..............................

Saturday, September 11, 2010

UWSA ၀ါရင့်တပ်မှူးဟောင်းကြီးဦးဆောင်၍ တောင်ပိုင်း ၀ နယ်မြေသို့ တပ်ရင်း ၃ ရင်း အင်အားဖြည့်

Wednesday, 08 September 2010

မြောက်ပိုင်းရောက် ၀ါရင့် ၀ တပ်မှူးဟောင်းကြီးဦးဆောင်၍ ထိုင်းနယ်စပ် တောင်ပိုင်း ၀ တပ်ဖွဲ့နယ်မြေသို့ တပ်ရင်း ၃ ရင်းစာ ထပ်မံ အင်အားဖြည့်ကြောင်း စုံစမ်း သိရှိရပါသည်။

“အစပိုင်းက တပ်မဟာ ၃ ခု လို့ထင်တာ အမှန်တော့ တပ်ရင်း ၃ ရင်းဘဲ၊ ဝေ့ဆိုက်ထန် ဦးဆောင်တယ်။ အခြေအနေ မကောင်းလို့ အင်အား ထပ်ဖြည့်တဲ့ သဘော” - ဟု တာချီလိတ်ရောက် ဒေသခံ ကုန်သည်တဦးက ပြောပြ ပါသည်။

ဝေ့ဆိုက်ထန်သည် မိုင်းယွန်းအခြေစိုက် ယခင် တပ်မဟာ ၂၅၁၈ ၏တပ်မှူးဟောင်း တဦးဖြစ်သည်။ ငွေအတု လုပ်မှုဖြင့် မြောက်ပိုင်း ဌာနချုပ်၌ ၄-၅ နှစ် ချုပ်နှောင်ခံရကာ၂၀၀၈ က ပြန်လွတ်လာ၏။ ခွန်ဆာ့ MTA နှင့် တိုက်ပွဲ ဖြစ်စဉ် နာမည်ကြီး ရှေ့တန်း တိုက်စစ်မှူး တဦး ဖြစ်ခဲ့ဖူးသည်။ တိုက်ရေးခိုက်ရေး အပြင် တောင်ပိုင်း ၀ နယ်မြေပါ ကျွမ်းကျင်သောကြောင့် ၎င်းအား ပြန်လည် အသုံးပြုခြင်းဖြစ်ကြောင်း တောင်ပိုင်း ၀ ထိပ်ပိုင်း ခေါင်းဆောင်နှင့် ရင်းနှီးသည့် ဒေသခံအကြီး အကဲတဦးက ပြောပါသည်။

“ဝေ့ဆိုက်ထန်က တကယ့် မျိုးချစ်ပုဂ္ဂိုလ်ဗျာ့၊ သျှမ်းတပ်နဲ့ တိုက်ပွဲဖြစ်တာ သူသိပ်မလိုလားဘူး။ သူအဖမ်းခံရ တုန်းက ငွေတုမှု တခုထဲတော့ မဟုတ်ဘူး၊ သျှမ်းတပ်နဲ့ လျှို့ဝှက်ဆက်သွယ်မှု တရုတ်လူမျိုး မလိုလားမှု စတာတွေ လဲပါတယ်၊ နောက်ပြီးသူက ဘိန်းဘုရင် တဦးဖြစ်တဲ့ ဝေ့ရှော်ကန်းနဲ့လဲ ပြိုင်ဘက်ဆိုတော့ ထိုင်းက သူ့ကို ပိုသဘောကျတယ် လို့တောင် ကြားဖူးတယ်”- ဟု ၀ ထိပ်ပိုင်းနှင့် ရင်းနှီးသည့် တာချီလိတ်ရောက် ကုန်သည် နောက်တဦး ကပြော၏။

စက်တင်္ဘာ ၁ ရက်နေ့ နောက်ဆုံးထား လက်နက်ချရေးဆိုသည့် နအဖ စစ်အုပ်စု၏ ရာဇဒဏ်အား ၀ တပ်ဖွဲ့ လက်ခံခြင်း မရှိသည့် အပြင် ယခုကဲ့သို့ အင်အားဖြည့် လှုပ်ရှားလာခြင်းဖြစ်သည်။

နအဖ စစ်အုပ်စုကမူ တောင်ပိုင်း ၀ နယ်မြေဘက်သို့ ထူးထူးခြားခြား အင်အားဖြည့်ခြင်း မရှိသော်ငြားလည်း ၀ တပ်ဖွဲ့အား အချိန်မရွေး စစ်ရေးအရ အရေး ယူလာခဲ့လျှင် စစ်ဘေးစစ်ဒဏ်မှ ရှောင်တိမ်းနိုင်ရန် အထုပ်အပိုးနှင့် တကွ ၂၄ နာရီ အဆင်သင့် ပြင်ထားရန် ၀န်ထမ်းများအား ယခုလ ၅ ရက်နေ့က လျှို့ဝှက်စာ ပေးပို့ ထားခဲ့သည်။

ထို့အပြင် ၎င်းင်းတို့၏ ပေါ်လစီကို ငြင်းဆန်ထားသည့် ၀ တပ်ဖွဲ့အပေါ် တုန့်ပြန် ဒဏ်ခတ်သည့် အနေဖြင့် မြောက်ပိုင်း ၀ နယ်မြေရှိ ၀န်ထမ်းများ၊ နအဖ စစ်သားများအား ယခုလ ၃ ရက်နေ့က အားလုံး ရုပ်သိမ်းပြီးဖြစ်သည်။

ဒေသခံ စီးပွားရေးသမားများနှင့် ခရီးသွားများ၊ ကားသမားများကမူ ၀ မြေမှ စစ်အုပ်စုဝန်ထမ်းများ ထွက်ခွါ သွားပြီးနောက် ဂိတ်ပတ်စ် တောင်းရန် မလိုသကဲ့သို့ လမ်းခရီး နှောင့်နှေး ကြန့်ကြာမှု မရှိသည့်အပြင် ဂိတ်ပတ်စ်ဖိုး ယွမ်ငွေ ၂၀ (ဗမာငွေ ကျပ် ၃၀၀၀ ကျော်) လည်း သက်သာ သွားသည်ဟု ကားဆရာတဦးက ၀မ်းသာအားရ ပြောပြပါသည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

အပစ်ရပ် နယ်ခြားတလျှောက်ရှိ တပ်စခန်းများအား လားရှိုးတိုင်းမှူးသစ် ကွင်းဆင်း စစ်ဆေး

Thursday, 09 September 2010

အပစ်ရပ် SSA တပ်မဟာ ၁ ထိန်းချုပ်နယ်မြေနှင့် ၀ နယ်ခြားတလျှောက်ရှိတပ်စခန်းများအား လားရှိုး အခြေစိုက် ရမခ တိုင်းမှူးနှင့် တန့်ယန်း ဗျူဟာမှူးတို့ ကွင်းဆင်း စစ်ဆေးနေကြောင်း စုံစမ်း သိရှိရပါသည်။

“စက်တင်ဘာ ၇ ရက် လားရှိုးရမခတိုင်းမှူး ဗိုလ်မှူးချုပ်အောင်ကျော်ဇော တန့်ယန်းကို ရောက်တယ်။ နောက်တစ်နေ့ နေ့လည်ပိုင်း တန့်ယန်း ဗျူဟာမှူး ဗိုလ်မှူးကြီး ခိုင်ဇော်နဲ့အတူ ကားဆယ်စီးလောက် မိုင်းကောင်(၀်) အခြေစိုက် ခလရ ၃၃ တပ်ရင်းကို ခရီးဆက်တယ်။ ညနေ ၃း၀၀ နာရီလောက် အပစ်ရပ် SSA တပ်မဟာ ၁ ထိန်းချုပ် နယ်မြေနဲ့ မျက်နှာချင်းဆိုင် မိုင်းကောင်(၀်) တပ်စခန်းကို သွားစစ်ဆေးတယ်”ဟု တန့်ယန်းရောက် မိုင်းကောင်(၀်) ဒေသခံ တစ်ဦးက ပြောပါသည်။

တိုင်းမှူးသစ်သည် ခလရ ၃၃ တပ်ရင်းရှိ ဆေးရုံကိုလည်းစစ်ဆေးကြောင်း၊ ခလရ ၃၃ တပ်ရင်းအား တန့်ယန်း မြို့နယ်ရှိ ပြည်သူ့ စစ်များအား ကားလမ်း၊ ကားလမ်း တလျှောက် တံတားကြီးငယ် အားလုံးနှင့် သံလွင် ကူးတို့ဆိပ်တိုင်း လုံခြုံရေးယူ ကင်းစောင့်ရန် ညွှန်ကြားခိုင်းကြောင်း၊ ညနေ ၄း၃၀ နာရီ မိုင်းကောင်(၀်)မှတန့်ယန်းသို့ ပြန်လည် ထွက်ခွါကြောင်း ၎င်းက ဆက်လက်ပြောပါသည်။

ယနေ့ နံနက် ၉း၀၀ နာရီကျော် လားရှိုးတိုင်းမှူးနှင့် တန့်ယန်းဗျူဟာမှူးတို့ အဖွဲ့ ကားဆယ်စီးဖြင့် သံလွင်မြစ်ကူး တံတား တာ့ကောင်းအက်မှ တဆင့် အရှေ့ဘက် ကမ်းရှိ ၀ နယ်ခြား(လွယ်ပန်ဇုံ ၀ တပ်စခန်းနှင့် မျက်နှာချင်းဆိုင်) နအဖတပ်၏ အကြီးဆုံး ခံတပ် လွယ်ပန်လုံ တပ်စခန်းအား သွားရောက် စစ်ဆေးသည်ဟု သိရှိရသည်။

တန့်ယန်း-မိုင်းကောင်(၀်)-နမ့်လောဝ်းကားလမ်း၊ သံလွင်ကူးတို့ဆိပ်ဆင်းကားလမ်းနှင့် ကူးတို့ဆိပ်တို့၌ လားဟူပြည်သူ့ စစ်များအား ၂၄ နာရီ ကင်းစောင့်ခိုင်းကာ အခွင့်အာဏာ အပြည့် ပေးထားသောကြောင့် အနီးတ၀ိုက်ရှိ ကျေးရွာများထံမှ စားနပ်ရိက္ခာများ ဆင့်ဆိုနေသည်ဟု တန့်ယန်း ဒေသခံတစ်ဦးက ဤကဲ့သို့ ပြောပြပါသည်။

“ပန်မူကူးတို့ဆိပ်မှာစောင့်တဲ့ ဂျထောဦးဆောင်တဲ့ လားဟူပြည်သူ့စစ် ၁၅ ယောက်နဲ့ ပိန်းဖိ ကူးတို့ဆိပ်မှာ စောင့်တဲ့ ဂျထီး ဦးဆောင်တဲ့ လုပ်ရှား ရဲအဖွဲ့က နားကော်ကျေးရွာအုပ်စု ပိန်းယောင်းရွာ၊ ကောင်းကော်ရွာနဲ့ ကောင်းမူးရွာ တွေကနေ ဆန်၊ ကြက်တွေ အလကား တောင်းစားတယ်။ တစ်ခါကိုကြက်သား ၂-၃ ပိဿာ အဓမ္မတောင်းတယ်”

ဂျဟယ်ဦးဆောင်သော မိုင်းကောင်(၀်) ပြည်သူ့စစ်က နမ့်ပန်တံတား၊ ဂျဟဲ့ ဂျနူးဦးဆောင်သော ပြည်သူ့စစ်က နမ့်လောဝ်း -မိုင်းကောင်(၀်) ကားလမ်းရှိ နမ့်ပင်ပန်အနီး၊ ဂျညီး ဂျဟယ် ဦးဆောင်သော လုပ်ရှားရဲအဖွဲ့က နမ့်လောဝ်း-ပန်ဟိုင်း-မိုင်းကောင်(၀်) ကားလမ်းရှိ လွယ်ဖာဖင့်အရပ်၊ ဂျညီး ယောစု ဂျထီး ဦးဆောင်သော လူသူလက်နက် အင်အား ၈၀ ခန့်ရှိ လုပ်ရှား ရဲအဖွဲ့က မိုင်းကောင်(၀်)တောင်ဘက် တပ်မဟာ ၁ ထိန်းချုပ်နယ်မြေ သွားလမ်း နောင်ဟျိုးဂိတ်၌ အသီးသီး စောင့်ကြပ်ကြသည်။

မိုင်းကောင်(၀်) အခြေစိုက် ခလရ ၃၃ တပ်ရင်းမှူးဗိုလ်မှူးကြီး ကျော်ကျော်နိုင်လည်း ဧပြီ ၂၄ ရက်မှယနေ့တိုင် တန့်ယန်း-မိုင်းကောင်(၀်) ပြေးလိုင်းကားနှင့် ကိုယ်ပိုင်ကားများအား တစ်ရက်လျှင် ၂ စီးကျ ချောဆွဲပြီး မိုင်းကောင်(၀်) တပ်စခန်း အတွင်း နေ့စဉ် သွားရောက် စောင့်ခိုင်းသည်ဟု ဆိုသည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

Friday, September 10, 2010

ရန်တကာအောင်တို့ အဖေ

အရှင်ဇဝန (နိုင်ငံရေး အကျဉ်းသားဟောင်း)

စက်တင်ဘာ ၉၊ ၂၀၁၀ မိုးမခ

အခန်း (၁)
ဘဝ တလျှောက်လုံး ယုံကြည်ချက်အတွက် အလုပ်လုပ်ခဲ့သူ များစွာရှိမှာပါ။ ကိုယ့်ယုံကြည်ချက်ကို အသက်ထက် တန်ဖိုး ထားသူတွေထဲက တွေ့ခဲ့ဖူးသူ တယောက်အကြောင်းကို ပြောပြချင်ပါတယ်။ သူဟာ ကျောင်းသားဘဝ ငယ်ရွယ်စဉ် ကတည်းက ယုံကြည်ချက် အတွက် တိုက်ပွဲတွေဝင်ရင်း အာဏာရှင်တို့ရဲ့ ငရဲခန်းမျိုးစုံကို ကျော်ဖြတ်ခဲ့ရသူပါ။ သူ့ကိုစတွေ့စဉ်က ၁၉၉၄ ဇွန်လမှာ ဖြစ်တယ်။ ဦးဇင်းတို့ကို ဇွန်လ ၁၁ ရက်နေ့မှာ အင်းစိန်ထောင်ကနေ သာယာဝတီထောင် ပြောင်းရွှေ့ခံရတော့ ဦးဇင်းတို့က သီးသန့် အနောက်တိုက် သူက သီးသန့် အရှေ့တိုက်မှာပါ။ ထုံးစံအတိုင်း ထောင်ထဲ အနေကြာလာတော့ တယောက်အကြောင်း တယောက် သိလာကြတယ်။

တယောက်ရဲ့ဖြတ်သန်းမှုဟာ နောက်တယောက်အတွက် နည်းယူစရာတွေဖြစ်တယ်။ ဦးဇင်းတို့ထဲမှာ ဖြတ်သန်းမှု အများဆုံး ရှိခဲ့တဲ့ သူ့ထံက သင်ယူစရာတွေ မေးမြန်းစရာတွေ လေ့လာစရာတွေ အမြောက်အများ ဆိုတာ အထူး ပြောစရာ မလိုတော့ပါဘူး။ အခု သူနဲ့ ကြုံဆုံ ခဲ့ရစဉ်ထဲက မှတ်ဉာဏ်ထဲ ပေါ်လာသမျှကို ကြိုးစားပြီး ရုပ်ပုံလွှာတခု အဖြစ် ချယ်မှုန်းဖို့ ကြိုးစား ကြည့်တာပါ။ ကြီးမားသော သူ့ရဲ့ ဖြတ်သန်းမှု အတွေ့ အကြုံတွေထက် စာရင် ယခု ရေးပြမှာက လိုအပ်ချက်တွေများစွာ ရှိနေမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်ကြုံတွေ့ခဲ့ရတဲ့ သက်ရှိ သမိုင်းစာအုပ်ထဲက မှတ်မိသမျှ စာမျက်နှာအချို့ကို ပြန်လည် မျှဝေကြည့်တာပါ။ သူနဲ့ ဦးဇင်း ဘာသာတရားက စည်းတား ထားပေမယ့် ယုံကြည်ချက်က ဦးဇင်းတို့ နှစ်ယောက်ကို ပေါင်းစည်းစေတယ်။ မျှော်မှန်းချက်က လက်တွဲစေတယ်။ တူညီတဲ့ ဆုံးဖြတ်ချက်က ခြားနားမှုတွေကို ကျဉ်းမြောင်းစေတယ်။

အခန်း(၂)

သူ့ကို ဦးဇင်းတို့အားလုံးက ဦးသုလို့ ခေါ်တယ်။ စရောက်ခါစ ဦးဇင်းတို့အတွက် သာယာဝတီ ထောင်ဟာ အားလုံး အသစ် အဆန်း တွေချည်းပဲ။ အရင်ရောက်နှင့် သူတွေကလည်း ကိုယ်နှင့် ကြုံဆုံဖူးသူ တဦးတယောက် မျှမပါဘဲကို။ တချို့တော့ နာမည် ကြားဖူးတယ်။ ဒါပေမယ့် နိုင်ငံရေး သမားတွေဆိုတာက အဆောင်က ရာဇဝတ်သား (criminal) တွေလို ချွတ်ခွာတို့ ရိုက်စားတို့ ဆိုတာ သိက္ခာအရ ရှောင်ကျဉ် ထားပြီးသား ရောက်လာတဲ့ လူသစ်ကို ဘယ်လို ကူညီရမလဲဆိုတဲ့ စိတ်ဓာတ် အပြည့်အဝရှိပြီး သူတွေချည်းပဲလေ။ ဒီအထဲမှာ ထူးထူးခြားခြား သတိထား မိတာက မနက်မိုးလင်းတိုင်း ရှေ့တိုက်က လမ်းလျှောက်ရင်း အသစ်ပြောင်းလာတဲ့ ဦးဇင်းတို့ကို ကိုယ်အမူအရာ အားဖြင့် အားပေးစကား ပြောကြား သူတွေထဲက လက်မထောင် အားပေး စကားပြောကြားသူ ဦးသုကို ထူးထူးခြားခြား မှတ်မိနေတယ်။ အသက်အရွယ်အရ အရင့်ဆုံးသူရဲ့ အတက်ကြွဆုံးသော အားပေးမှု ကိုယ်အမူ အရာက ဦးဇင်းတို့ အားလုံးကို အားတက် စေတယ်။ စရောက်ခါစက လူသစ်နဲ့ လူဟောင်း အကန့်အသတ် ကြီးကြီးမားမားနဲ့ ကန့်သတ် စည်းတား ထားပေမယ့် ရက်တွေ ကြာလာတော့ တယောက်နဲ့တယောက် စကားပြောလို့ ရလာတယ်။ အဲဒီတော့မှ သူ့ရဲ့သမိုင်းကြောင်းနဲ့ သူ့ရဲ့ ဖြတ်သန်းမှုတွေကို တအံ့တသြ ငေးမောခဲ့ရတယ်။ သူဟာ ကျောင်းသား ဘဝထဲက ငြိမ်းချမ်းရေး လှုပ်ရှားမှုမှာ ပါဝင်ပြီး လူငယ် ဘဝထဲက ထောင်ကို ရောက်ခဲ့တယ်။ ထောင်ကို ရောက်ပြီးတော့လည်း မကြာခင် ကျွန်းကို အပို့ခံရတဲ့အထဲ ပါသွားခဲ့တယ်။ ကျွန်း အပို့ခံရတဲ့ မနက် မြင်ကွင်းကို ဦးသု က ဒီလို ပြောပြဖူးတယ်။

“အဲဒီမနက်က ကျွန်တော်တို့ကို မှန်လုံကားကြီးနဲ့ ခေါ်သွားတယ်။ မှန်တွေကို ထုံးသုတ်ထားတယ်။ ဘာမှ မတွေ့ရဘူး၊ နောက် သင်္ဘော ဝမ်းဗိုက်ထဲမှာ ထည့်ခေါ်သွားတာ”

သူတို့ကို လူမသိသူမသိ ခေါ်ဆောင်ပြီး လူသူနဲ့ ဝေးရာ ရေလယ်ခေါင်ကို ပို့တော့မှာပါ။ ကျွန်းပေါ်မှာ သူတို့ ရုန်းကန် ခဲ့ရပုံတွေ၊ တိုက်ပွဲမျိုးစုံ တိုက်ခဲ့ ရတာတွေကို သူက ပြောပြတယ်။ ပြင်းထန်တဲ့ တိုက်ပွဲတွေကြားက ထွက်လာရသူ ပီပီ ရန်သူအပေါ် မြင်တဲ့ အမြင်ကတော့ ပြတ်သားတယ်လို့ ဆိုရမယ်။ ကျွန်းတိုက်ပွဲမှာ ကြုံခဲ့ရတာတွေကို သူက မျိုးဆက်သစ်တွေကို လက်ဆင့်ကမ်းတယ်။ အထူးသဖြင့် သူနဲ့ တွေ့ဆုံချိန်မှာ ကျွန်းတိုက်ပွဲရဲ့ ၂၅ နှစ်ပြည့် ငွေရတုနှစ် ဖြစ်နေတယ်။ ဒီငွေရတုကို ရှေ့တိုက် နောက်တိုက် နှစ်တိုက်ထဲမှာ တဦးတည်းသော ကျွန်းပြန်ကြီး ဦးဇင်းတို့ ခေါ်တဲ့ ဦးသု (နာမည်ရင်း ဦးအောင်မေသုဟာ) အတက်ကြွဆုံး စိတ်နဲ့ ကျင်းပတယ်။ သုံးရက်လုံးလုံး ကျွန်းတိုက်ပွဲနဲ့ ကျွန်းပေါ်မှာ နေထိုင်မှု အမျိုးမျိုးကို အားပါးတရ လက်ဆင့်ကမ်းတယ်။

ကျွန်းတိုက်ပွဲမှာ ပြောင်မြောက်တဲ့ ရဲဘော်တွေရဲ့ စွန့်လွှတ်စွန့်စားတဲ့ သတ္တိကတော့ မျိုးဆက်သစ်တွေ၊ သိကို သိထားသင့်တဲ့ သမိုင်း ကိစ္စတွေဖြစ်တယ်။ ကိုယ့်ဘက်က တက်ညီ လက်ညီသာ တိုက်ပွဲဝင်၊ ရန်သူဟာ ကိုယ့်ကို လေးစား လာရမယ်ဆိုတာ ကျွန်းတိုက်ပွဲက အများကြီး သက်သေပြနေတယ်။ ကျွန်းတိုက်ပွဲမှာ ရဲဘော်တယောက် ကျဆုံးပြီ ဆိုတာနဲ့ ကျွန်းပေါ် ကျန်ရစ်သူ အားလုံးက တညီတညွတ်တည်း အင်တာနေရှင် နယ်သီချင်းနဲ့ ဂုဏ်ပြု ဦးညွတ်တာဟာ ကြားရသူတွေကို အတွေးထဲ အသားထဲအထိ စူးဝင်သွားအောင် သူ့ရဲ့ သတင်းစကားတွေက အစွမ်းထက်တယ်။ ကျွန်းပေါ်မှာ ရှင်သန်ရေး အတွက် ကြိုးစား ရပ်တည်ခဲ့ရတဲ့ ရဲဘော်တွေရဲ့ ကြိုးပမ်း အားထုတ်မှုဟာလည်း လေးစားစရာတွေ ချည်းပဲ။ ကျွန်းနဲ့ မလှမ်းမကမ်းမှာ တွေ့ရတဲ့ သင်္ဘောပျက်ကြီး ဆီက ရရှိတဲ့ ပစ္စည်းတွေနဲ့ ကျွန်းပေါ်နေ ရဲဘော်များရဲ့ အသုံးအဆောင် မျိုးစုံကို ဖန်တီး ကြတာဟာလည်း သူပြောပြတဲ့ ကျွန်းဇာတ်လမ်းထဲက အဖြစ်အပျက် တွေထဲမှာ ပါတယ်။ ကျွန်းဖျက်သိမ်းရေး တိုက်ပွဲရဲ့ နောက်ဆုံးနေ့ အတွင်း အစာငတ်ခံ ဆန္ဒပြကြတဲ့ ရဲဘော်တွေရဲ့ ပြတ်သားတဲ့ မြင်ကွင်း ရန်သူ တုန်လှုပ် ခဲ့ရတဲ့ အဖြစ်တွေကတော့ ဦးသုတို့ ကျွန်းတိုက်ပွဲ အောင်မြင်တယ် ဆိုတာကို သက်သေ ပြနေတာပါပဲ။ ရန်သူရဲ့ ဝန်ကြီးကိုယ်တိုင် လာရောက်ပြီး စကားပြောရတဲ့ အဖြစ်ကို ရောက်အောင် ကျွန်းတိုက်ပွဲဟာ ပြောင်မြောက် ခဲ့တယ်။ ရန်သူဝန်ကြီးဟာ သူရောက်နေစဉ် ကျဆုံးသွားတဲ့ ရဲဘော်ကို ဦးညွတ် သွားခဲ့ရတယ်။ ဒါတွေဟာ ဘာလဲ ဆိုရင် နှောင်းလူတွေကို သင်ခန်းစာ ပေးလိုက်တာပါပဲ။ မျိုးဆက်သစ်တွေ အနေနဲ့ ယူတတ်မယ်ဆိုရင် ကိုယ့်ဘက်ကသာ သိက္ခာရှိရှိ ရပ်တည်ချက် မှန်မှန်နဲ့ ရန်သူကို ရင်ဆိုင်လိုက်ပါ။ ရန်သူဟာ ကိုယ့်ကို တလေးတစားနဲ့ ဆက်ဆံ လာရတယ်ဆိုတာ ကျွန်းတိုက်ပွဲ အတွေ့အကြုံ တွေက ပြသနေပါတယ်။ ဒီကျွန်းတိုက်ပွဲ အကြောင်းတွေကို ဦးသုဟာ မနားတမ်း မမောမပမ်း သုံးရက်ဆက်တိုက် လူငယ်တွေကို ပြောပြတယ်။ ဦးဇင်းတို့ကလည်း ငွေရတု ကျင်းပမယ့်ရက်မှာ ကိုယ့်ရှိတဲ့ မုန့်၊ ကော်ဖီ စတာတွေကို ထည့်ဝင်ပြီး ဦးသုရဲ့ ပွဲကို ဝိုင်းပံ့ပိုးကြတယ်။

အခန်း(၃)

ဦးသု ထောင်ထဲမှာနေတုန်း ထူးထူးခြားခြားကြုံတွေ့လိုက်ရတာ တခုက အစာအိမ် ရောဂါကြောင့် ဗိုက်ခွဲ လိုက်ရပါတယ်။ ဒီရောဂါဟာ အချိန်မရွေး သူ့ကို ပြန်လည် စိမ်ခေါ် လာနိုင်တာမို့ သူ သတိအမြဲတမ်း ထားနေတယ်။ အစာထဲမှာ စပါးလုံး မပါဖို့ကို အချိန်ပေးပြီး စပါးလုံးရွေးတဲ့ အလုပ်ကို သူလုပ်တယ်။ သူတို့ စားဝိုင်းမှာ လူများစွာ ရှိသော်လည်း သူသတ်မှတ်ထားတဲ့ အချိန်မှာ သူထမင်းကို စားတယ်။ ကျန်တဲ့ ရဲဘော်တွေကလည်း နားလည်စွာနဲ့ သူ့ကို ခွင့်လွှတ်ကြတယ်။ ဒါက ရောဂါနဲ့ပတ်သတ်လို့ သူထောင်ထဲမှာ နေ့စဉ် ရင်ဆိုင်နေရတဲ့ အခက်အခဲ တခုပါ။ အပြင်နိုင်ငံရေးနဲ့ ပတ်သတ်လို့ သူ့အိမ်မှာ တင်ထားတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဆိုင်းဘုတ်ကို ဖြုတ်မချဖို့ အပြင်မှ လူများကို ပြင်းပြင်းထန်ထန် သတိပေးတဲ့ ကိစ္စက သူ အမြဲတမ်း လုပ်နေတဲ့ အလုပ်တွေထဲက အလုပ်တခုပဲ။ သူက ပြောဖူးတယ်။

“ကျွန်တော် တသက်မှာ ဘယ်ပါတီမှာမှ မဝင်ဖူးဘူး၊ အန်အယ်လ်ဒီတခုပဲ ဝင်ဖူးတယ်။ ဒါကြောင့် ဒီပါတီအပေါ် ကျွန်တော် သစ္စာရှိရမယ်”

မင်းလှမြို့ရှိ သူ့အိမ်က ဆိုင်းဘုတ်ကိုဖြုတ်တော့မယ်လို့ သတင်းစကား ကြားတိုင်း ဒေါသတကြီးနဲ့ သူက တုံ့ပြန်စမြဲ။ တခါကတော့ သူ့ရဲ့ သားငယ်ကို ပြဿနာရှာပြီး မှောင်ရိပ်ခိုလို မှုမျိုးနဲ့ ရဲကဖမ်းတယ်။ တကယ်က ဦးအောင်မေသုသား ဖြစ်နေခြင်းက ရဲဖမ်းခြင်းရဲ့ အဓိက အကြောင်း ဖြစ်တယ်။ သူ့သားနာမည်ကို သူတို့ ဘာသာရေး အရ နာမည် မှည့်ထားမယ်လို့ ထင်ခဲ့တာ။ သူ့ဆီက သူ့သားနာမည် ကြားရတော့ အထင်လုံးဝ မှားကြောင်း သိလိုက်ရတယ်။ တိုက်ပွဲထဲမှာ ပါဝင်အောင် မှည့်ထားလိုက်တဲ့ နာမည်က ရန်တကာအောင် တဲ့။ ဒီလိုမျိုး မိမိပါမက ကိုယ့်မိသားစုရော ပတ်ဝန်းကျင် တခုလုံးကို ပြဿနာရှာ ဒုက္ခပေးတဲ့ အစဉ်အလာကြီးကို ဦးသုတယောက်လည်း ခံလိုက်ရ ရှာတယ်။ ထောင်ထဲမှာ မှတ်မှတ်ရရ ဦးသု ပါဝင်ခဲ့တာလေး တခုကို သတိရနေတယ်။ ဦးသုတို့ အမှုတွဲတွေ လွတ်ရက်စေ့လျက် မလွတ်ဘဲ ဖြစ်နေခြင်းအပေါ် အမှုတွဲအားလုံး စုဝေးကြတယ်။ တိုင်ပင်ကြတယ်။ သူတို့ ဆုံးဖြတ်ချက်တခု ချကြတယ်။ အဲဒါကတော့ အစာငတ်ခံ ဆန္ဒပြဖို့ပဲ။ ဒီကိစ္စကို ဦးသုဟာ လုံးဝ မထောက်ခံပါဘူး။ ဒါပေမယ့် ကျွန်းတိုက်ပွဲမှာ သူတွေ့ကြုံခဲ့ရတဲ့ အစာငတ်ခံ ဆန္ဒပြသူတို့ ရင်ဆိုင်ရမည့် အခက်အခဲများကို သူက သေသေချာချာ ပြောပြတယ်။ ဒီကိစ္စကို ဦးဇင်းတို့ ဘေးကနေ ပွဲကြည့် ပရိသတ်အဖြစ် မြင်နေရတာပါ။ သာယာဝတီ ထောင်ရဲ့ အစာငတ်ခံ ဆန္ဒပြပွဲမှာ ကိုအောင်ကျော်မိုး ဆိုတဲ့ ရဲဘော်တယောက် သတ္တိပြောင်စွာနဲ့ အသက်ပေး တိုက်ပွဲ ဝင်သွားတယ်။ တိုက်ပွဲ တခုလုံးရဲ့ အခင်းအကျင်း ပေါ်ပေါက်လာနိုင်တဲ့ အနေအထား အားလုံးကို ဦးသုက တွက်ပြထားပြီးသား ဖြစ်တယ်။ ဒီတိုက်ပွဲမှာ ဦးသုဟာ တာဝန်ကျေစွာ သူလုပ်ရမယ့် အလုပ်ကို လုပ်ခဲ့တယ်လို့ ထင်တယ်။ ၁၉၉၉ ခုနှစ်မှာ ဦးသုတို့ရှိတဲ့ သာယာဝတီ ထောင်ကနေ အင်းစိန်ထောင်ကို ဆေးကုဖို့ ဦးဇင်းပြန်ခဲ့ရတယ်။ အဲဒီ အင်းစိန်ကနေတဆင့် တောင်ငူထောင်ကို ရွှေ့ခဲ့ရပြန်တယ်။ ထောင်တွေ ပြောင်းခဲ့ရပေမယ့် ထောင်တွင်း ကျန်နေခဲ့တဲ့ ရဲဘော်တွေရဲ့သတင်းကတော့ အမြဲမပြတ် ကြားသိနေရတယ်။ ဦးသုတယောက် လွတ်ရက်စေ့ပြီးနောက် ၁၀(က) နဲ့ ထပ်မံ အဖမ်းခံရတယ် ဆိုတဲ့ သတင်းကို ကြားရတယ်။ နောက် မကြာခင်မှာပဲ ဦးသု တယောက်ဆုံးပြီ ဆိုတဲ့သတင်း တောင်ငူထောင်ထဲကို ရောက်လာပါတယ်။ တကယ်ကတော့ သူအစိုးရိမ်ဆုံးနဲ့ သတိ အထားဆုံး ရောဂါက သူ့ရဲ့ အသက်ကို အပါ ခေါ်သွားတာပါပဲ။ ကျန်းမာရေး စောင့်ရှောက်မှု လုံးဝနီးပါး မရှိတဲ့ အရပ်မှာ အချိန်မရွေး ကျရောက်လာနိုင်တဲ့ ရောဂါရှိသူတွေ အတွက် သေမင်းကို တံခါးဖွင့် ကြိုဆိုထားသလိုပါပဲ။

အခန်း(၄)

ဦးသုဟာ ဘဝတလျှောက်လုံး ယုံကြည်ချက်အတွက် ပေးဆပ်ခဲ့သူပါ။ သူနဲ့ အတူနေစဉ်က ...

