိက တရားခံဟာ ဘယ်သူလဲ ဆိုတာ ရှင်းရှင်းလင်းလင်း သိပြီး အစိုးရ ထောင်ချောက်ထဲ ပြည်သူတွေ မဝင်ဘူးလို့တော့ ထင်တယ်”

“အခုအခြေအနေက အရင်တုန်းကနဲ့ မတူဘူးလေ ဦးသိန်းစိန် အစိုးရ တရုတ်ကို အားကိုးနေတဲ့ အနေအထား ဖြစ်တော့ တရုတ် အစိုးရ စိတ်ဆိုးအောင်တော့ လုပ်မယ် မထင်ဘူး။ မှတ်မိလား ကိုးကန့်ကို ဗမာ စစ်တပ်က ဝင်တိုက်တုန်းက တရုတ်က သူ့လူတွေ သေတော့ ချက်ချင်း ဝင်ပြောတော့ ကမန်းကတန်း ရပ်လိုက်ရတာပဲ။ ဒါ့ကြောင့် အစိုးရကလည်း ဒီကိစ္စကို နိုင်နိုင်နင်းနင်း ကိုင်တွယ် လိမ့်မယ်လို့ ထင်တယ်”

“ဝန်ကြီးချုပ် ဝမ်ကျားပေါင်က သူ ဗမာပြည်က ခေါင်းဆောင်တွေကို ပြောခဲ့တာပဲ။ သူတို့ တရုတ် နွယ်ဖွားတွေ ဗမာ ပြည်တွင်းရဲ့ ဥပဒေကို လေးစား လိုက်နာပြီး လုပ်ကိုင် စားသောက်နေသူ အားလုံးကို၊ သူတို့ရဲ့ လုံခြုံရေးကို အာမခံ ပေးပါလို့ ပြောခဲ့တာပဲ။ အစောကြီး ကတည်းက သူတို့သိတယ်။ ကြားလည်း ကြားနေတာပဲ။ ဗမာပြည်သူတွေ ထဲမှာ တရုတ်နဲ့ ပတ်သတ်ပြီး စိတ်ထိခိုက် ခံစား နေကြတယ်။ ခံစားချက်တွေ ရှိတယ်ဆိုတာ သူတို့သိတယ်။ ဒါ့ကြောင့် အစောကြီး ကတည်းကနေ ဗမာ အစိုးရကို တရုတ် လူမျိုးတွေရဲ့ လုံခြုံရေးကို ဂရုစိုက်ပေးဖို့ မှာထားတာပါ”

Ref: မဇ္ဈိမ

Read More...

ရယ်စရာ နောက်ကွယ်မှာ မျက်ရည်တွေ ရှိတယ်ဆိုတဲ့ ဆရာချစ်ဦးညို

မျိုးသန့်
အင်္ဂါနေ့၊ ဇွန်လ ၂၈ ရက် ၂၀၁၁

ပြည်တွင်း၊ ပြည်ပတွင် စာပေဟောပြောပွဲများ လိုက်လံ ဟောပြောနေသည့် စာရေးဆရာနှင့် မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဒုဥက္ကဋ္ဌ ဆရာ ချစ်ဦးညိုသည် စာပေ ဟောပြောပွဲများ လိုက်လံ ဟောပြောရာတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ လူမှုရေး နယ်ပယ်များတွင်း ချွတ်ချော် မှားယွင်းမှုများကို ဟာသ အဖြစ် ပြောင်းလဲ ပြောဆို တတ်ပြီး ထိုဟာသများ၏ နောက်ကွယ်တွင် မျက်ရည်တွေ ရှိသည်ဟု ဆိုသည်။

ပြည်တွင်းပြည်ပ စာပေဟောပြောပွဲအတွေ့အကြုံများ၊ စာပေဟောပြောပွဲ၏ အကျိုး သက်ရောက်မှု၊ မြန်မာ့ ရုပ်ရှင်နှင့် ဗွီဒီယိုကားများ အပေါ် ဆရာသဘောထား၊ စာပေ စိစစ်ရေးအပေါ် အမြင် စသည်တို့ကို မဇ္ဈိမ သတင်းထောက် မျိုးသန့် က မေးမြန်း ထားပါသည်။

ပထမဆုံးမေးချင်တာက ပြည်တွင်းက စာပေဟောပြောပွဲတွေမှာ ပြည်တွင်းနဲ့ ပြည်ပ ဘယ်ပရိတ်သတ်က ပိုပြီးတော့ စိတ်ဝင်စားမှု ရှိပါသလဲ။

“စာပေဟောပြောပွဲတွေကို စိတ်ဝင်စားမှုကတော့ အတူတူလောက်ပဲ ရှိတယ်ဗျ။ ဟိုးဝေးလံ ခေါင်ဖျား ဘုန်းကြီးတွေ နေတဲ့ စာကြည့်တိုက် နှစ်လည်၊ ပညာဒါန နှစ်လည်၊ အဲဒါတွေကို ကျနော်တို့ ချောင်ချို ချောင်ကြားတွေ ကျနော်တို့ သွားရပါတယ်။ အတော် ခက်ခက်ခဲခဲ စီစဉ်ရပါတယ် ။ ပြည်ပ ဆိုရင်လည်း လေယာဉ် စရိတ်တွေ၊ တည်းခို စရိတ်တွေ မနည်းပါဘူး။ အဲဒီတော့ စိတ်ပါ ဝင်စားမှုကတော့ အတူတူလို့ ကျနော် ထင်ပါတယ် ။ ပြန်လည် တုန့်ပြန်မှုကျတော့ နေရာဒေသ အလိုက် ကွဲတာပေါ့ဗျာ၊ တခါတလေ ပြည်တွင်းမှာလည်း တနေရာနဲ့ တနေရာ မတူဘူးပေါ့ဗျာ”

စာပေဟောပြောပွဲတွေမှာ ဘယ်လို စိတ်ခံစားမှုမျိုးနဲ့ ဟောပြောပါသလဲ။

“ဒီလိုဗျ ကျနော်တို့က NLD ပါတီဝင် မဟုတ်ဘူး။ ကျနော် ဘယ်ပါတီဝင်မှလည်း မဟုတ်ဘူး ။ ကျနော်မှာ ပါတီစွဲ ဂိုဏ်းဂဃ စွဲတွေကနေ ကင်းတယ်ဗျ၊ ဒါပေမယ် ကျနော် တိုင်းပြည်ကို ကျနော် တကယ် တိုးတက် စေချင်တယ်၊ တိုင်းပြည် တကယ် နောက်ကျ နေတယ်ဆိုတာ ကျနော် တကယ် ခံစားရတယ်။ အဲဒီ ခံစားချက်နဲ့ ပြောပါတယ်၊ ကျနော်တို့ ပြောတာ ဆိုတာတွေလည်း နိုင်ငံတော် အစိုးရပိုင်း လူကြီးပိုင်း တွေဆီ ရောက်ပါတယ်။ ကျနော် နေပြည်တော်မှာလည်း ဟောဖူးပါတယ်။ အဲဒီမှာလည်း ကျနော် စေတနာ ကောင်းနဲ့ ခံစားချက်နဲ့ တကယ့်ကို ချစ်တဲ့စိတ်နဲ့ ဂရုဏာစိတ်နဲ့ အားမလို အားမရ စိတ်နဲ့ ပြောတယ် ဆိုတာ သူတို့တွေ နားလည်ပါတယ်”

ဆရာတို့ ဟောပြောချက်တွေက အဖြစ်မှန်တွေ များပါတယ် ဒီလိုအဖြစ်မှန်တွေဟာ ဘာ့ကြောင့် ရယ်စရာ ဖြစ်ရတာလဲ။
“ကျနော် ဒူဘိုင်းမှာလည်း ပြောဖူးပါတယ်။ အော်ပီကျယ် ကာတွန်း ဆွဲတာက တခါတလေမှာ ငိုလို့ မရတာတွေကို ရယ်ပစ်လိုက်တဲ့ သဘောပါ အော်ပီကျယ်ရဲ့ ကာတွန်းတွေဟာ ရယ်စရာ ဖြစ်နေပေမယ့် အဲဒီနောက်ကွယ်မှာ မျက်ရည်တွေ ရှိနေပါတယ် အဲဒါကို ရယ်ခြင်းနဲ့ ဖေါက်ခွဲ လိုက်တယ် ကျနော် အဲဒီလို ပြောလေ့ ရှိပါတယ်”

စာပေဟောပြောပွဲတွေမှာ ပရိသတ်က အရမ်းကို သဘောကျတာ တွေ့ရပါတယ်။

“ဒါလေးကတော့ရှင်းပါတယ် ခံစားချက်ချင်း တူလို့ပါဗျ။ အမှန်တော့ ဟောကြ ပြောကြတဲ့ ကျနော်တို့ဟာ စာရေးဆရာ အဖြစ် စင်ပေါ် တက်လို့ ရသူတွေပါ။ အောက်မှာရှိတဲ့ ပရိတ်သတ်ဟာ သူတို့ ဟောပြောခွင့် မရလို့သာ သူတို့ ဘာတွေးတယ်။ ဘာကြံတယ် ဆိုတာ သူတို့ ဘာပြောချင်တယ် ဆိုတာ ကျနော်တို့က ကိုယ်စားပြုတဲ့ သဘောရှိပါတယ်။ ကျနော်လည်း ပြောပါတယ်၊ ကျနော်တို့ဟာ ခင်ဗျားတို့ အသံကို ကိုယ်စားပြုပြီး ပါးစပ် လှုပ်တဲ့လူတွေပါလို့ ကျနော် ပြောပါတယ်၊ သူတို့ရဲ့ ထွက်ပေါက် တခုပေါ့”

သာမန်လူယောက်က နိုင်ငံရေးနဲ့ပတ်သက်တဲ့ အဖြစ်အပျက် တွေပေါ့လေ၊ ရယ်စရာလေးတွေပဲ ဖြစ်ဖြစ်ပေါ့ အဲဒါမျိုး တွေကို ဆရာတို့ စာပေ ဟောပြောပွဲတွေမှာ ပြောသလိုမျိုး ပြောရဲတဲ့ သတ္တိ ဒါမှမဟုတ် ပြောရဲတဲ့ အခြေအနေ ရှိမလား။

“ I don’t think so ကျနော်တို့ စာရေးဆရာတွေ ထဲမှာတောင်မှ နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ လူမှု အသိုင်းအဝိုင်းနဲ့ ပတ်သက် ပြီးတော့ ပြောတာဆိုတာ လေးငါးယောက်လောက်ပဲ ရှိမယ်လို့ ကျနော်ထင်တယ်။ ကျန်တဲ့ ပုဂ္ဂိုလ်တွေကတော့ စာပေ ကိစ္စကိုပဲ လွတ်လွတ် ကင်းကင်းလေး ပြောကြတယ်”

ဘာ့ကြောင့်ပါလဲ။
“ကြောက်လို့ပေါ့ဗျာ။ ကျနော်တို့ အထဲမှာတောင်မှ ဥပမာ ကျနော်ဆိုရင် Freelance writer ဗျ၊ အော်ပီကျယ်တို့ ဆိုရင် Freelance cartoonist ကျနော်တို့က အစိုးရဝန်ထမ်း မဟုတ်ကြဘူးလေ အဲဒါ တချက်လည်း တချက်ပေါ့ ကျနော်ကလည်း Freelance writer လို့ပဲ ခံယူထားပါတယ် အဲဒါကြောင့် ကျနော် စာရေးဆရာ စိတ်နဲ့ပဲ ပြောပါတယ်”

စာပေဟောပြောပွဲအပိတ်ခံရတာမျိုး၊ ဖျက်သိမ်းခံရတာမျိုး ကြုံဖူးလား။

“အဲဒါကတော့ ကျနော်တို့ နေရာဒေပေါ်မှာ မူတည်ပါတယ်/ နေရာဒေသတခုမှာ အကြီးဆုံး အာဏာပိုင် အဖွဲ့အစည်း၊ ပုဂ္ဂိုလ် တဦးတယောက် ပေါ့လေ သူက တစုံတခု စိတ်အနှောက်အယှက် မဖြစ်ချင်လို့ ပွဲမိန့်မပေးတာတို့ အစီအစဉ်တွေ ပြီးမှ ပွဲမဖြစ်တဲ့ အကြောင်းကို ပြန်ပြီးတော့ အကြောင်းကြား တာတို့ အဲဒါမျိုးတွေ ကြုံရပါတယ် နည်းတော့ နည်းပါတယ်၊ နေဝင်းမြင့်နဲ့ ကျနော်နဲ့ တောင်တွင်းကြီးမှာ ကြုံခဲ့ဖူးပါတယ် ၂ဝဝ၃၊ ၂ဝဝ၄ လောက်တုန်းကပါ၊ ဒီဘက် နှစ်ပိုင်းတွေမှာတော့ ၂ ပွဲလောက် ဖြစ်ခဲ့ ဖူးပါတယ်”

စာပေဟောပြောပွဲတွေရဲ့ အကျိုးသက်ရောက်မှုက ဘယ်လောက်အထိ ရှိနိုင်မလဲ။


“နားထောင်ကြတဲ့ ပရိတ်သတ်ကတော့ ရာထောင်ပေါ့ဗျာ သဘောကျကြတယ်ပေါ့။ သို့သော် အဲဒီအထဲကမှ စာကို တကယ် ဖတ်ချင်တဲ့ တကယ်ဖတ်မယ့်သူ ပိုပြီးဖတ်မယ့်သူ အဲဒီစာတွေကို ကောင်းကောင်း ဝေဖန်နိုင်မယ့်လူ အတွေးအမြင် ပိုကောင်းလာမယ့် ပရိတ်သတ် ဘယ်နှယောက် ပါမလဲဆိုတာ ကျနော်တို့ မပြောနိုင်ပါဘူး/ ကျနော်တို့ အများကြီး မမျှော်လင့်ပါဘူး။ ဟောပြောပွဲ ဆိုတာတော့ ပရိတ်သတ် အများစုနဲ့ ချီပြီးတော့ ပြောရတာပါ။ လူငယ်လေးတွေတော့ ရကြပါတယ် ဘယ်လောက်အထိ အကျိုးပြုမလဲ ဆိုတော့ ပညာရေး စနစ်လိုပါပဲ သူကတော့ ရေရှည်ပေါ့၊ ကျနော်တို့ သစ်ပင် စိုက်သလိုတော့ မဟုတ်ဘူးပေါ့ အဲဒီတော့ ဟောပြောပွဲ ဆိုတာလဲ စာပေ အနုပညာ ကိစ္စနဲ့ ပတ်သက်နေတော့ လူတယောက်ဟာ ဝုန်းဆိုပြီးတော့ ဘဝကြီး ပြောင်းလဲချင်မှ ပြောင်းလဲမယ်ပေါ့ သူ့မှာ အတွေးအခေါ် သစ်တွေ ရသ သစ်တွေ ရသွားမယ်လို့ ကျနော် မျှော်လင့်ပါတယ်”

