..............................

Friday, January 7, 2011

ပါတီဖျက်သိမ်းမှု အယူခံလွှာ ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ထိုး

2011-01-06

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က စစ်အစိုးရအပေါ် တရားစွဲဆို ထားတာကို ဗဟိုတရာရုံးက ပယ်ချ လိုက်တာနဲ့ ပတ်သက်ပြီး အယူခံတင်ဖို့ အသင့် ဖြစ်ပြီလို့ NLD ပါတီရဲ့ ရှေ့နေတွေက RFA ကို ပြောပါတယ်။ ဒီကနေ့ ဇန်နဝါရီ ၆ ရက် မနက် ၁၀ နာရီက ပါတီ ဗဟို ဥပဒေ အထောက်ကူပြု အဖွဲ့ဝင်များနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ ဆွေးနွေးပြီး ဆုံးဖြတ် လိုက်တာပါ။

ဒီကနေ့ ဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှေ့နေများဖြစ်တဲ့ ဦးကြည်ဝင်း၊ ဦးဉာဏ်ဝင်း၊ ဦးကျော်ဟိုးနဲ့ ဒေါ်ခင်ဌေးကြွယ်တို့ ဆွေးနွေးကြတာ ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲမှာ NLD ပါတီ ဆက်လက်ရပ်တည်ရေးအတွက် စစ်အစိုးရကို တရားဆွဲခဲ့တာကို ဗဟိုတရားရုံးက ပယ်ချ လိုက်တာနဲ့ ပတ်သက်ပြီး ပြန်လည်တင်ဖို့ အတွက် ဥပဒေ အထောက် အကူပြုအဖွဲ့က ပြုစု ထားတာတွေကို ဒေါ်အောင်ဆန်းစုကြည်ကို တင်ပြ ဆွေးနွေးတာ ဖြစ်ပါတယ်။

ဗဟိုတရားရုံးရဲ့ ဆုံးဖြတ်ချက်ဟာ လုပ်ထုံးလုပ်နည်းတင်မကပဲ တည်ဆဲဥပဒေများနဲ့ ကိုက်ညီမှု မရှိဘူုးလို့ ရှေ့နေ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“နံပါတ် ၁ က ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနဲ့လည်း မညီညွတ်ဖူး၊ နံပါတ် ၁ အချက်။ နံပါတ် ၂ အချက်က general clauses act ပေါ့၊ စကားရပ်များ အနက်အဓိပ္ပာယ် ဖွင့်ဆိုခြင်း ဥပဒေ၊ အဲဒီ ဥပဒေ ပြဋ္ဌာန်းချက်တွေနဲ့ မညီညွတ်ဖူး။ ဒီနှစ်ခုကို အဓိက အခြေပြုဖို့ ကျွန်တော်တို့ ညှိနှိုင်း သဘော တူကြပါတယ်။ အယူခံ အကြောင်းပြချက်တို့ ဘာတို့ ဒါတွေနဲ့ ပတ်သက်ပြီးတော့ အားလုံး သဘော တူညီမှု ရပြီ၊ ဒီပေါ်မှာ စာချော ပြုစုပြီးတော့ လိုအပ်တဲ့ တရားရုံး ထုံးစံတွေ လုပ်ပြီးတာနဲ့ ချက်ချင်း တင်မှာပါ။”

အယူခံကို ရှေ့လာမဲ့ အပတ်အတွင်း တင်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အယူခံကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လက်မှတ် ရေးထိုး တင်ပြမှာ ဖြစ်တယ်လို့ သိရပါတယ်။

Ref: RFA News

Read More...

KNLA တပ်ဖွဲ့ဝင်များ ၂ ကြိမ် ဆက်တိုက် ပစ်ခတ်၍ နအဖ ၆ဦးသေ ၃ ဦး ဒဏ်ရာရ

Thursday, 6 January 2011
ဇန်န၀ါရီလ ၆ရက်။ စောသိန်းမြင့်

ကရင်ပြည်နယ် မြ၀တီခရိုင် ဝေါ်လေဒေသ ကနဲလေးစခန်းရှိ နအဖစစ်တပ်အား ယနေ့ ကရင် အမျိုးသား လွတ်မြောက်ရေး တပ်ဖွဲ့မှ ၂ ကြိမ် ဆက်တိုက် ပြောက်ကျား သွားရောက် ပစ်ခတ်ခဲ့မှုကြောင့် နအဖ ဘက်မှ ၆ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။

ကနဲလေးကျေးရွာ အခြေစိုက် စစ်ကွပ်ကဲရေး ဌာနချုပ် စကခ (၈) လက်အောက်ခံ ခမရ (၄၀၄) တပ်ရင်းအား KNLA တပ်ရင်း (၁၀၃) မှ ယနေ့နံနက်နှင့် မွန်းလွဲပိုင်း တို့တွင် နှစ်ကြိမ် ပြောက်ကျား စနစ်ဖြင့် အလစ် သွားရောက် ပစ်ခတ်ခဲ့ရာမှ နအဖ တပ်ဖွဲ့ဝင် များ အထိနာခြင်း ဖြစ်သည်ဟု ဝေါ်လေဒေတွင် လှုပ်ရှားနေသည့် DKBA တပ်မဟာ (၅) မှ တပ်မှူးတစ်ဦးက ပြောသည်။

အဆိုပါ DKBA လက်နက်ကြီးတပ်ဖွဲ့မှ ဗိုလ်ကြီးစောစမင်းက “၈း၁၅မိနစ်မှာတစ်ကြိမ်၊ ညနေ ၃ နာရီမှာ တစ်ကြိမ် သွားချောင်း ပစ်တယ်။ ပထမ အခေါက်မှာ နအဖဘက် ၂ ဦးနဲ့ ဒုတိယ တခေါက် ကျတော့ ၄ ဦး ပွဲချင်းပြီးပဲ။ ၃ ဦး အထိနာတယ်။ နအဖ ဘက်ကလည်း လက်နက်ကြီးတွေနဲ့ အချက် တော်တော်များများ ပြန်ထုတယ်။ KNLA ဘက်ကတော့ ထိတာ မရှိဘူး။”ဟု ပြောသည်။

အလားတူ ယခုလ ဇန်န၀ါရီလ ၃နှင့် ၄ရက်နေ့က ဝေါ်လေဒေသရှိ ဖလူးကျေးနယ်ဘက် တွင်လည်း ဗိုလ်ကျော်သက် ဦးဆောင် သည့် ဒီကေဘီအေ တပ်ဖွဲ့မှ ဖလူးလေး ကျေးရွာရှိ နအဖ စစ်တပ်အား လက်နက်ကြီး လက်နက်ငယ်များဖြင့် သွားချောင်း ပစ်ခဲ့ရာ နအဖ ဘက်က ထိခိုက် ဒဏ်ရာ ရရှိမှု ရှိသည်ဟု ဒီကေဘီအေဘက်က ပြောသည်။

၎င်းပစ်ခတ်မှုနှင့် ပတ်သက်၍ KNLA တပ်ရင်း(၂၀၁)ကို ယနေ့ တိုက်ရိုက် ဆက်သွယ်၍ မရသော်လည်း အတည်ပြု ပြောဆိုသည့် ဒီကေဘီအေ တပ်ဖွဲ့မှာ ၎င်း ကေအဲန်အယ်လ်အေ တပ်ဖွဲ့ဝင်များနှင့် မနီးမဝေးတွင် စစ်ရေး လှုပ်ရှားနေသူများ ဖြစ်သည်။

ယခုရက်ပိုင်းအတွင်း နအဖစစ်တပ်မှ စစ်လက်နက်ကြီးငယ်များ၊ တပ်ရိက္ခာများ အပြည့်အစုံ၊ အင်အား အလုံး အရင်းဖြင့် တက် လာသည့် အတွက် ဝေါ်လေဒေသတွင် တိုက်ပွဲ အကြီးအကျယ် ဖြစ်ပွားနိုင်ကြောင်း နယ်စပ်ဒေသ စစ်ရေး အခြေအနေကို စောင့်ကြည့် နေကြသူများက သုံးသပ် ပြောဆိုသည်။


Ref: KIC News

Read More...

Thursday, January 6, 2011

NLD တိုင်းနဲ့ပြည်နယ် ရှေ့နေကွန်ရက်ဖွဲ့

ဦးဇော်ဝင်းလှိုင်
ဗုဒ္ဓဟူး, 05 ဇန်နဝါရီ 2011


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို ဥပဒေ အထောက်အကူပြု အဖွဲ့ဝင်တွေဟာ တိုင်းနဲ့ပြည်နယ် တွေမှာ ရှေ့နေ ကွန်ရက်တွေ တည်ဆောက်နိုင်ဖို့ အတွက် နယ်လှည့်ပြီး စိတ်ဝင်စားတဲ့ သူတွေနဲ့ တွေ့ဆုံ ဆွေးနွေး နေပါတယ်။ ခရီးစဉ်ရဲ့ အစ မန္တလေး မြို့မှာတော့ ဒီရှေ့နေ ကွန်ရက် အပေါ် လူငယ်တွေက ပိုပြီး စိတ်ဝင်စားတာကို တွေ့ရတယ်လို့ NLD ဗဟို ဥပဒေ အထောက် အကူပြု အဖွဲ့ဝင် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးအောင်သိန်းက ပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ် မေးမြန်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြ ပေးထားပါတယ်။

နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေနဲ့ တခြား မတရား ပြုလုပ်ခံနေရသူတွေကို ကူညီပေးနိုင်ဖို့ ရည်ရွယ်ချက်နဲ့ NLD က လက်ရှိ ဖွဲ့စည်းထားတဲ့ ဗဟိုဥပဒေ အထောက်အကူပြု အဖွဲ့အပြင် ပြည်နယ်၊ တိုင်းတွေမှာ ရှေ့နေ ကွန်ရက် ဖွဲ့စည်းနိုင်ရေး အတွက် စီစဉ်တာ ဖြစ်တဲ့ အကြောင်း NLD ဗဟို ဥပဒေ အထောက် အကူပြု အဖွဲ့ဝင် ဦးအောင်သိန်းက ပြောပြပါတယ်။

“ကျနော်တို့ အခု မန္တလေးကို တက်လာတယ်။ မန္တလေးမှာ မနေ့က ရှေ့နေ လူငယ်တွေနဲ့ တွေ့တာပေါ့။ ရှေ့နေ လူငယ်တွေနဲ့ တွေ့တဲ့ ကိစ္စမှာ ကျနော်တို့ ဒီဘက်တွေမှာ Activists အမှုတွေ၊ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေ အမှု ပေါ်ပေါက် လာလို့ရှိရင် လိုက်ပါ ဆောင်ရွက် ပေးကြဖို့ ကွန်ရက်ဆိုတဲ့ သဘောမျိုး ကျနော်တို့ တွေ့ဆုံ ဆွေးနွေး ကြတာပါ။

“အဓိက မတရား ပြုလုပ်ခံရတဲ့ သူတွေပေါ့၊ တဘက်စောင်းနင်းနိုင်စွာ ဆောင်ရွက် ပြုလုပ်ခံရတဲ့၊ ဥပဒေအရ မတရား ပြုလုပ် ခံရတဲ့သူတွေ ရှိနိုင်သလိုပဲ တချို့ နေရာတွေမှာလည်း Activists ဆိုတဲ့ တက်ကြွ သူတွေရဲ့ လုပ်ငန်းတွေ၊ အဲဒီလူတွေရဲ့ အမှုအခင်း တွေဟာ အခါမလပ် ပေါ်ပေါက် လာနိုင်တယ်ပေါ့။ ပေါ်ပေါက် လာရင် ဘယ်သူမဆို၊ မည်သူ့ကိုမဆို ကျနော်တို့က ရှေ့နေတယောက် အနေနဲ့ ရပ်တည် ကူညီဆောင်ရွက်ပေးဖို့ လိုအပ်တယ်လို့ ယုံကြည်တယ်။ အဲဒါကြောင့်လည်း ဒီလို ရှေ့နေ ကွန်ရက်တွေကို ကျနော်တို့ စုပေါင်း ဆောင်ရွက်ကြဖို့ ဥပဒေသမားတွေ အချင်းချင်း တွေ့ဆုံတဲ့ လုပ်ငန်း တခုပါပဲ။”