“တကယ်လို့များ ဦးသုကို လက်မှတ် လာထိုးခိုင်းရင် ဘယ်လိုပြောမလဲ”

ဒီမေးခွန်းကို မေးတဲ့သူတိုင်းကို သူက …

“ကျုပ် တသက်လုံး နိုင်ငံရေးလုပ်မယ်၊ ထောင်က လွတ်သွားလည်း လုပ်မယ်၊ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတယ်။ ဒီလိုပြောလို့ မလွှတ်ဘူးဆိုရင် တသက်လုံး ထောင်ထဲထား”

ဒီစကားက ဦးသု ပြောနေကျစကားပါ။ သူ့စကားအတိုင်းပဲ လွတ်ရက်စေ့တော့ စိတ်မချရသူများကို ၁၀(က) နှင့် ပြန်ဖမ်းတဲ့ အထဲမှာ ဦးသုက ထိပ်ဆုံးက ပါသွားတယ်။ သူ့ရောဂါ ဝေဒနာဟာ အပြင်ဘက်မှာဆို လုံးဝ ပျောက်ကင်းနိုင်တဲ့ ရောဂါပါ။ ဒါပေမယ့် စစ်အာဏာရှင်တို့ရဲ့ ငရဲခန်းထဲမှာ ပစ်စလတ်ခတ် အထားခံရခြင်းက အသက်ကို သက်တမ်းစေ့ မနေနိုင်အောင် ပြုလုပ်လိုက်ခြင်း အကြောင်း အရင်းပါပဲ။ အာဏာရှင်တို့ကတော့ ဦးသုကို သတ်တာ အစာအိမ်ရောဂါလို့ ပြောမယ်။ နောက် အစာအိမ် ကင်ဆာလို့ ပြောမယ်။ ရဲဘော်တယောက် ရေးဖူးတဲ့ ကဗျာထဲက စာသားကိုပဲ ဦးဇင်း ကျယ်လောင်စွာ ရွတ်ဆိုရတော့မယ်။

“ကင်ဆာ ဦးသုကို သတ်တဲ့ ကင်ဆာ အမြန်ဆုံး ကျဆုံးပါစေ”

Read More...

ဒီမိုကရက်တစ်ပါတီ (မြန်မာ) အမတ်လောင်းတဦး အပယ်ခံရ

မျိုးဝင်းဇော်
၀၉ စက်တင်ဘာ ၂၀၁၀

ရွေးကောက်ပွဲဥပဒေနှင့် ငြိစွန်းသည်ဆိုသည့် အကြောင်းပြချက်ဖြင့် ဦးသုဝေ ဦးဆောင်သည့် ဒီမိုကရက်တစ် ပါတီ (မြန်မာ) မှ ဗဟို ပြန်ကြားရေးမှူး ဦးလှမြင့်သည် ကိုယ်စားလှယ်လောင်း အဖြစ်မှ အပယ်ခံရကြောင်း ခရိုင် ရွေးကောက်ပွဲ ကော်မရှင်ရုံးမှ တာဝန်ရှိသူ တဦးက ပြောသည်။

၎င်းက “ရွေးကောက်ပွဲဥပဒေမှာ အရွေးချယ်ခံမယ့် ကိုယ်စားလှယ်လောင်းဟာ မြန်မာနိုင်ငံ အတွင်း (၁ဝ) နှစ် တဆက် တစပ်တည်း နေသူ ဖြစ်ရမယ်လို့ ပါထားတယ်။ အကယ်၍ နိုင်ငံခြားမှာ အလုပ် သွားလုပ်ခဲ့တယ် ဆိုရင် သက်ဆိုင်ရာ မြန်မာသံရုံးမှာ ပုံမှန် အခွန် ပေးဆောင်နေသူ ဖြစ်ခဲ့ရင် ရတယ်။ ဦးလှမြင့်က ဂျပန်မှာ (၅) နှစ် အလုပ် လုပ်ခဲ့ပြီး ၂ဝဝ၅ ခုနှစ်က ပြန်လာတယ်။ ပြန်လာတဲ့အခါ အခွန်လက်ကျန် ရှိတာမို့ ရွေးကောက်ပွဲ ဥပဒေနဲ့ ငြိစွန်းပြီး သူ အပယ်ခံရတာပါ” ဟု ပြောသည်။

အဆိုပါကိစ္စ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ရုံးကို မေးမြန်းကြည့်ရာ မှန်ကန်ကြောင်း အတည်ပြု ပြောကြားသည်။

ဦးလှမြင့်သည် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ကနေ ဝင်ရောက် ယှဉ်ပြိုင်ရန် ခရိုင်ကော်မရှင်တွင် အမည် စာရင်း တင်သွင်းထားခြင်း ဖြစ်သည်။

ဦးလှမြင့်သည် ၁၉၆၁ ခုနှစ်၌ ရန်ကုန်တွင် မွေးဖွားခဲ့သူဖြစ်ပြီး ၁၉၈၇ ခုနှစ် သမိုင်းဘာသာ အဓိကဖြင့် ဘွဲ့ရရှိခဲ့သူ ဖြစ်ကာ ၁၉၈၉ ခုနှစ်မှ ၉ဝ ပြည့်နှစ်အထိ အကောက်ခွန် ရှင်းလင်းရေး ကိုယ်စားလှယ်အဖြစ် လုပ်ကိုင်ခဲ့သည်။ ၁၉၉ဝ ပြည့်နှစ်မှ ၂ဝဝဝ ပြည့်နှစ်အထိ သင်္ဘောလိုက်ခဲ့ပြီး ၂ဝဝ၁ ခုနှစ်ကနေ ၂ဝဝ၅ ခုနှစ်အထိ ဂျပန်နိုင်ငံတွင် အလုပ် လုပ်ကိုင်ခဲ့သူဖြစ်သည်။

၁၉၉ဝ ရွေးကောက်ပွဲကာလက ပါတီဥက္ကဋ္ဌ ဦးသုဝေနှင့် ရင်းနှီးခဲ့ပြီး ယခု ဦးသုဝေ ပါတီထောင်ရာတွင် ပါဝင် ပူးပေါင်းကာ ဗဟို ပြန်ကြားရေးမှူး တာဝန် ယူထားသူဖြစ်သည်။

ဦးသုဝေဦးဆောင်သည့် ဒီမိုကရက်တစ်ပါတီ (မြန်မာ) တွင် နိုင်ငံခြားမှ ပြန်ရောက်လာသည့် ဝန်ကြီးချုပ်ဟောင်း ဦးနု၏သမီး ဒေါ်သန်းသန်းနုနှင့် ၎င်း၏ ခင်ပွန်း ဦးအောင်ငြိမ်းတို့လည်း လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်း ထားကြသည်။

ဒေါ်သန်းသန်းနုတို့ နှစ်ဦးမှာမူ နိုင်ငံခြား ရောက်ရှိစဉ်မှစ ပြန်လာချိန်အထိ သက်ဆိုင်ရာ သံရုံးတွင် အခွန်မှန်မှန် ပေးဆောင် ခဲ့ခြင်းကြောင့် ရွေးကောက်ပွဲ ဥပဒေအရ ပြဿနာ မရှိသေးကြောင်း သိရသည်။

ပြီးခဲ့သည့် သြဂုတ်လ (၃ဝ) ရက်နေ့တွင် လွှတ်တော်အသီးသီးအတွက် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းခြင်း လုပ်ငန်း ပြီးဆုံးခဲ့ပြီး ယခုအပတ် စက်တင်ဘာ (၆) ရက်မှ (၁ဝ) ရက်နေ့အထိကိုမူ ကိုယ်စားလှယ် လောင်းများ၏ အမည်စာရင်း တင်သွင်းလွှာများ စိစစ်သည့် အချိန်အဖြစ် သတ်မှတ် ထားသည်။

နိုင်ငံတဝန်း မဲဆန္ဒနယ် စုစုပေါင်း (၁,၁၆၃) နယ် ရှိသည့်အနက် ဦးသုဝေ ဦးဆောင်သည့် ဒီမိုကရက်တစ်ပါတီ (မြန်မာ) သည် မူလက ကိုယ်စားလှယ် (၅၁) ဦး အမည်စာရင်း တင်သွင်းပြီး (၃) ဦးသည် အဘက်ဘက်မှ ခြိမ်းခြောက်မှုဒဏ် ခံရခြင်းကြောင့် နုတ်ထွက် သွားခဲ့ပြီး ကိုယ်စားလှယ်လောင်း (၄၈) ဦးသာ ကျန်ရှိသည်။ ယခု ဦးလှမြင့် အပယ် ခံရသောကြောင့် ကိုယ်စားလှယ်လောင်း စုစုပေါင်း (၄၇) ဦးသာကျန်ပြီး မကြာမီ ယခုထက် လျော့နည်းဖွယ်ရှိကြောင်း ပါတီဥက္ကဋ္ဌ ဦးသုဝေက ပြောကြားသည်။

လာမည့် သီတင်းပတ်တွင် ပါတီအသီးသီးက လွှတ်တော်ကိုယ်စားလှယ်လောင်းများအနက် ရွေးကောက်ပွဲ ဥပဒေနှင့် မကိုက်ညီ၍ အပယ် ခံရသည့် ကိုယ်စားလှယ် လောင်းများ၏ အမည်စာရင်း ထွက်ပေါ် လာတော့မည်ဖြစ်သည်။

Ref: ခေတ်ပြိုင်

Read More...

ပတ်စပို့ အစစ်နှင့်အတုလဲသောကြောင့် စက်ရုံလုပ်သားများ ဆန္ဒပြ

မြတ်ခိုင်ဦး
၀၉ စက်တင်ဘာ ၂၀၁၀

အလုပ်မှအထုတ်ခံရသော မြန်မာရွှေ့ပြောင်းအလုပ်သမား (၆) ဦးတို့က ၎င်းတို့၏ ယာယီ ပတ်စပို့များနှင့် အလုပ်သမား ကတ်ကို ပြန်လည် တောင်းခံသောအခါ နဂိုမူလ စာအုပ်များ မဟုတ်သဖြင့် အလုပ်သမားများက မကျေနပ်ဘဲ ဆန္ဒပြ တောင်းဆိုမှုတခု ယမန်နေ့မှစတင်၍ ထိုင်းနိုင်ငံ မြောက်ပိုင်း ခွန်ခန်းမြို့ရှိ Dechapanich ငါးဖမ်းပိုက်ကွန် စက်ရုံတွင် ဖြစ်ပွားနေသည်။

ပြီးခဲ့သည့် အင်္ဂါနေ့ညနေက ကိုအောင်သီဟ၊ ကိုအောင်ကျော်ဆန်း၊ ကိုသီဟထွန်း၊ မအိသဲဖြူ၊ မထွေးငယ်နှင့် ကိုဇင်လင်းအောင်တို့ အလုပ်သမား (၆) ဦးအား အလုပ်ပျက်ရက် များသည်ဟု ဆိုကာ အလုပ်မှ ထုတ်ပယ်ကြောင်း စက်ရုံ တာဝန်ရှိသူတို့က တရားဝင် စာထုတ် ကြေညာခဲ့သည်။

သို့အတွက် အဆိုပါအလုပ်သမားများက ယမန်နေ့နံနက် (၁၁) နာရီခန့်က မိမိတို့၏ တရားဝင် ယာယီ နိုင်ငံကူး လက်မှတ်များ ပြန်တောင်းရာမှ စတင်၍ မမှန်မကန် လုပ်ဆောင် ထားမှုများကို တွေ့ရှိ၍ အလုပ်သမား ထုက ဆန္ဒပြရခြင်း ဖြစ်ကြောင်း ဦးဆောင်သူ တဦးဖြစ်သည့် ကိုသူရိန်က ပြောကြားသည်။

၎င်းက “သူတို့ပြန်ပေးတဲ့ ဟာတွေမှာ ပတ်စပို့ ဗီဇာကို cancel ဆိုပြီး မင်နီနဲ့ ရေးထားတယ်။ လေဘာ ကတ်ကိုလည်း မိန်းကလေး နာမည်နဲ့ကတ်မှာ ယောက်ျားလေးပုံ ကပ်လို့ကပ်၊ ပြီးတော့ ကိုယ့်ဟာနဲ့ကိုယ် မဟုတ်ဘူး” ဟု ခေတ်ပြိုင်သို့ ပြောသည်။

ဆန္ဒပြမှုနှင့်ပတ်သက်၍ အလုပ်သမ မငြိမ်းက “မနေ့ည (၈) နာရီလောက်ကြတော့ ခေါင်းဆောင်တဲ့ သူတွေက ပြောတယ်။ ကိုယ့်အဆောင်ကို ကိုယ်ပြန် နားချင်ရင်လည်း နားကြပါလို့ ပြောတော့ လူနည်းနည်း ကျဲသွားတယ်။ ဒါပေမယ့် ည (၉) နာရီ လောက်ကြတော့ အားလုံး ပြန်လာပြီးစုကြတယ်။ ဒီမှာက ဓမ္မာရုံလို ဟာမျိုးရှိတယ်။ အဲဒီမှာ မိန်းကလေးတွေက စုအိပ်တဲ့သူက စုအိပ်ပေါ့။ ဘာလို့ဆို အဆောင်မှာနေရင် လာဖမ်းမှာ စိုးရတယ်လေ။ ဒီနေ့တော့ ညှိတဲ့သူတွေ လာညှိနှိုင်းပေးနေတယ်” ဟု ဆိုသည်။

ထိုသို့ဆန္ဒပြမှုအတွက် ကြားဝင်ဆောင်ရွက်ပေးရန် အလုပ်သမားရေးအဖွဲ့များအား အကူအညီ တောင်းခံထားရာ ယနေ့ နေ့လယ်တွင် (MAP) ဖောင်ဒေးရှင်း အဖွဲ့မှ အဆိုပါစက်ရုံသို့ ရောက်ရှိကာ လိုအပ်သော ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

“အလုပ်သမားကိုယ်စားလှယ် (၅) ယောက်နဲ့ အလုပ်ရှင်ကိုယ်စားလှယ်တွေရယ်၊ (MAP) ဖောင်ဒေးရှင်းက (၂) ယောက်ရယ်၊ အလုပ်သမားရုံးက ကိုယ်စားလှယ်တွေ ညှိနှိုင်းနေပါတယ်” ဟု အဆိုပါကိစ္စကို ကြားဝင် ဆောင်ရွက်ပေးနေသူ ရောင်ခြည်ဦး အလုပ်သမားများ အဖွဲ့ တာဝန်ခံ ကိုမိုးဆွေက ပြောသည်။

အလုပ်သမားများဘက်မှ ဘတ်လက်မှတ်ရှိထားသော သူများအတွက်လည်း တောင်းဆိုမှုများ ပြုလုပ်ထားကြောင်း သိရသည်။

ခွန်ခန်းခရိုင်၏ တနေ့ အနည်းဆုံးလုပ်အားခသည် အလုပ်ချိန် (၈) နာရီအတွက် ဘတ်ငွေ (၁၅၇) ဘတ် ရမည် ဖြစ်သော်လည်း အလုပ်သမား များမှာ နေ့စဉ် မနက် (၈) နာရီမှ ည (၈) နာရီအထိ အလုပ် လုပ်ကြရပြီး ပေးအပ်သော နှုန်းထားမှာ ညနေ (၆း၃၀) အထိ ဘတ်ငွေ (၁၄၀) သတ်မှတ်ထားပြီး နောက်ပိုင်း အချိန်ပို (၁) နာရီခွဲအတွက် ဘတ်ငွေ (၃၀) သာ ပေးအပ်သည်။ နေ့လယ်တွင် (၁) နာရီ ထမင်းစားချိန် ရကြသည်။

အဆိုပါစက်ရုံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား (၂,၃၀၀) ခန့်ရှိပြီး လာအိုလူမျိုး (၁,၀၀၀) ခန့်ရှိသည်။

အဆိုပါစက်ရုံသို့ ရောက်ရှိသည့်နေ့မှစကာ အလုပ်သမားများပိုင်ဆိုင်သော လက်မှတ်များကို စက်ရုံမှ သိမ်းဆည်း ထားခဲ့ခြင်းဖြစ်သည်။ အလုပ်မှ ထွက်ပြေးသွားသူ အချို့၏ ပတ်စပို့များကို ထိုကဲ့သို့ ဓာတ်ပုံကပ်၍ ဘတ်လက်မှတ်သာ ရှိသေးသော သူများအား ဘတ်ငွေ (၁၄,၀၀၀) မှ (၁၅,၀၀၀) အထိတောင်းယူ၍ ထိုပတ်စပို့များဖြင့် အစားထိုး လုပ်ဆောင်နေသည်ဟုလည်း ကြားရကြောင်း အလုပ်သမား တဦးက ပြောသည်။

အဆိုပါစက်ရုံတွင် ယာယီနိုင်ငံကူးလက်မှတ် မကိုင်ဆောင်ရသေးသော သူများမှာလည်း (၅၀၀) ခန့်ရှိမည်ဟု သိရသည်။

ယနေ့ညနေ့ပိုင်းတွင် လုပ်ငန်းရှင်အား အလုပ်သမားများ၏ ပတ်စပို့စ်နှင့် ဗီဇာများပြသရန် အလုပ်သမား အခွင့်အရေး ရုံးက တောင်းဆို ထားကြောင်း၊ သို့သော် အလုပ်ရှင်က အလုပ်သမားများအား (၃) ရက် အချိန် ပေးမည်ဖြစ်ပြီး အဆိုပါ ကာလအတွင်း အလုပ် ပြန်မဆင်းပါက ဥပဒေအရ အရေးယူမည်ဟု ပြောဆိုကြောင်း သိရှိရသည်။ မနက်ဖြန်တွင်လည်း ဆက်လက်ညှိနှိုင်းရန် သဘော တူထားကြသည်။

Ref: ခေတ်ပြိုင်

Read More...

နိုင်ငံတော်ခရီးစဉ်တွင် မိသားစုကို ဗိုလ်ချုပ်မှူးကြီး ရှေ့တန်းတင်

Thursday, September 09, 2010

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ တရုတ်ပြည် နိုင်ငံတော် ခရီးစဉ်တွင် အစိုးရ အရာရှိများထက် မိသားစုဝင် များကို ပိုမိုရှေ့တန်းတင် နေသည်ကို တွေ့မြင်ရပြီး ထိုသို့ ပွဲထုတ်နေခြင်းသည် တော်ဝင် မိသားစုပုံစံ ပြုမူနေခြင်း ဖြစ်ကြောင်း စောင့်ကြည့် အကဲခတ်သူ များက ပြောသည်။

စက်တင်ဘာ ၆ ရက်နေ့က ဘေဂျင်း လေဆိပ်သို့ ရောက်ရှိလာသော ဗိုလ်ချုပ်မှူးကြီးကို လေယာဉ်ပေါ်မှ ၎င်း၏ ကိုယ်ရေး အရာရှိ ဗိုလ်မှူးချုပ် စိုးရှိန်၏ အကူအညီဖြင့် ဆင်းလာသည်ကို မီဒီယာများတွင် မြင်တွေ့ရသည်။ ဗိုလ်ချုပ်မှူးကြီး၏ နောက်တွင် ဇနီးဖြစ်သူ ဒေါ်ကြိုင်ကြိုင်၊ သမီးများဖြစ်သည့် ကြည်ကြည်ရွှေ၊ ခင်ပြုံးရွှေနှင့် အေးအေးသစ်ရွှေ၊ မြေးဖြစ်သူ နေရွှေသွေးအောင် တို့ကို တွေ့ရသည်။

ဘေဂျင်းလေဆိပ်သို့ ဆိုက်ရောက်လာသည့် သတင်းဓာတ်ပုံများတွင် စစ်ဘက် ရာထူးများမှ မကြာသေးမီက အနားပေး ခံရသည့် သူရ ဦးရွှေမန်းနှင့် သီဟသူရ ဦးတင်အောင်မြင့်ဦးတို့ကိုမူ ထင်ရှားစွာ မတွေ့ရဘဲ ရှိသည်။

တခြားဓာတ်ပုံများတွင် ဗိုလ်ချုပ်မှူးကြီးက တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုမှုကို ခံယူ၍ တရုတ် အရာရှိများကို နှုတ်ဆက်ရာတွင် မြေးဖြစ်သူ နေရွှေသွေးအောင်က အရေးပါသော မြန်မာ အစိုးရ အဖွဲ့ဝင်သဖွယ် ဗိုလ်ချုပ်မှူးကြီးနှင့် အတူ လိုက်ပါလာသည်ကို တွေ့ရသည်။

အာရှတွင်း နိုင်ငံတော်ခရီးစဉ်များတွင် ဗိုလ်ချုပ်မှူးကြီး၏မြေး နေရွှေသွေးအောင် အပါအဝင် မိသားစုဝင်များကို ပွဲထုတ်သည်မှာ ဤအကြိမ်သည် ပထမဦးဆုံး မဟုတ်ကြောင်း၊ နိုင်ငံတော် ခရီးစဉ်များ၌ သက်ဆိုင်ရာ အစိုးရ အရာရှိများထက် မိသားစုဝင်များကို ရှေ့တန်း တင်ခြင်းမှာ လိုက်ပါလာသည့် မြန်မာ အရာရှိများ အတွက်ရော၊ အိမ်ရှင် နိုင်ငံအတွက်ပါ အရှက်ရစရာ ဖြစ်စေသည်ဟု သံတမန်များက ပြောသည်။

မြန်မာ့အရေးလေ့လာသူ တရုတ်လူမျိုး အကဲခတ်တဦးက ဗိုလ်ချုပ်မှူးကြီးသည် အစိုးရ အရာရှိများထက် ဤသို့ မိသားစုကို ရှေ့တန်းတင်ပြီး အလည်အပတ် လာရောက်သည်ကို ကွန်မြူနစ် နိုင်ငံဖြစ်သော တရုတ်နိုင်ငံမှ ခေါင်းဆောင်များ နှစ်သက်မည် မဟုတ်သည်မှာ သေချာကြောင်း ထောက်ပြသည်။

ဗိုလ်ချုပ်မှူးကြီး ကိုယ်တိုင်နှင့် သူ့မိသားစုဝင်များကပါ တော်ဝင်မိသားစုကဲ့သို့ ပြုမှုနေသဖြင့် နိုင်ငံတော် ခရီးစဉ်များတွင် ဤကဲ့သို့ လိုက်ပါ နေကြခြင်း ဖြစ်ကြောင်း စစ်အသိုင်းအဝိုင်းနှင့် နီးစပ်သူများက ပြောသည်။

၂၀၀၂ ခုနှစ်တွင် အာဏာရှင်ဟောင်း ဦးနေဝင်းကို နေအိမ် အကျယ်ချုပ် ချပြီးနောက် ဗိုလ်ချုပ်မှူးကြီးသည် ပြည်တွင်း၊ ပြည်ပ အခမ်းအနားများ၌ မိသားစုကို ပွဲထုတ်လာခြင်း ဖြစ်သည်။

ထို့အပြင် မြို့သစ်တည်၍ “နေပြည်တော်” ဟု မှည့်ခေါ်စေခြင်း၊ နေပြည်တော်ရှိ ဗိုလ်ချုပ်မှူးကြီး၏ နေအိမ်ကို “နန်းတော်” ဟု အမည်ပေးခြင်းများ ပြုလုပ်ခဲ့သည်။ စစ်အသိုင်းအဝိုင်းနှင့် အရပ်သားများက ဦးသန်းရွှေ မိသားစုကို“တော်ဝင်မိသားစု”ဟု ရည်ညွှန်း ခေါ်ဝေါ်ကြသည်။

အနှစ် နှစ်ဆယ်အတွင်းတွင် ဗိုလ်ချုပ်မှူးကြီးသည် ဘုန်းတန်ခိုးကြီးသည့် ရှေးဟောင်း မြန်မာမင်းများ ဖြစ်သော အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရား တို့၏ ပုံတူ ကြေးသွန်းရုပ်တု ကြီးများကို နေပြည်တော်၊ စစ်သင်တန်းကျောင်းနှင့် ထိုင်း-မြန်မာ နယ်စပ် တလျှောက်တွင် စိုက်ထူစေခဲ့သည်။

ပြင်ဦးလွင် စစ်တက္ကသိုလ်နှင့် နေပြည်တော်တို့တွင် မြန်မာ ဘုရင် သုံးပါး၏ ကြေးရုပ်ကြီးများ ထားရှိစေခြင်းမှာ စစ်အစိုးရက သူတို့၏ တရားဝင်မှုကို သိရှိစေလို၍ ဖြစ်ကြောင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ချုလာလောင်ကွန်း တက္ကသိုလ်မှ အာရှ လေ့လာရေး ဌာန ညွှန်ကြားရေးမှူး ဆူနိတ် ချူတင်တာရာနွတ်က ပြောသည်။

ဆူနိတ် ချူတင်တာရာနွတ်သည် ထိုင်း-မြန်မာ ဆက်ဆံရေး သမိုင်းနှင့် ပတ်သက်၍ စာအုပ်စာတမ်းများ ရေးသားခဲ့သည့် သမိုင်းပညာရှင် ဖြစ်သည်။

ဇူလိုင်လကုန်ပိုင်းက ဗိုလ်ချုပ်မှူးကြီး၏ အိန္ဒိယခရီးစဉ်တွင် ဒေါ်ကြိုင်ကြိုင်မှ အပ တခြား မိသားစုဝင်များကို သတင်း မီဒီယာများ တွင် တွေ့ရခြင်း မရှိပေ။

သြဂုတ်လ ကုန်ပိုင်းက မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအီးလ်သည် တရုတ်သို့ အလည်အပတ် ခရီးစဉ်တွင် ရာထူး ဆက်ခံမည့် သားဖြစ်သူ ကင်မ် ဂျောင်အွန် ကို တရုတ်ခေါင်းဆောင်များနှင့် တွေ့ဆုံပေးရန် ခေါ်ဆောင်လာပြီး ပွဲထုတ်ခဲ့ဖူးသည်ဟု လေ့လာ အကဲခတ်သူများက ထောက်ပြသည်။

Ref: ဧရာဝတီ်

Read More...