စာပေဟောပြောပွဲနဲ့ ပုံနှိပ်စာမှာ စာပေဟောပြောပွဲက ပိုပြီးလွတ်လပ်တယ်လို့ ပြောလို့ ရနိုင်မလား။

“အဲဒီလိုပြောလို့ရတယ် ဘာ့ကြောင့်လဲ ဆိုတာတော့ ကျနော်လည်း မပြောတတ် ဘူးဗျ။ ကျနော့် အနေနဲ့ ကတော့ ကျနော့် စာမူတွေက စာပေ စိစစ်ရေးမှာ ဆင်ဆာလုပ်တာ သိပ်မခံရပါဘူး။ ကျနော့် ဟောပြောချက်တွေ ကိုလည်း ဖြန့်ပြီးတော့ တော်တော်များများ ကူးနေ ကြတာပဲ နေရာတော်တော် များများကို ရောက်ပါတယ် တခြား စာရေးဆရာ တွေလဲ အဲဒီ အတိုင်းပါပဲ”

စာရေးဆရာတယောက်လည်းဖြစ်တယ်ဆိုတော့ စာပေစိစစ်ရေးနဲ့ ပတ်သက်တာလည်း ပြောပြ ပေးပါ။

“စာပေလွတ်လပ်ခွင့်ဆိုတာလဲ ကျနော် ယုံကြည်တာ တမျိုးရှိပါတယ်။ အများ ထင်နေကြတာက စာပေ လွတ်လပ်ခွင့် ဆိုတာက အောင်းထားတဲ့ အပူတွေကို လွတ်လွတ် လပ်လပ်ကြီး ဖေါက်ထုတ် ချပြီးတော့ ပြောထည့် လိုက်တာ ရေးထည့် လိုက်တာလို့ တော်တော် များများက ထင်တယ်ဗျ၊ ကျနော်ကတော့ ဥပမာ ဒုံးပျံ တစင်းဟာ ဂြိုဟ်တုကို သူ့ထိပ်မှာ တပ်ထားတယ်။ အဲဒီ ဂြိဟ်တုဟာ ကမ္ဘာပတ် လမ်းထဲကို ရောက်ဖို့အတွက် ဒုံးပျံဟာ ကမ္ဘာမြေကြီးရဲ့ ဆွဲငင်အားကို ဆန့်ကျင်ပြီးတော့ တက်ရပါတယ်။ အဲဒီလို တက်ရင်း တက်ရင်းနဲ့ သက်ဆိုင်ရာ မိုင်တွေ ရောက်တဲ့အခါမှာ တဆင့်ပြီးတဆင့် ဖြုတ်ချပါတယ် ဖြုတ်ချရင်းနဲ့ ဂြိုဟ်တုကို ကမ္ဘာပတ် လမ်းကြောင်းထဲကို ထည့်ပေး လိုက်ပါတယ်။ အဲဒါ ဒုံးပျံအလုပ် ပြီးသွားပါပြီ အဲဒီတော့ စာရေးဆရာ တယောက်ရဲ့ စာပေ လွတ်လပ်ခွင့်ကိုလည်း ကျနော် အဲဒီလိုပဲ နားလည်ပါတယ်”

စာပေဟောပြောပွဲတွေနဲ့ ပတ်သက်ပြီး ဆရာယူဆချက်လေး ပြောပြပေးပါဦး။

“ဟောပြောပွဲဟာ လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စပါ ကျနော်တို့ ၁၉၄၄ အဲဒီလောက်တည်းက စပြီးတော့ တောက်လျောက် လုပ်လာတဲ့ စာပေ ဟောပြောပွဲ ဖြစ်ပါတယ် ဒီအစဉ် အလာဟာ မြန်မာပြည်မှာပဲ ရှိပါတယ်။ အင်မတန် ကောင်းတဲ့ ယဉ်ကျေးမှု ဖြစ်ပါတယ် အဲဒါကို ပြောချင်ပါတယ်”

ဆရာက မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး ဒုဥက္ကဋ္ဌဆိုတော့ မြန်မာ့ရုပ်ရှင်နဲ့ ပတ်သက်ပြီး နည်းနည်း ပြောပါ။

“မြန်မာ့ရုပ်ရှင် ဗွီဒီယိုတွေရဲ့ အသုံးမကျပုံကို အမြဲတမ်းကျနော် တစ်တစ်ခွခွ ပြောပါတယ်။ ဥပမာဆိုရင် ကျနော် မင်းသုဝဏ်ရဲ့ သူ့မှာတမ်း အဲဒါကို ကျနော် အဓိပ္ပါယ်လည်း ကျနော် ဖေါ်ပေးတယ် ။ အဲဒီမှာ ဂျပန် တော်လှန်းရေး တုန်းက ဗုံးဆံ ထိပြီးတော့ သေခါနီး ဆဲဆဲ ပျောက်ကျား ရဲဘော်လေးပေါ့ သူ့ချစ်သူကိုမှာတယ် မိဘကိုမှာတယ်၊ တိုင်းပြည် အတွက်ကို မှာတယ် ကလေးက ဘာမှ ရှည်ရှည်ဝေးဝေး မပြောနိုင်တော့ဘူး ဒါပေမယ့် မြန်မာ ရုပ်ရှင်တွေကတော့ သေခါနီးမှာ အရှည်ကြီး ပြောနေပါတယ် အဲဒါမျိုးတွေ ကျနော် ပြောပါတယ် နောက် သေခါနီးမှာ ခြေသည်း လက်သည်းနီတွေ မိတ်ကပ်တွေနဲ့ ဘေးကလည်း အလှ မပျက်အောင် ငိုကြတယ် အဲဒီလို အသုံးမကျတာတွေ ပေရှည် တာတွေရှိပါတယ် အဲဒါမျိုးတွေ ကျနော် ပြောပါတယ်”

အခုလိုဆရာ့ကို မေးမြန်းဖို့ ဖုန်းခေါ်ရာမှာ ဖုန်းလိုင်း မကြည်တာ၊ ဖုန်းခဏခဏ ကျတာ ဖြစ်ပါတယ်၊ အဲဒီ အခြေအနေကို စာပေ ဟောပြောပွဲတွေမှာ ပြောသလိုမျိုး ရယ်စရာအဖြစ် ဘယ်လို ပြောလို့ ရနိုင်မလဲ။

“အဲဒါတော့ ကျနော် မပြောဘူးသေးဘူးဗျ ဒါပေမယ့် ကျနော်တခါတော့ ပြောဖူးတယ် ဒူဘိုင်းမှာလား စင်္ကာပူမှာလား တခါတော့ ပြောဖူးတယ်၊ ကျနော်တို့ ဒူဘိုင်း ရောက်တော့ အပြင်ထွက်ပြီး အော်အော်ပြောတယ်။ အဲဒီကလူတွေက ကျနော်တို့ကို ပြုံးစိပြုံးစိနဲ့ ကြည့်ကြတယ်ဗျ၊ ကျနော်တို့က ဖုန်းပြောတဲ့အခါမှာ မြန်မာပြည်က အကျင့်ပါနေတာ ဖယောင်းတိုင် ဆောင်တဲ့ သဘောပေါ့ဗျာ”

Ref: မဇ္ဈိမ

Read More...

ထုတ်တင် ဂျာနယ်အချို့ကို ဆင်ဆာသတိပေး

ဖနိဒါ
တနင်္လာနေ့၊ ဇွန်လ ၂၇ ရက် ၂၀၁၁

ချင်းမိုင်(မဇ္စျိမ) ။ ။ ပုံနှိပ်ထုတ်ဝေခြင်း မပြုခင် ဆင်ဆာဘုတ်တင်ခွင့် မလိုတော့သော အုပ်စုရှိ ဂျာနယ်အချို့မှ တာဝန် ရှိသူများကို ဆင်ဆာဘုတ် အဖွဲ့က ခေါ်ယူ သတိပေးခဲ့သည်ဟု ရန်ကုန်ရှိ သတင်းစာ ဆရာများက ပြောသည်။

မိန်းကလေးတဦး၏ အဝတ်အစား၊ ဆေးပညာပေး ဆောင်းပါးတခုတွင် အရေးသား ကြမ်းတမ်းသည်ဟု ဆိုခြင်းတို့ အပါအဝင် ရေးသားမှုကို ချုပ်တီး ရှောင်လွှဲရန် ပြန်ကြားရေး ဝန်ကြီးဌာန လက်အောက် စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနက သတိပေးခြင်း ဖြစ်သည်။
ဇွန်လ ၁ဝ ရက်နေ့နောက်ပိုင်း ဆင်ဆာဘုတ်က ခေါ်ယူသတိပေးခံရသူ မည်ရွေ့မည်မျှ ရှိခဲ့သည်ကို အတိအကျ မသိသေးသော်လည်း ရန်ကုန် သတင်းစာ နယ်ဇင်းလောက အဆိုအရ အနည်းဆုံး ဂျာနယ် ၁ဝ ခုရှိပြီဟု သိရသည်။

သတင်းစာဆရာများက “ထုတ်တင်” ဟု အမည်ပေးထားသော အုပ်စု ၁ ပါ အားကစား၊ ကျန်းမာရေး (သုတ၊ ရသ)၊ အနုပညာ၊ ကလေး၊ နည်းပညာတို့အကြောင်း ဦးတည် ရေးသားထုတ်ဝေသော ရုပ်ပြ၊ ဂျာနယ်၊ မဂ္ဂဇင်းပေါင်း ၁၇၈ ခုသည် ထုတ်ဝေပြီးမှသာ ဆင်ဆာဘုတ်သို့ ပြသရန် လိုအပ်သည်။ သတင်း၊ မှုခင်း၊ ပညာရေး၊ စီးပွားရေး၊ ဘာသာရေး အမျိုးအစားဝင် ၁၈ဝ ခုကမူ ပုံနှိပ်ထုတ်ဝေခြင်း မပြုခင် ကြိုတင်ခွင့်ပြုချက် ရဖို့လိုသဖြင့် “တင်ထုတ်” ဟု ခေါ်တွင်ပြီး အုပ်စု ၂ တွင် ပါဝင်သည်။

ပြင်ဆင်လိုက်သော ပြန်ကြားရေး၏ စည်းကမ်းအရ ဂျာနယ်၊ မဂ္ဂဇင်းများတွင် အလားတူကိစ္စ ၃ ကြိမ်မြောက် ကျူးလွန်လျှင် အာမခံငွေ ကျပ်သိန်း ၅ဝ အား စာပေစိစစ်ရေးသို့ စပေါ် တင်ရတော့မှာဖြစ်ပြီး ထပ်မံဖောက်ဖျက်ပါက ထိုငွေထဲမှ ဒဏ်ငွေအား နိုင်ငံတော် ဘဏ္ဍာငွေအဖြစ် သိမ်းယူမည်။

“ကျနော်တို့လည်း ရာသီဥတုအခြေအနေ ကြည့်ပြီးတော့ လုပ်နေရတယ်” ဟု ဈေးကွက်တွင် ထိပ်တန်း ပြေးနေသော သတင်း ဂျာနယ် တခုမှ အယ်ဒီတာတဦးက ပြောပြသည်။

မူဝါဒပြောင်းသော်လည်း ခေါ်ယူသတိပေးမှုများ ရှိနေခြင်းကိုက စာပေစိစစ်ရေး ရှိနေသေးသည် ဆိုသည့် အဓိပ္ပာယ် သက်ရောက် နေကြောင်း အခြားအယ်ဒီတာ တဦးက သုံးသပ်သည်။

“ဘာထူးလို့လဲ။ အချောကြည့်ပြီး စစ်တာနဲ့ အကြမ်းကြည့်ပြီး စစ်တာပဲ ကွာသွားတယ်။ စိစစ်နေတုန်းပဲဆိုတဲ့ သဘော၊ လက်မှတ် ထိုးရတယ်ဆိုရင် မကောင်းဘူး။ ခံဝန်ကတိ ထိုးခိုင်းတာကြီးကတော့ ချည်နှောင်တဲ့ သဘောမျိုး ဖြစ်တာပေါ့။ မသင့်တော်ဘူး” ဟု သူက ပြောဆိုသည်။

ထို့အပြင် မြန်မာပြည်မြောက်ပိုင်း ကချင်ဒေသတွင် အစိုးရတပ်များနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO အကြား ဖြစ်ပွား နေသော တိုက်ပွဲများနှင့် ပတ်သက်၍ နိုင်ငံတော် အာဘော်အတိုင်း ရေးနေရသည်ဟု အပတ်စဉ်ထုတ် ဂျာနယ်တိုက် အယ်ဒီတာ အများစုက ပြောသည်။

“သတင်းစာမှာ ပါတာရယ်နဲ့ (ဦး)ရွှေမန်း ပြောတာ လောက်တော့ ရတယ်။ ဒေသခံတွေဘက်က ပြောတာတွေ အသံတွေ၊ နောက် အပြင်မှာ ထွက်နေတဲ့ KIO က (ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်) ဦးလနန်ပြောတာတွေကို မရဘူး။ နိုင်ငံတော်သတင်းစာ အာဘော် အတိုင်းသာ ဆိုတော့ မရတော့ဘူးလေ” ဟု ဝါရင့်အယ်ဒီတာတဦးက မဇ္စျိမကို ပြောသည်။

အခြား အယ်ဒီတာကလည်း “ရန်ကုန်မှာက နည်းနည်း အကန့်အသတ်ရှိတယ်။ တိုက်ပွဲသတင်းနဲ့ ပတ်သက်လို့ ကတော့ များသော အားဖြင့် မတင်ခိုင်းဘူး။ ဒီရက်ပိုင်းမှာတော့ တိုက်ပွဲသတင်းရယ်လို့ မဟုတ်ပါဘူး။ တင်တော့ တင်ပြနေကြတာပဲ။ သတင်းစာမှာ ပါတဲ့ဟာကို အခြေခံပြီး ရေးတာပေါ့” ဟု ပြည်တွင်းမှ အယ်ဒီတာ တဦးက ပြောသည်။