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က ပြန်လည် လွတ်မြောက်လာပြီး နောက်ပိုင်း လူငယ်ကွန်ရက် ဖွဲ့စည်းဖို့ လုပ်ဆောင် နေတာနဲ့ သဘော သဘာဝချင်း တူသလို ဒီရှေ့နေကွန်ရက်ဟာ ဘယ်နိုင်ငံရေး အဖွဲ့အစည်းနဲ့မှ ပတ်သက်ခြင်း မရှိတာရယ်၊ နောက် ခေတ်နဲ့ လျော်ညီတဲ့ အနေအထားမျိုးလည်း ဖြစ်တာရယ်ကြောင့် လူငယ်တွေ ပိုပြီး စိတ်ဝင်စားတယ်လို့ ဆိုပါတယ်။

“သူတို့ဘက်ကလည်း ဒီဟာဟာ ပါတီဝင်စရာ မလိုဘူး၊ နိုင်ငံရေးအရ သူတို့ ဆောင်ရွက်တာ မဟုတ်ဘူး၊ သို့သော်လည်း သူတို့ဟာ လွတ်လပ်တဲ့ သဘော တူညီချက်နဲ့ သူတို့ ဒီလို အမှုအခင်းတွေ ပေါ်ပေါက်တာကို လိုက်ပါ ဆောင်ရွက်ပေးမယ် ဆိုတဲ့ သူတို့ရဲ့ သဘောထားတွေကို ကျနော်တို့ လာရောက်ပြီးတော့ စစ်တမ်း သဘောမျိုး ကောက်ယူတာပါ။ သူတို့ကလည်း ဒီဟာနဲ့ ပတ်သက်ပြီး လိုလိုလားလား ကူညီ ဆောင်ရွက်ပေးမယ် ဆိုတဲ့ သဘောထားတွေ ပြောပါတယ်။ ခေတ်နဲ့လျော်ညီတဲ့ အနေအထား မျိုးလည်း ဖြစ်တဲ့ အတွက်ကြောင့် လူငယ်တွေ ပို စိတ်ဝင်စားတယ်လို့ ကျနော် မြင်ပါတယ်။”

ဒါပေမဲ့ အခု အကောင်အထည် ဖော်နေတဲ့ ရှေ့နေကွန်ရက်နဲ့ NLD ရဲ့ ဗဟို ဥပဒေ အထောက် အကူပြု အဖွဲ့ဟာ လုပ်ငန်း အရတော့ သဘော သဘာဝချင်း တူတယ်လို့ ဦးအောင်သိန်းက ဆက်ပြောပါတယ်။

“ကျနော်တို့ NLD က ဗဟို ဥပဒေ အထောက်အကူပြု အဖွဲ့နဲ့ အခုကွန်ရက် ဆိုတာကတော့ ဆက်နွယ် နေတာပေါ့ဗျာ။ ဒါပေမဲ့ သူတို့က နိုင်ငံရေး အရ ပါတီတရပ်ရဲ့ လက်အောက်ခံ ပုဂ္ဂိုလ်တွေတော့ မဟုတ်ဘူးပေါ့။ သူတို့က သီးခြား လွတ်လပ်တဲ့ ရှေ့နေ အ၀န်းအ၀ိုင်း တခုပါပဲ။ အဲဒီလူတွေနဲ့ ကျနော်တို့က ကွန်ရက်ကို တည်ဆောက်တာပါ။”

အခြေခံအားဖြင့်တော့ ရှေ့နေကွန်ရက်က လိုက်ပါ ဆောင်ရွက်ပေးမယ့် အမှုတွေဟာ အခကြေးငွေ ယူပြီး ဆောင်ရွက်ပေးမယ့် အမှုတွေ မဟုတ် ပေမဲ့လည်း အမှုကို လက်မခံခင်မှာ အရင် ဆန်းစစ်ဖို့တော့ လိုမယ်လို့ ဆိုပါတယ်။

“ဘယ်အမှုကိုဖြင့် ဒါဟာ မတရား ပြုလုပ်ခံနေရတဲ့ အမှုအခင်း ဖြစ်တယ်ဆိုတာ ပေါ်ပေါက်တယ် ဆိုရင်လည်း ကျနော်တို့က ဆောင်ရွက် ပေးရမှာပေါ့။ တချို့ဟာတွေ ကျတော့လည်း နိုင်ငံရေးအရ လှုပ်ရှား ဆောင်ရွက်တဲ့ အတွက် သူတို့ကို အရေးယူ ဆောင်ရွက်တဲ့ အခါမှာ ဥပဒေပိုင်း ဆိုင်ရာအရ အတတ်နိုင်ဆုံး ကြိုးစား ရပ်တည်ပေးဖို့ ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ကျနော်တို့ အခုလို ကွန်ရက်တွေကို ဆောင်ရွက်တာ ဖြစ်ပါတယ်။”

NLD ဗဟို ဥပဒေ အထောက်အကူပြု အဖွဲ့ဝင် ဦးအောင်သိန်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

လောလောဆယ် NLD ဗဟို ဥပဒေ အထောက်အကူပြု အဖွဲ့ဝင်တွေဟာ အဖွဲ့ ၂ ဖွဲ့ခွဲပြီး ပြည်နယ်၊ တိုင်းတွေကို လှည့်လည်ပြီး ဒီကွန်ရက် အပေါ် စိတ်ဝင်စားမှုရှိတဲ့ ဒေသခံ ရှေ့နေတွေနဲ့ တွေ့ဆုံနေတာ ဖြစ်ပါတယ်။

NLD ဥပဒေ အထောက်အကူပြု အဖွဲ့ကို လုပ်ငန်းတွေ ပိုမို လုပ်ကိုင်နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အဖွဲ့ဝင်သစ် ၂ ယောက်နဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ တိုးချဲ့ ဖွဲ့စည်းခဲ့ပါတယ်။


Ref: VOA News

Read More...

ပြည်သူ့လွှတ်တော်ကို ယခုလလယ်တွင် ခေါ်မည်ဟု ဦးခင်ရွှေ ပြော

ကိုဝိုင်း | ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ ၀၅ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ ၁၉၈၈ ခုနှစ်နောက်ပိုင်း ပထမဆုံး ပြည်သူ့လွှတ်တော်ကို ယခုလလယ်တွင် ခေါ်ယူရန် ရှိသည်ဟု အမတ်နေရာ အများဆုံး ရသည့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အမျိုးသား လွှတ်တော် အမတ် ဦးခင်ရွှေက ခန့်မှန်း ပြောဆိုသည်။

“ဒီလ ၁၄ ရက်နေ့လောက် ပြည်သူ့လွှတ်တော် စမှာပါ။ တရားဝင်စာတော့ မထွက်သေးဘူး။ စပြီးရင် ၇ ရက်ဆိုရင် အမျိုးသား လွှတ်တော်။ ပြီးရင် ပြည်ထောင်စု လွှတ်တော်” ဟု ဇေကမ္ဘာကုမ္ပဏီ ပိုင်ရှင်လည်းဖြစ်သူ ဦးခင်ရွှေက မဇ္ဈိမကို ပြောသည်။

၂ဝဝ၈ ခု ဖွဲ့စည်းပုံ အခြေခံဥပဒေထဲတွင် ပြည်သူ့လွှတ်တော် စတင်ပြီး တပတ်အတွင်း အမျိုးသား လွှတ်တော်ကို ခေါ်ယူရမည်ဟု ပြဋ္ဌာန်း ထားသည်။ ထို့နောက် ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော် နှစ်ရပ်ပေါင်း၍ ၁၅ ရက် အတွင်း ပြည်ထောင်စု လွှတ်တော်ကို ကျင်းပရမည်ဟုလည်း ပါရှိသည်။

ဦးခင်ရွှေသည် အငြင်းပွားဖွယ် နိုဝင်ဘာ ရွေးကောက်ပွဲ၌ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ် ၃ ခု ပါ ရန်ကုန်တိုင်း မဲဆန္ဒနယ် အမှတ် ၉ မှ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ၊ ခေတ်သစ် ပြည်သူ့ပါတီနှင့် ကရင် ပြည်သူ့ပါတီ တို့ကို မဲ ၁၇၃၂ဝ၈ ဖြင့် နိုင်သည်ဟု ကော်မရှင်က ထုတ်ပြန် ကြေညာခဲ့သည်။

“နိုင်ငံတော်” က တာဝန်ပေးသဖြင့် ဝင်အရွေးခံရသည်ဟု ဆိုခဲ့သည့် ဦးခင်ရွှေက အစိုးရဖွဲ့မည့် ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီနှင့် ပူးပေါင်းမှသာ သက်ဆိုင်ရာ ဒေသများ ဖွံ့ဖြိုးနိုင်မည် ဟုလည်း ပြောဆိုခဲ့သူ ဖြစ်သည်။

အသစ်တက်လာမည့် အစိုးရသက်တမ်း ၅ နှစ်အတွင်း သူ၏ ဖွံ့ဖြိုးရေးနှင့် စီးပွားရေးလုပ်ငန်း စီမံကိန်း အနေဖြင့် သူ၏ မဲဆန္ဒနယ် မြို့နယ် ၃ ခု အပါအဝင် ဒလ၊ ဒေးဒရဲ မြို့နယ်များသို့ ရန်ကုန်နှင့် ဆက်သွယ် ထားသော လက်ရှိ ကားလမ်းကို နှစ်လမ်းသွား အဖြစ် ပြုပြင် ဖောက်လုပ်ရန်လည်း လုပ်ငန်းများ စတင်နေပြီဟု သူက ပြောသည်။

စစ်အစိုးရ ဆောက်လုပ်ရေး ဝန်ကြီးဌာနက ယခင် တာဝန်ပေးထားသော Crown Wire ကုမ္ပဏီထံမှ လုပ်ငန်းများကို လွှဲပြောင်း ယူမည်ဖြစ်ပြီး၊ လတ်တလော ဆောက်လုပ်ရေး အတွက် လိုအပ်သည့် ယန္တယားနှင့် ပစ္စည်းများ စုဆောင်းနေသည်ဟု ဆိုသည်။

“လောလောဆယ် စာချုပ်ချုပ်ပြီး မုပ္ပလင်ကျောက်တွေ သယ်နေပြီ။ ကတ္တရာတွေ သယ်ပြီ။ ယန္တယားတွေမှာဖို့ လုပ်နေပါပြီ။ လမ်းက အပေါက်တွေကို ဖာမယ်။ ဘေးကို တဖက်ကို ၃ ပေ၊ ၄ ပေလောက် ချဲ့မယ်။ အခုက တစီးသွားရင် တစီးက စောင့်နေရတယ်။ မိုးမရောက်ခင်မှာတော့ အပြီး လမ်းချောအောင် လုပ်ရမယ်” ဟု သူက ပြောသည်။

ယင်းလမ်းပြင်ဆင် ဖောက်လုပ်မှုအတွက် ကျပ်သိန်း တသောင်းနှင့် နှစ်သောင်းအကြား ကုန်မည်ဟု ခန့်မှန်းထားပြီး လမ်းပြင်ဆင် နေစဉ် လမ်းခွန် ကောက်မည် မဟုတ်ပဲ လမ်းပြီးစီး သွားမှသာ သတ်မှတ်နှုန်း အတိုင်း “နှစ်ပေါင်းများစွာ” ကောက်မည် ဟုလည်း ဆိုသည်။

၎င်းတို့ပါတီ ဥက္ကဋ္ဌဖြစ်သူ ဝန်ကြီးချုပ် ဦးသိန်းစိန်နှင့် အတွင်းရေးမှူး စိုက်ပျိုးရေးဝန်ကြီး ဦးဋ္ဌေးဦးတို့က နိုင်ငံ တဝှန်းရှိ အနိုင်ရ ကြံ့ဖွံ့ ကိုယ်စားလှယ်များကို ပြီးခဲ့သည့်လ ၂၁-၂၂ ရက်နေ့များ၌ နေပြည်တော်သို့ ခေါ်ယူ၍ ပါတီ ပိုမို ကျစ်လစ်ရေးနှင့် ရှေ့ လုပ်ငန်းစဉ်များ အတွက် ဆွေးနွေးခဲ့ပြီးဖြစ်သည်။

ကြံဖွံ့ပါတီက တနိုင်ငံလုံးတွင် ၇၄ ရာခိုင်နှုန်းကျော်ဖြင့် အနိုင်ရပြီး အစိုးရဖွဲ့မည်ဟု ဦးခင်ရွှေက ပြောဆို နေသော်လည်း ရွေးကောက်ပွဲ၌ မဲမသာမှုများ ရှိနေကြောင်း လတ်တလော ကြံ့ဖွံ့ပါတီနှင့် ပြိုင်ဘက် အမတ်များ အကြား အပြန်အလှန် တရား စွဲဆိုမှုများက သက်သေပြနေသည်။

ဦးခင်ရွှေက ပြည်သူ့လွှတ်တော်ကို ယခုလလယ်ပိုင်းတွင် ခေါ်ယူဖွယ်ရှိသည်ဟု ဆိုသော်လည်း ဒုတိယ အမတ်နေရာ အများဆုံး အနိုင်ရ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီကမူ ယခုလ တတိယ သို့မဟုတ် စတုတ္တ ပတ်လောက်ကို ခန့်မှန်း ထားကြောင်း ပြီးခဲ့သည့် လအတွင်းက မဇ္ဈိမကို ပြောဆိုခဲ့ဖူးသည်။


Ref: မဇ္ဈိမ

Read More...