ကချင်ဗိုလ်ကြီး စစ်တပ် အဖမ်းခံရ

ဖနိဒါ
ကြာသပတေးနေ့၊ စက်တင်ဘာလ ၀၉ ရက် ၂၀၁၀

ချင်းမိုင်(မဇ္စျိမ)။ ။ စစ်တပ်ခွင့်ပြုချက်ဖြင့်သာ ခရီးသွားရန် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ကချင် လွတ်မြောက်ရေး အဖွဲ့ကို ညွှန်ကြားအပြီး ၃ ရက်အကြာ ယမန်နေ့က စစ်ထောက်လှမ်းရေးက ကချင်တပ်မှ ဗိုလ်ကြီးဇော်လီကို ဖမ်းဆီးလိုက်သည်။

စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ် (စရဖ) က လိုင်ဇာမြို့မှ ၆ မိုင်ကွာ လဂျားယန် အကောက်ဂိတ်တွင် ကချင် လွတ်မြောက်ရေးတပ် ထောက်ပံ့ရေး ပစ္စည်း ပို့ဆောင်ရေးဌာနမှ ဗိုလ်ကြီးဇော်လီကို ဖမ်းဆီး လိုက်ရာ စစ်အစိုးရ နယ်ခြားစောင့်တပ် ပြောင်းရေး အစီအစဉ်ကိုငြင်းပယ်ထားသော ကချင်အဖွဲ့ကို တင်းကျပ် လိုက်ခြင်းဟု ကေအိုင်အိုက ယူဆသည်။

“သူက လက်မှတ်မပါဘဲနဲ့ လက်နက်ယူသွားလို့ ဖမ်းတာ။ အရင်တုန်းကတော့ ဘာမှ မပြောဘဲ သွားနေကျ။ အခုတော့ ပို ကန့်သတ်လာတယ်” ဟု ကေအိုင်အို အရာရှိ တဦးက မဇ္ဈိမကို ပြောသည်။

ပစ္စတိုတလက်နှင့် အတူ အဖမ်းခံရသော ဗိုလ်ကြီးဇော်လီသည် ဆေးကုသခွင့် ယူပြီး လိုင်ဇာမြို့မှ ၁ဝ မိုင် အကွာ မဒီးယန်ရွာရှိ သူ့ခြံသို့ ဘတ်စ်ကားဖြင့် အသွား အဖမ်းခံရကြောင်း ကေအိုင်အို သတင်းရပ်ကွက် တခုကလည်း ပြောသည်။

ကချင်အပစ်ရပ်အဖွဲ့က ဗိုလ်ကြီးဇော်လီကို ပြန်လွှတ်ပေးရန် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ ယမန်နေ့က အကြောင်းကြား ခဲ့သော်လည်း ယခုတိုင် ပြန်လွှတ်ပေးခြင်း မရှိပါ။

ယခုလ ၅ ရက်မှစ၍ ကေအိုင်အို အဖွဲ့ဝင်များ ခရီးသွားပါက သက်ဆိုင်ရာ စရဖ တပ်ဖွဲ့သို့ သတင်းပို့ပြီး မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ခွင့်ပြုချက် ဖြင့်သာ သွားရမည်ဟု စရဖ စစ်ဦးစီးမှူး (တတိယတန်း) ဗိုလ်ကြီးစည်သူက ပြောဆိုခဲ့သည်။ ထို့ပြင် ခရီးသွားနေစဉ် ယူနီဖောင်း ဝတ်ခွင့်နှင့် လက်နက် ကိုင်ဆောင်ခွင့်လည်း မပြုကြောင်း တားမြစ်ခဲ့သည်။

နယ်ခြားစောင့် တပ်ပြောင်းကိစ္စ ယခုလ ၁ ရက်နေ့ နောက်ဆုံး အကြောင်းပြန်ရမည်ဟု စစ်အစိုးရက သတ်မှတ် ခဲ့သော်လည်း ကေအိုင်အိုက မလိုက်နာသဖြင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က တားမြစ် ကန့်သတ်ချက်နှင့် ဖမ်းသည့်သတင်း ထွက်လာခြင်း ဖြစ်သည်။

သို့သော်လည်း ၂ဝဝ၈ မှ ယခုအချိန်ထိ စစ်တပ် အဖမ်းခံရသော ကေအိုင်အိုအဖွဲ့ဝင် အနည်းဆုံး ၂ဝ ကျော်ကြောင်း ကေအိုင်အို အရာရှိတဦးက ဆိုသည်။


Ref: မဇ္ဈိမ

Read More...

Thursday, September 9, 2010

ပြည်သူကို ရန်မူမှု

စိုးနေလင်း
ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ ၀၈ ရက် ၂၀၁၀

စစ်အစိုးရက တပ်မတော်သာလျှင်အမိ တပ်မတော်သာလျှင်အဖလို့ ကြွေးကြော်ထားတဲ့ တပ်မတော် သားတွေပါ။ သူတို့ ဘာဖြစ်လို့ ဒီလောက် ရက်စက် ရိုင်းစိုင်းသွားကြ၊ လူစိတ် ကင်းမဲ့ သွားကြသလဲ။ ပဲခူး ဇိုင်းကနိုင်းမှာ စက်တင်ဘာ ၄ရက်က ဖြစ်သွားတဲ့ အရပ်သား လူငယ် နှစ်ယောက်ကို စစ်သားတွေ သေနတ်နဲ့ ပစ်သတ်မှု အကြောင်း အားလုံး သိကြပြီးပါ။

ရှင်းပါတယ်။ စစ်အာဏာရှင်တစုက စစ်သင်တန်းကျောင်းတွေ စစ်တက္ကသိုလ်တွေမှာ ရိုက်သွင်းခဲ့တဲ့ သင်ခန်းစာတွေ အတွေးအခေါ်တွေ ကြောင့်ပါပဲ။

စစ်အာဏာရှင်တွေ တိုင်းပြည်အာဏာကို လုယူသိမ်းလိုက်ကတည်းက ဒီလိုဖြစ်ရပ်တွေ နေရာအနှံ့ ဖြစ်ခဲ့ ဖူးပါတယ်။ အညိုရောင် အမည်းရောင် သတ်မှတ်ထားတဲ့ နေရာတွေမှာဆိုရင်တော့ အထူး ပြောစရာ မလိုပါဘူး။

၁၉၈၉ မှာ စစ်ခုံရုံးက ချမှတ်တဲ့ မတရားပြစ်ဒဏ်နဲ့ အကျဉ်းကျနေချိန် တခါသား ကျနော်တို့ နိုင်ငံရေး အကျဉ်းသား တိုက်တွေကို စစ်တပ်က အသွင်ပြောင်း အကျဉ်းထောင် ဝန်ထမ်းတွေ အစောင့် တာဝန် ကျလာပါတယ်။ သူ့အဆင့်နဲ့သူ တပ်ကြပ်ကြီး၊ တပ်ကြပ်၊ ဒုတပ်ကြပ်တွေ ဖြစ်လာကြတာပေါ့။ ကျနော်တို့ဆီ တာဝန်ကျလာတဲ့ အချိန်မှာ ကျနော်တို့က ကိုယ့်ညီတွေလိုပဲ သဘောထား ကောင်းကောင်း မွန်မွန် ဆက်ဆံပြီး ကိုယ့်ရှိတဲ့ အစားအစာလေးတွေ ချကျွေး မိတ်ဖွဲ့ ခဲ့ကြပါတယ်။

တချို့ဆို အတော်ကြီး ခင်မင်လာပြီး ပွင့်ပွင့်လင်းလင်းလည်း ပြောဆိုလာကြတယ်။ အဲဒီတုန်းက တပ်ကြပ်တယောက်က သူ ကရင်ပြည်နယ် ရှေ့တန်း တနေရာ ထိုးစစ် တခုမှာတုန်းက ကြုံခဲ့ရတဲ့ ကိုယ်တွေ့ ဖြစ်ရပ်တခုကို ပြောပြတယ်။ သူက သံတိုင် တံခါးအပြင်က ကျနော်က သံတိုင် တံခါးအတွင်းက ပေါ့လေ။ကျနော် သူပြောတဲ့ ဖြစ်ရပ်ကို နားထောင်ရင်း ကြက်သီး မွေးညှင်းထ အံ့သြ ထိတ်လန့် တုန်လှုပ် သွားခဲ့ရသလို ကျနော်တို့ တိုင်းပြည်က စစ်တပ် ဆိုတာကိုလည်း အကြီးအကျယ် ရွံရှာ သွားခဲ့ရတယ်။ သူပြောပြတဲ့ ဖြစ်ရပ်က ဒီလိုပါ။ ကရင်ပြည်နယ်က ရွာပုံးတခုကို သူတို့တပ်ခွဲက ဝင်ရောက် စီးနင်းခဲ့တုန်းက ရွာက ကြိုတင် သတင်းရထားပုံ ရတယ်တဲ့၊ ရွာထဲရောက်တော့ ဘယ်သူမှ မရှိကြတော့ဘူးလို့ ဆိုပါတယ်။

ဒါပေမယ့် အလောတကြီး ထွက်ပြေး သွားကြပုံပေါ်တယ်။ ဆန်ရွေးလက်စ ဆန်ကောတွေ ချက်လက်စ ထမင်းအိုးတွေ ဒီတိုင်း ကျန်နေ ခဲ့သလို စပါးကျီ ထဲမှာလည်း စပါးတွေ တွေ့ရတယ်။ အိမ်မွေးတိရိစ္ဆာန် တချို့လည်း ရှိနေဆဲလို့ ဆိုပါတယ်။သူတို့ စစ်ကြောင်းလည်း ရွာထဲကို ပိုက်စိတ်တိုက် ရှာကြတယ်။ တဲတလုံးထဲက ပုခက် တခုထဲမှာ အခါလည်သား အရွယ်လောက် ယောက်ျားလေး တယောက်ကို မမျှော်လင့်ပဲ တွေ့ခဲ့ကြတယ်။ ကလေးလေးက လာပြီးပွေ့တဲ့ စစ်သားတွေကို မျက်လုံးလေး ပြူးပြီး ကြည့်နေပေမယ့် မငိုဘူးတဲ့။ ရဲဘော်တွေလည်း ကလေးလေးကို ပွေ့ချီပြီး သူတို့ တပ်ခွဲမှူးဆီကို သွားသတင်း ပို့ရပါတယ်။ တပ်ခွဲမှူးက ရွာကို မီးရှို့ရမှာမို့ ကလေးကို ခေါ်ခဲ့ဖို့ အမိန့် ပေးပါတယ်။

နောက်တရွာလုံးက အိမ်တွေစပါးကျီတွေကို မီးတိုက်ပြီး သူတို့ တပ်ခွဲလည်း ရွာက ထွက်ခဲ့ကြတယ်။ ကလေးချစ်တတ်တဲ့ ရဲဘော်တွေက တယောက်တလှည့် ကျောမှာ အဝတ်နဲ့ပိုးပြီး ကလေးလေးကို သူတို့ တပ်ခွဲနဲ့ ခေါ်ခဲ့ကြတယ်။ ကံကောင်းချင်တော့ သူတို့ တပ်ခွဲကို ဆက်ပြီး နယ်မြေ ရှင်းလင်းရေး မလုပ်ခိုင်းတော့ပဲ နောက်ထပ် အရေးကြီးတဲ့ တာဝန် တခုပေးဖို့ ရှေ့တန်း တပ်ရင်း တပ်စွဲထားရာကို ပြန်ဝင်ဖို့ အမိန့် ရလာတယ်။ ရဲဘော်တွေလည်း အားရဝမ်းသာ ပြန်ကြဖို့ ပြင်ဆင်ကြတယ်။ ဒီအချိန်မှာ တပ်ခွဲမှူးက ကရင်ရွာထဲက အခါလည် သားလောက် ကလေး တယောက်တွေ့လို့ ခေါ်လာခဲ့ရတဲ့ အကြောင်း ဗျူဟာမှူးဆီကို သတင်း ပို့ရတယ်။ ဗျူဟာမှူးရဲ့ တုန့်ပြန် အမိန့်ကတော့ “ အသက်ရှင်ရက် ဘယ်သူမှ ခေါ်မလာနဲ့ အပြတ်ရှင်းခဲ့” တဲ့။ အမိန့်ကို တပ်ခွဲမှူးက သူ့တပ်သားတွေကို ပြန်ပြောပြတဲ့ အချိန်မှာ တပ်သားတွေ မျက်စိမျက်နှာ ပျက်ပြီး ဘာတခွန်းမှ ပြန်မပြော နိုင်ကြတော့ပါဘူး။

အချိန်တန်လို့တပ်ခွဲပြန်ခေါက်တဲ့အခါ ကလေးလေးက ရဲဘော်တယောက်ရဲ့ နောက်ကျောမှာ ပါလာခဲ့တာပါ။ တပ်ခွဲမှူးက ကလေးကို သတ်ပြီး ထားခဲ့ဖို့ ဘယ်သူ တာဝန်ယူမလဲလို့ မေးတဲ့အချိန်မှာ ဘယ်သူမှ အဲဒီတာဝန်ကို မယူခဲ့ဘူးလို့ ဆိုပါတယ်။ တပ်ခွဲမှူးကလည်း ဗျူဟာမှူးရဲ့ အမိန့်ကို မလိုက်နာလို့ မဖြစ်တဲ့အတွက် တယောက်ယောက်က တာဝန်ယူဖို့ အမိန့်ပေးပါတယ်။ တပ်ခွဲ တပ်ကြပ်ကြီးက ဘယ်သူမှ တာဝန် မယူတဲ့အတွက် တာဝန်ယူမယ့် သူကို တခြားသူတွေ ရတဲ့ အာမီရမ် (Army Rum) ကို ပေးမယ်လို့ မက်လုံး ပေးသတဲ့။ နောက်ဆုံး တပ်ခွဲကလည်း အတော်ခရီးပေါက်လာတဲ့ အချိန်မှာ တပ်ခွဲမှူးက ကလေးကို အပြတ်ရှင်းခဲ့ဖို့ အမိန့်ပေးလာတယ်။

ဒီအချိန်မှာ တပ်ခွဲထဲက ခပ်ပေပေရဲဘော်တယောက်က ပေးမယ်ဆိုတဲ့ ရမ်ကို ပေးဖို့တောင်းတယ်။ တပ်ခွဲ တပ်ကြပ်ကြီးက အရက် ပုလင်းကို ပေးလိုက်တော့ အဲဒီရဲဘော်ဟာ ပုလင်းတဝက်လောက် နီးပါးကို တခါတည်း မော့သောက် ပစ်လိုက်တယ်။ နောက် ခဏကြာတော့ ကလေးကို သူ့ကို ပေးခဲ့ဖို့ ပြောပြီး သူ့ကို ခဏထားခဲ့ဖို့ ပြောပါတယ်။ တပ်ခွဲလည်း အဲဒီရဲဘော်နဲ့ ကလေးလေးကို ထားခဲ့ပြီး ခရီး ဆက်ထွက်ခဲ့တယ်။ အတော်ကြီးကြာမှ ခုနက တာဝန်ယူခဲ့တဲ့ ရဲဘော်ဟာ တပ်ခွဲနောက်ကို အမောတကြီး ပြေးလိုက်လာတာ တွေ့ရတယ်။ တပ်ခွဲ တပ်ကြပ်ကြီးက သူ့ကိုပေးတဲ့ တာဝန် လုပ်ပြီးပြီလားလို့ မေးတဲ့အချိန်မှာ အဲဒီရဲဘော်ဟာ တခြား ရဲဘော်တွေကြားမှာ ဒူးထောက်ချပြီး ချုံးပွဲချ ရှိုက်ကြီးတငင် ငိုချလိုက်ပါတယ်။ ဘာစကားမှ မပြောနိုင်ဘဲ အကြာကြီး ငိုပြီးတော့မှ သူအရက်ပုလင်းကို ကုန်အောင် သောက်ပြီး ကလေးလေးကို သစ်ပင်တပင်နဲ့ ကိုင်ရိုက် သတ်ပစ်ခဲ့ကြောင်း အထစ်ထစ် အငေါ့ငေါ့နဲ့ ပြန်ပြောပြသတဲ့။

ကျနော်ခုတင်ပြလိုက်တဲ့အဖြစ်အပျက်က စိတ်ကူးယဉ် မဟုတ်ပါဘူး။ အဲဒီတုန်းက အဲဒိ တပ်ခွဲမှာ ကိုယ်တိုင် ပါဝင်ခဲ့တဲ့ တပ်ကြပ် တယောက်က စိတ်မကောင်းခြင်း ကြီးစွာနဲ့ ကျနော့ကို ပြန်ပြောပြခဲ့တဲ့ ဖြစ်ရပ်မှန်ပါ။ ရဲဘော်တွေက ဘယ်သူမှ မသတ်ချင်ကြဘူး။ ဒီအမိန့်ကို ပေးရက်ခဲ့သူက ဗျူဟာမှူး တယောက်ပါ။

လူမိုက်သားကတော့ ရမ်းကားသထက် ရမ်းကားနေပါပြီ။ ကျနော်တို့ပြည်သူ တဦးချင်း အနေနဲ့ မိမိကိုယ်ကို ကာကွယ် စောင့်ရှောက်ဖို့ မိမိတို့ရဲ့ ရင်သွေး သားသမီးတွေကို ကာကွယ် စောင့်ရှောက်ဖို့ တာဝန်ရှိသလို အမှန်တရား နဲ့ လူမျိုး ဘာသာ သာသနာကို ကာကွယ် စောင့်ရှောက်ဖို့လည်း တာဝန် ရှိပါတယ်။ နိုင်ငံရေး ပါတီတွေ နိုင်ငံရေး သမားတွေကိုပဲ အားကိုးပြီး တို့က ဘာတတ်နိုင်မှာလဲ ဆိုတဲ့ အညံ့ခံ အရှုံးပေးရေး အတွေးအခေါ်ကို ကိုင်စွဲ ထားကြမယ် ဆိုရင်တော့ ကျနော်တို့ လူထုတရပ်လုံး မျိုးဆက်နဲ့ချီပြီး စစ်ကျွန် ဖြစ်နေ ကြရမှာပါ။

အကြောက်တရားတွေ ဖယ်ရှား ထိန်းချုပ်ပြီး မတရားတဲ့စစ်အာဏာရှင်စံနစ်ကို တညီ တညွတ်တည်း တွန်းလှန် ကြရအောင်ပါ။ ။


Read More...

ရှရှားလုပ် စစ်သုံးရဟတ်ယာဉ် အစီး ၅၀ မြန်မာ့ လေတပ်ဝယ်ယူ

Wednesday, September 08, 2010

မြန်မာ့ လေတပ် အတွက် ရှရှား မှ Mi-24 စစ်သုံး ရဟတ်ယာဉ် အစီး ၅၀ နှင့် Mi-2 သယ်ပို့ ရဟတ်ယာဉ် ၁၂ စီး ဝယ်ယူ လိုက်ကြောင်း လေတပ် အသိုင်းအဝန်းမှ သိရသည်။

စစ်အစိုးရအနေဖြင့် တပ်မတော် (လေ) အတွက် Mi-24 အမျိုးအစား စစ်သုံး ရဟတ်ယာဉ်များ ဝယ်ယူခြင်းမှာ ယခုအကြိမ် သည် ပထမဆုံး ဖြစ်သည်။

“Mi-24 တိုက်ခိုက်ရေး ရဟတ်ယာဉ် အစီး ၅၀ နဲ့ Mi-2 ရဟတ်ယာဉ် တဒါဇင် ရှရှားကနေ ဝယ်လိုက်ပါတယ်။ မိတ္ထီလာ ပျံသန်း လေ့ကျင့်ရေး အခြေစိုက် စခန်းမှာ အခု အစိတ်အပိုင်းတွေ တပ်ဆင်နေပါပြီ”ဟု လေတပ်နှင့် နီးစပ်သူတဦးက ဧရာဝတီသို့ ပြောသည်။

“ရဟတ်ယာဉ်တွေ တပ်ဆင်မှု အပြီးသတ်ရင် တပ်ဖွဲ့ လေးဖွဲ့ကို ခွဲပြီး ချပေးမှာပါ။ အဲဒီ ရဟတ်ယာဉ်တွေကို ရမယ့် တပ်ဖွဲ့ လေးဖွဲ့ ထဲက နှစ်ဖွဲ့ ကတော့ မကွေး လေတပ် အခြေစိုက် စခန်းနဲ့ အေလာ လေတပ် အခြေစိုက် စခန်းတွေပါ”ဟု ၎င်းက ဆက်လက် ပြောသည်။

လက်ရှိ မြန်မာ့ လေတပ် အခြေစိုက်စခန်း ၁၅ ခုရှိသည်။ နေပြည်တော်ခရိုင်၊ လယ်ဝေးမြို့နယ်ရှိ အေလာ လေတပ် စခန်းသည် နောက်အကျဆုံး ဖွင့်လှစ်သည့် စခန်းသစ်ဖြစ်ပြီး ထိပ်တန်း ဗိုလ်ချုပ်ကြီးများနှင့် ပြည်တွင်းနှင့် နိုင်ငံတကာမှ အစိုးရ အရာရှိများ လိုက်ပါလာသည့် လေယာဉ်များ ဆင်းသက်လေ့ရှိကြောင်း သိရသည်။

မြန်မာ့လေတပ်ကို ခေတ်မီသည့် လေတပ်အဖြစ် အဆင့်မြှင့်တင်ရန် လေတပ် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မြတ်ဟိန်းက ရှရှားနိုင်ငံနှင့် ညှိနှိုင်းပြီး တနှစ်အကြာတွင် ဤ စစ်သုံး ရဟတ်ယာဉ်များ ဝယ်ယူခဲ့ခြင်းဖြစ်သည်။

ယင်း စစ်သုံးရဟတ်ယာဉ်များမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များရှိရာ ဒေသများ ထိန်းချုပ်ရာတွင် ခြေလျင်တပ်များကို အထောက်အပံ့ပေးရန် လေကြောင်း စစ်ဆင်ရေးအတွက် အားဖြည့်ခြင်း ဖြစ်သည်ဟု လေ့လာသူများက ပြောဆိုသည်။

“Mi-24 ရဟတ်ယာဉ်တွေ ဝယ်တဲ့ အဓိက အကြောင်းကတော့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကို နှိမ်နင်းဖို့ပါပဲ” ဟု လေတပ်နှင့် နီးစပ်သူကလည်း ပြောသည်။

မြန်မာ့လေတပ်သည် ၁၉၅၆ ခုနှစ်တွင် ကာဝါစကီ ဘဲလ် 47G ရဟတ်ယာဉ် ၆ စီးကို ဂျပန်မှ ဝယ်ယူခဲ့သည်။ ၁၉၇၅ ခုနှစ်တွင် မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းရေး အစီအစဉ်အတွက် အမေရိကန်မှ ဘဲလ် 205A-1 ရဟတ်ယာဉ် ၁၈ စီး ထောက်ပံ့ ပေး အပ်ခဲ့သည်။ ထို့နောက်ပိုင်း အဆင့်ထပ်မံ မြှင့်တင်နိုင်ခြင်း မရှိခဲ့ပေ။

ထို့နောက် စစ်အစိုးရသည် ရဟတ်ယာဉ် အစီး ၇၀ ခန့် ထပ်မံ ဝယ်ယူခဲ့ပြီး ယင်းတို့အနက် တချို့ကို အသုံးပြုနေဆဲ ဖြစ်သည်။ အများအားဖြင့် ယင်းရဟတ်ယာဉ်များကို ရန်ကုန်တိုင်းရှိ မှော်ဘီ၊ ရှမ်းပြည်နယ်ရှိ နမ့်ဆမ်၊ ပဲခူးတိုင်းရှိ တောင်ငူ လေတပ် အခြေစိုက် စခန်းများနှင့် မန္တလေးတိုင်းရှိ မိတ္ထီလာ မြေပြင် လေ့ကျင့်ရေး လေတပ် အခြေစိုက် စခန်းများတွင် ဖြန့်ကျက် ထားရှိသည်။

၂၀၀၁ ခုနှစ်တွင် Mi-17 ရဟတ်ယာဉ်တစီး ပျက်ကျခဲ့ရာ ဒုတိယ ဗိုလ်ချုပ်ကြီး တင်ဦး အပါအဝင် အဆင့်မြင့် အရာရှိများ သေဆုံးခဲ့သည်။

ယခုနှစ် ဇွန်လအတွင်းကလည်း ပင်းဒယမြို့နယ်အနီးတွင် တောင်ငူ လေတပ်စခန်းမှ Mi-2 ရဟတ်ယာဉ်တစီး ပျက်ကြခဲ့ရာ လေးဦး သေဆုံး ခဲ့သေးသည်။

လေတပ်ကို မြန်မာနိုင်ငံ လွတ်လပ်ရေးမရမီ ၁၉၄၇ ခုနှစ်ကတည်းက စတင် တည်ထောင်ခဲ့သည်။ မြန်မာပြည် မြောက်ပိုင်းတွင် တောခို သွားသည့် ဗမာပြည် ကွန်မြူနစ်ပါတီ တပ်ဖွဲ့များကို ခြေမှုန်းခဲ့ပြီး ကရင်အမျိုးသား အစည်းအရုံး(KNU) အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များကို ခြေမှုန်း တိုက်ခိုက်ခဲ့သည်။

Ref: ဧရာဝတီ်

Read More...

ပြည်တွင်း၌ ဒေါ်လာဈေး ဆက်တိုက်ကျဆင်း

မျိုးဝင်းဇော်
၀၈ စက်တင်ဘာ ၂၀၁၀

ပြည်တွင်းဝယ်လိုအားနည်းပြီး သွင်းကုန်လုပ်ငန်းများ ရပ်ဆိုင်းနေခြင်းကြောင့် ဒေါ်လာ ဝယ်လိုအား နည်းကာ ဈေးနှုန်း ဆက်တိုက် ကျဆင်းနေကြောင်း ဈေးကွက် အတွင်းမှ စုံစမ်း သိရသည်။

ရွှေဘုံသာလမ်းမှ ဒေါ်လာ ရောင်းဝယ်သူတဦးက “ကျနော်တို့ဆီ ပုံမှန်ယူနေကျ၊ သွင်းကုန် လက်ကြီးသမားတွေ အဝယ် ရပ်ထားတာကြောင့် ဒေါ်လာဈေး ဆက်တိုက် ကျနေတယ်။ ပြီးခဲ့တဲ့ (၁၅) ရက်အတွင်း တဒေါ်လာ ကျပ် (၁,ဝဝဝ) ဝန်းကျင်ကနေ ဒီနေ့ ကျပ် (၉၄ဝ) ပဲ ရှိတော့တယ်။ နေ့တိုင်း တနေ့ (၅) ကျပ် (၁ဝ) ကျနေတယ်။ ဆက်ပြီး ကျဖို့လည်း ရှိနေတယ်” ဟု ပြောသည်။

ဈေးကွက်ထဲတွင် ဒေါ်လာငွေဈေးအပြင် နိုင်ငံခြား ပို့ကုန်ရငွေ တန်ဖိုးနှင့် အက်ဖ်အီးစီတန်ဖိုးလည်း ဆက်တိုက် ကျဆင်းနေကာ ပြီးခဲ့သည့် သြဂုတ် (၂၇) ရက်တွင် တဒေါ်လာ (၁,ဝဝ၃) ကျပ် ဈေးပေါက်ခဲ့သည့် နိုင်ငံခြား ပို့ကုန် ရငွေ ဈေးနှုန်းမှာ ယနေ့ ကျပ် (၉၅ဝ) အောက်သာ ရှိသည်။ အက်ဖ်အီးစီ ဈေးနှုန်းမှာလည်း တယူနစ် (၇၈ဝ) ပတ်ဝန်းကျင်ဖြင့် စံချိန်တင် ကျဆင်းနေပြီး ဝယ်သူ မရှိသလောက် ဖြစ်နေကြောင်း သိရသည်။

ပြည်ပသို့ ငါးပုစွန် တင်ပို့နေသည့် အအေးခန်းစက်ရုံပိုင်ရှင်တဦးက “ပြည်ပပို့ကုန်ရငွေ တန်ဖိုးတွေ ကျဆင်းရင် ပထမဦးဆုံး ထိခိုက်တာ ကျနော်တို့ ပို့ကုန်လုပ်ငန်းရှင်တွေပဲ။ ခု ဈေးနှုန်းနဲ့ဆို ပြည်တွင်း ထုတ်လုပ်မှုကုန်ကျစရိတ်၊ အခွန် (၁ဝ) ရာခိုင်နှုန်း ပေါင်းလိုက်ရင် ပို့ကုန်လုပ်ငန်းဟာ အရှုံးတောင် ပေါ်နေပြီလို့ ဆိုနိုင်တယ်။ တဖက်မှာတော့ ပြည်တွင်းမှာ ကျနော်တို့ သုံးရတဲ့ ထုတ်လုပ်ရေး ကုန်ကျစရိတ်တွေက ကျဆင်းမသွားဘူး” ဟု ရှင်းပြသည်။

ယခုကဲ့သို့ နိုင်ငံခြားငွေတန်ဖိုး ကျဆင်းလာသည့်အတွက် ပြည်တွင်း၌ နိုင်ငံခြားငွေနှင့် လုပ်ခလစာ ရရှိသူများပင် ထိခိုက်လာကြောင်း သိရသည်။

အိုင်အန်ဂျီအိုတခုတွင် အေအိုင်ဒီအက်စ်ရောဂါ ကူညီစောင့်ရှောက်ရေး လုပ်နေသူတဦးက ၎င်းအနေဖြင့် တလ ဒေါ်လာ (၃ဝဝ) ရကြောင်း၊ အဆိုပါ ငွေပမာဏကို များသည်ဟု ထင်ကြမည် ဖြစ်ကြောင်း၊ လက်ရှိ ဒေါ်လာငွေ လဲနှုန်းဖြင့် ဆိုပါက တလ ကျပ် (၂) သိန်း (၈) သောင်းခန့် ရှိသော်လည်း ပြည်တွင်း ကျပ်ငွေဖြင့် ဝယ်ယူသုံးစွဲရသည့် ကုန်ဈေးနှုန်း အရပ်ရပ် မကျခြင်းကြောင့် လူနေမှုစရိတ် မြင့်မားပြီး အကြွေး မတင်ရုံသာ ရှိကြောင်း ပြောသည်။

အလားတူ နိုင်ငံခြားတွင် အလုပ်သွားလုပ်နေသူများ၏ မြန်မာပြည်တွင်း ငွေလွှဲပို့ရာမှ ရရှိမည့် ဝင်ငွေလည်း နည်းသွားသည့် အတွက် အဆိုပါငွေကို မှီခို စားသောက် နေကြသည့် မိသားစုများ အခက်အခဲ တွေ့နေကြကြောင်းလည်း သိရသည်။

ယခုကိစ္စနှင့်ပတ်သက်၍ ပြည်တွင်းမှ စီးပွားရေးပညာရှင်တဦးက “ဒေါ်လာငွေနဲ့ အခြားနိုင်ငံခြားငွေ တန်ဖိုး ကျတယ်ဆိုတာ အဲဒီ ငွေတွေနဲ့ နှိုင်းယှဉ်တဲ့ မြန်မာကျပ်ငွေ တန်ဖိုး တက်တယ်လို့ ပြောနိုင်တယ်။ မြန်မာကျပ်ငွေ တန်ဖိုး အမှန်တကယ် တက်တယ်ဆိုရင် မြန်မာကျပ်ငွေနဲ့ ဝယ်ယူနိုင် စွမ်းအားလည်း လိုက်ပါ မြင့်တက်လာဖို့ လိုတယ်။ အဓိပ္ပာယ်ကတော့ မြန်မာကျပ်ငွေနဲ့ သတ်မှတ်တဲ့ ကုန်ပစ္စည်းဈေးနှုန်း လုပ်အားခတွေ ကျဆင်းလာရမယ့် သဘောဖြစ်တယ်” ဟု ပြောသည်။

ယခုကဲ့သို့ ကုန်စည်ဈေးနှုန်း ကျဆင်းခြင်းမရှိဘဲ နိုင်ငံခြားငွေ တန်ဖိုးကျပါက မိသားစု တစုချင်းအပြင် စီးပွားရေး နယ်ပယ် တို့တွင်လည်း ထိခိုက်မှုများ ရှိလာမည် ဖြစ်ကြောင်း၊ လက်ရှိတွင် ပြည်တွင်း ဝယ်လိုအား မရှိသဖြင့် သွင်းကုန် လုပ်ငန်းများ ကျဆင်းကာ တဆက်တည်း ဒေါ်လာနှင့် ပို့ကုန်တန်ဖိုး လိုက်ပါ ကျဆင်းခြင်း၊ ထို့ပြင် ပို့ကုန်မှ ရသည့် ဝင်ငွေမှာလည်း နည်းသွားပြီး ထုတ်လုပ်ရေးနှင့် လုပ်ငန်းများ တွက်ခြေ မကိုက်တော့သဖြင့် ပြည်သူများ ဝင်ငွေနည်းပြီး ဝယ်လိုအား တဖန်ကျဆင်းခြင်း ဆိုသည့် ဆိုးကျိုးသံသရာ လည်နေခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

လက်ရှိ မြန်မာပြည်တွင်းတွင် ခိုးကားများကို အခွန်ဆောင်ပြီး လိုင်စင်ဝင်၊ လိုင်စင်ရ ကားများကို ရန်ကုန်တင်ပို့ ရောင်းချသည့် လုပ်ငန်း တခုသာ တွင်ကျယ်နေပြီး အဆိုပါ လိုင်စင်လုပ်ငန်းမှ အစိုးရအနေဖြင့် အခွန်ငွေ ကျပ် ဘီလီယံနှင့်ချီ ရရှိနေခြင်း သည်လည်း ဈေးကွက်အတွင်း ကျပ်ငွေရှားပါးမှုကို ဖြစ်ပေါ်စေကာ ဒေါ်လာဈေး ကျဆင်းရသည့် အကြောင်း အချက်များအနက် တချက်ဖြစ်ကြောင်း အဆိုပါ စီးပွားရေးပညာရှင်က သုံးသပ်သည်။

Ref: ခေတ်ပြိုင်

Read More...