တချို့ သတင်းဂျာနယ်တိုက်များက နယ်စပ် စစ်ပွဲအကြောင်းကို တိုက်ရိုက်ဖော်ပြခြင်း မဟုတ်ဘဲ တိုက်ပွဲကြောင့် နယ်စပ် ကုန်သွယ်မှု ရပ်ဆိုင်းခြင်း၊ ပို့ကုန်များ မြင့်တက်ခြင်း စသည့် သတင်းမျိုးကိုမူ ဖော်ပြရေးသား ကြသည်။

“ပုံစံက ဒုက္ခသည် အခြေအနေ၊ ကုန်သွယ်ရေး ရပ်တန့်တာတို့။ ကုန်သွယ်ရေး ရပ်ဆိုင်းသွားတာမျိုး၊ ပို့ဆောင်ရေးတွေ တက်လာတာ မျိုးတွေ တင်ပြတယ်။ တိုက်ပွဲသတင်းမှာက အစိုးရသတင်းစာမှာ ဖြစ်နေတယ်ဆိုတာ ရေးလို့ ရပါတယ်” ဟု အခြား သတင်းဂျာနယ် အယ်ဒီတာ တဦးက ပြောသည်။

အရေးကြီးသည့် ရေအားလျှပ်စစ် စီမံကိန်း ကာကွယ်စောင့်ရှောက်လိုသည့် ရည်မှန်းချက် တခုတည်းဖြင့် အစိုးရ တပ်နှင့် KIA တပ်ဖွဲ့အကြား တိုက်ပွဲများ ဖြစ်ပွားရခြင်း ဖြစ်သည်ဟု ယခုလ ၁၈ ရက်နေ့ထုတ် သတင်းစာပါ အတိုင်းသာ ဂျာနယ် အများအပြားက ရေးသား ဖော်ပြကြသည်။

ယခုလ ၉ ရက်နေ့မှ ၂၅ ရက်နေ့ထိ ၁၇ ရက်ကြာ နှစ်ဖက်တိုက်ပွဲများ ဖြစ်ခဲ့သော်လည်း နိုင်ငံပိုင် မီဒီယာများတွင် တကြိမ်သာ သတင်း ထုတ်ပြန်ခဲ့သေးသည်။

Ref: မဇ္ဈိမ

Read More...

KIA လိုင်ဇာ သိမ်းပိုက်ရန် မြန်မာက တရုတ်သို့ ခွင့်တောင်း

Monday, 27 June 2011

ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)ဌာနချုပ် လိုင်ဇာအား တိုက်ခိုက်သိမ်းပိုက်ရန်ကိစ္စ မြန်မာ စစ်အရာရှိ များမှ တရုတ် စစ်အရာရှိသို့ ခွင့်တောင်း ခဲ့ကြောင်း သိရသည်။

ဇွန် ၂၃၊ ကြာသပတေး ညက မြန်မာစစ်အရာရှိများမှ တရုတ်စစ်အရာရှိကို တရုတ်နိုင်ငံ ယူနန်ပြည်နယ် မန်ရှီ၌ သွားရောက် တွေ့ခဲ့ဆုံစဉ် ယခုကိစ္စ တောာင်းဆိုခဲ့ကြောင်း မန်ရှီ သတင်းရပ်ကွက်က ဆိုသည်။

ဆွေးနွေးပွဲတွင် မြန်မာစစ်တပ်များ တရုတ်နယ်စပ်တွင် အ၀င်အထွက် သွားလာလှုပ်ရှားခွင့် တောင်းဆို ခဲ့သည်ဟု ဆိုသည်။

ဒေသတွင်းတရုတ်စစ်အရာရှိကြီး များနှင့် နေပြည်တော်မှ မြန်မာ စစ်တပ် အရာရှိများ၊ လားရှိုးမှ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် အရာရှိများ၊ ကောင်းခါး အခြေစိုက် ကချင် ကာကွယ်ရေးတပ် KDA အရာရှိတချို့ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်။

ရွှေလီမြစ်အတိုင်းချီတက်လာသည့် မြန်မာစစ်တပ်များ တရုတ်နိုင်ငံထဲသို့ ၀င်ခွင့်ပြုရန် တောင်းဆို ခဲ့သည်ဟု ဆိုသည်။

KIO လိုင်ဇာဌာနချုပ်နှင့် KIA တပ်မဟာ ၃ ဒေသကိုတိုက်ခိုက်ရန် မြန်မာစစ်တပ်နှင့် မထုနော် ဦးဆောင်သော KDA တပ်များ ပူးပေါင်း သွားရန်လည်း ရှိသည်ဟု တရုတ်နယ်စပ် အာဏာပိုင်များပြောသည်။

KDA မှ ကချင်ကာကွယ်ရေးတပ်များကို အသုံးပြုရခြင်း၏ ရည်ရွယ်ချက် ၂ ချက်ကိုလည်း မြန်မာ အရာရှိများက တရုတ်ကို ရှင်းပြသည်ဟု ဆိုသည်။ လူမျိုးရေးကို ရှောင်လွဲရန်နှင့် စေ့စပ် ညှိနှိုင်းနိုင်ရန် ဖြစ်သည်။ KIO လိုင်ဇာဌာနချုပ် ကို သိမ်းပိုက် နိုင်ရေး မြန်မာ စစ်တပ်၏ အားထုတ်မှုသည် လူမျိုးရေး ဖိနှိပ်မှုအသွင်ကို ဆောင်နေသဖြင့် စေ့စပ်ညှိနှိုင်း ရန်ခက်ခဲစေသည်။

KIA အားတိုက်ခိုက်မည့်အပေါ် တရုတ်က တစ်စုံတစ်ရာပြောဆိုခြင်းမရှိသော်လည်း မြန်မာစစ်တပ်နင့် KDA တပ်များ စစ်ဆင်ရေး အတွင်း တရုတ်နယ်မြေအား ဖြတ်သန်းခွင့် ပြုခဲ့သည်ဟု တရုတ် အာဏာပိုင်များနှင့် နီးစပ်သူများ ပြောသည်။

လူအင်အား ၈၀၀ ကျော်ရှိသည့် KDA တပ်များ လိုင်ဇာနှင့် တပ်မဟာ ၃ ကို သိမ်းပိုက်ရန် ရှေ့တန်းသို့ ချီတက် သွားကြပြီဟု KDA နှင့် နီးစပ်သူများ ပြောသည်။

ဇွန် ၉ ရက် ဆန်ဂန်တိုက်ပွဲအပြီး ရှမ်းပြည်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တွင် ပြည်တွင်းစစ်ပြန်ဖြစ်လာသည်။ စစ်ကြောင့် မြန်မာ အုပ်ချုပ်ရေး နယ်မြေမှ ဒုက္ခသည် ၂၀၀၀၀ ကျော် KIO အုပ်ချုပ်သည့် တရုတ် နယ်စပ်သို့ တိမ်းရှောင် လာခဲ့သည်။

မြန်မာစစ်တပ်က ခေါ်ယူမေးမြန်း နှိပ်စက်ညှင်းပန်းခြင်းနှင့် ပေါ်တာဆွဲမည်ကို စိုးရိမ်သဖြင့် ထွက်ပြေး လာရခြင်း ဖြစ်သည်ဟု တိမ်းရှောင် လာသူများပြောသည်။

Ref: KNG News

Read More...

ဒဏ်ခတ်သင့်တဲ့ မြန်မာလုပ်ငန်းရှင်စာရင်း တိုးသင့်

ဦးဇော်ဝင်းလှိုင်
တနင်္လာ, 27 ဇွန် 2011

မြန်မာအစိုးရ သက်ဆိုးရှည်ရေးအတွက် စီးပွားရေး၊ နိုင်ငံရေး နည်းမျိုးစုံနဲ့ ထောက်ပံ့ ပေးနေကြ သူတွေကို ပစ်မှတ်ထား ပိတ်ဆို့ အရေး ယူမှုတွေ တိုးချဲ့ လုပ်ဆောင်ဖို့ အမေရိကန် အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှု အဖွဲ့ရဲ့ အမည်စာရင်း ခံသူတွေ ထဲမှာ စာနယ်ဇင်း သမား တချို့လည်း ပါဝင်နေပါတယ်။ အမေရိကန် ဘဏ္ဍာရေး ၀န်ကြီးကို လိပ်မူ ရေးသား ထားတဲ့ အဲဒီ တောင်းဆိုစာ ထဲမှာ အရင် အမေရိကန် အစိုးရက ချမှတ်ထားတဲ့ ပစ်မှတ်ထား ပိတ်ဆို့ ခံရသူတွေအပြင် နောက်ထပ် ၄၂ ဦးကိုပါ ပိတ်ဆို့ အရေးယူ မှုတွေ တိုးချဲ့ လုပ်ဆောင်ဖို့ တောင်းဆိုလိုက်တာပါ။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြ ပေးထားပါတယ်။

အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် လက်ရှိ ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေထဲက တခုဖြစ်တဲ့ စစ်အစိုးရ ခေါင်းဆောင်တွေ၊ သူတို့ မိသားစု ၀င်တွေနဲ့ နီးစပ်သူ အသိုင်းအ၀ိုင်းအပေါ် ပစ်မှတ်ထား ပိတ်ဆို့ အရေးယူမှုမှာ ပါဝင်သူတွေ အပြင် နောက်ထပ် ၄၂ ဦးကိုပါ အဲဒီ ပိတ်ဆို့ အရေးယူမယ့် စာရင်းထဲ ထည့်ပေးဖို့ အမေရိကန် အခြေစိုက် မြန်မာ့အရေး ဆောင်ရွက်နေတဲ့ အဖွဲ့ USCB က တနင်္လာနေ့ ရက်စွဲနဲ့ ထုတ်ပြန် တောင်းဆို လိုက်တာပါ။ ဒီလူတွေဟာ ပြီးခဲ့တဲ့ စစ်အစိုးရ လက်ထက်က စပြီး လက်ရှိ အရပ်သား အစိုးရ အထိ စီးပွားရေး၊ နိုင်ငံရေးအရ ကျောထောက် နောက်ခံ ပေးလာသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

အခုထုတ်ပြန်လိုက်တဲ့ စာရင်းထဲမှာ စီးပွားရေး လုပ်ငန်းရှင်တွေ ပါသလို သတင်းနဲ့ စာနယ်ဇင်းလောက က သူတချို့ပါ ပါဝင် နေတာနဲ့ ပတ်သက် လို့တော့ USCB မြန်မာ့အရေး ဆောင်ရွက်နေတဲ့ အဖွဲ့က အမှုဆောင် ညွှန်ကြားရေးမှူး ဦးအောင်ဒင်က အခုလို ရှင်းပြပါတယ်။

“ပထမအချက်က ကျနော်တို့က သူတို့ကို မီဒီယာသမားရယ်လို့ အသိအမှတ် မပြုပါဘူး။ သူတို့က မီဒီယာကို ခုတုံး လုပ်ပြီးတော့ ကိုယ့်အကျိုး စီးပွား ကိုယ်ရှာနေတဲ့ သူတွေ၊ အဲဒီလိုပဲ ကျနော်တို့ သတ်မှတ် ပါတယ်။ သူတို့က အစိုးရ မျက်နှာသာ ပေးမှုနဲ့ မဂ္ဂဇင်း တိုက်တွေ၊ ဂျာနယ်တိုက်တွေ ထောင်ကြတယ်။ အစိုးရ အလိုကျ ၀ါဒဖြန့်ချိရေး လုပ်ငန်းတွေကို သူတို့ရဲ့ သတင်း ဂျာနယ်တွေက တွင်တွင် ကျယ်ကျယ် လုပ်ပြီးတော့ သူတို့ကို သူတို့ ချမ်းသာအောင် တည်ဆောက်ကြတာ။

“နောက် သူတို့အားလုံးက ကျနော်နားလည်သလောက် ဗိုလ်မှူးချုပ် ကျော်ဆန်းရဲ့ အပေါင်းအပါ တွေပေါ့၊ ဗိုလ်မှူးချုပ် ကျော်ဆန်းက မီဒီယာကို မီဒီယာနဲ့ တိုက်မယ် ဆိုပြီးတော့ ရည်ရွယ်ချက်နဲ့ ကြွေးကြော်ပြီး ဖွဲ့စည်းထားတဲ့ ပြည်ပ မီဒီယာတွေကို တန်ပြန်ဖို့ လှုပ်ရှား ဆောင်ရွက် နေတဲ့ နေရာမှာ အဓိက တာဝန်ခံကြတဲ့ ပုဂ္ဂိုလ်တွေ။ နောက်တခါ သူတို့ရဲ့ ပြည်တွင်းမှာ ရပ်တည်ချက်၊ သူတို့ရဲ့ လှုပ်ရှားမှုတွေ အားလုံးလည်း ကျနော်တို့ ပြည်တွင်းက တခြား မိတ်ဆွေတွေနဲ့ လေ့လာ သုံးသပ်ပါတယ်။ ကျနော်တို့ တွေ့ရတာ သူတို့ရဲ့ ရပ်တည်ချက်၊ လှုပ်ရှားမှုနဲ့ ဆောင်ရွက်ချက်တွေ အားလုံးက စစ်အစိုးရကို နိုင်ငံရေး အရ အားပေး ထောက်ခံတယ်၊ နောက် စစ်အစိုးရရဲ့ ၀ါဒဖြန့်ချိရေး လုပ်ငန်းတွေကို လက်ဝေခံ ဆောင်ရွက် လှုပ်ရှား နေတဲ့သူတွေ ဖြစ်တယ်။”

သတင်း စာနယ်ဇင်းသမားတွေဟာ ရပ်တည်ချက် မှန်မှန်ကန်ကန်နဲ့ အစိုးရရဲ့ အသုံးချခံ အဖြစ်မခံဘဲ မီဒီယာ သမား ပီပီ ရပ်တည် နေရင်တော့ အခုလို ပိတ်ဆို့ အရေးယူ ခံရမယ့် စာရင်းထဲ ပါမှာ မဟုတ်ဘူးလို့ မြန်မာ့ သတင်း သမဂ္ဂ ဥက္ကဋ္ဌ ဦးမောင်မောင်မြင့်က ပြောပါတယ်။

