..............................

Wednesday, September 14, 2011

ကားဟောင်းအတွက် ပါမစ်ကြောင့် ကားဈေး ရုတ်ချည်းလှုပ်

ညီသစ်
အင်္ဂါနေ့၊ စက်တင်ဘာလ ၁၃ ရက် ၂၀၁၁

ရန်ကုန် (မဇ္ဈိမ) ။ ။ အစိုးရက မကြာမီ သက်တမ်းရင့် ကားဟောင်းများကို ဖျက်စီးရန် ပြန်လည် အပ်နှံပါက အမေရိကန် ဒေါ်လာ ၃,၅ဝဝ ထက် မများသည့် ၁၉၉၅ ခုနှစ်နှင့် အထက်ထုတ် မော်ဒယ်လ်ကားများ သွင်းခွင့်ပါမစ် ပေးမည်ဆိုသော သတင်းနှင့် အတူ ကားဟောင်း ဈေးနှုန်းများ ရုတ်ချည်း မြင့်တက်သွားသည်။

သံရည်ကြိုစက်တွင် ဖျက်ဆီးပစ်ရန်အွက် မော်တော်ယာဉ် မှတ်ပုံတင်သက်တမ်း နှစ် ၄ဝ နှင့် အထက် ကားများကို မော်တော်ယာဉ် မှတ်ပုံတင် စာအုပ်နှင့်အတူ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနသို့ မောင်းနှင်ပို့ဆောင် အပ်နှံရမှာဖြစ်သည်။ ထိုသို့ အပ်နှံလျှင် ကားဝယ်ခွင့်ပါမစ် တစောင် ထုတ်ပေးမှာ ဖြစ်သည်။ ယာဉ်ပိုင်ရှင်မှ မပယ်ဖျက် လိုသေးပါက ဆက်လက် အသုံးပြုခြင်းကိုမူ ခွင့်ပြုထားသည်။

ကားဟောင်းများကို ပယ်ဖျက်ခြင်း၊ ကားသစ်များ တင်သွင်းခြင်းနှင့် ပတ်သတ်ပြီး သတင်းစာ ရှင်းလင်းပွဲကို စက်တင်ဘာ ၁၁ရက်က နေပြည်တော်တွင် ကျင်းပခဲ့ရာ ရထား ပို့ဆောင်ရေး ဝန်ကြီးဌာနမှ ဝန်ကြီးများအပြင်၊ ပို့ဆောင်ရေး ဝန်ကြီးဌာန၊ စက်မှု ၂ ဝန်ကြီးဌာနမှ ဝန်ကြီးများက ရှင်းလင်း တင်ပြကြသည်။

ထိုသို့ တင်သွင်းရန်အတွက် ထိုင်း၊ ဂျပန်၊ တောင်ကိုးရီးယား၊ တရုတ်၊ အိန္ဒိယနှင့် မလေးရှားနိုင်ငံများမှ ကားများ တင်သွင်းလာရန် စီစဉ် နေသည်ဟုလည်း ဝန်ကြီများကဆိုသည်။ ထို့ပြင် စက်မှု ၂မှ ထုတ်သည့် ၅၅ သိန်းတန် မြန်မာ မီနီဆလွန်းကိုလည်း ပိုမို ထုတ်လုပ် ရောင်းချနိုင်ရန် စိစဉ်မည်ဟု ဆိုသည်။

သက်တမ်း၎ဝ များပြီးပါက သက်တမ်း ၃ဝမှ ၄ဝကြားကို ဒုတိယအဆင့်၊ သက်တမ်း ၂ဝ မှ ၃ဝကြားကို တတိယ အဆင့် အဖြစ် သတ်မှတ် လုပ်ဆောင်မည်ဖြစ်သည်။