ညီညွတ်ရေး လိုအပ်ဟု ဒဂုန်တာရာ နှစ်သစ်ကူးစကား ပြော

ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ ၀၅ ရက် ၂၀၁၁


နယူးဒေလီ (မဇ္ဈိမ) ။ ။ “နိုင်ငံငြိမ်းချမ်းရေးအတွက် ညီညွတ်ရေး တည်ဆောက်ရန် လိုသည်” ဟု စာရေး ဆရာကြီး ဒဂုန်တာရာက ရန်ကုန်တွင် ယမန်နေ့ ပြုလုပ်ခဲ့သည့် နှစ်သစ်ကူးနှင့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အဖြစ် စာရေးဆရာများနှင့် မိတ်ဆုံစားပွဲ၌ ပြောဆိုခဲ့ကြောင်း သတင်းစာ ဆရာကြီး ဦးဝင်းတင် (ဟံသာဝတီ) က ပြောပြသည်။

ပန်းဆိုးတန်းလမ်းရှိ နန်းယု စားသောက်ဆိုင်၌ ညနေပိုင်းတွင် ၂ဝ၁၁ နှစ်သစ်ကူးပွဲနှင့် လွတ်လပ်ရေး မိတ်ဆုံစားပွဲ အဖြစ် စာရေး ဆရာများ စီစဉ် ပြုလုပ်သည့် ယင်းပွဲသို့ ဒဂုန်တာရာ၊ ပါရဂူ၊ ဦးဝင်းတင်၊ မောင်မိုးသူ၊ အံ့မောင် စသည့် စာရေးဆရာကြီးများ အပါအဝင် ကဗျာဆရာနှင့် စာရေးဆရာ ၄ဝ ခန့် တက်ရောက်စဉ် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ဗမာပြည်ရဲ့ ကောင်းကျိုးတွေအတွက် လုပ်မယ်ဆိုရင်တော့ ငြိမ်းချမ်းရေးရှိမှ ဖြစ်မယ်။ ငြိမ်းချမ်းရေး လိုတယ်။ နိုင်ငံရေး လုပ်တာမှာလည်း ငြိမ်းချမ်းရေး ရှိရမယ်။ ကျန်တဲ့ စာပေ၊ အနုပညာ၊ စီးပွားရေး ဘက်တွေမှာလည်း ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ လုပ်သွားကြဖို့ ပြောတယ်။ ငြိမ်းချမ်းရေး အတွက် အရေးအကြီးဆုံး ကတော့ ညီညွတ်ရေး လိုအပ်တယ်လို့ သူပြောတယ်” ဟု ဦးဝင်းတင်က မဇ္ဈိမကို ပြောသည်။ ရှမ်းပြည်နယ် အောင်ပန်းမြို့သို့ ပြန်မည့် ဆရာကြီး ဒဂုန်တာရာကို လေးစားသူများ ဦးဆောင်၍ အဆိုပါ မိတ်ဆုံစားပွဲကို ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

ဒဂုန်တာရာက စာပေနှင့်ပတ်သက်သည့် သဘောတရားများ အယူအဆများ စာပေဖြတ်သန်းမှု အတွေ့ အကြုံများ ပြောခဲ့သည့် အပြင် စာပေ အနုပညာနှင့် နိုင်ငံရေး လောကတွင် ညီညွတ်ရေးကို ယုံကြည်စွာ လက်ခံကာ၊ အမှန်တကယ် တည်ဆောက်နိုင်ပါက ငြိမ်းချမ်းရေး ရရှိနိုင်ကြောင်းနှင့် ငြိမ်းချမ်းရေး ရရှိပါက ဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ကြောင်း မှတ်ချက်ပေးခဲ့သည်။

လာမည့် မေလ ၁ဝ ရက်နေ့တွင် အသက် ၉၂ နှစ်ပြည့်မည့် ဆရာကြီးသည် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ငြိမ်းချမ်းရေးနှင့် ညီညွတ်ရေး အထူး လိုအပ်ကြောင်း အစဉ်တစိုက် ပြောကြားခဲ့သူ ဖြစ်သည်။

ဆရာပါရဂူနှင့် ဦးဝင်းတင် အပါအဝင် အခြားစာရေးဆရာ၊ ကဗျာဆရာများက ၎င်းတို့၏ စာပေအမြင် သဘောတရား ယုံကြည်ချက်များ ပြောဆို ဆွေးနွေးခဲ့သော်လည်း လက်ရှိ စာပေလောက အနေအထားနှင့် ပတ်သက်၍မူ ပြောဆိုမှု နည်းပါးခဲ့ကြောင်း သိရသည်။

“လက်ရှိ စာပေလောက အနေအထားတွေက ကျနော်လည်း သိပ်နားမလည်ဘူးလေ။ နားလည်တဲ့ လူတွေကျတော့ သိပ်ပြောလို့ ကောင်းချင်မှ ကောင်းမယ် အဲလိုများ ဖြစ်နေမလား မသိဘူးဗျ။” ဟု ဦးဝင်းတင်က ပြောသည်။

ယခုကဲ့သို့ စာရေးဆရာကြီးများနှင့် တန်းတူ မိတ်ဆုံစားပွဲသို့ ပထမဆုံးအကြိမ် ဖိတ်ကြား ခံခဲ့ရခြင်းနှင့် မိတ်ဆုံ စားပွဲတွင် စကားပြောခွင့် ရခြင်းအတွက် ဂုဏ်ယူမိသည်ဟု သူက ဆိုသည်။

ဆရာကြီး ဒဂုန်တာရာ၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်နေကြောင်း သိရသည်။


Ref: မဇ္ဈိမ

Read More...

ကြာအင်းဆိပ်ကြီးမြို့ အိတ်ချိန်းရုံးဝင်းအတွင်း ဗုံးပေါက်ကွဲ

Wednesday, 05 January 2011


ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း အော်တိုအိတ်ချိန်း ရုံးဝင်း အတွင်းရှိ ဆက်သွယ်ရေး တာဝန်ခံ၏ နေအိမ်အနီး၌ ဂျန္န၀ါရီ ၃ ရက်နေ့ နံနက် ၂ နာရီခန့်က ဗုံးတစ်လုံး ပေါက်ကွဲခဲ့ကြောင်း ယမန်နေ့ထုတ် နအဖပိုင် သတင်းစာ တွင် ဖေါ်ပြထားသည်။

ဆက်သွယ်ရေးတာဝန်ခံ၏ နေအိမ်အနောက်ဘက် မီးဖိုချောင်အနီး၌ ၎င်းဗုံး ပေါက်ကွဲမှုကြောင့် နေအိမ်အုပ်နံရံ ၊ ပြူတင်းပေါက် ၊ သွပ်အမိုးနှင့် တံခါးမကြီးတို့ ပျက်စီးသွားပြီး ၄င်းနေရာ အနီးတွင် အမျိုးသားတစ်ဦး၏ ခန္တာကိုယ် အစိတ်အပိုင်းများ တွေ့ရသည်ဟု ဆိုသည်။

ဗုံးထောင်သူ၏ ခန္တာကိုယ်အစိတ်အပိုင်းများ ဖြစ်ဖွယ်ရှိသည်ဟု သတင်းစာက ဆိုထားသော်လည်း မည်သည့် အဖွဲ့အစည်း ၏ လက်ချက် ဖြစ်ကြောင်း ဖေါ်ပြထားခြင်း မရှိပေ။

လွန်ခဲ့သည့်နှစ် ၂၀၁၀ ခုနှစ်အတွင်း မြန်မာနိုင်ငံနေရာအနှံအပြားတွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့ပြီး အောက်တို ဘာလ ဆန်းပိုင်းက မြ၀တီမြို့ အမှတ် ၄ ရပ်ကွက်ရှိ ရုပ်မြင်သံကြား ထပ်ဆင့်လွင့်တိုင် အနီးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့သေးသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုများကို နအဖက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ အတိုက်အခံ ဒီမိုကရေစီ အင်အားစုများ၏ လက်ချက် ဖြစ်ကြောင်း စွပ်စွဲ ပုံချလေ့ရှိသည်။

ယခုအခါ ကရင်ပြည်နယ် မြ၀တီမြို့တောင်ဘက် ဝေါ်လေဒေသတွင် နယ်ခြားစောင့်တပ် လက်မခံသည့် တိုးတက်သော ကရင် ဗုဒ္ဓဘာသာ တပ်မတော် DKBA တပ်ဖွဲ့များနှင့် နအဖ စစ်တပ်တို့ကြား တိုက်ပွဲများ လွန်ခဲ့သည့်နှစ် ယနေ့ အထိ ပြင်းထန်စွာ ဖြစ်ပွားနေကြောင်း သိရသည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

မြန်မာစစ်တပ်နဲ့ DKBA အကြား တိုက်ပွဲတွေ ထပ်ဖြစ်

မအေးအေးမာ
ဗုဒ္ဓဟူး, 05 ဇန်နဝါရီ 2011


ကရင်နှစ်သစ်ကူးနေ့ ညမှာပဲ ထိုင်း၊ မြန်မာနယ်စပ် ကရင်ပြည်နယ် မြ၀တီခရိုင် ဖလူးကြီး၊ ဖလူးလေး ရွာအနီးမှာ ကရင် လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ မြန်မာ စစ်တပ်တို့ အကြား ၃ နာရီကျော်ကြာ တိုက်ပွဲတွေ ဖြစ်ခဲ့ပြီး ဒီမနက်မှာလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ် နေတာကြောင့် ဒေသခံတွေဟာ အလုပ်အကိုင်တွေ ရပ်နားခဲ့ကြရပါတယ်။ ညဘက်မှာ ဖြစ်တာကြောင့် ပြေးလွှားချိန် မရဘဲ အိမ်အောက်က ဗုံးခိုကျင်းတွေမှာ နေထိုင် နေခဲ့ကြရပြီး တိုက်ပွဲတွေအတွင်း မြန်မာ စစ်တပ်ဘက်က ရာနဲ့ချီရှိတဲ့ အပြာရောင် ၀တ်ထားတဲ့ အရပ်သား ပေါ်တာတွေကို ၅ ယောက်စီ ကြိုးနဲ့ချည်ပြီး လက်နက်ခဲယမ်း အပါအ၀င် စစ်ပစ္စည်းတွေကို ထမ်းခိုင်းနေတာ မြင်ရတယ်လို့ DKBA နဲ့ ဒေသခံတွေက ပြောပြပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြ ပေးထားပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့က စခဲ့တဲ့ ထိုင်း၊ မြန်မာနယ်စပ်က တိုက်ပွဲတွေအတွင်း မြန်မာ စစ်တပ်ဘက်က မနေ့ညနဲ့ ဒီနေ့ မနက်မှာ လက်နက်ကြီးများ ပစ်ခတ် နေတာကြောင့် ဒေသခံ ရွာသားတွေ အလုပ်တွေ မလုပ်ရဘဲ အိမ်အောက်တွေက ဗုံးကျင်းတွေမှာ ပုန်းအောင်း နေကြရပြီး အကျဉ်းသား ပေါ်တာ အများအပြားကို သုံးပြီး စစ်ဆင်ရေး လုပ်နေတာကြောင့် တိုက်ပွဲတွေက ရေရှည်နိုင်ဦးမှာ ဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲဖြစ်နေတဲ့ နေရာက ရွာသားတဦး ပြောပြတာကတော့ …

“ဖြစ်တာက ညဘက် ၁၀ နာရီလောက်၊ လက်နက်ကြီးတွေရော လက်နက်ငယ် တွေရောပေါ့။ ညကြီးဖြစ်တော့ လူတွေလည်း အဆင်ပြေသလို ပုန်းနေ ကြရတာပေါ့။ မနက်တော့ ငြိမ်နေတော့ ကျီးလန့်စာ စားတော့ မရှိဘူး။ နည်းနည်းတော့ ရိုးသွားပြီ။ အိမ်အောက်မှာ ဗုံးကျင်း လုပ်ထားတော့ အိမ်အောက်ထဲ ၀င်နေကြတယ်။ ရွာသားတွေက ခါတိုင်းဆိုရင် အလုပ် သွားလုပ်နေကြ။ အခုတော့ အလုပ် သွားမလုပ်ရဲတော့ဘူး။ သူတို့ ပေါ်တာဆွဲမှာ ကြောက်လို့။ ရွာသားတွေလည်း အတော်လေးကို စိတ်ညစ်တယ်။ တချို့ဆို တောင်ယာတွေ မရိပ်သိမ်းရသေးတဲ့ နေရာတွေ ပစ်ထားရတာ ရှိတယ်။