Wednesday, September 8, 2010

ရွှေဝါရောင်စိတ်ဓာတ် ရှင်သန်နေဆဲ

မခင်ဖြူထွေး
အင်္ဂါ, 07 စက်တင်ဘာ 2010

လာမယ့် စက်တင်ဘာလ ၂၆ ရက်နေ့ဆိုရင် မြန်မာနိုင်ငံမှာ မေတ္တာပို့ ဆန္ဒထုတ်ဖော် ခဲ့ကြတဲ့ သံဃာတော်တွေကို စစ်တပ်က ရက်ရက်စက်စက် ပစ်ခတ် နှိမ်နင်းခဲ့တာ ၃ နှစ် ပြည့်ပါတော့မယ်။ ၃ နှစ် ကြာလာပြီ ဖြစ်ပေမဲ့ ပြည်သူတွေရဲ့ ရင်ထဲမှာ ရွှေဝါရောင် စိတ်ဓာတ် ရှိနေဆဲပဲလို့ သံဃာ့ လှုပ်ရှားမှုတွေကို ဦးဆောင်တဲ့ ဆရာတော်တွေက မိန့်ပါတယ်။ ရဟန်းရှင်လူ ပြည်သူတွေ သွေးမြေ ကျခဲ့တဲ့ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုရဲ့ အရှိန်က ၃ နှစ်အကြာမှာ ဘယ်လောက် အတိုင်းအတာအထိ ရှိနေပါသေးလဲ ဆိုတာ သိရဖို့ မြန်မာနိုင်ငံက သံဃာ့ လှုပ်ရှားမှုတွေမှာ ကိုယ်တိုင် ပါဝင်ခဲ့တဲ့ သံဃာတော် ၂ ပါးကို တွေ့ဆုံမေးမြန်းထားတဲ့ မခင်ဖြူထွေးက အပြည့်အစုံ တင်ပြ ပေးထားပါတယ်။

လွန်ခဲ့တဲ့ ၃ နှစ်၊ ၂၀၀၇ ခုနှစ်က အခုလို စက်တင်ဘာလထဲမှာပဲ သံဃာတော်တွေ ဦးဆောင်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတဲ့ လူထု ဆန္ဒပြပွဲတွေကို မြန်မာ စစ်အစိုးရက ရက်ရက်စက်စက် သတ်ဖြတ် ချေမှုန်းခဲ့တာပါ။ ဒီလို ရဟန်းရှင်လူတွေ သွေးမြေ ကျခဲ့တဲ့ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုကို ပြည်သူတွေက မေ့လျော့ သွားကြပါပြီလား၊ စက်တင်ဘာ သံဃာ့လှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ လက်ရှိ သံဃာ့တပ်ပေါင်းစု အဖွဲ့ရဲ့ ပြည်ပတာဝန်ခံ ဆရာတော် အရှင် ပညာဇောတက အခုလို မိန့်ပါတယ်။

“ရဟန်းသံဃာတော်တွေက ဒီနေ့အထိ သူတို့ရဲ့ ရင်ထဲ နှလုံးသားထဲမှာ ကိန်းအောင်းနေတုန်း ရှိနေသေးတယ် ဆိုတာကို ဦးဇင်းတို့ သိရတယ်၊ ကြားရတယ်။ ထို့အတူပဲ တချိန်ချိန်မှာတော့ သံဃာတော်များဟာ ပြန်ပြီး ပေါ်ထွက် လာလိမ့်မယ်လို့ လူတွေကလည်း သံဃာတော်တွေရဲ့ အပေါ်မှာ ယုံကြည်မှုတွေ ရှိနေတယ်။ ဒါကြောင့် အခုချိန်မှာ နအဖ အစိုးရကတော့ ညှဉ်းပန်း နှိပ်စက်မှုတွေ၊ ဖိနှိပ်မှုတွေ၊ စောင့်ကြည့်မှုတွေ ရှိနေတဲ့ ကြားထဲကပဲ သံဃာတော်တွေက လှုပ်ရှားမှုတွေ ရှိနေတာ တွေ့ရတဲ့ အတွက်ကြောင့်၊ လူတွေကလည်း မျှော်လင့်နေတယ် ဆိုတဲ့ဟာတွေ ကြားရတဲ့ အတွက်ကြောင့် ဒီအပေါ်မှာ ဒီနေ့အထိ စိတ်ဝင်စားမှု ရှိနေသေးတယ်၊ လျော့မသွား သေးဘူးလို့ ဦးဇင်းတို့ အဲဒီလို သိပါတယ်။”

စက်တင်ဘာ သံဃာ့လှုပ်ရှားမှု ဖြစ်ပွားပြီးကတည်းက စလို့ သံဃာတော်တွေရဲ့ လှုပ်ရှားမှုတွေကို ကန့်သတ် ချုပ်ချယ်မှုတာတွေ အဆက်မပြတ် ရှိခဲ့သလို ခုချိန်ထိလည်း လျော့မသွားသေးတဲ့ အကြောင်းကိုတော့ စက်တင်ဘာ သံဃာ့လှုပ်ရှားမှု ဦးဆောင် ဆရာတော်တပါး ဖြစ်တဲ့ အရှင် ဂေါသိတက အခုလို မိန့်ပါတယ်။

“ကန့်သတ်မှုတွေကတော့ အများကြီးပါ။ အခုလို စက်တင်ဘာ နီးလာလေလေ ကန့်သတ်မှုတွေ များလာ လေလေပဲ။ သံဃာ တော်တွေကို ဟိုမသွားရ၊ ဟိုမလာရ၊ ဒီမသွားရ၊ ဒီမလာရဆိုတဲ့ ပိတ်ဆို့မှုတွေတော့ များတယ်။ ဒါပေမဲ့ ဘယ်လိုပင်၊ ဘယ်လောက်ပင် များပါစေ၊ အထဲထဲမှာ ဦးဇင်းတို့နဲ့ လုပ်ဖော်ကိုင်ဘက်တွေက သူတို့ တတ်နိုင်တဲ့ နေရာက၊ သူတို့ တတ်နိုင်တဲ့ဘက်က တိုင်းပြည်အတွက်၊ ကိုယ့်ရဲ့ ဒကာ၊ ဒကာမတွေအတွက်၊ သာသနာအတွက် လုပ်နေတယ် ဆိုတာကိုတော့ ဦးဇင်း ပြောချင်ပါတယ်။”

မြန်မာစစ်အစိုးရက သံဃာတော်တွေအပေါ် ဘယ်လိုပဲ ကန့်သတ်မှုတွေ လုပ်လုပ် မြန်မာနိုင်ငံက ရဟန်းရှင်လူ ပြည်သူတွေ ကြားမှာတော့ ရွှေဝါရောင် စိတ်ဓာတ် အလွယ်တကူ ပျောက်သွားမှာ မဟုတ်သလို ပြည်တွင်း ပြည်ပက သံဃာတော်တွေရဲ့ လှုပ်ရှားမှုတွေ ဆက်ပြီး ရှိနေသေးတယ်လို့လည်း ဒီဆရာတော် ၂ ပါးစလုံးက မိန့်ပါတယ်။

အခုချိန်မှာ မြန်မာစစ်အစိုးရက ရွေးကောက်ပွဲတွေ ကျင်းပဖို့ ပြင်ဆင်နေသလို ရွေးကောက်ပွဲတွေဟာ လွတ်လပ် တရားမျှတပြီး အများ ပါဝင်နိုင်ခြင်း မရှိတာကြောင့် ဒီရွေးကောက်ပွဲတွေတွေကို လက်မခံကြောင်းနဲ့ ခုလိုချိန်မှာ သံဃာတော်တွေရဲ့ အခန်းကဏ္ဍက အရေးကြီးတယ်လို့လည်း အရှင် ပညာဇောတက အခုလို မိန့်ပါတယ်။

“ရွှေဝါရောင်က အရှိန်တွေဟာ ဒီနေ့အထိ ရှိနေတုန်းပါပဲ။ ပြည်သူ ပြည်သားတွေကလည်း သံဃာတော်တွေက ဘာပြောသလဲ၊ သံဃာတော်တွေက ဘာလုပ်နေလဲ ဆိုတာကို သံဃာတော်တွေရဲ့ အပေါ်မှာ ပြည်သူတွေက မျှော်လင့် နေကြတယ်၊ စိတ်ဝင်စား နေကြတယ်။ ထို့အတူပဲ သံဃာတော်များကလည်း အခြေအနေ ပေးလာရင် ပေးလာတာနဲ့အမျှ လုပ်ဖို့ ပြင်ဆင်တာတွေ ရှိတယ်။

“ဒါကြောင့် ဒီနေ့ ဒီကာလမှာဆိုရင် သံဃာတော်တွေရဲ့ အခန်းကဏ္ဍဟာ တော်တော် အရေးကြီးပါတယ်။ ဘာကြောင့်လဲ ဆိုရင် ရွေးကောက်ပွဲ နီးနေပြီ။ ရွေးကောက်ပွဲ နီးနေတဲ့ အချိန်မှာ သံဃာတော်တွေက မက်ဆေ့ခ်ျ ပေးနိုင်ရပါမယ်၊ ဒီအချိန်မှာ။ ဘာကြောင့်လဲဆိုရင် ပြည်သူ ပြည်သားတွေက သံဃာတော်တွေရဲ့ စကားကို နားစွင့်နေတယ်။ ဒါကြောင့် ဒီနေ့ ဒီအချိန်မှာ နအဖလုပ်မယ့် ရွေးကောက်ပွဲမှာ ဘယ်နည်းနဲ့မှ မဲမပေးသင့်ပါဘူး။ ဒီလို မဲမပေးသင့်ဘူးဆိုတဲ့ အကြောင်းကို သံဃာတော်များကလည်း ဟောပြောဖို့၊ သွန်သင်ဖို့၊ ညွှန်ပြဖို့ လိုသလို ပြည်သူများကလည်း စစ်အစိုးရက သူ အာဏာတည်မြဲရေးအတွက် လုပ်မယ့်မဲကို လုံးဝ မဲမပေးဘဲနဲ့ သပိတ်မှောက်ဖို့ ပြောချင်ပါတယ်။

“ဒါဟာ ရွှေဝါရောင်ကို သက်သေထူတာ ဖြစ်သလို ၁၉၈၈ ခုနှစ်က ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေကိုလည်း သက်သေထူတာ ဖြစ်တယ်။ ဒါကြောင့် မဲမပေးဘဲ နေဖို့ သံဃာများရဲ့ကိုယ်စား ပြည်သူတွေကိုလည်း မေတ္တာရပ်ခံချင်ပါတယ်။ သံဃာတော် များကလည်း ဟောပြော ပေးဖို့အတွက် လျှောက်ထား ချင်ပါတယ်။”

စက်တင်ဘာ သံဃာ့လှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်ခဲ့ပြီး လက်ရှိ သံဃာ့တပ်ပေါင်းစု အဖွဲ့ရဲ့ ပြည်ပတာဝန်ခံ ဆရာတော် အရှင် ပညာဇောတ မိန့်ကြားသွားတာ ဖြစ်ပါတယ်။

၂၀၀၇ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့က ပခုက္ကူမြို့မှာ သံဃာတော် အပါး ၅၀၀ ကျော် မေတ္တာပို့ လမ်းလျှောက် ဆန္ဒပြနေတာကို စစ်အစိုးရ အာဏာပိုင်တွေက ရိုက်နှက် ဖြိုခွဲမှုတွေ လုပ်ခဲ့ရာကနေ မြန်မာနိုင်ငံအနှံ့ ရဟန်းရှင်လူ ပြည်သူတွေ မခံ မရပ်နိုင်ဖြစ်ပြီး ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့တာပါ။ ဒီဆန္ဒပြမှုတွေကို မြန်မာစစ်အစိုးရက အင်အားသုံးပြီး အကြမ်းဖက် နှိမ်နင်းမှုတွေ လုပ်ခဲ့တာ ဖြစ်ပါတယ်။

Ref: VOA News

Read More...

ဂန္ဓာလရာဇ်သွား ဗိုလ်သန်းရွှေ

ရဲဘော်ဖိုးသံချောင်း

၀၇ စက်တင်ဘာ ၂၀၁၀

ဗိုလ်သန်းရွှေတယောက် ကုလားပြည် သွားပြီးနောက် တရုတ်ပြည်ဆီကို ကူးပြန်ပြီ။ (၇၀) ကျော်၊ (၈၀) နီးပါးကြီး တယ်လဲ ခရီး ထွက်လှပါကလား။ ပုံမှန် အခြေအနေ ဆိုရင်တော့ ကုလားပြည်နဲ့ တရုတ်ပြည် ဆိုတဲ့ နိုင်ငံကြီး နှစ်ခုအကြား တည်ရှိနေပြီး အဲဒီအချက်ကို အခွင့်ကောင်းယူ လှုပ်ရှား လုပ်ကိုင်နေသူမို့ ဒီလို ကူးလား သန်းလားလုပ်တာဟာ မဆန်းဘူးလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် ပြောစရာ ဖြစ်နေတာက အချိန်ကာလပါ။ ရွေးကောက်ပွဲနဲ့ ဒါလောက်နီးနေတဲ့ အချိန်ကျမှ သွားတာ ဖြစ်နေတော့ သံသယဖြစ်မှုတွေ အများကြီး ပေါ်ထွက်တော့တာပါပဲ။ လျှို့ဝှက် လုပ်ကိုင်တာ၊ နိုင်ငံတကာနဲ့ ကိုယ့်ပြည်သူ လူထုကို အမှန် အတိုင်း မပြောဘဲ စဉ်းစားခိုင်းထားရတာ အပေါ်မှာ အကျေနပ်ကြီး ကျေနပ်လေ့ရှိတဲ့ နအဖ ဗိုလ်ချုပ်တွေရဲ့ လုပ်နည်း လုပ်ဟန်အတိုင်းမို့ သို့လော-သို့လောတွေ အပုံအပင်ဖြစ်နေတာ တွေ့ရပါတယ်။

ဒီခရီးမှာ သူတို့ဟာ တရုတ်ခေါင်းဆောင်တွေကို သူတို့ရဲ့ ရွေးကောက်ပွဲ အကြောင်း ထုံးစံအတိုင်း ဗာရာဏသီ ချဲ့ပြီး ရှင်းပြမှာ သေချာပါတယ်။ ဒါပေမယ့် တရုတ်ခေါင်းဆောင် တွေဟာ ဗိုလ်သန်ရွှေ ရှင်းမပြလည်း ဒီရွေးကောက်ပွဲကို ဆန့်ကျင်မှာ မဟုတ်ဘူး ဆိုတာကိုလည်း နအဖ ခေါင်းဆောင်တွေက သိပြီးသား ဖြစ်ပါတယ်။ တခါတရံတော့ သံသမန်လုပ်ငန်း ဆိုတာဟာ ဟန်ဆောင် တာတွေချည်း ပါလားလို့တောင် ထင်စရာ ဖြစ်စေပါတယ်။ ဘာပဲပြောပြော ဗိုလ်သန်းရွှေ အခုလို သွားလိုက်တော့ ဟိုခေါင်းဆောင်တွေရဲ့ ပါးစပ်က ပြောတာကို နားနဲ့ ဆက်ဆက်ကြားရတယ် ဖြစ်မှာပေါ့။ ဟိုလူကြီးတွေ အဖို့တော့ ဒီရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဘာမှ မပြောဘဲ မသိလိုက် မသိဘာသာ နေလိုက်မယ် ဆိုတာမျိုး လုပ်လို့ မရတော့ဘူး ဖြစ်သွားမှာ သေချာပါတယ်။

ဒီခရီးစဉ်မှာ ဗိုလ်သန်းရွှေအနေနဲ့ တရုတ်ခေါင်းဆောင်တွေကို “ခင်ဗျားတို့ စောင့်ကြည့်ပါ၊ ကြံ့ဖွံ့ပဲ နိုင်မှာပါ” လို့ ပြောမပြော သိချင်စရာတော့ ကောင်းပါတယ်။ စကားပြောရင်း လေရလာ၊ အရှိန်ရလာရင်တော့ ပြောထွက် သွားနိုင်ပါတယ်။ ဘာပဲပြောပြော ဗိုလ်သန်းရွှေတို့က ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ သူ့ရဲ့ခရီးစဉ်ဟာ နောက်တက်မယ့် အစိုးရအတွက် တင်ကြိုပြီး ရွှေလမ်းဖောက်တဲ့ အဓိပ္ပာယ်တော့ မုချဖြစ်မှာပါ။ စဉ်းစားရမှာက “ကျနော်တို့မရှိလည်း နောက်တက်မယ့် ကျနော့် လူတွေကိုလည်း ကျနော့်လိုပဲ သဘောထား အားပေးပါ” လို့ ပြောမလား၊ နောင်မှာ “ကျနော်တို့ကို တောင်ရှည်ပုဆိုးနဲ့ တွေ့ရင်လည်း အခု ယူနီဖောင်း ၀တ်ထားသလိုပဲ ဆက်ဆံပါ၊ အားပေးပါ” လို့ ပြောလေမလား ဆိုတဲ့အချက်ပါ။ ဒါကြောင့်မို့ ဒီတခေါက် ဗိုလ်သန်းရွှေရဲ့ ခရီးစဉ်မှာ ခေါ်သွား သူတွေထဲမှာ နောက်တက်မယ့် အစိုးရရဲ့ ထိပ်သီးတွေ ပါနိုင်တယ်လို့ အကဲခတ်တွေက တွက်ပြီး စောင့်ကြည့် နေကြပါတယ်။ ဗိုလ်နေ၀င်း၊ ဗိုလ်အောင်ကြီးတို့က အစ မြန်မာပြည်က စစ်အုပ်စု အဆက်ဆက်ရဲ့ သဘောကို လက်ဖ၀ါးပေါ် တင်ကြည့်သလို သဘောပေါက်နေတဲ့ တရုတ်ခေါင်းဆောင်တွေ ကတော့ ပြုံးပဲနေလိမ့်မယ်လို့ ယူဆရပါတယ်။

ဗိုလ်သန်းရွှေတို့ဟာ အခုလိုအခြေအနေမှာ အမေရိကန်ရဲ့ထောက်ခံမှုကို အသေအလဲ လိုချင်နေတာ ဖြစ်ပေမယ့် သူတို့ဟာ တရုတ်ဆိုတဲ့ ညာဘက်လက်ထဲက ကိုင်းကို တခဏမှ လက်မလွှတ်ပါကြောင်း၊ အမေရိကန်နဲ့ တရုတ်တို့ အကြားမှာ ခလောက်ဆန်လိုစိတ်၊ ကစားလိုစိတ် မရှိကြောင်း သိအောင် တရုတ်ခေါင်းဆောင်တွေ သိအောင် တနည်းနည်းနဲ့ ပြောမယ်လို့ ယူဆရပါတယ်။ အလားတူပဲ ဗိုလ်သန်းရွှေတို့ဟာ ကုလားနဲ့ တရုတ်အကြား အောင်သွယ်တော် အခန်းက ပါမှာလည်း မဟုတ်တာ သေချာပါတယ်။ သူ့ကြောင့် အဲဒီနိုင်ငံကြီးနှစ်ခု ပြဿနာတက်တာ မဖြစ်အောင်ပဲ အစွမ်းကုန် ကြိုးစားပါလိမ့်မယ်။

အားလုံးစိတ်ဝင်စားနေကြတဲ့ နောက်တချက်ကတော့ နယ်ခြားစောင့်တပ်လုပ်ရေးကို လက်မခံသေးတဲ့ အပစ်ရပ် အဖွဲ့တွေရဲ့ ကိစ္စ ဖြစ်ပါတယ်။ ဒီကိစ္စကို တရုတ်ခေါင်းဆောင်တွေ စိုးရိမ် ပူပန်နေကြတာ ကတော့ အမှန်ပါပဲ။ စက်တင်ဘာ (၁) ရက်နေ့ နောက်ဆုံးဆိုပြီး ပြောလိုက် ကတည်းက နယ်စပ်တလျှောက် တရုတ်ဘက်မှာ ဖြစ်ပေါ်လာနိုင် ကောင်းတဲ့ ဒုက္ခသည် ကိစ္စအတွက် အကြီးအကျယ် အလုပ်တွေ ရှုပ်ကုန်တာကို ကြည့်ရင် တရုတ်တွေဘက်က ပူပန်မှုကို သဘောပေါက် နိုင်ပါတယ်။ နအဖ ခေါင်းဆောင်တွေကလည်း တရုတ်ဘက်က ခေါင်းဆောင်တွေ မြန်မာပြည်ကို လာရင်ဖြစ်စေ၊ သူတို့ ခေါင်းဆောင်တွေ တရုတ်ပြည်ကို သွားရင်ဖြစ်စေ ဒါဟာ တရုတ်-မြန်မာနယ်စပ်က အပစ်ရပ် အဖွဲ့တွေကို ချေမှုန်းခွင့် ကိစ္စကို ပြောကြတာပဲ၊ မကြာခင်ချတော့မယ် ဆိုတဲ့ သတင်းမျိုးတွေ လွှင့်လေ့ရှိတာကိုလည်း အခုနောက်ပိုင်းမှာ အတော် တွေ့နေ၊ ကြားနေရပါတယ်။

ဒီတော့ ဒီခရီးစဉ်မှာ အဲဒီကိစ္စကို ဗိုလ်သန်းရွှေတို့အနေနဲ့ တခုခုပြောကိုပြောရမှာ သေချာပါတယ်။ လက်ရှိ အခြေအနေ အရတော့ နအဖ စစ်ဗိုလ်တွေအနေနဲ့ ပြောတဲ့အခါမှာ မာမာ မပြောလောက်ဘူးလို့ပဲ တွက်ရပါတယ်။ ဒါကျုပ်တို့ ပြည်တွင်းရေး ဖြစ်တယ် ဆိုတာမျိုးတောင် ပြောမှာမဟုတ်ပါဘူး။ တရုတ်ခေါင်းဆောင်တွေ စိတ်မပူအောင် ကြောင်ချေးလို အပျော့ဆွဲ ဆွဲပါလိမ့်မယ်။

ဘာပဲပြောပြော နအဖစစ်အုပ်စုကတော့ သူတို့တတွေ နိုင်ငံတကာမှာ လှုပ်ရှားလုပ်ကိုင်နိုင်ကြောင်း တကမ္ဘာလုံးကို ပြသနိုင်တယ်လို့ လက်မထောင်မှာ သေချာပါတယ်။ နောက်ပြီး ဒီနေ့လို သူတို့ခါးပိုက်ဆောင်တပ်နဲ့ ပတ်သက်ပြီး ကောလာဟလ သတင်းတွေ အမျိုးမျိုး ထွက်နေချိန်မှာ (သူတို့က တမင်လွှင့်ထားတာတွေ) ဒင်းတို့ ထိပ်သီးတတွေ “ညီညွတ်ရေးနဲ့ အသက်ရှည်ရှည် ခင်ခင်မင်မင်၊ လက်ရည်တပြင်တည်း၊ ရှေးကထက် ပိုချစ်ကြပါကြောင်း ကမ္ဘာကို ကြေညာတာလည်း ဖြစ်ပါတယ်။

နအဖရဲ့ အဲဒီမာနဟာ လာမယ့်ရွေးကောက်ပွဲပြီးလာရင် ပိုလို့သာ ထောင်လာစရာရှိပါတယ်။ ရွေးကောက်ပွဲကို ၀င်ပြီး လွှတ်တော် ထဲကနေ အဲဒီမာနကို ချိုးဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး။ စောင့်ကြည့်ပါ။ လွှတ်တော်ထဲ ရောက်သွား သူတွေသာ ခြေသုတ်ပုဆိုး မြွေစွယ်ကျိုး ဖြစ်ဖို့များပါတယ်။

ပြည်သူတွေအနေနဲ့ကတော့ တထောင့်သုံးရာငါးဆယ်ပြည့်-ရှစ်လေးလုံးအရေးတော်ပုံကြီးက ဗိုလ်နေ၀င်းကို မျက်ရည် ပေါက်ပေါက်ကျ၊ ငိုသံပါကြီးနဲ့ ကိုယ့်ယောင် ကိုယ်ဆွဲပြီး နန်းထဲက ထွက်သွားစေခဲ့တာကို ဘယ်တော့မှ မမေ့ပါဘူး။ အဲဒီအရှိန်နဲ့ တရုတ် သံရုံးအပါ သံရုံးပေါင်းစုံက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို လာတွေ့ကြတာကရော မေ့နိုင်စရာတဲ့လား။


Ref: ခေတ်ပြိုင်

Read More...