“ယေဘုယျ ပြောမယ်ဆိုရင်တော့ ကျနော်ထင်တယ်၊ မီဒီယာသမား ဖြစ်ရုံသက်သက်နဲ့ သို့မဟုတ် စစ်အစိုးရ ဘက်ကို ဘက်လိုက်တဲ့ မီဒီယာသမား ဖြစ်ရုံ သက်သက်နဲ့တော့ အဲဒီ List ထဲ မပါသင့်ဘူးလို့ ယေဘုယျ ပြောလို့ရတာပေါ့။ ဘာဖြစ်လို့လဲ ဆိုတော့ ဘက်လိုက်တယ် ဆိုတဲ့ ကိစ္စမျိုးကတော့ ကိုယ့်ရဲ့ ခံယူချက်နဲ့ ပတ်သက်တာပေါ့။ သူ့ခံယူချက်က စစ်အစိုးရ ဘက်က မှန်တယ်ထင်လို့ သူလိုက်ပေးတယ် ဆိုတဲ့ သဘောမျိုး ဆိုရင်တော့ ကျနော်တို့ ဘာမှ ပြောလို့မရဘူး။ လူတိုင်းက လွတ်လပ်စွာ ယုံကြည်ခွင့်၊ ကိုယ်ယုံကြည်တဲ့ အတိုင်း လုပ်ခွင့် ရှိတာကိုး။

“ဒါပေမဲ့ တကယ်တမ်း စိတ်ဓာတ်ရေးရာ အရပါ ချို့ယွင်းလို့၊ သဘောကတော့ တကယ်ကို Crony ဖြစ်ချင်လို့ Crony ဖြစ်နေတဲ့ လူစားမျိုး ဆိုရင်တော့ တမျိုးပေါ့။ အထူးသဖြင့် စီးပွားရေးနဲ့ ပတ်သက်တယ် ဆိုရင်ပေါ့။”

မီဒီယာသမားတွေအပြင် ထိပ်မှာ ပါနေတာကတော့ စစ်အစိုးရ လက်ထက်ကတည်းက စီးပွားရေး လုပ်ငန်းတွေ လုပ်ကိုင်ဖို့ အထူး အခွင့်အရေး ရလာခဲ့ကြတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ ဖြစ်ပါတယ်။

အခု အသစ် အဆိုပြုလာတဲ့ တိုးချဲ့စာရင်းထဲက အများစုဟာ ဥရောပသမဂ္ဂနဲ့ သြစတြေးလျ နိုင်ငံတို့ရဲ့ ပိတ်ဆို့ အရေးယူ ခံထားရ သူတွေ အများအပြား ပါဝင်သလို လုံးဝ ပိတ်ဆို့ အရေးယူခြင်း မခံရသေးတဲ့ သူတွေလည်း ပါဝင်တဲ့ အကြောင်း USCB အဖွဲ့က အမှုဆောင် ညွှန်ကြားရေးမှူး ဦးအောင်ဒင်က ဆက်ပြောပါတယ်။

အခု အမည်စာရင်း တင်သွားတာဟာ ပထမအဆင့်သာ ရှိသေးပြီး တကယ် အရေးယူမယူ ဆိုတာကတော့ အမေရိကန် အစိုးရက ဆုံးဖြတ်ချက် ချရမှာ ဖြစ်ပါတယ်။

“တခုရှိတာက ကျနော်တို့က ဒီနာမည်စာရင်းကို ပို့တယ်။ နာမည်စာရင်းထဲမှာ ကျနော်တို့ ဖြစ်သင့် ဖြစ်ထိုက်တယ်လို့ ကျနော်တို့ မြင်တဲ့ သူတွေကို ဒီစာရင်းထဲမှာ ထည့်တယ်။ ပြီးတော့ ဘာကြောင့်ဆိုတဲ့ အကြမ်းဖျင်း ကျနော်တို့ ရရှိနိုင်တဲ့ သုံးသပ်ချက်ကို ထည့်ပြီးတော့ တင်ပြထားတယ်။ အသေးစိတ်ကတော့ အမေရိကန် ဘဏ္ဍာရေး ၀န်ကြီးဌာနမှာ သူတို့ စုံစမ်းစစ်ဆေးရေး အဖွဲ့တွေ ရှိပါတယ်။ အဲဒီ စုံစမ်း စစ်ဆေးရေး အဖွဲ့တွေက ဆက်ပြီးတော့ အသေးစိတ် စုံစမ်း ဖော်ထုတ်ရမှာပါ။”

မြန်မာနိုင်ငံမှာ အရပ်သားအစိုးရ ပြောင်းလဲခဲ့တာ ရက်ပေါင်း ၁၀၀ ကျော်လာပေမဲ့ စစ်မှန်တဲ့ ပြုပြင် ပြောင်းလဲရေး တွေကို အကောင်အထည် ဖော်ခြင်း မရှိသေးသလို နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ကျော်ကိုလည်း ဆက်လက် ထိန်းသိမ်းထားဆဲ ဖြစ်တယ်လို့ USCB အဖွဲ့ရဲ့ ကြေညာချက်ထဲမှာ ထောက်ပြ ထားပါတယ်။

မြန်မာအစိုးရ အနေနဲ့ သိသာထင်ရှားပြီး လူထုအတွက် အမှန်တကယ် အကျိုးရှိစေမယ့် ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင် လာအောင် အားပေးတဲ့ နည်းလမ်းဟာ သူတို့ကို ကျောထောက် နောက်ခံ ပေးနေတဲ့ စီးပွားရေး သမားတွေကို ပစ်မှတ်ထား အရေးယူခြင်းက အထိရောက်ဆုံး နည်းလမ်း ဖြစ်တာကြောင့် အမေရိကန် ဘဏ္ဍာရေး ၀န်ကြီး တီမိုသီ ဂိုက်သ်နာ (Timothy Geithner) ကို အခုလို စာရေးသား တောင်းဆိုခြင်း ဖြစ်တယ်လို့ ကြေညာချက်မှာ ထည့်သွင်း ဖော်ပြထားပါတယ်။

Ref: VOA News

Read More...

ဦးရွှေမန်း မိန့်ခွန်းကို ပြန်ကြားရေးက ဆင်ဆာဖြတ်

Monday, 27 June 2011

ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ရန်ကုန်ပြည်သူ့ လွှတ်တော် အဆောက်အအုံ၌ ပြောကြားခဲ့သော မိန့်ခွန်းကို အစိုးရ သတင်းမီဒီယာ အားလုံးက ဆင်ဆာ ဖြတ်တောက် ထားကြောင်း သိရသည်။

ဇွန်လ ၂၄ ရက်နေ့တွင် ရန်ကုန်တိုင်း ပြည်သူ့လွှတ်တော်ရုံးတွင် ကျင်းပသော အစည်းအဝေး၌ သူရ ဦးရွှေမန်းက မိန့်ခွန်း ပြောကြားပြီး ရန်ကုန်တိုင်း အစိုးရ အဖွဲ့ဝင်များ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ သတင်း မီဒီယာများ တက်ရောက်ခွင့် ရခဲ့သည်။

သူရ ဦးရွှေမန်းက မြန်မာနိုင်ငံသည် အလွန် နိမ့်ကျလျက်ရှိပြီး အရှေ့အလယ်ပိုင်း ဒေသတွင် ဖြစ်ပေါ်သော ဆူပူ အုံကြွမှုမျိုး မဖြစ်ပေါ်စေရန် နှင့် ဆူပူ အုံကြွမှု ဖြစ်ပေါ်လျှင် ပြည်သူများပင် နစ်နာမည် ဖြစ်ကြောင်း ပြောဆို ခဲ့သော်လည်း အဆိုပါ ပြောဆိုချက် များကို အစိုးရပိုင် သတင်းမီဒီယာအားလုံးတွင် ဖော်ပြခြင်း မပြုဘဲ ဆင်ဆာ ဖြတ်တောက်ခဲ့ခြင်း ဖြစ်သည်။

တသီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်တဦးက “ဦးရွှေမန်းက တိုင်းပြည် အင်မတန် နိမ့်ကျနေတယ် ဆိုပြီးတော့ ၀န်ခံတယ်။ သူပြောသွားတဲ့အ ထဲမှာ ဆူပူ အုံကြွမှုဖြစ်ရင် ပြည်သူတွေပဲ နစ်နာမယ်လို့လည်း ပြောတယ်။ သူဆိုလိုတာက တိုင်းပြည် ဆူပူရင် တပ်က အာဏာ ပြန်သိမ်းမယ်။ အဲလိုဆိုရင် ပြည်သူပဲ နစ်နာမယ်ပေါ့။ ဒါပေမယ့် အဲဒါတွေက အစိုးရ ရုပ်မြင်သံကြား သတင်းစာထဲမှာ မထည့်တာက အတော်ထူးခြားတယ်” ဟု ပြောသည်။

“အမေရိကန် အထက်လွှတ်တော် အမတ် ဂျွန်မက်ကိန်း မြန်မာပြည်လာတုန်းက ပြောသွားသလိုပဲ အရှေ့ အလယ်ပိုင်း ဒေသတွေ မှာလို လူထု အုံကြွမှုတွေ မဖြစ်အောင် အားလုံး ဝိုင်းဝန်း ကြိုးပန်းရမယ်” ဟု သူရ ဦးရွှေမန်းက ပြောဆိုခဲ့ပြီး ထိုပြောဆိုချက်များ ဆင်ဆာ ဖြတ်တောက်ခံရသည်။

သူရ ဦးရွှေမန်း၏ တွေ့ဆုံပွဲကို ပြန်ကြားရေးဝန်ကြီးဌာန၊ အစိုးရပိုင် ရုပ်သံ၊ သတင်းစာ၊ ရေဒီယိုများ အားလုံးတွင် သတင်းအဖြစ် ဖော်ပြ ကြသော်လည်း မိန့်ခွန်းကိုမှု အပြည့်အစုံ ဖော်ပြခြင်း မပြုဘဲ ဆင်ဆာ ဖြတ်တောက်ခဲ့သည်မှာ ထူးခြားကြောင်း တွေ့ဆုံပွဲ တက်ရောက်ခဲ့သူ လွှတ်တော် ကိုယ်စားလှယ်များနှင့် သတင်းစာ ဆရာများက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်တဦးက “သူရ ဦးရွှေမန်း ပြောတာတွေ အကုန်လုံးလည်း သတင်းစာမှာ မပါလာတဲ့ အပြင် ဦးရွှေမန်းကလည်း အစိုးရအနေနဲ့ လွှတ်တော်က ချမှတ်မယ့် ဆုံးဖြတ်ချက်တွေ၊ ဥပဒေတွေကို လိုက်နာ ဖော်ဆောင်ရမည် ဆိုပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၂၈ ကို ကိုးကားပြီး ပြောသွားတယ်” ဟု ပြောသည်။

ပြည်တွင်း သတင်းဂျာနယ် အယ်ဒီတာချုပ်တဦးက “ပုဂ္ဂလိက သတင်းမီဒီ ယာတွေတင် မဟုတ်ဘူး၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းလည်း ပြောချင်ရာပြောလို့ မရဘူး၊ စိစစ်ရေးရဲ့ ဆင်ဆာ ဖြတ်တောက်မှု ခံနေရတယ် ဆိုတာ ထင်ရှားတယ်” ဟု ပြောသည်။

သူရ ဦးရွှေမန်းသည် ဗိုလ်ချုပ်ကြီးအဖြစ် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ လက်ထက်တွင် ကြည်း ရေ လေ ညှိနှိုင်း ကွပ်ကဲရေးမှူး အထိ တာဝန်ယူခဲ့သည်။

ဇွန်လ ၂၅ ရက်နေ့တွင် သူရ ဦးရွှေမန်းသည် ရုရှနိုင်ငံသို့ အလည်အပတ် ထွက်ခွာသွားသည်။

Ref: ဧရာဝတီ်

Read More...

မိုးသည်းထန် မြေပြို၍ မြ၀တီလမ်းပိတ်

Monday, 27 June 2011

မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် ကရင်ပြည်နယ် မြ၀တီ - ကော့ကရိတ်သွား ဒေါနတောင်ကျော် ကားလမ်းတွင် မြေပြိုမှုများ ဖြစ်ပြီး လမ်းပိတ်ဆို့နေ၍ ထိုင်း-မြန်မာ နယ်စပ် ကုန်သွယ်ရေး ရပ်ဆိုင်းသွားသည်မှာ ၃ ရက်ရှိပြီ ဖြစ်သည်။

ဇွန်လ ၂၄ ရက်နေ့ညကစ၍ ယနေ့အထိ မြ၀တီ-ကော့ကရိတ် လမ်းပေါ်တွင် မြေပြိုပြီး ကားလမ်း ပိတ်သွားသည့်နေရာ အနည်းဆုံး ၁၀ နေရာခန့် ရှိသောကြောင့် ထိုင်း-မြန်မာ နယ်စပ် ကုန်သွယ်ရေးမှာ လုံးဝ ရပ်ဆိုင်းသွားသည်ဟု လတ်တလော ထို လမ်း၌ အငှား ဆိုင်ကယ် ပြေးဆွဲနေသူ တဦးက ပြောသည်။

၎င်းက“ကားကတော့ လုံးဝ သွားလို့ မရသေးဘူး၊ ၃ ရက်ရှိပြီ၊ မနေ့က လမ်းရှင်းတာ၊ ပြီးခါနီးအချိန်မှာ မိုး အဆက် မပြတ်ထပ် ရွာလို့ အခြား နေရာတွေကပါ မြေတွေ ထပ်ပြိုတာ၊ ဒီနေ့အထိ ကားတွေ သွားလို့ မရသေးဘူး၊ မော်တော်ဆိုင်ကယ် ကတော့ သွားလို့ရတယ်၊ မြ၀တီဘက်မှာ ပိတ်နေတဲ့ ခရီးသည်တွေ အခု ဆိုင်ကယ်နဲ့ပဲ ကော့ကရိတ်ကို ဆင်းနေကြတယ်၊ လူတယောက် ကို ဆိုင်ကယ်ခ ကျပ် ၁၀၀၀၀ ယူတယ်၊ အထုတ်အပိုးပါ ဆိုရင် ၁၅၀၀၀ ယူတယ်”ဟု ပြောပြသည်။