“ပစ်လိုက် နားလိုက်၊ ပစ်လိုက် နားလိုက်ဆိုတော့ ရွာသားတွေလည်း အတော်လေးကို စိတ်ကျပ်လာပြီ။ အတော်များများ ကတော့ အတော်လေး ကြာဦးမယ်ပေါ့။ DKBA ကလည်း လက်နက်ချမယ့်ပုံ မပေါ်ဘူး၊ အစိုးရကလည်း DKBA ကို လက်နက်ချရင်ချ၊ မချရင် တိုက်မယ်လို့ ကြေညာ ထားတာကြောင့် ကြာဦးမယ်လို့ ထင်နေတယ်။ စစ်တပ်က အကျဉ်းသားတွေ ခေါ်လာတယ် ဆိုတော့၊ ရှေ့ကို သူတို့ ကားလမ်းကနေ သွားလို့မရရင် ဆွဲလမ်းတွေကနေ သွားရမှာပေါ့။ DKBA စခန်းတွေ ဘက်ကိုလည်း တက်တိုက်ကောင်း တိုက်နိုင်တာပေါ့။ သူတို့ တက်တိုက်တဲ့ အခါကြရင် အကျဉ်းသားတွေကို ရှေ့ကလည်း ထားရင်ထားမယ်လေ။”

တိုက်ပွဲဖြစ်နေတဲ့ နေရာမှာ ရှိနေတဲ့ DKBA တပ်မှူး ဗိုလ်မှူး ကျော်သက်ကတော့ မြန်မာ စစ်တပ်က တပ်သားတွေဟာ တိုက်ပွဲတွေ အတွင်း DKBA တွေထောင်ထားတဲ့ မိုင်းတွေ နင်းမိတာ ရှိနေကြောင်း၊ သူတို့နယ်မြေကို ၀င်ရောက်လာတဲ့ အတွက် ပြောက်ကျား ပစ်ခတ်မှုတွေကို လုပ်ခဲ့ရကြောင်း ပြောပြပါတယ်။

“၉ နာရီကျော်ကနေ ၁၂ နာရီအထိ ပစ်တယ်။ နအဖကတော့ နည်းနည်းထိတယ်။ မိုင်းနင်းမိတယ်။ မနေ့ညက ၉ နာရီ ကျော်မှာ သူတို့ နေရာကို ကျနော်တို့ ပြောက်ကျား ၀င်ပစ်တယ်။ သူတို့လည်း လက်နက်ကြီးနဲ့ ပစ်တယ်။”

တိုက်ပွဲတွေအတွင်း အကျဉ်းသား ပေါ်တာတွေ အများအပြား အသုံးပြုနေကြောင်း၊ ပေါ်တာတွေကို ထွက် မပြေးအောင် ၅ ယောက် တတွဲ၊ ၄ ယောက်တတွဲ စီ ကြိုးတွေ ချည်ထားကြောင်း DKBA ဘက်က ပြောပါတယ်။

“သူတို့ ပေါ်တာ အတော်များတယ်။ ၂ ယောက်တတွဲ ကြိုးနဲ့ချည်တယ်။ အထုပ်အပိုးတွေ ပိုးခိုင်းတယ်။ ထောင်သမားတွေ ဆိုတော့ ပြေးမှာလည်း ကြောက်လို့ပေါ့။”

မြန်မာစစ်တပ်ဘက်က ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း အင်းစိန်ထောင်နဲ့ နယ်ထောင်တွေက အကျဉ်းသား တွေကို ကားတွေနဲ့ အပြင် ထုတ်သွားတာတွေကို မြင်ခဲ့ရကြောင်း၊ ဒီထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ ပါမပါ မသိနိုင်ပေမဲ့ ရာဇ၀တ် အကျဉ်းသားတွေတော့ ပါနိုင်ကြောင်း အကျဉ်းထောင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

အခုတိုက်ပွဲတွေအတွင်း ဒေသခံတွေကို အတင်းအကျပ် ပေါ်တာဆွဲတာ လုပ်ခဲ့ပေမဲ့ ရွာသားတွေက ရွာတွေကနေ ရှောင်ပြေးပြီး ထိုင်းနိုင်ငံ ဘက်ခြမ်းမှာ လာရောက် နေထိုင် နေတာကြောင့် ပေါ်တာရရှိဖို့ အတွက် မြန်မာ စစ်တပ်ဘက်က ခက်ခဲနေပါတယ်။ အခုဆိုရင် ထိုင်း၊ မြန်မာနယ်စပ်က ၂ လကြာ ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ဒုက္ခသည် ၈,၀၀၀ ကျော်ဟာ အိုးအိမ်တွေကို စွန့်ခွာပြီး ထိုင်းနိုင်ငံ ဘက်ခြမ်းမှာ တရားမ၀င် နေထိုင်နေရပြီး သူတို့ကို အစိုးရ မဟုတ်တဲ့ အဖွဲ့တွေနဲ့ လူမှုကယ်ဆယ်ရေး အဖွဲ့တွေက စားစရာနဲ့ အ၀တ် အစားတွေကို အကူအညီ ပေးနေရဆဲ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံဘက်ခြမ်းကတော့ ကယ်ဆယ်ရေး စခန်းတွေကို ကြာရှည်မထားဘဲ နေရပ်ရင်းကိုပဲ ပြန်ဖို့ ပြောခဲ့တာကြောင့် နောက်ထပ် ပြေးလာတဲ့ ဒုက္ခသည်တွေ အတွက် အခက်အခဲတွေ ကြုံနေရဆဲ ဖြစ်ပါတယ်။

Ref: VOA News

Read More...

Wednesday, January 5, 2011

လူတိုင်းမှာ စဉ်းစားဖို့ ခေါင်းတစ်လုံး ရှိတယ်

လူထုစိန်ဝင်း

ဒီဆောင်းပါးကို ဆရာ လူထုစိန်ဝင်းက ၂၀၁၀ပြည့်နှစ်၊ ဒီဇင်ဘာလအတွင်းမှာ ရေးသားခဲ့ပါတယ်။ ဆင်ဆာ (ဖြုတ်) ထိခဲ့တာကြောင့် ဖော်ပြခွင့်မရခဲ့တဲ့ ဆောင်းပါးဖြစ်ပါတယ်။

‘ မြန်မာတွေ ဒီမိုကရေစီအတွက် အဆင်သင့်ဖြစ်ရဲ့လား’ နိုင်ငံခြားသား မဟုတ်တဲ့ မြန်မာ လူမျိုး တစ်ယောက်ရဲ့ ပါးစပ်က ဒီလိုမေးခွန်းမျိုး ထွက်လာတာ ကြားရတော့ ပြုံးလိုက်မိတယ်။ ‘ ဒီပုတ် ထဲက ဒီပဲတွေချည့် ပါပဲလား’ လို့လည်း ကောက်ချက် ချလိုက်တယ်။

ပညာရေချိန်နိမ့်သေးလို့
‘မြန်မာတွေ လွတ်လပ်ရေးနဲ့ မတန်သေးဘူး’ လွန်ခဲ့တဲ့နှစ်ပေါင်း ခုနစ်ဆယ်ကျော်၊ ရှစ်ဆယ် တုန်းကလည်း ဒီစကားမျိုးတွေ ပြောခဲ့ ကြဖူးတယ်။ နိုင်ငံခြားသား ကိုလိုနီနယ်ချဲ့ သမားတွေက ပြောခဲ့တာ မဟုတ်ဘူး။ မြန်မာ လူမျိုးတွေ ပါးစပ်က ပြောခဲ့ကြတာ။ နယ်ချဲ့ သမားတွေက လက်သပ် မွေးထားတဲ့ ဘိလပ်ပြန်တွေ၊ မြို့အုပ် ၀န်ထောက်တွေက ပြောခဲ့ကြတာ ဖြစ်တယ်။ မြန်မာ လူမျိုးတွေ ပညာရေ နိမ့်ကျနေသေးလို့ ရာနှုန်းပြည့် လွတ်လပ်ရေးနဲ့ မထိုက်တန် သေးဘူး။ ဟုမ္မရူးလို ဘုရင်ခံရဲ့ လက်အောက်ခံ အုပ်ချုပ်ရေးလို စနစ်မျိုးကိုသာ တောင်းသင့်တယ်လို့ ဆိုခဲ့ ကြတယ်။ နယ်ချဲ့ အုပ်ချုပ်ရေး ယန္တရားကြီး တစ်ခုလုံးကို ကိုင်လှုပ်ခဲ့တဲ့ တောင်သူ လယ်သမား သူပုန် ထမှုကြီးကို နယ်ချဲ့ အစိုးရက သောင်းကျန်းသူ ဓားပြတွေလို့ တံဆိပ် တပ်ခဲ့သလို၊ အလို တော်ရိ မြန်မာ အရာရှိတွေ ကလည်း ဘုရင်ရူး ရူးနေသူ တစ်ယောက်ရဲ့ လှုံ့ဆော်မှု နောက်ကို လိုက်ပါ သွားခဲ့ကြတဲ့ ပညာမဲ့ တောသားများရဲ့ သောင်းကျန်းမှုလို့ ခေါ်ခဲ့ကြတယ်။

သေဒဏ်ပေးခဲ့တာ မြန်မာ
ဆရာစံ ခေါင်းဆောင်တဲ့မျိုးချစ် သူပုန်တွေကို ရုံးတင်စစ်ဆေးပြီး သေဒဏ် ပေးခဲ့တာလည်း မြန်မာတွေ ဖြစ်တယ်။ အဲဒီခေတ် ဘိလပ်ပြန် တွေနဲ့ မြို့အုပ် ၀န်ထောက် စတဲ့ ရေပေါ်ဆီ လူတန်းစား အားလုံး လိုလိုက နယ်ချဲ့ အစိုးရ ဆက်လက် အုပ်ချုပ် နေတာကိုပဲ လိုလားကြတယ်။ လွတ်လပ်ရေး ရသွားရင် သူတို့ မျက်စိ ဆံပင်မွှေး စူးနေတဲ့ သခင် ပေါက်စတွေက သူတို့ အထက်က နေပြီး အစိုးရ တက်လုပ် ကြမှာကို နည်းနည်းလေးမှ မရှုဆိတ်နိုင်ကြဘူး။ အဲဒါကြောင့် မျက်နှာဖြူဘုရင်ခံ မင်းကြီးအောက်က ဟုမ္မရူး အဆင့်လောက် ဒိုမီနီယံ အဆင့်လောက်ပဲ တောင်းသင့်တယ်လို့ ပြောခဲ့ကြတာ ဖြစ်တယ်။ မြန်မာတွေ ပညာတတ်အောင် အရင် လုပ်ကြဦးလို့လည်း သြ၀ါဒ ချွေခဲ့ ကြတယ်။

သားမြေးရေပေါ်ဆီတွေ
နယ်ချဲ့ခေတ်လက်ကိုင်တုတ် ရေပေါ်ဆီ လူတန်းစားတွေက လွတ်လပ်ရေးနဲ့ မတန်သေးဘူးလို့ ပြောခဲ့ ကြသလို အခုခေတ် သူတို့ရဲ့ သားမြေး ရေပေါ်ဆီတွေ (အီလစ်)တွေ ကလည်းမြန်မာတွေ ဒီမိုကရေစီနဲ့ မထိုက်တန် သေးဘူးလို့ ပြောဆို နေကြ ပြန်တယ်။ အကြောင်း ပြချက်ကတော့ တစ် သံတည်း အတူ ထွက်ကြတယ် ‘ပညာရေချိန် နိမ့်သေးလို့’ တဲ့။ ပညာတတ်မှပဲ စကားပြောခွင့် ရှိသလို၊ နားကြားခွင့် ရှိသလို ဖြစ်နေတော့တယ်။ အမှန် စင်စစ်တော့ ဒီမိုကရေစီ ဆိုတာ လူတိုင်း လူတိုင်းရဲ့ မွေးရာပါ အခွင့်အရေး ဖြစ်တယ်။ ပေးမှ ရတာမျိုး မဟုတ်ဘူး။ သဘာဝ တရားက လူတိုင်းကို မွေးကတည်းက စဉ်းစားဖို့ ခေါင်းတစ်လုံး၊ စကားပြောဖို့ ပါးစပ်တစ်ပေါက်၊ နားထောင်ဖို့ နားရွက်တစ်စုံ အပြင် အသက်ရှင် နေထိုင် နိုင်ဖို့ အတွက် လိုအပ်သမျှ အားလုံး ဖန်တီး ပေးလိုက်တယ်။ လူဖြူကိုမှ ပါးစပ် ထည့်ပေးထားပြီး လူမည်း၊ လူညို၊ လူဝါတွေကို ပါးစပ် ထည့် မပေးဘူး ဆိုတာမျိုး မရှိဘူး။