ဗိုလ်ချုပ်မှူးကြီး တရုတ် ခရီးစဉ် စတင်

ရန်ပိုင်
Tuesday, September 07, 2010

စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တရုတ်ပြည်သို့ ငါးရက်ကြာ ခရီးစဉ်အဖြစ် ယနေ့ သွားရောက်သည်။

ဗိုလ်ချုပ်မှူးကြီးသည် တရုတ်သမ္မတ ဟူကျင်းတောင်နှင့် တွေ့ဆုံကာ လက်ရှိနှစ်နိုင်ငံ ဆက်ဆံရေး ဖွံ့ဖြိုး တိုးတက်မှုများကို ပြန်လည် သုံးသပ်မည် ဖြစ်ပြီး ပြည်တွင်းရေး အခြေအနေများနှင့် သတင်း အချက်အလက်များကို အပြန်အလှန် ဖလှယ်မည်ဟု တရုတ်နိုင်ငံ ဆင်ဟွာ သတင်းတွင် ဖော်ပြထားသည်။

ထို့အပြင် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် နှစ်ဦးနှစ်ဘက် ပူးပေါင်း ဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်ပြီး ဒေသတွင်း အရေးနှင့် နိုင်ငံတကာ အရေးများတွင် အမြင်ချင်း ဖလှယ်မှုများကို ပြုလုပ်မည် ဟုလည်း ရေးသားထားသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ခရီးစဉ်သည် နှစ်နိုင်ငံနယ်စပ်ရှိ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းများကို စစ်အစိုးရက နယ်ခြားစောင့်တပ် အဖြစ် ပြောင်းလဲရန် ဖိအားပေးသည့် အချိန်နှင့်လည်း တိုက်ဆိုင်နေသည်။

“၀” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) မှ အရာရှိတဦးက “ဒီလိုအချိန်မှာတော့ တရုတ်နဲ့ ပေါင်းပြီး ဖိအား ပေးလာမှာကို အားလုံးက စိုးရိမ်နေကြတယ်”ဟု ဧရာဝတီသို့ ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းက UWSA အဖွဲ့၏ ဌာနချုပ်ရှိရာ ပန်ဆန်းမြို့နှင့် ရှမ်းပြည် အရှေ့ပိုင်း အထူးဒေသ (၄)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) အခြေစိုက်ရာ မိုင်းလားမြို့ရှိ အစိုးရ၀န်ထမ်းများကို နအဖ စစ်အာဏာပိုင်များက နေရပ်သို့ ပြန်ခိုင်းခဲ့သည့် အတွက် ဒေသခံများအကြား စိုးရိမ်မှုများ ရှိနေသည်။

တရုတ်-မြန်မာနယ်စပ် အခြေစိုက် စစ်ရေးနိုင်ငံရေး အကဲခတ် ဦးအောင်ကျော်ဇောက ဗိုလ်ချုပ်မှူးကြီး၏ ခရီးစဉ်တွင် နယ်စပ် တိုင်းရင်းသားများ၏ အရေး၊ လာမည့် ရွေးကောက်ပွဲနှင့် ပတ်သက်သည့် အခြေအနေတို့ အပြင် မကြာသေးမီက ပြုလုပ်ခဲ့သည့် စစ်တပ်အတွင်း ရာထူး အပြောင်းအလဲများနှင့် ပတ်သက်၍ ဆွေးနွေး နိုင်သည်ဟု သုံးသပ်သည်။

ထို့အပြင် မကြာမီက သွားရောက်ခဲ့သည့် အိန္ဒိယနိုင်ငံ ခရီးစဉ်နှင့်ပတ်သက်၍ တရုတ်အစိုးရ၏ စိုးရိမ်မှုကို သွားရောက် နှစ်သိမ့်ခြင်းလည်း ဖြစ်နိုင်ကြောင်း ဦးအောင်ကျော်ဇောက ဆက်လက်ရှင်းပြသည်။

ဗိုလ်ချုပ်မှူးကြီးနှင့်အတူ စစ်ဘက်၊ အရပ်ဘက် အစိုးရအရာရှိကြီး ၃၄ ဦး လိုက်ပါသွားသည်ဟု ဂျာမန် သတင်းဌာန တခု ဖြစ်သည့် DPA က ရေးသား ဖော်ပြထားသည်။

ဗိုလ်ချုပ်မှူးကြီးသည် ရှန်ဟိုင်းမြို့တွင် ပြုလုပ်နေသည့် “၂၀၁၀ ရှန်ဟိုင်း” ကုန်စည်ပြပွဲနှင့် ဂွမ်ဒေါင်းပြည်နယ်ရှိ ရှန်ကျင်း အထူး ကုန်သွယ်ရေး ဇုန်ကိုလည်း သွားရောက်မည်ဟု ဆင်ဟွာ သတင်းက ဖော်ပြသည်။

ပြီးခဲ့သည့် ဇွန်လအတွင်းက တရုတ်ဝန်ကြီးချုပ် ၀မ်ကျားပေါင်သည် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ခဲ့ရာ စစ်အစိုးရနှင့် စီးပွားရေး ဆိုင်ရာ သဘောတူညီချက် ၁၅ ချက် လက်မှတ်ရေးထိုးခဲ့ပြီး ရခိုင် ကမ်းလွန်ဒေသမှ ထွက်သည့် သဘာဝ ဓာတ်ငွေ့ များကို သယ်ယူမည့် ပိုက်လိုင်းစီမံကိန်း၊ ရေအားလျှပ်စစ် စက်ရုံများ တည်ဆောက်ခြင်း စသည့် ကဏ္ဍတို့ ပါဝင်သည်။

ဝမ်ကျားပေါင်၏ ခရီးစဉ်တွင် တရုတ်-မြန်မာ သံတမန် ဆက်ဆံရေး ထူထောင်ခဲ့သည့် နှစ် ၆၀ ပြည့် အထိမ်းအမှတ် အဖြစ် ရန်ကုန်မြို့၌ တရုတ်နိုင်ငံ အကူအညီဖြင့် တည်ဆောက်ထားသော အပြည်ပြည်ဆိုင်ရာ ညီလာခံ ခန်းမ လွှဲပြောင်းပေးခြင်း အခမ်းအနားကို နှစ်နိုင်ငံ ၀န်ကြီးချုပ်များ တက်ရောက် ဖွင့်လှစ်ခဲ့သည်။

မြန်မာ့ကုန်သွယ်ရေးကဏ္ဍတွင် တရုတ်ပြည်သည် ထိုင်းနှင့် စင်ကာပူပြီးလျှင် တတိယအကြီးဆုံး ကုန်သွယ်ဖက် နိုင်ငံ တခု အဖြစ်ရှိပြီး ၂၀၀၉ ခုနှစ်တွင် နှစ်နိုင်ငံ ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၃ ဘီလီယံ နီးပါးရှိကာ ရင်းနှီးမြုပ်နှံမှုကဏ္ဍ တွင် ယခုနှစ် ဇန်န၀ါရီလ အထိ အမေရိကန်ဒေါ်လာ ၁ ဒဿမ ၈ ဘီလီယံ ရှိသည်ဟု ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။

မကြာသေးမီ နှစ်များက စတင်၍ တရုတ်နှင့် မြန်မာသည် ရေအားလျှပ်စစ်၊ စွမ်းအင်၊ သတ္တု တူးဖော်ရေး၊ ဆက်သွယ်ရေး၊ ငါးဖမ်း လုပ်ငန်း၊ ထုတ်ကုန်လုပ်ငန်းနှင့် အခြေခံ အဆောက်အဦများ၊ ယဉ်ကျေးမှု၊ သတင်းနှင့် အားကစားကဏ္ဍ တို့တွင် ပိုမို ပူးပေါင်း ဆောင်ရွက်လာသည်။

Ref: ဧရာဝတီ်

Read More...

အပစ်ရပ်များအရေး အန်အယ်ဒီ ခရီးဆက်မည်

ဖနိဒါ
အင်္ဂါနေ့၊ စက်တင်ဘာလ ၀၇ ရက် ၂၀၁၀

ချင်းမိုင် (မဇ္စျိမ)။ ။ စည်းရုံးရေး ခရီးစဉ်များအပြီး အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် များနှင့် ရွေးကောက်ပွဲ ဆိုင်ရာ နည်းဥပဒေများ အရေး ရှင်းလင်းမည့် ခရီးစဉ်များကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လာမည့် ရက်ပိုင်းအတွင်း စတင်တော့မည် ဖြစ်သည်။

ပထမအဆင့်အဖြစ် လူထုစည်းရုံးရေး ခရီးစဉ်များကို နိုင်ငံတဝှန်း သွားရောက်ခဲ့ပြီးနောက် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်၏ မှာကြားချက်အရ ဒုတိယအဆင့်အဖြစ် ယခုခရီးစဉ်ကို သတ်မှတ်ကာ ခရီးစဉ်သစ်များ စတင်ရန် NLD က စီစဉ်လိုက်ခြင်း ဖြစ်သည်။

တိုင်းရင်းသားအရေးနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထား၊ အနာဂတ် လူငယ် မျိုးဆက်သစ် တွေနဲ့ ပတ်သက်လို့ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထား၊ အဲဒါတွေ ပြည်သူသိအောင် အကျေအလည် ချပြမယ့် အစီအစဉ်ပါ။ ဒီသတင်း စကားတွေ ပေးမှာ။ ပထမ အသုတ်က စည်းရုံးရေး ဆန်တာပေါ့။ အင်အားကို ချိန်ဆကြည့်တာ။ ဒုတိယ ခရီးစဉ်က နိုင်ငံရေး လုပ်ငန်း သက်သက် ဖြစ်ပါတယ်” ဟု NLD ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး “စစ်မှန်တဲ့ ပြည်ထောင်စုဖြစ်ရေးဟာ ကျနော်တို့ လက်ခံထားတဲ့ မူဖြစ်တယ်။ ဘယ်လို အကောင် အထည် ဖော်ဖို့ ဒေါ်အောင်ဆန်းစုကြည် စဉ်းစားထားတာကို ရှင်းပြမှာပါ။ ပြောင်းလဲ လာတဲ့ နိုင်ငံရေး အခြေအနေအပေါ် သူတို့ရဲ့ ရပ်တည်ချက်တွေ ပြောမှာပေါ့။ အမြင်ချင်း တူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ တဦးနဲ့ တဦး နားလည်လာမယ်’’ ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲနှင့်ပတ်သက်၍ မဲမထည့်မီ ၂ဝဝ၈ အခြေခံ ဥပဒေကို နားလည်စေရန် ရှင်းပြခြင်း၊ မိမိ ရပိုင်ခွင့်များအရ ဥပဒေနှင့်အညီ မဲပေးရေးနှင့် မဲမပေး၍လည်း ရနိုင်ကြောင်း စသည့် ပြည်သူလူထုထံ မှာကြားချက်ကို NLD က ခရီးစဉ်များတွင် ရှင်းပြ သွားမည်ဖြစ်သည်။

စစ်အစိုးရနှင့် အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား မပြေလည်မှုများကို နိုင်ငံရေး နည်းလမ်းအရ ညှိနှိုင်း အဖြေရှာလျှင် ရေရှည် အကျိုးရှိမည်ဟု ဒေါ်အောင်ဆန်းစုကြည်က မကြာသေးခင်က တွေ့ဆုံခွင့် ရရှိစဉ် NLD ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ရှေ့နေ ဦးဥာဏ်ဝင်းကို ပြောဆိုခဲ့သည်။

ယခု ခရီးစဉ် အစပြုရေးအတွက် NLD ဗဟိုအလုပ်အမှုဆောင်ဝင်များ၊ ဗဟိုဦးစီး အဖွဲ့ဝင်များ၊ အမျိုးသမီး အဖွဲ့များ၊ လူငယ်များ အပါအဝင် ၁၅ ဦးခန့်က ဒုဥက္ကဋ္ဌ ဦးတင်ဦး၏ နေအိမ်၌ ယမန်နေ့က အစည်းအဝေး ကျင်းပကာ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားအမြင်နှင့် ခံယူချက်သည် ကောင်းမွန်သည့် သဘောထားများ ဖြစ်သည်ဟု ကချင် လွတ်မြောက်ရေး အဖွဲ့ KIO ၏ တွဲဖက် အတွင်းရေးမှူး ဗိုလ်မှူးကြီး ဆင်ဝါးက မဇ္ဈိမကို ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည် တကယ်ပြောသလား၊ မပြောဘူးလားဆိုတာတော့ ကျနော်တို့အနေနဲ့ မသိဘူး။ ဒါပေမဲ့ ရှေ့နေကနေ ပြောလာတယ် ဆိုတော့ အဲဒီလို ဒေါ်အောင်ဆန်းစုကြည်က အဲဒီအပြော၊ အဲဒီအမြင် ခံယူချက်ကတော့ ကျနော်တို့ အားလုံးအတွက် ကောင်းမွန်တဲ့ အယူအဆ၊ သဘောထားတရပ် ဖြစ်ပါတယ်’’ ဟု သူက ပြောသည်။

ပါတီဒုဥက္ကဋ္ဌ ဦးတင်ဦးက ဧရာဝတီတိုင်းအတွင်း ၄ ရက်ကြာ ခရီးစဉ်တွင် ပါတီဝင်များက ရွေးကောက်ပွဲကို NLD က သပိတ် မှောက်ခြင်းကို တညီ တညွတ်တည်း ထောက်ခံမှုရယူကာ ပထမ ခရီးစဉ်ကို အဆုံးသတ်ခဲ့ခြင်း ဖြစ်သည်။

ပထမအဆင့် ခရီးစဉ်တွင် ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ တနင်္သာရီ၊ ကရင်၊ မွန်၊ ရခိုင်၊ မကွေး၊ ရှမ်း အစရှိသည့် တိုင်းနှင့် ပြည်နယ်များရှိ မြို့နယ် ၂ဝဝ ကျော်သို့ သွားရောက် စည်းရုံးခဲ့ကြသည်။ ပြီးခဲ့သည့် ဇွန်လ ၁၂ ရက်နေ့မှ စတင်ကာ ရက်ပေါင်း ၅ဝ အတွင်း ပထမ ခရီးစဉ်ကို သွားရောက်ခဲ့သည်။

“ပထမခရီးစဉ်က NLD ဆိုတာ ထုနဲ့ထည်နဲ့ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်မှုအောက်မှာ အခိုင်အမာ၊ ညီညီညွတ်ညွတ်နဲ့ ရှိနေသေးတယ် ဆိုတာကို အသံညှိတဲ့ သဘောပါ” ဟု ဦးအုန်းကြိုင်က ပြောသည်။

NLD က ပါတီဖျက်သိမ်းခြင်း မပြုရေး တားဝရန်း ထုတ်ပေးရန်နှင့် ၁၉၉ဝ ရွေးကောက်ပွဲ အနိုင်ရ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များကို ဆက်လက် ရပ်တည်ခွင့်ရှိကြောင်း ကြေညာပေးရန် ပြီးခဲ့သည့် ဧပြီလ ၂၉ ရက်နေ့တွင် ဦးတိုက် လျှောက်ထား ခဲ့သည့် အမှု ၂ မှု လျှောက်လဲချက်များ ပြင်ဆင်ကာ တရားရုံးချုပ်သို့ မကြာမီ တင်ပြသွားမည်ဟု ရှေ့နေ ဦးဥာဏ်ဝင်း အဆိုအရ သိရသည်။

Ref: မဇ္ဈိမ

Read More...

ဝေါလေဒေသသို့ နအဖ တပ်အင်အား ဖြည့်ဆည်း

ရဲရင့်
၀၇ စက်တင်ဘာ ၂၀၁၀

နအဖ တပ်ဖွဲ့ဝင်များပါဝင်သည့် စစ်ကားကြီးများ ဝေါလေဒေသ အခြေစိုက် ကေအန်အယ်လ်အေ တပ်ရင်း (၂၀၁) နှင့် ဒီကေဘီအေ တပ်မဟာ (၅) ဒေသများသို့ မြ၀တီမှ တဆင့် ထွက်ခွာ သွားကြောင်း ကေအန်အယ်လ်အေ တပ်ရင်းမှူး တဦးက ပြောကြားသည်။

ကေအင်အယ်လ်အေ တပ်ရင်း (၂၀၁) မှ တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီးဘူးဖောက “ကျနော်တို့ ဒီသတင်းကို ရထားပါတယ်။ မနေ့က အလုံပိတ် စစ်ကား (၆) စီးနဲ့ သူတို့ တပ်အင်အားတွေ ဖြည့်ပြီး ၀င်လာတာ ရှိတယ်။ စစ်မက် ဖြစ်ပွားမယ့် အနေအထား တွေရဲ့ အရိပ်အရောင်တော့ စလာပြီ။ ကျနော်တို့ ဘက်ကတော့ စစ်ရေးသတိ အမြဲ ထားပါတယ်။ အင်အားခြင်း ကွာပေမယ့် ခံစစ်ရှင် ပြောက်ကျား စနစ်နဲ့ ရင်ဆိုင် သွားမှာဖြစ်တယ်” ဟု ပြောသည်။

ဒီကေဘီအေတပ်မဟာ (၅) မှ တပ်မှူးတဦးကလည်း နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်းထားသည့် ဒီကေဘီအေ တပ်ဖွဲ့ဝင် ဟောင်းများကို အသေခံ ရှေ့ပြေးထား၍ စစ်ဆင်ရေး စတင်မည်ဟု ခိုင်လုံသည့် သတင်းများ ရရှိထားကြောင်း ပြောကြားသည်။

၎င်းက “နအဖကို မကြိုက်လို့ ကျနော်တို့ အသွင်မပြောင်းဘဲ ဆန့်ကျင်တာပါ။ သူတို့ လာတိုက်ရင် ပြန်တိုက် ရမှာပဲ။ နယ်ခြားစောင့် တပ်ရယ်၊ နအဖတပ်ရယ် ဘာမှ ခွဲနေဖို့ မလိုဘူး။ ကိုယ်ဘာလည်း ဆိုတာ မသိတဲ့ လူတွေကိုလည်း ဘာမှ သက်ညာနေစရာ မလိုဘူး” ဟု ပြောသည်။

စစ်ယာဉ်တန်းများကို တွေ့ရှိသော မြ၀တီမှ အစိုးရ၀န်ထမ်းတဦးက “တက်သွားတာကတော့ သေချာတယ်။ စစ်ဆင်ရေး ကာလလည်း မဟုတ်ဘူး၊ ထူးတော့ အတော့်ကို ထူးတယ်။ မြ၀တီကလူကြီးတွေ ယူဆတာကတော့ ရွေးကောက်ပွဲ မတိုင်မီ ဒီဝေါ်လေခွင်ကို အပြီး သိမ်းချင်တာ ဖြစ်မယ်လို့ ပြောနေကြတယ်။ အဲဒီနေရာတွေမှာ တိုက်ပွဲတွေကလည်း ခဏခဏဖြစ်နေတယ်” ဟု ပြောသည်။

ယင်းဒေသတွင် အခြေစိုက်ပြီး စစ်ရေးလှုပ်ရှားနေသည့် ကေအန်အယ်လ်အေနှင့် ဒီကေဘီအေ တပ်မဟာ (၅) သည် တရားဝင် ပူးပေါင်းမှု ပြုလုပ်ထားခြင်း မရှိသော်လည်း စစ်ရေးအရ အပြန်အလှန် နားလည်မှု ယူထားသည်ဟု သိရသည်။

မြ၀တီခရိုင်အတွင်းရှိ ဝေါ်လေဒေသသည် မြို့၏တောင်ဘက် မိုင် (၃၀) ခန့် အကွာအဝေးတွင် တည်ရှိပြီး ကေအန်အယ်လ်အေ၊ ဒီကေဘီအေ နှင့် စကခ (၈) လက်အောက်ခံ နအဖတပ်များ စစ်ရေး လှုပ်ရှားရာ ဒေ သဖြစ်ပြီး ထိုင်းနယ်စပ်မျဉ်း အနီး တည်ရှိသည်။

Ref: ခေတ်ပြိုင်

Read More...

ရှမ်း အပစ်ရပ်အဖွဲ့ ထိန်းချုပ်ဒေသ စစ်တပ်အင်အား တိုးချဲ့

သန်းထိုက်ဦး
Tuesday, September 07, 2010

ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSA-N) ထိန်းချုပ် ထားသော တပ်မဟာ ၁ ဒေသတွင် မြန်မာ စစ်အစိုးရက ပြီးခဲ့သည့် ရက်ပိုင်း အတွင်း စစ်တပ်အင်အား တိုးချဲ့ထားကြောင်း ရှမ်းပြည်နယ် အတွင်း စစ်ရေး လှုပ်ရှားမှုများကို စောင့်ကြည့် နေသူများက ပြောသည်။

ကျောက်မဲမြို့ အခြေစိုက် စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ) ၁ နှင့် လွိုင်လင် အခြေစိုက် (စကခ) ၂ မှ တပ်ရင်း တချို့တို့ကို SSA-N ထိန်းချုပ် ထားသော တပ်မဟာ ၁ ဒေသအနီး တ၀ိုက်တွင် တိုးချဲ့ ချထားခြင်း ဖြစ်ကြောင်း ရှမ်းပြည် တပ်မတော် (SSA) တောင်ပိုင်း၏ ပြောခွင့်ရ ပုဂ္ဂိုလ် တဦး ဖြစ်သည့် စိုင်းဆိုင်မိဏ်းက ဧရာဝတီသို့ ပြောသည်။

SSA-N တပ်မဟာ ၁ အနေဖြင့် စစ်အစိုးရက ကမ်းလှမ်းသော နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးကို သဘော မတူသည့် အတွက်ကြောင့် စစ်ရေး အရ ဖိအားပေးတဲ့ ပုံစံမျိုး ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ယင်း SSA-N တပ်မဟာ ၁ ကို ဗိုလ်မှူးကြီး ပန်ဖက ဦးဆောင်လျက်ရှိပြီး ၎င်းတို့ ထိန်းချုပ်ထားသော နယ်မြေ တ၀ိုက် တွင်လည်း ၀ိုင်းထားသော ပုံစံမျိုးဖြင့် တပ်အင်အား ဖြည့်ဆည်း ထားကြောင်း ဒေသခံများ ပြောပြချက်အရ သိရှိရသည်။

ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းထားသော အပစ်ရပ် SSA-N မှ တပ်မဟာ ၃ နှင့် ၇ တို့ကိုလည်း အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးက လွန်ခဲ့သော သြဂုတ်လ ၂၇ ရက်နေ့တွင် ညွှန်ကြားချက် ထုတ်ကာ လက်နက်ချ ခိုင်းကြောင်း သိရှိရသည်။

မြန်မာ စစ်အစိုးရသည် ၂ဝ၁ဝ ရွေးကောက်ပွဲ မတိုင်မီ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များကို နယ်ခြားစောင့် တပ်ဖွဲ့ အသွင်ကူး ပြောင်းရေး အတွက် ကြိုးပမ်းလျက်ရှိရာ ၎င်းအဖွဲ့က လက်မခံသဖြင့် စစ်ရေးအရ တင်းမာနေခြင်း ဖြစ်သည်။

ယခုအခါ စစ်ဖြစ်မည်ကို စိုးရိမ်သဖြင့် ဒေသခံတချို့ ထွက်ခွာနေမှုများရှိကြောင်း အမည်မဖော်လိုသူ ဒေသခံ တဦးက ပြောသည်။

“စစ်ကားတွေလာတယ် အစီးရေလည်းများတယ်၊ တချို့ကားတွေဆိုရင် လက် နက်တွေလား မသိဘူး။ တစီးလုံး မိုးကာတွေနဲ့ အုပ် ထားတယ်၊ တပ်မဟာ ၁ နယ်တဝိုက်မှာ နေတဲ့သူ တချို့တော့ စစ်ဖြစ်မှာစိုးလို့ တခြား နည်းနည်းဝေးတဲ့ ရွာတွေဆီကို ပြောင်းသွား ကြတယ်” ဟု ၎င်းက ဆိုသည်။

သျှမ်းသံတော်ဆင့် သတင်း ဌာနမှ အယ်ဒီတာ တဦးဖြစ်သူ ဦးစိန်ကြည်ကမူ“၀” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)နှင့် ရှမ်းပြည် အရှေ့ပိုင်း အထူးဒေသ ၄ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) မိုင်းလား ထိန်းချုပ် ဒေသရှိ တရုတ် နယ်စပ် တလျှောက်တွင် တရုတ် အာဏာပိုင်များက ဒေသခံများ၏ ၀င်ထွက်သွားလာမှုများကို ယခင်ကထက် စစ်ဆေးမှုများ ပိုမို ပြုလုပ်လာကြောင်းလည်း ၎င်းက ပြောသည်။

ယနေ့ စတင်သော မြန်မာ စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ တရုတ်နိုင်ငံ ခရီးစဉ်တွင် တရုတ်-မြန်မာ နယ်စပ်ရှိ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များကို ဖိအားပေးရေး အစီအစဉ်လည်း ပါဝင်နိုင်ကြောင်း စစ်ရေး လေ့လာသူများက ပြောဆို နေကြသည်။

မိုင်းလားနှင့် UWSA ဒေသမြို့များသို့ ပို့ထားသည့် အစိုးရ၀န်ထမ်းများကိုလည်း နအဖ စစ်အာဏာပိုင် များက ပြီးခဲ့သော တပတ်က နေရပ်သို့ ပြန်ခိုင်းနေကြောင်း သိရသည်။

UWSA ငြိမ်းချမ်းရေး ယူပြီးနောက်တွင် လက်နက်ကိုင်အဖွဲ့ ၁ဝ ဖွဲ့ထက်မနည်း ငြိမ်းချမ်းရေး ယူခဲ့ကြသည်။ ၁၉၈၉ မှ ၁၉၉၅ အတွင်း အပစ်အခတ် ရပ်စဲပြီး ငြိမ်းချမ်းရေးယူခဲ့သည့် အဖွဲ့ စုစုပေါင်း ၁၇ ဖွဲ့ ရှိသည်ဟု စစ်အစိုးရ၏ ထုတ်ပြန်ချက်များ အရ သိရှိရသည်။

အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား အဖွဲ့များ အနေဖြင့် စစ်အစိုးရ၏ ထိန်းချုပ်မှုအောက်တွင် နေထိုင်ရန် ငြင်းဆန် ခဲ့ကြ သကဲ့သို့ လက်ရှိ အခြေအနေအတိုင်း ဆက်လက် နေထိုင်ခွင့် ရရှိရန် ကြိုးပမ်းလျက်ရှိကြောင်း သတင်း ဖော်ပြချက်များ အရ သိရ သည်။

စစ်အစိုးရက အပစ်ရပ် တပ်ဖွဲ့များကို နယ်ခြားစောင့်တပ် ပြောင်းလဲဖွဲ့စည်းရေးအတွက် ၂၀၀၉ ခုနှစ် ဧပြီလ ကတည်းက စတင် အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်သည်။

Ref: ဧရာဝတီ်

Read More...