ယမန်နေ့ညနေပိုင်းကစ၍ မြ၀တီဘက်တွင် ပိတ်မိနေသည့် ခရီးသွား ၁၀၀၀ ကျော်မှာ အငှား ဆိုင်ကယ်များဖြင့် ကော့ ကရိတ်မြို့သို့ ဆင်းပြီး လိုရာခရီးကို ဆက်သွား နေကြရသည်ဟုလည်း အငှား ဆိုင်ကယ် ပြေးဆွဲနေသူက ဆိုသည်။

မြ၀တီမြို့ခံ အစိုးရ၀န်ထမ်း တဦးက“ဒီလိုမြေပြိုတာကို အမြန်ဆုံး မပြင်နိုင်တာက ခေတ်မီ စက်ယန္တရားတွေ မရှိလို့ပါ၊ မဲဆာက် ဘက်မှာဆိုရင် ဒီလိုမြေပြိုပြီး လမ်းပိတ်တဲ့ ကိစ္စက နာရီပိုင်းလောက်နဲ့ ပြီးတဲ့ ကိစ္စပါ”ဟု ပြောသည်။

၃ ရက်ကြာရှိပြီဖြစ်သည့် ယင်းဒေါနတောင်ကျော်ကားလမ်း ပိတ်ဆို့နေ၍ မြ၀တီမြို့မှတဆင့် ကော့ကရိတ် မြို့သို့ ထွက်ခွာမည့် ခရီးသည်တင် ကားနှင့် ကုန်တင်ကား အစီး ၄၀၀ ခန့်မှာ မြ၀တီမြို့မှ ၁၀ မိုင်ကျော် အကွာအဝေးရှိ သင်္ကန်းညီနောင် တံတားကျိုး စစ်ဆေးရေး ဂိတ်တွင် သောင်တင်နေပြီး ခရီးသွားများ အတွက် ဒေသခံများက ယာယီ လက်ဘက်ရည်ဆိုင်၊ ထမင်းဆိုင်များ ဖွင့်လှစ် ရောင်းချလျက် ရှိကြောင်း သိရသည်။

လမ်းပိတ်ဆို့မှုကြောင့် ထိုင်းနိုင်ငံဘက်မှ ရန်ကုန်နှင့်အခြားမြို့များသို့တင်ပို့မည့် ပန်းသီး၊ ဒူးရင်းသီး၊ ကြက်မောက်သီး၊ လိမ္မော်သီး အပါအ၀င် သစ်သီးမျိုးစုံ တင်ထားသည့် ကုန်ကားများမှာ ရက်ကြာလာသောကြောင့် ပစ္စည်းများ ပျက်စီးလာ၍ တချို့ကို မြ၀တီသို့ ပြန်သယ် သွားကြရသည်ဟု သစ်သီး ကုန်သည် တဦးက ပြောသည်။

သစ်သီးကုန်သည်က ဆက်လက်၍“နောက် ၃ ရက်နေလို့မှ ကားဆင်းလို့မရရင် ကျပ် သိန်း ၁၀၀ ဖိုးရှိတဲ့ သစ်သီး ၀လံတွေ အကုန်လုံး ပစ်လိုက် ရတော့မယ်၊ ဒီပစ္စည်းတွေက အားလုံး ရှယ်တွေချည်းပဲ၊ ရန်ကုန်က ဈေးကြီးတွေမှာ ရောင်းမယ့်ပစ္စည်း တွေ”ဟုလည်း ဆိုသည်။

ကော့ကရိတ်မြို့မှ ရောက်ရှိလာသော ကဏန်းကုန်သည်တဦးကလည်း ထိုင်းနိုင်ငံသို့ တင်ပို့မည့် ငါး၊ ပုစွန်၊ ကဏန်း စ သည့် မြန်မာ ရေထွက် ကုန်ပစ္စည်းများ ကော့ကရိတ်မြို့တွင် ပိတ်မိ နေသောကြောင့် ကုန်သည်များမှာ ဆုံးရှုံး နစ်နာမှုများနှင့် ကြုံတွေ့ နေရသည်ဟု ပြောပြသည်။

ယမန်နှစ် ဇူလိုင်လမှ စတင်ကာ မြန်မာဘက်မှ လုံခြုံရေးအကြောင်းပြချက်ဖြင့် ထိုင်း-မြန်မာ နယ်စပ် မဲဆောက်-မြ၀တီ ချစ်ကြည်ရေး တံတားကို ပိတ်လိုက်ရာမှ စ၍ နယ်စပ် ကုန်သွယ်ရေး ရပ်တံ့ သွားခဲ့သည်။

နယ်စပ်ကုန်သွယ်ရေးရပ်တံ့မှုကြောင့် နှစ်ဘက်ကုန်သည်များက တရားမ၀င်နည်းဖြင့် ကုန်သွယ်မှုပြုကြရာ လစဉ် ထိုင်း ဘက်မှ ထိုင်းကုန်ပစ္စည်း ဘတ်ငွေ သန်း ၇၀၀ ခန့် မြ၀တီဘက်သို့ တင်ပို့ကြပြီး မြန်မာ ဘက်မှလည်း မြန်မာ ကုန်ပစ္စည်း ဘတ် သန်း ၄၀၀ ခန့် ကို မဲဆာက်ဘက် တင်သွင်းကြသည်ဟု နှစ်ဘက် ကုန်သည်ကြီးများက ခန့်မှန်း ပြောဆိုကြသည်။

လက်ရှိ မြ၀တီမဲ-ဆောက် နယ်စပ်ကုန်သွယ်ရေး ရပ်နားသွားသော်လည်း နေ့စဉ်မြန်မာနိုင်ငံသား ၇၀၀ ခန့် လှေများဖြင့် ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ ၀င်ရောက်မှုမှာ လုံးဝ ကျဆင်းသွားခြင်း မရှိဟု နယ်စပ် သောင်ရင်းမြစ် အတွင်း စက်လှေ မောင်းနေသူများက ပြောသည်။

ယခုလ ၁၁ ရက်နေ့ကလည်း မြ၀တီ-ကော့ကရိတ် ကားလမ်းပေါ်ရှိ ချောက်ကမ်းပါးအလွန် နှစ်ထပ်ကွေ့တွင် ရှိသည့် မိုင်တိုင် အမှတ် ၇၂ / ၁ /၂ တွင် တောင်ပြို လမ်းပိတ်မှု တနေရာ ဖြစ်ပွားခဲ့သောကြောင့် နယ်စပ် ကုန်သွယ်ရေး၂ ရက်ကြာ ရပ်နား ခဲ့ရသေးသည်။

Ref: ဧရာဝတီ်

Read More...

တရုတ်နှင့် မြန်မာကျောက်ကုန်သည်များ ပဋိပက္ခဖြစ်ပွား

တနင်္လာနေ့၊ ဇွန်လ ၂၇ ရက် ၂၀၁၁


ချင်းမိုင် (မဇ္ဈိမ) ။ ။ မန္တလေးမြို့ မဟာအောင်မြေမြို့နယ်အတွင်းရှိ ကျောက်ဝိုင်းတွင် တနင်္လာနေ့ နံနက်က တရုတ် ကုန်သည်များနှင့် မန္တလေးဒေသခံ ကုန်သည် အကြား အချင်းများကာ ရုတ်ရုတ် သဲသဲ ဖြစ်ပြီးနောက် ကျောက်ဝိုင်းကို ပိတ်ပစ် လိုက်သည်။

ဈေးဖြတ်ထားပြီးသည့် ကျောက်တလုံးကို တရုတ်ကုန်သည်များက ဝယ်ရန် ငြင်းဆန်ရာက ခိုက်ရန်ဖြစ်ပွား ကြသည်ဟု မြင်တွေ့ လိုက်ရသည့် ကျောက်ကုန်သည်များက ပြောသည်။

ဖြစ်ပွားသည့် အခြေအနေကို ရှင်းလင်းစွာ မသိရသေးသော်လည်း တရုတ် ကုန်သည်များက မြန်မာအမျိုးသား ကိုမော်ကြီးကို ဝိုင်းဝန်း ထိုးနှက်ပြီးနောက် ဒေသခံများက ပြန်လည် ထိုးကြိတ်မှု ဖြစ်ပွားသည်ဟု ဆိုသည်။

“တရုတ်တွေရှိတဲ့ ဆိုင်ကို မြန်မာတွေ အများကြီးဝိုင်း ထားတဲ့နေရာကို ငါးမြို့နယ်က ရဲတပ်ဖွဲ့ အင်အား ၁၀၀ လောက် လာပြီး ကာထားရတယ်။ အုပ်ချုပ်ရေး ရုံးကနေ မြန်မာတွေ လူစုခွဲဖို့ မိုက်နဲ့ အဆက်မပြတ် အော်နေတယ်။ မြန်မာတွေလည်း လူစုမခွဲဘဲ များများလာတယ်။ နောက်ပိုင်း တရုတ်တွေကို ရဲကားနဲ့ ထုတ်သွားရတယ်” ဟု ဒေသခံတဦးက သူ၏ ဖေ့စ်ဘွတ် စာမျက်နှာတွင် ရေးသားထားသည်။

မန္တလေးမြို့ အမှတ် ၇ အပိုင် ရဲစခန်းမှ ရဲအရာရှိ တဦးက “ ကျောက်ဝိုင်းဆိုတော့ နည်းနည်း အုံးအုံး ဖြစ်သွားတာပေါ့။ အခု ဘယ်လို ဖြစ်တယ်ဆိုတာ စစ်ဆေး နေတုန်းပါပဲ။ အထက် လူကြီးတွေအားလုံး သွားလာ လှုပ်ရှား နေကြတုန်းပါ ခင်ဗျ” ဟု မဇ္ဈိမသို့ တယ်လီဖုန်းမှ တဆင့် ပြောသည်။

Ref: မဇ္ဈိမ

Read More...

ဂဒါဖီကို နိုင်ငံတကာ တရားရုံး ဖမ်းဝရမ်းထုတ်

တနင်္လာ, 27 ဇွန် 2011

လစ်ဗျားခေါင်းဆောင် ဗိုလ်မှူးကြီး မွမ်မာ ဂဒါဖီ (Moammar Gadhafi)၊ သူ့ရဲ့သား ဆာအိဖ် အယ်လ် အစ္စလမ် (Saif al-Islam) နဲ့ ထောက်လှမ်းရေးမှူးချုပ် အဗ္ဗဒူလာ အယ်လ် ဆွန်နုဆီ (Abdullah al-Senussi) တို့ကို နိုင်ငံတကာ ပြစ်မှုဆိုင်ရာ တရားရုံး (ICC) ကနေ ဒီကနေ့ ဖမ်းဝရမ်းတွေ ထုတ်ပြန် လိုက်ပါတယ်။

ဒီလို ၀ရမ်းတွေထုတ်ဖို့ ICC က ဥပဒေအကျိုးဆောင် အရာရှိ လူးဝစ်စ် မိုရယ်နို အိုကမ်ပို (Luis Moreno-Ocampo) ကို ညွှန်ကြား ထားခဲ့ပြီးတော့ ပြီးခဲ့တဲ့ လစ်ဗျားက ဆန္ဒပြပွဲတွေအတွင်း သောကြာနေ့တွေမှာ ဗလီတွေမှာ ၀တ်ပြုပြီး ပြန်ထွက်လာသူ သာမန် ပြည်သူ လူထုတွေကို လက်ဖြောင့် သေနတ်သမားတွေနဲ့ ပစ်ဖို့ အမိန့် ပေးခဲ့တာတွေ အပါအ၀င် အပြစ်မဲ့သူ များစွာကို တိုက်ခိုက် သတ်ဖြတ်တဲ့ ပြစ်မှုတွေကို ဗိုလ်မှူးကြီး ဂဒါဖီနဲ့ သူ့အစိုးရက ကျူးလွန် ခဲ့ကြတယ်လို့ ဥပဒေ အကျိုးဆောင် အရာရှိ အိုကမ်ပိုက ဆိုပါတယ်။

ဗိုလ်မှူးကြီး ဂဒါဖီနဲ့ သူ့ရဲ့သား အစ္စလမ်တို့ဟာ အပြစ်မဲ့ အရပ်သား ပြည်သူတွေကို နှိပ်စက် ညှဉ်းပန်းမှုတွေနဲ့ သတ်ဖြတ်မှုတွေ အတွက် ပြစ်မှုမြောက် တာဝန်ရှိတာကို ယုံကြည်လောက်တဲ့ အထောက်အထား အခိုင်အမာ ရှိနေတယ်လို့လည်း မစ္စတာ အိုကမ်ပိုက ဆိုပါတယ်။

ဒီကနေ့ ထရီပိုလီ (Tripoli) မြို့တော်က ဗိုလ်မှူးကြီး မွမ်မာ ဂဒါဖီရဲ့ ဘက်ဘ် အယ်လ် အဇီဇီယာ (Bab al-Aziziya) နေအိမ် ခြံဝင်းကြီးနားမှာ ပေါက်ကွဲသံ ၂ ကြိမ် ကြားခဲ့ရပြီးတော့ မီးခိုးလုံးတွေလည်း တွေ့နေရတယ်လို့ မျက်မြင် သက်သေတွေက ပြောကြပါတယ်။

လောလောဆယ်မှာလည်း လစ်ဗျားရဲ့ အနောက်ဘက် နာဖူဆာ (Nafusa) တောင်တန်းတွေပေါ်က အတိုက်အခံ တပ်ဖွဲ့တွေဟာ ထရီပိုလီ မြို့တော်ရဲ့ အနောက်တောင်ဘက်က မဟာဗျူဟာ အချက်အချာ ကျတဲ့ ဘဲ အယ်လ် ဂါနမ် (Bair al-Ghanam) မြို့အပြင်ဘက် အထိ ရောက်ရှိလာကြပြီး ဂဒါဖီ တပ်တွေနဲ့ ပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်နေတယ်လို့ အတိုက်အခံ တပ်ဖွဲ့တွေ ဘက်က ကြေညာ ထားပါတယ်။ ဘဲ အယ်လ် ဂါနမ်မြို့ဟာ ထရီပိုလီ မြို့တော်ရဲ့ အနောက်တောင်ဘက် မိုင် ၅၀ အကွာမှာ ရှိပါတယ်။


Ref: VOA News

Read More...