ထိုသတင်းထွက်ရှိသည့် နေ့တွင်ပင် ဈေးကွက်အတွင်းရှိ သက်တမ်း ၄ဝနှင့် အထက် လူစီးကားငယ် (ဥပမာ-ဖယ်မလီယာများ၊ ဖီးယက်ကား) များ၏ ဈေးနှုန်းသည် ယခင်က ကျပ်သိန်း ၃ဝ ဝန်းကျင်ခန့်မှသည် သိန်း ၅ဝ ခန့် သို့ ရုတ်ချည်း မြင့်တက်ခဲ့သည်ဟု ကားပွဲစားများနှင့် နီးစပ်သူ ကားပိုင်ရှင် တဦးက ပြောသည်။

"ဖြစ်လာနိုင်တာက ကားဈေးကွက်ထဲမှာ ပါမစ်ရဖို့ ကားဟောင်းတွေ လိုက်ဝယ်ကြလိမ့်မယ်။ ဒီတော့ ကားပိုင်တဲ့ သူက ပါမစ် ထပ်များတဲ့ ဈေးမူရင်း ကားဈေးထက်များတဲ့ နှုန်းနဲ့ ရောင်းမယ်။ ပါမစ် များများ ရထားတဲ့သူကလည်း သွင်းလာတဲ့ ကားတွေကို ဈေးကောင်း ပေးရောင်းမယ်။ ဒီတော့ ကားဈေးကွက် ကမောက်ကမ ဖြစ်ဦးတော့မယ်" ဟုအဆိုပါ ကားပွဲစား တဦးက မှတ်ချက်ပြုသည်။

၂ဝဝဝ ခုနှစ်နောက်ပိုင်းမှစ၍ မော်တော်ယာဉ် တင်သွင်းခွင့် ပိတ်ပင်ထားခဲ့သောကြောင့် မြန်မာနိုင်ငံ၏ ကားဈေးကွက် သည် ပြည်ပ နိုင်ငံများနှင့် ယှဉ်ပါက ဈေးနှုန်းများ များစွာ မြင့်မားလျက် ရှိနေပြီး မော်တော်ကား သစ်များထက် ကားဟောင်း ဈေးကွက်သည်သာ ကြီးစိုးလျက် ရှိသည်။

ကားတင်သွင်းခွင့် ပါမစ်မှာလည်း တန်ဖိုးတက်လာခဲ့ပြီး ၂ဝဝ၈-၂ဝဝ၉ ခုနှစ်တွင် ထရပ်ကား တစီးတင်သွင်းရန် ကျပ်သိန်း ၂ဝဝ ခန့်၊ ဘတ်စ်ကား တစီး တင်သွင်းရန် ကျပ်သိန်း ၃ဝဝ နှင့် လင်ခရူဆာကဲ့သို့သော SUV တစီး တင်သွင်းလျှင် ကျပ်သိန်း ၁,၅ဝဝ ခန့် ဈေး ပေါက်ခဲ့သည်။

အစားထိုး လဲလှယ်ခွင့်ပေးရာတွင် သတ်မှတ်ချက်နှင့်ပြည့်စုံသော ကားဟောင်းများကို မော်တော်ယာဉ် မှတ်ပုံတင် စာအုပ်နှင့်အတူ သတ်မှတ်ထားသော ဌာနသို့ ပို့ဆောင်ပေးပြီး ယာဉ်အသစ်တစီး ဝယ်ယူခွင့် ပါမစ်နှင့် လဲလှယ်ရမည် ဖြစ်သည်။

နိုင်ငံခြားပို့ကုန်လုပ်ငန်း၊ ဟိုတယ်ခရီးသွားလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း၊ နိုင်ငံခြားတွင် တရားဝင် သွားရောက် အလုပ် လုပ်နေသူများနှင့် သင်္ဘောသား များသည်လည်း နိုင်ငံတော် ဘဏ်များတွင် တရားဝင် နိုင်ငံခြားငွေ စုဆောင်း ထားရှိပါက မော်တော်ယာဉ် ဝယ်ခွင့် ပါမစ်ကို စီးပွား ကူးသန်း ဝန်ကြီးဌာနက ခွင့်ပြု ပေးသွားမည်ဟုလည်း သိရသည်။


Ref: မဇ္ဈိမ

0 comments:

အပေါ်သို့