ရေပေါ်ဆီတွေလက်ထဲထားချင်လို့
ဒါဖြင့်ရင် ဘယ်လိုလူမျိုးတွေက ဘာကြောင့် ‘ပညာရေချိန်မြင့်မှ ဒီမိုကရေစီနဲ့ ထိုက်တန်တယ်’ လို့ ပြောဆို နေကြတာလဲ။ အဖြေက ရှင်းပါတယ်။ ကျေးပိုင် ကျွန်ပိုင်စနစ်ကျင့် သုံးတဲ့ ရှေးရောမ ခေါမခေတ်က ပေါ်ထွန်းခဲ့တဲ့ ‘ပညာရှင် များကသာ တိုင်းပြည်ကို အုပ်ချုပ်သင့်တယ်’ ဆိုတဲ့ အယူ အဆကို စွဲကိုင် ထားသူတွေက ပြောကြတာ ဖြစ်တယ်။ ဒီမိုကရေစီ အယူအဆကို စွဲကိုင်ထားသူ တွေက ပြောကြတာ ဖြစ်တယ်။ ဒီမိုကရေစီစနစ် စတင် ထူထောင်ခဲ့တဲ့ အဲဒီခေတ် အခါက မိန်းမ တွေနဲ့ ကျွန်တွေဟာ မဲပေးခွင့် မရှိခဲ့ကြဘူး။ ဂုဏ်သရေရှိ သခင် လူတန်းစား ယောက်ျား တွေပဲ မဲပေးခွင့်၊ အုပ်ချုပ်ခွင့် ရှိတယ်။ နယ်ချဲ့ခေတ် ဒေသန္တရ အုပ်ချုပ်ရေး ရွေးကောက်ပွဲတွေ မှာလည်း မြေပိုင်၊ ယာပိုင်၊ အိုး ပိုင်၊ အိမ်ပိုင်နဲ့ အလုပ်အကိုင် ရှိသူတွေ သာ မဲပေးခွင့် ရှိခဲ့တယ်။ အကြောင်း ကတော့ နိုင်ငံသားအားလုံး တန်းတူညီမျှ အခွင့်အရေး မပေးလိုဘဲ အုပ်ချုပ်ရေး အာဏာကို ရေ ပေါ်ဆီ လူတန်းစား ကသာ ချုပ်ကိုင် ထားလိုတဲ့ သဘော ဖြစ်တယ်။

ဘ၀ပေးအသိ
ဘယ်ခေတ်က ဘယ်အခါမဆို မြို့တော်ကြီးတွေမှာ နေတဲ့ အုပ်ချုပ်သူ လူတန်စားနဲ့ သူတို့ရဲ့ လက်ဝေခံ ကုန်သည်ပွဲစား လူတန်းစားတွေ ကသာ ချမ်းသာ ကြွယ်ဝ ကြပြီး တောင်သူ လယ်လုပ် ဓားမခုတ်တွေနဲ့ လက်လုပ် လက်စားတွေက ဆင်းရဲကြတယ်။ ဆင်းရဲတော့ ပညာကောင်း ကောင်း မသင်နိုင်ဘူး။ ပညာရေချိန် နိမ့်ကျပေမယ့် မိုးရွာချိန်မှာ မျိုးစေ့ချ စိုက်ပျိုးရမယ်။ ရင့်မှည့် လာချိန်မှာ ရိတ်သိမ်းရမယ်။ မိုးခေါင်ရင် ချောင်းတွေ၊ မြောင်းတွေက ရေတွေကို မြောင်းဖောက် သွယ်ယူပြီး လယ်ကို ရေပေးရမယ် ဆိုတာတွေကို သိကြတယ်။ ဘယ်သူကမှ လာပြီး သင်ပေး စရာမလိုဘူး။ သူတို့ရဲ့ ဘ၀ပေး အသိနဲ့ လုပ်တတ်ကြတာ ဖြစ်တယ်။ ပိုက်ဆံဆိုတာ ပေါ်လာချိန်က စပြီး စားသုံးလို့ ပိုလျှံတဲ့ သီးနှံတွေကို ဈေး မြို့တက်ရောင်းမယ်။ ကိုယ်လိုတဲ့ ပစ္စည်း ပြန်ဝယ် မယ်။ ဒါတွေလည်း ဘ၀ပေး အသိနဲ့ လုပ်တတ် ခဲ့ကြတာပါပဲ။ ဘယ်သူကမှ သင်ပေးစရာ မလိုဘူး။

ပြည်သူ့အစေခံ
နိုင်ငံရေးဆိုတာ ဘာလဲ။ အလွယ်ဆုံး ပြောမယ်ဆိုရင် သတ်မှတ်ထားတဲ့ နယ်နိမိတ် အပိုင်း အခြား တစ်ခု အတွင်းမှာ တည်ရှိ နေတဲ့ တိုင်းပြည် တစ်ပြည်နဲ့ အဲဒီ တိုင်းပြည်အတွင်း မှီတင်းနေ ထိုင်ကြတဲ့ တိုင်းသူ ပြည်သားများရဲ့ အရေးကိစ္စ မှန်သမျှဟာ နိုင်ငံရေး ဖြစ်တယ်။ နိုင်ငံသားအား လုံးရဲ့ အရေးကိစ္စ ဖြစ်တဲ့ အတွက် နိုင်ငံသား အားလုံးနဲ့ ဆိုင်တယ်။ သက်ဦးဆံပိုင် ရှင်ဘုရင် ဖြစ်စေ၊ သမ္မတ အစိုးရမျိုး ဖြစ်စေ၊ နိုင်ငံသူ နိုင်ငံသားများ ဆီက ရတဲ့ အခွန် အတုပ်ကို စားရသူတွေ ဖြစ်တာကြောင့် နိုင်ငံသူ နိုင်ငံသားရဲ့ အရေး ကိစ္စ အ၀၀ကို အလေးထား ဆောင်ရွက်ကြရတယ်။ ပဒေသရာဇ် စနစ်မှာ ဘုရင်က အကန်တော့ခံ နေရာမှာ နေပေမယ့်လည်း တိုင်းပြည်ဝန်ကို ထမ်းရသူ ဖြစ်တယ်။ သမ္မတစနစ်၊ ပါလီမန် စနစ် ခေတ်တွေ ရောက်တော့ သမ္မတတို့၊ ၀န်ကြီးတို့ ဆိုတာ တွေကို အကန်တော့ခံ နေရာမှာ မထားတော့ဘူး။ ပြည်သူ လူအများရဲ့ လစာ ရိက္ခာကိုစားပြီး ပြည်သူ့ ၀န်တာကို ထမ်းဆောင် သူများဖြစ်တဲ့ အတွက် ‘Public Servant’ ပြည်သူ့ အစေခံ ဒါမှ မဟုတ် ပြည်သူ့ ၀န်ထမ်းလို့ သတ်မှတ်ကြတယ်။

မြက်စားတဲ့လူမရှိ
ရှင်ဘုရင်ဖြစ်ဖြစ်၊ သမ္မတဖြစ် ဖြစ် ပြည်သူပေးတဲ့ လစာ ရိက္ခာကို စားပြီး ပြည်သူ့ဝန်ကို ထမ်း ကြရ သူတွေချည့် ဖြစ်တယ်။ အဲဒါကြောင့် ဒီမိုကရေစီ ခေတ်မှာ ပြည်သူတွေက အရှင်သခင်တွေ ဖြစ်ပြီး အစိုးရတွေက ပြည်သူ့ အစေခံတွေ ဖြစ်တယ်။ ယဉ်ကျေးတဲ့ စကားနဲ့ ပြောရင် ပြည်သူ့ ၀န်ထမ်းတွေ ဖြစ်တယ်။ တိုင်းသူ ပြည်သား တိုင်းဟာ မြို့နေဖြစ်ဖြစ်၊ တောနေဖြစ်ဖြစ် ပညာ တတ်သူ ဖြစ်ဖြစ်၊ ပညာ မတတ်သူဖြစ်ဖြစ်၊ အားလုံး အခွန်အတုပ် ပေးရသူတွေ ဖြစ်တာကြောင့် လခစား မှန်သမျှရဲ့ အလုပ်ရှင်တွေလို့ ဆိုနိုင်တယ်။ ဒါ့အပြင် လူမှန်ရင် ပညာရေချိန် နိမ့်သည် ဖြစ်စေ၊ မြင့်သည်ဖြစ်စေ ပူတာကို ပူမှန်းသိတယ်။ အေးတာကိုအေး မှန်းသိတယ်။ ကောင်းတာ ကို ကောင်းမှန်းသိတယ်။ မကောင်းတာကိုလည်း မကောင်းမှန်းသိတယ်။ ပညာမတတ်လို့ မြက်စားတဲ့ လူ မရှိဘူး။

ပိတ်ပင်ခွင့်မရှိ
လူတိုင်းမှာ ခေါင်းရှိလို့ စဉ်းစားတတ်တယ်။ နားရှိလို့ နားထောင်တတ်တယ်။ မျက်စိရှိလို့ ကြည့် တတ်တယ်။ ပါးစပ်ရှိလို့ ပြောတတ်တယ်။ ပညာမတတ်လို့ မစဉ်းစားရဘူး။ မ ကြားရဘူး၊ မ ကြည့်ရဘူး၊ မပြောရဘူးလို့ တားဆီးလို့ မရဘူး။ ဒါဟာ လူတိုင်း အတွက် သဘာဝ တရားက ဖန်တီးပေးထားတဲ့ မွေးရာပါ အခွင့်အရေး ဖြစ်တယ်။ ပညာရေချိန် နိမ့်သေးတဲ့ အတွက် ဒီအခွင့် အရေးတွေနဲ့ မထိုက်တန် သေးဘူးလို့ ဘယ်သူကမှ ပိတ်ပင် တားဆီးပိုင်ခွင့် မရှိဘူး။ ကိုယ့်ဟာ ကိုယ် ပညာရေချိန် မြင့်တယ် ထင်ပြီး လူအများကို ဒီမိုကရေစီနဲ့ မထိုက်တန် သေးဘူးလို့ ပြောနေ သူများဟာ အမှန်တကယ်တော့ သနားစရာ ကောင်းလောက်အောင်ကို အသိ ဥာဏ်ပညာ နိမ့်ကျ နုံချာသူတွေဖြစ်တယ်။ အင်္ဂလိပ် စကားပုံ တစ်ခုရှိတယ်။ (He who kinks, he knows everything knows nothing) ‘သူ့ကိုယ်သူ ဘာမဆိုသိတယ်၊ တတ်တယ်ထင်နေတဲ့ သူဟာ ဘာမှကို မသိမတတ်သူ ဖြစ်တယ်’ ဆိုတာပါပဲ။

နှုတ်ခမ်းပဲ့ချင်းမီးမှုတ်
မြန်မာလိုတော့ ‘မပြည့်တဲ့အိုး ဘောင်ဘင်ခတ်’ ပေါ့။ သူ့ဟာသူ ဘောင်ဘင် ခတ်တာ ခတ် ချင်တိုင်း ခတ်ပါစေ။ ဘာမှ ပြောစရာ မရှိပါဘူး။ ဘောင်ဘင်ခတ်သူချင်း စုပြီး တတိယအုပ်စု ဖွဲ့ဖွဲ့၊ စတုတ္ထ အုပ်စုဖွဲ့ဖွဲ့ ဖွဲ့ချင်သလောက် ဖွဲ့ပါစေ လူရာ မ၀င်ပါဘူး။ မြန်မာ လူမျိုးတွေကို နှိမ့်ချစော် ကားလုပ်ပြီး ဒီမိုကရေစီနဲ့ မထိုက်တန်သေးဘူး၊ ပညာရေချိန် မြင့်အောင် လုပ်ပါဦးမယ် ဆိုတာမျိုး တွေတော့ မပြောလာနဲ့ ပြည်သူတွေ့ ကြက်ခေါင်းဆိတ် မခံဘူးသာမှတ်။ နှုတ်ခမ်းပဲ့ချင်း မီးမှုတ် နေရုံနဲ့တော့ မီးတောက် လာမှာ မဟုတ်ဘူးဆိုတာ ဘောင်ဘင် ခတ်သူတွေ မသိပေမယ့် ပြည်သူ တွေ သိတယ်။ လူတိုင်းမှာ စဉ်းစားဖို့ ခေါင်းတစ်လုံးစီ ရှိပါတယ်။


Ref: လူထုစိန်ဝင်း

Read More...