Monday, June 27, 2011

သူရဦးရွှေမန်းရဲ့ ပြောဆိုချက် မမှန်ဟု KIO တုံ့ပြန်

2011-06-26

ကချင်ပြည်နယ်အတွင်း မြန်မာစစ်တပ်နဲ့ KIA ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ အကြား တင်းမာမှု မရှိတော့ဘဲ အခြေအနေတွေ နဂို အနေအထား နီးပါး တည်ငြိမ်မှု ရရှိနေပြီဆိုတဲ့ ပြည်ထောင်စု လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းရဲ့ ပြောဆိုချက် မှန်ကန်မှု မရှိကြောင်း KIO က ငြင်းဆို လိုက်ပါတယ်။

သူရဦးရွှေမန်းဟာ ရန်ကုန်မြို့ ပြည်လမ်းမှာရှိတဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ခန်းမမှာ လွှတ်တော် အမတ်တွေ၊ ကုန်သည် ကြီးများနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း တာဝန်ရှိသူတွေ၊ သတင်း မီဒီယာတွေနဲ့ သောကြာနေ့က တွေ့ဆုံ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

မြစ်ကြီးနားမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းဇော်ရဲ့ ကြိုးပမ်းမှုကြောင့် အခြေအနေတွေ မူလနီးပါး ပြန်ကောင်း သွားပြီလို့ သူရဦးရွှေမန်းက ပြောဆိုခဲ့တယ်လို့ အဲဒီ တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ ဒီမိုကရက်တစ် ပါတီ (မြန်မာ) ရဲ့ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်အမတ် ဒေါက်တာ ညိုညိုသင်းက RFA ကို ပြောပါတယ်။

KIO ကချင်လွတ်မြောက်ရေးအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးလနန်းကတော့ သူရဦးရွှေမန်းရဲ့ ပြောကြားချက်ဟာ လက်တွေ့ အခြေ အနေနဲ့ ကိုက်ညီမှု မရှိဘူးလို့ တုံ့ပြန် ပြောဆိုပါတယ်။

“သူပြောတာ ပြောသွားတာပါ။ အမှန်တကယ်တော့ အဲဒီလောက်ကြီး မဟုတ်ပါဘူး။ အခု အခြေအနေ တင်းမာတယ် လို့ပဲ ပြောရမှာပဲ။ ဘာလို့လဲ ဆိုတော့ သူတို့ တပ်အင်အားတွေ နည်းလမ်း အမျိုးမျိုးနဲ့ နေရာယူထားတဲ့ အပိုင်းတွေ အများကြီး ရှိပါတယ်။ အောက်ပိုင်းက တပ်တွေ တက်လာတာလည်း ကြိုးကြား ကြိုးကြား ရှိတုန်းပဲ။ မြို့ပေါ်မှာ ပေါ်တာ ဆွဲတဲ့ သတင်းတွေ ပြန့်နေတာဟာ တည်ငြိမ်မှု မရှိဘူး ဆိုတာ ဖော်ပြနေတာပဲ။ မြစ်ကြီးနားမြို့ပေါ်မှာ ည ၈ နာရီနောက်ပိုင်း ထွက်တဲ့သူတွေ ဖမ်းခံရတာ၊ ရိုက်နှက်ခံရတာ၊ မေးမြန်း စိစစ်တာတွေ အမြဲတမ်း ဖြစ်နေတယ်။ လုံးဝ တည်ငြိမ် သွားတယ်ဆိုတဲ့ ပြောဆိုချက် မှန်သလား မှားသလားဆိုတာ အဲဒါ သက်သေ အထောက်အထား ရှိနေပြီလေ”

မြစ်ကြီးနားမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်ဟောင်း ဦးသိန်းဇော်ဟာ နအဖ စစ်အစိုးရ လက်ထက်က ဆက်သွယ်ရေး၊ စာတိုက်နဲ့ ကြေးနန်းဝန်ကြီး၊ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီး တာဝန်တွေ ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

ဦးသိန်းဇော်ဟာ မြန်မာစစ်တပ်နဲ့ KIA တပ်တွေ အပစ်ရပ်ဖို့ ဇွန်လ ၁၇ ရက်နေ့မှာ KIO အဖွဲ့ထံ ကိုယ်စားလှယ် စေလွှတ်ခဲ့ပြီး ဇွန်လ ၁၉ ရက်နေ့မှာ စာတစောင် ပေးပို့ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် KIO အဖွဲ့က ဦးသိန်းဇော်ရဲ့ဆက်သွယ် ဆောင်ရွက်မှုဟာ ခိုင်လုံ ပြတ်သားမှု မရှိဘူးလို့ ယူဆခဲ့ပြီး အဲဒီ နောက်ပိုင်းမှာလည်း နှစ်ဖက်တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွား ခဲ့ပါတယ်လို့ ပြောပါတယ်။ ဒီကနေ့မှာတော့ တိုက်ပွဲတွေ ဖြစ်ပွားတာ မရှိဘူးလို့ သိရပါတယ်။

ပြည်ထောင်စုလွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ ဒီမိုကရက်တစ် ပါတီ (မြန်မာ) ရဲ့ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်အမတ် ဒေါက်တာ ညိုညိုသင်းကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ် မေးမြန်းထားတာ နားဆင် နိုင်ပါတယ်။

Ref: RFA News

Read More...

စစ်ပေါ်တာအဖြစ် သေသည်ထိ နှိပ်စက်ညှင်းပန်းအသုံးချခံ ပြစ်မှုဆိုင်ရာ အကျဉ်းသားများ - အပိုင်း (၂)

ရော်နီညိမ်း
စနေ, 25 ဇွန် 2011

တပ်မှူးတပ်သား ပြောစကား (၀၆၆)

အစိုးရစစ်တပ်ရဲ့ စစ်ဆင်ရေးတွေမှာ အထမ်းသမား(ခေါ်)ပေါ်တာတွေ အဖြစ် အသုံးပြုဖို့၊ အမျိုးသား အမျိုးသမီး မရွေး ဖမ်းဆီးပြီး ရှေ့တန်း စစ်မျက်နှာကိုပို့ ခြင်း၊ အမျိုးသမီးတွေကို အဓမ္မ ပြုကျင့်ခြင်း၊ ပေါ်တာတွေကို သတ်ပစ်ခြင်း ဆိုတဲ့ အလေ့ အထဟာ၊ မြန်မာ့ တပ်မတော်ထဲမှာ ရာစုနှစ် တ၀က်လောက် ကြာမြင့် လာပြီဖြစ်တဲ့ လုပ်ရိုး လုပ်စဉ် ပုံမှန်လုပ်ငန်း တွေ ဖြစ်နေပါတယ်။ ဒီလိုပြင်းပြင်း ထန်ထန် လူ့အခွင့်အရေး ချိုးဖေါက် နေမှုတွေအပြင်၊ ဒီထက် ဆိုးဝါးတဲ့၊အကျဉ်းထောင်တွေ ထဲက ပြစ်မှု ဆိုင်ရာ အကျဉ်းသားတွေကို၊ စစ်ဘက် စီမံကိန်းတွေနဲ့ရှေ့တန်း စစ်မျက်နှာတွေမှာ သေသည်ထိ အစီအစဉ်ရှိရှိ စနစ်တကျ ညှင်းပန်းနှိပ်စက် အသုံးချ နေတဲ့ ဖြစ်ရပ်တွေ ရှိနေ တာကို၊ တပ်မှူးတပ်သား ဟောင်းတွေနဲ့ ဦးရော်နီညိမ်းက မေးမြန်း ဆွေးနွေးပြီး၊ "စစ်ပေါ်တာအဖြစ် သေသည်ထိ နှိပ်စက် ညှင်းပန်း အသုံးချခံ ပြစ်မှုဆိုင်ရာ အကျဉ်းသားများ - အပိုင်း (၂)" အဖြစ် တင်ပြထားပါတယ်။

ဦးထွန်းလင်း။ ။ အဲဒီ ကျောက်ထုတ်စခန်းမှာ ထောင်ပိုင်က ပိုက်ဆံယူပြီးတော့၊ အလုပ် သက်သာတဲ့ နေရာမှာ ထားထားတဲ့ အကျဉ်းသားတွေ ရှိတယ်။ ဥပမာ၊ ကင်းသမားတို့ နောက်တန်းမှာ သန့်ရှင်းရေး လုပ်တဲ့လူတို့။ နောက်တခါ ထောင်ပိုင်ရဲ့ ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းတွေ ရှိသေးတယ်။ ဘာလုပ်ငန်း တွေလဲ ဆိုတော့ ဗြုံး တောင်က ဗြုံးကျောက်တွေကို တူးပြီးတော့၊ အုတ်ရိုက် တာပေါ့နော်။ လက်ရိုက်အုတ် ခေါ်တဲ့ အုတ်ရိုက်တဲ့ လုပ်ငန်း။ နောက်တခါ အကျဉ်းသား တွေထုတ်တဲ့ ကျောက်နဲ့ ထုံးဖုတ်တတ်တဲ့ လူတွေကို အကျဉ်းသားတွေ ထဲက ရွေးထုတ် လိုက်ပြီးတော့၊ ထုံးဖို လုပ်ငန်းကိုလည်း သူက လုပ်တယ်။ နောက်တခါ အကျဉ်းသားတွေ ခေါ်ပြီး၊ တောထဲမှာ ထင်းသွားခုတ်တယ်။ ရလာတဲ့ ထင်းတွေကို ခုနက ထုံးဖုတ်တဲ့ လုပ်ငန်းမှာ သုံးတယ်။ လေဆိပ်တည် တဲ့အခါကျတော့၊ ဘိလပ်မြေဖျော်တဲ့ စက်ရုံဆိုတာ ရှိတယ်။ ဘိလပ်မြေဖျော်တဲ့ စက်ကြီးရှိတယ်။ အဲဒီစက်ကြီး မှာ အကျဉ်းသား အယောက် (၅၀)ကို သူက သွားပို့ထားတယ်။ အဲဒီအတွက် ဒီအကျဉ်းသား(၅၀)ရဲ့ အလုပ်လုပ် လို့ ရရမယ့် နေ့စဉ် လုပ်အားခ အားလုံးကို၊ ထောင်ပိုင်က ရတယ်။ နောက်တခါ အဲဒီစက်ရုံမှာ ဘိလပ်မြေအိတ် တွေကို ဖွင့်ဖေါက်တဲ့ အခါ၊ အိတ်မပျက် မစီးအောင် ဖေါက်တဲ့နည်းကို အကျဉ်းသားတွေကို သူက လေ့ကျင့်သင် ကြားပေးတယ်။ အကျဉ်းသားတွေက အဲဒီနည်း အတိုင်း လုပ်ရတယ်။ အဲဒီအိတ်တွေထဲမှာ ပါလာတဲ့ ဘိလပ်မြေ အခဲလေးတွေကိုလည်း သူက စုထားခိုင်းပြီး၊ သိမ်းထားခိုင်းတယ်။ စခန်းကို ပြန်သယ် လာခိုင်းတယ်။ ပြီးတော့ ထောင်ပိုင်က အကုန်သိမ်းတယ်။ အဲဒီ ဘိလပ်မြေ အိတ်ခွံတွေကို လေဆိပ်ကနေ လေလံဆွဲတယ်။ အဲဒီမှာ နမ့်ဆန် အမှတ်(၇၁)အုပ် လေတပ်စခန်းရဲ့ စခန်းမှူးရယ်၊ ခလရ (၆၆) ရဲ့ တပ်ရင်းမှူးရယ်၊ အရပ်ဘက် ဆောက်လုပ်ရေး ကော်ပိုရေးရှင်းက ဒီလုပ်ငန်းခွင်ရဲ့တာဝန်ခံရယ်၊ သူတို့တွေကို (လေလံဝင်ဆွဲတဲ့ သူတွေက) ရမယ့် အမြတ်ထဲက မျှပြီး တော့ခွဲပေးရတယ်။ သူတို့တွေရဲ့ စီးပွားရေးပေါ့။ ခုနတုန်းက ထောင်ပိုင် ပိုက်ဆံ ယူထားပြီး အလုပ် သက်သာတဲ့ နေရာမှာ ထားထားတဲ့ သူတွေရယ် / ထောင်ပိုင်ရဲ့ ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းတွေမှာ သွား လုပ်နေရတဲ့ အကျဉ်းသား တွေရယ်/နောက်တခါ သေသွားတဲ့ အကျဉ်းသားတွေကို စာရင်းမှာ အသေမပြပဲ အရှင် ဆက်ပြ ထားတဲ့သူတွေရယ် / အဲဒီအကျဉ်းသားတွေရဲ့ လုပ်အားတွေ အတွက်ပါ၊ ကျန်တဲ့ အကျဉ်သားတွေက ကိုယ်လုပ်ရမဲ့ အလုပ်ထက် နှစ်ဆ သုံးဆ ပိုများလာတဲ့ အလုပ်တွေကို ၀င်လုပ်နေရတယ်။ လူသုံးယောက်ကို ကျောက်တကျင်းနှုန်းနဲ့ ကျောက်ထုတ် ပေးရမယ်ဆိုတဲ့ မူအရ၊ စာရွက်ပေါ်မှာ ရှိတဲ့ ရှိသမျှ အင်အားတွေ အကျဉ်း သားတွေအားလုံး လုပ်ရမယ့် အလုပ် အချိုးအစားအတိုင်း ကျန်တဲ့လူတွေက၊ ကျောက်ထုတ် လုပ်နေရတော့၊ မတန်တဆ အလုပ်ဒဏ်ပိပြီး အဲဒါ တွေကြောင့် သေတာတွေလည်း ပါတာပေါ့။

ဦးရော်နီညိမ်း။ ။ အဲဒီလောက် အသေအပျောက်တွေ များလာတဲ့အခါကျတော့၊ အကျဉ်းသားတွေရဲ့ မိသား စုတွေနဲ့ သက်ဆိုင်ရာ တွေကလည်း ဒါတွေကို သိပြီးတော့၊ စစ်တပ်က လုပ်နေတဲ့ (လေတပ်စခန်းတည်ဆောက် ရေး) စီမံကိန်းမှာ လာလုပ်ကြရလို့ အကျဉ်းသားတွေ သေကုန်ကြတဲ့ ကိစ္စကို၊ အကျဉ်းဦးစီး ဌာနက တုန့်ပြန်အရေး ယူတာ မလုပ်ဘူးလား။ ဒီလောက် နေ့တိုင်း နှစ်ယောက် သုံးယောက် တဖြုတ်ဖြုတ် သေနေကြတဲ့ ကိစ္စကို၊ အကျဉ်းသား တွေရဲ့ မိသားစုတွေ ကကော၊ ဘာဖြစ်နေလဲ ဆိုတာ၊ ဘာညာတွေ ဘာမှ မသိဘူးလား။