တောင်ပိုင်း ၀ နယ်မြေရှိ နအဖ ၀န်ထမ်းများ ၂၄ နာရီ သတိထား ကြရန် တြိဂံစစ်တိုင်း လျှို့ဝှက်စာပို့

Tuesday, 07 September 2010

တောင်ပိုင်း ၀ တပ်ဖွဲ့နှင့် စစ်ဖြစ်လျှင် စစ်ဘေးစစ်ဒဏ်မှ ရှောင်တိမ်းနိုင်ရန် မိုင်းတုံ၊ မိုင်းဆတ်မြို့နယ် အတွင်းရှိ ၀န်ထမ်းများ ၂၄ နာရီ သတိ ထားကြရန် တြိဂံစစ်တိုင်းရုံးမှ လျှို့ဝှက်စာပေးပို့ ထားကြောင်း အမည်မဖေါ် လိုသည့် ပညာရေးဌာန အသိုင်း အ၀ိုင်း ကဆိုသည်။

“မိုင်းဆတ် စကခ ကနေတဆင့်လာတာ၊ ပြည်သူတွေကို တရားဝင် အသိပေးတာတော့ မရှိဘူး။ အစိုးရ၀န်ထမ်း အားလုံးကို လျှို့ဝှက် သတိ ပေးတဲ့သဘော။ အထုပ်အပိုးတွေ အသင့် ပြင်ထားခိုင်းတယ်တဲ့၊ စာက ၅ ရက်နေ့ ထွက်တယ်၊ ကျမတို့က ၆ ရက်နေ့မှ တွေ့ရတယ်” - ဟု အသက် ၄၀ ကျော် ပညာရေး ၀န်ထမ်း တဦးကပြော၏။

စက်တင်္ဘာ ၁ ရက်နေ့ နောက်ဆုံးထား၍ တောင်ပိုင်း ၀ တပ်ဖွဲ့ မြောက်ပိုင်းသို့ တပ်ရုပ်ပြန်ရန် စကခ ၁၄ ၏ ရာဇဒဏ်ကို ၀တပ်ဖွဲ့က ထပ်မံ ဖီဆန်ထားသောကြောင့် တင်းမာနေသည့် အခြေအနေကြားမှ ၀န်ထမ်းများအား လျှို့ဝှက် သတိပေးခြင်း ဖြစ်သည်ဟုဆို၏။

မိုင်းတုံအနောက်တောင်ဘက် ၀ တပ်ဖွဲ့ဌာနချုပ် မိုင်းကျွက် နှင့် ဟွေ့အော့တွင်မူ ဒေသခံ လူထုအား စစ်ပြေးဒုက္ခ သည်ဆိုင်ရာ အစမ်း လေ့ကျင့်မှုကို ယနေ့ မနက်ပိုင်းမှစ၍ ဆင့်ခေါ် လေ့ကျင့်ပေးနေကြောင်း အမည် မဖေါ်လိုသည့် တောင်ပိုင်း ၀ တပ်မှူး တဦးက ဤကဲ့သို့ ပြော၏။

“ကျနော်ထင်တာကတော့ ခြိမ်းခြောက်မှုတခုဘဲ၊ ဘာဘဲဖြစ်ဖြစ် သတိဝိရိယ အမြဲရှိဖို့တော့ လိုတယ်၊ သူတို့ဘက် စစ်ရေး ပြင်ဆင်မှု လှုပ်လှုပ်ရှားရှား မတွေ့ရပေမယ့် ရာနှုန်းပြည့် စိတ်မချရလို့ စစ်ဘေး စစ်ဒဏ်ကနေ စနစ်တကျ ရှောင်တိမ်းတဲ့ လက်တွေ့ အစမ်း လေ့ကျင့်မှုတွေ ပြုလုပ် ပေးရတာဖြစ်တယ်”

နယ်စပ်ဒေသစစ်ရေးအခြေအနေ မျက်ခြေမပြတ်စောင့်လေ့လာသည့် အိမ်နီးချင်း ထိုင်းနိုင်ငံကလည်း စက်တင်္ဘာ ၆ ရက်နေ့မှ စ၍ သျှမ်းပြည်နှင့် ကပ်လျက်ရှိသည့် ချင်းမိုင်ခရိုင် ၀ိန်းဟဲင်မြို့နယ် ပိန်းလုံအုပ်စု၊ ချင်းဒေါင်းမြို့နယ် မိန့်နာ့အုပ်စုတို့ ၌လည်း ကျေးလက် ရွာသားများ ဆင့်ခေါ် စုစည်းခိုင်းပြီး ထိုင်းစစ်တပ်က စစ်ဘေးစစ်ဒဏ် ရှောင်တိမ်းသည့် လက်တွေ့အစမ်း လေ့ကျင့်မှု ဆက်တိုက် ပြုလုပ်ပေး နေကြောင်း အဆိုပါရွာ ဒေသခံများက ပြောပြပါသည်။

ရွေးကောက်ပွဲ မတိုင်မီအထိ တရုတ်နယ်စပ်အပစ်ရပ်များအား နအဖ ထိုးစစ်ဆင် တိုက်ခိုက်ရန် မဖြစ်နိုင်သေးကြောင်း၊ ကိုးကန့် အခြေအနေ ကဲ့သို့ အခွင့်အခါကောင်း ပေးခဲ့လျှင် သျှမ်းတပ် (တပ်မဟာ ၁ ) ဗိုလ်ချုပ်ပန်ဖှ တပ်ဖွဲ့ကိုမူ အင်အားသုံး ၀င်ရောက် တိုက်ခိုက်ဖွယ် ရှိကြောင်း - တရုတ်ပြည် ယူနန်နယ် မိုင်းလျဲမ်း ကောင်တီ လုံခြုံရေး တပ်ဖွဲ့မှူး တဦး၏ သုံးသပ်ချက်ကို ကိုးကားပြီး ကုန်သည်ကြီး တဦးက သျှမ်းသံတော်ဆင့်သို့ ပြန်လည် ပြောပြဖူးပါသည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

တိုင်းမှူးသစ် သတင်းများတွင်ဖတ်ရှုရ၊ တပ်တွင်းရာထူးပြောင်းလဲမှု မကြာမီ ပိုမို သိရှိလာနိုင်

မင်းချမ်း၊
ဝါခေါင်လဆုတ် ၁၃၊ ၁၃၇၂။ စက်တင်ဘာ ၇၊ ၂၀၁၀။

မင်းချမ်း(စက်တင်ဘာ-၇)။ ။ မွန်ပြည်နယ်၊ မော်လမြိုင်မြို့အခြေစိုက်၊ လက်ရှိအရှေ့တောင်တိုင်း စစ်ဌာနချုပ်(ရတခ) တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းနေလင်းဟု စစ်အစိုးရ သတင်းစာများ၌ ယနေ့တွင် ရေးသားဖေါ်ပြသည်။

ယခင်ရတခတိုင်းမှူးမှာ ဗိုလ်ချုပ်သက်နိုင်ဝင်းဖြစ်ပြီး ကစထမှူး(၄)သို့ ရာထူးတိုးမြင့် ခံရသည်ဟု အင်တာနက် သတင်းများ ပြန့်နှံ့ နေသော်လည်း အတည်ပြုချက် မရရှိသေးပေ။

ဆယ်စုနှစ်နှစ်စုခန့်အတွင်း ယခင်ရတခတိုင်းမှူးများမှာ ဗိုလ်ချုပ်အဆင့်များ ဖြစ်ကြပြီး လွန်ခဲ့သည့် သြဂုတ် နောက်ဆုံး အပတ်အတွင်း စစ်အစိုးရ တပ်မတော်မှ ရာထူး အပြောင်းအလဲများ ရုတ်တရက် ပြုလုပ်ခဲ့ရာတွင် ယခင် တိုင်းမှူး နေရာများ၌ ဗိုလ်မှူးချုပ် အဆင့် ရာထူးများကိုသာ တွေ့ရှိလာရသည်။

ထိုကဲ့သို့စစ်ရာထူးများအပြောင်းအလဲပြုလုပ်ခဲ့ရာတွင် ပြည်သူအများ သိရှိစေရန် စစ်အစိုးရမှ သတင်း ထုတ်ပြန်ခြင်း မပြုပဲ လှို့ဝှက် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ထွန်းသန်းဖြစ်ကြောင်း သြဂုတ်လ(၃၁) ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာများမှ စတင် ဖေါ်ပြခဲ့ပြီးနောက် ၄င်း၏ သတင်းများသည်လည်း သတင်းစာများတွင် နေ့စဉ်လိုလို ပါရှိလာခဲ့သည်။

ထို့အပြင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ရဲအောင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဝင်းမြင့်၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် တင်မောင်ဝင်း၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် ဗိုလ်မှူးချုပ်စိုးလွင် စသည့် တိုင်းမှူး နာမည်များလည်း နေ့စဉ်ထုတ် သတင်းစာများတွင် ဖေါ်ပြခဲ့သည်။

တဖန် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးတို့ အနားယူလိုက်ပြီဟု သတင်း ထွက်ပေါ် လာပြီးနောက် ၄င်းတို့၏ နိုင်ငံခြား တိုင်းပြည်သို့ သဝဏ်လွှာ ပေးပို့ခဲ့သည့် သတင်း ထွက်ပေါ်လာပြန်ရာ ရာထူးမှ အနားယူသည့်ကောလဟာလ သတင်းများ တိတ်ဆိတ် သွားသည်။

သို့ရာတွင် ဒုတိယ ဗိုလ်ချုပ်ကြီး သူရမြင့်အောင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဖြစ်သည် ဆိုသည့်သတင်းများ သတင်းဌာန အသီးသီတွင် အတည်ပြု ရေးသား ကြသော်လည်း စစ်အစိုးရ သတင်းစာများ၌ ယခုတိုင် ဖေါ်ပြသည်ကို မတွေ့ရှိသေးပေ။

ယနေ့တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တရုပ်ပြည်ခရီးစဉ်သွားရောက်မည် ဖြစ်ရာ စစ်အစိုးရ၏ ညနေပိုင်း ရုပ်မြင်သံကြား သတင်း အစီအစဉ်နှင့် မနက်ဖြန် သတင်းစာများတွင် ဖေါ်ပြလိမ့်မည်ဟု ယူဆရပြီး စစ်အစိုးရ တပ်မတော်အတွင်း ဖြစ်ပေါ်ခဲ့သော ရာထူး အပြောင်း အလဲများကိုလည်း သတင်း ဖေါ်ပြလာနိုင်ဖွယ် ရှိသည်ဟု စောင့်ကြည့် လေ့လာသူများက သုံးသပ်ကြသည်။


Ref: ကောင်းဝါ

Read More...

ပဲခူးဈာပန စစ်တပ်မောင်ပိုင်စီး

မင်းနိုင်သူ
Tuesday, September 07, 2010

စစ်တပ်က ပစ်ခတ်၍ သေဆုံးခဲ့ရသော ပဲခူးမြို့မှ လူငယ် ၂ ဦး၏ ဈာပနကို ယနေ့ ကျင်းပရာ အာဏာပိုင်များက မိသားစု ၀င်များကို သေဆုံး ခဲ့ရသူများ၏ ရုပ်အလောင်းများအား ကြည့်ရှုခွင့် မပြု ခဲ့ကြောင်း သိရသည်။

“ညီလေးရဲ့ နောက်ဆုံး ရုပ်ကလာပ် ကိုတောင် မြင်ခွင့် မရှိပါဘူးဗျာ။ ရေခဲတိုက်က ထုတ်တော့လည်း အရပ်ဝတ် လုံခြုံရေးတွေ ဦးစီးပြီး ကြက်ခြေနီတွေက ထုတ်တယ်။ ကျနော်တို့က အပြင်က စောင့်နေရတယ်။ သုသာန် မှာလည်း အခေါင်းနားကို မိသားစု ကပ်ခွင့် မပေးဘူး။ သရဏဂုံ တင်ပြီးတာနဲ့ သူတို့ဟာ သူတို့ မီးရှို့စက်ထဲ ထည့်ပစ် လိုက်ကြတာ” ဟု သေဆုံးသူ မောင်စိုးပိုင်ဇော်၏ မိသားစုဝင် တဦးက ပြောသည်။

လွန်ခဲ့သော စနေနေ့ညက ပဲခူးမြို့ ဇိုင်းဂနိုင်း တောင်ပိုင်းရပ်ကွက် မြလမ်းရှိ ကယ်လီဖိုးနီးယား စားသောက်ဆိုင်မှ ထွက်လာသော ခလရ ၅၉ မှ စစ်တပ်အရာရှိ စီးနင်းလာသည့် ဆိုင်ကယ်နှင့် အရပ်သားများ စီးနင်းလာသည့် သုံးဘီးဆိုင်ကယ် တိုက်မိရာမှ ခိုက်ရန် ဖြစ်ပွား ခဲ့ကြပြီးနောက် စစ်အရာရှိက တပ်သားများကို ပြန်ခေါ်ကာ အရပ်သားများကို ပစ်ခတ်စေခဲ့ကြောင်း ဒေသခံများက ပြောသည်။

ပစ်ခတ်မှုကြောင့် မောင်အောင်သူဟိန်း (၂၃ နှစ်) က သေနတ်ဒဏ်ရာ ၆ ချက်၊ မောင်စိုးပိုင်ဇော် (၁၉ နှစ်) က သေနတ်ဒဏ်ရာ ၄ ချက် အသီးသီး ရရှိပြီး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့သည်။

“ပစ်မိန့်ပေးတာက ဗိုလ်ချုပ်တဦးရဲ့ သား ဗိုလ်ကြီးသိဒ္ဓိစိုးလို့ ကြားတယ်။ ပစ်တဲ့သူက ကလေးစစ်သား အဖြစ် စုဆောင်း ခံထားရတဲ့ တပ်သား အဆင့်ရှိ မောင်ထွန်းပါ။ မောင်ထွန်းကတော့ သူပစ်တယ်လို့ ၀န်ခံတယ်လို့ ကြားတယ်” ဟု ခလရ ၅၉ တပ်နှင့် နီးစပ်သူ တဦးက ပြောသည်။

ပဲခူးမြို့အတွင်း အရပ်သားများအား ပစ်ခတ်ခဲ့မှုနှင့် စပ်လျဉ်း၍ စစ်တပ်က ပစ်ခတ်မှုတွင် ပါဝင်သူများအား အရေးယူမှုရှိ မရှိ သတင်း မထုတ်ပြန် သော်လည်း စစ်အစိုးရ ထိန်းချုပ်သည့် ရေဒီယို အသံလွှင့် ဌာနများကမူ အရပ်သားများက သေနတ် ၀င်လုသဖြင့် ပစ်ခတ်မှု ဖြစ်ပွားရသည်ဟု သတင်း ထုတ်ပြန်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ဒီကိစ္စအပေါ်မှာ ပစ်မိန့်ပေးသူနဲ့ ပစ်သူတွေကို ဘယ်လိုအရေးယူနေပါတယ် ဆိုတာမျိုးတော့ မထုတ်ပြန်ဘဲ၊ ကလေးတွေက သေနတ် ၀င်လုပါတယ်လို့ FM တွေမှာ ပြောနေတယ်ဗျာ။ တကယ်တမ်းက ဇိုင်းဂနိုင်း မြောက်ပိုင်းမှာ ဖြစ်ခဲ့တာကို တောင်ပိုင်းအထိ လာပစ်သွားတာ။ သေနတ်လုလို့ ပစ်တယ်ဆိုရင် မြောက်ပိုင်းမှာတင် အပစ်ခံရမှာပေါ့” ဟု ဇိုင်းဂနိုင်း ရပ်ကွက်သားတဦးက ပြောသည်။

ပစ်ခတ်ခံခဲ့ရသူများ၏ ရုပ်အလောင်းများကို ရယက အဖွဲ့ဝင်များနှင့် စစ်တပ်တို့ ပူးပေါင်းကာ ညတွင်းချင်း ဖျောက်ဖျက် ခဲ့သည်ဟု ယူဆရကြောင်း၊ ရင်ခွဲရုံတွင် ထားရှိသည်ဟု တာဝန်ရှိသူများက ပြောဆိုသော်လည်း အခေါင်းကိုသာ မြင်ခွင့်ရခဲ့ကြောင်း သေဆုံးသူ၏ မိသားစုဝင်များက ပြောသည်။

ပဲခူးဆေးရုံကြီးအတွင်းရှိ ရင်ခွဲရုံမှ ဆင်ဖြူကွင်း သုသာန်သို့ သွားရာလမ်းတလျှောက် တွင်လည်း လုံခြုံရေးရဲများ၊ အရပ်ဝတ် ထောက်လှမ်းရေး များက စောင့်ကြပ်နေကြောင်း လိုက်ပါ ပို့ဆောင်ခဲ့ သူများထံမှ သိရသည်။

“မနက်ခင်းကတည်းက ဆေးရုံကြီးရှေ့က လမ်းကို ပိတ်ထားတယ်။ လမ်းတလျှောက်မှာလည်း ရဲတွေ ချထားတယ်။ နောက်ပြီး “ဆူပူမှုဖြစ်ရင် ပစ် ဆိုပြီး ရဲတွေကို အမိန့် ပေးထားတယ် ဆိုတဲ့ သတင်းတွေလည်း ထွက်နေတာဆိုတော့ တချို့ကလည်း လိုက်မပို့ရဲကြတော့ဘူး။ မြို့ခံတွေကတော့ မကျေနပ် ကြဘူးပေါ့။ ဟိုတလောကလည်း ရဲက အရပ်သားကို ထိုးကြိတ် ရိုက်နှက်တယ်၊ အခုလည်း စစ်တပ်က မြို့ထဲအထိ ၀င်ပြီး ပြည်သူကို ပစ်သတ် သွားတာကိုး။ ဒါ စစ်ရာဇ၀တ်မှုပဲပေါ့ဗျာ” ဟု နာရေး ပို့ဆောင်ခဲ့သူ တဦးက ပြောသည်။

စစ်အစိုးရ အုပ်ချုပ်သည့် မြန်မာနိုင်ငံတွင် စစ်ရာဇ၀တ်မှု ကျူးလွန်လေ့ရှိကြောင်း လူ့အခွင့်အရေး ဆိုင်ရာ အဖွဲ့ အစည်းများက ထောက်ပြလေ့ ရှိကြပြီး မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးမှူး မစ္စတာ ကင်တားနားကလည်း လွန်ခဲ့သည့် မတ်လအတွင်းက မြန်မာ စစ်ခေါင်းဆောင်များ၏ လူသားမျိုးနွယ် အပေါ် ကျူးလွန်သော ရာဇ၀တ်မှုနှင့် စစ်ရာဇ၀တ် မှုများကို ကုလသမဂ္ဂက ကော်မရှင်ဖွဲ့ စုံစမ်းစစ်ဆေးပေးရန် အကြံပြု တောင်းဆိုထားသည်။

အဆိုပါအကြံပြုချက်ကို အမေရိကန်၊ ဗြိတိန်၊ ချက် ပြည်သူ့သမ္မတနိုင်ငံ၊ သြစတြေးလျ ၊ စလိုဗက်ကီးယားနှင့် ကနေဒါ နိုင်ငံတို့က ထောက်ခံ ထားပြီးဖြစ်သည်။

Ref: ဧရာဝတီ်

Read More...

Tuesday, September 7, 2010

“ဗိုလ်ချုပ်မှူးကြီးသေမှ အပြောင်းအလဲဆိုတာမြင်တယ်”

Monday, September 06, 2010

ဦးအောင်လင်းထွဋ်သည် ရန်ကုန်မြို့တွင် မွေးဖွားခဲ့ပြီး ၁၉၇၈ ခုနှစ် ဇန်န၀ါရီ ၂၆ တွင် တပ်မတော် ပြန်တမ်းဝင် အရာရှိ အဖြစ် ခန့်အပ်ခြင်း ခံရသည်။ ၁၉၉၉ ခုနှစ် စက်တင်ဘာတွင် နိုင်ငံခြားရေး ၀န်ကြီးဌာနသို့ လွှဲပြောင်း အမှု ထမ်းဆောင်ခဲ့သည်။ ၂၀၀၀ ပြည့်နှစ်တွင် စစ်တပ်မှ အငြိမ်းစား ယူခဲ့သည်။ အမေရိကန် နိုင်ငံ ၀ါရှင်တန်မြို့ရှိ မြန်မာသံရုံး၌ သံမှူးကြီး အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စုတွင် နိုင်ငံရေး ခိုလှုံခွင့် တောင်းခံခဲ့သည်။ မကြာသေးမီက ခရစ္စတီးကျွန်း လူသတ်မှုနှင့် ပတ်သက်၍ ကိုယ်တွေ့ ကြုံခဲ့ရသည့် ဦးအောင်လင်းထွဋ်၏ ထုတ်ဖော် ပြောကြားချက်များမှာ အင်တာနက် ပေါ်တွင် ပျံ့နှံ့ခဲ့သည်။

ခရစ္စတီးကျွန်း လူသတ်မှုတွင် ပါဝင်ခဲ့သည့် ဗိုလ်မှူးချုပ် သူရမြင့်အောင်မှာ ကာကွယ်ရေး ဦးစီးချုပ် ရာထူးကို လွှဲပြောင်း ရယူမည့်သူဟု သတင်းကြီးနေပြီး ၎င်းမှာ ဦးအောင်လင်းထွဋ်နှင့် စစ်တက္ကသိုလ်တွင် ဆုံခဲ့သူလည်း ဖြစ်သောကြောင့် ခရစ္စတီးကျွန်း လူသတ်မှု အတွေ့အကြုံ အပါအဝင် လက်ရှိ စစ်အစိုးရ အပြောင်းအလဲ ကိစ္စ ရပ်များနှင့် ပတ်သက်၍ ဧရာဝတီ သတင်းထောက် ကိုထွေးက မေးမြန်း ထားပါသည်။

မေး။ ။ ၁၉၉၈ ခုနှစ်က ခရစ္စတီးကျွန်း လူသတ်မှု ဖြစ်စဉ် အကြောင်း ပြောပြပေးပါလား။

ဖြေ။ ။ အိန္ဒိယထောက်လှမ်းရေးတွေနဲ့ ပတ်သက်တယ်။ အိန္ဒိယထောက်လှမ်းရေးက နေပြီးတော့မှ စစ်တပ်ချင်း သတင်း ဖလှယ်တဲ့ စနစ် လုပ်ကြတာကိုး။ အဲဒီမှာ အိန္ဒိယ ထောက်လှမ်းရေးက မြန်မာပြည်ဖွား၊ ဗမာနာမည်က မျိုးမြင့်ဆိုတဲ့ ကာနယ် ဂရိတ်ဝေါက ကျနော်တို့ကို ဆက်သွယ်တယ်။

သူတို့က မြန်မာပြည်နဲ့ ယိုးဒယားနယ်စပ်က ကျွန်းပေါ်မှာ သေနတ်တွေရှိတယ် ဆိုပြီး ကျနော်တို့ စစ်တပ်ကို သတင်း ပေးတယ်ဗျ။ အဲဒါကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေက စစ်ဆင်ရေး ကြည်းတပ် တခု လုပ်ခိုင်းတယ်။ ဗိုလ်မှူးချုပ် သူရမြင့်အောင်ရဲ့ ကွပ်ကဲမှုနဲ့ ကော့သောင်းမှာ အခြေချ စစ်ဗျူဟာမှူး လုပ်တဲ့ ဗိုလ်မှူးကြီးဇော်မင်း၊ အခု ကြံ့ဖွံ့တွဲဘက် အထွေထွေ အတွင်းရေးမှူး၊ လျှပ်စစ် ဝန်ကြီး ဇော်မင်းပေါ့။ သူက အဲဒီ အချိန်တုန်းက ဗျူဟာမှူး။ သူနဲ့ တပ်ရင်း တရင်းပါတယ်။ အဲဒီမှာ ကျွန်းတွေကို တက်ပြီးတော့ ရှင်းတယ် ဆိုပါတော့ဗျာ။

ရှင်းတဲ့အခါကျတော့ အဲဒီကျွန်းပေါ်မှာ မီးကြိုးမောင်းပစ်သေနတ်တော့ တွေ့တယ်။ အလက် ၂၀၊ ၃၀ လောက်ပေါ့။ သူတို့ သတင်း ပေးသလို ရာနဲ့ချီတဲ့ အကောင်းတွေ မရှိဘူး။ ဘယ်တုန်းက သေနတ်တွေလည်း မသိဘူး။ ဒါပေမယ့် ဖြစ်ချင်တော့ ကျွန်းပေါ်မှာက အရပ်သား တွေချည်းပဲ ၅၉ ယောက်ကို ဖမ်းမိတယ်။ အဲဒီ အရပ်သားတွေကို ရှင်းပစ်ရတယ်။ ကျနော် စိတ်မကောင်း တာက ၄၊ ၅၊ ၆ နှစ် အရွယ် ကလေးလေးတွေ ပါတယ်။ မိန်းမ တစ်ယောက်ဆိုဗျာ၊ ကလေးမွေးပြီးတာ သိပ်မကြာသေးဘူး။ တကယ်တော့ အဲဒီ အရပ်သားတွေက သစ်ခုတ်ပြီးတော့ ထိုင်းဘက်ကို သွားရောင်းစားတဲ့ သူတွေပါ။

မေး။ ။ အဲဒီမှာ ဗိုလ်မှူးချုပ်သူရမြင့်အောင်ရဲ့ပါဝင်ပတ်သက်မှုက ခေါင်းဆောင်တယောက် နေရာကလား။

ဖြေ။ ။ ကွပ်ကဲမှုအဖွဲ့မှာ သူက ကြည်းတပ်ရဲ့ ခေါင်းဆောင်ပေါ့ဗျာ။ တကယ် ကိုယ်ထိ လက်ရောက် သတ်ရတာက ဗိုလ်မှူးကြီး ဇော်မင်းပေါ့။ ရေတပ်က ခေါင်းဆောင်က ကြည်မင်းပေါ့။ လေတပ်က ခေါင်းဆောင်က မြင့်ဆွေပေါ့လေ။

မေး။ ။ ကာကွယ်ရေး ဦးစီးချုပ်ခန့်အပ်ဖို့အတွက် သတင်းတွေထွက်နေတဲ့ ဗိုလ်ချုပ်ကြီး သူရ မြင့်အောင်နဲ့ အတူတူ ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံကို ပြောပြပေးပါ။

ဖြေ။ ။ ကိုသူရမြင့်အောင်က စစ်တက္ကသိုလ် အပတ်စဉ် ၁၈၊ ကျနော်က အပတ်စဉ် ၂၀ ဗျ။ ကျနော်တို့ စစ်တက္ကသိုလ်မှာ တပ်ခွဲ ၄ ခွဲရှိတယ်။ အောင်ဇေယျရယ်၊ အောင်ဆန်းရယ်၊ ဘုရင့်နောင်ရယ်၊ အနော်ရထာရယ်။ အဲဒီမှာ ကိုသူရ မြင့်အောင်နဲ့ ကျနော်တို့က အောင်ဇေယျ တပ်ခွဲက၊ တခွဲထဲပဲ။ အဲဒီတပ်ခွဲမှာ ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ် လေးနှစ်လုံးကို အတူတူ ထားတယ်။ ၂ နှစ်အတူ တပ်ခွဲ တခွဲတည်းမှာ နေခဲ့ရတယ်။ ကျနော်တို့ အောင်ဇေယျမှာ မြင့်အောင် ၂ အောင်ရှိတယ်။ ကိုသူရမြင့်အောင်ကို ဒူကြီးလို့ ခေါ်တယ်ဗျာ။ ဖင်လုံးက ကြီးကြီနဲ့ပေါ့ဗျာ။ သူ့ဖင်ကို ကျောင်းသားတွေက ဆိတ်ကြတာပေါ့။ သူက ပင်ကိုယ်ကတော့ ရိုင်းတာ မဟုတ်ဘူး။ လူချစ် လူခင်များတယ်။

၁၉၈၃၊ ၈၄ လောက်က ကရင်ပြည်နယ် မဲသဝေါမှာ တိုက်ပွဲတွေ အကြီးအကျယ် တိုက်ကြတဲ့ အချိန်မှာ ဗိုလ်ကြီး ဘဝကနေ သူရဘွဲ့ကို ရတယ်။ သူရဘွဲ့ ရပြီးတဲ့ အခါကျ ဗိုလ်ကြီး ဘဝမှာပဲ ခြေဆင်းမှူး တတိယတန်း ဆိုပြီးမှ သူက ဗိုလ်ချုပ်ကြီး ချစ်သူရဲ့ ကစထ ပေါ့လေ။ အဝေး စစ်ဆင်ရေး ဌာန အထူးဖွဲ့မှာ ကစထ ဗိုလ်ကြီးနဲ့ ရောက်တယ်ဗျာ။ အဲဒီကနေပြီတော့ တပ်ခွဲမှူးနဲ့ ခြေလျင်ပြန်ဆင်း သွားရ သေးတယ်။ စစ်ဦးစီးမှူး ဒုတိယတန်းနဲ့ ကစထ ဗိုလ်ချုပ်ကြီး ချစ်သူဆီ ပြန်ရောက်တယ်။ သူက ငယ်တဲ့ အချိန်မှာ စိတ်ဓာတ် ကောင်းပါတယ်။ သူရမြင့်အောင်ကတော့ ဦးနှောက်တွေ၊ ဉာဏ်တွေဘာတွေ သုံးတဲ့လူမျိုး မဟုတ်ဘူး။ သိပ်ပြီးတော့မှ စဉ်းစား ဆင်ခြင်တဲ့လူ မဟုတ်ဘူး။ အထက်က သတ်ဆိုသတ် လိုက်တာပဲ။

မေး။ ။ အခုရက်ပိုင်းအတွင်းက စစ်တပ်အတွင်း ရာထူးအပြောင်းအလဲနဲ့ ပတ်သက်ပြီး ဘယ်လို ယူဆပါသလဲ။

ဖြေ။ ။ ၁၉၉၇ ခုနှစ် ကျနော် စစ်ရုံးမှာ ရှိစဉ်တုန်းက နဝတ ဗိုလ်ချုပ်တွေကို ဖြုတ်ပြီး နအဖ ဖြစ်လာတဲ့ ဖြစ်စဉ်လေးတခု ရှိပါတယ်။ အဲဒီတုန်းက ဖြစ်စဉ်လေးကို အကြမ်းဖျင်း ပြန်ပြောရရင် မိန်းမနဲ့ ပတ်သက်တာကော၊ လာဘ်စားတဲ့ ကိစ္စတွေကော တော်တော်လေး နာမည်ထွက်တဲ့ ဗိုလ်ချုပ် ထွန်းကြည်၊ ဗိုလ်ချုပ် မြင့်အောင်၊ ဗိုလ်ချုပ်ကျော်ဘတို့ ကို ဖြုတ်မယ်ဆိုပြီး သတင်းတွေ ကြိုပြီး ထွက်ပါတယ်။ ရာထူး မဖြုတ်ခင်နေ့ မနက်မှာ ကျနော် တာဝန်မှူး တာဝန်ကျတယ်ဗျ။ မနက် ၄ နာရီမှာ ဗိုလ်ချုပ်တင်ဦးနဲ့ ဗိုလ်ချုပ်ခင်ညွန့်ကို ဖုန်းခေါ်တယ်ဗျ။ ဗိုလ်ချုပ်မှူးကြီးက ခေါ်ခိုင်းလို့ ဆိုပြီးတော့ ခေါ်တာ။ ကျနော်တို့ကလည်း အဲဒီမှာ ထူးထူး ခြားခြား ဖြစ်တာပေါ့လေ။

မနက် ၄ နာရီ ခေါ်တယ်ဆိုတော့ ဘယ်လိုမှ ဒါ မဖြစ်နိုင်တဲ့ အနေအထားလေ။ ကျနော်တို့ အားလုံး ရှိတယ်ပေါ့လေ။ ဗိုလ်ချုပ် ခင်ညွန့်နဲ့ ဗိုလ်ချုပ် တင်ဦးတို့ အပေါ် တက်သွားတယ်။ အပေါ်ထပ်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရယ်၊ ဗိုလ်ချုပ် မောင်အေးရယ်။ အားလုံး ၄ ယောက်ပေါ့လေ။ အဲဒီ ၄ ယောက် အစည်းအဝေး လုပ်ပြီးတော့ မနက်မိုးလင်းတဲ့ အခါမှာ ၈ နာရီ အရောက် အဲဒီ နဝတ အဖွဲ့ဝင်တွေ အားလုံးကို အရေးပေါ် အစည်းအဝေး ဆိုပြီးတော့ ခေါ်လိုက်တယ်။

ဗိုလ်ချုပ်ကြီးတွေလည်း ကတိုက်ကရိုက် ရောက်ချလာတယ်ဗျ။ သူတို့အားလုံးကို အခန်း ၁ ခန်းမှာ ထည့်ထား လိုက်တယ်။ အဲဒီမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဗိုလ်ချုပ်ကြီး မောင်အေး၊ ဗိုလ်ချုပ် တင်ဦးနဲ့ ဗိုလ်ချုပ် ခင်ညွန့်တို့ ၄ ယောက်က တခြား အခန်းတခန်း ထဲမှာ။ သူတို့ကို တယောက်ပြီး တယောက် အခန်းထဲ ဝင်ခိုင်းတယ်။ နောက်ပိုင်း ကျနော်တို့ပြန်သိတာ ဘာလဲဆိုတော့ မင်းတို့ကို ဒီနေ့ကစပြီး အနားပေးမယ်၊ မင်းတို့ရုတ်ရုတ် ရုတ်ရုတ်လုပ်ရင် ဂျေးထဲ ထည့်ထားမယ် ဆိုပြီးပြောတာ။ သိပ်ကြာကြာ မပြောဘူး။ ကြိမ်းတာပေါ့ဗျာ။ မင်းတို့ အိမ်မှာပဲနေ၊ မင်းတို့ဘယ်မှ မသွားနဲ့၊ လိုအပ်ရင်မေးမယ်၊ မြန်းမယ်။ ပြီးတာနဲ့ တခါတည်း ပြန်ခိုင်းလိုက်တယ်။ ပြန်ခိုင်းပြီးတော့ သူတို့ရဲ့ လုံခြုံရေး အစောင့်တွေ အားလုံး သိမ်းလိုက်တယ်။ သိမ်းပြီးတော့မှ အိမ်ထဲက အိမ်ပြင် မထွက်ရဘူးဆိုပြီး ကျန်တဲ့ လုံခြုံရေးတွေနဲ့ ပိတ်ထား လိုက်တော့တယ်။