စစ်မှန်သောလွတ်လပ်ရေး ပေါ်ထွန်းရန် ကြိုးစားဟု ဒေါ်အောင်ဆန်း စုကြည် ပြော

Tuesday, 04 January 2011

မြန်မာနိုင်ငံတွင် စစ်မှန်သော လွတ်လပ်ရေး ပေါ်ထွန်းရန် တိုင်းရင်းသား ပြည်သူများ အားလုံး ညီညွတ်စွာဖြင့် ကြိုးစား ဆောင်ရွက်ရန် လိုအပ်ကြောင်း မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆို လိုက်သည်။

ရန်ကုန် ရွှေဂုံတိုင်မြို့နယ်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးချုပ်တွင် ယနေ့ ကျင်းပသော ၆၃ ကြိမ်မြောက် လွတ်လပ်ရေးနေ့ အခမ်း အနားတွင် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောဆို လိုက်ခြင်းဖြစ်သည်။

စစ်မှန်သော လွတ်လပ်ရေးသည် စစ်မှန်သော လူ့အခွင့်အရေးအပေါ် အခြေခံ ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း၊ ယနေ့ မြန်မာပြည်သူ လူထုသည် စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာ စိုးရိမ် ကြောင့်ကြမှုများ၊ မလုံခြုံမှုများကို ခံစားနေရပြီး ယုံကြည်ချက်အတွက် ထောင်သွင်း အကျဉ်းချထားခြင်း ခံရသော နိုင်ငံရေး အကျဉ်းသားများ ရှိနေကြောင်း၊ ယနေ့ လွတ်လပ်ရေး အချိန်အခါ သမယတွင် လွတ်လပ်ရေး ရယူပေးခဲ့သော အာဇာနည် ခေါင်းဆောင်ကြီးများကို သတိရရန် လိုအပ်သကဲ့သို့ ယခုလက်ရှိ မတရား ဖမ်းဆီး ချုပ်နှောင် ခံနေရသော နိုင်ငံရေး အကျဉ်းသားများကိုလည်း မမေ့ရန် လိုအပ်ကြောင်း၊ မြန်မာနိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေး အတွက် စစ်မှန်သော လွတ်လပ်ရေး ရရှိရန် လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

“လွတ်လပ်ချင်တယ်၊ တိုးတက်ချင်တယ် ဆိုရင် ကိုယ်ကနေ စပြီးတော့ ကြိုးစားရမယ်။ တခြားသူတွေ ဘာလုပ်နေလဲ ဆိုတာ မကြည့်ပါနဲ့။ ကိုယ်ဘာလုပ်နေလဲ ဆိုတာ ပြန်ပြီးတော့ ဆင်ခြင်ပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းသည်။

NLD ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးကလည်း ယနေ့ မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေးနှင့် ကျန်းမာရေး စသည့် အထွေထွေ အခက်အခဲများ ကြုံတွေ့နေရပြီး ပြည်သူ အများစုက နေ့စဉ်နှင့်အမျှ အထူး စိုးရိမ်ပူပန် ကြောင့်ကြ နေရကာ အနာဂတ် မျှော်လင့်ချက် ပျောက်ကွယ် နေသကဲ့သို့ ခံစားနေရသည်ဟု ပြောသည်။

“နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွှတ်ပေးဖို့၊ တိုင်းပြည်မှာ အမှန်တကယ် ကြုံတွေ့နေရတဲ့ အကျပ်အတည်းတွေ ပြေလည်ဖို့ အဆုံးအဖြတ် ပေးနိုင်တဲ့ ပုဂ္ဂိုလ်များ ပါဝင်တဲ့ တွေ့ဆုံဆွေး နွေးပဲဖြစ်ဖို့၊ အမျိုးသား ရင်ကြားစေ့ရေး အတွက် ဆောင်ရွက်ဖို့ နအဖ ကို တိုက်တွန်းချက် ပါတဲ့ NLD ကြေညာချက်ကိုလည်း ဒီနေ့ ထုတ်ပြန်ပါတယ်” ဟု NLD ဗဟို အလုပ်အမှုဆောင် တဦးက ဆိုသည်။

၆၃ ကြိမ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မြန်မာ့စီးပွားရေး သုံးသပ်ချက် စာတမ်းကို ထုတ်ပြန်ခဲ့ပြီး မြန်မာ့စီးပွားရေး အကျပ် အတည်းမှ လွန်မြောက်နိုင်သော နည်းလမ်းများ အနေဖြင့် လူမျိုးအားလုံး တန်းတူညီမျှ အလုပ် လုပ်နိုင်ရန် အခွင့်အလမ်း ရရှိစေရေး၊ ၀င်ငွေအဆင့် အတန်းမြင့်မားကာ ဆင်းရဲနွမ်းပါးမှု လျော့နည်း ပပျောက်ရေး၊ ဒေသ အလိုက်နှင့် လူမျိုးများ အကြား တည်ရှိနေသည့် လူမှုရေး စီးပွားရေး မညီမျှမှုများ လျော့နည်းစေရေး ဆောင်ရွက်ရမည်ဟု သုံးသပ် ဖော်ပြထားသည်။

အဆိုပါစာတမ်း၌ မြန်မာနိုင်ငံတွင် ပြည်တွင်း လှည့်လည်သုံးစွဲငွေ အဖြစ် ၁၉၈၈ ခုနှစ် ဒီဇင်ဘာလက ကျပ်ကုဋေပေါင်း ၁၈၀၀ ခန့်သာ ရှိခဲ့ရာမှ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလတွင် ကျပ်ကုဋေ ၄ သိန်းကျော် အထိ များပြား လာခဲ့သည်ဟု အပြည်ပြည် ဆိုင်ရာ ငွေကြေး ရန်ပုံငွေ အဖွဲ့၏ ထုတ်ပြန်ချက် များတွင် ဖော်ပြထားကြောင်း၊ လက်ရှိတွင် လွတ်လပ်သော စီးပွားရေးစနစ် ကျင့်သုံးသည်ဟု ဆိုသော်လည်း အခွင့်ထူးခံ အသိုင်းအ၀န်းကို စီးပွားရေး အခွင့် အလမ်းများ ပေးအပ်သော ပုဂ္ဂလိက လက်ဝါးကြီးအုပ် စနစ်ကိုသာ အသုံးပြု နေကြောင်း၊ ပညာရေးနှင့် ကျန်းမာရေးတွင် ကျခံ သုံးစွဲမှုမှာ လွန်စွာ နည်းပါးကြောင်း၊ သဘာဝ ပတ်ဝန်းကျင်နှင့် ပြည်သူ့ အရေးကို မစဉ်းစားဘဲ ဆည်မြောင်း၊ တာတမံ၊ မြစ်ကူးတံတားများ လွန်ကဲစွာ တည်ဆောက် သဖြင့် စိုက်ပျိုးမြေများ အကြီးအကျယ် ထိခိုက်နေကြောင်း ဖော်ပြထားသည်။

ဆက်လက်ပြီး ယင်းစာတမ်းတွင်ပင် အစိုးရဘတ်ဂျက် လိုငွေပြမှုကို ထိန်းသိမ်းရန် ငွေစက္ကူသစ်များ ထပ်မံ ရိုက်နှိပ်ခြင်း မပြုဘဲ အစိုးရ ငွေချေး စာချုပ်များ ပိုမိုရောင်းချခြင်း၊ အခွန်ငွေကို အလေအလွင့် မရှိစေရန် ကောက်ခံခြင်းများ ပြုလုပ်၍ ထိရောက်စွာ သုံးစွဲ သင့်ကြောင်း အကြံပြုထားသည်။

NLD အနေဖြင့် စီးပွားရေးပိတ်ဆို့မှုများ၏ အကျိုးဆက်အား သုံးသပ်ရန် လိုအပ်သည်ကို အသိအမှတ် ပြုကြောင်း၊ လူသား အရင်း အမြစ်နှင့် ကျန်းမာရေး၊ ပညာရေး အသုံးစရိတ် တိုးမြှင့်ကာ တရားဥပဒေ စိုးမိုးရေး၊ ပွင့်လင်းမြင်သာသော၊ တာဝန်ခံသော၊ အကျင့်ပျက် လာဘ်စားမှု ကင်းသော၊ ထက်မြက် ထိရောက်သော မျှတပြီး တမျိုးသားလုံး ပါဝင်နိုင်သော အုပ်ချုပ်ရေး ယန္တရား ဖော်ဆောင်ရန် လိုအပ်ကြောင်း ထိုစီးပွားရေးသုံးသပ်ချက် ကြေညာ စာတမ်းတွင် ဖော်ပြထားသည်။

ယနေ့ ကျင်းပသော ၆၃ ကြိမ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ NLD အဖွဲ့ဝင်များ၊ တသီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ် လောင်းများ၊ တိုင်းရင်းသား နိုင်ငံရေး ပါတီများ၊ ရန်ကုန် အခြေစိုက် နိုင်ငံရေး ပါတီများ၊ သတင်း မီဒီယာများ အပါအဝင် အင်အား အင်အား ရာဂဏန်းချီ၍ တက်ရောက်ခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ၆၃ နှစ်မြောက်လွတ်လပ်ရေးအခမ်းအနား တက်ရောက် လာသူများကို စစ်အစိုးရ ရဲများက ဓာတ်ပုံ ရိုက်ကူးခြင်း၊ မှတ်တမ်းတင် ဗီဒီယို ရိုက်ကူးခြင်းများ ပြုလုပ်ခဲ့သော်လည်း တစုံတရာ အနှောင့်အယှက် ပေးခဲ့ခြင်း မရှိကြောင်း သိရသည်။

အခမ်းအနားအပြီး နိုင်ငံရေးအကျဉ်းသားနှင့် မိသားစုဝင်များကို ကူညီစောင့်ရှောက်မှုပေး လိုသော စေတနာရှင် များအား နိုင်ငံရေး အကျဉ်းသား အမည်ပါသော မဲလိပ်များ နှိုက်ယူ မဲဖောက်ကာ တာဝန်ယူစေသည့် အစီအစဉ် ကျင်းပသည်။

ဒေါ်အောင်ဆန်းစုကြည်က လှိုင်သာယာမြို့နယ်မှ နိုင်ငံရေးအကျဉ်းသား တဦး၏ မိသားစုကို ကူညီရန် မဲပေါက်ခဲ့သည်။ အလားတူ ၆၃ ကြိမ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို NLD ပါတီမှ ခွဲထွက် ထူထောင်ကာ ၂၀၁၀ ရွေးကောက်ပွဲ ဝင်ခဲ့သည့် အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီကလည်း ၎င်း ရုံးချုပ်တွင် ယနေ့ ကျင်းပခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ အသက်သွေးချွေးတို့ဖြင့် ရင်းနှီး ရယူခဲ့သည့် ရလဒ် ဖြစ်သဖြင့် ဤ အခမ်းအနားကို ကျင်းပရခြင်း ဖြစ်ကြောင်း NDF ပါတီ တာဝန် ရှိသူများက ဆိုသည်။

လွတ်လပ်ရေးအား ပိုင်ဆိုင်ခြင်းနှင့်အတူ ထိမ်းသိမ်းဖို့ရန် တာဝန်လည်း မြန်မာပြည်သူများ ထံတွင် ရှိကြောင်း၊ လွတ်လပ်ရေးတွင် အခွင့် အရေးများ ရှိသကဲ့သို့ တာဝန်များလည်း ရှိကြောင်း၊ NDF သည် ငြိမ်းချမ်းသောနည်း၊ စီးပွား ရေးဖွံ့ဖြိုး တိုးတက်သော လမ်းကြောင်းမှ အမျိုးသား ရင်ကြားစေ့ရေး ပန်းတိုင်သို့ အရောက်ချီတက်ပြီး ထိုမှ တဆင့် ဒီမိုကရေစီ လူ့ဘောင်သို့ ချီတက်ရန် မျှော်မှန်ကြောင်း အဆိုပါ အခမ်းအနားတွင် NDF ပါတီ ခေါင်းဆောင် တဦးဖြစ်သူ ဦးခင်မောင်ဆွေကပြောသည်။