ဦးထွန်းလင်း။ ။ ဒါကြောင့်(မတန်တဆ အလုပ်ဒဏ်ပိလို့) သေတာတင်မဟုတ်ဘူး။ သူတို့က အကျဉ်းသား တွေကို ရိုက်လို့နှက်လို့ သေတာတွေလည်း ရှိသေးတယ်။ သူတို့က နည်းမျိုးစုံနဲ့ အကျဉ်းသား တွေကို နှိပ်စက် တာဗျာ။ အဲဒီထဲမှာ ဆိုးတဲ့ ထောင်မှူး တယောက်ဆိုရင်၊ စစ်တပ်က လာတာပဲ။ လက်ထောက်ထောင်မှူး အောင်သူရ ဆိုတာပေါ့။ တော်တော်ကို ဆိုးတယ်။ အလုပ် မလုပ်နိုင်တော့လို့ သတိလစ်ပြီး လဲသွားတဲ့ အကျဉ်းသားကို ဘာလုပ်လဲ ဆိုတော့၊ သူက ဒီကောင် ဟန်ဆောင်တာ ဆိုပြီးတော့၊ တခါထဲ ခါချဉ်အုံကို သစ်ပင်ပေါ်က သွားဖြုတ် လာပြီး၊ အကျဉ်းသားရဲ့ ဗိုက်ပေါ်ကိုတင် တုတ်နဲ့ထိုးတယ်။ ခါချဉ်တွေက တကိုယ်လုံး ပြန့်ပြီး ကိုက်ကုန်တော့ တာပေါ့။ ဒါပေမဲ့ အဲဒီအကျဉ်းသား တကယ်ကို သတိမေ့နေတုန်းပဲ။ အဲဒီမှာ ဘာလုပ်လဲဆိုတော့၊ သစ်ရွက် ခြောက်တွေ ခြေထောက်ပေါ်တင်ပြီး မီးရှိ့တယ်။ အဲဒီအခါကျတော့ အကျဉ်းသားက သတိရလာတယ်။ အလုပ် မလုပ်နိုင်တော့လို့ ဆိုပြီးတော့၊ အကျဉ်းသားကို ကန်ကျောက် ရိုက်နှက်ပြီး နောက်တန်းကို ပြန်ပို့လိုက်တယ်။ ဒါပေမဲ့ အကျဉ်းသားက လမ်းမှာတင် သေသွားခဲ့တယ်။ အဲဒါမျိုးတွေ လည်း ရှိတယ်။

ဦးရော်နီညိမ်း။ ။ အဲဒီလောက် ဖြစ်နေတာကို၊ အပေါ်က သက်ဆိုင်ရာ အာဏာပိုင်တွေ ရ၀တတို့၊ မ၀တ တို့၊ စ၀တ တို့၊ ပ၀တ တို့တွေက မသိကြဘူးလား။ အဲဒီအချိန်က နိုင်ငံတော် ငြိမ်ဝပ် ပိပြားမှု တည်ဆောက်ရေး အဖွဲ့ အုပ်ချုပ်နေတဲ့ အချိန်ကြီးမှာ။

ဦးထွန်းလင်း။ ။ သူတို့က ဝေစားမျှစားက လွဲရင်၊ ကျန်တဲ့ကိစ္စတွေ ဘာမှ ပြဿနာရှာဖို့ မရှိဘူးလေ။ လူ ကြီးတွေကလည်း ဒီကျောက်ထုတ် စခန်းကို ခဏခဏ လာကြတယ်။ လာလို့ရှိရင် ထောင်ပိုင်က လူကြီးတွေကို ဝေစားမျှစား ခွဲတမ်းတွေ ပေးလိုက်တယ် ဆိုရင်၊ အကုန်လုံး အိုကေ။ ကျန်တဲ့ဟာတွေ အကုန်လုံး ပြီးသွားတာပဲ။

ဦးရော်နီညိမ်း။ ။ လူကြီးတွေဆိုတာ၊ ဘယ်သူတွေလဲ ခင်ဗျ။ စစ်တပ်ကလား ခင်ဗျ။

ဦးထွန်းလင်း။ ။ ဗျူဟာမှူး လာတယ်။ ဒုတိုင်းမှူး လာတယ်။ ပြည်ထဲရေး ဒုဝန်ကြီးလာတယ်။ နောက်တခါ အကျဉ်းဦးစီး ဌာန ညွှန်ချုပ်တို့၊ ဒုညွှန်ချုပ်တို့၊ အဲဒါတွေ လာတယ်။

ဦးရော်နီညိမ်း။ ။ ကိုထွန်းလင်းက အဲဒါတွေ ဖြစ်ပျက်နေတဲ့ ကျောက်ထုတ်စခန်း အနီးတ၀ိုက်မှာ နေလို့၊ ဒါ တွေ သိနေရတဲ့ အခါကျတော့၊ အဲဒီလောက် မတော် မတရားတွေ ဖြစ်ပြီး၊ မသေသင့်ပဲ သေနေကြရ ပြီးတော့ လူ့အခွင့်အရေး တွေလည်း ဆုံးရှုံး၊ အကျဉ်းသား မှာလည်း သူ့ရှိတဲ့ အခွင့်အရေးနဲ့ မနေရတဲ့ အပြင်၊ တခါထဲ လူ တွေဟာ မသေသေအောင် ညှင်းပန်း နှိပ်စက်ခံရ၊ မနိုင်ဝန် အလုပ်တွေ လုပ်ကြရပြီးတော့မှ၊ ထောင်မှူးထောင် ပိုင်တွေရဲ့ ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းတွေ အတွက် လုပ်ပေး ကြရရင်းနဲ့၊ သေကုန်ကြတာကို၊ လာနေကြတဲ့ လူ ကြီးတွေက မသိကြဘူးလား။

ဦးထွန်းလင်း။ ။ သိတာပေါ့ဗျာ။ မသိပဲနဲ့ ဘယ်ရှိပါ့မလဲ။ ဒါပေမဲ့ သူတို့ကလည်း ဒီခေတ်ဒီကာလ အဲဒီလိုပဲ လုပ်စား နေကြတာ ဆိုတော့၊ အကုန်လုံးက ဘယ်သူ ဘာပြောပြော ဘာမှ ပြောလို့ကို မရတော့ဘူး။ အရေးကြီး ဆုံးက သတ်မှတ်ထားတဲ့ အချိန်မှာ ဒီလုပ်ငန်း (လေတပ်စခန်း ဌာနချုပ် တည်ဆောက်ရေး) ပြီးသွားဖို့ပဲ အဓိက။ အရင်တုန်းကလို ငွေဝယ်ကျွန်ခေတ် ဆိုရင်တော့၊ သူတို့ ဒီလို လုပ်မှာ မဟုတ်ဘူးပေါ့။ ကျွန်ဆိုတာ ၀ယ်ရမယ် ဆိုရင်၊ သူတို့ မွဲသွားမှာပေါ့။ အခုဟာက (အကျဉ်းသားတွေကို) လိုသလောက်ကို မှာလို့ ရတယ်လေ။ (အကျဉ်း သားတွေ) သေလဲ ကိစ္စမရှိဘူး။ သူတို့ကပြောတာ ရှင်းရှင်းလေး။ လူတယောက် သေသွားတာ ဘာမှ ပြဿနာ မရှိဘူးတဲ့။ ငါတို့က စာရွက်လေးပေါ်မှာ စာလေးရေး လိုက်ရင် ပြီးသွားတယ်တဲ့။ ဒီစခန်းထဲမှာ မွေးထားတဲ့ နွား တွေ ဘာတွေ သေသွားရင်ကမှ ပြဿနာရှိတယ် တဲ့။ အဲဒီလိုကို ပြောတာဗျာ။

ဦးရော်နီညိမ်း။ ။ အဲဒါက လေတပ်စခန်း ဆောက်လုပ်ရေးစီမံကိန်းဖြစ်နေတော့၊ အခု မတော်မတရား ကိစ္စ တွေမှာ လေတပ်ရဲ့ ပါဝင် ပတ်သက်မှုကော ရှိလား ခင်ဗျ။

ဦးထွန်းလင်း။ ။ လေတပ်က ပါဝင်ပတ်သက်မှုတော့ မရှိဘူး။ ဒါပေမဲ့ အဲဒီအနားမှာ အမြောက်တပ် ရှိတယ်။ ဒီ အမြောက်တပ်က အဲဒီ ကျောက်ထုတ် စခန်းအတွက် လုံခြုံရေး ယူပေးတယ်။ အကျဉ်း ဦးစီးဌာန ကျောက်ထုတ် တဲ့ ကျောက်တောင်ရဲ့ ပတ်ဝန်းကျင်မှာ လုံခြုံရေး ယူပေးတယ်။ အကျဉ်းသားတွေ ထွက်ပြေးတာကို သူတို့က လည်း ၀ိုင်းဖမ်းတယ်။ တခါက မိနေတဲ့ အကျဉ်းသားကို ဖမ်းလိုက်တယ် ပေါ့ဗျာ။ အဲဒါကို မဟုတ်ဘူး။ သေနတ် နဲ့ ပစ်သတ်လိုက်တယ်။ မိနေပါပြီ။ ဘာလို့လဲ ဆိုတော့ အကျဉ်းသားက ခြေကျဉ်းကြီးနဲ့ လေဗျာ။ အဲဒီတော့ ဒီ အကျဉ်းသားက ဘယ်ပြေးနိုင်မှာလဲ။ လူက အားက မရှိရတဲ့ကြားထဲ ခြေကျဉ်းကြီး တဘက်နဲ့။ အဲဒါကို လိုက်ဖမ်းတော့ မိနေတဲ့ ဥစ္စာကို၊ ပစ်သတ် ပစ်လိုက်တယ်။

ဦးရော်နီညိမ်း။ ။ အဲဒါက အမြောက်တပ်က လုပ်တာဆိုတော့၊ ကျောက်ထုတ်လုပ်ရေးစခန်းက ထောင်ပိုင် အရာခံ ဗိုလ်ကြီး အနေနဲ့က၊ သူ့မှာ လုပ်အားတယောက် လျော့သွားတာ၊ ဘယ်လိုမှ ပြဿနာ မရှိဘူးလား။

ဦးထွန်းလင်း။ ။ မရှိဘူး။ ဒီအကျဉ်းသားတွေ အကျဉ်းဦးစီးဌာနကနေ လိုသလောက်သူမှာလို့ ရတယ်လေ။ နောက်တခါလဲ၊ ထွက်ပြေး သွားတဲ့ အကျဉ်းသား တယောက်ကို နမ့်ဆန်မြို့ ရဲစခန်းက မိပြီးတော့၊ ကျောက်ထုတ် စခန်းကို သွားပြန်အပ်တယ်။ ရဲစခန်းမှူးက သွားပြန်အပ်တာကို၊ ထောင်ပိုင်က ဘာလုပ်လဲ ဆိုတော့၊ တခါထဲ လက်ဝါး ကပ်တိုင်လို ဥစ္စာမျိုးပေါ်မှာ ဒီအကျဉ်းသားကို ကိုယ်တုံးလုံး ချွတ်ပြီးတော့မှ၊ ကြိုးနဲ့ချည်တယ်။ ကြိုး ချည်ပြီးတော့မှ၊ ဒီစခန်းတခုလုံး က အိုးတွေ သံစည်ပိုင်းတွေထဲမှာ စွန့်ထားတဲ့ မစင်တွေ အပေါ့တွေ အလေးတွေ ကို အကုန်လုံးကိုဖျော်။ ပြီးတော့ အကျဉ်းသားရဲ့ခေါင်းကနေလောင်း။ ရှမ်းပြည်က အေးရတဲ့ အထဲ၊ ဘေးကနေ နှီးဖျာနဲ့ ဒီအကျဉ်းသားကို ယပ်ခပ်တဲ့ ကောင်က ခပ်။ ရိုက်တဲ့ကောင်က ရိုက်။ အဲဒီလိုလုပ်တာ။ နောက်ဆုံးကျ အဲဒီအကျဉ်းသား ဟာလဲ၊ သုံးရက်လောက် နေတော့ သေသွားတာပါပဲ။ ဒါကအောက်က ကိုယ်တိုင် ကိုယ်ကျလုပ် တယ်ပေါ့။ အထက်က ကြီးကြပ်တဲ့ ကောင်တွေကလည်း၊ အားပေး အားမြှောက်လုပ်။ အထက်က ကောင်တွေက အောက်က ကောင်တွေ ဆီကနေ သူတို့ စားရအောင် လုပ်ပေးနေရင် ပြီးရောပဲ။ အောက်က ဘာလုပ်လုပ်၊ မျက်စေ့ စုံမှိတ်ပြီး မသိချင်ယောင်ဆောင် နေကြတာပေါ့။

ဦးရော်နီညိမ်း။ ။ လူသားတွေ စိတ်ဓါတ်မှ ရှိသေးရဲ့လား။ အကုန်လုံး လူမဆန်တဲ့ အလုပ်တွေ လုပ်နေကြတာ။ လုပ်နေရတဲ့ အပေါ်မှာ တကယ် ဘယ်လို ဖြစ်နေလဲ။ သူတို့တွေဟာ စိတ်လိုလက်ရ ပျော်ပျော်ရွှင်ရွှင်နဲ့ ဒီအလုပ်ကြီးကို နှစ်ခြိုက် အားရ ကျေနပ် ၀မ်းသာစွာနဲ့ လုပ်နေကြတဲ့ သဘောလား။ မိုးလင်းလာလို့ တနေ့ရောက် လာရင် အကျဉ်းသားတွေ ကို ရိုက်မယ်နှက်မယ် သတ်ပစ်မယ်၊ ဒီဥစ္စာဟာ နေ့တိုင်း နေ့တဓူဝ လုပ်နေတဲ့ ကိစ္စမို့ ရိုးနေတဲ့အတွက်၊ သူတို့ ဘယ်လိုမှ မနေတဲ့ သဘောလား။ ကျနော် နားမလည်နိုင်ဘူး။