ကျနော်ပြောချင်တာက အဲဒီတုန်းကလည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဘယ်သူ့မှကို မတိုင်ပင်ဘဲနဲ့ လုပ်ချလိုက်တဲ့ အနေအထား မျိုးပေါ့ဗျာ။ အခုလည်း သတင်းတော့ ထွက်တာပေါ့ဗျာ။ သူ့ရဲ့ လုပ်နည်း လုပ်ဟန်ကလည်း ကြိုပြီးတော့မှ အမြဲတမ်း အနံ့လေး ထုတ်ပေး လိုက်တယ်။ ဒီအနံ့ပေါ်မှာ မူတည်ပြီးတော့ ဘယ်လို ပြန်လာသလဲ ဆိုတာ နားထောင်တယ်။ ကျနော်တို့ တုန်းကတော့ ဗိုလ်ချုပ် ကျော်ဝင်းတို့ ပြောလိုက်ရင် ယုံတာဗျ။ ဒါပေမယ့် တကယ့်တကယ် ကျတော့ ဒီအတိုင်း ဖြစ်ချင်မှ ဖြစ်မယ်။

ကျနော့်အမြင်ကတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အလုပ်တခုလုပ်ရင် အရမ်းမလုပ်ဘူး။ အခု ကိစ္စမှာလည်း သူတယောက်တည်း လုပ်လိုက်တာပဲ။ ကျန်တဲ့ ဗိုလ်ချုပ်ကြီးတွေ ဘာဖြစ်လာမလဲ ဆိုတဲ့ ဥစ္စာက သူ့စိတ်ထဲမှာပဲ ရှိဦးမယ်။ အဓိက ကတော့ သူ့ရဲ့ အသက်အရွယ် အရ၊ သူ့ရဲ့အနာဂတ်အရ သူဟာ ဒီတပ်ကိုတော့ အခုအချိန်မှာ သူစိတ်ချရတဲ့ လူကို လွှဲအပ်ပေး မထားရင် သူ့အတွက် အန္တရာယ်ရှိတယ်။ ဒါကြောင့်မို့လို့လည်း ကိုသူရမြင့်အောင်လို လူမျိုးကို ပေးခဲ့လိုက်တယ်။ ကိုကို လို လူမျိုးကို ပေးခဲ့တယ်။

သူရမြင့်အောင်ကတော့ ကျနော်ပြောဖူးပါတယ်။ ဦးနှောက်တွေ၊ ဉာဏ်တွေ သိပ်သုံးတဲ့ လူမျိုး မဟုတ်ဘူး။ သိပ်ပြီးတော့မှ စဉ်းစား ဆင်ခြင်တဲ့ လူမဟုတ်ဘူး။ အထက်က သတ်ဆိုသတ် အဲဒီလို သိပ်ပြီးတော့မှ အကြင်နာ တရားမရှိဘူး။ အဲဒါမျိုးလူတွေကို ထားခဲ့တယ်။

ပတ်သက်ရာ ပတ်သက်ကြောင်းတွေပဲ ထားခဲ့တယ်။ မင်းအောင်နိုင်ကို ရွှေမန်းနေရာ ပေးလိုက်တာကတော့ သူ ပြောင်ကြီး လုပ်ချ လိုက်တာပဲ။ မင်းအောင်နိုင်က ကျနော်နဲ့ ၁၀ တန်းအတူတူ အောင်တယ်။ ဒါပေမယ့် ဗိုလ်သင်တန်း အပတ်စဉ် သူက တနှစ်စောတယ်။
စိတ်ဓာတ် မကောင်းဘူး။ ညစ်တတ်တဲ့ စိတ်ရှိတယ်။

ကိုရွှေမန်းမှာကတော့ တခုပြောစရာ ရှိတယ်။ ၂၀၀၈ ခုနှစ်အတွင်းမှာတုန်းက သူမြောက် ကိုရီးယားကို ခရီးစဉ် ကိစ္စတွေ နောက်ပိုင်း နာမည်လေး ထွက်လာတွေ ရှိတယ်။ ဒါက ကျနော့်သူငယ်ချင်း ကိုဝင်းနိုင်ကျော်နဲ့ ထောင်ထဲ မရောက်ခင် ပြောခဲ့ကြတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီ လူငယ်ပိုင်းနဲ့ စီးပွားရေး သမားဗျာ။ ဇော်ဇော်တို့ ဘာတို့ဆိုတာ သူ့အနားက လူတွေ။ သတင်းတွေ ထွက်လာတာက ဒီအဘိုးကြီး နှစ်ယောက်နဲ့တော့ ဗမာပြည် ရှေ့ဆက်လုပ်ရင် သိပ်ပြီးတော့ အခြေအနေတော့ မကောင်းဘူး၊ တကယ်လို့ ကိုရွှေမန်းများဆိုရင် ဘယ်လိုဖြစ်မလဲ ဆိုတာ စဉ်းစားတာပါ။ ကိုရွှေမန်း ကိုယ်တိုင် သိတာ မဟုတ်ဘူး။ ဒါမျိုး သတင်းတွေပေါ်မှာ မူတည်ပြီးတော့ ကိုရွှေမန်းအပေါ်မှာ အဘွားကြီး ဒေါ်ကြိုင်ကြိုင်နဲ့ အဘိုးကြီးတို့ ငြိုငြင် တာလေးတွေ ရှိကြတယ်ဗျ။ ဒါတွေကလည်း သူတို့ထဲမှာ၊ အတွင်းထဲမှာလည်း အရှုပ်အရှင်းတွေ ရှိတယ်။ ဗိုလ်ချုပ် တင်အောင်မြင့်ဦး သားနဲ့ သူ့မြေး နေရွှေသွေးအောင်တို့ ဖြစ်တဲ့ ကိစ္စတွေလည်း ဒီမိသားစုတွေ ကြားထဲမှာရှိတယ်။

အဓိကကတော့ ဗိုလ်ချုပ်ကြီးမောင်အေး။ ဗိုလ်ချုပ်ကြီးမောင်အေးနဲ့ ဗိုလ်ချုပ်မှူးကြီး ကြားမှာ လူတွေ မသိတဲ့ ပြဿနာတွေ အများကြီး ရှိတယ်ဗျ။ ဗိုလ်ချုပ်ကြီး မောင်အေးက တကယ်တော့ စစ်သား။ ချမယ်၊ တိုက်မယ်။ အဲဒီလိုလူမျိုး။ သူက DSA တော့ DSA ပဲ။ ဒါပေမယ့် DSA တိုင်းကတော့ ဗိုလ်ချုပ်မောင်အေးရဲ့ တပည့်တော့ မဟုတ်ကြဘူး။ အဲဒီမှာ ဗိုလ်ချုပ် မောင်အေးရဲ့ အာဏာက ဘာမှ သိပ်မရှိဘူး။ ဗိုလ်ချုပ် မောင်အေးကလည်း နဂိုကတည်းကမှ အရက် သောက်တတ်တဲ့ လူဆိုတော့ အရက်ကြီးပဲ ဖိသောက်တယ်။ နောက်ပိုင်း ၂၀၀၈၊ ၂၀၀၉ လောက်မှာဆိုရင် ဗိုလ်ချုပ် မောင်အေးက နေ့လယ်ဘက်မှာ အရက်သောက်တဲ့ အနေအထားမျိုး ဖြစ်လာတယ်။

အကျိုးအကြောင်းရှိရင်၊ သတင်းသွားပို့ရင်တောင်မှ ဗိုလ်ချုပ်မောင်အေးက ဗိုလ်ချုပ်မှူးကြီး သန်းရွှေခေါ်မှ လာရတယ်။ ဒီအတိုင်း အကြောင်းမဲ့သွားပြီး သတင်းပို့ခွင့် မရှိတော့ဘူး။ နေပြည်တော် ရောက်သွားပြီးတဲ့ အခါမှာ အခြေအနေက တော်တော်လေး ဆိုးလာတော့ ဗိုလ်ချုပ်မောင်အေးက အစည်းအဝေးမှာ ငါလည်း ဦးစီးချုပ် လုပ်နိုင်ပါတယ် ဆိုပြီး အရက် ထွေထွေနဲ့ ရင်ဖွင့်တာတွေ ရှိလာတယ်။ သို့သော်၊ ဗမာ့ တပ်မတော်မှာ လှုပ်လို့မရဘူးဗျ။ ဗိုလ်ချုပ်မောင်အေးလည်း လှုပ်လိုက်ရင် ဗိုလ်ချုပ်ခင်ညွန့် နောက်လိုက်သွားရမှာပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ အရေးကြီးတဲ့ လက်နက်ကိုင် အားလုံးက ဗိုလ်ချုပ်မှူးကြီး လက်ထဲမှာ ရှိတာကိုး။ ပါဝါ အားလုံးက သူကိုင်ထားတယ်။

အခု အခြေအနေကလည်း ဗိုလ်ချုပ်မှူးကြီးက သူ့အတွက်ပဲ အားလုံး သူစီစဉ်ပြီး လုပ်သွားခဲ့တာပဲ။ စစ်တပ်ကို သူပဲလုပ်မယ်။ အခု ဒုတိယ ဗိုလ်ချုပ်ကြီး လုပ်တဲ့သူတွေ ဂန့်နေပြီ။ အရင်လိုလည်း ဝန်ကြီးဖြစ်ဖို့ မရှိဘူးဗျာ။ ရွေးကောက်ပွဲ ဝင်ဖို့ ကကျတော့လည်း ဒီအချိန်ကျမှ ဘယ်လိုလုပ်ပြီး မဲဆွယ်မလဲ။ အရေးယူ မခံရရင်ပြီးရော နေရမယ်ဆိုတဲ့ အနေအထားမျိုးလေးနဲ့ သူတို့နေကြတာ။ မျှော်လင့်ချက် ကတော့ ၂၅ ရာခိုင်နူန်းထဲမှာ သူတို့ကို ထည့်မလား ဆိုတာတော့ ရှိတာပေါ့။

တပ်အတွင်းမှာတော့ ကျနော့်အမြင် ပြောရရင် အာဏာကို ရှင်းထုတ် လိုက်တာပဲ။ နိုင်ငံရေး အဖွဲ့ပိုင်း ကျတော့ ဦးသိန်းစိန်က ဗိုလ်ချုပ်မှူးကြီးနဲ့ ၈ လကြာ အတူတူ နေခဲ့တာဗျ။ ဦးသိန်းစိန်နဲ့ ဗိုလ်ချုပ်မှူးကြီး ကြားမှာ ဘာပြဿနာမှ မရှိဘူး။ မိသားစုလိုက်ကော ကပ္ပတိန် လောက်ကတည်းက အတူနေခဲ့ကြတဲ့ လူဆိုတော့လေ။ ဒါကြောင့်မို့လို့ ဦးသိန်းစိန်ကို မထင်မှတ်ဘဲ ဝန်ကြီးချုပ်ကနေ ပါတီ ဥက္ကဋ္ဌ လုပ်ခိုင်း လိုက်တယ်။

အားလုံးကို ခြုံပြီးတော့ ကျနော်ပြန်သုံးသပ်ရရင်တော့ ဒီလိုလုပ်လိုက်တဲ့ ဥစ္စာက စစ်ဘက် စစ်ရေးဆိုင်ရာ ကိစ္စတွေမှာသူ ရှင်းထုတ်ပြီး တော့မှ သူ့ကို ယှဉ်နိုင်မယ့်သူ တယောက်မှ မရှိတော့ဘူးဗျာ။

အဲဒီမှာမှ ကျနော်ထောက်ပြရရင် ဗိုလ်ချုပ်ကြီးရဲမြင့်ပေါ့။ သူက ဗိုလ်ချုပ်ကြီးမောင်အေးရဲ့ တစ်ချိန်က ပီအေ ဗျ။ ဗိုလ်ချုပ်ရဲမြင့်ဆို ငြိမ်းချမ်းရေး ကိစ္စတွေ၊ နယ်ခြားစောင့်တပ် ကိစ္စတွေနဲ့ ပတ်သတ်ပြီးတော့ သူ့အပေါ်မှ အမြင် မကြည်တာတွေ ရှိတယ်လို့ ကြားရတယ်။ အောင်မှ မအောင်မြင်တာ။ အခုလက်ရှိ တက်လာတဲ့ အတန်းတွေကတော့ တိုင်းမှူးတန်းတွေ ဆိုရင်တောင် ကျနော်တို့ထက် နှစ်နှစ်လောက် ငယ်သွားပြီ။ အပတ်စဉ် ၂၂ တို့ဘာတို့ အဲဒီ အတန်းလောက် ဖြစ်သွားပြီ။ ၂၃၊ ၂၄ တန်းလောက် ဖြစ်သွားပြီ။ ဒါက new blood တွေအားလုံးကို ရွေးကောက်ပွဲ မတိုင်ခင် တင်ပေးလိုက်တဲ့ သဘောမျိုးပဲ။

မေး။ ။ ဒီလိုအပြောင်းအလဲက တိုင်းပြည်အပေါ် ဘယ်လို အကျိုး သက်ရောက်မှုတွေ ရှိလာနိုင်မယ်လို့ ထင်ပါသလဲ။

ဖြေ။ ။ အကျိုးသက်ရောက်မှု အနေနဲ့ကတော့ အခုလက်ရှိ တက်လာတဲ့ စစ်ခေါင်းဆောင်ပိုင်းမှာ အသက် ၅၀ တန်းတွေ ဖြစ်လာတယ်။ တချိန်တခါကတော့ ကျနော်တို့နဲ့ ညီအစ်ကိုတွေပဲ ပေါ့ဗျာ။ ကျနော် ဆိုလိုချင်တာက ပြောင်းလဲချင်တဲ့ စိတ်ဓာတ်က အခုတက်လာမယ့် ခေါင်းဆောင် အသစ်တွေမှာ ရှိကြတယ်ဗျ။ ဒါက ငယ်စဉ်တုန်းက ရှိတဲ့ စိတ်ဓာတ်ပေါ့ဗျာ။ အခု ကြီးလာတဲ့ စိတ်ဓာတ် ကတော့ သူ့အပေါ်မှာ အုပ်ထားတဲ့ လောင်းရိပ်ပေါ်မှာပဲ မူတည်တယ်။ နောက်ဆုံး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သေသွားမှသာ အပြောင်းအလဲ ဆိုတဲ့ ဟာမျိုးတွေ ကျနော် မြင်တယ်ဗျ။

မေး။ ။ ခုနကပြောသလိုပဲ ဗိုလ်ချုပ်ကြီး သူရမြင့်အောင်က အကြင်နာတရား သိပ်မရှိဘူး၊ စစ်ဆိုစစ်ပဲ သိတဲ့ လူတယောက် အနေနဲ့ ဒီပြောင်းအလဲမျိုးကို ဖော်ဆောင်နိုင်ပါ့မလား။

ဖြေ။ ။ ကျနော်ဆိုချင်တာက ဒီပုဂ္ဂိုလ်မှာက ဒီလောက်နိုင်ငံရေးကော၊ နိုင်ငံတကာရေးရော သိပ်မရှိဘူးဗျ။ ဒါပေမယ့် ကျနော် လက်ခံတာက သူ့အောက်မှာ ရှိတဲ့ ကိုကိုတို့ ဘာတို့ ကျတော့ ရှိတယ်။ သဘော သဘာဝ လူကြမ်းတွေ ပေါ့လေ။ သူရ မြင့်အောင်ဆိုရင် လူကြမ်းပဲ လိုပြောရမယ်ဗျ။ လူကြမ်းတွေရဲ့ သဘော သဘာဝက သူတို့ ပျော့သွားပြီဆိုရင်လည်း ခုနက ပြောသလို သူများထက် ပိုပြီးတော့မှ လုပ်လို့လွယ်တယ်။ အဲဒီတော့ ကိုမြင့်အောင်လို လူမျိုးက လူကြမ်းတော့ လူကြမ်းပဲ။ ဒါပေမယ့် ခုနက ပြောသလို ကိုင်တတ် တွယ်တတ်တယ်ဆိုရင်တော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေလို ဉာဏ်များတဲ့ လူမျိုးတော့ မဟုတ်ဘူး။

မေး။ ။ ရှင်းထုတ်လိုက်တဲ့အထဲမှာ ၃၊ ၄၊ ၅ ယောက်လောက် ပြောပြပေးပါလား။

ဖြေ။ ။ ရှင်းထုတ်လိုက်တဲ့အထဲမှာ ထောက်လှမ်းရေးကပေါ့လေ။ ဗိုလ်ချုပ်ကြီး ရဲမြင့်က တချိန်က ဗိုလ်ချုပ်ကြီး မောင်အေးရဲ့ ပီအေဗျ။ နောက်တယောက် ဗိုလ်ချုပ်ကြီး မြင့်လှိုင် တယောက်ရှိမယ်၊ လေကြောင်း ကာကွယ်ရေးက။ ၂ ယောက် ရှိတာပေါ့နော်။ သူတို့က ၂၅ ရာခိုင်နှုန်းထဲမှာပဲ ပါမလား၊ လုံးဝ အငြိမ်းစား ပေးတာလား၊ ဒါမှမဟုတ်လည်း ထုတ်ပစ်တာလား။ အကုန်လုံးက shock ဖြစ်နေကြတယ်။ သူတို့ကိုယ် သူတို့ ဘာဖြစ်မယ်ဆိုတာ ပြောလို့မရဘူး။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက တယောက်တည်း လုပ်တာကိုး။ အတည်ပြုဖို့က ခက်တာပေါ့။

နောက် ရှင်းထုတ်တဲ့ အထဲမှာ သီဟသူရ တင်အောင်မြင့်ဦးကော၊ ရွှေမန်းကော ပါသွားတယ်။ ကျနော် သိရ သလောက် ကတော့ သီဟသူရ တင်အောင်မြင့်ဦး ကတော့ ဗိုလ်ချုပ်ကြီး မောင်အေးနဲ့ ပိုနီး စပ်တယ်ဗျ။ ဗိုလ်ချုပ် တင်အောင်မြင့်ဦး သားနဲ့ အဘိုးကြီး မြေးနဲ့ ငြိပြီး နောက်ပိုင်းမှာ သူ့ကို စစ်ထောက်ချုပ် မခိုင်းတော့ဘူး ပြောတယ်။ မခိုင်းတော့ဘဲနဲ့ အတွင်းရေးမှူး ၁ ပဲ လုပ်ခိုင်း တယ်လို့ ပြောတယ်။ တေ့တေ့လေး ထားတာပေါ့ဗျာ။ သူ့ကို တရားဝင် ထုတ်ပြီး မင်းကို စစ်ထောက်ချုပ်က ဖြုတ်တယ် ဆိုတာမျိုးတော့ မဟုတ်ဘူးဗျ။ ကျနော်တို့ထဲမှာက နှုတ်မိန့်နဲ့သွားတာဗျ။

Ref: ဧရာဝတီ်

Read More...

ဗိုလ်ချုပ်မှူးကြီး တရုတ်သို့ လည်ပတ်မည်

တနင်္လာနေ့၊ စက်တင်ဘာလ ၀၆ ရက် ၂၀၁၀

ချင်းမိုင် (မဇ္ဈိမ)။ ။ စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် မနက်ဖြန်မှ စတင်ကာ တရုတ်နိုင်ငံသို့ ၅ ရက်ကြာ ခရီးစဉ်ဖြင့် အလည်အပတ် ရောက်ရှိမည်ဟု တရုတ်နိုင်ငံ ဇင်ဟွာသတင်းဌာန သတင်း ထုတ်ပြန်ချက်အရ သိရသည်။

တရုတ်သမ္မတ ဟူဂျင်းတောင်၏ ဖိတ်ကြားချက်အရ ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ဇနီးသည် ဒေါ်ကြိုင်ကြိုင်နှင့် အတူ ယခုလ ၇ ရက်နေ့မှ ၁၁ ရက်နေ့အထိ လာရောက် လည်ပတ်ရန် စီစဉ်ထားခြင်း ဖြစ်သည်။

ယခုနှစ် နိုဝင်ဘာလတွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် ပြင်ဆင်ရန် ထိပ်တန်း မြန်မာ စစ်ခေါင်းဆောင် အချို့ စစ်ဘက် ရာထူးများမှ ရုတ်တရက် အနား ယူကြပြီးနောက် ရက်ပိုင်း အကြာတွင် ယခု ခရီးစဉ် ပေါ်ထွက်လာခြင်း ဖြစ်သည်။

လွန်ခဲ့သည့် လများအတွင်း တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုများကို အကြီးအကျယ် တိုးမြှင့် ပြုလုပ်ခဲ့ရာ လက်ရှိ ဘဏ္ဍာရေးနှစ်တွင် အမေရိကန် ဒေါ်လာ ၈ ဘီလီယံကျော် အထိ ရင်းနှီး မြှုပ်နှံခဲ့သည်။ ထိုပမာဏသည် လွန်ခဲ့သည့် ဆယ်စုနှစ် ၂ ခုခန့်က မြန်မာနိုင်ငံ အတွင်း စုစုပေါင်း ရင်းနှီး မြှုပ်နှံမှု၏ သုံးပုံနှစ်ပုံခန့် အထိပင် ရှိသည်။

တရုတ်နိုင်ငံ၏ မကြာသေးခင်က ရင်းနှီးမြှုပ်နှံမှုများတွင် အမေရိကန်ဒေါ်လာ ၅ ဘီလီယံ တန်းဖိုးရှိ ရေအား လျှပ်စစ် စီမံကိန်းများနှင့် အမေရိကန် ဒေါ်လာ ၂.၁၅ ဘီလီယံခန့် တန်ဖိုးရှိ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်းများ ပါဝင်သည်။

ဗိုလ်ချုပ်မှူးကြီးသည် ၁၉၉၆ ခုနှစ်ထဲတွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥက္ကဋ္ဌ အနေဖြင့် လည်းကောင်း၊ ၂ဝဝ၃ ခုနှစ်ထဲတွင် နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ နအဖ ဥက္ကဋ္ဌ အနေဖြင့်လည်းကောင်း တရုတ်နိုင်ငံသို့ သွားရောက် လည်ပတ်ခဲ့သေးသည်။

မြန်မာနိုင်ငံသို့ နောက်ဆုံး လာရောက်လည်ပတ်ခဲ့သော တရုတ်ထိပ်တန်း ခေါင်းဆောင်မှာ တရုတ် ဒုသမ္မတ မစ္စတာ ရှီကျင့်ဖျင် (Xi Jinping) ဖြစ်ပြီး၊ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ အတွင်း အလည်အပတ် ခရီးစဉ် ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးသည် ယခုနှစ် ဇူလိုင်လထဲတွင် အိန္ဒိယနိုင်ငံသို့ လည်ပတ်ခဲ့ရာ၊ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် စီးပွားရေး အကျိုးတူ ဆောင်ရွက်ရေးကို ရည်ရွယ်၍ စာချုပ်များ ချုပ်ဆိုခဲ့ကြသည်။

Ref: မဇ္ဈိမ

Read More...

ပဲခူးလူငယ် ၂ ဦးကို စစ်တပ်က သဂြိုင်္ဟ်မည်

တနင်္လာနေ့၊ စက်တင်ဘာလ ၀၆ ရက် ၂၀၁၀

ရန်ကုန် (မဇ္ဈိမ) ။ ။ စစ်ဗိုလ်များက သေနတ်ဖြင့် ပစ်သောကြောင့် ပဲခူးမြို့ခံ လူငယ် ၂ ဦး သေဆုံးရမှု အပေါ် မြို့သူမြို့သားများ ဒေါသ ထွက်နေကြပြီး၊ ရုပ်အလောင်းများကိုမူ စစ်တပ်ကပင် မနက်ဖြန်တွင် သဂြိုင်္ဟ်မည်ဟု သေဆုံးသူ မောင်စိုးပိုင်ဇော်၏ မိသားစုဝင် တဦးက ပြောသည်။

ယခုလ ၄ ရက်နေ့ ည ၁၂ နာရီကျော်တွင် မြို့ခံလူငယ်များနှင့် ပဲခူးအခြေစိုက် ခလရ ခြေလျင်တပ်ရင်း ၅၉ မှ ဗိုလ်ကြီးအဆင့် ရှိသူများ အကြား ခိုက်ရန်ဖြစ်ပွားရာ သေနတ်ဖြင့် ပစ်သောကြောင့် ပဲခူးမြို့ ဇိုင်းဂနိုင်း တောင်ပိုင်းရပ်ကွက် မြလမ်းတွင် နေထိုင်ကြသူ ၂၂ နှစ်အရွယ် မောင်အောင်သူဟိန်းနှင့် ၁၈ နှစ်အရွယ် မောင်စိုးပိုင်ဇော်တို့ ပွဲချင်းပြီး သေဆုံးခဲ့ကြရသည်။

ရုပ်အလောင်းများကို ပဲခူးဆေးရုံသို့ စက်တင်ဘာလ ၅ ရက်နေ့ နံနက်ပိုင်းတွင် ရပ်ကွက် (ရယက) မှ တာဝန် ရှိသူများက ဆိုက္ကားပေါ် တင်၍ ကြိုးများချည်နှောင်ကာ ပို့ဆောင်ခဲ့ပြီး၊ မနက်ဖြန် ၁၂ နာရီတွင် ပဲခူးမြို့ ဆင်ဖြူကွင်း သုသာန်၌ သင်္ဂြိုဟ်ရန်အတွက် စစ်တပ်က ဆောင်ရွက်နေသည်ကို မိသားစုဝင်များသာမက ပဲခူးမြို့ခံများပါ ဒေါသ ထွက်နေကြသည်။

’’လူငယ်တွေရဲ့ အလောင်းတွေကို စက်တင်ဘာ ၇ ရက်နေ့မှာ သဂြိင်္ုဟ်ဖို့ စီစဉ်နေပါတယ်။ အခုထိတော့ အိမ်ကို ပေးမသယ်ဘူး။ ရင်ခွဲရုံမှာပဲ ထားတယ်။ စစ်တပ် အစီအစဉ်နဲ့ပဲ သင်္ဂြိုဟ်ရမယ်လို့ ပြောတယ်’’ ဟု မောင်စိုးပိုင်ဇော်၏ မိသားစုဝင် တဦးက ပြောသည်။

’’ကျမတို့ သိသလောက်ကတော့ ဗိုလ်တွေကလည်း မူးနေတာလေ။ ကလေးတွေကလည်း အဲဒီလိုပဲ နေမှာပါ။ အမှန်ဆိုရင် အဲဒီလောက်ထိ ဖြစ်စရာ မလိုဘူး။ ဗိုလ်တွေကတော့ သေနတ် ကိုင်ဆောင်ခွင့် ရထားတဲ့ လူသတ် သမားတွေလေ။ ကျမတို့ ဒီကလေးတွေ သေတဲ့အတွက် လုံးဝ မကျေနပ်ဘူး’’ ဟု မောင်အောင်သူဟိန်း၏ မိသားစုဝင် တဦးက ဆေးရုံကြီး ရင်ခွဲရုံတွင် ရုပ်အလောင်း ထုတ်ယူရန် စောင့်ဆိုင်းနေစဉ် ပြောဆိုသည်။

အခင်းဖြစ်သည့်နေ့ ညနေပိုင်းတွင် မောင်စိုးပိုင်ဇော်တို့ လူငယ်တစုနှင့် အရပ်ဝတ် ဝတ်ဆင်ထားသည့် ခမရ ၅၉ စစ်အရာရှိ တဦးသည် မြလမ်းထိပ်အနီး ကယ်လီဖိုးနီးယား ကာရာအိုကေ စားသောက်ဆိုင်မှ အထွက်တွင် စစ်အရာရှိတဦး၏ ၂ ဘီး ဆိုင်ကယ်နှင့် လူငယ်များ၏ ၃ ဘီးဆိုင်ကယ်တို့ ဖင်ချင်းတိုက်မိရာမှ စတင်ကာ အပြန်အလှန် ထိုးကြိတ်ကြရာ အရာရှိဖြစ်သူ ခေါင်းတွင် ဒဏ်ရာ ရရှိသွားခဲ့သည်။

ထို့နောက်တွင် စစ်အရာရှိက သူ၏ စစ်ဖွဲ့ကို ခေါ်လာပြီးနောက် လူငယ်များ နေထိုင်သည့်ဘက်သို့ လာရောက်ကာ ရှာဖွေ ခေါ်ထုတ်စဉ် နှစ်ဖက်အကြား ထိုးကြိတ်မှုများ ဖြစ်ပွားပြီးနောက် သေနတ်ဖြင့် ပစ်ခတ်သေဆုံးမှု ပေါ်ပေါက်လာကြောင်း အဆိုပါ ရပ်ကွက်တွင် နေထိုင်သူတဦးက ပြောသည်။

’’ပဲခူးမှာ ဒီကိစ္စက အရမ်းကို အရေးပါတဲ့ ပြဿနာတခု ဖြစ်သွားပြီ။ ဒါဟာ သေတဲ့သူတွေရဲ့ မိသားစု တစုချင်းကိစ္စ မဟုတ်တော့ဘူး။ မြို့ပေါ် နေသူတွေ အားလုံးရဲ့ ကိစ္စပဲ။ ဒီလိုသေနတ်နဲ့ ပစ်သတ်တာကို ငြိမ်ခံရင် နောက်လည်း သတ်လို့ရတယ်လို့ မြင်မှာပဲ။ ဘယ်လို ဆောင်ရွက်မလဲ ဆိုတာပဲ စဉ်းစားကြတော့’’ ဟု ပဲခူးမြို့ပေါ်မှ ဆရာတော်တပါးက မိန့်ဆိုသည်။

စစ်တပ်မှ သေနတ်နှင့် ပစ်ခတ်ခြင်းကြောင့် ပဲခူးတွင် နိုင်ငံရေးနှင့် စပ်ဆိုင်သော အရေးအခင်းအထိ ကူးစက် သွားနိုင်ကြောင်း မြို့ခံများအကြား ထင်ကြေး ပေးမှုများလည်း ရှိနေသည်။

’’မြလမ်းမှာဆိုရင် တယောက်ကိုတယောက် ဒီပြဿနာနဲ့ ပတ်သက်ပြီးတော့ ဘာမှကို မပြောနိုင် လောက်အောင် ဖြစ်နေကြတယ်။ ပြောမထွက် လောက်အောင်ကိုပဲ။ ကျနော်တို့ မြလမ်းမှာ လူတွေ တိတ်ဆိတ်နေတယ်။ အရင်ကဆိုရင် ကလေးတွေနဲ့ ဆော့လို့၊ ဆိုင်ကယ်တွေလည်း ပုံမှန် သွားလာနေကြတာ။ အခုဆိုရင် တယောက်မှ မရှိဘူး။ အားလုံး တိတ်ဆိတ်နေကြတယ်’’ ဟု မြလမ်းတွင် နေထိုင်သူတဦးက ပြောသည်။

ပဲခူးမြို့ အခင်းဖြစ်ရာ နယ်မြေပိုင်ဖြစ်သော အမှတ် ၃ ရပ်ကွက် ရဲစခန်းကို မေးမြန်းကြည့်ရာ ဒုရဲအုပ် သိန်းမြင့်က ’’အမှုကို စခန်းမှူး ကိုင်ပါတယ်။ ကျနော်လည်း မနေ့ညကမှ ခရီးသွားရာကနေ ပြန်ရောက်တာ။ ဂဃနဏ မသိပါဘူး။ စခန်းမှူးလည်း အပြင် သွားပါတယ်။ သွားရောက် စစ်ဆေးနေပါတယ်’’ ဟု ပြောဆိုသည်။ သို့သော် ၎င်းအမှုကို ရဲစခန်းတွင် အမှုဖွင့်ထားပြီဟု ဆိုသည်။

Ref: မဇ္ဈိမ

Read More...