လွတ်လပ်သော နိုင်ငံတခုရှိ ပြည်သူများတွင် ဆင်းရဲမွဲတေမှု၊ အလုပ်လက်မဲ့ ဖြစ်မှု၊ ခိုကိုးရာမဲ့မှု၊ ပညာမတတ်မှု၊ ကျန်းမာရေး ချို့တဲ့မှု စသည့် လူမှုရေး နာကျင်မှုများ ရှိနေပါက အနှစ်သာရ ပြည့်ဝသည့် လွတ်လပ်မှု မဖြစ်နိုင်ဟု အမျိုးသား ဒီမိုကရေစီ အင်အားစုက ခံယူထားကြောင်း NDF က ၆၃ ကြိမ်မြောက် လွတ်လပ်ရေးနေ့ သ၀ဏ်လွှာ ထုတ်ပြန်သည်။

၎င်း အခမ်းအနားသို့ ရန်ကုန်တိုင်းအတွင်းရှိ NDF ပါတီဝင်များ ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ်များ တတ်ရောက် ခဲ့ကြပြီး သဘာပတိ အဖြစ် နိုင်ငံရေး ဦးဆောင်သူ ဦးခင်မောင်ဆွေမှ ဆောင်ရွက်သည်။

၂၀၁၀ ရွေးကောက်ပွဲတွင် NDF ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ၁၆ ဦး အနိုင် ရရှိခဲ့သော်လည်း သဃန်းကျွန်း မြို့နယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်အား ပါတီမှ ထုတ်ပယ်ထားသည့် အတွက် အနိုင်ရ ကိုယ်စားလှယ် ၁၅ ဦး ရှိသည့် ပါတီဖြစ်သည်။

ယနေ့ထုတ် စစ်အစိုးရပိုင် သတင်းစာများတွင်လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ပေးပို့သည့် ၆၃ နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာ ပါရှိပြီး ယင်းသဝဏ်လွှာ၌ စစ်အုပ်ချုပ်ရေး ယူထားသည့် ကာလ အတွင်း တပ်မတော်သည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေခံကောင်းများကို ဘက်စုံ တည်ဆောက် ပေးနိုင်ခဲ့ကြောင်း၊ ထိုသို့ တည်ဆောက် ပေးနိုင်မှုများသည် သမိုင်း မှတ်တိုင် အဖြစ် ကျန်ရှိနေမည် ဖြစ်ကြောင်း၊ ပြည်သူများ အပေါ်၌ စေတနာ ကြီးမားပြီး တာဝန်ကျေသည့် တပ်မတော် ဖြစ်ကြောင်း ပါရှိသည်။

“မြန်မာနိုင်ငံကို အင်အားချည့်နဲ့ သွားစေရန် အတွက် တခုတည်းသော နည်းလမ်းမှာ ပြည်ထောင်စု ပြိုကွဲရေးနှင့် တိုင်းရင်းသား စည်းလုံး ညီညွတ်မှု ယိုယွင်း ပျက်စီးရေးပင် ဖြစ်ပေသည်။ ထိုအချက်ကို ဖော်ဆောင်ရန် အတွက် နိုင်ငံရေး သစ္စာတရား နည်းပါးသူ တို့ကို အသိမဲ့ သော်လည်းကောင်း၊ သိပါလျက် သော်လည်းကောင်း စည်းရုံး သိမ်းသွင်း အသုံးချကာ တိုင်းပြည် ပျက်စီးရာ ပျက်စီးကြောင်းကို ဖျက်လိုဖျက်ဆီး ကြံစည် အားထုတ် လုပ်ဆောင် လာနိုင်ပေသည်” ဟု ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ၎င်း၏ သဝဏ်လွှာတွင် ထည့်သွင်း ပြောဆို ထားသည်။

ရွေးကောက်ပွဲကို တည်ငြိမ်အေးချမ်းစွာဖြင့် အောင်မြင်စွာ ကျင်းပနိုင်ခြင်းသည် နိုင်ငံသူ နိုင်ငံသားများ အတွက် ဂုဏ်ယူ ဖွယ်ရာ အစဉ် အလာကောင်း ဖြစ်သည် ဟူ၍လည်း ၎င်း သဝဏ်လွှာတွင် ပါရှိသည်။

ဧရာဝတီ သတင်းထောက် အောင်သက်ဝိုင်းနှင့် မြတ်ကျော့ ရေးသားသည်။

Ref: ဧရာဝတီ်

Read More...

NLD ရန်ပုံငွေ ဈေးရောင်းပွဲ ကျပ်သိန်း ၂၀၀ ကျော်ဖိုးရောင်းရ

စိုင်းဇွမ်ဆိုင်း
Tuesday, 04 January 2011 17:30

နိုင်ငံရေး အကျဉ်းသားများ ကူညီရေးနှင့် လူမှုအထောက် အကူပြုရေး ရန်ပုံငွေအတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ကျင်းပသည့် ဈေးရောင်း ပွဲတော်သို့ လူပေါင်း ထောင်နှင့်ချီ၍ လာရောက်ခဲ့ပြီး ကျပ်သိန်း ၂၀၀ ကျော်ဖိုး ရောင်းချ ခဲ့ရကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ ရွှေဂုံတိုင် NLD ရုံးချုပ်တွင် ကျင်းပခဲ့သည့် ဈေးရောင်း ပွဲတော်သည် ၁၉၉၀ ရွေးကောက်ပွဲ နောက်ပိုင်း ပထမဆုံး ပြန်လည် ပြုလုပ်သည့်ပွဲ ဖြစ်ကြောင်း၊ ယခု ပွဲသည် ဈေးရောင်းသည်နှင့် မတူဘဲ အလှူအတန်းတခု ကျင်းပသည့် ပုံစံမျိုးနှင့် ပိုတူကြောင်း NLD လူငယ်အဖွဲ့ဝင် တဦးဖြစ်သူ ကိုရာဇာက ပြောသည်။

“ပြီးခဲ့တဲ့ နှစ်ရက်မှာ ရောင်းရတာကတော့ သိန်း ၁၀၀ ကျော်မယ်။ ဒီနေ့နဲ့ဆိုရင် သိန်း ၂၀၀ ဖိုးလောက် ရောင်းရတယ်။ ဒီကနေ ရတဲ့ အကျိုး အမြတ်တွေကို လူကြီးတွေက အချိုးကျ ပြန်ခွဲပြီး လူမှုရေး လုပ်ငန်းတွေမှာ အသုံးပြု သွားဖို့ ရှိတယ်” ဟု ကိုရာဇာက ဆိုသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPP) ၏ အတွင်းရေးမှူး ဦးအေးသာအောင်က ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ မတိုင်မီ ကာလများတွင် NLD သည် လူမှုအခြေပြု လုပ်ငန်းများ အတွက် ပင်နီ တိုက်ပုံများ၊ NLD အမှတ်တရ ရင်ထိုး တံဆိပ်များကို ရောင်းချ၍ လူမှုရေး လုပ်ငန်းများ အတွက် အသုံးပြုခဲ့သည်ဟု ပြောပြသည်။

ဦးအေးသာအောင်က ဆက်လက်၍ “ဒီနှစ်အတွက် ထူးခြားတာကတော့ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးဝင်းတင် တို့က သူတို့ ရထားတဲ့ လက်ဆောင် ပစ္စည်းတွေကို လူမှုရေး လုပ်ငန်း ရန်ပုံငွေ အတွက် ဈေးပွဲတော်မှာ ပြန်ရောင်းတယ် ဆိုတဲ့ ကိစ္စပါပဲ။ အရင်နှစ်တွေ တုန်းကတော့ ဒါမျိုး မရှိခဲ့ဘူးလေ” ဟု ဆိုသည်။

ဈေးရောင်းပွဲတော်တွင် NLD ပါတီတွင်းမှ ဌာနအလိုက် ရောင်းချခဲ့ခြင်း ဖြစ်ပြီး ဆိုင်ခန်း ၂၀ ခန့် ပါဝင်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ရေးဆွဲထားသည့် ပို့စ်ကတ်များ အပါအဝင် ဓာတ်ပုံ၊ သော့ချိတ်၊ စာအုပ် စာတမ်းများနှင့် တိုင်းရင်းသား ဝတ်စုံများကို ရောင်းချ ခဲ့ကြောင်းလည်း သိရှိရသည်။

ကိုရာဇာက “လာရောင်းကြတာကတော့ မြို့နယ်၊ ပြည်နယ်အလိုက်က NLD အဖွဲ့ဝင်တွေ၊ ကျနော်တို့ လူငယ် အဖွဲ့တွေ၊ အမျိုးသမီး အဖွဲ့တွေနဲ့ ခြံအမှတ် ၅၄ လို့ နာမည် ပေးထားတဲ့ အန်တီစု ပါဝင်တဲ့ အရောင်းဌာနတွေ ကနေ ရောင်းချကြတယ်။ ခြံအမှတ် ၅၄ အဖွဲ့ ကတော့ အန်တီစုနဲ့ သက်ဆိုင်တဲ့ ပို့စ်ကတ်၊ ပြက္ခဒိန်၊ သော့ချိတ်တွေ ရောင်းချတယ်။ သူတို့ကတော့ ရောင်းအကောင်းဆုံးပဲ” ဟု ပြောသည်။

ဈေးရောင်းပွဲတော်သို့ သွားရောက်ခဲ့သူ ရန်ကုန်မြို့ခံတဦးက “လူတွေ တော်တော် သွားကြတယ်။ အားပေးတဲ့ သူတွေလည်း များတယ်။ အန်တီစုနဲ့ ပတ်သက်တဲ့ ပစ္စည်းတွေ အများကြီး ရောင်းရတယ်။ တခြားပစ္စည်းတွေ ဥပမာ တိုင်းရင်းသား အဝတ်အထည်တို့ စာအုပ်တွေ ဘာတွေကိုလည်း ဈေးပွဲတော်မှာ ရောင်းကြတယ်။ ဒါပေမယ့် အန်တီစုပုံပါတဲ့ ပြက္ခဒိန်တို့၊ သူဆွဲထားတဲ့ ပန်းချီ ပို့စ်ကတ်တွေ၊ သော့ချိတ်လေးတွေကို အများဆုံး ဝယ်ကြတယ်။ တချို့တွေဆိုရင် သော့ချိတ်တွေ ဝယ်ပြီး ဖုန်းမှာ ချက်ခြင်း တပ်လိုက် ကြတာမျိုးလည်း ရှိတယ်” ဟု ဆိုသည်။

ရန်ကုန် အခြေစိုက် သတင်းထောက်တဦးကလည်း “သူတို့ရောင်းတဲ့ ဈေးနှုန်းတွေက တအားကြီး ဈေးကြီးတာမျိုး မဟုတ်တော့ ဈေးရောင်းပွဲ သွားကြတဲ့ သူတိုင်းနီးပါး ဝယ်ကြတယ်။ ပြီးတော့ ခုကာလကလည်း ဒေါ်စုပုံနဲ့ ဗိုလ်ချုပ်ပုံတွေကို လွတ်လွတ်လပ်လပ် သဘောမျိုး ဝယ်ခွင့်ရနေတဲ့ အခါကျတော့ လူတွေ တော်တော် ဝယ်ကြပါတယ်။ တခြားနေရာတွေမှာ ရောင်းလို့ မရတော့ ဝယ်နိုင်ကြတာပေါ့”ဟု ပြောသည်။

ယခု ဈေးရောင်းပွဲတော်၏ အကျိုးအမြတ်များကို နိုင်ငံရေး အကျဉ်းသားများ၏ မိသားစုများကို ထောက်ပံ့ရေး၊ HIV/AIDS ဝေဒနာရှင်များ ပြုစုရေး၊ သဘာဝ ဘေးဒဏ်ခံရသော ဒေသများ အတွက် ကူညီရေးတို့၌ ပြန်လည် အသုံးပြု သွားမည် ဟုလည်း သိရှိရသည်။

NLD သည် လူမှုအခြေပြု လုပ်ငန်းများအဖြစ် HIV/AIDS ဝေဒနာရှင်များကို ဂေဟာ သုံးခုဖွင့်လှစ်၍ စောင့်ရှောက်ခြင်း၊ ဂီရိ ဆိုင်ကလုန်း မုန်တိုင်းကဲ့သို့သော သဘာဝ ဘေးဒဏ်ခံ ဒေသများကို ထောက်ပံ့ကူညီခြင်း၊ အကျဉ်းကျ ခံနေရသော နိုင်ငံရေး အကျဉ်းသားများ၏ မိသားစုများကို ထောက်ပံ့ခြင်း စသည့် လုပ်ငန်းများကို လုပ်ဆောင်လျက်ရှိသည်။

လက်ရှိ အကျဉ်းကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားပေါင်း ၂၂၀၀ ကျော်တို့ကို အမြန်ဆုံး လွှတ်ပေးရန် ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂ အပါအဝင် အခြားသော အဖွဲ့အစည်းများက ယမန်နေ့က တောင်းဆို ခဲ့ကြသည်။

Ref: ဧရာဝတီ်

Read More...