ဦးထွန်းလင်း။ ။ သူတို့အတွက်ကတော့ used to (အကျင့်ပါ) ဖြစ်နေပြီဗျ။ လုပ်ရိုးလုပ်စဉ်ပဲ။ အကျဉ်းသား တင် မဟုတ်သေးဘူး။ ခုနက ပြောတဲ့ စစ်တပ်က ပြောင်းလာတဲ့ ထောင်ပိုင် ဦးစိုးအောင်ဟာ၊ ဘယ်လောက်ထိ ဆိုးလဲဆိုရင်၊ သူ ကားမောင်း သွားတယ် ပေါ့ဗျာ။ သူနောက်က အရပ်သား ကားတစီးက သူ့ကားကို ကျော်တက် သွားတယ်။ အဲဒါ ကျော်တက် ရပါ့မလား ဆိုပြီး၊ နောက်ကနေ မမှီ မှီအောင် အတင်း လိုက်မောင်းတယ်၊။ အဲဒါ က နမ့်ဆန်မြို့နဲ့ မိုးနဲမြို့နဲ့ သွားတဲ့ကြားက လမ်းခလယ်မှာ ဟိုင်းဖတ်ဆိုတဲ့ ရွာကြီး ရှိတယ်ဗျာ။ အဲဒီရွာက “မြတ်ဟိန်း” ထမင်းဆိုင်မှာ ကားသမားက ထမင်းဝင်စားတော့၊ ထောင်ပိုင်က မှီသွားတယ်။ အဲဒါ သူ့ကားကို ကျော်တက် ရပါ့မလား ဆိုပြီး၊ ထိုးမလို့ ကြိတ်မလို့ လုပ်တာ၊ ဆိုင်ကလူတွေက ၀ိုင်းဆွဲရတယ် ဗျာ။ ကဲ အဲဒါ ဘယ်လိုလုပ်မလဲ။

ဦးရော်နီညိမ်း။ ။ ဘုရင်စိတ် ပေါက်ကုန်တာကိုး။

ဦးထွန်းလင်း။ ။ စစ်တပ်ကဆိုရင် ဘာပဲလုပ်လုပ် အကုန်လုံး၊ ပြီးနေတာကိုး ဗျ။

ဦးရော်နီညိမ်း။ ။ ပါလီမန်ဒီမိုကရေစီခေတ်၊ ၁၉၅၀ ခုနှစ်တွေရဲ့ နှောင်းပိုင်းတွေမှာ၊ ကျူးကျော်လာတဲ့ တရုတ်ဖြူကို မောင်းထုတ်တဲ့ စစ်ဆင်ရေး ကြီးတွေမှာ၊ အထမ်းသမား ခေါ် ပေါ်တာတွေကို ဘယ်လိုနည်းနဲ့ ခေါ်ယူခဲ့သလဲ ဆိုတာကို တော့၊ မြန်မာ့ တပ်မတော်ရဲ့ စတုတ္ထမြောက် ကာကွယ်ရေး ဦးစီးချုပ်ဖြစ်ခဲ့သူ အငြိမ်း စားဗိုလ်ချုပ်ကြီး သူရဦးတင်ဦးက အခုလို ပြောခဲ့ဘူးပါတယ်။

ဗိုလ်ချုပ်ကြီးတင်ဦး။ ။ အခုလို အဓမ္မလုပ်အားပေး ဆွဲတာ မရှိဘူး ဗျ။ ကျနော်တို့တုံးက သွားတာက၊ အဲဒီ တုန်းက ပါလီမန် ဒီမိုကရေစီ ခေတ်က၊ သူတို့ဖွဲ့ထားတဲ့ TUCB (Trade Unions Confederation of Burma မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်) တို့ ဘာတို့ရှိတယ်။ Trade Union (အလုပ်သမားသမဂ္ဂ)တွေ ရှိ တယ်။ အဲဒီတော့ သူတို့က နေပြီးတော့ သူတို့နည်း သူတို့ဟန်နဲ့ ၊ မြို့နယ်တွေ မြို့တွေမှာရှိတဲ့ Trade Unionနဲ့ ဆက်သွယ်ပြီးတော့ အလှည့်နဲ့ လုပ်အား ပေးတာတွေ ရှိတယ်။ ပေးတဲ့ အခါမှာ သူတို့ကိုလည်း ကျနော်တို့က သတ်မှတ်ထားတဲ့ ရည်ရွယ်ချက် အတိုင်းဘဲ၊ တစ်ယောက်ကို ဘယ်သူ့မှ နှစ်ပတ်ကျော် သုံးပတ်ကျော် မခိုင်းဘူး။ ဟိုက အသစ်ဝင်လာရင် သူတို့ကို လဲပေးလိုက်တယ်။ ပြီးတော့ သူတို့ရရမယ့် ငွေနဲ့ ပတ်သက်တာ အားလုံးလည်း၊ အထောက်အပံ့ အကုန်လုံး အပြည့်ပေးတဲ့ အပြင် ရိက္ခာကိုက ကျနော်တို့ နည်းတူလို ပေးတဲ့ ရိက္ခာမျိုးဗျ။ အဲဒီတုန်း က ဘယ်လိုပဲ ပြောပြော၊ ဒီလို၊ ပေါ်တာတွေ ယူပြီး လာရငြား သော်လည်းပဲ၊ ဒီလူတွေကို ကျနော်တို့က စစ်တပ် က ချွေးတပ် ဆွဲတာ၊ မဟုတ်ဘူးဗျ။ အဲဒီတော့၊ သိပ် ခြားနားတယ်။ အခုဟာက ဒီလို မဟုတ်ဘူး။ တခါထဲ ဟို ရုပ်ရှင်ရုံပိတ်ဆွဲ၊ ဟိုဟာပိတ် ဆွဲ၊ လမ်းပိတ်ဆွဲ။ အဲဒါတွေက မဟုတ်ဘူး။ ကျနော်တို့တုံးက၊ အဲဒီလိုကို မရှိဘူး။ အဲဒါမျိုး၊ ကြားလည်း မကြားဘူးဘူး။ ကျနော်တို့ ပြောလိုက်တာက၊ အဲ့ဒီမှာ သက်ဆိုင်ရာ ဒေသမှာ ရှိနေတဲ့ Trade Union ကို။ သက်ဆိုင်ရာ အုပ်ချုပ်ရေး ပိုင်းကို။ ကျနော်တို့က သူတို့ Trade Union ကို တိုက်ရိုက်ပြော တာ မဟုတ်ဘူး။ အုပ်ချုပ်ရေးပိုင်းကို ကျုပ်တို့ ဒီ စစ်ဆင်ရေးခွင် အတွက်၊ အထမ်းသမားနဲ့ ပတ်သက်လို့ တပ်ခွဲ တစ်ခွဲမှာ နှစ်ဆယ်၊ အစိတ်လိုတယ်။ ဒါကြောင့်မို့၊ အားလုံးပေါင်း ရင်တော့ (၈၀)/(၁၀၀) မျှလိုတယ် ဆိုရင်၊ ကျနော်တို့က သွားပြီးတော့၊ အိမ်တွေမှာ ဆွဲရတာ မဟုတ်ဘူး ဗျ။ အဲဒီ အုပ်ချုပ်ရေး ပိုင်းကို ပြောလိုက်ရင်၊ အုပ်ချုပ်ရေး ပိုင်းက လူက၊ သူ Trade Union တို့ ဘာတို့နဲ့၊ စီစဉ်ပြီးတော့၊ သူတို့ဟာ သူတို့ voluntarily လာ တာဗျ။ War Office (စစ်ရုံးချုပ်) က ထုတ်ပြန်ထားတဲ့ WORKAI တို့ Order တို့က၊ သူတို့နဲ့ ပတ်သက်တဲ့ သတ်မှတ်ချက်တွေက၊ အပြည့်ဗျ။ နောက်တစ်ခုက၊ သူတို့ကိုလည်း ကျနော်တို့က ကတိတစ်ခု ပေးတာက၊ ဥပမာ Phase One (စစ်ဆင်ရေးရဲ့ပထမအဆင့် ) ပြီးရင်၊ မင်းတို့ကို ပြန်ပို့မယ်၊ နောက်လူက Phase Two (စစ်ဆင်ရေးရဲ့ ဒုတိယ အဆင့်)မှာ၊ ဘယ်လောက် ရောက်လာမယ်။ အဲဒီတော့၊ သူတို့ ရောက်လာရင်၊ မင်းတို့ Phase One ပြီးရင် ပြန်ကြ။ ဆိုတော့၊ သူတို့ကလည်း၊ သူတို့ အသိက Phase One ပြီးရင် ပြန်ရမယ်ဆိုတာ သိတဲ့အတွက်၊ သူတို့ကိုလည်း ကတိအတိုင်း၊ ကျနော်တို့က၊ ပြန်စေရတယ်။ မပြန်လို့လည်း မရဘူးဗျ။ မပြန် ရင် ခင်ဗျားTrade Unionက လွှတ်တော်တက်ပြီး၊ အော်မှာ။ ခင်ဗျား ဒါ ဒီမိုကရေစီဗျ။ ပြည်သူ လူထုရဲ့ အသံ က အဓိက။ အဲဒီတော့ ကျနော်တို့ အားလုံးက၊ စစ်သည်တော်တွေ ဖြစ်ငြား သော်လည်းပဲ၊ ကျနော်တို့ ကိုယ်တိုင် က ဗီဇ၊ မိဘဖြစ်လာခဲ့တဲ့ ပြည်သူပြည်သားရဲ့ သဘော သဘာဝကို၊ ခန္ဓာကိုယ်ထဲမှာ၊ “ငါ” ပြည်သူပြည်သား၊ “ငါ” ပြည်သူပြည်သား၊ “ငါ” ပြည်သူပြည်သား၊ “ငါ” လူတန်းစား တစ်ရပ် မဟုတ်ဘူး၊ “ငါ” လူတန်းစားတစ်ရပ် မဟုတ်ဘူး၊ ဆိုတာ၊ ရင်ထဲမှာ အစဉ် သိမ်းပိုက်ပြီးသား ဖြစ်ရမယ်ခင်ဗျ။

ဦးရော်နီညိမ်း။ ။ အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးတင်ဦ ပြောကြားခဲ့တာပါ။ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ကို မြန်မာ့ တပ်မတော်က ကျူးလွန် နေမှုတွေဟာ၊ ၁၉၆၀ ခုနှစ်တွေက စစ်ဆင်ရေး တွေမှာ စတင် ခဲ့ကြတာ ဖြစ်ပါ တယ်။ တပ်မတော်ဟာ စစ်အောင်ဖို့ ကိုသာ အဓိကထားပြီး၊ စစ်ရေးအမြင်နဲ့ လုပ်ဆောင် ခဲ့သမျှတွေထဲက၊ ပြည် သူလူထုနဲ့ ပတ်သက်ပြီး လူ့ အခွင့်အရေး ချိုးဖေါက်မှုတွေကို ကျူးလွန် ခဲ့ကြတာမှာ၊ တံခါးပိတ် ၀ါဒ ကျင့်သုံးခဲ့တဲ့ ၁၉၆၂ ခုနှစ်ကစလို့၊၊ ပြင်ပကမ္ဘာ နဲ့ထိတွေ့မှု နည်းပါး လှတဲ့အတွက်၊ ဒါတွေဟာ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ လို့ အသေအချာ နားလည် သိရှိခြင်း မရှိတာကလည်း၊ အကြောင်းရင်း တရပ် ဖြစ်နေပါတယ်။ စစ်ရေးအရ စစ် အောင်ဖို့သာ အဓိက ဖြစ်တယ်လို့၊ ယူဆကြတာကြောင့် စစ်ဆင်ရေး အတွက် (လူထုကို) အထမ်းသမား ပေါ်တာ တွေအဖြစ် အတင်းအဓမ္မ ခေါ်ဆောင်သွားတာမျိုးဟာ၊ အပြစ် မရှိဘူးလို့ ခံယူ လာကြ ရာဂာနေ၊ တစစ၊ ရန်သူ့အ ပေါ် စစ်နိုင်ဖို့ ဘာပဲလုပ်လုပ်၊ တရားတယ် ဆိုတဲ့ အတွေး အခေါ်မျိုးတွေနဲ့ ပိုမိုဆိုးဝါးလာတဲ့ လူ့အခွင့်အရေးချိုး ဖေါက်မှုတွေကို ကျူးလွန်ခဲ့ကြတာ ဖြစ်ပြီးတော့၊ တပ်မတော်ထဲမှာ တပ်မတော်သားချင်း ဖြစ်စေ၊ ပြည်သူလူထု အပေါ်မှာ ဖြစ်စေ၊ လူ့ အခွင့်အရေး ချိုးဖေါက်မှုတွေကို၊ ဖြစ်ပျက်ခဲ့သမျှ ဖြစ်ရပ်မှန် အတိုင်း အများပြည်သူ သိရှိ ထားခြင်းအားဖြင့်၊ နောင် ဒါမျိုးတွေ မဖြစ်ပေါ်ရေး အတွက် ၀ိုင်းဝန်း ဆောင်ရွက်ကြရာမှာ၊ အထောက်အကူ ဖြစ် ပါတယ်။ လက်ရှိ မြန်မာ့ တပ်မတော်ရဲ့စစ်ခေါင်းဆောင် အသစ်တွေဟာ၊ တရုတ်ဖြူ ကျူးကျော်မှုကို တွန်းလှန် တိုက်ထုတ်ခဲ့စဉ် ကာလက၊ တပ်မတော်အပေါ် ပြည်သူလူထုရဲ့ ယုံကြည် ကိုးစားမှုမျိုး ပြန်လည်ရရှိအောင်၊ တပ်မတော်ထဲမှာ စိတ်ဓါတ်ရေးရာ ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဆောင် ကြရေးကို စဉ်းစား လာကြ လာလေမလား၊ မျှော်လင့်ရင်းနဲ့ပဲ၊ ဒီသီတင်းပတ်အတွက် “တပ်မှူးတပ်သား ပြောစကား”အပတ်စဉ် ကဏ္ဍကို၊ ဒီမှာတင်ပဲ ရပ်နား ခွင့်ပြုပါ။ ကျနော် ရော်နီညိမ်း ပါ။

Ref: VOA News

Read More...

အပေါ်သို့