ကေအိုင်အို ခရီးသွားလာမှု ထိန်းချုပ်ခံရ

တနင်္လာနေ့၊ စက်တင်ဘာလ ၀၆ ရက် ၂၀၁၀

နယူးဒေလီ (မဇ္ဈိမ)။ ။ ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အိုကို မြစ်ကြီးနားမြို့ အခြေစိုက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) က ယခုလ ၅ ရက်နေ့မှစ၍ ခရီးသွားလာမှုကို ထိန်းချုပ်လိုက်ကြောင်း သိရသည်။

ကေအိုင်အို ဗဟိုကော်မတီဝင်များ၊ ဝန်ထမ်းများ၊ တိုက်နယ်မှူးအထက် အရာရှိများအနေဖြင့် ခရီးသွားရာတွင် နယ်မြေခံ စစ်ဘက် ဆိုင်ရာ လုံခြုံရေးတပ် (စရဖ) သို့ သတင်းပို့ပြီး၊ မပခ စစ်ဌာနချုပ်က ခွင့်ပြုမိန့် ပေးမှသာ သွားရမည်ဟု မပခ ဌာနချုပ်ရှိ စရဖ စစ်ဦးစီးမှူး (တတိယတန်း) ဗိုလ်ကြီး စည်သူက ကေအိုင်အို ဆက်ဆံရေးအရာရှိ ဗိုလ်မှူးဒီးရမ်ကို ယခုလ ၅ ရက်နေ့တွင် ပြောဆိုခြင်း ဖြစ်သည်။

နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် စစ်အစိုးရက ယခုလ ၁ ရက်နေ့ နောက်ဆုံးထားကာ ရာဇသံ ပေးခဲ့သော်လည်း ကေအိုင်အို က ငြင်းဆန်ဆဲ ဖြစ်သည်။

ထိုသို့ သွားလာရာတွင် လက်နက်ကိုင်ဆောင်ခွင့်နှင့် စစ်ယူနီဖောင်း ဝတ်ဆင်ခွင့်ပါ ခွင့်မပြုကြောင်း ပြောဆိုခဲ့ရာ၊ ဗိုလ်မှူးဒီးရမ်က ၎င်း၏ ဗဟိုကော်မတီနှင့် ဗဟိုစစ်ရုံးချုပ်သို့ ဆက်လက်၍ တင်ပြ ထားပြီးဖြစ်ကြောင်း အမည်မဖော်လိုသူ ကေအိုင်အို ဗဟိုစစ်ရုံးချုပ်မှ အရာရှိငယ် တဦးက မဇ္ဈိမကို ပြောသည်။

ကေအိုင်အိုနှင့် ၎င်း၏ စစ်တပ်ဖွဲ့ အေအိုင်အေ ဝန်ထမ်းများသည် မြစ်ကြီးနား အပါအဝင် မြို့ရွာများတွင် မိသားစု နေအိမ်များနှင့် နေထိုင်သည်သာမက လိုင်ဇာမြို့ရှိ ဗဟိုဌာနချုပ်သို့ သွားလာရာတွင်လည်း မြို့ရွာများကို ဖြတ်သန်း သွားလာကြရသည်။

ထို့ပြင် ဗိုလ်ကြီးစည်သူက ကေအိုင်အို ဗဟိုကိုယ်စားလှယ်ရုံးတွင် လုံခြုံရေး တာဝန်ယူထားသော တပ်ဖွဲ့ဝင်များကို စစ်ယူနီဖောင်း ဝတ်ဆင်ခွင့် မပြုတော့ကြောင်းနှင့် ဤသည်မှာ ကာကွယ်ရေး ဝန်ကြီးဌာန ညွှန်ကြားချက် မဟုတ်ဘဲ မပခ တိုင်းမှူး ဗိုလ်မှူးချုပ် ဇေယျာအောင် ညွှန်ကြားခြင်းဖြစ်ကြောင်း ဗိုလ်မှူးဒီးရမ်ကို ယခုလ ၄ ရက်နေ့တွင် ပြောဆိုခဲ့သေးသည်။

ထို့ကြောင့် ကေအိုင်အိုက ၎င်းတို့ ဗဟိုကိုယ်စားလှယ်ရုံးတွင် လုံခြုံရေးယူနေသော တပ်ဖွဲ့ဝင်များ အနေဖြင့် ယခုလ ၅ ရက်နေ့မှစ၍ စစ်ယူနီဖောင်း မဝတ်ဘဲ အရပ်ဝတ်ဖြင့်သာ တာဝန်ယူရန် ညွှန်ကြားခဲ့ပြီး ဖြစ်သည်။

၁၉၉၄ ခုနှစ် အပစ်ရပ်ပြီးချိန်မှစ၍ ကေအိုင်အိုသည် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့ရွာ ဒေသများတွင် မြစ်ကြီးနားမြို့ ဗဟို ကိုယ်စားလှယ်ရုံး အပါအဝင် ဆက်ဆံရေးရုံး ၂၃ ရုံးကို တရားဝင် ဖွင့်လှစ်နိုင်ခဲ့ပြီး၊ အချို့ရုံးများတွင် စစ်ယူနီဖောင်း ဝတ်ဆင်ကာ လုံခြုံရေး ချထားရန်ပါ စစ်အစိုးရနှင့် သဘော တူညီခဲ့ခြင်း ဖြစ်သည်။

မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်တွင် ရုံးစိုက်ထားသော ကေအိုင်အို ဗဟိုကိုယ်စားလှယ်ရုံးရှိ လုံခြုံရေး တပ်ဖွဲ့များကို စစ်ယူနီဖောင်း ဝတ်ဆင်ကာ ထားရှိခဲ့သည်မှာ ဆယ်စုနှစ် တခုပင် ကျော်လွန်ခဲ့ပြီဖြစ်သည်။

Ref: မဇ္ဈိမ

Read More...

ကြံ့ဖွံ့ တစည ကို စတိုက်ပြီ

Monday, September 06, 2010

ရန်ကုန်တိုင်းအတွင်းရှိ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် ၅ တွင် ကြံ့ဖွံ့ပါတီ ကိုယ်စားပြု ၀င်ရောက် ယှဉ်ပြိုင်မည့် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လောင်း ဗိုလ်မှူးကြီးဟောင်း ဦးဝင်းနောင်သည် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ (တစည) ကို မဲမပေးရန် ပုတ်ခတ် ပြောဆိုနေသည်ဟု သိရသည်။

“ဦးဝင်းနောင်က တစညပါတီ မကောင်းတဲ့အကြောင်း၊ ဒီပါတီမကောင်းခဲ့လို့ တိုင်းပြည် ရေတိမ် နစ်ခဲ့ရကြောင်း။ တစည ပါတီကို ပြည်သူတွေ မဲမပေးချင်အောင် ကြံ့ဖွံ့ ပါတီဝင်တွေ အနေနဲ့ စည်းရုံးသွားဖို့ လိုတယ်ဆိုတဲ့ အကြောင်း ပြောတယ်” ဟု ဗဟန်း မြို့နယ်မှ ကြံ့ဖွံ့ပါတီတာဝန်ရှိ သူတဦးက ပြောသည်။

ဦးဝင်းနောင်သည် တစည ပါတီအပေါ် ပုတ်ခတ်ဝေဖန်မှု များကို မြို့နယ်အမာခံ ကြံ့ဖွံ့ ပါတီဝင်များနှင့် တွေ့ဆုံပွဲ များတွင် ပြောဆို မှာကြားခြင်းဖြစ်ပြီး သူဝင်ရောက် ယှဉ်ပြိုင်မည့် အမျိုးသား လွှတ်တော် မဲဆန္ဒနယ် အမှတ် ၅ တွင် မရမ်းကုန်းမြို့နယ်၊ ဗဟန်းမြို့နယ်၊ ဒဂုံမြို့နယ်၊ စမ်းချောင်းမြို့နယ်၊ ပန်းပဲတန်းမြို့နယ်နှင့် ကျောက်တံတားမြို့နယ် စုစုပေါင်း မြို့နယ် ၆ မြို့နယ်ပါဝင်သည်။

“ဦးဝင်နောင်က အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းဆိုတော့ အခုမြို့နယ် ၆ မြို့နယ်က ပြည်ခိုင်ဖြိုး ပါတီဝင် တွေနဲ့တွေ့ပြီး မဲဆွယ် လှုပ်ရှားမှုတွေ စ လုပ်နေတယ်” ဟု အမျိုးသား လွှတ်တော် မဲဆန္ဒနယ်အမှတ် ၅ အတွင်းရှိ မြို့နယ်တခု၏ ကြံ့ဖွံ့ပါတီဥက္ကဋ္ဌ တဦးက ဆိုသည်။

ဝန်ကြီးချုပ် ဦးသိန်းစိန် ခေါင်းဆောင်သော ကြံ့ဖွံ့ပါတီက မဲဆန္ဒနယ်အားလုံးတွင် ယှဉ်ပြိုင်ရန် ပြင်ဆင် ထားချိန်၌ တစည ပါတီကလည်း လွှတ်တော် အမတ်လောင်း ၉၈၀ ဦး အမည်စာရင်း တင်သွင်းလိုက်ရာ ပါတီ ၂ ခုမှာ အဓိက ပြိုင်ဘက်များ သဖွယ် ဖြစ်လာရသည်။

ကြံ့ဖွံ့ပါတီကို စိန်ခေါ်နိုင်သည့် ပါတီသည် တစည တခုသာရှိပြီး တစည ပါတီမှာ ယခင်က တန်ခိုးသြဇာ ကြီးထွားခဲ့သော မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီမှ ပေါက်ဖွားလာသော ပါတီဖြစ်သည့် အပြင် ထိပ်တန်း ခေါင်းဆောင်များသည် စစ်ဗိုလ်ချုပ်ဟောင်းများ ဖြစ်သည့် အတွက် ယခု ရွေးကောက်ပွဲတွင် အကြိတ်အနယ် နိုင်ငံရေး အားစမ်းပွဲကြီး ဖြစ်လာမည်ဟု ပြည်တွင်း နိုင်ငံရေး သမားတဦးက ခန့်မှန်းသည်။

“အာဏာရှိနေတဲ့ သူတွေနဲ့ အာဏာရှိခဲ့ဖူးသူတွေ ပြိုင်ကြမယ့်ပွဲပဲ။ ကျားနဲ့ဆင် လယ်ပြင်မှာ တွေ့မယ့်ပွဲပဲ။ ကြံ့ဖွံ့ပါတီ
ကလိန် ကကျစ် ကျနေတာကိုလည်း တစည က သိနေတယ်။ ဒီပွဲမှာ တစညနဲ့ ကြံ့ဖွံ့ ရန်သူတွေလို ဖြစ်သွားနိုင်တယ်။ ဒါပေမယ့် အာဏာ လက်ရှိနဲ့ အာဏာ လက်မဲ့မှာ အာဏာလက်ရှိက ပိုပြီးအားသာမှာပါ” ဟု ၎င်းက ဆိုသည်။

ရွေးကောက်ပွဲဝင်ကြမည့် နိုင်ငံရေးပါတီအများစုတွင် မဲဆန္ဒနယ် ၁၀၀ ကျော် ၀င်ရောက်ယှဉ်ပြိုင်နိုင်သော ပါတီ ၂ ခုခန့်သာ ရှိပြီး ကြံ့ဖွံ့ပါတီနှင့် တစည ပါတီတို့သာ ထိပ်တိုက် ရင်ဆိုင်ကြရမည့် မဲဆန္ဒနယ် အများအပြား ရှိနေသည်။

နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တွင် နိုင်ငံရေး ပါတီ ၄၇ ခု မှတ်ပုံတင်ရန် လျှောက်ထားပြီး ၄၂ ပါတီမှတ်ပုံတင်ခွင့် ရရှိခဲ့သည်။ မှတ်ပုံတင်ခွင့် မရသည့် ပါတီ ၅ ခု အနက် ကချင်ပြည်နယ် တိုးတက်ရေးပါတီ၊ ရှမ်းပြည်နယ် မြောက်ပိုင်း တိုးတက်ရေးပါတီ၊ ညီညွတ်သော ဒီမိုကရေစီပါတီ (ကချင်ပြည်နယ်) တို့ ပါဝင်သည်။

ထို့ပြင် မှတ်ပုံတင်ခွင့်ရရှိသော နိုင်ငံရေးပါတီများတွင်လည်း မြန်မာ့ လူဘောင်သစ် ဒီမို ကရက်တစ်ပါတီ၊ မြန်မာ့ဒီမိုကရေစီ ကွန်ကရက်နှင့် ပြည်ထောင်စု ကရင်အမျိုးသားများ အဖွဲ့ချုပ်တို့မှာ ရွေးကောက်ပွဲဝင်ရန် ငွေကြေး အခက်အခဲနှင့် အချိန် အခက်အခဲကြောင့် သတ်မှတ်ရက်အတွင်း လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း မတင်သွင်း နိုင်ခဲ့ကြကြောင်း စုံစမ်း သိရှိရသည်။

နိုင်ငံရေးပါတီတခုသည် အထွေထွေရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၊ အမျိုးသား လွှတ်တော် မဲဆန္ဒနယ်၊ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော် တရပ်ရပ် အနက် အနည်းဆုံး မဲဆန္ဒနယ် ၃ နယ်တွင် လွှတ်တော် ကိုယ်စားလှယ် လောင်းများ ၀င်ရောက် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ထိုသို့ ဝင်ရောက် ယှဉ်ပြိုင်နိုင်ခြင်း မရှိလျင် ပါတီ ဆက်လက် ရပ်တည်ပိုင်ခွင့် မရှိကြောင်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ အခန်း ၃၊ ပုဒ်မ ၁၂ (က) တွင် တရားဝင် ပြဋ္ဌာန်းထားသည်။

Ref: ဧရာဝတီ်

Read More...

ရွေးကောက်ပွဲကို စောင့်ကြည့်ရန် လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

၀၆ စက်တင်ဘာ ၂၀၁၀

၂၀၁၀ နိုဝင်ဘာ (၇) ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲသည် ဥပဒေနှင့်အညီ ဆောင်ရွက်မှု ရှိ မရှိ စောင့်ကြည့်ရန် လိုအပ်ကြောင်း မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

ပြီးခဲ့သည့်စနေနေ့တွင် ဒေါ်အောင်ဆန်းစုကြည်အား သွားရောက်တွေ့ဆုံခဲ့သည့် ရှေ့နေကြီး ဦးဉာဏ်ဝင်းအား ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ခြင်း ဖြစ်သည်။

ဦးဉာဏ်ဝင်းက “ကျနော်တို့ လာမယ့်ရွေးကောက်ပွဲကာလမှာ အဖွဲ့ချုပ်အဖွဲ့ဝင်တွေရော မဲဆန္ဒရှင် ပြည်သူ တွေရော အားလုံးက ဒီ တရားမျှတမှု မရှိတဲ့ ရွေးကောက်ပွဲ ဥပဒေနဲ့ အညီ ဆောင်ရွက်ရဲ့လား ဆိုတာကို စောင့်ကြည့်ဖို့ လိုတယ်။ မမှန်မကန် လုပ်တာ တွေ့ရင်လည်း ဥပဒေနဲ့ အညီ တိုင်ကြားနိုင်တယ်။ တိုင်ကြားသင့်တယ်။ ဒီအသိပညာမျိုးကို ပြည်သူလူထု သိအောင် ဆောင်ရွက်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

ထို့အပြင် ငြိမ်းချမ်းရေးရယူထားသည့် တိုင်းရင်းသား အဖွဲ့အစည်းများနှင့် ပတ်သက်၍လည်း စိတ်မကောင်း ဖြစ်ရကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်ဟု သိရသည်။

“နောက်တခုကတော့ တိုင်းရင်းသား ငြိမ်းချမ်းရေးအဖွဲ့တွေနဲ့ ပတ်သက်ပြီးတော့ ပြောတာက တိုင်းရင်သား အဖွဲ့တွေနဲ့ အခြေအနေ ပြေပြေ လည်လည် မရှိဘူး။ တင်းတင်းမာမာ ရှိတယ်။ ဒီအတွက် သူစိတ်မကောင်းဘူး၊ အဲဒီမှာ ဒီကိစ္စတွေဟာ နိုင်ငံရေးအရ ဖြေရှင်းသင့်တဲ့ ကိစ္စ။ နိုင်ငံရေးအရ ဖြေရှင်းမှသာ ရေရှည်ငြိမ်းချမ်းရေး တည်တန့်မယ်လို့ ပြောပါတယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ယင်းသို့ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်ကို အန်အယ်လ်ဒီဗဟိုအလုပ်အမှုဆောင်များ အစည်းအဝေးတွင် ယနေ့ ပြန်လည် တင်ပြခဲ့ပြီးနောက် သတင်း ဌာနများအား ဦးဉာဏ်ဝင်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ကို မဲပေးလိုသည့် ပြည်သူလူထုအနေဖြင့် လာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် အန်အယ်လ်ဒီ မပါဝင်သဖြင့် မဲမပေးကြရန်သာ ရှိကြောင်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြား ခဲ့သည်ကိုလည်း ပြီးခဲ့သည့် သြဂုတ် (၂၅) ရက်၌ ဦးဉာဏ်ဝင်းက မီဒီယာများအား ပြန်လည်ရှင်းလင်း ပြောကြားခဲ့ပြီးဖြစ်သည်။

ရွေးကောက်ပွဲကာလကို အချိန်တိုအတွင်း လုပ်ဆောင်နေမှုမှာ စစ်အစိုးရအနေဖြင့် တရားမျှတမှု လုံးဝ မရှိသည့် အပြင် ပြည်သူ လူထုကိုလည်း မလေးစားရာ ရောက်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

Ref: ခေတ်ပြိုင်

Read More...

Monday, September 6, 2010

ပဲခူးတွင် လူငယ် ၂ ဦးကို စစ်တပ်က ပစ်သတ်

ဇာနည်မာန်
Monday, September 06, 2010

နယ်မြေခံ တပ်ရင်းမှ အရာရှိ၊ တပ်သားများနှင့် အချင်းများ၍ တပ်သားတဦး၏ ပစ်ခတ်မှုကြောင့် အရပ်သား ၂ ဦး သေဆုံးခဲ့မှု တခု ပြီးခဲ့သည့် စက်တင်ဘာ ၄ ရက်နေ့ ည ၁၂ နာရီခန့်က ပဲခူးမြို့တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

သေဆုံးသူ မောင်အောင်သူဟိန်း (ဘ) ဦးမြတ်သူ နှင့် မောင်စိုးပိုင်ဇော် (ဘ) ဦးဟုတ်ကြည် အပါအ၀င် လူငယ် ၅ ဦးတို့သည် သုံးဘီး ဆိုင်ကယ်ဖြင့် အိမ်အပြန်တွင် ဇိုင်းဂနိုင်း တောင်ပိုင်းရပ်ကွက် မြလမ်းရှိ ကယ်လီဖိုးနီးယား စားသောက်ဆိုင်မှ ထွက်လာသော ခလရ (၅၉) မှ အရာရှိနှင့် တပ်သားများ စီးနင်းလာသည့် ဆိုင်ကယ်ဖြင့် ပွတ်တိုက်မိရာမှ စတင်၍ ခိုက်ရန် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း မျက်မြင်များက ပြောသည်။

“ထိုးကြကြိတ်ကြတာတွေ၊ ပြီးတော့ အားလုံး ပြန်သွားပြီးခါမှ ဟိုစစ်ဗိုလ်တွေက သေနတ်တွေနဲ့ စစ်သားတွေကို ခေါ်လာပြီး ကလေးတွေ အိမ်ကို လိုက်ရှာတယ်။ စစ်သား ၁၀ ယောက် ကျော်တယ်။ ၈ ယောက်လောက်က လမ်းထိပ်ကနေ ပိတ်ထားတာ။ အောင်သူဟိန်းနဲ့ စိုးပိုင်ဇော်ကို ဟဒယ လက်ဖက်ရည် ဆိုင်နားမှာ တွေ့တော့ စစ်သား တယောက်က သူ့ရဲ့ သေနတ်နဲ့ လှမ်းပစ်လိုက်တာ” ဟု မျက်မြင်တဦးက ပြောပြသည်။

ပစ်ခတ်မှုကြောင့် အောင်သူဟိန်း (၂၂နှစ်) သည် သေနတ်ဒဏ်ရာ ၆ ချက်နှင့် စိုးပိုင်ဇော် (၁၈နှစ်) သည် သေနတ်ဒဏ်ရာ ၄ ချက် အသီးသီးဖြင့် နေရာတွင်ပင် ပွဲချင်းပြီး သေဆုံး သွားသည်ဟု ဆိုသည်။

“သူတို့ တဒိုင်းဒိုင်းနဲ့ ပစ်ပြီးသွားတော့ အဲဒီ စစ်သားတွေက စစ်တပ်ကို လာစမ်းရင် အကုန်လုံး သေချင်းဆိုးနဲ့ သေသွား မယ်လို့ အော်သွား သေးတာဗျ။ မနက် ၂ နာရီ ကျော်ကျော် လောက်မှာမှ အလောင်းတွေကို ရင်ခွဲရုံ ပို့မယ်ဆိုပြီး ဆိုက်ကားနဲ့ လာယူသွားတယ်။ သွေးတွေကိုတော့ သဲတွေနဲ့ အုပ်သွားတယ်” ဟု မျက်မြင်ဒေသခံက ဆိုသည်။

သေဆုံးသူများ၏ ရုပ်အလောင်းများကို ပဲခူးမြို့ ဆေးရုံကြီး ရင်ခွဲတိုက်သို့ ပို့ဆောင်ထားပြီး လာရောက် ကြည့်ရှုသည့် မြို့ခံများ ရှင်းလင်းသွားမှ မိသားစုသို့ လွှဲပြောင်း သင်္ဂြိုဟ်ခွင့် ပေးမည်ဟု သိရကြောင်း၊ ရုပ်အလောင်းများကို မနက်ဖြန် စက်တင်ဘာ ၇ ရက်နေ့တွင် သင်္ဂြိုလ်ရန် စီစဉ်ထားကြောင်း မိသားစုဝင်များက ပြောသည်။

အခင်းဖြစ်ပွားသည့်ကိစ္စနှင့် ပတ်သက်၍ အာဏာပိုင်များက သတင်းမေးလာသူများကို မပြောဆိုရန် တားမြစ်ခဲ့ပြီး အမှုကို ကျေအေး ပေးရန် ဗျူဟာမှူး ဦးဆောင်သည့် စစ်တပ် အရာရှိများက ငွေကျပ် ၁၀ သိန်း လျော်ကြေးပေး၍ လာရောက် ညှိနှိုင်းသော်လည်း လက်မခံခဲ့ကြောင်း မိသားစုဝင်များက ပြောပြသည်။

“ဒီငွေယူလို့လည်း ကျမမြေးက အသက် ပြန်ရှင်လာမှာမှ မဟုတ်တာ၊ မယူပါဘူး” ဟု အောင်သူဟိန်း၏ အဘွား ဖြစ်သူက ဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ပဲခူးမြို့ အမှတ် (၁) ရဲစခန်းသို့ ဆက်သွယ် မေးမြန်းခဲ့သော်လည်း ခေါ်ဆို၍ မရခဲ့ပါ။

“ကျမ တူလေးက ဘာအပြစ်မှ လုပ်တာလည်း မဟုတ်ဘဲနဲ့ ဒီလို အလကားနေ ပစ်သတ် ခံလိုက်ရတာကို ဘယ်လိုလုပ် ကျေအေးလို့ ရမှာလဲ။ ဗျူဟာမှူးက ကျမတို့ဆီ လာတွေ့မယ်တော့ ပြောတာပဲ။ ကျမတို့ကတော့ တရား ဥပဒေအတိုင်း၊ အမှန်အတိုင်း ဖြစ်စေ ချင်တယ်။ ကျမတူလေးကို ကောင်းကောင်းမွန်မွန် သင်္ဂြိုဟ်ခွင့် ရချင်တယ်” ဟု သေဆုံးသူ အောင်သူဟိန်း၏ အဒေါ်ဖြစ်သူက ဧရာဝတီသို့ ပြောသည်။

ပစ်ခတ်မှု ကျူးလွန်ခဲ့သည့် ဘောနက်ကြီးရွာ အခြေစိုက် ခမ၇ (၁၀၁) နှင့် အင်းတကော် အခြေစိုက် ခလ၇ (၅၉) တို့မှ အရာရှိနှင့် တပ်သားများကို သက်ဆိုင်ရာက ထိန်းသိမ်း ထားသည်ဟုသာ မိသားစုများထံမှ သိရပြီး မည်သို့ ဆက်လက် အရေးယူ ဆောင်ရွက် မည်ကိုမူ မသိရှိရသေးပေ။

အောင်သူဟိန်း၏ အစ်မဖြစ်သူက “ရဲစခန်းက ဒီအမှုကို တပ်က တိုက်ရိုက် ကိုင်မယ်လို့ ပြောပါတယ်။ တပ်ကတော့ အပြစ်ရှိတဲ့ သူတွေကို ထိန်းသိမ်း အရေး ယူထားတယ်လို့ပဲ ပြောတယ်” ဟု ဆိုသည်။

ပဲခူးမြို့ခံများကမူ ယခုကဲ့သို့ နယ်မြေခံ တပ်သားများ၏ ပစ်ခတ်မှုကို ရမ်းကားမှုအဖြစ် မကျေမနပ် ဖြစ်နေကြပြီး အဆိုပါ အဖြစ်မျိုး ထပ်မံ ဖြစ်ပွားမည်ကို စိုးရိမ် နေကြကြောင်းနှင့် သက်ဆိုင်ရာမှ မည်သို့ အရေးယူမည်ကို စိတ်ဝင်စား နေကြကြောင်း ပြောဆိုသည်။

လူ့အခွင့်အရေးနှင့် ကလေးစစ်သားအရေး ကူညီဆောင်ရွက်ပေးနေသော ပဲခူးမြို့ အခြေစိုက် လမ်းပြကြယ် အဖွဲ့မှ ရှေ့နေ ဦးအေးမြင့်က “တပ်မတော်ဟာ ပြည်သူကို ကာကွယ်ပေးဖို့ အတွက် မဟုတ်တော့ဘူး။ လူရမ်းကား တပ်မတော် ဖြစ်နေပြီ။ အာဏာ ထိန်းချုပ်မှုနဲ့ နီးတဲ့ မြို့ပေါ်မှာတောင် အခုလို ရမ်းကား ပစ်သတ်နေရင် အဝေးကြီးက တောကြို အုံကြားက တိုင်းရင်းသားတွေကို ဆိုရင် ဒီထက်မက လုပ်ချင်ရာလုပ် ရမ်းကားမယ်ဆိုတာ ထင်ရှားပါတယ်” ဟု ပြောသည်။

နောက်ဆုံးရရှိသော သတင်းများအရ မြန်မာ့အသံနှင့် စစ်အစိုးရအာဘော် ပိတောက်မြေ FM ရေဒီယို တို့က သေဆုံးခဲ့သော လူငယ်များက သေနတ် ဝင်လုသဖြင့် ပစ်ခတ်ခဲ့ရကြောင်း အဖြစ်မှန်ကို ဖုံးကွယ် ထုတ်လွှင့် သွားသဖြင့် ကာယကံရှင် မိသားစုဝင်များက မကျေမနပ် ဖြစ်လျှက်ရှိကြောင်း သိရှိရသည်။

ယခုလက်ရှိတွင် မောင်အောင်သူဟိန်းနှင့် မောင်စိုးပိုင်ဇော် တို့၏ ရုပ်အလောင်းများ ထားရှိရာ ပဲခူး အထွေထွေ ရောဂါကု ဆေးရုံကြီး ရင်ခွဲရုံရှေ့တွင် ပဲခူးမြို့ခံ ၂၀၀၀ ကျော်ခန့်က အလောင်းများကို လူမသိ၊ သူမသိ သင်္ဂြိုလ်မည်ကို စိုးရိမ်သဖြင့် စောင့်ဆိုင်းလျက် ရှိကြောင်း ကြားသိရသည်။

Ref: ဧရာဝတီ်

Read More...

အပေါ်သို့