နယ်ခြားစောင့်တပ်သား လက်ပစ်ဗုံးနဲ့ မဲဆောက် UNHCR ရုံးရှေ့ ဆန္ဒပြ

မအေးအေးမာ
အင်္ဂါ, 04 ဇန်နဝါရီ 2011


ထိုင်း၊ မြန်မာ နယ်စပ် မဲဆောက်မြို့မှာ မြ၀တီဘက်ကနေ ကူးလာတဲ့ မြန်မာ စစ်အစိုးရရဲ့ နယ်ခြားစောင့် တပ်ဖွဲ့ဝင် တဦးဟာ လက်ပစ်ဗုံးတွေကို စနက်တံဖြုတ် ကိုင်ဆောင်ပြီး မြန်မာပြည် နိုင်ငံရေးကို ကုလသမဂ္ဂက ၀င်ရောက်ပြီး အသေအချာ ဖြေရှင်းပေးဖို့ တောင်းဆိုရင်း ဆန္ဒပြခဲ့ပါတယ်။ ဒါပေမဲ့ ထိုင်းအာဏာပိုင်တွေ ဘက်က အခြေအနေကို စနစ်တကျ ကိုင်တွယ် ဖြေရှင်းခဲ့ပြီး ဒီလို လက်နက်နဲ့ ဆန္ဒပြတာကြောင့် ထိုင်းဥပဒေအရ အရေးယူ ဆောင်ရွက် သွားမယ်လို့ ထိုင်းအာဏာပိုင်တွေ ဘက်က ပြောဆိုပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

မြန်မာစစ်အစိုးရက တိုင်းရင်းသား လက်နက်ကိုင်တွေကို နယ်ခြားစောင့်တပ် အဖြစ် အတင်းအကျပ် အသွင် ပြောင်းခိုင်း တာကို လက်မခံနိုင်တဲ့ တိုင်းရင်းသားတွေဟာ လက်နက်ကိုင်ပြီး စစ်အစိုးရနဲ့ တိုက်ပွဲ ဖြစ်နေတာ ထိုင်း၊ မြန်မာ နယ်စပ် ကရင်ပြည်နယ်မှာ ၂ လ နီးပါး ကြာပြီ ဖြစ်ပါတယ်။ မြန်မာ စစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး ရယူခဲ့တဲ့ DKBA တပ်ဖွဲ့က တချို့ကို နယ်ခြားစောင့်တပ် အဖြစ် အတင်းအကျပ် အသွင် ပြောင်းခိုင်းခဲ့ပေမဲ့ တချို့ကတော့ နယ်ခြားစောင့် တပ်ကို လက်မခံနိုင်ကြောင့် စစ်အစိုးရ တပ်တွေနဲ့ ဆက်လက် တိုက်ပွဲတွေ ဖြစ်နေပါတယ်။

၎ ရက်နေ့ မနက်ပိုင်းမှာတော့ မြ၀တီဘက်ကနေ လာတဲ့ အရင် DKBA ကိုးသုံးလုံး တပ်က တပ်ဖွဲ့ဝင် ဖြစ်ပြီး အခု နယ်ခြားစောင့်တပ် လုပ်နေရတဲ့ တပ်သား စောသံမဏိဟာ ထိုင်း အငှား ဆိုင်ကယ်သမားကို ခေါ်လာပြီး မဲဆောက်က UNHCR ကုလသမဂ္ဂ မဟာမင်းကြီး ရုံးရှေ့ ရောက်တဲ့ အချိန်မှာတော့ ဆိုင်ကယ် သမားလက်နဲ့ သူ့လက်ကို ပူးတွဲ လက်ထိပ်ခတ်ပြီး လက်ပစ်ဗုံးတွေကို စနက်တံ ဖြုတ်လိုက်ပါတယ်။ သူ့ကို ထိုင်းအာဏာပိုင်တွေက ရှင်းလင်းရေး လုပ်ဖို့အထိ ပြင်ဆင်ခဲ့ပေမဲ့ မဲဆောက်မြို့ပိုင် ရောက်ရှိလာပြီး ညှိနှိုင်းမှုတွေ လုပ်ခဲ့ရာမှာ သူ့တောင်းဆိုချက်တွေကို စောသံမဏိက အခုလို ပြောပြပါတယ်။

သူ့တောင်းဆိုချက်ထဲမှာ စစ်အစိုးရက နယ်ခြားစောင့် တပ်ဖွဲ့ဝင်တွေ အတင်းအကျပ် စုဆောင်း နေတာတွေကို လက်မခံ နိုင်ကြောင်း၊ စစ်အစိုးရ လုပ်တဲ့ ၂၀၁၀ ရွေးကောက်ပွဲ ရလဒ်ကို လက်မခံနိုင်ကြောင်း၊ ၂၀၁၀ ရွေးကောက်ပွဲဟာ ဒီမိုကရေစီ နိုင်ငံ ဖြစ်ပေါ်လာနိုင်မှာ မဟုတ်ကြောင်းနဲ့ မြန်မာ့ နိုင်ငံရေးကို ကုလသမဂ္ဂက သေချာ ဖြေရှင်းပေးဖို့ တောင်းဆို သွားပါတယ်။

သူဟာ လက်ရှိ စစ်အစိုးရ ခိုင်းထားတဲ့ နယ်ခြားစောင့်တပ်က တပ်ဖွဲ့ဝင်တဦး ဖြစ်နေတာကြောင့် သူ့ဆန္ဒကို ထုတ်ဖော် သွားခြင်းသာ ဖြစ်ကြောင်း၊ ကုလသမဂ္ဂက မဖြေရှင်းပေးတဲ့ အပေါ်မှာ သူ့သဘောထားကို ပြောသွားခြင်းသာ ဖြစ်ကြောင်း လက်ရှိ မြန်မာ စစ်အစိုးရနဲ့ တိုက်ပွဲ ၀င်နေတဲ့ DKBA တပ်မှူး ဗိုလ်စန်းအောင်က အခုလို ပြောပါတယ်။

“ကျနော်တို့က ဘယ်လိုမြင်လဲဆိုတော့ သူခံစားရတာတွေ ရင်ဖွင့်တယ်ပေါ့၊ ဒီစစ်ကလည်း ကာလ ကြာရှည်သွားမယ်၊ ဒါကြောင့် UN ရုံးရှေ့မှာ သူ့အနေနဲ့ ရင်ဖွင့်သွားတာ။ ဖြစ်နိုင်ရင် ကုလသမဂ္ဂ အဖွဲ့အစည်းကနေ ၀င်ရောက် ဖြေရှင်းလို့ရရင် အမြန်ဆုံး ဖြေရှင်းပေးဖို့၊ အဲဒီလို တောင်းဆို ဆန္ဒပြတာ၊ အဲဒီလိုပဲ ကျနော်မြင်တယ်။”

အခုဆိုရင် ကရင်ပြည်နယ်တွင်းမှာ တိုက်ပွဲတွေ ဆက်ဖြစ်မယ့် အလားအလာတွေ ရှိနေပြီး စစ်တပ်ဘက်က အင်အားတွေ တိုးလာနေကြောင်း ဖလူးကြီး၊ ဖလူးလေးနဲ့ မင်းလက်ပံ ရွာသားတွေကလည်း ပြောပါတယ်။

“မင်းလက်ပံ ရွာထဲကို စစ်ကား ၇ စီးလောက် ထပ်တက်လာတယ်။ ဘယ်တပ်လဲတော့ မသိဘူး။”

အခုဆိုရင် တိုက်ပွဲတွေ ပြီးဆုံးသွားမယ့် အခြေအနေ မဟုတ်ဘဲ အကျဉ်းသားတွေကိုပါ ပေါ်တာတွေ အဖြစ် ခေါ်ဆောင် လာတာကို တွေ့ရကြောင်း DKBA ဘက်ကလည်း ပြောပါတယ်။

“တပ်တိုးတယ်၊ အရင်တပ်တွေ ဖြုတ်ပြီးတော့ တပ်ပြန်ချိန်းတယ်။ အခုက စတက်နေပြီ။ ပြီးတော့ တောင်ကလေး ထောင်သားတွေနဲ့ မော်လမြိုင် ထောင်သားတွေကို ၀န်ထမ်း အဖြစ်နဲ့ သုံးဖို့၊ အယောက်ပေါင်း ရာနဲ့ချီပြီး ပါလာတယ်။ လက်ရှိ ရောက်နေပြီ။”

တိုက်ပွဲတွေကြောင့် ပြည်သူတွေ နစ်နာနေရတယ်၊ အိုးအိမ်တွေ စွန့်ခွာခဲ့ရတယ်၊ အတင်းအကျပ် လုပ်အားပေး ခိုင်းစေ ခံရတယ်၊ တိုက်ပွဲတွေကို မလိုလားဘဲ စစ်တိုက် နေရတာဟာ မြန်မာပြည်မှာ နိုင်ငံရေး ပြဿနာတွေကို သေချာ မဖြေရှင်း နိုင်တာကြောင့်လို့ DKBA က ပြောပါတယ်။ ဒီအတွက် ကမ္ဘာ့ ကုလသမဂ္ဂက မြန်မာ့ အရေးကို အလေးထား ဖြေရှင်း ပေးသင့်တယ်လို့လည်း တောင်းဆို သွားပါတယ်။

“ကျနော်တို့က မတိုက်ချင်ဘူး။ ကရင်အမျိုးသား အချင်းချင်းလည်း မတိုက်ချင်သလို မြန်မာ နိုင်ငံမှာရှိတဲ့ တိုင်းရင်းသား အချင်းချင်းလည်း လူမျိုးရေး အဓိကရုဏ်း မဖြစ်စေချင်ဘူး။ ဖြစ်နိုင်မယ် ဆိုရင် အခုလက်ရှိ ကုလသမဂ္ဂ အနေနဲ့ သော်လည်းကောင်း၊ လုံခြုံရေး ကောင်စီ အနေနဲ့ သော်လည်းကောင်း ကျနော်တို့ မြန်မာပြည်မှာ ဖြစ်နေတဲ့ စစ်ပွဲအတွက် အမြန်ဆုံး ငြိမ်းသွားအောင် ၀င်ရောက် ဖြေရှင်းပေးဖို့၊ အဲဒီလို တောင်းဆိုချင်တာ။”

ထိုင်း၊ မြန်မာ နယ်စပ် မဲဆောက်မြို့က ကုလသမဂ္ဂ ဒုက္ခသည်များ မဟာမင်းကြီးရုံးရှေ့မှာ လက်ပစ်ဗုံးတွေ ကိုင်ပြီး ဆန္ဒပြသူ နယ်ခြားစောင့် တပ်သား စောသံမဏိရဲ့ တောင်းဆိုချက်တွေ ထဲက တခုကတော့ သူ့ကို မြန်မာပြည် ပြန်မပို့ဘဲ နိုင်ငံတကာ ခုံရုံးကို တင်ပြီး အရေးယူပါလို့ ဆိုပါတယ်။ ထိုင်းအာဏာပိုင်တွေ ကတော့ ပြဿနာကို အေးဆေးစွာ ဖြေရှင်းနိုင်ခဲ့ပြီး အထိအခိုက် မရှိတာကြောင့် သူ့ကို သက်ညှာစွာ အရေးယူ ဆောင်ရွက်ပေးဖို့ မဲဆောက်မြို့ပိုင်ကလည်း ပြောခဲ့ပါတယ်။

ကုလသမဂ္ဂ ၀န်ထမ်းတွေကတော့ ဒီဖြစ်ရပ်ကြောင့် အတော်ထိတ်လန့်မှု ဖြစ်ခဲ့ပြီး စောသံမဏိရဲ့ လုပ်ရပ်ကို အံ့သြမှုတွေ ဖြစ်နေ ကြရပါတယ်။ စောသံမဏိရဲ့ တောင်းဆို ချက်တွေဟာ လက်ရှိ မြန်မာ့နိုင်ငံရေး ပြဿနာနဲ့ လိုအပ်ချက်တွေ ဖြစ်တာကြောင့် ကုလသမဂ္ဂက အလေးထား ဆောင်ရွက်ပေးဖို့ သင့်ပြီလို့လည်း မြန်မာ့ဒီမိုကရေစီ အင်အားစုတွေက မှတ်ချက်ပေး ပြောဆို နေကြပါတယ်။

Ref: VOA News

Read More...

အပေါ်သို့